ဓမ္မပဒ ဝတ္ထုတော်ကြီး (ပဌမတွဲ)
▬▬▬▬ஜ۩۞۩ஜ▬▬▬▬
အဂ္ဂမဟာပဏ္ဍိတ ညောင်လေးပင်မြို့ တောရဆရာတော်
ပါဌ်လျှောက် ပြန်ဆို ရေးသားသည်။
မာတိကာ
၁ - ယမကဝဂ်
- ၁ - စက္ခုပါလမထေရ် ဝတ္ထု
- ၁ မဟာသုဝဏ္ဏ သူကြွယ်သည် သားဆုကို တောင်းခြင်း
- ၂ သားရခြင်း
- ၃ အမည်မှည့်ခြင်း
- ၄ လောကီစည်းစိမ် ခံစားခြင်း
- ၅ မြတ်စွာဘုရားနှင့် အနာထပိဏ်သူဌေးကြီးအကြောင်း
- ၆ မဟာပါလသည် ဘုရားနှင့်တွေ့၍ ရဟန်းပြုခြင်း
- ၇ ဘုရားထံ၌ ကမ္မဋ္ဌာန်း တောင်းခြင်း
- ၈ တရားအားထုတ်ရန် ပစ္စန္တရစ်ရွာသို့ ကြွခြင်း
- ၉ မဟာပါလမထေရ်သည် မအိပ်ဘဲနေခြင်း
- ၁၀ မဟာပါလမထေရ်၏ မျက်စိရောဂါဖြစ်ခြင်း
- ၁၁ ဆေးသမားဖြင့် ကုစေခြင်း
- ၁၂ မိမိကိုယ်ခန္ဓာနှင့် တိုင်ပင်ခန်း
- ၁၃ မိမိကိုယ်ကို ဆုံးမခြင်း
- ၁၄ ဆေးသမား လက်လွှတ်ခြင်း
- ၁၅ ဆေးသမားလက်လွှတ်၍ မိမိကိုယ်ကို ဆုံးမခန်း
- ၁၆ မျက်စိကွယ်ခြင်းနှင့် ရဟန္တာဖြစ်ခြင်း
- ၁၇ ဆွမ်းခံ မကြွဘဲ နေခြင်း
- ၁၈ ရဟန်းခြောက်ကျိပ် ဘုရားထံ ကြွသွားခြင်း
- ၁၉ စက္ခုပါလမထေရ်ထံ တူ-ပါလိတကို စေလွှတ်ခြင်း
- ၂၀ စက္ခုပါလမထေရ်သည် သာဝတ္ထိပြည်သို့ ပြန်ကြွခြင်း
- ၂၁ တောင်ဝှေးဆွဲ သာမဏေနှင့် ထင်းခွေမိန်းမ
- ၂၂ ယုတ်မာသော သာမဏေကို နှင်ပစ်ခြင်း
- ၂၃ စက္ခုပါလမထေရ်ကို သိကြားမင်း ဆောင်ကြဉ်းခန်း
- ၂၄ စက္ခုပါလမထေရ်၏ စင်္ကြံကြွရာ၌ ပိုးပရံတို့ကို နင်းမိခြင်း
- ၂၅ ဘုရားကို လျှောက်ကြခြင်း
- ၂၆ စက္ခုပါလမထေရ်၏ ရှေးအတိတ် ဆေးသမားဝတ္ထု
- ၂၇ ဒေသနာတော်
- ၂၈ ဒေသနာတော်၏ အကျိုး
- ၂ - မဋ္ဌကုဏ္ဍလီ သတို့သား ဝတ္ထု
- ၂၉ အဒိန္နပုဗ္ဗကနှင့် မဋ္ဌကုဏ္ဍလီ အမည်တွင်ခြင်း
- ၃၀ မဋ္ဌကုဏ္ဍလီအား ရောဂါဝေဒနာ ကပ်ရောက်ခြင်း
- ၃၁ အဒိန္နပုဗ္ဗကပုဏ္ဏား ဆေးရှာခန်း
- ၃၂ ဆေးသမားခေါ်ခြင်း
- ၃၃ မြတ်စွာဘုရားသည် လောကကို ကြည့်ရှုတော်မူခြင်း
- ၃၄ ဘုရားမြင်တော်မူပုံ
- ၃၅ မဋ္ဌကုဏ္ဍလီကို မြတ်စွာဘုရား ကယ်တင်ပုံ
- ၃၆ သင်းချိုင်း၌ ပုဏ္ဏားနှင့် နတ်သားတွေ့ခြင်း
- ၃၇ ပုဏ္ဏားသည် ဘုရားကို ပြဿနာ မေးလျှောက်ခြင်း
- ၃၈ ဘုရားရှေ့မှောက်သို့ နတ်သားရောက်ခြင်း
- ၃၉ ဒေသနာတော်
- ၄ဝ ဒေသနာတော်၏ အကျိုး
- ၃ - တိဿမထေရ် ဝတ္ထု
- ၄၁ ဆိုနိုင်ခက်သဖြင့် မိမိအပြစ်ကို ဝန်မခံခြင်း
- ၄၂ တိဿမထေရ်၏ ရှေးအတိတ်ဝတ္ထု
- ၄၃ နာရဒရသေ့ နှင့် ဒေဝိလရသေ့
- ၄၄ ရသေ့နှစ်ဦးတို့ ကျိန်ဆဲကြခြင်း
- ၄၅ နာရဒရသေ့သည် နေကို တားမြစ်ထားခြင်း
- ၄၆ ဒေသနာတော်
- ၄၇ ဒေသနာတော်၏ အကျိုး
- ၄ - ကာဠီဘီလူးမ ဝတ္ထု
- ၄၈ လင်တူမယားတို့၏ အဖြစ်အပျက်
- ၄၉ ကြောင်မ နှင့် ကြက်မ
- ၅ဝ သစ်မ နှင့် သမင်မ
- ၅၁ ဘီလူးမ နှင့် လူမ
- ၅၂ ဘီလူးမ ရေခပ်လှည့်ကျခြင်း
- ၅၃ ဘုရားနှင့် တွေ့ခြင်း
- ၅၄ ဒေသနာတော်
- ၅၅ ဒေသနာတော်၏ အကျိုး
- ၅၆ လယ်စောင့်နတ် အကြောင်း
- ၅ - ကောသမ္ဗီပြည်သား ရဟန်းများ ဝတ္ထု
- ၅၇ ဗြဟ္မာ့ပြည်တိုင်အောင် ကွဲပြားခြင်း
- ၅၈ မြတ်စွာဘုရား ဆုံးမတော်မူသည်ကို မနာယူခြင်း
- ၅၉ ဒီလီတိကောသလမင်း ဝတ္ထုကို ဆောင်တော်မူခြင်း
- ၆ဝ ဒီဃီတိကောသလဇာတ် ဝတ္ထုအကျယ်
- ၆၁ ဘုရား ပါလိလေယျကတော၌ ဝါဆိုတော်မူခြင်း
- ၆၂ လူဒါယကာတို့ ညီညွတ်ရေးကို စီမံခြင်း
- ၆၃ ပလလည်းဆင်မင်း လုပ်ကျွေးခန်း
- ၆၄ ပျားလှူသောမျောက် နတ်သားဖြစ်ခြင်း
- ၆၅ အရှင်အာနန္ဒာကြီးမှူး၍ ဘုရားထံသို့ လိုက်ကြခြင်း
- ၆၆ ရဟန်းငါးရာ အကျွတ်တရားရခြင်း
- ၆၇ ဗုဒ္ဓပ္ပမုခသံဃာအား ဆင်မင်း သစ်သီးဆွမ်းကပ်ခြင်း
- ၆၈ ဆင်မင်း စုတေ၍ နတ်သားဖြစ်ခြင်း
- ၆၉ မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်သို့ ကြွရောက်တော်မူခြင်း
- ၇ဝ ဒေသနာတော်
- ၇၁ ဒေသနာတော်၏ အကျိုး
- ၆ - စူဠကာလ မဟာကာလ ဝတ္ထု
- ၇၂ ညီနောင်နှစ်ယောက် သာဝတ္ထိပြည်သို့ ရောက်ခြင်း
- ၇၃ မဟာကာလ တရားနာရ၍ ကြံစည်ပုံ
- ၇၄ မဟာကာလ နှင့် စူဠကာလ ရဟန်းပြုကြခြင်း
- ၇၅ မဟာကာလ သုသာန်သို့သွား၍ တရားအားထုတ်ခြင်း
- ၇၆ မဟာကာလမထေရ် ရဟန္တာ ဖြစ်ခြင်း
- ၇၇ စူဠကာလ လူထွက်ခြင်း
- ၇၈ မဟာကာလမထေရ်၏ မယားဟောင်းတို့ ကြံစည်ပုံ
- ၇၉ ဒေသနာတော်
- ၈ဝ ဒေသနာတော်၏ အကျိုး
- ၇ - ရှင်ဒေဝဒတ် ဝတ္ထု (ပဌမ)
- ၈၁ ဒါယကာလေးမျိုး တရားတော်
- ၈၂ ဒါယကာတဦး အလှူဝတ် စီမံခြင်း
- ၈၃ ရှင်ဒေဝဒတ် တသိန်းတန် သင်္ကန်းရခြင်း
- ၈၄ ရှင်ဒေဝဒတ်အလောင်း ဆင်သတ်ယောက်ျား ဝတ္ထု
- ၈၅ ဒေသနာတော်
- ၈၆ ဒေသနာတော်၏ အကျိုး
- ၈ - အရှင်သာရိပုတြာမထေရ်ဝတ္ထု
- ၈၇ ဘုရားလောင်းသုမေဓာ ကိုယ်ကို တံတားခင်းလှူခြင်း
- ၈၈ ဗုဒ္ဓဝင် အကျဉ်း
- ၈၉ ဘုရားလောင်းကို နတ်ဗြဟ္မာအပေါင်း တောင်းပန်ခြင်း
- ၉ဝ လူ့ပြည်သို့ ဆင်းသက်တော်မူခြင်း
- ၉၁ နိမိတ်လေးပါး ထင်လာခြင်း
- ၉၂ နိမိတ်ကောင်း ကြားရ၍ ဆုလာဘ် ပေးသနားခြင်း
- ၉၃ အာဠာရ ဥဒကရသေ့တို့ထံ ရောက်ခြင်း
- ၉၄ ဒုက္ကရစရိယာကျင့်၍ ဘုရားဖြစ်တော်မူခြင်း
- ၉၅ ဓမ္မစကြာတရား ဟောတော်မူခြင်း
- ၉၆ ရှင်ယသ အမှူးရှိသော ငါးကျိပ်ငါးယောက်နှင့် ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်တို့ အကြောင်း
- ၉၇ ဘုရား ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူခြင်း
- ၉၈ ဥပတိဿ နှင့် ကောလိတတို့ အကြောင်း
- ၉၉ တောင်ထိပ်ပွဲသဘင် ကြည့်ရှုခြင်း
- ၁ဝဝ သိဉ္စည်းဆရာကြီးထံသို့ ရောက်ခြင်း
- ၁၀၁ အမြိုက်တရား ဟောပြတတ်သော ဆရာကို ရှာဖွေခြင်း
- ၁၀၂ အရှင်အဿဇိမထေရ်နှင့် တွေ့၍ အမြိုက်တရား ရခြင်း
- ၁၀၃ သိဉ္စည်းဆရာကြီး ဘုရားထံသို့ မလိုက်လိုခြင်း
- ၁၀၄ ဥပတိဿ ကောလိတတို့ ဧဟိဘိက္ခု ရဟန်းဖြစ်ခြင်း
- ၁ဝ၅ အဂ္ဂသာဝက အရာထူးပေးသဖြင့် ကဲ့ရဲ့ခံရခြင်း
- ၁၀၆ အညာသိကောဏ္ဍည မထေရ်၏ ရှေးအတိတ်ဝတ္ထု
- ၁ဝ၇ ယသအမှူးရှိသော ရဟန်းတို့၏ ရှေးအတိတ်ဝတ္ထု
- ၁ဝ၈ ဘဒ္ဒဝဂ္ဂီမင်းသားတို့၏ ရှေးအတိတ်ဝတ္ထု
- ၁ဝ၉ ဥရုဝေလ ကဿပ ညီနောင်တို့၏ ရှေးအတိတ်ဝတ္ထု
- ၁၁ဝ ရဟန်းသံဃာတို့ အဦးစား ပြိတ္တာများအကြောင်း
- ၁၁၁ အရှင်သာရိပုတြာနှင့် အရှင်မောဂ္ဂလာန်တို့ ရှေးအတိတ်ဝတ္ထု
- ၁၁၂ ဒေသနာတော်
- ၁၁၃ ဒေသနာတော်၏ အကျိုး
- ၉ - အရှင်နန္ဒမထေရ် ဝတ္ထု
- ၁၁၄ ဘုရား ကပိလဝတ်ပြည်သို့ ကြွရောက်တော်မူခြင်း
- ၁၁၅ နန္ဒမင်းသား မင်္ဂလာနေ့ ရဟန်းပြုခြင်း
- ၁၁၆ သားတော် ရာဟုလာ အမွေတောင်းခြင်း
- ၁၁၇ သားတော် ရာဟုလာ ရှင်ပြုခြင်း
- ၁၁၈ နန္ဒမထေရ် သာသနာတော်၌ ငြီးငွေ့ခြင်း
- ၁၁၉ မျောက်မနှင့် နတ်သ္မီးတို့ကို ပြခြင်း
- ၁၂၀ နန္ဒမထေရ် ရဟန္တာဖြစ်ခြင်း
- ၁၂၁ ဒေသနာတော်
- ၁၂၂ ဒေသနာတော်၏ အကျိုး
- ၁၂၃ နန္ဒမထေရ်၏ ရှေးအတိတ်ဝတ္ထု
- ၁၂၄ မြည်းဖိုနှင့် မြည်းမ အကြောင်း
- ၁၂၅ မြည်းဖိုသည် သခင်အပေါ်၌ တင်းမာစွာ အာခံပုံ
- ၁၂၆ သခင်က မြည်းဖိုအား ဖြားယောင်းရပုံ
- ၁၀ - စုန္ဒ ဝက်သတ်သမား ဝတ္ထု
- ၁၂၇ စုန္ဒ၏ အသက်မွေး ကြမ်းကြုတ်ပုံ
- ၁၂၈ ဝက်သတ်သမား မသေမီ ဆင်းရဲနှင့် ငရဲမီး
- ၁၂၉ ရဟန်းများ ဘုရားကို လျှောက်ထားခြင်း
- ၁၃ဝ ဒေသနာတော်
- ၁၃၁ ဒေသနာတော်၏ အကျိုး
- ၁၁ - ဝမ္မိက ဥပါသကာ ဝတ္ထု
- ၁၃၂ ဓမ္မိက ဥပါသကာ အိမ်သားတို့ ကုသိုလ်ပြုပုံ
- ၁၃၃ ဥပါသကာကြီး မကျန်းမာသဖြင့် တရားနာခြင်း
- ၁၃၄ နတ်ရထား ခြောက်စင်း ရောက်လာခြင်း
- ၁၃၅ တုသိတာ နတ်ရထား၌ ပန်းကုံးစွပ်ခြင်း
- ၁၃၆ နောက်ဆုံးမှာကြားသော စကားနှင့် ဘုရားရှင်၏ မိန့်ခွန်းတော်များ
- ၁၃၇ ဒေသနာတော်
- ၁၃၈ ဒေသနာတော်၏ အကျိုး
- ၁၂ - ရှင်ဒေဝဒတ် ဝတ္ထု (ဒုတိယ)
- ၁၃၉ သာကီဝင်မင်းသားတို့ အကြောင်း
- ၁၄ဝ အနုရုဒ္ဓါ မင်းသား အကြောင်း
- ၁၄၁ မင်းသား သုံးယောက် အကြောင်း
- ၁၄၂ အနုရုဒ္ဓါမင်းသား ရဟန်းပြုရန် အားထုတ်ခြင်း
- ၁၄၃ ဥပါလိဆေတ္တာသည်နှင့် မင်းသားခြောက်ယောက်
- ၁၄၄ ရဟန်းခြောက်ဦး တရားထူးရပုံနှင့် ဒေဝဒတ် အကြံဖြစ်ပုံ
- ၁၄၅ ရှင်ဒေဝဒတ် နှင့် အဇာတသတ်မင်း
- ၁၄၆ ရှင်ဒေဝဒတ်သည် ဘုရား၌ ရန်ငြိုးဖွဲ့ခြင်း
- ၁၄၇ ရှင်ဒေဝဒတ်သည် ဘုရားကိုသတ်ရန် လုံ့လပြုခြင်း
- ၁၄၈ ရှင်ဒေဝဒတ်သည် သံဃာသင်းခွဲခြင်း
- ၁၄၉ အရှင်သာရိပုတြာတို့ လိုက်သွား၍ တရားဟောခြင်းနှင့် ရှင်ဒေဝဒတ် သွေးအန်ခြင်း
- ၁၅ဝ ရှင်ဒေဝဒတ်ကို အကြောင်းပြု၍ များစွာသော ဇာတ် နိပါတ်တို့ကို ဟောတော်မူခြင်း
- ၁၅၁ ရှင်ဒေဝဒတ် ဘုရားဖူးရန် ရောက်လာခြင်း
- ၁၅၂ မြေမျိုခြင်းနှင့် သရဏဂုံအကျိုး
- ၁၅၃ ဒေဝဒတ် အဝီစိငရဲ၌ ခံနေရပုံ
- ၁၅၄ မြေမျိုဖူးသော အတိတ်ဝတ္ထု
- ၁၅၅ ဒေဝဒတ်သေ၍ ဝမ်းသာကြခြင်း ပစ္စုပ္ပန်နှင့် အတိတ်
- ၁၅၆ ဒေသနာတော်
- ၁၅၇ ဒေသနာတော်၏ အကျိုး
- ၁၃ - သုမနဒေဝီ သူဌေးသ္မီး ဝတ္ထု
- ၁၅၈ ဝိသာခါ အနာထပိဏ်တို့သည် ကုသိုလ်ရေး၌ သားမြေးတို့ကို ကိုယ်စား ထားကြပုံ
- ၁၅၉ ကိုယ်စားသ္မီး ဖြစ်ပါလျက် ယောင်ယမ်းကာ သေရသည်ဟု ဘုရားအား လျှောက်ထားခြင်း
- ၃၆ဝ တုသိတာနတ်ပြည်၌ ဖြစ်ကြောင်း
- ၃၆၁ ဒေသနာတော်
- ၁၆၂ ဒေသနာတော်၏ အကျိုး
- ၁၄ - အဆွေခင်ပွန်း ရဟန်းနှစ်ပါး ဝတ္ထု
- ၁၆၃ ခုနှစ်ပါးဖြည့်ကျင့်ရာ အသီးသီး အကျိုးထူးရှိကြခြင်း
- ၁၆၄ ကျမ်းဂန်တတ် ရဟန်း၏ မာန်မာနအကြောင်း
- ၁၆၅ မြတ်စွာဘုရား အကဲ့ရဲ့ခံရခြင်း
- ၁၆၆ ဒေသနာတော်
- ၁၆၇ ဒေသနာတော်၏ အကျိုး
ရှေးဦးစွာသော ယမကဝဂ် ပြီး၏။
၂ - အပ္ပမာဒဝဂ်
- ၁ - သာမာဝတီ မိဖုယား ဝတ္ထု
- ၁၆၈ အလ္လကပ္ပမင်း နှင့် ဝေဋ္ဌဒီပကမင်းတို့အကြောင်း
- ၁၆၉ ဝေဋ္ဌဒီပကရသေ့ စုတေ၍ ဟတ္ထိကန္တစောင်းနှင့် မန္တန် ပေးလာခြင်း
- ၁၇၀ ပူရန္တပ္ပမင်း မိဖုယားကြီးနှင့် ဥတေနမင်းသား
- ၁၇၁ မိဖုယားကြီးကို အလ္လကပ္ပရသေ့ကြီး စောင့်ရှောက်ခြင်း
- ၁၇၂ ပူရန္တပ္ပမင်း နတ်ရွာစံခြင်း နှင့် ဥတေနမင်းသား
- ၁၇၃ ဥတေနမင်းသား ကောသမ္ဗီတိုင်းပြည် မင်းစည်းစိမ်ကိုယူခြင်း
- ၁၇၄ ဃောသကသူဌေးကြီး အလောင်းသည် သားငယ်ကို ပစ်စွန့်ထားခဲ့မိခြင်း
- ၁၇၅ စွဲလမ်းသောအာရုံကြောင့် ခွေးဘဝ၌ ဖြစ်ရခြင်း
- ၁၇၆ ကုသိုလ်ကောင်းမှု များစွာပြုရခြင်း
- ၁၇၇ ဃောသက နတ်သား ဖြစ်ရခြင်း
- ၁၇၈ လူ့ပြည်၌ဖြစ်သောအခါ အမှိုက်ပုံ၌ အပစ်ခံရခြင်း
- ၁၇၉ နွားခြံတံခါးဝ၌ အပစ်ခံရခြင်း
- ၁၈ဝ လှည်းလမ်းမ၌ အပစ်ခံရခြင်း
- ၁၈၁ သုသာန်၌ အပစ်ခံရခြင်း
- ၁၈၂ တောင်ကမ်းပါးပြတ်၌ အပစ်ခံရခြင်း
- ၁၈၃ မီးတွင် ပစ်ချသတ်ရန် စေလွှတ်ခံရခြင်း
- ၁၈၄ သူဌေးကြီး သောကဖြစ်ပုံနှင့် ဒဏ်ဆယ်ပါးတရား
- ၁၈၅ သတ်ရန် အမှာစာရေး၍ စေလွှတ်ခံရခြင်း
- ၁၈၆ သူဌေးသ္မီးတဦး ကယ်ဆယ်ပုံ
- ၁၈၇ သူဌေးကြီး ဝေဒနာ ကပ်ရောက်ပုံ
- ၁၈၈ ဇနပုဒ်သူဌေးသ္မီး ဉာဏ်ပညာကြီးပုံ
- ၁၈၉ သူဌေးကြီး အနိစ္စရောက်ခြင်း
- ၁၉ဝ ဃောသကသည် သူဌေးရာထူး ရရှိခြင်း
- ၁၉၁ ဃောသကသူဌေးသည် ကုသိုလ်ကောင်းမှုပြုခြင်း
- ၁၉၂ သာမာဝတီသည် ကောသမ္ဗီပြည်သို့ ရောက်လာပုံ
- ၁၉၃ သာမာဝတီသည် ထမင်းတောင်းရခြင်း
- ၁၉၄ သာမာဝတီကို မိတ္တသူကြွယ်က မွေးစားခြင်း
- ၁၉၅ သာမာဝတီဟူသော အမည်ရပုံနှင့် ဃောသသူဌေးကြီး သ္မီးအရာ၌ ထားခြင်း
- ၁၉၆ သာမာဝတီ မိဖုယားဖြစ်ခြင်း
- ၁၉၇ စဏ္ဍပဇ္ဇောတမင်းသည် ဥတေနမင်းကို ဖမ်းယူခြင်း
- ၁၉၈ ဝါသုလဒတ္တာမင်းသ္မီး မန္တန်သင်ယူခန်း
- ၁၉၉ မန္တန်သင်ရာ၌ ခိုက်ရန်ဒေါသဖြစ်ပုံ
- ၂ဝဝ စဏ္ဍပဇ္ဇောတမင်း၏ ယာဉ်ငါးပါး ရခြင်းအကြောင်း
- ၂၀၁ စဏ္ဍပဇ္ဇောတ မင်းလောင်း၏ ဆုတောင်းခန်း
- ၂၀၂ ဥတေနမင်းသည် ဝါသုလဒတ္တာမင်းသ္မီးကို ခိုးပြေးခြင်း
- ၂၀၃ မာဂဏ္ဍီပုဏ္ဏားကြီး ဘုရားနှင့်တွေ့ခြင်း
- ၂၀၄ သ္မီးနှင့်မယား ပြန်ခေါ်ခြင်း
- ၂ဝ၅ စက်တော်ရာနှင့် ပုဏ္ဏေးမ၏ ဗေဒင်ပညာ
- ၂၀၆ မာဂဏ္ဍီပုဏ္ဏားကြီး လင်မယား အနာဂါမ်တည်ခြင်း
- ၂ဝ၇ မာဂဏ္ဍီသတို့သ္မီးသည် ဘုရား၌ ရန်ငြိုးဖွဲ့ခြင်း
- ၂ဝ၈ ရုက္ခစိုးနတ် အကြောင်း
- ၂၀၉ နေ့ထက်ဝက်ဥပုသ်နှင့် ရုက္ခစိုး
- ၂၁၀ ရသေ့ငါးရာတို့ ရဟန္တာဖြစ်ကြခြင်း
- ၂၁၁ ဘုရား ကောသမ္ဗီပြည်သို့ ကြွရောက်တော်မူခြင်း
- ၂၁၂ ခုဇ္ဇုတ္တရာ သောတာပန်တည်ခြင်း
- ၂၁၃ သာမာဝတီတို့ သောတာပန်တည်ခြင်း စသည်
- ၂၁၄ မာဂဏ္ဍီသည် သာမာဝတီတို့အား ပျက်စီးကြောင်းအားထုတ်ခြင်း
- ၂၁၅ အရှင်အာနန္ဒာအား အဆဲခံတရားကြီး ဟောပြပုံ
- ၂၁၆ မာဂဏ္ဍီ နှင့် ကြက်ပရိယာယ်
- ၂၁၇ မာဂဏ္ဍီ နှင့် မြွေပရိယာယ်
- ၂၁၈ ဥတေနမင်း မြှားနှင့် သာမာဝတီတို့၏ မေတ္တာတရား
- ၂၁၉ ဥတေနမင်းသည် သာမာဝတီတို့အား ဆုပေးခြင်း
- ၂၂၀ အရှင်အာနန္ဒာ သင်္ကန်းများစွာရခြင်း
- ၂၂၁ သာမာဝတီတို့ကို မီးတိုက်သတ်ခြင်း
- ၂၂၂ မြတ်စွာဘုရား၏ ဥဒါန်းတော်
- ၂၂၃ မာဂဏ္ဍီသည် သေဒဏ် (ဆု) ရခြင်း
- ၂၂၄ သာမာဝတီတို့၏ ရှေးအတိတ်ဝတ္ထု
- ၂၂၅ ခုဇ္ဇုတ္တရာ၏ ခါးကုန်းခြင်းစသည် အတိတ်ကံ
- ၂၂၆ ခုဇ္ဇုတ္တရာ ကျွန်မ ဖြစ်ရခြင်း အတိတ်ကံ
- ၂၂၇ သာမာဝတီတို့ နှင့် မာဂဏ္ဍီတို့၏ ထူးခြားပုံ
- ၂၂၈ ဒေသနာတော်
- ၂၂၉ ဒေသနာတော်၏ အကျိုး
- ၂ - ကုမ္ဘဃောသကသူဌေး ဝတ္ထု
- ၂၃၀ ဗိမ္ဗိသာရမင်းကြီး၏ အသံ၌ အသိဉာဏ်
- ၂၃၁ ကုမ္ဘဃောသက နှင့် နန်းတွင်းသူမောင်းမ
- ၂၃၂ ကုမ္ဘဃောသက နှင့် ဗိမ္ဗိသာရမင်းကြီး
- ၂၃၃ ကုမ္ဘဃောသက သူဌေးရာထူး ရရှိခြင်း
- ၂၃၄ ဒေသနာတော်
- ၂၃၅ ဒေသနာတော်၏ အကျိုး
- ၃ - စူဠပန္ထကမထေရ် ဝတ္ထု
- ၂၃၆ မဟာပန္ထက နှင့် စူဠပန္ထကတို့ ဖွားမြင်ခြင်း
- ၂၃၇ သားငယ်နှစ်ယောက်တို့ကို မိဘထံပို့ခြင်း
- ၂၃၈ မဟာပန္ထက စူဠပန္ထကတို့ သာသနာတော်တွင်းသို့ ရောက်ကြခြင်း
- ၂၃၉ ရှင်စူဠပန် ဉာဏ်ထိုင်းရကြောင်း အတိတ်ဝတ္ထု
- ၂၄၀ ရှင်စူဠပန်နှင့် ရဇောဟရဏံ ကမ္မဋ္ဌာန်း
- ၂၄၁ စူဠပန္ထကမထေရ် ရဟန္တာဖြစ်ခြင်း
- ၂၄၂ စူဠပန္ထကမထေရ် တန်ခိုးပြခြင်း
- ၂၄၃ ရှင်စူဠပန်နှင့် တရားအစည်းအဝေး
- ၂၄၄ ရှင်စူဠပန် အတိတ်ဝတ္ထု
- ၂၄၅ ဗာရာဏသီမင်းနှင့် မန္တန်
- ၂၄၆ ဃဋ္ဋေသိမန္တန်ဆရာ စစ်သူကြီးဖြစ်ခြင်း
- ၂၄၇ စူဠသေဋ္ဌိဇာတ်ကို ဟောတော်မူခြင်း
- ၂၄၈ ဒေသနာတော်
- ၂၄၉ ဒေသနာတော်၏ အကျိုး
- ၄ - ဗာလနက္ခတ်ပွဲ ကြွေးကြော်သောဝတ္ထု
- ၂၅၀ လူမိုက်နက္ခတ်ပွဲ အကြောင်း
- ၂၅၁ ဒေသနာတော်
- ၂၅၂ ဒေသနာတော်၏ အကျိုး
- ၅ - မဟာကဿပမထေရ် ဝတ္ထု
- ၂၅၃ သတ္တဝါတို့၏ စုတိပဋိသန္ဓေ
- ၂၅၄ ဒေသနာတော်
- ၂၅၅ ဒေသနာတော်၏ အကျိုး
- ၆ - မေ့လျော့သောရဟန်း မမေ့လျော့သောရဟန်း အဆွေခင်ပွန်း ရဟန်းနှစ်ပါး ဝတ္ထု
- ၂၅၆ မေ့လျော့သော ရဟန်း၏ လျှောက်ထားပုံ
- ၂၅၇ ဒေသနာတော်
- ၂၅၈ ဒေသနာတော်၏ အကျိုး
- ၇ - မဃလုလင်ဝတ္ထု
- ၂၅၉ သိကြားမင်းအကြောင်းကို ဟောကြားခြင်း
- ၂၆ဝ သိကြားမင်း၏ ကျင့်ဝတ်ခုနစ်ပါး
- ၂၆၁ မဃလုလင် လမ်းခရီးပြုပြင်ခြင်း
- ၂၆၂ ရွာစားမင်း အပြစ်ရှာခြင်း
- ၂၆၃ မိန်းမတို့အား ကုသိုလ်အဖို့ မပေးလိုကြခြင်း
- ၂၆၄ သုဓမ္မာမည်သော မိန်းမ ကုသိုလ်အဖို့ရခြင်း
- ၂၆၅ သုနန္ဒာ နှင့် သုစိတ္တာတို့ ကုသိုလ်ပါဝင်ပုံ နှင့် သုဇာတာ၏ သာာထားပုံ
- ၂၆၆ မဃလုလင်စသည်တို့ သိကြားမင်း စည်းစိမ်ရခြင်း
- ၂၆၇ ဧရာဝဏ်ဆင် အကြောင်း
- ၂၆၈ ကောင်းမှုရှင်မိန်းမတို့နှင့် အလှပြင်မိန်းမ
- ၂၆၉ သုဇာတာ ဗျိုင်းမကို နတ်ပြည်သို့ ဆောင်ယူပြခြင်း
- ၂၇ဝ သုဇာတာ ဗျိုင်းမကို သိကြားမင်း စောင်မပုံ
- ၂၇၁ အသုရာသ္မီး ပန်းကုံးစွပ်ပွဲ
- ၂၇၂ သုဇာတာကို သိကြားမင်း ဆောင်ယူပုံ
- ၂၇၃ သုဇာတာနတ်မိဖုယား ဖြစ်ခြင်း
- ၂၇၄ ဒေသနာတော်
- ၂၇၅ ဒေသနာတော်၏ အကျိုး
- ၈ - မထင်ရှားသော ရဟန်းဝတ္ထု (၁)
- ၂၇၆ တောမီးကို ရှုဆင်ခြင်ပုံ
- ၂၇၇ ဒေသနာတော်
- ၂၇၈ ဒေသနာတော်၏ အကျိုး
- ၉ - နိဂမဝါသီ တိဿမထေရ် ဝတ္ထု
- ၂၇၉ ဘုရား ချီးမှုမ်းတော်မူခြင်း
- ၂၈ဝ ကျေးမင်း ဝတ္ထု
- ၂၈၁ ဒေသနာတော်
- ၂၈၂ ဒေသနာတော်၏ အကျိုး
နှစ်ခုမြောက်သော အပ္ပမာဒဝဂ် ပြီး၏။
၃ - စိတ္တဝဂ်
- ၁ - မေဃိယမထေရ် ဝတ္ထု
- ၂၈၃ အရှင်မေဃိယ နှင့် စိတ်အလို
- ၂၈၄ ဒေသနာတော်
- ၂၈၅ ဒေသနာတော်၏ အကျိုး
- ၂ - မထင်ရှားသောရဟန်း ဝတ္ထု (၂)
- ၂၈၆ မာတိကမာတာ နှင့် ရဟန်းခြောက်ကျိပ်
- ၂၈၇ မာတိကမာတာ အနာဂါမ်တည်ပုံ
- ၂၈၈ အားလုံးရဟန္တာဖြစ်၍ ဘုရားကိုလျှောက်ကြပုံ
- ၂၈၉ အညတရ ရဟန်း နှင့် မာတိကမာတာ
- ၂၉ဝ အညတရ ရဟန်း ဘုရားထံ ပြန်ပြေးခြင်း
- ၂၉၁ ဒေသနာတော်
- ၂၉၂ ဒေသနာတော်၏ အကျိုး
- ၂၉၃ အညတရ ရဟန်း ရဟန္တာဖြစ်ခြင်း စသည်
- ၂၉၄ အညတရ ရဟန်း နိဗ္ဗာန်ဝင်ခြင်း
- ၃ - မထင်ရှားသော ငြီးငွေ့သောရဟန်း ဝတ္ထု
- ၂၉၅ အနုပုဗ္ဗသူဌေးသား အကြောင်း
- ၂၉၆ ကျင့်စရာတရား အကျဉ်းဆုံး ချုံးပေးပုံ
- ၂၉၇ ဒေသနာတော်
- ၂၉၈ ဒေသနာတော်၏ အကျိုး
- ၄ - သံဃရက္ခိတမထေရ်၏ တူ မထေရ်ငယ် ဝတ္ထု
- ၂၉၉ သံဃရက္ခိတ ရဟန်းငယ် သင်္ကန်းလှူခြင်း
- ၃ဝဝ ဥပဇ္ဈာယ်၏ ဦးခေါင်းတော်ကို ယပ်ဝန်းဖြင့် ရိုက်မိခြင်း
- ၃ဝ၁ ရှက်၍ ထွက်ပြေးရာမှ ဘုရားရှင် ဆုံးမတော်မူခြင်း
- ၃ဝ၂ ဒေသနာတော်
- ၃ဝ၃ ဒေသနာတော်၏ အကျိုး
- ၅ - စိတ္တဟဋ္ဌမထရ် ဝတ္ထု
- ၃ဝ၄ ရဟန်းပြုလိုက် လူထွက်လိုက် ပြုသောသူအကြောင်း
- ၃ဝ၅ မယား အအိပ်ဆိုးလှသဖြင့် သောတာပန်တည်သော ယောက်ျားအကြောင်း
- ၃ဝ၆ ဒေသနာတော်
- ၃ဝ၇ ဒေသနာတော်၏ အကျိုး
- ၃ဝ၈ ကိလေသာ၏ အပြစ်ကိုပြခြင်း
- ၃ဝ၉ ကုဒါလပဏ္ဍိတ အကြောင်း
- ၃၁ဝ ခုနစ်ပြည်ထောင်မင်းတို့ ရသေ့ရဟန်း ပြုကြခြင်း
- ၆ - ရဟန်းငါးရာ ဝတ္ထု
- ၃၁၁ နတ်တို့သည် ကြောက်ဖွယ် အာရုံတို့ကို ပြခြင်း
- ၃၁၂ မေတ္တာလက်နက် အကြောင်း
- ၃၁၃ ဒေသနာတော်
- ၃၁၄ ဒေသနာတော်၏ အကျိုး
- ၇ - ပူတိဂတ္တတိဿမထေရ် ဝတ္ထု
- ၃၁၅ ဒေသနာတော်
- ၃၁၆ ဒေသနာတော်၏ အကျိုး
- ၃၁၇ မကောင်းမှု ကောင်းမှုတို့ကို ဟောတော်မူခြင်း
- ၈ - နန္ဒ နွားကျောင်းသား ဝတ္ထု
- ၃၁၈ နန္ဒ နွားကျောင်းသား အသတ်ခံရခြင်း
- ၃၁၉ ဒေသနာတော်
- ၃၂ဝ ဒေသနာတော်၏ အကျိုး
- ၉ - သောရေယျ သူဌေးသား ဝတ္ထု
- ၃၂၁ သောရေယျ သူဌေးသား မိန်းမဖြစ်ရခြင်း
- ၃၂၂ မိတ်ဆွေဟောင်းနှင့် တွေ့ဆုံခြင်း
- ၃၂၃ ယောက်ျား ပြန်ဖြစ်ခြင်း
- ၃၂၄ သောရေယျ လုလင် ရဟန္တာဖြစ်ခြင်း
- ၃၂၅ ဒေသနာတော်
- ၃၂၆ ဒေသနာတော်၏ မှတ်ဖွယ် အဓိပ္ပါယ်
- ၃၂၇ ဒေသနာတော်၏ အကျိုး
- ၃၂၈ နိဂုံး
ဓမ္မပဒဝတ္ထုတော်ကြီး ပဌမတွဲ မာတိကာ ပြီး၏။
ဓမ္မပဒဝတ္ထုတော်ကြီး (ပဌမတွဲ)
▬▬▬▬ஜ۩۞۩ஜ▬▬▬▬
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ပဏာမ ပဋိညာဉ် ဥယျောဇဉ်
သစေ ဓမ္မပဒေါ တွံ သိ၊
နမေ ဓမ္မပဒဿ ဝေ။
ကပရ ဓမ္မပဒဗ္ဗတ္ထုံ၊
ဒဒေ ဓမ္မပဒံ သတန္တိ။
မဟာသုဒ္ဓေါဒနသုနု၊ သုဒ္ဓေါဒန မင်းတရားကြီး၏ သားဖြစ်တော်မူသော မြတ်စွာဘုရား။
တွံ၊ ရှင်တော်မြတ်ဘုရားသည်။
ဓမ္မပဒေါ၊ တရားဆယ်ရပ် ပရမတ်၌ အမြတ်ဆုံးမှန် နိဗ္ဗာန်တရား ကိုယ်ပိုင်အားဖြင့် ထင်ရှားရှိသော ဘုရားသည်။
သစေ အသိ၊ အကယ်စင်စစ် ဖြစ်ခဲ့ငြားအံ့။
ဧဝံ-သတိ၊ ဤသို့ဖြစ်သည် ရှိသော်။
အဟံ၊ နိဗ္ဗာန်ရည်သန် ကောင်းမှုဉာဏ်ဖြင့် ဖန်ဖန်ရင်းထုတ် အကျွန်ုပ်သည်။
ဓမ္မပဒဿ၊ တားဆယ်ရပ် ပရမတ်၌ အမြတ်ဆုံးမှန် နိဗ္ဗာန်တရား ကိုယ်ပိုင်အားဖြင့် ထင်ရှားရှိတော်မူသော။
တေ၊ အရှင်မြတ်ဘုရားအား။
ဝေ-ဧကန္တေန၊ စင်စစ်အားဖြင့်။
နမေ-နမာမိ၊ ဦးနှိမ်ညွှတ်လျှိုး ရှိခိုးပါ၏ဘုရား။
မဟာမာယာပုတ္တ၊ မယ်တော်မာယာ မိဖုယားကြီး၏ တယောက်တည်းသော သား ဖြစ်တော်မူသော မြတ်စွာဘုရား။
တွံ၊ ရှင်တော်မြတ်ဘုရားသည်။
ဓမ္မပဒေါ၊ ဒေသနာဆုံးက နိဗ္ဗာန်ရအောင် ဓမ္မပဒခေါ် ပါဠိတော်ကို ထုတ်ဖေါ်မိန့်ကြား ဟောမြွက်သော ဘုရားသည်။
သစေ အသိ၊ အကယ်စင်စစ် ဖြစ်ခဲ့ငြားအံ့။
ဧဝံ-သတိ၊ ဤသို့ဖြစ်သည်ရှိသော်။
အဟံ၊ ထွတ်မြတ် ပဋိသမ္ဘိဒါဉာဏ် ရည်သန်ပြုလုပ် အကျွန်ုပ်သည်။
ဓမ္မပဒဗ္ဗတ္ထံု၊ အဋ္ဌကထာ ဆင့်လောင်း ဓမ္မပဒ ဝတ္ထုကြောင်းကို။
ဝေ-ဧကန္တေန၊ စင်စစ်အားဖြင့်။
ကရေ-ကရောမိ၊ မြန်မာ့သဘာဝ ဓမ္မပဒဟု ဝတ္ထုတော်ကြီး အပြီးဖြစ်ရန် စီမံပြုလုပ် အားထုတ်လိုပါ၏။
ဝါ - အားထုတ်လိုကြောင်း ခွင့်တောင်းပါ၏ဘုရား။
ရာဟုလပိတ၊ အမွေယူကာ သိက္ခာစုံမက် ဧတဒဂ်သခင် အရှင်ရာဟုလာ၏ ခမည်းတော်ချစ် ဖြစ်တော်မူသော မြတ်စွာဘုရား။
တွံ၊ ရှင်တော်မြတ်ဘုရားသည်။
ဓမ္မပဒေါ၊ သတ္တဝါဝေနေ များဗိုလ်ခြေအား မသေအပြီး အမြိုက်တရား ကြီးကို ပေးပြီး ပေးဆဲ ပေးမည်တဲဟု ပေးရဲပေးပိုင် ပေးနိုင်တော်မူသော ဘုရားတဆူသည်။
သစေ-အသိ၊ အကယ်စင်စစ် ဖြစ်ခဲ့ငြားအံ့။
ဧဝံ-သတိ၊ ဤသို့ ဖြစ်သည်ရှိသော်။
တွံ၊ ဒုက္ခသည်မြင် ကြင်နာသနား ရှင်တော်မြတ်ဘုရားသည်။
သတံ-သန္တာနံ၊ ဒုက္ခသည်ဝဋ် ကျွတ်လွတ်စေဟု ဝတ္ထု ဓမ္မပဒဖန်ဖန် စိတ်သန်သန် ဝတ္ထုဓမ္မပဒဖြင့် ကျင့်ရန်တလှည့် ရှုကြည့်ဉာဏ်လောင်း စာပွဲပျော်သည့် သူတော်ကောင်းတို့အား။
ဓမ္မပဒံ၊ ပေးသင့် ပေးနိုင် ပေးပိုင် ပေးထိုက် ပေးကောင်းသော တရား အမြိုက်ကို။
ဝေ-ဧကန္တေန၊ စင်စစ်အားဖြင့်။
ဒဒေ-ဒဒေယျာသိ၊ မိစ္ဆာဉာဏ်ရူး ရံခါပူးလည်း ရာဟုတည်းဟု ထန်သည်းကြင်နာ ကရုဏာဖြင့် ရှုကာမြှော်ဆ မသေရအောင် ဝေငှတော်မူပါဘုရား။
ဣတိ၊ ဤသည်လျှင် ပဏာမ ပဋိညာဉ်နှင့် သိမ်မွေ့သော ဥယျောဇဉ်တို့တည်း။
(ဤကျမ်းကို ညောင်လေးပင်နယ် တောရဂိုဏ်း ဥက္ကဋ္ဌမထေရ် အုတ်တွင်းဆရာတော် ဘုရားကြီးက ကျေးဇူးများပေသည်ဟု ကျမ်းပြုအရှင်ကို ပုံနှိပ်ခွင့်ပြုသည်။)
အဋ္ဌကထာ ပဏာမ ပဋိညာဉ် ဆယ်ဂါထာ စကားပြင်
၁။ ကြီးစွာသော မောဟမှောင်ဖြင့် တွင်းပအောက်ထက် မြှေးယှက်အပ်သော သတ္တလောက၌ လောက၏ အဆုံးဖြစ်သော နိဗ္ဗာန်ကို မြင်သိပြီးသည်လည်း ဖြစ်တော်မူသော တောက်ထွန်းသော တန်ခိုးရှိသည်လည်း ဖြစ်တော်မူသော အကြင်ဘုရားရှင်သည် သူတော်ကောင်းတရား တည်းဟူသော ဆီမီးတန်ဆောင်ကို ညှိထွန်းတော်မူလေပြီ။
၂။ ဘုန်းတော်အသရေ ဖြိုးဝေတော်မူသော ထိုဘုရားရှင်၏ ဖဝါးမြတ် ခြေတော်တို့ကို ဦးနှိမ်ညွတ်လျှိုး ငါရှိခိုး၏၊ ထိုဘုရားရှင်၏ သူတော်ကောင်းတရား ဆယ်ပါးကိုလည်း မြတ်နိုးကော်ရော် ငါပူဇော်၏၊ ထိုဘုရားရှင်၏ တပည့်သားသံဃာ အရိယာပုဂ္ဂိုလ် ရှစ်ယောက် အပေါင်းကိုလည်း လက်အုပ်ချီမိုး ငါရှိခိုး၏။ ရှိခိုးပြီး၍ - [ရေးသား မြွက်ဆိုပေအံ့ ဟူသော စကားနှင့်ဆက်]
၃။ ထိုထို စက္ခုပါလမထေရ် စသည်တို့၏ ဖြစ်ပျက်ပုံကို အကြောင်းပြု၍ သင့်သော သဘောတရား မသင့်သော သဘောတရားတို့၌လည်း လွန်စွာ ကျွမ်းကျင်တော် မူထသော၊ သူတော်ကောင်းတို့၏တရား နိဗ္ဗာန်နှင့်လည်း ပြည့်စုံတော်မူထသော နတ်လူတို့၏ဆရာ ဘုရားမြတ်စွာသည် တင့်တယ် ကောင်းမြတ်လှသော တရား အဆုံး အဆုံး၌ နိဗ္ဗာန်ရစေတတ်သောကြောင့် ဓမ္မပဒမည်သော အကြင်ပါဠိတော်ကို–
၄။ မဟာကရုဏာ အဟုန်ဖြင့် ကောင်းစွာ တိုက်တွန်းအပ်သော စိတ်နှလုံးတော် ရှိတော်မူလှသည်ဖြစ်၍ စင်စစ် နတ်လူတို့၏ နှစ်သက်ဝမ်းမြောက်ခြင်း တိုးပွား စေနိုင်လောက်အောင် ဟောကြားတော်မူလေပြီ။
၅။ ဘုရား လက်ထက်တော်မှစ၍ ဆရာအဆက်ဆက်တို့သည် အဆင့်ဆင့် ဆောင်ယူအပ်သော သိမ်မွေ့ နက်နဲလှသော ထိုဓမ္မပဒ ပါဠိတော်၏ အနက်ဖွင့်ရာ အဋ္ဌကထာသည် သီဟိုဠ်ကျွန်း၌ ကျွန်းသူ ကျွန်းသားတို့၏ ဘာသာစကားဖြင့် တည်နေခြင်းကြောင့် သီဟိုဠ်ကျွန်းသားမှ ကြွင်းကုန်သောသူတို့အား အကျိုးစီးပွား အပြည့် အစုံရခြင်းကို မပြီးစီးစေနိုင်လေသတည်း။
၆။ ထိုအဋ္ဌကထာသည် အလုံးစုံသော လူအပေါင်းတို့၏ အကျိုးစီးပွား အပြည့်အစုံ ရခြင်းကို ပြီးစေနိုင်သည် ဖြစ်မူကား ကောင်းလေစွဟု တောင့်တလျက်ရှိသော ယဉ်ကျေးသော ကိုယ်နှုတ်နှလုံးလည်း ရှိတော်မူသော ကိုယ်နှင့်ညီတူ ညီမျှလည်း ပြုကျင့်တော်မူလေ့ရှိသော။
၇။ ကုမာရကဿပ အမည်ရှိသော မထေရ်သည် ခိုင်ခံ့သော စိတ်နှလုံးဖြင့် သူတော်ကောင်းတရား အရှည်တည်တံ့ခြင်းကို လိုလားသူဦး ဖြစ်ရကား ငါ ဗုဒ္ဓဃောသကို ရိုရိုသေသေ ရှေးရှု တောင်းပန်လေပြီ။
၈။ ထိုသို့ တောင်းပန်အပ်သော ငါဗုဒ္ဓဃောသသည် သီဟိုဠ်ဘာသာ အဋ္ဌကထာကို အလွန်ကျယ်ဝန်းစွာ ဖြစ်သော စကားအစဉ်ကို ပယ်၍၎င်း၊ နှလုံးမွေ့လျော်ဖွယ်ရာ ဖြစ်သော ဘုရားဟော မာဂမဘာသာသို့ တင်၍၎င်း။
၉။ ထိုသီဟိုဠ်ဘာသာ အဋ္ဌကထာ၌ ထင်လင်းစွာ မပြအပ်သော ဂါထာတို့၏ ပုဒ်ကို သက်သက် သဒ္ဒါအားဖြင့် ထင်လင်းစွာ ဖွင့်ပြ၍၎င်း ထင်လင်းစွာ ပြအပ်သော ပုဒ်ကို အနက်အားဖြင့် ထင်လင်းစွာ ပြ၍၎င်း။
၁၀။ ပညာရှိတို့၏သန္တာန်၌၊ ဝါ - သန္တာန်သို့ အနက်သဒ္ဒါ ကောင်းစွာမှီရသည် ဖြစ်၍ ဖြစ်သောစိတ်နှလုံး၏ နှစ်သက် ဝမ်းမြောက်ခြင်းကို မရောက် ရောက်အောင် ငါ ရွက်ဆောင်လျက် မာဂဓဘာသာဖြင့် ရေးသား မြွက်ဆိုပေအံ့၊
ဤသည်လျှင် ပဏာမနှင့် ပဋိညာဉ်တို့တည်း။
အဋ္ဌကထာ ပုဒ်ဖွင့်တို့သည် မာဂဓဘာသာ လေ့လာသူတို့အား လွန်စွာ ကျေးဇူးများ သော်လည်း မြန်မာ ဘာသာဖြင့်သာ အသုံးပြုသူတို့အားကား တွေဝေစရာ ရှုပ်ထွေးခြင်း ဖြစ်စေနိုင်သောကြောင့် ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု စီရင်တော်မူသော မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော် ဘုရားကြီးတို့သည် ချန်ချွင်း၍ မြန်မာ ဘာသာဖြင့်သာ ပေါ်လွင် ထင်ရှားအောင် စီရင်တော်မူကြလေကုန်ပြီ၊ ဤဓမ္မပဒ ဝတ္ထုတော်ကြီး၌လည်း ထို့အတူ စီရင်ပြုလုပ် အားထုတ်ရပေလတ္တံ့၊
ဤကား မှာကြား သိစေခြင်းတည်း။
ဓမ္မပဒဝတ္ထုတော်ကြီး (ပဌမတွဲ)
▬▬▬▬ஜ۩۞۩ஜ▬▬▬▬
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
၁ - ယမကဝဂ်
၁ - စက္ခုပါလမထေရ်ဝတ္ထု
မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။ မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။ တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ဝဟတော ပဒံ။
ဟူသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် စက္ခုပါလ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။
၁ မဟာသုဝဏ္ဏ သူကြွယ်သည် သားဆုကို တောင်းခြင်း
သာဝတ္ထိပြည်၌ မဟာသုဝဏ္ဏမည်သော သူကြွယ်သည် ရှိသတတ်၊ ထိုသူကြွယ် သည် ကြွယ်ဝချမ်းသာ၏၊ များသော ဥစ္စာနှစ် ရှိ၏၊ များသော စည်းစိမ် ရှိ၏၊ သားသ္မီးလည်း မရှိ၊ ထိုသူကြွယ်သည် တနေ့သ၌ ရေချိုးဆိပ်သို့ သွား၍ ရေချိုးပြီး၍ ပြန်လာသည်ရှိသော် ခရီးအကြား၌ အရွက် အခက်နှင့် ပြည့်စုံသော တခုသော *တောစိုးသစ်ပင်ကို မြင်၍ ဤ သစ်ပင်ကို တန်ခိုးကြီးသော နတ်မင်းသည် သိမ်းဆည်း စောင့်ရှောက်အပ်သည် ဖြစ်လတ္တံ့ ဟု အောက်မေ့၍ ထိုတောစိုး သစ်ပင်၏ အောက်အဖို့ကို သုတ်သင်စေလျက် တံတိုင်းဖြင့် ခြံရံခြင်းကို ပြုစေ၍ သဲကို ဖြန့်ကြဲပြီးမှ တံခွန် ကုက္ကားကို စိုက်ထောင်လျက် တောစိုးသစ်ပင်ကို တန်ဆာ ဆင်၍ လက်ျာရစ် လှည့်လည် ဦးတည်ပူဇော်သည်ကို ပြု၍ သားကို၎င်း, သ္မီးကို၎င်း ရသည်ရှိသော် သင်နတ်မင်းတို့အား ကြီးစွာသော ပူဇော်သက္ကာရကို ပြုပါအံ့ဟု ဆုတောင်းခြင်းကို ပြု၍ ဖဲသွားလေ၏။
(*တောစိုးသစ်ပင် ဟူသည်ကား သစ်ပင်အားလုံးတို့ အပေါ်၌ အုပ်စိုးသကဲ့သို့ တည်သော သစ်ပင်ကြီးတည်း၊)
၂ သားရခြင်း
ထိုသို့ ဖဲသွားပြီးနောက် မကြာမြင့်မီပင် ထိုသူကြွယ် သူဌေး၏ မယား ဖြစ်သော သူဌေးကတော်ဝမ်း၌ ကိုယ်ဝန်သည် တည်ရှိလေ၏၊ ထိုသူဌေးကတော်သည် ကိုယ်ဝန်တည်သော အဖြစ်ကို သိ၍ သူဌေးအား ပြောကြားလေ၏၊ သူကြွယ် သူဌေးသည် သူဌေးကတော်အား ကိုယ်ငန် အစောင့် အရှောက်ကို ပေး၏၊ သူဌေး ကတော်လည်း ဆယ်လလွန်သဖြင့် သားယောက်ျားကို ဖွား၏။
၃ အမည်မှည့်ခြင်း
ထိုသတို့သားကို အမည်မှည့်သော နေ့၌ သူဌေးသည် မိမိ စောင့်ရှောက်အပ်သော တောစိုး သစ်ပင်ကို မှီ၍ ရသောကြောင့် ထိုသတို့သားငယ်အား ပါလ ဟူသော အမည်ကို မှည့်၏၊ ထိုသူဌေးကတော်သည် နောက်အဖို့၌ တပါးသော ဒုတိယ သားယောက်ျားကို ဖွားပြန်သည်ရှိသော် ထိုဒုတိယသားငယ်အား စူဠပါလ ဟူသော အမည်ကိုမှည့်၍ ပဌမ သားကြီးအား မဟာပါလ ဟူသောအမည်ကို မှည့်ပြန်၏။
၄ လောကီစည်းစိမ် ခံစားခြင်း
ထိုညီနောင် နှစ်ယောက်တို့သည် အရွယ်သို့ ရောက်ကုန်သည်ရှိသော် အိမ်ရာ ထောင်ခြင်း တည်းဟူသော အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ကုန်၏၊ နောက်အဖို့၌ အမိ အဘတို့ စုတေမနေ သေလွန်ကြကုန်၏၊ အလုံးစုံသော စည်းစိမ် ဥစ္စာကိုလည်း ညီအစ်ကို နှစ်ယောက်တို့သာလျှင် စီရင် အုပ်စိုးကြလေကုန်၏။
၅ မြတ်စွာဘုရားနှင့် အနာထပိဏ်သူဌေးကြီး အကြောင်း
ထိုအခါ၌ မြတ်စွာဘုရားသည် မြတ်သော ဓမ္မစကြာတရားကို ဟောကြားတော် မူပြီးသည် ဖြစ်၍ အစဉ်သဖြင့် ကြွလာတော်မူပြီးလျှင် အနာထပိဏ် သူဌေးကြီးသည် ငါးဆယ့်လေးကုဋေသော ဥစ္စာတို့ကို စွန့်လွှတ်၍ ဆောက်လုပ်အပ်သော ဇေတဝန် ကျောင်းတော်ကြီး၌ လူများအပေါင်းကို နတ်ရွာခရီး၌၎င်း၊ မဂ်ဖိုလ်နိဗ္ဗာန် ခရီး၌၎င်း တည်စေတော်မူလျက် သီတင်းသုံး နေတော်မူ၏။
မြတ်စွာဘုရားသည် မယ်တော်ဘက်မှ ရှစ်သောင်း, ခမည်းတော်ဘက်မှ ရှစ်သောင်း, ဤ တသိန်း ခြောက်သောင်းသော ဆွေတော် မျိုးတော်တို့ ဆောက်လုပ်အပ်သော နိဂြောဓာရုံ ကျောင်းတော်ကြီး၌ တဝါသာလျှင် ဝါဆိုတော်မူ၏၊ အနာထပိဏ် သူဌေးသည် ဆောက်လုပ်အပ်သော ဇေတဝန်ကျောင်းတော်ကြီး၌ တဆယ့်ကိုးဝါတို့ ပတ်လုံး ဝါဆိုတော်မူ၏၊ ဝိသာခါ ဒါယိကာမကြီးသည် နှစ်ဆယ့်ခုနစ်ကုဋေသော ဥစ္စာတို့ကို စွန့်သဖြင့် ဆောက်လုပ်အပ်သော ပုဗ္ဗာရုံ ကျောင်းတော်ကြီး၌ ခြောက်ဝါပတ်လုံး ဝါဆိုတော်မူ၏၊
ဤသို့လျှင် အနာထပိဏ်သူဌေးနှင့် ဝိသာခါ ဟူသော နှစ်ဦးသော အမျိုးတို့၏ ကျေးဇူးများသည်၏ အဖြစ်ကို စွဲ၍ သာဝတ္ထိပြည်ကို မှီလျက် နှစ်ဆယ့်ငါးဝါတို့ပတ်လုံး ဝါဆိုတော်မူ၏၊ အနာထပိဏ် သူဌေးကြီးသည်၎င်း၊ ဝိသာခါ ဒါယိကာမကြီးသည်၎င်း နေ့တိုင်း တနေ့နှစ်ကြိမ် အမြဲ မြတ်စွာဘုရားအား ဆည်းကပ် ခစားခြင်းငှါ သွားရောက်ကြကုန်၏၊
သွားရောက်ကုန်သော်လည်း သာမဏေငယ်တို့သည် ငါတို့ လက်တို့ကို ကြည့်ကုန်လတ္တံ့ ဟု နှလုံးသွင်း ကုန်လျက် တစုံတရာ လှူဖွယ်မပါဘဲ မသွားစဖူးကုန်၊ နံနက်အခါ၌ သွားကုန်သည်ရှိသော် ခဲဖွယ်ဘောဇဉ် အစရှိသည် တို့ကို ယူ၍သာလျှင် သွားကြကုန်၏၊ ညနေချမ်း အခါ၌ သွားကုန်သည်ရှိသော် ငါးပါးသော ဆေးတို့ကို၎င်း၊ ရှစ်ပါးသော အဖျော်တို့ကို၎င်း ယူ၍သာလျှင် သွားကြကုန်၏၊
ထိုအနာထပိဏ်, ဝိသာခါတို့၏ အိမ်တို့၌ကား နှစ်ထောင် နှစ်ထောင်သော ရဟန်းတို့ အဖို့ အမြဲ ခင်းထား အပ်ကုန်သော နေရာရှိကုန်သည်သာလျှင် ဖြစ်ကုန်၏၊ ဆွမ်း, အဖျော်, ဆေးတို့တွင် အကြင်ရဟန်းသည် အကြင်ပစ္စည်းကို အလိုရှိ၏၊ ထို ရဟန်းအား ထိုပစ္စည်းကို အလိုရှိတိုင်း ပြည့်စုံအောင် လှူသည်သာတည်း၊ ထို အနာထပိဏ် ဝိသာခါတို့တွင် အနာထပိဏ် သူဌေးသည် တနေ့မျှလည်း မြတ်စွာဘုရားကို ပြဿနာကို မမေး မလျှောက်စဖူး။
အဘယ့်ကြောင့် မမေး မလျှောက်သနည်း ဟူမူကား မြတ်စွာဘုရားသည်ကား ဘုရားဖြစ်၍ သိမ်မွေ့ နူးညံ့တော်မူ၏၊ မင်းဖြစ်၍ သိမ်မွေ့ နူးညံ့တော်မူ၏၊ ဤ သူကြွယ်သည် ငါ့အား ကျေးဇူးဥပကာရ များလှ ပေသည်ဟု နှလုံးသွင်းတော်မူလျက် ငါ့အား တရားစကား ဟောကြားတော်မူသည်ရှိသော် ပင်ပန်းရာ၏ဟု ထို အနာထပိဏ် သူဌေးကြီးသည် မြတ်စွာဘုရား၌ လွန်ကဲစွာ ချစ်ကြည် မြတ်နိုးခြင်းကြောင့် ပြဿနာကို မမေးမလျှောက်သတည်း၊
မြတ်စွာဘုရားသည်ကား ထိုသူဌေးသည် ရှေ့တော်မှောက်သို့ ရောက်၍ ထိုင်နေကာမျှလျှင် ဤ အနာထပိဏ်သူဌေးသည် ငါ့ကို မစောင့်ရှောက်အပ်သော အရာ၌ စောင့်ရှောက်၏၊ ငါသည် ကမ္ဘာတသိန်း အလွန်ရှိသော လေးအသင်္ချေတို့ ပတ်လုံး တန်ဆာဆင်ခြင်းနှင့် ယှဉ်သော မိမိ၏ ဦးခေါင်းတော်ကို ဖြတ်၍ မျက်စိတို့ကို ထုတ်လျက် နှလုံးသားကို နုတ်၍ အသက်နှင့်တူသော သား မယားကို စွန့်လွှတ်၍ ပါရမီတို့ကို ဖြည့်ခဲ့တိုင်း သူတပါးတို့အား တရားဟောခြင်း အကျိုးငှါသာလျှင် ဖြည့်ကျင့်၏၊ ဤ အနာထပိဏ်သူဌေးကား ငါ့ကို မစောင့်ရှောက်အပ်သော အရာ ဌာန၌ စောင့်ရှောက်၏ဟု တခုသော တရားဒေသနာကို ဟောတော်မူသလျင်ကတည်း။
ထိုအခါ သာဝတ္ထိပြည်၌ ခုနစ်ကုဋေသော လူတို့သည် နေကုန်၏၊ ထိုလူတို့တွင် မြတ်စွာဘုရား တရားတော်ကို ကြားနာရ၍ ငါးကုဋေမျှလောက်သော လူတို့သည် သောတာပန် စသော အရိယာ သာဝကတို့ ဖြစ်ကြကုန်၏၊ နှစ်ကုဋေ မျှလောက်သော လူတို့သည် ပုထုဇဉ်တို့ ဖြစ်ကြကုန်၏၊ ထိုလူတို့တွင် အရိယာ သာဝကတို့အား နှစ်ပါးသောကိစ္စသာ ရှိကုန်၏၊ နံနက်အခါ၌ အလှူကို လှူကြကုန်၏၊ ညနေချမ်းအခါ၌ နံ့သာ, ပန်းစသည်ကို လက်စွဲကုန်လျက် သင်္ကန်းလျာ ပုဆိုး, ဆေး, အဖျော် စသည်တို့ကို ယူကုန်၍ တရားနာအံ့သောငှါ သွားကြကုန်၏။
(ဤကား နှစ်ပါးသော ကိစ္စတည်း။)
မဟာပါလသည် ဘုရားနှင့်တွေ့၍ ရဟန်းပြုခြင်း
ထိုအခါ တနေ့သ၌ မဟာပါလသည် ပန်းနံ့သာ စသည်ကို လက်စွဲကုန်လျက် မြတ်စွာဘုရား ကျောင်းတော်သို့ သွားကုန်သော အရိယာ သာဝကတို့ကို မြင်ရကား ဤလူများအပေါင်းသည် အဘယ်အရပ်သို့ သွားသနည်းဟု မေးသည်ရှိသော် တရားနာအံ့သောငှါ သွားသတည်းဟူသော စကားကို ကြားလျှင် ငါသည်လည်း သွားအံ့ဟု ကြံ၍ လိုက်သွားလျက် မြတ်စွာဘုရားကို ရှိခိုးပြီးမှ ပရိသတ် အစွန် အဖျား၌ နေလေ၏။
ဘုရားတို့ မည်သည်ကား တရားဟောတော် မူကုန်သည်ရှိသော် သရဏဂုံ တည်ခြင်း၊ သီလဆောက်တည်ခြင်း၊ ရှင်ရဟန်းပြုခြင်း အစ ရှိသည်တို့၏ ဥပနိဿယ အကြောင်းကို ကြည့်တော်မူ၍ တရားနာပုဂ္ဂိုလ် အလို၏ အစွမ်းအားဖြင့် တရား ဟောတော်မူကုန်၏၊ ထို့ကြောင့် မြတ်စွာဘုရားသည် ထိုနေ့၌ မဟာပါလ၏ ဥပနိဿယကို ကြည့်တော်မူ၍ တရားဟောတော် မူသည်ရှိသော် အစဉ်အတိုင်းသော တရားစကားကို ဟောကြားတော်မူ၏။
အစဉ်အတိုင်းသော တရားစကား ဟူသည် အဘယ်နည်းဟူမူကား ဒါနနှင့်စပ်သော တရားစကားကို၎င်း၊ သီလနှင့် စပ်သော တရားစကားကို၎င်း၊ နတ်ရွာနှင့်စပ်သော တရားစကားကို၎င်း၊ ကာမဂုဏ်တို့၏ အပြစ်ကို၎င်း၊ ယုတ်ညံ့ခြင်းကို၎င်း၊ ညစ်နွမ်းခြင်းကို၎င်း၊ ထိုကာမဂုဏ် တို့မှ ထွက်မြောက်ခြင်း၌ အကျိုး အာနိသင်ကို၎င်း ပြလျက် ဟောကြားတော်မူ၏။
ထိုတရားစကားကို ကြားနာရ၍ မဟာပါလ သူကြွယ်သည် ဤသို့ ကြံ၏၊ တမလွန် ဘဝသို့ သွားသောသူ၏ နောက်သို့ သားသ္မီးတို့သည်၎င်း၊ ညီအစ်ကို တို့သည်၎င်း၊ စည်းစိမ် ဥစ္စာတို့သည်၎င်း မလိုက်ကုန်၊ ခန္ဓာကိုယ်သည်လည်း မိမိနှင့် အတူတကွ မလိုက်၊ ငါ့အား လူတို့ဘောင်၌ နေခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ရဟန်း ပြုအံ့ဟု ကြံ၏၊ ထို မဟာပါလ သူကြွယ်သည် တရားတော်ကို ဟောတော်မူပြီးသည့် အဆုံး၌ မြတ်စွာဘုရားထံတော်သို့ ကပ်၍ ရဟန်းအဖြစ်ကို တောင်းပန်၏။
ထိုအခါ ထိုမဟာပါလသူကြွယ်ကို မြတ်စွာဘုရားသည် သင့်အား တစုံတယောက် ပန်ကြားသင့် ပန်ကြား ထိုက်သော ဆွေမျိုးဉာတိ ရှိသေးသလော ဟု မေးတော်မူလျှင် မြတ်စွာဘုရား ဘုရားတပည့်တော်အား ညီငယ်တယောက် ရှိပါ၏ဟု နားတော် လျှောက်သော် ထိုသို့ဖြစ်မူ ထိုညီငယ်ကို ပန်ကြားဦးလော့ဟု မိန့်တော်မူ၏၊ ထို မဟာပါလ သူကြွယ်သည် ကောင်းလှပါပြီ ဘုရားဟု ဝန်ခံ၍ မြတ်စွာဘုရားကို ရှိခိုးပြီးမှ အိမ်သို့ပြန်သွား၍ ညီကို ခေါ်ပြီးလျှင် ငါ၏ညီချစ် ဤငါ၏အိမ်၌ သက်ရှိ သက်မဲ့ တစုံတခုသော ဥစ္စာသည်ရှိ၏၊ ထိုအလုံးစုံသော ဥစ္စာသည် သင်၏ တာဝန်တည်း၊ ထိုဥစ္စာကို ခံစား သုံးဆောင်ရစ်လော့ဟု ဆို၏။
နောင်တော်ကိုကား အသို့ပြုမည်နည်းဟု မေးလျှင် ငါကား မြတ်စွာဘုရား အထံ၌ ရဟန်းပြုအံ့ဟု ဆို၏၊ နောင်တော် အသို့ ဆိုသနည်း၊ နောင်တော်သည် အကျွန်ုပ်၏ မိခင်သေလွန်ပြီးနောက် မိခင်သဖွယ်ဖြစ်၏၊ ဖခင်သေလွန်ပြီးနောက် ဖခင်သဖွယ် ဖြစ်၏၊ နောင်တော်သည် အိမ်၌ များစွာသော စည်းစိမ်ဥစ္စာတို့ကို ရအပ်၏၊ အိမ်၌ နေလျက်သာ ကောင်းမှုတို့ကို ပြုခြင်းငှါ တတ်ကောင်းပါ၏၊ ဤသို့ ရဟန်း မပြုပါလင့်ဟု ဆို၏။
ထိုအခါ မဟာပါလသူကြွယ်သည် ညီချစ် ငါကား မြတ်စွာဘုရား၏ တရား ဒေသနာတော်ကို ကြားနာ ရသောကြောင့် အိမ်ရာထောင်သော လူ့ဘောင်၌ နေခြင်းငှါ မတတ်နိုင်၊ မြတ်စွာဘုရားသည် အလွန်သိမ်မွေ့ နူးညံ့သော လက္ခဏာ ယာဉ်သုံးပါးသို့ တင်၍ အစ, အလယ်, အဆုံး၏ ကောင်းခြင်းနှင့်ပြည့်စုံသော တရားကို ဟောတော်မူအပ်ပြီ၊ ထိုတရားကို အိမ်ရာထောင်သော လူ့ဘောင်၌ နေသဖြင့် ဖြည့်ကျင့်ခြင်းငှါ မတတ်နိုင်၊ ညီချစ် ရဟန်းပြုပါအံ့ဟု ဆို၏။
ထိုအခါ ညီငယ်သည် နောင်တော် နောင်တော်ကား ပျိုမြစ်နုနယ် ငယ်ရွယ်သော သူပင် ဖြစ်သေး၏၊ ဆိုင်းငံ့ပါဦး၊ ကြီးရင့်သောကာလ ရဟန်းပြုရလတ္တံ့ ဟု ဆိုသော် ညီချစ် ကြီးရင့်သောသူအား မိမိလက်ခြေ တို့သည်ပင် မိမိအလိုသို့ မလိုက်ကုန်၊ ဆွေမျိုးတို့သည်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ ထို့ကြောင့် ငါကား သင့်စကားကို မလိုက်နာအံ့၊ ရဟန်း အကျင့်ကိုသာ ကောင်းစွာ ဖြည့်ကျင့်တော့အံ့ဟု ဆို၍ ဤ ဂါထာကို ရွတ်ဆို၏။
ဇရာ ဇဇ္ဇရိတာ ဟောန္တိ၊ ဟတ္ထပါဒါ အနဿဝါ။
ယဿ သော ဝိဟတတ္ထာမော၊ ကထံ ဓမ္မံ စရိဿတိ။
ဘော စူဠပါလ၊ အို ညီငယ်စူဠပါလ။
ယဿ၊ အကြင်သူ၏။
ဟတ္ထပါဒါ၊ လက်, ခြေ တို့သည်။
ဇရာ ဇဇ္ဇရိတာ၊ ဇရာ တရားကြောင့် အိုမင်း ဆွေးမြေ့ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
အနဿဝါ၊ မိမိအလိုသို့ မလိုက်ကုန်။
ဝိဟတတ္ထာမော၊ ကင်းသော ခွန်အားရှိသော။
သော၊ ထိုသူသည်။
ကထံ၊ အသို့မူ၍။
ဓမ္မံ၊ တရားကို။
စရိဿတိ၊ ကျင့်နိုင်လတ္တံ့နည်း။
ငါ့ညီ စူဠပါလ ငါကား ရဟန်းပြုအံ့သည်သာလျှင်တည်း ဟုဆို၍ ညီစူဠပါလသည် ငိုကြွေး မြည်တမ်းစဉ်ပင် မြတ်စွာဘုရား အထံသို့ သွားပြီးလျှင် ရဟန်း အဖြစ်ကို တောင်းပန်၍ ရဟန်းအဖြစ်ကို ရလေသတည်း။
---ဘုရားထံ၌ ကမ္မဋ္ဌာန်းတောင်းခြင်း
ရဟန်းအဖြစ်ကိုရပြီးသော အရှင် မဟာပါလသည် ဆရာ ဥပဇ္ဈာယ်တို့၏ အထံ၌ ငါးဝါပတ်လုံးနေ၍ ဝါကျွတ် သည်ရှိသော် ပဝါရဏာပြု၍ မြတ်စွာဘုရား အထံသို့ ချဉ်းကပ်ရှိခိုးလျက် မြတ်စွာဘုရား ဤသာသနာတော်၌ ဓုရတို့သည် အဘယ်မျှ ရှိပါသနည်းဟု မေးလျှောက်၏၊ (*ဓုရဟူသည်ကား မလုပ်မနေရ ဧကန် ဆောင်ရွက်ရမည့် အလုပ်တာဝန်တည်း။)
မြတ်စွာဘုရားသည် ချစ်သားရဟန်း ဂန္ထဓုရ၎င်း၊ ဝိပဿနာဓုရ၎င်း ဤသို့အားဖြင့် ဓုရ နှစ်ပါးတို့သာ ရှိ၏ဟု မိန့်တော်မူ၏၊ ထိုအခါ မဟာပါလမထေရ်သည် မြတ်စွာဘုရား ဂန္တဓုရသည် အဘယ်ပါနည်း၊ ဝိပဿနာ ဓုရသည် အဘယ်ပါနည်းဟု မေးလျှောက်သော် မိမိပညာနှင့်လျော်စွာ တခုသော နိကာယ်ကို၎င်း၊ နှစ်ခုသော နိကာယ်တို့ကို၎င်း၊ အလုံးစုံသော ပိဋကတ် သုံးပုံဟု ဆိုအပ်သော ဘုရားစကား တော်ကို၎င်း သင်ယူ၍ ထိုပိဋကတ်သုံးပုံကို ဆောင်ခြင်း, အံခြင်း ပို့ချခြင်းသည် ဂန္ထဓုရမည်၏။
ပေါ့ပါးသော အသက်မွေးခြင်း ရှိသည်ဖြစ်၍ ဆိတ်ငြိမ်သော ကျောင်းအရပ်၌ မွေ့လျော်သော ရဟန်း၏ မိမိ ကိုယ်၌ ကုန်ခြင်း ပျက်ခြင်း ခယ ဝယ ကမ္မဋ္ဌာန်းကို ဖြစ်စေ၍ အမြဲမပြတ် အထပ်ထပ် လုံ့လပြုသည်၏ အစွမ်းဖြင့် ဝိပဿနာကို ပွားစေလျက် အရဟတ္တ ဖိုလ်ကို ယူခြင်းသည် ဝိပဿနာဓုရ မည်၏ဟု မိန့်တော်မူ၏။
ထိုအခါ မဟာပါလ မထေရ်သည် မြတ်စွာဘုရား တပည့်တော်ကား ကြီးရင့်သော ကာလ၌သာ ရဟန်း ပြုခြင်းကြောင့် ဂန္ထဓုရကို အားထုတ်ခြင်းငှါ မတတ်နိုင်ပါ၊ ဝိပဿနာဓုရကို ဖြည့်ကျင့်ပါအံ့၊ တခုသော ကမ္မဋ္ဌာန်းတရားကို စီးဖြန်းပွားများရန် ဟောတော်မူပါဘုရားဟု လျှောက်၏။
---တရားအားထုတ်ရန် ပစ္စန္တရစ်ရွာသို့ ကြွခြင်း
ထိုအခါ မဟာပါလ မထေရ်အား မြတ်စွာဘုရားသည် အရဟတ္တဖိုလ်တိုင် အောင်သော ကမ္မဋ္ဌာန်းတရားကို ဟောတော်မူ၏၊ ထိုမဟာပါလ မထေရ်သည် မြတ်စွာဘုရားကို ရှိခိုးဦးချပြီးမှ မိမိနှင့်တကွ သွားဖော်ဖြစ် ကုန်သော ရဟန်းတို့ကို ရှာသည်ရှိသော် ခြောက်ကျိပ်မျှသော ရဟန်းတို့ကိုရ၍ ထိုခြောက်ကျိပ်သော ရဟန်းတို့နှင့် အတူတကွ ထွက်လျက် ယူဇနာ တရာ့နှစ်ဆယ်ရှိသော ခရီးသို့ သွား၍ တခုသော ပစ္စန္တရစ်ရွာကြီးသို့ ရောက်လျှင် ထိုရွာကြီး၌ အခြံအရံနှင့် တကွ ဆွမ်းအလို့ငှါ ဝင်၏။
လူတို့သည် ဝတ်နှင့်ပြည့်စုံသော ရဟန်းတို့ကို မြင်ကြကုန်သည်ဖြစ်၍သာလျှင် ကြည်ညိုနှစ်သက်သော စိတ်ရှိကုန်သည်ဖြစ်၍ နေရာတို့ကို ခင်းစေ၍ နေစေပြီးလျှင် မွန်မြတ်သော ခဲဖွယ်ဘောဇဉ် အာဟာရတို့ဖြင့် လုပ်ကျွေး၍ အရှင်ဘုရားတို့ အရှင်ကောင်းတို့သည် အဘယ်အရပ်သို့ ကြွကြ ပါကုန်အံ့နည်းဟု မေးလျှောက် ကုန်လတ်သော် ဒါယကာတို့ သပ္ပါယဖြစ်၍ ချမ်းသာရာအရပ်သို့ သွားကြကုန်အံ့ဟု ပြန်ကြားကုန်လျှင် ပညာရှိသောလူတို့သည် အရှင်ကောင်းတို့အား ဝါဆိုကျောင်း အိပ်ရာ နေရာကို ရှာကုန်၏ဟု သိ၍ အရှင်ဘုရားတို့ အရှင်ကောင်းတို့သည် ဤဝါတွင်းသုံးလပတ်လုံး ဤအရပ် ဒေသ၌ အကယ်၍ သီတင်းသုံးကြကုန်သည် ဖြစ်ပါအံ့၊ တပည့်တော်တို့သည် သရဏဂုံတို့၌ တည်၍ သီလတို့ကို ဆောက်တည် ရပါကုန်အံ့ဟု လျှောက်ကုန်၏။
ထိုခြောက်ကျိပ်သော ရဟန်းတို့သည်လည်း ငါတို့ကား ဤဒါယကာတို့ကို မှီ၍ ဘဝမှ လွတ်မြောက်ခြင်းကို ပြုကုန်အံ့ဟု သည်းခံကြကုန်၏၊ လူတို့သည် ထိုရဟန်းတို့၏ ပဋိညာဉ်ကိုယူလျက် ကျောင်းကို သုတ်သင်၍ ညဉ့်သန့်ရာ နေ့သန့်ရာ အရပ်တို့ကို ပြည့်စုံစေ၍ လှူကုန်၏၊ ထိုခြောက်ကျိပ်သော ရဟန်းတို့သည် မပြတ် ထိုရွာသို့ သာလျှင် ဆွမ်းအလို့ငှါ ဝင်ကုန်၏၊ ထိုအခါ ဆေးသမား တယောက်သည် ရဟန်းတို့သို့ ကပ်၍ အရှင်ဘုရားတို့ များစွာကုန်သော သူတို့၏ နေရာအရပ်၌ မချမ်းသာခြင်း မည်သည်လည်း ဖြစ်တတ်၏၊ ထို မချမ်းမသာ ရောဂါဖြစ်သည်ရှိသော် တပည့်တော်အား အမိန့်ရှိတော်မူကြပါ၊ ဆေးကုစားပါမည်ဘုရားဟု ဖိတ်ကြား လျှောက်ထားလေ၏။
---မဟာပါလမထေရ်သည် အိပ်ခြင်း ဣရိယာပုထ်ကို ပယ်ခြင်း
မဟာပါလ မထေရ်သည်လည်း ဝါဆိုသောနေ့၌ ထိုရဟန်းတို့ကို ခေါ်၍ ငါ့သျှင်တို့ ဤဝါတွင်း သုံးလပတ်လုံး အဘယ်မျှလောက်ကုန်သော ဣရိယာပုထ်တို့ဖြင့် လွန်စေကုန်အံ့နည်းဟု မေး၏၊ အရှင်ဘုရား လေးပါးကုန်သော ဣရိယာပုထ်တို့ဖြင့် လွန်စေပါကုန်အံ့ဟု လျှောက်လျှင် ငါ့သျှင်တို့ ဤဣရိယာပုထ် လေးပါးတို့ဖြင့် လွန်စေခြင်းသည် အဘယ်မှာ လျောက်ပတ်အံ့နည်း၊ မမေ့မလျော့သောသူတို့ ဖြစ်ထိုက်သည် မဟုတ်ပါလော။
ငါတို့သည် သက်တော် ထင်ရှားရှိသော မြတ်စွာဘုရား အထံတော်မှ ကမ္မဋ္ဌာန်းကို ယူ၍ လာကုန်၏၊ ဘုရားတို့ မည်သည်ကား မေ့လျော့ခြင်းဖြင့် နှစ်သက်စေခြင်းငှါ မတတ်နိုင်ကောင်းသော အလိုဖြင့်သာ နှစ်သက်စေ အပ်ကုန်၏၊ မေ့လျော့သော သူအားကား အပါယ်လေးဘုံတို့သည် မိမိအိမ်နှင့်တူကုန်၏၊ ငါ့သျှင်တို့ မမေ့မလျော့ ဖြစ်ကြပါကုန်လော့ဟု ဆိုလျှင် အရှင်ဘုရား အရှင်ဘုရားတို့သည် အဘယ်မျှ လောက်သော ဣရိယာပုထ် တို့ဖြင့် လွန်စေကုန်အံ့နည်းဟု မေးလျှောက်ကုန်သော် ငါ့သျှင်တို့ ငါကား သုံးပါးသော ဣရိယာပုထ်တို့ဖြင့် လွန်စေအံ့၊ ကျောက်ကုန်းကို မဆန့် မအိပ်စက်အံ့ဟု ဆိုလျှင် အရှင်ဘုရား ကောင်းလှပါ၏၊ မမေ့မလျော့ ဖြစ်တော်မူပါလော့ဟု လျှောက်ကြကုန်၏။
---မဟာပါလမထေရ်၏ မျက်စိရောဂါ ဖြစ်ခြင်း
ထိုအခါ အိပ်စက်ခြင်း မပြုသော အရှင် မဟာပါလ မထေရ်အား ဝါဆိုလ လွန်၍ ဝါခေါင်လသို့ ရောက်လျှင် မျက်စိရောဂါ ဖြစ်ခဲ့၏၊ အိုးပေါက် အိုးကွဲမှ ယိုကျသော ရေအလျဉ်ကဲ့သို့ မျက်စိတို့မှ မျက်ရေ အလျဉ်တို့သည် တသွင်သွင် ယိုစီးလျက် ကျကုန်၏၊ ထိုမဟာပါလ မထေရ်သည် ညဉ့်သုံးယာမ် ပတ်လုံး ရဟန်းတရားကို အားထုတ်၍ အရုဏ်တက်သည်ရှိသော် တိုက်ခန်းတွင်းသို့ ဝင်၍ နေတော်မူ၏၊ ရဟန်းတို့သည် ဆွမ်းခံချိန် တန်သောအခါ၌ မထေရ်အထံသို့ သွားပြီးလျှင် ဆွမ်းခံချိန် တန်ပါပြီဘုရားဟု လျှောက်ကြားကြကုန်၏၊ ငါ့သျှင်တို့ ထိုသို့ဖြစ်လျှင် သပိတ် သင်္ကန်းကို ယူကုန်လော့ဟု မိမိသပိတ်သင်္ကန်းကို ယူစေ၍ ထွက်လေ၏။
ရဟန်းတို့သည် ထိုမဟာပါလမထေရ်၏ မျက်စိတို့မှ ယိုစီး၍ ကျသော မျက်ရေ ပေါက်တို့ကို မြင်လျှင် အရှင်ဘုရား ဤမျက်ရေယိုခြင်းသည် အဘယ့်ကြောင့်နည်းဟု မေးလျှောက်ကုန်၏၊ ငါ့သျှင်တို့ ငါ၏မျက်စိတို့ကို လေတို့သည် ထိုးကုန်၏ဟု ဆိုလျှင် အရှင်ဘုရား ဆေးသမားသည် ဖိတ်ကြားအပ်သည် မဟုတ်ပါလော၊ ထိုဆေးသမား အား အကြောင်းကြားပါအံ့ဟုဆိုလျှင် ငါ့သျှင်တို့ ကောင်း၏ဟု မိန့်တော်မူ၏။
---ဆေးသမားဖြင့် ကုစေခြင်း
ရဟန်းတို့သည် ဆေးသမားအား အကြောင်းကြားလျှင် ဆေးသမားသည် ဆီကိုချက်၍ ပို့စေ၏၊ မထေရ်သည် နှာခေါင်း၌ ဆီကိုသွန်းလောင်းသည်ရှိသော် ထိုင်လျက်သာလျှင် သွန်းလောင်း၍ ရွာတွင်းသို့ ဆွမ်းခံဝင်လေ၏၊ ဆေးသမားသည် မဟာပါလ မထေရ်ကို မြင်လျှင် အရှင်ဘုရား အရှင်မြတ်၏ မျက်စိတို့ကို လေထိုး၏ ဟူသည် မှန်ပါသလားဟု မေးလျှောက်၏၊ ဒါယကာ မှန်၏ဟု မိန့်တော်မူသည် ရှိသော် အရှင်ဘုရား တပည့်တော်သည် ဆီကို ချက်၍ ပိုအပ်ပြီ၊ အရှင်ဘုရားတို့ နှာခေါင်း၌ သွန်းလောင်းပါ၏လောဟု မေးလျှောက်သော် ဒါယကာ သွန်းလောင်း၏ ဟု မိန့်တော်မူ၏။
ယခုအခါ၌ အသို့ရှိပါသနည်းဟု မေးလျှောက်သော် ဒါယကာ နာကျင်မြဲ နာကျင်သည် သာလျှင်တည်းဟု မိန့်တော်မူ၏၊ ဆေးသမားသည် ငါကား တကြိမ်မျှ ခတ်ခြင်းဖြင့်သာလျှင် ပျောက်ငြိမ်းစေခြင်းငှါ စွမ်းနိုင်သော ဆီကို ပို့အပ်ပြီ၊ အဘယ့်ကြောင့် ရောဂါမငြိမ်းသနည်းဟု ကြံပြီးလျှင် အရှင်ဘုရား အရှင်ဘုရား တို့သည် ထိုင်၍တည်း ဆီကို သွန်းလောင်းသလော၊ အိပ်၍တည်း ဆီကို သွန်းလောင်း သလောဟု မေးလျှောက်၏၊ မထေရ်သည် ဆိတ်ဆိတ်နေလေ၏၊ အဖန်ဖန် မေးအပ်သော်လည်း စကားမဆိုဘဲ နေလေ၏။
ထိုဆေးသမားသည် ကျောင်းသို့ သွား၍ မထေရ်၏ နေရာအရပ်ကို ကြည့်အံ့ဟု ကြံ၍ အရှင်ဘုရား ဤသို့ဖြစ်လျှင် ကြွတော်မူပါတော့ဟု မထေရ်ကို လျှောက်ကြား လိုက်ပြီးမှ ကျောင်းသို့သွား၍ မထေရ်၏ နေရာအရပ်ကိုကြည့်သည် ရှိသော် စင်္ကြံသွားရာ ထိုင်ရာ အရပ်ကိုသာ မြင်၍ အိပ်ရာအရပ်ကို မမြင် သောကြောင့် အရှင်ဘုရား အရှင်ဘုရားတို့ကား ထိုင်၍တည်း ဆီကိုသွန်းလောင်းသလော၊ အိပ်၍တည်း ဆီကို သွန်းလောင်းသလောဟု မေးလျှောက်လေ၏၊ မထေရ်သည် ဆိတ်ဆိတ်သာ နေလေ၏။
ထိုအခါ ဆေးသမားသည် အရှင်ဘုရား ဤသို့ မပြုပါလင့်၊ ရဟန်းတရား မည်သည်ကား ကိုယ်ကို မျှတသဖြင့် ပြုခြင်းငှါ တတ်ကောင်း၏၊ အိပ်၍ သွန်းလောင်း တော်မူပါကုန်ဟု အဖန်ဖန် တောင်းပန်ပါသော် ဒါယကာ သင်သွားလေဦး၊ တိုင်ပင်၍ သိရအံ့ဟု ဆေးသမားကို လွှတ်လိုက်၏။
---မိမိကိုယ်ခန္ဓာနှင့် တိုင်ပင်ခန်း
ထိုရွာ၌ မထေရ်၏ အဆွေအမျိုးတို့သည်လည်း မရှိ၊ တမိသားချင်း ညီရင်း အစ်ကိုတို့သည်လည်း မရှိ၊ အဘယ်သူနှင့် တိုင်ပင်အံ့နည်း၊ ကရဇကာယနှင့် အတူ တကွ တိုင်ပင်လိုသည်ဖြစ်၍ ငါ့သျှင် ပါလိတ သင်သည် ဆိုလော့၊ သင်ကား မျက်စိတို့ကိုပင် ကြည့်အံ့လော၊ သို့တည်းမဟုတ် ဘုရားရှင် သာသနာတော် ကိုတည်း ကြည့်အံ့လော။
အစမထင်သော သံသရာဝဋ်၌ သင်၏ မျက်စိ ကန်းခြင်းကို ရေတွက်နိုင်ခြင်း မည်သည် မရှိ၊ အရာ, အထောင် မက များပြားလှစွာသော ဘုရားတို့သည် လွန်လေ ကုန်ပြီ၊ ထိုဘုရားတို့တွင် တဆူသော ဘုရားရှင်သည်လည်း မျက်စိကန်းခြင်းကို ပိုင်းခြားတော်မမူနိုင်၊ ယခုအခါ ငါသည် ဤဝါတွင်း သုံးလပတ်လုံး မအိပ်ဘဲ နေတော့အံ့ဟု ဆောက်တည်၍ ဝါတွင်း သုံးလပတ်လုံး မပြတ်လျှင် လုံ့လပြုတော့အံ့ ထို့ကြောင့် သင်ပါလိတ၏ မျက်စိတို့သည် ပျက်မူလည်း ပျက်စေကုန်၊ ကွဲမူလည်း ကွဲစေကုန်၊ ဘုရားရှင်၏ ဆုံးမခြင်းကိုသာ ဆောင်ယူလေလော့၊ မျက်စိကို မဆောင်ယူလေလင့်၊ ဤသို့တိုင်ပင်၍ မဟာဘုတ် လေးပါးလျှင် မှီရာ ရှိသောကိုယ်ကို ဆုံးမတော်မူလိုသော မဟာပါလ မထေရ်သည် ဤဂါထာတို့ကို ရွတ်ဆိုလေ၏။
---မိမိကိုယ်ကို ဆုံးမခြင်း
စက္ခူနိ ဟာယန္တု၊ မမာယိတာနိ၊
သောတာနိ ဟာယန္တု တထေ၀ ကာယော။
သဗ္ဗမ္ပိဒံ ဟာယတု ဒေဟနိဿိတံ၊
ကိံ ကာရဏာ ပါလိတ တွံ ပမဇ္ဇသိ။
စက္ခူနိ ဇီရန္တု မမာယိတာနိ၊
သောတာနိ ဇီရန္တု တထေဝ ကာယော။
သဗ္ဗမ္ပိဒံ ဇီရတု ဒေဟနိဿိတံ၊
ကိံ ကာရဏာ ပါလိတ တွံ ပမဇ္ဇသိ။
စက္ခူနိ ဘိဇ္ဇန္တု မမာယိတာနိ၊
သောတာနိ ဘိဇ္ဇန္တု တထေဝ ကာယော။
သဗ္ဗမ္ပိဒံ ဘိဇ္ဇဟု ဒေဟနိဿိတံ၊
ကိံ ကာရဏာ ပါလိတ တွံ ပမဇ္ဇသိ။
ပါလိတ၊ ငါ့သျှင်ပါလိတ။
မမာယိတာနိ၊ မရက်မစက် နှစ်သက် မြတ်နိုးအပ်ကုန်သော။
စက္ခူနိ၊ မျက်စိတို့သည်။
ဟာယန္တု၊ ဆုတ်ယုတ်မူလည်း ဆုတ်ယုတ်စေကုန်။
သောတာနိ၊ နားတို့သည်။
ဟာယန္တု၊ ဆုတ်ယုတ်မူလည်း ဆုတ်ယုတ်စေကုန်။
တထေဝ၊ ထို့အတူပင်။
ကာယော၊ ဤ ခန္ဓာကိုယ်သည်၎င်း။
ဒေဟနိဿိတံ၊ ခန္ဓာကိုယ်ကို မှီ၍ဖြစ်သော။
ဣဒံ သဗ္ဗမ္ပိ၊ ဤ အလုံးစုံသော အင်္ဂါကြီးငယ် အစုသည်၎င်း။
ဟာယတု၊ ဆုတ်ယုတ်မူလည်း ဆုတ်ယုတ်စေ။
ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်။
တွံ၊ သင်သည်။
ပမဇ္ဇသိ၊ မေ့လျော့ရမည်နည်း။
ပါလိတ၊ ငါ့သျှင်ပါလိတ။
မမာယိတာနိ၊ မရက်မစက် နှစ်သက် မြတ်နိုးအပ်ကုန်သော။
စက္ခူနိ၊ မျက်စိတို့သည်။
ဇီရန္တု၊ ဆွေးမူလည်း ဆွေးမြေ့စေကုန်။
သောတာနိ၊ နားတို့သည်။
ဇီရန္တု၊ ဆွေးမူလည်း ဆွေးမြေ့စေကုန်။
တထေဝ၊ ထို့အတူပင်။
ကာယော၊ ဤခန္ဓာကိုယ်သည်၎င်း။
ဒေဟနိဿိတံ၊ ခန္ဓာကိုယ်ကို မှီ၍ဖြစ်သော။
ဣဒံ သဗ္ဗမ္ပိ၊ ဤအလုံးစုံသော အင်္ဂါကြီးငယ် အစုသည်၎င်း။
ဇီရတု၊ ဆွေးမူလည်း ဆွေးမြေ့စေ။
ကိံ ကာရဏာ၊ အဘယ် အကြောင်းကြောင့်။
တွံ၊ သင်သည်။
ပမဇ္ဇသိ၊ မေ့လျော့ရမည်နည်း။
ပါလိတ၊ ငါ့သျှင်ပါလိတ။
မမာဟိတာနိ၊ မရက်မစက် နှစ်သက် မြတ်နိုးအပ်ကုန်သော။
စက္ခူနိ၊ မျက်စိတို့သည်။
ဘိဇ္ဇန္တု၊ ကွဲမူလည်း ကွဲပျက်စေကုန်။
သောတာနိ၊ နားတို့သည်။
ဘိဇ္ဇန္တု၊ ကွဲမူလည်း ကွဲပျက်စေကုန်။
တထေဝ၊ ထို့အတူပင်။
ကာယော၊ ဤခန္ဓာကိုယ်သည်၎င်း။
ဒေဟနိဿိတံ၊ ခန္ဓာကိုယ်ကို မှီ၍ဖြစ်သော။
ဣဒံ သဗ္ဗမ္ပိ၊ ဤအလုံးစုံသော အင်္ဂါကြီးငယ် အစုသည်၎င်း။
ဘိဇ္ဇတု၊ ကွဲမူလည်း ကွဲပျက်စေ။
ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်။
တွံ၊ သင်သည်။
ပမဇ္ဇသိ၊ မေ့လျော့ရမည်နည်း။
ဆေးသမား လက်လွှတ်ခြင်း
ဤသို့ သုံးဂါထာတို့ဖြင့် မိမိကိုယ်ကို ဆုံးမဩဝါဒပေး၍ ထိုင်လျက်သာ နှာနှပ်ခြင်းကို ပြု၍ ရွာသို့ ဆွမ်းအလို့ငှါ ကြွဝင်တော်မူ၏၊ ဆေးသမားသည် ထိုအရှင် မဟာပါလမထေရ်ကို မြင်လျှင် အရှင်ဘုရား နှာနှပ်ခြင်းအမှုကို ပြုလေပြီလောဟု မေးလျှောက်၏၊ ဒါယကာ ပြုလေပြီဟု ဆိုလျှင် အရှင်ဘုရား အသို့ရှိပါသနည်းဟု မေးလျှောက်သော် ဒါယကာ နာကျင်မြဲ နာကျင်သည် သာလျှင်တည်းဟု ဆို၏။
အရှင်ဘုရား အရှင်ဘုရားတို့သည် ထိုင်၍ နှာနှပ် သလော၊ အိပ်၍ နှာနှပ် သလောဟု မေးလျှောက်သော် မထေရ်သည် ဆိတ်ဆိတ် နေတော်မူ၏၊ အဖန်ဖန် မေးပါ သော်လည်း မထေရ်သည် တစုံတခွန်းသော စကားကိုမျှ မဆိုဘဲ ဆိတ်ဆိတ် သာလျှင် နေတော်မူ၏။ ထိုအခါ မဟာပါလ မထေရ်ကို ဆေးသမားသည် အရှင်ဘုရားတို့ အရှင်ဘုရားတို့ကား လျောက်ပတ်သည်ကို မပြုကုန်၊ ယနေ့မှ အစပြု၍ ငါ့အား ဤမည်သော ဆေးသမားသည် မျက်စဉ်းဆီကို ချက်အပ်၏ဟု မဆိုပါလင့်၊တပည့်တော်သည်လည်း အရှင်ဘုရားတို့၏ အကျိုးငှါ မျက်စဉ်းဆီကို ချက်အပ်၏ဟု မဆိုတော့ပါဟု လျှောက်လေ၏။
---ဆေးသမားလက်လွှတ်၍ မိမိကိုယ်ကို ဆုံးမခန်း
ထိုမဟာပါလ မထေရ်သည် ဆေးသမား လက်လွှတ်အပ်သည် ဖြစ်ရကား ကျောင်းသို့ သွား၍ ရဟန်း သင့်ကို ဆေးသမားကလည်း လက်လွှတ်အပ်လေပြီ၊ သင်သည် ဣရိယာပုထ်ကို မစ္စန့်လေနှင့်ဟု မိမိကိုယ်ကို မိမိဆုံးမဩဝါဒ ပေးလို ရကား ဤဂါထာကို ဆို၏။
ပဋိက္ခိတ္တော တိကိစ္ဆာယ၊ ဝေဇ္ဇေနာပိ ဝိဝဇ္ဇိတော။
နိယတော မစ္စုရာဇဿ၊ ကိံ ပါလိတ ပမဇ္ဇသိ။
ပါလိတ၊ ငါ့သျှင်ပါလိတ။
တယာ၊ သင်သည်။
တိကိစ္ဆာယ၊ ဆေးကုခြင်းငှါ။
ပဋိက္ခိတ္တော၊ ပယ်စွန့်အပ်ပြီ။
ဝေဇ္ဇေနာပိ၊ ဆေးသမားသည်လည်း။
ဝိဝဇ္ဇိတော၊ စွန့်ပစ်အပ်ပြီ။
မစ္စုရာဇဿ၊ သေမင်းသည်။
နိယတော၊ မှတ်အပ် စာရင်း ယူအပ်ပြီ။
ပါလိက၊ ငါ့သျှင် ပါလိတ။
တွံ၊ သင်သည်။
ကိံ ပမဇ္ဇသိ၊ အဘယ့်ကြောင့် မေ့လျော့ရအံ့နည်း။
မျက်စိကွယ်ခြင်းနှင့် ရဟန္တာဖြစ်ခြင်း တပြိုင်နက်ဖြစ်ပုံ
ဤဂါထာဖြင့် မိမိကိုယ်ကို ဆုံးမ၍ ရဟန်းတရားကို အားထုတ်တော်မူ၏၊ ထိုအခါ ထိုမဟာပါလ မထေရ်အား သန်းခေါင်ယာမ် လွန်သည်ရှိသော် မျက်စိတို့သည်၎င်း၊ ကိလေသာတို့သည်၎င်း မရှေးမနှောင်း တပြိုင်တည်း ကွဲပျက် ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ ထိုမဟာပါလ မထေရ်သည် သုက္ခဝိပဿက ရဟန္တာဖြစ်၍ တိုက်ခန်းတွင်းသို့ ဝင်လျက် နေတော်မူ၏။
(ဤမှ အစပြု၍ စက္ခုပါလ မထေရ်ဟု တွင်သည်။)
---ဆွမ်းခံ မကြွဘဲ နေခြင်း
ရဟန်းတို့သည် ဆွမ်းခံချိန် အခါ၌ လာကုန်ပြီးလျှင် ဆွမ်းခံ ချိန်တန်ပါပြီ ဘုရားဟု လျှောက်ကြကုန်၏၊ ငါ့သျှင်တို့ အခါတန်ပြီလောဟု မေးလျှင် အရှင်ဘုရား တန်ပါပြီ ဟု လျှောက်သော် ထိုသို့ဖြစ်လျှင် သွားကြ ကုန်လော့ဟု မိန့်တော်မူ၏၊ အရှင်ဘုရား အရှင်ဘုရားတို့သည်ကား အသို့နည်းဟု လျှောက်ကြကုန်သည် ရှိသော် ငါ့သျှင်တို့ ငါ၏မျက်စိတို့သည် ကွယ်ကုန်ပြီဟုဆို၏။
ထိုရဟန်းတို့သည် စက္ခုပါလမထေရ်၏ မျက်စိတို့ကို ကြည့်၍ မျက်ရည်တို့ဖြင့် ပြည့်သော မျက်စိရှိကုန်လျက် အရှင်ဘုရား ထွေထွေရာရာ မကြံပါကုန်လင့်၊ တပည့်တော်တို့သည် အရှင်ဘုရားတို့အား လုပ်ကျွေးပါကုန်အံ့ ဟု လျှောက်ပြီးလျှင် မထေရ်ကို နှစ်သိမ့်စေလျက် ပြုသင့် ပြုထိုက်သော ဝတ်ကြီးဝတ်ငယ်တို့ကို ပြု၍ ရွာသို့ ဆွမ်းအလို့ငှါ ဝင်လေကုန်၏၊
လူတို့သည် အရှင်စက္ခုပါလ မထေရ်ကို မမြင်သောကြောင့် အရှင်ဘုရားတို့ တပည့်တော်တို့၏ အရှင်မြတ်သည် အဘယ်မှာနည်းဟု မေးလျှောက်သော် ထိုအကြောင်းကို ပြောကြားကုန်၏ ဒါယကာတို့သည် ထိုစကားကို ကြားလျှင် ယာဂုကို ပို့စေ၍ ကိုယ်တိုင် ဆွမ်းကို ယူသွားပြီးလျှင် မထေရ်ကို ရှိခိုးလျက် ခြေရင်း၌ လူးလှိမ့်လျက် ငိုကြွေးကုန်ပြီးမှ အရှင်ဘုရား တပည့်တော်တို့သည် အရှင်ဘုရား တို့အား လုပ်ကျွေးပါကုန်အံ့ အရှင်ဘုရား တို့သည် ထွေထွေရာရာ မကြံပါကုန်လင့်ဟု နှစ်သိမ့်စေလျက် ဖဲသွားကြကုန်၏။
ထိုနေ့မှစ၍လည်း အမြဲသာလျှင် ယာဂုဆွမ်းကို ကျောင်းသို့ ပို့စေကုန်၏၊ မထေရ် သည်လည်း မိမိမှတပါး ခြောက်ကျိပ်သော ရဟန်းတို့ကို မပြတ် ဆုံးမဩဝါဒကို ပေးတော်မူ၏၊ ထိုခြောက်ကျိပ်သော ရဟန်းတို့သည် အရှင် စက္ခုပါလမထေရ်မြတ်၏ အဆုံးအမ၌တည်၍ သီတင်းကျွတ်လပြည့် ပဝါရဏာနေ့ နီးသောအခါ ထို အလုံးစုံသော ရဟန်းတို့သည် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။
---အဖော်ရဟန်း ခြောက်ကျိပ်တို့သည် ဘုရားထံ ဖူးမျှော်ရန် ကြွသွားကြခြင်း
ထိုရဟန်းတို့သည် ဝါကျွတ်ကုန်ပြီးသော် မြတ်စွာဘုရားကို ဖူးမြင်လိုကုန်သည်ဖြစ်၍ မထေရ်၏ အထံသို့ သွားပြီးလျှင် အရှင်ဘုရား မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ အလိုရှိပါကုန်၏ဟု လျှောက်ကြကုန်၏၊ အရှင် စက္ခုပါလမထေရ်သည် ထိုရဟန်း တို့၏ စကားကို ကြား၍ ငါကား အားနည်း၏၊ ခရီးအကြား၌လည်း ဘီလူးတို့ သိမ်းဆည်းအပ်သော တောအုပ်သည် ရှိ၏။
ငါကား ထိုရဟန်းတို့နှင့် အတူတကွ သွားသည်ရှိသော် အလုံးစုံသော ရဟန်းတို့သည် ပင်ပန်းကုန်လတ္တံ့၊ ဆွမ်းကို ရခြင်းငှါလည်း မတတ်နိုင်ကုန်လတ္တံ့၊ ဤရဟန်းတို့ကို ရှေးဦးစွာ စေလွှတ်အံ့ဟု ကြံစည် ဆင်ခြင်၍ ထိုရဟန်းတို့ကို ငါ့သျှင်တို့ သင်တို့သည် ရှေးဦးစွာ သွားနှင့်ကြကုန်လော့ဟု ဆိုလေ၏၊ အရှင်ဘုရားတို့ သည်ကား ဘယ်အခါ ကြွလာပါအံ့နည်းဟု မေးလျှောက်သော် ငါကား အားနည်း၏၊ ခရီးအကြား၌လည်း ဘီလူးတို့ သိမ်းဆည်းအပ်သော တောအုပ်သည် ရှိ၏။
ငါကား သင်တို့နှင့်အတူ တကွ သွားသည်ရှိသော် အလုံးစုံသော ရဟန်းတို့သည် ပင်ပန်းကုန်လတ္တံ့၊ သင်တို့ သည်သာ ရှေးဦးစွာ သွားနှင့်ကြကုန်လော့ဟု ဆိုလေ၏၊ အရှင်ဘုရား ဤသို့ မပြုပါလင့်၊ တပည့်တော်တို့သည် အရှင်ဘုရားတို့နှင့် အတူတကွ သွားပါကုန်အံ့ဟု လျှောက်ကုန်၏၊ ငါ့သျှင်တို့ သင်တို့သည် ငါနှင့် အတူ သွားခြင်းကို မနှစ်သက်ကြကုန်လင့်။
ဤသို့ နှစ်သက်သည်ရှိသော် ငါ့အား မချမ်းသာခြင်းသည်ဖြစ်လတ္တံ့ ဟု မိန့်တော်မူပြီး၍ ငါ့ညီသည် သင်တို့ကိုမြင်လျှင် ငါ၏အကြောင်းကို မေးလျှောက်လတ္တံ့၊ ထိုသို့ မေးသောအခါ ငါ့ညီအား ငါ၏ မျက်စိကွယ်သောအဖြစ်ကို ပြောကြားကုန်လော့၊ ထိုငါ့ညီသည် ငါ၏အထံသို့ တစုံတယောက်သောသူကို စေလွှတ်လတ္တံ့၊ ထို စေလွှတ်အပ်သောသူနှင့် အတူ တကွ ငါလာခဲ့အံ့၊ သင်တို့သည် ငါ့စကားဖြင့် မြတ်စွာဘုရားကို၎င်း၊ ရှစ်ကျိပ်သော မဟာသာဝက မထေရ်ကြီးတို့ကို၎င်း ရှိခိုးကြ ကုန်လောဟု မှာဆို၍ ထိုရဟန်းတို့ကို လွှတ်လိုက်လေ၏။
---စက္ခုပါလမထေရ်အား ကြိုဆိုရန် တူ ပါလိတကို စေလွှတ်ခြင်း
ထိုရဟန်းတို့သည် စက္ခုပါလ မထေရ်ကို ကန်တော့ကြကုန်၍ ရွာတွင်းသို့ ဝင်ကုန်သော် လူတို့သည် ရဟန်းတို့ကိုမြင်လျှင် သီတင်းသုံး နေထိုင်စေ၍ ဆွမ်းကို လှူပြီးမှ အရှင်ဘုရားတို့ အရှင်ဘုရားတို့အား သွားအံ့သော အခြင်းအရာသည် ထင်၏ဟု လျှောက်ကုန်၏၊ ဪ ... ဟုတ်ပေ၏ဒါယကာတို့၊ ငါတို့သည် မြတ်စွာဘုရားကို ဖူးမြင်လိုကုန်၏ဟု ဆိုကုန်သော် ထိုဒါယကာတို့သည် အဖန်ဖန် တောင်းပန်သော်လည်း ရဟန်းတို့၏ ကြွသွားလိုခြင်းကိုသာလျှင် သိရသဖြင့် လိုက်ပို့၍ ငိုကြွေးကာ ပြန်လာကြကုန်၏။
ထိုရဟန်းတို့သည်လည်း အစဉ်သဖြင့် သွားသည် ရှိသော် ဇေတဝန်ကျောင်းတော် သို့ရောက်၍ မြတ်စွာဘုရား ကို၎င်း၊ ရှစ်ကျိပ်သော မဟာသာဝက မထေရ်ကြီး တို့ကို၎င်း အရှင် စက္ခုပါလမထေရ်၏ စကားဖြင့် ရှိခိုး၍ တဖန် မိုးသောက်သောနေ့၌ မထေရ်၏ညီ သူကြွယ်နေရာ လမ်းခရီးသို့ ဆွမ်းအလို့ငှါ ဝင်ကြကုန်၏၊ ညီ စူဠပါလ သူကြွယ်သည် ထိုရဟန်းတို့ကို သိ၍ နေရာ၌ နေစေပြီးသော် *ပဋိသန္တာရစကား ပြောကြားပြီးမှ အရှင်ဘုရားတို့ တပည့်တော်၏ နောင်တော်မထေရ်သည် အဘယ်မှာနည်းဟု မေးလျှောက်၏။
(*ပဋိသန္တာရစကား ဟူသည် မိမိနှင့် သူတပါး မကွဲမပြားအောင် အစေ့အစပ် ပြောဆိုသော စကားတည်း၊)
ထိုအခါ ထိုသူကြွယ်အား ရဟန်းတို့သည် ထိုအကြောင်းကို ပြောကြားကုန်၏၊ သူကြွယ်သည် ထိုစကားကို ကြား၍သာလျှင် ရဟန်းတို့၏ ခြေရင်း၌ လူးလှိမ့်ကာ ငိုကြွေးလျက် အရှင်ဘုရား ယခုအခါ အဘယ်သို့ ပြုရပါအံ့နည်းဟု မေးလျှောက်၏၊ အရှင် စက္ခုပါလ မထေရ်သည် အသင်၏ထံမှ တစုံတယောက်သော၏သူ လာခြင်းကို တောင့်တ၏၊ ထိုတစုံတယောက်သောသူ ရောက်သွားသောကာလ ထိုသူနှင့် အတူတကွ လာလတ္တံ့ဟု ပြောကြားကုန်၏။
အရှင်ဘုရားတို့ ဤသူငယ်သည်ကား တပည့်တော်၏ တူဖြစ်သော ပါလိတ အမည် ရှိသောသူ ဖြစ်ပါသည်၊ ထိုသူငယ်ကို စေလွှတ်တော်မူကြပါလော့ဟု လျှောက်သော် ဤသို့သော အသွင်အပြင်ဖြင့် စေလွှတ်ခြင်းငှါ မစွမ်းနိုင်၊ ခရီးအကြား၌ ဘေးရန် များ၏၊ ထိုပါလိတကို သာမဏေပြု၍ စေလွှတ်ခြင်းငှါ သင့်၏ဟုဆိုလျှင် အရှင်ဘုရားတို့ ထိုသို့ပြု၍ စေလွှတ်တော် မူကြပါကုန်လော့ဟု လျှောက်ဆို၏၊ ထိုအခါ ပါလိတကို ရှင်ပြု၍ လခွဲမျှ သပိတ်, သင်္ကန်း ကိုင်ပုံ, ယူပုံ စသည်တို့ကို သင်စေပြီးမှ ခရီးကို ညွှန်ကြား၍ စေလွှတ်ကုန်၏။
ပါလိတ သာမဏေသည် အစဉ်သဖြင့် ထိုရွာသို့ရောက်၍ ရွာတံခါး၌ တယောက်သော သူအိုကို မြင်၍ ဤရွာကို မှီလျက် တစုံတခုသော တောကျောင်းသည် ရှိသလောဟု မေး၏၊ အရှင်ဘုရား ရှိပါ၏ဟု ဆိုသော် ဤ ကျောင်း၌ အဘယ်မည်သော အရှင်မြတ် နေသနည်းဟု မေးမြန်း၏။
အရှင်ဘုရား ပါလိတ အမည်ရှိသော မထေရ်သည် နေ၏ဟု ဆိုသော် ငါ့အား သွားရန်ခရီးကို ညွှန်ကြားလော့ဟု ဆို၏၊ အရှင်ဘုရား အရှင်ဘုရားသည် အဘယ် ပုဂ္ဂိုလ် ဖြစ်သနည်းဟု မေးသော် အရှင် ပါလိတ မထေရ်၏ တူဖြစ်၏ဟု ဆို၏၊ ထိုအခါ သာမဏေကို ပင့်ခေါ်၍ ကျောင်းသို့ ဆောင်လေ၏။
---စက္ခုပါလ မထေရ်သည် သာဝတ္ထိပြည်သို့ ပြန်ကြွခြင်း
ထိုသာမဏေသည် မထေရ်မြတ်ကို ရှိခိုးပြီး၍ လခွဲမျှပတ်လုံး ဝတ်ကြီး ဝတ်ငယ်ကို ပြုလျက် မထေရ်ကို ကောင်းစွာ လုပ်ကျွေးပြုစုပြီးလျှင် အရှင်ဘုရား တပည့်တော်၏ ဦးရီး သူကြွယ်သည် အရှင်ဘုရားတို့၏ ကြွလာခြင်းကို တောင့်တ၏၊ ကြွတော်မူပါ သွားကြပါကုန်အံ့ဟု လျှောက်ဆို၏။
ထိုသို့ဖြစ်မူ ဤငါ၏ တောင်ဝှေးစွန်းကို ကိုင်စွဲလောဟု မိန့်တော်မူ၏၊ ထို သာမဏေသည် တောင်ဝှေး စွန်းကို ကိုင်လျက် မထေရ်နှင့် အတူတကွ ရွာတွင်းသို့ ဝင်၏၊ လူတို့သည် မထေရ်ကို သီတင်းသုံး နေထိုင်စေပြီးမှ အရှင်ဘုရား အရှင်ဘုရားတို့၏ ကြွသွားအံ့သော အခြင်းအရာသည် တင်သည် မဟုတ်ပါလောဟု မေးကြကုန်၏၊ ဟုတ်ပေ၏ ဒါယကာတို့ ငါကြွသွား၍ မြတ်စွာဘုရားကို ရှိခိုး ပူဇော်အံ့ဟု ဆိုသော် ထိုဒါယကာတို့သည် အထူးထူး အပြားပြားအားဖြင့် တောင်းပန်၍ မရကုန်ရကား မထေရ်ကို ထက်ဝက်သော ခရီးသို့ ဆောင်ပို့ပြီးမှ လွှတ်လိုက်၍ ငိုကြွေးကာ ပြန်လည်လာကြကုန်၏။
---တောင်ဝှေးစွဲ သာမဏေနှင့် ထင်းခွေ မိန်းမ
သာမဏေသည်လည်း မထေရ်ကို တောင်ဝှေးစွန်းဖြင့် ယူဆောင်၍ သွားသည် ရှိသော် ခရီးအကြား တောအုပ်၌ မထေရ်အရှင်သည် ရှေးကအမှီပြု၍ သီတင်း သုံးခဲ့ဖူးသော ကဋ္ဌနဂရ မည်သော ရွာတရွာသို့ ရောက်လေ၏၊ ထိုရွာမှ ထွက်၍ တော၌ သီချင်းဆိုလျက် ထင်းခွေနေသော မိန်းမတယောက်၏ သီချင်းသံကို သာမဏေသည် ကြား၍ အသံ၌ စွဲလမ်းလေ၏။
[ထိုစကား မှန်၏၊ မိန်းမအသံကဲ့သို့ ယောကျ်ားတို့၏ ကိုယ်အလုံးကို နှံ့၍ တည်စေ ခြင်းငှါ စွမ်းနိုင်သော တပါးသော အသံမည်သည်မရှိ၊ ထို့ကြောင့် မြတ်စွာဘုရား သည်–
“နာဟံ ဘိက္ခဝေ အညံ ဧကသဒ္ဒမ္ပိ သမနုပဿာမိ၊ ယော ဧဝံ ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ၊ ယထယိဒံ ဘိက္ခဝေ ဣတ္ထိ သဒ္ဒါ”ဟု ဟောတော်မူ၏။
အဓိပ္ပါယ်ကား - ချစ်သား ရဟန်းတို့ ယောက်ျား၏ စိတ်ကို သိမ်းသွင်း ဆွဲယူနိုင်သော မိန်းမအသံနှင့် တူသော တခုသော အသံကိုမျှလည်း ငါဘုရား မြင်တော်မမူ ဟူလိုသည်။]
သာမဏေသည် ထိုအသံ၌ စွဲလမ်းသည်ဖြစ်၍ တောင်ဝှေးစွန်းကို စွန့်လွှတ်ပြီးလျှင် အရှင်ဘုရား တပည့်တော်အား ပြုဖွယ်ကိစ္စ ရှိပါသေးသည်၊ ရပ်တန့်တော် မူပါဦးလောဟု ခွင့်တောင်း၍ ထိုမိန်းမအထံသို့ သွားလေ၏၊ ထိုမိန်းမသည်လည်း သာမဏေကို မြင်လျှင် တိတ်တဆိတ် နေ၏၊ သာမဏေသည် ထိုမိန်းမနှင့် အတူတကွ သီလပျက်စီးခြင်းသို့ ရောက်လေ၏။
---ယုတ်မာသော သာမဏေကို နှင်ပစ်ခြင်း
မထေရ်သည် ယခုပင် တခုသော သီချင်းသံကို ကြားအပ်၏၊ ထိုကြားသော မိန်းမ၏အသံသည်လည်း ပျောက်ခဲ့ပြီ၊ သာမဏေသည်လည်း ကြာမြင့်ခဲ့၏၊ ထို သာမဏေသည် ထိုမိန်းမနှင့် အတူတကွ သီလ ပျက်ခြင်းသို့ ရောက်သည် ဖြစ်လတ္တံ့ ဟု ကြံဆင်ခြင်တော်မူ၏၊ သာမဏေသည်လည်း မိမိကိစ္စကို ပြီးစေ၍ လာပြီးလျှင် အရှင်ဘုရား သွားပါကုန်အံ့ဟု လျှောက်၏။
ထိုအခါ သာမဏေကို မထေရ်သည် သာမဏေ သင်ကား အယုတ်တမာ ဖြစ်ခဲ့ပြီလောဟု မေး၏၊ သာမဏေသည် ဆိတ်ဆိတ် နေသည်ဖြစ်၍ မထေရ်မြတ်သည် အဖန်ဖန် အထပ်ထပ် မေးသော်လည်း တစုံတခွန်းသော စကားကိုမျှ ပြန်၍မဆို၊ ထိုအခါ သာမဏေကို မထေရ်သည် အသင်ကဲ့သို့ ယုတ်မာသော အကျင့် ရှိသောသူသည် ငါ၏ တောင်ဝှေးစွန်းကို ဆွဲကိုင်ဖွယ်ကိစ္စ မရှိဟု မိန့်ဆိုသော် ထို သာမဏေသည် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ သင်္ကန်း တို့ကိုပယ်၍ လူ၏ အသွင်ဖြင့် ဝတ်ပြီးလျှင် အရှင်ဘုရား တပည့်တော်သည် ရှေး၌ သာမဏေပါတည်း၊ ယခုအခါ လူဖြစ်ပါပြီ။
တပည့်တော်သည် သာမဏေပြုသော်လည်း သဒ္ဓါတရားဖြင့် ပြုသည် မဟုတ်၊ လမ်းခရီး၌ ဖြစ်ပေါ်မည့်ဘေးကို ကြောက်သဖြင့်သာ သာမဏေ ပြုရပါ၏၊ အရှင်ဘုရား ကြွပါလော့ သွားပါအံ့ဟု လျှောက်ဆို၏၊ ငါ့သျှင် လူယုတ်မာသည်၎င်း၊ ရှင်ယုတ်မာသည်၎င်း အတူတူ ယုတ်မာသည်သာတည်း၊ သင်သည် ရဟန်း သာမဏေ အဖြစ်၌ တည်ပါလျက်လည်း သီလကိုမျှ ဖြည့်ခြင်းငှါ မတတ်နိုင်၊ လူဖြစ်၍ကား ကောင်းသောအကျင့်ကို အသို့ကျင့်နိုင်အံ့နည်း။
အသင်ကဲ့သို့ ယုတ်မာသော အကျင့်ရှိသောသူသည် ငါ၏ တောင်ဝှေးစွန်းကို ဆွဲကိုင်ဖွယ် ကိစ္စမရှိဟု မိန့်တော်မူ၏၊ အရှင်ဘုရား ဤတောလမ်းခရီးသည် ဘီလူးဘေးရန် ရှိ၏၊ အရှင်ဘုရားတို့သည်လည်း မျက်စိနှစ်ဘက် ကွယ်ပျက်ကုန်၏၊ ခရီးညွှန်လည်း မရှိကုန်၊ အဘယ်ပုံဖြင့် ဤအရပ်၌ နေတော်မူပါအံ့နည်းဟု နားတော် လျှောက်သောအခါ ထိုသူကို မထေရ်သည် ငါ့သျှင် သင်သည် ဤသို့မကြံလင့်၊ ဤအရပ်၌ပင် အိပ်၍ သေရမူလည်း သေပစေ၊ ထိုမှ ဤမှ လူးလှိမ့်ရမူလည်း လူးလှိမ့်ရပစေ၊ ငါ့အား သင်နှင့် အတူတကွ သွားခြင်း မည်သည် မရှိပြီဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ရွတ်လေ၏။
ဟန္ဒာဟံ ဟတစက္ခုသ္မိ၊ ကန္တာရဒ္ဓါန မာဂတော။
သေယျမာနော န ဂစ္ဆာမိ၊ နတ္ထိ ဗာလေ သဟာယတာ။
ဟန္ဒာဟံ ဟတစက္ခုသ္မိ၊ ကန္တာရဒ္ဓါန မာဂတော။
မရိဿာမိ နော ဂမိဿာမိ၊ နတ္ထိ ဗာလေ သဟာယတာ။
အဟံ၊ ငါသည်။
ဟန္ဒ၊ ယခုအခါ၌။
ဟတစက္ခု၊ ပျက်စီး ချွတ်ယွင်းသော မျက်စိရှိသည်။
အသ္မိ၊ ဖြစ်၏။
ကန္တာရဒ္ဓါနံ၊ အဓွန့်ရှည်ဝေး ဘီလူးဘေးရှိသော ခရီးခဲသို့။
အာဂတော၊ ရောက်လာ၏။
သေယျမာနော၊ အိပ်သော်လည်း အိပ်ရပစေ။
န ဂစ္ဆာမိ၊ ငါမသွားအံ့။
မာလေ၊ သူမိုက်၏။
သဟာယတာ၊ အဆွေခင်ပွန်း၏ အဖြစ်သည်။
နတ္ထိ၊ မရှိ။
အဟံ၊ ငါသည်။
ဟန္ဒ၊ ယခုအခါ၌။
ဟတစက္ခု၊ ပျက်စီးချွတ်ယွင်းသော မျက်စိရှိသည်။
အသ္မိ၊ ဖြစ်၏။
ကန္တာရဒ္ဓါနံ၊ အဓွန့်ရှည်ဝေး ဘီလူးဘေးရှိသော ခရီးခဲသို့။
အာဂတော၊ ရောက်လာ၏။
မရိဿာမိ၊ သေအံ့။
နော ဂမိဿာမိ၊ ငါမသွားအံ့။
ဗာလေ၊ သူမိုက်၏။
သဟာယတာ၊ အဆွေခင်ပွန်း၏ အဖြစ်သည်။
နတ္ထိ၊ မရှိ။
သာမဏေသည် ထိုစကားကိုကြားလျှင် ထိတ်လန့်ခြင်းရှိသည်ဖြစ်၍ ငါသည် မဆင်မခြင် အဆောတလျင် မလျော်သော အမှုကို ပြုမိခြင်းသည် ဝန်လေးလေစွ တကားဟု လက်မြှောက်ခါ ငိုကြွေးမြည်တမ်းလျက် တောအုပ်သို့ ပြေးဝင်၍ ဖဲသွား တိမ်းရှောင်သည်သာလျှင် ဖြစ်၏။
---စက္ခုပါလမထေရ်ကို သိကြားမင်း ဆောင်ကြဉ်းခန်း
အရှင် စက္ခုပါလ မထေရ်၏လည်း သီလတန်ခိုးကြောင့် အလျားအားဖြင့် ယူဇနာ ခြောက်ဆယ်, အနံအားဖြင့် ယူဇနာငါးဆယ်, အထုအားဖြင့် တဆယ့် ငါးယူဇနာရှိ၍ လယ်ခေါင်ရန်းပန်း အဆင်းနှင့်တူသော နီမြန်းသော အဆင်း ရှိသော ထိုင်သောအခါ ထသောအခါတို့၌ အောက်သို့ ညွှတ်ခြင်း အထက်သို့ တက်ကြွခြင်း သဘောရှိသော သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် ပူသော အခြင်းအရာကို ပြ၏၊ သိကြားမင်း သည်လည်း အဘယ်သူသည် ငါ့ကို နေရာမှ ရွှေ့စေလိုသနည်းဟု နတ်မျက်စိဖြင့် ကြည့်သည်ရှိသော် စက္ခုပါလ မထေရ်ကို မြင်၏၊ ထို့ကြောင့် ရှေးဆရာတို့သည် မိန့်ဆိုတော်မူကြကုန်၏။
သဟဿနေတ္တော ဒေဝိန္ဒော၊ ဒိဗ္ဗစက္ခုံ ဝိသောဓယိ။
ပါပဂရဟီ အယံ ပါလော၊ အာဇီဝံ ပရိသောဓယိ။
သဟဿနေတ္တော ဒေဝိန္ဒော၊ ဒိဗ္ဗစက္ခုံ ဝိသောဓယိ။
ဓမ္မဂရုကော အယံ ပါလော၊ နိသိန္နော သာသနေ ရတော။
သဟဿနေတ္တော၊ မျက်စိတထောင် အမြင်ဆောင်သော။
ဒေဝိန္ဒော၊ နတ်တို့ကို အစိုးရသော သိကြားမင်းသည်။
ဒိဗ္ဗစက္ခုံ၊ နတ်မျက်စိကို။
ဝိသောဓယိ၊ သုတ်သင်ပြီ။
အယံ ပါလော၊ ဤ အရှင် စက္ခုပါလ မထေရ်သည်။
ပါပဂရဟီ၊ အယုတ်တမာကို ကဲ့ရဲ့လေ့ရှိ၏။
အာဇီဝံ၊ ဇီဝိန်မပျက် အသက်မွေးခြင်းကို။
ပရိသောဓယိ၊ သုတ်သင်တော်မူ၏။
သဟဿနေတ္တော၊ မျက်စိတထောင် အမြင်ဆောင်သော။
ဒေဝိန္ဒော၊ နတ်တို့ကို အစိုးရသော သိကြားမင်းသည်။
ဒိဗ္ဗစက္ခုံ၊ နတ်မျက်စိကို။
ဝိသောဓယိ၊ သုတ်သင်ပြီ။
အယံ ပါလော၊ ဤ အရှင် စက္ခုပါလ မထေရ်သည်။
ဓမ္မဂရုကော၊ တရားကို အလေးအမြတ် ပြုသည်ဖြစ်၍။
သာသနေ၊ သုံးလူ့ မြတ်စွာ သာသနာ၌။
ရတော၊ မွေ့လျော်သည်ဖြစ်၍။
နိသိန္နော၊ နေတော်မူ၏။
ထိုသို့ မထေရ်မြတ်ကို မြင်သောအခါ သိကြားမင်းအား ငါသည် ဤသို့ သဘော ရှိသော အယုတ်တမာကို ကဲ့ရဲ့လေ့ရှိသော တရားကို အလေးအမြတ် ပြုတတ်သော အရှင်မြတ်၏ အထံသို့ အကယ်၍ မသွားဘဲနေအံ့၊ ငါ၏ ဦးခေါင်းသည် ခုနစ်စိတ် ကွဲရာ၏၊ ထိုမထေရ်မြတ်၏ အထံသို့ သွားအံ့ဟူသော အကြံသည် ဖြစ်လေ၏။
သဟဿနေတ္တော ဒေဝိန္ဒော၊ ဒေဝရဇ္ဇသိရိန္ဓရော။
တင်္ခဏေန အာဂန္တွာန၊ စက္ခုပါလ မုဂါဂမိ။
ဒေဝရဇ္ဇသိရိန္ဒရော၊ နတ်မင်း၏ အဖြစ်တည်းဟူသော ကျက်သရေကို ဆောင်တတ်သော။
သဟဿနေတ္တော၊ မျက်စိတထောင် အမြင်ဆောင်သော။
ဒေဝိန္ဒော၊ နတ်တို့ကို အစိုးရသော သိကြားမင်းသည်။
တင်္ခဏေန၊ ထိုခဏ၌။
အာဂန္တွာန၊ လာလတ်၍။
စက္ခုပါလံ၊ အရှင် စက္ခုပါလ မထေရ်မြတ်သို့။
ဥပါဂမိ၊ ချဉ်းကပ်လေ၏။
ယင်းသို့ ကပ်ပြီး၍ မထေရ်မြတ်၏ မနီးမဝေးသော အရပ်၌ ခြေသံကို ပြု၏၊ ထိုအခါ သိကြားမင်းကို မထေရ်သည် ဤသူကား အသူနည်းဟု မေးလျှင် အရှင်ဘုရား တပည့်တော်သည် ခရီးသွားပါတည်းဟု လျှောက်ဆို၏၊ ဒါယကာ အဘယ်အရပ်သို့ သွားအံ့နည်းဟု မေးလျှင် အရှင်ဘုရား သာဝတ္ထိပြည်သို့ သွားပါအံ့ဟု လျှောက်၏၊ ဒါယကာ သွားလော့ဟု ဆိုလျှင် အရှင်ဘုရားကား အဘယ်အရပ်သို့ ကြွသွား အံ့နည်းဟု မေးလျှောက်၏။
ထိုအခါ မထေရ်ကား ငါသည်လည်း သာဝတ္ထိပြည်သို့သာလျှင် သွားအံ့ဟု မိန့်ဆို တော်မူသော် ထိုသို့ဖြစ်လျှင် အရှင်ဘုရား အတူတကွ သွားပါကုန်အံ့ဟု လျှောက်ဆို၏၊ ဒါယကာ ငါကား မျက်စိကွယ်သောကြောင့် အားနည်း၏၊ ငါနှင့် အတူတကွ သွားသည်ရှိသော် သင့်အား ကြာမြင့်ခြင်းသည် ဖြစ်လတ္တံ့ ဟု မိန့်တော်မူလျှင် တပည့်တော်အား အဆောတလျင် ပြုဖွယ်ကိစ္စသည် မရှိ၊ တပည့်တော်သည်လည်း အရှင်ဘုရားနှင့် အတူ တကွ သွားရသည် ရှိသော် ဆယ်ပါးသော ပုညကြိယ ဝတ္ထုတို့တွင် တခုသော ပုညကြိယဝတ္ထုကို ရပါလတ္တံ့၊ ထို့ကြောင့် အရှင်ဘုရားနှင့် အတူတကွသာလျှင် သွားပါအံ့ဟု လျှောက်၏။
မထေရ်သည်လည်း ဤသူကား သူတော်ကောင်း ဖြစ်လတ္တံ့ဟု ကြံ၍ ထိုသို့ဖြစ်လျှင် ဒါယကာ ငါ၏ တောင်ဝှေးစွန်းကို ကိုင်ဆွဲလော့ဟု ဆိုသော် သိကြားမင်းသည် ထိုမထေရ် ဆိုတိုင်းပြု၍ မြေကြီးကို အကျဉ်းချုံးလျက် ညချမ်းသောအခါ ဇေတဝန် ကျောင်းတော်သို့ ရောက်စေ၏။
မထေရ်သည် ခရုသင်းသံ, ထက်စည်သံ စသည်တို့ကို ကြားသောကြောင့် ဤအသံသည် အဘယ်အရပ်က ဖြစ်သော အသံနည်း ဟု မေးတော်မူ၏၊ အရှင်ဘုရား သာတ္ထိပြည်က ဖြစ်သော အသံပါတည်းဟု လျှောက်သော် ငါတို့သည် ရှေး၌ သွားသောအခါ ကြာမြင့်စွာ သွားရကုန်၏ဟု ဆိုလျှင် အရှင်ဘုရား တပည့်တော်သည် လမ်းဖြောင့် (ဖြတ်လမ်း) ကို သိပါ၏ဟု လျှောက်သော ခဏ၌ မထေရ်သည် ဤသူကား လူမဟုတ် နတ်ဖြစ်လတ္တံ့ဟု စိတ်၌ မှတ်သား တော်မူလေ၏။
သဟဿနေတ္တော ဒေဝိန္ဒော၊ ဒေဝရဇ္ဇသိရိန္ဓရော။
သံခိပိတွာန တံ မဂ္ဂံ၊ ခိပ္ပံ သာဝတ္ထိ မာဂမိ။
ဒေဝရဇ္ဇသိရိန္ဓရော၊ နတ်မင်း၏ အဖြစ်တည်းဟူသော ကျက်သရေကို ဆောင်တတ်သော။
သဟဿနေတ္တော၊ မျက်စိတထောင် အမြင်ဆောင်သော။
ဒေဝိန္ဒော၊ နတ်တို့ကို အစိုးရသော သိကြားမင်းသည်။
တံ မဂ္ဂ၊ ထိုခရီးကို။
သံခိပိတွာန၊ ချုံးလတ်၍။
သာဝတ္ထိံ၊ သာဝတ္ထိပြည်သို့။
ခိပ္ပံ၊ လျင်စွာ။
အာဂမိ၊ ရောက်လေ၏။
ထိုသိကြားမင်းသည် မထေရ်၏ သီတင်းသုံးရန် အလို့ငှါ ညီ စူဠပါလသူကြွယ် ဆောက်လုပ်အပ်သော သစ်ရွက်မိုးသော ကျောင်းသင်္ခမ်းသို့ ဆောင်၍ ပလ္လင် နေရာထက်၌ သီတင်းသုံး နေစေပြီးမှ ချစ်သော အဆွေခင်ပွန်း၏ အသွင်အပြင်ဖြင့် ထိုညီသူကြွယ် အထံသို့ သွား၍ အချင်း စူဠပါလဟု ခေါ်သဖြင့် အချင်း အဘယ် ကိစ္စနည်းဟု မေးသော် မထေရ်လာသည့်အဖြစ်ကို သိ၏လောဟု ဆို၏၊ အကျွန်ုပ် မသိပါ အရှင် မဟာပါလမထေရ် ရောက်လာပြီလောဟု မေး၏၊ အချင်း ကြွလာတော်မူပြီ။
ယခု ငါကား ဇေတဝန်ကျောင်းတော်သို့သွား၍ သင် သူကြွယ် ဆောက်လုပ်အပ်သော သစ်ရွက်မိုးသော ကျောင်းသင်္ခမ်း၌ သီတင်းသုံးနေသော မထေရ်ကိုမြင်၍ လာသည် ဟု ဆိုပြီးလျှင် ဖဲသွားလေ၏၊ သူကြွယ် သည်လည်း ဇေတဝန် ကျောင်းတော်သို့ သွား၍ အရှင် စက္ခုပါလမထေရ်ကို မြင်လျှင် ခြေရင်း၌ လူးလှိမ့် ငိုကြွေးလျက် အရှင်ဘုရား ဤကဲ့သို့ ဒုက္ခတွေ့မည်ကို မြင်သောကြောင့် တပည့်တော်သည် အရှင်ဘုရားတို့အား (ပန်ကြားစဉ်အခါက) ရဟန်းပြုအံ့သောငှါ ခွင့်မပေး။
ဤသို့ အစရှိသော စကားတို့ကို ဆို၍ ကျွန်ငယ် နှစ်ယောက်တို့ကို *တော်လှန် သည်ကို ပြုပြီးလျှင် (*တော်လှန် ဟူသည်ကား ကျေးကျွန် မဟုတ်သော လူကောင်းတည်း။) မထေရ်အထံ၌ ရှင်ပြု၍ မြို့တွင်းမှ ယာဂု ဆွမ်းစသည်တို့ကို ဆောင်၍ မထေရ်ကို လုပ်ကျွေ ပြုစုကြကုန်လော့ဟု အပ်နှံဆောင်နှင်း၏၊ သာမဏေ နှစ်ယောက်တို့သည်လည်း ဝတ်ကြီး ဝတ်ငယ်တို့ကို ပြုကုန်လျက် မထေရ်ကို လုပ်ကျွေး ပြုစုကြကုန်၏။
တနေ့သ၌ ထိုထိုအရပ်မျက်နှာတို့၌ နေကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမြင်ကုန်အံ့ဟု ဇေတဝန်ကျောင်းတော်သို့ လာ၍ မြတ်စွာဘုရားကို ရှိခိုးပြီးနောက် ရှစ်ကျိပ်သော မဟာသာဝက တို့ကိုလည်း ရှိခိုးပြီးလျှင် ကျောင်းစဉ် ဒေသစာရီ လှည့်လည်ကြကုန်သည်ရှိသော် အရှင် စက္ခုပါလ မထေရ်၏ နေရာ အရပ်သို့ ရောက်၍ ဤနေရာ အရပ်ကိုလည်း ကြည့်ရှုကုန်အံ့ဟု ညချမ်းအခါ အရှင် စက္ခုပါလ မထေရ်၏ နေရာအရပ်သို့ မျက်နှာရှေးရှု ပြုကြကုန်၏။
ထိုခဏ၌ မိုဃ်းကြီးသည် တက်လတ်သည်ဖြစ်၍ ထိုရဟန်းတို့သည် ယခုအခါကား အလွန် မိုးချုပ်ပြီ မိုဃ်းသည်လည်း တက်၏၊ နံနက်စောစောမှလျှင် သွား၍ ကြည့်ရှုကုန်အံ့ဟု ပြန်ကြကုန်၏၊ မိုဃ်းသည် ပဌမယာမ်ပတ်လုံး ရွာသွန်း၍ သန်းခေါင်ယာမ်၌ လင်းစင်လေ၏၊ မထေရ်မြတ်သည် အားထုတ်အပ်သော လုံ့လနှင့် ပြည့်စုံ၏၊ မပြတ် စင်္ကြံလည်း သွားလေ့ရှိ၏၊ ထို့ကြောင့် မိုးသောက်ယာမ်၌ စင်္ကြံသို့ သက်တော်မူ၏။
စက္ခုပါလမထေရ်၏ စင်္ကြံကြွရာ၌ ပိုးပရံတို့ကို နင်းမိသောကြောင့် သေကြခြင်း
ထိုအခါ ရှေးဦးပဌမ မိုဃ်းရေစွတ်စိုစဖြစ်သော မြေ၌ များစွာသော ပိုးပရံ တို့သည် လှုပ်ရှား သွားလာကြကုန်၏။ ထိုပိုးပရံတို့သည် များသောအားဖြင့် အရှင် စက္ခုပါလမထေရ်သည် စင်္ကြံသွားသည်ရှိသော် ပျက်စီး သေလွန် ကုန်၏။ အတွင်းနေ တပည့်ဖြစ်သော သာမဏေတို့သည်လည်း မထေရ်၏ စင်္ကြံသွားရာ အရပ်ကို နံနက် စောစောကလျှင် တံမြက်မလှည်းမိကုန်။
ထိုထို အရပ်မျက်နှာမှ လာကုန်သော ရဟန်းတို့သည် အရှင် စက္ခုပါလမထေရ်၏ နေရာ အရပ်ကို ကြည့်ရှုကုန်အံ့ဟု လာလတ်သည်ရှိသော် စင်္ကြံ၌သေသော ပိုးပရံတို့ကို မြင်လျှင် အဘယ်သူသည် ဤအရပ်၌ စင်္ကြံသွားသနည်း ဟု မေးကြကုန်၏။
အရှင်ဘုရားတို့ တပည့်တော်တို့၏ ဥပဇ္ဈာယ်ဆရာ အရှင် စက္ခုပါလ မထေရ် စင်္ကြံသွား၏ ဟု လျှောက်ကုန်သော် ထိုအရုပ်မျက်နှာမှ လာသော ရဟန်းတို့သည် ငါ့သျှင်တို့ စက္ခုပါလ ရဟန်း၏ အမှုကို ကြည့်ရှုကြကုန်လော့၊ မျက်စိကောင်းစဉ် အခါ၌ တုံးလုံးပက်လက် အိပ်စက်လျက် တစုံတခုကိုမျှ မပြုပါဘဲ ယခုမျက်စိ ချွတ်ယွင်းသော အခါ၌ စင်္ကြံသွားမည်ဟု ဤမျှလောက်သော ပိုးပရံတို့ကို သတ်၏၊ အကျိုးစီးပွားကို ပြုအံ့ဟု ကြံလျက် အကျိုးစီးပွားမဲ့ကို ပြု၏ဟု ကဲ့ရဲ့ကြကုန်၏။
ဘုရားကို လျှောက်ခြင်း
ထိုနောက်မှ ရဟန်းတို့သည် သွားကြကုန်၍ ဘုရားရှင်အား မြတ်စွာဘုရား အရှင် စက္ခုပါလ မထေရ်သည် စင်္ကြံသွားသည်ဟူ၍ များစွာကုန်သော ပိုးပရံ တို့ကို သတ်၏ဟု လျှောက်ကုန်၏။ ထိုစက္ခုပါလမထေရ် သတ်သည်ကို သင်တို့ မြင်ကုန်သလော ဟု မေးတော်မူလျှင် မြတ်စွာဘုရား မမြင်ပါကုန်ဟု လျှောက်သော် သင်တို့သည် ထိုစက္ခုပါလမထေရ် သတ်သည်ကို မမြင်ကုန်သကဲ့သို့ ထို့အတူ သာလျှင် စက္ခုပါလ မထေရ် သည်လည်း ထိုပိုးပရံတို့ကို မမြင်။ ချစ်သားရဟန်းတို့ ရဟန္တာတို့အား သေစေလိုသော စေတနာ မည်သည် မရှိဟု မိန့်တော်မူ၏။
ထိုအခါ ရဟန်းတို့သည် မြတ်စွာဘုရား အရဟတ္တဖိုလ်၏ ဥပနိဿယ အကြောင်း ရှိပါလျက် အဘယ့်ကြောင့် မျက်စိ ကွယ်ပျက်ရပါသနည်းဟု မေးလျှောက်သော် ချစ်သား ရဟန်းတို့ မိမိပြုအပ်သောကံ၏ အစွမ်းဖြင့် မျက်စိ ကွယ်ပျက်၏ဟု မိန့်တော်မူလျှင် မြတ်စွာဘုရား ထိုမထေရ် ပြုအပ်သော မကောင်းမှုကံသည် အဘယ်ပါနည်းဟု မေးလျှောက်သောကြောင့် ချစ်သား ရဟန်းတို့ ထိုသို့ ဖြစ်လျှင် နာကြကုန်လော့ဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူ၏။
စက္ခုပါလမထေရ်၏ ရှေးအတိတ် ဆေးသမား
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ကာသိကရာဇ် မင်းသည် မင်းပြုသည် ရှိသော် တယောက်သော ဆေးသမားသည် ရွာ, နိဂုံး, ဇနပုဒ်တို့သို့ သွား၍ ဆေးကုသောအမှုကို ပြုရာ မျက်စိအားနည်းသော မိန်းမတယောက်ကို မြင်၍ သင့်အား အဘယ်သို့သော မချမ်းသာခြင်း ဖြစ်သနည်းဟု မေးလေ၏။ မျက်စိတို့ဖြင့် မမြင်ပါဟု ဆိုလေသော် သင့်အား ဆေးကုပေးအံ့ဟု ဆို၏။ အရှင် ကုပါလော့ဟု ဆိုလေသော် ငါ့အား အဘယ်ကို ပေးအံ့နည်းဟု မေးမြန်း၏။
အကျွန်ုပ်၏ မျက်စိတို့ကို ပကတိ ထင်မြင်အောင် အကယ်၍ ကုစားနိုင်သည် ဖြစ်အံ့၊ အကျွန်ုပ်သည် သားသ္မီးတို့နှင့် တကွ ဆရာ့ကျွန်ဖြစ်အံ့ဟု ဆိုရကား ထို ဆေးသမားသည် ကောင်းပြီဟု ဝန်ခံလျက် ဆေးကို စီရင်လေ၏။ တကြိမ် ဆေးခတ်ကာမျှဖြင့် မျက်စိတို့သည် ပြကတေ့ ဖြစ်ကုန်၏။
ထိုမိန်းမသည် ငါကား သားသ္မီးတို့နှင့် အတူတကွ ထိုဆေးသမား၏ ကျွန်ဖြစ်အံ့ဟု ဝန်ခံမိ၏။ ထိုသို့ ဝန်ခံမိသော်လည်း ငါ့ကို သိမ်မွေ့ နူးညံ့သော စကားဖြင့် ပြောကြား ခိုင်းစေခြင်း မဖြစ်လတ္တံ့၊ ထိုဆေးသမားကို လှည့်ပတ်အံ့ဟု ကြံ၏။ ထိုမိန်းမသည် ဆေးသမားလာ၍ အရှင်မ မျက်စိနာ အသို့ရှိသနည်းဟု မေးသည်ရှိသော် ရှေးအခါ ငါ၏ မျက်စိတို့သည် အနည်းငယ်သာ နာကျင်ကုန်၏၊ ယခုအခါ အလွန် အမင်း နာကျင်ကုန်၏ဟု ဆို၏။
ဆေးသမားသည် ဤမိန်းမကား ငါ့ကို လှည့်ပတ်၍ တစုံတခုကို မပေးလိုသောစိတ် ရှိ၏၊ ထိုမိန်းမ ပေးအပ်သော ဆေးဘိုးဝါးခဖြင့် ငါ့အား အဘယ်မူအံ့နည်း၊ ယခု ထိုမိန်းမကို ကန်းအောင် ပြုအံ့ဟု ကြံစည်လျက် အိမ်သို့သွား၍ မယားအား ထိုအကြောင်းကို ကြားသော် မယားသည် ဆိတ်ဆိတ်နေ၏။ ထိုအခါ ဆေးသမားသည် တခုသောဆေးကို ဖေါ်၍ ထိုမိန်းမ၏အထံသို့ သွားပြီးလျှင် အရှင်မ ဤဆေးကို မျက်စဉ်းခတ်လော့ ဟု ဆို၍ မျက်စဉ်းခတ်လေ၏။ နှစ်ဘက်သော မျက်စိတို့သည် ဆီမီးလျှံကဲ့သို့ တောက်ပ လောင်ကျွမ်းကုန်၏။ ထိုဆေးသမားကား စက္ခုပါလမထေရ် ဖြစ်လာ၏။
ချစ်သား ရဟန်းတို့ ထိုစဉ်အခါက ငါ့သား စက္ခုပါလသည် ပြုအပ်သော မကောင်းမှုကံကား နောက်မှ နောက်မှ အစဉ်လိုက်၏။ ဤမကောင်းမှုကံ မည်သည်ကား လှည်းဦးဝန်ကို ရွက်ဆောင်သော နွားလား၏ ခြေရာသို့ လှည်းဘီးသည် အစဉ်လိုက်သကဲ့သို့ အစဉ်လိုက်တတ်၏ဟု ဤ စက္ခုပါလ မထေရ်၏ အကြောင်းကို ဟောတော်မူပြီး၍ အနုသန္ဓေကို ဆက်စပ်လျက် တည်စေအပ်သော ပြီးဆုံးခြင်းရှိသော သဝဏ်လွှာစာကို မင်း၏ တံဆိပ် ခပ်နှိပ် သည့်အလား တရားမင်းဘုရားသည် ဤဂါထာကို ဟောတော်မူ၏။
ဒေသနာတော်
၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ဝဟတော ပဒံ။
ဓမ္မာ၊ နာမက္ခန္ဓာတရား သုံးပါးတို့သည်။ မနောပုဗ္ဗင်္ဂမာ၊ ဝိညာဏက္ခန္ဓာသာလျှင် ပြဋ္ဌာန်းခြင်း ရှိကုန်၏။ ဝါ၊ ဝိညာဏက္ခန္ဓာ သာလျှင် ရှေ့သွားရှိကုန်၏။ မနောသေဋ္ဌာ၊ ဝိညာဏက္ခန္ဓာသာလျှင် အကြီးအမှူး ရှိကုန်၏။ မနောမယာ၊ ဝိညာဏက္ခန္ဓာဖြင့် ပြီးကုန်၏။ ယော ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။ ပဒုဋ္ဌေန၊ ပြစ်မှားလိုသော။ မနသာ၊ စိတ်ဖြင့်။ စေ ဘာသတိ ဝါ၊ အကယ်၍ ဆိုမူလည်း ဆိုငြားအံ့။ စေ ကရောတိ ဝါ၊ အကယ်၍ ပြုမူလည်း ပြုငြားအံ့။ တတော၊ ထိုသို့ ပြစ်မှားလိုသောစိတ်ဖြင့် ဆိုခြင်း ပြုခြင်းကြောင့်။ နံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်သို့။ ဒုက္ခံ၊ ဆင်းရဲသည်။ အနွေတိ၊ အစဉ် လိုက်တတ်၏။ ကိမိဝ၊ အဘယ်ကဲ့သို့ နည်းဟူမူကား။ စက္ကံ၊ လှည်းဘီးသည်။ ဝဟတော၊ ဝန်ကိုဆောင်သော နွားလား၏။ ပဒံ၊ ခြေရာသို့။ အနွေတိ ဣဝ၊ အစဉ်လိုက်သကဲ့သို့တည်း။
ဒေသနာတော်၏ အကျိုး
ဂါထာ၏အဆုံး၌ သုံးသောင်းကုန်သော ရဟန်းတို့သည် ပဋိသမ္ဘိဒါလေးပါး နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။ ရောက်လာသော တရားနာပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာတော်သည် ဖြစ်လေ၏။
စက္ခုပါလမထေရ်ဝတ္ထု ပြီး၏။
၂ - မဋ္ဌကုဏ္ဍလီ သတို့သားဝတ္ထု
မနောပုဗ္ဗင်္ဂမာ ဓမ္မာ အစရှိသော ဤ ဒုတိယဂါထာ ဒေသနာတော်ကို မြတ်စွာဘုရား သည် သာဝတ္ထိပြည်၌ နေတော်မူစဉ် မဋ္ဌကုဏ္ဍလီ သတို့သားကို အကြောင်းပြု၍ ဟောတော်မူ၏။
အဒိန္နပုဗ္ဗက နှင့် မဋ္ဌကုဏ္ဍလီ အမည်တွင်ခြင်း
သာဝတ္ထိပြည်၌ အဒိန္နပုဗ္ဗက အမည်ရှိသောပုဏ္ဏားသည် ရှိသတတ်၊ ထိုပုဏ္ဏားသည် တစုံတယောက်သော သူအား တစုံတခုသော ဝတ္ထုကို ပေးဖူးသည် မရှိ။ ထို့ကြောင့် ထိုပုဏ္ဏားကို အဒိန္နပုဗ္ဗက ဟူ၍သာ အမည်ကို သိမှတ်ကြကုန်၏။ ထို အဒိန္နပုဗ္ဗက ပုဏ္ဏားအား အလွန် ချစ်မြတ်နိုးအပ်သော နှလုံးကို ပွားစေတတ်သော တယောက် တည်းသော သားသည် ရှိ၏။
ထိုသတို့သား အလို့ငှါ တန်ဆာ လုပ်စေလိုသည်ဖြစ်၍ ရွှေပန်းထိမ်သည်တို့ကို အကယ်၍ လုပ်စေသည် ဖြစ်အံ့၊ လက်ခစားနား ပေးရသည် ဖြစ်လတ္တံ့ဟု ကြံ၍ ကိုယ်တိုင်သာလျှင် ရွှေကိုခတ်၍ ပြေပြစ် ပြောင်ချောသော နားချောင်းတို့ကို ပြုလုပ်ပေး၏။ ထို့ကြောင့် ၎င်း၏သားသည် မဋ္ဌကုဏ္ဍလီ ဟူ၍သာ အမည်ထင်ရှား၏။
မဋ္ဌကုဏ္ဍလီ သတို့သားအား ရောဂါဝေဒနာ ကပ်ရောက်ခြင်း
ထိုမဋ္ဌကုဏ္ဍလီ သတို့သားအား တဆယ့်ခြောက်နှစ်သို့ ရောက်သောကာလ ဖြော့တော့သော ရောဂါသည် ထင်စွာဖြစ်ခဲ့၏။ ထိုမဋ္ဌကုဏ္ဍလီ သတို့သား၏ အမိသည် သားကိုကြည့်၍ ပုဏ္ဏား သင့်သားအား အနာရောဂါ သည် ဖြစ်ခဲ့၏၊ ထိုသူငယ်ကို ဆေးကုသပါလော့ ဟု ဆိုသော် အို ရှင်မ ဆေးသမားကို အကယ်၍ ခေါ်ဆောင် သည်ဖြစ်အံ့၊ ဆေးဘိုးဝါးခ ပေးရသည် ဖြစ်လတ္တံ့၊ သင်သည် ငါ၏ ဥစ္စာ ပစ္စည်း ပျက်စီးကုန်ခန်းခြင်းကို မကြည့်ရှုပြီလောဟု ဆို၏။
ထိုသို့ဆိုသောအခါ ပုဏ္ဏေးမသည် အို ပုဏ္ဏား ထိုသို့ ဆေးဆရာတို့ဖြင့် မကုသသည် ရှိသော် အသို့ပြုမည်နည်း ဟု မေး၏။ ငါ၏ ဥစ္စာပစ္စည်း ပျက်စီးကုန်ခန်းခြင်း မဖြစ်သော နည်းမျိုးဖြင့် ပြုမည်ဟု ဖြေဆိုလေ၏။
အဒိန္နပုဗ္ဗကပုဏ္ဏား ဆေးရှာခန်း
ထိုသို့ ဆိုပြီးလျှင် ထိုအဒိန္နပုဗ္ဗက ပုဏ္ဏားသည် ဆေးသမားတို့ အထံသို့ သွား၍ အသင်တို့သည် ဤမည်သော အနာရောဂါအား အဘယ်သို့သော ဆေးကို ပြုကြကုန်သနည်းဟု မေး၏။ ထိုအခါ ၎င်းပုဏ္ဏားအား ဆေးသမားတို့သည် ဟုတ်ဟုတ် ငြားငြား (တော်စွာ လျော်စွာ) သစ်ခေါက် သစ်ရွက် စသည်တို့ကို ပြောကြားကုန်၏။
ထိုအဒိန္နပုဗ္ဗက ပုဏ္ဏားသည် ဆေးသမားတို့ ပြောကြားအပ်သော ထိုသစ်ခေါက် သစ်ရွက် စသည်တို့ကို ဆောင်၍ မဋ္ဌကုဏ္ဍလီ သတို့သားအား ဆေးကု၏။ ဆေးကုခြင်းကိုပြုစဉ်ပင် ထိုသတို့သား၏ ရောဂါသည် တိုးပွား အားကြီး၍သာ လာသဖြင့် ဆေးကုမရသော အဖြစ်သို့ ရောက်လေ၏။
ဆေးသမား ခေါ်ခြင်း
ပုဏ္ဏားသည် ထိုမဋ္ဌကုဏ္ဍလီ သတို့သား၏ အားနည်းသည့် အဖြစ်ကို သိ၍ ဆေးသမား တယောက်ကို ခေါ်၏။ ထိုဆေးသမားသည် သတို့သားကိုကြည့်၍ သာလျှင် ငါတို့အား တခုသော ကိစ္စသည် ရှိ၏။ တပါးသော ဆေးသမားကိုသာ ခေါ်၍ ကုစေပါလော့ဟု ဆို၍ လူနာသတို့သားကို ပယ်စွန့်လျက် (ဆေးဆရာ လက်လွှတ်သည် ဟူလို။) ထွက်သွားလေ၏။
ပုဏ္ဏားသည် ထိုသတို့သား၏ သေအံ့သောအဖြစ်ကို သိ၍ ဤသူငယ်ကို ကြည့်ရှုခြင်းငှါ လာကုန်သော သူတို့သည် ငါ၏ အိမ်အတွင်း၌ရှိသော ဥစ္စာနှစ်ကို တွေ့မြင်ကုန်လတ္တံ့၊ သူငယ်ကို အပသို့ ထုတ်အံ့ဟု ကြံပြီးလျှင် သားကို ထုတ်၍ အိမ်ဦး အပြင်ပ၌ အိပ်စေ၏။
မြတ်စွာဘုရားသည် လောကကို ကြည့်ရှုတော်မူခြင်း
ထိုနေ့၌ မြတ်စွာဘုရားသည် အလွန်စောသော နံနက် အချိန်၌ မဟာကရုဏာ သမာပတ်မှ ထတော်မူ၍ ရှေးဘုရားတို့၌ ပြုအပ်သော ကောင်းမှု ရှိကုန်သော ပြန့်ပြောသော ကုသိုလ်လျှင် အရင်းရှိကုန်သော ကျွတ်ထိုက်သော ပုဂ္ဂိုလ်တို့ကို ရှုမြင်ခြင်း အကျိုးငှါ ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်ရှုတော် မူလိုသည်ဖြစ်၍ တသောင်းသော စကြဝဠာတိုက်တို့၌ သဗ္ဗညုတ ဉာဏ်တော် တည်းဟူသော ကွန်ယက်ကို ဖြန့်တော်မူ၏။ ထိုအခါ မဋ္ဌကုဏ္ဍလီ သတို့သားသည် အိမ်ဦး အပြင်ပ၌ အိပ်သော အခြင်းအရာဖြင့်သာလျှင် ထိုသဗ္ဗညုတ ဉာဏ်တော် အတွင်း၌ ထင်လေ၏။
ဘုရားရှင်သည် မဋ္ဌကုဏ္ဍလီ သတို့သားကို မြင်တော်မူ၍ ထိုသတို့သားကို အိမ်အတွင်းမှ ထုတ်လျက် ထိုအိမ်ဦး အပြင်ပ၌ အိပ်စေသည့် အဖြစ်ကို သိတော်မူ၍ ဤ မဋ္ဌကုဏ္ဍလီ သတို့သားရှိရာ အရပ်သို့ ငါဘုရား ကြွသွားခြင်းကြောင့် အကျိုး ရှိလတ္တံ့လော ဟု စူးစမ်း ဆင်ခြင်တော် မူသည်ရှိသော် ဤအကြောင်းကို မြင်တော်မူ၏။
ဘုရားမြင်တော်မူပုံ
ဤလုလင်သည် ငါ၌ စိတ်ကို ကြည်ညိုစေလျက် စုတေခြင်းကိုပြု၍ တာဝတိံသာ နတ်ပြည်၌ ယူဇနာ သုံးဆယ်ရှိသော ရွှေဗိမာန်ဝယ် နတ်သ္မီး တထောင် ခြံရံလျက် နတ်သားဖြစ်လတ္တံ့။ ပုဏ္ဏားသည်လည်း ထိုမဋ္ဌကုဏ္ဍလီကို ဖုတ်ကြည်း သင်္ဂြိုဟ် ပြီးနောက် ငိုလျက် သင်းချိုင်းသို့သာလျှင် လှည့်လည် သွားလာလတ္တံ့။
နတ်သားသည် လှည်းခြောက်ဆယ်တိုက် ဝန်ရှိသော တန်ဆာဖြင့် တန်ဆာ ဆင်လျက် နတ်သ္မီး တထောင် ခြံရံသော သုံးဂါဝုတ်ပမာဏရှိသော အတ္တဘောကို ကြည့်လျက် အဘယ် ကောင်းမှုကြောင့် ငါသည် ဤကျက်သရေ စည်းစိမ် ချမ်းသာကို ရသနည်းဟု ကြည့်လတ်သော် ငါဘုရား၌ စိတ်ကို ကြည်ညိုစေသဖြင့် ရသည့်အဖြစ်ကို သိလျှင် ဤပုဏ္ဏားသည် ဥစ္စာပျက်အံ့သည်မှ ကြောက်သောကြောင့် ငါ့အား ဆေးမကုမူ၍ ယခုအခါ၌မူ နေ့တိုင်း သင်းချိုင်းသို့သွားလျက် ငို၏။
ထိုပုဏ္ဏားကို ဖောက်ပြန်ခြင်းသို့ ရောက်အောင် ပြုအံ့ဟု ကြံ၍ အဘ ငိုကြွေးစဉ်ပင် မဋ္ဌကုဏ္ဍလီ အသွင်ဖြင့် လာလျက် သင်းချိုင်း၏ မနီးမဝေးသော အရပ်၌ အိပ်၍ ငိုလတ္တံ့။ ထိုသို့ ငိုသောအခါ မဋ္ဌကုဏ္ဍလီ နတ်သားကို ပုဏ္ဏားသည် သင်ကား အသူနည်းဟု မေးလတ္တံ့။ ငါသည် သင်ပုဏ္ဏား၏ သားဖြစ်သော မဋ္ဌကုဏ္ဍလီဟု ပြောကြားလတ္တံ့။ အဘယ်အရပ်၌ ဖြစ်သနည်းဟု ပေးသည်ရှိသော် တာဝတိံသာ နတ်ပြည်၌ ဖြစ်၏ဟု ပြောကြားလတ္တံ့။ အဘယ်ကောင်းမှုကို ပြု၍ ဖြစ်သနည်းဟု မေးသည်ရှိသော် ငါဘုရား၌ စိတ်ကို ကြည်ညိုစသဖြင့် ဖြစ်ကြောင်းကို ပြောကြား လတ္တံ့။
ပုဏ္ဏားသည် အသင်တို့၌ စိတ်ကို ကြည်ညိုစေ၍ နတ်ပြည်၌ ဖြစ်သောသူ မည်သည် ရှိပါသလောဟု ငါဘုရားကို မေးလျှောက်လတ္တံ့။ ထိုသို့ မေးလျှောက်သောအခါ ပုဏ္ဏားအား ငါဘုရားသည် ဤမျှအရာ ဤမျှအထောင်, ဤမျှအသိန်းဟု တွက်ကိန်း များစွာ ရေတွက် ပိုင်းခြားခြင်းငှါ မတတ်ကောင်းဟု မိန့်တော်မူ၍ ဓမ္မပဒ၌ ဂါထာကို ဟောရလတ္တံ့။
ဂါထာ၏ အဆုံး၌ ရှစ်သောင်း လေးထောင်သောသတ္တဝါတို့အား အကျွတ်တရားကို ရခြင်း ဖြစ်ပေလတ္တံ့။ မဋ္ဌကုဏ္ဍလီနတ်သားနှင့် အဒိန္နပုဗ္ဗက ပုဏ္ဏားတို့ သောတာပန် တည်သည် ဖြစ်ကုန်လတ္တံ့။ ဤ အမျိုးသား တယောက်ကို မှီ၍ များစွာသောသူတို့၏ တရားသိခြင်း ဖြစ်လတ္တံ့ဟု မြင်တော်မူ၏။
မဋ္ဌကုဏ္ဍလီ အိမ်တံခါးဝသို့ ဘုရားကြွပြီး ရောင်ခြည်တော် လွှတ်၍ ကယ်တင်ပုံ
ထိုသို့ မြင်တော်မူ၍ တဖန် မိုးသောက် ရောက်သောအခါ ကိုယ်လက်တော် သုတ်သင်ပြီးလျှင် များစွာသော ရဟန်း သံဃာတော်အပေါင်း ခြံရံလျက် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်တော်မူသဖြင့် အစဉ်အတိုင်း ပုဏ္ဏား၏ အိမ်တံခါးဝသို့ ရောက်တော်မူလေ၏။ ထိုခဏ၌ မဋ္ဌကုဏ္ဍလီသည် အိမ်တွင်းသို့ ရှေးရှု မျက်နှာ မူလျက် လျောင်းစက် အိပ်နေလေ၏။
ထိုအခါ မြတ်စွာဘုရားသည် ကိုယ်တော်အား မမြင်စွမ်းနိုင်သည့် အဖြစ်ကို သိတော်မူ၍ တခုသော ရောင်ခြည်တော်ကို လွှတ်တော်မူ၏။ လုလင်သည် ဤ အရောင်ကား အဘယ်အရောင် ဖြစ်သနည်းဟု ပြန်လှည့်၍ လျောင်းလျက်ပင် ကြည့်ရှုလေသော် မြတ်စွာဘုရားကို ဖူးမြင်ရ၍ မိုက်လှစွာသော အဘကြောင့် ဤသို့ သဘောရှိသော မြတ်စွာဘုရားသို့ ဆည်းကပ်လျက် ကိုယ်ဖြင့် ပြုအပ်သော (ဝေယျာဝစ္စ) အမှုကို ပြုခြင်းငှါ၎င်း၊ အလှူပေးခြင်းငှါ၎င်း၊ တရား နာခြင်းငှါ၎င်း အခွင့်မရပြီ။ ယခုအခါ ငါ၏ လက်ကိုပင် အစိုးမရ၊ တပါးသော ပြုဖွယ်ကိစ္စ မရှိဟု ရည်မှန်းလျက် စိတ်ဖြင့်သာလျှင် ကြည်ညိုခြင်းကို ဖြစ်စေ၏။
မြတ်စွာဘုရားသည် ဤမျှလောက်သော စိတ်၏ ကြည်ညိုခြင်းကို ဖြစ်စေကာမျှဖြင့် ဤ မဋ္ဌကုဏ္ဍလီ သတို့သားအား တော်သင့်ပြီဟု ဖဲကြွတော်မူ၏။ ထို မဋ္ဌကုဏ္ဍလီ သတို့သားသည် မြတ်စွာဘုရား ကြွသွားသော အခါ မျက်စိမြင်ရာ ဌာနကိုလွန်လျှင် ကြည်ညိုသောစိတ် ရှိသည်ဖြစ်လျက် စုတေမနေ သေလွန်သည် ရှိသော် အိပ်ပျော် ရာမှ နိုးသော ယောကျ်ားကဲ့သို့ နတ်ပြည်၌ ယူဇနာ သုံးဆယ် ရှိသော ရွှေဗိမာန်တွင် ဖြစ်လေ၏။
သင်းချိုင်း၌ ပုဏ္ဏားနှင့် နတ်သားတွေ့ခြင်း
ပုဏ္ဏားသည်လည်း မဋ္ဌကုဏ္ဍလီ သတို့သား အလောင်းကို ဖုတ်ကြည်း သင်္ဂြိုဟ်ပြီးလျှင် သင်းချိုင်း၌ ငိုကြွေး၍ချည်းသာ နေ၏။ နေ့တိုင်း သင်းချိုင်းသို့ သွား၍ “တယောက်တည်းသော ငါ့သားချစ် အဘယ်မှာ နေသနည်း၊ တယောက်တည်းသော ငါ့သားချစ် အဘယ်မှာ နေသနည်း”ဟု ငိုကြွေး၏။ မဋ္ဌကုဏ္ဍလီ နတ်သား သည်လည်း မိမိစည်းစိမ် ချမ်းသာကို ကြည့်၍ အဘယ် ကောင်းမှုကြောင့် ငါ့အား ဤစည်းစိမ် ချမ်းသာကို ရအပ်သနည်းဟု စူးစမ်း ဆင်ခြင်သည်ရှိသော် မြတ်စွာဘုရား၌ စိတ်ကို ကြည်ညိုစေခြင်းဖြင့် ရအပ်၏ဟု သိ၍ ဤပုဏ္ဏားသည် ငါမချမ်းသာသောကာလ ဆေးမျှ မကုသဘဲလျက် ယခု အခါ သင်းချိုင်းသို့ သွား၍ ငိုကြွေး၏။
ထို ပုဏ္ဏားကို ဖောက်ပြန်ခြင်းသို့ ရောက်အောင် ပြုခြင်းငှါ သင့်၏ဟု မဋ္ဌကုဏ္ဍလီ လုလင်အသွင်ဖြင့် လာ၍ သင်းချိုင်း၏ မနီးမဝေးသော အရပ်၌ လက်တို့ကို မြှောက်ချီလျက် ငိုကြွေးကာ နေ၏။ ပုဏ္ဏားသည် ထိုမဋ္ဌကုဏ္ဍလီ နတ်သားကို မြင်လျှင် ငါကား သား၏ စိုးရိမ်ခြင်းဖြင့် ငိုကြွေး၏၊ ဤသူကား အဘယ် အကြောင်းကြောင့် ငိုကြွေးသနည်း၊ ထိုသူကို မေးအံ့ဟု ကြံလျက် ဤဂါထာကို ဆို၏။
အလင်္ကတော မဋ္ဌကုဏ္ဍလီ၊
မာလဓာရီ ဟရိစန္ဒနုဿဒေါ။
ဗာဟာ ပဂ္ဂယှ ကန္ဒသိ၊
ဝနမဇ္ဈေ ကိံ ဒုက္ခိတော တုဝံ။
မဋ္ဌကုဏ္ဍလီ၊ ပြေပြစ် ပြောင်ချောသော နားဍောင်းကို ဝတ်လေ့ရှိထသော။ အလင်္ကတော၊ တန်ဆာဆင်လေ့ ရှိထသော။ မာလဓာရီ၊ အထူးထူးသော ပန်းကို ဆင်မြန်း ပန်ဆင်လေ့ ရှိထသော။ ဟရိစန္ဒနုဿဒေါ၊ စန္ဒကူးရွှေကို လိမ်းကျံခြင်း ရှိထသော။ တုဝံ၊ သင်သည်။ ဗာဟာ၊ လက်ကို့ကို။ ပဂ္ဂယှ၊ မြှောက်ချီ၍ ။ ဝနမဇ္ဈေ၊ တောကြီးအလယ်၌။ ကန္ဒသိ၊ ငိုကြွေး၏။ ကိံ ဒုက္ခိတော၊ အဘယ်ဆင်းရဲဖြင့် နှိပ်စက်သနည်း။
ထိုအခါ မဋ္ဌကုဏ္ဍလီ နတ်သားသည် ဤဂါထာဖြင့် ဖြေ၏။
သောဝဏ္ဏမယော ပဘဿရော၊
ဥပ္ပန္နော ရထပဉ္ဇရော မမ။
တဿ စက္ကယုဂံ န ဝိန္ဒာမိ၊
တေန ဒုက္ခေန ဇဟိဿာမိ ဇီဝိတံ။
သောဝဏ္ဏမယော၊ ရွှေဖြင့် ပြီးသည်လည်း ဖြစ်ထသော။ ပဘဿရော၊ ပြိုးပြိုးပြက်ပြက် တခဲနက် ထွက်သော အရောင်လည်း ရှိထသော။ မမ၊ ငါ၏။ ရထပဉ္ဇရော ရထားလှည်းအိမ်သည်။ ဥပ္ပန္နော၊ ဖြစ်ပြီ။ ဝါ၊ ရှိခဲ့ပါ၏။ တဿ၊ ထိုရထားလှည်းအိမ်အား။ အနုရူပံ၊ လျောက်ပတ်သော။ စက္ကယုဂံ၊ လှည်းဘီးအစုံကို။ န ဝိန္ဒာမိ၊ မရ။ တေန ဒုက္ခေန၊ ထိုဆင်းရဲကြောင့်။ ဇီဝိတံ၊ အသက်ကို။ ဇဟိဿာမိ၊ စွန့်ရပေတော့အံ့။
ထိုနောက်မှ မဋ္ဌကုဏ္ဍလီ နတ်သားကို ပုဏ္ဏားသည် ဤ ဂါထာဖြင့် ပြောကြား၏။
သောဝဏ္ဏမယံ မဏိမယံ၊
လောဟမယံ အထ ရူပိယမယံ။
အာစိက္ခ မေ တွံ ဘဒ္ဒ မာဏဝ၊
စက္ကယုဂံ ပဋိလဘိဿာမိ တေ။
သောဝဏ္ဏမယံ၊ ရွှေဖြင့်လည်း ပြီးထသော။ မဏိမယံ၊ ပတ္တမြားဖြင့်လည်း ပြီးထသော။ လောဟမယံ၊ ကြေးဖြင့်လည်း ပြီးထသော။ အထ၊ ထိုမျှို့။ ရူပိယမယံ၊ ငွေဖြင့်လည်း ပြီးထသော။ စက္ကယုဂံ၊ လှည်းဘီး အစုံကို။ တေ၊ သင့်အား။ ပဋိလဘိဿာမိ၊ ရစေအံ့။ ဘဒ္ဒ မာဏဝ၊ ကောင်းသော လုလင်။ တွံ၊ သင်သည်။ မေ၊ ငါ့အား။ အာစိက္ခ၊ ပြောကြားလော့။
ထိုစကားကို ကြား၍ လုလင်သည် ဤပုဏ္ဏားကား သားအား ဆေးမကုမူ၍ သားနှင့် အသွင်တူသော ငါ့ကိုမြင်လျှင် ငိုကြွေးလျက် ရွှေအစရှိသည်တို့ဖြင့် ပြီးသော ရထားလှည်းဘီးကို ပြုအံ့ဟု ဆို၏။ ထိုသို့ ဆိုသည်မူလည်း ဖြစ်စေ၊ ထိုပုဏ္ဏားကို နှိပ်ဦးအံ့ဟုကြံ၍ ငါ့အား အဘယ်မျှလောက် ကြီးစွာသော ရထား လှည်းဘီးကို ပြုအံ့နည်းဟု မေးလျှင် သင်အလိုရှိသလောက် ကြီးစွာသော လှည်းဘီးအစုံကို ပြုအံ့ ဟု ဆိုသည်ရှိသော် ငါ့အား လ, နေ တို့ဖြင့် အလိုရှိ၏။ ထို လ,နေတို့ကို ငါ့အား ပေးလော့ဟု တောင်းဆိုလေ၏။
သော မာဏဝေါ တဿ ပါဝဒိ၊
စန္ဒိမသူရိယာ ဥဘယေတ္ထ ဘာတရော။
သောဝဏ္ဏမယော ရထော မမ၊
တေန စက္ကယုဂေန သောဘတိ။
ဧတ္ထ၊ ဤကောင်းကင်၌။ ဘာတရော၊ ညီနောင်လည်း ဖြစ်ကုန်ထသော။ ဥဘယာ၊ နှစ်ပါးစုံလည်း ဖြစ်ကုန်ထသော။ စန္ဒိမသူရိယာ၊ လ,နေတို့သည်။ သန္တိ၊ ထင်ရှားရှိကုန်၏။ တေန စက္ကယုဂေန၊ ထိုလ,နေ ဟူသော လှည်းဘီးအစုံဖြင့်။ မမ၊ ငါ၏။ သောဝဏ္ဏမယော၊ ရွှေဖြင့်ပြီးသော။ ရထော၊ ရထားသည်။ သောဘတိ၊ တင့်တယ်၏။ ဣတိ၊ ဤသို့။ သော မာဏဝေါ၊ ထိုလုလင်သည်။ တဿ၊ ထို အဒိန္နပုဗ္ဗက ပုဏ္ဏားအား။ ပါဝဒိ၊ ပြောကြားပြီ။
ထိုသို့တောင်းဆိုသောအခါ မဋ္ဌကုဏ္ဍလီနတ်သားကို ပုဏ္ဏားသည် ဤဂါထာဖြင့် ပြောပြန်၏။
ဗာလော ခေါ တွံသိ မာဏဝ၊
ယော တွံ ပတ္ထယသိ အပတ္ထိယံ။
မညာမိ တုဝံ မရိဿသိ၊
န ဟိ တွံ လစ္ဆသိ စန္ဒိမသူရိယေ။
မာဏာ၊ လုလင်။ တွံ၊ သင်ကား။ ခေါ၊ စင်စစ်။ ဗာလော၊ မလိမ္မာသည်။ အသိ၊ ဖြစ်၏။ ယော တွံ၊ အကြင်သင်သည်။ အပတ္ထိယံ၊ မတောင့်တအပ်သည်ကို။ ပတ္ထယသိ မညာမိ၊ တောင့်တ၏ဟူ၍ ထင်၏။ ဟိ၊ ထိုစကားမှန်၏။ တုဝံ၊ သင်သည်။ မရိဿသိ၊ သေသော်လည်း သေလတ္တံ့။ တွံ၊ သင်သည်။ စန္ဒိမသူရိယေ၊ လ နေတို့ကို။ န လစ္ဆသိ မညာမိ၊ မရလတ္တံ့ ဟူ၍ ထင်၏။
ထိုအခါ ပုဏ္ဏားကို လုလင်သည် ထင်ရှားရှိသော ဝတ္ထုကို လိုချင်သောကြောင့် ငိုကြွေးသောသူသည် မိုက်သလော၊ ထိုသို့မဟုတ်မူကား ထင်ရှားမရှိသော ဝတ္ထုကို လိုချင်သောကြောင့် ငိုကြွေးသော သူသည် မိုက်သလောဟု ဆို၍ မေးလိုရကား ဤဂါထာကို ဆို၏။
ဂမနာဂမနမ္ပိ ဒိဿတိ၊
ဝဏ္ဏဓာတု ဥဘယတ္ထ ဝီထိယာ။
ပုတ္တော ပန ကာလင်္ကတော န ဒိဿတိ၊
ကောနိဓ ကန္ဒတံ ဗာလတရော။
ဥဘယတ္ထ ဝီထိယာ၊ နှစ်ပါးသော အတွင်း, အပ ခရီး၌။ ဂမနာဂမနမ္ပိ၊ သွားခြင်း, လာခြင်း (ဝင်ခြင်း, ထွက်ခြင်း) ကိုလည်း။ ဒိဿတိ၊ မြင်အပ်၏။ ဝဏ္ဏဓာတုပိ၊ လ, နေတို့၏ အဆင်းကိုလည်း။ ဒိဿတိ၊ မြင်အပ်၏။ ကာလင်္ကတော၊ သေသော။ ပုတ္တော ပန၊ သားကိုကား။ န ဒိဿတိ၊ မမြင်အပ်။ ဣဓ၊ ဤသင်းချိုင်း၌။ ကန္ဒတံ-ကန္ဒန္တာနံ၊ ငိုကြွေးသောသူ နှစ်ယောက်တို့တွင်။ ကော၊ အဘယ်သူသည်။ ဗာလတရော၊ လွန်စွာမိုက်သနည်း။
ထိုစကားကို ကြား၍ ပုဏ္ဏားသည် ဤလုလင်ကား သင့်လျော်သည်ကိုသာ ဆို၏ဟု မှတ်သား၍ ဤဂါထာကို ဆို၏။
သစ္စံ ခေါ တွံ ဝဒေသိ မာဏဝ၊
အဟမေဝ ကန္ဒတံ ဗာလတရော။
စန္ဒံ ဝိယ ဒါရကော ရုဒံ၊
ပုတ္တံ ကာလင်္ကတာ ဘိပတ္ထယေ။
မာဏဝ၊ လုလင်။ တွံ၊ သင်သည်။ သစ္စံ ခေါ၊ မှန်သည်ကိုသာ။ ဝဒေသိ၊ ဆို၏။ ဒါရကော၊ သူငယ်သည်။ ရုဒံ-ရုဒန္တော၊ ငိုကြွေးလျက်။ စန္ဒံ၊ လ, ကို။ အဘိပတ္ထယေ ဝိယ၊ တောင့်တသကဲ့သို့။ အဟံ၊ ငါသည်။ ကာလင်္ကတံ၊ သေသော။ ပုတ္တံ၊ သားကို။ အဘိပတ္ထယေ၊ တောင့်တမိ၏။ ကန္ဒတံ-ကန္ဒန္တာနံ၊ ငိုကြွေးသောသူ နှစ်ယောက်တို့တွင်။ အဟမေဝ၊ ငါသည်သာလျှင်။ တရော၊ မိုက်လှစွာ၏။
လုလင် သင်ကား မှန်သောစကားကို ဆိုပေ၏၊ သင်သည် လ, နေတို့ကို တောင့်တ၍ ငို၏၊ ငါသည် သေသောသားကို တောင့်တ၍ ငို၏၊ ထိုငိုသောသူ နှစ်ယောက်တို့တွင် ငါသည်သာလျှင် လွန်စွာ မိုက်၏ဟု ဆိုပြီးလျှင် ထိုလုလင်၏ စကားကြောင့် စိုးရိမ်ခြင်း ကင်းသည်ဖြစ်၍ ထိုလုလင်အား ကောင်းချီး ပေးလိုရကား ဤ သုံးဂါထာ တို့ကို ဆို၏။
အာဒိတ္တံ ဝတ မံ သန္တံ၊ ဃတသိတ္တံဝ ပါဝကံ။
ဝါရိနာ ဝိယ ဩသိဉ္စိ၊ သဗ္ဗံ နိဗ္ဗာပယေ ဒရံ။
အဗ္ဗူဠှံ ဝတ မေ သလ္လံ၊ သောကံ ဟဒယနိဿိတံ။
ယော မေ သောကပရေတဿ၊ ပုတ္တသောကံ အပါနုဒိ။
သွာဟံ အဗ္ဗူဠှသလ္လောသ္မိ၊ သီတိဘူတောသ္မိ နိဗ္ဗုတော။
န သောစာမိ န ရောဒါမိ၊ တဝ သုတွာန မာဏဝ။
ဃတသိတ္တံ၊ ထောပတ်ဖြင့် သွန်းလောင်းအပ်သော။ ပါဝကံ၊ မီးကို။ ဝါရိနာ၊ ရေဖြင့်။ ဩသိဉ္စိ ဝိယ-ဩသိဉ္စိတွာ နိဗ္ဗာပေသိ ဣဝ၊ သွန်းလောင်း၍ ငြိမ်းစေဘိသကဲ့သို့။ ဧဝံ၊ ဤအတူ။ တွံ၊ သင်သည်။ အာဒိတ္တံ၊ သောကမီး လောင်သည်။ သန္တံ၊ ဖြစ်သော။ မံ၊ ငါ့ကို။ ဝတ၊ စင်စစ်။ နိဗ္ဗာပယေ၊ ငြိမ်းစေပြီ။ သဗ္ဗံ ဒရံ၊ စိတ်ကို ပူပန်စေတတ်သော အလုံးစုံသော သောကကို။ နိဗ္ဗာပယေ၊ ငြိမ်းစေပြီ။
ယော တွံ၊ အကြင်သင်သည်။ သောကပရေတဿ၊ စိုးရိမ်ခြင်းဖြင့် နှိပ်စက်အပ်သော။ မေ၊ ငါ၏။ ပုတ္တသောကံ၊ သား၌ စိုးရိမ်ခြင်းကို။ အပါနုဒိ၊ ပယ်နုတ်ပြီ။ တေန တယာ၊ ထိုသင်သည်။ မေ-မမ၊ ငါ၏။ ဟဒယနိဿိတံ၊ နှလုံးသားကို မှီ၍ ဖြစ်သော။ သလ္လံ၊ ငြောင့်ဟူသော။ သောကံ၊ စိုးရိမ်ခြင်းကို။ ဝတ၊ စင်စစ်။ အဗ္ဗူဠှံ၊ နုတ်အပ်ပေပြီ။
မာဏဝ၊ လုလင်။ တဝ၊ သင်၏။ ဝစနံ၊ စကားကို။ သုတွာန၊ ကြားသောကြောင့်။ သွာဟံ-သောအဟံ၊ ထိုငါသည်။ အဗ္ဗူဠှသလ္လော၊ နုတ်အပ်ပြီးသော ငြောင့်ရှိသည်။ အသ္မိ၊ ဖြစ်၏။ သီတိဘူတော၊ ချမ်းအေးစွာ ဖြစ်ခြင်း ရှိသည်။ အသ္မိ၊ ဖြစ်၏။ နိဗ္ဗုတော၊ ငြိမ်းသည်။ အသ္မိ၊ ဖြစ်၏။ န သောစာမိ၊ မစိုးရိမ်တော့အံ့။ န ရောဒါမိ၊ မငိုကြွေးတော့အံ့။
ထိုအခါ လုလင်ကို သင်ကား အဘယ် မည်သောသူ ဖြစ်သနည်းဟု မေးမြန်း လိုသည်ဖြစ်၍ ဤဂါထာကို ဆို၏။
ဒေဝတာနုသိ ဂန္ဓဗ္ဗော၊ အဒု သက္ကော ပုရိန္ဒဒေါ။
ကော ဝါ တွံ ကဿ ဝါ ပုတ္တော၊ ကထံ ဇာနေမု တံ မယံ။
မာဏဝ၊ လုလင်။ တွံ၊ သင်သည်။ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗ အမည်ရှိသော။ ဒေဝတာ၊ နတ်သည်။ အသိ နု၊ ဖြစ်သလော။ အဒု၊ ထိုမျှို့။ ပုရိန္ဒဒေါ၊ ရှေး၌ အလှူပေးဖူးသော။ သက္ကော၊ သိကြားမင်းသည်။ အသိ နု၊ ဖြစ်သလော။ ကော ဝါ၊ အဘယ်သူနည်း။ တွံ၊ သင်သည်။ ကဿ ဝါ၊ အဘယ်သူ၏လည်း။ ပုတ္တော၊ သားနည်း။ ကထံ၊ အဘယ်သို့သော အကြောင်းကြောင့်။ တံ၊ သင် လုလင်ကို။ မယံ၊ ငါတို့သည်။ ဇာနေမု၊ သိရကုန်အံ့နည်း။
ထိုအခါ လုလင်သည် ပုဏ္ဏားအား ဖြေကြားလိုသည်ဖြစ်၍ ဤဂါထာကိုဆို၏။
ယဉ္စ ကန္ဒသိ ယဉ္စ ရောဒသိ၊
ပုတ္တံ အာဠဟနေ သယံ ဍယှိတွာ။
သွာဟံ ကုသလံ ကရိတွာန ကမ္မံ၊
တိဒသာနံ သဟဗျတံ ပတ္တော။
အာဠဟနေ၊ သုသာန်သင်းချိုင်း၌။ သယံ၊ ကိုယ်တိုင်။ ဍယှိတွာ၊ ဖုတ်ကြည်း သင်္ဂြိုဟ်ခဲ့ပြီး၍။ ယဉ္စ ပုတ္တံ၊ အကြင် သားကိုလည်း။ ကန္ဒသိ၊ ငိုမြည်တမ်းတ၏။ ယဉ္စ ပုတ္တံ၊ အကြင်သားကိုလည်း။ ရောဒသိ၊ ရည်မှန်းပူဆွေး ငိုကြွေး၏။ သွာဟံ-သော အဟံ၊ သင်၏သားဖြစ်သော ထိုငါသည်။ ကုသလံ ကမ္မံ၊ ကုသိုလ်ကောင်းမှုကို။ ကရိတွာန၊ ပြု၍။ တိဒသာနံ၊ တာဝတိံသာ နတ်တို့၏။ သဟဗျတံ၊ အပေါင်းအဖော်၏ အဖြစ်သို့။ ပတ္တော၊ ရောက်၏။
ထိုအခါ ပုဏ္ဏားသည် လုလင်ကို ဤဂါထာဖြင့် ဆို၏။
အပ္ပံ ဝါ ဗဟုံ ဝါ န ပဿာမိ၊
ဒါနံ ဒဒန္တဿ သကေ အဂါရေ။
ဥပေါသထကမ္မံ ဝါ နတ္ထိ တာဒိသံ၊
တေန ကမ္မေန ဂတောသိ ဒေဝလောကံ။
သကေ အဂါရေ၊ မိမိအိမ်၌။ အပ္ပံ ဝါ၊ အနည်းငယ်လည်း ဖြစ်ထသော။ ဗဟုံ ဝါ၊ များသည်လည်းဖြစ်ထသော။ ဒါနံ၊ အလှူကို။ ဒဒန္တဿ၊ ပေးလှူသည်ကို။ န ပဿာမိ၊ ငါမမြင်။ တာဒိသံ၊ ထိုသို့သဘောရှိသော။ ဥပေါသထကမ္မံ၊ ဥပုသ် သုံးခြင်းသည်လည်း။ နတ္ထိ၊ မရှိ။ ကေန ကမ္မေန၊ အဘယ် ကောင်းမှုကြောင့်။ ဒေဝလောကံ၊ နတ်ပြည်သို့။ ဂတော၊ ရောက်သည်။ အသိ၊ ဖြစ်သနည်း။
ထိုအခါ လုလင်သည် ဤဂါထာတို့ဖြင့် ဖြေဆို၏။
အာဗာဓိကောဟံ ဒုခိတော ဂိလာနော၊
အာတုရရူပေါမှိ သကေ နိဝေသနေ။
ဗုဒ္ဓံ ဝိဂတရဇံ ဝိတိဏ္ဏကင်္ခံ၊
အဒ္ဒက္ခိံ သုဂတံ အနောမပညံ။
သွာဟံ ပမုဒိတမနော ပသန္နစိတ္တော၊
အဉ္ဇလိံ အကရိံ တထာဂတဿ။
သွာဟံ ကုသလံ ကရိတွာန ကမ္မံ၊
တိဒသာနံ သဟဗျတံ ပတ္တော။
အဟံ၊ ငါသည်။ သကေ နိဝေသနေ၊ မိမိအိမ်၌။ အာဗာဓိကော၊ ရောဂါ နှိပ်စက်သည်ဖြစ်၍။ ဒုက္ခိတော၊ ဆင်းရဲလျက်။ အာတုရရူပေါ၊ နာကျင်သော သဘောရှိလျက်။ ဂိလာနော၊ နာသည်။ အမှိ၊ ဖြစ်၏။ (တဒါ၊ ထိုအခါ၌။) ဝိဂတရဇံ၊ ကင်းသော ကိလေသာ ဟူသော မြူရှိထသော။ ဝိတိဏ္ဏကင်္ခံ၊ အထူးသဖြင့် ကူးမြောက်ပြီးသော ယုံမှားခြင်းရှိထသော။ သုဂတံ၊ကောင်းသော စကားကို ဆိုတော်မူတတ်သော။ အနောမပညံ၊ မနှိုင်းယှဉ်အပ် မြတ်သော ပညာ ရှိထသော။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ အဒ္ဒက္ခိံ၊ မြင်ပြီ။
သွာဟံ သော အဟံ၊ ထို ငါသည်။ ပမုဒိတမနော၊ ဝမ်းမြောက်သောစိတ် ရှိသည်ဖြစ်၍။ ပသန္နစိတ္တော၊ ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍။ တထာဂတဿ၊ မြတ်စွာဘုရားအား။ အဉ္ဇလိံ၊ လက်အုပ်ကို။ အကရိံ၊ ချီပြီ။ သွာဟံ-သော အဟံ၊ ထိုငါသည်။ ကုသလံ ကမ္မံ၊ ဤသို့သော ကုသိုလ်ကောင်းမှုကို။ ကရိတွာန၊ ပြု၍။ တိဒသာနံ၊ တာဝတိံသာ နတ်တို့၏။ သဟဗျတံ၊ အပေါင်းအဖော် အဖြစ်သို့။ ပတ္တော၊ ရောက်၏။
ထိုသို့ လုလင် ဖြေဆိုလတ်သည်ရှိသော် ပုဏ္ဏား၏ ကိုယ်အလုံးသည် နှစ်သက်ခြင်း ပီတိဖြင့် ပြည့်သည်ဖြစ်၍ ထိုနှစ်သက်ခြင်း ပီတိကို ပြောကြားလိုရကား ဤဂါထာကို ဆို၏။
အစ္ဆရိယံ ဝတ အဗ္ဘုတံ ဝတ၊
အဉ္ဇလိကမ္မဿ အယမီဒိသော ဝိပါကော။
အဟမ္ပိ ပမုဒိတမနော ပသန္နစိတ္တော၊
အဇ္ဇေဝ ဗုဒ္ဓံ သရဏံ ဝဇာမိ။
အစ္ဆရိယံ ဝတ၊ အံ့ဖွယ် ရှိစွတကား။ အဗ္ဘုတံ ဝတ၊ မဖြစ်ဖူးမြဲ ဖြစ်စွတကား။ အဉ္ဇလိကမ္မဿ၊ လက်အုပ်ချီခြင်းအမှု၏။ ဤဒိသော၊ ဤသို့သဘော ရှိသော။ အယံ ဝိပါကော၊ ဤအကျိုးသည်။ ဟောတိ၊ ဖြစ်၏။ အဟမ္ပိ၊ ငါသည်လည်း။ ပမုဒိတမနော၊ ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍။ ပသန္နစိတ္တော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ-သရဏံ ဣတိ၊ ကိုးကွယ်ရာဟူ၍။ ဝဇာမိ၊ ဆည်းကပ် တော့အံ့။
ထိုအခါ ပုဏ္ဏားကို လုလင်သည် ဤသို့ ဆို၏။
အဇ္ဇေဝ ဗုဒ္ဓံ သရဏံ ဝဇာဟိ၊
ဓမ္မဉ္စ သံဃဉ္စ ပသန္နစိတ္တော။
တထေဝ သိက္ခာပဒါနိ ပဉ္စ၊
အခဏ္ဍာ သဗလာနိ သမာဒိယဿု။
ပါဏာတိပါတာ ဝိရမဿု ခိပ္ပံ၊
လောကေ အဒိန္နံ ပရိဝဇ္ဇယဿု။
အမဇ္ဇပေါ မာ စ မုသာ ဘဏာဟိ၊
သကေန ဒါရေန စ ဟောဟိ တုဋ္ဌော။
အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ပသန္နစိတ္တော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဝဇာဟိ၊ ဆည်းကပ်လေလော့။ ဓမ္မဉ္စ၊ တရားတော်ကို၎င်း။ သံဃဉ္စ၊ သံဃာတော်ကို၎င်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဝဇာဟိ၊ ဆည်းကပ်လေလော့။ တံထေဝ၊ ထို့အတူသာလျှင်။ ပဉ္စ သိက္ခာပဒါနိ၊ ငါးပါးသော သိက္ခာပုဒ်တို့ကို။ အခဏ္ဍာ သဗလာနိ၊ မကျိုး မပေါက် မကျား မပြောက်သည်တို့ကို။ ကတွာ၊ ပြု၍။ သမာဒိယဿု၊ ဆောက်တည်လေလော့။
ပါဏာတိပါတာ၊ သူ့အသက်ကို သတ်ခြင်းမှ။ ခိပ္ပံ၊ လျင်စွာ။ ဝိရမဿု၊ ရှောင်ကြဉ်လေလော့။ လောကေ၊ လောက၌။ အဒိန္နံ၊ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူတပါး ဥစ္စာကို။ ပရိဝဇ္ဇယဿု၊ ရှောင်ကြဉ်လေလော့။ အမဇ္ဇပေါ စ၊ သေအရက်ကို မသောက်သည်လည်း။ ဟောဟိ၊ ဖြစ်လော့။ မုသာ၊ ချွတ်ယွင်းသော စကားကို။ မာ စ ဘဏာဟိ၊ မဆိုလင့်။ သကေန ဒါရေန စ၊ မိမိမယားဖြင့်သာလျှင်။ တုဋ္ဌော၊ ရောင့်ရဲသည်။ ဟောဟိ၊ ဖြစ်လော့။
ထိုအခါ ပုဏ္ဏားသည် ကောင်းပြီဟု ဝန်ခံ၍ ဤဂါထာတို့ကို ဆို၏။
အတ္ထကာမောသိ မေ ယက္ခ၊ ဟိတကာမောသိ ဒေဝတေ။
ကရောမိ တုယှံ ဝစနံ၊ တွံသိ အာစရိယော မမ။
ဥပေမိ သရဏံ ဗုဒ္ဓံ၊ ဓမ္မဉ္စာပိ အနုတ္တရံ။
သံဃဉ္စ နရဒေဝဿ၊ ဂစ္ဆာမိ သရဏံ အဟံ။
ပါဏာတိပါတာ ဝိရမာမိ ခိပ္ပံ၊ လောကေ အဒိန္နံ ပရိဝဇ္ဇယာမိ။
အမဇ္ဇပေါနော စ မုသာ ဘဏာမိ၊ သကေန ဒါရေန စ ဟောမိ တုဋ္ဌော။
ယက္ခ၊ နတ်သား။ တွံ၊ သင်သည်။ မေ၊ ငါ၏။ အတ္ထကာမော၊ အကျိုးကို လိုသောသူသည်။ အသိ၊ ဖြစ်ပြီ။ ဟိတကာမော၊ အစီးအပွားကို လိုသောသူသည်။ အသိ၊ ဖြစ်ပြီ။ ဒေဝတေ၊ နတ်သား။ တုယှံ၊ သင်၏။ ဝစနံ၊ စကားကို။ ကရောမိ၊ လိုက်နာပါအံ့။ တွံ၊ သင်သည်။ မမ၊ ငါ၏။ အာစရိယော၊ ဆရာသည်။ အသိ၊ ဖြစ်ပြီ။
အဟံ၊ ငါသည်။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဥပေမိ၊ ဆည်းကပ်အံ့။ အနုတ္တရံ၊ အတုမရှိသော။ ဓမ္မဉ္စာပိ၊ တရားတော်ကိုလည်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဥပေမိ၊ ဆည်းကပ်အံ့။ နရဒေဝဿ၊ မြတ်စွာဘုရားသခင်၏။ သံဃဉ္စ၊ တပည့်သား သံဃာတော်ကိုလည်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပါတော့အံ့။
ပါဏာတိပါတာ၊ သူ့ အသက်ကို သတ်ခြင်းမှ။ ခိပ္ပံ၊ လျင်စွာ။ ဝိရမာမိ၊ ရှောင်ကြဉ်အံ့။ လောကေ၊ လောက၌။ အဒိန္နံ၊ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူတပါး ဥစ္စာကို။ ပရိဝဇ္ဇယာမိ၊ ရှောင်ကြဉ်ပါအံ့။ အမဇ္ဇပေါ စ၊ သေအရက်ကို မသောက်သော သူသည်လည်း။ ဟောမိ၊ ဖြစ်အံ့။ မုသာ၊ ချွတ်ယွင်းသော စကားကို။ နော စ ဘဏာမိ၊ မဆိုအံ့။ သကေန ဒါရေန၊ မိမိမယားဖြင့်သာလျှင်။ တုဋ္ဌော၊ ရောင့်ရဲသည်။ ဟောမိ၊ ဖြစ်အံ့။
ထိုအခါ ပုဏ္ဏားကို နတ်သားသည် ပုဏ္ဏား သင့်အိမ်၌ များစွာသော ဥစ္စာသည် ရှိ၏၊ မြတ်စွာဘုရားသို့ကပ်၍ အလှူကို ပေးလော့၊ တရားတော်ကို နာလော့၊ ပြဿနာကို မေးလျှောက်လော့ဟုဆို၍ ထိုသင်းချိုင်း၌ ကွယ်လေ၏။
ပုဏ္ဏားသည် မြတ်စွာဘုရားကိုပင့်၍ ပြဿနာ မေးလျှောက်ခြင်း
ပုဏ္ဏားသည်လည်း အိမ်သို့သွား၍ ပုဏ္ဏေးမကို ခေါ်ပြီးလျှင် ရှင်မ ငါကား ရဟန်း ဂေါတမကို ပင့်ဖိတ်၍ ပြဿနာကို မေးလျှောက်အံ့၊ ပူဇော်သက္ကာရကို ပြုအံ့ဟု ဆို၍ ကျောင်းသို့ သွားပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၏။ ထိုနောက် ပဋိသန္တာရ စကား ပြောကြား၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေလျက် အို ရှင်ဂေါတမ ယနေ့အဖို့ တပည့်တော်၏ဆွမ်းကို ရဟန်းသံဃာတော် နှင့်တကွ သည်းခံတော်မူပါ ဟု နားတော်လျှောက်လေ၏။ မြတ်စွာဘုရားသည်လည်း သည်းခံတော်မူ၏။
ထိုအခါ ပုဏ္ဏားသည် မြတ်စွာဘုရား၏ သည်းခံတော်မူခြင်းကိုသိ၍ လျင်စွာ လာပြီးလျှင် မိမိအိမ်၌ မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ကို စီရင်စေ၏။ ဘုရားရှင်လည်း ရဟန်း သံဃာတော်အပေါင်း ခြံရံလျက် ထိုပုဏ္ဏား အိမ်သို့ ကြွတော်မူ၍ ခင်းအပ်ပြီးသော ဘုရားနေရာထက်၌ နေတော်မူ၏။
ပုဏ္ဏားသည်လည်း ရိုသေစွာ ဆွမ်းလုပ်ကျွေး၏။ ထိုအခါ များစွာသောသူတို့သည် စည်းဝေးကြကုန်၏။ မိစ္ဆာအယူရှိသော သူတို့သည် မြတ်စွာဘုရားကို ပင့်ဖိတ်အပ်သည်ရှိသော် မိစ္ဆာအယူ ရှိသောသူ၊ သမ္မာအယူ ရှိသောသူ ဤလူနှစ်စုတို့ သည်လည်း စည်းဝေးကုန်သတတ်။
မိစ္ဆာအယူရှိကုန်သော သူတို့သည် ယနေ့ ရဟန်းဂေါတမကို ပြဿနာမေးခြင်းဖြင့် နှိပ်စက်ညှဉ်းဆဲသည်ကို ကြည့်ရှုရကုန်အံ့ဟု စည်းဝေးကုန်၏။ သမ္မာအယူ ရှိကုန်သော သူတို့သည်ကား ယနေ့ ဘုရားအရာဖြစ်သော တင့်တယ်စမ္ပယ်ခြင်းကို ဖူးမြင်ရကုန်အံ့ဟု စည်းဝေးကုန်၏။
ထိုအခါ ပုဏ္ဏားသည် ပြုအပ်ပြီးသော ဆွမ်းဘုဉ်းပေးခြင်း ကိစ္စရှိသော မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၍ နိမ့်သောနေရာ၌နေလျက် ပြဿနာကို မေးလိုရကား အို-အရှင်ဂေါတမ အသင်တို့အား အလှူကို မပေးမူ၍၊ ပူဇော်ခြင်းကို မပြုမူ၍၊ တရားတော်ကို မနာမူ၍၊ ဥပုသ်သုံးခြင်းကို မပြုမူ၍ သက်သက် စိတ်ကို ကြည်ညို စေကာမျှဖြင့် နတ်ပြည်၌ဖြစ်သော သူတို့မည်သည် ရှိပါသလောဟု မေးလျှောက်၏။
ထိုအခါ မြတ်စွာဘုရားသည် ပုဏ္ဏား အဘယ့်ကြောင့် ငါဘုရားကို မေးလျှောက်သနည်း၊ သင့်သားဖြစ်သော မဋ္ဌကုဏ္ဍလီသည် ငါဘုရား၌ စိတ်ကို ကြည်ညိုစေ၍ နတ်ပြည်၌ မိမိဖြစ်သည့် အကြောင်းကို ပြောကြားသည် မဟုတ်လောဟု မိန့်ဆိုသော် အို-အရှင်ဂေါတမ အဘယ်အခါပြောကြားသနည်းဟု မေးလျှောက်၏။
သင် ယနေ့ သုသာန်သို့သွား၍ ငိုကြွေးစဉ် မနီးမဝေးသော အရပ်၌ လက်တို့ကို မြှောက်ချီ၍ ငိုကြွေးသော တယောက်သော လုလင်ကို မြင်၍ “အလင်္ကတော မဋ္ဌကုဏ္ဍလီ၊ မာလဓာရီ ဟရိစန္ဒနုဿဒေါ” စသည်တို့ဖြင့် ပုဏ္ဏားနှင့် နတ်သား နှစ်ဦးတို့ ပြောဆိုသော စကားကို ထင်ရှားစွာ ဖော်ပြလျက် အလုံးစုံသော မဋ္ဌကုဏ္ဍလီ ဝတ္ထုကို ဟောတော်မူ၏။
(ထို့ကြောင့်ပင်လျှင် ယင်း မဋ္ဌကုဏ္ဍလီ ဝတ္ထုသည် ဘုရားဟော ဗုဒ္ဓဘာသိတ မည်သတည်း။)
ထိုစကားကို ဟောတော်မူပြီး၍ အို-ပုဏ္ဏား တရာလည်းမက နှစ်ရာလည်းမက စင်စစ်သော်ကား ငါဘုရား၌ စိတ်ကို ကြည်ညိုစေ၍ နတ်ပြည်၌ ဖြစ်ကုန်သော သူတို့၏ အရေအတွက်မည်သည် မရှိဟု မိန့်တော်မူသောအခါ လူများအပေါင်းသည် ယုံမှားမကင်းရှိသည် ဖြစ်လေ၏။
ဘုရားရှေ့မှောက်သို့ နတ်သားရောက်ခြင်း
ထိုအခါ မြတ်စွာဘုရားသည် လူများအပေါင်း၏ ယုံမှားမကင်း ရှိသည့် အဖြစ်ကို သိတော်မူ၍ မဋ္ဌကုဏ္ဍလီ နတ်သားသည် ဗိမာန်နှင့်တကွ လာစေသတည်းဟု ဓိဋ္ဌာန်တော်မူ၏။ ထိုမဋ္ဌကုဏ္ဍလီ နတ်သားသည် နတ်၌ဖြစ်သော တန်ဆာတို့ဖြင့် တန်ဆာဆင်ခြင်းရှိသော သုံးဂါဝုတ်မျှပမာဏရှိသော အတ္တဘောဖြင့်လာ၍ ဗိမာန်မှ ဆင်းသက်၍ မြတ်စွာဘုရားကိုရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေ၏။ ထိုအခါ မဋ္ဌကုဏ္ဍလီ နတ်သားကို မြတ်စွာဘုရားသည် သင်နတ်သားကား ဤ နတ်စည်းစိမ်ချမ်းသာကို အဘယ်ကောင်းမှုကို ပြုသောကြောင့် ရသနည်းဟု မေးလိုရကား ဤဂါထာကို မိန့်တော်မူ၏။
အဘိက္ကန္တေန ဝဏ္ဏေန၊ ယာ တွံ တိဋ္ဌသိ ဒေဝတေ။
ဩဘာသေန္တိ ဒိသာ သဗ္ဗာ၊ ဩသဓီ ဝိယ တာရကာ။
ပုစ္ဆာမိ တံ ဒေဝ မဟာနုဘာဝ၊ မနုဿဘူတော ကိမကာသိ ပုညံ။
ဒေဝတေ=နတ်သား။ ယာ တွံ=အကြင်သင်သည်။ ဩသဓီ တာရကာ ဝိယ=သောက်ရှုးကြယ်ကဲ့သို့။ သဗ္ဗာ ဒိသာ=ခပ်သိမ်းသော အရပ်တို့ကို။ ဩဘာသေန္တီ=ထွန်းပလျက်။ အဘိက္ကန္တေန ဝဏ္ဏေန=အလွန်နှစ်လိုဖွယ်သော အဆင်းဖြင့်။ တိဋ္ဌသိ=တည်၏။ မဟာနုဘာဝ=ကြီးသော အာနုဘော်ရှိသော။ ဒေဝ=နတ်သား။ တံ=သင့်ကို။ ပုစ္ဆာမိ=ငါဘုရားမေး၏။ မနုဿဘူတော=လူဖြစ်စဉ်က။ ကိံ ပုညံ=အဘယ်ကောင်းမှုကို။ အကာသိ=ပြုခဲ့ရသနည်း။
ထိုအခါ နတ်သားသည် မြတ်စွာဘုရား ဘုရားတပည့်တော်သည် ဤစည်းစိမ် ချမ်းသာကို မြတ်စွာဘုရားတို့၌ စိတ်ကို ကြည်ညိုစေ၍ ရအပ်ပါ၏ဟု နားတော် လျှောက်လျှင် ငါဘုရား၌ စိတ်ကိုကြည်ညိုစေ၍ သင်နတ်သားသည် ရအပ်သည် မှန်သလောဟု မေးတော်မူသည်ရှိသော် မြတ်စွာဘုရား မှန်လှပါသည်ဘုရားဟု လျှောက်၏။
လူများအပေါင်းသည် မဋ္ဌကဏ္ဍလီနတ်သားကို ကြည့်၍ အချင်းတို့ ဘုရား၏ ဂုဏ်ကျေးဇူးတို့သည် အံ့ဩဖွယ်ရှိစွတကား အဒိန္နပဗ္ဗက ပုဏ္ဏား၏သား ဖြစ်လျက် တပါးသော တစုံတခုသော ကောင်းမှုကို မပြုမူ၍ မြတ်စွာဘုရား၌ စိတ်ကို ကြည်ညိုစေ၍ ဤသို့ သဘောရှိသော စည်းစိမ်ချမ်းသာကို ရ၏ဟု နှစ်သက်စကား ပြောကြားကြကုန်၏။
ထိုအခါ လူအပေါင်းတို့အား ကုသိုလ်ကံ အကုသိုလ်ကံကို ပြုခြင်း၌ စိတ်သာလျှင် ရှေ့သွားဖြစ်၏၊ စိတ်သာလျှင် မြတ်၏၊ ကြည်ညိုသောစိတ်ဖြင့် ပြုအပ်သော ကောင်းမှုကံသည် နတ်ပြည်သို့၎င်း၊ လူ့ပြည်သို့၎င်း သွားသော ပုဂ္ဂိုလ်ကို အရိပ်သည် မစွန့်သကဲ့သို့ မစွန့်ဟု ဤဝတ္ထုကို ဟောတော်မူပြီး၍ အနုသန္ဓေကို ဆက်စပ်လျက် တည်စေအပ်သော ပြီးဆုံးခြင်း ရှိသော သဝဏ်စာလွှာကို မင်း၏ တံဆိပ် ခတ်နှိပ်သည့်အလား တရားမင်း ဘုရားသည် ဤဂါထာကို ဟောတော်မူ၏။
ဒေသနာတော်
၂။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပသန္နေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ သုခမနွေတိ၊ ဆာယာဝ အနုပါယိနီ။
ဓမ္မာ=နာမက္ခန္ဓာတရား သုံးပါးတို့သည်။ မနောပုဗ္ဗင်္ဂမာ=ဝိညာဏက္ခန္ဓာ သာလျှင် ပြဋ္ဌာန်းခြင်း ရှိကုန်၏။ မနောသေဋ္ဌာ=ဝိညာဏက္ခန္ဓာ သာလျှင် အကြီးအမှူးရှိကုန်၏။ မနောမယာ=ဝိညာဏက္ခန္ဓာဖြင့် ပြီးကုန်၏။ ပသန္နေန=ကြည်ညိုသော။ မနသာ=စိတ်ဖြင့်။ စေ ဘာသတိ ဝါ=အကယ်၍ ဆိုမူလည်း ဆိုငြားအံ့။ စေ ကရောတိ ဝါ=အကယ်၍ ပြုမူလည်း ပြုငြားအံ့။ တတော=ထိုကြည်ညိုသောစိတ်ဖြင့် ဆိုခြင်း, ပြုခြင်းကြောင့်။ နံ ပုဂ္ဂလံ=ထိုပုဂ္ဂိုလ်သို့။ သုခံ=ချမ်းသာသည်။ အနွေတိ=အစဉ်လိုက်၏။ ကာ ဝိယ=အဘယ်ကဲ့သို့နည်း ဟူမူကား။ ဆာယာ=အရိပ်သည်။ အနုပါယိနီ ဣဝ=လူသွားလေရာ အစဉ်တစိုက် နောက်က တကောက်ကောက် လိုက်သကဲ့သို့တည်း။
ဒေသနာတော်၏ အကျိုး
ဂါထာ၏အဆုံး၌ ရှစ်သောင်း လေးထောင် ကုန်သော သတ္တဝါတို့သည် အကျွတ် တရားကို ရကြကုန်၏။ မဋ္ဌကုဏ္ဍလီ နတ်သားသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဒိန္နပုဗ္ဗက ပုဏ္ဏားသည်ကား ထို့အတူ သောတာပန် ဖြစ်၍သာလျှင် များစွာသော စည်းစိမ်ဥစ္စာကို မြတ်စွာဘုရား သာသနာတော်၌ လှူဒါန်း ကြဲဖြန့်လေ၏။
မဋ္ဌကုဏ္ဍလီ သတို့သားဝတ္ထု ပြီး၏။
၃ - တိဿမထေရ် ဝတ္ထု
အက္ကောစ္ဆိ မံ အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင် တိဿမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။
ဆိုနိုင်ခက်သဖြင့် မိမိအပြစ်ကို ဝန်မခံခြင်း
ထိုအရှင်တိဿမထေရ်ကား မြတ်စွာဘုရား၏ အရီးတော်သား ဖြစ်သတတ်၊ (သုဒ္ဓေါဒန မင်းကြီး၏ နှမတော် အမိဟာဒေဝီ မိဖုယား၏ သား ဟူလို။) အရွယ်ကြီးရင့်သော ကာလမှ ရဟန်းပြု၍ မြတ်စွာဘုရားတို့အား ဖြစ်သော လာဘ်ပူဇော် သက္ကာရကို ဘုဉ်းပေး သုံးဆောင်ရလျက် ဆူဖြိုးသော ကိုယ်ရှိသည် ဖြစ်၍ အဖန်တလဲလဲ နယ်အပ်သော သင်္ကန်းတို့ကို ဝတ်ရုံလျက် များသောအားဖြင့် ကျောင်းအလယ် ခစားရာ စည်းဝေးရာ စရပ်၌ နေ၏။
မြတ်စွာဘုရားကို ဖူးမြင်အံ့သောငှါ လာကုန်သော ဧည့်သည် အာဂန္တု ရဟန်းတို့သည် ထိုတိဿမထေရ်ကို မြင်လျှင် မထေရ်ကြီးတပါး ဖြစ်လတ္တံ့ ဟူသော အမှတ်ဖြင့် ထိုတိဿမထေရ်၏ အထံသို့သွား၍ ဝတ်ကြီး ဝတ်ငယ်ပြုခြင်း, ခြေဆုပ်လက်နယ် ပြုခြင်း စသည်တို့ကို ပန်ကြားကုန်၏။ တိဿမထေရ်သည် ဆိတ်ဆိတ်သာနေ လေ၏။
ထိုအခါ တိဿမထေရ်ကို ရဟန်းငယ်တပါးသည် အရှင်ဘုရားတို့သည် အဘယ်မျှ ဝါရှိပြီနည်းဟု မေးလျှောက်၏။ တဝါမျှမရှိသေး၊ ငါတို့သည် ကြီးရင့်သော ကာလ၌ ရဟန်းပြုကုန်၏ဟု ဆိုသည်ရှိသော် ဆုံးမခက်သော ငါ့သျှင် ရဟန်းကြီး သင်ကား မိမိ အတိုင်းအရှည်ကို မသိ၊ ဤမျှလောက်ကုန်သော မထေရ်ကြီးတို့ကို မြင်လျက် အရိုအသေ ပြုခြင်းမျှကိုလည်း မပြု၊ ဝတ်ကြီး ဝတ်ငယ်ကို ပန်ကြားအပ်သည်ရှိသော် ဆိတ်ဆိတ်သာနေ၏၊ အလို့လို့မျှလည်း သင့်အား မရှိဟုဆို၍ လစ်ဖျစ်တီးလေ၏။
ထိုတိဿ မထေရ်သည် မင်းမျိုး၌ ဖြစ်သော ခတ္တိယမာန်ကို ဖြစ်စေလျက် သင်တို့သည် အဘယ်သူ့ထံသို့ လာကြကုန်သနည်းဟု မေး၍ မြတ်စွာဘုရား အထံသို့ လာကုန်၏ဟု ဆိုသည်ရှိသော် ငါ့ကို အဘယ်သို့သောသူ ဟူ၍ မှတ်ထင်ကြသနည်း၊ သင်တို့ကို အရင်းအမြစ်က ဖြတ်အံ့ဟု ဆို၍ ငိုလျက် ဆင်းရဲ ငြိုငြင်သော စိတ်နှလုံးရှိသည်ဖြစ်၍ မြတ်စွာ ဘုရားအထံသို့ သွားလေ၏။
ထိုအခါ တိဿမထေရ်ကို မြတ်စွာဘုရားသည် တိဿ အဘယ့်ကြောင့် သင်သည် ဆင်းရဲငြိုငြင်သော စိတ်နှလုံးရှိသည်ဖြစ်၍ မျက်ရည်နှင့်မျက်ခွက် ငိုကြွေးလျက် လာသနည်းဟု မေးတော်မူ၏။ ထိုဧည့်သည် အာဂန္တုရဟန်း တို့သည်လည်း ဤရဟန်းကား သွား၍ တစုံတခု ချောက်ချားသည်ကို ပြုရာ၏ဟု နှလုံးပြုလျက် ထိုတိဿရဟန်းနှင့် အတူတကွသာလျှင် သွား၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တင့်အပ် လျောက်ပတ်သော အရပ်၌ နေကုန်၏။
ထိုတိဿရဟန်းသည် မြတ်စွာဘုရား မေးတော်မူသည်ရှိသော် မြတ်စွာဘုရား ဤ ရဟန်းတို့သည် တပည့်တော်ကို ဆဲရေးကုန်၏ဟု နားတော်လျှောက်၏။ သင်သည် အဘယ်အရပ်၌ နေသနည်းဟု မေးတော်မူသည်ရှိသော် မြတ်စွာဘုရား ကျောင်း အလယ် ခစားရာ စည်းဝေးရာ စရပ်၌ နေပါ၏ဟု လျှောက်လေ၏။
ထိုအခါ မြတ်စွာဘုရားသည် ဤရဟန်းတို့လာသည်ကို သင်မြင်၏လောဟု မေးတော်မူသည်ရှိသော် မြတ်စွာဘုရား မြင်ပါ၏ဟု လျှောက်လေ၏။ သင်သည် ထ၍ ခရီးဦးကြိုဆိုခြင်း ပြုမိ၏လောဟု မေးတော်မူသည်ရှိသော် မြတ်စွာဘုရား မပြုမိပါဟု လျှောက်လေ၏။ ပရိက္ခရာယူခြင်းကို ပန်ကြား၏လောဟု မေးတော်မူသည်ရှိသော် မြတ်စွာဘုရား မပန်ကြားမိပါဟု လျှောက်လေ၏။ ဝတ်ကို၎င်း၊ သောက်ရေကို၎င်း ပန်ကြား၏လောဟု မေးတော်မူသည်ရှိသော် မြတ်စွာဘုရား မပန်ကြားမိပါဟု လျှောက်လေ၏။ နေရာကို ဆောင်၍ ရှိခိုးပြီးလျှင် ခြေဆုပ် လက်နယ် ပြု၏လောဟု မေးသည်ရှိသော် မြတ်စွာဘုရား မပြုမိပါဟု လျှောက်လေ၏။
ထိုအခါ မြတ်စွာဘုရားသည် တိဿ သီတင်းကြီးကုန်သော ရဟန်းတို့အား ဤ အလုံးစုံသော ကျင့်ဝတ်ကို ပြုအပ်၏၊ ဤသို့ မပြုသောရဟန်းသည် ကျောင်းအလယ်၌နေခြင်းငှါ မသင့်လျော်ဟု မိန့်တော်မူ၍ သင်၏ အပြစ်သာလျှင်တည်း၊ ထိုရဟန်းတို့ကို ကန်တော့လောဟု မိန့်တော်မူ၏။
ထိုအခါ တိဿ ရဟန်းသည် ထိုရဟန်းတို့ကား တပည့်တော်ကို ဆဲရေးကုန်၏၊ တပည့်တော်သည် ထိုရဟန်းတို့ကို မကန်တော့နိုင်ပါဘုရားဟု လျှောက်လေ၏။ တိဿ ဤသို့မပြုလင့်၊ သင်၏ အပြစ် သာလျှင်တည်း၊ ထိုရဟန်းတို့ကို ကန်တော့လောဟုမိန့်တော်မူသည် ရှိသော် မြတ်စွာဘုရား မကန်တော့နိုင်ပါဟု လျှောက်လေ၏။
ထိုအခါ ရဟန်းတို့သည် ဤတိဿရဟန်းကား ဆိုနိုင်ခက်၏ဟု လျှောက်သည် ရှိသော် မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ ယခုအခါ၌ သာလျှင် မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းသည် ဆိုနိုင်ခက်သည် သာလျှင်တည်းဟု မိန့်တော်မူရကား မြတ်စွာဘုရား ယခုအခါ ထိုရဟန်း၏ ဆိုနိုင်ခက်သောအဖြစ်ကို ရှေးဦးစွာ တပည့်တော်တို့ သိရပါပြီ၊ လွန်လေပြီးသောအခါ အဘယ်သို့ ပြုဖူးပါသနည်းဟု နားတော် လျှောက်သည် ရှိသော် ချစ်သားရဟန်းတို့ ထိုသို့ဖြစ်မူ နာကြားကြကုန်လော့ ဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ် အကြောင်းကို ဆောင်တော်မူ၏။
တိဿမထေရ်၏ ရှေးအတိတ် ဝတ္ထု
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗာရာဏသီမင်းသည် မင်းပြုသည် ရှိသော် ဒေဝိလ အမည်ရှိသော ရသေ့သည် ရှစ်လတို့ပတ်လုံး ဟိမဝန္တာတော၌ နေ၍ ချဉ်ဆား (အငန်နှင့် အချဉ်) မှီဝဲအံ့သောငှါ လေးလတို့ပတ်လုံး မြို့ကိုမှီ၍ နေလိုသည် ဖြစ်သောကြောင့် ဟိမဝန္တာတောမှ လာ၍ မြို့တံခါး၌ သူငယ်တို့ကို မြင်လျှင် ဤမြို့သို့ ရောက်လာသော ရဟန်းတို့သည် အဘယ်အရပ်၌ နေကုန် သနည်းဟု မေး၏။ အရှင်ဘုရား အိုးထိန်းသည်၏ စရပ် (အလုပ်ရုံ တင်းကုပ်) နေကုန်၏ဟု လျှောက်၏။
ဒေဝိလ ရသေ့သည် အိုးထိန်းသည် စရပ်သို့သွား၍ တံခါး၌ရပ်လျက် အိုးထိန်းသည် သင့်အား အကယ်၍ ဝန်မလေးသည်ဖြစ်အံ့၊ တညဉ့်မျှ စရပ်၌ နေလို၏ဟု ဆို၏။ အိုးထိန်းသည်သည် တပည့်တော်အား ညဉ့်အခါ စရပ်၌ ပြုဖွယ်ကိစ္စ မရှိ၊ စရပ်သည် ကျယ်၏၊ ချမ်းသာစွာ နေပါ အရှင်ဘုရားဟု စရပ်ကို အပ်နှံဆောင်နှင်း၏။
ထိုဒေဝိလ ရသေ့သည် စရပ်သို့ဝင်၍ နေသည်ရှိသော် တပါးသော နာရဒ အမည် ရှိသော ရသေ့သည်လည်း ဟိမဝန္တာတောမှ လာ၍ အိုးထိန်းသည်ကို တညဉ့်မျှ တည်းခိုနေရန် တောင်းပန်လေ၏။ အိုးထိန်းသည်သည် ရှေးဦးစွာ ရောက်လာသော ရသေ့သည် ဤရသေ့နှင့် အတူတကွ နေလိုမည် မနေလိုမည်ဟု ငါမသိ၊ မိမိကိုယ်ကိုလွတ်စေအံ့ဟု ကြံပြီးလျှင် အရှင်ဘုရား ရှေးဦးစွာ ကပ်ရောက်နှင့်သော ရသေ့သည် အကယ်၍ နှစ်သက်သည် ဖြစ်ပါအံ့၊ ထိုရသေ့၏ အလိုအားဖြင့် နေပါလော့ဟု လျှောက်ဆို၏။
ထိုအခါ နာရဒ ရသေ့သည် ဒေဝိလ ရသေ့ထံသို့ ချဉ်းကပ်၍ ဆရာရသေ့ ဆရာအား အကယ်၍ ဝန်မလေးသည် ဖြစ်ပါအံ့၊ အကျွန်ုပ်သည်လည်း ဤစရပ်၌ တညဉ့်မျှ နေပါရစေဟု တောင်းပန်၏။ စရပ်သည် ကျယ်၏။ ဝင်၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေလော့ဟု ဆိုသည်ရှိသော် ဝင်ပြီးလျှင် ရှေးဦးစွာ ဝင်သော ဒေဝိလ ရသေ့၏ နောက်အဖို့၌ နေ၏။
နှစ်ဦးသော ရသေ့တို့သည်လည်း အသက်ထက်ဆုံး အောက်မေ့ထိုက်သော စကားကို ပြောကြားပြီး၍ အိပ်သောအခါ နာရဒ ရသေ့သည် ဒေဝိလရသေ့၏ အိပ်ရာအရပ်ကို၎င်း၊ တံခါးကို၎င်း မှတ်၍ အိပ်၏။ ထိုဒေဝိလ ရသေ့သည်ကား အိပ်သည်ရှိသော် မိမိ၏ အိပ်ရာအရပ်၌ မအိပ်မူ၍ တံခါးအလယ်၌ ဖီလာ ကန့်လန့် ပြု၍ အိပ်၏။
နာရဒရသေ့သည် ဒေဝိလရသေ့၏
ဆံကျစ် လည်ပင်းတို့၌ နင်းမိခြင်း
နာရဒ ရသေ့သည် ညဉ့်အခါ ထွက်သည်ရှိသော် ထိုဒေဝိလရသေ့၏ ဆံကျစ် ဦးစွန်းတို့၌ နင်းမိလေ၏။ အဘယ်သူသည် ငါ့ကို နင်းသနည်းဟု မေးသည်ရှိသော် ဆရာ အကျွန်ုပ် နာရဒ ရသေ့တည်းဟု ဖြေဆိုလေ၏။ ရသေ့စဉ်းလဲ တောမှလာ၍ ငါ၏ ဆံကျစ် ဦးစွန်းတို့၌ နင်းဘိ၏ဟု ဆိုသည်ရှိသော် ဆရာ အသင်တို့၏ ဤအရပ်၌ အိပ်သည့်အဖြစ်ကို မသိပါ၊ အကျွန်ုပ်အား သည်းခံပါလော့ဟု ဆို၍ ဒေဝိလ ရသေ့၏ ထွေထွေရာရာ ဆိုမြည်တမ်းစဉ်ပင်လျှင် အပသို့ ထွက်ခဲ့၏။
ဒေဝိလ ရသေ့သည် ဤ နာရဒ ရသေ့ကား ဝင်လာသည်ရှိသော်လည်း ငါ့ကို နှင်းရာ၏ဟု ခြေရင်း ခေါင်းရင်း လှည့်၍ ခြေထားရာ၌ ဦးခေါင်းထားလျက် အိပ်၏။ နာရဒ ရသေ့သည်လည်း ဝင်လာသည်ရှိသော် ရှေးဦးစွာ၌လည်း ငါသည် ဆရာ၌ ပြစ်မှားမိ၏၊ ယခုအခါ၌ ထိုဒေဝိလရသေ့၏ ခြေရင်း နံပါးဖြင့် ဝင်အံ့ဟု ကြံ၍ လာသည်ရှိသော် လည်ပင်း၌ နင်းမိပြန်၏။
ဒေဝိလရသေ့လည်း ဤသူသည် အဘယ်သူနည်းဟု မေးသည်ရှိသော် ဆရာ အကျွန်ုပ် နာရ ရသေ့ပါတည်းဟု ဆိုသောကြောင့် ရသေ့စဉ်းလဲ ရှေးဦးစွာ ငါ၏ ဆံကျစ် ဦးစွန်းတို့၌ နင်းပြီး၍ ယခုအခါ လည်ပင်း၌ နင်းပြန်၏၊ သင့်ကို ကျိန်ဆဲအံ့ဟု ဆိုသည်ရှိသော် ဆရာ အကျွန်ုပ်အား အပြစ်မရှိ၊ အကျွန်ုပ်သည် အသင်တို့၏ ဤသို့ အိပ်သည်အဖြစ်ကို မသိသောကြောင့် ရှေးဦးစွာလည်း ပြစ်မှားမိပါသည်၊ ယခုအခါ ခြေရင်းဖြင့် ဝင်အံ့ဟု ကြံ၍ ဝင်မိပါသည်၊ အကျွန်ုပ်အား သည်းခံပါလော့ဟု ဆို၏။
ရသေ့နှစ်ဦးတို့ ကျိန်ဆဲကြခြင်း
ထိုအခါ ဒေဝိလ ရသေ့သည် နာရဒ ရသေ့ကို ရသေ့စဉ်းလဲ သင့်ကို ကျိန်ဆဲအံ့ဟု ဆိုသည်ရှိသော် ဆရာ ဤသို့ မပြုပါလင့်ဟု တောင်းတောင်း ပန်ပန် ဆိုလေ၏။ ထို ဒေဝိလ ရသေ့သည် နာရဒ ရသေ့၏ စကားကို မနာယူမူ၍ ဤဂါထာဖြင့် ကျိန်ဆဲ၏။
သဟဿရံသီ သတတေဇော၊ သူရိယော တမဝိနောဒနော။
ပါတော ဥဒယန္တေ သူရိယေ၊ မုဒ္ဓါ တေ ဖလတု သတ္တဓာ။
သဟဿရံသီ=အထောင်သော ရောင်ခြည်ကို ဆောင်ထသော။ သတတေဇော=အရာမကသော အပူဓာတ် ရှိထသော။ တမဝိနောဒနော=အမိုက်ကို ပယ်ဖျောက်တတ်သော။ သူရိယော=နေမင်းသည်။ အတ္ထိ=ရှိ၏။ သူရိယေ=နေသည်။ ပါတော=နံနက်အခါ၌။ ဥဒယန္တေ=တက်သည်ရှိသော်။ တေ=သင်၏။ မုဒ္ဓါ=ဦးခေါင်းသည်။ သတ္တဓာ=ခုနစ်စိတ်။ ဖလတု=ကွဲစေသတည်း။
ဤသို့ဆိုလျက် နာရဒ ရသေ့ကို ကျိန်ဆဲသည် သာလျှင်တည်း။ နာရဒ ရသေ့သည် ဆရာ အကျွန်ုပ်အား အပြစ်မရှိဟု အကျွန်ုပ်ဆိုစဉ်ပင်လျှင် အသင်တို့သည် ကျိန်ဆဲ ဘိ၏၊ အကြင်သူအား အပြစ်ရှိ၏၊ ထိုအပြစ်ရှိသောသူ၏ ဦးခေါင်းသည် ကွဲစေ သတည်း၊ အပြစ်ကင်းသောသူ၏ ဦးခေါင်းသည် မကွဲစေသတည်း ဟု ဆို၍ ဤဂါထာကို ဆို၏။
သဟဿရံသီ သတတေဇော၊ သူရိယော တမဝိနောဒနော။
ပါတော ဥဒယန္တေ သူရိယေ၊ မုဒ္ဓါ တေ ဖလတု သတ္တဓာ။
သဟဿရံသီ=အထောင်သော ရောင်ခြည် ရှိထသော။ သတတေဇော=အရာမကသော အပူဓာတ် ရှိထသော။ တမဝိနောဒနော=အမိုက်ကို ပယ်ဖျောက်တတ်ထသော။ သူရိယော=နေမင်းသည်။ အတ္ထိ=ရှိ၏။ သူရိယေ=နေသည်။ ပါတော=နံနက်အခါ၌။ ဥဒယန္တေ=တက်သည်ရှိသော်။ တေ=သင်၏။ မုဒ္ဓါ=ဦးခေါင်းသည်။ သတ္တာ=ခုနစ်စိတ်။ ဖလတု=ကွဲစေသတည်း။
ဤသို့ ဆို၍ ပြန်ကျိန်ဆဲလိုက်၏။
နာရဒရသေ့သည် နေကို တားမြစ်ထားခြင်း
ထိုနာရဒ ရသေ့သည်ကား ကြီးသော အာနုဘော်ရှိ၏၊ လွန်လေပြီးသော အတိတ်၌ ကမ္ဘာ လေးဆယ်တို့ကို၎င်း၊ လာလတ္တံ့သော အနာဂတ်၌ ကမ္ဘာ လေးဆယ်တို့ကို၎င်း ဤသို့ ရှစ်ဆယ်သော ကမ္ဘာတို့ကို အောက်မေ့နိုင်၏။
ထို့ကြောင့် ကျိန်စာသည် အဘယ်သူ၏ အထက်၌ ကျလတ္တံ့ နည်းဟု စူးစမ်း ဆင်ခြင် သည်ရှိသော် ဆရာ ဒေဝိလ ရသေ့၏ ထိပ်ထက်၌ ကျလတ္တံ့ဟု သိ၍ ထို ဒေဝိလ ရသေ့၌ အစဉ်သနားသည်ကို စွဲလျက် တန်ခိုး၏ အစွမ်းအားဖြင့် အရုဏ်တက်ခြင်းကို တားမြစ်လေ၏။
ပြည်သူ ပြည်သားတို့သည် အရုဏ် မတက်သည်ရှိသော် မင်းအိမ် တံခါးသို့သွား၍ အရှင်မင်းကြီး အရှင်မင်းကြီး မင်းပြုခါမှ အရုဏ်မတက်ပါ၊ အကျွန်ုပ်တို့အား အရုဏ်ကို တက်စေပါလော့ဟု မြည်တမ်း ကြကုန်၏။ မင်းသည် မိမိ၏ကိုယ်ဖြင့် ပြုအပ်သောအမှု စသည်ကို ကြည့်ရှုသည် ရှိသော် တစုံတခု မသင့်သော အမှုကို မမြင်သောကြောင့် အဘယ်သို့သော အကြောင်းနည်းဟု ကြံ၍ ရသေ့ရဟန်းတို့၏ ငြင်းခုံခြင်းသည် ဖြစ်ရာ၏ဟု တွေးတော ယုံမှားခြင်းရှိသည်ဖြစ်၍ အသို့နည်း၊ ဤပြည်၌ ရသေ့ရဟန်းတို့သည် ရှိကုန်သလောဟု မေးလေ၏။
အရှင်မင်းကြီး ယမန်နေ့ ညချမ်းအခါ အိုးထိန်းသည် စရပ်၌ ရောက်လာသော ရသေ့တို့သည် ရှိကုန်၏ဟု လျှောက်လတ်သော် မင်းသည် ထိုခဏ၌ပင် မီးရှုး မီးတိုင်တို့ကို ညှိထွန်းလျက် ထိုအိုးထိန်းသည် စရပ်သို့သွား၍ နာရဒ ရသေ့ကို ရှိခိုး၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေလျက် ဤဂါထာဖြင့် လျှောက်၏။
ကမ္မန္တာ နပ္ပဝတ္တန္တိ၊ ဇမ္ဗုဒီပဿ နာရဒ။
ကေန လောကော တမောဘူတော၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။
နာရဒ=နာရဒ ရှင်ရသေ့။ ဇမ္ဗုဒီပဿ=ဇမ္ဗူဒိပ်ကျွန်းသား လူများအပေါင်း၏။ ကမ္မန္တာ=အမှုလုပ်ခြင်းတို့သည်။ နပ္ပဝတ္တန္တိ=မဖြစ်နိုင်ကြကုန်။ ကေန=အဘယ့်ကြောင့်။ လောကော=လောကကြီးသည်။ တမောဘူတော=အမိုက်အတိ ဖြစ်သနည်း။ ပုစ္ဆိတော=မေးအပ်သော ရှင်ရသေ့သည်။ မေ=အကျွန်ုပ်အား။ တံ=ထိုအကြောင်းကို။ အက္ခာဟိ=ဖြေကြားတော်မူပါလော့။
နာရဒရသေ့သည် အလုံးစုံသောအကြောင်းကို ပြောကြား၍ ဤအကြောင်း ဖြင့် ငါ့ကို ဤဒေဝိလရသေ့သည် ကျိန်ဆဲ၏၊ထိုအခါ ငါသည် ငါ့အားအပြစ်မရှိ၊ အပြစ်ရှိသော သူ၏ ထိပ်ထက်၌သာလျှင် ကျိန်စာသည် ကျစေသတည်းဟုဆို၍ ကျိန်ဆဲ၏၊ ကျိန်ဆဲပြီး၍ကား အဘယ်သူ၏ထိပ်ထက်၌ ကျလတ္တံ့နည်းဟု စူးစမ်း ဆင်ခြင်သည် ရှိသော် နေထွက်သောအခါ ဆရာဒေဝိလရသေ့၏ ဦးခေါင်းခုနစ်စိတ် ကွဲလတ္တံ့ သည်ကို မြင်သောကြောင့် ထိုဒေဝိလရသေ့၌ အစဉ် သနားသည်ကိုစွဲ၍ အရုဏ် တက်ခြင်းကို မပေး (အရုဏ် မတက်အောင် ငါဓိဋ္ဌာန်ထားသည်) ဟုဆို၏။
အရှင်ဘုရား အဘယ်သို့ပြုလျှင် ထိုဒေဝိလရသေ့အား အန္တရာယ်သည် မဖြစ်ရာ အံ့နည်းဟု မေးလျှောက် သည်ရှိသော် ငါ့ကို အကယ်၍ ကန်တော့သည်ဖြစ်အံ့၊ အန္တရာယ်မဖြစ်ရာဟု ဆို၏။ ထိုသို့ဖြစ်မူ ကန်တော့ပါလော့ဟု ဒေဝိလရသေ့ကို ဆိုအပ်သည်ရှိသော် ဒေဝိလရသေ့သည် ဤ နာရဒရသေ့ကား ငါ့ကို ဆံကျစ် ဦးစွန်း တို့၌၎င်း လည်ပင်း၌၎င်း နင်း၏၊ ငါသည် ဤရသေ့စဉ်းလဲကို မကန်တော့ နိုင်ဟု ဆို၏။ အရှင်ဘုရား ဤသို့မပြုပါလင့်၊ ကန်တော့ပါလော့ဟု လျှောက်သော်လည်း မကန်တော့နိုင်ဟု ဆို၏။ သင်ရသေ့၏ ဦးခေါင်းခုနစ်စိတ် ကွဲပါလိမ့် မည်ဟု ဆိုပြန်သော်လည်း မကန်တော့ဘဲ နေသည်သာတည်း။
ထိုအခါ မင်းသည် ဒေဝိလရသေ့ကို သင်သည် မိမိအလိုအားဖြင့် မကန်တော့ဘဲသာ နေပေလတ္တံ့ ဟု ဆို၍ လက်, ခြေ, ဝမ်းပိုက်, လည်ကုပ်တို့၌ ကိုင်ဆွဲစေလျက် နာရဒရှင်ရသေ့၏ ရှေး၌ ဦးညွတ်စေ၏။ နာရဒ ရှင်ရသေ့သည်လည်း ဆရာ ဒေဝိလ ထတော် မူပါလော့၊ သင့်အား သည်းခံပါ၏ဟု ဆို၍ မြတ်သောမင်းကြီး ဤဒေဝိလ ရသေ့သည် မိမိ၏ စိတ်အလိုအားဖြင့် ကန်တော့သည်မဟုတ်၊ မြို့၏ မနီး မဝေးသောအရပ်၌ အိုင်တခုသည်ရှိ၏။
ထိုအိုင်ဝယ် ဒေဝိလရှင်ရသေ့ကို ဦးခေါင်း၌ မြေစိုင်ကို တင်ထား၍ လည်ပင်း ပမာဏရှိသော ရေ၌ ထားလေလော့ဟု ဆို၏။ မင်းကြီးသည်လည်း ထိုနာရဒ ရှင်ရသေ့ဆိုတိုင်း ပြုစေလေ၏။ ထိုအခါ နာရဒ ရှင်ရသေ့သည် ဒေဝိလရသေ့ကို ခေါ်၍ ဆရာဒေဝိလ အကျွန်ုပ်သည် တန်ခိုးကို လွှတ်သဖြင့် နေပူရောင် တက်လာသည်ရှိသော် ရေ၌ငုပ်၍ တပါးသောအရပ်ဖြင့် ကူး၍ သွားပါလော့ဟု ပြောဆိုလေ၏။ ထိုဒေဝိလရသေ့အား နေအရောင်တို့ဖြင့် တွေ့ထိကာမျှ၌သာလျှင် မြေစိုင်သည် ခုနစ်စိတ်ကွဲလေ၏။ ထိုဒေဝိလ ရသေ့သည်လည်း ငုပ်၍ တပါးသော အရပ်သို့ ပြေးလေ၏။
မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ချစ်သားရဟန်းတို့ ထိုအခါ မင်းသည် ယခုအခါ အာနန္ဒာ ဖြစ်လာ၏၊ ဒေဝိလ ရသေ့သည် တိဿမထေရ် ဖြစ်လာ၏၊ နာရဒ ရသေ့သည် ငါဘုရားဖြစ်လာ၏ဟု ဇာတ်ကို ပေါင်းတော်မူပြီးလျှင် ထိုအခါ၌ လည်း ဤရဟန်းသည် ဆိုနိုင်ခက်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ တိဿ မထေရ်ကို ခေါ်တော်မူပြီးနောက် တိဿ ရဟန်းတို့မည်သည်ကား ဤအမည် ရှိသောသူသည် ငါ့ကို အမျက်ထွက်ပြီ၊ ဤအမည်ရှိသောသူသည် ငါ့ကို ပုတ်ခတ်ပြီ၊ ဤအမည်ရှိသောသူသည် ငါ့ကို အောင်ပြီ၊ ဤအမည်ရှိသောသူသည် ငါ၏ ဥစ္စာ ဘဏ္ဍာကို ယူဆောင်ပြီဟူ၍ မကြံစည်ထိုက်၊ ဤသို့ ကြံစည်သော ရဟန်းအား ရန်မည်သည် မငြိမ်းနိုင်၊ ဤသို့ ရန်ငြိုးမဖွဲ့သော သူအားသာလျှင် ငြိမ်း၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူ၏။
ဒေသနာတော်
၃။ အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ န သမ္မတိ။
၄။ အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသံ ဥပသမ္မတိ။
ဧသော=ဤသူသည်။ မံ=ငါ့ကို။ အက္ကောစ္ဆိ=ဆဲရေးပြီ။ ဧသော=ဤသူသည်။ မံ=ငါ့ကို။ အဝဓိ=ညှဉ်းဆဲပြီ။ ဧသော=ဤသူသည်။ မံ=ငါ့ကို။ အဇိနိ=အောင်ပြီ။ ဧသော=ဤသူသည်။ မေ=ငါ၏။ ဓနံ=ဥစ္စာကို။ အဟာသိ=ယူဆောင်ပြီ။ ဣတိ=ဤသို့။ ယေ စ=အကြင်သူတို့သည်လည်း။ တံ=ထိုအမျက် ဒေါသစသည်ကို။ ဥပနယှန္တိ=ရန်ငြိုးဖွဲ့ကြကုန်၏။ တေသံ=ထိုသူတို့အား။ ဝေရံ=ရန်သည်။ န သမ္မတိ=မငြိမ်း။
ဧသော=ဤသူသည်။ မံ=ငါ့ကို။ အက္ကောစ္ဆိ=ဆဲရေးပြီ။ ဧသော=ဤသူသည်။ မံ=ငါ့ကို။ အဝဓိ=ညှဉ်းဆဲပြီ။ ဧသော=ဤသူသည်။ မံ=ငါ့ကို။ အဇိနိ=အောင်ပြီ။ ဧသော=ဤသူသည်။ မေ=ငါ၏။ ဓနံ=ဥစ္စာကို။ အဟာသိ=ယူဆောင်ပြီ။ ဣတိ=ဤသို့။ ယေ စ=အကြင် သူတို့သည်လည်း။ တံ=ထိုအမျက် ဒေါသ စသည်ကို။ နုပ နယှန္တိ=ရန်ငြိုးမဖွဲ့ကြကုန်။ တေသံ=ထိုသူတို့အား။ ဝေရံ=ရန်သည်။ ဥပသမ္မတိ=ငြိမ်း၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ တသိန်းသော ရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည် တို့သို့ ရောက်ကုန်၏။ များစွာသော လူအပေါင်းအား အကျိုးရှိသော တရား ဒေသနာတော်သည် ဖြစ်၏။ ဆိုနိုင်ခက်သော တိဿ ရဟန်းသည်လည်း ဆိုနိုင် လွယ်သော ရဟန်းသာလျှင် ဖြစ်လေ၏။
တိဿမထေရ်ဝတ္ထု ပြီး၏။
၄ - ကာဠီဘီလူးမ ဝတ္ထု
န ဟိ ဝေရေန အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် မထင်ရှားသော မိန်းမမြုံကို အကြောင်းပြု၍ ဟောတော်မူ၏။
လင်တူမယားတို့၏ အဖြစ်အပျက်
တယောက်သော သူကြွယ်သားသည် အဘ သေသည်ရှိသော် လယ်၌၎င်း၊ အိမ်၌၎င်း အလုံးစုံသော ကိစ္စတို့ကို မိမိတယောက်တည်းသာလျှင် ပြုလျက် မိခင်ကို လုပ်ကျွေးသတတ်။ ထိုအခါ ထိုသူကြွယ်သား၏ မိခင်သည် ချစ်သား သင့်အား သတို့သ္မီးတယောက် *ဆောင်နှင်းပေအံ့ (ထိမ်းမြားအံ့ ဟူလို။) ဟု ဆိုလေ၏။
မိခင် ဤသို့ မဆိုပါလင့်၊ အကျွန်ုပ်သည် အသက်ထက်ဆုံး မိခင်တို့ကို လုပ်ကျွေးပါအံ့ဟု ဆိုလတ်သော် မိခင်သည် ချစ်သား လယ်၌၎င်း၊ အိမ်၌၎င်း ပြုဖွယ်ကိစ္စတို့ကို သင်သာလျှင် ပြုရ၏၊ ထို့ကြောင့် ငါ့အား စိတ်ချမ်းသာခြင်း မည်သည် မဖြစ်၊ ဆောင်နှင်းပေအံ့ဟု ဆိုလေ၏။ ထိုသူကြွယ်သားသည် အဖန် တလဲလဲ ပယ်ပြီးလျှင် ဆိတ်ဆိတ် နေလေ၏။
ထိုမိခင်သည် တယောက်သော အမျိုးသ္မီးကို အိမ်သို့ ဆောင်ခြင်းငှါ အိမ်မှ ထွက်သွားလေ၏။ ထိုအခါ မိခင်ကို သားသည် အဘယ်အမျိုး အိမ်သို့ သွားအံ့နည်း ဟု မေး၍ ဤမည်သော အမျိုးအိမ်သို့ သွားအံ့ဟု ဆိုသည်ရှိသော် ထိုအမျိုးအိမ်သို့ သွားခြင်းကို တားမြစ်၍ မိမိ ကြိုက်နှစ်သက်သော အမျိုးကို ညွှန်ကြားလေ၏။
မိခင်သည်လည်း ညွှန်ကြားသော အမျိုးသ္မီးအိမ်သို့ သွား၍ သတို့သ္မီးငယ်ကို ဖိတ်မန်တောင်းဆို နေ့ရက်ကို မှတ်သားပြီးလျှင် ထိုသတို့သား၏ အိမ်သို့ ဆောင်ခဲ့၍ နေစေလေ၏။ ထိုသတို့သ္မီးငယ်သည်ကား မြုံခဲ့လေ၏။ ထိုအခါ သူကြွယ်သားကို မိခင်သည် ချစ်သား သင်သည် မိမိအလိုအားဖြင့် သတို့သ္မီးငယ်ကို ဆောင်စေ၏၊ ထိုသတို့သ္မီးငယ်သည် ယခုအခါ အမြုံဖြစ်ခဲ့၏။
သားသ္မီး မရှိသော အမျိုး မည်သည်လည်း ပျက်စီးတတ်၏၊ အမျိုးမဆက်နိုင်၊ သင့်အား တပါးသော သတို့သ္မီးငယ်ကို ဆောင်ဦးအံ့ဟု ဆိုလေ၏။ ထို သူကြွယ်သားသည် မိခင် မသင့်လျော်ပါဟု မြစ်ပယ်သော်လည်း အဖန်တလဲလဲ ပြောဆိုလေ၏။ မိန်းမမြုံသည် ထိုမိခင်ဆိုသော စကားကို ကြားရ၍ သားတို့မည်သည် မိဘတို့ စကားကို လွန်ခြင်းငှါ မတတ်နိုင်ကြကုန်။
ယခုအခါ ငါမှတပါး သားဖွားနိုင်သော မိန်းမကို ဆောင်ယူ၍ ငါ့ကို ကျွန်မ၏ သုံးဆောင်ခြင်းဖြင့် သုံးဆောင် လတ္တံ့၊ (ကျွန်မအရာ၌ ထားလတ္တံ့ ဟူလို၊) ငါ ကိုယ်တိုင် သတို့သ္မီးတယောက်ကို ဆောင်ရ မူကား ကောင်းလေစွဟု ကြံပြီးလျှင် တယောက်သော အမျိုးအိမ်သို့ သွား၍ ထိုခင်ပွန်းယောက်ျား အလို့ငှါ သတို့သ္မီးငယ်ကို ဖိတ်မန်တောင်းဆိုလေ၏။
ထိုအခါ ချစ်သ္မီး အဘယ်စကားကို ပြောဆိုဘိသနည်းဟု ထိုသတို့သ္မီးငယ်၏ မိဘတို့သည် ပယ်လတ်သည် ရှိသော် အကျွန်ုပ်သည် မြုံ၏၊ သားသ္မီးမရှိသောအမျိုး မည်သည် ပျက်စီးတတ်၏၊ သင်တို့၏ သ္မီးသည် သားယောက်ျားကို၎င်း၊ သ္မီးမိန်းမ ကို၎င်း ရသည်ရှိသော် သူကြွယ်၏ အိမ်ရှင်မ ဖြစ်လတ္တံ့၊အကျွန်ုပ်၏ ခင်ပွန်းအလို့ငှါ ထိုသတို့သ္မီးငယ်ကို ပေးကြပါကုန်လော့ဟု တောင်းပန်သဖြင့် ဝန်ခံစေ၍ ဆောင်ယူခဲ့ပြီးလျှင် လင်ယောက်ျား၏ အိမ်၌ နေစေ၏။
ထိုနောက်မှ ထိုမိန်းမမြုံအား ဤသို့သော အကြံသည် ဖြစ်၏၊ ဤသတို့သ္မီးငယ်သည် သားယောက်ျားကို၎င်း၊ သ္မီးမိန်းမကို၎င်း အကယ်၍ ရသည်ဖြစ်အံ့၊ ဤသတို့သ္မီးငယ် သည်သာလျှင် ပစ္စည်းဥစ္စာတို့၏ အရှင်ဖြစ်လတ္တံ့ ၊ အကြင်သို့သော အခြင်းအရာဖြင့် ပြုသည်ရှိသော် သားသ္မီး မရ၊ ထိုသို့သော အခြင်းအရာဖြင့်သာလျှင် ထို သတို့သ္မီးငယ်ကို ပြုခြင်းငှါ သင့်၏ဟု အကြံ ဖြစ်လေ၏။
ထိုအခါ သတို့သ္မီးငယ်ကို မိန်းမမြုံသည် ချစ်သ္မီး သင့်ဝမ်း၌ ကိုယ်ဝန်တည်သောအခါ ငါ့အား အကြောင်းကြား ပါလော့ဟု ဆို၏။ သတို့သ္မီးငယ်သည် ကောင်းပါပြီဟု ဝန်ခံ၍ ကိုယ်ဝန်တည်သည်ရှိသော် မိန်းမပြုအား အကြောင်းကြားလေ၏။ သတို့သ္မီးငယ်အား မိန်းမပြုသည် မိမိကိုယ်တိုင်သာလျှင် အမြဲမပြတ် ယာဂု ထမင်းကို ပေး၏။ ထိုအခါ သတို့သ္မီးငယ်အား အာဟာရနှင့် အတူတကွ ရော၍ ကိုယ်ဝန်ကို ပျက်ကျစေ တတ်သော ဆေးကို ပေး၏။ ကိုယ်ဝန်သည် လျှောကျ ပျက်စီးလေ၏။
နှစ်ကြိမ်မြောက်၌လည်း ကိုယ်ဝန်တည်သည်ရှိသော် အကြောင်း ကြားပြန်လေ၏။ မိန်းမပြုသည် နှစ်ကြိမ်မြောက်၌လည်း ထို့အတူ ကိုယ်ဝန်ကို ပျက်ကျစေပြန်၏။ ထိုအခါ သတို့သ္မီးငယ်ကို အိမ်နီးချင်း မိန်းမတို့သည် အသို့နည်း၊သင့်ရန်သူ(လင်တူ) ဖြစ်သော အစ်မသည် အန္တရာယ်ကို ပြုလေသလောဟု မေးကုန်၏။
သတို့သ္မီးငယ်သည် ထိုအကြောင်းကို ပြောကြားသည်ရှိသော် မိုက်လှစွာသော မိန်းမငယ် သင် အဘယ့်ကြောင့် ဤသို့ပြုသနည်း၊ ဤမိန်းမမြုံသည် သင်၏ အစိုးတရဖြစ်ခြင်းမှ ကြောက်သောကြောင့် ကိုယ်ဝန် ပျက်ကျ စေတတ်သော ဆေးကို ဖျော်၍ ပေး၏၊ ထို့ကြောင့် သင့်ကိုယ်ဝန်သည် ပျက်ကျလေ၏။ တဖန် ဤသို့ ပြောဆိုခြင်း အမှုကို မပြုလင့်ဟု ဆိုအပ်သည်ဖြစ်၍ သတို့သ္မီးငယ်သည် သုံးကြိမ်မြောက် ကိုယ်ဝန် တည်သောအခါ မပြောမဆိုဘဲ နေလေ၏။
ထိုအခါ သတို့သ္မီးငယ်၏ဝမ်းကို မိန်းမမြုံသည်မြင်၍ အဘယ့်ကြောင့် ငါ့အား ကိုယ်ဝန်တည်သည့် အဖြစ်ကို မပြောဆိုသနည်းဟု မေးမြန်းသဖြင့် သင်သည် ငါ့ကို ဆောင်ယူလာပြီးလျှင် နှစ်ကြိမ်တိုင်တိုင် ကိုယ်ဝန်ကို ပျက်ကျစေ၏၊ အဘယ် အကျိုးငှါ သင့်အား ပြောဆိုရအံ့နည်းဟု ဆိုလတ်သော် ယခုအခါ ငါသည် ပျက်စီးလေပြီဟု ကြံ၍ ထိုသတို့သ္မီးငယ်၏ မေ့လျော့ခြင်းကို ကြည့်လျက်နေစဉ် ကိုယ်ဝန်ရင့်သောအခါ အခွင့်ကိုရ၍ ဆေးကို ဖော်စပ်လျက် ပေးလေ၏။ သူငယ် ကိုယ်ဝန်သည် ရင့်သည်၏အဖြစ်ကြောင့် လျှောကျခြင်းငှါ မတတ်နိုင်ရကား ဖီလာ ကန့်လန့် အိပ်လျက် ပြင်းစွာသော ဝေဒနာဖြစ်၍ အသက်ကုန်ခြင်းသို့ ရောက်လေ၏။
ကြောင်မ နှင့် ကြက်မ
ထိုသတို့သ္မီးငယ်သည် သေခါနီးကာလ၌ ငါကား ပျက်စီးရတော့မည် ဖြစ်ချေ၏၊ သင်သည်ပင်လျှင် ငါ့ကို ခေါ်ဆောင်၍ သင်သည်ပင်လျှင် သုံးကြိမ် စလုံး သူငယ်တို့ကို ဖျက်ဆီး၏၊ ယခုအခါ ငါသည်လည်း ပျက်စီးရတော့အံ့၊ ယခု ဤ ကိုယ်အဖြစ်မှ စုတေသည်ရှိသော် ဘီလူးမဖြစ်၍ သင်၏ သားငယ်တို့ကို စားခြင်းငှါ စွမ်းနိုင်သောသူ ဖြစ်စေသောဟု ဆုတောင်းခြင်းကို ပြု၍ သေသည် ရှိသော် ထိုအိမ်၌ပင် ကြောင်မ ဖြစ်လေ၏။
မိန်းမမြုံကိုလည်း လင်သူကြွယ်သည် ကိုင်ဖမ်းလျက် သင်ကား ငါ့အမျိုးအနွယ် ဖြတ်ခြင်းကို ပြု၏ဟု တဆောင်ဆစ် ဒူးခေါင်း စသည်တို့ဖြင့် ပြင်းစွာ ထောင်းသတ် ပုတ်ခတ်ခြင်းကို ပြုလေ၏။ မိန်းမမြုံသည် ထိုပြင်းစွာ ထောင်းသတ် ပုတ်ခတ်သော အနာဖြင့်သာလျှင် သေ၍ ထိုအိမ်၌ပင် ကြက်မဖြစ်လေ၏။
ထိုကြက်မသည် မကြာမြင့်မီ အဥတို့ကို ဥသည်ရှိသော် ကြောင်မသည် လာ၍ အဥတို့ကို စား၏။ နှစ်ကြိမ်မြောက်၎င်း၊ သုံးကြိမ်မြောက်၎င်း စားသည်သာလျှင် တည်း။
သစ်မ နှင့် သမင်မ
ထိုအခါ ကြက်မသည် ငါ၏ အဥတို့ကို သုံးကြိမ်တိုင် စားပြီး၍ ငါ့ကိုလည်း စားလိုသည်ဖြစ်၏ဟုကြံလျက် ဤကိုယ်အဖြစ်မှ စုတေမနေ သေလွန်သောအခါ သားသ္မီးနှင့်တကွ ထိုကြောင်မကို စားရပါလို၏ဟု ဆုတောင်းခြင်းကို ပြု၍ စုတေသည်ရှိသော် တော၌ *သစ်မ (သစ်ဟူသည် ကြမ်းကြုတ်သော ကျား တမျိုး ပင်တည်း၊) ဖြစ်လေ၏။ ကြောင်မသည်ကား သမင်မ ဖြစ်လေ၏။ ထိုသမင်မ ဖွားသောကာလ၌ သစ်မသည် လာ၍ သုံးကြိမ် သားငယ် တို့ကို စားလေ၏။
ဘီလူးမနှင့် လူမ
သမင်မသည် သေခါနီးကာလ ဤသစ်မသည် ငါ၏သားငယ်တို့ကို သုံးကြိမ် စားပြီး၍ ယခု ငါ့ကိုလည်း စားလတ္တံ့ ၊ ဤကိုယ့်အဖြစ်မှ စုတေမနေ သေလွန် သည်ရှိသော် သားသ္မီးနှင့် တကွသော ဤသစ်မကို စားရပါလို၏ဟု ဆုတောင်းခြင်းကိုပြု၍ ထိုကိုယ်အဖြစ်မှ စုတေသည်ရှိသော် ဘီလူးမ ဖြစ်လေ၏။ သစ်မ သည်လည်း ထိုတော၌ပင် ထိုကိုယ်အဖြစ်မှ စုတေသည်ရှိသော် သာဝတ္ထိပြည်၌ အမျိုးသ္မီး ဖြစ်လေ၏။
ထိုအမျိုးသ္မီးသည် အရွယ်သို့ရောက်လတ်သော် သာဝတ္ထိပြည် တံခါးနှင့်နီးသော ရွာဝယ် လင့်အိမ်သို့ လိုက်သွားလေ၏။ နောက်အဖို့၌ သားကို ဖွားမြင်လေ၏။ ဘီလူးမသည်လည်း ထိုအမျိုးသ္မီး၏ ချစ်လှစွာသော အဆွေခင်ပွန်းအသွင်ဖြင့် လာ၍ ငါ့အဆွေ ခင်ပွန်းမသည် အဘယ်မှာနည်းဟု မေးသည်ဖြစ်၍ အိမ်တိုက်ခန်း တွင်း၌ သားဖွားလျက်ရှိ၏ဟု ပြောဆိုလတ်သည် ရှိသော် သားယောက်ျားပင် ဖွားမြင်လေ သလော၊ သို့တည်းမဟုတ် သ္မီးမိန်းမပင် ဖွားမြင်သလောဟု ဆိုလျက် ထိုသားငယ်ကို ကြည့်ရှုဦးအံ့ဟု တိုက်ခန်းတွင်းသို့ ဝင်ပြီးလျှင် ကြည့်လေဟန်ကဲ့သို့ သူငယ်ကို ယူငင်၍ စားဝါးပြီးသွားလေ၏။
တဖန် နှစ်ကြိမ်မြောက်ဖွားမြင်ပြီးသော အခါလည်း ထိုရှေးအတူသာလျှင် စားပြန်၏ သုံးကြိမ်မြောက်သော အခါ အမျိုးသ္မီးသည် ရင့်သောကိုယ်ဝန် ရှိသည်ဖြစ်၍ ခင်ပွန်းသည် ယောက်ျားကိုခေါ်၍ အရှင် ဤအရပ် ဤအိမ်၌ ဘီလူးမတယောက် သည် အကျွန်ုပ်၏ သားနှစ်ယောက်တို့ကို စားသွားလေပြီ၊ယခုအခါ အကျွန်ုပ်၏ မိဘအိမ်သို့သွား၍ သားကို ဖွားမြင်ပါအံ့ဟု တိုင်ပင်ပြီးလျှင် မိဘအိမ်သို့သွား၍ သားကို ဖွားမြင်လေ၏။
ဘီလူးမ ရေခပ်လှည့်ကျ၍ အလာနှောင်းခြင်း
ထိုအခါ၌ကား ဘီလူးမသည် ရေခပ်ရန် အလှည့်ကျရာသို့ သွားရလေ၏။ ဝေဿဝဏ် နတ်မင်းအား ဘီလူးမတို့သည် အလှည့်ကျအားဖြင့် *အနဝတတ်အိုင်မှ ဦးခေါင်း အဆင့်ဆင့်ဖြင့် ရေကို ဆောင်ယူ ပို့ဆက်ကြရကုန်၏။ ထိုဘီလူးမတို့သည် လေးလ လွန်မှ၎င်း၊ ငါးလ လွန်မှ၎င်း လွတ်ကြကုန်၏။ (ဤကား ရေ ခပ်လှည့် ကျပုံတည်း။) တပါးသော ဘီလူးမတို့သည် ပင်ပန်းသော ကိုယ်ရှိကြ ကုန်သည်ဖြစ်၍ အသက် ကုန်ခြင်းသို့ ရောက်ကြကုန်၏။
(*အနဝတတ်အိုင် = ဟိမဝန္တာ၌ အပူကင်း၍ အလွန်အေးမြသော ရေအိုင်ကြီး။)
ထိုဘီလူးမသည်ကား ရေခပ်ရန်အလှည့်မှ လွတ်လျှင်လွတ်ခြင်း လျင်မြန်စွာ ထိုအိမ်သို့သွား၍ ငါ၏ အဆွေခင်ပွန်းမသည် အဘယ်မှာနည်းဟု မေးလေ၏။ ထိုသတို့သ္မီးကို သင်ဘယ်မှာ တွေ့နိုင်အံ့နည်း၊ ထိုသတို့သ္မီးသည်ကား ဤအိမ်၌ ဖွားတိုင်း ဖွားတိုင်းသော သူငယ်တို့ကို ဘီလူးမသည် လာ၍ စား၏၊ ထို့ကြောင့် မိဘအိမ်သို့ သွားလေပြီဟု ဆိုလတ်သည်ရှိသော် ထိုဘီလူးမသည် အမှတ်မရှိ သွားလိုရာသွားသည် ဖြစ်စေ ငါ၏လက်မှ မလွတ်နိုင်လတ္တံ့ ဟု လျင်စွာသော အဟုန်ဖြင့် ကောင်းစွာ အားထုတ်အပ်သော စိတ်ရှိသည်ဖြစ်၍ မြို့တွင်းသို့ ရှေးရှု ပြေးလိုက်သွားလေ၏။
အမျိုးသ္မီးသည်လည်း အမည်မှည့်အံ့သောနေ့ သူငယ်ကိုရေချိုးစေ၍ အမည်ကို မှည့်ပြီးမှ အရှင် ယခုအခါ မိမိအိမ်သို့ပြန်ကြကုန်အံ့ဟု သားကိုပွေ့ချီလျက် လင်နှင့် အတူတကွ ဇေတဝန်ကျောင်းတော်အလယ်၌ သွားသောခရီးဖြင့် သွားစဉ် သားကို လင့်အားပေး၍ ကျောင်းတော်ရေကန်၌ ရေချိုးပြီးနောက် လင်ရေချိုး သည်ရှိသော် တက်၍ သားငယ်အားနို့တိုက်လျက် နေစဉ် အဝေးမှလာသော ဘီလူးမကို မြင်သဖြင့် မှတ်မိ သည်ဖြစ်၍ “အရှင် လျင်မြန်စွာ လာပါလော့၊ ဤ လာသောသူသည်ကား ထိုဘီလူးမပင်တည်း၊ လျင်မြန်စွာ လာပါလော၊ ဤလာသောသူသည်ကား ထိုဘီလူးမပင်တည်း”ဟု သည်းစွာသော အသံပြု၍ လင်ယောက်ျား လာသည် တိုင်အောင် ကောင်းစွာ တည်တံ့ခြင်းငှါ မတတ်နိုင်ရကား ပြန်နစ်၍ ကျောင်းတော် အတွင်းသို့ ရှေးရှု ပြေးလေ၏။
ဘုရားနှင့် တွေ့ခြင်း
ထိုအခါ မြတ်စွာဘုရားသည် ပရိသတ် အလယ်၌ တရားဟော၍ နေတော်မူ၏။ ထိုအမျိုးသ္မီးသည် သားကို မြတ်စွာဘုရား၏ ခြေဖမိုးတော်ပေါ်၌ အိပ်စေ၍ တပည့်တော်မသည် အရှင်ဘုရားတို့အား ဤသူငယ်ကို လှူဒါန်းပါ၏၊ တပည့်တော်မ ၏ သားငယ်အား အသက်ရှင်ခြင်းကို ပေးသနားတော် မူကြပါဘုရားဟု လျှောက်လေ၏။
ကျောင်းတော် တံခါးမုတ်၌ စောင့်နေရသော သုမန အမည်ရှိသော နတ်သည် ဘီလူးမအား အတွင်းသို့ ဝင်စေခြင်းငှါ အခွင့်မပေး။ မြတ်စွာဘုရားသည် ရှင်အာနန္ဒာ မထေရ်ကို ခေါ်တော်မူ၍ ချစ်သား အာနန္ဒာ သွားချေ၊ ထိုဘီလူးမကို ခေါ်ချေလော့ဟု စေတော်မူလိုက်၏။ အရှင်အာနန္ဒာ မထေရ်သည် ထိုဘီလူးမကို ခေါ်လေ၏။
အမျိုးသ္မီးသည်လည်း မြတ်စွာဘုရား ဤဘီလူးမသည် လာပါပြီဘုရား ဟု လျှောက်လျှင် ဘုရားရှင်သည် လာပစေ၊ အသံကိုမပြုလင့်ဟု မိန့်တော်မူပြီးနောက် လာ၍ ရပ်နေသော ဘီလူးမကို အဘယ့်ကြောင့် ဤသို့ ပြုသနည်း၊ ငါကဲ့သို့သော ဘုရား၏ မျက်မှောက်တော်သို့ သင်တို့နှစ်ဦးစလုံး အကယ်၍ မရောက်လာကုန် သည် ဖြစ်အံ့၊ မြွေနှင့် မြွေပါတို့ကဲ့သို့၎င်း၊ ဝံနှင့် ကြို့ပင်စောင့် နတ်တို့ကဲ့သို့၎င်း၊ ကျီးနှင့် ခင်ပုပ်တို့ကဲ့သို့၎င်း သင်တို့အား တကမ္ဘာပတ်လုံး တည်သော ရန်သည် ဖြစ်လတ္တံ့၊ အဘယ့်ကြောင့် ရန်ကိုရန်တုံ့ မူသနည်း၊ ရန်မည်သည်ရန်တုံ့မမူသဖြင့် ငြိမ်း၏၊ ရန်တုံ့မူသဖြင့် မငြိမ်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူ၏။
ဒေသနာတော်
၅။ န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တိဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။
ဣဓ=ဤလောက၌။ ဝေရေန=ရန်တုံ့မူသဖြင့်။ ဝေရာနိ=ရန်တို့သည်။ ကုဒါစနံ=တရံတဆစ်မျှ။ န ဟိ သမ္မန္တိ=မငြိမ်းကုန်။ အဝေရေန စ=ရန်တုံ့မမူသဖြင့်သာလျှင်။ ဝေရာနိ=ရန်တို့သည်။ သမ္မန္တိ=ငြိမ်းကုန်၏။ ဧသ-ဧသော ဓမ္မော=ဤသို့ ရန်တုံ့မမူသဖြင့် ရန်၏ ငြိမ်းခြင်းသည်။ သနန္တနော=ရှေး၌ ဖြစ်၏။
တနည်းကား
ဧသ-ဧသော=ဤသို့ ရန်တုံ့မမူသဖြင့် ရန်၏ငြိမ်းခြင်းတည်းဟူသော။ ဓမ္မော=ရှေးရိုးတရားသည်။ သနန္တနော=ခပ်သိမ်းသော ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာ အစ ရှိကုန်သော သူတော်ကောင်းတို့၏ သွားရာ လမ်းခရီးပေတည်း။
ဒေသနာတော်၏ အကျိုး
ဂါထာ၏ အဆုံး၌ ဘီလူးမသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာ သော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာတော်သည် ဖြစ်လေ၏။
ကာဠီဘီလူးမဝတ္ထု ပြီး၏။
လယ်စောင့်နတ် အကြောင်း
မြတ်စွာဘုရားသည် ထိုအမျိုးသ္မီးကို "သင်၏သားငယ်ကို ဘီလူးမအား ပေးလိုက်လေလော့" ဟု မိန့်တော်မူ၏။ "ကြောက်လှပါသည် မြတ်စွာဘုရား" ဟု လျှောက်ထားလေသော် "မကြောက်လင့်၊ သင့်အား ဤဘီလူးမကိုမှီ၍ ဘေးရန် မရှိပြီ" ဟု မိန့်တော်မူလေ၏။ ထိုအမျိုးသ္မီးသည် သားငယ်ကို ဘီလူးမအား ပေးလေ၏။
ဘီလူးမသည် ထိုသားငယ်ကို နမ်းရှုတ် လည်ဖက်ပြီးလျှင် တဖန် အမိအားသာလျှင် ပေး၍ ငိုခြင်းငှါ အားထုတ်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ဘီလူးမကို "ဤသို့ ငိုခြင်းငှါ အားထုတ်ခြင်းကား အကြောင်း အသို့နည်း" ဟု မေးတော်မူလေ၏။ "မြတ်စွာဘုရား၊ တပည့်တော်မသည် ရှေးအခါ၌ ဟုတ်ဟုတ်ငြားငြား (အစားအစာကို မရွေးမချယ် သက်ရှိသက်မဲ့ ရှာဖွေ၍ အသက်ကို မွေးရပါလျက်လည်း ဝမ်းပြည့်လောက်အောင်သော အစာကို ရဖူးသည် မရှိပါ၊ ယခုအခါ အဘယ်သို့ အသက် မွေးရပါအံ့နည်း" ဟု လျှောက်လေ၏။
ထိုအခါ မြတ်စွာဘုရားသည် "မစိုးရိမ်သင့်" ဟု ဘီလူးမကို နှစ်သိမ့်စေပြီးလျှင် "ဤဘီလူးမကို ဆောင်၍ မိမိ၏အိမ်၌ နေစေပြီးလျှင် ယာဂုဦး ထမင်းဦးတို့ဖြင့် လုပ်ကျွေးလေလော့" ဟု ထိုအမျိုးသ္မီးကို မိန့်တော်မူ၏။ အမျိုးသ္မီးသည် ထိုဘီလူးမကို ခေါ်ဆောင်ပြီးလျှင် ခေါင်လျောက်၍ နေစေ၍ ယာဂုဦး ထမင်းဦးတို့ဖြင့် လုပ်ကျွေးသမှု ပြုလေ၏။ ထိုအခါ ဘီလူးမ၏ စိတ်၌ စပါးထောင်းသောအခါ၌ ကျည်ပွေ့ဖျားဖြင့် ဦးထိပ်ကို ပုတ်ခတ်ဘိသကဲ့သို့ ထင်လေ၏။
ထိုဘီလူးမသည် အဆွေခင်ပွန်းဖြစ်သော အမျိုးသ္မီးကိုခေါ်၍ "ဤအရပ်၌နေခြင်းငှါ မတတ်နိုင်၊ တပါးသော အရပ်၌ ငါ့ကိုထားပါလော့" ဟု ဆိုသဖြင့် မောင်းတင်းကုပ်၌၎င်း၊ ရေအိုးတုတ် ထားရာအရပ်၌၎င်း၊ ခုံလောက် ရှိရာ စဖို့၌၎င်း၊ တံစက်ကျရာ အရပ်၌၎င်း၊ တံမြက်ချေးစွန့်ရာ အရပ်၌၎င်း၊ ရွာတံခါး၌၎င်း (ပြောင်း၍ ပြောင်း၍) ဤအရပ်တို့၌ နေစေ၏။ ထိုသို့ပင် နေစေသော်လည်း ဤမောင်း တင်းကုပ် အရပ်၌ ကျည်ပွေ့ဖြင့် ငါ၏ ဦးခေါင်းကို ထုခဲ့သကဲ့သို့ ထင်၏။
ဤ ရေအိုးတုတ် ထားရာအရပ်၌ သူငယ်တို့သည် လုပ်ဆေးရေကို ထွေးစွန့်ကုန်၏။ ဤ စဖိုအိမ် အရပ်၌ ခွေးတို့သည် အိပ်ကုန်၏။ ဤတံစက်မြိတ် အရပ်၌ သူငယ်တို့သည် အညစ်အကြေးကို စွန့်ပစ်ကြကုန်၏။ ဤတံမြက်ချေးစွန့်ရာ အရပ်၌ တံမြက်မှိုက်ကို စွန့်ပစ်ကြကုန်၏။ ဤရွာတံခါး အရပ်၌ ရွာသူသားငယ်တို့သည် အမှတ်သညာ လက္ခဏာနှင့် ယှဉ်သော ကစားခြင်းကို ပြုကြကုန်၏" ဟု ဆို၍ ဤအလုံးစုံသော အရပ်တို့ကို ပယ်လေ၏။
ထိုအခါ ဘီလူးမကို ရွာ၏အပ ဆိတ်ငြိမ်သော နေရာ၌ထား၍ ဘီလူးမအလို့ငှါ ယာဂုဦး ထမင်းဦး စသည်တို့ကို ထိုအရပ်သို့ ပို့ဆောင်ကြကုန်၏။
ထိုဘီလူးမသည် "ဤနှစ်၌ မိုဃ်းကောင်းလတ္တံ့၊ ကြည်းကုန်းအရပ်၌ စပါး စိုက်ပျိုးလော"၊ "ဤနှစ်၌ မိုဃ်းခေါင်လတ္တံ့၊ ချိုင့်ဝှမ်းရာ အရပ်၌ စပါး စိုက်ပျိုးလော့" ဟု အဆွေခင်ပွန်းမ ဖြစ်သော အမျိုးသ္မီးအား ပြောကြား၏။ ထိုအခါ အမျိုးသ္မီးမှ ကြွင်းသော ပြည်သူ ပြည်သားတို့ စိုက်ပျိုးအပ်သော ကောက်သည် အလွန် ရေများသဖြင့်၎င်း၊ ရေမရှိသဖြင့်၎င်း ပျက်စီး၏။ ထိုအမျိုးသ္မီးအားကား အလွန်လျှင် ပြည့်စုံ၏။
ထိုအခါ ထိုအမျိုးသ္မီးကို သာဝတ္ထိပြည်၌ နေကုန်သော သူတို့သည် "ချစ်သ္မီး၊ သင် စိုက်ပျိုးအပ်သော ကောက်သည် အလွန် ရေများသဖြင့်လည်း မပျက်စီး၊ ရေမရှိသဖြင့်လည်း မပျက်စီး၊ မိုဃ်းကောင်းအံ့သည့်အဖြစ် မိုဃ်းခေါင်အပ်သည့် အဖြစ်ကို သိ၍ လယ်လုပ်ခြင်း အမှုကို ပြုသလော၊ ဤအကြောင်းကား အဘယ်နည်း" ဟု မေးမြန်းကြကုန်၏။
ထိုအခါ အမျိုးသ္မီးသည် "ငါတို့၏ အဆွေခင်ပွန်းမဖြစ်သော ဘီလူးမသည် မိုဃ်းကောင်းအံ့သည့်အဖြစ် မိုဃ်းခေါင်အံ့သည့်အဖြစ်ကို ပြောကြား၍ ငါတို့သည် ထိုဘီလူးမ စကားဖြင့် မြင့်ရာအရပ်, နိမ့်ရာအရပ်တို့၌ ကောက်တို့ကို စိုက်ပျိုးကြကုန်၏။
ထို့ကြောင့်သာလျှင် ငါတို့အား စပါးပြည့်စုံကုန်၏။ အမြဲမပြတ်ငါတို့အိမ်မှ ယာဂု ထမင်းစသည် ဆောင်ပို့သည်ကို သင်တို့ မမြင်ကြကုန်သလော။ ယာဂု, ထမင်း စသည်တို့ကို ထိုဘီလူးမအား ပို့ဆောင်အပ်ကုန်၏။ သင်တို့သည်လည်း ထိုဘီလူးမအား ယာဂုဦး ထမင်းဦး စသည်တို့ကို ပို့ဆောင် ပ,သကြကုန်လော့။ သင်တို့၏ အမှုတို့ကိုလည်း ထိုဘီလူးမသည် ကြည့်ရှု မ,စလတ္တံ့" ဟု ဆိုလေ၏။
ထိုအခါ ဘီလူးမအား ပြည်အလုံး၌ နေကုန်သော သူတို့သည် ပူဇော်သက္ကာရကို ပြုကြကုန်၏။ ဘီလူးမသည်လည်း ထိုအခါမှစ၍ အလုံးစုံသော သူတို့၏ အမှုတို့ကို ကြည့်ရှု မ,စသည်ရှိသော် အခြံအရံများ၍ လာဘ်ကောင်း လာဘ်မြတ်ရသဖြင့် ပြန့်ပြောသည့်အဖြစ်သို့ ရောက်လေ၏။ ထိုဘီလူးမသည် နောက်အဖို့ ရှစ်ခုသော စာရေးတံ ဆွမ်းတို့ကို ဖြစ်စေ၏။ ထိုစာရေးတံ ဆွမ်းတို့ကို ယခုကာလ ယခုနေ့ တိုင်အောင် ပေးလှူပူဇော်လျက် ရှိကုန်သည်သာလျှင်တည်း။
(*ဆွမ်းရှစ်အုပ် အမြဲ လှူ၏၊ ဆွမ်းဝတ်တည်ထား၏ ဟူလို။)
ကာဠီဘီလူးမဝတ္ထု ပြီး၏။
---၅ - ကောသမ္ဗီပြည်သား ရဟန်းများ ဝတ္ထု
ပရေ စ န ဝိဇာနန္တိ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ကောသမ္ဗီ ပြည်သား ဖြစ်ကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။
ဝိနည်းဓိုရ်နှင့် ဓမ္မကထိက အယူအဆ မညီ၍ ဗြဟ္မာ့ပြည် တိုင်အောင် ကွဲပြားခြင်း
ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ ငါးရာငါးရာစီ အခြံအရံ ရှိကုန်သော ဝိနည်းဓိုရ် ပုဂ္ဂိုလ်လည်း တပါး, ဓမ္မကထိကပုဂ္ဂိုလ်လည်း တပါး ဤနှစ်ပါးသော ရဟန်းတို့သည် နေကုန်၏။ ထိုနှစ်ပါးသော ရဟန်းတို့တွင် ဓမ္မကထိက ရဟန်းသည် တနေ့သ၌ ကိုယ်လက် သုတ်သင်ခြင်းကို ပြု၍ သန့်သက်ရေ ထားရာ အခန်းရုံ၌ သန့်သက်ရေ ကြွင်းကို ခွက်၌ထား၍ ထွက်ခဲ့လေ၏။
ထိုနောင်မှ ဝိနည်းဓိုရ် ရဟန်းသည် ထို သန့်သက်ခန်းသို့ ဝင်သည်ရှိသော် သန့်သက်ရေ ကြွင်းကို မြင်၍ ထွက်လာပြီလျှင် ဓမ္မကထိက ရဟန်းကို "ငါ့သျှင် သင်သည် သန့်သက်ရေကြွင်းကို ထားခဲ့လေသလော" ဟု မေး၏။ "ငါ့သျှင် ထားခဲ့သည် မှန်ပေ၏" ဟု ဆိုလတ်သော် "အသို့နည်း၊ ဤသို့ထားရာ၌ အာပတ်သင့်သည် အဖြစ်ကို မသိလေသလော" ဟု မေးလေ၏။
"မသိသည် မှန်ပါ၏" ဟု ဆိုလတ်သော် "ငါ့သျှင်၊ ထိုသို့မသိသည်ပင် ဖြစ်စေ၊ ဤ သန့်သက်ရေ အကြွင်းထားရာ၌ အာပတ် သင့်၏" ဟု ဝိနည်းဓိုရ်က ဆိုလေ၏။ "ထိုသို့ ဖြစ်မူ ထိုအာပတ်ကို ကုစားပါအံ့" ဟု ဆိုလတ်သော် "ငါ့သျှင်၊ သင့်အား စေတနာမရှိ၍ သတိကင်းသဖြင့် အကယ်၍ ပြုမိသည်ဖြစ်အံ့၊ အာပတ်မရှိ" ဟု ဝိနည်းဓိုရ်က ဆိုလေ၏။ ဓမ္မကထိကသည် ထိုအာပတ်၌ အာပတ်မသင့်ဟု အယူရှိလေ၏။
ဝိနည်းဓိုရ်ရဟန်းသည် မိမိတပည့်တို့အား "ဤ ဓမ္မကထိကသည် အာပတ်သို့ ရောက်သော်လည်း အာပတ် သင့်သည် အဖြစ်ကို မသိ" ဟု ပြောကြားလေ၏။ ထို ဝိနည်းဓိုရ်၏ တပည့်တို့သည် ဓမ္မကထိက၏ တပည့်တို့ကို မြင်လျှင် "သင်တို့၏ ဥပဇ္ဈာယ်ကား အာပတ်သို့ ရောက်သော်လည်း အာပတ်သင့်သည် အဖြစ်ကို မသိ" ဟု ဆိုကြကုန်၏။
ထိုစကားကို ကြားလျှင် ဓမ္မကထိက တပည့်တို့သည် သွား၍ မိမိတို့၏ ဥပဇ္ဈာယ်အား ထိုရဟန်းတို့ ဆိုအပ်သော စကားကို လျှောက်ကြားကြကုန်၏။ ထိုဓမ္မကထိကသည် "ဤဝိနည်းဓိုရ် ရဟန်းကား ရှေး၌ အာပတ်မသင့်ဟု ဆိုပြီး၍ ယခုအခါ အာပတ် သင့်သည်ဟု ဆိုပြန်၏။ ဤဝိနည်းဓိုရ်ရဟန်းကား မုသားဆိုလေ့ရှိ၏" ဟု ဆိုလေ၏။
ထိုအခါ ဓမ္မကထိက၏ တပည့်တို့သည် သွား၍ "သင်တို့၏ ဥပဇ္ဈာယ်ကား မုသားဆိုလေ့ရှိ၏" ဟု ဆိုကြကုန်၏။ ထိုရဟန်းတို့သည် ဤသို့ အချင်းချင်း ငြင်းခုံ ခိုက်ရန်ကို ပွားစေကြကုန်၏။ ထိုနောက်မှ ဝိနည်းဓိုရ်သည် အခွင့်ကိုရ၍ ဓမ္မကထိက ရဟန်းအား အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်ခြင်း ဟူသော ဥက္ခေပနီယကံကို ပြုလေ၏။
ထိုနေ့မှစ၍ ဝိနည်းဓိုရ်ရဟန်း ဓမ္မကထိကရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းကုန်သော အလုပ်အကျွေး ဒါယကာတို့သည်လည်း နှစ်စု ကွဲပြားကြကုန်၏။ အဆုံးအမကို ခံယူကုန်သော ရဟန်းမိန်းမတို့သည်၎င်း၊ အစောင့်အရှောက်ဖြစ်သော နတ်တို့သည်၎င်း၊ ထိုနတ်တို့၏ တကွ မြင်ဖူး တကွသုံးဆောင်ဖူးကုန်သော ကောင်းကင်၌ တည်သော နတ်တို့သည်၎င်း ဤသို့အားဖြင့် ဗြဟ္မာ့ပြည်တိုင်အောင် အလုံးစုံလည်း ဖြစ်ကုန်သော ပုထုဇဉ်တို့သည် နှစ်စုသော အသင်းအပင်းတို့ ဖြစ်ကြကုန်၏။ စတုမဟာရာဇ်ဘုံကို အစပြု၍ အကနိဋ္ဌဘုံ စည်းဝေးသော နတ်ဗြဟ္မာ တို့တိုင်အောင် ဤ ကောလာဟလသည် ပြန့်နှံ့ရောက်သွားလေ၏။
(ကောလာဟလ = အုတ်အုတ်ကျက်ကျက် ဆူညံသော ငြင်းခုံခြင်း။)
မြတ်စွာဘုရား ဆုံးမတော်မူသည်ကို မနာယူခြင်း
ထိုအခါ ရဟန်းတပါးသည် မြတ်စွာဘုရားအထံသို့ ချည်းကပ်၍ --
နှင်ထုတ်တတ်သော ဝိနည်းဓိုရ်နှင့်တကွ အန္တေဝါသိကတို့အား ဤဓမ္မကထိကတို့ တရားနှင့် လျော်သည်သာလျှင် ဖြစ်သော ဝိနည်းကံဖြင့် နှင်ထုတ်၏ဟု အယူ ရှိခြင်းကို၎င်း၊
နှင်ထုတ်အပ်သော ရဟန်းသို့ အတုလိုက်ကုန်သော ဓမ္မကထိက၏ အန္တေဝါသိက တပည့်တို့ အားကား တရားနှင့် မလျော်သည်သာလျှင် ဖြစ်သော ကံဖြင့် နှင်ထုတ်၏ ဟု အယူရှိခြင်းကို၎င်း၊
နှင်ထုတ်ခြင်း ပြုကုန်သော ဝိနယဓရ မထေရ်တို့သည် တားမြစ်အပ်ကုန်သော်လည်း ဓမ္မကထိက၏ တပည့်မထေရ်တို့သည် အစဉ်မပြတ် ခြံရံလျက် သွားလာ လှည့်လည်ကုန်သော အဖြစ်ကို၎င်း - လျှောက်ကြားလေ၏။
မြတ်စွာဘုရားသည် "အညီအညွတ် ဖြစ်ကြကုန်လော" ဟု နှစ်ကြိမ်တိုင်တိုင် စေလွှတ်၍ မိန့်တော်မူသော်လည်း မြတ်စွာဘုရား အညီအညွတ် ဖြစ်ခြင်းငှါ အလိုမရှိကြကုန် ဟူသော စကားကိုသာ ကြားတော်မူ၍ သုံးကြိမ်မြောက် စေလွှတ်တော်မူသော အခါ၌ကား "ရဟန်းသံဃာသည် ကွဲပြားပြီ" ဟု ကြားတော်မူလေ၏။
ထိုအခါ မြတ်စွာဘုရားသခင်သည် ထိုရဟန်းတို့၏ အထံသို့ ကိုယ်တိုင် ကြွသွားတော်မူ၍ နှင်ထုတ်ခြင်း ဥက္ခေပနီယကံကို ပြုကုန်သော ရဟန်းတို့အား ဥက္ခေပနီယကံကိုပြုခြင်း၌ အပြစ်ကို၎င်း၊ နှင်ထုတ်အပ်သော ဓမ္မကထိက ရဟန်းတို့အား အာပတ်ကို မရှုခြင်း၌ အပြစ်ကို၎င်း ဟောတော်မူ၍ တဖန် ထိုရဟန်းတို့အား ကောသမ္ဗီပြည်၌သာလျှင် တသိမ်တည်း၌ ဥပုသ်ကံပြုခြင်း စသည်တို့ကို ခွင့်ပြုတော် မူ၍ ဆွမ်းစားစရပ် စသည်တို့၌ ခိုက်ရန်ဖြစ်ကုန်သော ရဟန်းတို့အား "နေရာ ခြား၍ ခြား၍ ခင်းသဖြင့် နေအပ်၏" ဟု ဆွမ်းစားစရပ်၌ ဝတ်ကို ပညတ်တော်မူပြီးလျှင် "ယခုအခါ၌လည်း ငြင်းခုံခိုက်ရန် ဖြစ်ကုန်လျက်သာလျှင် နေကုန်၏" ဟု ကြားတော်မူသဖြင့် ထိုအရပ်သို့ ကြွတော်မူပြီးလျှင် --
"ချစ်သား ရဟန်းတို့ မသင့်မလျော် ခိုက်ရန် မပြုကြကုန်လင့်" ဤသို့ အစရှိသော စကားတို့ကို မိန့်တော်မူ၍ "ချစ်သားရဟန်းတို့၊ ဤခိုက်ရန် ငြင်းခုံဖြစ်ပွား ကွဲပြားခြင်းတို့ မည်သည်ကား အကျိုးမဲ့ကို ပြုတတ်ကုန်၏။ ခိုက်ရန်ပြုခြင်းကိုမှီ၍ နှံစုတ်ငှက်ငယ် စဉ်လျက်လည်း ဆင်ပြောင်ကြီးကို အသက် ကုန်ခြင်းသို့ ရောက်စေဖူးပြီ" ဟု လဋုကိကဇာတ်ကို ဟောတော်မူ၍ "ချစ်သား ရဟန်းတို့၊ အညီအညွတ် ဖြစ်ကြကုန်လော့၊ အငြင်းအခုံ မပြုကြကုန်လင့်၊ ငြင်းခုံခြင်း ကိုမှီ၍ အသိန်းမက များစွာကုန်သော ငုံးငှက်တို့သည် အသက် ကုန်ခြင်းသို့ ရောက်ဖူးကုန်ပြီ" ဟု ဝဋ္ဋက ဇာတ်ကိုလည်း ဟောတော်မူ၏။
ဤသို့ ဟောတော်မူသော်လည်း မြတ်စွာဘုရား စကားတော်ကို မနာမယူကြသောကြောင့် မြတ်စွာဘုရား၏ ပင်ပန်းခြင်းကို အလိုမရှိသော မထင်ရှားသော ဓမ္မဝါဒီ ရဟန်းတပါးသည် "ဘုန်းတော်ကြီးသော တရားကြောင့် အရှင်ဖြစ်တော်မူသော မြတ်စွာဘုရား၊ ဆိုင်းငံ့တော်မူပါဘုရား၊ ဘုန်းတော်ကြီးသော ရှင်ပင်ဘုရား၊ မျက်မှောက်၌ ဖြစ်သော အရဟတ္တဖိုလ် ချမ်းသာကို အဖန်တလဲလဲ ခံစားတော် မူလျက် ကြောင့်ကြမဲ့ နေတော်မူပါဘုရား၊ ဤကဲ့သို့ ငြင်းခုံခိုက်ရန် ဖြစ်ပွားလျက် ကွဲပြားသောအရာဖြင့် ဘုရားတပည့်တော်တို့ အလိုအလျောက်သာ ထင်ရှားကြပါလိမ့်မည် ဘုရား" ဟု လျှောက်ကြားသည်ရှိသော် မြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၏။
ဒီဃီတိကောသလမင်း ဝတ္ထုကို ဆောင်တော်မူသော်လည်း မနာယူခြင်း
ချစ်သားရဟန်းတို့၊ ရှေး၌ဖြစ်ဖူးသည်ကား ဗာရာဏသီပြည်၌ ဗြဟ္မဒတ် အမည် ရှိသော ကာသိကရာဇ်မင်းသည် မင်းပြု၏။ ထိုဗြဟ္မဒတ်မင်းသည် ဒီဃာဝု သတို့သား၏ ခမည်းတော်ဖြစ်သော ကောသလမင်း၏ တိုင်းပြည် စည်းစိမ်ကို လုယက်ခြင်းကြောင့် မထင်ရှားသော အသွင်ဖြင့် နေရသော ခမည်းတော် ကောသလမင်းကို သတ်သည့်အဖြစ်ကို၎င်း၊ ဒီဃာဝုမင်းသားသည် မိမိအသက်ကို ပေးပြီးသည်ရှိသော် ထိုအခါမှစ၍ ဗြဟ္မဒတ်မင်းနှင့် ဒီဃာဝု မင်းသားတို့၏ ညီညွတ်သည့်အဖြစ်ကို၎င်း ဟောတော်မူလေ၏။
(ထိုဒီဃီတိ ကောသလဇာတ် ဝတ္ထုသည် ငါးရာ့ငါးဆယ် ပဉ္စကနိပါတ် ဒီဃီတိ ကောသလဇာတ်၊ နဝကနိပါတ် ကောသမ္ဗီဇာတ်တို့၌ ပါရှိ၏။ ဝိနည်းမဟာဝါ ကောသမ္ဗကက္ခန္ဓက ပါဠိတော်၌ကား အကျယ် ပါရှိ၏။ ဗဟုဿုတ လိုလားသော ပုဂ္ဂိုလ်များတို့၏ အကျိုးငှါ ၎င်းဇာတ်ဝတ္ထုကို ဤ၌ ထည့်သွင်း ပြဆိုပေအံ့။)
ဒီဃီတိ ကောသလဇာတ် ဝတ္ထုအကျယ်
ရှေးသရောအခါ ဗာရာဏသီပြည်ငယ် ဗြဟ္မဒတ် အမည်ရှိသော ကာသိကရာဇ် မင်းသည် မင်းပြုလေ၏။ ထိုမင်းသည် ကြွယ်ဝ၏၊ များလှစွာသော ဥစ္စာအသုံး အဆောင် စစ်သည်ဗိုလ်ပါ တိုင်းကားပြည်ရွာ ရှိ၏။ ဒီဃီတိမည်သော ကောသလမင်း သည်ကား များစွာမကြွယ်ဝ၊ နည်းပါးသော ဥစ္စာအသုံးအဆောင် စစ်သည် ဗိုလ်ပါ တိုင်းကားပြည်ရွာရှိ၏။
အခါတပါး၌ ဗြဟ္မဒတ်မင်းသည် ဒီဃီတိကောသလမင်းကို စစ်တိုက်ရန်ရှေးရှု စစ်ထွက်လေ၏။ ထိုအကြောင်းကို ဒီဃီတိကောသလမင်း ကြားလတ်သော် "ငါကား အားနည်း၏၊ အားကြီးသော ဗြဟ္မဒတ်မင်းနှင့် တကြိမ်မျှ စစ်ထိုးခြင်းကိုလည်း ခံနိုင်မည်မဟုတ်၊ စောစော ကြိုတင်၍ ထွက်ခွါ တိမ်းရှောင်နေရမူ ကောင်းလေစွ" ဟု ကြံပြီးလျှင် မိဖုယားကြီးကို ခေါ်ဆောင်၍ မြို့တော်မှ ထွက်ခွါ တိမ်းရှောင်ကာ နေလေ၏။
ထိုအခါ ဗြဟ္မဒတ်မင်းသည် ဒီဃီတိကောသလမင်း၏ စစ်သည် ဆင်, မြင်း တိုင်းကား ပြည်ရွာအလုံး သိမ်းကျုံး စိုးအုပ်၍ နေလေ၏။ ဒီဃီတိ ကောသလမင်းကြီး ကား မိဖုယားနှင့်တကွ ဗာရာဏသီပြည် တခုသော ပစ္စန္တရစ်အရပ်၌ အိုးထိန်းသည် တို့ အနေအထား မထင်ရှားသော ပရိဗိုဇ်အသွင်အပြင်ဖြင့် နေလေ၏။
ထို့နောက် မကြာမီ မိဖုယားအား ပဋိသန္ဓေ ကိုယ်ဝန်ရှိလတ်သော် သားငယ်၏ အာနုဘော်ကြောင့် ဤသို့သော *ချင်ခြင်း ဖြစ်လေ၏။ နေထွက်သောအခါ ကောင်းသော မြေပြင်၌ အင်္ဂါလေးပါးရှိသော စစ်သည် အပေါင်းကို ချပ်မိန်ညို ဝတ်ဆင်လျက် တည်သည်ကို မြင်ချင်၏ဟူ၍၎င်း၊ သန်လျက်ဆေးသော ရေကို သောက်ချင်၏ ဟူ၍၎င်း ချင်ခြင်းဖြစ်လေ၏။
(*ချင်ခြင်း = မရမနေနိုင်လောက်အောင် အလိုရှိခြင်း။)
ဤသို့ ပဋိသန္ဓေ တည်နေ၍ ချင်ခြင်းဖြစ်သည်ကို မင်းကြီးအား ပြောကြားလတ်သော် "မိဖုယား၊ ထီးနန်းစွန့်၍ မထင်မရှား ဆင်းရဲစွာ နေရသော ငါတို့အား အင်္ဂါလေးပါး ရှိသောစစ်သည်ကို၎င်း၊ သန်လျက် ဆေးရေကို၎င်း အဘယ်မှာ ရနိုင်ပါအံ့နည်း" ဟု ဆိုသဖြင့် "အရှင်မင်းကြီး မရလျှင် အကျွန်ုပ် သေရပါလိမ့်မည်" ဟု ပြောကြားလေ၏။
ထိုအခါ ဒီဃီတိ ကောသလမင်းသည် အဆွေခင်ပွန်းဟောင်း ဖြစ်ခဲ့ဖူးသော ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ပုဏ္ဏား အထံသို့ သွားပြီးလျှင် "ပုရောဟိတ်ပုဏ္ဏား၊ အကျွန်ုပ်၏ မိဖုယားဖြစ်သော အသင်၏ မိတ်ဆွေမအား ပဋိသန္ဓေ ကိုယ်ဝန် ရှိသည်ဖြစ်၍ အင်္ဂါလေးပါးနှင့် ပြည့်စုံ သော စစ်သည် ဗိုလ်ပါကို နေထွက်သောအခါ မြင်ချင်၏ ဟူ၍၎င်း၊ သန်လျက်ဆေးရေကို သောက်ချင်၏ဟူ၍၎င်း ချင်ခြင်း ဖြစ်နေပါသည်" ဟု ပြောကြားလေ၏။
ထိုအခါ ပုရောဟိတ် ပုဏ္ဏားသည် "အရှင်မင်းကြီး ထိုသို့ဖြစ်မူ အကျွန်ုပ်တို့သည်လည်း မိဖုယားကြီးကို ရှုမြင်လိုကုန်၏" ဟု ဆိုသဖြင့် ဒီဃီတိ ကောသလမင်းသည် မိဖုယားကို ခေါ်ဆောင်၍ ပုရောဟိတ် ပုဏ္ဏားအိမ်သို့ သွားသောအခါ ပုရောဟိတ် ပုဏ္ဏားသည် အဝေးမှလာသော မိဖုယားကို မြင်လျှင်မြင်ခြင်း နေရာမှထ၍ လက်ဝဲ တဘက် ပခုံးထက်၌ လက်ကန်တော့စမ္ပယ်.တင်ပြီးလျှင် မိဖုယားကို ရှိခိုး၍ -
“ကောသလရာဇာ ဝတ ဘော ကုစ္ဆိဂတော”
ဘော၊ အိုအချင်းတို့။ ကုစ္ဆိဂတော၊ ဝမ်း၌တည်သော သူငယ်သည်။ ကောသလရာဇာ ဝတ၊ ကောသလမင်း ဖြစ်လိမ့်တကား
ဟု ဝမ်းမြောက်ဝမ်းသာ စကားကို သုံးကြိမ် မြွက်ဆိုလေ၏။ မြွက်ဆိုပြီးလျှင် ချင်ခြင်း ပြည့်စုံအောင် ပြုပေးပါအံ့ဟု တာဝန်ခံလိုက်လေ၏။
ထိုသို့ တာဝန်ခံပြီးသောအခါ ပုရောဟိတ်ပုဏ္ဏားသည် ဗြဟ္မဒတ်မင်း အထံသို့ ချဉ်းကပ်၍ "အရှင်မင်းကြီး ထိုထို တိတ်နိမိတ်တို့သည် ထင်ရှားကုန်၏၊ နက်ဖြန်နံနက် နေထွက်သောအခါ ချပ်မိန်ညို ဝတ်ဆင်အပ်သော အင်္ဂါလေးပါးရှိသော စစ်သည်သည် ကောင်းသော မြေအပြင်၌ တည်ပါစေလော့၊ သန်လျက်ကိုလည်း ဆေးကြောစေပါလော့" ဟု သံတော်ဦး တင်လေ၏။
ထိုအခါ ဗြဟ္မဒတ်မင်းကြီးသည် ပုရောဟိတ် ဆိုသောအတိုင်း ပြုသဖြင့် ဒီဃီတိ ကောသလမင်းကြီး၏ မိဖုယားသည် အင်္ဂါလေးပါးရှိသော စစ်သည်ကို မြင်ရခြင်း သန်လျက်ဆေးရေကို သောက်ရခြင်းကြောင့် ချင်ခြင်း ပြည့်စုံသည်ဖြစ်၍ ပဋိသန္ဓေ ရင့်မာသောအခါ သားယောက်ျား ဖွားမြင်လေ၏။ ထိုသားငယ်ကို ဒီဃာဝု ဟု အမည်မှည့်ကြကုန်၏။
ထိုဒီဃာဝု မင်းသားသည် မကြာမြင့်မီ သိကြားလိမ္မာသော အဖြစ်သို့ ရောက်လေ၏။ ထိုအခါ ဒီဃီတိ ကောသလ မင်းကြီးအား ဤသို့သော အကြံဖြစ်လေ၏၊ "ဗြဟ္မဒတ် မင်းသည် ငါတို့၏ စစ်သည်ဗိုလ်ပါ တိုင်းကား ပြည်ရွာ ကျိကြ ဘဏ္ဍာ တို့ကို လုယက်၏။ အကယ်၍ ငါတို့၏ အကြောင်းကို သိသည်ဖြစ်အံ့၊ ငါတို့ သုံးယောက် စလုံးကို သတ်လတ္တံ့၊ ထိုကြောင့် ဒီဃာဝုမင်းသားကို မြို့ပ၌ နေစေရမူကား ကောင်းလေစွ" ဟု အကြံဖြစ်၍ ဒီဃာဝုမင်းသားကို မြို့ပ၌ ထား၏။ ဒီဃာဝု မင်းသားသည် မြို့ပ၌နေလျက် အလုံးစုံသော အတတ်ပညာတို့ကို များမကြာမီ တတ်မြောက်အောင် သင်ယူလေ၏။
အခါတပါး၌ ဗြဟ္မဒတ်မင်း အထံ၌နေသော ဒီဃီတိကောသလမင်း၏ ဆေတ္တာသည် ဖြစ်ဖူးသောသူသည် မိဖုယားနှင့်တကွ ဒီဃီတိ ကောသလမင်းကို ပစ္စန္တရစ်အရပ်၌ အိုးထိန်းသည်တို့ အနေအထား မထင်ရှားသော ပရိဗိုဇ် အသွင်အပြင်ဖြင့် နေသည်ကို မြင်သဖြင့် ဗြဟ္မဒတ်မင်းအား ထိုအကြောင်းကို လျှောက်ထားလေ၏။
ဗြဟ္မဒတ်မင်းသည် မင်းချင်းယောက်ျားတို့ကိုခေါ်၍ မိဖုယားနှင့်တကွ ဒီယိတိ ကောသလမင်းကို ဖမ်းစေ၍ သတ်ရမည်ဟု အမိန့်ပေးလေ၏။ ထိုအခါ မင်းချင်း ယောက်ျားတို့သည် "ကောင်းပါပြီ အရှင်မင်းကြီး" ဟု ဗြဟ္မဒတ်မင်း၏ စကားကို ဝန်ခံပြီးလျှင် မိဖုယားနှင့် တကွသော ဒီဃီတိ ကောသလမင်းကြီးကို ဖမ်း၍ တလမ်းမှ တလမ်းသို့ ဆောင်ကြကုန်၏။
ထိုအခါ မြို့ပ၌နေသော ဒီဃာဝုမင်းသားသည် ခမည်းတော် မယ်တော်တို့ကို မဖူးမြင်ရသည်မှာ ကြာပြီဟု ဗာရာဏသီမြို့တွင်းသို့ ဝင်လာသော လက်ပြန်ကြိုး ချည်၍ ဦးပြည်းရိတ်ပြီးလျှင် အသံဆိုးသော စည်ကြီးကို တီးလျက် တလမ်းမှ တလမ်းသို့ ဆောင်သည်ကို တွေ့ရ၍ အနီးသို့ ချဉ်းကပ်လေ၏။ ထိုအခါ ဒီဃီတိ ကောသလမင်းသည် ဒီဃာဝု မင်းသားကို မြင်ရ၍ -
“မာ ခေါ တွံတာတ ဒီဃာဝု ဒီဃံ ပဿ မာ ရဿံ၊ န ဟိ တာတ ဒီဃာဝု ဝေရေန ဝေရာ သမ္မန္တိ၊ အဝေရေန ဟိ တာတ ဒိဃာဝု ဝေရာ သမ္မန္တိ” ဟု ဆိုလိုက်လေ၏။
တာတ ဒီဃာဝု၊ ချစ်သား ဒီဃာဝု။ တွံ၊ သင်သည်။ ဒီဃံ၊ အရှည်ကို။ မာ ပဿ၊ မရှုလေနှင့်။ ရဿံ၊ အတိုကို။ မာ ပဿ၊ မရှုလေနှင့်။ တာတ ဒီဃာဝု၊ ချစ်သား ဒီဃာဝု။ ဝေရာ၊ ရန်တို့သည်။ ဝေရေန၊ ရန်တုံ့မူသဖြင့်။ န ဟိ သမ္မန္တိ၊ မငြိမ်းကုန်။ တာတ ဒီဃာဝု၊ ချစ်သား ဒီဃာဝု။ ဝေရာ၊ ရန်တို့သည်။ အဝေရေန ဟိ၊ ရန်တုံ့ မမူသဖြင့် သာလျှင်။ သမ္မန္တိ၊ ငြိမ်းကုန်၏၊
ထိုသို့ ဆိုသည်ရှိသော် မင်းချင်း ယောက်ျားတို့သည် "သူ၏ ဒီဃာဝုကား အဘယ်သူနည်း၊ ဘယ်သူကို ဤသို့ ဆိုနေသနည်း၊ ဤမင်းကြီးသည်ကား သေဘေးမှ ထိတ်လန့်သဖြင့် ရူးကြောင်ကြောင် မြည်တမ်းလေ၏" ဟု ပြောဆိုကြကုန်၏။
"အချင်းတို့ ငါကား ရူး၍ ဆိုသည်မဟုတ်၊ လိမ္မာသောသူ သိလတ္တံ့" ဟု ဆို၍ ဤနည်း အတိုင်း သုံးကြိမ် တိုင်အောင် မြည်ဆိုလေ၏။ ထို့နောက်မင်းချင်းယောက်ျားတို့သည် တောင်တံခါးသို့ ထုတ်၍ လေးပိုင်းပိုင်း၍ သတ်ပြီးလျှင် အစောင့်အရှောက် ထား၍ ဖဲသွားကြကုန်၏။
ဒီဃာဝုမင်းသားသည် ဗာရာဏသီပြည်တွင်းသို့ ဝင်၍ ညနေချမ်းအခါ၌ သေရည် သေရက်တို့ကို ယူဆောင်ပြီးလျှင် မင်းချင်းယောက်ျား အစောင့်အရှောက်တို့ကို သောက်စေ၍ မူးယစ် အိပ်ပျော်ကြကုန် သောအခါ ထင်းတို့ကို စုရုံး၍ မီးသင်္ဂြိုဟ်ပြီးလျှင် လက်အုပ်ချီလျက် ထင်းပုံကို သုံးကြိမ် လက်ျာရစ် လှည့်လည်လေ၏။
ထိုအခါ ဗြဟ္မဒတ်မင်းသည် မြတ်သော ပြာသာဒ်ထက်၌ နေလျက် မီးသင်္ဂြိုဟ် နေသည်ကို မြင်ရ၍ "ဤသူကား ဒီဃီတိကောသလမင်းကြီး၏ ဆွေမျိုးသားချင်း ဖြစ်လတ္တံ့၊ ငါ့အား အကျိုးမဲ့ချေပြီ၊ တစုံတယောက်သော မင်းချင်း ယောက်ျားသည်လည်း လာ၍ မလျှောက်ထားလေ" ဟု အကြံဖြစ်လေ၏။ ထို့နောက် ဒီဃာဝု မင်းသားသည် မီးသင်္ဂြိုဟ်ပြီးသောအခါ တောအုပ်သို့ ဝင်၍ အလိုရှိတိုင်း ငိုကြွေး မြည်တမ်းပြီးလျှင် ဗာရာဏသီပြည်တွင်းသို့ ဝင်၍ မင်းကြီး နန်းတော်အနီး ဆင်တင်းကုပ်၌ ဆင်ဆရာ့ထံ အတတ်သင်ရန် နေလေ၏။
ဒီဃာဝုမင်းသားသည် ဆင်တင်းကုပ်၌ နံနက် စောစော ထ၍ သာယာသော အသံဖြင့် သီချင်းသီဆိုလျက် စောင်းတီးလေ၏။ ဗြဟ္မဒတ်မင်းသည် ထိုစောင်း တီးသံကို ကြားသောအခါ နှစ်သက်သည်ဖြစ်၍ မေးမြန်း စုံစမ်းပြီးလျှင် အနီးအပါး အတွင်းတော်၌ ခစားစေသဖြင့် ရှေးဦးစွာ ထခြင်း, နောက်မှ အိပ်ခြင်း, အသို့ ပြုရမည်နည်းဟု ကြောင့်ကြောင့် ကြကြ ပြောကြားခြင်း, နှစ်သက်ဖွယ် ကျင့်ခြင်း ချစ်ဖွယ်စကား ဆိုခြင်း စသော ကျင့်ငတ်တို့ဖြင့် ခစားသည်ရှိသော် များစွာ မြတ်နိုးသဖြင့် အတွင်းတော်၌ အကျွမ်းဝင်သော နေရာ၌ ကျွန်ယုံအဖြစ်ဖြင့် နေရလေ၏။
တနေ့သ၌ ဗြဟ္မဒတ်မင်းသည် သမင်တောသို့ တောလည်သွားသည်ရှိသော် စစ်သည်တို့နှင့် တခြားစီ ဖြစ်အောင် ဒီဃာဝုမင်းသား ရထား မောင်းသွားသဖြင့် အလွန်ဝေးသော အရပ်သို့ ရောက်သောအခါ ဗြဟ္မဒတ်မင်းသည် ပင်ပန်းသဖြင့် အိပ်လိုသောကြောင့် ရထားကို ဖြုတ်ခိုင်းပြီးလျှင် မြေပြင်၌ ထိုင်နေသော ဒီဃာဝု မင်းသား၏ ရင်ခွင်၌ ဦးခေါင်းထား၍ အိပ်လေ၏။
မင်းကြီး အိပ်ပျော်သောအခါ ဒီဃာဝု မင်းသားအား "ဤဗြဟ္မဒတ် မင်းကြီးသည် ငါ့ကို များစွာ အကျိုးမဲ့ ပြုဖူး၏။ ငါတို့၏ စစ်သည် ဗိုလ်ပါ တိုင်းကား ပြည်ရွာ ကျီကြဘဏ္ဍာ တို့ကို လုယက်ဖူးလေ၏။ အပြစ်မရှိသော ငါ၏မယ်တော် ခမည်းတော် တို့ကိုလည်း ဤမင်းသည်ပင် သတ်ဖြတ်၏။ ဤအခါသည်ကား ထိုရန်ကို ရန်တုံချေခြင်းငှါ သင့်လျော်သော အခါကာလတည်း" ဟု အကြံအစည် ဖြစ်လေ၏။
ဤသို့ ကြံပြီးလျှင် ချက်ခြင်း သန်လျက် အိမ်မှ သန်လျက်ကို ထုတ်ယူလိုက်လေ၏။ ထုတ်ယူပြီး အခါ၌ကား "ငါ၏ ခမည်းတော်သည် သေခါနီးသော အခါ၌ “မာ ခေါ တွံ တာတ ဒီဃာဝု” စသည်ဖြင့် ရန်တုံ့မမူရန် ငါ့ကို ပြောသွား၏။ သေခါနီး ပြောသွားသော မိဘတို့၏ စကားကို လွန်ဆန်ခြင်းငှါ မသင့်ပါတကား" ဟု အကြံဖြစ်၍ သန်လျက်အိမ်၌ သန်လျက်ကို ပြန်သွင်းလေ၏။
ဤနည်းဖြင့် သုံးကြိမ်တိုင်အောင် သတ်ရန် ကြံစည်ပြီး၍ နောက်ဆုံး အကြိမ် သန်လျက်အိမ်၌ သန်လျက် သွင်းပြီးသောအခါ ဗြဟ္မဒတ်မင်းသည် အိပ်ပျော်ရာမှ ထိတ်လန့် တုန်လှုပ်သော အခြင်းအရာဖြင့် နိုး၍ လျင်စွာ ထပြီးလျှင် "အချင်း၊ ငါ အိပ်ပျော်စဉ် ဒီဃီတိ ကောသလ မင်းကြီး၏ သားဖြစ်သော ဒီဃာဝုမင်းသားသည် သန်လျက်ဖြင့် လိုက်သည်" ဟု အိပ်မက်သဖြင့် ထိတ်ထိတ်လန့်လန့် နိုးလာကြောင်းကို ပြောကြားလေ၏။
ထိုအခါ ဒီဃာဝု မင်းသားသည် ဗြဟ္မဒတ်မင်းကြီး၏ ဥသျှောင်ထုံးကို လက်ဝဲ လက်ဖြင့် ကိုင်၍ လက်ျာလက်ဖြင့် သန်လျက်ကို ထုတ်ပြီးလျှင် "အရှင်မင်းကြီး၊ ဒီဃီတိ ကောသလမင်း၏ သားဖြစ်သော ဒီဃာဝုမည်သော မင်းသားသည် အကျွန်ုပ်ပေတည်း။ အသင်မင်းကြီးသည် အကျွန်ုပ်တို့အား များစွာ အကျိုးမဲ့ပြု၍ အပြစ်မရှိသော မယ်တော် ခမည်းတော်တို့ကို သတ်ဖြတ်ပေ၏။ ယခုအခါသည်ကား ထိုရန်ကို ရှန်တုံ့ချေအံ့သော အခါကာလ ဖြစ်ပြီ" ဟု ကြိမ်းဝါးလေ၏။
ထိုအခါ ဗြဟ္မဒတ်မင်းသည် ဒီဃာဝုမင်းသား၏ ခြေရင်း၌ ဦးခေါင်းဖြင့် ဝပ်၍ "အသက်ကို ချမ်းသာပေးပါ ဒီဃာဝုမင်းသား" ဟု တောင်းပန်လေ၏။ ထိုအခါ မိဘစကား နားထောင်လေ့ရှိသော သိမ်မွေ့သော စိတ်နှလုံး ရှိသော ဒီဃာဝုမင်းသားသည် "အသက်ချမ်းသာပေး၍ အကျွန်ုပ်အားလည်း အရှင်မင်းကြီးသည် အသက်ကိုချမ်းသာ ပေးပါ" ဟု တောင်းပန်၍ အချင်းချင်း အသက်ကိုလည်း ပေးကြကုန်၏၊ လက်ကိုလည်း ကိုင်ဆွဲကြကုန်၏၊ မိတ်မပျက်စေခြင်းငှါ ကျိန်စာကိုလည်း ဆိုကြကုန်၏။
ထို့နောက် တောလှည့်လည်ရာမှ ပြန်၍ နန်းတော်သို့ ရောက်သောအခါ ဗြဟ္မဒတ် မင်းသည် အမတ်တို့ကို စည်းဝေးစေ၍ "အချင်းအမတ်တို့၊ ဒီဃီတိကောသလမင်း၏ သားဖြစ်သော ဒီဃာဝုမင်းသားကို အကယ်၍ မြင်လျှင် အဘယ်သို့ ပြုကြမည်နည်း" ဟု မေးလေ၏။
အချို့သော အမတ်တို့သည် "အရှင်မင်းကြီး၊ အကျွန်ုပ်တို့သည် ဒီဃာဝုမင်းသားကို မြင်လျှင် လက်ကို ဖြတ်ကုန်အံ့၊ အကျွန်ုပ်တို့သည် ခြေကို ဖြတ်ကုန်အံ့၊ နားရွက်ကို ဖြတ်ကုန်အံ့၊ နှာခေါင်းကို ဖြတ်ကုန်အံ့၊ ဦးခေါင်းကို ဖြတ်ကုန်အံ့" ဟု အသီးသီး ပြောကြားကြကုန်၏။
"အချင်းအမတ်တို့၊ ဤသူငယ်သည် ဒီဃီတိကောသလမင်း၏ သားဖြစ်သော ဒီဃာဝု အမည်ရှိသော မင်းသားပေတည်း။ ယခုအခါ ထိုသူငယ်ကို တစုံတခုပြုခြင်းငှါ မထိုက်၊ ဤသူငယ်နှင့် ငါတို့သည် အချင်းချင်း အသက်ကို ချမ်းသာ ပေးအပ်ပြီ" ဟု မိန့်ကြားလေ၏။ ထိုသို့ မိန့်ကြားပြီးလျှင် ဗြဟ္မဒတ်မင်းသည် ဒီဃာဝုမင်းသားကို "အမောင် ဒီဃာဝုမင်းသား၊ သင်၏ခမည်းတော်သည် သေရအံ့သော အခါ၌ “မာ ခေါ တွံ တာတ ဒီဃာဝု” အစရှိသော စကားကို ဆိုသွားလေ၏၊ အဘယ်သို့သော အဓိပ္ပါယ်ကို ရည်မှန်း၍ ဆိုသွားလေသနည်း" ဟု မေးလေ၏။
"အရှင်မင်းကြီး၊ အကျွန်ုပ်၏ခမည်းတော်သည် သေရအံ့သောကာလ၌ ဆိုသွားသော စကား၏ အဓိပ္ပါယ်ကား ရန်ရှည်အောင်မလုပ်လေနှင့် ဟူသော အဓိပ္ပါယ်ကို၎င်း၊ မိတ်ဆွေတို့နှင့် လျင်မြန်စွာ ကွဲပြားအောင် မလုပ်လေနှင့်ဟူသော အဓိပ္ပါယ်ကို၎င်း၊ အရှင်မင်းကြီးသည် အကျွန်ုပ်၏ မယ်တော် ခမည်းတော်တို့ကို သတ်လေသောကြောင့် အကျွန်ုပ်က တဖန် အရှင်မင်းကြီးကို သတ်ပြန်သည်ဖြစ်အံ့၊ အရှင်မင်းကြီးဘက်မှ အကျိုးလိုလားသောသူတို့သည် အကျွန်ုပ်ကို သတ်ကုန်ရာ၏။ ထိုအခါ ထိုသူတို့ကို အကျွန်ုပ်ဘက်မှ အကျိုးလိုလားသော သူတို့သည်လည်း သတ်ဖြတ်ကုန်ရာ၏။
ဤသို့အပြန်ပြန် ရန်တုံ့မူသော သတ်ဖြတ်ခြင်းဖြင့် ရန်သည် မငြိမ်းစဲနိုင်လေရာ။ ယခုအခါ၌ကား အရှင်မင်းကြီးသည်လည်း အကျွန်ုပ်အား အသက်ကို ချမ်းသာပေးပြီ၊ အကျွန်ုပ်သည်လည်း အရှင်မင်းကြီးအား အသက်ကို ချမ်းသာပေးပြီ။ ဤသို့ အချင်းချင်း အသက်ကို ပေးခြင်းတည်းဟူသော ရန်တုံ့မမူခြင်းဖြင့် ထိုရန်သည် ငြိမ်းအေးလေပြီ။ ဤသို့သော အဓိပ္ပါယ်ကို၎င်း၊ ဤသို့ အဓိပ္ပါယ်သုံးမျိုးကို ရည်မှန်း၍ ဖခမည်းတော် သေရအံ့သောအခါ “မာ ခေါ တွံ တာတ ဒီဃာဝု” အစရှိသော စကားဖြင့် ဩဝါဒစကား မှာကြားသွားခြင်း ဖြစ်ပါသည်" ဟု သံတော်ဦးတင်လေ၏။
ထိုအခါ ဗြဟ္မဒတ်အမည်ရှိသော ကာသိကရာဇ်မင်းသည် ဒီဃာဝု မင်းသားအား "အကျဉ်းအားဖြင့် မှာသွားသော ခမည်းတော်၏စကားကို အကျယ်အားဖြင့် သိနိုင်ပေ၏၊ ပညာရှိပေစွ၊ အံ့ဩဖွယ်ကောင်းပေစွ" ဟု များစွာ နှစ်သိမ့်တော်မူ၍ အဘ၏ဥစ္စာဖြစ်သော စစ်သည်ဗိုလ်ပါ တိုင်းကားပြည်ရွာ ကျီကြဘဏ္ဍာတို့ကိုလည်း ပြန်ပေးစေ၍ သ္မီးနှင့်လည်း လက်ဆက်စေ၍ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ တိုင်းပြည် အုပ်ချုပ် မင်းလုပ်၍နေကြကုန်၏။
ဤသို့ မြတ်စွာဘုရားသည် အတိတ်ကို ဆောင်၍ "ထိုအခါ မယ်တော် ခမည်းတော် တို့သည် ယခုအခါ သုဒ္ဓေါဒန မင်းကြီးနှင့် မယ်တော် မာယာတို့ ဖြစ်လာကုန်၏၊ ဒီဃာဝုမင်းသားသည်ကား ငါဘုရား ဖြစ်လာ၏" ဟု ဇာတ်တော်ကို ပေါင်းလေ၏။
ထိုသို့ ဒီဃီတိကောသလဇာတ်ကို ဟောတော်မူပြီးလျှင် "ချစ်သား ရဟန်းတို့၊ ယူအပ်သော တုတ်, လှံကန် ရှိကုန်သော ကိုင်စွဲအပ်သော လက်နက်ရှိကုန်သော ထိုမင်းတို့၏ စင်လျက်လည်း ဤသို့သဘောရှိသော သည်းခံခြင်း စိတ်နှလုံး ယဉ်ကျေးခြင်း ဖြူစင်ခြင်းသည် ဖြစ်ကုန်ဘိသေး၏။
ချစ်သား ရဟန်းတို့၊ သင်တို့သည် ဤသို့ ကောင်းစွာ ဟောကြားအပ်သော သုတ် အဘိဓမ္မာ, ဝိနည်း၌ ရဟန်းပြုကြ၍ သည်းခံကြသူတို့သည်လည်း ဖြစ်ကုန်ရာ၏၊ ပြောစကားကို နားထောင်၍ ဆိုလွယ် ပြောလွယ် ရှိကြသူတို့သည်လည်း ဖြစ်ကုန်ရာ၏၊ ထိုသို့ ဖြစ်ခြင်းသည် ဤငါဘုရား သာသနာတော်၌ အလွန် တင့်တယ်ရာ၏" ဟု ဆုံးမတော်မူလေ၏။
ဤသို့ ဆုံးမတော်မူ၍လည်း ထိုရဟန်းတို့အား ညီညွတ်သည်တို့ကို ပြုခြင်းငှါ မတတ်နိုင်။ ထိုအခါ၌ မြတ်စွာဘုရားသခင်သည် ခိုက်ရန်ဖြစ်သော ရဟန်းတို့နှင့် ပြွမ်း၍ နေခြင်းဖြင့် ငြီးငွေ့တော်မူရကား "ငါဘုရားသည် ယခုအခါ၌ ရောပြွမ်းလျက် အလွန်ဆင်းရဲစွာ နေရ၏၊ ဤရဟန်းတို့သည်လည်း ငါဘုရား စကားကို မလိုက်နာကြကုန်၊ ငါသည် ကိုယ်တော် တပါးတည်း အခြွေအရံ အပေါင်းမှ ကင်းကွာလျက် နေရမူကား ကောင်းလေစွ" ဟု ကြံတော်မူ၏။
---မြတ်စွာဘုရား ပါလိလေယျကတောသို့ ကြွ၍ ဝါဆိုတော်မူခြင်း
ထိုသို့ ကြံတော်မူ၍ ကောသမ္ဗီပြည်၌ ဆွမ်းအလို့ငှါ ကြွတော်မူပြီးလျှင် ရဟန်း သံဃာကို မပန်ကြားဘဲ ကိုယ်တော် တပါးတည်းသာလျှင် ကိုယ်တော်မြတ် သပိတ် သင်္ကန်းကို ကိုယ်တိုင် ယူတော်မူလျက် ပါလိလေယျက အမည်ရှိသောရွာသို့ ကြွတော်မူ၍ ထိုရွာ၌ မြတ်စွာဘုရားသည် ဘဂု အမည်ရှိသော မထေရ်အား ဧကစာရိကဝတ်ကို ဟောတော်မူ၏။ (ဧကစာရိကဝတ် = တပါးတည်း နေသော ရဟန်း၏ ကျင့်ဝတ်။)
ထိုနောက်မှ အရှေ့ဝါးတော မိဂဒါဝုန်၌ သုံးယောက်သော အမျိုးသားတို့အား ညီညွတ်ခြင်း၌ အကျိုးရှိသည်ကို ဟောတော်မူ၍ အကြင်အရပ်၌ ပါလိလေယျက တောသည် ရှိ၏၊ ထိုအရပ်သို့ ကပ်ရောက်တော်မူလေ၏။ ထိုပါလိလေယျကတော၌ မြတ်စွာဘုရားသခင်သည် ပါလိလေယျကရွာကို အမှီပြု၍ ပါလိလေယျကမည်သော ပလလည်း ဆင်မင်းသည် စောင့်ရှောက်အပ်သော တောအုပ်အတွင်း အင်ကြင်း ပင်ရင်းဝယ် ပလလည်း ဆင်မင်း၏ အလုပ်အကျွေးကို ခံယူတော်မူလျက် ချမ်းသာစွာ ဝါဆိုတော်မူ၏။
---လူဒါယကာတို့ ညီညွတ်ရေးကို စီမံခြင်း
ကောသမ္ဗီပြည်၌ နေကုန်သော ဒါယကာတို့သည်လည်း ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားကို မဖူးမြင်ရကုန်သည်ရှိသော် "အရှင်ဘုရားတို့၊ မြတ်စွာဘုရားသည် အဘယ်မှာနည်း" ဟု မေးလျှောက်ကုန်သဖြင့် ပလလည်း တောအုပ်သို့ ကြွတော်မူကြောင်းကို ပြောကြားကြကုန်၏။
"အဘယ့်ကြောင့် ကြွတော်မူသနည်း" ဟု မေးလျှောက်ကုန်သည်ရှိသော် "ငါတို့ကို ညီညွတ် သင့်တင့်အောင် လုံ့လ ပြုတော်မူသော်လည်း ငါတို့ကား သင့်တင့်ညီမျှ မဖြစ်ကြကုန်၊ ဤသို့သော အကြောင်းကြောင့် ကြွတော်မူသည်" ဟု ပြောကြားကြကုန်၏။
ထိုအခါ ဒါယကာတို့သည် "အရှင်ဘုရားတို့၊ အရှင်ဘုရားတို့သည် မြတ်စွာဘုရားအထံ၌ ရဟန်းပြုကုန်လျက် ထိုမြတ်စွာဘုရားသည် ညီညွတ်အောင် ပြုတော်မူသည်ကို အညီအညွတ် မဖြစ်နိုင်ကြကုန်ဘိသလော" ဟု မေးလျှောက်ကုန်သည်ရှိသော် "ဒါယကာတို့၊ ဤသို့ မညီမညွတ်သည် မှန်ပေ၏" ဟု ပြောကြားကြကုန်၏။
ထို ဒါယကာတို့သည် "ဤရဟန်းတို့ကား ဘုရားအထံတော်၌ ရဟန်းပြုလျက် ထိုဘုရားရှင် ညီညွတ်အောင် ပြုသော်လည်း အညီအညွတ် မဖြစ်ကုန်၊ ငါတို့ကား ဤရဟန်းတို့ကိုမှီ၍ မြတ်စွာဘုရားကို ကောင်းစွာ ဖူးမြင်ခြင်းငှါ ခွင့်မရကြကုန်၊ ထို့ကြောင့် ဤရဟန်းတို့အား နေရာကို မပေးကုန်အံ့၊ ရှိခိုးခြင်း စသည်တို့ကိုလည်း မပြုကုန်အံ့" ဟု ဆိုကြကုန်၏။
ထိုအခါမှစ၍ ထိုဒါယကာတို့သည် ထိုရဟန်းတို့အား ရိုသေကာမျှကိုလည်း မပြုကြကုန်၊ ထိုရဟန်းတို့သည် နည်းသော ဆွမ်း, ဘောဇဉ် အာဟာရရှိသည်၏ အဖြစ်ကြောင့် ပိန်ခြောက်သော သဘောရှိကုန်ရကား နှစ်ရက်, သုံးရက်ဖြင့် သာလျှင် ဖြောင့်မတ်တည်ကြည်သော သဘောရှိကုန်သည်ဖြစ်၍ အချင်းချင်း အပြစ်ကို ပြောကြား၍ ကန်တော့ပြီးလျှင် "ဒါယကာတို့၊ ငါတို့သည် အညီအညွတ် ဖြစ်ကြကုန်ပြီ၊ သင်တို့သည်လည်း ငါတို့အပေါ်၌ ရှေးနှင့်အတူ ကြည်ဖြူခြင်း ဖြစ်ကြကုန်လော့" ဟု ဆိုကုန်၏။
ထိုအခါ ဒါယကာတို့သည် "အရှင်ဘုရားတို့၊ အရှင်ဘုရားတို့သည် ဘုရားရှင်ကို ကန်တော့အပ်ပြီလော" ဟု မေးလျှောက်ကုန်၏။ "ဒါယကာတို့၊ မကန်တော့ရသေး" ဟု ဆိုသော် "ထိုသို့ဖြစ်မူ မြတ်စွာဘုရားကို ကန်တော့ကြကုန်လော့။ အရှင်ဘုရားတို့သည် မြတ်စွာဘုရားကို ကန်တော့ပြီးသော ကာလ၌ တပည့်တော်တို့သည်လည်း အရှင်ဘုရားတို့အား ရှေးနှင့်အတူ ကြည်ဖြူခြင်း ရှိကြပါကုန်အံ့" ဟု လျှောက်ကုန်၏။
ထိုရဟန်းတို့သည် ဝါတွင်း ဖြစ်သောကြောင့် ဘုရားရှင်အထံတော်သို့ သွားခြင်းငှါ မရဲဝံ့ကုန်သည်ဖြစ်၍ ဆင်းရဲငြိုငြင်စွာ ထိုပါတွင်းသုံးလကို လွန်စေကြရကုန်၏။ ဘုရားရှင်သည်ကား ဝါတွင်းသုံးလပတ်လုံး ထိုပလလည်း ဆင်မင်းသည် လုပ်ကျွေးအပ်သည်ဖြစ်၍ ချမ်းသာစွာ နေတော်မူရလေ၏။ ထိုပလလည်း ဆင်မင်းသည်လည်း ဆင်အပေါင်းကို ပယ်စွန့်၍ ချမ်းသာစွာ နေရခြင်း အကျိုးငှါသာလျှင် တောအုပ်သို့ သက်ဝင်ခြင်း ဖြစ်လေ၏။
---ပလလည်းဆင်မင်း လုပ်ကျွေးခြင်း
ထိုပလလည်း ဆင်မင်းသည်ကား "ငါသည် ဆင်ပေါက်တို့နှင့်၎င်း၊ ဆင်မကြီးတို့နှင့်၎င်း၊ ဆင်ရွေ, ဆင်လတ်တို့နှင့်၎င်း၊ ဆင်ငယ်တို့နှင့်၎င်း ရောပြွမ်းသည်ဖြစ်၍ နေရ၏။ အညွန့်အဖျား ပြတ်ပြီးကုန်သော မြက်ငုတ်တို့ကိုလည်း စားရ၏။ ဖရိုဖရဲ စနောင့်စနင်း ကျိုးသော အခက် အရွက်ရှိသော သစ်ခက်ကျိုးကိုလည်း စားရ၏။ နောက်ကျုသော ရေတို့ကိုလည်း သောက်ရ၏။ ရေဆိပ်သို့ ဆင်းသောအခါ တက်သောအခါ ငါ၏ကိုယ်ကို ဆင်မတို့သည် တိုက်ခိုက် တိုးဝှေ့၍ သွားကြကုန်၏။
ငါသည် တစီးတည်းသာလျှင် အပေါင်းအဖော်မှ ကင်း၍ နေရမူကား ကောင်းလေစွ" ဟု ကြံ၏။ ထိုသို့ ကြံပြီးသောအခါ ထိုဆင်ပြောင်ကြီးသည် ဆင်အပေါင်းမှ ဖဲခွါ၍ အကြင်အရပ်၌ ပါလိလေယျက တောအုပ်သည်၎င်း အခက်အရွက်နှင့် ပြည့်စုံခြင်းကြောင့် သာယာသော အင်ကြင်းပင်၏ အနီး အရပ်သည်၎င်း ရှိ၏။ အကြင်အရပ်၌ မြတ်စွာဘုရားသည်၎င်း ရှိ၏၊ ထိုဘုရား ရှိရာသို့ ချဉ်းကပ်လေ၏။ ဘုရားရှိရာသို့ ချဉ်းကပ်ပြီးလျှင် ဘုရားရှင်ကို ရှိခိုးပြီး၍ ထိုထို ဤဤ ကြည့်သည်ရှိသော် ဘုရားမှ တပါး တစုံ တယောက်သော သူကို မမြင်သဖြင့် အင်ကြင်းပင် အမြစ်ကို ခြေဖြင့် ပုတ်ခတ် ဖြတ်တိ ညှိရွေ၍ နှာမောင်းဖြင့် သစ်ခက်ကိုယူပြီးလျှင် တံမြက်လှည်း၏။
ထိုအခါမှစ၍ နှာမောင်းဖြင့်ပင် ရေအိုးကိုယူ၍ သောက်ရေကို၎င်း၊ သုံးဆောင်ရေကို၎င်း တည်ထား၏။ ရေနွေးဖြင့် အလိုရှိသည်ရှိသော် ရေနွေးကို စီရင်၏။ အဘယ်သို့ စီရင်သနည်း ဟူမူကား လက်ဖြင့် ထင်းတို့ကို ပွတ်သပ်ရှပ်တိုက်၍ မီးကို ဖြစ်စေ၏။ ထိုမီး၌ ထင်းတို့ကို ထည့်၍ မီးတောက်သည်ရှိသော် ထိုမီး၌ ကျောက်ခဲတို့ကို ထည့်ကာ ဖုတ်၍ သစ်သား လှံကန်ဖြင့် လှိမ့်ကော်၍ အပိုင်းအခြားရှိသော ရေအိုင်ငယ် တခု၌ ပစ်ချ၏။
ထိုနောက်မှ နှာမောင်းတည်းဟူသော လက်ကို စမ်းသပ်ချကြည့်သဖြင့် ရေပူသည်၏ အဖြစ်ကို သိသည်ရှိသော် သွား၍ မြတ်စွာဘုရားကို ဝပ်တွား ရှိခိုး၏။ မြတ်စွာဘုရားသည် "ပလလည်းဆင်၊ သင်သည် ရေကို နွေးစေအပ်ပြီလော" ဟု မိန့်တော်မူပြီးလျှင် ထိုရေနွေးတည်ရာ အရပ်သို့ကြွ၍ ရေသပ္ပါယ်တော်မူ၏။
ထိုသို့ ရေသပ္ပါယ်ပြီးသောအခါ မြတ်စွာဘုရားအား အထူးထူးအပြားပြား ရှိကုန်သော သစ်သီး ကြီးငယ်တို့ကို ဆောင်၍လှူ၏။ အကြင်အခါ မြတ်စွာဘုရားသည် ရွာသို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏၊ ထိုအခါ မြတ်စွာဘုရား၏ သပိတ် သင်္ကန်းကိုယူ၍ ဦးကင်း၌ တင်ထားလျက် ဘုရားရှင်နှင့် အတူတကွသာလျှင် လိုက်သွား၏။
မြတ်စွာဘုရားသည် ရွာဥပစာသို့ ရောက်သည်ရှိသော် "ပလလည်းဆင်၊ ဤအရပ်မှစ၍ သင်သည် လိုက်ခြင်းငှါ မတတ်ကောင်း၊ ငါ၏ သပိတ် သင်္ကန်းတို့ကို ဆောင်ယူခဲ့လော့" ဟု မိန့်တော်မူလျက် ဆောင်ယူခဲ့စေ၍ ရွာသို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏။ ဆင်မင်းသည်လည်း မြတ်စွာဘုရား ဆွမ်းခံရာမှ ထွက်တော်မူလာသည်တိုင်အောင် ထိုရွာ၏ ဥပစာ၌သာ ဆိုင်းငံ့၍ မြတ်စွာဘုရား ကြွလာတော်မူသောအခါ ခရီးဦး ကြိုဆိုလျက် ရှေးနည်းဖြင့်သာလျှင် သပိတ် သင်္ကန်းကို လှမ်းယူ၍ သီတင်းသုံးတော်မူရာ အင်ကြင်းပင်ရင်း၌ ချထား၍ ဝတ်ကြီး ဝတ်ငယ်ကိုပြုလျက် သစ်ခက်ဖြင့် ယပ်ခပ်၏။
ညဉ့်အခါ၌ သားရဲ ဘေးရန်တို့ကို တားမြစ်ခြင်းငှါ ကြီးစွာသော တုတ်, လှံကန်ကို နှာမောင်းဖြင့် ချီယူလျက် မြတ်စွာဘုရားကို စောင့်ရှောက်အံ့ဟု နေအရုဏ်တက်လာသည် တိုင်အောင် တောအုပ် အကြားအကြား၌ လှည့်ပတ်သွားလာ၏။ ထိုအခါမှစ၍ ထိုတောအုပ်သည် ပလလည်း ဆင်မင်း စောင့်ရှောက်အပ်သော ပလလည်း တောအုပ် မည်သည်သာလျှင် ဖြစ်လေသတတ်။ အရုဏ်တက်သည်ရှိသော် မျက်နှာသစ်တော်ရေ ကပ်လှူခြင်းကို အစပြု၍ ထိုဆိုခဲ့သော နည်းဖြင့်သာလျှင် အလုံးစုံသော ဝတ်ကြီး ဝတ်ငယ် အသွယ်သွယ်တို့ကို ပြုလေ၏။
---ပျားလှူသောမျောက် နတ်သားဖြစ်ခြင်း
ထို့နောက် တရံသောအခါ တကောင်သော မျောက်သည် မြတ်စွာဘုရားအား ထကြွလုံ့လဝီရိယဖြင့် အဘိသမာစာရိကဟု ဆိုအပ်သော မြတ်သော ဝတ်ကြီး ဝတ်ငယ် အကျင့်ကိုပြုသော ထိုပလလည်းဆင်ကို မြင်ရ၍ "ငါသည်လည်း တစုံတခုသော ကောင်းမှုကို ပြုအံ့" ဟု ကြံပြီးလျှင် လှည့်ပတ် သွားလာသည်ရှိသော် တနေ့သ၌ ပျားကောင်မရှိသော ပျားတံ၌ လဘို့စိုင်ကို တွေ့မြင်သဖြင့် ပျားတံကို ချိုး၍ ပျားတံနှင့်တကွ ပျားလဘို့ကို ဘုရားအထံသို့ ဆောင်ခဲ့၍ တောငှက်ပျော ရွက်ကို ဖြတ်ပြီးလျှင် ထိုငှက်ပျောရွက်၌ ထည့်၍ ကပ်လှူလေ၏။ ဘုရားရှင်သည်လည်း ခံယူတော်မူလေ၏။
မျောက်သည် ဘုဉ်းပေး သုံးဆောင်ခြင်းကို ပြုအံ့လော မပြုအံ့လောဟု နှလုံး သွင်းလျက် ကြည့်သည်ရှိသော် ဘုရားရှင်သည် ကိုင်၍ ထိုင်နေတော်မူသည်ကို မြင်လျှင် အသို့နည်းဟု ကြံ၍ ပျားတံစွန်း၌ ကိုင်၍ ပြန်လှန်လျက် စူးစမ်းဆင်ခြင် သည်ရှိသော် ပျားဥတို့ကို မြင်၍ ထိုပျားဥတို့ကို တဖြည်းဖြည်း ပယ်ပြီးမှ တဖန် ကပ်လှူပြန်လေ၏။
မြတ်စွာဘုရားသည် ဘုဉ်းပေး သုံးဆောင်တော်မူ၏။ ထိုမျောက်သည် နှစ်သက် ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ထိုထို သစ်ခက်ကို ကိုင်ယူဆွဲငင်၍ က-လျက် နေသောအခါ ဆွဲငင်သော သစ်ခက်သည်၎င်း၊ နင်းသော သစ်ကိုင်းသည်၎င်း ကျိုးပဲ့ ပြတ်ကျသဖြင့် တခုသော သစ်ငုတ်ထက်၌ ကျပြီးလျှင် ထုတ်ချင်း လျှိုဖောက်အပ်သော ကိုယ်ရှိသည်ဖြစ်လျက် မြတ်စွာဘုရား၌ ကြည်ညိုသော စိတ်ဖြင့်သာလျှင် သေ၍ တာဝတိံသာ နတ်ပြည်တွင် ယူဇနာသုံးဆယ်ရှိသော ရွှေဗိမာန်၌ နတ်သ္မီး တထောင် ခြံရံလျက်ဖြစ်၏။ ထိုနတ်သားအား နောက်ဘဝက မျောက်ဖြစ်ခဲ့ဖူးသော အကြောင်းကြောင့် မက္ကဋ ဒေဝပုတ္တ နတ်သားဟူသော အမည်သည် ဖြစ်လေ၏။
---အရှင်အာနန္ဒာ ကြီးမှူး၍ ရဟန်းများ ဘုရားထံတော်သို့ လိုက်ကြခြင်း
ထို ပလလည်း တော၌ ဆင်ပြောင်ကြီး၏ လုပ်ကျွေးခြင်းကို ခံလျက် မြတ်စွာဘုရား နေတော်မူသော အဖြစ်သည် အလုံးစုံသော့ ဇမ္ဗူဒီပါကျွန်း အပြင်၌ ကျော်စော ထင်ရှားခြင်း ဖြစ်လေ၏။ သာဝတ္ထိပြည်မှ အနာထပိဏ် သူဌေးသည်၎င်း၊ ဝိသာခါ ဒါယိကာမကြီးသည်၎င်း ဤသို့ အစရှိကုန်သော ထင်ရှားသော ဒါယကာတို့သည် အရှင်အာနန္ဒာ မထေရ်အား "မြတ်စွာဘုရားကို တပည့်တော်တို့အား ပြတော်မူပါလော့" ဟု သတင်းစကားကို စေလွှတ်ကုန်၏။
ထိုထို အရပ်မျက်နှာ၌ နေကုန်သော ငါးရာမျှလောက်သော ရဟန်းတို့သည်လည်း ဝါကျွတ်ကုန်ပြီးသည်ရှိသော် အရှင်အာနန္ဒာ မထေရ်သို့ ချဉ်းကပ်၍ "ငါ့သျှင် အာနန္ဒာ၊ ငါတို့အား မြတ်စွာဘုရား မျက်မှောက်တော်မှ တရားစကားကို မကြားရသည်မှာ ကြာမြင့်စွာ ရှိလေပြီ၊ ငါ့သျှင် အာနန္ဒာ၊ ငါတို့သည် မြတ်စွာဘုရားတော်မှ တရား စကားကို ကြားနာရခြင်းငှါ အခွင့် ရပါကုန်မူကား ကောင်းလစွ" ဟု တောင်းပန်ကြကုန်၏။
အရှင် အာနန္ဒာ မထေရ်သည်လည်း ထိုရဟန်းတို့ကို ပင့်ခေါ်ပြီးလျှင် ထို ပလလည်း တောသို့ သွား၍ ဝါတွင်း သုံးလပတ်လုံး ကိုယ်တော် တပါးတည်းသာ နေလေ့ရှိသော မြတ်စွာဘုရား၏ အထံတော်သို့ ဤမျှ အတိုင်းအရှည်ရှိသော ရဟန်းတို့နှင့် အတူတကွ ဆည်းကပ်ခြင်းငှါ မသင့်ခဲ့တကား ဟု ကြံ၍ ထိုရဟန်းတို့ကို အပ၌ ထားခဲ့ပြီးလျှင် တပါးတည်းသာ မြတ်စွာဘုရားသို့ ချဉ်းကပ်လေ၏။
ပလလည်း ဆင်မင်းသည် အရှင်အာနန္ဒာ မထေရ်ကို မြင်လျှင် တုတ်, လှံကန်ကို ယူလျက် ပြေးသွားသည်ရှိသော် မြတ်စွာဘုရားသည် ကြည့်၍ "ပလလည်းဆင်၊ ဆုတ်ဘိလော့ ဆုတ်ဘိလော့၊ ဖဲလော့၊ မမြစ်တားလင့်၊ ဤယခု ဆည်းကပ်လာသော သူသည်ကား ငါဘုရား၏ အလုပ်အကျွေး ပေတည်း" ဟု မိန့်တော်မူလေ၏။ ပလလည်း ဆင်မင်းသည် ထိုအရပ်၌ပင် တုတ်, လှံကန်ကို စွန့်ပစ်၍ သပိတ် သင်္ကန်း လှမ်းယူခြင်းကို ပန်ကြားလေ၏။ အရှင်အာနန္ဒာ မထေရ်သည် ပေးတော်မမူ။
ဆင်ပြောင်ကြီးသည် "ဤအရှင်သည် သင်ယူအပ်သော ကျင့်ဝတ်ရှိသည် အကယ်၍ ဖြစ်အံ့၊ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား၏ နေရာဖြစ်သော ကျောက်ဖျာထက်၌ မိမိ၏ သပိတ် ပရိက္ခရာကို မထားလတ္တံ့" ဟုကြံ၏။ အရှင်အာနန္ဒာ မထေရ်သည်လည်း သပိတ် သင်္ကန်းကို မြေ၌ထား၏။
ကျင့်ဝတ် ပြည့်စုံ လိမ္မာကုန်သော သူတို့သည် အလေးအမြတ် ပြုအပ်သော မိဘ ဆရာသမားတို့၏ ထိုင်နေကြနေရာ အိပ်နေကြ အိပ်ရာတို့၌ မိမိ၏ ပရိက္ခရာကို မထားကြကုန်။ (အဋ္ဌကထာမှတ်ချက်။)
အဆွေ ခင်ပွန်းကောင်းကို မရလျှင် တယောက်တည်း နေသင့်သည်ဟု ဟောတော်မူရာ ရဟန္တာငါးရာ ဖြစ်ခြင်း
အရှင်အာနန္ဒာ မထေရ်သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် သင့်တင့် လျောက်ပတ်သော အရပ်၌ ထိုင်လေ၏၊ ဘုရားရှင်သည် ချစ်သား အာနန္ဒာ သင် တယောက်တည်းသာလျှင် လာသလောဟု မေးတော်မူသဖြင့် မြတ်စွာဘုရား ရဟန်း ငါးရာတို့နှင့် အတူတကွ လာခဲ့ပါသည်ဘုရားဟု လျှောက်သည်ကို ကြားသိတော် မူသည်ရှိသော် ထိုငါးရာသော ရဟန်းတို့သည် အဘယ် အရပ်မှာနည်းဟု မေးတော်မူသည်ဖြစ်၍ ရှင်တော်ဘုရားတို့၏ စိတ်တော်ကို မသိရခြင်းကြောင့် အပ၌ ထား၍ တယောက်တည်းသာ လာခဲ့ပါသည် ဘုရားဟု လျှောက်ကြားလေ၏၊
ထိုအခါ မြတ်စွာဘုရားသည် ချစ်သားအာနန္ဒာ ထိုငါးရာသော ရဟန်းတို့ကို ခေါ်ချေလော့ဟု မိန့်တော်မူ၏၊ အရှင်အာနန္ဒာသည် ဘုရားရှင် မိန့်တော်မူတိုင်း ခေါ်၍လာလျှင် ဘုရားရှင်သည် ထိုရဟန်း ငါးရာတို့နှင့် အတူတကွ ပဋိသန္ဓာရ စကားကို ပြု၍ ရဟန်းတို့သည် မြတ်စွာဘုရား ရှင်တော်ဘုရားသည် ဘုရား၏ သိမ်မွေ့ခြင်းလည်း ရှိတော်မူ၏၊ မင်း၏ သိမ်မွေ့ခြင်းလည်း ရှိတော်မူ၏၊
ရှင်တော်ဘုရားတို့သည် ဝါတွင်း သုံးလပတ်လုံး ကိုယ်တော် တပါးတည်း ရပ်ခြင်း တို့ဖြင့်၎င်း၊ ထိုင်ခြင်း တို့ဖြင့်၎င်း ခဲယဉ်း ငြိုငြင်သော အမှုကို ပြုတော်မူရ၏၊ ဝတ်ကြီး ဝတ်ငယ်ကို ပြုသောသူသည်၎င်း မျက်နှာသစ်ရေ စသည်တို့ကို ဆက်ကပ်သော သူသည်၎င်း မရှိချေယောင် တကားဟု မြတ်စွာဘုရားအား နားတော် လျှောက်ကြား ကြကုန်၏၊
ထိုအခါ မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ ပလလည်း ဆင်မင်းသည် ငါ၏ အလုံးစုံသော ကိစ္စတို့ကို ပြုအပ်ကုန်ပြီ၊ ဤသို့ သဘောရှိသော အဆွေခင်ပွန်း ကောင်းကို ရသည်ရှိသော် အတူတကွ နေခြင်းငှါ သင့်၏၊ အဆွေခင်ပွန်းကောင်းကို မရသည်ရှိသော် တယောက်တည်း နေသော အဖြစ်သည်သာလျှင် မြတ်၏ဟု မိန့်တော်မူပြီး၍ နာဂဝဂ်လာ သုံးဂါထာတို့ကို ဟောတော်မူ၏။
သစေ လဘေထ နိပကံ သဟာယံ၊
သဒ္ဓိံ စရံ သာဓု ဝိဟာရိ ဓီရံ။
အဘိဘုယျ သဗ္ဗာနိ ပရိဿယာနိ၊
စရေယျ တေနတ္တမနော သတီမာ။
နော စေ လဘေထ နိပကံ သဟာယံ၊
သဒ္ဓိံ စရံ သာဓု ဝိဟာရိ ဓီရံ။
ရာဇာဝ ရဋ္ဌံ ဝိဇိတံ ပဟာယ၊
ဧကော စရေ မာတင်္ဂ ရညေ၀ နာဂေါ။
ဧကဿ စရိတံ သေယျော၊
နတ္ထိ ဗာလေ သဟာယတာ။
ဧကော စရေ န စ ပါပါနိ ကယိရာ၊
အပ္ပါသုက္ကော မာတင်္ဂ ရညေ၀ နာဂေါ။
နိပကံ၊ ရင့်သော ပညာလည်း ရှိထသော။ သဒ္ဓိံ စရံ၊ အတူ ကျင့်ဖော်လည်း ဖြစ်ထသော။ သာဓု ဝိဟာရိံ၊ ကောင်းသောနေခြင်းလည်း ရှိထသော။ ဓီရံ၊ မြဲမြံ ခိုင်ခံ့ တည်တံ့သော သမာဓိလည်း ရှိထသော။ သဟာယံ၊ အဆွေ ခင်ပွန်းကောင်းကို။ သစေ လဘေထ၊ အကယ်၍ ရသည်ဖြစ်အံ့။ (ဧဝံ လဘန္တော၊ ဤသို့ ရသည်ရှိသော်။) သဗ္ဗာနိ၊ ထင်ရှား မထင်ရှားသော အားဖြင့် အလုံးစုံကုန်သော။ ပရိဿယာနိ၊ ဘေးရန်တို့ကို။ အဘိဘုယျ၊ နှိပ်နင်း ဖျက်ဆီး၍။ တေန၊ ထိုအဆွေခင်ပွန်းကောင်းနှင့်။ သဒ္ဓိံ၊ တကွ။ အတ္တမနော၊ ဝမ်းမြောက်သော စိတ်ရှိသည်။ သတိမာ၊ ထင်ရှားသော သတိရှိသည်။ ဟုတွာ၊ ဖြစ်၍။ စရေယျ၊ ကျင့်ရာ၏။
နိပကံ၊ ရင့်သော ပညာလည်း ရှိထသော။ သဒ္ဓိံ စရံ၊ အတူကျင့်ဖော်လည်း ဖြစ်ထသော။ သာဓုဝိဟာရိံ၊ ကောင်းသော နေခြင်းလည်း ရှိထသော။ ဓီရံ၊ မြဲမြံခိုင်ခံ့ တည်တံ့သော သမာဓိလည်း ရှိထသော။ သဟာယံ၊ အဆွေခင်ပွန်းကောင်းကို။ နော စေ လဘေထ၊ အကယ်၍မရသည်ဖြစ်အံ့။ (ဧဝံ အလဘန္တော၊ ဤသို့ မရသည်ရှိသော်။) ဧကော၊ တယောက်ထီးတည်း။ စရေယျ၊ ကျင့်ရာ၏။ ကော ဝိယ၊ အဘယ်သူကဲ့သို့နည်း ဟူမူကား။ ရာဇာ၊ မင်းသည်။ ဝါ မဟာဇနကစသော မင်းဖြစ်ဖူးသော ရသေ့ရဟန်းသည်။ ဝိဇိတံ၊ မိမိအောင်ရာ မြေအရပ်ဖြစ်သော။ ရဋ္ဌံ၊ ပြည်ရွာ တိုင်းကားကို။ ပဟာယ၊ စွန့်၍။ ဧကောဝ၊ တယောက်ချင်းလျှင်။ စရတိ ဣဝ၊ ကျင့်သကဲ့သို့၎င်း။ မာတင်္ဂေါ၊ *မာတင်ဟု ရအပ်သော အမည်ရှိသော။ အယံ နာဂေါ၊ ဤ ဆင်ပြောင်ကြီးသည်။ ယူထံ၊ ဆင်အပေါင်းကို။ ပဟာယ၊ စွန့်၍။ အရညေ၊ တော၌။ ဧကောဝ၊ တစီးချင်းသာလျှင်။ စရတိ ဣဝ၊ ကျင့်သကဲ့သို့၎င်း၊ ဧဝံ၊ ဤအတူ။ ဧကောဝ၊ တယောက်ချင်းသာလျှင်။ စရေ၊ ကျင့်ရာ၏။
(*မာတင်္ဂ၊ မာတင် = ဖြည်းညှင်းစွာ သွားတတ်သောဆင်၊
တနည်းကား - ကြီးမားသော ကိုယ်အင်္ဂါ ရှိသောဆင်။)
ဧကဿ၊ တယောက်တည်း၏ သာလျှင်။ စရိတံ၊ ကျင့်ခြင်းသည်။ သေယျော၊ မြတ်၏။ ဗာလေ-ဗာလေန၊ မိုက်သောသူနှင့်။ သဟာယတာ၊ အပေါင်း အဖော်၏ အဖြစ်သည်။ နတ္ထိ၊ မရှိ။ အရညေ၊ တော၌။ အပ္ပေါသုက္ကော၊ ကြောင့်ကြမဲ့ ငဲ့ကွက်ခြင်း မရှိသော။ မာတင်္ဂေါ၊ မာတင်အမည် ရှိသော။ အယံ နာဂေါ၊ ဤဆင်မင်းသည်။ သုခံ၊ ချမ်းသစွာ။ စရတိ ဣဝ၊ ကျင့်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဧကော၊ တယောက်ထီးတည်း။ ဟုတွာ၊ ဖြစ်၍။ သုခံ၊ ချမ်းသာစွာ။ စရေ၊ ကျင့်ရာ၏။ ပါပါနိစ၊ အနည်းငယ်မျှသော မကောင်းမှု အကုသိုလ်တို့ကိုလည်း။ န ကယိရာ၊ မပြုရာ။
ဂါထာတို့၏ အဆုံး၌ ငါးရာသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏။
.
ဗုဒ္ဓပ္ပမုခသံဃာအား ဆင်မင်း သစ်သီးဆွမ်း ကပ်ခြင်းနှင့် သာဝတ္ထိပြည် ပြန်ကြွသည်ကို ကန့်ကွက်ခြင်း
အရှင်အာနန္ဒာ မထေရ်သည်လည်း အနာထပိဏ် သူဌေးစသော ဒါယကာတို့သည် စေအပ်သော သတင်း စကားကို လျှောက်ကြားပြီးလျှင် မြတ်စွာဘုရား အနာထပိဏ် သူဌေး အမှူးရှိသော ငါးကုဋေ မျှလောက်သော အရိယာသာဝကတို့သည် မြတ်စွာဘုရားတို့၏ ကြွလာခြင်းကို လွန်စွာ တောင့်တကြပါကုန်၏ဟု လျှောက်လေ၏၊
မြတ်စွာဘုရားသည် ချစ်သား အာနန္ဒာ ထိုသို့ဖြစ်မူ သပိတ် သင်္ကန်းကို ယူလော့ဟု မိန့်တော်မူ၍ သပိတ်သင်္ကန်းကို ယူစေပြီးလျှင် ထွက်ကြွတော်မူလတ်သော် ပလလည်း ဆင်မင်းသည် သွား၍ ကြွတော်မူရာ လမ်းခရီး၌ ဖီလာကန့်လန့် ရပ်နေလေ၏၊ ထိုအခါ ရဟန်းတို့သည် မြတ်စွာဘုရား ဆင်မင်းသည် အဘယ်ကို အလိုရှိ၍ ဖီလာကန့်လန့် ရပ်နေပါသနည်းဟု လျှောက်သည်ရှိသော် ချစ်သား ရဟန်းတို့ သင်တို့အား ဆွမ်းကိုလှူခြင်းငှါ တောင့်တ၏၊
ငါ့အား ရှည်ကြာစွာသော ကာလပတ်လုံး ဤ ဆင်မင်းသည် ပြုအပ်သော ကျေးဇူး ရှိ၏၊ ထိုဆင်မင်း၏ ကြည်ညိုသော စိတ်ကို ပျက်စေခြင်းငှါ မသင့်၊ ထို့ကြောင့် ချစ်သားရဟန်းတို့ ပြန်နစ်ကြကုန်ဦးလော့ဟု မိန့်တော်မူပြီးလျှင် မြတ်စွာဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူ၍ ပြန်ကြွတော်မူလေ၏။
ဆင်မင်းသည်လည်း တောအုပ်သို့ဝင်၍ ပိန္နဲသီး ငှက်ပျောသီး အစရှိသော အထူးထူးသော သစ်သီးတို့ကို ဆောင်ယူ စုပုံပြီးလျှင် မိုးသောက်သော နေ့၌ ရဟန်းတို့အား လှူဒါန်းလေ၏၊ ငါးရာသော ရဟန်းတို့သည် အလုံးစုံသောသစ်သီး တို့ကို ကုန်အောင် ဘုဉ်းပေးခြင်းငှါ မတတ်နိုင်ကြကုန်၊ သစ်သီးဆွမ်း ဘုဉ်းပေး ပြီးသောအခါ မြတ်စွာဘုရားသည် သပိတ်သင်္ကန်းကို ယူတော်မူ၍ထွက်ကြွတော် မူလေ၏၊
ဆင်မင်းသည် ရဟန်းတို့၏ အကြား အကြားဖြင့် သွား၍ ဘုရားရှေ့တော်၌ ဖီလာကန့်လန့် တားဟန့်သော အခြင်းအရာဖြင့် ရပ်လာပြန်၏၊ မြတ်စွာဘုရား အဘယ် အကြောင်းကြောင့် ဖီလာရပ်၍ မသွားဘဲ နေဘိသနည်းဟု ရဟန်းတို့ လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့ ဤဆင်မင်းသည် သင်တို့ကို စေလွှတ် လိုက်၍ ငါဘုရားကို ပြန်လည်စေလို၏၊ ထို့ကြောင့် ကန့်လန့် ရပ်နေ၏ဟု မိန့်တော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ဆင်မင်းကို ပလလည်းဆင် ဤသို့ ကြွသွားခြင်းသည် ငါဘုရား၏ တဖန် မပြန်မလည်သော ကြွသွားခြင်းတည်း၊ သင့်အား ဤဆင် ခန္ဓာကိုယ် အတ္တဘောဖြင့် ဈာန်သည်၎င်း၊ ဝိပဿနာသည်၎င်း၊ မဂ်သည်၎င်း၊ ဖိုလ်သည်၎င်း မရှိနိုင်၊ သင်သည် နေရစ်ဦးလော့ဟု မိန့်တော်မူ၏၊
ထိုသို့ မိန့်တော်မူသော စကားကိုကြား၍ ဆင်မင်းသည် ခံတွင်း၌ နှာမောင်းကို ထည့်သွင်း၍ ငိုကြွေး မြည်တမ်းလျက် နောက်မှတကောက်ကောက် လိုက်လေ၏၊ ဆင်မင်းသည် မြတ်စွာဘုရားကို ပြန်လည် စေခြင်းငှါ အကယ်၍ ခွင့်ရပါမူ ထိုသို့ ဆိုခဲ့ပြီးသော နည်းဖြင့်သာလျှင် အသက်ထက်ဆုံး လုပ်ကျွေးလိမ့်မည် စင်စစ်တည်း၊
မြတ်စွာဘုရားသည်ကား ထိုဆင်မင်းကို ရွာ၏ဥပစာသို့ ရောက်သောအခါ ပလလည်းဆင် ဤနေရာ ဌာနမှ စ၍ သင်၏နေရာ မဟုတ်ပြီ၊ လူတို့၏ နေရာ အရပ်ဖြစ်၍ ဘေးရန်ရှိ၏၊ သင်သည် နေရစ်ဘိလော့ဟု မိန့်တော်မူလတ်သော် ထိုဆင်မင်းသည် စီးကျသော မျက်ရည်တို့ဖြင့် စိုက်ကြည့်လျက် ရပ်တန့်ကာ နေရစ်ရှာလေသတည်း။
.
ဆင်မင်းစုတေ၍ နတ်သားဖြစ်ခြင်း
ထိုနောက်မှ မြတ်စွာဘုရား ကြွသွား၍ မျက်စိတဆုံးကို လွန်သည်ရှိသော် ဆင်မင်းသည် *နှလုံးကွဲသဖြင့် စုတေမနေ သေလွန်ရကား မြတ်စွာဘုရား၌ ကြည်ညိုသောစိတ်ဖြင့် တာဝတိံသာ နတ်ပြည်ဝယ် ယူဇနာ သုံးဆယ်ရှိသော ရွှေဗိမာန်၌ အခြံအရံဖြစ်သော နတ်သ္မီး တထောင်အလယ် တင့်တယ်စွာဖြစ်၍ ပါလိလေယျက နတ်သား ဟူ၍သာလျှင် အမည်တွင်လေ၏။
(*ရင်ကွဲနာဖြင့် သေ၏ ဟူလို။)
.
မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်သို့ ကြွရောက်တော်မူခြင်း
မြတ်စွာဘုရားသည်လည်း အစဉ်သဖြင့် ဇေတဝန် ကျောင်းတော်သို့ ကြွတော် မူလေ၏၊ ကောသမ္ဗီပြည်၌ နေ့ကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ ကြွသွားတော်မူပြီဟူသော စကားကို ကြားလျှင် မြတ်စွာဘုရားကို ကန်တော့ခြင်းငှါ သာဝတ္ထိပြည်သို့ လာကြကုန်၏၊
ကောသလမင်းကြီးသည် ကောသမ္ဗီပြည်သား ငြင်းခုံခိုက်ရန် ပြုတတ်ကုန်သော ရဟန်းတို့သည် လာရောက် ကြကုန်သတတ် ဟူသောစကားကို ကြား၍ ဘုရားရှင်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရား တကာတော်ကား တကာတော်နိုင်ငံသို့ ထိုရဟန်း တို့ကို ဝင်ခွင့် မပေးပါအံ့ဟု လျှောက်ကြားလေ၏၊
ထိုအခါ မြတ်စွာဘုရားသည် တကာတော် မင်းကြီး ထိုရဟန်းတို့သည် သီလရှိကုန်၏၊ သက်သက် အချင်းချင်း ငြင်းခုံ ခိုက်ရန် ဖြစ်ခြင်းဖြင့် ငါဘုရား စကားကို မယူကြကုန်၊ ယခုအခါ ငါဘုရားကို ကန်တော့ခြင်းငှါ လာကြကုန်၏၊ မြတ်သောမင်းကြီး လာကြစေ ကုန်သတည်းဟု မိန့်တော်မူ၏။
အနာထပိဏ် သူဌေးသည်လည်း မြတ်စွာဘုရား တပည့်တော်သည် ထိုရဟန်း တို့အား ကျောင်းတိုက်တော် အတွင်းသို့ ဝင်လာခြင်းငှါ ခွင့်မပေးပါအံ့ဟု လျှောက်ခြင်းကြောင့် ထို ကောသလမင်း အတူသာလျှင် မြတ်စွာဘုရား ပယ်တော်မူ အပ်သည်ဖြစ်၍ ဆိတ်ဆိတ်နေလေ၏၊
သာဝတ္ထိပြည်သို့ အစဉ်အတိုင်း ရောက်လာကြကုန်သော ထိုရဟန်းတို့အား မြတ်စွာဘုရားသည် တင့်အပ် လျောက်ပတ်သော အရပ်၌ ဆိတ်ငြိမ်သည်ကိုပြု၍ ကျောင်းအိပ်ရာ နေရာကို ပေးစေတော်မူ၏၊ တပါးသော ရဟန်းတို့သည် ထိုရဟန်း တို့နှင့် အတူတကွ မထိုင်ကြကုန် မရပ်ကြကုန် ရှိမခိုးကြကုန်၊ လာတိုင်း လာတိုင်း ကုန်သော ရဟန်း ပုဏ္ဏားတို့သည် မြတ်စွာဘုရား ငြင်းခုံခြင်းကို ပြုတတ်ကုန်သော ထိုကောသမ္ဗီပြည်သား ရဟန်းတို့ကား အဘယ်ရဟန်းတို့ပါနည်းဟု မြတ်စွာဘုရားကို မေးလျှောက်ကြကုန်၏၊
ထိုအခါ မြတ်စွာဘုရားသည် ဤရဟန်းတို့တည်း ဟု ညွှန်ပြတော်မူလေ၏၊ ထိုခိုက်ရန်ပြုတတ်သော ရဟန်းတို့ကား ဤရဟန်းတို့ဖြစ်ကုန်သတတ်၊ ဤရဟန်းတို့ ဖြစ်ကုန်သတတ်ဟု လာတိုင်း လာတိုင်း ကုန်သော သူတို့သည် လက်ညှိုးဖြင့် ညွှန်ပြအပ်သည်ရှိသော် ရှက်နိုးလှ၍ ဦးခေါင်း မထောင်ဝံ့ဘဲ ဘုရားရှင်၏ ခြေတော်ရင်း၌ ပြားပြားဝပ်၍ မြတ်စွာဘုရားကို ကန်တော့ကြကုန်၏၊ သည်းခံကြ စေကုန်၏၊
ထိုအခါ မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ သင်တို့ကား ဝန်လေးသောအမှုကို ပြုအပ်၏၊ သင်တို့သည် ငါကဲ့သို့သော ဘုရားအထံ၌ ရဟန်း ပြုကြကုန်လျက် ငါဘုရား ညီညွတ်ခြင်းကို ပြုသည်ရှိသော် ငါဘုရား စကားကို မလိုက်နာကြကုန်၊ ရှေးပညာရှိတို့ကား သတ်အပ်သည် အဖြစ်သို့ ရောက်ကုန်သော မိဘတို့၏ ဆုံးမခြင်းကို နာယူ၍ ထိုမိဘတို့ကို အသက်မှ ချကုန် သတ်ကုန်သော်လည်း မိဘတို့၏ စကားကို မလွန်ဆန်မူ၍ နောက်ကာလ၌ နှစ်ပြည်ထောင်တို့၌ မင်း အဖြစ်ကို ပြုရလေကုန်၏ဟု မိန့်တော်မူ၍ နောက်ထပ် တဖန် ကောသမ္ဗက ဇာတ်ကို ဟောတော်မူပြီးလျှင် ချစ်သား ရဟန်းတို့ ဤသို့လျှင် ဒီဃာဝု မင်းသားသည် မိဘတို့ကို သတ်ကုန်သော်လည်း ထိုမိဘတို့ ဆုံးမသော စကားကို မလွန်ဆန်မူ၍ နောက်ကာလ၌ ဗြဟ္မဒတ်မင်း၏ သ္မီးကို ရသဖြင့် ကာသိတိုင်း, ကောသလတိုင်း ဟူသော နှစ်ပြည်ထောင်တို့၌ မင်းအဖြစ်ကို ပြုရလေပြီ၊ သင်တို့သည်ကား ငါဘုရားစကားကို မလိုက်နာခြင်းတို့ဖြင့် ဝန်လေးသော အမှုကို ပြုအပ်၏ ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။
.
ဒေသနာတော်
၆။ ပရေ စ န ဝိဇာနန္တိ၊ မယမေတ္ထ ယမာမသေ။
ယေ စ တတ္ထ ဝိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။
ဧတ္ထ၊ ဤသံဃာ့ အလယ်၌။ ပရေ၊ ပညာရှိမှတပါး ခိုက်ရန်ငြင်းခုံခြင်းကို ပြုတတ်ကုန်သော သူတို့သည်။ မယံ၊ ငါတို့ကား။ ယမာမသေ၊ သေမင်း၏ အထံသို့ သွားရကုန်လတ္တံ့။ ဣတိ၊ ဤသို့။ န စ ဝိဇာနန္တိ၊ မသိကြကုန်။ တတ္ထ၊ ထိုသံဃာ့ အလယ်၌။ ယေ စ ပဏ္ဍိတာ၊ အကြင် ပညာရှိသောသူတို့သည်သာလျှင်။ မယံ၊ ငါတို့သည်။ ယမာမသေ၊ သေမင်း နိုင်ငံသို့ သွားရကုန်လတ္တံ့ ဟု။ ဝိဇာနန္တိ၊ သိကုန်၏။ တတော၊ ထိုသို့သိသောကြောင့်။ မေဓဂါ၊ ခိုက်ရန်ငြင်းခုံခြင်းတို့သည်။ သမ္မန္တိ၊ ငြိမ်းကုန်၏။
.
ဒေသနာတော်၏ အကျိုး
ဂါထာ၏ အဆုံး၌ ရောက်လာကုန်သော ရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည် တို့၌ တည်ကုန်၏။
ကောသမ္ဗီပြည်သား ရဟန်းများဝတ္ထု ပြီး၏။
.
၆ - စူဠကာလ မဟာကာလ ဝတ္ထု
သုဘာနုပဿိံ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သေတဗျမြို့ကို အမှီပြု၍ ယင်းတိုက်တော၌ နေတော်မူစဉ် စူဠကာလ, မဇ္ဈိမကာလ, မဟာကာလ သူကြွယ် ညီနောင် သုံးယောက်တို့ကို အကြောင်းပြု၍ ဟောတော်မူ၏။
.
ညီနောင်နှစ်ယောက် သာဝတ္ထိပြည်သို့ ရောက်ခြင်း
သေတဗျမြို့၌ နေကုန်သော စူဠကာလ, မဇ္ဈိမကာလ, မဟာကာလ ဟူကုန်သော ညီနောင်သုံးယောက်တို့သည် သူကြွယ်ချည်းနှင်နှင် ဖြစ်ကြကုန်၏၊ ထိုညီနောင် သုံးယောက်တို့တွင် အစ်ကိုကြီးနှင့် ညီငယ်သူကြွယ်တို့သည် အရပ် လေးမျက်နှာ တို့သို့ လှည့်လည်ကုန်၍ လှည်းငါးရာတို့ဖြင့် အထူးထူးသော ဘဏ္ဍာတို့ကို ဆောင်ယူကြ ကုန်၏၊
မဇ္ဈိမကာလ သူကြွယ်သည်ကား ဆောင်ခဲ့တိုင်းသော ဘဏ္ဍာတို့ကို ရောင်းချလေ၏၊ တပါးသောအခါ နှစ်ယောက်သော စူဠကာလ, မဟာကာလ ညီနောင်တို့သည် ငါးရာသော လှည်းတို့ဖြင့် အထူးထူးသော ဘဏ္ဍာတို့ကို ယူဆောင်၍ သာဝတ္ထိပြည်သို့ သွားရောက်ပြီးလျှင် သာဝတ္ထိ ပြည်နှင့် ဇေတဝန်ကျောင်းတော်၏ အကြား၌ လှည်းတို့ကို ဖြုတ်ကြကုန်၏၊
ထိုနှစ်ယောက်သော ညီနောင်တို့တွင် မဟာကာလသည် ညချမ်းသောအခါ ပန်းနံ့သာ စသည်တို့ကို လက်စွဲ ကုန်လျက် သာဝတ္ထိပြည်၌ နေကုန်သော အရိယာ သာဝကတို့သည် တရားနာခြင်းငှါ သွားသည်တို့ကို မြင်၍ ဤသူတို့သည် အဘယ် အရပ်သို့ သွားကြကုန်သနည်းဟု မေးသည်ရှိသော် ထိုအကြောင်းကို ကြားသိရ သဖြင့် ငါသည်လည်း လိုက်သွားဦးအံ့ဟု ကြံလေ၏။
.
မဟာကာလ တရားနာရ၍ ကြံစည်ပုံ
ထို့နောက် ညီစူဠကာလကို ခေါ်၍ ညီချစ် ထိုငါးရာသော လှည်းတို့၌ မမေ့ မလျော့ ကြည့်ရှု စောင့်ရှောက် ရစ်လော့၊ ငါသည် တရားနာခြင်းငှါ သွားဦးအံ့ဟု မှာထား ပြောဆို၍ လိုက်သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ ပရိသတ် အစွန်၌ နေလေ၏၊
မြတ်စွာဘုရားသည် ထိုနေ့၌ မဟာကာလ သူကြွယ်၏ အလိုအားဖြင့် အစဉ်အတိုင်း ဖြစ်သော တရားစကားကို ဟောကြားတော်မူသည် ရှိသော် ဒုက္ခက္ခန္ဓသုတ် စသည်တို့၏ အစွမ်းအားဖြင့် များစွာသော အကြောင်းဖြင့် ကာမဂုဏ် ငါးပါးတို့၏ အပြစ်ကို၎င်း၊ ယုတ်ညံ့ခြင်းကို၎င်း၊ ညစ်ညူးခြင်းကို၎င်း၊ ကာမဂုဏ်မှ ထွက်မြောက် ခြင်း၌ အကျိုးအာနိသင်ကို၎င်း ဟောတော်မူလေ၏၊
ထိုတရားစကားကို ကြားနာရ၍ မဟာကာလ သူကြွယ် ကြံမိသည်ကား အလုံးစုံသော ဥစ္စာကို ပယ်စွန့်၍ သွားအပ်၏၊ တမလွန်ဘဝသို့ သွားသောသူ၏ နောက်သို့ စည်းစိမ်ဥစ္စာ ဆွေမျိုး သားချင်းတို့သည် မလိုက်ကုန်ခဲ့တကား၊ ငါ့အား အိမ်ရာ ထောင်သော လူ့ဘောင်၌ နေခြင်းဖြင့် အဘယ် အကျိုးရှိအံ့နည်း၊ ရဟန်း ပြုပါတော့အံ့ ဟု ကြံလေ၏။
.
မဟာကာလနှင့် စူဠကာလ ရဟန်းပြုခြင်း
ထို့နောက်မှ လူများအပေါင်းသည် မြတ်စွာဘုရားကိုရှိခိုး၍ ဖဲသွားပြီးသည် ရှိသော် မြတ်စွာဘုရားအား ရဟန်းအဖြစ်ကို တောင်းပန်လေသောကြောင့် မြတ်စွာဘုရားက သင့်အား ပန်ကြားအပ်သောသူ တစုံတယောက်မျှ မရှိပြီလောဟု မေးတော်မူ၏၊ မြတ်စွာဘုရား တပည့်တော်အား ညီငယ်တယောက် ရှိပါ၏ဟု လျှောက်ဆိုသော် ထိုသို့ဖြစ်မူ ထိုညီငယ်ကို ပန်ကြားဦးလော့ဟု မိန့်တော်မူလျှင် ကောင်းလှပါပြီဘုရား ဟု လျှောက်ထား၍ ပြန်သွားပြီးနောက် ညီငယ်ကို ခေါ်၍ ညီချစ် အလုံးစုံသော ဤဥစ္စာကို သုံးဆောင် ခံစားရစ်လော့ ဟု ပြောကြားလေ၏၊
ထိုအခါ ညီငယ်သည် နောင်တော် နောင်တော် တို့သည်ကား အသို့ပြုမည်နည်းဟု ဆိုလတ်သော် ငါသည် မြတ်စွာဘုရားအထံ၌ ရဟန်းပြုအံ့ဟု ဆိုလေ၏၊ ထို ညီငယ်သည် မဟာကာလကို အထူးထူးသော အကြောင်းတို့ဖြင့် တောင်းပန်၍ ရဟန်း ပြုလိုသောစိတ်ကို တားမြစ်ခြင်းငှါ မတတ်နိုင်ရကား နောင်တော်ကြီး ကောင်းပါပြီ၊၊ အလိုဆန္ဒ ရှိတော်မူတိုင်း ပြုပါကုန်လော့ဟု ခွင့်ပေးစကား ပြောကြား လေ၏၊ မဟာကာလသည် သွား၍ မြတ်စွာဘုရား အထံတော်၌ ရဟန်းပြုလေ၏၊ ထို့နောက် များမကြာမီ ညီငယ် ဖြစ်သော စူဠကာလ သည်လည်း ငါသည် နောင်တော်ကိုယူ၍သာလျှင် လူထွက်အံ့ဟု ကြံ၍ ရဟန်းပြုလေ၏။
.
မဟာကာလမထေရ် သုသာန်သို့ သွား၍ တရားအားထုတ်ခြင်း
နောက်အဖို့၌ မဟာကာလသည် ပဉ္စင်းအဖြစ်ကိုရ၍ ဘုရားရှင်သို့ ချဉ်းကပ်ပြီးလျှင် သာသနာတော်၌ ဓုရတို့သည် အဘယ်မျှ ရှိပါသနည်းဟု မေးလျှောက်၍ ဘုရားရှင်သည် နှစ်ပါးသော ဓုရတို့ကို ဟောအပ်သည် ရှိသော် မြတ်စွာဘုရား တပည့်တော်သည် အိုမင်းသောကာလ ရဟန်းပြုရခြင်းကြောင့် စာပေ သင်ကြားခြင်း ပရိယတ္တိဟူသော ဂန္ထဓုရုကို ဖြည့်ခြင်းငှါ မတတ်နိုင်ပါ၊ ကမ္မဋ္ဌာန်း စီးဖြန်းခြင်းဟူသော ဝိပဿနာဓုရကိုမူကား ဖြည့်ကျင့်ပါအံ့ဟု လျှောက်ကြား၍ အရဟတ္တဖိုလ် တိုင်အောင်သော သုသာန်ဓုတင်ကို ဟောတော်မူပါဟု တောင်းပန်၍ နာကြားပြီးလျှင် ပဌမယာမ် လွန်သောအခါ အားလုံးသော ရဟန်းတို့ အိပ်ကုန်သည်ရှိသော် သင်းချိုင်းသို့သွား၍ နေလေ၏၊ နံနက် စောစောအခါ အလုံးစုံသောသူတို့ မထကုန်မီသာလျှင် ကျောင်းသို့ ပြန်လာခဲ့၏။
ထိုအခါ သုသာန်စောင့်ဖြစ်၍ လူသေကောင်ကို မီးဖုတ်တတ်သော ကာလီ အမည်ရှိသော မိန်းမ တယောက်သည် မထေရ်၏ ရပ်သောနေရာ ထိုင်သော နေရာ စင်္ကြံသွားသော နေရာတို့ကိုမြင်၍ ဤအရပ်သို့ အဘယ်သူ လာသနည်း၊ ထိုသူကို စုံစမ်းအံ့ဟု ကြံသော်လည်း စုံစမ်းခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ တနေ့သောအခါ သုသာန်စရပ်၌သာလျှင် ဆီမီးကို ညှိထွန်းစေလျက် သားသ္မီး တို့ကို ခေါ်ဆောင် သွား၍ တင့်အပ်လျောက်ပတ်သော အရပ်၌ ပုန်းအောင်း၍ နေရာ သန်းခေါင်ယာမ်၌ သုသာန်သို့ ကြွလာသော မထေရ်ကိုမြင်လျှင် လာ၍ ရှိခိုးလျက် အရှင်ဘုရား တပည့်တော်မတို့၏ အရှင်မြတ်သည် ဤအရပ်ဌာန၌ သီတင်းသုံး နေတော်မူပါ သလောဟု မေးလျှောက်လေ၏၊
ဒါယိကာမ သီတင်းသုံးနေသည် မှန်၏ဟု ဆိုလျှင် အရှင်ဘုရား သုသာန် တစပြင်၌ နေသောသူတို့ မည်သည်ကား ပြုသင့်သောဝတ္တရားကို ယူခြင်းငှါ (လိုက်နာခြင်းငှါ) သင့်ပါသည် ဘုရားဟု လျှောက်သည် ရှိသော် မထေရ်သည် အဘယ့်ကြောင့် ငါတို့ကား သင်ပြောဆိုအပ်သော ဝတ်တို့ကို ကျင့်ရကုန်အံ့နည်းဟု မဆိုမူ၍ ဒါယိကာမ၊ အဘယ်ဝတ္တရားကို ပြုခြင်းငှါ သင့်သနည်းဟု မေးလေ၏။
ထိုအခါ ဒါယိကာမသည် အရှင်ဘုရား သုသာန်၌ နေသော ရဟန်းတို့ မည်သည်ကား သုသာန်၌ နေသည့်အဖြစ်ကို သုသာန်စောင့်တို့အား၎င်း၊ ကျောင်း၌ မထေရ်ကြီး အား၎င်း၊ ရွာစားအား၎င်း ပန်ကြား ပြောဆိုခြင်းငှါ သင့်ပါသည်ဘုရားဟု လျှောက်ကြားလေ၏၊
မထေရ်သည် အဘယ်အကြောင်းကြောင့် ထိုသူတို့အား ပန်ကြားပြောဆိုရသနည်းဟု မေးသည်ရှိသော် သူတပါး ပစ္စည်းကို ခိုးယူကုန်သော သူခိုးတို့ကို ဥစ္စာရှင်တို့သည် ခြေရာခံ၍ လိုက်လာကုန်သည်ရှိသော် သုသာန်၌ ဥစ္စာထုပ်ကိုစွန့်ပစ်၍ ပြေးသွား တတ်ကုန်၏၊ ထိုအခါ ဥစ္စာရှင်တို့သည် သုသာန်၌နေသော သူတို့အား ဘေးရန်ကို ပြုတတ်ကုန်၏၊
ထိုသုသာန်စောင့် မထေရ်ကြီး ရွာစားတို့အား ပန်ကြား ပြောဆိုထားသည် ရှိသော် ငါတို့သည် ကောင်းသော အကျင့် သဘောရှိသော ဤရဟန်း၏ ဤမျှ လောက်သော ကာလပတ်လုံး ဤသုသာန်၌ နေသည့်အဖြစ်ကို သိကြကုန်၏၊ ဤရဟန်းသည် ခိုးသူမဟုတ်ဟု ဆို၍ ဘေးရန်ကို တားမြစ်တတ်ကြကုန်၏၊ ထို့ကြောင့် သုသာန်စောင့် မထေရ်ကြီး ရွာစားတို့အား ပန်ကြား ပြောဆိုခြင်းငှါ သင့်ပါသည်ဟု လျှောက်ကြား ပြောဆိုလေ၏။
မထေရ်သည်လည်း ထိုမှတပါး အဘယ်အမှုကို ပြုသင့်သေးသနည်းဟု မေးပြန်သည် ရှိသော် အရှင်ဘုရား သုသာန်၌နေသော အရှင်မြတ်မည်သည် ငါး အမဲ,နှမ်းမုံ့ညက်, ဆီတင်လဲ စသည်တို့တို့ မစားမူ၍ ကြဉ်အပ်ကုန်၏၊ နေ့လယ်အခါ၌ မအိပ်အပ် ပျင်းရိခြင်းမဖြစ်ရာ၊ အားထုတ်အပ်သော လုံ့လ ဝီရိယရှိသည် ဖြစ်ရာ၏၊ စဉ်းလဲခြင်း သဘော, လှည့်ပတ်ခြင်းသဘော မရှိသည်ဖြစ်၍ မြတ်သော အလို အဇ္ဈာသယ ရှိသည် ဖြစ်ရာ၏၊
ညချမ်းသောအခါ အလုံးစုံသောသူတို့ အိပ်ပျော်ကုန်သည် ရှိသော် ကျောင်းမှ ထွက်လာရာ၏၊ နံနက် စောစောအခါ အလုံးစုံသောသူတို့ မထကုန်မီသာလျှင် ကျောင်းသို့ ပြန်သွားအပ်၏၊ အရှင်ဘုရား အရှင်မြတ်သည် ဤသုသာန်အရပ်၌ ဤသို့ ညွှန်ပြအပ်သော နည်းလမ်းအတိုင်း သီတင်းသုံးတော်မူလျက် ရဟန်းကိစ္စ အပြီးအဆုံးသို့ ရောက်စေခြင်းငှါ အကယ်၍ တတ်နိုင်သည်ဖြစ်ပါအံ့၊
(အရှင်ဘုရား ပျံလွန်တော်မူသည့်အခါ အရှင်ဘုရား၏) သေသောအလောင်းကို ဆောင်၍ စွန့်ပစ် ကုန်သည် ဖြစ်အံ့၊ တပည့်တော်မသည် ကမ္ဗလာအထူ၌ စုလစ် မွန်းချွန်တပ်သော တလားကြီးသို့တင်၍ ပန်းနံ့သာ စသည်တို့ဖြင့် ရိုသေစွာ ပူဇော်လျက် သင်္ဂြိုဟ်ခြင်း ကိစ္စကို ပြုပါအံ့၊
အကယ်၍ ရဟန်းကိစ္စပြီးအောင် မပြုနိုင်သည် ဖြစ်အံ့၊ ထင်းပုံသို့ တင်၍ မီးတိုက်လျက် တံစူးဝါးချိတ်ဖြင့် ဆွဲငင်၍ အပသို့ကော်ပစ်ပြီးလျှင် ပေါက်ဆိန်ဖြင့် ပေါက်ခဲ့ကာ အပိုင်းအပိုင်းဖြတ်၍ မီး၌ ထည့်ပြန်၍ မီးတိုက်ပါအံ့ဟု လျှောက်ကြားလေ၏။
ထိုအခါ ကာလီမည်သော သုသာန်စောင့်မိန်းမကို မထေရ်သည် ဒါယိကာမ ကောင်းပြီ၊ တခုသော ရူပါရုံ အလောင်းကောင်ကို မြင်သည်ရှိသော် ငါ့အား ပြောကြားလော့ဟု မှာထားပြောဆိုလေ၏၊ ဒါယိကာမသည် ကောင်းပါပြီဟု ဝန်ခံ၏၊ မထေရ်သည်လည်း အလိုဆန္ဒ ရှိသည်အားလျော်စွာ သုသာန်၌ရဟန်း တရားကို အားထုတ်လျက် နေတော်မူလေ၏၊
စူဠကာလ မထေရ်သည်ကား အဖန်ဖန် ထကြွ တိုးတက်သော စိတ်ရှိသည် ဖြစ်၍ အိမ်ရာထောင်သော လူ့ဘောင်ကိုသာလျှင် ကြံစည်သဖြင့် သားမယားကို အဖန် တလဲလဲ အောက်မေ့တိုင်း ငါ၏နောင်တော် မထေရ်သည် အလွန် ဝန်လေးစွာသော အမှုကို ပြုဘိ၏တကားဟု ကြံစည်စိတ်ကူးလေ၏။
.
မဟာကာလမထေရ်သည် ရွှေအဆင်းနှင့်တူသော မိန်းမငယ် ရူပါရုံကို ကမ္မဋ္ဌာန်း တင်၍ ရဟန္တာဖြစ်ခြင်း
ထိုအခါ တယောက်သော အမျိုးသ္မီးသည် တခဏခြင်း ပြင်းစွာဖြစ်သော အနာ ရောဂါဖြင့် ညချမ်းအခါ မညှိုးမနွမ်း မပင်ပန်းဘဲ သေလွန်လေ၏၊ ထိုသေလေသော သတို့သ္မီး အလောင်းကောင်ကို ဆွေမျိုးတို့သည် ထင်း, ဆီစစ်သည် တို့နှင့်တကွ ညချမ်းအခါ သုသာန်သို့ဆောင်၍ သုသာန်စောင့်အား ဤ သတို့သ္မီး အလောင်းကို သင်္ဂြိုဟ်ပါလော့ဟု အခကြေးငွေကို ပေး၍ အပ်နှံခဲ့ပြီးလျှင် ဖဲသွားကြကုန်၏၊
ထိုကာလီ အမည်ရှိသော သုသာန်စောင့်မသည်လည်း ထို သတို့သ္မီးအလောင်း၌ လွှမ်းခြုံအပ်သော အဝတ်ကိုပယ်၍ ထိုခဏ၌ သေလွန်သည် ဖြစ်၍ ပြည့်ဖြိုးသော အသားအရေရှိသဖြင့် ကောင်းမွန်သော ရွှေအဆင်းနှင့် တူသော အဆင်းရှိသော ကိုယ်ကို မြင်ရလျှင် ဤ အလောင်းကောင်သည် အရှင်မြတ်အား ပြခြင်းငှါ လျောက်ပတ်သော အာရုံတည်းဟု ကြံစည်ကာ သွား၍ မထေရ်ကို ရှိခိုးပြီးလျှင် ဤသို့ သဘောရှိသော အာရုံသည် ရှိပါသည်၊ အရှင်ဘုရားတို့သည် ကြည့်ရှုတော် မူပါကုန်လော့ဟု လျှောက်ကြား လေ၏၊
မထေရ်သည်လည်း ကောင်းပြီဟု ဆို၍ လွှမ်းခြုံအပ်သော အဝတ်ကို ဖယ်ခွါ စေပြီးလျှင် ခြေဖဝါးအပြင်မှ စ၍ အထက် ဆံဖျားတိုင်အောင် ကြည့်ရှုလျက် ဤ ရူပါရုံသည် အလွန် ကောင်းမွန်၏၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိပေ၏ ဟု ရှုပြီးလျှင် ထိုအလောင်းကောင်ကို မီး၌ ထည့်၍ မီးတောက်ကြီးတို့ဖြင့် လောင်အပ်ဆဲ သောကာလ ငါ့အား ပြောကြားလှည့်ဦးလော့ဟု မှာထားပြော ဆို၍ မိမိနေရာ သို့သာလျှင် သွားကာ နေလေ၏၊
ထိုကာလီ မည်သော သုသာန်စောင့်မသည် ထိုမထေရ် မှာတိုင်းပြု၍ မထေရ်အား လျှောက်ကြားလေ၏၊ မထေရ်သည် ထိုသူကောင် ရှိရာသို့ သွား၍ ကြည့်ရှုတော် မူသည်ရှိသော် မီးလျှံ မီးတောက်၏ ထိခိုက်၍ လောင်ရာ လောင်ရာ အရပ်သည် ပြောက်ကျားသော နွားမနှင့်တူသော ကိုယ်အဆင်းရှိသည် ဖြစ်လေ၏၊ ခြေတို့သည် ထင်းပုံ တလားမှ ထွက်၍ တွဲရ၍ ဆွဲလျက် ကျကြကုန်၏၊ လက်တို့သည် တွန့်လိမ် ကောက်ကွေးကြကုန်၏၊ ပေါင်နှင့် နဖူးပြင်သည် အရေမရှိ ဖြစ်လေ၏၊
ထိုအခါ မဟာကာလမထေရ်သည် (ေဩာ်) ဤအလောင်းကောင်ကား ယခုပင် ကြည့်ရှု ကုန်သော သူတို့အား အပိုင်းအခြားမရှိ နှစ်သက်ခြင်းကို ပြုနိုင်သည် ဖြစ်ပါ လျက် ယခုပင်လျှင် ကုန်ခြင်း ပျက်ခြင်းသို့ ရောက်ခဲ့လေပြီ တကားဟု နှလုံးသွင်း၍ *ညဉ့်သန့်ရာ အရပ်သို့ ကြွသွား ထိုင်နေတော်မူပြီးလျှင် ကုန်ခြင်း ပျက်ခြင်းကို ကောင်းစွာ ထင်ထင် မြင်အောင် ရှုတော်မူလျက် ဤဂါထာကို ရွတ်ဆိုလေ၏။
(ညဉ့်သန့်ရာအရ = ညဉ့်အခါ နေသော နေရာ။)
အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒဝယဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။
သင်္ခါရာ၊ သင်္ခါရ တရားတို့သည်။ အနိစ္စာ ဝတ၊ အမြဲမရှိကုန်စွ တကား။ ဥပ္ပါဒဝယဓမ္မိနော၊ ဖြစ်တတ် ပျက်တတ်သော သဘောရှိကုန်၏။ ဥပ္ပဇ္ဇိတွာ၊ ဖြစ်ပြီး၍။ နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏။ တေသံ၊ ထိုသင်္ခါရ တရားတို့၏။ ဝူပသမော၊ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သည်။ သုခေါ၊ အလွန်တရာ ချမ်းသာလှပေ၏။
ဤဂါထာကို ရွတ်ဆိုပြီးလျှင် ဝိပဿနာကို ပွားစေသည်ရှိသော် ပဋိသမ္ဘိဒါ လေးပါးနှင့် တကွ အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏၊ ထိုမဟာကာလ မထေရ်သည် အရဟတ္တဖိုလ်သို့ ရောက်ပြီးသည်ရှိသော် ဘုရားရှင်သည် ရဟန်း သံဃာတော် အပေါင်း ခြံရံလျက် ဒေသစာရီ ကြွချီတော်မူခဲ့ရာ သေတဗျမြို့သို့ ရောက်၍ ယင်းတိုက်တောသို့ သက်ဝင် သီတင်းသုံး နေတော်မူလေ၏။
.
စူဠကာလ လူထွက်ရခြင်း
စူဠကာလ၏ မယားတို့သည် မြတ်စွာဘုရား ယင်းတိုက်တောသို့ အစဉ် ကြွရောက်တော် မူလာသတတ်ဟု ကြား၍ ငါတို့၏ အရှင် လင်ကို ဖမ်းယူကြကုန်အံ့ ဟု ကြံစည်လျက် တမန်စေလွှတ်၍ ဘုရားရှင်ကို ဆွမ်းဘုဉ်းပေးရန် ပင့်ဖိတ်စေကြ လေကုန်၏၊ မြတ်စွာဘုရားတို့၏ လေ့ကျက်ရာ ကြွတော်မူနေကျ မဟုတ်သော အရပ်၌ နေရာခင်းပုံကို ညွှန်ကြားတတ်သော ရဟန်းတပါးသည် ဘုရားမကြွမီ ပဌမဦးစွာ သွားသင့်၏၊
ထိုစကားမှန်၏၊ အလယ်အရပ်၌ ဘုရားရှင်တို့၏ နေရာကို ခင်းစေ၍ ထိုဘုရားရှင် နေရာတော်၏ လက်ျာဘက်၌ အရှင် သာရိပုတြာမထေရ်၏ နေရာကို ခင်းအပ်၏။ လက်ဝဲဘက်၌ အရှင်မောဂ္ဂလာန် မထေရ်၏ နေရာကို ခင်းအပ်၏၊ ထိုလက်ဝဲလက်ျာ ခင်းအပ်သော နေရာမှစ၍ နံပါးနှစ်ဘက်တို့၌ ရဟန်းသံဃာတော်၏ နေရာကို ခင်းအပ်၏။
ထို့ကြောင့် မဟာကာလ မထေရ်သည် သင်္ကန်းရုံရာအရပ်၌ ရပ်လင့်၍ ညီ စူဠကာလ မထေရ်ကို ငါ့ညီ စူဠကာလ သင်သည် ရှေ့မှ သွားလင့်၍ နေရာ ခင်းပုံကို ပြောကြား လေလော့ဟု စူဠကာလကို စေလွှတ်လိုက်လေ၏၊ ထိုစူဠကာလမထေရ်ကို မြင်သော အခါမှစ၍ အိမ်သူမယား စသော လူအပေါင်းတို့သည် မထေရ်နှင့်တကွ ပြက်ရယ် ပြောင်လှောင်မှု ပြုကြကုန်သည် ဖြစ်၍ ယုတ်နိမ့်သော နေရာတို့ကို သံဃာ့ထေရ်၏ အစွန်အနား၌ မြင့်မြတ်သော နေရာတို့ကို သံဃာငယ်၏ အစွန်အနား၌ ခင်းကြကုန်၏၊
စူဠကာလ မထေရ်သည် ဤသို့ မပြုကြကုန်လင့်၊ ယုတ်နိမ့်သော နေရာတို့ကို အထက်၌ မခင်းကုန်လင့်၊ မြင့်မြတ်သော နေရာတို့ကို အောက်၌ မခင်းကုန်လင့်ဟု ဆိုလေ၏၊ မိန်းမတို့သည်လည်း ထိုမထေရ်၏ စကားကို မကြားကုန်သကဲ့သို့ အရှင်သည် အဘယ်အမှုကို ပြု၍ လှည့်လည် နေသနည်း၊ နေရာတို့ကို ခင်းခြင်းငှါ အရှင်အား မအပ်လေသလော၊
အရှင်သည် အဘယ်သူကို ပန်ကြား၍ ရဟန်း ပြုဘိသနည်း၊ အဘယ့်ကြောင့် ရဟန်းပြုဘိသနည်း၊ အဘယ့်ကြောင့် ဤအိမ်သို့ လာသနည်းဟု ဆိုကုန်လျက် သင်းပိုင် ကိုယ်ရုံကို ဆွဲငင် လုယက်၍ အဝတ်ဖြူ (ပုဆိုး) တို့ကို ဝတ်စေပြီးလျှင် ဦးခေါင်း၌ ပန်းကရွတ်ခွေကို တင်စွပ်၍ သွားပါလေ၊ ဘုရားရှင်ကို ပင့်ဆောင်ချေ လော့၊ ငါတို့သည် နေရာ တို့ကို ခင်းနှင့်ကြပါကုန်အံ့ဟု ဆို၍ စေလွှတ်လိုက်ကုန်၏၊
ထိုစူဠကာလသည် မကြာမြင့်မီ ရဟန်းအဖြစ်၌တည်၍ တဝါမျှ မရသေးဘဲလျက် လူထွက်လေသောကြောင့် ရှက်သင့်သည်အဖြစ်ကို မသိရကား ပုဆိုးဖြူလဲ၍ လူထွက်သော အသွင်ဖြင့် ရွံ့ရှားခြင်း ကင်းလျက်သာလျှင် သွား၍ ဘုရားရှင်ကို ရှိခိုးပြီးလျှင် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်ကို ပင့်ဆောင်၍ လာလေ၏။
.
မဟာကာလမထေရ်၏ မယားဟောင်းတို့ ကြံစည်ပုံ
ရဟန်းသံဃာတော်တို့ ဆွမ်းဘုဉ်းပေးပြီးသော အဆုံး၌ မဟာကာလ မထေရ်၏ မယားတို့သည် ဤ စူဠကာလ၏ မယားတို့ကား မိမိအရှင်လင်ကို ဖမ်းယူအပ်ပြီ၊ ငါတို့သည်လည်း ငါတို့အရှင်ဖြစ်သော မဟာကာလကို ဖမ်း၍ လူထွက်စေကုန်အံ့ဟု ကြံပြီးလျှင် တဖန် မိုးသောက်သော နေ့၌ ဘုရားရှင်ကို ပင့်ဖိတ်ကြလေကုန်၏၊ ထိုအခါ နေရာခင်းစေခြင်းငှါ မဟာကာလမှ တပါးသော ရဟန်းသည် ကြွသွားပေ၏၊
ထိုမဟာကာလ၏ မယားတို့သည် ထိုခဏ၌ အခွင့် မရကုန်မူ၍ ဘုရားအမှူးရှိသော ရဟန်းသံဃာတော်ကို နေရာ၌ နေစေလျက် ဆွမ်းလှူကြကုန်၏၊ စူဠကာလ၏ မယားတို့ကား နှစ်ယောက် မဇ္ဈိမကာလ၏ မယားတို့ကား လေးယောက်, မဟာကာလ၏ မယားတို့ကား ရှစ်ယောက် ဖြစ်ကုန်၏၊
ရဟန်းသံဃာ၌လည်း ဆွမ်းဘုဉ်းပေးခြင်းကို ပြုလိုကုန်သော ရဟန်းတို့သည် ထိုင်၍ ဆွမ်းဘုဉ်းပေးခြင်းကို ပြုကြကုန်၏၊ အပသို့ သွားလိုသော ရဟန်းတို့သည်လည်း ထ၍ သွားကြကုန်၏၊ ဘုရားရှင်သည်ကား ထိုင်၍သာ ဆွမ်းဘုဉ်းပေးခြင်း ကိစ္စကို ပြုတော်မူလေ၏၊
မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးသောအဆုံး၌ ထိုမဟာကာလ၏ မယားဟောင်း တို့သည် မြတ်စွာဘုရား မဟာကာလမထေရ်သည် တပည့်တော်မ တို့အား တရား အနုမောဒနာပြု၍ လိုက်ပါလာလတ္တံ့၊ အရှင်ဘုရား တို့သည် ရှေ့မှ ကြွနှင့်ကြပါကုန်လော့ဟု လျှောက်ကြားကြကုန်၏၊
မြတ်စွာဘုရားသည်လည်း ကောင်းပြီဟု မိန့်တော်မူ၍ ရှေ့မှ ကြွတော်မူနှင့်လေ၏၊ ရွာတံခါးသို့ ရောက်လတ်သည်ရှိသော် ရဟန်းတို့သည် ကဲ့ရဲ့ကြလေကုန်၏၊ မြတ်စွာဘုရားသည် အဘယ့်ကြောင့် ဤမဟာကာလ မထေရ်ကို ချန်ထားခဲ့သော အမှုကို ပြုဘိသနည်း၊ သိလျက် ပြုလေသလော၊ သို့တည်းမဟုတ် မသိသဖြင့် ပြုလေသလော၊
ယမန်နေ့၌ စူဠကာလ မထေရ်မှ သွားခြင်းကြောင့် *ပဗ္ဗဇ္ဇန္တရာယ် ဖြစ်လေပြီ၊ ယနေ့၌ကား တပါးသော ရဟန်းသည် ရှေ့မှ သွားခြင်းကြောင့် အန္တရာယ် မဖြစ်လေပြီ၊ ယခုအခါ မဟာကာလကို ချန်ထား၍ ကြွလာခဲ့လေ၏၊ စင်စစ် သီလအကျင့်နှင့် ပြည့်စုံသော ရဟန်းဖြစ်ပေသော ထိုမဟာကာလ မထေရ်အား *ပဗ္ဗဇ္ဇန္တရာယ်ကို ပြုကြကုန်လိမ့်မည်လည်း မသိဟု ကဲ့ရဲ့ကြလေကုန်၏။
(*ပဗ္ဗဇ္ဇန္တရာယ် = ရဟန်းအဖြစ်၏ ပျက်စီးကြောင်းဖြစ်သော အာရုံအမျိုးမျိုး၊)
မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ ကဲ့ရဲ့သော စကားကို ကြားတော်မူ၍ ပြန်လှည့်၍ ရပ်တော်မူပြီးလျှင် ချစ်သားရဟန်းတို့ အဘယ်စကားကိုပြောကြား ကုန်သနည်းဟု မေးတော်မူရကား ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏၊ ထိုအခါ ဘုရားရှင်က သင်တို့သည် စူဠကာလကဲ့သို့ မဟာကာလကို မှတ်ထင်ကြကုန် သလောဟု မေးတော်မူလေ၏၊
ဘုန်းတော် အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား ဟုတ်မှန်လှပါသည်၊ မှတ်ထင်မိပါသည်၊ ထို စူဠကာလအား မယား နှစ်ယောက်တို့သာတည်း၊ ဤ မဟာကာလအား မယား ရှစ်ယောက် ဖြစ်ကုန်၏၊ ရှစ်ယောက်သော မယားတို့ ဝန်းဝိုင်း၍ ဖမ်းအပ်သည်ရှိသော် အဘယ်သို့ ပြုနိုင်ပါအံ့နည်းဟု မြတ်စွာဘုရားကို လျှောက်ကြားကြလေကုန်၏၊
ထိုအခါ မြတ်စွာဘုရားသည် ချစ်သား ရဟန်းတို့ ဤသို့ မဆိုကြကုန်လင့်၊ စူဠကာလကား အဖန်ဖန် ထကြွတိုးတက်သော စိတ်ရှိသည်ဖြစ်၍ တင့်တယ်၏ဟု အာရုံကို ယူခြင်း များသည်ဖြစ်၍ နေ၏၊ ကမ်းပါးပြတ်၌ တည်သော အားနည်းသော သစ်ပင်နှင့်တူ၏၊ ငါ၏ သားတော်ဖြစ်သော မဟာကာလ သည်ကား မတင့်တယ်ဟု အဖန်ဖန် ရှုလျက်နေ၏၊ တခဲနက် ကျောက်အတိပြီးသော ကျောက်တောင်ကဲ့သို့ တုန်လှုပ်ခြင်း မရှိဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောတော်မူ၏။
.
ဒေသနာတော်
၇။ သုဘာနုပဿိံ ဝိဟရန္တံ၊ ဣန္ဒြိယေသု အသံဝုတံ။
ဘောဇနမှိ အမတ္တညုံ၊ ကုသီတံ ဟီနဝီရိယံ။
တံ ဝေ ပသဟတီ မာရော၊ ဝါတော ရုက္ခံဝ ဒုဗ္ဗလံ။
၈။ အသုဘာနုပဿိံ ဝိဟရန္တံ၊ ဣန္ဒြိယေသု သုသံဝုတံ။
ဘောဇနမှိ စ မတ္တညုံ၊ သဒ္ဓံ အာရဒ္ဓဝီရိယံ။
တံ ဝေ နပ္ပသဟတီ မာရော၊ ဝါတော သေလံဝ ပဗ္ဗတံ။
သုဘာနုပဿိံ၊ တင့်တယ်၏ဟု အဖန်တလဲလဲ ရှုလေ့ ရှိသည်ဖြစ်၍။ ဝိဟရန္တံ၊ နေထသော။ ဣန္ဒြိယေသု၊ စက္ခုစသား ခြောက်ပါးသော ဣန္ဒြေတို့၌။ အသံဝုတံ၊ ကောင်းစွာ စောင့်ရှောက်ခြင်း မရှိထသော။ ဘောဇနမှိ၊ ဘောဇဉ်၌။ အမတ္တညုံ၊ ရှာမှီးခြင်း ခံယူခြင်း, သုံးဆောင်ခြင်း၌ အတိုင်းအရှည် သုံးပါးကို မသိထသော။ ကုသီတံ၊ ပျင်းရိထသော။ ဟီနဝီရိယံ၊ ယုတ်သော လုံ့လရှိထသော။ တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ မာရော၊ ကိလေသာ ဟူသော မာရ်သည်။ ဝေ၊ စင်စစ်။ ပသဟတိ၊ နှိပ်စက်ဖိစီး၏။ ယထာကိံ၊ ဥပမာ အဘယ်ကဲ့သို့ နည်းဟူမူကား။ ဝါတော၊ အားကြီးစွာ လာသောလေသည်။ ဒုဗ္ဗလံ၊ ကမ်းပါးပြတ်၌ ရောက်သဖြင့် အားနည်းသော။ ရုက္ခံ၊ သစ်ပင်ကို။ ပသဟတိ ဣဝ၊ နှိပ်စက် ဖိစီးသကဲ့သို့တည်း။
အသုဘာနုပဿိံ၊ မတင့်တယ်ဟု အဖန်တလဲလဲ ရှုလေ့ရှိသည် ဖြစ်၍။ ဝိဟရန္တံ၊ နေထသော။ ဣန္ဒြိယေသု၊ စက္ခုစသား ခြောက်ပါးသော ဣန္ဒြေတို့၌။ သုသံဝုတံ၊ ကောင်းစွာ စောင့်ရှောက်ထသော။ ဘောဇနမှိ စ၊ ဘောဇဉ်၌လည်း။ မတ္တညုံ၊ ရှာမှီးခြင်း, ခံယူခြင်း, သုံးဆောင်ခြင်း၌ အတိုင်းအရှည် သုံးပါးကို သိထသော။ သဒ္ဓံ၊ ကံ, ကံ၏အကျိုးကို ယုံကြည်ခြင်း လက္ခဏာ ရှိသော လောကီသဒ္ဓါ, ဘုရား စသော ရတနာသုံးပါး၌ မတုန်မလှုပ် ကြည်ညိုခြင်း တည်းဟူသော လောကုတ္တရာ သဒ္ဓါနှင့် ပြည့်စုံထသော။ အာရဒ္ဓဝီရိယံ၊ အားထုတ်အပ်သော လုံ့လရှိထသော။ တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ မာရော၊ ကိလေသာဟူသော မာရ်သည်။ ဝေ၊ စင်စစ်။ နပ္ပသဟတိ၊ မနှိပ်စက် မဖိစီးနိုင်။ ယထာ ကိံ၊ ဥပမာ အဘယ်ကဲ့သို့ နည်းဟူမူကား။ ဝါတော၊ အားနည်းသောလေသည်။ သေလံ၊ တခဲနက် ကျောက်အတိပြီးသော။ ပဗ္ဗတံ၊ တောင်ကို။ နပ္ပသဟတိ ဣဝ၊ မနှိပ်စက် မဖိစီးနိုင်သကဲ့သို့တည်း။
ထိုမဟာကာလ၏ မယားဟောင်းတို့သည်လည်း မဟာကာလ မထေရ်ကို ခြံရံ၍ အရှင် အဘယ်သူကို ပန်ကြား၍ ရဟန်းပြုဘိသနည်း၊ ယခုအခါ လူထွက်မည်လော မထွက်မည်လောဟု ဤသို့အစရှိသော စကားတို့ကို ဆိုကြ၍ သင်္ကန်းကို ပယ်ချွတ်ခြင်းငှါ အလိုရှိကြလေကုန်၏၊
ထိုအခါ မဟာကာလ မထေရ်သည် ထိုမိန်းမတို့၏ အမူအရာကို မှတ်သား၍ ထိုင်နေရာမှ ထပြီးလျှင် တန်ခိုးတော်အားဖြင့် ကောင်းကင်သို့ ပျံတက်လျက် စုလစ် မွန်းချွန်တပ်သော အချက်ကို နှစ်ဖြာခွဲပြီးလျှင် ကောင်းကင်ခရီးဖြင့် ကြွသွား၍ မြတ်စွာဘုရားသည် ဂါထာ ဟော၍ ပြီးဆုံးစေသော အခါ၌သာလျှင် မြတ်စွာဘုရား၏ ရွှေအဆင်းနှင့် တူသော ကိုယ်တော်ကို အလွန်ချီးမွမ်း ထောမနာပြုလျက် ကောင်းကင်မှ ဆင်းသက်၍ မြတ်စွာဘုရား၏ ခြေတော်စုံကို ကြည်ယုံမြတ်နိုး ရှိခိုး ဦးတိုက်လေသတည်း။
.
ဒေသနာတော်၏ အကျိုး
ဂါထာ၏ အဆုံး၌ ရောက်လာသော ရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့၌ တည်ကြလေကုန်၏။
စူဠကာလ မဟာကာလ ဝတ္ထု ပြီး၏။
၇ - ရှင်ဒေဝဒတ်ဝတ္ထု
အနိက္ကသာဝေါ အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ရာဇဂြိုဟ်ပြည်၌ ဒေဝဒတ်၏ သင်္ကန်း ရခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဒါယကာလေးမျိုး တရားတော်
အခါတပါး၌ နှစ်ပါးသော အဂ္ဂသာဝကတို့သည် မိမိ မိမိတို့၏ ငါးရာ ငါးရာကုန်သော အခြံအရံ ရဟန်းတို့ကို ခေါ်ဆောင်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျှောက်ထား ခွင့်ပန်ကြား၍ ဇေတဝန် ကျောင်းတော်မှ ရာဇဂြိုဟ်ပြည်သို့ သွားရောက်ကြ လေကုန်၏။
ရာဇဂြိုဟ်ပြည်၌ နေကုန်သော နှစ်ယောက်ကုန်သော သူတို့သည်၎င်း၊ သုံးယောက် ကုန်သော သူတို့သည်၎င်း၊ များစွာကုန်သော သူတို့သည်၎င်း တပေါင်းတည်း စုပေါင်း၍ အာဂန္တုကအလှူကို ပေးလှူကြလေကုန်၏။ ထိုအခါ တနေ့သ၌ အရှင် သာရိပုတြာသည် အနုမောဒနာတရား ဟောကြား တော်မူလိုသည်ဖြစ်ရကား -
၁။ ဒါယကာတို့ ဒါယကာ တယောက်သည် မိမိချည်းသာ ပေးလှူ၏၊ သူတပါးကို မတိုက်တွန်း မနှိုးဆော်၊ ထိုသူသည် ဖြစ်တိုင်း ဖြစ်တိုင်းသော ဘဝ၌ စည်းစိမ် ချမ်းသာနှင့် ပြည့်စုံခြင်းကို ရ၏၊ အခြံအရံနှင့် ပြည့်စုံခြင်းကိုကား မရ။
၂။ ဒါယကာ တယောက်သည် မိမိသည်ကား မပေးမလှူ၊ သူတပါးကိုသာ တိုက်တွန်း နှိုးဆော်၏၊ ထိုသူသည် ဖြစ်တိုင်း ဖြစ်တိုင်းသော ဘဝ၌ အခြံအရံနှင့် ပြည့်စုံ၏၊ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်းကိုကား မရ။
၃။ ဒါယကာတယောက်သည် မိမိသည်လည်း မပေးမလှူ၊ သူတပါးကိုလည်း မတိုက်တွန်း မနှိုးဆော်၊ ထိုသူသည် ဖြစ်တိုင်း ဖြစ်တိုင်းသော ဘဝ၌ ပအုံးရည်ကို မျှလည်း ဝမ်းပြည့်လောက်အောင် မရ၊ အားကိုး အားထားပြုစရာ အထောက် အပံ့ကိုလည်း မရ။
၄။ ဒါယကာ တယောက်သည် မိမိလည်း ပေးလှူ၏၊ သူတပါးကိုလည်း တိုက်တွန်း နှိုးဆော်၏၊ ထိုသူသည် ဖြစ်တိုင်း ဖြစ်တိုင်းသော ဘဝ၌ အရာ အထောင် အသိန်းသော ကိုယ်၏အဖြစ်၌ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံခြင်းကို၎င်း၊ အခြံအရံနှင့် ပြည့်စုံခြင်းကို၎င်း ရ၏။
ဤသို့သော တရားဒေသနာကို ဟောကြားတော်မူလေ၏။
ဒါယကာတဦး အလှူဝတ် စီမံခြင်း
ထိုအခါ ပညာရှိသော ယောက်ျားတယောက်သည် ထိုတရားကို ကြားနာရ၍ အို အချင်းတို့ တရား ဟောတော်မူခြင်းသည် အံ့ဖွယ်ရှိလှ၏တကား၊ မဖြစ်ဖူးမြဲ ဖြစ်ပေစွတကား၊ ချမ်းသာခြင်း၏ အကြောင်းကို ကောင်းစွာ ဟောကြားတော် မူအပ်ပေ၏၊ ငါသည် ဤနှစ်ပါးသော စည်းစိမ်ချမ်းသာတို့ကို ပြီးစေတတ်သော ကုသိုလ်ကံကို ပြုခြင်းငှါ သင့်၏ဟု ကြံပြီးလျှင် အရှင်ဘုရား နက်ဖြန် တပည့်တော်၏ ဆွမ်းကို ခံယူတော်မူပါဘုရားဟု အရှင်သာရိပုတြာ မထေရ်ကို ပင့်ဖိတ်လေ၏။
ထိုအခါ မထေရ်သည် ဒါယကာ အဘယ်မျှလောက်သော ရဟန်းတို့ဖြင့် အလိုရှိ သနည်းဟု မိန့်တော်မူ လတ်သော် အရှင်ဘုရား အရှင်ဘုရားတို့၏ အခြံအရံ ရဟန်း တို့ကား အဘယ်မျှရှိပါသနည်းဟု မေးလျှောက် လေ၏၊ ဒါယကာ တထောင်ရှိ၏ဟု မိန့်တော်မူလတ်သော် အရှင်ဘုရား အလုံးစုံသော ရဟန်းတို့နှင့်တကွ နက်ဖြန် တပည့်တော်တို့၏ ဆွမ်းကို ခံယူတော်မူပါ ဘုရားဟု လျှောက်လေ၏၊ မထေရ်မြတ် သည်လည်း သည်းခံတော်မူလိုက်လေ၏။
ထိုဒါယကာသည် ရာဇဂြိုဟ်ပြည် ခရီး၌ လှည့်လည်သွားလာလျက် အိုမိခင် ဖခင်တို့ အကျွန်ုပ်သည် နက်ဖြန် ရဟန်းတထောင်ကို ပင့်ဖိတ်အပ်ပြီ၊ သင်တို့သည် အဘယ် မျှလောက်သော ရဟန်းတို့အား ဆွမ်းကို လှူဒါန်းခြင်းငှါ တတ်နိုင်ကုန်အံ့နည်း၊ သင်တို့သည် အဘယ်မျှလောက်သော ရဟန်းတို့အား ဆွမ်းကို လှူဒါန်းခြင်းငှါ တတ်နိုင်ကုန်အံ့နည်းဟု တိုက်တွန်းနှိုးဆော်လေ၏။
လူတို့သည် မိမိ မိမိတို့၏ စွမ်းနိုင်လောက်သော အမှတ်ဖြင့်သာလျှင် --
ငါတို့သည် တကျိပ်သော ရဟန်းသံဃာတို့အား လှူဒါန်းကုန်အံ့၊
ငါတို့သည် နှစ်ကျိပ်သော ရဟန်းသံဃာတို့အား၊
ငါတို့သည် သုံးကျိပ်သော ရဟန်းသံဃာတို့အား၊
ငါတို့သည် လေးကျိပ်သော ရဟန်းသံဃာတို့အား၊
ငါတို့သည် ငါးကျိပ်သော ရဟန်းသံဃာတို့အား၊
ငါတို့သည် တရာသော ရဟန်းသံဃာတို့အား လှူဒါန်းကုန်အံ့ဟု ဆိုကုန်၏။
နှိုးဆော်သော ဒါယကာသည်လည်း ထိုသို့ဖြစ်မူ တခုတည်းသော အရပ်၌ အညီ အညွတ်ပြု၍ တပေါင်းတည်း လုပ်ကျွေးကုန်အံ့၊ အလုံးစုံသော နှမ်း, ဆန်, ထောပတ်, ပျား, တင်လဲ စသည်တို့ကို ကောင်းစွာ ဆောင်ခဲ့ကြ ပါလောဟု တိုက်တွန်းလျက် တခုတည်းသော အရပ်သို့ ကောင်းစွာ ဆောင်ယူခဲ့စေ၏။
ထိုအခါ နှိုးဆော်သော ဒါယကာအား သူကြွယ်တယောက်သည် အဖိုးတသိန်း ထိုက်သော နံ့သာဖြင့် ထုံအပ်သော သင်္ကန်းလျာ ပုဆိုးကို ပေး၍ သင်၏ အလှူဝတ်သည် အကယ်၍ မပြည့်စုံခဲ့သည်ဖြစ်အံ့ ဤအဖိုးတသိန်း ထိုက်သော ပုဆိုးကိုရောင်း၍ ယုတ်လျော့သော အလှူဝတ္ထုကို ဖြည့်ပါလေလော့၊ အကယ်၍ ပြည့်စုံလုံလောက်သည်ဖြစ်အံ့၊ လှူခြင်းငှါ အလိုရှိသော ရဟန်းအား ပေးလှူပါလော့ဟု ဆိုလေ၏။
ရှင်ဒေဝဒတ် တသိန်းတန် သင်္ကန်းရခြင်း
ထိုအလှူ နှိုးဆော်သော ဒါယကာအားလည်း အလုံးစုံသော အလှူဝတ်သည် လုံလောက်ပြည့်စုံလေ၏၊ တစုံတခုသော ဝတ္ထုသည်မျှလည်း ယုတ်လျော့ခြင်း မည်သည် မရှိလေပြီ။ ထိုနှိုးဆော်သောသူသည် လူတို့ကို အမောင်တို့ အမိတို့ ဤသင်္ကန်းလျာပုဆိုးကို သူကြွယ်တယောက်သည် ဤသို့သော စကားကိုဆို၍ ပေးလိုက်၏၊ ထိုအဝတ် သင်္ကန်းသည် အပိုအလွန်ဖြစ်ခဲ့ပြီ၊ အဘယ်ရဟန်းအား ထိုသင်္ကန်းလျာ ပုဆိုးကို လှူကြကုန်အံ့နည်းဟု မေး၏။
ထိုအခါ အချို့ကုန်သော သူတို့သည် အရှင်သာရိပုတြာမထေရ်အား လှူကုန်အံ့ဟု ဆိုကုန်၏၊ အချို့ကုန်သော သူတို့သည် အရှင်သာရိပုတြာမထေရ်သည် စပါး မှည့်သော အခါ၌သာ လာ၍ ကြွသွားတော်မူတတ်သော အလေ့ရှိ၏၊ ရှင်ဒေဝဒတ် သည်ကား ငါတို့၏ မင်္ဂလာကြီးငယ်တို့၌ ကြည့်ရှု စောင်မသဖြင့် အဖော်သဟဲ ဖြစ်ပေ၏၊ ရေအိုး စရည်းကြီးသဖွယ် အမြဲမပြတ် ငါတို့၏ အရပ်ဒေသ၌သာ သီတင်းသုံး တည်နေတော်မူ၏။
ထိုအရှင်ဒေဝဒတ်အား ထိုသင်္ကန်းလျာ ပုဆိုးကို လှူကုန်အံ့ဟု ဆိုကုန်၏၊ များစွာသော လူအပေါင်းတို့၏ အညီအညွတ် တိုင်ပင်ပြောဆိုသော စကားဖြင့်လည်း ရှင်ဒေဝဒတ်အား ပေးလှူအပ်၏ ဟု ပြောဆိုသော သူတို့ကား အလွန်တရာ များကုန်၏။ ထိုအခါ ပုဆိုးကို ရှင်ဒေဝဒတ်အား လှူကြကုန်၏။ ထိုရှင်ဒေဝဒတ်သည် သင်္ကန်းလျာ ပုဆိုးကို ဖြတ်၍ စီရင်ပြီးလျှင် ဆိုးရည်တို့ဖြင့် ဆိုး၍ ဝတ်ရုံ သုံးဆောင်ကာ လှည့်လည် သွားလာ၏။
ထိုသို့ လှည့်လည် သွားလာသည်ကို လူအများတို့မြင်လျှင် ဤသင်္ကန်းကား ရှင်ဒေဝဒတ်အား မလျောက်ပတ် မထိုက်တန်၊ အရှင်သာရိပုတြာမထေရ်အားသာ လျောက်ပတ် ထိုက်တန်၏၊ ရှင်ဒေဝဒတ်သည် မိမိအား မထိုက်တန်သော သင်္ကန်းကို ဝတ်ရုံ၍ လှည့်လည် ခဲ့၏ဟု ဆိုကုန်၏။
ထိုအခါ အရပ်မျက်နှာ၌ နေသော ရဟန်းတပါးသည် ရာဇဂြိုဟ်ပြည်မှ သာဝတ္ထိပြည်သို့ သွား၍ ဘုရားရှင်ကို ရှိခိုးပြီးလျှင် ပဋိသန္တာရ စကားဖြင့် အစေ့အစပ်ပြုပြီးသည်ရှိသော် မြတ်စွာဘုရားသည် နှစ်ပါးသော အဂ္ဂသာဝကတို့၏ ချမ်းသာစွာ နေခြင်းကို မေးတော်မူအပ်သည်ဖြစ်၍ အစမှစ၍ အလုံးစုံသော ထို အကြောင်းကို လျှောက်ကြားလေ၏။
ထိုအခါ မြတ်စွာဘုရားသည် ချစ်သား ရဟန်း ထိုဒေဝဒတ်သည် ယခုအခါ၌သာ မိမိအား မလျောက်ပတ် မထိုက်တန်သော အဝတ် သင်္ကန်းကို ဝတ်ရုံ သုံးဆောင် သည် မဟုတ်သေး၊ ရှေး၌လည်း ဝတ်ရုံ သုံးဆောင်ဖူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။
ရှင်ဒေဝဒတ်အလောင်း ဆင်သတ်ယောကျ်ား ဝတ္ထု
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည် ရှိသော် ဗာရာဏသီပြည်၌နေသော တယောက်သော ဆင်သတ်ယောက်ျားသည် ဆင်ကို သတ်၍ သတ်၍ အစွယ်, ခြေသည်း, လက်သည်း, အူသိမ်, အူမ, တခဲနက် ရှိသော အသားစိုင်တို့ကို ဆောင်ယူကာ ရောင်းချလျက် အသက် မွေးမြူလေ၏။
ထိုအခါ တခုသော တော၌ အထောင်မက များစွာကုန်သော ဆင်တို့သည် အစာ ရှာလိုသောကြောင့် စားကျက်ယူ၍ သွားကုန်သည်ရှိသော် အရှင် ပစ္စေကဗုဒ္ဓါတို့ကို မြင်၍ ထိုမြင်သည်မှစ၍ သွားသောကာလ ပြန်သောကာလ ပုဆစ်ဒူးတို့ဖြင့် တုပ်ဝပ် ရှိခိုးပြီးမှ ဖဲသွားကြကုန်၏။
တနေ့သ၌ ဆင်သတ် ယောက်ျားသည် ထိုဆင်များ ရှိခိုးသော အခြင်းအရာကို မြင်လျှင် ငါကား ဤဆင်တို့ကို ဆင်းရဲ ငြိုငြင်စွာ သတ်ရ၏၊ ဤဆင်တို့သည်လည်း သွားတိုင်း လာတိုင်းသော ကာလ၌ အရှင်ပစ္စေကဗုဒ္ဓါတို့ကို ရှိခိုးကြကုန်၏၊ အဘယ်ကို မြင်၍ ရှိခိုးကုန်သနည်းဟု ကြံဆင်ခြင်သည်ရှိသော် သင်္ကန်းကို မြင်၍ ရှိခိုးကုန်၏ဟု မှတ်သားပြီးလျှင် ငါသည်လည်း ယခုအခါ သင်္ကန်းကို ရခြင်းငှါ သင့်၏ဟု ကြံပြီး၍ အရှင်ပစ္စေကဗုဒ္ဓါ တဆူ ဇာတဿရ အိုင်သို့ သက်ဆင်း၍ ရေချိုးစဉ် ကမ်းနား၌ ထားအပ်ကုန်သော သင်္ကန်း တို့တွင် တထည်သော သင်္ကန်းကို ခိုးယူ၍ ထိုဆင်တို့ သွားရာ လာရာဖြစ်သော လမ်းခရီး၌ လှံကိုစွဲကိုင်လျက် ဦးခေါင်းနှင့် တကွ ကိုယ်ကို ခြုံငုံ့၍ နေလေ၏။
ဆင်တို့သည် ထိုသင်္ကန်း ခြုံရုံ၍ နေသော ဆင်သတ်မုဆိုး ယောက်ျားကို မြင်လျှင် အရှင်ပစ္စေကဗုဒ္ဓါဟူသော အမှတ်ဖြင့် ရှိခိုးပြီးမှ ဖဲသွားကြကုန်၏။ ထိုဆင်သတ် မုဆိုးသည် အလုံးစုံသော ဆင်တို့ နောက်မှ သွားသော ဆင်ကို လှံဖြင့် ထိုးသတ်ပြီးလျှင် အစွယ်စသည်တို့ကို ယူ၍ အကြွင်းကို မြေ၌ မြှုပ်ထားခဲ့၍ သွားလေ၏။
နောက်အဖို့၌ ဘုရားလောင်းသည် ဆင်အမျိုး၌ ပဋိသန္ဓေကို ယူ၍ ဖွားမြင်သောအခါ ဆင်တို့၏ အကြီးအမှူး ဆင်မင်း ဖြစ်လေ၏။ ထိုအခါ၌လည်း ဆင်သတ်မုဆိုးသည် ထိုရှေးအတူသာလျှင် ပြု၏။ ဘုရားလောင်း ဆင်မင်းသည် မိမိ ပရိသတ်၏ ဆုတ်ယုတ်ခြင်းကိုသိ၍ ဤဆင်အပေါင်းတို့သည် အဘယ်အရပ်သို့ သွား၍ နည်းပါး ကုန်သနည်းဟု မေးသဖြင့် အရှင်ဆင်မင်း အကျွန်ုပ်တို့ မသိပါကုန်ဟု ဆိုလတ် သည်ရှိသော် တစုံတခုသော အရပ်သို့ သွားသော် ငါ့ကို မပန်ကြားဘဲ မသွားကုန်လတ္တံ့၊ ဘေးရန်အန္တရာယ်ရှိသည် ဖြစ်တန်ရာ၏ဟု ဆို၍ တခုသော အရပ်၌ သင်္ကန်းကိုရုံ၍ နေသောသူ၏ အထံမှ ဘေးရန်ရှိသည် ဖြစ်တန်ရာ၏ ဟု ယုံမှားတွေးတောခြင်းဖြစ်၍ ထိုသူကို စုံစမ်းခြင်းငှါ သင့်၏ဟု အလုံးစုံသော ဆင်တို့ကို ရှေ့မှ စေလွှတ်၍ မိမိသည်ကား နောက်မှ ဆွဲဆွဲဆိုင်းငံ့လျက် လာလေ၏။
ဆင်သတ်မုဆိုးသည် ကြွင်းသော ဆင်တို့သည် ရှိခိုး၍ သွားကုန်သည်ရှိသော် နောက်ဆုံးမှလာသော ဘုရားလောင်း ဆင်မင်းကို မြင်သဖြင့် သင်္ကန်းကိုဖယ်၍ လှံကို လွှတ်လိုက်လေ၏။ ထိုအခါ ဘုရားလောင်း ဆင်မင်းသည် သတိကို ဖြစ်စေလျက် လာသည်ဖြစ်ရကား နောက်သို့ဆုတ်၍ လှံကို ချွတ်ချော်စေပြီးလျှင် ဤသူသည် ဆင်တို့ကို သတ်ဖြတ် ဖျက်ဆီး၏ဟု ထိုသူကို ဖမ်းယူခြင်းငှါ ပြေးဝင် လာလေ၏။ ဆင်သတ် မုဆိုးသည် သစ်ပင် တခုကို ရှေ့ထား၍ ပုန်းကွယ်နေလေ၏။
ထိုအခါ ဆင်သတ်မုဆိုးကို သစ်ပင်နှင့်တကွ နှာမောင်းဖြင့် ရစ်ပတ်၍ ကိုင်ယူကာ မြေ၌ ပုတ်ခတ် ရိုက်သတ်အံ့ဟု ပြုသည်ရှိသော် ထိုဆင်သတ် မုဆိုးက ထုတ်၍ ပြအပ်သော သင်္ကန်းကိုမြင်လျှင် ငါကား ဤဆင်သတ် မုဆိုးကို အကယ်၍ ပြစ်မှား သတ်ဖြတ်သည်ဖြစ်အံ့၊ အထောင်မက များစွာကုန်သော ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာ အရှင်မြတ်တို့၌ အရှက်ကွဲခြင်းသည် ဖြစ်တ္တံ့ဟု ဆင်ခြင်သည်းခံ၍ သင်သည် ဤမျှလောက်သော ငါ၏ ဆွေမျိုးတို့ကို သတ်ဖြတ် ဖျက်ဆီးအပ်သည် မဟုတ် တုံလော ဟု မေးလေ၏။
အရှင်ဖျက်ဆီးသည် မှန်ပေ၏ ဟု ဝန်ခံသည်ရှိသော် အဘယ့်ကြောင့် ဤသို့ ဝန်လေးသောအမှုကို ပြုဘိသနည်း၊ မိမိအား မလျောက်ပတ် မထိုက်တန်၊ ရဟန္တာ ပုဂ္ဂိုလ်တို့အားသာ လျောက်ပတ် ထိုက်တန်သော အဝတ် သင်္ကန်းကို ဝတ်ရုံ၍ ဤသို့ သဘောရှိသော အမှုကို ပြုခြင်းဖြင့် ဝန်လေးသော အမှုကို သင်သည် ပြုဘိ၏ တကားဟုဆို၏။
ဤသို့သော စကားကို ဆိုပြီးလျှင် အလွန်နှိပ်ကွပ် ဆုံးမလိုသောကြောင့် “အနိက္ကသာဝေါ ကာသာဝံ ။လ။ သ ဝေ ကာသာဝမရဟတိ”ဟူသောဂါထာကိုဆို၍ မသင့်သောအမှု ဝန်လေးသောအမှုကို သင်ပြုဘိ၏ တကားဟု ပြောဆို ဆုံးမလေ၏။
မြတ်စွာဘုရားသည် ဤတရားဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ထိုအခါ ဆင်သတ် ယောက်ျားသည် ဒေဝဒတ်ဖြစ်၏၊ ထိုဆင်သတ် ယောက်ျားကို နှိပ်ကွပ် ဆုံးမတတ်သော ဆင်မင်းသည်ကား ငါဘုရားဖြစ်လာ၏ ဟု ဇာတ်ကို ပေါင်းတော်မူပြီးလျှင် ချစ်သား ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝဒတ် သည် မိမိအား မလျောက်ပတ် မထိုက်တန်သော အဝတ် သင်္ကန်းကို ဝတ်ရုံသည် မဟုတ်သေး၊ ရှေး၌လည်း ဝတ်ရုံဖူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ ဤ ဂါထာတို့ကို ဟောတော်မူလေ၏။
ဒေသနာတော်
၉။ အနိက္ကသာဝေါ ကာသာဝံ၊ ယော ဝတ္ထံ ပရိဒဟိဿတိ။
အပေတော ဒမသစ္စေန၊ န သော ကာသာဝ မရဟတိ။
၁ဝ။ ယော စ ဝန္တကသာဝဿ၊ သီလေသု သုသမာဟိတော။
ဥပေတော ဒမသစ္စေန၊ သ ဝေ ကာသာဝ မရဟတိ။
အနိက္ကသာဝေါ = ရာဂစသော ကိလေသာဟူသော ဖန်ရည်တို့မှ မကင်းသော။
ဒမသစ္စေန = စက္ခုစသော ဣန္ဒြေကို ဆုံးမခြင်း မှန်ကန်စွာ ပြောဆိုခြင်းမှ။
အပေတော = ကင်းသော။
ယော ပုဂ္ဂလော = အကြင် ပုဂ္ဂိုလ်သည်။
ကာသာဝံ = ဖန်ရည်စွန်းသော။
ဝတ္ထံ = အဝတ်သင်္ကန်းကို။
ပရိဒဟိဿတိ = သုံးဆောင်မှီဝဲအံ့။
သော ပုဂ္ဂလော = ထိုပုဂ္ဂိုလ်သည်။
ကာသာဝံ = သင်္ကန်းကို။
န အရဟတိ = မထိုက်။
ယော စ ပုဂ္ဂလော = အကြင် ပုဂ္ဂိုလ်သည်ကား။
ဝန္တကသာဝေါ = လေးပါးသော မဂ်ဉာဏ်ဖြင့် ပျို့အန်ပြီး, စွန့်ပြီးဖြစ်သော ကိလေသာ ဟူသော ဖန်ရည် ရှိသည်။
အဿ-ဟောတိ = ဖြစ်၏။
သီလေသု = စတုပါရိသုဒ္ဓိ သီလတို့၌။
သုသမာ ဟိတော စ = ကောင်းစွာ ဆောက်တည်သည်လည်း။
ဒမသစ္စေန = စက္ခုစသော ဣန္ဒြေကို ဆုံးမခြင်း မှန်ကန်စွာ ပြောဆိုခြင်းနှင့်။
ဥပေတော စ = ပြည့်စုံသည်လည်း။
အဿ-ဟောတိ = ဖြစ်၏။
သောပုဂ္ဂလော = ထိုပုဂ္ဂိုလ်သည်။
ဝေ-ဧကန္တေန = စင်စစ်သဖြင့်။
ကာသာဝံ = သင်္ကန်းကို။
အရဟတိ = ထိုက်၏။
(ဤအနက်ကို ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ဖြင့်လည်းပြအပ်၏။)
ဒေသနာတော်၏ အကျိုး
ဂါထာ၏အဆုံး၌ အရပ်မျက်နှာ၌ နေလေ့ရှိသော အာဂန္တုရဟန်းသည် သောတာပန် ဖြစ်လေ၏။ ထိုရဟန်းမှတပါး များစွာသော ရဟန်းတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများ အပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။
ရှင်ဒေဝဒတ်ဝတ္ထု ပြီး၏။
၈ - အရှင်သာရိပုတြာမထေရ် ဝတ္ထု
အသာရေ သာရမတိနော အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် အဂ္ဂသာဝကတို့ လျှောက်ကြား သိစေအပ်သော သိဉ္စည်း ပရိဗိုဇ်၏ မလိုက် လာခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။ ထိုဝတ္ထု၌ ဤ ဆိုလတ္တံ့သည်ကား အစဉ်အတိုင်းဖြစ်သော စကားတည်း။
ဘုရားအလောင်း သုမေဓာသည် ပစ္စည်းအကုန်စွန့်၍ ရသေ့ ရဟန်း ပြုပြီးလျှင် ကိုယ်ကို တံတားခင်းလှူခြင်း
ငါတို့မြတ်စွာဘုရားသည် ဤကမ္ဘာမှပြန်၍ ရေသည်ရှိသော် လေးအသင်္ချေနှင့် ကမ္ဘာ တသိန်းထက်၌ အမရဝတီ အမည်ရှိသောမြို့၌ သုမေဓာ အမည်ရှိသော ပုဏ္ဏား လုလင် သတို့သားဖြစ်၍ အလုံးစုံသော အတတ်ပညာတို့၌ အပြီးအဆုံးသို့ ရောက်ပြီးလျှင် မိဘနှစ်ပါး ကွယ်လွန်သွားသဖြင့် ကုဋေပေါင်း များစွာဟု ဆိုအပ်သော ဥစ္စာကို စွန့်ကြဲပေးကမ်း လှူဒါန်းပြီးနောက် ရသေ့ရဟန်းအဖြစ်ဖြင့် ရဟန်းပြု၍ ဟိမဝန္တာ၌နေလျက် ဈာန် အဘိညာဉ်တို့ကို ဖြစ်စေပြီးလျှင် ကောင်းကင် ခရီးဖြင့် ကြွသွားစဉ် ဒီပင်္ကရာ မြတ်စွာဘုရား၏ သုဒဿန အမည်ရှိသော ကျောင်းတော်မှ ရမ္မဝတီ ပြည်ခွင်သို့ ကြွဝင်တော်မူရန် လမ်းခရီးကို သုတ်သင် ပြင်ဆင်ကြသည်ကို မြင်ရသဖြင့် မိမိသည်လည်း တခုသော အရပ်ကို ယူ၍ သုတ်သင်ရာ ထိုနေရာမပြီးမီ ကြွလာတော်မူသော ဒီပင်္ကရာ မြတ်စွာဘုရားအား မိမိ၏ကိုယ်ကို တံတားပြု၍ ညွှန်ပျောင်း၌ သစ်နက်ရေကိုခင်းလျက် ဘုရားရှင်သည် တပည့်သံဃာတော် အပေါင်းနှင့်တကွ ညွှန်ပျောင်းကို မနင်းမူ၍ ငါ့ကို နင်းတော်မူလျက် ကြွတော်မူစေသတည်းဟု အလျား ပျပ်ပျပ်ဝပ်၍ အိပ်လေ၏။
ဘုရားရှင်သည် ထိုရသေ့ သုမေဓာကို မြင်လျှင်မြင်ခြင်း ဤသူကား ဘုရားအညွန့် အလောင်းတည်း၊ နောင်အခါ ကမ္ဘာတသိန်း အလွန်ရှိသော လေးအသင်္ချေတို့၏ အဆုံး၌ ဂေါတမ အမည်ရှိသော ဘုရားသည် ဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။
(*သစ်နက်ရေ = မည်းနက်သော ကျားတမျိုးကို သစ်နက်ဟုခေါ်သည်၊ ရာဂတဏှာ လွန်စွာနည်းပါးသော သတ္တဝါမျိုးဖြစ်၍ ၎င်းတို့၏ သားရေကို ရာဂတဏှာ ခေါင်းပါးရန် ကျင့်သောရသေ့ သူတော် သူမြတ်တို့ အမြတ်တနိုး ဝတ်ရုံခြင်း နေရာ ထိုင်ခင်း ပြခြင်းဖြင့် အသုံးပြုသတတ်။)
ဗုဒ္ဓဝင် အကျဉ်း
ထို ဒီပင်္ကရာ မြတ်စွာဘုရား၏ နောက်အဖို့၌ --
ကောဏ္ဍည ဘုရား၎င်း၊ မင်္ဂလ ဘုရား၎င်း၊
သုမန ဘုရား၎င်း၊ ရေဝတ ဘုရား၎င်း၊
သောဘိတ ဘုရား၎င်း၊ အနောမဒဿီ ဘုရား၎င်း၊
ပဒုမ ဘုရား၎င်း၊ နာရဒ ဘုရား၎င်း၊
ပဒုမုတ္တရ ဘုရား၎င်း၊ သုမေဓာ ဘုရား၎င်း၊
သုဇာတာ ဘုရား၎င်း၊ ပိယဒဿီ ဘုရား၎င်း၊
အတ္ထဒဿီ ဘုရား၎င်း၊ ဓမ္မဒဿီ ဘုရား၎င်း၊
သိဒ္ဓတ္ထ ဘုရား၎င်း၊ တိဿ ဘုရား၎င်း၊
ဖုဿ ဘုရား၎င်း၊ ဝိပဿီ ဘုရား၎င်း၊
သိခီ ဘုရား၎င်း၊ ဝေဿဘူ ဘုရား၎င်း၊
ကကုသန် ဘုရား၎င်း၊ ကောဏာဂုံ ဘုရား၎င်း၊
ကဿပ ဘုရား၎င်း၊ ဤသို့လျှင် လောကသုံးပါးကို ကိုယ်တော်ရောင်ဖြင့် ထွန်းလင်း စေပြီး၍ ပွင့်တော်မူပြီး ကုန်သော ဤ နှစ်ကျိပ်လေးဆူသော ဘုရားရှင်တို့၏ အထံတော်၌လည်း ရအပ်ပြီးသော ဗျာဒိတ် ရှိတော်မူ၏။
တုသိတာနတ်ပြည်၌ နေတော်မူသော ဘုရားအလောင်းကို နတ်ဗြဟ္မာအပေါင်းတို့ တောင်းပန်ခြင်း
ဗာဟိရဖြစ်သော ပစ္စည်းဥစ္စာ ပြည်ရွာတိုင်းကား စသည်ကို စွန့်ခြင်းဟု ဆိုအပ်သော ဆယ်ပါးသော ပါရမီတို့ကို၎င်း၊ ခြေလက်စသော အင်္ဂါကြီးငယ်ကို စွန့်ခြင်းဟု ဆိုအပ်သော ဆယ်ပါးသော ဥပပါရမီတို့ကို၎င်း၊ အသက်ကို စွန့်ခြင်းဟု ဆိုအပ်သော ဆယ်ပါးသော ပရမတ္ထပါရမီတို့ကို၎င်း ဤသို့လျှင် အယုတ်, အလတ်, အမြတ် အားဖြင့် အမျှသုံးဆယ်သော ပါရမီတို့ကိုလည်း ဖြည့်ကျင့်တော်မူပြီးသည်ဖြစ်၍ ဝေဿန္တရာမင်း အဖြစ်၌ တည်လျက် မြေကြီး တုန်လှုပ်ခြင်းကို ဖြစ်စေတတ်သော အလှူကြီးတို့ကို ပေးလှူခြင်း, သားမယားကို စွန့်လွှတ်တော်မူခြင်းတို့ကို ပြုပြီးလျှင် အသက်၏အဆုံး၌ တုသိတာနတ်ပြည်၌ ဖြစ်၍ ထိုတုသိတာ နတ်ပြည်၌ တုသိတာ နတ်တို့၏ အသက်အတိုင်း တည်နေတော်မူသည် ရှိသော် တသောင်းသော စကြဝဠာ၌ နေကုန်သော နတ်ဗြဟ္မာ အပေါင်းတို့သည် အညီအညွတ် စည်းဝေးကြ၍ ဤဂါထာဖြင့် တောင်းပန်ကြလေကုန်၏။
ကာလော ဒေဝ မဟာဝီရ၊ ဥပ္ပဇ္ဇ မာတုကုစ္ဆိယံ။
သဒေဝကံ တာရယန္တော၊ ဗုဇ္ဈဿု အမတံ ပဒံ။
မဟာဝီရ = ကြီးသောလုံ့လ ရှိတော်မူသော။
ဒေဝ = အလောင်း နတ်မင်း။
တေ = သင်နတ်မင်းအား။
ကာလော = ဘုရားဖြစ်ချိန် ကာလတန်ပါပြီ။
မာတုကုစ္ဆိယံ = မယ်တော်ဝမ်း၌။
ဥပ္ပဇ္ဇ = ဖြစ်တော်မူပါလော့။
သဒေဝကံ = နတ်နှင့်တကွသော လူအပေါင်းကို။
တာရယန္တော = ကယ်တင် မစလျက်။
အမတံ ပဒံ = သေခြင်းကင်းသော နိဗ္ဗာန်ကို။
ဗုဇ္ဈဿု = သိမြင်တော်မူပါလော့။
ကြည့်ခြင်းကြီး ငါးပါးကို ကြည့်ပြီးလျှင် လူ့ပြည်သို့ ဆင်းသက်တော်မူခြင်း
ဤသို့ ဆို၍ တောင်းပန်ကုန်သည်ရှိသော် -
ကာလံ ဒေသဉ္စ ဒီပဉ္စ၊ ကုလံ မာတရမေဝ စ။
ဣမေ ပဉ္စ ဝိလောကေတွာ၊ ဥပ္ပဇ္ဇတိ မဟာယသော။
ကာလဉ္စ = ဘုရားဖြစ်ချိန် ကာလကို၎င်း။
ဒေသဉ္စ = ဘုရားဖြစ်ရာ မဇ္ဈိမဒေသကို၎င်း။
ဒီပဉ္စ = ဘုရားဖြစ်ရာ ဇမ္ဗူဒီပါကျွန်းကို၎င်း။
ကုလဉ္စ = ပုဏ္ဏားမျိုး မင်းမျိုးဟု ဆိုအပ်သော ဘုရားဖြစ်ရာ အမျိုးကို၎င်း။
မာတရမေဝ စ = ဘုရားအား ထိုက်သော မယ်တော်ကို၎င်း။
ဣမေ ပဉ္စ = ဤငါးပါးတို့ကို။
ဝိလောကေတွာ = ကြည့်၍။
မဟာယသော = များသော အခြံအရံရှိသော ဘုရားအလောင်းတော်သည်။
ဥပ္ပဇ္ဇတိ = ဖြစ်၏။
ဤသို့ ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်တော်မူပြီး၍ ထိုတုသိတာ နတ်ပြည်မှ စုတေပြီးလျှင် သာကီဝင် မင်းမျိုး၌ ပဋိသန္ဓေကိုယူ၍ ဆယ်လလွန်သဖြင့် အမိဝမ်းမှ ဖွားမြင်တော်မူလေ၏။ သက်တော် တဆယ့် ခြောက်နှစ် ရှိသောအခါ မဟာသာကီဝင် မင်းမျိုး၌ တန်ခိုးမတိမ် စည်းစိမ်ချမ်းသာခြင်းဖြင့် ဆောင်ရွက်ပြုစု အပ်သည် ဖြစ်ရကား အစဉ်အားဖြင့် ကောင်းသောအရွယ် အဆင်း ပြည့်စုံခြင်းသို့ ရောက်တော်မူလေ၏။
နန်းစည်းစိမ်ကို ခံစားတော်မူစဉ် နိမိတ်လေးပါး ထင်လာခြင်း
ထိုအခါ ဥတုသုံးပါးတို့အား လျောက်ပတ်သော ပြာသာဒ် သုံးဆောင်တို့၌ နတ်ပြည်၌ ဖြစ်သော ကျက်သရေကဲ့သို့ ပြည်စည်းစိမ်ကို အစဉ်ခံစားလျက် ဥယျာဉ်ကစားခြင်းငှါ ရွှေစက်တော် ဖြန့်သောအခါ အစဉ်အားဖြင့် သူအို သူနာ, သူသေဟု ဆိုအပ်သော နတ်တမန် သုံးယောက်တို့ကို မြင်လျှင် ပြင်းစွာ ထိတ်လန့်ခြင်း ရှိသည်ဖြစ်၍ ပြန်လည် ဆုတ်နစ်တော်မူပြီးလျှင် လေးကြိမ်မြောက် သွားရောက်သောအခါ ရဟန်း အသွင်အပြင်ကိုမြင်၍ ဤရဟန်း အဖြစ်ကား ကောင်း၏ဟု ရဟန်းအဖြစ်၌ နှစ်သက်ခြင်းကို ဖြစ်စေလျက် ဥယျာဉ်သို့ ထွက်တော်မူ၍ ထိုဥယျာဉ်၌ နေ့ကုန်စေလျက် မင်္ဂလာရေကန် ကမ်းနား၌ နေတော်မူစဉ် ဆေတ္တာသည်အသွင်ကို ဖန်ဆင်းလာသော ဝိသုကြုံနတ်သားသည် အဆန်းတကြယ် လှပစွာ တန်ဆာ ဆင်မြန်း ပေးအပ်ပြီးသည်နောက် ရာဟုလာ မင်းသား ဖွားတော်မူကြောင်းကို ကြားသိတော်မူ လတ်သော် သား၌ဖြစ်သော ချစ်ခင်ခြင်း၏ ပြင်းပြအားကြီးသည်၏ အဖြစ်ကို သိတော်မူ၍ ဤချစ်ခင်ခြင်း တည်းဟူသော အနှောင်အဖွဲ့ မတိုးပွားသေးမီ ကာလကပင် ထိုအနှောင်အဖွဲ့ကို ဖြတ်အံ့ဟု ကြံစည်တော်မူလေ၏။
သုတမင်္ဂလာ နိမိတ်ကောင်းကြားရ၍ ဆုတော် လာဘ်တော် ပေးသနားခြင်း
ဘုရားလောင်းသည် ထိုသို့ ကြံစည်တော်မူပြီးလျှင် ညချမ်းသောအခါ နေပြည်တော် သို့ ဝင်တော်မူသည်ရှိသော် ...
နိဗ္ဗုတာ နုန သာ မာတာ၊ နိဗ္ဗုတော နုန သော ပိတာ။
နိဗ္ဗုတာ နုန သာ နာရီ၊ ယဿာယံ ဤဒိသော ပတိ။
ယဿာ မာတုယာ = အကြင်အမိအား။
ဤဒိသော = ဤသို့သဘောရှိသော။
အယံ ပုတ္တော = ဤသားကောင်းသည်။
အတ္ထိ = ရှိ၏။
သာ မာတာ = ထိုသားကောင်း အမိသည်။
နိဗ္ဗုတာ နုန = ငြိမ်းလေစွတကား။
ယဿ ပိတုနော = အကြင် အဘအား။
ဤဒိသော = ဤသို့သဘောရှိသော။
အယံ ပုတ္တော = ဤသားကောင်းသည်။
အတ္ထိ = ရှိ၏။
သော ပိတာ = ထိုသားကောင်း အဘသည်။
နိဗ္ဗူတော နုန = ငြိမ်းလေစွတကား။
ယဿာ နာရိယာ = အကြင် မယားအား။
ဤဒိသော = ဤသို့ သဘောရှိသော။
အယံ ပတိ = ဤလင်ကောင်းသည်။
အတ္ထိ = ရှိ၏။
သာ နာရီ = ထိုလင်ကောင်း မယားသည်။
နိဗ္ဗုတာ နုန = ငြိမ်းလေစွတကား။
ဤသို့ ကိသာဂေါတမီ အမည်ရှိသော ဘထွေးတော် သ္မီးသည် ကြည်နူးစဖွယ် ဆိုအပ်သော ဤဂါထာကို ကြားရ၍ ဤ ကိသာဂေါတမီသည် ငါ့ကို နိဗ္ဗုတပုဒ် (ငြိမ်းအေးခြင်း အသံ) ကို နာကြားသိစေအပ်၏ဟု ပုလဲသွယ်ကို လည်မှချွတ်၍ ထို ကိသာဂေါတမီအား ပေးပို့စေတော်မူလေ၏။
တောထွက်၍ အာဠာရ ဥဒကရသေ့တို့ထံ ရောက်ခြင်း
ထို့နောက် မိမိ၏ ရွှေနန်းတော် တိုက်ခန်းတွင်းသို့ဝင်၍ အသရေရှိသော အိပ်ရာတော်၌ နေတော်မူလျက် အိပ်ခြင်းသို့ ရောက်ကုန်သော မောင်းမ ကချေသည် တို့၏ ဖောက်ပြန်သော အခြင်းအရာကိုမြင်လျှင် ငြီးငွေ့သော နှလုံးတော် ရှိရကား ဆန္နအမတ်ကို နှိုး၍ ကဏ္ဍကမြင်းကို ဆောင်စေပြီးလျှင် ထိုကဏ္ဍကမြင်းကို တက်စီးလျက် ဆန္ဒအမတ်လျှင် အဖော်ရှိသဖြင့် တသောင်းသော စကြဝဠာ၌ နေကုန်သော နတ်ဗြဟ္မာ အပေါင်းတို့ ခြံရံလျက် မြတ်သော တောထွက်ခြင်းဖြင့် တောထွက်တော်မူ၍ အနောမာမြစ်ကမ်းနား၌ ရဟန်းပြုတော်မူပြီးလျှင် အစဉ် အားဖြင့် ရာဇဂြိုဟ်ပြည်သို့ ကြွသွားတော်မူ၍ ထိုရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှါ ဝင်တော်မူလျက် ပဏ္ဍဝတောင်ဝှမ်း၌ သီတင်းသုံး နေသည်ရှိသော် မာဂဓတိုင်းကို အစိုးရသော ဗိမ္ဗိသာရ မင်းကြီးသည် ပြည်စည်းစိမ်ဖြင့် ဖိတ်ကြားသော်လည်း ထိုပြည်စည်းစိမ်ကို ပယ်ရှားတော်မူ၍ သဗ္ဗညုတဉာဏ်ကို ရ၍ ဗုဒ္ဓထင်ရှား ဘုရား ဖြစ်တော်မူသောအခါ မိမိ၏နိုင်ငံသို့ ကြွလာစိမ့်သောငှါ ဗိမ္ဗိသာရမင်း လျှောက်ချက်ကို ဝန်ခံတော်မူပြီးလျှင် အာဠာရ ရသေ့ ဥဒက ရသေ့တို့၏ အထံသို့ ချဉ်းကပ် တော်မူလေ၏။
ဒုက္ကရစရိယာကျင့်၍ ဘုရားဖြစ်တော်မူခြင်း
ထိုရသေ့တို့၏အထံသို့ ချဉ်းကပ်၍ ရအပ်သော ဈာန်အထူးကို တန်ဆာမဆင် မသက်ဝင် မရောင့်ရဲသဖြင့် ခြောက်နှစ်တို့ပတ်လုံး ကြီးစွာသော ဒုက္ကရစရိယ အကျင့်ကို ကျင့်တော်မူ၍ ကဆုန်လပြည့်နေ့ နံနက် စောစောအခါ သုဇာတာသည် ကပ်လှူအပ်သော ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူပြီးလျှင် နေရဉ္စရာမြစ်၌ ရွှေခွက်ကို မျှောတော်မူပြီး၍ နေရဉ္စရာမြစ်ကမ်းနား တောအုပ်ကြီး၌ အထူးထူးသော သမာပတ် တို့ဖြင့် နေ့အဖို့ကို ကုန်စေတော်မူပြီးနောက် ညချမ်းသော အခါ သောတ္ထိယ အမည်ရှိသော လုလင်သည် သဒ္ဓါကြည်ဖြူ ပေးလှူအပ်သော မြက်ရှစ်ဆုပ်ကို ခံယူတော်မူ၍ ကာလနဂါးမင်းသည် အံ့ဩချီးမွမ်းအပ်သော ဂုဏ်ကျေးဇူး ရှိသည်ဖြစ်၍ ဗောဓိမဏ္ဍိုင်သို့ တက်ရောက်တော်မူကာ မြက်တို့ကို ဖြန့်ခင်းတော် မူပြီးလျှင် အကြင်မျှလောက် ငါသည် တဏှာ, ဒိဋ္ဌိအားဖြင့် မစွဲလမ်းမူ၍ အာသဝေါ တို့မှ စိတ်သည် မလွှတ်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး ဤထက်ဝယ် ဖွဲ့ခွေခြင်းဟု ဆိုအပ်သော ပလ္လင်ကို မဖျက်အံ့ဟု ပဋိညာဉ်ကို ပြုတော်မူ၍ အရှေ့ လောကဓာတ်သို့ ရှေးရှုနေတော်မူလျက် နေမဝင်မီ မာရ်စစ်သည်ကို ဖျောက်လွှင့်တော်မူပြီးလျှင် ပဌမယာမ်၌ ပုဗ္ဗေနိဝါသဉာဏ်ကို ရ၍ မဇ္ဈိမယာမ်၌ စုတုပပါတဉာဏ်ကို ရ၍ ပစ္ဆိမယာမ်အဆုံး၌ ပဋိစ္စသမုပ္ပါဒ်ဉာဏ်ကို သက်ဝင် စေလျက် ဒသဗလဉာဏ်, စတုဝေသာရဇ္ဇဉာဏ် အစရှိသော အလုံးစုံသော ဘုရား ဂုဏ်တော် အပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော သဗ္ဗညုတ ဉာဏ်တော်ကို ထိုးထွင်း၍ သိတော်မူလေသည်။
(ဒုက္ကရစရိယ၊ ဒု + ကရ + စရိယ = ခဲယဉ်းသဖြင့် ပြုအပ်သောအကျင့်။)
(*စုတူပပါတဉာဏ်။ စုတိ+ဥပပါတ+ဉာဏ်=သေခြင်း ပဋိသန္ဓေနေခြင်းကို သိသော ဉာဏ်တော်၊
* ဒသဗလဉာဏ်။
၁ - ဌာနာဌာန၊ ၂ - ကမ္မာနံဝိပါက၊ ၃ - သဗ္ဗတ္ထဂါမိနီပဋိပဒါ၊ ၄ - အနေက ဓာတု နာနာဓာတုလောက၊ ၅ - နာနာဓိမုတ္တိကတာ၊ ၆ - န္ဒြိယပရောပရိယတ္တိ၊ ၇ - ဈာနဝိမောက္ခ သမာဓိ သမာပတ္တီနံ သံကိလေသဝေါဒါန ဝုဋ္ဌာန၊ ၈ - ပုဗ္ဗေနိဝါသာနုဿတိ၊ ၉ - စတုပပါတ၊ ၁ဝ - အာသဝက္ခယ ဟူသော ဤဆယ်ပါးတို့ကို ဟုတ်တိုင်းမှန်စွာ သိသော ညဏ်ဆယ်ပါးတည်း။ (အဓိပ္ပါယ် ကျယ်ဝန်း၏၊ သရုပ်မျှ သိနှင့်ဦး။)
* စတုဝေသာရဇ္ဇာဉာဏ်
၁ - အန္တရာယ်ဖြစ်သော တရားတို့ကို ဟောရာ၌၎င်း၊ ၂ - ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော တရားတို့ကို ဟောရာ၌၎င်း၊ ၃ - သစ္စာလေးပါး ထိုးထွင်း၍ သိခြင်းကို ဟောရာ၌၎င်း၊ ၄ - အာသဝေါတရားတို့၏ ကုန်ခြင်းကို ဟောရာ၌၎င်း၊ မကြောက်မရွံ့ ရဲဝံ့သော ညဏ်တော်လေးပါး အပေါင်းတည်း။]
သဟမ္ပတိ ဗြဟ္မာမင်း တောင်းပန်၍ ဓမ္မစကြာတရား ဟောတော်မူခြင်း
သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူပြီးသော မြတ်စွာဘုရားသည် ထိုဗောဓိ မဏ္ဍိုင်၌ ခုနစ်ခုသော သတ္တာဟတို့ကို (ခုနစ်ရက်ခုနစ်လီ လေးဆယ့်ကိုးရက်တို့ကို) လွန်စေတော်မူပြီးမှ ရှစ်ခုမြောက်ဖြစ်သော သတ္တာဟ၌ ဆိတ်ကျောင်းသားတို့ နားနေရာဖြစ်သော အဇပါလ ပညောင်ပင် အရင်းဝယ် နေတော်မူလျက် တရား တော်မြတ်၏ နက်နဲ သိမ်မွေ့သည့် အဖြစ်ကို ဆင်ခြင်တော်မူသဖြင့် ကြောင့်ကြမဲ့ နေတော်မူမည့် အဖြစ်သို့ ရောက်သည်ရှိသော် တသောင်းသော လောကဓာတ်၌ နေကုန်သော ဗြဟ္မာကြီးအပေါင်း ခြံရံခြင်းရှိသော သဟမ္ပတိ ဗြဟ္မာမင်းသည် တရားဟောခြင်းငှါ တောင်းပန်အပ်သည် ဖြစ်ရကား ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်တော်မူ၍ သဟမ္ပတိ ဗြဟ္မာမင်း၏ ရိုသေစွာ တောင်းပန်ခြင်းကို သည်းခံတော် မူပြီးလျှင် ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရအံ့နည်းဟု ဆင်ခြင် ကြည့်ရှုတော် မူသည်ရှိသော် အာဠာရရသေ့ ဥဒကရသေ့တို့ ကွယ်လွန်လေသည့် အဖြစ်ကို သိတော်မူသဖြင့် ပဉ္စဝဂ္ဂီ ရဟန်းတို့၏ ကျေးဇူးများသည့် အဖြစ်ကို အောက်မေ့တော်မူပြီးလျှင် နေရာမှထတော်မူ၍ ကာသိတိုင်း ဗာရာဏသီပြည်သို့ ကြွတော်မူသည်ရှိသော် ခရီးအကြား၌ ဥပက အမည်ရှိသော တက္ကတွန်းနှင့်တကွ တိုင်ပင်စကား နှုတ်ခွန်းဆက်ပြီး ကြွတော်မူခဲ့ရာ ဝါဆိုလပြည့်ေနေ့ ဣသိပတန မည်သော မိဒါဝုန်တော၌ ပဉ္စဝဂ္ဂီတို့ နေရာအရပ်သို့ ရောက်တော်မူလေ၏။
(ဗုဒ္ဓစက္ခု = ဣန္ဒြိယပရောပရိယတ္တိဉာဏ်နှင့် အာသယာနုသယဉာဏ်တော် နှစ်ပါး တည်း။)
ထိုအခါ မလျောက်ပတ်သော ခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ခေါ်ဝေါ် ပြောဆိုကြကုန်သော ထိုပဉ္စဝဂ္ဂီရဟန်းတို့ကို ဘုရားဖြစ်ကြောင်းကို သိစေတော်မူပြီးလျှင် အညာသိ ကောဏ္ဍည အမှူးရှိကုန်သော တဆယ့်ရှစ်ကုဋေသော နတ်ဗြဟ္မာတို့အား တရား တည်းဟူသော အမြိုက်အရသာကို သောက်စေတော်မူလျက် ဓမ္မစကြာ တရားတော်ကို ဟောတော်မူသဖြင့် လည်စေအပ်သော မြတ်သော တရားတည်း ဟူသော စက်ရတနာ ရှိတော်မူသည်ဖြစ်၍ လဆုတ်ပက္ခ ငါးရက်မြောက်သောနေ့ (ဝါဆိုလပြည့်ကျော် ငါးရက်နေ့)၌ အလုံးစုံသော ထိုပဉ္စဝဂ္ဂီ ရဟန်းတို့ကို အရဟတ္တဖိုလ်၌ တည်စေတော်မူလေ၏။
ရှင်ယသ အမှူးရှိသော ငါးကျိပ်ငါးယောက်နှင့် ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့ အကြောင်း
ထိုခန္ဓ၌ပင်လျှင် ယသ အမည်ရှိသော သတို့သား၏ ဥပနိဿယ အကြောင်းနှင့် ပြည့်စုံခြင်းကို မြင်သိတော်မူပြီး ဖြစ်ရကား ညဉ့်အဖို့၌ ငြီးငွေ့ခြင်းကြောင့် အိမ်ကို စွန့်၍ တောထွက်လာသော ထိုယသ သတို့သားကို မြင်တော်မူလေလျှင် ချစ်သား ယသ လာလော့ဟု ခေါ်တော်မူပြီး ကိုညဉ့်အဖို့၌ သာလျှင် သောတာပတ္တိဖိုလ်သို့ ရောက်စေတော်မူ၍ တဖန် မိုးသောက်သောနေ့၌ အရဟတ္တဖိုလ်သို့ ရောက်စေတော်မူပြန်၏။
တပါးသော အခါ၌လည်း ထိုယသသတို့သား၏ အဆွေခင်ပွန်း ဖြစ်ကုန်သော ငါးကျိပ် လေးယောက်သော သူတို့ကို ဧဟိ ဘိက္ခု ရဟန်းအဖြစ်ဖြင့် ရဟန်းပြုတော်မူ၍ အရဟတ္တဖိုလ်သို့ ရောက်စေတော်မူပြန်၏။ ဤသို့လျှင် လောက၌ ခြောက်ကျိပ် တပါး ကုန်သော ရဟန္တာအရှင်မြတ်တို့သည် ထင်ရှားဖြစ်ကုန်ပြီးလျှင် ဝါကျွတ်သဖြင့် ပဝါရဏာ ပြုတော်မူပြီးသည်ရှိသော် ချစ်သားရဟန်းတို့ ဒေသစာရီ သွားကြကုန်လော့ ဟု ခြောက်ကျိပ်သော ရဟန်းတို့ကို ထိုထိုသို့သော အရပ် မျက်နှာတို့သို့ စေလွှတ်တော်မူ၍ ကိုယ်တော်မြတ်သည် ဥရုဝေလတောသို့ ကြွတော်မူ၏။
ထိုသို့ကြွတော်မူသည်ရှိသော် ခရီးအကြား ကပ္ပါသိက တောအုပ်၌ သုံးကျိပ်သော ဘဒ္ဒဝဂ္ဂီ မင်းသားတို့ကို ဆုံးမတော်မူလေ၏။ ထိုသုံးကျိပ်သော မင်းသားတို့တွင် ဂုဏ်အားဖြင့် အလုံးစုံတို့အောက် အငယ်ဆုံးဖြစ်သော သူကား သောတာပန် ဖြစ်၏။ ဂုဏ်အားဖြင့် အလုံးစုံတို့ထက် အမြတ်ဆုံးဖြစ်သော သူကား အနာဂါမ် ဖြစ်၏။ အလုံးစုံသော ထိုဘဒ္ဒဝဂ္ဂီ မင်းသားတို့ကို ဧဟိ ဘိက္ခု ရဟန်းအဖြစ်ဖြင့် ရဟန်းပြုစေ၍ အရပ်မျက်နှာတို့သို့ စေလွှတ်တော်မူလေ၏။
ရှင်တထောင်ချွတ်၍ ရာဇဂြိုဟ်သို့ ကြွဝင်တော်မူခြင်း
ကိုယ်တော်မြတ်သည်ကား ဥရုဝေလတောသို့ကြွတော်မူ၍ သုံးထောင့်ငါးရာသော တန်ခိုး ပြာဋိဟာတို့ကို ပြတော်မူသဖြင့် ဥရုဝေလကဿပ အစရှိကုန်သော တထောင်သော ရသေ့ အခြံအရံရှိကုန်သော ရသေ့ညီနောင် သုံးယောက်တို့ကို ဆုံးမတော်မူပြီးလျှင် ဧဟိ ဘိက္ခု ရဟန်းအဖြစ်ဖြင့် ရဟန်းပြုစေတော်မူ၏။
ထို့နောက် ဂယာသီသ ကျောက်ဖျာ အပြင်၌ နေစေ၍ အာဒိတ္တပရိယာယသုတ္တန် ဒေသနာတော်ဖြင့် အရဟတ္တဖိုလ်၌တည်စေတော်မူပြီးလျှင် ထိုရဟန္တာတထောင် ဖြင့် ခြံရံလျက် ဗိမ္မိသာရမင်းအား ပေးခဲ့သော ပဋိညာဉ်ကို လွတ်စေအံ့ဟု ရာဇဂြိုဟ်ပြည် ၏အနီး ထန်းတော ဥယျာဉ်သို့ ကြွသွားတော်မူလေ၏။
ဘုရားရှင်သည် ကြွလာတော်မူသတတ် ဟူသော သတင်းစကားကို ကြား၍ တသိန်း နှစ်သောင်းသော ပုဏ္ဏားသူကြွယ်တို့နှင့် တကွ ရောက်လာသော ဗိမ္ဗိသာရမင်းအား နူးညံ့ သာယာစွာသော တရားစကားကို ဟောကြားတော်မူသည် ရှိသော် ဗိမ္ဗိသာရ မင်းသည် တသိန်း တသောင်းသော ပုဏ္ဏား သူကြွယ်တို့နှင့် တကူ သောတာပတ္တိ ဖိုလ်၌ တည်၍ တသောင်းသော ပုဏ္ဏား သူကြွယ်တို့သည် သရဏဂုံ၌ တည်ကြ ကုန်၏။
တဖန်မိုးသောက်သောနေ့၌ သိကြား နတ်မင်းသည် လုလင်၏ အသွင်အပြင်ကို ယူ၍ ချီးမွမ်း ထောမနာ အပ်သော ဂုဏ်ကျေးဇူးတို့ကို ကြည်နူးစဖွယ် သာယာစွာ ရှေ့တော်မှ ချီးကျူးလျက် ရာဇဂြိုဟ်ပြည်သို့ ဝင်တော်မူ၍ ဗိမ္ဗိသာရမင်း၏ ရွှေနန်းတော်၌ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြုပြီးသော် ဝေဠုဝန်ကျောင်း အာရာမ်တော်ကို အလှူခံတော်မူ၍ ထိုဝေဠုဝန်ကျောင်း အာရာမ်တော်၌သာလျှင် သီတင်းသုံး စံနေတော် မူသောအခါ မြတ်စွာဘုရားထံသို့ အရှင်သာရိပုတြာ, အရှင်မောဂ္ဂလာန် တို့သည် ရောက်လာ ဆည်းကပ်ကြ လေကုန်၏။
ဥပတိဿနှင့် ကောလိတတို့ အကြောင်း
ထိုစကား၌ ဤဆိုလတ္တံ့သည်ကား အစဉ်အတိုင်းဖြစ်သော စကားတည်း။ ဘုရားရှင် မပွင့်မီ ကာလကပင်လျှင် ရာဇဂြိုဟ်ပြည်မှ မနီးမဝေးသော အရပ်၌ ဥပတိဿရွာ, ကောလိတရွာ ဟူ၍ နှစ်ခုသော ပုဏ္ဏားရွာတို့သည် ရှိကြကုန်၏။ ထိုရွာနှစ်ရွာတို့တွင် ဥပတိဿရွာ၌ ရူပသာရီ အမည်ရှိသော ပုဏ္ဏေးမ၏ ဝမ်းဝယ် ကိုယ်ဝန် တည်သော နေ့၌ပင်လျှင် ကောလိတရွာ မောဂ္ဂလိ အမည်ရှိသော ပုဏ္ဏေးမ၏ ဝမ်း၌လည်း ကိုယ်ဝန်တည်သည် ဖြစ်၏။
ထိုနှစ်ဦးသော အမျိုးတို့သည်လည်း ဆွေမျိုး ခုနစ်ဆက်တိုင်တိုင် အစဉ်အဆက် မပျက်သော အဆွေခင်ပွန်း ဖြစ်ကုန်သတတ်။ ထိုနှစ်ယောက်သော ပုဏ္ဏေးမ တို့အားလည်း တနေ့တည်း၌သာလျှင် ကိုယ်ဝန်အစောင့် အရှောက်ကို ပေးကြကုန်၏။ ထိုနှစ်ယောက်သော ပုဏ္ဏေးမတို့သည်လည်း ဆယ်လလွန်မြောက်သော် သားသူငယ်တို့ကို ဖွားမြင်ကြကုန်၏။
အမည်မှည့်အံ့သော နေ့၌ သာရီ အမည်ရှိသော ပုဏ္ဏေးမ၏ သားအား ဥပတိဿရွာ၌ အကြီးဖြစ်သော အမျိုး၏ သားဖြစ်သောကြောင့် ဥပတိဿ ဟူသော အမည်ကို မှည့်ကုန်၏။ မောဂ္ဂလိပုဏ္ဏေးမ၏ သားအား ကောလိတရွာ၌ အကြီးဖြစ်သော အမျိုး၏ သားဖြစ်သောကြောင့် ကောလိတ ဟူသော အမည်ကို မှည့်ကြ လေကုန်၏။
ထိုနှစ်ဦးကုန်သော အမျိုးသားတို့သည်လည်း ကြီးရင့်ခြင်းသို့ ရောက်၍ အလုံးစုံသော အတတ်တို့၌ တဘက်ကမ်းရောက် တတ်မြောက်ကြကုန်၏ ဥပတိဿ လုလင်အား ကစားခြင်းငှါ မြစ်သို့၎င်း၊ ဥယျာဉ်သို့၎င်း သွားသောအခါ ရွှေထမ်းစင် ငါးရာတို့သည် ခြံရံလိုက်ပါကြရကုန်၏။ ကောလိတ လုလင်အားလည်း အာဇာနည်မြင်း ကသော ရထား ငါးရာတို့သည် ခြံရံ လိုက်ပါကြရကုန်၏။ နှစ်ယောက်သော လုလင်တို့ သည်လည်း ငါးရာငါးရာစီ လုလင် အခြံအရံစီ ရှိကြကုန်၏။
တောင်ထိပ်ပွဲသဘင် ကြည့်ရှုခြင်း
ထိုအခါ ရာဇဂြိုဟ်ပြည်၌ နှစ်စဉ်မပြတ် ပြုအပ်သော တောင်ထိပ်ပွဲသဘင် မည်သည် ရှိလေ၏။ ထိုနှစ်ဦးသော လုလင်တို့အားလည်း ညောင်စောင်းကို တခုတည်းသော အရပ်၌သာ ဖွဲ့ကြ ခင်းကြကုန်၏။ နှစ်ယောက်သော လုလင်တို့သည် တပေါင်းတည်း အတူနေ၍ ပွဲလမ်းသဘင်ကို ကြည့်ရှုကြကုန်သည် ရှိသော် ရယ်ရွှင် သင့်သောအရာ၌ ရယ်ရွှင်ကုန်၏၊ ထိတ်လန့် တုန်လှုပ်ဖွယ်သော အရာ၌ ထိတ်လန့် တုန်လှုပ်ခြင်းကို ဖြစ်စေကြကုန်၏၊ ဆုလာဘ်ပေးခြင်းငှါ သင့်သောအရာ၌ ဆုလာဘ်ပေးကမ်း ကြကုန်၏။
ဤသို့သောနည်းဖြင့် တနေ့သ၌ ပွဲသဘင်ကို ကြည့်ရှုကုန်သော ထိုသူတို့အား ဉာဏ်ရင့်သန်ခြင်းသို့ ရောက်သည့် အဖြစ်ကြောင့် ရှေးဖြစ်သော နေ့တို့၌ကဲ့သို့ ရယ်ရွှင်သင့်သော အရာ၌ ရှယ်ရွှင်ခြင်းသည်၎င်း၊ ထိတ်လန့် တုန်လှုပ်ဖွယ်သော အရာ၌ ထိတ်လန့် တုန်လှုပ်ခြင်းသည်၎င်း၊ ဆုလာဘ် ပေးသင့်သောအရာ၌ ဆုလာဘ် ပေးခြင်းသည်၎င်း မဖြစ်လေပြီ။
ထိုသို့ ပွဲလမ်းသဘင် ကြည့်ရှုစဉ် နှစ်ယောက်သော သူတို့သည် ဤသို့ ကြံကြကုန်၏၊ ဤပွဲလမ်းသဘင်၌ ကြည့်ရှုဖွယ်ရာ တစုံတခုသော အခြင်းအရာသည် အဘယ်မှာ ရှိသနည်း၊ ဤအလုံးစုံသော သတ္တဝါတို့သည် အနှစ်တရာသို့ မရောက်မီ မိမိ၏ အမည်ပညတ်မျှ မရှိသည်၏ အဖြစ်သို့ ရောက်ကြကုန်လတ္တံ့၊ ငါတို့သည်ကား ဝဋ်မှ ထွက်မြောက်ရာ တခုသော တရားကို ရှာခြင်းငှါ သင့်၏ ဟူသော အာရုံကို ယူ၍ နေကြကုန်၏။
ထို့နောက်မှ ကောလိတသည် ဥပတိဿကို အဆွေ ဥပတိဿ သင်ကား အခါတပါး အခြားသော နေ့ရက် တို့၌ကဲ့သို့ ဝမ်းမြောက်ဝမ်းသာ မရှိ၊ နှလုံးမသာခြင်း သဘော ရှိသည် ဖြစ်၏၊ သင်သည် အဘယ်အာရုံကို အမှတ်အသား ပြုနေသနည်းဟု မေးလတ်သော် အဆွေ ကောလိတ ထိုပွဲသဘင်တို့ကို ကြည့်ရှုရာ၌ အနှစ်မရှိ၊ ထိုပွဲသဘင်ကို ကြည့်ရှုခြင်းသည် အကျိုးမရှိ၊ မိမိ၏ ဝဋ်မှထွက်မြောက်ရာ တရားကို ရှာခြင်းငှါ သင့်သည်ဟု ကြံစည် အောက်မေ့လျက် နေပေသည်၊ အသင်ကား အဘယ့်ကြောင့် နှလုံး မသာခြင်း သဘောရှိသနည်းဟု မေးပြန်၏။
ထိုကောလိတသည်လည်း ဥပတိဿနှင့် တူစွာ ပြောဆိုသောအခါ ဥပတိဿသည် ကောလိတ၏ မိမိနှင့် အတူတကွ အလိုတူသည့် အဖြစ်ကို သိရ၍ နှစ်ယောက်သော ငါတို့အား ကောင်းသော အကြံကို ကြံမိ၏၊ ဝဋ်မှ ထွက်မြောက်ရာ တရားကို ရှာလိုကုန်သော ငါတို့သည် တခုသော ရဟန်းအဖြစ်ကို ရခြင်းငှါသင့်၏၊ ထို့ကြောင့် ဘယ်ဆရာ့အထံ၌ ရဟန်းပြုကြရကုန်အံ့နည်းဟု ဆိုလေ၏။
သိဉ္စည်းဆရာကြီးထံသို့ ရောက်ခြင်း
ထိုအခါ သိဉ္စည်းပရိဗိုဇ်သည် ရာဇဂြိုဟ်ပြည်၌ များစွာသော ပရိဗိုဇ် ပရိသတ်နှင့်တကွ နေ၏။ ဥပတိဿနှင့် ကောလိတတို့သည် ထိုသိဉ္စည်းပရိဗိုဇ် အထံ၌ ရဟန်း ပြုကုန်အံ့ ဟူ၍ ငါးရာသော လုလင်တို့ကို ထမ်းစင်တို့ကို၎င်း၊ ရထားတို့ကို၎င်း သင်တို့ ယူသွားကြကုန်လော့ဟု လွှတ်လိုက်၍ ထိုနှစ်ဦးကုန်သော လုလင်တို့သည် လည်း တခုသောထမ်းစင် တခုသော ရထားတို့ဖြင့် သွား၍ သိဉ္စည်းပရိဗိုဇ် အထံ၌ ရဟန်း ပြုကြလေကုန်၏။
ထိုဥပတိဿ, ကောလိတတို့ ရဟန်းပြုသော ကာလမှစ၍ သိဉ္စည်းပရိဗိုဇ်သည် အလွန်လျှင် များမြတ်သော လာဘ် ပူဇော် သက္ကာရ ရှိသည့် အဖြစ်သို့ ရောက်လေ၏။ ထိုဥပတိဿ, ကောလိတတို့သည် နှစ်ရက် သုံးရက်ဖြင့်သာလျှင် သိဉ္စည်းပရိဗိုဇ်၏ အလုံးစုံသော အယူကို မွှေနှောက် ချောက်ချား၍ ဆရာ သင်တို့သိသော အယူ ဝါဒသည် ဤမျှသာ ရှိလေသလော၊ သို့တည်းမဟုတ် ထို့ထက်အလွန် ရှိသေး သလောဟု မေးကြကုန်သည်ရှိသော် ဤမျှသာလျှင်တည်း၊ သင်တို့သည် အလုံးစုံကို သိကြရလေကုန်ပြီဟု ပြန်ကြား ဖြေဆိုလေ၏။
(* ဥပတိဿဟူသည် အရှင်သာရိပုတြာ၏ ငယ်မည်ဖြစ်၏။
ကောလိတဟူသည် အရှင်မောဂ္ဂလာန်၏ ငယ်မည်ဖြစ်၏။)
အမြိုက်တရား ဟောပြတတ်သော ဆရာကို ရှာဖွေခြင်း
ထိုအခါ ဥပတိဿ, ကောလိတတို့သည် ဤသို့ ဖြစ်သည်ရှိသော် ဤဆရာ၏ အထံ၌ ကျင့်သုံးအပ်သော မြတ်သော အကျင့်သည် အကျိုးမရှိ၊ ငါတို့သည် ဝဋ်မှ ထွက်မြောက်ရာ တရားကို ရှာခြင်းငှါ ထွက်လာခဲ့ကုန်၏၊ ထိုတရားကို ဤဆရာ၏ အထံ၌ ဖြစ်စေခြင်းငှါ မတတ်ကောင်း၊ ဇမ္ဗူဒီပါကျွန်းသည် ကျယ်ဝန်းသည် သာလျှင်တည်း၊ ရွာ, နိဂုမ်း, မင်းနေပြည်တို့သို့ လှည့်လည် ကုန်သည်ရှိသော် မချွတ်လျှင် ဝဋ်မှထွက်မြောက်ရာ တရားကို ဟောတတ်သော တစုံတယောက်သော ဆရာကို ရကုန်အံ့ဟု ကြံကြကုန်၏။
ထိုအခါမှစ၍ အကြင် အကြင် အရပ်၌ ပညာရှိကုန်သော ရဟန်း ပုဏ္ဏားတို့သည် ရှိကုန်၏ဟူ၍ ဆိုကြကုန်၏၊ ထိုထိုအရပ်သို့ သွား၍ ဆွေးနွေး မေးမြန်းကြကုန်၏၊ ထိုဥပတိဿ, ကောလိတတို့ မေးမြန်းအပ်သော ပြဿနာကို တပါးကုန်သော ပညာရှိတို့သည် ဖြေဆိုခြင်းငှါ မတတ်နိုင်ကုန်၊ ထိုဥပတိဿ, ကောလိတတို့ကား ထိုပညာရှိတို့၏ ပြဿနာကို ဖြေဆိုနိုင်ကြကုန်၏။
ဤသို့လျှင် အလုံးစုံသော ဇမ္ဗူဒီပါကျွန်းသို့ လှည့်လည်စုံစမ်း၍ ပြန်လည်ခဲ့ပြီးလျှင် မိမိတို့ နေရင်းအရပ် သို့သာလျှင် ပြန်လာ၍ အဆွေ ကောလိတ ငါတို့နှစ်ယောက်တွင် ရှေးဦးစွာ သေခြင်းကင်းရာ အမြိုက် တရားကို ရသောသူသည် တယောက်အား ပြန်ကြား ပြောဆိုစေသတည်းဟု ကတိကဝတ်ကို ပြုကြ လေကုန်၏။
အရှင်အဿဇိမထေရ် နှင့် တွေ့၍ အမြိုက်တရားရခြင်း
ဤသို့လျှင် ဥပတိဿ, ကောလိတတို့သည် ကတိကဝတ်ကိုပြု၍ နေကြကုန်သည် ရှိသော် ဆိုအပ်ခဲ့ပြီးသော စကားအစဉ်ဖြင့် မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ ရောက်၍ ဝေဠုဝန်ကျောင်းတော်ကို အလှူခံပြီးလျှင် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူ၏။ ထိုအခါ ချစ်သား ရဟန်းတို့ များစွာသော လူတို့၏ အစီးအပွားအကျိုးငှါ ဒေသစာရီ လှည့်လည်ကြကုန်လော့ဟု ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကိုပြခြင်းငှါ ဘုရားရှင်စေလွှတ်အပ်ကုန်သော ခြောက်ကျိပ် တပါးသော ရဟန္တာတို့၏အတွင်းဝယ် ပဉ္စဝဂ္ဂီရဟန်းတို့တွင် အပါအဝင် အရှင် အဿဇိမထေရ်သည် တဖန် ပြန်လည်ခဲ့၍ ရာဇဂြိုဟ်ပြည်သို့ ရောက်လာလေ၏။
ထို အဿဇိမထေရ်သည် မိုးသောက်သောအခါ နံနက်စောစောကသာလျှင် သပိတ်သင်္ကန်းကို ယူဆောင်၍ ရာဇဂြိုဟ်ပြည်တွင်းသို့ ဆွမ်းအလို့ငှါ ဝင်တော်မူလေ၏။ ထိုအခါ ဥပတိဿ ပရိဗိုဇ်သည်လည်း နံနက်စောစောကသာလျှင် ဆွမ်းစားခြင်းကိစ္စကို ပြုပြီး၍ ပရိဗိုဇ်တို့၏ နေရာအာရာမ်သို့သွားစဉ် အဿဇိမထေရ်ကို မြင်၍ ငါကား ဤသို့သဘောရှိသော ရဟန်းမည်သည်ကို မမြင်ဖူးသည်သာလျှင်တည်း။
လောက၌ ရဟန္တာ, ရဟန္တာဖြစ်ကြောင်း လမ်းကောင်းသို့ ရောက်ကုန်သော ရဟန်းတို့တွင် ဤရဟန်းသည် တပါးအပါအဝင် ဖြစ်ပေလိမ့်မည်၊ ငါသည် ဤရဟန်းအထံသို့ ချဉ်းကပ်၍ ငါ့သျှင် သင်ကားအဘယ်သူကို ရည်မှန်း၍ ရဟန်းပြုသနည်း၊ သင်၏ဆရာကား အဘယ်သူနည်း၊ အဘယ်သူ၏ တရားကို နှစ်သက်သနည်းဟု မေးရမူကား ကောင်းလေစွဟု အကြံဖြစ်လေ၏။
ထိုအခါ ထိုဥပတိဿ ပရိဗိုဇ်အား ဤသို့ အကြံဖြစ်လေ၏၊ ဤရဟန်းကို ပြဿနာမေးခြင်းငှါ အခါမဟုတ်သေး ရွာတွင်းသို့ဝင်၍ ဆွမ်းအလို့ငှါ လှည့်လည်သွားလာသေး၏၊ သေချာတိတိ မသိသော ခရီးလမ်းကို ဖြောင့်တန်းစွာ သိရှိလိုကုန်သော သူတို့သည် နောက်မှ နောက်မှ အစဉ်တစိုက် လိုက်ဘိသကဲ့သို့ ငါသည် ဤရဟန်းသို့ နောက်မှ နောက်မှ အစဉ်အတိုင်း လိုက်ရမူကား ကောင်းလေစွဟု နှလုံးသွင်း၍ နောက်မှ နောက်မှ အစဉ်လိုက်လေ၏။
အဿဇိမထေရ်သည် ဆွမ်းခံပြီး၍ အမှတ်မရှိ အရပ်တပါးသို့သွား၍ ထိုင်ခြင်းငှါ အလိုရှိသည့်အဖြစ်ကို ထိုဥပတိဿသည် သိ၍ မိမိ၏ ပရိဗိုဇ်နေရာ အင်းပျဉ်ကိုခင်း၍ ပေးလေ၏။ ထိုဥပတိဿသည် မထေရ်မြတ် ဆွမ်းစားပြီးသော အဆုံး၌လည်း မိမိကရားမှ ရေကိုယူ၍ ပေးလှူလေ၏။ ဤသို့ ဆရာ့ဝတ်ကိုပြု၍ ဆွမ်းစားခြင်းကိစ္စ ပြီးပြီးသည်ရှိသော် မထေရ်နှင့် အတူတကွ သာယာချေငံစွာ စကားပြောဟောခြင်းကိုပြု၍ ငါ့သျှင် သင်၏ မျက်စိစသော ဣန္ဒြေတို့သည် စင်စစ်ကြည်လင်ကုန်၏၊ ကိုယ်အဆင်းသည် ဖြူစင်၏၊ ပြိုးပြိုးပြက်ရှိ၏၊ သင်သည် အဘယ်သူကို ရည်မှန်း၍ ရဟန်းပြုသနည်း၊ သင့်ဆရာကား အဘယ်သူနည်း၊ သင်သည် အဘယ်သူ့ တရားကို နှစ်သက်သနည်းဟု မေးလေ၏။
အဿဇိမထေရ်သည် ဤပရိဗိုဇ်တို့မည်သည်ကား သာသနာတော်၏ ဆန့်ကျင်ဘက်ဖြစ်ကုန်၏၊ ဤသူအား သာသနာတော်၏ နက်နဲ သိမ်မွေ့သည့် အဖြစ်ကို ပြအံ့ဟု ကြံတော်မူ၍ မိမိ၏ သီတင်းငယ်အဖြစ်ကို ပြလိုသောကြောင့် ငါ့သျှင် ငါသည်ကား သီတင်းငယ်တည်း၊ ရဟန်းပြု၍ မကြာမြင့်သေး၊ ယခုပင် သာသနာ့ဘောင်သို့ ရောက်လာ၏၊ ငါသည် အကျယ်အားဖြင့် တရားဟောခြင်းငှါ မတတ်နိုင်သေးဟု ဆိုလေ၏။
ထိုအခါ ပရိဗိုဇ်သည် အကျွန်ုပ်ကား ဥပတိဿမည်သော သူပါတည်း၊ အရှင်ဘုရားသည် အစွမ်းသတ္တိရှိသည် အားလျော်စွာ နည်းများမဟူ ဟောတော်မူပါလော့၊ ထိုတရားစကားကို နည်းတရာ, နည်းတထောင်ဖြင့် ထိုးထွင်း၍ သိခြင်းကား အကျွန်ုပ်၏ တာဝန်တည်းဟု ကြံစည်၍ ဤဂါထာကို ဆိုလေ၏။
အပ္ပံ ဝါ ဗဟုံ ဝါ ဘာသဿု၊ အတ္ထညေဝ မေ ဗြူဟိ။
အတ္တေနေဝ မေ အတ္ထော၊ ကိံ ကာဟသိ ဗျဉ္ဇနံ ဗဟုံ။
အပ္ပံ ဝါ၊ နည်းသော တရားကိုသော်၎င်း။
ဗဟုံ ဝါ၊ များသော တရားကိုသော်၎င်း။
ဘာသဿု၊ ဟောတော်မူပါလော့။
မေ၊ အကျွန်ုပ်အား။
အတ္ထညေဝ၊ အနက်ကိုသာလျှင်။
ဗြူဟိ၊ ဟောပါလော့။
မေ၊ အကျွန်ုပ်အား။
အတ္ထေနေဝ၊ အနက်ဖြင့်သာလျှင်။
အတ္ထော၊ အလိုရှိပါ၏။
ဗဟုံ၊ များစွာသော။
ဗျဉ္စနံ၊ သဒ္ဒါကို။
ကိံ ကာဟသိ၊ အဘယ်သို့ ပြုလတ္တံ့နည်း။
ဤသို့ ပရိဗိုဇ်ဆိုသည်ရှိသော် မထေရ်သည် “ယေဓမ္မာ ဟေတုပ္ပဘဝါ” အစရှိသော ဂါထာကို ဟောတော်မူလေ၏။ ပရိဗိုဇ်သည် ရှေ့နှစ်ပါဒကိုသာလျှင် ကြားနာရ၍ နည်းတထောင်ဖြင့် တန်ဆာဆင်အပ်သော သောတာပတ္တိဖိုလ်၌ တည်လေ၏၊ နောက် နှစ်ပါဒကို သောတာပတ္တိဖိုလ်သို့ ရောက်သော ကာလ၌ ပြီးစေ၏။
ထိုဥပတိဿ ပရိဗိုဇ်သည် သောတာပန်ဖြစ်၍ အထက်မဂ်ဖိုလ် အထူးကို မဖြစ်စေနိုင်သည်ရှိသော် ဤအထက်မဂ်ဖိုလ်အထူးကို မဖြစ်စေနိုင်သော အရာ၌ အကြောင်းရှိသည် ဖြစ်လတ္တံ့ဟု မှတ်သား၍ အဿဇိမထေရ်ကို အရှင်ဘုရား အထက်မဂ်ဖိုလ်အလို့ငှါ တရားဟောခြင်းကို မပွားတိုးပါစေကုန်လင့်၊ ဤမျှသော တရားဟောခြင်းသည်သာလျှင် ဖြစ်ပါစေလော့၊ တပည့်တော်တို့ ဆရာဘုရားရှင်သည် အဘယ်အရပ်၌ သီတင်းသုံးနေတော်မူပါသနည်းဟု မေးလျှောက်လေ၏။
ထိုအခါ အဿဇိမထေရ်သည် ငါ့သျှင် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏ဟု မိန့်တော်မူလျှင် အရှင်ဘုရား ထိုသို့ဖြစ်မူ အရှင်ဘုရားတို့သည် ရှေ့မှ ကြွနှင့်တော်မူကြပါ၊ တပည့်တော်အား အဆွေခင်ပွန်း တယောက်ရှိပါသေးသည်၊ တပည့်တော်တို့မှာ ရှေးဦးစွာ အမြိုက်တရားကို သိသောသူသည် ပြန်ကြားပြောဆိုစေသတည်းဟု တပည့်တော်တို့ အချင်းချင်း ကတိကဝတ်ကို ပြု၍ ထားပါသည်၊
တပည့်တော်တို့သည် ထိုသို့ ဝန်ခံခြင်းကို လွတ်စေ၍ အဆွေခင်ပွန်းကို ခေါ်ခဲ့ပြီးလျှင် အရှင်ဘုရားတို့ လာသော လမ်းခရီးဖြင့်သာ မြတ်စွာဘုရားအထံသို့ လိုက်လာကြပါအံ့ဟု *ငါးပါးသော တည်ခြင်းဖြင့် မထေရ်၏ ခြေရင်း၌ ပျပ်ဝပ်ရှိခိုး၍ သုံးကြိမ်လက်ျာရစ် လှည့်သည်ကို ပြု၍ မထေရ်ကို လွှတ်လိုက်ပြီးလျှင် ပရိဗိုဇ်တို့၏ အာရာမ်သို့ ရှေးရှုသွားလေ၏။
(*ဒူးနှစ်ဘက်, လက်ဝါးနှစ်ဘက်, နဖူးဟူသော အင်္ဂါငါးပါးကို မြေ၌ကြမ်း၌ တည်အောင် ထား၍ ဦးကျအောင်ချ၍ ရှိခိုးခြင်းသည် ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးခြင်းမည်၏။)
ထိုအခါ ကောလိတ ပရိဗိုဇ်သည် အဝေးမှလာသော ထိုဥပတိဿ ပရိဗိုဇ်ကို မြင်လျှင် ယနေ့ ငါ့အဆွေခင်ပွန်း၏ မျက်နှာအဆင်းသည် တပါးသော နေ့ရက်တို့၌ကဲ့သို့ မဟုတ်၊ ထိုဥပတိဿသည် အမြိုက်တရားကို မချွတ်ရခဲ့သည် ဖြစ်လတ္တံ့ဟု နှလုံးသွင်းလျက် အမြိုက်တရားရခြင်းကို မေးလေ၏။
ထိုဥပတိဿသည်လည်း ကောလိတအား ငါ့သျှင် အမြိုက်တရားကို ရသည်မှန်၏ဟု ဝန်ခံ၍ ထိုဂါထာကိုပင်လျှင် ဟောလေ၏၊ ဂါထာအဆုံး၌ ကောလိတသည်လည်း သောတာပတ္တိဖိုလ်၌ တည်၍ အဆွေ ဥပတိဿ ငါတို့ဆရာ ဘုရားရှင်သည် အဘယ်အရပ်၌ သီတင်းသုံးနေတော်မူသနည်းဟု မေးလေ၏။
အဆွေ ကောလိတ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏ဟု ငါတို့ဆရာဖြစ်သော အဿဇိမထေရ်သည် မိန့်မှာတော်မူပေသည်ဟု ပြောလတ်သော် အဆွေဥပတိဿ ထိုသို့ဖြစ်မူ လာသွားကြကုန်စို့၊ မြတ်စွာဘုရားကို ဖူးမြင်ကြကုန်အံ့ဟု ဆို၏။
သိဉ္စည်း ဆရာကြီးသည် ဘုရားထံသို့ မလိုက်လို၍ ငြင်းဆန်ခြင်း
ဤအရှင်သာရိပုတြာမည်သည်ကား အခါခပ်သိမ်းပင် ဆရာသမားတို့အား ပူဇော်တတ်သည်သာလျှင်တည်း၊ ထို့ကြောင့် အဆွေခင်ပွန်းဖြစ်သော ကောလိတကို အဆွေ ကောလိတ ငါတို့ရအပ်သော အမြိုက်တရားကို ငါတို့ဆရာဖြစ်သော သိဉ္စည်းဆရာကြီးအားလည်း ပြောကြားကြကုန်ဦးအံ့၊ ကျွတ်ထိုက်သည်ရှိသော် ထိုးထွင်း၍ သိပေလတ္တံ့၊ ထိုးထွင်း၍ မသိသည်ရှိသော် ငါတို့ကို ယုံကြည်၍ ဘုရားအထံသို့ သွားရောက်ပေလတ္တံ့၊ ဘုရားရှင်တို့၏ တရားဟောခြင်းကို ကြားနာရသည်ရှိသော် မဂ်ဖိုလ်ကို ထိုးထွင်း၍ သိခြင်းကို ပြုလတ္တံ့ဟု ဆို၏။
ထိုသို့ ပြောဆိုပြီးလျှင် နှစ်ယောက်ကုန်သော ဥပတိဿ, ကောလိတတို့သည်လည်း သိဉ္စည်းပရိဗိုဇ်အထံသို့ သွားကြလေကုန်၏။ သိဉ္စည်းပရိဗိုဇ်သည် ထိုဥပတိဿ, ကောလိတတို့ကို မြင်လျှင်မြင်ခြင်း ချစ်သားတို့ အသို့နည်း၊ သင်တို့အား တစုံတယောက်သော အမြိုက်တရားရောက်ကြောင်းလမ်းကို ဟောပြတတ်သော သူကို ရခဲ့သလောဟု မေး၏။
ထိုအခါ ဆရာ ရခဲ့ပါပြီဟု ပြောဆိုပြီးလျှင် လောက၌ မြတ်စွာဘုရားသည် ထင်ရှားပွင့်တော်မူ၏၊ လောက၌ တရားတော်သည် ထင်ရှားဖြစ်တော်မူ၏၊ လောက၌ သံဃာတော်သည် ထင်ရှားဖြစ်တော်မူ၏၊ ဆရာတို့သည် အချည်းနှီးဖြစ်၍ အနှစ်မရှိသော အရာ၌ လှည့်လည်၍ နေကြကုန်ရ၏။
ထို့ကြောင့် ကြွလာပါ၊ ဘုရားအထံသို့ သွားကြကုန်အံ့ဟု ဆိုသည်ရှိသော် သင်တို့သည် သွားကြလေကုန်၊ ငါသည်ကား သွားခြင်းငှါ မတတ်နိုင်ဟု ဆိုသဖြင့် အဘယ့်ကြောင့် မတတ်နိုင်သနည်းဟု မေးသည်ရှိသော် သိဉ္စည်းဆရာက ငါကား လူများအပေါင်း၏ ဆရာကြီး တဆူဖြစ်၍ လှည့်လည်နေပြီးမှ အတွင်းတပည့်ဖြစ်၍ နေခြင်းသည် အိုးစရည်းကြီးသည် ရေလောင်းအိုးငယ်အဖြစ်သို့ ရောက်ခြင်းကဲ့သို့ ဖြစ်၏၊ ငါသည် အန္တေဝါသိက တပည့်အဖြစ်ဖြင့် နေခြင်းငှါ မတတ်နိုင်ဟု ဆိုပြန်သဖြင့် ဆရာ ဤသို့ မပြုပါလင့် ဟု တောင်းပန်ကြသော်လည်း ချစ်သားတို့ ရှိစေတော့၊ သင်တို့သည် သွားကြလေကုန်၊ ငါကား သွားခြင်းငှါ မတတ်နိုင်ဟု ဆို၏။
ထိုအခါ ဆရာ လောက၌ ဘုရားရှင်ပွင့်တော်မူသောအခါမှစ၍ လူအပေါင်းသည် ပန်းနံ့သာစသည်ကို လက်စွဲကာ သွား၍ ထိုဘုရားရှင်ကိုသာလျှင် ပူဇော်ကြကုန်လတ္တံ့၊ အကျွန်ုပ်တို့သည်လည်း ထိုဘုရားရှိရာသို့သာ သွားကြကုန်လတ္တံ့၊ အရှင်ဆရာတို့သည် အဘယ်သို့ ပြုကုန်အံ့နည်းဟု မေးသည်ရှိသော် ချစ်သားတို့ ဤလောက၌ ပညာနုံ့သော သူတို့သည် များကုန်သလော၊ သို့တည်းမဟုတ် ပညာရှိသော သူတို့သည် များကုန်သလောဟု မေးသဖြင့် ဆရာ ပညာနုံ့သော သူတို့သာ များကုန်၏၊ ပညာရှိသောသူတို့ကား အနည်းငယ်တခါတရံသာ ဖြစ်ကုန်၏ဟု ပြောသည်ရှိသော် ချစ်သားတို့ ထိုသို့ဖြစ်မူ ပညာရှိသော သူတို့သည် ရဟန်းဂေါတမအထံသို့ သွားကုန်လတ္တံ့၊ ပညာနုံ့သော သူတို့သည် ငါတို့အထံသို့ လာကုန်လတ္တံ့၊ သင်တို့သည် သွားကြလေကုန်၊ ငါသည် သွားခြင်းငှါ မတတ်နိုင်ဟု ဆိုပြန်သဖြင့် ထိုသို့ ဖြစ်ဘိမူကား ဆရာအရှင်တို့သည် သိသာထင်ရှားကြကုန်လတ္တံ့ဟု ဆို၍ ဖဲသွားကြလေကုန်၏။
ဥပတိဿ ကောလိတတို့ ဘုရားထံရောက်၍ ဧဟိ ဘိက္ခု ရဟန်းဖြစ်ကြခြင်း
ထိုဥပတိဿ, ကောလိတတို့ သွားကြကုန်သည်ရှိသော် သိဉ္စည်းပရိဗိုဇ်၏ ပရိသတ်တို့သည် ဖရိုဖရဲ ပျက်စီးကြကုန်၏၊ ထိုခဏ၌ ပရိဗိုဇ်အာရာမ်သည် အချည်းနှီးဖြစ်လေ၏၊ ထိုသိဉ္စည်းဆရာသည် အချည်းနှီးသော ကျောင်းအာရာမ်ကို မြင်လျှင် မရွှင်လဲလူ ဗျာပါထူ၍ ပူသောသွေးကို အန်လေသတည်း။
ထိုဥပတိဿ ကောလိတတို့နှင့် အတူတကွ သွားကြကုန်သော ငါးရာသော ပရိဗိုဇ်တို့တွင် နှစ်ရာ့ငါးဆယ်သော သူတို့သည် သိဉ္စည်းဆရာ၏ အထံသို့ ပြန်လည်နေရစ်ကြကုန်၏၊ ထိုနှစ်ရာ့ငါးဆယ်တို့ သွားကုန်သည်ရှိသော် ဥပတိဿ, ကောလိတတို့သည် မိမိတို့၏ အန္တေဝါသိက ဖြစ်သော နှစ်ရာ့ငါးဆယ်သော ပရိဗိုဇ်တို့နှင့် ဝေဠုဝန်ကျောင်းတော်သို့ သွားကြလေကုန်၏။
မြတ်စွာဘုရားသည် ပရိသတ်လေးပါးအလယ်၌ နေတော်မူလျက် တရားဟောတော်မူစဉ် အဝေးမှ လာကုန်သော ထိုဥပတိဿ ကောလိတတို့ကို မြင်တော်မူ၍ ရဟန်းတို့ကို ခေါ်တော်မူပြီးလျှင် ချစ်သားရဟန်းတို့ ကောလိတ, ဥပတိဿဟူကုန်သော ဤအဆွေခင်ပွန်း နှစ်ယောက်တို့သည် လာကုန်၏၊ ထိုသူတို့သည် ငါဘုရား၏ ကောင်းမြတ်သော အဂ္ဂသာဝက အစုံသည် ဖြစ်လတ္တံ့ဟု မိန့်တော်မူနှင့်လေ၏။
ထိုဥပတိဿ, ကောလိတတို့သည် မြတ်စွာဘုရားကို ရှိခိုး၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေကြကုန်၏၊ နေပြီး၍လည်း ထိုအဆွေခင်ပွန်း နှစ်ယောက်တို့သည် မြတ်စွာဘုရားကို ဘုန်းတော် အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား တပည့်တော်တို့သည် ဘုရားရှင်အထံတော်၌ ရှင်ရဟန်းအဖြစ်ကို ရလိုကြပါကုန်၏ဟု လျှောက်ကြားကြကုန်သည်ရှိသော် မြတ်စွာဘုရားသည် -
“ဧထ ဘိက္ခဝေါ”
ဘိက္ခဝေါ၊ ချစ်သား ရဟန်းတို့။
တုမှေ၊ သင်တို့သည်။
ဧထ၊ လာကြကုန်လော့ဟု ခေါ်တော်မူ၍ -
“သွာက္ခာတော ဓမ္မော စရထ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ”
ဓမ္မော၊ တရားတော်ကို။
သွာက္ခာတော၊ ကောင်းစွာဟောအပ်ပြီ။
သမ္မာ၊ ကောင်းစွာ။
ဒုက္ခဿ၊ ဆင်းရဲအပေါင်း၏။
အန္တကိရိယာယ၊ အဆုံးကိုပြုခြင်းငှါ။
ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။
စရထ၊ ကျင့်ကြကုန်လော့။
ဤသို့ မိန့်ဆိုတော်မူသော စကား၏အခြားမဲ့၌ အလုံးစုံသော သူတို့သည် တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းကို ဆောင်ကုန်လျက် အဝါခြောက်ဆယ်ရှိသော မထေရ်ကြီးတို့ကဲ့သို့ ဖြစ်လေကုန်၏။
အဂ္ဂသာဝကအရာထူးပေးသဖြင့် ကဲ့ရဲ့ခံရခြင်း
ထို့နောက် ဥပတိဿ, ကောလိတတို့၏ တပည့်ပရိသတ်အား စရိုက်အလေ့အကျင့်၏ အစွမ်းဖြင့် ဘုရားရှင်သည် တရားဒေသနာကို ကောင်းစွာဆင့်ပွားဟောကြားတော်မူ၏၊ နှစ်ပါးသော အဂ္ဂသာဝကတို့ကို ချန်ထား၍ ကြွင်းသော ပရိဗိုဇ်တို့သည် အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏၊ အဂ္ဂသာဝကတို့မှာမူကား အထက်မဂ်သုံးပါးကိစ္စသည် အပြီးအဆုံးသို့ မရောက်လေ၊ အဘယ့်ကြောင့်နည်း ဟူမူကား သာဝကပါရမီဉာဏ်၏ ကျယ်ဝန်းသည်၏အဖြစ်ကြောင့်တည်း။
(ဥပတိဿကား သာရီပုဏ္ဏေးမ၏ သားဖြစ်ခြင်းကြောင့် သာရိပုတြာ ကောလိတကား မောဂ္ဂလိပုဏ္ဏေးမ၏ သားဖြစ်ခြင်းကြောင့် မောဂ္ဂလာန်ဟု အမည်တွင်လေ၏။)
ထို့နောက် အရှင်မောဂ္ဂလာန်သည် ရဟန်းပြုသော နေ့မှစ၍ ခုနစ်ရက်မြောက်သော နေ့၌ မဂဓတိုင်း ကလ္လဝါဠမည်သော ရွာကို အမှီပြု၍ နေတော်မူစဉ် ငိုက်မျဉ်းခြင်း ထိန, မိဒ္ဓ သက်ဝင်သည်ရှိသော် ဘုရားရှင်သည် ထိတ်လန့်စေလျက် ငိုက်မျဉ်းခြင်း ထိန မိဒ္ဓကို ပယ်ဖျောက်၍ ဘုရားရှင်ပေးအပ်သော ဓာတ်ကမ္မဋ္ဌာန်းကို နာကြားလျက်သာလျှင် အထက်မဂ်သုံးပါးကိစ္စကို ပြီးစေ၍ သာဝကပါရမီဉာဏ်၏ အထွတ်အထိပ်သို့ ရောက်တော်မူလေ၏။
အရှင်သာရိပုတြာမထေရ်သည်လည်း ရဟန်းပြုသော နေ့မှစ၍ လခွဲလွန်သော် ဘုရားရှင်နှင့်တကွ ထိုရာဇဂြိုဟ်ပြည်ကိုသာလျှင် အမှီပြု၍ သူကရခတမည်သော ဝက်တူးလိုဏ်၌ နေတော်မူလျက် မိမိတူဖြစ်သော ဒီဃနခပရိဗိုဇ်အား ဝေဒနာပရိဂ္ဂဟဏသုတ္တန်ကို ဟောတော်မူသည်ရှိသော် သုတ်ကို အစဉ်လျှောက်သဖြင့် ဉာဏ်ကို စေလွှတ်၍ သူတပါးအလို့ငှါ ခူးအပ်သောထမင်းကို သုံးဆောင်သော သူကဲ့သို့ သာဝကပါရမီဉာဏ်၏ အထွတ်အထိပ်သို့ ရောက်တော်မူလေ၏။
အရှင်သာရိပုတြာသည် ပညာကြီးတော်မူသည်မဟုတ်လော၊ ထိုသို့ ပညာကြီးပါလျက် အဘယ့်ကြောင့် အရှင်မဟာမောဂ္ဂလာန်ထက် ကြာမြင့်စွာမှ သာဝကပါရမီဉာဏ်သို့ ရောက်လေဘိသနည်းဟု ဆိုငြားအံ့၊ များစွာသော ပရိကံ (အသိုင်းအဝိုင်း အခြေပြု) ရှိသည့် အဖြစ်ကြောင့်တည်း။
ထင်စွာဆိုဦးအံ့၊ ဆင်းရဲသောသူတို့သည် တစုံတခုသော အရပ်သို့ သွားလိုသည်ရှိသော် လျင်စွာ ထွက်သွားနိုင်ကြကုန်၏၊ မင်းတို့မှာမူကား ဆင်ယာဉ်, မြင်းယာဉ်, ကကြိုးတန်ဆာ, ဗိုလ်ပါစစ်သည်အစရှိသည်တို့ဖြင့် များစွာသော အဆောက်အဦကို ရခြင်းငှါ သင့်သည်ဖြစ်၍ ထိုအလုံးစုံကို ပြင်ဆင် စုရုံးရသောကြောင့် ဖြည်းဖြည်းလေးလေး ကြာမြင့်မှ ထွက်ရသကဲ့သို့ ထို့အတူ ဤဥပမာ ပြည့်စုံခြင်းကို သိအပ်၏။
ထိုနေ့၌ပင်လျှင် မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူလျက် သာဝကအစည်းအဝေးကိုပြု၍ နှစ်ဦးသော မထေရ်တို့အား အဂ္ဂသာဝကအရာကို ပေး၍ ပါတိမောက်ကို ပြတော်မူ၏ (အဆုံးအမတရား ဟောတော်မူ၏) ရဟန်းတို့သည် မြတ်စွာဘုရားကား မျက်နှာကြည့်၍ ဆွမ်းပေးသည် (မျက်နှာကြီးရာ ဟင်းဖတ်ပါသည်)။
အဂ္ဂသာဝကအရာကို ပေးလိုပါမူကား ရှေးဦးစွာ ရဟန်းဖြစ်သော ပဉ္စဝဂ္ဂီတို့အား ပေးခြင်းငှါ သင့်၏၊ ဤပဉ္စဝဂ္ဂီတို့ကို မကြည့်သည်ရှိသော် ယသမထေရ်လျှင် အမှူးအကြီး ဖြစ်ကုန်သော ငါးကျိပ်ငါးပါးကုန်သော ရဟန်းတို့အား ပေးခြင်းငှါ သင့်၏၊ ဤရဟန်းတို့ကို မကြည့်ပြန်သည်ရှိသော် သုံးကျိပ်သော ဘဒ္ဒဝဂ္ဂီတို့အား ပေးခြင်းငှါ သင့်၏၊ ဤရဟန်းတို့ကို မကြည့်ပြန်သည်ရှိသော် ဥရုဝေလကဿပအစရှိကုန်သော ညီနောင်သုံးယောက်တို့အား ပေးခြင်းငှါ သင့်၏။
ဤမျှလောက်သော မဟာထေရ်ကြီးတို့ကို ပစ်ပယ်လှပ်ထား၍ အလုံးစုံသော ရဟန်းတို့၏ နောက်မှလာ၍ ရဟန်းပြုကုန်သော အရှင်သာရိပုတြာ, အရှင်မောဂ္ဂလာန်တို့အား အဂ္ဂသာဝကအရာကို ပေးခြင်းဖြင့် မျက်နှာကြည့်၍ ပေးသည်ကား မသင့်လေစွတကားဟု ကဲ့ရဲ့စကားဆိုကြလေကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ အဘယ်စကားကို ပြောဆိုကြကုန်သနည်းဟု မေးတော်မူခြင်းကြောင့် ဤမည်သော စကားပါတည်းဟု နားတော်လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့ ငါဘုရားကား မျက်နှာကြည့်၍ ထမင်းပေးသည်မဟုတ်၊ ထိုပုဂ္ဂိုလ်တို့အား မိမိမိမိ၏ တောင့်တတိုင်း တောင့်တတိုင်းကိုသာလျှင် ပေး၏။
ထိုစကားသင့်စွ၊ အညာသိကောဏ္ဍညမထေရ်သည် တကြိမ် စိုက်ပျိုးရာ ကောက်အတွင်း၌ ကိုးကြိမ်တိုင်တိုင် ကောက်ဦးအလှူကို ပေးလှူသည်ရှိသော် အဂ္ဂသာဝကရာထူးကို တောင့်တ၍ ပေးလှူသည်မဟုတ်၊ မြတ်သော တရားဟူသော အရဟတ္တဖိုလ်ကို အလုံးစုံသောသူတို့၏ ရှေးဦးစွာ ထိုးထွင်း၍ သိခြင်းငှါ တောင့်တ၍ ပေးလှူခဲ့လေသည်ဟု မိန့်တော်မူ၏။
ဤသို့ မိန့်တော်မူသည်ရှိသော် ရှင်ပင်ဘုရား အဘယ်အခါ၌ လှူဖူးပါသနည်းဟု ရဟန်းတို့က မေးလျှောက်သည်ဖြစ်၍ ချစ်သားရဟန်းတို့ သင်တို့သည် နာလိုကြကုန်သလောဟု မေးတော်မူ၏၊ နာလိုပါသည်ဘုရားဟု လျှောက်ကြကုန်သည်ရှိသော် အတိတ်အကြောင်းကို ဆောင်ပြတော်မူလေ၏။
အညာသိကောဏ္ဍည မထေရ်၏ ရှေးအတိတ်ဝတ္ထု
ချစ်သား ရဟန်းတို့ ဤဘဒ္ဒကပ်ကမ္ဘာမှ နောက်ဆုတ်ပြန်၍ ရေတွက်သည်ရှိသော် ကိုးဆယ့်တကမ္ဘာထက်၌ ဝိပဿီအမည်ရှိသော ဘုရားရှင်သည် လောက၌ ထင်ရှားစွာ ပွင့်တော်မူလေ၏။ ထိုအခါ၌ မဟာကာလ, စူဠကာလဟူ၍ သူကြွယ်ညီနောင်နှစ်ယောက်တို့သည် ကျယ်ဝန်းသော သလေးစပါးခင်းကို စိုက်ပျိုးစေကြလေကုန်၏။
ထိုအခါ တနေ့သ၌ စူဠကာလသည် သလေးစပါးစိုက်ရာလယ်သို့ သွား၍ တခုသော သလေးစပါးဖုံးကို ခွါ၍ စားအပ်သည်ရှိသော် အလွန်ချိုမြိန်သော အရသာရှိရကား ဘုရားအမှူးရှိသော ရဟန်းသံဃာအား သလေးစပါးဖုံးအလှူကို လှူလိုသည်ဖြစ်၍ အစ်ကိုကြီး မဟာကာလထံသို့ ချဉ်းကပ်ပြီးလျှင် နောင်တော် သလေးစပါးဖုံးကို ခွါ၍ ဘုရားရှင်တို့အား လျောက်ပတ်သည်ကို ပြုလျက် ချက်ပြုတ်စေ၍ ပေးလှူကြကုန်အံ့ဟု ဆို၏။
ညီငယ် စူဠကာလ အသို့ဆိုဘိသနည်း၊ သလေးဖုံးကိုခွါ၍ လှူခြင်းမည်သည်ကား ရှေးလွန်လေပြီးသော အခါ၌လည်း မဖြစ်စဖူး၊ နောင်အနာဂတ်ကာလ၌လည်း ဖြစ်မည်မဟုတ်၊ ကောက်ပင်ကို မဖျက်ဆီးပါလင့်ဟု ဆိုသော်လည်း ထိုစူဠကာလသူကြွယ်သည် အဖန်တလဲလဲ တောင်းပန်သည်သာတည်း၊ ထိုသို့ တောင်းပန်သောအခါ၌ ထိုစူဠကာလကို နောင်တော်မဟာကာလက ထိုသို့ လှူလိုမူကား သလေးစပါးခင်းကို နှစ်ဘို့နှစ်စု ခွဲဝေ၍ ငါ့အစုကို မသုံးသပ်မူ၍ ကိုယ့်အတွက်ကျအစု၌ အလိုရှိရာ ပြုလေလော့ဟု ဆိုလေ၏။
ထိုစူဠကာလလည်း ကောင်းပြီဟု ဆို၍ လယ်ကို ခွဲဝေ၍ လူအများတို့ကို ဝိုင်းဝန်းကူညီပြုလုပ်ရန် လက်မှုကို တောင်းပန်၍ သလေးဖုံးကို ခါပြီးလျှင် ရေမပါသော နို့ရည်ဖြင့် ချက်ပြုတ်စေ၍ ထောပတ်, ပျား, တင်လဲ, သကာ စသည်တို့ဖြင့် ဖျော်စေသဖြင့် ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလှူကို ပေးလှူပြီးသည်ရှိသော် ဆွမ်းဘုဉ်းပေးပြီးသည်၏ အဆုံး၌ မြတ်စွာဘုရား တပည့်တော်၏ ဤသလေးဖုံးကောက်ဦးအလှူသည် အလုံးစုံသောသူတို့၏ ရှေးဦးစွာ မြတ်သောတရားကို ထိုးထွင်း၍ သိခြင်းအကျိုးငှါ ဖြစ်ပါစေသတည်းဟု ဆုတောင်းလေ၏၊ ဘုရားရှင်သည် သင်ဒါယကာ တောင်းသည့်ဆုအတိုင်း ပြည့်စုံသည်ဖြစ်စေလော့ဟု သလေးဖုံးဆွမ်း အနုမောဒနာပြုတော်မူလေ၏။
ထိုစူဠကာလသည် လယ်သို့သွား၍ ကြည့်သည်ရှိသော် လယ်အလုံးသည် အချက်တို့ဖြင့် ဖွဲ့ကုန်ဘိသကဲ့သို့ သလေးစပါးနှံတို့ဖြင့် ကောင်းစွာ ဖုံးလွှမ်းသည်ကို မြင်၍ ငါးပါးအပြားရှိသော ပီတိကိုရသဖြင့် ငါ့အား အရတော်ပေစွတကားဟု ကြံ၍ -
စပါးနှံထွက်စအခါ၌ မုံ့ဆန်းဦးအလှူမည်သည်ကို လှူ၏၊
ရွာသူရွာသားအပေါင်းတို့နှင့် အတူတကွ သလေးစပါးနှံဦးမည်သည်ကိုလှူ၏၊
ထို့အတူ စပါးရိတ်သောအခါ၌ ရိတ်ဦးအလှူကို၎င်း,
လက်ဆုပ်ပြုသောအခါ လက်ဆုပ်ဦးအလှူကို၎င်း,
ကောက်လှိုင်းစည်းသောအခါ ကောက်လှိုင်းဦးအလှူကို၎င်း,
တလင်းသို့ချသောအခါ တလင်းဦးအလှူကို၎င်း,
နယ်သောအခါ နယ်ဦးအလှူကို၎င်း,
စပါးခြင်သောအခါ ခြင်ဦးအလှူကို၎င်း,
ကျီသို့သွင်းသောအခါ ကျီဦးအလှူကို၎င်း ပေးလှူ၏။
ဤသို့ တကြိမ်စိုက်ပျိုးရာ ကောက်အတွင်း၌ ကိုးကြိမ်တိုင်တိုင် အဦးဖြစ်သော အလှူကို ပေးလှူလေ၏၊ ထိုစူဠကာလအား လှူတိုင်းလှူတိုင်းသော အကြိမ်တို့၌ ယူရာယူရာအရပ်သည် ယုတ်လျော့သည်မရှိ ပြည့်မြဲပြည့်လေ၏၊ ကောက်ပင်သည် ခါတိုင်းထက်ပင် အလွန်ဖြစ်သော အသီးအနှံနှင့် ပြည့်စုံ၏။
ထိုစကားမှန်၏၊ ဤတရားမည်သည် မိမိကိုစောင့်ရှောက်သောသူကို တဖန်တုံ့ပြန်၍ စောင့်ရှောက်တတ်၏၊ ထို့ကြောင့် ဘုရားရှင်သည် ဤဂါထာကို ဟောတော်မူလေ၏။
ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ၊
ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ။
ဧသာနိသံသော ဓမ္မေ သုစိဏ္ဏေ၊
န ဒုဂ္ဂတိံ ဂစ္ဆတိ ဓမ္မစာရီ။
ဟဝေ၊ စင်စစ်အားဖြင့်။
ဓမ္မော၊ တရားသည်။
ဓမ္မစာရိ၊ တရားကို ကျင့်သောသူကို။
ရက္ခတိ၊ စောင့်၏။
သုစိဏ္ဏော၊ ကောင်းစွာကျင့်အပ်သော။
ဓမ္မော၊ တရားသည်။
သုခံ၊ ချမ်းသာသုံးပါးကို။
အာဝဟတိ၊ ရွက်ဆောင်တတ်၏။
ဧသ-ဧသော၊ ဤသဘောသည်ကား။
ဓမ္မေ၊ တရားကို။
သုစိဏ္ဏေ၊ ကောင်းစွာ ကျင့်ရာ၌။
အာနိသံသော၊ အကျိုးတည်း။
ဓမ္မစာရီ၊ တရားကို ကျင့်သောသူသည်။
ဒုဂ္ဂတိံ၊ အပါယ်လေးပါးသို့။
န ဂစ္ဆတိ၊ မလားရလေ။
ဤသို့လျှင် အညာသိကောဏ္ဍညသည် ဝိပဿီမြတ်စွာဘုရားလက်ထက်တော်အခါ၌ မြတ်သောတရားကို လက်ဦးစွာ ထိုးထွင်း၍ သိခြင်းအကျိုးငှါ တောင့်တလျက် ကိုးကြိမ်တိုင်တိုင် အလှူဦးကို ပေးလှူ၏၊ ဤဘဒ္ဒကပ်ကမ္ဘာမှ ကမ္ဘာတသိန်းထက်၌ ဟံသာဝတီပြည် ပဒုမုတ္တရဘုရားလက်ထက်တော်အခါ၌လည်း ခုနစ်ရက်ပတ်လုံး အလှူကြီးကိုပေး၍ ထိုဘုရားရှင်၏ ခြေတော်ရင်း၌ တုပ်ဝပ်၍ မြတ်သောတရားကို လက်ဦးစွာ ထိုးထွင်း၍ သိခြင်းအကျိုးငှါသာလျှင် ဆုတောင်းခဲ့လေ၏၊ ဤသို့လျှင် အညာသိကောဏ္ဍညရဟန်းအား တောင့်တတိုင်းသာလျှင် ပေးပါ၏၊ မျက်နှာကြည့်၍ ပေးသည်မဟုတ်ဟု မိန့်တော်မူလေ၏။
ယသ အမှူးရှိသော ရဟန်း ငါးကျိပ် ငါးပါးတို့၏ ရှေးအတိတ်ဝတ္ထု
ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား ယသသတို့သားအမှူးရှိသော ငါးကျိပ် ငါးယောက်သော ရဟန်းတို့ကား အဘယ်ကောင်းမှုကံကို ပြုခဲ့ဖူးပါကုန်သနည်းဟု မေးလျှောက်ကြကုန်သည်ရှိသော် ဤသို့ အတိတ်အကြောင်းကို ဆောင်ပြတော်မူလေ၏။
ဤယသအမှူးရှိသော ငါးကျိပ်ငါးယောက်သော သူတို့သည်လည်း ဘုရားတဆူထံ၌ အရဟတ္တဖိုလ်ကို တောင့်တကုန်လျက် များစွာသော ကောင်းမှုကံကို ပြုခဲ့ကြပြီးလျှင် နောက်အဖို့၌ ဘုရားမပွင့်မီ အကျွမ်းတဝင်ချစ်ခင်သော အဆွေခင်ပွန်းတို့ ဖြစ်ကြ၍ အပေါင်းအစုဖွဲ့သဖြင့် ညီညီညွတ်ညွတ် ကောင်းမှုပြုကြကုန်သည်ရှိသော် ကိုးကွယ်ရာမရှိ အထီးကျန်သေလေသော သူတို့၏ အလောင်းကောင်တို့ကို သုတ်သင်ကြကုန်လျက် (ဖုတ်ကြည်းသင်္ဂြိုဟ်ကြကုန်လျက်) သွားလာလှည့်ပတ်ကြလေကုန်၏။
တနေ့သ၌ ကိုယ်ဝန်နှင့်တကွ သေလေသော မိန်းမအလောင်းကို မြင်၍ သင်္ဂြိုဟ်ကုန်အံ့ဟု သုသာန်သို့ ဆောင်ယူကြကုန်၏၊ ထိုငါးကျိပ်ငါးယောက်သော သူတို့တွင် ငါးယောက်သောသူတို့ကို သင်တို့သည် ထိုမိန်းမအလောင်းကောင်ကို သင်္ဂြိုဟ်ရစ်ကြကုန်လော့ဟု မှားထားခဲ့၍ ကြွင်းငါးကျိပ်သော သူတို့သည် ရွာတွင်းသို့ ဝင်ကြလေကုန်၏။
ယသအလောင်းသတို့သားသည် ထိုမိန်းမသေကောင်ကို ကြည့်၍ တံစူးဝါးတို့ဖြင့် ထိုးဆွလှန်လှော၍ မီးရှို့သင်္ဂြိုဟ်သည်ရှိသော် တင့်တယ်ခြင်းမရှိဟူသော အသုဘသညာကို ရလေ၏၊ မိမိ အသုဘသညာရပြီးသော် ကြွင်းလေးယောက်သော သူတို့အားလည်း အချင်းတို့ ထိုထိုကိုယ်အင်္ဂါအစိတ်၌ ပျက်စီးသော အရေရှိသော နွားပြောက် နွားကျားသဖွယ် မစင်ကြယ်သဖြင့် ရွှံ့ဖွယ်ညီလှောင်း မကောင်းသောအနံ့ရှိသည်ဖြစ်၍ စက်ဆုပ်စရာဖြစ်သော့ ဤမိန်းမအလောင်းကောင်ကို ရှုကြပါကုန်လော့ဟု ဆို၍ ပြ၏။
ထိုလေးယောက်သော သူတို့သည်လည်း ကိုယ်ဝန်နှင့်တကူသော ထိုမိန်းမအလောင်းကောင်၌ အသုဘသညာကို ရကြလေကုန်၏၊ ထိုသူငါးယောက်လုံးတို့သည် ရွာသို့သွား၍ ကြွင်းသော အဆွေခင်ပွန်းတို့အားလည်း ပြောပြကြကုန်၏၊ ယသအလောင်းဖြစ်သော သတို့သားလုလင်သည်ကား အိမ်သို့သွား၍ မိဘတို့အား၎င်း၊ မယားအား၎င်း ပြောပြလေ၏။
ထိုမိဘ, မယားတို့သည်လည်း အသုဘကမ္မဋ္ဌာန်းကို ပွားကြလေကုန်၏၊ ဤကား ထိုယသအမှူးရှိသော ငါးကျိပ်ငါးပါးသော ရဟန်းတို့အား ရှေးကောင်းမှုကံတည်း၊ ဤရှေးကံကြောင့်သာလျှင် ယသသတို့သားအား မိန်းမဆောင်အခန်း၌ သုသာန်ဟူသော အမှတ်သညာဖြစ်ခဲ့လေ၏။
ထိုသို့သဘောရှိသော အားကြီးသော ဥပနိဿယအကြောင်း၏ ပြည့်စုံခြင်းကြောင့် အလုံးစုံသောသူတို့အားလည်း မဂ်ဖိုလ်တရားထူးရခြင်းသည် ပြီးမြောက်လေ၏၊ ဤသို့လျှင် ဤသူတို့သည်လည်း မိမိတို့ တောင့်တတိုင်းသာ ရကြလေကုန်၏၊ ငါဘုရားသည် မျက်နှာကြည့်၍ ပေးသည်မဟုတ်ဟု မိန့်တော်မူလေ၏။
ဘဒ္ဒဝဂ္ဂီမင်းသား သုံးကျိပ်တို့၏ ရှေးအတိတ်ဝတ္ထု
ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား ဘဒ္ဒဝဂ္ဂီ အဆွေခင်ပွန်းညီနောင်သုံးကျိပ်တို့သည်ကား အဘယ်ကောင်းမှုကံကို ပြုခဲ့ဖူးပါကုန်သနည်းဟု မေးလျှောက်ကြပြန်သည်ရှိသော် ထိုဘဒ္ဒဝဂ္ဂီတို့သည်လည်း ရှေးဘုရားရှင်တို့၏ အထံ၌ အရဟတ္တဖိုလ်ကို တောင့်တ၍ ကောင်းမှုကုသိုလ်တို့ကို ပြုကြသဖြင့် နောက်အဖို့၌ ငါဘုရားပွင့်တော်မမူမီကာလ၌ သုံးကျိပ်သော သေသောက်ကြူးတို့ ဖြစ်ကုန်ပြီးလျှင် ငါဘုရားအလောင်းတော် တုဏ္ဍိလဝက်မင်း၏ အဆုံးအမကိုနာခံ၍ အနှစ်ခြောက်သောင်းတို့ပတ်လုံး ငါးပါးသီလတို့ကို စောင့်ရှောက်ခဲ့ကြကုန်၏၊ ဤသို့လျှင် ဤသူတို့သည်လည်း မိမိတို့တောင့်တတိုင်းကိုသာ ရကြလေကုန်၏၊ ငါဘုရားသည် မျက်နှာကြည့်၍ ပေးသည်မဟုတ်ဟု မိန့်တော်မူလေ၏။
ဥရုဝေလကဿပ ညီနောင် သုံးယောက်တို့၏ ရှေးအတိတ်ဝတ္ထု
ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား ဥရုဝေလစသော သူတို့ကား အဘယ်ကောင်းမှုကံကို ပြုခဲ့ကြပါသနည်းဟု မေးလျှောက်ကြကုန်သည်ရှိသော် ထိုသူတို့သည်လည်း အရဟတ္တဖိုလ်ကိုသာလျှင် တောင့်တမြော်ခေါ်၍ ကောင်းမှုတို့ကို ပြုခဲ့ကြကုန်၏။
ဤကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် ကိုးဆယ့်နှစ်ကမ္ဘာထက်၌ တိဿ ဖုဿ ဘုရားနှစ်ဆူတို့သည် ပွင့်တော်မူကြလေကုန်၏၊ ဖုဿဘုရား၏ ခမည်းတော်ကား မဟိန္ဒမည်သော မင်းတည်း၊ ထိုဖုဿဘုရားသည် သဗ္ဗညုတဉာဏ်တော်ကို ရ၍ ဘုရားဖြစ်သည်ရှိသော် မင်းကြီး၏ သားတော်အငယ်သည် လက်ျာရံ ပဌမအဂ္ဂသာဝကဖြစ်၍ ပုရောဟိတ်ပုဏ္ဏား၏ သားသည် လက်ဝဲရံ ဒုတိယအဂ္ဂသာဝကဖြစ်လေ၏။
မဟိန္ဒမင်းကြီးသည် ဘုရားအထံတော်သို့ သွား၍ ငါ၏သားတော်ကြီးသည် ဘုရားဖြစ်၏၊ ငါ၏သားတော်ငယ်သည် လက်ျာရံပဌမအဂ္ဂသာဝကဖြစ်၏။ ပုရောဟိတ်ပုဏ္ဏားသားသည် လက်ဝဲရံဒုတိယအဂ္ဂသာဝကဖြစ်၏၊
ဤသို့ သားကြီး, သားငယ်, ပုရောဟိတ်၏သားတို့ကို ကြည့်၍ ဘုရားလည်း ငါ၏ဘုရားပင်, တရားလည်း ငါ၏တရားပင်, သံဃာလည်း ငါ၏သံဃာပင်ဟု ဆို၍ “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဟု သုံးကြိမ်တိုင်အောင် ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်ပြီးလျှင် ဘုရားရှင်၏ ခြေတော်ရင်း၌ တုပ်ဝပ်လျက် မြတ်စွာဘုရား ယခုအခါ၌ အနှစ်ကိုးသောင်း အတိုင်းအရှည်ရှိသော ဘခမည်းတော်၏ အသက်သည် အစွန်ဖျားနားနေ၍ ငိုက်မျဉ်းအိပ်ပျော်လေဘိသော ကာလကဲ့သို့ ဖြစ်ရကား အခြားသူတို့၏ အိမ်တံခါးသို့ ဆွမ်းခံကြွသွားတော်မမူဘဲ တပည့်တော် အသက်ရှည်သမျှ ကာလပတ်လုံး တပည့်တော်၏ ပစ္စည်းလေးပါးတို့ကိုသာ သည်းခံတော်မူပါကုန်လော့ဟု လျှောက်ကြား၍ ဘုရားရှင်၏ ဝန်ခံချက်ကို ယူပြီးလျှင် အမြဲမပြတ် ဘုရားရှင်အား လုပ်ကျွေးဆည်းကပ်ခြင်းကို ပြုလေ၏။
မင်းကြီးအားကား ထိုမှတပါးသော သားသုံးယောက်လည်း ရှိကုန်၏၊ ထိုသားသုံးယောက်တို့တွင် သားကြီးအား အခြံရံ စစ်သည်သူရဲငါးရာရှိ၏၊ သားလတ်အား အခြံအရံ စစ်သည်သူရဲသုံးရာရှိ၏၊ သားငယ်အား အခြံအရံ စစ်သည်သူရဲနှစ်ရာရှိ၏။
ထိုညီနောင်သုံးယောက်တို့သည် ငါတို့လည်း နောင်တော်ဘုရားကို ဆွမ်းလုပ်ကျွေးကုန်အံ့ဟု တိုင်ပင်ကြကုန်၍ ခမည်းတော်မင်းကြီးကို ခွင့်တောင်းကြကုန်သည်ရှိသော် ခွင့်မရကြကုန်၊ အဖန်တလဲလဲ တောင်းပန်ကြကုန်သော်လည်း ခွင့်မရကြကုန်။
အခါတပါး၌ ပစ္စန္တရစ်သည် ပုန်ကန်သောင်းကျန်းသည်ရှိသော် ထိုပစ္စန္တရစ်ကို ရန်ငြိမ်းစေခြင်းငှါ စေလွှတ်သောကြောင့် ပစ္စန္တရစ်ကို ငြိမ်းချမ်းသာယာစေပြီးလျှင် ဖခမည်းတော်ထံသို့ ပြန်ရောက်လာသောအခါ ခမည်းတော်သည် ထိုသားတော်တို့ကို လည်ဖက်၍ ဦးခေါင်း၌ နမ်းရှုပ်၍ သားတော်တို့ သင်တို့အား လိုရာဆုကို ငါ ပေးသနားတော်မူမည်ဟုဆိုလေသည်။
သားတော်တို့လည်း ခမည်းတော်ဘုရား ကောင်းပါပြီဟု ဆုယူထားကာမျှကိုသာပြု၍ တဖန် နှစ်ရက် သုံးရက်လွန်သဖြင့် ခမည်းတော်က ငါ့သားတော်တို့ ဆုယူကြကုန်လော့ဟု မိန့်တော်မူပြန်သော် ခမည်းတော်ဘုရား ဤနေ့မှစ၍ နောင်တော်ဘုရားကို ဆွမ်းလုပ်ကျွေးပါရစေ၊ ဤမှတပါးသော ဆုဖြင့် အလိုမရှိပါ၊ ဤဆုကိုသာ ဧပေးသနားတော်မူပါဟု လျှောက်တင်ကြလေကုန်၏။
ငါ့သားတော်တို့ ဤဆုကိုကား ငါမပေးနိုင်ဟု အမိန့်တော်ရှိလတ်သော် ခမည်းတော်ဘုရား အမြဲအခွင့်မပေးနိုင်သော် ခုနစ်နှစ် ခွင့်ပေးတော်မူပါကုန်ဟု လျှောက်ကြကုန်၏၊ ငါ့သားတော်တို့ ခွင့်မပေးနိုင်ဟု ဆိုပြန်သော် ထိုသို့ဖြစ်မူ ခြောက်နှစ် ငါးနှစ်, လေးနှစ်, သုံးနှစ်, နှစ်နှစ်, တနှစ် ခွင့်ပေးတော်မူပါကုန်ဟု လျှော့၍ လျှော့၍ လျှောက်တောင်းကြကုန်၏။
ငါ့သားတော်တို့ ခွင့်မပေးနိုင်ဟု မိန့်လတ်ပြန်သော် ခမည်းတော်ဘုရား သုံးလ ခွင့်မပေးနိုင်ရှိပါစေ၊ ကျွန်တော်တို့သုံးယောက်အား တယောက်တွက်, တယောက်တွက် တလစီ တလစီပြု၍ သုံးလ ခွင့်ပြုတော်မူပါကုန်ဟု တောင်းပန်ကုန်၏။
ငါ့သားတော်တို့ ကောင်းပြီ၊ ထိုသို့ဖြစ်မူ သုံးလတို့ပတ်လုံး လုပ်ကျွေးပြုစုကြကုန်လော့ဟု မိန့်လတ်သော် ထိုသားတော်သုံးပါးတို့သည် နှစ်သက်သဖြင့် ခမည်းတော်မင်းကြီးကို ရှိခိုးကြ၍ မိမိတို့နေရာသို့သာလျှင် သွားကြကုန်၏။
ထိုသုံးယောက်သော မင်းသားတို့အားလည်း ဘဏ္ဍာစိုးတယောက်သာ၊ အမှုဆောင်အမတ်လည်း တယောက်သာရှိသည်ဖြစ်၍ ထိုအမတ်အား တသိန်းနှစ်သောင်းယောက်ျားလုလင် အခြံအရံရှိ၏၊ မင်းသားတို့သည် ထိုသူတို့ကို ခေါ်စေ၍ ငါတို့သည် ဤဝါတွင်းသုံးလပတ်လုံး ဆယ်ပါးသီလ ခံယူ၍ ဖန်ရည်စွန်းသော အဝတ်နှစ်ထည်တို့ကို ဝတ်၍ နောင်တော်ဖြစ်သော ဘုရားရှင်နှင့် အတူတကွ နေကုန်အံ့၊
သင်တို့သည် ဤမျှလောက်သော အလှူဝတ်ကိုယူ၍ နေ့တိုင်းနေ့တိုင်း ကိုးသောင်းကုန်သော ရဟန်းတို့အား၎င်း၊ စစ်သည်တထောင်တို့အား၎င်း အလုံးစုံသော ခဲဖွယ်ဘောဇဉ်ကို စီရင်ခန့်ရမ်းကြလေကုန်လော့၊ ငါတို့ကား ဤနေ့မှစ၍ တစုံတခုသော စကားကိုမျှ မဆိုကုန်အံ့ဟု ပြောဆိုမှာထားကြလေကုန်၏။
ထိုမင်းသားညီနောင်သုံးယောက်တို့သည် အခြံအရံယောကျ်ားတထောင်ကို ခေါ်၍ ဆယ်ပါးသီလကို ဆောက်တည်ပြီးလျှင် ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ဆင်လျက် ကျောင်း၌သာလျှင် နေကြလေကုန်၏၊ ဘဏ္ဍာစိုးအမတ်သည်၎င်း၊ အမှုဆောင်အမတ်သည်၎င်း တပေါင်းတည်းဖြစ်၍ မင်းသားညီနောင်သုံးယောက်တို့၏ ကျီတော်တို့မှ အလှည့်ကျအလှည့်ကျ အလှူအဝတ်ကိုထုတ်ယူ၍ အလှူဒါနပေးလှူကြလေကုန်၏။
ရဟန်းသံဃာတို့ အဦးစားသော ပြိတ္တာတို့အကြောင်း
အမှုကို ရွက်ဆောင်လုပ်ကိုင်ကုန်သော စဖိုသည်တို့မှာမူကား သားငယ်တို့သည် ယာဂုထမင်းစသည်တို့၏အလို့ငှါ ငိုကြွေးကြကုန်၏၊ ထိုအမှုလုပ်စဖိုသည်တို့သည် ထိုသားငယ်တို့အား ရဟန်းသံဃာမကြွလာမီကပင်လျှင် ယာဂုထမင်းစသည်တို့ကို ပေးကြကုန်၏၊ ရဟန်းသံဃာ၏ ဆွမ်းဘုဉ်းပေးပြီးသည်၏ အဆုံး၌ တစုံတခု ပိုလျှံကျန်ကြွင်းဖူးသည်မရှိ၊ ထိုအမှုလုပ်စဖိုသည်တို့သည် နောက်ကာလ၌ သူငယ်တို့အား ပေးကုန်အံ့ဟု ယူ၍ မိမိတို့လည်း ယူစားကြကုန်၏။
နှစ်သက်ဖွယ်အရသာရှိသော အစာအာဟာရကို မြင်သည်ရှိသော် သည်းခံခြင်းငှါ မတတ်နိုင်ကြကုန်၊ ထိုစဖိုသည်တို့ကား ရှစ်သောင်းလေးထောင်အရေအတွက်ရှိကုန်၏၊ ထိုစဖိုသည်တို့သည် သံဃာအားရည်၍ လှူအပ်ပြီးသော အလှူဆွမ်းဝတ်ကို စားခြင်းကြောင့် စုတေမနေ သေလွန်သောအခါ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်၏။
မင်းသားညီနောင်သုံးယောက်တို့သည်ကား ယောက်ျားတထောင်နှင့်အတူတကွ စုတေ၍ နတ်ပြည်၌ ဖြစ်ပြီးလျှင် နတ်ပြည်မှ လူ့ပြည် လူ့ပြည်မှ နတ်ပြည် ကျင်လည်ကြကုန်လျက် ကိုးဆယ့်နှစ်ကမ္ဘာတို့ကို ကုန်စေကြလေကုန်၏။
ဤသို့လျှင် မင်းသားညီနောင်သုံးယောက်ဖြစ်ဖူးကုန်သော ထိုဥရုဝေလကဿပ, ဂယာကဿပ, နဒီကဿပ ညီနောင်သုံးယောက်တို့သည် အရဟတ္တဖိုလ်ကို တောင့်တလျက် ကုသိုလ်ကောင်းမှုကို ပြုကြကုန်ပြီ၊ ထိုကဿပညီနောင်တို့သည် မိမိတို့တောင့်တတိုင်းတောင့်တတိုင်းကိုသာလျှင် ရကြလေကုန်၏၊ ငါဘုရားသည် မျက်နှာကြည့်၍ ပေးသည်မဟုတ်ဟု မိန့်တော်မူလေ၏။
ထိုအခါ မင်းသားညီနောင်သုံးယောက်တို့၏ အမှုဆောင်အမတ်သည် ဗိမ္ဗိသာရမင်းကြီး ဖြစ်လာ၏၊ ဘဏ္ဍာစိုးအမတ်သည် ဝိသာခမည်သော သီတင်းသည် ဥပါသကာ ဖြစ်လာ၏၊ ထိုမင်းသားသုံးယောက်တို့၏ အမှုလုပ်စဖိုသည်တို့သည်ကား ထိုအခါ၌ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်၍ သုဂတိဘုံ ဒုဂ္ဂတိဘုံတို့၏ အစွမ်းဖြင့် ကျင်လည်ကြကုန်လျှက် ဤဘဒ္ဒကပ်ကမ္ဘာ၌ ဘုရားလေးဆူတို့၏ သုံးခုသော အကြားကာလပတ်လုံး ပြိတ္တာဘုံ၌သာ ဖြစ်ကြလေကုန်၏။
ထိုပြိတ္တာတို့သည် ဤဘဒ္ဒကပ်ကမ္ဘာထက်၌ အလုံးစုံသော ဘုရားတို့၏ ရှေးဦးစွာ ပွင့်တော်မူသော အနှစ်လေးသောင်းသက်တော်ရှည်သော ကကုသန်မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ဘုန်းတော်ကြီးသော ရှင်ပင်ဘုရား တပည့်တော်တို့အား အစာအာဟာရ ရအံ့သော အခါကာလအကြောင်းကို မိန့်တော်မူပါကုန်ဟု မေးလျှောက်ကြလေကုန်၏၊
ထိုကကုသန်မြတ်စွာဘုရားသည်လည်း ငါ၏လက်ထက်၌ မရကြကုန်သေး၊ ငါဘုရားပရိနိဗ္ဗာန်စံတော်မူပြီးနောက် မြေကြီးသည် တယူဇနာမျှ အထက်သို့တက်သောအခါ၌ ကောဏာဂုံမည်သော ဘုရားပွင့်တော်မူလတ္တံ့၊ ထိုကောဏာဂုံဘုရားရှင်ကို မေးကြကုန်ဦးလော့ဟု မိန့်တော်မူ၏။
ထိုပြိတ္တာတို့သည် ထိုမျှလောက်သောကာလကို ကုန်လွန်စေ၍ ထိုကောဏာဂုံဘုရားရှင် ပွင့်တော်မူလတ်သည်ရှိသော် ကောဏာဂုံဘုရားကို မေးလျှောက်ကြလေကုန်၏၊ ကောဏာဂုံဘုရားရှင်သည်လည်း ငါဘုရားလက်ထက်၌ အစာကို မရကြကုန်လတ္တံ့၊ ငါဘုရားပရိနိဗ္ဗာန်စံတော်မူသည်မှ နောက် မြေကြီးသည် တယူဇနာမျှ အထက်သို့ မြင့်တက်သောအခါ ကဿပဘုရားရှင် ပွင့်တော်မူလတ္တံ့၊ ထိုဘုရားရှင်ကို မေးကြကုန်လော့ဟု မိန့်တော်မူ၏။
ထိုပြိတ္တာတို့သည် ထိုမျှလောက်သောကာလကို ကုန်လွန်စေ၍ ကဿပဘုရားရှင် ပွင့်တော်မူလတ်သည်ရှိသော် ကဿပဘုရားရှင်ကို မေးလျှောက်ကြလေကုန်၏၊ ကဿပဘုရားရှင်သည်လည်း ငါဘုရားလက်ထက်၌ အစာကို မရကြကုန်လတ္တံ့၊ ငါဘုရားပရိနိဗ္ဗာန်စံပြီးသည်မှ နောက်ကာလ၌ မြေကြီးသည် တယူဇနာမျှ အထက်သို့ မြင့်တက်သောအခါ ဂေါတမဘုရားရှင် ပွင့်တော်မူလတ္တံ့၊ ထိုဂေါတမဘုရားလက်ထက်၌ သင်တို့၏ အဆွေအမျိုးဖြစ်သော အမှုဆောင်အမတ်သည် ဗိမ္ဗိသာရမင်းဖြစ်လတ္တံ့၊ ထိုဗိမ္မိသာရမင်းသည် ဂေါတမဘုရားရှင်အား အလှူပေး၍ သင်တို့အား အမျှဝေ၍ ကုသိုလ်အဖို့ကို ရောက်စေလတ္တံ့၊ ထိုအခါ နတ်၌ဖြစ်သော အစာအာဟာရကို ရကုန်လတ္တံ့ဟု မိန့်တော်မူလေ၏။
ထိုပြိတ္တာတို့အား ဘုရားနှစ်ဆူတို့၏ တခုသော အကြားကာလသည် နက်ဖြန်နေ့ကဲ့သို့ ဖြစ်လေ၏၊ ထိုပြိတ္တာတို့သည် ဂေါတမဘုရားပွင့်တော်မူသောကာလ ဗိမ္ဗိသာရမင်းသည် လက်ဦးစွာသောနေ့၌ အလှူပေးလတ်သည်ရှိသော် အမျှမဝေမိသဖြင့် ကုသိုလ်အဖို့မရကြကုန်သဖြင့် ညဉ့်အဖို့၌ ကြောက်လန့်ဖွယ်သော အသံကိုပြု၍ ဗိမ္ဗိသာရမင်းကြီးအား ကိုယ်ထင်ရှားပြကြကုန်၏၊ ဗိမ္ဗိသာရမင်းကြီးသည် တဖန် မိုးသောက်သောနေ့၌ ဝေဠုဝန်ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ကြားလေ၏။
ဘုရားရှင်သည် မြတ်သောမင်းကြီး ဤကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက် ဖုဿဘုရားလက်ထက်၌ သင်၏ဆွေသားမျိုးသားဖြစ်ကုန်သော ထိုသူတို့သည် ရဟန်းသံဃာအား လှူအပ်သော အလှူဆွမ်းဝတ်ကို အဦးအဖျားစားကြသောကြောင့် ပြိတ္တာဘုံ၌ ဖြစ်၍ ကျင်လည်ကုန်သည်ရှိသော် ကကုသန်အစရှိသော ဘုရားတို့ကို လျှောက်ထား၍ ထိုကကုသန်စသောစသော ဘုရားတို့သည် ဤမည်ဤမည်သော စကားကို မိန့်တော်မူခဲ့သောကြောင့် ဤမျှလောက်သော ကာလပတ်လုံး သင်မင်းကြီး၏ အလှူကို တောင့်တကြကုန်လျက်လည်း ယမန်နေ့က သင်မင်းကြီး အလှူပေးသည်ရှိသော် ကုသိုလ်အဖို့ကို မရကြကုန်သောကြောင့် ဤသို့ ကြောက်လန့်ဖွယ်သော အသံကိုပြုကုန်၏ဟု မိန့်တော်မူလေ၏။
မြတ်စွာဘုရား အသို့ပါနည်း၊ ယခုအခါ၌ ပေးသည်ရှိသော် ရပါသေးကုန်လတ္တံ့လောဟု လျှောက်သည်ရှိသော် မြတ်သောမင်းကြီး ဪ .... ရကြကုန်လတ္တံ့ဟု အမိန့်ရှိတော်မူသောကြောင့် မင်းကြီးသည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို ပင့်ဖိတ်၍ တဖန် မိုးသောက်သောနေ့၌ အလှူကြီးကို ပေး၍ မြတ်စွာဘုရား ဤအလှူပေးသောအခါမှစ၍ ထိုပြိတ္တာတို့အား နတ်၌ဖြစ်သော ထမင်းအဖျော်သည် ပြည့်စုံပါစေသတည်းဟု ကုသိုလ်အဖို့ကို ပေးဝေလေ၏။
ထိုပြိတ္တာတို့အား ဗိမ္ဗိသာရမင်းကြီး ရည်စူးတောင့်တတိုင်းပင်လျှင် နတ်၌ဖြစ်သော ထမင်း, နတ်၌ဖြစ်သော အဖျော်တို့သည် ထင်ရှားဖြစ်ကုန်၏၊ တဖန် မိုးသောက်သောနေ့၌ အဝတ်မဆီးအချည်းနှီးဖြစ်ကုန်၍ ကိုယ်ထင်ရှားပြကြပြန်ကုန်၏၊ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရား ယနေ့ တကာတော်အား အချည်းနှီးအဝတ်မဲ့ဖြစ်၍ မိမိကိုယ်ကို ပြပြန်လာကုန်၏ဟု လျှောက်ကြားလေ၏။
မြတ်သောမင်းကြီး သင်မင်းကြီးသည် အဝတ်သင်္ကန်းတို့ကို မပေးလှူရကုန်သေးဟု မိန့်တော်မူသည်ရှိသော် မင်းကြီးသည်လည်း တဖန် မိုးသောက်သောနေ့၌ ဘုရားအမှူးရှိသော ရဟန်းသံဃာအား သင်္ကန်းအလှူကို ပေးလှူ၍ ဤသင်္ကန်းလှူသောအခါမှစ၍ ထိုပြိတ္တာတို့အား နတ်၌ဖြစ်သော အဝတ်တို့သည် ဖြစ်စေကုန်သတည်းဟု တောင့်တလျက် ကုသိုလ်အဖို့ကို ပေးဝေလေ၏။
ထိုခဏ၌သာလျှင် ထိုပြိတ္တာတို့အား နတ်၌ဖြစ်သော အဝတ်တို့သည် ဖြစ်ကြပြန်သဖြင့် ပြိတ္တာအဖြစ်ကို စွန့်၍ နတ်၌ဖြစ်သောကိုယ်ဖြင့် တည်ကြကုန်၏၊ မြတ်စွာဘုရားသည် တရားအနုမောဒနာပြုတော်မူသည်ရှိသော် “တိရောကုဋ္ဋေသု တိဋ္ဌန္တိ” ဤသို့ အစရှိသည်ဖြင့် တိရောကုဋ္ဋသုတ်အနုမောဒနာတရား ဟောတော်မူလေ၏၊ အနုမောဒနာတရား ဟောတော်မူပြီးသည့် အဆုံး၌ ရှစ်သောင်းလေးထောင်သော သူတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။
ဤသို့လျှင် ဘုရားရှင်သည် ရသေ့ညီနောင်သုံးယောက်တို့၏ဝတ္ထုကို ဟောတော်မူ၍ ဤတရားဒေသနာကိုလည်း ဆောင်ပြတော်မူလေ၏။
အရှင်သာရိပုတြာ အရှင်မောဂ္ဂလာန်တို့၏ ရှေးအတိတ်ဝတ္ထု
ဘုန်းတော် ကြီးမြတ်တော်မူသော မြတ်စွာဘုရား အဂ္ဂသာဝကတို့ကား အဘယ် ကောင်းမှုကံကို ပြုကြပါ ကုန်သနည်းဟု မေးလျှောက်သည်ရှိသော် ဤသူတို့ကား လက်ျာရံ လက်ဝဲရံ သာဝကအစုံ ဖြစ်ခြင်းငှါ ဆုတောင်းခြင်းကို ပြုကြလေကုန်၏။
ဤဘဒ္ဒကပ်ကမ္ဘာမှ ကမ္ဘာတသိန်းအလွန်ရှိသော တသင်္ချေ အထက်၌ သာရိပုတြာ သည် များစွာသော စည်းစိမ်ဥစ္စာရှိသော ဗြာဟ္မဏဘောင်၌ နေသည်ဖြစ်အံ့၊ စကြဝတေးမင်း ဖြစ်တတ်၏၊ ရဟန်းပြုသည်ဖြစ်အံ့၊ သံသရာဝဋ်ကို ဖြတ်တတ်သော သဗ္ဗညုဘုရား ဖြစ်တတ်၏၊ ဤယောက်ျားသည် မချွတ် ဘုရားတည်းဟုသိ၍ ခရီးဦး ကြိုဆိုခြင်းပြု၍ တည်ခြင်းငါးပါးဖြင့် ရှိခိုး၍ မြတ်သော နေရာကို ခင်း၍ လှူလေ၏။
မြတ်စွာဘုရားသည် ခင်းအပ်ပြီးသော နေရာမြတ်၌ နေလေ၏၊ သရဒရသေ့ သည်လည်း မိမိအား လျောက်ပတ်သော နေရာကို ယူ၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေလေ၏၊ ထိုသို့နေသော အခါ၌ ခုနစ်သောင်း လေးထောင်ကုန်သော ရသေ့တို့သည် မွန်မြတ်ကုန်သော ဩဇာရှိကုန်သော သစ်သီး ကြီးငယ်တို့ကို ယူဆောင်ကြ၍ ဆရာ ဖြစ်သော သရဒရသေ့၏ အထံသို့ ရောက်လာကုန်သည် ရှိသော် မြတ်စွာဘုရားတို့၏၎င်း၊ ဆရာရသေ့၏၎င်း ထိုင်နေကြသော နေရာကို ကြည့်၍ ဤသို့ဆိုကုန်၏။
ဆရာ အကျွန်ုပ်တို့သည် ဤလောက၌ ဆရာတို့ထက် ကြီးမြတ်သောသူ မရှိပြီဟု မှတ်ထင်ကြပါကုန်၏၊ ဤယောက်ျားကား ဆရာတို့ထက် လွန်မြတ်ယောင်တကား ဟု ဆိုကုန်သည်ရှိသော် ငါ့တပည့်တို့ အသို့ ဆိုကုန်ဘိသနည်း၊ မုန်ညင်းစေ့နှင့် ယူဇနာပေါင်း ရှစ်သောင်း လေးထောင် အစောက် မြင့်သော မြင်းမိုရ်တောင်ကို နှိုင်းယှဉ်ခြင်းငှါ အလိုမရှိကြကုန်လင့်၊ ငါ့သားတို့ သဗ္ဗညုဘုရားနှင့် ငါဆရာအား နှိုင်းယှဉ်ခြင်းကို မပြုကြကုန်လင့်ဟု ဆိုလေ၏။
ထိုအခါ တပည့်ရသေ့တို့သည် ဤယောက်ျားကား အမှတ်မထင် ယုတ်ညံ့သော သတ္တဝါ ဖြစ်ခဲ့ငြားအံ့၊ ငါတို့ဆရာသည် ဤသို့သော ဥပမာကို ဆောင်ပြမည် မဟုတ်၊ ဤယောက်ျားကား အလွန်ပင် မြတ်စွတကားဟု အလုံးစုံသော ရသေ့တို့သည် ခြေတော်အစုံ၌ တုပ်ဝပ်၍ ဦးဖြင့် ရှိခိုးကြလေကုန်၏။
ထို့နောက် ဆရာဖြစ်သော သရဒရသေ့သည် ထိုတပည့်ရသေ့တို့ကို ဤသို့ဆို၏၊ ငါ့သားတို့ ဘုရားရှင်တို့အား လျောက်ပတ် ထိုက်တန်သော လှူဖွယ်ဝတ္ထုသည် ငါတို့အား မရှိ၊ ဘုရားရှင်သည်လည်း ဆွမ်းခံချိန် ကာလ၌ပင် ဤအရပ်သို့ ကြွရောက် တော် မူလာ၏၊ ငါတို့သည် အစွမ်းသတ္တိ ရှိသည့်အလျောက် လှူဖွယ် ဝတ္ထု အစုစု ရှိသမျှကို လှူဒါန်းကြကုန်အံ့။
သင်တို့သည် ရှာဖွေခဲ့သော သစ်သီး ကြီးငယ်တို့မှ ကောင်းမြတ် ချိုမြိန်သော အရသာရှိသော သစ်သီးကို ဆောင်ယူခဲ့ကြကုန်လော့ဟု ဆောင်ယူစေပြီးလျှင် လက်ဆေး၍ ကိုယ်တိုင် မြတ်စွာဘုရား၏ သပိတ်၌ ထည့်လှူလေ၏၊ ဘုရားရှင်သည် သစ်သီးကြီးငယ်ကို ခံယူတော်မူကာမျှ၌ နတ်တို့သည် နတ်သြဇာ ထည့်ကြ လေကုန်၏။
သရဒရသေ့သည် သောက်တော်ရေကိုလည်း ကိုယ်တိုင်သာလျှင် စစ်၍ ကပ်လှူလေ၏၊ ထို့နောင်မှ ဘုရားရှင်သည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုပြီး၍ နေတော်မူသည်ရှိသော် သရဒရသေ့သည် အလုံးစုံသော တပည့်ရသေ့တို့ကို ခေါ်၍ ဘုရားအထံတော်၌ အသက်ထက်ဆုံး အောက်မေ့အပ်သော စကားကို ပြောကြားလျက် နေလေ၏။
ထိုအခါ ဘုရားရှင်သည် အဂ္ဂသာဝက နှစ်ပါးတို့သည် ရဟန်းသံဃာနှင့် တကွ လာကြစေကုန်သတည်းဟု ကြံတော်မူ၏၊ ထိုအဂ္ဂသာဝက နှစ်ပါးတို့သည် ဘုရားရှင်၏ စိတ်အကြံကို သိ၍ ရဟန္တာတသိန်းခြံရံကာ ကြွလာ၍ ဘုရားရှင်ကို ရှိခိုး ပြီးလျှင် တင့်အပ် လျောက်ပတ်သော အရပ်၌ တည်နေကြလေကုန်၏။
ထိုအခါမှ သရဒရသေ့သည် တပည့်ရသေ့တို့ကို ခေါ်၍ ငါ့သားတို့ ဘုရားရှင်၏ နေရာ ပလ္လင်သည် နိမ့်၏၊ ရဟန်းတသိန်းတို့၏ နေရာလည်း မရှိခဲ့၊ သင်တို့သည် ယနေ့ ဘုရားရှင်အား ပူဇော်သက္ကာရ အထူးဝိသေသ ပြုခြင်းငှါ သင့်၏၊ ထို့ကြောင့် တောင်ခြေရင်းမှ အဆင်းအနံ့နှင့် ပြည့်စုံကုန်သော ပန်းတို့ကို ဆောင်ချေကုန်လော့ ဟုဆို၏။
ဆိုသောအခါသည် ကြာမြင့်သကဲ့သို့ ဖြစ်သေး၏၊ တန်ခိုးရှိသောသူ၏ တန်ခိုးအရာကို မကြံစည်အပ်၊ ထို့ကြောင့် တခဏခြင်းဖြင့်သာလျှင် ထိုရသေ့တို့သည် အဆင်း အနံ့နှင့် ပြည့်စုံကုန်သော ပန်းတို့ကို ဆောင်ယူခဲ့ကြ၍ ဘုရားရှင်တို့အား တယူဇနာ အတိုင်းအရှည်ရှိသော ပန်းနေရာကို ခင်းလှူကြကုန်၏။
အဂ္ဂသာဝက နှစ်ပါးတို့၏ နေရာသည် သုံးဂါဝုတ်ရှိ၏၊ ကြွင်းသော ရဟန်းတို့၏ နေရာသည် ယူဇနာခွဲ စသည်ရှိ၏၊ အငယ်ဆုံးဖြစ်သော သင်္ဃနော (သံဃာငယ်)၏ နေရာသည် တဥသဘမျှ ရှိ၏။
ရသေ့တို့နေရာ တခုသော ကျောင်း သင်္ခမ်း၌ ထိုမျှလောက် ကြီးကျယ်သော ပန်း နေရာတို့ကို အဘယ်ဘို့ ခင်းလေသနည်းဟု မကြံစည်အပ်၊ ထိုစကားမှန်စွ၊ ထိုသို့ ကြီးကြီးကျယ်ကျယ် ခင်းမှုသည်ကား တန်ခိုးဖြင့် ပြီးသောအရာတည်း။
ဤသို့ ပန်းနေရာတို့ကို ခင်းကုန်ပြီးသည်ရှိသော် သရဒရသေ့သည် ဘုရားရှင်၏ ရှေ့မှ လက်အုပ်ချီ၍ ရပ်လျက် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားချမ်းသာ များစိမ့်သောငှါ ဤပန်းနေရာထက်သို့ တက်ကြွ၍ သီတင်းသုံးတော်မူပါဟု လျှောက်ကြားလေ၏၊ ထို့ကြောင့် ဤဂါထာအပေါင်းကို ဆိုအပ်ပြီ။
နာနာ ပုပ္ဖဉ္စ ဂန္ဓဉ္စ၊ သမ္ပာဒေတွာန ဧကတော။
ပုပ္ဖါသနံ ပညာပေတွာ၊ ဣဒံ ဝစန မဗြဝိ။
ဣဒံ မေ အာသနံ ဝီရ၊ ပညတ္တံ တဝနုစ္ဆဝိံ။
မမ စိတ္တံ ပသာဒေန္တော၊ နိသီဒ ပုပ္ဖမာသနေ။
သတ္တရတ္တိဒိဝံ ဗုဒ္ဓေါ၊ နိသီဒိ ပုပ္ဖမာသနေ။
မမ စိတ္တံ ပသာဒေတွာ၊ ဟာသယိတွာ သဒေဝကေ။
နာနာပုပ္ဖဉ္စ၊ အထူးထူးသော ပန်းကို၎င်း။
နာနာဂန္ဓဉ္စ၊ အထူးထူးသော နံ့သာကို၎င်း။
ဧကတော၊ တပေါင်းတည်း။
သမ္ပာဒေတွာန၊ ပြည့်စုံစေ၍။
ပုပ္ဖါသနံ၊ ပန်းနေရာကို။
ပညာပေတွာ၊ ခင်း၍။
ဣဒံ ဝစနံ၊ ဤသို့သော စကားကို။
အဗြဝိ၊ လျှောက်ကြားလေပြီ။
ဝီရ၊ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား။
တဝ၊ ရှင်တော်ဘုရားအား။
အနုစ္ဆဝိံ၊ လျောက်ပတ်သော။
ဣဒံ အာသနံ၊ ဤပန်းနေရာကို။
မေ၊ တပည့်တော်သည်။
ပညတ္တံ၊ ခင်းအပ်ပြီ။
မမ၊ တပည့်တော်၏။
စိတ္တံ၊ စိတ်ကို။
ပသာဒေန္တော၊ ကြည်လင်စေလျက်။
ပုပ္ဖမာသနေ၊ ပန်းနေရာထက်၌။
နိသီဒ၊ ထိုင်တော်မူပါဘုရား။
မမ၊ ငါ သရဒရသေ့၏။
စိတ္တံ၊ စိတ်ကို။
ပသာဒေတွာ၊ ကြည်လင်စေ၍။
သဒေဝကေ၊ နတ်နှင့်တကွသော လူတို့ကို။
ဟာသယိတွာ၊ ဝမ်းမြောက်သော အားဖြင့် ရွှင်လန်းစေ၍။
ဗုဒ္ဓေါ၊ အနောမဒဿီဘုရားရှင်သည်။
သတ္တရတ္တိဒိဝံ၊ ခုနစ်ညဉ့် ခုနစ်နေ့တို့ပတ်လုံး။
ပုပ္ဖမာသနေ၊ ပန်းနေရာထက်၌။
နိသီဒိ၊ ထိုင်နေတော်မူလေ၏။
ဤသို့ ဘုရားရှင် သီတင်းသုံး စံနေတော်မူသည်ရှိသော် အဂ္ဂသာဝက နှစ်ပါးတို့ သည်၎င်း၊ ကြွင်းသော ရဟန်းတို့သည်၎င်း မိမိ မိမိ၏အလို့ငှါ ခင်းထားအပ်သော နေရာ၌ နေတော်မူကြလေကုန်၏၊ သရဒရသေ့သည် ကြီးစွာသော ပန်းထီးကို ကိုင်၍ မြတ်စွာဘုရား၏ အဦး ထိပ်တော်ထက်၌ ဆောင်းမိုးလျက် ရပ်နေလေ၏။
ဘုရားရှင်သည် ထိုရသေ့တို့၏ ဤပူဇော်သက္ကာရ အထူးသည် ကြီးကျယ်သော အကျိုးအာနိသင်ရှိသည် ဖြစ်စေသတည်းဟု ဆင်ခြင်တော်မူ၍ နိရောဓသမာပတ်ကို ဝင်စားတော်မူလေ၏၊ ဘုရားရှင် နိရောဓသမာပတ် ဝင်စားသည့်အဖြစ်ကို သိ၍ အဂ္ဂသာဝက နှစ်ပါးတို့သည်၎င်း၊ ကြွင်းသော ရဟန်းတို့သည်၎င်း နိရောဓသမာပတ် ကို ဝင်စားကြလေကုန်၏။
ဘုရားရှင်သည် ခုနစ်ရက်ပတ်လုံး နိရောဓသမာပတ် ဝင်စား၍ နေတော်မူစဉ် သရဒရသေ့၏ အတွင်းနေ တပည့်ဖြစ်သော ရသေ့တို့သည် ဆွမ်းခံချိန် ရောက်သော အခါ တော၌ဖြစ်သော သစ်မြစ်, သစ်ဥ သစ်သီး ကြီးငယ်ကို ရှာကြံ သုံးဆောင်၍ ကြွင်းသောအခါ၌ ဘုရားရှင်တို့အား လက်အုပ်ချီမိုး ရှိခိုးလျက် တည်နေကြ လေကုန်၏၊ သရဒရသေ့မူကား ဆွမ်းခံမျှပင် မသွားမူ၍ ပန်းထီးကို ဆောင်းမိုးလျက် သာလျှင် ခုနစ်ရက် ပတ်လုံး ပီတိသုခဖြင့် လွန်စေလေ၏။
ဘုရားရှင်သည် နိရောဓသမာပတ်မှ ထတော်မူပြီးလျှင် လက်ျာနံပါး၌ သီတင်းသုံး နေသော အဂ္ဂသာဝက ဖြစ်သော နိသဘ မထေရ်ကို ဤသို့ မိန့်တော်မူလေ၏၊ ချစ်သား နိသဘ ပူဇော်သက္ကာရကို ပြုကြကုန်သော ရသေ့တို့အား ပန်းနေရာကို ခင်း၍ လှူဒါန်းပူဇော်ခြင်းနှင့် စပ်လျဉ်းသော အနုမောဒနာတရားကို ဟောကြား လေလော့ဟု မိန့်တော်မူလေ၏။
ထိုအခါ နိသဘမထေရ်သည် စကြဝတေးမင်း အထံမှ ဆုလာဘ်များစွာရသော စစ်သူကြီးကဲ့သို့ နှစ်သက် ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ သာဝကပါရမီဉာဏ်၌ တည်လျက် ပန်းနေရာအလှူ အနုမောဒနာတရား ဟောခြင်းငှါ အားထုတ်တော် မူလေ၏။
ထို နိသဘမထေရ် တရားဟောတော်မူပြီးသည် အဆုံး၌ လက်ဝဲရံ ဒုတိယ အဂ္ဂသာဝကဖြစ်သော အနောမ မထေရ်ကို ခေါ်တော်မူ၍ ချစ်သား အနောမ သင် သည်လည်း ရသေ့တို့အား တရားဟောဦးလော့ဟု မိန့်တော်မူ၏၊ အနောမ မထေရ်သည်လည်း ပိဋကတ်သုံးပုံဟု ဆိုအပ်သော ဘုရးစကားတော်ကို သုံးသပ် ဆင်ခြင်၍ တရားဟောတော်မူလေ၏။
အဂ္ဂသာဝက နှစ်ပါးတို့၏ တရားဟောခြင်းဖြင့် တဦးသော ရသေ့မျှလည်း တရားကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်သေး၊ ထို့နောင်မှ အနောမဒဿီ ဘုရားရှင်သည် အတိုင်းအရှည် မရှိသော ဘုရားအရာ၌တည်လျက် တရားဟောတော်မူလေ၏၊ ဒေသနာတော်၏ အဆုံး၌ သရဒ ရသေ့ကို ထား၍ ကြွင်း အလုံးစုံကုန်သော ခုနစ်သောင်း လေးထောင်ကုန်သော ရသေ့တို့သည် အရဟတ္တဖိုလ်ကို ရ၍ ရဟန္တာ ဖြစ်ကြလေကုန်၏။
ဘုရားရှင်သည် “ဧထ ဘိက္ခဝေါ” အစရှိသော စကားတို့ကို မိန့်တော်မူလျက် လက်ျာလက်တော်ကို ဆန့်တန်း၍ ခေါ်တော်မူသော ခဏ၌ပင်လျှင် ထိုရသေ့တို့၏ ဆံမုတ်ဆိတ်တို့သည် ကွယ်ပျောက်ကုန်၍ ကိုယ်၌ ပရိက္ခရာရှစ်ပါး လွယ်လျက် ဧဟိ ဘိက္ခုချည်းသာ ဖြစ်ကြကုန်၏။
သရဒရသေ့ကား အဘယ့်ကြောင့် အရဟတ္တဖိုလ်သို့ မရောက်လေသနည်း ဟူမူကား စိတ်ပျံ့လွင့်နေ သောကြောင့် မရောက်သတည်း၊ ထိုသရဒရသေ့သည် ဘုရားရှင်တို့၏ နှစ်ခုမြောက်သော နေရာ၌ နေ၍ သာဝက ပါရမီဉာဏ်၌ တည်လျက် တရား ဟောကြားသော အဂ္ဂသာဝက နိသဘ မထေရ်၏ ဟောအပ်သော တရားကို နာယူအံ့ ဟု အားထုတ်သောအခါမှစ၍ ငါသည်လည်း နောင် ပွင့်တော်မူလတ္တံ့သော ဘုရားတဆူ၏ သာသနာတော်၌ ဤ အဂ္ဂသာဝက နိသဘမထေရ်သည် ရအပ်သော လက်ျာရံအရာကို ရရှိပါမူကား ကောင်းလေစွ ဟု စိတ်အကြံဖြစ်သတတ်၊ ထိုသို့သော စိတ်အကြံကြောင့် မဂ်ဖိုလ်ကို ထိုးထွင်း၍ သိမြင်ခြင်းငှါ မတတ်နိုင်လေ။
ဘုရားရှင်ကို ရှိခိုးပြီးလျှင် မျက်မှောက်တော်၌ နေပြီး၍ကား မြတ်စွာဘုရား ရှင်တော် ဘုရားတို့၏ အခြား မရှိသော နေရာ၌ ထိုင်နေသောရဟန်းသည် ရှင်တော်ဘုရားတို့၏ သာသနာတော်၌ အဘယ် မည်သော ရဟန်းဖြစ်ပါသနည်းဟု မေးလျှောက်လေ၏၊ ငါဘုရားသည် လည်စေအပ်သော တရားတည်းဟူသော စကြာရတနာကို အစဉ် တစိုက်လိုက်၍ လည်စေနိုင်သဖြင့် သာဝကပါရမီဉာဏ်၏ အထွတ်အထိပ်သို့ ရောက်၍ တဆယ့်ခြောက်ပါးသော ပညာ အခြင်းအရာအားဖြင့် ထိုးထွင်း၍သိလျက် တည်သော ဤရဟန်းသည် ငါဘုရား သာသနာတော်၌ လက်ျာရံ အဂ္ဂသာဝက နိသဘမထေရ် မည်သတည်းဟု မိန့်တော်မူလေ၏။
ထိုအခါ သရဒရသေ့သည် ဤသို့ ဆုတောင်း၏၊ ဘုန်းတော် ကြီးမြတ်တော် မူပေသော မြတ်စွာဘုရား တပည့်တော်သည် ခုနစ်ရက်ပတ်လုံး ပန်းထီးကို ဆောင်းမိုးလျက် ပူဇော် သက္ကာရ အထူးကို ပြုရပါပြီ၊ ထိုပူဇော်အပ်သော ကောင်းမှု၏ အကျိုးအားဖြင့် အခြားတပါးသော သိကြားအဖြစ် ဗြဟ္မာအဖြစ်ကို မတောင့်တပါ၊ နောင်သောအခါ ဤ နိသဘ မထေရ်ကဲ့သို့ တဆူသော ဘုရားရှင်၏ လက်ျာရံ အဂ္ဂသာဝက ဖြစ်ရပါလို၏ဟု ဆုတောင်းခြင်းကို ပြုလေ၏။
အနောမဒဿီ မြတ်စွာဘုရားသည် သရဒရသေ့၏ ဆုတောင်းခြင်းသည် ပြည့်အံ့လော၊ မပြည့်အံ့လောဟု အနာဂတံသဉာဏ်ကို စေလွှတ်၍ ကြည့်တော် မူလတ်သော် ကမ္ဘာတသိန်း အလွန်ရှိသော တသင်္ချေကို လွန်မြောက်ပြီးလျှင် ပြည့်စုံလိမ့်မည့်အဖြစ်ကို မြင်တော်မူလေ၏။
ယင်းသို့ မြင်တော်မူသည်ရှိသော် သရဒရသေ့ကို မြတ်စွာဘုရားက သင်၏ ဆုတောင်းခြင်းသည် အချည်းနှီး မဖြစ်လတ္တံ့၊ နောင်အခါ၌ ကမ္ဘာတသိန်း အလွန် ရှိသော တသင်္ချေကို လွန်မြောက်ပြီးလျှင် ဂေါတမမည်သော ဘုရားရှင် ပွင့်တော် မူလတ္တံ့၊ ထိုဂေါတမ ဘုရားရှင်၏ မယ်တော်သည် မဟာမာယာမည်သော မိဖုယား ဖြစ်လတ္တံ့၊ ခမည်းတော်သည် သုဒ္ဓေါဒနမည်သော မင်းကြီး ဖြစ်လတ္တံ့၊ သားတော် သည်ကား ရာဟုလာမည်သည် ဖြစ်လတ္တံ့၊ အလုပ်အကျွေးသည်ကား အာနန္ဒာ မည်သည် ဖြစ်လတ္တံ့၊ လက်ဝဲရံ ဒုတိယ အဂ္ဂသာဝကသည်ကား မောဂ္ဂလာန် မည်သည် ဖြစ်လတ္တံ့၊ သင်သည်ကား ထိုဂေါတမဘုရား၏ လက်ျာရံ ပဌမ အဂ္ဂသာဝကဖြစ်သော သာရိပုတြာမည်သော တရားစစ်သူကြီး ဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား ညွှန်ကြား တော်မူလေ၏။
ဤသို့ သရဒရသေ့ကို ဗျာဒိတ် ပေးတော်မူပြီးလျှင် တရားစကားကို ဟောကြားပြီး၍ ရဟန်းအပေါင်း ခြံရံလျက် ကောင်းကင်သို့ ပျံတက် ကြွသွားတော်မူလေ၏။
သရဒရသေ့သည်လည်း တပည့်ဖြစ်ဖူးသော မထေရ်တို့၏ အထံသို့ သွား၍ အဆွေ ခင်ပွန်းဖြစ်သော သိရိဝဍ္ဎန သူကြွယ်ထံသို့ သတင်းစကား မှာကြားလေ၏၊ အရှင် ဘုရားတို့ တပည့်တော်၏ အဆွေခင်ပွန်းဖြစ်သော သူကြွယ်အား သင်၏ အဆွေ ခင်ပွန်းဖြစ်သော သရဒရသေ့သည် အနောမဒဿီ ဘုရားရှင်၏ ခြေတော်ရင်းဝယ် နောင်အနာဂတ်ကာလ၌ ပွင့်တော်မူလတ္တံ့သော ဂေါတမဘုရား၏ သာသနာတော်၌ လက်ျာရံ အဂ္ဂသာဝက အရာကို တောင့်တလေပြီ၊ အသင်သူကြွယ်သည် ဒုတိယ အဂ္ဂသာဝက လက်ဝဲရံအရာကို တောင့်တလော့ဟု ပြောကြားရန် သတင်းစကား မှာကြားလေ၏။
ဤသို့ မှာကြားပြီးလျှင် မထေရ်တို့ထက် ရှေးဦးစွာ တဖက်သော လမ်းခရီးဖြင့် သွား၍ သိရိဝဍ္ဎန သူကြွယ်၏ နေအိမ်တံခါး၌ ရပ်လေ၏၊ သိရိဝဍ္ဎန သူကြွယ်သည် ငါ၏အရှင် ရသေ့ကား ကြာမြင့်မှ ကြွလာတော်မူပေသည် တကားဟု နေရာ၌ နေစေ၍ မိမိမူ နိမ့်သောနေရာ၌ နေလျက် အရှင်ဘုရား အရှင်မြတ်တို့၏ တပည့်ပရိသတ်ကား မထင်မြင်ချေတကားဟု မေးလျှောက်သော် အဆွေ သိရိဝဍ္ဎန ဪ... ဟုတ်ပေ၏၊ ငါတို့၏ ကျောင်းသင်္ခမ်းသို့ အနောမဒဿီ မြတ်စွာဘုရားသည် ကြွလာတော်မူ၏။
ငါတို့သည် ထိုဘုရားရှင်အား အစွမ်းသတ္တိ ရှိသည်အလျောက် ပူဇော်သက္ကာရကို ပြုကြကုန်၏၊ ဘုရားရှင်သည် အလုံးစုံသော သူတို့အား တရားဟောတော်မူ၏၊ တရားတော်၏ အဆုံး၌ ငါ့ကို ချန်ထား၍ ကြွင်းသော တပည့်ရသေ့တို့သည် အရဟတ္တဖိုလ်သို့ ရောက်၍ ရဟန်းပြုကြလေကုန်ပြီ၊ ငါသည်မူကား အနောမဒဿီ မြတ်စွာဘုရား၏ အဂ္ဂသာဝကဖြစ်သော နိသဘ မထေရ်ကို မြင်ရ၍ နောင်သောအခါ ပွင့်တော်မူလတ္တံ့သော ဂေါတမဘုရား သာသနာတော်၌ ပဌမ အဂ္ဂသာဝက လက်ျာရံ အရာကို ဆုတောင်းလိုက်၏။
အဆွေဖြစ်သော အသင်သည်လည်း ထိုဂေါတမဘုရား၏ သာသနာတော်၌ ဒုတိယ အဂ္ဂသာဝက လက်ဝဲရံအရာကို တောင့်တလော့ဟု တိုက်တွန်းလတ်သော် အရှင် ဘုရား တပည့်တော်အား ဘုရားရှင်တို့နှင့် အကျွမ်းဝင်ခြင်း မရှိပါဟု လျှောက်၏၊ ဘုရားရှင်တို့နှင့် စကားပြောဆိုခြင်းကား ငါ၏တာဝန် ဖြစ်စေ၊ သင်သည် ကြီးမြတ်သော ပူဇော်သက္ကာရကိုသာ ပြုပြင် စီရင်လေလောဟု ပြောဆို၏။
သိရိဝဍ္ဎန သူကြွယ်သည် ထိုရသေ့၏ စကားကို ကြား၍ မိမိ၏ နေရာ အိမ်တံခါး အနီးအပါး၌ *မင်းပယ် အားဖြင့် ရှစ်မင်းပယ်မျှလောက်သော အရပ်ကို ညီညွတ်သော အပြင်ရှိအောင် ပြုပြင်၍ သဲကို ဖြန့်ကြဲစေပြီးလျှင် ပေါက်ပေါက်လျှင် ငါးခုမြောက် ရှိကုန်သော ပန်းတို့ကို ဖြန့်ကြဲစေ၍ ကြာညိုပန်းတို့ဖြင့် မိုးအပ်သော မဏ္ဍပ်ကို ဆောက်စေ၍ ဘုရားနေရာကို ခင်းစေပြီးလျှင် ကြွင်းသော ရဟန်းတို့၏ နေရာ တို့ကိုလည်း စီရင်စေ၍ ကြီးမြတ်သော ပူဇော်သက္ကာရကို ပြုပြင်စီရင်ပြီးသော် မြတ်စွာဘုရားတို့ကို ပင့်ဖိတ်ခြင်းငှါ သရဒရသေ့အား အမှတ်သညာ ပေးလေ၏။
(*မင်းပယ် = တဆယ့်တတင်း မျိုးကြဲလောက်သော အရပ်ကို မင်းပယ်တခု ခေါ်သည်။)
သရဒရသေ့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို ပင့်ဆောင်၍ ထို သိရိဝဍ္ဎန သူကြွယ်၏ နေအိမ်သို့ သွားလေ၏၊ သိရိဝဍ္ဎန သူကြွယ်သည်လည်း ခရီးဦး ကြိုဆိုခြင်းကိုပြု၍ ဘုရားရှင်၏ လက်တော်မှ သပိတ်ကို ယူပြီးလျှင် မဏ္ဍပ်သို့ ကြွဝင်ရန်လျှောက်ကြား၍ ခင်းအပ်သောနေရာတို့၌ သီတင်းသုံးနေတော်မူသော ဘုရားအမှူးရှိသော ရဟန်းသံဃာအား မြတ်သော အလှူရေစက်ကို သွန်းချ၍ မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ဖြင့် လုပ်ကျွေးပြီးလတ်သော် ဆွမ်းဘုဉ်းပေးတော် မူပြီးသည်၏အဆုံး၌ ဘုရားအမှူးရှိသော ရဟန်း သံဃာကို မြတ်သော သူတို့အား ထိုက်လျော် လျောက်ပတ်သော အဝတ်သင်္ကန်းတို့ဖြင့် လှူဒါန်း၍ မြတ်စွာဘုရား ဤသို့ အားထုတ်ပြုစုရခြင်းသည် အနည်းငယ်မျှသော အရာဌာန အကျိုးငှါ မဟုတ်ပါ၊ ဤသို့သောနည်းဖြင့် ခုနစ်ရက်ပတ်လုံး အစဉ်သနားတော် မူကြပါဘုရားဟု လျှောက်လေ၏၊ ဘုရားရှင်သည် သည်းခံတော်မူ၏။
သိရိဝဍ္ဎန သူကြွယ်သည် ထိုသို့သော နည်းဖြင့်သာလျှင် ခုနစ်ရက်ပတ်လုံး အလှူကြီးကို ဖြစ်စေပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ လက်အုပ်ချီကာ ရပ်လျက် ဘုန်းတော် အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား ဘုရားတပည့်တော်၏ အဆွေခင်ပွန်းဖြစ်သော သရဒရသေ့သည် အကြင် ဘုရား၏ လက်ျာရံ အဂ္ဂ သာဝက ဖြစ်ရလို၏ဟု ဆုတောင်းပါ၏၊ ဘုရားတပည့်တော်သည်လည်း ထိုဘုရား၏ လက်ဝဲရံ ဒုတိယ အဂ္ဂသာဝက ဖြစ်ရပါလို၏ ဘုရားဟု ဆုတောင်းပတ္ထနာ ပြုလေ၏၊ ဘုရားရှင်သည် အနာဂတ်ကာလကို ကြည့်တော်မူသော် ထိုသိရိဝဍ္ဎန သူကြွယ်၏ ဆုတောင်းခြင်း၏ ပြည့်စုံအံ့သောအဖြစ်ကို မြင်တော်မူ၍ သင်သည် ဤကမ္ဘာမှ တသိန်းအလွန်ရှိသော ကမ္ဘာတသင်္ချေကို လွန်မြောက်ပြီးလျှင် ဂေါတမမည်သော ဘုရား၏ ဒုတိယ အဂ္ဂသာဝက လက်ဝဲရံဖြစ်လတ္တံ့ ဟု ဗျာဒိတ် စကား မိန့်ကြားတော် မူလေ၏။
သိရိဝဍ္ဎန သူကြွယ်သည် ဘုရားရှင်တို့၏ ဗျာဒိတ် စကားကို ကြားရ၍ အလွန်လျှင် ရွှင်လန်း ဝမ်းမြောက် လေ၏၊ မြတ်စွာဘုရား သည်လည်း ဆွမ်းအနုမောဒနာတရား ဟောတော်မူ၍ အခြံအရံ ရဟန်းသံဃာ နှင့်တကွ ကျောင်းတော်သို့သာလျှင် ပြန်ကြွတော်မူလေ၏။
ချစ်သား ရဟန်းများတို့ ငါ၏သားတော်ဖြစ်ကုန်သော ဤ သာရိပုတြာ, မောဂ္ဂလာန် တို့သည် ဤသို့လျှင် အဂ္ဂသာဝက အစုံဆုကို တောင်းခဲ့ကြကုန် သောကြောင့် မိမိတို့ ဆုတောင်းခဲ့တိုင်းသာလျှင် လက်ျာရံ, လက်ဝဲရံ အဖြစ်ကို ရကြလေကုန်၏၊ ငါဘုရားသည် မျက်နှာကြည့်၍ ပေးသည်မဟုတ်ဟု မိန့်တော်မူ၏။
ဤသို့ မိန့်တော်မူပြီးသည်ရှိသော် အဂ္ဂသာဝကနှစ်ပါးတို့သည် ဘုရားရှင်ကို ရှိခိုး၍ ဤသို့လျှောက်ကြကုန်၏၊ မြတ်စွာဘုရား တပည့်တော်တို့သည် အိမ်ရာ ထောင်သော လူ့ ဘောင်၌နေကြကုန်စဉ် တောင်ထိပ်ပွဲသဘင်ကို ကြည့်ရှုခြင်းငှါ သွားကြပါကုန်၏၊ ဤသို့အစရှိသည်ဖြင့် အကြင်မျှလောက် အဿဇိမထေရ်၏ အထံမှ သောတာပတ္တိ ဖိုလ်ကို ထိုးထွင်း၍ သိ၏။
ထိုမျှလောက် အလုံးစုံသော ပစ္စုပ္ပန်ဝတ္ထု၊ အကြောင်းအရာ တို့ကို ကောင်းစွာ လျှောက်ကြားပြီးလျှင် မြတ်စွာဘုရား တပည့်တော်တို့သည် ဆရာဖြစ်သော သိဉ္စည်း ပရိဗိုဇ်အထံသို့ သွား၍ ရှင်တော်ဘုရားတို့၏ ခြေတော်ရင်းသို့ရောက်အောင် ဆောင်လိုကုန်သောကြောင့် ထိုသိဉ္စည်းဆရာ၏ အယူဝါဒ အနှစ်သာရ မရှိသည့် အဖြစ်ကို ပြောကြားလျက် ရှင်တော်ဘုရားတို့၏ ခြေတော်ရင်း၌ ဆည်းကပ်ခြင်း၏ အကျိုး အာနိသင်ကို ပြသ ပြောဆိုကြပါသည်ဘုရား။
ထိုသိဉ္စည်းဆရာသည် ယခုအခါ တပည့်အဖြစ်ဖြင့် နေရခြင်းသည် အိုးစရည်းကြီး၏ ရေသယ်အိုးငယ် အဖြစ်သို့ ရောက်ရသည်နှင့် တူသဖြင့် တပည့်အဖြစ်ဖြင့် နေခြင်းငှါ မစွမ်းနိုင်ဟု ဆိုပါသည်ဘုရား။
ထိုအခါ ဘုရားတပည့်တော်တို့က ဆရာ ယခု လူများအပေါင်းသည် ပန်း နံ့သာ စသည် လက်စွဲလျက် မြတ်စွာဘုရား၏ အထံသို့သာ သွား၍ ပူဇော်လတ္တံ့၊ ဆရာတို့သည် အဘယ်သို့ ဖြစ်ကုန်အံ့နည်းဟု မေးသော အခါ ဤလောက၌ ပညာရှိသူ များသလော၊ သို့တည်းမဟုတ် ပညာနုံ့သူ များသလောဟု ဘုရား တပည့်တော် တို့ကိုမေးသဖြင့် ပညာနုံ့သူများကြောင်း ပြန်ပြောကုန်လတ်သော် ထိုသို့ဖြစ်မူ ပညာရှိတို့သည် ရဟန်း ဂေါတမထံ သွားကုန်လတ္တံ့၊ ပညာနုံ့သူတို့သည် ငါ့ထံ လာကုန်လတ္တံ့ ၊ သင်တို့သည်သာ ရဟန်းဂေါတမထံ သွားကြ ကုန်ဟု ဆို၍ မြတ်စွာဘုရားထံ လိုက်လာခြင်းငှါ အလိုမရှိပါဟု လျှောက်ကြားကြကုန်၏။
မြတ်စွာဘုရားသည် ထိုစကားကို ကြားတော်မူ၍ ချစ်သားရဟန်းတို့ သိဉ္စည်း ပရိဗိုဇ်သည် မိမိ၏အမှားကို ယူသည်၏အဖြစ်ကြောင့် အနှစ်သာရ မရှိဘဲလျက် အနှစ်သာရ ရှိ၏ဟု ယူလေ့ရှိ၏၊ အနှစ်သာရရှိသော အယူကို အနှစ် ညာရမရှိဟု ယူလေ့ရှိ၏။
သင်တို့သည်ကား ပညာရှိသည့်အဖြစ်ကြောင့် အနှစ်သာရ ရှိသော အယူကိုလည်း အနှစ်သာရ ရှိသောအားဖြင့်, အနှစ်သာရ မရှိသော မိစ္ဆာဒိဋ္ဌိအယူကိုလည်း အနှစ် သာရမရှိသောအားဖြင့် သိကြကုန်၍ အနှစ်သာရ မရှိသော မိစ္ဆာအယူကို ပယ်စွန့်ပြီးလျှင် အနှစ်သာရရှိသော ကောင်းမြတ်သော သူတော်ကောင်းတရား ကိုသာလျှင် ယူကြကုန်လော့ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောတော်မူလေ၏။
ဒေသနာတော်
၁၁။ အသာရေ သာရမတိနော၊ သာရေ စာသာရဒဿိနော။
တေ သာရံ နာဓိဂစ္ဆန္တိ၊ မိစ္ဆာသင်္ကပ္ပဂေါစရာ။
၁၂။ သာရဉ္စ သာရတော ဉတွာ၊ အသာရဉ္စ အသာရတော။
တေ သာရမဓိဂစ္ဆန္တိ၊ သမ္မာသင်္ကပ္ပဂေါစရာ။
ယေ၊ အကြင်သူတို့သည်။
အသာရေ၊ အနှစ်မပါ အကာဖြစ်ငြား တိတ္ထိတို့ တရား၌။
သာရမတိနော၊ အနှစ်သာရ ပြည့်ဝသည်ဟု အယူရှိကုန်၏။
သာရေ စ၊ အနှစ်သာရ ပြည့်ဝစုပေါင်း သူတော်ကောင်းတရား၌လည်း။
အသာရဒဿိနော၊ အနှစ်မပါ အကာအတိ အမြင်ရှိကုန်၏။
မိစ္ဆာသင်္ကပ္ပဂေါစရာ၊ မိစ္ဆာဝိတက်၏ ကျက်စားရာ ဖြစ်ကုန်သော။
တေ၊ ထိုပုဂ္ဂိုလ်တို့သည်။
သာရံ၊ သီလ စသော ဂုဏ်ကျေးဇူး အနှစ်ကို။
နာဓိဂစ္ဆန္တိ၊ မရနိုင်ကြကုန်။
ယေ၊ အကြင်သူတို့သည်။
သာရဉ္စ၊ အနှစ်သာရ ပြည့်ဝစုပေါင်း သူတော်ကောင်း တရားကိုလည်း။
သာရတော၊ အနှစ်သာရ ပြည့်ဝသောအားဖြင့်။
အသာရဉ္စ၊ အနှစ်မပါ အကာအတိဖြစ်သော တိတ္ထိတို့၏ တရားကိုလည်း။
အသာရတော၊ အနှစ်မပါ အကာအတိအားဖြင့်။
ဉတွာ၊ သိ၍။
ဌိတာ၊ တည်ကြကုန်၏။
သမ္မာသင်္ကပ္ပဂေါစရာ၊ အကြံကောင်းစွာ သမ္မာဝိတက်၏ ကျက်စားရာဖြစ်ကုန်သော။
တေ၊ ထိုပုဂ္ဂိုလ်တို့သည်။
သာရံ၊ သီလ စသော ဂုဏ်ကျေးဇူး အနှစ်ကို။
အဓိဂစ္ဆန္တိ၊ ရနိုင်ကြကုန်၏။
ဒေသနာတော်၏ အကျိုး
ဂါထာ၏ အဆုံး၌ များစွာကုန်သော တရားနာပရိသတ်တို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏၊ စည်းဝေး ရောက်လာသော သူတို့အား အကျိုး ရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။
အရှင်သာရိပုတြာမထေရ်ဝတ္ထု ပြီး၏၊
၉ - အရှင်နန္ဒမထေရ်ဝတ္ထု
ယထာ အဂါရံ အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်နန္ဒမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဘုရားဖြစ်ပြီးစ ကပိလဝတ်ပြည်သို့ကြွ၍
ခမည်းတော် မယ်တော်တို့အား တရား ဟောတော်မူခြင်း
နတ်လူတို့ကို ယဉ်ကျေးအောင် ဆုံးမတော် မူတတ်သော မြတ်စွာဘုရားသည် လည်စေအပ်သော မြတ်သော တရားတည်းဟူသော စကြာရတနာ ရှိတော်မူ သည်ဖြစ်၍၊ ဝါ ဓမ္မစကြာတရား ဟောကြားတော်မူပြီးလျှင် ရာဇဂြိုဟ် ပြည်သို့ ကြွတော်မူသဖြင့် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူ သောအခါ ငါ၏ သားတော်ဘုရားကို ငါ့အား ပင့်ဆောင်၍ ပြကြကုန်လော့ဟု သုဒ္ဓေါဒနမင်းကြီးသည် စေလွှတ်အပ်သော တထောင်သော ပရိသတ် ဗိုလ်ပါ အခြံအရံရှိကုန်သော တကျိပ်သော တမန်တို့တွင် အလုံးစုံသော တမန်တို့၏ နောက်မှသွား၍ အရဟတ္တဖိုလ်သို့ ရောက်သော ဖွားဘက်တော် ကာဠုဒါယီ မထေရ်မြတ်သည် ကပိလဝတ် ပြည်သို့ ကြွတော်မူသင့်သော အခါကာလကို ဉာဏ်ဖြင့်ဆင်ခြင်၍ လမ်းခရီး၏ ဂုဏ်ကျေးဇူးကို ချီးမွမ်း ထောမနာကာ လျှောက်ထားသဖြင့် ရဟန္တာ အပေါင်း နှစ်သောင်း ခြံရံလျက် ကပိလဝတ် ပြည်သို့ ပင့်ဆောင်တော်မူအပ် သည်ဖြစ်၍ ဆွေတော် မျိုးတော်တို့၏ အစည်း အဝေး၌ *ပေါက္ခရဝဿ မိုဃ်းရွာခြင်းကို အကြောင်းပြုပြီးလျှင် ဝေဿန္တရာ ဇာတ်ကို ဟောတော်မူလေ၏၊ တဖန်မိုးသောက် ရောက်သောအခါ ဆွမ်း အလို့ငှါ ဝင်တော်မူလျက် “ဥတ္တိဋ္ဌိ နပ္ပမဇ္ဇေယျ” စသော ဂါထာဖြင့် ခမည်းတော် မင်းကြီးကို သောတာပတ္တိဖိုလ်၌ တည်ခစတော်မူ၍ “ဓမ္မဉ္စရ” စသော ဂါထာဖြင့် မိထွေးတော် ဂေါတမီကို သောတာပတ္တိဖိုလ်၌၎င်း၊ ခမည်းတော်မင်းကြီးကို သကဒါဂါမိဖိုလ်၌၎င်း တည်စေတော်မူ၏။
(* ပေါက္ခရဝဿမိုဃ်းရွာခြင်း = မိုဃ်းရေစွတ်လိုသူတို့သာ စွတ်၍ မစွတ်လိုသူတို့၏ ကိုယ်ပေါ်၌ တပေါက်မျှမကျ ကြာရွက်မှ ရေအလား လျှောကျသွား၏။ ပေါက္ခရဝဿ = ကြာတော၌ ရွာသည်နှင့် တူသောမိုဃ်း။)
နန္ဒမင်းသား မင်္ဂလာနေ့ ရဟန်းပြုခြင်း
ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးသောအခါ ရာဟုလာမယ်တော် ယသောဓရာ မိဖုယား၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကို အကြောင်းပြု၍ စန္ဒကိန္နရီ ဇာတ်ကို ဟောတော်မူပြီးလျှင် ထိုနေ့မှ နှစ်ရက်မြောက်သောနေ့၌ ညီတော် နန္ဒမင်းသားအား အဘိသိက် သွန်းလောင်းသော မင်္ဂလာ, အိမ်တက်မင်္ဂလာ, ထိမ်းမြားမင်္ဂလာ တို့သည် ဖြစ်လတ်ကုန်သည်ရှိသော် ဆွမ်းအလို့ငှါ ကြွဝင်တော် မူသဖြင့် မင်္ဂလာတရား ဟောကြားပြီး နေရာမှထ၍ ကြွသွားတော်မူသည် ရှိသော် နန္ဒမင်းသား၏လက်မှ သပိတ်တော်ကို မယူဘဲသာလျှင် ကြွသွားတော် မူလေ၏။
နန္ဒမင်းသားသည်လည်း ဘုရားရှင်၌ ရိုသေသောအားဖြင့် နောင်တော် ဘုရား နောင်တော်ဘုရားတို့သည် သပိတ်တော်ကို ယူတော်မူကြပါကုန်လော့ဟု လျှောက်ထားခြင်းငှါ မဝံ့ရကား နောင်တော်ဘုရားသည် စောင်းတန်းလှေခါးဦး သပိတ်တော်ကို ယူလတ္တံ့ ဟု ဤသို့ကား ကြံစည်လေ၏၊ မြတ်စွာဘုရားသည် ထိုစောင်းတန်း လှေခါးဦး၌လည်း သပိတ်တော်ကို ယူတော်မမူ။
နန္ဒမင်းသားသည် စောင်းတန်း လှေခါးရင်း၌ ယူလတ္တံ့ ဟု ကြံစည်ပြန်လေ၏၊ မြတ်စွာဘုရားသည် ထိုစောင်းတန်း လှေခါးရင်း၌လည်း ယူတော်မမူ၊ နန္ဒမင်းသား သည် မင်းယင်ပြင်သို့ ရောက်လျှင် ယူတော်မူလတ္တံ့ဟု ကြံစည်ပြန်လေ၏၊ မြတ်စွာ ဘုရားသည် ထိုမင်းယင်ပြင်၌လည်း ယူတော်မမူ၊ နန္ဒမင်းသားလည်း ပြန်လည်ခြင်းငှါ အလိုရှိသဖြင့် မနှစ်သက်ဘဲသာ လိုက်ပါသွားရာ မြတ်စွာဘုရား၌ ရိုသေသော ဂါရဝတရားဖြင့် နောင်တော်ဘုရားတို့သည် သပိတ်တော်ကို ယူတော်မူကြပါကုန်လော့ဟု လျှောက်ထားခြင်းငှါ မဝံ့ရှာလေ၊ ဤအရပ်သို့ ရောက်လျှင် ယူတော်မူလတ္တံ့၊ ထိုအရပ်သို့ ရောက်လျှင် ယူတော်မူ လတ္တံ့ဟု ကြံစည်၍သာ လိုက်သွားရှာရ၏။
ထိုခဏ၌ မောင်းမ အပေါင်းတို့သည် ဇနပဒကလျာဏီ မင်းသ္မီးအား အရှင်မ မြတ်စွာဘုရားသည် နန္ဒမင်းသားကို ခေါ်ဆောင်၍ ကြွသွားတော် မူလေပြီ၊ သခင်မတို့သည် ထိုနန္ဒမင်းသားနှင့်ကင်း၍ အဘယ်သို့သော အမှုကို ပြုကြကုန်လတ္တံ့ နည်းဟု ပြောကြားကြလေကုန်၏။
ဇနပဒကလျာဏီ မင်းသ္မီး သည် ထိုသူတို့ ပြောကြားသော စကားကို ကြားလေလျှင် ယိုစီးသော မျက်ရည်ပေါက်ရှိသော ထက်ဝက်မျှ ဖြီးအပ်ပြီးသော ဆံပင်တို့ဖြင့် လျင်စွာ သွား၍ “အရှင့်သား မြန်မြန်ကြီးသာ ပြန်ခဲ့ပါလော့”ဟု မှာကြားလိုက်လေ၏၊ မှာလိုက်သော ထိုဇနပဒကလျာဏီ မင်းသ္မီး၏ စကားသည် နန္ဒမင်းသား၏ နှလုံးထဲ၌ ဖီလာကန့်လန့် ကျဝင်လာသကဲ့သို့ စွဲမြဲစွာ တည်လေ၏။
မြတ်စွာဘုရားသည်လည်း ညီတော် နန္ဒမင်းသား၏ လက်မှ သပိတ်တော်ကို မယူဘဲ သာလျှင် နန္ဒမင်းသားကို ကျောင်းတော်သို့ အရောက် ဆောင်တော်မူ၍ ညီတော်နန္ဒ ရဟန်းပြုလတ္တံ့လောဟု မေးတော်မူ၏၊ နန္ဒမင်းသားလည်း မြတ်စွာဘုရား၌ ရိုသေသောအားဖြင့် ရဟန်းမပြုနိုင်ပါဟု မလျှောက်ဝံ့သဖြင့် မှန်လှပါ ရဟန်း ပြုပါမည်ဘုရားဟု လျှောက်ထားလေ၏။
ဘုရားရှင်သည် ချစ်သား ရဟန်းတို့ ထိုသို့ဖြစ်မူ နန္ဒမင်းသားကို ရဟန်းပြုကြ ကုန်လောဟု မိန့်တော်မူ၏၊ ဘုရားရှင်သည် ကပိလဝတ်ပြည်သို့ ကြွရောက်တော်မူ၍ သုံးရက်မြောက်သော နေ့၌ နန္ဒမင်းသားကို ရဟန်းပြုတော်မူလေ၏။
သားတော် ရာဟုလာ အမွေတောင်းခြင်း
မြတ်စွာဘုရားသည် ကပိလဝတ်ပြည်သို့ ကြွရောက်တော်မူ၍ ခုနစ်ရက် မြောက်သောနေ့၌ ရာဟုလာ မယ်တော်သည် သားတော်ရာဟုလာကို တန်ဆာ ဆင်၍ ချစ်သားရာဟုလာ ရဟန်းအပေါင်း နှစ်သောင်း ခြံရံလျက် ရွှေအဆင်းနှင့် တူသော ထိန်ဝင်းသော အရောင်အဆင်.ရှိသော ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်မတ်သော သဏ္ဌာန်အဆင်းရှိသော ဤရဟန်းကို ရှုကြည့်စမ်းလော့၊ ဤ ရဟန်းသည် အသင်၏ ကျေးဇူးရှင် ခမည်းတော်ပေတည်း။
အသင်၏ ခမည်းတော်အား ကြီးစွာသော ရွှေအိုးတို့သည် ရှိကုန်၏၊ ထိုရွှေအိုးတို့ကို ချစ်သား၏ ခမည်းတော် တောထွက်တော်မူသော နေ့မှစ၍ ငါတို့မမြင်ကုန်၊ ချစ်သား သွား၍ ခမည်းတော်ကို အမွေတောင်းချေလော့၊ ခမည်းတော်ဘုရား သားတော် အကျွန်ုပ်သည် အဘိသိက်သွန်းခြင်းကို ပြုပြီးသည်ရှိသော် စကြာမင်း ဖြစ်ပါလိမ့်မည်၊ သားတော်အား ဥစ္စာဖြင့် အလိုရှိပါသည်၊ အရှေ့ဥစ္စာကို ပေးသနားတော်မူပါ၊ သားမည်သည် အဘ၏ အမွေဥစ္စာနှစ်ကို ပိုင်ရှင်ဖြစ်သင့် ကောင်းပါသည်ဘုရား ဟုဆို၍ အမွေတောင်းရန် ဘုရားရှင်ထံသို့ စေလွှတ်လိုက် လေ၏။
ရာဟုလာမင်းသားလည်း ဘုရားထံသွား၍ ဘခမည်းတော်ပါတကားဟု ဖြစ်သော ချစ်ခြင်းကိုရ၍ အလွန် ရွှင်လန်း ဝမ်းမြောက်သောစိတ် ရှိသည်ဖြစ်၍ ခမည်းတော် ရဟန်းမြတ် အရှင်ရဟန်းမြတ်၏ အရိပ်သည် ချမ်းမြေ့သာယာ လှပါ၏ဟု ဆိုပြီး၍ ထိုမှတပါး မိမိနှင့်လျောက်ပတ်သော များစွာသောစကားကို ဆိုလျက် နေလေ၏၊ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးပြီးသော် အနုမောဒနာတရား ဟောတော်မူပြီးလျှင် နေရာမှထ၍ ဖဲကြွတော်မူလေ၏။
ရာဟုလာ မင်းသားသည်လည်း ခမည်းတော် ရဟန်းမြတ် အကျွန်ုပ်အား အမွေ ဥစ္စာကို ပေးသနာတော်မူပါဟု ဆိုလျက် မြတ်စွာဘုရား၏ နောက်သို့ အစဉ်တစိုက် လိုက်လေ၏၊ မြတ်စွာဘုရားသည်လည်း ရာဟုလာ မင်းသားကို မပြန်လည်စေ၊ ပရိသတ်အများကလည်း ဘုရားရှင်နှင့် အတူတကွ လိုက်သော ရာဟုလာ မင်းသားကို ပြန်လည်စေခြင်းငှါ မတတ်နိုင်လေ၊ ဤသို့အားဖြင့် ရာဟုလာ မင်းသားသည် ဘုရားရှင်နှင့် အတူတကွ ကျောင်းတော်တိုင်အောင် လိုက်လေ၏။
သားတော် ရာဟုလာ ရှင်ပြု၍
ရာဇဂြိုဟ် သာဝတ္ထိတို့သို့ ကြွတော်မူခြင်း
ကျောင်းတော်သို့ရောက်လျှင် ဘုရားရှင်သည် ဤသို့ ကြံစည်တော်မူ၏၊ ဤ သားတော် ရာဟုလာသည် ဖခင်၏ ဥစ္စာဖြစ်သော အကြင် ပစ္စည်းအမွေကို အလိုရှိ၏၊ ထိုပစ္စည်းအမွေသည် သံသရာဝဋ်သို့သာ အစဉ်လိုက်၍ ပင်ပန်း ဆင်းရဲခြင်း၏ အကြောင်းဖြစ်၏၊ ယခုအခါ ထိုသားတော် ရာဟုလာအား ဗောဓိမဏ္ဍိုင်၌ ရအပ်သော ခုနစ်ပါး အပြားရှိသော အရိယာတို့၏ ဥစ္စာအမေ့ကို ပေးသနားအံ့၊ လောကုတ္တရာ အမွေကို ခံယူစေသည်၏ အစွမ်းအားဖြင့် ထိုသားတော်ကို အမွေခံသည်ကို ပြုအံ့ဟု ကြံစည်တော်မူ၏။
ထို့နောက် မြတ်စွာဘုရား သည် အရှင်သာရိပုတြာမထေရ်ကို ခေါ်တော်မူ၍ ချစ်သား သာရိပုတြာ ထိုသို့ဖြစ်မူကား ငါ့သားတော် ရာဟုလာကို ရှင်ပြုလော့ဟု မိန့်တော်မူ၏၊ အရှင်သာရိပုတြာမထေရ်လည်း ရှင်ပြုတော်မူလေ၏။
ရာဟုလာမင်းသား ရှင်ပြုတော် မူကြောင်းကို ကြားရသည်ရှိသော် သုဒ္ဓေါဒနမင်းကြီး အား အတိုင်းထက် အလွန် စိတ်ဆင်းရဲခြင်းဖြစ်သဖြင့် ထိုစိတ်ဆင်းရဲခြင်းကို သည်းခံခြင်းငှါ မတတ်နိုင်ခြင်းကြောင့် ထို အကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြား၍ သားတော်ဘုရား ခမည်းတော်မင်းတရားသည် တောင်းပန်ပါ၏၊ သားတော် ဘုရားတို့သည် မိဘနှစ်ပါး အနူးအညွတ် ခွင့်မလွှတ်သော သားကို ရှင်ရဟန်း မပြုကြပါစေကုန်လင့် ဟူသော ဆုကို တောင်းဆိုလေ၏။
မြတ်စွာဘုရားသည် ထိုခမည်းတော် မင်းကြီးအား တောင်းဆိုအပ်သော ဆုကို ပေးပြီး၍ နောက်တဖန် တနေ့သ၌ မင်း၏စံရာ နန်းတော်ဝယ် နံနက်ဆွမ်း စားခြင်း ကိစ္စ ပြုတော်မူသော မြတ်စွာဘုရားကို တင့်အပ် လျောက်ပတ်သော အရပ်၌နေသော သုဒ္ဓေါဒန မင်းကြီးသည် ဘုန်းတော်ကြီးလှသော သားတော်ဘုရား သားတော်ဘုရား တို့သည် ဆင်းရဲငြိုပြင်စွာ ဒုက္ကရစရိယာကို ကျင့်တော်မူသောအခါ နတ်သား တယောက်သည် ခမည်းတော်၏ အထံသို့ကပ်၍ သင်၏ သားတော် သိဒ္ဓတ် မင်းသားသည် စုတမနေ သေလေပြီဟူ၍ ပြောကြားလာပါသည်။
ခမည်းတော်သည် ထိုနတ်သား၏စကားကို မယုံကြည်သည်ဖြစ်၍ ငါ၏ သားတော် ကား ဘုရားအဖြစ်သို့ မရောက်ဘဲ မသေနိုင်ဟု ပယ်မြစ်လိုက်ကြောင်း နားတော် လျှောက်သော် ခမည်းတော်မင်းကြီး သင်မင်းကြီးတို့သည် ယခုအခါ၌ အဘယ်မှာ ယုံကြည်ကုန်အံ့နည်း၊ ရှေး၌ အရိုးတို့ကိုပြ၍ သင်၏သား သေပါပြီဟု ပြောရာ၌ ပင်လျှင် မယုံကြည်ကြကုန်ဟု မိန့်တော်မူပြီးလျှင် ဤသို့သော အတ္ထုပ္ပတ္တိကို အကြောင်းပြု၍ မဟာဓမ္မပါလဇာတ်တော်ကို ဟောကြားတော်မူလေ၏။
ထိုဟောတော်မူသော ဒေသနာတော်အဆုံး၌ကား သုဒ္ဓေါဒနမင်းကြီးသည် အနာဂါမိ ဖိုလ်၌တည်လေ၏၊ ဤသို့လျှင် မြတ်စွာဘုရားသည် ခမည်းတော် မင်းကြီးကို သုံးပါးသောဖိုလ်တို့၌ တည်စေတော်မူ၍ ရဟန်းသံဃာအပေါင်း ခြံရံလျက် တဖန် မိုးသောက်သောနေ့၌ ရာဇဂြိုဟ်ပြည်သို့ ပြန်ကြွတော်မူ၏။
ထို့နောက် အနာထပိဏ် သူဌေးကြီး၏ သာဝတ္ထိပြည်သို့ ကြွလာတော်မူခြင်းငှါ ယူအပ်ပြီးသော ပဋိညာဉ် ရှိတော်မူသည်ဖြစ်၍ ဇေတဝန် ကျောင်းတော်ကြီး သည် ဆောက်လုပ်၍ ပြီးသည်ရှိသော် မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်သို့ ကြွတော်မူ၍ သီတင်းသုံး စံနေတော်မူလေ၏။
အရှင်နန္ဒမထေရ်သည် သာသနာတော်၌ ငြီးငွေ့ခြင်း
ဤသို့လျှင် မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး စံနေတော် မူသည်ရှိသော် အရှင်နန္ဒမထေရ်သည် သာသနာဘောင်၌ ငြီးငွေ့ မပျော်မွေ့ ကြောင်းကို ရဟန်းအများတို့အား ပြောကြား လျှောက်ထားသည်ကား ငါ့သျှင်တို့ ငါသည် သာသနာတော်၌ မမွေ့လျော်ဘဲ မြတ်သော အကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်၍နေရပေသည်၊ မြတ်သောအကျင့်ဟု ဆိုအပ်သော သာသနာတော်ကို ထမ်းဆောင်၍ နေအံ့သောငှါ မစွမ်းနိုင်ချေ။ ရဟန်းသိက္ခာကို ပယ်ခွါစွန့်ဖျက် လူထွက်၍ပင် နေချင်ပါသည်ဟု ပြောကြား လျှောက်ထားလေ၏။
မြတ်စွာဘုရားသည် ထိုအကြောင်းကို ကြားသိတော်မူ၍ ထိုနန္ဒမထေရ်ကို ခေါ်တော်မူပြီးလျှင် ဤသို့သော စကားကို မိန့်တော်မူ၏၊ ညီတော်နန္ဒ များစွာ ကုန်သော ရဟန်းတို့အား သာသနာတော်၌ မမွေ့မလျော်ဘဲ မြတ်သော အကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်၍ နေရကြောင်း, မြတ်သောအကျင့်ဟု ဆိုအပ်သော သာသနာတော်ကို ထမ်းဆောင်၍ နေအံ့သောငှါမစွမ်းနိုင်ကြောင်း ရဟန်းသိက္ခာကို ပယ်ခွါစွန့်ဖျက် လူထွက် လိုကြောင်းများကို ပြောကြား၏ဟု ငါကြားရသည် မှန်သလော ဟုမေးတော်မူသည်ရှိသော် ဤသို့ ဧကန်မှန်ပါသည် ဘုရားဟု လျှောက်ထားလေ၏။
ငါ့ညီနန္ဒ အဘယ့်ကြောင့် သင်သည် သာသနာတော်၌ မမွေ့လျော်ဘဲ မြတ်သော အကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်၍ နေရသနည်း၊ အဘယ့်ကြောင့် သာသနာတော်ကို ထမ်းဆောင်၍ နေရအံ့သောငှါ စွမ်းနိုင်လေသနည်း၊ အဘယ့် ကြောင့်ရဟန်းသိက္ခာကို ပယ်ခွါစွန့်ဖျက် လူထွက်၍ နေခြင်းငှါ အလိုရှိသနည်း ဟုမေးတော်မူလတ်သည်ရှိသော် -
ဘုန်းတော်ကြီးတော် မူသော နောင်တော်ဘုရား နေရာအိမ်တော်မှ ထွက်လာစဉ်အခါ သာကီဝင် မင်းသ္မီးဖြစ်သော နှမတော် ဇနပဒကလျာဏီသည် ထက်ဝက်မျှ ဖြီးအပ်ပြီးသော ဆံပင်တို့ဖြင့် ညီတော်ကို ကြည့်ရှုပြီးလျှင် အရှင့်သား မြန်မြန်ကြီးသာ ပြန်ခဲ့ပါဟု မှာကြားလိုက်သည်၊ ယင်းသို့ နှမတော် မှာလိုက်သောစကားကို ညီတော်သည် အဖန်တလဲလဲ အမြဲစေ့စေ့ ကြံအောက်မေ့သောကြောင့် သာသနာ တော်၌ မပျော်မွေ့ဘဲ လူထွက်လိုသောဆန္ဒ ရှိပါသည်ဘုရားဟု လျှောက်ထားလေ၏။
မျောက်အိုမနှင့် နတ်သ္မီးတို့ကိုပြ၍ တရားအားထုတ်စေခြင်း
ထိုအခါ မြတ်စွာဘုရားသည် အရှင်နန္ဒကို လက်မောင်း၌ ကိုင်ငင်ဆွဲယူလျက် တန်ခိုးတော်၏ အစွမ်းဖြင့် တာဝတိံသာနတ်ရွာသို့ ခေါ်ဆောင်ကာ ကြွသွား တော်မူစဉ် လမ်းခရီးအကြား တခုသော မီးလောင်ပြင်ဝယ် မီးလောင်သော သစ်ငုတ် ထက်၌ ထိုင်၍နေသော နားရွက်, နှာခေါင်း, အမြီးပြတ်ပြီးသော အဆင်း သဏ္ဌာန် ရှုမြင်မကောင်းသော မျောက်အိုမ တကောင်ကို ပြ၍ တာဝတိံသာ နတ်ပြည်၌ သိကြားမင်းအား ဆည်းကပ်ခစား လုပ်ကျွေးခြင်းငှါ ရောက်လာကုန်သော ခိုခြေ အဆင်းနှင့် တူစွာ နီသော ခြေအဆင်းရှိသော နတ်သ္မီးငါးရာ တို့ကိုလည်း ပြတော်မူပြန်၏။
ထိုနတ်သ္မီးတို့ကို ပြ၍ မြတ်စွာဘုရားသည် ညီတော် နန္ဒ အဘယ်သို့ သင် အောက်မေ့သနည်း၊ သာကီဝင် မင်းသ္မီးဖြစ်သော ဇနပဒ ကလျာဏီသည်၎င်း၊ ခိုခြေအဆင်းနှင့်တူစွာ နီသော ခြေအဆင်းရှိသော နတ်သ္မီး ငါးရာတို့သည်၎င်း အဘယ်သူက သာလွန်ပိုမို၍ အဆင်းလှသနည်း၊ ရှုချင်ဖွယ် ရှိသနည်း၊ ကြင်လင် နှစ်သက်ဖွယ် ရှိသနည်းဟု မေးတော် မူလတ်သော် -
ဘုန်းတော်ကြီးသော နောင်တော်ဘုရား ဇနပဒကလျာဏီသည်ကား လမ်းခရီး အကြား၌ တွေ့ခဲ့ရသော နားရွက်, နှာခေါင်း, အမြီးပြတ်သော အဆင်းသဏ္ဌာန် ရှုမြင် မကောင်းသော မျောက်အိုမနှင့် တူပါကြောင်း၊ ဤငါးရာသော နတ်သ္မီး တို့ကို ထောက်စာသည်ရှိသော် သာကီဝင်မင်းသ္မီးဖြစ်သော နှမတော် ဇနပဒကလျာဏီ သည် ရေတွက်လောက်သည် မဟုတ်ပါ၊ တစိတ်တဖို့မျှကိုသော်လည်း မမှီနိုင်ပါ၊ စင်စစ်မှာကားဤငါးရာသော နတ်သ္မီးတို့သည်သာလျှင် အဆင်း အရောင် အဝါ အလွန်တရာ လှပါသည်၊ ရှုချင်စဖွယ် ရှိလှပါသည်၊ ကြည်လင် နှစ်သက်ဖွယ် ရှိလှပါသည် ဘုရားဟု လျှောက်ကြားလေ၏။
ညီတော်နန္ဒ ထိုသို့ဖြစ်မူကား အသင်သည် ငါဘုရားဆုံးမတော်မူရာ သာသနာ ဟု ဆိုအပ်သော မြတ်သော အကျင့်၌ မွေ့လျော်ဘိလော့၊ ငါဘုရားသည် အသင့်အား ခိုခြေ အဆင်းနှင့်တူစွာ နီသော ခြေအဆင်းရှိသော ငါးရာသော နတ်သ္မီး တို့ကို ရစေခြင်းငှါ တာဝန်ခံတော်မူအံ့ဟု မိန့်တော်မူလတ်သော် အရှင်နန္ဒ မထေရ်က ဘုန်းတော် ကြီးတော်မူသော နောင်တော်ဘုရား ခိုခြေအဆင်းနှင့် တူစွာ နီသော ခြေအဆင်းရှိသော ငါးရာကုန်သော နတ်သ္မီးတို့ကို ရစေခြင်းငှါ နောင်တော် ဘုရားသည် တာဝန်ခံတော်မူသည်ဖြစ်အံ့၊ ညီတော်သည် သာသနာတော်၌ မွေ့လျော်စွာ ကျင့်ကြံ ကြိုးကုတ် အားထုတ်ပါတော့မည် ဘုရားဟု လျှောက်ကြားလေ၏။
ထိုအခါ မြတ်စွာဘုရားသည် အရှင်နန္ဒကို ခေါ်ဆောင် တော်မူခဲ့၍ ထိုတာဝတိံသာ နတ်ပြည်မှ ကွယ်ခဲ့ပြီးလျှင် ဇေတဝန်ကျောင်းတော်၌ ထင်ရှားစွာ ဖြစ်တော်မူလေ၏၊ ရဟန်းတို့သည်လည်း မိထွေးတော်၏သား ဘုရားရှင်၏ ညီတော်ဖြစ်သော အရှင်နန္ဒ သည် နတ်သ္မီးတို့၏အကြောင်းကြောင့် မြတ်သောအကျင့်ကို ကျင့်ကြံ ကြိုးကုတ် အားထုတ်ပေသတတ်၊ မြတ်စွာဘုရားကလည်း ခိုခြေအဆင်းနှင့်တူသော ခြေအဆင်း ရှိသော နတ်သ္မီးငါးရာတို့ကို ရစေခြင်းငှါ တာဝန်ခံတော်မူသတတ် ဟူ၍ ကြားသိကြကုန်လေ၏။
အရှင်နန္ဒမထေရ် ရဟန္တာဖြစ်ခြင်း
ထိုအခါ အရှင်နန္ဒမထေရ်၏ အပေါင်း အဖော်ဖြစ်သော ရဟန်းတို့သည် အရှင်နန္ဒကို သူရင်းငှါးကဲ့သို့ နတ်သ္မီး တည်းဟူသော အဘိုးအခကို ရအောင် ကျင့်သောသူ ဟူ၍၎င်း၊ မြတ်သော အကျင့်ဖြင့် ရင်းနှီးခြင်းကိုပြုလျက် နတ်သ္မီးတို့ကို ဝယ်ယူသော သူဟူ၍၎င်း မပြတ် ခေါ်ဝေါ်လျက် နတ်သ္မီးရစေခြင်းငှါ ဘုရားရှင်သော်မှ တာဝန်ခံရသည်ဟု ပြောဆိုကြကုန်သည်ရှိသော် အရှင်နန္ဒသည် ထိုသို့ ရဟန်းတို့ ခေါ်ဝေါ် ပြောဆိုကြသော သူရင်းငှါး ဟူသောစကား, အဝယ် သမားဟူသော စကားတို့ဖြင့် ငြီးငွေ့လှသည်ဖြစ်၍ ရှက်နိုးလှသည်ဖြစ်၍ စက်ဆုပ်လှသည်ဖြစ်၍ တယောက်ထီးတည်း ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်ပြီးလျှင် မမေ့မလျော့ ကိလေသာကို ပူပန်စေတတ်သော လုံ့လ ရှိသဖြင့် နိဗ္ဗာန်သို့ စေလွှတ်သောစိတ် ရှိသည်ဖြစ်၍ နေလတ်သည် ရှိသော် မကြာမြင့်မီ အရဟတ္တဖိုလ် နိဗ္ဗာန်ကို မျက်မှောက် ပြုရလေ၏၊ အရဟတ္တဖိုလ်သို့ ရောက်သော ရဟန္တာ အရှင်မြတ်တပါး ဖြစ်တော်မူလေ၏။
ထိုသို့ အရှင်နန္ဒသည် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုသောအခါ တဦးသော နတ်သားသည် ညဉ့်အဖို့၌ အလုံးစုံသော ဇေတဝန်ကျောင်းတော်ကို ကိုယ်ရောင် ကိုယ်ဝါဖြင့် ထွန်းလင်းစေ၍ ဘုရားရှင်သို့ ချဉ်းကပ် ရှိခိုးပြီးလျှင် မြတ်စွာဘုရား မိထွေးတော်၏သား ဘုရားရှင်၏ ညီတော် အရှင်နန္ဒသည် အာသဝေါကုန်ခြင်း ကြောင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို မျက်မှောက်ဘဝ၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစွာ နေပါ၏ဟု လျှောက်ကြားလေ၏။
မြတ်စွာဘုရားသည်လည်း အရှင်နန္ဒ၏ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုသော အဖြစ်ကို ရွှေဉာဏ်တော်ဖြင့် ထင်ရှားစွာ သိမြင်တော်မူလေ၏၊ အရှင်နန္ဒသည်လည်း ထိုညဉ့်အဖို့ လွန်သည်ရှိသော် ဘုရားရှင်ထံသို့ ချဉ်းကပ်၍ ဤသို့သော စကားကို လျှောက်ကြားလေ၏၊ နောင်တော်ဘုရား ဘုရားညီတော်အား ခိုခြေအဆင်းနှင့် တူသော နီသော ခြေအဆင်းရှိသော ငါးရာသော နတ်သ္မီးတို့ကို ရစေခြင်းငှါ အကြင် တာဝန်ခံခြင်းသည် ရှိ၏၊ နောင်တော် ဘုရားကို ယခုအခါ ထိုတာဝန်ခံခြင်းမှ လွတ်ပါပြီဘုရားဟု လျှောက်ကြား၏။
ငါ့ညီနန္ဒ ငါဘုရားသည်လည်း ငါ၏ စိတ်တော်ဖြင့် သင်၏စိတ်ကို ပိုင်းခြား၍ သိတော်မူ၏၊ နတ်သား သည်လည်း လာ၍ ထိုအကြောင်းကို ငါ့အား လျှောက်ကြား လေ၏၊ ငါ့ညီနန္ဒ သင်၏ စိတ်သည် တဏှာ, ဒိဋ္ဌိအားဖြင့် ထိုထိုအာရုံကို မစွဲလမ်းမူ၍ အာသဝေါတို့မှ အကြင်အခါ ကင်းလွတ်၏၊ ထိုအခါမှစ၍ ငါဘုရား သည်လည်း ထိုတာဝန်ခံခြင်းမှ လွတ်ပြီဟု မိန့်တော်မူပြီးလျှင် အကြောင်း ထင်ထင် သိမြင်တော် မူပြီးသော မြတ်စွာဘုရားသည် ထိုအခါ ဝမ်းမြောက် ဝမ်းသာ နှစ်သက်သောစကား အထူးဖြင့် ဥဒါန်းကို ကျူးရင့်တော်မူလေ၏။
ယဿ တိဏ္ဏော ကာမပင်္ကော၊ မဒ္ဒိတော ကာမကဏ္ဍကော။
မောဟက္ခယံ အနုပ္ပတ္တော၊ သုခဒုက္ခေ န ဝေဓတိ။
ယဿ၊ အကြင် ပုဂ္ဂိုလ်သည်။
ကာမပင်္ကော၊ ကာမဂုဏ် တည်းဟူသော ညွန်ပျောင်းကို။
တိဏ္ဏော၊ ကူးမြောက်အပ်၏။
ကာမကဏ္ဍကော၊ ကာမဂုဏ် တည်းဟူသော ဆူးငြောင့်ကို။
မဒ္ဒိတော၊ နှိပ်နင်း ချိုးဖဲ့ဖျက်ဆီးအပ်၏။
မောဟက္ခယံ၊ မောဟ၏ ကုန်ရာဖြစ်သော နိဗ္ဗာန်သို့။
အနုပ္ပတ္တော၊ အစဉ်ရောက်ပြီးသော။
သော၊ ထိုပုဂ္ဂိုလ်သည်။
သုခဒုက္ခေ၊ ချမ်းသာဆင်းရဲကြောင့်။
န ဝေဓတိ၊ မတုန်လှုပ်။
ထို့နောက် တနေ့သ၌ ရဟန်းတို့သည် ထိုအရှင်နန္ဒကို ငါ့သျှင်နန္ဒ သင်သည် ရှေးအခါ သာသနာတော်ဝယ် ပျင်းရိ ငြီးငွေ့သည်ဟူ၍ ဆို၏၊ ယခုအခါ သင့်အား အသို့နည်းဟုမေးကုန်သည်ရှိသော် ငါ့သျှင်တို့ လူဖြစ်ခြင်းငှါ တွယ်တာခြင်း မရှိပါပြီဟု ပြောကြား၏၊ ထိုစကားကို ကြား၍ ရဟန်းတို့သည် အရှင် နန္ဒကား မဟုတ်မမှန်သော စကားကို ဆို၏၊ အရဟတ္တဖိုလ် စကားကို ဖြေကြား ပြောဆိုဘိ၏၊ ရှေးလွန်လေ ပြီးသော နေ့တို့၌ကား လူထွက်လို၏ဟု ပြောဆိုပြီးမှ ယခုအခါ လူဖြစ်ခြင်းငှါ တွယ်တာခြင်း မရှိပါပြီဟု ပြောဆိုပြန်ဘိသည်ဟု မြတ်စွာဘုရားထံသို့ ချဉ်းကပ် သွားရောက်၍ ထိုအကြောင်းကို လျှောက်ကြားကြ လေကုန်၏။
မြတ်စွာဘုရားသည်လည်း ချစ်သားရဟန်းတို့ ရှေးလွန်လေပြီးသောနေ့တို့၌ကား နန္ဒ၏ ခန္ဓာကိုယ် အတ္တဘောသည် အမိုးမကောင်းသော အိမ်နှင့် တူပေ၏၊ ယခု အခါ၌ကား ကောင်းသော အမိုးရှိသော အိမ်နှင့် တူပေ၏၊ ထိုစကားမှန်၏၊ ဤနန္ဒသည် နတ်သ္မီးတို့ကို တွေ့မြင်သော အခါမှစ၍ ရဟန်း ကိစ္စ အပြီးအဆုံးသို့ ရောက်စေခြင်းငှါ အားထုတ်သောကြောင့် ရဟန်းကိစ္စသည် ပြီးဆုံးခြင်းသို့ ရောက်လေသတည်းဟု မိန့်တော်မူပြီးလျှင် ဤဂါထာတို့ကို ဟောတော်မူလေ၏။
ဒေသနာတော်
၁၃။ ယထာ အဂါရံ ဒုစ္ဆန္နံ၊ ဝုဋ္ဌိ သမတိ ဝိဇ္ဈတိ။
ဧဝံ အဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိ ဝိဇ္ဈတိ။
၁၄။ ယထာ အဂါရံ သုစ္ဆန္နံ၊ ဝုဋ္ဌိ န သမတိ ဝိဇ္ဈတိ။
ဧဝံ သုဘာဝိတံ စိတ္တံ၊ ရာဂေါ န သမတိ ဝိဇ္ဈတိ။
ဒုစ္ဆန္နံ၊ မကောင်းသဖြင့် မိုးအပ်သော။
အဂါရံ၊ အိမ်ကို။
ဝုဋ္ဌိ၊ ရွာသော မိုဃ်းရေ မိုးပေါက်သည်။
သမတိ ဝိဇ္ဈတိ ယထာ၊ ထွင်းဖောက်နိုင်သကဲ့သို့။
ဧဝံ-တထာ၊ ထို့အတူ။
အဘာဝိတံ၊ ဘာဝနာမှ ကင်းသော။
စိတ္တံ၊ စိတ်ကို။
ရာဂေါ၊ ရာဂသည်။
သမတိ ဝိဇ္ဈတိ၊ ထွင်းဖောက်နိုင်၏။
သစ္ဆန္နံ၊ ကောင်းစွာ မိုးအပ်သော။
အဂါရံ၊ အိမ်ကို။
ဝုဋ္ဌိ၊ ရွာသောမိုဃ်းရေ မိုဃ်းပေါက်သည်။
န သမတိ ဝိဇ္ဈတိ ယထာ၊ မထွင်း မဖောက်နိုင်သကဲ့သို့။
ဧဝံ-တထာ၊ ထို့အတူ။
သုဘာဝိတံ၊ ကောင်းစွာ ပွားစေအပ်ပြီးသော ဘာဝနာရှိသော။
စိတ္တံ၊ စိတ်ကို။
ရာဂေါ၊ ရာဂသည်။
န သမတိ ဝိဇ္ဈတိ၊ မထွင်း မဖောက်နိုင်။
ဒေသနာတော်၏ အကျိုး
ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကုန်၏၊ လူများ အပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။
---အရှင်နန္ဒမထေရ်၏ ရှေးအတိတ်ဝတ္ထု
ထိုအခါ၌ ရဟန်းတို့သည် တရားသဘင်ဝယ် စကားကို ဖြစ်စေကြကုန်၏၊ အဘယ်သို့ ဖြစ်စေကြကုန်သနည်း ဟူမူကား ငါ့သျှင်တို့ ဘုရားတို့မည်သည်ကား အံ့ဖွယ် ရှိလှပါပေသည် တကား၊ ဇနပဒ ကလျာဏီကို အကြောင်းပြု၍ သာသနာတော်၌ ပျင်းရိငြီးငွေ့သော အရှင်နန္ဒကိုလျက်လည်း ဘုရားရှင်သည် နတ်သ္မီးဖြင့် လှည့်ပတ် ဖြားယောင်းခြင်းကို ပြု၍ ဆုံးမတော်မူ၏ ဟူသော စကားကို ဖြစ်စေကြကုန်၏၊
မြတ်စွာဘုရား ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခု ငါလာဆဲအခါ၌ အဘယ် စကားဖြင့် စည်းဝေး ကြကုန်သနည်းဟု မေးတော်မူသဖြင့် ဤမည်သော စကားပါ ဘုရားဟု လျှောက်ထားကြကုန်သည်ရှိသော် ချစ်သား ရဟန်းတို့ ယခုသာလျှင် မဟုတ်သေး၊ ရှေး၌လည်း ဤနန္ဒကို မာတုဂါမဖြင့် ဖြားယောင်း၍ ဆုံးမဖူးသည် သာလျှင်တည်းဟု မိန့်တော်မူပြီးလျှင် အတိတ်ကို ဆောင်တော်မူ၏။
---မြည်းဖိုနှင့် မြည်းမ ချစ်ခင်ခြင်း အစဖြစ်ပုံ
ချစ်သား ရဟန်းတို့ ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဗာရာဏသီပြည်၌နေသော ကပ္ပဋ အမည်ရှိသော ကုန်သည် တဦးသည် ရှိလေ၏၊ ထို ကပ္ပဋ ကုန်သည်၏ မြည်းတကောင်သည် *တကုမ္ဘ အတိုင်း အရှည်ရှိသော ဝန်ကို ဆောင်ပိုးနိုင်၏၊
(*တကုမ္ဘ ဟူသည်ကား = လှည်းတစီးတိုက် ဝန်၏ သုံးပုံတပုံခန့် ဖြစ်၏၊)
တနေ့ခြင်းဖြင့် ခုနစ်ယူဇနာ သွားနိုင်၏၊ ထိုကပ္ပဋ ကုန်သည်သည် တရံသောအခါ၌ မြည်းကို ဝန်တင်၍ မြည်းဝန်တင် ကုန်သည်တို့နှင့် အတူတကွ တက္ကသိုလ်ပြည်သို့ သွားရောက်ပြီးလျှင် ဥစ္စာဘဏ္ဍာကို စွန့်လွှတ် ရောင်းချပြီးသည်တိုင်အောင် လှည့်လည် ကျက်စားခြင်းငှါ မြည်းကိုလွှတ်၍ ထား၏၊
ထိုမြည်းသည် ကျုံးထိပ် မြေပြင်၌ လှည့်လည် ကျက်စားသည် ရှိသော် မြည်းမ တကောင်ကိုမြင်၍ အနီးသို့ ချဉ်းကပ်၏၊ ထိုအခါ မြည်းမသည် ထိုမြည်းနှင့် လောကဝတ် အစေ့အစပ် စကားပြောခြင်းကို ပြုသောအနေဖြင့် အသင်သည် အဘယ်အရပ်က လာခဲ့သနည်းဟု မေး၏၊ မြည်းက ဗာရာဏသီပြည်မှ လာခဲ့ကြောင်းကို ပြောဆိုသည် ရှိသော် အဘယ်အမှုဖြင့် လာခဲ့သနည်းဟု မေး၏၊
ကုန်သွယ်ခြင်း အမှုဖြင့် လာခဲ့၏ဟု ဆိုသော် အဘယ်မျှလောက်သော ဝန်ကို ဆောင်ပိုးရသနည်းဟု မေး၏၊ တကုမ္ဘမျှလောက်သော ဝန်ကို ဆောင်ပိုးရ၏ဟု ဆိုသော် ဤမျှလောက်သော ဝန်ကိုဆောင်ပိုးလျက် အဘယ်မျှသော ခရီး ယူဇနာသို့ သွားရသနည်းဟု မေး၏၊
ခုနစ်ယူဇနာ သွားရကြောင်းကို ဆိုလတ်သော် ထိုမျှလောက်ခရီးသို့ သွားရသော အသင့်အား ရောက်ရာ ရောက်ရာ အရပ်၌ တစုံတယောက်သော ခြေဆုပ် လက်နယ် ပြုလုပ်သောသူ ရှိပါသလောဟု မေး၏၊ မရှိဟု ဆိုလတ်သော် ဤသို့ မရှိခဲ့လျှင် ကြီးစွာသောဆင်းရဲကို ခံစားရချေပြီတကားဟု မြည်းမကဆိုလေ၏။
တိရစ္ဆာန်ဖြစ်သော သတ္တဝါတို့အား ခြေဆုပ် လက်နယ် အမှု ပြုသော မည်သည် အကယ်၍ကား မရှိ၊ ထိုသို့ပင် မရှိသော်လည်း ကာမသံယောဇဉ်နှင့် စပ်ယှဉ်ခြင်း အကျိုးငှါ ဤသို့ သဘောရှိသော စကားကို ဆိုသတည်း။
---မြည်းဖိုသည် သခင်အပေါ်၌ တင်းမာစွာ အာခံပုံ
ထိုမြည်းသည် မြည်းမ၏ စကားကြောင့် လုပ်နေကျအမှုကို မရွက်ဆောင်ချင် အပျင်းဝင်၍ ဆန့်ကျင်လေ၏၊ ကပ္ပဋ ကုန်သည်သည်လည်း ဥစ္စာဘဏ္ဍာကို စွန့်လွှတ် ရောင်းချပြီးလျှင် မြည်း၏အထံသို့သွား၍ ချစ်သား လာလှည့် သွားကြ ကုန်စို့အံ့ဟု ဆိုလတ်သော် သင်တို့သည်သာ သွားကြကုန်လော့၊ ငါသည်ကား သွားတော့မည် မဟုတ်ဟု ဆိုလေ၏၊
ထိုသို့ ဆိုသောကြောင့် မြည်းကို အဖန် တလဲလဲ တောင်းပန် ပြောကြားပြီးလျှင် မသွားလိုသော ဤမြည်းကို ငါသည် ရိုက်ပုတ် ကြိမ်းမောင်း၍ ဆောင်ယူအံ့ဟု ကြံ၍ ဤဂါထာကို ဆိုလေ၏။
ပတောဒံ တေ ကရိဿာမိ၊ သောဠသင်္ဂုလိကဏ္ဍကံ။
သံဆိန္ဒိဿာမိ တေ ကာယံ၊ ဧဝံ ဇာနာဟိ ဂဒြဘ။
ဂဒြဘ၊ အိုမြည်း။
တေ၊ အသင်မြည်းအား။
ဝါ၊ သင့်အလို့ငှါ။
သောဠသင်္ဂုလိကဏ္ဍကံ၊ တဆယ့်ခြောက်လက်သစ် အဆူးရှိသော။
ပတောဒံ၊ လှံတံကို။
ကရိဿာမိ၊ ပြုအံ့။
တေ၊ သင်၏။
ကာယံ၊ ကိုယ်ခန္ဓာကို။
သံဆိန္ဒိဿာမိ၊ အပိုင်း အပိုင်းဖြတ်အံ့။
ဧဝံ၊ ဤသို့သော အကြောင်းကို။
ဇာနာဟိ၊ သိလေလော့။
ထိုစကားကို မြည်းက ကြားလျှင် ဤသို့ပြုမူ ငါသည်လည်း အသင့်အား ပြုအပ်သော အခြင်းအရာကို သိရလတ္တံ့ ဟုဆို၍ ဤဂါထာကို ဆိုလေ၏။
ပတောဒံ မေ ကရိဿသိ၊ သောဠသင်္ဂုလိကဏ္ဍကံ။
ပုရတော ပတိဋ္ဌဟိတွာန၊ ဥဒ္ဓရိတွာန ပစ္စတော။
ဒန္တံ တေ ပါတယိဿာမိ၊ ဧဝံ ဇာနာဟိ ကပ္ပဋ။
ကပ္ပဋ၊ အရှင်ကပ္ပဋ ကုန်သည်ကြီး။
တေ၊ သင်သည်။
မေ၊ ငါ့အား။
ဝါ၊ ငါ့အလို့ငှါ။
သောဠသင်္ဂုလိကဏ္ဍကံ၊ တဆယ့်ခြောက်လက်သစ်အဆူးရှိသော။
ပတောဒံ၊ လှံတံကို။
စေ ကရိဿသိ၊ အကယ်၍ ပြုငြားအံ့။
ပုရတော၊ ရှေ့တည့်တည့်မှ။
ပတိဋ္ဌဟိတွာန၊ခြေစုံမတ်မတ် တန့်တန့်ရပ်၍။
ပစ္ဆတော၊နောက်ခြေမှ။
ဥဒ္ဓရိတွာန၊မြှောက်ပင့်၍။
တေ၊ သင်၏။
ဒန္တံ၊ သွားကို။
ပါတယိဿာမိ၊ ကျိုးစေအံ့။
ဧဝံ၊ ဤသို့သော အကြောင်းကို။
ဇာနာဟိ၊ သိလေလော့။
သခင်က မြည်းဖိုအား ဖြားယောင်းရပုံ
ထိုမြည်း၏စကားကို ကြား၍ ကပ္ပဋ ကုန်သည်ကြီးသည် ဤမြည်းသည် အဘယ် သို့သော အကြောင်းကြောင့် ဤသို့ ခုခံ ပြောဆိုလေသနည်းဟု ထိုမှ ဤမှ ကြည့်ရှု လတ်သည်ရှိသော် ထိုမြည်းမကို မြင်လျှင် ဤမြည်းမသည် ငါ၏ မြည်းကို သင်ပေးလိုက်သည် ဖြစ်လတ္တံ့ဟု ကြံ၍ ဤသို့ သဘောရှိသော မြည်းမကို သင့်အား ဆောင်နှင်းမည်ဟူ၍ မာတုဂါမဖြင့် ဖြားယောင်းကာ ခေါ်ဆောင်အံ့ဟု ကြံပြီးလျှင် ဤဂါထာကို ဆိုလေ၏။
စတုပ္ပဒိံ သင်္ခမုခိံ၊ နာရိံ သဗ္ဗင်္ဂသောဘိဏိံ။
ဘရိယံ တေ အာနယိဿာမိ၊ ဧဝံ ဇာနာဟိ ဂဒြဘ။
ဂဒြဘ၊ ချစ်သားမြည်းလှ ဂဒြဘ။
စတုပ္ပဒိံ၊ အခြေလေးချောင်းရှိသော။
သင်္ခမုခိံ၊ ခရုသင်းနှင့်တူသော မျက်နှာရှိသော။
သဗ္ဗင်္ဂသောဘိဏိံ၊ အလုံးစုံသော အင်္ဂါကြီးငယ်ဖြင့် တင့်တယ်ခြင်းရှိသော။
ဘရိယံ၊ မယားဖြစ်သော။
နာရိံ၊ မြည်းမကို။
တေ၊ သင်ချစ်သားအား။
ဝါ၊သင်ချစ်သား အလို့ငှါ။
အာနယိဿာမိ၊ ယူဆောင်၍ ပေးပေအံ့။
ဧဝံ၊ ဤသို့သောအကြောင်းကို။
ဇာနာဟိ၊ သိလေလော့။
ထိုကပ္ပဋ ကုန်သည်ကြီး၏ စကားကို ကြားရ၍ မြည်းသည် နှစ်သက် ဝမ်းမြောက် သော စိတ်ရှိသည် ဖြစ်ရကား ဤဂါထာကို ဆိုလေ၏။
စတုပ္ပဒိံ သင်္ခမုခိံ၊ နာရိံ သဗ္ဗင်္ဂသောဘိဏိံ။
ဘရိယံ မေ အာနယိဿသိ၊ ကပ္ပဋ ဘိယျော ဂမိဿာမိ။
ယောဇနာနိ စတုဒ္ဒသ။
ကပ္ပဋ၊ အရှင်ကပ္ပဋ ကုန်သည်ကြီး။
စတုပ္ပဒိံ၊ အခြေလေးချောင်းရှိသော။
သင်္ခမုခိံ၊ ခရုသင်းနှင့်တူသော မျက်နှာရှိသော။
သဗ္ဗင်္ဂသောဘိဏိံ၊ အလုံးစုံသော အင်္ဂါကြီးငယ်ဖြင့် တင့်တယ်ခြင်းရှိသော။
ဘရိယံ၊ မယားဖြစ်သော။
နာရိံ၊ မြည်းမကို။
မေ၊ အကျွန်ုပ်အား။
ဝါ၊ အကျွန်ုပ်အလို့ငှါ။
အာနယိဿသိ၊ ယူဆောင်၍ ပေးမည်ဖြစ်ပါအံ့။
ဘိယျော၊ လွန်စွာ။
ယောဇနာနိ စတုဒ္ဒသ၊ တဆယ့်လေးယူဇနာတိုင်တိုင်။
ဂမိဿာမိ၊ သွားပါအံ့။
ထိုအခါ မြည်းကို ကပ္ပဋကုန်သည်ကြီးသည် ချစ်သားထိုသို့ဖြစ်မူ လာလော့ဟု ခေါ်၍ မိမိ၏ နေရင်းဌာနသို့ ပြန်သွားလေ၏၊ ထိုမြည်းသည် နှစ်ရက် သုံးရက် လွန်သဖြင့် ထိုကုန်သည်ကြီး ကပ္ပဋကို အိုအရှင် အသင်တို့သည် သင်ချစ်သား အလို့ငှါ မယား ယူဆောင်၍ ပေးပေအံ့ဟု အကျွန်ုပ်ကို ပြောဆိုဖူးသည် မဟုတ်ပါလောဟု ဆိုလတ်သည်ရှိသော် ကပ္ပဋ ကုန်သည်ကြီးက ဪ ... ဟုတ်ပေ၏၊ ငါသည် ပြောဆိုမိပေ၏၊ ငါပြောဆိုဖူးသော စကားကို မဖျက်ပေအံ့၊ သင့်အလို့ငှါ မယား ဖြစ်သော မြည်းမကို ရှာဖွေယူဆောင်၍ ငါပေးပေအံ့၊
သို့ရာတွင် ကျွေးမွေး ပေးကမ်းအပ်သော အစာရိက္ခာကိုမူကား တယောက်သော သင့်အားသာလျှင် ပေးအံ့၊ အဖော်ရှိသော သင့်အား ထိုအစာရိက္ခာသည် လောက်သည်ဖြစ်စေ၊ မလောက်သည်ဖြစ်စေ သင်သာသျှင် သိလေလော့၊
နှစ်ယောက်ကုန်သော သင်တို့၏ ပေါင်းဖော်ယဉ်ပါးခြင်းကို အစွဲပြု၍ သားသ္မီးတို့ မွေးဖွားကုန်လတ္တံ့၊ ထိုများစွာကုန်သော သားသ္မီးတို့နှင့် တကွ သင့်အား ပေးအပ် သော အစာရိက္ခာသည် လောက်သည်ဖြစ်စေ၊ မလောက်သည်ဖြစ်စေ သင်သာလျှင် သိလေလော့ဟု ဆိုလေ၏၊ တိုသို့ ကပ္ပဋ ကုန်သည် ဆိုလတ်သော် မြည်းဖိုသည် မြည်းမအပေါ်၌ ငဲ့စောင်း၍ပင် မကြည့်ချင်လေတော့သတည်း။
မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍ ချစ်သား ရဟန်းတို့ ထိုအခါ၌ မြည်းမသည် ယခုအခါ ဇနပဒကလျာဏီ ဖြစ်လာ၏၊ မြည်းဖိုသည် နန္ဒမင်းသား ဖြစ်လာ၏၊ ကပ္ပဋ မည်သော ကုန်သည်ကြီးကား ငါဘုရား ဖြစ်လာ၏၊ ဤသို့လျှင် ရှေး၌လည်း ဤနန္ဒကို ငါဘုရားသည် မာတုဂါမ ဖြင့် ဖြားယောင်း၍ ဆုံးမဖူးလေပြီဟု ဇာတ်တော်ကို ပေါင်း၍ ပြီးဆုံးစေတော် မူသတည်း။
အရှင်နန္ဒမထေရ် ဝတ္တု ပြီး၏။
---၁၀ - စုန္ဒဝက်သတ်သမား ဝတ္ထု
ဣဓ သောစတိ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စုန္ဒမည်သော ဝက်သတ် သမားကို အကြောင်းပြု၍ ဟောတော်မူလေ၏။
---စုန္ဒ၏ အသက်မွေး ကြမ်းကြုတ်ပုံ
ထိုစုန္ဒ ဝက်သတ်သမားသည် ငါးဆယ့်ငါးနှစ်တို့ပတ်လုံး ဝက်တို့ကို သတ်၍ စားသောက်ကာ ရောင်းချကာ အသက်မွေးမြူသတတ်၊ ငတ်မွတ် ရှားပါးသောအခါ လှည်းတို့ဖြင့် စပါးကိုယူ၍ ဇနပုဒ်ကြီးငယ် အသွယ်သွယ် အရပ်ရပ်သို့ လှည့်လည် သွားလာပြီးလျှင် တစလယ် နှစ်စလယ်သော အဘိုးမျှဖြင့် ရွာသူ ရွာသားတို့ မွေးမြူအပ်သော ဝက်တို့ကို ဝယ်ယူ စုဆောင်း၍ လှည်းတစီး အပြည့်တင်ယူကာ ပြန်လာပြီးလျှင် အိမ်၏ နောက်ဖေး၌ နွားခြံကဲ့သို့ တခုသော နေရာကို စည်းစောင်းရန်း ခြံကာ၍ ထိုခြံ၌ ဝက်ငယ်တို့ကို နေစေသဖြင့် ထိုဝက်ငယ်တို့သည် အထူးထူးသော သစ်ပင်ငယ်တို့ကို၎င်း၊ ကိုယ်အညစ်အကြေး မစင်တို့ကို၎င်း စားသောက်ကာ ကြီးပွားခြင်းသို့ ရောက်ကြကုန်သည်ရှိသော် အကြင် အကြင် သို့သော ဝက်ကို သတ်ဖြတ်ခြင်းငှါ အလိုရှိ၏၊
ထိုထိုသို့သော ဝက်ကို ဝက်သတ်သောနေရာ၌ မလှုပ်နိုင်အောင်ချည်၍ ကိုယ်အသား ပွားစေခြင်းငှါ အထောင့် လေးထောင့်ရှိသော ဆောက်ရိုက် တင်းပုတ်ဖြင့် ပုတ်ခတ်ကာ ဖူးဖူးရောင်အောင်ပြု၍ အသားများလေပြီဟု သိသောအခါ ခံတွင်းကို ဖွင့်၍ အာခေါင်အတွင်း၌ တုတ်တံကို ထောက်ကန်ပြီးလျှင် သံခွက်ဖြင့် ကျိုက်ကျိုက်ဆူသော ရေနွေးကို ခံတွင်းသို့ သွန်းလောင်းလိုက်လေ၏၊
ထိုသို့ သွန်းလောင်း အပ်သော ကျိုက်ကျိုက်ဆူသော ရေနွေးသည် ဝမ်းတွင်းသို့ ဝင်၍ အစာဟောင်းကို တိုက်မျောကာ ဆောင်ယူလျက် အောက်အဖို့ဖြင့် ထွက်သွား လေ၏၊ အကြင်ရွေ့လောက် အနည်းငယ်မျှသော အစာဟောင်းသည် ရှိသေး၏၊ ထိုရွေ့လောက် ရေနွေးသည် နောက်ကျုသည်ဖြစ်၍ ထွက်လာ၏၊ ဝမ်းတွင်း၌ စင်ကြယ်သည်ရှိသော် မနောက်ကျုဘဲ ကြည်လင် သန့်ရှင်းစွာ ထွက်လာ၏၊
ထိုနောက်မှ ရေနွေးအကြွင်းကို ဝက်ကျောက်ကုန်းထက်၌ လောင်း၏၊ ထိုရေနွေး သည် မည်းနက်သော သားရေတို့ကို ကျွတ်ကွာစေ၍ သွား၏၊ ထို့နောက်မှ မြက်မီးရှုးဖြင့် အမွေးအမှင်တို့ကို မီးတိုက်၍ ထက်လှစွာသော ဓား, သန်လျက်ဖြင့် ဦးခေါင်းကို ဖြတ်၏၊ ကျထွက်ယိုစီးသော သွေးကို အိုးခွက်ဖြင့် ခံယူ၍ ၎င်းသွေးနှင့် အသားကို ရောနှောနယ်လျက် ချက်ပြီးလျှင် သားမယားတို့၏ အလယ်၌ နေထိုင် စားသောက်၍ အကြွင်းကို ရောင်းချ၏၊
ဤနည်းဖြင့် အသက်မွေးခြင်းကိုပြုသော ထိုစုန္ဒဝက်သတ်သမားအား ငါးဆယ့်ငါးနှစ် တို့သည် လွန်လေကုန်၏၊ မြတ်စွာဘုရားသည် အနီးဖြစ်သောကျောင်း၌ နေတော်မူပါ လျက် တနေ့တရက်မျှလည်း ပန်းတဆုပ်မျှ ပူဇော်ခြင်းကို၎င်း၊ ဆွမ်းတယောက်မမျှ လှူခြင်းကို၎င်း၊ ထိုမှတပါး တစုံတခုသော ကုသိုလ်ကောင်းမှု မည်သည်ကို၎င်း မပြုခဲ့လေ။
---ဝက်သတ်သမား မသေမီ ဆင်းရဲခံရပြီး ငရဲကျခြင်း
အခါတပါး ထိုစုန္ဒဝက်သတ်သမားကိုယ်၌ အနာရောဂါသည် ဖြစ်ပေါ်လာလေ၏၊ အသက်ရှင်စဉ်ပင်လျှင် အဝီစိ ငရဲမီးပူသည် (တကိုယ်လုံး ပူလောင်အောင်) ထလာ လေ၏။
အဝီစိ ငရဲမီးပူ မည်သည်ကား ယူဇနာတရာထက်၌ တည်၍ ကြည့်သောသူ၏ မျက်စိတို့ကို ဖောက်ခွဲခြင်းငှါ စွမ်းနိုင်သော အပူဖြစ်၏၊ ထိုစကား မှန်၏၊ သံဖြင့် ပြီးသောမြေ၌ လောင်သော ထိုအဝီစိ ငရဲမီးလျှံသည် ထက်ဝန်းကျင် ယူဇနာ တရာတိုင်တိုင် အခါခပ်သိမ်း ပြန့်နှံ့၍တည်၏ဟု ဘုရားဟောတော်မူ၏၊
အရှင်နာဂသိန် မထေရ်ကား ငရဲမီးသည် ပြကတေ့သော မီးပူသည်ထက် လွန်ကဲ၍ ပူသောကြောင့် ဤ ဥပမာကို မိန့်တော်မူအပ်၏၊ မိလိန္ဒမင်းကြီး ဥပမာကား တောင်ထွဋ်မျှလောက်သော ကျောက်တုံးကိုပင် ငရဲမီး၌ ပစ်ချလိုက်သည်ရှိသော် တခဏချင်း ကြေမွခြင်းသို့ ရောက်ရာ၏၊ သို့ရာတွင် ကံ၏အစွမ်းကြောင့် ငရဲမီး၌ဖြစ် သော သတ္တဝါတို့သည်ကား အမိဝမ်းတွင်း၌ ပဋိသန္ဓေနေသော သတ္တဝါတို့ကဲ့သို့ ကြေမွခြင်းမရှိကြကုန်ဟု မိလိန္ဒမင်းကြီးအား ဟောတော်မူ၏။
ထိုစုန္ဒဝက်သတ်သမားအား ငရဲမီးသည် (တကိုယ်လုံး ပူလောင်အောင်) ထလတ် သည်ရှိသော် ကံနှင့်တူသော အချင်းအရာသည် ဖြစ်လေ၏၊ ဖြစ်ပုံကား အိမ်၏ အလယ်၌သာလျှင် ဝက်ကဲ့သို့ မြည်တမ်း ဟစ်အော်လျက် ပုဆစ်ဒူးနှစ်ဘက် တို့ဖြင့်သာ သွားလာ လှည့်လည်၍ အိမ်ရှေ့နံရံ အနောက်နံရံကို လူးလာပြန်ကာ သွားလာနေရ၏၊
ထိုအခါ အိမ်၌နေသောသူတို့သည် စုန္ဒကို မြဲစွာ ဖမ်းဆီး၍ ခံတွင်းကို ပိတ်ကြကုန်၏၊ ထိုသို့ပိတ်ကြသော်လည်း တားမြစ်အံ့သောငှါ မတတ်နိုင်ကြကုန်၊ ကံ၏အကျိုး မည်သည်ကို ဘုရားတို့အားသော်လည်း မတားမြစ်နိုင်၊ ထိုစုန္ဒသည် မြည်တမ်းလျက် ထိုမှ ဤမှ သွားလာ လှည့်လည်၍ နေရကား ထက်ဝန်းကျင် ခုနစ်အိမ်တိုင် အောင်သော လူတို့သည် အိပ်ပျော်ခြင်းကို မရကြလေကုန်၊
သေဘေးဖြင့် ကြံတွေးထိတ်လန့် တုန်လှုပ်သော ထိုစုန္ဒကို အလုံးစုံသော အိမ်နေ လူအပေါင်းတို့သည် အိမ်မှ အပသို့ ထွက်သွားမည်ကို တားမြစ်ခြင်းငှါ အကြင်သို့သော အခြင်းအရာဖြင့် အိမ်တံခါး ပိတ်အပ်သည်ရှိသော် အိမ်၏ အတွင်း၌ တည်၏၊ အပ၌ လှည့်လည် သွားလာခြင်းငှါ မစွမ်းနိုင်၊ ထိုသို့သော အခြင်းအရာဖြင့် အိမ်တံခါးတို့ကို ပိတ်၍ အပြင်မှ ခြံရံကာ စောင့်ရှောက်လျက် ရှိ၏၊
စုန္ဒဝက်သတ်သမားလည်း အိမ်အတွင်း၌သာလျှင် ငရဲမီး ပြင်းစွာ ပူလောင်သဖြင့် ဟစ်အော် မြည်တမ်းလျက် ထိုမှ ဤမှ သွားလာ လှည့်လည်ရရှာ၏၊ ဤသို့ ခုနစ်ရက် တို့ပတ်လုံး လှည့်ပတ် ပြေးသွားကာ နေရပြီးလျှင် ခုနစ်ရက် မြောက်သောနေ့၌ သေခြင်းကိုပြု၍ အဝီစိငရဲကြီး၌ ဖြစ်လေ၏, အဝီစိငရဲကြီးကို ဒေဝဒူတသုတ်ဖြင့် ဖွင့်ပြအပ်၏။
---ရဟန်းများ ဘုရားကို လျှောက်ထားခြင်း
ရဟန်းတို့သည် ထိုစုန္ဒ ဝက်သတ်သမား၏ အိမ်တံခါး အနီးအပါးဖြင့် သွားလာ ကြကုန်သည်ရှိသော် ဝက်ကဲ့သို့ ဟစ်အော်သော ထိုအသံကို ကြား၍ ဝက်မြည်သံ ဟူ၍သာ အမှတ်ရှိကုန်သဖြင့် ကျောင်းသို့ရောက်ရှိသောအခါ မြတ်စွာဘုရား အထံ၌ (ရိုသေစွာ) ထိုင်နေကုန်လျက် ဤသို့ လျှောက်ကြားကုန်၏၊
ဘုန်းတော်ကြီးသော မြတ်စွာဘုရား စုန္ဒဝက်သတ်သမား၏ အိမ်တံခါးကို ပိတ်၍ ဝက်တို့ကို သတ်အပ် ကုန်သည်ကား ယနေ့ ခုနစ်ရက်မြောက် ရှိပါပြီ၊ ထိုစုန္ဒု ဝက်သတ်သမား၏ အိမ်၌ တစုံတခုသော မင်္ဂလာအမှု ပြုသည် ဖြစ်လတ္တံ့ဟု ထင်မိပါသည်၊
ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤမျှလောက်သော ဝက်တို့ကို သတ်ဖြတ်သော ထိုသူအား တကြိမ်တခါမျှ ချစ်ခင်တတ်သော မေတ္တာစိတ်သည်၎င်း၊ သနား တတ်သော ကရုဏာစိတ်သည်၎င်း မရှိပါ၊ ဤကဲ့သို့ ကြမ်းတန်း ခက်ထန်လှသော သူကို တပည့်တော်တို့ တရံတခါမျှ မတွေ့မမြင်ဖူးပါ ဘုရားဟု လျှောက်ကြား ကြကုန်၏၊
ထိုအခါ မြတ်စွာဘုရားသည် ချစ်သား ရဟန်းတို့ ထိုစုန္ဒဝက်သတ်သမားသည် ဤခုနစ်ရက်တို့၌ ဝက်တို့ကိုသတ်ဖြတ်သည် မဟုတ်၊ ထိုသူအား ပြုအပ်သောကံနှင့် အလားတူစွာသော အကျိုးသည် ထင်ရှားစွာ ဖြစ်လာ၏၊ အသက်ရှင်စဉ်ပင်လျှင် အဝီစိငရဲမီးပူသည် ထင်လာ၏၊ ထိုစုန္ဒဝက်သတ်သမားသည် ငရဲမီး ပြင်းစွာ ပူလောင် သဖြင့် ခုနစ်ရက်တို့ပတ်လုံး ဝက်ကဲ့သို့ မြည်တမ်းဟစ်အော်လျက် မိမိနေအိမ်၌ လှည့်ပတ်ပြေးသွား ကာ နေရပြီးလျှင် ယနေ့သေခြင်းကိုပြု၍ အဝီစိငရဲ၌ ဖြစ်လေပြီဟု မိန့်တော်မူသည် ရှိသော် မြတ်စွာဘုရား ယခုပစ္စက္ခ ဤဘဝ၌ ဤသို့ စိုးရိမ် ပင်ပန်းပြီးလျှင် တမလွန်လောက နောင်ဘဝ၌လည်း စိုးရိမ်ပင်ပန်းရာ အရပ်မှာပင် ဖြစ်ရရှာလေစွ တကားဟု လျှောက်ကြားသောအခါ ချစ်သား ရဟန်းတို့ ဟုတ်မှန်လှ ပေ၏၊ မေ့လျော့သောသူ မည်သည်ကား ရဟန်းဖြစ်စေ၊ လူဖြစ်စေ ပစ္စုပ္ပန်, တမလွန် နှစ်တန်သောဘဝတို့၌ စိုးရိမ်ရသည်သာတည်းဟု မိန့်တော်မူပြီးလျှင် ဤဂါထာကို ဟောတော်မူ၏။
---ဒေသနာတော်
၁၅။ ဣဓ သောစတိ ပေစ္စ သောစတိ၊
ပါပကာရီ ဥဘယတ္ထ သောစတိ။
သော သောစတိ သော ဝိဟညတိ၊
ဒိသွာ ကမ္မကိလိဋ္ဌ မတ္တနော။
ပါပကာရီ၊ မကောင်းမှုကို ပြုလေ့ရှိသောသူသည်။
ဣဓ၊ ပစ္စုပ္ပန်လောက ဤဘဝ၌လည်း။
သောစတိ၊ စိုးရိမ်ရ၏။
ပေစ္စ၊ တမလွန်လောက နောင်ဘဝ၌လည်း။
သောစတိ၊ စိုးရိမ်ရ၏။
ဥဘယတ္ထ၊ ပစ္စုပ္ပန်, တမလွန် နှစ်တန်သော ဘဝ၌။
သောစတိ၊ စိုးရိမ်ရ၏။
သော၊ ထိုသူသည်။
အတ္တနော၊ မိမိ၏။
ကမ္မကိလိဋ္ဌံ၊ ညစ်ညူးသော အကုသိုလ် ကံကြမ္မာကို။
ဒိသွာ၊ မြင်၍။
သောစတိ၊ စိုးရိမ်ရ၏။
သော၊ ထိုသူသည်။
ဝိဟညတိ၊ ပင်ပန်းရ၏။
ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြကုန်၏၊ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။
စုန္ဒဝက်သတ်သမားဝတ္ထု ပြီး၏၊
---၁၁ - ဓမ္မိကဥပါသကာ
ဣဓ မောဒတိ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဓမ္မိကဥပါသကာကို အကြောင်းပြု၍ ဟောတော်မူလေ၏။
---ဓမ္မိကဥပါသကာ အိမ်သားတို့ ကုသိုလ်ပြုပုံ
သာဝတ္ထိပြည်၌ တရားစောင့်သော ဓမ္မိက အမည်ရှိသော ငါးရာကုန်သော ဥပါသကာ တို့သည် ရှိကုန်သတတ်၊ ထိုငါးရာသော ဥပါသကာတို့တွင် တယောက် တယောက်သော ဥပါသကာအား ငါးရာ ငါးရာသော ဥပါသကာတို့သည် ခြံရံကြကုန်၏၊ ထို ဥပါသကာ အားလုံးတို့၏ အပေါ်၌ အကြီးဆုံး ဥက္ကဋ္ဌဖြစ်သော မဟာဓမ္မိက မည်သော အကြင် ဥပါသကာသည် ရှိ၏၊
ထိုဥပါသကာကြီးအား သားယောက်ျား ခုနစ်ယောက်, သ္မီးမိန်းမ ခုနစ်ယောက် တို့သည် ရှိကုန်၏၊ ထိုသားသ္မီးတို့တွင် တယောက် တယောက်၏ (ဝါ သားသ္မီးတိုင်း) တခု တခုသော စာရေးတံ ယာဂုကို၎င်း၊ စာရေးတံ ဆွမ်းကို၎င်း၊ လဆန်းပက္ခ လဆုတ်ပက္ခ၌ လှူအပ်သော ဆွမ်းကို၎င်း၊ ပင့်ဖိတ်၍ လှူအပ်သော ဆွမ်းကို၎င်း၊ ဥပုသ် နေ့၌ လှူအပ်သော ဆွမ်းကို၎င်း၊ ဧည့်သည်အာဂန္တု ရဟန်းတို့အား လှူအပ်သော ဆွမ်းကို၎င်း၊ သံဃာအား လှူအပ်သော ဆွမ်းကို၎င်း၊ ဝါဆိုသင်္ကန်းကို၎င်း ပေးလှူ ကြခြင်းတို့ဖြင့် ထိုသားသ္မီး အားလုံးတို့ပင် မိဘတို့သို့ အတုလိုက်၍ ဖြစ်သော *အနုဇာတ သားသ္မီးတို့မည်သည် ဖြစ်ကုန်၏၊
(၁ - မိကောင်းဖခင် ကျင့်စဉ်မလိုက်ဘဲ ယုတ်ညံ့စွာသော အဝဇာတသား။
၂ - မိကောင်းဖခင် ကျင့်စဉ်လိုက်သဖြင့် လျော်စွာသော အနုဇာတသား၊
၃ - မိကောင်းဖခင် ကျင့်စဉ်ထက် သာလွန်သဖြင့် လွန်ကဲစွာဖြစ်သော အတိဇာတ သား။
ဤ သားသုံးယောက်တွင် အဝဇာတသားကို အလိုမရှိအပ်၊ သားယုတ်မာ ဖြစ်သည်။)
ဤသို့လျှင် တကျိပ်လေးယောက်သော သားသ္မီးတို့၏၎င်း၊ မယား၏၎င်း၊ ဓမ္မိက ဥပါသကာကြီး၏၎င်း ပေါင်း တဆယ့်ခြောက်ခုသော စာရေးတံဆွမ်း ယာဂုစသည် တို့သည် ဖြစ်ကုန်၏၊ ယင်းသို့ သားမယားနှင့် တကွသော ထိုဓမ္မိကဥပါသကာ ကြီးသည် စောင့်ထိန်းအပ်သော သီလရှိသဖြင့် ကောင်းသော အကျင့်တရား ရှိသည်ဖြစ်၍ ဝေဖန်ပေးကမ်း လှူဒါန်းခြင်း၌ ပျော်မွေ့သောသူ ဖြစ်လေ၏။
---ဥပါသကာကြီး မကျန်းမာသဖြင့် တရားနာခြင်း
ထိုမှ နောက်အဖို့၌ ထိုဓမ္မိကဥပါသကာအား အနာရောဂါဖြစ်၍ အသက်ကို ပြုပြင်သော အားအင် ယုတ်လျော့ လေ၏၊ ထိုဓမ္မိက ဥပါသကာသည် တရားတော်ကို နာလိုသည်ဖြစ်၍ ရဟန်းရှစ်ပါးတို့ကို ဖြစ်စေ၊ တဆယ့်ခြောက်ပါးတို့ကို ဖြစ်စေ ဘုရားတပည့်တော်ထံသို့ စေလွှတ်တော်မူကြပါ ဘုရားဟု မြတ်စွာဘုရား အထံသို့ ပင့်လျှောက်ငစ၏၊
မြတ်စွာဘုရားသည် ရဟန်းတို့ကို စေလွှတ်တော်မူ၏၊ ထိုရဟန်းတို့သည် ကြွသွား ကြကုန်၍ ဓမ္မိက ဥပါသကာ၏ အိပ်ရာ ညောင်စောင်းကို ဝန်းရံခင်းထားသည့် နေရာများ၌ နေကြကုန်၏၊ ထိုအခါ အရှင်ဘုရားတို့ အရှင်တို့အား တပည့်တော်၏ ဖူးမြင်ရခြင်းသည် ရခဲတော့မည် ဖြစ်ပါလတ္တံ့၊ တပည့်တော် သည် အားနည်းခဲ့ပါပြီ၊
တပည့်တော်၏ အကျိုးငှါ သုတ္တန်တခု ချီးမြောက် သရဇ္ဈာယ်တော် မူကြပါဘုရားဟု လျှောက်သည်ရှိသော် ဥပါသကာကြီး အဘယ်သုတ္တန်တရားကို နာလိုသနည်းဟု မေးကြကုန်၏, အလုံးစုံသော ဘုရားရှင်တို့ မစွန့်လွှတ်အပ်သော သတိပဋ္ဌာန်သုတ် တရားကို နာချင်ပါ၏ဟု လျှောက်သည်ရှိသော် “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ”အစရှိသော သုတ္တန်တရားတော်ကို သရဇ္ဈာယ်တော်မူကြကုန်၏။
---နတ်ရထားခြောက်စင်း ရောက်လာ၍ နတ်တို့နှင့် စကားပြောခြင်း
ထိုခဏ၌ နတ်ပြည် ခြောက်ထပ်တို့မှ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာ ဆင်အပ်ကုန်သော သိန္ဓောမြင်း တထောင်တို့ဖြင့် က,အပ်ကုန်သော အပြန့် အကျယ် ယူဇနာ ငါးရာ ငါးရာ ရှိကုန်သော ရထား ခြောက်စင်း တို့သည် ရောက်လာကြကုန်၏၊
ထိုခြောက်စင်းသော ရထားတို့၌ တည်နေပါရှိကုန်သော နတ်သားတို့သည် ငါတို့၏ နတ်ပြည်သို့ ဆောင်ယူကုန်အံ့၊ ငါတို့၏ နတ်ပြည်သို့ ဆောင်ယူကုန်အံ့ ဟု ပြောဆိုကြပြီးလျှင် “အို အချင်း ဓမ္မိက ဥပါသကာကြီး မြေအိုးကိုခွဲ၍ ရွှေအိုးကို ယူဘိသကဲ့သို့ အကျွန်ုပ်တို့၏ နတ်ပြည်၌ မွေ့လျော် အံ့သောငှါ ဤရထားထက်၌ ဖြစ်လာပါလော့၊ အကျွနု်ပ်တို့၏ နတ်ပြည်၌ မွေ့လျော်အံ့သောငှါ ဤရထားထက်၌ ဖြစ်လာပါလော့”ဟု တောင်းပန်ခယ ပြောဆိုကြကုန်၏၊
ဓမ္မိက ဥပါသကာသည် တရားနာခြင်း၏ အနှောက်အရှက် ဖြစ်မည်ကို အလို မရှိရကား ဆိုင်းငံ့ကြပါ ကုန်ဦးလော့၊ ဆိုင်းငံ့ကြပါကုန်ဦးလော့ဟု ဆိုလေ၏၊ သုတ္တန်တရား သရဇ္ဈာယ်ကြကုန်သော ရဟန်းတို့သည် ငါတို့ကို တားမြစ်သည် မှတ်ထင်ကြ၍ ဆိတ်ဆိတ် နေကြလေကုန်၏။
---ရဟန်းသံဃာများ ပြန်ကြွသွားပြီးနောက်
တုသိတာ နတ်ရထား ပန်းကုံးစွပ်ခြင်း
ထိုအခါ ဓမ္မိက ဥပါသကာ၏ သားသ္မီးတို့သည် ငါတို့အဘသည် ရှေးရှေး အခါ၌ တရားနာခြင်းဖြင့် မရောင့်ရဲနိုင်ပြီ ယခုမှာမူကား ရဟန်းတို့ကို ပင့်ခိုင်း၍ ရွတ်ဖတ်သရဇ္ဈာယ်စေပါလျက် မိမိကိုယ်တိုင်ပင် တားမြစ်ပြန်၏၊ သေဘေးကို မကြောက်သောသူမည်သည် မရှိပြီဟု ငိုကြွေး မြည်တမ်းကြလေကုန်၏၊ ရဟန်း တို့သည် ယခုအခါ၌ ရွတ်ဖတ် သရဇ္ဈာယ်နေရန် အခွင့်အခါ မဟုတ်ပြီဟု အောက်မေ့ကာ နေရာမှထ၍ ဖဲသွားကြလေကုန်၏၊
ဥပါသကာကြီးသည် အနည်းငယ် တခဏမျှကို လွန်စေပြီးလျှင် သတိရသဖြင့် သားသ္မီးတို့ကို သင်တို့သည် အဘယ့်ကြောင့် ငိုကြွေးကြကုန်ဘိသနည်း ဟု မေးလေ၏၊ ဖခင် သင် ဖခင်တို့သည် ရဟန်းတော်တို့ကို အပင့်ခိုင်း၍ တရားနာ နေကြကုန်စဉ် ကိုယ်တိုင်ပင် တားမြစ်ကုန်၏၊ ထိုသို့ တားမြစ်ခြင်းကြောင့် သေခြင်းကို မကြောက်သောသူ မည်သည် မရှိဟု အောက်မေ့ကာ အကျွန်ုပ်တို့ ငိုကြွေးကြ ပါကုန်၏ဟု ဖြေဆိုကြလေ၏။
အရှင်ကောင်းတို့သည်ကား အဘယ်မှာနည်းဟု မေးလတ်သော် ဖခင် အရှင်ကောင်း တို့သည် ရွတ်ဖတ် သရဇ္ဈာယ်နေရန် အခွင့်အခါ မဟုတ်ပြီဟု အောက်မေ့ကာ နေရာမှထ၍ ဖဲသွားကြကုန်ပြီဟု ပြောကြားကြ သဖြင့် ငါသည် အရှင်ကောင်း တို့နှင့်စကား ပြောဆိုသည်မဟုတ်ဟု ဆိုလေသော် ထိုသို့ မဟုတ်လျှင် ဖခင်တို့သည် အဘယ်သူနှင့် ပြောဆိုကြပါ သနည်းဟု မေးကြကုန်၏၊
နတ်ပြည်ခြောက်ထပ်တို့မှ နတ်သားတို့သည် ရထား ခြောက်စင်းတို့ကို တန်ဆာ ဆင်ကာ ယူလာပြီးလျှင် ကောင်းကင်၌ တည်၍ အကျွန်ုပ်တို့၏ နတ်ပြည်၌ မွေ့လျော်လှည့်ပါ၊ အကျွန်ုပ်တို့၏ နတ်ပြည်၌ မွေ့လျော်လှည့်ပါဟု အသံပြု ကြကုန်၏၊ ထိုနတ်သားတို့နှင့်သာ ငါစကား ပြောဆို၏ဟု ပြောကြား ဖြေဆိုလေ၏။
ဖခင် ရထားတို့သည် အဘယ်မှာနည်း၊ အကျွန်ုပ်တို့ မမြင်ကြပါကုန်ဟု ဆိုသည် ရှိသော် ငါ့အလို့ငှါ ကုံးထားသော ပန်းကုံးတို့သည် ရှိကြကုန်သလောဟု မေးသဖြင့် ဖခင် ရှိပါကုန်၏ဟု ဆိုကြကုန်သော် အဘယ် နတ်ပြည်သည် မွေ့လျော်ဖွယ် ရှိသနည်းဟု မေးပြန်သဖြင့် ဖခင် ခပ်သိမ်းသော ဘုရားလောင်း တို့၏၎င်း၊ ဘုရား မယ်တော် ခမည်းတော်တို့၏၎င်း ပျော်မွှေ့နေထိုင်ရာ တုသိတာ နုတ်ပြည်သည် မွေ့လျော်ဖွယ်ရှိ၏ဟု ပြောဆိုကြကုန်၏၊
ထိုသို့ဖြစ်မူ တုသိတာ နတ်ပြည်မှ လာသောရထားဦး၌ ငြိကပ်ချိက်စွပ်စေသတည်းဟု ဓိဋ္ဌာန်၍ ပန်းကုံးကို ပစ်ကုန်လော့ဟု ဆိုလေ၏၊ ထိုသားသ္မီးတို့သည် ဖခင်ဆိုတိုင်း ပစ်ကြ ကုန်သည်ရှိသော် ထိုပန်းကုံးသည် ရထားဦး၌ ငြိကပ် ချိတ်စွပ်၍ ကောင်းကင် တွဲရရွဲဆွဲလျက် တည်နေလေရာ များစွာသော လူတို့သည် ထိုပန်းကုံးကိုသာလျှင် မြင်ကြကုန်၏၊ ရထားကိုကား မမြင်ကြလေကုန်။
ဓမ္မိက ဥပါသကာသည် ဤပန်းကုံးကို မြင်ကြကုန်သလောဟု မေး၍ ဪ ... မြင်ကြပါကုန်၏ ဟု ဆိုကုန်လတ်သော် ဤပန်းကုံးသည် တုသိတာ နတ်ပြည်မှ ရောက်လာသော ရထား၌ တွဲရရွဲ ဆွဲလျက် ငြိကပ်ချိတ်စွပ်ကာ နေပြီဟု ပြောဆိုလေ၏။
---သေခါနီး နောက်ဆုံး မှာကြားသော
စကားနှင့် ဘုရားရှင်၏ မိန့်ခွန်းတော်များ
ထိုသို့ ပြောဆိုပြီးလျှင် ငါသည် တုသိတာ နတ်ပြည်သို့ သွားပေအံ့၊ သင်တို့သည် မစိုးရိမ် မပင်ပန်းကြကုန်လင့်၊ ငါ၏ အထံ၌ ဖြစ်လိုကြမူကား ငါပြုသော နည်းဖြင့် သာလျှင် ကုသိုလ်ကောင်းမှုတို့ကို ပြုရစ်ကြကုန်လော့ဟု အဆုံးသတ် မှာထား ပြီးလျှင် သေခြင်းကို ပြုလတ်သည်ရှိသော် တုသိတာ နတ်ရထား၌သာလျှင် တက်စီး မသွေ တည်နေခဲ့လေ၏၊
ထိုဓမ္မိကဥပါသကာ နတ်သားကြီးအား ထိုခဏ၌ပင် လှည်းအစီးခြောက်ဆယ် တင်လောက်သော ဝန်ရှိသော တန်ဆာဖြင့် တန်ဆာ ဆင်အပ်သော သုံးဂါဝုတ် အတိုင်းအရှည်ရှိသော ခန္ဓာကိုယ် အတ္တဘောသည် ဖြစ်လာလေ၏၊ နတ်သ္မီး တထောင် ခြံရံလေ၏၊ နှစ်ဆယ့်ငါး ယူဇနာရှိသော ရွှေဗိမာန်သည် ထင်ရှားစွာ ဖြစ်ပေါ်လာလေ၏။
ကျောင်းတော်သို့ ပြန်ရောက်လာကြကုန်သော ထို ရဟန်းတို့ကိုလည်း မြတ်စွာဘုရား သည် ချစ်သား ရဟန်းတို့ သင်တို့သည် ဥပါသကာအား တရား ဟောကြားအပ် ခဲ့ပြီလောဟု မေးတော်မူ၏၊ မြတ်စွာဘုရား ဟောကြားခဲ့ပါပြီ၊ ထိုသို့ဟောသော်လည်း တရားမပြီးဆုံးမီ အကြား၌ပင် ဆိုင်းငံ့ကြပါကုန်လော့ဟု တားမြစ် ပိတ်ပင်ပါသည်၊ ထိုအခါ ဥပါသကာကြီး၏ သားသ္မီးတို့သည် ငိုကြွေးပါကုန်သည်၊ ဘုရားတပည့်တော် တို့သည် ယခုအခါ ရွတ်ဖတ်သရဇ္ဈာယ် နေရန် အခွင့်အခါမဟုတ်ပြီဟု နေရာမှ ထကာ ထွက်ပြန်လာကြပါသည် ဘုရားဟု လျှောက်ကြားကြလေကုန်၏၊
ချစ်သား ရဟန်းတို့ ထိုဓမ္မိက ဥပါသကာကြီးသည် သင်တို့နှင့်တကွ စကား ပြောဆိုသည်မဟုတ်၊ နတ်ပြည် ခြောက်ထပ်တို့မှ နတ်သားတို့သည် ရထား ခြောက်စင်းတို့ကို တန်ဆာဆင်၍ ဆောင်ယူလာပြီးလျှင် ထိုဓမ္မိက ဥပါသကာကို ဖိတ်ခေါ်ကြကုန်၏၊ ထိုဓမ္မိက ဥပါသကာကြီးသည် တရားဟောခြင်း အနှောက်အရှက် ဖြစ်မည်ကို အလိုမရှိရကား ထိုနတ်တို့နှင့် တကွ စကားဆိုသတည်း ဟု မိန့်တော်မူလေ၏၊
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအတိုင်း မှန်ပါသလား ဘုရားဟု လျှောက်ကြားကြသောအခါ ချစ်သားတို့ ဤသို့ ဖြစ်ခြင်းပေတည်းဟု မိန့်ကြား တော်မူလေ၏၊ ယခုအခါ အဘယ်ဘုံ၌ ဖြစ်ပါသနည်းဟု နားတော်လျှောက်ကြ ပြန်သောအခါ ချစ်သား ရဟန်းတို့ တုသိတာနတ်ဘုံ၌ ဖြစ်ပြီဟု မိန့်တော်မူလေ၏၊
မြတ်စွာဘုရား ယခုအခါ ဤလူ့ပြည်၌ အဆွေအမျိုးတို့အလယ် မွေ့လျော်စွာ ကျင်လည်ပြီးလျှင် ယခုပင် ဘဝတပါးပြောင်းသွား၍ တဖန် မွှေ့လျော်ဖွယ် ကောင်းသော အရပ်၌သာလျှင် ဖြစ်ပေသည်ဟု တုံ့ပြန် လျှောက်ကြားကြသောအခါ ချစ်သား ရဟန်းတို့ ဟုတ်မှန်ပေ၏၊ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ကြ ကုန်သော လူဖြစ်သောသူသည်၎င်း၊ ရဟန်းဖြစ်သောသူသည်၎င်း ခပ်သိမ်းသော အရပ်၌ မွေ့လျော်ကြ ကုန်သည် သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော် မူလေ၏။
---ဒေသနာတော်
၁၆။ ဣဓ မောဒတိ ပေစ္စ မောဒတိ၊
ကတပုညော ဥဘယတ္ထ မောဒတိ။
သော မောဒတိ သော ပမောဒတိ၊
ဒိသွာ ကမ္မဝိသုဒ္ဓိ မတ္တနော။
ကတပုညော၊ ပြုအပ်ပြီးသော ကုသိုလ်ကောင်းမှု ရှိသောသူသည်။
ဣဓ၊ ဤပစ္စုပ္ပန်ဘဝ၌လည်း။
မောဒတိ၊ မွေ့လျော်ရ၏။
ပေစ္စ၊ တမလွန်ဘဝ၌လည်း။
မောဒတိ၊ မွေ့လျော်ရ၏။
ဥဘယတ္ထ၊ ပစ္စုပ္ပန်, တမလွန် နှစ်တန်သော ဘဝ၌။
မောဒတိ၊ မွေ့လျော်ရ၏။
အတ္တနော၊ မိမိ၏။
ကမ္မဝိသုဒ္ဓိံ၊ ကောင်းမှုကံ၏ စင်ကြယ်ခြင်းကို။
ဒိသွာ၊ မြင်၍။
သော၊ ထိုသူသည်။
မောဒတိ၊ မွေ့လျော်၏။
သော၊ ထိုသူသည်။
ပမောဒတိ၊ အလွန်မွေ့လျော်၏။
ဒေသနာတော်၏ အကျိုး
ဂါထာ၏ အဆုံး၌ များစွာသော သူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြကုန်၏၊ များစွာသော လူအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။
ဓမ္မိကဥပါသကာဝတ္ထု ပြီး၏။
---၁၂ - ရှင်ဒေဝဒတ်ဝတ္ထု (ဒုတိယ)
ဣဓ တပ္ပတိ အစရှိသော ဤ တရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ရှင်ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ရှင်ဒေဝဒတ်၏ ဝတ္ထုစကားအစဉ်ကို ရဟန်းပြုသော ကာလမှစ၍ မြေမျိုသည် တိုင်အောင် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူအပ်သော အလုံးစုံသော ဇာတ်တို့ကို အကျယ်ချဲ့၍ ဆိုအပ်သော်လည်း ဤ ဓမ္မပဒကျမ်း၌ကား အကျဉ်းသာ တည်း။
---သာကီဝင်မင်းသားတို့ ရဟန်းပြုရန် ပြောကြားခြင်း
သဗ္ဗညု မြတ်စွာဘုရားသည် မလ္လာမင်းတို့၏ အနုပိယ အမည်ရှိသော နိဂုံးကို အမှီပြု၍ အနုပိယ မည်သော သရက်ဥယျာဉ်တော၌ သီတင်းသုံး စံနေတော်မူစဉ်ပင် ဘုရားအလောင်းတော်၏ လက္ခဏာ ကြီးငယ်တို့ကို ဖတ်သောနေ့၌ ရှစ်သောင်း ကုန်သော ဆွေတော်မျိုးတော်တို့သည် မင်းသည်မူလည်း ဖြစ်စေ၊ ဘုရားသည် မူလည်း ဖြစ်စေ မင်းမျိုးအပေါင်း ခြံရံလျက်သာလျှင် လှည့်လည်ရလတ္တံ့ ဟု ရှစ်သောင်းကုန်သော မင်းသား တို့ကို ဝန်ခံအပ်ကုန်၏၊
ထိုမင်းသားတို့သည် များသောအားဖြင့် ရဟန်းပြုကြကုန်သည် ရှိသော် “ဘဒ္ဒိယမင်း, အနုရုဒ္ဓါမင်းသား, အာနန္ဒာမင်းသား, ဘဂုမင်းသား, ကိမိလမင်းသား, ဒေဝဒတ် မင်းသား အားဖြင့် ဤခြောက်ယောက်ကုန်သော သာကီဝင် မင်းသားတို့သည် အစဉ်လိုက်၍ ရဟန်းမပြုသည်တို့ကို မြင်ကြကုန်သည်ရှိသော် ငါတို့ကား မိမိတို့၏ သားတို့ကို ရဟန်းပြုစေကြရကုန်၏၊
ဤခြောက် ယောက်သော သာကီဝင် မင်းသားတို့သည်ကား မြတ်စွာဘုရား၏ ဆွေတော် မျိုးတော် မဟုတ်ဟန်တကား၊ အဘယ့်ကြောင့် ရဟန်း မပြုကြကုန် သနည်းဟု စကားကို ဖြစ်စေကြကုန်၏၊ ထိုအခါ မဟာနာမ်မည်သော သာကီဝင် မင်းသားသည် အနုရုဒ္ဓါ မင်းသား၏ အထံသို့ ချဉ်းကပ်၍ အမောင် ညီတော် အနုရုဒ္ဓါ ငါတို့၏ အမျိုး၌ ရဟန်းပြုသောသူသည် မရှိလေသေး၊ အသင် ညီတော်တည်း ရဟန်းပြုမည်လော၊ သို့တည်းမဟုတ် ငါနောင်တော်သည်ပင်လျှင် ရဟန်းပြုရအံ့ လောဟု မေးလေ၏။
---မရှိဟူသော စကားကို မကြားဖူးသော
အနုရုဒ္ဓါ မင်းသား အကြောင်း
ထိုအနုရုဒ္ဓါ မင်းသားသည်ကား သိမ်မွေ့နူးညံ့သော သဘောရှိ၏၊ ပြည့်စုံ ကြွယ်ဝသော စည်းစိမ်ချမ်းသာ ရှိ၏၊ မရှိဟူသော စကားကိုမျှလည်း မကြား စဖူးပေ၊ ထိုစကားသည် မှန်၏၊ တနေ့သ၌ ထိုခြောက်ယောက်သော မင်းသားတို့သည် ရွဲလုံးကစားခြင်းဖြင့် ကစားကြသည်ရှိသော် အနုရုဒ္ဓါမင်းသားသည် မုံ့ဖြင့် ရှုံးသည်ဖြစ်၍ မုံ့အလို့ငှါ အမိထံသို့ တမန် စေလွှတ်လိုက်၏၊
ထိုအခါ မင်းသား၏ မယ်တော်သည် မုံ့တို့ကို စီရင်ပြုလုပ်၍ ပို့လိုက်လေ၏၊ ထိုမင်းသားတို့သည် မုံ့ကိုစား၍ တဖန် ကစားကြပြန်ရာ အနုရုဒ္ဓါ မင်းသားအား သာလျှင် အဖန်ဖန် ရှုံးခြင်းသည် ဖြစ်၏၊ မယ်တော်သည် စေလွှတ်တိုင်း စေလွှတ်တိုင်း သုံးကြိမ်တိုင်အောင် မုံ့တို့ကို ပိုစ၍ လေးကြိမ်မြောက် စေလွှတ်သော အခါ၌ မုံ့မရှိပြီဟု ပြောဆို၍ စေလွှတ်လိုက်၏၊
အနုရုဒ္ဓါမင်းသားသည် မရှိဟူသော စကားကို မကြားဖူးသောကြောင့် ဤမရှိ ဟူသောအရာသည် မုံ့အထူး တမျိုးပင် ဖြစ်ပေလိမ့်မည်ဟု အောက်မေ့ မှတ်ထင်လျက် ငါ့အားထိုမရှိမုံ့ကိုပင် ဆောင်ခဲ့ကုန်လော့ဟု စေလွှတ်လိုက်ပြန်၏၊ မင်းသား၏ မယ်တော်သည်ကား အရှင်မ မရှိမုံ့ကို ပေးလိုက်ပါတဲ့ဟု ဆိုသည်ရှိသော် ငါ၏ သားတော်သည် မရှိဟူသော စကားကို မကြားဖူးသည် ဖြစ်ပေလိမ့်မည်၊ ဤသို့သော ဥပါယ်တမျဉ်ဖြင့် သားတော်ကို ထိုအကြောင်းကို သိစေအံ့ဟု တစုံတရာမျှ မပါသော ရွှေခွက်တခုကို ရွှေခွက်တခုဖြင့် မှောက်၍ စေလွှတ်လိုက်၏။
ထိုအခါ မြို့စောင့်နတ်တို့သည် ကြံဆင်ခြင်ကြသည်မှာ အနုရုဒ္ဓါ မည်သော သာကီဝင် မင်းသားသည် အန္နဘာရ ဖြစ်စဉ်ကာလ မိမိအဖို့ဆောင်ယူခဲ့သော ထမင်းကို ဥပဓိဋ္ဌ ပစ္စေကဗုဒ္ဓါအား ပေးလှူ၍ မရှိဟူသော စကားကို ငါ့အား ကြားရခြင်းသည် မဖြစ်ပါစေသတည်း၊ ထမင်း ဖြစ်ရာ အရပ်ကို သိရခြင်းသည် မဖြစ်ပါစေသတည်းဟု ဆုတောင်းပတ္ထနာကိုပြုခဲ့ဖူးလေ၏၊
ဤ အနုရုဒ္ဓါမင်းသားသည် အချည်းနှီး မုံ့မရှိသောရွှေခွက်ကို အကယ်၍ မြင်သည် ဖြစ်ခဲ့အံ့၊ နတ် အစည်းအဝေးသို့ ဝင်ခြင်းငှါ ငါတို့ မရကုန်လတ္တံ့ ၊ ငါတို့၏ ဦးခေါင်း သည်လည်း ခုနစ်စိတ်ကွဲရာ၏ဟု ကြံဆင်ခြင်ကြလေ၏၊ ထိုသို့ ကြံဆင်ခြင်ကြ ပြီးလျှင် ထိုရွှေခွက်ကို နတ်၌ဖြစ်သော မုံ့တို့ဖြင့် ပြည့်သည်ကို ပြုကြကုန်၏၊
ထိုရွှေခွက်ကို ရွဲလုံး ကစားရာ တလင်းကစားဝိုင်း၌ ထား၍ ဖွင့်လှစ်ကာမျှ၌ မုံ့၏ အနံ့သည် အလုံးစုံသောမြို့၌ ဖုံးလွှမ်းဘိသကဲ့သို့ တည်လေ၏၊ မုံ့ပိုင်းကို ခံတွင်း၌ ထည့်ကာ မျှဖြင့်သာလျှင် အရသာကိုဆောင်သော ခုနစ်ထောင်ကုန်သော အကြော တို့သို့ ပြန်နှံ့လေ၏၊
အနုရုဒ္ဓါမင်းသားသည် ကြံအောက်မေ့သည်မှာ မယ်တော်သည် ငါ့ကို မချစ်ခင်၊ ဤမျှလောက်သော ကာလပတ်လုံး ငါ့အလို့ငှါ ဤမရှိမုံ့မည် သည်ကို မကြော်မချက်၊ ဤအခါမှစ၍ တပါးသောမုံ့ကို မစား တော့အံ့ဟု ကြံအောက်မေ့၍ ထိုအနုရုဒ္ဓါ မင်းသားသည် အိမ်သို့သွားပြီးလျှင် မယ်တော်ကို မေးလေ၏၊
မယ်တော် မယ်တော်တို့သည် သားတော်ဖြစ်သော အကျွန်ုပ်ကို ချစ်ခင်လေ သလော၊ မချစ်ခင်လေသလော ဟု မေးသောအခါ ချစ်သား မျက်စိတဘက်သာ ရှိသော သူ၏ မျက်စိကဲ့သို့၎င်း၊ နှလုံးသားကဲ့သို့၎င်း အလွန်လျှင် သားမောင်ကို ငါချစ်မြတ်နိုး၏ ဟုဆိုသော် မင်းသားက မယ်တော် ထိုသို့ ချစ်ခင်ပါလျက် အဘယ့်ကြောင့် ဤမျှလောက်သော ကာလပတ်လုံး အကျွန်ုပ်အား မရှိမုံ့ကို ကြော်ချက်၍ မပေးပါသနည်းဟု မေးလေ၏၊
ထိုအခါ မယ်တော်သည် အလုပ်အကျွေးငယ်ကို ခေါ်၍ အမောင် ရွှေခွက်၌ တစုံ တခုသော ဝတ္ထုသည် ရှိလေသလောဟု မေးလေ၏၊ အရှင်မ ရွှေခွက်သည် မုံ့တို့ဖြင့် ပြည့်ပါသည်၊ ဤသို့သဘောရှိသော မုံ့ကို ဘုရားကျွန်တော်မျိုးသည် ရှေးအခါကာလ မမြင်စဖူးပါဟု လျှောက်လေ၏၊ မယ်တော်သည် ကြံဆင်ခြင် ပြန်သည်မှာ ငါ့သားသည် ဘုန်းကံနှင့်ပြည့်စုံသော ရှေးရှေးက ပြုအပ်ခဲ့ပြီးသော ဆုတောင်းခြင်း ရှိသောသူသည် ဖြစ်ပေလတ္တံ့ နတ်တို့သည် ရွှေခွက်ကို ပြည့်စေ၍ မုံ့တို့ကို ပို့ဆက်ကြသည် ဖြစ်ကုန်လတ္တံ့ဟု ကြံဆင်ခြင် မိလေ၏၊
ထိုအခါ သားတော် အနုရုဒ္ဓါမင်းသားသည် မယ်တော် ဤနေ့မှစ၍ အကျွန်ုပ်သည် တပါးသော မုံ့မည်သည်ကို မစားတော့အံ့၊ မရှိမုံ့ကိုသာ ကြော်ချက်၍ ပေးပါလော့ဟု ပြောလေ၏၊ မယ်တော်သည်လည်း ထိုနေ့မှစ၍ ထိုအနုရုဒ္ဓါမင်းသားအား မုံ့စားလိုသည်ဟု ပြောသည်ရှိသော် အချည်းနှီးသော ရွှေခွက်ကိုသာလျှင် တပါးသော ရွှေခွက်ဖြင့် ဖုံးအုပ်၍ ပို့လိုက်လေ၏၊
အကြင်မျှလောက်သော ကာလပတ်လုံး အိမ်ရာထောင်သော လူ၏ဘောင်၌ နေ၏၊ ထိုမျှလောက်သော ကာလပတ်လုံး အနုရုဒ္ဓါမင်းသားအား နတ်တို့သည်သာလျှင် မုံ့တို့ကို ပို့ဆက်ကြရကုန်၏။
ထိုအနုရုဒ္ဓါမင်းသားသည် ဤမျှကိုလည်းမသိရကား ရဟန်းအဖြစ်မည်သည်ကို အဘယ်မှာ သိနိုင်ပါလတ္တံ့ နည်း၊ ထို့ကြောင့် ဤရဟန်းအဖြစ် မည်သည်ကား အဘယ်နည်းဟု နောင်တော်ကို မေးသည်ရှိသော် ဆံမုတ်ဆိတ်တို့ကို ပယ်ချ သုတ်သင်၍ ဖန်ရည်စွန်းသော အဝတ် သင်္ကန်းကို ဝတ်ရုံ သုံးဆောင်သဖြင့် သစ်သားအခင်း၌၎င်း၊ ကြဲသော ညောင်စောင်း၌၎င်း အိပ်ရ၍ ဆွမ်းခံသွားသဖြင့် နေရ၏၊
ဤသည်လျှင် ရဟန်းအဖြစ်မည်၏ဟု ဆိုသည်ရှိသော် နောင်တော် အကျွန်ုပ်သည် နူးညံ့သိမ်မွေ့လှပါသည်၊ ရဟန်း ပြုခြင်းငှါ မတတ်နိုင်ပါဟု ဆိုလေ၏၊ ညီချစ် ထိုသို့ ဖြစ်မူ လူတို့ပြုဖွယ် အမှုကိစ္စ ဟူသမျှကို သင်ကြားမှတ် ယူ၍ အိမ်ရာထောင်သော လူ၏ဘောင်၌ နေလေလော့၊ ငါတို့တွင် တယောက်ယောက်သော သူသည် ရဟန်း မပြုဘဲ နေခြင်းငှါ မတတ်ကောင်းဟု ပြောဆိုလေ၏၊
ထိုအခါ နောင်တော်ကို လူတို့ပြုဖွယ် အမှုကိစ္စဟူသည်ကား အဘယ်နည်းဟု မေးပြန်၏၊ ထမင်းဖြစ်ရာ အရပ်ကိုမျှမသိသော အမျိုးကောင်းသားသည် လူ့ဘောင် လောက၌ လုပ်ဆောင်ဖွယ်ရာသော အမှုကိစ္စကို အဘယ်သို့ သိနိုင်အံ့နည်း။
ထမင်းဖြစ်ရာအရပ်ကို မသိသော မင်းသား သုံးယောက် အကြောင်း
ထိုစကားမှန်၏၊တနေ့သ၌ ကိမိလ,ဘဒ္ဒိယ,အနုရုဒ္ဓါဟူကုန်သော သုံးယောက်သော မင်းသားတို့အား ထမင်းမည်သည် အဘယ်အရပ်၌ ဖြစ်ပေါ်လာသနည်း ဟူသော စကားသည် ထင်ရှားဖြစ်လေ၏၊
ထိုအခါ ကိမိလမင်းသားက ကျီ၌ ဖြစ်သည်ဟု ဆို၏၊ ထိုအခါ ဘဒ္ဒိယမင်းသားက ကိမိလမင်းသားကို သင်သည် ထမင်းဖြစ်ရာအရပ်ကို မသိ၊ ထမင်းမည်သည်ကား အိုးခွက်ထဲ၌ ဖြစ်သည်ဟု ဆိုလေ၏၊ အနုရုဒ္ဓါမင်းသားက သင်တို့ နှစ်ယောက် စလုံးပင် မသိကြကုန်၊ ထမင်း မည်သည်ကား ရတနာတို့ဖြင့် စီခြယ်အပ်သော ရွှေခွက်ကြီးထဲ၌ ဖြစ်ပေါ်လာသည်ဟု ဆိုလေ၏၊
ထိုသုံးယောက်ကုန်သော မင်းသားတို့တွင် တနေ့သ၌ ကိမိလ မင်းသားသည် ကျီမှ စပါးထုတ်ဆောင် ယူငင်သည်တို့ကိုမြင်၍ ဤထမင်းတို့သည် ကျီ၌သာလျှင် ဖြစ်ကုန်သည်ဟု မှတ်ထင်လေ၏၊ ဘဒ္ဒိယ မင်းသားသည် တနေ့သ၌ အိုးခွက်မှ ထမင်းကို ချက်ပြုတ် ခူးဆွအပ်သည်ကိုမြင်၍ ထမင်းသည် အိုးခွက်၌သာလျှင် ဖြစ်သည်ဟု အမှတ်ရှိလေ၏၊
အနုရုဒ္ဓါ မင်းသားမူကား စပါးထောင်းသည်တို့ကို၎င်း၊ ထမင်းချက်ပြုတ်သည် တို့ကို၎င်း၊ ထမင်းခူးဆူသည် တို့ကို၎င်း တရံတခါမျှ မတွေ့မထင် မမြင်ဖူးပေ၊ ထမင်းကို ခူးဆွ၍ ရှေ့၌ချထား သည်မျှကိုသာလျှင် တွေ့မြင်ဖူး၏၊ထို့ကြောင့် အနုရုဒ္ဓါမင်းသားသည် စားခြင်းငှါ အလိုရှိသော အခါ၌ ထမင်းသည် ခွက်ထဲ၌သာ ဖြစ်ပေါ်လာသည် ဟူသော အမှတ်ရှိလေ၏၊ ဤသို့ ထိုမင်းသား သုံးယောက်တို့ သည်ပင်လျှင် ထမင်းဖြစ်ရာ အရပ်ကို မသိကြကုန်။
အနုရုဒ္ဓါမင်းသား ရဟန်းပြုရန် အားထုတ်ခြင်း
ထို့ကြောင့် အနုရုဒ္ဓါမင်းသားသည် ဤလူတို့ ပြုဖွယ် အမှုကိစ္စ မည်သည် အဘယ်နည်းဟု မေးလေသတည်း၊ ရှေးဦးစွာ လယ်ကို ထွန်အပ်၏၊ ဤသို့ အစ ရှိသော နှစ်တိုင်း နှစ်တိုင်း၌ ပြုအပ်သော အမှုကိစ္စဟူသမျှကို ပြောဆိုသည်ကို ကြားသိရသည်ရှိသော် အဘယ်အခါ ကာလ၌ လူတို့ပြုဖွယ် အမှုကိစ္စတို့၏ ပြီးဆုံးခြင်းသည် ထင်နိုင်ပါအံ့နည်း၊
အဘယ်အခါ၌ ငါတို့သည် ကြောင့်ကြမဲ့ စည်းစိမ်ချမ်းသာတို့ကို ခံစားရပါကုန်အံ့နည်း ဟုဆို၍ ထိုပြုဖွယ် အမှုကိစ္စတို့၏ အပိုင်းအခြား မရှိသည့်အဖြစ် မကုန်ဆုံးနိုင်သည့် အဖြစ်ကြောင့် နောင်တော် သည်သာလျှင် အိမ်ရာထောင်သော လူ၏ဘောင်၌ နေပါလော့၊ ညီတော်အား ဤ အိမ်ရာထောင်သော လူ့ဘောင်ဖြင့် အလိုမရှိပါပြီ ဟုဆိုပြီးလျှင် မယ်တော်၏ ထံသို့ သွား၍ မယ်တော် သားတော်ကို အခွင့်ပြုတော်မူပါ၊ ရဟန်းပြုပါရစေဟု ခွင့်တောင်းသဖြင့် မယ်တော်သည် အထူးထူး အပြားပြား များစွာသော အကြောင်းတို့ဖြင့် သုံးကြိမ်တိုင်တိုင် ပယ်ပြီးလျှင် -
ချစ်သား သင်၏ အဆွေခင်ပွန်းဖြစ်သော ဘဒ္ဒိယမင်းသည် အကယ်၍ ရဟန်း ပြုသည်ဖြစ်အံ့၊ ထိုဘဒ္ဒိယမင်းနှင့် အတူတကွ ရဟန်းပြုလေလော့ဟု ဆိုသည်ရှိသော် ထိုဘဒ္ဒိယမင်း၏ အထံသို့ ချဉ်းကပ်၍ အဆွေဘဒ္ဒိယ ငါ၏ ရဟန်းအဖြစ်သည် သင်နှင့်စပ်၏ဟု ဆိုပြီးလျှင် ထိုဘဒ္ဒိယမင်းကို အထူးထူး အပြားပြားသော အခြင်း အရာတို့ဖြင့် သိစေ၍ ခုနစ်ရက်မြောက်သောနေ့၌ မိမိနှင့် အတူတကွ ရဟန်း ပြုခြင်းငှါ ပဋိညာဉ်ကို ယူလေ၏။
(*ခုနစ်နှစ်ဆိုင်းပါဟု ရှေးဦးစွာဘဒ္ဒိယမင်း ဆိုသည်ကို တဖြည်းဖြည်း လျှော့စေ၍ ခုနစ်ရက်ဆိုင်းပါဟု ဆိုမှ ကောင်းပြီဟု ပဋိညာဉ်ယူလေသတတ်၊)
ဥပါလိဆေတ္တာသည်နှင့်တကွ
မင်းသားခြောက်ယောက်တို့ ရဟန်းပြုကြခြင်း
ထို့နောက်မှ ဘဒ္ဒိယသာကီဝင်မင်း, အနုရုဒ္ဓါမင်းသား, အာနန္ဒာမင်းသား, ဘဂုမင်းသား, ကိမိလမင်းသား, ဒေဝဒတ်မင်းသား ဟူကုန်သော ခြောက်ယောက် ကုန်သော မင်းသားတို့သည် ဥပါလိဆေတ္တာသည်နှင့်တကွ ခုနစ်ယောက်မြောက် ရှိကုန်သည်ဖြစ်၍ နတ်၏စည်းစိမ်ချမ်းသာကို ခံစားသော နတ်တို့ကဲ့သို့ ခုနစ်ရက် ပတ်လုံး စည်းစိမ်ချမ်းသာကို ခံစား စံစားပြီးလျှင် ဥယျာဉ်သို့ ထွက်သွားသကဲ့သို့ အင်္ဂါလေးပါးရှိသော စစ်သည်ဖြင့် ထွက်၍ သူတပါးတို့၏ နိုင်ငံသို့ရောက်လျှင် မင်း၏အာဏာဖြင့် စစ်သည်ကို ပြန်လည်စေလွှတ်၍ သူတပါးတို့နိုင်ငံသို့ဝင်ရောက် ကြကုန်၏၊
သူတပါးတို့နိုင်ငံသို့ ချဉ်းကပ် ဝင်ရောက်မိသောအခါ၌ ခြောက်ယောက် ကုန်သော မင်းသားတို့သည် မိမိတို့၏ ဝတ်ဆင်ခဲ့သော တန်ဆာတို့ကို ဖြေချက်၍ အထုပ် အဖွဲ့ကို ပြုကြပြီးလျှင် အချင်း ဥပါလိ ဤပစ္စည်း ဥစ္စာဘဏ္ဍာတို့ကို ယူ၍ ပြန်သွား ဆုတ်နစ် နေရစ်လေလော့၊ အသင့်အား ဤမျှသော ပစ္စည်းဥစ္စာ ဘဏ္ဍာသည် အသက်မွေးခြင်းငှါ လုံလောက်လေပြီဟုဆို၍ ဥပါလိအား ပေးကြကုန်၏၊ ထိုဥပါလိ သည်လည်း မင်းသားတို့၏ ခြေရင်း၌ ဝပ်စင်းလူးလှိမ့်ကာ ငိုကြွေးပြီးလျှင် အာဏာကို လွန်ဆန်အံ့သောငှါ မဝံ့သည် ဖြစ်သောကြောင့် နေရာမှ ထ၍ ဆုတ်နစ်ပြန်လည်ခဲ့ရ လေ၏။
ထိုဥပါလိနှင့် မင်းသားတို့၏ ခရီးနှစ်ဖြာ ခွဲသောအခါ၌ တောအုပ်သည် ငိုကြွေးသော အခြင်းအရာသို့ ရောက်ဘိသကဲ့သို့၎င်း မြေကြီးသည် တုန်လှုပ်အံ့သော အခြင်း အရာသို့ ရောက်ဘိသကဲ့သို့၎င်း ဖြစ်လေ၏၊ ဥပါလိသည် အတန်ငယ် ဆုတ်နစ်ပြန် သွားပြီးလျှင် ဤသို့ ကြံလေ၏၊ သာကီဝင်မင်းတို့ မည်သည် ကြမ်းတန်းခက်ထန် ကုန်၏၊
ဤဥပါလိသည် မင်းသားတို့ကို သတ်ဖြတ်လေပြီဟု ငါ့ကို သတ်ဖြတ်မူလည်း သတ်ဖြတ်ကြကုန်ရာ၏၊ ဤမင်းသားတို့ သော်မှလည်း ဤသို့သဘောရှိသော စည်းစိမ်ချမ်းသာကို စွန့်ပစ်၍အဘိုးအတိုင်း မသိ ထိုက်ကုန်သော ဤတန်ဆာတို့ကို တံတွေးပေါက်ကဲ့သို့ စွန့်ပစ်ကုန်ပြီးလျှင် ရဟန်း ပြုကြကုန်သေး၏၊ ငါသည် အဘယ့်ကြောင့် ရဟန်းမပြုနိုင်ဘဲရှိရှအံ့နည်းဟု ကြံ၍ ဥစ္စာထုပ်ကိုဖြေချွတ်ပြီးလျှင် ထိုတန်ဆာတို့ကို သစ်ပင်၌ဆွဲ၍ အလိုရှိသော သူတို့သည် ယူကြစေကုန်သတည်း ဟု ဆို၍ ထိုမင်းသားတို့၏ အထံသို့ လိုက်သွားလေလျှင် ထိုမင်းသားတို့က အဘယ့်ကြောင့်ပြန်လာသနည်းဟု မေးသည်ရှိသော် ထိုအကြောင်းကို လျှောက်ကြား လေ၏။
ထိုအခါ မင်းသားတို့သည် ဥပါလိ ဆေတ္တာသည်ကို ယူဆောင် ခေါ်ငင်၍ မြတ်စွာဘုရားအထံသို့ သွားကြ ကုန်ပြီးလျှင် ဘုရားရှင်ကို ရှိခိုး၍ ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်တို့ သာကီဝင် မင်းမျိုးတို့ မည်သည် ကား မာန်မာနကို အမှီပြု၍ တက်ကြွခြင်း ရှိကြပါကုန်၏၊
ဤ ဥပါလိသည် တပည့်တော်တို့၏ ကြာမြင့်စွာသော ကာလပတ်လုံး ပြုစု လုပ်ကျွေး၍ နေသော အလုပ်အကျွေးပါတည်း၊ ဤ ဥပါလိကို ရှေးဦးစွာ ရဟန်း ပြုတော်မူပါ၊ တပည့်တော်တို့သည် ထိုဥပါလိအား လက်အုပ်ချီမိုး ရှိခိုးခြင်း စသည် တို့ကို ပြုကြရပါကုန်လတ္တံ့၊ ဤသို့ ပြုကြရကုန်သည်ရှိသော် တပည့်တော် တို့အား တက်ကြွသော မာန်မာနသည် ပျောက်ကင်း ပျက်စီးခြင်း ဖြစ်ပါလတ္တံ့ဟု လျှောက် ထား၍ ရှေးဦးစွာ ထိုဥပါလိကို ရဟန်းပြုစေပြီးလျှင် နောက်မှ မိမိတို့သည် ရဟန်းပြုကြလေကုန်၏။
ရဟန်းခြောက်ဦး တရားထူးရပုံနှင့် ဒေဝဒတ်အကြံဖြစ်ပုံ
ထို ခြောက်ယောက်ကုန်သော မင်းသားတို့တွင် အရှင်ဘဒ္ဒိယသည် ထိုဝါတွင်း၌ သာလျှင် ဝိဇ္ဇာသုံးပါး နှင့်ပြည့်စုံသော ရဟန္တာဖြစ်လေ၏၊
(ဝိဇ္ဇာသုံးပါး မည်သည်ကား ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်, ဒိဗ္ဗစက္ခုအဘိညာဉ်, အာသဝက္ခယ အဘိညာဉ်တို့တည်း။)
အရှင်အနုရုဒ္ဓါသည် ဒိဗ္ဗစက္ခု အဘိညာဉ်ကိုရ၍ နောက်မှ မဟာပုရိသ ဝိတက္က သုတ်ကို ကြားနာရသည် ရှိသော် အရဟတ္တဖိုလ်သို့ ရောက်လေ၏၊ အရှင် အာနန္ဒာသည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ဘဂု မထေရ်နှင့် ကိမိလ မထေရ်တို့သည် နောက်အဖို့၌ ဝိပဿနာကို အဆင့်ဆင့်ပွားစေ၍ အရဟတ္တဖိုလ်သို့ ရောက်ကြ ကုန်၏၊
ရှင်ဒေဝဒတ်သည်ကား ပုထုဇဉ် အဖြစ်ဖြင့်သာလျှင် လောကီဈာန် အဘိညာဉ် တန်ခိုးနှင့် ပြည့်စုံသော အဖြစ်သို့ ရောက်လေ၏၊ နောက်အဖို့ ဖြစ်သော ကာလ၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည်၌ သီတင်းသုံး စံနေတော် မူသည်ရှိသော် တပည့်သား သံဃာတော် အပေါင်းနှင့်တကွ မြတ်စွာဘုရားအား ကြီးကျယ်ပြန့်ပြော များမြတ်သော လာဘသက္ကာရသည် ဖြစ်လေ၏။
အဝတ်ပုဆိုး ဆေးစသည် လက်စွဲကုန်သော လူအပေါင်းတို့သည် ကျောင်းသို့ ဝင်ရောက်ပြီးလျှင် -
ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် အဘယ်မှာနည်း၊
အရှင်သာရိပုတြာမထေရ်သည် အဘယ်မှာနည်း၊
အရှင်မဟာမောဂ္ဂလာန်မထေရ်သည် အဘယ်မှာနည်း၊
အရှင်မဟာကဿပမထေရ်သည် အဘယ်မှာနည်း၊
အရှင်ဘဒ္ဒိယမထေရ်သည် အဘယ်မှာနည်း၊
အရှင်အနုရုဒ္ဓါမထေရ်သည် အဘယ်မှာနည်း၊
အရှင်အာနန္ဒာမထေရ်သည် အဘယ်မှာနည်း၊
အရှင်ဘဂုမထေရ်သည် အဘယ်မှာနည်း၊
အရှင်ကိမိလ မထေရ်သည် အဘယ်မှာနည်း၊
ဤသို့စသည်ဖြင့် ရှစ်ကျိပ်သော မဟာသာဝကတို့၏ နေရာအရပ်ကို ကြည့်ကုန်လျက် သွားလာ လှည့်လည် ကြကုန်၏၊ အရှင်ဒေဝဒတ် မထေရ်သည်ကား အဘယ်အရပ်၌ သီတင်း သုံးသနည်း၊ အဘယ်အရပ်၌ တည်နေသနည်းဟူ၍ မေးမြန်းသောသူ မည်သည် တစုံတယောက်မျှ မရှိလေ၊ ထိုအခါ ရှင်ဒေဝဒတ်သည် ဤသို့ ကြံစည်လေ၏၊
ငါသည်လည်း ထိုအရှင်ဘဒ္ဒိယစသော သူတို့နှင့် အတူတူပင် ရဟန်းပြု၏၊ ထိုသူတို့သည်လည်း မင်းမျိုးမှ ရဟန်းပြုကြကုန်၏၊ ငါသည်လည်း မင်းမျိုးမှ ရဟန်း ပြု၏၊ လာဘ်ပူဇော်သက္ကာရကို လက်စွဲကုန်သော လူတို့သည် ထိုသူတို့ကို သာလျှင် ရှာမှီးကြကုန်၏၊ ငါ၏အမည်ကိုယူ၍ မေးမြန်းပြောဆို ခေါ်ဝေါ်သော သူမျှလည်း မရှိလေ၊ အဘယ်သူနှင့် ပေါင်းသင်း၍ အဘယ်သူကို ကြည်ညိုစေပြီးလျှင် ငါ့အား လာဘ်ပူဇော်သက္ကာရကို ဖြစ်စေရပါအံ့နည်းဟု ကြံစည်လေ၏။
ရှင်ဒေဝဒတ်သည် အဇာတသတ်မင်းနှင့်
ပေါင်းသင်း၍ လာဘ်ပူဇော်သက္ကာရကို ဖြစ်စေခြင်း
ထို့နောက်မှ ရှင်ဒေဝဒတ်အား အကြံ ဤသို့ ဖြစ်လေ၏၊ ဤဗိမ္ဗိသာရမင်းသည် မြတ်စွာဘုရားကို ရှေးဦးအစ ပဌမ ဖူးမြင်သဖြင့်သာလျှင် တသိန်း တသောင်း ကုန်သော သူတို့နှင့်တကွ သောတာပတ္တိဖိုလ်၌ တည်လေပြီ၊ ထိုဗိမ္ဗိသာရမင်းနှင့် အဆွေခင်ပွန်း ဖွဲ့ခြင်းဖြင့် တပေါင်းတည်း ဖြစ်ခြင်းငှါ မတတ်ကောင်း၊ ကောသလ မင်းကြီးနှင့်လည်း အတူတကွ တပေါင်းတည်း ဖြစ်ခြင်းငှါ မတတ်ကောင်း၊
ဗိမ္ဗိသာရမင်း၏ သားဖြစ်သော ဤအဇာတသတ် မင်းသားသည်ကား တစုံ တယောက်သောသူ၏ ဂုဏ်ကျေးဇူး အပြစ်ဒေါသကို မသိတတ်သေး၊ ထို အဇာတသတ် မင်းသားနှင့် အတူတကွ တပေါင်းတည်း ဆက်ဆံ ပေါင်းသင်းပေအံ့ဟု အကြံဖြစ်လေ၏၊
ထိုရှင်ဒေဝဒတ်သည် ကောသမ္ဗီပြည်မှ ရာဇဂြိုဟ်ပြည်သို့ သွားပြီးလျှင် သတို့သားငယ်၏အသွင်ကို ပြုပြင်ဖန်ဆင်း၍ လျင်သော အဆိပ်ရှိသော မြွေလေးစင်းတို့ကို လက်,ခြေ လေးဘက်တို့၌ မြွေတစင်းကို လည်ပင်း၌ မုတ်ပုတီးကဲ့သို့ ဆွဲ၍, မြွေတစင်းကို ဦးခေါင်း၌ ခေါင်းခု ဦးရစ်ကဲ့သို့ ခွေထားသည်ကိုပြု၍, မြွေတစင်းကို ပခုံးတဘက်၌ တင်ထား၍ ဤမြွေတန်ဆာဖြင့် တန်ဆာဆင်လျက် ကောင်းကင်မှ ဆင်းသက်၍ အဇာတသတ် မင်းသား၏ ရင်ခွင်၌ နေလတ်သည်ရှိသော် အဇာတသတ် မင်းသားသည် ကြောက်လန့်ရကား သင် အသူနည်းဟု မေးသဖြင့် ငါဒေဝဒတ် ဟု ဆိုပြီးလျှင် ထိုမင်းသား၏ ကြောက်ခြင်းကို ပယ်ဖျောက်ခြင်း အလို့ငှါ ထိုမြွေတန်ဆာဆင်သော ကိုယ်ကိုစွန့်၍ သပိတ် သင်္ကန်းကို ဆောင်ယူလျက် ထို အဇာတသတ် မင်းသား၏ ရှေ့၌ တည်နေ၍ အဇာတသတ် မင်းသားကို ကြည်ညို စေလျက် လာဘ် ပူဇော်သက္ကာရကို ဖြစ်စေလေ၏။
ရှင်ဒေဝဒတ်သည် ဘုရား၌ ရန်ငြိုးဖွဲ့၍ ဖဲသွားခြင်း
ထိုရှင်ဒေဝဒတ်သည် လာဘ်ပူဇော်သက္ကာရဖြင့် ပြင်းစွာ နှိပ်စက်အပ်သည် ဖြစ်၍ ငါသည် ရဟန်းအပေါင်း တည်းဟူသော ပရိသတ်ကို ဆောင်ရွက်အံ့ဟု ယုတ်မာသော စိတ်အကြံကို ဖြစ်စေခြင်းကြောင့် ထိုစိတ်အကြံကို ဖြစ်စေသည်နှင့် တပြိုင်နက် လောကီဈာန် အဘိညာဉ်တန်ခိုးမှ ဆုတ်ယုတ်ပျက်စီး၍ မြတ်စွာ ဘုရားသို့ ချဉ်းကပ်ပြီးလျှင် ဝေဠုဝန်ကျောင်းတော်၌ မင်းနှင့်တကွသော ပရိသတ်အား တရားဟော တော်မူသော မြတ်စွာဘုရားကို ရှိခိုး၍ နေရာမှထ၍ လက်အုပ်ကို မြှောက်ချီလျက် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ယခုအခါ၌ မြတ်စွာဘုရားသည် အိုမင်း ကြီးရင့်သော အရွယ်သို့ ရောက်ခဲ့ပါပြီ၊ ကြောင့်ကြမဲ့ မျက်မှောက်၌ ခံစားအပ်သော ဖလသမာပတ် ချမ်းသာဖြင့် နေခြင်းကို အားထုတ်တော်မူပါ၊ တပည့်တော်သည် ရဟန်းအပေါင်း တည်းဟူသော ပရိသတ်ကို ဆောင်ရွက်ပါအံ့၊ ရဟန်းအပေါင်းကို တပည့်တော်အား အပ်နှင်းတော်မူပါ ဘုရားဟု လျှောက်ကြားလတ်သော် မြတ်စွာဘုရားသည် တံတွေးကို မျိုသောသူဟု ခေဠာသက ဟူသော စကားဖြင့် မောင်းမဲ ခြိမ်းချောက်တော်မူ၍ ပယ်အပ် သည်ဖြစ်ရကား နှလုံးမသက်မသာ ပြင်းစွာ အမျက်ထွက်သော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရား၌ ရှေးဦးစွာသော ဤရန်ငြိုးဖွဲ့ခြင်းကို ပြု၍ ဖဲသွားလေ၏။
(*ခေဠာသက၊ ခေဠု+အသက = တံတွေးကို မျိုသောသူ။ မိစ္ဆာဇီဝဖြင့် ဖြစ်သော ပစ္စည်းတို့သည် အရိယာပုဂ္ဂိုလ်တို့ ထွေးအန်အပ်သော တံတွေးနှင့် တူကုန်၏၊ ထိုသို့ သဘောရှိသော ပစ္စည်းကို စားသောသူဟု ဆိုလိုသည်။)
ရှင်ဒေဝဒတ်သည် ဘုရားကို
သတ်ခြင်းငှါ အမျိုးမျိုး လုံ့လပြုခြင်း
ထိုသို့ ဖဲသွားပြီးသောအခါ ရှင်ဒေဝဒတ်အား မြတ်စွာဘုရားသည် ရာဇဂြိုဟ် ပြည်၌ ပကာသနီယကံကို ပြုစေတော်မူ၏၊ (ပကာသနီယကံ ဟူသည်ကား ဉတ္တိဒုတိယ ကမ္မဝါစာဖြင့် သမုတ်အပ်သော ရဟန်းသည် မြို့တွင်းသို့ဝင်၍ ဒေဝဒတ်၏ သဘောသည် ရှေးကနှင့်မတူ ဒေဝဒတ် ပြုသမျှ ပြောသမျှဖြင့် ဘုရား, တရား, သံဃာကို မသိအပ်၊ ဒေဝဒတ်ကိုသာ သိအပ်၏ဟု ပွင့်ပွင့်လင်းလင်း ပြောဆို ခြင်းတည်း။)
ထိုရှင်ဒေဝဒတ်သည်လည်း ယခု အခါ၌ ငါ့ကို ရဟန်းဂေါတမသည် ပယ်စွန့်အပ်လေပြီ၊ ယခုအခါ ထိုရဟန်း ဂေါတမ၏ အကျိုးစီးပွား ပျက်ပြားခြင်းကို ပြုတော့အံ့ဟု ကြံပြီးလျှင် အဇာတသတ်မင်းသို့ ချဉ်းကပ်၍ မင်းသား ရှေးအခါ၌ လူတို့သည် ကာလ မြင့်တည် ရှည်သောအသက် ရှိကြကုန်၏၊ ယခုအခါ၌မူကား နည်းပါးဆုတ်ပျက် တိုသောအသက်ရှိကြကုန်၏၊
အသင်မင်းသားသည် ပျိုမျစ်နုနယ် ငယ်ရွယ်သော အခါကာလ မင်းသား၏ အဖြစ်ကပင် စုတေမနေ သေရခြင်း၏ အကြောင်း သည် ရှိ၏၊ ထို့ကြောင့် မင်းသား သင်သည် ခမည်းတော်မင်းကြီးကို သတ်၍ မင်းဖြစ်လေလော့၊ ငါသည်လည်း မြတ်စွာဘုရားကို သတ်၍ ဘုရားဖြစ်ပေအံ့ဟု ဆိုပြီးလျှင် အဇာတသတ် မင်းသား မင်းအဖြစ်၌ တည်ပြီးသောအခါ မြတ်စွာ ဘုရားကို သတ်အံ့သောငှါ လေးသမား ယောကျ်ားတို့ကို စေလွှတ်၍ ထိုယောကျ်ားတို့သည် သောတာပတ္တိဖိုလ်သို့ ရောက်သဖြင့် ဆုတ်နစ်ပြန်လည် ကြကုန်သည် ရှိသော် မိမိကိုယ်တိုင် ဂိဇ္ဈကုဋ် တောင်ထိပ်သို့ တက်၍ ငါကိုယ်တိုင်သာလျှင် ရဟန်းဂေါတမကို ဇီဝိတိန္ဒြေမှ ပယ်ချ သတ်ဖြတ်အံ့ဟု ကျောက်တုံးကို လှိမ့်ချ၍ သွေးစိမ်းတည်အောင် ပြုခြင်းတည်း ဟူသော လောဟိတုပ္ပါဒကကံကို ပြု၍ ထိုအကြောင်းဖြင့်လည်း သတ်ခြင်းငှါ မတတ်နိုင်သည်ရှိသော် တဖန် နာဠာဂိရိဆင်ကို လွှတ်ခိုင်းပြန်၏။
ထိုနာဠာဂိရိဆင်သည် ရှေးရှု လာသည်ရှိသော် အရှင်အာနန္ဒာမထေရ်သည် မိမိ၏ အသက်ကို မြတ်စွာဘုရား ၏အစား စွန့်လွှတ်၍ ရှေ့တော်၌ ရပ်တည်လာ၏၊ မြတ်စွာဘုရားသည် နာဠာဂိရိဆင်ကို ဆုံးမတော်မူပြီးလျှင် မြို့တော်မှ ထွက်ကြွတော်မူခဲ့၍ ကျောင်းတော်သို့ ရောက်သောအခါ အထောင်မက များစွာသော ဒါယကာတို့သည် ရှေးရှုဆောင်အပ်သော ဆွမ်းအလှူကြီးကို ခံယူသုံးဆောင် တော်မူသဖြင့် ထိုနေ့၌ စည်းဝေး ရောက်လာကုန်သော တဆယ့်ရှစ်ကုဋေ အရေ အတွက် ရှိကုန်သော ရာဇဂြိုဟ် ပြည်သူပြည်သားတို့အား အစဉ်အတိုင်းသော တရားစကားကို ဟောကြားတော်မူပြီးလျှင် ရှစ်သောင်း လေးထောင်ကုန်သော သတ္တဝါတို့အား အကျွတ်တရားကို ရခြင်းသည် ဖြစ်လတ်သည်ရှိသော် ဪ ... အံ့ဖွယ်ရှိပေစွ၊
အရှင်အာနန္ဒာသည် ကြီးစွာသော ဂုဏ်ကျေးဇူး ရှိပေစွ၊ ထိုသို့ သဘောရှိသော ကြမ်းတန်း ခက်ထန်လှစွာသော ဆင်ပြောင်ကြီးသည် ရှေးရှု လာသည်ရှိသော် မိမိ၏အသက်ကို စွန့်၍ မြတ်စွာဘုရား၏ ရှေ့တော်၌သာ ရပ်တည်လာပေသည်ဟု အရှင်အာနန္ဒာ မထေရ်၏ ဂုဏ်ကျေးဇူးနှင့် စပ်သော စကားကို ပြောဆိုသည်ကို ကြားသိတော်မူ၍ ချစ်သား ရဟန်းတို့ ယခုအခါ၌သာလျှင် ငါဘုရား၏အကျိုးငှါ မိမိအသက်ကို စွန့်လွှတ်သည် မဟုတ်သေး၊ ရှေးအခါကာလ ၌လည်း စွန့်လွှတ်ဖူးသည်သာလျှင်တည်းဟု မိန့်တော်မူသဖြင့် ရဟန်းတို့သည် လျှောက်ထား တောင်းပန်အပ်သည် ဖြစ်၍ စူဠဟံသဇာတ်, မဟာဟံသဇာတ်, ကက္ကဋကဇာတ်တို့ကို ဟောကြားတော်မူလေ၏။
အရှင်ဒေဝဒတ်အားလည်း ပြုအပ်သော အမှုသည် မထင်ရှားလေသေး၊ ဗိမ္ဗိသာရ မင်းကြီးကို သတ်စေခြင်း ကြောင့်၎င်း၊ သူသတ်လေးသမားတို့ကို စေလွှတ်ခြင်း ကြောင့်၎င်း၊ ကျောက်လုံးဖြင့် လှိမ့်ချခြင်းကြောင့်၎င်း၊ ထို့အတူ မထင်ရှားလေသေး၊ အကြင်အခါ၌ နာဠာဂိရိဆင်ကိုလွှတ်၏၊ ထိုအခါ၌ များစွာသောလူအပေါင်းသည် ဒေဝဒတ်သည်ပင် မင်းကြီးကိုလည်း သတ်စေအပ်၏၊ သူသတ်လေးသမား တို့ကိုလည်း စေလွှတ်အပ်၏၊ ကျောက်လုံးကိုလည်း လှိမ့်ချ၏၊ ယခုအခါ၌ကား ထို ဒေဝဒတ်သည် နာဠာဂိရိဆင်ကို လွှတ်ခိုင်းပြန်လေ၏၊ ဤမျှလောက် ယုတ်မာ လှသော သူကို ယူ၍ မင်းကြီးသည် လှည့်လည်၍ နေဘိ၏တကားဟု အုတ်အုတ် ကျက်ကျက် ကြွေးကြော်ခြင်းကို ပြုလေသတည်း။
ရှင်ဒေဝဒတ်သည် တောင်းသောဆုငါးပါး မရသဖြင့် သံဃာကို သင်းခွဲခြင်း
အဇာတသတ် မင်းသည် ထိုလူများအပေါင်း၏ စကားကို ကြားသိရ၍ အမြဲမပြတ် တည်ထားတိုင်းဖြစ်သော ငါးရာကုန်သော ဆွမ်းချက်ဝတ်အိုးတို့ကို ရပ်ဆိုင်း ရုပ်သိမ်း စေ၍ တဖန် ရှင်ဒေဝဒတ်၏ အထံသို့ ခစားဆည်းကပ်ခြင်းငှါ မသွားလေပြီ၊ ပြည်သူပြည်သားတို့သည်လည်း အိမ်သို့ ကပ်ရောက်လာသော ဒေဝဒတ်အား တယောက်ချို တဇွန်းမျှလောက်သော ဆွမ်းကိုသော်လည်း မပေး မလှူကြကုန်၊
ထိုရှင်ဒေဝဒတ်သည် ဆုတ်ယုတ်သော လာဘ် ပူဇော် သက္ကာရ ရှိသည်ဖြစ်၍ ပလွှား မြွက်ထောင် အံ့ဖွယ် ဆောင်ခြင်းဖြင့် အသက်မွေးလိုရကား မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ငါးပါးသော ဝတ္ထုတို့ကို တောင်းသဖြင့် မြတ်စွာဘုရားသည် ငါ့သျှင် ဒေဝဒတ် မသင့်လျော်ချေ၊ အကြင်ရဟန်းသည် အလိုရှိ၏၊ ထိုရဟန်းသည် တောကျောင်းနေ ပုဂ္ဂိုလ် ဖြစ်စေလော့ဟု ပယ်တော်မူသည်ရှိသော် ငါ့သျှင်တို့ အဘယ်သူ၏ စကားသည် သင့်လျော် လျောက်ပတ် ကောင်းမြတ်တင့်တယ်သနည်း၊ မြတ်စွာဘုရား၏ စကားသည် ကောင်းမြတ် သင့်လျော်လေသလော၊ ငါ၏ စကားတည်း ကောင်းမြတ်သင့် လျော်လေသလောဟု ဆို၍ ငါသည် မြတ်သော အကျင့်၏ အစွမ်းအားဖြင့် ဤသို့ ဆို၏၊ မြတ်စွာဘုရား တောင်းပန်ပါ၏ ...
၁။ ရဟန်းတို့သည် အသက်ထက်ဆုံး တောကျောင်းနေသော သူတို့သာ ဖြစ်ကုန်ရာ၏။
၂။ ပင့်ဖိတ်သည်ကို ပယ်လှန်၍ ဆွမ်းခံသွားသော သူတို့သာ ဖြစ်ကုန်ရာ၏။
၃။ မြေမှုန့်အလိမ်းလိမ်း ကပ်ပြီသော ပံသုကူသင်္ကန်းကို ဆင်မြန်း သုံးဆောင်သော သူတို့သာ ဖြစ်ကုန်ရာ၏။
၄။ သစ်ပင်ရင်း တည်းဟူသော ကျောင်း၌ နေသော သူတို့သာ ဖြစ်ကုန်ရာ၏။
၅။ ငါးအမဲတို့ကို မစား မသောက်သော သူတို့သာ ဖြစ်ကုန်ရာ၏ဟု မြတ်သော အကျင့်၏ အစွမ်းဖြင့် ငါဆို၏။
အကြင်သူသည် ဆင်းရဲမှ လွှတ်ခြင်းငှါ အလိုရှိ၏၊ ထိုသူသည် ငါနှင့် အတူတကွ လိုက်စေသတည်းဟု ခေါ်ငင် ပြောကြား၍ ဖဲသွားလေ၏၊ ထိုရှင်ဒေဝဒတ်၏ စကားကို ကြား၍ ရဟန်းပြုသစ်စ (နဝက) ဖြစ်ကုန်သော အချို့ကုန်သော ရဟန်းတို့သည် နုံ့နှေးသော ပညာရှိကုန်သည်ဖြစ်၍ အရှင် ဒေဝဒတ်ကား ကောင်းသော စကားကို ပြောကြားပေ၏၊ ထိုအရှင်ဒေဝဒတ်နှင့် အတူတကွ လှည့်လည် သွားလာကုန်အံ့ဟု ဒေဝဒတ်၏ အယူကို နှစ်သက်၍ ဒေဝဒတ်နှင့် အတူတကွ တပေါင်းတည်း ဖြစ်ကြကုန်၏၊
ဤသို့ ထိုရှင်ဒေဝဒတ်သည် မိမိ၏နောက်သို့ လိုက်ပါကုန်သော ငါးရာကုန်သော ရဟန်းတို့နှင့် တကွ ငါးပါးကုန်သော ဝတ္ထုတို့ဖြင့် ခေါင်းပါးသော အကျင့်၌ ကြည်ညိုသော လူအပေါင်းကို ထင်ရှား သိစေလျက် ဒါယကာအိမ်တို့၌ တောင်းစားလျက် သံဃာကို သင်းခွဲခြင်းငှါ လုံ့လပြုလေ၏။
(*ရုပ်ပမာဏဖြင့် ကြည်ညိုသူ သုံးပုံနှစ်ပုံ ရှိ၏၊
ကျော်စောသံ ပကတိအသံ ပမာဏဖြင့် ကြည်ညိုသူ ငါးပုံလေးပုံ ရှိ၏၊
ခေါင်းပါးသော အကျင့် ပမာဏဖြင့် ကြည်ညိုသူ ဆယ်ပုံကိုးပုံ ရှိ၏၊
တရားပမာဏဖြင့် ကြည်ညိုသူကား တသိန်းလျှင် တယောက်မျှလောက်သာ ရှိသတတ်။)
မြတ်စွာဘုရားသည် ချစ်သားဒေဝဒတ် သင်သည် သံဃာကို သင်းခွဲခြင်းငှါ အစုအစု အစိတ်အစိတ် ကွဲပြား စိမ့်သောငှါ လုံ့လပြု၏ ဟူသည် မှန်သလောဟု မေးတော်မူ အပ်သဖြင့် မှန်ပါ၏ဟု ဒေဝဒတ် လျှောက်သော် ချစ်သား ဒေဝဒတ် သံဃာကို သင်းခွဲခြင်း မည်သည်ကား အလွန်ဝန်လေးလှသော ဂရုကံကြီး ဖြစ်ပေသည်၊
ဤသို့ အစရှိသည်ဖြင့် ဆုံးမ တားမြစ်အပ်သော်လည်း ဘုရားစကားကိုမနာမယူမူ၍ ဖဲသွားပြီးလျှင် ရာဇဂြိုဟ် ပြည်တွင်း၌ ဆွမ်းအလို့ငှါ လှည့်လည်သော အရှင်အာနန္ဒာ ကို မြင်၍ ငါ့သျှင် အာနန္ဒာ ယခုအခါ ယနေ့ကို အစပြု၍ ငါသည် မြတ်စွာဘုရားကို အသီးအခြား ကြဉ်ရှောင်ဖယ်ထား၍ ရဟန်းသံဃာ အပေါင်းကို အသီးအခြား ကြဉ်ရှောင် ဖယ်ထား၍ ဥပုသ်ပြုတော့အံ့၊ သံဃာ့ကံကို ပြုတော့အံ့ဟု ဆိုလေ၏၊
အရှင် အာနန္ဒာ မထေရ်သည်လည်း ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက် ကြားလေ၏၊ ထိုစကားကို မြတ်စွာဘုရား ကြားသိတော်မူသဖြင့် ဖြစ်သော “ဓမ္မသံဝေဂ ရှိတော်မူသည်ဖြစ်၍ ဒေဝဒတ်သည် နတ်နှင့် တကွသော လောက၏ အကျိုးစီးပွားမဲ့ကို မှီသော မိမိ၏ အဝီစိငရဲ၌ ကျက်ရအံ့သော မကောင်းမှ ကံကြီးကို ပြုလေသည်တကားဟု ကြံဆင်ခြင်တော်မူ၍—
သုကရာနိ အသာစူနိ၊ အတ္တနော အဟိတာနိ စ။
ယံ ဝေ ဟိတဉ္စ သာဓုဉ္စ၊ တံ ဝေ ပရမဒုက္ကရံ။
အတ္တနော၊ မိမိ မိမိ၏။
ဝါ - မိမိအား။
အဟိတာနိ စ၊ အကျိုးစီးပွား မရှိသော အမှုတို့ကို၎င်း။
အသာဓူနိ စ၊ မကောင်းသော အမှုတို့ကို၎င်း။
သုကရာနိ၊ ပြုလွယ်ကုန်၏။
ဝေ၊ စင်စစ်။
ယံ ကမ္မံ၊ အကြင်အမှုသည်။
ဟိတဉ္စ၊ အကျိုး စီးပွားလည်းရှိ၏။
သာဓုဉ္စ၊ ချီးမွမ်းဖွယ် အကြောင်း ကောင်းလည်းကောင်း၏။
တံကမ္မံ၊ ထိုအမှုကို။
ဝေ၊ စင်စစ်။
ပရမဒုက္ကရံ၊ လွန်စွာပြုနိုင်ခဲ၏။
ဤ ဂါထာကို မိန့်မြွက်သောအား ဟောကြားတော်မူပြီးလျှင် တဖန် ဤ ဥဒါန်းကို ကျူးရင့်တော်မူပြန်၏။
သုကရံ သာဓုနာ သာဓုံ၊ သာဓုံ ပါပေန ဒုက္ကရံ။
ပါပံ ပါပေန သုကရံ၊ ပါပ မရိယေဟိ ဒုက္ကရံ။
သာဓုနာ၊ သူတော်ကောင်းသည်။
သာဓုံ၊ ကောင်းသောအမှုကို။
သုကရံ၊ ပြုလွယ်၏။
ပါပေန၊ ယုတ်မာသောသူသည်။
သာဓုံ၊ ကောင်းသောအမှုကို။
ဒုက္ကရံ၊ ပြုနိုင်ခဲ၏။
ပါပေန၊ ယုတ်မာသောသူသည်။
ပါပံ၊ မကောင်းမှုကို။
သုကရံ၊ ပြုလွယ်၏။
အရိယေဟိ၊ မြတ်သော အရိယာ ပုဂ္ဂိုလ်တို့သည်။
ပါပံ၊ မကောင်းမှုကို။
ဒုက္ကရံ၊ ပြုနိုင်ခဲ၏။
ထိုအခါ ရှင်ဒေဝဒတ်သည် ဥပုသ်နေ့၌ မိမိ၏ ပရိသတ်နှင့် တကွ တင့်အပ် လျောက်ပတ်သော တခုသော အရပ်၌ ထိုင်နေပြီးလျှင် အကြင်သူအား ဤငါးပါး ကုန်သော ဝတ္ထုတို့ကို နှစ်သက်ကုန်၏၊ ထိုသူသည် စာရေးတံတို့ကို ယူစေ သတည်းဟု ပြောဆိုသဖြင့် ဝဇ္ဇီတိုင်းသား သိကြားလိမ္မာခြင်းသို့ မရောက်သေး ကုန်သော ငါးရာကုန်သော ရဟန်းငယ်တို့သည် စာရေးတံကို ယူအပ်သည် ရှိသော် သံဃာခွဲ၍ ထိုရဟန်းတို့ကို ယူပြီးလျှင် ဂယာသီသသို့ သွားလေ၏။
အရှင်သာရိပုတြာတို့ လိုက်သွား၍
တရားဟောခြင်းနှင့် ရှင်ဒေဝဒတ် သွေးအန်ခြင်း
ထိုအရှင်ဒေဝဒတ်၏ ဂယာသီသ အရပ်သို့ ရောက်သည့်အဖြစ်ကို မြတ်စွာဘုရား ကြားသိတော်မူ၍ ထိုရဟန်းငယ်တို့ကို ပြန်၍ ဆောင်ယူစေခြင်းငှါ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကို စေလွှတ်တော်မူလေ၏၊
ထိုအဂ္ဂသာဝက နှစ်ပါးတို့သည် ဂယာသီသအရပ်သို့ ကြွသွားတော်မူ၍ အာဒေသနာ ပါဋိဟာရိယ, အနုသာသနီ ပါဋိဟာရိယဖြင့်၎င်း၊ ဣဒ္ဓိ ပါဋိဟာရိယ, အနုသာသနီ ပါဋိဟာရိယဖြင့်၎င်း၊ အစဉ်အတိုင်း ဆုံးမတော်မူကုန်လျက် ထိုရဟန်း တို့ကို တရားအမြိုက် တိုက်ကျွေး သောက်မျိုစေကုန်သည်ဖြစ်၍ ခေါ်ဆောင်တော် မူပြီးလျှင် ကောင်းကင်ခရီးဖြင့် ကြွလာတော်မူကြကုန်၏၊
(သူတပါးတို့၏စိတ်ကိုသိ၍ ဟောခြင်းသည် အာဒေသနာ ပါဋိဟာရိယမည်၏၊
အမြဲဟောနေကျ တရားသက်သက် ဟောခြင်းသည် အနုသာသနီ ပါဋိဟာရိယ မည်၏၊
တန်ခိုးအမျိုးမျိုး ပြခြင်း သည် ဣဒ္ဓိပါဋိဟာရိယ မည်၏၊
အာဒေသနာနှင့် အနုသာသနီသည် အရှင်သာရိပုတြာ၏အလေ့ အကျင့်တည်း၊
ဣဒ္ဓိနှင့် အနုသာသနီသည် အရှင်မောဂ္ဂလာန်၏ အလေ့အကျင့်တည်း။
အရှင်သာရိပုတြာ ဟောသောအခါ ရဟန်းငယ်ငါးရာ သောတာပန်တည်၍ အရှင် မောဂ္ဂလာန် ဟောသောအခါ ရဟန္တာ ဖြစ်ကြသည်ဟု ဒီဃနိကာယ်ဆောင် မထေရ်တို့ ဆိုကုန်သတတ်။)
ကောကာလိကသည်လည်း ငါ့သျှင် ဒေဝဒတ် ထလော့၊ သင်၏ ရဟန်းပရိသတ်တို့ကို သာရိပုတြာ မောဂ္ဂလာန်တို့သည် ခေါ်ဆောင်ယူငင်၍ သွားကြလေကုန်ပြီးငါသည် အသင့်ကို ငါ့သျှင်ဒေဝဒတ် သာရိပုတြာ, မောဂ္ဂလာန်တို့နှင့် အကျွမ်းမဝင်လင့်၊ သာရိပုတြာ, မေဂ္ဂလာန်တို့သည် ယုတ်မာသော အလိုဆိုး ရှိကြောင်း, အလိုဆိုးတို့၏ နိုင်ငံသို့ လိုက်တတ်ကြောင်းကို ငါပြောကြားဖူးသည် မဟုတ်လောဟု ဆိုပြီးလျှင် ပုဆစ်ဒူးဖြင့် ရင်လယ်ကို ပုတ်ခတ်လေ၏၊ ထိုအရပ်၌ပင်လျှင် ရှင်ဒေဝဒတ်အား လောလောပူသော သွေးစိမ်းသည် ခံတွင်းမှ ပျို့အန်လေ၏။
ရဟန်းသံဃာအပေါင်း ခြံရံလျက် ကောင်းကင်ခရီးဖြင့် ကြွလာသော အရှင်သာရိပုတြာကို မြင်ကြကုန်၍ ရဟန်းတို့သည် ဘုန်းတော်ကြီးတော်မူပေသော မြတ်စွာဘုရား အရှင်သာရိပုတြာ မထေရ်သည် ကြွသွားတော် မူသောအခါ မိမိ ကိုယ်လျှင် နှစ်ယောက်မြောက်သည်ဖြစ်၍ ကြွသွား၏၊ ဤယခုအခါ၌ များစွာသော အခြံအရံ ရှိသည်ဖြစ်၍ ပြန်ကြွလာ၏၊ တင့်တယ်လှပါသည် ဘုရားဟု လျှောက်ကြား သည်ရှိသော် မြတ်စွာဘုရားသည် ချစ်သား ရဟန်းတို့ ဤယခု အခါ၌သာလျှင် ငါ့သား သာရိပုတြာသည် တင့်တယ်သည် မဟုတ်သေး၊ ရှေးအခါ ကာလ တိရစ္ဆာန် အမျိုး၌ဖြစ်သော အခါ၌လည်း ငါ့သားသာရိပုတြာ သည် ငါ့အထံသို့လာသည်ရှိသော် တင့်တယ်သည် သာလျှင်တည်းဟု မိန့်တော်မူ၍ ဤ ဧကကနိပါတ် လက္ခဏမိဂ ဇာတ် ဂါထာကို ဟောတော်မူ၏။
ဟောတိ သီလဝတံ အတ္တော၊ ပဋိသန္ထာရဝုတ္တိနံ။
လက္ခဏံ ပဿ အာယန္တံ၊ ဉာတိသံဃပုရက္ခတံ။
အထ ပဿသိမံ ကာဠံ၊ သုဝိဟီနံဝ ဉာတိဘိ။
သီလဝတံ-သီလဝန္တာနံ၊ သီလရှိကုန်သော။
ပဋိသန္ထာရဝုတ္တိနံ၊ ဓမ္မ အာမိသ နှစ်ရပ်ဖြင့် စေ့စပ်သော ဖြစ်ခြင်းရှိသော သူတို့အား။
အတ္ထော၊ အကျိုးစီးပွား များခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဉာတိသံဃပုရက္ခတံ၊ ဆွေမျိုးအပေါင်း ခြံရံလျက်။
အာယန္တံ၊ ရှေးရှုလာသော။
လက္ခဏံ၊ လက္ခဏမည်သော သမင်ကို။
ပဿ၊ စေ့စေ့ငုငု ကြည့်ရှုလေလော့။
အထ၊ ထိုမှတပါး။
ဉာတိဘိ၊ ဆွေမျိုးအပေါင်းတို့မှ။
သုဝိဟီနံဝ၊ အလွန်ကင်းပြုတ် ဆုတ်ယုတ် ပျက်စီး၍သာလျှင်။
ဧကကံ၊ တကောင်ထီးတည်း။
အာယန္တံ၊ ရှေ့ရှုလာသော။
ဣမံ ကာဠံ၊ ဤ ကာဠ မည်သော သမင်ကို။
ပဿသိ၊ စေ့စေ့ငုငု ကြည့်ရှုလေလော့။
ရှင်ဒေဝဒတ်ကို အကြောင်းပြု၍
များစွာသောဇာတ် နိပါတ်တော်များကို ဟောတော်မူခြင်း
ထို့နောက်တဖန် ရဟန်းတို့သည် မြတ်စွာဘုရား ဒေဝဒတ်သည် နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကို လက်ဝဲ, လက်ျာ နံပါးနှစ်ဘက်တို့၌ ထိုင်နေစေ၍ ဘုရား၏ တင့်တယ်စမ္ပယ်ခြင်းတို့ဖြင့် တရားဟောအံ့ဟု မြတ်စွာဘုရားတို့၏ အမူအရာကို အတုလိုက်၍ ပြုလုပ်ပါသည်ဟု လျှောက်ကြားသည်ရှိသော် ချစ်သား ရဟန်းတို့ ယခုအခါ၌သာလျှင် အတုလိုက်၍ ပြုသည်မဟုတ်သေး၊ ရှေးအခါ၌လည်း ဤ ဒေဝဒတ်သည် ငါဘုရား၏ အပြုအမူကို အတုလိုက်၍ ပြုခြင်းငှါ လုံ့လပြုဖူးလေပြီ၊ ထိုသို့ လုံ့လပြုသော်လည်း မတတ်နိုင် သည်သာတည်းဟု မိန့်တော်မူ၍ ဤ ဒုကနိပါတ် ဝီရကဇာတ်ကို ဟောတော်မူ၏။
အပိ ဝီရက ပဿသိ၊ သကုဏံ မဉ္ဇုဘာဏကံ။
မယူရဂီဝသင်္ကာသံ၊ ပတိံ မယှံ သဝိဋ္ဌကံ။
ဥဒကထစရဿ ပက္ခိနော၊ နိစ္စံ အာမကမစ္ဆဘောဇိနော။
တဿာနုကရံ သဝိဋ္ဌိကော၊ သေဝါလေ ပလိဂုဏ္ဌိတော မတော။
ဝီရက၊ အရှင် ဝီရက။
အပိ၊ အကယ် မလွဲသဖြင့်။
မဉ္ဇုဘာဏကံ၊ သာယာ ချေငံစွာ တွန်မြူးတတ်သော အသံရှိသော။
မယူရဂီဝသင်္ကာသံ၊ ဥဒေါင်း၏ လည်ပင်းနှင့်တူစွာ ညိုသော အဆင်းဖြင့် ကြော့ရှင်းသော လည်ပင်းလည်း ရှိထသော။
သဝိဋ္ဌကံ၊ သဝိဋ္ဌက အမည်ရှိသော။
မယှံ၊ ငါ၏။
ပတိံ၊ လင်ဖြစ်သော။
သကုဏံ၊ ကျီးမင်းကို။
တွံ၊ သင်သည်။
ပဿသိ၊ တွေ့မြင်ပါ၏လော။
ကာကီ၊ ကျီးမ။
နိစ္စံ၊ အမြဲလျှင်။
အာမကမစ္ဆဘောဇိနော၊ သားစိမ်း ငါးစိမ်းကို စားလေ့ရှိထသော။
ဥဒကထလစရဿ၊ ရေကြောင်း, ကြည်းကြောင်း ခရီး၌ ကျက်စား သွားလာလေ့ ရှိထသော။
တဿ၊ ထိုသို့ သဘောရှိသော။
ပက္ခိနော၊ ငှက်၏။
ဝါ၊ ငှက်သို့။
အနုကရံ အနုကရောန္တော၊ အတုလိုက်၍ ပြုသော။
သဝိဋ္ဌကော၊ သင်၏ လင်ဖြစ်သော သဝိဋ္ဌကသည်။
သေဝါလေ၊ မှော်အကြား၌။
ပလိဂုဏ္ဍိတော၊ ကပ်ငြိမြှေးယှက်လျက်။
မတော၊ သေလေ၏။
ဤ ဒုကနိပါတ် ဝီရကဇာတ်ကိုဟောတော်မူပြီး၍ တပါးကုန်သော နေ့ရက် တို့၌လည်း ထိုသို့ သဘောရှိသည် သာလျှင် ဖြစ်သော စကားကို အကြောင်း ပြု၍ ဒုကနိပါတ် ကလန္ဒကဇာတ်, ဧကကနိပါတ် ၊ ဝိရောစနဇာတ် တို့ကို ဟောတော်မူ၏။
အစရိ ဝတာယံ ဝိတုဒံ ဝနာနိ၊ ကဋ္ဌင်္ဂရုက္ခေသု အသာရကေသု။
အထာသဒါ ခဒိရံ ဇာတိသာရံ၊ ယတ္ထမ္ဘိဒါ ဂရုဠော ဥတ္တမင်္ဂံ။
လသီ စ တေ နိပ္ဖလိတာ၊ မတ္ထကော စ ဝိဒါလိတော။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဣဒါနိ ခေါ တွံ သမ္မ ဝိရောစသိ။
ဘော ကလန္ဒက၊ လက်ပံတောပေါက် သစ်တောက်မည်ရ အို - ကလန္ဒက။
ဂရုဠော၊ ငှက်မြတ်ဖြစ်သော။
အယံ ဤဒိသော၊ ဤသို့ သဘောရှိသော။
တွံ၊ သင်သည်။
ပနာနိ၊ အနှစ်မဲ့သော လက်ပံတော, ကသစ်တောတို့ကို။
ဝိတုဒံ-ဝိတုဒန္တော၊နှုတ်သီးဖြင့်တောက် ထွင်းကာဖောက်လျက်။
အသာရကေသု၊ အနှစ်မဲ့သော လက်ပံ, ကသစ် အစရှိကုန်သော။
ကဋ္ဌင်္ဂရုက္ခေသု၊ အသုံးမဝင် တောထင်းပင်တို့၌။
ဝတ၊ စင်စစ်။
အစရိ၊ ကျင်လည် ကျက်စားလှလေပြီ။
အထ၊ ထို့နောင်မှ။
ဇာတိသာရံ၊ ဇာတ်အားစင်စစ် ပင်ကိုယ် အနှစ်ရှိထသော။
ခဒိရံ၊ ရှားတောသို့။
အာသဒါ၊ ရောက်လာ၍။
ယတ္ထ၊ အကြင်သစ်ပင်၌။
တွံ၊ သင်သည်။
ဥတ္တမင်္ဂံ၊ ဦးခေါင်းကို။
အဗ္ဘိဒါ၊ တိုက်ခွဲလေပြီ။
သော ရုက္ခော၊ ထိုသစ်ပင်သည်။
ခဒိရော နာမ၊ ရှားပင်မည်၏။
ဇမ္ဗုက၊ မြေခွေး။
တေ၊ သင်၏။
လသီ စ၊ ဦးနှောက်သည်လည်း။
နိပ္ဖလိတာ၊ ယိုစီးထွက်ကျလေ၏။
မတ္ထကော စ၊ ဦးခေါင်းသည်လည်း။
ဝိဒါလိတော၊ ကွဲခဲ့လေ၏။
တေ၊ သင်၏။
သဗ္ဗာ ဖာသုကာ၊ အလုံးစုံသော နံရိုးတို့သည်။
ဘဂ္ဂါ၊ ကျိုးပျက်ကုန်ပြီ။
ဣဒါနိ၊ ယခုအခါ၌။
သမ္မ၊ အချင်း မြေခွေး။
ခေါ၊ စင်စစ်။
တွံ၊ သင်သည်။
ဝိရောစသိ၊ တင့်တယ်ဘိ၏။
ဤသို့ အစရှိသော ဇာတ်တို့ကို ဟောတော်မူ၏၊ ထို့နောက် တဖန် ဒေဝဒတ်သည် သူပြုဖူးသော ကျေးဇူးကို မသိတတ် ဟူသော စကားကို အကြောင်းပြု၍ စတုက္ကနိပါတ် သကုဏဇာတ်ကို ဟောတော်မူ၏။
အကရမှသ တေ ကိစ္စံ၊ ယံ ဗလံ အဟုဝမှသေ။
မိဂရာဇ နမော တျတ္ထု၊ အပိ ကိဉ္စိ လဘာမသေ။
မမ လောဟိတဘက္ခဿ၊ နိစ္စံ လုဒ္ဒါနိ ကြုဗ္ဗတော။
ဒန္တန္တရဂတော သန္တော၊ တံ ဗဟုံယမှိ ဇီဝသိ။
မိဂရာဇ၊ သားတို့၏ အရှင်ဖြစ်သော ခြင်္သေ့မင်း။
အမှာကံ၊ ငါတို့အား။
ယံ ဗလံ၊ အကြင်ခွန်အားသည်။
အဟုဝမှသေ၊ ဖြစ်ပြီ။
တေန ဗလေန၊ ထိုခွန်အားဖြင့်။
တေ၊ သင်၏။
ကိစ္စံ၊ ဆောင်ရွက်ဖွယ်မှု တခုသောကိစ္စကို။
အကရမှသေ၊ ပြုရကုန်ပြီ။
တေ၊ အသင် ခြင်္သေ့မင်းအား။
မမ၊ အကျွန်ုပ်၏။
နမော၊ ရှိခိုးခြင်းသည်။
အတ္ထု၊ ဖြစ်ပါစေသတည်း။
ကိဉ္စိ၊ တစုံတခုသော စားစရာ အမဲကို။
အပိ လဘာမသေ၊ ရနိုင်ကုန်ငြားအံ့လည်း မသိ။
နိစ္စံ၊ အမြဲ။
လုဒ္ဒါနိ၊ ကြမ်းကြုတ် ခက်ထန်သော အမှုတို့ကို။
ကြုဗ္ဗတော၊ ပြုတတ်သော။
လောဟိတဘက္ခဿ၊ အသွေး အသား စားလေ့ရှိသော။
မမ၊ ငါ၏။
ဒန္တန္တရဂတော၊ သွားကြားသို့ ရောက်သည်။
သန္တော၊ ထင်ရှားဖြစ်လျက်။
ယမှိ ဇီဝသိ၊ အကြင်ကြောင့် အသက်ရှင်၍ နေရ၏။
တံ၊ ထိုသို့ အသက်ရှင်၍ နေရခြင်းသည်။
ဗဟုံ၊ ကျေးဇူးပြန့်ပွား များလှလေပြီ။
ဤသို့ အစရှိသော ဇာတ်တို့ကို ဟောကြားတော်မူ၏၊ ထို့နောက် တဖန် ထို ရှင်ဒေဝဒတ်၏ သတ်ခြင်းငှါ လုံ့လပြုသည်ကို အကြောင်းပြု၍–
ဉာတမေတံ ကုရုင်္ဂဿ၊ ယံ တွံ သေပတ္တိ သေယျသိ။
အညံ သေပဏ္ဏိ ဂစ္ဆာမိ၊ န မေ တေ ရုစ္စတေ ဖလံ။
သေပဏ္ဏိ၊ ယမနေပင်။
တွံ၊ သင်သည်။
ဖလံ၊ အသီးကို။
ယံ၊ အကြင်ကြောင့်။
သေယျသိ၊ ငါ၏ရှေ့သို့ ဖရိုဖရဲ ကြဲဖြန့်ဘိ၏။
ဧတံ၊ ထိုအကြောင်းသည်။
ကုရုင်္ဂဿ၊ ဆတ်အား။
ဉာတံ၊ သိသာထင်ရှားပြီ။
တေ၊ သင် ယမနေပင်၏။
ဖလံ၊ အသီးကို။
မေ၊ ငါသည်။
န ရုစ္စတေ၊ မနှစ်သက်အပ်။
သေပဏ္ဏိ၊ ယမနေပင်။
အညံ၊ တပါးသော။
ရုက္ခံ၊ သစ်ပင်သို့။
အဟံ၊ ငါသည်။
ဂစ္ဆာမိ၊ သွားတော့အံ့။
ဤသို့ ဧကကနိပါတ်ကုရုင်္ဂဇာတ်အစရှိသည်တို့ကိုဟောတော်မူ၏၊ ထိုနောက် တဖန် မိုးသောက်သောနေ့၌ ဒေဝဒတ်သည် လာဘ်ပူဇော်သက္ကာရမှ၎င်း၊ ရဟန်း အဖြစ်မှ၎င်း နှစ်ပါးစုံသော အကျိုးတို့မှ ဆုတ်ယုတ်လေ၏ ဟူသော စကားတို့သည် ဖြစ်ကုန်သည်ရှိသော် ချစ်သား ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌ သာလျှင် ဆုတ်ယုတ်သည် မဟုတ်သေး၊ ရှေးအခါ၌လည်း ဆုတ်ယုတ်ဖူးသည် သာတည်းဟု မိန့်တော်မူပြီး၍ -
အက္ခီ ဘိန္နာ ပဋော နဋ္ဌော၊ သခီ ဂေဟေ စ ဘဏ္ဍနံ။
ဥဘတော ပဒုဋ္ဌကမ္မန္တော၊ ဥဒကမှိ ထလမှိ စ။
ဤသို့ အစရှိသော ဧကကနိပါတ် ဥဘတောဘဋ္ဌဇာတ် စသည်တို့ကို ဟောတော်မူ၏။
ဘော ပုရိသ၊ အချင်းယောက်ျား။
တေ၊ သင်၏။
အက္ခီ၊ မျက်စိတို့သည်။
ဘိန္နာ၊ ကွဲပေါက်ခဲ့ကုန်၏။
ပဋော၊ အဝတ်ပုဆိုးသည်။
နဋ္ဌော၊ ပျောက်ခဲ့၏။
ဂေဟေ စ၊ အိမ်၌လည်း။
သခီ၊ မယားသည်။
ဘဏ္ဍနံ၊ အိမ်နီးချင်းနှင့် ခိုက်ရန် ဖြစ်ခြင်းကို။
အကာ၊ ပြုပြီ။
ဥဒကမှိ စ၊ ရေ၌၎င်း။
ထလမှိ စ၊ ကြည်းကုန်း၌၎င်း။
ဥဘတော၊ နှစ်ပါးစုံသော အရပ်တို့၌။
ပဒုဋ္ဌကမ္မန္တော၊ ပျက်စီးသော အမှုရှိခဲ့၏။
ဤသို့ ပြဆိုအပ်ခဲ့ပြီးသော စကားအစဉ်အားဖြင့် မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ နေတော်မူလျက် သာလျှင် ဒေဝဒတ်ကို အကြောင်းပြု၍ များစွာသော ဇာတ်တို့ကို ဟောကြားတော်မူ၍ ရာဇဂြိုဟ်ပြည်မှ သာဝတ္ထိပြည်သို့ ကြွတော်မူပြီးလျှင် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူ၏။
ရှင်ဒေဝဒတ် နောင်တရ၍ ဘုရားဖူးရန်
ဇေတဝန်ကျောင်း အနီးသို့ ရောက်လာခြင်း
ဒေဝဒတ်သည်လည်း ကိုးလတို့ပတ်လုံး မကျန်းမမာ ရောဂါစွဲကပ်သည် ဖြစ်၍ နောက်ဖြစ်သော သေခါနီး ကာလ၌ မြတ်စွာဘုရားကို ဖူးမြင်လိုသည် ဖြစ်ရကား မိမိ၏ တပည့်တို့ကို ခေါ်ပြီးလျှင် ငါသည် မြတ်စွာဘုရား ကို ဖူးမြင်ခြင်းငှါ အလိုရှိပါသည်၊ ထိုမြတ်စွာဘုရားကို ငါ့အား ပြပါလော့ဟု ပြောဆိုလေ၏၊
အသင်သည် စွမ်းနိုင်သောကာလ၌ မြတ်စွာဘုရား နှင့်တကွ ရန်သူဖြစ်၍ လှည့်လည်၏၊ ငါတို့သည် ထိုမြတ်စွာဘုရား၏ အထံသို့ ပို့ဆောင် ခြင်းငှါ မဝံ့ပါဟု ပြောဆိုသည်ရှိသော် ငါ့ကို မဖျက်ဆီးကြပါကုန်လင့်၊ ငါသည် မြတ်စွာဘုရား၌ ရန်ငြိုးဖွဲ့အပ်သည် ဖြစ်၍ ပြစ်မှားမိပါသည်၊ မြတ်စွာဘုရား ကိုယ်တော်မြတ် သည်ကား ငါ၏အပေါ်၌ ဆံဖျားမျှသော်လည်း ရန်ငြိုးဖွဲ့ခြင်း မရှိပေ၊ ထိုစကားသည် မှန်၏၊ ထိုမြတ်စွာဘုရား သည်—
ဝဓကေ ဒေဝဒတ္တေ စ၊ စောရေ အင်္ဂုလိမာလကေ။
ဓနပါလေ ရာဟုလေ စ၊ သဗ္ဗတ္ထ သမမာနသော။
ဝဓကေ၊ သတ်တတ်သော။
ဒေဝဒတ္တေ စ၊ ဒေဝဒတ်၌၎င်း။
အင်္ဂုလိမာလကေ၊ အင်္ဂုလိမာလ အမည်ရှိသော။
စောရေ စ၊ ခိုးသူကြီး၌၎င်း။
ဓနပါလေ စ၊ ဓနပါလ အမည်ရသော နာဠာဂိရိဆင်၌၎င်း။
ရာဟုလေ စ၊ သားတော်ရာဟုလာ ၌၎င်း။
သဗ္ဗတ္ထ၊ အလုံးစုံသော သူတို့၌။
သမမာနသော၊ တူမျှသောမေတ္တာစိတ် ရှိတော်မူ၏။
ငါ့အား ထိုမြတ်စွာဘုရားကိုပြကြပါကုန်လောဟု အဖန်တလဲလဲ တောင်းပန်လေ၏၊ ထိုအခါ ထိုရှင်ဒေဝဒတ်ကို ညောင်စောင်းဖြင့် ထမ်းဆောင် ယူငင်၍ ထွက်ခဲ့ကြကုန်၏၊ ထိုရှင်ဒေဝဒတ်၏ လာသောအဖြစ်ကို ကြားသိရ၍ ရဟန်း တို့သည် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ရှင်ဒေဝဒတ်သည် ရှင်တော် မြတ်ဘုရားတို့အား ဖူးမျှော်ခြင်းငှါ လာပါသတတ်ဟု မြတ်စွာဘုရားအား လျှောက်ကြားကြကုန်၏၊ ထိုအခါ ချစ်သားရဟန်းတို့ ဒေဝဒတ်သည် ဤခန္ဓာ ကိုယ်ဖြင့် ငါဘုရားကို ဖူးမြင်ခြင်းငှါ မရပေလတ္တံ့ ဟု မိန့်တော်မူ၏။
ဒေဝဒတ်သည် ငါးပါးသောဝတ္ထုတို့ကို တောင်းဆိုသောကာလမှ စ၍ ဘုရားကို တဖန် ဖူးမြင်ခွင့် မရသတတ်၊ ဤကား ဓမ္မတာသဘော ဖြစ်၏။
ထိုအခါ ရဟန်းတို့သည် မြတ်စွာဘုရား ဤမည် ဤမည်ရှိသော အရပ်သို့ ရောက်လာပါပြီဟု လျှောက်ထားကြ သောအခါ ချစ်သားရဟန်းတို့ လိုရာပြုသည် ဖြစ်စေ ထိုဒေဝဒတ်သည် ငါဘုရားကို ဖူးမျှော်ခြင်းငှါ မရလတ္တံ့ ဟု မိန့်တော်မူ၏၊
မြတ်စွာဘုရား ဤအရပ်မှ တယူဇနာမျှလောက်သော အရပ်သို့ ရောက်လာပါပြီ၊ ယူဇနာဝက်မျှလောက်သော အရပ်သို့ ရောက်လာပါပြီ၊ တဂါဝုတ်မျှ လောက်သော အရပ်သို့ ရောက်လာပါပြီ၊ ဇေတဝန်ကျောင်းတော် ရေကန်ကြီး၏ အနီးသို့ ရောက်လာပါပြီဘုရားဟု လျှောက်ကြားကြကုန်၏၊ ချစ်သား ရဟန်းတို့ ဇေတဝန် ကျောင်းတော်၏ အတွင်းသို့ အကယ်၍ ဝင်ရောက်လာစေကာမူ ငါဘုရားကို ဖူးမြင်ခြင်းငှါ မရလတ္တံ့ ဟု မိန့်တော်မူ၏။
ကျောင်းတော်အနီး ရေကန်၌ မြေမျိုခြင်းနှင့် သရဏဂုံ အကျိုး
ဒေဝဒတ်ကို ထမ်းဆောင်၍ လာကုန်သော သူတို့သည် ဇေတဝန် ကျောင်းတော် ရေကန်၏ ကမ်းရိုး၌ ညောင်စောင်းကို ချ၍ ရေချိုးခြင်းငှါ ရေကန်သို့ သက်ဆင်း ကြကုန်၏၊ ဒေဝဒတ်သည်လည်း ညောင်စောင်းမှ ထ၍ ခြေနှစ်ဘက်တို့ကို မြေကြီး၌ ချထား၍ နေ၏၊ ထိုအခါ ခြေနှစ်ဘက်တို့သည် မြေထဲသို့ ဝင်ကုန်၏၊ ထို ရှင်ဒေဝဒတ်သည် အစဉ်အတိုင်း ဖမျက်တိုင်အောင် ပုဆစ်ဒူးတိုင်အောင်, ခါး တိုင်အောင်, သားမြတ် တိုင်အောင်, လည်ပင်း တိုင်အောင် ဝင်၍ မေးရိုး၏ မြေသို့ ဝင်ဆဲဆဲသော ကာလ၌ -
ဣမေဟိ အဋ္ဌီဟိ တမဂ္ဂပုဂ္ဂလံ၊ ဒေဝါတိဒေဝံ နရဒမ္မသာရထိ”။
သမန္တစက္ခုံ သတပုညလက္ခဏံ၊ ပါဏေဟိ ဗုဒ္ဓံ သရဏံ ဂဟောသ္မိ။
အဂ္ဂပုဂ္ဂလံ၊ များစွာထိုထို ပုဂ္ဂိုလ်အပေါင်းတို့ထက် အထူးသဖြင့် မြတ်သော ပုဂ္ဂိုလ်ဖြစ်ထသော။
ဒေဝါတိဒေဝံ၊ နတ်တကာတို့ထက် မြတ်သော ဝိသုဒ္ဓိ နတ်မြတ် ဖြစ်တော်မူထသော။
နရဒမ္မသာရထိံ၊ လူနတ်တို့ကို နတ်ရွာသို့ ရောက်အောင် ပို့ဆောင်ဆုံးမခြင်း၌ ရထားထိန်းသဖွယ် ဖြစ်တော်မူထသော။
သမန္တစက္ခံု၊ ထက်ဝန်းကျင်ကို အကြွင်းမရှိသိမြင်ခြင်းငှါ စွမ်းနိုင်သော သဗ္ဗညုတ ဉာဏ် ရှိတော်မူထသော။
သုတပုညလက္ခဏံ၊ အရာမက များပြားလှသော ဘုန်းလက္ခဏာနှင့် ပြည့်စုံတော်မူထသော။
တံ ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။
အဟံ၊ ငါသည်။
ဣမေဟိ အဋ္ဌီဟိ၊ ဤအရိုးတို့ဖြင့်၎င်း။
ဣမေဟိ ပါဏေဟိ၊ ဤအသက်တို့ဖြင့်၎င်း။
သရဏံ၊ ကိုးကွယ်ရာဟူ၍။
ဂတော၊ ကပ်ရောက်သော သူသည်။
အသ္မိ။ ဖြစ်ပါ၏ဘုရား။
ဤသို့ ဤဂါထာကို ရွတ်ဆိုလေ၏၊ ဤသို့သော အကြောင်း ဖြစ်အင်ကို မြင်တော်မူသောကြောင့် မြတ်စွာဘုရားသည် ရှင်ဒေဝဒတ်ကို ရဟန်းပြုပေး တော်မူသတတ်၊ ထိုဒေဝဒတ်သည် အကယ်၍ ရဟန်း မပြုသည်ဖြစ်အံ့၊ လူဖြစ်၍ လေးသောကံကိုလည်း ပြုလတ္တံ့၊ နောင်အခါ၌ ဘဝမှ ထွက်မြောက်ခြင်း၏ အကြောင်းကို ပြုခြင်းငှါလည်း မစွမ်းနိုင်သည် ဖြစ်လတ္တံ့၊
ရဟန်းပြု၍သော်ကား ဝန်လေးသော ကံကို အကယ်၍ပင် ပြုငြားသော်လည်း နောင်အခါ ဘဝမှ ထွက်မြောက်ခြင်း၏ အကြောင်းကိုပြုခြင်းငှါ စွမ်းနိုင်ပေလတ္တံ့ ဟု ဤကဲ့သို့သော အကြောင်းကို မြင်တော်မူသည်ဖြစ်၍ မြတ်စွာဘုရားသည် ထိုဒေဝဒတ်ကို ရဟန်းပြုပေးတော်မူသတည်း၊ ထိုစကားသည် မှန်၏၊ ထိုရှင်ဒေဝဒတ်သည်ဤကမ္ဘာမှ နောက် ကမ္ဘာတသိန်းထက်၌ အဋ္ဌိဿရအမည်ရှိသော ပစ္စေကဗုဒ္ဓါ ဖြစ်လတ္တံ့။
ဒေဝဒတ် အဝီစိငရဲ၌ ခံနေရပုံ
ဤသို့ ထိုရှင်ဒေဝဒတ်သည် မြေကြီးထဲသို့ သက်ဝင်၍ အဝီစိငရဲ၌ ဖြစ်လေ၏၊ တုန်လှုပ်ခြင်းမှ ကင်းတော်မူသော မြတ်စွာဘုရား၌ ပြစ်မှားသည်၏ အဖြစ်ကြောင့် မတုန်မလှုပ်သာလျှင် ဖြစ်၍ ကျက်စေသတည်းဟု စီရင်ဘိသကဲ့သို့ ယူဇနာ တရာရှိသော အဝီစိငရဲ အတွင်း၌ ယူဇနာတရာ အစောက်မြင့်သည် သာလျှင် ဖြစ်သော ထိုဒေဝဒတ်၏ ကိုယ်ခန္ဓာသည် ဖြစ်လေ၏၊
ဦးခေါင်းသည် နားရွက်စွန်းတိုင်အောင် အထက် သံပြားအမိုး၌ စူးဝင်လေ၏၊ ခြေတို့သည် ဖမျက်တိုင်အောင် အောက် သံမြေပြင်သို့ စူးဝင်လေကုန်၏၊ ထန်းပင်လုံးကြီး ပမာဏရှိသော သံတံကျင်သည် အနောက် သံနံရံမှ ထွက်၍ ကျောက်ကုန်း၏ အလယ်ကို ဖောက်ခွဲ စူးဝင်လျက် ရင်ဖြင့်ထွက်ပြီးလျှင် အရှေ့ သံနံရံသို့ စူးဝင်လေ၏၊
တပါးသော သံတံကျင်သည် တောင်ဘက် သံနံရံမှ ထွက်၍ လက်ျာ နံဘေးကို ဖောက်ခွဲစူးဝင်လျက် လက်ဝဲနံဘေးဖြင့် ထွက်ပြီးလျှင် မြောက်ဘက် သံနံရံသို့ စူးဝင်လေ၏၊ တပါးသော သံတံကျင်သည်လည်း အထက်သံပြားအမိုးမှ ထွက်လာ၍ ဦးထိပ်ကို ဖောက်ခွဲ စူးဝင်လျက် အောက်အဖို့ဖြင့် ထွက်ပြီးလျှင် သံမြေသို့ စူးဝင်လေ၏၊ ဤသို့လျှင် ဒေဝဒတ်သည် ထိုအဝီစိငရဲကြီး၌ မတုန်မလှုပ် သာလျှင် ဖြစ်၍ ကျက်ရလေ၏။
ရှေး၌လည်း မြေမျိုဖူးသော အတိတ်ဝတ္ထုများ
ရဟန်းတို့သည် ဤမျှလောက်သော အရပ်သို့ ရောက်လာလျက်လည်း ဒေဝဒတ်သည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ မရမူ၍ မြေကြီးသို့ သက်ဝင်ရ ရှာလေသည် ဟူသော စကားကို ဖြစ်စေကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌ သာလျှင် ငါဘုရားကို ပြစ်မှား၍ မြေကြီးသို့ ဝင်ရသည် မဟုတ်ချေသေး၊ ရှေးအခါ၌လည်း ဝင်ရဖူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ ဆင်မင်း ဖြစ်သောအခါ၌ ခရီးမှားသော ယောက်ျားကို သက်သာရာ ရစေ၍ မိမိ၏ ကျောက်ကုန်းပေါ်သို့ တင်လျက် ဘေးမရှိသော အရပ်သို့ ပို့လိုက်သဖြင့် တဖန် သုံးကြိမ်တိုင်အောင် ပြန်လာ၍ အစွယ်၏ အဖျား အရပ်၌၎င်း၊ အလယ်အရပ်၌၎င်း၊ အရင်းအရပ်၌၎င်း ဤသို့ အစွယ်ကို တောင်းဖြတ်ရာ သုံးကြိမ်မြောက် အကျ အရင်းကို ဖြတ်ပြီးသော ကာလ၌ ဘုရားလောင်း ဆင်မင်း၏ မျက်စိမြင်လောက်သော အရပ်ကို လွန်လေသော် ယုတ်မာသော ထိုယောက်ျား၏ မြေသို့ သက်ဝင်ရသည့် အဖြစ်ကို ပြတော်မူခြင်းငှါ ဧကကနိပါတ် သီလဝ နာဂရာဇ ဇာတ်လာ ဤဂါထာကို ဟောတော်မူ၏။
အကတညုဿ ပေါသဿ၊ နိစ္စံ ဝိဝရဒဿိနော။
သဗ္ဗေ စေ ပထဝိံ ဒဇ္ဇာ၊ နေဝ နံ အကိရာဓယေ။
အကတညုဿ၊ သူပြုဖူးသော ကျေးဇူးကို မသိတတ်ထသော။
နိစ္စံ၊ အမြဲ။
ဝိဝရဒဿိနော၊ ဖျက်ဆီးရန်သင့် အခွင့်ကိုသာ ရှုကြည့်လေ့ရှိထသော။
ပေါသဿ၊ ယောက်ျားအား။
သဗ္ဗ ပထဝိံ၊ အလုံးစုံသော မြေကြီးကိုပင်။
စေ ဒဇ္ဇာ၊ အကယ်၍ ပေးစေကာမူ။
နံ၊ ထိုသူယုတ်မာကို။
နေဝ အဘိရာဓယေ၊ အလိုပြီးလျက် မနှစ်သက်စေနိုင်ရာ သာလျှင်ကတည်း။
ဤဧကကနိပါတ် သီလဝနာဂရာဇ ဇာတ်ကို ဟောတော်မူပြီး၍ တဖန်လည်း ထိုကဲ့သို့ သဘောရှိသော စကားကိုသာလျှင် ဖြစ်စေပြန်သော အခါ၌ ခန္တီဝါဒီ ရသေ့ ဖြစ်ဖူးသော မိမိ၌ ပြစ်မှားပုတ်ခတ် သတ်ဖြတ် သောကြောင့် ကလာဗုမင်း ဖြစ်ဖူးသော ထိုဒေဝဒတ်၏ မြေသို့ သက်ဝင်ရသည့် အဖြစ်ကို ပြတော်မူခြင်းငှါ စတုက္ကနိပါတ် ခန္တီဝါဒီ ဇာတ်ကို၎င်း၊ စူဠဓမ္မပါလ မင်းသားငယ်ဖြစ်ဖူးသော မိမိ၌ ပြစ်မှား ပုတ်ခတ် သတ်ဖြတ်သောကြောင့် မဟာပတာပမင်း ဖြစ်ဖူးသော ထိုဒေဝဒတ်၏ မြေသို့ သက်ဝင်ရသည့် အဖြစ်ကို ပြတော်မူခြင်းငှါ ပဉ္စကနိပါတ် စူဠဓမ္မပါလဇာတ်ကို၎င်း ဟောကြားတော်မူလေ၏။
ဒေဝဒတ်သေ၍ ဝမ်းသာကြခြင်း ပစ္စုပ္ပန်နှင့် အတိတ်
ရှင်ဒေဝဒတ်သည် မြေ၏ အတွင်းသို့ သက်ဝင်ပြီးသည်ရှိသော် လူများ အပေါင်းသည် ဝမ်းမြောက်ဝမ်းသာ ရှိသည်ဖြစ်၍ တံခွန်ကုက္ကား ငှက်ပျောပင် တို့ကို စိုက်စေပြီးလျှင် ရေပြည့် ကြာသွတ်အိုးတို့ကို တည်ထား၍ အို ... အချင်းတို့ ငါတို့အား လူ၏အဖြစ်ကို အရတော်လေစွတကားဟု ဆိုကြကုန်၍ ကြီးစွာသော ပွဲသဘင်ကို ကျင်းပ ခံစားကြကုန်၏၊ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြကုန်၏၊
ချစ်သား ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝဒတ် သေလွန်ရာ၌ လူများ အပေါင်းသည် နှစ်သက်ကြသည် မဟုတ်သေး၊ ရှေးအခါ၌လည်း နှစ်သက်ဖူးသည် သာလျှင်တည်းဟု မိန့်တော်မူပြီးလျှင် အလုံးစုံသော လူအပေါင်း၏ မချစ်အပ် မနှစ်လိုအပ်သော ခက်ထန် ကြမ်းကြုတ်သော ဗာရာဏသီပြည်၌ ပိင်္ဂလ အမည် ရှိသောမင်းသည် သေလွန်သည်ရှိသော် လူများအပေါင်း၏ နှစ်သက် ဝမ်းမြောက် သည်၏အဖြစ်ကို ပြတော်မူခြင်းငှါ ဒုကနိပါတ် မဟာပိင်္ဂလ ဇာတ်လာ ဂါထာတို့ကို ဟောတော်မူ၏။
သဗ္ဗော ဇနော ဟိံ သိတော ပိင်္ဂလေန၊
တသ္မိံ မတေ ပစ္စယာ ဝေဒယန္တိ။
ပိယော နု တေ အာသိ အကဏှနေတ္တော၊
ကသ္မာ တုဝံ ရောဒသိ ဒွါရပါလ။
န မေ ပိယော အာသိ အကဏှနေတ္တော၊
ဘာယာမိ ပစ္စာဂမနာယ တဿ။
ဣတော ဂတော ဟိံ သေယျ မစ္စုရာဇံ၊
သော ဟိံ သိတော အာနေယျ ပုန ဣဓ။
ဒွါရပါလ၊ အချင်း တံခါးစောင့်။
ပိင်္ဂလေန၊ ပိင်္ဂလမည်သော မင်းသည်။
သဗ္ဗော ဇနော၊ ခပ်သိမ်းသော လူများအပေါင်းကို။
ဟိံ သိတော၊ ရိုက်ပုတ် မောင်းမဲ ညှဉ်းဆဲအပ်၏။
တသ္မိံ၊ ထိုပိင်္ဂလမင်းသည်။
မတေ၊ သေလွန်သည် ရှိသော်။
ဇနာ၊ ဗာရာဏသီ ပြည်သားတို့သည်။
ပစ္စယာ ပီတိယော၊ နှစ်သက် ရွှင်လန်း ဝမ်းသာခြင်းတို့ကို။
ဝေဒယန္တိ၊ သိအောင်ရယ်ဟား ပြောကြားကြကုန်၏။
အကဏှနေတ္တော၊ နား,မျက်စိပါ မသက်သာအောင် ခက်မာကြမ်းကြုတ် ပြုလုပ် မြွက်ထောင် ကြောင်သော မျက်စိရှိသော ပိင်္ဂလမင်းသည်။
တေ၊ သင် တံခါးစောင့်၏။
ပိယော၊ ချစ်ခင် နှစ်သက် စုံမက်မြတ်နိုးအပ်သော မင်းကြီးသည်။
အာသိ နု၊ ဖြစ်ရှာလေသလော။
ကသ္မာ၊ အဘယ့်ကြောင့်။
တုဝံ၊ သင် တံခါးစောင့်သည်။
ရောဒသိ၊ စိုးရိမ်ပူဆွေး ငိုကြွေးဘိသနည်း။
အကဏှနေတ္တော၊ နား, မျက်စိပါ မသက်သာအောင် ခက်မာကြမ်းကြုတ် ပြုလုပ်မြွက်ထောင် ကြောင်သော မျက်စိရှိသော ပိင်္ဂလမင်းသည်။
မေ၊ ငါတံခါး စောင့်၏။
ပိယော၊ ချစ်ခင်နှစ်သက် စုံမက်မြတ်နိုးအပ်သော မင်းကြီးသည်။
အာသိ၊ တရံ တဆစ်မျှ မဖြစ်ဖူးပါ။
ဣတော၊ ဤလူ့ဘဝမှ။
ဂတော၊ စုတေမနေ သွားလေသော ပိင်္ဂလ မင်းသည်။
မစ္စုရာဇံ၊ သေမင်းကို။
ဝါ၊ ငရဲမင်းကြီးကို။
ဟိံ သေယျ၊ ညှဉ်းဆဲနှိပ်စက်ရာ၏။
ဟိံ သိတော၊ ညှဉ်းဆဲ နှိပ်စက်အပ်သော။
သော၊ ထိုသေမင်းသည်။
ဝါ။ ငရဲမင်းကြီးသည်။
ပုန၊ တဖန်။
ဣဓ၊ ဤလူ့ဘဝသို့။
တံ၊ ထိုပိင်္ဂလမင်းကို။
အာနေယျ၊ ပြန်၍တခါ ဆောင်ပို့ရာ၏။
တဿ၊ ထိုပိင်္ဂလမင်း၏။
ပစ္စာဂမနာယ၊ ရှေးရှုတဖန် ပြန်လာခြင်းမှ။
ဘာယာမိ၊ တွေးတော ရွံ့ထောက် ကြောက်လှပါ၏။
ဤသို့ ပိင်္ဂလဇာတ်ကို ဟောတော်မူလေ၏၊ ရဟန်းတို့သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရား ယခုအခါ၌ ဒေဝဒတ်သည် အဘယ်အရပ်၌ ဖြစ်လေသနည်းဟု မြတ်စွာဘုရားကို မေးလျှောက်ကြကုန်၏၊ ထိုအခါ မြတ်စွာဘုရားက ချစ်သား ရဟန်းတို့ အဝီစိ ငရဲကြီး၌ ဖြစ်ရလေသည်ဟူ၍ မိန့်တော်မူလျှင် မြတ်စွာဘုရား ဤပစ္စုပ္ပန်ဘဝ၌ ပူလောင်လျက်သာလျှင် လှည့်လည်သွားလာ၍ တဖန် ဘဝတပါးသို့ သွားရပြန်ပါသော်လည်း ပူလောင်ရာ ဌာန၌သာလျှင် ဖြစ်ရပြန်လေဘိသည်ဟု လျှောက်ကြားသောအခါ ချစ်သားရဟန်းတို့ ဪ ... ဟုတ်ပေ၏၊ လူဖြစ်စေ ရဟန်းဖြစ်စေ မေ့လျော့၍ နေလေ့ရှိသော သူတို့သည် ပစ္စုပ္ပန်, တမလွန် နှစ်တန်သော ဘဝတို့၌ ပူလောင်ရသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။
ဒေသနာတော်
၁၇။ ဣဓ တပ္ပတိ ပေစ္စ တပ္ပတိ၊ ပါပကာရီ ဥဘယတ္ထ တပ္ပတိ။
ပါပံ မေ ကတန္တိ တပ္ပတိ၊ ဘိယျော တပ္ပတိ ဒုဂ္ဂတိံ ဂတော။
ပါပကာရီ၊ မကောင်းမှု အကုသိုလ်ကံကို ပြုလေ့ရှိသောသူသည်။
ဣဓ၊ ဤ ပစ္စုပ္ပန် ဘဝ၌လည်း။
တပ္ပတိ၊ ပူလောင် ဆင်းရဲရ၏။
ပေစ္စ၊ တမလွန် ဘဝ၌လည်း။
တပ္ပတိ၊ ပူလောင် ဆင်းရဲရ၏။
ဥဘယတ္ထ၊ နှစ်ပါး နှစ်တန် ပစ္စုပ္ပန်, တမလွန်တို့၌။
တပ္ပတိ၊ ပူလောင်ဆင်းရဲရ၏။
မေ၊ ငါသည်။
ပါပံ၊ ယုတ်မာသော အကုသိုလ်ကံကို။
ကတံ၊ ပြုမိ၏တကား။
ဣတိ၊ ဤသို့။
တပ္ပတိ၊ ပူပန်ဆင်းရဲရ၏။
ဒုဂ္ဂတိံ ဂတော၊ ဒုဂ္ဂတိသို့ လားရဘိမူကား။
ဘိယျော၊ ထိုထက်လွန်စွာ။
တပ္ပတိ၊ ပူလောင် ဆင်းရဲရ၏။
ဒေသနာတော်၏ အကျိုး
ဂါထာ၏အဆုံး၌ များစွာသောလူတို့သည် သောတာပန်စသည် ဖြစ်ကြကုန်၏၊ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။
ရှင်ဒေဝဒတ်ဝတ္ထု ပြီး၏။
၁၃ - သုမနဒေဝီ သူဌေးသ္မီး ဝတ္ထု
ဣဓ နန္ဒတိ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် သုမနဒေဝီကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဝိသာခါ အနာထပိဏ်တို့သည် ချစ်လှစွာသော သားမြေးတို့ကိုသာ ကုသိုလ်ရေး၌ ကိုယ်စား ထားကြခြင်း
သာဝတ္ထိပြည်၌ အနာထပိဏ် သူဌေးကြီး၏ နေအိမ်၌ နေ့တိုင်း နေ့တိုင်း ရဟန်း နှစ်ထောင်တို့သည် ဆွမ်းဘုဉ်း ပေးတော်မူကြကုန်၏၊ ဝိသာခါ ဒါယိကာမကြီး၏ နေအိမ်၌လည်း ထို့အတူ ရဟန်းနှစ်ထောင်တို့သည် ဆွမ်းဘုဉ်းပေးတော် မူကြကုန်၏၊
သာဝတ္ထိပြည်၌ အကြင် အကြင်သို့သော သူသည် အလှူဒါနကို ပေးလှူခြင်းငှါ အလိုရှိ၏၊ ထိုထိုသို့သော သူသည် ထိုနှစ်ဦးကုန်သော အနာထပိဏ် ဝိသာခါတို့ထံမှ အခွင့်ကိုရမှသာလျှင် အလှူဒါနကို ပြုရလေ၏၊ အဘယ့်ကြောင့် နည်းဟူမူကား သင်တို့၏ အလှူလှူရာအရပ်သို့ အနာထပိဏ် သူဌေးကြီးသည်၎င်း၊ ဝိသာခါ ဒါယိကာမကြီးသည်၎င်း လာရောက်ပါ၏လောဟု မေးသောအခါ မလာရောက်ဟု ဆိုသည်ရှိသော် တသိန်းသော အသပြာကို အကုန်ခံ၍ပင် လှူသော်လည်း ဤအလှူ ဒါနမည်သည် အဘယ်သို့သော အလှူဒါန ပေနည်းဟု ကဲ့ရဲ့ရှုတ်ချကြကုန်၏၊
နှစ်ယောက်ကုန်သော ထိုအနာထပိဏ်, ဝိသာခါတို့သည်ကား ရဟန်း သံဃာ တော်မြတ်အပေါင်း၏ အလို ကို၎င်း၊ လျောက်ပတ်သော အမှုတို့ကို၎င်း အလွန်လျှင် သိတတ်ကြကုန်၏၊ ထိုအနာထပိဏ်, ဝိသာခါတို့သည် ကြည့်ရှု စီရင်ကုန်သည် ရှိသော် ရဟန်းတို့သည် စိတ်တိုင်းကျကျ ဘုဉ်းပေး သုံးဆောင်တော်မူကြကုန်၏၊
ထို့ကြောင့် အလုံးစုံကုန်သော သူတို့သည် အလှူ ဒါနကို ပေးလှူလိုကုန်သည်ရှိသော် ထိုအနာထပိဏ်, ဝိသာခါတို့ကို ဖိတ်ခေါ်၍ သာလျှင် သွားကြလေကုန်၏၊ ဤသို့လျှင် ထိုအနာထပိဏ်, ဝိသာခါတို့သည် မိမိတို့၏ နေအိမ်၌ ရဟန်းတော်တို့ကို ကိုယ်တိုင် ဆွမ်းလုပ်ကျွေးခြင်းငှါ အခွင့် မရကြလေကုန်။
ထိုသို့ အခွင့်မရခြင်းကြောင့် ဝိသာခါ ဒါယိကာမကြီးသည် အဘယ်သူသည် ငါ့အရာ၌တည်၍ ရဟန်း သံဃာတော်ကို ဆွမ်းလုပ်ကျွေး နိုင်ပါအံ့နည်းဟု စူးစမ်း ဆင်ခြင်သည်ရှိသော် သား၏ သ္မီးဖြစ်သော မြေးမကိုမြင်၍ ထိုမြေးမကိုပင် မိမိ၏ အရာ၌ ထားလေ၏၊ ထိုမြေးမသည် အဘွားဖြစ်သော ဝိသာခါ ဒါယိကာမကြီး၏ နေအိမ်၌ ရဟန်း သံဃာတော် အပေါင်းကို ဆွမ်းလုပ်ကျွေးရလေ၏၊
အနာထပိဏ် သူဌေးကြီးသည်လည်း မဟာသုဘဒ္ဒါမည်သော မိမိ၏သ္မီးအကြီးကို ထားလေ၏၊ ထို မဟာသုဘဒ္ဒါသည် ရဟန်းတော်တို့၏ အမှုကိစ္စ ဟူသမျှကို ဆောင်ရွက်ပြုစုလျက် တရားတော်ကို နာရသဖြင့် သောတာပန်ဖြစ်၍ ခင်ပွန်းသည် ယောက်ျား အမျိုးသား၏အိမ်သို့ လိုက်ပါသွားရလေ၏၊ ထို့နောက် စူဠသုဘဒ္ဒါ မည်သော သ္မီးကို ထားပြန်၏၊ ထိုစူဠသုဘဒ္ဒါသည်လည်း ထိုအစ်မနည်းတူ သာလျှင် ပြုစုလျက် သောတာပန်ဖြစ်၍ ခင်ပွန်းသည် ယောက်ျား၏အိမ်သို့ လိုက်ပါ သွားရ ပြန်လေ၏။ ထိုအခါ သုမနဒေဝီ အမည်ရှိသော သ္မီးအငယ်ကို ထားရပြန်လေ သတည်း။
ကိုယ်စားသ္မီး ဖြစ်ပါလျက် ယောင်ယမ်းကာ သေရသည်ကို ဘုရားအား ဝမ်းနည်းစွာ လျှောက်ထားခြင်း
ထိုသုမနဒေဝီသည်ကား သကဒါဂါမိဖိုလ်သို့ ရောက်ပြီး၍ သတို့သ္မီးပျို၏ အဖြစ်ဖြင့် သာလျှင် ထိုသို့ သဘောရှိသော မချမ်းသာသော အနာပြင်းစွာ နှိပ်စက်အပ်သဖြင့် အစားဖြတ်ခြင်းကို ပြုပြီးလျှင် ဖခင်ကို တွေ့မြင်လိုသောကြောင့် အခေါ် စေလိုက် လေ၏၊
ထိုအနာထပိဏ် သူဌေးကြီးသည် တခုသော အလှူမဏ္ဍပ်ရုံ၌ သ္မီး၏ မှာလိုက်သော သတင်းစကားကို ကြားသိရသည်ဖြစ်၍ ချက်ခြင်းပြန်လာပြီးလျှင် ချစ်သ္မီးသုမန အဘယ်သို့ ဖြစ်သနည်းဟု မေးလေ၏၊ သုမနဒေဝီသည်လည်း အနာထပိဏ် သူဌေးကို ငါ့မောင်ကလေး အဘယ်နည်းဟု ပြန်ပြောလေ၏၊
ချစ်သ္မီး ယောင်ယမ်း မြည်တမ်းသလော ဟု မေးပြန်သည် ရှိသော် ငါ့မောင်ကလေး အစ်မကြီး မယောင်ယမ်း မမြည်တမ်းပါဟု ပြန်ပြောလေ၏၊ ချစ်သ္မီး ကြောက်သလော ဟု မေးပြန်သည်ရှိသော် ငါ့မောင်ကလေး အစ်မကြီး မကြောက်ပါ ဟု ဤမျှ လောက်သော စကားကို ပြောဆို၍သာလျှင် ထိုသုမနဒေဝီ သတို့သ္မီးသည် စုတေမနေ ကွယ်လွန်ရှာလေ၏။
အနာထပိဏ် သူဌေးသည် သောတာပန်ပုဂ္ဂိုလ် ဖြစ်သော်လည်း သ္မီးကိုစွဲ၍ ဖြစ်သော စိုးရိမ်ခြင်းကို သည်းခံခြင်းငှါ မတတ်နိုင်သည်ဖြစ်ရကား အလောင်းကောင် သင်္ဂြိုဟ်ခြင်း အမှုကို ပြုပြီးလျှင် ငိုကြွေးလျက် ဘုရားအထံသို့ သွားရောက်သဖြင့် မြတ်စွာဘုရားသည် သူဌေးကြီး အဘယ့်ကြောင့် နှလုံးဆင်းရဲခြင်း ရှိသည်ဖြစ်၍ မျက်ရည်နှင့် မျက်ခွက် ငိုကြွေးလျက် လာခဲ့ရသနည်းဟု မေးတော်မူသည်ရှိသော် မြတ်စွာဘုရား တပည့်တော်၏သ္မီးငယ်ဖြစ်သော သုမနဒေဝီသည် စုတေမနေ ကွယ်လွန်ပါလေပြီ ဘုရားဟု လျှောက်ကြား လေ၏၊
ထိုအခါ မြတ်စွာဘုရားသည် အဘယ့်ကြောင့် ငိုကြွေးဘိသနည်း၊ အလုံးစုံသော သူတို့အား သေခြင်း သဘောသည် မလွဲဧကန် အမှန်ဖြစ်သည် မဟုတ်တုံလောဟု မိန့်တော်မူသည်ရှိသော် မြတ်စွာဘုရား အလုံးစုံသော သူတို့အား သေခြင်း သဘော ဧကန်ဖြစ်သည်ကို တပည့်တော် သိပါ၏၊
ဤသို့ သဘောရှိသော တပည့်တော်၏သ္မီးသည် အရှက်အကြောက်နှင့် ပြည့်စုံ ပါလျက် သေခါနီးအခါ၌ သတိကို မြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ ယောင်ယမ်း မြည်တမ်းကာ ကွယ်လွန်ရပါသည်၊ ထို့ကြောင့် အတိုင်းမသိ များစွာသော နှလုံး မသက်သာခြင်းသည် တပည့်တော်အား ဖြစ်ပါသည် ဘုရားဟု လျှောက်ကြားလေ၏။
ဖခင်ထက်သ္မီး ဂုဏ်သိက္ခာကြီးခြင်း တုသိတာနတ်ပြည်၌ ဖြစ်ခြင်းတို့ကို ဟောကြားခြင်း
သူဌေးကြီး သင်၏သ္မီးသည် အဘယ်သို့သော စကားကို ဆိုသွားလေသနည်းဟု မိန့်တော်မူသည်ရှိသော် မြတ်စွာဘုရား တပည့်တော်သည် ထိုသ္မီးကို ချစ်သ္မီး သုမန ရှေးဦးစွာ ခေါ်လိုက်ပါသည်၊ ထိုအခါ တပည့်တော်ကို ငါ့မောင်ကလေး အဘယ်နည်း ဟု စကားတုံ့ပြန်ပါသည်၊
ထို့နောင် ချစ်သ္မီး ယောင်ယမ်း မြည်တမ်းသလောဟု မေးပြန်သည် ရှိသော် ငါ့မောင်ကလေး အစ်မကြီး မယောင်ယမ်း မမြည်တမ်းပါဟု ပြန်ပြောပါသည်၊ချစ်သ္မီး ကြောက်သလောဟု မေးပြန်သည်ရှိသော် ငါ့မောင်ကလေး အစ်မကြီး မကြောက်ပါ ဟု ဤမျှလောက်သော စကားကို ပြောဆို၍သာလျှင် စုတေပျက်ပြား ကွယ်လွန် သွားခဲ့ပါသည် ဘုရားဟု လျှောက်ကြားလေ၏။
ထိုအခါ အနာထပိဏ် သူဌေးကြီးကို မြတ်စွာဘုရားသည် သူဌေးကြီး သင်၏သ္မီးသည် ယောင်ယမ်း မြည်တမ်းသည် မဟုတ်ဟု မိန့်တော်မူသည်ရှိသော် မြတ်စွာဘုရား ထိုသို့မယောင်ယမ်း မမြည်တမ်းပါလျှင် အဘယ့်ကြောင့် ဤသို့ ငါ့မောင်ကလေးဟု ခေါ်ဝေါ် ပြောဆို ပါသနည်းဟု မေးလျှောက်လေ၏၊ သူဌေးကြီး သင်၏ ငယ်ခြင်း ကြောင့်သာလျှင် ဤသို့ ငါ့မောင်ကလေးဟု ခေါ်ဝေါ် ပြောဆိုလေ၏၊
ထိုစကားသည် မှန်၏၊ သူဌေးကြီး သင်၏သ္မီးသည် မဂ်ဖိုလ်တို့ဖြင့် အသင် သူဌေးကြီးထက် ကြီးပေသည်၊ သင်သည်ကား သောတာပန် ပုဂ္ဂိုလ်သာတည်း၊ သင်၏သ္မီးသည်ကား သကဒါဂါမ်ပုဂ္ဂိုလ်တည်း၊ ထိုသင်၏ သ္မီးသည် မဂ်ဖိုလ်တို့ဖြင့် အသင့်ထက် ကြီးသည့်အဖြစ်ကြောင့် သင့်ကို ဤသို့ ငါ့မောင်ကလေးဟု ခေါ်ဝေါ် ပြောဆိုလေသည်ဟူ၍ မိန့်တော်မူသည်ရှိသော် မြတ်စွာဘုရား ဤအတိုင်းပင် ဟုတ်မှန်ပါသလား ဘုရားဟု လျှောက်ကြား ပြန်လေ၏၊
သူဌေးကြီး ဤအတိုင်းပင် ဟုတ်မှန်ပေ၏ဟု မိန့်တော်မူသည်ရှိသော် မြတ်စွာဘုရား ယခု အဘယ်ဘုံ၌ ဖြစ်ပါသနည်းဟု မေးလျှောက်၏၊ တုသိတာ နတ်ဘုံ၌ ဖြစ်လေပြီ ဟု မိန့်တော်မူသည်ရှိသော် မြတ်စွာဘုရား တပည့်တော်၏ သ္မီးသည် ဤလူ့ပြည်၌ ဆွေမျိုးတို့၏အလယ်၌ နှစ်သက်ဝမ်းမြောက်စွာ လှည့်လည် ပြီး၍ ဤပစ္စုပ္ပန်ဘဝမှ ပြောင်းသွားရပါသော်လည်း နှစ်သက် ဝမ်းမြောက်ရာ အရပ်၌ပင် ဖြစ်ပါပေသည် ဘုရားဟု လျှောက်ကြားလေ၏၊ ထိုအခါ မြတ်စွာဘုရားသည် သူဌေးကြီး ရဟန်း ဖြစ်စေ လူဖြစ်စေ မမေ့မလျော့သော သူတို့မည်သည် ဤဘဝ၌၎င်း၊ တမလွန်ဘဝ ၌၎င်း နှစ်သက် ဝမ်းမြောက် ကြရကုန်သည် သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။
ဒေသနာတော်
၁၈။ ဣဓ နန္ဒတိ ပေစ္စ နန္ဒတိ၊
ကတပုညော ဥဘယတ္ထ နန္ဒတိ။
ပုညံ မေ ကတန္တိ နန္ဒတိ၊
ဘိယျော နန္ဒတိ သုဂတိံ ဂတော။
ကတပုညော၊ ပြုအပ်ပြီးသော ကုသိုလ်ကောင်းမှု ရှိသောသူသည်။
ဣဓ၊ ဤပစ္စုပ္ပန် လောက၌လည်း။
နန္ဒတိ၊ နှစ်သက်ဝမ်းမြောက်ရ၏။
ပေစ္စ၊ တမလွန် လောက၌လည်း။
နန္ဒတိ၊ နှစ်သက်ဝမ်းမြောက်ရ၏။
ဥဘယတ္ထ၊ ပစ္စုပ္ပန်,တမလွန် နှစ်တန်သော လောက၌။
နန္ဒတိ၊ နှစ်သက်ဝမ်းမြောက်ရ၏။
မေ၊ ငါသည်။
ပုညံ၊ ကောင်းမှုကို။
ကတန္တိ၊ ပြုအပ်ပြီ ဟူ၍။
နန္ဒတိ၊ နှစ်သက် ဝမ်းမြောက်ရ၏။
သုဂတိံ၊ သုဂတိ ဘဝသို့။
ဂတော၊ ရောက်သည်ဖြစ်၍။
ဘိယျော၊ လွန်စွာ။
နန္ဒတိ၊ နှစ်သက်ဝမ်းမြောက်ရ၏။
ဒေသနာတော်၏ အကျိုး
ဂါထာ၏ အဆုံး၌ များစွာသောသူတို့သည် သောတာပန် စသည်တို့ဖြစ်ကြကုန်၏၊ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။
သုမနဒေဝီသူဌေးသ္မီးဝတ္ထု ပြီး၏။
၁၄ - အဆွေခင်ပွန်း ရဟန်းနှစ်ပါး ဝတ္ထု
ဗဟုမ္မိ စေ အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အဆွေခင်ပွန်း ဖြစ်ကုန်သော နှစ်ပါးသော ရဟန်း တို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဓုရနှစ်ပါး ဖြည့်ကျင့်ရာ၌ အသီးအသီး အကျိုးထူး ရှိကြခြင်း
သာဝတ္ထိပြည်၌ နေကုန်သော အဆွေခင်ပွန်း အမျိုးသား နှစ်ယောက်တို့သည် ကျောင်းသို့သွား၍ မြတ်စွာဘုရား၏ တရားတော်ကို နာရသဖြင့် ကာမဂုဏ်တို့ကို စွန့်ပစ်ပယ်ခွါပြီးလျှင် သာသနာတော်၌ ရှင်ပေးလျက် ရဟန်းပြုကြလေကုန်၏၊ ထိုသို့ ရဟန်းပြု၍ ငါးဝါတို့ပတ်လုံး ဆရာဥပဇ္ဈာယ်တို့၏ အထံ၌နေ၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် သာသနာတော်၌ ဆောင်ရွက် ဖြည့်ကျင့်အပ်သော ဓုရကို မေးလျှောက်၍ ဂန္ထဓုရကို၎င်း၊ ဝိပဿနာဓုရကို၎င်း အကျယ်အားဖြင့် ကြားနာ ရပြီးလျှင် ရဟန်းတပါးသည် မြတ်စွာဘုရား တပည့်တော်ကား ကြီးရင့် အိုမင်းသော အခါမှ ရဟန်းပြုရ၏၊
ဂန္ထဓုရကို ဖြည့်ကျင့်ခြင်းငှါ မတတ်နိုင်ပါ၊ ဝိပဿနာဓုရကို ဖြည့်ကျင့်ပါအံ့ ဘုရားဟု လျှောက်ကြား၍ အရဟတ္တဖိုလ်သို့ ရောက်သည်တိုင်အောင် ဝိပဿနာဓုရကို ဟောကြားတော်မူပါဟု တောင်းပန် နာကြားပြီးလျှင် အထပ်ထပ် စေ့ဆော် အားထုတ် သည်ရှိသော် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏၊
ဤမှတပါးဖြစ်သော အဖော် ရဟန်းသည်ကား ငါသည် ဂန္ထဓုရကိုဖြည့်ကျင့်ခြင်းငှါ စွမ်းနိုင်၏ဟုကြံ၍ အစဉ် အတိုင်းအားဖြင့် ပိဋကတ်သုံးပုံဟု ဆိုအပ်သော မြတ်စွာဘုရား စကားတော်ကို သင်ယူ၍ ရောက်ရာ ရောက်ရာအရပ်၌ တရား စကားကို ဟောကြားလေ့ရှိ၏၊ သရဘညဝတ်ကို ရွတ်လေ့ရှိ၏၊ ငါးရာကုန်သော ရဟန်းတို့အား မြတ်စွာဘုရား စကားတည်းဟူသော တရားတော်ကို ပို့ချလျက် သွားလာလှည့်လည်လေ့ရှိ၏၊ တဆယ့်ရှစ်ရပ်ကုန်သော ဂိုဏ်းကြီးတို့၏ ဆရာကြီး တပါး ဖြစ်လေသတည်း။
(ပဋိသမ္ဘိဒါဟူသည်ကား ခွဲစိတ်ကြိတ်ဖြာ၍ သိတတ်သော ဉာဏ်ကြီး ဖြစ်၏၊ ထိုဉာဏ်သည် -
၁ - အနက်ကို၎င်း၊ အကျိုးကို၎င်း သိသော အတ္ထပဋိသမ္ဘိဒါဉာဏ်။
၂ - ပါဠိကို၎င်း၊ အကြောင်းကို၎င်း သိသော ဓမ္မပဋိသမ္ဘိဒါဉာဏ်။
၃ - သဒ္ဓါကို သိသော နိရုတ္တိပဋိသမ္ဘိဒါဉာဏ်။
၄ - ထိုဉာဏ် သုံးပါးကို သိသော ပဋိဘာန ပဋိသန္တိ ဒါဉာဏ် အားဖြင့် လေးပါးရှိ၏။
သရဘညဝတ် ဟူသည်ကား အသံဖြင့် ထင်ရှားအောင် ဖောင်ဖောင်ရွတ်၍ ဟောခြင်းတည်း၊ ထိုဝတ်သည် -
လှိုင်းတံပိုးကဲ့သို့ ရွတ်ရာသော တရင်္ဂဝတ်၊
ပုဆိုး ဖွပ်သကဲ့သို့ ရွတ်ရာသော မောတကဝတ်၊
ချော်သကဲ့သို့ အယိုင်ချွတ်ရာသော ခလိတဝတ်စသည်ဖြင့် သုံးဆယ့်နှစ်ပါးရှိ၏။)
တရားလက်လွတ်သော ကျမ်းဂန်တတ် ရဟန်း၏ မာန်မာန အညစ်အကြေး
ရဟန်းတို့သည် မြတ်စွာဘုရား အထံတော်၌ ကမ္မဋ္ဌာန်းကို ယူ၍ ဝိပဿနာ ဓုရကို ဖြည့်ကျင့်သော ရဟန္တာ မထေရ်၏ နေရာအရပ်သို့ သွား၍ ထိုမထေရ်၏ အဆုံးအမ၌ တည်လျက် ရဟန္တာအဖြစ်သို့ ရောက်ပြီးလျှင် မထေရ်ကို ရှိခိုး၍ တပည့်တော် တို့သည် မြတ်စွာဘုရားကို ဖူးမျှော်ခြင်းငှါ အလိုရှိပါကုန်သည် ဘုရားဟု ခွင့်ပန် လျှောက်ကြားကြလေကုန်၏၊
မထေရ်သည်လည်း ငါ့သျှင်တို့ သွားကြကုန်လော့၊ ငါ၏စကားဖြင့် မြတ်စွာဘုရားကို ရှိခိုး၍ ရှစ်ကျိပ်ကုန်သော မထေရ်ကြီးတို့ကိုလည်း ရှိခိုးကြကုန်လော့၊ ငါ၏ အဖော် ဖြစ်သော မထေရ်ကိုလည်း တပည့်တော်တို့၏ ဆရာသည် အရှင်ဘုရားတို့ကို ရှိခိုးလိုက်ပါသည် ဟူ၍ လျှောက်ကြား ကြကုန်လော့ဟု မှာထား လွှတ်လိုက် လေ၏၊
ထိုရဟန်းတို့သည် မြတ်စွာဘုရား ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို၎င်း၊ ရှစ်ကျိပ်ကုန်သော မထေရ်ကြီးတို့ကို၎င်း ရှိခိုးကြ၍ ဂန္ထဓုရဖြည့်ကျင့်သော မထေရ် တို့ကိုလည်း ရှိခိုးပြီးလျှင် အရှင်ဘုရား တပည့်တော်တို့၏ ဆရာသည် အရှင်ဘုရား တို့ကို ရှိခိုးလိုက်ပါသည် ဟူ၍ လျှောက်ကြားကြကုန်၏၊
ထိုဂန္ထဓုရဖြည့်သော ရဟန်းသည်လည်း အသင်တို့၏ ဆရာဖြစ်သော ထိုရဟန်းသည် အဘယ်သူဖြစ်သနည်းဟု မေးသည် ရှိသော် ရဟန်းတို့သည် အရှင်ဘုရား အရှင်ဘုရားတို့၏ အဖော် ဖြစ်သော ရဟန်းပါတည်းဟု ဆိုကြကုန်၏။
ဤသို့လျှင် ဝိပဿနာဖြည့်ကျင့်သော မထေရ်သည် အဖန်တလဲလဲ သတင်း စကားကို စေသည်ရှိသော် ထိုဂန္ထဓုရ ဖြည့်ကျင့်သော ရဟန်းသည် အနည်း ငယ်သော ကာလပတ်လုံး သည်းခံ၍ နောက်အဖို့ ကာလ၌ သည်းခံခြင်းငှါ မစွမ်းနိုင်သည် ဖြစ်ရကား တပည့်တော်တို့၏ ဆရာသည် အရှင်ဘုရားတို့ကို ရှိခိုးလိုက်သည်ဟု လျှောက်လာကြသဖြင့် အသင်တို့၏ ဆရာဖြစ်သော ထိုရဟန်း သည် အဘယ်သူဖြစ်သနည်းဟု မေးသည်ရှိသော် အရှင်ဘုရားတို့၏ အဖော် ဖြစ်သော ရဟန်းပါတည်းဟု လျှောက်သောအခါ သင်တို့သည် ထိုရဟန်း၏ အထံ၌ အဘယ်ကို သင်ကြားအပ်သနည်း၊
ဒီဃနိကာယ် စသည်တို့တွင် တပါးပါးသော နိကာယ်ကိုတည်း သင်ယူသလော၊ ပိဋကတ်သုံးပုံတို့တွင် တပုံပုံသော ပိဋကတ်ကိုတည်း သင်ယူသလောဟု မေးပြီးလျှင် လေးပါဒမျှရှိသော ဂါထာ ကိုလည်း မသိမမြင်၊ ပံသုကူသင်္ကန်းကိုသာ ကောက်ယူ၍ ရဟန်းပြုပြီးသော ကာလ၌သာလျှင် တောသို့ဝင်လျက် များစွာကုန်သော အတွင်းနေ တပည့်တို့ကို ရလေဘိတကား၊ ထိုရဟန်း လာသောအခါ ငါသည် ပြဿနာကို မေးခြင်းငှါ သင့်၏ဟု ကြံစည်စိတ်ကူး၍ နေလေ၏၊
နောက်အဖို့၌ ဝိပဿနာဖြည့်ကျင့် သောမထေရ်သည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ လာသည်ရှိသော် အဖော် ဖြစ်သော မထေရ်၏ အထံ၌ သပိတ် သင်္ကန်းကို ထားကာ သွား၍ မြတ်စွာဘုရားကို၎င်း၊ ရှစ်ကျိပ်ကုန်သော မထေရ်ကြီးတို့ကို၎င်း ရှိခိုးပြီးလျှင် အဖော်ဖြစ်သော ရဟန်း၏နေရာအရပ်သို့ ပြန်လည်လာခဲ့၏။
ထိုအခါ ထိုအာဂန္တု ရဟန်းအား ကျောင်းနေ ရဟန်းသည် ဝတ်ကြီး ဝတ်ငယ်ကို ပြုစေပြီးလျှင် တူမျှသော ပမာဏရှိသော နေရာကို ယူ၍ အမေး ပုစ္ဆာပြဿနာကို မေးအံ့ဟု ထိုင်လေ၏၊ ထိုခဏ၌ မြတ်စွာဘုရားသည် ဤဂန္တရဓု ဖြည့်ကျင့်သော ရဟန်းသည် ဤသို့သဘောရှိသော ငါ့သားတော်ကို ညှဉ်းဆဲ၍ ငရဲ၌ ဖြစ်လေရာ၏ဟု မြင်တော်မူသဖြင့် ထိုရဟန်း၌ အစဉ်သနားသောစိတ် ရှိတော်မူသည်ဖြစ်၍ ကျောင်းစဉ် လှည့်လည်ခြင်းကို လှည့်လည်တော်မူဘိသကဲ့ သို့ ထိုရဟန်းတို့၏ ထိုင်နေရာ အရပ်သို့ ကြွသွားတော်မူ၍ ခင်းထားအပ်သော မြတ်သော ဘုရား နေရာတော်၌ ထိုင်နေ သီတင်းသုံးတော်မူလေ၏။
မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါ၌ ရဟန်းတို့သည် ထိုသို့အရပ်၌ နေကြကုန်သည်ရှိသော် မြတ်စွာဘုရား၏ နေရာတော်ကို သီးခြားခင်းထား၍သာ နေကြကုန်စမြဲတည်း၊ မြတ်စွာဘုရားသည်ကား ကြွလာတော်မူ၍ ပြကတေ့ ခင်းထားပြီး နေရာထက်၌သာ ထိုင်နေ သီတင်းသုံးတော်မူလေ၏။ [အဋ္ဌကထာ အမှာ]
ဝိပဿနာဓုရ ဖြည့်ကျင့်သော ရဟန်းအား ကောင်းချီပေးသဖြင့် မြတ်စွာဘုရား အကဲ့ရဲ့ခံရခြင်းနှင့် နွားကျောင်းသား ဥပမာ
ထိုသို့ ထိုင်နေ သီတင်းသုံးတော်မူပြီးလျှင် ကျမ်းဂန်တတ် ရဟန်းကို ပဌမ ဈာန်၌ အမေးပုစ္ဆာ ပြဿနာကို မေးတော်မူ၍ ထိုရဟန်းက ဖြေဆိုသည်ရှိသော် ဒုတိယ ဈာန်ကို အစပြု၍ ရှစ်ပါးသော သမာပတ်တို့၌၎င်း၊ ရုပ်နာမ်တို့၌၎င်း အမေးပုစ္ဆာ ပြဿနာကို မေးတော်မူ၏၊ ကျမ်းဂန်းတတ် ရဟန်းသည် အလုံးစုံကို ဖြေဆိုနိုင်၏၊
ထိုအခါ ထိုရဟန်းကို သောတာပတ္တိမဂ်၌ အမေးပုစ္ဆာ ပြဿနာကို ပေးတော်မူလေ၏၊ ထိုရဟန်းသည် ဖြေဆိုခြင်းငှါ မတတ်နိုင်လေပြီ၊ ထို့နောက်မှ ရဟန္တာ မထေရ်ကို မေးတော်မူ၏၊ ရဟန္တာ မထေရ်သည် ဖြေဆို၏၊ မြတ်စွာ ဘုရားသည်”သာဓု သာဓု - ကောင်းလှပေ၏,ကောင်းလှပေ၏ ချစ်သားရဟန်းဟု ကောင်းချီး ပေးခြင်းအားဖြင့် အလွန်နှစ်သက်တော်မူ၍ ကြွင်းသောမဂ်တို့၌လည်း အစဉ်အတိုင်းအားဖြင့် အမေး ပုစ္ဆာ ပြဿနာကို မေးတော်မူလေ၏၊
ကျမ်းဂန်တတ် ရဟန်းသည် တစုံတခုကိုမျှ သော်လည်း ဖြေဆိုခြင်းငှါ မတတ်နိုင်လေပြီ၊ ရဟန္တာဖြစ်သော မထေရ်သည်ကား မေးတိုင်း မေးတိုင်းသော အမေးပုစ္ဆာ ပြဿနာကို ဖြေဆိုလေ၏၊ မြတ်စွာဘုရားသည် လေးပါးကုန်သော မဂ်အရာ ဌာနတို့၌လည်း ထိုရဟန္တာ မထေရ်အား ကောင်းချီးကို ပေးတော်မူ၏၊
ထိုသို့ ကောင်းချီးပေးသံကို ကြားလျှင် ဘုမ္မစိုးနတ်တို့ကို အစပြု၍ ဗြဟ္မာ့ပြည် တိုင်အောင် နေကုန်သော အလုံးစုံသော နတ်ဗြဟ္မာတို့သည်၎င်း၊ နဂါး, ဂဠုန်တို့ သည်၎င်း ကောင်းချီးသံကို အဆင့်ဆင့် ပေးကြ လေကုန်၏။
ထိုသို့ ကောင်းချီးပေးသည်ကိုကြား၍ ကျမ်းဂန်တတ် မထေရ်၏ အတွင်းနေ တပည့်တို့သည်၎င်း၊ အတူနေ တပည့်တို့သည်၎င်း မြတ်စွာဘုရားကို ကဲ့ရဲ့ရှုတ်ချ ကြကုန်၏၊ မြတ်စွာဘုရားပြုသော ဤအမှုသည်ကား အဘယ်ပါနည်း၊ တစုံတခု ကိုမျှ မသိသော သက်ကြီးရွယ်ရင့်ဖြစ်သော မထေရ်အိုကြီးအား လေးပါးကုန်သော မဂ်အရာ ဌာနတို့၌ ကောင်းချီးကို ပေးတော်မူလေသည်၊ အလုံးစုံ ပရိယတ်ကို ဆောင်တော်မူသော ရဟန်းငါးရာတို့၏ အကြီးအမှူးဖြစ်သော ငါတို့၏ဆရာ မထေရ် ကိုမူကား ချီးမွမ်းခြင်းအမှုကိုမျှသော်လည်း မပြုဟု ကဲ့ရဲ့ရှုတ်ချကြကုန်၏၊
ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို ချစ်သားရဟန်းတို့ အဘယ်သို့သော စကားကို ပြောဆိုကြကုန် သနည်းဟု မေးဖော်မူ၍ ထိုအကြောင်းကို လျှောက် ကြားအပ်သည်ရှိသော် ချစ်သား ရဟန်းတို့ သင်တို့၏ ဆရာသည် ငါဘုရား သာသနာတော်၌ အဘိုးအခတို့ဖြင့် နွားတို့ကို စောင့်ရှောက် ထိန်းကျောင်း ရသော သူနှင့် တူ၏၊ ငါ၏ သားတော်သည်ကား အလိုရှိတိုင်း နွားနို့အရသာ ငါးပါးတို့ကို သုံးဆောင် စားသောက်ရသော နွားရှင်နှင့် တူ၏ဟု မိန့်တော်မူ၍ ဤ ဂါထာတို့ကို ဟောတော်မူလေ၏။
ဒေသနာတော်
၁၉။ ဗဟုမ္ပိ စေ သံဟိတံ ဘာသမာနော၊
န တက္ကရော ဟောတိ နရော ပမတ္တော။
ဂေါပေါဝ ဂါဝေါ ဂဏယံ ပရေသံ၊
န ဘာဂဝါ သာမညဿ ဟောတိ။
၂၀။ အပ္ပမ္ပိ စေ သံဟိတံ ဘာသမာနော၊
ဓမ္မဿ ဟောတိ အနုဓမ္မစာရီ။
ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ၊
သမ္ပဇာနော သုဝိမုတ္တစိတ္တော။
အနုပါဒိယာနော ဣဓ ဝါ ဟုရံ ဝါ၊
သ ဘာဂဝါ သာမညဿ ဟောတိ။
ယော နရော၊ အကြင်သူသည်။
သံဟိတံ၊ အစီးအပွားရှိသော ပိဋကတ် သုံးပုံတည်းဟူသော ဘုရားစကားတော်ကို။
ဗဟုံ၊ အကြိမ်များစွာ။
ဘာသ မာနောပိ၊ သင်ကြားပို့ချ ပြသ ပြောဟော ငြားသော်လည်း။
ပမတ္တော၊ သတိ မေ့လျော့ ပေါ့တန်သည်ဖြစ်၍။
တက္ကရော၊ ပြုသင့် ပြုထိုက်သော ကမ္မဋ္ဌာန်းကို နှလုံးသွင်းသော ထိုအမှုကိုပြုသည်။
စေ န ဟောတိ၊ အကယ်၍ မဖြစ်ခဲ့ငြားအံ့။
ဧဝံ သတိ၊ ဤသို့ဖြစ်သည်ရှိသော်။
သော နရော၊ ထိုသူသည်။
ဂေါပေါ၊ နံနက် ယူကျောင်း ညဉ့်စောင်းပြန်ပို့ နေ့ဖို့ခစား နွားကျောင်းသားသည်။
ဂါဝေါ၊ ကျောင်းအပ်သမျှနွားတို့ကို။
ဂဏယံ-ဂဏယန္တော၊ စေ့ငှအောင်ရေတွက်လျက်။
ပရေသံ၊ နွားရှင်ဖြစ်ငြား သူတပါးတို့အား။
နိယျာဒေတိ ဣဝ၊ နို့ကားလိုတိုင်း မစားရ ဆောင်နှင်းလိုက်ရ သကဲ့သို့။
ပရေသံ၊ ကျင့်ကြလိုချင် သူတော်စင်တို့အား။
နိယျာဒေတိ၊ ဆောင်နှင်းလိုက်ရသည်မည်၏။
သော နရော၊ ထိုအကျင့် ခေါင်းပါး အဟောများသောသူသည်။
သာမညဿ၊ ရဟန်းပြုခြင်း၏အကျိုးဟု ဆိုအပ်သော မဂ်ဖိုလ်၏။
ဘာဂဝါ၊ အဖို့ရှိသည်။
န ဟောတိ၊ မဖြစ်။
ယော နရော၊ အကြင်သူသည်။
သံဟိတံ၊ အစီးအပွားရှိသော ပိဋကတ် သုံးပုံတည်းဟူသော ဘုရားစကားတော်ကို။
အပ္ပံ၊ အနည်းငယ်မျှ။
ဘာသမာ နောပိ၊ သင်ကြားပို့ချ ပြသ ပြောဟောငြားသော်လည်း။
ဓမ္မဿ၊ လောကုတ္တရာ တရားတော်အား။
အနုဓမ္မစာရီ၊ လျော်သော စတုပါရိသုဒ္ဓိသီလ, ဓုတင်, အသုဘ ကမ္မဋ္ဌာန်း စသော တရားကို ကျင့်သည်။
စေ ဟောတိ၊ အကယ်၍ ဖြစ်ခဲ့ငြားအံ့။
ဧဝံ သတိ၊ ဤသို့ဖြစ်သည်ရှိသော်။
သော နရော၊ ထိုသူသည်။
ရာဂဉ္စ၊ ရာဂကို ၎င်း။
ဒေါသဉ္စ၊ ဒေါသကို၎င်း။
မောဟဉ္စ၊ မောဟကို၎င်း။
ပဟာယ၊ ပယ်စွန့်၍။
သမ္ပဇာနော၊ ကောင်းစွာ အပြားအားဖြင့် သိသည်ဖြစ်၍။
သုဝိမုတ္တစိတ္တော၊ တဒင်္ဂ, ဝိက္ခမ္ဘန, သမုစ္ဆေဒ, ပဋိပ္ပဿဒ္ဓိ, နိဿရဏဝိမုတ္တိဖြင့် ကောင်းစွာလွတ်သော စိတ်ရှိသည်ဖြစ်၍။
ဣဓ ဝါ၊ ပစ္စုပ္ပန်လောက ဤဘဝ၌၎င်း။
ဟုရံ ဝါ၊ တမလွန် လောက နောင်ဘဝ၌၎င်း။
အနုပါဒိယာနော၊ လေးပါးသော ဥပါဒါန်တို့ဖြင့် စွဲလမ်းခြင်းမရှိသော ရဟန္တာ အရှင်မြတ်သည်။
ဟုတွာ၊ ဖြစ်၍။
သာမညဿ၊ ရဟန်းပြုခြင်း၏အကျိုးဟု ဆိုအပ်သော မဂ်ဖိုလ်၏။
ဘာဂဝါ၊ အဖို့ရှိသည်။
ဟောတိ၊ ဖြစ်၏။
ဤသို့လျှင် မြတ်စွာဘုရားသည် အကြားအမြင်များလျက် မေ့မေ့ လျော့လျော့ နေလေ့ရှိသော အနိစ္စ စသည် အစွမ်းဖြင့် အသင့်အတင့် နှလုံးသွင်းခြင်း၌ လွန်စွာ မေ့လျော့သော သီလနှင့်ပြည့်စုံသော ရဟန်းတို့၏ အစွမ်းဖြင့် ပဌမ ဂါထာကို ဟောတော်မူသည်၊
သီလမရှိသော ဒုဿီလ ရဟန်း၏ အစွမ်းဖြင့် ဟောတော်မူသည် မဟုတ်၊ ဒုတိယ ဂါထာကိုကား အကြားအမြင် နည်းပါးသော်လည်း အသင့်အတင့် နှလုံးသွင်းခြင်း၌ အမှုကို ပြုလေ့ရှိသော အားထုတ်သော ပုဂ္ဂိုလ်၏ အစွမ်းဖြင့် ဟောကြားတော်မူ အပ်၏။
ဒေသနာတော်၏ အကျိုး
ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြ ကုန်၏၊ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။
အဆွေခင်ပွန်း ရဟန်းနှစ်ပါးဝတ္ထု ပြီး၏။
ဤတွင်ရွေ့ကား ရှေးဦးစွာသော ယမကဝဂ် ပြီး၏။
၂ - အပ္ပနာဒဝဂ်
၁ - သာမာဝတီ မိဖုယား ဝတ္ထု
အပ္ပမာဒေါ အမတံ ပဒံ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ကောသမ္ဗီပြည်ကို အမှီပြု၍ ဃောသိတာရုံ ကျောင်းတော်၌ နေတော်မူစဉ် သာမာဝတီ အမှူးရှိကုန်သော ငါးရာသော မိန်းမတို့၏၎င်း၊ မာဂဏ္ဍီ အမှူးရှိကုန်သော ငါးရာသော မိန်းမတို့၏၎င်း၊ ထိုမာဂဏ္ဍီ၏ ဆွေမျိုး ဖြစ်ကုန်သော ငါးရာသော သူတို့၏၎င်း၊ သေလွန်ခြင်း ပျက်စီးခြင်းကို အကြောင်း ပြု၍ ဟောတော်မူလေ၏၊ ထိုဝတ္ထု၌ ဤဆိုလတ္တံ့သည်ကား အစဉ်အတိုင်း ဖြစ်သော စကားတည်း။
အလ္လကပ္ပမင်းနှင့် ဝေဋ္ဌဒီပကမင်းတို့ ရသေ့ရဟန်း ပြုကြခြင်း
ရှေးလွန်လေပြီးသောအခါ အလ္လကပ္ပတိုင်း၌ အလ္လကပ္ပ အမည်ရှိသော မင်းသည်၎င်း၊ ဝေဋ္ဌဒီပကတိုင်း၌ ဝေဋ္ဌဒီပက အမည်ရှိသော မင်းသည်၎င်း ဤနှစ်ယောက်ကုန်သော မင်းတို့သည် ပျိုမြစ်နုနယ် ငယ်ရွယ်သော ကာလမှစ၍ အဆွေခင်ပွန်း တို့သာလျှင် ဖြစ်ကုန်၏၊ ထိုနှစ်ယောက်သော မင်းတို့သည် တဦးသော ဆရာ၏အိမ်၌ အတတ်ပညာကို ကောင်းစွာသင်ယူ၍ မိမိခမည်းတော်တို့၏ ကွယ်လွန်သဖြင့် ထီးဖြူကို စိုက်ထူစေ၍ ဆယ်ယူဇနာ ဆယ်ယူဇနာ ကျယ်သော တိုင်းပြည်၌ အသီးသီး မင်းပြုကြကုန်၏။
ထိုမင်း နှစ်ပါးတို့သည် ရံဖန်ရံဖန် ကောင်းစွာ စည်းဝေးကြ၍ တပေါင်းတည်း ရပ်ကြ ထိုင်နေကြ လျောင်းစက်ကြ ကုန်လျက် ပဋိသန္ဓေတည်နေ ဖွားမြင်သည်လည်း ဖြစ်သော စုတိပြောင်းကြွေ သေလွန်သည် လည်းဖြစ်သော လူများအပေါင်းကို မြင်ကုန်သည်ဖြစ်၍ တမလွန် ဘဝသို့ ပြောင်းသွားသောသူ၏ နောက်သို့ အစဉ် တစိုက် လိုက်ပါနိုင်သော မည်သည် မရှိ၊ အယုတ်သဖြင့် မိမိ၏ကိုယ်သည်လည်း မလိုက်မပါ၊ အလုံးစုံ ရှိသမျှကို ပယ်စွန့်၍ သွားရ၏။
ငါတို့အား လူတို့ဘောင်၌ နေခြင်းဖြင့် အဘယ် အကျိုးရှိအံ့နည်း၊ ရဟန်းပြုကြ ကုန်အံ့ဟု တိုင်ပင်ကြပြီးလျှင် တိုင်းပြည်တို့ကို သားမယားအား ပေးအပ်ဆောင်နှင်း ခဲ့၍ ရသေ့ ရဟန်း အဖြစ်ဖြင့် ရဟန်း ပြုကြကုန်၍ ဟိမဝန္တာ တောအရပ်၌ ချဉ်းကပ် နေထိုင်ကုန်လျက် တိုင်ပင် ဆွေးနွေးကြကုန်သည်မှာ ငါတို့သည် ပြည်စည်းစိမ်ကို ပယ်စွန့်၍ ရဟန်းပြုခဲ့ ကြကုန်၏၊ အသက်မွေးခြင်းငှါ မစွမ်းနိုင်သောကြောင့် ရဟန်း ပြုကြကုန်သည် မဟုတ်ချေ။
ထိုသို့ ရသေ့ရဟန်းပြုကြကုန်သော ငါတို့နှစ်ယောက်သည် တနေရာ တည်း၌ (အတူ) နေကြကုန်သည်ရှိသော် ရသေ့ ရဟန်း မပြုသော သူတို့နှင့် တူကုန်သည် သာတည်း၊ ထို့ကြောင့် ငါတို့သည် တခြားစီသာ နေကြကုန်အံ့၊ သင်သည် တခုသော တောင်၌ နေလော့၊ ငါသည် ဤတောင်၌နေအံ့၊ လခွဲတကြိမ် (ဆယ့်ငါးရက်တိုင်း) ဥပုသ်နေ့၌ တပေါင်းတည်း တွေ့ဆုံခြင်း ဖြစ်ကြကုန်အံ့ဟု တိုင်ပင် ဆွေးနွေးကြ ကုန်၏။
ထို့နောက်တဖန် ထိုရသေ့တို့အား ဤသို့သော တိုင်ပင်ခြင်း ဖြစ်ပြန်၏၊ ဤသို့ လခွဲတကြိမ်ပေါင်းဆုံခြင်း သည်လည်း အပေါင်းအဖော်၌ မွေ့လျော်သည် သာလျှင် ဖြစ်လတ္တံ့၊ သင်သည်ကား သင်၏ တောင်၌ မီးညှိ ထွန်းလေလော့၊ ငါသည်လည်း ငါ၏တောင်၌ မီးကို ညှိထွန်းပြအံ့၊ ထိုမီးအမှတ်ဖြင့် ရှိသည့် အဖြစ်ကို သိကြကုန်အံ့ဟု တိုင်ပင်ခြင်း ဖြစ်ကြပြီးလျှင် ထိုရသေ့တို့သည် တိုင်ပင်ချက်အတိုင်း ပြု၍ နေကြကုန်၏။
---ဝေဋ္ဌဒီပကရသေ့ စုတေသဖြင့် နတ်သားဖြစ်၍ အဖော် ရသေ့ထံ လာပြီးလျှင် ဟတ္ထိကန္တ စောင်းနှင့် မန္တန် ပေးခြင်း
ထိုနောက် အခါတပါး၌ ဝေဋ္ဌဒီပကရသေ့သည် စုတေမနေ ကွယ်လွန်လေ၍ တန်ခိုးကြီးသော နတ်မင်း၏ အဖြစ်ဖြင့် ဖြစ်လေ၏၊ ထို့နောက် လခွဲရောက်လတ် သော် မီးကို မမြင်သောကြောင့်သာလျှင် တပါးသော အဖော် အလ္လကပ္ပ ရသေ့သည် ငါ၏အဖော်ဖြစ်သော ဝေဋ္ဌဒီပက ရသေ့သည်ကား သေလွန်ခြင်းကို ပြုခဲ့ပြီဟု သိလေ၏။
ဝေဋ္ဌဒီပက ရသေ့သည်လည်း နတ်ဖြစ်သော ခဏ၌သာလျှင် မိမိ၏နတ်စည်းစိမ် အသရေ အထွေထွေကို သေချာစွာကြည့်ရှုပြီးလျှင် မိမိသည် ပြုအပ်သော ကောင်းမှုကံကို ပြန်လှန်စူးစမ်း ဆင်ခြင်သည်ရှိသော် တောထွက်သော ကာလမှစ၍ မိမိသည် ကျင့်အပ်သော ခြိုးခြံသောအကျင့်ကို မြင်ရ၍ ယခု သွားပြီးလျှင် ငါ၏ အဖော်ကို ဖူးမြင်ဦးအံ့ဟု ထိုအတ္တဘောကို စွန့်ပယ်ခဲ့၍ ခရီးသွားသော ယောက်ျား အလား ထိုအလ္လကပ္ပ ရသေ့၏ အထံသို့ သွား၍ ရိုသေစွာ ရှိခိုးပြီးလျှင် သင့်တင့် လျောက်ပတ်သော အရပ်၌ ရပ်တည်လေ၏။
ထိုအခါ ခရီးသွားယောက်ျားကို အလ္လကပ္ပ ရသေ့သည် သင်ကား အဘယ် အရပ်မှ လာခဲ့ပေသနည်းဟု မေး၏၊ ခရီးသွား ယောက်ျားသည်လည်း အရှင်ဘုရား တပည့်တော်သည် ဝေးစွာသော အရပ်မှ လာခဲ့ပါသည်၊ အရှင်ဘုရား အသို့နည်း၊ အရှင်မြတ်သည် ဤအရပ်ဒေသ၌ တပါးတည်းသာလျှင် နေတော်မူပါသလော၊ တပါးသော တစုံတယောက်သော အဖော်သည်လည်း ရှိပါသေး သလောဟု မေးလျှောက်လေ၏။
ငါ့အား တယောက်သော အဖော်ရှိ၏ဟု ဆိုလျှင် ထိုအဖော်သည် အဘယ်မှာနည်းဟု မေးမြန်းသဖြင့် တခုသောတောင်၌ နေ၏၊ ဥပုသ်နေ့၌ကား မီးကို မညှိထွန်း၊ ကွယ်လွန်ရှာသည် ဖြစ်ပေလတ္တံ့ဟု ပြောဆိုသည်ရှိသော် အရှင်ဘုရား သည်အတိုင်း ဟုတ်မှန် ပေလိမ့်မည်ဟု လျှောက်ကြားသဖြင့် ငါ့သျှင် ဒါယကာ သည်အတိုင်း ဟုတ်သည်ဟု ပြောဆိုသောအခါ ခရီးသွားယောကျ်ားက တပည့်တော်သည် အရှင်မြတ်၏ အဖော် ဖြစ်သော ထိုရသေ့ပါတည်းဟု လျှောက်ကြားလေ၏။
အဘယ်အရပ်၌ ဖြစ်လေသနည်းဟု မေးပြန်လတ်သော် အရှင်ဘုရား တပည့်တော် သည် နတ်ပြည်၌ တန်ခိုးကြီးသော နတ်မင်း၏ အဖြစ်ဖြင့် ဖြစ်ပါသည်။ အရှင်မြတ်ကို ဖူးမြင်ဦးအံ့ဟု ယခုတဖန် လာခဲ့သောသူ မှန်ပါသည်၊ ဤအရပ် ဌာန၌ သီတင်းသုံး နေကုန်သော အရှင်မြတ်တို့အား တစုံတခုသော ဘေးရန် ဥပဒ္ဒဝေါ ရှိပါသလောဟု မေးလျှောက်လေ၏။
ဪ ... ရှိပေ၏၊ ဒါယကာ ဆင်ကိုမှီ၍ ဆင်းရဲပင်ပန်း၏ဟု ပြောဆိုသောအခါ အရှင်ဘုရား အရှင်မြတ်အား ထိုဆင်တို့သည် အဘယ်သို့ ပြုပါကုန်သနည်းဟု မေးလျှောက်ပြန်သော် တံမြက် လှည်းအပ်သော နေရာဌာန၌ မစင် ကျင်ကြီးတို့ကို စွန့်ချခဲ့ကြကုန်၏၊ ခြေတို့ဖြင့် မြေ၌ ပုတ်ခတ်၍ မြေကို ယက်ကော်ထုတ်ပစ်ကြကုန်၏၊ ငါသည် မစင်ကျင်ကြီး တို့ကို ကျုံးပစ်ရသည် ဖြစ်၍၎င်း၊ မြေကို ညီညွတ်အောင် ပြုရသည်ဖြစ်၍၎င်း ဆင်းရဲ ပင်ပန်းပေသည်ဟု ပြောကြားလျှင် အသို့နည်း အရှင်မြတ်တို့သည် ထိုဆင်တို့၏ မလာခြင်းကို အလိုရှိကြ ပါကုန်သလောဟု မေးလျှောက်သဖြင့် ဒါယကာ မလာခြင်းကို အလိုရှိသည်ဟု မိန့်ဆိုလေသော် ယင်းသို့ဖြစ်မူ ထိုဆင်တို့၏ မလာခြင်းကို ပြုအံ့ဟုဆို၍ ရသေ့အား ဆင်တို့ နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းကို ဖြစ်စေ တတ်သောကြောင့် ဟတ္ထိကန္တ အမည် ရှိသော စောင်းကို၎င်း၊ ဟတ္ထိကန္တ အမည်ရှိသော မန္တန်ကို၎င်း ပေးလေ၏။
ယင်းသို့ စောင်း မန္တန်တို့ကို ပေးသည်ရှိသော်လည်း စောင်း၏ သုံးခုသော ညှို့တို့ကို ပြ၍ သုံးခုသော မန္တန်တို့ကို သင်ယူစေပြီးလျှင် ဤစောင်းညှို့ကို တီး၍ ဤမန္တန်ကို ရွတ်ဆိုသည်ရှိသော် ပြန်လည်၍ ကြည့်ရှုခြင်းငှါလည်း မဝံ့ကုန်သည် ဖြစ်၍ ဆင်တို့သည် ထွက်ပြေးကြကုန်လတ္တံ့၊ ဤစောင်းညှိကို တီး၍ ဤမန္တန်ကို ရွတ်ဆိုသည် ရှိသော် (လှည့်ကြည့် လှည့်ကြည့်) နောက်၌ ပြန်နစ်ကာ ကြည့်ရှု ကုန်လျက် ပြေးကြကုန်လတ္တံ့။
ဤစောင်းညှိကို တီး၍ ဤမန္တန်ကို ရွတ်ဆိုသည် ရှိသော် ဆင်တို့၏အကြီးဖြစ်သော ဆင်မင်းသည် ကျောက်ကုန်းကို ညွတ်လျက် ရှေးရှုလာလတ္တံ့၊ ဤသို့သော စကားတို့ကို မှာကြားပြောဆိုခဲ့ပြီးလျှင် အကြင် အမှုကို အရှင်မြတ်သည် အလိုရှိ၏၊ တိုအမှုကို ပြုလေလော့ဟု ပြောဆို၍ ဖဲသွားလေ၏၊ အလ္လကပ္ပ ရသေ့သည် ပြေးစေတတ်သော မန္တန်ကို ရွတ်ဆို၍ ပြေးစေတတ်သော စောင်းညှို့ကို တီးပြီးလျှင် ဆင်တို့ကို ပြေးစေ၍ နေလေ၏။
---ပူရန္တပ္ပမင်း မိဖုယားကြီး ငှက်ဆင်ချီသွားရာမှ သစ်ပင်ခွကြား၌ ဥတေနမင်းသားကို ဖွားမြင်ခြင်း
ထိုအခါ ကောသမ္ဗီပြည်၌ ပူရန္တပ္ပ အမည်ရှိသော မင်းသည် မင်းပြု၏၊ ထိုမင်းသည် တနေ့သ၌ ကိုယ်ဝန်ရှိသော မိဖုယားနှင့် အတူတကွ နေပူဇာ လှုံလျက် ဟင်းလင်း ဖြစ်သော နန်းကြမ်းပြင်၌ နေ၏၊ မိဖုယားကြီးသည် မင်းကြီး ခြုံအပ်သော အဘိုး တသိန်း ထိုက်သော ကမ္ဗလာနီကို သိုင်းခြုံ၍ ထိုင်နေလျှက် မင်းကြီးနှင့် စကား ပြောနေစဉ် မင်းကြီး၏လက်ချောင်းမှ အဘိုး တသိန်းထိုက်သော မင်းကြီးလက်စွပ်ကို ချွတ်ယူ၍ မိမိလက်ချောင်း၌ ဝတ်ဆင် ထားလေ၏။
ထိုအခါ ငှက်ဆင်သည် ကောင်းကင်ခရီးဖြင့် လာခဲ့သည်ရှိသော် ပျံလာစဉ် (ကမ္ဗလာနီ ခြုံ၍နေသော) မိဖုယားကို မြင်၍ သားတစ် ဟူသော အမှတ်ဖြင့် အတောင်တို့ကို လွှတ်၍ သက်ဆင်းလေသတည်း၊ (*ဆင်အသွင် ရှိသောကြောင့် ငှက်ဆင်ဟု ခေါ်သည်၊ ထီးလှိုင်ကာငှက် ဟူ၍လည်း ခေါ်သေး၏။)
မင်းကြီးသည် ထိုငှက်ဆင်၏ သက်ဆင်းသောအသံဖြင့် နေရာမှထ၍ နန်းတော် ဆောင်အတွင်းသို့ ဝင်လေ၏၊ မိဖုယားသည်ကား လေးသောကိုယ်ဝန် ရှိသည်၏ အဖြစ်ကြောင့်၎င်း၊ ကြောက်တတ်သော သဘောရှိသည်၏ အဖြစ်ကြောင့်၎င်း လျင်မြန်စွာ သွားခြင်းငှါ မစွမ်းနိုင်၊ ထိုအခါ မိဖုယားကို ငှက်ဆင်သည် ထိုးသုတ်သည် ဖြစ်၍ ခြေသည်း အကြားတည်း ဟူသော ချိုင့်၌ နေစေလျက် ကောင်းကင် ခရီးဖြင့် ပျံသန်းလေ၏။
ထိုငှက်ဆင်တို့သည်ကား ငါးစီးကုန်သော ဆင်တို့၏ အားအစွမ်းကို ဆောင်နိုင် ကုန်သတတ်၊ ထို့ကြောင့် ကောင်းကင်ခရီးဖြင့် ဆောင်ယူပြီးလျှင် အလိုရှိရာအရပ်၌ နေ၍ အသားကို စားသောက်ကုန်၏။
ထိုမိဖုယားသည်လည်း ထိုငှက်ဆင် ဆောင်အပ်သည်ရှိသော် သေရအံ့သော ဘေးမှ တွေးတော ကြောက်ရွံ့ သည်ဖြစ်၍ ကြံဆင်ခြင်သည်မှာ အကယ်၍ငါသည် ဟစ်အော် လိုက်သည် ဖြစ်အံ့၊ လူတို့၏ အသံမည်သည်ကား တိရစ္ဆာန်တို့အား အလွန် ကြောက်ရွံ့တုန်လှုပ် ထိတ်လန့်ခြင်းကို ဖြစ်စေတတ်၏၊ ထိုငါ၏ အသံကို ကြားလျှင် ငါ့ကို လွှတ်ပစ်လတ္တံ့၊ ထိုသို့ လွှတ်ပစ်သည်ရှိသော် ကိုယ်ဝန်နှင့် တကွသောငါသည် အသက်ကုန်ခြင်းသို့ ရောက်ရလတ္တံ့။
အကြင်အရပ်၌နားနေ၍ စားခြင်းငှါ အားထုတ်လတ္တံ့၊ ထိုအခါ၌ ထိုငှက်ဆင်ကို လူသံကြားအောင်ပြု၍ ပြေးစေအံ့ဟု ကြံဆင်ခြင်ပြီးလျှင် မိဖုယားသည် မိမိ၏ ပညာရှိသည်၏ အဖြစ်ကြောင့် သည်းခံ၍သာ နေလေ၏။
ထိုအခါ၌လည်း ဟိမဝန္တာ တောအရပ်၌ အတန်ငယ်ကြီးပွား၍ မဏ္ဍပ်အခြင်းအရာဖြင့် တည်သော တခုသော ပညောင်ပင်ကြီးသည် ရှိ၏၊ ထိုငှက်ဆင်သည် သားသမင် တို့ကို ထိုပညောင်ပင် ကြီးသို့ ဆောင်ယူ၍ စားလေ့ရှိ၏၊ ထို့ကြောင့် မိဖုယား ကိုလည်း ထိုအရပ်သို့ပင် ယူဆောင်၍ ပညောင်ပင် ခွအကြားတွင် ချထားပြီးလျှင် လာခဲ့သော လမ်းခရီးကို ပြန်၍ ကြည့်လေ၏။
လာခဲ့ပြီးသော လမ်းခရီးကို ပြန်၍ ကြည့်ခြင်းမည်သည် ထိုငှက်တို့၏ အလေ့သဘော ဖြစ်ပေသတတ်။
ထိုခဏ၌ မိဖုယားသည် ယခုအခါဤငှက်ဆင်ကို ပြေးစေခြင်းငှါ သင့်လျော်၏ဟု ကြံ၍ လက်နှစ်ဘက်တို့ကို မြှောက်ပင့်၍ လက်ခုပ်တီးသံကို၎င်း၊ ဟစ်အော် ကြွေးကြော်သော ခံတွင်းသံကို၎င်း ပြု၍ ထိုငှက်ဆင်ကြီးကို ပျံပြေးစေလေ၏၊။
ထိုအခါ မိဖုယားအား နေဝင်စ အခါကာလ၌ ကံကြောင့်ဖြစ်သော လေအဟုန် တို့သည် (သားဖွားရန်) တုန်လှုပ်၍ လာကုန်၏၊ ခပ်သိမ်းသော အရပ်မျက်နှာတို့၌ ထစ်ချုံးလျက် ကြီးစွာသော မိုဃ်းကြီးသည် တက်၍ ရွာသွန်းခဲ့လေ၏၊ နန်းစည်းစိမ် အတွင်း၌ ချမ်းသာစွာ ကြီးပွားခဲ့ရသော မင်းမိဖုယားကြီးအား အရှင်မ မကြောက် ပါလင့် ဟူသော အားပေးစကားကိုမျှလည်း မရဘဲ ဆင်းရဲဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ညဉ့်သုံးယာမ်ပတ်လုံး တမှေးတမှိတ် အိပ်ရခြင်းမည်သည် မရှိ။
ညဉ့်၏ ကင်းစင် လင်းရောက် မိုးသောက်လတ် သည်ရှိသော် မိုဃ်းတိမ်တိုက် ကင်းခြင်းသည်၎င်း၊ နေအရုဏ် တက်ခြင်းသည်၎င်း၊ ထိုမိဖုယား၏ ကိုယ်ဝန်မှ လမြောက် ဖွားမြင်ခြင်းသည်၎င်း တပြိုင်နက်သာလျှင် ဖြစ်လေ၏၊ ထိုမိဖုယားသည် မိုဃ်းကြောင့်ဖြစ်သော ဥတုကို၎င်း၊ တောင်ကြောင့်ဖြစ်သော ဥတုကို၎င်း၊ နေအရုဏ် ကြောင့်ဖြစ်သော ဥတုကို၎င်း ယူ၍ ဖွားမြင်သောကြောင့် သားငယ်အား ဥတေန ဟူသော အမည်ကို မှည့်လေ၏။
---မိဖုယားကြီးကို အလ္လကပ္ပ ရသေ့ကြီး တွေ့မြင်၍ စောင့်ရှောက်ထားခြင်း
အလ္လကပ္ပ ရသေ့၏ နေရာသင်္ခမ်းသည်လည်း ထိုပညောင်ပင်ကြီးမှ မနီးမဝေး သောအရပ်၌ ဖြစ်ပေ၏၊ ထိုရသေ့သည် ပြကတေ့ သဘောဖြင့်ပင် မိုဃ်းရွာသော နေ့၌ ချမ်းအေးသောဘေးမှ ကြောက်ရွံ့သဖြင့် သစ်သီးကြီးငယ် အလို့ငှါ တောသို့ မဝင်၊ ထိုပညောင်ပင်ရင်းသို့ ချဉ်းကပ်သွားရောက်၍ ငှက်စားအပ်သော အရိုးတို့ကို ဆောင်ယူကာ ထောင်းထုပြီးလျှင် အရည်ကျို ပြုတ်၍ သောက်လေ့ရှိ၏။
ထို့ကြောင့် ထိုနေ့၌လည်း အရိုးကိုဆောင်ယူအံ့ဟု ထိုအရပ်သို့ သွား၍ သစ်ပင်အောက်၌ အရိုးတို့ကို ရှာမှီးစဉ် သူငယ်ငိုသံကို ကြား၍ မျှော်ကြည့်လတ်သည်ရှိသော် မိဖုယားကို မြင်လျှင် သင်ကား အဘယ်သူနည်းဟု မေး၍ အကျွန်ုပ်သည် လူမိန်းမပါဟုဆိုသည်ရှိသော် အဘယ့်ကြောင့် ဤအရပ်သို့ ရောက်လာသနည်းဟု မေးပြန်သဖြင့် ငှက်ဆင်ချီဆောင် ယူလာပါသည်ဟု ဆိုပြန် သည်ရှိသော် ယင်းသို့ဖြစ်မူ သက်ဆင်းခဲ့လော့ဟု ဆိုလေ၏။
ထိုမိဖုယားသည် အရှင်မြတ် ဇာတ်ပျက်မည်မှ ကြောက်ရွံ့လှပါသည်ဟုပြန်ပြော သောအခါ သင် အဘယ် အမျိုးနည်းဟု မေးပြန်သဖြင့် မင်းမျိုးပါဟု ပြောလတ်သော် ငါသည်လည်း မင်းမျိုးသာလျှင် ဖြစ်သည်ဟု ပြောလေလျှင် ယင်းသို့ဖြစ်မူ ခတ္တိယ မာယာကို မိန့်ဆိုပါဟု တောင်းပန်သဖြင့် ထိုရသေ့သည် ခတ္တိယမာယာကို ဆိုလေ၏။
ထိုသို့ဖြစ်မူ တက်လာခဲ့၍ အကျွန်ုပ်၏သားငယ်ကို အောက်သို့ ချပါလော့ဟု ဆိုလေ၏၊ ထိုရသေ့သည် တခုသော နံပါးအဖို့ဖြင့် တက်အံ့သောလမ်းကို ပြု၍ သစ်ပင်ထက်သို့တက်ပြီးလျှင် သူငယ်ကို ယူလေ၏၊ အကျွန်ုပ်ကို လက်ဖြင့် မထိပါ စေလင့်ဟူ၍လည်း ဆိုပြန်သည်ရှိသော် ထိုမိဖုယားကို မထိစေဘဲသာလျှင် သူငယ်ကို ယူ၍ အောက်သို့ ချလေ၏၊ မိဖုယားသည်လည်း သက်ဆင်းလေ၏။
ထိုအခါ မိဖုယားကို ကျောင်းသင်္ခမ်းသို့ ဆောင်၍ သီလ ပျက်စီးခြင်းကို မပြုမူ၍ သာလျှင် အစဉ်သနားသော အားဖြင့် လုပ်ကျွေးသမှု ပြုစုလေ၏၊ ပျားကောင် မရှိသော ပျားလဘို့ကို ဆောင်၍၎င်း၊ အလိုလို ပေါက်ရောက် ကြီးပွားသော သလေး စပါးကို ဆောင်၍၎င်း ယာဂုကို ချက်ပြုတ်၍ ပေးလေ၏။
ဤသို့သော အခြင်းအရာဖြင့် ထိုရသေ့သည် လုပ်ကျွေးသမှု ပြုစုသည်ရှိသော် မိဖုယားသည် နောက်အဖို့၌ ကြံစည်သည်မှာ ငါသည် လာအပ်သောခရီးကိုလည်း မသိ၊ သွားအပ်သော ခရီးကိုလည်း မသိ၊ ဤရှင် ရသေ့နှင့်လည်း ငါ့အား အကျွမ်း ဝင်ခြင်းမျှလည်း မရှိ၊ ဤရသေ့သည် အကယ်၍ ငါတို့ကို စွန့်ပစ်ပယ်ရှား၍ တစုံ တခုသောအရပ်သို့ သွားသည်ဖြစ်အံ့၊ နှစ်ယောက်ကုန်သော ငါတို့သည်လည်း ဤအရပ်၌ပင်လျှင် သေခြင်းသို့ ရောက်ကြရကုန်လတ္တံ့။
တစုံတခုသောအမှုကိုပြု၍ ဤရသေ့၏သီလကို ဖျက်ဆီးပြီးလျှင် အကြင်သို့သော အခြင်းအရာဖြင့် ပြုသည် ရှိသော် ဤရသေ့သည် ငါ့ကို မလွှတ်နိုင်၊ ထိုသို့သော အခြင်းအရာဖြင့် ပြုခြင်းငှါ သင့်၏ဟု ကြံစည်လေ၏၊ ထို့နောက် ထိုရသေ့ကို မလျော်သော ဝတ်ခြင်း, မလျော်သော ရုံခြင်းကို ပြုခြင်းဖြင့် ဖြားယောင်း၍ သီလ ပျက်စီးခြင်းသို့ ရောက်စေ၏၊ ထိုအခါမှစ၍ နှစ်ယောက်ကုန်သော သူတို့သည် အညီအညွတ် ပေါင်းသင်း ဆက်ဆံ နေကြလေကုန်၏။
---ပူရန္တပ္ပမင်း နတ်ရွာစံသည်ကို နက္ခတ်ဖြင့် သိပြီးလျှင် ဥတေနမင်းသားအား ဟတ္ထိကန္တမန္တန် သင်ပေးခန်း
ထိုမှ နောက်ဖြစ်သော့ တခုသောနေ့၌ ရသေ့သည် နက္ခတ်ယှဉ်ခြင်းကို ကြည့်ရှုသည် ရှိသော် ပူရန္တပ္ပမင်း၏ နက္ခတ် ညှိုးနွမ်းသည်ကို မြင်၍ ချစ်နှမ ကောသမ္ဗီပြည်၌ ပူရန္တပ္ပမင်းသည် ကွယ်လွန်ရှာလေပြီဟု ဆိုလေ၏၊ အရှင် အဘယ့်ကြောင့် ဤသို့ ဆိုဘိသနည်း၊ ထိုပူရန္တပ္ပမင်းနှင့်တကွ အရှင့်အား ရန်ငြိုးဖွဲ့ ခြင်းသည် ရှိသလောဟု မေးသောအခါ ချစ်နှမ ထိုပူရန္တပ္ပမင်းနှင့်တကွ ရန်ငြိုးဖွဲ့ခြင်းမရှိ၊ ထိုပူရန္တပ္ပမင်း၏ နက္ခတ် ညှိုးနွမ်းခြင်းကို မြင်ရ၍ ဤသို့ဆိုပေသည်ဟု ပြောလျှင် မိဖုယားသည်လည်း ငိုကြွေးလေ၏။
ထိုအခါ မိဖုယားကို အဘယ့်ကြောင့် ငိုကြွေးသနည်းဟုမေး၍ မိဖုယားသည် ထိုပူရန္တပ္ပမင်း၏ မိမိအရှင် ကြင်ဘက်တော်ဖြစ်သည် အဖြစ်ကို ပြောကြားသည် ရှိသော် ချစ်နှမ မစိုးရိမ် မပူဆွေး မငိုကြွေးလင့်၊ ဖြစ်လာသော သတ္တဝါအား သေခြင်း တရား မည်သည် မြဲသည်သာတည်းဟု ပြောကြားလေ၏။
အရှင် သေခြင်းမြဲသည်ကို အကျွန်ုပ်သည်သိပါ၏ဟု ပြန်ပြောသည်ရှိသော် ထိုသို့သိလျှင် အဘယ့်ကြောင့် ငိုကြွေးသနည်းဟု မေးပြန်သဖြင့် အရှင် အကျွန်ုပ်၏ သားသည် အမျိုးတို့၏ ဥစ္စာဖြစ်သော မင်းအဖြစ်အား လျောက်ပတ်၏၊ အကယ်၍သာ ထိုကောသမ္ဗီပြည်၌ ဖြစ်ပါမူကား ထီးဖြူကိုစိုက်ထူ၍ မင်းပြုရလေပြီ၊ ယခုမူကား ဆုံးရှုံးခြင်းကြီး ဖြစ်ခဲ့လေပြီတကားဟူသော စိုးရိမ်ကြောင့်ကြခြင်းဖြင့် ငိုကြွေး ပါသည်ဟု ပြန်ပြောလေ၏။
ချစ်နှမ ဖြစ်မူလည်း ဖြစ်စေတော့၊ မစိုးရိမ် မကြောင့်ကြလင့်၊ ထိုမင်းသား၏ မင်းအဖြစ်ကို အကယ်၍ တောင့်တသည် ဖြစ်အံ့ ငါသည် မင်းအဖြစ်ကို ရအံ့သော အခြင်းအရာကို ပြုပေးပေအံ့ဟု ပြောကြားလေ၏၊ ထို့နောင် မင်းသားအား ဆင်ချစ်သော ဟတ္ထိကန္တမည်သော စောင်းကို၎င်း၊ မန္တန်ကို၎င်း ပေးလေ၏။
ထိုအခါ တန်ခိုးကြီးသော နတ်မင်းသည် မှာထားခဲ့သော နည်းဖြင့်သာလျှင် ထို မင်းသားအား ပြောကြား၍ ဤစောင်းညှို့ကိုတီး၍ ဤမန္တန်ကို ရွတ်ဆိုသည် ရှိသော် အထောင်မက များစွာသော ဆင်တို့သည် လာကုန်၍ မဏ္ဍပ်ပမာ ဝန်းယှက်ကာသော ပညောင်ပင်ရင်း၌ နေကြကုန်လတ္တံ့ ဟု ဆိုပြီးလျှင် ထို့နောက် မင်းသားကို ဤသို့ မှာကြားလေ၏။
ဆင်တို့မလာမီပင် သစ်ပင်ထက်သို့ တက်၍ ထိုဆင်တို့ လာကြကုန်သည်ရှိသော် ဤမန္တန်ကို ရွတ်ဆို၍ ဤစောင်းညှို့ကို တီးလော့၊ အလုံးစုံသော ဆင်တို့သည် ပြန်၍ ကြည့်ရှုခြင်းငှါလည်း မဝံ့ကုန်သည်ဖြစ်၍ ပြေးကြကုန်လတ္တံ့၊ ထိုအခါ သစ်ပင်ထက်မှ သက်ဆင်း၍ ပြန်လာခဲ့လော့ဟု မှာကြားလေ၏၊ ဥတေနမင်းသားသည် ထိုရသေ့ မှာတိုင်း ပြု၍ ပြန်လာခဲ့ပြီးလျှင် ထိုအကြောင်းကို ပြောကြားလေ၏။
ထို့နောက် နှစ်ရက် မြောက်သောနေ့၌ မင်းသားကို ယနေ့ ဤမန္တန်ကို ရွတ်ဆို၍ ဤ စောင်းညှို့ကို တီးလေလော့၊ အလုံးစုံသော ဆင်တို့သည် လှည့်ကြည့် လှည့်ကြည့်နှင့် ပြေးကြကုန်လတ္တံ့ ဟု မှာကြားလေ၏၊ ထိုအခါ၌လည်း မင်းသားသည် ထိုရသေ့မှာတိုင်း ပြုပြီး၍ ပြန်လာခဲ့ပြီးလျှင် ထိုအကြောင်းကို ပြောကြားလေ၏။
ထို့နောက် သုံးရက်မြောက်သော နေ့၌ မင်းသားကို ယနေ့ ဤမန္တန်ကို ရွတ်ဆို၍ ဤစောင်းညှို့ကို တီးလေလော့၊ ဆင်အကြီးအကဲ (ဆင်မင်း)သည် ကျောက် ကုန်းကို ညွတ်လျက် လာလတ္တံ့ဟု မှာကြားလေ၏၊ ထိုအခါ၌လည်း ထိုရသေ့ မှာတိုင်းပြု၍ ပြန်လာခဲ့ပြီးလျှင် ထိုအကြောင်းကို ပြောကြားလေ၏။
---ဥတေနမင်းသား တောဆင်စီးသွား၍ ကောသမ္ဗီတိုင်းပြည် မင်းစည်းစိမ်ကို ယူခြင်း
ထိုရောအခါ မင်းသား၏ မယ်တော်ကိုခေါ်၍ ချစ်နှမ အသင့်သားအား မှာလိုရာ သတင်းစကားကို မှာကြားလေလော့၊ ဤမျှသော အခြင်းအရာဖြင့် သာလျှင် သွားရောက်၍ မင်းဖြစ်ပေလတ္တံ့ဟု ဆိုလေ၏၊ မိဖုယားသည် သားတော်ကို ခေါ်၍ ချစ်သား သင်သည် ကောသမ္ဗီပြည် ပူရန္တပ္ပမင်း၏ သားတည်း။
ငါ့ကို ငှက်ဆင်သည် ချီဆောင် ယူလာခဲ့၏ဟု ပြောဆိုပြီးလျှင် စစ်သူကြီး စသည် တို့၏ အမည်တို့ကိုလည်း ပြောကြား၍ မယုံကြည်ကုန်သော သူတို့အား မောင့် ခမည်းတော် မင်းကြီး ခြုံအပ်သော ဤကမ္ဗလာနီကို၎င်း၊ ဝတ်ဆင်အပ်သော လက်စွပ်ကို၎င်း ပြလေလော့ဟု ပြောဆို မှာထားပြီး၍ (ထိုကမ္ဗလာနီ, လက်စွပ်ကို ပေး၍) လွှတ်လိုက်လေ၏။
မင်းသားသည် ယခုအခါ အဘယ်သို့ ပြုရပါမည်နည်းဟု ရသေ့ကို မေးလေ၏၊ ပညောင်ပင်၏ အောက်အဖို့ ဖြစ်သော အခက်၌ ထိုင်နေ၍ ဤမန္တန်ကို ရွတ်ဆို၍ ဤစောင်းညှို့ကို တီးလေလော့၊ အကြီးအမှူးဖြစ်သော ဆင်မင်းသည် ကျောက်ကုန်းကို ညွှတ်၍ သင်၏အထံသို့ ချဉ်းကပ်လာလတ္တံ့၊ ထိုဆင်မင်း၏ ကျောက်ကုန်း ထက်၌ ထိုင်စီးကာ လိုက်သွား၍ မင်းအဖြစ်ကို ယူလေလော့ဟု ဆိုလေ၏။
ထို ဥတေန မင်းသားသည် မယ်တော် ခမည်းတော်တို့ကို ရှိခိုး၍ မှာထားသော စကားအတိုင်း ပြုသဖြင့် ရောက်လာသော ဆင်မင်း၏ ကျောက်ကုန်းထက်၌ နေ၍ နားရင်းသို့ကပ်လျက် အရှင်ဆင်မင်း အကျွန်ုပ်သည် ကောသမ္ဗီပြည် ပူရန္တပ္ပမင်းကြီး၏ သားရှင်းအစစ် ဖြစ်ပါသည်၊ အကျွန်ုပ်အား ဖခမည်းတော်၏ အရိပ်အရာ ဖြစ်သော မင်းအဖြစ်ကို ယူ၍ ပေးပါလော့ဟု တိုးတိုးသက်သက် ပြောကြားလေ၏။
ဆင်မင်းသည် မင်းသား၏ စကားကိုကြား၍ အထောင်မက များစွာသော ဆင်တို့သည် စည်းဝေး လာရောက် ကြစေကုန်သတည်းဟု ဆင်သံကို မြည်၏၊ အထောင်မက များစွာသော ဆင်တို့သည် စည်းဝေး ရောက်လာကြကုန်၏၊ တဖန် အိုမင်း ကြီးရင့်ကုန်သော ဆင်တို့သည် ဖဲရှောင်ကြစေကုန်သတည်းဟု ဆင်သံကို မြည်ပြန်၏၊ အိုမင်းကြီးရင့်ကုန်သော ဆင်တို့သည် ဖဲရှောင်ကြကုန်၏၊ တဖန် အလွန်အရွယ်ငယ်ကုန်သော ဆင်တို့သည် ဆုတ်နစ် ပြန်သွားကြစေကုန် သတည်းဟု ဆင်သံကို မြည်ပြန်၏၊ ထိုဆင်ငယ်တို့သည်လည်း ဆုတ်နစ် ပြန်သွား ကြကုန်၏။
ထိုဥတေနမင်းသားသည် အထောင်မက များစွာကုန်သော အအုပ် အစုဖြစ်သော ဆင်တို့ဖြင့် ခြံရံလျက် ပစ္စန္တရစ်ရွာသို့ ရောက်သည်ရှိသော် ငါသည် ကောသမ္ဗီပြည် ပူရန္တပ္ပ မင်းကြီး၏ သားတော်တည်း၊ စည်းစိမ် ချမ်းသာကို တောင့်တကုန်သော သူတို့သည် ငါနှင့်အတူတကွ လိုက်လာကြကုန်လော့ဟု ဆိုလေ၏၊ ထိုပစ္စန္တရစ် ရွာမှစ၍ လူတို့အား ချီးမြှောက် ထောက်ပံ့ခြင်းကို ပြုကာ သွား၍ မြို့ကို ဝန်းရံပြီးလျှင် ငါ့အား စစ်ထိုးခြင်းကိုတည်း ပေးမည်လော၊ တိုင်းပြည်ကိုတည်း ပေးမည်လောဟု သတင်းစကားကို စေလွှတ်လိုက်၏။
မြို့သူ မြို့သားတို့သည် ငါတို့သည် စစ်ထိုးခြင်း တိုင်းပြည်အပ်ခြင်း နှစ်ပါးကိုပင် မပေးနိုင်ကုန်၊ ငါတို့၏ မိဖုယားကြီးသည် လေးသော ကိုယ်ဝန်နှင့် ငှက်ဆင်သည် ဆောင်ယူသွားခဲ့သည်၊ ထို မိဖုယားကြီး၏ ရှိသည့်အဖြစ်ကို၎င်း၊ မရှိသည့် အဖြစ် ကို၎င်း ငါတို့သည် မသိကြကုန်၊ အကြင်မျှလောက်သော ကာလပတ်လုံး ထို မိဖုယားကြီး၏ သတင်းစကားကို မကြားရကုန်သေး၊ ထိုမျှလောက်သော ကာလ ပတ်လုံး ငါတို့သည် စစ်ထိုးခြင်းကိုလည်း မပေးနိုင်၊ မင်းအဖြစ်ကိုလည်း မပေးနိုင် ဟူ၍ ဆိုကြကုန်၏။
ထိုအခါ ထိုမင်းစည်းစိမ်သည် သား, မြေး အစဉ်အဆက်အားဖြင့် ဆက်ခံရသော မင်းစည်းစိမ် ဖြစ်ပေသတတ်။
ထိုအခါ ဥတေနမင်းသားက ငါသည် ထိုမိဖုယားကြီး၏ သားပေတည်းဟု ဆိုပြီးလျှင် စစ်သူကြီး စသည်တို့၏ အမည်တို့ကို ပြောပြ၍ ထိုမျှသော စကားဖြင့်လည်း မယုံကြည်ကုန်သော သူတို့အား ကမ္ဗလာနီကို၎င်း၊ လက်စွပ်ကို၎င်း ပြလေ၏၊ ထိုကောသမ္ဗီ ပြည်သူပြည်သားတို့သည် ကမ္ဗလာနီကို၎င်း၊ လက်စွပ်ကို၎င်း ကောင်းစွာ မှတ်သားမိကြကုန်သည် ဖြစ်၍ မြို့တခါးကို ဖွင့်ပြီးလျှင် ထို ဥတေန မင်းသားကို မင်းအဖြစ်၌ အဘိသိက်သွန်းကြလေကုန်၏။
ဤသည်ကား ရှေးဦးစွာ ဥတေနမင်း၏ အကြောင်း အတ္ထုပ္ပတ္တိတည်း။
---ဃောသကသူဌေးကြီး အလောင်းသည် ခရီးအကြား ပင်ပန်းလှသဖြင့် သားငယ်ကို ပစ်စွန့်ထားခဲ့မိခြင်း
အလ္လကပ္ပတိုင်း၌ မွတ်သိပ်ခြင်း ဒုဗ္ဘိက္ခန္တရ ဘေးကြီး ဖြစ်သောအခါ၌ အသက် မွေးအံ့သောငှါ မစွမ်းနိုင်သော ကောတုဟလိက အမည်ရှိသော လူတယောက်သည် ကာပိမည်သော ပျိုမျစ်နုနယ်သော သားငယ်ကို၎င်း၊ ကာဠီမည်သော မယားကို၎င်း ယူ၍ ကောသမ္ဗီပြည်သို့ သွားပြီးလျှင် အသက် မွေးအံ့ဟု လမ်းစာ ရိက္ခာကို ယူ၍ ထွက်လာခဲ့လေ၏။
မြွေဆိပ်နှင့်တူသော လေနာဖြင့်၊ ဝါ-ယင်အနာဖြင့် သေကုန်သော လူများအပေါင်း တို့ကို မြင်၍ ထွက်ပြေး၏ ဟူ၍လည်း ဆိုကုန်သည်သာတည်း၊ ထိုလူတို့သည် အစဉ်အတိုင်း သွားကြကုန်သည်ရှိသော် လမ်းစာရိက္ခာ ကုန်ခန်းခြင်းကြောင့် မွတ်သိပ်ခြင်းဖြင့် နှိပ်စက်ရကား သားငယ်ကို ချီသယ်ယူဆောင်ခြင်းငှါ မစွမ်းနိုင် ကြကုန်။
ထိုအခါ ခင်ပွန်းသည်ယောက်ျားက မိမိ၏ မယားကို နှမ ငါတို့သည် အသက်ရှည်ရှည် တည်နေရကုန်သည် ရှိသော် တဖန် သားသ္မီးမည်သည် ရနိုင်ကုန်လတ္တံ့၊ ထို သားငယ်ကို စွန့်ပစ်၍ သွားကြပါကုန်အံ့ဟု ဆိုလေ၏၊ မိခင်တို့၏ နှလုံးမည်သည်ကား နူးညံ့သိမ်မွေ့လှပေ၏၊ ထို့ကြောင့် မယားဖြစ်သူက အရှင် အကျွန်ုပ်သည် အသက်ဝိညာဉ် ရှင်လျက်သာရှိသော သားကို စွန့်ပစ်ခြင်းငှါ မစွမ်းနိုင်ပါဟု ပြောကြားလေ၏၊ ထိုသို့ဖြစ်လျှင် အဘယ်သို့ ပြုမည်နည်းဟု မေးသောအခါ အလှည့်ကျဖြင့် ထိုသားငယ်ကို ချီသယ် ယူဆောင်ကြပါကုန်အံ့ဟု ဆိုလေ၏။
မိခင်သည် မိမိအလှည့် ရောက်သောအခါ ပန်းကုံး ပန်းဆိုင်းကဲ့သို့ ထိုသားငယ်ကို ပင့်ပင့်မြှောက်မြှောက် ချီ၍ ရင်လယ်၌ အိပ်စေလျက် ရင်ခွင်ဖြင့် ရွက်ဆောင်၍ ဖခင်အား ပေး၏။ ဖခင်ဖြစ်သောသူအား သားငယ်ကို ယူ၍ ထားသောနေရာ၌ (ဆောင်ယူသော အလှည့်၌) ဆာလောင် မွတ်သိပ်သော ကြောင့်လည်း လွန်စွာ အားကြီးသော ဆင်းရဲဝေဒနာသည် ဖြစ်လေ၏၊ ထိုယောက်ျားသည် အဖန်ဖန် အထပ်ထပ် နှမ ငါတို့သည် အသက်ရှည်ရှည် တည်နေရကုန်သည်ရှိသော် သားသ္မီးကို ရနိုင်ကုန်လတ္တံ့၊ ဤသားငယ်ကို စွန့်ပစ်ကြပါကုန်အံ့ဟု ဆို၏၊ ထို မိန်းမသည်လည်း အဖန်ဖန် အထပ်ထပ် ပယ်မြစ်၍ စကားတုံ့ကို မပေးဘဲ နေလေ၏။
သူငယ်သည် အလှည့် ပြောင်းရွှေ့ဖန်များသဖြင့် ပင်ပန်းရကား ဖခင်၏ လက်ပေါ်၌ အိပ်ပျော်ခြင်းသို့ ရောက်လေ၏၊ ဖခင်သည် သားငယ်၏ အိပ်ပျော်နေသည်ကို သိရ၍ မိခင်ကို ရှေ့မှသွားစေပြီးလျှင် တခုသော ချုံ၏အောက်၌ မြက်သစ်ရွက် အခင်း ထက်၌ သူငယ်ကို အိပ်စေ၍၊ ဝါ - ပျော်အောင် သိပ်ထား၍ သွားလေ၏။
မိခင်သည် နောက်သို့ ပြန်လှည့်၍ ကြည့်လတ်သော် သားငယ်ကို မမြင်ရရှာ သောကြောင့် အရှင် အကျွန်ုပ်၏ သားသည် အဘယ်မှာနည်းဟု မေးလေ၏၊ ငါသည် တခုသော ချုံ၏အောက်၌ သိပ်ထားခဲ့ပေပြီဟု ပြောလျှင် အရှင် အကျွန်ုပ်ကို မနှိပ်စက် မဖျက်ဆီးပါလင့်၊ သားနှင့် ကွေကွင်း၍ အကျွန်ုပ် အသက်ရှင်ခြင်းငှါ မစွမ်းနိုင်ပါ၊ အကျွန်ုပ်၏ သားကို ယူဆောင်၍ ပေးပါဟု ရင်ပပ်တီးကာ ငိုကြွေးရှာလေ၏၊ ထိုအခါ ပြန်၍ သားငယ်ကို ယူဆောင်ရလေ၏။
ဤသို့လျှင် ထိုယောက်ျားသည် ဤမျှလောက်သော နေရာ၌ သားငယ်ကို စွန့်ပစ်သဖြင့် ၎င်း၏ အကျိုး ဆက်ကြောင့် ဘဝတပါး၌ ခုနစ်ကြိမ်တိုင်တိုင် စွန့်ပစ်သည်ကို ခံရ၏၊ ဤ မကောင်းမှု မည်သည်ကို အနည်းငယ်ဟူ၍ မထေမဲ့မြင် မအောက်မေ့ မမှတ်ထင်အပ်။
---ဃောသက သူဌေးအလောင်းသည် အစာမကြေ သေလွန်ပြီးလျှင် စွဲလမ်းသော အာရုံကြောင့် ခွေးဘဝ၌ ဖြစ်ရခြင်း
ဤသို့ ထိုသူတို့သည် သွားကြကုန်သည်ရှိသော် တခုသော နွားကျောင်းသား အမျိုး အိမ်သို့ ရောက်ကြ လေကုန်၏၊ ထိုသူတို့ ရောက်သော နေ့၌ပင် နွားကျောင်းသား၏ အိမ်၌ နို့ညှစ်နွားမကို အကြောင်းပြု၍ ကျွေးမွေးခြင်း မင်္ဂလာပွဲသည် ဖြစ်လေ၏၊ နွားကျောင်းသား၏ အိမ်၌ အမြဲမပြတ် ပစ္စေကဗုဒ္ဓါ တပါးသည် ဆွမ်းဘုဉ်း ပေးတော်မူ၏၊ ထိုနွားကျောင်းသားသည် ထိုပစ္စေကဗုဒ္ဓါကို ဆွမ်းကျွေး၍ မင်္ဂလာကို ပြုလေ၏။
များစွာသော နို့ဃနာကို စီရင်အပ်သောကြောင့် ရှေးရှု ရောက်လာကုန်သော ထိုသူတို့ကို မြင်သဖြင့် အဘယ် အရပ်မှ လာခဲ့ကြသနည်းဟု မေး၍ ထိုအကြောင်း အလုံးစုံကို အကုန်ကြား သိရလေလျှင် နူးညံ့သိမ်မွေ့သော သဘောရှိသော အမျိုးကောင်းသားသည် ထိုသူတို့၌ အစဉ် သနားသည်ကို ပြု၍ များစွာသော ထောပတ်နှင့် တကွ နို့ဃနာကို ပေးစေ၏။
ထိုအခါ မယားသည် ချစ်လင် အရှင်သည် အသက်ရှည်သည် ရှိသော် အကျွန်ုပ် သည်လည်း အသက်ရှင်သည် မည်ပါသည်၊ ရှည်စွာသော နေ့ညဉ့်တို့ ပတ်လုံး အရှင်သည် ဟောက်သောဝမ်းရှိ၏၊ အလိုရှိတိုင်း စားသောက်သုံးဆောင် ပါလော့ဟု ထောပတ်ကို၎င်း၊ နို့ဓမ်းကို၎င်း ခင်ပွန်းသည်ဘက်သို့သာ ရှေးရှု ပြု၍ မိမိမူကား နည်းသော ထောပတ်ဖြင့် အနည်းငယ်မျှကိုသာ စားသောက်လေ၏။
လင်ယောက်ျားသည် များစွာ စားသောက်၍ ခုနစ်ရက် ရှစ်ရက်တို့ ပတ်လုံး မွတ်သိပ် ဆာလောင်ခြင်း ပြင်းသည်ဖြစ်ရကား အစာ၌ တပ်မက်သော ရသတဏှာကို ဖြတ်ခြင်းငှါ မစွမ်းနိုင်၊ နွားကျောင်းသားသည် ထိုသူတို့အား နို့ဃနာကို ပေးစေပြီးမှ မိမိသည် စားသောက်ခြင်းငှါ အားထုတ်လေ၏။
ကောတုဟလိကသည် ထိုနွားကျောင်းသား စားသောက်သည်ကို ကြည့်ရှုကာ နေလျက် အင်းပျဉ်အောက်၌ အိပ်နေသော ခွေးမအား နွားကျောင်းသားသည် ခူးယူ၍ ကျွေးမွေး ပေးကမ်းအပ်သော ဋိဃနာခဲကိုမြင်ရလျှင် ဤခွေးမသည်ကား ဘုန်းကံ ရှိပေစွတကား၊ အမြဲမပြတ် ဤသို့ သဘောရှိသော အစာကို ရပေ၏ဟု ကြံစည် လေ၏၊ ထိုကောတုဟလိကသည် ညဉ့်အဖို့ကာလ၌ ထိုနိုဃနာကို အစာကြေစိမ့် သောငှါ မစွမ်းနိုင်ခြင်းကြောင့် သေလွန်၍ ထိုခွေးမ၏ဝမ်း၌ ဖြစ်လေ၏။
ထိုအခါ ကောတုဟလိက၏ မယားသည် ကြွင်းကျန်ရစ်သော အလောင်းကောင် သင်္ဂြိုဟ်ခြင်း ကိစ္စကိုပြု၍ ထိုအိမ်၌သာလျှင် အခစားကိုပြု၍ တစလယ်သောဆန်ကို ရသည်ရှိသော် ချက်ပြုတ်၍ ပစ္စေကဗုဒ္ဓါ၏ သပိတ်၌ လောင်းထည့် လှူဒါန်း ပြီးလတ်သော် ဤကောင်းမှုအဖို့သည် အရှင်မြတ်ဘုရားတို့၏ ကျေးကျွန် ဖြစ်သော ကောတုဟလိကအား ရောက်ပါစေသတည်းဟု ဆုတောင်းပတ္ထနာ ပြုပြီးလျှင် ဤသို့ ကြံစည်လေ၏။
ငါသည် ဤအရပ်၌သာလျှင် နေခြင်းငှါ သင့်၏၊ အမြဲမပြတ် ပစ္စေကဗုဒ္ဓါ အရှင်မြတ် သည် ဤအိမ်သို့ ကြွလာတော်မူ၏၊ လှူဖွယ်ဝတ္ထုသည် ရှိသည်မူလည်း ဖြစ်စေ၊ မရှိသည်မူလည်းဖြစ်စေ နေ့တိုင်းမပြတ် ရှိခိုးခြင်း အမှုကြီးငယ်ကိုပြုခြင်း စိတ်ကို ကြည်ညိုစေခြင်းတို့ကိုပြုလျက် များစွာသော ကုသိုလ်ကောင်းမှုကို ပွားများစေရ ပေလတ္တံ့ ဟု ကြံစည်၍ ထိုမိန်းမသည် ထိုနွားကျောင်းသားအိမ်၌ပင် သူ့အား လျော်သော အခစားပြုလျက်နေလေ၏၊
ထိုနွားကျောင်းသား၏ ခွေးမ သည်လည်း ခြောက်လ ခုနစ်လခန့်မြောက် ရောက်လတ်သောအခါ တကောင် တည်းသာလျှင် ဖြစ်သော ခွေးကို မွေးဖွားလေ၏၊ နွားကျောင်းသားသည် ထိုခွေးငယ်အား နွားမတကောင်မှ ထွက်သော နို့ရည်ကို ပေးစေ၏၊ ထိုခွေးငယ်သည် မကြာမြင့်မီပင် ကြီးပြင်းခြင်းသို့ ရောက်လေ၏။
---ခွေးဘဝ၌ ဖြစ်သော်လည်း ပစ္စေကဗုဒ္ဓါကို အမှီရ၍ ကုသိုလ်ကောင်းမှု များစွာပြုရခြင်း
ထိုအခါ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ဆွမ်းဘုဉ်းပေးသည်ရှိသော် ထိုခွေးငယ်အား အမြဲမပြတ် တခု တခုသော ထမင်းခဲကို ပေးတော်မူ၏၊ ခွေးငယ်သည် ထမင်းခဲကို အမှီပြု၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်၌ ချစ်ခင်ခြင်းကို ပြုလေ၏၊ နွားကျောင်းသား သည်လည်း တနေ့ နှစ်ကြိမ် အမြဲ ပစ္စေကဗုဒ္ဓါအား ခစား လုပ်ကျွေးခြင်းငှါ သွားလေ၏။
ထိုသို့ သွားသည်ရှိသော် ခရီးအကြား သားရဲတို့ ရှိရာအရပ်၌ တုတ်တံဖြင့် ချုံတို့ကို၎င်း၊ မြေကြီးကို၎င်း ပုတ်ခတ်၍ သုသု ဟူသော အသံကို သုံးကြိမ် တိုင်အောင် ပြုပြီးလျှင် သားရဲတို့ကို ပြေးလွှားစေ၏၊ ခွေးသည်လည်း ထို နွားကျောင်းသားနှင့် အတူတကွ လိုက်ပါ၍ သွား၏။
ထိုနွားကျောင်းသားသည် တနေ့သ၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို အရှင်ဘုရား အကြင်အခါ၌ တပည့်တော်အား အခွင့်မရသည် ဖြစ်လတ္တံ့၊ ထိုအခါ ဤခွေးကို စေလွှတ်လိုက်ပါအံ့၊ ထိုခွေးလာသော အမှတ်ဖြင့် ကြွလာတော်မူကြပါဘုရားဟု လျှောက်ထားလေ၏။
ထိုနေ့မှစ၍ ကိုယ်တိုင်သွားခွင့် မရသောနေ့၌ ချစ်သား သွားချေ၊ အရှင်မြတ်ကို ပင့်ဆောင်ချေလော့ဟု ခွေးကို စေလွှတ်လေ၏၊ ထိုခွေးသည် တခွန်းတည်းသော စကားဖြင့်သာလျှင် ပြေးသွား၍ မိမိသခင်၏ ချုံကို ပုတ်ခတ်သော နေရာ, မြေကို ပုတ်ခတ်သော နေရာ၌ သုံးကြိမ်တိုင်အောင် ဟောင်ခြင်း, အူခြင်း ပြု၍ ထိုအသံဖြင့် သားရဲတို့ ပြေးလွှဲ ပုန်းရှောင်သည်၏ အဖြစ်ကို သိပြီးမှ သွားလေ၏။
ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည်လည်း နံနက်စောစောကပင်လျှင် ကိုယ်လက် သုတ်သင်ခြင်း အမှုကို ပြုတော်မူပြီးလျှင် သစ်ရွက်မိုးသော ကျောင်းသို့ဝင်၍ ထိုင်နေ သီတင်းသုံးတော်မူသည်ရှိသော် အရှင်ပစ္စေကဗုဒ္ဓါ၏ သီတင်းသုံးတော်မူရာ အရပ်သို့ သွား၍ ကျောင်းသင်္ခမ်းတံခါးဝ၌ သုံးကြိမ်တိုင်အောင် ဟောင်ခြင်း အူခြင်း ပြုသဖြင့် မိမိ၏ လာသောအဖြစ်ကို သိစေပြီးလျှင် တင့်အပ် လျောက်ပတ်သော အရပ်၌ ဝပ်နေလေ၏။
ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် အချိန်အခါကို မှတ်သား၍ ထွက်ကြွတော်မူသည် ရှိသော် ဟောင်ခြင်း, အူခြင်းပြုလျက် ရှေ့က သွားလင့်၏၊ လမ်းခရီး အကြား အကြား၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ထိုခွေးကို စူးစမ်းလိုသဖြင့် တပါးသော လမ်းခရီးသို့ လွှဲရှောင်၍ ကြွတော်မူ၏၊ ထိုအခါ ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ ရှေ့အဖို့မှ ဖီလာကန့်ကန့် ရပ်တည်၍ ဟောင်ခြင်း, အူခြင်း ပြုပြီးလျှင် ထိုအရှင်မြတ်ကို ဤမှ တပါးဖြစ်သော လမ်းဖြောင့် လမ်းမှန်ဖြစ်သော ခရီးသို့သာလျှင် တက်စေ ရောက်စေလေ၏။
ထိုမှ နောက်တနေ့၌ တပါးသော လမ်းခရီးကို လွှဲရှောင် ကြွသွားတော်မူပြီးလျှင် ထိုခွေးသည် ရှေ့မှ ဖီလာကန့်လန့် ရပ်တည်၍ တားမြစ်သော်လည်း မပြန်နစ်မူ၍ ခွေးကို ခြေတော်ဖြင့် ပုတ်ခတ် တိုက်ခိုက်ကာ ကြွမြဲ ကြွတော်မူလေ၏၊ ခွေးသည် ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ မပြန်နစ်သည်၏ အဖြစ်ကို သိ၍ သင်းပိုင် သင်္ကန်း စွန်း၌ ကိုက်ပြီးလျှင် ဆွဲငင်လျက် တပါးသော လမ်းဖြောင့် လမ်းမှန်ဖြစ်သော ခရီးသို့သာလျှင် ထိုအရှင်ပစ္စေကဗုဒ္ဓါကို တက်စေရောက်စေလေ၏။
ဤသို့လျှင် ထိုခွေးသည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်၌ အားကြီးသော ချစ်ခင်ခြင်းကို ဖြစ်စေ လေ၏၊ ထိုမှ နောက်ဖြစ်သော တပါးသော အခါ၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ သင်္ကန်း ဟောင်းနွမ်း ဆွေးမြေ့ခဲ့လေ၏။
ထိုအခါ ပစ္စေကဗုဒ္ဓါအရှင်မြတ်အား နွားကျောင်းသားသည် သင်္ကန်းလျာ ပုဆိုးတို့ကို လှူဒါန်းလေ၏၊ ထိုနွားကျောင်းသားကို ပစ္စေကဗုဒ္ဓါ အရှင်မြတ်က ဒါယကာ သင်္ကန်း မည်သည်ကို တယောက်တည်းပြုခြင်းငှါ မလွယ်ကူ၊ ချမ်းသာရာ အရပ်သို့သွား၍ ပြုစေတော့အံ့ဟု မိန့်ဆိုတော်မူ၏၊ နွားကျောင်းသားကလည်း အရှင်ဘုရား ဤအရပ်၌ပင် ပြုတော်မူပါ ဘုရားဟု လျှောက်ကြားလေ၏။
ဒါယကာ ငါသည် မစွမ်းနိုင်ဟု မိန့်တော်မူသဖြင့် အရှင်ဘုရား ထိုသို့ဖြစ်မူ အခြား ပြင်ပ အရပ်၌ ကြာမြင့်စွာ သီတင်းသုံး နေတော်မမူပါလင့်ဟု လျှောက်ကြားလေ၏၊ ခွေးသည် အရှင်ပစ္စေကဗုဒ္ဓါနှင့် နွားကျောင်းသားတို့ ပြောဆိုသော စကားကို နားထောင်လျက်သာ တည်နေလေ၏။
ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည်လည်း ဒါယကာ တည်နေရစ်ခဲ့လေလော့ဟု နွားကျောင်းသားကို ဆုတ်ပြန်နစ် နေရစ်ခဲ့စေ၍ ကောင်းကင်သို့ ပျံတက်ပြီးလျှင် ဂန္ဓမာဒန တောင်သို့ ရှေးရှု ကြွတော်မူလေ၏၊ ထိုသို့ ပစ္စေကဗုဒ္ဓါ အရှင်မြတ် ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူသည်ကိုမြင်၍ ကြည်ကွဲလှစွာ ဟောင်ကာ အူကာ တည်နေသော ထိုခွေး၏ မျက်စိတဆုံးကို ပစ္စေကဗုဒ္ဓါ အရှင်မြတ် လွန်လတ်သည်ရှိသော် နှလုံးသားကွဲ၍ သေရှာလေ၏။
တိရစ္ဆာန်တို့ မည်သည်ကား ဖြောင့်မတ်သော သဘောရှိကုန်၏၊ မကောက် မကျစ်ကုန်၊ လူတို့သည်ကား တပါးသော အခြင်းအရာကို စိတ်ဖြင့် ကြံစည် တတ်ကြကုန်၏၊ တပါးသော အခြင်းအရာကို နှုတ်ဖြင့် ပြောဆိုတတ်ကြကုန်၏။
ဤသို့သော အဓိပ္ပါယ်ကို ရည်၍ “ဂုယှနဉှေတံ ဘန္တေ ယဒိဒံ မနုဿာ၊ ဥတ္တာနကံ ဟေတံ ဘန္တေ ယဒိဒံ ပသဝေါ = လူတို့ပြုသော အမူအရာသည် ဖုံးအုပ် ကွယ်ဝှက်လျက် ရှိ၏၊ တိရစ္ဆာန်တို့ပြုသော အမူအရာသည် ပေါ်လွင် ထင်ရှားလျက် ရှိ၏”ဟု မိန့်ဆိုတော်မူ၏။
---ခွေးဘဝမှ သေ၍ တာဝတိံသာ နတ်ပြည်၌ နတ်သား ဖြစ်ရခြင်း
ဤသို့လျှင် ထိုခွေးသည် ထိုသို့ ဖြောင့်မတ်သောစိတ် မကောက် မကျစ်သော စိတ်ရှိသဖြင့် သေဆုံးသည်ရှိသော် တာဝတိံသာ နတ်ပြည်၌ ဖြစ်၍ နတ်သ္မီး တထောင် ခြံရံလျက် ကြီးစွာသော စည်းစိမ်ချမ်းသာကို ခံစား စံစားရလေ၏။
နားရင်း၌ တိုးတိုးသက်သာ ပြောဆို တိုင်ပင်သော ထိုနတ်သား၏ အသံသည် တဆယ့်ခြောက်ယူဇနာ အရပ်တိုင်အောင် ညံလေ၏၊ ပကတိသော စကားအသံ သည်ကား ယူဇနာတသောင်းရှိသော နတ်ပြည် တပြည်လုံးကို လွှမ်းမိုးလေ၏၊ ထို့ကြောင့်သာလျှင် ထိုနတ်သားအား ဃောသကနတ်သား ဟူသောအမည် သည် ဖြစ်လေ၏။
ဤသို့ဖြစ်ခြင်းသည် အဘယ်သို့သော ကောင်းမှုကံ၏ အကျိုး ဆက်နည်းဟူမူကား ပစ္စေကဗုဒ္ဓါ အရှင်မြတ်၌ ချစ်ကြည် မြတ်နိုးသောစိတ်ဖြင့် အူခြင်း ဟောင်ခြင်းကို ပြုသော ကောင်းမှုကံ၏ အကျိုးဆက်ပေတည်း၊ ထိုဃောသက နတ်သားသည် နတ်ပြည်၌ ကြာမြင့်စွာ မတည်မူ၍ စုတေမနေ ချုပ်ငြိမ်းရှာလေ၏။
နတ်သားတို့သည်ကား နတ်ပြည်မှ စုတိမရဏ သေလွန်ကြကုန်သည် ရှိသော် -
- အသက်ကုန်ခြင်းကြောင့်၎င်း၊
- ကောင်းမှုကံ ကုန်ခြင်းကြောင့်၎င်း၊
- အာဟာရ ကုန်ခြင်းကြောင့်၎င်း၊
- အမျက် ထွက်ခြင်းကြောင့်၎င်း
ဤ လေးပါးကုန်သော အကြောင်းတို့ကြောင့် သေလွန်ကြကုန်၏။
ထိုလေးပါးတို့တွင် အကြင် နတ်သားသည် များစွာသော ကောင်းမှုကံကို ပြုအပ်ဖူး၏၊ ထိုနတ်သားသည် နတ်ပြည်၌ဖြစ်၍ အသက်ရှည်သမျှ ကာလပတ်လုံး တည်နေ၍ သေလွန်ပြီးသောအခါ အထက် အထက် နတ်ပြည်၌ ဖြစ်လေ၏၊ ဤသို့လျှင် အသက် ကုန်ခြင်းကြောင့် သေလွန်သည်မည်၏။
အကြင် နတ်သားသည် အနည်းငယ်မျှသော ကောင်းမှု ကံကို ပြုအပ်ဖူး၏၊ မင်း၏ ကျီတော်ကြီး၌ ထည့်သွင်း၍ ထားအပ်သော လေးကွမ်းစား (လေးစလယ်) မျှလောက်သော စပါးကဲ့သို့ အသက်တမ်း၏ အကြား၌သာလျှင် ထိုနတ်သား၏ ကောင်းမှုကံသည် ကုန်၏၊ အသက် အပိုင်းအခြား၏ အကြား၌သာလျှင် သေလွန်ခြင်းကို ပြုရ၏၊ ဤသို့လျှင် ကောင်းမှုကံ ကုန်ခြင်းကြောင့် သေလွန်သည် မည်၏။
တပါးသော နတ်သားသည်လည်း ကာမဂုဏ်တို့ကို သုံးဆောင် ခံစားလျက် သတိ လွတ်ကင်း တွေဝေခြင်းဖြင့် အာဟာရကို မသုံးဆောင် မိသည်ဖြစ်၍ ညှိုးနွမ်း ပင်ပန်းသော ကိုယ်ရှိသဖြင့် သေလွန်ခြင်းကို ပြုရ၏၊ ဤသို့လျှင် အာဟာရ ကုန်ခြင်းကြောင့် သေလွန်သည် မည်၏။
တပါးသော နတ်သားသည်လည်း သူတပါး၏ စည်းစိမ် ချမ်းသာ ပြည့်စုံခြင်းကို သည်းမခံနိုင်သဖြင့် အမျက်ဒေါသ ပြင်းစွာ ထ၍ သေလွန်ခြင်းကို ပြုရ၏၊ ဤသို့လျှင် အမျက် ထွက်ခြင်းကြောင့် သေလွန်သည်မည်၏။
ဤ ဃောသက နတ်သားသည်ကား ငါးပါးအာရုံ ကာမဂုဏ်တို့ကို သုံးဆောင် ခံစားလျက် လွတ်ကင်းသော သတိရှိသည်ဖြစ်၍ အာဟာရ ကုန်ခြင်းကြောင့် သေလွန်ရရှာလေ၏။
---ဃောသကနတ်သားဘဝမှ လူ့ပြည်၌ ဖြစ်သောအခါ အမှိုက်ပုံ၌ ရှေးဦးစွာ အပစ် ခံရခြင်းနှင့် ကောသမ္ဗိ သူဌေးကြီး ဝယ်ယူ၍ မွေးမြူခြင်း
နတ်ပြည်မှ သေလွန်ခဲ့ပြီး၍သော်ကား ကောသမ္ဗီပြည်ကြီးဝယ် ပြည့်တန်ဆာမ၏ ဝမ်း၌ ပဋိသန္ဓေ စွဲယူလေ၏၊ ပြည့်တန်ဆာမသည်လည်း ဖွားမြင်လာသော နေ့၌ ဤယခုဖွားမြင်သော သူငယ်သည် အသို့နည်း၊ (သားလော, သ္မီးလော)ဟု ကျွန်မကို မေး၍ အရှင်မ သားသူငယ်ပါဟု ဆိုသည်ရှိသော် အို ကျွန်မ ယခု ဤသူငယ်ကို စကောဆိုး အထက်၌ တင်ထား၍ တံမြက်ချေး အမှိုက်တို့ကို စွန့်ရာဖြစ်သော အမှိုက်ပုံ၌ စွန့်ပစ်ချေလော့ဟု စေခိုင်း၍ ထိုသူငယ်ကို စွန့်ပစ်စေ၏။
ပြည့်တန်ဆာမတို့သည်ကား သ္မီးမိန်းမကို သုတ်သင် ကျွေးမွေးကြကုန်၏၊ သားယောက်ျားကို မသုတ်သင် မကျွေးမွေးကုန်၊ အဘယ့်ကြောင့်နည်း ဟူမူကား သ္မီးမိန်းမသည် ထိုပြည့်တန်ဆာမတို့၏ အနွယ်အဆက်ကို ဆက်စပ်စေတတ် ဆက်စပ်အပ်သောကြောင့်တည်း။
သူငယ်ကို ကျီးတို့သည်၎င်း၊ ခွေးတို့သည်၎င်း ဝန်းရံ၍ နေကြကုန်၏၊ ပစ္စေကဗုဒ္ဓါ၌ ချစ်ခင်ခြင်းကြောင့် ဖြစ်သော (ခွေး၏ဘဝက) ဟောင်ခြင်းအူခြင်းကို ပြုခဲ့ရသော အကျိုးဆက်ဖြင့် တကောင်မျှလည်း ဖြစ်သော ကျီးသည်၎င်း၊ ခွေးသည်၎င်း အနီးသို့ ချဉ်းကပ်ခြင်းငှါ မစွမ်းနိုင်လေ၊
ထိုခဏ၌ လူတယောက်သည် မြို့၏အပသို့ ထွက်သွားသည်ရှိသော် ထိုကျီး, ခွေးတို့ ဝိုင်းအုံစုရုံး၍ နေသည်ကိုမြင်ရ၍ ဤအရာကား အဘယ်နည်းဟု သွားရောက်သဖြင့် သူငယ်ကို မြင်လျှင် သားတည်းဟူ၍ ဖြစ်သော ချစ်ခြင်းကိုရ၍ ငါ့အား သားကို ရအပ်ပြီဟု အိမ်သို့ ဆောင်ယူသွားလေ၏။
ထိုအခါ ကောသမ္ဗီသူဌေးသည် မင်းအိမ်သို့ သွားသည်ရှိသော် မင်းအိမ်မှ ဆင်းသက်၍ ရှေးရှုလာသော ပုရောဟိတ် ပုဏ္ဏားကို မြင်၍ ဆရာ အသို့နည်း၊ ယနေ့ သင်ဆရာသည် နိမိတ်ကို၎င်း၊ စနည်း တဘောင် နက္ခတ် ယှဉ်ခြင်းကို၎င်း ကြည့်ရှုပါသလောဟု မေးမြန်းလေ၏၊ သူဌေးကြီး “ကြည့်ရှုပေ၏ဟု ဆိုသဖြင့် ငါတို့အား ကိစ္စတပါး အသို့ဖြစ်လတ္တံ့နည်း၊ ဇနပုဒ်အား အသို့ဖြစ်လတ္တံ့ နည်းဟု မေးပြန်သည်ရှိသော် တပါးသော အကြောင်းကိစ္စမူကား မရှိ၊ ဤကောသမ္ဗီပြည်၌ ယနေ့ဖွားသော သူငယ်သည် အကြီးဆုံးသော သူဌေးကြီး ဖြစ်လတ္တံ့ဟု ဆိုလေ၏။
ထိုအခါ သူဌေးကြီး၏ မယားသည် လေးသော ကိုယ်ဝန်ရှိသည် ဖြစ်ခြင်းကြောင့် သူဌေးကြီးသည် လူတယောက်ကို အိုအချင်း သွားချေ၊ ငါ၏ခင်ပွန်းမ ဖြစ်သော သူဌေးကတော်ကြီးကို သားသ္မီး ဖွားမြင် သည်ကို၎င်း၊ မဖွားမြင်သည်ကို၎င်း သိအောင် ပြုခဲ့လော့ဟု အိမ်သို့ လျင်စွာ စေလွှတ်လိုက်လေ၏။
မဖွားမြင်သေးဟူသော စကားကိုကြားရသည်ရှိသော် မင်းကြီးကို ဖူးမြင်၍ လျင်စွာ အိမ်သို့ ပြန်သွားပြီးလျှင် ကာဠီ အမည်ရှိသော ကျွန်မကို ခေါ်၍ အသပြာ တထောင်ကို ပေးပြီးမှ ဟယ်-ကျွန်မ သွားချေ၊ ဤပြည်၌ စူးစမ်း မေးမြန်း၍ ယနေ့ ဖွားသော သူငယ်ကို အသပြာတထောင် ပေးပြီးလျှင် ဆောင်ယူလာခဲ့ဟု စေလွှတ် လိုက်လေ၏။
ကျွန်မသည်လည်း စူးစမ်း မေးမြန်းသည်ရှိသော် သူငယ်ကို ကောက်ယူရရှိသော ထိုအိမ်သို့ ရောက်သွား၍ သူငယ်ကို မြင်လျှင် ဤသူငယ်သည် အဘယ်နေ့က ဖွားမြင်သော သူငယ်ပါနည်းဟု အိမ်ရှင်မကို မေး၍ ယနေ့ ဖွားမြင်သော သူငယ်ဟု ဆိုလတ်သော် ဤသူငယ်ကို အကျွန်ုပ်အား ပေးပါလော့ဟု ဆို၍ တခုသော အသပြာကို အစပြု၍ အဘိုးကို တိုးတက်စေလျက် အသပြာကြေးငွေ တထောင်ကို ပေး၍ ထိုသူငယ်ကို ဆောင်ယူခဲ့ပြီးလျှင် သူဌေးကြီးအား ပြလေ၏။
သူဌေးကြီးသည် ငါ့အား အကယ်၍ သ္မီးငယ် ဖွားမြင်ခဲ့သည် ဖြစ်အံ့၊ ထိုဖွားမြင်သော ငါ၏ သ္မီးငယ်နှင့်တကွ ဤသူငယ်ကို ထိမ်းမြားစုံဘက် လက်ဆက်စေ၍ သူဌေးကြီး ရာထူးဌာနန္တရ၏ အရှင်ဖြစ်အောင် ပြုပေအံ့၊ သားသူငယ် အကယ်၍ ဖွားမြင် ခဲ့သည်ဖြစ်အံ့၊ ဤသူငယ်ကို သတ်ပေအံ့ဟု ကြံ၍ ထိုသူငယ်ကို မိမိ၏အိမ်၌ ကျွေးမွေးသုတ်သင်ခြင်းကို ပြုစေလေ၏။
နွားခြံ တံခါးဝ၌ နှစ်ကြိမ်မြောက် အပစ်ခံရခြင်း
ထို့နောက် နှစ်ရက် သုံးရက် လွန်မြောက်သည်ရှိသော် ထိုသူဌေးကြီး၏ ခင်ပွန်းမ ဖြစ်သော သူဌေး ကတော်ကြီးသည် သားယောက်ျားကို ဖွားမြင်လေ၏၊ သူဌေးကြီးသည် ဤသူငယ်သည် မရှိပါမူကား ငါ၏သားသည်သာလျှင် သူဌေး ရာထူးကို ရလတ္တံ့၊ ယခုပင်လျှင် ထိုသူငယ်ကို သတ်ခြင်းငှါ သင့်၏ဟု ကြံ၍ ကာဠီမည်သော ကျွန်မကိုခေါ်ပြီးလျှင် ဟယ် - ကျွန်မ သွားချေ၊ နွားခြံမှ နွားတို့ ထွက်လာသောအခါ ခြံတံခါးဝအလယ်၌ ဤသူငယ်ကို ဖီလာကန့်လန့် အိပ်စေ လော့၊ ဝါ - သိပ်ထားလေလော့၊
နွားမတို့သည် ထိုသူငယ်ကို နင်း၍ သတ်ကုန်လတ္တံ့၊ နင်းသည်၏အဖြစ် မနင်းသည်၏ အဖြစ်ကိုလည်း သိပြီးမှ ပြန်လာခဲ့လော့ဟု ဆိုလေ၏၊ ထိုကျွန်မသည်လည်း သွား၍ နွားကျောင်းသားသည် ခြံတံခါးကို ဖွင့်ကာ မျှ၌သာလျှင် ထိုသူငယ်ကို သူဌေးကြီး ဆိုသောအတိုင်း ဖီလာကန့်လန့် သိပ်ထားလေ၏၊ နွားတို့၏ အကြီးအမှူးဖြစ်သော နွားလား ဥသဘသည် အခါတပါးသော ကာလ၌ အလုံးစုံသော နွားတို့၏ နောက်မှ သွားနေကျဖြစ်သော်လည်း ထိုနေ့၌ကား အလုံးစုံသော နွားတို့၏ ရှေးဦးစွာ ထွက်၍ သူငယ်ကို ခြေလေးချောင်းတို့၏အတွင်း၌ ခွထားသည်ကိုပြု၍ ရပ်တန့်လေ၏၊
အရာမက များစွာကုန်သော နွားမတို့သည် နွားလားဥသဘ၏ နံပါး နှစ်ဘက်တို့ကို ပွတ်တိုက်ကုန်လျက် ထွက်သွားကြကုန်၏၊ နွားကျောင်းသားလည်း ဤနွားလား ဥသဘသည် ရှေးအခါ၌ အလုံးစုံသော နွားတို့၏ နောက်မှ ထွက်၏၊ ယနေ့မူကား အလုံးစုံသော နွားတို့၏ ရှေးဦးစွာထွက်၍ ခြံတံခါးဝ အလယ်၌ မတုန်မလှုပ် ရပ်တန့်၏၊
ဤအကြောင်းကား အဘယ်နည်းဟု ကြံစည်ကာ သွား၍ ထိုနွားလားဥသဘ၏ အောက်၌ အိပ်နေသော သူငယ်ကိုမြင်ရလျှင် သားတည်းဟူ၍ဖြစ်သော ချစ်ခြင်းကို ရ၍ ငါ့အား သားကို ရအပ်ပြီဟု အိမ်သို့ ယူဆောင်သွားလေ၏၊ ကျွန်မ ကာဠီသည် အိမ်သို့ ပြန်သွား၍ သူဌေးကြီးက မေးသည်ရှိသော် ထိုအကြောင်းကို ပြန်ကြားသဖြင့် သွားချေ၊ ထိုသူငယ်ကို ဤ အသပြာ တထောင်ပေး၍ တဖန် ဆောင်ချေဦးလော့ဟု ဆိုအပ်သည်ဖြစ်၍ အသပြာတထောင် ပေးပြန်၍ ဆောင်ခဲ့ပြီးလျှင် သူငယ်ကို သူဌေးကြီးအား ပေးလေ၏။
လှည်းလမ်းမ၌ သုံးကြိမ်မြောက် အပစ်ခံရခြင်း
ထို့နောက် သူဌေးကြီးက ထိုကာဠီမည်သော ကျွန်မကို ချစ်သ္မီး ကာဠီ ဤ ကောသမ္ဗီပြည်၌ ငါးရာကုန်သော လှည်းတို့သည် နံနက်စောစော ကာလ၌ ထ၍ ကုန်သွယ်ခြင်း အလို့ငှါ သွားကြကုန်လတ္တံ့၊ သင်သည် ဤသူငယ်ကို ဆောင်သွား၍ လှည်းဘီးစက်၏ လိမ့်သွားရာ (လှည်းလမ်း)ခရီး၌ သိပ်ထားလေလော့၊
နွားတို့သည်မူလည်း ထိုသူငယ်ကို နင်းကုန်လတ္တံ့၊ လှည်းဘီးတို့သည်မူလည်း ထက်ပိုင်း ကြိတ်ပြတ်ကုန်လတ္တံ့ ၊ ထိုသူငယ်၏ အကြောင်းကိုလည်း သိပြီးမှသာ ပြန်၍လာခဲ့လော့ဟု မှာလိုက်၏၊ ထိုကျွန်မသည် ထိုသူငယ်ကို ဆောင်သွား၍ လှည်းဘီးစက်၏ လိမ့်သွားရာလမ်း၌ သိပ်ထားလေ၏၊
ထိုအခါ အကြီးအမှူး ဖြစ်သော လှည်းသမားသည် ရှေ့ဆုံးလှည်း၌ ဖြစ်လေ၏၊ ထိုအခါ ထိုလှည်းမှူး၏ နွားတို့သည် ထိုနေရာဌာနသို့ ကျရောက်သည်ရှိသော် လှည်းဦး ထမ်းပိုးကို စွန့်ကြကုန်၏၊ အဖန်တလဲလဲ ထမ်းပိုးခွင်သို့တင်၍ မောင်းနှင် ကုန်သော်လည်း ရှေ့သို့ မသွားကြကုန်၊ ဤသို့ မသွားကြကုန်သဖြင့် ထိုနွားတို့နှင့် အတူတကွ လှည်းမှူး၏လုံ့လပြုစဉ်ပင်လျှင် အရုဏ်တက်ခဲ့လေ၏၊
လှည်းမှူးသည် နွားတို့သည် အဘယ်သို့သောအမှုကို ပြုကြကုန်သနည်းဟု လမ်းခရီးကို ကြည့်ရှုလတ်သည် ရှိသော် သူငယ်ကိုမြင်၍ ငါပြုအပ်သောအမှုသည် ဝန်လေးစွတကားဟု ကြံ၍ ငါ့အား သားကိုရအပ်ပြီဟု နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသဖြင့် ထိုသူငယ်ကို အိမ်သို့ ယူဆောင်သွားလေ၏၊
ကျွန်မကာဠီသည် အိမ်သို့ပြန်သွား၍ သူဌေးကြီးက မေးသည်ရှိသော် ထို အကြောင်းကို ပြန်ကြားသဖြင့် သွားချေ၊ ထိုသူငယ်ကို အသပြာ တထောင် ပေး၍ တဖန် ဆောင်ချေဦးလော့ဟု ဆိုအပ်သည်ဖြစ်၍ ထိုပြောဆိုသော စကားအတိုင်း ပြုလေ၏။
သုသာန်၌ လေးကြိမ်မြောက် အပစ်ခံရခြင်း
ထိုနောက်တဖန် သူဌေးကြီးက ကျွန်မကို ယခုအခါ၌ ထိုသူငယ်ကိုသူကောင် ပစ်ရာ သုသာန် သင်းချိုင်းသို့ ဆောင်သွား၍ ချုံကြား၌ သိပ်ထားလေလော့၊ ထိုသုသာန် သင်းချိုင်း ချုံထည်း၌ ခွေးစသော သတ္တဝါတို့သည် ကိုက်ခဲအပ်သည် ဖြစ်၍၎င်း၊ ဘီလူးတို့သည် ပုတ်ခတ်အပ်သည်ဖြစ်၍၎င်း သေဆုံးလတ္တံ့၊ ထိုသူငယ်၏ သေသည် အဖြစ် မသေသည်အဖြစ်ကိုလည်း သိပြီးမှသာ ပြန်၍လာခဲ့လော့ဟု မှာလိုက်၏၊
ထိုကျွန်မသည် ထိုသူငယ်ကို ဆောင်သွားပြီးလျှင် သင်းချိုင်း သုသာန်၌ သိပ်ထား၍ သင့်တင့်သော နေရာတခု၌ ကြည့်ရှုရန် စောင့်စား၍ တည်နေလေ၏၊ ထိုသူငယ်ကို ခွေးသည်၎င်း၊ ကျီးသည်၎င်း၊ ဘီလူးသည်၎င်း အနီးသို့ ချဉ်းကပ်ခြင်းငှါ မစွမ်းနိုင်လေ။
ထိုသူငယ်အား အမိလည်း မရှိ၊ အဘလည်း မရှိ၊ အစ်ကိုကြီး အစရှိကုန်သော သူတို့တွင် တစုံတယောက် စောင့်ရှောက်သူ မည်သည် မရှိသည် မဟုတ်တုံလော၊ ထိုသို့ဖြစ်လျက် အဘယ်သူသည် စောင့်ရှောက်လေ သနည်း ဟူမူကား ခွေးဖြစ်သော ကာလ အရှင်ပစ္စေကဗုဒ္ဓါ၌ ချစ်ခင်ခြင်းဖြင့် ဖြစ်စေအပ်သော ဟောင်ခြင်း အူခြင်း ပြုကာမျှဖြစ်သော ကံသည်သာလျှင် ထိုသူငယ်ကို အစဉ်စောင့်ရှောက်လေ၏။
ထိုအခါ ဆိတ်ကျောင်းသား တယောက်သည် အထောင်မက များစွာသော ဆိတ်တို့ကို ကျက်စားရာသို့ ဆောင်ယူလျက် သုသာန်သင်းချိုင်း၏ နံပါးဖြင့် သွားလေ၏၊ တကောင်သော ဆိတ်မသည် သစ်ရွက်တို့ကို စားလျက် ချုံ၏ အကြားသို့ ဝင်သည်ရှိသော် သူငယ်ကိုမြင်၍ ဒူးဆစ်တို့ဖြင့် ထောက်တည်လျက် သူငယ်အား နို့တိုက်လေ၏၊
ဆိတ်ကျောင်းသားသည် “ဟေ ဟေ” ဟူသောအသံကို ပြုသော်လည်း မထက်သဖြင့် လှံတံဖြင့် ထိုဆိတ်မကိုရိုက်၍ ထုတ်ဆောင်အံ့ဟု ကြံ၍ ချုံ၏အကြား ဝင်သည်ရှိသော် ဆိတ်မသည် ဒူးဆစ်တို့ဖြင့် ထောက်တည်လျက် သူငယ်ကို နို့ရည်တိုက်ကျွေး၍နေသည်ကို မြင်ရလျှင် သူငယ်၌ သားတည်း ဟူ၍ ဖြစ်သော ချစ်ခြင်းကို ရ၍ ငါ့အား သားကို ရအပ်ပြီဟု ထိုသူငယ်ကိုယူ၍ ဖဲသွားလေ၏၊
ကျွန်မ ကာဠီသည် အိမ်သို့ ပြန်သွား၍ သူဌေးကြီးက မေးသည်ရှိသော် ထို အကြောင်းကို ပြန်ကြားသဖြင့် သွားချေ၊ ထိုသူငယ်ကို အသပြာ တထောင် ပေး၍ တဖန် ဆောင်ချေဦးလော့ဟု ဆိုအပ်သည်ဖြစ်၍ ထိုပြောဆိုသော အတိုင်းပင် ပြုလေ၏။
တောင်ကမ်းပါးပြတ်၌ ငါးကြိမ်မြောက် အပစ်ခံရခြင်း
ထို့နောက်မှ ကျွန်မကို ချစ်သ္မီး ကာဠီ ဤသူငယ်ကို ယူ၍ ခိုးသူတို့ကို ချသတ်ရာ ဖြစ်သော တောင်ထိပ်ပေါ်သို့ တက်၍ တောင်ကမ်းပါးပြတ်၌ ပစ်ချလေလော့၊ တောင်ဝှမ်း၌ ထိပါးတိုက်ခိုက် အပ်သည်ရှိသော် အပိုင်း အပိုင်းပြတ်၍ မြေကြီး၌ ကျလတ္တံ့၊ ထိုသူငယ်၏ သေသည်အဖြစ် မသေသည် အဖြစ်ကိုလည်း သိပြီးမှသာ ပြန်၍လာခဲ့လော့ဟု မှာလိုက်၏၊
ကျွန်မသည် သူငယ်ကို ထိုတောင် ထိပ်ပေါ်သို့ ဆောင်ယူ၍ တောင်ထိပ်၌ ရပ်လျက်သာလျှင် ပစ်ချလိုက်လေ၏၊ ထိုတောင်ဝှမ်းကို မှီ၍ ကြီးကျယ်စွာသော ဝါးချုံသည် တောင်ကို အစဉ် လျှောက်၍သာလျှင် ကြီးပွား စည်ပင်လေ၏၊ ထို ဝါးချုံကြီး၏ အထက်၌ တခဲနက် ထူသော ဇင်ရွေးချုံသည် လွှမ်းမိုး ဖုံးအုပ်၍ တည်လေ၏၊
သူငယ်သည် ကျလတ်သည်ရှိသော် ကော်ဇောအပေါ်၌ ကျရောက်ဘိသကဲ့သို့ ထိုချုံထက်၌ ကျရောက် လေ၏၊ ထိုနေ့၌ပင်လျှင် အကြီးအမှူး ဖြစ်သော ကျူထရံသည်ကြီးအား ဝါးအခွန် အဖို့ကို ပေးအံ့သော အလှည့်သည် ကျရောက် လာလေ၏၊
ထိုကျူထရံသည်ကြီးသည် သားနှင့်အကူတကွ သွား၍ ထိုဝါးချုံကို ဖြတ်ခြင်းငှါ အားထုတ်၏၊ ထိုဝါးချုံ ကိုဖြတ်သဖြင့် ဝါးချုံ လှုပ်ရှားသည်ရှိသော် သူငယ်သည် အသံကို ပြု၏၊ (ငို၏) ထိုကျူထရံသည်ကြီးသည် ဤအသံသည်ကား သူငယ်၏ အသံကဲ့သို့ပင် ဖြစ်ခြေသည်တကားဟု တဘက်သော နံပါးဖြင့် တက်သည်ရှိသော် ထိုသူငယ်ကို မြင်၍ ငါ့အား သားကို ရအပ်ပြီဟု နှစ်သက် ရွှင်လန်းသော စိတ် ရှိသည်ဖြစ်၍ ယူသွားလေ၏၊
ကျွန်မ ကာဠီသည်လည်း သူဌေးကြီးအထံသို့ သွား၍ သူဌေးက မေးသည်ရှိသော် ထိုအကြောင်းကို ပြန်ကြား သဖြင့် သွားချေ၊ ထိုသူငယ်ကို အသပြာ တထောင် ပေး၍ တဖန် ဆောင်ချေဦးလော့ဟု ဆိုအပ်သည်ဖြစ်၍ ထိုပြောဆိုသော အတိုင်းပင် ပြုလေ၏။
အိုးထိန်းသည်အိမ်သို့ ခြောက်ကြိမ်မြောက် မီးတွင် ပစ်ချသတ်ရန် စေလွှတ်ခံရခြင်း
သူဌေးကြီးလည်း ဤသို့ ဤသို့သော သေရာ သေကြောင်း အားထုတ် ပြုလုပ်စဉ်ပင် သူငယ်သည် ကြီးပြင်းလာလေ၏၊ ထိုသူငယ်အား ဃောသက ဟူသော အမည်သည် တွင်လေ၏၊
ထိုသူငယ်သည် သူဌေးကြီး၏ မျက်စိ၌ ဆူးငြောင့်ကဲ့သို့ ထင်လေ၏၊ ဖြောင့်ဖြောင့် တည့်တည့် ကြည့်ရှုခြင်းငှါလည်း မစွမ်းနိုင်လေ၊ ထိုမှအခြား အခါတပါး၌ သူငယ်အား သေလောက်သော အကြောင်းကို ကြံစည်စိတ်ကူးလျက် မိမိ၏အဖော်ဖြစ်သော အိုးထိန်းသည်၏ အထံသို့ သွားပြီးလျှင် အဘယ်အခါ၌ အိုးဖုတ်ရာ တွင်းကျင်းတို့ကို ပြုစုစီမံ လိမ်းကျံ မီးဖုတ်လတ္တံ့ နည်းဟု မေးသဖြင့် နက်ဖြန်ခါ ပြုအံ့ဟု ဆိုသည် ရှိသော် ထိုသို့ဖြစ်မူ ဤအသပြာ တထောင်ကို ယူ၍ ငါ၏ တခုသောအမှုကို ပြုပါလော့ဟု ဆို၏၊
အရှင်သူဌေးကြီး အဘယ်သို့သော အမှုကို ပြုရပါမည်နည်းဟု မေးသည် ရှိသော် ငါ့အား ယုတ်မာညစ်ညမ်း ဆိုးသွမ်းသော (အဝဇာတ) သားတယောက်သည် ရှိ၏၊ ထိုသားကို အသင်၏အထံသို့ စေလွှတ်လိုက်အံ့၊ ထိုအခါ ထိုသူငယ်ကို ဖမ်းယူ၍ တိုက်ခန်းတွင်းသို့ သွင်းပြီးလျှင် ထက်လှစွာသော ပဲခွပ်ဖြင့် အပိုင်း အပိုင်း ဖြတ်ပြီး၍ အိုးစရည်းကြီး၌ ထည့်သွင်းလျက် အိုးဖုတ်ရာတွင်း၌သာလျှင် မီးတိုက်ရှို့ မြှိုက်လေလော့၊ ဤအသပြာ တထောင်ကား သင်တို့အား သစ္စာပြု သည်နှင့်တူသော စရန်ပေးခြင်းတည်း၊ ဤထက်အလွန် ပေးကမ်းပြုစုထိုက်သည်ကို နောက်မှ ပြုပေအံ့ ဟု ဆိုလေ၏၊ အိုးထိန်းသည်သည် ကောင်းလှပါပြီဟု ဝန်ခံလိုက်၏။
သူဌေးကြီးလည်း တဖန်မိုးသောက် ရောက်သောနေ့၌ ဃောသက သတို့သားကို ခေါ်ပြီးလျှင် ချစ်သား ယမန်နေ့က ငါသည် အိုးထိန်းသည်ကို တခုသော အမှု စေခိုင်းခြင်းကို ပြုအပ်၏၊ ချစ်သားလာလှည့်၊ သင်သည် ထိုအိုးထိန်းသည်၏ အထံသို့သွား၍ ယမန်နေ့က ကျွန်တော်၏ဖခင် စေခိုင်းအပ်သောအမှုကို မချွတ်မလွဲ ပြီးစေရမည်တဲ့ ဟု ပြောဆိုချေဟူ၍ စေလွှတ်လိုက်လေ၏၊
ထိုဃောသက သတို့သားသည်လည်း ကောင်းပါပြီဟု ဝန်ခံ၍ သွားလေ၏၊ ဃောသက သတို့သား ထိုအိုးထိန်းသည် အိမ်သို့ သွားသည်ကို သူဌေးကြီး၏ သားရင်းဖြစ်သော (ဃောသက)မှ တပါးသော သူငယ်သည် သူငယ်ဖော်တို့နှင့် အတူတကွ ဂုံညင်းလုံး ကစားလျက်နေစဉ် မြင်လိုက်၍ ခေါ်ပြီးလျှင် နောင်တော် အဘယ်အရပ်သို့ သွားမည်နည်းဟုမေး၍ ဖခင်၏သတင်းစကားကို ဆောင်ယူ၍ အိုးထိန်းသည်၏ အထံသို့ သွားအံ့ဟု ဆိုသည်ရှိသော် ထိုအရပ်သို့ အကျွန်ုပ် သွားပါအံ့၊
ဤသူငယ်တို့သည် အကျွန်ုပ်ကို လောင်းကြေး အကြိမ်များစွာ နိုင်ကြလေကုန်ပြီ၊ အကျွန်ုပ်အား ထိုဆုံးရှုံးလေသမျှ လောင်းကြေးကို တဖန်နိုင်အောင် ပြု၍ ပေးပါလော့ ဟု ဆို၏၊ ငါသည် ဖခင်ကို ကြောက်လှပါသည်ဟုဆိုသည်ရှိသော် နောင်တော် မကြောက်ပါလင့်၊ အကျွန်ုပ်သည် ထို သတင်းစကားကို ဆောင်ပါအံ့၊ နောင်တော်သည် များစွာနိုင်သော်လည်း အကြင်မျှလောက် ကာလ၌ အကျွန်ုပ်သည် ပြန်လာ၏၊ ထိုမျှလောက်သော ကာလပတ်လုံး အကျွန်ုပ် ဆုံးရှုံးလေပြီးသော လောင်းကြေးကို ပြန်၍နိုင်အောင် ပြုပါလော့ဟု တောင်းပန်စကား ဆိုလေ၏။
ဃောသက သတို့သားသည် ဂုံညင်းလုံး ကစားခြင်း၌ အလွန် ကျွမ်းကျင်သတတ်၊ ထိုကြောင့်သာလျှင် သူဌေးကြီး၏ သားရင်းဖြစ်သော သူငယ်သည် ဃောသက သတို့သားကို အမြဲမပြတ် အထပ်ထပ် တောင်းပန်စကား ဆိုလေ၏၊ ဃောသက သတို့သားသည်လည်း ထိုသို့ဖြစ်မူ သွား၍ အိုးထိန်းသည်ကို ဆိုချေလော့၊ ယမန်နေ့က ကျွန်တော်၏ ဖခင်သည် တခုသော အမှုကို စေခိုင်းအပ်၏၊ ထိုစေခိုင်း အပ်သော အမှုကို ယခု ပြီးစေရမည်တဲ့ဟု ပြောဆိုချေဟူ၍ စေလွှတ် လိုက်လေ၏၊
သူဌေးကြီး၏ သားရင်းဖြစ်သော ထိုသူငယ်သည်လည်း အိုးထိန်းသည်၏အထံသို့ သွား၍ မှာလိုက်သော စကားအလုံးစုံကို ပြန်ကြားလေ၏၊ ထိုအခါ အိုးထိန်းသည် သည် သူငယ်ကို သူဌေးကြီးမှာခဲ့သော နည်းဖြင့်သာလျှင် သတ်ဖြတ်၍ အိုးဖုတ်သော တွင်း၌ ပစ်သွင်းလေ၏။
မိမိ၏သားရင်း သေဆုံးခြင်းကြောင့် သူဌေးကြီး သောကဖြစ်ပုံနှင့် ဒဏ်ဆယ်ပါး တရား
ဃောသက သတို့သားသည်လည်း နေ့အဖို့ပတ်လုံး ကစားပြီး၍ ညနေချမ်းသော အခါ၌ အိမ်သို့ပြန်သွားသဖြင့် သူဌေးကြီးသည် ထိုဃောသကကို မြင်၍ ချစ်သား အသို့နည်း၊ အိုးထိန်းသည်၏ အထံသို့ မသွားပြီလောဟု ဆိုသည် ရှိသော် မိမိ၏ မသွားသော အကြောင်းကို၎င်း၊ ညီငယ်၏ သွားသော အကြောင်းကို၎င်း ပြောကြား လေ၏၊
ထိုစကားကို ကြားရလျှင် သူဌေးကြီးသည် ငါသည် စက်ဆုပ်ဖွယ် ရှိလေစွ (မိုက်လေစွ) ဟု သည်းစွာသော မြည်တမ်းခြင်းကို မြည်တမ်း၍ ကိုယ်အလုံး၌ သွေးကျိုက်ကျိုက် ဆူသကဲ့သို့ ဖြစ်ပြီးလျှင် အိုအချင်း အိုးထိန်းသည် ငါ့ကို မဖျက်ဆီး ပါလင့်၊ ငါ့ကို မဖျက်ဆီးပါလင့်ဟု လက်မောင်း နှစ်ဘက်တို့ကို ချီမြှောက်ကာ ငိုကြွေးမြည်တမ်းလျက် ထိုအိုးထိန်းသည်၏ အထံသို့ သွားလေ၏၊
အိုးထိန်းသည်သည်လည်း ထိုသို့သော အခြင်းအရာဖြင့် လာသော သူဌေးကြီးကို မြင်လျှင် အရှင်သူဌေးကြီး အသံကို မပြုပါလင့်၊ အရှင်မှာထားသော အမှုသည် ပြီးစီးလေပြီဟု ဆိုလေ၏၊ ထိုသူဌေးကြီးသည် တောင်ကြီးဖြင့် ဖိစီးလွှမ်းမိုးသကဲ့သို့ ကြီးစွာသော စိုးရိမ်ခြင်းဖြင့် ဖိစီးလွှမ်းမိုး အပ်သည်ဖြစ်၍ အတိုင်းမသိသော များစွာသော နှလုံးမသာယာခြင်းကို ခံစားရလေ၏၊
အဘယ်ကဲ့သို့နည်းဟူမူကား မပြစ်မှားထိုက်သောပုဂ္ဂိုလ်အား ပြစ်မှားသောသူသည် အတိုင်းမသိ များစ္စာသော နှလုံးမသာယာခြင်းကို ခံစားရသကဲ့သို့တည်း၊ ထို့ကြောင့် မြတ်စွာဘုရားသည် ဤဂါထာတို့ကို ဟောတော်မူ လေ၏။
ယော ဒဏ္ဍေန အဒဏ္ဍေသု၊ အပ္ပဒုဋ္ဌေသု ဒုဿတိ။
ဒသန္န မညတရံ ဌာနံ၊ ခိပ္ပမေ၀ နိဂစ္ဆတိ။
ဝေဒနံ ဖရုသံ ဇာနိံ၊ သရီရဿ စ ဘေဒနံ။
ဂရုကံ ဝါပိ အာဗာဓံ၊ စိတ္တက္ခေပဉ္စ ပါပုဏေ။
ရာဇတော ဝါ ဥပဿဂ္ဂံ၊ အဗ္ဘက္ခာနဉ္စ ဒါရုဏံ။
ပရိက္ခယဉ္စ ဉာတီနံ၊ ဘောဂါနဉ္စ ပဘင်္ဂုနံ။
အထဝဿ အဂါရာနိ၊ အဂ္ဂိ ဍယှတိ ပါဝကော။
ကာယဿ ဘေဒါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ။
ဘိက္ခဝေ= ရဟန်းတို့။
ယော ပုဂ္ဂလော= အကြင်ပုဂ္ဂိုလ်သည်။
အဒဏ္ဍေသု= ကာယဒဏ္ဍ စသည်တို့မှ ကင်းကြကုန်သော။
အပ္ပဒုဋ္ဌေသု= ပြစ်မှားခြင်းမှ ကင်းသောသူတို့၌။
ဒဏ္ဍေန= ကိုယ်ဒဏ်စသည် ပေးခြင်းဖြင့်။
ဒုဿတိ= ပြစ်မှား၏။
သော ပုဂ္ဂလော= ထိုပုဂ္ဂိုလ်သည်။
ဒသန္နံ ဌာနာနံ= ဆယ်ပါးသော (ဒုက္ခရောက်ကြောင်း) ဒဏ်သင့်ခြင်းတို့တွင်။
အညတရံ= တပါးပါးသော။
ဌာနံ= ဒဏ်သင့်ခြင်းသို့။
ခိပ္ပမေဝ= လျင်စွာသာလျှင်။
နိဂစ္ဆတိ= ရောက်တတ်၏။
ဖရုသံ= ကြမ်းကြုတ်သော။
ဝေဒနံ= ဦးခေါင်းနာ စသော ဆင်းရဲဝေဒနာ သို့၎င်း။
ဇာနိံ= ငြိုငြင်စွာ ရအပ်သော ဥစ္စာ၏ ဆုံးရှုံးခြင်းသို့၎င်း။
သရီရဿ= လက်ခြေစသော ကိုယ်၏။
ဘေဒနဉ္စ= ပျက်စီးခြင်းသို့၎င်း။
ဂရုကံ= ကြီးလေးသော။
အာဗာဓံ ဝါပိ= ခြေလက်ကျွေးခြင်း ဆွံ့ခြင်းစသော အနာနှိပ်စက်ခြင်းသို့၎င်း။
စိတ္တက္ခေပဉ္စ= စိတ်ပျံ့လွင့်၍ ရူးသွပ်ခြင်းသို့၎င်း။
ပါပုဏေ= ရောက်ရာ၏။
ရာဇတော= မင်းမှ။
ဥပဿဂ္ဂံ ဝါ= စည်းစိမ်ပျက်ချော ရာထူးလျှောခြင်း စသော ဘေးသို့၎င်း။
ဒါရုဏံ= ကြမ်းကြုတ်သော။
အဗ္ဘက္ခာနဉ္စ= သမုတ်တလွဲ စွပ်စွဲခံရခြင်းသို့၎င်း။
ဉာတီနံ= အားထားလောက်သော ဆွေမျိုးတို့၏။
ပရိက္ခယဉ္စ= ကုန်ပျောက် ပြုန်းတီး ပျက်စီးခြင်းသို့၎င်း။
ဘောဂါနံ= ပစ္စည်းဥစ္စာတို့၏။
ပဘင်္ဂုနဉ္စ= (*ပုပ်ဆွေးခြင်း) ပျက်စီးခြင်းသို့၎င်း။
ပါပုဏေ= ရောက်ရာ၏။
အထ= ထိုမှတပါး။
အဿ= ထိုပုဂ္ဂိုလ်၏။
အဂါရာနိ= အိမ်တို့ကို။
အဂ္ဂိ= ပကတိမီး မိုဃ်းကြိုးမီးသည်၎င်း။
ပါဝကော= အလိုလိုထလောင်သော မီးသည်၎င်း။
ဍယှတိ= လောင်၏။
ဒုပ္ပညော= ပညာနည်းသော။
သော= ထိုဒဏ်ဆယ်ပါး ထို တပါးပါး သင့်ပြီးသော ပုဂ္ဂိုလ်သည်။
ကာယဿ= ကိုယ်ခန္ဓာ၏။
ဘေဒါ= ပျက်သည်မှ။
ပရံ= နောက်၌။
နိရယံ= ငရဲသို့။
ဝါ= ငရဲ၌။
ဥပပဇ္ဇတိ= ကျရောက်တတ် ဖြစ်တတ်၏။
(*ပစ္စည်းဥစ္စာ ပုပ်ဆွေးခြင်းဟူသည်ကား စပါး ဆန်ဝါမိခြင်း, ရွှေငွေ မီးသွေးဖြစ်ခြင်း, စိန်ကျောက် ဝါစေ့ဖြစ်ခြင်း, ကျပ်ပြား အိုးခြမ်းဖြစ်ခြင်း, ကျွဲနွားစသည်ကျိုးခြင်း, ကန်းခြင်း စသည်တို့ဖြစ်၏ ဟူလို။)
တောရွာသို့ ခုနစ်ကြိမ်မြောက် သတ်ရန် အမှာစာရေး၍ စေလွှတ်ခံရခြင်း
ယင်းသို့ ဖြစ်သော်လည်း သူဌေးကြီးသည် တဖန် ဃောသကသတို့သားကို ဖြောင့်ဖြောင့် တည့်တည့် ကြည့်ရှုခြင်းငှါ မစွမ်းနိုင်လေ၊ ဃောသကကို ငါသည် အဘယ်သို့သော အကြောင်းဖြင့် သတ်ရအံ့နည်းဟု ကြံစည်သည်ရှိသော် ငါ၏ ပိုင်စားရာဖြစ်သော ရွာငယ်တရွာ၌ စာရင်းကိုင် အမှုဆောင် (ကိုယ်စားလည်) ၏ အထံသို့ စေလွှတ်၍ ထိုဃောသကကို သတ်စေအံ့ ဟူသော အကြောင်းကို မြင်၍ ဤသူငယ်ကား ငါ၏ ယုတ်မာလှစွာသော သားမိုက် ဖြစ်ချေသည်၊ ဤသူငယ်ကို သတ်၍ မစင်တွင်း၌ ပစ်ချလိုက်ပါလေ၊ ဤသို့ ပြုသည်ရှိသော် ငါသည် ဦးရီးအား ပေးကမ်း ပြုစုဖွယ်နှင့်စပ်သည်ကို သိပါအံ့ဟု ထိုစာရင်းကိုင် အမှုဆောင်အား မှာစာကမ္ပည်းကို ရေးပြီးလျှင် ချစ်သား ဃောသက ငါတို့ပိုင် စားရာဖြစ်သော တရာသောရွာ၌ စာရင်းကိုင် အမှုဆောင်သည် ရှိ၏၊ ဤကမ္ပည်းမှာစာကို ဆောင်ယူ၍ ထိုအမှုဆောင်အား ပေးအပ်လေလော့ဟု မှာထား ပြောဆို၍ ကမ္ပည်းမှာစာကို ထိုဃောသက၏ ပုဆိုးစွန်း၌ ဖွဲ့ချည်ပေးလိုက်လေ၏။
ထိုဃောသကသည်ကား အက္ခရာ အတတ်ကို မသိလေ (စာမတတ်) အဘ သူဌေးကြီးသည် ငယ်ရွယ်စဉ် အခါမှစ၍ ထိုဃောသကကို သတ်ခြင်းငှါ မတတ်နိုင် သော်လည်း သတ်စိမ့်သောငှါ လိုလားလျက်သာ နေ၏၊ အဘယ်မှာ (စာပေပညာ) အက္ခရာအတတ်ကို သင်စေမည်နည်း၊
ထို့ကြောင့် ထိုဃောသကသည် မိမိအား သတ်လတ္တံ့သော ကမ္ပည်းမှာစာကို သာလျှင် ပုဆိုးစွန်း၍ ဖွဲ့ချည်လျက် အိမ်မှထွက်သည်ရှိသော် ဖခင် အကျွန်ုပ်အား လက်၌သုံးစားစရာ ရိက္ခာ မရှိပါဟု ဆိုလေ၏၊ သူဌေးကြီးက ချစ်သား ရိက္ခာဖြင့် ပြုဖွယ်ကိစ္စ မရှိပေ၊ ခရီးအကြား ဤမည်သောရွာ၌ ငါ၏အဆွေခင်ပွန်း ဖြစ်သော သူဌေးသည် ရှိ၏၊
ထိုသူဌေးအိမ်၌ နံနက်စာစား၍ ရှေ့သို့ သွားလေလော့ဟု ဆိုသဖြင့် ထိုဃောသက လည်း ကောင်းလှပါပြီဟု ဝန်ခံ၍ ဖခင်ကို ရှိခိုးပြီးလျှင် အိမ်မှထွက်လာခဲ့သည် ရှိသော် ဖခင်မှာထားလိုက်သော ထိုရွာသို့ရောက်သဖြင့် သူဌေးအိမ်ကိုမေးမြန်း ၍ ရောက်သွားရကား သူဌေးကတော်သည် ထိုဃောသက သတို့သားကို မြင်၍ အဘယ်အရပ်မှ လာခဲ့ပေသနည်းဟု မေးသဖြင့် မြို့တွင်းမှ လာခဲ့ကြောင်းကို ပြန်ကြားပြောဆိုလေ၏၊
အမောင်သည် အဘယ်သူ၏ သားပေနည်းဟု မေးသည် ရှိသော် မိခင် အသင်တို့၏ အဆွေခင်ပွန်းဖြစ်သော သူဌေးကြီး သားပါတည်းဟု ပြောကြားလေ၏၊ ဃောသက သတို့သားဟူသည် အမောင်လုလင်ပင် ဖြစ်ပေ သလောဟု မေးပြန်သည်ရှိသော် မိခင် ဪ ... ဟုတ်ပါ၏ဟု ပြောကြားလေ၏၊ သူဌေးကတော်ကြီးကား မြင်သည် နှင့်တပြိုင်နက်သာလျှင် ထိုဃောသက သတို့သားအပေါ်၌ သားတည်းဟူသော ချစ်ခင်ခြင်းသည် ဖြစ်လေ၏၊
ထိုသူဌေးအားလည်း တဆယ့်ငါးနှစ်, တဆယ့်ခြောက်နှစ် အရွယ်ရှိသော သ္မီးတယောက် ရှိ၏၊ အလွန်အဆင်းလှ၏၊ကြည်လင် နှစ်သက်ဖွယ်လည်း ရှိ၏၊ ထို သူဌေးသ္မီးကို စောင့်ရှောက်ခြင်းငှါ တယောက် တည်းသာလျှင်ဖြစ်သော ခိုင်းစေစရာ ကျွန်မကို ပေး၍ ဘုံခုနစ်ဆင့် ရှိသော ပြာသာဒ်၏ အထက်ပင် ကျက်သရေရှိသော တိုက်ခန်း၌ နေစေကုန်၏။
သူဌေးသ္မီးသည် ထိုဃောသက ရောက်လာသောခဏ၌ ထိုကျွန်မကို အိမ်ဈေးသို့ စေလွှတ်၏၊ ထိုအခါ ကျွန်မကို သူဌေးကတော် မြင်၍ အဘယ်အရပ်သို့ သွားမည်နည်းဟုမေးလျှင် သခင်မ အရှင်မ၏သ္မီး စေခိုင်းခြင်းကြောင့် အိမ်ဈေးသို့ သွားပါအံ့ဟု ဆိုသည်ရှိသော် ဤအရပ်သို့ ရှေးဦးစွာ လာလှည့်ဦးလော့၊ သင်၏ အရှင်မ စေလွှတ်သောအမှုကို ထားဘိဦး၊ ငါ၏သားအား အင်းပျဉ်ကို ခင်း၍ ခြေတို့ကို ရေဆေး၍ ဆီလိမ်းပြီးလျှင် အိပ်ရာခင်း၍ ပေးခဲ့ဦးလော့၊ နောက်မှ အသင်၏ အရှင်မ စေလွှတ်သောအမှုကို ပြုရလိမ့်မည်ဟု ဆိုလေ၏၊ ကျွန်မသည် သူဌေးကတော် ဆိုတိုင်း ပြုလေ၏။
လမ်းခရီးအကြား သေဘေးမှလွတ်ရန် ဇနပုဒ်သူဌေးသ္မီးတဦး ကယ်ဆယ်ပုံ
ထိုအခါ ကြာမြင့်မှ ပြန်လာသော ကျွန်မကို သူဌေးသ္မီးသည် ကြာမြင့်ရ သလောဟု ခြိမ်းချောက်မောင်းမဲ၏၊ ထိုသို့ ခြိမ်းချောက် မောင်းမဲသောအခါ ကျွန်မက သူဌေးသ္မီးကို အရှင်မ အကျွန်ုပ်အား အမျက်မထွက်ပါလင့်၊ သူဌေးသား ဃောသကသည် လာရောက်သောကြောင့် ထိုသူဌေးသား ဃောသက၏ အလို့ငှါ ဤသို့ ဤသို့သော အမှုကိစ္စကို ပြုစုပြီးမှ ထိုအိမ်ဈေးသို့သွား၍လာခဲ့ရပါသည်ဟု ဆိုလတ်သော် ထိုဌေးသ္မီးအား သူဌေးသား ဃောသကဟူသော အမည်ကိုကြား လျှင်ကြားခြင်း ချစ်ခင်ခြင်းသည် အရေစသည်တို့ကို ဖြတ်၍ ရိုးတွင်းခြင်ဆီကို ထိခိုက်လျက် တည်လေ၏၊
အကြောင်းသော်ကား ကောတုဟလိက လုလင်ဖြစ်သောဘဝ၌ ထိုသူဌေးသ္မီးသည် ထိုသူ၏မယား ကာဠီဖြစ်၍ တစလယ်ချက်သော ဆွမ်းကို ပစ္စေကဗုဒ္ဓါအရှင်မြတ်အား ပေးလှူခဲ့ဖူး၏၊ ထိုကောင်းမှု၏ အာနုဘော် အားဖြင့် တမလွန်ဘဝ ပြောင်းသွား၍ ဤသူဌေး အမျိုးအိမ်၌ ဖြစ်လေ၏၊ ထိုကြောင့် သူဌေးသ္မီးကို ထိုသို့သဘောရှိသော ရှေးဘဝ၌ ဖြစ်ဖူးသော ချစ်ခင် စုံမက် နှစ်သက်ခြင်းသည် လွှမ်းမိုး၍ ယူလေ၏၊ ထို့ကြောင့် မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူလေ၏။
ပုဗ္ဗေဝ သန္နိဝါသေန၊ ပစ္စုပ္ပန္နတေန ဝါ။
ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။
ငါ့သားမြတ်တို့ ရှေးရှေးဘဝ၌သာလျှင် ပေါင်းသင်းကြည်ဖြူ အတူ တကွနေဖူးသဖြင့် လည်းကောင်း၊ ပစ္စုပ္ပန်ဘဝ၌ စောင်မ ဖွံ့ဖြိုး အကျိုး စီးပွားကို ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း ဤသို့ပြထားကြောင်း နှစ်ပါးကြောင့် ထိုသို့ထင်ထင် မြင်လျင်မြင်ချင်း ပြင်းစွာသော ချစ်ခြင်းသည် အမှန်စင်စစ်ဖြစ်ခဲ့ပေ၏။
ဥပမာဆို အဘယ်လို့နည်း ဟူမူကား အေးမြသွင်သွင် ရေအပြင်၌ ရနံ့သင်းစွာ ကြာသည် ပေါက်ရောက်ကြီးစွာ ဖြစ်ပွားလာသို့ ပမာနှိုင်းယူ ထိုအတူ ချစ်ခင်နှစ်သက် စုံမက်ခြင်းသည် အမှန်စင်စစ် ဖြစ်ပါပေ၏။
ထိုအခါ သူဌေးသမီးက ကျွန်မကို မိခင် ထိုဃောသက သူဌေးသားကား ယခု အဘယ်မှာနည်းဟု မေး၏။ အရှင်မ အိပ်ရာ၌ လျောင်းလျက် အိပ်နေပါသည်ဟူ၍ ဆိုလျှင် ထိုသူဌေးသား၏ လက်ထဲ၌ တစ်စုံတစ်ခုသော ဝတ္ထုသည် ရှိပါသလောဟု မေးသဖြင့် ပုဆိုးစွန်း၌ ကမ္ပည်းစာရှိပါသည်ဟု ပြောလျှင် သူဌေးသမီးသည် ဤ ကမ္ပည်းစာသည်ကား အဘယ်သို့သော အကြောင်းကို မှာထားသော ကမ္ပည်းစာ ဖြစ်လေသနည်းဟု ဃောသက သူဌေးသားသည် အိပ်၍နေသည်ရှိသော် မိခင် ဖခင်တို့ တစ်ပါးကို နှလုံးသွင်းသည်ဖြစ်၍ မမြင်ကုန်စဉ် အောက်သို့ သက်ဆင်း ပြီးလျှင် ထိုကမ္ပည်းစာကို ဖြေချွတ် ယူငင်၍ မိမိ၏တိုက်ခန်းသို့ ဝင်ပြီးသော် တံခါးကို ပိတ်ပြီး လေသာပြူတင်းကို ဖွင့်လှစ်၍ အက္ခရာ အယူဝါဒ ဖတ်ရွတ်ယူဆခြင်း၌ လိမ္မာလှသဖြင့် ကမ္ပည်းစာကို ဖတ်ရွတ် ကြည့်ရှုပြီးသော် -
“ေဩာ်-အံ့ဖွယ်ရှိလေစွတကား။ ဤသူမိုက်သည် မိမိ၏ သေလတ္တံ့သော ကမ္ပည်း စာကို ပုဆိုးစွန်၌ ဖွဲ့ချည်ပြီး လှည့်လည်လေသည် တကား၊ ငါသည် အကယ်၍ မတွေ့မမြင်ခဲ့အံ့ ထိုသူ၏အသက်သည် ရှိတော့မည်မဟုတ်” ဟု ကြံပြီးမှ ထို ကမ္ပည်းမှာစာကို ဆုတ်ဖျက် ခွဲဖြတ်ပြီးလျှင်း သူဌေးကြီး၏ စကားဖြင့် တစ်ပါးသော ကမ္ပည်းမှာစာကို ရေးသားသည်ကား -
“ဤသတို့သားသည် ငါ၏သားဖြစ်သော ဃောသက အမည်ရှိသော သူတည်း။ ထိုသတို့သားကို ငါ့၏ပိုင်စားရာ ရွာတစ်ရာမှ လက်ဆောင်ကို ယူဆောင်စေ၍ ဤအမည် ရှိသော ဇနပုဒ် သူဌေး၏သမီးနှင့် အတူတကွ ထိမ်းမြား လက်ထပ်ခြင်း မင်္ဂလာကို ပြုပြီးလျှင် မိမိနေရာဖြစ်သော ရွာ၏အလယ်၌ ဘုံနှစ်ဆင့်ရှိသော အိမ်ကို ပြုစေ၍ တံတိုင်းဝန်ရံခြင်းဖြင့်လည်းကောင်း, ယောက်ျားတို့ အစောင့်အရှောက်ဖြင့် လည်းကောင်း ကောင်းစွာစီမံလျက် စောင့်ရှောက်ခြင်းကို ပြုပါလော့။ ငါ့အားလည်း ဤသို့ ဤသို့သောအမှုကို အကျွန်ုပ်သည် ပြုအပ်သည်ဟူ၍ သတင်းစကား ပြန်ကြား ပို့လွှတ်လိုက်ပါလော့။ ဤသို့ ပြုအပ်သည်ရှိသော် ငါသည် ဦးရီးအား ပြုခြင်းငှါ သင့်လျော် လျောက်ပတ်သည်ကို သိပါအံ့” ဟု တစ်ဖန်ရေးသား၍ ပြုပြီးလျှင် ဃောသက သူဌေးသား၏ ပုဆိုးစွန်း၌သာလျှင် ဖွဲ့ချည်ပေ၏။
လက်ထပ်မင်္ဂလာ
ထိုဃောသကသည် နေ့အဖို့ကို အိပ်ပြီးမှ အိပ်ရာမှထပြီးလျှင် ခဲဖွယ်ဘောဇဉ်ကို စားသောက်ပြီး၍ ဖယ်သွား လေ၏။ တစ်ဖန် နက်ဖြန်မိုးသောက် ရောက်သော နေ့၌ နံနက်စောစောကပင်လျှင် ထိုရွာသို့သွား၍ စာရင်းကိုင် သူဌေးငယ်သည် ရွာ၌ အမှုကိစ္စကို ပြုလျက်ပင်လျှင် တွေ့မြင်လေ၏။
ထိုစာရင်းကိုင် သေဌေးငယ်သည် ဃောသက သူဌေးသားကို မြင်၍ အမောင် အဘယ်နည်းဟု မေးသော် အကျွန်ုပ်၏ဖခင်သည် အသင်တို့၏ထံသို့ ကမ္ပည်းစာကို ပို့စေအပ်သတည်းဟု ပြောလျှင် အမောင် ကမ္ပည်းစာ အဘယ်မှာနည်း ဆောင်ယူ ခဲ့လော့ဟုဆို၍ သူဌေးငယ်သည် ကမ္ပည်းစာကို ယူပြီးလျှင် ဖတ်၍ နှစ်သက် ကြည်ရွှင်သော စိတ်ရှိသဖြင့် အို ... အချင်းတို့ ငါ၏အရှင်သည် ငါ၌ချစ်ခင်သည်ကို အသင်တို့ ရှုကြပါကုန်လော့၊ သားကြီး၏မင်္ဂလာကို ပြုစေသတည်းဟု ငါ၏ထံသို့ စေလွှတ် လိုက်ပေ၏။
လျင်မြန်စွာ သစ်စသည်တို့ကို ဆောင်ယူခဲ့ကြလော့ဟု လက်အောက် ဖြစ်ကုန်သော သူဌေးငယ်တို့ကို ပြောဆို၍ ရွာ၏အလယ်၌ ဆိုအပ်ခဲ့ပြီးသော အခြင်းအရာရှိသော အိမ်ကို ပြုစေပြီးလျှင် ရွာတစ်ရာမှ လက်ဆောင်ကို ဆောင်ယူစေ၍ ဇနပုဒ် သူဌေးသမီးကို ဆောင်ယူပြီးလျှင် ထိမ်းမြားလက်ထပ်ခြင်း မင်္ဂလာကို ပြုပြီး၍ သူဌေးကြီးအား ဤသို့ဤသို့သော အမှုကို ငါသည် ပြုအပ်ပြီဟူ၍ သတင်းစကားကို ကြားသိစေလွှတ်လိုက်၏၊
ထိုသို့ ပေးပို့လိုက် ဧသာ သတင်းစကားကို ကြား၍ သူဌေးကြီးအား “အကြင်အမှုကို ငါသည် ပြု၏၊ ထိုသို့ပြုသော အမှုအပြစ်သည် တစ်ရံတစ်ဆစ်မျှ မဖြစ်ဘဲ၊ အကြင် အမှုကို ငါသည်မပြုပေ၊ ထိုမပြုသော အမှုသည်သာလျှင် ဖြစ်လေဘိတော့သည်”ဟူ၍ ကြီးကျယ်စွာသော နှလုံးမသာယာခြင်း ဒေါသသည် ဖြစ်ပွားလေ၏။
သား၌ ဖြစ်သော သောကနှင့်တကွ နှလုံးမသက်သာသော သောကသည် တစ်ပေါင်း တည်းဖြစ်၍ ဝမ်းတွင်း၌ နှလုံးသွေး, နှလုံးသား ပူလောင်ခြင်းကို ဖြစ်စေ၍ လွန်ကဲ ထက်မြက်သော ဝမ်းလားခြင်းကို ဖြစ်စေ၏။
သူဌေးကြီးက လူလွှတ်၍ ခေါ်ခြင်း
သူဌေးသမီးသည်လည်း သေဌေးကြီး၏အထံမှ တစ်စုံတစ်ယောက်သော သူသည် အကယ်စင်စစ် လာသည်ဖြစ်ခဲ့အံ့၊ ငါ့အားမပြောကြားမူ၍ သူဌေးသားအား ရှေးဦးစွာ မပြောမဆိုကြလင့် ဟု စေခိုင်း မှာထား၏။ သူဌေးကြီးသည်လည်း “ဤယခုအခါ၌ ထိုကြမ်းကြုတ်ခက်မာ ဆိုနိုင်ခဲစွာသော သားကို ငါ၏ ပစ္စည်းဥစ္စာ ရတနာအနှစ်၏ အရှင်ကို မပြုပေအံ့” ဟု ကြံပြီးလျှင် တစ်ယောက်သော စာရင်းကိုင် အမှုဆောင် သောသူကို ဦးရီး၊ ငါ၏သားကို ကြည့်ရှုခြင်းငှာ အလိုရှိ၏၊ တစ်ယောက်သော ခြေရင်းအလုပ်အကျွေးကို တစ်ခုသောကမ္ပည်းမှာ စာရေးသားပြီးလျှင် စေလွှတ်၍ ငါ၏သားကို ခေါ်စေလော့ဟု ဆို၏။
ထိုအမှုဆောင် စာရင်းကိုင်လည်း ကောင်းပါပြီ ဝန်ခံပြီးသော် ကမ္ပည်းစာကို ရေးသား၍ ပေးအပ်ပြီးလျှင် ယောက်ျားတစ်ယောက်ကို စေလွှတ်လိုက်၏။ သူဌေးသမီးသည် စေခိုင်းသူ အိမ်တံခါး၌ ရောက်ထည့်သည်၏ အဖြစ်ကို ကြားသိ၍ ခေါ်စေပြီးသော် အမောင် အဘယ်သို့သော ကိစ္စပေနည်းဟု စစ်မေး၏။
စေလွှတ်အပ်သောသူက အရှင်မ သူဌေးကြီးသည် မကျန်းမမာရောဂါ စွဲကပ်ပေ၏။ သားကို ကြည့်ရှုခြင်းငှါ ခေါ်စေပါသည်ဟု ပြောဆို၏ အမောင် ရောဂါစွဲကပ်၍ မကျန်း မမာသော ဖခင်သည် အားရှိပါသေးသလော၊ အားနည်း ပြီလောဟု မေး၏။ အရှင်မ ခွန်အားကြီးလှပါသေး၏။ အစာအာဟာရကိုလည်း စားသောက် ပါသေး၏ဟု ပြန်ကြားပေ၏။
သူဌေးသမီးသည် ဃောသက သူဌေးသားကို မသိစေမူ၍သာလျှင် စေခိုင်းအပ်သော တမန်အား အဝတ်အစား အိပ်ရာနေရာ ရိက္ခာကိုပေးစေ၍ ငါသည် စေလွှတ် အပ်သောအခါမှ သွားပါလော့၊ ယခုဆိုင်းငံ့၍ နေပါဦးဟု ပြောဆိုမှာထား၏။
သူဌေးကြီးသည် တစ်ဖန် အမှုဆောင်စာရင်းကိုင်ကို ဦးရီး အသို့နည်း၊ အသင်သည် ငါ၏သားအထံသို့ မစေလွှတ်ဘဲ ရှိလေသလောဟု ဆိုပြန်၏။ အရှင် အကျွန်ုပ်သည် စေလွှတ်ပါ၏။ စင်စစ်မူကား သွားသော ယောက်ျားသည် မပြန်လာသေးပါဟု ပြောသော် ထိုသို့ဖြစ်လျှင် တစ်ဖန် တစ်ပါး တစ်ယောက် သောသူကို စေလွှတ်ဦး လော့ဟု ဆို၏။ အမှုဆောင်စာရင်းကိုင်လည်း စေလွှတ်လိုက်၏။ သဋ္ဌေးသမီးသည် ထိုနှစ်ကြိမ်မြောက် စေလွှတ်အပ်သော တမန် ယောက်ျားကိုလည်း လုပ်ကျွေးပြုစု တားမြစ်၍ထား၏။
ထိုအခါ သူဌေးကြီးအား အနာရောဂါသည် ပြင်းစွာအားကြီး ဖြစ်ပွား၏။ တစ်ခုသော အညစ်အကြေး စွန့်ရာဖြစ်သော အိုးကို ထည့်သွင်းရသည်ရှိသော် တစ်ခုသောအိုးကို ထုတ်ရ၏။ တစ်ဖန် သူဌေးကြီးက အမှုဆောင် စာရင်းကိုင်ကို ဦးရီး အသင်သည် ငါ၏ သားအထံသို့ အဘယ့်ကြောင့် တမန်ကို မစေလွှတ် သနည်းဟု မေးပြန်၏။
အရှင် အကျွန်ုပ်သည် စေလွှတ်ပါ၏။ စင်စစ်မူကား သွားသော ယောက်ျားသည် မပြန်လာသေးပါဟု ပြောသော် ထိုသို့ဖြစ်လျှင် တစ်ဖန် တစ်ပါးတစ်ယောက်သော သူကို စေလွှတ်လိုက်ပါဦးလောဟု ဆိုသဖြင့် အမှုဆောင် စာရင်းကိုင်သည် စေလွှတ် လိုက်ပြန်၏။
သူဌေးသမီးသည် သုံးကြိမ်မြောက် လာရောက်သည်လည်းဖြစ်သော တမန်ကို ထိုအတူသာလျှင် အကြောင်းအလုံးစုံကို အကုန်အစင် စစ်မေးပြန်၏။ စေလွှတ် အပ်သော တမန်ကလည်း အရှင်မ ပြင်းထန်စွာ သော အနာရောဂါ ဖြစ်ပွားပါသည်။ သူဌေးကြီးသည် အစာအာဟာရကို ပယ်ဖြတ်၍ သေခြင်းလျှင် လည်းလျောင်းရာ ရှိသည် ဖြစ်ပါလေပြီ။ အညစ်အကြေး ထည့်ရာဖြစ်သော တစ်ခုသောအိုးကို ထုတ်ရသည် ရှိသော် တစ်ခုသောအိုးကို သွင်းရ၏ဟု ပြောကြား၏။
သူဌေးကြီးထံ သွားရောက်ကြခြင်း
သူဌေးသမီးသည် “ဤယခုသည်ကား သွားအံ့သောအခါ တန်ချေပြီ” ဟု ကြံ၍ သူဌေးသားအား အရှင်၏ ဖခင်သည် မကျန်းမမာ ရောဂါစွဲကပ် ဖြစ်ပွားသည်ဟု ပြောကြားစဉ် ချစ်နှမ အဘယ်ကို ပြောဆိုသနည်းဟု ဆိုသည်ရှိသော် အသင်၏ အဖသည် မချမ်းမသာခြင်း ဖြစ်လေသည်ဟု ပြန်ပြောသဖြင့် ဤယခုအခါမှာ အဘယ်သို့ ပြုရပါမည်နည်းဟု မေးလျှင် ပိုင်စားရရာ ရွာတစ်ရာမှ ကောင်းစွာ ဖြစ်မြောက်လာသော လက်ဆောင်ကို ယူသွားပြီးလျှင် ထိုဖခင်ကို ဖူးမြင်ကြကုန်အံ့ ဟု ဆို၏၊
ဃောသက သူဌေးသားသည် ကောင်းပြီဟု နှစ်သက်ဝန်ခံ၍ လက်ဆောင်ကို ဆောင်စေပြီးလျှင် လှည်းတို့ ဖြင့် တိုက်ယူ၍ ဖဲသွားလေ၏။ ထိုနောက်မှ ဃောသက သူဌေးသားကို သူဌေးသမီးက ချစ်လင် အရှင်၏ ဖခင်သည် ခွန်အားနည်းပါး ကြီးပွားသော ရောဂါဖြစ်လေသည်။
ဤမျှအတိုင်းအရှည်ရှိသော လက်ဆောင်ကို ယူဆောင်၍ သွားကုန်သော ငါတို့အား ကြာမြင့်ခြင်း ဖြစ်ပေလိမ့်မည်၊ ဤလက်ဆောင် အလုံးစုံကို ပြန်လည် ဆုတ်နစ် နေရစ်စေပါလော့ဟု ဆို၍ ထိုလက်ဆောင် အလုံးစုံကို မိမိ၏ မိဘအိမ်သို့ စေလွှတ် ပို့သစေ၍ တဖန် ဃောသက သူဌေးသားကို အရှင် အရှင်သည် မိမိ ဖခင်၏ ခြေရင်း နံပါးအဖို့၌ တည်နေပါလော့၊ ကျွန်မသည် ခေါင်းရင်း နံပါး အဖို့၌ တည်နေပါအံ့ဟု မှာကြား ပြောထား၏၊
အိမ်သို့ ဝင်ရောက်လာသောကာလ၌လည်း အိမ်၏ အရှေ့မှ၎င်း၊ အနောက်မှ၎င်း အစောင့်အရှောက်ကို ယူကြကုန်လော့ (ပြုကြကုန်လော့)ဟု မိမိ၏ အစေအပါး ယောက်ျားတို့ကို စေခိုင်း၏ အိမ်သို့ဝင်ရောက် ပြီးသောကာလ၌ကား သူဌေးသား ဃောသကသည် အဘ၏ ခြေရင်းနံပါး၌ တည်နေလေ၏၊ သူဌေးသ္မီးသည် ခေါင်းရင်းနံပါး၌ ထိုင်နေလေ၏။
ဃောသကအား ပစ္စည်းဥစ္စာ အမွေပေးပြီးမှ သူဌေးကြီး အနိစ္စရောက်ခြင်း အကြောင်း
ထိုခဏ၌ သူဌေးကြီးသည် ပက်လက် အိပ်စက်လျက် နေ၏၊ စာရင်းကိုင် အမှုဆောင်သည် သူဌေးကြီး၏ ခြေတို့ကို ဆုပ်နယ်လျက် အရှင်သူဌေးမင်း အရှင်၏ သားသည် ရောက်လာပြီဟု ပြောကြားလေ၏၊ ထိုဃောသကသည် အဘယ်မှာနည်း ဟု မေးသည်ရှိသော် အရှင့်သား ဃောသကသည် အရှင်၏ ခြေရင်း၌ တည်နေပါသည်ဟု ပြောဆိုလေ၏၊
ထိုအခါ ဃောသကကို မြင်၍ စာရင်းကိုင် အမှုဆောင်ကို ခေါ်ပြီးလျှင် ငါ၏အိမ်၌ ပစ္စည်းဥစ္စာသည် အဘယ်မျှလောက် ရှိသနည်းဟု မေးလေ၏၊ အရှင် ရွှေငွေ တည်း ဟူသော ဥစ္စာချည်း သက်သက် ကုဋေလေးဆယ် ရှိပါကုန်၏၊ နေ့တိုင်း သုံးဆောင်အပ် မပြတ် သုံးဆောင်အပ်သော အဆောက်အဦ ဥစ္စာဘဏ္ဍာတို့၏၎င်း၊ တော, ရွာ, လယ်, ခြေနှစ်ချောင်းရှိ သတ္တဝါ ခြေလေးချောင်းရှိ သတ္တဝါ, ယာဉ်, လှည်းတို့၏၎င်း ဤရွေ့ ဤမျှသော အပိုင်းအခြား ရှိပါ၏ဟူ၍ ပြောဆိုသည်ရှိသော် ဤမျှအကုန် အလုံးစုံသော ပစ္စည်းဥစ္စာကို ငါ၏သားဖြစ်သော ဃောသကအား ငါးမပေး မကမ်းဟု ဆိုလိုလျက် ငါပေးကမ်း၏ ဟု ဆိုမိလေ၏။
ထိုစကားကို ကြားသောအခါ သူဌေးသ္မီးက ဤသူဌေးကြီးသည် နောက်ထပ် ပြောဆိုပြန်သည်ရှိသော် တစုံတရာစကား တပါးလွှဲ၍ ဆိုရာ၏ဟု ကြံ၍ စိုးရိမ် ပူဆွေးခြင်းဖြင့် နှိပ်စက်သည့်အသွင် ဆံပင်တို့ကို ဖရိုဖရဲကြဲ၍ ငိုကြွေး မြည်တမ်းလျက် ဖခင် သူဌေးကြီး အဘယ်သို့သော ထိုစကားကို ဆိုတော်မူကုန် ဘိသနည်း၊
သင်ဖခင် သူဌေးကြီးတို့၏ (နှုတ်မှ) ဤမည်သော စကားကိုသော်မှလည်း ကြားရ ပါကုန်၏၊ ကျွန်မတို့ကား ဘုန်းကံကင်းကွေ ကျက်သရေ မတိုး အကြောင်းနှယ် ဆိုးပါဘိတကားဟုဆိုလျက် ဦးခေါင်းဖြင့် ထိုသူဌေးကြီးကို ရင်လယ်၌ ပုတ်ခတ် ကျရောက်စေလျက် အကြင်သို့သောအခြင်းအရာဖြင့် ထိခိုက် တိုးဝှေ့သည်ရှိသော် တဖန် စကားဆိုခြင်းငှါ မတတ်နိုင်၊ ထိုသို့သောအခြင်းအရာဖြင့် သူဌေးသ္မီးသည် ထိုသူဌေးကြီး၏ ရင်အလယ်၌ ဦးခေါင်းဖြင့် ထိခိုက်တိုးဝှေ့လျက် အလွန်တရာ ငိုကြွေး မြည်တမ်းခြင်း (အမူအရာ)ကို ပြလေ၏၊ သူဌေးကြီး သည် ထိုခဏ၌သာလျှင် စုတေမနေ သေလွန်ခြင်းကို ပြုလေသတည်း။
ဥတေနမင်းကြီးသည် ဃောသကအား တည်ကြည်သောဉာဏ် ရှိကြောင်းသိရ၍ သူဌေးရာထူး အပ်နှင်းခြင်း
ထိုသူဌေးကြီး သေလွန်သည်ရှိသော် ဥတေန မင်းကြီးအား လျှောက် ကြားကြကုန်၏၊ မင်းကြီးသည် သူဌေးကြီး၏ ရုပ်အလောင်းကို ကောင်းမွန်စွာ ဖုတ်ကြည်းသင်္ဂြိုဟ်ခြင်း အမှုကို ပြုစေ၍ ထိုသူဌေးကြီးအား သားသည်၎င်း၊ သ္မီးသည်၎င်း ရှိသလောဟု မေး၏၊ အရှင်မင်းမြတ် ထိုသူဌေးကြီးအား ဃောသကမည်သော သားသည် ရှိပါ၏၊ အလုံးစုံသောဥစ္စာနှစ်ကို ထိုသားအား ဆောင်နှင်း ပေးအပ်၍သာလျှင် ကွယ်လွန် ပါသည်ဟု လျှောက်ကြားကြကုန်၏၊
မင်းကြီးသည် နောက်အဖို့၌ သူဌေးသားကို ခေါ်စေ၏၊ ထိုနေ့၌လည်း မိုဃ်းရွာ ခြင်းကြောင့် မင်းယင်ပြင်ဝယ် ထိုထိုအရပ်၌ ရေလွှမ်း၍ တည်လေ၏၊ သူဌေးသား သည် မင်းကြီးကို ဖူးမျှော်အံ့ဟု သွားလေသောအခါ မင်းကြီးသည် လေသာ ပြုတင်းကို ဖွင့်လှစ်၍ ရှေးရှုလာသော ထိုဃောသက သူဌေးသားကိုကြည့်ရှုသည် ရှိသော် မင်းယင်ပြင်၌ တည်ရှိသောရေကို ခုန်လွှားကာ လာသည်ကိုမြင်ရပြီးလျှင် လာရောက်ကာ ရှိခိုးလျက် တည်နေသော ဃောသက သူဌေးသားကို အမောင် လုလင် ဃောသကမည်သော သူသည် အသင်ပေလောဟု မေးသဖြင့် အရှင်မင်းမြတ် ေဩာ်- ဟုတ်ပါပေ၏ဟု လျှောက်ကြားသည်ရှိသော် ဖခင်သည် သေခွင် ပြောင်းကြွ ဝင်သွားရသည်ဟူ၍ လျှောက်သော် အသင်၏ဖခင်သည် သေခွင် ပြောင်းကြွဝင်သွားရသည်ဟူ၍ မစိုးရိမ် မကြောင့်ကြလေလင့်၊ အသင်ဖခင်၏ အမွေဖြစ်သော သူဌေး၏အရာကို အသင်အားသာလျှင် ငါ ပေးသနားတော်မူမည်ဟု ဃောသကကို သက်သာရာရစေ၍ အမောင် သွားလေတော့ဟု လွှတ်လိုက်၏။
မင်းကြီးသည် အစဉ်အတိုင်း ပြန်သွားသော ဃောသကကို ကြည့်ရှုလျက်သာလျှင် ရပ်တည်၏။ ထိုဃောသကသည် လာခဲ့သောအခါ၌ ခုန်လွှားခဲ့သော ရေအိုင်ငယ်ကို ပြန်သွားသောအခါ ဆင်းသက်၍ သွား၏။ ထိုဃောသကကို မင်းကြီးသည် ထို အရပ်မှသာလျှင် ခေါ်စေ၍ အချင်းလုလင် အသို့နည်း အသင်သည် ငါ၏အထံသို့ လာသည်ရှိသော် ရေအိုင်ငယ်ကို ခုန်လွှား၍ လာခဲ့၏။ ပြန်သွားသော အခါ၌မူကား သက်ဆင်း၍ သွားဘိသည်မှာ အကြောင်း အသို့နည်းဟု မေးတော်မူ၏။
အရှင်မင်းမြတ် ဪ - ဟုတ်ပေ၏။ အကျွန်ုပ်သည် ထိုခဏ၌ သူငယ် ဖြစ်သောကြောင့် ကစား ခုန်လွှား၍ သွားလေ့ရှိသောအခါ မည်ပါသည်။ ဤယခု အခါ၌မူကား အကျွန်ုပ်အား အရှင်မင်းမြတ်သည် ရာထူးဌာနန္တရကို ပေးသနားတော် မူသောအားဖြင့် ကြားတော်မူအပ်၏။ ထို့ကြောင့် ရှေးကကဲ့သို့ သွားလာခြင်းကို မပြုကျင့်မူ၍ ယခုအခါ၌ ဖြည်းညင်း သက်သာ သိမ်မွေ့စွာသော သဘော ရှိသည် ဖြစ်၍ လှည့်လည်ခြင်းငှါ အပ်၏ဟု ကြံဆင်ခြင်မိသောကြောင့် သွားလာခြင်း ဖြစ်ပါသည်ဟူ၍ လျှောက်ထားလျှင် ထိုစကားကို ကြားသိတော်မူ၍ မင်းကြီးက“ဤ ယောက်ျားသည်ကား ပညာရှိပေ၏။
ဤယခုအခါ၌သာလျှင်လုလင်အား သူဌေး၏ရာထူး ဌာနန္တရကို ပေးတော့အံ့”ဟု ကြံဆင်ခြင်တော်မူ၍ အဖသည် သုံးဆောင် ခံစားအပ်သော စည်းစိမ်ချမ်းသာကို ပေးသနားတော်မူ၍ အလုံးစုံသော အဆောက်အဦနှင့်တကွ သူဌေး၏ ရာထူးကို ချီးကျူးမြတ်လေး ပေးသနားတော်မူလိုက်၏။
မယ်ကာဠီက ရှင်းပြရခြင်း
ထိုသောသကသူဌေးသည် ရထား၌စီးနင်းလျက် မြို့ကို လက်ယာရစ် လှည့်လည် သည်ကို ပြု၏။ ဃောသကသူဌေး၏ ကြည့်ရှုတိုင်း ကြည့်ရှုတိုင်းသော အရပ်သည် တုန်လှုပ်၏။
သူဌေးသ္မီးသည် ကာဠီမည်သော ကျွန်မနှင့်အတူတကွတိုင်ပင်စကား ပြောကြား ကာနေလျက် မိခင် ကာဠီ မိခင်၏ သားတော်မောင် ဃောသကအား ဤမျှ အတိုင်း အရှည်ရှိသော စည်းစိမ်ချမ်းသာသည် ကျွန်မကိုအမှီပြု၍ ဖြစ်ပေါ်ရရှိလေသည် ဟု ဆို၏၊ ချစ်သ္မီး အဘယ့်ကြောင့် ဤသို့ ဆိုရသနည်းဟု မေးလျှင် မိခင် ဤသူသည် မိမိအားသတ်အပ်သော ကမ္ပည်းမှာစာကို ပုဆိုးစွန်း၌ ဖွဲ့ချည်လျက် ကျွန်မတို့၏ အိမ်သို့ ရောက်လာ၏၊
ထိုသို့ ရောက်လာသောအခါ ကျွန်မသည် ထိုကမ္ပည်းမှာစာကို ဆုတ်ဖျက်၍ ထို ဃောသကအား ကျွန်မနှင့် အတူတကွ ထိမ်းမြားမင်္ဂလာ ဆောင်စေခြင်းငှါ တပါးသော ကမ္ပည်းမှာစာကို ရေးသား၍ ဤမျှ အတိုင်းအရှည်ရှိသော ကာလ ပတ်လုံး ထိုသူ့အပေါ်၌ စောင့်ရှောက်သည်ကို ပြုရလေသည်ဟု ဆိုလေ၏၊
ချစ်သ္မီး အသင်သည်ကား ဤမျှကိုသာ တွေ့မြင်ရလေသည်၊ ဤသူငယ်ကို သူဌေးကြီးသည် ပျိုမျစ်နုနယ် ငယ်ရွယ်သော ကာလမှစ၍ သတ်စိမ့်သောငှါ အားထုတ်၏၊ သတ်ခြင်းငှါ မစွမ်းနိုင်လေ၊ သက်သက် ဤသူငယ်ကို အမှီပြု၍ များစွာသော ပစ္စည်းဥစ္စာသည် ကုန်ခန်းလှလေပြီဟု ပြောပြလေ၏။
မိခင် သူဌေးကြီး ပြုအပ်သောအမှုသည် အလွန်တရာ ဝန်လေးလေစွ တကားဟု ဆိုလျက် တိုင်ပင်စကား ပြောကြားကာ နေလေ၏၊ မြို့ကို လက်ျာရစ် လှည့်လည်၍ အိမ်သို့ ဝင်ရောက်လာသောအခါ ထို ဃောသကသူဌေးကို မြင်လေလျှင် ဤမျှလောက်သော စည်းစိမ်ချမ်းသာသည် ငါ့ကို အမှီပြု၍ ဖြစ်ပေါ် ရရှိလေသည်ဟု ပြုံးရွှင်ခြင်းကို ပြုလေ၏၊
ထိုအခါ သူဌေးသ္မီးကို ဃောသက သူဌေးက အဘယ့် ပြုံးရွှင်ဘိသနည်းဟု မေးလေ၏၊ တခုသောအကြောင်းကို အမှီပြု၍ ပြုံးရွှင်ပါသည်ဟူ၍ ပြောသဖြင့် ထို အကြောင်းကို ပြောပြစမ်းပါဦးလော့ ဟုဆိုလျှင် သူဌေးသ္မီးသည် မပြောပြဘဲ နေလေ၏၊ ဃောသကသူဌေးသည် အကယ်၍ မပြောပြသည်ဖြစ်အံ့၊ သင့်ကို နှစ်ပိုင်း ပိုင်းဖြတ် သတ်အံ့ဟု သန်လျက်ကို ဆွဲထုတ်လေ၏၊
သူဌေးသ္မီးက အရှင် အသင်သည် ဤမျှ အတိုင်း အရှည်ရှိသော စည်းစိမ် ချမ်းသာကို ကျွန်မကို အမှီပြု၍သာ ရလေသည်ဟု ကြံဆင်ခြင်၍ ပြုံးရွှင်မိပါသည်ဟု ပြောလေ၏၊ ဃောသက သူဌေးက အကယ် စင်စစ်အားဖြင့် ငါ၏ဖခင်သည် မိမိ၏ဥစ္စာကို ငါ့အား ပေးအပ် ဆောင်နှင်းခဲ့၏၊ ဤသို့ ပေးအပ် ဆောင်နှင်းခဲ့ရာ၌ အသင်သည် အဘယ်သို့ ဖြစ်ခဲ့ရလေသနည်းဟု မေးလေ၏။
ထိုဃောသက သူဌေးသည် ဤမျှ အတိုင်းအရှည်ရှိသော ကာလပတ်လုံး တစုံတခုကိုမျှ မသိခြင်း ဖြစ်ပေသတတ်၊ ထို့ကြောင့် ထိုသူဌေးသ္မီး၏ စကားကို ယုံကြည်ခြင်း မရှိလေသတည်း။
ထိုအခါ ထိုဃောသက သူဌေးအား သူဌေးသ္မီးသည် အရှင်တို့၏ ဖခင်သည် သတ်အပ်သော ကမ္ပည်းမှာစာကို ပေး၍ စေလွှတ်အပ်ကုန်၏၊ အသင်တို့ကို ကျွန်မသည် ဤသို့ ဤသို့သော အမှုကိုပြု၍ စောင့်ရှောက်အပ်ကုန်၏ ဟု အလုံးစုံသော အကြောင်းကို ပြောကြားလေ၏၊
အသင်သည် မဟုတ် မမှန်သော စကားကို ပြောဆိုလေသည်ဟု မယုံကြည် သည်ဖြစ်၍ မိခင်ဖြစ်သော ကာဠီကို မေးအံ့ဟု ကြံပြီးလျှင် မိခင် ကျွန်တော်၏ ဖခင်ဖြစ်သော သူဌေးသည် ဤသို့ သော အမှုကို ပြုသောဟူသည် မှန်ပေသလောဟု မေးလေ၏၊
ချစ်သား ဩာ် ... ဟုတ်ပေ၏၊ ပျိုမြစ်နုနယ် ငယ်ရွယ်သော ကာလမှစ၍ သင်ချစ်သားကို သတ်ခြင်းငှါ အလိုရှိသည်ဖြစ်၍ အားထုတ်၊ သတ်ခြင်းငှါ မစွမ်း နိုင်လေ၊ သင်ချစ်သားကို အမှီပြု၍ များစွာသော ပစ္စည်းဥစ္စာသည် ကုန်ခန်းလှလေပြီ၊ ခုနစ်ပါးကုန်သော အရပ်ဌာနတို့၌ သင်ချစ်သားသည် သေခြင်းမှ လွတ်ခဲ့လေပြီ၊
ဤယခုအခါ၌ ပိုင်းစားရာဖြစ်သော ရွာမှ လာလတ်၍ အလုံးစုံ တရာစီ တရာစီ ဆုတော် လာဘ်တော်နှင့် တကွ သူဌေး၏ ရာထူးသို့ ရောက်ရလေသည်ဟု ပြောကြားလေ၏။
ဃောသက သူဌေးသည် ထိုစကားကို ကြားသိရလျှင် ဤမကောင်းမှု သည်ကား စင်စစ် ဝန်လေးလေစွ တကား၊ ဤသို့ သဘောရှိသော သေခြင်းမှ လွတ်ကင်း လာခဲ့သော ငါ့အား မေ့လျော့သောအားဖြင့် ဇီဝိတိန္ဒြေကို မြင့်ရှည်စွာ တည်နေစိမ့် သောငှါ မလျောက်ပတ်၊ မမေ့မလျော့သောသူဖြစ်အောင် ပြုတော့အံ့ဟု ကြံ၍ နေ့တိုင်း နေ့တိုင်း တထောင် တထောင်သော အသပြာကို စွန့်လွှတ်၍ ခရီးသွား သောသူ အထီးကျန်သောသူ စသည်တို့အား အလှူဒါနကို ဖြစ်စေ၏၊ မိတ္တအမည် ရှိသော သူကြွယ်သည် ထိုဃောသကသူဌေး၏ အလှူဝတ်၌ အမှုကြီးငယ်ကို ရွက်ဆောင်သောသူ ဖြစ်လေ၏၊
ဤကား ဃောသက သူဌေး၏ ဝတ္ထုစကား အစဉ်တည်း။
သာမာဝတီ မိဖုယားကြီး ဖြစ်လတ္တံ့သော သူငယ်မသည် ကောသမ္ဗီပြည်သို့ ရောက်လာရပုံ
ထိုအခါ ကာလ၌ ဘဒ္ဒဝတီ ပြည်ဝယ် ဘဒ္ဒဝတီမည်သော သူဌေးသည် ဃောသက သူဌေး၏ မတွေ့မမြင်ဖူးသော အဆွေခင်ပွန်း ဖြစ်လေ၏၊ ဘဒ္ဒဝတီ ပြည်မှလာသော ကုန်သည်တို့၏ အထံ၌ ဃောသက သူဌေးသည် ဘဒ္ဒဝတီ သူဌေး၏ စည်းစိမ် ချမ်းသာကို၎င်း၊ အသက်အရွယ် အပိုင်းအခြားကို၎င်း ကြားသိ ရသဖြင့် ထိုဘဒ္ဒဝတီ သူဌေးနှင့် အတူတကွ အဆွေခင်ပွန်း ဖွဲ့ခြင်းကို အလိုရှိသည် ဖြစ်၍ လက်ဆောင်ကို ပို့စေ၏၊
ဘဒ္ဒဝတီ သူဌေးသည်လည်း ကောသမ္ဗီပြည်မှ ကုန်သည်တို့၏အထံ၌ ဃောသက သူဌေး၏ စည်းစိမ်ချမ်းသာ ကို၎င်း၊ အသက်အရွယ် အပိုင်းအခြားကို၎င်း ကြားသိရ သဖြင့် ထိုဃောသက သူဌေးနှင့် အတူတကွ အဆွေခင်ပွန်း ဖွဲ့ခြင်းကို အလိုရှိသည် ဖြစ်၍ လက်ဆောင်ကို ပို့စေလေ၏၊
ဤသို့ ထိုသူဌေးနှစ်ဦးတို့သည် အချင်းချင်း မတွေ့မမြင်ဖူးဘဲ အဆွေ ခင်ပွန်းဖြစ်၍ နေကြလေကုန်၏၊ နောက်အဖို့၌ ဘဒ္ဒဝတီသူဌေး၏ နေအိမ်၌ မြွေဆိပ်နှင့်တူသော လေနာ (ယင်အနာ)သည် ကျရောက်လေ၏။
ထိုအနာသည် ကျရောက်သည်ရှိသော် ရှေးဦးစွာ ယင်တို့သည် သေကုန်၏၊ ထိုနောက် အစဉ်အတိုင်း အားဖြင့်သာလျှင် ပိုးမွှား, ကြွက်, ကြက်, ဝက်, နွား, ကျွန်မိန်းမ, ကျွန်ယောက်ျားတို့သည် သေကုန်၏၊ အလုံးစုံတို့ နောက်မှ အိမ်သား ဖြစ်သော လူတို့သည် သေကုန်၏၊ ထိုသူတို့တွင် အကြင်သူတို့သည် နံရံကို ဖောက်ခွဲ၍ ထွက်ပြေးကုန်၏၊ ထိုသူတို့သည် အသက်ရှင်ခြင်းကို ရကုန်၏။
ထိုအခါ၌ ဘဒ္ဒဝတီ သူဌေးသည်၎င်း၊ သူဌေးကတော်သည်၎င်း၊ သူဌေးသ္မီးသည်၎င်း ဆိုခဲ့သော အခြင်းအရာဖြင့် ထွက်ပြေး၍ ဃောသက သူဌေးကို အားကိုးကာ တောင့်တလျက် ကောသမ္ဗီပြည်သို့ သွားအံ့သော လမ်းခရီးကို သွားကြကုန်၏၊
ထိုသုံးယောက်ကုန်သော သူတို့သည် လမ်းခရီး အကြား၌ သာလျှင် ကုန်သောရိက္ခာ ရှိကြသဖြင့် လေ, နေပူတို့ကြောင့်၎င်း၊ မွတ်သိပ်ခြင်း တို့ကြောင့်၎င်း ညှိုးနွမ်းသော ကိုယ်ရှိကုန်လျက် ငြိုငြင်ဆင်းရဲစွာ ကောသမ္ဗီပြည်သို့ ရောက်လာ၍ ရေရလွယ်ရာ အရပ်၌ ရပ်နားကာ ရေချိုးပြီးလျှင် မြို့တံခါး၌ စရပ်တဆောင်သို့ ခိုဝင်ကြလေကုန်၏၊
ထိုသို့ စရပ်၌ ခိုနားဝင်နေပြီးလျှင် သူဌေးကြီးသည် သူဌေးကတော်ကို ချစ်နှမ ဤသို့သော အသွင်အပြင်ဖြင့် သွားကြကုန်သည်ရှိသော် မွေးဖွားသော အမိ သည်လည်း မနှစ်သက်အပ်ကုန်၊ ငါ၏ အဆွေ ခင်ပွန်းဖြစ်သော ဃောသက သူဌေးသည် ခရီးသွားသောသူ အထီးကျန်သောသူ စသည်တို့အား နေ့တိုင်း အသပြာ တထောင်ကို စွန့်လွှတ်၍ အလှူဒါနကို ပေးလှူသတတ်၊
ထိုအလှူရုံမဏ္ဍပ်သို့ သ္မီးကို စေလွှတ်၍ အစာ အာဟာရကို ဆောင်စေပြီးလျှင် တရက် နှစ်ရက်ပတ်လုံး ဤစရပ်၌သာလျှင် ကိုယ်ကို ရောင့်ရဲစေပြီးမှ ငါ၏အဆွေခင်ပွန်း ဖြစ်သော ဃောသကသူဌေးကို ကြည့်ရှုကြကုန်အံ့ဟု ဆိုလေ၏၊ သူဌေးကတော် လည်း ကောင်းလှပါပြီ အရှင်ဟု ဝန်ခံ၍ ထိုသူတို့သည် စရပ်၌သာလျှင် နေကြရလေကုန်၏။
သာမာဝတီ မိဖုယားဖြစ်မည့် သူငယ်မလေး ထမင်းတောင်းရခြင်း
တဖန် မိုးသောက် ရောက်သောနေ့၌ အလှူပေးရန် အချိန် ကာလကို ပြောကြားအပ် သည်ဖြစ်၍ အထီးကျန်သောသူ ခရီးသွားသောသူ အစရှိသည် တို့သည် အစာ အာဟာရအလို့ငှါ သွားကြကုန်သည်ရှိသော် မိခင် ဖခင်တို့သည် ချစ်သ္မီး သွား၍ ငါတို့ဖို့ အစာအာဟာရကို ဆောင်ယူခဲ့လေလော့ဟု သ္မီးကို စေလွှတ်ကြရကုန်၏၊
များစွာသော စည်းစိမ်ရှိသော အမျိုးကောင်းသ္မီးတယောက် ဖြစ်လျက် စည်းစိမ် ပျက်ခြင်းကြောင့် ပြတ်တောက်သော ရှက်ခြင်း ရှိသည်ဖြစ်၍ မရှက်နိုင်ရှာဘဲ ခွက်လက်စွဲကာ အထီးကျန်သော လူဆင်းရဲအပေါင်းနှင့် အတူတကွ အာဟာရ အလို့ငှါ သွားပြီးလျှင် ချစ်သ္မီး ဘယ်နှစ်ယောက်အဖို့ ယူအံ့နည်းဟု အမေးခံရပြန် သည်ဖြစ်၍လည်း သုံးယောက်အဖို့ပါဟု ပြောဆိုရရှာလေ၏၊ ထိုအခါ သူဌေးသ္မီးအား သုံးယောက်စာ အဖို့တို့ကို ပေးကြလေကုန်၏၊ သူဌေးသ္မီးသည် ထမင်းကို ဆောင်ယူခဲ့ပြီးသည်ရှိသော် သုံးယောက်ကုန်သော သူတို့သည်လည်း တပြိုင်နက် စားခြင်းငှါ ထိုင်နေကြလေကုန်၏။
ထို့နောက် မိခင်နှင့်သ္မီးတို့သည် သူဌေးကြီးကို အရှင် ပျက်စီးခြင်းမည်သည်ကား အမျိုးကြီးတို့အားလည်း ဖြစ်တတ်ကုန်၏၊ အကျွန်ုပ်တို့ နှစ်ယောက်ကို မကြည့်မူ၍ မငဲ့မူ၍ သုံးစားပါလော့၊ တစုံတခုသော ပူပန်စရာကို မကြံအောက်မေ့ပါလင့်ဟု ပြောဆိုကြကုန်၏၊ ဤသို့ အထူးထူး အပြားပြားသော အခြင်းအရာတို့ဖြင့် ထို သူဌေးကြီးကို တောင်းပန်ပြောဆို၍ ကျွေးမွေးကြလေကုန်၏၊
သူဌေးကြီးသည် စားသောက်ပြီးလျှင် အစာကို ကြေစိမ့်သောငှါ မစွမ်းနိုင်သဖြင့် နေအရုဏ် တက်သောအခါ သေလွန်ခြင်းကို ပြုရရှာလေ၏၊ မိခင်နှင့် သ္မီးတို့သည် အထူးထူး အပြားပြားသော အခြင်းအရာတို့ဖြင့် မြည်တမ်းကာ ငိုကြွေးကြကုန်၏၊
သတို့သ္မီးငယ်သည် တဖန် မိုးသောက်သောနေ့၌ ငိုကြွေးလျက် အာဟာရအလို့ငှါ သွားပြီးလျှင် ဘယ် နှစ်ယောက်အဖို့ ယူအံ့နည်းဟု ပြောဆို အပ်သည်ဖြစ်၍ နှစ်ယောက် အဖို့ပါဟု ပြော၍ ယူဆောင်ခဲ့ပြီးလျှင် မိခင်ကို တောင်းပန်၍ ကျွေးမွေးလေ၏၊ မိခင်သည်လည်း ထိုသ္မီး တောင်းပန်အပ်သည် ဖြစ်၍ စားသောက် ပြီးလျှင် ထိုနေ့၌ပင် သေခြင်းကို ပြုရရှာလေ၏။
သာမာဝတီ မိဖုယားဖြစ်မည့် သူငယ်မကို မိတ္တသူကြွယ်က မွေးစားခြင်း
သတို့သ္မီးသည် တယောက်ထည်းတည်း အဖန်ဖန် ငိုကြွေးမြည်တမ်းလျက် ထိုဆင်းရဲအမျိုးမျိုး ဖြစ်ခြင်းကြောင့် အလွန်တရာ ဖြစ်သော ဆာလောင် မွတ်သိပ်ခြင်း ဆင်းရဲခြင်းရှိသည်ဖြစ်၍ တဖန် မိုးသောက် ရောက်သော နေ့၌ ဖုန်းတောင်းယာစကာ တို့နှင့် အတူတကွ ငိုကြွေး မြည်တမ်းလျက်သာ အစာ အာဟာရအလို့ငှါ သွားပြီးလျှင် ချစ်သ္မီး ဘယ်နှစ်ယောက်အဖို့ ယူအံ့နည်းဟု ဆိုအပ်သည်ရှိသော် တယောက် အဖို့ပါဟု ဆိုလေ၏၊
မိတ္တ သူကြွယ်သည် သုံးရက်လုံး ထမင်းယူသော ထို သတို့သ္မီးကို မှတ်မိလေ၏၊ ထို့ကြောင့် ထိုသတို့သ္မီးကို ဟဲ့ သူယုတ်မ ပျက်လော့၊ (ဖယ်သွားလေလော့) ယနေ့မှ အသင်၏ ဝမ်းပမာဏ အတိုင်းအရှည်ကို သိလေတော့ သလောဟု ဆိုလိုက်လေ၏၊ အရှက် အကြောက်နှင့် ပြည့်စုံသော အမျိုးသ္မီးသည် ရင်လယ်၌ လှံမဖြင့် ထိုးဆွခြင်းကို ခံရဘိသကဲ့သို့၎င်း၊ အိုင်းအမာ၌ ဆားငန်ရေဖြင့် သွန်းလောင်းခြင်းကို ခံရဘိသကဲ့သို့၎င်း (ပြင်းပြစွာ နာကျည်းသော စကားကို ရသည်ဖြစ်၍) အရှင် အဘယ်သို့ ဆိုပါသနည်းဟု မေးလေ၏။
အသင်သည် ရှေးဦးစွာသောနေ့၌ သုံးယောက်စာ အတို့အစုကို (လောဘတကြီး) ယူအပ်ကုန်၏၊ ယမန်နေ့၌ နှစ်ယောက်စာ အဖို့အစုကို ယူအပ်ကုန်၏၊ ယနေ့ကား တယောက်စာအဖို့အစုကိုသာ ယူဘိ၏၊အသင်အား ယနေ့မှ မိမိဝမ်း မိမိ၏ ပမာဏကို သိအပ်လေတော့သလော ဟု ပြောဆိုလတ်သော် အရှင် ကျွန်မကို မိမိ၏အလို့ငှါချည်းသာ ယူသည်ဟူ၍ မှတ်ထင်တော် မမူပါလင့်ဟု ပြောလေ၏၊
ယင်းသို့ဖြစ်မူ အဘယ့်ကြောင့် ဤသို့ ယူရသနည်းဟု ပြန်၍ မေးလတ်သော် အရှင် ရှေးဦးစွာသောနေ့၌ သုံးယောက်ဖြစ်ပါသည်၊ ယမန်နေ့က နှစ်ယောက် ဖြစ်ပါသည်၊ ယနေ့ကား (ကျွန်မ) တယောက်တည်းသာ ဖြစ်ပါတော့သည်ဟု ပြောရှာလေ၏၊ သူကြွယ်က အဘယ်အကြောင်းကြောင့်နည်းဟု မေးမြန်းသဖြင့် ဖြစ်ရင်းမူလမှစ၍ ထိုသတို့သ္မီးသည် ပြောကြားအပ်သော အကြောင်းအလုံးစုံကို ကြားသိရလျှင် မျက်ရည်တို့ကို တည်တံ့စိမ့်သောငှါ မတတ်နိုင်ရကား အားကြီးသော နှလုံး မသက်သာခြင်း ရှိသည်ဖြစ်၍ ချစ်သ္မီး ဤသို့ဖြစ်မူ ထွေထွေရာရာ မကြံစည်လင့်၊ သင်သည် ဘဒ္ဒဝတီသူဌေး၏ သ္မီးတည်း၊ ယနေ့ ဤအခါမှစ၍ ငါ၏ သ္မီး မည်သည်သာ ဖြစ်ပေတော့သည်ဟု ဆို၍ ဦးခေါင်းကို နမ်းရှုပ်၍ အိမ်သို့ ဆောင်ပြီးလျှင် မိမိ၏ သ္မီးကြီးအရာ၌ ထားလေ၏။
သာမာဝတီ အမည်ရခြင်းနှင့် ဃောသကသူဌေးကြီး သ္မီးအရာ၌ ထားခြင်းအကြောင်း
ထိုသတို့သ္မီးသည် အလှူရုံမဏ္ဍပ်၌ ကျယ်လောင်သော ဆူညံသော အသံကို ကြားရ၍ ဖခင် အဘယ့်ကြောင့် ဤ လူများအပေါင်းကို အသံတိတ်ဆိတ်ခြင်း ရှိအောင်ပြု၍ အလှူဒါနကို မပေးလှူပါကုန်သနည်းဟု မေးလေ၏၊
ချစ်သ္မီး ပြုပြင်ခြင်းငှါ မတတ်နိုင်ဟု ဆိုသဖြင့် ဖခင် တတ်နိုင်ကောင်းပါ၏ဟု ဆိုသည် ရှိသော် ချစ်သ္မီး အဘယ်သို့ တတ်နိုင်ကောင်းပါအံ့နည်းဟု မေးသောအခါ ဖခင် အလှူရုံမဏ္ဍပ်ကို ကာရံ၍ တယောက် တယောက်၏သာလျှင် ဝင်ခြင်းငှါ လောက်သော ပမာဏဖြင့် ဝင်ပေါက် ထွက်ပေါက် တံခါး နှစ်ခုတို့ကို ယှဉ်စေ ထားစေ၍ တခုသော တံခါးပေါက်ဖြင့် ဝင်၍ တခုသော တံခါးပေါက်ဖြင့် ထွက်ကြကုန်လောဟု ဆိုရာ၏၊
ဤသို့ ပြုအပ်သည်ရှိသော် အသံတိတ်ဆိတ်ခြင်း ရှိသည်ဖြစ်၍ ယူကြပါကုန်လတ္တံ့ ဟု ပြောဆိုလေ၏၊ သူကြွယ်လည်း သတို့သ္မီး၏ စကားကို ကြား၍ ချစ်သ္မီး ဤနည်းသည် ကောင်းလှပေ၏ဟု ဆို၍ ထိုသို့ ပြောဆိုတိုင်းသော အခြင်းအရာဖြင့် ပြုစေလေ၏။
ထိုသတို့သ္မီးသည်ကား ရှေးငယ်စဉ် မိဘတို့ ပေးသော အမည်ဖြင့် သာမာ မည်၏၊ စောင်းရန်း အရံ အကာ (ဝတီ)ကို ကာစေ ပြုစေသောကြောင့်ကား ရှေးအမည်နှင့် ပေါင်း၍ သာမာဝတီ မည်သည် ဖြစ်လေ၏။
ထိုသို့ ပြုလုပ်စီရင်သဖြင့် ပေးလှူသော ကာလမှစ၍ အလှူရုံမဏ္ဍပ်၌ အုတ်အုတ် ကျက်ကျက်သော အသံသည် ပြတ်စဲလေ၏၊ ဃောသကသူဌေးသည် ရှေးအခါ၌ ထိုအသံကို ကြားသည်ရှိသော် ငါ၏ အလှူရုံမဏ္ဍပ်က အသံပေတည်းဟု ကြားရ သဖြင့် နှစ်သက် ဝမ်းမြောက်လေ၏။
နှစ်ရက် သုံးရက်တိုင်တိုင် အသံကို မကြားရသောကြောင့် မိမိ၏ အထံသို့ ချဉ်းကပ် လာသော မိတ္တသူကြွယ်ကို အထီးကျန်သောသူ ခရီးသွားသောသူ အစရှိသည် တို့အား အလှူဒါနကိုပေးကမ်း လှူဒါန်းပါ၏လောဟု မေးလေ၏၊ အရှင် ပေးကမ်း လှူဒါန်းပါ၏ဟု ပြောဆိုလတ်သော် ထိုသို့ ပေးလှူလျှင် အဘယ်သို့ ဖြစ်နေသနည်း၊ နှစ်ရက် သုံးရက်တိုင်တိုင် အသံကို မကြားရပါတကားဟု မေးပြန်လေ၏၊
အရှင် အကြင်သို့သောနည်းဖြင့် ပြုသည်ရှိသော် အသံတိတ်ဆိတ်ကုန်သည်ဖြစ်၍ ယူကြကုန်၏၊ ထိုသို့သော နည်းကို အကျွန်ုပ် ပြုထားပါသည်ဟု ပြောကြားလတ်သော် ထိုသို့ဖြစ်မူ ရှေးယခင်က ဤကဲ့သို့ အဘယ့်ကြောင့် မပြုလေသနည်းဟု မေးလေ၏၊ အရှင် မသိသောကြောင့် မပြုရပါဟု ဆိုသည်ရှိသော် ယခုကား အဘယ့်ကြောင့် သိရသနည်းဟု မေးပြန်လေ၏၊
အရှင် အကျွန်ုပ်၏သ္မီးသည် ပြောကြားအပ်သောကြောင့် သိရပါသည်ဟု ဆိုလေသော် ငါသည် အသင့်အား သ္မီးရှိသော မည်သည် မသိရဖူးပါ တကားဟု မေးပြန်လေ၏၊ မိတ္တသူကြွယ်သည် ယင်နာဖြစ်သော ကာလမှစ၍ ဘဒ္ဒဝတီ သူဌေး၏ အလုံးစုံသော အကြောင်းကို ပြောကြားပြီးလျှင် ထိုသာမာဝတီအား မိမိ၏ သ္မီးကြီး အရာ၌ ထားသည်၏အဖြစ်ကို ပြောကြားလေ၏။
ထိုအခါ သူကြွယ်ကို ဃောသကသူဌေးက ဤသို့ ဖြစ်ခဲ့သည်ရှိသော် အဘယ့်ကြောင့် ငါ့အား မပြောမဆို ဘိသနည်း၊ ငါ့အဆွေခင်ပွန်း၏ သ္မီးသည် ငါ၏သ္မီး မည်သည် သာလျှင်တည်းဟု ဆို၍ ထိုသာမာဝတီ သတို့သ္မီးကို ခေါ်စေ၍ ချစ်သ္မီး အသင်သည် ဘဒ္ဒဝတီသူဌေး၏ သ္မီးဟူသည် မှန်သလောဟု မေးလေ၏၊
မှန်လှပါသည် ဖခင်ဟု ပြောသောအခါ ယင်းသို့ဖြစ်မူ ထွေရာလေးပါးမကြံလင့်၊ ငါ၏ သ္မီးပင် ဖြစ်ပေ၏ဟု ထိုသာမာဝတီ၏ ဦးခေါင်းကို နမ်းရှုပ်၍ အခြံအရံ အလို့ငှါ ထို သာမာဝတီအား ငါးရာမျှလောက်ကုန်သော မိန်းမတို့ကို ပေး၍ သာမာဝတီကို မိမိ၏ သ္မီးကြီးအရာ၌ ထားလေ၏။
ဥတေနမင်းစောသည် သာမာဝတီကို အဂ္ဂမဟေသီ မိဖုယားအရာ၌ ထားခြင်း
ထိုနောက် တနေ့သောအခါ ထိုကောသမ္ဗီပြည်၌ နက္ခတ်သဘင် ကြွေးကြော်ခြင်း (နက္ခတ်ပွဲသဘင်)သည် ဖြစ်၏၊ ထိုနက္ခတ်သဘင် ကြိမ်သည်ရှိသော် အပသို့ မထွက်ဖူးသော အမျိုးသ္မီးတို့သည်လည်း မိမိ၏ အခြံအရံ နှင့်တကွ ခြေဖြင့်သာလျှင် မြစ်ဆိပ်သို့သွား၍ ရေချိုးကြကုန်၏၊ (ရေကစားကြကုန်၏၊)
ထို့ကြောင့် ထိုနေ့၌ သာမာဝတီ သတို့သ္မီးသည်လည်း ငါးရာသောမိန်းမတို့ဖြင့် ခြံရံလျက် မင်းယင်ပြင်ဖြင့် ဖြတ်သန်း၍သာလျှင် ရေကစားခြင်းငှါ သွားလေ၏၊ ဥတေန မင်းစောသည် ခြင်္သေ့ခံသော လေသာပြုတင်း၌ ရပ်လျက် သာမာဝတီကို မြင်လျှင် မြင်ခြင်း ဤမိန်းမတို့သည်ကား အဘယ်သူ၏ ကချေသည် မိန်းမတို့ပေနည်း ဟု မေးလေ၏၊
အရှင်မင်းမြတ် တစုံတယောက်သောသူ၏ ကချေသည် မိန်းမတို့ မဟုတ်ကြပါဟု လျှောက်တင်လေလျှင် ထိုသို့ မဟုတ်ခဲ့သည်ရှိသော် အဘယ်သူ၏ သ္မီးတို့ပေနည်းဟု မေးတော်မူပြန်၏၊ အရှင်မင်းမြတ် ဤသည်ကား ဃောသက သူဌေးကြီး၏သ္မီး သာမာဝတီ မည်သော သတို့သ္မီးပါတည်းဟု လျှောက်တင်လေလျှင် ထိုဥတေန မင်းသည် မြင်လျှင်မြင်ခြင်း ဖြစ်သော ချစ်ခြင်းရှိရကား ဃောသကသူဌေးကြီး အထံသို့ ငါ့အား သ္မီးကို ပို့ဆက်စေ ဟု သတင်းစကား (အမိန့်) ကို စေလွှတ်လိုက်လေ၏၊
ဃောသက သူဌေးကလည်း အရှင်မင်းမြတ် မပို့ဆက်ဝံ့ပါဟု လျှောက်တင် လိုက်လေ၏၊ ထိုဥတေနမင်းက ဤသို့ မပြုလင့်၊ စေလွှတ် ပို့ဆက်ရမည်သာဟု စေလွှတ်ပြန်သဖြင့် အရှင်မင်းမြတ် အကျွန်ုပ်တို့ သူဌေးမျိုး မည်သည်ကား သတို့သ္မီး တို့ကို ပုတ်ခတ်၍၎င်း၊ ညှဉ်းဆဲ၍၎င်း တွန်းငင် နှင်ထုတ်မည့်ဘေးမှ ကြောက်လှပါ သောကြောင့် မပို့ဆက်ဝံပါဟု လျှောက်တင် လိုက်သောအခါ မင်းကြီးသည် အမျက် ထွက်၍ အိမ်ကို မင်းတံဆိပ် ခတ်နှိပ်စေပြီးလျှင် သူဌေးကို၎င်း၊ သူဌေးကတော် ကို၎င်း လက်၌ဆွဲကိုင်ကာ အိမ်မှ အပသို့ နှင်ထုတ်စေလေ၏။
သာမာဝတီသည် ရေကစားပြီး၍ ပြန်လာသောအခါ အိမ်သို့ ဝင်ခြင်းငှါ အခွင့်ကို မရသည်ဖြစ်၍ ဖခင် ဤသို့ ဖြစ်ရခြင်းကား အကြောင်း အဘယ်သို့ပါနည်းဟု မေးလေ၏၊ ချစ်သ္မီး မင်းကြီးသည် သင်ချစ်သ္မီး၏ အကြောင်းကြောင့် သတင်းစကား (အမိန့်) ကို စေလွှတ်လိုက်၏၊
ထိုအခါ ငါတို့သည် မပို့ဆက်ဝံ့ပါဟု လျှောက်တင်လိုက်သည်ရှိသော် အိမ်ကို မင်းတံဆိပ် ခတ်နှိပ်စေပြီးလျှင် ငါတို့ကို အပသို့ နှင်ထုတ်စေ၏ဟု ပြောပြလေ၏၊ ဖခင် ဖခင်တို့ ပြုအပ်သောအမှုသည် ဝန်လေးလှပါသည်၊ မင်းမည်သည်ကား စေလွှတ်အပ်သည်ရှိသော် မပို့မဆက်ဝံ့ပါဟု မဆိုမူ၍ အကျွန်ုပ်သ္မီးကို အခြံအရံနှင့် တကွ အကယ်၍ ယူဆောင်ကြ ကုန်သည် ဖြစ်ခဲ့အံ့၊ ပို့ဆက်ပါမည် ဟုသာ လျှောက်တင်အပ်သည် ဖြစ်ရာ၏ ဟု ပြောဆိုသောအခါ ချစ်သ္မီး သင်ချစ်သ္မီးအား နှစ်သက်သည်ရှိသော် ဤသို့ ပြုရပေအံ့ဟု ဆို၍ မင်းကြီးအား ထိုသ္မီးပြောဆိုသော အတိုင်း သတင်းစကားကို (သံတော်ဦးတင်ရန်) စေလွှတ်လိုက်လေ၏၊
ဥတေနမင်းသည် ကောင်းပြီဟု ဝန်ခံ၍ ထိုသာမာဝတီကို အခြံအရံနှင့်တကွ ဆောင်ယူပြီးလျှင် အဘိသိက် သွန်း၍ (အဂ္ဂမဟေသီ) မိဖုယားကြီးအရာ၌ ထားလေ၏၊ ကြွင်းသော မိန်းမတို့ကား ထိုသာမာဝတီ မိဖုယား၏ သာလျှင် အခြံအရံ မိန်းမတို့ ဖြစ်ကြလေကုန်၏။
ဤကား သာမာဝတီ မိဖုယား ဝတ္ထုတည်း။
စဏ္ဍပဇ္ဇောတမင်းသည် သစ်သားဆင်ရုပ်ပြ၍ ဥတေနမင်းကို ဖမ်းယူခြင်း
ဥတေနမင်းအား တပါးသော ဝါသုလဒတ္တာ အမည်ရှိသော မိဖုယားသည်လည်း ရှိသေး၏၊ ထို ဝါသုလဒတ္တာ မိဖုယားသည်ကား စဏ္ဍပဇ္ဇောတမင်း၏ သ္မီးတော်တည်း၊ ဥဇ္ဇေနီပြည်၌ စဏ္ဍပဇ္ဇောတ အမည်ရှိသော မင်းသည် ရှိလေ၏၊ ထိုမင်းသည် တနေ့သ၌ ဥယျာဉ်မှပြန်လာခဲ့သည်ရှိသော် မိမိ၏စည်းစိမ်ချမ်းသာ ပြည့်စုံခြင်းကို ကြည့်ရှု၍ ငါမှတပါးသော တစုံတယောက်သော မင်းအားလည်း ဤသို့သဘော ရှိသော စည်းစိမ်ချမ်းသာသည် ရှိလေသလောဟု မေးမြန်း ပြောဆိုသောကြောင့် ဤစည်းစိမ် ချမ်းသာမည်သည် အဘယ်မျှလောက် ရှိသနည်း၊ ကောသမ္ဗီပြည်၌ ဥတေနမင်းကြီး၏ စည်းစိမ် ချမ်းသာသည်ကား အလွန်ကြီးကျယ်စွာ ရှိ၏ဟု သံတော်စကား လျှောက်တင်အပ်သည်ရှိသော် မင်းကြီးက ထိုသို့ဖြစ်မူ ထိုဥတေန မင်းကိုဖမ်းယူအံ့ဟု ဆိုလေ၏၊
ထိုဥတေနမင်းကို ဖမ်းယူခြင်းငှါ မစွမ်းနိုင်ပါဟု လျှောက်သည်ရှိသော် အမှတ်မရှိ တစုံတခုသော အမှုကိုပြု၍ ဖမ်းယူမည်သာလျှင် ကတည်းဟု ဆိုပြန်လေ၏၊ အရှင်မင်းမြတ် ဖမ်းယူခြင်းငှါ မစွမ်းနိုင်ပါဟု ဆိုပြန်လေသော် အဘယ့်ကြောင့် မဖမ်းယူနိုင်အံ့ နည်းဟု မေးတော်မူပြန်လေ၏၊
အရှင်မင်းမြတ် ထိုဥတေနမင်းသည် ဟတ္ထိကန္တ မည်သော အတတ်ကို တတ်၏၊ မန္တန်ပြန်လှန် သရဇ္ဈာယ်၍ ဟတ္ထိကန္တစောင်းကို တီးလျက် ဆင်တို့ကို ပြေးလည်း ပြေးစေနိုင်၏၊ ဖမ်းလည်း ဖမ်းယူနိုင်၏၊ ဆင်ယာဉ် နှင့်လည်း ပြည့်စုံ၏၊ ထိုဥတေန မင်းနှင့် တူသော မင်းမည်သည် မရှိဟု လျှောက်ကြပြန်သော် -
ငါသည် ထိုဥတေနမင်းကို ဖမ်းယူခြင်းငှါ မစွမ်းနိုင်ဘဲ ရှိမည်လောဟု မိန့်တော်မူပြန်သဖြင့် အရှင်မင်းမြတ် အရှင်မင်းမြတ်သည် ဖမ်းယူခြင်းငှါ အကယ်၍ အလိုဆန္ဒရှိခဲ့ပါအံ့၊ ဤဥတေနမင်းသည် ဧကန်စင်စစ်အားဖြင့် အခြေအနေ ခိုင်ခံ့မြဲမြံ၏၊
ထိုသို့ပင် ဖြစ်သော်လည်း သစ်သားဆင်ရုပ်ကို ပြုလုပ်စေ၍ ထိုမင်း၏ တိုင်းနိုင်ငံ အနီးအရပ်သို့ စေလွှတ်တော် မူပါလော၊ ထိုဥတေနမင်းသည် သတင်းစကား ကြားသိ သည်ရှိသော် ဆင်ယာဉ်ဖြင့်၎င်း၊ မြင်းယာဉ်ဖြင့်၎င်း ဝေးကွာသော အရပ်သို့ သော်လည်း သွားတတ်၏၊
ထိုအရပ်သို့ ရောက်လာသော ဥတေနမင်းကို ဖမ်းယူခြင်းငှါ တတ်ကောင်းသည် ဖြစ်ပါလတ္တံ့ ဟု လျှောက်ကြား ကြကုန်သော် စဏ္ဍပဇ္ဇောတ မင်းကြီးသည် ဤသို့သော အကြောင်းသည်ကား ကောင်းမြတ် သင့်လျော်ဖွယ် ရှိ၏ဟု သစ်သားဖြင့် ပြီးသော စက်ယန္တရားနှင့် ယှဉ်သော ဆင်ကို ပြုလုပ်စေ၍ အပ၌ ပုဆိုးပိုင်းတို့ဖြင့် ရစ်ပတ်ဖုံးလွှမ်းပြီးလျှင် ပန်းချီဆေးရေး အမှုကို ဆန်းကြယ်စွာပြု၍ ထိုဥတေန မင်းကြီး၏ တိုင်းနိုင်ငံ အနီးအရပ် ဖြစ်သော တခုသော ရေအိုင်၏ ကမ်းနား၌ လွှတ်ထားစေ၏၊
ဆင်ရုပ်၏ ဝမ်းကွင်း၌ ခြောက်ကျိပ်သော ယောက်ျားတို့သည် ထိုမှ ဤမှ လူးလာ တုံ့ခေါက် လျှောက်သွား နိုင်ကုန်၏၊ ဆင်၏ မစင်တုံးတို့ကို ရှာဖွေဆောင် ယူ၍ ထိုထိုသို့သော အရပ်တို့၌ ပစ်စွန့်ကုန်၏။
ထိုအခါ တောမုဆိုးတယောက်သည် ဆင်ကိုတွေ့မြင်၍ ငါတို့၏မင်းကြီးအား လျောက်ပတ် ထိုက်တန်၏ဟု ကြံ၍ သွားပြီးသော် မင်းကြီးအား အရှင်မင်းမြတ် တကိုယ်လုံး ဖွေးဖွေးဖြူသော ငွေတောင်ထွဋ်နှင့် တူသော အဆင်းရှိသော အရှင်မင်းမြတ် တို့အားသာလျှင် လျောက်ပတ် ထိုက်တန်သော ဆင်ပြောင်တစီးကို အရှင့် ကျွန်တော် မြင်အပ်ပါသည်ဟူ၍ လျှောက်ကြားလေ၏။
ဥတေန မင်းကြီးသည် ထိုလျှောက်ကြားလာသော မုဆိုးကိုပင်လျှင် ခရီး ညွှန်ပြု၍ ဆင်စီးတော်မူပြီးလျှင် အခြံအရံနှင့် တကွ ထွက်တော်မူလေ၏၊ ထိုဥတေနမင်းကြီး၏ ထွက်လာခြင်းကို သိ၍ သူလျှိုယောက်ျား တို့သည် သွားပြီးလျှင် စဏ္ဍပဇ္ဇောတ မင်းကြီးအား လျှောက်ကြားကြလေကုန်၏၊
စဏ္ဍပဇ္ဇောတမင်းသည် ထွက်လာ၍ အလယ်၌ အချည်းနှီး တစုံတခုမျှ မရှိသည်ကို ပြုပြီးလျှင် နံပါး နှစ်ဘက်တို့၌ စစ်သည်အပေါင်း ထားစေ၏၊ ဥတေနမင်းသည် စဏ္ဍပဇ္ဇောတ မင်းကြီး၏ လာသည်ကို မသိဘဲ ဆင်သို့ အမှီလိုက်လေ၏၊ ဆင်ရုပ်၏ အတွင်း၌ တည်ကုန်သော လူတို့သည် လျင်စွာသော အဟုန်ဖြင့် ပြေးစေကုန်၏၊ မန္တန်ကို ရွတ်ဖတ်ပြန်လှန် သရဇ္ဈာယ်၍ စောင်းကိုတီးသော မင်းကြီး၏ စောင်းသံကို မကြားဘိ သကဲ့သို့ သစ်သားဆင်ရုပ်သည် ပြေးသည်သာလျှင်တည်း၊
ဥတေန မင်းကြီးသည် ဆင်ပြောင်ကို မှီခြင်းငှါ မစွမ်းနိုင်လေသောကြောင့် မြင်းကို တက်စီး၍ အစဉ် လိုက်ပြန်လေ၏၊ ထိုဥတေနမင်းကြီးသည် လျင်စွာသော အဟုန်ဖြင့် အစဉ်လိုက်သည်ရှိသော် စစ်သည်ဗိုလ်ပါ အပေါင်းသည် ဆုတ်နစ် ကျန်ရစ်ခဲ့လေ၏၊ ဥတေနမင်းကြီးသည် တယောက်တည်းသာလျှင် ဖြစ်လေ၏၊
ထိုအခါ ဥတေနမင်းကို နံပါးနှစ်ဘက်တို့၌ စီရင်၍ (နေရာချ) ထားအပ်ကုန်သော စဏ္ဍပဇ္ဇောတ မင်းကြီး၏ မင်းချင်း ယောက်ျားတို့သည် ဖမ်းယူ၍ မိမိတို့၏ မင်းကြီးအား ပို့ဆက်ကြကုန်၏၊ ထိုအခါ ဥတေနမင်း၏ ဗိုလ်ပါအပေါင်းသည် ရန်သူ၏ အလိုနိုင်ငံ (လက်တွင်း)သို့ လိုက်ပါ ရောက်သွားရသည့်အဖြစ်ကို သိ၍ မြို့၏အပ၌ သစ်တပ်မြို့ တည်ကာ နေရလေ၏။
ဥတေနမင်းကြီးသည် ဝါသုလဒတ္တာမင်းသ္မီးအား မန္တန် သင်ပေးခန်း
စဏ္ဍပဇ္ဇောတမင်းသည်လည်း ဥတေနမင်းကို အရှင်ဖမ်းယူခြင်းဖြင့်သာလျှင် ဖမ်းယူ၍ တခုသော ခိုးသူ နှောင်အိမ်၌ ထည့်သွင်း ချုပ်နှောင်ကာ တံခါးကို ပိတ်ထားပြီးလျှင် သုံးရက်တို့ပတ်လုံး အောင်သေ သောက်ခြင်းကို သောက်လေ၏၊ ဥတေနမင်းသည် သုံးရက် မြောက်သောနေ့၌ အစောင့်အရှောက်တို့ကို အမောင်တို့ အသင်တို့၏ မင်းသည် အဘယ်မှာနည်းဟုမေး၏၊
အစောင့်အရှောက်တို့က ရန်သူဖြစ်သောမင်းကို ငါသည် ဖမ်းယူရလေပြီဟု အောင်သေ သောက်ကာ နေပါ၏ဟု ပြောကြားလေ၏၊ ဤသို့ပြုသော အမူအရာ သည် အဘယ်သို့သော အမူအရာနည်း၊ အသင်တို့၏ မင်းကြီးပြုသော အမူအရာ သည် မိန်းမ အမူအရာနှင့် တူ၏၊
ရန်သူဖြစ်သော မင်းတို့ကို ဖမ်းပြီးလျှင် လွှတ်မူလည်း လွှတ်ခြင်းငှါ၎င်း၊ သတ်မူလည်း သတ်ခြင်းငှါ၎င်း သင့်သည် မဟုတ်တုံလော၊ ငါတို့ကို ဆင်းရဲ ကျဉ်းကြပ်စွာ နှောင်အိမ်တွင်းမှာ နေစေ၍ အောင်သေကို သောက်နေရက်ပေသည်ဟု ပြောဆိုလေ၏၊ အစောင့်အရှောက်တို့သည် သွား၍ စဏ္ဍပဇ္ဇောတ မင်းကြီးအား ထို အကြောင်းကို လျှောက်ကြားကြကုန်၏။
စဏ္ဍပဇ္ဇောတ မင်းကြီးသည် လာ၍ အသင်သည် ဤသို့သော စကားကို ပြောဆိုသော ဟူသည် မှန်ပေ သလောဟု မေးသဖြင့် အရှင်မင်းကြီး မှန်ပေ၏ဟု ဝန်ခံလျှင် ကောင်းပြီ အသင့်ကို လွှတ်အံ့၊ အသင့်အား ဤသို့ သဘောရှိသော မန္တန်သည် ရှိသတတ်၊ ထိုမန္တန်ကို ငါ့အား ပေးလတ္တံ့လောဟု ဆိုလေ၏၊
ကောင်းပြီ ပေးပေအံ့၊ သင်ခြင်းငှါ လျောက်ပတ်သောအခါ၌ သင်ယူလေလော့၊ အသို့နည်း၊ အသင်သည် ငါ့အား ရှိခိုးနိုင်လတ္တံ့လောဟု မေးလေလျှင် ငါသည် သင့်ကို အဘယ့်ကြောင့် ရှိခိုးရအံ့နည်း၊ ရှိမခိုးနိုင်ဟု ဆိုသဖြင့် အကယ်၍ ရှိမခိုး နိုင်သည်ဖြစ်ခဲ့အံ့၊ ငါသည်လည်း အသင့်အား မပေးနိုင်ဟု ဆိုလေ၏၊
ဤသို့ မပေးခဲ့သည်ရှိသော် အသင့်အား မင်းဒဏ်ကို ပြုပေအံ့ဟု ဆိုသောအခါ အသင် မင်းဒဏ်ကို ပြုလိုလျှင် ပြုလေလော့၊ အသင်သည် ငါ၏ကိုယ်ကို အစိုးရ၏၊ စိတ်ကိုကား အစိုးမရဟု ဆိုလိုက်လေ၏။
စဏ္ဍပဇ္ဇောတ မင်းကြီးသည် ထိုဥတေနမင်း၏ ရဲရင့်သောအားဖြင့် ကြုံးဝါးသော အသံကို ကြားရ၍ အဘယ်သို့သော အကြောင်းဖြင့် ဤမန္တန်ကို ယူရပါအံ့နည်း ဟု ကြံပြီးလျှင် ဤမန္တန်ကို တပါးသောသူကို သိစေခြင်းငှါ မတတ်ကောင်း၊ ငါ၏ သ္မီးတော်ကို ထိုမင်း၏အထံ၌ သင်ယူစေ၍ ငါသည် ငါ၏ သ္မီးတော်အထံ၌ သင်ယူ တော့အံ့ဟု ကြံလေ၏၊
ထို့နောက်မှ ရှိခိုး၍ သင်ယူသည်ရှိသော် တပါးသောသူအား ပေးလတ္တံ့လောဟု ဥတေနမင်းကို မေး၏၊ မင်းကြီး ဪ … ဟုတ်ပေ၏၊ ငါ့အား ရှိခိုးသောသူအား ပေးအံ့ဟုဆိုလျှင် ထိုသို့ဖြစ်မူ ငါတို့၏ နန်းအိမ်တော်၌ ခါးကုန်းမတယောက်သည် ရှိ၏၊
ထိုခါးကုန်းမအား တင်းတိမ် အကာ၏ အတွင်း၌ ရှိခိုး၍ ထိုင်နေသည်ရှိသော် အသင်သည် တင်းတိမ်အကာ၏ အပ၌ တည်လျက်သာလျှင် မန္တန်ကို ပို့ချလေလော့ ဟု ဆိုလေ၏၊ မင်းကြီး ကောင်းပြီ၊ ခါးကုန်းသောသူမူလည်း ဖြစ်စေ၊ ဆွံအသော သူမူလည်း ဖြစ်စေ ရှိခိုးသောသူအား ပေးအံ့ဟု ဝန်ခံလေ၏။
ထို့နောက်မှ စဏ္ဍပဇ္ဇောတမင်းကြီးသည် သွား၍ သ္မီးတော် ဝါသုလဒတ္တာကို ချစ်သ္မီး တကိုယ်လုံးဖြူသော ခရုသင်း နူနာစွဲသော လူတယောက်သည် အဖိုး အတိုင်းမသိ ထိုက်သော မန္တန်ကိုတတ်၏၊ ထိုမန္တန်ကို တပါးသောသူကို သိစိမ့်သောငှါ မတတ်ကောင်း၊ သင် ချစ်သ္မီးသည် တင်းတိမ်ကာ၏အတွင်းက ထိုင်နေ၍ ရှိခိုးပြီးလျှင် မန္တန်ကို သင်ယူလေလော့၊ ထိုလူနူသည် ကာရံသော တင်းတိမ်၏ အပ၌ တည်လျက် ချစ်သ္မီးအား ပို့ချလတ္တံ့ ၊သင်ချစ်သ္မီးအထံမှ ခမည်းတော်သည် ထိုမန္တန်ကို သင်ယူအံ့ဟု ဆိုလေ၏၊
ဤသို့သော အခြင်းအရာဖြင့် စဏ္ဍပဇ္ဇောတ မင်းကြီးသည် ထိုသူတို့၏ အချင်းချင်း အကျွမ်းတဝင် ရောနှောခြင်း ပြုအံ့သည်မှ စိုးသဖြင့် သ္မီးတော်ကို ခါးကုန်းမ ဖြစ်လေဟန် ဥတေနမင်းကို ခရုသင်းစွဲ လူနူ ဖြစ်လေဟန်ကိုပြု၍ ပြောဆို မှာထား လေ၏၊ ထိုဥတေန မင်းသည် တင်းတိမ် အကာ၏အတွင်း၌ ရှိခိုး၍ထိုင်နေသော ဝါသုလဒတ္တာ မင်းသ္မီးအား တင်းတိမ် အကာ၏ အပ၌တည်လျက် မန္တန်ကို ပို့ချရလေ၏။
မန္တန်သင်ရာ၌ ဆရာတပည့်တို့သည် ခိုက်ရန်ဒေါသ ဖြစ်ကြခြင်းနှင့် စဏ္ဍပဇ္ဇောတ မင်း၏ ယာဉ်ငါးပါးအကြောင်း
ထိုအခါ တနေ့သ၌ မန္တန်ကို အဖန်ဖန် အထပ်ထပ် ရွတ်ဆိုစေအပ်ငြားသော်လည်း မန္တန်ပုဒ်တခုကို ပြီပြင်စွာ ရွတ်ဆိုခြင်းငှါ မစွမ်းနိုင်သည်ဖြစ်၍ ထိုဝါသုလဒတ္တာ မင်းသ္မီးကို ဟယ် ... ခါးကုန်းမ အလွန်တရာ ထူကြမ်းလှသော နှုတ်ခမ်း ပါးစောင် ရှိသော နင်၏ နှုတ်သီးကြီးကို ပုတ်ခတ်ရလိမ့်မည်၊ ဤသို့ ပီပီဆိုရမည် ဟဲ့ဟု ကြိမ်းမောင်းကာ ဆိုလေ၏၊
ဝါသုလဒတ္တာ မင်းသ္မီးသည် အမျက်ထွက်၍ ဟယ် .. ညစ်ညမ်းစုတ်ချာ ယုတ်မာ ကမြင်း ခရုသင်းဖြူ လူအနူ နင် အဘယ်ကို ဆိုသနည်း၊ ငါကဲ့သို့ သဘောရှိသော မင်းသ္မီးသည် အဘယ့်ကြောင့် ခါးကုန်းမ မည်သည် ဖြစ်ရအံ့နည်းဟု ပြန်၍ ငေါက်ငန်း ပြောဆိုလေ၏၊
ထိုအခါ ဥတေန မင်းသည် တင်းတိမ်စွန်းကို ပင့်မြှောက်ကာ အသင်သည် အဘယ်သူ ဖြစ်လေသနည်းဟု မေးသည်ရှိသော် ဘုရင်မင်းမြတ်၏ သ္မီးတော် ဝါသုလဒတ္တာ အမည် ရှိသောသူသည် ငါတည်းဟု ဆို၏၊ အသင်၏ ဖခမည်းတော် သည် ငါ့အား ပြောသောအခါ ခါးကုန်းမဟု ပြောဆိုလေ၏၊ အကျွန်ုပ်အား ပြောသော ကာလလည်း အရှင့်ကို ခရုသင်းဖြူစွဲသော လူနူဟု လုပ်၍ ပြောဆိုပါသည်၊
ဤသို့ ဆိုပြီး ထိုနှစ်ဦးကုန်သော သူတို့သည်လည်း မင်းကြီးသည် ငါတို့၏ အကျွမ်းတဝင် ရောနှောခြင်းကို ပြုအံ့သည်မှ စိုးရိမ်သဖြင့် ဆိုအပ်သည် ဖြစ်ပေလိမ့်မည် ဟု တင်းတိမ်အကာ၏ အတွင်း၌သာလျှင် အကျွမ်း တဝင် ရောနှောခြင်းကို ပြုကြလေကုန်၏။
ထိုနေ့မှစ၍ မန္တန်ကို သင်ယူခြင်းသည်၎င်း၊ အတတ်ကို သင်ယူခြင်းသည် ၎င်း မရှိ၊ မင်းကြီးသည်ကား သ္မီးတော်ကို ချစ်သ္မီး အတတ်ပညာကို သင်ယူ၏လောဟု အမြဲမပြတ် မေး၏၊ ဘခမည်းတော် သင်ယူပါ၏ဟု လျှောက်လေ၏၊ ထို့နောက် တနေ့သ၌ ဝါသုလဒတ္တာ မင်းသ္မီးကို ဥတေနမင်းက ချစ်နှမ လင်ယောက်ျား တို့သည် ပြုစုချီးမြှင့်အပ်သော စည်းစိမ်ချမ်းသာမှု မည်သည်ကား မိခင်, ဖခင်တို့သည်၎င်း၊ မောင်ကြီး မောင်ငယ်, အစ်မ, ညီမတို့သည်၎င်း ပြုစုခြင်း ငှါ မစွမ်းနိုင်ကြကုန်၊
ငါ့အား အကယ်၍ အသက်ကို ကယ်ဆယ်သည် ဖြစ်ခဲ့အံ့၊ အသင် ချစ်နှမအား ငါးရာကုန်သော မောင်းမ အခြံအရံကို ပေး၍ မြတ်သော မိဖုယားကြီး အရာကို ပေးပါအံ့ဟု ဆိုလေ၏၊ ဝါသုလဒတ္တာ မင်းသ္မီးက မောင်တော် မင်းမြတ်တို့သည် ဘုရားနှမအား ထိုဆိုအပ်သော စကား၌ အကယ်၍ တည်ခြင်းငှါ စွမ်းနိုင် ကုန်သည် ဖြစ်ပါအံ့၊ မောင်တော်မင်းမြတ်အား အသက်ကို ကယ်ဆယ်ပါမည်ဟု လျှောက်ထား လေ၏၊
ချစ်နှမ စွမ်းနိုင်ပါသည်ဟု ဆိုသဖြင့် အရှင်မင်းမြတ် ကောင်းပါပြီဟု ဝန်ခံပြီးလျှင် ဝါသုလဒတ္တာ မင်းသ္မီးသည် ဖခင်၏ အထံသို့သွား၍ ရှိခိုးကာ တင့်အပ် လျောက်ပတ်သော အရပ်၌ တည်နေလေ၏၊ ထိုအခါ မင်းသ္မီးကို စဏ္ဍပဇ္ဇောတ မင်းကြီးက ချစ်သ္မီး အတတ် ပညာ ပြီးဆုံးပြီလောဟု မေးတော်မူလေ၏၊ ဖခမည်းတော် အတတ် သည် အလုံးစုံ အကုန် မပြီးတတ်သေးပါဟု လျှောက်ကြား လေ၏၊
ချစ်သ္မီး ထိုသို့ မပြီးသေးသည်ရှိသော် အဘယ်ကို အလိုရှိသနည်းဟု မေးတော်မူ သောအခါ ဘခမည်းတော် ဘုရား အကျွန်ုပ်တို့အား တခုသော တံခါးကို၎င်း၊ တခုသော ယာဉ်ကို၎င်း ရခြင်းငှါ သင့်လျော်ပါသည်ဟု လျှောက်ထားလေ၏၊ ချစ်သ္မီး ဤသို့ တံခါးတခုနှင့် ယာဉ်တခုသည် အဘယ်အလို့ငှါပေနည်းဟု မေးတော် မူသောအခါ ခမည်းတော်ဘုရား ညဉ့်အခါ၌ နက္ခတ်ကြယ် အမှတ်ဖြင့် မန္တန်၏ ဥပစာ အလို့ငှါ တခုသော ဆေးမြစ်ကို ယူဆောင်၍ ပြုဖွယ်ကိစ္စရှိသတတ်။
ထို့ကြောင့် အကျွန်ုပ်တို့အား အခါဟုတ်သည်မူလည်း ဖြစ်စေ၊ အခါမဟုတ်သည် မူလည်း ဖြစ်စေ ထွက်သွား သောအခါ တခုသော တံခါးကို၎င်း၊ တခုသော ယာဉ်ကို၎င်း ရခြင်းငှါသင့်လျော်ပါသည်ဟု လျှောက်ထားလေ၏၊ မင်းကြီးလည်း ကောင်းပြီဟူ၍ ဝန်ခံလေ၏၊ ထိုသူတို့သည် မိမိတို့ နှစ်သက်အပ်သော တံခါး တခုကို လက်ရောက် ပြုကြလေကုန်၏၊ စဏ္ဍပဇ္ဇောတ မင်းကြီးအားကား ငါးပါးကုန်သော ယာဉ်တို့ ရှိကုန်၏။
၁။ ဘဒ္ဒပတီမည်သော ဆင်မသည် တနေ့လျှင် ယူဇနာ ငါးဆယ်တိုင်တိုင် သွားနိုင်၏။
၂။ ကာက မည်သော ကျွန်သည် တနေ့လျှင် ယူဇနာ ခြောက်ဆယ်တို့ တိုင်တိုင် သွားနိုင်၏။
၃။ စေလကဋ္ဌိ မည်သော မြင်းသည်၎င်း၊
၄။ မုဉ္စကေသီ မည်သော မြင်းသည်၎င်း ဤ မြင်းနှစ်ကောင်တို့သည် ယူဇနာ တရာ တိုင်တိုင် သွားနိုင်၏။
၅။ နာဠာဂိရိ မည်သော ဆင်သည် ယူဇနာ တရာ့နှစ်ဆယ် တိုင်တိုင် သွားနိုင်၏။
စဏ္ဍပဇ္ဇောတမင်းကြီး၏ ယာဉ်ငါးပါး ရခြင်းအကြောင်း ရှေးကောင်းမှု
ထို စဏ္ဍပဇ္ဇောတ မင်းကြီးသည် မြတ်စွာဘုရား ပွင့်တော်မမူမီ တယောက်သော အစိုးရသောသူ၏ အလုပ်အကျွေး ဖြစ်ဖူးလေသတတ်၊ ထိုအခါ တနေ့သ၌ အစိုးရသောသူသည် မြို့၏အပသို့ ထွက်၍ ရေချိုးပြီး ပြန်လာခဲ့သည်ရှိသော် ပစ္စေကဗုဒ္ဓါ တပါးသည် မြို့တွင်းသို့ ဆွမ်းအလို့ငှါ ဝင်တော်မူရာ အလုံးစုံကုန်သော မြို့သူမြို့သားတို့အား မာရ်နတ်သည် လှည့်ပတ်၍ ထားအပ်သောကြောင့် တယောက်ချို တဇွန်းမျှသော ဆွမ်းကိုလည်း မရမူ၍ ဆေးကြောမြဲတိုင်းဖြစ်သော သပိတ်ဖြင့်သာလျှင် ထွက်လာတော်မူခဲ့၏၊
ထိုအခါ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် မြို့တံခါးသို့ ရောက်တော်မူသည်ရှိသော် မာရ်နတ်သည် မထင်ရှားသော အသွင်ဖြင့် ချဉ်းကပ်၍ အရှင်ဘုရား အရှင်မြတ်အား တစုံတခုကို ရပါသလောဟု မေးလေ၏၊ အသို့နည်း၊ သင်သည် ငါ့အား မရအပ်သော အခြင်းအရာကို ပြုဘိသလောဟု မိန့်တော်မူလျှင် ထိုသို့ဖြစ်မူ ပြန်လည် ဆုတ်နစ်၍ ယခုတဖန် ကြွဝင် တော်မူပါဦး၊ ဤအခါမှာမူကား မပြုပါတော့အံ့ဟု လျှောက်ကြား၏၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်လည်း တဖန် ငါပြန်၍ မကြွဝင်တော့အံ့ဟု မိန့်တော်မူ၏၊ ပစ္စေက ဗုဒ္ဓါအရှင်မြတ်သည် ပြန်လည် ဆုတ်နစ်ခြင်း မပြုမူ၍ ကြွသွားတော်မူသည် ရှိသော် မာရ်နတ်သည် ထို အရပ်၌ပင် ကွယ်ပျောက်လေ၏။
ပြန်လည် ဆုတ်နစ်ခြင်း မပြုခြင်း အကြောင်းကား ထိုအရှင် ပစ္စေကဗုဒ္ဓါသည် အကယ်၍ တဖန် ပြန်လည် ဆုတ်နစ်တော် မူခဲ့ငြားအံ့၊ ထိုမာရ်နတ်သည် အလုံး စုံသော ပြည်သူပြည်သား တို့၏ကိုယ်၌ ပူးကပ်ပြီးလျှင် လက်ခုပ် လက်ဝါး တီး၍ ပြက်ရယ်မှုဖြင့် ကစားခြင်းကို ပြုရာ၏၊ ထို့ကြောင့် ပြန်လည်ဆုတ်နစ်ခြင်းကို မပြုသတည်း။
ထိုအခါ အစိုးရသောသူသည် ဆေးကြောမြဲတိုင်းသော သပိတ်ဖြင့် ကြွလာ တော်မူသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို မြင်လျှင် ရိုသေမြတ်နိုး ရှိခိုးလျက် အရှင်ဘုရား တစုံတခုသော ဆွမ်းကို ရပါသလား ဘုရားဟု မေးလျှောက်လေ၏၊ ဒါယကာ ဆွမ်းခံလှည့်လည်၍ ထွက်လာခဲ့ပေသည်ဟု မိန့်တော်မူ၏၊
ထို ဒါယကာသည် ကြံဆင်ခြင်သည်မှာ အရှင်မြတ်သည် ငါလျှောက်ထား မေးမြန်း အပ်သော စကားကို မိန့်ဆိုတော်မမူဘဲ တပါးသော စကားကိုသာ မိန့်ဆိုတော်မူ၏၊ တစုံတခုသော ဆွမ်းကို ရသည် မဖြစ်လတ္တံ့ဟု ကြံဆင်ခြင်မိလေ၏၊
ထို့နောက်မှ ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ သပိတ်တော်ကို ကြည့်သည် ရှိသော် အချည်းနှီးသော သပိတ်ကိုမြင်ရ၍ မိမိ၏အိမ်၌ ထမင်းကျက်သည် မကျက်သည် အဖြစ်ကို ဧကန် တိတိ မသိရသေးသည်၏ အဖြစ်ကြောင့် ရဲရင့်သော စိတ်မရှိသည် ဖြစ်ရကား သပိတ်ကိုယူခြင်းငှါ မဝံ့သည်ဖြစ်၍ အရှင်ဘုရား အတန်ငယ် တခဏမျှ ဆိုင်းငံ့ ရပ်တန့် သည်းခံတော်မူပါကုန်ဦး ဘုရားဟု လျှောက်ထား၍ လျင်စွာ အိမ်သို့ ပြန်သွားပြီးလျှင် ငါတို့အလို့ငှါ ထမင်းသည် ကျက်ပြီလောဟု မေး၍ ကျက်ပါ ပြီဟု ဆိုသည်ရှိသော် အနီးအပါး၌ရှိသော ထိုအလုပ်အကျွေးကို အမောင် အသင်ထက် အလွန်တရာ ပေါ့ပါးဖျပ်လတ် လျင်မြန်သောသူ မည်သည် မရှိ၊ အလွန်လျင်စွာသော အဟုန်ဖြင့် ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏အထံသို့သွားရောက်၍ အရှင်ဘုရား သပိတ်တော် တပည့်တော်အား ပေးသနားတော်မူပါဘုရားဟု လျှောက်ထားပြီးလျှင် သပိတ်ကို တောင်းယူကာ လျင်စွာ လာခဲ့ပါလော့ဟု ပြောလေ၏၊
အလုပ်အကျွေးလည်း တခွန်းတည်းသော စကားဖြင့်သာလျှင် ပြေးသွားလေ၍ သပိတ်တော်ကို ယူဆောင်ခဲ့ လေ၏၊ အစိုးရသော ဒါယကာလည်း မိမိ၏ စားရန် ထမင်းဖြင့် သပိတ်တော်ကို ပြည့်စေ၍ ဤဆွမ်းသပိတ်ကို လျင်စွာ ယူသွား၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား ကောင်းစွာ လက်ရောက် ကပ်လှူချေ၊ ငါသည် သင့်အား ဤအလှူမှ ကုသိုလ်အဖို့ကို ပေးပါအံ့ဟု ဆိုလေ၏၊ ထိုအလုပ်အကျွေး ယောက်ျား သည်လည်း လျင်စွာသွား၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား သပိတ်တော်ကို ကပ်လှူပြီးလျှင် ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးလျက် ဤသို့ ဆုတောင်းပတ္တနာ ပြုလေသတည်း။
စဏ္ဍပဇ္ဇောတ မင်းလောင်း၏ ဆုတောင်းခန်း
ပစ္စေကဗောဓိ ဉာဏ်တော်၏သခင် အရှင် သူမြတ်ဘုရား ဘုရားတပည့်တော်သည် မွန်းတည့်ခါနီးလေပြီဟု ကြံအောက်မေ့၍ အလွန်လျင်စွာ အားထုတ်သဖြင့် လာခြင်း သွားခြင်းကို ပြုရပါသည် အရှင်ဘုရား၊ ဘုရား တပည့်တော်အား ဤလျင်စွာ သွားလာရသော ကုသိုလ်ကံ၏ အစွမ်းအာနုဘော်ကြောင့် ယူဇနာ ငါးဆယ်, ခြောက်ဆယ်, တရာတရာ့နှစ်ဆယ် အဓွန့်ရှည်သောခရီးကို သွားခြင်းငှါ စွမ်းနိုင်သော ယာဉ်တို့သည် ဖြစ်လာပါစေကုန်သတည်း၊
သွားစဉ်၎င်း၊ လာစဉ်၎င်း တပည့်တော်၏ကိုယ်ကို နေရှိန်ဖြင့် ပူလောင်ခြင်းကို ခံရပါသည်၊ ထိုသို့နေရှိန်ဖြင့် ပြင်းစွာ ပူလောင်ခြင်းကို ခံရသော ကုသိုလ်၏ အစွမ်း အာနုဘော်ကြောင့် ဖြစ်လေတိုင်း ဖြစ်လေတိုင်းသော ဘဝ၌ ဘုန်းတန်ခိုး အာဏာ သည် ထက်မြက်သော နေမင်း၏ တန်ခိုး အရှိန်နှင့် တူသည် ဖြစ်ပါစေသတည်း။
ဤဆွမ်းကို လှူဒါန်းရာ၌ ဘုရားတပည့်တော်အား အရှင်သခင်သည် အလှူအဖို့ကို ပေးဝေပါသည်၊ ထို ပတ္တာနုမောဒနာ ကုသိုလ် အကျိုးဆက်ဖြင့် အရှင်ဘုရား တို့သည် သိအပ် မြင်အပ်သော တရား၏ အဖို့ရှိသည် ဖြစ်ပါစေသတည်းဟု ဆုတောင်း ပတ္ထနာပြုလေ၏၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်လည်း ဒါယကာ တောင်းသော ဆုတောင်း ပတ္ထနာအတိုင်း ပြည့်စုံစေသတည်းဟု မိန့်ဆိုတော်မူပြီး၍ -
ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ စန္ဒော ပန္နရသော ယထာ။
ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ မဏိ ဇောတိရသော ယထာ။
ဣစ္ဆိတံ၊ အလိုရှိအပ်သော။
ပတ္ထိတံ၊ တောင့်တအပ်သော။
ယံ၊ အကြင် ဝတ္ထုသည်။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုတောင့်တတိုင်းသော ဝတ္ထုသည်။
တုယှံ၊ သင့်အား။
ခိပ္ပမေဝ၊ လျင်စွာသာလျှင်။
သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။
ပန္နရသော၊ တဆယ့်ငါးရက် ထက်၌ တောက်ထွန်းသော။
စန္ဒော၊ လပြည့်ဝန်းသည်။
ပူရတိ ယထာ၊ ပြည့်သကဲ့သို့။
တထာ၊ ထို့အတူ။
သဗ္ဗေ၊ ကြွင်းမဲ့ ဥဿုံ အလုံးစုံကုန်သော။
သင်္ကပ္ပါ၊ လိုစကောင်းမှန် ကောင်းသော အကြံတို့သည်။
ပူရေန္တု၊ ပြည့်စုံစေကုန်သတည်း။
ဣစ္ဆိတံ၊ အလိုရှိအပ်သော။
ပတ္ထိတံ၊ တောင့်တအပ်သော။
ယံ၊ အကြင် ဝတ္ထုပစ္စည်းသည်။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုတောင့်တတိုင်းသော ဝတ္ထုသည်။
တုယှံ၊ သင့်အား။
ခိပ္ပမေဝ၊ လျင်စွာသာလျှင်။
သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။
ဇောတိရသော၊ ရောင်လျှံပြည့်လျှပ် လိုတိုင်းဖြည့်တတ်သော။
မဏိ၊ ဝေပုလ္လ တောင်ထိပ်မှဖြစ်သော ပတ္တမြား ရတနာသည်။
ပုရတိ ယထာ၊ အလုံးစုံသော သူ၏ အလိုရှိသမျှကို ပြည့်စုံစေသကဲ့သို့။
တထာ၊ ထို့အတူ။
သဗ္ဗေ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။
သင်္ကပ္ပါ၊ လိုစကောင်းမှန် ကောင်းသော အကြံတို့သည်။
ပူရေန္တု၊ ပြည့်စုံစေကုန်သတည်း။
ဤ နှစ်ဂါထာတို့ဖြင့် အနုမောဒနာကို ပြုတော်မူလေ၏၊ ဤနှစ် ဂါထာတို့သည် သာလျှင် ပစ္စေကဗုဒ္ဓါတို့၏ အနုမောဒနာဂါထာတို့ မည်ကုန်၏၊ ထိုအနုမောဒနာ ဂါထာတို့၌ “ဇောတိရသ” ဟူသည် အလုံးစုံ အလို ရှိတိုင်းကို ပေးစွမ်းနိုင်သော ပတ္တမြား ရတနာကို ဆိုအပ်၏၊ ဤကား စဏ္ဍပဇ္ဇောတမင်း၏ ရှေး၌ ပြုခဲ့ဖူးသော ကောင်းမှု ပေတည်း။
ထိုအလုပ်အကျွေး ယောက်ျားသည် ယခုအခါ၌ စဏ္ဍပဇ္ဇောတ မင်းကြီး ဖြစ်လာ၏၊ ထိုကောင်းမှုကံ၏ အကျိုးဆက်အားဖြင့် ဤငါးပါးသော ယာဉ်တို့သည် ဖြစ်ပေါ် လာကြလေကုန်သတည်း။
ဥတေနမင်းသည် ဝါသုလဒတ္တာမင်းသ္မီးကို ဆင်မယာဉ်သာဖြင့် ခိုးပြေး၍ မိဖုယားကြီး အရာ၌ထားခြင်း
ထိုသို့ ဥတေနမင်းနှင့် ဝါသုလဒတ္တာ မင်းသ္မီးတို့သည် မိမိတို့ နှစ်သက်အပ်သော တံခါးတခုကို လက်ရောက် ပြုကြပြီးသည်မှ နောက်တနေ့သ၌ စဏ္ဍပဇ္ဇောတ မင်းကြီးသည် ဥယျာဉ် ကစားခြင်းငှါ ထွက်တော်မူလေ၏၊ ဥတေနမင်းသည် ယနေ့ကား ထွက်ပြေးခြင်းငှါ သင့်လျော်သည်ဟု ကြံဆင်ခြင်၍ ကြီးကုန် ကြီးကုန်သော သားရေအိတ်တို့ကို ရွှေငွေဖြင့် ပြည့်စေလျက် ဘဒ္ဒဝတီမည်သော ဆင်မယာဉ်သာ၏ ကျောက်ကုန်းထက်၌ တင်ထားပြီးလျှင် ဝါသုလဒတ္တာ မင်းသ္မီးကို ခေါ်ယူ ဆောင်ကြဉ်း၍ ထွက်ပြေးလေ၏၊
နန်းတော်တွင်း၌ အစောင့်အရှောက်တို့သည် ထိုထွက်ပြေးသော ဥတေနမင်းကို မြင်လျှင် သွား၍ မင်းကြီးအား လျှောက်ကြား သံတော်ဦး တင်ကြကုန်၏၊ စဏ္ဍပဇ္ဇောတ မင်းကြီးသည် လျင်စွာ လိုက်သွားကြကုန်ဟု ရဲမက်ဗိုလ်ပါ အပေါင်းကို စေလွှတ်လေ၏၊
ဥတေနမင်းလည်း ဗိုလ်ပါအပေါင်း၏ ပြေးလိုက်လာသည့် အဖြစ်ကို သိလျှင် အသပြာ အိတ်ကို ဖြေ၍ ကြဲဖြန့်ကာ ချလေ၏၊ လိုက်လာသော လူတို့သည် အသပြာတို့ကို ကောက်ယူပြီးမှ တဖန် လိုက်ကြပြန်၏၊ ဥတေနမင်းသည် ရွှေဖြင့်ပြည့်သော အိတ်ကို ဖြေ၍ ကြဲဖြန့်ကာ ချပြန်လေ၏၊ ထိုရဲမက်ဗိုလ်ပါ တို့သည် ရွှေလောဘဖြင့် ကောက်ငင် နေကြကုန်စဉ်သာလျှင် လွတ်မြောက် စေလျက် မြို့၏အပ၌တည်သော မိမိ၏ စစ်သည် ဗိုလ်ပါရှိရာ သစ်တပ်မြို့သို့ ရောက်လေ၏၊
ထိုအခါ ရှေးရှုပြန်လာသော ဥတေနမင်းကို မြင်လျှင်မြင်ခြင်း မိမိ၏စစ်သည် အပေါင်းသည် ဝန်းရံလျက် ကောသမ္ဗီပြည်မြို့တွင်းသို့ သွင်းလေ၏၊ ထိုဥတေနမင်း သည် မြို့တွင်းနန်းတော်သို့ ရောက်လျှင်ရောက်ခြင်း ဝါသုလဒတ္တာ မင်းသ္မီးကို အဘိသိက်သွန်း၍ မြတ်သော အဂ္ဂမဟေသီ မိဖုယားကြီးအရာ၌ ထားလေသတည်း၊
ဤကား ဝါသုလဒတ္တာ မိဖုယား ဝတ္ထုတည်း။
မာဂဏ္ဍီ မိဖုယားအလောင်း၏ ဖခင်ပုဏ္ဏားကြီးသည် ဘုရားနှင့် ရှေးဦးတွေ့ခြင်း
ထိုမှတပါးလည်းဖြစ်သော ပုဏ္ဏားသ္မီး မာဂဏ္ဍီ အမည်ရှိသော သတို့သ္မီးသည်လည်း ဥတေနမင်းကြီး၏ အထံမှ အဂ္ဂမဟေသီ မိဖုယားကြီး အရာကို ရလေသေး၏၊ ထိုမာဂဏ္ဍီမိဖုယားသည်ကား ကုရုတိုင်း မာဂဏ္ဍီ ပုဏ္ဏားကြီး၏ သ္မီးဖြစ်သတတ်၊ ထိုမာဂဏ္ဍီ မိဖုယား၏ မိခင်သည်လည်း မာဂဏ္ဍီပင် မည်၏၊ ဘထွေးဖြစ်သော ပုဏ္ဏားသည်လည်း မာဂဏ္ဍီ မည်သည်သာလျှင်တည်း၊ ထိုမာဂဏ္ဍီ သတို့သ္မီးသည် အလွန်အဆင်းလှ၏၊ နတ်သ္မီးနှင့်တူ၏၊
ထိုမာဂဏ္ဍီ သတို့သ္မီး၏ ဖခင်ဖြစ်သော ပုဏ္ဏားကြီးသည် ထိုသ္မီးနှင့် လျောက်ပတ် ထိုက်တန်သော ခင်ပွန်းသည်ကို မရသေးသည်ဖြစ်၍ ကြီးကျယ်ထင်ရှားကုန်သော အမျိုးတို့သည် တောင်းအပ်သော်လည်း ငါ၏သ္မီးနှင့် အသင်တို့သည် မထိုက်တန်ဟု ခြိမ်းချောက် မောင်းမဲကာ လွှတ်လိုက်လေ့ရှိ၏၊
ထိုအခါ တနေ့သ၌ မြတ်စွာဘုရားသည် နံနက်စောစော ရောက်သောအခါ၌ လောကကို ကြည့်ရှုတော်မူသည် ရှိသော် မယားနှင့်တကွသော မာဂဏ္ဍီ ပုဏ္ဏားကြီး၏ အနာဂါမိဖိုလ်သို့ ရောက်အံ့သော အကြောင်း ဥပနိဿယကို မြင်တော်မူ၍ ကိုယ်တော်၏ သပိတ် သင်္ကန်းကို ကိုယ်တိုင် ယူဆောင်တော်မူလျက် ထိုပုဏ္ဏား၏ရွာမှ ပြင်ပသို့ကြွ၍ မီးလုပ်ကျွေးပူဇော်ရာ အရပ်သို့ ကြွတော်မူ၏။
ထိုမာဂဏ္ဍီပုဏ္ဏားကြီးသည် မြတ်စွာဘုရား၏ တင့်တယ်သော အဆင်းတော်၏ အထွတ်အထိပ်သို့ ရောက်သော ကိုယ်တော်ကို ကြည့်ရှုပြီးလျှင် ဤလောက၌ ဤယောက်ျားနှင့်တူသော တပါးသောယောက်ျားမည်သည်မရှိ၊ ဤယောက်ျားသည် ငါ၏သ္မီးအား လျောက်ပတ် ထိုက်တန်လေ၏၊
ဤယောက်ျားအား ကျွေးမွေး စောင့်ရှောက်စိမ့်သောငှါ ငါ၏သ္မီးကို ပေးအံ့ဟု ကြံ၍ အို ရှင်ရဟန်း အကျွန်ုပ်အား သ္မီးတယောက်သည် ရှိပါသည်၊ အကျွန်ုပ်သည် ဤမျှလောက်သော ကာလပတ်လုံး ထိုသ္မီးအား သင့်လျော် ထိုက်တန်သော ယောက်ျားကောင်းကို မတွေ့ မမြင်ရသေးပါ၊ အသင်တို့သည်ကား ထိုသတို့သ္မီးနှင့် သင့်လျော် ထိုက်တန်ပါသည်၊
ထိုသတို့သ္မီးသည်လည်း အသင်တို့နှင့်သာလျှင် ထိုက်တန်ပါသည်၊ အသင်တို့ အားလည်း ခြေရင်း အလုပ် အကျွေးကို ရခြင်းငှါ သင့်လျော်ပါသည်၊ ထိုသတို့သ္မီး အားလည်း မှီခိုအားထားစရာ ခင်ပွန်းသည် ကောင်းကို ရခြင်းငှါသင့်လျော်ပါသည်၊ ထိုကြောင့် ထိုသတို့သ္မီးကို အသင့်အား ပေးအပ်ဆောင်နှင်းပါအံ့၊ အကြင်မျှလောက် အကျွန်ုပ် လာသည်တိုင်အောင် ဤအရပ်၌သာ ဆိုင်းငံ့ရပ်တန့်ပါဦးဟု ဆိုလေ၏။
သ္မီးနှင့်မယား ပြန်ခေါ်ခြင်းနှင့် ဘုရားရှင်၏ စက်တော်ရာအကြောင်း
မြတ်စွာဘုရားသည် ထိုပုဏ္ဏားကို တစုံတခုမျှသော စကားကို မဆိုမူ၍ ဆိတ်ဆိတ် သာလျှင် နေတော်မူလေ၏၊ မာဂဏ္ဍီ ပုဏ္ဏားကြီးသည် လျင်စွာသော အဟုန်ဖြင့် အိမ်သို့ ပြန်သွား၍ အို ရှင်မ, အို ရှင်မ သ္မီးနှင့် သင့်လျော် ထိုက်တန်သော ယောက်ျားကောင်းကို ငါတွေ့မြင်ခဲ့ရပြီ၊ လျင်လျင် မြန်မြန် သ္မီးကို တန်ဆာ ဆင်လော့ဟု ဆို၍ ထိုသ္မီးကို တန်ဆာဆင်စေပြီးလျှင် ပုဏ္ဏေးမနှင့်တကွ သ္မီးကို ခေါ်ဆောင်၍ မြတ်စွာဘုရား၏ အထံတော်သို့ ထွက်သွားလေ၏၊
တမြို့လုံးသည် တုန်လှုပ် ချောက်ချားလေ၏၊ (အဘယ်သို့ တုန်လှုပ်ချောက်ချား သနည်းဟူမူကား) ဤပုဏ္ဏားကြီးသည် ဤမျှလောက်သော ကာလပတ်လုံးငါ၏ သ္မီးနှင့် သင့်လျော် ထိုက်တန်သောသူမရှိဟု သ္မီးကို တစုံတယောက်သောသူအား မပေးဘဲ ယနေ့ ငါ၏သ္မီးနှင့် သင့်လျော် ထိုက်တန်သောသူကို တွေ့မြင်ခဲ့ရပြီဟု ဆိုပေသတတ်၊
ထိုယောက်ျားသည် အဘယ်သို့ သဘော ရှိပေလိမ့်မည်နည်း၊ ထိုယောက်ျားကို ကြည့်ရှုကြကုန်အံ့ဟု များစွာသော လူအပေါင်းသည် ထိုပုဏ္ဏားကြီးနှင့် အတူ တကွသာ ထွက်လာခဲ့လေ၏၊ ထိုပုဏ္ဏားကြီးသည် သ္မီးကို ခေါ်၍ လာသည်ရှိသော် မြတ်စွာဘုရားသည် ထိုပုဏ္ဏား မှာထား ပြောဆိုခဲ့သောနေရာ၌ နေတော်မမူဘဲ ထိုအရပ်၌ ပဒစေတီ ခြေတော်ရာကို ပြတော်မူ၍ ကြွသွားတော် မူပြီးလျှင် တပါးသောအရပ်၌ တန့်ရပ် တည်နေတော်မူလေ၏။
မြတ်စွာဘုရားတို့၏ ပဒစေတီ ခြေတော်ရာကား ဓိဋ္ဌာန်တော်မူ၍ နင်းချတော်မူသော အရပ်ဌာန၌သာလျှင် ထင်၏၊ တပါးသော အရပ်ဌာန၌မူကား မထင်၊ အကြင် သူတို့၏ အကျိုးငှါ ဓိဋ္ဌာန်တော်မူသည် ဖြစ်အံ့၊ ထိုသူတို့သည်သာလျှင် ထိုခြေတော်ရာကို ဖူးမြင်ရကုန်၏၊
ထိုသူတို့၏ ဖူးမြင်ရစိမ့်သောငှါ ဆင် အစရှိကုန်သော သတ္တဝါတို့ နင်းနယ်သည် မူလည်းဖြစ်စေ၊ မိုဃ်းကြီး သည်းစွာ ရွာသည်မူလည်းဖြစ်စေ၊ ပြင်းစွာသော လေအဟုန်တို့ ပုတ်ခတ်သည်မူလည်းဖြစ်စေ တစုံတခုသော ဝတ္ထုသည် ထို ခြေတော်ရာကို တိမ်ကောပပျောက်အောင် တူးဖြို ချေဖျက်စေခြင်းငှါ မစွမ်းနိုင်လေ၊
ထိုအခါ ပုဏ္ဏေးမက ပုဏ္ဏားကြီးကို အသင် ပြောကြားသော ထိုယောက်ျားသည်ကား အဘယ်မှာနည်းဟု မေးသည်ရှိသော် ဤအရပ်၌ ဆိုင်းငံ့ရပ်တန့် ပါဦးလော့ဟု ထိုသူကို ငါမှာထားပြောဆိုခဲ့ပါသည်၊ ယခု အဘယ်အရပ်သို့ သွားပါလိမ့်မည်နည်းဟု ကြည့်ရှုသည်ရှိသော် ပဒစေတီ ခြေတော်ရာကို တွေ့မြင်၍ ဤသည်ကား ထို ယောက်ျားကောင်း၏ ခြေရာပေတည်းဟု ပြလေ၏။
စက်တော်ရာနှင့် ပုဏ္ဏေးမ၏ ဗေဒင်ပညာအကြောင်း
ပုဏ္ဏေးမသည် လက္ခဏာကို သိမြင်ခြင်းငှါ စွမ်းနိုင်သော ဗေဒင်သုံးပုံတို့ကို လေ့လာ ပြွမ်းတီး တတ်မြောက်ပြီး ဖြစ်သောကြောင့် လက္ခဏာကို ပြဆိုသော မန္တန် ဗေဒင် ကျမ်းကို ဉာဏ်ဖြင့် ပြန်လှန်အောက်မေ့လျက် ခြေရာလက္ခဏာကို စူးစမ်းဆင်ခြင် ပြီးလျှင် ပုဏ္ဏားကြီး ဤခြေရာသည်ကား ကာမဂုဏ်ငါးပါး သုံးဆောင် ခံစားသော သူ၏ ခြေရာမဟုတ်ချေ တကားဟု ဆို၍ ဤဂါထာကို ရွတ်ဆိုလေ၏။
ရတ္တဿ ဟိ ဥက္ကဋိကံ ပဒံ ဘဝေ၊
ဒုဋ္ဌဿ ဟောတိ သဟသာနုပီဠိတံ။
မူဠှဿ ဟောတိ အဝကဍ္ဎိတံ ပဒံ၊
ဝိဝဋစ္ဆဒဿ ဣဒမီဒိသံ ပဒံ။
ဗြာဟ္မဏ၊ အရှင်ပုဏ္ဏားကြီး။
ရတ္တဿ၊ ရာဂဖြင့် တပ်ခြင်း အလေ့ရှိသော သူ၏။
ပဒံ၊ ခြေရာသည်။
ဥက္ကုဋိကံ၊ အလယ်ခွက်ငြား ဆောင့်ကြွားကြွား ရှိသည်။
ဘဝေ၊ ဖြစ်၏။
ဒုဋ္ဌဿ၊ အမျက်ထွက်ခြင်းဖြင့် ပြစ်မှားလေ့ရှိသော သူ၏။
ပဒံ၊ ခြေရာသည်။
သဟသာနုပီဠိတံ၊ လျင်စွာ နင်း၍ ဖနောင့်တွင်း နက်သည်။
ဟောတိ၊ ဖြစ်၏။
မူဠှဿ၊ မိုက်မဲစွာ တွေဝေလေ့ရှိသော သူ၏။
ပဒံ၊ ခြေရာသည်။
အဝကဍ္ဎိတံ၊ ဒရွတ်ကြောင်းထင် အပျင်းဝင်၍ ဆွဲငင်အပ်သည်။
ဟောတိ၊ ဖြစ်၏။
ဤဒိသံ၊ ဤသို့ ရွှေခြေနင်းရာ ပမာတူလှ ညီစွာကျလျက် တရာ့ရှစ်ကွက် စက်တော် စုံလင် ကောင်းစွာထင်သော။
ဣဒံ၊ ဤ ခြေရာသည်ကား။
ဝိဝဋစ္ဆဒဿ၊ တဏှာအမိုး ဖွင့်ချိုး ထွင်းဖောက် ဘုံသုံးထောက်မှ ထွက်မြောက် လွတ်ကူး ပုဂ္ဂိုလ်ထူး၏။
ပဒံ၊ တွေ့ကြုံခဲအပ် ခြေရာမြတ်ပေတည်း။
ထိုအခါ ပုဏ္ဏေးမကို ပုဏ္ဏားကြီးသည် ဤသို့ ဆို၏၊ အို ရှင်မ သင်ရှင်မသည် ရေခွက်၌ မိကျောင်းကို မြင်ဘိသကဲ့သို့၎င်း၊ အိမ်လယ်ခေါင်၌ ခိုးသူကို မြင်ဘိ သကဲ့သို့၎င်း၊ လက္ခဏာဗေဒင်၌ မဆီမဆိုင်သာ မြင်လေ့ရှိသည်၊
ဆိတ်ဆိတ်သာ နေဦးလော့ဟု ဆိုသည်ရှိသော် အရှင်ပုဏ္ဏား အကျွနု်ပ်ကို အလိုရှိရာ ပြောလိုရာ ပြောလော့၊ ဤ ခြေရာသည်ကား ကာမဂုဏ်ငါးပါးကို သုံးဆောင် ခံစားသော သူ၏ ခြေရာမဟုတ်ဟု တဖန် ဆိုပြန်လေ သတည်း။
မာဂဏ္ဍီ ပုဏ္ဏားကြီး လင်မယား အနာဂါမ် တည်ခြင်း အကြောင်း
ထို့နောင်မှ ထိုမှ ဤမှ ကြည့်ရှု ရှာဖွေလတ်သည် ရှိသော် မြတ်စွာဘုရားကို တွေ့မြင်၍ ငါပြောသော ယောက်ျားသည် ဤယောက်ျားပင်တည်းဟု ဆိုပြီးလျှင် ပုဏ္ဏားကြီးသည် သွား၍ အို - ရှင်ရဟန်း အကျွန်ုပ်၏ သ္မီးကို အသင့်အား ကျွေးမွေး စောင့်ရှောက်စိမ့်သောငှါ ပေးပါ၏ဟု ဆိုလေ၏၊
မြတ်စွာဘုရားသည် သင်၏ သ္မီးကို ငါ့အား အလိုရှိသည်ဟူ၍၎င်း၊ အလိုမရှိဟူ၍၎င်း မိန့်ဆိုတော် မမူဘဲ အို ပုဏ္ဏားကြီး သင့်အား တခုသော အကြောင်းကို ငါဆိုဦးအံ့ဟု မိန့်တော်မူ၍ အို ရဟန်းဆိုပါလော့ဟု ဆိုခွင့်ပြုလတ်သည်ရှိသော် ငါသည် မြတ်သော, တောထွက်ခြင်းဖြင့် တောထွက်တော်မူသည်မှ စ၍ အဇပါလ မည်သော ဆိတ်ကျောင်း ညောင်ပင်ရင်းတိုင်အောင် မာရ်နတ်သည် အစဉ် လိုက်၍ နှောက်ယှက်သည့် အကြောင်းအရာကို၎င်း၊ အဇပါလ ညောင်ပင်ရင်း သီတင်း သုံးနေသောအခါ၌လည်း ဤသူသည် ယခု ငါ၏ ပိုင်နက် နိုင်ငံချက်မှ လွတ်ထွက်ခဲ့ လေပြီတကားဟု စိုးရိမ် ကြောင့်ကြခြင်းဖြင့် ပြင်းထန်စွာ နှိပ်စက်အပ်သော မာရ်နတ်၏ စိုးရိမ်ကြောင့်ကြခြင်းကို ငြိမ်းပျောက်စေအံ့သောငှါ ငါ့အထံ လာရောက် ကုန်သော မာရ်နတ်သ္မီး တို့သည် သတို့သ္မီးငယ်၏ အသွင် စသည်တို့ဖြင့် ကာမဂုဏ် နှင့် ယှဉ်စပ်သော ဖြားယောင်းခြင်း အကြောင်း အရာကို၎င်း ပြောကြားတော်မူ၍ ထိုအခါ၌သော်လည်း ငါ့အား အလိုမရှိခဲ့လေသတည်း။
ဒိသွာန တဏှံ အရတိံ စ ရာဂံ၊
နာဟောသိ ဆန္ဒောအပိ မေထုနသ္မိံ။
ကိမေဝိဒံ မုတ္တကရီသပုဏ္ဏံ၊
ပါဒါပိ နံ သံဖုသိတုံ န ဣစ္ဆေ။
တဏှံ၊ တဏှာမည်သော မာရ်မင်း၏ သ္မီးကို၎င်း။
အရတိံ စ၊ အရတီမည်သော မာရ်မင်း၏ သ္မီးကို၎င်း။
ရာဂံ စ၊ ရာဂါမည်သော မာရ်မင်း၏ သ္မီးကို၎င်း။
ဒိသွာန၊ မြင်၍သော်လည်း။
မေထုနသ္မိံ၊ ရာဂအားဖြင့် အလိုတူသော သူတို့၏ ဥစ္စာ ဖြစ်သော မေထုန်အကျင့်၌။
မေ၊ ငါအား။
ဆန္ဒော အပိ၊ အားအသေးဆုံး ရာဂစိတ်ဆန္ဒသည်လည်း။
နာဟောသိ၊ မဖြစ်ဖူးခဲ့လေပြီ။
မုတ္တကရီသပုဏ္ဏံ ဧဝ၊ ကျင်ငယ်ကျင်ကြီးတို့ဖြင့် ပြည့်သည်သာဖြစ်သော။
ဣဒံ၊ ဤသတို့သ္မီး မာဂဏ္ဍီကို။
ကိံ၊ အဘယ်မှာလျှင် အလိုဆန္ဒ ဖြစ်နိုင်တော့အံ့နည်း။
နံ၊ ထိုသင်၏သ္မီးမာဂဏ္ဍီကို။
ပါဒါပိ၊ ခြေတို့ဖြင့်လည်း။
သံဖုသိတုံ၊ ထိခြင်းငှါ။
န ဣစ္ဆေ၊ ငါအလိုမရှိချေ။
ဤသို့လျှင် ဤဂါထာကို ဟောတော်မူလေ၏၊ ဂါထာ၏ အဆုံး၌ မာဂဏ္ဍီ ပုဏ္ဏားကြီး သည်၎င်း မာဂဏ္ဍီ ပုဏ္ဏေးမကြီးသည်၎င်း အနာဂါမိဖိုလ်၌ တည်ကြလေကုန်၏။
မာဂဏ္ဍီသတို့သ္မီးသည် ဘုရား၌ ရန်ငြိုးဖွဲ့ခြင်းနှင့် ဥတေနမင်းကြီး၏ မိဖုယားဖြစ်ခြင်း အကြောင်း
မာဂဏ္ဍီ သတို့သ္မီးသည်ကား ဤရဟန်းကြီးသည် ငါ့ကို အကယ်စင်စစ် အားဖြင့် အလိုမရှိသည်ဖြစ်အံ့၊ အလိုမရှိသည် အဖြစ်ကိုသာ ပြောဆိုသင့်ပါသည်၊ ယခုမူကား ငါ့ကို ကျင်ငယ် ကျင်ကြီးတို့ဖြင့် ပြည့်သည်ဟု ပြုလုပ်လျက် ခြေတို့ဖြင့် သော်လည်း သင်၏သ္မီးကို ထိခြင်းငှါ ငါအလိုမရှိချေဟု ဆိုလေဘိသည်၊
ရှိစေဦးတော့၊ ငါသည် မိမိ၏ ဇာတ်, အမျိုး, အရပ်, စည်းစိမ် ချမ်းသာ အရွယ်၏ ပြည့်စုံခြင်းကို အကြောင်းပြု၍ ထိုသို့ သဘောရှိသော မှီခိုအားထားစရာ ခင်ပွန်းသည် ကောင်းကို ရသည်ရှိသော် ရဟန်းကြီး ဂေါတမအား ပြုလုပ်ခြင်းငှါ ထိုက်သလောက် ကို ပြုလုပ်ပေအံ့ဟု မြတ်စွာဘုရား၌ ရန်ငြိုးဖွဲ့လေ၏။
(အမေး အဖြေကို ဆိုဦးအံ့၊ အသို့နည်း မြတ်စွာဘုရားသည် မိမိ၌ ထိုမာဂဏ္ဍီ သတို့သ္မီး၏ ရန်ငြိုးဖွဲ့ခြင်း ဖြစ်လတ္တံ့သည်၏ အဖြစ်ကို သိတော်မူနှင့် လေသလော၊ သိတော်မမူဘဲပင် ရှိသလော၊ သိတော်မူသည် သာလျှင်တည်း၊ ထိုသို့ သိတော်မူ ပါလျက် အဘယ်အစွမ်းဖြင့် ဤဂါထာကိုဟောတော်မူသနည်း၊ မာဂဏ္ဍီ သတို့သ္မီးမှ တပါးကုန်သော မာဂဏ္ဍီ ပုဏ္ဏားကြီး ဇနီးခင်ပွန်း နှစ်ယောက်တို့၏ အစွမ်းဖြင့် ဟောတော်မူသည်၊ ထိုအဖြေ သင့်လျော်ပေ၏၊ မြတ်စွာဘုရားတို့မည်သည် ရန်ငြိုး ဖွဲ့ခြင်းကို မရေမတွက်မူ၍ မဂ် ဖိုလ် ရခြင်းငှါ ထိုက်ကုန်သောသူတို့၏ အစွမ်းဖြင့် တရားတော်ကို ဟောကြားတော်မူမြဲသာလျှင်တည်း။)
မိဘ နှစ်ပါးတို့သည် ထိုသ္မီး မာဂဏ္ဍီကို ယူဆောင်၍ (သတို့သ္မီး၏ ဘထွေး) စူဠမာဂဏ္ဍီ ပုဏ္ဏားကို တာဝန်ခံယူစေပြီးလျှင် ရဟန်းပြုကြသဖြင့် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏၊
ဘထွေး စူဠမာဂဏ္ဍီသည်လည်း ကြံဆင်ခြင်သည်မှာ ငါ၏ သ္မီးသည် ယုတ်ညံ့သော သူအား မသင့်လျော် မထိုက်တန်၊ တယောက်သော ပြည့်ရှင်မင်းမြတ်အားသာ သင့်လျော်ပေသည်ဟု ကြံဆင်ခြင်၍ ထိုမာဂဏ္ဍီ သတို့သ္မီးကို ယူဆောင်ပြီးလျှင် ကောသမ္ဗီပြည်သို့သွား၍ အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာ ဆင်လျက် ဤ မိန်းမရတနာသည် အရှင်မင်းကြီးအားသာလျှင် သင့်လျော် ထိုက်တန်ပါသည်ဟု ဥတေနမင်းကြီးအား ပို့ဆက်လေ၏၊
ထိုဥတေန မင်းကြီးသည်လည်း မာဂဏ္ဍီ သတို့သ္မီးကို မြင်လျှင်မြင်ခြင်း အားကြီးစွာသော ချစ်ခြင်း ရှိသည်ဖြစ်၍ အဘိသိက် သွန်းခြင်းကို ပြုပြီးလျှင် ငါးရာသော နန်းတွင်းသူ မိန်းမ အခြံအရံတို့ကို ပေး၍ အဂ္ဂမဟေသီ မိဖုယားကြီး အရာ၌ ထားလေသတည်း၊
ဤကား မာဂဏ္ဍီ မိဖုယား ဝတ္ထုတည်း။
ကောသမ္ဗီသူဌေး သုံးဦးတို့၏ဆရာ ဟိမဝန္တာ ရသေ့ငါးရာနှင့် ရုက္ခစိုး နတ်တယောက် အကြောင်း
ဤသို့လျှင် ထိုဥတေနမင်းကြီးအား တထောင့်ငါးရာကုန်သော ကချေသည် မောင်းမတို့ ခြံရံလျက် သုံးယောက်သော အဂ္ဂမဟေသီ မိဖုယားကြီးတို့သည် ရှိလေကုန်၏၊ ထိုအခါ၌ ဃောသက သူဌေး, ကုက္ကုဋ သူဌေး ပါဝါရိယ သူဌေး ဤသို့ သုံးယောက်သော သူဌေးကြီးတို့သည် ကောသမ္ဗီပြည်၌ ရှိသည်ဖြစ်ကုန်၏၊
ထိုသူဌေးကြီးတို့သည် မိုဃ်းလေးလနေခြင်းငှါ ချဉ်းကပ်သင့်သော အခါနီးလတ်သည် ရှိသော် ငါးရာကုန်သော ရသေ့တို့သည် ဟိမဝန္တာတောမှ လာခဲ့၍ မြို့၌ ဆွမ်းခံခြင်း အလို့ငှါ ကြွဝင်တော် မူကြသည်တို့ကို မြင်ကြကုန်သည်ရှိသော် ကြည်ညိုလှသဖြင့် ထိုင်နေစေပြီးလျှင် ဆွမ်းလုပ်ကျွေးပြီးမှ ပဋိညာဉ်ဝန်ခံခြင်းကို ယူ၍ မိုဃ်းလေးလတို့ ပတ်လုံး မိမိတို့အထံ၌ နေစေပြီးလျှင် တဖန် မိုဃ်းလေးလအခါ ပြန်လာစိမ့်သောငှါ ဝန်ခံစေ၍ လွှတ်လိုက်ကြလေကုန်၏၊
ရသေ့တို့သည်လည်း ထိုအခါမှစ၍ ရှစ်လတို့ပတ်လုံး ဟိမဝန္တာ၌နေ၍ မိုဃ်းလေးလ တို့ပတ်လုံး ထိုသူဌေးကြီး သုံးဦးတို့၏အထံ၌ နေကြလေကုန်၏၊ ထိုရသေ့တို့သည် နောက်အဖို့၌ ဟိမဝန္တာမှ ကြွလာကြကုန်သည်ရှိသော် တောအုပ်၌ တခုသော ပညောင်ပင်ကြီးကို တွေ့မြင်၍ ထိုပညောင်ပင်ရင်း၌ ထိုင်နေကြလေကုန်၏။
ထိုငါးရာသော ရသေ့တို့တွင် အကြီးဆုံးဖြစ်သော ရသေ့သည် ဤသို့ကြံဆင်ခြင် လေ၏၊ ဤပညောင်ပင်၌ စောင့်ရှောက် ထိန်းသိမ်းရသော နတ်သည်ကား ယုတ်ညံ့သော အတိုင်း အရှည်ရှိသော နတ်ဖြစ်လိမ့်မည် မဟုတ်၊ တန်ခိုးကြီးသော နတ်မင်းသည် ဖြစ်ပေလိမ့်မည်၊ ဤနတ်မင်းသည် ရသေ့အပေါင်းအား သောက်ရေကို ပေးလှူပါမူကား ကောင်းလေစွဟု ကြံဆင်ခြင်လေ၏၊
ထိုနတ်သည်လည်း သောက်ရေကို ပေးလှူလေ၏၊ ရသေ့သည် ချိုးရေကို ပေးစေရန် ကြံစည်ပြန်၏၊ ထိုချိုးရေကိုလည်း ပေးလှူလေ၏၊ထို့နောက်မှခဲဖွယ်ဘောဇဉ်ကို ကြံပြန်၏၊ ထိုခဲဖွယ်ဘောဇဉ်ကိုလည်း ပေးလှူလေ၏၊ ထို့နောက်မှ ရသေ့အား ဤသို့သော အကြံသည် ဖြစ်ပြန်၏၊
ဤနတ်မင်းသည် ငါတို့ ကြံတိုင်း ကြံတိုင်း အလုံးစုံသော ဝတ္ထုကို ပေးလှူလေ၏၊ ထို နတ်မင်းကို ငါတို့ မြင်ရပါမူကား ကောင်းလေစွဟု တောင့်တကာ အကြံဖြစ်ပြန် လေ၏၊ နတ်မင်းသည်လည်း ပညောင်ပင် ပင်စည်ကို နှစ်ဖြာဖောက်ခွဲ၍ ကိုယ် ထင်ရှားပြလေ၏။
ထိုအခါ နတ်မင်းကို ရသေ့တို့သည် အရှင်နတ်မင်း အသင် နတ်မင်း၏ စည်းစိမ် ချမ်းသာသည် ကြီးကျယ် ပြန့်ပြောလှပေ၏၊ အဘယ်သို့သော ကောင်းမှုကံကို ပြုသောကြောင့် ဤကဲ့သို့ ကြီးကျယ်ပြန့်ပြောသော စည်းစိမ်ချမ်းသာကို ရအပ်လေ သနည်းဟု မေးကြကုန်၏၊
အရှင်မြတ်တို့ မေးတော်မမူကြပါကုန်လင့် ဟု တားမြစ်သော စကား လျှောက်ကြား လေ၏၊ နတ်မင်း ပြောသာ ပြောကြားပါလော့ဟု တိုက်တွန်းကြကုန်သော်လည်း ထိုနတ်မင်းသည် မိမိပြုအပ်သော ကောင်းမှုကံ၏ နည်းပါးလှသည့်အဖြစ်ကြောင့် ရှက်နိုးလှသည်ဖြစ်၍ ပြောကြား လျှောက်ထားခြင်းငှါ မဝံ့လေ၊ အဖန် တလဲလဲ မပြောဘဲ မနေသာအောင် နှိပ်စက်ကာ မေးအပ်သည်ရှိသော် အရှင်မြတ်တို့ ထိုသို့ ဖြစ်မူ နားထောင်တော် မူကြပါကုန်လော့ဟု ဆို၍ ပြောပြလေ၏။
နေ့ထက်ဝက် ဥပုသ်၏အကျိုး ရုက္ခစိုး
ထိုနတ်သားသည် တယောက်သော လူဆင်းရဲဖြစ်ခဲ့၍ အခစားသူရင်းငှါး အလုပ်ကို ရှာသည်ရှိသော် အနာထပိဏ်သူဌေးကြီး၏ အထံ၌ အခဖြင့် ပြုအပ်သော အလုပ်တခုကိုရ၍ အနာထပိဏ် သူဌေးကြီးကို အမှီပြုလျက် အသက်မွေး ရလေ၏၊
ထို့နောက် အခါတပါး တခုသော ဥပုသ်နေ့ ကြုံကြိုက်လတ်သည် ရှိသော် အနာထပိဏ် သူဌေးကြီးသည် ကျောင်းတော်မှ ပြန်လာခဲ့၍ ထိုအမှုလုပ် သူရင်းငှါးအား ယနေ့ ဥပုသ်နေ့၏ အဖြစ်ကို တစုံတယောက်သော သူသည် ပြောကြားမိလေသလောဟု မေးသည်ရှိသော် အရှင် သူဌေးမင်း မပြောကြားမိပါဟု ဆိုသဖြင့် ထိုသူအလို့ငှါ ညစာထမင်းကို ချက်ထားကြကုန်လော့ဟု ဆိုလေ၏၊ ထိုအခါ တကွမ်းစားမျှလောက်သော ဆန်ကို ထိုသူ့အတွက် ချက်ထားကြကုန်၏။
ထိုအမှုလုပ် သူရင်းငှါးသည် တနေ့ပတ်လုံး တော၌ ကိစ္စကြီးငယ်ကိုပြုလုပ်၍ ညချမ်းသောအခါ၌ ပြန်လာသဖြင့် ထမင်းကို ခူးထည့်ကာ ပေးသည်ရှိသော် ငါသည် ဆာလောင်မွတ်သိပ်လှသည်ဟု အဆော တလျင် မစားသေးတဲ့မူ၍ တပါးသော နေ့တို့၌ ဤအိမ်တွင် ထမင်းကို ပေးကြကုန်လော့၊ ဟင်းကို ပေးကြ ကုန်လော့၊ အမဲဟင်းလျာကို ပေးကြကုန်လော့ဟု ကြီးစွာသော အုတ်အုတ် ကျက်ကျက်သည် ဖြစ်၏၊
ယနေ့ ထိုအလုံးစုံသောသူတို့သည် အသံတိတ်ဆိတ် အိပ်ကြကုန်၏၊ တယောက် တည်းသော ငါ့အလို့ငှါ သာလျှင် ထမင်းအာဟာရကို ခူးထည့်ကာ ပေးကုန်၏၊ အကြောင်းကား အသို့နည်းဟု ကြံ၍ ကျွန်တော်မှ ကြွင်းသောသူတို့သည် ထမင်း စားပြီးကုန်ပြီလော၊ မစားကုန်သေးသလောဟု မေးလေ၏။
အမောင် မစားကုန်ဟု ဆိုသည်ရှိသော် အရှင် အဘယ့်ကြောင့် မစားကြပါကုန် သနည်းဟု မေးမြန်း ပြန်သောအခါ ဤအိမ်တွင် ဥပုသ်နေ့၌ ညစာထမင်းကို မစားကြကုန်၊ အလုံးစုံသောသူတို့သည် ဥပုသ်သီလကို စောင့်သုံးကြကုန်၏၊ ယုတ်သော အပိုင်းအခြားအားဖြင့် နို့စို့နို့ညှာ သူငယ်တို့ကိုသော်လည်း ခံတွင်းကို ဆေးကြောပြီးလျှင် စတုမဓုကို ခံတွင်း၌ ထည့်ပေးစေ၍ သူဌေးကြီးသည် ဥပုသ်သည်တို့ချည်းသာ ဖြစ်အောင်ပြုစေ၏၊ (ပြုခိုင်း၏)
နံ့သာဆီမီး ထွန်းညှိ ပြီးသည်ရှိသော် ငယ်ငယ် ကြီးကြီး အားလုံးသော သတို့သား သူငယ်တို့သည် အိပ်ရာ၌ နေကုန်လျက် ဆံပင်, မွေးညှင်းစသော ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို စီးဖြန်းကာ ရွတ်ဆို သရဇ္ဈာယ် ကြကုန်၏၊ အသင့်အားကား ဥပုသ်နေ့၏ အဖြစ်ကို ပြောခြင်းငှါ သတိကို မပြုမိကြကုန်၊ ထို့ကြောင့် အသင်စားဘို့သာ ထမင်းကို ချက်အပ်၏၊
ထိုထမင်းကို စားလေလော့ဟု ဆိုသည်ရှိသော် အမှုလုပ် သူရင်းငှါးသည် ဤယခု နေလွှဲအခါ၌ ဥပုသ် စောင့်သုံးကောင်းသည် အကယ်၍ ခု ဖြစ်သင့်ပါအံ့၊ ကျွန်တော်သည်လည်း ဥပုသ်စောင့်သုံးသောသူ ဖြစ်လိုပါသည်ဟု ဆိုလေ၏၊ ဤ အကြောင်းကို သူဌေးသည် သိပေလတ္တံ့ ဟု ဆိုသည်ရှိသော် ထိုသို့ ဖြစ်မူ အရှင် သူဌေးကြီးကို မေးပေးကြပါဟု ဆိုသဖြင့် ထိုသူတို့သည် သွား၍ သူဌေးကြီးကို မေးကြကုန်၏၊
ထိုသူဌေးကြီးသည် ဤသို့ ဆို၏၊ ယခုအခါ၌ကား မစားမသောက်မူ၍ ခံတွင်းကို ဆေးကြော၍ ဥပုသ် အင်္ဂါတို့ကို ဆောက်တည် သည်ရှိသော် ထက်ဝက်သော ဥပုသ်ကံကို ရပေလတ္တံ့ဟု ပြောဆိုလေ၏၊ အမှုလုပ် သူရင်းငှါးလည်း သူဌေးကြီး၏ စကားကို ကြားရလျှင် သူဌေးကြီး ပြောဆိုတိုင်းပင် ပြုလေ၏။
တနေ့ပတ်လုံး အမှုကိစ္စကြီးငယ် အဝဝကို ရွက်ဆောင်ပြုလုပ်ရ၍ မွတ်သိပ် ဆာလောင်ခြင်း ပြင်းစွာ နှိပ်စက်သော ထိုအခစား သူရင်းငှါး၏ ကိုယ်၌ လေတို့သည် ပျက်ကုန်၏၊ ထိုသူရင်းငှါးသည် ဝမ်းကို ကြိုးဖြင့်ဖွဲ့ချည်၍ ကြိုး၏အစွန်းဖြင့် ဆွဲငင်ပြီးလျှင် လူးလှိမ့်ကာ နေရှာလေ၏၊
အနာထပိဏ် သူဌေးကြီးသည် ထိုအကြောင်းကို ကြား၍ မီးရှုးမီးတိုင် ညှိထွန်းပြီးလျှင် စတုမဓုကို ယူစေလျက် အခစား သူရင်းငှါး၏ အထံသို့ လာခဲ့၍ အမောင် အသို့ ဖြစ်သနည်းဟုမေးလတ်သော် အရှင် သူဌေးမင်း ကျွန်တော်အား လေတို့သည် ပြင်းစွာ ပွားတက် ပျက်ပျက် ရှိကြပါသည်ဟု ပြောကြားလေ၏၊ ထိုသို့ဖြစ်မူ အမောင် ထ၍ ဤ စတုမဓုဆေးကို စားသောက်ပါလော့ဟု ဆိုလတ်သော် အရှင် သူဌေးမင်း အရှင်တို့ သည်လည်း စားသောက်ကြပါကုန်သလောဟု မေးလေ၏။
အမောင် ငါတို့အား မချမ်းမသာ ရောဂါ ဖြစ်ပွားခြင်း မရှိ၊ အမောင်သည်သာလျှင် စားသောက်လေလော့ဟု ပြောသောအခါ အရှင် သူဌေးမင်း ကျွန်တော်သည် ဥပုသ် စောင့်သုံးခြင်းကို ပြုပါသော်လည်း အလုံးစုံသော တနေ့လုံးဥပုသ်ကို စောင့်သုံးခြင်းငှါ မစွမ်းနိုင်ပါ၊ ကျွန်တော်၏ ထက်ဝက်သော ဥပုသ်ကို စောင့်သုံး ဆောက်တည်ရခြင်း သည်လည်း ချို့တဲ့ခြင်းသည် မဖြစ်ပါစေလင့်ဟု ဆို၍ စားသောက်ခြင်းငှါ အလို မရှိလေသတည်း၊
အမောင် ဤသို့ မပြုလင့်ဟု အဖန် တလဲလဲ ပြောဆိုအပ်သော်လည်း အလိုမရှိ သောကြောင့် အရုဏ် တက်သည် ရှိသော် ညှိုးနွမ်းသော ပန်းကဲ့သို့ သေလွန်ခြင်းကို ပြု၍ ဤ ပညောင်ပင်၌ ဖြစ်လာလေ၏၊ ထို့ကြောင့် ဤအကြောင်းအရာကို ရုက္ခစိုး နတ်မင်းသည် ပြန်ပြောင်းကာ ပြောဆိုပြီးလျှင် အနာထပိဏ် သူဌေးကြီးသည် ဘုရား တရား သံဃာ ရတနာသုံးပါး၌ မရက်မစက် မြတ်နိုး၏၊ ထိုအနာထပိဏ် သူဌေးကြီးကို အမှီပြု၍ ပြုအပ်သော ထက်ဝက်သော ဥပုသ်ကံ၏ အကျိုးဆက် အာနိသင်အားဖြင့် ဤသို့သော စည်းစိမ်ချမ်းသာတို့ကို အကျွန်ုပ်သည် ရပါသတည်း ဟု ပြောကြားလေ၏။
ရသေ့ငါးရာတို့ ရဟန္တာဖြစ်ကြခြင်း
ငါးရာကုန်သော ရသေ့တို့သည် ဘုရား ဟူသော အသံကို ကြားလျှင် ကြားခြင်း နေရာမှထပြီးလျှင် နတ်မင်းအား လက်အုပ်ချီမိုး၍ ဘုရားဟူ၍ သင် ဆိုပါသလော, ဘုရားဟူ၍ သင်ဆိုပါသလောဟု မေးသဖြင့် နတ်မင်းက ဘုရား ဟူ၍ ဆိုပါသည်, ဘုရားဟူ၍ ဆိုပါသည်ဟု သုံးကြိမ်တိုင်အောင်ဝန်ခံစေပြီးလျှင် “ဃောသောပိ ခေါ ဧသော ဒုလ္လဘော လောကသ္မိံ” (လောက၌ ဤဘုရား ဟူသော အသံကိုမျှ သော်လည်း အလွန်ရခဲ၏) ဟု ဝမ်းမြောက်ဝမ်းသာ ဥဒါန်း ကျူးရင့်လျက် အရှင်နတ်မင်း များစွာကုန်သော ကမ္ဘာ တသိန်းတို့၌ မကြားအပ် စဖူးသော ဘုရား ဟူသော အသံကို အရှင်နတ်မင်းသည် ငါတို့ကို ကြားနာပေ အပ်ပြီဟု အံ့ဩ ပြောဆိုကြလေကုန်၏၊
ထို့နောက်မှ အတွင်းနေ တပည့်တို့သည် ဆရာရသေ့ကို ထိုသို့ဖြစ်မူ မြတ်စွာဘုရား အထံတော်သို့ သွားကြကုန်စိုအံ့ဟု လျှောက်ကြားကြကုန်၏၊ အမောင် တပည့်တို့ သုံးဦးကုန်သော သူဌေးကြီးတို့သည် ငါတို့အား ကျေးဇူးများကုန်၏၊ နက်ဖြန် ထို သူဌေးကြီးတို့၏ အိမ်၌ ဆွမ်းခံပြီးလျှင် ထိုသူဌေးကြီးတို့အားလည်း အကြောင်းကို ပြောကြားပြီးမှ သွားကြကုန်စိုအံ့၊ သည်းခံကြကုန်ဦး အမောင် တပည့်တို့ဟု ပြောဆိုလေ၏၊ ထိုတပည့်တို့သည် သည်းခံကြလေကုန်၏။
တဖန် မိုးသောက် ရောက်သောနေ့၌ သူဌေးကြီးတို့သည် ယာဂုထမင်းကို ပြည့်စုံစေ၍ နေရာတို့ကို ခင်းပြီးလျှင် ယနေ့သည်ကား ငါတို့၏ အရှင်ရသေ့တို့ ကြွလာတော် မူအံ့သော နေ့ပေတည်းဟု သိနှင့်၍ ခရီးဦးကြိုဆိုခြင်း ကိုပြုပြီးသော် ထိုရသေ့တို့ကို အိမ်သို့ ပင့်ဆောင်သွား၍ သီတင်းသုံး ထိုင်နေစေပြီးလျှင် ဆွမ်းလှူဒါန်းကြ ကုန်၏၊ ထိုရသေ့တို့လည်း ဆွမ်းစားခြင်းကိစ္စပြီးဆုံးသည်ရှိသော် သူဌေးကြီးတို့ကို ငါတို့သည် သွားကြကုန် တော့အံ့ဟု ဆိုကုန်၏၊
အရှင်ဘုရားတို့ အရှင်မြတ်တို့သည် မိုဃ်းလေးလပတ်လုံး တပည့်တော်တို့အား ဝန်ခံအပ်ပြီးသည် မဟုတ် ကုန်လော၊ ယခုအခါ အဘယ်အရပ်သို့ ကြွတော်မူကြကုန် လတ္တံ့နည်းဟု မေးလျှောက်ကြကုန်၏၊ သူဌေးကြီးတို့ လောက လူ့ရွာ၌ ဘုရား ပွင့်တော်မူသတတ်၊ တရားဖြစ်ပေါ်တော် မူသတတ်၊ သံဃာ ဖြစ်ပေါ်တော် မူသတတ်၊ ထို့ကြောင့် မြတ်စွာဘုရား၏ အထံသို့ သွားကုန်တော့အံ့ဟု ပြောသောအခါ အရှင်မြတ်တို့ အသို့နည်း၊ ထိုမြတ်စွာဘုရား၏ အထံသို့ အရှင်မြတ်တို့အားသာ သွားအပ်ပါသလော ဟု မေးလျှောက်လေ၏။
ဒါယကာတို့ တပါးသောသူတို့အားလည်း တားမြစ်ပိတ်ပင်ခြင်း မရှိပေဟု ဆိုသဖြင့် အရှင်မြတ်တို့ ထိုသို့ဖြစ်မူ ဆိုင်းငံ့တော်မူကြပါဦး၊ တပည့်တော်တို့သည်လည်း သွားအံ့သော အစီအရင်ကိုပြု၍ လိုက်ပါကုန်အံ့ဟု လျှောက်ကြကုန်၏၊ အသင် တို့သည် အစီအရင်ကို ပြုကုန်သည်ရှိသော် ငါတို့အား ကြာမြင့် ခြင်း ဖြစ်ပေလိမ့်မည်၊ ငါတို့သည် ရှေ့မှ သွားနှင့်ကုန်အံ့၊ သင်တို့သည် နောက်မှ လိုက်လာကြကုန်လော့ဟု ဆို၍ ထိုရသေ့တို့သည် ရှေးဦးစွာ မြတ်စွာဘုရား အထံတော်သို့ သွား၍ မြတ်စွာဘုရားကို မြင်လျှင်မြင်ခြင်း လွန်စွာ ချီးမွမ်း ထောမနာ၍ ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် တင့်အပ် လျောက်ပတ်သော အရပ်၌ ထိုင်နေကြလေကုန်၏။
ထိုအခါ ရသေ့တို့အား မြတ်စွာဘုရားသည် အစဉ်အတိုင်းသော စကားကို မိန့်ဆိုတော်မူ၍ တရား ဟောတော်မူလေ၏၊ ဒေသနာတော်၏ အဆုံး၌ အလုံးစုံ ကုန်သော ရသေ့တို့သည် ပဋိသမ္ဘိဒါတို့နှင့် တကွ အရဟတ္တဖိုလ်သို့ ရောက်၍ ရဟန်း အဖြစ်ကို တောင်းပန်လျှင် “ဧထ ဘိက္ခဝေါ - ရဟန်းတို့ လာလှည့် ကုန်လော့”စသော စကားတော်၏ အခြားမဲ့၌ တန်ခိုးဖြင့် ပြီးသော သပိတ်, သင်္ကန်းကို ဆင်မြန်း လွယ်ချီကုန်လျက် ဧဟိ ဘိက္ခု ရဟန်းတို့ ဖြစ်ကြလေကုန်၏။
မြတ်စွာဘုရား ကောသမ္ဗီပြည်သို့ ကြွရောက် သီတင်းသုံးတော်မူခြင်း
ထို သုံးယောက်ကုန်သော သူဌေးကြီး တို့သည်လည်း ငါးရာ ငါးရာကုန်သော လှည်းတို့ဖြင့် အပတ်ပုဆိုး, ထောပတ်, ပျား, တင်လဲ အစရှိကုန်သော အလုံးစုံသော လှူဒါန်းဖွယ် အဆောက်အဦတို့ကို ယူ၍ သာဝတ္ထိပြည်သို့ ခရီးအစဉ် အတိုင်း ရောက်လာပြီးလျှင် မြတ်စွာဘုရား ကိုယ်တော်မြတ်ကို ရိုသေမြတ်နိုး ရှိခိုး၍ တရား စကားကိုကြားနာရသဖြင့် တရားဒေသနာ ဂါထာ၏အဆုံး၌ သောတာပတ္တိဖိုလ်၌ တည်ကြကုန်၍ တဆယ့်ငါးရက်မျှ ကာလပတ်လုံး အလှူဒါနကို ပေးလှူလျက် မြတ်စွာဘုရား အထံတော်၌သာ မှီဝဲ ဆည်းကပ်ကာနေ၍ ကောသမ္ဗီပြည်သို့ ကြွလာတော်မူစိမ့်သောငှါ မြတ်စွာဘုရားကို တောင်းပန်လျှောက်ထား ကြလေလျှင် မြတ်စွာဘုရားလည်း ပဋိညာဉ်ကို ပေးတော်မူလိုသဖြင့် ဒါယကာ သူဌေးကြီးတို့ လာခြင်း ကောင်းတော်မူကုန်သော ဘုရားတို့သည် ဆိတ်ငြိမ်ရာ အရပ်၌သာလျှင် မွေ့လျော်ကြကုန်၏ ဟု မိန့်ဆိုတော် မူလတ်သည်ရှိသော် ဘုန်းတော်ကြီးတော် မူသော မြတ်စွာဘုရား တပည့်တော်တို့သည် သိအပ်ပါပြီ၊
တပည့်တော်တို့သည် စေလွှတ်အပ်သော သတင်းစကားဖြင့် ကြွလာတော် မူခြင်းငှါ သင့်လျော် လျောက်ပတ်ပါသည် ဘုရားဟု လျှောတ်ထားပြီးလျှင် ကောသမ္ဗီပြည်သို့ ပြန်သွား၍ -
ဃောသက သူဌေးကြီးသည် ဃောသိတာရုံ ကျောင်းတိုက်ကြီး၎င်း၊
ကုက္ကုဋ သူဌေးကြီးသည် ကုက္ကုဋာရုံ ကျောင်းတိုက်ကြီး၎င်း၊
ပဝါရိယ သူဌေးကြီးသည် ပါဝါရိယာရုံ ကျောင်းတိုက်ကြီး၎င်း၊
ဤသို့ အားဖြင့် သုံးခုကုန်သောအာရာမ် ကျောင်းတိုက်ကြီးတို့ကို ပြုလုပ်စေ၍ မြတ်စွာဘုရားအား ကြွလာတော်မူစိမ့်သောငှါ သတင်းစကားကို စေလွှတ်ကြကုန်၏။
မြတ်စွာဘုရားသည် ထိုသူဌေးကြီးတို့ စေလွှတ်အပ်သော သတင်းစကားကို ကြားသိတော်မူ၍ ကောသမ္ဗီပြည်သို့ ကြွတော်မူလေ၏၊ ထို သူဌေးကြီးတို့သည် ခရီးဦး ကြိုဆို၍ မြတ်စွာဘုရားကို ကျောင်းတိုက်ကြီးသို့ ပင့်သွားပြီးလျှင် အလှည့်လှည့်ဖြင့် လုပ်ကျွေးပြုစုကြကုန်၏၊
မြတ်စွာဘုရားသည် နေ့တိုင်း နေ့တိုင်း တခု တခုသော ကျောင်း၌ သီတင်းသုံး စံနေတော်မူ၏၊ အကြင် သူဌေး၏ ကျောင်း၌ သီတင်းသုံး စံနေတော်မူသည် ဖြစ်အံ့၊ ထိုသူဌေး၏ အိမ်တံခါး၌သာ ဆွမ်းအလို့ငှါ ကြွတော်မူလေ၏။
မြတ်စွာဘုရားအား သုမနပန်းသည် ဆွမ်းကျွေးရာ၌ ခုဇ္ဇုတ္တရာ သောတာပန် တည်ခြင်း
ထိုအခါ သုမနမည်သော ပန်းသည်သည် ထိုသူဌေးကြီးသုံးဦးတို့၏ အလုပ်အကျွေး တယောက် ဖြစ်လေ၏၊ ထိုသုမန ပန်းသည်သည် သူဌေးကြီးတို့ကို ဤသို့ ဆိုလေ၏၊ အကျွန်ုပ်သည် အရှင်သူဌေးကြီးတို့အား ကြာမြင့်စွာသော နေ့ညဉ့်ပတ်လုံး ကျေးဇူး ဥပကာရ ပြုရပါသည်၊
အကျွန်ုပ်သည်လည်း မြတ်စွာဘုရားကို ဆွမ်းကျွေးခြင်းငှါ အလိုရှိပါသည်၊ အကျွန်ုပ်အား တနေ့အဖို့မှ မြတ်စွာဘုရားကို ပေးသနားကြပါဦးလော့ဟု ခွင့်တောင်းလေ၏၊ ထိုသို့ဖြစ်မူ အချင်း သုမန နက်ဖြန် ကျွေးမွေး လှူဒါန်းလေလော့ဟု ခွင့်ပေးကြကုန်၏၊ အရှင်တို့ ကောင်းပါပြီဟု ဝန်ခံ၍ မြတ်စွာဘုရားကို ပင့်ဖိတ်ပြီးလျှင် လှူဖွယ် ဝတ္ထု တို့ကို စီရင်လေ၏။
ထိုအခါ ဥတေနမင်းကြီးသည် သာမာဝတီ မိဖုယားအား နေ့တိုင်း နေ့တိုင်း ပန်းဘိုးငွေ အသပြာ ရှစ်ကျပ်တို့ကို ပေးလေ၏၊ ထိုသာမာဝတီ မိဖုယား၏ ခုဇ္ဇုတ္တရာ အမည်ရှိသော ကျွန်မသည် သုမန ပန်းသည်၏ အထံသို့သွား၍ ပန်းတို့ကို မပြတ် ဝယ်ယူရ၏၊
ထိုအခါ ဆွမ်းကျွေးသောနေ့၌ ရောက်လာသော ထိုခုဇ္ဇုတ္တရာကို သုမန ပန်းသည်က ငါသည် မြတ်စွာဘုရားကို ပင့်ဖိတ်အပ်လေပြီ၊ ယနေ့ပန်း ဦးဦးဖျားဖျားတို့ဖြင့် မြတ်စွာဘုရားကို ပူဇော်ဦးအံ့၊ အသင် သည် ထိုရွေ့မျှလောက် ဆိုင်းငံ့တည်နေပါဦး၊ ဆွမ်းလုပ်ကျွေးရာ၌ အဖော်ဖြစ်၍ တရားတော်ကို နာပြီးမှ ကြွင်းသော ပန်းတို့ကို ယူ၍ သွားရပေလတ္တံ့ဟု ဆို၏၊
ခုဇ္ဇုတ္တရာ ကျွန်မကလည်း ကောင်းပါပြီဟု ဝန်ခံလေ၏၊ သုမန ပန်းသည်သည် ဘုရား အမှူးရှိသော ရဟန်း သံဃာတော် အပေါင်းကို ဆွမ်းလုပ်ကျွေး ပြီးလျှင် အနုမောဒနာ တရား ဟောကြားခြင်းငှါ သပိတ်တော်ကို ယူလေ၏၊ မြတ်စွာဘုရားသည် အနုမောဒနာ တရားဒေသနာတော်ကို အားထုတ်ကာ ဟောကြားတော်မူ လေ၏၊
ခုဇ္ဇုတ္တရာကျွန်မသည် မြတ်စွာဘုရား၏ တရားစကားကို ကြားနာစဉ်ပင်လျှင် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ထိုခုဇ္ဇုတ္တရာသည် တပါးသောနေ့တို့၌ အသပြာ လေးကျပ်တို့ကို မိမိ၏အဖို့ ယူထားပြီးမှ အသပြာ လေးကျပ်တို့ဖြင့်သာလျှင် ပန်းတို့ကို ဝယ်ယူ၍ သွား၏၊ ထိုသောတာပန် တည်သော နေ့၌မူကား အသပြာ ရှစ်ကျပ်ဘိုးစလုံးတို့ဖြင့် ပန်းတို့ကို ဝယ်ယူ၍ သွားလေ၏။
ထိုအခါ ခုဇ္ဇုတ္တရာ ကျွန်မကို သာမာဝတီ မိဖုယားက အသို့နည်း၊ မိခင် ယနေ့ ကျွန်မတို့အား အရှင်မင်းမြတ် သည် နှစ်ဆတက်သော ပန်းဘိုးကို ပေးသနားတော်မူလေ သလောဟု မေးလျှင် အရှင်မ မဟုတ်ပါဟု ဆို၏၊ ထိုသို့မဟုတ်လျှင် အဘယ့်ကြောင့် ပန်းတို့သည် များရသနည်းဟု မေးပြန်လျှင် တပါးသော နေ့တို့၌ ကျွန်မသည် အသပြာ လေးကျပ်တို့ကို ယူထားလေ၏၊ အသပြာ လေးကျပ်တို့ဖြင့် ပန်းတို့ကို ဆောင်ကြဉ်း ခဲ့ပါသည်ဟု ဆိုလေ၏၊ ယနေ့ကား အဘယ့်ကြောင့် မယူဘိသနည်းဟု မေးပြန်သဖြင့် မြတ်စွာဘုရား၏ တရားတော်မြတ်ကို ကြားနာရ၍ တရားထူးကို ရအပ်သည်၏ အဖြစ်ကြောင့် မယူပါဟု ပြောကြားလေ၏။
သာမာဝတီတို့ သောတာပန်တည်ခြင်းနှင့် ခုဇ္ဇုတ္တရာ ပိဋကတ်သုံးပုံဆောင် ဧတဒဂ် ရခြင်း
ထိုအခါ ခုဇ္ဇုတ္တရာကျွန်မကို ဟဲ့ ကြမ်းတန်း ယုတ်မာလှစွာသော ကျွန်ပျက်မ ဤမျှလောက်သော ကာလပတ်လုံး နင်ခိုးယူအပ်သော အသပြာတို့ကို ငါတို့ ပြန်ပေးတဲ့ဟု မခြိမ်းမချောက် မဆိုမငေါက်မူ၍ မိခင် အသင်မိခင်သည် သောက်မျို ရရှိခဲ့သော အမြိုက်တရားကို ကျွန်မတို့ကိုလည်း တိုက်ကျွေးပါဦးလော့ဟု တောင်းပန် ပြောဆိုရကား ထိုသို့ဖြစ်မူ ကျွန်မကို ရေချိုးပေးဦးဟု ဆိုသည်ရှိသော် တဆယ့် ခြောက်လုံး ကုန်သော နံ့သာရေအိုးတို့ဖြင့် ရေချိုးစေပြီးလျှင် ပြေပြစ် ချောမွေ့သော အဝတ်ပုဆိုး နှစ်ထည်တို့ကို ပေးစေ၏၊
ခုဇ္ဇုတ္တရာသည် တထည်ဝတ်၍ တထည်ကို ရုံသဖြင့် နေရာကိုခင်းစေ၍၎င်း၊ ယပ်တခုကို ဆောင်ယူစေ၍၎င်း၊ ခင်းထားအပ်သော မြတ်သောနေရာ၌ ထိုင်နေလျက် ဆန်းကြယ်သော ယပ်ကိုကိုင်ယူပြီးလျှင် ငါးရာကုန်သော နန်းတွင်းသူ မောင်းမတို့ကို ခေါ်လျက် သိစေလျက် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော နည်းဖြင့်သာလျှင် တရားတော်ကို ဟောကြားလေ၏၊
ထိုခုတ္တရာ၏ တရားစကားကို ကြားနာရ၍ အလုံးစုံကုန်သော နန်းတွင်းသူ မောင်းမ ငါးရာတို့သည်လည်း သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။
အလုံးစုံသော ထိုနန်းတွင်းသူ မောင်းမ ငါးရာတို့သည် ခုဇ္ဇုတ္တရာကို ရိုသေ မြတ်နိုး ရှိခိုးပြီးလျှင် မိခင် ယနေ့မှစ၍ အသင်မိခင်သည် ညစ်နွမ်းသော အစေ အပါးအမှုကို မပြုပါလင့်၊ ကျွန်မတို့၏ မိခင်အရာ၌၎င်း၊ ဆရာအရာ၌၎င်းတည်၍ မြတ်စွာဘုရား၏ အထံတော်သို့သွားပြီးလျှင် မြတ်စွာဘုရား ဟောအပ်တိုင်းသော တရားတော်ကို ကြားနာ၍ ကျွန်မတို့အား ဟောပြပါလော့ဟု ပြောဆိုကြလေကုန်၏၊
ခုဇ္ဇုတ္တရာသည် ထိုသို့ပြောဆိုတိုင်းသာလျှင် ပြုသည်ရှိသော် နောက်အဖို့၌ ပိဋကတ် သုံးပုံဆောင် ဖြစ်လေ၏၊ ထို့နောက် ခုဇ္ဇုတ္တရာကိုမြတ်စွာဘုရား သည် “ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ ဗဟုဿုတာနံ ဓမ္မကထိကာနံ ယဒိဒံ ခုဇ္ဇုတ္တရာ”ဟု ဧတဒဂ်အရာ၌ ထားတော်မူလေ၏။
အနက်ကား -
ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။
မမ၊ ငါဘုရား၏။
သာဝိကာနံ၊ တပည့်မ ဖြစ်ကုန်သော။
ဗဟုဿုတာနံ၊ များသော အကြားအမြင် ရှိကုန်သော။
ဓမ္မကထိကာနံ၊ တရားဟောတတ်ကုန်သော တပည့် ဒါယိကာမတို့တွင်။
ယဒိဒံ ယာ ဧသာ ခုဇ္ဇုတ္တရာ၊ အကြင် ခုဇ္ဇုတ္တရာသည်။
အတ္ထိ၊ ရှိ၏။
ဧတံ ဧသော ခုဇ္ဇုတ္တရာ၊ ထိုခုဇ္ဇုတ္တရာသည်။
အဂ္ဂံ-အဂ္ဂါ၊ အတော်ဆုံးဖြစ်၏။
သာမာဝတီ မိဖုယား အမှူးရှိကုန်သော ငါးရာကုန်သော နန်းတွင်းသူတို့ သည်လည်း ခုဇ္ဇုတ္တရာကို မိခင် ကျွန်မတို့လည်း မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ အလိုရှိပါကုန်၏၊ ကျွန်မတို့အား မြတ်စွာဘုရားကို ပြပါလော့၊ နံ့သာ ပန်း စသည်တို့ဖြင့် ထို မြတ်စွာဘုရားကို ပူဇော်ပါရစေဟု တောင်းပန် ပြောကြားကြကုန်၏၊
အရှင်မတို့ မင်းမျိုးမည်သည်ကား ဝန်လေးလှပါသည်၊ အရှင်မတို့ကို ယူဆောင်၍ အပြင်ဘက်သို့ ထွက်သွားခြင်းငှါ မတတ်ကောင်းပါဟု ဆိုလျှင် မိခင် ကျွန်မတို့ကို မဖျက်ဆီးပါလင့်၊ ကျွန်မတို့အား မြတ်စွာဘုရားကို ပြသာ ပြပါဟု (ပူပူဆာဆာ) တောင်းပန်ကြကုန်သဖြင့် ထိုသို့ဖြစ်မူ အရှင်မတို့၏ နေရာတိုက်ခန်းတို့၏ နံရံတို့၌ အကြင်မျှလောက် အပေါက်ကို ဖောက်အပ်သည် ရှိသော် ကြည့်ရှုခြင်းငှါ စွမ်းနိုင်၏၊
ထိုမျှလောက်သော အပေါက်ကို ဖောက်၍ နံ့သာ ပန်းမာလ်ကို ဆောင်ယူစေကုန် လျက်သာလျှင် သုံးဦး ကုန်သော သူဌေး ကြီးတို့၏ အိမ်တံခါးသို့ ကြွသွားတော်မူသော မြတ်စွာဘုရားကို ထိုထိုသို့သော နေရာတို့၌ နေကုန်၍ ကြည့်ရှုကာ ဖူးမြင်လည်း ဖူးမြင်ကြကုန်လော့၊ လက်တို့ကို ဆန့်တန်း၍ ရှိခိုးလည်း ရှိခိုးကြကုန်လော့၊ ပူဇော်လည်း ပူဇော်ကြကုန်လော့ဟု ပြောကြားလေ၏၊
ထိုနန်းတွင်းသူ မောင်းမ ငါးရာတို့သည်လည်း ထိုခုဇ္ဇုတ္တရာ ပြောကြားသောအတိုင်း ပြု၍ မြတ်စွာဘုရား ကြွသွားတော်မူသော အခါ၌၎င်း၊ ပြန်လည်တော်မူသောအခါ၌၎င်း ကြည့်ရှုဖူးမျှော်လျက် ရှိခိုး ပူဇော်ကြလေ ကုန်သတည်း။
မာဂဏ္ဍီသည် သာမာဝတီတို့အား ပျက်စီးကြောင်း အားထုတ်ခြင်း
ထိုအခါ တနေ့သ၌ မာဂဏ္ဍီမိဖုယားသည် မိမိ၏ ပြာသာဒ်အပြင်မှ ထွက်၍ လူးလာ တုံ့ခေါက် လျှောက်သွား သည်ရှိသော် သာမာဝတီ အမှူးရှိကုန်သော နန်းတွင်းသူ မောင်းမတို့၏ နေရာသို့ ရောက်သွားသဖြင့် တိုက်ခန်းတို့၌ အပေါက်ကို မြင်လျှင် ဤအပေါက်ကား အဘယ်နည်းဟု မေးရာ သာမာဝတီ အမှူးရှိ ကုန်သော မောင်းမတို့ကလည်း မာဂဏ္ဍီ မိဖုယား၏ မြတ်စွာဘုရား၌ ရန်ငြိုး ဖွဲ့ထားသည့် အဖြစ်ကို မသိလေသောကြောင့် မြတ်စွာဘုရားသည် ဤမြို့သို့ ကြွလာတော်မူပါသည်၊
ကျွန်မတို့သည် ဤနေရာဌာန၌ တည်နေကုန်လျက် မြတ်စွာဘုရားကို ကြည့်ရှု ဖူးမျှော်လည်း ဖူးမျှော်ကြကုန်၏၊ ပူဇော်လည်း ပူဇော်ကြကုန်၏ဟု ဆိုသည်ရှိသော် ရဟန်းဂေါတမသည် ဤမြို့သို့ ကြွလာတော် မူသတဲ့လား၊ ယခုအခါ၌ ထိုရဟန်း ဂေါတမအား ပြုသင့်ပြုထိုက်သော အမှုကို သိရပေတော့အံ့၊ ဤ မိန်းမ ငါးရာတို့သည်လည်း ထိုရဟန်းဂေါတမ၏ အလုပ်အကျွေး ဖြစ်ကြကုန်၏၊ ဤမိန်းမတို့အား လည်း ပြုသင့်ပြုထိုက်သော အမှုကို သိရပေတော့အံ့ဟု ကြံပြီးလျှင် မင်းကြီးထံသို့ သွား၍ မြတ်သောမင်းကြီး သာမာဝတီ အမှူးရှိကုန်သော နန်းတွင်းသူ မောင်းမ ငါးရာတို့အား အပပြင် ဘက်၌ မြတ်နိုးတောင့်တခြင်း ရှိ၏၊ နှစ်ရက် သုံးရက်မျှဖြင့် သာလျှင် အသင် မင်းကြီး၏ အသက်ကို ချသတ်ကြပါကုန်လတ္တံ့ ဟု လျှောက်တင်လေ၏။
ဥတေနမင်းကြီးသည် ထိုမိန်းမတို့ကား ဤသို့သဘောရှိသည်ကို မပြုကုန် လတ္တံ့ ဟု အမှတ်သညာထား၍ ယုံကြည်ခြင်း အလျဉ်းမရှိလေ၊ အဖန်တလဲလဲ လျှောက်တင် အပ်သော်လည်း မယုံကြည်သည် သာလျှင်တည်း၊
ထိုအခါ၌ မင်းကြီးကို ဤသို့ သုံးကြိမ်တိုင်အောင် ပြောဆိုအပ်သော်လည်း မယုံကြည်ဘဲ ရှိသောအခါ အရှင်မင်းကြီး ကျွန်တော်မ၏ စကားကို အကယ်၍ မယုံကြည်သည် ဖြစ်ခဲ့ပါအံ့၊ သာမာဝတီ အမှူးရှိသော ထိုမိန်းမ ငါးရာတို့၏ နေရာဌာနသို့ ကြွသွား၍ စူးစမ်း ဆင်ခြင်တော်မူပါဟု လျှောက်ထားပြန်လေ၏၊
ဥတေနံ မင်းကြီးသည် ကြွသွား ကြည့်ရှုသည်ရှိသော် တိုက်ခန်းတို့၌ အပေါက်ကို မြင်ရလျှင် ဤအပေါက်သည်ကား အဘယ်နည်းဟု မေးသဖြင့် ထိုအကြောင်းကို ကြားလျှောက်ကုန်သည်ရှိသော် ထိုမိန်းမ ငါးရာတို့အား အမျက် မထွက်သဖြင့် တစုံတခုသော စကားကိုမျှ မဆိုဘဲသာလျှင် အပေါက်တို့ကို ပိတ်စေ၍ အလုံးစုံကုန်သော တိုက်ခန်းတို့၌ အထက်မြင့်ရာ၌ ဖောက်အပ်သော လေသာပြူတင်း တို့ကို ပြုလုပ်စေ လေသတည်း။
အထက်မြင့်ရာ၌ ဖောက်အပ်သော လေသာ ပြုတင်းတို့သည် ထိုအခါကာလ၌ ဖြစ်ပေါ်ကုန်သတတ်။
အရှင်အာနန္ဒာအား အဆဲခံတရားကြီး
ဟောပြပုံ ဆဲနိုင်လှ ခုနစ်ရက်
မာဂဏ္ဍီ မိဖုယားသည် သာမာဝတီ အမှူးရှိကုန်သော ထိုနန်းတွင်းသူ မောင်းမ ငါးရာ တို့အား တစုံတခုကို ပြုခြင်းငှါ မစွမ်းနိုင်ရကား ရဟန်းဂေါတမ အားသာလျှင် ပြုသင့်ပြုထိုက်သော အမှုကို ပြုပေတော့အံ့ဟု မြို့သူမြို့သားတို့အား တံစိုး လက်ဆောင် ပေးပြီးလျှင် မြို့တွင်းသို့ ကြွဝင်၍ လှည့်လည်သော ရဟန်း ဂေါတမကို ကျွန်အမှုလုပ် ယောကျ်ားတို့နှင့်တကွ ဆဲရေးစေ၍ ရေရွတ်စေ၍ ထွက်ပြေးစေကြ ကုန်လော့ဟု စေခိုင်းလေ၏၊
ရတနာသုံးပါး၌ မကြည်ညိုကုန်သော မိစ္ဆာဒိဋ္ဌိတို့သည် မြို့တွင်းသို့ကြွဝင်တော်မူ လာသော မြတ်စွာဘုရားကို နောက်မှ အစဉ်လိုက်၍ ခိုးသူဟူ၍၎င်း၊ မိုက်မဲသောသူ ဟူ၍၎င်း၊ တွေဝေသောသူ ဟူ၍၎င်း၊ ကုလားအုပ် ဟူ၍၎င်း၊ နွား ဟူ၍၎င်း၊ မြည်း ဟူ၍၎င်း၊ ငရဲသားဟူ၍၎င်း၊ တိရစ္ဆာန်ဟူ၍၎င်း၊ အသင့်အား ကောင်းသော လားရာ သုဂတိ မရှိ ဟူ၍၎င်း၊ အသင့် အလို့ငှါ မကောင်းသော လားရာ ဒုဂ္ဂတိကိုသာ အလို ရှိအပ်၏ ဟူ၍၎င်း ဤသို့သော အခြင်းအရာ ဆယ်ဖြာကုန်သော ဆဲရေးကြောင်း စကားတို့ဖြင့် ဆဲရေးကြ ရေရွတ်ကြကုန်၏၊
ထိုသို့ ဆဲရေး ရေရွတ်သည်ကို ကြား၍ အရှင်အာနန္ဒာသည် မြတ်စွာဘုရားကို ဤသို့သော စကား လျှောက်ကြားလေ၏၊ ဘုန်းတော် ကြီးတော်မူလှသော မြတ်စွာဘုရား ဤကောသမ္ဗီ ပြည်သူ ပြည်သားတို့သည် တပည့်တော်တို့ကို ဆဲရေးကြ ရေရွတ်ကြပါကုန်၏ ဤမြို့မှ တပါးသော မြို့သို့ ဖဲသွားကြပါကုန်အံ့ ဘုရားဟု လျှောက်ထားလေ၏။
ချစ်သား အာနန္ဒာ အဘယ်အရပ်သို့ သင်သွားလိုသနည်းဟု မိန့်တော်မူသည် ရှိသော် မြတ်စွာဘုရား တပါးသောမြို့သို့ သွားလိုကြပါကုန်သည် ဘုရားဟု လျှောက်ထား၏၊ ချစ်သား အာနန္ဒာ ရွှေ့ပြောင်း၍ သွားရောက်ရာ ဖြစ်သော ထိုတပါးသော မြို့၌ လူတို့သည် ဆဲရေးကုန်သည်ရှိသော် တဖန် ဘယ်မြို့ ဘယ်အရပ်သို့ ငါတို့ သွားကြရကုန်ဦးအံ့နည်းဟု မေးတော်မူပြန်သောအခါ မြတ်စွာဘုရား ထိုအရပ် မှလည်း တပါးသော မြို့သို့ သွားကြပါကုန်အံ့ ဘုရားဟု လျှောက်ထားလေ၏၊
ချစ်သား အာနန္ဒာ ထိုအရပ်၌ လူတို့သည် ဆဲရေးကုန်သည် ရှိသော် ဘယ်အရပ်သို့ သွားကြရကုန်ဦးအံ့နည်းဟု မေးတော်မူပြန်သောအခါ မြတ်စွာဘုရား ထိုအရပ် မှလည်း တပါးဖြစ်သော မြို့သို့ ပြောင်းရွှေ့ သွားကြပါကုန်အံ့ ဘုရားဟု လျှောက်ထားလေ၏၊
ချစ်သား အာနန္ဒာ ဤသို့ ပြုခြင်းငှါ မသင့် မလျောက်ပတ်ချေ၊ အကြင်အရပ်၌ အဓိကရုဏ်းသည် ဖြစ်၏၊ ထိုအရပ်၌ ပင်လျှင် ထိုအဓိကရုဏ်းကို ငြိမ်းစေပြီးမှ တပါးသော အရပ်သို့ သွားခြင်းငှါ သင့်လျော် လျောက်ပတ် ကောင်းမြတ်ပေ၏၊
ချစ်သားအာနန္ဒာ ဆဲရေးသော ထိုသူတို့သည် အဘယ်သူတို့ ဖြစ်ကုန်သနည်းဟု မေးတော်မူပြန်သောအခါ မြတ်စွာဘုရား ကျွန်အမှုလုပ်တို့ကို အစပြု၍ အလုံးစုံ ကုန်သော သူတို့သည် ဆဲရေး ကြပါသည် ဘုရားဟု လျှောက်ထားလေ၏။
ချစ်သား အာနန္ဒာ ငါဘုရားသည် စစ်မြေပြင်သို့ သက်ဝင်သော ဆင်ပြောင် ကြီးနှင့် တူပေ၏၊ စစ်မြေပြင်သို့ သက်ဝင်သော ဆင်ပြောင်ကြီးအား အရပ် လေးမျက်နှာတို့မှ ပစ်လွှတ်အပ်သည်ဖြစ်၍ လာကုန်သော မြှားတို့ကို သည်းခံခြင်းငှါတာဝန် ဖြစ်ဘိ သကဲ့သို့ ထို့အတူသာလျှင် များစွာသော ဒုဿီလပုဂ္ဂိုလ်တို့ ပြောဆိုအပ်သော စကားတို့ကို သည်းခံခြင်းမည်သည် ငါဘုရား၏ တာဝန်ပေတည်းဟု မိန့်ဆိုတော် မူပြီးလျှင် မိမိ ကိုယ်တော်မြတ်ကို အကြောင်းပြု၍ တရား ဒေသနာ ဟောကြားတော် မူလိုရကား နာဂဝဂ်လာ ဤသုံးဂါထာကို ဟောမြွက် မိန့်ကြားတော်မူလေ၏။
(ဒု+ဿီလ+ပုဂ္ဂိုလ် = ပျက်စီးသော သီလရှိသဖြင့် အပါယ်ငရဲသို့ သွားမည့်သူ။)
အဟံ နာဂေါဝ သင်္ဂါမေ၊ စာပတော ပတိတံ သရံ။
အတိဝါကျံ တိတိက္ခိဿံ၊ ဒုဿီလော ဟိ ဗဟုဇ္ဇနော။
ဒန္တံ နယန္တိ သမိတိံ၊ ဒန္တံ ရာဇာဘိရူဟတိ။
ဒန္တော သေဋ္ဌော မနုဿေသု၊ ဟောတိ ဝါကျံ တိတိက္ခတိ။
ဝရမဿတရာ ဒန္တာ၊ အာဇာနိယာ စ သိန္ဓဝါ။
ကုဉ္ဇရာ စ မဟာနာဂါ၊ အတ္တဒန္တော တတော ဝရံ။
နာဂေါ၊ စစ်ပွဲသို့ဝင် စစ်တိုက်ဆင်သည်။
သင်္ဂါမေ၊ စစ်မြေပြင်၌။
စာပတော၊ လေးမှ။
ပတိတံ၊ လွှတ်၍ မိမိ၏အပေါ်၌ ကျလာသော။
သရံ၊ မြှားကြီး မြှားငယ် အသွယ်သွယ်ကို။
တိတိက္ခတိ ဣဝ၊ သည်းခံသကဲ့သို့။
ဧဝံ၊ ဤအတူ။
အဟံ၊ ငါဘုရားသည်။
အဘိဝါကျံ၊ လွန်ကျူး ပြောဆိုအပ်သော စကားကို။
တိတိက္ခိဿံ၊ သည်းခံတော်မူပေအံ့။
ဟိ၊ သည်းခံသင့်ပေစ္စ။
ဇနော၊ လောကီနယ်သား လူအများသည်။
ဗဟုဒုဿီလော၊ ထင်တိုင်းမြွက်ဟ ချုတ်ချယ်လှ၍ သီလကွက်ကျား ပျက်သူ များလှပေ၏။
သမိတိံ၊ လူစု လူဝေးရှိရာ ပွဲသဘင်အလယ်သို့။
ဂစ္ဆန္တာ၊ သွားကြသော သူတို့သည်။
ဒန္တံ၊ ယဉ်ကျေးပြီးသောနွား ယဉ်ကျေးပြီးသောမြင်းကို။
နယန္တိ၊ လှည်းယာဉ်ယှဉ်,က ဆောင်ကြကုန်၏။
ရာဇာပိ၊ ပြည့်ရှင်မင်းသည်လည်း။
ဒန္တံ၊ ယဉ်ကျေးသော ဆင်ယာဉ် မြင်းယာဉ်ကိုသာလျှင်။
အဘိရူဟတိ၊ စီးနင်း၏။
ယော၊ အကြင်သူသည်။
အတိဝါကျံ၊ လွန်ကျူးပြစ်မှား ရမ်းကားပြောဆိုသော စကားကို။
တိတိက္ခတိ၊ သည်းခံနိုင်၏။
သော၊ ထိုသို့ သည်းခံနိုင်ခြင်း သဘောရှိသောသူသည်။
ဒန္တော၊ စင်စစ် ယဉ်ကျေးသောသူ ဖြစ်၍။
မနုဿေသု၊ လူတို့တွင်။
ဝါ - လူတို့ထက်။
သေဋ္ဌော၊ အထူးသင့်လတ် မြတ်၏ဟူ၍ ချီးမွမ်းအပ်သောသူ ဖြစ်ပေ၏။
အဿတရာ စ၊ မြည်းမမှ ဖွားမြင်သော အဿတိုရ် မြင်းတို့သည်၎င်း။
အာဇာနိယာ စ၊ အကြောင်းဟုတ်သည် မဟုတ်သည်ကို လျင်စွာ သိတတ်ကုန်သော အာဇာနည်မြင်း တို့သည်၎င်း။
သိဒ္ဓဝါ စ၊ သိန္ဓောမြင်းတို့သည်၎င်း။
ကုဉ္ဇရာ၊ ကုဉ္ဇရဟု ဆိုအပ်ကုန်သော။
မဟာနာဂါ စ၊ ဆင်ပြောင်ကြီး တို့သည်၎င်း။
ဒန္တာ၊ ကောင်းစွာ ဆုံးမအပ်သည်ဖြစ်၍ ယဉ်ကျေးကုန်ပြီးမှ သာလျှင်။
ဝရံ၊ မြတ်ကုန်၏။
အတ္တဒန္တော၊ မဂ်ဉာဏ်ဖြင့် ကောင်းစွာ ဆုံးမအပ်သည်ဖြစ်၍ ယဉ်ကျေးသောသူသည်။
တတော၊ ထိုဆိုအပ်ခဲ့ပြီးသော အလုံးစုံသော သူတို့ထက်။
ဝရံ၊ မြတ်လှပေ၏။
ဤတရားဒေသနာတော်သည် ရောက်လာသော သူအပေါင်းအား အကျိုး များစွာ ရှိလေ၏၊ ဤသို့သော အခြင်းအရာဖြင့် တရားဒေသနာတော်ကို ကောင်းစွာ ဟောကြားတော်မူပြီးလျှင် ချစ်သား အာနန္ဒာ အသင်သည် မကြံလေလင့် (မစိုးရိမ် မပူပန်လင့်) ဤသူတို့သည် ခုနစ်ရက်မျှသာ ဆဲရေးနိုင်ကြ ကုန်လတ္တံ့၊ ရှစ်ရက် မြောက်သော နေ့၌ တိတ်တိတ် ဆိတ်ဆိတ် ဖြစ်ကြကုန်လတ္တံ့ဟု မိန့်တော်မူလေ၏။
ထိုစကားသည် မှန်၏၊ မြတ်စွာဘုရားတို့အား ဖြစ်ပေါ်လာသော အဓိကရုဏ်းသည် ခုနစ်ရက်ထက်လွန်၍ မဖြစ်နိုင်။
မာဂဏ္ဍီသည် ကြက်ပရိယာယ်ဖြင့်
သာမာဝတီတို့အား ပျက်စီးကြောင်း အားထုတ်ခြင်း
မာဂဏ္ဍီ မိဖုယားကြီးသည် မြတ်စွာဘုရားကို ဆဲရေးစေသဖြင့် ထွက်ပြေးစေခြင်းငှါ မစွမ်းနိုင်သည်ရှိသော် အဘယ်သို့လျှင် ပြုရပါအံ့နည်းဟု ကြံဆင်ခြင်၍ ဤ သာမာဝတီ အမှူးရှိကုန်သော မိန်းမငါးရာတို့သည် ထိုရဟန်းဂေါတမ၏ အထောက် အပံ့ ဖြစ်ကြကုန်၏၊ ဤမိန်းမတို့အားလည်း ပျက်စီးခြင်းကို ပြုအံ့ဟု ကြံပြီးလျှင် တနေ့သ၌ ဥတေနမင်းကြီး၏ သေအရက် သောက်သောနေရာ၌ ဆည်းကပ် ခစားခြင်းကို ပြုလျက် ဘထွေး စူဠမာဂဏ္ဍီထံ သတင်းစကားကို စေပို့လိုက်၏၊
ကျွန်မ၏ အထံသို့ ကြက်သေ ရှစ်ကောင်တို့ကို၎င်း၊ ကြက်ရှင် ရှစ်ကောင်တို့ကို၎င်း ယူဆောင်၍ လာခဲ့ပါ၊ လာပြီးလျှင်လည်း စောင်းတန်း လှေကားထိပ်၌ တန့်ရပ်၍ လာရောက်သည့် အဖြစ်ကို ပြောကြားပါ၊ ထို့နောက်မှ ဝင်လာပါဟု ဆိုသော်လည်း မဝင်မူ၍ ရှေးဦးစွာ ကြက်ရှင် ရှစ်ကောင်ကို ပိုလိုက်ပါ၊ နောက်မှ ကြက်သေ ရှစ်ကောင်ကို ပို့လိုက်ပါလော့ဟု သတင်းစကားကို စေပို့လိုက်လေ၏၊ အလုပ်အကျွေးငယ် အားလည်း ငါ၏ စကားကို လိုက်နာပါလော့ဟု တံစိုးလက်ဆောင်ကို ပေးထားလေ၏။
ဘထွေး စူဠမာဂဏ္ဍီ ပုဏ္ဏားသည် လာ၍ မင်းကြီးအား လျှောက်ကြား သိစေပြီးလျှင် ဝင်လော့ဟု ဆိုသော်လည်း စူဠမာဂဏ္ဍီ ပုဏ္ဏားကြီးက မင်းကြီး၏ သေသောက်ရာ အရပ်သို့ မဝင်လိုပါဟု ဆိုလိုက်၏၊ မာဂဏ္ဍီ မိဖုယားသည် အလုပ် အကျွေးငယ်ကို အမောင် ငါ၏ဘထွေး အထံသို့ သွားချေလော့ဟု စေလွှတ် လိုက်၏၊
အလုပ်အကျွေးငယ်သည် သွား၍ ထိုဘထွေး စူဠမာဂဏ္ဍီသည် ပေးအပ်သော ကြက်ရှင် ရှစ်ကောင်ကို ဆောင်ယူခဲ့၍ အရှင်မင်းမြတ် ပုရောဟိတ် ပုဏ္ဏားသည် လက်ဆောင်ပဏ္ဏာကို ဆက်ပါသည်ဟု လျှောက်တင်လေ၏၊
ဥတေန မင်းကြီးသည် ငါတို့အား ကောင်းမြတ်သော လက်သုပ် ဟင်းလျှာ ဖြစ်လာဘိ သည်တကား၊ အဘယ်သူ ချက်ပြုတ်နိုင်အံ့နည်းဟု မိန့်ဆိုတော်မူလျှင် မာဂဏ္ဍီ မိဖုယားက အရှင်မင်းမြတ် သာမာဝတီ အမှူးရှိသော ငါးရာသော မိန်းမတို့သည် အလုပ်မရှိ လှည့်လည် နေထိုင်ကြပါသည်၊ ထိုမိန်းမတို့ အထံသို့ စေပို့တော်မူပါ၊ ထိုမိန်းမတို့သည် ချက်ပြုတ်၍ ဆောင်ယူလာပါကုန်လိမ့်မည်ဟု လျှောက်တင်လေ၏။
မင်းကြီးလည်း သွားချေ၊ သာမာဝတီ အမှူးရှိကုန်သော မိန်းမတို့အား ပေးပြီးလျှင် တပါးသူ၏ လက်၌ မပေးမူ၍ သာမာဝတီတို့ ကိုယ်တိုင်သတ်၍ ချက်ကုန်လော့ဟု ပို့ခိုင်းလိုက်လေ၏၊ အလုပ်အကျွေးငယ်သည် ကောင်းလှပါပြီ အရှင် မင်းမြတ်ဟု ဝန်ခံ၍ သွားပြီးလျှင် ထိုမင်းကြီး ဆိုတိုင်း ပြောကြားလေသော် သာမာဝတီ အမှူး ရှိကုန်သော မိန်းမတို့သည် ငါတို့ကား သူတပါးတို့၏ အသက် သတ်ခြင်း အမှုကို မပြုပါကုန်ဟု ပြောဆို၍ ပယ်လိုက်အပ်သည်ဖြစ်၍ အလုပ် အကျွေးငယ် ပြန်လာ ပြီးလျှင် ထိုအကြောင်းကို မင်ကြီးအား လျှောက်တင်လေ၏၊
မာဂဏ္ဍီ မိဖုယားက မင်းမြတ် အရှင်မင်းမြတ်တို့ ကိုယ်တိုင် မြင်ရပြီ မဟုတ်လော၊ ဤယခုအခါ၌ ထိုမိန်းမတို့၏ သူ အသက်သတ်ခြင်းအမှု ပြုသည်ကို၎င်း၊ မပြုသည် ကို၎င်း သိရအံ့၊ အရှင်မင်းမြတ် ရဟန်း ဂေါတမ အလို့ငှါ ချက်ပြုတ်၍ ပို့စေသတည်း ဟု မိန့်တော်မူကာ စေလွှတ်ပါလော့ဟု လျှောက်တင်ပြန်၏၊ မင်းကြီးလည်း ထိုမာဂဏ္ဍီ မိဖုယား ဆိုတိုင်း မိန့်တော်မူပြီးလျှင် ပို့စေလေ၏၊
အလုပ်အကျွေးငယ်လည်း ထိုကြက်တို့ကို ယူ၍ သွားဘိသကဲ့သို့ ပြု၍ ထိုကြက်ရှင် တို့ကို ပုရောဟိတ်ပုဏ္ဏားအား ပေးပြီးလျှင် ကြက်သေတို့ကို ထိုမိန်းမတို့၏ အထံသို့ ဆောင်၍ ဤကြက်တို့ကို ချက်ပြီးလျှင် မြတ်စွာဘုရား၏ အထံသို့ လှူကြကုန်လော့ဟု ဆိုလေ၏၊ ထိုမိန်းမတို့လည်း အရှင် ယူဆောင် လာခဲ့လော့၊ ဤအမှုသည်ကား ငါတို့၏ အမှုကိစ္စပေတည်းဟု ခရီးဦးကြိုဆိုကာ လှမ်းယူကြလေကုန်၏။
ထိုအလုပ်အကျွေးငယ်သည် မင်းကြီးအထံသို့ သွားရောက်လျှင် အမောင် အသို့နည်းဟု မေးလတ်သော် ရဟန်းဂေါတမအလို့ငှါဟု ဆိုကာမျှဖြင့်သာလျှင် ခရီးရင်ဆိုင် ထလာ၍ ယူကြကုန်ပါသည်ဟု လျှောက်တင်လေ၏၊
မာဂဏ္ဍီမိဖုယားက အရှင်မင်းမြတ် ရှုစားတော်မူပါလော့၊ ထိုမိန်းမတို့သည် အရှင်သို့ သဘောရှိသော ကျေးဇူးတော်ရှင် ဘုရင်မင်းမြတ်၏အလို့ငှါ ဤသို့ မပြုကြကုန်၊ ထိုမိန်းမတို့အား အပပြင်ဘက်၌ မြတ်နိုး တောင့်တခြင်း ရှိနေပါသည် ဟု လျှောက်ထား ပါသော်လည်း အရှင်မင်းမြတ်သည် ယုံကြည်တော် မမူခဲ့ပါဟု လျှောက်ထား သံတော်ဦးတင်လေ၏၊
ဥတေနမင်းကြီးသည် ထိုစကားကို ကြားလျက်လည်း သည်းခံတော်မူ၍ ဆိတ်ဆိတ် သာလျှင် နေတော်မူ လေ၏၊ မာဂဏ္ဍီ မိဖုယား သည်လည်း အဘယ်သို့ ပြုရပါဦး အံ့နည်းဟု တမျိုးတဖုံ ကြံစည်ပြန်လေ၏။
မာဂဏ္ဍီသည် မြွေပရိယာယ်ဖြင့်
သာမာဝတီတို့အား ပျက်စီးကြောင်း အားထုတ်ခြင်း
ထိုအခါ ဥတေနမင်းကြီးသည် သာမာဝတီ မိဖုယား, ဝါသုလဒတ္တာ မိဖုယား, မာဂဏ္ဍီ မိဖုယား ဟူကုန်သော သုံးယောက်ကုန်သော မိဖုယားတို့၏ ပြာသာဒ်ဆောင်၌ အလှည့် အလှည့်ဖြင့် စံစားလျက် ခုနစ်ရက် ခုနစ်ရက်ကို လွန်စေ၏၊
ထိုအခါ နက်ဖြန်သန်ဘက် သာမာဝတီ၏ ပြာသာဒ်ဆောင်သို့ မင်းကြီး ကြွသွားလတ္တံ့ ဟု သိသဖြင့် မာဂဏ္ဍီ မိဖုယားသည် ဘထွေးပုဏ္ဏားအား မြွေတကောင်ကို ဆေးဖြင့် အစွယ်တို့ကို အဆိပ်ကင်းအောင် ဆေးကြော သုတ်သင်ပြီးလျှင် ကျွန်မ၏အထံသို့ ပို့လိုက်ပါဟု သတင်းစကား စေလွှတ်လိုက်၏၊ ဘထွေးဖြစ်သော ထိုပုဏ္ဏားသည် မှာတိုင်းပြု၍ ပို့လိုက်လေ၏၊
ဥတေန မင်းကြီးလည်း မိမိ၏ သွားလေရာအရပ်သို့ ဟတ္ထိကန္တစောင်းကို ယူ၍ သာလျှင် သွားစမြဲဖြစ်သတည်း၊ ထိုစောင်း၏ စောင်းခွက်၌ တခုသောအပေါက်သည် ရှိ၏၊ မာဂဏ္ဍီ မိဖုယားသည် ထိုအပေါက်ဖြင့် မြွေကိုသွင်း၍ အပေါက်ကို ပန်းကုံး ထွေးဖြင့် ပိတ်ထားလေ၏၊ မြွေသည် နှစ်ရက် သုံးရက်ပတ်လုံး စောင်း၏အတွင်း၌ သာလျှင် နေရ၏၊
မာဂဏ္ဍီ မိဖုယားသည် မင်းကြီး သွားအံ့သောနေ့၌ အရှင်မင်းမြတ် ယနေ့ အဘယ် မိဖုယား၏ ပြာသာဒ် အဆောင်သို့ ကြွသွားတော်မူလတ္တံ့ နည်းဟု မေးလျှောက်သဖြင့် သာမာဝတီ မိဖုယား၏ အဆောင်သို့ဟု မိန့်ဆိုလေ၏၊ အရှင်မင်းမြတ် ယနေ့ ကျွန်တော်မသည် မနှစ်သက်ဖွယ်ရာသော အိပ်မက်ကို မြင်မက်ပါသည်၊ ထို သာမာဝတီ၏ ပြာသာဒ်ဆောင်သို့ ကြွတော်မူခြင်းငှါ မသင့်လျော်ပါဟု လျှောက်ထား သော်လည်း ငါကား သွားမည်သာလျှင်တည်းဟု မိန့်တော်မူပြန်၏၊
မာဂဏ္ဍီ မိဖုယားလည်း သုံးကြိမ်တိုင်တိုင် တောင်းပန် တားမြစ်ပြီးလျှင် ဤသို့ တောင်းပန် တားမြစ်၍ မရခဲ့ပါမူ ကျွန်တော်မသည်လည်း အရှင်မင်းကြီးတို့နှင့် အတူတကွ သွားပါအံ့ဟု ဆိုလေ၏၊ မင်းကြီးက ဆုတ်နစ်ပြန်လည်စေအပ် သော်လည်း မဆုတ်နစ် မပြန်လည်မူ၍ အရှင်မင်းမြတ် အသို့ဖြစ်လတ္တံ့သည်ကို မသိနိုင် ဟု ဆို၍ မင်းကြီးနှင့် အတူတကွသာလျှင် လိုက်သွားလေ၏။
ဥတေန မင်းကြီးသည် သာမာဝတီ အမှူးရှိကုန်သော မောင်းမတို့သည် ပေးအပ် ကုန်သော အဝတ် တန်ဆာ ပန်း နံ့သာတို့ကို ဆင်ယင်ပြီးလျှင် ကောင်းသော ဘောဇဉ်ကို သုံးဆောင်တော်မူ၍ စောင်းကို ဦးခေါင်းရင်း၌ ထားပြီးမှ အိပ်ရာထက်၌ အိပ်လေ၏၊
မာဂဏ္ဍီ မိဖုယားသည် ခေါက်တုံ့ ခေါက်ပြန် အဖန်ဖန် သွားလာလေဟန်ပြု၍ စောင်းပေါက်မှ ပန်းကုံးထွေးကို ပယ်ပစ်လိုက်လေ၏၊ မြွေသည် နှစ်ရက် သုံးရက် ပတ်လုံး အာဟာရ ကင်းပြတ်ရကား ထိုအပေါက်ဖြင့် ထွက်ခဲ့ပြီးလျှင် လေတရှုးရှုး မှုတ်လျက် ပါးပျဉ်းထောင်ခြင်းကို ပြု၍ အိပ်ရာနောက်နား၌ အလျားလိုက် နေလေ၏။
မာဂဏ္ဍီ မိဖုယားသည် ထိုမြွေကို မြင်၍ အရှင်မင်းကြီး စက်ဆုပ်ဖွယ် စက်ဆုပ်ဖွယ် မြွေပါ တကားဟု ကျယ်လောင်သော အသံကို ပြု၍ မင်းကြီးအား၎င်း၊ ထိုမိန်းမ တို့အား၎င်း ဆဲရေးလျက် ဤအလွန် မိုက်လှစွာသော မင်းသည် ဘုန်းကံကျက်သရေ မရှိလေစွ၊ ငါ့ စကားကို နားမထောင်၊ ဤမိန်းမတို့လည်း ဘုန်းကံကျက်သရေ မရှိလေကုန် ဆိုဆုံးမ ခက်ကုန်၏၊
မင်းကြီး၏ အထံမှ အဘယ်ဝတ္ထုကို မရကြကုန်ဘိသနည်း၊ ဤမင်းကြီး သေမှသာ သင်တို့သည် ချမ်းသာစွာ အသက်ရှင်ရကုန်အံ့လော့၊ ဤမင်းကြီးသည် အသက် တော် ရှည်သည် ရှိသော် သင်တို့သည် ဆင်းရဲစွာ အသက်ရှင်ရကုန်အံ့လော၊ ငါသည် ယနေ့ မကောင်းသော အိပ်မက်ကို မြင်မက်ပါသည်၊ သာမာဝတီ၏ ပြာသာဒ် ဆောင်သို့ သွားခြင်းငှါ မသင့်လျော်ပါဟု တောင်းပန် တားမြစ်လေ ငြားသော်လည်း ငါ၏ စကားကို အသင်မင်းကြီးသည် မနာမယူဟု ဆိုလေ၏၊
ဥတေန မင်းကြီးသည် မြွေကိုမြင်လျှင် သေဘေးဖြင့် ခြိမ်းချောက် အပ်သည်ဖြစ်၍ ကြောက်လန့်ရကား ဤမိန်းမတို့သည် ဤသို့ သဘောရှိသော အမှုမည်သည်ကို ပြုကုန်ဘိ၏၊ဪ ... အလွန် ယုတ်မာလေစွ တကား၊ ဤမိန်းမတို့၏ ယုတ်မာသော အဖြစ်ကို အဖန်တလဲလဲ ပြောကြားလျက်လည်း ဤမာဂဏ္ဍီ၏ စကားကို ငါ မယုံကြည်မိခဲ့၊
လက်ဦးစွာ မိမိတိုက်ခန်းတို့၌ အပေါက်တို့ကို ဖောက်၍ နေကြကုန်၏၊ နောက်တဖန် ငါသည် ပို့စေအပ်ကုန်သော ကြက်တို့ကို ပြန်၍ ပို့စေကြကုန်၏၊ ယနေ့လည်း အိပ်ရာ၌ မြွေကို လွှတ်ကုန်၏ဟု ဒေါသအမျက် ခြောင်းခြောင်း ထွက်သဖြင့် တကိုယ်လုံး မီးအလျှံ တောက်သကဲ့သို့ ဖြစ်လေ၏။
ဥတေနမင်း မြှားနှင့် သာမာဝတီတို့၏ မေတ္တာတရား
သာမာဝတီ မိဖုယားသည်လည်း ငါးရာကုန်သော မိန်းမတို့အား အမိတို့ ငါတို့အား (မေတ္တာမှတပါး) အခြားသော ကိုးကွယ်အားထားရာသည် မရှိပြီ၊ မင်းကြီး၌၎င်း၊ မာဂဏ္ဍီ မိဖုယား၌၎င်း၊ မိမိတို့ကိုယ်၌၎င်း ထပ်တူ ထပ်မျှသာလျှင် မေတ္တာစိတ်ကို ဖြစ်စေကြကုန်လော့၊ တစုံတယောက်သော သူအားမျှ အမျက်ထွက်ခြင်းကို မပြုကြကုန်လင့်ဟု အဆုံးအမ ဩဝါဒကို ပေးလေ၏၊
ဥတေန မင်းကြီးသည် ဗိုလ်ခြေတထောင်အားဖြင့် တင်အပ်သော ဆိတ်ချိုလေးကို ယူ၍ လေးညှို့ကို ဖြန့်လျက် အဆိပ်လူးသော မြှားကို တင်ပြီးလျှင် သာမာဝတီ မိဖုယားကို ရှေ့၌ထားသဖြင့် အလုံးစုံသော မိန်းမ ငါးရာတို့ကို အစဉ်အတိုင်း ထားစေ၍ သာမာဝတီ မိဖုယား၏ ရင်ဝ၌ မြှားကို ပစ်လွှတ်လေ၏၊
ထို ပစ်လွှတ်အပ်သော မြားသည် သာမာဝတီ မိဖုယား၏ မေတ္တာအာနုဘော်၏ အစွမ်းဖြင့် ဆုတ်နစ် ပြန်လည်ကာ လာသော လမ်းခရီးသို့ ရှေးရှုသာလျှင်ဖြစ်၍ မင်းကြီး၏ ရင်ဝ နှလုံးအိမ်သို့ စူးဝင်မည်ကဲ့သို့ တည်လေ၏။
မင်းကြီးသည် ကြံဆင်ခြင်သည်မှာ ငါပစ်အပ်သော မြှားသည်ကား ကျောက်ကို သော်လည်း ထုတ်ချင်း ဖောက်ထွင်း၍ သွားနိုင်၏၊ ဟင်းလင်းပြင် ကောင်းကင်၌ တားမြစ်အပ်သော အရာဌာနသည် အနည်းငယ်မျှမရှိ၊ ထိုသို့ ဖြစ်လျက် ဤမြှားသည် ပြန်လည်ကာ လာ၍ ငါ၏ရင်ဝ နှလုံးအိမ်သို့ ရှေးရှု ချိန်လျက် ဖြစ်ဘိ၏ဟု ထိတ်လန့်တုန်လှုပ်သော စိတ်ရှိသည်ဖြစ်၍ ဤမြှားမည်သည် သတ္တဝါမဟုတ်၊ အသက်မရှိသော မြှားပင်ဖြစ်သော်လည်း ထိုသာမာဝတီ၏ ဂုဏ်ကျေးဇူးကို သိတုံ ဘိသေး၏၊ ငါသည် လူစင်စစ် ဖြစ်ပါလျက်လည်း သာမာဝတီ၏ ဂုဏ်ကျေးဇူး အထူးကို မသိလေဘိ တကားဟု ကြံဆင်ခြင်ပြီးလျှင် ထိုဥတေန မင်းကြီးသည် လေးကို စွန့်ပစ်၍ လက်အုပ်ချီကာ သာမာဝတီ၏ ခြေရင်း၌ ဆောင့်ကြောင့် ထိုင်နေလျက် ဤဂါထာကို ရွတ်ဆိုလေ၏။
သမ္မုယှာမိ ပမုယှာမိ၊ သဗ္ဗာ မုယှန္တိ မေ ဒိသာ။
သာမာဝတီ မံ တာယဿု၊ တွဉ္စ မေ သရဏံ ဘဝ။
သာမာဝတီ၊ သာမာဝတီ အမည်ထင်ရှား ရှင်မိဖုယား။
အဟံ၊ ငါသည်။
သမ္မုယှာမိ၊ လွန်မင်းလှစွာ မိုက်မှား တွေဝေမိပါ၏။
ပမုယှာမိ၊ ခပ်သိမ်းသော အပြားအားဖြင့် မိုက်မှား တွေဝေမိပါ၏။
မေ၊ ငါ၏။
သဗ္ဗာ ဒိသာ၊ အလုံး စုံသော အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်တို့သည်။
မုယှန္တိ၊ မိုက်မှား တွေဝေခဲ့ကုန်၏။
သာမာဝတီ၊ သာမာဝတီ အမည်ထင်ရှား ရှင်မိဖုယား။
မံ၊ ငါ့ကို။
တာယဿု၊ ကယ်ဆယ် စောင့်ရှောက်ပါလော့။
တွဉ္စ၊ ရှင်မ သာမာဝတီ မိဖုယားသည် သာလျှင်။
မေ၊ ငါ၏။
သရဏံ၊ ကိုးကွယ်အားထားရာသည်။
ဘဝ၊ ဖြစ်ပါလော့။
သာမာဝတီ မိဖုယားသည် ထိုမင်းကြီး၏စကားကို ကြားရလျှင် ကောင်းလှပါပြီ အရှင်မင်းမြတ် အကျွန်ုပ်ကို ကိုးကွယ်အားထားရာ ဟူ၍ ဆည်းကပ်ပါလော့ဟု မဆိုတဲ့မူ၍ အရှင်မင်းကြီး အကျွန်ုပ်သည် အကြင် မြတ်စွာဘုရားကို ကိုးကွယ် အားထားရာ ဟူ၍ ဆည်းကပ်ပါ၏၊ ထိုမြတ်စွာဘုရား ကိုသာလျှင် အရှင်မင်းမြတ် သည်လည်း ကိုးကွယ် အားထားရာဟူ၍ ဆည်းကပ်ပါလော့ဟု လျှောက်တင် မြွက်ဆိုလေ၏။
ဣဒံ ဝတွာ သာမာဝတီ၊ သမ္မာသမ္ဗုဒ္ဓသာဝိကာ။
မာ မံ တွံ သရဏံ ဂစ္ဆ၊ ယမဟံ သရဏံ ဂတာ။
ဧသ ဗုဒ္ဓေါ မဟာရာဇ၊ ဧသ ဗုဒ္ဓေါ အနုတ္တရော။
သရဏံ ဂစ္ဆ တံ ဗုဒ္ဓံ၊ တွဉ္စ မေ သရဏံ ဘဝ။
သမ္မာသမ္ဗုဒ္ဓသာဝိကာ၊ မြတ်စွာဘုရား၏ တပည့်မဖြစ်သော။
သာမာဝတီ၊ သာမာဝတီ မိဖုယားသည်။
ဣဒံ၊ ဤစကားကို။
ဝတွာ-အဝဒီ၊ ဆိုလေပြီ။
မဟာရာဇ၊ မြတ်သောမင်းကြီး။
တွံ၊ အသင်မင်းကြီးသည်။
မံ၊ ကျွန်တော်မကို။
သရဏံ၊ ကိုးကွယ် အားထားရာဟူ၍။
မာဂစ္ဆ၊ မဆည်းကပ်ပါလေလင့်။
အဟံ၊ ကျွန်တော်မသည်။
ယံ ဗုဒ္ဓံ၊ အကြင် မြတ်စွာဘုရားကို။
သရဏံ၊ ကိုးကွယ် အားထားရာဟူ၍။
ဂတာ၊ ဆည်းကပ်ရပါ၏။
ဧသ-ဧသော၊ မင်းကြီး ကြင်ဖော် နှမတော်သည် ပူဇော်မြတ်နိုး ကိုးကွယ် ဆည်းကပ် ဤဘုရားမြတ်သည်။
ဗုဒ္ဓေါ၊ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူလေ၏။
ဧသ-ဧသော ဗုဒ္ဓေါ၊ ဤဘုရားမြတ်သည်။
အနုတ္တရော၊ အတုမရှိ မြတ်တော်မူ၏။
တံ ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။
တွံ၊ အရှင်မင်းမြတ်သည်။
သရဏံ၊ ကိုးကွယ် အားထားရာဟူ၍။
ဂစ္ဆ၊ ဆည်းကပ်ပါလော့။
တွဉ္စ၊ အရှင်မင်းမြတ်သည်လည်း။
မေ-မမ၊ ပြစ်ချက်ခံရ ကျွန်တော်မ၏။
သရဏံ၊ ကိုးကွယ် အားထားရာသည်။
ဘဝ၊ ဖြစ်တော်မူပါ အရှင်မင်းမြတ်။
ဣတိ၊ ဤသို့။
ဣဒံ၊ ဤစကားကို။
ဝတွာ-အဝဒီ၊ ဆိုလေပြီ။
ဤသို့ လျှောက်တင် မြွက်ဆိုသောအခါ ဥတေန မင်းကြီးသည် ယခုအခါ ငါသည် အတိုင်းထက်အလွန် ကြောက်ရွံ့လှပါပေ၏ဟု ဆိုပြီးလျှင် ဤ ဂါထာကို ဆိုပြန်လေ၏။
ဧသ ဘိယျော ပမုယှာမိ၊ သဗ္ဗာ မုယှန္တိ မေ ဒိသာ။
သာမာဝတီ မံ တာယဿု၊ တွဉ္စ မေ သရဏံ ဘဝ။
သာမာဝတီ၊ သာမာဝတီ အမည်ထင်ရှား ရှင်မိဖုယား။
ဧသ-ဧသော၊ ငါဟုသမုတ် ဤမင်းယုတ်သည်။
ဘိယျော၊ လွန်စွာ။
ပမုယှာမိ၊ ခပ်သိမ်းသော အပြားအားဖြင့် မိုက်မှား တွေဝေမိပါ၏။
မေ၊ ငါ၏။
သဗ္ဗာ ဒိသာ၊ အလုံးစုံသော အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်တို့သည်။
မုယှန္တိ၊ မိုက်မှားတွေဝေခဲ့ကုန်၏။
သာမာဝတီ၊ သာမာဝတီ အမည်ထင်ရှား ရှင်မိဖုယား။
မံ၊ ငါ့ကို။
တာယ၊ ကယ်ဆယ် စောင့်ရှောက်ပါလော့။
တွဉ္စ၊ ရှင်မ သာမာဝတီ မိဖုယားသည်သာလျှင်။
မေ၊ ငါ၏။
သရဏံ၊ ကိုးကွယ် အားထားရာသည်။
ဘဝ၊ ဖြစ်ပါလော။
ထိုအခါ သာမာဝတီ မိဖုယားသည် မင်းကြီးကို ရှေးနည်းဖြင့်သာလျှင် တဖန် ပယ်ရှား ပြန်သောကြောင့် ထိုသို့ဖြစ်မူ သင့်ကိုလည်း ကိုးကွယ် အားထားရာ ဟူ၍ ဆည်းကပ် ပါအံ့၊ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား ကိုလည်း ကိုးကွယ် အားထားရာဟူ၍ ဆည်းကပ်ပါတော့အံ့၊ သင့်အား အလိုရှိအပ်သော ဆုမြတ်ကိုလည်း ပေးပါ၏ဟု ဆိုသည်ရှိသော် အရှင်မင်းမြတ် အရှင်မင်းမြတ်သည် ပေးသနားတော်မူအပ်သော ဆုမြတ်ကို ဘုရားနှမ ယူအပ်သည် ဖြစ်ပါစေတော့ဟု တင်လျှောက်လေ၏။
ဥတေနမင်းသည် သာမာဝတီတို့အား ဆုပေးခြင်း
ထိုဥတေန မင်းကြီးသည် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ကိုးကွယ် အားထားရာ ဟူ၍ ဆည်းကပ် (သရဏဂုံ ဆောက်တည်) ပြီးမှ ပင့်ဖိတ်၍ (ဘုရား အမှူးရှိသော) ရဟန်းသံဃာတော်အပေါင်းအား ခုနစ်ရက်ပတ်လုံး အလှူကြီးကို ပေးလှူပြီးသောအခါ သာမာဝတီ မိဖုယားကို ခေါ်ပြီးလျှင် ချစ်နှမ ထလော့၊ သင့်အား ငါသည် ပေးသနား အပ်သောဆုမြတ်ကို ယူလေလော့ဟု မိန့်ဆိုလေ၏၊
မြတ်သောမင်းကြီး ကျွန်တော်မအား ရွှေ ငွေ အစရှိသည်တို့ဖြင့် အလိုမရှိပါ၊ ကျွန်တော်မအား ဤသို့သော ဆုမြတ်ကိုသာ ပေးသနားတော်မူပါ၊ အကြင်သို့သော အခြင်းအရာဖြင့် ပြုသည်ရှိသော် မြတ်စွာဘုရားသည် ငါးရာသော ရဟန်းတော်တို့နှင့် အတူတကွ ဤနန်းတော်တွင်းသို့ မပြတ်ကြွလာတော်မူသဖြင့် တရားတော်မြတ်ကို နာကြားရပါကုန်အံ့၊ ထိုသို့သော အခြင်းအရာဖြင့်သာ ပြုတော်မူစေချင်ပါသည်ဟု လျှောက်တင်လေ၏၊
ဥတေနမင်းကြီးသည် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား ငါးရာသော ရဟန်းတော်တို့နှင့်တကွ ဤနန်းတော် တွင်းသို့ မပြတ် ကြွလာတော်မူကြပါဘုရား၊ သာမာဝတီ အမှူး ရှိကုန်သော နန်းတွင်းသူ မောင်းမတို့သည် တရားတော်မြတ်ကို နာကြားပါရစေ ဟူ၍ ပြောဆို ကြပါသည် ဘုရားဟု လျှောက်ထားလေ၏။
ထိုအခါ မြတ်စွာဘုရားက ဒါယကာမင်းကြီး မြတ်စွာဘုရားတို့အား မည်သည် တခုတည်းသော နေရာအရပ်သို့ အမြဲမပြတ် ကြွရောက်ခြင်းငှါ မသင့်၊ များစွာသော လူအပေါင်းသည် မြတ်စွာဘုရားကို ကြွလာတော်မူခြင်းငှါ တောင့်တ မြှော်စောပေ လတ္တံ့ ဟု မိန့်တော်မူသောအခါ မြတ်စွာဘုရား ထိုသို့ဖြစ်မူ ရဟန်းတော်တပါးကို အမိန့်ချမှတ် စေလွှတ်တော်မူကြပါ ဘုရားဟု လျှောက်ထားလေ၏၊
မြတ်စွာဘုရားသည် အရှင်အာနန္ဒာမထေရ်ကို အမိန့်ချမှတ် စေလွှတ်တော်မူ၏၊ ထိုအရှင်အာနန္ဒာ မထေရ်မြတ်သည် ငါးရာသော ရဟန်းတို့ကို ယူ၍ အမြဲမပြတ် မင်းအိမ်နန်းတော်သို့ ကြွသွားတော်မူရ၏၊ သာမာဝတီ အမှူးရှိသော ထိုနန်းတွင်းသူ မောင်းမ ငါးရာတို့သည်လည်း အမြဲမပြတ် အာနန္ဒာ မထေရ်မြတ်ကို ဆွမ်းလုပ်ကျွေး ကြရကုန်၏၊ တရားတော်မြတ်ကိုလည်း ကြားနာကြရကုန်၏။
ထိုသာမာဝတီ အမှူးရှိသော ငါးရာသော မိန်းမတို့သည် တနေ့သ၌ အရှင် အာနန္ဒာမထေရ်၏ တရားစကားတော်ကို ကြားနာရသဖြင့် ကြည်ညိုသည်ဖြစ်၍ အပေါ်ရုံ အဝတ်ပုဆိုး ငါးရာတို့ဖြင့် ပူဇော်ခြင်းကို ပြုကြကုန်၏၊ တခုတခုသော အပေါ်ရုံအဝတ်ပုဆိုးသည် အသပြာ ငါးရာ ငါးရာ အဘိုးထိုက်တန်၏၊
မင်းကြီးလည်း ထိုအလုံးစုံသော မောင်းမ ငါးရာတို့၏ အထံ၌ တခုသော အပေါ်ရုံ အဝတ်ပုဆိုးကို မမြင်သောကြောင့် သင်တို့၏ ထိုအပေါ်ရုံ အဝတ်ပုဆိုးတို့သည် အဘယ်မှာနည်းဟု မေးလေ၏၊ ဘုရားကျွန်မ တို့၏ အရှင်ဖြစ်သော အရှင် အာနန္ဒာ မထေရ်မြတ်အား လှူဒါန်းကြပါကုန်သည်ဟု လျှောက်တင်လေ၏၊ ထိုအရှင် အာနန္ဒာသည် အလုံးစုံသော အပေါ်ရုံ အဝတ်ပုဆိုးတို့ကို အကုန်ပင် ခံယူကုန် သလောဟုမေးသဖြင့် အရှင်မင်းကြီး အကုန်ပင် ခံယူသည် မှန်ပါသည်ဟု လျှောက်တင်လေ၏။
အရှင်အာနန္ဒာ သင်္ကန်းများစွာ ရခြင်းအကြောင်း
ဥတေနမင်းသည် အရှင်အာနန္ဒာ မထေရ်မြတ်သို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် ထို ငါးရာသော နန်းတွင်းသူ မောင်းမတို့သည် အပေါ်ရုံ အဝတ်ပုဆိုးတို့ကို လှူဒါန်း အပ်သည် အဖြစ်ကို မေးလျှောက်၍ ထိုမိန်းမတို့ ပေးလှူအပ်သည်၏ အဖြစ်ကို၎င်း၊ အရှင်အာနန္ဒာ မထေရ်မြတ် အလှူခံအပ်သည်၏ အဖြစ်ကို၎င်း ကြားနာရလျှင် အရှင်ဘုရား အဝတ်တို့သည် အလွန်များကုန်သည် မဟုတ်ပါလော၊ ဤမျှ လောက်သော အဝတ်တို့ဖြင့် အသို့ ပြုပါကုန်လတ္တံ့ နည်းဟု မေးလျှောက်လေ၏။
တကာတော်မင်းကြီး ငါတို့အား ဝတ်လောက်ရုံမျှသော အဝတ်တို့ကိုယူ၍ ကြွင်းသော အဝတ်တို့ကို ဆွေးမြေ့ ဟောင်းနွမ်းသော သင်္ကန်းရှိသော ရဟန်းတို့အား ပေးလှူ ပါအံ့ဟု မိန့်တော်မူသည်ရှိသော် ထိုရဟန်းတို့သည် မိမိ၏ဆွေးမြေ့ ဟောင်းနွမ်းသော သင်္ကန်းတို့ကို အသို့ပြုပါကုန်လတ္တံ့နည်းဟု မေးလျှောက်ပြန်လေ၏၊
တကာတော်မင်းကြီး မိမိထက်ပင် ဆွေးမြေ့ ဟောင်းနွမ်းသော သင်္ကန်း ရှိသော ရဟန်းတို့အား ပေးလှူ ကုန်လတ္တံ့ ဟု မိန့်ဆိုပြန်သည်ရှိသော် အရှင်ဘုရား ထိုရဟန်း တို့သည် မိမိ၏ အလွန် ဆွေးမြေ့ ဟောင်းနွမ်း သော သင်္ကန်းတို့ကို အသို့ ပြုပါကုန် လတ္တံ့နည်းဟု မေးလျှောက်ပြန်လေ၏၊
တကာတော်မင်းကြီး အိပ်ရာခင်း ပြုကြကုန်လတ္တံ့ဟု မိန့်တော်မူပြန်သည်ရှိသော် ရှေးကရှိနှင့်သော အိပ်ရာခင်းဟောင်းတို့ကို အသို့ ပြုပါကုန်လတ္တံ့နည်းဟု မေးလျှောက်ပြန်လေ၏၊ မြေအခင်း ပြုလုပ်ကြကုန် လတ္တံ့ဟု မိန့်တော်မူပြန်သည် ရှိသော် ရှေးကရှိနှင့်သော မြေအခင်းဟောင်းတို့ကို အသို့ပြုပါကုန်လတ္တံ့နည်းဟု မေးလျှောက်ပြန်လေ၏၊
တကာတော်မင်းကြီး ခြေသုတ်ပုဆိုး ပြုကုန်လတ္တံ့ ဟု မိန့်ဆိုပြန်သည် ရှိသော် ရှေးကရှိနှင့်သော ခြေသုတ် ပုဆိုးဟောင်းတို့ကို အသို့ပြုပါကုန်လတ္တံ့နည်းဟု မေးလျှောက်ပြန်လေ၏၊ တကာတော်မင်းကြီး ခြေသုတ် ပုဆိုးဟောင်း တို့ကို အပိုင်း အပိုင်း နုပ်နုပ်ခုတ်စဉ်း၍ မြေညက်ဖြင့် ဆုပ်နယ်ကာ နံရံအကာကို လိမ်းကျံကုန်လတ္တံ့ သတည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား အရှင်မြတ် တို့အား ဤမျှလောက် အတိုင်းအရှည်ရှိသော လှူဒါန်းအပ်သော အလှူဝတ္ထု တို့သည် မပျက်မစီး ကုန်ချေ တကားဟု လျှောက်ထားလေ၏၊
တကာတော် မင်းကြီး ဪ ... ဟုတ်ပေ၏ဟု မိန့်တော်မူလတ်သည်ရှိသော် ဥတေနမင်းကြီးသည် ကြည်ညိုလှသည်ဖြစ်၍ ထိုမှတပါးလည်း ဖြစ်ကုန်သော ငါးရာသော အဝတ် ပုဆိုးတို့ကို ဆောင်ယူစေလျက် မထေရ်မြတ်၏ ခြေရင်း၌ တင်ထား လှူဒါန်းလေ၏။
(အရှင် အာနန္ဒာ မထေရ်မြတ်သည် အရေအတွက် တထောင်စီသော အဖို့အားဖြင့် ခြေရင်း၌ထား၍ လှူအပ်သော အဘိုးအားဖြင့် အသပြာ ငါးရာစီ ထိုက်တန်သော အဝတ်ပုဆိုးတို့ကို အကြိမ်တသိန်း တိုင်တိုင် ရဖူးလေသတတ်၊
တထောင်စီသော အဖို့အားဖြင့် ခြေရင်း၌ ထား၍လှူအပ်သော တထောင်စီ ထိုက်တန်သော အဝတ် ပုဆိုးတို့ကို အကြိမ် တထောင်တိုင်တိုင် ရဖူးလေသတတ်၊
တထောင်စီသော အဖို့အားဖြင့် ခြေရင်း၌ထား၍ လှူအပ်သော တသိန်းစီ ထိုက်တန်သော အဝတ်ပုဆိုးတို့ကို အကြိမ်တရာတိုင်တိုင် ရတော်မူဖူးလေသတတ်၊
တထည်, နှစ်ထည်, သုံးထည်, လေးထည်, ငါးထည်, ဆယ်ထည် ဤသို့ အစရှိသောနည်းဖြင့် ရအပ်သော အဝတ်ပုဆိုးတို့၏ကား အရေအတွက် အပိုင်း အခြားသည် မရှိလေပြီ၊
မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံယူတော် မူပြီးသည်ရှိသော် အရှင်အာနန္ဒာ မထေရ်သည် အလုံးစုံသော ဇမ္ဗူဒိပ် ကျွန်းသို့ လှည့်လည်တော်မူ၍ အလုံးစုံသော ကျောင်းတို့၌ (သီတင်းသုံးသော) ရဟန်းတို့အား မိမိ၏ ပစ္စည်းဥစ္စာသာလျှင် ဖြစ်ကုန်သော သပိတ် သင်္ကန်းတို့ကို ပေးလှူတော် မူလေသတတ်။)
သာမာဝတီတို့ကို မာဂဏ္ဍီ မီးတိုက်သတ်ခြင်း
မာဂဏ္ဍီ မိဖုယားသည်လည်း အကြင်အမှုကို ငါသည်ပြု၏၊ ထိုအမှုသည် ထိုပြုတိုင်း မဖြစ်ဘဲ တပါးသော အခြင်းအရာဖြင့်သာလျှင် ဖြစ်လေဘိ၏၊ ဤယခုအခါ အဘယ်သို့ ပြုရပါမည်နည်းဟု ကြံဆင်ခြင်သည်ရှိသော် ဤသို့သော အကြောင်း တခုသည် ရှိပေသည်ဟု ကြံဆင်ခြင်မိသောကြောင့် ဥတေနမင်းကြီးသည် ဥယျာဉ် ကစားခြင်းငှါ ထွက်သွားခိုက် ဘထွေး စူဠမာဂဏ္ဍီ ပုဏ္ဏား၏ အထံသို့ သတင်းစကား မှာကြား စေလွှတ်လိုက်သည်မှာ --
ဘထွေး သာမာဝတီ၏ ပြာသာဒ်သို့ သွား၍ ပုဆိုးတိုက်တို့ကို၎င်း၊ ဆီတိုက်တို့ကို၎င်း ဖွင့်စေပြီးလျှင် ပုဆိုးတို့ကို ဆီအိုးတို့၌ ထည့်နှစ် ဆွတ်ဖျန်းသဖြင့် သည်တိုင်တို့ကို ရစ်ပတ်၍ သာမာဝတီ အမှူးရှိကုန်သော ထိုအလုံးစုံသော မိန်းမငါးရာတို့ကို တပေါင်း တဖွဲ့တည်း ပြုပြီးမှ တံခါးကို လုံစွာ ပိတ်လျက် အပ၌ ကျည်ရှင် ယန္တရားပေး၍ (သော့ခတ်၍) မီးတိုင် မီးတုတ်တို့ဖြင့် အိမ်နန်း ပြာသာဒ်ကို မီးတိုက်ပြီး သက်ဆင်းကာ သွားပါလော့ဟု သတင်းစကားကို မှာကြားစေလွှတ်လိုက်၏၊
ထိုဘထွေး ပုဏ္ဏားသည်လည်း ပြာသာဒ်သို့ တက်၍ ပုဆိုးတိုက်, ဆီတိုက် ဖြစ်သော ကျီကျတို့ကို ဖွင့်စေပြီးလျှင် အဝတ်တို့ကို ဆီအိုးတို့၌ ထည့်နှစ် ဆွတ်ဖျန်းသဖြင့် သည်တိုင်တို့ကို ရစ်ပတ်ခြင်းငှါ အားထုတ်လေ၏။
ထိုအခါ မာဂဏ္ဍီ ပုဏ္ဏားကြီးကို သာမာဝတီ အမှူးရှိကုန်သော ငါးရာသော မိန်းမ တို့သည် ဘထွေး ဤယခုပြုသောအမှုကား အဘယ်သို့သော အမှုပါနည်းဟု မေးမြန်း ပြောဆိုကုန်လျက် ချဉ်းကပ်လာကြကုန်၏၊ ချစ်သ္မီးတို့ မင်းကြီးသည် မြဲမြံခိုင်ခံ့ စေခြင်းငှါ ဤသည်တိုင်တို့ကို ဆီလိမ်းကျံသော ပုဆိုးပိုင်းတို့ဖြင့် ရစ်ပတ်စေ တော်မူ၏၊
မင်းအိမ်နန်းတော်၌ မည်သည်ကား ... ကောင်းသဖြင့် ယှဉ်ခြင်း မကောင်းသဖြင့် ယှဉ်ခြင်း (ခိုင်ခံ့ မခိုင်ခံ့) မည်သည်ကို သိနိုင်ခဲ၏၊ ချစ်သ္မီးတို့ ငါ၏အထံ၌ ဖြစ်ကြ ကုန်လော့ (လာကြကုန်လော့)ဟု ဆို၏၊ ထိုမိန်းမ ငါးရာတို့ လာကြကုန်သည်ရှိသော် တိုက်ခန်း၌ သွင်းပြီးလျှင် တံခါးတို့ကို လုံစွာ ပိတ်လျက် အပ၌ ကျည်ရှင် ယန္တရားပေး၍ အစမှ စ၍သာလျှင် မီးတိုက်ကာ ဆင်းသွားလေ၏၊
သာမာဝတီ မိဖုယားသည် ထိုငါးရာသော မိန်းမတို့အား အဆုံးအမ ဩဝါဒ ပေးသည်မှာ ချစ်ညီမတို့ အစမထင်သော သံသရာ၌ ကျင်လည်ခြင်း ရှိကုန်သော ငါတို့အား ဤအတူသာလျှင် မီးဖြင့်လောင်ကျွမ်း ကုန်သော ခန္ဓာကိုယ် အတ္တဘော တို့၏ အပိုင်းအခြားကို မြတ်စွာဘုရား၏ သဗ္ဗညုတ ဉာဏ်တော်ဖြင့် သော်လည်း ထုတ်ဖေါ်ပိုင်းခြား ရေတွက်ခြင်းငှါ မလွယ်ပေ၊ မမေ့မလျော့သော သတိတရားရှိသူတို့ ဖြစ်ကြကုန်လော့ဟု အဆုံးအမ ဩဝါဒကို ပေးလေ၏၊
ထိုမိန်းမငါးရာတို့သည် အိမ်နန်း ပြာသာဒ်မီးလောင် လတ်သည်ရှိသော် ဒုက္ခ ဝေဒနာသို့ ရောက်ကုန် သော်လည်း သိမ်းဆည်းအပ်သော ကမ္မဋ္ဌာန်းကို နှလုံးသွင်း ကြကုန်သဖြင့် အချို့သောမိန်းမတို့သည် သကဒါဂါမိဖိုလ်သို့, အချို့သော မိန်းမတို့သည် အနာဂါမိဖိုလ်သို့ ရောက်ကြလေကုန်၏။
သာမာဝတီတို့ သေခြင်းနှင့် မြတ်စွာဘုရား၏ ဥဒါန်းတော်
ထိုအခါ များစွာကုန်သော ရဟန်းတို့သည် ဆွမ်းစားပြီးသောအခါ ဆွမ်းခံရွာမှ ဖဲကုန်သည်ရှိသော် အကြင်အရပ်၌ မြတ်စွာဘုရားသည် သီတင်းသုံး စံနေတော်မူ၏၊ ထိုမြတ်စွာဘုရား စံနေတော်မူရာ အရပ်သို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ထိုင်နေ ကြကုန်၏၊
တင့်အပ်လျောက်ပတ်သော အရပ်၌ ထိုင်နေကြကုန်သော ထိုရဟန်းတို့သည် မြတ်စွာဘုရားကို ဤသို့ လျှောက်ထားကြကုန်၏၊ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ယခုအခါ၌ ဥတေနမင်းကြီး ဥယျာဉ်တော်သို့ ထွက်သွားစဉ် နန်းတွင်းပြာသာဒ် မီးလောင်လတ်သည်ဖြစ်၍ သာမာဝတီ အမှူးရှိကုန်သော ငါးရာသော မိန်းမတို့သည် သေလွန်ခြင်းကို ပြုကြပါကုန်ပြီ၊
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ထိုဥပါသိကာမတို့အား အဘယ်သို့သော လားရာဂတိ ရှိပါသနည်း၊ အဘယ်သို့သော တမလွန်ဘဝ ရှိပါသနည်း ဘုရားဟု ဤသို့သော စကားကို လျှောက်ထားကြကုန်၏။
ချစ်သား ရဟန်းတို့ ဤငါးရာသော ဥပါသိကာမတို့တွင် သောတာပန်တို့ သည်လည်း ပါရှိကြကုန်၏၊ သကဒါဂါမ်တို့သည်လည်းပါရှိကြကုန်၏၊ အနာဂါမ်တို့သည်လည်း ပါရှိကြကုန်၏၊ ချစ်သားရဟန်းတို့ ထို အလုံးစုံကုန်သော ဥပါသိကာမတို့သည် မဂ်ဖိုလ်ရခြင်း တည်းဟူသော အကျိုးမှ ကင်းသဖြင့်သေလွန်ခြင်းကို ပြုကြရသည် မဟုတ်ဟု မိန့်တော်မူ၏၊ ထို့နောက် မြတ်စွာဘုရားသည် ဤသို့သော အကြောင်းကို သိမြင်တော်မူပြီး၍ ထိုသိမြင်တော်မူသော အခါ၌ ဤ ဥဒါန်းကို ကျူးရင့်တော် မူလေ၏။
(*ဥဒါန်း = ဆီအိုးဝေသကဲ့သို့ မြစ်ရေလျှံသကဲ့သို့ ပီတိအဟုန်ကြောင့် နှလုံးအိမ်မှ လျှိုတက်၍ နားထောင်သူကို မငဲ့ဘဲ ခံတွင်းမှ ထွက်လာသော ဝမ်းမြောက်စွာ ရွတ်ဆို ကျူးရင့်သော စကားထူးတည်း။)
မောဟသမ္ဗန္ဓနော လောကော၊ ဘဗ္ဗရူပေါဝ ဒိဿတိ။
ဥပဓိဗန္ဓနော ဗာလော၊ တမသာ ပရိဝါရိတော။
သဿတီ ဝိယ ခါယတိ၊ ပဿတော နတ္ထိ ကိဉ္စိနံ။
လောကော၊ လူများအပေါင်းသည်။
မောဟသမ္ဗန္ဓနော၊ မောဟနှင့် စပ်ယှဉ် ခြင်း သဘောရှိလျက်။
ဘဗ္ဗရူပေါဝ၊ သင့်တော်လျော်ကန် ထိုက်တန်သော သဘောရှိသကဲ့သို့။
ဒိဿတိ၊ ထင်ရှားပြ၏။
ဗာလော၊ သူမိုက်သည်။
ဥပဓိဗန္ဓနော၊ ကိလေသာ တည်းဟူသော အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့အပ်သည် ဖြစ်လျက်။
တမသာ၊ အဝိဇ္ဇာ ဟူသော အမိုက်မှောင်ဖြင့်။
ပရိဝါရိတော၊ ခြံရံ အပ်သည်ဖြစ်လျက်။
သဿတီ ဝိယ၊ မြဲသော သဘော ရှိသကဲ့သို့။
ခါယတိ၊ ထင်ရှားပြ၏။
ပဿတော၊ ဉာဏ်ဖြင့် ရှုကြည့် မြင်သိပြီးသောသူအား။
ကိဉ္စနံ၊ ကိလေသာဟူသော ကြောင့်ကြ စိုးရိမ်ခြင်းသည်။
နတ္ထိ၊ မရှိပြီ။
ဤသို့သော ဥဒါန်းကို ကျူးရင့်သောအား ဟောကြားတော်မူပြီးလျှင် ချစ်သား ရဟန်းတို့ ဤသတ္တဝါတို့ မည်သည်ကား သံသရာဝဋ်၌ တပြောင်းပြန်ပြန် ကျင်လည် ပြေးသွား ကြရကုန်သည်ဖြစ်၍ အခါခပ်သိမ်း မမေ့မလျော့ကုန်သဖြင့် ကုသိုလ် ကောင်းမှုကိုသာလျှင် စီမံအားထုတ် ပြုလုပ်ကြကုန်သည် မဟုတ်၊ မေ့လျော့ခြင်း ရှိကုန်သည်ဖြစ်၍ အကုသိုလ် မကောင်းမှုကိုလည်း စီမံအားထုတ် ပြုလုပ်ကြကုန်၏၊ ထို့ကြောင့် သံသရာဝဋ်၌ ကျင်လည် ပြေးသွားကုန်သော သတ္တဝါတို့သည် ချမ်းသာကို၎င်း၊ ဆင်းရဲကို၎င်း အစဉ်မလွဲ အမြဲ ခံစားကြရကုန်၏ဟု တရားတော်ကို ဟောကြားတော်မူလေ၏။
မာဂဏ္ဍီသည် ဆွေမျိုးအပေါင်းနှင့်တကွ သေဒဏ် (ဆု)ရခြင်း
ဥတေန မင်းကြီးသည် သာမာဝတီ မိဖုယား၏ အိမ်နန်းပြာသာဒ် မီးလောင်သတတ် ဟု ကြားသိရ၍ လျင်မြန်စွာသော အဟုန်ဖြင့် လာခဲ့သော်လည်း မီးမလောင်ကျွမ်းမီ အမှီရောက်လာခြင်းငှါ မစွမ်းနိုင်လေ၊ ရောက်လာပြီး၍ကား အိမ်နန်းပြာသာဒ်ကို မီးငြိမ်းစေပြီးလျှင် ဖြစ်ပေါ်တိုးပွား အားကြီးသော နှလုံး မသက်သာခြင်း ရှိသဖြင့် အမတ်အပေါင်း ခြံရံကာ ထိုင်နေတော်မူလျက် သာမာဝတီ မိဖုယား၏ ဂုဏ်ကျေးဇူး တို့ကို အဖန်ဖန် အောက်မေ့သဖြင့် ဤအမှုကား အဘယ်သူ၏အမှု ဖြစ်ပေလိမ့် မည်နည်းဟု ကြံဆင်ခြင်လတ်သော် မာဂဏ္ဍီ ပြုအပ်သောအမှု ဖြစ်ပေလိမ့်မည်ဟု သိပြီး၍ ခြိမ်းချောက် မောင်းမဲ၍ မေးအပ်သည်ရှိသော် မပြောမဆိုဘဲ ရှိလတ္တံ့၊ သာယာ ညှင်းပျောင်း အကြောင်း ဥပါယ်တမျဉ်ဖြင့် မေးအံ့ဟု ကြံတော်မူ၍ အမတ်တို့ကို အို အချင်း အမတ်အပေါင်းတို့ ငါဘုရင်မင်းမြတ်သည် ဤနေ့မှ ရှေးအဖို့၌ အဖန်ဖန် ထကြွ ပီရိယ လျင်လျား လုံ့လ ထားသော်လည်း တွေးတော ယုံမှား ရွံ့ရှား ကြောက်လန့်လျက်သာ နေရ၏။
သာမာဝတီသည် ငါမင်းမြတ်အပေါ်၌ အမြဲမပြတ် ပျက်စီးစေရန် အခွင့်ကိုသာ ရှာကြံလျက်နေ၏၊ ဤယခုအခါ၌မူကား ငါ၏စိတ်သည် ငြိမ်းအေးခြင်း ဖြစ်ရပေ တော့လတ္တံ့၊ ချမ်းသာစွာ နေခြင်းငှါ ရပေတော့ လတ္တံ့ဟု မိန့်မြွက်လေ၏၊ အမတ် အပေါင်းတို့ကလည်း အရှင်မင်းမြတ် ဤအမှုကို အဘယ်သူသည် ပြုပါသနည်းဟု မေးလျှောက် သံတော်ဦး တင်ကြကုန်သည်ရှိသော် ငါဘုရင်မင်းမြတ် အပေါ်၌ ချစ်ခြင်း မေတ္တာဖြင့် တစုံတယောက်သောသူ ပြုသည် ဖြစ်ပေလတ္တံ့ဟု မိန့်မြွက် ပြန်လေ၏။
မာဂဏ္ဍီ မိဖုယားသည်လည်း အနီးအပါး၌ တည်နေလျက် ထိုစကားကို ကြားရလေလျှင် အရှင်မင်းမြတ် ဤအမှုကို တပါးသော တစုံတယောက်သော သူသည် ပြုခြင်းငှါ စွမ်းနိုင်လိမ့်မည် မဟုတ်၊ ဘုရားကျွန်မ ပြုအပ်ပါသည် ဘုရား၊ ဘုရားကျွန်မသည် ဘထွေးကိုစေခိုင်း၍ ပြုစေရပါသည်ဟု တင်လျှောက်လေ၏။
(ထိုအခါ မင်းကြီးက) အသင် မာဂဏ္ဍီကို ဖယ်ထား၍ ငါ့အပေါ်၌ ချစ်မြတ်နိုးသော တပါးသောသူ မည်သည်မရှိ၊ သင့်အပေါ်၌ ငါသည် ယုံကြည် နှစ်သက်ခြင်းရှိပေ၏၊ သင့်အား ငါသည် မြတ်သောဆုကို ပေးသနားတော်မူအံ့၊ မိမိ၏ ဆွေမျိုးအပေါင်းကို ခေါ်စေလော့ဟု မိန့်မြွက်တော်မူလေ၏။
မာဂဏ္ဍီ မိဖုယားသည် ဆွေမျိုးတို့အထံသို့ မင်းကြီးသည် ငါ့အပေါ်၌ ယုံကြည် နှစ်သက်ခြင်း ရှိလှသည်ဖြစ်၍ မြတ်သောဆုကို ပေးသနားတော်မူ၏၊ လျင်မြန်စွာ လာခဲ့ကြကုန်လော့ ဟု သတင်းစကားကို မှာထား စေလွှတ်လိုက်လေ၏၊ မင်းကြီးသည် လာတိုင်း လာတိုင်းကုန်သော သူတို့အား ကြီးစွာသော ပူဇော် သက္ကာရကို ပြုစေ၏။
ထိုထိုသို့သော အခြင်းအရာကိုမြင်၍ မာဂဏ္ဍီ မိဖုယား၏ ဆွေမျိုး မတော်သော သူတို့သည်လည်း တံစိုး လက်ဆောင်ပေး၍ ငါတို့သည် မာဂဏ္ဍီမိဖုယား၏ ဆွေမျိုး တို့ပါတည်းဟူ၍ ပြောဆိုကာ လာကြလေကုန်၏။
ဥတေနမင်းကြီးသည် ထိုအလုံးစုံ ကုန်သော သူတို့ကို ဖမ်းယူစေ၍ မင်းယင်ပြင်၌ ချက်အတိုင်းအရှည် ပမာဏရှိသော တွင်းတို့ကို တူးစေပြီးလျှင် ထိုအလုံးစုံကုန်သော သူတို့ကို တွင်းထဲ၌ ထိုင်နေစေ သဖြင့် မြေမှုန့်တို့ဖြင့် ပို၍ အထက်၌ ကောက်ရိုးတို့ကို ဖြန့်ကြဲစေပြီး မီးတိုက်စေ၏။
အရေထူ လောင်ကျွမ်းသောအခါ၌ သံထွန်သွားဖြင့် ထွန်စေ၍ အပိုင်းအပိုင်း အမျှင်အမျှင်ကို ပြုစေလေ၏၊ မာဂဏ္ဍီ၏ ကိုယ်မှလည်း ထက်စွာသော ထားဖြင့် ထူထဲ ထူထဲ ကုန်သော နေရာတို့၌ အသားကို လှီးခွါ ယူစေပြီးလျှင် ဆီအိုးကင်းကို ခုံလောက်ထက်သို့ တင်၍ မုံ့တို့ကဲ့သို့ ကြော်စေလျက် ထိုမာဂဏ္ဍီကိုပင် စားခိုင်းလေ၏။
သာမာဝတီတို့၏ ရှေးအတိတ်ဝတ္ထု
တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဤသို့ သဘောရှိသော သဒ္ဓါ ကြည်ညိုခြင်း ရှိပေသော ဥပါသိကာမအား ဤသို့သဘောရှိသော သေရခြင်းသည် မလျောက်ပတ် မသင့်လျော်လေစွတကားဟု စကားကို ဖြစ်စေကြကုန်၏။
မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခု ငါဘုရား ကြွလာတော်မူဆဲအခါ၌ အဘယ် သို့သော စကားဖြင့် စည်းဝေးနေထိုင်ကြကုန်သနည်း ဟု မေးတော်မူသဖြင့် ဤမည်သော စကားဖြင့် စည်းဝေး နေထိုင်ကြပါကုန်သည် ဘုရားဟု လျှောက်ကြားအပ်သည်ရှိသော် ချစ်သား ရဟန်းတို့ သာမာဝတီ အမှူး ရှိကုန်သော ထိုဥပါသိကာမ ငါးရာတို့အား ဤဘဝ ခန္ဓာ အတ္တဘော၌ မသင့်လျော် မလျောက်ပတ်သော သေခြင်းသို့ ရောက်ရလေသည်၊ ရှေးဘဝ၌ ပြုခဲ့ဖူးသော ကံအား သင့်လျော် လျောက်ပတ်သော သေခြင်းကိုသာ ထိုဥပါသိကာမတို့ ရလေပြီဟု မိန့်တော်မူလျှင် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ထိုဥပါသိကာမတို့သည် ရှေး၌ပြုဖူးသော ကံသည်ကား အဘယ် ပါနည်း၊ ထိုအကြောင်းကို ဟောကြားတော်မူပါဟု ထိုရဟန်းတို့ လျှောက်ထား တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူလေ၏။
ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည် ရှိသော် မင်း၏နန်းတော်၌ အမြဲမပြတ် ရှစ်ပါးကုန်သော ပစ္စေကဗုဒ္ဓါအရှင်မြတ် တို့သည် ဆွမ်းဘုဉ်း ပေးတော်မူကြကုန်၏၊ ငါးရာ ကုန်သော နန်းတွင်းသူ မိန်းမ တို့သည် ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို လုပ်ကျွေး ပြုစုကြကုန်၏၊ ထိုရှစ်ပါး ကုန်သော ပစ္စေကဗုဒ္ဓါတို့တွင် ခုနစ်ပါးကုန်သော ပစ္စေကဗုဒ္ဓါတို့သည် ဟိမဝန္တာသို့ ကြွတော်မူကြကုန်၏။
တပါးသော ပစ္စေကဗုဒ္ဓါသည် မြစ်ဆိပ် ကမ်းနား၌ တခုသော မြက်ချုံသည်ရှိ၏၊ ထိုမြက်ချုံ၏ အတွင်း၌ ဈာန်သမာပတ်ကို ဝင်စား၍ နေတော်မူ၏၊ ထိုအခါ တနေ့သ၌ မင်းကြီးသည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ ကြွသွားတော်မူကြကုန်သည်ရှိသော် ထိုငါးရာသော နန်းတွင်းသူ မိန်းမတို့ကို ခေါ်ဆောင်၍ ရေကစားခြင်းကို ကစားခြင်းငှါ ထွက်သွားလေ၏။
ထိုရေကစားရာ ရေဆိပ်၌ ထိုမိန်းမငါးရာတို့သည် နေ့အဖို့ပတ်လုံး ရေ၌ကစား၍ ရေမှ တက်ပြီးလျှင် အချမ်းဖြင့် ပြင်းစွာနှိပ်စက်အပ် ကုန်သည်ဖြစ်၍ မီးလှုံခြင်းငှါ အလိုရှိကုန်သဖြင့် ငါတို့အား မီးထည့်ရာ အရပ်ကို ကြည့်ရှုကြကုန်လော့ဟု ပြောဆိုပြီးလျှင် ထိုမှဤမှ အဖန်ဖန် လှည့်လည်ကုန်သည် ရှိသော် အရှင် ပစ္စေကဗုဒ္ဓါ ဈာန်သမာပတ် ဝင်စားတော်မူရာ ထိုမြက်ချုံကို မြင်၍ မြက်အစုတည်း ဟူသော အမှတ်သညာဖြင့် ဝန်းရံကာ တည်နေကုန်လျက် မီးထည့်ကြကုန်၏။
မြက်တို့ကိုမီးလောင်၍ ပြာကျကုန်သည်ရှိသော် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကိုမြင်၍ ငါတို့သည် ပျက်စီးကြ လေကုန်ပြီ၊ ငါတို့ မင်းကြီး၏ အရှင်ပစ္စေကဗုဒ္ဓါသည် မီးလောင်ခဲ့ပြီ၊ မင်းကြီး သိတော်မူသည်ရှိသော် ငါတို့ကို ဖျက်ဆီးပေလတ္တံ့၊ ထို ပစ္စေကဗုဒ္ဓါကို ကောင်းစွာ လောင်ကျွမ်းအောင် ပြုကြကုန်အံ့ဟု (တိုင်ပင်၍) ထိုအလုံးစုံသော မိန်းမတို့သည် ထိုမှဤမှ ထင်းတို့ကို ယူဆောင်၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ အထက်၌ ထင်း အစုအပုံကို ပြုကြသဖြင့် ကြီးစွာသော ထင်းပုံ အစုကြီးသည် ဖြစ်လေ၏၊ထို့နောက် ထင်းပုံကြီးကိုမီးတိုက်၍ ယခုအခါ၌မူကား အကြွင်းမရှိ လောင်ကျွမ်းပေတော့မည်ဟု ဖဲသွားကြလေကုန်၏။
ထိုမိန်းမတို့သည် ရှေးဦးစွာ စိတ်စေတနာ မရှိသည်သာလျှင် ဖြစ်သောကြောင့် ကံဖြင့် မဖွဲ့အပ်(ကံမထိုက်)ကုန်၊ ဤယခုအခါ နောက်အကြိမ်မှာကား စေတနာ ရှိသောကြောင့် ကံဖြင့် ဖွဲ့အပ်ကုန်၏ (ကံထိုက်ကုန်၏၊) အရှင်ပစ္စေကဗုဒ္ဓါကိုကား ဈာန်သမာပတ်၏ အတွင်း၌ လှည်းအစီး တထောင်တို့ဖြင့် ထင်းတို့ကို စုပုံ၍ မီးတိုက်သော်လည်း အခိုးထွက်၍ မီးငွေ့ သင့်စေခြင်းမျှလည်း မီးစွဲယူခြင်းငှါ မစွမ်းနိုင်။
ထို့ကြောင့် ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ခုနစ်ရက်မြောက်သော နေ့၌ သမာပတ်မှ ထတော်မူပြီးလျှင် အလိုရှိတော်မူတိုင်း ချမ်းသာစွာ ကြွသွားတော် မူလေ၏၊ ထိုမိန်းမတို့သည်လည်း ထိုမကောင်းမှုကံကို ပြုအပ်သည် အဖြစ်ကြောင့် များစွာကုန်သော အနှစ်တသိန်းတို့ ကာလပတ်လုံး ငရဲ၌ ကျက်ရပြီးမှ ထို အကုသိုလ် ကံ၏ အကျိုးကြွင်း၏ အစွမ်းဖြင့်သာလျှင် ဘဝအရာတို့ပတ်လုံး ဤနည်းဖြင့်သာလျှင် နေအိမ် မီးသင့်လောင်သည်ရှိသော် မိမိတို့ပါ မီးကျွမ်းလောင်ကြရ လေကုန်၏၊ ဤကား သာမာဝတီ အမှူးရှိသော မိန်းမငါးရာတို့၏ ရှေးမကောင်းမှုကံတည်း။
ခုဇ္ဇုတ္တရာ၏ ခါးကုန်းခြင်း ပိဋကတ်သုံးပုံ ဆောင်ခြင်း
သောတာပန် တည်ခြင်း အတိတ်ကံအကြောင်း
ဤသို့ မိန့်တော်မူသည်ရှိသော် ရဟန်းတို့သည် မြတ်စွာဘုရားကို ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား ခုဇ္ဇုတ္တရာသည် --
အဘယ်ကံကြောင့် ခါးကုန်းမ ဖြစ်ရပါသနည်း၊
အဘယ်ကံကြောင့် ပညာကြီးပါသနည်း၊
အဘယ်ကံကြောင့် သောတာပတ္တိဖိုလ်ကို ရပါသနည်း၊
အဘယ်ကံကြောင့် သူတပါးတို့၏ အစေအပါး ခံရသော ကျွန်မ ဖြစ်ရပါသနည်း
ဘုရားဟု မေးလျှောက်ကြပြန်လေကုန်၏။
ချစ်သား ရဟန်းတို့ ဗြဟ္မဒတ်မင်းသည်ပင် ဗာရာဏသီပြည်၌ မင်းပြုသော ကာလ၌ ထိုရှစ်ပါးသာလျှင် ဖြစ်ကုန်သော ပစ္စေကဗုဒ္ဓါတို့တွင် တပါးသော ပစ္စေကဗုဒ္ဓါသည် အနည်းငယ်ခါးကုန်းသော သဘောရှိ၏။
ထိုအခါ တယောက်သော အလုပ်အကျွေး မိန်းမသည် ကမ္ဗလာကို လွှမ်းခြုံ ဝတ်ရုံလျက် ရွှေခွက်ငယ်ကို ကိုင်ယူပြီးလျှင် ငါတို့၏ ပစ္စေကဗုဒ္ဓါအရှင်မြတ်ကြီးသည် ဤသို့ဤသို့ လှည့်လည် ကြွသွားဘိသည်ဟု ကုန်းသောသူ၏ အဖြစ်ဖြင့် ထို ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီး၏ ဟု လှည့်လည် ကြွသွားတော်မူလေဟန် အခြင်းအရာကို ပြက်ရယ်ပြု၍ ပြလေ၏၊ ထိုပြက်ရယ်မှု ပြုသော ကံ၏ အကျိုး ဆက်ဖြင့် ခါးကုန်းမ ဖြစ်ရလေ၏။
ပညာကြီး ကြောင်းကား ထိုပစ္စေကဗုဒ္ဓါတို့ကို ရှေးဦးစွာသော နေ့၌ မင်းအိမ် နန်းတော်၌ နေစေသဖြင့် သပိတ် တို့ကို ယူစေပြီးလျှင် နို့ဃနာဆွမ်းဖြင့် ပြည့်စေ၍ ပေးလှူစေ၏၊ ပူလှစွာသော နို့ဃနာဆွမ်းဖြင့် ပြည့်သော သပိတ်တို့ကို ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် လက်ပြောင်း၍ ပြောင်း၍သာလျှင် ကိုင်ယူကြရကုန်၏။
ထိုပြက် ရယ်မှုပြုသော မိန်းမသည် ထိုသို့သော အခြင်းအရာတို့ဖြင့် ပြုတော်မူကြကုန် သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကိုမြင်ရလျှင် မိမိ၏ဥစ္စာဖြစ်ကုန်သော ဆင်စွယ် လက်ကောက် ရှစ်ခုတို့ကို ပေးလှူ၍ ဤ လက်ကောက်ထက်၌ တင်ထား၍ ကိုင်ယူ တော်မူကြပါဘုရားဟု လျှောက်ထားလေ၏။
ထိုအရှင်ပစ္စေကဗုဒ္ဓါတို့သည်လည်း ထိုသို့ဆိုတိုင်းသော အခြင်းအရာဖြင့် ပြု၍ ထိုဥပါသိကာမကို ကြည့်လတ်သောအခါ အရှင်ဘုရားတို့ တပည့်တော်မတို့အား ဤလက်ကောက်တို့ဖြင့် အလိုမရှိပါပြီ၊ အရှင်မြတ်တို့အားသာလျှင် ဤလက်ကောက် တို့ကို စွန့်လှူအပ်ပါကုန်ပြီ၊ ယူဆောင်၍ ကြွတော်မူကြပါ ဘုရားဟု လျှောက်ထား လေ၏၊ ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် နန္ဒမူတောင်ဝှမ်း (လိုဏ်ခေါင်း) သို့ယူ၍ ကြွသွားတော်မူကြ လေကုန်၏။
(ထိုသပိတ်ခြေ ဆင်စွယ် လက်ကောက်တို့သည် ယနေ့တိုင်အောင်လည်း အပျက် အစီး မရှိဘဲ နန္ဒမူတောင်ဝှမ်း (လိုဏ်ခေါင်း)၌ အထင်အရှား တည်ရှိကြကုန်သည် သာတည်း။)
ခုဇ္ဇုတ္တရာသည် ထိုလက်ကောက် သပိတ်ခြေလှူရသော ကုသိုလ်ကံ၏ အကျိုးဆက်ဖြင့် ယခုအခါ ပိဋကတ် သုံးပုံကို ဆောင်နိုင်သော ပညာကြီးသောသူ ဖြစ်လေ၏။
အရှင်ပစ္စေကဗုဒ္ဓါတို့အား လုပ်ကျွေးသမှု ပြုစုရသောကံ၏ အကျိုးဆက်ဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။
ဤသည်ကား ထိုခုဇ္ဇုတ္တရာ၏ ဘုရားနှစ်ဆူတို့၏ တခုသောအကြား၌ ပြုအပ်သော ကံပေတည်း။
ခုဇ္ဇုတ္တရာ၏ အစေခံကျွန်မ ဖြစ်ရခြင်း အတိတ်ကံ အကြောင်း
အစေအပါးခံရသော ကျွန်မ ဖြစ်ရကြောင်းကား ကဿပ မြတ်စွာဘုရား၏ လက်ထက်တော်အခါ ဗာရာဏသီပြည်၌ တယောက်သော သူဌေးသ္မီးသည် ညချမ်းသောအခါ မှန်ကြေးမုံကိုယူ၍ မိမိကိုယ်ကို တန်ဆာဆင်လျက် နေလေ၏၊ ထိုအခါ ထိုသူဌေးသ္မီးအား ချစ်ကျွမ်းဝင်သော တပါးသော ရဟန္တာ ဘိက္ခုနီမ သည် ထိုသူဌေးသ္မီးကို ရှုမြင်ခြင်းငှါ သွားလေ၏။
ထိုစကား မှန်၏၊ ဘိက္ခုနီမ တို့သည် အာသဝေါကုန်ပြီးသော ရဟန္တာမိန်းမတို့ ဖြစ်ကုန်သော်လည်း ညချမ်းသောအခါ၌ အလုပ်အကျွေးဖြစ်ကုန်သော အမျိုးတို့ကို ရှုမြင်ခြင်းငှါ အလိုရှိကြကုန်၏။
ထိုခဏ၌ သူဌေးသ္မီး၏ အထံဝယ် တစုံတယောက်သော အစေအပါး ခံသူသည် မရှိလေ၊ ထိုသူဌေးသ္မီးသည် အရှင်မ (မဝံ့မစား) ရှိခိုးပါ၏၊ တပည့်တော်မ၏ ထို တန်ဆာပခြုပ်ကို ယူ၍ ပေးသနားတော် မူပါကုန်ဦးလော့ဟု ဆိုလေ၏၊ မထေရ်မက ကြံဆင်ခြင်သည်မှာ ဤသူဌေးသ္မီးအား ဤဘဏ္ဍာထုပ် တန်ဆာ ပခြုပ်ကို အကယ်၍ ယူမပေးသည် ဖြစ်ခဲ့အံ့၊ ငါ၌ ရန်ငြိုးဖွဲ့၍ ငရဲ၌ ဖြစ်လတ္တံ့ ၊ ငါသည် အကယ်၍ ယူပေးသည်ဖြစ်ခဲ့အံ့၊ သူတပါး၏ အစေအပါး ခံရသော ကျွန်မ၏အဖြစ်ဖြင့် ဖြစ်ပေလတ္တံ့၊ စင်စစ်အားဖြင့် ငရဲ၌ ပူလောင် ပြင်းပြ ဆင်းရဲဒုက္ခကို ခံရသောထက် သူတပါး၏ အစေအပါး ကျွန်အမှုလုပ် ဖြစ်ရခြင်းသည်ကား မြတ်သေး၏ဟု ကြံဆင်ခြင်တော်မူ၍ ထိုရဟန္တာမသည် သူဌေးသ္မီးအား အစဉ် သနားသည်ကို အစွဲပြု၍ ဘဏ္ဍာထုပ် တန်ဆာပခြုပ်ကို ယူ၍ သူဌေးသ္မီးအား ပေးလိုက်ရလေ၏၊ ထို အကုသိုလ်ကံ၏ အကျိုးဆက်ဖြင့် သူတပါး၏ အစေအပါးကိုခံရသော ကျွန်အမှုလုပ်ဖြစ်ရလေသည် ဟုဟောကြားတော်မူလေ၏။
သာမာဝတီနှင့် မာဂဏ္ဍီတို့၏ ထူးခြားပုံ
အသက်ရှည်သူနှင့် သေသူတရား
တဖန် တနေ့သောအခါ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ သာမာဝတီ အမှူးရှိကုန်သော ငါးရာသော မိန်းမတို့သည် အိမ်နန်းပြာသာဒ်၌ မီးဖြင့် လောင်ကျွမ်း ကုန်၏၊ မာဂဏ္ဍီ၏ ဆွေမျိုးတို့ကား အထက်၌ ကောက်ရိုးမီး တိုက်ရှို့၍ သံထွန်သွား တို့ဖြင့် တိုက်ခွဲဖျက်ဆီးအပ်ကုန်၏၊ မာဂဏ္ဍီကိုကား ကျိုက်ကျိုက် ဆူသော ဆီပူဖြင့် ကျက်စေအပ်၏၊ ဤသို့ သေကြေ ပျက်စီးကြသော အရာ၌ အဘယ်သူတို့သည် အသက်ရှည်သည် မည်ကုန်သနည်း၊ အဘယ်သူတို့သည် သေသည် မည်ကုန်သနည်း ဟူသော စကားကို ဖြစ်စေကြလေကုန်၏။
မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ငါဘုရား ကြွလာတော် မူဆဲဖြစ်သော ယခုအခါ၌ အဘယ်သို့သောစကား ပြောကြားခြင်းဖြင့် စည်းဝေး ထိုင်နေကြကုန်ဘိသနည်းဟု မေးတော်မူသဖြင့် ဤ မည်သော စကား ပြောကြား ခြင်းဖြင့် စည်းဝေးထိုင်နေကြပါသည် ဘုရားဟု လျှောက်ကြားအပ်သည်ရှိသော် ချစ်သား ရဟန်းတို့ အကြင်သူတို့သည် ကုသိုလ်ကောင်းမှု၌ မေ့လျော့ကြကုန်၏၊ ထိုသူတို့သည် အနှစ်တရာပင် အသက်ရှည်လေ ငြားသော်လည်း သေသည် မည်ကုန်သည်သာလျှင်တည်း၊ အကြင်သူတို့သည် မမေ့မလျော့ ကြကုန်၊ ထိုသူတို့ သည် သေလွန်ကုန်သော်လည်း အသက်ရှည်သည် မည်ကုန်သည်သာလျှင်တည်း။
ထို့ကြောင့် မာဂဏ္ဍီသည် အသက်ရှည်၍ပင် နေငြားသော်လည်း သေသည် မည်သည်သာလျှင်တည်း၊ သာမာဝတီ အမှူးရှိကုန်သော ငါးရာသော မိန်းမတို့ သည်ကား သေလွန်ကုန်ငြားသော်လည်း အသက် ရှည်သည် မည်ကုန်သည် သာလျှင်တည်း၊ ချစ်သားရဟန်းတို့ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့သော သူတို့သည် မသေသည် မည်ကုန်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော် မူလေ၏။
ဒေသနာတော်
၂၁။ အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။
၂၂။ ဧဝံ ဝိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။
အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။
၂၃။ တေ ဈာယိနော သာတတိကာ၊ နိစ္စံ ဒဠှပရက္ကမာ။
ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။
အပ္ပမာဒေါ၊ ကုသိုလ်ကောင်းမှု၌ သတိမကင်း မမေ့မလျော့ခြင်းသည်။ အမတံ ပဒံ၊ သေခြင်းကင်းသော နိဗ္ဗာန်ကို ရခြင်း၏အကြောင်းတည်း။
ပမာဒေါ၊ သတိလွတ်ကင်း မေ့လျော့ခြင်းသည်။ မစ္စုနော၊ သေရခြင်း၏။
ပဒံ၊ အကြောင်း တည်း။
အပ္ပမတ္တာ၊ မမေ့မလျော့ သတိရှိကုန်သော သူတို့သည်။ န မီယန္တိ၊ သေသည် မမည်ကုန်။
ယေ၊ အကြင်သူတို့သည်။ ပမတ္တာ၊ မေ့လျော့ကြကုန်၏။ တေ၊ ထိုမေ့လျော့ကုန်သော သူတို့သည်။ မတာ ယထာ၊ သေကုန်သောသူတို့ ကဲ့သို့တည်း။
အပ္ပမာဒမှိ၊ မမေ့မလျော့ခြင်း၌။ ဌိတာ၊ တည်ကုန်သော။ ပဏ္ဍိတာ၊ ကြောင်းကျိုးမြင်သိ ပညာရှိတို့သည်။ ဧဝံ၊ ဤသို့။ ဝိသေသတော၊ အထူးအားဖြင့်။ ဉတွာ၊ ဧကန်ထင်ထင် သိမြင်ကုန်၍။ အပ္ပမာဒေ၊ မမေ့မလျော့ခြင်း၌။ ပမောဒန္တိ၊ နှစ်သက် ဝမ်းမြောက်ကြကုန်၏။ တေ၊ ထိုပညာရှိတို့သည်။ အရိယာနံ၊ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့၏။ ဂေါစရေ၊ ကျက်စားရာဖြစ်သော သတိပဋ္ဌာန် အစရှိသော ဗောဓိပက္ခိယတရား လောကုတ္တရာ တရားကိုးပါး၌။ ရတာ၊ နှလုံးရွှင်ပျော် မွေ့လျော်ကြကုန်သည်။ ဟောန္တိ၊ ဖြစ်ကြကုန်၏။
ဈာယိနော၊ သမာပတ် ရှစ်ပါးတည်းဟူသော့ အာရမ္မဏူပနိဇ္ဈာယနဈာန်, ဝိပဿနာ မဂ်ဖိုလ်တည်းဟူသော လက္ခဏူပနိဇ္ဈာယနဈာန် အားဖြင့် နှစ်ပါးသော ဈာန် ရှိကုန်သော။
သာတတိကာ၊ အမြဲမပြတ် ဖြစ်စေအပ်သော ကာယိက စေတသိက လုံ့လ ရှိကုန်သော။ နိစ္စံ၊ အမြဲ။
ဒဠှပရက္ကမာ၊ ပြင်းစွာ အားထုတ်ခြင်း ရှိကုန်သော။ တေ ဓီရာ၊ ထိုပညာရှိတို့သည်။ ယောဂက္ခေမံ၊ ယောဂလေးပါး တို့၏ ကုန်ရာ ကုန်ကြောင်းဖြစ်သော။ အနုတ္တရံ၊ မိမိထက်လွန်မြတ်သော တရား မရှိသော။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ဖုသန္တိ၊ ရောက်ကြကုန်၏။
ဒေသနာတော်၏ အကျိုး
တရားဒေသနာတော်၏ အဆုံး၌ များစွာကုန်သော သူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြလေကုန်၏၊ လူများအပေါင်းအား အကျိုးရှိသော တရား ဒေသနာ ဖြစ်တော်မူလေ၏။
သာမာဝတီမိဖုယားဝတ္ထု ပြီး၏၊
၂ - ကုမ္ဘဃောသက သူဌေးသားဝတ္ထု
ဥဋ္ဌာနဝတော အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကုမ္ဘဃောသက သူဌေးသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ကုမ္ဘဃောသက သူဌေးသားအသံနှင့်
ဗိမ္ဗိသာရမင်းကြီး၏ အသိဉာဏ်
ရာဇဂြိုဟ်ပြည်၌ ရာဇဂြိုဟ် သူဌေးအိမ်တွင် ယင်နာသည် ဖြစ်ပေါ်လေ၏၊ ထိုယင်နာ ဖြစ်သည်ရှိသော် ယင်တို့ကို အစပြု၍ နွားတိုင်အောင် တိရစ္ဆာန် ဖြစ်သော သတ္တဝါ တို့သည် ရှေးဦးစွာ သေကြကုန်၏၊ ထို့နောက်မှ ကျွန်အမှုလုပ် အလုံးစုံတို့နောက်မှ အိမ်ရှင်တို့ သေကြကုန်၏၊ ထို့ကြောင့် ထိုယင်နာရောဂါသည် အလုံးစုံသော သူတို့နောက်၌ သူဌေးကြီးနှင့် သူဌေးကတော်ကြီးတို့ကို ကိုင်ဖမ်း (စွဲကပ်)လေ၏။
ထိုသူဌေးကြီးနှင့် သူဌေးကတော်ကြီးတို့သည် ယင်နာတွေ ကုန်လတ်သော် မိမိတို့ အထံ၌ရှိသော သားကိုကြည့်၍ ပြည့်သော မျက်ရည်ရှိသော မျက်လုံးတို့ဖြင့် ချစ်သား ဤယင်နာ ဖြစ်သည်ရှိသော် နံရံကို ဖောက်ခွဲ၍ ထွက်ပြေးသောသူတို့သာ အသက်ကို ရကုန်သတတ်၊ သင်သည်လည်း ငါတို့ကို မကြည့်မူ၍ ထွက်ပြေးပြီးလျှင် အသက် ရှည်သည်ရှိသော် တဖန်ပြန်လာ၍ ငါကို ဤမည်သောအရပ်၌ ကုဋေလေးဆယ် သော ဥစ္စာတို့ကို မြှုပ်ထားအပ်ကုန်၏၊ ထိုဥစ္စာတို့ကို ဖော်ထုတ်၍ အသက်မွေးရစ်လေ လော့ဟု သားငယ်ကို မှာထား ပြောကြားလေ၏။
သူဌေးသားလည်း ထိုမိဘတို့၏စကားကို ကြားရလျှင် မရွှင်သော မျက်နှာဖြင့် ငိုကြွေး မြည်တမ်းလျက် မိဘနှစ်ပါးတို့ကို ရှိခိုး၍ သေဘေးမှ ကြောက်သောကြောင့် နံရံကို ဖောက်ခွဲကာ ထွက်ပြေးပြီးလျှင် တောင်တော ထူထပ် ရှုပ်ထွေးရာသို့သွား၍ တဆယ့် နှစ်နှစ်တို့ပတ်လုံး ထိုအရပ်၌ နေ၍ တဖန် ပြန်လာလေ၏။
ထိုသို့ ပြန်လာသောအခါ သူဌေးသားကို ငယ်သောအခါက ထွက်သွား၍ ဆံပင် မုတ်ဆိတ်တို့ ပေါက်ရောက် ရှည်လျားသော အခါမှ ပြန်လာသောကြောင့် တစုံ တယောက်သောသူမျှလည်း မမှတ်မိလေ။
သူဌေးသား လုလင်သည်လည်း မိဘနှစ်ပါးတို့ ပေးအပ်သော အမှတ်ဖြင့် ဥစ္စာ ထားရာအရပ်သို့ သွားရောက်၍ ပစ္စည်းဥစ္စာ၏ မပျက်မစီး ရှိသည့်အဖြစ်ကို သိလျှင် ငါ့ကို တစုံတယောက်သောသူသည် မမှတ်မိ၊ (မသိ) ငါသည် ဥစ္စာကို ဖော်ထုတ်၍ သုံးဆောင်သည် ဖြစ်အံ့၊ သူဆင်းရဲတယောက် ရွှေအိုးကို ဖော်ထုတ်၏ဟု ငါ့ကိုဖမ်း၍ ရိုက်ပုတ် ညှဉ်းဆဲကုန်ရာ၏၊ ငါသည် သူတပါး၏ အခစား ပြုလုပ်၍ အသက်မွေး ရမူကား ကောင်းလေစွဟု ကြံဆင်ခြင်၏။
ထို့နောက် ပုဆိုးပိုင်းတထည်ကို ဝတ်၍ အခစားနားပေးသဖြင့် ခိုင်းစေခြင်းငှါ အလိုရှိသော တစုံတယောက် သောသူ ရှိပါသလောဟု မေးမြန်းလျက် အခစားအမှုကို ပြုလေ့ ရှိသောသူတို့၏ ခရီးလမ်းမသို့ ရောက်သွားလေ၏၊ ထိုအခါ ထိုလုလင်ကို အခစား အမှု ပြုလေ့ရှိသောသူတို့ မြင်၍ ငါတို့၏ တခုသောအမှုကို ပြုလုပ်သည် ဖြစ်အံ့၊ သင့်အား ထမင်းရိက္ခာကို ပေးကုန်အံ့ဟု ဆိုကြလေကုန်၏၊ အဘယ် အမှုပါနည်း ဟု မေးမြန်းလျှင် အိပ်ရာမှနိုးကြားအောင် တိုက်တွန်း နှိုးဆော်ရသော အမှုတည်း။
ထိုအမူကို စွမ်းဆောင်နိုင်မူ နံနက်စောစောကလျှင် ထ၍ ဖခင်တို့ ထကြပါ ကုန်လော့၊ လှည်းတို့ကို ကကြ ပြင်ကြပါကုန်လော့၊ နွားတို့ကို ယှဉ်ကကြပါ ကုန်လော့၊ ဆင်မြင်းတို့ မြက်အလို့ငှါ သွားချိန်တန်ပါပြီ၊ မိခင်တို့ အသင်တို့ သည်လည်း ထကြပါကုန်လော့၊ ယာဂု ကြိုကြပါကုန်လော့၊ ထမင်းချက်ကြ ပါကုန်လော့ ဤသို့အစရှိသည်ဖြင့် လှည့်လည်ကာ ပြောကြားရမည်ဟု ပြောဆို ကြကုန်၏။
ထိုသူဌေးသား လုလင်သည် ကောင်းပါပြီဟု ဝန်ခံလေ၏၊ ထိုအခါ ထိုလုလင်နေရန် အိမ်တဆောင်ကို ပေးကြလေကုန်၏၊ ထိုလုလင်သည်လည်း နေ့တိုင်း နေ့တိုင်း ထိုအမှုကို ပြုလုပ်လေ၏။
ထိုအခါ တနေ့သ၌ ဗိမ္ဗိသာရမင်းကြီးသည် ထိုကုမ္ဘဃောသက လုလင်၏ အသံကို ကြားရလေ၏၊ ထိုဗိမ္ဗိသာရမင်းသည်ကား အလုံးစုံသော သူတို့၏ အသံကို သိတတ်သော သဘောရှိ၏၊ ထို့ကြောင့် ဤအသံသည် များသော ဥစ္စာရှိသော ယောက်ျားတယောက်၏ အသံဖြစ်သည်ဟု ဆိုလေ၏။
ထိုအခါ ဗိမ္ဗိသာရမင်း၏ အထံ၌နေသော တယောက်သော နန်းတွင်းသူ အလုပ် အကျွေး မောင်းမသည် မင်းကြီးသည်ကား ဟုတ်ဟုတ်ငြားငြား (တော်စွာ လျော်စွာ) စကားကို မဆိုလတ္တံ့၊ ငါသည် ဤသူ့ အကြောင်းကို သိခြင်းငှါ သင့်၏ဟုကြံ၍ အမောင် သွားပါချေ၊ ထိုသူ့အကြောင်းကို သိအောင် ပြုချေလော့ဟု မင်းချင်း တယောက်ကို စေလွှတ်လိုက်၏။
မင်းချင်း ယောက်ျားသည်လည်း လျင်စွာသွား၍ ထိုကုမ္ဘဃောသက လုလင်ကို မြင်လျှင် ပြန်လာ၍ ဤသူကား အခစားအမှု ပြုလေ့ရှိကုန်သော သူတို့၏ အခဖြင့် ပြုသော အထီးကျန်သူ ယောက်ျား တယောက်တည်းဟု လျှောက်ကြားလေ၏၊ မင်းကြီးသည်လည်း ထိုမင်းချင်း ယောကျ်ား စကားကို ကြားလျှင် ဆိတ်ဆိတ် နေလျက် နှစ်ရက်မြောက်သော နေ့၌၎င်း၊ သုံးရက်မြောက်သော နေ့၌၎င်း ထို လုလင်၏အသံကို ကြားပြန်လျှင် ရှေးအတူသာလျှင် မိန့်ဆိုပြန်လေ၏။
ထိုနန်းတွင်းသူ အလုပ်အကျွေး မောင်းမလည်း ရှေးအတူ ကြံ၍ အဖန်တလဲလဲ စေလွှတ်သော် ဤသူကား အထီးကျန်သော သူဆင်းရဲဟူ၍သာ ဆိုသဖြင့် နန်းတွင်းသူ အလုပ်အကျွေး မောင်းမသည် ဤသို့ ကြံစည်လေ၏။
မင်းကြီးသည် ဤသူကား အထီးကျန်သော သူဆင်းရဲဟု ဆိုသောစကားကို ကြားသော်လည်း ယုံကြည်တော်မမူ၊ အဖန်တလဲလဲလျှင် ဤအသံသည် များသော ဥစ္စာရှိသော ယောက်ျားတယောက်၏ အသံဖြစ်သည် ဟု မိန့်ဆိုတော်မူ၏၊ ဤ မင်းကြီးဆိုသော စကား၌ အကြောင်း ရှိတန်ရာ၏၊ ဟုတ်မှန်သော သဘောအတိုင်း ဤယောက်ျား၏ အကြောင်းကို သိခြင်းငှါ သင့်၏ဟု ကြံစည်လေ၏။
ကုမ္ဘဃောသကအား နန်းတွင်းသူမောင်းမ
သားသမက်ဖမ်း ပရိယာယ်
ထို့နောက်မှ နန်းတွင်းသူ အလုပ်အကျွေး မောင်းမသည် အရှင်မင်းကြီး ဘုရား ကျွန်မသည် အသပြာတထောင်ကို ရပါမူကား သ္မီးတော်ကို ခေါ်သွား၍ ထိုဥစ္စာကို မင်းအိမ်တော် ရွှေတိုက်သို့ သွင်းပါအံ့ဟု မင်းကြီးကို သံတော်ဦး တင်လေ၏၊ မင်းကြီးသည် ထိုမောင်းမအား အသပြာတထောင်ကို ပေးစေ၏။
ထိုမင်းမောင်းမလည်း ထိုအသပြာ တထောင်ကိုယူပြီးလျှင် သ္မီးတော်ကို ညစ်နွမ်းသော သဘောရှိသော ထမီအဝတ် တထည်ကို ဝတ်စေလျက် သ္မီးတော်နှင့်တကွ နန်းတော်မှ ထွက်ခဲ့၍ ခရီးသွားသူတို့ ဖြစ်လေဟန် အခစား အမှုပြုသော သူတို့၏ လမ်းခရီးသို့ သွား၍ အိမ်တအိမ်သို့ ဝင်ပြီးလျှင် မိခင် ကျွန်မတို့သည် ခရီးသွားတို့ ဖြစ်ပါသဖြင့် တရက် နှစ်ရက် ခန့်လောက် ဤအိမ်၌ အပန်းဖြေပြီးမှ သွားပါရစေဟု ဆိုလေ၏၊ ချစ်သ္မီး ဤအိမ်၌ အိမ်သူအိမ်သား များကုန်၏၊ နေခြင်းငှါမစွမ်းနိုင်၊ ကုမ္ဘဃောသက၏ အိမ်ကား လူမရှိ၊ ထိုကုမ္ဘဃောသက အိမ်သို့ သွားကြကုန်လော့ ဟု အိမ်ရှင်က ဆိုသည်ရှိသော် ထိုမင်းမောင်းမလည်း ကုမ္ဘဃောသကအိမ်သို့ သွား၍ အရှင် ကျွန်မတို့ သားအမိ နှစ်ယောက်သည် ခရီးသွား ဧည့်သည် ဖြစ်ပါသဖြင့် တရက် နှစ်ရက်မျှ ဤအိမ်၌ နေပါရစေဟု ပန်ကြား ပြောဆိုပြီးလျှင် အဖန်တလဲလဲ တားမြစ်အပ်သော်လည်း အရှင် ယနေ့ တနေ့မျှနေ၍ နံနက်စောစောသွားပါအံ့ဟု ဆိုလျက် ထွက်ခွါ ဖဲသွားခြင်းငှါ အလိုမရှိလေဘဲ ထိုမင်းမောင်းမသည် ထိုအိမ်၌ပင် တည်းခိုနေထိုင်၍ တဖန် မိုးသောက်သောနေ့၌ ကုမ္ဘဃောသက တောသို့ သွားအံ့သောအခါ အရှင့်သား သင်၏ ဝမ်းစာဆန်ရိက္ခာကို ပေးထားခဲ့၍သွားပါ၊ သင့်အဖို့ အာဟာရကို ချက်၍ ထားနှင့်ပါအံ့ဟု ဆိုလေ၏။
မိခင် အလိုမရှိပါ၊ ကျွန်တော်ပင် ချက်၍ စားပါမည်ဟု ကုမ္ဘဃောသက ဆိုလတ်သော် အဖန်တလဲလဲ တောင်းပန်၍ မေတ္တာကြိုး ထုံးဖွဲ့အောင် ဆိုခြင်းကြောင့် ထို ကုမ္ဘဃောသက သည် ပေးအပ်သည်ရှိသော် ယူကာမျှကိုသာလျှင် ပြု၍ အိမ်ဈေးမှ အိုးခွက်တို့ကို၎င်း၊ သန့်ရှင်းစင်ကြယ်သော ဆန် အစရှိသည်တို့ကို၎င်း ဆောင်စေ၍ နန်းတော်တွင်း မင်းအိမ်၌ ချက်သောနည်းဖြင့် အလွန်သန့်ရှင်း စင်ကြယ်သော ထမင်းကို၎င်း၊ ကောင်းမွန် မြိန်မြတ်သော အရသာရှိသော နှစ်မျိုးသုံးမျိုးသော လက်သုပ်ဟင်းလျာတို့ကို၎င်း ဖွယ်ဖွယ်ရာရာ ချက်ထားပြီးမှ အမှုလုပ်ရာ တောမှ ရောက်လာသော ကုမ္ဘဃောသက လုလင်အား ပြုပြင်၍ ပေးလေ၏။
ထိုအခါ မွန်မြတ်သော ခဲဖွယ်ဘောဇဉ် ဟင်းလျာတို့ကို စားသောက်ရသဖြင့် ပြော့ပျောင်း သိမ်မွေ့သော စိတ်သို့ရောက်သော ထိုကုမ္ဘဃောသက လုလင်ကို အရှင် ကျွန်မတို့သည် ခရီးပန်းသော သဘောရှိကြကုန်၏၊ တရက် နှစ်ရက် ဤ အိမ်၌သာလျှင် တည်းခိုကာ နေထိုင်ကြပါရစေဦးဟု ဆိုလေ၏။
ကုမ္ဘဃောသက လုလင်လည်း ကောင်းပါပြီဟု ဝန်ခံလေ၏၊ ထို့နောက် ညချမ်း အခါ၌၎င်း၊ တဖန် မိုးသောက်သော နေ့၌၎င်း၊ မြိန်မြတ် ကောင်းမွန်သော ထမင်းကို ချက်၍ ကုမ္ဘဃောသက လုလင်အား ပြုပြင်ကာ ပေးလေ၏။ ထိုကုမ္ဘဃောသက လုလင်၏ နူးညံ့ပြော့ပျောင်းသော စိတ်ရှိသည့် အဖြစ်ကို သိရလျှင် အရှင် နှစ်ရက် သုံးရက်ပတ်လုံး ဤအိမ်၌သာ တည်းခိုကာ နေထိုင်ကြပါရစေဦးဟု ပြောဆိုကာ နေလေ၏။
ထိုအိမ်၌နေစဉ် ထက်စွာသောထားဖြင့် ထိုကုမ္ဘဃောသက လုလင်၏ ညောင်စောင်း နေရာ အပေါင်၏အောက် ထိုထို အရပ်၌ လှီးဖြတ်ထားလေ၏၊ ကုမ္ဘဃောသက လုလင် လာ၍ ထိုင်ကာမျှ၌ ညောင်စောင်းသည် အောက်သို့ တွဲလွဲဆွဲကာ လျှောကျလေ၏၊ ကုမ္ဘဃောသက လုလင်သည် အဘယ့်ကြောင့် ဤညောင်စောင်း သည် ဤသို့ပြတ်၍ လျှောကျသွားရသနည်းဟု ဆိုလေသော် အရှင် ကလေး သူငယ်တို့ကို တားမြစ်ခြင်းငှါ မစွမ်းနိုင်ပါကုန်၊ ဤညောင်စောင်း၌သာလျှင် စုဝေးကာ နေထိုင်ကြပါကုန်၏ဟု ဆိုလေ၏။
မိခင် ကျွန်တော်အား ဤသို့သော ဆင်းရဲဒုက္ခသည် အသင်မိခင်တို့ကို မှီ၍ ဖြစ်လေဘိသည်၊ ကျွန်တော်သည် ရှေးအခါ၌ တစုံတခုသော အရပ်သို့သွားလို သည်ရှိသော် တံခါးကိုပိတ်၍ သွားရပါသည်ဟု ဆိုသောအခါ အမောင်အဘယ် သို့ပြုရအံ့နည်း၊ တားမြစ်ခြင်းငှါ မစွမ်းနိုင်ပါဟု ဆို၏။
ဤနည်းဖြင့်သာလျှင် နှစ်ရက် သုံးရက်တို့ပတ်လုံး ဆက်လက် ဖြတ်ထားခြင်းကြောင့် ကုမ္ဘဃောသက လုလင်သည် ကဲ့ရဲ့ကာရှုံ့ချကာ ပြောဆိုသော်လည်း ရှေးနည်း အတူသာလျှင် ဆို၍ တဖန် ကြိုးတချောင်း နှစ်ချောင်းမျှသာ ချန်ထား၍ ကြွင်းသမျှ ကြိုးတို့ကို အကုန်အစင် ဖြတ်ထားလေ၏၊ ထိုနေ့၌ ကုမ္ဘဃောသက လုလင်သည် ထိုင်ကာမျှ ၌သာလျှင် တနေရာလုံး မြေသို့ကျလေ၏၊ ဦးခေါင်းသည် ပုဆစ်ဒူးတို့နှင့် တကွ တပေါင်းတည်း ဖြစ်လေ၏။
ကုမ္ဘဃောသက လုလင်သည် ထ၍ အဘယ်ကို ပြုရပါအံ့နည်း၊ ဤယခုအခါ၌ အဘယ်သို့ သွားရပါအံ့နည်း၊ သင်တို့သည် အိပ်ရာ ညောင်စောင်းကိုပင် မပိုင်သော သူကိုကဲ့သို့ ပြုကုန်ဘိသည် တကားဟု ဆိုလေ၏၊ အမောင် ငါသည် အဘယ်သို့ ပြုရပါအံ့နည်း၊ အိမ်နီးချင်း သူငယ်တို့ကို တားမြစ်ခြင်းငှါ မစွမ်းနိုင်ပါ၊အမောင် ရှိပါစေတော့ ထွေထွေရာရာ မကြံပါလင့်၊ ဤသို့ သဘောရှိသော အချိန်အခါမဲ့၌ ဘယ်အရပ်သို့ သွားသင့် အံ့နည်းဟုဆို၍ သ္မီးကို ခေါ်ပြီးလျှင် ချစ်သ္မီး သင့်မောင်အား အိပ်စရာ နေရာ အခွင့်ကို ပြုလေလော့ဟု ဆိုလေ၏။
သတို့သ္မီးလည်း နံပါးတဘက်ဖြင့် အိပ်၍ အရှင် ဤအရပ်သို့လာလှည့်ပါဟု ဆို၏၊ မိခင်ဖြစ်သောသူကလည်း ကုမ္ဘဃောသက လုလင်ကို အမောင် သွားပါချေ နှမကလေးနှင့် အတူ အိပ်ပါလော့ဟု ဆိုပြန်၏၊ ကုမ္ဘဃောသက လုလင်သည် ထိုသတို့သ္မီးနှင့် အတူးက ညောင်စောင်းတခုတည်း၌ အိပ်သဖြင့် ထိုနေ့၌ ပင်လျှင် အကျွမ်းတဝင် ရောနှောခြင်းကို ပြုမိလေရကား သတို့သ္မီးသည် (ထ၍) ငိုကြွေး မြည်တမ်းလေ၏။
ထိုအခါ သတို့သ္မီးကို မိခင်က ချစ်သ္မီး အဘယ့်ကြောင့် ငိုကြွေးမြည်တမ်းဘိသနည်း ဟု မေးလေ၏၊ မိခင် ဤမည်သော ဖြစ်ပုံမျိုးသည် ဖြစ်ခဲ့လေပြီဟု ဆို၏၊ ချစ်သ္မီး ရှိပါစေတော့၊ အဘယ်သို့သော အမှုကိုပြုခြင်းငှါ တတ်နိုင်ကောင်းတော့အံ့နည်း၊ ချစ်သ္မီးသည်လည်း တယောက်သော မှီခိုအား ထားရာ ခင်ပွန်းလင်ကိုရခြင်းငှါ သင့်၏၊ ဤလုလင်သည်လည်း တယောက်သော ခြေရင်း အလုပ်အကျွေး ဇနီး မယားကို ရခြင်းငှါသင့်၏ ဟုဆို၍ ကုမ္ဘဃောသကကို သားမက် ပြုလေ၏၊ ထို သူတို့သည် အညီအညွတ် ပေါင်းသင်း နေထိုင်ခြင်းဖြင့် နေထိုင်ကြလေကုန်၏။
ကုမ္ဘဃောသကသည် ဗိမ္ဗိသာရမင်းကြီးထံ ရောက်ရပုံ
မိခင်ဖြစ်သော ထိုမင်းမောင်းမသည် နှစ်ရက် သုံးရက် လွန်မြောက်သောအခါ မင်းကြီးအထံသို့ အရှင်မင်းမြတ် အခစားအမှု ပြုသောသူတို့၏ ခရီးလမ်းမ၌ ပွဲသဘင် ကျင်းပကြကုန်၊ အကြင်သူ၏အိမ်၌ ပွဲသဘင်ကို မကျင်းပသည် ဖြစ်အံ့၊ ထိုသူအား ဤမျှသောဒဏ်သည် ဖြစ်စေရမည်ဟု ဆင့်ဆို ကြွေးကြော်ခြင်းကို ပြုတော်မူပါလော့ ဟု သတင်းစကားကို စေလွှတ် ပို့လိုက်လေ၏၊ ဗိမ္ဗိသာရမင်းကြီးသည် ထို မင်းမောင်းမ ဆိုတိုင်း ပြုစေ၏။
ထိုအခါ၌ ကုမ္ဘဃောသကကို ယောက္ခမက ချစ်သား အခစားအမှုပြုသော သူတို့၏ ခရီးလမ်းမ၌ ဘုရင်မင်းမြတ်၏ အာဏာဖြင့် ပွဲသဘင်ကိုကျင်းပရမည် ဖြစ်ချေပြီ၊ အသို့ပြုကုန်ရအံ့နည်းဟု ဆိုလေ၏၊ မိခင် ကျွန်တော်သည် အခစားအမှု ပြုရသော်လည်း အသက်မွေးခြင်းငှါ မစွမ်းနိုင်ပါ၊ အဘယ်သို့လျှင် ပြုနိုင်ပါ တော့အံ့နည်း ဟု ဆို၏၊ ချစ်သား အိမ်ရာထောင်၍ နေခြင်းဖြင့် နေသောသူတို့ မည်သည်ကား ကြွေးမြီကို သော်လည်း ယူရကုန်၏။
မင်း၏ အာဏာကို မပြုဘဲ နေခြင်းငှါ မရအပ်၊ ယူအပ်သော ကြွေးမြီမှကား အမှတ်မရှိ တစုံတခုသော အကြောင်းဖြင့် လွတ်ခြင်းငှါ တတ်ကောင်း၏၊ ချစ်သား သွားချေ၊ တစုံတယောက်သော သူ၏ အထံမှ တခု နှစ်ခုကုန်သော အသပြာတို့ကို ဆောင်ယူ ခဲ့လော့ဟု ဆို၏၊ ထို ကုမ္ဘဃောသက လုလင်သည် ကဲ့ရဲ့ငြီးတွားကာ သွား၍ ကုဋေလေးဆယ် ဥစ္စာ ထားရာမှ တသပြာကိုသာလျှင် ဆောင်ယူခဲ့လေ၏။
ထိုမင်းမောင်းမသည် ကုမ္ဘဃောသက လုလင် ပေးအပ်သော အသပြာကို မင်းကြီးအား ပို့စေ၍ မိမိ၏ အသပြာဖြင့် ပွဲသဘင်ကို ကျင်းပပြီးသော် တဖန် နှစ်ရက် သုံးရက် လွန်ပြန်သောအခါ ရှေးနည်းအတူသာလျှင် သတင်းစကားကို စေလွှတ် ပို့လိုက်ပြန်လေ၏၊ တဖန် မင်းကြီးသည် ပွဲသဘင်ကို ကျင်းပစေကုန်သတည်း၊ မကျင်းပကုန်သော သူတို့အား ဤမျှလောက်သောဒဏ် ဖြစ်စေရမည် ဟု မင်း၏ အာဏာဖြင့် စေပြန်လေ၏။
တဖန်လည်း ကုမ္ဘဃောသကကို ယောက္ခမ ဖြစ်သော မင်းမောင်းမသည် ရှေးနည်း အတူသာလျှင် ဆို၍ နှိပ်စက် ညှဉ်းပန်း အပ်သည်ရှိသော် ဥစ္စာထားရာ အရပ်သို့ သွား၍ သုံးခုသော အသပြာတို့ကို ယူဆောင်လေ၏၊ ထို မင်းမောင်းမသည် ကုမ္ဘဃောသက လုလင် ဆောင်ယူခဲ့သော ထိုအသပြာတို့ကို မင်းကြီးအား ပို့စေ၍ တဖန် နှစ်ရက် သုံးရက် လွန်ပြန်သောအခါ ရှေးနည်းအတူသာလျှင် သတင်းစကား စေလွှတ် ပို့လိုက်ပြီးလျှင် ယခုအခါ၌ မင်းချင်းယောက်ျားတို့ကို စေလွှတ်၍ ဤကုမ္ဘဃောသက လုလင်ကို ခေါ်စေတော်မူပါဟု မင်းကြီးကို စေခိုင်းပြန်လေ၏။
မင်းချင်းယောက်ျားတို့လည်း ထိုအရပ်သို့သွား၍ ကုမ္ဘဃောသကမည်သောသူသည် အဘယ်သူနည်းဟု မေး၍ ရှာဖွေကုန်လျက် ကုမ္ဘဃောသက လုလင်ကို တွေ့မြင် သဖြင့် အိုအချင်း လာလှည့်၊ အသင့်ကို မင်းကြီးသည် ခေါ်တော်မူ၏ဟု ဆိုကြကုန်၏၊ ထိုကုမ္ဘ ဃောသက လုလင်သည် ကြောက်ရွံ့သောကြောင့် ငါ့ကို မင်းကြီးသည် မသိ ဤသို့အစရှိသောစကားတို့ကိုဆို၍ လိုက်သွားခြင်းငှါ အလိုမရှိဘဲ နေလေ၏။
ထိုအခါ ကုမ္ဘဃောသက လုလင်ကို အနိုင်အထက် အားဖြင့် လက် စသည် တို့ကို ဆွဲကိုင်၍ ခေါ်ငင်ကြကုန်၏၊ ယောက္ခမဖြစ်သော မိန်းမသည် ထိုမင်းချင်း ယောက်ျား တို့ကို မြင်လျှင် အချင်း ဆိုနိုင်ခက်သော ယောက်ျားတို့ သင်တို့သည် ငါ၏ သားမက်ကို လက်စသည်တို့၌ ကိုင်စွဲခြင်းငှါ မလျောက်ပတ်ကုန်ဟု ခြိမ်းချောက် မောင်းမဲ၍ ချစ်သားလာလှည့် မကြောက်လင့်၊ မင်းကြီးကို ဖူးမြင်၍ သင်၏လက် စသည်တို့ကို ကိုင်ဆွဲငင်ကုန်သော သူတို့အား လက်တို့ကိုသာလျှင် ဖြတ်စေအံ့ဟု ဆို၍ သ္မီးကို ခေါ်ယူပြီးလျှင် မင်းအိမ်သို့ ရှေ့မှ သွားနှင့်ပြီးသော် အသွင်ကို လဲလှယ်၍ အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် တင့်အပ် လျောက်ပတ်သော အရပ်၌ တည်နေလေ၏၊ မင်းချင်းယောက်ျားတို့သည်လည်း ကုမ္ဘဃောသက လုလင်ကို ဆွဲငင်၍ ဆောင်ယူသွားကြ ကုန်သည်သာတည်း။
ကုမ္ဘဃောသက သူဌေး ရာထူး ရရှိခြင်း
ထိုအခါ ရှိခိုး၍ တည်နေသော ကုမ္ဘဃောသက လုလင်ကို မင်းကြီးက သင်သည် ကုမ္ဘဃောသက မည်သောသူ ဟုတ်ပေသလောဟု မေးတော်မူလေ၏၊ အရှင် မင်းမြတ် ဟုတ်ပါ၏ဟု ဝန်ခံလျှင် အဘယ့်ကြောင့် များစွာသော ဥစ္စာကို သုံးဆောင်၍ မစားသောက်လေဘိသနည်းဟု မေးတော်မူလေ၏၊ အရှင်မင်းမြတ် အခစား ပြုလုပ်၍ အသက်မွေးရသော ဘုရား ကျွန်တော်မျိုးအား များစွာသော ဥစ္စာ အဘယ်မှာ ရှိပါတုံအံ့နည်းဟု လျှောက်တင် လေလျှင် ဗိမ္ဗိသာရမင်းကြီးက ဤသို့ မပြုလင့်။
အဘယ့်ကြောင့် ငါတို့ကိုလှည့်ပတ်ဘိသနည်းဟု မိန့်ဆိုသောအခါ အရှင်မင်းမြတ် မလှည့်ပတ်ရပါ၊ ဘုရားကျွန်တော်မျိုးအား ဥစ္စာ မရှိပါဟု လျှောက်တင်ပြန်လေ၏၊ ထိုအခါ မင်းကြီးသည် ထို ကုမ္ဘဃောသက အား ထိုအသပြာတို့ကို ထုတ်ပြပြီးလျှင် ဤအသပြာတို့သည်ကား အဘယ်သူ၏ အသပြာတို့ပေနည်း ဟု မေးမြန်းတော် မူလေ၏၊ ကုမ္ဘဃောသကသည် မှတ်မိသည်ဖြစ်၍ ငါသည် မိုက်မှားမိလေစွတကား။
အဘယ်သို့သော အကြောင်းဖြင့် ဤအသပြာတို့သည် မင်းကြီး၏ လက်တော်သို့ ရောက်ပါလိမ့်မည်နည်းဟု ကြံစည်ကာ ထိုမှ ဤမှ ကြည့်ရှုလတ်သော် အထူးထူး သော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် တိုက်ခန်းတံခါးအနီး၌ တည်နေကြ ကုန်သော နန်းတွင်းသူ သားအမိ နှစ်ယောက်တို့ကို မြင်ရကား ဤ အမှုကား ဝန်လေး လေစွ၊ ဤမိန်းမတို့ကား ငါ့ထံသို့ မင်းကြီး စေလွှတ်အပ်သူတို့ ဖြစ်တန်ရာ၏ဟု ကြံဆင်ခြင်မိလေ၏။
ထိုအခါ ကုမ္ဘဃောသက လုလင်ကို မင်းကြီးက အိုအချင်း ဆိုဘိလော့၊ အဘယ့်ကြောင့် ဤသို့ ပြုဘိသနည်းဟု မေးတော်မူ၏၊ အရှင်မင်းမြတ်ဘုရား ကျွန်တော်မျိုးအား မှီခိုအားထားရာ မရှိပါဟု လျှောက်တင်သဖြင့် မင်းကြီးက ငါသို့ သဘောရှိသောသူသည် အသင်၏ မှီခိုအားထားရာ ဖြစ်ခြင်းငှါ မသင့်ပြီလောဟု မိန့်တော်မူလေ၏၊ အရှင်မင်းမြတ် အရှင်မင်းမြတ်သည် ဘုရားကျွန်တော်မျိုး၏ မှီခိုအားထားရာ အကယ်၍ ဖြစ်တော်မူပါကုန်အံ့၊ သင့်လျော် ကောင်းမြတ်ပါ၏ဟု လျှောက်တင်သဖြင့် အို အချင်း မှီခိုအားထားရာ ဖြစ်ပေတော့အံ့၊ သင့်အား ဥစ္စာသည် အဘယ်မျှရှိသနည်းဟု မေးတော်မူလေ၏၊ အရှင်မင်းမြတ် ကုဋေလေးဆယ် မျှလောက် ရှိပါသည်ဟု လျှောက်ထားသည်ရှိသော် အဘယ် ဝတ္ထုကိုရခြင်းငှါ သင့်သနည်းဟု မေးတော်မူသဖြင့် အရှင်မင်းမြတ် လှည်းတို့ကို ရခြင်းငှါ သင့်ပါသည် ဟု လျှောက်တင်လေ၏။
ဗိမ္ဗိသာရ မင်းကြီးသည် အရာမက များစွာသော လှည်းတို့ကို ကစေပြီးလျှင် စေလွှတ်၍ ထိုဥစ္စာအားလုံးကို တင်ဆောင် ယူလာစေပြီးလျှင် မင်းယင်ပြင်၌ အစုအပုံကို ပြုစေပြီးသော် ရာဇဂြိုဟ်ပြည်၌ နေကုန်သော သူတို့ကို စည်းဝေးစေ၍ ဤရာဇဂြိုဟ်ပြည်၌ တစုံတယောက်သောသူအား ဤမျှလောက်သော ဥစ္စာသည် ရှိသလောဟု မေးတော်မူသဖြင့် အရှင်မင်းမြတ် မရှိပါဟု လျှောက်ထားကုန်သည် ရှိသော် ထိုသူအား အဘယ်သို့ပြုခြင်းငှါ သင့်သနည်းဟု မေးတော်မူလေ၏။
အရှင်မင်းမြတ် ပူဇော်သက္ကာရကို ပြုခြင်းငှါ သင့်ပါသည်ဟု လျှောက်ဆိုသည်ရှိသော် ကြီးစွာသော ပူဇော်သက္ကာရဖြင့် ထိုကုမ္ဘဃောသက လုလင်ကို သူဌေး၏အရာ၌ ထား၍ သ္မီးတော်ကိုလည်း ကုမ္ဘဃောသက အားသာလျှင် ပေးဆောင် ထိမ်းမြား ပြီးလျှင် ထိုကုမ္ဘဃောသကနှင့် အတူတကွ မြတ်စွာဘုရား ထံတော်သို့ သွားကြ၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤယောက်ျားကို ရှုစားတော် မူကြပါဘုရား၊ ဤသို့သဘောရှိသော တည်ကြည်သော ပညာရှိသောသူ မည်သည် မရှိပါ၊ ကုဋေလေးဆယ် ကြွယ်ဝသော စည်းစိမ်ချမ်းသာရှင် ဖြစ်ပါလျက်လည်း လျှပ်ပေါ် လော်လည်သော အခြင်းအရာကို၎င်း၊ ငါဟူသော မာန်ထောင် လွှားခြင်းမျှကို၎င်း မပြုမူ၍ အထီးကျန်စွာ ဆင်းရဲရှာသောသူကဲ့သို့ ပုဆိုးပိုင်းကို ဝတ်လျက် အခစားအမှု ပြုသောသူတို့၏ ခရီးလမ်းမ၌ အခစားပြုသဖြင့် အသက်မွေး၍ နေပါသည်၊ တကာတော်သည် ဤမည်သောအကြောင်း ဥပါယ် တမျဉ်ပြုသဖြင့် သိရပါသည်၊ သိရပြီးသောအခါ ခေါ်စေ၍ ဥစ္စာရှိသည့်အဖြစ်ကို ဝန်ခံစေပြီးလျှင် ထိုဥစ္စာကို ဆောင်ယူစေသဖြင့် သူဌေးအရာ၌ ထားအပ်ပါသည်၊ သ္မီးတော်ကိုလည်း ထို ကုမ္ဘဃောသက လုလင်အား တကာတော်သည် ပေးအပ် ဆောင်နှင်းပါသည်၊ မြတ်စွာဘုရား တကာတော်သည် ဤသို့ သဘောရှိသော တည်ကြည်သော ပညာရှိသော သူကို မမြင်စဖူးပါ ဘုရားဟု နားတော် လျှောက်လေ၏။
ထိုသို့ လျှောက်ထားသောစကားကို ကြားသိတော်မူ၍ မြတ်စွာဘုရားသည် ဒါယကာမင်းမြတ် ဤသို့ အသက်မွေးသောသူ၏ အသက်ရှည်ခြင်းသည် တရား သဖြင့် သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အသက်ရှည်ခြင်း မည်၏၊ သူတပါး၏ ပစ္စည်းဥစ္စာကို ခိုးခြင်း အစရှိသော အမှုသည်ကား ပစ္စုပ္ပန်လောက ဤဘဝ၌လည်း နှိပ်စက်ဖိစီး ဖျက်ဆီးတတ်၏၊ တမလွန်လောက နောင်ဘဝ ၌လည်း နှိပ်စက်ဖိစီး ဖျက်ဆီး တတ်၏၊ ထိုအကြောင်းကြောင့် ချမ်းသာခြင်း မည်သည် မရှိ။
ထိုစကား မှန်၏၊ တစုံတယောက်သော ယောက်ျားအား ဥစ္စာ စီးပွား ဆုံးပါးပျက်စီး သောအခါ၌ လယ်ထွန်ခြင်းကို၎င်း၊ အခစားအမှု လုပ်ခြင်းကို၎င်း ပြု၍ အသက် ရှည်ခြင်းသည်သာလျှင် တရားသဖြင့် သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အသက်ရှည်ခြင်း မည်၏၊ ဤသို့ သဘောရှိသော လုံ့လ ဝီရိယ နှင့်ပြည့်စုံသော သတိနှင့် ပြည့်စုံသော ကိုယ်နှုတ်တို့ဖြင့် စင်ကြယ်သော အမှု ရှိသော ပညာဖြင့် စူးစမ်း ဆင်ခြင်၍ ပြုလေ့ရှိသော ကိုယ်နှုတ်နှလုံး သုံးပါးဖြင့် ကျင့်သုံးစောင့်စည်းလေ့ ရှိသော တရားသဖြင့် အသက် မွေးမြူခြင်းကို မွေးမြူလေ့ ရှိသော မကင်းသော သတိ တရား၌ တည်သောသူအား အစိုးရခြင်း စည်းစိမ် ချမ်းသာသည် တနေ့တခြား တိုးပွားသည် သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။
ဒေသနာတော်
၂၄။ ဥဋ္ဌာနဝတော သတိမတော၊ သုစိကမ္မဿ နိသမ္မကာရိနော။
သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသော ဘိဝဍ္ဎတိ။
ဥဋ္ဌာနဝတော၊ ထကြွလုံ့လ ဝီရိယရှိထသော။ သတိမတော၊ သတိနှင့်ပြည့်စုံထသော။
သုစိကမ္မဿ၊ အပြစ်မရှိ စင်ကြယ်သော ကာယကံ စသည်တို့နှင့် ပြည့်စုံထသော။ နိသမ္မကာရိနော၊ စူးစမ်းဆင်ခြင်၍ ပြုလေ့ရှိထသော။
သညတဿ၊ ကိုယ်နှုတ်နှလုံးကို စောင့်စည်းလေ့ရှိထသော။ ဓမ္မဇီဝိနော၊ တရားနှင့်အညီ အသက်မွေးလေ့ရှိထသော။
အပ္ပမတ္တဿ၊ မမေ့မလျော့သောသူအား။ ယသော၊ စည်းစိမ်ဥစ္စာ အရာအထူး ကျေးဇူးသတင်း ကျော်စောခြင်းသည်။ အဘိဝဍ္ဎတိ၊ တနေ့တခြား တိုးပွားလေ၏။
ဒေသနာတော်၏ အကျိုး
ဤ ဂါထာ၏ အဆုံး၌ ကုမ္ဘဃောသက သူဌေးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ထိုမှတပါး များစွာသော သူတို့သည်လည်း သောတာပတ္တိဖိုလ် စသည် တို့သို့ ရောက်ကြလေကုန်၏၊ ဤသို့ လူများအပေါင်းအား အကျိုးရှိသော တရား ဒေသနာ ဖြစ်တော်မူလေ၏။
ကုမ္ဘဃောသက သူဌေးသားဝတ္ထု ပြီး၏။
၃ - စူဠပန္ထက မထေရ် ဝတ္ထု
ဥဋ္ဌာနေနပ္ပမာဒေန အစရှိသော ဤ တရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် စူဠပန္ထက မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
သူဌေးသ္မီး ကျွန်နှင့် လိုက်ပြေးရာမှ
မဟာပန္ထကနှင့် စူဠပန္ထကတို့ ဖွားမြင်ခြင်း
ရာဇဂြိုဟ်ပြည်၌ ပစ္စည်းဥစ္စာများစွာကြွယ်ဝသော ဓနသေဋ္ဌိမည်သော သူဌေးမျိုး၏ သ္မီးသည် အရွယ်သို့ရောက်သောအခါ မိခင်ဖခင်တို့သည် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ် အထက်အပြင်၌ ထား၍ အလွန်လျှင် စောင့်ရှောက်အပ်သဖြင့် အရွယ်မာန် ယစ်ခြင်းဖြင့် ယစ်သည်၏ အဖြစ်ကြောင့် ယောက်ျား၌ လျှပ်ပေါ် လော်လည်ခြင်း ရှိသည်ဖြစ်၍ မိမိ၏ကျွန်ဖြစ်သော ယောက်ျားနှင့်သာလျှင် ပေါင်းဘက်ယဉ်ပါး မှားယွင်းခြင်းကို ပြုပြီးလျှင် တပါးသော သူတို့သည်လည်း ဤငါ၏အမှုကို သိကုန် ရာ၏ ဟု ကြောက်ရွံ့ခြင်းကြောင့် ငါတို့သည် ဤအရပ်၌ နေခြင်းငှါ မတတ်ကောင်း၊ မိခင်ဖခင်တို့သည် ဤပြစ်မှုကို အကယ်၍သိကုန်သည် ဖြစ်အံ့၊ ငါ့ကို အပိုင်းအပိုင်း ပြုကုန်လတ္တံ့၊ အရပ်တပါးသို့ သွားကြကုန်စိုအံ့ဟု ပြောဆိုလေသတတ်၊ ထိုဇနီး ခင်ပွန်း နှစ်ယောက်တို့သည် လက်ဆုပ်လက်ကိုင် ဥစ္စာနှစ်ကို ယူပြီးလျှင် တံခါးဦးဖြင့် ထွက်ခဲ့၍ အမှတ်မရှိ တစုံတခုသော အရပ်၌ သူတပါးတို့ မသိရာဌာနသို့ သွား၍ နေကုန်အံ့ဟု ထွက်ခွါသွားကြလေကုန်၏။
တခုသော အရပ်၌ နေကုန်သော ထိုသူတို့၏ ဆက်ဆံပေါင်းသင်း အတူနေခြင်း ကိုစွဲ၍ ထိုသူဌေးသ္မီး၏ဝမ်း၌ ကိုယ်ဝန်သန္ဓေ စွဲတည်လေ၏၊ သူဌေးသ္မီးသည် ကိုယ်ဝန်သန္ဓေ ရင့်ခြင်းကို အကြောင်းပြု၍ လင်ယောက်ျားနှင့် တိုင်ပင်သည်ကား ငါ၏ ကိုယ်ဝန်သန္ဓေသည် ရင့်ခြင်းသို့ ရောက်ခဲ့လေပြီ၊ အမျိုးမိတ်ဆွေမှ ကင်းသော အရပ်၌ သားဖွားမြင်ရခြင်းမည်သည် ငါတို့နှစ်ယောက်အားပင် ဆင်းရဲဒုက္ခသို့ ရောက်အောင် ဆောင်တတ်ရကား မိဘအိမ်သို့သာ ပြန်သွားကြ ကုန်စိုအံ့ဟု တိုင်ပင်လေ၏၊
လင်ယောက်ျားသည် ငါသည် ထိုမိဘအိမ်သို့ အကယ်၍ သွားသည်ဖြစ်အံ့၊ ငါ့အား အသက်သည် ရှိတော့မည် မဟုတ်ဟု ကြောက်ရွံ့သဖြင့် ယနေ့သွားအံ့၊ နက်ဖြန် သွားအံ့ဟု နေ့ရက်တို့ကိုသာ ကုန်လွန် စေ၏၊ ထိုသူဌေးသ္မီး ကြံစည်သည်ကား ဤ လူမိုက်သည် မိမိ၏ အပြစ်ကြီးသောကြောင့် သွားခြင်းငှါ မရဲဝံ့၊ မိဘတို့မည်သည်ကား ဧကန်မုချ အစီးအပွားကို အလိုရှိသည်သာတည်း၊ ဤသူသည် သွားသည်မူလည်း ဖြစ်စေ၊ မသွားသည် မူလည်းဖြစ်စေ ငါသွားတော့အံ့ဟု ကြံစည်၍ ထို လင်ယောက်ျားသည် အိမ်မှ ထွက်သွားခိုက် အိမ်ထောင်ခမ်းနား အသုံးအဆောင်တို့ကို သိုမှီး၍ မိမိ၏ မိဘအိမ်သို့ သွားသည်၏ အဖြစ်ကို အခြားမရှိသော အိမ်၌ နေကုန်သော အိမ်နီးချင်းတို့အား ပြောကြားမှာထား၍ လမ်းခရီးသို့ ထွက်သွားလေ၏။
ထို ယောက်ျားသည်လည်း အိမ်သို့ပြန်လာ၍ သူဌေးသ္မီးကို မမြင်လတ်သော် အိမ်နီးချင်းတို့ကို မေးသဖြင့် ထိုသူဌေးသ္မီးသည် မိဘအိမ်သို့ ပြန်သွားလေပြီဟု ကြားရခြင်းကြောင့် လျင်စွာ အစဉ်အတိုင်းလိုက်၍ ခရီးအကြား၌ မှီလေ၏၊ သူဌေးသ္မီးအားလည်း ထိုလမ်းခရီး၌ပင် သားဖွားမြင်ခြင်း ဖြစ်လေ၏၊
ထိုခင်ပွန်းသည် ယောက်ျားက ချစ်နှမ ဤအရာကား အဘယ်နည်းဟု မေးသဖြင့် ချစ်လင် အကျွန်ုပ်အား သားတယောက် ဖွားမြင်ပြီ၊ ယခုအခါ၌ အဘယ်သို့ ပြုရကုန်အံ့နည်းဟု ဆိုလျှင် အကြင် သားဖွားခြင်းကိစ္စ အကျိုးငှါ မိဘအိမ်သို့ ငါတို့သွားရာ၏၊ ထိုကိစ္စသည် ခရီးအကြား၌သာ ပြီးငြိမ်းခဲ့လေပြီ၊ ထိုမိဘအိမ်သို့ သွား၍ အဘယ်အမှု ပြုကုန်အံ့နည်း၊ ပြန်လည်ကြကုန်စိုအံ့ဟု ဆို၍ နှစ်ဦးသော ဇနီး ခင်ပွန်းတို့သည်လည်း တစိတ်တည်းဖြစ်၍ ပြန်လည်ခဲ့ကြလေကုန်၏၊
ထိုသတို့သား သူငယ်အားလည်း လမ်းခရီး၌သာလျှင် ဖွားမြင်ခြင်းကြောင့် ပန္ထက ဟူ၍ အမည်ကို မှည့်ခေါ်ကြကုန်၏၊ ထို့နောက် မကြာမြင့်မီ သူဌေးသ္မီးအား တပါးသော ကိုယ်ဝန်သန္ဓေသည်လည်း တည်ပြန်လေ၏၊ (ရှေးနည်းဖြင့်သာလျှင် အလုံးစုံ ချဲ့ဖွင့်အပ်၏) ထိုသတို့သား သူငယ်အားလည်း လမ်းခရီး၌ ဖွားမြင်ခြင်း ကြောင့် ရှေးဦးစွာ ဖွားမြင်သောသားအား မဟာပန္ထက နောက်မှ ဖွားမြင်သော သားအား စူဠပန္ထက ဟူ၍ အမည်ကို မှည့်ခေါ်ကြလေကုန်၏။
သားငယ် နှစ်ယောက်တို့အား မိဘတို့ထံ ပို့ခြင်း
ထိုနှစ်ဦးသော ဇနီးမောင်နှံတို့သည်လည်း နှစ်ယောက်သော သူငယ်တို့ကို ချီပိုး၍ မိမိနေရာ အရပ်သို့သာလျှင် ပြန်သွားကြလေကုန်၏၊ ထိုဇနီး ခင်ပွန်း တို့သည် ထိုအရပ်၌နေကြကုန်စဉ် မဟာပန္ထက သူငယ်သည် တပါးသောသူငယ် တို့ကို ဘထွေး, ဘကြီး ဟူ၍၎င်း၊ အဘိုး အဘွား ဟူ၍၎င်း ခေါ်ဝေါ်ကြ ပြောဆိုကြ သည်တို့ကို ကြားလျှင် မိခင်သို့ ချဉ်းကပ်၍ မိခင် ကျွန်တော်တို့မှ တပါးသော သူငယ်တို့သည် အဘိုး,အဘွား ဟူ၍၎င်း၊ ဘကြီးဘထွေး ဟူ၍၎င်း ခေါ်ဝေါ်ပြောဆိုကြပါသည်၊ မိခင် ကျွန်တော်တို့အား ခေါ်ဝေါ်ပြောဆို စရာ ဆွေမျိုး သားချင်းများ မရှိပါတကားဟု မေးမြန်းလေ၏၊
ချစ်သား ဤအရပ်၌ သင်ချစ်သားတို့အား ဆွေမျိုးသားချင်းများ မရှိသည်မှာ မှန်ပေ၏၊ ရာဇဂြိုဟ်ပြည်၌ကား ဓနသေဋ္ဌိ မည်သော သူဌေးသည် အမောင်တို့၏ အဘိုးတည်း၊ ထိုရာဇဂြိုဟ်ပြည်၌ ငါတို့၏ ဆွေမျိုးတို့သည် များစွာရှိကုန်၏ဟု ပြောပြလေ၏၊ မိခင် အဘယ့်ကြောင့် ထိုရာဇဂြိုဟ်ပြည်သို့ မသွားဘဲ နေဘိ သနည်းဟု မေးပြန်လတ်သော် ထိုသူဌေးသ္မီးသည် မိမိ၏ မသွားခြင်း အကြောင်းကို သားအား မပြောပြသဖြင့် သားငယ်တို့သည် အဖန်တလဲလဲ မေးကြကုန်သည်ရှိသော် ခင်ပွန်းသည်ကို ဤသို့ ဆို၏၊
ဤသူငယ်တို့သည် ငါ့ကို အလွန်တရာ စိတ်ပင်ပန်းအောင် ပြုကြကုန်၏၊ ငါတို့၏ မိခင် ဖခင်တို့သည် ငါတို့ကိုမြင်လျှင် အသားကို စားကြကုန်လတ္တံ့လော၊ လာသာ လာပါ၊ သူငယ်တို့အား အဘိုး အဘွားအိမ်ကို ပြကုန်အံ့ဟု ဆိုလေ၏၊ ငါသည် မျက်မှောက်၌ နေခြင်းငှါမစွမ်းနိုင်၊ သင့်ကိုကား ရောက်အောင် ဆောင်ပို့ပေအံ့ ဟုဆိုလျှင် ကောင်းပါပြီ၊ အမှတ်မရှိ တစုံတခုသော အကြောင်းဖြင့် သူငယ်တို့အား အဘိုး, အဘွား အိမ်ကိုသာ ပြခြင်းငှါသင့်၏ဟု ဇနီးမောင်နှံ နှစ်ယောက် တို့သည်လည်း သူငယ်တို့ကိုယူ၍ အစဉ်အားဖြင့် ရာဇဂြိုဟ်ပြည် သို့ ရောက်လာ ကြပြီးလျှင် မြို့တံခါး၌ တဆောင်သော စရပ်သို့ ဝင်၍ သူငယ်တို့၏ မိခင်သည် သူငယ် နှစ်ယောက်တို့ကို ခေါ်၍ မိမိ၏ လာရောက်သည့်အဖြစ်ကို မိခင်, ဖခင် သူဌေးကြီးတို့အား ပြောကြားစေ၏၊
ထိုသ္မီးနှင့်သားမက်တို့၏ လာရောက်ကြောင်း သတင်းစကားကိုကြားလျှင် သံသရာ၌ ကျင်လည်ကုန်သော သူတို့အား သားသ္မီး မဖြစ်ဖူးသောသူ မည်သည် မရှိ၊ ထို သူတို့သည် ငါတို့၏အပေါ်၌ များသော ပြစ်မှားခြင်းကို ပြုကုန်၏၊ ထိုသူတို့သည် ငါတို့မျက်မှောက်၌ နေခြင်းငှါ မတတ်ကောင်း၊ (မသင့်လျော်) ဤမျှလောက်သော ဥစ္စာကိုယူ၍ ဇနီးခင်ပွန်းနှစ်ယောက်တို့သည် ချမ်းသာရာ အရပ်သို့ သွား၍ အသက်မွေးကြ လေကုန်၊ သူငယ်တို့ကိုကား ငါ့တို့အိမ်သို့ သာလျှင် ပို့လာစေလော့ဟု ဥစ္စာကိုပေး၍ တမန် စေလွှတ်လိုက်ကြ လေကုန်၏၊ ထိုဇနီးခင်ပွန်းနှစ်ယောက် တို့သည် ထိုမိခင်, ဖခင် သူဌေးကြီးတို့ ပို့လိုက်သော ဥစ္စာကိုယူ၍ သူငယ်တို့ကို လာရောက်ကုန်သော တမန်တို့၏လက်၌ အပ်၍ပို့လိုက်ကြရလေကုန်၏။
မဟာပန္ထက စူဠပန္ထကတို့
ဘုရားသာသနာတော်တွင်းသို့ ရောက်ကြခြင်း
သူငယ်တို့သည် အဘိုးအဘွားတို့၏အိမ်၌ ကြီးပွားကြကုန်၏၊ ထိုနှစ်ယောက် တို့တွင် စူဠပန္ထကကား အလွန်ငယ်သေး၏၊ မဟာပန္ထကကား အဘိုးသူဌေးနှင့်အတူ မြတ်စွာဘုရား၏ တရားတော်ကို နာအံ့သောငှါ သွား၏၊ အမြဲမပြတ် ဘုရားထံသို့ တရားနာ သွားလေ့ရှိသော ထိုမဟာပန္ထက၏ စိတ်သည် ရှင်သာမဏေ ပြုခြင်းငှါ ညွှတ်လာလေ၏၊ ထိုမဟာပန္ထကသည် အဘိုးဖြစ်သော သူဌေးကြီးကို အကယ်၍ ကျွန်တော်ကို ခွင့်ပြုကြကုန်သည်ဖြစ်အံ့၊ ရှင်သာမဏေပြုချင်ပါ၏ဟု ဆိုလေ၏၊
အဘိုးသူဌေးကြီးလည်း ချစ်သား အဘယ်ဆိုသနည်း၊ အလုံးစုံသော လူအပေါင်း တို့အားလည်း ရှင်သာမဏေ ပြုခြင်းကို ငါမတားမြစ်အပ်၊ ထို့ကြောင့် ငါ့မြေး၏ ရှင်သာမဏေပြုခြင်းသည် ကောင်းလှပေ၏၊ စွမ်းနိုင်လျှင် ရှင်သာမဏေ ပြုလော့ဟု ခွင့်လွှတ်ပြီးလျှင် မဟာပန္ထကကို ဘုရားအထံတော်သို့ ခေါ်ဆောင် သွား၍ အသို့နည်း သူဌေးကြီး သူငယ်ကို အသင် ရအပ်သလောဟု မိန့်ဆိုလတ် သာ် မြတ်စွာဘုရား ရအပ်ပါ၏၊ ဤသူငယ်သည် တပည့်တော်၏ မြေးဖြစ်ပါသည်၊ ရှင်တော် မြတ်ဘုရား တို့၏ ထံတော်၌ ရှင်သာမဏေ ပြုလိုပါသည်ဘုရားဟု လျှောက်ကြားလေ၏။
မြတ်စွာဘုရားသည် ပိဏ္ဍပါတ်မှတင် ဆောင်သော ရဟန်းတပါးကို ဤသူငယ်ကို ရှင်သာမဏေ ပြုလော့ဟု မိန့်မြွက်တော်မူလေ၏၊ မထေရ်သည် ထိုမဟာပန္ထက သတို့သားအား *တစပဉ္စက ကမ္မဋ္ဌာန်းကို ပြောကြား သင်ပေး၍ ရှင်ပြုပေးလေ၏၊
(*တစပဉ္စက ကမ္မဋ္ဌာန်းကား = ဆံပင်, မွေးညှင်း, ခြေသည်း လက်သည်း, သွား အရေ ဤငါးပါး အပေါင်းကို ရှုဆင်ခြင် ပွားများခြင်းတည်း။)
ထိုမဟာပန္ထကသည် များစွာသော ဘုရားစကား တည်းဟူသော ပိဋကတ် သုံးပုံကို သင်ယူ၍ အသက်နှစ်ဆယ် ပြည့်သည်ရှိသော် ရဟန်းပဉ္စင်း အဖြစ်ကိုရ၍ အသင့် အတင့် နှလုံးသွင်းခြင်းဖြင့် ကမ္မဋ္ဌာန်းကို လုံ့လပြုလျက် အရဟတ္တဖိုလ်သို့ ရောက်လေ၏၊
ထို အရှင်မဟာပန္ထကသည် ဈာန်ချမ်းသာ ဖိုလ်ချမ်းသာဖြင့် လွန်စေလျက် ဤ ချမ်းသာကို စူဠပန္ထကအား ပေးခြင်းငှါ တတ်ကောင်းအံ့လောဟု ကြံစည်လေ၏၊ ထို့နောက်မှ အဘိုးဖြစ်သော သူဌေး ကြီး၏ အထံသို့ သွား၍ သူဌေးကြီး အကယ်၍ ခွင့်ပြုသည် ဖြစ်အံ့၊ စူဠပန္ထကကို ရှင်သာမဏေ ပြုပေးလို၏ဟု ဆိုလျှင် အရှင်ဘုရား ပြုပေးပါလော့ဟုခွင့်ပြုလေ၏။
သူဌေးကြီးကား သာသနာတော်၌လည်း အလွန်တရာ ကြည်ညိုသတတ်၊ ထိုသူငယ် တို့သည် သင် သူဌေးကြီးတို့၏ အဘယ်သ္မီးမှ ဖွားမြင်သော သားတို့ပေနည်းဟု မေးသည်ရှိသော် လျှပ်ပေါ် လော်လည်သော သ္မီးမှဟု ပြောကြားခြင်းငှါ ရှက်စနိုး သောကြောင့်လည်း အလွယ်တကူပင် ထိုသူငယ်တို့အား ရှင်သာမဏေ အဖြစ်ကို ခွင့်ပြုလေသတတ်။
မဟာပန္ထက မထေရ်သည် စူဠပန္ထကကို ရှင်ပြု၍ သီလတို့၌ တည်စေ၏၊ ထိုစူဠပန္ထက သည်လည်း ရှင်ပြုပြီးလျှင် နုံ့နှေးသော ဉာဏ်ပညာရှိသောသူ ဖြစ်လေ၏။
ပဒ္မံ ယထာ ကောကနဒံ သုဂန္ဓံ၊
ပါတော သိယာ ဖုလ္လမဝီတဂန္ဓံ။
အင်္ဂီရသံ ပဿ ဝိရောစမာနံ၊
တပန္တ မာဒိစ္စ မိဝန္တလိက္ခေ။
ကောကနဒံ၊ ကောကနဒ အမည်ရှိသော။
ပဒ္မံ၊ ပဒုမ္မာကြာသည်။
ပါတော၊ နံနက်အခါ၌။
အဝီတဂန္ဓံ၊ အနံ့မကင်းသည်ဖြစ်၍။
သုဂန္ဓံ၊ ကောင်းသော အနံ့ရှိသည်ဖြစ်၍။
ဖုလ္လ့၊ ပွင့်ခြင်းသို့ ရောက်သည်။
သိယာ ယထာ၊ ဖြစ်သကဲ့သို့။
အန္တလိက္ခေ၊ ကောင်းကင်၌။
ဝိရောစမာနံ၊ တင့်တယ်ခြင်း ရှိထသော။
တပန္တံ၊ တောက်ပသော တန်ခိုးအာနုဘော် ရှိထသော။
အာဒိစ္စံ ဣဝ၊ နေမင်းကဲ့သို့။
ဝိရောစမာနံ၊ တင့်တယ်ခြင်း ရှိထသော။
အင်္ဂီရသံ၊ ကိုယ်တော်မှထွက်သော အရောင်ရှိသော ဘုရားရှင်ကို။
ပဿ၊ ကြည့်ရှုလေလော့။
ဤတခုသော ဂါထာကို လေးလတို့ဖြင့် သင်ယူခြင်းငှါ မတတ်နိုင်ရှာလေ။
ရှင်စူဠပန် ဉာဏ်ထိုင်းရကြောင်း အတိတ်ကံဝတ္ထု
ထို စူဠပန္ထကသည် ကဿပဘုရားရှင်၏ လက်ထက်တော် အခါ၌ ရဟန်းပြု၍ လျင်မြန် ထက်မြက်သော ပညာရှိတယောက် ဖြစ်ရကား ဉာဏ်နုံ့နှေးသော ရဟန်းတပါး၏ ပါဠိကို သင်ယူသော အခါ၌ ပြက်ရယ်မှုကို ပြုသတတ်၊ ထိုဉာဏ် နုံ့နှေးသော ရဟန်းသည် ထိုပြက်ရယ်မှုဖြင့် ရှက်စနိုးသည်ဖြစ်၍ ပါဠိကိုလည်း မသင်ယူ၊ ရွတ်အံ သရဇ္ဈာယ်ခြင်းကိုလည်း မပြုဝံ့ရှာလေ၊
ထိုပြက်ရယ်မှုပြုသော အကုသိုလ်ကံကြောင့် ဤစူဠပန္ထကသည် ရှင်ပြုပြီးလျှင် ပြီးခြင်း နုံ့နှေးသော ဉာဏ်ပညာ ရှိသောသူ ဖြစ်လေ၏၊ သင်ယူအပ်တိုင်း သင်ယူ အပ်တိုင်းသော ပုဒ်သည် အထက် အထက်ပုဒ်ကို သင်ယူစဉ် မေ့လျော့ ပျောက်ပျက်လေ၏၊
ထို စူဠပန္ထကသည် ဤပဒ္မံစသော ဂါထာကိုသာလျှင် သင်ယူခြင်းငှါ လုံ့လပြုစဉ် လေးလတို့သည် ကုန်လွန်ကုန်၏၊ ထိုအခါ စူဠပန္ထကကို မဟာပန္ထကသည် ငါ့ညီ စူဠပန္ထက သင်သည် ဤဘုရားသာသနာတော်၌ မထိုက်သောသူ ဖြစ်၏၊ လေးလ တို့ဖြင့် တခုသော ဂါထာကိုလည်း (နှုတ်တက်ရွရွ) သင်ယူခြင်းငှါ မတတ်နိုင်၊ ရဟန်းကိစ္စကိုကား အဘယ်အကြောင်းဖြင့် အပြီးသို့ ရောက်စေနိုင်အံ့နည်း၊ ဤ ကျောင်းမှ ထွက်လော့ဟု နှင်ထုတ်လေ၏။
စူဠပန္ထကသည်လည်း ဘုရားသာသနာတော်၌ အလွန်မြတ်နိုးခြင်းကြောင့် လူ၏ အဖြစ်ကို မတောင့်တ၊ ထိုအခါ၌လည်း မဟာပန္ထကသည် ဆွမ်းညွှန်ရဟန်း ဖြစ်၏၊ အဘယမင်းသား မွေးမြူအပ်သော ဇီဝကသည် များစွာသော ပန်းနံ့သာ နံ့သာ ပျောင်းကို ယူလျက် မိမိ၏ သရက်ဥယျာဉ်သို့ လာ၍ မြတ်စွာဘုရားကို ပူဇော်ကာ တရားတော်ကို နာကြားပြီးလျှင် နေရာမှထ၍ ဘုရားရှင်ကို ရှိခိုးပြီးလျှင် မဟာပန္ထက မထေရ်သို့ကပ်၍ အရှင်ဘုရား ဘုရားရှင်အထံတော်၌ ရဟန်းတို့သည် အဘယ်မျှ ရှိကြပါကုန်သနည်းဟု မေးလျှောက်လေ၏၊
ရဟန်းငါးရာ ရှိ၏ဟု မိန့်ဆိုလတ်သော် နက်ဖြန် ဘုရားအမှူးရှိသော ငါးရာသော ရဟန်းတို့ကို ဆောင်ယူ၍ တပည့်တော်တို့၏နေအိမ်၌ ဆွမ်းကို အလှူခံတော် မူကြပါဘုရားဟု လျှောက်လေ၏၊ ဒါယကာ စူဠပန္ထကမည်သော ရဟန်းသည် နုံ့နှေးသော ဉာဏ်ပညာရှိ၏၊ စည်ပင်ပြန့်ပြော ကြီးပွားခြင်း သဘောမရှိ၊ ထိုစူဠပန္ထကကို ချန်ထားခဲ့၍ ကြွင်းသော ရဟန်းတို့အား ဒါယကာ ပင့်ဖိတ်သည်ကို ဝန်ခံစေအံ့ဟု မဟာပန္ထက မထေရ်သည် မိန့်ဆိုလေ၏၊
စူဠပန္ထကမထေရ်သည် ထိုစကားကိုကြားလျှင် ဤမဟာပန္ထက မထေရ်ကား ဤမျှလောက်ကုန်သော ရဟန်းတို့အား ပင့်ဖိတ်ခြင်းကို ဝန်ခံသည်ရှိသော် ငါ့ကို အပပြု၍ ဝန်ခံ၏၊ မချွတ်လျှင် ငါ၏နောင်တော်ကား ငါ့အပေါ်၌ စိတ်ပျက်သည် ဖြစ်လတ္တံ့၊ ယခုအခါ ငါ့အား ဤမြတ်စွာဘုရား သာသနာတော်ဖြင့် အဘယ် အကျိုး ရှိအံ့နည်း၊ လူဖြစ်၍ အလှူစသော ကောင်းမှုတို့ကိုပြုလျက် အသက်မွေးအံ့ဟု ကြံစည် အောက်မေ့လေ၏၊ ထိုစူဠပန္ထက မထေရ်သည် တဖန် မိုးသောက်သောနေ့၌ စောစောက သာလျှင် လူထွက်ခြင်းငှါ ထွက်ခွါသွားလေ၏။
စူဠပန္ထကမထေရ်နှင့် ရဇောဟရဏံ ကမ္မဋ္ဌာန်း
မြတ်စွာဘုရားသည် နံနက်စောစော အခါ၌သာလျှင် လောကကို ကြည့်တော်မူသည် ရှိသော် ဤအကြောင်းကို မြင်တော်မူသဖြင့် ရှေးဦးစွာ ကြွသွားတော် မူပြီးလျှင် စူဠပန္ထက သွားရာခရီးဖြင့် တံခါးမုတ်ဦး၌ စင်္ကြံ ကြွတော်မူလျက် နေတော်မူလေ၏၊ စူဠပန္ထကသည် သွားသည် ရှိသော် ဘုရားရှင်ကို မြင်၍ ချဉ်းကပ်ကာ ရှိခိုးလျက် နေလေ၏၊
ထိုအခါ စူဠပန္ထကကို ဘုရားရှင်သည် ချစ်သား စူဠပန္ထက ဤစောစောကြီး အချိန်၌ သင် အဘယ်အရပ်သို့ သွားအံ့နည်းဟု မေးတော်မူ၏၊ မြတ်စွာဘုရား တပည့်တော်ကို နောင်တော် မဟာပန္ထကသည် ကျောင်းမှ နှင်ထုတ်သောကြောင့် လူထွက်ခြင်းငှါ သွားပါအံ့ဟု လျှောက်လေ၏။
စူဠပန္ထက သင်၏ ရဟန်းအဖြစ် မည်သည်ကား ငါဘုရားအထံ၌ ဖြစ်၏၊ သင့် နောင်တော် နှင်ထုတ်အပ် သည်ရှိသော် ငါဘုရားအထံသို့ အဘယ့်ကြောင့် မလာဘဲ နေသနည်း၊ လာလှည့် လူအဖြစ်ဖြင့် သင့်အား အဘယ်အကျိုး ရှိအံ့နည်း၊ ငါဘုရား အထံ၌ နေရလတ္တံ့ ဟု မိန့်တော်မူ၍ စက်လက္ခဏာ အစုံဖြင့် ရေးမှတ်အပ်သော အပြင်ရှိသော လက်တော်ဖြင့် စူဠပန္ထက ဦးခေါင်းကို သုံးသပ်တော်မူလျက် ခေါ်ဆောင် သွားပြီးလျှင် ဂန္ဓကုဋိတံခါးမုတ်ဦး၌ နေစေ၍ စူဠပန္ထက အရှေ့အရပ်သို့ ရှေးရှုမူ၍ ဤပုဆိုးပိုင်းကို “ရဇောဟရဏံ ရဇောဟရဏံ”(မြူကို ဆောင်သော အဝတ်, မြူကိုဆောင်သော အဝတ်) ဟု သုံးသပ် ဆုပ်နယ်လျက် ဤအရပ်၌သာ မြဲမြဲစွဲစွဲ နေရစ်လော့ဟု မှာထားတော်မူ၍ တန်ခိုးတော်ဖြင့် ဖန်ဆင်းအပ်သော ဖြူစင်သော ပုဆိုးပိုင်းကို ပေးပြီးလျှင် ဆွမ်းဘုဉ်းပေးချိန် ကာလကို ကြားလျှောက် အပ်သည်ရှိသော် ရဟန်းအပေါင်း ခြံရံလျက် ဇီဝက ၏အိမ်သို့ ကြွတော်မူ၍ ခင်းထားအပ်သော ဘုရားနေရာ၌ နေတော်မူလေ၏၊
စူဠပန္ထကသည်လည်း နေကိုကြည့်လျက် ထိုပုဆိုးပိုင်းကို “ရဇောဟရဏံ ရဇောဟရဏံ” (မြူကိုဆောင် တတ်သော အဝတ်, မြူကိုဆောင်တတ်သော အဝတ်) ဟု သုံးသပ်ဆုပ်နယ်လျက် နေလေ၏။ ထိုပုဆိုး အပိုင်းသည် သုံးသပ် ဆုပ်နယ်စဉ် ညစ်နွမ်းခဲ့လေ၏၊ ထို့နောက် ကြံစည်ပုံကား ဤပုဆိုးအပိုင်းသည် အလွန်လျှင် ဖြူစင်လျက် ဤအတ္တဘောကိုမှီ၍ ရှေးသဘောကို စွန့်ပြီးလျှင် ဤသို့ညစ်နွမ်းခြင်း ဖြစ်ရလေ၏၊ ပြုပြင်ခြင်းသဘောရှိသော ဘုံသုံးပါး၌ ဖြစ်ဖြစ်သမျှ သင်္ခါရ တရားတို့သည် မမြဲကုန်စွတကားဟု ကုန်ခြင်း ပျက်ခြင်းကို ဖြစ်စေလျက် (စူးစမ်း ဆင်ခြင်လျက်) ဝိပဿနာကို ပွားများစေလေ၏။
စူဠပန္ထကမထေရ် ရဟန္တာဖြစ်ခြင်း
ဘုရားရှင်သည်လည်း စူဠပန္ထက၏ စိတ်သည် ဝိပဿနာသို့ တက်ပြီဟု သိ၍ စူဠပန္ထက သင်သည် ပုဆိုးပိုင်းကိုသာလျှင် ညစ်နွမ်း၏၊ မြေမှုန့် ဖြစ်၍ ဖြစ်၏ဟု အမှတ်သညာ မပြုလင့်၊ သင်၏ ကိုယ်တွင်း၌လည်း ရာဂမြူ စသည်တို့သည် ရှိကုန်၏၊ ထိုရာဂပြု စသည်တို့ကို ပယ်လေလော့ဟု မိန့်တော်မူပြီးလျှင် ရောင်ခြည်တော် လွှတ်တော်မူ၍ ရှေ့၌ ထိုင်နေတော်မူသကဲ့သို့ ထင်ရှားပြသော ကိုယ်ရှိ သဖြင့် ဤဂါထာတို့ကို ဟောတော်မူလေ၏။
ရာဂေါ ရဇော န စ ပန ရေဏု ဝုစ္စတိ၊
ရာဂဿေတံ အဓိဝစနံ ရဇောတိ။
ဧတံ ရဇံ ဝိပ္ပဇဟိတွာန ဘိက္ခဝေါ၊
ဝိဟရန္တိ တေ ဝိဂတရဇဿ သာသနေ။
ဒေါသော ရဇော န စ ပန ရေဏု ဝုစ္စတိ၊
ဒေါသဿေတံ အဓိဝစနံ ရဇောတိ။
ဧတံ ရဇံ ဝိပ္ပဇဟိတွာန ဘိက္ခဝေါ၊
ဝိဟရန္တိ တေ ဝိဂတရဇဿ သာသနေ။
မောဟော ရဇော န စ ပန ရေဏု ဝုစ္စတိ၊
မောဟဿေတံ အဓိဝစနံ ရဇောတိ။
ဧတံ ရဇံ ဝိပ္ပဇဟိတွာန ဘိက္ခဝေါ၊
ဝိဟရန္တိ တေ ဝိဂတရဇဿ သာသနေ။
ရဇော၊ ရဇဟူသည်။
ရာဂေါ၊ ငါးပါးအာရုံ ကာမဂုဏ်တို့ကို ခုံမင်တပ်မက် နှစ်သက်တတ်သော ရာဂ ပေတည်း။
ရေဏု ပန၊ မြူကိုသာလျှင်။
န စ ဝုစ္စတိ၊ မဆိုအပ်သေး။
ရဇောတိ ဧတံ၊ ရဇဟူသော ဤအမည်သည်။
ရာဂဿ၊ ရာဂဿ၊ ငါးပါးအာရုံ ကာမဂုဏ်တို့ကို ခုံမင်တပ်မက် နှစ်သက်တတ်သော ရာဂ၏။
အဓိဝစနံ၊ အမည်ပေတည်း။
ဝိဂတရဇဿ၊ ရာဂမြူကင်းသော ဘုရား၏။
သာသနေ၊ သာသနာတော်၌။
ဘိက္ခဝေါ၊ သံသရာဘေးကို ရှုဆင်ခြင်လေ့ရှိကုန်သော။
ယေ၊ အကြင်ရဟန်းတို့သည်။
အတ္ထိ-သန္တိ၊ ရှိကုန်၏။
တေ၊ ထိုရဟန်းတို့သည်။
ဧတံ ၊ ဤရာဂတည်းဟူသောမူကို။
ဝိပ္ပဇဟိတွာန၊ ပယ်စွန့်၍။
ဝိဟရန္တိ၊ နေကြကုန်၏။
ရဇော၊ ရဇဟူသည်။
ဒေါသော၊ မျက်ကြုတ်ကိုးတန် ဖွဲ့ပြန်မပျက် အမျက်ဒေါသ ပေတည်း။
ရေဏု ပန၊ မြူကိုသာလျှင်။
န စ ဝုစ္စတိ၊ မဆိုအပ်သေး။
ရဇောတိ ဧတံ၊ ရဇဟူသော ဤအမည်သည်။
ဒေါသဿ၊ ဖျက်ဆီးတတ်သော ဒေါသ၏။
အဓိဝစနံ၊ အမည်ပေတည်း။
ဝိဂတရဇဿ၊ ဒေါသမူကင်းသောဘုရား၏။
သာသနေ၊ သာသနာတော်၌။
ဘိက္ခဝေါ၊ သံသရာဘေးကို ရှုဆင်ခြင်လေ့ ရှိကုန်သော။
ယေ၊ အကြင်ရဟန်းတို့သည်။
အတ္ထိ-သန္တိ၊ ရှိကုန်၏။
တေ၊ ထိုရဟန်းတို့သည်။
ဧတံ ရဇံ၊ ဤဒေါသတည်းဟူသော မြူကို။
ဝိပ္ပဇဟိတွာန၊ ပယ်စွန့်၍။
ဝိဟရန္တိ၊ နေကြကုန်၏။
ရဇော၊ ရဇဟူသည်။
မောဟော၊ တွေဝေမိုက်မဲခြင်း မောဟပေတည်း။
ရေဏု ပန၊ မြူကိုသာလျှင်။
န စ ဝုစ္စတိ၊ မဆိုအပ်သေး။
ရဇောတိ ဧတံ၊ ရဇဟူသော ဤအမည်သည်။
မောဟဿ၊ မိုက်မဲတွေဝေခြင်း မောဟ၏။
အဓိဝစနံ၊ အမည်ပေတည်း။
ဝိဂတရဇဿ၊ မောဟကင်းသော ဘုရား၏။
သာသနေ၊ သာသနာတော်၌။
ဘိက္ခဝေါ၊ သံသရာဘေးကို ရှုဆင်ခြင်လေ့ ရှိကုန်သော။
ယေ၊ အကြင် ရဟန်းတို့သည်။
အတ္ထိ-သန္တိ၊ ရှိကုန်၏။
တေ၊ ထိုရဟန်းတို့သည်။
ဧတံ ရဇံ၊ ဤမောဟတည်းဟူသော မြူကို။
ဝိပ္ပဇဟိတွာန၊ ပယ်စွန့်၍။
ဝိဟရန္တိ၊ နေကြကုန်၏။
ဤဂါထာတို့ကို ဟောတော်မူပြီးသည်အဆုံး၌ စူဠပန္ထကသည် ပဋိသမ္ဘိဒါ လေးပါး တို့နှင့်တကွ ရဟန္တာ အဖြစ်သို့ ရောက်လေ၏၊ ထိုစူဠပန္ထကအား ပဋိသမ္ဘိဒါတို့နှင့် တကွသာလျှင် ပိဋကတ်သုံးပုံတို့သည် နှုတ်၌ လာကုန်၏။
စူဠပန္ထကမထေရ် တန်ခိုးပြခြင်း
ထိုစူဠပန္ထကသည် ရှေးအခါ၌ ပြည့်ရှင်မင်းကြီးဖြစ်၍ မြို့ကို လက်ျာရစ် လှည့်သည် ရှိသော် နဖူးမှ ချွေးယိုထွက်သောအခါ စင်ကြယ်သော အဝတ်ဖြင့် နဖူးစွန်းကို သုတ်လေ၏၊ အဝတ်သည် ညစ်နွမ်းခဲ့လေ၏၊ ထိုပြည့်ရှင်မင်းသည် ဤကိုယ်ကိုမှီ၍ ဤသို့ သဘောရှိသော စင်ကြယ်သော အဝတ်သည် ပကတိ စင်ကြယ်သော သဘောကို စွန့်၍ ညစ်နွမ်းရလေ၏၊ သင်္ခါရ တရားတို့သည် မမြဲကုန်စွတကားဟု အနိစ္စ သညာကို ရဖူးလေ၏၊ ထိုအကြောင်းကြောင့် ရဇောဟရဏ ကမ္မဋ္ဌာန်းသည်ပင် ထိုအရှင်စူဠပန္ထက၏ အကြောင်း အထောက်အပံ့ ဖြစ်လေ၏၊
အဘယမင်းသား မွေးမြူအပ်သော ဇီဝကသည်လည်း ဘုရားရှင်အား အလှူ ရေစက်ကို ဆက်ကပ်သော် ဘုရားရှင်သည် ဇီဝက ကျောင်း၌ ရဟန်းတို့ ရှိကုန်သေး သည်မဟုတ်လောဟု မိန့်တော်မူ၍ လက်တော် ဖြင့် သပိတ်ကို ပိတ်တော်မူလေ၏၊ ထိုအခါ မဟာပန္ထကမထေရ်သည် မြတ်စွာဘုရား ကျောင်းတော်၌ ရဟန်းတို့မရှိပါပြီ ဘုရား ဟုလျှောက်ထားလေ၏၊
မြတ်စွာဘုရားသည် ဒါယကာ ဇီဝက ရှိသေး၏ဟု မိန့်တော်မူပြန်သဖြင့် ဇီဝကသည် ထိုသို့ဖြစ်မူ အချင်း ယောက်ျား သွားတဲ့ချေ၊ ကျောင်းတော်၌ ရဟန်းတို့သည် ရှိသည်အဖြစ် မရှိသည်အဖြစ်ကို သင့်ကိုယ်တိုင် သိအောင်ပြုလော့ဟု ယောက်ျား တယောက်ကို စေလွှတ်လိုက်လေ၏။
ထိုခဏ၌ အရှင်စူဠပန်သည် ငါ၏နောင်တော်သည် ကျောင်းတော်၌ ရဟန်း မရှိဟု ဆိုလေပြီ၊ ကျောင်း၌ ရဟန်းရှိသည့် အဖြစ်ကို ထိုသူအား ပြအံ့ဟု သရက် ဥယျာဉ် တခုလုံးကို ရဟန်းတို့ဖြင့်သာလျှင် ပြည့်စေ၏၊ အချို့သော ရဟန်းတို့သည် သင်္ကန်းချုပ်ခြင်းအမှု ပြုကြကုန်၏၊ အချို့သောရဟန်းတို့ကား သင်္ကန်း ဆိုးခြင်းအမှု ပြုကြကုန်၏၊ အချို့သောရဟန်းတို့ကား သရဇ္ဈာယ်ခြင်းကို ပြုကြကုန်၏၊
ဤသို့သောနည်းဖြင့် အချင်းချင်း မတူအောင် ရဟန်း တထောင်ကို ဖန်ဆင်းလေ၏၊ ထိုစေလိုက်သော ယောက်ျားသည် ကျောင်း၌ များစွာသော ရဟန်းကိုမြင်၍ ပြန်လည်ခဲ့ပြီးလျှင် သခင် သရက်ဥယျာဉ် တခုလုံးသည် ရဟန်း တို့ဖြင့်ပြည့်၏ဟု သမားတော်ဇီဝကအား ပြောကြားလေ၏၊ မထေရ်သည်လည်း ထိုအရပ်၌လျှင်...
သဟဿက္ခတ္တုံ အတ္တာနံ၊ နိမ္မိနိတွာန ပန္ထကော။
နိသီဒမ္ဗဝနေ ရမ္မေ၊ ယာဝ ကာလပ္ပဝေဒနာ။
ပန္တကော၊ စူဠပန္ထကမထေရ်သည်။
အတ္တာနံ၊ မိမိကိုယ်ကို။
သဟဿက္ခတ္တုံ၊ ရဟန်းတထောင်ဖြစ်အောင်။
နိမ္မိနိတွာန၊ ဖန်ဆင်း၍။
ယာဝကာလပ္ပဝေဒနာ၊ ဆွမ်းဘုဉ်းပေးချိန် ရောက်သောကာလ ပြောကြားသည် တိုင်အောင်။
ရမ္မေ၊ နှလုံးမွေ့လျော် ပျော်ဖွယ်ရာ ရှိသော။
အမ္ဗဝနေ၊ သရက်ဥယျာဉ်တော်၌။
နိသီဒိ၊ နေတော်မူလေပြီ။
ထိုအခါ မြတ်စွာဘုရားသည် ပင့်လွှတ်သော ယောက်ျားကို ကျောင်းသို့ သွား၍ စူဠပန်မည်သော မထေရ်ကို ဘုရားခေါ်တော်မူ၏ဟူ၍ ဆိုချေလော့ဟု မိန့်တော်မူ လိုက်၏၊ ထိုယောက်ျားသည် သွား၍ ဘုရား မိန့်တော်မူတိုင်း ဆိုလတ်သော် ငါစူဠပန် ငါစူဠပန်ဟု ခံတွင်းတထောင်လုံး မိန့်မြွက်ကာ ထကြလေကုန်၏၊
ထိုယောက်ျားလည်း ပြန်သွား၍ မြတ်စွာဘုရား အလုံးစုံသော ရဟန်းတို့သည်လည်း စူဠပန်မည်သည် သာတည်းဟု လျှောက်ပြန်သော် ထိုသို့ ဖြစ်မူ သွား၍ ငါစူဠပန်ဟု ရှေးဦးစွာဆိုသော ရဟန်းကို လက်၌ ကိုင်လော့၊ ကြွင်းသော ရဟန်းတို့သည် ကွယ်ပျောက် ကုန်လတ္တံ့ဟု မိန့်တော်မူလေ၏၊
ထိုယောက်ျားလည်း ကျောင်းသို့ပြန်သွား၍ ဘုရားမိန့်တော်မူတိုင်း ပြုသော ခဏ၌ တထောင်မျှလောက်သော ရဟန်းတို့သည် ကွယ်ပျောက်ကုန်၏၊ စူဠပန္ထက မထေရ်လည်း ထိုယောက်ျားနှင့် အတူတကွ ကြွသွားလေ၏၊ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးသော အဆုံး၌ ဇီဝကကို ခေါ်တော်မူ၍ ဇီဝက စူဠပန်၏ သပိတ်ကို ယူလော့၊ ဤစူဠပန္ထကသည် သင့်အား တရားဟောလတ္တံ့ ဟု မိန့်တော်မူ၏၊ ဇီဝကလည်း ဘုရား မိန့်တော်မူတိုင်းပြုလေ၏၊ စူဠပန္ထကသည် ခြင်္သေ့မင်း၏ အသံကဲ့သို့ ရဲရင့်သောအသံကိုပြုလျက် ခြင်္သေ့ပျိုကဲ့သို့ သုံးပုံသော ပိဋကတ်တို့ဖြင့် မွှေနှောက်ချောက်ချား၍ တရားဟောခြင်းကို ပြုတော်မူလေသတည်း။
ရှင်စူဠပန်နှင့်စပ်သော စကားပြောရာ
အစည်းအဝေးသို့ မြတ်စွာဘုရား ကြွတော်မူခြင်း
မြတ်စွာဘုရားလည်း နေရာမှ ထတော်မူ၍ ရဟန်းသံဃာအပေါင်း ခြံရံလျက် ကျောင်းတော်သို့ကြွ၍ ရဟန်းတို့သည် ကျင့်ဝတ်ကို ပြအပ်သည်ရှိသော် နေရာမှ ထတော်မူ၍ ဂန္ဓကုဋိ မုတ်ဦး၌ ရပ်တော်မူလျက် ရဟန်း သံဃာအပေါင်းအား ဘုရားအဆုံးအမကို ပေးတော်မူပြီးလျှင် ကမ္မဋ္ဌာန်း တရားကို ဟောကြားတော်မူ၍ ရဟန်းအပေါင်းကို လွှတ်လိုက်ပြီးမှ အလွန်ကောင်းသော နံ့သာတို့ဖြင့် မွှေးကြိုင် လှသော ပန်းအပေါင်းတို့ဖြင့် ထုံအပ်သော ဂန္ဓကုဋိတိုက်သို့ ဝင်တော်မူ၍ လက်ျာ နံပါးဖြင့် မြတ်သော ကျိန်းစက်ခြင်းသို့ ရောက်တော်မူလေ၏၊ ဝါ၊ ကျိန်းစက်တော် မူလေ၏။
ထို့နောက် ညချမ်းသောအခါ၌ ရဟန်းတို့သည် ထိုမှဤမှ ပေါင်းဆုံကြသဖြင့် နီမြန်းသော ကမ္ဗလာ တင်းတိမ်ကို ထက်ဝန်းကျင် ကာရံဘိသကဲ့သို့ ထိုင်နေတော် မူကြကုန်လျက် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်နှင့်စပ်သော စကားကို အားထုတ် ပြောဆိုကြလေကုန်၏၊
ငါ့သျှင်တို့ မဟာပန္ထကသည် စူဠပန္ထက၏ အလိုအဇ္ဈာသယကို မသိသောကြောင့် လေးလတို့ဖြင့် တခုသော ဂါထာကို သင်ယူခြင်းငှါ မတတ်နိုင်၊ ဤသူသည်ကား နုံ့နှေးသော ဉာဏ်ပညာရှိသော သူတည်းဟု ကျောင်းမှ နှင်ထုတ်ခဲ့၏၊ မြတ်စွာဘုရား သည်ကား ကိုယ်တော်မြတ်၏ အတုမရှိသော တရားမင်း ဖြစ်တော်မူခြင်းကြောင့် ဤစူဠပန် မထေရ်အား ဆွမ်းစားခြင်း၏ အကြား တခုသော ကာလ၌သာလျှင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်ကို ကယ်မ ပေးသနားတော်မူပေ၏၊ သုံးပုံ သော ပိဋကတ်တို့သည်လည်း ပဋိသမ္ဘိဒါနှင့် တကွသာလျှင် နှုတ်၌လာကုန်၏၊ ဘုရားရှင်တို့၏ အားအစွမ်း အာနုဘော်မည်သည်ကား ကြီးမြတ်လှ၏၊ အံ့ဩ၍ မကုန်နိုင်ဟု ပြောဆိုကြလေကုန်၏။
ထိုအခါ တရားသဘင်၌ ဤသို့သော စကားဖြစ်သည်ကို မြတ်စွာဘုရား သိတော်မူသဖြင့် ယခုအခါ ငါဘုရားသည် တရားသဘင်သို့ ကြွသွားခြင်းငှါ သင့်လျော် လျောက်ပတ်၏ဟု ကြံတော်မူကာ မြတ်သော ကျိန်းစက်ရာမှ ထတော်မူပြီးလျှင် ကောင်းစွာ ဆိုးအပ်သော နှစ်ထပ်ရှိသော သင်းပိုင်တော်ကို ပြင်ဝတ်တော်မူ၍ လျှပ်စစ်နွယ်ကဲ့သို့ တင့်တယ်သော ခါးပန်းတော်ကို ဖွဲ့တော် မူ၍ ကမ္ဗလာနီနှင့်တူသော မြတ်စွာဘုရား၏ ကိုယ်ရုံ သင်္ကန်းတော်ကြီးကို ခြုံရုံတော်မူ၍ မွှေးကြိုင်သင်းပျံ့ ပန်းရနံ့ရှိသော ဂန္ဓကုဋိတိုက်တော်မှ ထွက်ကြွတော် မူခဲ့ပြီးလျှင် အမုန်ယစ်သော ဆင်မင်းကဲ့သို့ ခြင်္သေ့မင်း၏ စမ္ပယ် တင့်တယ်ခြင်း အားဖြင့် အဆုံးမရှိသော ဘုရားရှင်တို့၏ တင့်တယ်ခြင်းဖြင့် တရားသဘင်သို့ ကြွသွား တော်မူ၍ တန်ဆာဆင်အပ်သော မဏ္ဍပ် စရပ် တန်ဆောင်းအလယ်၌ ကောင်းစွာ ခင်းထားအပ်သော မြတ်သောဘုရား နေရာတော်ထက်သို့ တက်တော်မူပြီးသော် ခြောက်ပါးသော အဆင်းရှိသော ဘုရားရှင်၏ ရောင်ခြည်တော်တို့ကို လွှတ်တော်မူလျက် သမုဒြာ၏ဝမ်းပြင်ကို ချောက်ချားစေသကဲ့သို့၎င်း၊ ယုဂန္ဓိုရ် တောင်ထိပ်၌ ထွက်ပေါ်စဖြစ်သော နေလုလင်ပျိုကဲ့သို့၎င်း နေရာ အလယ်၌ သီတင်းသုံး စံနေတော်မူလေ၏။
မြတ်စွာဘုရား ကြွရောက်တော်မူကာမျှ၌ပင် ရဟန်းသံဃာ အပေါင်းသည် စကား ဖြတ်၍ ဆိတ်ဆိတ် နေလေ၏၊ မြတ်စွာဘုရားသည်ကား နူးညံ့လှစွာသော မေတ္တာစိတ်ဖြင့် ပရိသတ်ကို ကြည့်တော်မူ၍ ဤ ပရိသတ်သည် အလွန်လျှင် တင့်တယ်ပေ၏၊ ရဟန်းတပါးအားမျှလည်း လက်လှုပ်ခြင်းသည်၎င်း၊ ခြေလှုပ်ခြင်း သည်၎င်း၊ ချောင်းဟန့်သံသည်၎င်း၊ ချေဆတ်သသည်၎င်း မရှိခဲ့တကား၊ အလုံးစုံ သော ဤရဟန်းတို့သည် ဘုရား၌ ရိုသေခြင်းဖြင့် ကောင်းစွာ ရိုသေခြင်း ရှိကြ ကုန်၏၊
ဘုရား၏တန်ခိုးရှိန်စော် အာနုဘော်ဖြင့် ခြိမ်းချောက်အပ်ကုန်သည်ဖြစ်၍ ငါဘုရား သည် အာယုကပ်ပတ်လုံး (အသက်ဆုံးအောင်) လည်း စကားမဆိုမူ၍ နေတော်မူ လတ်သည်ရှိသော် ရှေးဦးစွာ စကားကို ဖြစ်စေ၍ မပြောမဆိုကြ ကုန်လတ္တံ့၊ စကားကို ဖြစ်စေတတ်သောဝတ် မည်သည်ကို ငါဘုရားသည်ပင် သိအပ်ပေ၏၊ ငါဘုရား သည်သာလျှင် ရှေးဦးစွာ စတင် ပြောဆိုပေအံ့ဟု ဗြဟ္မာမင်း၏ အသံကဲ့သို့ ချိုမြိန်သာယာသော အသံတော်ဖြင့် ရဟန်းတို့ကို ခေါ်တော်မူ၍ ချစ်သားရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေး ကြကုန်သနည်းဟု ပြောဆို၍ အပြီးအဆုံးသို့ မရောက်သေးသော ငါမလာမီ အကြား၌ဖြစ်သော စကားကား အဘယ်စကား ပေနည်း ဟု မေးတော်မူသဖြင့် ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု လျှောတ်ထားသောအခါ ချစ်သား ရဟန်းတို့ စူဠပန္ထကသည် ယခုအခါ၌သာလျှင် နုံ့နှေးသော ပညာရှိသည် မဟုတ်သေး၊ ရှေးအခါ၌လည်း နုံ့နှေးသော ပညာရှိသည် သာလျှင်တည်း၊
သက်သက် ယခုအခါ၌သာလျှင် ငါဘုရားသည် ဤစူဠပန္ထက၏ မှီခိုကိုးကွယ်ရာ ဖြစ်ဖူးသည် မဟုတ်သေး၊ ရှေးအခါ၌လည်း မှီခိုကိုးကွယ်ရာ ဖြစ်ဖူးသည် သာလျှင်တည်း၊ ရှေး၌သော်ကား ငါဘုရားသည် ဤစူဠပန္ထကကို လောကီ ဥစ္စာစု၏ အရှင်သခင် ဖြစ်အောင် ပြုခဲ့ဖူး၏၊ ယခုအခါ၌ကား လောကုတ္တရာ ဥစ္စာ၏ အရှင် သခင် ဖြစ်အောင် ပြုတော်မူရ၏ဟု မိန့်တော်မူ၍ ထိုအကြောင်းကို အကျယ်အားဖြင့် မှတ်သား နာကြားလိုသော ရဟန်းတို့သည် ရိုသေညွတ်ပျောင်း တောင်းပန် အပ်သည် ဖြစ်ရကား လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။
ရှင်စူဠပန် အတိတ်ဝတ္ထု
ပညာနုံ့သော ယောက်ျားနှင့် ဃဋ္ဋေသိမန္တန် အကြောင်း
ချစ်သားရဟန်းတို့ ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ နေသော လုလင်တယောက်သည် အတတ်ပညာ သင်ကြားခြင်းငှါ တက္ကသိုလ်ပြည်သို့ သွား၍ *ဒိသာပါမောက္ခ ဆရာ့အထံ၌ စာသင်သား အတွင်းနေ တပည့်ရင်းဖြစ်၍ ငါးရာသော လုလင်တို့၏ အတွင်း၌ ဆရာ့အား အလွန်ကျေးဇူးများသော တပည့် တယောက် ဖြစ်လေ၏၊ ခြေလက်ဆုပ်နယ်ခြင်း အစရှိသော အလုံးစုံသော ကိစ္စတို့ကို ပြုလေ့ရှိ၏၊
သို့ရာတွင် နုံ့နှေးသော ပညာရှိသည်၏ အဖြစ်ကြောင့် တစုံတခုသော အတတ် ပညာကို သင်ယူခြင်းငှါ မစွမ်းနိုင်ပေ၊ ဒိသာပါမောက္ခ ဆရာကြီးကလည်း ဤတပည့် သည်ကား ငါ့အား များစွာ ကျေးဇူးရှိ၏၊ ထိုတပည့်ကို တတ်မြောက်အောင် သင်ပေးအံ့ဟု လုံ့လပြုပါသော်လည်း တစုံတခုသော အတတ်ကိုမျှ တတ်မြောက် စေခြင်းငှါ မစွမ်းနိုင်၊ ထိုလုလင်သည် ကြာမြင့်စွာ နေပါလျက် တဂါထာကိုမျှလည်း သင်ယူခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ ငြီးငွေ့ဆန့်ကျင်သဖြင့် ပြန်သွားတော့အံ့ဟု ဆရာကို ပန်ကြား ခွင့်တောင်းလေ၏။
(* ဒိသာ+ပါမောက္ခ = အရပ်လေးမျက်နှာ၌ အကြီးအကဲဆရာကြီး။)
ဒိသာပါမောက္ခ ဆရာသည်လည်း ဤတပည့်သည် ငါ့အား ကျေးဇူးကြီးလှ၏၊ ထိုတပည့်၏ ပညာရှိ ဖြစ်ခြင်းကို အမြဲမပြတ် ငါတောင့်တ၏၊ ထိုသို့ တောင့်တ ပါသော်လည်း အတတ်ပညာ အထမြောက်အောင် ပြုခြင်းငှါမစွမ်းနိုင်၊ စင်စစ်မုချ ငါသည် ဤတပည့်အား ကျေးဇူးတုံ့ဆပ်ခြင်းကို ပြုခြင်းငှါ ထိုတပည့် အား တခုသော မန္တန်ကို ဖွဲ့သီကုံး၍ ပေးလိုက်အံ့ဟု ကြံပြီးလျှင် ဒိသာပါမောက္ခ ဆရာသည် ထိုတပည့်လုလင်ကို တောသို့ ခေါ်ဆောင်၍ --
“ဃဋ္ဋေသိ ဃဋ္ဋေသိ၊ ကိံ ကာရဏာ ဃဋ္ဋေသိ၊ အဟံပိ တံ ဇာနာမိ” ဟူသော ဤ မန္တန်ကို ဖွဲ့သီကုံး၍ သင်ယူစေပြီးသော် အကြိမ်တရာမက များစွာ အပြန်ပြန် အခေါက်ခေါက် သရဇ္ဈာယ်စေ၍ အသင့်ဉာဏ်၌ ထင်ပြီလော (ရပြီလော) ဟု မေး၍ ထင်ပါပြီ (ရပါပြီ)ဟုဆိုသည်ရှိသော် နုံ့နှေးသော ပညာရှိသောသူ မည်သည်ကား လုံ့လ ပြု၍ လေ့ကျက်အပ်သော အတတ်သည် မပြေးထွက် မပျောက်ပျက်နိုင်ဟု ကြံ၍ ခရီးလမ်းစာ ရိက္ခာပေး၍ သွားလေလော့၊ ဤမန္တန်ကိုမှီ၍ အသက်မွေးရပေ လတ္တံ့၊ မန္တန် မပျောက်မရွှေ့ မမေ့စိမ့်သောငှါ အမြဲမပြတ် ရွတ်အံ သရဇ္ဈာယ်ခြင်းကို ပြုလေလော့ဟု ပြောဆို မှာထားပြီးမှ လွှတ်လိုက်လေ၏၊ ထိုလုလင်၏ မိခင် သည်လည်း ဗာရာဏသီပြည်သို့ ရောက်သောအခါ ငါ့သားသည် အတတ်ပညာကို သင်ယူ၍ ပြန်လာသည်ဟု ကြီးစွာ ချီးမြှင့်ခြင်းကို ပြုပေ၏။
ဗာရာဏသီမင်းသည် မန္တန်ကို
တထောင်ပေး၍ သင်ယူခြင်း
ထိုအခါ ဗာရာဏသီမင်းကြီးသည် ငါ့အား ကာယကံ စသည်တို့၌ တစုံတခုသော အပြစ်သည် ရှိလေသလောဟု ဆင်ခြင်သည်ရှိသော် မိမိ၏ မလျောက်ပတ်သော အမှု တစုံတခု ပြုမိသည်ကို မမြင်မူ၍ မိမိ၏ အပြစ်မည်သည်ကား မိမိအား မထင်ပေ၊ သူတပါးအားကား ထင်မြင်တတ်၏၊ ပြည်သူပြည်သား အပေါင်းတို့ကို စူးစမ်းအံ့ဟု ကြံ၍ ညဉ့်အခါ မထင်ရှားသော အသွင်ဖြင့် ထွက်၍ ညဉ့်စာထမင်းစား၍ နေသော သူတို့၏ စကားပြောခြင်း မည်သည် အထူးထူး အပြားပြား ဖြစ်တတ်၏၊
ငါသည် မတရားသဖြင့် မင်းပြုသည်ဖြစ်အံ့၊ မင်းကျင့်တရား ဆယ်ပါးကို မစောင့်သော မင်းယုတ်မာသည် ဒဏ်ပေးခြင်း အခွန်ယူခြင်း စသည်တို့ဖြင့် ဖျက်ဆီးသည်ဟု ဆိုကုန်လတ္တံ့၊ တရားနှင့်အညီ မင်းအဖြစ်ကို ပြုသည်ဖြစ်အံ့၊ ငါတို့မင်းသည် ရှည်သော အသက်ရှိပါစေ အစရှိသော စကားတို့ကိုဆို၍ ငါ၏ဂုဏ်ကျေးဇူးကို ဆိုကုန်လတ္တံ့ ဟု ထိုထိုအိမ်တို့၏ နံရံသို့ အစဉ်လျှောက်သဖြင့် သွားလာလှည့်ပတ် လေ၏၊
ထိုခဏ၌ ဥမင် သူခို တို့သည် အိမ်နှစ်ခုတို့၏အကြား ဥမင်ကို တူးဖောက်ဖျက်ဆီး၍ ဥမင်တခုတည်း ဖြင့်သာ နှစ်ဆောင်သော အိမ်တို့ကို ဝင်ခြင်းငှါ တူးကြကုန်၏၊ မင်းကြီးသည် ထိုသူခိုးတို့ကို မြင်၍ အိမ်အရိပ်၌ ရပ်နေလေ၏၊ ထိုသူခိုးတို့ ဥမင် ဖောက်၍ အိမ်သို့ဝင်၍ ဥစ္စာဘဏ္ဍာကို ကြည့်သောအခါ လုလင်နိုး၍ ထိုမန္တန်ကို ရွတ်ဖတ် သရဇ္ဈာယ်လိုရကား -
“ဃဋ္ဋေသိ ဃဋ္ဋေသိ၊ ကိံ ကာရဏာ ဃဋ္ဋေသိ၊ အဟံပိ တံ ဇာနာမိ” ဟု ရွတ်ဆိုလေ၏။
တွံ၊ သင်သည်။
ဃဋ္ဋေသိ၊ ချုတ်ချယ်ပြစ်မှားဘိ၏၊
ဃဋ္ဋေသိ၊ ချုတ်ချယ်ပြစ်မှားဘိ၏။
ကိံ ကာရဏာ၊ အဘယ် အကြောင်းကြောင့်။
ဃဋ္ဋေသိ၊ ချုတ်ချယ်ပြစ်မှားဘိသနည်း။
အဟံပိ၊ ငါသည်လည်း။
တံ၊ ထိုအကြောင်းကို။
ဇာနာမိ၊ သိ၏။
[ဤကား အနက်]
သူခိုးတို့လည်း ထိုမန္တန်ရွတ်သံကိုကြား၍ လုလင်သည် ငါတို့၏ အမူအရာကို သိသွားပြီ၊ ယခုအခါ ငါတို့ကို ရိုက်ပုတ် ဖျက်ဆီးလတ္တံ့ ဟု အောက်မေ့လျက် ကိုယ်တွင် ဝတ်သော အဝတ်ပုဆိုး တို့ကိုမျှလည်း မယူနိုင် စွန့်လွှတ်လျက် ကြောက်လန့်တကြား မျက်နှာရှေးရှု မူရာ အရပ်သို့ သာလျှင် ထွက်ပြေး တိမ်းရှောင်ကြကုန်၏၊
မင်းလည်း ပြေးလေသော ထိုသူခိုးတို့ကို မြင်၍၎င်း လုလင်၏ မန္တန် သရဇ္ဈာယ်သံကို ကြား၍၎င်း လုလင်နေသော အိမ်ကိုသာ မှတ်သားပြီးလျှင် ပြည်သူပြည်သား အပေါင်းကို စူးစမ်းလျက် နန်းတော်သို့ ဝင်တော်မူလေ၏၊ ထိုမင်းလည်း နံနက် မိုးသောက် ရောက်သည်ရှိသော် စောစောကလျှင် ယောက်ျား တယောက်ကို ခေါ်၍ အချင်း သွားချေ၊ ဤအမည်ရှိသော လမ်းခရီးဝယ် အကြင်အိမ်၌ ဥမင်သည် ပျက်စီး၏၊ ထိုအိမ်၌ တက္ကသိုလ်ပြည်မှ အတတ်သင်၍ ပြန်လည်ရောက်လာသော လုလင်ရှိ၏၊ ထိုလုလင်ကို ခေါ်ဆောင်ချေဟု စေလွှတ်တော်မူ၏၊
ထိုမင်းချင်း ယောက်ျားလည်း လျင်မြန်စွာ သွား၍ သင့်ကို ပြည့်ရှင်မင်း ခေါ်တော် မူသည်ဟု ပြောဆိုကာ လုလင်ကို ခေါ်ဆောင်လေ၏၊ ထိုအခါ မင်းသည် အမောင် သင် တက္ကသိုလ်ပြည်မှ အတတ်သင်၍ ရောက်လာသော လုလင် မဟုတ်လောဟု မေးတော်မူသည်ရှိသော် အရှင်မင်းကြီး မှန်လှပါသည် ဟု လျှောက်လျှင် သင်၏ ထို အတတ်ကို ငါတို့အားလည်း ပေးလော့ဟုဆို၏၊ အရှင်မင်းကြီး ကောင်းပါပြီ တူမျှသော နေရာ၌နေ၍ သင်ယူတော်မူပါဟု ဆိုသဖြင့် မင်းကြီးလည်း ထိုဆိုတိုင်း ပြု၍ မန္တန်ကို သင်ယူပြီးသည် ရှိသော် ဤသည်ကား သင်၏ ဆရာ့အဖို့ (ဆရာစား) ဟု တထောင်သော ဥစ္စာကို ပေးကမ်းချီးမြှောက်လေ၏။
ဃဋ္ဋေသိမန္တန်ဆရာ စစ်သူကြီးဖြစ်ခြင်း
ထိုအခါ စစ်သူကြီးသည် မင်းကြီး၏ ဆေတ္တာသည်ကို အဘယ်အခါ မင်းကြီး မုတ်ဆိတ်ရိတ်အံ့နည်း ဟု ဆို၏၊ နက်ဖြန် သံဘက် မုတ်ဆိတ်ရိတ်လတ္တံ့ ဟု ဆိုလေလျှင် စစ်သူကြီးသည် ထိုဆေတ္တာသည်အား တထောင်သော ဥစ္စာကိုပေး၍ ငါတို့အား ပြုဖွယ်ကိစ္စရှိသည်ဟု ဆိုသဖြင့် ဤတထောင်သော ဥစ္စာဖြင့် အဘယ် အမှုကို ပြုရပါအံ့နည်း စစ်သူကြီးမင်းဟု မေးလတ်သော် မင်းကြီးအား မုတ်ဆိတ် ရိတ်ပယ် ယောင်ဆောင်လျက် သင်ဓုန်းကို အလွန်ထက်အောင် သွေးပြီးလျှင် လည်ချောင်း ရေမျိုကို ဖြတ်လော့၊ ငါမင်းဖြစ်သည်ရှိသော် သင် စစ်သူကြီး ဖြစ်လတ္တံ့ဟု ဆိုလေ၏၊
ထို ဆေတ္တာသည်သည်လည်း ကောင်းပါပြီဟု ဝန်ခံ၍ မင်းကြီးအား မုတ်ဆိတ်ပယ် အံ့သောနေ့၌ နံ့သာရေဖြင့် မုတ်ဆိတ်ကို ဆွတ်၍ သင်ဓုန်းကို ကျင်းလျက် (ခတ်လျက်) နဖူးပြင် ဆံစကိုကိုင်၍ ဤသင်ဓုန်းကား အနည်းငယ် တုံးသေး၏၊ တချက်တည်းဖြင့်သာလျှင် ရေမျိုပြတ်အောင် ဖြတ်သင့်၏ဟု တဖန် တခုသော နေရာ၌ သင်ဓုန်းကို သွေးပြန်၏၊
ထိုခဏ၌ မင်းသည် မိမိ၏မန္တန်ကို အောက်မေ့၍ သရဇ္ဈာယ်လိုရကား “ဃဋ္ဋေသိ ဃဋ္ဋေသိ၊ ကိံ ကာရဏာ ဃဋ္ဋေသိ၊ အဟံပိ တံ ဇာနာမိ” ဟူသော ဂါထာမန္တန်ကို ရွတ်ဆိုလေ၏၊ ဆေတ္တာသည်ကား ထိုမန္တန် ရွတ်သံကိုကြားလျှင် နဖူးပြင်မှ ချွေးတို့သည် ယိုထွက်ကုန်သည်ဖြစ်၍ ထိုဆေတ္တာသည်သည် ငါ့အကြောင်းကို မင်းကြီးသည် သိချေပြီဟု ကြောက်လန့်တကြား သင်ဓုန်းကို မြေ၌ ပစ်ချပြီးလျှင် မင်းကြီး၏ ခြေရင်း၌ ရင်ဖြင့်ဝပ်၍ နေလေ၏၊
မင်းတို့မည်သည် လိမ်မာ ပါးနပ်ကုန်သည် ဖြစ်ရကား ဆေတ္တာသည်ကို ဟယ်.. ယုတ်မာလှသော ဆေတ္တာသည် ငါသို့သော မင်းကို ဤမင်းကြီးသည် မသိဟူ၍ မှတ်ထင်သလောဟု ကြိမ်းမောင်းတော် မူလေ၏။
ထိုအခါ ဆေတ္တာသည်လည်း အရှင်မင်းကြီး ကျွန်တော်မျိုးအား အသက် ဘေးမဲ့ ပေးတော်မူပါဟု လျှောက်လတ်သော် အသင် တောင်းသောအတိုင်း ဖြစ်စေ မကြောက်လင့်၊ အမှန်အတိုင်း အစစ်ခံလော့ဟု မိန့်တော်မူ၏၊ အရှင်မင်းကြီး စစ်သူကြီးသည် ကျွန်တော်မျိုးအား တထောင်သော ဥစ္စာကိုပေး၍ မင်းကြီး၏ မုတ်ဆိတ်ကို ပြုပြင်ဟန်ဆောင်လျက် လည်မျိုကို ဖြတ်လော့၊ ငါမင်း ဖြစ်လျှင် သင့်အား စစ်သူကြီး အရာကို ပေးအံ့ဟု ဆိုပါကြောင်းနှင့် လျှောက်တင်လေ၏၊
မင်းကြီးသည်လည်း ငါကား ဆရာကိုမှီ၍ ငါ့အသက်ရှင်တော့သည်ဟု ကြံအောက်မေ့၍ စစ်သူကြီးကို ခေါ်တော်မူပြီးလျှင် အို အချင်း စစ်သူကြီး သင်သည် ငါ့အထံမှ အဘယ်မည်သော ဆုလာဘ်ကို မရဖူးသည် ရှိသနည်း၊ ယခုအခါ သင့်ကို ကြည့်ရှုခြင်းငှါ မတတ်ကောင်း၊ ငါ၏နိုင်ငံ နေပြည်တော်မှ မြန်စွာ ထွက်သွားလော့ဟု အမိန့်တော်ပြန်လျက် စစ်သူကြီးကို နိုင်ငံမှနှင်ထုတ် ၍ ဆရာကို ခေါ်တော်မူပြီးလျှင် ဆရာ ဆရာ့ကိုမှီ၍သာ ငါသည် အသက်ကို ရအပ်၏ ဟုဆို၍ ပူဇော် သက္ကာများပြုလျက် ထိုလုလင်အား စစ်သူကြီးအရာကို ပေးတော်မူလေ၏၊
စူဠပန္ထကသည် ထိုအခါ ထိုလုလင်ဖြစ်ပြီ၊ ငါဘုရားကား ဒိသာပါမောက္ခဆရာ ဖြစ်တော်မူပြီဟု မြတ်စွာဘုရားသည် လွန်လေပြီးသော ဤအကြောင်းကို ဆောင်တော်မူ၍ ချစ်သားရဟန်းတို့ ရှေး၌လည်း စူဠပန္ထက သည် ဤသို့ နုံ့နှေးသော ဉာဏ် ရှိသည်သာလျှင် ဖြစ်ဖူး၏၊ ထိုအခါ၌လည်း ငါသည် စူဠပန္ထက၏ မှီခို ကိုးကွယ်ရာဖြစ်၍ လောကီစည်းစိမ်၌ တည်စေဖူးလေပြီဟု မိန့်တော်မူလေ၏။
စူဠသေဋ္ဌိဇာတ်ကို ဟောတော်မူခြင်း အကြောင်း
ထိုမှတဖန် တနေ့သ၌ ဘုရားရှင်သည် စူဠပန္ထက၏ မှီခိုရာ အားထားရာ ဖြစ်တော်မူပေ၏၊ အံ့ဖွယ်ရှိစွဟု စကားကို ဖြစ်စေအပ်သည်ရှိသော် (ဧကကနိပါတ်) စူဠသေဋ္ဌိဇာတ်၌ အတိတ်ဖြစ်သော အကြောင်းကို ဟောတော်မူ၍-
အပ္ပကေနာပိ မေဓာဝီ၊ ပါဘတေန ဝိစက္ခဏော။
သမုဋ္ဌာပေတိ အတ္တာနံ၊ အဏုံ အဂ္ဂိံဝ သန္ဓမံ။
အဏုံ၊ ဆိုဖွယ်မရ အနည်းငယ်မျှ ဖြစ်သော။
အဂ္ဂိံ၊ မီးကို။
သန္ဓမံ၊ မှုတ်လျက်။
မဟန္တံ အဂ္ဂိက္ခန္ဓံ၊ ကြီးလှစွာသော မီးပုံကြီးကို။
သမုဋ္ဌာပေတိ ဣဝ၊ ဖြစ်စေသကဲ့သို့။
ဝိစက္ခဏော၊ ထိုထိုအရာ ကောင်းစွာမြော်မြင် ဆင်ခြင်တတ်သော။
မေဓာဝီ၊ ပညာရှိသည်။
အပ္ပကေန၊ အနည်းငယ်သာဖြစ်သော။
ပါဘတေနာပိ၊ အရင်းဥစ္စာဖြင့်လည်း။
အတ္တာနံ၊ မိမိကိုယ်ကို။
သမုဋ္ဌာပေတိ၊ ဥစ္စာစီးပွား တိုးပွားဖြင်ပည်း သူဌေးကြီး ဖြစ်စေတတ်၏။
ဤဂါထာကို ဟောတော်မူပြီးလျှင် ရဟန်းတို့ ယခုအခါ၌သာလျှင် ငါဘုရားသည် ဤစူဠပန္ထက၏ မှီခိုရာ ဖြစ်သည် မဟုတ်သေး၊ ရှေး၌လည်း မှီခိုရာ ဖြစ်ဖူးသည် သာလျှင်တည်း၊ ရှေး၌ကား ငါဘုရားသည် ဤစူဠပန္ထကကို လောကီ စည်းစိမ်၏ အရှင်ဖြစ်အောင် ပြုဖူးပြီ၊ ယခုအခါ၌ လောကုတ္တရာ စည်းစိမ်ရှင် ပြုရပေပြီ၊ ထိုအခါ၌လည်း တပည့်ငယ်သည် စူဠပန္ထက ဖြစ်၏၊ စူဠသေဋ္ဌိ သူဌေး သည်ကား ငါဘုရားဖြစ်၏ဟု ဇာတ်ကို ပေါင်းတော်မူလေ၏။
တဖန် တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ စူဠပန္ထကသည် လေးလတို့ဖြင့် လေးပိုဒ်ရှိသော ဂါထာကို သင်ယူခြင်းငှါ မတတ်နိုင်သော်လည်း လုံ့လကို မစွန့်မူ၍သာလျှင် ရဟန္တာအဖြစ်၌ တည်ရလေ၏၊ ယခုအခါ လောကုတ္တရာ တရားစည်းစိမ်ရှင် ဖြစ်ရလေ၏ဟု စကားကို ဖြစ်စေကုန်၏၊
ဘုရားရှင် ကြွလာ၍ ချစ်သားတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေး နေကြသနည်းဟု မေးသဖြင့် ဤမည်သောစကားဖြင့် စည်းဝေးနေကြပါသည်ဟု လျှောက်ကြားလတ်သော် ချစ်သား ရဟန်းတို့ ငါဘုရား၏ သာသနာတော်၌ အားထုတ်သော လုံ့လရှိသောသူသည် လောကုတ္တရာတရား၏ အရှင်သခင် ဖြစ်သည် သာတည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူ၏။
ဒေသနာတော်
၂၅။ ဥဋ္ဌာနေနပ္ပမာဒေန၊ သံယမေန ဒမေန စ။
ဒီပံ ကယိရာထ မေဓာဝီ၊ ယံ ဩဃော နာဘိကီရတိ။
ဥဋ္ဌာနေန စ၊ ထကြွခြင်းကြောင့်၎င်း။
အပ္ပမာဒေန စ၊ မမေ့မလျော့ခြင်းကြောင့်၎င်း။
သံယမေန စ၊ စတုပါရိသုဒ္ဓိ သီလတည်းဟူသော စောင့်စည်းခြင်းကြောင့်၎င်း။
ဒမေန စ၊ ဣန္ဒြေကို ဆုံးမခြင်းကြောင့်၎င်း။
ဣမေဟိ ဓမ္မေဟိ၊ ဤ လေးပါးကုန်သော တရားတို့ကြောင့်။
(ပဝတ္တာယ၊ ဖြစ်သော။
ဓမ္မောဇပညာယ၊ သူတော်ကောင်း တရားကြောင့်ဖြစ်သော ပညာနှင့်။
သမန္နာဂတော၊ ပြည့်စုံသော)
မေဓာဝီ၊ ပညာရှိ သူတော်ကောင်းသည်။
ယံ ဒီပံ၊ အကြင် အရဟတ္တဖိုလ် တည်းဟူသော မှီခိုရာကျွန်းကို။
ဩဃော၊ ဩဃလေးထွေ ရေအလျဉ်သည်။
နာဘိကီရတိ၊ မဖိစီး မလွှမ်းမိုးနိုင်။
တံဒီပံ၊ ထိုအရဟတ္တဖိုလ် တည်းဟူသော မှီခိုရာကျွန်းကို။
ကယိရာထ၊ ပြုခြင်းငှါ စွမ်းနိုင်ရာ၏။
ဒေသနာတော်၏ အကျိုး
ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပန် စသည်ဖြစ်ကုန်၏၊ ဤသို့ ဒေသနာတော်သည် ရောက်လာသော ပရိသတ်အား အကျိုးရှိလေ၏။
စူဠပန္ထကမထေရ်ဝတ္ထု ပြီး၏။
၄ - ဗာလနက္ခတ်ပွဲ ကြွေးကြော်သော ဝတ္ထု
ပမာဒ မနုယုဉ္ဇန္တိ အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ဗာလနက္ခတ်ပွဲကို အကြောင်းပြု၍ ဟောတော်မူလေ၏။
လူမိုက်နက္ခတ်ပွဲ ခုနစ်ရက်အတွင်း
ဘုရားရှင် မြို့တွင်းသို့ မကြွခြင်း
တပါးသောအခါ သာဝတ္ထိပြည်၌ ဗာလနက္ခတ်ပွဲ မည်သည်ကို ကြွေးကြော်အပ်၏၊ ထိုနက္ခတ်ပွဲ၌ အလွန်မိုက်မဲ တွေဝေကုန်သော လူတို့သည် ပြာဖြင့်၎င်း၊ နွားချေး ဖြင့်၎င်း ကိုယ်ကိုလိမ်းကျံ၍ ခုနစ်ရက်ပတ်လုံး ယုတ်မာ ညစ်ညမ်း ဆိုးသွမ်းငြူစူ မသူတော်တို့၏ စကားကို ဟစ်အော်ကာ ဆိုကုန်လျက် သွားလာ လှည့်လည်ကြ ကုန်၏၊
ဆွေမျိုးတော်စပ် သိအပ်ချစ်ခင် အကျွမ်းဝင်သော သူကို၎င်း၊ ရဟန်းတော် အရှင်မြတ်တို့ကို၎င်း မြင်သော် လည်း ရှက်တတ်သော သူမည်သည် မရှိ၊ တံခါးတိုင်း တံခါးတိုင်း၌ ရပ်၍ မလျောက်ပတ် မတော်မသင့်သော စကားတို့ကိုသာ ဟစ်အော်ကာ ဆိုကြကုန်၏၊
လူတို့သည် ထိုမလိမ်မာသူ လူမိုက်တို့၏ မလျောက်ပတ်သော စကားသံကို နားထောင်ခြင်းငှါ မတတ်နိုင် သည်ဖြစ်၍ အစွမ်းအားလျော်စွာ တမတ်ကို၎င်း၊ ငါးမှူးကို၎င်း၊ တသပြာကို၎င်း ပေးပို့စေကြရကုန်၏၊ ထို လူမိုက်တို့သည် ထိုထို ပြည်သူ ပြည်သားတို့၏ တံခါး၌ ရတိုင်း ရတိုင်းသော ကြေးငွေကိုယူ၍ ဖဲသွားကြကုန်၏။
ထိုအခါ သာဝတ္ထိပြည်၌ နေကြသော ငါးကုဋေ အတိုင်းအရှည် ရှိကုန်သော ဘုရား တပည့် တကာ အရိယာ ပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရား ဘုန်းတော်ကြီးသော ဘုရားရှင်သည် ခုနစ်ရက်ပတ်လုံး ရဟန်းသံဃာနှင့်တကွ သာဝတ္ထိပြည် တွင်းသို့ ဝင်တော်မမူဘဲ၊ ကျောင်းတော်၌သာ သီတင်းသုံးတော်မူပါ ဘုရားဟု မြတ်စွာဘုရား ထံ သတင်းစကား (လျှောက်ကြားရန်) စေလွှတ်ကြကုန်၏၊
ထိုခုနစ်ရက်ပတ်လုံး ရဟန်းသံဃာအား ကျောင်း၌သာလျှင် ယာဂုဆွမ်း စသည် တို့ကို ပြည့်စုံစေ၍ ပို့ကြရကုန်၏၊ မိမိတို့ကိုယ်တိုင်လည်း အိမ်မှမထွက်ကြလေကုန်၊ နက္ခတ် ပွဲသဘင် ပြီးသဖြင့် ထိုဒါယကာတို့သည် ရှစ်ရက်မြောက် ရောက်သော နေ့၌ ဘုရားအမှူးရှိသော သံဃာတော်ကို ဆွမ်းဖိတ်၍ ပြည်တွင်းသို့ ဆွမ်းခံ ဝင်စေပြီးလျှင် အလှူကြီးကို ပေးလှူသဖြင့် တင့်အပ် လျောက်ပတ်သော အရပ်၌ နေကုန်လျက် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဘုရားတပည့်တော် တို့အား အလွန် ဆင်းရဲခြင်းဖြင့် ခုနစ်ရက်တို့သည် လွန်လေကုန်၏၊
ယုတ်မာ ညစ်ညမ်းကုန်သော သူမိုက်တို့၏ မလျောက်ပတ်သော စကားတို့ကို ကြားရ ကုန်သော ဘုရားတပည့်တော်တို့၏ နားတို့သည် ကွဲအံ့သော အခြင်းအရာသို့ ရောက်သကဲ့သို့ ဖြစ်ကြပါကုန်၏၊ တစုံတယောက်သောသူသည် တစုံတယောက် သော သူအား အရှက်မရှိပါ၊ ထို့ကြောင့် ဘုရားတပည့်တော် တို့သည် ရှင်တော် မြတ်ဘုရားတို့အား ပြည်တွင်းသို့ ဝင်ခြင်းငှါ မပေးကြပါ၊ ဘုရားတပည့်တော်တို့လည်း အိမ်မှမထွက်ဝံ့ကြပါဟု လျှောက်ကြားကြလေကုန်၏၊
ဘုရားရှင်လည်း ထိုဒါယကာတို့၏ စကားကိုကြားလျှင် ပညာမဲ့သော သူမိုက်တို့၏ ယုတ်မာသော အမူအရာ မည်သည်ကား ဤသို့ သဘောရှိကုန်၏၊ ပညာရှိသော သူတို့သည်ကား မမေ့မလျော့ခြင်း အပ္ပမာဒတရားကို မြတ်သော ဥစ္စာနှစ်ကဲ့သို့ စောင့်ရှောက်၍ အမြိုက်နိဗ္ဗာန် ချမ်းသာကြီး၏ ပြည့်စုံခြင်းသို့ ရောက်ကြကုန်၏ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောတော်မူလေ၏။
ဒေသနာတော်
၂၆။ ပမာဒ မနုယုဉ္ဇန္တိ၊ ဗာလာ ဒုမ္မေဓိနော ဇနာ။
အပ္ပမာဒဉ္စ မေဓာဝီ၊ ဓနံ သေဋ္ဌံဝ ရက္ခတိ။
၂၇။ မာ ပမာဒ မနုယုဉ္ဇေထ၊ မာ ကာမရတိ သန္ထဝံ။
အပ္ပမတ္တော ဟိ ဈာယန္တော၊ ပပ္ပေါတိ ဝိပုလံ သုခံ။
ဗာလာ၊ မိုက်မဲ တွေဝေကုန်သော။
ဒုမ္မေဓိနော၊ ပညာမရှိကုန်သော။
ဇနာ၊ လူတို့သည်။
ပမာဒံ၊ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို။
အနုယုဉ္ဇန္တိ၊ အားထုတ်ကြကုန်၏။
မေဓာဝီ၊ ပညာရှိသောသူသည်။
သေဋ္ဌံ၊ မြတ်သော။
ဓနံဝ၊ ရတနာခုနစ်ပါး ဥစ္စာလားသို့။
အပ္ပမာဒဉ္စ၊ မမေ့မလျော့သော သတိကို သာလျှင်။
ရက္ခတိ၊ စောင့်၏။
ပမာဒံ၊ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို။
မာ အနုယုဉ္ဇေထ၊ မယှဉ်စေကြကုန်လင့်။
ကာမရတိသန္ထဝံ၊ ဝတ္ထုကာမ, ကိလေသာ ကာမတို့၌ နှစ်သက် မွေ့လျော်ခြင်းဟု ဆိုအပ်သော တဏှာသန္တဝကို။
ဝါ - အရောဝင်သော တဏှာကို။
မာ အနုယုဉ္ဇေထ၊ လုံ့လပြု၍ မဖြစ်စေကြကုန်လင့်။
ဟိ၊ ထိုစကားသင့်စွ။
အပ္ပမတ္တော၊ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့သော။
ဈာယန္တော၊ အာရုံ လက္ခဏာ နှစ်ဖြာမြင်မှု ကပ်ရှု ဆင်ခြင်လေ့ရှိသော ပုဂ္ဂိုလ်သည်။
ဝိပုလံ၊ ပြန့်ပြောသော။
သုခံ၊ နိဗ္ဗာန်ချမ်းသာသို့။
ပပ္ပေါတိ၊ ရောက်၏။
ဒေသနာတော်၏ အကျိုး
ဂါထာ၏အဆုံး၌ များစွာသော သူတို့သည် သောတာပန်စသည်တို့ ဖြစ်ကြကုန်၏၊ များစွာသော လူအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။
ဗာလနက္ခတ်ပွဲ ကြွေးကြော်သောဝတ္ထု ပြီး၏။
၅ - မဟာကဿပမထေရ်ဝတ္ထု
ပမာဒံ အပ္ပမာဒေန အစရှိသော ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်မဟာကဿပ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
သတ္တဝါတို့၏ စုတိပဋိသန္ဓေကို
အရှင်မဟာကဿပ ရှုဆင်ခြင်ခြင်း
တပါးသောနေ့၌ အရှင်မဟာကဿပ မထေရ်သည် ပိတ်ချင်းပင် ရောက်ရာ လိုဏ်ဂူ၌ နေတော်မူလျက် ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှါ လှည့်လည်တော်မူပြီးလျှင် နေလွဲသောအခါ၌ ဆွမ်းခံရွာမှ ဖဲခဲ့၍ အာလောက ကသိုဏ်းကို ပွားများစေပြီးသည် ရှိသော် မေ့လျော့သော သတ္တဝါတို့ကို၎င်း၊ မမေ့မလျော့သော သတ္တဝါတို့ ကို၎င်း၊ ရေ မြေ, တော, တောင် စသည်တို့၌ စုတေဆဲဖြစ်သော သတ္တဝါတို့ကို၎င်း၊ ပဋိသန္ဓေ နေဆဲဖြစ်သော သတ္တဝါတို့ကို၎င်း ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် ကြည့်ရှုကာ နေတော်မူလေ၏။
မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူလျက် သာလျှင် ယနေ့ ငါ၏ သားတော်ဖြစ်သော ကဿပသည် အဘယ်သို့သော နေခြင်းဖြင့် နေသနည်းဟု နတ်မျက်စိနှင့်တူသော ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူလတ်သည် ရှိသော် သတ္တဝါတို့၏ စုတေခြင်း, ပဋိသန္ဓေနေခြင်းကို ကြည့်ရှုကာ နေ၏ဟု သိတော်မူ၍ --
သတ္တဝါတို့၏ စုတေခြင်း ပဋိသန္ဓေနေခြင်း မည်သည်ကား ဘုရားဉာဏ်တော်ဖြင့် လည်း မပိုင်းခြားနိုင်၊ အမိဝမ်း၌ ပဋိသန္ဓေကို စွဲယူ၍ မိဘတို့ကို မသိစေမူ၍ စုတေသော သတ္တဝါတို့၏ အပိုင်းအခြားကို ပြုခြင်းငှါ မတတ်ကောင်း၊ ထို သတ္တဝါတို့ကို သိခြင်းငှါ သင်၏အရာ မဟုတ်၊ ငါ့သား ကဿပ သင်၏အရာသည် အနည်းငယ်မျှသာတည်း၊ အချင်းခပ်သိမ်း စုတေဆဲ သတ္တဝါတို့ကို၎င်း၊ ပဋိသန္ဓေ နေဆဲ သတ္တဝါတို့ကို၎င်း သိခြင်း မြင်ခြင်းငှါ ဘုရားတို့၏ အရာသာတည်းဟု မိန့်တော်မူ၍ ကိုယ်တော်ရောင်ကို နှံ့စေလျက် မျက်မှောက်၌ နေတော်မူသကဲ့သို့ ဖြစ်၍ ဤဂါထာကို ဟောတော်မူလေ၏။
ဒေသနာတော်
၂၈။ ပမာဒံ အပ္ပမာဒေန၊ ယဒါ နုဒတိ ပဏ္ဍိတော။
ပညာပါသာဒ မာရုယှ၊ အသောကော သောကိနိံ ပဇံ။
ပဗ္ဗတဋ္ဌောဝ ဘူမဋ္ဌေ၊ ဓီရော ဗာလေ အဝေက္ခတိ။
ပဏ္ဍိတော၊ ပညာရှိသော သူသည်။
ယဒါ၊ အကြင်အခါ၌။
အပ္ပမာဒေန၊ သတိမကင်း မမေ့လျော့ခြင်းဖြင့်။
ပမာဒံ၊ မေ့လျော့ခြင်းကို။
နုဒတိ၊ ထုတ်ပယ်၏။
တဒါ၊ ထိုအခါ၌။
သော၊ ထိုသို့သဘောရှိသော ပညာရှိသည်။
ပညာပါသာဒံ၊ ပညာတည်း ဟူသော ပြာသာဒ်သို့။
အာရုယှ၊ တက်၍။
အသောကော၊ စိုးရိမ်ခြင်းသောကဟူသော ငြောင့်မရှိသည်ဖြစ်၍။
သောကိနိံ၊ သောကဟူသောငြောင့်ရှိသော။
ပဇံ၊ သတ္တဝါအပေါင်းကို။
အဝေက္ခတိ၊ မြင်၏။
ယထာ၊ အဘယ်ကဲ့သို့ နည်းဟူမူကား။
ပဗ္ဗတဋ္ဌော၊ တောင်ထိပ်၌ တည်သော သူသည်။
ဘူမဋ္ဌေ၊ မြေပြင်၌နေသော သူတို့ကို။
အဝေက္ခတိ ဣဝ၊ မြင်သကဲ့သို့။
တထာ၊ ထို့အတူ။
သောပိ ဓီရော၊ ထိုသို့သဘောရှိသော ရဟန္တာသခင် ပညာရှင်သည်လည်း။
ဗာလေ၊ ဖြစ်လိုက် သေလိုက် ပုထုဇဉ်မိုက်တို့ကို။
အဝေက္ခတိ၊ မြင်တော်မူ၏။
ဒေသနာတော်၏ အကျိုး
ဂါထာ၏ အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့ကို မျက်မှောက်ပြုကြလေကုန်၏။
မဟာကဿပမထေရ်ဝတ္ထု ပြီး၏။
၆ - မေ့လျော့သောရဟန်း မမေ့လျော့သောရဟန်း
အဆွေခင်ပွန်းနှစ်ပါး ဝတ္ထု
အပ္ပမတ္တော ပမတ္တေသု အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရား သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အဆွေခင်ပွန်း ဖြစ်ကုန်သော နှစ်ဦးသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။
မေ့လျော့သော ရဟန်း၏ မှားယွင်းစွာ
ပြုလုပ်ပုံ ပြောဆိုပုံနှင့် လျှောက်ထားပုံ
ထို ရဟန်းနှစ်ဦးတို့သည် ဘုရားရှင်ထံတော်၌ ကမ္မဋ္ဌာန်းယူ၍ *တောရသောကျောင်း သို့ ဝင်ကြကုန်၏၊ (*တောရသော ကျောင်းဟူသည်ကား လေးတောင် တတာ အားဖြင့် အစွန်ဆုံးအိမ်မှ တာ့ငါးရာ ကွာဝေးသော အရပ်၌ရှိသော တောရကျောင်း တည်း၊ တောအင်္ဂါရသော ကျောင်းဟူလို။)
ထိုနှစ်ပါးသော ရဟန်းတို့တွင် ရဟန်းတပါးသည် စောစောကလျှင် ထင်းတို့ကို သည်ပိုးဆောင်ယူ၍ မီးအိုးကင်းကို စီရင်၍ သာမဏေငယ်တို့နှင့်တကွ စကား ပြောဟောလျက် ညဉ့်ဦးယာမ်ပတ်လုံး မီးလှုံကာ ထိုင်နေလေ၏၊ ရဟန်းတပါး သည်ကား မမေ့မလျော့ ရဟန်းတရားကို အားထုတ်သည် ဖြစ်၍ မေ့လျော့သဖြင့် မီးလှုံကာနေသော ရဟန်းကို ငါ့သျှင် ဤသို့မပြုပါလင့်၊ မေ့လျော့သောသူအား အပါယ်လေးဘုံတို့သည် မိမိနေရာအိမ်နှင့် တူကုန်၏၊ ဘုရားတို့မည်သည်ကား စဉ်းလဲကောက်ကျစ်ခြင်းဖြင့် နှစ်သိမ့်စေခြင်းငှါ မတတ်နိုင်ဟု ဆုံးမ၏၊
ထိုပျင်းရှိသော ရဟန်းသည်လည်း မမေ့လျော့သော ရဟန်း၏ ဆုံးမစကားကို မနာ မယူ၊ မမေ့လျော့သော ရဟန်းသည် ဤရဟန်းကား ဆိုခြင်းငှါ မခံဟု ထိုရဟန်းကို မဆိုမူ၍ မမေ့မလျော့ဘဲသာလျှင် ရဟန်းတရားကို အားထုတ်ကာနေလေ၏။
ပျင်းရိသော ရဟန်းသည် ပဌမယာမ်၌ မီးလှုံပြီးလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသောရဟန်း စင်္ကြံသွား၍ တိုက်ခန်းတွင်းသို့ ဝင်သောအခါ ဝင်လိုက်၍ အပျင်းကြီးသောရဟန်း သင်သည် လျောင်းစက်ကာ အိပ်ခြင်းငှါ တောသို့ ဝင်လာသောသူ ဖြစ်ခဲ့၏၊ အသို့နည်း၊ ဘုရားရှင်တို့၏အထံ၌ ကမ္မဋ္ဌာန်းကို ယူခဲ့ရကား ထကြွလုံ့လ ဝီရိယပြု၍ ရဟန်းတရားကို အားထုတ်ခြင်းငှါ သင့်မည် မဟုတ်လောဟု ပြောဆိုပြီးလျှင် မိမိနေရာ အရပ်သို့ဝင်၍ လှည်းကာ အိပ်၏၊
လုံ့လ ရှိသော ရဟန်းသည်လည်း ပဌမယာမ်၌ စင်္ကြံသွား၍ သန်းခေါင်ယာမ်၌ အပင်အပန်းဖြေ၍ မိုးသောက်ယာမ်၌ စောစောထ၍ ရဟန်းတရားကို အားထုတ်၏၊ ထိုရဟန်းသည် ဤသို့လျှင် မမေ့မလျော့ နေသည်ရှိသော် မကြာမြင့်မီ ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏၊ ပျင်းရိသော ရဟန်းသည် မေ့လျော့ခြင်းဖြင့်သာလျှင် အခါကို ကုန်လွန်စေ၏။
ထိုရဟန်းနှစ်ပါးတို့သည် ဝါကျွတ်ကုန်သည်ဖြစ်၍ ဘုရားရှင်ထံသို့ သွား၍ ရှိခိုးလျက် တင့်အပ် လျောက်ပတ်စွာ နေကြကုန်၏၊ ဘုရားရှင်သည် ထိုရဟန်းတို့နှင့်တကွ ပဋိသန္တာရစကား ပြောကြားပြီးလျှင် ချစ်သား ရဟန်းတို့ အသို့နည်း၊ သင်ချစ်သား တို့သည် မမေ့မလျော့ ရဟန်းတရားကို အားထုတ်ကြရကုန်၏လော၊ သင်ချစ်သား တို့အား ရဟန်း ကိစ္စသည် အပြီးအဆုံးသို့ ရောက်ပြီ လောဟု မေးတော်မူလတ်သော် ရှေးဦးစွာ မေ့မေ့ လျော့လျော့ နေသော ရဟန်းသည် ဤသို့ နားတော်လျှောက်လေ၏၊
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤရဟန်းအား မမေ့မလျော့ ခြင်းသည် အဘယ်မှာ ရှိပါအံ့နည်း၊ ရှင်တော်ဘုရား၏ ထံတော်မှ သွားသောအခါမှစ၍ လျောင်းစက်ကာအိပ်လျက် အခါကို လွန်စေပါသည်ဘုရား ဟု နားတော် လျှောက်လေ၏၊
ချစ်သား ရဟန်း သင်သည်ကား အဘယ်သို့ နေသနည်းဟု မေးတော်မူလတ်သော် မြတ်စွာဘုရား ဘုရားတပည့်တော်သည်ကား စောစောကလျှင် ထင်းတို့ကို သည်ပိုးဆောင်ယူ၍ မီးအိုးကင်းကို စီရင်၍ ညဉ့်ဦးယာမ်ပတ်လုံး မီးလှုံကာ ထိုင်နေလျက် မအိပ်ဘဲသာလျှင် ကာလကို လွန်စေပါသည် ဘုရားဟု နားတော် လျှောက်လေ၏။
ထိုအခါ မြတ်စွာဘုရားသည် မီးလှုံသော ရဟန်းကို သင်ကား ကမ္မဋ္ဌာန်း ဘာဝနာ မေ့ကြီးမေ့သည် ဖြစ်၍ ကာလကို လွန်စေလျက် မမေ့မလျော့ဖြစ်၏ဟု ဆိုဘိ၏၊ မမေ့သောသူကို အမေ့၊ မေ့သောသူကိုကား မမေ့ ပြုဘိ၏ ဟူ၍ မိန့်တော်မူပြီးလျှင် တဖန် မြတ်စွာဘုရားသည် မေ့လျော့ခြင်း၌ အပြစ်၊ မမေ့ မလျော့ခြင်း၌ အကျိုးတို့ကို ထင်စွာပြခြင်းငှါ သင်သည်ကား ငါ့သားရဟန်း၏ အထံ၌ လျင်မြန်ခြင်းမှ ပြတ်ကင်း လေသော် အားအင်နည်းသော မြင်းပိန်ကဲ့သို့ ဖြစ်၏၊ ဤရဟန်းသည်ကား သင်၏ အထံ၌ လျင်မြန်သော အဟုန်ရှိသော မြင်းကောင်း မြင်းသန်ကဲ့သို့ ဖြစ်၏ဟု မိန့်တော်မူ၍ ဤဂါထာကိုဟောတော်မူလေ၏။
ဒေသနာတော်
၂၉။ အပ္ပမတ္တော ပမတ္တေသု၊ သုတ္တေသု ဗဟုဇာဂရော။
အဗလဿံဝ သီဃသော၊ ဟိတွာ ယာတိ သုမေဓသော။
အပ္ပမတ္တော၊ သတိမပေါ့ မမေ့လျော့သော သူသည်။
ပမတ္တေသု၊ သတိလွတ်ကင်း မေ့လျော့ခြင်း ရှိကုန်သော။
သုတ္တေသု၊ ဣရိယာပုထ်တိုင်း မနိုးမကြား ပြင်းစွာအိပ်သော အအိပ်သမားတို့တွင်။
ဗဟုဇာဂရော၊ သတိပြန့်ပွား လွန်စွာ နိုးကြားသောသူဖြစ်၏။
သီဃဿော၊ ကောင်းကင်လွှားလွှား ပျံတက်သွား၍ လျင်လျားဘိခြင်း အာဇာနည် သိန္ဓောမြင်းသည်။
အဗလဿံ၊ ခါွတုံးအားကုန် ချိနဲ့တုန်သည် ဖျင်းသုံဘိခြင်း လေးသောမြင်းကို။
ဟိတွာ၊ ဂနိုင်စုံကြား စွန့်ပစ်ထား၍။
ယာတိ ဣဝ၊ မြို့ပြည်နီးပါး အရောက်သွားသကဲ့သို့။
သုမေဓသော၊ ကောင်းမွန်ပညာ ပြည့်စုံစွာသော ပညာရှိသည်။
တံ၊ ထိုမေ့လျော့အားသည်း ပညာနည်းတောင်း လူဖျင်းသောင်းကို။
ဟိတွာ၊ သံသရာဝဋ် ဘဝညွတ်၌ စွန့်လွှတ် ထားခဲ့၍။
ယာတိ၊ နိဗ္ဗာန်ပေါက်ရောက် ဝဋ်ကိုဖောက်၍ ထွက်မြောက်သွားလေ၏။
ဒေသနာတော်၏ အကျိုး
ဂါထာ၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
မေ့လျော့သောရဟန်း, မမေ့လျော့သော ရဟန်း အဆွေခင်ပွန်းနှစ်ပါးဝတ္ထု ပြီး၏။
၇ - မဃလုလင် ဝတ္ထု
အပ္ပမာဒေန မဃဝါ အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေသာလီပြည်ကို အမှီပြု၍ စုလစ် မွန်းချွန်တပ်သော ပြာသာဒ်၌ နေတော်မူစဉ် သိကြားနတ်မင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။
မဟာလိလိစ္ဆဝီ မင်းသားအား
သိကြားမင်း အကြောင်းကို ဟောကြားခြင်း
ဝေသာလီပြည်၌ မဟာလိမည်သော လိစ္ဆဝီမင်းသားသည် နေလေသတတ်၊ ထို မင်းသားသည် မြတ်စွာဘုရား ၏ သက္ကပဉှာသုတ္တန် ဟောကြားတော်မူသည်ကို ကောင်းစွာ ကြားနာရ၍ မြတ်စွာဘုရားကား သိကြားမင်း စည်းစိမ်ကို ကြီးကျယ်စွာ ပြု၍ ဟောတော်မူပေ၏၊ မြင်တော်မူ၍ပင် ဟောလေသလော၊ ထိုသို့မဟုတ် မမြင်ဘဲပင် ဟောလေသလော၊
သိကြားမင်းကို သိလေသလော၊ မသိလေသလောဟု ဘုရားရှင်ကို မေးအံ့ဟူ၍ ကြံပြီးလျှင် ထိုအခါ မဟာလိ မည်သော လိစ္ဆဝီမင်းသားသည် ဘုရားရှိရာသို့ ချဉ်းကပ်ကာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် တင့်အပ် လျောက်ပတ်သော အရပ်၌ နေ၍ ဤစကားကို လျှောက်ကြားလေ၏၊
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား မြတ်စွာဘုရားသည် နတ်တို့ကို အစိုးရသော သိကြားမင်းကို မြင်တော်မူအပ်ပါသလောဟု လျှောက်လတ်သော် မဟာလိ နတ်တို့ကို အစိုးရသော သိကြားမင်းကို ငါမြင်အပ်၏ ဟု မိန့်တော်မူ၏၊ မြတ်စွာဘုရား ထိုမြင်တော်မူအပ်သော သိကြားမင်းသည် ရှေးသိကြားတို့နှင့် အလား တူသော အတုအပ ဖြစ်လတ္တံ့၊
အကြောင်းသော်ကား သိကြားမင်းကို မြင်နိုင်ခဲပါသည် ဘုရားဟု လျှောက်ဆို လတ်သော် မဟာလိ ငါဘုရားကား သိကြားမင်းကို၎င်း သိကြားမင်း အဖြစ်ကို ပြုတတ်သော တရားတို့ကို၎င်း သိတော်မူ၏၊ အကြင် တရားတို့ကို ကောင်းစွာ ဆောက်တည်သည်၏ အဖြစ်ကြောင့် သိကြားမင်းသည် သိကြား အဖြစ်ကိုရ၏၊ ထိုသိကြားမင်း ဆောက်တည်အပ်သော တရားတို့ကိုလည်း ငါဘုရား သိတော်မူ၏။
မဟာလိမင်းသား နတ်တို့ကို အစိုးရသော သိကြားမင်းသည် ရှေးဘဝ၌ လူဖြစ်သည် ရှိသော် မဃမည်သော လုလင်သည် ဖြစ်ခဲ့ဖူး၏၊ ထို့ကြောင့် မဃဝါ ဟူ၍ ဆိုအပ်၏၊
မဟာလိမင်းသား နတ်တို့ကို အစိုးရသော သိကြားမင်းသည် ရှေး၌ လူဖြစ်သည် ရှိသော် လက်ဦးစွာ အလှူကို ပေးလှူခဲ့ဖူး၏၊ ထို့ကြောင့် ပုရိန္ဒဒ ဟူ၍လည်း ဆိုအပ်၏၊
မဟာလိမင်းသား နတ်တို့ကို အစိုးရသော သိကြားမင်းသည် ရှေး၌ လူဖြစ်သည် ရှိသော် ရိုသေစွာ အလှူကို ပေးလှူခဲ့ဖူး၏၊ ထို့ကြောင့် သက္က ဟူ၍လည်း ဆိုအပ်၏၊
မဟာလိုမင်းသား နတ်တို့ကို အစိုးရသော သိကြားမင်းသည် ရှေး၌ လူဖြစ်သည် ရှိသော် တည်းခိုရာ စရပ်ကို ပေးလှူခဲ့ဖူး၏၊ ထို့ကြောင့် ဝါသဝ ဟူ၍လည်း ဆိုအပ်၏၊
မဟာလိမင်းသား နတ်တို့ကို အစိုးရသော သိကြားမင်းသည် အထောင်သော အကျိုးကို တမုဟုတ်ဖြင့် (တခဏဖြင့်) ကြံစည်နိုင်၏၊ ထို့ကြောင့် သဟဿနတ္တ ဟူ၍လည်း ဆိုအပ်၏၊
မဟာလိမင်းသား နတ်တို့၏ အရှင်ဖြစ်သော သိကြားမင်းအား သုဇာတာ အမည်ရှိသော အသုရာ နတ်မင်းကြီး၏ သ္မီးပျိုဖြစ်သော မိဖုယားသည် ရှိခဲ့လေ၏၊ ထို့ကြောင့် သုဇမ္ပတိ ဟူ၍လည်း ဆိုအပ်၏၊
မဟာလိမင်းသား သိကြားမင်းသည် တာဝတိံသာနတ်တို့ကို အစိုးရခြင်းရှိသော မင်းအဖြစ်ကို ပြုခဲ့လေ၏၊ ထို့ကြောင့် ဒေဝါနမိန္ဒ ဟူ၍လည်း ဆိုအပ်၏၊
မဟာလိမင်းသား နတ်တို့ကို အစိုးရသော သိကြားမင်းသည် ရှေးဘဝ လူဖြစ်စဉ်အခါ ခုနစ်ပါးသော ကျင့်ဝတ်တို့ကို မမေ့မလျော့ ကောင်းစွာ ဆောက်တည် အပ်ကုန်၏၊ ထိုကျင့်ဝတ် ခုနစ်ပါးတို့ကို ကောင်းစွာ ဆောက်တည်သည်၏ အဖြစ်ကြောင့် သိကြား အဖြစ်ကို ရ၏။
သိကြားမင်း၏ ကျင့်ဝတ်ခုနစ်ပါး အကြောင်း
ထိုကျင့်ဝတ် ခုနစ်ပါးတို့သည် အဘယ်သည်တို့နည်း ဟူမူကား -
၁။ အသက်ထက်ဆုံး မိဘကို လုပ်ကျွေးမွေးမြူသည် ဖြစ်ရာ၏။
၂။ အသက်ထက်ဆုံး မိကြီး, မိထွေး, ဘကြီး, ဘထွေး, အဘိုး, အဘွား စသော အမျိုး၌ အသက်အရွယ် ကြီးရင့်သူတို့ကို ရိုသေလေးမြတ်စွာ ပြုသည် ဖြစ်ရာ၏။
၃။ အသက်ထက်ဆုံး သိမ်မွေ့နူးညံ့စွာ ပြေပြစ်သော စကားကို ဆိုသည် ဖြစ်ရာ၏။
၄။ အသက်ထက်ဆုံး နှစ်ဘက်သော သူတို့၏ အကြား၌ လွှတိုက်သကဲ့သို့ ကြမ်းတန်းသော စကားကိုဆိုလျက် ဂုံးတိုက်ချောပစ်သော စကားကို မဆိုသည် ဖြစ်ရာ၏။
၅။ အသက်ထက်ဆုံး ဝန်တိုခြင်း အညစ်အကြေးမှ ကင်းသော စိတ်ဖြင့် အိမ်ကို အုပ်ချုပ်၍ နေရာ၏။
၆။ လွတ်လွတ် စွန့်ကြဲခြင်း, ဖြန့်ထားသောလက်ရှိခြင်း, ပေးကမ်းစွန့်ကြဲရာ၌ မွေ့လျော်သော စိတ်နှလုံးရှိခြင်း, တောင်းလာသော ခရီးသွားဧည့်သည် အထီးကျန် ကိုးကွယ်ရာမဲ့ဖြစ်သော သူတို့နှင့် မကင်းမူ၍ စွန့်ကြဲခြင်း ရှေ့တွင်ရောက်ရှိသော မိမိ စားရာထမင်းမှ ခွဲခြမ်းဝေဖန်၍ ပေးလှူခြင်း၌ မွေ့လျော်သော စိတ်ရှိသည် ဖြစ်ရာ၏။
၇။ အသက်ထက်ဆုံး မှန်ကန် ဖြောင့်မတ်သော စကားရှိသည် ဖြစ်ရာ၏၊ အမျက် မထွက်ရာ၊ အမျက် ထွက်ခဲ့သော်လည်း ထိုအမျက်ကို လျင်မြန်စွာ ဖျောက်ပေအံ့ ဟု ဆင်ခြင်ရာ၏။
မဟာလိမင်းသား ဤသို့အားဖြင့် နတ်တို့ကို အစိုးရသော သိကြားမင်းသည် ရှေးဘဝ၌ လူဖြစ်စဉ်အခါ ဤခုနစ်ပါးသော ကျင့်ဝတ်ကို မမေ့မလျော့ ကောင်းစွာ ဆောက်တည်အပ်ကုန်၏၊ ထိုကျင့်ဝတ် ခုနစ်ပါးတို့ကို ကောင်းစွာ ဆောက်တည် သည်၏ အဖြစ်ကြောင့် သိကြားအဖြစ်ကို ရ၏ဟု ဟောတော်မူလေ၏။
မာတာပေတ္တိဘရံ ဇန္တုံ၊ ကုလေ ဇေဋ္ဌာပစာယိနံ။
သဏှံ သခိလသမ္ဘာသံ၊ ပေသုဏေယပ္ပဟာယိနံ။
မစ္ဆေရဝိနယေ ယုတ္တံ၊ သစ္စံ ကောဓာဘိဘုံ နရံ။
တံ ဝေ ဒေဝါ တာဝတိံသာ၊ အာဟု သပ္ပုရိသော ဣတိ။
မာတာပေတ္တိဘရံ၊ အမိအဘကို မွေးမြူ လုပ်ကျွေးတတ်သော။
ကုလေ၊ အမျိုး၌။
ဇေဋ္ဌာပစာယိနံ၊ ဆွေကြီးမျိုးသား အဘိုးအဘွား စသော သူတို့အား အရိုအသေ ပြုလေ့ရှိသော။
သဏှံ သခိလသမ္ဘာသံ၊ နူးညံ့သိမ်မွေ့ ပြေပြစ်သော စကားကို ဆိုလေ့ရှိသော။
ပေသုဏေယပ္ပဟာယိနံ၊ ချောပစ်ဂုံးတိုက်သော စကားကို ပယ်ရှား ဖြတ်တောက်လေ့ ရှိသော။
မစ္ဆေရဝိနယေ၊ ဝန်တိုခြင်းကို ပယ်ဖျောက်ရာ၌။
ယုတ္တံ၊ ယှဉ်သော။
သစ္စံ၊ အမှန်ကို ဆိုလေ့ရှိသော။
ကောဓာဘိဘုံ၊ အမျက် ဒေါသကို နှိပ်စက်ဖျက်ဆီးသော။
ဇန္တုံ၊ သတ္တဝါဖြစ်သော။
တံ နရံ၊ ထိုကျင့်ဝတ်နှင့် ပြည့်စုံသောသူကို။
ဝေ၊ စင်စစ်။
ဒေဝါ တာဝတိံသာ၊ တာဝတိံသာ နတ်တို့သည်။
သပ္ပုရိသော ဣတိ၊ သူတော်ကောင်းဟူ၍။
အာဟု၊ ဆိုကြကုန်၏။
မဟာလိ အမည်ရှိသော မင်းသား ဤခုနစ်ပါးသော ကျင့်ဝတ်တို့ကား သိကြားမင်း သည် မဃလုလင် ဖြစ်သောအခါ၌ ပြုအပ်သော ကျင့်ဝတ်အမှုတို့ပေတည်း ဟု မိန့်တော်မူပြီးလျှင် တဖန် မဟာလိမင်းသားသည် မြတ်စွာဘုရား မဃလုလင်သည် အဘယ်သို့ ကျင့်ပါသနည်း ဘုရားဟု ထိုမဃလုလင်၏ အကျင့် အာစာရကို အကျယ် အားဖြင့် နာလိုသည်ဖြစ်၍ မေးလျှောက်သည်ရှိသော် ထိုသို့ဖြစ်မူ နာဦးလော့ဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။
သိကြားမင်းလောင်း မဃလုလင်
လမ်းခရီး ပြုပြင်ခြင်း အကြောင်း
လွန်လေပြီးသောအခါ မဂဓရာဇ်တိုင်း မစလရွာ၌ မဃအမည်ရှိသော လုလင်သည် ရွာသူရွာသားတို့၏ အမှုလုပ်ဆောင်ရာသို့ သွား၍ မိမိနေရာအရပ်၌ ခြေစွန်းဖြင့် မြေမှုန့်တို့ကိုယက်၍ နှလုံးမွေ့လျော် ပျော်ဖွယ်ရာ ရှိသည်ကိုပြုလျက် နေလေ၏၊ တယောက်သော သူသည် မဃလုလင်ကို လက်မောင်းဖြင့် တွန်းထိုး ပုတ်ခတ်ကာ ထိုနေရာမှ ဖယ်ရှား၍ မဃလုလင် နေရာအရပ်၌ နေလာ၏၊
မဃလုလင်လည်း ထိုသူအား အမျက်မထွက်မူ၍သာလျှင် တပါးသောနေရာ အရပ်၌ နှလုံးမွေ့လျော် ပျော်ဖွယ်ရာကို ပြုလုပ်၍ နေပြန်၏၊ ထိုနေရာမှလည်း မဃလုလင်ကို တယောက်သောသူသည် လာ၍ လက်မောင်းဖြင့် ပုတ်ခတ်ကာ ဖယ်ရှားပြီးလျှင် နေလာပြန်၏၊ မဃလုလင်သည် ထိုသူအားလည်း အမျက် မထွက်မူ၍သာလျှင် တပါးသော နေရာကို မွေ့လျော် ပျော်ဖွယ်ရာ ပြုလုပ်၍ နေပြန်လေ၏၊
ဤသို့သောနည်းဖြင့် အိမ်မှ ထွက်လာတိုင်း ထွက်လာတိုင်းသော ယောက်ျားတို့သည် မဃလုလင်ကို လက်မောင်းဖြင့် ပုတ်ခတ်၍ နေရာ အရပ်မှ ဖယ်ရှားကြလေကုန်၏၊ မဃလုလင်သည် အလုံးစုံသော ဤ သူတို့ကား ငါ့ကိုမှီ၍ ချမ်းသာစွာ နေရကုန်ပြီ၊ ဤကောင်းမှုကံသည် ငါ့အား ချမ်းသာခြင်းကို ပေးတတ်သော ကောင်းမှုဖြစ်ရာ၏ဟု ကြံ၍ တဖန် မိုးသောက်သော နေ့၌ ပေါက်တူးကို ယူ၍ ကောက်နယ် တလင်းမျှ လောက်သော အရပ်ကို မွေ့လျော်ပျော်ဖွယ်ရာ ရရှိအောင် ပြုပြင်လေ၏၊ ခပ်သိမ်းသော လူတို့သည်လည်း သွား၍ ထိုရှေးနည်း အတူသာလျှင် နေကြလေ ကုန်၏။
ထိုအခါ မဃလုလင်သည် ချမ်းအေးသော အခါ၌ ထိုသူတို့အား မီးထည့်၍ ပေးပြန်၏။ ထို့နောက်မှ ခပ်သိမ်းသောသူတို့သည် မွေ့လျော်ပျော်ဖွယ်ရာအရပ် မည်သည်ကို နှစ်သက်မြတ်နိုးအပ်၏၊ တစုံတယောက် သောသူအား မနှစ်သက် မမြတ်နိုးခြင်း မည်သည် မရှိ၊ ဤနေ့မှစ၍ ငါသည် လမ်းခရီးကို ညီညွတ်စွာပြုလျက် လှည့်လည် ခြင်းငှါ သင့်၏ဟု ကြံပြီးလျှင် နံနက်စောစော ထွက်ခဲ့၍ လမ်းခရီးကို ညီညွတ်အောင် ပြုပြင်ကာ ဖြတ်၍ ဆောင်သင့်သော သစ်ခက်တို့ကို ဆောင်ယူကာ လှည့်လည်လေ၏၊
ထိုအခါ မဃလုလင်ကို တပါးသောသူသည် မြင်၍ အချင်း အဘယ်အမှု ပြုသနည်း ဟု မေးလေ၏၊ အချင်း ငါသည် နတ်ပြည်သို့ သွားကြောင်း ဖြစ်သော လမ်းခရီးကို ပြုပြင်သည်ဟု ဆိုသဖြင့် ထိုသို့ဖြစ်မူ အကျွန်ုပ်သည်လည်း သင်၏အဖော် ဖြစ်ရပါစေ ဟု ဆိုလေ၏၊ အချင်း မိတ်ဆွေ ဖြစ်ပါလေလော့၊ လမ်းခရီး မည်သည်ကား များစွာသော လူတို့အားလည်း နှလုံးကို ပွားစေတတ်၏၊ ချမ်းသာသုခ များလှ၏ဟု ဆိုသဖြင့် ထိုအခါမှစ၍ နှစ်ယောက်သော လူတို့သည် ဖြစ်လေကုန်၏၊
ထိုနှစ်ယောက်သော လူတို့ကို မြင်သဖြင့် ထိုနည်းအတူ မေးမြန်း၍၎င်း၊ ကြားသိ ရ၍၎င်း တယောက် သောသူသည်လည်း ထိုသူတို့၏ အဖော် ဖြစ်ပြန်လေ၏၊ ဤသို့ တယောက် တယောက်အားဖြင့် သုံးကျိပ် သုံးယောက်သော သူတို့ ဖြစ်ကုန်၏၊ ထိုအလုံးစုံသော သူတို့သည်လည်း ပေါက်တူး, တူးရွင်း စသည် လက်စွဲကုန်လျက် လမ်းခရီး ညီညွှတ်အောင် ပြုပြင်ကြရာ တယူဇနာ နှစ်ယူဇနာမျှ ရှိသော အရပ် တိုင်အောင် ရောက်သွားကုန်၏။
ထို သုံးကျိပ် သုံးယောက်သော သူတို့ကို ရွာစားမြင်လျှင် ကြံစည်သည်မှာ ဤ လူတို့သည် အားမထုတ် သင့်သော အရာ၌ အားထုတ်ကြကုန်၏၊ ထိုသူတို့ အားလုံးသည် တောအုပ်မှ ငါး, အမဲ စသည် တို့ကိုလည်း ဆောင်ကုန်ငြားအံ့၊ သေအရက်ကိုမူလည်း ချက်၍ သောက်ကုန်ငြားအံ့၊ ထိုသို့ သဘောရှိသော တပါးသော အမှုကိုမူလည်း ပြုကုန်ငြားအံ့၊ ငါသည်လည်း တစုံတခုကို ရရာ၏ဟု ကြံစည်လေ၏၊
ထိုသို့ ကြံစည်ပြီးသည်မှ နောက်၌ ထိုသူတို့ကိုခေါ်စေ၍ အဘယ် အမှုကိုပြုလုပ်ကာ လှည့်လည်ကြကုန် သနည်းဟု မေးလေ၏၊ ရွာစားမင်း နတ်ရွာ လမ်းခရီးကို ကျွန်တော်တို့ ပြုလုပ်ပါကုန်၏ဟု ဆိုလျှင် အိမ်ရာထောင်သော လူ၏ဘောင်၌ နေသော သူမည်သည်ကား ဤသို့ ပြုခြင်းငှါ မသင့်၊ တောအုပ်မှ ငါး, အမဲ စသည် တို့ကို ဆောင်ယူခြင်းငှါ၎င်း၊ သေအရက်ချက်၍ သောက်ခြင်းငှါ၎င်း၊ အထူးထူး အပြားပြားသော အမှုတို့ကို ပြုခြင်းငှါ၎င်း သင့်၏ဟု ဆိုလေ၏၊ ထိုသူတို့သည် ထိုရွာစား၏ စကားကို ပယ်ရှားကြကုန်၏၊ ရွာစားလည်း ဤသို့ အဖန်ဖန် ပြောဆိုပြန် သော်လည်း ပယ်ရှားကြကုန်သည် သာလျှင်တည်း။
ရွာစားမင်း အပြစ်ရှာခြင်းကြောင့် ဆင်နင်းခံရန်
အပြစ်ဒဏ်သင့်ရာမှ ဆင်ရခဲ့ခြင်း အကြောင်း
ထိုရွာစားသည် အမျက်ထွက်၍ ဤလူတို့ကို ပျက်စီးစေအံ့ဟု ကြံပြီးလျှင် မင်းအထံသို့ သွား၍ အရှင်မင်းကြီး ခိုးသူတို့သည် အစုဖွဲ့၍ သွားလာလှည့်လည် သည်တို့ကို မြင်ရပါသည်ဟု လျှောက်တင်သဖြင့် သွားချေ၊ ထိုသူတို့ကို ဖမ်းဆီး၍ ဆောင်ခဲ့ ချေလော့ဟု ဆိုသည်ရှိသော် ထိုသူအားလုံးတို့ကို မင်းကြီးဆိုတိုင်း ဖမ်း၍ မင်းအား ပြလေ၏၊ မင်းကြီးလည်း မစူးစမ်း မဆင်ခြင်မူ၍သာလျှင် ဆင်နှင့် နင်းသတ်စေဟု အမိန့်တော်မြတ် မှတ်လေ၏။
မဃလုလင်သည် မိမိမှကြွင်းသော သူတို့အား အချင်းတို့ မေတ္တာစိတ်ကို ဖယ်ထား၍ ငါတို့အား တပါးသော ကိုးကွယ်ရာသည် မရှိပြီ၊ သင်တို့သည် တစုံ တယောက်သော သူ့အပေါ်၌ အမျက်ထွက်ခြင်းကို မပြုမူ၍ မင်းကြီး၌၎င်း၊ ရွာစား၌၎င်း၊ ငါတို့ကို နင်းလတ္တံ့သော ဆင်၌၎င်း၊ မိမိကိုယ်၌၎င်း မေတ္တာစိတ်ဖြင့် အတူအမျှဖြစ်သော စိတ် ရှိကြစေကုန်လော့ဟု သတိပေး ဆုံးမစကား ပြောကြားလေ၏၊
ထိုလူတို့သည်လည်း မဃလုလင် ပြောကြားသောအတိုင်း ပြုကြလေကုန်၏။ ထိုအခါ ထို သုံးကျိပ် သုံးယောက်သော လူတို့၏ မေတ္တာ အာနုဘော်ကြောင့် ဆင်သည် ချဉ်းကပ်ခြင်းငှါလည်း မဝံ့လေပြီ၊ မင်းကြီးသည် ထိုအကြောင်းကိုကြားရ၍ များစွာသော လူတို့ကို မြင်သဖြင့် နင်းခြင်းငှါ မချဉ်းကပ်ဝံ့သည် ဖြစ်လတ္တံ့၊ သွားချေ ထိုလူတို့ကို ဖျာဖြင့်ဖုံးအုပ်၍ နင်းစေကြကုန်ဟု အမိန့်တော်မြတ် မှတ်ပြန်လေ၏၊ ထိုလူတို့ကို ဖျာအုပ်၍ နင်းစေခြင်းငှါ လွှတ်ပြန်သော်လည်း ဆင်သည် ဝေးရာအရပ် သို့သာလျှင် ဖဲသွားလေ၏။
မင်းကြီးသည် ထိုအကြောင်းကို ကြား၍ ဤအရပ်၌ အကြောင်းထူးရှိသည် ဖြစ်တန်ရာ၏ ဟု ကြံပြီးလျှင် ထိုသူတို့ကိုခေါ်စေ၍ အမောင်တို့ ငါ့ကိုမှီ၍ သင်တို့ သည် အဘယ်အရာကို မရဘဲ ရှိကုန်သနည်းဟု စစ်ဆေးမေးမြန်းလေ၏၊ အရှင် မင်းကြီး ယခု မိန့်တော်မူသော အကြောင်းကား အဘယ်အကြောင်းပါနည်း ဟု လျှောက်တင်ကြသောအခါ သင်တို့သည် အစုဖွဲ့၍ ခိုးသူပြုလုပ်ကြလျက် အရပ်၌ သွားလာလှည့်လည်ကြ ကုန်သည် မဟုတ်လောဟု မိန့်ဆိုလေ၏၊
အရှင် မင်းကြီး အဘယ်သူသည် ဤသို့လျှောက်တင်ပါသနည်းဟု သံတော်ဦး တင်လတ်သောအခါ အမောင်တို့ ရွာစားလျှောက်တင်၏ဟု မိန့်တော်မူလေ၏၊ ထို့နောက်မှ သုံးကျိပ်သုံးယောက်သော သူတို့သည် အရှင်မင်းကြီး ကျွန်တော်မျိုး တို့ကား ခိုးသူတို့ မဟုတ်ရပါ၊ မိမိတို့၏ နတ်ရွာလမ်းခရီးကို သုတ်သင်လျက် ဤမည် ဤမည်သော ကောင်းမှုကို ပြုကြပါကုန်၏၊
ရွာစားသည် ကျွန်တော်မျိုးတို့ကို အကုသိုလ် ဖြစ်အံ့သော အမူအရာအားဖြင့် (ပြုလုပ်ရန်) တိုက်တွန်း နှိုးဆော်ရာ မိမိစကားကို မလိုက်နာသော အရှင့် ကျွန်တော်မျိုးတို့ကို အမျက်ထွက်၍ ပျက်စီးစေလို သောကြောင့် အရှင်မင်းကြီးကို လှည့်စား၍ ဤသို့ လျှောက်တင်ခြင်း ဖြစ်ပါသည်ဟု သံတော်ဦး တင်ကြလေကုန်၏။
အမောင်တို့ ဤဆင်သည် တိရစ္ဆာန် ဖြစ်ပါလျက် သင်တို့၏ ဂုဏ်ကျေးဇူးတို့ကို သိသေး၏၊ ငါတမူကား လူဖြစ်ပါလျက် ကျေးဇူးကို သိခြင်းငှါမတတ်နိုင်၊ ငါ၏ အပြစ်ကို သည်းခံကြကုန်လော့ဟု တောင်းပန်စကား ဤသို့ ပြောကြားပြီးလျှင် သားမယားနှင့် တကွဖြစ်သော ရွာစား ရွာသူကြီးကို သုံးကျိပ်သုံးယောက်သော ထိုသူတို့အား ကျွန်ပြု၍ စေစား စေခြင်းငှါ ပေးလေ၏၊
ဆင်ကိုလည်း ထိုသူတို့၏ စီးနင်းစရာ အလို့ငှါ ပေးလေ၏၊ ထိုရွာကိုလည်း ချမ်းသာသည် အလျောက် သုံးဆောင်ရန် ရွာစားပြု၍ ပေးလေ၏၊ ထိုသူတို့သည် ဤပစ္စုပ္ပန် လောက၌ပင်လျှင် ငါတို့ပြုအပ်သော ကုသိုလ်အကျိုးဆက်ကို မြင်အပ်ပြီ ဟုနှလုံးသွင်း၍ အတိုင်းထက်အလွန် ကြည်ညိုသောစိတ် ရှိကုန်သည်ဖြစ်၍ ထိုဆင်ကို အလှည့် အလှည့်အားဖြင့် စီးကာ သွားလာလျက် တိုင်ပင်ကြပြန်ကုန်၏။
တည်းခိုရာစရပ် ဆောက်ရာ၌ မိန်းမတို့အား
ကုသိုလ် ပါဝင်ရန် အဖို့ မပေးလိုကြခြင်း
ယခုအခါ ငါတို့သည် အတိုင်းထက် အလွန်ကောင်းမှုကို ပြုထိုက်၏၊ အဘယ် ကောင်းမှုကို ပြုရကုန်အံ့နည်းဟု ဆိုသဖြင့် ခရီးလမ်းမ လေးဆုံ၌ များစွာသော လူအပေါင်းတို့၏ အပန်းဖြေ တည်းခိုရာ စရပ်ကို ပြုကုန်အံ့ဟု တိုင်ပင်ပြီးလျှင် လက်သမားကို ခေါ်စေ၍ စရပ်ကို ဆောက်လုပ်စေကြလေကုန်၏၊
ထိုသူတို့သည်ကား အိမ်သူမိန်းမတို့ အပေါ်၌ မက်မောခြင်း စုံမက်ခြင်း နည်းပါး ကြသောကြောင့် စရပ်၏ အတွက် မာတုဂါမတို့အား ကုသိုလ်ပါဝင်ရန် အဖို့ကို မပေးကြလေကုန်၊ ထိုမဃလုလင်၏ အိမ်၌ကား သုနန္ဒာ, သုစိတ္တာ, သုဓမ္မာ, သုဇာတာ ဟူသော လေးယောက်သော မိန်းမတို့သည် ရှိကုန်၏၊
ထိုလေးယောက်သော မိန်းမတို့တွင် သုဓမ္မာမည်သော မိန်းမသည် လက်သမား ကြီးနှင့် တပေါင်းတည်း တိုင်ပင်၍ မောင်ကြီး ဤစရပ်၌ ကျွန်မကို အကြီးအမှူး ဖြစ်အောင် ပြုပေးစေချင်ပါသည်ဟု တံစိုးလက်ဆောင် ပေးထားလေ၏၊ လက်သမား သည်လည်း ကောင်းပြီဟု ဝန်ခံ၍ ရှေးဦးစွာ (ထုပိကာ) အမွှန်းအချက် အလို့ငှါ သစ်သားကို သွေ့ခြောက်စေပြီးလျှင် ချောမောစွာ ရွေခြင်း ထွင်းခြင်းတို့ကို ပြုသဖြင့် အမွှန်းအချက်ကို ပြီးစီးနှင့်စေ၍ ဤစရပ်ကား သုဓမ္မာမည်၏ဟု ကမ္ပည်း မော်ကွန်းစာ ထွင်းထုကာ ရေး၍ အဝတ်ဖြင့် ရစ်ပတ်၍ ထားလေ၏။
ထိုအခါ စရပ်ကို အဖြူထည်ပြီးစေ၍ အမွှန်းအချက် တင်အံ့သောနေ့၌ အရှင့်သားတို့ တခုသော ပြုဖွယ်ဝတ္ထုကို သတိမရ မေ့ခဲ့ကြကုန်ပြီဟု ဆိုလေ၏၊ အချင်းဗိသုကာ အဘယ်မည်သော ပြုဖွယ်ဝတ္ထုနည်းဟု မေးလတ်သော် ထုပိကာ အမွှန်းအချက် တည်းဟု ဆိုလေ၏၊ ထိုသို့ မေ့သည်ဖြစ်မူ ဆောင်ယူချေကုန်အံ့ဟု ဆိုပြန်သော် ယခုအခါမှ ခုတ်ဖြတ်အပ်သော သစ်သားဖြင့် ပြုခြင်းငှါ မတတ်ကောင်း၊
ရှေးဦးကလျှင် ခုတ်ဖြတ်ရွေထွင်း၍ အသင့်ပြုလုပ်ထားအပ်သော (ထုပိကာ) အမွှန်းအချက်ကို ရခြင်းငှါသင့်၏၊ (ရမှသင့်မည်)ဟု ဆိုလေ၏၊ ယခုအခါကျမှ အဘယ်သို့ပြု၍ ဖြစ်နိုင်တော့အံ့နည်းဟု ဆိုလတ်သော် တစုံ တယောက်သောသူ၏ အိမ်၌ ပြီးစေ၍ ထားအပ်သော ရောင်းချစရာ (အထွဋ်) အမွှန်းအချက်သည် အကယ်၍ ရှိသည်ဖြစ်အံ့၊ ထိုအမွှန်းအချက်ကို အဘိုးသင့် ပေး၍ ရှာဝယ်အပ်၏ဟု ဆိုလေ၏၊ ထိုသူတို့သည် ရှာမှီးကုန်သည် ရှိသော် သုဓမ္မာ၏ နေအိမ်၌ ရ၍ အသပြာ တထောင် ပေးသော်လည်း အဘိုးငွေဖြင့် မရကြလေကုန်၊ စရပ်၏ အတွက် ကုသိုလ် ပါဝင်ရန် အဖို့ကို ကျွန်မရအောင် ပြုကြလျှင် ပေးလှူပါရစေဟု ဆိုလတ်သော် မိန်းမတို့အလို့ငါ အဖို့ကို မပေးနိုင်ကုန်ဟု ဆိုကြကုန်၏။
သုဓမ္မာမည်သော မိန်းမ
ဉာဏ်ထက်မြက်ခြင်းကြောင့် ကုသိုလ်ပါဝင်ရန် အဖို့ရခြင်း
ထိုအခါ ထိုသူတို့ကို လက်သမားသည် အရှင့်သားတို့ အသင်တို့သည် အဘယ်သို့ ဆိုကြကုန်သနည်း၊ ဗြဟ္မာ့ပြည်ကို ဖယ်ထား၍ မိန်းမနှင့် ကင်းသော အရပ်မည်သည် မရှိ (အထွဋ်) အမွှန်းအချက်ကို ယူသာယူကြပါလော့၊ ဤသို့ ယူမှသာလျှင် ငါတို့အမှု ပြီးခြင်းသို့ ရောက်လိမ့်မည်ဟု ဆိုလေ၏၊
ထိုသူတို့လည်း ကောင်းပါပြီဟု (အထွဋ်) အမွှန်းအချက်ကို ယူ၍ စရပ်ကို ပြီးစီးစေ ပြီးလျှင် သုံးခုသော အဖို့အားဖြင့် ဝေဖန်ခွဲခြား ထားကြလေကုန်၏။ ထို့နောက်မှ တခုသော အဖို့၌ အစိုးရမင်းတို့နေစရာ နေရာပြုကြကုန်၏၊ တခုသော အဖို့၌ သူဆင်းရဲတို့၏ နေစရာ နေရာ ပြုကြကုန်၏၊ တခုသော အဖို့၌ သူနာတို့၏ နေစရာ နေရာပြုကြကုန်၏၊
သုံးကျိပ်သုံးယောက်သော သူတို့သည်လည်း သုံးဆယ့် သုံးခုသော ထိုင်စရာ ပျဉ်ချပ်တို့ကို ခင်းထားစေ၍ ဆင်အား အမှတ်သညာကို ပေးထားကြကုန်၏၊ ခရီးသွား ဧည့်သည် အာဂန္တုသည် လာ၍ အကြင်သူ၏ ခင်းထားအပ်သော ပျဉ်ချပ်၌ နေ၏၊ ထိုဧည့်သည်ကို ခေါ်သွား၍ ပျဉ်ချပ်ရှင် ဖြစ်သော ထိုသူတို့၏ အိမ်၌သာလျှင် ထို ခရီးသွား ဧည့်သည်အား ခြေလက် ဆုပ်နယ်ပြုခြင်း ချေးတွန်းခြင်း သောက်ဖွယ် ခဲဖွယ် စားဖွယ် အိပ်ရာနေရာ အလုံးစုံတို့သည် ပျဉ်ချပ်ကောင်းမှုရှင်၏ တာဝန် ဖြစ်လတ္တံ့ ဟူသော အဓိပ္ပါယ်ဖြင့် ထားခဲ့လေ၏၊
ဆင်သည် လာတိုင်း လာတိုင်းသော ဧည့်သည်ကို ခေါ်သွား၍ ပျဉ်ချပ်ကောင်းမှုရှင်၏ အိမ်သို့သာ ဆောင်ပို့လေ၏၊ ထိုပျဉ်ချပ် ကောင်းမှုရှင်သည် ထိုဧည့်သည်အား ထိုနေ့၌ ပြုဖွယ်ကိစ္စကို ပြုရ၏၊ မဃလုလင်သည်လည်း စရပ်၏ မနီးမဝေးသော အရပ်၌ ပင်လယ်ကသစ်ပင်ကို စိုက်၍ ထိုပင်လယ် ကသစ်ပင်ရင်းအနီး၌ ကျောက်ဖျာကို ခင်းလေ၏၊
စရပ်သို့ ဝင်လာ ဝင်လာကုန်သောသူတို့သည် အထက်ထုပိကာ အမွှန်းအချက်ကို မော်ကြည့်ကာ ကမ္ပည်း စာကိုဖတ်၍ ဤစရပ်သည် သုဓမ္မာမည်၏ ဟု ဆိုကြကုန်၏၊ သုံးကျိပ်သုံးယောက် သောသူတို့၏ အမည်သည် ပေါ်လွင်ထင်ရှားခြင်း မရှိချေ။
သုနန္ဒာနှင့် သုစိတ္တာတို့ ကုသိုလ်ပါဝင်ပုံနှင့် သုဇာတာ၏ သဘောထားပုံ
သုနန္ဒာမည်သော မိန်းမသည်လည်း ဤသူတို့သည် စရပ်ဆောက်လုပ်ကြရာ ငါတို့ကို ကုသိုလ်အဖို့ မပါဝင်ရအောင် ပြုကြပြီ၊ သုဓမ္မာသည်ကား မိမိ၏ ထက်ထက် မြက်မြက် ရှိခြင်းကြောင့် ကုသိုလ်အဖို့ ပါဝင်ရလေပြီ၊ ငါသည်လည်း တခုခုပြုဦးမှ သင့်မည်ဟု ကြံစည်ပြီးလျှင် အဘယ်အမှုကို ပြုရပါအံ့နည်းဟု ကြံစည်ပြန်သော် ထိုသုနန္ဒာအား ဤသို့သောအကြံ ဖြစ်ပေါ်လာလေ၏၊ စရပ်သို့ ရောက်လာ ရောက်လာ တိုင်းသော သူတို့အား သောက်ရေ ချိုးရေ ရခြင်းငှါ သင့်၏၊ ရေကန်ကို တူးစေအံ့ဟု အကြံဖြစ်ပေါ်လာ၍ ရေကန်ကို တူးစေလေ၏။
သုစိတ္တာမည်သော မိန်းမသည်လည်း သုဓမ္မာကား ထုပိကာကိုလှူပြီ၊ သုနန္ဒာကား ရေကန်တူးပြီ၊ ငါလည်း တစုံတခု ပြုသင့်၏၊ အဘယ်သို့ ပြုရပါအံ့နည်းဟု ကြံစည်လတ်သော် သုစိတ္တာအား ဤသို့ အကြံဖြစ်ပေါ်လေ၏၊ စရပ်သို့လာကုန် လာကုန်သော သူတို့သည် ရေကိုသောက်ချိုး၍ သွားသောအခါ၌လည်း ပန်းကို ဆင်မြန်းကာ ပန်ဆင်၍သွားစေခြင်းငှါ သင့်လျော်၏၊ ပန်းအာရာမ်ကို စိုက်ပျိုးစေအံ့ဟု အကြံဖြစ်ပေါ်၍ ထိုသုစိတ္တာသည် နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော ပန်းအရံကို စိုက်ပျိုးစေလေ၏၊ များသောအားဖြင့် ထိုပန်းအာရာမ် (ဥယျာဉ်)၌ ဤမည်သော ပွင့်သောသစ်ပင် သီးသောသစ်ပင် မရှိဟု မဖြစ် မျိုးစုံအောင် ရှိသည်သာတည်း။
သုဇာတာသည်ကား ငါသည် မဃလုလင်၏ ဦးရီးသ္မီးလည်း ဖြစ်၏၊ ခြေရင်း အလုပ် အကျွေးမယားလည်း ဖြစ်၏၊ ဤမဃလုလင် ပြုအပ်သော ကောင်းမှုသည် ငါ့ကောင်းမှု မည်သည်သာတည်း၊ ငါပြုအပ်သော ကောင်းမှုသည်လည်း မဃ လုလင်၏ ကောင်းမှု မည်သည်သာတည်းဟု ကြံ၍ တစုံတခုသော ကုသိုလ် ကောင်းမှုကို မပြုဘဲ မိမိကိုယ်ကိုသာလျှင် တန်ဆာ ဆင်ယင်ခြင်းဖြင့် အချိန် ကာလကို ကုန်လွန်စေလေ၏။
မဃလုလင် စသည်တို့ တာဝတိံသာ နတ်ပြည်၌ဖြစ်၍ သိကြားမင်း စည်းစိမ်ရခြင်း
မဃလုလင်သည်လည်း --
၁ - မိဘ လုပ်ကျွေးခြင်း၊
၂ - ဆွေကြီး မျိုးကြီး ရိုသေခြင်း၊
၃ - မှန်သောစကားကို ဆိုခြင်း၊
၄ - ကြမ်းတန်းသောစကား မဆိုခြင်း၊
၅ - ဂုံးမတိုက်ခြင်း၊
၆ - ဝန်မတိုခြင်း၊
၇ - အမျက်မထွက်ခြင်း
ဟူသော ခုနစ်ပါးသော ကျင့်ဝတ်တို့ကို ပြည့်စေ၍သာ နေလေ၏၊
“မာတာပေတ္တိဘရံ ။လ။ သပ္ပုရိသော ဣတိ”ဟု ဤသို့ ချီးမွမ်းထောမနာအပ်သော သူ၏အဖြစ်သို့ ရောက်၍ အသက် အဆုံး၌ တာဝတိံသာ နတ်ပြည်ဝယ် သိကြား နတ်မင်းကြီး ဖြစ်လေ၏၊ သုံးကျိပ် သုံးယောက်သော အဆွေခင်ပွန်း တို့သည်လည်း ထိုတာဝတိံသာ နတ်ပြည်၌သာလျှင် ဖြစ်ကြလေကုန်၏၊ လက်သမားသည်ကား ဝိသုကြုံနတ်သား ဖြစ်လေ၏၊
ထိုအခါ တာဝတိံသာ နတ်ပြည်၌ အသုရာတို့သည် နေကုန်၏၊ ထိုအသုရာတို့သည် အသစ်ဖြစ်သော နတ်သားတို့ ဖြစ်လာကုန်ပြီဟု နတ်၌ ဖြစ်သော အဖျော်ကို စီရင်ကြကုန်၏၊ သိကြားမင်းသည် မိမိပရိသတ်၌ တစုံတယောက်သော သူကိုမျှ မသောက်စိမ့်သောငှါ အမှတ်သညာ ပေးလေ၏။
အသုရာတို့သည် သောက်ခြင်းကြောင့် မူးယစ် မေ့လျော့ကြလေကုန်၏၊ သိကြားမင်း သည်လည်း ဤသူတို့နှင့် ဆက်ဆံသော သိကြားမင်း စည်းစိမ်ဖြင့် အဘယ် အကျိုး ရှိအံ့နည်းဟု မိမိပရိသတ်အား အမှတ်သညာကို ပေး၍ အသုရာတို့ကို ခြေတို့၌ ဆွဲငင်စေလျက် သမုဒြာသို့ ပစ်ချစေ၏။
ထိုအသုရာတို့သည် ဦးခေါင်းစောက်ထိုး ဖြစ်၍ သမုဒြာ၌ ကျကြကုန်၏၊ ထိုအခါ အသုရာတို့၏ ကောင်းမှု အာနုဘော်ကြောင့် မြင်းမိုရ်တောင်၏ အောက်အပြင်၌ အသုရာပြည် မည်သည် ဖြစ်လေ၏၊ သခွတ်ပင် မည်သော သစ်ပင် ပေါ်ပေါက်လေ၏။
နတ်တို့သည် အသုရာတို့နှင့်စစ်ပြိုင်ကြသည်ရှိသော်ထိုအသုရာ တို့ ရှုံးသောကြောင့် ယူဇနာ တသောင်း ကျယ်သော တာဝတိံသာ နတ်ပြည် မည်သည် ဖြစ်လေ၏၊ ထိုတာဝတိံသာ နတ်ပြည်၏ အရှေ့တံခါး အနောက် တံခါးတို့၏ အကြား တောင်တံခါး မြောက်တံခါးတို့၏ အကြားသည် ယူဇနာ တသောင်းစီ ကျယ်ပြန့်၏။
ထိုတာဝတိံသာ နတ်ပြည်သည် တံခါးတထောင် ရှိ၏၊ အာရာမ်ဥယျာဉ် ရေကန်တို့ဖြင့် တန်ဆာ ဆင်အပ်၏၊ စရပ်ဆောက်၍ လှူခဲ့ဖူးသော ကုသိုလ်၏ အကျိုးဆက်ကြောင့် ထိုတာဝတိံသာ နတ်ပြည်အလယ်၌ ယူဇနာ သုံးရာ အစောက်မြင့်သော တံခွန်တို့ဖြင့် တန်ဆာဆင်လျက် ယူဇနာ ခုနစ်ရာ အစောက်ရှိသော ဝေဇယန္တာ မည်သော ဘုံပြာသာဒ်သည် ပေါ်ပေါက်လာလေ၏။
ရွှေဖြင့်ပြီးသော တံခွန်တိုင် အရိုးတို့၌ ပတ္တမြား တံခွန်တို့သည် ဖြစ်ကုန်၏၊ ပတ္တမြားအရိုး တံခွန်တိုင်တို့၌ ရွှေတံခွန်တို့သည် ဖြစ်ကုန်၏၊ သန္တာ တံခွန်တိုင်တို့၌ ပုလဲတံခွန်, ပုလဲတံခွန်တိုင်တို့၌ သန္တာတံခွန်, ရတနာခုနစ်ပါးဖြင့် ပြီးသော တံခွန်တိုင်တို့၌ ရတနာ ခုနစ်ပါးဖြင့်ပြီးသော တံခွန်တို့သည် ဖြစ်ကုန်၏၊ တံခွန်တိုင်တို့၏ အလယ်၌ စိုက်ထားသော တံခွန်သည် ယူဇနာ သုံးရာမြင့်၏၊ ဤသို့ တံခွန်နှင့် တကွ စရပ် ဆောက်လှူခဲ့ဖူးသော ကုသိုလ်ဆက်တို့ကြောင့် ယူဇနာ တထောင်မြင့်သော ဝေဇယန္တာ ဘုံပြာသာဒ်သည် ရတနာ ခုနစ်ပါး ဖြင့် ပြီးသည်ဖြစ်၍ ဖြစ်ပေါ်လာ၏။
ပင်လယ်ကသစ်ပင်ကိုစိုက်၍ လှူခဲ့ဖူးသော ကုသိုလ်ဆက်ကြောင့် ထက်ဝန်းကျင်မှ ယူဇနာ သုံးရာ ပင်စည် အဝန်းရှိသော ပင်လယ်ကသစ်ပင်သည် ဖြစ်လေ၏၊ ကျောက်ဖျာကို ကသစ်ပင်ရင်း၌ ခင်ထား၍ လှူခဲ့ဖူးသော ကုသိုလ်စေတနာ၏ အကျိုးဆက်ကြောင့် ပင်လယ်ကသစ်ပင်၏အနီး၌ အလျား ယူဇနာ ခြောက်ဆယ်, အနံယူဇနာ ငါးဆယ်, အထု တဆယ့်ငါးယူဇနာရှိသော လယ်ခေါင်ရန်းပန်းအဆင်း ကမ္ဗလာနီ အဆင်းကဲ့သို့ တွတ်တွတ်နီသော အဆင်းရှိသော ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် ဖြစ်ပေါ်လေ၏၊ ထိုပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌ သိကြားမင်း ထိုင်သောအခါ ကိုယ်ထက်ဝက်နစ်၍ ထသောအခါ နစ်သော နေရာသည် ပြည့်မြဲ ပြည့်လေ၏။
ဧရာဝဏ်ဆင် အကြောင်း
ဆင်သည်လည်း ဧရာဝဏ် အမည်ရှိသော နတ်သား ဖြစ်လေ၏၊ နတ်ပြည်၌ တိရစ္ဆာန်တို့မည်သည် မရှိကုန်၊ ထို့ကြောင့် ထိုနတ်သားသည် ဥယျာဉ် ကစားခြင်းငှါ ထွက်သောအခါ၌ မိမိကိုယ်ကို စွန့်၍ ယူဇနာ တရာ့ငါးဆယ်ရှိသော ဧရာဝဏ် မည်သောဆင် ဖြစ်လေ၏။
ထိုဧရာဝဏ်ဆင်သည် သုံးကျိပ်သုံးယောက် သောသူတို့ စီးစေခြင်း အကျိုးငှါ သုံးဂါဝုတ် ပမာဏရှိ ယူဇနာခွဲ ပမာဏရှိသော သုံးဆယ့်သုံးလုံးသော ဦးကင်းတို့ကို ပတ်လည် လှည့်သဖြင့် ဖန်ဆင်း၏၊ အလုံးစုံသော ဦးကင်းတို့၏ အလယ်၌ သိကြားမင်းသည် နေစိမ့်သောငှါ သုဒဿန မည်သော ယူဇနာသုံးဆယ် ပမာဏ ရှိသော ဆင်ဦးကင်းကို ဖန်ဆင်းလေ၏။
ထိုဆင်ဦးကင်းအထက်၌ တဆယ့် နှစ်ယူဇနာရှိသော ရတနာမဏ္ဍပ်သည် ဖြစ်၏၊ ထိုမဏ္ဍပ်အကြား အကြား၌ ရတနာခုနစ်ပါးဖြင့် ပြီးသော တယူဇနာ မြင့်သော တံခွန်တို့သည် ပေါက်ကုန်၏၊ ထိုတံခွန်တို့၏ အဆုံး၌ ရွှေချူ ကွန်ယက်သည် တွဲရရွဲဆွဲ၏၊ လေညှင်းညှင်း ခတ်အပ်သော ထိုရွှေချူကွန်ယက် အသံသည် အင်္ဂါ ငါးပါးရှိသော တူရိယာသံနှင့် ရောနှောသော နတ်တို့၏ သီချင်းသံကဲ့သို့ အသံ ထွက်၏။
မဏ္ဍပ်အလယ်၌ သိကြားမင်း ခံစား၍ နေခြင်းငှါ တယူဇနာရှိသော ပတ္တမြားပလ္လင်ကို ခင်းထားအပ်၏၊ ထိုပတ္တမြားပလ္လင်၌ သိကြားမင်း စံနေတော် မူ၏၊ သုံးဆယ့်သုံး လုံးသော ဆင်ဦးကင်းတို့တွင် တခု တခုသော ဆင်ဦးကင်း၌ ခုနစ်ခု ခုနစ်ခုသော အစွယ်တို့ကို ဖန်ဆင်း၏၊ ထိုအစွယ် ခုနစ်ခုတို့တွင် အစွယ် တခုတခုသည် ယူဇနာငါးဆယ် အလျားရှည်၏။
တခုတခုသော အစွယ်၌ ခုနစ်ခု ခုနစ်ခုသော ရေကန်၊
တခုတခုသော ရေကန်၌ ခုနစ်ခု ခုနစ်ခုသော ပဒုမ္မာ ကြာရုံ၊
တခု တခုသော ပဒုမ္မာကြာရုံ၌ ကြာခုနစ်ပွင့် ခုနစ်ပွင့်၊
တပွင့် တပွင့်၌ ပွင့်ချပ် ခုနစ်ခု ခုနစ်ခု၊
ပွင့်ချပ် တခုတခု၌ ခုနစ်ယောက် ခုနစ်ယောက်သော နတ်သ္မီးတို့သည် ကကုန်၏။
ဤသို့ ထက်ဝန်းကျင်မှ ယူဇနာ ငါးဆယ်ရှိသော အရပ်တွင် ဆင်၏ အစွယ်တို့၌သာ ကပွဲသဘင်တို့သည် ဖြစ်ကုန်၏၊ ဤသို့လျှင် ကြီးကျယ် ပြန့်ပြောသော စည်းစိမ် ချမ်းသာကို ခံစားလျက် သိကြားနတ်မင်းသည် လှည့်လည် ကြွမြန်းလျက် ရွှေစက်ဖြန့်တော်မူ၏။
ကောင်းမှုရှင်မိန်းမတို့ နတ်ပြည်၌ ဖြစ်ခြင်း
အလှပြင်မိန်းမ ဥဗျိုင်းငှက်မ ဖြစ်ခြင်း အကြောင်း
သုဓမ္မာမည်သော မိန်းမသည်လည်း သေခဲ့သည်ရှိသော် ထိုတာဝတိံသာ နတ်ပြည်၌ပင်လျှင် ဖြစ်လေ၏၊ ထိုသုဓမ္မာအား ယူဇနာ ကိုးရာရှိသော သုဓမ္မာ မည်သော နတ်သဘင်သည် ဖြစ်လေ၏၊ ထိုနတ်သဘင်ထက် လွန်စွာ နှလုံး မွေ့လျော် ပျော်ဖွယ်ရာဖြစ်သော တပါးသော အရပ်ဌာန မည်သည် မရှိလေ။
တလလျှင် ရှစ်ရက်မြောက်သော နေ့တိုင်း ထိုသုဓမ္မာ နတ်သဘင်၌ သာလျှင် တရားနာခြင်းသည် ဖြစ်လေ၏၊ ယနေ့တိုင် အောင်လည်း မွေ့လျော်ဖွယ် ရှိသော အရပ်ကို မြင်ကြသည်ရှိသော် သုဓမ္မာ နတ်သဘင်ကဲ့သို့ ဖြစ်၏ဟု ပြောဆိုကြရ ကုန်၏။
နန္ဒာမည်သော မိန်းမသည်လည်း လူ့ ပြည်မှ စုတေမနေ သေလွန်ခဲ့သော် ထို တာဝတိံသာ နတ်ပြည်၌ပင် ဖြစ်လေ၏၊ ထိုနန္ဒာအား ယူဇနာ ငါးရာကျယ်သော နန္ဒာ အမည်ရှိသော ရေကန်သည်လည်း ဖြစ်လေ၏။
စိတ္တာမည်သော မိန်းမသည်လည်း သေ၍ ထိုတာဝတိံသာနတ်ပြည်၌ပင် ဖြစ်လေ၏၊ ထိုစိတ္တာအားလည်း ယူဇနာငါးရာရှိသော စိတ္တလတာမည်သော ဥယျာဉ်သည်လည်း ဖြစ်လေ၏၊ ထိုဥယျာဉ်၌ နှလုံးမသာယာစရာ ပုဗ္ဗနိမိတ် ဖြစ်ခြင်းရှိသော နတ်သား တို့ကို ဆောင်၍ ဝမ်းမြောက်စေကုန်လျက် သွားလာ လှည့်လည်ကြ ရကုန်၏။
သုဇာတာမည်သော မိန်းမသည်ကား စုတေမနေ သေလွန်ခဲ့လေသော် တခုသော တောင်ချောက်ကြား၌ ဗျိုင်းမ ငှက်ငယ်တကောင် ဖြစ်လေ၏၊ သိကြားမင်း သည်လည်း မိမိ၏ အလုပ်အကျွေး မိန်းမတို့ကို ကြည့်လတ်သည် ရှိသော် သုဓမ္မာ, နန္ဒာ, စိတ္တာ မည်သော မိန်းမတို့သည် ဤ တာဝတိံသာ နတ်ပြည်၌သာ ဖြစ်ကြကုန်၏။
သုဇာတာမည်သော မိန်းမသည် အဘယ်အရပ်၌ ဖြစ်သနည်းဟု ကြံစည်ကာ ကြည့်ရှုသည်ရှိသော် တောင်ချောက်ကြား၌ ဗျိုင်းမ ငှက်ငယ်ဖြစ်သည်ကို မြင်ရ၍ အမိုက်မသည် တစုံတခုသောကောင်းမှုကို မပြုလေခြင်းကြောင့် တိရစ္ဆာန်အမျိုး၌ ဗျိုင်းမဖြစ်ရရှာပြီ၊
ထိုဗျိုင်းဖြူမကို ယခုအခါ ကောင်းမှုကိုပြုစေ၍ ဤတာဝတိံသာ နတ်ပြည်သို့ သွေးဆောင်ခေါ်ယူခြင်းငှါ သင့်၏ဟု ကြံပြီးလျှင် သိကြားမင်း၏ အသွင်ကိုစွန့်၍ မထင်ရှားသော သူဆင်းရဲ အသွင်ဖြင့် ဗျိုင်းမငယ် အထံသို့သွား၍ အဘယ်အမှုကို ပြုလျက် ဤတောင်ကြား မြစ်၌ လှည့်လည်ကျက်စား သွားလာနေသနည်းဟု မေးမြန်းလေ၏၊
အရှင်သည် အဘယ်သူပါနည်းဟု မေးလတ်သော် ငါကား မစလရွာ၌ နေစဉ်အခါ သင်၏ ချစ်လင်ဖြစ်ဖူးသော မဃလုလင်တည်းဟု ဆို၏၊ အရှင့်သား အဘယ်မှာ ဖြစ်ပါသနည်းဟု မေးပြန်သော် ငါကား တာဝတိံသာ နတ်ပြည်၌ ဖြစ်ပေသည်၊
သင်၏ အဖော်ဖြစ်သော မိန်းမတို့၏ ဖြစ်ရာ အရပ်ကို သိ၏လောဟု ပြန်မေးလေ၏၊ အရှင် ကျွန်မ မသိပါဟု ပြောလတ်သော် ထိုမိန်းမတို့သည်လည်း ငါ၏အထံ၌ ဖြစ်လာကုန်၏၊ ထိုအဖော်ဖြစ်သော မိန်းမတို့ကို မြင်ချင်၏လောဟု မေးမြန်းလေ၏။
သိကြားမင်းသည် သုဇာတာဗျိုင်းမကို နတ်ပြည်သို့ ဆောင်ယူပြခြင်း
အရှင် ကျွန်မသည် ထိုတာဝတိံသာ နတ်ပြည်သို့ အဘယ်သို့ သွားနိုင်ပါလတ္တံ့နည်း ဟု ဆိုလတ်သော် သိကြားမင်းသည် သင့်ကို ငါဆောင်ယူအံ့ဟုဆို၍ ထိုဗျိုင်းမ ငယ်ကို လက်ဝါးပြင်၌ နားစေ၍ နတ်ပြည်သို့ ဆောင်ယူပြီးလျှင် နန္ဒာမည်သော ရေကန်ကမ်းနား၌ လွှတ်ထားပြီးမှ သုံးယောက်ကုန်သော နတ်မိဖုယား တို့အား သင်တို့၏ အဖော်ဖြစ်သော သုဇာတာကို ရှုမြင်လိုကြ ကုန်သလောဟု မေးလေ၏။
အရှင်မင်းမြတ် သုဇာတာသည် အဘယ်မှာနည်းဟု ပြန်မေးသဖြင့် နန္ဒာရေကန် ကမ်းနားမှာ ရှိ၏ဟု ပြောကြားလိုက်လေ၏၊ ထိုသုံးယောက်သော နတ်မိဖုယားတို့ သည်လည်း ထွက်သွားပြီးလျှင် သခင်မ သုဇာတာ၏ ရုပ်ပုံသည် အံ့ဖွယ်ရှိပေစွ၊ မိမိကိုယ်ကို လှလှပပ တန်ဆာ ဆင်ခြင်း၏ အကျိုးသည် ဪ ... အံ့ဩဖွယ် ရှိပေစွတကား၊ ယခုအခါ၌ ထိုသုဇာတာ သခင်မ၏ နှုတ်သီးကလေးကို ကြည့်ကြပါဦး၊ ခြေတို့ကို ကြည့်ကြပါဦး၊ ခြေသလုံးကလေးတို့ကို ကြည့်ကြပါဦး၊ ထိုသုဇာတာသခင်မ၏ အလုံးစုံ ဖြူသော ကိုယ်အဖြစ်သည် တင့်တယ်လှပေ၏ တကားဟု ပြောင်လှောင် ပြက်ရယ်မှု ပြု၍ ဖဲသွားကြလေကုန်၏။
တဖန် သိကြားမင်းသည် ထိုဗျိုင်းမ အထံသို့သွား၍ သင်၏ အဖော်မတို့ကို မြင်လိုက်၏လောဟု မေးလေလျှင် မြင်ရပါပြီ၊ ကျွန်မကိုပြောင်လှောင် ပြက်ရယ်မှုပြု၍ သွားကြပါသည်၊ ကျွန်မ၏ နေရာဖြစ်သော ထိုချောက်ကြားသို့သာ ကျွန်မကို ပြန်ပို့ပါ ဟု ပြောဆိုရှာလေသော်ထိုချောက်ကြားသို့ ဆောင်ပို့လိုက် ပြီးလျှင် ရေ၌လွှတ်ခဲ့၍ သင်၏ အဖော်မ ဖြစ်ကုန်သော ထိုသူတို့၏ စည်းစိမ် ချမ်းသာကို မြင်အပ်ပြီ မဟုတ်လောဟု မေးလေ၏။
အရှင်သိကြားမင်းမြတ် မြင်အပ်ပါပြီဟု ဆိုလျှင် သင်သည်လည်း ထိုအရပ်၌ ဖြစ်ခြင်း၏အကြောင်း ကောင်းမှုကို ပြုသင့်၏ဟု ဆိုလေ၏၊ အရှင်သိကြားမင်းမြတ် အဘယ်ကို ပြုရပါမည်နည်းဟု မေးလေလျှင် ငါပေးအပ်သော ဆုံးမဩဝါဒကို စောင့်ရှောက် လတ္တံ့လောဟု မေးလေ၏၊ စောင့်ရှောက်ပါမည်ဟု တာဝန်ခံ သောအခါ ငါးပါး သီလပေး၍ မမေ့မလျော့ စောင့်ရှောက်ရစ်လော့ဟု ဆိုဆုံးမ၍ ဖဲသွားလေ၏။
သုဇာတာဗျိုင်းမ ငါးပါးသီလကြောင့်
အိုးထိန်းသည်သ္မီး ဖြစ်၍ သိကြားမင်း စောင်မပုံ
ထိုဥဗျိုင်း ငှက်ငယ်မသည်လည်း ထိုအခါမှစ၍ အလိုလိုသေသော ငါးတို့ကို သာလျှင် ရှာ၍စား၏၊ သိကြားမင်းသည် နှစ်ရက် သုံးရက် လွန်သောအခါ ထိုဗျိုင်းမကို စူးစမ်း ခြင်းငှါ သွားရောက်၍ သဲသောင်ပြင်၌ ငါးသေကဲ့သို့ သေလေဟန် ငါးသေယောင် ဖန်ဆင်း၍ အိပ်နေလေ၏။
ထိုဗျိုင်းမသည်မြင်လျှင် ငါးသေဟူသော အမှတ်သညာဖြင့် ကောက်ယူလိုက်လေ၏၊ ငါးသည် မျိုခါနီး၌ အမြီးကို လှုပ်လိုက်၏၊ ဗျိုင်းမသည် အသက်ရှင်သော ငါးပါတကား ဟု ရေ၌ လွှတ်လိုက်၏၊ ထို့နောက် အတန်ငယ် ကာလလွန်စေ၍ တဖန် ဗျိုင်းမ၏ ရှေ့ပက်လက် အိပ်ပြန်၏၊ ဗျိုင်းမသည် ငါးသေဟူသော အမှတ်ဖြင့် ကောက်ယူပြန်၍ မျိုဆဲသောအခါ အမြီးဖျားကို လှုပ်လိုက်၏ ဗျိုင်းမသည် ထိုလှုပ်သည်ကို မြင်၍ ငါးရှင်ပါတကားဟု လွှတ်ပြန်လေ၏။
ဤသို့လျှင် သုံးကြိမ်တိုင်ထိုင် စူးစမ်း၍ ကောင်းစွာ သီလကို စောင့်ပေ၏ဟု သိကြားမင်းသည် မိမိကိုယ်ကို သိစေ၍ ငါကား သင်၏သီလကို စူးစမ်းခြင်းငှါ လာခဲ့၏၊ ကောင်းစွာ သီလကို မကျိုးမပေါက် စောင့်ရှောက်ပေ၏၊ ဤသို့ စောင့်ရှောက်လျှင် မကြာမြင့်မီ ငါ့အထံ၌ ဖြစ်လတ္တံ့၊ မမေ့မလျော့လေနှင့်ဟု သေချာစွာ မှာကြား၍ ဖဲသွားလေ၏။
ထိုဗျိုင်းမသည် ထိုအခါမှစ၍ အလိုလိုသေသော ငါးကိုရသော အခါလည်း ရှိ၏၊ မရသောအခါလည်း ရှိ၏၊ မရသည်ရှိသော် နှစ်ရက်သုံးရက် လွန်သဖြင့် အသွေး အသားခြောက်ခန်း၍ သေရှာလေရကား ထိုငါးပါး သီလ၏ အစွမ်း အာနုဘော်ကြောင့် ဗာရာဏသီပြည်တွင် အိုးထိန်းသည် တယောက်၏သ္မီး ဖြစ်လေ၏။
အိုးထိန်းသည်သ္မီး တဆယ့်ငါးနှစ်, တဆယ့်ခြောက်နှစ် အရွယ်ရောက် သောအခါ သိကြားမင်းသည် သုဇာတာ ဖြစ်ဖူးသော ဗျိုင်းမသည် ဘယ်ပြည် ဘယ်ရွာ၌ ဖြစ်ရှာလေသနည်းဟု ကြည့်ရှု ဆင်ခြင်သည်ရှိသော် မြင်ရ၍ ယခုအခါ ငါ သိကြားသည် ထိုအိုးထိန်းသည်သ္မီး နေရာသို့ သွားခြင်းငှါသင့်၏ ဟု သခွါးသီး အရောင်အဆင်း ပမာဏထင်သော ရတနာ ခုနစ်ပါးတို့ဖြင့် လှည်းရထားကို အပြည့်တင်၍ မောင်းနှင်ပြီးလျှင် ဗာရာဏသီပြည် သို့ဝင်၍ အို မိခင်ဖခင်တို့ သခွါးသီးတို့ကို ဝယ်လိုက်ကြကုန် ဝယ်လိုက်ကြကုန်ဟု ကြွေးကြော်လျက် ဈေးလမ်းမသို့ သွားလေ၏။
လူတို့သည်လည်း ပဲနောက်, ပဲကြီး စသည်တို့ကို ယူ၍ လာကုန်သည်ရှိသော် အဘိုးဖြင့် ငါမပေးဟု ဆိုလိုက်သဖြင့် အဘယ်သို့သော အကြောင်းဖြင့် ပေးမည်နည်း ဟု မေးသည်ရှိသော် သီလကို စောင့်ရှောက် ထိန်းသိမ်းလေ့ရှိသော သီတင်းသည် မိန်းမအား ပေးအံ့ဟု ဆို၏။
အရှင် ဤသီလ မည်သည် အဘယ်သို့ သဘော ရှိသနည်း၊ အမည်းလေလော၊ အညို စသည်လေလောဟု မေးကြပြန်သော် အသင်တို့သည် သီလကို ဤသို့ သဘောရှိသည် ကိုမျှလည်း မသိကြ၊ အဘယ်မှာလျှင် ထိုသီလကို စောင့်ရှောက် နိုင်ကြကုန် အံ့နည်း၊ သီလ စောင့်ရှောက်သောသူအားသာ ပေးအံ့ဟု ဆိုလေ၏။
အရှင် ထိုအိုးထိန်းသည် သ္မီးသည် သီလစောင့်ရှောက်မည် ဟု လှည့်လည်လေ့ ရှိ၏၊ ဤသတို့သ္မီးအား ပေးပါလေလော့ဟုဆို၍ ထိုအိုးထိန်းသည်သ္မီးသည်လည်း ထိုသို့ဖြစ်မူ ကျွန်မအား ပေးပါအရှင်ဟုဆိုလေ၏၊ သင်သည်ကား အဘယ်သို့သော သူဖြစ်လေသနည်းဟု မေးလတ်သော် ကျွန်မသည် အခါခပ်သိမ်း မစွန့်အပ်သော သီလရှိပါသည်ဟု ဆိုသဖြင့် သင့်အလို့ငှါသာ ဤဥစ္စာတို့ကို ငါဆောင်ခဲ့၏ဟု ဆို၍ လှည်းရထားကို မောင်းနှင်ကာ ထိုသတို့သ္မီး၏အိမ်သို့ သွားပြီးလျှင် တပါးသူတို့ မယူနိုင်အောင်လည်းပြုခဲ့၍ သခွါးသီးအသွင်ဖြင့် နတ်ပေးဥစ္စာကို ပေးသဖြင့် မိမိကိုယ်ကို သိစေပြီးလျှင် ဤအလုံးစုံသည် သင် အသက်မွေးခြင်းငှါ ပေးအပ်သော ဥစ္စာ ဖြစ်၏၊ ငါးပါးသီလတို့ကို မကျိုးမပေါက် မပြောက်မကျားအောင် ပြု၍ စောင့်ရှောက်ရစ်လော့ဟု ဆိုဆုံးမကာ ဖဲသွားလေ၏။
အသုရာသ္မီး ပန်းကုံးစွပ်ပွဲနှင့် သိကြားမင်း အတင့်ရဲပုံ
ထိုအိုးထိန်းသည် သ္မီးလည်း ထိုကိုယ်အဖြစ်မှ စုတေခဲ့၍ အသုရာပြည်၌ အသုရာ နတ်မင်းကြီး၏ သ္မီးဖြစ်၍ သိကြားမင်း၏ ရန်သူအိမ်၌ ဖြစ်လေ၏၊ ဗျိုင်းမငယ်ဖြစ်သော ဘဝ, အိုးထိန်းသည်သ္မီး ဖြစ်သောဘဝတို့၌ သီလကိုလုံခြုံစွာ စောင့်ထိန်းဖူး သောကြောင့် အလွန် အဆင်းလှ၏၊ ရွှေအဆင်းနှင့် တူသော အဆင်းရှိ၏၊ သူတပါး တို့နှင့် ဆက်ဆံခြင်း မရှိသော ရူပကာယ အသရေနှင့် ပြည့်စုံ၏။
ဝေပစိတ္တိမည်သော အသုရာ နတ်မင်းကြီးသည် လာတိုင်း လာတိုင်း ကုန်သော အသုရာတို့ကို သင်တို့သည် ငါ့သ္မီးနှင့် မထိုက်တန်ကုန်ဟု ဆို၍ တစုံတယောက် သောသူအား မပေးစားမူ၍ ငါ့သ္မီးသည် မိမိကိုယ်တိုင် သာလျှင် မိမိနှင့် ထိုက်တန်သော လင်ယောက်ျားကို ရှာယူလတ္တံ့ဟု အသုရာ မှူးမတ် စသည် အပေါင်းကို စည်းဝေးစေပြီးလျှင် သင်ချစ်သ္မီးနှင့် ထိုက်တန်သော လင်ယောက်ျားကို ကြိုက်ရာ ရွေးချယ်ကာ ယူလော့ဟု သ္မီးလက်၌ ပန်းကုံးကို ပေးလေ၏။
ထိုခဏ၌ သိကြားမင်းသည် သုဇာတာ၏ဖြစ်ရာ အရပ်ကိုကြည့်ရှုသည် ရှိသော် ထိုအကြောင်းကို သိရ၍ ဤယခုအခါ ငါသွား၍ ထိုသုဇာတာကို ဆောင်ယူခြင်းငှါ သင့်၏ဟုကြံပြီးလျှင် အသုရာအဘိုးအိုကြီး အသွင်ဖန်ဆင်းကာ သွားရောက်၍ ပရိသတ်အစွန်၌ ရပ်နေလေ၏။
သုဇာတာသည်လည်း ထိုမှ ဤမှ ကြည့်ရှုလတ်သည်ရှိသော် ရှေးဘဝ၌ မေတ္တာ အဟုန် ထုံကာ တကွ နေဖူးကြသည် အစွမ်းဖြင့်ဖြစ်သော ချစ်ခြင်းသည် အဟုန် ထန်စွာ စီးသော မြစ်ရေအလျဉ်ကဲ့သို့ လွှမ်းမိုး ဖိစီးသော စိတ်နှလုံးရှိသည်ဖြစ်၍ ဤသူသည် ငါ၏ချစ်လင်တည်းဟု ထိုအသုရာ အဘိုးအိုကြီး၏ ဦးခေါင်းထက်၌ ပန်းကုံးကို စွပ်လေ၏။
အသုရာတို့သည်လည်း ငါတို့၏ ပြည့်ရှင်မင်းကား ဤမျှ အတိုင်းအရှည်ရှိသော ရှိသော ကာလပတ်လုံး သ္မီးနှင့် ထိုက်တန်သောသူကို မရ ယခုမှ ရပါပေသည်၊ ဪ ... ငါတို့ ပြည့်ရှင်မင်းကြီး၏ သ္မီးပျိုကလေးအား ဘိုးအေထက် အသက်ကြီးသော ဤသူသာလျှင် ထိုက်တန်ရလေခြင်းဟု မကျေမခဲ အရှက်ခွဲ၍ ဖဲသွားကြလေ၏။
သုဇာတာကို သိကြားမင်း ဆောင်ယူခြင်း လက်ပံတော အကြောင်း
အဘိုးအိုကြီးသည်လည်း သုဇာတာမည်သော အသုရာမင်းကြီး၏ သ္မီးကို လက်၌ ကိုင်ဆွဲ၍ ငါကား တာဝတိံသာ နတ်ပြည်ကို အစိုးရသော သိကြားမင်းပေတည်း ဟု ဝမ်းမြောက်ဝမ်းသာ ကြွေးကြော်သော စကားဖြင့် ကြုံးဝါးလျက် ကောင်းကင်ထက်သို့ တက်သွားလေ၏၊ အသုရာတို့သည်လည်း သိကြားအိုသည် ငါတို့ကို လှည့်စားခဲ့ လေပြီဟု နှလုံး မသာယာ ရှိကုန်သဖြင့် သိကြားမင်းကို အမှီလိုက်ကြကုန်၏။
ကူညီဖော် ကူညီဘက်ဖြစ်သော မာတလိ နတ်သားသည် ဝေဇယန္တာ နတ်ရထားကို ဆောင်ယူလာခဲ့၍ ခရီးအကြား၌ စောင့်မြှော်လျက် နေနှင့်လေ၏၊ သိကြားမင်းသည် ထိုသုဇာတာနတ်သ္မီးကို ဝေဇယန္တာ ရထားထက် တင်၍ တာဝတိံသာ နတ်ပြည်သို့ ရှေးရှု သွားလေ၏၊ ထိုသို့ သွား၍ သိကြားမင်း လက်ပံတောသို့ ရောက်သောအခါ ရထားသံကိုကြား၍ ကြောက်လန့်ကုန်သော ဂဠုန်ငှက်ငယ်တို့သည် ငိုမြည်ဟစ်ကြွေး အော်သံပေးကြလေကုန်၏။
ထိုဂဠုန်ငှက်တို့၏ မြည်သံကိုကြား၍ သိကြားမင်းသည် မာတလိ နတ်သားကို မြည်သော ဤသူတို့ကား အဘယ်သူတို့နည်းဟု မေး၏၊ အရှင် သိကြားမင်း ဂဠုန်ငှက်ငယ်တို့ပါတည်းဟု လျှောက်တင်လတ်သော် အဘယ့်ကြောင့် မြည်ကြကုန် ဘိသနည်းဟု မေး၏၊ ရထားသံကိုကြား၍ သေအံ့သောဘေးမှ ကြောက်သော ကြောင့် မြည်ကြပါကုန်၏ဟု ဆိုလတ်သော် ငါတယောက် ကိုမှီ၍ ဤမျှ လောက်သော သူအပေါင်းသည် ရထား၏ အဟုန်ဖြင့် မှုန့်မှုန့် ညက်ညက် မပျက်စီးစေလင့်၊ ရထားကို နောက်သို့ ဆုတ်နစ်ဦးလော့ဟု ဆိုလေ၏။
မာတလိ နတ်သားလည်း သိန္ဓောမြင်း တထောင်ကို နှင်တံဖြင့် အမှတ်ပေး၍ ရထားကို နောက်သို့ ဆုတ်နစ်စေလေ၏၊ ထိုသို့ ရထား နောက်သို့ ဆုတ်နစ်သည်ကို မြင်၍ အသုရာတို့သည်လည်း သိကြားအိုသည် အသုရာပြည်မှစ၍ အားကုန် ပြေးခဲ့လေရာ ယခုအခါ ရထားကို နောက်သို့ ဆုတ်နစ်စေ၏။
မချွတ်ဧကန် ထိုသိကြားအိုသည် အထောက်အပံ့ အဖော်သဟဲကို ရသည် ဖြစ်လတ္တံ့ ဟု အသုရာတို့ မလိုက်ဝံ့ဘဲ ပြန်လည်ခဲ့၍ လာသောခရီးဖြင့်ပင် အသုရာပြည်သို့ဝင်၍ တဖန် ဦးခေါင်း မထောင်ဝံ့ကြလေကုန်။
သုဇာတာ နတ်မိဖုယား ဖြစ်ခြင်းနှင့် အာလိန်ငါးဆင့် အကြောင်း
သိကြားမင်းသည်လည်း အသုရာမင်းကြီးသ္မီး သုဇာတာကို တာဝတိံသာ နတ်ပြည်သို့ ဆောင်ယူခဲ့၍ နှစ်ကုဋေ ငါးသန်းကုန်သော နတ်သ္မီးတို့၏အကြီး အရာ၌ ထားလေ၏၊ သုဇာတာသည်လည်း သိကြားမင်းအား အရှင်မင်းမြတ် ဤတာဝတိံသာ နတ်ပြည်၌ ကျွန်မအား မိဘတို့သည်၎င်း၊ မောင်ကြီး မောင်ငယ်တို့သည်၎င်း၊ အမကြီး အမငယ် တို့သည်၎င်း မရှိပါကုန်၊ သွားလေရာရာ အရပ်သို့ ကျွန်မကို ခေါ်ငင်၍ သွားစေ ချင်ပါသည်ဟု ဆုကိုတောင်းလတ်သော် သိကြားမင်းလည်း ကောင်းပြီဟု ဝန်ခံလျက် သုဇာတာအား ပဋိညာဉ်ကို ပေးထား လေ၏။
ထိုအခါမှစ၍ သခွတ်ပင် ပွင့်လတ်သည်ရှိသော် ငါတို့၏နေရာ နတ်ပြည်၌ နတ်၌ ဖြစ်သော ပင်လယ်ကသစ်ပင် ပွင့်သောအခါပေတည်း ဟု အသုရာတို့သည် စစ်ထိုးခြင်းငှါ နတ်ပြည်သို့ တက်လာကြကုန်၏၊ သိကြားမင်း သည်လည်း သမုဒြာ အောက်၌ နဂါးတို့အား အစောင့် အပ်နှင်းလေ၏၊ ထို့ နောက်မှဂဠုန်, ထို့နောင် ကုမ္ဘန်, ထို့နောင် ဘီလူးတို့အား အပ်နှင်းလေ၏၊ ထို့နောင်မှ (အထက် အာလိန်၌) စတုမဟာရာဇ် နတ်မင်းကြီး လေးယောက်တို့အား အစောင့် အပ်နှင်းလေ၏။
အလုံးစုံတို့၏ အထက်၌ကား ဘေးဥပဒ္ဒဝေါတို့ကို တားမြစ်စေခြင်းငှါ တာဝတိံသာ နတ်ပြည် မြို့တံခါး အနီးတို့၌ ဝရဇိန်လက်နက်ကို စွဲကိုင်ဟန် သိကြားမင်း ပုံသဏ္ဌာန်ကို ထားလေ၏၊ အသုရာတို့သည် နဂါး စသည်တို့ကို အောင်မြင်ပြီး၍ လာကြကုန်သော်လည်း သိကြားမင်း ပုံသဏ္ဌာန်ကို မြင်လျှင် သိကြားမင်းကြီး ထွက်လာပြီဟူသော အမှတ်ဖြင့် မရပ်မနား ဖဲသွား ထွက်ပြေးကြကုန်၏။
မဟာလိ လိစ္ဆဝီမင်းသား ဤသို့လျှင် မဃမည်သော လုလင်သည် မမေ့ မလျော့သော အကျင့်ကို ကျင့်၏၊ ဤမဃလုလင်သည် ကုသိုလ်ကောင်းမှု၌ ဤသို့ မမေ့မလျော့သောကြောင့် ဤသို့ သဘောရှိသော အစိုးတရ သိကြားမင်း၏ အဖြစ်သို့ ရောက်၍ နတ်ပြည် နှစ်ထပ်တို့၌ မင်းအဖြစ်ကို ပြုရလေ၏။
ဤ အပ္ပမာဒ တရား မည်သည်ကို ဘုရားအစရှိသော သူတော်ကောင်းတို့သည် ချီးမွမ်းအပ်၏၊ မမေ့ မလျော့ခြင်းကိုမှီ၍ အလုံးစုံသော လောကီ လောကုတ္တရာ အကျိုးထူး တရားတို့ကိုရနိုင်ပေ၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။
ဒေသနာတော်
၃ဝ။ အပ္ပမာဒေန မဃဝါ၊ ဒေဝါနံ သေဋ္ဌတံ ဂတော။ အပ္ပမာဒံ ပသံသန္တိ၊ ပမာဒေါ ဂရဟိတော သဒါ။
မဃဝါ၊ မဃဝါဟု ယခုအခါ ထင်ရှားသော မဃလုလင်သည်။
အပ္ပမာဒေန၊ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းကြောင့်။
ဒေဝါနံ၊ စတုမဟာရာဇ်, တာဝတိံသာ နတ်တို့၏။
သေဋ္ဌိတံ၊ အမြတ်အကြီး၏ အဖြစ်သို့။
ဂတော၊ ရောက်လေ၏။
အပ္ပမာဒံ၊ အပ္ပမာဒတရားကို။
ပသံသန္တိ၊ ဘုရား အစရှိသော ပညာရှိတို့ ချီးမွမ်းကြကုန်၏။
ပမာဒေါ၊ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို။
သဒါ၊ အခါခပ်သိမ်း။
ဂရဟိတော၊ ကဲ့ရဲ့ပြစ်တင်အပ်၏။
ဒေသနာတော်၏ အကျိုး
ဂါထာ၏ အဆုံး၌ မဟာလိ လိစ္ဆဝီမင်းသားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ရောက်လာသော ပရိသတ် များစွာတို့သည်လည်း သောတာပန် စသည်တို့ ဖြစ်ကုန်၏။
မဃလုလင် ဝတ္ထု ပြီး၏။
၈ - မထင်ရှားသောရဟန်းဝတ္ထု (၁)
အပ္ပမာဒရတော ဘိက္ခု အစရှိသော ဤတရား ဒေသနာတော်ကို ဘုရားရှင်သည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိ မထင်ရှားသော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။
တောမီးကို မဂ်ဉာဏ်ပမာထား၍ ရှုဆင်ခြင်ပုံ
ထိုရဟန်းသည် ဘုရားရှင်၏ အထံတော်၌ အရဟတ္တဖိုလ်ကို ရအံ့သည် တိုင်အောင်သော ကမ္မဋ္ဌာန်း တရားများကို ဟောကြားတော်မူစေ၍ တောအုပ်သို့ ဝင်ပြီးလျှင် အဖန်ဖန် စေ့ဆော်၍ လုံ့လပြုသော်လည်း အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ မတတ်နိုင်သေးရကား အထူးပြု၍ ကမ္မဋ္ဌာန်းကို တဖန် ဟောစေဦးအံ့ ဟု ထိုတောအုပ်မှ ထွက်ခဲ့၍ ဘုရားအထံတော်သို့ ပြန်လာသည်ရှိသော် လမ်းခရီး အကြား၌ ကြီးစွာသော တောမီးလောင်သည်ကို မြင်ရ၍ လျင်စွာသော အဟုန်ဖြင့် မြက်သစ်ပင်မပေါက် သွေ့ခြောက်သော အပြင်ရှိသော တောင်ထိပ်သို့ တက်ရောက်ကာ ထိုင်နေလျက် တောကို လောင်သောမီးကို ရှု၍ မီးတောက် ဟူသောအာရုံကို ယူလေ၏။
(အာရုံယူပုံကား) ဤမီးသည်ကား ကြီးကြီးငယ်ငယ် ဖြစ်ကုန်သော မီးစာတို့ကို အကြွင်းမဲ့ တောက်လောင်လျက် သွားသကဲ့သို့ အရိယမဂ်ဉာဏ် တည်းဟူသော မီးသည်လည်း ကြီးကြီး ငယ်ငယ် အသွယ်သွယ်သော သံယောဇဉ်တို့ကို တောက်လောင်လျက် သွားခြင်းပင် ဖြစ်လတ္တံ့ဟု အာရုံကို ယူလေ၏။
မြတ်စွာဘုရားသည်လည်း ဂန္ဓကုဋီ၌ နေတော်မူလျက်ပင်လျှင် ထိုရဟန်း၏ စိတ်ဖြစ်ခြင်းကို သိ၍ ချစ်သားရဟန်း ဤကဲ့သို့ အောက်မေ့ခြင်းသည် ဟုတ်မှန် ပေ၏၊ ကြီးကြီး ငယ်ငယ် ဖြစ်ကုန်သော လောင်စာ ထင်း သစ်သားတို့ကဲ့သို့ ဤသတ္တဝါတို့၏ ကိုယ်တွင်း၌ဖြစ်ကုန်သော အငယ်အကြီးဖြစ်သော သံယောဇဉ် တို့သည် ရှိကုန်၏၊ ထိုသံယောဇဉ်တို့ကို အရိယမဂ်ဉာဏ် တည်းဟူသော မီးဖြင့် အကြွင်းမဲ့ အကုန် လောင်စေလျက် တဖန်ပြန်၍ ဖြစ်ခြင်းငှါ မထိုက်အောင် ပြုသင့်ပေ၏ဟု မိန့်တော်မူပြီးလျှင် ရောင်ခြည်တော် လွှတ်တော်မူ၍ ထိုရဟန်း၏ ရှေးရှုမျက်မှောက်၌ ကိုယ်တိုင်ထင်ရှား ပြတော်မူဘိသကဲ့သို့ ရောင်ခြည်တော် လွှတ်ကာ ဤဂါထာကို ဟောတော်မူလေ၏။
ဒေသနာတော်
၃၁။ အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿိဝါ။ သံယောဇနံ အဏုံ ထူလံ၊ ဒဟံ အဂ္ဂီဝ ဂစ္ဆတိ။
အပ္ပမာဒရတော၊ အပ္ပမာဒတရားဖြင့် အလွန် မွေ့လျော်ခြင်း ရှိသော။
ပမာဒေ၊ မေ့လျော့ခြင်း၌။
ဘယဒဿိဝါ၊ ဘေးရန်ဟု ရှုလေ့ရှိသော။
ဘိက္ခု၊ ရဟန်းသည်။
အဏုံထူလံ၊ အငယ်အကြီးဖြစ်သော မီးစာကို။
ဒဟံ-ဒဟန္တော၊ လောင်သွားသော။
အဂ္ဂီဝ၊ တောမီးကဲ့သို့။
အဏုံ၊ ငယ်သည်လည်းဖြစ်သော။
ထူလံ၊ ကြီးသည်လည်းဖြစ်သော။
သံယောဇနံ၊ သံယောဇဉ်ကို။
ဒဟံ-ဒဟန္တော၊ အကြွင်းမရှိ တိတိကုန်အောင် လောင်စေသည်ဖြစ်၍။
ဂစ္ဆတိ၊ သွား၏။
ဒေသနာတော်၏ အကျိုး
ဂါထာ၏အဆုံး၌ ထိုရဟန်းသည် ထိုင်၍ နေမြဲတိုင်းလျှင် အလုံးစုံသော သံယောဇဉ် တို့ကို လောင်စေ၍ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်သဖြင့် ကောင်းကင်ခရီးဖြင့် ဘုရားရှိရာသို့ လာခဲ့၍ သိင်္ဂီနိက် ဇမ္ဗူရစ် ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ဘုရားရှင် ကိုယ်တော်မြတ်ကို ချီးမွမ်း အံ့ဩ ထောမနာကာ ရှိခိုးပြီးမှ ဖဲသွားလေ၏။
မထင်ရှားသောရဟန်းဝတ္ထု ပြီး၏။
၉ - နိဂမဝါသီ တိဿမထေရ် ဝတ္ထု
အပ္ပမာဒရတော အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် နိဂမဝါသီ (နိဂုံးနေ) တိဿ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ရောင့်ရဲလွယ်သော ရဟန်းဖြစ်၍ ဘုရား ချီးမွမ်းတော်မူခြင်း
သာဝတ္ထိပြည်မှ မနီးမဝေးသော အရပ်တွင် တခုသော နိဂုံးရွာ၌ ပင်ကိုယ် ဖြစ်၍ ကြီးပွားခြင်းရှိသော အမျိုးသား တယောက်သည် ဘုရားသာသနာတော်၌ ရဟန်းပြု၍ ပဉ္စင်းအဖြစ်ကို ရသည်ရှိသော် “နိဂမဝါသီ တိဿ မထေရ် မည်သော ရဟန်းသည် အလိုနည်း၏၊ ရောင့်ရဲလွယ်၏၊ ဆိတ်ငြိမ်ရာ၌ မွေ့လျော်၏၊ အားထုတ် အပ်သော လုံ့လ ဝီရိယရှိ၏” ဤသို့သော ဂုဏ်ကျေးဇူးဖြင့် အထူး ထင်ရှား ကျော်စောလေ၏။
ထိုနိဂမဝါသီ တိဿမထေရ်သည် အမြဲမပြတ် မိဘ ဆွေမျိုးရှိရာ ရွာ၌သာလျှင် ဆွမ်းအလို့ငှါ လှည့်လည် လေ့ရှိ၏၊ အနာထပိဏ် သူဌေး စသော သူတို့သည် အလှူကြီးကို ပေးသော်၎င်း ပဿေနဒီ ကောသလ မင်းကြီးသည် အသဒိသ အလှူကြီးကို ပေးသော်၎င်း သာဝတ္ထိပြည်သို့ ကြွလာတော်မမူလေ၊
အခြားသော ရဟန်းတို့က ဤ နိဂမဝါသီ တိဿမထေရ်သည် ထကြွ လုံ့လ လွန်စွာသော ဥဿာဟကို ဖြစ်စေ၍ အဆွေအမျိုးတို့နှင့် ရောနှော ဆက်ဆံလျက် နေ၏၊ အနာထပိဏ်သူဌေး စသော သူတို့သည် ကြီးစွာသော အလှူဒါနကြီးတို့ကို ပြုကုန်သော်၎င်း၊ ပဿေနဒီ ကောသလမင်းကြီးသည် အသဒိသ အလှူကို ပြုသော်၎င်း ကြွလာတော်မမူ ဟူသော စကားကို ဖြစ်စေ၍ ဘုရားရှင်အား လျှောက်ကြားကုန်၏။
ဘုရားရှင်လည်း ထိုနိဂမဝါသီ တိဿမထေရ်ကို ခေါ်စေတော်မူ၍ ရဟန်း သင်သည် ဤသို့ပြုဘိသောဟူသည် မှန်သလောဟု မေးတော်မူ၍ ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား ဘုရားတပည့်တော်အား ဆွေမျိုးတို့နှင့် ရောနှော ဆက်ဆံခြင်း ဟူသတ် မရှိလှပါ၊ ဘုရားတပည့်တော်သည် ဤဆွေမျိုး ဖြစ်သော လူတို့ကို မှီ၍ စားလောက်ရုံမျှသော အစာ အာဟာရကို ရပါ၏၊
ကြမ်းတန်းသည်မူလည်း ဖြစ်စေ၊ မွန်မြတ်သည်မူလည်း ဖြစ်စေ မျှတလောက်သော ဆွမ်းကို ရသည်ရှိသော် တဖန် ဆွမ်းအာဟာရကို ရှာမှီးခြင်းဖြင့် အဘယ် အကျိုး ရှိအံ့နည်းဟု နှလုံးပြု၍ မသွားဘဲသာ နေပါသည်၊ ဆွေမျိုးတို့နှင့်ကား ရောနှော ဆက်ဆံခြင်း မည်သည် မရှိရပါဘုရားဟု လျှောက်ကြားလေ၏။
ဘုရားရှင်သည်လည်း ပင်ကိုယ် သဘောအားဖြင့်ပင် ထိုရဟန်း၏ အလိုကို သိတော်မူပြီး ဖြစ်ရကား ချစ်သားရဟန်း ကောင်းစွ ကောင်းစွဟု ထိုရဟန်းအား ကောင်းချီးပေးတော်မူ၍ ချစ်သားရဟန်း သင်သည် ငါကဲ့သို့သော ဆရာကိုရ၍ အလိုနည်းသဖြင့် ရောင့်ရဲလွယ်သောသူ ဖြစ်ရကား အံ့ဖွယ်မရှိသေး၊ ဤအလို နည်းခြင်းသည် ငါဘုရား၏ အနွယ်အလာ အစဉ်အဆက်တည်း ဟု မိန့်တော် မူပြီးလျှင် ရဟန်းတို့သည် တောင်းပန်အပ်သည်ရှိသော် လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။
ရောင့်ရဲလွယ်သော ကျေးမင်း ဝတ္ထု
လွန်လေပြီးသောအခါ ဟိမဝန္တာ တောအုပ်ဝယ် ဂင်္ဂါမြစ်ကမ်းနား တခုသော ရေသဖန်းတော၌ အထောင်မက များစွာသော ကျေးငှက်တို့သည် နေကြလေကုန်၏၊ ထိုကျေးငှက်တို့တွင်လည်း ကျေးမင်းတခုသည် မိမိ နေသော သစ်ပင်၏ အသီးတို့ ကုန်တုံးခဲ့သော်လည်း ဤသစ်ပင်၌ အညွန့်အရွက် အခေါက် အစရှိသည်သည် ကြွင်းသေး၏။
ထိုထို အညွှန့် အခေါက် အစရှိသည်ကို စား၍ ဂင်္ဂါမြစ်၌ ရေကို သောက်လျက် အလွန် အလိုနည်းသည် ရောင့်ရဲ လွယ်သည်ဖြစ်၍ တပါးသော အရပ်သို့ မသွား၊ ထိုကျေးမင်း၏ အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း အစရှိသော ဂုဏ်ကျေးဇူး တို့ကြောင့် သိကြားမင်း၏နေရာ ဘုံသည် တုန်လှုပ်ခြင်းဖြစ်လေ၏။
သိကြားမင်းသည် ဆင်ခြင်လတ်သည်ရှိသော် ထိုအကြောင်းကိုမြင်၍ ထိုကျေးမင်းကို စူးစမ်းအံ့သောငှါ မိမိ၏အာနုဘော်ဖြင့် ရေသဖန်းပင်ကို ခြောက်သွေ့စေ၏၊ ရေသဖန်းပင် သည်လည်း အငုတ်မျှသာ ကျန်သည်ဖြစ်၍ အပြတ်ပြတ် အပေါက် ပေါက်ဖြစ်ပြီးလျှင် လေလာသည်ရှိသော် လက်ဖြင့် ခေါက်အပ်သကဲ့သို့ အသံ မြည်လျက် တည်လေ၏၊ ထိုရေသဖန်းပင် အပေါက်တို့မှ အမှုန့်တို့သည် ထွက်ခဲ့ ကုန်၏။
ကျေးမင်းသည် ထိုအမှုန့်တို့ကို စား၍ ဂင်္ဂါမြစ်၌ ရေကိုသောက်ပြီးလျှင် တပါးသော အရပ်သို့ မသွားမူ၍ လေ, နေပူတို့ကို မရေတွက်ဘဲ (ဂရုမစိုက်ဘဲ) ရေသဖန်းပင် ငုတ်ထက်၌သာလျှင် နေ၏၊ သိကြားမင်းလည်း ထိုကျေးမင်း၏ လွန်စွာ အလို နည်းသည့် အဖြစ်ကို သိသဖြင့် အဆွေခင်ပွန်းတို့၌ ကျင့်ရာသော ကျေးဇူးကို ဟောပြောစေ၍ ထိုကျေးမင်းအား ဆုကိုပေးလျက် ရေသဖန်းပင်ကို လွန်စွာ ချိုမြိန်သော အရသာရှိသော အသီးရှိသည်ကို ပြုပြီးမှ ပြန်လာပေအံ့ဟု ကြံ၍ မိမိသည် တကောင်သော ဟင်္သာမင်း ယောင်ဆောင်၍ အသုရာ နတ်မင်း၏ သ္မီး ဖြစ်သော သုဇာတာကို ရှေ့သွားပြု၍ ရေသဖန်းပင်တောသို့ သွားပြီးလျှင် မနီး မဝေးသော အရပ်၌ သစ်ပင်တခု၏ အခက်၌ နားနေလျက် ထိုကျေးမင်းနှင့် တကွ စကား ပြောဆိုလိုရကား ဤဂါထာကို ဆိုလေ၏။
သန္တိ ရုက္ခာ ဟရိတပတ္တာ၊ ဒုမာ နေကဖလာ ဗဟူ။
ကသ္မာ နု သုက္ခေ ကောဠာပေ၊ သုဝဿ နိရတော မနော။
သုဝရာဇ၊ ကျေးမင်း။
ဟရိတပတ္တာ၊ စိမ်းသော အရွက်ရှိကုန်သော။
ရုက္ခာ၊ သစ်ပင်တို့သည်၎င်း။
အနေကဖလာ၊ များသော အသီးရှိကုန်သော။
ဗဟူ၊ များစွာကုန်သော။
ဒုမာ၊ သစ်ပင်တို့သည်၎င်း။
သန္တိ၊ ရှိကုန်၏။
ကသ္မာ နု၊ အဘယ့်ကြောင့်လျှင်။
ကောဠာပေ၊ အငုတ်မျှသာဖြစ်သော။
သုက္ခေ၊ ရေသဖန်းပင်ခြောက်၌။
သုဝဿ၊ ကျေးမင်း၏။
မနော၊ စိတ်သည်။
နိရတော၊ မွေ့လျော်လေဘိသနည်း။
အလုံးစုံသော သုဝဇာတ် နဝကနိပါတ်၌ လာသောနည်းဖြင့် ချဲ့အပ်၏။ ထိုနိပါတ်၌ အဋ္ဌုပ္ပတ္တိ ကွဲပြားသော်လည်း အကြွင်းမှာ ၎င်းအတိုင်းပင် ဖြစ်၏။
ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍ ထိုအခါ သိကြားမင်းသည် အာနန္ဒာဖြစ်လေ၏၊ ကျေးမင်းကား ငါဘုရားသည် သာလျှင်တည်းဟု မိန့်တော်မူ၍ ချစ်သား ရဟန်းတို့ ဤသို့ အလိုနည်းခြင်း မည်သည်ကား ငါဘုရား အနွယ်အလာ တည်း၊ ငါဘုရား အစဉ်အဆက်တည်း၊ ငါ့သား နိဂမဝါသီ တိဿအား ငါကဲ့သို့သော ဆရာကိုရခြင်းကြောင့် အလိုနည်းသည်၏ အဖြစ်သည်ကား အံ့ဖွယ်မရှိလှသေး၊ ရဟန်း မည်သည်ကား နိဂမဝါသီ တိဿရဟန်းကဲ့သို့လျှင် အလိုနည်းခြင်းသည် ဖြစ်ရာ၏၊ ဤသို့ သဘောရှိသော ရဟန်းသည် သမထ ဝိပဿနာ တရားတို့မှ၎င်း၊ မဂ်ဖိုလ်တို့မှ၎င်း ဆုတ်ယုတ်ခြင်းငှါ မထိုက်၊ စင်စစ်ကား နိဗ္ဗာန်နှင့် နီးကပ်သည် သာလျှင် ဖြစ်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။
ဒေသနာတော်
၃၂။ အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿိဝါ။ အဘဗ္ဗော ပရိဟာနာယ နိဗ္ဗာနဿေဝ သန္တိကေ။
အပ္ပမာဒရတော၊ မမေ့မလျော့ခြင်းဖြင့် အလွန် မွေ့လျော်ခြင်း ရှိသော။
ပမာဒေ၊ မေ့လျော့ခြင်း၌။
ဘယဒဿိဝါ၊ ဘေးရန်ဟု ရှုလေ့ရှိသော။
ဘိက္ခု၊ ရဟန်းသည်။
ပရိဟာနာယ၊ သမထ ဝိပဿနာ မဂ်ဖိုလ်တို့မှ ဆုတ်ယုတ်ခြင်းငှါ။
အဘဗ္ဗော၊ မထိုက်။
အညဒတ္ထု၊ စင်စစ်သော်ကား။
နိဗ္ဗာနဿေဝ၊ နိဗ္ဗာန်နှင့်သာလျှင်။
သန္တိကေ၊ နီး၏။
ဒေသနာတော်၏ အကျိုး
ဂါထာ၏အဆုံး၌ နိဂမဝါသီ တိဿမထေရ်သည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာ အဖြစ်သို့ ရောက်လေ၏။ များစွာသော တပါးသော သူတို့သည်လည်း သောတာပန် စသည်တို့ ဖြစ်ကြကုန်၏၊ လူများအပေါင်းအား အကျိုးရှိသော ဒေသနာတော် ဖြစ်တော်မူလေ၏။
နိဂမဝါသီ တိဿမထေရ်ဝတ္ထု ပြီး၏။
ဤတွင်ရွေ့ကား နှစ်ခုမြောက်သော အပ္ပမာဒဝဂ် ပြီး၏။
၃ - စိတ္တဝဂ်
၁ - မေဃိယ မထေရ် ဝတ္ထု
ဖန္ဒနံ စပလံ စိတ္တံ အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် စာလိယတောင်၌ နေတော်မူစဉ် အရှင်မေဃိယ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
အကြံများသော အရှင်မေဃိယအား စိတ်အလိုသို့ မလိုက်သင့်ဟု ဟောကြားခြင်း
ထိုအရှင် မေဃိယမထေရ်၏ ဝတ္ထုကို ထင်စွာပြခြင်းငှါ အလုံးစုံသော မေဃိယ သုတ္တန်ကို ချဲ့အပ်၏။
ဘုရားရှင်သည် *သုံးပါးသော စိတ်အကြံတို့ဖြင့် အစဉ်မပြတ် နှိပ်စက်သည် ဖြစ်ရကား ထိုသရက်ဥယျာဉ်၌ ကမ္မဋ္ဌာန်း စီးဖြန်းခြင်းငှါ မတတ်နိုင်ခြင်းကြောင့် ပြန်လာသော မေဃိယမထေရ်ကို ခေါ်တော်မူ၍ မေဃိယ ရဟန်း သင်ပြုအပ်သော အမှုသည် အလွန်ဝန်လေးလေစွ၊ မေဃိယရဟန်း ငါဘုရားသည် တပါးတည်းသာ ဖြစ်ခဲ့၏၊
အကြင်မျှလောက် တပါးတည်းဖြစ်သော တစုံတယောက်သော အလုပ်အကျွေး ရဟန်းသည် မလာမရောက် မထင်သေး၊ ထိုမျှလောက် ရဟန်းတပါးလာရုံ ဆိုင်းငံ့ဦး လောဟု တောင်းပန်သော ငါဘုရားကို တပါးချင်း တကိုယ်တော်တည်း ပယ်စွန့်၍ သွားသော ရဟန်းမည်သည် ဤသို့ စိတ်အလိုသို့ လိုက်သောသူ ဖြစ်ခြင်းငှါ မထိုက်၊ ဤစိတ် မည်သည်ကား လျင်သော အပြန်ရှိ၏၊ ထိုစိတ်ကို မိမိအလိုသို့ လိုက်စေခြင်း ငှါသာ ထိုက်၏ဟု မိန့်တော်မူ၍ ဤနှစ်ဂါထာတို့ကို ဟောတော်မူလေ၏။
(*ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက် ဟူသော စိတ်အကြံတို့သည် အရှင်မေဃိယစိတ်၌ ပယ်ဖျောက်၍ မရလောက်အောင် မပြတ်ဖြစ်သည်ဟူလို။)
ဒေသနာတော်
၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒုရက္ခံ ဒုန္နိဝါရယံ၊
ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။
၃၄။ ပါရိဇောဝ ထလေ ခိတ္တော၊ ဩကမောကတ ဥဗ္ဘတော။
ပရိဖန္ဒတိဒံ စိတ္တံ၊ မာရဓေယျံ ပဟာတဝေ။
ဖနံ၊ ငါးပါးအာရုံ ကာမဂုဏ်တို့၌ တုန်လှုပ်ခြင်း ရှိထသော။ စပလံ၊ တခုသော အာရုံ၌ မတည်သည်ဖြစ်၍ လျှပ်ပေါ်ခြင်း ရှိထသော။ ဒုရက္ခံ၊ စောင့်နိုင်ခဲထသော။ ဒုန္နိဝါရယံ၊ ဝိသဘာဂ အာရုံသို့သွားသည်ကို တားမြစ်နိုင်ခဲထသော။ စိတ္တံ၊ စိတ်ကို။ မေဓာဝီ၊ ပညာရှိသည်။ ဥဇုံ၊ ဖြောင့်စွာ။ ကရောတိ၊ ပြု၏။ ယထာ၊ ဥပမာ အဘယ်ကဲ့သို့နည်း ဟူမူကား။ ဥသုကာရော၊ လေးသမားသည်။ တေဇနံ၊ မြှားကို။ ဥဇုံ၊ ဖြောင့်စွာ။ ကရောတိ ဣဝ၊ ပြုသကဲ့သို့တည်း။
ဩကမောကတော၊ ရေဟူသော တည်ရာမှ။ ဥဗ္ဘတော၊ ထုတ်အပ်သည် ဖြစ်၍။ ထလေ၊ ကြည်းကုန်းအရပ်၌။ ခိတ္တော၊ ပစ်အပ်သော။ ဝါရိဇော၊ ရှေ့၌ ကျက်စား ငါးသတ္တဝါသည်။ ပရိဖန္ဒတိ ဣဝ၊ လွန့်လျက်ခုန်ကာ တုန်လှုပ်ရှာသကဲ့သို့။ တထာ၊ ထို့အတူ။ ဣဒံ စိတ္တံ၊ ဤကာမဂုဏ် ငါးပါးတည်းဟူသော နေရာ၌ အလွန်မွေ့လျော်သော စိတ်သည်။ ဝါ - စိတ်ကို။ (တေတော၊ ထိုကာမဂုဏ်မှ။ ဥဒ္ဓရိတွာ၊ ထုတ်နုတ်၍။) မာရဓေယျံ၊ ကိလေသာမာရ်၏ အရာတည်း ဟူသော ဝဋ်ကို။ ပဟာတဝေ၊ ပယ်ဖျက်ခြင်းငှါ။ ကမ္မဋ္ဌာနေ၊ ကမ္မဋ္ဌာန်း၌။ ခိတ္တံ၊ ချထားအပ်သည်ရှိသော်။ ပရိဖန္ဒတိ၊ တလွန့်လွန့် တုန်လှုပ်၏။
ဒေသနာတော်၏ အကျိုး
ဂါထာ၏ အဆုံး၌ မေဃိယ မထေရ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ထိုမှတပါး များစွာသော ပရိသတ်တို့သည်လည်း သောတာပန် စသည်တို့ ဖြစ်ကြ လေကုန်၏။
မေဃိယ မထေရ်ဝတ္ထု ပြီး၏။
၂ - မထင်ရှားသောရဟန်းဝတ္ထု (၂)
ဒုန္နိဂ္ဂဟဿ လဟုနော အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် မထင်ရှားသော ရဟန်း တပါးကို အကြောင်းပြု၍ ဟောတော်မူ လေ၏။
မာတိက မိခင် ဒါယိကာမကြီးနှင့် ရဟန်း ခြောက်ကျိပ်တို့ အကြောင်း
ကောသလမင်း၏ နိုင်ငံတွင် တောင်ခြေရင်း၌ တခဲနက် ပြည့်သော လူနေ အိမ်ခြေ ရှိ၍ စည်ပင်လှစွာသော မာတိက မည်သော ရွာသည် ရှိသတတ်၊ ထိုအခါ တနေ့သ၌ ခြောက်ကျိပ် မျှလောက်ကုန်သော ရဟန်းတို့သည် ဘုရားအထံ၌ အရဟတ္တဖိုလ်သို့ ရောက်နိုင်လောက်သော ကမ္မဋ္ဌာန်း တရားများကို ဟောကြားစေပြီးလျှင် ထိုရွာသို့ သွားရောက်၍ ဆွမ်းအလို့ငှါ ရွာသို့ ဝင်ကြလေကုန်၏၊
ထိုရွာကိုပိုင်သော ရွာသူကြီးသည် မာတိကမည်၏၊ ထိုရွာသူကြီး၏ မိခင်သည် ရဟန်းတို့ကို မြင်၍ မိမိအိမ်၌ နေစေလျက် အထူးထူး ကောင်းမွန်သော အရသာ ရှိသော ယာဂု ဆွမ်းတို့ဖြင့် လုပ်ကျွေး၍ အရှင်ဘုရားတို့ အဘယ်အရပ်သို့ ကြွလိုကြ ပါကုန်သနည်းဟု မေးလျှောက်လေ၏၊
ဒါယိကာမကြီး ချမ်းသာစွာ နေရအံ့သော အရပ် ထိုထိုသို့ သွားပါကုန်အံ့ဟု ဆိုလျှင် ရွာသူကြီး၏ မိခင်သည် အရှင်ကောင်း တို့သည် ဝါဆိုကျောင်းကို ရှာယောင်တကား ဟု ရိပ်မိသိရှိ၍ ခြေရင်း၌ တုံ့ဝပ်လျက် အရှင်ကောင်းတို့သည် ဤအရပ်၌ ဤဝါတွင်း သုံးလပတ်လုံး အကယ်၍နေကြ ကုန်သည်ဖြစ်ပါအံ့၊ တပည့်တော်မသည်လည်း သရဏဂုံ သုံးပါး ငါးပါးသော သီလ တို့ကို ယူ၍ ဥပုသ်စောင့်သုံးသောအမှုကို ပြုပါအံ့ဟု လျှောက်လေ၏၊
ရဟန်းတော် အရှင်မြတ်တို့ကလည်း ငါတို့သည် ဤဒါယိကာမ ကြီးကို မှီ၍ ဆွမ်းမပင်ပန်းဘဲ သံသရာဝဋ် ဘဝညွတ်မှ လွတ်ထွက်ရအောင် ပြုခြင်းငှါ စွမ်းနိုင်ကုန်လတ္တံ့ဟု ဝန်ခံကြကုန်၏၊ ဒါယိကာမကြီးသည်လည်း ထိုရဟန်းတို့ နေစရာ ကျောင်းကို သုတ်သင် ပြုပြင်၍ ပေးလှူလေ၏။
ထိုရဟန်းတို့သည် ထိုကျောင်း၌ပင် နေကုန်လျက် တနေ့သ၌ စည်းဝေး၍ အချင်းချင်း ဆုံးမကြကုန်၏၊ ငါ့သျှင်တို့ ငါတို့သည် မေ့လျော့သော အကျင့်ကို ကျင့်ခြင်းငှါ မသင့်၊ ငရဲကြီး ရှစ်ထပ်တို့သည် ငါတို့ဖို့ မိမိနေရာ ကျောင်းကဲ့သို့ တံခါးဟင်းလင်း ပွင့်နေကုန် သေးသည်သာတည်း၊ ဤသို့ သက်တော်ထင်ရှား ဘုရားအထံ၌ ကမ္မဋ္ဌာန်းကိုယူ၍ ငါတို့လာကြလေကုန်ပြီ၊
ဘုရားရှင်တို့ မည်သည်ကား ဖဝါးအဆင့်ဆင့် ခြေရာစပ်အောင် အကြိမ်များစွာ လှည့်လည်နေသဖြင့်လည်း နှစ်သိမ့်စိမ့်သောငှါ မတတ်ကောင်း၊ ဖြောင့်မတ်သော နှလုံးသွင်း အလိုအားဖြင့်သာ နှစ်သိမ့်စိမ့်သောငှါ တတ်ကောင်း၏၊ မမေ့မလျော့ ဖြစ်ကြကုန်လော့၊ နှစ်ပါးသော ရဟန်းတို့သည် တခုသောအရပ်၌ ရပ်မနေအပ်၊ ထိုင်မနေအပ်၊ ညနေချမ်းအခါ မထေရ်ကြီးထံ ဆည်းကပ်သောအခါ၌၎င်း၊ နံနက် ဆွမ်းခံ သွားသောအခါ၌၎င်း ထိုအခါ နှစ်ပါး၌သာ တပေါင်းတည်း ဖြစ်ကြကုန်စိုအံ့၊
ကြွင်းသောအခါ၌ နှစ်ပါး အတူတကွ မနေကြကုန်စိုအံ့၊ စင်စစ်အားဖြင့်ကား ရဟန်း တပါး နာဖျားမကျန်း ရှိခဲ့လျှင် လာ၍ ကျောင်း၏အလယ် ခေါင်းလောင်း ထိုးခတ်မှ ခေါင်းလောင်းသံ အမှတ်သညာဖြင့် လာကြ၍ ထိုနာသောရဟန်း အား ဆေးဝါးကုသ ကြကုန်စို့အံ့ဟု စည်းဝေး၍ အချင်းချင်း ဆိုဆုံးမကာ (ကတိကဝတ်) ပြုကြလေ ကုန်၏။
မာတိကမာတာ ဒွတ္တိံသကမ္မဋ္ဌာန်းဖြင့် ပဋိသမ္ဘိဒါ အဘိညာဉ်နှင့်တကွ အနာဂါမ် တည်ပုံ
ထိုရဟန်း ခြောက်ကျိပ်တို့သည် ဤသို့ဆုံးမကာ ကတိကဝတ်ပြု၍ နေကြကုန်သည် ရှိသော် တနေ့သ၌ ထို (မာတိကမာတာ) ဒါယိကာမကြီးသည် ထောပတ် ဆီ, တင်လဲ စသည်တို့ကို ယူစေ၍ ကျွန်ယောက်ျား ကျွန်မိန်းမ အမှုလုပ် စသည်တို့ဖြင့် ခြံရံလျက် ညချမ်းသောအခါ ကျောင်းသို့သွား၍ ကျောင်းအလယ်၌ ရဟန်းတပါးမျှ မမြင်ခြင်းကြောင့် အရှင်ကောင်းတို့သည် အဘယ်အရပ်သို့ သွားကြကုန်သနည်း ဟု မိမိ မိမိတို့၏ ညဉ့်သန့်ရာ နေ့သန့်ရာ အရပ်တို့၌ နေကုန် သည်ဖြစ်လတ္တံ့ ဟု ဆိုကုန်ရကား အဘယ်သို့ပြုမှ ဖူးမြင်ခြင်းငှါ ရလတ္တံ့ နည်းဟု မေးလေ၏၊
ထိုအခါ ရဟန်းသံဃာ၏ ကတိကဝတ်ကို သိကုန်သော လူတို့သည် အရှင်မ ခေါင်းလောင်း ထိုးခတ်အပ် သည်ရှိသော် အရှင်ကောင်းတို့ စည်းဝေးကုန်လတ္တံ့ ဟု ပြောဆိုကြကုန်သဖြင့် ထိုဒါယိကာမကြီးသည်လည်း ခေါင်းလောင်းကို ထိုးခတ်စေ၏၊ ရဟန်းတို့လည်း ထိုခေါင်းလောင်းသံ ကြားရ၍ တစုံတယောက် သောရဟန်းအား မကျန်းမမာ မချမ်းသာခြင်းသည် ဖြစ်လတ္တံ့ ဟု မိမိ မိမိတို့၏ နေရာမှထွက်၍ ကျောင်းအလယ်၌ စည်းဝေးကြကုန်၏၊
နှစ်ဦးသော ရဟန်း တို့သည် တကြောင်းတည်းသော ခရီးဖြင့် ကြွလာခြင်းမည်သည် မရှိ၊ တခု တခုသော အရပ်မှ တပါး တပါးစီသာ ကြွလာသည်ကို ဒါယိကာမကြီး မြင်လျှင် ငါ့သားတို့သည် အချင်းချင်း ခိုက်ရန် ငြင်းခုံပြုသည် ဖြစ်လတ္တံ့ ဟု ကြံ၍ ရဟန်း သံဃာတို့ကို ရှိခိုးပြီးလျှင် အရှင်ဘုရားတို့ ခိုက်ရန်ငြင်းခုံ ပြုကြကုန်သလော ဟု မေးလျှောက်လေ၏၊
ဒါယိကာမကြီး ခိုက်ရန်ငြင်းခုံ မပြုကုန်ဟု မိန့်ဆိုကုန်သည်ရှိသော် အရှင်ဘုရား တို့အား ထိုသို့ ခိုက်ရန်ငြင်းခုံခြင်း မရှိခဲ့ပါလျှင် အဘယ့်ကြောင့် အိမ်သို့ ကြွလာသော အခါ အားလုံး တပေါင်းတည်း ကြွလာကုန်သကဲ့သို့ မကြွလာဘဲ တခု တခုသော အရပ်မှ တပါးစီသာ ကြွလာကုန်သနည်းဟု လျှောက်ပြန် သဖြင့် ဒါယိကာမကြီး တခု တခုသော အရပ်၌ တပါး တပါးစီနေ၍ ရဟန်းတရားကို အားထုတ်ကြ ရကုန်သည်ဟု မိန့်ဆိုကြကုန်သော် အရှင်ဘုရားတို့ ဤရဟန်းတရား မည်သည်ကား အဘယ်နည်း ဟု မေးလျှောက်ပြန်သဖြင့် ဒါယိကာမကြီး ဆံပင်, မွေးညှင်း အစရှိသော သုံးဆယ့် နှစ်ပါးသော အခြင်းအရာတို့ ဟူသော ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို စီးဖြန်းရွတ်ဖတ် သရဇ္ဈာယ်ခြင်းကို ပြုကုန်လျက် ဤကိုယ် အတ္တဘော၌ ကုန်ခန်းခြင်း ပျက်စီးခြင်း ထင်မြင်အောင် အဖန်တလဲလဲ နှလုံးသွင်း၍ နေကြကုန်၏ဟု မိန့်ဆိုကြလေကုန်၏၊
အရှင်ဘုရားတို့ အသို့ပါနည်း ဤ ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို စီးဖြန်း သရဇ္ဈာယ်ခြင်း ငှါ၎င်း၊ ဤကိုယ် အတ္တဘော၌ ကုန်ခန်းခြင်း ပျက်စီးခြင်း ထင်မြင်အောင် နှလုံး သွင်းခြင်းငှါ၎င်း၊ အရှင်ဘုရားတို့အားသာ ပြုအပ်ပါသလော၊ တပည့်တော်မ ဒါယိကာမတို့ အားလည်း အပ်ပါမည်လောဟု မေးလျှောက်ပြန်၏။
ဒါယိကာမကြီး ဤ ဒုတ္တိံသာကာရ ကမ္မဋ္ဌာန်း စီးဖြန်းခြင်းကို တစုံ တယောက်သော သူအားမျှ တားမြစ်တော် မမူအပ်ဟု မိန့်ဆိုတော်မူကြသဖြင့် အရှင်ဘုရားတို့ ထိုသို့ဖြစ်ပါမူ တပည့်တော်မ အားလည်း ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို စီးဖြန်း အံ့သောငှါ ပေးသနားတော်မူကြပါဘုရား၊ ဤကိုယ်အတ္တဘော၌ ကုန်ခန်းခြင်း ပျက်စီးခြင်း ထင်မြင်အောင် နှလုံးသွင်းပုံကို ဟောကြား သင်ပေးတော်မူကြပါ ဘုရားဟု လျှောက်ထားလေ၏၊
ဒါယိကာမကြီး ထိုသို့ စီးဖြန်းလိုမူကား သင်ယူလော့ဟု ဆို၍ အလုံးစုံကို သင်ယူစေ ကြလေကုန်၏၊ ဒါယိကာမကြီးသည်လည်း ထိုအခါမှစ၍ ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို စီးဖြန်း သရဇ္ဈာယ်ခြင်းပြုလျက် မိမိကိုယ်၌ ကုန်ခန်းခြင်း ပျက်စီးခြင်း ထင်မြင်အောင် အသင့်အားဖြင့် နှလုံးသွင်းသည်ရှိသော် ထို ရဟန်းတို့ထက် ရှေးဦးစွာသာလျှင် မဂ်သုံးပါး ဖိုလ်သုံးပါးတို့သို့ ရောက်လေ၏၊ ထိုဒါယိကာမကြီးအား မဂ်စိတ် ဖြစ်သည်နှင့် တကွပင်လျှင် ပဋိသမ္ဘိဒါ လေးပါးနှင့် လောကီ အဘိညာဉ်တို့ သည်လည်း ဖြစ်လာ ရောက်လာလေကုန်၏။
မာတိကမာတာ၏ ကျေးဇူးကြောင့် အားလုံး ရဟန္တာဖြစ်၍ ဘုရားထံ သွားရောက် လျှောက်ထားကြပုံ
ထိုအနာဂါမ်တည်သော ဒါယိကာမကြီးသည် မဂ်ဖိုလ်ချမ်းသာ ခံစားခြင်းမှ ထ၍ ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် ကြည့်၍ အဘယ်အခါ၌ ငါ့သားတို့သည် တရားထူးကို ရအပ်လေသနည်း ဟု စူးစမ်းသည်ရှိသော် အလုံးစုံ ဤခြောက်ကျိပ်သော ရဟန်းတို့သည်လည်း ရာဂ, ဒေါသ, မောဟ ရှိကြကုန်သေး၏၊ ဈာန်မျှ ဝိပဿနာ မျှလည်း ထိုရဟန်းတို့အား မရှိကုန်၊ အသို့နည်း ငါ့သားတို့အား အရဟတ္တဖိုလ်၏ အကြောင်း ဥပနိဿယသည် ရှိအံ့လော မရှိအံ့လောဟု စူးစမ်းပြန်သည်ရှိသော် ရှိကြောင်းကိုသိမြင်လေလျှင် လျောက်ပတ်သော ကျောင်းဟူသော သေနာသန သပ္ပါယသည် မရှိလေသလောဟု စူးစမ်းပြန်သော် သေနာသန သပ္ပါယကို မြင်လေလျှင် လျောက်ပတ်သော ပုဂ္ဂိုလ်ဟူသော ပုဂ္ဂလ သပ္ပါယ မရလေကုန် သလောဟု စူးစမ်းပြန်သော် ပုဂ္ဂလ သပ္ပါယကို မြင်လေလျှင် လျောက်ပတ်သော အာဟာရဟူသော အာဟာရ သပ္ပါယ မရလေကုန် သလောဟု စူးစမ်းပြန်သော် ထိုရဟန်းတို့အား အာဟာရ သပ္ပါယ မရှိပါတကားဟု မြင်ရလေလျှင် ထိုအခါမှစ၍ အထူးထူး အပြားပြားရှိသော ယာဂု များသော အပြားရှိသော ခဲဖွယ်, အထူးထူး အရသာရှိသော ဘောဇဉ်ကို ပြည့်စုံစွာ စီရင်စေ၍ အိမ်၌ ရဟန်းတို့ကို သီတင်းသုံး ထိုင်နေစေပြီးလျှင် မြတ်သော အလှူရေစက် သွန်းချ ပေးလှူ၍ အရှင်ဘုရားတို့ အရှင်မြတ်တို့၏ နှစ်သက်ရာ ထိုထို ယာဂု, ခဲဖွယ် ဘောဇဉ်ကို ယူ၍ (အလိုရှိတိုင်း) ဘုဉ်းပေးတော်မူပါ ဘုရားဟု ဆောင်နှင်း ဆက်ကပ်လေ၏။
ရဟန်းတို့လည်း အလိုရှိတိုင်း ယာဂု စသည်တို့ကို ယူ၍ ဘုဉ်းပေးတော် မူကြကုန်၏၊ လျောက်ပတ်သော ခဲဖွယ် ဘောဇဉ်ကို ရကုန်သော ထိုရဟန်းတို့၏ စိတ်သည် တည်တည် ကြည်ကြည် ရှိလေ၏၊ ထိုရဟန်းတို့သည် တည်ကြည်သော စိတ်ဖြင့် ဝိပဿနာကို ပွားစေသည်ရှိသော် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာ အဖြစ်သို့ ရောက်ကြပြီးလျှင် ဤသို့ ကြံစည်ကြကုန်၏၊
ဤ ဒါယိကာမကြီးသည် အံ့ဖွယ်ရှိပေစွ၊ ငါတို့၏ မှီခိုအားထားရာ ဖြစ်ပေ၏၊ ငါတို့သည် လျောက်ပတ်သော ဆွမ်းစသော အာဟာရကို အကယ်၍ မရကြသည် ဖြစ်အံ့၊ မဂ်ဖိုလ်ကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်ရာ၊ ယခုအခါ ဝါကျွတ်ပြီ ဖြစ်သော ကြောင့် ပဝါရဏာပြု၍ ဘုရားထံတော်သို့ သွားကြကုန်အံ့ဟု ကြံစည်ကြ ပြီးလျှင် ထိုရဟန်း ခြောက်ကျိပ် တို့သည် မြတ်စွာဘုရားကို ဖူးမြင်လိုကုန်သည်ဟု ဥပါသိကာ ဒါယိကာမကြီးကို ပန်ကြားလေကုန်၏၊
ဒါယိကာမကြီးသည်လည်း အရှင်ဘုရားတို့ ကောင်းလှပါပြီ ဘုရားဟု ကျေနပ်စွာ လျှောက်ထားပြီးလျှင် ထိုရဟန်းတို့ကို အစဉ်အတိုင်း လိုက်ပို့လျက် အရှင်ဘုရားတို့ အရှင်ဘုရားတို့သည် တဖန် တပည့်တော်တို့ကို ငဲ့ညှာသမှု ကြည့်ရှုတော်မူကြပါဦး ဘုရားဟု ချေငံ သာယာသော စကားတို့ကို လျှောက်ထား၍ ပြန်ခဲ့လေ၏။
ထိုရဟန်းတို့သည်လည်း သာဝတ္ထိပြည်သို့ ရောက်၍ ဘုရားရှင်ကို ရှိခိုးပြီးလျှင် တင့်အပ် လျောက်ပတ်သော အရပ်၌ ထိုင်နေကြကုန်လျက် ချစ်သား ရဟန်းတို့ အသို့နည်း၊ ခန့်ကျန်းခြင်း မျှတခြင်း ရှိ၏လော၊ ဆွမ်းဖြင့်လည်း မပင်ပန်းဘဲ ရှိကြ ကုန်၏လောဟု မေးတော်မူသည်ရှိသော် ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား ခန့်ကျန်းခြင်း မျှတခြင်း ရှိပါ၏၊
အထူးသဖြင့် ဆွမ်းဖြင့်ကား ပင်ပန်းခြင်း အလျဉ်းမရှိကြပါ၊ ပင်ပန်းခြင်း မရှိရကြောင်း ကား မာတိကမာတာ ဟူသော အမည်ရှိသော တယောက်သော ဒါယိကာမကြီးသည် ဘုရားတပည့်တော် တို့၏ စိတ်အကြံဖြစ်ပုံ (စိတ်အလို)ကို သိ၍ ငါတို့အလို့ငှါ ဤသို့ သဘောရှိသော ဆွမ်းစသော အာဟာရကို စီရင်ပါမူကား ကောင်းလေစွဟု ကြံသည်ရှိသော် ကြံတိုင်း ကြံတိုင်းသော ဆွမ်းစသော အာဟာရကို စီရင်၍ လှူဒါန်း ပါသည်၊ ထို့ကြောင့် ပင်ပန်းခြင်း မရှိရပါ ဘုရားဟု ထိုအနာဂါမ် ဒါယိကာမကြီး၏ ဂုဏ်ကျေးဇူးနှင့် စပ်သော စကားကို ပြောကြား လျှောက်ထားကြလေကုန်၏။
အညတရ ရဟန်းတပါးနှင့် မာတိကမာတာတို့ အကြောင်း
ထိုအခါအမှတ်မရှိ တပါးသော ရဟန်းသည် ထိုအနာဂါမ် ဒါယိကာမကြီး၏ ဂုဏ်ကျေးဇူးနှင့် စပ်သော စကားကိုကြားရ၍ ထိုရွာသို့ သွားလိုသောကြောင့် ဘုရားရှင် အထံတော်၌ ကမ္မဋ္ဌာန်းကို ယူပြီးလျှင် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ထိုမာတိကရွာသို့ သွားပါရစေ ဘုရားဟု ဘုရားထံပန်ကြားပြီးမှ ဇေတဝန် ကျောင်းတော်မှ ထွက်လာခဲ့ရာ အစဉ်သဖြင့် ထိုရွာသို့ရောက်၍ ကျောင်းသို့ ဝင်အံ့သောနေ့၌ ဒါယိကာမကြီးသည် ကြံတိုင်း ကြံတိုင်းကို သိသတတ်၊ ငါသည်လည်း ခရီးပင်ပန်းခဲ့၏၊ ကျောင်းကို သုတ်သင်ခြင်းငှါ မစွမ်းနိုင်၊ ငါ့ထံ ကျောင်းကို သုတ်သင်တတ်သော လူကို စေလွှတ်ပါမူကား ကောင်းလေစွဟု ကြံလေ၏၊
ဒါယိကာမကြီးသည်လည်း အိမ်၌နေလျက်ပင်လျှင် ဆင်ခြင်သည်ရှိသော် ထို အကြောင်းကိုသိ၍ သွားချေ၊ ကျောင်းကို သုတ်သင် ရှင်းလင်း၍ လာခဲ့လော့ဟု လူတယောက်ကို စေလွှတ်၏၊ ရဟန်းသည်လည်း သောက်ရေ သောက်လိုသည် ဖြစ်၍ ငါ့အား သကာအဖျော်ကိုပြု၍ (လှူချေဟု) စေလွှတ်ပို့လိုက်ပါမူကား ကောင်းလေစွဟု ကြံပြန်၏၊
ဒါယိကာမကြီးသည် ထိုသကာ အဖျော်ကိုလည်း စေလွှတ် ပို့လိုက်လေ၏၊ ရဟန်းသည် တဖန် မိုးသောက် ရောက်သော နေ့၌ နံနက်စောစောကပင်လျှင် ငါ့အား ပြော့ပျောင်း နူးညံ့သော ယာဂုကို လက်သုပ်ဟင်းလျာ နှင့်တကွ စေလွှတ်၍ ပို့ပါစေသတည်း ဟု အောက်မေ့ကြံစည်၏၊ ဒါယိကာမကြီးသည်လည်း ထိုအကြံ အတိုင်း (လှူချေဟု) စေပြန်၏၊
ရဟန်းသည်လည်း ယာဂု သောက်ပြီးသော် ငါ့အား ဤသို့သဘောရှိသော ခဲဖွယ်ကို စေလွှတ်၍ ပို့လိုက်ပါမူကား ကောင်းလေစွဟု ကြံပြန်၏၊ ဒါယိကာမကြီးသည်လည်း ထိုသို့သဘောရှိသော ခဲဖွယ်ကို ပို့ချေဟု စေလွှတ် လိုက်လေ၏၊ ရဟန်းသည်လည်း ဤဒါယိကာမကြီးကားငါကြံတိုင်း ကြံတိုင်း အလုံးစုံကို ပေးပို့ စေလွှတ်လေပြီ၊
ငါသည် ဤဒါယိကာမကြီးကို ရှုမြင်ခြင်းငှါ အလိုရှိ၏၊ အထူးထူး ကောင်းမွန်သော အရသာရှိသော ဘောဇဉ်ကို ယူစေ၍ ငါ့အထံ ကိုယ်တိုင် ရောက်လာပါမူကား ကောင်းလေစွဟု ကြံပြန်၏၊ ဒါယိကာမကြီးသည်လည်း ငါ့သားသည် ငါ့ကို ရှုမြင်ခြင်းငှါ အလိုရှိ၏၊ ငါ၏လာခြင်းကို တောင့်တ၏ဟု ဘောဇဉ်ကို ယူစေ၍ ကျောင်းသို့ သွား၍ ထိုရဟန်းအား လှူဒါန်းလေ၏။
မာတိကမာတာကို ကြောက်ရွံ့၍ အညတရ ရဟန်း ဘုရားထံ ပြန်ပြေးခြင်း
ထိုအခါ ထိုရဟန်းသည် ဆွမ်းစားခြင်းကိစ္စ ပြီးလတ်သော် ဒါယိကာမကြီး မာတိကမာတာ မည်သောသူသည် သင် ဒါယိကာမကြီးပင်လော ဟု မေးမြန်းလေ၏၊ သားတော် မောင်ပဉ္စင်း မာတိကမာတာ မည်သောသူ ဟုတ်မှန်ပါသည် ဘုရားဟု လျှောက်လျှင် သင်ဒါယိကာမကြီးသည် သူတပါးစိတ်အကြံကိုသိလေ သလောဟု မေးပြန်၏၊ သား မောင်ပဉ္စင်း အဘယ့်ကြောင့် ဒါယိကာမကြီးကို မေးရသနည်းဟု လျှောက်လျှင် ငါသည် ကြံတိုင်း ကြံတိုင်း အလုံးစုံကို ပြုခဲ့လေပြီ၊ ထို့ကြောင့် ဒါယိကာမကြီးကို မေးမြန်းရသည်ဟု မိန့်ဆိုလေ၏၊
သားမောင် ပဉ္စင်း သူတပါးစိတ်ကို သိသော ရဟန်းတို့သည် များစွာရှိကုန်၏ဟု လျှောက်ဆို ပြန်သည်ရှိသော် ဒါယိကာမကြီး ငါသည် သူတပါးကို မမေး၊ သင် ဒါယိကာမ ကြီးကိုသာ မေး၏ဟု ဆိုလေ၏၊ ဤသို့ မလွှဲသာအောင် မေးသော်လည်း ဒါယိကာမကြီးသည် သူတပါးစိတ်အကြံကို တပည့်တော် သိတတ်ပါသည် ဘုရား ဟူ၍ မဆိုဘဲ သားမောင်ပဉ္စင်း သူတပါးစိတ်အကြံကို သိသောသူတို့ မည်သည်ကား ဤသို့ ပြုတတ်ကြကုန်၏ဟု လျှောက်သည်ရှိသော် ထိုရဟန်းသည် ဤအမှု သည်ကား ဝန်လေးလေစွ တကား၊
ပုထုဇဉ်တို့ မည်သည် လျောက်ပတ်သည်ကို၎င်း၊ မလျောက်ပတ်သည်ကို၎င်း ကြံစည်တတ်ကုန်၏၊ ငါသည် မသင့်တင့် မလျောက်ပတ်သည်ကို အကယ်၍ ကြံမှားမိသည် ဖြစ်အံ့၊ ဥစ္စာထုပ်နှင့် တကွ ဖမ်းမိသော ခိုးသူကို ရောင်ကိုဆွဲငင်ဘိ သကဲ့သို့ ငါ့ကို ဖရိုဖရဲ ဖောက်ပြန်ခြင်းသို့ ရောက်စေရာ၏၊ ငါသည် ဤကျောင်းမှ ထွက်ပြေးခြင်းငှါသင့်၏ ဟုကြံ၍ ဒါယိကာမကြီး ငါသွားတော့အံ့ဟု ဆိုလေ၏။
အရှင်ဘုရား ဘယ်အရပ်သို့ သွားအံ့နည်းဟု မေးလျှောက်သည်ရှိသော် ဘုရားရှင် ထံတော်သို့ သွားပါအံ့ ဟုဆိုလေ၏၊ အရှင်ဘုရား ဤကျောင်း၌ နေကြည့်စမ်းပါဦး ဘုရားဟု လျှောက်ပြန်သော် ဒါယိကာမကြီး နေနိုင်တော့မည်မဟုတ်၊ သွားမည်သာ တည်းဟုဆို၍ ကျောင်းမှ ထွက်ခဲ့ပြီးလျှင် မြတ်စွာဘုရား အထံသို့ သွားလေ၏။
ထိုအခါ ရဟန်းကို ဘုရားရှင်သည် ရဟန်း သင်သည် ထိုအရပ်၌ အဘယ့်ကြောင့် မနေသနည်းဟု မေးတော်မူသည်ရှိသော် မြတ်စွာဘုရား မနေဝံ့ပါ၊ ထိုအရပ်၌ နေခြင်းငှါ မစွမ်းနိုင်ပါဘုရားဟု လျှောက်လေ၏၊ ချစ်သားရဟန်း အဘယ့်ကြောင့် နည်းဟု မေးတော်မူသည်ရှိသော် မြတ်စွာဘုရား ထို ဒါယိကာမကြီးသည် ကြံတိုင်း ကြံတိုင်း အလုံးစုံကို အကုန်အစင် သိမြင်ခဲ့၏၊
ပုထုဇဉ်တို့ မည်သည်ကား လျောက်ပတ်သည်ကို၎င်း၊ မလျောက်ပတ်သည်ကို၎င်း ကြံတတ် ကုန်၏၊ တပည့်တော်သည် တစုံတခုသော မသင့်မတင့် မလျောက်ပတ် သည်ကို အကယ်၍ မတော်တဆ ကြံမိသည်ဖြစ်အံ့၊ ဥစ္စာထုပ်နှင့်တကွ ဖမ်းမိသော ခိုးသူကို ရောင်ကို ဆွဲငင်ဘိသကဲ့သို့ ဘုရားတပည့်တော်ကို ဖရိုဖရဲ ဖေါက်ပြန်ခြင်း သို့ ရောက်စေပါလတ္တံ့ ဟုကြံမိ၍ မြတ်စွာဘုရားထံ ပြန်လာပါကြောင်းနှင့် လျှောက်ထားလေ၏၊
ထိုအခါ မြတ်စွာဘုရားသည် ရဟန်း ထိုကျောင်း၌ပင် သင် နေခြင်းငှါ သင့်၏ဟု မိန့်တော်မူသည်ရှိသော် မြတ်စွာဘုရား မတတ်နိုင်ပါ၊ တပည့်တော် သည် ထိုအရပ်၌ နေခြင်းငှါ မဝံ့ပါဘုရားဟု လျှောက်လေ၏၊ ရဟန်းထိုသို့ဖြစ်မူ သင်သည် တခုတည်း ကိုသာလျှင် စောင့်ရှောက်နိုင်လတ္တံ့ လောဟု မေးတော်မူ လတ်သော် မြတ်စွာဘုရား တခုတည်းဟူသည် အဘယ်ပါနည်း ဘုရားဟု မေးလျှောက်လေသဖြင့် သင်၏စိတ် ကိုသာလျှင် စောင့်ရှောက်လော့၊ ထိုစိတ် မည်သည်ကို စောင့်ရှောက်နိုင်ခဲ၏၊ သင်သည် မိမိစိတ်ကိုသာလျှင် နှိပ်နင်းလော့၊ တပါးသော တစုံတခုကို မကြံစည် လေလင့်၊ ထိုစိတ် မည်သည်ကို နှိပ်နင်းနိုင်ခဲ၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။
ဒေသနာတော်
၃၅။ ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထကာမနိပါတိနော။
စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒန္တံ သုခါဝဟံ။
ဒုန္နိဂ္ဂဟဿ၊ အလွန်နှိပ်နင်း နိုင်ခဲထသော။ လဟုနော၊ လျင်စွာ ဖြစ်ခြင်း ချုပ်ခြင်းရှိထသော။ ယတ္ထကာမနိပါတိနော၊ အလိုရှိရာ အာရုံ၌ ကျတတ်သော။ စိတ္တဿ၊ စိတ်ကို။ ဒမထော၊ ယဉ်ကျေးအောင် ဆုံးမခြင်းသည်။ သာဓု၊ ကောင်း၏။ ဒန္တံ၊ ဆုံးမပြီးသည်ဖြစ်၍ ယဉ်ကျေးသော။ စိတ္တံ၊ စိတ်သည်။ သုခါဝဟံ၊ မဂ်ဖိုလ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ဆောင်တတ်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ရောက်လာသော ပရိသတ် များစွာတို့သည် သောတာပန် စသည်တို့ ဖြစ်ကုန်၏၊ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။
အညတရ ရဟန်း ရဟန္တာဖြစ်ခြင်းနှင့် ဒါယိကာမကြီး အပေါ်၌ အတိတ်ဘဝ အပြစ်မြင်ခြင်း
ဘုရားရှင်သည် ထိုရဟန်းအား ဤသို့သော ဆုံးမဩဝါဒကို ပေး၍ ရဟန်း သွားလေ၊ တပါးသော တစုံတခုသော အကြံကို မကြံမူ၍ ထိုကျောင်း၌သာ နေလေလော့ဟု စေလွှတ်တော်မူလေ၏၊ ရဟန်းလည်း ဘုရားရှင် အထံတော်မှ အဆုံးအမကို ရ၍ ထိုကျောင်းသို့ပင် သွားရလေ၏၊ တစုံတခု အပဖြစ်သော အာရုံ ကြံခြင်း မည်သည်ကို မကြံစည်ဝံ့လေပြီ၊
ဒါယိကာမကြီးသည်လည်း ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် ကြည့်လတ်သည်ရှိသော် မထေရ်ကို မြင်၍ ယခုအခါ အဆုံးအမ ဩဝါဒ ပေးသနားတော်မူတတ်သော ဆရာကိုရ၍ ငါ့သားသည် တဖန်ပြန်လာ၏ဟု မိမိဉာဏ်ဖြင့် ပိုင်းခြား၍ ထိုရဟန်းအား လျောက်ပတ်သော ဆွမ်းစသော အာဟာရကိုစီရင်၍ လှူဒါန်းလေ၏၊ ထိုရဟန်း သည်လည်း လျောက်ပတ်သော ဘောဇဉ်ကို မှီဝဲရ၍ နှစ်ရက် သုံးရက်ဖြင့်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် မဂ်ဖိုလ်ချမ်းသာဖြင့် လွန်စေလျက် အံ့ဖွယ်ရှိလှ ပေစွ တကား၊ ဒါယိကာမကြီးသည် ငါ၏ မှီခို အားထားရာ ဖြစ်ပေစွ တကား၊
ငါသည် ဤ ဒါယိကာမကြီးကို အမှီပြု၍ ဝဋ်မှ ထွက်မြောက်ခြင်းသို့ ရောက်ရပေပြီဟု ကြံ၍ ရှေ့ဦးစွာ ငါ၏ ဤကိုယ်အဖြစ်၌ မှီခိုရာဖြစ်ပြီ၊ သံသရာ၌ ငါ၏ခန္ဓာအစဉ် ကျင်လည်သောအခိုက် တပါးသော ငါ၏ ကိုယ်အဖြစ်တို့၌လည်း ဤဒါယိကာမကြီး သည် မှီခိုရာ ဖြစ်ဖူးသလော၊ မဖြစ်ဖူးသလောဟု စူးစမ်းသည်ရှိသော် ကိုးဆယ့်ကိုး ဘဝသော ကိုယ်၏ အဖြစ်ကို အစဉ်လျှောက်၍ အောက်မေ့မိလေ၏၊
ထိုဒါယိကာမကြီးသည်လည်း ကိုးဆယ့်ကိုး ဘဝသော ကိုယ်၏အဖြစ်၌ ထိုမထေရ်၏ ခြေရင်း အလုပ်အကျွေး ဖြစ်သော ခင်ပွန်းမ ဖြစ်ဖူး၍ တပါးသောသူတို့၌ တပ်သော စိတ်ရှိခြင်းကြောင့် ထို မထေရ်ဖြစ်ဖူးသော လင်ယောကျ်ားကို အသက်မှ ချစေ ဖူးလေ၏၊ မထေရ်သည် ထိုဒါယိကာမကြီး၏ ဤမျှလောက်သော ကျေးဇူးမဲ့အစုကို မြင်ရ၍ ဤဒါယိကာမကြီးသည် အံ့ဖွယ်ရှိပေစွ၊ ဝန်လေးသော အမှုကို ပြုဖူးလေပြီ တကားဟု ကြံစည် အောက်မေ့ကာ နေလေ၏။
အညတရ ရဟန်းသည် မာတိကမာတာ အပေါ်၌ အတိတ်ဘဝ ကျေးဇူးကို မြင်ခြင်းနှင့် နိဗ္ဗာန်ဝင်ခြင်း
ဒါယိကာမကြီးသည်လည်း အိမ်၌နေလျက်ပင် အသို့နည်း၊ ငါ့သားအား ရဟန်းကိစ္စ အပြီးသို့ ရောက်ပြီလော၊ မရောက်သေးလေသလောဟု စူးစမ်းသည် ရှိသော် ထို ရဟန်း၏ အရဟတ္တဖိုလ်သို့ ရောက်သည်ကို သိ၍ ထိုထက်အလွန် စူးစမ်းပြန်သည် ရှိသော် ငါ့သားသည် အရဟတ္တဖိုလ်သို့ ရောက်၍ ဤဒါယိကာမကြီးသည် အံ့ဖွယ်ရှိပေစွ၊
ငါ၏ကြီးကျယ်သော မှီခိုအားထားရာ ဖြစ်ဖူးလေစွ တကားဟု ကြံစည်ပြီးလျှင် အတိတ်ဘဝ၌လည်း ဤဒါယိကာမကြီးသည် ငါ၏ မှီခိုအားထားရာ ဖြစ်ဖူးလေ သလော၊ မဖြစ်လေသလောဟု ဆင်ခြင်စူးစမ်းရာ ကိုးဆယ့်ကိုးခုသော ကိုယ်၏ အဖြစ်ကို အစဉ်လျှောက်၍ အောက်မေ့ကာနေပြီ၊ ငါသည်ကား ကိုးဆယ့်ကိုး ဘဝသော ကိုယ်၏အဖြစ်၌ သူတပါးတို့နှင့် တပေါင်း တည်းဖြစ်၍ ဤမထေရ်ကို အသက်မှချဖူးလေပြီ၊
ဤမထေရ်သည် ဤမျှလောက် သော ငါ၏ ကျေးဇူးမဲ့ကို မြင်ရ၍ ဒါယိကာမကြီးသည် အံ့ဖွယ်ရှိပေစွ၊ ဝန်လေးသောအမှုကို ပြုဖူးလေပြီတကားဟု ကြံစည် အောက်မေ့ကာ နေလေပြီ၊ ဤသို့ သံသရာ၌ ကျင်လည်စဉ် ငါ့သားအား ကျေးဇူးဥပကာရ ပြုဖူးခြင်းသည် ရှိလေသလောဟု ဆင်ခြင်ပြန်လျှင် ထိုကိုးဆယ့်ကိုးဘဝမှ အလွန် တရာမြောက်သော ကိုယ်အဖြစ်ကို အစဉ်လျှောက်ကာ အောက်မေ့၍ ထိုတရာ မြောက်သော ကိုယ်အဖြစ်၌ ငါသည် ဤရဟန်း၏ ခြေရင်း အလုပ်အကျွေး ခင်ပွန်းမ ဖြစ်၍ ဤရဟန်းအပေါ်၌ အသက်ကို ချရာတွင် အသက်အလှူကို ပေးလှူခဲ့ဖူးလေပြီ၊ ငါသည် ငါ့သားအား ဤသို့ကြီးစွာသော ကျေးဇူးဥပကာရကို ပြုဖူးခြင်းသည်လည်း အံ့ဖွယ်ရှိစွ ဟု မြင်ရ၍ အိမ်၌ နေလျက်ပင် ထိုထက်အလွန် အထူးပြု၍ ဆင်ခြင်တော်မူပါဦး ဘုရားဟု လျှောက်လိုက်လေ၏။
မထေရ်သည်လည်း ဒိဗ္ဗသောတ အဘိညာဉ်ဖြင့် အသံကို ကြားရသဖြင့် အထူးပြု၍ တရာမြောက်သော ကိုယ်၏အဖြစ်ကို အစဉ်လျှောက်၍ အောက်မေ့လိုက်ရာ ထိုဘဝ၌ ထိုဒါယိကာမကြီးသည် မိမိအား အသက်ပေးအပ်သည် အဖြစ်ကို မြင်လေလျှင် ဤဒါယိကာမကြီးသည် လွန်လေသောဘဝ၌ ငါ့အား ကျေးဇူးဥပကာရ ပြုဖူးခြင်းကား အံ့ဖွယ်ရှိစ္စဟု ဝမ်းမြောက်ခြင်း ရှိသည်ဖြစ်၍ ထိုဒါယိကာမကြီး ကျောင်း၌ ပင်လျှင် လေးပါးသော “မဂ်ဖိုလ်တို့၌ ပြဿနာ ကို ဟောကြားတော်မူ၍ ဝိပါက်ကမ္မဇရုပ် အကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် စံတော်မူလေ၏။
မထင်ရှားသော ရဟန်းဝတ္ထု ပြီး၏။
၃ - မထင်ရှားသော ငြီးငွေ့သောရဟန်း ဝတ္ထု
သုဒုဒ္ဒသံ အစရှိသော ဤတရားဒေသနာတော်ကို သဗ္ဗညု မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် သာသနာတော်၌ ပျင်းရိ ငြီးငွေ့သော ရဟန်းတပါးကိုအကြောင်းပြု၍ ဟောကြားတော်မူလေ၏၊
ဆင်းရဲမှ လွတ်စိမ့်သောငှါ တဆင့်မှ တဆင့် ကုသိုလ်တိုးတက် အားထုတ်သော သူဌေးသား အကြောင်း
ဘုရားသခင်သည် သာဝတ္ထိပြည်၌ နေတော်မူသည် ရှိသော် သူဌေးသား တယောက်သည် မိမိအိမ်သို့ ကြွလာတော် မူလေ့ရှိသော ဆရာ မထေရ်သို့ ချဉ်းကပ်၍ အရှင်ဘုရား တပည့်တော်သည် ဆင်းရဲမှလွတ်ခြင်းငှါ အလိုရှိပါသည်၊ တပည့်တော်အား ဆင်းရဲမှလွတ်အံ့သော အကြောင်းတခုကို ဟောကြားတော် မူပါဘုရားဟု လျှောက်ကြားလေ၏၊
ဒါယကာ ကောင်းပြီ၊ ဆင်းရဲမှ အကယ်၍ လွတ်လိုသည်ဖြစ်အံ့၊ စာရေးတံဆွမ်း (လဆန်းပက္ခ လဆုတ်ပက္ခ၌ လှူအပ်သော ဆွမ်း) ဝါဆိုသင်္ကန်းကို လှူလော့၊ သင်္ကန်းအစရှိသော ပစ္စည်းတို့ကို လှူလော့၊ မိမိ၏ဥစ္စာကို သုံးဖို့ သုံးစုပြု၍ တဖို့ တစုဖြင့် ရောင်းဝယ်ခြင်းစသော အမှုကိုပြု၊ တဖို့တစုဖြင့် သားမယားကို ကျွေးမွေး၊ တဖို့တစုကို ဘုရားသာသနာတော်၌ အလှူကို ပေးလှူလေလော့ဟု ဆိုလေ၏၊
သူဌေးသားလည်း အရှင်ဘုရား ကောင်းပါပြီဘုရားဟု ဝန်ခံ၍ ဆိုခဲ့ပြီးသော အစဉ် အတိုင်းအားဖြင့် အလုံးစုံကို ပြုပြီးမှ တဖန် မထေရ်ကို မေးလျှောက်ပြန်၏၊ အရှင်ဘုရား ဤဆိုခဲ့ပြီးသော ကောင်းမှုထက် အလွန် အဘယ်ကောင်းမှုကို ပြုရအံ့နည်းဘုရားဟု မေးလျှောက် ပြန်သော် ဒါယကာ သုံးပါးသော သရဏဂုံတို့ကို ဆောက်တည်၍ ငါးလီသော သီလတို့ကို ခံယူဦးလော့ဟု မိန့်ဆိုလေ၏၊
ထိုသရဏဂုံ ပဉ္စသီလတို့ကိုလည်း ခံယူပြီး၍ ထို့ထက်အလွန် မေးပြန်သော် ဆယ်ပါးသော သီလတို့ကို ခံယူလော့ဟု မိန့်ဆိုသဖြင့် ကောင်းပါပြီ ဘုရားဟု ဝန်ခံကာ ခံယူဆောက်တည်လေ၏၊ ထိုသူဌေးသားသည် အစဉ်အားဖြင့် ကုသိုလ် ကောင်းမှုကို ပြုအပ်သည်၏ အဖြစ်ကြောင့် အနုပုဗ္ဗသူဌေးသား ဟူသော အမည် ထင်ရှားစွာ ဖြစ်လေ၏။
ထို့ထက်အလွန်လည်း ပြုအပ်သောအမှု ရှိပါသေးသလော ဘုရားဟု တဖန် မေးပြန်လျှင် ထိုသို့ဖြစ်မူ ရဟန်းပြုလော့ဟု ဆိုအပ်ရကား လူ့ဘောင်မှထွက်၍ ရဟန်းပြုလေ၏၊ ထိုရဟန်းအား တပါးသော အဘိဓမ္မာဆောင် ရဟန်းသည် ကမ္မဝါစာ ဆရာ နိသျည်းဆရာ ဖြစ်၏၊ တပါးသော ဝိနည်းဓိုရ် ရဟန်းသည် ဥပဇ္ဈာယ်ဆရာ ဖြစ်၏၊
ထိုရဟန်းအား ပဉ္စင်းအဖြစ်ကို ရပြီးသည်ရှိသော် ကမ္မဝါစာဆရာ, နိသျည်းဆရာ သည် မိမိထံသို့ လာသောအခါ၌ ဘုရား သာသနာတော် မည်သည်ကား ဤ မည်သောအမှုကို ပြုခြင်းငှါ သင့်လျော်၏၊ ဤမည်သောအမှုကို ပြုခြင်းငှါ မသင့်လျော်ဟု အဘိဓမ္မာတရား ဟောကြားပေတော်မူလေ၏၊
ထိုရဟန်း၏ ဥပဇ္ဈာယ်ဆရာသည်လည်း မိမိထံသို့ လာသောအခါ၌ ဘုရား သာသနာတော် မည်သည်ကား ဤအမှုကိုပြုခြင်းငှါ သင့်လျော်၏၊ ဤအမှုကို ပြုခြင်းငှါ မသင့်လျော်၊ ဤအမူအရာကား အပ်၏၊ ဤ အမူအရာကား မအပ်ဟု ဝိနည်းတရား ဟောကြားတော်မူလေ၏။
သူဌေးသားရဟန်း ပျင်းရိလာသဖြင့် ကျင့်စရာတရားကို အကျဉ်းဆုံး ချုံးပေးပုံ
သူဌေးသား ရဟန်းလည်း ဤရဟန်းကိစ္စကား အလွန် ဝန်လေးစွတကား၊ ငါသည် ဆင်းရဲမှ လွတ်လို သောကြောင့် ရဟန်းပြု၏၊ ဤသာသနာတော်၌ ငါ့အား လက်ဆန့်စရာ အရပ်မျှပင် မထင်၊ အိမ်၌ နေ၍သာလျှင် ဆင်းရဲမှ လွတ်စိမ့်သောငှါ တတ်ကောင်း၏၊ ငါသည် လူထွက်ခြင်းငှါ သင့်၏ဟု ကြံစည်လေ၏၊
ထိုရဟန်းသည် ထိုအခါမှစ၍ သာသနာတော်၌ ဆန့်ကျင်လျက်၊ ဝါ လည်တမော့မော့ ဖြစ်၍ မမွေ့လျော်ခြင်းကြောင့် ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကိုလည်း စီးဖြန်းသရဇ္ဈာယ် ခြင်းကို မပြု၊ ပါဠိကိုလည်း မသင်ယူ၊ ကြုံလှီသည်ဖြစ်၍ ခါင်းပါးသည်ဖြစ်၍ အကြောပြိုင်းပြိုင်းထသော ခန္ဓာကိုယ်ရှိသည်ဖြစ်၍ အပျင်းတရား အလွန်နှိပ်စက် အပ်သည် ဖြစ်ရကား ဝဲနာ, ပွေးနာတို့ဖြင့် ပြွမ်းသော ကိုယ်ရှိလျက် နေလေ၏၊
ထိုအခါ ထိုရဟန်းကို သာမဏေငယ်တို့သည် အရှင်ဘုရား အဘယ်သို့ ဖြစ်ပါ သနည်း၊ အရှင်ဘုရားသည် ရပ်၍နေသော နေရာ၌ ရပ်မြဲတိုင်းသာ, ထိုင်၍နေသော နေရာ၌ ထိုင်မြဲတိုင်းသာ ဖြစ်သည်၊ ဖြော့တော့သော အနာ နှိပ်စက်အပ်သည်ဖြစ်၍ ကြုံလှီသည်ဖြစ်၍ ခေါင်းပါးသည် ဖြစ်၍ ဝဲနာပွေးနာတို့ဖြင့် ပြွမ်းသော ကိုယ်ရှိလျက် နေပါသည်၊ အရှင်ဘုရားသည် အဘယ်အမှုကို ပြုမိပါသနည်း ဟု မေးမြန်းကြ လေကုန်၏။
ငါ့သျှင်တို့ ငါသည် သာသနာတော်၌ ပျင်းရိ ဆန့်ကျင်လှပေ၏ ဟု ဆိုသော် အဘယ့်ကြောင့် ပျင်းရိ ဆန့်ကျင်ရပါသနည်းဟု မေးကြပြန်သောအခါ ထိုရဟန်း သည် ထိုအကြောင်းအရာကို ပြန်ကြားလေ၏၊ သာမဏေငယ်တို့သည်လည်း ထိုရဟန်း၏ ဆရာဥပဇ္ဈာယ်တို့အား ပြောကြား လျှောက်ထားကြလျှင် ထိုဆရာ ဥပဇ္ဈာယ်တို့သည် ဘုရားရှင်အထံသို့ သူဌေးသား ရဟန်းကို ခေါ်ဆောင်သွားကြ လေကုန်၏၊
ဘုရားရှင်သည်လည်း ချစ်သား ရဟန်းတို့ အဘယ်အကြောင်းကြောင့် လာရောက်ကြ သနည်းဟု မိန့်တော်မူသဖြင့် မြတ်စွာဘုရား ဤရဟန်းသည် ရှင်တော်မြတ်ဘုရား တို့၏ သာသနာတော်၌ ပျင်းရိ ဆန့်ကျင်လျက် နေခြင်းကြောင့် လာရောက်ကြ ရပါသည် ဘုရားဟု လျှောက်ထားအပ်ရကား ချစ်သား ရဟန်း ဤအတိုင်း ဟုတ်မှန်သလောဟု မေးစစ်တော်မူလေ၏၊
ဘုန်းတော် အလွန်ကြီးတော်မူသော မြတ်စွာဘုရား ဟုတ်မှန်ပါသည် ဘုရားဟု ဝန်ခံသောအခါ အဘယ့်ကြောင့် ပျင်းရိ ဆန့်ကျင်ရသနည်း ဟု မေးစစ်တော် မူပြန်သဖြင့် မြတ်စွာဘုရား ဘုရား တပည့်တော်သည် ဆင်းရဲမှ လွတ်လို၍သာလျှင် ရဟန်းပြုပါသည်၊
ဘုရားတပည့်တော်အား ကမ္မဝါစာဆရာ, နိသျည်းဆရာသည် အဘိဓမ္မာတရား ဟောကြားပါသည်၊ ဥပဇ္ဈာယ်ဆရာသည် ဝိနည်းတရား ဟောကြားပါသည်၊ ဘုရား တပည့်တော်သည် ဤသာသနာတော်၌ ငါ့အား လက်ဆန့်စရာ အရပ်မျှပင် မရှိ၊ လူထွက်ပါတော့မည်ဟု သန္နိဋ္ဌာန် ချပြီးပါပြီ မြတ်စွာဘုရားဟု လျှောက်ထားလေ၏။
ချစ်သား ရဟန်း သင်သည် တခုတည်းသော တရားကိုသာ အကယ်၍ စောင့်နိုင်သည် ဖြစ်အံ့၊ ကြွင်းကျန်သောတရားကို စောင့်ဖွယ်ကိစ္စမရှိဟု မိန့်တော် မူလိုက်သောအခါ မြတ်စွာဘုရား ဤတရားကား အဘယ်တရားပါနည်း ဘုရား ဟု လျှောက်ထားလေ၏၊ သင်ချစ်သား၏ စိတ်တခုကိုသာ စောင့်ရှောက်ခြင်းငှါ စွမ်းနိုင် အံ့လောဟု မေးမြန်းတော်မူသဖြင့် စွမ်းနိုင်ပါသည် မြတ်စွာဘုရားဟု ဝန်ခံရကား ထိုသို့ဖြစ်မူ မိမိ၏ စိတ်တခုကိုသာလျှင် ဆင်းရဲမှ လွတ်ခြင်းငှါ စောင့်ရှောက်လေ လော့ဟု မြတ်စွာဘုရားသည် အဆုံးအမကို ပေး၍ ဤဂါထာကို ဟောတော်မူလေ၏။
ဒေသနာတော်
၃၆။ သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတိနံ။
စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ။
ဘိက္ခု၊ ရဟန်း။ သုဒုဒ္ဒသံ၊ အလွန်မြင်နိုင်ခဲထသော။ သုနိပုဏံ၊ အလွန် သိမ်မွေ့စွာထသော။ ယတ္ထကာမနိပါတိနံ၊ အကြင်အမှတ်မရှိ အလိုရှိရာအာရုံ၌ ကျလေ့ရှိထသော။ စိတ္တံ၊ စိတ်ကို။ မေဓာဝီ၊ ပညာရှိသည်။ ရက္ခေထ၊ စောင့်ရှောက်ရာ၏။ ဂုတ္တံ၊ လုံခြုံစွာ စောင့်ရှောက်အပ်သော။ စိတ္တံ၊ စိတ်သည်။ သုခါဝဟံ၊ လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ဆောင်နိုင်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထိုသူဌေးသား ရဟန်းသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏၊ သူဌေးသား ရဟန်းမှတပါး များစွာသော လူတို့သည်လည်း သောတာပန် စသည်တို့ ဖြစ်ကြကုန်၏၊ လူများအပေါင်းအား အကျိုးရှိသော တရား ဒေသနာ ဖြစ်တော်မူလေ၏။
မထင်ရှားသော ငြီးငွေ့သောရဟန်းဝတ္ထု ပြီး၏။
၄ - သံဃရက္ခိတမထေရ်၏တူ မထေရ်ငယ်ဝတ္ထု
ဒူရင်္ဂမံ ဧကစရံ အစရှိသော ဤတရား ဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် သံဃရက္ခိတ အမည်ရှိသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။
သံဃရက္ခိတ ရဟန်းငယ်သည်
ဦးရီးဥပဇ္ဈာယ် မထေရ်ကြီးအား သင်္ကန်းလှူခြင်း
သာဝတ္ထိပြည်၌ အမျိုးသားတယောက်သည် မြတ်စွာဘုရား၏ တရားဒေသနာတော် ကို ကြားနာရ၍ လူ့ဘောင်မှ ထွက်ပြီးလျှင် ရဟန်းပြုလေသတတ်၊ ပဉ္စင်းအဖြစ်ကို ရပြီးသည်ရှိသော် သံဃရက္ခိတမထေရ် ဟူသော အမည်ရှိသည်ဖြစ်၍ နှစ်ရက် သုံးရက်ဖြင့်သာ ရဟန္တာအဖြစ်သို့ ရောက်လေ၏။
ထိုမထေရ်မြတ်၏ နှမငယ်သည်လည်း သားယောက်ျားကို ရသည်ဖြစ်၍ မထေရ်မြတ်၏ အမည်ကိုသာလျှင် မှည့်လေ၏၊ ထိုသူငယ်သည် တူဖြစ်သောကြောင့် ဘာဂိနေယျ သံဃရက္ခိတဟူသော အမည်ရှိသည်ဖြစ်၍ အရွယ်သို့ရောက်လတ်သော် မထေရ်မြတ်၏ အထံ၌သာလျှင် ရှင်ပြုပြီး ရဟန်းအဖြစ် ရသည်ဖြစ်၍ မထင်ရှားသော ရွာငယ် အာရာမ်ကျောင်း၌ ဝါကပ်လေ၏။
ထိုသို့ ဝါကပ်ရာတွင် ခုနစ်တောင်ရှိသော သင်္ကန်းလျာ ပုဆိုးတထည်၊ ရှစ်တောင် ရှိသော သင်္ကန်းလျာ ပုဆိုးတထည် ပေါင်း နှစ်ထည်သော ဝါဆိုဝတ် သင်္ကန်းလျာ ပုဆိုးတို့ကိုရ၍ ရှစ်တောင်ရှိသော ပုဆိုးကို ငါ၏ဥပဇ္ဈာယ် အလို့ငှါ ဖြစ်လတ္တံ့ဟု မှတ်သား၍ ခုနစ်တောင်ရှိသော ပုဆိုးကို ငါ့အလို့ငှါ ဖြစ်လတ္တံ့ ဟုကြံ၍ ဝါကျွတ်သဖြင့် ဥပဇ္ဈာယ်ဆရာကို ဖူးမြင်အံ့ဟု လာစဉ် လမ်းခရီးအကြား၌ ဆွမ်းအလို့ငှါ လှည့်လည်ကာ လာ၍ မထေရ်ကြီးသည် ကျောင်းသို့ မရောက်သေးမီပင်လျှင် ကျောင်းသို့ဝင်၍ မထေရ်ကြီး၏ နေ့သန့်ရာအရပ်ကို တံမြက်လှည်းလျက် ခြေဆေး ရေကို တည်ထား၍ နေရာကို ခင်းပြီးမှ ကြွလာအံ့သော လမ်းခရီးကို ကြည့်မြှော်ကာ နေလေ၏။
ထိုအခါ ဥပဇ္ဈာယ်မထေရ်ကြီး၏ ကြွလာသည့်အဖြစ်ကို သိ၍ ခရီးဦးကြိုဆိုလျက် သပိတ်သင်္ကန်းကို လှမ်းယူပြီးလျှင် အရှင်ဘုရား ထိုင်နေ သီတင်းသုံးတော်မူပါ ဘုရားဟု မထေရ်ကြီးကို ထိုင်နေစေပြီးသော် ထန်းရွက်ယပ်ကိုယူ၍ ယပ်လေ ခတ်ပြီးလျှင် သောက်ရေကပ်ခြင်း ခြေဆေးခြင်းတို့ကိုပြု၍ ထိုရှစ်တောင် ရှိသော ပုဆိုးကိုဆောင်ယူကာ ခြေရင်း၌ထား၍ အရှင်ဘုရား ဤသင်္ကန်းကို သုံးဆောင် တော်မူပါဘုရား ဟုလျှောက်ထား၍ ယပ်ခတ်ကာ နေလေ၏။
ထိုအခါ ထိုရဟန်းငယ်ကို ငါ့သျှင် သံဃရက္ခိတ ငါ့အား သင်္ကန်းပြည့်စုံပြီ၊ သင်သည် သာလျှင် သုံးဆောင် လော့ဟု ပြောဆိုလေ၏၊ အရှင်ဘုရား တပည့်တော်သည် ရသော အခါမှစ၍ ဤသင်္ကန်းလျာပုဆိုးကို အရှင်ဘုရားတို့၏ အလို့ငှါဟူ၍သာ မှတ်သား ထားပါသည်၊ သုံးဆောင်ခြင်းကို ပြုတော်မူပါဘုရားဟု လျှောက်ထား ပြန်လေ၏။
ထိုသို့ လျှောက်ထားပြန်သော်လည်း ငါ့သျှင် သံဃရက္ခိတ ငါ့အား သင်္ကန်း ပြည့်စုံပြီ၊ သင်သည်သာလျှင် သုံးဆောင်လော့ဟု ပြောဆိုပြန်လေ၏၊ အရှင်ဘုရား ဤသို့ မပြုပါလင့်၊ အရှင်ဘုရားတို့ သုံးဆောင် သည်ရှိသော် တပည့်တော်အား များသော အကျိုးရှိသည် ဖြစ်ပါလိမ့်မည် ဘုရားဟု လျှောက်ထားပြန်လေ၏။
ထိုအခါ တူရဟန်းသည် အဖန်တလဲလဲ လျှောက်သော်လည်း မထေရ်သည် အလိုမရှိသည်သာလျှင်တည်း။
လူထွက်ရန် ကြံစည်ရာမှ ဥပဇ္ဈာယ်၏
ဦးခေါင်းတော်ကို ယပ်ဝန်းဖြင့် ရိုက်မိခြင်း
ဤသို့လျှင် ထိုသံဃရက္ခိတ ရဟန်းငယ်သည် ယပ်ခတ်ကာနေလျက်သာလျှင် ဤသို့ ကြံစည်လေ၏၊ ငါကား မထေရ်မြတ်၏ လူဖြစ်စဉ်အခါ၌ တူဖြစ်၏၊ ရဟန်းဖြစ်သော အခါ၌လည်း အတူနေ သဒ္ဓိဝိဟာရိက တပည့်ဖြစ်၏၊ ဤသို့ ဖြစ်ပါလျက်လည်း ငါနှင့်အတူတကွ ဥပဇ္ဈာယ်ဆရာသည် သုံးဆောင်ခြင်းကို ပြုခြင်းငှါ အလိုမရှိ၊ ဤမထေရ်မြတ်သည် ငါနှင့်အတူတကွ သုံးဆောင်ခြင်း မပြုသည်ရှိသော် ငါ့အား ရဟန်းအဖြစ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လူထွက်တော့အံ့ဟု ကြံစည်လေ၏။
ထို့နောက်မှ ထိုရဟန်းငယ်အား ဤသို့ အကြံ ဖြစ်ပြန်လေ၏၊ အိမ်ရာတည်ထောင် လူ့ဘောင်မည်သည် တည်တံ့ခြင်းငှါ လူ ခဲယဉ်းစွာ၏၊ လူဖြစ်လတ်သည်ရှိသော် အဘယ်အမှုပြု၍ အသက်မွေးရပါအံ့ နည်းဟု ကြံပြန်သော် ရှစ်တောင်သော ပုဆိုးကို ရောင်း၍ ဆိတ်မတကောင်ကို ဝယ်ပေအံ့၊ ဆိတ်မ မည်သည်ကား လျင်စွာ မွေးလွယ်၏။
ထိုငါသည် မွေးတိုင်း မွေးတိုင်းသော ဆိတ်ကို ရောင်းချ၍ အရင်းငွေ့ပြုအံ့၊ အရင်းငွေ ပြပြီးလျှင် မယားတယောက်ကို ဆောင်ယူပေအံ့၊ ထိုမယားသည်လည်း သားငယ် တယောက်ကို ဖွားမြင်လတ္တံ့၊ ထိုအခါ သားငယ်အား ငါ့ဦးရီး မထေရ်၏ သံဃရက္ခိတ ဟူသော အမည်ကိုပင် မှည့်၍ လှည်းယာဉ်ငယ် တခု၌ ထိုင်စေလျက် ငါ၏သား ကို၎င်း၊ မယားကို၎င်း ယူဆောင်ပြီး ဦးရီးမထေရ်မြတ်ကို ဖူးမျှော်ရန် လာပေအံ့။
လာစဉ် လမ်းခရီးအကြား၌ ငါ့မယားကို ဤသို့ ဆိုပေအံ့၊ ငါ့သား ငါ့ကို ပေးလော့၊ ငါချီဦးမည်ဟု ဆိုလိုက်လျှင် ထိုမိန်းမက အရှင့်အား သားကို ချီသဖြင့် အဘယ် အကျိုး ရှိမည်နည်း၊ လာ၍ ဤ လှည်းယာဉ်ငယ်ကိုသာ မောင်းနှင်ပါဟု ဆို၍ သားငယ်ကို ချီကာ ယူဆောင်ပါမည်ဟု ယူဆောင်ရာ ကောင်းကောင်း မထားနိုင် သဖြင့် လှည်းဘီးလမ်း၌ (လွှတ်) ချလိုက်မိပေလတ္တံ့။
ထိုအခါ သားငယ်၏ကိုယ်ပေါ်ကို လှည်းဘီးတက်၍ ကြိတ်သွားလတ္တံ့၊ ထိုအခါ မိန်းမကို နင်သည် ငါ့သားငယ်ကို ငါ့ကိုလည်းမပေး၊ ကောင်းကောင်း ချီထားခြင်း ငှါလည်း မတတ်နိုင်၊ နင်သည် ငါ့ကို နှိပ်စက် ဖျက်ဆီးဘိ၏တကား ဟု ဆို၍ ကြိမ်တံပြာ လှံတံဖြင့် မိန်းမ၏ ကျောက်ကုန်း၌ ရိုက်နှက်ပေအံ့ဟု စိတ်ကူးအကြံ ဖြစ်ပေါ်ပြန်လေ၏။
ထိုရဟန်းငယ်သည် ဤသို့ ကြံစည်လျက်သာနေ၍ ယပ်ခတ်နေစဉ် ဖြစ်ရကား မထေရ်မြတ်၏ ဦးခေါင်းတော်ကို ထန်းရွက်ယပ်ဖြင့် အကြိမ်ကြိမ် ပုတ်ခတ်မိလေ၏။
မထေရ်ကြီး သိသွားသဖြင့် ရှက်၍
ထွက်ပြေးရာမှ ဘုရားရှင် ဆုံးမတော်မူခြင်း
မထေရ်မြတ်သည် ဤသံဃရက္ခိတကား ငါ၏ ဦးခေါင်းကို ပုတ်ခတ်၏၊ အကြောင်း အဘယ်သို့ ရှိသနည်းဟု စူးစမ်းသည်ရှိသော် ရဟန်းငယ် ကြံတိုင်း ကြံတိုင်း အလုံးစုံကို သိ၍ ငါ့သျှင် သံဃရက္ခိတ သင်၏ မယား မာတုဂါမကို ရိုက်နှက် ပုတ်ခတ်ခြင်းငှါ မစွမ်းနိုင်ဘဲ ဤအရာ၌ အိုမင်း ကြီးရင့်လေပြီးသော ငါ့အား အဘယ်အပြစ်ရှိပါသနည်းဟု မေးလေ၏။
တူ - ရဟန်းငယ်သည်လည်း အံ့ဖွယ်ရှိစွ၊ ငါသည် ပျက်စီးခြင်းသို့ ရောက်ချေပြီ၊ ငါ၏ ဥပဇ္ဈာယ်ဆရာကား ငါကြံသမျှကို သိခဲ့ပြီ၊ ငါ့အား ရဟန်းအဖြစ်ဖြင့် အကျိုးမရှိပြီ ဟုထန်းရွက်ယပ်ကို စွန့်ပစ်၍ ပြေးအံ့သောငှါ အားထုတ်လေ၏။
ထိုအခါ သံဃရက္ခိတ ရဟန်းငယ်ကို ပဉ္စင်းငယ် သာမဏေငယ်တို့သည် အစဉ်လိုက်၍ ခေါ်ဆောင်ပြီးလျှင် ဘုရားရှင် အထံတော်သို့ သွားကြကုန်၏၊ ဘုရားရှင်သည်လည်း ထိုရဟန်းတို့ကို မြင်တော်မူ၍ ရဟန်းတို့ အဘယ့်ကြောင့် လာရောက်ကြသနည်း၊ ရဟန်းတပါးကို အသင်တို့ ရလာသလောဟု မေးတော်မူလတ်သော် မှန်လှပါ မြတ်စွာဘုရားဟု လျှောက်၍ သာသနာတော်၌ ပျင်းရိငြီးငွေ့သဖြင့် ထွက်ပြေးသော ဤရဟန်းငယ်ကို ဖမ်း၍ မြတ်စွာဘုရားထံသို့ ရောက်လာရကြောင်းနှင့် လျှောက်ထားကြလေကုန်၏။
ထိုအခါ ဘုရားရှင်သည် ချစ်သားရဟန်း ဤသာသနာတော်၌ ပျင်းရိငြီးငွေ့သော ဟူသည် မှန်သလောဟု မေးတော်မူသည်ရှိသော် ဘုန်းတော်ကြီးတော် မူသော မြတ်စွာဘုရား မှန်လှပါသည် ဘုရားဟု လျှောက်ထားသဖြင့် ချစ်သား ရဟန်း အဘယ်အကျိုးငှါ ဤသို့ ဝန်လေးသော အမှုကို သင်ပြုလေဘိသနည်း၊ သင်သည် အားထုတ်အပ်သော လုံ့လရှိသော တဆူသော ငါဘုရား၏သားတော် မဟုတ် သလော။
ငါကဲ့သို့သော ဘုရားရှင်၏ သာသနာတော်၌ ရဟန်းပြုသည် ဖြစ်ပါလျက် မိမိကိုယ်ကို သောတာပန်ဟူ၍၎င်း၊ သကဒါဂါမ်ဟူ၍၎င်း၊ အနာဂါမ်ဟူ၍၎င်း၊ ရဟန္တာဟူ၍၎င်း ဆိုစေခြင်းငှါ မစွမ်းနိုင်လေဘဲ အဘယ့်ကြောင့် ဤသို့ ဝန်လေးစွာသော အမှုကို ပြုလေဘိသနည်းဟု တဖန်မေးတော်မူပြန်၏။
ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား ပျင်းရိငြီးငွေ့လှပါသည်ဘုရား ဟု လျှောက်သော် အဘယ့်ကြောင့် ပျင်းရိခြင်းဖြစ်သနည်းဟု မေးတော်မူပြန်သဖြင့် ထိုရဟန်းငယ်သည် ဝါဆိုသင်္ကန်းတို့ကို ရသောအခါမှစ၍ ထန်းရွက်ယပ်ဖြင့် ဆရာ ဥပဇ္ဈာယ် မထေရ်အား ပုတ်ခတ်မိသည် တိုင်အောင် အလုံးစုံသော ထိုအကြောင်းကို လျှောက်ကြား၍ ဤသို့သော အကြောင်းကြောင့် ထွက်ပြေးခြင်းဖြစ်ပါသည် ဘုရားဟု လျှောက်ကြားလေ၏။
ထိုအခါ ပဉ္စင်းငယ်ကို ဘုရားရှင်သည် ချစ်သား ရဟန်း လာခဲ့လော၊ အထူးထူး အထွေထွေ မကြံလေလင့်၊ ဤစိတ်မည်သည်ကား ဝေးသောအရပ်၌ ထင်ရှားရှိသော အာရုံကိုလည်း လက်ခံတတ်သော သဘော ရှိ၏၊ ရာဂ, ဒေါသ, မောဟ ဟူသော အနှောင်အဖွဲ့မှ လွတ်စိမ့်သောငှါ လုံ့လ ပြုသင့်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။
ဒေသနာတော်
၃၇။ ဒူရင်္ဂမံ ဧကစရံ၊ အသရီရံ ဂုဟာသယံ။
ယေ စိတ္တံ သံယမေဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ။
ဒူရင်္ဂမံ၊ ဝေးသော အရပ်၌တည်သော အာရုံသို့လည်း သွားရောက်တတ်သော။
ဧကစရံ၊ တခုချုပ်ပြီးမှ တခုဖြစ်တတ်သော။
အသရီရံ၊ ကိုယ်သဏ္ဌာန် မရှိထသော။
ဂုဟာသယံ၊ ဟဒယဝတ္ထုဟု ဆိုအပ်သော လိုဏ်ဥမင်ကိုမှီ၍ ဖြစ်တတ်သော။
စိတ္တံ၊ စိတ်ကို။
ယေ၊ အကြင် ယောက်ျား မိန်းမ လူရှင် ရဟန်းတို့သည်။
သံယမေဿန္တိ၊ လုံခြုံစွာ စောင့်စည်းနိုင်ကြကုန်လတ္တံ့ ။
တေ၊ ထိုယောက်ျားမိန်းမ လူရှင် ရဟန်းတို့သည်။
မာရဗန္ဓနာ၊ ကိလေသာမာရ် အနှောင် အဖွဲ့ဟူသော တေဘူမက ဝဋ်ဒုက္ခမှ။
မောက္ခန္တိ၊ လွတ်မြောက်ကြကုန်လတ္တံ့။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ တူဖြစ်သော သံဃရက္ခိတမထေရ်သည် သောတာပတ္တိ ဖိုလ်သို့ ရောက်လေ၏၊ ထိုမှတပါး များစွာသော သူတို့သည်လည်း သောတာပန် စသည်တို့ ဖြစ်ကြကုန်၏၊ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။
သံဃရက္ခိတမထေရ်၏တူ မထေရ်ငယ်ဝတ္ထု ပြီး၏။
၅ - စိတ္တဟဋ္ဌမထေရ်ဝတ္ထု
အနဝဋ္ဌိတစိတ္တဿ အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် စိတ္တဟဋ္ဌမထေရ်ကို အကြောင်းပြု၍ ဟောတော် မူလေ၏။
ခြောက်ကြိမ်တိုင်အောင် ရဟန်းပြုလိုက်
လူထွက်လိုက် ပြုသောသူ အကြောင်း
သာဝတ္ထိပြည်၌ နေလေ့ရှိသော တယောက်သော အမျိုးသားသည် ပျောက်သော နွားကိုရှာမှီးရန် တောအုပ်သို့ဝင်၍ မွန်းတည့်သောအခါ၌ နွားကိုတွေ့မြင် ရသဖြင့် နွားအုပ်ထဲ၌ လွှတ်ခဲ့၍ အရှင်ကောင်းတို့၏ အထံ၌ အနည်းငယ်မျှ အာဟာရကို မချွတ်ရလိမ့်မည်ဟု ငတ်မွတ်ခြင်း နှိပ်စက်သည်ဖြစ်၍ ကျောင်းသို့ ဝင်လာပြီးလျှင် ရဟန်းတို့အထံသို့သွား၍ ရှိခိုးပြီးမှ သင့်တင့်လျောက်ပတ်သော အရပ်၌ နေလေ၏။
ထိုအခါ ရဟန်းတို့၏ ဆွမ်းတောင်း၌ စားပြီးသည်မှ ကြွင်းကျန်သော ထမင်းသည် ရှိသတတ်၊ ရဟန်း တို့သည်လည်း ငတ်မွတ်ခြင်းဖြင့် နှိပ်စက်ခြင်း ရှိသော ထို အမျိုးသားကိုမြင်လျှင် ဤဆွမ်းတောင်းမှ ထမင်းကိုယူ၍ စားလော့ဟု ဆိုကြကုန်၏။
ဘုရားလက်ထက်တော် အခါကား များစွာသော ဟင်းလျာနှင့် ဆွမ်းသည် ပြည့်ပြည့်စုံစုံ ဖြစ်သတတ်။
ထိုအမျိုးသား ယောက်ျားသည် ထိုဆွမ်းတောင်းမှ စားလောက်ရုံမျှသော ထမင်းကို ယူကာစားပြီး ရေသောက် လက်ဆေးပြီးလျှင် ရဟန်းတို့ကို ရှိခိုးလျက် အရှင်ဘုရားတို့ ယနေ့ ပင့်ဖိတ်ရာ အရပ်သို့ ကြွကြရကုန် သလောဟု မေးလျှောက်သော် ဒါယကာ ပင့်ဖိတ်ရာ အရပ်ကား မရှိ၊ ဤသို့ မရှိသော်လည်း အမြဲမပြတ် ရဟန်းတို့သည် ဤနည်းအတိုင်း ရကြကုန်၏ဟု ရဟန်းတို့ ဆိုကြကုန်၏။
အမျိုးသား ယောက်ျားသည် ကြံစည်သည်မှာ ငါတို့သည် ထထကြွကြွ လွန်စွာ လုံ့လပြုခြင်းဖြင့် ညဉ့်နေ့ ပတ်လုံး မပြတ် အလုပ်ကို ကြိုးစား၍ လုပ်ဆောင်ပါ သော်လည်း ဤအရှင်ကောင်းတို့၏ ဆွမ်းနှင့်အတူ ကောင်းသော ဟင်းလျာရှိသော ထမင်းကို မရကြကုန်၊ ဤရဟန်းတို့ကား စင်စစ်အားဖြင့် မပြတ် ဘုဉ်းပေး ကြရကုန်၏။
ငါ့အား လူ၏အဖြစ်ဖြင့် အဘယ် အကျိုးရှိအံ့နည်း၊ ရဟန်းပြုအံ့ ဟု ကြံစည်၍ ရဟန်းတို့ အထံသို့ ချဉ်းကပ်ကာ ရဟန်းအဖြစ်ကို တောင်းပန်လေ၏၊ ထိုအခါ ထို အမျိုးသားကို ရဟန်းတို့သည် ဒါယကာ ကောင်းပြီဟု ဆို၍ ရဟန်းခံပေးကြကုန်၏၊ ထိုအမျိုးသားသည် ရဟန်းဖြစ်ပြီးသည်ရှိသော် အလုံးစုံသော ဝတ်ကြီး ဝတ်ငယ်ကို ပြုစုဖော် ရလေ၏၊ ထိုရဟန်းသည် ဘုရားရှင်တို့အားဖြစ်သော လာဘ်ပူဇော် သက္ကာရကို စားရသဖြင့် နှစ်ရက် သုံးရက် လွန်လတ်သော် ဆူဖြိုးသော ကိုယ် ရှိလေ၏။
ထို့နောက် ကြံပုံကား ငါ့အား ဆွမ်းအတွက် အရပ်ထဲ၌ လှည့်လည်ကာ အသက် မွေးရခြင်းဖြင့် အဘယ် အကျိုးရှိအံ့နည်း၊ လူထွက်အံ့ဟု ကြံပြီးလျှင် လူထွက်သွား၍ အိမ်(အလုပ်) သို့ ဝင်လေ၏ အိမ်၌ အမှုကြီးငယ်တို့ကို ပြုစုလုပ်ကိုင်ရသော ထိုယောကျ်ားအား နှစ်ရက် သုံးရက် ကြာလျှင်ပင် ဝဖြိုးသော ကိုယ်သည် ညှိုးနွမ်း ပိန်ချုံးပြန်လေ၏။
ထို့နောက်မှ ငါ့အား ဤဆင်းရဲခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း ရဟန်းပြုအံ့ဟု ကြံပြန်၍ တဖန် သွား၍ ရဟန်းပြုပြန်လေ၏၊ ထိုရဟန်းသည် နှစ်ရက် သုံးရက် လွန်ပြန်လျှင် တဖန် ငြီးငွေ့၍ လူထွက်ပြန်လေ၏၊ ရဟန်းပြုသော အခါ၌ကား ရဟန်း တို့အား ကျေးဇူးများသောသူ တယောက်ဖြစ်ပေ၏။
ထိုရဟန်း လူထွက်သည် နှစ်ရက် သုံးရက်ဖြင့်သာလျှင် တဖန်ငြီးငွေ့၍ ငါ့အား လူ၏ အဖြစ်ဖြင့် အဘယ်အကျိုး မှီအံ့နည်း၊ ရဟန်းပြုအံ့ဟု သွား၍ ရဟန်းတို့အား ရှိခိုးပြီးလျှင် ရဟန်းအဖြစ်ကို တောင်းပြန်လေ၏၊ ထိုအခါ ထိုလူထွက်ကို ရဟန်း တို့သည် ကျေးဇူးဥပကာရ၏ အစွမ်းဖြင့် တဖန်ရဟန်း ပြုပေးကြပြန်လေ၏။
ဤသို့သောနည်းဖြင့် ထိုယောက်ျားသည် ခြောက်ကြိမ် ခြောက်ခါ ရဟန်းပြုပြီး လူထွက်ခဲ့လေ၏၊ ထိုသူအား ရဟန်းတို့သည် ဤသူကား စိတ်သွားရာ အာရုံသို့ လိုက်တတ်သော၊ ဝါ စိတ်အလိုသို့ လိုက်တတ်သောသူ ဖြစ်၍ သွားလာ လှည့်ပတ် တတ်သောကြောင့် စိတ္တဟဋ္ဌမထေရ်ဟု အမည်ကို မှည့်ခေါ်ကြလေကုန်၏။
မယား အအိပ်ဆိုးလှသဖြင့်
သောတာပန်တည်သော ယောက်ျားအကြောင်း
ထိုအမျိုးသားသည် ရဟန်းဘဝ လူ့ဘဝသို့ ခဏ ခဏ တုံ့ခေါက်မကြာ လူးလာစဉ်ပင် မယားကိုယ်ဝန် ရှိခဲ့လေ၏၊ ထိုအမျိုးသားသည် ခုနစ်ကြိမ်မြောက် ရဟန်းပြုလတ္တံ့ သောအကြိမ်၌ တောမှ ထွန်တုံးစသော ဘဏ္ဍာကိုယူ၍ အိမ်သို့ ပြန်သွားပြီးလျှင် ထွန်တုံးစသော ဘဏ္ဍာကိုထား၍ မိမိသင်္ကန်းကို ယူမည်ဟု အိမ်ခန်းထဲသို့ ဝင်သွားလေ၏။
ထိုခဏ၌ ထိုအမျိုးသား၏ မယားသည် လျောင်းလျက် အိပ်ပျော်နေ၏၊ ထိုမိန်းမအား ဝတ်သောအဝတ် ကင်းကျွတ်လျက် ရှိ၏၊ ခံတွင်းမှလည်း အရိအရွဲ ယိုစီး၏၊ နှာခေါင်းမှ ဃုရ ဃူရ အသံမြည်၏ (တရှုတ်ရှုတ် မြည်၏) ခံတွင်းသည် ဟင်းလင်း ပွင့်လျက် နေ၏၊ ထိုအခါ အမျိုး ကောင်းသားသည် ထိုမိန်းမအား ဖူးဖူးယောင်သော အကောင်ပုပ်၏ ကိုယ်ကဲ့သို့ ရွံရွာ စက်ဆုပ်ဖွယ်ဟု ထင်လေ၏။
အမျိုးကောင်းသားသည် ဤခန္ဓာကိုယ်သည် အမြဲမရှိ ဆင်းရဲခြင်းသဘောရှိ၏ဟု အမှတ်သညာကို ရ၍ ငါသည် ဤမျှလောက်သော ကာလပတ်လုံး ရဟန်းပြုပြီးလျှင် ဤမိန်းမကို အမှီပြု၍ ရဟန်းအဖြစ်၌ တည်တံ့ခြင်းငှါ မတတ်နိုင်ဟု ကြံ၍ သင်္ကန်းစွန်း၌ ကိုင်ကာ ရင်၌ဖွဲ့လျက် အိမ်မှ ထွက်ခွါသွားလေ၏။
ထိုအခါ အခြားမဲ့သော အိမ်၌နေသော ယောက္ခမသည် ထိုသို့သော အခြင်းအရာဖြင့် သွားသော ထိုသားမက်ကိုမြင်လျှင် ဤသားမက်ကား လူအဖြစ်၌ တဖန်ငြီးငွေ့ပြန်ပြီ ဖြစ်လတ္တံ့၊ ယခုပင် တောမှပြန်လာ၍ ဖန်ရည် စွန်းသော သင်္ကန်းကို ရင်၌ဖွဲ့ပြီးလျှင် အိမ်မှထွက်၍ ကျောင်းသို့သာ ရှေးရှုသွား၏၊ အကြောင်း အသို့နည်းဟု အိမ်သို့ပင်၍ ကြည့်သော် အိပ်ပျော်၍ နေသော သ္မီးကို မြင်ရလေ၏။
ထိုအခါ ယောက္ခမသည် ငါ့သားမက်ကား ငါ့သ္မီးအိပ်သည်ကိုမြင်ရာ နှလုံး မသက်သာ သည်ဖြစ်၍ သွားချေသည်ဟု သိရကား သ္မီးကိုပုတ်ခတ်၍ ဟဲ့သူယုတ်မ ထလော့၊ သင်၏လင်သည် အိပ်ပျော်သော နင့်ကိုမြင်ရာ နှလုံးမသက်သာသည် ဖြစ်၍ သွားလေပြီ၊ ထိုသူသည် ဤနေ့မှစ၍ သင်နှင့် ပေါင်းသင်း ဆက်ဆံခြင်း မရှိတော့ပြီဟု ပြစ်တင်စကား ပြောဆိုလေ၏။
ထိုသ္မီးကလည်း အမိ ဖဲသွားပါလော့ (အသာနေပါ) ဤယောက်ျားသွားခြင်းကား အတည်ဘယ်မှာ ရှိအံ့နည်း၊ နှစ်ရက် သုံးရက်ဖြင့်သာ တဖန် ပြန်လာလတ္တံ့ဟု ဆိုလေ၏၊ ထို အမျိုးသား သည်လည်း အနိစ္စ, ဒုက္ခ ဟု ရွတ်ဆိုကာ သွားစဉ်ပင်လျှင် သောတာပတ္တိဖိုလ် ရောက်လေ၏။
ထိုယောက်ျားသည် ကျောင်းသို့သွား၍ ရဟန်းတို့ကို ရှိခိုးပြီးလျှင် ရဟန်းအဖြစ်ကို ပေးသနားတော် မူပါမည့်အကြောင်းနှင့် လျှောက်တောင်းပြန်လေ၏၊ ထိုအခါ ရဟန်း တို့က ငါတို့သည် သင့်ကို ဟန်းပြုပေးခြင်းငှါ မတတ်နိုင်၊ သင်၏ ရဟန်းအဖြစ်သည် အဘယ်မှာနည်း၊ သင်၏ ဦးခေါင်းသည် ဓားသွေး ကျောက်နှင့်တူ၏၊ ထိုကြောင့် ရဟန်းပြုပေးခြင်းငှါ မတတ်နိုင်ဟု ဆိုလတ်သော် အရှင်ဘုရား ယခုတကြိမ်သာ တပည့်တော်ကို ရဟန်းပြုပေးတော်မူကြပါဘုရား ဟု လျှောက်ကြားလေ၏၊ ရဟန်းတို့လည်း ထို အမျိုးသား၏ ကျေးဇူးများသည် အဖြစ်ကြောင့် ရဟန်း ပြုပေးကြလေကုန်၏၊ ထိုအမျိုးသား ရဟန်းသည် နှစ်ရက် သုံးရက်ဖြင့်ပင်လျှင် ပဋိသမ္ဘိဒါလေးပါးနှင့် တကွ ရဟန္တာအဖြစ်သို့ရောက်လေ၏။
ထိုအခါ ရဟန်းတို့သည် ထိုအမျိုးသား ရဟန်းကို ငါ့သျှင် စိတ္တဟဋ္ဌ သင်၏ အိမ်သို့ ပြန်သွားမည့်အခါကို သင်သည်သာလျှင် သိရာ၏ဟု ဆို၍ ဤအကြိမ်၌ သင်ရဟန်း ပြုခြင်းကား ကြာမြင့်စွဟု ဆိုကြသော် အရှင်ဘုရားတို့ ပေါင်းသင်း ဆက်ဆံလိုသော စိတ် ရှိသောအခါ၌ သွားခဲ့ကြရပါပြီ။
ထိုပေါင်းသင်း ဆက်ဆံခြင်းသည် တပည့်တော်တို့အား ပြတ်ခဲ့ပြီ၊ ယခုအခါ မသွားသော သဘော ရှိသောသူတို့ ဖြစ်ကြရပါပြီဟု လျှောက်လေ၏၊ ရဟန်း တို့လည်း မြတ်စွာဘုရား အထံသို့ သွား၍ မြတ်စွာဘုရား ဤရဟန်းသည် တပည့်တော်တို့ ဤသို့ဆိုအပ်သည်ရှိသော် ဤမည်သော စကားကို ဆိုပါသည်၊ အရဟတ္တ ဖိုလ်ကို ဖြေကြားပါသည်၊ မဟုတ်မမှန်သည်ကို ပြောဆိုပါသည်ဘုရားဟု လျှောက်ကြား ကြသောအခါ ဘုရားရှင်သည်လည်း ချစ်သား ရဟန်းတို့ ထိုရဟန်း ဆိုတိုင်း မှန်၏။
ဤ ငါ့သားသည် မိမိ၏ တည်တံ့သော စိတ်မရှိသော အခါ၌၎င်း၊ သူတော်ကောင်း တရားကို မသိသေးသော အခါ၌၎င်း အိမ်နှင့် ကျောင်းသို့ လူးလာတုံ့နှင်း သွားလာ ခြင်းကိုပြု၏၊ ယခုအခါ၌ ထိုငါ့သားရဟန်းသည် ကောင်းမှု မကောင်းမှုကို ပယ်အပ်ပြီ ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောတော်မူလေ၏။
ဒေသနာတော်
၃၈။ အနဝဋ္ဌိတစိတ္တဿ၊ သဒ္ဓမ္မံ အဝိဇာနတော။
ပရိပ္လပသာဒဿ၊ ပညာ န ပရိပူရတိ။
၃၉။ အနဝဿုတစိတ္တဿ၊ အနနွာဟတစေတသော။
ပုညပါပပဟီနဿ၊ နတ္ထိ ဇာဂရတော ဘယံ။
အနဝတ္ထိတစိတ္တဿ၊ တည်တံ့သောစိတ် မရှိသော။
သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။
အဝိဇာနတော၊ မသိတတ်သော။
ပရိပ္လဝပသာဒဿ၊ နည်းပါးသောကြောင့် ပက်လက်ပေါလော မျောသော သဒ္ဓါ ယုံကြည်ခြင်းရှိသော။
ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်အား။
ပညာ၊ လောကီ လောကုတ္တရာပညာသည်။
န ပရိပူရတိ၊ မပြည့်စုံ။
အနဝဿုတစိတ္တဿ၊ ရာဂဖြင့် မစွတ်စိုသော စိတ်ရှိထသော။
အနနွာဟတစေတသော၊ ဒေါသဖြင့် မထိပါးသော စိတ်ရှိထသော။
ပုညပါပ ပဟီနဿ၊ ကောင်းမှု မကောင်းမှုကို ပယ်ပြီးထသော။
ဇာဂရတော၊ သဒ္ဓါစသော ငါးပါးသော နိုးကြားခြင်းဂုဏ်နှင့် ပြည့်စုံထသော။
ခီဏာသဝဿ၊ ရဟန္တာပုဂ္ဂိုလ်အား။
ဘယံ၊ ကိလေသာဟူသော ဘေးရန်သည်။
နတ္ထိ၊ မရှိ။
ဒေသနာတော်၏ အကျိုး
လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။
စိတ္တဟဋ္ဌမထေရ် အကြောင်းနှင့်
စပ်လျဉ်း၍ ကိလေသာ၏ အပြစ်ပြခြင်း
ထိုအခါ တနေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် ငါ့သျှင်တို့ ကိလေသာတို့ မည်သည်ကား ဝန်လေးလေစွ တကား၊ ဤသို့သဘောရှိသော အရဟတ္တဖိုလ်၏ အကြောင်း ဥပနိဿယနှင့် ပြည့်စုံသော အမျိုးကောင်း သားကို ကိလေသာတို့သည် လှုပ်ချောက်ချား အပ်သည်ဖြစ်၍ ခုနစ်ကြိမ် လူဖြစ်၍ ခုနစ်ကြိမ် ရဟန်းပြုရ၏ဟု စကားကို ဖြစ်စေကြကုန်၏။
ဘုရားရှင်သည် ထိုရဟန်းတို့ စကားပြောဆိုသည်ကို ကြားတော်မူ၍ ထိုခဏအား လျောက်ပတ်သော ကြွသွားတော်မူခြင်းဖြင့် တရားသဘင်သို့ ကြွသွားတော်မူပြီးလျှင် ဘုရားနေရာ၌ နေတော်မူလျက် ချစ်သား ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကာ နေကြသနည်းဟု မေးမြန်းတော်မူသဖြင့် ဤမည်သော စကားဖြင့် စည်းဝေး ကြပါကုန်၏ဟု လျှောက်ကြားအပ်သည် ရှိသော် ချစ်သားရဟန်းတို့ ကိလေသာတို့ မည်သည်ကား ဤသို့သာလျှင် ဝန်လေးကြကုန်၏။
ထိုကိလေသာတို့သည် အကယ်၍ ရုပ်အစိုင်အခဲဖြစ်၍ တစုံတခုသော နေရာ၌ စုပုံ ထားခြင်းငှါ တတ်ကောင်းသည် ဖြစ်ကုန်ငြားအံ့၊ စကြဝဠာသည် အလွန်ကျဉ်းသေး၏၊ ဗြဟ္မာ့ပြည်သည် အလွန်နိမ့်သေး၏၊ ထို့ကြောင့် ကိလေသာတို့၏ တည်ရှိရန် အရပ်ပင် မရှိရာ၊ ထိုကိလေသာတို့သည် ဤမျှလောက် ဝန်လေးကုန်၏။
ပညာနှင့် ပြည့်စုံ၍ ယောက်ျား အာဇာနည်ဖြစ်သော ငါကဲ့သို့သော သူကိုပင် ချောက်ချားစေကုန်၏၊ ကြွင်းသောသူတို့၌ ဆိုဖွယ်မရှိဟု မိန့်တော်မူပြီးလျှင် ငါကိုယ်တိုင်ပင် တကွမ်းစားဝက် (တစလယ်ဝက်) မျှသော ပြောင်းမျိုးနှင့် အသွား တုံးသော ပေါက်တူးကို အမှီပြု၍ ခြောက်ကြိမ်တိုင်အောင် ရသေ့ရဟန်းပြုပြီး လူထွက် ဖူးလေပြီဟု မိန့်တော်မူလေ၏။
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အဘယ်အခါကပါနည်း ဘုရား၊ ကောင်းသောစကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရား အဘယ်အခါကပါနည်း ဘုရားဟု လျှောက်ထားကြသဖြင့် နာလိုကြကုန်သလော ချစ်သားတို့ဟု မေးမြန်း တော်မူရာ နာလိုကြပါသည် ဘုရားဟု လျှောက်ကြားကြပြန်သဖြင့် ထိုသို့ဖြစ်မူ နာကြကုန်လော့ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူလေ၏။
ကုဒါလပဏ္ဍိတသည် ရသေ့ရဟန်းပြု၍
ခြောက်ကြိမ် လူထွက်ခြင်း အကြောင်း
ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်းသည် မင်းပြုသည် ရှိသော် ကုဒါလပဏ္ဍိတ အမည်ရှိသော သူသည် သာသနာတော်မှအပ ရသေ့ရဟန်း ပြု၍ ရှစ်လတို့ပတ်လုံး ဟိမဝန္တာ၌နေလျက် မိုဃ်းစွတ်သောအခါ မြေစိုလတ်သည် ရှိသော် ငါ့အိမ်၌ ကွမ်းစားဝက်မျှသော ပြောင်းမျိုးနှင့် အသွား တုံးသော ပေါက်တူး သည်ရှိ၏၊ ထိုပြောင်းမျိုးသည် မပျက်ပါစေလင့်ဟု လူထွက်၍ တခုသော အရပ်ကို ပေါက်တူးဖြင့် ပေါက်ဆွကာ ထွန်လျက် မျိုးစေ့ကိုပျိုး၍ စောင်းရန်းကာပြီး၍ မှည့်သောအခါ ရိတ်၍ တကွမ်းစား (တစလယ်) မျှလောက်သော မျိုးစေ့ကိုထား၍ အကြွင်းကိုစားသုံးလေ၏။
ထိုကုဒါလပဏ္ဍိတသည် ငါ့အား ယခုအခါ အိမ်၌ နေသဖြင့် အဘယ်အကျိုး ရှိအံ့နည်းဟု တဖန် ရှစ်လတို့ပတ်လုံး တောထွက်၍ ရဟန်းပြုအံ့ဟု ကြံပြီးလျှင် ထွက်၍ ရဟန်းပြုပြန်၏၊ ဤသို့သော နည်းဖြင့် သာလျှင် တကွမ်းစားမျှသော ပြောင်းမျိုးနှင့် ပေါက်တူး တုံးတို့ကိုမှီ၍ ခြောက်ကြိမ် လူဖြစ်၍ ခြောက်ကြိမ် ရဟန်းပြုပြီးလျှင် ခုနစ်ခုမြောက်သော အကြိမ်၌ ငါသည် ခြောက်ကြိမ်တိုင်အောင် ဤပေါက်တူးတုံးကို မှီ၍ လူဖြစ်ပြီး ရဟန်းပြုရ၏။
တခုခုသော နေရာ၌ ဤပေါက်တူးတုံးကို စွန့်ပစ်တော့အံ့ဟု ကြံစည်ပြီးလျှင် ဂင်္ဂါမြစ်ကမ်းနားသို့ သွား၍ ကျရာအရပ်ကို မြင်သည်ရှိသော် တဖန် ဆင်း၍ ယူရာ၏၊ အကြင်သို့သော အခြင်းအရာဖြင့် စွန့်ပစ်သည်ရှိသော် ကျရာ အရပ်ကို မမြင်၊ ထိုသို့သော အခြင်းအရာဖြင့် စွန့်ပစ်တော့အံ့ဟု ကြံ၍ တကွမ်းစားမျှသော ပြောင်းမျိုးကို ပုဆိုးပိုင်းဖြင့် ထုပ်ပြီးလျှင် ပုဆိုးပိုင်းကို ပေါက်တူးသွားနှင့် ဖွဲ့ချည်၍ ပေါက်တူးကို အရိုးဖျားက ကိုင်ဆွဲလျက် ဂင်္ဂါမြစ် ကမ်းနား၌ရပ်ပြီးမှ မျက်စိတို့ကို မှိတ်ကာ ဦးခေါင်းထက်၌ သုံးကြိမ်လှည့်ယမ်း ရစ်ပတ်လျက် ဂင်္ဂါမြစ်၌ပစ်ပြီး ပြန်လှည့်ကြည့် လိုက်သည်ရှိသော် ကျရာအရပ်ကို မမြင်သဖြင့် ငါသည် အောင်အပ် လေပြီ၊ ငါသည် အောင်အပ်လေပြီဟု သုံးကြိမ် အသံပြုလေ၏။
ခုနစ်ပြည်ထောင်မင်းတို့
အတုလိုက်၍ ရသေ့ရဟန်း ပြုကြခြင်း
ထိုခဏ၌ ဗာရာဏသီ ပြည့်ရှင်မင်းကြီးသည် ပစ္စန္တရစ်ကို ရန်ငြိမ်းစေ၍ ပြန်လာသည် ရှိသော် ဂင်္ဂါမြစ်ကမ်း နား၌ သစ်ခက်တည်းနန်းဖြင့် တည်းခိုနေ၍ ရေချိုးခြင်းငှါ မြစ်သို့ဆင်းသက်စဉ် ထိုအသံကို ကြားရလေ၏၊ မင်းတို့မည်သည်ကား ငါသည် အောင်အပ်လေပြီ ဟူသော အသံသည် မနှစ်သက်အပ်သော အသံဖြစ်၏။
ထိုမင်းသည် ကုဒါလပဏ္ဍိတ အထံသို့သွား၍ အကျွန်ုပ်သည် ယခုအခါ ရန်သူကို ဆုံးမ၍ ငါအောင်ပြီ ဟုလာခဲ့၏၊ ရှင်ရသေ့သည်ကား ငါအောင်ပြီ ငါအောင်ပြီဟု ဆိုဘိ၏၊ ဤအောင်ခြင်းကား အဘယ် အောင်ခြင်းနည်းဟု မေးလေ၏၊ ကုဒါလ ပဏ္ဍိတ ရသေ့သည်လည်း အရှင် မင်းကြီးကား အပဖြစ်သော ခိုးသူတို့ကို အောင်တော်မူ၏။
အရှင်မင်းကြီး အောင်အပ်သော ရန်သူသည် နောက်၌ တဖန် မအောင်အပ်သေး သည်သာလျှင် ဖြစ်တတ်၏၊ အကျွန်ုပ်ကား ကိုယ်တွင်း၌ဖြစ်သော လောဘဟူသော ခိုးသူကို အောင်အပ်၏၊ ထိုလောဘဟူသော ခိုးသူသည် တဖန် အကျွန်ုပ်ကို မအောင်နိုင်လတ္တံ့၊ ထို အတွင်းရန်သူကို အောင်ခြင်းသည် သာလျှင် ကောင်းသော အောင်ခြင်းမည်၏ဟု ဆို၍ ဤဂါထာကို ရွတ်ဆို ပြန်လေ၏။
န တံ ဇိတံ သာဓုဇိတံ၊ ယံ ဇိတံ အဝဇီယတိ။
တံ ခေါ ဇိတံ သာဓုဇိတံ၊ ယံ ဇိတံ နာဝဇီယတိ။
မဟာရာဇ၊ အိုမင်းမြတ်။
ယံ ဇိတံ၊ အကြင်အောင်ခြင်းသည်။
အဝဇီယတိ၊ ယုတ်သောအားဖြင့် အောင်၏။
ဝါ၊ အပရန်ကိုအောင်၏။
တံ ဇိတံ၊ ထိုအောင်ခြင်းသည်။
န သာဓုဇိတံ၊ ကောင်းသော အောင်ခြင်း မမည်။
ယံ ဇိတံ၊ အကြင် အောင်ခြင်းသည်။
နာဝဇီယတိ၊ မယုတ်သောအားဖြင့် အောင်၏။
ဝါ၊ အတွင်းရန်ကို အောင်၏။
ခေါ၊ စင်စစ်။
တံ ဇိတံ၊ ထိုအောင်ခြင်းသည်။
သာဓုဇီတံ၊ ကောင်းသော အောင်ခြင်းမည်၏။
ထိုခဏ၌ပင်လျှင် ဂင်္ဂါမြစ်(ရေ)ကိုကြည့်လျက် အာပေါကသိုဏ်းကို ဖြစ်စေပြီးလျှင် ရအပ်သောဈာန် အထူးရှိသည်ဖြစ်၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ နေခြင်းဖြင့် နေလေ၏၊ မင်းကြီးသည်လည်း ဘုရားလောင်း ယောက်ျားမြတ်၏ တရားစကားကို ကြားနာရသဖြင့် ရှိခိုးကာ ရဟန်းအဖြစ်ကို တောင်းပန်ပြီးလျှင် ဗိုလ်ပါအပေါင်းနှင့် တကွ ရဟန်းပြုလေ၏။
ထိုအခါ တယူဇနာမျှလောက်သော ပရိသတ်သည် ဖြစ်လေ၏၊ ဗာရာဏသီပြည်နှင့် နီးသောပြည်၌ စိုးစံသော ပြည်နီးချင်း မင်းတပါးသည် ထိုဗာရာဏသီမင်း ရဟန်း ပြုသော အဖြစ်ကိုကြားရ၍ ထိုမင်း၏ တိုင်းပြည်ကို ယူအံ့ဟု လာပြီးသော် ထိုသို့ သဘောရှိသော ပြည့်စုံကြွယ်ဝ ပြန့်ပြောလှသော ပြည်သည် အချည်းနှီး ဆိတ်ငြိမ်လျက် ရှိသည်ကို မြင်ရ၍ ဤသို့ သဘောရှိသော ပြည်ကြီးကိုပင် စွန့်၍ ရသေ့ရဟန်းပြုပေ၏။
ယုတ်ညံ့သော နေရာဌာန၌မူကား ရသေ့ရဟန်း မပြုပေလတ္တံ့၊ ငါသည်လည်း ရဟန်း ပြုခြင်းငှါ သင့်လျော် လျောက်ပတ်ပေ၏ဟု ကြံဆင်ခြင်ပြီးလျှင် ဘုရားလောင်း၏ သီတင်းသုံးရာ အရပ်သို့ သွားရောက်၍ ဘုရားလောင်း ယောက်ျားမြတ်ကို မတာင်းပန်ပြီးလျှင် ပရိသတ် အခြံအရံနှင့်တကွ ရဟန်းပြုလေ၏။
ဤသို့သော နည်းအားဖြင့်သာလျှင် မင်းခုနစ်ယောက်တို့သည် စည်းစိမ်ချမ်းသာတို့ကို စွန့်၍ ဤမျှ အတိုင်း အရှည်ရှိသော လူအပေါင်းကို ခေါ်ယူပြီးလျှင် ရဟန်းပြုကြလေ ကုန်၏၊ ဘုရားလောင်း ယောက်ျားမြတ် သည်လည်း မြတ်သောအကျင့် ကျင့်သုံး ကာနေ၍ ဗြဟ္မာ့ပြည်သို့ လားလေ၏။
ဘုရားရှင်သည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ချစ်သားရဟန်းတို့ ငါဘုရား သည် ထိုအခါ ကုဒါလပဏ္ဍိတ ဖြစ်ဖူးပြီ၊ ဤကိလေသာတို့ မည်သည်ကား ဤသို့သော အခြင်းအရာဖြင့် ဝန်လေးသော တရားတို့ ဖြစ်ကြကုန်၏ဟု ဟောတော်မူလေ၏။
စိတ္တဟဋ္ဌမထေရ်ဝတ္ထု ပြီး၏။
၆ - ရဟန်းငါးရာ ဝတ္ထု
ကုမ္ဘူပမံ အစရှိသော ဤတရား ဒေသနာတော်ကို သဗ္ဗညုဘုရားရှင်သည် သာဝတ္ထိပြည်၌ နေတော်မူစဉ် အားထုတ်အပ်သော ဝိပဿနာရှိသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ရဟန်းငါးရာတို့အား တောစောင့်နတ်တို့သည်
ကြောက်ဖွယ် ကောင်းသော အာရုံတို့ကို ပြခြင်း
သာဝတ္ထိပြည်၌ ငါးရာသော ရဟန်းတို့သည် မြတ်စွာဘုရား အထံတော်၌ အရဟတ္တဖိုလ် တိုင်အောင်သော ကမ္မဋ္ဌာန်းကိုယူ၍ ရဟန်းတရားကို အားထုတ် ကုန်အံ့ဟု ယူဇနာ တရာမျှလောက်သော အရပ်သို့ သွားကြရာ များစွာသော လူတို့၏ နေရာဖြစ်သော တခုသော ရွာကြီးသို့ ရောက်ကြကုန်သတတ်။
ထိုအခါ၌ ရဟန်းတို့ကို လူတို့မြင်လျှင် ခင်းထားအပ်သော နေရာ၌ သီတင်းသုံး နေစေ၍ မွန်မြတ်သော ယာဂုဆွမ်း စသည်တို့ဖြင့် လုပ်ကျွေးပြီးလျှင် အရှင်ဘုရားတို့ အဘယ်အရပ်သို့ ကြွကုန်အံ့နည်းဟု မေးလျှောက်သဖြင့် ချမ်းသာရာဖြစ်သော အရပ်ထိုထိုသို့ ကြွကုန်အံ့ဟု ဆိုသည်ရှိသော် အရှင်ဘုရားတို့ ဤဝါတွင်းသုံးလ ပတ်လုံး ဤရွာ၌ပင် နေကြပါကုန်လော။
တပည့်တော်တို့သည်လည်း အရှင်ဘုရားတို့ အထံ၌ သရဏဂုံ သုံးပါး၌ တည်လျက် ငါးလီသော သီလတို့ကို စောင့်ထိန်းရပါကုန်အံ့ဟု တောင်းပန်၍ ထိုအရှင်မြတ်တို့၏ သည်းခံခြင်းကို သိရလျှင် ရွာ၏ မနီးမဝေးသော အရပ်၌ရှိသော ဤတောအုပ်ကြီး တခု၌ အရှင်ဘုရားတို့ သီတင်းသုံး နေထိုင်တော်မူကြပါ ဘုရားဟု လျှောက်ကြားကာ လွှတ်လိုက်ကြလေကုန်၏၊ ရဟန်းတို့သည်လည်း ထို တောအုပ်သို့ ဝင်ကြလေကုန်၏။
ထိုတောအုပ်ကြီး၌ စောင့်ရှောက်အုပ်စိုး၍ နေကုန်သော နတ်တို့သည် သီလရှိသော အရှင်ကောင်း တို့သည် ဤတောအုပ်သို့ အစဉ်ကြွရောက်တော် မူကြကုန်ပြီ၊ အရှင်ကောင်းတို့သည် ဤအရပ်၌ နေကုန်သည်ရှိသော် သားမယား တို့ကို ခေါ်၍ သစ်ပင်သို့ တက်၍ နေခြင်းငှါ မသင့်လျော်ချေဟု ကြံပြီးလျှင် ထိုနတ်တို့သည် သစ်ပင်မှ ဆင်းသက်၍ မြေ၌နေလျက် အရှင်ကောင်းတို့သည် ဤအရပ်၌ ယနေ့ တညဉ့်မျှနေ၍ နက်ဖန် မချွတ် ကြွသွားကြကုန်လတ္တံ့ဟု ကြံကြပြန်ကုန်၏။
ရဟန်းတို့သည် တဖန် မိုးသောက်သောနေ့၌ ရွာတွင်းသို့ ဆွမ်းခံဝင်၍ တဖန် ထိုတောအုပ်သို့သာ ပြန်ကြွလာကြကုန်၏။
နတ်တို့သည် ဤရဟန်း သံဃာတော် အပေါင်းကား နက်ဖန် ဆွမ်းဘုဉ်းပေးခြင်း အလို့ငှါ တစုံတယောက်သောသူသည် ပင့်ဖိတ်အပ်သည် ဖြစ်လတ္တံ့၊ ထိုကြောင့် ဤ အရပ်သို့ ပြန်လာပြန်သည်ဟု ထင်မှတ်ပြီးလျှင် ယနေ့ မသွားသေးသော်လည်း နက်ဖန် ကြွသွားလိမ့်မည်ဟု ဤသို့သောနည်းဖြင့် နတ်တို့လည်း မြေ၌သာ လခွဲမျှ နေကြရကုန်၏၊ ထို့နောက်မှ အရှင်ကောင်းတို့သည် ဤဝါတွင်းသုံးလပတ်လုံး ဤအရပ်၌သာ နေလိမ့်မည်ထင်၏။
စင်စစ် ဤရဟန်း တို့ ဤအရပ်၌ နေကုန်သည်ရှိသော် ငါတို့အား သစ်ပင်သို့တက်၍ နေခြင်းငှါလည်း မသင့်၊ သုံးလပတ်လုံး သားမယားကိုယူ၍ မြေ၌ ထိုင်ခြင်း ရပ်ခြင်း တို့သည်လည်း ဆင်းရဲခြင်း ဖြစ်ကုန်ရာ၏၊ တစုံတခုသော အမှုကိုပြု၍ ဤရဟန်း တို့ကို ထွက်ပြေးစေခြင်းငှါ သင့်၏ဟု ထိုထိုနေရာဖြစ်ကုန်သော ညဉ့်သန့်စင်ရာ နေ့သန့်စင်ရာတို့၌၎င်း၊ စင်္ကြံဦးတို့၌၎င်း၊ ပြတ်သောဦးခေါင်း ဦးခေါင်းမပါသော ကိုယ်ကို ပြခြင်းငှါ၎င်း၊ ဘီလူးသံကို ကြားစိမ့်သောငှါ၎င်း အားထုတ်ကြ လေကုန်၏။
ရဟန်းတို့အားလည်း ထိုအခါမှစ၍ ချေဆတ်ခြင်းကို အစပြု၍ ချောင်းဆိုးခြင်း အစ ရှိသော ရောဂါဝေဒနာ တို့သည် ဖြစ်ကြကုန်၏၊ ထိုရဟန်းတို့သည် အချင်းချင်း ငါ့သျှင် သင့်အား အဘယ်ရောဂါ နှိပ်စက်ပါသနည်းဟု မေးသော် တပည့်တော်အား ချေဆတ်သောအနာ ချောင်းဆိုးနာ နှိပ်စက်ပါသည်ဟုဆို၍ ငါ့သျှင် ယနေ့ ငါကား စင်္ကြံဦး၌ ပြတ်သောဦးခေါင်းကိုမြင်၏ ငါကား ညဉ့်သန့်စင်ရာ အရပ်၌ ဦးခေါင်း မပါသောကိုယ်ကို မြင်၏၊ ငါကား နေ့သန့်စင်ရာ အရပ်၌ ဘီလူးသံကို ကြား၏၊ ဤအရပ်သည် ရှောင်ကြဉ်ခြင်းငှါ သင့်သော အရပ်တည်း၊ ငါတို့အား ဤကျောင်း၌ မချမ်းသာခြင်းသည် ဖြစ်၏၊ ဘုရားရှင်ထံတော်သို့ ငါတို့ သွားကြကုန်စို့အံ့ဟု တိုင်ပင်ကြလေကုန်၏။
မြတ်စွာဘုရား ပေးသော
မေတ္တာလက်နက်ဖြင့် ဖြိုဖျက်ခြင်း
ထိုရဟန်းငါးရာတို့သည် ဤသို့တိုင်ပင်၍ ထွက်လာခဲ့ကြရာ အစဉ်သဖြင့် ဘုရားရှင် ထံတော်သို့ ရောက်ကြလျှင် ရှိခိုး၍ တင့်အပ် လျောက်ပတ်သော အရပ်၌ နေကြ ကုန်၏၊ ထိုအခါ ဘုရားရှင်သည် ထိုရဟန်းငါးရာတို့ကို ချစ်သားရဟန်းတို့ အသို့နည်း၊ ထိုအရပ်၌နေခြင်းငှါ မတတ်နိုင်ကြသလော ဟုမိန့်တော်မူ၏။
မြတ်စွာဘုရား မတတ်နိုင်ကြပါဘုရား၊ ထိုအရပ်၌ နေကြကုန်သော ဘုရား တပည့်တော်တို့အား ဤသို့သဘောရှိသော ကြောက်မက်ဖွယ်သော အာရုံတို့သည် ထင်ပါ ကုန်သောကြောင့် ဤသို့သော မချမ်းမသာခြင်းသည် ဖြစ်ပါ၏၊ ထို့ကြောင့် ဘုရားတပည့်တော်တို့သည် ဤအရပ်ကား ရှောင်ကြဉ်ခြင်းငှါ သင့်သော အရပ် တည်းဟု စွန့်၍ မြတ်စွာဘုရားတို့၏ အထံတော်သို့ လာကြပါကုန်၏ ဘုရားဟု လျှောက်လတ်သော် ရဟန်းတို့ သင်တို့အား ထို အရပ်သည်သာလျှင် သွားခြင်း ငှါလည်း သင့်၏၊ နေခြင်းငှါလည်း သင့်၏ဟု မိန့်တော်မူလေ၏။
မြတ်စွာဘုရား သွားခြင်း နေခြင်းငှါ မဝံ့ပါဘုရားဟု လျှောက်ပြန်သော် ချစ်သား ရဟန်းတို့ သင်တို့သည် လက်နက်ကို မယူမူ၍ သွားကြကုန်၏၊ ဤ ယခုအခါ၌ လက်နက်ကို ကိုင်စွဲ၍ သွားကြကုန်လောဟု မိန့်တော်မူလေ၏၊ မြတ်စွာဘုရား လက်နက်တို့ ဟူသည် အဘယ်တို့ပါနည်း ဘုရားဟု မေးလျှောက်ကြရကား မြတ်စွာဘုရားသည် သင်ချစ်သားတို့အား လက်နက်ကို ငါဘုရား ပေးလိုက်အံ့၊ ငါ ဘုရားပေးအပ်သော လက်နက်ကို ယူဆောင်၍ သွားကြလေကုန်ဟု မိန့်မြွက်တော် မူပြီးလျှင်-
ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။
ဤသို့ အစရှိသော အလုံးစုံသော မေတ္တသုတ် ဒေသနာကို ဟောကြားတော် မူပြီးလျှင် ချစ်သား ရဟန်းတို့ ဤမေတ္တသုတ်ကို သင်တို့သည် ကျောင်းမှအပ၌ တောအုပ် ဝင်သည်မှစ၍ သရဇ္ဈာယ်ကြကုန်လျက် ကျောင်းတွင်းသို့ ဝင်ကြကုန် လော့ဟု လွှတ်လိုက်တော်မူလေ၏။
ထိုရဟန်းတို့သည်လည်း ဘုရားရှင်ကို ရှိခိုး၍ ထွက်လာကြရာ ခရီးစဉ်အတိုင်း အားဖြင့် ထိုအရပ်သို့ ရောက်သဖြင့် ကျောင်း၏ အပ၌ အပေါင်းသရဇ္ဈာယ်ခြင်းကိုပြု၍ သရဇ္ဈာယ်လျက်သာလျှင် တောအုပ်သို့ ဝင်တော်မူကြလေကုန်၏၊ အလုံးစုံသော တောအုပ်၌နေသော နတ်တို့သည်လည်း မေတ္တာစိတ်ကိုရ၍ ထိုရဟန်းတို့အား ခရီးဦး ကြိုဆိုခြင်းပြုလျက် သပိတ်, သင်္ကန်း ကို လှမ်းယူခြင်း လက်ခြေ ဆုပ်နယ်ခြင်းကို ပန်ကြားကုန်လျက် ထိုရဟန်း ငါးရာတို့ အလို့ငှါ အစောင့်အရှောက်ကို စီရင်ကြ လေကုန်၏။
ထိုနတ်တို့လည်း ကျက်ကျက်ပူသော ဆီကဲ့သို့ ငြိမ်သက်စွာ နေကြလေကုန်၏၊ တစုံတခုသော အရပ်၌ ဘီလူးသံကို ကြားခြင်းမည်သည် မရှိ၊ ထိုရဟန်းတို့၏ စိတ်သည် တည်တည် ကြည်ကြည် ဖြစ်လေ၏။
ရဟန်းတို့လည်း ညဉ့်သန့်စင်ရာအရပ် နေ့သန့်စင်ရာအရပ်တို့၌ အညီအညွတ် ငြိမ်သက်စွာ နေကြကုန်လျက် ဝိပဿနာဉာဏ် အကျိုးငှါ စိတ်ကို ချသွင်း၍ မိမိကိုယ်၌ ကုန်ခန်းခြင်း ပျက်စီးခြင်းကို ရှေးရှု ထင်စေပြီးလျှင် ဤအတ္တဘော မည်သည်ကား ပျက်စီးတတ်သော အနက်ကြောင့်၎င်း၊ အနှစ်သာရ မရှိသော အနက် ကြောင့်၎င်း အိုးထိန်းသည်တို့၏ ခွက်(မြေအိုး)နှင့် တူ၏ဟု ဝိပဿနာကို ပွားများစေလျက် နေကြကုန်၏။
ဘုရားရှင်သည်လည်း ဂန္ဓကုဋိ၌ နေတော်မူ လျက်ပင်လျှင် ထိုရဟန်းတို့ ဝိပဿနာ ဉာဏ်အကျိုးငှါ အားထုတ်သည် အဖြစ်ကို သိတော်မူ၍ ထိုရဟန်းတို့ကို ဤသို့ သိစေတော်မူလေ၏။
ချစ်သား ရဟန်းတို့ သင်တို့ ဝိပဿနာ ပွားများစေသော အတိုင်းသာလျှင် ဤ အတ္တဘောမည်သည်ကား ပျက်စီးတတ်သော အနက်ကြောင့်၎င်း၊ အနှစ်သာရ မရှိသော အနက်ကြောင့်၎င်း အိုးထိန်းသည်တို့၏ ခွက် (မြေအိုး) နှင့် တူသည် သာလျှင်တည်းဟု မိန့်တော်မူပြီးလျှင် ရောင်ခြည်တော်ကို နှံ့စေလျက် ယူဇနာတရာ ထက်၌ပင် တည်ငြားသော်လည်း မျက်မှောက်၌ နေတော်မူဘိသကဲ့သို့ ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့ကို လွှတ်တော်မူ၍ ထင်ရှား တိတိ မြင်သိအပ်သော ရုပ်သဏ္ဌာန်ဖြင့် ဤဂါထာကို ဟောတော်မူလေ၏။
ဒေသနာတော်
၄ဝ။ ကုမ္ဘူပမံ ကာယမိမံ ဝိဒိတွာ၊
နဂရူပမံ စိတ္တမိဒံ ထပေတွာ။
ယောဓေထ မာရံ ပညာဝုဓေန၊
ဇိတဉ္စ ရက္ခေ အနိဝေသနော သိယာ။
ဘိက္ခဝေ၊ ရဟန်းတို့။
ဣမံ ကာယံ၊ ဤ ဆံအစရှိသည်တို့၏ အပေါင်း ဖြစ်သော ရူပကာယကို။
ကုမ္ဘူပမံ၊ အိုးထိန်းသည်တို့၏ အိုးခွက်နှင့် တူသောဥပမာရှိ၏ဟု။
ဝိဒိတွာ၊ သိ၍။
ဣဒံ စိတ္တံ၊ ဤမိမိ၏ ဝိပဿနာစိတ်ကို။
နဂရူပမံ၊ လုံခြုံစွာသော မြို့နှင့်တူသော ဥပမာ ရှိအောင်။
ထပေက္ခာ၊ ဖြစ်စေ၍။
ပညာဝုဓေန၊ ဝိပဿနာဉာဏ် မဂ်ဉာဏ်တည်းဟူသော ပညာလက်နက်ဖြင့်။
မာရံ၊ ကိလေသာ တည်းဟူသော မာရ်ကို။
ယောဓေထ၊ ထိုးပစ် ပုတ်ခတ်ရာ၏။
ဇိတံ၊ အောင်မြင်သောအားဖြင့် ဖြစ်စေအပ်ပြီးသော နုသော ဝိပဿနာဉာဏ်ကို လည်း။
ရက္ခေ၊ စင်ကြယ်သော စိတ်ဖြင့် စောင့်ရှောက်ရာ၏။
အနိဝေသနော၊ သမာပတ်၌ သာယာကပ်ငြိခြင်း မရှိသည်။
သိယာ၊ ဖြစ်ရာ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ငါးရာသော ရဟန်းတို့သည် နေမြဲတိုင်းသော နေရာ အရပ်၌ နေကြကုန်လျက်ပင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်၍ ဘုရားရှင်၏ ရွှေအဆင်းနှင့် တူသော အဆင်းရှိသော ကိုယ်တော်ကို ချီးမွမ်း ထောမနာကာ ရှိခိုးလျက် ကြွလာကြလေကုန်၏။
ရဟန်းငါးရာဝတ္ထု ပြီး၏။
၇ - ပူတိဂတ္တတိဿမထေရ် ဝတ္ထု
အစိရံ ဝတ ယံ ကာယော အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် ပူတိဂတ္တတိဿ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
သာဝတ္ထိပြည်၌ နေသော အမျိုးသား တယောက်သည် မြတ်စွာဘုရား၏ အထံတော်၌ တရားတော်မြတ်ကို ကြားနာရ၍ သာသနာတော်၌ ရင်ပေး၍ ရဟန်းပြုလေ၏။ ထို အမျိုးသား ပဉ္စင်းအဖြစ်ကို ရသည်ရှိသော် တိဿမထေရ် အမည်ရှိလေ၏။
ထိုတိဿမထေရ်သည် ကမ္မဋ္ဌာန်းကို အားထုတ်လျက် စင်္ကြံ သွားလေ့ရှိ၏။ ကာလ များစွာ အလွန် သွားသည်ရှိသော် ထိုတိဿမထေရ်၏ ကိုယ်တွင် အနာရောဂါ ဖြစ်ပေါ်လေ၏။ မုန်ညင်းစေ့ ပမာဏရှိသော အဖုငယ် တို့သည် ပေါက်ကုန်၏။ ထိုအဖုငယ်တို့သည် အစဉ်အားဖြင့် ပဲနောက်စေ့မျှ၊ ပဲစင်းခုန်စေ့မျှ၊ ကလောစေ့မျှ၊ သျှစ်သျှားသီးမျှ၊ ဥသျှစ်သီးမျှ အတိုင်းအရှည် ရှိကုန်သည်ဖြစ်၍ ပေါက်ကွဲကြ လေကုန်၏။
ကိုယ်အလုံးသည် အပေါက်အပေါက် ရှိသည်ဖြစ်၍ ပူတိဂတ္တတိဿမထေရ် ဟူ၍ သာလျှင် မထေရ်၏ အမည် ထင်ရှားခဲ့လေ၏။ ထိုမှ နောက်အဖို့၌ ပူတိဂတ္တတိဿ မထေရ်ကြီး၏ ကိုယ်၌ အရိုးတို့သည် ကျိုးကုန်သည် ဖြစ်၍ လုပ်ကျွေးသမှု ပြုစု သုတ်သင်ခြင်းငှါ မရသောအနေ ဖြစ်ခဲ့လေ၏။
ဝတ်ရုံသော သင်္ကန်းသည် ပြည်, သွေး အလိမ်းလိမ်း ကပ်ခြင်းရှိသည် ဖြစ်၍ ဇာလပူဝ-မည်သော မုံ့နှင့်တူလေ၏။ အတူနေသော သဒ္ဓိဝိဟာရိက တပည့် စသည် တို့သည်လည်း ပြုစုသုတ်သင်ခြင်းငှါ မတတ်နိုင်ကုန်ရကား စွန့်ပစ်ကာ ထားကြ ကုန်၏။ ထိုပူတိဂတ္တတိဿ မထေရ်သည် ကိုးကွယ်ရာ မရှိသည်ဖြစ်၍ အိပ်လျက် နေရလေ၏။
ဘုရားရှင်တို့အား မည်သည်လည်း နှစ်ကြိမ် လောကကို ကြည့်ရှုခြင်းသည် မစွန့်အပ်သည် ဖြစ်ပေ၏။ နံနက် စောစောအခါ လောကကို ကြည့်ရှုတော်မူသည် ရှိသော် စကြဝဠာ အနားရေးမှစ၍ ဂန္ဓကုဋိသို့ ရှေးရှု ဉာဏ်တော်ကို ပြု၍ ကြည့်ရှုတော်မူကြကုန်၏။ ညချမ်းအခါ ကြည့်ရှုတော် မူသည်ရှိသော် ဂန္ဓကုဋိတိုက်မှ စ၍ အပသို့ရှေးရှု ဉာဏ်တော်ကိုပြု၍ ကြည့်ရှုတော် မူကြကုန်၏။
ထိုအခါ၌ကား မြတ်စွာဘုရား၏ ဉာဏ်တည်းဟူသော ကွန်ယက် အတွင်း၌ ပူတိဂတ္တတိဿ မထေရ်ကြီးသည် ထင်လာလေ၏။ ဘုရားရှင်သည် ထိုပူတိဂတ္တတိဿ မထေရ်၏ အရဟတ္တဖိုလ်သို့ ရောက်အံ့သော ဥပနိဿယ အကြောင်းကို မြင်တော်မူ၍ ဤရဟန်းကို သဒ္ဓိဝိဟာရိက တပည့် ရဟန်းတို့သည် စွန့်လွှတ်အပ်ပြီ၊ ယခုအခါ ငါဘုရားကို ဖယ်ထား၍ တပါးသော ကိုးကွယ်ရာသည် မရှိပြီဟု (ဆင်ခြင်တော်မူပြီးသော်) ဂန္ဓကုဋိတိုက်မှ ထွက်တော်မူ၍ ကျောင်းစဉ် ဒေသစာရီ လှည့်လည်ကာ ကြွတော်မူသကဲ့သို့ မီးတင်းကုပ်သို့ ကြွသွားတော်မူသဖြင့် အိုးကို ဆေးတော်မူ၍ မီးဖိုခုံလောက်သို့ တင်ပြီးလျှင် ရေပူသည် တိုင်အောင် ဆိုင်းငံ့တော် မူလျက် မီးတင်းကုပ်၌ပင် နေတော်မူလေ၏။ ရေပူသည့်အဖြစ်ကို သိတော်မူလျှင် ကြွသွား တော်မူ၍ အရှင် ပူတိဂတ္တတိဿ မထေရ်၏ လျောင်းရာ ညောင်စောင်းစွန်း၌ ဆွဲကိုင်တော်မူလေ၏။
ထိုအခါ ရဟန်းတို့သည် မြတ်စွာဘုရား ဖဲတော်မူပါ၊ တပည့်တော်တို့ ကိုင်ပါအံ့ ဘုရားဟု လျှောက်ကြ ကုန်လျက် ညောင်စောင်းကိုယူ၍ မီးတင်းကုပ်သို့ယူဆောင် ကြလေကုန်၏။ ထိုအခါ ဘုရားရှင်သည် ရေစကျင်း (ရေအင်တုံ) ကို ဆောင်ယူစေ၍ ရေနွေးလောင်းထည့်ပြီးလျှင် ထိုရဟန်းတို့ကို ပူတိဂတ္တတိဿ မထေရ်၏ ကိုယ်ရုံ သင်္ကန်းကို ခွါယူစေ၍ ရေနွေးဖြင့်နယ်၍ နေပူစာ၌ လှန်းစေပြီးမှ ပူတိဂတ္တတိဿ မထေရ် အနီး၌ရပ်၍ ကိုယ်ကို ရေနွေးဖြင့် ဆွတ်ကာပွတ်ကာ ရေချိုးစေတော်မူ၏။
ထိုရဟန်း ရေချိုးပြီးသော အဆုံး၌ နေပူစာလှန်းသော ကိုယ်ရုံသင်္ကန်းသည် ခြောက်သဖြင့် ထိုခြောက်သော သင်္ကန်းကိုဝတ်စေ၍ တဖန်ဝတ်ထားသော သင်းပိုင် သင်္ကန်းကို ရေနွေးဖြင့် ဆွတ်နယ်စေ၍ နေလှန်း စေတော်မူ၏။ ထိုရဟန်း၏ကိုယ်၌ ရေပေါက် ပြတ်စဲကာမျှ၌ ထိုလှန်းသော သင်းပိုင် သင်္ကန်းလည်း ခြောက်လေ၏။ ထိုရဟန်းသည် သင်္ကန်းတထည်ဝတ် တထည်ရုံလျက် ပေါ့ပါးသော ကိုယ်ရှိလျက် တည်ကြည်သော စိတ်ရှိသဖြင့် ညောင်စောင်း၌ အိပ်၏။
မြတ်စွာဘုရားလည်း ထိုပူတိဂတ္တတိဿရဟန်း၏ ဦးခေါင်းရင်း၌ ရပ်တော်မူ၍ ချစ်သားရဟန်း သင်၏ ဤကိုယ်သည် ကင်းသော ဝိညာဉ် ရှိလတ်သော် ကျေးဇူး ဥပကာရ ဘာမျှမရှိဘဲ ဖွဲထင်းပွေးကဲ့သို့ မြေပြင်၌ အိပ်ရလတ္တံ့ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။
ဒေသနာတော်
၄၁။ အစိရံ ဝတ ယံ ကာယော၊ ပထဝိံ အဓိသေဿတိ။
ဆုဒ္ဓေါ အပေတဝိညာဏော၊ နိရတ္ထံဝ ကဠိင်္ဂရံ။
တိဿ၊ ပူတိဂတ္တတိဿရဟန်း။
အယံ ကာယော၊ အလျားတလံ အနံတထွာ ကေသာအစ ဒွတ္တိံသ အစုဖြစ်သော ဤခန္ဓာကိုယ်သည်။
ဆုဒ္ဓေါ၊ စွန့်ပစ်အပ်သည် ဖြစ်၍။
အပေတဝိညာဏော၊ ကင်းသောဝိညာဉ်ရှိသည်ဖြစ်၍။
နိရတ္ထံ၊ တစုံတခု ကျေးဇူးဥပကာရ မရှိသော။
ကဠိင်္ဂရံဝ၊ ဖွဲထင်းပွေးကဲ့သို့။
အစိရံ၊ မကြာမြင့်မီ။
ပထဝိံ၊ မြေအပြင်၌။
အဓိသေဿတိ ဝတ၊ အိပ်ရလိမ့်မည်တကား။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ပူတိဂတ္တတိဿ မထေရ်သည် ပဋိသမ္ဘိဒါလေးပါး နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ များစွာသော တပါးသော သူတို့သည်လည်း သောတာပန် စသည်တို့ ဖြစ်ကြလေကုန်၏။
မထေရ်သည်လည်း ရဟန္တာ ဖြစ်၍ ပရိနိဗ္ဗာန်ပြုတော်မူလေ၏။ ဘုရားရှင်သည် ထို ပူတိဂတ္တတိဿ မထေရ်၏ အလောင်းကောင် သင်္ဂြိုဟ်ခြင်း အမှုကို ပြုစပြီးလျှင် ဓာတ်တော်တို့ကိုယူ၍ စေတီ တည်စေတော်မူလေ၏။
ငှက်ခတ်မုဆိုးကြီးဖြစ်စဉ် ပြုအပ်သော
မကောင်းမှု ကောင်းမှုတို့ကို ဟောတော်မူခြင်း
ထိုအခါ ရဟန်းတို့သည် ဘုရားရှင်ကို ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ပူတိဂတ္တတိဿ မထေရ်သည် အဘယ်ဘုံဘဝ၌ ဖြစ်ပါသနည်းဟု မေးလျှောက်ကြ သည်ရှိသော် ချစ်သား ရဟန်းတို့ ပရိနိဗ္ဗာန်ပြုလေပြီဟု မိန့်တော်မူ၏။ မြတ်စွာဘုရား ဤသို့သဘောရှိသော အရဟတ္တဖိုလ်၏ အကြောင်း ဥပနိဿယနှင့် ပြည့်စုံသော ရဟန်းအား အဘယ့်ကြောင့် ကိုယ်ပုပ်ရပါသနည်း၊ အဘယ့်ကြောင့် အရိုးကျိုးရ ပါသနည်း၊ ထိုရဟန်း၏ အရဟတ္တဖိုလ်သို့ ရောက်ကြောင်း ဥပနိဿယ ကုသိုလ်ကံကား အဘယ်ပါနည်း ဘုရားဟု မေးလျှောက်ကြပြန်သဖြင့် ဘုရားရှင်သည် ချစ်သား ရဟန်းတို့ ဤအလုံးစုံကား မိမိပြုအပ်သော ကံကြောင့်သာလျှင် ထိုရဟန်းအား ဖြစ်ရလေ၏ဟု မိန့်တော်မူပြန်လေ၏။
မြတ်စွာဘုရား ထိုရဟန်းပြုအပ်သော ကံကား အဘယ်ပါနည်း ဘုရားဟု လျှောက်ကြပြန်သည်ရှိသော် ချစ်သား ရဟန်းတို့ ထိုသို့ဖြစ်မူ နာကြကုန်လော့ ဤ ပူတိဂတ္တတိဿမထေရ်သည် ကဿပဘုရားရှင်၏ လက်ထက်တော် အခါ၌ ငှက်မုဆိုး ဖြစ်၍ များစွာသော ငှက်တို့ကို သတ်ဖြတ်လျက် အစိုးရသော သူကို ခစား လုပ်ကျွေးလေ၏။
ထိုအစိုးရသော သူအား ဆက်သ၍ ကြွင်းကျန်သော ငှက်တို့ကို ရောင်း၏။ ရောင်း၍ ကြွင်းကျန်သော ငှက်တို့ကို သတ်၍ ထားလျှင် ပုပ်ကုန်သည် ဖြစ်လတ္တံ့ဟု ကြံလျက် ပျံခြင်းငှါ မတတ်နိုင်အောင် ငှက်တို့၏ မြင်းခေါင်း၊ ဒူးရိုး၊ အတောင်ရိုးတို့ကို ချိုး၍ စုပုံကာ ထားလေပြီးလျှင် တဖန် မိုးသောက် ရောက်သောအခါ ထိုငှက်တို့ကို ရောင်းပြန်၏။ အလွန်များသော ငှက်တို့ကို ရသောအခါ မိမိအကျိုးငှါလည်း ချက်စေ၏။
ထိုအခါ တနေ့သ၌ ငှက်မုဆိုးအား အရသာနှင့် ပြည့်စုံသော ဘောဇဉ် ချက်ပြုတ် သည်ရှိသော် ရဟန္တာတပါးသည် ဆွမ်းအလို့ငှါ ကြွလာတော်မူ၍ ထိုငှက်မုဆိုး အိမ်တံခါး၌ ရပ်တန့်လာ၏။ ထိုငှက်မုဆိုးသည် ရဟန္တာထေရ် အရှင်ကို မြင်၍ စိတ်ကိုကြည်ညိုစေပြီးလျှင် ငါသည် များစွာသော ငှက်တို့ကို သတ်၍ စားအပ်ကုန်၏။ အရှင်မြတ်သည်လည်း ငါ၏အိမ်တံခါး၌ ရပ်တန့်တော် မူလာ၏။ အိမ်တွင်း၌လည်း အရသာနှင့် ပြည့်စုံသော ဘောဇဉ်ရှိ၏။ ဤအရှင် မြတ်အား ဆွမ်းလှူပေအံ့ဟု ရည်စူးကာ မထေရ်မြတ်၏ သပိတ်တော်ကိုယူ၍ ပြည့်စေသဖြင့် ဆွမ်းကို လှူဒါန်းပြီးလျှင် ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးလျက် အရှင်ဘုရား ဤကုသိုလ် အကျိုးဆက်ကြောင့် အရှင်မြတ်ဘုရားတို့ မြင်အပ် သိအပ်သော တရားမြတ်၏ အထွတ်အထိပ်သို့ တပည့်တော် ရောက်ရပါလို၏ ဘုရားဟု ဆုတောင်းလေ၏။
မထေရ်လည်း ဤသို့ တောင်းသောအတိုင်း ဖြစ်ပါစေသတည်းဟု ဝမ်းမြောက် ဝမ်းသာ အနုမောဒနာ ပြုတော်မူ၏။ (ဤသို့အားဖြင့် အတိတ်စကားကို ဆောင်တော် မူ၍) ချစ်သား ရဟန်းတို့ ထိုအခါ ပြုအပ်သော ကံအစွမ်းဖြင့် အလုံးစုံသည် တိဿရဟန်းအား ဖြစ်ရလေပြီ။ ငှက်တို့၏ အရိုးကို ချိုးခဲ့ဖူးသော မကောင်းမှုကံ၏ အကျိုးဆက်ကြောင့် ထိုတိဿအား ကိုယ်သည်လည်း အပုပ်ဖြစ်၏၊ အရိုးတို့သည် လည်း ကျိုးကုန်၏။ ရဟန္တာသခင် အရှင်မြတ်အား အရသာနှင့် ပြည့်စုံသော ဆွမ်းဘောဇဉ်ကို လှူဒါန်းခဲ့ဖူးသော ကောင်းမှုကံ၏ အကျိုးဆက်ကြောင့် ရဟန္တာ အဖြစ်သို့ ရောက်ရလေ၏ဟု အတိတ်ကို ဆောင်၍ ဟောကြားတော်မူလေ၏။
ပူတိဂတ္တတိဿမထေရ်ဝတ္ထု ပြီး၏။
၈ - နန္ဒ နွားကျောင်းသားဝတ္ထု
ဒိသော ဒိသံ အစရှိသော ဤတရား ဒေသနာတော်ကို ဘုရားရှင်သည် ကောသလ ဇနပုဒ်၌ နန္ဒမည်သော နွားကျောင်းသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။
နန္ဒမည်သော နွားကျောင်းသား
ဘုရားအား လိုက်ပို့ပြီး အပြန် အသတ်ခံရခြင်း
သာဝတ္ထိပြည်၌ အနာထပိဏ်သူဌေးကြီး၏ နန္ဒမည်သော နွားကျောင်းသားသည် နွားအပေါင်းကို စောင့်ရှောက် ထိန်းသိမ်းသတတ်။ ထိုနွားကျောင်းသားသည် ကြွယ်ဝ ချမ်းသာသည်ဖြစ်၍ များစွာသော စည်းစိမ်ဥစ္စာ အသုံးအဆောင် ရှိ၏။
ကေဏိယ ရသေ့သည် ရသေ့ရဟန်း အသွင်ဖြင့် မိမိဥစ္စာအစုကို စောင့်ရှောက် သကဲ့သို့ ထိုနန္ဒသည်လည်း နွားကျောင်း အနွယ်ကို မစွန့်ဘဲ မင်း၏ အခွန်အတုတ်ကို ရွက်ဆောင်လျက် မိမိဥစ္စာအစုကို စောင့်ရှောက် သတတ်။
ထိုနန္ဒ နွားကျောင်းသားသည် ရံခါရံခါ ငါးပါးသော နွားနို့ အရသာတို့ကို ယူ၍ အနာထပိဏ် သူဌေးကြီး အထံသို့ သွားပြီးလျှင် ဘုရားရှင်ကို ဖူးမြင်၍ တရားတော် ကိုလည်း နာရ၏။ ထိုနန္ဒ နွားကျောင်းသားသည် မိမိနေရာ အရပ်သို့ ကြွလာတော် မူစေခြင်းငှါ ဘုရားရှင်ကို တောင်းပန်၏။
ဘုရားရှင်လည်း ထိုနွားကျောင်းသား၏ ဉာဏ်ရင့်သန်ခြင်းကို ဆိုင်းငံ့တော်မူသဖြင့် ကြွသွားတော် မမူသေးဘဲ ဉာဏ်ရင့်သန်သည့်အဖြစ်သို့ ရောက်သည်ကို သိမှ တနေ့သ၌ ရဟန်းသံဃာ များစွာ ခြံရံလျက် ဒေသစာရီ ကြွချီတော်မူ၍ ခရီးမှ ဖဲတော် မူပြီးလျှင် ထိုနွားကျောင်းသား၏ နေရာအရပ် အနီး တခုသော သစ်ပင်ရင်း၌ နေတော်မူလေ၏။
နန္ဒ နွားကျောင်းသားသည်လည်း ဘုရားအထံသို့ ချဉ်းကပ်ကာ ရှိခိုး၍ ပဋိသန္တာရ စကား ပြောကြားပြီးလျှင် မြတ်စွာဘုရားကို ဖိတ်၍ ခုနစ်ရက်ပတ်လုံး ရဟန်း သံဃာတော် အပေါင်းအား မွန်မြတ်သော ငါးပါးသော အရသာရှိသော နွားနို့အလှူကို ပေးလှူလေ၏။ ခုနစ်ရက်မြောက်သောနေ့၌ ဘုရားရှင်သည် တရား အနုမောဒနာကို ပြုတော်မူ၍ ဒါနကထာစသော အစဉ် အတိုင်းဖြစ်သော တရားစကားကို ဟောကြား ဆုံးမတော်မူ၏။
ဂါထာဒေသနာတော်၏ အဆုံး၌ နန္ဒ နွားကျောင်းသားသည် သောတာပတ္တိဖိုလ်၌ တည်၍ ဘုရားရှင်၏ သပိတ်တော်ကို ယူကာ လိုက်ပို့သည်ရှိသော် ဝေးသော အရပ်သို့ ရောက်လျှင် ဒါယကာ နေရစ်လော့ဟု မိန့်တော်မူမှ ဆုတ်နစ်လျက် ဘုရားရှင်ကို ရှိခိုး၍ ပြန်ခဲ့လေ၏။
ထိုအခါ ထိုနန္ဒ နွားကျောင်းသားကို မုဆိုးတယောက်သည် ပစ်ခတ်၍ သတ်လေ၏။ နောက်မှလိုက်လာသော ရဟန်းတို့သည် ထိုနန္ဒ နွားကျောင်းသား သေနေသည်ကို မြင်လျှင် သွား၍ ဘုရားရှင်ကို လျှောက်ထားကြကုန်၏။ မြတ်စွာဘုရား နန္ဒ နွားကျောင်းသားသည် မြတ်စွာဘုရားတို့၏ ဤအရပ်သို့ ကြွတော် မူလာခြင်းကြောင့် အလှူကြီးကို ပေးလှူ၍ လိုက်ပို့ရာမှ ပြန်လေသည်ရှိသော် သေရရှာလေပြီ။ မြတ်စွာ ဘုရားတို့သည် အကယ်၍ မကြွလာကုန်သည်ဖြစ်အံ့၊ နန္ဒ နွားကျောင်းသားအား သေရခြင်းသည် မဖြစ်တန်ရာ ဟု လျှောက်ထားကြ လေကုန်၏။
ဘုရားရှင်သည် ချစ်သားရဟန်းတို့ ဤနန္ဒ နွားကျောင်းသားကား ငါဘုရား ကြွလာသည်ဖြစ်စေ၊ မလာသည် ဖြစ်စေ၊ တူရူ အရပ်လေးမျက်နှာ အထောင့်အရပ် လေးမျက်နှာတို့ကို သွားငြားသော်လည်း ထိုနန္ဒ နွားကျောင်းသားအား သေခြင်းမှ လွတ်အံ့သော အကြောင်းမည်သည် မရှိ။
အကြင်သတ် ဖြတ် ဖျက်ဆီးခြင်း အမှုကို ခိုးသူတို့သည်၎င်း၊ ရန်သူတို့သည်၎င်း မပြုနိုင်ကြ ဤသတ္တဝါတို့၏ ကိုယ်တွင်း၌ ဖြစ်သော မှားသောအားဖြင့် ကျင့်သုံး ဆောက်တည် နှလုံးသွင်းအပ်သော စိတ်သည်သာလျှင် ပြု၏ဟု မိန့်တော်မူ၍ ဤ ဂါထာကို ဟောတော်မူလေ၏။
ဒေသနာတော်
၄၂။ ဒိသော ဒိသံ ယန္တံ ကယိရာ၊ ဝေရီ ဝါ ပန ဝေရိနံ။
မိစ္ဆာ ပဏိဟိတံ စိတ္တံ၊ ပါပိယော နံ တတော ကရေ။
ဒိသော၊ ခိုးသူ တယောက်သည်။
ဒိသံ၊ ရန်ဘက်ဟူသော ခိုးသူတယောက်ကို။
ဒိသွာ၊ မြင်သည်ရှိသော်။
ဝေရီ ဝါ ပန၊ ရန်သူတယောက်သည်လည်း။
ဝေရိနံ၊ ရန်သူတယောက်ကို။
ဒိသွာ၊ မြင်သည်ရှိသော်။
ယန္တံ၊ အကြင်အကျိုးမဲ့ ပျက်စီးခြင်းကို။
ကယိရာ၊ ဤဘဝ၌သာ ပြုနိုင်ရာ၏။
တတော၊ ထိုခိုးသူ ရန်သူပြုသော အကျိုးမဲ့ ပျက်စီးခြင်းထက်။
မိစ္ဆာပဏိဟိတံ၊ မှားသောအားဖြင့် ဆောက်တည်အပ်သော။
စိတ္တ၊ စိတ်ယုတ်မာသည်။
နံ၊ ထိုစိတ်ယုတ်မာ ဆောက်တည်သူကို။
ပါပိယော၊ အလွန် ယုတ်မာလေအောင်။
ဝါ၊ အလွန် အကျိုးမဲ့ ပျက်လေသည်။
ကရေ၊ ပြုနိုင်ရာ၏။
ဒေသနာတော်၏ အကျိုး
ဒေနာတော်၏ အဆုံး၌ များစွာသော လူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော် မူလေ၏။
နန္ဒ နွားကျောင်းသား ဥပါသကာသည် လွန်လေပြီးသော ဘဝ တပါး၌ ပြုခဲ့ဖူးသော အကုသိုလ်ကံကို ရဟန်းတို့ မမေး မလျှောက်သောကြောင့် ဘုရားရှင် ဟောပြတော် မမူ။
နန္ဒာ နွားကျောင်းသားဝတ္ထု ပြီး၏။
၉ - သောရေယျသူဌေးသားဝတ္ထု
န တံ မာတာ ပိတာ ကယိရာ အစရှိသော ဤ တရားဒေသနာတော်ကို သဗ္ဗညုမြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သောရေယျ သူဌေးသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဤဝတ္ထုသည် သောရေယျပြည်၌ ဖြစ်ပေါ်၍ သာဝတ္ထိပြည်၌ ပြီးဆုံးစေအပ်သော ဝတ္ထုဖြစ်၏။
အရှင်မဟာကစ္စည်းကို ပြစ်မှား၍
သောရေယျ သူဌေးသား မိန်းမ ဖြစ်ရခြင်း
ဘုရားရှင်သည် သာဝတ္ထိပြည်၌ နေထိုင်ရွှင်ပြုံး သီတင်းသုံးတော်မူဆဲ ဖြစ်သောအခါ သောရေယျပြည်တွင် သောရေယျ သူဌေးသားသည် သူငယ်ချင်း အဖော် တယောက်နှင့် အတူတကွ ငြိမ့်သော ယာဉ်ငယ်၌ စီး၍ များစွာသော အခြံအရံ ပရိသတ်များနှင့်အတူ ရေချိုးခြင်း (ရေကစားခြင်း)ငှါ ပြည်မှထွက်ခဲ့လေ၏။
ထိုခဏ၌ အရှင်မဟာကစ္စည်း မထေရ်မြတ်သည် သောရေယျပြည်သို့ ဆွမ်းအလို့ငှါ ဝင်လိုဖြစ်၍ ပြည်ပ၌ ဒုကုဋ်သင်္ကန်း ရုံလွှမ်း သပ္ပါယ်တော် မူလေ၏။ ထိုအရှင် မဟာကစ္စည်း မထေရ်မြတ်အားလည်း ရွှေအဆင်းနှင့်တူသော လှပတင့်တယ်သော အဆင်း ရှိတော်မူလေ၏။
သောရေယျသူဌေးသားသည် မထေရ်မြတ်ကိုမြင်လျှင် “ဤမထေရ်သည်မူလည်း ငါ့မယားဖြစ်ပါမူကား ဪ ... ကောင်းလေစွ၊ ငါ့မယား၏ ကိုယ်အဆင်းသည် မူလည်း ဤမထေရ်၏ ကိုယ်အဆင်းကဲ့သို့ ဖြစ်ပါမူကား ဪ ... ကောင်းလေစွ” ဟု ကြံမိလေ၏။
ထိုသောရေယျ သူဌေးသားအား ဤသို့ ကြံမိကာမျှ၌ပင်လျှင် ယောက်ျားအသွင် ကွယ်၍ မိန်းမအသွင်သည် ထင်ရှားစွာ ဖြစ်ပေါ်လာလေ၏။ ထိုသူဌေးသားသည် ရှက်နိုးလှသဖြင့် ယာဉ်ငယ်ထက်မှ ဆင်းသက်၍ ထွက်ပြေးလေ၏။ အပေါင်းအဖော် အခြံအရံဖြစ်သော လူအပေါင်းသည်လည်း ထိုအကြောင်းကို မသိသည် ဖြစ်၍ ဝါ - ထိုသူကို မမှတ်မိသည်ဖြစ်၍ ဤသူထွက်ပြေးခြင်း အကြောင်းကား အဘယ်နည်း ဟုဆိုလေ၏။
ထိုမိန်းမသည်လည်း တက္ကသိုလ်ပြည် လမ်းခရီးသို့ သွားလေ၏။ ထိုမိန်းမ ဖြစ်လေသော သူဌေးသား၏ အဆွေခင်ပွန်း တို့သည်လည်း ထိုမှဤမှ ပြေးကာ လွှားကာ လိုက်လံ ရှာဖွေကြသော်လည်း မမြင်ကြလေကုန်။ ထိုအလုံးစုံသော သူတို့သည် ရေချိုးပြီးလျှင် အိမ်သို့ ပြန်လာခဲ့ကြကုန်၏။
သူဌေးသား အဘယ်မှာနည်းဟု မေးကြသောအခါလည်း ရေချိုးပြီး၍ ပြန်သွားနှင့် လတ္တံ့ဟု မှတ်ထင်ကြကြောင်း ပြောဆိုကြသဖြင့် မိခင်ဖခင်တို့သည် ထိုထိုအရပ်၌ ရှာဖွေ၍ မတွေ့မမြင်ကြကုန်သည် ရှိသော် ငိုကြွေး မြည်တမ်းကြကုန်လျက် သေလေပြီ ဖြစ်လတ္တံ့ ဟူသော အမှတ်ဖြင့် *မတကဘတ်ကို လှူဒါန်းကြကုန်၏။
(*မတက+ဘတ်ဟူသည် = သေလွန်လေသော သူအား ကောင်းကျိုးရရန် ရည်မှန်း၍ ကျွေးမွေး လှူဒါန်းသောအလှူတည်း။)
ထိုမိန်းမသည်လည်း တက္ကသိုလ် ပြည်သို့ သွားသော လှည်းကုန်သည် တယောက်ကို မြင်သဖြင့် လှည်း၏ နောက်မှ နောက်မှ အစဉ်လိုက်သွားလေ၏။ ထိုအခါလူတို့သည် ထိုမိန်းမကိုမြင်လျှင် ငါတို့၏လှည်းှနောက်မှ အဘယ့်ကြောင့် အစဉ်လိုက်သနည်း၊ ဤသတို့သ္မီးသည် အဘယ်သူ၏ သတို့သ္မီးနည်း၊ ထိုသတို့သ္မီးကို ငါတို့မသိကြကုန်ဟု ဆိုကြကုန်၏။
အရှင် အရှင်တို့သည် မဆိုကြပါကုန်လင့်၊ မိမိလှည်းကိုသာ မောင်းနှင်ကြပါ၊ အကျွန်ုပ်သည် ခြေဖြင့် သွားပါအံ့ဟု ဆိုကာ သွားသည်ရှိသော် ခြေတို့သည် ပေါက်ကွဲ ကုန်သဖြင့် လက်စွပ်ကို ပေး၍ တခုသော လှည်း၌ (စီးနင်းလိုက်ပါရန်) အခွင့် တောင်းခြင်းကို ပြုရလေ၏။
လူတို့လည်း တက္ကသိုလ်ပြည်၌ ငါတို့သူဌေးသားအား မယား မရှိ၊ ထိုသူဌေးသား အား ပြောကြားကြကုန်စို့အံ့၊ ငါတို့အား များစွာသော လက်ဆောင် ပဏ္ဏာ ရလတ္တံ့ဟု ကြံစည်ကြလေကုန်၏။ ထို့နောက် လှည်းကုန်သည် တို့သည် သူဌေးသားအိမ်သို့ သွား၍ အရှင်သူဌေးသား အကျွန်ုပ်တို့သည် အရှင်သူဌေးသား အလို့ငှါ တဦးသော မိန်းမရတနာကို ဆောင်ခဲ့ပါသည်ဟု ပြောကြား၏။
သူဌေးသားလည်း ထိုစကားကို ကြားလျှင် ထိုမိန်းမကို ခေါ်စေ၍ မိမိ၏အရွယ်နှင့် လျောက်ပတ်သော အလွန်တရာ လှပသဖြင့် ကြည်လင်စုံမက် နှစ်သက်ချင်စဖွယ် အဆင်းပုံဟန်ရှိသည်ကို မြင်တဲ့လျှင် ဖြစ်သော ချစ်ခင်စုံမက် နှစ်သက်ခြင်း ရှိရကား မိမိအိမ်၌ နေစိမ့်သောငှါ လက်ခံသိမ်းပိုက်ခြင်းအမှု ပြုလေ၏။
(ယောက်ျားတို့သည် မိန်းမ မဖြစ်ဖူးသောသူ မည်သည်မရှိ၊ မိန်းမတို့သည်လည်း ယောက်ျား မဖြစ်ဖူးသောသူ မည်သည် မရှိ။ ယောက်ျားတို့သည် သူတပါး၏ မယား တို့၌ လွန်ကျူး ပြစ်မှား၍ သေလွန်သည် ရှိသော် များစွာသော နှစ်အသိန်းတို့ပတ်လုံး ငရဲ၌ကျက်ပြီး (ခံရပြီး) လျှင် ထိုငရဲမှလွတ်၍ လူ့ ဘဝသို့ရောက်လာ ကုန်သည်ရှိသော် အရာမက များစွာသော အတ္တဘောတို့ပတ်လုံး မိန်းမအဖြစ်သို့သာ ရောက်ကြရ ကုန်၏။
ကမ္ဘာတသိန်းပတ်လုံး ပါရမီဖြည့်ပြီးသော အရိယာသာဝက အရှင်အာနန္ဒာ မထေရ် သော်မှလည်း သံသရာ၌ ကျင်လည်စဉ် တခုသော ကိုယ်အဖြစ်ဝယ် ပန်းထိမ်သည် အမျိုး၌ဖြစ်၍ ပရဒါရကံကို (ပရဒါရကံ ဟူသည်ကား သူတပါး၏ မယား၌ လွန်ကျူး ပြစ်မှားသော မကောင်းမှုတည်း၊) ပြုမိမှားသောကြောင့် ငရဲ၌ ကျက်ပြီး ခံရပြီးမှ ထိုဝိပါက် အကြွင်းအကျန်၏ အစွမ်းဖြင့် တဆယ့်လေးခုသော ကိုယ်အဖြစ်တို့၌ ယောက်ျား၏ ခြေရင်း အလုပ်အကျွေးမိန်းမ ဖြစ်ရဖူးလေ၏။ ခုနစ်ကြိမ်သော ကိုယ် အဖြစ်တို့၌ ဝှေးစေ့ထုတ် ခံရခြင်းသို့ ရောက်ရဖူးလေ၏။
မိန်းမတို့ မည်သည်ကား အလှူပေးခြင်း အစရှိသော ကောင်းမှုတို့ကိုပြု၍ မိန်းမ အဖြစ်၌ တပ်နှစ်သက်ခြင်း ကင်းစေပြီးလျှင် ဤကောင်းမှု ကုသိုလ်ကံသည် ငါတို့အား ယောက်ျား၏ ကိုယ်ခန္ဓာ အဖြစ်ကို ရခြင်းအကျိုးငှါ ဖြစ်ပါစေသောဟု စိတ်ဆန္ဒကို ခိုင်မြဲစွာ ဆောက်တည်နိုင်ကြလျှင် သေလေပြီးသောအခါ ယောက်ျား၏ ကိုယ်ခန္ဓာ အဖြစ်ကို ရနိုင်ကြကုန်၏။ လင်ယောက်ျားအပေါ်၌ အိမ်ဦးနတ်ကဲ့သို့ ရိုသေစွာ လုပ်ကျွေးလျက် အကျင့်ကောင်းခြင်း၏ အစွမ်းဖြင့်လည်း ယောက်ျား၏ ကိုယ်ခန္ဓာ အဖြစ်ကို ရနိုင်ကြကုန်သည် သာလျှင်တည်း။)
တက္ကသိုလ်ပြည်၌ သူဌေးသားနှင့် ကလေးနှစ်ယောက်
ရပြီးမှ မိတ်ဆွေဟောင်းနှင့် တွေ့ဆုံခြင်း
ဤ သောရေယျ သူဌေးသားသည်လည်း အရှင်မဟာကစ္စည်း မထေရ်မြတ်၌ မသင့်သောစိတ် နှလုံး သွင်းခြင်းကို ဖြစ်စေမိသဖြင့် ဤကိုယ်၏ အဖြစ်၌ မိန်းမ ဘဝကိုရလျက် တက္ကသိုလ်ပြည်၌ သူဌေးသားနှင့် အတူတကွ နေခြင်းကို စွဲ၍ ထိုတက္ကသိုလ် သူဌေးကတော်၏ ဝမ်း၌ ကိုယ်ဝန်သားငယ် တည်လေ၏။
ထိုသူဌေးကတော်သည် ဆယ်လလွန်သောအခါ သားကိုရ၍ ထိုသူငယ် ခြေဖြင့် သွားနိုင်သောအခါ တယောက်သော သားကိုလည်း ရပြန်၏။ ဤသို့လျှင် ထို သူဌေးကတော်အား ဝမ်း၌လွယ်၍ ဖွားသော သားငယ် နှစ်ယောက်၊ သောရေယျပြည်၌ ယောက်ျားဖြစ်စဉ် ထိုသူဌေးကတော်ကိုပင် အစွဲပြု၍ ဖွားသော သားငယ် နှစ်ယောက် ဤသို့အားဖြင့် လေးယောက်သော သားတို့သည် ရှိလေကုန်၏။
ထိုအခါ သောရေယျပြည်မှ ထို သူဌေးကတော်၏ အဆွေ ခင်ပွန်းဖြစ်သော သူဌေးသားသည် လှည်းငါးရာ တို့ဖြင့် တက္ကသိုလ်ပြည်သို့ သွားရောက်၍ ငြိမ့်သော ယာဉ်ငယ်စီးလျက် မြို့တွင်းသို့ ဝင်လာလေ၏။
ထိုအခါ သူဌေးကတော်သည် အထက်ပြာသာဒ် အပြင်ဝယ် လေသာပြုတင်းကို ဖွင့်လှစ်၍ ခရီးလမ်းမငယ်ကို ကြည့်လျက် ရပ်နေစဉ် ထိုသူဌေးသားကို မြင်ရ လေလျှင် ကောင်းစွာမှတ်မိသဖြင့် ကျွန်မကို စေလွှတ်ကာ ခေါ်စေ၍ ပြာသာဒ်အပြင်၌ နေထိုင်စေလျက် မြတ်နိုးတနာ ပူဇော်ခြင်းကို ပြုလေ၏။
ထိုအခါ တက္ကသိုလ် သူဌေးကတော်ကို သောရေယျပြည်မှ ရောက်လာစဖြစ်သော သူဌေးသားသည် အရှင်မ သင့်ကို ဤအခါမှ ရှေး၌ ငါတို့မမြင်ဖူးပါ၊ အဘယ် အကြောင်းကြောင့် ငါတို့အား များစွာသော မြတ်နိုးတနာ ပူဇော်သက္ကာရကို ပြုပါသနည်း၊ ငါတို့ကို သင်သိသလောဟု ပြောဆို မးမြန်းလေ၏။
အရှင် သူဌေးသား သိသည်မှန်ပါ၏ဟု ဖြေဆိုပြီးလျှင် သင်တို့သည် သောရေယျ ပြည်သား မဟုတ်ပါကုန် လောဟု ပြန်၍ မေးလေ၏။ အရှင်မ ငါတို့ကား သောရေယျ ပြည်သား မှန်ပေ၏ဟု ဆိုသောအခါ ထိုသူဌေးကတော်သည် ထိုသောရေယျပြည်၌ ရှိသော မိခင် ဖခင်တို့၏၎င်း၊ မယား၏၎င်း၊ သားငယ် နှစ်ယောက်တို့၏၎င်း အနာရောဂါ ကင်းလွတ်ကြောင်းကို မေးမြန်းလေ၏။
သောရေယျပြည်ကလာသော သူဌေးသားသည်လည်း အရှင်မ အနာရောဂါ ကင်းလွတ်ကြပါ၏ဟု ဆိုပြီးလျှင် သူဌေးသားသည် အရှင်မ ဤသူတို့ကို သိပါသလော ဟု မေးလေ၏။
အရှင် သိသည်မှန်ပါ၏၊ ထိုသူတို့အား သားတယောက်ရှိသည် မဟုတ်ပါလော၊ ထိုသားသည် ကျွန်မပင် ဖြစ်ပါသည်ဟု ပြောလျှင် အရှင်မ ဤသို့ မဆိုလင့်၊ ငါတို့သည် ထိုသူနှင့်အတူတကွ တနေ့သ၌ ငြိမ်သော ယာဉ်ငယ်စီး၍ ရေချိုးခြင်းငှါ ထွက်ခါသွားကြစဉ် ထိုသူ သွားရာအရပ်ကို မသိကြကုန်၊ ထိုမှ ဤမှ လှည့်လည် ရှာဖွေသော်လည်း ထိုသူကို မမြင်ခြင်းကြောင့် မိခင်ဖခင် တို့ကို အကြောင်း ကြားသော် ထိုမိခင် ဖခင်တို့လည်း ငိုကြွေး မြည်တမ်းလျက် တမလွန်ဘဝ ပြောင်းသွားသော သူအတွက် မတကဘတ် လှူဒါန်းခြင်းကိစ္စကို ပြုလုပ်ကြပါကုန်ပြီ ဟု ဆိုလေ၏။
အရှင်သူဌေးသား အရှင်နှင့်အတူယာဉ်ငြိမ့်စီး၍ ရေချိုးသွားသော ထိုသူဌေးသား ဟူသည် ကျွန်မပင် ဖြစ်သည်ဟု ဆိုပြန်သဖြင့် အရှင်မ ဖဲလော့၊ (တန်တော့) အဘယ်သို့သော စကားကို ဆိုသနည်း၊ ငါ၏ အဆွေ ခင်ပွန်းကား နတ်သား လုလင်ကဲ့သို့ လှပသော ယောက်ျားတယောက်ဟု ငြင်းဆိုလေ၏။
အရှင်သူဌေးသား ထိုသို့ပင်ဖြစ်ပါစေ ထိုလုလင်သူဌေးသားသည် ကျွန်မပင်တည်းဟု ပြောကြားပြန်သောအခါ ထိုသူဌေးကတော်ကို ဤသို့ မိန်းမဖြစ်ရခြင်းကား အဘယ်ပုံ ဖြစ်ရခြင်းနည်းဟု မေးမြန်းလေ၏။
အရှင်သူဌေးသား ထိုရေကစားသွားသောနေ့၌ အသင်သည် အရှင်မဟာကစ္စည်း မထေရ်ကို မြင်လိုက်မိပါ၏ လောဟု မေးသဖြင့် ဪ... မြင်သည်မှန်၏ဟု ပြောလျှင် ကျွန်မသည် ဤအရှင်မဟာကစ္စည်းမထေရ်ကို ကြည့်ရှု၍ ““ဤမထေရ်သည်မူလည်း ငါ့မယားဖြစ်ပါမူကား ဪ ... ကောင်းလေစွ၊ ငါ့မယား၏ ကိုယ်အဆင်းသည် မူလည်း ဤမထေရ်၏ ကိုယ်အဆင်းကဲ့သို့ ဖြစ်ပါမူကား ဪ ... ကောင်းလေစွ” ဟု ကြံစည်မိပါသည်၊
ဤသို့ကြံစည်မိသောခဏ၌ပင်လျှင် ယောက်ျားအသွင် ကွယ်ခဲ့၍ မိန်းမအသွင် ထင်ရှားစွာ ဖြစ်ပေါ်လာပါသည်၊ ထိုအခါ၌ ကျွန်မသည် ရှက်နိုးလှသဖြင့် တစုံ တယောက်သောသူအား တခွန်းသော စကားကိုမျှ ပြောဆိုခြင်းငှါ မတတ်နိုင်သည် ဖြစ်၍ ထွက်ပြေးကာ ဤ တက္ကသိုလ်ပြည်သို့ ရောက်လာခဲ့ရပါ၏။
အရှင်သူဌေးသားဟု စုံလင်စွာ ပြောပြလတ်သည်ရှိသော် ဪ ... သင်ပြုအပ်သော အမှုကား စင်စစ် အလွန် ဝန်လေးလေစွ တကား၊ အဘယ့်ကြောင့် ငါ့အား မပြောကြားလေဘိသနည်း၊ သင်သည် အရှင်မဟာကစ္စည်း မထေရ်ကို သည်းခံစေ အပ်ပြီလော၊ ဝါ - တောင်းပန် ကန်တော့အပ်ပြီလောဟု မေးမြန်း စီစစ်လေ၏။
အရှင်ပဟာကစ္စည်းအား
ကန်တော့သဖြင့် ယောင်္ကျား ပြန်ဖြစ်ခြင်း
ထိုသို့ မေးမြန်း စီစစ်သောအခါ အရှင်သူဌေးသား ကျွန်မသည် မကန်တော့ ရသေးပါဟု ဆိုလျှင် အရှင်မဟာကစ္စည်း မထေရ်မြတ်သည် အဘယ်အရပ်၌ နေသနည်း၊ သင်သိသလောဟု မေးမြန်းပြန်လေ၏။ ဤတက္ကသိုလ်ပြည်ကိုသာလျှင် အမှီပြု၍ နေတော်မူ၏ဟု သိရှိရပါ၏၊၊
အကယ်၍ ဆွမ်းအလို့ငှါ လှည့်လည် လာသဖြင့် ကျွန်မတို့၏ ဤအိမ်သို့ ကြွလာ ပါမူကား ကျွန်မကိုယ်တိုင် ကျွန်မ၏ အရှင်မြတ်ကြီးအား ဆွမ်းအာဟာရကို လှူပါအံ့ အရှင်သူဌေးသားဟု ဆိုရကား ထိုသို့ဖြစ်မူ လျင်စွာ ပူဇော်သက္ကာရကို ပြုပါလော့၊ ငါတို့လည်း ဤအရှင်မဟာ ကစ္စည်း မထေရ်ကို သည်းခံစေအံ့ (တောင်းပန်ပေးအံ့) ဟု ဆိုပြီးလျှင် မထေရ် မြတ်၏ သီတင်းသုံးရာ အရပ်သို့သွား၍ ရိုသေစွာရှိခိုးလျက် တင့်အပ် လျောက်ပတ်သော အရပ်၌နေပြီးမှ အရှင်မြတ်ဘုရား နက်ဖြန် တပည့်တော်၏ ဆွမ်းအလှူ ခံယူတော်မူပါဘုရားဟု လျှောက်ကြားလေ၏။
သူဌေးသား သင်သည် ဧည့်သည် မဟုတ်လောဟု မိန့်တော်မူလတ်သော် အရှင်ဘုရား တပည့်တော်တို့၏ ဧည့်သည်အဖြစ်ကို မေးမြန်းတော် မမူပါလင့်၊ နက်ဖြန် တပည့်တော်၏ ဆွမ်း အလှူကိုသာ ခံယူတော်မူပါဘုရားဟု လျှောက်ကြား သဖြင့် မထေရ်မြတ်သည် ဝန်ခံတော် မူလိုက်လေ၏။ အိမ်၌လည်း မထေရ်မြတ်၏ အလို့ငှါ ကြီးစွာသော ပူဇော်ဖွယ်ကို စီရင်လေ၏။
မထေရ်မြတ်သည် တဖန်မိုးသောက် နံနက်ရောက်သောအခါ ထိုအိမ်တံခါးသို့ ကြွသွားတော်မူလေ၏။ ထိုအခါ မထေရ်မြတ်ကို နေထိုင်တော်မူစေ၍ မွန်မြတ်သော ဆွမ်းဘောဇဉ် အာဟာရဖြင့် လုပ်ကျွေးပြီးလျှင် သူဌေးသားသည် မိန်းမကိုခေါ်၍ မထေရ်၏ ခြေရင်း၌ ဝပ်စေလျက် အရှင်မြတ်ဘုရား တပည့်တော်၏ အဆွေခင်ပွန်းမအား အနာမယူ သည်းခံတော်မူပါ ဘုရားဟု လျှောက်ကြားလေ၏။
မထေရ်မြတ်လည်း ဤသည်းခံရခြင်းအကြောင်းကား အဘယ်နည်း ဟုမေးလျှင် အရှင်မြတ်ဘုရား ဤဒါယိကာမသည် ရှေးအခါ၌ တပည့်တော်၏ မိတ်ဆွေအဖော် ဖြစ်ပါသည်၊ အရှင်ဘုရားတို့ကို ကြည့်ရှုပြီးလျှင် ဤမည်သော အကြံကိုကြံစည်မိပါပြီ၊ ထိုသို့ကြံစည်သောအခါ ဤသူအား ယောက်ျားအသွင် ကွယ်ခဲ့၍ မိန်းမအသွင် ထင်ရှားစွာ ဖြစ်ပေါ်လာပါသည် ဘုရား၊ အရှင်မြတ်ဘုရား သည်းခံတော်မူပါဘုရားဟု လျှောက်ထားတောင်းပန်လေ၏။
မထေရ်လည်း ထိုသို့ဖြစ်မူ ထလော့၊ ငါသည်းခံ၏ဟု ဆိုလေ၏။ မထေရ်မြတ်သည် ငါသည်း ခံ၏ဟု ဆိုကာမျှ၌သာလျှင် မိန်းမအသွင် ကွယ်ခဲ့၍ ယောက်ျားအသွင် ထင်ရှားစွာ ဖြစ်ပေါ်လာလေ၏။
ဤသို့လျှင် ယောက်ျားအသွင် ထင်ရှားစွာ ဖြစ်ပေါ်လာကာမျှ၌ပင်လျှင် ထို သောရေယျ သူဌေးသားကို တက္ကသိုလ် ပြည်သား သူဌေးသားက အချင်း မိတ်ဆွေ ဤသူငယ် နှစ်ယောက်တို့ကား သင်၏ဝမ်း၌ လွယ်၍ ဖွားမြင်သော သားတို့ ဖြစ်ကြကုန်၏။
အကျွန်ုပ်ကိုစွဲ၍ ဖြစ်ကုန်ရကား နှစ်ပါးစုံဖြစ်သော ငါတို့၏ သားသာလျှင်တည်း၊ ဤ တက္ကသိုလ်ပြည်၌သာ အတူနေကြကုန်စိုအံ့ မငြီးငွေ့ မပျင်းရိပါလင့်ဟု ဆိုလေ၏။
အချင်းမိတ်ဆွေ အကျွန်ုပ်ကား တခုသော ကိုယ်အဖြစ်ဖြင့် ရှေးဦးစွာ ယောက်ျား ဖြစ်လျက် တဖန် မိန်းမအဖြစ်သို့ ရောက်၍ တဖန် ယောက်ျားဖြစ်ပြန်ရ၏၊ ဤသို့ ဖောက်ဖောက်ပြန်ပြန် ဖြစ်ခြင်းသို့ ရောက်ရလေ၏။ ရှေးဦးစွာ အကျွန်ုပ်ကို အကြောင်းပြု၍ သားနှစ်ယောက် ဖြစ်ကုန်၏။
ယခု မိန်းမဖြစ်သော အခါ၌လည်း အကျွန်ုပ်၏ ဝမ်းမှ သားနှစ်ယောက်တို့ ဖွားမြင် ကုန်၏၊ ထိုအကျွန်ုပ်သည် တခုတည်းသော အတ္တဘောဖြင့် ဖောက်ပြန်သော အခြင်းအရာသို့ ရောက်ရခြင်းကြောင့် တဖန် အိမ်၌နေဦးမည်ဟု အမှတ်သညာ မပြုလိုတော့ပြီ။
အကျွန်ုပ်၏ အရှင် မထေရ်မြတ်၏ အထံ၌ အကျွန်ုပ်သည် ရဟန်းပြုတော့အံ့၊ ဤ သားငယ် နှစ်ယောက်တို့လည်း အသင်၏ တာဝန်ဖြစ်ရကား ဤသားငယ် နှစ်ယောက်တို့ အပေါ်၌ မမေ့မလျော့ ပြုစုရစ်ပါလော့ဟု မေတ္တာစကား မှာထားပြီးမှ သားငယ်တို့၏ ဦးခေါင်း၌ အဖန်ဖန် နမ်းရှုပ် သုံးသပ်ပွတ်သပ်လျက် ရင်ခွင်ထက်၌ အိပ်စေပြီးလျှင် ဖခင်အား အပ်နှင်းကာ အိမ်မှ ထွက်ခဲ့၍ မထေရ်မြတ်၏ အထံတော်၌ ရဟန်းအဖြစ်ကို တောင်းပန်လေ၏။
သောရေယျလုလင် ရဟန္တာဖြစ်ခြင်း
အရှင်မဟာကစ္စည်း မထေရ်သည်လည်း ထိုသောရေယျ သူဌေးသားကို ရှင်ရဟန်း ပြု၍ ကမ္မဋ္ဌာန်းကို သင်ယူစေပြီးလျှင် ဒေသစာရီ ကြွချီလတ်သည် ရှိသော် အစဉ် သဖြင့် သာဝတ္ထိပြည်သို့ ရောက်တော်မူလေ၏။ ထိုရဟန်းသစ်အား သောရေယျ မထေရ်ဟု အမည်တွင်လေ၏။
ဇနပုဒ်၌နေသော သူတို့သည် ထိုသောရေယျ မထေရ် အကြောင်းကို သိကုန်ရကား တုန်လှုပ်ချောက်ချားကာ အုတ်အုတ် ကျက်ကျက်သော အသံဖြစ်ကုန်လျက် မထေရ် အထံသို့ ချဉ်းကပ်၍ မေးမြန်းကြကုန်၏။ အရှင်ဘုရား ဤသို့ဖြစ်သော ဟူသည် မှန်ပါသလောဟု မေးလျှင် ဒါယကာတို့ အမှန်ဖြစ်၏ဟု ဆိုလတ်သော် အရှင်ဘုရား ဤသို့သဘော ရှိသော အကြောင်း မည်သည်လည်း ဖြစ်ရချေသေး၏။
အရှင်ဘုရားတို့၏ ဝမ်း၌ သားငယ် နှစ်ယောက် ဖွားကုန်သတတ်၊ အရှင်ဘုရားတို့ကို စွဲ၍ သားငယ် နှစ်ယောက် ဖြစ်ကုန်သဘတ်၊ ထိုသားငယ် လေးယောက်တို့တွင် အဘယ်သား တို့၌ အရှင်မြတ်သည် အားကြီးသော ချစ်ခြင်း ဖြစ်ပါသနည်း ဘုရားဟု မေးလျှောက်ကြကုန်၏။
ဒါယကာတို့ ဝမ်း၌ဖြစ်၍ လွယ်ဖွားသော သားငယ်တို့ အပေါ်၌ အားကြီးသော ချစ်ခြင်းသည် ဖြစ်၏ဟု မိန့်ဆိုတော်မူလေ၏။ ရောက်လာ ရောက်လာကုန်သော သူတို့လည်း ထိုနည်းတူစွာသာလျှင် မပြတ် မေးကြကုန်၏။
အရှင်သောရေယျ မထေရ်လည်း ဝမ်း၌ဖြစ်၍ လွယ်ဖွားသော သားငယ်တို့ အပေါ်၌သာ ချစ်ခြင်း အားကြီးသည်ဟု အဖန်ဖန် မိန့်ဆို ပြောကြားရသည် ရှိသော် ရှက်စနိုးရကား တပါးတည်းသာ ထိုင်ခြင်း တပါးတည်းသာ ရပ်ခြင်းကို ပြုလေ၏။ ထိုသောရေယျ မထေရ်သည် ဤသို့ တပါးတည်းသာ နေလေ့ရှိသော သူ၏အဖြစ်သို့ ကပ်ရောက်လျက် ဤကိုယ်၏အဖြစ် အတ္တဘော၌ ကုန်ခန်းခြင်း ပျက်စီးခြင်းဟူသော ခယ, ဝယ ကမ္မဋ္ဌာန်းကို ထင်မြင်အောင် စီးဖြန်းဆင်ခြင် သည်ရှိသော် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။
ထိုသို့ ရဟန္တာဖြစ်ပြီးသောအခါ၌ လာတိုင်း လာတိုင်းကုန်သော သူတို့သည် အရှင်ဘုရား ဤသို့ ဖြစ်ရသည် ဟူသည် ဟုတ်မှန်ပါသလား ဘုရားဟု မေးကြ ကုန်သည်ရှိသော် ... ဟုတ်မှန်၏ ဒါယကာတို့ဟု ဖြေဆို၏။ အဘယ်သားတို့ အပေါ်၌ ချစ်ခြင်း အားကြီးပါသနည်းဟု တဖန် မေးကြပြန်သော် ငါ့အား တစုံတယောက်သော သားတို့၌ ချစ်ခြင်းမည်သည်မရှိဟု ပြောဆိုလေ၏။
ရဟန်းတို့သည် ဤသောရေယျမထေရ်ကား မဟုတ်မမှန်သော စကားကို ပြောဆိုဘိ၏။ ရှေးဖြစ်သောနေ့၌ ဝမ်း၌လွယ်၍ ဖွားမြင်သော သားတို့အပေါ်၌သာ ချစ်ခြင်း အားကြီးသည်ဟု ပြောဆိုပါလျက် ယခုကား ငါ့အား တစုံတယောက်သော သားတို့၌ ချစ်ခြင်းမည်သည် မရှိပြီဟု ပြောဆိုဘိ၏။ အရဟတ္တဖိုလ် စကားကို ပြောကြားပါသည် မြတ်စွာဘုရားဟု နားတော် လျှောက်ကြလေကုန်၏။
ဘုရားရှင်သည် ချစ်သား ရဟန်းများတို့ ငါ၏သားတော် သောရေယျ မထေရ်သည် အရဟတ္တဖိုလ် စကားကို ပြောကြားသည် မဟုတ်၊ ကောင်းစွာ ဆောက်တည် အပ်သော စိတ်ဖြင့် မဂ်တရားကို မြင်သည်မှစ၍ ငါ့သားတော်အား တစုံတယောက် သော သားတို့၌ ချစ်ခြင်း မဖြစ်လေပြီ။
ဤမဂ်ဖိုလ်ဟူသော စည်းစိမ်ချမ်းသာ၏ ပြည့်စုံခြင်းကို အမိသည်၎င်း၊ အဘသည်၎င်း ပြုခြင်းငှါ မတတ်နိုင်၊ ဤသတ္တဝါတို့အား မိမိကိုယ်တွင်း၌ ကောင်းစွာဖြစ်သော စိတ်သည် သာလျှင် ထိုစည်းစိမ်ချမ်းသာ၏ ပြည့်စုံခြင်းကို ပေးခြင်းငှါ စွမ်းနိုင်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။
ဒေသနာတော်
၄၃။ န တံ မာတာ ပိတာ ကယိရာ၊ အညေ ဝါပိ စ ဉာတကာ။
တံ သမ္မာပဏိဟိတံ စိတ္တံ၊ သေယျသော နံ တတော ကရေ။
တံ ကရဏံ၊ ထိုချမ်းသာ ပြည့်စုံအောင် ပြုခြင်းကို။
မာတာ၊ မွေးသည့် မိခင် ကျေးဇူးရှင်သည်။
န ကယိရာ၊ မပြုနိုင်ရာ။
ပိတာ၊ မွေးသည့် ဖခင် ကျေးဇူးရှင်သည်။
န ကယိရာ၊ မပြုနိုင်ရာ။
အညေ၊ မိခင် ဖခင် ကျေးဇူးရှင်မှ တပါးကုန်သော။
ဉာတကာ ဝါ ပိ စ၊ ဆွေမျိုး သားချင်းတို့သည်လည်း။
န ကရေယျုံ၊ မပြုနိုင်ကုန်ရာ။
သမ္မာပဏိဟိတံ၊ ဆယ်ပါးသော ကုသိုလ်ကမ္မပထ၌ ကောင်းစွာ ဆောက်တည် အပ်သော။
စိတ္တံ၊ စိတ်ကောင်းသည်။
တတော၊ ထိုမိဘဆွေမျိုးတို့ ချမ်းသာပြည့်စုံအောင် ပြုနိုင်ခြင်းထက်။
နံ၊ ထိုပုဂ္ဂိုလ်ကို။
သေယျသော၊ အဆင့်ဆင့် မြင့်မြတ်အောင်။
ကရေ-ကရောတိ၊ ပြုနိုင်၏။
ဒေသနာတော်၏ မှတ်ဖွယ် အဓိပ္ပါယ်
သားသ္မီးတို့အား ပစ္စည်းဥစ္စာ ပေးကြသော မိဘတို့မည်သည် တဘဝ၌သာလျှင် အလုပ်အကိုင် မလုပ်ရဘဲ ချမ်းသာစွာ အသက်မွေး နိုင်လောက်သော ပစ္စည်းဥစ္စာကို ပေးနိုင်ကြ၏။ ဝိသာခါအား ပစ္စည်း ဥစ္စာ အသုံးအဆောင် လွန်စွာ ကြွယ်ဝသော မိဘ သူဌေးကြီးတို့ သော်မှလည်း တဘဝ၌သာလျှင် ချမ်းသာစွာ အသက်မွေးနိုင် လောက်ရုံ ပေးနိုင်ကြလေကုန်၏။
လေးကျွန်းလုံး၌ စကြဝတေးမင်း စည်းစိမ် အသရေကို ပေးစွမ်းနိုင်သော မိဘတို့ မည်သည်ကား သားသ္မီး တို့အား မရှိ၊ နတ်ပြည် စည်းစိမ်, ပဌမဈာန် စသည် စည်းစိမ်, မဂ်ဖိုလ် နိဗ္ဗာန် ဟူသော လောကုတ္တရာ စည်းစိမ်ချမ်းသာကို အဘယ်မှာလျှင် ပေးစွမ်း နိုင်အံ့နည်း၊ ဆိုစရာစကားပင် မရှိ။
ကောင်းစွာ ဆောက်တည်အပ်သော စိတ်ကောင်း စိတ်မြတ်သည်ကား ထိုအလုံးစုံ သော စည်းစိမ်ချမ်းသာ တို့ကို ပေးစွမ်းနိုင်၏။ ထို့ကြောင့် အဆင့်ဆင့် မြင့်မြတ်အောင် ပြုနိုင်၏ဟု ဆိုအပ်လေသတည်း။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများ အပေါင်းအား အကျိုးရှိသော ဒေသနာတော် ဖြစ်လေ၏။
သောရေယျသူဌေးသားဝတ္ထု ပြီး၏။
ဤတွင်ရွေ့ကား သုံးခုမြောက်သော စိတ္တဝဂ် ပြီး၏။
နိဂုံး
မဟာမိတ္တကုလေ ဇာတော၊ ပန်းမောင်တိ ဒန္တစာရိကော။
မနောရမံ ဓမ္မပဒ၊ ဋ္ဌကထံ ပါဠိဘာသိတံ။
မြန်မာ့ဘာသာ ဝတ္ထု ဘာဝါ၊ ကုမာရကဿပါယတိ။
ပုညထာဝရ လာဘာယ၊ မဉ္စ ဗုဒ္ဓဃုသီယတိ။
မဟာမိတ္တကုလေ၊ သာသနာကပ်ညောင်း သူတော်မြတ် အပေါင်းတို့၏ လမ်းကြောင်း သဘာဝ ကလျာဏမိတ်စစ် ဂုဏ်သနစ်ဖြင့် ထွန်းသစ်ကျော်ဟီး ကောင်းမြတ်သော မျိုးရိုးကြီး၌။
ဇာတော၊ ပါရမီညွန့်ဖူး ကောင်းမှုထူးကို ဖြည့်ဖူးသည်အလျောက် ထွန်းပေါက် သန့်စင် ကောင်းစွာ ဖွားမြင်သော။
ဒန္တစာရိကော၊ ကိုယ်နှုတ်နှလုံး ယဉ်ယဉ်သုံးလျက် ဆုံးမချက်ပိုက် ကိုယ်၌စာနာ ဝါသနာဖြင့် ညီညာတင့်အောင် ပြုကျင့်လေ့ရှိသော။
ပန်းမောင်တိ၊ ယုတ်မာ ကျင့်ညံ့ မပြုဝံ့ဘဲ နူးညံ့လေအောင် မောင်ပန်းမောင်ဟု ခေါ်တွင်စေမှု ညစ်ကျု ဖီလာ အမည်သာသော ဥပါသကာသည်။
မနောရမံ၊ သူမြတ်တို့နှုန်း အမြိုက်ထုံး ဟု နှလုံးထွတ်မြတ် မွေ့လျော် အပ်သော။
ပါဠိဘာသိတံ၊ ဘာသာထက်ဖျား ပါဠိ အားဖြင့် ထင်ရှားရှိသော။
ဓမ္မပဒဋ္ဌကထံ၊ နိဗ္ဗာန်ပေးကြောင်း ဂုဏ်ပေါင်းကြို့ခ ဓမ္မပဒ အဋ္ဌကထာ ကျမ်းကြီးစွာကို။
မြန်မာ့ဘာသာ ဝတ္ထုဘာဝါ၊ သာသနာ မြတ်နိုး မြန်မာမျိုးတို့၏ အကျိုးများစွာ ဖြစ်စိမ့်ငှါဟု မြန်မာသနစ် ဝတ္ထုသွား စကားပြေ ဖြစ်စေသော အဖြစ်ဖြင့်။
ပုညထာဝရ လာဘာယ၊ ငါးထောင်နှစ်စွဲ တည်မလွဲဟု အမြဲထာဝရ မြတ်ပုညကို လက်ရသိမ်းချုပ် ထိန်းအုပ်နိုင်ပါစေခြင်း အကျိုးငှါ။
ကုမာရကဿပါယတိ၊ သီဟိုဠ်ဘာသာ ဓမ္မပဒမှ မာဂဓဘာသာ ဓမ္မပဒဖြစ်အောင် ပြန်ဆို ရေးသားစိမ့်သောငှါ အရှင်ဗုဒ္ဓဃောသကို တောင်းပန်သော အရှင် ကုမာရကဿပ ကဲ့သို့ မိမိကိုယ်ကို အတူပြုကျင့်ပေ၏။
မဉ္စ၊ များစွာ ရာကျော် သံဃာတော်၏ နှစ်ဖော်ဓုရ ဖြည့်ကြသိပ်သည်း ညောင်လေးပင် တောရ ကျောင်းတိုက်ကြီး၌ ဦးစီးဖြစ်ခိုက် ကြုံကြိုက်ပဓာန ဥက္ကဋ္ဌအနေ ငါမထေရ် ကိုလည်း။
ဗုဒ္ဓဃုသီယတိ၊ မာဂဓဘာသာ ဓမ္မပဒမှ မြန်မာ့ဘာသာ ဓမ္မပဒဝတ္ထုတော်ကြီး ဖြစ်ပေါ်လာစိမ့်သောငှါ အရှင်ဗုဒ္ဓဃောသ မဟုတ်ဘဲ အရှင်ဗုဒ္ဓဃောသ မထေမြတ် ကိုကဲ့သို့ အတူပြုကျင့်ပေ၏။
ဣတိ အရိယောတိ နာမဓေယျေန ထေရေန ဝိရစိတေ မြန်မာ့ဘာသာ ဓမ္မပဒဝတ္ထုပကရဏေ တိဝဂ္ဂဝတ္ထူဟိ ပဋိမဏ္ဍိတော ပဌမဘာဂေါ သိဝံ ဂတော။
ဣတိ၊ ဤဆိုအပ်ပြီးသော အစီအစဉ်အားဖြင့်။
အရိယောတိနာမဓေယျေန၊ ဥပဇ္ဈာယ် ဆရာသခင် ကျေးဇူးရှင်တို့က အရိယဟု မှည့်ခေါ် အပ်သော အမည်ရှိသော။
ထေရေန၊ ညောင်လေးပင်တောရ ကျောင်းတိုက်ကြီး၌ သီတင်းသုံး နေထိုင်လေ့ ရှိသော မထေရ်သည်။
ဝိရစိတေ၊ အထူးသဖြင့် စီရင်ရေးသား အပ်သော။
မြန်မာ့ဘာသာ ဓမ္မပဒဝတ္ထုပကရဏေ၊ မြန်မာဘာသာပြန် (ဓမ္မပဒ ဝတ္ထုတော်မည်) စကားပြေကျမ်းကြီး၌။
တိဝဂ္ဂဝတ္ထူဟိ၊ သုံးခုသော ဝဂ်တို့၌ အကျုံးဝင်သော ၃၂-ခုသော ဝတ္ထုကြီးတို့ဖြင့်။
ပဋိမဏ္ဍိတော၊ တန်ဆာဆင်အပ်သော။
ပဌမဘာဂေါ၊ ပဌမတွဲသည်။
သိဝံ၊ ဘေးကင်းငြိမ်းချမ်း ပြီးဆုံးခန်းသို့။
ဂတော၊ ရောက်ချေပြီ။
ဓမ္မပဒ ဝတ္ထုတော်ကြီး လေးတွဲအနက် ပဋ္ဌမတွဲ ဤတွင် ပြီး၏။
Comments
Post a Comment