Skip to main content

ဥတ္တမပုရိသဒီပနီ

ဥတ္တမပုရိသဒီပနီ

နိဒါန်း

သကျပုင်္ဂဝ နာယကဟု နရသီဟိန် သံဃိန်မကုဋ အတုလသည် သုခ ရိပ်နန်း အမြိုက်ပန်းကို ဆွတ်လှမ်း ပန်ဆင်တော်မူသည့်နောက် ထွန်းတောက် သာသနာ နှစ်ထောင်သာ၌ မြန်မာခရိုင် မန်းမဏ္ဍိုင်တွင် ဘုန်းလှိုင်နတ်စော နေနှယ်လျောက ဥရောပဌာန် အင်္ဂလန်မှ လန်ဒန်မျိုးခြား အုပ်စိုးငြားသော် ပြည်သားနွယ်ရင်း လူတစ်သင်းလည်း ချင်းချင်းနှီးနွယ် ဉာဏ်ကြီးကျယ်၍ သွယ်သွယ်ဘာသာ တတ်ကျွမ်း ကာဖြင့် ပညာပြည့်ဝ ကုံလောက်ငလျက် ဘာသန္တရကဝိ ဉာဏ်ရှိသူ တို့အနက် ထက်မြက်ဉာဏ်စ စိုက်တိုင်းရှသဖြင့် သုတကာမီ ဝါဒီဆေက သာသနပါလိတ် ပုဏ္ဏရိက်ပမာ ကိုယ့်ဘာသာဖြင့် မိစ္ဆာတိုက်လွင့် တရား ဖွင့်လျက် ဉာဏ်ဖြင့်ဆွေးနွေး စင်ကြယ်အောင် ဆေးနိုင်ပေသော မန္တလေးမြို့ ဗုဒ္ဓဘာသာ သာသနာပြုအသင်း စက္ကရီတေရီ ပညာရုံး စာရေးကြီး မောင်သော်သည် တိုင်းကျော်ပြည်သိ မုနိပုင်္ဂဝ သံဃိန္ဒ၏ သာသနာ့ အသင်းဝယ် ကြိုးပမ်းဆောင်စွမ်းသော အကျိုးဆောင် စက္ကရီတေရီ ဖြစ်သည်နှင့်အညီ အလီလီသောဝါဒ အဝဝသောအယူ အဆူဆူသောဂိုဏ်းဆရာကြီးတို့နှင့် နှောနှီးဖြေတင် ရှင်းလင်းသင်လျက် သဘင်ပွဲရပ် ပရိသတ်ဝယ် ခဲကတ်ပြောဆိုရသော အချက်စု၌ 'နယု ပဒေသ ပုစ္ဆာဉာဏ်ရစိမ့်' ဟု ခဏချက်ချင်း စာရင်းတင်ထား သို့ပြုဖန် များလတ်သော် ပျား, ခြပုန်း တရထည်ဖြင့် မြင့်ရှည်စွာ စုဆောင်းအပ်သော ပုစ္ဆာစုကို ဗဟုဿုတဓာရီ ဝါဒီပါကဋ သမ္ဘာရကံ, ဉာဏ်ရဲရဲသန်သဖြင့် ခြောက်တန်နာယက ဂုဏ်ပေါင်းခ,သော မဟာဝိသုဒ္ဓါရာမ ဆရာတော် ဘုရားကြီးထံ ခွင့်ပန်ဝပ်တွား 'ဖြေကြားဆုံးဖြတ်တော်မူပါ' ဟု အခါခါ လျှောက်ထားခဲ့ရာ--

၎င်း ဆရာတော်ဘုရားကြီးကလည်း ဉာဏ်သွားချိန်ချင့် ရှုမျော် လင့်က 'ယခင့်ပုစ္ဆာ ပြဿနာကား နတ်ရွာစိုးရ ဝါသဝ၏ သက္ကပဥှာ ကဲ့ပမာဖြင့် လွန်စွာနက်နဲ ခက်ခဲထူးမြတ်ပေတမုံ့' ဟု ခွန်းတုံ့ မြွက်ဟပြီးခါ

ပဥှာလေးနက် ဖြေမေးချက်နှင့်
ခဲခက်စုံစမ်း သူထောက်လှမ်းက
ခွဲခြမ်း ဝေငှ စိန်သို့ ရှသည့်
ဓမ္မဝေဓည် ဉာဏ်ဇာနည်ကို
စိတ်ကြည်အင်ရွှဲ လိုရှိမြဲတည်း။

ဟူသော ပေါရာဏစကားအတိုင်း ပြဿနာရှုပ်ထွေး ဖြေရေး ကြုံကြိုက်လာရကား ၎င်းပဥှာပြဿနာအချက်ကို နဲနက်ထောက်လှမ်း ခွဲခြမ်းဖြေဆိုနိုင်မည့် အရှင်ဝေဒင်္ကရ ဓမ္မဝေဓိတ် ညာဉ်ဟိတ်ဇာနည် နေတရထည်ဖြင့် ဉာဏ်ခြည်သောင်းထောင် ဝင့်တိုင်းပြောင်လျက် ရွှေတောင်စတေ ဣန္ဒြေတည်တံ့ ကျင့်စင်သန့်လျက် တားဟန့်ညစ်ကြေး တည်စိတ်မွေး၍ ရိပ်အေးသေလာ မြေဗြဟာတွင် ကေသရာတနှုန်း ကျင့်သုံးမွေ့လျော်တော်မူလေ့ရှိသော မုံရွာမြို့ လယ်တီ ဆရာတော် ဘုရားကြီးထံ တမန်စာလွှင့် ထပ်ဆင့်တောင်းပန်ပြန်ရာ-

၎င်း လယ်တီဆရာတော်ဘုရားကြီးလည်း အများသိဿ ဟူသမျှ တို့၏ ဒွေဠှကသင်္ကာကို မကြာချက်ချင်း ဖြေရှင်းဆုံးဖြတ်တော်မူ ပေလင့်ကစား ယခင်မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး တင်ပို့အပ် လွှဲလိုက်သော ပဥှာပြဿနာကို အဖြာဖြာသောယုတ္တိဖြင့် နှိုင်းညှိဆုံး ဖြတ်ရုံသာမက-

'သတ္တဝါအနန္တတို့၏ သံသာရဝဋ်လမ်းတွင် ကျွတ်စခန်း မရအောင် နေ့ညတိုင်း ဖိစီး၍ အားကြီးစွာ နှိပ်စက်သဖြင့် ပွားတက်ငြိစွဲ၍နေသော ငရဲမီးဗီဇ သက္ကာယဒိဋ္ဌိမြစ်ကို နုတ်ပစ် ရှားပယ် နင်းနယ်ခုတ်ထွင် သုတ်သင်ချိုးဖျက်နိုင်ကြစေရန်' ရည်သန်ရိုးရင်း နှလုံးသွင်းရှိတော်မူသည့်အလျောက် လမ်းပေါက် ပရိညာဏ် ရုပ်နှင့်နာမ်တွင် နည်းမှန်ကျန စူးရှထိုးထွင်းစေလိုသဖြင့် ထိုထို နာမ်ရုပ်နှင့် တရားအချုပ်ကို လက်ဆုပ်လက်ကိုင် ပိုင်နိုင်အောင် ရှုကြည့် နည်းနှင့်တကွ ဖော်ပြရေးသား စီရင်ဆုံးဖြတ်တော်မူအပ်သော 'ဥတ္တမ ပုရိသဒီပနီ' အမည်ရှိသောကျမ်းကို ကျွန်ုပ်တို့ 'မိခင်ဧရာဝတီပုံနှိပ်တိုက်' က သိုက်မြိုက်သန့်ရှင်းစွာ ပုံနှိပ်လုပ်ဆောင်ခြင်း ပြုပါကြောင်း။

---

ဆရာတော်ဘုရားကြီး၏ အမှာတော်

ကြားမှာလိုက်သည် မောင်သော်-

မောင်သော် လျှောက်လွှာသည် မန္တလေးမြို့ မဟာဝိသုဒ္ဓါရာမ ဆရာတော် မှာစာနှင့်တကွ ၁၂၆၁-ခု၊ တပေါင်းလဆန်း ၁၀-ရက်နေ့တွင် ရောက်လာသည်။ လျှောက်လွှာကို ကြည့်ရှုရာ--

- သဘော အဓိပ္ပါယ်သံ အထပ်ထပ် ပါရှိသည်တစ်ကြောင်း,
- ပွားများ၍ နေထိုင်လိုပါသည် ပါရှိသည်တစ်ကြောင်း,
- အန္ဓပုထုဇန် အဖြစ်မှ လွတ်၍ ကလျာဏပုထုဇန်အဖြစ်သို့ ရောက်လိုသံ ပါရှိသည် တစ်ကြောင်း-

အန္ဓပုထုဇန် ဆိုသည်ကား မျက်စိမရှိသော ပုထုဇန်ကို ဆိုလိုသည်၊

ကလျာဏပုထုဇန် ဆိုသည်ကား မျက်စိပေါက်သော ပုထုဇန်ကို ဆို လိုသည်။

မျက်စိသည်
(၁) ဒိဋ္ဌိဇုကမ္မ သမ္မာဒိဋ္ဌိ မျက်စိ၊
(၂) ပရိယတ္တိ မျက်စိ၊
(၃) ဝိပဿနာ သမ္မာဒိဋ္ဌိ မျက်စိ၊
(၄) လောကုတ္တရာ သမ္မာဒိဋ္ဌိ မျက်စိ---
ဟူ၍ မျက်စိလေးလုံးရှိသည်တွင် သာသနာပ ကာလ၌ ဒိဋ္ဌိဇုကမ္မ သမ္မာဒိဋ္ဌိ မျက်စိပေါက်၍ သီလ, သမာဓိ ရှိသောသူကို ကလျာဏပုထုဇန် ခေါ်ရသည်၊ သာသနာတွင်း၌ကား ဒိဋ္ဌိဇုကမ္မ သမ္မာဒိဋ္ဌိ မျက်စိရှိရုံမျှနှင့် ကလျာဏပုထုဇန် မခေါ်လောက်သေး။ ပိဋကတ်ကျမ်းဂန် ကျေပွန်နှံ့စပ် စာပေတတ်သော ပရိယတ်မျက်စိ ပေါက်ရုံမျှနှင့်လည်း ကလျာဏပုထုဇန် မခေါ်လောက်သေး-

သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ ခွါရှဲရာသော ဓာတုစက္ခု, ပစ္စယ စက္ခုနှင့် တကွ ဝိပဿနာ သမ္မာဒိဋ္ဌိ မျက်စိပေါက်မှသာလျှင် ကလျာဏပုထုဇန် အမှန်ခေါ်ထိုက်သည်။

ထိုသူသည်---
ယခုဘဝ၌သော်လည်း လောကုတ္တရာ သမ္မာဒိဋ္ဌိမျက်စိ ပေါက် ရောက်လတ္တံ့၊
- ဒုတိယဘဝ၌ နတ်ဖြစ်၍သော်လည်း ပေါက်ရောက်လတ္တံ့၊
- သာသနာပ၌ ပစ္စေကဗောဓိအဖြစ်နှင့်သော်လည်း ပေါက် ရောက် လတ္တံ့၊
- ဗောဓိအခြေအမြစ် စိုက်ပြီးဖြစ်၍ လူ့အဖြစ်, နတ်အဖြစ်နှင့် တွေ့ရာဘုရားသာသနာ၌သော်လည်း အလွန်လွယ်စွာ ကျွတ်နိုင်လတ္တံ့၊

သာသနာတွင်း၌ ဤသို့သော သူသည်သာ အန္ဓပုထုဇန်အဖြစ် ကို လွန်၍ ကလျာဏပုထုဇန်အဖြစ်သို့ ရောက်သောသူ ဆိုစလောက် သည်။

- ဒါန, သီလ ကောင်းကာမျှနှင့် ကလျာဏပုထုဇန် မဆို လောက်သေး၊ စာပေပရိယတ် တတ်ကာမျှနှင့် ကလျာဏ ပုထုဇန် မဆိုလောက်သေး၊ ဤသို့ မမြှောက်မမြှင့် အဖြောင့်ဖွင့်သော ကျမ်းဂန်ရိပ် ရှိသည်တစ်ကြောင်း
- ဘာသာတစ်ပါးတို့ မလှုပ်ချောက်ချားနိုင်စေခြင်းငှာ သိအပ်, နှလုံးသွင်းအပ်သော တရားဟု ပါရှိသည် တစ်ကြောင်း

ယင်းအကြောင်းမှာလည်း ငါတို့ မြန်မာလူမျိုး ချင်းချင်းမှာ ကျမ်းဂန် သံနှင့် ပြောနိုင်လျှင် ပြီးတော့သည်၊ ကိုယ်တွေ့ မျက်မြင် အထင်အသိ ယုတ္တိသာဓက မလိုလှ။ အကြံတက္ကီ ဝီမံသီ မိစ္ဆာဘာသာဝင် လူမျိုး တို့နှင့် ပြောဆိုရာ၌ကား ကျမ်းဂန်သံနှင့်မရ ကိုယ်တွေ့မျက်မြင် အထင် အသိ ယုတ္တိသက်သေပြနိုင်မှ မလှုပ်ချောက်ချားနိုင် ရှိရာသည်။ သို့အတွက်ကြောင့်လည်းကောင်း မဟာဝိသုဒ္ဓါရာမဆရာတော် အမိန့်စာ မှာလည်း ဗုဒ္ဓဘာသာ သာသနာတော်အကျိုး စီးပွားနှင့်စပ်၍ မောင်သော် ကို အားရတော်မူသောအသံ များစွာပါရှိသည်ဖြစ်၍လည်းကောင်းသို့အကြောင်းများကြောင့် ခန္ဓဝဂ္ဂသံယုတ် သုတ္တန်ပါဠိတော်ကြီးကို မူတည်၍ ဗုဒ္ဓဘာသာ သာသနာဝယ် နေရာကျလိုလှသော အချက်စု၌ မြန်မြန်ကြီး အရည်လည်တဲ့စေခြင်းငှာ မြန်မာစကားသက်သက်နှင့် အချက်ထိထိ ဉာဏ်မျက်စိ ကွင်းကွင်း အသိဉာဏ်လင်းလောက်အောင် နက်နဲခက်ခဲရာ အရပ်စု၌ အထပ်ထပ်အခါခါ ဥပမာ, ဥဒါဟရုဏ်များ နှင့်တကွ ဖော်ပြရေးသားလိုက်သည်။

ပါဠိပါဌ်သား မပါသည်ဟု မအောက်မေ့နှင့်၊ ပါဠိပါဌ်သားနှင့် ရေးလျှင် စကားစဉ် စကားဆက်ကွာလှမ်း၍ ပြောတတ်ဟောတတ် ရှိရုံမျှကိုပင် အင်မတန်ကြီး ကြံရလိမ့်မည်။

- ပြောဖို့, ဟောဖို့ကား လိုရင်းမဟုတ်၊
- မိမိကိုယ်မှာ ကလျာဏပုထုဇန် ဉာဏ်မျက်စိတစ်လုံး ပေါက်မှုသည်သာ အမြတ်ဖြစ်သည်။

အရေးအသားမှာ 'မူ' ရရုံမျှသာ ရှိချေသည်၊ ရှင်းရှင်းလင်းလင်း မရှိဟု မအောက်မေ့နှင့်၊ မြန်မြန်ကြည့်တဲ့ရအောင် ညညကို တွင်တွင် ရေးရသည့်အတွက် ရှင်းရှင်းလင်းလင်း မရှိလေသည်။

ဤစာအုပ်ကို သူတစ်ပါးကို မပြတဲ့နှင့်ဦး၊ သဘောသကန် နိုင်နင်း ပြီးထင်မှ သူတစ်ပါးကို ပြလိုပြ ပြောလိုပြော၊ သဘောသကန် မကျေ မလည်ရှိသော အရာမှာ ဆရာတော်ကိုသာလျှောက်ထား၊ သူတစ်ပါးကို မလျှောက်တဲ့နှင့်၊ ရာဇဂြိုဟ်ဘုရင် ဗိမ္ဗိသာရမင်းကြီးက တက္ကသိုလ်ဘုရင် ပုက္ကုသာတိမင်းထံ ဗုဒ္ဓဘာသာစာအုပ် လက်ဆောင် ဆက်ကမ်းလိုက် သောအခါ 'ပရိသတ်အလယ်မှာ မဖွင့် မကြည့်ပါ လေလင့်'ဟု မှာဖူးသော 'ထုံး' ရှိသည်၊ သဘောသကန် ထင်မြင်ရှင်းလင်း ကျေလည်ပြီးသည့် နောက် သူတစ်ပါးကို ပြောဟောရန် ကျမ်းဂန်ပါဠိ ပါဌ်သား အလိုရှိလျှင် 'ဘယ်နေရာမှာ-ဘယ်အချက်မှာ ပါဠိရလိုပါသည်' ဟု မဟာဝိသုဒ္ဓါရာမ ဆရာတော်ထံလျှောက်၊ ငါတို့ထံသို့သော်လည်း စာထည့်၊ မထင် မမြင် တဲ့နိုင်ပဲ တွေဝေခုခံ၍ နေသောအချက် တွေ့ရှိ၍နေလျှင်လည်း မြန်မြန် စာထည့်။

လယ်တီဆရာတော်
၁၂၆၂- ခု ကဆုန်လဆန်း ၂-ရက်။

---

ဥတ္တမပုရိသဒီပနီ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပဋိညာဉ်ပြ

မန္တလေးမြို့ ပညာရုံးစာရေးကြီး (မောင်သော်)တောင်းပန်လျှောက် ထားသော တရားအစု ကိုးခုသောအခန်းတို့ကို ကျမ်းဂန်အရှိ ပါဠိအနက် ဆုံးဖြတ်ချက်အကျဉ်း လိုရင်းအချုပ်နှင့်တကွ ထုတ်ပြဖြေကြားပေအံ့။

ပထမခန်း

သက္ကရာဇ် ၁၂၆၁- ခု၊ တပေါင်းလဆန်း ၁၀-ရက်နေ့၊ မန္တလေးမြို့ တော်မှ ရောက်လာသော လျှောက်လွှာပါတရားအစု ကိုးခုသော အခန်းတွင်.....

သမ္မာသမ္ဗုဒ္ဓ ဘုရားဆု, ပစ္စေကဗုဒ္ဓဆု, အဂ္ဂသာဝကဆု, မဟာ သာဝကဆု, ပကတိသာဝကဆု၊ ဤသို့ ဆုငါးပါးရှိရာ တစ်ပါးတစ်ပါး စီသောဆုကိုရအောင် ပါရမီဖြည့်နည်း၊ ၎င်းပါရမီဆယ်ပါး၏ သရုပ် သဘော အဓိပ္ပါယ်များကို အသေအချာ သိလိုပါကြောင်း။ ၎င်းတွင် လည်း သမ္မာသမ္ဗုဒ္ဓဆုကို အထူးသိလိုပါကြောင်း။ ပထမလျှောက်ချက်။

ပါရမီ သရုပ်ပြ

၎င်း ပထမခန်းမှာ ပါရမီဆယ်ပါးတို့၏ သရုပ်သဘော အဓိပ္ပါယ် သုံးပါးတို့တွင်....

ဒါနံ သီလဉ္စ နေက္ခမ္မံ၊
ပညာ ဝီရိယ ခန္တိစ။
သစ္စာ ဓိဋ္ဌာန မေတ္တာ စ၊
ဥပေက္ခာ ပါရမီ ဒသ။

ဒါနံ=ဒါနပါရမီလည်းကောင်း၊ သီလံ=သီလပါရမီလည်းကောင်း၊ နေက္ခမ္မံ=နေက္ခမ္မ ပါရမီလည်းကောင်း၊ ပညာ=ပညာပါရမီလည်းကောင်း၊ ဝီရိယ ခန္တိစ=ဝီရိယပါရမီ ခန္တီပါရမီလည်းကောင်း၊ သစ္စာဓိဋ္ဌာန မေတ္တာစ=သစ္စာပါရမီ အဓိဋ္ဌာန်ပါရမီ မေတ္တာပါရမီလည်းကောင်း၊ ဥပေက္ခာ=ဥပေက္ခာပါရမီလည်းကောင်း၊ ဒသ=ဆယ်ပါးကုန်သော၊ ပါရမီ=ပါရမီတို့တည်း။

- ဥပသဒ္ဒါနှင့်ယှဉ်၍ ဒါနဥပပါရမီ သီလဥပပါရမီ စသည်ဖြင့် ဆိုပြန် လျှင် ဥပပါရမီ ဆယ်ပါးဖြစ်ပြန်၏။
- ပရမတ္ထသဒ္ဒါနှင့်ယှဉ်၍ ဒါနပရမတ္ထပါရမီ သီလပရမတ္ထပါရမီ စသည်ဖြင့် ဆိုပြန်လျှင် ပရမတ္ထပါရမီ ဆယ်ပါးဖြစ်ပြန်၏၊ သရုပ်အပြား သုံးဆယ် ဖြစ်၏။

ပါရမီ သရုပ်ပြ ပြီး၏။

---

ပါရမီ သဘောလက္ခဏာပြ

ပါရမီဆယ်ပါးတို့၏ သဘောဟူရာ၌ စရိယပိဋကအဋ္ဌကထာ သီလက္ခန်ဋီကာကြီးများမှာ လာသောပါရမီ ဆယ်ပါးတို့၏ လက္ခဏရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို သဘောဆိုသည်။

၁။ ပရိစ္စာဂလက္ခဏံ ဒါနံ၊ ဒေယျဓမ္မ လောဘဝိဒ္ဓံသန ရသံ။ အနာသတ္တိ ပစ္စုပဋ္ဌာနံ၊ ပရိစ္စဇိတဗ္ဗဝတ္ထု ပဒဋ္ဌာနံ။
ဒါနံ=ဒါနသည်၊ ပရိစ္စာဂလက္ခဏံ=စွန့်ခြင်းလက္ခဏာရှိ၏၊ ဒေယျဓမ္မလောဘဝိဒ္ဓံသနရသံ=ဒေယျဓမ္မဝတ္ထု၌ ငြိတွယ်သော လောဘကို ဖျက်ဆီး ခြင်း ကိစ္စရှိ၏၊ အနာသတ္တိ ပစ္စုပဋ္ဌာနံ=မငြိမတွယ်ခြင်းလျှင် ဉာဏ်၌ ထင်သော အခြင်းအရာရှိ၏၊ ပရိစ္စဇိတဗ္ဗဝတ္ထုပဒဋ္ဌာနံ=စွန့်လှူထိုက် သောဝတ္ထုလျှင် နီးစွာသော အကြောင်းပဒဋ္ဌာန်ရှိ၏။

(သီလက္ခန်ဋီကာ)

၂။ သီလနလက္ခဏံ သီလံ၊ ဒုဿီလျ ဝိဒ္ဓံသန ရသံ၊ သောစေယျ ပစ္စုပဋ္ဌာနံ၊ ဟိရီဩတပ္ပ ပဒဋ္ဌာနံ။
သီလံ=သီလသည်၊ သီလနလက္ခဏံ=ကိုယ်နှုတ်နှစ်ပါးကို သိမ်းဆည်း သောအား ကောင်းစွာထားခြင်းလက္ခဏာရှိ၏၊ ဒုဿီလျ ဝိဒ္ဓံသနရသံ= မကောင်း သော ကိုယ်နှုတ်အမှုဟူသော အကုသိုလ်ဓမ္မကို ဖျက်ဆီးခြင်း ကိစ္စရှိ၏၊ သောစေယျ ပစ္စုပဋ္ဌာနံ=ကိုယ်နှုတ်အမှု ဖြူစင်သန့်ရှင်းခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာန်ရှိ၏၊ ဟိရီဩတပ္ပ ပဒဋ္ဌာနံ=ဟိရီဩတပ္ပလျှင် နီးစွာ သောအကြောင်း ပဒဋ္ဌာန်ရှိ၏။

၃။ ကာမတော ဘဝတောစ နိက္ခမနလက္ခဏံ နေက္ခမ္မံ၊ ကာမဘဝါဒီနဝ ဝိဘာဝန ရသံ၊ တေဿဝ ဝိမုခဘာဝ ပစ္စုပဋ္ဌာနံ၊ သံဝေဂ ပဒဋ္ဌာနံ။
နေက္ခမံ=နိက္ခမသည်၊ ကာမတောစ=ကာမမှလည်းကောင်း၊ ဘဝတောစ=ဘဝမှလည်းကောင်း၊ နိက္ခမနလက္ခဏံ=ထွက်ခွါ ကျွတ်လွတ် ခြင်းလက္ခဏာရှိ၏၊ ကာမဘဝါဒီနဝ ဝိဘာဝနရသံ=ကာမ၏အပြစ် ဘဝ၏အပြစ်တို့ကို အလင်းထင်အောင်ပြခြင်း ကိစ္စရှိ၏၊ တေဿဝ= ထိုကာမဘဝကိုသာလျှင်၊ ဝိမုခဘာဝ ပစ္စုပဋ္ဌာနံ=မတွေ့လိုမှု မျက်ကွယ် ပြုလိုသော အဖြစ်လျှင် ထင်သော ပစ္စုပဋ္ဌာန်ရှိ၏၊ သံဝေဂပဒဋ္ဌာနံ= ကာမဘေး ဘဝဘေးတို့မှ ထိတ်လန့်သော သဟောတ္တပ္ပဉာဏ်လျှင် အကြောင်းပဒဋ္ဌာန်ရှိ၏။

၄။ ယထာ သဘာဝပဋိဝေဓ လက္ခဏာ ပညာ၊ ဝိသယော ဘာသန ရသာ၊ အသမ္မောဟ ပစ္စုပဋ္ဌာနာ၊ သမာဓိ ပဒဋ္ဌာနာ။
ပညာ=ပညာသည်၊ ယထာသဘာဝ ပဋိဝေဓလက္ခဏာ=ဟုတ်မှန် တိုင်းသော သဘောတရားကို ထိုးထွင်း၍ သိမြင်ခြင်း လက္ခဏာရှိ၏၊ ဝိသယော ဘာသနရသာ=ဉာဏ်၏အရာ အာရုံဓမ္မ သဘာဝကို ထွန်းပြ ခြင်းကိစ္စရှိ၏၊ အသမ္မောဟပစ္စုပဋ္ဌာနာ=မတွေမဝေခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာန်ရှိ၏၊ သမာဓိ ပဒဋ္ဌာနာ=စိတ်၏တည်ကြည်ခြင်းလျှင် နီးစွာသော အကြောင်းပဒဋ္ဌာန် ရှိ၏။

၅။ ဥဿာဟ လက္ခဏံ ဝီရိယံ၊ ဥပတ္ထမ္ဘနရသံ၊ အသံသီဒန ပစ္စုပဋ္ဌာနံ၊ သံဝေဂပဒဋ္ဌာနံ။
ဝီရိယံ=ဝီရိယသည်၊ ဥဿာဟလက္ခဏံ=အားသစ်ကြိုးပမ်းခြင်း လက္ခဏာ ရှိ၏၊ ဥပတ္ထမ္ဘနရသံ=စိတ်ကိုမရော့မရဲ ခိုင်မြဲတင်းရင်းအောင် ထောက်ပံ့ခြင်း ကိစ္စရှိ၏၊ အသံသီဒန ပစ္စုပဋ္ဌာနံ=မတွန့် မဆုတ်ခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာန်ရှိ၏၊ သံဝေဂပဒဋ္ဌာနံ=ဇာတိဘေး ဇရာဘေး ဗျာဓိ ဘေး မရဏဘေး စသည်တို့ကို တွေးမိလေတိုင်း အလှိုင်းတကြီး အား သည်းဆွေ့ခုန် နှလုံးတုန်ခြင်းလျှင် နီးစွာသော အကြောင်းပဒဋ္ဌာန်ရှိ၏။

၆။ ခမနလက္ခဏာ ခန္တိ၊ ဣဋ္ဌာနိဋ္ဌ သဟနရသာ၊ အဓိဝါသန ပစ္စုပဋ္ဌာနာ၊ ယထာဘူတ ဒဿန ပဒဋ္ဌာနာ။
ခန္တိ=ခန္တိသည်၊ ခမနလက္ခဏာ=နှလုံးခိုင်ခံ့ခြင်းလက္ခဏာရှိ၏၊ ဣဋ္ဌာနိဋ္ဌ သဟနရသာ=ဣဋ္ဌအနိဋ္ဌ လောကဓလေ့ ကြိုက်ကြုံတွေ့လည်း မရွေ့မယိုင် သည်းခံ နိုင်ခြင်းကိစ္စရှိ၏၊ အဓိဝါသန ပစ္စုပဋ္ဌာနာ=သူတစ်ထူး တို့ ကျူးကျူးလွန်လွန် ဝန်တာပြစ်ဖို့ ပြုသည်တို့ကို သူသို့တစ်ဖန် အမျက်မာန်ဖြင့် လှန်ပြန်မရှိ သည်းခံ ခြင်းလျှင်ထင်သောပစ္စုပဋ္ဌာန်ရှိ၏၊ ယထာဘူတဒဿန ပဒဋ္ဌာနာ=ဟုတ်မှန် တိုင်းသော ဓမ္မသဘောကို မြင် နိုင်သောဉာဏ်လျှင် ပဒဋ္ဌာန်ရှိ၏။

၇။ အဝိသံဝါဒန လက္ခဏံ သစ္စံ၊ ယာထာဝဝိဘာဝနရသံ၊ သာဒုတာ ပစ္စုပဋ္ဌာနံ၊ သောရစ္စ ပဒဋ္ဌာနံ။
သစ္စံ=သစ္စာသည်၊ အဝိသံဝါဒနလက္ခဏံ=သူတစ်ပါးကို မှတ်မှား ယူမှား တိမ်းပါး ချော်ချွတ်အောင် မပြှုခြင်းလက္ခဏာ ရှိ၏၊ ယာထာဝ ဝိဘာဝနရသံ=မိမိသိတိုင်း မြင်တိုင်း ဟုတ်မှန်တိုင်းကိုသာ အလင်းဖွင့်ပြ ခြင်း ကိစ္စရှိ၏၊ သာဒုတာ ပစ္စုပဒဋ္ဌာနံ=မြွက်ဆိုသမျှ ယုံကြည်ရ၍ ဩဇာ နှစ်ဆီ ချိုဆိမ့်အီသော စကားရှိသည် ၏အဖြစ်လျှင် ထင်သောပစ္စုပဋ္ဌာန် ရှိ၏၊ သောရစ္စပဒဋ္ဌာနံ=ကိုယ်အမူ နှုတ်အမူ ဖြူဖြောင့်မွေ့ခြင်း၌ အလေး ဂရုပြုခြင်းလျှင် နီးစွာသော အကြောင်းပဒဋ္ဌာန်ရှိ၏။

၈။ ဗောဓိသမ္ဘာရေသု အဝဋ္ဌာနလက္ခဏံ အဓိဋ္ဌာနံ၊ တေသံ ပဋိပက္ခာဘိဘဝနရသံ။ တတ္ထ အစလတာ ပစ္စုပဋ္ဌာနံ၊ ဗောဓိသမ္ဘာရ ပဒဋ္ဌာနံ။
အဓိဋ္ဌာနံ=အဓိဋ္ဌာန်သည်၊ ဗောဓိသမ္ဘာရေသု=သဗ္ဗညုဗောဓိ ပစ္စေကဗောဓိ သာဝကဗောဓိဟူသော ဗောဓိသုံးမျိုးတို့၏ အခြေမူလ သမ္ဘာရဖြစ်ကုန်သော ဒါနမှု သီလမှု နိက္ခမမှု ပညာမှုစသည်တို့၌၊ အဝဋ္ဌာနလက္ခဏံ=မရွေ့မယိုင် ကြံ့ခိုင် စွဲမြဲခြင်းလက္ခဏာရှိ၏၊ တေသံ= ထိုသမ္ဘာရမှုတို့၏၊ ပဋိပက္ခာဘိဘဝနရသံ=ဆန့်ကျင်ဘက် အသင်းကို နှိပ်နင်း ပယ်ရှားခြင်းကိစ္စရှိ၏၊ တတ္ထ=တိုသမ္ဘာရမှုတို့၌၊ အစလတာ ပစ္စုပဋ္ဌာနံ=မလှုပ်မရှားသည်၏ အဖြစ်လျှင် ထင်သော ပစ္စုပဋ္ဌာန်ရှိ၏၊ ဗောဓိသမ္ဘာရပဒဋ္ဌာနံ=ဒါနစသော ဗောဓိမူလတရားစုလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန်ရှိ၏။

၉။ ဟိတာကာရပ္ပဝတ္တိလက္ခဏာ မေတ္တာ၊ဟိတူပသံဟာရ ရသာ၊ သောမ္မဘာဝ ပစ္စုပဋ္ဌာနာ၊ သတ္တာနံ မနာပဘာဝ ဒဿန ပဒဋ္ဌာနာ။
မေတ္တာ=မေတ္တာသည်၊ ဟိတာကာရပ္ပဝတ္တိလက္ခဏာ=သတ္တဝါ တစ်ပါး ကျေးဇူးများအံ့သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းလက္ခဏာရှိ၏၊ ဟိတူပသံဟာရ ရသာ=သူတစ်ပါး၏ ကောင်းကျိုးကို လွန်စွာသည်ပိုးခြင်း ကိစ္စရှိ၏၊ သောမ္မဘာဝ ပစ္စုပဋ္ဌာနာ=လပြည့်ဝန်းကဲ့သို့ ရွှန်းရွှန်းကြည်ဆွ အေးမြငြိမ်းချမ်းသော စိတ်သဘောလျှင် ထင်သော ပစ္စုပဋ္ဌာန်ရှိ၏၊ သတ္တာနံ= သတ္တဝါတို့၏၊ မနာပဘာဝ ဒဿနပဒဋ္ဌာနာ=နှစ်သက်ဖွယ်သော ဂုဏ်ကိုသာ ရှုမြင်တတ်သော ဉာဏ်လျှင် နီးစွာသောအကြောင်း ပဒဋ္ဌာန် ရှိ၏။

၁၀။ မဇ္ဈတ္တာကာရပ္ပဝတ္တိ လက္ခဏာ ဥပေက္ခာ၊ သမဘာဝ ဒဿနရသာ။ ပဋိဃာနုနယ ဝူပသမ ပစ္စုပဋ္ဌာနာ၊ ကမ္မဿကတာ ပစ္စဝေက္ခဏာ ပဒဋ္ဌာနာ။
ဥပေက္ခာ=ဥပေက္ခာသည်၊ မဇ္ဈတ္တာကာရပ္ပဝတ္တိလက္ခဏာ= ချီးမြှောက် ရှုတ်ချ နှစ်ဌာန၌ တူမျှသမှု လျစ်လျူရှုသော အခြင်းအရာ အားဖြင့်ဖြစ်ခြင်း လက္ခဏာရှိ၏၊ သမဘာဝဒဿနရသာ=ညီမျှသော သဘောအားဖြင့် ရှုခြင်းကိစ္စရှိ၏၊ ပဋိဃာနုနယဝူပသမပစ္စု ပဋ္ဌာနာ= မုန်းသည် ချစ်သည် နှစ်မည် နှစ်သင်း ကင်းငြိမ်းခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာန်ရှိ၏၊ ကမ္မဿကတာ ပစ္စဝေက္ခဏာ ပဒဋ္ဌာနာ=ဘယ်သူမပြု မိမိမှုဟု အရှုအဆင်ခြင် ကောင်းစွာမြင်သော ဉာဏ်ပညာလျှင် နီးစွာ သော အကြောင်းပဒဋ္ဌာန်ရှိ၏။

ဤတွင် ပါရမီ ဆယ်ပါးတို့၏ အသီးအသီးသော သဘော လက္ခဏာကို ပြဆိုသောအခန်း ပြီး၏။

---

နိဿိတ အနိဿိတ ခွဲနည်း

ထိုဆယ်ပါးတို့တွင် တစ်ပါးပါးသည် နိဿိတအနိဿိတ ဟူ၍ နှစ်ပါး နှစ်ပါးစီရှိကြ၏၊ နိဿိတသည်လည်း တဏှာနိဿိတဒိဋ္ဌိ နိဿိတ ဟူ၍ နှစ်ပါးစီရှိကြ၏။

- ဘဝသမ္ပတ္တိံ အာကင်္ခမာနေန ပဝတ္တိတံ ဣဒံ တဏှာနိဿိတံ။
- ယံ သီလေန သုဒ္ဓီတိ ဧဝံ သုဒ္ဓိဒိဋ္ဌိယာ ပဝတ္တိတံ ဣဒံ ဒိဋ္ဌိနိဿိတံ။

(ဝိသုဒ္ဓိမဂ်) -

ဘဝသမ္ပတ္တိံ=ဘဝသမ္ပတ္တိကို၊ အာကင်္ခမာနေန=တောင့်တလျက်၊ ပဝတ္တိတံ= ဖြစ်စေအပ်သည်ရှိသော်၊ ဣဒံ=ဤကုသိုလ်မျိုးသည်၊ တဏှာနိဿိတံ= တဏှာကို မှီတွယ်သည်မည်၏။

- သီလေန=အလေ့အကျက်ဖြင့်၊ သုဒ္ဓိ=ကိလေသာမှ စင်ကြယ်၏၊ ဣတိ ဧဝံ=ဤသို့၊ သုဒ္ဓိဒိဋ္ဌိယာ=သုဒ္ဓိဒိဋ္ဌိဖြင့်၊ ပဝတ္တိတံ=ဖြစ်စေအပ် သည်ရှိသော်၊ ဣဒံ=ဤကုသိုလ်မျိုးသည်၊ ဒိဋ္ဌိနိဿိတံ=ဒိဋ္ဌိကို မှီတွယ်သည်မည်၏၊

နိဿိတ ကုသိုလ် ၂- မျိုး

ဘဝသမ္ပတ္တိ=ဘောဂသမ္ပတ္တိသို့ညွတ်သောစိတ်ဖြင့် ပြုသည်ရှိသော် တဏှာနိဿိတမည်၏၊ ပါရမီကုသိုလ်မျိုးမဟုတ်။ [ဤတွင်--အလောင်းတော်စမ္ပေယျနဂါးမင်း သင်္ခပါလနဂါးမင်း တို့၏သို့ ပါရမီဖြည့်ခွင့် ရအောင် လူ့ဘဝကိုတောင့်တမှုကိုကား နိဿိတ မဆိုသာ။]

ဒါနမှု လောကီသီလမှုတစ်ခုခုသော ပဗ္ဗဇ္ဇိတ နိက္ခမမှုစသည်၌ တည်၍ ဤအကျင့်သည်သာလျှင် သံသရာမှ စင်ကြယ်စေနိုင်၏၊ ဤပြင် စင်ကြယ်စေနိုင်သောနည်းလမ်းမရှိပြီဟု ဝိပဿနာမဂ်ဖိုလ်တို့ကို ပစ်ပယ်၍ ပြုသော ကုသိုလ်မှုသည် ဒိဋ္ဌိနိဿိတမည်၏ ကုလားဘုန်းကြီး တို့၏ ကုသိုလ်မျိုးတည်း၊ ပါရမီကုသိုလ်မျိုး မဟုတ်၊

ဤကား ပါရမီမျိုး မဟုတ်သော ဝဋ္ဋနိဿိတ ကုသိုလ်နှစ်မျိုးတည်း။

---

အနိဿိတ ကုသိုလ် ၂-မျိုး

အနိဿိတသည်လည်း လောကီကုသိုလ် လောကုတ္တရာ ကုသိုလ် ဟူ၍ နှစ်ပါးရှိ၏။

ယံ ပန လောကုတ္တရံ လောကိယဉ္စ တေဿဝ သမ္ဘာရဘူတံ ဣဒံ အနိဿိတံ။

နိဗ္ဗာန်နှင့် သမ္ပတ္တိတွဲက ပါရမီ ဖြစ်-မဖြစ်

( ဝိသုဒ္ဓိမဂ် )

ယံ ပန လောကုတ္တရံ=အကြင်လောကုတ္တရာကုသိုလ်သည်ကား၊ အတ္ထိ=ရှိ၏၊ တေဿဝ=ထိုလောကုတ္တရာ ကုသိုလ်၏သာလျှင်၊ သမ္ဘာရ ဘူတံ=မျိုးစေ့မူလ သမ္ဘာရဖြစ်သော၊ ယဉ္စလောကိယံ=အကြင် လောကီ လောကုတ္တရာကုသိုလ်စုသည်လည်း၊ အတ္ထိ=ရှိ၏၊ ဣဒံ=ဤကုသိုလ် နှစ်မျိုးသည်၊ အနိဿိတံ=အနိဿိတ ကုသိုလ်မည်၏။

မောင်သော်၏ ပြဿနာ၌ ပါရမီကုသိုလ်ကို လျှောက်ဆိုရင်း ဖြစ်သည်နှင့် လောကုတ္တရာကို ဤမှာမလိုအပ်၊ ထိုလောကုတ္တရာ၏ အခြေမူလ သမ္ဘာရ ဖြစ်သော လောကီအနိဿိတကိုသာ ဤမှာလိုအပ်၏။

ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိ တို့သို့ညွတ်သောစိတ်လည်းမရှိ၊ ဒိဋ္ဌိနှင့်လည်း မယှဉ်၊ မိုးကောင်းကင်သဖွယ် အတွယ်အတာ မရှိမူ၍ ဗောဓိတည်းဟူသော တစ်ဖက်ကမ်းသို့ တမ်းတမ်းစူးစူး အထူးရည်ရွယ်၍ စင်ကြယ်သောစိတ်ဖြင့် ပြုအပ်သော ဒါနမှု သီလမှု နိက္ခမမှု ပညာမှု ဝီရိယမှု ခန္တီမှု သစ္စာမှု အဓိဋ္ဌာန်မှု မေတ္တာမှု ဥပေက္ခာမှုများသည်သာ ပါရမီကုသိုလ်မျိုးဖြစ်သတည်း။

ယခုကာလ၌ 'နိဗ္ဗာန်ကိုရပါလို၏၊ အကြင်မျှလောက်နိဗ္ဗာန်ကိုမရသေး၊ ထိုမျှလောက် ကာလ၌' ဆို၍ ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိတို့ကို ရေစက်ချ ဆရာအာဝဇ္ဇန်းရှိတိုင်းချဲ့ကြကုန်၏၊ နိဗ္ဗာန်မှာ အသံမျှသာပါတော့သည်၊ အများ ကြိုက်ရာ နောက်ပိုင်းမှာမူ အာဝဇ္ဇန်းရှိသမျှ ဆန်းကြယ်ကြကုန်၏၊ ဤကဲ့သို့သော ကုသိုလ်ကြောင်ခြစ်များကို ပယ်ရှားတော်မူခြင်းငှါ တေဿဝဧဝသဒ္ဒါကို မိန့်ဆိုတော်မူပေ၏။

အမေး။ နိဗ္ဗာန်နှင့်သမ္ပတ္တိနှစ်ပါး တွဲဖက်တောင့်တ၍ပြုကြသော ယခု ကာလ ကုသိုလ်မှုများသည် ပါရမီကုသိုလ် ဆိုထိုက်မည် မဆိုထိုက်မည်။

အဖြေ။ ဆိုထိုက်ပါ၏၊ ဆိုထိုက်သော်လည်း ဗောဓိဉာဏ်ကို မြန်မြန် ဆိုက်စေနိုင်သော ကုသိုလ်မျိုးကား မဟုတ်။

ဝိပဿီ ဘုရားမပွင့်မီ သာသနာပ၌ ဇောတိက သေဋ္ဌေးအလောင်း ကြံခင်း လုပ်ညီနောင်နှစ်ယောက်သည် ပစ္စေကဗုဒ္ဓါအရှင်အား ကြံရည် လှူဒါန်း၍ ဆုတောင်းကြရာ အစ်ကိုကား-'အရှင်ဘုရား ရသိသော တရားကို ရသိပါလို၏'ဟု တိုတိုဆုတောင်းသည်၊ ညီဖြစ်သူဇောတိက သေဋ္ဌေးအလောင်းကား-'အရှင်ဘုရား ရသိသောတရားကို ရသိရပါလို၏' ဆိုပြီးနောက် အကြင်မျှလောက် ချီပြန်၍ သမ္ပတ္တိနှစ်ပါးကို နောက်ဖျားက ဆွယ်ပြန်၏၊ ဝိပဿီဘုရားအပွင့်တွင် ဆုတောင်းတိုသော အစ်ကိုဖြစ်သူ အကျွတ်ရလေ၏၊ ညီဖြစ်သူ ဇောတိက အလောင်းကား ဆုတောင်း လူးလဲသည့်အတွက် ဝိပဿီဘုရားလက်ထက်တွင် မကျွတ်နိုင်မူ၍ ခြောက်ဆူသော ဘုရားကိုလွန်ပြီးနောက် ငါတို့ဘုရား လက်ထက်မှာမှ အကျွတ်ရလေ၏။

သဘောယုတ္တိကား ကုသိုလ်ပြုစဉ်အခါ၌ ဘဝသမ္ပတ္တိတဏှာ ဘောဂ သမ္ပတ္တိတဏှာ အစေးအချွဲ ဖက်တွဲခဲ့သည်ရှိသော် ထိုကုသိုလ် အကျိုးပေးရာ ဘဝတို့၌ ထိုစည်းစိမ်နှင့် ထိုတဏှာ ခွါ၍မရ ခွဲ၍မရ ပိုင်၍ကျအောင် အကြပ်အတည်း ဖွဲ့စည်းလေ၏၊ အထွတ်အမြတ် တရားနှင့်တွေ့သော်လည်း တရားဖက်သို့ မပါနိုင်ရှိလေ၏၊ ကုသိုလ်ပြု စဉ်အခါ၌ ဘဝတဏှာ ဘောဂတဏှာ အလူးအလဲမရှိ ဝိဝဋ္ဋမျိုးသက်သက် ဖြစ်ခဲ့သည်ရှိသော် ထိုကုသိုလ်အကျိုးပေး၍ ပဒေသရာဇ် ဧကရာဇ် စကြာမန္ဓာတ် စည်းစိမ်၌ပင် တည်ငြားသော်လည်း တရားနှင့်တွေ့ခဲ့လျှင် ထိုစည်းစိမ်ကို ခဏချင်းစွန့်နိုင်၏၊ ဤကား-ထိုကြံခင်းလုပ် ညီနောင် ဝတ္ထုမှာ တိုက်ရိုက်လာသော သဘောယုတ္တိတည်း။

ထို့ကြောင့် နောက်နောက်ဆက်လက်၍ ဖြည့်ကျင့်ရန် လူ့ဘဝ ကိုပင် တောင့်တသော်လည်း ခံစားစံစားဖို့ စိတ်ကို ရိပ်ကာမျှ မသီစေမူ၍ ပါရမီဖြည့်ဖို့ စိတ်ဖြင့်သာတောင့်တရမည်.. (မောင်သော်)

ဆုတောင်း ချွတ်ချော်မှု၏ ဆိုးကျိုးများ

- မေဏ္ဍကသေဋ္ဌေး၏ ကျွန်ဖြစ်သောပုဏ္ဏသည် ပစ္စေကဗုဒ္ဓါကို တွေ့၍ ဆွမ်းလှူသောအခါ ဆုတောင်းနေရာမကျသည့်အတွက် ဘဝအဆက်ဆက် ကျွန်ချည်းဖြစ်ရလေ၏။
စူဠသုဘဒ္ဒါ ဆင်မသည် ပစ္စေကဗုဒ္ဓါကို သစ်သီးဆွမ်းလှူရာ ဆုတောင်းချော်၍ အလောင်းတော်ဆင်မင်းကိုသတ်၍ ငရဲသို့ ကျရလေ၏။
- ရှေးဘဝ၌ ပစ္စေကဗုဒ္ဓါကို တွေ့ကြသော ကုသမင်းကြီးနှင့် ပဘာဝတီတို့လည်း ဆုတောင်းမတဲ့ အတန်ငယ် ရွဲ့ကြ၍ ကသီ လင်တ ဒုက္ခအထွေထွေ ဖြစ်ကြလေ၏။

ဤသို့လျှင် ကုသိုလ်ပြုရာဆုတောင်းချော်ကြ၍ မတော်မလှဖြစ်ကြ ကုန်သော ဝတ္ထုနိပါတ် ဇာတ်ရာဇဝင်တို့သည် အလွန်ပင်များကုန်၏၊ ဆုံးမ သင်ကြားသော ဆရာလည်း နေရာကျလိုလှ၏၊ ဝိဓုရဇာတ်တော်မှာ ဈာန်ရ ရသေ့ လေးဦးကို ဆွမ်းကျွေးသော သေဋ္ဌေးကြီးလေးဦးတွင် နှစ်ဦးသော သေဋ္ဌေးကြီးတို့သည် မိမိတို့ဆရာရသေ့စကားကိုနာခံ၍ တိရစ္ဆာန် ဂဠုန် နဂါး ဖြစ်ကြလေကုန်၏၊ နှစ်ဦးသော သေဋ္ဌေးတို့သည် လူမင်း သိကြားမင်းဖြစ်ကြကုန်၏။

ဤသို့ဆရာပြုလုပ်သူအတွက်ကြောင့် လက်အောက်တပည့်သား အမှား ခြေမြစ် မနစ်တန် နစ်ရသော အရာများကိုလည်း သတိထားကြ ကုန်ရာသည်။

နိဿိတ အနိဿတ ခွဲခန်းပြီး၏။

---

ဟီန မဇ္ဈိမ ပဏီတ သုံးပါးခွဲနည်း

ထိုဆယ်ပါးသော ဒါန သီလ နိက္ခမစသည်တို့တွင် တစ်ပါးတစ်ပါး သည် ဟီန မဇ္ဈိမ ပဏီတဟူ၍ သုံးပါး သုံးပါးစီရှိကြ၏။

ယသကာမတာယ ပဝတ္တိတံ ဟီနံ၊ ပုညဖလကာမတာယ ပဝတ္တိတံ မဇ္ဈိမံ၊ ကတ္တဗ္ဗမေဝိဒန္တိ အရိယဘာဝံ နိဿာယ ပဝတ္တိတံ ပဏီတံ။

- ယသကာမတာယ=အကျော်အစောကို လိုသောစိတ်ဖြင့်၊ ပဝတ္တိတံ=ဖြစ်စေအပ်သည်ရှိသော်၊ ဟီနံ=အယုတ်တည်း။
- ပုညဖလကာမတာယ=ကုသိုလ်၏အကျိုးကို လိုလားငဲ့ကွက်သော စိတ်ဖြင့်၊ ပဝတ္တိတံ=ဖြစ်စေအပ်သည်ရှိသော်၊ မဇ္ဈိမံ=အလတ် တည်း။
- ဣဒံ=ဤအမှုကား၊ ကတ္တဗ္ဗံဧဝ=ပြုသင့်ပြုထိုက်သောအမှုပေသာ တည်း၊ ဣတိ=ဤသို့၊ အရိယဘာဝံ=အရိယာနွယ် စင်ကြယ်ဖြူ ဖြောင့်သော သူတော်ကောင်းအလေ့ကို၊ နိဿာယ=မှီ၍၊ ပဝတ္တိတံ=ဖြစ်စေအပ်သည်ရှိသော်၊ ပဏီတံ=အထွတ်အမြတ် တည်း။

- ပထမကား--ပကာသနစိတ်ဖြင့်ပြုသော ကုသိုလ်တည်း၊ ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိကိုမျှ လှလှပေးနိုင်သော ကုသိုလ်မျိုး မဟုတ်၊ ပါရမီအဖြစ်နှင့်ဝေးစွ။
- ဒုတိယကား--အကျိုးကိုလိုလားသောစိတ်ဖြင့် အလှူခံပုဂ္ဂိုလ်ကို အယုတ် အမြတ်ရွေးချယ်မှု၊ အကျိုးကြီးရာသော နည်းလမ်းကို ရွေးချယ်မှုတို့နှင့် ပြုသောကုသိုလ်တည်း၊ ဘဝဘောဂကိုပေးနိုင် ၏၊ ပါရမီကုသိုလ်မျိုး မဟုတ်။
- တတိယကား--အမှုကိုသာအလေးဂရုအထူးပြုသည်၊ အကျိုးကို အမှု မစိုက်၊ မိမိလက်ရှိပစ္စည်းဝတ္ထုကို သူတစ်ပါးတို့နှင့် မကန့် မကွက် ဆက်ဆံသည်ကိုပြု၍သုံးဆောင်မှုသည် အရိယာ သူမြတ်တို့၏အစဉ် ထုံးတမ်း သွားမြဲလမ်းပေတည်း၊ အရိယာ လောင်း သူတော်ကောင်းတို့၏အစဉ် ထုံးတမ်း သွားမြဲလမ်း ပေတည်

(တစ်နည်းကား)

- တဏှာ ဝသေန ဘဝဘောဂတ္ထာယ ပဝတ္တိတံ ဟီနံ၊
- အတ္တနော ဝိမောက္ခတ္ထာယ ပဝတ္တိတံ မဇ္ဈိမံ၊
- သဗ္ဗသတ္တဝိမောက္ခတ္ထာယ ပဝတ္တိတံ ပါရမိတာသီလံ ပဏီတံ။

(ဝိသုဒ္ဓိမဂ်) -

တဏှာဝသေန=တဏှာ၏အလိုနှင့်တကွ၊ ဘဝဘောဂတ္ထာယ= ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိ အကျိုးငှါ၊ ပဝတ္တိတံ=ဖြစ်စေအပ် သော သီလသည်၊ ဟီနံ=အယုတ်တည်း၊

- အတ္တနော=မိမိ၏၊ ဝိမောက္ခတ္ထာယ=ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိ တို့မှ လွတ်ခြင်းငှါ၊ ပဝတ္တိတံ=ဖြစ်စေအပ်သော သီလသည်၊ မဇ္ဈိမံ=အလတ်တည်း၊

- သဗ္ဗသတ္တ ဝိမောက္ခတ္ထာယ=ခပ်သိမ်းသော သတ္တဝါတို့ကို ဘဝ သမ္ပတ္တိ ဘောဂသမ္ပတ္တိတို့မှ လွတ်စေခြင်းငှါ၊ ပဝတ္တိတံ=ဖြစ်စေ အပ်သော၊ ပါရမိတာသီလံ=ကမ်းတစ်ဖက် ရောက်သောသီလ သည်၊ ပဏီတံ=အမြတ်တည်း။

ဝဋ်ဒုက္ခမှကျွတ်လွတ်ခြင်းဆိုသည်နှင့် ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိ တို့မှ ကျွတ်လွတ်ခြင်းဟူသည် အတူတူပင်၊ ရှေ့သုံးမျိုး၌ အကျိုးကို လိုလား၍ပြုသော ဒုတိယကုသိုလ်သည် ဤသုံးမျိုးမှာ ဟီန ဖြစ်လာ၏၊ ပါရမီမြောက်သော ကုသိုလ်မျိုး မဟုတ်၊ အယုတ်အညံ့မျိုးသာတည်း၊ အတ္တနောဝိမောက္ခတ္ထာယ ပဝတ္တိတံကား-ပစ္စေကဗောဓိ သာဝကဗောဓိ လမ်းတည်း၊ သဗ္ဗသတ္တ ဝိမောက္ခတ္ထာယ ပဝတ္တိတံ ကား-မဟာဗောဓိ လမ်းတည်း။

ဟီန မဇ္ဈိမ ပဏီတ ၃-မျိုးခွဲနည်းပြီး၏။

ဤတွင်ရွေ့ကား ဒါနစသောဆယ်ပါးသော ကုသိုလ်မှုတို့၌ ပါရမီမြောက် ထိုက်သော ကုသိုလ်ဆယ်ပါး မမြောက်ထိုက်သော ကုသိုလ်ဆယ်ပါးကို ခြားနား၍ ပြသောအခန်းပြီး၏၊

ပါရမီ အဓိပ္ပါယ် ခွဲနည်း

ယခုအခါ အသီးအသီးသော ပါရမီဓမ္မတို့၏ အဓိပ္ပါယ်ကို ပြဆိုပေအံ့။

(၁) ဒါနံ၊ စွန့်ကြဲပေးကမ်းလှူဒါန်းပူဇော်ချီးမြှောက်ခြင်း၊ (ဤဒါန ပုဒ်၏အဓိပ္ပါယ်ကားထင်ရှားပြီ) မိမိ၌ ရရှိသမျှသော ပစ္စည်းဥစ္စာတို့ကို ငါ့ဥစ္စာ ဟူသောအမှတ် အကြပ်အတည်း မရှိစေမူ၍ သီလဝန္တ ကလျာဏ ဂိုဏ်းဝင် လူရှင်အများတို့နှင့် ယထာရဟံ ဆက်ဆံ ဆိုင်ဆီးသည်ကိုပြု၍ သုံးဆောင်ခြင်းသည် သာဓာရဏဘောဂီ အပ္ပဋိဝိဘတ္တဘောဂီမည်၏၊ ဘုရားလက်ထက်တော်၌ ဥဂ္ဂသူကြွယ်များ နည်းလမ်းပေတည်း၊ အထက်၌ အယုတ်အလတ်အမြတ် မရွေးမချယ်ဟုဆိုခဲ့သည်မှာ ရောက်လာသော အလှူခံကိုဆိုသည်၊ ဤ၌ သီလဝန္တ ကလျာဏဂိုဏ်းဝင် လူရှင်အများ ဟုဆိုသည်မှာ အာမိသသမ္ဘောဂ ဓမ္မသမ္ဘောဂ ပြုထိုက်လှသော ပုရိသ ဝိသေသတို့ကိုဆိုသည်၊ ထိုသို့သော ပုရိသဝိသေသတို့ကိုမူကား သာဓာရဏသမ္ဘောဂ ဖြစ်စေခြင်းအကျိုးငှါ ကောင်းစွာအားထုတ်၍ ပူဇော်လှူဒါန်းခြင်းအမှုကို ပြုရာသတည်း။ ဒါနပြီး၏။

(၂) သီလသည် ဝါရိတ္တသီလ စာရိတ္တသီလ ဟူ၍နှစ်မျိုးရှိ၏။

- ကာယဒုစ္စရိုက် ၃-ပါး ဝစီဒုစ္စရိုက် ၄-ပါးတို့ကို မကျူးမလွန် ရအောင် စောင့်ထိန်းမှုသည် ဝါရိတ္တသီလမည်၏။

ဘုရားတရားသံဃာ ဆရာ မိဘ ဂုဏဝုဒ္ဓိ ဝယဝုဒ္ဓိဖြစ်သော သူတို့၌ အရိုအသေပြုထိုက်သော အခွင့်တို့ကိုသိ၍ အရိုသေ ပြုခြင်းအမှုသည်လည်းကောင်း၊ တွေ့မြင်သမျှသောသူတို့၌ ကုသိုလ်ဖြစ်ထိုက်သော ဝေယျာဝစ္စအခွင့်ကိုမြင်လျှင် ကိုယ့်အမှု ကဲ့သို့ အကျိုးကိုလိုလား၍ ကြိုးစားအားထုတ်ခြင်းအမှုသည် လည်းကောင်း စာရိတ္တသီလ မည်၏၊ သီလပြီး၏။

(၃) နိက္ခမ ဆိုသည်ကား- တရားကိုယ်အားဖြင့် အလောဘ ပြဋ္ဌာန်းသော ကုသိုလ်တည်း၊ ထို့ကြောင့်အိမ်၌ပင်နေသော်လည်း တဏှာ ရာဂ လောဘ ဖြစ်တတ်သော အာရုံဝတ္ထုကိုသိ၍ အသုဘမနသိကာရ ပဋိကူလမနသိကာရ များကို နှလုံးထား၍ လောဘကိုပယ်ရှား၍ နေသော အခါ နိက္ခမကုသိုလ်ဖြစ်၏။

ထို့ထက်စွမ်းနိုင်ပါလျှင် အာရုံကင်းရှင်းရာသို့ထွက်၍ ထို့ထက်တတ် နိုင်ပါလျှင် ဖန်ရည်ဆိုးသောအဝတ်ကို ဝတ်သောလူသူတော် ရသေ့ သူတော် ပရိဗိုဇ်သူတော်အဖြစ်သို့ ရောက်အောင်ထွက်၍ ထို့ထက် တတ်နိုင်ပါမူ သာမဏေအဖြစ် ရဟန်းအဖြစ်တိုင်အောင်ထွက်၍ ထို့ထက်တတ်နိုင်ပါမူ ပထမစျာန်ကိုရသော စျာနလာဘီအဖြစ်သို့ ရောက်အောင်ထွက်၍ ထို့ထက်တတ်နိုင်ပါမူ အနာဂါမ်အရိယာ အဖြစ်သို့ရောက်အောင် ထွက်၍ လောဘတရားကို ပယ်ရှားမှုသည် နိက္ခမကုသိုလ်ချည်းပေတည်း။ နိက္ခမပြီး၏။

(၄) ပညာသည် လောကီ လောကုတ္တရာနှစ်မျိုးရှိ၏၊ ပညာပါရမီကို ရည်စူး၍ ပိဋကတ်သုံးပုံပညာကို နာခံမှတ်သား သင်ကြားပို့ချ ပြသပြော ဟောခြင်းအမှု-အပြစ်မရှိသော ဗေဒင် ဟူးရား မန္တရား ဂါထာ ဗိန္ဓော ပဉ္စဘုတ် စသော ဝိဇ္ဇာဌာနပညာမျိုး-အပြစ်မရှိသော အသက်မွေးမှု၌ ကျေးဇူးများသော စက် အတတ်မျိုး-ဂဏန်းအတတ်မျိုး ပန်းချီ ပန်းပု ပန်းပဲ ပန်းရန် ပန်းတိမ် ပန်းတည်း စသော သိပ္ပါယတန အတတ်မျိုးအပြစ်မရှိသော အသက်မွေးမှု၌ ကျေးဇူးများသော ကုန်သည်အမှု တောင်သူလယ်လုပ်မှုစသော ကမ္မာယတန အတတ်မျိုး-ဤသို့သော ဝိဇ္ဇာဌာန သိပ္ပါယတန ကမ္မာယတနတို့ကို ပညာပါရမီဖို့ ရည်စူး၍ အထူးစင်ကြယ်သော စိတ်ဖြင့်သင်ကြားပြသမှုသည် ပညာပါရမီ အဆောက်အဦပေတည်း။ ပညာပြီး၏။

(၅) ဝီရိယပါရမီမှာ သမ္မပ္ပဓာန် ဝီရိယသည် အထွတ်အထိပ် ဖြစ်၏၊ ထိုမှတစ်ပါး သူတစ်ပါးတို့၏ အကျိုးစီးပွါးနှင့်စပ်၍ ကောင်းမြတ် စင်ကြယ်သော နှလုံးဖြင့် သူတစ်ပါးတို့ မစွမ်းနိုင်သောအရာ စွမ်းနိုင် သောအရာတို့၌ လွန်မင်းစွာ ကြိုးပမ်းခြင်းသည် ဝီရိယပါရမီတည်း။ ဝီရိယပြီး၏။

(၆) ခန္တိသည် သတ္တဝါတို့ပြုသောအမှု၌ သည်းခံခြင်း အချမ်းအပူ စသော အနိဋ္ဌဓမ္မတို့၌ သည်းခံခြင်း နှစ်မျိုး ရှိ၏၊ သတ္တဝါတို့၌ သည်းခံ ခြင်းမှာ ထင်ရှားပြီ၊ သီတဿ=ချမ်းမှုအေးမှု နှိပ်စက်သည်ကိုလည်း၊ ခမော=သည်းခံနိုင်သည်၊ ဟောတိ=ဖြစ်၏၊ ဥဏှဿ=ပူအိုက်မှု နှိပ်စက် သည်ကိုလည်း၊ ခမော=သည်းခံနိုင်သည်၊ ဟောတိ=ဖြစ်၏၊ ဤသို့ အစရှိသည်ဖြင့် ဟောတော်မူသော ခန္တိမှုတို့သည်များ စွာရှိကုန်၏၊။ လိုရင်းမှာ လောက၌ ကိုယ်တွင်းမှ ဖြစ်သော ဒုက္ခဓမ္မမှု ကိုယ်ပမှ ဖြစ်သော ဒုက္ခဓမ္မမှုတို့ကို တွေ့ကြုံငြားသော်လည်းစိတ်၏ ညစ်ညူးခြင်းမရှိ ညည်း ညူခြင်းမရှိ၊ နှလုံးမသာခြင်း မျက်နှာမသာခြင်းမရှိ၊ ပြုမြဲတိုင်းသော ကုသိုလ်မှု စီးပွါးမှုတို့ကို အလစ်အလပ်မခံ ကြည်လင်သန့်ရှင်း တင်းရင်း ခိုင်ခံ့စွာပြုသော အဒေါသ ပြဋ္ဌာန်းသောကုသိုလ် စိတ္တုပ္ပါဒ်စုကို ခန္တိပါရမီ အဆောက်အဦ ဆိုသတည်း။ ခန္တိ ပြီး၏။

(၇ ) သစ္စာမည်သည်ကား -မုသားကိုအချင်းခပ်သိမ်း ပယ်ခြင်း တည်း။

(၈) အဓိဋ္ဌာန်ဆိုသည်ကား-ဤအမှုကိုပြုမည်ဟု နှုတ်ပဋိညာဉ် စိတ်ပဋိညာဉ်ထားပြီးသည်နောက် ပြောင်းရွှေ့ လှုပ်ရှားခြင်း၏ မရှိခြင်း တည်း။

(၉) မေတ္တာဟူသည်ကား တွေ့သမျှ မြင်သမျှသော သတ္တဝါကို ချမ်းသာ စေချင်သောစိတ် ကောင်းစေချင်သောစိတ် အမြဲတည်ခြင်း တည်။

(၁၀) ဥပေက္ခာဆိုသည်ကား- မိမိကိုကြည်ညိုလေးမြတ်သောသူ ပူဇော် သောသူ ချီးမွမ်းသောသူဟူ၍လည်း သာယာခင်မင်စိတ် အထူးမရှိ၊ မိမိကို ပြစ်တင်ပြစ်မှားပြုလိုသောသူ ညှဉ်းပန်းနှိပ်စက်သောသူ ကဲ့ရဲ့ သောသူဟူ၍လည်း မသာယာခြင်း မုန်းခြင်းမရှိ၊ ထိုသူနှစ်ဦးတို့၌ စိတ်နှစ်မျိုး မရှိခြင်းကို ဥပေက္ခာ ပါရမီဆိုသည်။

ခန္တိပါရမီနှင့် ဥပေက္ခာပါရမီ နှစ်ပါး ခိုင်လုံမှ ကြွင်းသော ပါရမီ ရှစ်ပါး တို့လည်း ချောမောနိုင်ကုန်သည်၊ အမိဝမ်းမှ မွေးဖွား၍လာသော သူငယ်တို့သည် အမိအဖတို့ ကောင်းစွာစောင့်ရှောက်ကုန်မှ အသက် ရှည်၍ လူလားမြောက်နိုင်ကုန်သည်၊ အမိအဖတို့ မစောင့်ရှောက် ကြကုန်မူကား-မွေးဖွားသောနေရာ၌ပင် ခြောက်သွေ့၍ သေဆုံးကြကုန် လတ္တံ့၊ ဤအတူမှတ်။

- ခန္တိသည် အမိနှင့်တူ၏၊
- ဥပေက္ခာသည် အဖနှင့်တူ၏။

ခန္တိ ဥပေက္ခာနှစ်ပါးရှိ၍ ကုသိုလ်မှုချောမောပြန်လျှင် နိက္ခမပါရမီ စောင့်ရှောက်မှ ပြုသမျှသောကုသိုလ်သည် ပါရမီကုသိုလ်အဖြစ်သို့ ရောက်နိုင် သည်၊ နိက္ခမပါရမီ အစောင့်အရှောက် မရှိလျှင် ကုသိုလ်၏ အကျိုးကို ရလိုသော သာယာသော တဏှာဥပဒ်ကပ်ရောက်၍ ပါရမီ ကုသိုလ် မဟုတ်၊ ဝဋ္ဋနိဿိတ ကုသိုလ်မျိုးသာဖြစ်လေ၏၊ ထိုသူငယ် တို့သည် အမိအဖတို့ စောင့်ရှောက်ကုန်သော်လည်း ဆေးသမား အစောင့်အရှောက် မရှိပြန်လျှင် ညှော်မှု သင်းမှု အစားမှု အသောက်မှု အတွက်နှင့် ရောဂါဥပဒ် ကပ်ရောက်၍ ရောဂါသည် ရောဂါဆိုးဖြစ်ကြ ကုန်သကဲ့သို့မှတ်။ မြေ၌ပေါက်ရောက်သော မြက်သစ်ပင်တို့သည် မြေ-ရေ-နှစ်ပါး စောင့်ရှောက်ချီးမြှောက်မှ ကြီးပွါးနိုင်ကုန်သည်။

- ခန္တိသည် မြေဥတုနှင့်တူ၏၊
- ဥပေက္ခာသည် ရေဥတုနှင့်တူ၏။

- ဗြဟ္မစိုရ်တရား ၄-ပါး၌လာသော ဥပေက္ခာနှင့် ဤပါရမီ ဥပေက္ခာ သည် အတန်ငယ်ကွဲပြားကြ၏။

ဗြဟ္မစိုရ် ဥပေက္ခာကားသတ္တဝါတို့၏ အကျိုးစီးပွါး၌ ကြောင့်ကြစိုက်မှုကို ပယ်၍ဖြစ်သည်။ ပါရမီဥပေက္ခာကား-ပူဇော်ချီးမွမ်း ပြုသော သူနှိပ်စက် ကဲ့ရဲ့ ပြုသောသူ နှစ်ဦးတို့၏ အကျိုးစီးပွါးကိုအထူး အခြားမရှိ၊ အတူအမျှ တွင်ကျယ် ဖြစ်ထွန်းအောင် ရွက်ဆောင်နိုင်ရန် တရားပေ တည်း။

အလောင်းတော်မျောက်မင်းသည် အသူတရာနက်သော ချောက် ၌ကျ၍ နေသောပုဏ္ဏားကို ကျောက်ကုန်း၌ထား၍ ကုန်းပေါ်သို့ တင်ပြီးနောက် မောပန်းလှ၍ ပုဏ္ဏား၏ပေါင်ပေါ်၌ ခေါင်းထား၍ တစ်ခဏအိပ်ပျော်လေ၏၊ ပုဏ္ဏားသည် တောမျောက်သားဖြင့် သား မယားကိုမျက်နှာပြရန် ကြီးစွာသော ကျောက်ဖြင့် တစ်ချက်တည်းပြီး ထုလေ၏၊ ဦးခေါင်းမှ သွေးအယဉ်တို့သည် လေးမျက်နှာတို့၌ ဖြာဖြာ ပန်း၍ ထွက်ကုန်၏၊ မျောက်မင်း၏ ကိုယ်အလုံးသည် သွေးအတိ လိမ်း ကျံ၏။

ထိုအခါ ပုဏ္ဏားမှ အတန်ငယ်ခွါ၍ ပုဏ္ဏားကိုကြည့်ပြီးလျှင် “ဤလောကမှာ သည်ကဲ့သို့သောသူများ ရှိပေသေးသည်တကား” ဟု အံ့ဩသော စကားကို ဆိုတော်မူ၍ ထိုပုဏ္ဏားကို ရပ်ရွာသို့ ချမ်းသာစွာ ရောက်အောင် ပို့ဆောင်သော အခွင့်ကိုသာ အားထုတ်တော်မူ၏။

ထိုအခါ “ဤတောအရပ်သည် ခြင်္သေ့ သစ် ကျား သားရဲ အလွန် ထူထပ်သည်၊ ကြာမြင့်၍ မလျော်၊ သင့်ရွာသို့ရောက်အောင် ငါပို့မည်၊ ငါသည် သစ်တစ်ပင်မှ သစ်တစ်ပင်သို့ ကူး၍သွားမည်၊ ငါ့ဦးခေါင်းမှ ကျသော သွေးကြောင်း သွေးစက်ကို လမ်းပြု၍ လိုက်ခဲ့လော” ဟုဆို၍ ပို့ဆောင်လေ၏။

ဤဝတ္ထု၌-
- ချောက်၌ကျ၍နေသော ပုဏ္ဏားကိုမြင်သောအခါ မိမိ၏ သားငယ်ကျ၍ နေသည်ကိုမြင်သကဲ့သို့ ပုဏ္ဏား၏အကျိုးကို တောင့်တလိုလားခြင်း အားကြီးစွာ ဖြစ်၍လာသော စိတ္တုပ္ပါဒ်စုကား မေတ္တာပါရမီ တည်း။
- အသူတရာနက်သော ချောက်မှကမ်းပေါ်သို့ ချောမောစွာ ရောက်နိုင်ရာသော အကြောင်းကိုရှာကြံသော စိတ္တုပ္ပါဒ်စု ကား ပညာပါရမီ တည်း။
- ရှာကြံ၍သိမြင်သည့်အတိုင်း သက်စွန့်ကြိုးပမ်း အားထုတ် သော ကိုယ်အမှုကား ဝီရိယပါရမီတည်း။
ဦးခေါင်းကို ကြီးစွာသောကျောက်နှင့်ထုရာ အရေထူ အရေပါးတို့ ပြတ်စုတ်၍ အရိုးကွဲမျှ ပြင်းထန်လှသော ဒုက္ခဒဏ်ချက်ကြီး ထိပါးသည်ကိုပင် နာသည် ကျင်သည်ဟု အမှုမထား၊ ညစ်ညူးမှု ညည်းညူမှုမရှိ၊ ပကတိကြည် လင်သော စိတ်အတိုင်း နေနိုင်သည်ကား ခန္တိပါရမီတည်း။
(ဤအခါမှာ ခန္တိမရှိခဲ့လျှင် နာကျင်သည့်အတွက်နှင့် စိတ်ပျက်၍ကုန်လတ္တံ့) -
ဤသူ့အကျိုးကို ဤမျှလောက်အပန်းခံ၍ ရွက်ဆောင်ဆဲ ဖြစ်သော ငါ့ကို ဤမျှလောက် အကျိုးမဲ့ကြီးကို ပြုဘိသည်ဟု ပုဏ္ဏား၌ စိတ်မကွက်သည်ကား ဥပေက္ခာပါရမီတည်း။
(ဤအခါမှာ ဥပေက္ခာ မရှိခဲ့လျှင် ပုဏ္ဏားကိုစိတ်ဆိုးသည့် အတွက် နှင့် စိတ်ပျက်၍ ကုန်လတ္တံ့။ စိတ်ပျက်၍ကုန်မှုဆိုသည်ကား ထိုပုဏ္ဏား ၏ ရှေ့အကျိုးကိုလည်း ဆုံးကမ်းတိုင်အောင် ဆောင်တော့မည်မဟုတ်၊ နောက်က ဆောင်ခဲ့ပြီးသမျှ ကုသိုလ်စုလည်း အချည်းနှီးဖြစ်၍ ကုန်တော့ မည်ဟူလိုသည်။ အလောင်းတော်သည်မူကား-- အဇ္ဈတ္တ သန္တာန်ခန္တိ အခံရှိသည့်အတွက်ကြောင့် ကျင်နာမှု ပင်ပန်းမှုကြောင့်လည်း စိတ်မကွက်၊ ဥပေက္ခာအခံရှိသည့်အတွက်ကြောင့် ပုဏ္ဏားကို စိတ်ဆိုးမှုနှင့်လည်း စိတ်မပျက်မူ၍ ဦးခေါင်းမှထွက်သော သွေးစက် သွေးကြောင်းကို လမ်းပြ၍ နေရာဌာနသို့ ရောက်အောင်ပို့ဆောင်ပေသတည်း။)
- ဤ၌အသူတရာနက်သော ချောက်ကြီးဖြစ်၍ အခန့်မတော်လျှင် သေလောက်သောအချက်၌ ပုဏ္ဏား၏အတွက်နှင့် အသက်ကို စွန့်တော်မူသည်ကား ဒါနပါရမီတည်း။
ပုဏ္ဏား၏အသက်ကို ကယ်ဆယ်မှုသည်လည်း ဇိဝိတဒါနပင်။
- အသက်ကိုအသေပြုသော ပုဏ္ဏားကို ပြန်လှန်၍ မနှိပ်စက်၊ ကြမ်း ကြုတ်သော စကားကိုမျှ မဆိုမမြွက် စောင့်ရှောက်ချက်ကား သီလပါရမီတည်း။
- ပုဏ္ဏားကို ကယ်တင်သည့်အတွက်ကြောင့် ကောင်းမှုကုသိုလ်၏ အကျိုးကိုမျှ တောင့်တ သာယာခြင်း မရှိသည်ကား နိက္ခမ ပါရမီတည်း။
ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိဟုဆိုအပ်သော အကျိုးကိုတောင့်တ၍ ပြုကြသော ကုသိုလ်စုသည် နိက္ခမပါရမီ ပျက်သော ကုသိုလ်စုတည်း။
- ပုဏ္ဏား၏အကျိုးကို အဆုံးရောက်အောင် ငါဆောင်မည်ဟု စိတ် ပဋိညာဉ် ထားသည့်အတိုင်း ပုဏ္ဏားပြုသော ဒဏ်ချက်နှင့် ဒုက္ခကြီးစွာ ဖြစ်လျက်ပင် မပျက်မကွက် အဆုံးတိုင် ဆောင်ရွက် သည်ကား သစ္စာပါရမီ အဓိဋ္ဌာန်ပါရမီတည်း။
(ဤပုဏ္ဏား၏အကျိုးကို အဆုံးတိုင်အောင် ငါဆောင်မည်ဟု ဖြစ်သော စိတ်ပဋိညာဉ် မရွှေ့မပြောင်းသည်ကား အဓိဋ္ဌာန်ပါရမီတည်း၊ သင့်ကို ငါကယ်တင် မည်ဟု ပုဏ္ဏားအား ပြောကြားသော နှုတ်ပဋိညာဉ်ကို မဖျက်သည်ကိုကား သစ္စာပါရမီတည်း။)

ဤသို့လျှင် အလောင်းတော် မျောက်မင်းပြုသောအမှု၌ ပါရမီ ဆယ်ပါး ပြီးသတည်း။ ပါရမီဆယ်ပါးတို့၏ အဓိပ္ပါယ်ပြီး၏။

ဤတွင်သဗ္ဗညုဗောဓိ ပစ္စေကဗောဓိ သာဝကဗောဓိ ၃-ပါးနှင့်ဆက်ဆံသော ပါရမီဆယ်ပါးတို့၏ သရုပ်သဘော အဓိပ္ပါယ် ၃-ချက်ကို ပြဆိုသောအခန်းပြီး၏။

“ယခုအခါ သဗ္ဗညုဆုကို အထူးသိလိုပါသည်” ဟူသော လျှောက် ချက်၌။ သဗ္ဗညုဗောဓိသမ္ဘာရ အစီအရင်သည် ကျမ်းဂန်တွင် ပုစ္ဆာတစ်ဆယ့်ငါးချက်နှင့်တကွ အလွန်ကျယ်ဝန်းစွာလာချေသည်၊ အကျဉ်းမျှကိုသာ ပြဆိုအံ့။ အကျယ်ကိုလိုမူ စရိယပိဋကအဋ္ဌကထာသီလက္ခန် ဋီကာများမှာ ယူလေ။

ပါရမီဆယ်ပါး ဥပပါရမီဆယ်ပါး ပရမတ္ထပါရမီဆယ်ပါးတို့ကို ပြဆိုပေအံ့။

ပါရမီ သုံးမျိုးပြ

ပုတ္တဒါရဓနာဒိ ဥပကရဏ ပရိစ္စာဂေါ ဒါနပါရမီဥပကရဏ ပရိစ္စာဂေါ ဒါနပါရမီ-
အစရှိသော ပါဌ်နှင့်အညီ မိမိကိုယ်အင်္ဂါမှ အပဖြစ်သော သား မယားနှင့်တကွ သက်ရှိသက်မဲ့ ဥစ္စာမျိုးသည် ပါရမီဆယ်ပါး၏ ဝတ္ထု တည်း။

အတ္တနော အင်္ဂပရိစ္စာဂေါ ဒါနဥပပါရမီ-အစရှိသည်နှင့်အညီ ခြေ လက် မျက်စိ အစရှိသောကိုယ် အင်္ဂါကြီး ငယ်စု သည် ဥပပါရမီဆယ်ပါး၏ဝတ္ထုတည်း။

အတ္တနော ဇီဝိတ ပရိစ္စာဂေါ ဒါနပရမတ္ထပါရမီ-အစရှိသည်နှင့်အညီ အသက်ခန္ဓာသည် ပရမတ္ထပါရမီဆယ်ပါး၏ ဝတ္ထု တည်း။

ထိုသုံးပါးသော ဝတ္ထုတို့တွင် -
ပထမ ဝတ္ထုမျိုးကိုစွန့်၍ ဖြစ်စေအပ်သော ကုသိုလ်မျိုးသည် ပါရမီ မည်၏။
- ဒုတိယ ဝတ္ထုမျိုးကိုစွန့်၍ ဖြစ်သော ကုသိုလ်မျိုးသည် ဥပပါရမီ မည်၏။
- အသက်ကိုစွန့်၍ဖြစ်စေအပ်သော ကုသိုလ်မျိုးသည် ပရမတ္ထ ပါရမီ မည်၏။
- ပထမ ဆယ်ပါးကိုသာ ဖြည့်စွမ်းနိုင်သောသူသည် သာဝက ဗောဓိသို့ ရောက်၏။
- ပထမဆယ်ပါး ဒုတိယဆယ်ပါးကိုသာ ဖြည့်စွမ်းနိုင်သောသူသည် ပစ္စေကဗောဓိသို့ရောက်နိုင်၏။
ပထမဆယ်ပါး ဒုတိယဆယ်ပါး တတိယဆယ်ပါး အပြား သုံးဆယ်ကို ဖြည့်စွမ်းနိုင်သောသူသည် သဗ္ဗညုဗောဓိသို့ ရောက်နိုင်၏။

ပါရမီသုံးမျိုး ခြားနားခန်းပြီး၏။

-------------------

သာဝက ဗောဓိ သုံးပါးပြ

သာဝကဗောဓိသည် ပကတိသာဝကဗောဓိ၊ မဟာသာဝကဗောဓိ၊ အဂ္ဂသာဝကဗောဓိ ဟူ၍ သုံးမျိုးရှိ၏။

- ပထမ ဆယ်ပါးကို ကမ္ဘာပေါင်း တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းမျှ ကာလကြာမြင့်အောင် ဖြည့်ကျင့်လျှင် အဂ္ဂသာဝကဗောဓိသို့ ရောက်နိုင်၏။ အဂ္ဂသာဝကဆိုသည်ကား အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ကဲ့သို့ လက်ယာရံ၊ လက်ဝဲရံကြီးနှစ်ပါးကို ဆိုသည်။

- ထိုဆယ်ပါးကို ကမ္ဘာတစ်သိန်းကာလကြာမြင့်အောင် ဖြည့်ကျင့်လျှင် မဟာသာဝကဗောဓိသို့ ရောက်နိုင်၏။ မဟာသာဝကဆိုသည်ကား ငါတို့ ဘုရားလက်ထက်တော်၌ အသီတိရှစ်ကျိပ်မျိုးကို ဆိုသည်။

- ပကတိသာဝကဗောဓိ၏ ရင့်ရာကာလအပိုင်းအခြားကို ကျမ်းဂန်တို့၌ တိုက်ရိုက်အဆိုမရှိ။ ပုဗ္ဗေနိဝါသကထာ၌ ပကတိသာဝကတို့၏ ပုဗ္ဗေနိဝါသဉာဏ်သည် အတိတ်၌ ကမ္ဘာတစ်ရာ၊ ကမ္ဘာတစ်ထောင် မြင်နိုင်၏ဆိုသော အဋ္ဌကထာများကို ထောက်၍ ပကတိသာဝကဗောဓိ၏ ရင့်ရာကာလကို ကမ္ဘာတစ်ရာ၊ ကမ္ဘာတစ်ထောင်ပင်ဟူ၍ ယူကြကုန်၏။

ဖားနတ်သား၏ ဝတ္ထုကို ထောက်၍ တစ်ဘဝ၊ နှစ်ဘဝမျှနှင့်ပင် ရနိုင်၏ ဟူ၍လည်း ယူကြကုန်၏။

ပြဆိုခဲ့ပြီးသော အဂ္ဂသာဝကဗောဓိ၊ မဟာသာဝကဗောဓိတို့၏ ကာလအပိုင်းအခြားများသည်လည်း ဗျာဒိတ်ခံပြီးနောက်မှ ဖြည့်ကျင့်ရသော အပိုင်းအခြားပေတည်း။ ဗျာဒိတ်မခံမီ ရှေး၌ ဖြည့်ကျင့်ရသော အပိုင်းအခြားကား ကျမ်းဂန်တို့၌ အဆိုမရှိ။

ဘုရားတို့၏ပွင့်မှုသည် တစ်ဆူနှင့်တစ်ဆူ ကမ္ဘာအသင်္ချေ ကွာခြားပြီးမှ ပွင့်သည်လည်းရှိပြန်သည်။ သာဝကတို့မည်သည် ဘုရားပွင့်ရာ သာသနာနှင့် ကြုံကြိုက်မှ ဖြစ်နိုင်ကုန်သည်။ ထို့ကြောင့် ပြဆိုခဲ့ပြီးသော ကာလအပိုင်းအခြားများသည်လည်း ငါတို့ဘုရားလက်ထက်ရှိ သာဝကများကို အမှတ်ပြု၍ ဆိုအပ်သော အပိုင်းအခြားမျှသာတည်း။

သုတ္တနိပါတ်အဋ္ဌကထာ၌ကား သာဝကဗောဓိမှာလည်း သဒ္ဓါဓိကဗောဓိဝီရိယာဓိကဗောဓိပညာဓိကဗောဓိ ဟူ၍ ၃-ပါးစီ ၃-ပါးစီ ခွဲလျက်ရှိ၏။

သာဝကဗောဓိသုံးပါးပြီး၏။

----------*---------

ပစ္စေကဗောဓိ သုံးပါးပြ

ပစ္စေကဗောဓိသည်လည်း သဒ္ဓါဓိကဝီရိယာဓိကပညာဓိက ဟူ၍ ၃-မျိုးပင်လာရှိ၏။ ဗျာဒိတ်ခံပြီးသည်မှ နောက်၌ နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလကြာမြင့်အောင် ပါရမီဆယ်ပါး ဥပပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်မှ ရနိုင်သည်ဟု အဋ္ဌကထာတို့၌ လာ၏။

ပစ္စေကဗောဓိ သုံးပါးပြီး၏။

--------*------

မဟာဗောဓိ သုံးပါးပြ

သဗ္ဗညုဗောဓိသည် သဒ္ဓါဓိကဝီရိယာဓိကပညာဓိက ဟူ၍ ၃-ပါးအပြားရှိ၏။ ဥဂ္ဃါတိတညူဗောဓိဝိပဉ္စိတညူဗောဓိနေယျဗောဓိဟူ၍လည်းဆို၏။

နိယတဗျာဒိတ်ကို ရပြီးနောက် ပါရမီဆယ်ပါး၊ ဥပပါရမီဆယ်ပါး၊ ပရမတ္ထပါရမီဆယ်ပါးတို့ကို-

- လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်မှ ပညာဓိကဗောဓိ ပွင့်နိုင်၏။

- ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်မှ ဝီရိယာဓိကဗောဓိ ပွင့်နိုင်၏။

- တစ်ဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်မှ သဒ္ဓါဓိကဗောဓိ ပွင့်နိုင်၏။

ဤကား အဋ္ဌကထာကြီးများ၌ လာသော မှတ်ရိုးမှတ်စဉ်တည်း။

ထိုထိုဋီကာကျမ်း၊ အပဒါန်အဋ္ဌကထာစသော နောက်ဖြစ် အဋ္ဌကထာကျမ်း၊ သောတတ္တကီကျမ်း၊ တထာဂတုပ္ပတ္တိကျမ်း၊ မဟာဝင်ဋီကာကျမ်း စသည်တို့၌ ဆိုကြသော နာနာဝါဒကား အလွန်များသေး၏။

သစ်ပင်တို့၏ ပွင့်မှု၊ သီးမှု မည်သည် ထိုထိုမျိုးအားလျော်စွာ ပွင့်ချိန်ကျမှသာလျှင် ပွင့်နိုင်သီးနိုင်သည်၊ မန်ကျည်းပင်၊ ပိန္နဲပင်စသည်တို့ကို တစ်နှစ်အတွင်း၊ နှစ်နှစ်အတွင်း၊ သုံးနှစ်အတွင်း သီးတည့်စေခြင်းငှါ တစ်နေ့တစ်နေ့လျှင် အခါတစ်ရာပင် ရေလောင်းသော်လည်း အပင်မရင့်က မပွင့်နိုင်၊ မသီးနိုင်သကဲ့သို့ ထို့အတူ ဗောဓိသမ္ဘာရမှုမှာလည်း ဝေဿန္တရာမင်းကြီး အလှူကဲ့သို့ နေ့စဉ်လှူ၍နေသော်လည်း ပြဆိုခဲ့ပြီးသော ကာလအပိုင်းအခြား မစေ့က မပွင့်နိုင်ဟူ၍ သုတ္တနိပါတ်အဋ္ဌကထာ၌လာ၏။ ထို့ကြောင့် ပကတိသာဝကဗောဓိအစရှိသော ထိုထိုဗောဓိတို့၌ ရင့်သန်ရာဖြစ်သော ကာလအပိုင်းအခြားကိုလည်း အသီးအသီး အလိုရှိအပ်သည်သာလျှင်တည်း။

မဟာဗောဓိကြီး သုံးပါး ပိုင်းခြားခန်းပြီး၏။

------*----

မဟာဘိနီဟာရ သရုပ်ပြ

ယခုအခါ မဟာဗောဓိကြီး၌ သိမှတ်ထိုက်သော အကြောင်းအရာများကို ကျမ်းဂန်မှ အတန်ငယ်ထုတ်၍ပြဦးအံ့။

၁။ မဟာဘိနီဟာရကို သိအပ်၏။

၂။ မဟာဘိနီဟာရ၏ အခြေမူလ ပစ္စယဟေတုတရားအစုကို သိအပ်၏။

၃။ မဟာဗောဓိကို သိအိပ်၏။

၄။ မဟာဗောဓိ၏အခြေမူလ ပစ္စယဟေတုတရားအစုကို သိအပ်၏။

မဟာဘိနီဟာရဆိုသည်ကား--

ကိံ မေ ဧကေန တိဏ္ဏေန၊ ပုရိသေန ထာမဒဿိနာ၊
သဗ္ဗညုတံ ပါပုဏိတွာ၊ သန္တာရေဿံ သဒေဝကံ။

ဟူ၍ဖြစ်သော နှုတ်ပဋိညာဉ်၊ စိတ်ပဋိညာဉ်မှုတည်း။

ထာမဒဿိနာ=ကိုယ်စွမ်း၊ ကိုယ်ရည်ကို မြင်သော၊ ပုရိသေန=ငါယောကျ်ားကောင်းဖြစ်ပါလျက်၊ ဧကေန တိဏ္ဏေန=တစ်ကိုယ်တည်း နိဗ္ဗာန်ကူးသဖြင့်၊ မေ=ငါ့အား၊ ကိံ=ပစာပြုရအံ့နည်း၊ သဗ္ဗညုတံ=သဗ္ဗညုတဉာဏ်တည်းဟူသော မဟာဗောဓိသို့၊ ပါပုဏိတွာ=ရောက်ပြီးမှ၊ သဒေဝကံ=နတ်ဗြဟ္မာနှင့်တကွသော လူများအပေါင်းကို၊ သန္တာရေဿံ=နိဗ္ဗာန်ကူးတို့ ဆောင်ပို့ကယ်တင်အံ့။

စကြဝဠာတစ်သောင်းကို ရိုက်ခြောင်းဆူဝေ တုန်လှုပ်စေနိုင်သော ပဋိညာဉ်ကြီးတည်း။ ဆုတောင်းကြီးလည်း ဆိုရ၏။ ဗုဒ္ဓေါ ဗောဓေယျံ= မုတ္တော မောစေယျံ၊ တိဏ္ဏော တာရေယျံ-ဟုဖြစ်သော မဟာဗောဓိပတ္ထနာကို မဟာဘိနီဟာရဆိုသည်။

မဟာဘိနီဟာရ သရုပ်ကို ပြဆိုခန်းပြီး၏။

----------------

မဟာဘိနီဟာရ အင်္ဂါ

မဟာဘိနီဟာရ ထမြောက်အောင်မြင်ရာ အင်္ဂါ ရှစ်ပါးရှိ၏။

မနုဿတ္တံ လိင်္ဂသမ္ပတ္တိ၊ ဟေတု သတ္ထာရဒဿနံ။
ပဗ္ဗဇ္ဇာ ဂုဏသမ္ပတ္တိ၊ အဓိကာရော စ ဆန္ဒတာ။
အဋ္ဌဓမ္မသမောဓာနာ၊ အဘိနီဟာရော သမိဇ္ဈတိ။

၁-မနုဿတ္တံ=လူ၏အဖြစ်၊ ၂-လိင်္ဂသမ္ပတ္တိ=ယောက်ျားစင်စစ်အဖြစ်၊ ၃-ဟေတု=ယူလိုလျှင် ယခုဘဝပင် ရဟန္တာဖြစ်နိုင်လောက်အောင် ရင့်ပြီးသော အကြောင်းပါရမီရှိသည်၏အဖြစ်၊ ၄-သတ္ထာရဒဿနံ=သဗ္ဗညုဘုရားနှင့် တွေ့ကြုံရခြင်း၊ ၅-ပဗ္ဗဇ္ဇာ=ရသေ့ရဟန်းအဖြစ်၌ တည်ခြင်း၊ ၆-ဂုဏသမ္ပတ္တိ=အဘိညာသမာပတ်ဂုဏ်နှင့်ပြည့်စုံခြင်း၊ ၇-အဓိကာရော=ခဲယဉ်းလှစွာသော ပူဇာသက္ကာရမှုကိုပြုခြင်း၊ ၈-ဆန္ဒတာ=ဘုရားဖြစ်ရန်ထက်သန်လှသော ဆန္ဒပတ္ထနာရှိခြင်း၊ အဋ္ဌဓမ္မသမောဓာနာ=အင်္ဂါရှစ်စုံ ကျေးဇူးဂုဏ်တို့၏ ပေါင်းဆုံညီညွတ်ခြင်းကြောင့်၊ အဘိနီဟာရော=မဟာဘိနီဟာရမှုသည်၊ သမိဇ္ဈတိ=ထမြောက် အောင်မြင်နိုင်၏။

(ဤအင်္ဂါရှစ်ပါးကား အစဆုံးဆုတောင်းမှုမှာလိုသည်)။

ဟေတု ဆိုသည်ကား နောက်၌ ပြဆိုလတ္တံ့သော ပစ္စယ ၄-ပါး၊ ဟေတု ၄-ပါး စသည်ကို ဆိုသည်။

အဓိကာရ ဆိုသည်ကား အသက်ကိုစွန့်၍ ပြုလိုက်သော ပူဇော်သက္ကာရမှုကိုဆိုသည်။

ဆန္ဒ ဆိုသည်ကား လွန်မင်းသော အလိုတည်း။

အချင်းယူဇနာ တစ်သန်း နှစ်သိန်း သုံးထောင့်လေးရာ့ငါးဆယ် ကျယ်သော စကြဝဠာတိုက်အတွင်းမှာ အလွန်ထက်သော လှံသွားတို့ကို အပြည့်စိုက်ထူ၍ ထားပြီးလျှင် လှံသွားထိပ်ကိုနင်း၍ ဤမှာဖက် စကြဝဠာတံတိုင်းမှ ထိုမှာဖက် စကြဝဠာတံတိုင်းသို့ ရောက်ပေါက်အောင် လာခဲ့နိုင်လျှင် မဟာဗောဓိကို ထိုမှာဖက်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ရတတ်သည် အမှန်ဖြစ်ခဲ့သော် ထွေလာစိတ်ဖန် ကြံစည်တွန့်ရွံ့ခြင်းမရှိ ခဏချင်း ချင်းနင်း၍ သွားနိုင်လောက်အောင် ထက်သန်သောဆန္ဒကို ဆန္ဒတာ-ဆိုသည်ဟု ကျမ်းဂန်တို့၌ပြ၏။

ရှားမီးကျီးအပြည့် ရှိသောစကြဝဠာတိုက်ဖြင့်လည်း ပြဆိုကြကုန်၏။ ထိုကဲ့သို့ စိတ်သန်သောသူသည် ချင်းနင်း၍သွားခဲ့လျှင် ထိုလှံသွားသည် ပတ္တမြားအပြင် ဖြစ်လေရာ၏။ ထိုရှားမီးကျီးစုသည် ပဒုမာကြာတိုက်အပြင် ဖြစ်လေရာ၏။ ခဒိရင်္ဂါရဇာတ်ကို ထောက်မြော်လေ။

ဤကား မဟာဘိနီဟာရအင်္ဂါတည်း။

ပစ္စေကဗောဓိဆု၊ သာဝကဗောဓိဆုတို့၌ကား အင်္ဂါသုံးပါးစီလာ၏။

၁- သတ္ထုဒဿန
၂- အဓိကာရ
၃- ဆန္ဒ

(ပစ္စေကဗောဓိဆု၌ အင်္ဂါသုံးပါး။)

၁- ခီဏာသဝဒဿန
၂- အဓိကာရ
၃- ဆန္ဒ

(သာဝကဗောဓိဆု၌ အင်္ဂါသုံးပါး။)

အဓိကာရနှင့် ဆန္ဒနှစ်ပါးတူကြ၏။ ပစ္စေကဗောဓိဆုမှာ သဗ္ဗညုဘုရားနှင့်တွေ့မှ၊ သာဝကဗောဓိဆုမှာ ပစ္စေကဗုဒ္ဓါ ရဟန္တာများနှင့်တွေ့၍ လှူဒါန်း၍ တောင်းလျှင် ရနိုင်၏ဟူလိုသည်။

မဟာဘိနီဟာရကို ပြဆိုခန်းပြီး၏။

----------------

ပစ္စယ နှစ်ပါးပြ

မဟာဘိနီဟာရ အင်္ဂါရှစ်ပါးတွင် ဟေတုအင်္ဂါ ဆိုသည်ကား သာဝကဗောဓိ၊ ပစ္စေကဗောဓိများကို ယူလိုသောအခါ ရနိုင်လောက်အောင် ရင့်သန် ပြည့်စုံပြီးသော ဒါနအဆောက်အဦ၊ သီလအဆောက်အဦ၊ နိက္ခမအဆောက်အဦ စသော ဆယ်ပါးသောအဆောက်အဦတို့နှင့်တကွ

၁- ကရုဏာသမ္ပတ္တိ
၂- ဥပါယကောလ္လသမ္ပတ္တိ

ဤနှစ်ပါးသည်လည်း မဟာဘိနီဟာရ စခန်းသို့ ဆိုက်နိုင်ရန် သဗ္ဗညုဆု၊ သဗ္ဗညုဗျာဒိတ်ကို ခံရရန်၊ ဘုရားအလောင်းဟူသော ဘွဲ့တံဆိပ်ကို ခံရရန် အကြောင်းတရား နှစ်ပါးပေတည်း။

၁။ မိမိ၏ အသက်ခန္ဓာထက်ပင် သတ္တဝါတစ်ပါး၏ ဒုက္ခကို ကင်းငြိမ်းစေလိုသော စိတ်အလွန်ထက်သန်သည်ကား ကရုဏာသမ္ပတ္တိတည်း။

၂။ ကင်းငြိမ်းစေလိုသော စိတ်ရှိသည်အတိုင်း ကင်းငြိမ်းရာ ကင်းငြိမ်းကြောင်းကို ကြံဖန်နိုင်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်းကား ဥပါယကောသလ္လသမ္ပတ္တိပင်တည်း။

ဣဒံ ပန ဒွယံ ပါရမီနံ ဝိယ ပဏိဓာနဿပိ ပစ္စယော။
ဣဒံ ပန ဒွယံ=ဤနှစ်ပါးသည်ကား၊ ပါရမီနံ=ပါရမီတို့၏၊ ပစ္စယော ဝိယ=အကြောင်းဖြစ်သကဲ့သို့၊ ပဏိဓာနဿပိ=ဆုတောင်းခြင်း၏လည်း၊ ပစ္စယော=အကြောင်းပေတည်း။

ပစ္စယ နှစ်ပါးပြီး၏။

------------

ပစ္စယလေးပါးပြ

၁။ ဥဿာဟ။ ၂- ဥမ္မင်္ဂ။ ၃-အဝဋ္ဌာန။ ၄-ဟိတစရိယာ

၁။ ဥဿာဟဆိုသည်ကား ဒါနမှု စသည်တို့၌ သူအများထက် လွန်ကဲသော ဝီရိယတည်း။

၂။ ဥမ္မင်္ဂ ဆိုသည်ကား အလွန်ထက်သန်သော ဉာဏ်ပညာတည်း။

၃။ အဝဋ္ဌာန ဆိုသည်ကား သူတစ်ပါးတို့ လှုပ်ရှားခြင်းငှါ မတတ်ကောင်းသော စိတ်၏ခိုင်မြဲခြင်းတည်း။

၄။ ဟိတစရိယာ ဆိုသည်ကား မိမိ၏အကျိုးထက် သူတစ်ပါး၏ အကျိုး၌ လွန်ကဲသော မေတ္တာစိတ်တည်း။

ဤလေးပါးသည်လည်း ပါရမီတို့၏လည်းကောင်း၊ အဘိနီဟာရ၏လည်းကောင်း အကြောင်းဖြစ်၏။ ဗုဒ္ဓဘူမိ လေးပါးလည်းခေါ်၏။

ပစ္စယ ၄-ပါးပြီး၏။

---------------

ဟေတု လေးပါးပြ

၁။ ဥပနိဿယသမ္ပတ္တိ
၂။ ကရုဏဇ္ဈာသယသမ္ပတ္တိ
၃။ အဝိဟညသမ္ပတ္တိ
၄။ ကလျာဏမိတ္တသမ္ပတ္တိ

၁။ နိယတဗျာဒိတ်ကို ခံယူသောအခါ၌ သာဝကဗောဓိပစ္စေကဗောဓိကို ပေးနိုင်လောက်အောင် ပြည့်စုံပြီး ရင့်သန်ပြီးသော အဆောက်အဦနှင့် ပြည့်စုံသည်ကား ဥပနိဿယသမ္ပတ္တိမည်၏။

၂။ ပြဆိုခဲ့ပြီးသော ကရုဏာတရား အစွဲအမြဲနှင့်ပြည့်စုံသည်ကား ကရုဏဇ္ဈာသယသမ္ပတ္တိတည်း။

၃။ သူတစ်ပါးတို့၏ အကျိုးကိုရွက်ဆောင်မှုနှင့် ကင်း၍နေရမူကား စကြာမင်း၊ သိကြားမင်း၊ ဗြဟ္မာမင်း စည်းစိမ်ကိုခံစား စံစား၍နေရသော်လည်း စိတ်ပင်ပန်းလျက်နှင့်သာ နေရ၏။ သူတစ်ပါးအကျိုးကို ရွက်ဆောင်သောအားဖြင့် မဟာဗောဓိအကျိုးငှါ ပါရမီမှုတို့နှင့်နေရမူကား ဘဝများစွာ၊ ကမ္ဘာမည်မျှပင် ရှည်ကြာသော်လည်း စိတ်၏ ညစ်နွမ်းပင်ပန်း ငြီးငွေ့ခြင်းမရှိသည်ကား အဝိဟညသမ္ပတ္တိတည်း။

[သင်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကျင့်ရလိမ့်မည်၊ ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ကျင့်ရလိမ့်မည်၊ တစ်ဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ကျင့်ရလိမ့်မည်။ ထိုမျှလောက် ကျင့်နိုင်လျှင် သဗ္ဗညုအဖြစ်သို့ ရောက်လိမ့်မည်' ဟုဆိုလျှင် လေးသင်္ချေ၊ ရှစ်သင်္ချေ၊ တစ်ဆယ့်ခြောက်သင်္ချေမျှကိုပင် ယနေ့နက်ဖြန်မျှ ထင်နိုင်သည်၊ ကြာလှသည်၊ ရှည်လှသည်ဟု စိတ်ပင်ပန်းခြင်းမရှိ ဆိုလိုသည်]

၄။ ဘဝအဆက်ဆက်တို့၌ လူပညာရှိ၊ နတ်ပညာရှိတို့နှင့် တွေ့ကြုံရာ ပညာရှိသူတော်ကောင်းတို့ကို အလေးအမြတ် ဆည်းကပ်ပေါင်းဖက်မှု အလေးဂရု ပြုခြင်းသည် ကလျာဏမိတ္တသမ္ပတ္တိမည်၏။

ဟေတု ၄-ပါးပြီး၏။

မဟာဘိနီဟာရခန်း ပြီး၏။

-------*------

အဇ္ဈာသယဓာတ်ပြ

အဇ္ဈာသယဓာတ် ၆-ပါးကို ပြဆိုအံ့---

၁။ အလောဘဇ္ဈာသယာ စ ဗောဓိသတ္တာ လောဘေ ဒေါသ ဒဿာဝိနော။
၂။ အဒေါသဇ္ဈာသယာ စ ဗောဓိသတ္တာ ဒေါသေ ဒေါသ ဒဿာဝိနော။
၃။ အမောဟဇ္ဈာသယာ စ ဗောဓိသတ္တာ မောဟေ ဒေါသ ဒဿာဝိနော။
၄။ နေက္ခမ္မဇ္ဈာသယာ စ ဗောဓိသတ္တာ ကာမေ ဒေါသ ဒဿာဝိနော။
၅။ ပဝိဝေကဇ္ဈာသယာ စ ဗောဓိသတ္တာ သင်္ဂဏိကာယ ဒေါသ ဒဿာဝိနော။
၆။ နိဿရဏဇ္ဈာသယာ စ ဗောဓိသတ္တာ သဗ္ဗဘဝဂတီသု ဒေါသဒဿာဝိနော။

(သုတ္တနိပါတ အဋ္ဌကထာ)

၁။ ဗောဓိသတ္တာ=ဘုရားလောင်းတို့သည်၊ အလောဘဇ္ဈာသယာစ=စိတ်သန္တာန်၌ အခိုင်အမြဲ တည်ထောင်၍နေသော အလောဘဓာတ်နှင့် ပြည့်စုံကုန်၏၊ လောဘေ=လောဘ၌၊ ဒေါသဒဿာဝိနော=အပြစ်ကို ရှုမြင်ခြင်းအလေ့ ရှိကုန်၏။

၂။ ဗောဓိသတ္တာ=ဘုရားလောင်းတို့သည်၊ အဒေါသဇ္ဈာသယာစ=စိတ်သန္တာန်၌ အခိုင်အမြဲ တည်ထောင်၍နေသော အဒေါသဓာတ်နှင့် ပြည့်စုံကုန်၏၊ ဒေါသေ=ဒေါသ၌၊ ဒေါသဒဿာဝိနော=အပြစ်ကို ရှုမြင်ခြင်းအလေ့ ရှိကုန်၏။

၃။ ဗောဓိသတ္တာ=ဘုရားလောင်းတို့သည်၊ အမောဟဇ္ဈာသယာစ=စိတ်သန္တာန်၌ အခိုင်အမြဲ တည်ထောင်၍နေသော အမောဟဓာတ်နှင့် ပြည့်စုံ၏၊ မောဟေ=မောဟ၌၊ ဒေါသဒဿာဝိနော=အပြစ်ကို ရှုမြင်ခြင်းအလေ့ ရှိကုန်၏။

၄။ ဗောဓိသတ္တာ=ဘုရားလောင်းတို့သည်၊ နေက္ခမ္မဇ္ဈာသယာစ=စိတ်သန္တာန်၌ အခိုင်အမြဲ တည်ထောင်၍နေသော နိက္ခမ္မဓာတ်နှင့် ပြည့်စုံကုန်၏၊ ကာမေ=ကာမ၌၊ ဒေါသဒဿာဝိနော=အပြစ်ကို ရှုမြင်ခြင်းအလေ့ ရှိကုန်၏။

၅။ ဗောဓိသတ္တာ=ဘုရားလောင်းတို့သည်၊ ပဝိဝေကဇ္ဈာသယာစ=စိတ်သန္တာန်၌ အခိုင်အမြဲ တည်ထောင်၍နေသော ဆိတ်ငြိမ်ခြင်းကို အလိုရှိသော ပဝိဝေကဓာတ်နှင့် ပြည့်စုံကြကုန်၏၊ သင်္ဂဏိကာယ=အဖော်အပေါင်း၌၊ ဒေါသဒဿာဝိနော=အပြစ်ကို ရှုမြင်ခြင်းအလေ့ ရှိကုန်၏။

၆။ ဗောဓိသတ္တာ=ဘုရားလောင်းတို့သည်၊ နိဿရဏဇ္ဈာသယာစ=စိတ်သန္တာန်၌ အခိုင်အမြဲ တည်ထောင်၍ နေသောဘဝမှ ကျွတ်လွတ်လိုသော နိဿရဏဓာတ်နှင့် ပြည့်စုံကုန်၏၊ သဗ္ဗဘဝဂတီသု=အလုံးစုံသော ဘဝဂတိတို့၌၊ ဒေါသဒဿာဝိနော=အပြစ်ကို ရှုမြင်ခြင်းအလေ့ ရှိကုန်၏။

၁။ အလောဘဇ္ဈာသယဓာတ်
၂။ အဒေါသဇ္ဈာသယဓာတ်
၃။ အမောဟဇ္ဈာသယဓာတ်
၄။ နေက္ခမ္မဇ္ဈာသယဓာတ်
၅။ ပဝိဝေကဇ္ဈာသယဓာတ်
၆။ နိဿရဏဇ္ဈာသယဓာတ်

(အဇ္ဈာသယဓာတ် ၆-ပါး။)

အဇ္ဈာသယ အကျယ်ပြ

သစ်ပင်တို့မှာ ခိုင်မြဲရန် အနှစ်ထည့်သကဲ့သို့ အလောင်းအလျာတို့မှာလည်း ခိုင်မြဲရန် အနှစ်ထည့်သော ဓာတ် ၆-ပါး၊ ဤဓာတ် ၆-ပါး အနှစ်တည်ပြီးသောသူမှန်လျှင် ကာမဂုဏ်ကို ခံစား၍ပင်နေငြားသော်လည်း မျက်နှာဝမရှိသော ဗူးအိုးကို ရေနက်၌နစ်၍ထားသည်နှင့် တူ၏။

ဤဓာတ် ၆-ပါး အနှစ်မတည်သေးသော ပုထုဇဉ်သည် ကျယ်သော မျက်နှာဝရှိသော မြေအိုးကို ရေနက်၌ နစ်၍ထားသည်နှင့်တူ၏။

ဤလောက၌ အချို့သောသူသည် လူဖြစ်၍နေငြားသော်လည်း ဤဓာတ် ၆-ပါး အသင့်ရှိ၏။ ရေနက်၌ ချည်ဖွဲ့မြှုပ်ထားသော ထိုဗူးအိုးနှင့်တူ၏။

အချို့သောသူသည် ရဟန်းဖြစ်၍ နေငြားသော်လည်း ဤဓာတ် ၆-ပါးမရှိ၊ ရေတိမ်၌ မြှုပ်၍ထားသော ထိုမြေအိုးနှင့်တူ၏။

- လူတို့ကာမဂုဏ်သည် ရေနက်နှင့်တူ၏။
- ရဟန်းတို့၏ ကျောင်းကောင်း ကန်ကောင်း အိပ်ရာကောင်း နေရာကောင်း အဝတ်ကောင်း အစားကောင်းပစ္စည်း ပရိက္ခရာများသည် ရေတိမ်နှင့်တူ၏။

၁။ အလောဘဓာတ်နှစ် မတည်ကုန်သော သူတို့သည် လောဘကင်းရှင်းရန် စကားကို ကြားနာရလျှင် နားငြီးကုန်၏။

၂။ အဒေါသဓာတ်နှစ် မတည်ကုန်သော သူတို့သည် ဒေါသပျောက်ငြိမ်းရန် စကားကို ကြားနာရလျှင် နားငြီးကုန်၏။

၃။ အမောဟဓာတ်နှစ် မတည်ကုန်သော သူတို့သည် တရား၊ ကျမ်းဂန်၊ ပညာဗဟုဿုတ စကားကို ကြားနာရလျှင် နားငြီးကုန်၏။

၄။ နိက္ခမဓာတ်နှစ် မတည်ကုန်သော သူတို့သည် တောထွက်ရန် စကားကို ကြားနာရလျှင် နားငြီးကုန်၏။

၅။ ပဝိဝေကဓာတ်နှစ် မရှိကုန်သောသူတို့သည် တောတောင်ဝင်၍ တစ်ကိုယ်ရေ တစ်ကာယနေထိုင်ရန် စကားကို ကြားနာရလျှင် နားငြီးကုန်၏။

၆။ နိဿရဏဓာတ်နှစ် မရှိကုန်သော သူတို့သည် ဘဝကို ကဲ့ရဲ့သော စကားကို ကြားနာရလျှင် နားငြီးကုန်၏။

၁။ အလောဘဓာတ်နှစ် မရှိသော သူတို့ကို တစ်မူးတန်၊ တစ်မတ်တန်၊ တစ်ကျပ်တန်၊ တစ်ဆယ်တန်မျှ သေးနုပ်လှသော လောဘအာရုံသည် မြင့်မိုရ်တောင်ကြီးကဲ့သို့ ဖိစီး၍ထားနိုင်၏။ အလောဘဓာတ်နှစ် အားကောင်းလှသော သူတို့ကို ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမင်းစည်းစိမ်သည်ပင် မြက်ခြောက်တစ်ပင်မျှကဲ့သို့ဖြစ်၏။

၂။ အဒေါသဓာတ်နှစ် မတည်သော သူတို့အား အနည်းငယ်မျှလောက်သော အခွင့်နှင့်ဖြစ်သောဒေါသသည် ပွါးစီးသောအဖို့သို့ရောက်လေ၏။ အလွန်ခြောက်သွေ့သော မြက်တော၊ ကျူတော၊ အမှိုက်တော၌ ကျသော မီးပေါက်၊ မီးဖွားငယ်ကဲ့သို့ပင်တည်း။ အဒေါသဓာတ်နှစ်တည်သောသူတို့အား တစ်ဦးနှင့်တစ်ဦး အသက်စည်းစိမ်ကို ခိုက်၍ဖြစ်ပွါးသောဒေါသသည်လည်း ခဏမကြာ ပျောက်ငြိမ်း၏။ အလွန်ရွှမ်းရွှမ်းစိုရွှဲသော အနှစ်အတိပြည့်သော သစ်ဖောင်ကြီး၊ သစ်ပုံကြီး၌ ကျသော မီးထုပ်၊ မီးလုံးကြီးကဲ့သို့တည်း။

၃။ အမောဟဓာတ်နှစ် မရှိသော သူတို့ကို မိမိကိုယ်ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့၌ အစဉ်ထာဝရ မှောင်ကြီးချ၍နေသော မောဟသည် ယခုအခါ ဓမ္မက္ခန္ဓာတည်းဟူသော နေဝန်းအပေါင်း ရှစ်သောင်းလေးထောင် တစ်ပြိုင်နက် ထွန်း၍နေသောအခါမှာပင် မျက်တောင်တစ်ခတ်၊ လျှပ်တစ်ပြက်မျှ အလင်းမရ၊ စုတိကျအောင် မှောင်မြဲ၊ မိုက်မြဲ၊ ဖုံးလွှမ်းမြဲအတိုင်းနှင့်ပင် တစ်ဘဝဆုံးစေနိုင်၏။

ပဋိသန္ဓေကပင် ပသာဒစက္ခုချို့ခဲ့သောသူကို မျက်စိအရာတွင် အစဉ်ထာဝရ အပိန်းကျ၍ လာခဲ့သော အန္ဓကာရမှောင်ကြီးသည် နေဗိမာန်ပေါင်း ရှစ်သောင်းလေးထောင် တစ်ပြိုင်နက်ထွက်ပြူ၊ ထွန်းလင်းခိုက်ကြုံသော်လည်း မျက်တောင်တစ်ခတ်၊ လျှပ်တစ်ပြက်မျှ အလင်းမရ စုတိကျအောင် ဖုံးလွှမ်းလေသကဲ့သို့တည်း။

၄။ နိက္ခမဓာတ်နှစ် မရှိသောသူတို့အား ယခုဘဝပြုသမျှသော ဒါန၏အကျိုး၊ သီလ၏အကျိုး၊ ဥပေါသထ၏အကျိုး၌ တွယ်တာသာယာသော တဏှာလောဘသည် ထိုကုသိုလ်တို့ကို ပါရမီမျိုး၊ ဗောဓိမျိုး ပျက်လေအောင် နှောင့်ယှက်၍ တည်နေ၏။

ကောင်းစွာ ပြုပြင်၍ထားသော စပါးမျိုး၊ ပြောင်းမျိုး၊ ပဲမျိုးတို့ကို ထိုးသော ပိုးငယ်တို့သည် ထိုစပါး၊ ပြောင်း၊ ပဲတို့ကို မျိုးပျက်လေအောင် ပြုကြကုန်သကဲ့သို့တည်း။ ဝါ=ကောင်းစွာဖြစ်ထွန်းသော ကောက်ခင်း၊ ပြောင်းခင်းတို့၌ ကျသော မြစ်ပိုး၊ ဆစ်ပိုး၊ ရွက်ပိုး၊ ပွင့်ပိုး၊ သီးပိုးတို့ကဲ့တည်း။

၅။ ပဝိဝေကဓာတ်နှစ် မရှိသောသူတို့ကို အပေါင်းအဖော်၌ မွေ့လျော်သောတဏှာသည် ဆိတ်ငြိမ်ရာ၌နေခွင့်ကို မပေးဘဲ အပေါင်းအဖော်ရှိရာသို့သာ မကြာရုတ်ခြည်း အတင်းဆွဲငင်၍ အတွင်ခြံသွင်းသောအမှုကို ထာဝရပြုလေ၏။ ရာဇဝတ်ကောင်၊ ထောင်သားတို့ကို တစ်ယောက်တစ်ခြား ဆိတ်ကွယ်ရာ၌ နေသည်ကိုမြင်လျှင် ခဏချင်း ရိုက်ပုတ်ငင်ဆွဲ၍ တစ်လုံးထဲ ဖွဲ့နှောင်သော ထောင်မှူး အာဏာသားကဲ့သို့တည်း။

၆။ နိဿရဏဓာတ်နှစ် မရှိသော သူတို့ကို ဘဝနိကန္တိ တဏှာသည် ဘဝမှကျွတ်လွတ်အံ့သော ပဋိပတ်လမ်း၊ ပဋိဝေဓလမ်းများကို အားကျခွင့် မပေးမူ၍ ဘဝစည်ကားအံ့သော ပုညာဘိသင်္ခါရမျိုးဖြစ်သော တစ်ရာကုန်၊ တစ်ထောင်ကုန်၊ တစ်သောင်းကုန်၊ တစ်သိန်းကုန် လှူမှု၊ ဒါန်းမှု၊ ဇရပ်တန်ဆောင်း၊ ဂူကျောင်း၊ ဘုရား ဆောက်လုပ် တည်ထားမှု၊ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးသီလ၊ ဥပုသ်မှု၊ လူသီလဝန္တ၊ ရဟန်းသီလဝန္တ၊ ရသေ့သီလဝန္တ ပြုလုပ်မှု၊ စာချပေချ၊ ဓမ္မကထိက၊ ကျမ်းပြုဂန်ပြုပြုလုပ်မှုတို့၌သာ အားကျခွင့်ကို ပေးသတည်း။

အင်္ဂလိပ်မင်းတို့သည် မိမိတို့ပိုင်ရာ နိုင်ငံသားတို့အား ဆင်းရဲသားဘဝ ဥစ္စာစီးပွါးဖြစ်ထွန်းအောင် လုပ်ဆောင် အားကျမှု ကိုကား ကောင်းစွာ အခွင့်ပေး၏။ ပုန်ကန်ပုန်စား ပြုရာသော လက်နက်ကိရိယာမှုကိုကား တစ်ထွာလေးသစ်မျှ လုပ်ခွင့်မပေးသကဲ့သို့တည်း။

ဤ၌ 'ဘဝနိကန္တိ' ဆိုသည်ကား အနာဂတ်ဘဝသို့ ဖွဲ့သော နိကန္တိလည်းတစ်ပါး၊ ယခုပစ္စုပ္ပန်ခန္ဓာ၌ သာယာသော ဘဝနိကန္တိလည်းတစ်ပါး။ ယခုအခါသည် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရထိုက်သောအခါလည်းဖြစ်၏။ မဂ်လမ်းဖိုလ်လမ်းကို ညွှန်ပြသော ဒေသနာဓမ္မလည်း နည်းပေါင်းအထောင်မက ပိဋကတ်တော်တွင် ထင်ရှားရှိ၏။ ယခုပစ္စုပ္ပန်ခန္ဓာ၌ သာယာသော နိကန္တိကြောင့် မိမိတို့ကိုယ်ခန္ဓာကို ညှာတာသည့်အတွက် သက်စွန့်ကြိုးပမ်း အားမထုတ်ကြသောကြောင့် သာသနာပ ရသေ့တို့ ရကြသော ဈာန်မျှကိုမှ ယခုကာလ မရကြလေသတည်း။

အဇ္ဈာသယဓာတ် ၆-ပါး ပြီး၏။

------*-----

သဗ္ဗုညု ဗောဓိလောင်းတို့၏ တံခွန်ကြီး ၄-ပါး

သာဝကဗောဓိအလောင်း၊ ပစ္စေကဗောဓိအလောင်းတို့နှင့် မဆက်ဆံသော သဗ္ဗညုဗောဓိအလောင်းတို့၏ တံခွန်ကြီး ၄-ပါးကို ပြပေအံ့။

လိင်္ဂ ၄-ပါး
၁။ ဣန္ဒြိယ
၂။ ပဋိပတ္တိ
၃။ ကောသလ္လ
၄။ အဇ္ဈာသယ

၁။ သဒ္ဓါဖြစ်ခန်းဆိုက်လျှင် သဒ္ဓါတွန့်ခြင်းမရှိ။ ဝီရိယဖြစ်ခန်းဆိုက်လျှင် ဝီရိယတွန့်ခြင်းမရှိ။ သတိအရာဆိုက်လျှင် သတိတွန့်ခြင်းမရှိ။ သမာဓိအရာဆိုက်လျှင် သမာဓိလှုပ်ရှားခြင်းမရှိ။ ပညာအရာဆိုက်လျှင် ပညာတွန့်ခြင်းမရှိ။ ဤသို့ ဣန္ဒြေငါးပါးတို့၏ ထက်သန်ခြင်းအထူးသည် ဣန္ဒြိယမည်၏။

ဤအချက်ငါးပါးလည်း ဤသူကား-သဗ္ဗညုအလောင်းပေတည်းဟု သိရန် တံခွန်ပေတည်း။

၂။ ပစ္စုပ္ပန်အကျိုးစီးပွါးကို အားထုတ်မှု၌လည်း မိမိ၏အကျိုးစီးပွါးထက် သူတစ်ပါး၏ အကျိုးစီးပွါးကို အထူးအချွန် အလွန်လိုလား၏။ သူတစ်ပါး၏ အကျိုးစီးပွါးကို အားထုတ်ဆဲ၊ အားထုတ်ပြီးတို့၌လည်း ထိုသူ၏ ကျေးဇူးတုံ့ကို မတောင့်တခြင်း၊ ကျေးဇူးကို မျက်မှောက်မျက်ကွယ် ဖော်ပြလိုသောစိတ်မှ စင်ကြယ်ခြင်း၊ ထိုသူသည် ကျေးဇူးကိုချေဖျက်၍ အသက်အန္တရာယ်ကိုပင် ပြုသော်လည်း ကျေးဇူးမှုကို ချောမောအောင် ဆောင်ရွက်ခြင်းသည်လည်း ပစ္စုပ္ပန်အကျိုး၌ ပဋိပတ္တိမည်၏။

ဒါန၊ သီလစသော ကုသိုလ်မှုကို ပြုသည်ရှိသော် ကုသိုလ်အကျိုးကို တောင့်တခြင်း၊ မိမိကျွတ်လွတ်ရန် နိဗ္ဗာန်မဂ်ဖိုလ်ကို တောင့်တခြင်းတို့မှ လွတ်ကင်း၍ သတ္တဝါအများကို ကယ်ဆယ်နိုင်ရန် သဗ္ဗညုတဉာဏ်ကိုသာ တောင့်တခြင်းသည် တမလွန်အကျိုး၌ ပဋိပတ္တိမည်၏။ ဤပဋိပတ္တိမှုသည်လည်း ဤသူကား မဟာဗောဓိအလောင်းကြီးပေတည်းဟု သိရန် တံခွန်ပေတည်း။

၃။ ကောသလ္လ ဆိုသည်ကား ဆိုက်တိုက်လာသမျှသော အခွင့်၌ ပြီးစီးရန် လမ်းမှန်ကို လျင်မြန်စွာ သိနိုင်သော စိန္တာမယဉာဏ်၊ တင်္ခဏုပ္ပတ္တိဉာဏ်တည်း။ သာဝကလောင်း၊ ပစ္စေကလောင်းတို့သည်လည်း မိမိတို့အားလျော်စွာ စိန္တာမယ၊ တင်္ခဏုပ္ပတ္တိ ရှိကောင်းရှိရာ ရှိကြပါကုန်သော်လည်း ချော်ချွတ်သည်သာ များကုန်၏။ ဘုရားအလောင်းတို့၏ စိန္တာမယ၊ တင်္ခဏုပ္ပတ္တိဉာဏ်မှာ ချော်ချွတ်သည် မရှိနိုင်။ ဤကောသလ္လလည်း တံခွန်တစ်ပါး။

၄။ အဇ္ဈာသယကိုကား ပါရမီဆယ်ပါးနှင့်ချဲ့၍ ကျမ်းဂန်မှာ အကျယ်ပြ၏။ အကျဉ်းမျှကိုပြဆိုအံ့။ အလှူဒါန၌ အလွန်မွေ့လျော်၏။ အလှူဝတ္ထုရှိလျက် မလှူရလျှင် မနေတတ်ရှိ၏။ လှူသောအခါ ရွှင်လန်းသောစိတ်၊ အရိုအသေ အလေးဂရုပြုသောစိတ် အမြဲတည်၏။ ဘယ်မျှလောက် အကြီးအကျယ် လှူရသော်လည်း လှူမှု၌ အားရသည်ဟူ၍မရှိ။ အလှူခံပုဂ္ဂိုလ်လိုအပ်သော ဝတ္ထုသည် မိမိမှာရှိခဲ့အံ့၊ အလှူခံပုဂ္ဂိုလ်၏ မျက်နှာကိုကြည့်၍ တိုင်းတာခြင်းလည်းမရှိ။ မိမိသုံးဆောင်ရန်ကို မြော်၍ တိုင်းတာခြင်းလည်းမရှိ။ အလှူခံပုဂ္ဂိုလ်၏ အလိုဆန္ဒကို ဖြည့်စွမ်းလိုသော စိတ်တစ်ခုသာ ရှိ၏။ သည်ကိုရည်၍ ဗုဒ္ဓဝင်ပါဠိတော်၌ “ယထာပိ ကုမ္ဘော သမ္ပုဏ္ဏော” စသည်ဖြင့် ဟောတော်မူ၏။

ပါရမီခန်း၌လည်း...

“ပမာမည်သည်၊ ဤလူ့ပြည်၌၊ ဆီကြည်ရက်တက်၊ ရေပြည့်လျက်သား၊ ကြိမ်ခက်ဖောင်းကန်၊ ဖျဉ်းအိုးတန်ကို၊ ပြောင်းပြန်ဦးစောက်၊ သွန်ဘိမှောက်က၊ တစ်ပေါက်အရည်၊ နည်မျှမကြွင်း၊ အောက်ဟင်းလင်းလျှင်၊ ကျယ်ဝန်းထက်ချည်း၊ ယိုသည့်နည်းကို၊ တိုင်တည်းရှေးရှူ၊ သက်သေမူ၍၊ အလှူအရာ ပေးသော အခါ၌...

ဟူ၍လည်းကောင်း....

လူဖြစ်စော်ညှီ၊ ငဒုဿီနှင့်၊ အညီနှုန်းကြ၊ ဂေါသီလဟု၊ နွားမျှစောင့်သား၊ မဖြောင့်နှလုံး၊ သစ်တုံးတစ်ဆူ၊ တောင်သူငမူး။ ထို့ထက်ထူးသား၊ ကျေးဇူး သရဏာ၊ ပါဏာတိပါတ်၊ လွတ်သည်ကစ၊ ဤမျှဖော်ထုတ်၊ လူအစုတ်ကို၊ အယုတ်အလတ်၊ အမြတ်ဖြင့်အာ သုံးပါးလှူခံ၊ ရှင့်အထံသို့၊ ညယံမိုးသောက်၊ မပြတ်ရောက်မူ၊ မြတ်လောက်ယုတ်တန်၊ ဆင်ခြင်ဟန်ဖြင့်၊ ပေးလွန်ပိမ့်လော၊ တန်ပိမ့်လောဟု၊ နှမြောထိုင်းတွဲ့၊ ရွေးချယ်မဲ့လျှင်-

ဟူ၍ လည်းကောင်း စပ်ဆိုပေသည်။

နောက်ကဗျာ၌-
၁။ အလဇ္ဇီ ဒုဿီလ
၂။ ဂေါသီလ
၃။ မိလက္ခု
၄။ သရဏဂုံတည်
၅။ ပဉ္စသီတည်
၆။ သရဏဂုံ ပဉ္စသီလတည်

ဤသို့စသော အလှူခံပုဂ္ဂိုလ် အယုတ်၊ အလတ်၊ အမြတ်တို့၌ ပုဂ္ဂိုလ်ကိုကြည့်၍ အနည်းအများ တိုင်းတာခြင်းမရှိ။ အကောင်းအညံ့ တိုင်းတာခြင်းမရှိသည်ကို စပ်ဆိုပေသည်။ ဤကား ဒါနမှုနှင့် စပ်၍ 'ဤသူကား-မဟာဗောဓိကြီးပေတည်း' ဟု သိနိုင်ရန် တံခွန်ပေတည်း။

[နောက်နောက်သော ပါရမီတို့၌လည်း ဤနည်းကိုမှီ၍ မဟာဗောဓိတံခွန်ကို သိလေ။ ပါဠိကို မကြည့်နိုင်သူတို့မှာ ပါရမီကဗျာနှင့်ပင် မဟာဗောဓိတံခွန်ကို သိကြလေ။]

တဏှာနိဿတ တံခွန်

ယခုကာလ၌ကား မဟာဗောဓိတွင်မှ ပညာဓိကကို တောင့်တကြ၏။ သူတို့ ပြုပုံ၊ မူပုံ၊ တံခွန်မှာမူကား သာဝကဗောဓိတံခွန်မျှ လှလှ မပေါ်ချေ။ ယခုဘဝ ပကာသနကို လိုလားခြင်း၊ နောင်ယခုပြုသော ကုသိုလ်၏အကျိုးကို ကြီးကြီးမားမား လိုလားခြင်းဟူသော တဏှာနိဿိတတံခွန်ကိုသာ စွင့်ရရွင့် မြင်ရချေ၏။

အကျိုးကို မတောင့်တနှင့်ဆိုခဲ့လျှင်၊ “အကျိုးကို လို၍သာ ပြုသည်၊ အကျိုးကို မလိုချင်လျှင် ဘယ်သူပြုမလဲ” ဟု အလွဲကို ငေါ့ကြသေး၏။ အကျိုးကို မတောင့်တဘဲ ပြုနိုင်လျှင် အကျိုးလည်း များများကြီးရ၏။ ဗောဓိသမ္ဘာရလည်း မြောက်၏။ အကျိုးကိုတောင့်တ၍ပြုလျှင် အကျိုးလည်းနည်းပါး၏။ ပိုးဖောက်သော စပါးမျိုး၊ မြစ်ပိုး၊ ဆစ်ပိုးကျသော ကောက်ပင်နှင့်တူလေ၏။

အချို့သော သူတို့ကလည်း 'တစ်ဘဝထက် တစ်ဘဝ ရင့်လိမ့်မည်၊ ဘဝကို မတောင့်တပဲ ပြုသော်လည်း ယခုဖြစ်နိုင်တဲ့သည် မဟုတ်၊ ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိကိုလည်း ရဦးမှပင် တော်သည်' ဟုဆိုကြကုန်၏။ သစ်ပင်ငယ်တို့မည်သည် မိုးဥတုရှိစဉ်အခါ၌သာ ပေါက်နိုင်ကြကုန်၏။ ပေါက်ကြသော သစ်ပင်ငယ်အထောင်အသောင်းတွင်မှလည်း အမြစ်ပင်စည် ခိုင်မြဲ၍ အရပ်အနေသင့်လှသော တစ်ပင်တစ်လေမျှသာ နွေရာသီကို ကျူး၍ ရှေ့မိုးဦးနှင့် ဆက်နိုင်၏။ ဆောင်းရာသီ၊ နွေရာသီမှာ ပျက်စီးကြသည်သာ များ၏။ နှစ်မိုး၊ သုံးမိုး၊ လေးမိုး စသည်ဖြင့် ကြီးပွါးရက နောက်ဥတုအတွက်နှင့် မပျက်စီးတဲ့နိုင်ပြီ။

ဤအတူ အစစွာ ပါရမီအပင်ငယ်တို့မည်သည်လည်း ဘုရားသာသနာ၊ ဓမ္မတည်းဟူသော မိုးဥတုနှင့် တွေ့ကြုံသောအခါ၌သာ ဖြစ်နိုင်ကြကုန်၏။ ဖြစ်ကြသူအထောင်အသောင်းတို့တွင် ခြေခြေမြစ်မြစ်ဖြစ်သူ တစ်ယောက်တစ်လေမျှ သာသနာပတည်းဟူသော နွေရာသီကြီးကိုကျူး၍ နောက်ဘုရားသာသနာတည်းဟူသော ရှေ့မိုးနှင့် ဆက်နိုင်သည်၊ အတုအပဖြစ်ခဲ့ကြသမျှတို့သည် သာသနာပတည်းဟူသော ဆောင်းရာသီ၊ နွေရာသီတို့မှာ ကွယ်ပျောက်ကြသည်သာ များကုန်၏။

နိယတ မရောက်သေးသော ပါရမီတို့၏ အနိယတ ဖြစ်ပုံ

သာသနာပအခါမည်သည် ယေဘုယျအားဖြင့် မိစ္ဆာဒိဋ္ဌိသာများ၏။ မိစ္ဆာဒိဋ္ဌိမျိုး၌ဖြစ်၍ တစ်ခုသော မိစ္ဆာအယူကို စွဲမြဲစွာယူလိုက်သည်ရှိသော် အတုအပမျှဖြစ်ခဲ့သော ပါရမီစုသည် ကွယ်ပျောက်ခြင်းသို့ရောက်လေ၏။ နှစ်ဘဝ၊ သုံးဘဝ စသည်ယူရာ၌ ဆိုဖွယ်မရှိပြီ။ ဤကား နိယတအဖြစ်သို့ မရောက်ကုန်သေးသော ပါရမီတို့၏ အနိယတဖြစ်ပုံ အခြင်းအရာတည်း။ ဤကဲ့သို့ ကွယ်ပျောက်ခဲ့သောအရာသည် အနမတဂ္ဂသံသရာ၌ သူသူငါငါ သတ္တဝါတို့မှာ အခါပေါင်း အနမတဂ္ဂပင် ရှိရာပြီ။ ထို့ကြောင့် တစ်ဘဝထက်တစ်ဘဝ ရင့်အံ့သောအလားများကို အားပြု၍ ပါရမီဆုတောင်းမှု၌ အတုအပနှင့်ပြီးကြ၍ မလျော်ပေ။

လိင်္ဂ ၄-ပါး ပြီး၏။

ဤသို့ပြဆိုခဲ့ပြီးသော ပစ္စယ ၄-ပါး၊ ဟေတု ၄-ပါး၊ အဇ္ဈာသယဓာတ် ၆-ပါးစုသည် မဟာဘိနီဟာရ စခန်းသို့ ဆိုက်ဖို့အကြောင်းစုလည်းဖြစ်၏။ အထက်ပါရမီတို့၏ အကြောင်းလည်းဖြစ်၏။ ပြီး၏။

နိယတဗျာဒိတ်ကိုရသဖြင့် မဟာဘိနီဟာရကိစ္စ ထမြောက်အောင်မြင်ပြီးသော သဗ္ဗညုအလောင်းတော်ကြီးတို့အား ဗလ ၄-ပါး၊ အစ္ဆရိယ ၄-ပါး၊ ကရုဏာ ဥပါယကောသလ္လ ၂-ပါး၊ ဘူမိ ၄-ပါး၊ အဇ္ဈာသယ ၆-ပါး၊ အဇ္ဈာသယဆယ်ပါး အစရှိကုန်သော မဟာဗောဓိအဆောက်အဦတို့သည် အကျယ်လာကုန်သေး၏။

[ရှေး၌ ပြဆိုခဲ့ပြီးသော အချက်တို့ဖြင့်ပင်လျှင် မောင်သော် လျှောက်ဆိုသော သဗ္ဗညုပတ္ထနာ မဟာဗောဓိ လုပ်ရပ်လမ်းကြီးသည် ထင်ရှားလှပြီဖြစ်၍ မထုတ်ပြီ။]

ဤတွင်ရွေ့ကား ပကတိသာဝကဆု၊ မဟာသာဝကဆု၊ အဂ္ဂသာဝကဆု၊ ပစ္စေကဗုဒ္ဓဆု၊ သမ္မာသမ္ဗုဒ္ဓဆုငါးပါးတို့ကို ပြဆိုချက်ပြီး၏။ ပထမလျှောက်ချက် အဖြေပြီး၏။

------*-----

ဒုတိယခန်း

၁။ ခန္ဓာငါးပါး၏ သရုပ်သဘော အဓိပ္ပါယ်။

၂။ သစ္စာလေးပါး၏ သရုပ်သဘော အဓိပ္ပါယ်။

၃။ ခန္ဓာငါးပါးကို သစ္စာဖွဲ့နည်း။

၄။ မဂ္ဂင်ရှစ်ပါး၏ သရုပ်သဘော အဓိပ္ပါယ်နှင့်တကွ နိဗ္ဗာန်ရောက်အောင် ပွါးနည်းများကို သိလိုပါသည် ဟူသော ဒုတိယလျှောက်ချက်၌ဒုတိယလျှောက်ချက်၌---

ရူပက္ခန္ဓာ၌ ဉာဏ်အချက်ပြ-၇-ပါး

၁။ ခန္ဓာငါးပါး၏ သရုပ်သဘော အဓိပ္ပါယ်သည် သုတ္တန်နည်းအဘိဓမ္မာနည်း, နှစ်လမ်းရှိသည်။

မဂ်ဖိုလ်ကို မရသေးကုန်သော ပုထုဇန်တို့အား ယခုဘဝ မဂ်ဖိုလ် ကိုရဖို့ ကမ္မဋ္ဌာန်းပြုလုပ်ခြင်းငှာ အကျဉ်းအားဖြင့် ဟောတော်မူအပ် သောနည်းသည် သုတ္တန်နည်းမည်၏။

ကမ္မဋ္ဌာန်းကိစ္စကို ပဓာနမပြုမူ၍ တရားဓမ္မရှိသမျှကို အကုန်အစင် ဝေဖန်၍ ဟောတော်မူသောနည်းသည် အဘိဓမ္မာနည်းမည်၏။

အဘိဓမ္မာနည်း မည်သည်ကား မဂ်ဖိုလ်ကို ရပြီးသော အရိယာ ပုဂ္ဂိုလ်တို့အား ပဋိသမ္ဘိဒါဉာဏ် ပွါးစီးရန် အကျိုးငှါ ဖြစ်၏၊ တရားအစိတ် အလီ များပြားလှသောကြောင့် ပုထုဇဉ်တို့ ကမ္မဋ္ဌာန်းအရာနှင့် သက်ဝင် နိုင်သောနည်း မဟုတ်။ ။ ဥပမာကား လှေငယ်တက်စင်းနှင့် ကူး သန်းသွားလာ၍ အသက်မွေးသောသူတို့သည် မြစ်ပြင်၌သာ ကူးသန်း သွားလာကုန်ရာ၏၊ မဟာသမုဒ္ဒရာ ပြင်၌ မသွားကုန်ရာ၊ မဟာသမုဒ္ဒရာ ကို သွားလာနိုင်လောက်သော လှေကြီး တက်ကြီး သင်္ဘောကြီး ထူထောင် နိုင်သောအခါမှ သမုဒ္ဒရာကို ချင်းနင်းကုန်ရာ၏။

ယခုကာလ၌ကား မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ရလို၍ ရဟန်းပြုကြ သည် မဟုတ်၊ ပါရမီကိုမျှ ရလို၍ ရဟန်းပြုသော အရာဖြစ်ကြ၍ ကမ္မဋ္ဌာန်းအလုပ်ကို လုပ်သောသူမရှိကြ၊ ပညာပါရမီ အစီးအပွါးအကျိုးငှာ ချပို့သင်ကြားမှု ပြောဟောမှုမျှကိုသာ အားထုတ်ကြသောအခါဖြစ်၍ အဘိဓမ္မာနည်း တွင်ကျယ် ပြန်သတည်း၊ ဤစာအုပ်၌ကား သုတ္တန်နည်း ကိုသာ ထုတ်ပေအံ့။

(က) သတ္တဋ္ဌာန ကုသလော ဘိက္ခဝေ ဘိက္ခု တိဝိဓူပပရိက္ခီ ဣမသ္မိံ ဓမ္မဝိနယေ ကေဝလီ ဝုသိတဝါ 'ဥတ္တမပုရိသော' တိ ဝုစ္စတိ။

ကထဉ္စ ဘိက္ခဝေ ဘိက္ခု သတ္တဌာန ကုသလော ဟောတိ။ ဣဓ ဘိက္ခဝေ ဘိက္ခု ရူပံ ပဇာနာတိ၊ ရူပသမုဒယံ ပဇာနာတိ ရူပနိရောဓံ ပဇာနာတိ ရူပနိရောဓဂါမိနိံ ပဋိပဒံ ပဇာနာတိ၊ ရူပဿ အဿာဒံ ပဇာနာတိ၊ ရူပဿ အာဒီနဝံ ပဇာနာတိ၊ ရူပဿ နိဿရဏံ ပဇာနာတိ။

၁။ ကတမဉ္စ ဘိက္ခဝေ ရူပံ စတ္တာရော စ မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယ ရူပံ၊ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ရူပံ။

၂။ အာဟာရသမုဒယာ ရူပသမုဒယော။

၃။ အာဟာရ နိရောဓာ ရူပနိယောဓော။

၄။ အယမေဝ အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ ရူပနိရောဓဂါမိနီပဋိပဒါ။ သေယျထိဒံ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပေါ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တော၊ သမ္မာအာဇီဝေါ၊ သမ္မာ ဝါယာမော၊ သမ္မာသတိ၊ သမ္မာသမာဓိ။

၅။ ယံရူပံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ။ အယံ ရူပဿ အဿာဒေါ။

၆။ ယံ ရူပံ အနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ အယံ ရူပဿ အာဒီနဝေါ။

၇။ ယော ရူပသ္မိံ ဆန္ဒရာဂဝိနယော ဆန္ဒရာဂပ္ပဟာနံ၊ ဣဒံ ရူပဿ နိဿရဏံ။

(ခန္ဓဝဂ္ဂသံယုတ္တ-ပါ ၅၀) ဉာဏ်အချက် ၇-ဌာနနှင့်တကွ ရူပက္ခန္ဓာ ပြီး၏။

---

ဘိက္ခဝေ=ရဟန်းတို့၊ သတ္တဋ္ဌာန ကုသလော=ခုနစ်ဌာန၌ လိမ္မာ သော၊ တိဝိဓူပပရိက္ခီ=သုံးပါးသောအပြားကို စုံစမ်းခြင်း အလေ့ရှိသော၊ ဘိက္ခု=ရုပ်ဘေးကို မြော်မြင်နိုင်သူ ရှင်လူအပေါင်းသည်၊ ဣမသ္မိံ ဓမ္မဝိနယေ=ဤသဗ္ဗညု သာသနာ၌၊ ကေဝလီ=ပြီးစီးပြည့်စုံလုံလောက် သော၊ ဝုသိတဝါ=သည်မှအထက် တိုးတက်၍ ကျင့်သုံးဖွယ် မရှိသော၊ ဝါ=သံသရာ၌ သည်ခါတစ်ပြင် အကျင့်ခွင်သို့ ဝင်ဖွယ် ကိစ္စမရှိသော၊ ဥတ္တမပုရိသောတိ=အမြတ်ခေါင်ဖျား ယောကျ်ား အာဇာနည်ဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏။

ဘိက္ခဝေ=ရဟန်းတို့၊ ဘိက္ခု=ရဟန်းသည်၊ ကထဉ္စ=အဘယ်သို့လျှင်၊ သတ္တဋ္ဌာနကုသလော=ခုနစ်ဌာန၌လိမ္မာသည်၊ ဟောတိ=ဖြစ်သနည်း။ ဘိက္ခဝေ=ရဟန်းတို့၊ ဣဓ=ဤသာသနာ၌၊ ဘိက္ခု=သည်၊ ရူပံ= ရုပ်တရားကို၊ ပဇာနာတိ=အဟုတ်သိ၏၊ ရူပသမုဒယံ=ရုပ်ဖြစ်ပွါးခြင်း၏ အကြောင်းတရားကို၊ ပဇာနာတိ=အဟုတ်သိ၏၊ ရူပနိရောဓံ=ရုပ်၏ ချုပ်ဆုံးခွင့်ကို၊ ပဇာနာတိ= အဟုတ်သိ၏၊ ရူပနိရောဓဂါမိနိံ ပဋိပဒံ=ရုပ်၏ ချုပ်ဆုံးခြင်းသို့ ဆိုက်ရောက်စေ တတ်သောအကျင့်မျိုးကို၊ ပဇာနာတိ= အဟုတ်သိ၏၊ ရူပဿ=ရုပ်၏၊ အဿာဒံ=သာယာဖွယ်ကို၊ ပဇာနာတိ= အဟုတ်သိ၏၊ ရူပဿ=ရုပ်၏၊ အာဒီနဝံ=ကြောက် မက်ဖွယ်သောဘေးကို၊ ပဇာနာတိ=အဟုတ်သိ၏၊ ရူပဿ=ရုပ်၏၊ နိဿရဏံ=ကျွတ်လွတ်ခွင့်ကို၊ ပဇာနာတိ=အဟုတ်သိ၏။

[ပါးစပ်က ပြောတတ်ဟောတတ်သည်ကို အဟုတ်သိမဆို၊ အမှတ်သိသာ ဆိုရ ၏၊ ကိုယ်တွင်းမှာ အလင်းပေါက်အောင် သိသည်ကိုသာ အဟုတ်သိဆိုသတည်း။]

၁။ ဘိက္ခဝေ=ရဟန်းတို့၊ ကတမဉ္စ=အဘယ်တရားသည်၊ ရူပံ= ရုပ်မည်သနည်း၊ စတ္တာရော=လေးပါးကုန်သော၊ မဟာဘူတာစ=မြေ ရေ လေ မီး ဘုတ်ကြီးလေးပါးတို့သည်လည်းကောင်း၊ စတုန္နံမဟာဘူတာနံ= မြေ ရေ လေ မီး ဘုတ်ကြီးလေးပါးတို့ကို၊ ဥပါဒါယရူပဉ္စ=စွဲမျှောင်မှီတွယ် ရုပ်ငယ် နှစ်ဆယ့်လေးသည်လည်းကောင်း၊ သန္တိ=ရှိကုန်၏၊ ဘိက္ခဝေ= ရဟန်းတို့၊ ဣဒံ=ဤအစုကို၊ ရူပံ=ရုပ်ဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏။

၂။ အာဟာရသမုဒယာ=ကိုယ်တွင်း၌ အာဟာရဓာတ်ဆီ ဩဇာတို့ တက်၍ နေသည်ရှိသော်၊ ရူပသမုဒယော=ရုပ်ဖြစ်ပွါး၍နေသည်၊ ဟောတိ=ဖြစ်၏။

၃။ အာဟာရနိရောဓာ=အာဟာရဓာတ်ဆီ ဩဇာချုပ်ဆုံးကုန်ခန်း ခဲ့သည်ရှိသော်၊ ရူပနိရောဓော=ရုပ်၏ချုပ်ဆုံး ကုန်ခန်းခြင်းသည်၊ ဟောတိ=ဖြစ်၏။

၄။ အရိယော=ဖြူစင်သော၊ အဋ္ဌင်္ဂီကော=အင်္ဂါရှစ်ပါးရှိသော၊ အယမေဝ မဂ္ဂေါ=ဤငါဘုရားသာသနာတည်းဟူသော မဂ်တရားသည် သာလျှင်၊ ရူပ နိရောဓဂါမိနီ ပဋိပဒါ=ရုပ်၏ချုပ်ငြိမ်းရာစခန်းသို့ ဆိုက်စေတတ်သော အကျင့်တရားတည်း၊ သေယျထိဒံ=အဘယ်အင်္ဂါ ရှစ်ပါးနည်းဟူမူကား၊ သမ္မာဒိဋ္ဌိ= ရုပ်၌ အလင်းပေါက်သော ဉာဏ်လည်း တစ်ပါး၊ သမ္မာသင်္ကပ္ပေါ=ရုပ်၌အချက်မိအောင် ကြံဖန်သော သမ္မာသင်္ကပ္ပ လည်းတစ်ပါး၊ သမ္မာဝါစာ=သမ္မာဝါစာလည်းတစ်ပါး၊ သမ္မာကမ္မန္တော= သမ္မာကမ္မန္တလည်းတစ်ပါး၊ သမ္မာအာဇီဝေါ=သမ္မာအာဇီဝလည်း တစ်ပါး၊ သမ္မာဝါယာမော=သမ္မာဝါယာမလည်းတစ်ပါး၊ သမ္မာသတိ=သမ္မာသတိ လည်းတစ်ပါး၊ သမ္မာသမာဓိ=သမ္မာသမာဓိလည်း တစ်ပါး၊ အယံ=ဤသည် ကား၊ အဋ္ဌင်္ဂီကော=သော၊ မဂ္ဂေါ=မဂ်တည်း။

၅။ ရူပံ=ရုပ်ကို၊ ပဋိစ္စ=စွဲ၍၊ ယံသုခံ=အကြင်ကိုယ်၏ ချမ်းသာခြင်း သည် လည်းကောင်း၊ ယံသောမနဿံ=အကြင်စိတ်၏ ကြည်လင်ရွှင်လန်း ချမ်းသာ ဝမ်းမြောက်ခြင်းသည်လည်းကောင်း၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ အယံ= ဤသုခသော မနဿသည်၊ ရူပဿ=ရုပ်၏၊ အဿာဒေါ=သာယာဘွယ် ပေတည်း။

၆။ ရူပံ-ရူပဿ=ရုပ်၏၊ ယံအနိစ္စံ=အကြင်အနိစ္စမှုသည်၊ ယံဒုက္ခံ= အကြင် ဒုက္ခမှုသည်၊ ယံဝိပရိဏာမဓမ္မံ=အကြင်ဖရိုဖရဲ ဖောက်လဲ ဖောက်ပြန် ဖြစ်မှုသည်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ အယံ=ဤသည်ကား၊ ရူပဿ= ရုပ်၏၊ အာဒီနဝေါ=ကြောက်မက်ဖွယ်သောဘေးတည်း။

၇။ ရူပသ္မိံ=ရုပ်၌၊ ယောဆန္ဒရာဂဝိနယော=အကြင်တောင့်တ တပ်စွန်းမှုကို ပယ်ဖျောက်ခြင်းသည်၊ ယံဆန္ဒရာဂပ္ပဟာနံ=အကြင် တောင့်တ တပ်စွန်းမှုကို ပယ်ခြင်းသည်၊ အတ္ထိ=ရှိ၏၊ ဣဒံ=ဤအမှုသည်၊ ရူပဿ=ရုပ်၏၊ နိဿရဏံ=ကျွတ်လွတ်မှုပေတည်း။

အနက်ပြီး၏။

ဉာဏ်အချက် ၇-ပါးပြီး၏။

---

ပထမကောသလ္လဌာနပြ

- မြေ ရေ မီး လေ (၄) ဤကား-အမာခံဓာတ်ကြီး ၄-ပါး

- စက္ခု သောတ ဃာန ဇိဝှါ ကာယ (၅) ဤကား အကြည်ပသာဒ ကမ္မဇဓာတ်မှန် ၅-ပါး

- ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗ (၅) ဤကား အာရုံဓာတ် ၅-ပါး

- ဣတ္ထိဘော ပုမ္ဘော၊ (၂ ) ဤကား ဘာဝရုပ် ၂-ပါး

- ဇီဝိတ (၁)။

- ဟဒယဝတ္ထု (၁)။

- အာဟာရရုပ် (၁)

ရုပ်စစ် ၁၈-ပါး သရုပ်ပြီး၏။

ဤကိုယ်၌

၁။ ခက်မာမှု အမျိုးမျိုး နူးညံ့မှု အမျိုးမျိုးသည် ပရမတ်မြေ အစစ်တည်း။

၂။ ယိုစီးမှု ဖွဲ့တွယ်စေးကပ်မှုသည် ပရမတ်ရေအစစ်တည်း။

၃။ ပူလောင်မှု ပေါင်းနွှေးမှု နွေးမှု အေးမှု ချမ်းမှုသည် ပရမတ်မီး အစစ်တည်း။

၄။ လှုပ်ရှားမှု ပွရွမှု ဖောင်းကြွမှု ဝှေ့တွန်းမှု တောင့်တင်း သန်မာ မှုသည် ပရမတ်လေအစစ်တည်း။

တစ်ကိုယ်လုံး၌ အတုံးအခဲဟူသော သမူဟပညတ်စုကို အဏုမြူမျှ မကျန်အောင် ဉာဏ်နှင့်မှုတ်လွှင့်၍ ကြည့်တတ်မှ ပရမတ် မြေစစ် ရေစစ် လေစစ် မီးစစ်ကို မြင်နိုင်သည်၊ မြေစစ် လေစစ် မီးစစ် ဤသုံးပါးမှာ ဖောဋ္ဌဗ္ဗဓာတ်မျိုးဖြစ်၍ ကိုယ်အင်္ဂါနှင့် ထိပါးစမ်းသပ်၍ပင် တွေ့၏၊ သိ၏၊ သူငယ်များသည်ပင် နူးညံ့သည် ကြမ်းတမ်းသည်ဟုသိကြ၏၊ ပရမတ် မြေကို ဓာတ်ခွဲ၍ကား မယူတတ်ကြ၊ အေးသည် ပူသည်ကိုလည်း သူငယ်များပင်သိကြ၏၊ ပရမတ်မီးကို ဓာတ်ခွဲ၍ကား မသိကြ၊ လှုပ်ရှား သည် တောင့်တင်းသည် ခုခံတွန်းဝှေ့သည် ပွရွလျော့ရဲသည် ကိုလည်း သိကြ၏၊ ပရမတ်လေအစစ်ကို ဓာတ်ခွဲ၍ မသိကြ၊ ဤဓာတ်ကြီး လေးပါးကို ဓာတ်ခွဲ၍ ပရမတ်အစစ်ကို သိနိုင်ပေလျှင်---ရူပံ= ရုပ်ကို၊ ပဇာနာတိ=အဟုတ်သိ၏၊ ၊ ဟူသော ပထမဌာနဆိုက်ပြီ။

အဇ္ဈတ္တအကြည်ဟုဆိုအပ်သော မှန်ဓာတ်ငါးမျိုးတွင် မျက်စိမှန်, နားမှန်, နှာမှန်, လျှာမှန် ဤမှန်ရုပ် လေးမျိုးကား သူ့နေရာနှင့်သူ၊ ကာယမှန်ဓာတ်ကား အတွင်းအပ တစ်ကိုယ်လုံးပြည့်၏၊ အာရုံငါးပါးကို ခံယူသော ကမ္မဇဓာတ်မှန်, အဇ္ဈတ္တဓာတ်မှန် ရုပ်သေးမျိုး ငါးပါးပေတည်း၊ အာရုံဓာတ်ငါးပါး ထင်ရှားပြီ၊ မြေဓာတ် မီးဓာတ် လေဓာတ် ဤဓာတ် ကြီးသုံးပါးကိုပင် ဖောဋ္ဌဗ္ဗခေါ်သည်။

- ဣတ္ထိသဏ္ဌာန်ကို အုပ်စိုး၍ ဣတ္ထိတစ်ကိုယ်လုံး နှံ့ပြား၍ တည်သော ရုပ်သေးတစ်မျိုးသည် ဣတ္ထိဘောရုပ် မည်၏။

- ပုရိသသဏ္ဌာန်ကို အုပ်စိုး၍ ပုရိသတစ်ကိုယ်လုံး နှံ့ပြား၍ တည်သော ရုပ်သေးတစ်မျိုးသည် ပုမ္ဘော မည်၏။

- ကမ္မဇရုပ်တို့၏ အသက်ဟုဆိုအပ်သော တစ်ကိုယ်လုံး နှံ့၍တည်သော ရုပ်ငယ်တစ်မျိုးသည် ဇီဝိတရုပ်မည်၏။

- စိတ်၏ တည်ရာမှီရာဖြစ်၍ သူမှ ကောင်းသောစိတ် မကောင်း သောစိတ် ထွက်သောရုပ်သေးတစ်မျိုးသည် ဟဒယဝတ္ထုရုပ် မည်၏၊ နှလုံးအိမ်တွင်း၌ တည်၏။

ခပ်သိမ်းသော မဟာဘုတ်တို့၏ ပရမတ်ဓာတ်ဆီဟုဆိုအပ်သော တစ်ကိုယ်လုံးကို ထောက်ပံ့သောရုပ်ငယ်တစ်မျိုးသည် အာဟာရရုပ် မည်၏၊ ကာမဘုံသားတို့၌ နေ့စဉ်မပြတ် အစာထမင်း သွင်းရမျိုရသော အလုပ်ကား ဓာတ်ဆီ သွင်းရသော အလုပ်ပေတည်း၊ အမြဲထွန်း၍ထား သော ဆီမီးခွက်ကြီး တစ်ခုရှိခဲ့အံ့၊ နေ့စဉ်မပြတ် ဆီလောင်းရလတ္တံ့၊ ဤအတူမှတ်။

[ပါဠိသံ ကျမ်းသံနှင့် ပြော၍နေလျှင် စကားကြီး၏၊ ခန့်၏၊ ပြောနေကျ မြန်မာစကားမျိုး မဟုတ်၍ အသိဉာဏ်တန်းခနဲ စိုက်ခနဲမသွား ယောင်ဝါးကြီး နေကြ၏၊ အချို့သောသူတို့သည် အင်္ဂလိပ်စာကိုတွေ့လျှင် အင်္ဂလိပ်သံနှင့် အကုန်ဖတ်၍ ပြောနိုင်ကြ ကုန်၏၊ ဘာကိုဆိုသလဲဟု ဆစ်၍မေးလျှင် မြန်မာစကားနှင့် အလုံးစေ့အောင် နေရာချ၍ မပြတတ်၊ ဤကဲ့သို့နေကြသည်၊ ထို့ကြောင့် ဤစာအုပ်မှာ သဘောပြောခန်းဆိုက်လျှင် မြန်မာပြော ချည်း လာလတ္တံ့။]

ပြဆိုခဲ့ပြီးသော ရုပ်တစ်ဆဲ့ရှစ်တွင် ဓာတ်ကြီးလေးပါးသည် သစ်ပင်၏ ပင်စည် အကိုင်းအခက် အသားနှင့် တူ၏၊ နောက်ရုပ်သေး တစ်ဆဲ့လေးသည် အရွက်အပွင့် အသီးစုနှင့် တူ၏၊ ဓာတ်ကြီးလေးပါးကို ဖြစ်မှုချုပ်မှုနှင့် တကွ မြင်နိုင်လျှင် ပုဂ္ဂိုလ်ဟူ၍ သတ္တဝါဟူ၍ ထင်မှတ်မှု ပျောက်ငြိမ်း၏၊ ရုပ်ငယ် ရုပ်သေးစု ခုခံ၍ မနေနိုင်ပြီ၊ ထို့ကြောင့် 'စတ္တာရောစ မဟာဘူတာ'-ဟု မဟာ ဘုတ်ကိုသာ သင်္ချာနှင့် ဟောတော် မူသည်၊ ရေ မြေ လေ မီး ထင်ရှားပြီးဖြစ်၍ သရုပ်ကိုထုတ်၍ မဟောပြီ။

စကြဝဠာအနန္တ ကမ္ဘာအနန္တ သတ္တဝါအနန္တ ရုပ်သဏ္ဌာန်ရှိသမျှကို ပရမတ်အဏုမြူအမှုန့်ပြု၍ သေတ္တုချလျှင် ဤရုပ် ၁၈-ခုသာရ၏၊ မိမိ ကိုယ်ခန္ဓာတစ်ခုမှာ ဓာတ်ကွဲအောင် မြင်လျှင် ထိုအနန္တစုဓာတ် ကွဲပြီးဖြစ်လေ၏။

[ဓာတ်ကြီးလေးပါးကိုသာ အားထုတ်၍ ကြံလေ ကြည့်လေ၊ အသီးအခြား ဓာတ်ကွဲအောင် မထင်နိုင် မမြင်နိုင်သော ရုပ်သေးများကိုကား အမှု မစိုက်နှင့်၊ မြင်နိုင်ရာကို မဲမှ အကျိုးများ သည်၊ မမြင်နိုင်သည်ကို အမှုစိုက်၍ အကျိုးမများ၊ တစ်ပါးတည်း ထင်နိုင်လျှင် တစ်ပါးတည်းကိုပင် မဲ၍ကြံ၊ တစ်ပါးကောင်းကောင်း ထင်သည့်နောက် ကြွင်းသမျှတို့လည်း တစ်စတစ်စ ထင်၍ လာ ကုန်လတ္တံ့။

မိမိကိုယ်ခန္ဓာသည် အဘိဓမ္မာကောင်ကြီး ပရမတ်ကောင် ကြီး ဓာတ်ကောင်ကြီး အဘိဓမ္မာခဲကြီး ပရမတ်ခဲကြီး ဓာတ်ခဲကြီး ပေတည်း၊ ထို့ကြောင့် မျက်စိမှုန်လှသောသူသည် မျက်စိမှာ မျက်မှန်တပ်၍ ပေ၌ ဘုတ်အုပ်၌ရှိသော အက္ခရာစာလုံးတို့ကို ကွက်ကွက်ကွင်းကွင်း အလင်းမြင်အောင် ကြည့်ရှုသကဲ့သို့ ဒေသနာကျမ်းဂန်ကို မျက်မှန်တပ်၍ မိမိကိုယ်ခန္ဓာ ဖြစ်၍နေသော ပရမတ္ထဓမ္မ ဓာတ်စာတို့ကို အက္ခရာကျကျ ကွက်ကွက် ကွင်းကွင်း ထင်မြင်အောင်ကြည့်လေ၊ ကြောင်ဆာ ယောင်ဝါးကြီးနေကြ သောအရာဖြစ်၍ အမျိုးမျိုးသတိပေးလိုက်သည်။]

ဤကား- ရူပက္ခန္ဓာ၌ ပထမ ကောသလ္လဌာနကို ပြဆိုသော အခန်းတည်း။

ပထမ ကောသလ္လဌာနဓာတ်ကြီးလေးပါးကို ကွဲပြားအောင် မြင်နိုင်မှ နောက်နောက် ကောသလ္လဌာနစု နေရာကျနိုင်မည်၊ ထို့ကြောင့် ပထမကောသလ္လ ကို ကြိုးစား၍ ခဲလေ မဲလေ။

ပထမ ကောသလ္လဌာန ပြီး၏။

---

ဒုတိယ တတိယ ကောသလ္လဌာနပြ

အာဟာရ သမုဒယာ ရူပသမုဒယော၊

အာဟာရ နိရောဓာ ရူပနိရောဓော။

ဒုတိယ, တတိယ ကောသလ္လ ၂- ဌာန၊ ဤ၌-

- တဖွားဖွားဖြစ်ပေါ်၍နေမှုသည် သမုဒယမည်၏၊

- ချုပ်ဆုံး ကွယ်ပ၍ သွားမှုသည် နိရောဓ မည်၏။

သမုဒယသည်လည်း တစ်ခုတစ်ခုသော ဘဝ၌ ပဋိသန္ဓေ နေသည် မှစ၍ စုတိကျအောင် တစ်ခဏမစဲ တစ်ဖွားဖွား ဖြစ်ပေါ်နေမှုတစ်ပါး၊ စုတိကျပြီးနောက်၌ ပဋိသန္ဓေကိစ္စနှင့် တစ်ဖွားဖွားဖြစ်ပေါ်မှု တစ်ပါးဟူ၍ သမုဒယနှစ်ပါးရှိ၏။

နိရောဓသည်လည်း ပဋိသန္ဓေ နေသည်မှစ၍ စုတိကျအောင် ခဏမစဲ ချုပ်ပျက် ကွယ်ပျောက်ခြင်းတည်းဟူသော ခဏိကနိရောဓ တစ်ပါး၊ ပဋိသန္ဓေနေမှုမရှိ သံသရာဝဋ် ကျွတ်လွတ် ချုပ်ငြိမ်း၍ သွားခြင်းတည်းဟူသော နိဗ္ဗာန နိရောဓလည်း တစ်ပါးဟူ၍ နိရောဓနှစ်ပါး ရှိ၏။

အာဟာရ ဆိုသည်ကား- ဆောင်ဓာတ်တည်း။ ရုပ်အာဟာရ နာမ် အာဟာရဟူ၍ နှစ်ပါးရှိ၏။

- ရုပ်အာဟာရ ဆိုသည်ကား- ပရမတ် ရုပ်ဆီတည်း။

- နာမ်အာဟာရ ဆိုသည်ကား- ဖဿ, စေတနာ, ဝိညာဏ်တည်း။

ကမ္မံ ခေတ္တံ ဝိညာဏံ ဗီဇံ တဏှာ သိနေဟော။

(အင်္ဂုတ္တိုရ် ပါဠိတော်။)

ကမ္မံ= မိမိသန္တာန်တွင် အစဉ်လိုက်ပါ၍နေသော ကံဟောင်းသည်၊ ခေတ္တံ=လယ်မြေမည်၏၊ ဝိညာဏံ=ပဋိသန္ဓေဝိညာဏ်သည်၊ ဗီဇံ=စပါးမျိုး စေ့မည်၏၊ တဏှာ=ကံနှင့်အတူ ပါရှိ၍နေသော တဏှာသည်၊ သိနေဟော=လယ်မြေအတွင်း ရှိနေသော ရေအစေးနှင့် တူ၏။

ဤသို့လာသော တရားသုံးပါးတွင် စေတနာဟာရကို ကံဆိုသည်၊ ဝိညာဏာဟာရကို ဝိညာဏ်ဆိုသည်၊ ထို့ကြောင့် ပဋိသန္ဓေအခါ၌ ဤရုပ်ခန္ဓာ၏ အစစွာဖြစ်ပေါ်မှုကား ဗီဇဟုဆိုအပ်သော ပဋိသန္ဓေ ဝိညာဏအာဟာရ၏ အစီး အပွါးပေတည်း။

မီးထွန်းရာ၌ မီးတောက် ဖွားခနဲတောက်လျှင် မီးရောင်လည်း ဖွားခနဲ ပေါ်မြဲဓမ္မတာဖြစ်၏သို့ ပဋိသန္ဓေအခါ ဝိညာဏာဟာရ ဖွားခနဲ ပေါ်လျှင် ဤရုပ် ခန္ဓာသည် ဖွားခနဲ ပေါ်မြဲဓမ္မတာဖြစ်၏၊ ထိုအခါပေါ် သော ရုပ်ဦး ကလာပ်ဦး စုသည် အညှောက်ထိုးမှုတည်း၊ ယခုမျက်မြင် ခန္ဓာပင်စည် ခက်လက် အရွက်အသီး စည်ကား၍နေသော ရုပ်ခန္ဓာကြီး ကား ထိုအညှောက်မှ ပွါးကြီးစည်ကား၍ လာခဲ့သော အပင်ကြီးတည်း၊ ထိုတွင် ပဋိသန္ဓေ ဝိညာဏာဟာရ ပေါ်ပေါက်မှသာ ရုပ်ညွန့် ရုပ်ညှောက် ပေါက်ပွါးနိုင်သည်။

ရှေးဘဝ၌ ကံတည်းဟူသော တဏှာတည်းဟူသော မြေဥတု ရေဥတု ကွယ်ဆုံး၍ စုတိပြီးနောက် ဝိညာဏာဟာရ ပေါ်ပေါက်မှုမရှိခဲ့ လျှင် ရုပ်ညွန့် ရုပ်ညှောက် ပေါက်ပွါးမှုမရှိ ချုပ်ငြိမ်း၏၊ ထိုကြောင့် အာဟာရသမုဒယာ ရူပ သမုဒယောအာဟာရနိရောဓာ ရူပ နိရောဓော ဟု ဟောတော်မူသည်။

[ဤကား ရုပ်ခန္ဓာ၏ ပဋိသန္ဓေကိစ္စနှင့် တစ်ဖွားဖွား ဖြစ်ပေါ်မှုကို သမုဒယ၊ ပဋိသန္ဓေနေမှုမရှိ၍ သံသရာဝဋ် ကျွတ် လွတ်မှု ချုပ်ငြိမ်းမှုကို နိရောဓဟူ၍ ပြဆိုခြင်းတည်း၊ ဤဖြစ်မှု ချုပ်မှုကား ထင်ရှား၏၊ ဝိပဿနာဉာဏ်၏ အချက်လည်း မဟုတ် လှ၊ ဤ၌ကား ပဋိသန္ဓေရုပ်ညွန့် ရုပ်ညှောက် ပေါ်ပေါက်ပြီး သည်မှစ၍ အဆုံးစုတိကျအောင် တစ်ခုတစ်ခုသော ဘဝတွင်း၌ သမုဒယမှု နိရောဓမှုကို လိုအပ်၏၊]

ထိုအမှုကို ဆီမီးတောက် ဥပမာဖြင့်ပြဆိုအံ့၊ လူလောက်ရှိသော ဆီမီး တောက်ကို အနှစ်တစ်ရာပတ်လုံး တည်နေအောင် မွေးမြူရ မည်ဖြစ်ခဲ့အံ့၊ တစ်နေ့တစ်နေ့ တစ်ညတစ်ညအတွက် ဆီပေါင်း အချင့် အချိန် မည်မျှကုန်မည်ဟု မှန်း၍ကြည့်၊ ထိုမီးတောက်၏ အသက်ကား ဆီ၌နေ၏၊ ဆီမီးခွက်နှင့် အပြည့်ဆီရှိမှ လူလောက်ရှိနိုင်၏၊ ဆီလျော့ပါး၍ သွားလျှင် အစဉ်အတိုင်း လျော့ပါး၍ သွား၏၊ ဆီကုန်လျှင် ကုန်သည်နှင့် တစ်ပြိုင်နက် မီးတောက် ကွယ်ပျောက်၏၊ ပထမနေ့မှစ၍ တစ်နေ့ တစ်နေ့လျှင် ကုန်၍သွားသော ဆီစုကိုလည်း သိရမည်၊ အသစ်အသစ် ထပ်၍လောင်းရသော ဆီစုကိုလည်း သိရမည်၊ အသစ်ထပ်၍ လောင်း သော ဆီသစ်မှ တောက်သော မီးတောက်သစ်ကိုလည်း သိရမည်၊ ဆီဟောင်းနှင့် မီးတောက်ဟောင်းကုန်ခန်း ကွယ်ပျောက်မှုကိုလည်း သိရမည်၊ ဆီသစ်နှင့် မီးတောက်သစ် ဆီဟောင်းနှင့် မီးတောက်ဟောင်း တို့ကို သီးသန့် ခြားနား၍ မြင်စေ။

ဆီကို ဆေးအမျိုးမျိုး ဆိုး၍ ထားပြီးလျှင် ဖြူသောဆီကို လောင်း လျှင် ဖြူသော မီးတောက်၊ နီသောဆီကို လောင်းလျှင် နီသော မီးတောက်၊ ဝါသော ဆီကို လောင်းလျှင် ဝါသော မီးတောက် ဤသို့ တစ်နာရီစီ တစ်ခဏစီ အဆင်ကွဲ လုပ်ကြံ၍ ကြည့်လေ၊ ဉာဏ်အချက်ကို မျက်မြင်က ကွယ်၍ထားတတ်သည်၊ မျက်မြင်ကို ဉာဏ်နှင့် မှုတ်လွှင့်၍ပစ်။

မီးတောက် တစ်မျိုးတည်းကို စေ့စေ့ကြည့်၍နေလျှင် လှုပ်ရှားမှု အသစ် အသစ် တက်၍တက်၍ လာမှုသည် မျက်မြင်ပင်၊ လှုပ်သမျှသည် အသစ် အဟောင်း ပြောင်းလဲမှုသာတည်း၊ အသစ်မြင်ရာဟူသမျှမှာ အဟောင်းကွယ် ပျောက်မြဲ၊ အသစ်အသစ် ဖြစ်ပေါ်မှုစုသည် သမုဒယ မှုပေတည်း၊ အဟောင်း အဟောင်းကွယ်ပျောက်မှုသည် နိရောဓမှုပေ တည်း။

- ဤခန္ဓာကိုယ်ကြီးမှာ သေသည့်နောက်တိုင်အောင် ကျန်ရှိလတ္တံ့ သော ဥတုဇကာယ ကြမ်းကြီးကား မီးစာကြီး မီးအိုးခင်းကြီးနှင့် တူ၏။

- သတ္တဝါဟု မှတ်ထင်ဖို့ ခြယ်လှယ်၍နေသော ကမ္မဇ ကာယစု စိတ္တဇကာယစု အာဟာရဇကာယစုကား မီးတောက်နှင့် တူ၏။

- ခံတွင်းပေါက်မှ တစ်နေ့တစ်နေ့လျှင် နှစ်ကြိမ်နှစ်ကြိမ် ထည့် လောင်းရသော အာဟာရဓာတ်ဆီစုကား ထိုမီး တောက်ကြီးမှာ နေ့စဉ်လောင်းရသော ဆီအမျိုးမျိုးနှင့် တူ၏။

ဤ ကိုယ်ခန္ဓာမှာလည်း အစာအိမ်၌ အာဟာရဓာတ်ဆီ ရောက် လျှင် တစ်ကိုယ်လုံးရှိသော ဓာတ်မီးတို့သည် ထကုန်၏၊ အာဟာရဓာတ် ဆီ လျော့ပါး၍ သွားလျှင် တစ်ကိုယ်လုံးရှိ ဓာတ်နု ရုပ်နုတို့သည် လျော့ပါး၍ လိုက်ရကုန်၏၊ အာဟာရဓာတ်ဆီ အလျဉ်ပြတ်လျှင် ကမ္မဇကာယ စိတ္တဇကာယ အာဟာရဇ ကာယ အတွင်းရုပ်နုဓာတ်နု ချုပ်ဆုံး ကွယ်ပျောက်ကုန်၏၊ တစ်ကိုယ်လုံးမှာရှိသော ထိုကာယတို့သည် အာဟာရဓာတ်ဆီမှာ အသက်နေကုန်၏၊ ရှေးရှေး အနပ်၌ မျိုသော အာဟာရဓာတ်ဆီဟောင်းစုနှင့် ရှေးရှေးကာယဟောင်းစု ဖြစ်အတူ ပျက်အတူ ကုန်အတူ ပျောက်အတူ နောက်နောက်အနပ်မှာ မျိုအပ်သော အာဟာရဓာတ်ဆီသစ်စုနှင့် နောက်နောက် ကာယသစ်စု ဖြစ်အတူ ပျက်အတူ။

လောက၌ ရေသတ္တဝါ, ကုန်းသတ္တဝါ ခပ်သိမ်းတို့၌ အသက်မွေးမှု အာဟာရဓာတ်ဆီ မျိုသွင်း ဖြည့်စွက် အလျဉ်ဆက်မှု ဘယ်မျှလောက် ကြီးကျယ် ကျပ်တည်း၍ နေကြသည်ဟု တစ်ပြေထောင်လုံးကို မြှော် လိုက်လျှင် ကိုယ်ခန္ဓာ အသစ်အဟောင်း ပြောင်းလဲဖောက်ပြန်မှု အလွန်မြန်ကြောင်းကို မြင်လတ္တံ့၊ မွေးဖွားသည်ကစ၍ တစ်နေ့မှတစ်နေ့သို့ ရောက်အောင် အာဟာရ ဓာတ်ဆီ အလျဉ်ဆက်၍ အသက်သစ်ပျိုး ကာပျိုးကာ လာရမှု၊ အသက်သစ် ပွါးကာပွါးကာ လာရမှုသည် ထင်ရှား လတ္တံ့၊ အဖြူ အနီအစရှိသော မီးတောက်ကြီးတို့ကို အဟောင်းအသစ် အပိုင်းအပိုင်းဖြတ်၍ ကြည့်သကဲ့သို့ ဤခန္ဓာကိုယ်မှာလည်း ရှေးအနပ် နောက်အနပ် အပိုင်းအပိုင်းပြတ်အောင် ဉာဏ်နှင့် သီးသန့် ခြားနား ၍ကြည့်လေ။

- အာဟာရဓာတ်ဆီ အသစ်မျိုသွင်း၍ ကိုယ်တွင်းမှာ ထမင်း အစာ ဩဇာတက်ပွါးဆဲအခါ တစ်ကိုယ်လုံးမှာ တိမ်တောင်တက်သကဲ့သို့ ရုပ်သစ် ဓာတ်သစ် ကလာပ် သစ် အသက်သစ်တို့ တိုးပွါးကြသည်ကို သမုဒယဆိုသည်။

- ၅-နာရီ ၆-နာရီခန့် တိုးတက်ပြီးလျှင် တစ်ကိုယ်လုံးမှာ တိုးတက်သမျှ တစ်စတစ်စ ဆုတ်ကျ ကွယ်ပျောက် ကုန်ခန်း ချုပ်ဆုံးပြန်သည်ကို နိရောဓ ဆိုသည်။

ထို့ကြောင့်- “အာဟာရ သမုဒယာ ရူပသမုဒယော၊ အာဟာရ နိရောဓာ ရူပနိရောဓော” ဟူ၍ ဟောတော်မူသည်။

ဒုတိယ တတိယ ကောသလ္လဌာန ပြီး၏။

---

စတုတ္ထ ကောသလ္လဌာနပြ

အယမေဝ အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ ရူပ နိရောဓဂါမိနီ ပဋိပဒါ။ သေယျထိဒံ၊ သမ္မာဒိဋ္ဌိ။ လ။ သမ္မာသမာဓိ

ဟူသော စတုတ္ထ ကောသလ္လဌာန၌ ...

ပထမ ဒုတိယ တတိယ ဌာနတို့၌ အဟုတ်မြင်အောင် ကြည့် ခဲ့သော ဉာဏ်သည် ပုဗ္ဗဘာဂ သမ္မာဒိဋ္ဌိမဂ္ဂင် မည်၏၊ ထိုပုဗ္ဗဘာဂ သမ္မာဒိဋ္ဌိ မဂ္ဂင်သည် ကြည့်ရှုဖန်များလှ၍ အလွန်ကြည်လင် ထက်သန် ခြင်းသို့ ရောက်သောအခါ လောကုတ္တရာ သမ္မာဒိဋ္ဌိ ဖြစ်လာ၏။

- သမ္မာသင်္ကပ္ပသည်လည်း ပုဗ္ဗဘာဂ သမ္မာသင်္ကပ္ပလောကုတ္တရာ သမ္မာသင်္ကပ္ပဟူ၍ နှစ်ပါးရှိ၏၊ သမ္မာဒိဋ္ဌိ၏ အဖော်သဟဲကြီး တည်း။

- အောက်ကပြခဲ့သော မီးတောက်မှာ အဟောင်းအသစ် ခြား နား၍ သမုဒယမှုနိရောဓမှုကို မျက်စိနှင့်ကြည့်သလို မြင်မှုကား သမ္မာဒိဋ္ဌိ တည်း။

- မြင်ကွက်ပေါ်အောင် အချက်ရှာကြံ၍ ပေးတတ်သည်ကား သမ္မာသင်္ကပ္ပတည်း၊ အချက်ရှာကြံမှု ကောင်းလှမှ စေ့စပ်လှမှ မြင်ကွက်ပေါ် သည်။

ဤ ကိုယ်ခန္ဓာ၌ တစ်နေ့တစ်နေ့လျှင် အခါများစွာ ကိုယ်ခန္ဓာ ပြောင်းလဲမှု၊ အခါများစွာ ကိုယ်ခန္ဓာအသစ်အသစ်ဖြစ်ပေါ်မှု၊ အခါများစွာ ကိုယ်ခန္ဓာ အဟောင်းအဟောင်း ချုပ်ပျောက်မှုကို ထင်လင်းစွာ မြင်မှုကား သမ္မာဒိဋ္ဌိမဂ္ဂင် တည်း၊ ထင်မြင်ကွက်ပေါ်အောင် အချက်ရှာကြံ၍ပေးမှု ကား သမ္မာသင်္ကပ္ပတည်း။

အဘယ်သို့ အချက်ရှာကြံ၍ ပေးသနည်း ...တစ်ပြေထောင် လုံးမှာ နေ့ရှိသမျှ အသက်မွေးမှု ကြီးကျယ်ပုံကို ကပ်၍ပေးသည်၊ တစ်နေ့ တစ်နေ့လျှင် နှစ်ထပ်နှစ်ထပ် အစာဓာတ်ဆီ မျိုသွင်းရမှုကို ကပ်၍ ပေးသည်၊ ဝမ်းမှာအစာပြည့် သောအခါ ကိုယ်ခန္ဓာမှာ ဘယ်လိုနေသည်၊ အစာလျော့ပါးသောအခါ ဘယ်လိုနေသည်၊ အစာပြတ်လျှင် ဘယ်လို နေသည် ဟုထင်ရှား၍နေသော အချက်တွေကို ရှာကြံ၍ပေးသည်၊ ယခုနေ့မှစ၍ ဇမ္ဗူဒီပါကျွန်းအလုံး အစာရေစာ လုံးလုံးပြတ်ခဲ့အံ့၊ ဘယ်အချိန်မှာ ဇမ္ဗူဒီပါကျွန်းအလုံးသည် သင်းချိုင်းအတိ ဖြစ်လတ္တံ့၊ ဤသို့ စသည်ဖြင့် အချက်တွေကို ရှာကြံ၍ပေးသည်။

မိမိကိုယ်ခန္ဓာမှာ တစ်ထိုင်တည်းမှာပင် ရုပ်ခန္ဓာလဲပြောင်းမှု ရုပ်ခန္ဓာ အသစ်ပေါ်မှု ရုပ်ခန္ဓာဟောင်းပျက်ဆုံးမှုကို ဉာဏ်နှင့်အဟုတ် သိမြင်ရန် ကိုယ်တွေ့အချက် များစွာရှိ၏၊ မျက်မြင်အချက် များစွာရှိ၏၊ ထိုင်စ၌ ခြေ, စသည်မှာ ညီညွတ်မျှတသော ရုပ်ခန္ဓာစုသာ ရှိ၏၊ မကြာမီ အတန်ငယ် ပူ၍ လာမှုသည် ကိုယ်တွေ့ပင်၊ ထို့နောက်မကြာမီ အတန်ကြီး ပူ၍ လာမှု၊ ထို့နောက် ညောင်းသည်ဟု ထင်ရှား၍လာမှု၊ ထို့နောက် အတန်ငယ် ထုံ၍လာမှု၊ ထို့နောက် အတန်ကြီး ထုံ၍လာမှု၊ ထို့နောက် အတန်ကြီး ကျင်၍လာမူ၊ ထို့နောက် မခံနိုင်အောင် ခြေတစ်ခုလုံးကျင် မှုစုသည် ကိုယ်မှာတွေ့ပြီး တွေ့ဆဲ တွေ့လတ္တံ့၊ တွေ့တတ် ဖြစ်တတ် သော အမှုတစ်ခုဟု လူတိုင်းသိ၍နေသော အချက်တွေပေတည်း။

ထိုင်ခြင်း ဣရိယာပုထ်၌ တိမ်တိုက်တိမ်ခဲတွေ တက်သကဲ့သို့ ရုပ်စု ရုပ်ခဲတွေ အသစ်အသစ် ဖြစ်ပေါ်တိုးတက်၍ လာမှု၊ အသစ်အသစ် ဖြစ်ပေါ်ရာ ဌာနစု၌ လေပြင်းတိုက်၍ တိမ်တိုက်တိမ်ခဲ လွင့်ပျောက်၍ ကုန်သကဲ့သို့ ထိုင်စက ရှိကြသော ရုပ်စုရုပ်ခဲစု ငုတ်တုတ်ကြေပျောက်၍ သွားမှုတို့ကို ထင်လင်းစွာ မြင်မှုကား သမ္မာဒိဋ္ဌိမဂ္ဂင်၏ ကိစ္စပေတည်း။

ထိုမြင်မှု အကွက်ပေါ်အောင် ကိုယ်တွေ့မျက်မြင်ဖြစ်သော အချက်တွေကို ရှာကြံ၍ပေးမှုကား သမ္မာသင်္ကပ္ပမဂ္ဂင်၏ ကိစ္စပေတည်း၊ သမ္မာသင်္ကပ္ပမဂ္ဂင် အချက်ပေးကောင်းမှ သမ္မာဒိဋ္ဌိမဂ္ဂင်ပွင့်လင်းနိုင်သည်၊ အခွင့်အမျိုးမျိုးအားလျော်စွာ ကိုယ်ခန္ဓာ အတွင်း၌ရုပ်ခန္ဓာ အသစ်ပေါ်မှု အဟောင်းကွယ်ပျောက်မှုတို့သည် ကိုယ်တွေ့ဒိဋ္ဌနှင့်တကွ မျက်တောင် တစ်ခတ်မျှပြတ်စဲသည် မရှိကုန်ပြီ၊ ထိုင်နေမှု တစ်ခုကိုသာ နမူနာ စံပြုရုံ ပြဆိုလိုက်သည်။

သမ္မာသင်္ကပ္ပ ပြီး၏။

သမ္မာဒိဋ္ဌိမဂ္ဂင်, သမ္မာသင်္ကပ္ပမဂ္ဂင်နှစ်ပါး တစ်နေ့တစ်ခြား တိုးပွား၍ လောကုတ္တရာသို့ ကူးသည်နှင့်တစ်ပြိုင်နက် ရှေးရှေးက စိတ်သန္တာန် အစဉ်ပါ၍လာခဲ့သော ကာယဒုစ္စရိုက်မျိုး၊ ဝစီဒုစ္စရိုက်မျိုးတို့ကို အကြွင်းမဲ့ သတ်နိုင်သော ဓာတ်သုံးခု ပေါ်၍လာ၏၊ ယင်းဓာတ်သုံးခုကို သမ္မာဝါစာ မဂ္ဂင်, သမ္မာကမ္မန္တမဂ္ဂင်, သမ္မာအာဇီဝမဂ္ဂင်ဆိုသည်။

သမ္မာဝါယာမ မဂ္ဂင်ကား- ဤအလုပ် မထမြောက်သမျှ ငါမနား ငါမနေဟု စက်ကုန်လွှတ်သော ဝီရိယတည်း၊ ယင်းကိုသမ္မပ္ပဓာန်လည်း ခေါ်၏၊ အာတာပ လည်းခေါ်၏၊ အာရမ္ဘဓာတ်၊ နိက္ကမဓာတ် ပရက္ကမ ဓာတ်ဟူ၍ သုံးပါးရှိ၏၊ အာတာပသဒ္ဒါမှာ ကိလေသာတို့ကို ပူပန်သွေ့ ခြောက်စေနိုင်သော ဝီရိယဟု ဖွင့်ကြ၏၊ ထိုအလုပ် မထမြောက်သမျှ ရက်လအရှည် မအိပ်မနေ အပူအပြင်း အပန်းခံသော ဝီရိယကိုဆိုသည်၊ အကျိုးနှင့်တကွ လုပ်ခွင့်လုပ်လမ်းကို ကြားသိရလျှင် နေ့ချင်းညချင်း ထ၍လုပ်နိုင်သော ဝီရိကို အာရမ္ဘဓာတ် ဆိုသည်၊ လုပ်စဉ်အခါ နှောင့် ယှက်၍လာသော ထိန မိဒ္ဓ ကောသဇ္ဇစသော စိတ်ရတက်တို့ကို ပယ်ဖျက် တွန်းလှန် လုပ်အားသန်သော ဝီရိယကို နိက္ကမဓာတ်ဆိုသည်၊ အထက် အထက်၌ အလုပ်မှ ဆုတ်နစ်ရန် စိတ်သန္တာန်မှာ ပေါ်လာသမျှသော ဘေးရန်တို့ကို တွန်လှန်နင်းနယ်၍ သွားနိုင်သော ဝီရိယကို ပရက္ကမ ဓာတ်ဆိုသည်၊ ယခုကာလ၌ ဤဝီရိယမျိုး မရှိကြ၍ စျာန်မဂ် မရကြသည်။

- ကမ္မဋ္ဌာန်းမှု၌တစ်မုဟုတ်မျှ မလစ်ရအောင် စိတ်အစဉ်ကို အတွင် တိုက်တွန်းသော သတိသည် သမ္မာသတိမည်၏။

- ကမ္မဋ္ဌာန်းအာရုံကို လွှတ်၍တစ်ပါးသို့ စိတ်မသွားမှုသည် သမ္မာ သမာဓိ မည်၏။

နောက်ခြောက်ပါးသော မဂ္ဂင်တို့လည်း လောကီ လောကုတ္တရာ နှစ်ပါးစီ ရှိကြ၏၊ ဤ၌ လောကုတ္တရာကို လိုအပ်၏၊ ဤရှစ်ပါးသော တရားအပေါင်းသည် မဂ္ဂသစ္စာမည်၏။

ဤရှစ်ပါးတွင် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ၊ ဤသုံးပါး ကား လောကုတ္တရာဘက်သို့ ကူးသောအခါမှ အလိုလိုပေါ်လာသော အင်္ဂါသုံးပါးပေ တည်း၊ မိမိကိုယ်ခန္ဓာ၌ တစ်ကိုယ်လုံး သမ္မာဒိဋ္ဌိဝိဇ္ဇာဉာဏ် အလင်းပေါက်အောင် မွှေနှောက်ဖောက်ထွင်း ရှုကြည့်ခြင်းဟူသော ဝိပဿနာ ဘာဝနာမှု၌ကား သမ္မာသတိ၊ သမ္မာဝါယာမ၊ သမ္မာသမာဓိ၊ သမ္မာသင်္ကပ္ပ၊ ဤလေးပါးသော စက်ကရိယာတို့နှင့်တကွ သမ္မာဒိဋ္ဌိ တည်းဟူသော မီးစက်ရထားကြီးကို ကိုယ်ခန္ဓာတည်းဟူသော တစ်လံမျှ လောက်သော ရထားလမ်း၌ ဆံဖျားမှခြေဖျားတိုင်အောင် ခြေဖျားမှ ဆံဖျားတိုင်အောင် အထင်အမြင် အတွင်ခုတ်စိုင်းပါလျှင် ခုနစ်ရက်နှင့် လောကုတ္တရာနိဗ္ဗာန်မြို့ကြီးသို့ ဆိုက်သောသူ၊ တစ်လနှင့်ဆိုက်သောသူ၊ တစ်နှစ်နှင့် ဆိုက်သောသူ၊ နှစ်နှစ်-သုံးနှစ်-လေးနှစ်-ငါးနှစ်-ခြောက်နှစ်ခုနစ်နှစ်နှင့် ဆိုက်သောသူဟူ၍ ကျမ်းဂန်တို့၌ အမျိုးမျိုး ဟောတော်မူ သည်၊ သမုဒယနှစ်မျိုး၊ နိရောဓနှစ်မျိုးခွဲ၍ ပြဆိုခဲ့ပြီးသောအရာ၌ ပဋိသန္ဓေကိစ္စနှင့် ရုပ်ခန္ဓာပေါ်မှု ချုပ်ငြိမ်းသော နိရောဓကား နိဗ္ဗာန်ပင် တည်း၊ ဤနိရောဓကို နိဗ္ဗာန်၊ လောကုတ္တရာ နိဗ္ဗာန်မြို့ကြီး ဆိုသည်။

စတုတ္ထ ကောသလ္လ ဌာနပြီး၏၊

---

ပဉ္စမ ကောသလ္လ ဌာနပြ

ယံ ရူပံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ၊ အယံ ရူပဿ အဿာဒေါ- ဟူသော ပဉ္စမကောသလ္လဌာန၌--ဘဝသမ္ပတ္တိ၊ ဘောဂ သမ္ပတ္တိ၊ မနုဿသမ္ပတ္တိ၊ ဒိဗ္ဗသမ္ပတ္တိ၊ ဗြဟ္မသမ္ပတ္တိ၊ ဟူသောစကားတို့၌ ဤသုခသောမနဿနှစ်ပါးကို ဆိုလိုရင်းတည်း။

ဤ၌ကား ယခုရှိသော မိမိရုပ်ခန္ဓာမှာ ပြဆိုအံ့။။စက္ခုဟူသော အဇ္ဈတ္တမှန်ဓာတ် လှပတင့်တယ် ရှုခြင်ဘွယ်သော အသွေးအရည် အရောင်အဆင်းဟူသော ဗဟိဒ္ဓရူပဓာတ်၊ ဤဓာတ်နှစ်ပါးခိုက်တိုက် ပေါင်းဆုံမိလျှင် ကြည့်မှု မြင်မှုနှင့် စိတ်နှလုံးရွှင်ပြုံးသော သုခသောမနဿ ဓာတ်နှစ်မျိုး ဖြစ်ပေါ်၏။

ပုရွက်ဆိတ်တို့သည် ပျားသကာတင်လဲကို ခင်မက်သကဲ့သို့ လူ, နတ်,ဗြဟ္မာ သတ္တဝါတို့သည် ထိုသုခသောမနဿဓာတ်နှစ်ခုကို ခင်မက် ကြကုန်၏၊ မိုးဦးကျညအခါ ထွန်း၍ထားသော ဆီမီးရောင်ကို များစွာသော ပိုးကောင်တို့သည် ခင်မက်ကြသကဲ့သို့ သုခသောမနဿကို ခင်မက်ကြ ကုန်၏။

မိကြလျှင် ကြားနာမှုနှင့် စိတ်နှလုံးရွှင်ပြုံးသော သုခသောမနဿ ဓာတ်နှစ်မျိုး ဖြစ်ပေါ်၏။

ဤကား စက္ခုဓာတ် ရူပဓာတ်နှစ်ပါး၌ ခံစား စံစားဘွယ် သာယာဖွယ် အဿာဒရသတည်း။

ဤနည်းအတူ-- သောတဟူသော အဇ္ဈတ္တမှန်ဓာတ် ကောင်းသော အသံတည်းဟူသော ဗဟိဒ္ဓသဒ္ဒဓာတ်၊ ဤဓာတ်နှစ်ပါးခိုက်တိုက် ပေါင်းဆုံ ဃာန ဟူသောအဇ္ဈတ္တမှန်ဓာတ် ကောင်းသောအနံ့ဟူသော ဗဟိဒ္ဓ ဂန္ဓ ဓာတ်၊ ဤဓာတ်နှစ်ပါး ပေါင်းဆုံခိုက်တိုက်မိလျှင် နမ်းမှုရှူမှုနှင့် စိတ်နှလုံး ရွှင်ပြုံးသော သုခသောမနဿဓာတ် နှစ်မျိုးဖြစ်ပေါ်၏။

ဇိဝှါ ဟူသောအဇ္ဈတ္တမှန်ဓာတ်-ကောင်းသော အချိုအချဉ်စသော အရသာ ဟူသော ဗဟိဒ္ဓ ရသဓာတ်၊ ဤဓာတ်နှစ်ပါး ပေါင်းဆုံခိုက် တိုက်ကြသောအခါ စားမှု ဝါးမှု လျက်မှုနှင့် စိတ်နှလုံးရွှင်ပြုံးသော သုခ သောမနဿဓာတ် နှစ်မျိုး ဖြစ်ပေါ်၏။

ကိုယ်ခန္ဓာနှင့် အပြည့်အနှံ့နေသော ကာယဟူသော အဇ္ဈတ္တမှန် ဓာတ်၊ ကောင်းသောအတွေ့အထိဟူသော ဗဟိဒ္ဓ ဖောဋ္ဌဗ္ဗဓာတ်၊ ဤဓာတ်နှစ်ပါး ပေါင်းဆုံခိုက်တိုက်ကြသောအခါ ကိုယ်အင်္ဂါကြီးငယ်၌ တွေ့မှုထိပါးမှုနှင့် စိတ်နှလုံး ရွှင်ပြုံးသော သုခသောမနဿ ဓာတ်နှစ်မျိုး ဖြစ်ပေါ်၏။

ဥတုသုံးပါး အမြဲစိမ့်ထွက်၍နေသော စမ်းပွက်မည်သည် ရှိကြ၏၊ ထို စမ်းပွက်မှာ တဖွားဖွား တတွေတွေ ထွက်ပေါ်၍နေသော အလွန်ကြည် လင်လှစွာသော စမ်းရေကဲ့သို့ ဟဒယဟူသော နှလုံးအိမ် စမ်းပွက်၌ လက်လက် လက်လက် တဖွားဖွားထွက်ပေါ်၍နေသော မနောဟူသော အဇ္ဈတ္တမှန် ဓာတ် ကြည်ကြီး၊ ပြခဲ့ပြီးသော ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗတို့နှင့် တကွ လောက၌ ရှိသမျှသော ဣဿရိယဂုဏ်, ဓနဂုဏ်, ဘောဂဂုဏ်, ဒါနဂုဏ်, သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, အလိမ္မာဂုဏ်, အမိုက်ဂုဏ်, အစရှိသော ဗဟိဒ္ဓဓမ္မ ဓာတ်မျိုး၊ ဤဓာတ်နှစ်ပါး ပေါင်းဆုံကြသောအခါ သိမြင် ကြံစည်၍ ဖြစ်သော သုခသောမနဿ ဓာတ်နှစ်ပါး ဖြစ်ပေါ်၏၊ ဤ၌ကား ရူပက္ခန္ဓာကို ပြဆိုသော အရာဖြစ်၍ မနောကို မလိုလှသေး၊ ဤကား ရူပက္ခန္ဓာမှထွက်သော သာယာဖွယ် ခင်မက်ဖွယ်စုတည်း။ ထို့ ကြောင့်-ယံရူပံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ အယံ ရူပဿ အဿာဒေါ-ဟူ၍ဟောတော်မူသည်။

ပဉ္စမ ကောသလ္လဌာန ဖော်ပြချက် ပြီး၏။

---

ဆဋ္ဌ ကောသလ္လဌာနပြ

'ယံ ရူပံ အနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ အယံ ရူပဿ အာဒီနဝေါ'-ဟူသော ဆဋ္ဌကောသလ္လဌာန၌ ဒုတိယ တတိယ ကောသလ္လဌာနတို့၌ ပြဆိုခဲ့ပြီးသော ဆီမီးတောက်ကြီး ဥပမာနှင့်တကွ မိမိကိုယ်ခန္ဓာတွင်းသို့ နေ့စဉ်မပြတ် အာဟာရ ဓာတ်ဆီ မျိုသွင်းထည့် လောင်းမှု၊ ရုပ်ခန္ဓာသစ် ရုပ်ခန္ဓာဟောင်း ပြောင်းလဲမှုတို့ကို သမ္မာဒိဋ္ဌိ ဝိဇ္ဇာဉာဏ်ပေါက်အောင် မြင်နိုင်ပါလျှင် ရူပက္ခန္ဓာအနိစ္စသဘော ထင်ရှားပေါ်လတ္တံ့၊ နေ့ရှိသမျှ ကြောင့်ကြစိုက်ရ အားထုတ်လုပ်ဆောင်၍ နေရသော အသက်မွေးမှုဒုက္ခ ခန္ဓာမွေးမှုဒုက္ခ ပစ္စည်းဥစ္စာရအောင် လုပ်ဆောင်မှုဒုက္ခတို့ကို ဘယ်မျှကြီးကျယ် ကျပ်တည်းသည်ဟု မြင်နိုင်ပါ လျှင် မိမိရူပက္ခန္ဓာဒုက္ခသဘော ထင်ရှားပေါ်လတ္တံ့။

ဤကိုယ်ခန္ဓာသည် အတွင်းမှ ရောဂါအမျိုး ၉၆-ပါးဖြစ်ပေါ်၍ လာခဲ့လျှင် နာမှု,သေမှု အဘယ်မျှလောက် မြန်နိုင်ရန် ရှိသည်ဟူ၍ လည်းကောင်း၊ အပသန္တာန်မှ မီးဘေးထိခဲ့သော် ရေဘေးထိခဲ့သော် မြွေ ဘေးထိခဲ့သော် ကင်းဘေး ထိခဲ့သော် ဆင်ဘေး ကျားဘေး သရဲဘေး သဘက်ဘေး ထိခဲ့သော် ချော်ခဲ့သော် ချွတ်ခဲ့သော် လဲခဲ့သော် ပြိုခဲ့သော် ကျခဲ့သော် စူးခဲ့သော် ရှခဲ့သော် တိုက်ခဲ့သော် ခိုက်ခဲ့သော် နာမှု,သေမှု ဖောက်ပြန်မှု အဘယ်မျှလောက် မြန်နိုင်သည်ဟူ၍လည်းကောင်း ကိုယ်တွေ့မျက်မြင်တို့ကို အစုံအလင်ရှာကြံ၍ ကြည့်ခဲ့လျှင် ဤကိုယ် ခန္ဓာ၏ ဝိပရိဏာမ ဓမ္မသဘောလည်း ထင်ရှားပေါ်လတ္တံ့။

ဤကား-ဆဋ္ဌကောသလ္လဌာနတည်း။

ဤနှစ်ဌာနတို့ကို ဥပမာနှင့်တကွ ဆက်၍ပြဦးအံ့၊ အင်္ဂလိပ် အစိုးရ တို့သည် အလွန်ပူလောင်၍ သေစေနိုင်သော အဆိပ်တို့ကို ထည့်ပြီးလျှင် နွားသား ဝက်သား အမဲသားတို့ကို အတုံးကြီးစွာ မွှေးကြိုင်စွာချက်၍ ခွေးပေါရာဌာန၌ ချပစ်၍ ထားကြကုန်၏၊ ထိုအသားတုံးတို့၌ အနံ့ အရသာတို့သည် ထိုအသားတုံး၌ သာယာကောင်းမြတ်သော အဿာဒ တည်း၊ ထိုအသားတုံးတို့၌ ပါရှိသော အဆိပ်ဘေးသည် ထိုအသားတုံးတို့၌ ကြောက်မက်ဖွယ်သော အာဒီနဝဘေးတည်း၊ အဿာဒနှင့် မိအောင် ဖမ်း၍ အာဒီနဝနှင့်သက်မှုတည်း၊ ခွေးတစ်ကောင် သေရာ၌ ဝိုင်း၍ သတ်ကြသော လက်သည်ပေါင်းကား--အသားတုံး၏ အဆင်း အနံ့ အရသာ အဆိပ် ဗဟိဒ္ဓမှ လက်သည် ၄-ယောက်ရ၏၊ ခွေး၏ စက္ခု ဃာန ဇိဝှါ တဏှာ အဇ္ဈတ္တမှ လက်သည် ၄-ယောက်ရ၏။

ဣဋ္ဌဖြစ်သော အဆင်းအနံ့အရသာမရှိသော မြေကြီးခဲကို အဆိပ် ထည့်၍ ပစ်ထားသော်လည်း ခွေးကိုဖမ်း၍ပေးသော အဿာဒ လက်သည် မရှိ၍ ခွေးကို ထိုအဆိပ်မသတ်နိုင်၊ ခွေး၌ စက္ခု ဃာန ဇိဝှါ တဏှာ မရှိလျှင်လည်း ထိုဣဋ္ဌ ဖြစ်သော အဆင်းအနံ့အရသာတို့သည် ခွေးကိုမိအောင် မဖမ်းနိုင်ကုန်၊ ဖမ်း၍ ပေးသူတို့နှင့် အတွေ့ခံလျှင် ဧကန် သေဘေးဆိုက်၏။

ငါးမျှားသော သူတို့၏ ငါးမျှားချိတ်၌ ထားသော သားတစ် ဥပမာကိုလည်း ပြဆိုအပ်၏၊ မိမိရုပ်ခန္ဓာ သားမယားစသော သူတို့၏ ရုပ်ခန္ဓာ အဝတ်အစား အသုံးအဆောင်ဖြစ်သော ရုပ်ခန္ဓာစုကို အဆိပ် ထည့်သော သားတစ်တုံးတွေမှတ်၊ ထိုရုပ်ခန္ဓာစုကို စွဲ၍ဖြစ်သော သုခသောမနဿ တဏှာတို့ကို သားတစ်တုံးမှာ ရှိနေသော အဆင်းအနံ့ အရသာတွေမှတ်၊ ထိုရုပ်ခန္ဓာတို့ကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဟု တဏှာဖြင့် ကိုက်ဟမျိုသွင်း၍ ထားမိသည့်အတွက်ကြောင့် မိမိကိုယ်ကို နေ့ရှိသမျှ ပူလောင် ညှဉ်းပန်း၍နေသော အနိစ္စ ဒုက္ခ ဝိပရိဏာမဟူသော အာဒီနဝ တို့ကို ထိုအဆိပ်တုံးမှာပါရှိသော အဆိပ်တွေမှတ်။

- မိမိကိုယ်ကို နေ့ရှိသမျှ အနိစ္စသည် ဘယ်လို ညှဉ်းပန်းသနည်း။

- ဒုက္ခသည် ဘယ်လို ညှဉ်းပန်းသနည်း။

- ဝိပရိဏာမသည် ဘယ်လို ညှဉ်းပန်းသနည်း။

အနိစ္စဆိုသည်ကား ဓမ္မဓာတ်မျိုး တစ်ခုပေတည်း၊ မရဏဓာတ်ကို ဆိုသည်၊ ဖြစ်ဖြစ်သမျှ သင်္ခတဓာတ်တို့ကို အတွင်စား၍နေသော ဓာတ်ဘီလူးမျိုး ဆိုရ၏၊ အတွင်လောင်၍နေသော လောင်မီးမျိုးလည်း ဆိုရ၏၊ ဖွားမြင်သည့်နေ့၌ အမိတိုက်၍ ဝမ်းတွင်းသို့ရောက်သော နို့ရည် ဓာတ်ဆီမှစ၍ သေသည့်နေ့ တိုင်အောင် နေ့စဉ်အတိုင်း မျိုမျိုသမျှသော အာဟာရဓာတ်ဆီတို့ကို အတွင်စား၍ လောင်၍ ပစ်၏၊။နေ့စဉ်အတိုင်း မျိုမျိုသမျှ အာဟာရတို့ကြောင့် ကိုယ်နှင့် အပြည့်အပြည့် ဖြစ်ပွားကြသော ကမ္မဇရုပ်ခဲ စိတ္တဇရုပ်ခဲ ဥတုဇရုပ်ခဲ အာဟာရဇ ရုပ်ခဲတို့ကိုလည်း အတွင် စား၍ လောင်၍ ပစ်၏။

ထိုဓာတ်ဘီလူး အတွင်စား၍ပစ်သည့်အတွက်ကြောင့် နေ့ဆက် ရက်ဆက် မျိုသွင်းသော်လည်း ကိုယ်တွင်းမှာ တစ်မူး တမတ်မျှ အဖတ် တင်ရသည် မရှိ၊ မီးပုံကြီးထဲသို့ ဆီကို လောင်းသကဲ့သို့ရှိ၏၊ အာဟာရ အတွက် ဩဇာတက်၍ မျက်စိမှာ တိုးပွါးသော ရုပ်ခဲတို့ကို မျက်စိရှိ ဓာတ်ဘီလူး အတွင်စား၏ စသည်ဖြင့် တစ်ကိုယ်လုံး သိလေ။

ဥပမာကား- အလွန်အကျင့်အာစာရ ဆိုးရွားသောမယားကို အိမ်သူ ပြုလုပ်၍ အပြင်ပ၌ မိမိစွမ်းရည်ရှိသမျှ ကြိုးကြိုးပမ်းပမ်း လုပ်ကိုင် ရှာကြံ၍ အိမ်သို့အတွင်ပို့၏၊ အိမ်သို့ရောက်လာသမျှကို အိမ်သူမိန်းမက အဓမ္မ အတွင် ဖြုန်း၏၊ တစ်ရာကိုလည်း နေ့ချင်းညချင်း ကုန်အောင် ဖြုန်း၏၊ တစ်ထောင် တစ်သောင်းကိုလည်း နေ့ချင်းညချင်း ကုန်အောင် ဖြုန်း၏၊ ထိုယောကျ်ားသည် အသက်နှင့်အမျှ အလုပ်ခွင်ကထွက်၍ ငြိမ်းချမ်းစွာနေနိုင်ဖို့ အခွင့်မရှိပြီ၊ ထို့ကြောင့် ထိုမိန်းမသည် ထိုယောကျ်ား ကို မသေမခြင်း နှိပ်စက်ညှဉ်းပန်းသောသူ စင်စစ်တည်း။

ဤအတူ ခန္ဓာကိုယ်နှင့် အပြည့်ရှိနေသော အနိစ္စ ဓာတ်ဘီလူး သည် ဤလူများအပေါင်းကို နေ့ရှိသမျှ နှိပ်စက်ညှဉ်းပန်းပုံကို သိလေ၊ ပြဆိုခဲ့ပြီးသော ဒုက္ခမှုတွေ နေ့ရှိသမျှ နှိပ်စက်ညှဉ်းပန်းပုံ၊ ဝိပရိဏာမ ဒုက္ခမှုတွေ နေ့ရှိသမျှ နှိပ်စက်ညှဉ်းပန်းပုံများကား သိသာထင်ရှားလှပြီ။

ဤကား ရုပ်ခန္ဓာအဿာဒ ဘေးကြီးကျယ်ပုံ

အာဒီနဝဘေးကြီးကျယ် ပုံကို ပြဆိုသော အခန်းတည်း။ ပဉ္စမ ဆဋ္ဌ ကောသလ္လဌာန နှစ်ပါး ပြီး၏။

---

သတ္တမ ကောသလ္လဌာနပြ

ယော ရူပသ္မိံ ဆန္ဒရာဂဝိနယော ဆန္ဒရာဂပ္ပဟာနံ ဣဒံ

ရူပဿ နိဿရဏံ ဟူသော- သတ္တမကောသလ္လဌာန၌--အနမတဂ္ဂ သံသရာ၌ မိမိကိုယ်ကို ရုပ်အဿာဒဘေး အာဒီနဝဘေး မပြတ်မစဲ အမြဲနှိပ်စက်၍နေကြောင်းကို သမ္မာဒိဋ္ဌိဉာဏ်အမြင် ပေါက်သောအခါ ထိုရုပ်ခန္ဓာမှ ယခုဘဝ ကျွတ်လွတ်ရန် အပေါက်ကို ပြတော်မူသည်။

ထိုမိမိရုပ်ခန္ဓာ၌ သာယာစွဲလမ်း၍နေသော ဆန္ဒရာဂခေါ်သော သမုဒယ သစ္စာ တဏှာသည်ရှိ၏၊ အဘယ်သို့ ရုပ်ခန္ဓာ၌ သာယာစွဲလမ်း သနည်း? ငါ၏ ကိုယ်တည်း၊ ငါ၏အင်္ဂါကြီးငယ်တည်း၊ ငါ၏မျက်စိတည်း စသည်ဖြင့် ထင်မှတ် စွဲလမ်း၏၊ ငါမြင်သည်ဟု စက္ခုရုပ်ခဲ၌ စွဲလမ်း၏၊ ငါကြားသည်ဟု သောတရုပ်ခဲ၌ စွဲလမ်း၏၊ ငါနံသည်ဟု ဃာနရုပ်ခဲ၌ စွဲလမ်း၏၊ အရသာကို ငါခံစားသည်ဟု ဇိဝှါရုပ်ခဲ၌ စွဲလမ်း၏၊ အတွေ့ အထိကို ငါသိသည်ဟု ကာယရုပ်ခဲ၌ စွဲလမ်း၏၊ ဤသို့စသည်ဖြင့် စွဲလမ်း သည်၊ ထိုစွဲလမ်းသော တဏှာ သမုဒယသစ္စာ ပျောက်ကွယ် ချုပ်ဆုံးမှု သည် ရုပ်ခန္ဓာ၏ ကျွတ်လွတ်မှုတည်း။

(နိဗ္ဗာနဆိုသည်)

ထိုသမုဒယသစ္စာတဏှာရှိမှ စုတိ၏နောက်၌ ရုပ်ခန္ဓာအသစ် ပေါ်သည်၊ ယခုဘဝ၌ ထိုတဏှာပြယ်ပျောက်ကုန်ဆုံးခဲ့လျှင် စုတိ၏ နောက်၌ ရုပ်ခန္ဓာအသစ် ဖြစ်ပေါ်ခြင်းမရှိပြီ၊ ရုပ်ခန္ဓာ ကျွတ်လွတ်လေ၏၊ သိသာလှပြီ။

ဝေဒနာက္ခန္ဓာ၌ ကောသလ္လဌာန ၇-ပါး

(သတ္တမ ကောသလ္လဌာန ပြီး၏၊)

ဤတွင် ရွေ့ကား ရူပက္ခန္ဓာ၌ ကောသလ္လဌာနရ-ပါးကို ပြဆိုခန်းပြီး၏။

---

နောက်ခန္ဓာ လေးပါးတို့၏ ကောသလ္လဌာနတို့ကိုကား အကျဉ်းမျှ သာ ပြဆိုတော့အံ့။

၁။ ဆယိမေ ဘိက္ခဝေ ဝေဒနာကာယာ၊ စက္ခုသမ္ဖဿဇာ ဝေဒနာ, သောတသမ္ဖဿဇာ ဝေဒနာ, ဃာနသမ္ဖဿဇာ ဝေဒနာ, ဇိဝှါသမ္ဖဿဇာ ဝေဒနာ, ကာယသမ္ဖဿဇာ ဝေဒနာ, မနော သမ္ဖဿဇာ ဝေဒနာ, အယံ ဝုစ္စတိ ဘိက္ခဝေ ဝေဒနာ။

၂။ ဖဿ သမုဒယာ ဝေဒနာ သမုဒယော။

၃။ ဖဿ နိရောဓာ ဝေဒနာနိရောဓော။

၄။ အယမေဝ အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ ဝေဒနာ နိရောဓဂါမိနီ ပဋိပဒါသေယျထိဒံ၊ သမ္မာဒိဋ္ဌိ။ ပ။ သမ္မာသမာဓိ။

၅။ ယံ ဝေဒနံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ၊ အယံ ဝေဒနာယ အဿာဒေါ။

၆။ ယာ ဝေဒနာ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ၊ အယံ ဝေဒနာယ အာဒီနဝေါ။

၇။ ယော ဝေဒနာယ ဆန္ဒရာဂဝိနယော ဆန္ဒရာဂပ္ပဟာနံ၊ ဣဒံ ဝေဒနာယ နိဿရဏံ။

(ခန္ဓဝဂ္ဂသံယုတ္တ-၅၁)

ဘိက္ခဝေ=ရဟန်းတို့၊ ဝေဒနာကာယာ=ဝေဒနာအပေါင်းတို့သည်၊ ဝါ=ဝေဒနာကိုယ်တို့သည်၊ ဣမေ ဆ=ဤခြောက်ပါးတို့တည်း၊ စက္ခု သမ္ဖဿဇာ ဝေဒနာ=စက္ခုအကြည်၌မှီသော ဖဿတရားမှဖြစ်သော ဝေဒနာလည်းကောင်း။လ။ မနောသမ္ဖဿဇာ ဝေဒနာ=မနောအကြည်၌ ယှဉ်သော ဖဿတရားမှဖြစ်သော ဝေဒနာလည်းကောင်း။။အနက်လွယ်ပြီ။

အဆင်းသဏ္ဌန်ကို မြင်ကြသောအခါ ကောင်းသည်ဟု စိတ်က ရွှင်လန်း ဝမ်းမြောက်မှုသည် စက္ခုသမ္ဖဿဇာ ဝေဒနာမည်၏၊ နှလုံး မသာမှု ဥပေက္ခာမှု လည်းရှိ၏၊ အသံကို ကြားကြသောအခါ အနံ့ကို နံကြသောအခါ အချိုအချဉ် စသော အရသာကို စားသောက်ကြသော အခါ ကိုယ်အင်္ဂါတွေ့ထိမှုကို ပြုကြသော အခါ ကောင်းသည်ဟု စိတ်ထဲ၌ သိမြင်ကြသောအခါ စိတ်၏ရွှင်လန်း ဝမ်းမြောက်မှုသည် မနော သမ္ဖဿဇာ ဝေဒနာမည်၏။

ရူပက္ခန္ဓာသတ္တမကောသလ္လဌာနတွင် ပဉ္စမဌာနအဿာဒ ဆိုသည်ကား- ဤဝေဒနာခြောက်မျိုးကို ဆိုသည်၊ လူ့ချမ်းသာ နတ် ချမ်းသာ ဗြဟ္မာ့ချမ်းသာ ဆိုသည်လည်း ဤဝေဒနာ ခြောက်မျိုးပင်။

လောက၌လည်း သက်ရှိ သက်မဲ့ ဖြစ်သောဝတ္ထုတို့၌ ဝေဒနာကို လိုက်၍ ကောင်းသည် မကောင်းသည်ဟု သမုတ်ကြရသည်၊ အဖိုးတန် သည် မတန်သည်ဟု သမုတ်ကြရသည်။

မျက်စိနှင့် ကြည့်ဖို့ဖြစ်သော ဝတ္ထုတို့၌ စက္ခုသမ္ဖဿဇာ ဝေဒနာကို လိုက်၍ အဖိုးတန် မတန် ဖြစ်ရ၏၊ ရွှမ်းရွှမ်းစိုသော ဝေဒနာကို ဖြစ်စေ နိုင်သော ဝတ္ထုသည် အဖိုးတန်၏၊ နားနှင့်ကြားဖို့ ဝတ္ထုတို့၌ သောတ သမ္ဖဿဇာ ဝေဒနာကိုလိုက်၍ အဖိုးတန် မတန် ဖြစ်ရ၏၊ ကြွင်းသော ဝေဒနာတို့၌လည်း ဤနည်းအတူ။

ရူပက္ခန္ဓာ၌ ပြဆိုခဲ့ပြီးသော ပိုး ပုရွက်ဆိတ် သတ္တဝါ ပျားရည် သကာရည် ဥပမာကိုလည်း ဤ၌ဆိုအပ်၏။

သရုပ်ပြခန်း ပြီး၏။

သမုဒယနိရောဓတို့၌ စက္ခုဟူသော အဇ္ဈတ္တဓာတ်မှန်နှင့် အဆင်း အရောင်ဟူသော ဗဟိဒ္ဓရူပဓာတ် ပေါင်းဆုံမိကြသောအခါ မျက်စိ၌ စက္ခု သမ္ဖဿဇာဝေဒနာသည် တဖွားဖွားပေါ်၍နေ၏၊ ဗဟိဒ္ဓရူပဓာတ် မျက် ကွယ် ဖြစ်၍သွားလျှင် စက္ခုပေါ်၌ ဖြစ်ပေါ်သမျှသော ဝေဒနာတို့သည် အကုန်လုံး ကွယ်ပျောက်ကုန်၏။

တဖွားဖွားပေါ်သည်ကား- ဝေဒနာသမုဒယတည်း၊ အကုန်လုံး ကွယ် ပျောက်ကုန်သည်ကား ဝေဒနာနိရောဓတည်း၊ တစ်ဖန် ပေါ်စေလို ပြန်လျှင် ဗဟိဒ္ဓရူပဓာတ်ရှိရာသို့ စက္ခုဓာတ်ကို မျှော်၍ပေးရပြန်၏ တည့်တည့်ချိန်မိပြန်လျှင် စက္ခုပေါ်မှာ ဝေဒနာ တဖွားဖွား ပေါ်မြဲ ပေါ်ပြန်၏၊ မျက်နှာလွှဲပြန်လျှင် ပျောက်ဆုံးမြဲ ပျောက်ဆုံးပြန်၏။

သောတမှာလည်း ဗဟိဒ္ဓ အသံမြည်၍ ပေးသောအခါ သောတ အကြည် ပေါ်မှာ သောတသမ္ဖဿဇာ ဝေဒနာ တဖွားဖွားပေါ်၏၊ အသံ ချုပ်စဲ၍ သွားလျှင် ထိုဝေဒနာတို့လည်း အကုန်ချုပ်ဆုံး ကွယ်ပျောက် ကုန်၏၊ တစ်ဖန် ဖြစ်ပေါ်စေလိုပြန်လျှင် အသံကိုဆော်၍ ပေးရပြန်၏။

ဃာနမှာလည်း အနံ့ဆော်၍ ပေးသောအခါ ဃာနအကြည်ပေါ်မှာ ဃာနသမ္ဖဿဇာဝေဒနာ တဖွားဖွား ဖြစ်ပေါ်၏၊ အနံ့ကွာ၍ သွားလျှင် အကုန်လုံး ပျောက်ပြန်၏။

ဇိဝှါမှာလည်း လျှာပေါ်မှာ အချိုအချဉ် စသောအရသာတို့ တင်ထားသောအခါ ဇိဝှါအကြည်ပေါ်မှာ ဇိဝှါသမ္ဖဿဇာဝေဒနာ တဖွား ဖွားဖြစ်ပေါ်၏၊ လျှာပေါ်မှာ ရသာရုံဝတ္ထု မရှိပြန်လျှင် အကုန်လုံးချုပ် ပျောက်ပြန်၏။

ကာယမှာလည်း ကြမ်းတမ်းသောအတွေ့ နူးညံ့သောအတွေ့ ရှိသော မြေဓာတ်မျိုး ပူမှု,လောင်မှု,အေးမှု,ချမ်းမှုဟူသော မီးဓာတ်မျိုး တင်းမာမှု လျော့ရဲမှုဟူသော လေဓာတ်မျိုး ဤဖောဋ္ဌဗ္ဗဓာတ်မျိုး အတွေ့ အထိမျိုးတို့သည် အတွင်းအပ တစ်ကိုယ်လုံးမှာ ဘယ်နေရာမှာမဆို ထိသမျှသော ကိုယ်အင်္ဂါမှာ ကာယသမ္ဖဿဇာ ဝေဒနာတို့သည် တဖွား ဖွားဖြစ်ပေါ်ကုန်၏၊ မထိပြန်လျှင် အကုန်ချုပ်ပျောက်ပြန်ကုန်၏။

မနောမှာလည်း မိမိအလိုရှိသော အာရုံနှင့်တွေ့၍နေဆဲအခါ မနော သမ္ဖဿဇာဝေဒနာ တဖွားဖွားဖြစ်ပေါ်၍နေ၏ အာရုံနှင့် စိတ် မျက်နှာ လွှဲပြန်လျှင် ထိုဝေဒနာအလုံး ကွယ်ပျောက်ပြန်၏။

ပြဆိုခဲ့သော ဝေဒနာခြောက်မျိုး ဖြစ်ပေါ်မှု ပျောက်ကွယ်ပျက် ဆုံးမှုတို့သည် မိမိမိမိတို့ ကိုယ်ခန္ဓာမှာ တစ်နာရီမစဲ ကိုယ်တွေ့ စိတ်တွေ့ ချည်း ဖြစ်ကြကုန်၏၊ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ် မရှိကုန်သော သူတို့သည် ကား- ထိုဝေဒနာတို့ကို ငါဟူ၍လည်းကောင်း၊ ငါ၏အတ္တဟူ၍လည်း ကောင်း သက္ကာယဒိဋ္ဌိ အစွဲအလမ်း ပြင်းထန်၍ နေကြကုန်၏၊ ချမ်းသာ လျှင်လည်း ငါချမ်းသာသည်ဟု စွဲလမ်း၏၊ ဆင်းရဲလျှင်လည်း ငါဆင်းရဲ သည်ဟု စွဲလမ်း၏၊ ငါနာသည် ငါနာကျင်သည် ငါပူပင်သည် ငါကိုက်ခဲ သည်ဟု စွဲလမ်း၏၊ ငါဝမ်းမြောက်သည် ငါခံစားသည် ငါစံစားသည် ငါအေးချမ်းသည်ဟု စွဲလမ်း၏။

ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထိုဝေဒနာတို့ကို အနာအို အနာ ပျက်ကြီး၌ ကျ၍နေသော ပိုးလောက်ငယ်တို့ကို မှန်ဘီလူးနှင့် ကြည့် သောအခါ ရွရွရွရွ နေကြသည်ကို မြင်သကဲ့သို့ အကြည်ဒွါရ ခြောက် ဌာနတို့၌ အာရုံခြောက်ပါး ဆိုက် တိုက်၍နေသောအခါ၌သာ တဖွားဖွား ဖြစ်ပေါ်၍နေမှု အာရုံခြောက်ပါး ကွယ်၍သွားပြန်လျှင် ပျောက်ကွယ် ကုန်ခန်း၍ သွားမှုတို့ကို မြင်သောအခါမှ ထိုသက္ကာယဒိဋ္ဌိကို ပယ်နိုင်သည်။

ဖဿပစ္စယာ ဝေဒနာဟူသည်နှင့်အညီ ထိုဝေဒနာခြောက်ပါးသည် ဖဿ ခြောက်ပါးမှဖြစ်၏၊ အဘယ်သို့ ဖြစ်သနည်းဟူမူ ဗဟိဒ္ဓမှ အဆင်း အသံ စသည်တို့နှင့် အဇ္ဈတ္တမှ စက္ခုစသည်တို့ ဆုံစည်းဆိုက် တွေ့ကြသော အခါ ထိုအဆင်း အသံအစရှိသော အာရုံတို့ကို စိတ်၏ ကြိတ်နှိပ်ခြင်းဖြင့် ဖိနှိပ် ကြိတ်နယ်မှုကား ဖဿမှုပေတည်း၊ ထိုသို့ဖိနှိပ်ကြိတ်နယ်မှုရှိမှ ကောင်းသောအရသာ ပေါ်သည်၊ အရသာပေါ်မှ ထိုအရသာကို ခံစား စံစားသော ဝေဒနာမှုဖြစ်လာသည်၊ ထို့ကြောင့် ဝေဒနာဟူသမျှသည် ဖဿမှ ဖြစ်ရသည်ဖြစ်၍ စက္ခုသမ္ဖဿဇာ ဝေဒနာစသည် ဖြင့် အဖနှင့် သားတွဲ၍ ခေါ်ရသည်။

ဖဿသမုဒယာ=ဖဿတရား ဖြစ်ပွားခြင်းကြောင့်၊ ဝေဒနာ သမုဒယော=ဝေဒနာတရား ဖြစ်ပွားသည်။
ဖဿနိရောဓာ=ဖဿ ချုပ်ခြင်းကြောင့်၊ ဝေဒနာနိရောဓော=ဝေဒနာချုပ်ခြင်းဖြစ်ရသည်ဟု ဤသုတ္တန်မှာလည်းဟောတော်မူသည်။

ဒုတိယ တတိယ ကောသလ္လဌာန နှစ်ပါးပြီး၏။

စတုတ္ထ ကောသလ္လဌာန၌ကား- ရူပက္ခန္ဓာ၌ ပြဆိုခဲ့ပြီးသော အတိုင်း မှတ်လေ၊ ထိုမှာရူပက္ခန္ဓာကို ပေါက်အောင် ဖောက်သော ဝိဇ္ဇာဉာဏ်ကို သမ္မာဒိဋ္ဌိ မဂ္ဂင်ဆိုသည်၊ ဤမှာ ဝေဒနာက္ခန္ဓာကို ပေါက် အောင် ဖောက်သော ဝိဇ္ဇာဉာဏ်ကို သမ္မာဒိဋ္ဌိမဂ္ဂင်ဆိုသည်၊ ဤမျှသာ ထူးခြားကြသည်။

'အဿာဒ အာဒီနဝ' ဟူသော ပဉ္စမ ဆဋ္ဌ ကောသလ္လတို့၌လည်း ထိုမှာ ဝေဒနာနှင့် ဖက်တွဲ၍ အဿာဒကို ဟောတော်မူသည် ဤမှာ သုခသောမနဿ ဝေဒနာသည် မိမိသည်ပင် အဿာဒတရား ကိုယ်ရင်း လည်းဟုတ်၏၊ မိမိကိုစွဲ၍ဖြစ်သော သုခသောမနဿတစ်ပါးတို့နှင့် ဖက်တွဲ၍လည်း ပြထိုက်၏၊ ရုပ်၏ အဿာဒဘေးထက် ဝေဒနာ၏ အဿာဒဘေးသည် အလွန်တရာ ကြီးကျယ်၏၊ အာဒီနဝဘေးမှာလည်း ရုပ်၏အနိစ္စထက် ဝေဒနာ၏အနိစ္စသည် အလွန်လျင်မြန်၏၊ ကောင်း သော အဆင်းအသံ အစရှိသော အာရုံဝတ္ထုတို့နှင့် တွဲဖက်တေ့ ဆိုင်၍ နေဆဲအခိုက်သာ ဒွါရခြောက်ပါး၌ တဖွားဖွား ဖြစ်ပေါ်၍နေ၏၊ အာရုံနှင့် ကင်းခဲ့လျင် တစ်ခဏချင်း ပျောက်ဆုံးကွယ်ပ၏၊ ကောင်းသောအရသာ လျှာပေါ် မှာ ရှိနေဆဲအခိုက်၌သာ ထိုအရသာကို ခံစားသော ဝေဒနာ တဖွားဖွား ဖြစ်ပေါ်၍ နေ၏၊ ထိုအရသာကို မျိုခြင်းငှါ လျှာရင်းသို့ ရောက်လျှင်ပင် ထိုဝေဒနာ ကွယ်ပျောက်၏၊ ခြောက်ဒွါရလုံးမှာ ဤနည်း ချည်းပင်၊ ကိုယ်တွေ့ဒိဋ္ဌချည်း၊ ထို့ကြောင့် သတ္တဝါတို့ကို နေ့စဉ်နှိပ်စက်၍ နေသော ဝေဒနာ၏ အနိစ္စဘေး ဒုက္ခဘေး ဝိပရိဏာမဘေးသည် အလွန်ကြီးကျယ်လှ၏၊မြင်အောင်ကြည့်လေ။

စတုတ္ထ ပဉ္စမ ဆဋ္ဌ ကောသလ္လဌာန သုံးပါးပြီး၏။

-----------------------

'နိဿရဏ' ဟူသော သတ္တမ ကောသလ္လဌာနမှာ ဝေဒနာ၌ သာယာသော တဏှာဆန္ဒသမုဒယသစ္စာ ချုပ်ဆုံးလျှင် ဝေဒနာဘေးမှ ကျွတ်လွတ်၏၊ လောက၌ ရွှေငွေကို သာယာတွယ်တာသောသူကိုသာ ရွှေငွေနှင့်စပ်သော ဒုက္ခဘေး နှိပ်စက်နိုင်သည်၊ ရွှေငွေကို သာယာ တွယ်တာသော တဏှာ မရှိလျှင် ရွှေငွေဘေးမှ လွတ်၏၊ ဆင်,မြင်း, ကျွဲ,နွားကို သာယာတွယ်တာသောသူကို ဆင်,မြင်း,ကျွဲ,နွား နှင့်စပ်သော ဒုက္ခဘေး နှိပ်စက်နိုင်၏၊ မသာယာမတွယ်တာလျှင် ထိုဒုက္ခ ကျွတ် လွတ်၏၊ ဤနည်းအတိုင်းမှတ်။

သတ္တမဌာနပြီး၏။

ဝေဒနာက္ခန္ဓာ၌ သတ္တမကောသလ္လဌာန ပြဆိုခန်းပြီး၏။

------------------

သညာက္ခန္ဓာ၌ ပထမ ကောသလ္လဌာန

သညာက္ခန္ဓာမှာ ဝေဒနာက္ခန္ဓာနှင့် ပါဠိအနေ မထူးလှပြီ နောက် ပါဠိတို့၌ ဝေဒနာနေရာမှာ သညာကိုလဲ၍ ရွတ်ရုံမျှသာ ထူးသည်။

သရုပ်ခြောက်ပါး၌ကား-
ဆယိ မေ ဘိက္ခဝေ သညာကာယာရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္မသညာဟု အာရုံခြောက်ပါး နှင့်တွဲ၏။

[ခန္ဓ ဝဂ္ဂ-နှာ-၅၂]

ရူပသညာ=အဆင်းကို မှတ်သားမှုလည်းကောင်း၊ သဒ္ဒသညာ= အသံကို မှတ်သားမှုလည်းကောင်း၊ ဂန္ဓသညာ=အနံ့ကို မှတ်သားမှု လည်းကောင်း၊ ရသသညာ=အရသာကို မှတ်သားမှုလည်းကောင်း၊ ဖောဋ္ဌဗ္ဗသညာ=ကိုယ်အင်္ဂါ၌ အတွေ့အထိကို မှတ်သားမှုလည်းကောင်း၊ ဓမ္မသညာ=ဓမ္မာရုံကို မှတ်သားမှုလည်းကောင်း။
အနက်ပေး။

အမိဝမ်းမှ ဖွားမြင်သည်ကစ၍ 'သင်းကားအမိ သင်းကားအဖ သည်ကိုအရှေ့ သည်ကိုအနောက် သည်ကားနေ့ သည်ကားညဉ့်သင်းကို ထမင်းခေါ်သည် သင်းကိုရေခေါ်သည်' ဤသို့ အစရှိသည်ဖြင့် အကြည် ဒွါရ ခြောက်ဌာနတို့မှာ ဆိုက်တိုက်လာကုန်သော အာရုံခြောက်ပါးတို့ကို မှတ်သားမှုကို သညာ ဆိုသည်။
ဖြစ်လေရာရာ ဘုံဘဝတို့၌ အရိုးအမျိုး အစဉ်အလာ အလိမ္မာ သိကျွမ်းရာသော အရာဌာနတို့၌ သိမှု,တတ်မှု, ကျွမ်းကျင်မှုပေတည်း။
ရှေ့ငါးပါးကား ထင်ရှားပြီ။

ဓမ္မသညာ ဆိုသည်ကား- စက္ခုကို သိမှတ်သောသညာ၊ သောတကို သိမှတ်သောသညာ၊ ဃာနကို သိမှတ်သော သညာ၊ ဇိဝှါကို သိမှတ်သော သညာ၊ ကာယကို သိမှတ်သောသညာ၊ ကောင်းသောစိတ် မကောင်း သောစိတ်ကို သိမှတ်သော သညာ၊ ဝေဒနာကို သိမှတ်သောသညာ၊ သညာကို၊ စေတနာကို၊ ဝိတက် ဝိစာရကို၊ ဝီရိယကို၊ ဆန္ဒအလိုကို သိမှတ်သော သညာ၊ ဤသည်ကား လောဘတည်းဟု သိမှတ်သော သညာ၊ ဤသည်ကား ဒေါသတည်းဟု၊ မာန တည်းဟု၊ သဒ္ဓါတည်း ဟု၊ ပညာ အလိမ္မာတည်းဟု သိမှတ်သောသညာ၊ ဤသည်ကား ပါဏာတိပါတ တည်း၊ အဒိန္နာဒါနတည်း၊ မုသားတည်း၊ ဒါနမှုတည်း၊ သီလမှုတည်း၊ အတတ်ပညာ အလိမ္မာမှုတည်းဟု သိမှတ်သောသညာ၊ ဤသို့ အစရှိသည် ဖြင့် လောက၌ ဆရာသမားထံ မသင်မကြားရဘဲ အရပ်ဒေသအမျိုးအရိုး အလေ့စရိုက်နှင့်ပင် သိမှတ်တတ်ကျွမ်းသော အကောင်းအဆိုး အမျိုးမျိုး သော သိမှု မှတ်မှု တတ်ကျွမ်းမှုသည် ဓမ္မသညာချည်းတည်း။

သူတော်ကောင်းမျိုးဖြစ်လျှင် သူတော်ကောင်းအမှုမျိုး၌ သိကျွမ်းမှု သည် ကောင်းသော ဓမ္မသညာတည်း၊ မူဆိုး တံငါစသော မကောင်းသော အမျိုးဖြစ်၍ မကောင်းသော အမှုတို့၌ သိကျွမ်းမှုသည် မကောင်းသော ဓမ္မသညာတည်းဟု အကောင်း အဆိုးခွဲလေ ဓမ္မသညာကား အလွန်ကျယ် ဝန်း၏၊ မိမိကိုယ်၌လည်းကောင်း သူတစ်ပါး၌လည်းကောင်း သညာကို ဓာတ်အသီးအခြား တစ်ခုအနေနှင့် မြင်အောင် ထင်အောင် ခွဲခြမ်း၍ ကြည့်လေ။

လောက၌ ငါမှတ်မိသည် ငါသိသည်ဟု စွဲလမ်းမှုကား သက္ကာယဒိဋ္ဌိ အမှုတည်း၊ တစ်ကိုယ်လုံးရှိ နူနာ၌ ကျ၍နေသော အလွန်သိမ်မွေ့လှ သော ပိုးငယ်တို့ကို မှန်ဘီလူးနှင့် ကြည့်သောအခါ ရွရွရွရွ ထင်မြင်ရ သကဲ့သို့ တစ်ကိုယ်လုံးရှိ အကြည်ဒွါရ ခြောက်ဌာနတို့၌ အာရုံခြောက် ပါးမစဲ ဆိုက်တိုက်မှုကြောင့် အကြည်ခြောက်ဖြာ နူနာကြီးအတွင်း၌ ဤကားမည်သူ ဤကားမည်ဝါ ဤကား ဘယ်ဟာ ဟု တဖွားဖွား တရှိန်ရှိန် မပြတ်မစဲ ဖြစ်ပေါ်၍နေသော သညာဓာတ် ခြောက်မျိုးတို့ကို သမ္မာဒိဋ္ဌိ မဂ္ဂင်တည်းဟူသော မှန်ဘီလူးဖြင့် ငါမဟုတ်ကြောင်း သညာဓာတ် အသီးအခြားဖြစ်ကြောင်း မြင်အောင်ကြည့်နိုင်မှ သက္ကာယဒိဋ္ဌိ ပျောက် ကင်းသည်၊ မျက်စိမွဲလှသော နူနာကြီးရှင်သည် မှန်ဘီလူး မတတ်ဘဲ ပကတိမျက်စိနှင့် ကြည့်သောအခါ ထိုပိုးငယ်တို့ကို မိမိကိုယ်သွေး ကိုယ်သားပဲ ငါ့ကိုယ်ပဲ ငါပဲ အတပ်ထင်မှတ် စွဲလမ်းလတ္တံ့၊ မှန်ဘီလူး တပ်၍ ကြည့်သောအခါမှ ရွရွရွရွ မြင်၍ ပိုးတွေမှန်းသိ၍ အသည်း တုန်လတ္တံ့။

သညာက္ခန္ဓာ၌ ပထမ ကောသလ္လဌာနပြီး၏။

နောက်နောက်သော ကောသလ္လဌာနတို့ကို ဝိညာဏက္ခန္ဓာသို့ကျမှ အကုန်ပေါင်း၍ ပြဆိုမည်။

------------------

သင်္ခါရက္ခန္ဓာ၌ ပထမ ကောသလ္လဌာန

၁။ ဆယိ မေ ဘိက္ခဝေ သင်္ခါရာရူပသေဉ္စတနာ, သဒ္ဒသေဉ္စတနာ, ဂန္ဓသေဉ္စတနာ, ရသသေဉ္စတနာ, ဖောဋ္ဌဗ္ဗသေဉ္စတနာ, ဓမ္မ သေဉ္စတနာဣမေ ဝုစ္စန္တိ ဘိက္ခဝေ သင်္ခါရာ

၂။ ဖဿသမုဒယာ သင်္ခါရ သမုဒယော

၃။ ဖဿနိရောဓာ သင်္ခါရနိရောဓော

၄။ အယမေဝ အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ သင်္ခါရနိရောဓ ဂါမိနီ ပဋိပဒါသေယျထိဒံသမ္မာဒိဋ္ဌိ။လ။ သမ္မာသမာဓိ

၅။ ယံ သင်္ခါရေ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံအယံ သင်္ခါရာနံ အဿာဒေါ

၆။ ယေ သင်္ခါရာ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာအယံ သင်္ခါရာနံ အာဒီနဝေါ

၇။ ယော သင်္ခါရေသု ဆန္ဒရာဂဝိနယော ဆန္နရာဂပ္ပဟာနံဣဒံ သင်္ခါရာနံ နိဿရဏံ

(ခန္ဓဝဂ္ဂ၊ နှာ-၅၂)

ရူပသေဉ္စတနာ၊ အဆင်းမှု၌ စေ့ဆော်သော စေတနာ စသည်ဖြင့် အနက် ပေးလေ။ စေတနာခြောက်ပါး။

သင်္ခါရက္ခန္ဓာစေတနာတစ်ခုကိုသာ ပဓာနနည်းအားဖြင့် ပြတော်မူသည်၊ သင်္ခါရက္ခန္ဓာတရားကား အလွန်များပြား၏၊ ထင်ရှား ရာစုကို ပြဆိုလိုက်အံ့။

ဖဿ စေတနာ ဧကဂ္ဂတာ မနသိကာရဝိတက် ဝိစာရ ဝီရိယ ပီတိ ဆန္ဒလောဘ ဒေါသ မောဟ ဒိဋ္ဌိ မာန ဣဿာ မစ္ဆေရ ကုက္ကုစ္စ ထိန မိဒ္ဓ ဝိစိကိစ္ဆာသဒ္ဓါ သတိ ဟိရီ ဩတပ္ပ ပညာ။ ထင်ရှားရာမျှကို ထုတ်သည်။

သင်္ခါရဆိုသည်ကား- ကာယကံမှု ဝစီကံမှု မနောကံမှုပေတည်း၊ ဖဿသင်္ခါရမှုကို ပြဆိုခဲ့ပြီ၊ စေတနာကို ပြဆိုရန် ဥပမာကား-မီးရထား မီးသင်္ဘောတည်း။

မီးရထား ဥပမာ

မီးရထား၏သွားမှု၌ ဓာတ်အိုးမှ မှုတ်လိုက်သော လေဟုန်ကြောင့် အလုံးစုံ သော စက်ကိရိယာတို့သည် တစ်ပြိုင်နက် လှုပ်ကြကုန်၏၊ ထိုလေသည် မရပ်မနား ဟုပ်ဟုပ်ဟုပ်ဟုပ် မစဲမှုတ်ခြင်းကြောင့် အလုံးစုံ သော စက်ကိရိယာတို့သည် မရပ်မနား အဟုန်နှင့်တကွ မြူးကုန်ကြသဖြင့် အတွဲများစွာ ဝန်ကြီးစွာကို အပါရုန်း၍ ရန်ကုန်-မန္တလေး အလွန်ဝေးသော ခရီးကို မကြာမီ ရောက်နိုင်လေ၏။

ဥပမာ-ဥပမေယျ စပ်ဟပ်ချက် -

ဤကိုယ်ခန္ဓာကြီးသည် ရထားနှင့်တူ၏၊

- “နှလုံးအိမ်သည် ဓာတ်အိုးနှင့်တူ၏၊”

- နှလုံးအိမ်တွင်းမှ ထ၍မှုတ်လိုက်သော ဇောစေတနာသည် စက် ကိရိယာတို့ကို အကုန်နှိုးလိုက်သော မှုတ်လေနှင့် တူ၏၊

- နှလုံးအိမ်မှ ထ၍မှုတ်လိုက်သဖြင့် အလုံးစုံသော ကိုယ်အင်္ဂါ၌ အင်္ဂမင်္ဂါနုသာရီလေတို့သည် အဟုန်နှင့်တကွ ထကုန်ကြ သဖြင့် အင်္ဂါကြီးငယ်တို့သည် ကြွချီလှုပ်ရှားကြသဖြင့် စက်ကိရိယာတို့ တစ်ပြိုင်နက်လှုပ်ကြကုန်သည်နှင့် တူကြ ကုန်၏။

မျက်တောင်တစ်ခတ်မျှ၌ပင် အကြိမ်တစ်ထောင်မက အဟုန်နှင့် တကွ အတွင်ထ၍ တဟုန်ဟုန်လှုံ့ဆော်သော စေတနာအမှုကြောင့် ကိုယ်ခန္ဓာ အင်္ဂါကြီးငယ်တို့သည် လိုရာအရပ်သို့ ရှေ့ရှုအဟုန်နှင့် တကွမြူး ကုန်ကြသဖြင့် အတွဲများစွာ ဝန်ကြီးစွာကို အပါယူဆောင်၍ သွားသော ရထားနှင့် တူကုန်၏၊ ဤကား-ကာယကံသင်္ခါရမှု ဖြစ်ပုံတည်း။

ဝစီကံသင်္ခါရမှုမှာ ဥဩမှုတ်မှုနှင့် ယှဉ်ကြည့်လေ၊ မနောကံသင်္ခါရမှုမှာ ဓာတ်အိုး တွင်းမှာ တစီစီဆူပွက်၍ နေသည်နှင့်တူ၏။

လောဘနှင့်ယှဉ်သော စေတနာသည် လောဘရှေးရှူ၍ပေးရာသို့ ကိုယ် အင်္ဂါ နှုတ်အင်္ဂါ စိတ်အင်္ဂါတို့ကို အဟုန်နှင့်တကွ အတွင်လှုံ့ဆော်၍ သွား၏။

[ဒေါသနှင့်ယှဉ်သော စေတနာဝိတက် ဝီရိယ စသည် တို့နှင့်ယှဉ်သော စေတနာတို့ကိုလည်း ဆိုလေ၊ သဒ္ဒါမှု သတိမှု ပညာမှု ဒါနမှု သီလမှု ကောင်းသောအမှု, မကောင်းသောအမှုတို့ကို အကုန်ဆိုလေ။
ကြွင်းသော ပြဆို ခဲ့ပြီးသော သင်္ခါရဓာတ်တို့၏လည်း သူ့လမ်းနှင့်သူ ကိုယ်အင်္ဂါ နှုတ်အင်္ဂါ စိတ်အင်္ဂါတို့ကို အဟုန်နှင့်တကွ ထကြွလှုံ့ဆော်မှုတွေကို သိလေ။]

သင်္ခါရဓာတ်တို့၏ အချက်အလက်တွေကို နေရာကျ မသိကုန်သော သူတို့အား သက္ကာယဒိဋ္ဌိစွဲလမ်း ချက်ချည်းဖြစ်၍ကုန်၏၊ အလုံးစုံသော ကိုယ်အင်္ဂါမှုတို့မှာ ငါပြုသည် ငါလုပ်သည် ငါထသည် ငါထိုင်သည် စသည်ဖြင့်လည်းကောင်း ငါပြောသည် ငါဆိုသည် စသည် ဖြင့်လည်းကောင်း ငါကြံသည် ငါသိသည်စသည်ဖြင့်လည်းကောင်း သက္ကာယဒိဋ္ဌိစွဲလမ်း ချက်ချည်းဖြစ်၍ကုန်၏ အလုံးစုံသော ကာယကံမှု ဝစီကံမှု မနောကံမှုတို့၌ အတွင်လှုံ့ဆော်သော စေတနာသည် စက် ကိရိယာ အလုံးစုံကို တဟုန်တည်းလှုပ်စေ မြူးစေနိုင်သော မှုတ်လေ ဟုပ့်လေနှင့်တူလှ၏၊ ထို့ကြောင့် သင်္ခါရက္ခန္ဓာမှာ စေတနာဓာတ်တစ်ပါးကို ပဓာနအားဖြင့် ဟောတော်မူသတည်း။

စွဲလမ်းပုံ အမျိုးမျိုး

သက္ကာယဒိဋ္ဌိ စွဲလမ်းချက်တွေကို အတန်ငယ်ပြဆိုဦးအံ့....

ငါ စိတ်နှင့် တွေ့သည်။ (ဖဿဓာတ်ကိုစွဲလမ်းချက်)

ငါ စိတ်ချမ်းသာသည်။ ငါ စိတ်မချမ်းသာသည်။ ငါဝမ်းမြောက်သည်။ ငါ ဝမ်းနည်းသည်။ (ဝေဒနာဓာတ်ကို စွဲလမ်းချက်)

ငါ သိသည်။ ငါမှတ်မိသည်။ (သညာဓာတ်ကို စွဲလမ်းချက်)

ငါ စိတ်တည်ကြည်သည်။ (ဧကဂ္ဂတာဓာတ်ကို စွဲလမ်းချက်)

ငါ နှလုံးသွင်းသည်။ (မနသိကာရဓာတ်ကို စွဲလမ်းချက်)

ငါ ကြံဖန်သည်။ (ဝိတက်ဓာတ်ကို စွဲလမ်းချက်)

ငါ စဉ်းစားသည်။ (ဝိစာရဓာတ်ကို စွဲလမ်းချက်)

ငါ အားထုတ်သည်။ (ဝီရိယဓာတ်ကို စွဲလမ်းချက်)

ငါ နှစ်သက်သည်။ (ပီတိဓာတ်ကို စွဲလမ်းချက်)

ငါ ကြည့်လိုသည်ငါ ကြားလိုသည်ငါ ဘယ်ဟာကို ပြုလိုသည်သွားလိုသည်လာလိုသည်ပြောလိုသည်ဆိုလိုသည်ငါ သိလို သည်ရလိုသည်ယူလို သည်။ (ဆန္ဒဓာတ်ကို စွဲလမ်းချက်)

ငါ ချစ်သည်ငါ ခင်သည်ငါ စုံမက်သည်ငါ လိုချင်သည်ငါ တွယ်တာသည်။ (လောဘဓာတ်ကို စွဲလမ်းချက်)

ငါ မုန်းသည်ငါ မြင်ပျင်းသည်ငါ စိတ်ဆိုးသည်ငါ ငြိုးသည်ငါ စိတ်ပူသည်။ (ဒေါသဓာတ်ကို စွဲလမ်းချက်)

ငါ မသိသည်ငါ တွေဝေသည်။ (မောဟဓာတ်ကို စွဲလမ်းချက်)

ငါ အယူမှားသည်။ (ဒိဋ္ဌိဓာတ်ကို စွဲလမ်းချက်)

ငါ အညံ့မခံချင်သည်ငါ သာချင်သည်ငါက သာသည်ငါ တုဘက်နိုင်သည်။ (မာနဓာတ်၌ စွဲလမ်းချက်)

ငါ ငြူစူသည်။ (ဣဿာဓာတ်၌ စွဲလမ်းချက်)

ငါ နှမြောသည်ငါဝန်တိုသည်။ (မစ္ဆေရဓာတ်၌ စွဲလမ်းချက်)

ငါ ပျင်းရိသည်။ (ထိန မိဒ္ဓ၌ စွဲလမ်းချက်)

ငါ မခွဲခြမ်းနိုင်သည်။ (ဝိစိကိစ္ဆာဓာတ်၌ စွဲလမ်းချက်)

ငါ ကြည်ညိုသည်ငါယုံကြည်သည်။ (သဒ္ဓါဓာတ်၌ စွဲလမ်းချက်)

ငါ မမေ့သည်။ (သတိဓာတ်၌ စွဲလမ်းချက်)

ငါ တတ်သိ လိမ္မာသည်။ (ပညာဓာတ်၌ စွဲလမ်းချက်)

မကောင်းမှု ပြုရမည်ကို ငါရှက်သည်ငါကြောက်သည်။ (ဟိရီ ဩတ္တပ္ပ၌ စွဲလမ်းချက်)

ငါ သတ်သည်။ (ပါဏာတိပါတ ဟူသော စေတနာဓာတ်၌ စွဲလမ်းချက်)

ငါ ခိုးသည်ငါတိုက်သည်။ (အဒိန္နာဒါန်ဟူသော စေတနာဓာတ်၌ စွဲလမ်းချက်)

ငါလှူဒါန်းသည်ငါပေးကမ်းသည်။ (ဒါနစေတနာဓာတ်၌ စွဲ လမ်းချက်)

ဤသို့အစရှိသည်ဖြင့် သက္ကာယဒိဋ္ဌိ စွဲလမ်းချက်သည် အလွန်များပြားလှ၏၊ ငရဲမီး မျိုးစေ့ချည်းတည်း၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဝိပဿနာ ဉာဏ်တို့၏ အန္တရာယ်ချည်းတည်း၊ နိဗ္ဗာန်၏ ဘေးရန်ကြီးတွေတည်း၊ သံသရာ၏ ဤမှာ ဖက်ကမ်းတည်း၊ ထိုစွဲလမ်းချက်စု ကျွတ်လွတ်မှုသည် သံသရာ၏ ထိုမှာဖက်ကမ်းဖြစ်သော နိဗ္ဗာန်တည်း၊ ထိုစွဲလမ်းမှုစုသည် သံသရာ၌နစ်မှုတည်း၊ ထိုစွဲလမ်းချက်စု ကျွတ်လွတ်မှုသည် သံသရာ၏ ကမ်းတစ်ဖက်သို့ရောက်မှုတည်း။

သက္ကာယဒိဋ္ဌိ ဟူသော အဝီစိငရဲမီးတွေကို ရိပ်မိရုံမျှ ပြလိုက်သည်။ စေတနာဓာတ်တစ်ခုကို သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထင်လင်းစွာ ခွဲခြမ်း၍ မြင် သောအခါ စေတနာဓာတ်၌ စွဲလမ်းသော သက္ကာယဒိဋ္ဌိငရဲမီးသေ၏၊ စေတနာ၌ သေလျှင် ကြွင်းသောဓာတ်တို့၌ စွဲလမ်းသော ငရဲမီးတို့သည် သေကုန်တော့သည်၊ ထိုကြောင့်စေတနာတစ်ခုကိုသာ သင်္ခါရက္ခန္ဓာ၌ ဟောတော်မူသည်၊ ကြွင်းသော သင်္ခါရဓာတ်တို့သည်လည်း လောက၌ လူတိုင်းပြောဆိုနေကြသောဓာတ်စုပင် တည်း။

သင်္ခါရက္ခန္ဓာ၌ ပထမ ကောသလ္လဌာနကို ပြဆိုချက် ပြီး၏။

--------

ဝိညာဏက္ခန္ဓာ၌ ပထမ ကောသလ္လဌာန

၁။ ဆယိမေ ဘိက္ခဝေ ဝိညာဏကာယာစက္ခုဝိညာဏံ, သောတ ဝိညာဏံ, ဃာနဝိညာဏံ, ဇိဝှါဝိညာဏံ, ကာယဝိညာဏံ, မနော ဝိညာဏံဣဒံ ဝုစ္စတိ ဘိက္ခဝေ ဝိညာဏံ

၂။ နာမရူပသမုဒယာ ဝိညာဏသမုဒယော

၃။ နာမရူပနိရောဓာ ဝိညာဏနိရောဓော

၄။ အယမေဝ အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ ဝိညာဏနိရောဓ ဂါမိနီပဋိပဒါသေယျထိဒံသမ္မာဒိဋ္ဌိ။ ပ။ သမ္မာသမာဓိ

၅။ ယံ ဝိညာဏံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံအယံ ဝိညာဏဿ အဿာဒေါ

၆။ ယံ ဝိညာဏံ အနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံအယံ ဝိညာဏဿ အာဒီနဝေါ

၇။ ယော ဝိညာဏသ္မိံ ဆန္ဒ ရာဂဝိနယော ဆန္ဒရာဂပ္ပဟာနံဣဒံ ဝိညာဏဿ နိဿရဏံ

[ပါဠိတော် အနက်လွယ်ပြီ။]

လဝန်းသဏ္ဌာန်ကို ကြည့်လို၍ မျက်စိကို ချိန်ရွယ်သဖြင့် မျက်စိ နှင့်လ ရွယ်မိကြသောအခါ လဝန်းအရိပ်သဏ္ဌာန်သည် စက္ခုဟူသော အဇ္ဈတ္တမှန် အကြည်ထဲတွင် ထင်းခနဲပေါ်၏၊ လောက၌ ဖလ်အကြည် မှန်အကြည် ရေ အကြည် ရှိရာတို့၌ နေရိပ် လရိပ် လူရိပ် စသည်ပေါ်မြဲ အတိုင်းပင်တည်း၊ မျက်စိဟူသော အဇ္ဈတ္တမှန်အကြည်မှာ ထိုလဝန်း အရိပ်အသွင်၏ ထင်မှု ပေါ်မှုသည် ပရမတ္ထသဘောအားဖြင့် မိုးကြိုးမှန် သကဲ့သို့ ပြင်းထန်၏၊ ထိုအခါ လဝန်းသဏ္ဌာန်အရိပ် ခိုက်တိုက်ထိပါးသော ဒဏ်ဟုန်ဒဏ်ချက်ကြောင့် စက္ခုအကြည်ထဲမှာ စက္ခုဝိညာဏ်ခေါ်သော စိတ်သည် တဖွားဖွားဖြစ်ပေါ်လေ၏၊ မျက်နှာလွှဲပြန်လျှင် လရိပ် ပျောက်ပြန်၏၊ စိတ်ဓာတ်လည်း အကုန်ချုပ်ကွယ် ပျောက်ဆုံးလေ၏၊ မမြင်ပြန်ဘူးဟု ပြောဆိုရ၏၊ အမြင်ဆိုသည်ကား ထိုဝိညာဏ ဓာတ်ပင် တည်း၊ မမြင်ဆိုသည်ကား ထိုဝိညာဏဓာတ် ပျောက်ပြယ် ကွယ်ဆုံးမှု တည်း၊ ဖလ်ကြည် မှန်ကြည် ရေကြည် ဆီကြည်တို့၌ကား ထိုထိုအရိပ် အသွင် အဆင်းသဏ္ဌာန်ထင် ပေါ်ငြားသော်လည်း ဥတုဇဝဏ္ဏအကြည် ကြမ်းစုဖြစ်၍ ဝိညာဏဓာတ် ဖြစ်ပေါ်မှု မရှိ၊ မျက်စိဖြင့် မြင်သည်ဟု ဖြစ်ကြသမျှမှာ ဤနည်းချည်းမှတ်။

ကြည်လှစွာသော မှန်အပြင်၌ မျက်နှာကိုပြ၍ နေဆဲ၌ မှန်ထဲမှာ မျက်နှာရိပ် ပေါ်၍နေ၏၊ မျက်နှာလွှဲလျှင် မှန်ထဲမှာ မျက်နှာရိပ် ပျောက် လေ၏၊ ဤဥပမာနှင့်တူစွာမှတ်၊ မြင်သေး၏ မမြင်ဘူးဟု သိကြ၏၊ ဓာတ်ပေါ်မှု ဓာတ်ချုပ်မှုဟု မသိကြ။

ဤကား စက္ခုဝိညာဏဓာတ်ကို ပြဆိုခန်းတည်း။

ဤနည်းကို မှီ၍ ဗဟိဒ္ဓမှ သဒ္ဒါရုံဟူသော အသံလုံး အသံခဲတို့သည် အဟုန် နှင့်တကွ မိုးကြိုးမှန်သကဲ့သို့ ပြင်းထန်စွာ ခိုက်တိုက်၍နေဆဲအခါမှ သောတ အကြည်မှာ သောတဝိညာဏဓာတ် တဖွားဖွား ဖြစ်ပေါ်၍နေ၏၊ အသံပျောက်လျှင် ပျောက်ကွယ်လေ၏၊ ကြားသေး၏ မကြားဘူးဟု သိကြရ၏၊ ဓာတ်ပေါ်မှု ဓာတ်ချုပ်မှုဟု မသိကြ။

ဗဟိဒ္ဓမှ ဂန္ဓာရုံဟူသော အနံ့လုံးခိုက်တိုက်ထိပါး၍ နေဆဲအခါမှ ဃာနအကြည်မှာ ဃာနဝိညာဏဓာတ် တဖွားဖွားဖြစ် ပေါ်၍နေ၏ အနံ့ကွယ်ပြန်လျှင် ထိုဝိညာဏဓာတ် ပျောက်ဆုံးပြန်၏၊ နံသေး၏၊ မနံဘူးဟု သိကြ၏၊ ဓာတ်ပေါ်မှု ဓာတ်ချုပ်မှုဟု မသိကြ၏။

လျှာပေါ်သို့ အချိုအချဉ်စသောအရသာတို့ကို တင်ထား၍ တိုက်ခိုက် ထိပါးနေသောအခါမှ ဇိဝှါအကြည်ပေါ်မှာ ဇိဝှါဝိညာဏ ဓာတ်ဖြစ်ပေါ်၏ ရသာရုံ ကင်းကွာ၍သွားလျှင် ပျောက်ဆုံးပြန်၏ လျှာ အတွေ့ရှိသေး၏၊ မရှိဘူး ဟုသိကြ၏ ဓာတ်ပေါ်မှု ဓာတ်ချုပ်မှုဟု မသိကြ။

မြေဓာတ် မီးဓာတ် လေဓာတ်သုံးပါးတွင် တစ်ပါးပါးသည် တစ်ခုခုသော ကိုယ်အင်္ဂါအစိတ်မှာ ထိပါး၍နေဆဲအခါ၌ ထိရာ ကိုယ် အင်္ဂါအစိတ်မှာ ကာယဝိညာဏဓာတ် ပေါ်၍နေ၏ အထိမရှိပြန်လျှင် ချုပ်ဆုံးကွယ်ပျောက်ပြန်၏၊ အေးမြသောရေ, အေးမြသောလေတို့သည် ကျောက်ကုန်း ကျောက်ပြင်မှာ ထိပါးကုန်အံ့၊ ကျောတစ်ပြင်လုံးမှာ ကာယဝိညာဏ်စိတ်တို့သည် တလျှမ်းလျှမ်းဖြစ်ပေါ်ကုန်၏၊ ထိုအခါ ကျောအေးသည် ကျောချမ်းသည်ဟုဖြစ်ရ၏၊ ရေ လေကွယ်၍ သွားပြန် လျှင် ထိုစိတ်ဓာတ်ကွယ်ပျောက်၍ကုန်ပြန်၏၊ အအေးပျောက်ပြီ အချမ်း ပျောက်ပြီဟု သိကြ၏၊ ဓာတ်ပေါ်မှု ဓာတ်ပျောက်မှုဟု မသိကြ။

ပူလှစွာသော နေပူမှာနေသောအခါ တစ်ကိုယ်လုံးပူ၍အိုက်၍ နေသည်ကို သိကြ၏၊ တစ်ကိုယ်လုံး ကာယဝိညာဏဓာတ် လျှမ်းလျှမ်း တောက် ပေါ်၍နေသည်ဟု မသိကြ၊ ဦးခေါင်းတွင်း ရင်တွင်း ဝမ်းတွင်း စသော အတွင်းသဏ္ဌာန် တစ်လျှောက်လုံးမှာနာလျှင် နာသည်ဟုသိ၏၊ ကျင်လျှင် ကျင်သည်ဟု သိ၏၊ ထုံလျှင် ထုံသည်ဟုသိ၏၊ ကိုက်လျှင် ကိုက်သည်ဟုသိ၏၊ ခဲလျှင် ခဲသည်ဟု သိ၏၊ ပူလျှင် ပူသည်ဟုသိ၏၊ ညောင်းလျှင် ညောင်းသည်ဟုသိ၏၊ ထိုအမှုစုကို ဓာတ် ပေါ်မှုဟု မသိကြ ရိပ်မိလောက်ပြီ။

[အထက်၌ပြခဲ့သော နူနာကြီးမှာ ပိုးငယ်တို့ ကျသော ဥပမာ- မှန်ရိပ် ဥပမာ အလုံးစုံတို့နှင့် ယှဉ်၍ဓာတ်ကွဲအောင် ခွဲ၍ကြည့်လေ။]

နှလုံးအိမ်တွင်းမှာ စမ်းရေစိမ့်ရေ တပွက်ပွက်ထွက်ပေါ်၍ နေ သကဲ့သို့ ဘဝင်စိတ်ဟူသော တလက်လက်တလင်းလင်း အမြဲဖြစ်ပေါ်၍ နေသော မနောဟူသောအကြည် ဓာတ်မှန်မျိုးသည် ရှိ၏၊ မျက်စိမှာ ခိုက်တိုက်သမျှသော အဆင်းသဏ္ဌာန်စုသည် ထိုမနောမှာလည်း တစ်ပြိုင် နက် ခိုက်ထိပေါ်ထွန်း၏၊ လဝန်းကို ကြည့်သောအခါ မျက်စိမှာ လဝန်း သဏ္ဌာန်တစ်ခု နှလုံးအိမ်တွင်း မနောအကြည်မှာ လဝန်းသဏ္ဌာန်တစ်ခု တစ်ပြိုင်နက် တစ်ချက်တည်း ပေါ်လေ၏၊ မျက်နှာလွှဲ၍ စက္ခုအကြည်မှာ လဝန်းသဏ္ဌာန် ပျောက်ကွယ်၍ သွားသော်လည်း နှလုံးအိမ် ထဲမှာပေါ် သော လဝန်းသဏ္ဌာန်ကား ရုတ်တရက် မကွယ်တည့် ဖြည်းဖြည်းမှ ကွယ်သည်။

ဤ နည်းအတူ မိုးသံ လေသံ လူသံ ခွေးသံ အစရှိသော အသံ ဓာတ်မျိုးတို့သည် နားဟူသောဓာတ်မှန် အကြည်မှာ ခိုက်တိုက် ထင်ပေါ် သောအခါ နှလုံးမနောတိုင်အောင် တစ်ပြိုင်နက် ထိုးဝင်ထင်ပေါ်လေ၏။

အနံ့ဟူသော ဂန္ဓာရုံတို့သည် နှာဟူသော ဓာတ်မှန်အကြည်မှာ ခိုက် တိုက်သောအခါ နှလုံးမနောတိုင်အောင် တစ်ပြိုင်နက် ထိုးဝင် ထင်ပေါ်လေ၏။

လျှာပေါ်မှာ ရောက်သော ရသာရုံတို့သည်လည်း ဇိဝှါအကြည်မှာ မနော တိုင်အောင် ထိုးဝင်ခိုက်တိုက်လေ၏။

တစ်ကိုယ်လုံးတွင် တစ်ခုခုသော ကိုယ်အစိတ်မှာ ခိုက်တိုက်ကြ သော ဖောဋ္ဌဗ္ဗာရုံတို့သည်လည်း ခဏချင်း နှလုံးတွင်းသို့ ပေါက်ကြလေ ကုန်၏။

လူကောင်သဏ္ဌာန်ရှိသော မှန်တုံးကြီးတစ်ခုရှိရာ၏၊ ထိုမှန်တုံး ကြီး၏အတွင်းမှာ ပုဏ္ဏကဘီလူးယူခဲ့သော ဝေပုလ္လကျောက်နှင့်တူသော အမျက် ကျောက်ကြီးတစ်ခု ရှိရာ၏၊ အရပ်ရှစ်မျက်နှာ၌ ရှိကြကုန်သော အိမ်ရာဝင်းခြံ သစ်ပင် တောတောင် နေ လ နက္ခတ် လူ နွား ကျွဲစသော ဝတ္ထုဒြဗ်တို့သည် ထိုမှန်တုံးတွင် အရိပ်ထင်ကြသောအခါ အမျက်ကျောက် ကြီးမှာလည်း တစ်ပြိုင်နက် တစ်ချက်တည်း ထင်ပေါ်ကြကုန်၏၊ မှန်တုံးမှာလည်း နေဝန်းသဏ္ဌာန်တစ်ခု မြင်ရ၏၊ အမျက်ကျောက်မှာ လည်း နေဝန်းသဏ္ဌာန်တစ်ခုမြင်ရ၏၊ ဤနည်းအတိုင်း သိလေ။

ဤကား စက္ခု သောတ ဃာန ဇိဝှါ ကာယဟူသော အကြည် ပေါက် ငါးပေါက်မှ ထိုးဝင်၍ ဟဒယဓာတ်အိမ်တွင်းရှိ မနောအကြည်မှာ အာရုံငါးပါး ထင်ရှားပေါ်ပုံ အစီအရင်တည်း။

ထိုအကြည်ပေါက် ငါးပါးနှင့်ကင်း၍ မနောအကြည်သက် သက်တွင် ထင်ကြပေါ်ကြသော အာရုံကား အလွန်များပြား၏၊ စိတ်ကူး စိတ်ကြံ သက်သက်နှင့် သိရထင်ရမြင်ရသော အာရုံစုသည် မနောသက် သက်တွင် ထင်ပေါ်သော အာရုံစုပေတည်း၊ ရှေ့အကြည် ငါးမျိုး၌ကား မျက်စိဥပစာ နားဥပစာစသော ဥပစာတွင် ထင်ရှားရှိသော အာရုံငါးပါး သည်သာ ထင်နိုင်သည်၊ မနောအကြည်မှာမူကား တစ်သက်လုံး မြင်ဘူး သမျှ တွေ့ဘူး ကြုံဘူးသမျှ ကြားဘူးသမျှ အကုန် ထင်နိုင်သည်၊ ထိုမနော အကြည်သည် သဗ္ဗညုမနောအကြည် ပစ္စေကဗုဒ္ဓ မနောအကြည် အဂ္ဂသာဝက မဟာသာဝက ပကတိသာဝကမနောအကြည် တိဟိတ် မနောအကြည် ဒွိဟိတ်မနောအကြည် အဟိတ်မနောအကြည် လူတို့၏ မနောအကြည် ဘုမ္မစိုးနတ်တို့၏ မနောအကြည် စာတုမဟာရာဇ် တာဝတိံသာ စသောအထက်အထက် နတ်ဗြဟ္မာတို့၏ မနောအကြည် ဟူ၍ သင့်ရုံကြည် အလွန်ကြည် အလွန်ထက်အလွန်ကြည် အဆင့်ဆင့် အနန္တများပြား၏။

သဗ္ဗညု မနောအကြည်ကြီးသည် အတုမရှိ အဖက်မရှိကြည်၏၊ စကြဝဠာအနန္တ ကမ္ဘာအနန္တ သတ္တဝါအနန္တ သင်္ခါရအနန္တ ဓမ္မအနန္တ ရှိသမျှတို့သည် သဗ္ဗညုမနောအကြည်တွင် အကုန်ပေါ်ကြရကုန်၏၊ သစ္စာလေးပါး တည်းဟူသော သဘော အာရုံတို့သည်ကား ပါရမီရှိသော တိဟိတ်မနော၌သာ ထင်ပေါ်ကုန်၏၊။ဤကား မနောဝိညာဏ်၏ သဘောကို ပြဆိုခန်းတည်း။

ဤတွင် ဝေဒနာသညာသင်္ခါရဝိညာဏ် ဟူသော နာမ်ခန္ဓာလေးပါးတို့၏ ပထမ ကောသလ္လ

ဌာနကို ပြဆိုသောအခန်း ပြီး၏။

------------------

နာမက္ခန္ဓာလေးပါးတို့၏ ဒုတိယ တတိယ ကောသလ္လဌာန

ယခုအခါ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ လေးပါးတို့ကို ပေါင်း၍ ဒုတိယကောသလ္လဌာနစသော နောက်ကောသလ္လ ခြောက်ဌာနတို့ကို အကျဉ်းမျှ ပြဆိုပေအံ့။

ရှေ့ခန္ဓာသုံးပါးမှာ ဖဿကို အကြောင်းပြု၍ သမုဒယ နိရောဓကို ဟောတော်မူ၏၊ ဝိညာဏက္ခန္ဓာမှာ နာမ်ရုပ် နှစ်ပါးကို အကြောင်းပြု၍ သမုဒယ နိရောဓကိုဟောတော်မူ၏။

ထူးပုံကိုပြဆိုဦးအံ့--

ဝိညာဏက္ခန္ဓာကို နောက်ဆုံးထား၍ ဟောတော်မူငြားသော်လည်း -

မနောပုဗ္ဗင်္ဂမာ ဓမ္မာမနောသေဋ္ဌာ မနောမယာ ဟူ၍လည်းကောင်း၊

- ဆဒွါရာ ဓိပတိရာဇာ

ဟူ၍လည်းကောင်း၊

ဟောတော်မူသောကြောင့် အကြည်ဒွါရ ခြောက်ဌာန၌ ဖြစ်ကြ ကုန်သော နာမ်တရားတို့မှာ ဝိညာဏက္ခန္ဓာသည် ရှေ့ဆောင်ဦးစီး အကြီး အမှူးပေတည်း၊ ဝေဒနာ သညာ သင်္ခါရတို့၏ ကိုးကွယ်ရာ ဓာတ်မင်း ပေတည်း။

- အကြည်ဒွါရ ခြောက်ဌာန၌ ဆိုက်ရောက် ထင်ပြလာသော အာရုံ ခြောက်ပါးကို အရယူမှုကား ဝိညာဏ်၏ ကိစ္စပေတည်း။

- ဝိညာဏ်ယူ၍ ရသောအခါမှ ဖဿက ကြိတ်နယ် ညှပ်ညစ် အရည်စစ်၍ ဣဋ္ဌရသ အနိဋ္ဌရသ ပေါ်သောအခါမှ ဝေဒနာက သုံး ဆောင်ခံစား၏။

- သညာက ကောင်း,မကောင်းကို မှတ်၏။

- အမှတ်သညာနှင့် သိရှိပြီးသောအခါမှ ထိုထိုအာရုံဝတ္ထု အမှု ခပ်သိမ်းတို့၏အကျိုးငှါ ကိုယ်အင်္ဂါတို့ကို အတွင်လှုံ့ဆော်မှု နှုတ်အင်္ဂါတို့ကို အတွင် လှုံ့ဆော်မှု စိတ်အင်္ဂါတို့ကို အတွင်လှုံ့ဆော်မှုဟုဆိုအပ်သော စေတနာစသော သင်္ခါရဓာတ်တို့၏ ကိစ္စသည် ဖြစ်၏။

ထို့ကြောင့်-

- ဖဿသည် ဝေဒနာ သညာ သင်္ခါရတို့၏သာ အချုပ်အချာ ဖြစ်၏ ဝိညာဏ်၏ အချုပ်အချာ မဖြစ်။

- ဝိညာဏ်သည်ကား--အားလုံး၏ အချုပ်အချာ ဖြစ်၏၊ သို့သော် လည်း ဝိညာဏ်သည် ဝေဒနာ,သညာ,သင်္ခါရတို့နှင့်ကင်း၍ ဖြစ်နေနိုင်သည် မဟုတ်။

ထို့ကြောင့် ဝိညာဏ်၏ ဖြစ်မှု ချုပ်မှုမှာ နာမ်ကို အချုပ်အချာထား၍ ဟောတော်မူပြန်သတည်း။

မီးတောက်နှင့် ဝိညာဏ်တူ၏၊ ထိုမီးတောက်မှ တခန်းလုံးပြည့် ထွက်သော မီးရောင်နှင့် ဝေဒနာ သညာ သင်္ခါရ သုံးပါးတူ၏၊ မီးတောက် သေပျောက်လျှင် ထိုမီးရောင်တို့သည် တစ်ပြိုင်နက် သေပျောက် ချုပ်ကွယ်ကုန်၏၊ မီးတောက်လျှင် တစ်ပြိုင်နက် ဖြစ်ပေါ်ကြကုန်၏။

ထိုကဲ့သို့ ဝိညာဏ်သမုဒယ နိရောဓကိုမြင်လျှင် ထိုခန္ဓာ သုံးပါးတို့၏ သမုဒယ နိရောဓကိုလည်း မြင်နိုင်တော့သည်ဖြစ်၍ ဝိညာဏ် ကို ပဓာနပြု၍ သမုဒယ၊ နိရောဓစသည်ကို ပြဆိုပေအံ့သတည်း။

ဘဝင်မနော၏ သမုဒယ-နိရောဓ

ညဉ့်အခါ အိပ်ပျော်၍နေစဉ် နှလုံးအိမ်၌သာ အလွန်နုန့်လှ စွာသော ဘဝင်ခေါ်သော မနောအကြည် စိတ်တစ်မျိုးတည်းသာရှိ၏၊ စက္ခု သောတ ဃာန ဇိဝှါ ကာယ ငါးဒွါရတို့၌ စိတ်ဟူ၍မရှိ၊ ဘဝင်ခေါ် သော မနောအကြည်စိတ်မည်သည် အသေတစ်ပိုင်းဖြစ်၍နေ၏၊ ကိုယ်အင်္ဂါ နှုတ်အင်္ဂါ စိတ်အင်္ဂါတို့ကို့ လှုပ်ရှားစေတတ်သော စိတ်မျိုး မဟုတ်၊ ယခုပစ္စုပ္ပန် ဘဝ၌ရှိသော အာရုံဝတ္ထုတို့ကို အာရုံပြုနိုင်ယူနိုင် သော စိတ်မျိုးမဟုတ်၊ ရူပက္ခန္ဓာ၌ ထုတ်ပြခဲ့သော ရုပ်တစ်ဆဲ့ရှစ်ခုတွင် ဟဒယဝတ္ထုရုပ်မှ ဖြစ်ပွား၍ ရွှံ့အိုင်စမ်းပွက်မှ တပွက်ပွက်ထွက်၍ နေသော စမ်းရေကဲ့သို့ တတွေတွေ ဖြစ်၍နေ၏။

ထိုဟဒယဝတ္ထုရုပ်လည်း မဟာဘုတ်၏ အကိုင်းအခက်မျှသာ ဖြစ်၏၊ ရူပက္ခန္ဓာအာဟာရဓာတ်ဆီ ဩဇာတက်ပွားမှု ဆုတ်ယုတ် လျော့ပါးကုန်ခန်းမှုကို အချုပ်အခြာပြု၍ မဟာဘုတ် ရုပ်ကြီးတို့၏ တစ်ခဏမစဲ တိုးချည် ဆုတ်ချည် ပြောင်းလဲ၍ နေသည့်အတိုင်း ထိုဟဒယရုပ်လည်း တစ်ခဏမစဲ အသစ်အဟောင်း ပြောင်းလဲရ၏၊ ထိုဟဒယဝတ္ထုမှ ပေါက်ပွား၍နေသော ဘဝင်မနောလည်း သူ့ဟဒယ ဝတ္ထုနှင့်သူ ချုပ်ရာကွယ်ရာမစဲ ပါလေ၏။

ဥပမာကား...တိမ်တိုက်အပြင်မှာဖြစ်ပေါ်သော သက်တန့်ရေး သည် ရှိ၏၊ တောင်အစွန်အဖျားမှစ၍ လေဝှေ့သဖြင့် တိမ်တိုက်ပျောက် ကွယ်၍ သွားရာ သူ့တိမ်ခဲနှင့်သူ့သက်တန့် ပျောက်ကွယ်ရာသို့ပါလေ၏ ဤအတူတည်း။

(တစ်နည်း) တန်ခိုးကြီးသောနတ်တစ်ယောက်သည် မိမိ တန်ခိုးဖြင့် အလွန်ထက်လှစွာသော ယမ်းမှုန့်ကို တစ်ခုသောနေရာ မှတန်း၍ အတွင်ဖန်ဆင်း၍ပြေး၏၊ မီးသည်အစမှစ၍အတွင်လောင်၍ အမှီလိုက်၏၊ အစမှစ၍ သူ့ယမ်းမှုန့်နှင့် သူ့မီးတောက် ကုန်ပျောက်ကွယ် ဆုံးလေ၏၊။(နာရီစဉ်ကို ခရီးပြု၍ရှုလေ။)

တစ်နာရီခန့်ကာလ ခရီးသို့ရောက်လျှင် ဝတ္ထုရုပ်ပေါင်း အကုဋေ မက ချုပ်ဆုံးလေ၏၊ သူ့ဝတ္ထုရုပ်နှင့်သူ့ဘဝင် အစဉ်အတိုင်း ကွယ်ပျောက် ချုပ်ဆုံး ရာပါလေ၏၊ အသစ်အသစ်ဖန်ဆင်း၍ သွားသောယမ်းမှုန့်မှာ အသစ် အသစ် ဖြစ်ပွား၍လိုက်သော မီးတောက်ငယ်ကဲ့သို့ အသစ်အသစ် အစဉ်ဖြစ်ပေါ်၍နေသော ဝတ္ထုရုပ်ပေါ်မှ ဘဝင်စိတ် အသစ်အသစ် အစဉ်မပြတ် ဖြစ်ပွား၍ နေသည်ကို ဝိညာဏသမုဒယဆိုသည်၊ အစမှစ၍ အစဉ်အတိုင်း ယမ်းမှုန့် ကွယ်ပျောက် ကုန်ဆုံးရာ အစဉ်အတိုင်း ချုပ်ကွယ် ပျောက်ဆုံး၍ သွားသကဲ့သို့ အစဉ်အတိုင်း သူ့ဝတ္ထုရုပ်နှင့် သူ့ဘဝင်စိတ် ကွယ်ဆုံး၍သွားသည်ကို ဝိညာဏ နိရောဓ ဆိုသည်။

ဘဝင် ဝိညာဏ်ဖြစ်ပွါးမှု ချုပ်ကွယ်မှုမှာ ရုပ်နှင့်ကပ်၍ရှုမှ ဒိဋ္ဌသက်သေ ရနိုင်မည်၊ ဝိညာဏ်သက်သက်နှင့် ဒိဋ္ဌသက်သေမရ၊ ဒိဋ္ဌသက်သေ မရှိမူ၍ ကျမ်းဂန်ဆိုနှင့် ရမ်း၍မှန်း၍ ရှုမှု ကြည့်မှုမျိုးကား ဉာဏသမ္ပယုတ်မျိုးမဟုတ်။ ဝိပဿနာမဖြစ်။

ဘဝင်မနောဟု ဆိုအပ်သော ဝိညာဏ်

သမုဒယ နိရောဓကို ပြဆိုခန်း ပြီး၏။

---------------

ပဉ္စဝိညာဏ်၏ ဒုတိယ တတိယ ကောသလ္လဌာန

ပဉ္စဝိညာဏဒုတိယ တတိယ ကောသလ္လဌာနကို ပြဆိုပေအံ့။

၁။ စက္ခုအကြည်မနောအကြည်
၂။ သောတအကြည်မနောအကြည်
၃။ ဃာနအကြည်မနောအကြည်
၄။ ဇိဝှါ အကြည်မနောအကြည်
၅။ ကာယအကြည်မနောအကြည်
၆။ သက်သက်သော မနောအကြည်ကြီး ခြောက်လမ်းခွဲ၍ ဝီထိစိတ် တို့ကိုပြဆိုအံ့။

လကိုကြည့်သောအခါ လဝန်းသဏ္ဌာန်သည် စက္ခုအကြည်မှာ တစ်ခု နှလုံးအိမ်တွင်းရှိ မနောအကြည်မှာတစ်ခု တစ်ပြိုင်နက်ပေါ်၏၊ ကျောက်နှင့်မီးခတ် တိုက်ခိုက်ကြသောအခါ မီးပွင့်ငယ်ပွင့်သကဲ့သို့ စက္ခုအကြည်မှာ လဝန်းသဏ္ဌာန် မိုးကြိုးမှန်သကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက် ထင်ပေါ်သောအခါ စက္ခုအကြည်မှာ စက္ခုဝိညာဏဓာတ်တစ်ခု ဖွားခနဲဖြစ်ပေါ်၏ နှလုံးအိမ်တွင်းရှိ မနောအကြည်မှာ လဝန်းသဏ္ဌာန် မိုးကြိုးမှန်သကဲ့သို့ ပြင်းထန်စွာထင်ပေါ်၏၊ တိမ်တိုက် ချင်းခတ် ကြ၍ လျှပ်တဝင်းဝင်းပြက်သကဲ့သို့ နှလုံးအိမ်တွင်းမှာ ဝင်းဝင်းတောက်သော မနောဓာတ် မနောဝိညာဏဓာတ်တို့သည် တဖွားဖွားဖြစ်ပေါ်ကုန်၏၊ အလွန် မှေးမှိန်လှစွာသော ဘဝင်ခေါ်သော ပကတိမနောအကြည် ချုပ် ပျက် ရုပ်သိမ်း ကွယ်ပျောက်ရလေ၏။

စက္ခုအကြည်မှာဖြစ်ပေါ်သောဝိညာဏဓာတ်နှင့် နှလုံးအိမ်တွင်းမှာ တဝင်းဝင်း တရှိန်ရှိန်ဖြစ်ပေါ်သော ဝိညာဏဓာတ်တို့သည် လဝန်း သဏ္ဌာန်ကို မျက်မှောက်ထင်ထင် မြင်မှု ကြည့်မှုကို ပြီးစေကြကုန်၏၊ မျက်နှာမလွှဲသမျှ ကာလပတ်လုံး တလက်လက် တလင်းလင်း တဝင်းဝင်း တရှိန်ရှိန် ဖြစ်ပွါး၍ နေကြကုန်၏၊ မျက်နှာလွှဲလိုက်လျှင် လွှဲလိုက်သည်နှင့် တစ်ပြိုင်နက် ထိုဝိညာဏဓာတ်တို့သည် ပျောက်ကွယ်ချုပ်ဆုံး၍ ကုန် ကုန်၏။

လျှပ်ရောင်တရှိန်ရှိန်ထသကဲ့သို့ ဝိညာဏဓာတ်စု တရှိန်ရှိန်ထ၍ နေသောအခါ အန္ဓပုထုဇန်တို့မှာ လကိုငါကြည့်သည် ငါရှုသည်ငါမြင် သည်ဟု မှောက်မှားကြရ၏၊ သက္ကာယဒိဋ္ဌိဖြင့် ဝိညာဏဓာတ်ကို ငါဟု စွဲလမ်းမှုတည်း၊ လျှပ်ရောင်ချုပ်ကွယ်ပြန်လျှင် မှောင်အတိဖြစ်၍ သွားပြန် သကဲ့သို့ လနှင့်မျက်နှာ ကွယ်ပြန်လျှင် ဝိညာဏဓာတ်တို့သည် အကုန်ကွယ် ပျောက် ချုပ်ဆုံးကြကုန်၏၊ မမြင်မှုဆိုက်ပြန်၏၊ ထိုအခါ အန္ဓပုထုဇန်တို့မှာ ငါမမြင်ပြန်ဖူးဟု သက္ကာယဒိဋ္ဌိဖြစ်ပြန်၏၊ မြင်သောအမှုသည် အကယ်၍ ငါမှန်ခဲ့အံ့၊ မမြင်သောအခါ ထိုငါသေဆုံးပြန်ပြီဟု ဆိုရလိမ့်မည်။

(အန္ဓပုထုဇန်တို့ အမှုမဟုတ်ပုံ)

သမ္မာဒိဋ္ဌိဝိဇ္ဇာဉာဏ်ပေါက်ကြပေကုန်သော ကလျာဏပုထုဇန် အရိယာအရှင်တို့မှာ မြင်တတ်သောပုဂ္ဂိုလ်ဟူ၍ သတ္တဝါဟူ၍ ငါဟူ၍ သူဟူ၍ မရှိပြီ၊ လဝန်းနှင့်တိုက်ဆိုင်၍ နေသောအခါ လဝန်းလျှင် အာရုံရှိသော ဝိညာဏဓာတ် အာဂန္တုတို့သည် ဤခန္ဓာအတွင်းမှာ တလင်း လင်း တရှိန်ရှိန် ထ၍နေကုန်၏၊ တိမ်တိုက်တွင်းမှာ လျှပ်အာဂန္တု တဝင်း ဝင်းထသကဲ့သို့တည်း၊ မျက်နှာလွှဲပြန်လျှင် ထိုဝိညာဏဓာတ် အာဂန္တု တို့သည် တိမ်တိုက်အတွင်းမှာ လျှပ်အာဂန္တု ကွယ်ပျောက်ပြန်သကဲ့သို့ ကွယ်ပျောက်ချုပ်ဆုံး၍ကုန်ပြန်၏၊ ဤသို့မြင်ကြကုန်၏။

ဥပမာ၌--တိမ်တိုက်သည်လျှပ်မဟုတ်၊ လျှပ်သည်တိမ်တိုက် မဟုတ်၊ လျှပ်တခြား၌ တိမ်တိုက်တခြား၊ တိမ်တိုက်ချင်း တိုက်ခတ်မှု ကြောင့် လျှပ်အာဂန္တု ဖြစ်ပေါ်သည် ဖြစ်ပေါ်သမျှ လျှပ်ရောင်စုသည် တိမ်တိုက်သို့ပြန်၍ ဝင်တော့သည် မဟုတ်၊ တစ်ခြားတစ်ပါးသို့သွားတော့ သည် မဟုတ်၊ အပြီး ကွယ်ပျောက်ချုပ်ဆုံးလေကုန်၏။

ဝိညာဏ ဓာတ်တို့မှာလည်း ဤနည်းအတူ မြင်အောင်ရှု။

သည်ကိုရည်၍ ဝိသုဒ္ဓိမဂ်၌....

ဝိဇ္ဇုပ္ပါဒေါဝ အာကာသေဥပ္ပဇ္ဇန္တိ ဝယန္တိစ

ဟုမိန့်ဆိုပေသည်။

အာကာသေ=ကောင်းကင်၌၊ ဝိဇ္ဇုပ္ပါဒေါဝ=လျှပ်၏ဖြစ်ပုံ အလား ကဲ့သို့၊ ဓမ္မာ=နာမ်ရုပ်တရားတို့သည်၊ ဥပ္ပဇ္ဇန္တိစ=ဖြစ်ပေါ်ခွင့် ဆိုက်တိုက် လျှင်လည်း တရှိန် ရှိန်ဖြစ်ပေါ်ကုန်၏၊ ဝယန္တိစ=လျှပ်ရောင်ကွယ်ပျောက် သကဲ့သို့ ခဏမစဲ ကွယ်လည်း ကွယ်ပျောက်ကြကုန်၏။

မျက်စိဖြင့် မြင်မြင်သမျှမှာ ဤနည်းချည်းမှတ်လေ။

မျက်တောင်ခတ်သည့်အတွက် မှောင်၍မှောင်၍ သွားသည်မှာ လည်း ထိုဝိညာဏဓာတ်တို့ ကွယ်ပျောက်မှုပင်တည်း၊ မြင်မှု အမြင်ပျောက် ကွယ်မှု နှစ်ပါးသည် ကိုယ်တွေ့မျက်မြင်မှုချည်းတည်း၊ တိမ်တိုက်တစ်ခြား လျှပ်ရောင် တစ်ခြား လျှပ်ရောင်ထမှု လျှပ်ရောင်ချုပ်ပျောက်မှုတို့နှင့် ထပ်တူထပ်မျှ ထင်နိုင်အောင်ကြည့်လေ၊ နေ့လယ်အရောင် အလင်းရှိ သောအခါ၌ကား မျက်နှာလှည့်ရာ အရပ်တိုင်းမှာ အဆင်းသဏ္ဌာန် ဝတ္ထုဒြဗ်ရှိသည်ချည်းဖြစ်၍ မျက်နှာလှည့်ရာတိုင်းမှာ မပြတ်မစဲ အမြဲ တိုက်ခိုက်မှု ရှိနေသည်နှင့် တမြင်ထဲ မြင်၍နေသည်ဟု ထင်ရ၏၊ ဝတ္ထု တစ်ခုကိုပြောင်းလျှင် တစ်ခု၌မြင်မှုကွယ်ပျောက်သည်ကား ထင်ရှားပါ၏။

စက္ခုဒွါရဆိုင်ရာ ဝိညာဏဓာတ်တို့၏ သမုဒယ နိရောဓ အခြင်းအရာကို ပြဆိုသော အခန်းပြီး၏။

သောတ ဒွါရဆိုင်ရာ, ဃာနဒွါရဆိုင်ရာ, ဇိဝှါဒွါရဆိုင်ရာ, ကာယ ဒွါရဆိုင်ရာ ဝိညာဏ်တို့မှာလည်း စက္ခုဒွါရအတိုင်းသိလေ။ နားမှာ သဒ္ဒါရုံဟူသော အသံကြီးအသံငယ် တဟုန်းဟုန်းတညံညံ တစာစာ တစီစီ တိုက်ခိုက်ထင်ပေါ်၍နေသမျှ ကာလပတ်လုံး လျှပ်ရောင် ကဲ့သို့ သောတအကြည် နှလုံးအိမ်တွင်းတို့မှာ သောတဆိုင်ရာ ဝိညာဏ် အစု အာဂန္တုစိတ်ဓာတ်တို့ တဝင်းဝင်း တရှိန်ရှိန်ထ၍နေကုန်သည် အသံတိတ်စဲ၍ သွားပြန်လျှင် လျှပ်ရောင် ကွယ်ပျောက်သကဲ့သို့ ဝိညာဏ အစု အာဂန္တုစိတ်တွေ အကုန်လုံး ကွယ်ပျောက် ချုပ်သေ၍ နေကုန်သည်၊ ဤသို့ စသည်ဖြင့် ဆိုလေ။

အိပ်ပျော်ဆဲ အခါမှတစ်ပါး တစ်နေ့လုံး တစ်ညလုံး အကြည်ဒွါရ ငါးဌာနတို့မှာ အာရုံထိခိုက်မှု ပြတ်စဲသည်ဟူ၍ မရှိလှပြီ၊ ငါးဒွါရဆိုင်ရာ တစ်ပြိုင်နက် ဝိညာဏဓာတ်တို့ ပေါ်နိုင်ကြသည်ကား မဟုတ်၊ အာရုံ အားကြီးရာ အလှည့် အလှည့်အားဖြင့်သာ ပေါ်ကြကုန်သည်၊ မချုပ် မကွယ်ဘဲ မျက်တောင်တစ်ခတ် ကြာမြင့်အောင်တည်နေသော ခဏဟူ၍ လည်း မရှိ၊ အချက်ထား၍ စဉ်းစားတတ်လျှင် ထင်ရှားပါ၏။

ပဉ္စဒွါရဆိုင်ရာ ဝိညာဏဓာတ်ခန်း ပြီး၏။

-----------------

မနောဝိညာဏဓာတ်၏ ဒုတိယ,တတိယ ကောသလ္လဌာန

သက်သက်သော မနောဒွါရဆိုင်ရာ ဝိညာဏအစု အာဂန္တု ဓာတ်တို့၏ ဖြစ်မှုအခြင်းအရာသည်ကား-ကျယ်ဝန်းလှ၏၊ ကြံသာရုံမျှသာ ပြဆိုပေအံ့။ အထက်၌ ပြဆိုခဲ့ပြီးသော ပဉ္စဒွါရငါးဌာနဆိုင်ရာ ဝိညာဏဓာတ်တို့သည်ကား တိမ်တိုက်မှ ထွက်ပေါ်သော လျှပ်ရောင်တို့သည် တစ်စုံတစ်ခုသော ဝတ္ထုကို လှုပ်ရှားအောင် မတတ်နိုင်ကုန်။ တိမ်တိုက်အပြင်၊ တောအပြင်၊ တောင်အပြင်၊ မြေအပြင်၊ ရေအပြင်တို့ကို တဒင်္ဂတစ်ခဏ ထွန်းလင်းရုံမျှကိုသာ တတ်နိုင်ကုန်သကဲ့သို့ ဗဟိဒ္ဓအာရုံငါးခု ဝတ္ထုဒြဗ်တို့ကို မြင်ရအောင်၊ ကြားရအောင်၊ နံရအောင်၊ လျက်ရအောင်၊ နူးညံ့သည်၊ ကြမ်းတမ်းသည်၊ ချမ်းအေးသည်၊ ပူနွေးသည်၊ တောင့်တင်းသည်၊ လှုပ်ရှားသည်ဟူ၍ သိရအောင်မျှသာ ဖြစ်ကြကုန်သည်။ တစ်ခုတစ်ခုသော ကိုယ်အင်္ဂါ၊ နှုတ်အင်္ဂါ၊ ရုန့်ရင်းသော စိတ်အင်္ဂါများကို လှုပ်ရှားအောင် ပြုနိုင်သော ဝိညာဏဓာတ်စု မဟုတ်ကြကုန်။ သက်သက်သော မနောဒွါရမှာဖြစ်သော ဝိညာဏဓာတ်တို့သည်မူကား လေပြင်းမုန်တိုင်း၏ အဟုန်၊ မိုးကြိုး၏အဟုန်ကဲ့သို့ ကိုယ်အင်္ဂါတို့ကိုလည်း ခဏချင်း လှုပ်ရှားထကြွ ခုန်လွှား ပြေးသွားရအောင် လှုံ့ဆော်မှု ဟုတ်နိုင်ကုန်သည်။ နှုတ်အင်္ဂါကိုလည်း ခဏချင်း မြွက်ဆို အော်ငြာ ဟစ်ကြွေးရအောင် လှုံ့ဆော်နိုင်ကုန်သည်။ စိတ်အင်္ဂါတို့ကို အရာအထောင် အသိန်းအသန်းသော အာရုံဝတ္ထုတို့၌ ခဏချင်း နှံ့ပြားအောင် ကြံမှုစည်မှုနှင့် လှုံ့ဆော်နိုင်ကုန်သည်။

ဤအရာ၌ ကြေးနန်းဥပမာ၊ မီးရထားဥပမာ၊ မီးသင်္ဘောဥပမာ၊ မီးစက်ရုံကြီးဥပမာများကို ကောင်းစွာသိထိုက်သည်။ ရင်တွင်းမှာ ရှိကြသော ဟဒယနှလုံးအိမ်မည်သည်ကား အထောင်မကသော သွေးကြောအစု သွေးကြောအဆုံကြီး ပေတည်း။ တစ်ကိုယ်လုံး၏ ဆိုင်ရာဓာတ်အိုးကြီးပေတည်း။

ကြေးနန်းရုံကြီးမှ ကြေးနန်းဓာတ်အိုးနှင့်တူ၏။ ထိုဟဒယဓာတ်အိုးမှ တစ်ကိုယ်လုံးဖြန့်ဖြူးရန် ကူးယှက်ဖြာမွှာ၍ ထွက်သော အလွန်သိမ်မွေ့လှသော သွေးကြောငယ်တို့သည် ကြေးနန်းရုံကြီးမှ တစ်နိုင်ငံလုံး ဖြန့်ဖြူးခြင်းငှါ ဖြာမြွာ၍ တန်းထားသော ကြေးနန်းကြိုးတို့နှင့် တူကုန်၏။ ဟဒယဝတ္ထုရုပ်တို့မှာ ထိုထို ကိုယ်အင်္ဂါကို လှုပ်ရှားလိုသော ဇောစိတ်အကြံဖြစ်ခဲ့လျှင် ခြေဖျားလက်ဖျား ခဏချင်းလှုပ်ရှားနိုင်သည်၊ ခြေဖျားလက်ဖျားမှာ ထိပါးတိုက်ခိုက်ရှိခဲ့လျှင် ဟဒယဓာတ်အိမ်မှ ခဏချင်းသိနိုင်သည်၊ တစ်ဆက်တည်း တစ်နွယ်တည်း တစ်သားတည်းဖြစ်၍ နေသော ကြေးနန်းကြိုးမှာ ဘယ်မျှပင် ခရီးကွာဝေးသော်လည်း ခဏချင်း ဓာတ်လေပေါက်ရောက်နိုင်သကဲ့သို့တည်း။ လူကောင်တစ်ကိုယ်လုံးသည် တစ်ခုသော သံကြိုးကြေးနန်းကြိုးကြီးနှင့် တူ၏။

(ဤကား--ကြေးနန်း ဥပမာတည်း)

မျက်မြင်ကို ထောက်ထား၍ ဓာတ်သွားကို သိရမည်။ ဓာတ်သွားကိုမမြင်ဘဲ မျက်မြင်က ပိုလွန်၍နေသမျှ သက္ကာယဒိဋ္ဌိတို့ချည်း။ ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါရှိ၏၊ ငါရှိ၏၊ သူရှိ၏၊ ပုဂ္ဂိုလ်၏ ဗျာပါရရှိ၏၊ ပယောဂရှိ၏ဟူသော ဒိဋ္ဌိအယူကို ပယ်ဖျောက်၍ ပုဂ္ဂိုလ်ဟူ၍မရှိ၊ ပုဂ္ဂိုလ်၏ ဗျာပါရ ပယောဂဟူ၍မရှိ၊ ငါဟူ၍မရှိ၊ ငါ၏ဗျာပါရ ပယောဂဟူ၍မရှိ၊ ရုပ်ဓာတ်နာမ်ဓာတ်အစုသာဖြစ်၏ဟု စိတ်သန္နိဋ္ဌာန်ချ၍ လှုပ်လှုပ်ရွရွ ပြုသမျှ မြင်သမျှ အမူအရာကြီးငယ်တို့ကို ဓာတ်နှင့်ချည်း ပြီးစီးအောင် ကြည့်မြင်ရလိမ့်မည်။ ဓာတ်တို့၏ အံ့ဘွယ်သရဲ တန်ခိုးအစွမ်း ဆန်းကြယ်ပုံကို သိရမည်။

ဤကိုယ်ခန္ဓာသည် မျက်မြင်အားဖြင့် အခဲအကျိတ်ကြီး ဖြစ်နေ၍ ရုပ်ပြောင်းရုပ်လဲမဖြစ်နိုင်မှာကဲ့သို့ ထင်နေရ၏။ အပြောင်းအလဲမရှိဟု ထင်မှုသည် နှစ်မျိုးရှိ၏။

၁။ ပြောင်းလဲချက် အလွန်လျင်မြန်လှသည့်အတွက်ကြောင့် မျက်မြင်မီအောင် မလိုက်နိုင်၍ မပြောင်းဖူး မလဲဖူး ဟုထင်နေရသော အရာတစ်မျိုး။

၂။ မပြောင်းမလဲ၍ပင် မပြောင်းမလဲဟု ထင်နေရသော အရာတစ်မျိုး။

ကောင်းကင်ကို မပြောင်းမလဲဟု ထင်နေသည်ကား တကယ်ပင် မပြောင်းမလဲ၍ ထင်မှုပင်တည်း။ ရုပ်ဓာတ် နာမ်ဓာတ်တို့၌ကား မျက်တောင်တစ်ခတ်ခန့် ကာလအတွင်းမှာ အဟောင်းအသစ် ပြောင်းလဲမှု အပြန်အလှန်ပေါင်း ကုဋေတစ်သိန်းမက ပြောင်းလဲပြန်လှန်နိုင်သည်ဟု အဋ္ဌကထာတို့၌ဆိုသည်။ လူတို့မျက်မြင်မှာ မျက်တောင်တစ်ခတ်ဆိုလျှင်ပင် မြန်လှပြီ။

ထို့ကြောင့် ဤကိုယ်ခန္ဓာသည် မျက်တောင်တစ်ခတ်အတွင်းမှာ အကြိမ်များစွာ တစ်ကိုယ်လုံး အကျွတ်အကျွတ် ပြောင်းလဲ၍နေသည် ဧကန်မှန်၏။ ပြောင်းလဲမှု အလွန်တရာ မြန်လှသည့်အတွက်ကြောင့် မျက်မြင်လိုက်နိုင်၍ သန္တတိပညတ်လှည့်စားတိုင်း မပြောင်းမလဲ အမြဲအခိုင်ကြီးဟု ထင်နေကြရသည် ဧကန်ဖြစ်သည်၊ သမ္မာသင်္ကပ္ပ ဝိတက်နှင့် အချက်ရှာကြံ၍ ဉာဏ်နှင့်ကြည့်တတ်ပါမူကား အပြောင်းအလဲ လျင်မြန်ကြောင်းကို ဉာဏ်မှီသမျှ သိသာလှ၏။

ဥပမာကား-- လူလောက်အရပ်သဏ္ဌာန်ရှိသော သံဖြူပုံးကြီးမှာ ရေအပြည့်ထည့်၍ မတ်မတ်တည်၍ထား၊ သံဖြူပုံးတစ်ခုလုံး၌ တည်ငြိမ်၍နေသော ရေတုံးရေခဲကြီးကို အတွင်းအပြင်အကုန်မြင်အောင် ကြည့်၍နေ၊ ထိုအခါ တစ်ယောက်သောသူသည် ဒန်ပူတစ်ပြားခန့် မိမိသို့ရှေ့ရှု သံဖြူပုံ့ကြီးကို စောင်ငဲ့လိုက်သည်ဖြစ်ခဲ့အံ့။ ကြည့်၍နေသော ရေတုံးရေခဲကြီး ခဏချင်းအနေပျက်၍ သွား၏။ ထိုသူရှိရာသို့ ကိုင်းရှိုင်းသော အခဲကြီးဖြစ်ပြန်၏။ တစ်ဖန် ပြင်ဖက်သို့ တွန်းပြန်အံ့။ မိမိသို့ ကိုင်းရှိုင်းသော အခဲကြီးသည် ခဏချင်းအနေပျက်ပြန်၏။ ပြင်ဖက်သို့ ကိုင်းရှိုင်းသော အခဲကြီးဖြစ်ပြန်၏။ မစောင့်မငဲ့စေပဲ အတန်ငယ် အတန်ကြီး တီးလိုက်နှက်လိုက် လှုပ်ရှားလိုက်လျှင်ပင် တစ်ခဲလုံး တစ်တုံးလုံး အနေပျက်၍သွား၏။

[ဤခန္ဓာတစ်ကိုယ်လုံး ရုပ်ဓာတ် နာမ်ဓာတ် ပြောင်းမှု လဲမှုမှာလည်း ဤနည်းဥပမာနှင့် တူလှ၏။]

ရုပ်ဓာတ် နာမ်ဓာတ်တို့မည်သည် အမူအရာကြိယာ သက်သက်မျှသာ ဖြစ်ကြကုန်၏။ အသားအမျှင် အစေ့အဆန် အကျိတ်အခဲဟူ၍ အဏုမြူမျှ မရှိကြကုန်။ ထို့ကြောင့် ထိုရေတုံးရေခဲကြီး ပျက်ပြိုပြောင်းလဲမှုနှင့်တူစွာပင် ပျက်ချုပ်ပြောင်းလဲနိုင်သတည်း။

[ဤကား အသစ်အဟောင်း ပြောင်းလဲချက် လျင်မြန်ပုံကို ပြဆိုသော အခန်းတည်း။]

ယခုအခါ လှုပ်ရှားချက်လျင်မြန်ပုံကို ပြဆိုအံ့။ အိပ်နေရာမှ ထိုင်မည်ဟု စေတနာသင်္ခါရ လှုံ့ဆော်လိုက်လျှင် တစ်ကိုယ်လုံးရှိ အကြောကြီးအကြောငယ်တို့မှာ အင်္ဂမင်္ဂါနုသာရီခေါ်သော စိတ္တဇဓာတ်လေတို့သည် ခဏချင်း ပြည့်ကုန်၏။ အိပ်နေသောအခါ အကြောကြီးအကြောငယ်ဖြစ်၍နေသော ရုပ်ဟောင်းဓာတ်ဟောင်းတို့သည် ခဏချင်းချုပ်ပျောက်၍ ကုန်၏။ အကြောကြီးအကြောငယ်ဖြစ်၍ နေသော ရုပ်ဟောင်းရုပ်သစ် ခဏချင်း လဲပြောင်းမှုကို မြင်အောင်ကြည့် မြန်လှသည့်အတွက်ကြောင့် မျက်မြင်နှင့် မှန်းရမ်း၍မရ၊ ဉာဏ်အမြင်မှ လိုက်နိုင်တော့သည်၊ ဉာဏ်အမြင် လိုက်နိုင်မည်ဆိုသော်လည်း ဓာတ်မြန်မှုကို အစုတစ်ထောင်စု၍ တစ်စုမျှ မီသေးသည်မဟုတ်။ ပကတိလူတို့၏ စေတနာသင်္ခါရ၏အစွမ်းကား အင်္ဂမင်္ဂါနုသာရီခေါ်သော အကြောလျှောက် လေဓာတ်မျှကို ဖြစ်စေနိုင်သည်နှင့် ကောင်းကင်သို့ပျံတက်အောင် မတတ်နိုင်။

တန်ခိုးအဘိညာဏ် စေတနာသင်္ခါရသည်မူကား တစ်ကိုယ်လုံး လေဓာတ်ပြည့်အောင် တတ်စွမ်းနိုင်သည်ဖြစ်၍ ဤကိုယ်ခန္ဓာကို လဲဝါဂွမ်းခဲ၊ တိမ်လုံးတိမ်ခဲတို့ကဲ့သို့ ကောင်းကင်သို့ ပျံတက်လွှင့်သွားအောင် တတ်နိုင်သည်၊ တန်ခိုးအဘိညာဏ် မဟုတ်သော်လည်း ဥဗ္ဗေဂါပီတိနှင့် ယှဉ်သော စေတနာသင်္ခါရသည်လည်း ကောင်းကင်သို့ ပျံတက်အောင် တတ်နိုင်ပါ၏။

ဤခန္ဓာကိုယ်မှာ လေးသောဓာတ်ကား မြေဓာတ်၊ ရေဓာတ် ဤနှစ်ပါးသာတည်း။ တစ်ကိုယ်လုံးရှိသော မြေဓာတ်ရေဓာတ်စုသည် ချိန်ဝန်အားဖြင့် သုံးဆဲ့နှစ်ပိဿာ၊ သုံးဆဲ့ငါးပိဿာခန့်ရှိ၏။ အဘိညာဏ်ဇော ဥဗ္ဗေဂါဇော ဖြစ်ပေါ်လာခဲ့လျှင် ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် ခဏချင်း တစ်ကိုယ်လုံး လေဓာတ်ပေါ်၍ လာသောအခါ လေးလှစွာသော မြေဓာတ်ရေဓာတ်အကုန်လုံး ခဏချင်း ကိုယ်လုံးကျွတ် ပျောက်ကွယ်လေ၏။ လေဓာတ်သို့ အစဉ်လိုက်သော အလွန်ပေါ့သော မြေဓာတ်ရေဓာတ်အသစ် ပြောင်းလဲလေ၏။ ဤကိုယ်ခန္ဓာသည် ချိန်ဝန်တစ်ပဲ တစ်ရွေးမျှ အလေးမရှိပြီ။ မှိုင်းခိုးပြည့်သော လောကဓာတ်မီးအိမ်ပျံကဲ့သို့ နေလေ၏။ မျက်မြင်ကို ဥပမာပြုလိုက်သည်။

ထိုမီးအိမ်ကား အလွန်လေး၏။ မျက်မြင်ပျောက်အောင် မလျင်မြန်နိုင်။ အဘိညာဏ်ဇော ဥဗ္ဗေဂါဇောတို့အစွမ်းကား မျက်မြင်ပျောက်အောင် လျင်မြန်နိုင်သည်၊ ဤကား ဇောစွမ်း လေဓာတ်စွမ်းနှင့်တကွ ရုပ်ပြောင်းလဲမှု လျင်မြန်ချက်ကို ဉာဏ်စူး၍သွားဖို့ ပြဆိုလိုက်သော အချက်စုတည်း။

စိတ္တကြိယာဝါယောဓာတု ဝိပ္ဖါရေန အယံကာယော ဂစ္ဆတိ တိဋ္ဌတိ နိသီဒတိ။

စိတ္တကြိယာဝါယောဓာတုဝိပ္ဖါရေန=ဇောစိတ်သည် ပြုအပ်သော ဝါယောဓာတ်လေ ပျံ့နှံ့ခြင်းကြောင့်၊ အယံကာယော=ဤကိုယ်သည်၊ ဂစ္ဆတိ=သွား၏၊ တိဋ္ဌတိ=ရပ်၏၊ နိသီဒတိ=ထိုင်၏။

ဤပါဠိ၌ ဝိပ္ဖါရ ဆိုသည်ကား သေနတ်အမြောက်ပစ်သောအခါ အဟုန်နှင့်တကွ ထွက်လာသောလေ၏ ပျံ့နှံ့ခြင်းကဲ့သို့ ခဏချင်း အင်္ဂါကြီးငယ်တို့ကို လှုပ်ကြွအောင် အဟုန်နှင့်တကွ ပျံ့နှံ့လျှောက်သွားသောလေကို ဆိုသတည်း။ မီးသင်္ဘောတို့မှာ ဆိုက်၍ ညအိပ်နေရာမှ ခုတ်တော့မည်ရှိရာ စက်ကိရိယာအလုံးစုံတို့ကို ပြင်းထန်စွာ နှိုးလိုက်သော အခိုးလေဓာတ်နှင့်လည်းတူ၏။

---

ဇော၏ ဖြစ်ပျက်ပုံ

ယခုအခါ ဇောခေါ်သော ဝိညာဏ်၏ ဖြစ်ပွားပုံ ပျက်ဆုံးပုံကို ပြဆိုပေအံ့။

- မီးရထား၌ ခေါင်းတွဲ မီးအိုးဓာတ်အိုးနှင့် ဟဒယဓာတ်အိမ် တူ၏။

- မီးအိုး ဓာတ်အိုးမှ တဟုပ်ဟုပ် အတွင်မှုတ်သော ဓာတ်လေနှင့် ဇောဝိညာဏ်နှင့် တူ၏။

ထိုဓာတ်လေမှာ တစ်ချက်ခြင်းသာ မစဲဟုတ်သည် မှုတ်သည်။ ဇောဝိညာဏ်မှာ ခုနစ်ချက် ခုနစ်ချက်ဆင့်၍ မှုတ်သည်၊ ဇောဆိုသည်ကား အရှိန်အဝှန် လျင်မြန်ပြင်းထန်သော ဓာတ်ဆိုလိုသည်။ တစ်သုတ်တစ်သုတ် ဖြစ်ပေါ်၍ ခုနစ်ချက် ခုနစ်ချက်ဆင့်၍ မှုတ်သောအခါ တစ်ကိုယ်လုံးမှာ ရုပ်ဓာတ်တို့သည် ရေမြှုပ်ဗုံးကွဲရာ ရေအိုင်ငယ်၌ ဖြန်းဖြန်းပြို သွက်သွက်လည် ရပ်တည်မရဖြစ်၍သွားသော ရေအစုနှင့် တူလှ၏။ ရေမြှုပ်ဗုံးမှာ ပရမ်းပတာကွဲ၍ အိုင်တွင်းရှိရေ ပရမ်းပတာ လှုပ်ရှားသည်၊ ဝိညာဏဓာတ်မှုတ်မှုမှာ အလိုဆန္ဒချုပ်အုပ်လျက်ရှိသောကြောင့် တစ်ကိုယ်လုံးဖြန်းဖြန်းပြို ဖြစ်ပေါ်သော ရုပ်ဓာတ်တို့မှာလည်း ဝိညတ်ရုပ်ချုပ်အုပ်ပဲ့ပြင်မှုပါသောကြောင့် ထိုပုဂ္ဂိုလ်အလိုရှိရာသို့ တညီတညာရှေးရှူ၍ ထကြွလှုပ်ရှားကြရကုန်သည်။ မျက်တောင်တစ်ခတ်ခန့်မျှ ကာလအတွင်းမှာ အသုတ်ပေါင်း တစ်ထောင်မကမှုတ်လေ၏။ သွားခြင်းဣရိယာပုထ်တစ်ခုမှာ ဓာတ်လေအမျိုးမျိုး ဖြစ်ပေါ်၏။

- ကိုယ်နှင့်ဦးခေါင်းကို မကိုင်းမညွတ်စေရန် အကြောမတို့ကို စိုက်ထူချီပင့်ထမ်းဆောင်၍နေသော ဥဿာပနဓာတ် လေမျိုး၊ ထမ္ဘနဓာတ် လေမျိုး၊ သန္ဓာရဏဓာတ် လေမျိုး။

- ခြေအကြောကြီးတို့ကို ချီကြွသည်ပိုးသော ဥက္ခေပဓာတ် လေမျိုး၊ အဘိနီဟာရဏဓာတ် လေမျိုး၊ ဝီတိဟရဏဓာတ် လေမျိုး။

- ဆွဲငင်သော အာကဍ္ဎနဓာတ် လေမျိုး။

- ပစ်ချသော နိက္ခေပဓာတ် လေမျိုး။

- ဖိနင်းသော သန္နိရုမ္ဘနဓာတ် လေမျိုး။

- ခြေဖဝါးအပြင်မှ အလိုရှိရာပဲ့ပြင်သော ဥပ္ပီဠနဓာတ် လေမျိုး။

- လက်အင်္ဂါတို့ကို သယ်ပိုးသော သမိဉ္ဇနဓာတ် လေမျိုး၊ ပသာရဏဓာတ် လေမျိုး၊ အဘိက္ကမန ဓာတ်လေမျိုး၊ ပဋိက္ကမန ဓာတ်လေမျိုး။

- မျက်နှာကို လိုရာအရပ်သို့ ရှေးရှုသော အာလောကန ဓာတ်လေမျိုး၊ ဝိလောကနဓာတ် လေမျိုး။

အစရှိသည်ဖြင့် ခြေတစ်လှမ်း တစ်လှမ်းအတွင်းမှာပင် အရာမကသော ဓာတ်လေမျိုးတို့ကို ဖြစ်စေ၍ ကိုယ်ခန္ဓာကို ရွက်ဆောင်ပေ၏။ ထိုဇောဝိညာဏ်သည် ထိုထိုဓာတ်လေမျိုးတို့ကို ဇောအသီးအသီးနှင့် ဖြစ်စေသည် မျက်တောင်တစ်ခတ်ခန့် ကာလအတွင်း၌ပင် အသုတ်ပေါင်း အထောင်မက အလွန်လျင်မြန်လှသောကြောင့်သာ ကြိယာအမျိုးမျိုးမှာပင် မလစ်မလပ် စေ့စပ်နိုင်လေသည်။

ဇောဓာတ်အဟုန်ကြောင့် ဦးခေါင်းတစ်ခုလုံး၌ အောက်လေအုံလုံးကြွ၍ ထသောအခါ ပကတိရုပ်ဓာတ်ဟောင်း ဦးခေါင်းတစ်ခုလုံးသည် ချုပ်ပျက်ကွယ်ပျောက်လေ၏။

ဥပမာကား- ဦးခေါင်းပမာဏရှိသော ယမ်းခဲကြီးကို မီးထိ၍ တဟုန်တည်းတောက်ရာ၌ အေးမြသော တေဇောခဲကြီးသည် ခဏချင်းကွယ်ပျောက် ချုပ်ဆုံးလေ၏။ မီးအတိဖြစ်သော ပူလောင်သော တေဇောခဲကြီးဖြစ်၍ တည်လေ၏။ ရုပ်သစ်ပေါ်မှု ရုပ်ဟောင်းချုပ်မှုမည်သည်ကား ထိုယမ်းခဲမှာ မီးထိရာနေရာမှ စ၍ အစဉ်အတိုင်း ဥဏှတေဇော ဖြစ်ပေါ်ပွါးစီး၍ သွားရာအစဉ်အတိုင်း သီတတေဇောပျောက်ကွယ်ချုပ်ဆုံး၍ သွားလေ၏။ သီတတေဇောနှင့် သဟဇာတ်ဖြစ်သော မြေဓာတ်၊ ရေဓာတ်၊ လေဓာတ်၊ ဝဏ္ဏဓာတ်၊ ဂန္ဓဓာတ်၊ ရသဓာတ်၊ ဩဇဓာတ်တို့သည် သီတကွယ်ပျောက်ရာ အကုန်ပါကြလေကုန်၏။ မီးမထိမီ ရှိနေသော ဓာတ်စုသည် တစ်ခုမကျန် အကုန်ချုပ်ပျောက်လေ၏။ ပရမတ္ထအားဖြင့် မီးခဲအတိဖြစ်သောအခါ နဂိုအခဲကြီးမရှိပြီ။ ထိုရုပ်စုနေရာ၌ နောက်မှ ဖြစ်ပေါ်၍လာသော နောက်ဖြစ်အခဲသာ ရှိတော့သည်။

ဤဥပမာ၌ ယမ်းခဲကိုပြသည်မှာ အဖြစ်, အချုပ် နှစ်မျိုး မြန်မြန်ကြီးထင်နိုင်ဖို့ ပြပေသည်။ ယမ်းခဲမှာ မီးလောင်လျှင် ပြောင်းလဲရုံမျှမက သန္တတိအစဉ်ပါ ကုန်ဆုံး၍သွား၏။ ဤဦးခေါင်းမှာ သန္တတိအစဉ်မပျက်၊ ဦးခေါင်းအနေပျက်၍သွားသည်မဟုတ်၊ အသစ်အဟောင်း ပြောင်းလဲရုံမျှသာတည်း။ တစ်ကိုယ်လုံးဤနည်းချည်း။ ရူပက္ခန္ဓာအရာ၌ အာဟာရဓာတ်ဆီနှင့် ဖက်တွဲ၍ ပြဆိုခဲ့သည်၊ ဤနေရာမှာ ဣရိယာပုထ်လှုပ်ရှားပြောင်းလဲမှုနှင့် ရှုတတ်အောင် ရုပ်ကို ပြလိုက်ပြန်သည်။

လောကဝေါဟာရမှာ- သန္တတိအစဉ် ကွယ်ပျောက်ကုန်ဆုံး၍ သွားမှ ကွယ်ပျောက်ကုန်ဆုံးသည်ဟု ခေါ်ဝေါ်ထင်မှတ်ကြရသည်။ ပရမတ်ဝေါဟာရမှာ ရုပ်သစ်ရုပ်ဟောင်း ဓာတ်သစ်ဓာတ်ဟောင်း ပြောင်းလဲကြရာ ရုပ်ဟောင်းဓာတ်ဟောင်း ပျောက်ကွယ်ဆုံးရှုံးမှုကို မရဏ ဆိုသည်၊ နိရောဓ ဆိုသည်၊ ဘင်္ဂ ဆိုသည်။ ပရမတ်မရဏကိုမြင်နိုင်မှ ပရမတ်နိရောဓကို မြင်နိုင်မှ ဝိပဿနာဉာဏ်ဖြစ်သည်။

အဘိဓမ္မာခုနစ်ကျမ်းလုံးကိုတတ်၍ ပရမတ်စကားတစ်သက်လုံး ပြောဟောချပို့၍ နေငြားသော်လည်း ဓာတ်ကွဲအောင် မမြင်တတ်လျှင် အဘိဓမ္မာစာတတ် ကျမ်းတတ်ဟုတ်၏၊ အဘိဓမ္မာကိုမြင်သောသူမဟုတ်၊ ပရမတ်ကိုမြင်သောသူမဟုတ်။ အနိစ္စ, ဒုက္ခ, အနတ္တ ကမ္မဋ္ဌာန်းစကားကို တစ်သက်လုံး ပြောဟော၍ စီးဖြန်း၍နေငြားသော်လည်း ပရမတ္ထမရဏကို ပရမတ္ထနိရောဓကို မမြင်တတ်လျှင် ဝိပဿနာဉာဏ်တစ်ရံတစ်ဆစ်မျှ မြင်ဘူးသောသူမဟုတ်။

ယခုအခါ ဟဒယဓာတ်အိမ်မှ တဖွားဖွားဖြစ်ပေါ်လျက် တစ်ကိုယ်လုံးကို လှုံ့ဆော်၍နေသော ဝိညာဏဓာတ်တို့၏ သမုဒယမှု, နိရောဓမှုများကို ထင်ရှားအောင် ပြဆိုပေအံ့။ သွား၍နေသော မီးရထားမှာ တစ်ဟုပ်ဟုပ်မှုတ်၍ နေသော ဓာတ်လေ၏ ဖြစ်ပေါ်မှု ချုပ်ပျောက်မှုသည် အသံကြားနှင့်ပင် ထင်ရှားသည်ဖြစ်၍ ထိုဓာတ်လေ၏ ဖြစ်ပွါးမှု ချုပ်ဆုံးမှုကိုလည်း ဤအရာ၌ ဥပမာပြုသင့်၏။

မိုးဦးကျအခါ၌ ကြိတ်ထသည်ဟု ခေါ်ဆိုကြသော လျှပ်ပျက်မှုသည်လည်း ဥပမာဖြစ်သင့်၏။ ဟဒယနှလုံးအိမ်သည် တိမ်တိုက်တိမ်ခဲနှင့် တူ၏။ ထိုတိမ်တိုက်တိမ်ခဲ၏ အတွင်း၌ တစ်သုတ်တစ်သုတ်လျှင် သုံးချက်လေးချက်ဆင့်၍ ဝင်းခနဲလင်းခနဲဖြစ်ပေါ်၍ ခဏချင်း ခဏချင်းလည်း ပျောက်ကွယ်ချုပ်ပျက်သော လျှပ်စစ်နှင့်လည်း တူ၏။

ရှေးဥပမာမှာ တစ်ကိုယ်လုံးကို လှုံ့ဆော်၍ ဣရိယာပုထ် ရွေ့ရှားသွားလာမှု၊ အင်္ဂါကြီးငယ်လှုပ်ရှားမှု၊ အယုတ်အားဖြင့် မျက်တောင်ခတ်မှု၊ ပြောဆိုမှု၊ ကြံစည်မှုတို့နှင့်တကွ သမုဒယမှု၊ နိရောဓမှုကို ထင်ရှားစေသည်။ နောက်ဥပမာဖြင့် ထိုဇောတွေဖြစ်ပေါ်၍နေသောအခါ အာရုံခြောက်ပါး လင်းလင်းချင်းချင်း ထင်မြင်၍နေမှု၊ ထိုဇောတို့၏လည်း ဝင်းဝင်းတောက်သော သဘောရှိမှုနှင့်တကွ သမုဒယ, နိရောဓကို ထင်ရှားစေသည်။

မျက်တောင်ခတ်မှုမှာလည်း ဇောတစ်သုတ်တစ်သုတ်လျှင် မျက်တောင်တစ်ကြိမ်တစ်ကြိမ်ထားလေ၊ တစ်သုတ်တစ်သုတ်လျှင် ခုနစ်ချက် ခုနစ်ချက်ဆင့်၍ ဖြစ်ပေါ်သည်ဆိုသောစကားမှာ ကျမ်းဂန်အရိုးအစဉ်နှင့် ပြောရတော့သည် ဒိဋ္ဌသက်သေ မရှိပြီ။

လျှပ်စစ်ပျက်သော ဥပမာမှာ အဖြစ်အပျက်နှစ်ချက်ပင် မျက်မြင်ထင်ရှား၏။ ဇောဖြစ်မှုမှာ လင်းခနဲ မိုက်ခနဲသွားမှုမထင်ရှား၊ တစ်နေ့လုံးပင် တစ်လင်းထဲ လင်း၍နေသကဲ့သို့ ထင်ရသည်၊ သို့တစ်လင်းထဲ လင်း၍နေသည်မဟုတ်၊ တစ်သုတ်နှင့်တစ်သုတ်အကြားတွင် အိပ်သည်နှင့်တူသော ဘဝင်မနောလည်း အများအပြား ခြားသေး၏၊ ထိုဘဝင်မနောဖြစ်ခိုက်မှာ မိုက်ခနဲ မိုက်ခနဲသွားသည်သာ အမှန်ဖြစ်၏။ သို့သော်လည်း အလွန်မြန်လှသော အရာဌာနဖြစ်၍ ဒိဋ္ဌသက်သေနှင့် မပြသာ အာရုံအထွေအလာနှင့်ကား ထင်ရှား၏။ ခြေတစ်လှမ်းအတွင်းမှာပင် အာရုံအမျိုးမျိုး ထင်လာ၏။ တစ်ခုထင်လာလျှင် တစ်ခုပျောက်ကွယ်၏၊ သူ့အာရုံနှင့် သူ့ဇောပျက်ဆုံး၏။ ခြေတစ်လှမ်းအတွင်းမှာပင် အရာမကသော ဗျာပါရအထွေထွေလည်းရှိ၏၊ သူ့ဗျာပါရနှင့် သူ့ဇောပျက်ဆုံးလေ၏။ စကားပြောဆိုရာ၌လည်း အက္ခရာတစ်လုံးတစ်လုံးလျှင် ဇောတစ်သုတ်တစ်သုတ်စီထား၊ ထိုအက္ခရာ ပျောက်ကွယ်လျှင် ထိုဇောပျောက်ကွယ်လေ၏။

မနောဒွါရနှင့် ကြံဖန်ရာ၌လည်း ကြံဖန်ပုံအမျိုးမျိုးဖြစ်ပွား၍ သွားပုံထင်ရှား၏။ နောက်နောက်အကြံကို ကြံသောအခါ ရှေးရှေးအကြံစုချုပ်ကွယ်၏။

ဤကား မနောဝိညာဏဓာတ်၏

သမုဒယ နိရောဓကို ပြဆိုခန်းတည်း။

---

ဝေဒနာ သညာ သင်္ခါရတို့၏ သမုဒယ နိရောဓဟူသော ဒုတိယ တတိယ ကောသလ္လဌာန

ဝေဒနာ သညာတို့မှာလည်း စိတ်သာယာမှု၊ ကိုယ်သာယာမှု၊ စိတ်မသာမှု၊ ကိုယ်မသာမှုတို့၏ ဖြစ်ပွားမှု၊ ချုပ်ကွယ်မှု၊ ခြေတစ်လှမ်းအတွင်းမှာ မြင်ရာတိုင်း ကြားရာတိုင်း “သင်းကားဘယ်ဟာ”ဟု သိသော သညာများစွာဖြစ်ပြီး၍ နောက်တစ်လှမ်းသို့ကျလျှင် ရှေ့အလှမ်းက သညာစုအကုန်ပျောက်ကွယ်မှု။

- ဝိတက်အမျိုးမျိုး ဖြစ်၍လာမှု၊ ပျောက်ကွယ်၍သွားမှု။

- ဝီရိယဖြစ်၍လာမှု၊ ပျောက်ကွယ်၍သွားမှု။

- နှစ်သက်ခြင်း ဖြစ်ပေါ်၍နေမှု၊ ပြုံးမှု ရယ်မှု ပျောက်ကွယ်ပြန်မှု။

- ပြုချင်သော ဆန္ဒအမျိုးမျိုး ဖြစ်ပေါ်မှု၊ ပျောက်ဆုံးပြန်မှု။

- ရာဂတဏှာဖြစ်ပွား၍လာမှု၊ ပျောက်၍သွားပြန်မှု။

- ဒေါသဖြစ်ပွား၍လာမှု၊ ပျောက်၍သွားပြန်မှု။

- မာနဖြစ်ပွား၍လာမှု၊ ပျောက်၍သွားပြန်မှု။

- သဒ္ဓါတရားဖြစ်ပွား၍ လာမှု၊ ပျောက်ကွယ်၍သွားပြန်မှုစသည်ဖြင့် သင်္ခါရက္ခန္ဓာတရားတို့၏ သမုဒယမှု နိရောဓမှုတို့သည်လည်း အများပြောဆိုသိမြင်၍နေကြသော အမှုစုပေတည်း။ ပြောဆိုသိမြင်ကြကုန်သော်လည်း သမ္မာဒိဋ္ဌိဝိဇ္ဇာဉာဏ်မရှိသော အန္ဓပုထုဇန်တို့မှာ သက္ကာယဒိဋ္ဌိ အဝီစိငရဲမီးပွားဖို့ချည်း။

ပရမတ္ထအားဖြင့် ထိုထိုတရားတို့၏ ဖြစ်ပွားမှုဟူသမျှကို သမုဒယ ဆိုသည်၊ ပျောက်ကွယ်မှုဟူသမျှကို မရဏ ဆိုသည်၊ အနိစ္စ ဆိုသည်၊ နိရောဓ ဆိုသည်။ နာမ်ခန္ဓာလေးပါးတို့၏ သမုဒယ-နိရောဓပြီး၏။

ဤတွင်ရွေ့ကား ခန္ဓာလေးပါးတို့၏ ဒုတိယ-တတိယကောသလ္လဌာနကို ပြဆိုခန်းပြီး၏။

(စတုတ္ထဌာနမှာ ရူပက္ခန္ဓာနှင့် မထူးလှပြီ။)

---

နာမ်ခန္ဓာ ၄-ပါးတို့၏ အဿာဒ အာဒီနဝ ဟူသော ပဉ္စမ ဆဋ္ဌ ကောသလ္လဌာန

ယခုအခါ အဿာဒ, အာဒီနဝ ဟူသော ပဉ္စမ ဆဋ္ဌ ကောသလ္လတို့ကို ပြဆိုပေအံ့။

ဝေဒနာ၌ အဿာဒ အာဒီနဝ

- မိမိအလိုရှိအပ်သော အာရုံဝတ္ထု အမှုအခွင့်တို့နှင့်ပေါင်းဆုံ ပြည့်စုံတွေ့ကြုံရရှိ၍ စိတ်နှလုံး ပြုံးပြုံးရွှင်ရွှင် ကြည်လင်ချမ်းမြ သုခသောမနဿတွေနှင့် နေရမှုသည် အဿာဒ မည်၏။

- ထိုနာမက္ခန္ဓာလေးပါးတို့၏ အနိစ္စမှု ဒုက္ခမှု ဝိပရိဏာမမှုသည် အာဒီနဝ မည်၏။

အဿာဒဘေး အာဒီနဝဘေး နှိပ်စက်ပုံမှာ ရူပက္ခန္ဓာ၌ ပြခဲ့သော အဆိပ်ထည့်သော အသားတုံးဥပမာလည်း သင့်မြတ်ပါ၏။ အဿာဒမှုကား ယခုသာသနာတော်နှင့် တွေ့ကြုံသောအခါမှာပင် ကာမဂုဏ်ထောင်ကြီး, အဝီစိငရဲမီး သံသရာဝဋ်ဒုက္ခကြီးတို့မှ မထွက်နိုင်အောင် ဖမ်းဆီးချည်နှောင်မှုဖြင့် နှိပ်စက်သောအမှုပေတည်း။ လောဘတရားကို ပွားစေသောအားဖြင့် နှိပ်စက်၏။ ဒေါသတရားကို၊ မောဟတရားကို၊ မာနတရားကို၊ သက္ကာယဒိဋ္ဌိတရားကို ပွားများစေသောအားဖြင့် နှိပ်စက်၏၊ ဤသို့လည်း ဆိုသင့်၏။

အဿာဒ ပြီး၏။

အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မ ဟူသော အာဒီနဝသုံးပါးတို့တွင် နာမက္ခန္ဓာတို့၏ အနိစ္စမှုသည် ရူပက္ခန္ဓာ၏ အနိစ္စမှုထက် အဆတစ်ထောင်မက လျင်မြန်လှ၏။ လျင်မြန်ကြောင်းကို သမုဒယ နိရောဓအခန်းမှာ ပြဆိုခဲ့သော အချက်စုနှင့်ပင် သိသာလှပြီ။

ဝေဒနာက္ခန္ဓာ၏ အနိစ္စ နှိပ်စက်ညှဉ်းပမ်းပုံကို ပြဆိုအံ့။ အနမတဂ္ဂ သံသရာ၌ လူ့ပြည်၌ဖြစ်၍ လူ့ကာမဂုဏ်, နတ်ပြည်၌ဖြစ်၍ နတ်ပြည်ခြောက်ထပ် ကာမဂုဏ်, ဗြဟ္မာ့ပြည်၌ဖြစ်၍ ဗြဟ္မာ့ကျက်သရေတည်းဟူသော အာရုံတို့ကို ဒွါရခြောက်ပါးတို့ဖြင့် ခံစားစံစားကြလှပြီ။ အလွန်ကောင်းသည်၊ အလွန်တင့်တယ်သည်၊ အလွန်ဝမ်းမြောက်သည်၊ အလွန်ဝမ်းသာသည်၊ အလွန်ချမ်းသာသည်၊ အလွန်နှစ်သက်သည်ဟူသော သုခသောမနဿကို ရကြလှပြီဆိုလိုသည်၊ အနိစ္စဓမ္မဖြစ်သည့်အတွက်ကြောင့် အနိစ္စဟူသော မရဏဓာတ်ဘီလူး အတွင်အပြောင်စား၍ပစ်သည့်အတွက်ကြောင့် အိပ်မက်လောက်မျှ ရှာ၍မရလေပြီ။ ယခုလည်း ထိုဝေဒနာကို ရှာကြံလုပ်ဆောင်မှုဟူသော ဒုက္ခခွင်က မထွက်ရ၊ နောက်အနန္တသံသရာကြာချင်တိုင်းကြာသော်လည်း အနိစ္စဝေဒနာကို ရှာကြံ၍ ဆုံးလမ်းမရှိ။

ဤကား ဝေဒနာက္ခန္ဓာသည် သတ္တဝါအပေါင်းတို့ကို အနိစ္စဒဏ်ချက်နှင့် နှိပ်စက်ညှဉ်းပမ်းပုံတည်း။

ဝေဒနာက္ခန္ဓာသည် သတ္တဝါအပေါင်းတို့ကို ဒုက္ခဒဏ်ချက်နှင့် အဘယ်သို့ နှိပ်စက်သနည်းဟူမူကား

ဒုက္ခသည်....

၁။ ဒုက္ခ ဒုက္ခ

၂။ သင်္ခါရ ဒုက္ခ

၃။ ဝိပရိဏာမ ဒုက္ခ

ဟူ၍ သုံးပါး ရှိ၏။

မိမိအလိုရှိရာ နှစ်သက်ရာအာရုံနှင့် တပြုံးပြုံး တရွှင်ရွှင် ကြည်လင်ချမ်းမြနေရခြင်းအခွင့်မည်သည် အလိုအလျောက်ဖြစ်နိုင်သောအခွင့်မဟုတ်။ ရှေးရှေးဘဝတို့က တင်ကူး၍ ဒါနမှုနှင့် ဒုက္ခစိုက်ရခြင်း၊ သီလမှုနှင့် ဒုက္ခစိုက်ရခြင်း၊ ဘာဝနာမှုနှင့် ဒုက္ခစိုက်ရခြင်း ဤသို့တင်ကူး၍ ဒုက္ခစိုက်နိုင်မှ ရထိုက်သောအခွင့်ပေတည်း။ ရှေးရှေးဘဝတို့က တင်ကူး၍ ဒုက္ခစိုက်ခြင်းကြောင့် နောက်ဘဝမှာ ရပြန်ပါသော်လည်း မိမိသန္တာန်မှာ အပင်စိုက်၍နေသော ဓာတ်မျိုးမဟုတ်၊ မိမိ၏ အဇ္ဈတ္တအကြည်ခြောက်ပါးနှင့် ဗဟိဒ္ဓအာရုံခြောက်ပါး ဆုံဆည်း၍ ထားခိုက်မှာမှ ခြောက်ဒွါရတွင် ဖြစ်ပေါ်လာသော အာဂန္တုဓာတ်မျိုး ဖြစ်ခဲ့ပြန်၍ အာရုံဝတ္ထုတို့ကို စုဆောင်းဆည်းပူးမှုနှင့် နေ့ရှိသမျှ ဒုက္ခစိုက်ရပြန်၏။

ကြောင့်ကြစိုက်နိုင်၍ အလိုရှိရာ နှစ်သက်ရာအာရုံနှင့် ပြုံးကာရွှင်ကာ နေရပါသော်လည်း အနိစ္စဓမ္မဖြစ်ပြန်၍ ပြုံးပြီးရင်း ကွယ်ပျောက်ကုန်ခန်း၍ ကုန်ပြန်ရင်း အာရုံနှင့်ကွာပြန်ရင်း ကွယ်ပျောက်ကုန်ခန်း၍ သွားပြန်ရင်းဖြစ်သည်နှင့် ပြုံးလိုသေးသမျှ ကာလပတ်လုံး အာရုံဝတ္ထုတို့အတွက် ဒုက္ခစိုက်မှုမှ လွတ်ခွင့်မရှိပြီ။ ဒုက္ခစိုက်၍နေဆဲမှာပင် ပျက်စီးရန်အခွင့်ဆိုက်တိုက်လာ၍ စက္ခုပျက်စီး၍သွားပြန်လျှင် စက္ခုသမ္ဖဿဇာဝေဒနာဟူသော ပြုံးပေါက်ပြုံးလမ်း တစ်ခန်းပိတ်၍သွားပြန်၏။ သောတစသည်တို့မှာလည်း ထို့အတူ ပကတိအခါ၌ မပျက်မစီးသော်လည်း မရဏအခါ၌ ဧကန္တပျက်စီးလေ၏။ ထိုသို့ ဧကန္တပျက်စီးခွင့်ကို သိကြသည်ဖြစ်၍လည်း နောက်ဘဝကို သုခသောမနဿအသစ်ထူထောင်ရန် ယခုလည်း ဒါနမှုနှင့် ဒုက္ခစိုက်ရလျက် သီလမှုနှင့် ဒုက္ခစိုက်ရလျက် ဘာဝနာမှုနှင့် ဒုက္ခစိုက်ရလျက်ပင်ဖြစ်၏။ ဤသို့လျှင် ဤဝေဒနာက္ခန္ဓာသည် အနမတဂ္ဂသံသရာ၌ သတ္တဝါအများတို့ကို ဒါနမှုနှင့် နှိပ်စက်၏၊ သီလမှုဥပုသ်မှုနှင့် နှိပ်စက်၏၊ ရဟန်းအလုပ်နှင့် နှိပ်စက်၏၊ ရသေ့အလုပ်နှင့် နှိပ်စက်၏၊ အာရုံဝတ္ထုပေါင်းစည်းမှုနှင့် နှိပ်စက်၏၊ အသက်မွေးမှုအလုပ်နှင့် နှိပ်စက်၏၊ အာရုံဝတ္ထုပေါင်းစည်းမှု အသက်မွေးမှုတို့၌ ဒုစ္စရိုက်ဆယ်ပါးအတွင်းဝင်ပြန်သည်နှင့် အပါယ်ငရဲလမ်း ဟင်းလင်းပွင့်ပြန်သည်ဖြစ်၍ အပါယ်ဒုက္ခနှင့် နှိပ်စက်၏။

ဤကား ဝေဒနာက္ခန္ဓာ၏ အဿာဒဘေး အာဒီနဝဘေးတည်း။

---

သညာ၌ အဿာဒ.အာဒီနဝ

သညာက္ခန္ဓာ၌ အဿာဒဘေး-အာဒီနဝဘေး နှစ်ပါးတွင် အဿာဒဘေး အလွန်အားကြီး၏။ အဘယ်သို့ အားကြီးသနည်း ဖြစ်လေရာရာ ဘုံဘဝတို့မှာ အများသိကျွမ်းကြသော အရာဌာနတို့၌ သိကျွမ်းလိမ္မာမှုသည် သညာက္ခန္ဓာမှုပေတည်း။ ထိုသိကျွမ်းလိမ္မာမှုသည် မိမိကိုယ်ကို “ငါ ငါ”ဟူ၍ အဿာဒတရားပွါးများမှု၌ အချုပ်အခြာပေတည်း။

“ငါ ငါ”ဟူ၍ တကြော့ကြော့ တရွရွ တကြွကြွ တရွှင်ရွှင်မြင်ရသော သုခသောမနဿစုသည် သညာအတွက်နှင့် ဖြစ်သတည်း။ ထိုသညာမှဖြစ်သော အဿာဒဘေးကြီးသည် ကာမဂုဏ်ထောင်ကြီး အဝီစိငရဲမီး သံသရာဝဋ်ဒုက္ခကြီးတို့မှ မလွတ်ရအောင် ချည်နှောင်တုပ်ဖွဲ့၍ နှိပ်စက်၏။

အာဒီနဝ၌ အလိုရှိရာ စိတ်ကြိုက်ရာနှင့် တကြော့ကြော့ တရွရွ တကြွကြွ နေရသော သုခသညာမည်သည် ဣဋ္ဌာရုံနှင့် ပေါင်းဆုံတွဲဖက်မိသောအခါ၌သာ အဇ္ဈတ္တသန္တာန်မှာ တံလှပ်ထသကဲ့သို့ တကြွကြွ တရှိန်းရှိန်း ဖြစ်ပေါ်နိုင်သည်၊ ဣဋ္ဌာရုံနှင့်ကွာပြန်လျှင် ကွယ်ပျောက်ပြန်လေ၏။

ဝေဒနာက္ခန္ဓာနည်းအတိုင်း အကျယ်ဆိုလေ။

သညာက္ခန္ဓာ၌ အဿာဒ၊ အာဒီနဝပြခန်း ပြီး၏။

---

သင်္ခါရ၌ အဿာဒ-အာဒီနဝ

သင်္ခါရက္ခန္ဓာ၌ အဿာဒ အာဒီနဝကို ပြဆိုပေအံ့။ အဆင်းသဏ္ဌာန်ကို မြင်ရာမျက်စိ၌ အကောင်းတွေ့မှု မကောင်းတွေ့မှုကား စက္ခုသမ္ဖဿ ဓာတ်ပေတည်း။ အသံကိုကြားရာနား၌ အကောင်းတွေ့မှု မကောင်းတွေ့မှုကား သောတသမ္ဖဿ ဓာတ်ပေတည်း။ အနံ့ကိုနံရာ ဃာန၌အကောင်းတွေ့မှု မကောင်းတွေ့မှုကား ဃာနသမ္ဖဿ ဓာတ်ပေတည်း။ အချိုအချဉ်စသော အရသာကိုသုံးဆောင်ရာလျှာ၌ အကောင်းတွေ့မှု မကောင်းတွေ့မှုကား ဇိဝှါသမ္ဖဿ ဓာတ်ပေတည်း။ ဖောဋ္ဌဗ္ဗာရုံကိုထိရာ ကာယ၌ အကောင်းတွေ့မှု မကောင်းတွေ့မှုကား ကာယသမ္ဖဿ ဓာတ်ပေတည်း။ စိတ်နှင့်ကြံဖန်ရာ မနော၌အကောင်းတွေ့မှု မကောင်းတွေ့မှုကား မနောသမ္ဖဿ ဓာတ်ပေတည်း။

သက္ကာယဒိဋ္ဌိကား ထိုဓာတ်ကို ငါဟုယူ၏၊ သမ္မာဒိဋ္ဌိကား ဓာတ်တစ်မျိုးဟု မြင်၏။

ထိုထိုဒွါရ၌ အကောင်းတွေ့သော ဖဿဓာတ်ပေါ်သောအခါမှ သုခဝေဒနာပေါ်နိုင်သည်၊ သုခသညာပေါ်နိုင်သည်၊ ထိုဖဿဓာတ်ကွယ်ပျောက် သေဆုံးပြန်လျှင် သုခဝေဒနာ သုခသညာတို့ ကွယ်ပျောက်သေဆုံးကြကုန်၏။ ထိုထိုအာရုံနှင့်ပေါင်းဆုံသောအခါ ထိုထိုဒွါရမှာ အကောင်းတွေ့မှု မကောင်းတွေ့မှုသည် လူတိုင်းသိ၍နေကြ၏။ ထိုဖဿဓာတ်ဟူသော သင်္ခါရဓမ္မ၏ အဿာဒဘေးကြီးကျယ်ပုံ အာဒီနဝဘေးကြီးကျယ်ပုံကို မြင်နိုင်လောက်ပြီ။

ယခုလောက၌ နေ့နေ့ညည တရွရွ တကြွကြွဖြစ်၍နေကြသော ပုပုရွရွ မြင်သမျှသော ရေသတ္တဝါ ကုန်းသတ္တဝါတို့သည် ခြောက်ဒွါရတို့၌ စိတ်ကြိုက်ရာ ဖဿဓာတ်သိုက်ကို လိုက်စားအားထုတ်သောသူတို့ချည်းတည်း။

---

ဓာတ်ရုပ်ကြီး ဥပမာ

သင်္ခါရက္ခန္ဓာဓာတ်တို့၏ ပေါ်မှုပျက်မှုကို ထင်ရှားစေခြင်းငှာ ဥပမာဆိုအံ့။ ဓာတ်အရာ၌ ဝိဇ္ဇာမြောက်သောသူတစ်ယောက်သည် လူပမာဏရှိသော ဓာတ်ရုပ်ကြီးတစ်ခုကို စီရင်ပေရာ၏။ ထိုဓာတ်ရုပ်ကြီးမှာ သံဓာတ်၊ ကြေးဓာတ်၊ ပြဒါးဓာတ်စသော အသေအရှင်ဓာတ်တို့ကို ဉာဏ်ဖြင့်စီရင်၍ လူပကတိထင်ရအောင် ပြုပြီးလျှင် အနီးအပါး၌ ဓာတ်မှန်အမျိုးမျိုးတို့ကိုထား၏။ မျက်စိ၌ပြသော ဓာတ်မှန်စသည်တည်း။ မျက်စိ၌ပြသော ဓာတ်မှန်ကိုပြလိုက်လျှင် ထိုဓာတ်ရုပ်မှာ မျက်စိ၌လည်းကောင်း ရင်တွင်းနှလုံးအိမ်၌လည်းကောင်း တစ်ပြိုင်နက် ဓာတ်မီးတောက်၏။ နှလုံးအိမ်ဓာတ်မီးမှ လျှောက်သွားသော အခိုးတို့သည် ဓာတ်ရုပ်တစ်ကိုယ်လုံး ခဏချင်းပြည့်ကုန်၏။ ထိုအခိုးလှုံ့ဆော်ချက်ဖြင့် တစ်ကိုယ်လုံးရှိ စက်အမျိုးမျိုးတို့သည် ခဏချင်းလည်ကြကုန်၏။ အရုပ်ရှင်ဖြစ်၏၊ လူကဲ့သို့ ထ၏၊ ထိုင်၏၊ သွား၏။ ပြသောဓာတ်မှန်ကို ရုပ်လိုက်လျှင် ထသမျှ ဓာတ်မီးတောက်စု ခဏချင်းကွယ်ပျောက် သေဆုံးကုန်၏၊ တစ်ကိုယ်လုံးရှိ အခိုးစုအကုန်ကွယ်ပျောက်၏၊ အရုပ်သေပကတိဖြစ်ပြန်၏။

ကြွင်းသောငါးဒွါရတို့မှာလည်း ဤနည်းတူမှတ်လေ။

ဥပမာနှိုင်းယှဉ်ချက်

ခြောက်ဒွါရမှာ တစ်နေ့လုံး မစဲအောင် မှန်ပြ၍နေလျှင် တစ်နေ့လုံးပင် အရုပ်ရှင်ဖြစ်၍နေ၏။ ဓာတ်ရုပ်ကြီးလည်း အသေပင်တည်း။ ပြသောဓာတ်မှန်လည်း အသေပင်။ ဓာတ်ရုပ်မှာ တောက်သော ဓာတ်မီးစုသည် အာဂန္တုဓာတ်စု သက်သက်ပေတည်း။ ဓာတ်ရုပ်မှထွက်သည်လည်းမဟုတ်၊ ဓာတ်မှန်မှထွက်သည်လည်းမဟုတ်၊ အသက်ရှိသည်လည်းမဟုတ်။ ဓာတ်ရုပ်သေကြီးနှင့် ရူပက္ခန္ဓာ၊ ဓာတ်မှန်နှင့် အာရုံခြောက်ပါး၊ တောက်သောဓာတ်မီးစုနှင့် နာမ်ခန္ဓာလေးပါး ယှဉ်လေ။

သမ္မာဒိဋ္ဌိမဂ္ဂင်ကို ပွားများလို၍ ဓာတ်ကိုကြည့်ရှုသောအခါ ပုဂ္ဂိုလ်သဏ္ဌာန် သတ္တဝါသဏ္ဌာန်ကို ရှောင်ဖယ်၍ အဇ္ဈတ္တခန္ဓာတွင်းမှာ ထိုထိုဓာတ်ချက်ကိုသာ မိမိရရမြင်အောင် ဖမ်းရာ၏။

ဓာတ်တို့မည်သည် သူ့အကြောင်းဆိုက်တိုက်ရာ သူ့ဓာတ်ပေါ်ကုန်၏၊ သူ့အကြောင်းစဲပြန်လျှင် သူ့ဓာတ်သေပြန်၏။

လောဘဓာတ်ပေါ်ရန် အကြောင်းဆိုက်တိုက်၍ နေဆဲအခါ ဟဒယဓာတ်အိမ်တွင်းမှာ လောဘဓာတ်တစ်ဖွားဖွားဖြစ်ပေါ်၏။ လောဘဓာတ်ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံးရှိရုပ်ဟောင်းစုအကုန်ကွယ်လေ၏။ ထိုလောဘမှဖြစ်သော ရုပ်သစ်ကိုယ်သစ်ဖြစ်လေ၏။ ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်စုသည် စိတ္တဇရုပ်ပြောင်းလဲလျှင် အကုန်ပြောင်းလဲမြဲဓမ္မတာဖြစ်၍ လောဘမှဖြစ်သော ရုပ်သစ်ကိုယ်သစ်ဆိုသတည်း။

ရေအိုင်ငယ်၏ အတွင်းမှာ မြှုပ်၍ထားသော ရေမြှုပ်ဗုံး၌ စနက်မီးဝင်၍ ကွဲ၍ ရေအိုင်ထဲမှာ ဓာတ်လေကြမ်းဖြစ်ပေါ်သောအခါ တစ်ခဏချင်း တစ်အိုင်လုံး ဘယ်လိုလှုပ်ရှားပြောင်းလဲ၍သွားလိမ့်မည်ဟု မြင်အောင်ကြည့်ပြီးမှ မိမိကိုယ်မှာ ထိုအတိုင်း စွပ်မြင်နိုင်ခဲလှ၏၊ ဉာဏ်စူးခဲလှ၏။ အတန်ကြီးသန်သောရာဂဖြစ်မှုကို ကိုယ်တွေ့ဒိဋ္ဌသက်သေကပ်၍ ကြည်လေ၊ သဘာဝဓမ္မ၊ ဥပမာ၊ မိမိကိုယ်တွင်းမှ ကိုယ်တွေ့ဒိဋ္ဌသက်သေ၊ သုံးချက်စုံမှ နေရာကျသည်။

လောဘမှဖြစ်သော ရုပ်သစ် ကိုယ်သစ် ခန္ဓာသစ် အမူရာသစ်ကိုမြင်၍ ဤသူသည် ဘယ်လိုစိတ်ရှိသည်ဟု သူတစ်ပါးကပင် သိနိုင်၏။ မိမိကိုယ်ကို မိမိကားဆိုဖွယ်မရှိ ဧကန်သိ၏။ ဤသို့လျှင် မိမိ၏သန္တာန်၌ ရံခါရံဖန် လောဘဓာတ်ဖြစ်ပေါ်မှုသည် ထင်ရှားပါ၏။

တစ်ဖန် ထိုအာရုံကို သုံးဆောင်ပြီးဖြစ်ခဲ့သော်လည်းကောင်း အာရုံကွာ၍သွားခဲ့သော်လည်းကောင်း အသုဘမနသိကာရကိုပြု၍ ပယ်ဖျောက်ခဲ့သော်လည်းကောင်း ဒီချောင်းမှဒီရေကျသွားသကဲ့သို့ လောဘဓာတ်ကျလျောပျောက်ဆုံး၍သွားမှုသည်လည်း ထင်ရှား၏၊ ဖြစ်ပေါ်သော လောဘဓာတ်သေပျောက်၍ သွားမှုထင်ရှား၏။

ဤကား လောဘဟူသော သင်္ခါရက္ခန္ဓာဓမ္မ၏ အဇ္ဈတ္ထသန္တာန်မှာ ရံခါရံဖန် ဖြစ်ပေါ်မှု သေပျောက်မှုပေတည်း။

ငါနှင့်ရောထွေး၍မနေစေလင်၊့ အာဂန္တုဓာတ်တစ်ခုအနေနှင့် သီးသန့်ခြားနားထင်ရှားစွာ မိအောင်ဖမ်း၍ကြည်၊ လောဘဓာတ်တစ်လုံး မျက်စိပေါက်လျှင် ကြွင်းသောဓာတ်တို့၌လည်း ပေါက်လတ္တံ့၊ ဒေါသဓာတ်၏ ရံခါရံဖန်ဖြစ်ပေါ်မှု သေဆုံးမှု၊ မာနဓာတ်၏၊ ဣဿာဓာတ်၏၊ မစ္ဆရိယဓာတ်၏ ရံခါရံဖန်ဖြစ်ပေါ်မှု၊ သေပျောက်မှုတို့မှာလည်း ဤနည်းတူ သိလေ။

ထိုထိုအမှုကိစ္စတို့၌ အားတက်ခြင်းဟူသော ဝီရိယဓာတ်၏ ဖြစ်ပေါ်မှု သေပျောက်မှု၊ စိတ်ရွှင်လန်းခြင်းဟူသော ပီတိဓာတ်၏ ဖြစ်ပေါ်မှု သေပျောက်မှု၊ ပြုချင် မူချင်ခြင်းဟူသော ဆန္ဒဓာတ်၏ ဖြစ်ပေါ်မှု သေပျောက်မှုတို့မှာလည်း ထိုနည်းအတူ သိသာပါ၏။ ပြုချင်သည်၊ မပြုချင်ဘူး၊ သွားချင်သည်၊ မသွားချင်ဘူး စသည်ဖြင့် လောကအပြောအဆိုမှာလည်း ထင်ရှားကြ၏။

သဒ္ဓါ သတိစသော ဓာတ်ကောင်းဓာတ်ဖြူစု ဒါနဓာတ် သီလဓာတ် ဘာဝနာဓာတ် စသည်တို့လည်း ထင်ရှားကုန်၏။

အဇ္ဈတ္တသန္တာန်၌ ထက်သန်ထင်ရှားသော သင်္ခါရဓာတ်တစ်လုံးတစ်လုံး ပေါ်လျှင် ရုပ်ခန္ဓာလည်း ကိုယ်အသစ်အသစ် ပြောင်းလဲသည်ကို ဥပမာဒိဋ္ဌသက်သေနှင့်တကွ အလင်းရအောင် ကြည့်လေ။

ဥပမာတင် မြင်အောင်ရှု

ရေပြည့်သော သံဖြူရေစည်ကြီး ဥပမာ၊ ရေမြှုပ်ယမ်းတောင့်ခွဲသော ဥပမာများကို စင်ကြယ်စွာ ရှင်းလင်း၍ အပြီးထား၊ ဓာတ်ပေါ်မှုထက် ဓာတ်သေမှုကို အထူးမြင်အောင်ကြည့်၊ ဓာတ်သေမှုကို အနိစ္စလက္ခဏာ ဆိုသည်၊ ကိုယ်လုံးကျွတ်ပြောင်းလဲရာ၌လည်း ကိုယ်ဟောင်းသေပျောက်၍ သွားမှုကို အထူးအားထုတ်၍ကြည့်လေ၊ မမြင်နိုင်ဟု မလျှော့နှင့် သမ္မာဒိဋ္ဌိမဂ္ဂင်မှုကြီးဖြစ်သည်။

ဤတွင်ရွေ့ကား နာမက္ခန္ဓာလေးပါးတို့၏ သမုဒယနိရောဓကို ပြဆိုသောအခန်းပြီး၏။

---

ဤခန္ဓာလေးပါးတို့၏ ပဉ္စမကောသလ္လဌာန အစီအရင်မှာ ရူပက္ခန္ဓာနည်းနှင့် မထူးလှပြီ။ ရူပက္ခန္ဓာမှာ ရုပ်ဓာတ်ကို ပေါက်အောင်ရှုသော သမ္မာဒိဋ္ဌိမဂ္ဂင်ပေတည်း၊ နာမက္ခန္ဓာမှာ နာမ်ဓာတ်ကို ပေါက်အောင်ရှုသော သမ္မာဒိဋ္ဌိမဂ္ဂင်ပေတည်း၊ ကြွင်းသောမဂ္ဂင်တို့ကား သမ္မာဒိဋ္ဌိ၏ အားပေးတို့သာတည်း။

နာမ်ခန္ဓာလေးပါး၌ ပဉ္စမကောသလ္လဌာန ပြီး၏။

---

ခန္ဓာငါးပါး၌ အနိစ္စဘေး ကြီးကျယ်ပုံ

အဿာဒ အာဒီနဝတို့ကိုလည်း ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာတို့မှာ ပြဆိုခဲ့ပြီ၊ သို့သော်လည်း အနိစ္စ ဒုက္ခ ဝိပရိဏာမ ဟူသော အာဒီနဝ သုံးပါးသည် အလိုဆုံးအချက်ဖြစ်သည်၊ သမုဒယ နိရောဓဟူသော ဒုတိယ တတိယ ကောသလ္လဌာန နှစ်ပါးသည် အာဒီနဝဖို့ချည်းတည်း၊ အာဒီနဝသုံးချက်တွင် အနိစ္စဘေးကြီးကျယ်ပုံကိုမြင်လျှင် ဒုက္ခဘေး ဝိပရိဏာမဘေးနှစ်ပါးလည်း ထင်ရှားတော့သည်၊ ထို့ကြောင့် နိရောဓဟုဆိုအပ်သော အနိစ္စ အာဒီနဝဘေးကြီးကျယ်ပုံကို ပြဆိုဦးအံ့။

မရဏဓာတ်မီးကြီး

မီးတစ်ဆဲ့တစ်ပါးတို့တွင် ပါဝင်သော မရဏဂ္ဂိ ခေါ်သော မရဏဓာတ်မီးကြီးသည် ရှိ၏။ တေဇောမီးကဲ့သို့ ထိ၍ပူသော မီးမျိုးမဟုတ်၊ မျက်စိနှင့် မြင်ကောင်းသောမီးလည်းမဟုတ်၊ ကိုယ်နှင့်တွေ့ထိကောင်းသော မီးလည်းမဟုတ်။ မီးစာတို့၏ ကျွမ်းမှုကွယ်ပျောက်မှုတို့သည်ကား ကိုယ်တွေ့မျက်မြင်များထက်ပင် အလွန်ကြီးကျယ်ထင်ရှား၏။ သုံးဆယ့်တစ်ဘုံနှင့်တကွ စကြဝဠာအနန္တ၊ ကမ္ဘာအနန္တ၊ အနမတဂ္ဂသံသရာအပြင်ကြီးသည် ထိုမီး၏ တောက်လောင်ရာမီးစာအစုပေတည်း။

မီးတောက်နှင့်မီးစာကို ထင်လင်းစွာပြဆိုဦးအံ့။ လူ့သဏ္ဌာန်မျှ တောက်ထသော မီးကြီးမှာ အဋ္ဌကလာပ်ဖြစ်၍ ရုပ်ရှစ်မျိုးရ၏။ မျက်စိနှင့်ကြည့်၍မြင်ရ ဝါဝါထိန်ထိန် အဆင်းသဏ္ဌာန်ကြီးကား ရူပဓာတ်သာတည်း၊ မီးဓာတ်မဟုတ်သေး။ ထိုမီးတောက်ကြီးသဏ္ဌာန်ဖြစ်ရန် အမာခံဓာတ်ကြီးကား မြေဓာတ်သာတည်း၊ မီးဓာတ်မဟုတ်သေး။ အတွဲအတွဲနေရန် ဖွဲ့စည်းမှုကား ရေဓာတ်သာတည်း၊ မီးဓာတ်မဟုတ်သေး။ တရှိန်းရှိန်း လှုပ်ကြွမှုကား လေဓာတ်သာတည်း၊ မီးဓာတ်မဟုတ်သေး။ အနံ့ထွက်သည်ကား ဂန္ဓဓာတ်သာတည်း၊ မီးဓာတ်မဟုတ်သေး။ အရသာလည်းမီးဓာတ်မဟုတ်သေး။ မီးကြိုက်သောအဆီဓာတ်သည်လည်း ဩဇာဟူသော အာဟာရဓာတ်သာတည်း၊ မီးဓာတ်မဟုတ်သေး။ ကိုယ်အင်္ဂါနှင့် ထိ၍စမ်းလျှင် ပူမှု လောင်မှုတစ်ခုတည်းသာ မီးဓာတ်အစစ်ဖြစ်သတည်း။

ဉာဏ်၌ဓာတ်ရှစ်ပါးခွဲ၍ထား။ ဤအမှုရှစ်ပါးကို လူတိုင်းပင် ပြောနိုင်ကြ၏၊ ဓာတ်အသီးအသီးမှန်းကား မသိကြ။ ဤသို့လျှင်ထိုမီးတောက်ကြီးမှာ မီးစာဓာတ်ခုနစ်ပါး မီးဓာတ်တစ်ပါး၊ ထိုမီးဓာတ်တစ်ပါးသည် ထိုမီးစာဓာတ်ခုနစ်ပါးကို အစာပြု၍ ပွါးစီးသည် စေ့စေ့ကြည့်၍နေလျှင် တရှိန်းရှိန်းထကြွမှုကား ရုပ်သစ်ဖြစ်ပွါးသော သမုဒယမှုပေတည်း၊ ရုပ်သစ်ထကြွရာဟူသမျှမှာ မီးစာမှုနှင့် ရုပ်ဟောင်းကွယ်ပျောက်ချက်ချည်းသာတည်း။

ကွယ်ပျောက်မှုဆိုသည်ကား မရဏဓာတ်ပေတည်း။ မီးဓာတ်တစ်ခြား၊ မရဏဓာတ်တစ်ခြား။ မီးဓာတ်ကား လောင်မှုကိစ္စ၊ မရဏဓာတ်ကား ချုပ်ဆုံးမှုကိစ္စ။ မီးဓာတ်သည် အတူတကွဖြစ်သော ခုနစ်ပါးသောရုပ်တို့ကို လောင်၏။ မရဏမီးသည် မီးဓာတ်ကိုလည်း လောင်၏၊ ကြွင်းသောဓာတ်ခုနစ်ပါးတို့ကိုလည်း လောင်၏။ တေဇောမီးကား ပူ၍လောင်၏၊ မရဏမီးကား ပူသောမီးမဟုတ်၊ ပျက်ကွယ်ကုန်ဆုံးမှုကိုသာ ပြု၏၊ (ဓာတ်ခွဲပုံကို ပြဆိုလိုက်သည်)

ဥပမာနှီးနှောချက်

လူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုမီးတောက်ကြီးနှင့်တူ၏။ အဏုမြူမှစ၍ မဟာပထဝီမြေခဲကြီး မြင့်မိုရ်တောင် ကျောက်ခဲကြီးစု၊ မမြင်နိုင်အောင် သေးငယ်လှသော သတ္တဝါ၏ ခန္ဓာကိုယ်မှစ၍ အကနိဋ္ဌဗြဟ္မာ့ကိုယ်ခန္ဓာတိုင်အောင် သတ္တဝါခန္ဓာစု မြက်နွယ်ချုံ သစ်ပင်ဖြစ်သော ရုပ်ခဲစုအလုံးစုံသည် တစ်ခုတစ်ခုသော မီးတောက်ကြီးငယ်နှင့်တူ၏။ မီးတောက်မှာ တေဇောဓာတ်မီး လွှမ်းမိုးအုပ်စိုး၏။ ထို့အတူ သက်ရှိသက်မဲ့ဖြစ်သော ခန္ဓာဒြဗ်ဝတ္ထုတို့မှာ မရဏဓာတ်မီး လွှမ်းမိုးအုပ်စိုး၏။ မီးတောက်မှာ ခုနစ်ပါးသောဓာတ်တို့သည် မီး၏အစာသက်သက်သာ ဖြစ်ကုန်၏။ ထို့အတူ ထိုသက်ရှိသက်မဲ့ဝတ္ထုတို့မှာလည်း ရှိသမျှသော ရုပ်ဓာတ်နာမ်ဓာတ်တို့သည် မရဏဓာတ်မီး၏ အစာသက်သက်ဖြစ်ကြကုန်၏။ ကိုယ်ခန္ဓာ ဒြဗ်ဝတ္ထုစုသည် မီးလောင်တိုက်ကြီးငယ်စုသာတည်း။ မိမိကိုယ်ခန္ဓာ သူတစ်ပါးကိုယ်ခန္ဓာစုသည်၊ မရဏဓာတ်မီးခဲ မရဏဓာတ်မီးတောက် မရဏဓာတ်မီးအိုးကြီးစုသာတည်း။ စတုသမုဋ္ဌာနိက တေဇောဓာတ်မီးခဲကြီး တေဇောဓာတ်မီးတောက်စု ကြီးသာတည်း။ အေးမှု,ပူမှုကို တေဇောဓာတ်မီးဆိုသည်၊ တစ်ကိုယ်လုံးမှာ အေးမှု,ပူမှု ပြည့်၏။ အေးမှုသည် အေးသောရုပ်ကို ပွါးစေတတ်၏၊ ပူမှုသည် ပူသောရုပ်ကို ပွါးစေတတ်၏။ တစ်နေ့လျှင် နှစ်ထပ် နှစ်ထပ် မျိုသွင်းအပ်သော အစာစုကား အဇ္ဈတ္တတေဇောမီးတို့ကို ပွါးစေခြင်းငှါ ထည့်လောင်းရသော မီးစာသက်သက်ပေတည်း။

အစာအိမ်မှာ အစာရှိသမျှကာလပတ်လုံး တစ်ကိုယ်လုံးရှိသော တေဇောမီးတို့သည် တရှိန်းရှိန်းထ၍နေကုန်၏၊ ရုပ်စုရုပ်ဓာတ်ခဲပွါးစီး၍ နေကုန်၏။

ထမှု ထိုင်မှု ရပ်မှု သွားမှုတို့နှင့် အလှုပ်အရှားရှိသောအခါ လွန်စွာပွားစီးကုန်၏။ သွားစဉ်အခါ ဉာဏ်ကိုကိုယ်တွင်း၌ စိုက်၍ထားခဲ့လျှင် ကိုယ်တွင်းမှာ သွက်သွက်ခါနေမှု၊ လျှပ်ပြက်သကဲ့သို့ တရှိန်းရှိန်းတက်မှု ကွယ်ပျောက်မှု၊ ယမ်းပုံမှမီးတောက်ထသကဲ့သို့ ခြေဖဝါးမှ ဦးထိပ်ပေါက်အောင်တက်မှု ကွယ်ပျောက်မှုတို့သည် ကိုယ်တွေ့စိတ်မြင် အထင်အရှားတို့တည်း။ ယခုသွားဆဲအခါမှ ဖြစ်ပေါ်ကြသော အာဂန္တုကဓာတ်ခဲရုပ်ခဲတို့သာတည်း။ ပေါ်သောအစ ကွယ်ပျောက်သော အဆုံးကို မြင်စေ၊ အသစ်အသစ်မှာ ပေါ်ရာရောက်ရာမှ အဟောင်းအဟောင်း ကွယ်ပျောက်မြဲ။

ဤနည်းတူ အိပ်ခြင်းအမှု ထိုင်ခြင်းအမှု ရပ်ခြင်းအမှုတို့၌လည်း ဘယ်နေရာက ဘယ်လိုဖြစ်၍လာသည်ဟု လူအများတို့ ပြောဆိုကြသော အချက်စုသည် အာဂန္တုရုပ်စုရုပ်ခဲတို့၏ ဖြစ်ပေါ်မှုချည်းတည်း၊ ဖြစ်ပေါ်သော နေရာဌာနစု၌ အဟောင်းကွယ်ပျောက်မှုရှိမြဲတည်း။

အစားမှား၍ ဖောက်ပြန်ပြောင်းလဲမှု၊ ဥတုပြောင်း၍ ဖောက်ပြန်ပြောင်းလဲမှု၊ အဖျား အနာ ရောဂါဥပဒ်ဖြစ်၍ဖောက်ပြန်ပြောင်းလဲမှုစသည်ဖြင့် လူအများပင်သိ၍ တွေ့ကြုံ၍ ပြောဆို၍နေကြသော ပြောင်းလဲမှုသည် အလွန်ပင်များပြား၏။ ဓာတ်ကို ခွဲခြမ်းပိုင်းခြား၍ မြင်နိုင်သောဉာဏ်မရှိကြသည့်အတွက် သက္ကာယဒိဋ္ဌိ အဝီစိငရဲမီးပွါးဖို့ချည်း ဖြစ်၍နေကြသည်၊ သက္ကာယဒိဋ္ဌိအချက်ဟူသမျှကို ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ် ဖြစ်အောင်လုပ်နိုင်မှ ငရဲမီးကွယ်ပျောက်နိုင်သည်။ အနမတဂ္ဂသံသရာ၌ အစဉ်ပါ၍နေသောငရဲမီးကို သတ်ရသောအလုပ်ဖြစ်ချေသည်။ မိမိအိမ်ကိုမီးလောင်၍နေသည်ကိုမြင်၍ မီးကိုသတ်သော အိမ်ရှင်ယောကျ်ားသည် ဘယ်နေရာမှာမီးရှိသေးသည်ဟု မီးရှိရာဌာနကို မြင်အောင်ကြည့်၍ သတ်ရသည်၊ မီးကျန်မီးကြွင်းရှိ၍နေလျှင် မုန်ညင်းစေ့ခန့်မျှရှိသော မီးသည် တစ်အိမ်လုံးကို ခဏချင်းယူနိုင်သည်။ ဤကိုယ်ခန္ဓာ၌ ဘယ်အချက်မှာ “ငါ”ထင်မှုရှိ၍ နေသေးသလဲဟု ရုပ်ခန္ဓာ နာမ်ခန္ဓာစု၌လည်းကောင်း ထိုခန္ဓာ၏ အမူအရာစု၌လည်းကောင်း စေ့စုံစွာကြည့်ရှုပြီးလျှင် “ငါ”ထင်၍နေရာကို သမ္မာဒိဋ္ဌိဉာဏ်လက်နက်ဖြင့် အချက်များစွာ ဘာဝနာဖြစ်အောင် ပစ်ခွင်းမှ သက္ကာယဒိဋ္ဌိငရဲမီး သေဆုံးနိုင်သည်။

(ဤကား ရုပ်ခန္ဓာ၏ အနိစ္စအချက်ကို အမြွက်မျှ ပြဆိုသော စကားရပ်တည်း)။ ကွယ်ပျောက်၍သွားသမျှသည် မရဏဓာတ်မီးလောင်ချက်ချည်းတည်း၊ မရဏဓာတ်ဘီလူးစားချက်ချည်းတည်း။

---

မိစ္ဆာဒိဋ္ဌိ အယူရှိသော်

မိစ္ဆာဒိဋ္ဌိ အယူ၌ မီးကိုအစာပေး၍ လုပ်ကျွေးသော အယူသည် ရှိ၏။ ဖွားမြင်သောအခါ မိဖတို့က ဖွားဘက်မီး ယူ၍ထားရသည်။ တစ်ဆဲ့ခြောက်နှစ်ပတ်လုံး မသေအောင်အစာပေး၍ မွေးကျွေး၍ ထားရသည်။ သားငယ် တစ်ဆဲ့ ခြောက်နှစ် အရွယ်သို့ရောက်သောအခါ လူလုပ်မည်လော၊ ဗြဟ္မာ့ပြည်သို့ ရောက်အောင်ကျင့် မည်လောဟု သားကိုမေး၍ ကျင့်မည်ဆိုလျှင် ထိုဖွားဖက်မီးကိုအပ်၍ တောထွက်စေ၏။

တော၌လည်းကောင်း၊ ထိုထိုမြို့ရွာ၌လည်းကောင်း နေ၍ ထိုမီးကို မသေရအောင် အစာပေး၍ လုပ်ကျွေးရသည်။ ထောပတ် ဆီဦးစသည် ထူးထူးမြတ်မြတ်ရသမျှကို မီးစာကျွေးရသည်။ အကောင်းအမွန်ကို ကျွေးနိုင်လေလေ အကျိုးကြီးလေလေဟု အယူရှိသည်။ စုတေသည့်တိုင် မီးကို မသေရအောင် အစာပေး၍ လုပ်ကျွေးပူဇော်နိုင်လျှင် သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ရောက်ရသည်ဟု မိစ္ဆာအယူရှိသည်။

ထိုအယူကို ယူ၍ မီးကို လုပ်ကျွေးသော အဂ္ဂိကပုဏ္ဏားသည် အနှစ်တစ်ရာ အသက်ရှည်လျှင် အနှစ်တစ်ရာပတ်လုံး မီးစာအတွက် မီးအတွက်နှင့် အားထုတ်ရ ကြောင့်ကြစိုက်ရသော သင်္ခါရဒုက္ခခွင်မှ မထွက်ရပြီ။ အနှစ် တစ်ထောင်အသက်ရှည်လျှင် အနှစ်တစ်ထောင်ပတ်လုံး မထွက်ရပြီ။ အနှစ်တစ်သောင်း၊ အနှစ်တစ်သိန်း၊ အနှစ်တစ်ကုဋေ၊ အနှစ်အသင်္ချေ အသက်ရှည်လျှင်လည်း အနှစ်အသင်္ချေပတ်လုံး ဒုက္ခခွင်မှ မထွက်ရပြီ။ အနမတဂ္ဂ သံသရာကာလပတ်လုံး အသက်ရှည်လျှင်လည်း အနမတဂ္ဂ သံသရာကာလပတ်လုံးပင် သင်္ခါရဒုက္ခခွင်မှ မထွက်ရပြီ။

အဘယ့်ကြောင့်နည်းဆိုသော် မီးမည်သည် ရောက်လာသမျှ အစာ ထင်း သစ်သားကို ခဏမစဲ အမြဲကုန်ဆုံးအောင် ဖြုန်းတီးမြဲ ဓမ္မတာပေတည်း။ ထိုမီးကို တွယ်တာ၍ အစာကို အားထုတ်သောသူသည် အဘယ်အခါမှ ဒုက္ခခွင်က ထွက်ရခွင့်မရှိပြီ။

ဤဥပမာအတိုင်း ဤကိုယ်ခန္ဓာမှာလည်း ရုပ်ဓာတ်နာမ်ဓာတ်တို့ကို ခဏမစဲ အမြဲကုန်ဆုံးအောင် အတွင်ဖြုန်းတီး၍နေသော မရဏဓာတ်မီးသည် ကိုယ်ခန္ဓာနှင့် အပြည့်ရှိ၏။ ဤခန္ဓာကို သာယာတွယ် တာ၍ မွေးမြူပြုစုကြကုန်သော ဤသတ္တဝါအပေါင်းတို့သည် မရဏဓာတ်မီးကို မွေးမြူပြုစုမှု အစာပေးမှု ကျွေးမွေးမှုပင်တည်း။

---

ခပ်သိမ်းသတ္တဝါ မီးအစာ

လူ့ခန္ဓာသည် လူ့မရဏဓာတ်မီး၏ အစာတည်း။ နတ်ခန္ဓာသည် နတ်မရဏဓာတ်မီး၏ အစာတည်း။ ဗြဟ္မာ့ခန္ဓာသည် ဗြဟ္မာ့မရဏဓာတ်မီး၏ အစာတည်း။ ထိုခန္ဓာတို့ကို ရလို၍ ဒါနမှုကို ပြုခြင်းသည်လည်း မရဏဓာတ်မီးကို ကျွေးမွေးရန် မီးစာအခင်း စိုက်ပျိုးမှုသာတည်း။

ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလတို့ကို အားထုတ်မှုသည်လည်း မရဏဓာတ်မီးကို ကျွေးမွေးရန် မီးစာခင်း ခန္ဓာခင်း စိုက်ပျိုးမှုသာတည်း။ ကသိုဏ်းဘာဝနာ၊ ဗြဟ္မာ့ဝိဟာရ ဘာဝနာများကို အားထုတ်မှုသည်လည်း မရဏဓာတ်မီးကို ကျွေးမွေးရန် မီးစာခင်း ခန္ဓာခင်းကို စိုက်ပျိုးမှုသာတည်း။

အနမတဂ္ဂသံသရာမှာ တစ်ယောက်တစ်ယောက်သော သတ္တဝါ၏ ဒါနမှုပေါင်း အနမတဂ္ဂရှိခဲ့ပြီ။ ထိုဒါနမှုတို့၏အကျိုး လူ့ခန္ဓာပေါင်း နတ်ခန္ဓာပေါင်း အနန္တရှိခဲ့ပြီ။ ရှိခဲ့သမျှသည်လည်း မရဏဓာတ်မီးစား၍ ကုန် ပျောက်ကွယ်ဆုံးလေတော့သည်။ ပြာမှုန့်မျှမှ အဖတ်ရှာ၍ မရပြီ။ တစ်ခုတစ်ခုသော ဘဝ၌လည်း မိမိကိုယ်ခန္ဓာကို မိမိမွေးမြူနိုင်သော နေ့မှစ၍ တစ်သက်ပတ်လုံး နေ့ရှိသမျှ ကြောင့်ကြစိုက်၍ ဒုက္ခစိုက်၍ မွေးမြူသမျှသည် သေရာဝယ် အကုန်ပျောက်ပျက် ကွယ်ဆုံးမြဲ ဓမ္မတာတည်း။ တေဇောမီးကို မြတ်သောအလှူခံ ပုဂ္ဂိုလ်ဟု ကြည်ညိုအားကိုး၍ ပူဇော်လုပ်ကျွေးသော အဂ္ဂိက ပုဏ္ဏားအလုပ်နှင့် တူလှ၏။

ဤဥပမာ-ဥပမေယျဖြင့် အနမတဂ္ဂသံသရာ၌ ရူပက္ခန္ဓာ၏ အနိစ္စဘေးကြီး၏ သတ္တဝါအပေါင်းကို နှိပ်စက်ညှဉ်းပန်းမှု ကြီးကျယ်ပုံကို သိစေသည်။

---

မရဏမှု မြင်အောင်ရှု

မရဏဓာတ်၏အမှုသည် ဤမျှလောက် ကြီးကျယ်ထင်ရှားပါလျက် မရဏဓာတ်ကို သီးသန့်ခြားနား ဓာတ်ကြီးတစ်ပါးအဖြစ်ဖြင့် မမြင်နိုင်ဘဲ နေတတ်သည်။ သီးသန့်ခြားနား ဓာတ်ကြီးတစ်ပါးအနေနှင့် မြင်အောင်ကြည့်။ မိမိကိုယ်တွင်းမှာ ဣရိယာပုထ်လေးပါး၌ ခဏမစဲ အမြဲအစဉ် အတွင်လောင်ဖြုန်း၍ တဟုန်းဟုန်းနေသည်ကိုလည်း မြင်အောင်ကြည့်။

ဥပမာ- တစ်နည်းကား
တွင်းကြီးတစ်ခုသည် အထုယူဇနာ နှစ်သိန်းလေးသောင်း ရှိသော မဟာပထဝီမြေကြီးကိုလည်းကောင်း၊ ထိုမြေကြီး၏အောက်၌ အထုယူဇနာ လေးသိန်းရှစ်သောင်းရှိသော ရေပြင်ကြီးကိုလည်းကောင်း၊ ထိုရေ၏အောက်၌ ကိုးသိန်းခြောက်သောင်းရှိသော လေပြင်ကြီးကိုလည်းကောင်း ထွင်းဖောက်၍ အောက်အနန္တအဇဋာကာသ ကောင်းကင်သို့ ဟောင်းလောင်းပေါက်လေရာ၏။ တစ်ယောက်သောသူသည် အောက်အဖို့၌ မှောင်ဖုံး၍နေသဖြင့် အတောင်တစ်ရာ နှစ်ရာမျှသာ နက်သောတွင်းဟု ထင်၏။ ထိုအရပ်မှာလည်း ဤကဲ့သို့သောတွင်းကို ဝမ်းစာမြေသားတက်အောင် အသက်ထက်ဆုံး ဖို့၍လောင်း၍ သေလွန်လျှင် ဗြဟ္မာ့ပြည်သို့ရောက်၏ဟု မိစ္ဆာဝါဒ ဖြစ်ထွန်းလျက်ရှိရာ၏။

ထိုမိစ္ဆာကို ယူစွဲသောသူတို့သည် ထိုတွင်းမှာ မြေစာတိုးတက်အောင် ဖို့လောင်းသောအကျင့်ကို သေသည်တိုင်အောင် စွဲမြဲအားထုတ်ကြကုန်၏။ တွင်း၌ ထည့်လိုက်သမျှ၊ လောင်းလိုက်သမျှသော မြေစာတို့သည်မူကား ရပ်တန့်ရာမရ အောက်အဇဋာကာသ အနန္တကောင်းကင်ကြီးသို့ သွားကုန်၏။ လွန်လေပြီးသော အနမတဂ္ဂသံသရာ၌ တစ်ယောက်တစ်ယောက်သောသူ၏ ခန္ဓာကိုယ်အကျိုးငှါ ပြုအပ်သော ဒါနမှုအနန္တ၊ သီလမှုအနန္တ၊ ဘာဝနာမှုအနန္တတို့သည် ထိုတွင်းကိုဖို့ကြသော အမှုနှင့် တူကုန်၏။

ဖြစ်ခဲ့ပြီးသော လူ့ခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာ့ခန္ဓာ အနန္တစုသည် ထိုတွင်းသို့ ကျလေသော မြေစိုင်ခဲတို့နှင့် တူကုန်၏။ နောက်အနာဂတ် သံသရာမှာလည်း ဤနည်းတူ ယခုဘဝ၌ အသက်မွေးမှု၊ ခန္ဓာမွေးမှုနှင့် နေ့နေ့ညည ကြောင့်ကြစိုက်သော အမှုစုသည်လည်း ထိုတွင်းကို ဖို့ကြမှုနှင့်တူ၏။ ဤသည်လည်း အနိစ္စဘေး ကြီးကျယ်ပုံကို ပြဆိုသော ဥပမာပင်တည်း။

ဥပမာ နှီးနှောချက်

ဤဥပမာ၌ကား အားထုတ်သယ်ပိုး၍ တွင်းထဲသို့ လောင်းသမျှသော မြေစာတို့၏ လက်ကလွှတ်လိုက်သည့်နောက် တစ်ခဏမျှသာ မြင်လိုက်ရ၍ မျက်ခြည်ပြတ် ပျောက်ကွယ်၍သွားမှုနှင့် အတိတ်နေ့ အတိတ်လ အတိတ်နှစ် အတိတ်ဘဝ အနမတဂ္ဂ၌ ခန္ဓာတို့၏ ကုန်ဆုံးပျောက်ကွယ်၍သွားမှု တူသည်။ မြေစာတို့ကို အနမတဂ္ဂ ကာလပတ်လုံး မနေမနားလောင်း၍ပင်နေသော်လည်း ပြည့်နိုင်ရန်အခွင့် တစ်ပဲတစ်ရွေးမျှ အဖတ်ရှာ၍ ရနိုင်ရန်အခွင့်မရှိသော အနန္တအာကာသ ပေါက်ကြီးအလားနှင့် အတိတ်သံသရာ အနာဂတ်သံသရာ အနမတဂ္ဂ ရှည်လျားလှသော မရဏဓာတ်တွင်းကြီးသို့ ဒါန၊ သီလ၊ ဘာဝနာမှုတို့ကို မနေမနား အားထုတ်၍ စီးပွါးဥစ္စာရှာမှုကို မနေမနား အားထုတ်၍ လူ့ခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာ့ခန္ဓာ၊ ဥစ္စာဓန၊ မြေစိုင်တို့ဖြင့် ဖို့လောင်းသော်လည်း တစ်ပဲတစ်ရွေးမျှ အဖတ်ရှာ၍ ရနိုင်ရန်အခွင့်မရှိကြောင်းကို သိစေ၊ မြင်စေ၊ ထင်စေသည်။

အောက်က မီးဥပမာ၊ ဤတွင်းကြီးဥပမာ နှစ်ရပ်ဖြင့်ပင် ရုပ်ခန္ဓာအတွက်နှင့် အတိတ်သံသရာ၌ ပင်ပန်းခဲ့သမျှသည်လည်း အချည်းနှီးသာတည်း။ နောက်အနာဂတ်၌ ပင်ပန်းအံ့သမျှသည်လည်း အချည်းနှီးသာတည်း။ ယခုမျက်မြင်၌ ပင်ပန်းကြသမျှ၊ ကြောင့်ကြစိုက်ကြသမျှသည်လည်း အချည်းနှီးသာတည်းဟူသော အနက်ကိုလည်း ပြလိုက်သည်။

ခန္ဓာငါးပါး၌ အနိစ္စဘေး ကြီးကျယ်ပုံကို ပြဆိုချက် ပြီး၏။

---

ခန္ဓာငါးပါး သစ္စာဖွဲ့ပုံ

ဤအနိစ္စ စင်စစ်ဖြစ်သော ခန္ဓာငါးပါးသည် ဒုက္ခသစ္စာမည်၏။ ထိုခန္ဓာငါးပါးကို ငါ၏ ကိုယ်ပိုင်ဥစ္စာဟု သာယာတွယ်တာလျက် ထိုခန္ဓာငါးပါး၏ ဖြစ်ပွါးခြင်းကို အလိုရှိသော တဏှာသည် သမုဒယသစ္စာမည်၏။ ထိုတဏှာ၏ ကျွတ်လွတ်မှုဟူသော သတ္တမကောသလ္လဌာနဖြစ်သော နိဿရဏသည် နိရောဓသစ္စာမည်၏။ စတုတ္ထကောသလ္လဌာနဖြစ်သော သမ္မာဒိဋ္ဌိအစရှိသော မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ဤသို့လျှင် ခန္ဓာငါးပါး၏ သရုပ်သဘောအဓိပ္ပါယ်၊ သစ္စာလေးပါး၏ သရုပ်သဘောအဓိပ္ပါယ်၊ ခန္ဓာငါးပါးကို သစ္စာဖွဲ့နည်း၊ မဂ္ဂင်ရှစ်ပါး၏ သရုပ်သဘော အဓိပ္ပါယ်နှင့်တကွ နိဗ္ဗာန်ကိုရောက်အောင် ပွါးများနည်းကို သိလိုပါသည်ဟု အစိတ်တစ်ဆဲ့တစ်ချက်ပါရှိသော ဒုတိယလျှောက်ချက်ကို ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်လာ ခုနစ်ဖြာသော ကောသလ္လဌာနကို ပြတော်မူသော သုတ္တန်ဒေသနာကို အစဉ်မှီ၍ ပြဆိုလိုက်သော စကားရပ်ပြီး၏။

ဒုတိယလျှောက်ချက် အဖြေ ပြီး၏။

---

တတိယခန်း

နောက်နောက် လျှောက်ချက်တို့ကိုကား အကျဉ်းမျှပြဆိုအံ့။

“နိဗ္ဗာန်၏သဘောနှင့် နိဗ္ဗာန်ကိုရောက်သူတို့၏ ချမ်းသာစင်စစ် ဧကန်ဖြစ်ရခြင်းကို ဟုတ်မှန်သည့်အတိုင်း သိရ၍ ဂုဏ်ကျေးဇူးကို အစဉ်အောက်မေ့လျက် ဥပသမာနုဿတိ ဘာဝနာအဖြစ်ဖြင့် ပွါးများ၍ နေလိုပါကြောင်း” တတိယလျှောက်ချက် နိဗ္ဗာန်၏ နိဿရဏဓာတ်သဘော။

အဖြေကား--- ဥပသမာနုဿတိ ဘာဝနာမှုမည်သည် စင်စစ်အားဖြင့် မိမိ၏ဟဒယဓာတ်အိမ်အတွင်းမှာ ဆိုက်တွေ့ပြီးသော ဥပသမဓာတ်ရှိသော အရိယာတို့၏အလုပ်သာဖြစ်သည်၊ မောင်သော်နှင့်ဆိုင်သော အလုပ်မဟုတ်။ မောင်သော်သည် မိမိ၏ ဟဒယဓာတ်အိမ်၌ ဆိုက်တွေ့ပြီးသော ဥပသမဓာတ် ရှိသေးသူမဟုတ်။ မိမိကိုယ်တွေ့မဟုတ်ပဲ သူတစ်ပါး၏ ကိုယ်တွေ့ဖြစ်သော ဥပသမဓာတ်၏ဂုဏ်ကို အနုမာန မျက်ရမ်းဆအားဖြင့် မြော်မြော်စောစော ပွားများသော်လည်း အားပြည့်အင်ပြည့် ဘာဝနာ မဖြစ်နိုင်။ မောင်သော် သန္တာန်မှာ တဒင်္ဂ ဥပသမဓာတ်မျှမူကားရှိ၏၊ ထိုရှိသောဓာတ်သည်လည်း ကြည့်လောက်၊ ရှုလောက်၊ ပွားများလောက်အောင် ပြောင်ပြောင်လက်လက်မဟုတ်၊ ရှေ့နောက် ကိလေသာဖုံးလွှမ်းလျက်နေ၏။ သို့သော်လည်း အနုမာန မျက်ရမ်းဆ၍ အောက်မေ့ရလျှင်ပင် အလွန်အကျိုးကြီးသော အရာဌာနဖြစ်ပေ၍ ရမ်းဆနိုင်ရန် ဖြေဆိုလိုက်ပေအံ့။

ရှေ့ အာဒီနဝနိဗ္ဗာန်၏ သဘောဆိုသည်ကား သန္တတိသဘောတည်း။ ယင်းကို ကောသလ္လဌာန ခုနစ်ပါးမှာ နိဿရဏဆိုသည်။ ပြဆိုခဲ့ပြီးသော မီးပူဇော်သော ပုဏ္ဏားဥပမာ၊ အောက်အဇဋာကာသ အနန္တကောင်းကင်သို့ ပေါက်သောတွင်းကြီးကို ဖို့ကြသော အန္ဓဗာလတို့ ဥပမာများနှင့်တကွ အနိစ္စဘေးသည် အဘယ်မျှလောက် ကြီးကျယ်သည်ဟု မြင်အောင်မြော်၍ အနိစ္စဓာတ်မီး၊ မရဏဓာတ်မီး၏ ကြောက်မက်ဖွယ်ကို မြင်အောင်ကြည့်။ ထိုအနိစ္စမီး၊ မရဏမီး၏ ချုပ်ငြိမ်းမှုဟူသော နိဿရဏဓာတ်သည် ရှိ၏။ ထိုနိဿရဏဓာတ်သည် သန္တိသဘောပင်တည်း။ မရဏဓာတ်ကြီးကိုမှ အသီးအခြား ဓာတ်ကြီးတစ်ပါး ဓမ္မတစ်ပါးအနေနှင့် ကွက်ခြားရှင်းလင်း၍ မမြင်နိုင်ခဲ့လျှင် နိဿရဏဓာတ်ကို အသီးအခြားဓာတ်တစ်ပါးအနေနှင့် မြင်နိုင်မည်ဝေးစွ။ မရဏဓာတ်ကို အသီးအခြားဓာတ်တစ်ပါးအဖြစ်ဖြင့် မြင်နိုင်ပါမှ နိဿရဏဓာတ်ကို အတပ် ရမ်းဆနိုင်လတံ့။

အနမတဂ္ဂသံသရာ၌ ပုဂ္ဂိုလ်၊ သတ္တဝါဟူ၍ အဏုမြူမျှ မရှိ။ ပရမတ္ထစု ဓာတ်ခဲမျှသာရှိသည်။

ဧရာဝတီမြစ်ရေကို စေ့စေ့ကြည့်၍နေလျှင် အစဉ်အတိုင်း သီတဓာတ်မီး အဆင့်ဆင့်မှ ကလာပ်အစုဓာတ်အစု အဆင့်ဆင့်ပေါက်ဖွား၍ ရိပ်ရိပ် ရိပ်ရိပ် စီးသွားမှုကဲ့သို့ အနမတဂ္ဂသံသရာမှာ ခန္ဓာအစဉ်၊ ဓာတ်အစဉ် အလျဉ်ဆက်ပွား အစဉ်သွား၍ နေမှုသာအဟုတ်ရှိသည်။ ပုဂ္ဂိုလ်ဟူ၍ သတ္တဝါဟူ၍ အဏုမြူမျှမရှိ။

ထိုတစ်ခုတစ်ခု ဓာတ်နွယ်ဓာတ်စဉ် ဓာတ်အလျဉ်သည် အကြင်မျှလောက် သမုဒယသစ္စာ တဏှာဟူသော အစည်းအဖွဲ့သည် ရှိသေး၏၊ ထိုမျှလောက် အစုအခဲမပျက်မူ၍ ပေါက်မြဲပေါက်၊ ပွားမြဲပွား၊ သွားမြဲသွား၍ နေသည်သာဖြစ်၏။ နိဿရဏဓာတ်သို့ ဆိုက်ခွင့်မရသေး။

အကြင်အခါ၌ ထိုတေဘုမ္မက ဓမ္မဓာတ်အစဉ်တစ်ခု ဓာတ်အစုအခဲ အတွင်းမှာ လောကုတ္တရာ သမ္မာဒိဋ္ဌိမဂ္ဂင်ဟူသော ဓမ္မဓာတ်တစ်ခုသည် ပေါ်၍ လာ၏။ ထိုအခါ တဏှာအစည်းအဖွဲ့သည် ကုန်ဆုံး၍သွား၏။ ထိုတဏှာ၏ ကုန်ဆုံးမှုသည် နိဿရဏဓာတ်ပင်တည်း။ မရဏဓာတ်နှင့် နိဿရဏဓာတ် ထွေး၍မနေစေလင့်။ မရဏဓာတ်ကား တဖွားဖွားဖြစ်ပေါ်သမျှသော ရုပ်ဓာတ်၊ နာမ်ဓာတ်တို့ကို ခဏမစဲကုန်ဆုံးအောင် လောင်သောမီးမျိုးပေတည်း။ နိဿရဏဓာတ်ကား ထိုမရဏမီးကို သေဆုံးအောင်သတ်သော ဓာတ်အေး ဓာတ်ငြိမ်းကြီးပေတည်း။ ထိုနိဿရဏဓာတ်အေးကြီး၊ ဓာတ်ငြိမ်းကြီးသည်မူကား တစ်စုံတစ်ခုသော ဓာတ်နှင့် ရောမှု၊ ယှက်မှု၊ ဖက်တွဲမှုမရှိ။ ကောင်းကင်ကြီးကို မီးလည်း မိအောင်မလောင်နိုင်၊ ရေလည်းထိအောင် မဖျက်နိုင်၊ တစ်စုံတစ်ခုသောဘေးမျှ မထိပါးနိုင်သကဲ့သို့ ထိုနိဿရဏဓာတ်ကြီးတို့ အလွန်သိမ်မွေ့လှသော ဓာတ်ကြီးဖြစ်ခဲ့၍ ဇာတိမီးလည်းမထိနိုင်၊ ဇရာမီးလည်းမထိနိုင်၊ မရဏမီးလည်းမထိနိုင်၊ ရာဂမီး၊ ဒေါသမီး၊ မောဟမီးတို့လည်းမထိနိုင်၊ မီးတစ်ဆဲ့တစ်ပါးမှ လွတ်သော ဓာတ်ကြီးပေတည်း။ ဇာတိမရှိသည့်အတွက်ကြောင့် ဘယ်မှာစသည်ဟူ၍လည်း အစကိုပြရန်မရှိ။ ဘယ်မှာတစ်ခု ဘယ်မှာတစ်ခုဟူ၍ နှစ်ခုသုံးခုစသည် ခွဲခြမ်းရန်မရှိ။ မရဏမရှိသည်ဖြစ်၍လည်း ဘယ်မှာဆုံးသည်ဟု အဆုံးကိုပြရန်မရှိ။

ဝိညာဏံ အနိဒဿနံ အနန္တံ သဗ္ဗတော ပဘံ။
(ဗြဟ္မနိမန္တနသုတ် ပါဠိတော်)

ဝိညာဏံ = ထူးသောဉာဏ်ဖြင့်သာ သိအပ်၏။ အနိဒဿနံ = အရပ် ဒေသ ကာလသဏ္ဌာန်နှင့် ညွှန်ပြခြင်းငှါ မထိုက်။ အနန္တံ = ရှေ့အစွန်း နောက်အစွန်းလည်း မရှိ။ သဗ္ဗတောပဘံ = အဇဋာကာသ ကျယ်လှအပြင် မိုးကောင်းကင်ပမာ ဆယ်မျက်နှာတို့၌ ဝင်းဝင်းတောက်လျက်ရှိ၏။

(အနက်။)

ဝိညာဏံ ဆိုသည်ကား အနမတဂ္ဂသံသရာ ခန္ဓာအစဉ်၊ ဓာတ်အစဉ်၌ အမြဲလောင်၍ လိုက်နေသော ရာဂမီး, ဒေါသမီး, မောဟမီး, ဇာတိမီး, ဇရာမီး, မရဏမီးသည်လည်းရှိ၏။ ထိုမီးစု၏ ကုန်မှု, ဆုံးမှု, အေးငြိမ်းမှုသည်လည်း ဧကန်ရှိ၏ဟု သိအပ်သော သန္တိသဘောကိုဆိုသည်။

အနိဒဿနံ ဟူသောပါဌ်ဖြင့် ဘယ်ကမ္ဘာမှစ၍ ဖြစ်ပေါ်သည်၊ ဘယ်မှာဆုံးသည်၊ ဘယ်အခါမှာမှရှိသည်၊ ဘယ်အခါမှာမရှိဟု ကာလအထွေအပြားနှင့်လည်း ညွှန်းပြခြင်းငှါ မထိုက်။ ဘယ်ဘုရား၏ နိဿရဏဓာတ်တစ်ခု၊ ဘယ်ပစ္စေကဗုဒ္ဓါ၏ နိဿရဏဓာတ်တစ်ခု၊ ဘယ်သာဝက၏ နိဿရဏဓာတ်တစ်ခုဟူ၍လည်း အနမတဂ္ဂသံသရာတွင် ပရိနိဗ္ဗာန်စံကြသူတို့ကိုလိုက်၍ အထွေအပြားပြု၍ ညွှန်းပြခြင်းငှါ မထိုက်။ ဘုရားတို့၏ နိဿရဏဓာတ်ကား အလွန်မြတ်သည်၊ ပစ္စေကဗုဒ္ဓါတို့၏ နိဿရဓာတ်ကား ထိုအောက်ယုတ်ညံ့သည် စသည်ဖြင့် ဟီန၊ ပဏီတ ခြားနားခြင်းငှါလည်း မထိုက်။ သဗ္ဗညုမြတ်စွာဘုရား ရောက်သောနိဗ္ဗာန်နှင့် ခုဇ္ဇုတ္တရာအိမ်ကျွန်မရောက်သော နိဗ္ဗာန်နှစ်ထွေနှစ်ပါး မပြားကြ ဆိုလိုသည်။ ဤသို့သော အဓိပ္ပါယ်ကို အနိဒဿနံဟူသောပါဌ်ဖြင့် ပြတော်မူပေသည်။

အနန္တံ-ဟူသောပါဌ်ဖြင့် အနမတဂ္ဂသံသရာ၌ ကျွတ်ကြသော သူခပ်သိမ်းတို့၏ နိဗ္ဗာန်ကို ရှေ့အစွန်း၊ နောက်အစွန်း ခြားနား၍ ခွဲဝေခြင်းငှါ မထိုက်သည်ကိုပြသည်။

သဗ္ဗတောပဘံ ဟူသောပါဌ်ဖြင့်ကား တေဘုမ္မကနယ်မှာ မရဏဓာတ်မီးသည် ညီးညီးထိန်ပြောင် တောက်လောင် ထွန်းပ၍နေ၏။ အနမတဂ္ဂ အတိတ်သံသရာ ကမ္ဘာအနန္တ ကုန်ဆုံးကွယ်ပျောက်ချက်။

ယခုရှိသမျှလည်း နေ့ညမစဲ ကုန်ဆုံးကြလျက်နေသည်ကို မြော်။ နောင်အနာဂတ် သံသရာကမ္ဘာအဆက်ဆက်လည်း ကုန်ဆုံးမှုမှာ အဆုံးသတ်ရသည်ချည်း။ လူတိုင်းလည်း သေရချည့် သေရချည့်ဟု သိလျက်၊ မြင်လျက်၊ တွေ့ကြုံလျက်နေကြရသည်။ မရဏမီး ထိန်ထိန်ညီးပုံတည်း။ လောကုတ္တရာနယ်မှာ ထိုနိဿရဏဓာတ်ကြီးသည် ထိန်ထိန်ညီးထွန်းတောက်၍နေ၏။ အနမတဂ္ဂသံသရာ၌ ဘုရားပေါင်းအနမတဂ္ဂ၊ ပစ္စေကဗုဒ္ဓါပေါင်းအနမတဂ္ဂ၊ သာဝကပေါင်း အနမတဂ္ဂတို့၏ ထိုမရဏမီးမှ ကျွတ်လွတ်ကြမှုကို မြော်။ ဤသို့သော အနက်ကို သဗ္ဗတောပဘံ ဟူသောပါဌ်ဖြင့် ပြတော်မူသည်။

ဤကား နိဗ္ဗာန်၏ သဘောကိုသိလိုပါသည် ဟူသောအချက်၌ အမြွက်အရိပ် ရမ်းဆရန် ပြဆိုသောအခန်းပြီး၏။

---

နိဿရဏဓာတ်၏ ချမ်းသာအစစ်

နိဗ္ဗာန်သို့ ရောက်သူတို့၏ ချမ်းသာစင်စစ် ဧကန်ဖြစ်ပုံကို သိလိုပါသည်ဟူသောအချက်၌ ဧကန်စင်စစ်ကို ပြောဆိုခန်းဆိုက်လျှင် ပုဂ္ဂိုလ် သတ္တဝါကို ထည့်၍ မပြောထိုက်။

ဓမ္မာ နိဿတ္တ နိဇ္ဇီဝသဘာဝါ=သတ္တလည်းမဟုတ်၊ ဇီဝလည်းမဟုတ်ကုန်သော သဘောတရားတို့သည်သာလျှင်၊ သံဝိဇ္ဇန္တိ=ရှိကုန်၏ဟု လူတိုင်းကြားဘူး၍နေသော အဘိဓမ္မာဒေသနာတော်ကြီးကိုမြော်။

---

ဓာတ်နှင့် ဓာတ်သား အရင်းထားမှ

အဟုတ်ရှိမဟုတ်၊ အမှန်ရှိမဟုတ်ဘဲ စိတ်ထဲတွင် ထင်ချင်တတ်တိုင်း အလှိုင်းတကြီးထင်၍နေကြသော ပုဂ္ဂိုလ်, သတ္တဝါ, စိတ်, သညာနှင့် ထွေးလုံး ရောယှက်၍ ပြောဆိုခဲ့လျှင် နိဗ္ဗာန်အသွင် ထင်မိထင်ရာ ထွေလာများပြား ရောက်တတ်ရာဖြစ်၍ သွားတတ်သည်။ မိမိကိုယ်ကောင် ဖြစ်၍နေသော မြေဓာတ်ကြမ်းကြီးသည် ရှိ၏။ ထိုမြေဓာတ်ကြမ်းကြီးကိုမျှ ပရမတ္ထသဘာဝအစစ်ကို ခြားနား၍ မြင်နိုင်သော ဉာဏ်မရှိ၍ ထိုမြေဓာတ်မှာ ငါငါဟူသော သက္ကာယဒိဋ္ဌိမီး တညီးညီးတောက်၍နေသော အန္ဓပုထုဇန်သည် အတုမရ၊ အဖက်မရ၊ သိမ်မွေ့လှစွာသော နိဿရဏဓာတ်စကားကို အမှန်အားဖြင့် ကြံဖန်ပြောဆိုနိုင်ရန် စိတ်သဘောကျနနိုင်ရန် အလွန်ဝေး၏။

မိမိကိုယ်ဖြစ်၍နေသော ရေဓာတ်ကြမ်းကြီး၊ မီးဓာတ်ကြမ်းကြီး၊ လေဓာတ်ကြမ်းကြီး၊ လောဘဓာတ်ကြမ်းကြီး၊ ဒေါသဓာတ်ကြမ်းကြီးများကို ပရမတ္ထသဘာဝအစစ်ကို မမြင်နိုင်သော အန္ဓပုဇန်သည် နိဗ္ဗာန်စကားကို ပြောဆိုကြံဖန်ခြင်းငှါ အလွန်ဝေးလှစွာ၏။

ဇရာဟူသော ဓာတ်ကြမ်းကြီး၊ မရဏဟူသော ဓာတ်ကြမ်းကြီးကိုမှ ပရမတ္ထသဘာဝအစစ်ကို မမြင်နိုင်ဘဲ မရဏဓာတ်ကိုပင် ငါသေရလတ္တံ့၊ သူသေရလတ္တံ့၊ မည်သူသေပြီ အစရှိသည်ဖြင့် သက္ကာယဒိဋ္ဌိငရဲမီး တညီးညီးတောက်၍နေသော အန္ဓပုထုဇန်သည် နိဗ္ဗာန်စကားကို ပြောဆိုကြံဖန်၍ သဘောကျနိုင်ရန်စခန်း အလွန်ဝေးလှစွာ၏။

ထို့ကြောင့် သက္ကာယဒိဋ္ဌိမီး၏အလို၊ ပုဂ္ဂိုလ်သတ္တဝါဟူသော စိတ်သညာများကို ဝေးစွာပယ်ရှားပြီးမှ သက်သက်သော ဓာတ်စဉ်၊ ဓာတ်သွား၊ ဓာတ်အလားတို့နှင့် ကြံဖန်ပြောဟောမှုသာ နိဗ္ဗာန်စကား ဖြောင့်မတ်နိုင်ရာသတည်း။

အနမတဂ္ဂသံသရာ၌ ခန္ဓာအစဉ်၊ အာယတနအစဉ်၊ ဓာတ်အစဉ် အလျဉ်မပျက် ဆက်လက်ဖြစ်ပွား၍လာခဲ့စဉ်အခါ၌လည်း မျက်တောင်တစ်ခတ်မျှကာလမှာပင် အကြိမ်တစ်ထောင်၊ အဆက်တစ်ထောင်မက ဓာတ်သစ်၊ ဓာတ်ဟောင်း ပြောင်းလဲဆက်လက်မှ မျက်တောင်တစ်ခတ် ပြည့်မီနိုင်သည်၊ အသစ်ပေါ်မှု၊ အဟောင်းချုပ်ကွယ်မှု တစ်ခဏမျှ စဲခဲ့သည်မဟုတ်။

သို့သော်လည်း အကြင်မျှလောက် အဝိဇ္ဇာ တဏှာဟူသော ဝဋ်မြစ်သည် မငြိမ်းသေး၊ ထိုမျှလောက်သော ကာလပတ်လုံး တစ်ဘဝဆုံး၍ တစ်ဘဝဆက်လက်ပြန်လျှင် မီးတစ်ဆဲ့တစ်ပါး ထက်ကြပ်ပါသော တေဘုမ္မက ဓာတ်ကြမ်းစုချည်း ဆက်လက်ဖြစ်ပွား၏။ အကြင်ဘဝ၌ အဝိဇ္ဇာတဏှာချုပ်ဆုံး၏၊ ထိုဘဝမှ စုတိကျလျှင် တေဘုမ္မကဓာတ်ကြမ်းစု ဆက်လက်မှုမှ ကျွတ်လွတ်၍ မီးတစ်ဆဲ့တစ်ပါး မလိုက်နိုင်သော နိဿရဏဓာတ်ကြီးနှင့် ဆက်မိလေ၏။ မီးတစ်ဆဲ့တစ်ပါးမှ လွတ်လေ၏။ မရဏနယ်မှ ကျွတ်လေ၏။ ဓာတ်ကြမ်းစုရှိနေစဉ်အခါ ဓာတ်ကြမ်းစုကို ပုဂ္ဂိုလ်၊ သတ္တဝါခေါ်ရသကဲ့သို့ နိဿရဏဓာတ်နှင့် ဆက်မိသောအခါ ထိုနိဿရဏဓာတ်ကိုပင် ပရိနိဗ္ဗာန်စံ ပုဂ္ဂိုလ်ခေါ်လိုလျှင်ခေါ်တော့။

ဤအရာ၌ အနမတဂ္ဂသံသရာ ကမ္ဘာအဆက်ဆက် ရှည်လျားသည့်အတွက်နှင့် နိဗ္ဗာန်ကိုလည်း ရှည်လျားသကဲ့သို့ ယောင်၍နေတတ်၏။ ပရိနိဗ္ဗာန်စံကြသော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ သာဝကပုဂ္ဂိုလ်တွေ အနမတဂ္ဂသံသရာတွင် အလွန်အထွေအပြား များပြားသည့်အတွက်နှင့်လည်း နိဗ္ဗာန်များပြားသကဲ့သို့ ယောင်၍နေတတ်၏။

ဝိညာဏံ အနိဒဿနံ အနန္တံ သဗ္ဗတောပဘံ-ဟူသော ပါဠိတော်၌
အနိဒဿနံ ပုဒ်အရကို သတိပြု။

ကာလအားဖြင့် ရှည်လျားသည်ဟု ဖြစ်ရမှုသည် ဖြစ်ခြင်းပျက်ခြင်းရှိသော ရုပ်ခဲ၊ နာမ်ခဲတို့မှာသာ ရကောင်းသောအမှုတည်း။ ထိုသို့ရကောင်းသော ရုပ်တရား၊ နာမ်တရားတို့၏ ရှည်လျားမှုနှင့် ဉာဏ်ထဲမှာ ယှဉ်တွဲ၍ မနေစေနှင့်။ အနမတဂ္ဂသံသရာကြီး၏ ရှည်မှုအလားသည် နိဗ္ဗာန်နှင့်မဆိုင်၊ ဉာဏ်ယောင်ဖွယ်ကောင်းလှ၏။ အနမတဂ္ဂသံသရာတွင် အပါအဝင်ဖြစ်ကြကုန်သော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာတို့၏ ခန္ဓာအထွေအပြားတို့သည်လည်း နိဗ္ဗာန်နှင့် မရော၊ ဉာဏ်ယောင်ဖွယ်ကောင်းလှ၏။ သံသရာဝဋ်ဒုက္ခမှာ အနန္တအပ္ပမေယျအပြစ်ရှိ၏။ ထိုအပြစ်တို့၏ ကင်းငြိမ်းမှုဖြစ်၍ အနန္တအပ္ပမေယျဂုဏ်ရှိသော နိဿရဏဓာတ်ကြီးတစ်ပါး ဧကန်ရှိ၏ဟု ဤမျှသာ သိရမည်။ သံသရာ၊ ကမ္ဘာ၊ အရပ်မျက်နှာတို့နှင့် ပရိနိဗ္ဗာန်စံကြသူ ခန္ဓာအထွေအပြားကို ယောင်ဝါးလိုက်ရော၍ မနေစေလင့်။ မီးရထားသွားသောအခါ သစ်ပင်တို့ကို ကြည့်မျှော်လျှင် ပြင်ကျသော သစ်ပင်စုက ရထားနှင့်အပြိုင်လိုက်၍ နေဘိသကဲ့သို့ ထင်ရ၏။ သစ်ပင်ကား မသွား၊ တစ်ဆံဖျားမျှမရွေ့။ ရထားသာသွားသည်။ ရထားနှင့် သံသရာကမ္ဘာအဆက်ဆက်၊ သစ်ပင်ကြီးနှင့် နိဗ္ဗာန်ယှဉ်လေ။

ဇမ္ဗူဒီပါကျွန်း၌ မွန်းတည့်၍နေသော လဝန်းသည် တစ်ကျွန်းလုံး အိမ်တိုင်းမှာ ရေလင်ပန်းထားလျှင် လင်ပန်းတိုင်းတွင် ထင်၏။ လင်ပန်းများတိုင်း လများသည်မဟုတ်။ လင်ပန်းများနှင့် ပရိနိဗ္ဗာန်စံ ပုဂ္ဂိုလ်အများ၊ မွန်းတည့်၍နေသောလဝန်းနှင့် နိဗ္ဗာန်ယှဉ်လေ။

ဤမျှသော စကားရပ်တို့ဖြင့် နိဗ္ဗာန်ဟူသော နိဿရဏဓာတ်၏ သဘောကို အမြွက်မျှပြဆိုချက်၊ နိဗ္ဗာန်ဝင်၊ နိဗ္ဗာန်စံ ပုဂ္ဂိုလ်ဟူ၍ နိဗ္ဗာန်မှာ မရှိသည်ကို ပြဆိုချက်၊ ဤနှစ်ချက်တို့ကို အမြွက်မျှပြဆိုသော တတိယ လျှောက်ချက်အဖြေပြီး၏။

ဤနိဗ္ဗာန်အကြောင်းအရာမှာ ကျမ်းဂန်တတ်သိ ပညာရှိတို့ ရေးသားကြသော နိဗ္ဗာနကထာ အကျယ်များလည်း ယခုအခါ ပေါများပါ၏။ သို့အတွက်ကြောင့် အမြွက်မျှကိုသာ ပြဆိုလိုက်သည်။

တတိယပြဿနာ အဖြေ ပြီး၏။

---

စတုတ္ထခန်း

အန္ဓပုထုဇန်အဖြစ်မှလွတ်၍ ကလျာဏပုထုဇန်အဖြစ်၌ တည်နေရအောင် သိအပ်သောတရားများ၏ သရုပ်သဘော အဓိပ္ပါယ်များကို သိလိုပါသည်-ဟူသော လျှောက်ချက်၌

ပုထုဇန် နှစ်မျိုး

ဒုဝေ ပုထုဇ္ဇနာ ဝုတ္တာ၊ ဗုဒ္ဓေနာဒိစ္စဗန္ဓုနာ။
အန္ဓော ပုထုဇ္ဇနော ဧကော၊ ကလျာဏေကော ပုထုဇ္ဇနော။
[မူလပဏ္ဏာသ အဋ္ဌကထာ]

အာဒိစ္စဗန္ဓုနာ = နေမင်း၏အနွယ်ဖြစ်တော်မူသော၊ ဗုဒ္ဓေန = မြတ်စွာဘုရားသည်၊ ဒုဝေ = နှစ်ယောက်ကုန်သော၊ ပုထုဇ္ဇနာ = ပုထုဇန်တို့ကို၊ ဝုတ္တာ = ဟောတော်မူအပ်ကုန်၏။ အန္ဓော ပုထုဇ္ဇနော ဧကော = အန္ဓပုထုဇဉ်လည်းတစ်ယောက်၊ ကလျာဏေကော ပုထုဇ္ဇနော = ကလျာဏပုထုဇန်လည်း တစ်ယောက်တည်း။

အန္ဓပုထုဇန် လက္ခဏာ

ယဿ ဟိ ခန္ဓ ဓာတု အာယတန သစ္စ ပစ္စယာကာရ သတိပဋ္ဌာနာဒီသု ဥဂ္ဂဟ ပရိပုစ္ဆာ ဝိနိစ္ဆယရဟိတတ္တာ ဒိဋ္ဌိပဋိသေဓကော နေဝ အာဂမော-
[မူလပဏ္ဏာသ အဋ္ဌကထာ။]

ယဿ = အကြင်ပုဂ္ဂိုလ်အား၊ ခန္ဓ ဓာတု အာယတန သစ္စ ပစ္စယာကာရ သတိပဋ္ဌာနာဒီသု = ခန္ဓာတရား၊ ဓာတ်တရား၊ အာယတနတရား၊ သစ္စာတရား၊ ပဋိစ္စသမုပ္ပါဒ်တရား၊ သတိပဋ္ဌာန်တရား စသည်တို့၌၊ ဥဂ္ဂဟ ပရိပုစ္ဆာ ဝိနိစ္ဆယ ရဟိတတ္တာ = ပါဠိကို အစွဲအမြဲရခြင်း၊ အနက်ကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ရှင်းလင်းနိုင်ခြင်းမှ ကင်းသည်၏အဖြစ်ကြောင့်၊ ဒိဋ္ဌိပဋိသေဓကော = မိမိသန္တာန်၌ရှိနေသော သက္ကာယဒိဋ္ဌိတရားကို တားမြစ်ပယ်ဖျက်နိုင်သော၊ အာဂမော = အဘိဓမ္မာ၊ သုတ္တန်ကျမ်းဂန်အာဂုံ နှုတ်ငုံလေ့ကျက် ဆောင်ရွက်ရရှိသော ပါဠိတရားသည်၊ နေဝ အတ္ထိ = မရှိ၊ သော = ထိုပုဂ္ဂိုလ်ကို၊ အဿုတဝါ ဣတိ = သုတဗုဒ္ဓိ ဉာဏ်မျက်စိမှ ကင်းသော အန္ဓပုထုဇန်ဟူ၍၊ ဉေယျော = သိအပ်၏။

ကလျာဏ ပုထုဇန် -

  • ခန္ဓာ ၅-ပါး, အာယတန ၁၂-ပါး, ဓာတ် ၁၈-ပါး၊ ပါဠိဘာသာအတိုင်းနှင့် သရုပ်ကွဲပြား စွဲမြဲခြင်းဟူသော ဥဂ္ဂဟ
  • မိမိတို့ဘာသာနှင့် နေရာကျပြ၍ ပြောနိုင်ခြင်းဟူသော ပရိပုစ္ဆာ
  • ကိုယ်တွေ့ဒိဋ္ဌဟူသော ဥဒါဟရုဏ်လည်းကောင်း၊ ထင်မြင်နိုင်ရန် ပုံသဏ္ဌာန်ဟူသော ဥပမာလည်းကောင်း၊ ဤသို့တစ်ခုတစ်ခုသော ဓာတ်၌ ဥဒါဟရုဏ်၊ ပုံသက်သေ၊ သာဓကတို့နှင့် နေရာကျပြောဆိုနိုင်ခြင်းဟူသော ဝိနိစ္ဆယ

ဤသို့

  • ဥဂ္ဂဟ၊ ပရိပုစ္ဆာ၊ ဝိနိစ္ဆယ သုံးပါးတို့ဖြင့် ခန္ဓာတရား၌ ဉာဏ်မျက်စိပေါက်သောသူ။
  • ဓာတ်အာယတနတရားတို့၌ ဉာဏ်မျက်ပေါက်သောသူ။
  • သစ္စာတရားတို့၌ ဉာဏ်မျက်စိပေါက်သောသူ။
  • ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါးတို့၌ ဉာဏ်မျက်စိပေါက်သောသူ။
  • သတိပဋ္ဌာန် ၄-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဣန္ဒြေ ၅-ပါး၊ ဗိုလ် ၅-ပါး၊ ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါးဟူသော ဗောဓိပက္ခိယတရား ၃၇-ပါးတို့၌ ကွဲပြားရှင်းလင်းစွာ ဉာဏ်မျက်စိပေါက်သောသူ။

(ဤကား ကလျာဏပုထုဇန် လက္ခဏာတည်း)

ဤသို့သော ဓမ္မအက္ခိ ဉာဏ်မျက်စိမရှိသောသူသည် မျက်စိတစ်ထောင် အမြင်ဆောင်သော သိကြားမင်းပင် ဖြစ်ငြားသော်လည်း အန္တပုထုဇန်သာမည်၏။ ရှေး၌ထုတ်ပြခဲ့သော ခန္ဓဝဂ္ဂသုတ္တန်ပါဠိတော်အလာ ခန္ဓာငါးပါး ကောသလ္လဌာန ခုနစ်ပါးတို့၌ ပြဆိုခဲ့ပြီးသောအတိုင်း ဉာဏ်အမြင်ပေါက်ရောက် ပွင့်လင်းသောသူသည် ဤကလျာဏပုထုဇန်အင်္ဂါအလုံးစုံ သိမ်းခြုံမိ၏။

အဘယ်သို့ သိမ်းခြုံမိသနည်း ဟူမူကား-မြေဓာတ်၊ ရေဓာတ် အစရှိသော ဓာတ်အသီးသီးတို့ကို ပြဆိုသော ပထမကောသလ္လဌာန ငါးချက်မှာ ခန္ဓာ၊ အာယတန၊ ဓာတ်သုံးပါးခြုံမိ၏။

အာဟာရ သမုဒယာ ရူပ သမုဒယော၊ အာဟာရ နိရောဓာ ရူပနိရောဓော၊ ဖဿသမုဒယာ ဝေဒနာသမုဒယော၊ ဖဿနိရောဓာ ဝေဒနာ နိရောဓော၊ အစရှိသော ဒုတိယ၊ တတိယ ကောသလ္လဌာန နှစ်ပါးမှာ ပဋိစ္စသမုပ္ပါဒ် တစ်စိတ်ဝင်၏။

စတုတ္ထကောသလ္လဌာနဟုဆိုအပ်သော မဂ္ဂင်ရှစ်ပါးမှာ သတိပဋ္ဌာန်လေးပါးစသော ဗောဓိပက္ခိယတရားစုဝင်လေ၏။ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ သိက္ခာသုံးပါးဝင်၏။ ပါရမီဆယ်ပါးဝင်၏။ သစ္စာလေးပါးလည်းဝင်၏။

မဂ္ဂင်ရှစ်ပါးတွင် သမ္မာဒိဋ္ဌိ-သမ္မာသင်္ကပ္ပကို အဓိပညာသိက္ခာဆိုသည်။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝကို အဓိသီလသိက္ခာဆိုသည်။ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိကို အဓိစိတ္တသိက္ခာဆိုသည်။

ပါရမီဆယ်ပါး ဝင်ပုံကား...အဘယဒါနဟုဆိုအပ်သော ဒါနပါရမီ၊ သီလပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ ဤလေးပါးသည် အဓိသီလသိက္ခာ၌ဝင်သည်။ နေက္ခမ္မပါရမီသည် နေက္ခမ္မသမ္မာသင်္ကပ္ပပင်တည်း။ မေတ္တာပါရမီသည် အဗျာပါဒသမ္မာသင်္ကပ္ပပင်တည်း။ အဓိဋ္ဌာန်ပါရမီ၊ ဥပေက္ခာပါရမီသည် သမ္မာသမာဓိမဂ္ဂင်နှင့် လျော်သည်။ သမ္မာဒိဋ္ဌိသည် ပညာပါရမီတည်း။ သမ္မာဝါယာမသည် ဝီရိယပါရမီတည်း။

ဤကား ပါရမီဆယ်ပါး ဝင်ပုံတည်း။

ကလျာဏပုထုဇန်ကို ကျမ်းဂန်တို့၌ စူဠသောတာပန်လည်း ဆိုသည်။

ထိုနှစ်ပါးသော ကောသလ္လဌာနတို့ကို ဆုံးခန်းရောက် ထမြောက်အောင် ပွားများအားထုတ်နိုင်ပါလျှင် ကလျာဏပုထုဇန်၊ စူဠသောတာပန်မျှမက ယခုဘဝ၌ပင် ပရမတ္ထသောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတိုင်အောင်ပင် ညွှန်ပြတော်မူ၏။

သတ္တဌာနကုသလော ဘိက္ခဝေ ဘိက္ခု တိဝိဓူပ ပရိက္ခီ ဣမသ္မိံ ဓမ္မ ဝိနယေ ကေဝလီ ဝုသိတဝါ ဥတ္တမပုရိသောတိ ဝုစ္စတိ။။
(အောက်က ပြဆိုခဲ့ပြီးသော ပါဠိတော်)

စတုတ္ထလျှောက်ချက်ကို ပြဆိုသော အခန်းပြီး၏။

---

ပဉ္စမခန်း

စတုသစ္စ ဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ။
ကမ္မဋ္ဌာန ဝိနိမုတ္တော ဓမ္မော နာမ နတ္ထိ
ဟူသောပါဠိများအရ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်သည် အဓိသီလ၊ စိတ္တ၊ ပညာ၊ သိက္ခာသုံးပါးတွင် အတွင်းဝင်သည်ဟူသော စကားအရ လိမ္မာ၍ ပြုတတ်လျှင် တစ်ခုတစ်ခုသော ကုသိုလ်မှုတွင် ပါရမီဆယ်ပါးပါဝင်သည်ဟူသော စကားအရ တစ်ခုတစ်ခုသော ကုသိုလ်ကို ပြုသောအခါမှာ သစ္စာလေးပါးကိုလည်း နှလုံးသွင်းနိုင်ရန်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးပါးကိုလည်း နှလုံးသွင်းနိုင်ရန်၊ အဓိသီလ၊ စိတ္တ၊ ပညာ သိက္ခာသုံးပါးလည်း ပါဝင်နိုင်ရန်၊ ပါရမီဆယ်ပါးလည်း ပါဝင်နိုင်ရန်၊ ပဋိစ္စသမုပ္ပါဒ်တရားကိုလည်း နှလုံးသွင်းနိုင်ရန်၊ ပဋ္ဌာန်း ၂၄-ပစ္စည်းကိုလည်း နှလုံးသွင်းနိုင်ရန် ရေးသားကယ်မတော်မူပါမည့်အကြောင်းဟူသော ပဉ္စမလျှောက်ချက်

---

ကုသိုလ်ပြုရာ၌ သစ္စာဖွဲ့၍ လက္ခဏာရေးတင် သိက္ခာ ၃-ပါး ပါရမီဆယ်ပါးသွင်းနည်းနှင့် ပဋိစ္စသမုပ္ပါဒ်ဖွဲ့နည်း

မြတ်စွာဘုရား၏ ဂုဏ်တော်၊ ကျေးဇူးတော်ကို သဒ္ဓါကြည်နူး အထူးလေးမြတ်၍ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဟုတစ်ခွန်းမြွက်ဆိုလိုက်သော ဗုဒ္ဓသရဏဂုံ ကုသိုလ်မှုတစ်ခု၌ စတုသစ္စာပါဝင်ပုံ၊ လက္ခဏာရေးသုံးပါးရှုပုံ၊ သိက္ခာသုံးပါးပါဝင်ပုံ၊ ပါရမီဆယ်ပါးပါဝင်ပုံ၊ ပဋိစ္စသမုပ္ပါဒ်ဆင်ခြင်ပုံ၊ ပဋ္ဌာန်း ၂၄-ပစ္စည်း မြင်ပုံများကို အမြွက်မျှ ပြဆိုပေအံ့။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဆိုရာ "မိ"အက္ခရာတွင် မဟာကုသိုလ် ဉာဏသမ္ပယုတ် ဥက္ကဋ္ဌတိဟိတ်ဇော ခုနှစ်ကြိမ်ဖြစ်သည်၊ တစ်ကြိမ်တစ်ကြိမ်သောဇောမှာ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် နာမ်ခန္ဓာလေးပါးစီပါရှိသည်၊ ထိုဇောတို့မှ ဖြစ်၍လာသော စကားလုံးစုသည် ရူပက္ခန္ဓာတည်း၊ ခန္ဓာငါးပါးဖြစ်၏။ ထိုဇောတို့၏မှီရာ ဟဒယရုပ်နှင့်တကွ တစ်ကိုယ်လုံးသည် ရူပက္ခန္ဓာမည်၏ဟူ၍လည်း ဆိုရပါ၏။

သစ္စာလေးပါးမြင်နည်းကား- "မိ" အက္ခရာကို ရွတ်ဆိုဆဲ ခဏ၌ရှိသော ထိုခန္ဓာငါးပါးသည် မရဏမီးထပ်ကြပ်ပါသောကြောင့် ဒုက္ခသစ္စာပေတည်း။ ထို့ကြောင့် ယံ ရူပံ အနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ အယံ ရူပဿ အာဒီနဝေါ-အစရှိသည်ဖြင့် ဆဋ္ဌကောသလ္လဌာန ငါးပါးကို ဟောတော်မူသည်။

ထို "မိ"-အက္ခရာကို ရွတ်ဆိုဆဲအခါ၌ ထိုရူပက္ခန္ဓာကို ဖြစ်ပွားအောင် တည်ထောင်၍ရှိနေသော အာဟာရဓာတ်သည် ရူပက္ခန္ဓာ၏ သမုဒယသစ္စာမည်၏။ ဘုရားဂုဏ်ကို အာရုံခိုက်တွေ့၍နေသော ဖဿသည် ဝေဒနာ၊ သညာ၊ သင်္ခါရတို့၏ သမုဒယသစ္စာမည်၏။ ထိုခန္ဓာသုံးပါးနှင့်တကွ ဟဒယရုပ်စုသည် ဝိညာဏ်၏ သမုဒယသစ္စာမည်၏။ ထို့ကြောင့် အာဟာရသမုဒယာ ရူပသမုဒယော အစရှိသည်ဖြင့် ဒုတိယ ကောသလ္လဌာနငါးပါးကို ဟောတော်မူသည်။

ဗုဒ္ဓသရဏဂုံဇော ဖြစ်ပေါ်၍ နေဆဲအခါ၌ ရာဂ၏သောင်းကျန်းမှု၊ ဒေါသ၏သောင်းကျန်းမှု၊ မောဟ၏သောင်းကျန်းမှုတို့သည် ချုပ်ငြိမ်း၍နေကုန်၏။ ထိုသောင်းကျန်းမှုတို့၏ တဒင်္ဂအားဖြင့် ချုပ်ငြိမ်းခြင်း ဥပသမတရားသည် နိရောဓသစ္စာမည်၏။

ယသ္မိံ မဟာနာမ သမယေ အရိယသာဝကော တထာဂတံ အနုဿရတိ၊ နေဝဿ တသ္မံ သမယေ ရာဂပရိယုဋ္ဌိတံ စိတ္တံ ဟောတိ န ဒေါသပရိယုဋ္ဌိတံ စိတ္တံ ဟောတိ၊ န မောဟပရိယုဋ္ဌိတံ စိတ္တံ ဟောတိ။
(မဟာနာမသုတ် ပါဠိတော်)

ရှေး၌ သမုဒယနှစ်မျိုး၊ နိရောဓနှစ်မျိုးခွဲ၍ ပြခဲ့ရာ၌ ပဋိသန္ဓေရုပ်၊ ပဋိသန္ဓေဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့၏ အသစ်ဖြစ်ပေါ်မှုမရှိခြင်းတည်းဟူသော နိရောဓသစ္စာနှင့်လည်း ပြဆိုရ၏။ 'မိ'အက္ခရာကို ရွတ်ဆဲခဏ၌ ဆိုက်တိုက်မှု မဟုတ်သေး၍ မဟာနာမသုတ်အရကိုသာ ပြဆိုလိုက်သည်။

ဗုဒ္ဓသရဏဂုံဇော ခုနှစ်ကြိမ်မှာပါရှိသော သမ္မာဒိဋ္ဌိမဂ္ဂင်၊ သမ္မာသင်္ကပ္ပမဂ္ဂင်၊ သမ္မာဝါယာမမဂ္ဂင်၊ သမ္မာသတိမဂ္ဂင်၊ သမ္မာသမာဓိမဂ္ဂင် ဟူသော ပဉ္စင်္ဂီကမဂ်သည် မဂ္ဂသစ္စာမည်၏။

[ဤကား လျှောက်ထားသူ မောင်သော်၏ ဗုဒ္ဓသရဏဂုံဇော တစ်ကြိမ်တစ်ကြိမ်၌ ရထိုက်သော သစ္စာလေးပါးကို ထုတ်ပြချက်တည်း။]

လက္ခဏာရေးသုံးပါးကို ရှုမြင်ပုံကိုပြဆိုအံ့---ရှေး၌ ပြဆိုခဲ့ပြီးသော ဓာတ်ရုပ်ပုံကြီးကို ပြန်၍ကြည့်၊ ဘုရားတည်းဟူသော အာရုံသည် ပြမှန်ကြီးနှင့်တူ၏။ ထိုပြမှန်ကြီးကို ပြလိုက်သည်နှင့် တစ်ပြိုင်နက် ဓာတ်ရုပ်ကြီး၏ အတွင်းဓာတ်အိုးမှာ ဓာတ်မီးဟုန်းခနဲ တောက်ထသည်နှင့် ဟဒယဓာတ်အိမ်တွင်းမှာ ဇောဓာတ်စု ဖွေးခနဲ ဖွေးခနဲ ဖြစ်ပေါ်မှုတူ၏။ တစ်သုတ်တစ်သုတ်လျှင် ခုနှစ်ဆင့် ခုနှစ်ဆင့်မှုတ်သည်။ ထိုဇောတစ်ချက်တစ်ချက်မှုတ်မှုသည် ရေအိုင်ငယ်အတွင်းမှာ ရေမြှုပ်ယမ်းတောင့်ကွဲ၍ မှုတ်သောယမ်းခိုး၊ လေခိုးရှိန်နှင့်တူ၏။ ထိုဇောမှုတ်၍ ရုပ်စုရုပ်ခဲပြောင်းလဲဖြစ်ပေါ်မှုသည်ကား ထိုရေအိုင်ငယ်မှာ ပြောင်းဆန်၍သွားသော ရေစုနှင့်တူ၏။ အသံအက္ခရာလုံးထွက်ပေါ်မှုမှာ သင်္ဘောဥဩမှုတ်မှုနှင့် တူ၏။

ရေအိုင်ဥပမာကား အလွန်နှေးသေး၏၊ လေးလံသေး၏။ ဇောဟုန်ပြင်းထန်ပုံကို ထင်စေလို၍ပြရသည် ဇောဟုန်ပြင်းထန်ပုံကို တစ်ကိုယ်လုံး ရုပ်စုရုပ်ခဲပြောင်းလဲချက်မြန်ပုံကို အမြင်သေး၍ မနေစေလင့်။ လှုပ်လှုပ်ရှားရှားပြုသမျှ မျက်မြင်စုကို ဓာတ်မြင်က မလိုက်နိုင်လျှင် သက္ကာယဒိဋ္ဌိငရဲမီးတောက်ဖို့ချည်း။ ငရဲမီးကိုကြောက်လျှင် အဟုတ်မြင်အောင်ကြည့်။

ပြောင်းလဲပုံမြန်မှုမှာ သံဖြူရေစည်ကို လှုပ်ရှားမှု ဥပမာသာ၍ ကောင်းသည်။ ထိုရေစည်မှာပင် ရုပ်သစ်ရုပ်ဟောင်း ပြောင်းလဲပုံမြန်သလောက် ဉာဏ်မီအောင် ခဲယဉ်းသေး၏။

တစ်မျက်နှာလုံး, တစ်ခေါင်းလုံး, တစ်ကိုယ်လုံး ခဏချင်း ရုပ်ဟောင်းကုန်ခန်း ကွယ်ဆုံးမှုကို ကြည့်ရှုသောအခါ အလွန်ထက်လှစွာသော ယမ်းဆီထုံ၍ထားအပ်သော လူကောင်သဏ္ဌာန်ရှိသော အလွန်နူးညံ့လှစွာသော ဝါဂွမ်းခဲကြီးကို မီးလောင်၍သွားရာ ဝါဂွမ်းသားအစဉ်အတိုင်း ကုန်၍သွားမှုနှင့်တူစွာကြည့်။ ကိုယ်လုံးကျွတ်ပြောင်းလဲမှုသည် သို့စဉ်မျှလောက် မြင်နိုင်ပါမည်လောဟု မြန်မှုကို ကြောင့်ကြဖွယ်မရှိ။ အလွန်မှောင်မိုက်သော တိုက်ခန်းတွင်းမှာ မီးခြစ်၍ ထွန်းလိုက်ရာ၌ တစ်ခန်းလုံးပြည့်၍နေသော မှောင်ရုပ်ခဲကြီးသည် မီးတောက်သည်နှင့်တစ်ပြိုင်နက် ကွယ်ပျောက်၏။ တစ်ခန်းလုံး မီးရောင်အလင်းချက်ခြင်းပြည့်၏။

ဤဥပမာမှာ မီးတောက်မှဖြစ်ပွားပျံ့နှံ့၍သွားသော မီးရောင်ရုပ်သစ်၏ ပျံ့နှံ့မှုမြန်ချက်ကို ကြည့်၍ထား။ မျက်မြင်မလိုက်နိုင်၊ တစ်ခန်းလုံးပြည့်ပြီးကိုသာ မြင်ရသည်။ တစ်ခန်းလုံးရှိမှောင်တိုက်၊ မှောင်ခဲကြီးချုပ်ကွယ်မှုကိုလည်း မျက်မြင်မလိုက်နိုင်၊ ကွယ်ပြီးကိုသာ သိရတော့သည်။ ခန္ဓာကိုယ်မှာလည်း ဤအတိုင်းပင်။ ထို့ကြောင့် ရုပ်ပြောင်းချက်မြန်မှုကို မစိုးရိမ်ရ၊ ဉာဏ်မီအောင်သာ လိုလှသည်။ ရုပ်ဓာတ်၊ နာမ်ဓာတ်တို့ပြောင်းလဲချက် မြန်သလောက်ကား သာဝကတို့ဉာဏ်မလိုက်နိုင်၊ သဗ္ဗညုဘုရားတို့ဉာဏ်မှလိုက်နိုင်သည်၊ သာဝကတို့မှာ ငါပြု၍ဖြစ်သည်ဟူသော သက္ကာယဒိဋ္ဌိကိုနိုင်လောက်အောင် မြင်နိုင်လျှင် ပြီးတော့သည်။ ဗုဒ္ဓသရဏဂုံ ဘုရားတည်းဟူသော အာရုံကွယ်ပြန်လျှင် နှလုံးအိမ်တွင်း၌ တဝင်းဝင်းဖြစ်ပေါ်၍နေသော ဇောဓာတ်စုသည် မီးတောက်သေသကဲ့သို့ သေဆုံးကွယ်ပျောက်၍ ကုန်ပြန်၏။ တိုက်ခန်းတွင်း၌ မီးထွန်း၍ထားရာ မီးတောက်သေလျှင် တစ်ခန်းလုံးရှိ မီးရောင်စု အကုန်သေပျောက်သကဲ့သို့ ထိုဇောစုမှဖြစ်သော တစ်ကိုယ်လုံးရှိ ရုပ်ခဲစုသည် အကုန်သေပျောက်ပြန်၏။ ဘုရားကို အာရုံပြုသော ဇောစိတ်စုကွယ်ပျောက်၍ တစ်ပါးကို အာရုံပြုသော ဇောစိတ်စု ပြောင်းလဲသည်ကို သိသာထင်ရှားပါ၏။

ဤသို့လျှင် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ကို ရွတ်ဆိုသော နာမက္ခန္ဓာလေးပါးသေ၍ သွားသည်ကိုလည်းကောင်း၊ ထိုဇောစုမှဖြစ်သော ရုပ်အင်္ဂါစုသေ၍သွားသည်ကိုလည်းကောင်း မြင်အောင်ရှုသောဉာဏ်သည် အနိစ္စဝိဇ္ဇာဉာဏ်မည်၏။ ဓာတ်သေချက်ကို မမြင်ပဲနှင့် အနိစ္စ အနိစ္စလုပ်၍နေသော်လည်း ဉာဏ်မဟုတ်၊ ဝိပဿနာမဟုတ်၊ ဘာဝနာမဟုတ်။ ထိုခန္ဓာငါးပါး၏ ဒုက္ခလက္ခဏာရေးကိုမူကား အနိစ္စကို လှလှမြင်လျှင် မရဏမီး၏အချက်ကိုမြင်သဖြင့် မီးပူဇော်သော ပုဏ္ဏား၊ တွင်းကြီးကို ဖို့သော ယောကျ်ားတို့၏အလားကဲ့သို့ ဒုက္ခလက္ခဏာရေး ထင်ရှားပေါ်လတ္တံ့။ အနတ္တလက္ခဏာရေးမှာလည်း အဇ္ဈတ္တသန္တာန်၌ မရဏမီးလောင်၍ သေဆုံးကုန်ပျောက်၍ သွားချက်ကို လှလှမြင်၍ ဖြစ်ပေါ်မှု၊ သေပျောက်မှု၊ အာဂန္တုအချက်တို့ကိုမြင်မှ အနတ္တလက္ခဏာရေးပေါ်နိုင်သည်၊ ငါမဟုတ်မှုထင်နိုင်သည်၊ အာဂန္တုအဖြစ်ကို မမြင်နိုင်လျှင် အနတ္တဟု အတုအပလုပ်၍နေသော်လည်း ဉာဏ်မဟုတ်၊ ဝိပဿနာမဟုတ်၊ ဘာဝနာမဟုတ်။

(လက္ခဏာရေးသုံးပါး ပြီး၏။)

---

သိက္ခာသုံးပါး

အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ သိက္ခာသုံးပါးတွင် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိကို ရွတ်ဆိုသော သရဏဂုံ ကုသိုလ်ဇောစု၌ စေတနာဟူသော သင်္ခါရဓမ္မသည် သပ္ပုရိသတို့၏ စာရိတ္တဝံသ သမာဒါနစေတနာဖြစ်ပေ၍ အဓိသီလသိက္ခာမည်၏။ ထိုဇောစု၌ပါသော သမ္မာဝါယာမမဂ္ဂင်၊ သမ္မာသတိမဂ္ဂင်၊ သမ္မာသမာဓိမဂ္ဂင်သုံးပါးသည် အဓိစိတ္တသိက္ခာမည်၏။ သမ္မာဒိဋ္ဌိမဂ္ဂင်၊ သမ္မာသင်္ကပ္ပမဂ္ဂင်နှစ်ပါးသည် အဓိပညာသိက္ခာမည်၏။

(သိက္ခာသုံးပါးပြီး၏။)

ပါရမီဆယ်ပါး ပါဝင်နိုင်ရန်မှာ--မဂ္ဂင်ရှစ်ပါး၌ ပြခဲ့ပြီးသည့်အတိုင်း သွင်းလေ။။ မောင်သော်၏ သရဏဂုံကုသိုလ်မှာ စာရိတ္တသီလမျှသာ ရသည်။

ပဋိစ္စသမုပ္ပါဒ် ကောက်နည်းမှာလည်း-- ကလျာဏပုထုဇန် အခန်းမှာ ပြခဲ့ပြီးသောအတိုင်း ဒုတိယကောသလ္လဌာနသည် ပဋိစ္စသမုပ္ပါဒ်မှုပင်တည်း။။အာဟာရ သမုဒယာ ရူပသမုဒယော၊ ဖဿသမုဒယာ ဝေဒနာသမုဒယော၊ သညာ သမုဒယော၊ သင်္ခါရသမုဒယော၊ နာမရူပသမုဒယာ ဝိညာဏသမုဒယော တို့ကို ပဋိစ္စသမုပ္ပါဒ်နည်းဆိုသည်။

ပဋ္ဌာန်း နှစ်ဆယ့်လေးပစ္စည်းကိုမူကား မောင်သော်နားလည်နိုင်တည့်ရန် အခွင့်လည်းမရှိ။ ဝိပဿနာအလုပ်မှာလည်း သုံးနိုင်သောနည်းမျိုးမဟုတ်၊ ပဋိသမ္ဘိဒါဉာဏ်၏အလုပ်သက်သက်မျှသာ ဖြစ်ပေ၍ ဤစာအုပ်မှာ မရေးလိုက်ပြီ။ ဤစာအုပ်မှာ ပြဆိုခဲ့ပြီးသော အရာစုကို ကောင်းကောင်းအရည်လည်၍ရှိလျှင် ပဋ္ဌာန်းနည်းကို နောက်မှ ထပ်မံ၍လျှောက်။

ပဉ္စမလျှောက်ချက်ကို ပြဆိုသော အခန်းပြီး၏။

ဆဋ္ဌခန်း

“မြတ်စွာဘုရား၏ မာရ်ငါးပါးကို အောင်တော်မူပုံ၊ မာရ်ငါးပါး၏ သရုပ် သဘော အဓိပ္ပါယ်၊ သိဒ္ဓတ်မင်းသား ဘုရားလောင်းအဖြစ်၌ ရအပ်သော ခန္ဓာအစဉ်နှင့် ဘုရားဖြစ်ပြီးနောက် ရတော်မူသောခန္ဓာ အစဉ်သည် အဘယ်သို့ ထူးခြားကွဲလွဲသည်ဟု သိလိုပါကြောင်း” ဟူသော ဆဋ္ဌလျှောက်ချက်၌

မြတ်စွာဘုရား မာရ်ငါးပါး အောင်ပုံနှင့်တကွ ဘုရားမဖြစ်မီ ခန္ဓာ အစဉ်နှင့် ဘုရားဖြစ်ပြီး ခန္ဓာအစဉ် ထူးခြားပုံကို ပြဆိုပေအံ့။

---

မာရ်ငါးပါး

၁။ ဒေဝပုတ္တမာရ်

၂။ ကိလေသမာရ်

၃။ အဘိသင်္ခါရမာရ်

၄။ ခန္ဓမာရ်

၅။ မစ္စုမာရ်

မာရ်ငါးပါး သရုပ်။

မာရ်ဆိုသည်ကား-- သူသတ်ယောက်ျား လက်မရွံ့ အာဏာသား ဆိုလိုသည်၊ လောက၌ သူသတ်ယောက်ျား အသေသတ်သမား ငါးမျိုး ရှိသည်ဟူလို။

ဒေဝပုတ္တမာရ် ဆိုသည်ကား-- ဝသဝတ္တီ နတ်မင်းကြီး၏ နိုင်ငံတော်တစ်ထောင့်မှာ မာရ်နတ်မျိုးခေါ်သော နတ်ဆိုးနတ်ဝါးမျိုး တစ်မျိုးရှိသည်၊ ထိုမာရ်နတ်မျိုး၏ အပင်းအသင်းစုကား မြေပြင်ကျအောင် အနှံ့အပြားရှိသည်။

---

ဗုဒ္ဓ၏ မာရ်နတ်ကို အောင်နိုင်ပုံ

လောက၌ သတ္တဝါရှိသမျှသည် သူတို့၏ ဆိုင်ရာဟူသော မိစ္ဆာ အယူရှိသည်၊ ထို့ကြောင့် လောကမှ ကျွတ်လွတ်အောင် ကျင့်ကြံသော သူကို မကြိုက်နိုင် ရှိသတည်း၊ မြတ်စွာဘုရားသည် အပ္ပရာဇိတ ရွှေပလ္လင်ထက် အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဝီရိယကို စိုက်ထူ၍ မပွင့်သမျှ ငါမထဟု နေတော်မူသည်ကို မြင်လျှင် အလုပ်ပျက်အောင် နှောင့်ယှက်မှ တော်မည်ဟု အကြံပြု၍ စစ်တက်၍လာသည် လေမုန် တိုင်းကြီးစသော အလွန်ကြီးကျယ်စွာသော ပယောဂတို့ကိုပြုသည်၊ အလောင်းတော်ကို မထိပါးနိုင်ရှိမှ အနီးသို့ ချဉ်း၍ “ငါ၏ ပလ္လင်ဖြစ်သည် ထ လော့၊” ဟုဆိုသည် ပလ္လင်ကိုလိုချင်၍ဆိုသည်မဟုတ် အလုပ်ပျက် အောင် နှောင့်ယှက်မှု သက်သက်ပေတည်း ဤပလ္လင်နေရာမှ ထ၍ပြေးစေ လိုမှု သက်သက်သာတည်း။

ထိုအခါ သူ့ပလ္လင် ငါ့ပလ္လင်ဟု အလုအယက်စကား ဖြစ်ပွါးကြ သောအခါ သက်သေပြခန်း ဆိုက်လာ၏၊ မာရ်နတ်က သူ့စစ်သည် တော်သားများကို သက်သေပြ၏၊ ဘုရားမှာ သက်သေပြရန် လူမရှိ၍ မြေကြီးကို လက်ညှိုးညွှန်ပြီးလျှင် ဤပလ္လင်အတွက်နှင့် ရေစက်သွန်းချ လှူသမျှကို သည်မြေကြီးအသိဟု သက်သေ ပြတော်မူ၏၊ ပြတော်မူသည် နှင့်တစ်ပြိုင်နက် မြေမိုးကောင်းကင် ပဲ့တင်ရိုက်ခတ် လောကဓာတ်လုံး တုန်လှုပ်လေ၏၊ မာရ်နတ်စစ်သည်တို့သည် ရပ်တည်ရာမရ ပျက်ပြားကြ လေ၏ မာရ်နတ်ကြီးလည်း အသက်ကိုမျှ အရဆောင်ကြဉ်း၍နေရင်း နတ်ပြည်သို့ အလွတ်ထွက်ပြေးရလေ၏၊ ထိုအခါမှ ငါဖက်ပြိုင်နိုင်သောသူ မဟုတ် ပြီဟု စိတ်နှလုံးကို တုန်းတုန်းချလေ၏။

ဤကား- ဒေဝပုတ္တမာရ်ကို အောင်တော်မူပုံတည်း။

---

ကိလေသ-အဘိသင်္ခါရမာရ်ကို အောင်ပုံ

အရဟတ္တမဂ်ဉာဏ်ကို ရသောအခါ တစ်ထောင့်ငါးရာ ကိလေသာ တို့ကို အကုန်အစင် အောင်မြင်တော်မူ၏၊ ကိလေသာနှင့် တွဲဖက်ရမှ ဘဝအကျိုးကို ပေးစွမ်းနိုင်သော ကုသိုလ်ကံ အကုသိုလ်ကံစုတို့သည် လည်း ကိလေသာ အကုန် တွင် ဘဝအသစ်တစ်ဖန် ဖြစ်စေရန် အကုန်လုံး မျိုးပျက်၍ ကုန်လေ၏၊ ကုသိုလ်ကံ အကုသိုလ်ကံစုကို အဘိသင်္ခါရမာရ် ခေါ်သည်၊ တဏှာတည်းဟူသော အစေး ကိန်းဝပ်လျက်ရှိမှသာ ဘဝ ပဋိသန္ဓေကို ဖြစ်စေနိုင်ကုန်သည်၊ ဘဝကို သာယာသော သမုဒယသစ္စာ တဏှာအစေးကုန်ခန်းလျှင် ပြုတ်၍ထားသော စပါးမျိုးစေ့ကဲ့သို့ နောင်ဘဝပဋိသန္ဓေကို ဖြစ်စေနိုင်သောအစွမ်း ကုန်ခန်းကြလေကုန်၏၊ အကုသိုလ်ဓာတ်စုမှာ လောဘ ဒေါသ မောဟ ကုန်ရာတွင် အကြွင်းမဲ့ ဓာတ်သက် ကုန်ဆုံးကြလေ၏၊ ကုသိုလ်ဓာတ်စုမှာ ကုသိုလ်ဇာတ်ကို စွန့်၍ ကြိယာဇာတ်သို့ ပြောင်းကြလေကုန်၏။

ဤကား ကိလေသမာရ်၊ ကုသိုလ် အကုသိုလ်ဟူသော အဘိသင်္ခါရမာရ်တို့ကို အောင်တော်မူပုံတည်း။

ကိလေသာရှိစဉ်အခါက သိဒ္ဓတ်မင်းဘဝကို ထူထောင်သော ရှေးကံဟောင်း၏အကျိုးဖြစ်သော ဝိပါက်နာမက္ခန္ဓာတော် ကြီးနှင့်တကွ စတုသမုဋ္ဌာနိက ရူပကာယ နာမကာယခန္ဓာမျှသာ ကြွင်းကျန်လေ၏၊ ထိုခန္ဓာဟောင်းရှိခြင်းကြောင့် ရှေးရှေးသောဘဝတို့က ပြုခဲ့သော ကုသိုလ်ကံဟောင်း အကုသိုလ်ကံဟောင်းစုသည်ကား ပရိနိဗ္ဗာန်စံသည် တိုင်အောင် အကျိုးပေးကြကုန်သေး၏၊ ခန္ဓာရှိသေးသမျှ ရှေးကံဟောင်း စက်မှ မလွတ်သေး၊ ရှေးကံဟောင်းစက်မှ မလွတ်သေး၍ပင်လျှင် ခန္ဓာတော်ကြီး ကျန်ရှိလေသတည်း ခန္ဓာတော်ကြီး ကျန်ရှိ၍သာ သတ္တဝါ တို့ကို ချွတ်ခွင့်ရလေသည်။

ကုသိုလ်ကံ အကုသိုလ်ကံ ကုန်ပြီဆိုလျက် ပရိနိဗ္ဗာန်စံသည် တိုင်အောင် ရှေးရှေးကံဟောင်း အကျိုးပေးသေးသည်ဟု ဆိုပြန်သည်ဟု ယောင်ဖွယ်ရှိ၍ အထပ်ထပ် ပြောလိုက်သည်။

---

ခန္ဓမာရ်မစ္စုမာရ်ကို အောင်ပုံ

ဤ ရူပကာယ နာမကာယ ခန္ဓာတော်ကြီးသည် ခန္ဓမာရ်မည်၏၊ ပရိနိဗ္ဗာန် စုတိတော်သည် မစ္စုမာရ်မည်၏၊ ဤခန္ဓမာရ် မစ္စုမာရ် နှစ်ပါး ကိုကား ပရိနိဗ္ဗာန်စံပြီးမှပင် အောင်မြင်တော်မူသည်။။ဤကား အဋ္ဌကထာများအလို တည်း။ ။ဗောဓိမူလေ တိဏ္ဏံ မာရာနံ မတ္ထကံ မဒ္ဒိတွာ-ဟု လာ၏၊ ဗောဓိပင် ရွှေပလ္လင်မှာ မာရ်သုံးပါးကိုသာ အောင်သေးသည် ဟူလို။

မူလဋီကာ အလို

ဓာတုကထာမူလဋီကာဆရာတော်အလိုကား- ဗောဓိပင်နှင့် ရွှေပလ္လင်မှာပင် မာရ်ငါးပါးကို အောင်မြင်တော်မူသည် ဟုဖွင့်၏၊ အောင်တော်မူပုံကား-ရှေးမာရ်သုံးပါးမှာ မထူးကြပြီ။။သမုဒယသစ္စာ တဏှာတရားထင်ရှားရှိခဲ့လျှင် နောင်တစ်ဖန်ဖြစ်လတ္တံ့သော ဘဝခန္ဓာ တို့သည်ရှိကုန်၏၊ သမုဒယသစ္စာ ကုန်ဆုံးရာတွင် ထိုအနာဂတ်ခန္ဓာ တို့လည်း ကုန်ဆုံးကြလေကုန်၏၊ ထိုခန္ဓာတို့ ကုန်ဆုံး ရာတွင် ထိုခန္ဓာတို့နှင့် ထက်ကြပ်ပါလတ္တံ့သော နောင်ဘဝစုတိ မစ္စုသေပျောက်မှုတို့သည်လည်း ကွယ်ပျောက်၍ ကုန်လေ၏။

ဤကား နောက်နောက်လာလတ္တံ့သော အနမတဂ္ဂ ဘဝခန္ဓာနှင့် အနမတဂ္ဂ မရဏမစ္စုကို ဗောဓိပင်နှင့်ရွှေပလ္လင်၌ပင်အောင်မြင်တော်မူ ပုံတည်း။

ယခု ပစ္စုပ္ပန် ခန္ဓာတော် စုတိတော်ကို အောင်မြင်တော်မူပုံကားဘုရား အဖြစ်သို့မရောက်မီ ရှေးရှေးသောဘဝ အနမတဂ္ဂသံသရာ၌ ခန္ဓာငါးပါး ရုပ်နာမ် တရားတို့သည် ပုဂ္ဂိုလ်သတ္တဝါဟူသော လှည့်ပတ်ခြင်း ဖြင့် လှည့်ပတ်၍ အပါယ်ငရဲ သို့ မစဲအောင်ပစ်ချ၏၊ မစ္စုမာရ်သည်လည်း အနမတဂ္ဂသံသရာ ဘဝတို့၌ အသက်သေမှုနှင့် ခြောက်ချမ်း၍ ဒုစ္စရိုက် တရားတို့ကို ပွားများစေပြီးလျှင် အပါယ်ငရဲသို့ မစဲအောင်ပစ်ချ၏ ဗောဓိပင်ရွှေပလ္လင်ထက်၌ ဓမ္မစက္ခုဉာဏ်ကို ရတော်မူသောအခါ ဤခန္ဓာ ငါးပါး၏ လှည်ပတ်မှုသည် အကုန် အလိမ်ပြေလေ၏၊ ပုဂ္ဂိုလ်အထင် သတ္တဝါအထင် ငါအထင် ငါ၏ကိုယ်အထင် အကုန်ကွယ်ပျောက်လေ၏၊ ဓမ္မအစု အခဲ ဓာတ်အစုအခဲ အလင်းပေါ်လေ၏။

သေမှုဟူသော မစ္စုတရားလည်း မရဏဓာတ်တစ်ခု အဖြစ်ဖြင့် အလင်း ပေါ်လေ၏၊ ပေါ်သောအခါမှစ၍ သေဘေးနှင့်တွေ့သော်လည်း ကြောက်စိတ် ရွံ့စိတ်ဟူ၍ အဏုမြူမျှ မလာပြီ၊ ကိုယ်ခန္ဓာကို သာယာမှု အတွက်နှင့် အမှုပုပ် အမှုပို ဝန်ပုပ် ဝန်ပိုဟူ၍ အဏုမြူမျှ မရှိပြီ။

ဥပမာကား အလွန်ညစ်ညမ်းသော အလေ့ရှိသော မစင်ဘင်ပုပ် ကိုလည်းကောင်း သုသာန်မှာ မြှုပ်ထားသော သူကောင်ပုပ်ကိုလည်း ကောင်း စားသော အလွန်ဆိုးရွားသော အရုပ်အဆင်းရှိသော ဘီလူးမ သည် တစ်ယောက်သော အမျိုးကောင်းသားကို ပူးကပ်လေ၏၊ လူ၏ စိတ်သညာကို လုံးလုံးပယ်ရှား၍ မိမိစိတ်လုံးလုံး ဖြစ်စေ၏၊ ထိုနေ့မှစ၍ အိမ်မှထွက်ပြီးလျှင် မစင်ပေါများရာ သူကောင်ပုပ်ပေါများရာ အမြို့မြို့ အရွာရွာ လှည့်လည်လွင့်ပါးလေ၏၊ နှစ်ရှည် လများရှိလတ်သော် ဒိဗ္ဗ စက္ခုပညာကိုတတ်သော ဆေးသမားနှင့်တွေ့ရှိရာ အာဏာဖြင့် နှိပ်နင်း၍ လူ့စိတ်လူ့သညာကို ပေါ်စေ၍ ဒိဗ္ဗစက္ခု နတ်ဆေးကို မျက်စိမှာ သုတ်၍ ကြည့်စေရာ မိမိကိုယ်၌ ဘီလူးမကို ဇာတိအတိုင်းမြင်လေ၏၊ ထိုအခါမှ ဘီလူးမကို မိမိက အောင်မြင်လေ၏၊ အောင်မြင်သော်လည်း နှစ်ရှည် လများ ပူးတွဲ၍နေသည့်အတွက် အဇ္ဈတ္တဓာတ်ချင်း ရောယှက်သဖြင့် ကျွတ်လွတ်အောင် နှင်ထုတ်ခြင်းငှါ မတတ်သာ ကိုယ်တွင်းမှာပင် အသေ သတ်ခြင်းငှါလည်း မပြုစကောင်း၊ ဘီလူးတို့မည်သည် အားခွန်ဗလလည်း အလွန်ကောင်းသည်၊ အသွား အလာလည်း အလွန်လျင်မြန်သည်ဖြစ်၍ ထိုဘီလူးမအားကို အားတစ်ခု ပြုပြီးလျှင် လူ့အကျိုးစီးပွားတို့ကို လုပ် ဆောင်၍ နေလေ၏။

နှိုင်းယှဉ် တွဲဖက်ပုံ

ဘီလူးမနှင့် ခန္ဓာငါးပါး၊ ပကတိလူ့စိတ်နှင့် ဝိဝဋ္ဋ ကုသိုလ်ဓမ္မစု၊ သုသာန် သချုႌင်း မစင်ဘင်ပုပ် ထူထပ်ရာအရပ်စုနှင့် ဘုံသုံးပါး၊ ဒိဗ္ဗစက္ခု နတ်ဆေးနှင့် ဓမ္မစက္ခုဉာဏ်၊ ဘီလူးမ မလှည့်စားနိုင် ဇာတိရုပ်သွင် အတိုင်းပေါ်ပြီဖြစ်သော်လည်း ချွေချွတ်ခြင်းငှာ မတတ်ကောင်း၍ အသက်ထက်ဆုံး ဘီလူးမကိုလည်း ကျွေးမွေး ထိုဘီလူးမအားကို အားပြု၍အကျိုးစီးပွားတို့ကို လုပ်ဆောင်၍နေရတော့သည်နှင့် ဘုရား ရဟန္တာဖြစ်ပြီးနောက် ပရိနိဗ္ဗာန်မစံမီအတွင်း သူတစ်ပါးအကျိုးကို အား ထုတ်မှုတို့ကို ယှဉ်၍ကြည့်လေ။

ဤကား ဓာတုကထာ မူလဋီကာနည်းအားဖြင့် ဗောဓိပင် ရွှေပလ္လင်မှာပင် ခန္ဓမာရ် မစ္စုမာရ် တို့ကို အောင်မြင်တော်မူပုံတည်း။

မာရ်ငါးပါး သရုပ်

မာရ်ငါးပါး၏ သရုပ်သဘော အဓိပ္ပါယ်ဟူရာ၌ ဒေဝပုတ္တ မာရ်ကို ပြဆိုခဲ့ပြီ၊ ကိလေသမာရ်ကား- အကျဉ်းအားဖြင့် လောဘ ဒေါသ မောဟတည်း၊ အဘိသင်္ခါရမာရ် ဆိုသည် ကား- သုစရိုက်ဆယ်ပါး ဒုစရိုက်ဆယ်ပါးကို ဆိုသတည်း ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ် အပစာယန ကုသိုလ် ဝေယျာဝစ္စကုသိုလ် ပတ္တိဒါနကုသိုလ် ပတ္တာနုမောဒန ကုသိုလ် စသည်လည်း အဘိသင်္ခါရမာရ်ပင်တည်း။

(ဝဋ္ဋနိဿိတဖြစ်သော ဒါန သီလ အစရှိသည်တို့ကို ယူလေ။ )

ခန္ဓမာရ်ဆိုသည်ကား လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ့ခန္ဓာစုပင်တည်း။ မစ္စုမာရ် ဆိုသည်ကား-သေဆုံးခြင်းမရဏ ဓာတ်ပင်တည်း။

မာရ်ငါးပါးသရုပ်ပြီး၏။

---

မာရ်ငါးပါး သဘော

မာရ်ဆိုသည်ကား-သတ်သမားတည်း၊ ထိုငါးပါးသည် သတ္တဝါတို့ကို အဘယ်သို့ သတ်သနည်းဟူမူကား-သတ္တဝါတို့၏ အသက်မည်သည်

၁။ ဇီဝိတိန္ဒြေလည်း အသက်တစ်ပါး။

၂။ သဒ္ဓါ သီလ စသော သုက္ကဓမ္မမျိုးလည်း အသက်တစ်ပါး။

၃။ ဒါနပါရမီ သီလပါရမီ အစရှိသော ဝိဝဋ္ဋ ဓမ္မမျိုးလည်း အသက် တစ်ပါး။

အသက်ဆိုသည်ကား--ရေသည် ကြာကိုစောင့်သကဲ့သို့ စောင့် ရှောက်သောဓာတ်ကို ဆိုသည်၊ ဇီဝိတိန္ဒြေသည် တစ်ခုတစ်ခုသော ဘဝ၌ ခန္ဓာကိုယ်ကို စောင့်ရှောက်၏၊ ဇီဝိတိန္ဒြေ ပျက်ရာ၌ ထိုခန္ဓာ ပျက်၏၊ ထိုသူသေ၏။

သုက္ကဓမ္မမျိုးသည် သူတော်ကောင်း အသက်တည်း၊ သုက္ကဓမ္မ ပျက်ရာ၌ သူတော်ကောင်း အသက်ဆုံး၏၊ ဇီဝိတိန္ဒြေ အသက် ပျိုနုလျက် ရှိငြားသော်လည်း အသေကောင်သာ မည်၏။

ဝိဝဋ္ဋဓမ္မမျိုးသည် ဗောဓိလောင်း အသက်တည်း၊ နိယတအဖြစ်သို့ မရောက် သေးသော ဗောဓိအသက်မည်သည်-ဗောဓိ၏ ဆန့်ကျင်ဘက် ဖြစ်သော ယုတ်မာလှစွာသော မိစ္ဆာဒိဋ္ဌိကို တစ်ကြိမ်ယူလိုက်လျှင် ကွယ်ပျက်၏၊ ဗောဓိလောင်း သေပြန်၏၊ ဝဋ္ဋနုသာရီပုထုဇန် အဖြစ်၌ တည်ပြန်၏၊

---

မာရ်ငါးပါး၏ အဓိပ္ပါယ်

မာရ်နတ်သားသည် သတ္တဝါတို့၏ သုက္ကဓမ္မအသက် ဝိဝဋ္ဋဓမ္မ အသက်ကို ချွေသမားတည်း၊ သူတော်ကောင်းကို သတ်သမား ဗောဓိ လောင်းကို သတ်သမားတည်း၊ ထို့ကြောင့် မာရ်ခေါ်သည်။။ သေမင်းခေါ်သော မရဏတရားသည် သတ္တဝါတို့၏ ဇီဝိတိန္ဒြေကို ချွေသမားတည်း၊ ခပ်သိမ်းသော သတ္တဝါတို့ကို သတ်သမားတည်း၊ ထို့ကြောင့် မစ္စုမာရ်ခေါ်သည်။

မိမိတို့ အဇ္ဈတ္တသန္တာန်၌ ရှိ၍နေသော လောဘ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိအစရှိသော ကိလေသာတရားတို့သည်ကား ဇီဝိတအသက်ကို လည်း ချွေဖြတ်၏၊ သုက္ကဓမ္မအသက်ကိုလည်း ချွေဖြတ်၏၊ ဝိဝဋ္ဋဓမ္မ အသက်ကိုလည်း ချွေဖြတ်၏၊ ဝဋ္ဋနိဿိတဖြစ်သော ဒါန သီလ အစရှိသော အဘိသင်္ခါရ တရားတို့သည် တစ်ခုတစ်ခုသော ဘဝခန္ဓာကို ထူထောင်ကြကုန်သည်ရှိသော် မစ္စုမာရ်တည်းဟူသော မရဏဓာတ်မီး အပြီးထက်ကြပ်နှင့် ထူထောင်ကြကုန်၏၊ လောဘ ဒေါသ မောဟတည်း ဟူသော ကိလေသမာရ် သူသတ်ယောက်ျား အပြီးထက်ကြပ်နှင့် ထူထောင် ကြကုန်၏၊ ထို့ကြောင့် ထိုကုသိုလ် အကုသိုလ်တို့ကို အဘိသင်္ခါရမာရ် ဆိုသည်၊ ခန္ဓာငါးပါးသည်လည်း ဖောက်ပြန်လှုပ်ရှားခြင်းသို့ ရောက်သဖြင့် ဇီဝိတိန္ဒြေကိုလည်း ဖြတ်ချွေ၏၊ ကိလေသမာရ်ကို လက်ခံမွေးမြူ၍ သုက္ကဓမ္မအသက်ကိုလည်း ဖြတ်ချွေ၏၊ ဝိဝဋ္ဋဓမ္မအသက်ကိုလည်း ဖြတ် ချွေ၏။

ဤကား မာရ်ငါးပါးတို့၏ သတ်ဖြတ်ပုံကို ပြဆိုခန်းတည်း။

---

ကိလေသမာရ်၏ သတ်ချက်

(တစ်နည်းကား) ဤလောက၌ လောဘနိုင်ငံသို့လိုက်၍ ရသေ့ရ ဟန်းသီလ ရသေ့ရဟန်းသိက္ခာ ရသေ့ရဟန်းကျက်သရေ လူ့သီလ လူ့သိက္ခာ လူ့ကျက်သရေ ပျက်ဆုံးမှု၊ ရသေ့ရဟန်း စည်းစိမ်ဟုဆိုအပ် သော နေက္ခမ္မသုခ ပျက်ဆုံးမှု၊ စျာန်သမာပတ် ပျက်ဆုံးမှု၊ လူ့စည်းစိမ်ဟု ဆိုအပ်သော ဥစ္စာဓန ပျက်ဆုံးမှု၊ လောဘနိုင်ငံသို့ လိုက်သည့်အတွက်နှင့် ခြေလက်စသော ကိုယ်အင်္ဂါ၊ စက္ခု သောတစသော ကိုယ်အင်္ဂါ ပျက်ဆုံးမှု၊ သေချိန်မတန်ပါပဲလျက် လောဘနိုင်ငံလိုက်၍ ပထမအရွယ်တွင် သေ ဆုံးမှု၊ ဒုတိယအရွယ်တွင် သေဆုံးမှု၊ ဤသို့ အစရှိသော ပြုန်းတီး ပျက်စီးမှုတို့သည်လည်း လောဘမာရ်၏ သတ်ချက်ချည်းသာတည်း၊ ဒေါသမာရ် စသည်တို့၌လည်း ဤနည်းတူ မြင်လေ။

တစ်နည်းကား- လောဘသည် အလောဘကို သတ်၏၊ ဒေါသ သည် အဒေါသကို သတ်၏၊ မောဟသည် အမောဟကို သတ်၏၊ အနမတဂ္ဂသံသရာ၌ ဖြစ်ခဲ့သမျှသော အလောဘမှုစု ရသေ့အလုပ်စု ရဟန်းအလုပ်စု ကသိုဏ်းစျာန်စု အသုဘစျာန်စုသည် လောဘ၏ နယ်တွင်း၌ ပျက်ဆုံးပြုန်းတီးခဲ့လေ၏၊ ဒေါသ စသည်တို့၌လည်း ဤနည်း အတိုင်း မြင်လေ။

ယခု ဘဝ၌လည်း သူတော်ကောင်းတရားကို ကြားရနာရ အမှတ် ရသောအခါ မိမိတို့ အဇ္ဈတ္တသန္တာန်တွင် ရံဖန်ရံခါ ပေါ်၍လာသော အလောဘဓာတ်ဖြူ နေက္ခမ္မဓာတ်ဖြူစုသည် လောဘမှု၏ လက်တွင်း၌ ပျက်ဆုံးခြင်းသို့ ရောက်လေ၏၊ တစ်ညဉ့်လုံး တဝင်းဝင်း တလက်လက် ပျက်သမျှ လျှပ်ရောင်စုသည် မှောင်၏ အတွင်း၌ ကွယ်ဆုံးလေသကဲ့သို့ တည်း၊ ဒေါသစသည်တို့၌လည်း ဤနည်းတူမြင်လေ။

ဤကား ကိလေသမာရ်၏ သတ်ချက်ကို အမြွက်မျှပြ ဆိုသော စကားရပ်တည်း။

---

ခန္ဓမာရ်၏ သတ်ချက်

ခန္ဓမာရ်၌ ဦးခေါင်းဖြစ်၍နေသော ဓာတ်ကြီးလေးပါးတွင် တစ်ပါး ပါး ဖောက်ပြန်သေဆုံးမှု မျက်လုံးဖြစ်၍နေသော နားဖြစ်၍နေသော နှာခေါင်း ဖြစ်၍နေသော မေး,ပါး,သွား,လျှာ,ခံတွင်းဖြစ်၍နေသော လည်ပင်းဖြစ်၍နေသော အဆုတ်ဖြစ်၍နေသော အသည်းနှလုံးဖြစ်၍ နေသော စသည်ဖြင့် တစ်ကိုယ်လုံး အနှံ့မြင်လေ။။စက္ခုအာရုံကို လိုက်စား၍သေဆုံးမှု သောတအာရုံကို ဃာန အာရုံကို ဇိဝှါအာရုံကို ကာယအာရုံကို လိုက်စား၍ သေဆုံးမှု၊ ဤသို့စသည်ဖြင့် ရူပက္ခန္ဓာ၏ သတ်မှုကို မြင်လေ။။ စက္ခုသမ္ဖဿဇာ ဝေဒနာကို လိုက်စား၍ သေမှု။ လ။ မနောသမ္ဖဿဇာဝေဒနာကို လိုက်စား၍သေမှု၊ ရူပသညာကို လိုက်စား၍ သေမှု။ လ။ ဓမ္မသညာကို လိုက်စား၍ သေမှု။။ သဒ္ဓါလမ်း ကို လွန်စွာလိုက်စား၍ သေမှုကား သဒ္ဓါသတ်၍ သေမှုတည်း၊ သီလ လမ်းကို လွန်စွာလိုက်စား၍ သေမှုကား သီလသတ်၍ သေမှုတည်း၊ သုတလမ်းကို လွန်စွာ လိုက်စား၍ သေမှုကား သုတသတ်၍ သေမှုတည်း ဒါနလမ်း စာဂလမ်းကို လွန်စွာလိုက်စား၍ သေမှုကား ဒါနသတ်၍ စာဂ သတ်၍ သေမှုတည်း၊ လောကပညာ ဓမ္မပညာလမ်းကို လွန်စွာလိုက် စား၍ သေမှုကား ပညာသတ်၍ သေမှုတည်း။ ဘာဝနာလမ်းကို လွန်စွာ လိုက်စား၍ သေမှုကား ဘာဝနာသတ်၍ သေမှုတည်း၊ လောဘလမ်း ဒေါသလမ်းစသည်ကား ထင်ရှားပြီ၊ စက္ခုဝိညာဏ်စိတ်အလိုကို လိုက်၍ သေမှုကား စက္ခုဝိညာဏ်သတ်၍ သေမှုတည်း။ လ။ မနောဝိညာဏ် စိတ်အလိုကိုလိုက်၍ သေမှုကား မနောဝိညာဏ်သတ်၍ သေမှုတည်း။

ဤကား နာမ်ခန္ဓာလေးပါး၏ သတ်ချက်ကို အမြွက်မျှ ပြဆိုလိုက်သော အခန်းတည်း။

---

မစ္စုမာရ်၏ သတ်ချက်

မစ္စုမာရ်၏ သတ်ချက်တို့ကို အမြွက်မျှပြဆိုဦးအံ့- အနမတဂ္ဂ သံသရာ၌ ငါ၏ဦးခေါင်းဖြစ်သော ရုပ်ခဲပေါင်း ဘယ်မျှကုန်ဆုံးကွယ် ပျောက်ခဲ့လိမ့်မည်နည်း။

မျက်လုံးရုပ်ခဲပေါင်း နားခဲပေါင်း နှာခဲပေါင်း လျှာခဲပေါင်း အဆုတ်ခဲပေါင်း အသည်းခဲပေါင်း ဤသို့ စသည်ဖြင့်ကြည့်မြော်လေ။

ယခု ဘဝမှာလည်း ဖွားမြင်သည်မှစ၍ နေ့စဉ်မျိုအပ်သော အာဟာရပေါင်း မည်မျှရှိလိမ့်မည်နည်း၊ အာဟာရဓာတ်ဆီ အသစ် အဟောင်း ပြောင်းလဲ တိုင်းပြောင်းလဲတိုင်း မစဲမစဲ နေ့စဉ်လဲသော ဦးနှောက်ခဲပေါင်းမည်မျှ ကုန်ဆုံးခဲ့လိမ့်မည် မျက်လုံးခဲပေါင်း မည်မျှ ကုန်ဆုံးခဲ့လိမ့်မည် နားခဲပေါင်း နှာခဲပေါင်း လျှာခဲပေါင်း အဆုတ်ခဲပေါင်း အသည်းခဲပေါင်း နှလုံးခဲပေါင်း စသည်ဖြင့် မြော်လေ။။စက္ခုဒွါရမှာ ထခဲ့ ပေါ်ခဲ့သော နာမက္ခန္ဓာပေါင်း။ လ။ မနောဒွါရမှာ ထခဲ့ ပေါ်ခဲ့သော နာမက္ခန္ဓာပေါင်း ဘယ်မျှကုန်ဆုံးခဲ့လိမ့်မည်ဟု မြော်လေ။

ဤသို့ မရဏ မီးချက်ကိုရှုမြော်သောအခါ ပုဂ္ဂိုလ် သတ္တဝါ ငါ ဟူသော အထင်ကို အဝင်မခံနှင့်။

---

ဓာတ်ဆေး ဥပမာ

ရုပ်နာမ်ခန္ဓာ အသစ်အဟောင်း အပြောင်းအလဲ မြန်ပုံကို ဥပမာ ဆိုဦးအံ့၊ ဝိဇ္ဇာမယ ဉာဏ်တန်ခိုးဖြင့် စီရင်၍ထားသော ဓာတ်ဆေး တစ်မျိုးသည် ရှိသတတ်၊ အလုံးသဏ္ဌာန် မုန်ညင်းစေ့ခန့်ရှိရာ၏၊ အချို့အလုံးကား အဖြူတည်း၊ အချို့ကား အနီတည်း၊ အချို့ကား အနက်တည်း၊ ဂါထာစုတ်၍ မုန်ညင်းစေ့ခန့် တစ်လုံးကို ပစ်လိုက် သည်ရှိသော် ပကတိ လူကောင်းသဏ္ဌာန်မျှ ပွါး၍ ဆွတ်ဆွတ် ဖြူသော လူတစ်ယောက်ဖြစ်၍နေ၏၊ ချိန်ဝန်လည်း လူတစ်ယောက်စာမျှလေး၏၊ ယမ်းပုံမှ မီးတောက်ကြီး ထသကဲ့သို့ အပွားမြန်လှ၏၊ တစ်ဖန်ဂါထာစုတ်၍ အနီလုံး တစ်ခုကို တန်ခိုးဖြင့် ထိုအရုပ်ကြီး၏ နှလုံးအိမ်တွင်းသို့ သွင်းလိုက်ပြန်သည်ရှိသော် နှလုံးအိမ်တွင်းသို့ ရောက်သည်နှင့် တစ်ပြိုင် နက် ယခုအဖြူလုံးအတူ ပွားပြန်၏၊ နှလုံးအိမ်မှစ၍ အနီပြန့်ပွါး၍ သွားရာ အနီရောက်ရာ ရောက်ရာ ထိရာ ထိရာမှာ အဖြူ ကျေပျောက်လေ၏၊ ခဏချင်း လူနီကြီးဖြစ်ပြန်၏၊။ဤဥပမာ၌ ရှေးဦးစွာ ဉာဏ်မီရုံ ပြောင်း လဲ၍ကြည့်၊ အနီပွား၍ ချဲ့၍ သွားရာ၌ အဖြူခဲတွေ မြေ့မြေ့ ကြေပျက် ကွယ်ဆုံးမှုကို မြင်အောင်ကြည့်။ ငါတို့ကိုယ်ခန္ဓာလည်း ဤအတိုင်းပင်။

ယောစ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

(ဓမ္မပဒ ပါဠိတော်)

ယောစ=အကြင်သူသည်ကား၊ ဥဒယဗ္ဗယံ=ခန္ဓာငါးပါး၏ တဖွားဖွား ဖြစ်ပေါ်မှု အလုံးအခဲ တသဲသဲ ကွယ်ပျောက် ချုပ်ဆုံးမှုကို၊ အပဿံ အပဿန္တော=တစ်ကြီမ်တစ်ခါမျှ မမြင်ဘူးရဘဲ၊ ဝဿသတံ=အနှစ်တစ်ရာ ပတ်လုံး၊ ဇီဝေ=အသက်ရှည်၏၊ တတော=ထို့ထက်၊ ဥဒယဗ္ဗယံ=ခန္ဓာငါးပါး ၏ တဖွားဖွားဖြစ် ပေါ်မှု အလုံးအခဲ တသဲသဲ ကွယ်ပျောက် ချုပ်ဆုံးမှုကို၊ ပဿတော=မြင်နိုင်သောသူ၏၊ ဧကာဟံ=တစ်နေ့တစ်ရက်မျှ၊ ဇီဝိတံ= အသက်ရှည်ခြင်းသည်၊ သေယျော=မြတ်သေး၏။

ဤကား ပဋိသန္ဓေမှစ၍ ခဏမစဲ အသက်ခဲ ခန္ဓာခဲ ရုပ်ခဲ ကလာပ်ခဲ တို့ကို ရှဲရှဲ ရှဲရှဲ အမြဲသတ်စား၍နေသော မစ္စုမာရ်၏ အချက်ကို ပြဆိုခန်းတည်း၊ ပြဆိုခဲ့ပြီးသော ခန္ဓဝဂ္ဂသံယုတ် ဒေသနာတော်၌ အာဒီနဝကောသလ္လဌာနကို မြင်ပြန်လျှင် ခန္ဓမာရ် မစ္စုမာရ်တို့ကိုလည်း ကောင်းစွာ မြင်နိုင်လတ္တံ့။

မြတ်စွာဘုရား၏ ဘုရားမဖြစ်မီ ခန္ဓာအစဉ်နှင့် ဘုရားဖြစ်ပြီးသော ခန္ဓာအစဉ် အဘယ်သို့ ထူးခြားပါသနည်း ဟူရာ၌-ဘုရားမဖြစ်မီ ခန္ဓာ အစဉ်သည်ကား ကိလေသမာရ်ခေါ်သော ဓာတ်ညစ် ဓာတ်မဲစု၊ အဘိသင်္ခါရမာရ် ခေါ်သော ဓာတ်စေး ဓာတ်ချွဲစုနှင့် ရော၏၊ ဘုရားဖြစ် ပြီးသော ခန္ဓာအစဉ်သည် ကား ထိုဓာတ်ညစ် ဓာတ်မဲ ဓာတ်ချွဲ ဓာတ်စေးစု မရှိပြီ၊ ထိုဓာတ်ပုပ် ဓာတ်မဲ ဓာတ်ချွဲ ဓာတ်စေးရှိကြသော သေက္ခပုဂ္ဂိုလ် ပုထုဇဉ်ပုဂ္ဂိုလ်၏ သေပြီးသော အလောင်းသည် ပုပ်ခြင်း ဟောင်ခြင်းရှိကြ သည်၊ ဘုရားရဟန္တာတို့၏ အလောင်းတော်မှာ ပုပ်သည် နံသည် ဟူ၍ မရှိပြီ၊ အသက်ဝိညာဏ် ထင်ရှားရှိစဉ်မှာလည်း ဤနည်းအတူတည်း။

အစာအာဟာရခြင်း တူကြသော်လည်း ဝင်းဝင်းတောက် ကြည် လင် ဖြူစင်သော နာမက္ခန္ဓာတို့မှ တစ်ကိုယ်လုံးမွမ်း၍ လွှမ်းခြုံ၍နေသော စိတ္တဇ ရုပ်တို့အတွက် တစ်ကိုယ်လုံးသည် အလွန်ဖြူစင်စွာ ဖွပ်လျှော်၍ ထားသော ဝါဂွမ်းအစု အခဲကဲ့သို့တည်း။

---

စကြာမင်း ပတ္တမြားသို့

စကြာမင်း၏ ပတ္တမြားလုံးကို အလွန်နောက်လှစွာသော ရေအိုင် တွင်းမှာ ချ၍ထားခဲ့လျှင် တစ်အိုင်လုံးသည် ပတ္တမြားရေကဲ့သို့ ကြည်ရ၏၊ ဤအတူ ဘုရား ရဟန္တာတို့၏ ဇောခန္ဓာအစဉ်သည် စကြာမင်း၏ ပတ္တမြားရတနာနှင့် တူ၏၊ ခန္ဓာတော်သည် ရေအိုင်ရှိရေနှင့် တူ၏၊။ ဤကား အပုပ်အနံ့ မရှိရာ၌ ယုတ္တိတည်း။

မင်းတို့၏ စံနေရာဖြစ်သော နန်းပြာသာဒ်သည် မင်း၏ စံနေ ရာဖြစ်၍ နေစဉ်အခါ ပူဇော်ခြင်းငှာ မထိုက်၊ ထိုပြာသာဒ်ကို ကျောင်း တော်ဆောက်လုပ်၍ ကျောင်းတော်ဖြစ်သောအခါ ပူဇော်ထိုက်၏၊ ပူဇော်လျှင် နတ်ရွာ နိဗ္ဗာန်အကျိုး ဖြစ်၏။

ဘုရားမဖြစ်မီ ခန္ဓာတော်သည် မင်းစံနေဆဲသော နန်းတော်နှင့် တူ၏ ဘုရားဖြစ်ပြီးနောက် ခန္ဓာတော်သည် မြတ်စွာဘုရား သီတင်းသုံး နေသော ကျောင်းတော်ကြီးနှင့် တူ၏၊ ဘုရားမဖြစ်မီ ဆိုသော်လည်း သိဒ္ဓတ်မင်းအဖြစ်၌ရှိသော ခန္ဓာအစဉ်ကိုယူ၊ တောထွက်ပြီးသော နောက်ခန္ဓာတော်ကား ပူဇော်ထိုက်လှပြီ ထို့ကြောင့် ဝတ်လဲတော်ပုဆိုးကို သုဒ္ဓါဝါသဗြဟ္မာတို့ယူ၍ ဒုဿစေတီတည်ထား ကိုးကွယ်ကြလေသည် သဘာဝပဝတ္တိ၌ မလိမ္မာသောကြောင့် ခန္ဓာတော်ကား ဘုရားမဟုတ် ဉာဏ်တော်သည်သာ ဘုရားဟုတ်သည်ဟု ယူကြသော မိစ္ဆာဝါဒများကို နားမယောင်ထိုက်။

ဆဋ္ဌ ပြဿနာ အဖြေပြီး၏။

---

သတ္တမခန်း

“ရတနာသုံးပါး၏ သရဏဂုံအဖြစ် သရဏဂုံတည်အောင် ပြုကျင့် နည်းကို သိလိုပါသည်၊”ဟူသော သတ္တမလျှောက်ချက်၌

သရဏဂုံ၌ အထူးအပြား

သရဏဂုံအကြောင်းအရာ 'သရဏာဒိ ဝိနိစ္ဆယ' စသော စာအုပ် များ ထင်ရှားရှိကြပြီဖြစ်၍ အကျယ်ကို မဆိုလိုက်ပြီ၊ လိုရင်းမျှကို ပြဆိုပေအံ့။

- ဤဝတ္ထု ဤဓမ္မကို ရှိခိုးသည်ရှိသော် ငါ၏ ရှိခိုးမှုသည် အပါယ် ဘေးမှ လွတ်အောင် ဆောင်နိုင်သော ကုသိုလ်ပုညမှု ဖြစ်၏ဟု ရှိခိုး၏၊ ထို ရှိခိုးမှုလည်း ဧကန္တ အပါယ်ဘေးမှလွတ်အောင် ဆောင်နိုင်သော ကုသိုလ်ပုညမျိုးဖြစ်အံ့ ထိုဝတ္ထု ထိုဓမ္မသည် သရဏမည်၏၊ ကိုးကွယ်ရာထိုက်သော ဝတ္ထုဓမ္မမည်၏၊ ထိုသူ၏ ရှိခိုးမှုသည်လည်း သရဏဂုံမည်၏။

- ဤဝတ္ထု ဤဓမ္မကို ရှိခိုးသည်ရှိသော် ငါ၏ ရှိခိုးမှုသည် အပါယ် ဘေးမှ လွတ်အောင် ဆောင်နိုင်သော ကုသိုလ်ပုည ဖြစ်၏ဟု ရှိခိုးကား ရှိခိုး၏၊ ထိုရှိခိုးမှုသည် ဧကန္တ အပါယ်ဘေးမှ လွတ် အောင် ဆောင်နိုင်သော ကုသိုလ်ပုညမျိုး မဖြစ်၊ အချည်းနှီးသော ရှိခိုးမှုသာ ဖြစ်အံ့ ထိုဝတ္ထု ထိုဓမ္မသည် သရဏ မဟုတ်၊ ကိုးကွယ် ရာထိုက်သော ဝတ္ထုဓမ္မမျိုး မဟုတ်၊ ထိုသူ၏ ရှိခိုးမှုသည်လည်း သရဏဂုံ မဖြစ်။

သရဏံ ဂစ္ဆာမိ ဟု ဆည်းကပ်မှု ဆောက်တည်မှု၌လည်း ဤနည်းအတိုင်း သိလေ။

သဘောယုတ္တိကား--

ဖြူစင်သော သီလ၊ သမာဓိ၊ ပညာ စသောဂုဏ်သည် အလွန် မွန်မြတ်သော မြေဆီဩဇာနှင့် တူ၏။

- ထိုဂုဏ်နှင့်ပြည့်စုံသော ဘုရား တရား သံဃာသည် ထိုမြေဆီ ဩဇာနှင့် ပြည့်စုံသော လယ်ခင်းနှင့် တူ၏။

- ထိုဘုရား တရား သံဃာကို အာရုံပြု၍ တွယ်တာ တည်စိုက်၍ မိမိ သန္တာန်၌ဖြစ်သော စိတ် စေတနာသည် ထိုလယ်ခင်းမှာ စိုက်ပျိုးသော စပါးမျိုးစေ့နှင့် တူ၏။

ဖြူစင်သော သီလ သမာဓိ ပညာ အစရှိသောဂုဏ်မှ ကင်း၍ အချည်းနှီးသော မိစ္ဆာဝိတက်မျိုးနှင့် နေသောသူသည် အဆီ ဩဇာ သက်သက်မရှိသော အလွန်ခြောက်သော ကျတ်တီးကုန်းပြင်နှင့် တူ၏၊ ထိုသူကို ဆိုခဲ့ပြီးသောနည်းဖြင့် ရှိခိုးသောအမှု ဆည်းကပ်သော အမှု များသည် ထိုကျတ်တီးကုန်းပြင်မှာ ကြဲပျိုးသော စပါးမျိုးနှင့် တူ၏၊ ကုသိုလ်ပုည မဖြစ်၊ အချည်းနှီးသာတည်း။

ကမ္ဘာစဉ်ဆက် လူပညာရှိ ရသေ့ ရဟန်း ပုဏ္ဏား ပညာရှိတို့၏ အစဉ်၌ ထင်ရှားစွာ လာခဲ့သော ကုသိုလ်တရား ဖြစ်ပွားမှု နည်းလမ်းမျိုး၊ အကုသိုလ်တရား ဖြစ်ပွားမှုနည်းလမ်းမျိုး၊ ဒုစ္စရိုက်နည်းလမ်းမျိုး၊ သုစရိုက်နည်းလမ်းမျိုး၊ သုဂတိအလား ဒုဂ္ဂတိအလား နည်းလမ်းမျိုးသည် ရှိ၏၊ ထိုနည်းလမ်းမျိုးတို့တွင် တစ်ခုသော နည်းလမ်းမျိုးကိုပင် ပယ်ဖျက်၍ အပြစ်ရှိသည်ကို အပြစ်မရှိ အကျိုးရှိသည်ကို အကျိုးမရှိဟု အယူမိစ္ဆာ ရှိသောသူသည် မီးလျှံ မီးတောက်ထ၍နေသော ကျောက်ဖျာအပြင်နှင့် တူ၏၊ ထိုသူကို ဆိုခဲ့ပြီးသောနည်းဖြင့် ရှိခိုးသော အမှု ဆည်းကပ်သော အမှုသည် ထိုကျောက်ဖျာ အပြင်မှာ မျိုးကြဲသည်နှင့် တူ၏၊ အကျိုး မရှိသည့်ပြင် တစ်ကိုယ်လုံးကို မီးလျှံသင့်လေသေး၏။

ထိုသရဏဂုံသည်-(၁)သုတသရဏဂုံ (၂)ဒိဋ္ဌသရဏဂုံဟူ၍ နှစ်ပါး အပြားရှိ၏၊ ထိုနှစ်ပါးတွင် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာတို့၏ ပျောက်ငြိမ်း ရာသော ခန္ဓာဓမ္မ၊ အာယတနဓမ္မ၊ ဓာတုဓမ္မတို့၏ အဖြစ်အပျက်ကို မြင်နိုင်သော သမ္မာဒိဋ္ဌိဉာဏ်ကား မရှိ၊ ကြည်ညို ဘွယ်သော ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ် သာသနာ့ဂုဏ်တို့ကို ကြားနာမှတ်သား သဒ္ဓါပွား၍ ဆည်းကပ်ကိုးကွယ်သော သရဏဂုံသည် သုတသရဏဂုံမည်၏၊ ဘုရား တရား သင်္ဃာ ရတနာသုံးပါးကို မြင်သော သရဏဂုံမဟုတ် ဘုရား တရား သင်္ဃာ ရတနာသုံးပါးကို တွေ့သော သရဏဂုံမဟုတ် သာသနဓမ္မကိုမြင် သော သရဏဂုံမဟုတ် သာသနဓမ္မကိုတွေ့သော သရဏဂုံမဟုတ် ဟူလိုသည်။ ထို့ကြောင့်

ယော ခေါ ဝက္ကလိ ဓမ္မံ န ပဿတိ၊
သော မံ န ပဿတိ။

(ခန္ဓဝဂ္ဂသံယုတ္တပါဠိ)

ဝက္ကလိ=ဝက္ကလိရဟန်း၊ ခေါ=စင်စစ်၊ ယော=အကြင်သူသည်၊ ဓမ္မံ=ခန္ဓာ နာမ်ရုပ်တရားကို၊ န ပဿတိ=မြင်နိုင်သောဉာဏ်မရှိ၊ သော= ထိုသူသည်၊ မံ=ငါဘုရားကို၊ န ပဿတိ=မမြင်။

မြတ်စွာဘုရား၏ အနီးအနား၌ အမြဲနေ၍ နေ့မစဲ ညဉ့်မစဲ အမြဲ ရှိခိုးပူဇော် ဖူးမြော်၍နေသော ဝက္ကလိရဟန်းကို ဟောတော်မူသော ဒေသနာတော်။

ဤဒေသနာတော်ကို ထောက်၍ မိမိကိုယ်မှာ ခန္ဓာ နာမ်ရုပ် တရား တို့ကိုလည်းကောင်း၊ ခန္ဓာ နာမ်ရုပ်တရားတို့၏ ဖြစ်မှု ပျက်မှုကိုလည်း ကောင်း မမြင်နိုင်သော သူတို့၏ သရဏဂုံသည် ဒိဋ္ဌသရဏဂုံမဟုတ်၊ သုတသရဏဂုံမျှသာ ဖြစ်ကြောင်းကို ဆိုနိုင် သိနိုင်ရာသတည်း။

ဒိဋ္ဌသရဏဂုံ ဆိုသည်ကား-သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာတို့၏ ပျောက်ငြိမ်း ရာသော ခန္ဓာ အာယတန ဓာတ်တို့ကိုလည်းကောင်း၊ ထိုခန္ဓာ အာယတန ဓာတ်တို့၏ ဖြစ်မှု ပျက်မှုကိုလည်းကောင်း မြင်နိုင်သော သမ္မာဒိဋ္ဌိဉာဏ်နှင့် ပြည့်စုံသောသူ၏ သရဏဂုံသည် ဒိဋ္ဌသရဏဂုံ မည်၏၊ ဘုရား တရား သံဃာ ရတနာသုံးပါးကို မြင်ရသောသရဏဂုံ တွေ့ရသောသရဏဂုံ ဆိုလိုသည်။

ယော ခေါ ဝက္ကလိ ဓမ္မံ ပဿတိ၊ သော မံ ပဿတိ။

(ခန္ဓဝဂ္ဂသံယုတ္တ ပါဠိတော်။။ အနက်လွယ်ပြီ။)

ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿစ အတိက္ကမံ။
အရိယဋ္ဌင်္ဂီကံ မဂ္ဂံ၊ ဒုက္ခူပသမ ဂါမိနံ။
ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏ မုတ္တမံ။
ဧတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

(ဓမ္မပဒပါဠိတော်)

ဒုက္ခံ=ဒုက္ခသစ္စာကိုလည်း၊ ပဿတိ=မြင်၏၊ ဒုက္ခသမုပ္ပါဒံ=ဒုက္ခဖြစ် ပွားကြောင်းကိုလည်း၊ ပဿတိ=မြင်၏၊ ဒုက္ခဿ=ဒုက္ခသစ္စာ၏၊ အတိက္ကမံ=လွန်မြောက် ချုပ်ငြိမ်းမှုကိုလည်း၊ ပဿတိ=မြင်၏၊ ဒုက္ခူပ သမဂါမိနံ=ဒုက္ခ၏ ငြိမ်းမှုသို့ ဆိုက်စေတတ်သော၊ အရိယံအဋ္ဌင်္ဂီကံ မဂ္ဂံ=အဋ္ဌင်္ဂီက အရိယမဂ်ကိုလည်း၊ ပဿတိ=မြင်၏၊ ခေါ=စင်စစ်၊ ဧတံ=ဤ အမြင်လေးချက်သည်သာလျှင်၊ ခေမံ=ဘေးကင်းသော၊ သရဏံ=ကိုးကွယ် ရာဖြစ်၏၊ ဧတံ=ဤအမြင်လေးချက်သည်သာလျှင်၊ ဥတ္တမံ=မြတ်သော၊ သရဏံ=ကိုးကွယ်ရာဖြစ်၏၊ ဧတံသရဏံ=ဤကိုး ကွယ်ရာကို၊ အာဂမ္မ= ဆည်းကပ်၍၊ ဝါ=ရောက်၍ရ၍၊ သဗ္ဗဒုက္ခာ=အလုံးစုံသော ဝဋ်ဒုက္ခမှ၊ ပမုစ္စတိ=လွတ်နိုင်၏။

ဤကား ဒိဋ္ဌသရဏဂုံတည်း။

ဒိဋ္ဌသရဏဂုံသည် ထုတ်ပြခဲ့ပြီးသော ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ကို အစဉ်လျှောက်၍ ပထမ ဒိဋ္ဌသရဏဂုံ, ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမ, ဆဋ္ဌ, သတ္တမ ဒိဋ္ဌသရဏဂုံဟူ၍ ခုနစ်ပါးရှိ၏၊။ ကောသလ္လဌာန ခုနစ်ပါးနှင့် အစဉ်အတိုင်းယှဉ်လေ။

ဥပမာဆိုဦးအံ့-ကြီးစွာသော နူနာစွဲကပ်၍ ဒုက္ခပြင်းစွာ ခံ နေရသော သူနှစ်ယောက်သည် ရှိသတတ်၊ နူနာကြီးမျိုးကို ပျောက် အောင်ကုစားနိုင်သော ဝိဇ္ဇာမယဆေးသမားကြီးလည်း ရှိ၏၊ တစ်ယောက် သောသူသည် ဆေးဆရာနှင့် ယူဇနာတစ်ရာ ကွာဝေး၏၊ ဆေးဆရာကြီး ကို မမြင်ဘူးပေ၊ ဆေးဆရာကြီးအထံမှ အဆင့်ဆင့် ယူဆောင်၍ ရောက်လာသော ဆေးကိုတွေ့ရ၍ ကောင်းစွာ မှီဝဲခြင်းကြောင့် နူနာကြီး အကုန်ပျောက်၍ မိမွေးတိုင်း ဘမွေးတိုင်း ရှိလေ၏။

တစ်ယောက်သော သူသည်ကား ဆေးဆရာကြီးအိမ်မှာ တွယ် တာ၍ နေ၏၊ ဆေးကိုမူကား ခါးသည် နံသည်ဟု မသောက်မမျို၊ ဆေးသမားကြီး၏ ဘုန်းလာဘ်ကိုမှီ၍ အစားအသောက်ကိုသာ အားထုတ်၏၊ အနာတိုးမှုသာ ရှိ၏၊ နူနာကြီးပျောက်ငြိမ်းသော သူသာ လျှင် ဆေးဆရာကြီး၏ ပညာစွမ်း ဆေး၏အစွမ်းကို ကိုယ်တွေ့ဒိဋ္ဌ သိမြင်ရသောသူ ဖြစ်၏၊ ဆေးဆရာကြီး၏ အိမ်မှာ တွယ်တာမှီကပ်၍ နေရသော သူသည်ကား ဆေးဆရာကြီး၏ ပညာစွမ်း ဆေး၏ အစွမ်းကို ကိုယ်တွေ့ဒိဋ္ဌ သိမြင်ရသော သူမဟုတ် ဆေးဆရာကြီး၏ ပညာစွမ်း ဆေး၏အစွမ်းကို နားမှာ ကြားသိရုံမျှသာ ရှိ၏၊ ဤဥပမာအတိုင်း မှတ်လေ။

ထို့ကြောင့်- ပြဆိုခဲ့ပြီးသော ကောသလ္လဌာန ခုနစ်ပါးတို့၌ ကောသလ္လ အဖြစ်သို့ ရောက်ခြင်းငှာ ကောင်းစွာ အားထုတ်၍နေသော သူသည် ဗုဒ္ဓသရဏဂုံ ဓမ္မသရဏဂုံ သံဃာ့သရဏဂုံကို တမင်ဆောက် တည်ဖွယ် ကိစ္စမရှိ ဘုရားသွား ဖွယ်ကိစ္စ မရှိ၊ ထိုအလုပ်ကို အားမထုတ် နိုင်သော သုတသရဏဂုံသမားတို့၏ အမှုသာတည်း၊ သုတသရဏဂုံ သမားတို့၏ သရဏဂုံသည်ကား ယနေ့ငါတို့ဘုရား တပည့်, နက်ဖြန်ခါ ဘုရားတစ်ပါး ပြောင်းနိုင်၏၊ ဒိဋ္ဌသရဏဂုံသမားမူကား အသက်ကို အသေခံလျှင်သာ ခံတော့မည်၊ စိတ်စေတနာနှင့်တကွ ဘုရားတစ်ပါး မပြောင်းနိုင်ပြီ။

သတ္တမ ပြဿနာ ဖြေဆိုခန်း ပြီး၏။

---

အဋ္ဌမခန်း

“မိစ္ဆာဒိဋ္ဌိ အယူရှိသော တစ်ယောက်သောသူသည် မိမိ၏ မိစ္ဆာ အယူကို စွန့်၍ အဘယ်ကဲ့သို့သော ဗုဒ္ဓဘာသာတရားအတိုင်း လိုက်နာ နိုင်မှ ဗုဒ္ဓဘာသာ ဝင်ဟူ၍ ခေါ်ထိုက်ပါသနည်း”။ ဟူသောပြဿနာ၌

ဗုဒ္ဓဘာသာဝင်အစစ်နှင့် ၎င်းလေးမျိုး ပြားပုံ

ဒသဝတ္ထုက ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ် စင်ကြယ်၍ ပဋိစ္စ သမုပ္ပါဒ်တရားတို့ကို လိုက်နာမှ ဗုဒ္ဓဘာသာဝင် ဟူ၍ ခေါ်ထိုက်သည်။

ဒသဝတ္ထုက သမ္မာဒိဋ္ဌိ ဆိုသည်ကား--

၁- အတ္ထိ ဒိန္နံ။ ၂-အတ္ထိ ယိဋ္ဌံ။ ၃- အတ္ထိ ဟုတံ။ ၄- အတ္ထိ သုကတ ဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော။ ၅- အတ္ထိ အယံ လောကော။ ၆- အတ္ထိ ပရော လောကော။ ၇- အတ္ထိ မာတာ။ ၈- အတ္ထိ ပိတာ။ ၉- အတ္ထိ သတ္တာ ဩပပါတိကာ။ ၁၀- အတ္ထိ လောကေ သမဏ ဗြာဟ္မဏာ သမ္မဂ္ဂတာ သမ္မာ ပဋိပန္နာ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ

(မဇ္ဈိမပဏ္ဏာသ ပါဠိတော်)

၁။ ပေးကမ်းကျိုးရှိ၏၊ ၂။ လက်ဦး လက်ဖျား ပေးလှူ ပူဇော်ကျိုး ရှိ၏၊ ၃။ အကြီးအကျယ် ပေးလှူပူဇော်ကျိုးရှိ၏၊ ၄။ သုစရိုက် ဆယ်ပါး၏ ကောင်းကျိုး ဒုစ္စရိုက်ဆယ်ပါး၏ မကောင်းကျိုးရှိ၏၊ ၅။ ဤလူ့ဘုံ လောကသည်ရှိ၏၊ ၆။ ဤလူ့ဘုံမှတစ်ပါး နတ်ဘုံ ငရဲဘုံရှိ၏၊ ၇။ အမိ၌ ကောင်းစွာ လုပ်ကျွေးမွေးမြူခြင်း ပြစ်မှား လွန်ကျူးခြင်း ကောင်းကျိုး မကောင်းကျိုး ရှိ၏၊ ၈။ အဖ၌ ကောင်းစွာလုပ်ကျွေး မွေးမြူခြင်း ပြစ်မှားလွန်ကျူးခြင်း ကောင်းကျိုး မကောင်းကျိုး ရှိ၏၊ ၉။ လောကတစ်ပါးမှ လောကတစ်ပါးသို့ ပြောင်းရွှေ့၍ ပဋိသန္ဓေစွဲနေကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ ၁၀။ လောက၌ အညီအညွတ်ဖြစ်ကြကုန်သော ကောင်းစွာ ကျင့်ကြ ကုန်သော ဤလောကနှင့် တမလွန်လောကကို ကိုယ်တိုင်ဒိဋ္ဌ သိ၍ မျက်မှောက်ပြု၍ ဟောကြားကြပေကုန်သော ရဟန်း ပုဏ္ဏား ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသူတော်ကောင်းတို့သည်ရှိကုန်၏။

ဤကား ဒသဝတ္ထုက သမ္မာဒိဋ္ဌိတည်း။

သမ္မာဒိဋ္ဌိ တည်လျှင်ပင် ဗုဒ္ဓဘာသာဝင် ဆိုရပြီ။

လောက၌ မိစ္ဆာဒိဋ္ဌိဟူသမျှတို့ကို ပဋိစ္စသမုပ္ပါဒ် ပညာသည် ပယ် ဖျောက်နိုင်၏၊ မိစ္ဆာဒိဋ္ဌိ အယူဟူသမျှသည် ပဋိစ္စသမုပ္ပါဒ်ပညာ မရှိသော သူတို့၌သာ ဖြစ်နိုင်၏၊ ယခုအခါ ပဋိစ္စသမုပ္ပါဒ်ကို ဓာတ်ကွဲအောင် ဓာတ် ပေါက်အောင် မြင်နိုင်သော ပညာသည် အလွန်လိုလှ၏။

ဤကား ဗုဒ္ဓဘာသာဝင် အလတ်တည်း။

ဆိုအပ်ခဲ့ပြီးသော သတ္တကောသလ္လဌာန၌ ဝိပဿနာ သမ္မာဒိဋ္ဌိ ဉာဏ်ကို ရသော ပုဂ္ဂိုလ်ကား။

(ဗုဒ္ဓဘာသာဝင် အကြီးတည်း။)

ပရမတ္ထ ဗုဒ္ဓဘာသာဝင် အစစ်ကား သစ္စာလေးပါး ပေါက်ရောက် ပြီးသော သောတာပန်ပုဂ္ဂိုလ်သည်သာ ပရမတ္ထ ဗုဒ္ဓဘာသာဝင် အစစ် ပေတည်း၊ အဘယ့် ကြောင့်နည်ဟူမူကား- နောက်နောက်ဘဝတို့၌လည်း သဗ္ဗညုဗုဒ္ဓသရဏဂုံ အပြီး မြဲပေသောကြောင့်တည်း။

ဗုဒ္ဓဘာသာဝင် အလတ် အကြီးတို့ကား- ယခု တစ်ဘဝသာ စိတ်ချရကုန်သည်။

ဗုဒ္ဓဘာသာဝင် အငယ်သည်ကား တစ်နေ့တစ်ရက်မျှပင် စိတ် မချရ၊ ယနေ့ ဗုဒ္ဓဘာသာ နက်ဖြန်ခါ စာဖြူဝင်ဖြစ်နိုင်သောသူတည်း။

ပရမတ် ဗုဒ္ဓဘာသာဝင်မှာမူကား သေလွန်၍ ဗုဒ္ဓဘာသာ မရှိရာ မိစ္ဆာဒိဋ္ဌိ အမျိုးထဲမှာ ဖြစ်လေ၍ ဆယ်လအရွယ် တစ်နှစ်အရွယ် စကား ပြောတတ်သောအခါ ဗုဒ္ဓသရဏဂုံကို သင်စွန့်ရမည်၊ ငါတို့ကိုးကွယ်ရာ ဆရာများကို ကိုးကွယ်ရမည်၊ မကိုးကွယ်လျှင် သင်၏ ဦးခေါင်းကို ဤ သံလျက်နှင့် ဖြတ်မည်ဟု ဆိုငြားအံ့၊ ထိုသူငယ်သည် ဦးခေါင်းကိုသာ အဖြတ်ခံလတ္တံ့ ကြီးစွာသော မီးပုံကြီးကိုထည့်၍ မီးပုံထဲသို့ သင့်ကို ထည့်မည်ဆိုလျှင် မီးပုံထဲသို့ အထည့်ခံလတ္တံ့၊ နိဗ္ဗာန်သို့ ရောက်သည် တိုင်အောင် ဘာသာတရား ပြောင်းခြင်း မရှိပြီ။

ထို့ကြောင့်

အဋ္ဌာန မေတံ ဘိက္ခဝေ အနဝကာသော ယံ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော အညံ သတ္ထာရံ ဥဒ္ဒိသေယျ

ဟူ၍ဟောတော်မူသည်။

ထိုသူအား နိဗ္ဗာန်ယူသည်တိုင်အောင် သဗ္ဗညု ဗုဒ္ဓသာသနာသည် အမြဲ တည်လေ၏။

တစ်နည်း- ဗုဒ္ဓဘာသာဝင် လက္ခဏာ ဝိနည်းမှာ ဟောတော်မူ၏၊

ကုဒ္ဓေါ အာရာဓကော ဟောတိ၊
တုဋ္ဌော အနာရာဓကော။

ပါဠိတော်။

ကုဒ္ဓေါ=အမျက်ထွက်မူ၊ အာရာဓကော=အားရလောက်သည်၊ ဟောတိ=ဖြစ်၏၊ တုဋ္ဌော=နှစ်သက်သည်ရှိသော်၊ အနာရာဓကော=အား မရလောက်။

အဓိပ္ပါယ်ကား- တစ်ပါးသောဘာသာမှ ဗုဒ္ဓဘာသာသို့ဝင်ပါပြီ ဆိုသူကို နဂိုဘာသာဝင် ပရိသတ်အမျိုးအရိုးများအလယ်၌ အမောင်စာဖြူ အမောင် ယေရှုခရစ်ဟု ခေါ်လိုက်လျှင် အမျက်ထွက်၏၊ အမောင် ရှင်ဂေါတမ တပည့်ဟု ခေါ်ဆိုလိုက်လျှင် အလွန်ကြည်လင် ရွှင်လန်း၏၊ ဗုဒ္ဓဘာသာ၏ ဂုဏ်ကျေးဇူးကို ကြားလျှင် ကြည်လင်ရွှင်လန်း၏၊ ခရစ် စာဖြူ၏ ဂုဏ်ကျေးဇူးကို ကြားလျှင် နှလုံးမသာဖြစ်၏၊ ဤကား ဘာသာ ဝင် လက္ခဏာတည်း။

အဋ္ဌမ ပြဿနာအဖြေ ပြီး၏။

---

နဝမ ခန်း

“ဗုဒ္ဓဘာသာဝင် လူမျိုးဖြစ်သည် အားလျော်စွာ သိသင့်သိ ထိုက်သော တရား, တစ်ပါးသော ဘာသာဝင်လူမျိုးတို့ မလှုပ်ချောက်ချား စေနိုင်ခြင်းငှါ သိအပ် နှလုံးသွင်းအပ်သော တရားများကိုလည်း သိလို ပါသည်” ဟူသော နဝမ လျှောက်ချက်၌

ဘာသာတစ်ပါး မလှုပ်ချောက်ချားနိုင်အောင် ဗုဒ္ဓဘာသာဝင်တို့ သိအပ်သော သစ္စာ လေးပါး

သိသင့်သိထိုက်သော တရားမှာ အန္ဓပုထုဇန်အဖြစ်မှ လွတ်၍ ကလျာဏပုထုဇန်အဖြစ်သို့ရောက်ရန် စတုတ္ထလျှောက်ချက်မှာ ပြဆိုခဲ့ပြီး သော ခန္ဓာ အာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ် သတိပဋ္ဌာန် စသောတရား စုသည် ဗုဒ္ဓဘာသာ မှာမှရှိသော တရားစုဖြစ်၍ ဗုဒ္ဓဘာသာဝင်ဆိုလျှင် ထိုတရားတို့ကို သိကျွမ်းလိမ္မာမှ ဗုဒ္ဓဘာသာဝင် ဆိုစလောက်သည်၊ ဒါနမှုမျိုး ငါးပါးသီလ ရှစ်ပါးသီလ ဆယ်ပါး သီလဟူသော သီလအမှုမျိုး ကသိုဏ်းဘာဝနာ, ဗြဟ္မဝိဟာရ ဘာဝနာကသိုဏ်း စျာန် ဗြဟ္မဝိဟာရ စျာန်ဟူသော ဘာဝနာမှုမျိုး ဤဒါန သီလ ဘာဝနာမျိုးစုကား ကမ္ဘာစဉ် ဆက်လာခဲ့သော ကမ္ဘာ့တန်ဆာ တရားစုဖြစ်သည်၊ ကမ္ဘာအနန္တမှာ ထာဝရရှိမြဲ၊ ဘုရားမပွင့်ရာ စကြဝဠာအနန္တမှာပင် အစဉ်ထာဝရ ရှိနေကြ သော ကမ္ဘာ့တန်ဆာ တရားမျိုးဖြစ်ချေသည်၊ ကမ္ဘာတိုင်းကမ္ဘာတိုင်းမှာပင် လူရှိ၏၊ နတ်ရှိ၏၊ ဗြဟ္မာရှိ၏၊ ရသေ့ ရဟန်း ရှိ၏၊ အနန္တစကြဝဠာမှာပင် လူရှိ၏၊ နတ်ရှိ၏၊ ဗြဟ္မာ ရှိ၏၊ ရသေ့ ရဟန်း ရှိ၏၊ ငါတို့ဘုရား ပွင့်ရာ ကာလသည် အလွန်သောင်း ကျန်းသော တစ်ရာတမ်းမှာပွင့်သည်နှင့် ထိုကမ္ဘာ့တန်ဆာ တရားစုသည်ပင် တိမ်မြုပ်သောအခါ ဖြစ်ချေ၍ ကမ္ဘာ့တန်ဆာတရားတို့ကိုပင် များစွာထုတ်ဖော်၍ ဟောတော်မူရလေ သည်။

သာသနာတွင်း၌ကား မြတ်သောအလှူခံ ပုဂ္ဂိုလ်အတွက် သရဏဂုံ သုံးပါး အတွက်သာ၏၊ မြတ်စွာဘုရားပွင့်မှ ရှိသောတရားကား ခန္ဓာ အာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ်တရားစုပေတည်း၊ ထို့ကြောင့် ဗုဒ္ဓဘာသာ ဝင်ဆိုလျှင် မြတ်စွာဘုရား ပွင့်မှ ရှိသောတရားစုကို အထူးသိကျွမ်း လိမ္မာအောင် အားထုတ်ရာသတည်း။

(ထုတ်ပြခဲ့ပြီးသော သတ္တကောသလ္လဌာနသည် ဗုဒ္ဓဘာသာ အစစ်ပင်တည်း)

- ယခုဘဝ၌ ဘာသာတစ်ပါးတို့ မလှုပ် ချောက်ချားနိုင်စေခြင်းငှါ သိအပ် နှလုံးသွင်းအပ်သော တရားကား ပဋိစ္စသမုပ္ပါဒ်တရား ပေတည်း။

- နိဗ္ဗာန်ရသည့်တိုင်အောင် ဖြစ်လေရာဘဝ အဆက်ဆက်တို့၌ ဘာသာ တစ်ပါးတို့ မလှုပ်ချောက်ချားနိုင်စေခြင်းငှာ ထိုးထွင်း၍ သိအပ်သော တရားကား သစ္စာလေးပါးတရားပေတည်း။

ဘာသာတစ်ပါး မလှုပ်ချောက်ခြားနိုင်အောင် သိအပ်သော ပဋိစ္စသမုပ္ပါဒ်တရား

ပဋိစ္စသမုပ္ပါဒ်တရားကို အတန်ငယ်ပြဆိုဦးအံ့။

၁။ အဝိဇ္ဇာ
၂။ သင်္ခါရ
၃။ ဝိညာဏ်
၄။ နာမ်ရုပ်
၅။ သဠာယတန
၆။ ဖဿ
၇။ ဝေဒနာ
၈။ တဏှာ
၉။ ဥပါဒါန်
၁၀။ ဘဝ
၁၁။ ဇာတိ
၁၂။ ဇရာမရဏ

ပဋိစ္စသမုပ္ပါဒ် အင်္ဂါ တစ်ဆယ့်နှစ်ပါး နှုတ်တက်ရစေ။

၁-အဝိဇ္ဇာ

အဝိဇ္ဇာဆိုသည်ကား- ဝိဇ္ဇာ၏ဆန့်ကျင်ဖက်ဖြစ်သော မောဟ တည်း၊ သတ္တဝါတို့၏စိတ်သည် လဝန်းနေဝန်းနှင့်တူ၏၊ ဉာဏ်ခေါ်သော ဝိဇ္ဇာသည် လဝန်းနေဝန်းမှထွက်သော အရောင်နှင့်တူ၏၊ အဝိဇ္ဇာမောဟ သည် ရာဟု အသူရိန်နှင့်တူ၏၊ ရာဟုဖမ်း၍နေသောအခါ လရောင် နေရောင်ပျောက်ကွယ်၍ နေသကဲ့သို့ စိတ်ကို အဝိဇ္ဇာလွှမ်းမိုး အုပ်ဖုံး မြှေးယှက်လုံးထွေး၍ နေသောအခါ ဝိဇ္ဇာဉာဏ်ရောင်ပေါ်ခွင့် မရပြီ၊ ပကတိမျက်စိအကြည်ကို လွှမ်းမိုးအုပ်ဖုံး၍နေသော တိမ်သလာကြီး နှင့်တူ၏၊ ကာမဂုဏ်မှုတို့သည် ထိုတိမ်သလာကြီးကို ထူသည်ထက် ထူအောင် တိုးပွားစေသော အစာအာဟာရ ညှော်သင်းစုနှင့် တူ၏၊ ပြဆိုခဲ့ပြီးသော ကောသလ္လဌာနတို့၌ အားထုတ်သောအမှုသည် ထို တိမ်သလာကို ကွာ၍ကျစေနိုင်သော ဝိဇ္ဇာမယနတ်ဆေးနှင့်တူ၏၊

အဝိဇ္ဇာ လေးမျိုး

၁။ ဒုက္ခသစ္စာ၌ ဖုံးလွှမ်းသော အဝိဇ္ဇာ၊
၂။ သမုဒယသစ္စာ၌ ဖုံးလွှမ်းသောအဝိဇ္ဇာ၊
၃။ နိရောဓသစ္စာ၌ ဖုံးလွှမ်းသော အဝိဇ္ဇာ၊
၄။ မဂ္ဂ သစ္စာ၌ဖုံးလွှမ်းသောအဝိဇ္ဇာ၊

ဟူ၍ လေးပါးရှိ၏။

တစ်နည်း အဝိဇ္ဇာ ၇-မျိုး

ပြဆိုခဲ့ပြီးသော ကောသလ္လဌာန ခုနစ်ပါးတို့တွင် ပထမကောသလ္လ ဌာန၌ ဖုံးလွှမ်းသော အဝိဇ္ဇာ၊ ဒုတိယ ကောသလ္လဌာန၌ ဖုံးလွှမ်းသော အဝိဇ္ဇာ၊ တတိယ ကောသလ္လဌာန၌ ဖုံးလွှမ်းသော အဝိဇ္ဇာ၊ စတုတ္ထ ကောသလ္လဌာန၌ ဖုံးလွှမ်းသော အဝိဇ္ဇာ၊ ပဉ္စမကောသလ္လဌာန၌ ဖုံးလွှမ်းသော အဝိဇ္ဇာ၊ ဆဋ္ဌကောသလ္လဌာန၌ ဖုံးလွှမ်းသော အဝိဇ္ဇာ၊ သတ္တမကောသလ္လဌာန၌ ဖုံးလွှမ်းသော အဝိဇ္ဇာ ဟူ၍ ခုနစ်ပါးရှိ၏။

မိမိကိုယ်ဖြစ်၍နေသော ခန္ဓာငါးပါးတွင် ရူပက္ခန္ဓာသည် အကြမ်း ဆုံး တည်း၊ ရူပက္ခန္ဓာတွင်လည်း မြေဓာတ်သည်၊ အကြမ်းဆုံးတည်း၊ ထိုမြေဓာတ်ကို ကြည့်၍ စမ်း၊ တိမ်သလာထူထပ်စွာ ဖုံးလွှမ်းသော သူသည် မွန်းတည့်၍နေသော နေဝန်း လဝန်းကိုကြည့်သောအခါ မှောင်ကျ၍သာ နေလတ္တံ့၊ နေဝန်း လဝန်း အရိပ်မျှ မထင်လတ္တံ့၊ ဤအတူ စိတ်ထဲမှာ မှောင်ကျ၍နေသည်ကား အဝိဇ္ဇာတည်း၊ ကြည့်ဘန်များလျှင် စိတ်မှောင် တစ်စတစ်စပါး၍ သွား၏၊ စိတ်ရောင် တစ်စတစ်စ ပေါ်၍လာ၏၊ စိတ်မှောင်ကား အဝိဇ္ဇာတည်း၊ စိတ်ရောင်ကား ဝိဇ္ဇာတည်း၊ မှောင် ကုန်သောအခါ မျက်စိကောင်းသောသူ နေဝန်း လဝန်းကို ကြည့်၍ ထင်ရ မြင်ရသကဲ့သို့ မိမိကိုယ်ရှိ ပရမတ် မြေဓာတ်ကို ထင်ရမြင်ရ၏။

ကြွင်းသောရုပ်စု ကြွင်းသောခန္ဓာစု၌လည်း ဤနည်းအတိုင်း မြင်လေ၊ ခန္ဓာငါးပါးကို ပရမတ် ဓာတ်စစ်ပေါ်အောင် မြင်နိုင်သော အခါ ပထမကောသလ္လ ဝိဇ္ဇာကိုရ၏ ပထမကောသလ္လဌာန၌ ဖုံးလွှမ်းသော အဝိဇ္ဇာ ခွါရှဲ၏၊ ကြွင်းသော ကောသလ္လခြောက်ဌာန တို့၌လည်း ဝိဇ္ဇာပေါ်မှု အဝိဇ္ဇာ ခွါရှဲမှုကို မြင်လေ။

ဝိဇ္ဇာခုနစ်ပါးပေါ်၍ အဝိဇ္ဇာခုနစ်ပါးခွါရှဲပြီးနောက်၌ ပေါ်ပြီးသော ဝိဇ္ဇာ သမ္မာဒိဋ္ဌိမဂ်ဉာဏ်ကို အရောင်ရွှန်းရွှန်း တောက်ထွန်း၍ သွား စေခြင်းငှါ အဖန်ဖန် ပွါးများသည်ရှိသော် အဝိဇ္ဇာမှောင်ဓာတ်သည် အကြွင်းမဲ့ ကုန်ဆုံးလေ၏၊ အဝိဇ္ဇာ မှောင်ဓာတ်ကုန်ဆုံးသည်နှင့် တစ်ပြိုင် နက် သင်္ခါရ ဝိညာဏ်စသော နောက်နောက်သော ပဋိစ္စသမုပ္ပါဒ် အင်္ဂါ တစ်ဆယ့်တစ်ပါးတို့လည်း အကြွင်းမဲ့ ကုန်ဆုံးကြကုန်၏၊ သစ္စာလေးချက် တစ်ပြိုင်နက် အလင်းပေါက်၏၊

သစ္စာ လေးပါး အလင်းပေါက်ပုံ

ခန္ဓာငါးပါးဟူသော ဒုက္ခသစ္စာကို ပိုင်းခြား၍သိမှု၊ အဝိဇ္ဇာဟူသော သမုဒယသစ္စာကို ပယ်မှု၊ ပဋိစ္စသမုပ္ပါဒ် အင်္ဂါတို့၏ အဝိဇ္ဇာနှင့်တကွ ချုပ်ငြိမ်းကြခြင်း တည်းဟူသော နိရောဓသစ္စာကို မျက်မှောက်ထင်ထင် ကိုယ်တွေ့ဒိဋ္ဌမြင်ရမှု၊ ဝိဇ္ဇာဉာဏ်နှင့်တကွ မဂ္ဂင်ရှစ်ပါး ထင်ရှားပေါ်မှု ဤလေးချက် တစ်ပြိုင်နက် ပေါက်၏၊ သိက္ခာသုံးပါး ပေါက်၏၊ ဗောဓိ ပက္ခိယ တရားသုံးဆယ့်ခုနစ်ပါး ပြည့်စုံ၏၊ နိယတသရဏဂုံတည်၏၊ မာရ်ငါးပါးကိုအောင်မြင်၏၊ ဒေဝပုတ္တမာရ်နတ်သား ပေါင်း တစ်သောင်း တစ်သိန်းပင်လာ၍ ဖျက်ဆီးသော်လည်း သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ပျက်စီးအောင် မတတ်နိုင်ပြီ၊ ဒေဝပုတ္တမာရ်ကိုလည်း အောင်ပြီ၊ မိစ္ဆာဒိဋ္ဌိ ဆရာပေါင်း တစ်သောင်း တစ်သိန်းပင်လာ၍ လှုပ် ချောက်ချား သော်လည်း မတတ်နိုင်ပြီ။
ဤကား ပဋိစ္စသမုပ္ပါဒ် အင်္ဂါ တစ်ဆဲ့နှစ်ပါးတွင် အဝိဇ္ဇာကို မြင်သာအောင် ပြချက်တည်း၊ ဤအဝိဇ္ဇာ ချုပ်လျှင်ပင် အလုံးစုံသောကိစ္စ ပြီးစီးငြားသော်လည်း အထက်အင်္ဂါတို့ ကိုလည်း သိသာရုံပြဆိုဦးအံ့။

အဝိဇ္ဇာ ပြီး၏၊

၂-သင်္ခါရ

သင်္ခါရ ဆိုသည်ကား--ပစ္စုပ္ပန်ဘဝကို သာယာမှု အနာဂတ်ဘဝ ကို သာယာမှုတို့နှင့် နေ့နေ့ညည ပုပုရွရွ ပြုကြသမျှသော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့ကို သင်္ခါရဆိုသည်။

သုစရိုက်ဆယ်ပါး ဒုစ္စရိုက်ဆယ်ပါး အဝင်အပါ ဟူသမျှသည် သင်္ခါရချည်းတည်း။

ပစ္စုပ္ပန်ခန္ဓာ၌ ဖုံးလွှမ်းသော အဝိဇ္ဇာကြောင့် ပစ္စုပ္ပန်ခန္ဓာကို သာယာခြင်း လျှင် အရင်းရှိသော ဒုစ္စရိုက်သင်္ခါရ ခန္ဓာစုဖြစ်ပွားသည်၊ အနာဂတ်ခန္ဓာ၌ ဖုံးလွှမ်းသော အဝိဇ္ဇာကြောင့် အနာဂတ်ဘဝကို သာယာခြင်းလျှင် အရင်တရားရှိသော ဒါန သီလ အစရှိသော သုစရိုက် သင်္ခါရတရားစုဖြစ်ပွားသည်။

အဝိဇ္ဇာ ကင်းပျောက် ဝိဇ္ဇာဉာဏ်ပေါက်ပြီးသော ဘုရား ရဟန္တာ တို့အား ပကတိ လူတို့ထက်ပင် ထက်သန်သော လုံ့လမှု ဥဿာဟမှု ရှိကြကုန်ငြားသော်လည်း တစ်စုံတစ်ခုသော ခန္ဓာကိုသာယာမှုနှင့် ပြုကြသော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှု မရှိပြီဖြစ်၍ ကုသိုလ်လည်း မဆိုရပြီ၊ သင်္ခါရလည်း မဆိုရပြီ။
ဤအဝိဇ္ဇာမှ သင်္ခါရပေါက်ဖွားမှုကို ပြောဆိုသည်ရှိသော် မိစ္ဆာဒိဋ္ဌိအယူရှိသော သူတို့သည်လည်း သဘော ကျနိုင်ကုန်လတ္တံ့။

သင်္ခါရပြီး၏၊

၃-ဝိညာဏ်

ဝိညာဏ်ဆိုသည်ကား -- ရှေးရှေးဘဝတို့၌ ပြုခဲ့သော သင်္ခါရမှု တို့တွင် ကမ္မပထမြောက်သည်ဟုဆိုအပ်သော အဆံအောင်မြင် သော မျိုးစေ့ကဲ့သို့ ပဋိသန္ဓေဝိညာဏ်ကို ပေါက်ဖွားစေနိုင်လောက်သော သန်မာ သော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့ကြောင့် ယခုဘဝတွင် အစစွာ ဖြစ်ပေါ်သော ပဋိသန္ဓေ ဝိညာဏ် ပဝတ္တိဝိညာဏ်ကို ဝိညာဏ်ဆို သတည်း။ ဤရှေးကံကြောင့် နောက်ဘဝ ပဋိသန္ဓေ ဝိညာဏ်ပေါ်မှုသည် ကား အဘိညာဉ်ကိုရသော ရသေ့ ရဟန်း၊ တန်ခိုး ပညာ ကြီးလှစွာသော နတ်သိကြားတို့သည်သာ သိမြင်နိုင်သောအရာ ဖြစ်ချေ သည်၊ ပကတိ သော လောကီလူများ ဉာဏ်သမားတို့၏ အရာမဟုတ်ပြီ၊ ထိုကဲ့သို့ သော ရသေ့ ရဟန်း နတ်သိကြားတို့သည်လည်း ဓာတ်ခွဲ၍ မသိနိုင်ကြကုန်၊ ဘယ်ဘဝမှ ပြောင်း၍လာခဲ့သော အတ္တဖြစ်သည်ဟူ၍လည်းကောင်း၊ သေ၍သွား သောသူကို ဤသူ၏ အတ္တသည် ဘယ်ကံကြောင့် ဘယ်ငရဲ သို့ ရောက်လေ၏၊ ဘယ်နတ်ပြည်သို့ ရောက်လေ၏ ဟူ၍လည်းကောင်း ဤသို့သာ သိနိုင်ကြကုန်သည်၊ ပြခဲ့ပြီးသော ဒိဋ္ဌိဇုကမ္မသမ္မာဒိဋ္ဌိ ဆယ် ပါးတွင်-

အတ္ထိ လောကေ သမဏ ဗြာဟ္မဏာ သမ္မဂ္ဂတာ သမ္မာ ပဋိပန္နာ၊ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ

ဟူသော နောက်ဆုံး သမ္မာဒိဋ္ဌိသည် ပါရှိ၏။

ဤသမ္မာဒိဋ္ဌိ မရှိကုန်သော လူမျိုးတို့အား ဤပဋိသန္ဓေအရာ၌ မိစ္ဆာ ဒိဋ္ဌိချည်းဖြစ်၍ နေကြကုန်၏၊ ယခုအခါ ဥရောပတိုက် အမေရိက တိုက်တို့မှာ ဤသမ္မာဒိဋ္ဌိ မရှိသည့်အတွက် မိစ္ဆာဒိဋ္ဌိ တိုက်တွေဖြစ်၍ နေကြကုန်ပြီ၊ ထိုမိစ္ဆာဒိဋ္ဌိစု သည်လည်း ယခုအခါမှ ဖြစ်ပေါ်လာသည် မဟုတ်၊ လောက၌ စျာန်အဘိညာဉ်ကို ရကြသော ရသေ့ ရဟန်းအနွယ် ကွယ်ပသောအခါ ဩက္ကာကရာဇ်မင်းများ လက်ထက်ဆီကပင် ပေါ်လာ သော မိစ္ဆာဒိဋ္ဌိစုပေတည်း။

ဝဿသဟဿာယုကေသု ဘိက္ခဝေ မနုေဿသု မိစ္ဆဒိဋ္ဌိ ဝေပုလ္လံ အဂမာသိ

ဟူ၍ စက္ကဝတ္တိသုတ်၌ ဟောတော်မူသောကြောင့် လူတို့အသက် တစ် ထောင်တမ်းဆီကပင် ဖြစ်ပွား၍လာခဲ့သော မိစ္ဆာဒိဋ္ဌိစုပေတည်း၊ ယခုအခါ ဥရောပတိုက်သား အမေရိကတိုက်သား ဆေးသမားဆရာ ပညာရှိတို့သည်လည်း ထိုသမ္မာဒိဋ္ဌိ မရှိရှာကြသည့်အတွက် လက်တွေ့ မျက်မြင်နှင့် မှန်ဘီလူးကို ဆရာပြု၍ မိမိတို့၏ အရာမဟုတ်သော ပဋိသန္ဓေအချက်များကို ပညတ်တင်ထားကြကုန်၏၊ သမ္မာဒိဋ္ဌိ အယူရှိ ကြကုန်သော လူမျိုးတို့မှာမူကား မိမိတို့ ဉာဏ်ပညာ၏ အရာပင် မဟုတ်ကြသော်လည်း ဘုရားမပွင့်မီကပင် အစဉ်မပျက် လာခဲ့သော သမ္မာဒိဋ္ဌိနည်းလမ်း ဘုရားပွင့်တော်မူသောအခါ ထပ်မံ၍ဟောတော်မူ သော သမ္မာဒိဋ္ဌိ နည်းလမ်းတို့ကို လက်ဆုပ်လက်ကိုင်ပြု၍ ဖြောင့်မှန်စွာ ယူနိုင်ကြပေကုန်၏။

ဒိဋ္ဌိဇုကမ္မ သမ္မာဒိဋ္ဌိဉာဏ်သည်ကား သက္ကာယဒိဋ္ဌိနှင့် ရှေ့သွား နောက်လိုက် တွဲဖက်တည်း၊ ဆိုခဲ့ပြီးသော ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ် သည်သာ သက္ကာယ ဒိဋ္ဌိကို လွန်နိုင်သည်။

ဤကား-ပဋိသန္ဓေအချက်၏ နက်နဲခက်ခဲမှုကို ပြဆိုလိုက်သော အခန်းတည်း။

ရုပ်, နာမ်ခန္ဓာ နှစ်ဖြာအလား

အနုမာနအားဖြင့် ဆ,ပုံကို ပြဆိုလိုက်ဦးအံ့၊ တစ်ယောက် တစ် ယောက်သော သတ္တဝါ၏ ခန္ဓာကိုယ်ကို ရုပ်ခန္ဓာ နာမ်ခန္ဓာ နှစ်လမ်း ခွဲ၍ထား၊ ရုပ်ခန္ဓာ အစဉ်၏ ဖြစ်ပုံအလား တစ်မျိုး၊ နာမ်ခန္ဓာအစဉ်၏ ဖြစ်ပုံအလားလည်း တစ်မျိုး၊ အနမတဂ္ဂသံသရာမှာ ရုပ်ခန္ဓာအစဉ်ကား တစ်ဘဝလျှင်တစ်ခု အပိုင်းအပိုင်း ပြတ်၍လာ၏၊ နာမ်ခန္ဓာ အစဉ်ကား ပရိနိဗ္ဗာန် စုတိကျအောင် တစ်ခုတည်းသာ တည်း၊ မြင်မှု, ကြားမှု, အာရုံကို ယူမှု, ကြံဖန်မှုစသော နာမ်ခန္ဓာ၏ ကိစ္စသည် ရုပ်ခန္ဓာမှာ မရှိ၊ ပရမာဏုမြူ အဏုမြူစသော သဏ္ဌာန်ကြီးငယ် အထည်ဒြဗ် ဖြစ်မှုစသော ရုပ်ခန္ဓာ၏ ကိစ္စသည် နာမ်ခန္ဓာမှာ မရှိ။

ရုပ်ခန္ဓာ၏ အလား

ရုပ်ခန္ဓာ၏ အလားကို ပြဆိုဦးအံ့၊ မြစ်ရေအယဉ် လေမုန်တိုင်း အယဉ် အညာမှ မဟာသမုဒ္ဒရာတိုင်အောင်လာခဲ့သော မြစ်ရေအယဉ်၌ ဓာတ်အစဉ် ဖြစ်ပွား၍ စီးသွားပုံကား--ရှေးရှေးဓာတ်ကလာပ်စုမှာ တေဇောခေါ်သော ဓာတ်မီးသည် ပါရှိ၏၊ ဝါယောခေါ်သော ဓာတ်လေ သည် ပါရှိ၏၊ သီတဓာတ်မီးသည် သီတကလာပ်တို့ကို ပေါက်ဖွားစေ၏၊ ဥဏှဓာတ်မီးသည် ဥဏှကလာပ်တို့ကို ပေါက်ဖွားစေ၏၊ အာပေါသည် ကား လေးသောဓာတ်ဖြစ်၍ နိမ့်ရာသို့ ကျလျောခြင်း အလေ့ရှိ၏၊ ရှေးရှေးကလာပ်မှာပါသော လေဓာတ်သည် မိမိနှင့် အတူဖြစ်သော ဓာတ်မီးမှ သားသမီးကလာပ်စု ပေါက်ဖွားသောအခါ တွန်းကန်၍ ပစ်သဖြင့် အမိဓာတ်မီးတည်ရာမှ ခွါ၍ခွါ၍ ပေါက်ဖွားကြရသည်၊ လေးလံ လှသော အာပေါဖိစီးမှုကြောင့် နိမ့်ရာ၌ ကျရောက်ပေါက်ဖွားကြ၏။

(အညာမှ ရေစီး၍လာပုံ)။

လေမုန်တိုင်းမှာမူကား လွှမ်းမိုးသော အာပေါမရှိ လုံးစီးသော အာပေါမျှ သာ ရှိသောကြောင့် နိမ့်ရာသို့ စီးမှုမရှိ ရေ၌လည်းကောင်း လေ၌လည်းကောင်း တစ်ဆက်တည်း နေကြရာ၌ ယူဇနာတစ်ရာ အစဉ်မှာ နောက်ဆုံးက ရေဟုန် လေဟုန်သည် အလယ်နေ အဆုံးနေ ရေလေများကို အားပေးနိုင်၏။

သားသမီးကလာပ်တို့ အရပ်တစ်ပါးခွါ၍ ပေါက်ဖွားကြသော်လည်း ရုပ်တရားဖြစ်ကြသည်နှင့် အစဉ်ကိုလွှတ်၍ ခွါနိုင်ကြသည်မဟုတ်၊ ရှေးကလာပ်၏ အဆုံးနှင့် နောက်ကလာပ်၏အစ ဆက်နွယ်၍သာ ခွါကြရကုန်၏၊ တိမ်တိုက်မှ ထွက်၍ မြေအပြင်ကျအောင် ခဏချင်းပြန့်ပွား ၍လာခဲ့သော လျှပ်ရောင်မှာလည်း ဤနည်းတူ ဝါယော သန်လျှင်သန် သည့်အလျှောက် အခွါကလေး အခွါကြီး ရှိရာ၏။

ဤကား ရုပ်ခန္ဓာ၏ အလားတည်း။

နာမ်ခန္ဓာ၏ အလား

နာမ်ခန္ဓာ၏ အလားမူကား--တစ်ခုသော ရုပ်ခန္ဓာမှာ မှီ၍ဖြစ်ခိုက် ထိုရုပ် ခန္ဓာမှခွါ၍ မဖြစ်၊ ရုပ်ခန္ဓာကား တစ်ဘဝမှာတစ်ခါ အစဉ်ပြတ်၏၊ နာမ်ခန္ဓာကား ပြတ်သည်မရှိ၊ မှီရာရုပ်ခန္ဓာတစ်ခု အပြတ်တွင် ခွါချက် ဆိုက်၏။

- နာမ်ခန္ဓာ အစဉ်ထဲတွင် စေတနာသည် ဓာတ်မီးနှင် အလားတူ၏၊ ၂၄-ပစ္စည်းတွင် ကမ္မပစ္စည်းဆို၏။

- မိစ္ဆာဒိဋ္ဌိ သမ္မာဒိဋ္ဌိ အစရှိသော ဓာတ်ကြီးစုသည် ဝါယောနှင့် တူ၏၊ ၂၄-ပစ္စည်းတွင် မဂ္ဂပစ္စည်းဆို၏။

တစ်ခုတစ်ခုသောဘဝသည် တစ်ခုတစ်ခုသော စေတနာမှ ပေါက်ဖွား မှုတည်း၊ တေဇောမှာ ပထမကလာပ်၌ပါသော တေဇောသည် ဒုတိယကလာပ်ကို- ဒုတိယ၌ပါသော တေဇောသည်၊ တတိယကိုဤသို့သာ ပေါက်ဖွားစေနိုင်သည်၊ မိမိရှိစဉ်အခါ၌သာ ပေါက်ဖွားစေ နိုင်သည်၊ စေတနာမူကား ပဋိသန္ဓေနာမ်ကလာပ် တစ်ချက်ပေါက်ဖွား လိုက်လျှင် အနှစ်တစ်သိန်း အနှစ်ကုဋေများစွာ မိမိ၏သားသမီး ကလာပ် ချည်း ဆက်လက်၍ သွားစေနိုင်သည်၊ မိမိချုပ်ပြီးသည်နောက် ကမ္ဘာ တစ်သိန်းတိုင်မှလည်း မိမိ၏သား သမီးဖြစ်သော ဝိပါက်နာမက္ခန္ဓာ ကဋတ္တာ ရုပ်များကို ပေါ်ရစ်စေနိုင်သည် ကမ္ဘာတစ်သိန်းဆိုသော်လည်း နာမ်အစဉ်မှာ သည်နာမ်ပင်။

ဤသို့လျှင်ရုပ်အစဉ်၏အလားနှင့် နာမ်အစဉ်၏အလာသည် အနန္တ ကွာလှမ်းကြ၏၊ နာမ်အစဉ်၏အလားကို ရုပ်ထဲမှာ ဥပမာရှာ၍မရ အတန်အရာ တူရာကို ဆွဲ၍ပြကြရသည် ယခုဘဝ၌လည်း နာမ်အမှုနှင့် ရုပ်အမှုသည် အနန္တ ကွာလှမ်းကြမှု ထင်ရှားပါ၏၊ မြင်အောင်ကြည့်လေ။

မှီရာ ရုပ်ခန္ဓာတစ်ခု ပျက်ဆုံးရာတွင် ခွါချက်စခန်းဆိုက်၏ ဟူရာ၌ ထို ပျက်ဆုံးသော မှီရာရုပ်ခန္ဓာမှ အဘယ်မျှ ဝေးကွာအောင်ခွါ၍ ပေါက် ဖွားနိုင်သနည်းဟူမူ

- ဓာတ်မီးနှင့်တူသော ပေါက်ဖွားစေတတ်သော စေတနာမှု

- ဝါယောနှင့်တူသော မှုတ်လွှင့်တွန်းကန်တတ်သော သမ္မာဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိ သမ္မာသင်္ကပ္ပ မိစ္ဆာသင်္ကပ္ပစသော မဂ္ဂပစ္စည်းတရား ပေါင်း။

ဤနှစ်ပါးတို့ အားရှိအားမဲ့သို့လိုက်၍ အဝေးအနီးခွါ၍ ဆက်လက် ပေါက်ဖွားမှုကိုသိရာ၏၊ ကျမ်းဂန်တို့မှာ-ခိပနက သင်္ခါရာခိပနက သင်္ခါရာ၊ ပစ်လွင့် တတ်သော သင်္ခါရဓမ္မတို့သည်- ဟုဆိုသည်ကား ဤမဂ္ဂပစ္စည်းတရားတို့ကို ပဓာနပြု၍ ဆိုပေသည်၊ မဂ္ဂပစ္စည်းတရားတို့ အားကောင်းပေလျှင် လူ့ဘုံမှစုတေ၍ နေဝသညာ နာသညာခေါ်သော ဘဝဂ်ဘုံမှာ ပဋိသန္ဓေ ဝိညာဏ်ကို ပေါက်ဖွားစေနိုင်၏၊ အဝီစိငရဲမှာ ပေါက်ဖွားစေနိုင်၏။

မနောဒွါရစိတ်ဖြင့် အာရုံပြုမှုမည်သည် မြင့်မိုရ်တောင်၏ ထိုမှာ ဖက်သို့ ချက်ချင်းရောက်နိုင်၏၊ မြင့်မိုရ်တောင်ခြားမှု မရှိ၊ ရုပ်ချင်းချင်း ကိုသာ ခြားဆီးနိုင်သည်၊ ဤအတူ တစ်ခုသောဘဝမှ ချူပ်၍ တစ်ခုသော ဘဝ၌ ဆက်လက်သော နာမ်အဉ်ကို မြင့်မိုရ် မဟာပထဝီ ခြားဆီးမှု မရှိ၊ ဤသို့ ရုပ်ခန္ဓာ၏ အစွမ်းအလား တစ်ခြား၊ နာမ်ခန္ဓာ၏ အစွမ်းအလား တစ်ခြား၊ အလွန်ကွာလှမ်းကြ၏။

ဤသို့ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့၏ ကွာလှမ်းချက်ကို မမြင်နိုင်ကုန်သော အကြံသမားတိုသည် လက်တွေ့ကိုယ်တွေ့ မျက်မြင် ဒိဋ္ဌဖြစ်သော ရုပ်ခန္ဓာတို့၏ အလားနှင့် နှိုင်းယှဉ်တိုင်းထွာ၍ သတ္တဝါသလောက အဖြစ်ကို ကြံကြကုန်သည့်အတွက် မိစ္ဆာဒိဋ္ဌိ အမျိုးမျိုးတို့ ဖြစ်ပွားကုန် သည်။

ဤကား ဘာသာတစ်ပါးတို့ လှုပ်ချောက်ချားရန် အချက်ကြီး ဌာနကြီးဖြစ်၍ မလှုပ်ချောက်ချားနိုင်စေရန် အတန်ငယ် ပြဆို လိုက်သော အခန်းတည်း။

ဗုဒ္ဓဘာသာဝင် ဖြစ်သောသူသည် ဘာသာတစ်ပါးနှင့် စကားပြော ဆိုခဲ့လျှင် မိမိဘာသာ၌ အချက်ကျကျ ဒိဋ္ဌကိုယ်တွေ့အစေ့အစပ် သိကျွမ်းလိမ္မာ များလှသူမှသာ ပြောဆိုထိုက်သည်၊ သို့မဟုတ် ကျမ်းဂန်တွေ့ ကြားဘူးနားဝ ဗဟုဿုတမျှနှင့် ပြောဆိုခဲ့လျှင် ထိုသူ့ အတွက် ဗုဒ္ဓဘာသာကို သူတစ်ပါးတို့ မထေမဲ့မြင် မှတ်ထင် မှောက် မှားဖို့ ဖြစ်လေရာသည်။

သင်္ခါရမှ ပဋိသန္ဓေဝိညာဏ် ပေါက်ဖွားပုံပြီး၏၊

၄။ နာမ်ရုပ်

နာမ်ဆိုသည်ကား--ဝေဒနာ သညာ သင်္ခါရ ဟုဆိုအပ်သော စေတသိက် ခန္ဓာ သုံးပါးတည်း၊ ရုပ်ဆိုသည်ကား--မြေ ရေ လေ မီး စသောရုပ်ခန္ဓာတည်း၊ ဝိညာဏ်ဆိုသောတရားသည် ပရမတ္ထဓမ္မစုတွင် ဇေဋ္ဌ သေဋ္ဌ ပဓာန ပမုခ အစိုးရ အချုပ်အခြာ ရာဇာခေါ်ရသော ဓာတ်ကြီးပေတည်း။
ဆဒွါရာဓိပတိရာဇာ ဟူ၍ ဟောတော်မူ ပေသည်၊ ဇေဋ္ဌ သေဋ္ဌ ပဓာန ဖြစ်ပုံကို ရှေး၌ ပြဆိုခဲ့ပြီ။

ရုပ် နာမ် ခန္ဓာ ဖြစ်ပွားပုံ

ဤလူ့ပြည်မှ ကုသိုလ်ပုည အားကြီးသောသူသေ၍ တာဝတိံသာ နတ် ပြည်မှာ ဖြစ်သောအခါ ဖြစ်သည်နှင့်တစ်ပြိုင်နက် ကိုယ်ရောင် ကိုယ်ဝါလည်း အပြီးပါ၏၊ ဘုံဗိမာန်လည်း အပြီးပေါက်၏၊ ဤဥပမာ အတိုင်း ဝိညာဏ် ဖြစ်ပေါ်လျှင် ဝေဒနာလည်း ဖြစ်ပေါ်တော့ သည်၊ သညာလည်းဖြစ်ပေါ်တော့သည်၊ ဖဿ စေတနာ အစရှိသော သင်္ခါရစု လည်း ဖြစ်ပေါ်တော့သည်၊ ဝိညာဏ်၏မှီရာ ဝတ္ထုရုပ်နှင့်တကွ မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ် အစရှိသော ရုပ်ခန္ဓာ လည်း ဖြစ်ပေါ်လေ တော့သည်၊ ထိုသို့ အတူတကွပင် ဖြစ်ပေါ်ကြသော်လည်း ဝိညာဏ် ဓာတ်က အကြီးအကဲ ဖြစ်သည်နှင့် ဝိညာဏ်ကြောင့်နာမ်ရုပ် ဖြစ်ပေါ် သည်၊ ဝိညာဏ်မှ နာမ်ရုပ် ပေါက်ဖွားသည်ဟု ဆိုရသည်၊ ရုပ်ဖြစ်ပေါ် သည် ဆိုငြားသော်လည်း ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့မှာ ပဋိသန္ဓေ ဥပါဒ်ဆဲအခါ၌ မျက်စိနှင့်ပင် မြင်ကောင်းလောက်အောင် ကြီးသည် မဟုတ်သေး၊ သေးငယ်လှစွာသော ညောင်စေ့မှ ရှေးဦးစွာ သေးငယ် လှစွာသော အညှောက်ပေါ် ပေါက်ပြီးလျှင် အစဉ်အတိုင်း ညောင်ပင်ကြီး ဖြစ်လေသကဲ့သို့ ထို့အတူ ကလလရေကြည် တည်ပြီးသည်မှ တစ်နေ့ တစ်ခြား ကြီးပွား၍ အမျိုးမျိုးသော သတ္တဝါသဏ္ဌာန် ဖြစ်ရသည်

- ကလလရေကြည် ခုနစ်ရက်၊
- အမြှုပ် ခုနစ်ရက်၊
- သွေးခဲ ခုနစ်ရက်၊
- အသားခဲ ခုနစ်ရက်၊

ဦးခေါင်း ခြေလက် ခက်မငါးဖြာ သတ္တဟပေါင်း ခုနစ်၊ ၁၁- သတ္တာဟ ရှိပြီ၊ ရက်ပေါင်း--၇၇၊ ထိုအခါမှ စက္ခုအကြည် သောတ အကြည် ဃာနအကြည် ဇိဝှါအကြည် ဤအကြည်ကြီးလေးပါးတို့သည် ဖြစ်ပေါ်ကုန်၏၊ ကာယအကြည် မနောအကြည်တို့သည်ကား ပဋိသန္ဓေ အခါကပင်ပါခဲ့ပြီ။

ဤကား ရုပ်ခန္ဓာ ဖြစ်ပွားပုံတည်း။

ဥရောပတိုက်သား ဆေးဆရာတို့ကား မှန်ဘီလူးကို ဆရာလုပ်ရ သည် ဖြစ်၍သိမ်မွေ့လှစွာသော ဓာတ်နုတို့ကို မသိရှာကြကုန်ပြီ၊ သွေးအထူးအထွေ၊ သွေးကြော လေကြော အထူးအထွေကို အစွဲပြု၍ သိမှု မြင်မှု မိုက်မှု လိမ်မာမှု အလုံးစုံကို ပညတ်ကြကုန်၏။

နာမ်ရုပ်ပြီး၏၊

၅-သဠာယတန

စက္ခုအကြည် သောတအကြည် ဃာနအကြည် ဇိဝှာအကြည် ကာယအကြည် မနောအကြည် ဤအကြည်ဓာတ် ခြောက်ပါးကို သဠာယတနဆိုသည် ဤခြောက်ပါးတွင် ရှေ့အကြည်ငါးပါးသည် ပြဆိုခဲ့ပြီးသော ရုပ်တွင်ပါဝင်၏၊ မနောအကြည်သည်ပဝတ္တိ ဝိညာဏ်ပင် တည်း၊ ထို့ကြောင့် ဝိညာဏ်အင်္ဂါ နာမ်ရုပ် အင်္ဂါတွင် သဠာယတနသည် ပါဝင်ပြီးဖြစ်၏၊ ထိုသို့ဖြစ်ပါလျက် အသီးအခြား ပဉ္စမအင်္ဂါပြုလုပ်၍ ထုတ်ပြန်ရသည်မှာမူကား သတ္တဝါ၏ ခန္ဓာကိုယ်တွင် ထို အကြည်ဒွါရ ခြောက်ဌာနတို့သည် မြို့တံခါးကြီးခြောက်ပေါက်နှင့် တူကုန်၏၊ အစိုးရ ရုံးတော်ကြီး ခြောက်ခုနှင့်တူကုန်၏၊ စျေးရုံကြီး ခြောက်ခုနှင့် တူကုန်၏၊ သင်္ဘောဆိပ်ကြီး ခြောက်ခုနှင့် တူကုန်၏၊ မီးရထားရုံကြီး ခြောက်ခုနှင့် တူကုန်၏၊ သုဂတိ ဒုဂ္ဂတိ အရပ်ဆယ်မျက်နှာသို့ ထွက်ရာထွက်ကြောင်း သွားရာ သွားကြောင်း ဖြစ်ကုန်သော သံသာရပဝတ္တဓမ္မဟု ဆိုအပ်သော စက်သင်္ဘောခြောက်မျိုး၊ ဓာတ်ရထား ခြောက်မျိုးတို့သည် ထိုအကြည်ဒွါရ ခြောက်ဌာနတို့မှ အသီးအသီး ထွက်ကြ လွှင့်ကြ ခုတ်ကြရကုန်၏။

ထို့ကြောင့် သဠာယတနသံယုတ်ပါဠိတော်

ကတမော စ ဘိက္ခဝေ လောကသမုဒယော။

၁။ စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာ ပစ္စယာ တဏှာ၊ တဏှာပစ္စယာ ပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂။ သောတဉ္စ ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ သောတဝိညာဏံ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ (လ) သမုဒယော ဟောတိ။

၃။ ဃာနဉ္စ ပဋိစ္စ ဂန္ဓေစ ဥပ္ပဇ္ဇတိ ဃာနဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ ဖဿပစ္စယာ ဝေဒနာ (လ) သမုဒယော ဟောတိ။

၄။ ဇိဝှဉ္စ ပဋိစ္စ ရသေစ ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ (လ)သမုဒယော ဟောတိ။

၅။ ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေစ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ (လ) သမုဒယော ဟောတိ။

၆။ မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ (လ) သမုဒယော ဟောတိ၊ အယံ ဝုစ္စတိ ဘိက္ခဝေ လောကသမုဒယော။

ဘိက္ခဝေ=ရဟန်းတို့၊ လောကသမုဒယော=လူသတ္တဝါ ခန္ဓာငါးပါး တဖွားဖွား ဖြစ်ပေါ်ပုံဟူသည်၊ ကတမောစ=အဘယ်နည်းဟူမူကား၊ စက္ခုဉ္စ=မျက်စိကိုလည်းကောင်း၊ ရူပေစ=ရုပါရုံတို့ကိုလည်းကောင်း၊ ပဋိစ္စ=စွဲ၍၊ စက္ခုဝိညာဏံ=မြင်သိ စိတ်သည်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ တိဏ္ဏံ= စက္ခုဝတ္ထု ရူပါရုံ စက္ခုဝိညာဏ်ဟူသော ဓာတ်သုံးပါးတို့၏၊ သင်္ဂတိ= ပေါင်းဆုံစည်းဝေး လုံးထွေး ထိခိုက်မှုသည်၊ ဖေဿာ=ဖဿဓာတ်ဖြစ်၏၊ ဖဿပစ္စယာ=ဖဿဓာတ်ပေါ်ခြင်းကြောင့်၊ ဝေဒနာ=ဝေဒနာဓာတ်သည်၊ သမ္ဘဝတိ=ဖြစ်ပေါ်၏၊ ဝေဒနာပစ္စယာ= ဝေဒနာဓာတ်ပေါ်ခြင်းကြောင့်၊ တဏှာ=တဏှာဓာတ်သည်၊ သမ္ဘဝတိ=ဖြစ်ပေါ်၏၊။ ဆိုရိုးပေးရိုးအတိုင်း ပေးလေ။

ဤဝေဒနာဖြင့် သတ္တဝါတစ်ယောက်၏ ခြောက်ဒွါရမှ ပဋိစ္စသမုပ္ပါဒ် ခြောက်သွယ် ထွက်သည်ကို ပြတော်မူသည်၊ ယခုငရဲဘုံ၌ရှိသော သတ္တဝါ တို့ကို ခြောက်ပုံစု

၁။ တစ်စုကား စက္ခုပေါက်မှထွက်သော ပဋိစ္စသမုပ္ပါဒ်ဓာတ် ရထားနှင့် ကျလေ ရောက်လေသောအစုတည်း။
၂။ တစ်စုကား သောတပေါက်မှထွက်သော (လ) အစုတည်း။
၃။ တစ်စုကား ဃာနပေါက်မှထွက်သော။ (လ)အစုတည်း။
၄။ တစ်စုကား ဇိဝှါပေါက်မှထွက်သော (လ)အစုတည်း။
၅။ တစ်စုကား ကာယပေါက်မှထွက်သော (လ) အစုတည်း။
၆။ တစ်စုကား မနောပေါက်မှထွက်သော ပဋိစ္စသမုပ္ပါဒ် ဓာတ်ရထားနှင့် ကျလေ ရောက်လေသော အစုတည်း။

စက္ခု ရထားရုံမှ ထွက်သော ဓာတ်ရထား၊ သောတ ရထားရုံမှ ထွက်သော ဓာတ်ရထား ဟူ၍လည်းဆိုလေ၊ စက္ခုဆိပ်မှ ထွက်လေသော စက်သင်္ဘော၊ သောတဆိပ်မှ ထွက်လေသော စက်သင်္ဘောဟူ၍လည်း ဆိုလေ။

နာမ်ခန္ဓာတို့၏ သမုဒယမှုသည် တစ်ခြား၊ ရုပ်ခန္ဓာတို့၏ သမုဒယ မှုသည် တစ်မှုခြား၊ ရုပ်ခန္ဓာ၌ ညောင်စေ့ငယ်တစ်ခုမှ ညောင်ပင်ကြီး တစ်ခုဖြစ်၏၊ ညောင်ပင်ကြီး အသီးအစေ့တို့မှ ထိုညောင်ပင်ကြီးရှိစဉ်ပင် ညောင်ပင်ပေါင်း တစ်သောင်းမက ပွားနိုင်၏၊ သတ္တဝါတို့ ကံတည်း ဟူသော မျိုးစေ့မှာမူကား ဘဝတစ်ခုဆုံးမှ ဘဝတစ်ခုသာ ပေါက်ပွား၏၊ ထိုကြောင့် ဤသတ္တဝါတို့အား တစ်ခုသော ဣရိယာပုထ်အတွင်းမှာ ခြောက်ဒွါရမှ ကမ္မပထမြောက်သော ပဋိစ္စသမုပ္ပါဒ် ဓာတ်ရထား ပေါင်း စက်ဆင်ပြီး မီးထိုးပြီး ခြောက်စုံအပြီး ဖြစ်နိုင် ငြားသော်လည်း ယခုခန္ဓာ မဆုံးသေးက ထွက်နာရီမရ၊ ယခုခန္ဓာဆုံး၍ ထွက် နာရီဆိုက်သော်လည်း ရထား တစ်ခုသာ ထွက်ရသည်၊ ကြွင်းသောရထားကား အခွင့်ရသောအခါ ထွက်ရအောင် အပြီးအစီး ပြင်ဆင်၍ မီးထိုး၍ အသင့်နေ၏၊ ထွက်ခွင့် မရသေးလျှင် ကမ္ဘာအရာ ကမ္ဘာအထောင် မကပင် နေရ၏၊ အပါယ်သွား ရထားစုသည် သောတာပန် ဖြစ်သောအခါမှ အထွက်ငြိမ်း၏၊ အတွင်း သန္တာန် သောင်းကျန်းလှသော အန္ဓပုထုဇန်အား တစ်နေ့တစ်နေ့မှာပင် သိဉ္ဇိုဝ်းငရဲသို့သွားရန် ရထားပေါင်းအများ၊ ကာလသုတ် ငရဲသို့သွားရန် ရထားပေါင်းအများ စသည်ဖြင့် ဓာတ်ရထားအများ ထူထောင်ပြီးစီး မီးထိုးပြီး ဖြစ်နိုင်၏။

ဖြစ်ပုံကား-- သာယာလောက်သော သူတစ်ပါးသိမ်းပိုက်သော အထည် ဒြဗ်မျိုးကို မြင်လိုက်ရာအဇ္ဈတ္တစက္ခုနှင့် ဗဟိဒ္ဓရူပါရုံ ပေါင်းဆုံမိ သည်နှင့် တစ်ပြိုင်နက် စက္ခုဝိညာဏဓာတ် ဖြစ်ပေါ်၏၊။ စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ-ပါဠိတော်အရတည်း။

မီးခတ်နှင့်ကျောက် ထိခိုက်ရာ မီးပွင့်ဖြစ်ပေါ်သလိုမှတ်၊ ထို ဝိညာဏ် ဖြစ်ပေါ်သည်နှင့်တစ်ပြိုင်နက် စက္ခုအဆင်းသဏ္ဌာန် ဝိညာဏ် ၃-ပါး လုံးထွေးမိရန် ဖဿဓာတ်လည်းပေါ်၏၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ အရတည်း။

ဝိညာဏ်သည် ဖဿတည်းဟူသောလက်ဖြင့် ထိုအဆင်းသဏ္ဌာန် ကို ပွေ့ဖက်သကဲ့သို့ ယူ၏၊ ဖဿလည်း ပွေ့ဖက်သော လက်နှင့်တူ၏၊ ဖဿပွေ့ဖက်သည်နှင့်တစ်ပြိုင်နက် ထိုအဆင်းသဏ္ဌာန်၏ရသကို ခံစားမှု ဟူသောဝေဒနာသည် ဖြစ်ပေါ်၏၊ ဖဿပစ္စယာ ဝေဒနာ အရတည်း။

ညှိုး၍နေသောကြာပန်းကို အေးမြသောရေနှင့် သွန်းလောင်းရာ ကြာပန်း၏ ရွှင်လန်းမှုကဲ့သို့ စိတ်၏ ရွှင်လန်းမှုကို ဝေဒနာဆိုသည်၊ ဝေဒနာပေါ်၍ အရသာ ရှိမှန်း သိသည့်အခါ ထိုအာရုံ၌ တွယ်တာ ကပ်စေးသော စိတ်အစေးပေါ်၍လာ၏၊ မလွှတ်ချင်မှု မကွာချင်မှုတည်း၊ ဝေဒနာပစ္စယာ တဏှာ အရတည်း။

ဘုရားရဟန္တာတို့၏ စိတ်၌ကား ဤအစေးမရှိပြီ၊ ဝေဒနာပေါ်၍ အရသာရှိမှန်း သိသော်လည်း သာယာတွယ်တာ ကပ်စေးသော စိတ် အစေး မပေါက်မူ၍ အပြစ်ဒေါသ အာဒီနဝသညာသည်သာ ဖြစ်ပေါ်၏။

ဥပမာကား---- အဗ္ဘန္တရ သရက်သီးနှင့် အဆင်းအနံ့အရသာ တူသော အဆိပ်သီးကိုတွေ့မြင်ကြရာ၌ ထိုအသီး၏ အပြစ်ကို မသိသော သူအား အဆင်း အနံ့အရသာအတွက် ထိုအသီး၌ နှစ်သက်တွယ် တာခြင်းဖြစ်၏၊ အသီး၏ အပြစ်ကို သိပြီးသောသူအား အဆင်းအနံ့ အရသာအတွက် အဆိပ်သီးဟု ချက်ချင်းသိ၍ ရယ်ဖွယ် ကြောက် ဖွယ်ဟူသော စိတ်ဖြစ်၍သွား၏၊။ဤကား အဆင်းကို မြင်ရာ၌ ကိလေသာ ရှိ,မရှိသော စိတ်နှစ်မျိုးတို့၏ ထူးခြားပုံတည်း။

မျောက်ထောင်သော မျောက်နှဲစေး၏ ကပ်ငြိမှုကိုလည်း ဥပမာဆို။

ထိုအဆင်းသဏ္ဌာန်ကို အဖန်ဖန် ကြည့်ဖန်များလတ်သော် ထို တဏှာသည် ထိုအာရုံ၌ အမျိုးမျိုး ပြန့်ပွား၍ ထိုအာရုံဝယ် ညောင် မြစ်တွယ်သကဲ့သို့ တဏှာ မြစ်တွယ်လေ၏၊ အဆင့်ဆင့် အမြစ်ပွါးများ စည်ကားခိုင်ဖြီး ကြီးကျယ်၍သွား လေ၏၊ ကြီးကျယ်ပုံကို နောက်မှဆိုအံ့၊ အမြစ်တွယ်သော တဏှာကို ကာမုပါဒါန် ဆိုသည်။
တဏှာ ပစ္စယာ ဥပါဒါနံ အရတည်း။

အမြစ် တွယ်မှုမှာလည်း တဏှာစရိုက်ကို လိုက်စားရင်းရှိသော သူအား ခဏချင်း အမြစ်တွယ်နိုင်၏၊ မိမိသန္တက၌ တွယ်သော ဥပါဒါန် မူကား-- သံသရာဝဋ်မှ မကျွတ်နိုင်အောင် ဖွဲ့နှောင်ချည်တုပ်၏၊ အပါယ် သို့ချသော အမှုမျိုးမဟုတ်၊ ပရသန္တက၌ဖြစ်သော ဥပါဒါန်သည်လည်း ပရသန္တကအနေအတိုင်းနှင့်ဖြစ်မူ အပါယ်သို့ မချနိုင်သေး၊ ဥပါဒါန်မှာ စေတနာဖက်တွဲ၍ ငါ၏သန္တကဖြစ်ပါမူ ကောင်းလေ၏၊ ငါ၏သန္တက ဖြစ်ပါတော့ဟု ဥပါဒါန်မှာ စေတနာ အစွယ်ပေါက်၍ သူ့ဥစ္စာမှန်းသိ လျက်ကို မိမိဖက်သို့ ကြံဆောင် ခြင်းဖြစ်သောအခါ အဘိဇ္ဈာ ကမ္မပထ ဖြစ်၏၊ အပါယ်ပဋိသန္ဓေကို ပေးနိုင်၏၊ အပါယ်သွား ရထားမီးစက်ကြီး ဖြစ်၏၊ ဤအဘိဇ္ဈာသည်လည်း ကမ္မဘဝတစ်ခုပင်တည်း။
ဥပါဒါန ပစ္စယာ ဘဝေါ အရတည်း။

တစ်ဖန် ထိုသန္တက၏ အရှင်သည် သေပါမူ ကောင်းလေစွ သေပါ လေစေ၊ သေပါမူ ဤသန္တကကို ငါယူရလေ၏ဟု ကြံမိပြန်မူ ဗျာပါဒ ကမ္မပထ ဖြစ်ပြန်၏၊ ဤလည်း အပါယ်သွား မီးစက် ရထားတစ်ခုတည်း၊ ဤသို့ စိတ်ထဲတွင် ကြံဖန်သော အဘိဇ္ဈာမှုကို အပါယ်သို့ချတတ်သော အကုသိုလ်ကံမှုဟု လောက၌ သမဏ ဗြာဟ္မဏတို့ ပညတ်ဟောပြော ကြ၏-မဟုတ်၊ ကံဟူ၍မရှိ၊ ထိုသို့ကြံသည့်အတွက် နောင်မကောင်းကျိုး ဟူ၍ မရှိ၊ ဥစ္စာရှင်သိလျှင် မခံချင်မှုသာရှိ၏ဟု ယူပြန်လျှင်၊ မိစ္ဆာဒိဋ္ဌိ အပါယ်သွား ရထားမီးစက်ကြီး တစ်ခု ထမြောက်ပြန်၏၊ ဤအာရုံ အတွက်နှင့် အသက်သတ်မှု ခိုးယူမှု ပရဒါရမှု မုသားဆိုမှု ကုန်းတိုက်မှု ဆဲရေးမှု အပြိန်အဖျင်းပြောမှု ဤသို့သော ဒုစ္စရိတ ကမ္မပထမှုတို့သည် လည်း အပါယ်သွား ရထားမီး စက်ကြီးတို့ချည်းတည်း။
ဤသို့ဖြစ်သော ဒုစ္စရိုက်စေတနာ ဆယ်ပါးတို့ကို ဥပါဒါနပစ္စယာ ဘဝေါ ၌ ဘဝ ဆိုသတည်း။

ဤသည်ကား စက္ခုဒွါရဟူသော မီးရထားရုံကြီးမှာ တစ်နေ့ တစ်နေ့လျှင် အခါများစွာ ထမြောက်ပြီးစီးလျက် ထင်းမီး အပြည့်နှင့် ရှိနေသော အပါယ်သွား မီးရထား ဆယ်မျိုးဖြစ်ပုံတည်း။
ကြွင်းသော ငါးဒွါရတည်းဟူသော မီးရထား ရုံကြီး ငါးရုံတို့မှာလည်း ဤနည်းတူမြင်လေ။

သုဂတိသွား မီးရထား ၆-မျိုးလည်း ထိုအာရုံကြီး ၆-ဌာနမှပင် ထွက်၏၊ ယခုပစ္စုပ္ပန်တွင် နေ့စဉ်ဖြစ်ပွား၍ နေကြပုံပြဆိုသော အခန်း ဖြစ်၍ ဇာတိသို့ ဆိုက်အောင် မဆိုလိုက်သည်၊ တစ်ခုတစ်ခုသော ဒွါရမှ ဒုစ္စရိုက်ရထားဆယ်စင်း၊ သုစရိုက်ရထား ဆယ်စင်း၊ ဒုစ္စရိုက် ရထားစုကား အပါယ်လေးဘုံ တစ်ခွင်လုံးကို အနှံ့သွား၏၊ သုစရိုက် ရထားစုကား လူ့ပြည်၊ နတ်ပြည် ၆-ထပ်၊ ဗြဟ္မာ့ပြည် အနှံ့သွား၏ ဤတွင်ရွေ့ကား ဝိညာဏ် နာမ်ရုပ်တွင်ပါဝင်ပြီးဖြစ်ပါလျက် အဘယ့်ကြောင့် သဠာယတန ဟူသော အကြည် ၆-ပါးကို အသီးအခြားဟော တော်မူပြန်ပါသနည်း ဟူသော အမေးကို ဖြေဆိုလိုက်သော အခန်းတည်း။

သဠာယတနပြီး

၆။ ဖဿအင်္ဂါ၊ ၇။ ဝေဒနာအင်္ဂါ၊ ၈။ တဏှာအင်္ဂါ၊ ၉။ ဥပါဒါန်အင်္ဂါ၊ ၁၀။ ဘဝအင်္ဂါ၊ ဤအင်္ဂါငါးပါးတို့မှာ သဠာယတန ၆-ပါးတို့မှာ ဒုဂ္ဂတိသွား သုဂတိသွား ရထား၆-စင်းကို ဆိုလိုက်သော စကားရပ်တွင် ပါဝင်လေပြီ။

၉-ဥပါဒါန်

ဥပါဒါန်မှု ကြီးကျယ်ပုံမျှကို ဆိုလိုက်အံ့၊ ဉာဏ်မနိုင် ဉာဏ်မနှံ့ခဲ့လျှင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါးက အလွန်နည်း၍ လူ့လောက သံသရာမှုက အလွန် ကြီးကျယ်၍ နေတတ်သည်၊ လောကဓာတ် သံသရာ ကြီးကျယ် သမျှကို ပဋိစ္စ သမုပ္ပါဒ်အင်္ဂါ ၁၂-ပါးနှင့် နိုင်အောင်မြင်ရလိမ့်မည်၊ မနိုင်၍ လောကဖက်က ပိုမိုသမျှသည် မိစ္ဆာဒိဋ္ဌိ သက္ကာယဒိဋ္ဌိတို့ချည်း။

ဝိညာဏ် နာမ်ရုပ် ဤအင်္ဂါ ၂-ပါးနှင့် ယခုရှိကြသော လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ့ခန္ဓာ အပါယ်ခန္ဓာ အထည်ဝတ္ထုစု အကုန်နိုင်အောင်မြင် ရမည်၊ အထည်ဖြစ် အင်္ဂါ ၂-ပါးတည်း၊ သဠာယတန ဖဿ ဝေဒနာ ဤအင်္ဂါသုံးပါးကား သတ္တဝါ အထည်မှာ ခြယ်လှယ်သော အမွမ်းတင် သော အင်္ဂါသုံးပါးတည်း၊ တဏှာ ဥပါဒါန် ဘဝ ဤအင်္ဂါသုံးပါးကား သတ္တဝါအထည်တွင် အမွမ်းတင် ၃-ပါးတို့မှထွက်သော ပုထုဇ္ဇနဗာလ တံခွန်မှန်ကင်းပေတည်း၊ ထိုဗာလ တံခွန်စုတွင် ဥပါဒါန်သည် ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်ဟူ၍ ၄-ပါးရှိ၏၊

ဝဲကြီးသန္တာန်-ဥပါဒါန်

လူ့စည်းစိမ် နတ်စည်းစိမ် သိကြားစည်းစိမ်တို့၌ ညောင်မြစ်သဖွယ် အမြစ်တွယ်ကာ တွယ်ကာကပ်ငြိသော လောဘတဏှာသည် ကာမုပါဒါန် မည်၏၊ ဗလဝါမုခ ဝဲစက်ကြီးနှင့်တူ၏၊ ဗလဝါမုခ ဝဲဂယက်မိသော လှေသင်္ဘောဟူသမျှ တို့သည် မဟာအဝီစိအပြင်သို့ ဆင်းသွားသော ရေကြောင်းသို့သာ ပါကြရလေကုန်၏၊ ဤအတူ အနမတဂ္ဂသံသရာမှာ လူ့စည်းစိမ် နတ်စည်းစိမ်တို့၌ ကာမုပါဒါန် အမြစ်တွယ်၍နေကြကုန်သော ဤသတ္တဝါအပေါင်းတို့သည် ဘုရားပွင့်ရာ သာသနာနှင့် အခါခါ တွေ့ကြုံခဲ့ငြားသော်လည်း ကျွတ်လမ်း လွတ်လမ်းသို့ မပါ သံသရာရေ ကြောင်းသို့သာ ယနေ့ထက်တိုင်ပါ၍ နေကြကုန်၏။

ခြောက်ဒွါရမှာ ထင်တွေ့လာသော အာရုံ ၆-ပါးကို သာယာသော တဏှာသည် ဗလဝါမုခဝဲ၏ အစွန်အဖျားဖြစ်သော လှိုင်းဂယက်နှင့် တူ၏၊ ရုန်းနိုင်ခွင့် ရှိသေး၏၊ ထွက်နိုင်ခွင့်ရှိသေး၏၊ ထိုတွင် မရုန်းမထွက် မူ၍ ဝဲလှိုင်းထဲသို့ ရောက်ခဲ့လျှင် မထွက်နိုင်ပြီ၊ အဝီစိသို့သာ ပါရသကဲ့သို့ ဥပါဒါန်နယ်သို့ ရောက်ခဲ့လျှင် သံသရာဖက်သို့သာ ပါရလေတော့သည်။

ကာမုပါဒါန်ပြီး၏။

ဒိဋ္ဌုပါဒါန်ဆိုသည်ကား ခိုင်မြဲခြင်းသို့ ရောက်သော ၆၂- ပါးသော ဒိဋ္ဌိမျိုး၊ သုံးပါးသော မိစ္ဆာဒိဋ္ဌိကြီး၊ ယခု ကာလရှိနေကြသော လောကကို ထာဝရဘုရား ဖန်ဆင်းသည်ဟူသော ဝိသမဟေတုဒိဋ္ဌိမျိုး သည် ဒိဋ္ဌုပါဒါန်မည်၏။

သီလဗ္ဗတုပါဒါန်ဆိုသည်ကား နွားအမူအရာ ခွေးအမူ အရာတို့သည် သံသရာမှလွတ်ရန် အခွင့်ဟုယူသောဒိဋ္ဌိတည်း၊ သက္ကာယ ဒိဋ္ဌိသည် အတ္တဝါဒုပါဒါန်မည်၏၊။ဤသက္ကာယဒိဋ္ဌိကိုကား အထက်၌ ပြဆိုခဲ့လှပြီ။

ဥပါဒါန်ပြီး၏။

၁၀-ဘဝ

ဘဝဆိုသည်ကား--ကမ္မဘဝ ဥပပတ္တိဘဝဟူ၍ နှစ်ပါးရှိ၏၊ ပြဆိုခဲ့ပြီးသော သုစရိုက်ဆယ်ပါး ဒုစ္စရိုက်ဆယ်ပါးသည် ကမ္မဘဝမည်၏၊ ထို သုစရိုက်တို့၏ အကျိုးဖြစ်သော နောက်နောက်ဘဝ၌ ဖြစ်ပေါ် လတ္တံ့သည့် လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ့ခန္ဓာစုသည်လည်းကောင်း၊ ဒုစ္စရိုက် တရားတို့၏ အကျိုးဖြစ်သော နောက်နောက်ဘဝတို့၌ ဖြစ်ပေါ်လတ္တံ့ သော ငရဲခန္ဓာ တိရစ္ဆာန်ခန္ဓာ ပြိတ္တာခန္ဓာ အသုရကာယ် ခန္ဓာစုသည် လည်းကောင်း ဥပပတ္တိဘဝမည်၏။

ဘဝပြီး၏။

၁၁-ဇာတိ ၁၂-ဇရာမရဏ

ဇာတိဆိုသည်ကား- နောက်နောက်ဘဝတို့၌ ခန္ဓာအသစ် ဖြစ်ပေါ်မှုတည်း၊ ဇရာမရဏဆိုသည်ကား- ဖြစ်ဖြစ်သမျှသော ခန္ဓာတို့၏ အိုမင်းမှည့်ရွှမ်း ဟောင်းနွမ်းဆွေးမြည့်ခြင်း အမှုသည် ဇရာမည်၏၊ ပျောက်ကွယ်ပျက်ပြုန်း သေဆုံး ကုန်ခန်းမှုသည် မရဏ မည်၏။

ဇာတိ ဇရာ မရဏပြီး၏။

---

ပဋိစ္စသမုပ္ပါဒ်၌ ခဲရာခက်ဆစ်

အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိဇရာမရဏ၊ (နှုတ်တက်ရွရွရစေ။)

အဝိဇ္ဇာ သင်္ခါရ ဤနှစ်ပါးကား ယခုပစ္စုပ္ပန်ဘဝကို ဖန်ဆင်းသော ရှေးရှေးဘဝရှိ တရားစုပေတည်း၊ ဤသတ္တဝါအပေါင်းကို မည်သူ ဖန်ဆင်းသလဲဆိုလျှင် အဝိဇ္ဇာသင်္ခါရ ဖန်ဆင်းသည်ဟုပြော၊ အဝိဇ္ဇာ သင်္ခါရမှတစ်ပါး ဖန်ဆင်းသူဟူ၍ မရှိပြီ၊ အဝိဇ္ဇာသင်္ခါရတို့ကို ပြဆိုခဲ့ပြီ။

ယခုဘဝမှ သေလွန်လျှင် ဘာဖြစ်သလဲဟုဆိုသော် ဇာတိဖြစ်သည် ဟုပြော၊ ဇာတိဆိုသည်ကား နောက်ဘဝ ပဋိသန္ဓေပင်တည်း၊ ဝိညာဏ်မှစ၍ ဘဝတိုင်အောင် အလယ်အင်္ဂါရှစ်ပါးကား ပစ္စုပ္ပန်ဘဝ တစ်ခုလုံးတည်း၊ အနမတဂ္ဂ သံသရာမှာ တစ်ခုတစ်ခုသော ဘဝကို ပစ္စုပ္ပန်ထား၊ ထိုပစ္စုပ္ပန်ဘဝကို ဖန်ဆင်းသူကား အဝိဇ္ဇာ သင်္ခါရတည်း။

ထိုပစ္စုပ္ပန်ဘဝဆုံးပြန်လျှင် ဇာတိသို့အမြဲဆိုက်၏၊ ဇာတိဆိုလျှင် ပစ္စုပ္ပန် တစ်ဘဝရပြန်၏၊ အဝိဇ္ဇာနှင့်တဏှာ မကုန်သမျှသည် အနမတဂ္ဂသံသရာသွား၏။

အဝိဇ္ဇာသင်္ခါရကိုပြတော်မူသည်ကား ဤလောကကို အဝိဇ္ဇာ သင်္ခါရတို့မှတစ်ပါး ဖန်ဆင်းသူဟူ၍ မရှိကြောင်းကို ပြတော်မူပေသည်၊ နောက် အနာဂတ် ဇာတိကိုဟောတော်မူသည်ကား တဏှာ ဥပါဒါန်ရှိသမျှသည် ဘယ်နည်းနှင့်မှ ဘဝ သံသရာ အဆုံးသတ်သည် မရှိဟု ပြတော်မူသည်။ အဝိဇ္ဇာသင်္ခါရဆိုသည်ကား ဝိညာဏ်စသော ပစ္စုပ္ပန် အင်္ဂါရှစ်ပါးရှိသော သန္တာန်၌သာရှိ၏၊ အလွတ်သန္တာန်၌မရှိ၊ ထို့ကြောင့် အဝိဇ္ဇာ သင်္ခါရရှိရာမှာ အင်္ဂါရှစ်ပါးရှိမြဲဖြစ်ပြန်၏၊ ထိုအင်္ဂါရှစ်ပါးသည်လည်း ထိုမှရှေ့ဖြစ်သော အဝိဇ္ဇာ သင်္ခါရ ဖန်ဆင်းသူ ရှိရပြန်၏၊ အနမတဂ္ဂ အတိတ်သံသရာသွားလေ၏၊ သတ္တဝါသည် အစရှိရာ၏ ဟူသော မိစ္ဆာဝိတက် ပျောက်ကင်းဖို့၊ သတ္တဝါသည် အသစ် အသစ်တိုး၏ ဟူသော နဝသတ္တမိစ္ဆာဒိဋ္ဌိ ပျောက်ကင်းဖို့တည်း၊ တဏှာ ဥပါဒါန် ဘဝရှိသမျှသည် ဇာတိအသစ် ဖြစ်မြဲဓမ္မတာတည်း၊ ဇာတိဆိုသည်ကား အင်္ဂါရှစ်ပါး ရှိသော ပစ္စုပ္ပန်ဘဝပင်တည်း။

ထို့ကြောင့် တစ်ယောက်တစ်ယောက်သော သတ္တဝါ၏ သံသရာ သည် တဏှာ ဥပါဒါန် ချုပ်ဆုံးမှပင် ဆုံးသည်၊ တဏှာ ဥပါဒါန် ချုပ် ဆုံးမှုကို လွှတ်၍ ဆုံးသည်မရှိ၊ တဏှာ ဥပါဒါန် ချုပ်ဆုံးမှုသည် မိမိသန္တာန်၌ သတ္တကောသလ္လဌာန၌ သမ္မာဒိဋ္ဌိ ဝိဇ္ဇာဉာဏ်ပေါ်အောင် မိမိကိုယ်ကို မိမိလုပ်မှသာလျှင် တဏှာ ဥပါဒါန်ချုပ်ဆုံးလမ်းရှိသည်၊ ဤမှတစ်ပါး တဏှာ ဥပါဒါန် ချုပ်ဆုံးလမ်းမရှိ။

မြတ်စွာဘုရားလည်း အင်္ဂါတစ်ဆဲ့နှစ်ပါးကို ဟောတော်မူသည်မှာ တစ်ခုသောဘဝ၏ ဖြစ်ပုံကို ဟော၍ပြတော်မူသည်၊ သမုဒ္ဒရာရေသည် ချိုသလော ငန်သလော မေးသောသူအား သမုဒ္ဒရာရေကို လက်နှင့်ယူ၍ လျှာမှာတို့၍ မြီးစေရာ၏၊ မြီးမိလျှင် သမုဒ္ဒရာလေးစင်းရေကို အငန်ဟု သိနိုင်၏။

ဤဥပမာအတူ တစ်ခုသော ဘဝဖြစ်ပုံ သတ္တဝါဖြစ်ပုံကို နမူနာပုံစံ ထုတ်၍ ပြတော်မူသည်၊ ထို့ကြောင့် အစဆုံးဖြစ်သော အဝိဇ္ဇာကား ဘယ်မှဖြစ်သနည်းဟု ယုံမှားမပြုသင့်၊ အဝိဇ္ဇာ သင်္ခါရတို့လည်း အင်္ဂါရှစ်ပါး ရှိသော ခန္ဓာတစ်ခု ဘဝတစ်ခုမှ ဖြစ်ခဲ့သည်၊ ထိုဘဝလည်း ထိုမှ ရှေး အဝိဇ္ဇာသင်္ခါရရှိ၍ဖြစ်လေသည်၊ ထိုအဝိဇ္ဇာ သင်္ခါရတို့လည်း အင်္ဂါရှစ်ပါး ရှိသော ဘဝခန္ဓာမှာ ဖြစ်ခဲ့သည်ဟု အတိတ်ကာလ အနမတဂ္ဂ သွားသည် ကိုမြင်နိုင်ရမည်။

---

ဘေးစစ်မှန်လှ ဇရာ မရဏ

တေဘုမ္မက လောက၌ ဇရာဘေး မရဏဘေးသည်သာ ဘေး အစစ်တည်း၊ မိမိသိမ်းပိုက်သော အသက်ခန္ဓာဥစ္စာဝတ္ထုတို့၏ အတွင်းမှာ ဇရာဓာတ် မရဏ ဓာတ်ရှိ၍နေသောကြောင့် မီးဘေးဟူ၍ရှိရ သည်၊ ရေဘေးဟူ၍ရှိရသည်၊ ရောဂါ ဘေး အနာဘေး ဟူ၍ရှိရသည်၊ မြွေဘေး ကင်းဘေး၊ ခြင်္သေ့ သစ် ကျား ဘီလူး သဘက်ဘေးဟူ၍ရှိရသည်၊ မိမိ ကိုယ်တွင်းမှာ ဝက်ရူးနာ ရှိသောသူအား ပွဲလမ်းသဘင်မှုသည် ဘေးမှု ဖြစ်သကဲ့သို့တည်း၊ ဇရာမရဏ ဘေးရှိသည့်အတွက်ကြောင့် အသက် တမ်းဟူ၍ ရှိရသည်၊ စာတုမဟာရာဇ်မှာ အနှစ်ငါးရာပြင် မနေရ၊ တာဝတိံသာမှာ အနှစ်တစ်ထောင်ပြင် မနေရ၊ ဤသို့စသည်တည်း။

ဇရာ မရဏဘေး ကိုယ်တွင်းမှာ ရှိနေသည့်အတွက်ကြောင့် လောက၌ လူတို့ကိစ္စ လူတို့ဒုက္ခ ကြောင့်ကြစိုက်မှုရှိရသည်၊ ဇရာ မရဏ ဘေးရှိခြင်းကြောင့် ဒါနမှုဒုက္ခ၊ သီလမှုဒုက္ခ၊ ပညာမှုဒုက္ခ၊ ကျင့်မှုဒုက္ခ၊ ကြံမှုဒုက္ခရှိကြရသည်။

တေဘုမ္မကလောက၌ ဇရာဘေးမရဏဘေးသည်သာ ဘေးအစစ် တည်း၊ ဇရာမီး မရဏမီးသည်သာ မီးအစစ်တည်း၊ လှုပ်လှုပ်ရွရွမြင်သမျှ သည် ဇရာဘေး မရဏဘေးအတွက်ချည်းသာတည်း။

အပြောကောင်းလျှင် ဘာသာတစ်ပါးဖြစ်သူသည် မြင်နိုင်လတ္တံ့။

မေး။ ဇရာ မရဏသည် ဘယ်မှ ဖြစ်သနည်း။
ဖြေ။ ဇာတိမှ ဖြစ်သည်။

ဇာတိမရှိသော ဓာတ်မျိုးမှာ ဇရာ မရဏမရှိ၊ ဇာတိရှိသော ဓာတ် မျိုးမှာမှ ဇရာ မရဏရှိသည်၊ ဖြစ်ပေါ်မှုရှိသော ဓာတ်မျိုးမှာမှ ရင့်ရော် ဆွေးမြေ့မှု ပျက်ဆုံးမှု ရှိသည်ဟူလို၊ ဘာသာတစ်ပါးတို့လည်း မြင်နိုင် ရာ၏၊ ယခုလောက၌ အဇ္ဈတ္တ ဗဟိဒ္ဓသန္တာန်မှာ ဘာဖြစ်သည်၊ ဘာပေါ် သည်၊ ဘယ်အနာဖြစ်၍ လာသည်၊ ဘယ်ရောဂါဖြစ်၍ လာသည်၊ ဘယ်အမှုဖြစ်၍ လာသည်၊ ဘယ်စိတ်ဖြစ်၍ လာသည်၊ ဘယ်ဟာ ပေါ်ပေါက်၍လာသည် ဆိုသမျှ ဇာတိချည်းမှတ်။

မေး။ ပဋိသန္ဓေဇာတိသည် ဘယ်မှ ဖြစ်သနည်း။
ဖြေ။ ကုသိုလ်ကံဟောင်း အကုသိုလ်ကံဟောင်းဟူသော ကမ္မဘဝမှ ဖြစ်သည်။

ကမ္မဘဝ မရှိလျှင် ဇာတိမရှိ၊ ကမ္မဘဝမှတစ်ပါး ဇာတိကိုဖြစ် အောင် ပြုနိုင်သောသူ မရှိ။

ဤအချက်ကိုကား ဘာသာဝင်တစ်ပါးကို နားဝင်အောင် ပြော နိုင်ခဲစွ၊ ဗုဒ္ဓဘာသာဝင်တို့မှာလည်း အစဉ်အလာ ဒေသနာကို ယုံကြည်၍ အယူဖြောင့်ကြကုန်သည်၊ ဓာတ်သဘာဝနှင့်တကွ မြင်နိုင်ကြသည် မဟုတ်ကုန်၊ အောက်၌ ပြဆိုခဲ့ပြီးသော ရုပ်ခန္ဓာ အလားနှင့် နာမ်ခန္ဓာအလား ခြားနားချက်ကို ကောင်းကောင်း မြင်အောင်ကြံလေ။

အစဉ်အလာ ဒေသနာပညတ်မရှိသော လူမျိုးမှာ မိစ္ဆာဒိဋ္ဌိချည်း ဖြစ်၍ ကုန်ရာဌာနကြီးပေတည်း။ ဒိဋ္ဌိဇုကမ္မ သမ္မာဒိဋ္ဌိဆယ်ပါးတွင် နောက်ဆုံး သမ္မာဒိဋ္ဌိ ဉာဏ်ဖြင့် လောကီ လောကုတ္တရာ ပညာရှိကြီးတို့ကို သိတတ် ယုံကြည် တတ်မှ ဖြောင့်နိုင်သော ဌာနကြီးပေတည်း။

မေး။ ကမ္မဘဝသည် ဘယ်မှဖြစ်သနည်း။
ဖြေ။ ဥပါဒါန်မှ ဖြစ်သည်။

မေး။ ဥပါဒါန်သည် ဘယ်မှဖြစ်သနည်း။
ဖြေ။ တဏှာမှ ဖြစ်သည်။

မေး။ တဏှာသည် ဘယ်မှဖြစ်သနည်း။
ဖြေ။ ဝေဒနာ ရှိသောကြောင့် ဖြစ်သည်။

( ဤအချက်စုကိုကား ဘာသာဝင်တစ်ပါးတို့လည်း လိုက်နာနိုင်ကုန်ရာ၏၊)

မေး။ သုခ ဒုက္ခ ဝေဒနာသည် ဘယ်မှဖြစ်သနည်း။
ဖြေ။ ဖဿမှ ဖြစ်သည်၊ ဖဿကြောင့်ဖြစ်သည်။

(ဤမှာလည်း မိစ္ဆာဒိဋ္ဌိ ဖြစ်ပွားချက်ကြီး တစ်ခုပင်တည်း။)

ဘာသာချင်းချင်း ငြင်းခန်း ခုန်ခန်းကြီး တစ်ခုပင်တည်း၊ ဗုဒ္ဓဘာသာ ဝင်ထဲမှာပင် မိစ္ဆာသက်လျက် ရှိနေကြသော အချက်ကြီးတည်း။

အဘယ်သို့ရှိနေသနည်း--- မိမိအဇ္ဈတ္တသန္တာန်၌ သုခ ဒုက္ခ ဖြစ်သမျှသည် ကံစီမံရာဖြစ်ရသည်၊ ကံထုံးမြိတ်ရာ ဖြစ်ရသည်၊ ကံ လှုံ့ဆော်ရာဖြစ်ရသည်၊ ဖြစ်သမျှသည်လည်း ကံအမှုချည်းတည်း၊ ပျက် သမျှသည်လည်း ကံအမှုချည်းတည်း၊ ကံပေးမှ ရသည်၊ ကံကျွေးမှ ဝသည်၊ ကံ နှိပ်စက်၍ ဆင်းရဲရသည်၊ ကံကယ်ဆယ်၍ ချမ်းသာရသည်ဟု အရာရာတိုင်းမှာ ကံအလုပ်ချည်း ယူကြ၏၊ ထိုအယူကို ဒေသနာတော်မှာ “သဗ္ဗံ ပုဗ္ဗေကတ ဟေတု ဒိဋ္ဌိ“ဟူ၍ သုတ္တန် အဘိဓမ္မာတို့၌ လာ၏။

- ကံသည် မျိုးစေ့နှင့်တူ၏။
- သုခ ဒုက္ခသည် ကောက်စပါးနှင့်တူ၏။
- ပယောဂသမ္ပတ္တိသည် မြေဥတုနှင့်တူ၏။
- အသိအလိမ္မာဉာဏ်ပညာသည် မိုးရေ ဥတုနှင့် တူ၏။

မျိုးချင်းတူသော်လည်း မြေဩဇာသို့ လိုက်၍ဖြစ်ရ၏၊ ရေမှု နေရာကျမှ ဖြစ်နိုင်၏၊ အခါမလွန်မီ နေရာကျသိ၍ ပြည့်စုံစွာ လုပ် နိုင်သော ပယောဂသမ္ပတ္တိ မှုသည် ကံ၏ကိုးကွယ်ရာကြီးပေတည်း၊ မြေကောင်း ရေကောင်းသည် မျိုးစေ့၏ ကိုးကွယ်ရာ ဖြစ်သကဲ့သို့တည်း၊ မြေကောင်း ရေကောင်းတည်းဟူသော ကိုးကွယ်ရာကို မရသော မျိုး စေ့မည်သည် အဗ္ဘန္တရသရက်မျိုးစေ့ ပင်ဖြစ်သော်လည်း ပေါက်ရောက် ခြင်းငှာ မတတ်နိုင်လေ။

ပဋိသန္ဓေကံသည် ပဋိသန္ဓေ မတိုင်မီက နေရာကျသိ၍ ပြည့်စုံစွာ လုပ်နိုင်သော ပယောဂသမ္ပတ္တိလျှင် ကိုးကွယ်ရာရှိ၏၊ ပဝတ္တိအကျိုးပေး ကံတို့၏ ကိုးကွယ်ရာသည်ကား အခါအခွင့်ကိုသိ၍ ပြည့်စုံစွာပြုနိုင်သော ပယောဂသမ္ပတ္တိမှု ပေတည်း။

အချို့သောသူတို့သည် အတတ် အသိ အလိမ္မာ ပယောဂသမ္ပတ္တိ လည်း မရှိ၊ ကာလဝိပတ္တိကလည်း ဖျက်ဆီး၊ အကျိုးပေးနည်းပါး၍ နေကြသည်ကို ကံအတွက်ဟု ထင်မှတ်စွဲယူ၍ နေကြကုန်၏၊ ကုသိုလ် အကုသိုလ် နှစ်ဌာန၌ တစ်ရံတစ်ခါမျှ ကြားဘူးကြ ကြုံဘူးကြသော ဝိသေသကံကြီးရှင်တို့ကို ဥဒါဟရုဏ် ပြု၍ ကံအမှု၌ ချော်ကြကုန်၏၊ ရှေးအဖို့၌ အလိမ္မာမှု သမ္မာပယောဂမှု မရှိခဲ့၍ ပဋိသန္ဓေကံ ယုတ်ညံ့ သည့်အတွက်နှင့် ဖြစ်ရသော အဆင်းသဏ္ဌာန် ယုတ်ညံ့မှု အင်္ဂါကြီးငယ် ယုတ်ညံ့မှုစသည်တို့ကား ပဝတ္တိအခါ၌ ပြုပြင်ခြင်းငှာ မတတ်သာ ကုန်ပြီ။

ပဝတ္တိအခါ၌ ဖြစ်ထိုက်သော အတတ်ပညာ အလိမ္မာမှုမျိုး, အသက် ရှည်မှုမျိုး၊ အနာရောဂါ ကင်းရှင်းမှုမျိုး၊ ပစ္စည်းဥစ္စာ ချမ်းသာမှုမျိုး၊ ဒါန သီလ ဘာဝနာ ကုသိုလ်တရား ပွားများမှုမျိုးတို့သည်မူကား ပဝတ္တိအခါ၌ အလိမ္မာနှင့် ပယောဂသမ္ပတ္တိ ၂-ပါးလျှင် ကိုးကွယ်ရာရှိကြကုန်၏၊ ပဝတ္တိ အခါ၌ အကျိုးပေးသော ကံတို့၏ ကိုးကွယ်ရာကား အလိမ္မာနှင့် သမ္မာပယောဂ ၂-ပါးတည်း။

ဤကား သုခဝေဒနာ ဒုက္ခဝေဒနာမည်သည် ကမ္မဇတရား ဖြစ်ပါ လျက် ကမ္မပစ္စယာ ဝေဒနာ-ဟူ၍ မဟောဘဲ ဖဿပစ္စယာ ဝေဒနာ ဟူ၍သာ ဟောတော်မူရာ၌ သုခ ဒုက္ခ ဖြစ်ကြရာမှာ ကံထက်နီး စပ်သော ကံထက် တွင်ကျယ်သော အကြောင်းတရားစုလည်း ရှိသေးသည်ဟု ယုံကြည်နိုင်ရန် ပြဆိုလိုက်သော စကားရပ်တည်း။

- မိစ္ဆာဘာသာလူမျိုးကား ကံကို လုံးလုံးပယ်၍ ဉာဏ်ဝီရိယကိုသာ ယူ၏၊ ကံကို လုံးလုံးပယ်သည့်အတွက် ဒိဋ္ဌိဖြစ်၏။
- အချို့သော ဗုဒ္ဓဘာသာဝင် လူတို့ကား ဉာဏ်ဝီရိယကို ပယ်၍ ကံတစ်ခု တည်းကို လုံးလုံးယူကုန်၏၊ ကံတစ်ခုတည်း ယူသည့် အတွက် ဒိဋ္ဌိဖြစ်၏။

ယံ ကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံဝါ ဒုက္ခံဝါ အဒုက္ခမသုခံဝါ သဗ္ဗံ တံ ပုဗ္ဗေကတဟေတု။
ကံတစ်ခုတည်း ယူရာ၌ ဟောတော်မူသော ဒိဋ္ဌိတည်း၊ ညောင်စေ့ ကို စိုက်ရာ၌ မြေရေ မျိုးစေ့ ၃-ပါး ပေါင်း၍ အညှောက် ပေါက်ရ၏၊ အညှောက် အပင်ပေါက်မှုမှာ မျိုးစေ့သာပဓာန ဖြစ်၏၊ ရေ မြေသည် အထောက်အပံ့မျှ ဖြစ်၏၊ အပင်ငယ်ပေါက်ပြီးသည့်နောက် ကြီးပွားရန် အမှုမှာ ရေမြေ၏ ဆိုင်ရာပေတည်း၊ မျိုးစေ့ ပုပ်ဆွေး၍ သွားပြီ၊ အပင် ငယ်သည် မြေ ရေ ၂-ပါးလက်၌ တည်၏၊ မြေရေ ချီးမြှောက် မွေးမြူမှုနှင့် ကြီးပွားရ၏၊ မျက်မြင်။

ကြီးပွားရာ၌ အပင်သဏ္ဌာန်နေပုံ အကိုင်း အခက် အရွက် သဏ္ဌာန်နေပုံ အမျိုးအရိုးအားလျော်စွာ အရပ်မြင့်မှု ပြန့်ကျယ်မှု အသက်ရှည်မှုတို့ကား မျိုးစေ့၏ အာနုဘော်တည်း၊ ထိုအာနုဘော်၏ ကိုးကွယ်ရာကား မြေ ရေပေတည်း၊ မြေ ရေ ချီးမြှောက်မှ ဖြစ်ပွားနိုင်သည်၊ ရေ မြေကောင်းလျှင် ကောင်းသလောက် ကြီးပွား စည်ကားနိုင်သည်၊ အသက်ရှည်နိုင်သည်၊ မြေ ရေသည်လည်း မြက်ပင်မျိုးကို မြက်ပင် မျိုးအားလျော်စွာ-ထိုထိုသစ်ပင်မျိုးကို ထိုထိုသစ်ပင်မျိုး အားလျော်စွာ ကြီးပွားအောင် စောင့်ရှောက် ချီးမြှောက်နိုင်သည်။ မျိုးစေ့အစွမ်း မြေ ရေ၏အစွမ်းကို ခွဲခြမ်း၍ မြင်နိုင်စေ။

- မျိုးစေ့နှင့် ကံ တူ၏။
- သစ်ပင်နှင့် ဤခန္ဓာကိုယ် တူ၏။
- မြေနှင့် ပယောဂသမ္ပတ္တိ တူ၏။
- မိုးရေနှင့် အလိမ္မာ တူ၏။

အနမတဂ္ဂ သံသရာ၌ ကျင်လည်၍ လာကြသော သတ္တဝါတို့မှာ ကံဆိုး လည်း အနန္တရှိကြ၏၊ ကံကောင်းလည်း အနန္တရှိကြ၏၊ အလိမ္မာနှင့် ပယောဂသမ္ပတ္တိ ၂-ပါးရှိသော လူမျိုးက အကျိုးပေးသာမြဲတည်း။ လောကစီးပွားမှာ ကံကိုချမှု-ပရိယတ် ပဋိပတ် ပဋိဝေဓ သာသနာ့ စီးပွား မှာ ပါရမီကိုချမှုတို့ကား ဆုတ်ယုတ်ဖို့အမှု သက်သက်သာတည်း။ သတိရှိကြစေကုန်။

ဖဿပစ္စယာ ဝေဒနာ၏အဓိပ္ပါယ်ကား-ဆောင်းရာသီမှာ ချမ်းအေး မှု ဒုက္ခဝေဒနာတရားသည် ဖြစ်ပွား၏၊ ထိုဝေဒနာတရားသည် ဘယ်ဟာ ကြောင့် ဖြစ်ပွားသနည်းဆိုသော် အချို့သော ဘာသာဆရာတို့ကား ဘုရားဖန်ဆင်း၍ ဖြစ်သည်ဟု ယူကြကုန်၏၊ ဤလည်း ဒိဋ္ဌိတစ်မျိုးတည်း၊ 'ဣဿရနိမ္မာနဒိဋ္ဌိ' ခေါ်သည်။

ယံ ကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံဝါ ဒုက္ခံဝါ အဒုက္ခမသုခံဝါ သဗ္ဗံ တံ ဣဿရနိမ္မာနဟေတု။
(အဘိဓမ္မာ ခုဒ္ဒကဝတ္ထု ဝိဘင်းပါဠိတော်။)

အချို့သော ဘာသာဆရာတို့ကား အကြောင်းဟူ၍ မရှိ၊ အလို အလျောက် ဖြစ်သည်ဟု ယူကြကုန်၏၊ ဤလည်း ဒိဋ္ဌိတစ်မျိုးတည်း။ 'အဟေတု ဒိဋ္ဌိ' ခေါ် သည်။

ယံ ကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံဝါ ဒုက္ခံဝါ အဒုက္ခမသုခံဝါ သဗ္ဗံ တံ အဟေတု အပစ္စယာ။
(အဘိဓမ္မာဝိဘင်း ပါဠိတော်)

တက္ကဒွန်းဆရာတို့ကား ရှေးကံဟောင်း သက်သက်ကြောင့်ဖြစ်၏၊ ကံမှ တစ်ပါး သုခ ဒုက္ခကို ဖြစ်စေနိုင်သော အကြောင်းမရှိဟု ယူ၏၊ ဤလည်း ဒိဋ္ဌိ တစ်မျိုးတည်း 'သဗ္ဗံ ပုဗ္ဗေကတ ဟေတုဒိဋ္ဌိ' ခေါ်သည်။

ပါဠိတော်မှာ အောက်က ထုတ်ပြခဲ့ပြီ၊ ဤတက္ကဒွန်းဆရာတို့ အယူကား တစ်စိတ်မျှဟုတ်၏၊ တစ်ပါးသော အကြောင်းကို လုံးလုံးပယ် သည့်အတွက် ဒိဋ္ဌိ ဖြစ်ရသည်။

ပဋိစ္စသမုပ္ပါဒ် ဒေသနာအတိုင်း ပြောမူကား-

ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေစ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ။
ဟူသော ဒေသနာအတိုင်း ပြောရမည်။

အဇ္ဈတ္တသန္တာန်မှ ကာယဟူသော အကြည်ဓာတ်၊ ဗဟိဒ္ဓမှ သီတ ဥတုဟူသော ဖောဋ္ဌဗ္ဗဓာတ်မီး ဤ ၂-ပါးတို့၏ မိမိ အဇ္ဈတ္တခန္ဓာမှာ ခိုက်တိုက်မှုကြောင့် ထိုခိုက်တိုက်ရာ ကိုယ်အင်္ဂါအရပ်မှာ ကာယဝိညာဏ ဓာတ် တဖွားဖွား ဖြစ်ပေါ်၏၊ ထိုဓာတ် ၃-ပါးတို့၏ စည်းဝေးလုံး ထွေးမှု ဟူသော ဖဿခေါ်သောနာမ်ဓာတ် တဖွားဖွားဖြစ်ပေါ်၏၊ ထိုဖဿ ကြောင့် ချမ်းအေးမှုကို ခံစားသော ဒုက္ခဝေဒနာတရားသည် တဖွားဖွား ဖြစ်ပေါ်လေ၏၊ ထိုအခါ ချမ်းလေခြင်း အေးလေခြင်း ဖြစ်ကြရ၏၊ မီးလှုံပြန်လျှင် ထိုဓာတ်စု အကုန်လုံး သေပြန်၏၊ ချမ်းသာသော သုခ ဝေဒနာတရား ဖြစ်ပွားပြန်၏၊ ထိုဝေဒနာသည် ဘယ်ဟာကြောင့် ဖြစ်ရ သနည်းဆိုသော် ဒိဋ္ဌိ ၃-မျိုးဆိုမြဲ၊ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်း ဆိုမြဲ။

ဗဟိဒ္ဓမှ သီတဥတုဟုဆိုအပ်သော ဖောဋ္ဌဗ္ဗသီတဓာတ်မီးဆိုရာမှာ ဗဟိဒ္ဓမှ ဥဏှဥတုဟုဆိုအပ်သော ဖောဋ္ဌဗ္ဗဥဏှ ဓာတ်မီး ဆိုလေ၊ ပဋိစ္စသမုပ္ပါဒ် ဆိုသည်ကား- အဇ္ဈတ္တမှ ကာယအကြည်နှင့် ဗဟိဒ္ဓမှ သီတဥဏှ ဖောဋ္ဌဗ္ဗာရုံ ပေါ်ဆုံခိုက် တိုက်မှုကို စွဲ၍ ကာယဝိညာဏ ဓာတ်ဖြစ်ပေါ်သည်၊ ဓာတ် ၃-ပါး အစည်းအဝေး ကိုစွဲ၍ ကာယသမ္ဖဿ ဓာတ် ဖြစ်ပေါ်သည်၊ ကာယသမ္ဖဿဓာတ်ကိုစွဲ၍ ကာယသမ္ဖဿဇာ ဝေဒနာဓာတ် ဖြစ်ပေါ်သည်။

ဤကား ပဋိစ္စသမုပ္ပါဒ်မှုတည်း။

မီး၏အနီးသို့ရောက်၍ ဗဟိဒ္ဓမှ သီတဖောဋ္ဌဗ္ဗဥတု ကွယ်ပျောက် လျှင် ထိုတဖွားဖွား ဖြစ်ပေါ်၍နေကြသော ဝိညာဏဓာတ် ဖဿဓာတ် ဝေဒနာဓာတ်တို့သည် သေပျောက်၍ကုန်၏၊ မီးနှင့်ကွာပြန်၍ ချမ်းသာ သောအတွေ့ ကွယ်ပျောက်ပြန်ရာ၌လည်း ဤနည်းတူ။

နွေရာသီ၌ အိုက်မှု ပူမှုနှင့် ဖြစ်ပွားသော ဖဿဝေဒနာတရားရေချိုး၍ အေးမှု ချမ်းသာမှုနှင့် ဖြစ်ပွားသော ဖဿဝေဒနာ တရားတို့၌ လည်း ဤနည်းအတိုင်း မြင်လေ၊ ဤကား ကာယဟူသော အကြည်ပေါက် တစ်မျိုးမှာ သုခဒုက္ခ ဖြစ်မှု၌ ဖဿကို အချုပ်အခြာ ပဓာန ပါကဋ အကြောင်းထား၍ ပဋိစ္စသမုပ္ပါဒ် တရားကို ပြဆိုချက်တည်း။

- ဤနည်းကို မှီ၍ ကြွင်းသော ငါးဒွါရတို့၌ သုခဒုက္ခဖြစ်ပုံကို မြင်လေ ပြောလေ၊ ယခု တစ်ဘဝလုံး အနမတဂ္ဂသံသရာ တစ်ခုလုံး သတ္တဝါ အနန္တတစ်ခုလုံး မြင်လေ။

ဤအချက်မှာ ထိုဝေဒနာသည် ဝိပါက်ဝေဒနာဖြစ်၍ ကံကြောင့်ဆို လျှင်လည်း မလွဲလှ၊ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာကို ပယ်နိုင်သော အယူကား မဟုတ်။

ဖဿကြောင့်ဖြစ်သည်ဟု မြင်မှ ခုတင်ခု ပေါ်မှု ခုတင် ခုသေမှုကို မြင်၍ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ ငရဲမီးကြီးနှစ်ပါး ငြိမ်းရန်နည်းလမ်း ဖြစ်သတည်း၊ ဤသို့သော သုခ ဒုက္ခ ဖြစ်ပွားမှုမှာ ရှေးကံသည် အောက် ကပြခဲ့ပြီးသော ညောင်ပင်ကြီးမှာ မျိုးစေ့အာနုဘော်ကဲ့သို့ မကင်း တရားမျှသာ ဖြစ်၏၊ ဤလောကဓာတ်ကြီးသည်လည်း ဣဋ္ဌ အနိဋ္ဌ ဗဟိဒ္ဓ အာရုံတောကြီးဖြစ်၏၊ ဤအာရုံတောကြီး အတွင်း၌ ဒွါရ ၆-ပါး တံခါး ဟင်းလင်းနှင့် ကျင်လည်၍နေရသော သတ္တဝါအား သုခ ဒုက္ခ ၆-ဒွါရ ဝေဒနာသည် အဘယ်မှာပြတ်စဲတော့အံ့နည်း။

လောဘ တိုက်တွန်းချက်နှင့် သွားလာလုပ်ဆောင်ရ၊ ဒေါသတိုက် တွန်းချက်နှင့် မောဟတိုက်တွန်းချက်နှင့် သဒ္ဓါတိုက်တွန်းချက်နှင့် ပညာမှုနှင့် ဒါနမှုနှင့် သီလမှုနှင့် ဓုတင်ပဋိပတ်မှုနှင့် အတ္တဟိတမှုနှင့် ပရဟိတမှုနှင့် ပြုရမှုရသော အမှုခပ်သိမ်းသည် ကံမဟုတ်၊ ဖြစ်ရာဘုံဘဝ အားလျော်စွာ လှုပ်ရှားကြသော ဗျာပါရမှုစုပေတည်း၊ ထိုဗျာပါရမှုစုမှာ အခွင့်အားလျော်စွာ အပူခံရ၍ဖြစ်သော ဝေဒနာ၊ အအေးခံရ၍၊ အညောင်းအညာခံရ၍၊ အပန်းခံရ၍၊ အနိဋ္ဌရှိရာသို့ တိုးဝင်ရ၍၊ ဣဋ္ဌ ရှိရာသို့ တိုးဝင်ရ၍၊ အလိုရှိရာကို ရှာကြံခံစားရ၍၊ မိစ္ဆာ အကျင့်ကို ကျင့်ရ၍၊ သမ္မာပဋိပတ် မြတ်သောအကျင့်ကို ကျင့်ရ၍ တွေ့ကြုံရ ခံစားရသော သုခ ဒုက္ခစုသည် ဖဿဖန်ဆင်းရာ ဖြစ်ရသော ဝေဒနာစုပေတည်း၊ အနှံ့ အပြားမြင်လေ၊ ဘုရားလက်ထက်တော်၌ပင် ဤအရာဌာန၌လည်း မိစ္ဆာဒိဋ္ဌိ ဖြစ်ပွားမှု အလွန်များပြားကြသောကြောင့် လှလှအရည်လည် လောက်အောင် ခပ်ကျယ်ကျယ် ပြောလိုက်သည်။ အကြွင်း သိသာ လောက်ပြီ။

ပဋိစ္စသမုပ္ပါဒ်နည်း ပြီး၏။

---

ပဋိစ္စသမုပ္ပါဒ် ဒေသနာနည်းနှင့် စတုသစ္စဒေသနာနည်းအားဖြင့် သစ္စာလေးပါး၏ အဓိပ္ပါယ်

သစ္စာလေးပါး၏ အဓိပ္ပါယ်ကို အနည်းငယ် ဆိုဦးအံ့၊ လောကဓာတ်၌ ခပ်သိမ်းသော သတ္တဝါတို့၏ ဓမ္မတာသဘော ကား ဒုက္ခကင်းမှု၊ ချမ်းသာလိုမှု ဤနှစ်မှုသည် အချုပ်အခြာပဓာနမှုတည်း၊ ယခု လောက၌ ပုပုရွရွ နေ့နေ့ညည ကြံကြ စည်ကြ၊ ပြောကြ ဆိုကြ သွားကြ လာကြ၊ အားထုတ်ကြသော သူတို့၏အမှုကို အလိုကို လိုရင်း အချုပ် ကောက်ယူ လိုက်သည် ရှိသော် ဒုက္ခကင်းရှင်းဖို့ သုခကို ရဖို့ဟု အားထုတ်ကြသော အမှုချည်းသာတည်း၊ ဆင်းရဲချင်သောသူဟူ၍ တစ်စုံတစ်ယောက်မျှ မရှိ၊ ဆင်းရဲချင်၍ပြုသော အမှုဟူ၍ မရှိ၊ ချမ်းသာချင်သောသူသာ ရှိ၏၊ ချမ်းသာချင်၍ ပြုသော အမှုချည်း သာတည်း၊ ထိုသို့ သုခကိုသာ အလိုရှိကြ ဒုက္ခကို မုန်းကြသော်လည်း ဒုက္ခအချက်ကိုလည်း မသိကြ၊ သုခအမှန် သုခအစစ်ကိုလည်း မသိကြ ကုန်။

ဒုက္ခစစ်မှာ ဇရာ မရဏ

ဒုက္ခအချက် ဒုက္ခအချုပ် ဒုက္ခအခြာ ဆိုသည်ကား ဇရာ မရဏ တရား နှစ်ပါးပေတည်း၊ ထိုနှစ်ပါးတွင် မရဏဘေး မရဏမီး ကြီးကျယ် ပုံကိုလည်းကောင်း၊ လောကသုံးပါးလုံး၌ မရဏရှိနေသည့်အတွက် ကြောင့် ဒုက္ခတရား ကြီးကျယ်၍ နေကြပုံကိုလည်းကောင်း၊ မီးပူဇော်သော ပုဏ္ဏား ဥပမာ, အဇဋာကာသသို့ ဆင်းသောတွင်းကြီးကို ဖို့ကြသော ယောက်ျားတို့၏ ဥပမာ, အကျင့်အာစာရ ယုတ်ညံ့လှသော အိမ်နေ မယား၏ ဥပမာများနှင့် ထင်ရှားစွာဆိုခဲ့ပြီ၊ ဇရာဟူသည်ကား မရဏ၏ ရှေ့သွား ရှေ့ဆောင်ပေတည်း၊ ဇရာသည်ပို့၍ ပေးမှ မရဏ ဆိုက်နိုင် သည်၊ ထို့ကြောင့် မရဏဥပမာတွင် ဇရာကို ပြဆိုမှုလည်း ပြီးပါ၏။

အနည်းငယ် ဆိုလိုက်ဦးအံ့။ ပုထုဇဉ် သတ္တဝါမည်သည် ဖြစ်လေရာရာ၌ နှလုံးထဲမှာ ငရဲအိုးကြီး နှစ်လုံး အမြဲပါ၏၊ သက္ကာယဒိဋ္ဌိ ငရဲအိုးကြီး တစ်လုံး၊ ဝိစိကိစ္ဆာ ငရဲအိုးကြီးတစ်လုံး၊ ဇရာ မရဏ တရားနှစ်ပါးသည်ကား ထိုငရဲအိုးကြီး နှစ်လုံး၏ အကျိုးဆောင် သက် သက်တည်း၊ ပုထုဇဉ်သတ္တဝါ လူ့ပြည်မှာ လူ့ခန္ဓာကို တွယ်တာ၍ နေ သည်ကို မှီရာတွယ်ရာ လူ့ခန္ဓာကို ပြိုကွဲပျက်ဆုံးအောင် လုပ်သူ ကား ဇရာ မရဏ နှစ်ပါးပေတည်း။

လူ့ခန္ဓာ ပျက်ဆုံးလျှင် အပါယ်သို့ ပစ်ချသည်ကား သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ နှစ်ပါးတည်း၊ လူ့ခန္ဓာ မပျက်လျှင် သက္ကာယဒိဋ္ဌိတို့ အခွင့်မရ ကုန်၊ နတ်ပြည်ခြောက်ထပ်ရှိ ပုထုဇန်စုကိုလည်း ဤနည်းအတိုင်း၊ ဗြဟ္မာ့ပြည်မှာနေသော ပုထုဇန်စုကိုလည်း ဤနည်းအတိုင်းမြင်လေ။

ထိုကြောင့် မြတ်စွာဘုရားသည်

ဧတဿ အာနန္ဒ ဓမ္မဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမယံ ပဇာ တန္တာကုလကဇာတာ ဂုဠီဂုဏ္ဌိကဇာတာ မုဉ္စပဗ္ဗဇ ဘူတာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ သံသာရံ နာတိဝတ္တတိ။
ဟူ၍ ဟောတော်မူသည်။

အာနန္ဒ=အာနန္ဒာ၊ ဧတဿ ဓမ္မဿ=ဤပဋိစ္စသမုပ္ပါဒ် တရားကို၊ အနနုဗောဓာ=အလင်းပေါက်သော မဂ်ဉာဏ်ကို မရခြင်းကြောင့်၊ အပ္ပဋိဝေဓာ=ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ မသိခြင်းကြောင့်၊ ဧဝံ=ဤသို့၊ အယံပဇာ=ဤသတ္တဝါအပေါင်းသည်၊ တန္တာကုလက ဇာတာ=ချည်ခင် ထွေးကဲ့သို့ ထွေးရှုပ်၍နေသည်၊ ဂုဠီဂုဏ္ဌိကဇာတာ=စာပေါင်းသိုက်ကဲ့သို့ ထွေးယှက်၍နေသည်၊ မုဉ္စ ပဗ္ဗဇဘူတာ=ဖြူဆန်မြက် ပြိန်းမြက်ကဲ့သို့ ဖြစ်သည်၊ ဟုတွာ=ဖြစ်၍၊ အပါယံ=အပါယ်ကို၊ ဒုဂ္ဂတိံ=ဒုဂ္ဂတိကို၊ ဝိနိပါတံ= ကိုးရိုးကားရား ကျသွားမှုကို၊ သံသာရံ=ပြောင်းရွေ့မှုကို၊ နာတိဝတ္တတိ= မလွန်နိုင်လေ။

ဝိနိပါတ ဘေး

ဤပါဠိတော်၌ ဝိနိပါတံ ဟူသော ပုဒ်အနက်ကို ပြဆိုအံ့-ယခု အခါ လူလူရှင်ရှင် မြင်မြင်သမျှကို သင်သည်သေလျှင် အဘယ်မှာ ဖြစ် မည်နည်း မေးသည်ရှိသော် ဘယ်မှာဖြစ်မည်ဟု ဘယ်သူပြောတတ် မလဲ ကံချရာ ဖြစ်ရမှာပဟု ပြောလတ္တံ့၊ ဤသို့လျှင် သေလျှင် ဘယ်မှာ ဖြစ် မည်ဟု ကြည့်၍ ရွယ်၍ ဖြစ်နိုင်ကြသည် မဟုတ်၊ ကမ္မဿကာ ကံချရာဟု လွှတ်၍ချလိုက်ကြသည် လေမုန်တိုင်းလာရာတွင် သစ်ပင်မှကြွေကျသော သစ်ရွက်သည် ဘယ်မှာကျမည်ဟု ရွယ်၍ကျနိုင်သော အခွင့်မရှိ သကဲ့သို့တည်း၊ ပုထုဇန်မှန်လျှင် စာတု မဟာရာဇ်ဘုံက သေသူလည်း ဤနည်းအတိုင်း လွှတ်ချသည်ချည်း၊ တာဝတိံသာ စသော အထက် နတ်ပြည်ငါးထပ်မှ သေသူဟူသမျှလည်း လွှတ်ချသည်ချည်း၊ ဝေဟပ္ဖိုလ် တိုင်အောင်သော ဗြဟ္မာ့ပြည်မှ သေသူဟူသမျှလည်း လွှတ်ချသည် ချည်း၊ အရူပလေးဘုံမှ သေသူဟူသမျှလည်း ဤနည်းချည်း၊ နခသီခသုတ် ဒေသနာကိုထောက်၍ ထိုဘုံတို့မှ သေသမျှသည်လည်း အပါယ်သို့ ကျသည်ချည်း များ၏ဟု သိလေ။

ဥပမာဆိုအံ့-ဘုံအဆင့်ဆင့်ရှိသော တစ်ပင်တိုင် ပြာသာဒ်ကြီး ရှိသတတ်၊ ပဌမဘုံမှာ ခံစားဖွယ် စံစားဖွယ် ပေါများ၏၊ တစ်လမျှဘုံ သက်ရှိ၏၊ ဒုတိယဘုံမှာ ထိုထက် အဆများစွာ ခံစားဖွယ် စံစားဖွယ် ကြီးကျယ်၏၊ နှစ်လမျှ ဘုံသက်ရှိ၏၊ အထက်အထက် ဘုံစုမှာလည်း ဤနည်းအတိုင်း သိလေ၊ အောက်အပြင်၌ကား ဆူးငြောင့်ခလုပ် အပြည့်ရှိသော တောချုံအရပ်လည်း ရှိ၏၊ မစင် ဘင်ပုပ်ပြည့် သော တွင်းကြီးတို့လည်း များစွာရှိ၏၊ အကြောအလွန်မာသောဝါးချွန် သနသစ်ချွန် (ဝါးချွန်သစ်ချွန်)တွေ စိုက်ထားသော အရပ်လည်း များ စွာရှိ၏၊ မကူးနိုင် မတက်နိုင် မထောက်နိုင်အောင်နက်သော ရှားမီး ကျီးပြည့်သော ချောက်ကြီး တွင်းကြီးလည်း များစွာရှိ၏၊ အထက်ဘုံ တို့၌လည်း ပြင်းထန်လှစွာသော လေပြင်းမုန်တိုင်း အသီးသီးရှိကြ၏၊ တစ်လ အသက်တမ်းရှိသော ဘုံ၌နေသော သူတို့ကို တစ်လစေ့သော ကာလ ထိုဘုံပေါ်မှ အတင်းတိုက်လွှင့်၍ချ၏၊ အချို့ကား ဆူးငြောင့် ခလုပ်တော၌ စောက်ထိုးဂျွမ်းပြန် ကျကြလေ၏၊ အချို့ကား မတက်နိုင် အောင် နက်သော မစင်ဘင်ပုပ်တွင်းကြီးမှာ စောက်ထိုးဂျွမ်းပြန် ကျကြ လေ၏၊ အချို့ကား သနသစ်ချွန်တောမှာ စောက်ထိုးဂျွမ်းပြန် ကျကြလေ ၏၊ အချို့ကား မီးကျီးတွင်းမှာ ကျကြလေ၏၊ အထက်အထက်ဘုံ တို့မှ ကျရာ၌လည်း ဤနည်းမြင်လေ။

- ဘုံဆင့်တွေနှင့် လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံစု တူ၏။
- အောက်အပြင်စုနှင့် အပါယ်ဘုံစု တူ၏။
- လေပြင်းမုန်တိုင်းတွေနှင့် ထိုထိုဘုံတို့မှာ ရှိနေသော ဇရာ မရဏဘေးစု တူ၏။

ဤသို့လျှင် သေနေ့မရောက်မီအတွင်းမှာ လူဖြစ်လျှင်လူ့စည်းစိမ် နှင့် တရွှင်ရွှင်တပြုံးပြုံးနေ၍ သေနေ့ဆိုက်သောအခါ ရပ်တည်ရာမရ ဖြစ်လေ၏၊ သေလျှင် ကျချင်ရာရာ ပရမ်းပတာ ကျရောက်လေ၏၊ နတ်ဘုံ ဗြဟ္မာ့ဘုံတို့မှာလည်း ဤနည်းတူ မြင်လေ၊ အနမတဂ္ဂသံသရာ တစ်ပြင် လုံးမြင်လေ၊ ဤသို့ ကမ္မဿကာ ကံချရာဟု ပေါက်လွှတ်ချရမြဲ ဓမ္မတာကို ဝိနိပါတံ ဆိုသတည်း။ ဤကား ဇရာမရဏဘေး ကြီးကျယ်ပုံတည်း။ မသေမီကာလအတွင်းမှာ မရဏအတွက် ဒုက္ခစက် ကြီးကျယ်ပုံကို မီးပူဇော်သော ပုဏ္ဏား ဥပမာများနှင့် မြင်လေ။

ဤသို့လျှင် ဇရာမရဏဘေး ကြီးကျယ်ပုံ၊ ဇရာမရဏမီးကြီးကျယ်ပုံ၊ သက္ကာယဒိဋ္ဌိ ငရဲမီးကြီးတို့၏ အကျိုးဆောင်ဖြစ်ပုံကို မြင်လေ၊ လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ့ခန္ဓာစုသည်လည်း သက္ကာယဒိဋ္ဌိငရဲမီးအိုးကြီးစုသာ ဖြစ်၏၊ ဇရာမရဏမီးကို မိမိကိုယ်တွင်းထား၍ သိမ်းပိုက်မွေးမြူသော ခန္ဓာစု သာဖြစ်၏၊ ထို့ကြောင့် ဇရာမရဏမီး အုပ်စိုးလျက်ရှိနေသော ထိုခန္ဓာ စုသည် ဒုက္ခသာအမှန်ဖြစ်သည် မြင်စေ။ ဤကား ဘဝအဆုံးဖြစ်သော ဇရာမရဏဘေး ကြီးကျယ်ပုံတည်း။

ပဝတ္တိအရေး၌ ဇရာမရဏဘေး ကြီးကျယ်ပုံ

ပဋိသန္ဓေအခါမှစ၍ ပဝတ္တိအခါ၌ ဇရာမရဏဘေးကြီးကျယ်ပုံကို အကျဉ်းမျှ ပြဆိုဦးအံ့၊ ပဋိသန္ဓေနေပြီးသည်မှစ၍ အနှစ်တစ်ရာ အတွင်းမှာ သေဘေး ဆိုက်လာသည်ရှိသော် မသေနိုင်သော နာရီဟူ၍ တစ်နာရီမျှမရှိ၊ မသေနိုင်သောအချက်ဟူ၍ ထွက်သက် ဝင်သက် တစ်ခုစာမျှမရှိ၊ သေလောက်သောဘေး ထိလာလျှင် ဘယ်နာရီမဆို ဘယ်ခဏမဆို သေမည် ဧကန္တဖြစ်၏၊ ဤသို့ ဖြစ်လေရာရာ ဘဝတိုင်း ဘဝတိုင်း ပဋိသန္ဓေနေပြီးသည်မှစ၍ မရဏဘေး အမြဲပါရှိ၍ နေ သည့်အတွက် လောကမှာ ကြောက်စရာအနန္တ ထိတ်စရာအနန္တ လန့်စရာ အနန္တ စိုးရိမ်စရာအနန္တ ကြောင့်ကြစရာအနန္တတွေ့၍နေ၏။

ဥပမာကား- ကိုယ်တွင်းမှာ အနာဆိုး ရောဂါဆိုးရှိသောသူအား လောက၌ စားကောင်းသောက်ဖွယ် ကြက်သား ဝက်သား ငါး အမဲ အုန်း ငှက်ပျော သရက် ပိန္နဲ ထောပတ်ထမင်း ဆီထမင်း သကြား သကာစ သည်တို့သည် ကြောက်စရာ ထိတ်စရာ ဘေးကြီးဖြစ်၍ နေကုန်သကဲ့ သို့တည်း၊ ဤရောဂါသည်မှာ ထိုအစာ အာဟာရတို့သည် ဘေးအစစ် မဟုတ်ကုန်၊ မိမိကိုယ်တွင်းမှာရှိသော ရောဂါဆိုး အနာဆိုးသည်သာ မိမိ၏ အသက်ဘေး စင်စစ်ဖြစ်၏၊ ထိုအစာ အာဟာရတို့ကိုကား မိမိ ကိုယ်တွင်းမှာရှိနေသော ရောဂါဆိုး အနာဆိုးကို နှိုး၍ပေးတတ်သည့် အတွက်ကြောင့် ဘေးဆိုရကုန်သည်၊ ကိုယ်တွင်းမှာ အနာဆိုးမရှိပါမူကား ငွေပေး၍ပင် ဝယ်ယူသုံးဆောင်ကြရသော အစာအာဟာရတို့ပေတည်း။

ဤနည်းတူ ကိုယ်တွင်းမှာ မရဏဘေး အမြဲပါရှိ၍ နေသည့် အတွက် လောကမှာ ကြောက်စရာအနန္တ၊ လန့်စရာအနန္တ၊ သေဘေး အနန္တ ဖြစ်၍ ကုန်လေသည်၊ မရဏဘေး မရှိပါမူကား ဦးခေါင်း၌ မိုးကြိုးကျသော်လည်း ကြောက်လန့်ဖွယ် မရှိရာ။

အသက်မွေးမှုဒုက္ခစု အဖော်အပေါင်းနှင့် မကင်းနိုင်သည့်အတွက် ဖြစ်ရသောဒုက္ခစု မြို့ရွာတည်ထောင်၍ နေရသောဒုက္ခမှုစု အိမ်ရာဝင်းခြံ အရံကာမှုနှင့်စပ်သောဒုက္ခစု၊ ဤသို့စသော ဒုက္ခမှုအလုံးစုံသည်လည်း ကိုယ်တွင်းမှာ ဇရာ မရဏဘေး အမြဲပါ၍နေသည့်အတွက်ချည်းတည်း၊ ဒါနကုသိုလ်မှုနှင့်စပ်သော ဒုက္ခစု၊ သီလမှုနှင့်စပ်သောဒုက္ခစု အလုံးစုံသော အကျင့်ပဋိပတ်နှင့်စပ်သော ဒုက္ခစုသည်လည်း ဤခန္ဓာနှင့် အမြဲနေရမည် မဟုတ်၊ သေရလိမ့်ဦးမည်ဟု သိ၍ ပြုရသော ဒုက္ခစုသာတည်း၊ ရသေ့ ပြုရသော ဒုက္ခစု၊ ရဟန်းပြုရသော ဒုက္ခစု စသည်ဖြင့်ချဲ့၍ မြင်လေ။

ဤကား ပဝတ္တိအခါ၌ ဇရာမရဏဘေး ကြီးကျယ်ပုံတည်း။

ဤသို့လျှင် ခပ်သိမ်းသော ဒုက္ခဟူသမျှ၏ အချုပ်အခြာကား ဇရာ မရဏတရား နှစ်ပါးသည်သာ ဖြစ်သတည်း၊ ထိုကြောင့် ထိုဇရာမရဏမီးနှင့် ဖက်တွဲ၍ရှိနေကြသော လူ့ပြည်မှာ သက်ရှိသက်မဲ့ ရုပ်နာမ်ခန္ခာ ဟူသမျှသည်လည်းကောင်း၊ နတ်ပြည်ခြောက်ထပ်မှာ သက်ရှိသက်မဲ့ ရုပ်နာမ်ခန္ခာဟူသမျှသည်လည်းကောင်း၊ ရူပအရူပ ဗြဟ္မာပြည်တစ်ခွင်မှာ သက်ရှိသက်မဲ့ ရုပ်နာမ် ခန္ဓာဟူသမျှသည်လည်းကောင်း၊ ဒုက္ခသာအမှန် ဖြစ်သတည်း၊ ထိုသို့ဖြစ်လေသောကြောင့်ပင်လျှင် အနမတဂ္ဂသံသရာမှာ အပါယ်လေးပါးမှ လွတ်ရန် ကုသိုလ်မှုကို အားထုတ်ခဲ့သော ဘဝပေါင်း လည်းအနန္တ ရှိခဲ့ကြပြီ၊ လူ့ဘဝကို ရခဲ့သော ဘဝပေါင်းလည်းအနန္တ ရှိခဲ့ကြပြီ၊ နတ်ပြည်ခြောက်ထပ် နတ်ခန္ဓာကို ရခဲ့သောဘဝပေါင်းလည်း အနန္တ ရှိခဲ့ကြပြီ၊ ဗြဟ္မာဖြစ်ခဲ့သော ဘဝပေါင်းလည်းအနန္တ ရှိခဲ့ကြပြီ။

ထိုကုသိုလ် ထိုခန္ဓာတို့သည် ယခု အဏုမြူမျှမရှိ၊ အိပ်မက်မက်ဖို့မျှ ရှာကြံ၍မရပြီ၊ ယခုလည်း အပါယ်ဘေး တန်းလန်းအတိုင်းပင် ပင်ပန်း ခဲ့သမျှ အချည်းနှီးနှယ် ကြီးကျယ်လေစွ၊ ဤသို့လျှင် ဒုက္ခကိုမုန်းကြ ရိုးအမှန် ဖြစ်ပါလျက် ဒုက္ခအချက်ကိုကား မသိနိုင်ကြသည့်အတွက် ကြောင့် ပြုခဲ့သမျှသော ဒါနမှုအနန္တတို့သည်လည်း ဒုက္ခမီးစာဖြစ်၍ ကုန်ဆုံးခဲ့လေကုန်၏၊ သီလမှုအနန္တတို့သည်လည်း ဒုက္ခမီး စာဖြစ်၍ ကုန်ဆုံးခဲ့လေကုန်၏၊ ဘာဝနာမှုအနန္တတို့သည်လည်း ဒုက္ခမီးစာ ဖြစ်၍ ကုန်ဆုံးခဲ့လေကုန်၏၊ ဝီရိယမှုအနန္တ၊ သမာဓိမှုအနန္တ၊ ပညာမှု အနန္တ၊ အလိမ္မာမှုအနန္တတို့သည်လည်း ဒုက္ခမီးစာဖြစ်၍ ကုန်ဆုံးခဲ့လေကုန်၏၊ ယခု ဘဝ၌လည်း ဒုက္ခအချက်ကို မသိခဲ့လျှင် နေ့ရှိသမျှ နေ့နေ့ညည ပင်ပန်းရသော သင်္ခါရမှု ဒါနမှု သီလမှု ဘာဝနာမှုတို့သည် ဒုက္ခမီးစာ ဖို့သာဖြစ်ကုန်လတ္တံ့။ ဤကား ဒုက္ခအချက်ကို အမြွက်မျှပြ ဆိုသော အခန်းတည်း။

သုခ အစစ်

သုခအစစ် သုခအမှန်ဆိုသည်ကား ထိုဇရာမရဏဘေး ကျွတ် လွတ်မှု တစ်ခုတည်းသာ သုခအစစ် သုခအမှန်ဖြစ်သတည်း၊ ထင်ရှား စေဦးအံ့- လူ့ပြည်၌ စကြာမင်းအစစ်သည် အလွန်ဆုံးသော မနုဿသုခ ဖြစ်၏၊ ထိုသုခသည် သုခအစစ် သုခအမှန် မဟုတ်၊ အတွင်းမှာ ဇရာမီး အပြည့်ရှိ၏၊ မရဏမီး အပြည့်ရှိ၏၊ သက္ကာယဒိဋ္ဌိငရဲမီး အပြည့်ရှိ၏၊ ဝိစိကိစ္ဆာငရဲမီး အပြည့်ရှိ၏၊ ဇရာမီးဆိုသည်ကား အသက်တမ်း အထွေ ထွေဖြစ်မှုသည် ဇရာမီးအတတ်တည်း၊ လူ့ပြည်မှာ ဖြစ်ပေါ်သော လူ့ခန္ဓာကို ဆယ်နှစ်နှင့် ကျွမ်းအောင် လောင်သောအခါ ဆယ်နှစ်တမ်း ဖြစ်ရ၏၊ အနှစ် ၂၀-နှင့် ၃၀-နှင့် ၄၀-နှင့် ၅၀-နှင့် ကျွမ်းအောင် လောင်သောအခါ ၅၀-တမ်း ဖြစ်ရ၏၊ အနှစ်တစ်ရာနှင့် ကျွမ်းအောင် လောင်သောအခါ တစ်ရာတမ်း ဖြစ်ရ၏၊ အသင်္ချေတိုင်အောင် မြင်လေ၊ နတ်ပြည်ရှိ အသက်တမ်း-ဗြဟ္မာ့ပြည်ရှိ အသက်တမ်းတို့၌လည်း ဤနည်း အတိုင်း မြင်လေ။

စာတုမဟာရာဇ်မီးသည် နတ်နှစ်ငါးရာနှင့် ကျွမ်းအောင်လောင်၏၊ တာဝတိံသာမီးသည် နတ်နှစ်တစ်ထောင်နှင့် ကျွမ်းအောင်လောင်၏၊ စသည်ဖြင့်ဆိုလေ၊ ခန္ဓာမှာ အနှစ်နည်းပါး၍ အသားကျဲလေလေ မြန်မြန် ကျွမ်းအောင် လောင်လေလေမှတ်။

အနှစ်တစ်ရာတမ်းမှာ ပထမအရွယ် ဒုတိယအရွယ် တတိယ အရွယ်ရှိသည်တွင် တစ်ခုတစ်ခုသော အရွယ်ရုပ်မျိုးကို ၃၃-နှစ်နှင့် ကျွမ်းအောင်လောင်၏၊ မန္ဒဒသကစသော အရွယ်ရုပ်ဆယ်မျိုးတွင် တစ်မျိုးတစ်မျိုးကို ဆယ်နှစ် ဆယ်နှစ်နှင့် ကျွမ်းအောင်လောင်၏။

တစ်နှစ်တစ်နှစ်တွင် ဆောင်းရုပ်မျိုး နွေရုပ်မျိုး မိုးရုပ်မျိုး ဟူ၍ ၃-မျိုးရှိသည်တွင် တစ်မျိုးတစ်မျိုးကို လေးလ လေးလနှင့် ကျွမ်းအောင် လောင်၏၊ တန်ခူးရုပ်မျိုး ကဆုန်ရုပ်မျိုး စသည်ဖြင့် ၁၂-မျိုးရှိသည်တွင် တစ်မျိုးတစ်မျိုးကို အရက် ၃၀-နှင့် ကျွမ်းအောင်လောင်၏၊ တစ်ရက် တစ်ရက်ကို ၆-ယံနှင့် ကျွမ်းအောင်လောင်၏ စသည်ဖြင့် ထွက်သက် ဝင်သက် မျက်တောင်တစ်ခပ် တိုင်အောင် စိတ်လေ။

လောက၌ ခဏအမျိုးမျိုး ရှိနေသည်မှစ၍ မဟာကမ္ဘာကြီး အမျိုးမျိုး ရှိနေမှုသည် ဇရာမီးအချက်ချည်းမှတ်၊ မရဏမီးဆိုသည်မှာ ဇရာမီး၏ နောက်အစွန်းကို ဆိုသတည်း၊ ဇရာမီးသည်သာ၍ ကြောက် ဖွယ်ကောင်းစွ၊ ဤကား ဇရာမီး၏အချက် မျက်မြင်ဒိဋ္ဌစုတည်း၊ ဇရာဓာတ် ကို မြင်အောင်ကြည့် ဓာတ်ကို မမြင်လျှင် ပြဆိုခဲ့ပြီးသော အဖြတ်အပိုင်း တို့၌ အမှုသည်ကို ရှာ၍မတွေ့ဘဲ နေလိမ့်မည်၊ ဤကား ဇရာမီးအချက်ကို အမြွက်မျှပြဆိုခန်းတည်း။ မရဏမီးမှာ ပြဆိုခဲ့လှပြီ။ သက္ကာယဒိဋ္ဌိမီး ကိုလည်း ပြဆိုခဲ့ပြီ။

ဝိစိကိစ္ဆာမီးဆိုသည်ကား- အဝိဇ္ဇာနှင့် ဝိစိကိစ္ဆာမီးကား ရှေ့သွား နောက်လိုက်တည်း၊ ထိုဝိစိကိစ္ဆာသည် ဓမ္မအရာ၌ ဖြစ်သော ဝိစိကိစ္ဆာ၊ အတ္တအရာ၌ ဖြစ်သော ဝိစိကိစ္ဆာဟူ၍ နှစ်ပါးရှိ၏၊ ခန္ဓာဓမ္မ အာယတန ဓမ္မ ဓာတ်ဓမ္မတို့တွင် အစိတ်စိတ်သော ဓာတ်, အပေါင်းဖြစ်သော ဓာတ်တို့ကို မိမိကိုယ်မှာ ကြည့်ရှု သောအခါ စိတ်မှောင်ကျ၍နေသည်ကား အဝိဇ္ဇာတည်း၊ တစ်ခေါက်တစ်ခါမျှ မပေါက်ဖူး မရောက်ဖူးဘဲ သူပြော လူပြောလို့ မှတ်၍ ခရီးသွားသော ယောက်ျားသည် မသိမှုအပေါ်မှာ မျက်စိလည်မှု ပိုပြန်၍ မျက်နှာရှေးရှုသော အရပ်သည် အဟုတ်ဖြစ်ပါ လျက် ဟုတ်-မဟုတ် စိတ်နှစ်ခွ ရှိနေ၍ အသွားတွန့် လေသကဲ့သို့ စိတ်က မြေဓာတ်ကိုရှေးရှုမိပါလျက် အဝိဇ္ဇာမှောင်ကြောင့် မြေဓာတ်ဘဲဟု အသိ မဖြစ်၊ ဝိစိကိစ္ဆာကြောင့် ရှေးရှုမှု အနေပျက်၍ ဟုတ်-မဟုတ် နှစ်လမ်းနှင့် ဦးယမ်း လည်ယမ်း ပရမ်းပတာ နောက်၍ သွား၏၊ ထိုအခါ စိတ်ပျက်၍ ဆုတ်တတ်၏။

ဤကား ဝိစိကိစ္ဆာမှုတည်း။

အတ္တအရာ၌ ဖြစ်ပုံကား- ပဋိစ္စသမုပ္ပါဒ်အချက်ကို အကွက်ကျ ဉာဏ် မပေါက်ဖူးကြကုန်သော သတ္တဝါတို့တွင် မိစ္ဆာဒိဋ္ဌိတို့သည် သေ မည်ရှိလျှင် အတ္တကို တွယ်တာ၍ သည်ငါသေလျှင် ငါဖြစ်နိုင်ဦးမည် လောဟု စိတ်ပူပန်ကြကုန်၏၊ သမ္မာဒိဋ္ဌိလူမျိုးတို့သည် အတ္တကိုတွယ် တာ၍ ငါသေရတော့မည်လားဟု ပူပန်မှု, အပါယ်သို့ ကျရောက်မည် လောဟု ပူပန်မှု ရှိကြကုန်၏၊ ထိုပူပန်မှုတို့သည် အပါယ်သို့ တွန်းချမှု သက်သက်တို့ပေတည်း။

ဤသို့သော သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာမှုတို့သည် သေခါနီးတိုင် ရောက်လျှင် တောင်ကြီးဖိသကဲ့သို့ လာကြမြဲဓမ္မတာဖြစ်၍နေသော ကြောင့် သေလျှင် မိမိ ကိုယ်ကို ကျလိုရာကျ လွှတ်၍ချရသော ဝိနိပါတ ဒုက္ခအပြစ်ကြီးကို ထိုစကြာမင်း မကွင်းမရှောင်သာချေ၊ ဤကား စကြာ မင်းအဖြစ်ဟူသော မနုဿသုခ၌ ဇရာမီးလောင်ချက်, မရဏမီးလောင် ချက်, သက္ကာယဒိဋ္ဌိ ငရဲမီးလောင်ချက်, ဝိစိကိစ္ဆာငရဲမီးလောင်ချက်, ဝိနိပါတဒုက္ခမီးလောင်ချက်စုကို ပြဆိုသော အခန်းပေတည်း။

နတ်ခန္ဓာ နတ်ဘဝ၊ သိကြားခန္ဓာ သိကြားဘဝ၊ ဗြဟ္မာ့ခန္ဓာ ဗြဟ္မာ့ ဘဝတို့မှာလည်း ထိုက်သည်အားလျော်စွာ ထိုမီးတို့ကို မြင်လေ။

ထိုမီးတို့နှင့် နိစ္စအမြဲ ယှဉ်တွဲ၍နေခြင်းကြောင့် သေနေ့သို့ ဆိုက်သောအခါ တစ်ဘဝလုံး ခံစားစံစားခဲ့သမျှတို့သည် အရည်မရ အဖတ်မရ ကွယ်ပပျောက်ဆုံး၍ ကုန်ကုန်၏၊ သေကြသောအခါ ထို လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ့ခန္ဓာ ကွယ်ပ ပျောက်ဆုံးလေ၏၊ လက်ချည်းနှီး သို့ ဆိုက်ပြန်၏၊ သန်း ကြမ်းပိုး ခွေး ဝက် ကြက် တီ မျှော့ ကျွတ်စသည် တို့မှာ တည်ပြန်၏။

ကဿပ မြတ်စွာဘုရားသာသနာ၌ ဘိက္ခုနီရဟန်းဖြစ်၍ ပထမ စျာန်ကိုရ၍ ဗြဟ္မာ့ပြည်မှာဖြစ်လေ၍ ထိုမှသေသောအခါ လူ့ပြည်မှာ ဖြစ်၍ ထိုမှ ဝက်ဘဝသို့ ရောက်နေရာ ငါတို့မြတ်စွာဘုရား မြင်တော်မူ၍

ယထာ ပိ မူလေ အနုပဒ္ဒဝေ ဒဠှေ၊
ဆိန္နော ပိ ရုက္ခော ပုနရေဝ ရူဟတိ။
ဧဝံ ပိ တဏှာနုသယေ အနူဟတေ၊
နိဗ္ဗတ္တတီ ဒုက္ခ မိဒံ ပုနပ္ပုနံ။
ဟူ၍ ဟောတော်မူသည်။

ဝက်အဖြစ်သို့ ရောက်သောအခါ သာသနာထမ်း ရဟန်းဘဝက လာခဲ့သော ဝက်, ဗြဟ္မာ့ပြည်က လာခဲ့သော ဝက်ဟူ၍ မထူးပြီ။

ဤသို့လျှင် မရဏမီး ချုပ်အုပ်လောင်ကျွမ်းမှုနှင့် ယှဉ်သော သုခတို့သည် အစစ်မဟုတ်ကုန်၊ ဒုက္ခအစစ် ဒုက္ခအမှန်သာ ဖြစ်ကြကုန်၏၊ ထို့ကြောင့် ဇရာမရဏ ကျွတ်လွတ်မှုတစ်ခုသည်သာ ဧကန္တသုခ စင်စစ် သုခ ပရမတ္ထသုခ ဖြစ်သည်ဟု သိအပ်သတည်း၊ ယင်းသုခကို သတ္တ ကောသလ္လဌာနမှာ နိဿရဏ ခေါ်သတည်း။

ဒုက္ခသစ္စာစစ်တမ်း သုခသစ္စာစစ်တမ်း ပြီး၏။

---

လမ်းမတော် နှစ်မျိုး

ဒုက္ခသစ္စာသို့ သွားသောလမ်း သုခသစ္စာသို့ သွားသောလမ်း။ ယခု လောက၌ ခပ်သိမ်းသောသတ္တဝါတို့ ပုပုရွရွ နေ့နေ့ညည အား ထုတ်ကြသော အမှုတို့ကို ဝိဇ္ဇာမှုလော အဝိဇ္ဇာမှုလော စစ်၍ကြည့်။

ဝိဇ္ဇာမှုဆိုသည်ကား- ပြဆိုခဲ့ပြီးသော သတ္တကောသလ္လဌာနတို့၌ ဖြစ်ပွါး သော သမ္မာဒိဋ္ဌိမှုတည်း။ မြေဓာတ်ကို ပေါက်အောင်ကြည့်မှု၊ ရေဓာတ်ကို ပေါက်အောင်ကြည့်မှု၊ မီးဓာတ်ကို ပေါက်အောင်ကြည့်မှု၊ လေဓာတ်ကို ပေါက်အောင်ကြည့်မှု စသည်ကို ဝိဇ္ဇာမှုဆိုသည်။

အဝိဇ္ဇာမှုဆိုသည်ကား- အနမတဂ္ဂသံသရာ၌ မိမိ၏ အဇ္ဈတ္တ မြေဓာတ် ရေဓာတ် မီးဓာတ်စသည်တို့၌ အစဉ်ထာဝရ အမြဲကျ၍လာ ခဲ့သော စိတ်မှောင်ကြီးသည် ရှိ၏၊ ထိုမှောင်ကြီးအတိုင်းနှင့် ဘဝဆက် တိုင်း ပြုမြဲတိုင်းသော လူ့အမှု လူ့ကိစ္စ, ရှင့်အမှု ရှင့်ကိစ္စ, ဒါနမှု, သီလမှု, ဖြစ်တတ်ရာရာ ဘာဝနာမှု, ပရိယတ်မှု, ပဋိပတ်မှု, ဒုစ္စရိုက်မှု, သုစရိုက်မှု, ခံစားမှု, စံစားမှုစုသည် အဝိဇ္ဇာမှု ချည်းသာတည်း၊ အဝိဇ္ဇာမှုဟူသမျှသည် အဝိဇ္ဇာပစ္စယာ သင်္ခါရာ။ လ။ ဇာတိပစ္စယာ ဇရာမရဏံ-ဟူသော ဒေသနာတော်အတိုင်း ဇရာမရဏ ချုပ်အုပ်သော ဒုက္ခသစ္စာသို့ သွားသော အနမတဂ္ဂသံသရာ မဟာလမ်းမတော်ကြီး ဖြစ်သတည်း၊ ဤအဝိဇ္ဇာမှုမှာ အဝိဇ္ဇာကို အသစ်ထူထောင်ရတော့သည် မဟုတ်ပြီ၊ အနမတဂ္ဂ သံသရာက အပြီးအစီး ပါခဲ့ပြီးဖြစ်သတည်း။

ဝိဇ္ဇာမှုမှာမူကား ယခု သဗ္ဗညုသာသနာနှင့် တွေ့ကြုံသောအခါ၌ ထို အဝိဇ္ဇာကိုသတ်၍ ထိုအဝိဇ္ဇာနေရာမှာ ဝိဇ္ဇာဖြစ်အောင် ထူထောင် ရသော အလုပ်ပေတည်း၊ ထိုဝိဇ္ဇာမှုသည်ကား အဝိဇ္ဇာနိရောဓာ သင်္ခါရ နိရောဓော။ လ။ ဇာတိ နိရောဓာ ဇရာမရဏ နိရောဓော-ဟူသော ဒေသနာတော်အတိုင်း ဇရာ မရဏ ကျွတ်လွတ်ရာ သုခသစ္စာသို့သွား သော ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝက အနမတဂ္ဂသံသရာ၌ ကျွတ်လွတ်ကြသော နိဿရဏ လမ်းမတော်ကြီးတည်း။ ဤကား ဒုက္ခသစ္စာသို့ သွားသောလမ်းမတော်ကြီး၊ သုခသစ္စာသို့ သွားသော လမ်းမတော်ကြီးဟူ၍ စုန်လမ်းဆန်လမ်း နှစ်ပါးကို ခြားနား၍ ပြဆိုသော အခန်းတည်း။

ဝိဇ္ဇာလမ်းမှာ ခန္ဓာငါးပါးကို ပြဆိုခဲ့သည်ကား အလွန်များလွန်း ကျယ်လွန်း၏၊ မြေ ရေ မီး လေ စိတ် ဤဓာတ်ငါးလုံး ပေါက်လျှင်ပင် ပြီးတော့သည်။

ယခုအခါ ရောမနိုင်ငံ အပါအဝင်ဖြစ်သော တက္ကသိုလ်ဘုရင် ပက္ကုသာတိ မင်းကြီးသည် ဤဓာတ် ၅-လုံးနှင့် အာကာသဓာတ်၊ ဤဓာတ် ၆-လုံးကို မူတည်၍ ပေါက်လေ၏။

ဆ ဓာတုရော အယံ ဘိက္ခု ပုရိသော။
ဘိက္ခု=ရဟန်း၊ အယံ ပုရိသော=ဤသတ္တဝါစုသည်၊ ဆ ဓာတုရော= ဓာတ် ၆-လုံးရှိ၏။
(ဥပရိပဏ္ဏာသ-ပါဠိတော်။)

အာကာသဓာတ် ဆိုသည်မှာ ခံတွင်းပေါက်, နားပေါက်, လည် ချောင်းပေါက်စသော အပေါက်ကြီးစုကိုပင် ပြတော်မူသည်၊ ထို့ကြောင့် ဓာတ် ၅-လုံးကို မူတည်၍ ကောသလ္လဌာန ၇-ပါး အစဉ်အတိုင်း ထင်မြင်အောင် အားထုတ် နိုင်ကြမူ ယခုဘဝပင် ဝိဇ္ဇာမှု သုခသစ္စာလမ်း ပေါက်နိုင်ရာပါ၏၊ ဤကား ဒုက္ခ သစ္စာ, ဒုက္ခမဂ္ဂ, သုခသစ္စာ, သုခမဂ္ဂ သစ္စာလေးပါးဖြစ်၏ အောက်ကပြဆိုခဲ့ပြီးသော အစဉ်အတိုင်း သစ္စာ လေးပါးကိုပြဆိုမှ နေရာကျသိမြင် ထင်လင်းနိုင်မည်ဖြစ်၍ ပဋိစ္စသမုပ္ပါဒ် အနုလောမ ပဋိလောမ ဒေသနာတော်နည်းအရနှင့် သစ္စာလေးပါးကို ပြဆိုလိုက်သည်။

စတုသစ္စဒေသနာတော် နည်းအရနှင့် ပြဆိုမူကား- ဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာဒုက္ခသစ္စာမှာ အောက်ကပြ ဆိုခဲ့ပြီးသော ဒုက္ခအစစ် ဒုက္ခအမှန်စုပင်တည်း၊ သမုဒယသစ္စာမှာ တဏှာကိုယူ၊ နိရောဓသစ္စာမှာ ပြဆိုခဲ့ ပြီးသော သုခအစစ် သုခအမှန် ဧကန္တသုခ အတိုင်းပင်တည်း၊ မဂ္ဂသစ္စာမှာလည်း ဝိဇ္ဇာမှုအတိုင်းပင်တည်း၊ မဂ္ဂင်ရှစ်ပါး၏ အခြင်းအရာကိုကား စတုတ္ထ ကောသလ္လဌာန၌ ပြဆိုခဲ့ပြီ။ အဝိဇ္ဇာနှင့်တဏှာမှာ အဝိဇ္ဇာချုပ်လျှင်လည်း တဏှာချုပ်တော့သည်။ မထူးကြလှပြီ။

လုပ်ခွင့်လုပ်ရပ်နှင့် ပြဆိုရာ၌ကား ဝိဇ္ဇာ၏ အဖက်ဖြစ်သော အဝိဇ္ဇာကို သမုဒယသစ္စာပြု၍ပြဆိုမှ ကမ္မဋ္ဌာန်းလုပ်ရပ် အကွက်အချက် သိသာထင်ရှားသတည်း။

သစ္စာလေးပါးကို ပြဆိုခန်း ပြီး၏။

---

ဤတွင်ရွေ့ကား

ဘာသာတစ်ပါးတို့ မလှုပ်ချောက်ချား နိုင်စေခြင်းငှါသိအပ် နှလုံးသွင်းအပ်သော တရားများကို သိလိုပါသည် ဟူသော နဝမ လျှောက်ချက်ကို ဖြေဆိုခန်း ပြီး၏။

---

ဒုလ္လဘ ဩဝါဒတော်

---

၁။ မနုဿတ္တဒုလ္လဘ

လူ့အဖြစ်ကို ရခဲလှသည် ဆိုရာ၌- အပါယဒုက္ခမှ ကင်းလွတ်၍ မနုဿ သမ္ပတ္တိနှင့် ချမ်းသာစွာနေရသည့်အတွက်နှင့် ဆိုသလော၊ ကုသိုလ်အလုပ်မျိုး ဖြစ်ထွန်းရန် အခွင့်နှင့်ဆိုသလော၊ ချမ်းသာစွာနေရ သည့်အတွက်နှင့် ဆိုပါသည် ဟူငြားအံ့၊ လူ့ချမ်းသာမည်သည် နတ်ချမ်း သာကို ထောက်စာသော် ချမ်းသာဟူ၍ မဆိုစလောက်၊ ထို့ကြောင့် ချမ်းသာစွာနေရသည့် အတွက်နှင့် ဒုလ္လဘဆိုခဲ့သော် ဒေဝတ္တဒုလ္လဘ ဗြဟ္မတ္တဒုလ္လဘတို့ကို ရှေးဦးစွာဆိုရာ၏ မဆို၊ ထို့ကြောင့် ချမ်းသာ စွာ နေရသည့်အတွက်နှင့် ဆိုသည်မဟုတ်၊ ကုသိုလ်အလုပ်မျိုး ဖြစ်ထွန်းရန် အခွင့်နှင့်ဆိုသည်ဟု သိအပ်၏။

ထင်ရှားစေအံ့- ကုသိုလ်အလုပ်သည် မနုဿသမ္ပတ္တိ ဒေဝသမ္ပတ္တိ ဗြဟ္မာ့သမ္ပတ္တိ ပေါက်ရောက်အောင် လုပ်နည်း၊ ဗောဓိသုံးပါး ပေါက် ရောက်အောင် လုပ်နည်း ၂-လမ်းရှိ၏၊ ထို ၂-လမ်းတွင် မနုဿသမ္ပတ္တိကို လိုလျှင်လည်း လူ့ပြည်က လုပ်မှရသည်၊ နတ်ပြည် ၆-ထပ် ဒေဝသမ္ပတ္တိကို လိုလျှင်လည်း လူ့ပြည် ကလုပ်မှရသည်၊ ဗြာဟ္မာသမ္ပတ္တိကို လိုလျှင်လည်း လူ့ပြည်က လုပ်မှရသည် ဗောဓိသုံးပါးတွင် တစ်ပါးပါးကို လိုလျှင်လည်း လူ့ပြည်က လုပ်မှရသည်၊ မဟာဗောဓိ အလုပ်ကို လုပ်ကြံကြကုန်သော ယောက်ျားမြတ်ကြီးတို့သည် ယခု အန္တရကပ်တွင်းမှာပင် ဗြဟ္မာ့ပြည်သို့ အခေါက်များစွာ ရောက်ကြကုန်၏၊ ရောက်ကြကုန်သော်လည်း ဗြဟ္မာ့ချမ်းသာကို တာရှည်စွာခံစား၍ မနေကြကုန်၊ အဓိမုတ္တိ သေခြင်းဖြင့် မိမိကိုယ်ကို သေအောင်ပြု၍ လူ့ပြည်သို့သာ ဆင်းလာကြကုန်၏၊ လူ့ပြည်မှာ စကြာမင်းဖြစ်သော်လည်း အတော်အလျော်ခံစားမိလျှင် ထိုစည်းစိမ်ကို စွန့်၍ မဟာဗောဓိ ပါရမီအလုပ်ကိုသာ တွင်တွင် လုပ်ကြ ကုန်၏။

သဘောအချုပ်ကား ပညာရှိသောသူသည် လူ့ဘဝကို တစ်ခါရ လိုက်လျှင် လောကီသမ္ပတ္တိအရာမှာ မနုဿသမ္ပတ္တိပေါင်း အသောင်း အသိန်းထူထောင်မိ၏ ဒိဗ္ဗသမ္ပတ္တိပေါင်း အသောင်းအသိန်း ထူထောင် မိ၏ ကမ္ဘာများစွာ ချမ်းသာရှည်လျားသော ဗြဟ္မာ့သမ္ပတ္တိပေါင်းလည်း ထူထောင်မိ၏။

ချဲ့ဦးအံ့- မနုဿသမ္ပတ္တိတွင် စကြာမင်းအဖြစ်သည် အထွတ် အထိပ်တည်း၊ စကြာမင်းအဖြစ်ကိုရသောသူသည် ထိုစကြာမင်း စည်း စိမ်ကို အသက်ထက်ဆုံး သုံးဆောင်ခံစား၍နေခဲ့သော် ခံစံမှုနှင့် လူ့တစ် ဘဝပြီးလေ၏၊ သေရာတွင် စည်းစိမ်လည်း ကွယ်ပလေ၏၊ အတိဒုလ္လဘ ရခဲလှသော လူ့ဘဝကိုလည်း အချည်းနှီး ကုန်ဆုံးစေ၏၊ ဒုလ္လဘ အချက်ကိုသိ၍ ရရှိသောစည်းစိမ်ကို စွန့်နိုင်ပါလျှင် ထိုစကြာမင်း စည်းစိမ်လို စကြာမင်းစည်းစိမ်ပေါင်း စကြာမင်းဘဝပေါင်း တစ်သောင်း မက တစ်သိန်းမက ရနိုင်၏၊ ထိုစကြာမင်း စည်းစိမ်ထက် ကြီးကျယ် သော နတ်မင်းဘဝပေါင်း တစ်သောင်းမက တစ်သိန်းမက ရနိုင်၏၊ သိကြားမင်း စည်းစိမ်ပေါင်း တစ်သောင်းမက တစ်သိန်းမက ရနိုင်၏၊ နတ်မင်း သိကြားမင်း ချမ်းသာထက် အဆအသိန်းမက ချမ်းသာသော မဟာဗြဟ္မာဘဝကိုလည်း ရနိုင်၏၊ မဟာကမ္ဘာကြီး ရှစ်ကမ္ဘာ အသက် ရှည်သော အာဘဿရာ ဗြဟ္မာမင်း စည်းစိမ်ကိုလည်း ရနိုင်၏၊ ၆၄- ကမ္ဘာ အသက်ရှည်သော သုဘကိဏ်ဗြဟ္မာမင်း, မဟာကမ္ဘာ ငါးရာ အသက်ရှည်သော ဝေဟပ္ဖိုလ် ဗြဟ္မာမင်း, အထက်ဆုံးဘဝဂ်မှာ မဟာ ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင် အသက်ရှည်သော အရူပဗြဟ္မာ အဖြစ်ကိုလည်း ရနိုင်၏။

ဤကား လူ၏ဘဝ တစ်ကြိမ်ရလျှင် ရနိုင်သော လောကီစီးပွား လမ်းစုတည်း၊ ရရှိသောစကြာမင်း စည်းစိမ်ကို မစွန့်နိုင်လျှင် ထိုစည်းစိမ်ကို မလွှတ်နိုင် သည့်အတွက် စီးပွားလမ်းအကုန်ပျက်၏၊ ထို့ကြောင့် လူ့ဘဝကို ရသောသူ မည်သည် စကြာမင်း စည်းစိမ်ကိုသော်လည်း စွန့်လွှတ်နိုင် ရာ၏၊ လောကီစည်းစိမ်ကို ဘဝများစွာ ကမ္ဘာများစွာ ခံစံလိုသောသူသည် လောကီစည်းစိမ် အတွက်နှင့်ပင် ယခုဘဝရရှိသော စည်းစိမ်ချမ်းသာကို စွန့်လွှတ်နိုင်ရာ၏၊ မစွန့်လွှတ်နိုင်ခဲ့လျှင် ပြည်တန်သော ပတ္တမြားကို ထမင်း တစ်ထပ်စာနှင့် အဆုံးတိုင် ရောင်းစားသည်နှင့်တူ၏၊ လူ့ဘဝမည်သည် ဤမျှလောက် အဖိုးထိုက်တန်သော ဘဝပေတည်း၊ ဗောဓိ ၃-ပါးတွင် တစ်ပါးပါးကို ရလိုသောသူသည်မူကား သာ၍ စွန့်လွှတ်နိုင်ရာသတည်း၊ လူ့ဘဝမည်သည် အသိဉာဏ်ရှိသော သူတို့အား ခပ်သိမ်းသော လောကီ လောကုတ္တရာ ချမ်းသာသုခ လိုတိုင်းရနိုင်သော ဘဝပဒေသာပင်ကြီး ပေတည်း။

တသ္မာ ဟိ ပဏ္ဍိတော ပေါသော၊
သမ္ပဿံ အတ္ထ မတ္တနော။
ဘဝပ္ပဒေသကံ လဒ္ဓါ၊
စဇေယျ ကပဏံ သုခံ။

တသ္မာ ဟိ=ထို့ကြောင့်လျှင်၊ ပဏ္ဍိတော=ပညာရှိသော၊ ပေါသော= ယောက်ျားပြီသသူသည်၊ အတ္တနော=မိမိ၏၊ အတ္ထံ=ဖြစ်ထွန်းရာသော နောင်လာ အကျိုးစီးပွားကို၊ သမ္ပဿံ=ကောင်းစွာကြည်လင် အရှည်မြင် သည်ရှိသော်၊ ဘဝပ္ပဒေသကံ=ဘဝများစွာ ကမ္ဘာဘာဖို့ ချမ်းသာသုခ လုပ်တိုင်းရနိုင်သော ဘဝပဒေသာပင်ကြီးကို၊ လဒ္ဓါ=ရသောအခါ ဖြစ်၍၊ ကပဏံ သုခံ=မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်နှယ် အသက်နည်းပါး အနာများလျက် ခေါင်းပါးလူ့ဖြစ် ပူချစ် လောင်ဆာ ဗျာပါပွေရှုပ် စည်းစိမ် နုပ်ကလေးများကို၊ စဇေယျ=စွန့်လွှတ်နိုင်ရာ၏။

မနုဿတ္တ ဒုလ္လဘပြီး၏။

---

၂။ ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ

ဘုရားပွင့်ရာ သာသနာနှင့် ကြုံကြိုက်ခဲ့သည်ဟူရာ၌ အဘယ်တရား အတွက်နှင့် ဆိုပါသနည်း?၊ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာကို ရရာ ရကြောင်းဖြစ်သော ဒါနတရား သီလတရား ဘာဝနာတရားများ အတွက်နှင့်ဆိုပါသလော?၊ ဘုရားသာသနာအစစ်ဖြစ်သော ဗောဓိပက္ခိယတရား ၃၇-ပါး အတွက်နှင့် ဆိုပါသလော?၊ ဒါန သီလ ဘာဝနာ သာမညများသည် ကမ္ဘာ့တန်ဆာ ဓမ္မတာတရားစုဖြစ်သည်၊ ဘုရား မပွင့်သော သုညကမ္ဘာတို့မှာလည်း လူနတ်ဗြဟ္မာ ကမ္ဘာနှင့်အပြည့် ရှိကြ သည်ပင်၊ ဘုရားမပွင့်ရာ စကြဝဠာအနန္တတို့မှာလည်း လူ နတ် ဗြဟ္မာ စကြဝဠာနှင့် အပြည့်အပြည့် ရှိကြသည်ပင်၊ ထိုလူ နတ် ဗြဟ္မာ တို့သည်လည်း အလေ့ပေါက် မဟုတ်ကြ၊ ဒါန သီလ ဘာဝနာနှင့် ဖြစ်ကြ ရသည်၊ ထို့ကြောင့် ဗောဓိပက္ခိယတရား ၃၇-ပါးဟူသော ဘုရားသာသနာ အစစ်အတွက်နှင့် ဆိုပေသည်ဟု သိအပ်သည်၊ အချို့ လူတို့ကား အထုံ ဝါသနာ ပါရမီဗီဇ ဖြစ်ကြရသည်ကိုပင် အားရအံ့ချီး အကျိုးကြီးပြုလုပ်၍ ပြောဟောကြကုန်၏၊ ဗောဓိပက္ခိယအနှစ်အမြစ်မပါ အကာအပွေးမျှသာ ဖြစ်သော အထုံဝါသနာ ပါရမီဗီဇ သာမညများသည် သာသနာပသို့ ရောက်သောအခါ မိစ္ဆာဒိဋ္ဌိ တစ်ချက်လောက်ငြိလျှင်ပင် လွင့်စင် ပြယ် ပျောက်၍ ဝဋ္ဋာနုသာရီ မဟာပုထုဇန်အနေနှင့် သံသရာ့တစ္ဆေ သံသရာ့ မြေဘုတ် မြုတ်မြဲမျောမြဲ တလဲလဲသာ ဖြစ်ရာသည်။

တသ္မာ ဟိ ပဏ္ဍိတော ပေါသော၊ သမ္ပဿံ အတ္ထ မတ္တနော၊ သာသနံ အနုယုေဉ္ဇယျ၊ ဒိဋ္ဌာ ဗောဓိ ပဒေသကံ။

တသ္မာ ဟိ=ထို့ကြောင့်လျှင်၊ ပဏ္ဍိတော=ပညာရှိသော၊ ပေါသော=ယောက်ျားပြီသသူသည်၊ အတ္တနော=မိမိ၏၊ အတ္ထံ=နောင်အလောင်း အလျာ ပါရမီညာဉ် အစဉ်ခြေမြစ် အနှစ်ရဲရဲ အကယ်မြဲ၍ သွားရန် အကျိုးကို၊ သမ္ပဿံ= ကောင်းစွာမြော်မြင်လျက်၊ ဗောဓိပဒေ သကံ=သုံးဖြာ ဗောဓိ ဝိဝဋ္ဋဓမ္မ လိုတိုင်းရသော ဗောဓိပဒေသာပင်ကြီးကို၊ ဒိဋ္ဌာ= တွေ့ကြုံရ၍၊ သာသနံ=သဗ္ဗညုမြတ်စွာ သာသနာအနှစ် အစစ်ဧကန် တကယ်မှန်သော သတိပဋ္ဌာန် ၄-ပါး, သမ္မပ္ပဓာန် ၄-ပါး, ဣဒ္ဓိပါဒ် ၄- ပါး, ဣန္ဒြေ ၅-ပါး, ဗိုလ် ၅-ပါး, ဗောဇ္ဈင် ၇-ပါး, မဂ္ဂင် ၈--ပါး ဟူသော ဗောဓိပက္ခိယတရားများကို၊ အနုယုေဉ္ဇယျ၊ အားထုတ်ရာသတည်း။

ဗုဒ္ဓုပ္ပါဒဒုလ္လဘ ပြီး၏၊

---

၃။ ပဗ္ဗဇိတ ဒုလ္လဘ

ပဗ္ဗဇိတသည် ပညာပဗ္ဗဇိတ သဒ္ဓါပဗ္ဗဇိတ ဘယာပဗ္ဗဇိတ။။ ရှေ့ နှစ်ပါးကား ပါရမီရှိမှ ဖြစ်သည်၊ ဘယာပဗ္ဗဇိတဆိုသည်ကား မင်းဘေး သင့်၍ အနာဘေး သင့်၍ ရန်သူဘေးသင့်၍ လူမှုကျပ်လှ၍ လူရေ မလယ်လှ၍ ရဟန်းဖက်၌ အသက်မွေးဝမ်းကျောင်း လွယ်လှ၍ ပြုကြ သောရဟန်းစုကား ဘယာပဗ္ဗဇိတ ချည်းတည်း၊ သဗ္ဗညုသာသနာမည် သည် ပညာအလုပ်တည်း၊ လူဖြစ်စေ ရဟန်းဖြစ်စေ ပညာရှိရာမှာ သာသနာနေသည်၊ ခြသေ့င်္ဆီသည် သိင်္ဂိရွှေခွက်မှာသာနေသကဲ့သို့ တည်း။

ထင်ရှားစေဦးအံ့--သဗ္ဗညုဘုရား သာသနာမည်သည် နတ်ပွဲ ဗြဟ္မာပွဲသာ တည်း၊ လူသည် နတ် ဗြဟ္မာ တစ်ကုဋေမှာ တစ်ယောက် ကျမျှရှိမည်မဟုတ်၊ ရဟန်းသည်လည်း လူတစ်သောင်းမှာ တစ်ယောက် ကျမျှရှိမည်မဟုတ်၊ သာဝတ္ထိ ပြည်မှာ လူအရိယာပေါင်း ကုဋေများစွာ လာသည်၊ သာဝတ္ထိပြည်သား အကျွတ်ရသော ရဟန်းတစ်သိန်းမျှ ထွက်မည်မဟုတ်၊ ထို့ကြောင့် ဘုရားသာသနာ၌ ပညာပဗ္ဗဇိတ သဒ္ဓါ ပဗ္ဗဇိတများကိုရည်၍ ပဗ္ဗဇိတဒုလ္လဘ ဆိုသည်ဟုမှတ်၊ ပညာပဗ္ဗဇိတ မျိုးကား အသိကိုမဲသည်၊ သဒ္ဓါပဗ္ဗဇိတမျိုးကား အကျင့်ကို မဲသည် ဘယာပဗ္ဗဇိတမျိုးကား ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်းလေးပါး ပရိက္ခရာမှုကို ဂရုစိုက်၍မဲသည်။

ပညာပဗ္ဗဇိတော ပညံ၊ သဒ္ဓံ သဒ္ဓါ ပရိဗ္ဗဇော။
ဘယာပဗ္ဗဇိတော လာဘံ၊ အနုယုဉ္ဇန္တိ သာသနေ။

သာသနေ=သာသနာတော်၌၊ ပညာ ပဗ္ဗဇိတော=ပညာပဗ္ဗဇိတ ရဟန်းမျိုးသည်၊ ပညံ=တတ်မှု သိမှုကို၊ သဒ္ဓါ ပရိဗ္ဗဇော=သဒ္ဓါပဗ္ဗဇိတ သည်၊ သဒ္ဓံ=ဓုတင်စသော သဒ္ဓါမှုကို၊ ဘယာပဗ္ဗဇိတော=ဘယာပဗ္ဗဇိတ ရဟန်းမျိုးသည်၊ လာဘံ=ပစ္စည်းလာဘ် လာဘမှုကို၊ အနုယုဉ္ဇန္တိ=မဲကြ ကုန်၏။

[မြင်လျှင်သိဖို့ ပဗ္ဗဇိတ လက္ခဏာသုံးပါး]

ပညာပဗ္ဗဇိတော ပညံ၊ သဒ္ဓံ သဒ္ဓါ ပရိဗ္ဗဇော။
လောဘာပဗ္ဗဇိတော လောဘံ၊ မောဟံ မောဟာပရိဗ္ဗဇော။ ။

ပညာပဗ္ဗဇိတော=ပညာပဗ္ဗဇိတသည်၊ ပညံ=တတ်မှုသိမှုကို၊ သဒ္ဓါပရိဗ္ဗဇော=သဒ္ဓါပဗ္ဗဇိတသည်၊ သဒ္ဓံ=ဓုတင်စသော သဒ္ဓါမှုကို၊ လောဘာပဗ္ဗဇိတော=အစားကောင်း အဝတ်ကောင်း အိပ်ရာနေရာ ကောင်း အရိပ်အဝါသကောင်းနှင့် နေရသည်ကို သာယာသော လောဘ ဖြင့် ရဟန်းပြုသောသူသည်၊ လောဘံ=အကောင်းအမွန် အတင့်အတယ် အဖွယ်အရာ သာယာမှုကို၊ မောဟာပရိဗ္ဗဇော=သာသနဓမ္မ ခက်ခဲလှပုံကို မသိဘဲ စွပ်မိရာဖြစ်၍နေသော ရဟန်းသည်၊ မောဟံ=အမေ့တလျော့ အမှတ်တမဲ့နှင့် နေ့ကုန်မှုကို၊ အနုယုဉ္ဇန္တိ=မြဲကြကုန်၏။

[မြင်လျှင်သိဖို့ ပဗ္ဗဇိတ လက္ခဏာလေးပါး။]

ပဗ္ဗဇိတဒုလ္လဘ ပြီး၏။

---

၄။ သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ

၁။ ပသာဒသဒ္ဓါ၊

၃။ အာဂမသဒ္ဓါ၊

၂။ ဩကပ္ပနသဒ္ဓါ၊

၄။ အဓိဂမသဒ္ဓါ။။

၁။ ကြည်ညိုထိုက်သောဂုဏ်ကို ကြားရ မြင်ရလျှင် ကြည်ညို တတ်သော သဒ္ဓါသည် ပသာဒသဒ္ဓါတည်း၊ ဉာဏဝိပ္ပယုတ် သဒ္ဓါမျိုးဖြစ်၍ သဒ္ဓါခိုင် မဟုတ်။

၂။ ဣတိ ပိ သော, သွာက္ခာတော, သုပ္ပဋိပန္နော ဂုဏ်များကို မြင်၍ ကြည်ညိုသောသဒ္ဓါသည် ဩကပ္ပန သဒ္ဓါမည်၏၊ ဉာဏသမ္ပယုတ် သဒ္ဓါမျိုးဖြစ်၍ ယခု တစ်ဘဝမျှတွင် ခိုင်၏၊ သေလျှင် ပျောက်၏။

၃။ နိယတဗျာဒိတ်ကိုရပြီးသော အလောင်းအလျာတို့၏ ဒါန သီလမှုတို့၌ ဖြစ်လေရာရာ အစဉ်ပါ၍နေသော သဒ္ဓါသည် အာဂမသဒ္ဓါ မည်၏။

၄။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုရ၍ မိမိအဇ္ဈတ္တသန္တာန်၌ နိဗ္ဗာန်ကို မြင်ပြီးသော အရိယာတို့၏သဒ္ဓါသည် အဓိဂမ သဒ္ဓါမည်၏။

ဤလေးပါးတွင်

  • ပသာဒ သဒ္ဓါသမ္ပတ္တိမျှသည်ပင် အလွန်ရခဲ၏၊ ဗုဒ္ဓဘာသာ ထွန်းကားရာ နိုင်ငံမှာနေကြသူ လူမျိုးအများရှိကြ၏၊ ပသာဒသဒ္ဓါမျှပင် မဖြစ်လိုကြ။
  • ဩကပ္ပန သဒ္ဓါနှင့် ပြည့်စုံသောသူသည် မြတ်စွာဘုရား တပည့်သား အနွယ်အဆက်မှန်လျှင် အလဇ္ဇီ ဒုဿီလ တို့၌ပင် အနွယ်နှင့်စပ်၍ လေးမြတ်ရိုသေနိုင်၏။
  • အာဂမသဒ္ဓါနှင့် ပြည့်စုံသောသူသည် ဒါန သီလမှုနှင့်ကင်း ၍ မနေနိုင်ပြီ။
  • အဓိဂမသဒ္ဓါနှင့် ပြည့်စုံသော သူသည် နိဗ္ဗာန်ရသည့် ဘဝ တိုင်အောင် သရဏဂုံသုံးပါး နိစ္စသီလငါးပါး သုစရိုက် ဆယ်ပါး ဗောဓိပက္ခိယတရား ၃၇-ပါး သိက္ခာသုံးပါး အစဉ် မြဲ၍သွား၏။

ဤစကားရပ်မှာ မိမိ၏ အဇ္ဈတ္တသန္တာန်၌ နိဗ္ဗာန်ကို မြင်ကြပုံကားဝက်ရူးနာ ရှိသောသူသည် နှလုံးကို လှုံ့ဆော်နိုင်သော ဆိုင်းသံ ဝိုင်းသံ ပွဲကြီး လမ်းကြီးနှင့် တွေ့ကြုံသောအခါ ဝက်ရူးနာပေါ်၏၊ နောက်အခါ ဆေးကောင်း ဝါးကောင်း သမားကောင်းနှင့်တွေ့၍ အမြစ်အရင်းနှင့်တကွ ကင်းရှင်းပျောက်ငြိမ်းလေ၏၊ ပွဲကြီးလမ်းကြီးနှင့် တွေ့သော်လည်း ကိစ္စမရှိပြီ၊ ထိုအခါ ပွဲကြီးလမ်းကြီးနှင့် တွေ့တိုင်း မိမိကိုယ်ကို အမှတ်ရ၏၊ ငါသည် ရှေးအခါ၌ ဤကဲ့သို့သော ပွဲကြီးလမ်းကြီးနှင့် တွေ့ခဲ့လျှင် နှလုံးမှာ ဘယ်လိုဖြစ်၍ လာသည်၊ ထိုနောက် လူမှန်းမသိဖြစ်၍ သွားသည် အမှတ်ရ၏၊ ယခုမူကား လွတ်ငြိမ်းပေပြီဟု အလွန်ဝမ်းမြောက်၏၊ ထိုပွဲကြီးလမ်းကြီး အလယ်မှာ ဝက်ရူးပေါ်၍ နေရှာကြသော သူတစ်ပါး တို့ကို မြင်ရပြန်လျှင်လည်း ငါသည်လည်း ရှေးအခါ သည်လို ဖြစ်လှပြီ၊ ယခု လွတ်ငြိမ်းပေပြီဟု ဝမ်းမြောက်ပြန်၏၊ သူတစ်ပါးတို့ တစ်ဆင့်ပြောကို ကြားသိရပြန်လျှင်လည်း ထို့အတူ ဝက်ရူးနာ၏ အဖြစ်သနစ်ကို ပြောဆို သံကြားရလျှင်လည်း ထို့နည်းအတူ။

ဤအတူ လောက၌ ရာဂဖြစ်ပွားဖို့ အခွင့်စု ဒေါသဖြစ်ပွားဖို့ အခွင့်စု မာနဖြစ်ပွားဖို့ အခွင့်စု မောဟ ဥဒ္ဓစ္စဖြစ်ပွားဖို့ အခွင့်စုသည် အပြည့်ရှိ၏၊ ထိုအခွင့်စုမှာ ရှေးအခါ ရာဂစသည် ဖြစ်ပွားခဲ့လှပြီ၊ အရိယာ ဖြစ်ပြီးသော အခါ ထိုအခွင့်စုနှင့် တွေ့ကြုံသော်လည်း ဖြစ်နေကျရာဂ မဖြစ်လာပြီ၊ ဖြစ်နေကျဒေါသ မဖြစ်လာပြီ၊ ထိုအခါ ဤသို့သိ၏ ဤအခွင့် မှာ ရှေးအခါ ရာဂဖြစ်ခဲ့လှပြီ၊ ယခုဖြစ်မှု ငြိမ်းပေပြီဟု သိ၏၊ ဒေါသဖြစ်ခွင့် စသည် တို့မှာလည်း ဤနည်း မြင်လေ။

သူတစ်ပါးတို့မှာ ဖြစ်၍ နေကြသည်ကို မြင်သောအခါ၌လည်း ကောင်း, ကြားရသော အခါ၌လည်းကောင်း ထို့အတူ ငါ့မှာ အဖြစ်ငြိမ်း ပေပြီဟု သိ၏၊ ထိုသို့သော ရာဂမှ ဒေါသမှ ကျွတ်ပေပြီ လွတ်ပေပြီဟု သိ၍ ဝမ်းမြောက်၏၊ ဝက်ရူးနာရှိ၍နေသော သူတစ်ယောက်သည် ဝက်ရူးနာပေါ်၍နေသော သူ တစ်ယောက်ကို မြင်ရလျှင် ကြားရလျှင် ငါလည်း သည်သူလို ဖြစ်ရအံ့၊ ယနေ့ လား နက်ဖြန်လားဟု နှလုံးနောက် ကျုခြင်း ဖြစ်လာ၏၊ ထိုအတူ ပညာရှိသော သတိသံဝေဂနှင့်ယှဉ်သော ပုထုဇန်သည် ရာဂအတွက်နှင့် အရှက်တကွဲ အကျိုးနဲ ၍ နေသောသူကို မြင်လျှင် ကြားလျှင် ထိုရာဂသည် ငါ၌လည်း ရှိချေ၏၊ ငါလည်း ထိုသူကဲ့သို့ ဖြစ်မှုမှ မကျွတ်သေး၊ မလွတ်သေး၊ မငြိမ်းသေး၊ ယနေ့လား နက်ဖြန် လားဟု နှလုံးထိတ်လန့်ခြင်းဖြစ်၏၊ အရိယာဖြစ်ပြီးသူ ထိုအမှုကို ကြားလျှင် ငါ၌ ထိုရာဂ မရှိပြီ၊ ထိုသူကဲ့သို့ ဖြစ်မှုမှ ကျွတ်ပေပြီ၊ လွတ်ပေပြီ၊ ငြိမ်းပေပြီဟု မိမိအဇ္ဈတ္တကို အာရုံပြု၍ ဝမ်းမြောက်ခြင်းဖြစ်၏၊ ဤကား အဇ္ဈတ္တသန္တာန်၌ ဖြစ်ခဲ့ဘူးသောအတိတ် ကိလေသာကို အာရုံပြုမှုတစ် ချက်, ထိုကိလေသာတို့၏ အဇ္ဈတ္တသန္တာန်၌ ငြိမ်းမှုကို အာရုံပြုမှုတစ်ချက်

သုသုခံ ဝတ ဇီဝါမ၊ အာတုရေသု အနာတုရာ။
အာတုရေသု မနုေဿသု၊ ဝိဟရာမ အနာတုရာ။
(ဓမ္မပဒပါဠိတော် -၄၃)

ကိလေသာ ကျင်နာမှု မငြိမ်းသူတို့ကို မြင်၍ မိမိအဇ္ဈတ္တသန္တာန်၌ ကိလေသာ ကျင်နာမှု ငြိမ်းသည်ကို ဝမ်းမြောက်သော ဂါထာဒေသနာ တည်း၊ လောက၌ မိမိသန္တာန်မှာ ရှိနေသော မြေ ရေ လေ မီး စသော ဓာတ်အစုတို့ကို မမြင်မှု အဝိဇ္ဇာကြောင့် ငါဟူ၍ စွဲလမ်းခြင်းနှင့်တကွ ဇရာမရဏမီး၏ အစီးအပွားတို့ကို စိတ်ရောကိုယ်ပါ ပူမှန်းမသိ အေးမှန်း မသိ ကူလီအလုပ် ကုန်သည်အလုပ် မင်းစိုးရာဇာအလုပ်တို့ကို အားထုတ် လုပ်ဆောင်၍နေကြသော ပုပုရွရွ တို့ကိုမြင်ကြသောအခါ ဤကဲ့သို့သော ဗာလုဿုက သင်္ခါရမှ ကျွတ်ရပေပြီ လွတ်ရပေပြီ ငြိမ်းရပေပြီဟု ဝမ်း မြောက်၏၊ ပုထုဇန်ချင်းချင်း မြင်ရလျှင် အားကျ၏။

ဗာလုဿုက သင်္ခါရဟူရာ၌ ----

ဗာလာနံ ဥဿုကောတိ ဗာလုဿုကော။

ဗာလာနံ=အဝိဇ္ဇာ မှောင်ဓာတ် အကျပ်အတည်း ဖုံးပိတ်၍ နေကြကုန်သော အန္ဓပုထုဇန်တို့၏၊ ဥဿုကော=ကြောင့်ကြစိုက်မှုတည်း၊ ဣတိ=ဤသို့သော အကြောင်းကြောင့်၊ ဗာလုဿုကော=ဗာလုဿုက မည်၏။

အဝိဇ္ဇာ သင်္ခါရ နှစ်ပါးတွင် သင်္ခါရကို ဆိုသတည်း၊ တဏှာ ဥပါဒါန် ဘဝသုံးပါးတွင် ကမ္မဘဝမှုကို ဗာလုဿုက ဆိုသည်၊ ထိုသို့သော ဗာလုဿုကမှုတို့ကို စိတ်ရောကိုယ်ပါ ရယ်ကာပြုံးကာ လုပ်ဆောင်၍ နေကြသော အန္ဓပုထုဇန် မြို့ကြီး ရွာကြီး စျေးကြီး နာကြီး ဆိပ်ကြီး ကမ်းကြီး လမ်းကြီး စခန်းကြီးစသည်တို့၌ ဆူဆူညံညံ လုလုယက်ယက် ပြောဆို ပြုလုပ်၍နေကြသော အန္ဓပုထုဇန်တို့ကို မြင်သောအခါ ကြား သောအခါတို့၌ မိမိသန္တာန်မှာ အဝိဇ္ဇာချုပ်ငြိမ်းမှု တဏှာချုပ်ငြိမ်းမှု ဗာလုဿုက သင်္ခါရချုပ်ငြိမ်းမှုကို မြင်၍ ငါသည် ဤသို့သော ဗာလုဿုက ဒုက္ခမှလွတ်ပေပြီဟု ဝမ်းမြောက်၏၊ ပုထုဇန်ချင်းချင်း မြင်ကြ ကြားကြလျှင် အားကျ၏။

သုသုခံ ဝတ ဇီဝါမ၊ ဥဿုကေသု အနုဿုကာ။
ဥဿုကေသု မနုေဿသု၊ ဝိဟရာမ အနုဿုကာ။
(ဓမ္မပဒပါဠိတော် -၄၃)

ဗာလုဿုက သင်္ခါရမှု နှိပ်စက်၍ နေကြသော အန္ဓပုထုဇန်တို့ကို မြင်၍ မိမိအဇ္ဈတ္တသန္တာန်၌ အဝိဇ္ဇာချုပ်ငြိမ်းမှု တဏှာချုပ်ငြိမ်းမှုကို မြင်၍ ဝမ်းမြောက် သော ဂါထာဒေသနာ၊ လူဖြစ်လျက် မျက်စိကန်း နားကန်း အရူး အသွပ် စသည်ကို မြင်သောအခါ၌လည်းကောင်း, အပါယ်လေး ဘုံ၌ ဆင်းရဲဒုက္ခခံနေရသော သတ္တဝါတို့ကို မြင်ရသောအခါ၌လည်း ကောင်း သတိသံဝေဂ ရှိကြသောပုထုဇန် ပညာရှိတို့မှာ ငါ၌လည်း ဤကိလေသာမျိုး ဤကံမျိုး ဤဝိပါက်မျိုး တန်းလန်း ရှိချေသေးသည်၊ ယနေ့လား နက်ဖြန်လား ငါ့လမ်း ငါ့စခန်းစုပင် ဖြစ်ချေသည်ဟု နှလုံး ထိတ်လန့်ခြင်း ဖြစ်၏၊ အရိယာတို့မှာ ငါလွတ်ပေပြီ၊ ငါငြိမ်းပေပြီဟု မိမိ အဇ္ဈတ္တသန္တာန်၌ ထိုဝိပါကဒုက္ခ၏ ငြိမ်းမှုကို ရှုမြင်၍ ဝမ်းမြောက်ခြင်း ဖြစ်၏၊ ဂိဇ္ဈကုဋ်တောင်မှာ ပြိတ္တာတွေကို မြင်ရ၍ အရှင်မောဂ္ဂလာန် ဝမ်းမြောက်မှုကဲ့သို့တည်း၊ ဤကား မိမိအဇ္ဈတ္တသန္တာန်၌ အနာဂတ်ဖြစ် သော ယုတ်ညံ့လှစွာသော ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ တို့၏ ချမ်းငြိမ်းမှုကို ရှုမြင်၍ ဝမ်းမြောက်ပုံတည်း။

ဗုဒ္ဓုပ္ပါဒအခါမည်သည် ဇရာမရဏမီး သက္ကာယဒိဋ္ဌိမီး အစရှိသော အနမတဂ္ဂ ဝဋ္ဋဒုက္ခမီးတို့၏ ငြိမ်းမှုတစ်ခုကိုသာ မဲရမည့်အခါတည်း၊ လူဖြစ် သော သူသည်လည်း လူ့အမှု လူ့စည်းစိမ်ကို စွန့်လွှတ်၍ အဝိဇ္ဇာဓာတ်ကို သတ်မှု တစ်ခုသာ အလုပ်ထားရမည့်အခါ ဖြစ်သည်၊ လူ့စည်းစိမ်မည် သည် အနမတဂ္ဂ သံသရာ ဓမ္မတာတည်း၊ ယခုဘဝမှ တွေ့ရသည် မဟုတ်၊ သေဋ္ဌေးဖြစ်သူလည်း သေဋ္ဌေးစည်းစိမ်ကို ပြန်၍ကြည့်ရသောအခါ မဟုတ်၊ မင်းဖြစ်သူလည်း နတ်ဖြစ်သူလည်း သိကြားဖြစ်သူလည်း ဗြဟ္မာ ဖြစ်သူလည်း ဗြဟ္မာ့စည်းစိမ်ကို အမှုစိုက်၍နေရသည့်အခါ မဟုတ်၊ မင်းစည်းစိမ်၊ နတ်စည်းစိမ်၊ သိကြားစည်းစိမ်၊ ဗြဟ္မာ့စည်းစိမ်စုကား သံသရာ့ဓမ္မတာ ကိလေသာအစီးအပွား ဇရာမရဏ အစီးအပွားစုသာ တည်း၊ ယခုမှ တွေ့ဖူးရသည်မဟုတ်၊ မိမိနှလုံးထဲမှာ ရဲရဲတောက်ပါရှိ၍ နေသော သက္ကာယဒိဋ္ဌိ အဝီစိငရဲမီးကို သတ်မှုတစ်ခုကိုသာ လုပ်ရမည့် အခါတည်း၊ အခါလွန်၍ သွားလျှင် လုပ်ခွင့်မရှိပြီ။

ထိုသို့ဖြစ်ပါလျက် ရခဲလှစွာ ကြုံကြိုက်ခဲလှစွာသော ဗုဒ္ဓုပ္ပါဒခဏ နှစ် အဖိုးတန် လအဖိုးတန် ရက်အဖိုးတန် နာရီအဖိုးတန် ခဏအဖိုးတန် တွေကို အလွန်ခံ၍ အကုန်ခံ၍ တဏှာဥပါဒါန် ဆွဲငင်ရာပါ၍ လိုက်စား၍ သေဋ္ဌေး စည်းစိမ် မင်းစည်းစိမ် နတ်စည်းစိမ် သိကြားစည်းစိမ် ဗြဟ္မာ့ စည်းစိမ်များနှင့် နေ့ကုန် ရက်ကုန် လကုန် နှစ်ကုန်၍နေကြသော သူတို့ကို မြင်သောအခါ ပညာရှိပုထုဇန်မှာ ငါ၌လည်း ဤတဏှာ ဤဥပါဒါန် ထင်လင်းရှိချေသေးသည်ဟု နှလုံးထိတ်လန့်ခြင်း ဖြစ်၏၊ အရိယာတို့မှာ ဤကဲ့သို့အခါမသိ အခွင့်မသိ မိမိနှလုံးထဲမှာ ရဲရဲ တောက်၍နေသော ငရဲမီးထုပ်ကြီးကိုလည်း မသိသော တဏှာ ဥပါဒါန်မျိုးသည် ငါ၌ လွတ် ကင်းပေပြီဟု ဝမ်းမြောက်၏၊ ဤကား မိမိ၏ အဇ္ဈတ္တသန္တာန်၌ တဏှာ ဥပါဒါန်တို့၏ ချုပ်ငြိမ်းမှုကို ရှုမြင်၍ ဝမ်းမြောက်ပုံတည်း။။ဘဝမှာ သင်္ခါရနှင့် တူပြီ။ ဇာတိမှာ ဝိညာဏ်နှင့် တူပြီ။။ ဤတွင်ရွေ့ကား မိမိ၏ အဇ္ဈတ္တသန္တာန်၌ နိဗ္ဗာန်ကို မြင်ပြီးသော အရိယာတို့၏ ဟူသော စကား၌ မိမိ၏အဇ္ဈတ္တသန္တာန်တွင် နိဗ္ဗာန်ကို မြင်ပုံကို ပြဆိုလိုက်သော အခန်းတည်း။

သဒ္ဓါသမ္ပတ္တိဒုလ္လဘ ပြီး၏။

---

၅။ သဒ္ဓမ္မသဝန အတိဒုလ္လဘ

သဒ္ဓမ္မဆိုသည်ကား သာသနာကို ဆိုသတည်း၊ ထိုသာသနာ သည် အဓိသီလသိက္ခာ သာသနာ၊ အဓိစိတ္တသိက္ခာ သာသနာ၊ အဓိပညာ သိက္ခာ သာသနာဟူ၍ သုံးပါးရှိ၏၊ အောက်၌ပြခဲ့သော သိက္ခာသုံးပါး ပင်တည်း၊ ပရိယတ္တိ သာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ ဟူ၍လည်း အဋ္ဌကထာများမှာလာ၏၊ အနမတဂ္ဂသံသရာ၌ ငါ၏ နား နှစ်ဖက်မှာ လူ၌ဖြစ်သော အသံမျိုး စကားမျိုး, နတ်၌ဖြစ်သော အသံမျိုး စကားမျိုး, ဗြဟ္မာ၌ဖြစ်သော အသံမျိုး စကားမျိုး, ကြားမှု နာမှု သံသရာနှင့် တစ်ခု စဲသည်ဟူ၍ မရှိပြီ၊ ထိုကြားမှု နာမှုတို့သည် ကိလေသာမီး ပွားများဖို့ တဏှာမီးပွားများဖို့ ဒေါသမီး မောဟမီး ပွားများဖို့ သက္ကာယဒိဋ္ဌိမီး ပွား များဖို့ ဇရာမရဏမီး ပွားဘို့ချည်း ဖြစ်ချေ၏။

ထိုမီးစု လွတ်ငြိမ်းရန် အသံမျိုးသည် ငါ၏နားမှာ သီလာဖူးသည် မရှိ၊ ယခုဘဝ ကြုံကြိုက်၍နေခဲ့ပြီ၊ ငါ၏နားကို သံသရာမီးငြိမ်းရန် အသံစုမှ ယခုဘဝ အသုံးချတော့မည်ဟု သတိရှိသင့်လှသည်-- မောင်သော်။

သဒ္ဓမ္မသဝန ဒုလ္လဘ ပြီး၏။

---

သက္ကရာဇ် ၁၂၆၂- ခု၊ ပြာသိုလပြည့်ကျော် (၁) ရက်နေ့ ပြီး၏။

ဤတွင်ရွေ့ကား ဥတ္တမပုရိသ ဒီပနီကျမ်း ပြီး၏။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကလမ်းညွှန် (တ) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ ပေါင်းချုပ် ၁, ၂...