Skip to main content

ငါးရာငါးဆယ်ဇာတ်ဝတ္ထု မြန်မာပြန် ပထမတွဲ-မှ တတိယတွဲ

ငါးရာငါးဆယ်ဇာတ်ဝတ္ထု

မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပထမတွဲ

ဧကကနိပါတ်-အပဏ္ဏကဝဂ်

၁။ အပဏ္ဏကဇာတ်

ကျိန်းသေဖြစ်သော အလုပ်ကိုမှ လုပ်သင့်ကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ရှေးဦးစွာသော အပဏ္ဏက ဓမ္မဒေသနာကို သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဟောတော်မူသည်။ အဘယ်သူကို အကြောင်းပြု၍ ဤစကားသည် ဖြစ်သနည်း ဟူမူကား- အနာထပိဏ်သူဌေး၏ အဆွေခင်ပွန်းဖြစ်ကုန်သော ငါးရာကုန်သော တိတ္ထိတို့၏တပည့်တို့ကို အကြောင်းပြု၍ ဤစကားသည် ဖြစ်၏။

တရံရောအခါ အနာထပိဏ်သူဌေးသည် မိမိ၏ အဆွေခင်ပွန်း ဖြစ်ကုန်သော ငါးရာကုန်သော တိတ္ထိတို့၏ တပည့်တို့ကို ခေါ်၍ များစွာကုန်သော ပန်းနံ့သာ နံ့သာပျောင်းတို့ကို၎င်း ဆီပျားတင်လဲ အဝတ် အလွှမ်း အစရှိသည်တို့ကို၎င်း ယူခဲ့စေ၍ ဇေတဝန် ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားကို ရှိခိုး၍ ပန်းနံ့သာ အစရှိသည်တို့ဖြင့် ပူဇော်၍ ဆီပျားတင်လဲ အစရှိကုန်သော ဆေးတို့ကို၎င်း အဝတ် ပုဆိုးတို့ကို၎င်း ရဟန်း သံဃာတို့အား လှူဒါန်း၍ ခြောက်ပါးကုန်သော နေရာ၏ အပြစ်တို့ကိုကြဉ်၍ တင့်အပ် လျောက်ပတ်သောအရပ်၌ နေ၏။

ထိုငါးရာကုန်သော တိတ္ထိတို့၏ တပည့်တို့သည်လည်း မြတ်စွာဘုရားကို ရှိခိုး၍ မြတ်စွာဘုရား၏ လပြည့်ဝန်းကဲ့သို့ တင့်တယ်စွာသော မျက်နှာတော်ကို၎င်း ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ဖြင့် တန်ဆာဆင်အပ်သော တလံမျှလောက်သော ရောင်ခြည်တော်သည် ခြံရံအပ်သော ဗြဟ္မာမင်း၏ ကိုယ်နှင့်တူသော ကိုယ်တော်ကို၎င်း အသွယ်အသွယ် အစုံအစုံ အစုအစု ဖြစ်ကုန်၍ ပြိုးပြိုးပြက် ထွက်လတ်ကုန်သော တခဲနက်ကုန်သော ဘုရား၏ ရောင်ခြည်တော်တို့ကို၎င်း ကြည့်ကုန်လျက် အနာထပိဏ်သူဌေး၏ အနီး၌လျှင် နေကုန်၏။

ထိုအခါ နတ်နှင့်တကွသောလူအပေါင်းကို ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် ထိုပရိသတ်တို့အား ဆေးဒန်း မြင်းသီလာဖြင့်ပြီးသော ကျောက်ဖျာအပြင်၌ ခြင်္သေ့သံကို ဟောက်သော ခြင်္သေ့ပျိုကဲ့သို့ ကျူးရင့်လျက် ကမ္ဘာပြုမိုယ်းရွာဘိသကဲ့သို့၎င်း ကောင်းကင်ပြင်မှ မြစ်ရေအယဉ်သည် စီးလာဘိသကဲ့သို့၎င်း ရတနာပန်းကုံးကို သီကုံးဘိသကဲ့သို့၎င်း ရှစ်ပါးသောအင်္ဂါနှင့်ပြည့်စုံသော နာချင်ဘွယ် နှစ်သက်ဘွယ်ရှိသော ဗြဟ္မာမင်း၏ အသံနှင့်တူသော အသံတော်ဖြင့် အထူးထူးသော နည်းနာနယတို့ဖြင့် ဆန်းကြယ်သာယာသော တရားကို ဟောတော်မူ၏။

ထိုငါးရာကုန်သော တိတ္ထိတို့၏ တပည့်တို့သည် ဘုရားဟောတော်မူသော တရားတော်ကိုနာကုန်၍ ကြည်ညိုသော စိတ်ရှိကုန်သည်ဖြစ်၍ နေရာမှထကုန်၍ ကိုယ်တော်အား ဆယ်ပါး, ဉာဏ်တော်အား ဆယ်ပါးနှင့် ပြည့်စုံတော်မူသော သဗ္ဗညူဘုရားရှင်ကို ရှိခိုးကုန်၍ သာသနာတော်မှ အပဖြစ်ကုန်သော တိတ္ထိတို့၏ သရဏဂုံကို ဖျက်ကုန်၍ မြတ်ဘုရားကို ကိုးကွယ်ခြင်း သရဏဂုံကို ယူကုန်၏။ ထိုးရာကုန်သော တိတ္ထိတို့၏ တပည့်တို့သည် ထိုအခါမှစ၍ အစဉ်တစိုက် အနာထပိဏ် သူဌေးနှင့်တကွ နံ့သာပန်း အစရှိသည်တို့ကို ယူကုန်လျက် ဇေတဝန်ကျောင်းတော်သို့ သွားကုန်၍ တရားတော်ကို နာကြကုန်၏။ အလှူပေးကုန်၏။ သီလစောင့်ကုန်၏။ ဥပုသ်ဆောက်တည်ကုန်၏။

ထိုအခါ ဘုန်းတော်ကြီးသော သဗ္ဗညူဘုရားရှင်သည် သာဝတ္ထိပြည်မှ တဘန် ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူ၏။ ထိုငါးရာကုန်သော တိတ္ထိတို့၏ တပည့်တို့သည် သဗ္ဗညူဘုရားရှင်၏ ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူသော ကာလ၌ ထိုသရဏဂုံကို ဖျက်၍ တဘန် သာသနာတော်မှ အပဖြစ်သော တိတ္ထိတို့၏ သရဏဂုံကို ယူကုန်၍ မိမိတို့ တည်မြဲတိုင်းဌာန၌သာ တည်ပြန်ကုန်၏။ ဘုန်းတော်ကြီးသော ဘုရား သဗ္ဗညူသည်လည်း ခုနစ်လ ရှစ်လတို့ကိုလွန်စေ၍ တဘန် ဇေတဝန်ကျောင်းတော်သို့လျှင် ကြွတော်မူလာ၏။ အနာထပိဏ်သူဌေးသည် တဘန်လည်း ထိုငါးရာကုန်သော တိတ္ထိတို့၏တပည့်တို့ကို ဘုရားအထံတော်သို့ ခေါ်သွား၍ ဘုရားသဗ္ဗညူကို ပန်းနံ့သာအစ ရှိသည်တို့ဖြင့် ပူဇော်ခြင်း ရှိခိုးခြင်းကိုပြု၍ တင့်အပ်လျောက်ပတ်သော အရပ်၌နေ၏။ ထိုငါးရာကုန်သော တိတ္ထိတို့၏ တပည့်တို့သည်လည်း သဗ္ဗညူဘုရားရှင်ကို ရှိခိုးကုန်၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေကုန်၏။

ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူသည်ရှိသော် ထိုငါးရာကုန်သော တိတ္ထိတို့၏တပည့်တို့သည် ယူအပ်ပြီးသော သရဏဂုံကိုဖျက်၍ တဘန် သာသနာတော်မှအပဖြစ်ကုန်သော တိတ္ထိတို့၏ သရဏဂုံကိုသာလျှင် ယူကြကုန်၍ မူလရင်း၌ တည်သည့်အဖြစ်ကို ဘုန်းတော်ကြီးသော ဘုရားသဗ္ဗညူအား ကြားလျှောက်၏။ ဘုန်းတော်ကြီးသဗ္ဗညူ မြတ်စွာဘုရားသည် မနှိုင်းယှဉ်အပ်သော ကမ္ဘာအကုဋေတို့ပတ်လုံး မပြတ်ဖြစ်စေအပ်သော ကုသိုလ်စရိုက်တော် အာနုဘော်ကြောင့် နတ်နံ့သာအစရှိသော အထူးထူးသော နံ့သာတို့ဖြင့်ပြည့်သော ရတနာကြုတ်ကိုဖွင့်လှစ်ဘိသကဲ့သို့ ခံတွင်းတော် ကြာတိုက်ကိုဖွင့်လှစ်၍ သာယာသော အသံတော်ကို မြှောက်တော်မူလျက် သီတင်းသည်တို့ သင်တို့သည် သရဏဂုံ သုံးပါးတို့ကို ဖျက်ကုန်၍ သာသနာတော်မှ အပဖြစ်ကုန်သော တိတ္ထိတို့၏ သရဏဂုံကို ယူကုန်သော ဟူသည် မှန်ကုန်သလော ဟု မေးတော်မူ၏။

ထိုအခါ ငါးရာကုန်သော တိတ္ထိတို့၏ တပည့်တို့သည် ဖုံးလွှမ်းအံ့သောငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ ဟူ၍ လျှောက်ကုန်လတ်သော် နတ်နှင့်တကွေ့သောလောကကို ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် သီတင်းသည်တို့ အောက်အဝီစိ အထက်ဘဝဂ် ထက်ဝန်းကျင် အတိုင်းအရှည်မရှိကုန်သော လောကဓာတ်တို့၌ သီလအစရှိကုန်သော ဂုဏ်ကျေးဇူးတို့ဖြင့် ဘုရားနှင့်တူသောသူမည်သည်ကား မရှိ၊ လွန်သောသူသည် အဘယ်မှာရှိအံ့နည်း၊ အကြင်မျှလောက်ကုန်သော အခြေမရှိသည်လည်း ဖြစ်ကုန်သော အခြေနှစ်ချောင်းရှိသည်လည်း ဖြစ်ကုန်သော အခြေလေးချောင်း ရှိသည်လည်းဖြစ်ကုန်သော ( ) သတ္တဝါတို့သည်ရှိကုန်၏။ ထိုသတ္တဝါတို့တွင် ဘုရားကိုအမြတ်ဆုံးဟူ၍ ဆိုအပ်၏။ ဤလူ့ပြည်၌၎င်း နဂါးပြည် ဂဠုန်ပြည်၌၎င်း နတ်ပြည် ဗြဟ္မာပြည်တို့၌၎င်း ဘုရား, တရား, သံဃာနှင့်တူသော မြတ်သော ရတနာမည်သည် မရှိ၊ မြတ်သော ရတနာသုံးပါးတို့၌ ကြည်ညိုကုန်ငြားအံ့၊ မြတ်သော။ ကောင်းကျိုးသည် ဖြစ်၏။ ဤသို့ အစရှိကုန်သော သုတ်တို့ဖြင့် ပြအပ်ကုန်သော ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးတို့ကို ပြတော်မူ၍ ဤသို့ မြတ်သော ဂုဏ်တို့နှင့် ပြည့်စုံသော ရတနာသုံးပါးတို့ကို ကိုးကွယ်ခြင်းသို့ ရောက်ကုန်သော သီတင်းသည် ယောက်ျားတို့သည်၎င်း၊ သီတင်းသည် မိန်းမတို့သည်၎င်း ငရဲအစရှိသည်တို့၌ ဖြစ်သောမည်သည်မရှိ၊ အပါယ်လားခြင်းမှကင်းလွတ်၍ နတ်ပြည်၌ဖြစ်၍ ကြီးစွာသော စည်းစိမ်ချမ်းသာကို ခံစားရကုန်၏။ အဘယ့်ကြောင့်သင်တို့သည် ဤသို့စဉ် သဘောရှိသော သရဏဂုံကို ဖျက်ကုန်၍ သာသနာတော်မှ အပဖြစ်သော တိတ္ထိတို့အား ကိုးကွယ်ခြင်းသို့ ရောက်ကုန်သဖြင့် မသင့်မလျော်သည်ကို ပြုဘိသနည်းဟူ၍ မိန့်တော်မူ၏။

ဤအရာ၌လည်း ရတနာသုံးပါးတို့ကို ဆင်းရဲမှ လွတ်စေတတ်သည်၏ အစွမ်းအားဖြင့်၎င်း မြတ်သည်၏ အစွမ်းအားဖြင့်၎င်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကုန်သော သူတို့မှာ အပါယ်တို့၌ ဖြစ်ခြင်း၏မရှိသောအဖြစ်ကို ပြအံ့-

ယေကေစိ ဗုဒ္ဓံ သရဏံ ဂတာသေ။ လ။ ဗဟူ ဝေ သရဏံ ယန္တိ။ လ။ ပမုစ္စတိဟူသော ပါဠိတော်ကို ပြကုန်၏။ ထိုပါဠိတော်၏ အနက်ကား-

ယေကေစိ၊ ခပ်သိမ်းကုန်သောသူတို့သည်။ ဗုဒ္ဓံ၊ မြတ်ဘုရားကို။ ဓမ္မံ၊ တရားကို။ သံဃံ၊ သံဃာကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတာသေ၊ ဆည်းကပ်ကုန်၏။ တေ၊ ထိုသူတို့သည်။ အပါယံ၊ အပယ်သို့။ န ဂမိဿန္တိ၊ မလားရကုန်လတ္တံ့။ မာနုသံ ဒေဟံ၊ လူ၌ဖြစ်သောကိုယ်ကို။ ပဟာယ၊ စွန့်၍။ ဒေဝကာယံ၊ နတ်ပြည်သို့။ ပရိပူရေဿန္တိ၊ ပြည့်စေကုန်လတ္တံ့။

* ( ) ပါဠိ၌ ဗဟုပ္ပဒါဝါ-ဟု ပါရှိ၏။ အခြေများစွာ ရှိသည်လည်း ဖြစ်ကုန်သော-ဟု ဘာသာပြန်ပါလေ။ *

ဘယတဇ္ဇိတာ၊ ဘေးမှကြောက်ကုန်သော။ ဗဟူ၊ များစွာကုန်သော။ မနုဿာ၊ လူတို့သည်။ ဝေ၊ စင်စစ်။ ပဗ္ဗတာနိ စ၊ တောင်တို့ကို၎င်း။ ဝနာနိ စ၊ တောတို့ကို၎င်း။ အာရာမရုက္ခစေတျာနိ စ၊ အရံ ပူဇော်ရာ သစ်ပင်ကြီးတို့ကို၎င်း။ သရဏံ၊ ကိုးကွယ်ခြင်းသို့။ ယန္တိ၊ ရောက်ကုန်၏။

ဝေ၊ စင်စစ်။ ဧတံ သရဏံ၊ ထိုတောင် အစရှိသည်ကို ကိုးကွယ်ခြင်းသည်။ န ခေမံ၊ ဘေးကို မလုံစေတတ်။ ဧတံ သရဏံ၊ ထိုတောင်အစရှိသည်ကို ကိုးကွယ်ခြင်းသည်။ န ဥတ္တမံ၊ မမြတ်။ ဧတံ သရဏံ၊ ထိုတောင် အစရှိသည်ကို ကိုးကွယ်ခြင်းကို။ အာဂမ္မ၊ စွဲ၍။ သဗ္ဗဒုက္ခာ၊ ခပ်သိမ်းသော ဆင်းရဲမှ။ န ပမုစ္စတိ၊ မလွတ်။

ယော၊ အကြင်သူသည်။ ဗုဒ္ဓဉ္စ၊ ဘုရားကို၎င်း။ ဓမ္မဉ္စ၊ တရားကို၎င်း။ သံဃဉ္စ၊ သံဃာကို၎င်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတော၊ ဆည်းကပ်၏။ သော၊ ထိုသူသည်။ ဒုက္ခံ၊ ဒုက္ခသစ္စာ၎င်း။ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခကို ဖြစ်စေတတ်သော သမုဒယသစ္စာ၎င်း။ ဒုက္ခဿ၊ ဆင်းရဲကို။ အတိက္ကမဉ္စ၊ လွန်သော နိရောဓသစ္စာ၎င်း။ ဒုက္ခူပသမဂါမိနံ၊ ဒုက္ခ၏ ငြိမ်းရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော။ အရိယံ၊ အရိယာ၏ အဖြစ်ကိုပြုတတ်သော။ အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။ မဂ္ဂံ၊ မဂ္ဂသစ္စာ၎င်း။ ဣတိ၊ ဤသို့။ စတ္တာရိ၊ လေးပါးကုန်သော။ အရိယသစ္စာနိ၊ အရိယာအဖြစ်ကို ပြုတတ်ကုန်သော သစ္စာတို့ကို။ သမ္မပ္ပညာယ၊ မဘောက်မပြန်သော ကောင်းမြတ်သောပညာဖြင့်။ ပဿတိ၊ မြင်၏။

ခေါ၊ စင်စစ်။ ဧတံ သရဏံ၊ ထိုဘုရားတရားသံဃာကိုကိုးကွယ်ခြင်းသည်။ ခေမံ၊ ဘေးကင်းစေတတ်၏။ ဧတံ သရဏံ၊ ထိုဘုရား တရားသံဃာကို ကိုးကွယ်ခြင်းသည်။ ဥတ္တမံ၊ မြတ်၏။ ဧတံ သရဏံ၊ ထိုဘုရားတရား သံဃာကို ကိုးကွယ်ခြင်းကို။ အာဂမ္မ၊ စွဲ၍။ သဗ္ဗဒုက္ခာ၊ ခပ်သိမ်းသော ဆင်းရဲမှ။ ပမုစ္စတိ၊ လွတ်၏။

ဤကား သရဏဂုံ၏အကျိုးကိုပြသော ပါဠိတော်၏အနက်တည်း။ စင်စစ်လျှင် ထိုငါးရာကုန်သော တိတ္ထိတို့၏ တပည့်တို့အား သဗ္ဗညူ မြတ်စွာဘုရားသည် ဤမျှသော တရားတို့ကိုလျင်တော်မူသည် မဟုတ်၊ ထိုမှတပါးလည်း သီတင်းသည်တို့ ဘုရားဂုဏ်ကျေးဇူးကို အဘန်တလဲလဲအောက်မေ့ခြင်း ကမ္မဋ္ဌာန်း, တရားဂုဏ်ကျေးဇူးကို အဘန်တလဲလဲ အောက်မေ့ခြင်း ကမ္မဋ္ဌာန်း သံဃာ့ဂုဏ်ကျေးဇူးကို အဘန်တလဲလဲ အောက်မေ့ခြင်း ကမ္မဋ္ဌာန်းမည်သည်ကား သောတာပတ္တိမဂ် သောတာပတ္တိဖိုလ် သကဒါဂါမိမဂ် သကဒါဂါမိဖိုလ် အနာဂါမိမဂ် အနာဂါမိဖိုလ် အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ပေးတတ်၏။ ဤသို့ အစရှိသော နည်းတို့ဖြင့်လည်း တရားကို ပြတော်မူ၍ သင်တို့သည် ဤသို့စဉ် သဘောရှိသော သရဏဂုံကိုဖျက်ကုန်သဖြင့် မသင့်လျော်သည်ကို ပြုဘိ၏ဟု မိန့်တော်မူ၏။

ဤအရာ၌လည်း ဘုရားဂုဏ်ကျေးဇူးကို အဘန်တလဲလဲ အောက်မေ့ခြင်း အစရှိကုန်သော ကမ္မဋ္ဌာန်းတို့၏ သောတာပတ္တိမဂ်, သောတာပတ္တိဖိုလ် အစရှိသည်ကို ပေးတတ်သည်၏ အဖြစ်ကို ဧကဓမ္မော ဘိက္ခဝေ။ လ။ ဗုဒ္ဓါနုဿတီတိ ဤသို့ အစရှိသော ပါဠိတော်တို့ဖြင့် ပြအပ်၏။

ဘိက္ခဝေ၊ ရဟန်းတို့။ ဘာဝိတော၊ ပွားစေအပ်သော။ ဗဟုလီကတော၊ အကြိမ်များစွာ ပြုအပ်သော။ ဧကဓမ္မော၊ တပါးသော တရားသည်။ ဧကန္တနိဗ္ဗိဒါယ၊ စင်စစ် ဝဋ်၌ ငြီးငွေ့ခြင်းငှါ။ ဝိရာဂါယ၊ ဝဋ်၌တပ်စွန်းခြင်းကင်းသောမဂ်ဖိုလ်ရခြင်းအကျိုးငှါ။ နိရောဓာယ၊ ဝဋ်၌ တပ်စွန်းတတ်သော တဏှာ၏ ချုပ်ခြင်းအကျိုးငှါ။ ဥပသမာယ၊ ဝဋ်၏ ငြိမ်းခြင်း အကျိုးငှါ။ အဘိညာယ၊ ထူးမြတ်သောဉာဏ်ဖြင့် နိဗ္ဗာန်ကို သိခြင်းအကျိုးငှာ။ သမ္ဗောဓာယ၊ မဘောက်မပြန် သစ္စာတရားကို သိခြင်းအကျိုးငှာ။ နိဗ္ဗာနာယ၊ အရဟတ္တဖိုလ် နိဗ္ဗာန်ကို သိခြင်းအကျိုးငှါ။ သံဝတ္တတိ၊ ဖြစ်၏။ သော ဧကဓမ္မာ၊ ထိုတပါးသော တရားသည်။ ကတမော၊ အဘယ်သည်နည်း ဟူမူကား။ ဗုဒ္ဓါနုဿတိ၊ ဘုရားဂုဏ်ကျေးဇူးကို အဘန်တလဲလဲ အောက်မေ့ခြင်းတည်း။

ဤကား ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၏အကျိုးကိုပြသော ပါဠိတော်၏ အနက်တည်း။

ဤသို့လည်း ဘုန်းတော်ကြီးမြတ်လှသော မြတ်စွာဘုရားသည် အထူးထူး အပြားပြားကုန်သော တရားတို့ဖြင့် သီတင်းသည်တို့ကို ဆုံးမတော်မူ၍ သီတင်းသည်တို့ ရှေးအခါ၌လည်း လူတို့သည် ကိုးကွယ်ရာ မဟုတ်သည်ကို ကိုးကွယ်ရာဟုတ်၏ဟူ၍ ကြံဆ၍ ယူသောအယူဖြင့် ဆန့်ကျင်စွာသောအယူကို ယူကုန်၍ ဘီလူးသိမ်းဆည်းသော ကန္တာရ၌ ဘီလူး၏ အစာဖြစ်ကုန်၍ ကြီးစွာသောပျက်စီးခြင်းသို့ ရောက်ဘူးကုန်၏။ မချွတ်မယွင်း စင်စစ်ဧကန်မှန်သော မဆန့်ကျင်သော အယူကို ယူကုန်သော သူတို့သည် ထိုကန္တာရ၌သာလျှင် ချမ်းသာအဖြစ်သို့ ရောက်ဘူးကုန်ပြီ၊ ဤသို့ မိန့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူ၏။

ထိုအခါ အနာထပိဏ် သူဌေးသည် နေရာမှထ၍ မြတ်စွာဘုရားကို ရှိခိုးလျက်ချီးမွမ်း၍ ဦးခေါင်းထက်၌ လက်အုပ်တင်၍ ဘုန်းတော်ကြီး အရှင်ဘုရား ရှေးဦးစွာ ယခုအခါ၌ ဤသီတင်းသည်တို့၏ မြတ်သော သရဏဂုံကို ဖျက်၍ ချွတ်ယွင်းသောအယူကိုယူခြင်းသည် အကျွန်ုပ်တို့အားထင်ရှားပါပြီ၊ ရှေးကာလ၌ကား ဘီလူးတို့သည် သိမ်းဆည်းအပ်သော ကန္တာရ၌ ချွတ်ယွင်းသော အယူကို ယူကုန်သော သူတို့၏ ပျက်စီးသော အဖြစ်သည်၎င်း မချွတ်ယွင်းသောအယူကို ယူကုန်သောသူတို့၏ ချမ်းသာသော အဖြစ်သည်၎င်း အကျွန်ုပ်တို့အား မထင်ရှားပါ၊ ဘုန်းတော်ကြီးကုန်သော အရှင်ဘုရားတို့အားသာ ထင်ရှားကုန်၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်တို့သည် တောင်းပန်ပါကုန်၏။ အကျွန်ုပ်တို့အား တိမ်မြူစင်သော ကောင်ကင်ပြင်၌ လပြည့်ဝန်းကို ထင်စေဘိသကဲ့သို့ ဤအကြောင်းကို ဘုန်းတော်ကြီး အရှင်ဘုရားသည် ထင်ရှားပြုတော်မူပါလောဟု လျှောက်၏။

ထိုအခါ ဘုန်းတော်ကြီးသော သဗ္ဗညူ ဘုရားရှင်သည် သူကြွယ် ငါသည်တမူကား မနှိုင်းယှဉ်အပ်သော ကာလပတ်လုံး ဆယ်ပါးကုန်သောပါရမီတို့ကို ဖြည့်၍ လူနတ် အပေါင်းတို့၏ ယုံမှားသင်္ကာကို ပယ်ဖျောက်အံ့သောငှာလျှင် သဗ္ဗညုတဉာဏ်ကို ရအပ်၏။ ခြင်္သေ့ဆီဖြင့် ရွှေကြုတ်ကို ပြည့်စေဘိသကဲ့သို့ ရိုသေစွာ သောတပသာဒတိုထား၍ နာလော့ဟူ၍ အနာထပိဏ်သူဌေးအား သတိကိုဖြစ်စေ၍ ဆီးနှင်းတိမ်တိုက်ကို ခွဲလှစ်၍ လပြည့်ဝန်းကို ဆောင်ဘိသကဲ့သို့ ဘဝတပါးသည် ဖုံးလွှမ်းအပ်သော အကြောင်းကို ထင်စွာပြုတော်မူ၏။

အတိတ်ဝတ္ထု... အနာထပိဏ်သူဌေး-လွန်လေပြီးသောအခါ ကာသိတိုင်း ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြု၏။ ထိုအခါ ဘုရားလောင်းသည် လှည်းကုန်သည်အမျိုး၌ဖြစ်၍ အစဉ်သဖြင့် အရွယ်ရောက်လတ်သော် လှည်းငါးရာတို့ဖြင့် ကုန်သွယ်အံ့သောငှာ သွား၏။ ထိုလှည်းကုန်သည်သည် ရံခါ အရှေ့အရပ်မှ အနောက်အရပ်သို့ သွား၏။ ရံခါ အနောက်အရပ်မှ အရှေ့အရပ်သို့ သွား၏။ ဗာရာဏသီပြည်၌ပင်လျှင် တပါးဖြစ်သော မိုက်သော မလိမ်မာသော အကြောင်းဟုတ်သည်မဟုတ်သည်ကိုမသိသောလှည်းကုန်သည်သားသည် ရှိ၏။ ထိုအခါ ဘုရားလောင်းသည် ဗာရာဏသီပြည်မှ အဘိုးများစွာထိုက်သော ဥစ္စာတို့ကိုယူ၍ လှည်းငါးရာတို့ကို ပြည့်စေ၍ သွားအံ့သောငှါ အစီအရင်တို့ကို ပြု၍ထား၏။ ထိုမိုက်သော လှည်းကုန်သည်များသည်လည်း ထို့အတူပင်လျှင် ငါးရာသောလှည်းတို့ကို ပြည့်စေ၍ သွားအံ့သောငှါ အစီအရင်တို့ကို ပြု၍ထား၏။ ထိုအခါ ဘုရားလောင်းသည် ကြံ၏။ ဤလှည်းကုန်သည်တို့သည် ငါနှင့်တကွသာလျှင် အကယ်၍ သွားသည်ဖြစ်ငြားအံ့၊ လှည်းသားတထောင်သည် တကွနက်သွားသည်ရှိသော် ခရီးသည် မလောက်လတ္တံ့၊ ထင်း ရေ အစရှိသည်တို့ကို၎င်း နွားတို့၏ မြက်တို့ကို၎င်း ရခဲကုန်သည် ဖြစ်လတ္တံ့၊ ထိုလှည်းကုန်သည်သည်၎င်း ငါသည်၎င်း ရှေ့မှသွားခြင်းငှါ သင့်၏ဟု ဤသို့ကြံ၏။

ထိုဘုရားလောင်းသည် ထိုလှည်းကုန်သည်ကို ခေါ်စေ၍ ဤအကြောင်းကိုကြား၍ နှစ်ယောက်လည်း ဖြစ်ကုန်သော ငါတို့သည် တကွနက် သွားခြင်းငှာ မတတ်ကောင်း၊ သင်သည် ရှေ့မှသွားလတ္တံ့လော၊ ထိုသို့မဟုတ်မူကား နောက်မှ သွားလတ္တံ့လော ဤသို့ ဘုရားလောင်းသည် ဆို၏။ ထိုမိုက်သော လှည်းကုန်သည့်သားသည် ကြံ၏။ ငါသည် ရွှေမှသွားသည်ရှိသော် များကုန်သော အကျိုးတို့သည် ဖြစ်ကုန်၏။ မပျက်သည်သာလျှင် ဖြစ်သော ခရီးဖြင့် သွားရအံ့၊ နွားတို့သည်လည်း တခြားသောနွားတို့ မစားကုန်သေးသော မြက်ကို စားရကုန်လတ္တံ့၊ လူတို့အား သူတပါးတို့သည် မခူးအပ်သေးသော ဟင်းရွက်ဦးသည် ဖြစ်လတ္တံ့၊ ရေသည် ကြည်သည်ဖြစ်လတ္တံ့၊ အလိုရှိတိုင်း အဘိုးထား၍ ဥစ္စာကို ရောင်းရလတ္တံ့ဟု ကြံ၏။ ထိုမိုက်သော လှည်းကုန်သည်သည် အဆွေ-ငါသည်ရှေ့မှ သွားအံ့ ဤသို့ဆို၏။

ဘုရားလောင်းသည်လည်း နောက်မှသွားခြင်း၌ များစွာကုန်သော အကျိုးတို့ကို မြင်၏။ ထိုစကားသည် မှန်၏။ ရှေ့မှသွားကုန်သောသူတို့သည် ခရီး၌ မညီညွတ်ရာအရပ်၌ ညီညွတ်ခြင်းတို့ကိုပြုရကုန်လတ္တံ့၊ ငါတို့သည် ထိုလှည်းကုန်သည်တို့သွားသောခရီးဖြင့် သွားရအံ့၊ ရှေ့မှသွားသော နွားတို့သည် ဟောင်းကုန် ကြမ်းကုန်သောမြက်တို့ကို စားရကုန်၏။ ငါတို့၏နွားတို့သည် တဘန် ပေါက်ကုန်သော ချိုသောမြက်တို့ကို စားရကုန်လတ္တံ့၊ သူတပါးတို့သည် ခူးအပ်ယူအပ်သော ဟင်းရွက်ရာမှပေါက်သော ဟင်းရွက်နုသည် ချိုသည်ဖြစ်လတ္တံ့၊ ရေမရှိသောအရပ်၌ တူး၍ ထိုရှေ့မှသွားသော လှည်းကုန်သည်တို့သည် ရေကို ဖြစ်စေကုန်လတ္တံ့၊ ထိုလှည်းကုန်သည်တို့သည် တူးအပ်ကုန်သော ရေတွင်းတို့၌ ငါတို့သည် သောက်ရကုန်အံ့၊ အဘိုးထားခြင်းမည်သည်ကား လူတို့၏ ဇီဝိတိန္ဒြေကို ချခြင်းနှင့်တူ၏။ ငါသည် နောက်မှသွား၍ ထိုရှေ့မှသွားကုန်သော ကုန်သည်တို့သည် ထားအပ်ကုန်သော အဘိုးတို့ဖြင့် ဥစ္စာကို ရောင်းရအံ့၊ ဤသို့သော အကြံသည်ဘုရားလောင်းအား ဖြစ်၏။ ဤသို့သော အကျိုးအာနိသင်တို့ကိုမြင်၍ အဆွေသည် ရှေ့မှသွားနှင့်လော့ဟု ဆို၏။ အဆွေ-ကောင်းပြီဟုဆို၍ လှည်းကုန်သည်မိုက်သည် လှည်းတို့ကိုက၍ ထွက်သွားလေသည်ရှိသော် အစဉ်သဖြင့် လူတို့၏နေရာမှလွန်၍ ကန္တာရ၏ အဦးအဝသို့ ရောက်၏။

* ကန္တာရမည်သည်ကား စောရကန္တရ၊ ဝါဠကန္တာရ၊ နိရုဒကကန္တာရ၊ အမနုဿကန္တာရ၊ အပ္ပဘက္ခကန္တာရဟူ၍ ငါးပါးအပြားရှိ၏။

ထိုငါးပါးသောကန္တရတို့တွင် ခိုးသူနေအပ်သော ခရီးသည် စောရကန္တာရမည်၏။ ခြင်္သေ့အစရှိသောသားရဲတို့နေအပ်သောခရီးသည် ဝါဠကန္တာရမည်၏။ အကြင်အရပ်၌ ချိုးအံ့သောငှါ၎င်း သောက်အံ့သောငှါ၎င်း ရေသည် မရှိ၊ ထိုအရပ်သည် နိရုဒကကန္တာရ မည်၏။ ဘီလူးတို့နေအပ်သော အရပ်သည် အမနုဿကန္တာရ မည်၏။ အဖျော် ခဲဘွယ် အစရှိသည်တို့မှကင်းသောအရပ်သည် အပ္ပဘက္ခကန္တာရ မည်၏။

ဤငါးပါးသော ကန္တာရတို့တွင် ထိုလှည်းကုန်သည်တို့သွားသော ကန္တာရသည် ရေမရှိသော ကန္တာရလည်း ဖြစ်၏။ ဘီလူးရှိသော ကန္တရလည်းဖြစ်၏။ ထို့ကြောင့် ထိုမိုက်သော လှည်းကုန်သည်သည် လှည်းတို့၌ ကြီးကုန် ကြီးကုန်သော အိုးတို့ကိုတင်၍ ရေဖြင့်ပြည့်စေ၍ ယူဇနာ ခြောက်ဆယ်ရှိသော ကန္တာရကို သွား၏။

ထိုအခါ လှည်းကုန်သည်မိုက်၏ ကန္တာရအလယ်သို့ ရောက်သောအခါ၌ ကန္တာရ၌နေသော ဘီလူးသည် ဤသူတို့သည် ယူအပ်သော ရေကိုစွန့်စေ၍ အားနည်းသည်တို့ကို ပြု၍ ခပ်သိမ်းသောလူတို့ကို စားအံ့ဟု အလုံးစုံ ဖြူသောပျိုသော နွားတို့ဖြင့်ကသော နှလုံးမွေ့လျော်ဘွယ်ရှိသော ယာဉ်ငယ်ကိုဖန်ဆင်း၍ ရေ ညွှန်တို့ဖြင့် လိမ်းကျံအပ်ကုန်သော ကာ, လက်နက်စွဲကိုင်ကုန်သော တကျိပ်နှစ်ယောက်ကုန်သော ဘီလူးတို့ဖြင့်ခြံရံလျက် ကြာညို ကြာဖြူ ကြာနီ ကြာပဒုမာ ကြာပုဏ္ဍရိက် စသည်တို့ကိုယူ၍ ကြာစွယ်ကြာရင်းတို့ကို စားကုန်လျက် ယိုစီးသော ရေပေါက်တို့ဖြင့်၎င်း။ ညွန်တို့ဖြင့်၎င်း လာကုန်၏။ လှည်းကုန်သည်တို့မည်သည်ကား အကြင်အခါ၌ ရှေ့မှလေသည်လာအံ့၊ ထိုအခါ ယာဉ်ငယ်၌နေ၍ အလုပ်အကျွေး ခြံရံကာ မြူကိုပယ်ရှားကုန်လျက် ရှေ့မှသွားကုန်၏။ အကြင်အခါ၌ နောက်မှ လေလာအံ့၊ ထိုအခါ ထိုနည်းဖြင့်လျှင် နောက်မှသွားကုန်၏။ ထိုအခါ၌ကား ရှေ့မှ လေသည် လာသည်ဖြစ်၏။ ထို့ကြောင့် ထိုလှည်းကုန်သည်သည် ရှေ့မှ သွား၏။ ထိုဘီလူးသည် လာလတ်သော လှည်းကုန်သည်ကို မြင်၍ မိမိ၏ ယာဉ်ငယ်ကို ခရီးမှဖဲစေ၍ အမောင် အဘယ်မှ လာသနည်း၊ ဤသို့ လှည်းကုန်သည်နှင့်တကွ စကားပြောဆိုခြင်းကို ပြု၏။ လှည်းကုန်သည်သည်လည်း မိမိယာဉ်ငယ်ကို ခရီးမှဖဲစေ၍ လှည်းတို့၏သွားရန်အခွင့်ကိုပေး၍ တင့်အပ်သော အရပ်၌နေလျက် ထိုဘီလူးကိုဆို၏။ အရှင်ရှေးဦးစွာ ငါတို့သည် ဗာရာဏသီပြည်မှ လာခဲ့ကုန်၏။ သင်တို့သည်ကား ကြာညို ကြာဖြူ ကြာနီ ကုမုဒြာကြာတို့ကိုပန်ကုန်၍ ကြာပဒုမ္မာ ကြာပုဏ္ဍရိက်စည်းတို့ကို ကိုင်ကုန်၍ ကြာစွယ်ကြာရင်းတို့ကို စားကုန်၍ ညွန်ဖြင့် လိမ်းကျံကုန်သည်ဖြစ်၍ ယိုစီးကုန်သော ရေပေါက်တို့ဖြင့် လာကုန်၏။ သင်တို့သည် လာသောခရီး၌ မိုဃ်းရွသလော၊ ကြာညိုအစရှိသည်တို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော အိုင်တို့သည် ရှိကုန်သလောဟုမေး၏။

ဘီလူးသည် ထိုလှည်းကုန်သည်၏စကားကိုကြား၍ အဆွေ အဘယ်ကြောင့် ဤစကားကို ဆိုဘိသနည်း၊ ဤသို့သော တောအရေးသည် ထင်၏။ ထိုသို့သော တောအရေးမှစ၍ အလုံးစုံသော တောသည် တစပ်တည်းသော ရေရှိ၏။ မိုဃ်းသည် မပြတ်ရွာ၏။ ချောက်တို့သည် ရေဖြင့် ပြည့်ကုန်၏။ ထိုထိုအရပ်၌ ပဒုမာအစရှိသည်တို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော အိုင်တို့သည် ရှိကုန်၏။ ဤသို့ဆို၍ အစဉ်သဖြင့် သွားကုန်သော လှည်းတို့တွင် ဤလှည်းတို့ကိုယူ၍ အဘယ်အရပ်သို့ သွားကုန်အံ့နည်းဟု ဘီလူးသည်မေး၏။ ဤမည်သောဇနပုဒ်သို့ သွားအံ့ဟု လှည်းကုန်သည်ကဆို၏။ ဤမည်သော ဤမည်သောလှည်း၌ အဘယ်မည်သော ဘဏ္ဍာနည်းဟု ဘီလူးသည် မေး၏။ ဤမည်သော ဤမည်သော ဘဏ္ဍာတည်းဟု လှည်းကုန်သည်က ဆို၏။ နောက်မှလာလတ်သောလှည်းသည် အလွန်လျှင် လေးသည်ဖြစ်၍ လာ၏။ ထိုလှည်း၌ အဘယ်မည်သော ဘဏ္ဍာနည်းဟု မေး၏။ ထိုလှည်း၌ ရေတည်းဟု လှည်းကုန်သည်က ဆို၏။ ရှေ့က ရှေးဦးစွာ ရေကို ဆောင်ခဲ့ကုန်သော သင်တို့သည် နှစ်သက်ဘွယ်ကို ပြုအပ်ပြီ၊ ဤကာလမှစ၍ကား ရေဖြင့်ကိစ္စမရှိ ရှေ့မှာ ရေသည်များ၏။ ရေအိုးတို့ကို ခွဲ၍ ရေကိုစွန့်၍ ချမ်းသာသဖြင့် သွားလေကုန်လော့ဟု ဘီလူးသည်ဆို၏။ ဤသို့ဆို၍ သင်တို့သည် သွားကြကုန်လော၊ ငါတို့အား ကြာမြင့်၏ဟု ဆိုပြီးလျှင် စဉ်းငယ်သွား၍ ထိုလှည်းကုန်သည်တို့၏ မမြင်ရာ အရပ်သို့ရောက်၍ မိမိ၏ ဘီလူးမြို့သို့သာလျှင် သွားလေ၏။

ထိုမိုက်သော လှည်းကုန်သည်သည်လည်း မိမိ၏မိုက်သည်၏ အဖြစ်ကြောင့် ဘီလူးစကားကိုယုံ၍ ရေအိုးတို့ကို ခွဲ၍ တလက်ဖက်မျှ ဖြစ်သောရေကို မကြွင်းစေမူ၍ အလုံးစုံကိုစွန့်၍ လှည်းတို့ကို နှင်၏။ ရှေ့၌ အနည်းငယ်မျှ ဖြစ်သောရေသည် မရှိ၊ လူတို့ သောက်ရေကို မရကုန်သည်ဖြစ်၍ ပင်ပန်းကုန်၏။ ထိုလှည်းကုန်သည်တို့သည် နေဝင်သည်တိုင်အောင် သွားကုန်၍ လှည်းတို့ကို ချွတ်ကုန်၍ လှည့်သဖြင့် ထားကုန်၍ နွားတို့ကို လှည်းနံဘေးတို့၌ ချည်ကုန်၏။ နွားတို့အား ရေသည်၎င်း၊ လူတို့အား ထမင်း ယာဂုသည်၎င်း မဖြစ်၊ လူတို့သည် အားနည်းကုန်သည်ဖြစ်၍ ထိုထိုအရပ်၌ လျောင်းကုန်၍အိပ်ကုန်၏။ ညဉ့်အဘို့၏အခြားမဲ့၌ ဘီလူးမြို့မှ ဘီလူးတို့သည် လာလတ်ကုန်၍ အလုံးစုံသော နွားတို့ကို၎င်း လူတို့ကို၎င်း အသက်ကုန်ခြင်းသို့ ရောက်စေကုန်လျက် အသားကို စားကုန်၍ အရိုးတို့ကိုချန်ခဲ့ကုန်၍ သွားကုန်၏။ ဤသို့ တယောက်သော လှည်းကုန်သည်မိုက်ကို မှီ၍ အလုံးစုံလည်းဖြစ်ကုန်သော ထိုလှည်းကုန်သည်တို့သည် ပျက်စီးခြင်းသို့ ရောက်ကုန်၏။ လက်ရိုးအစရှိသည်တို့သည် ထက်ဝန်းကျင်သောအရပ်တို့၌ ဖရိုဖရဲရှိသည်ဖြစ်ကုန်၏။ ငါးရာကုန်သော လှည်းတို့သည် ပြည့်မြဲတိုင်းသော ဝန်ရှိကုန်သည် ဖြစ်ကုန်၍သာလျှင် တည်ကုန်၏။ ဘုရားလောင်းသည်လည်း လှည်းကုန်သည်မိုက်၏ ထွက်သောနေ့မှစ၍ လခွဲကိုလွန်စေ၍ ငါးရာကုန်သောလှည်းတို့ဖြင့် မြို့မှထွက်၍ အစဉ်သဖြင့် ကန္တရ အဦးအဝသို့ ရောက်၏။

ထိုဘုရားလောင်းသည် ထိုအရပ်၌ ရေအိုးတို့ကို ပြည့်စေ၍ များစွာသောရေကိုယူ၍ သစ်ခက်တပ်၌ စည်လည်သဖြင့် လူတို့ကိုစည်းဝေးစေ၍ ဤသို့ဆို၏။ သင်တို့သည် ငါ့ကို မပန်မကြားမူ၍ တလက်ဖက်မျှသော ရေကိုလည်း မသုံးဆောင်ကြကုန်လင့်၊ ကန္တာရ၌ အဆိပ်ပင်တို့မည်သည် ရှိကုန်၏။ သင်တို့သည် ရှေး၌ မစားဘူးသော အရွက်ကို၎င်း အပွင့်ကို၎င်း အသီးကို၎င်း ငါ့ကိုမပန်ဘဲ မစားကုန်လင့်၊ ဤသို့ လူတို့အား အဆုံးအမကိုပေး၍ လှည်းငါးရာတို့ဖြင့် ကန္တာရကို သွား၏။ ထိုကန္တာရအလယ်သို့ရောက်သည်ရှိသော် ဘီလူးသည် ရှေးနည်းဖြင့်သာလျှင် ဘုရားလောင်းအား ခရီးရင်ဆိုင်၌ မိမိကိုယ်ကိုပြ၏။ ဘုရားလောင်းသည် ထိုဘီလူးကိုမြင်လျှင် ဤကန္တာရ၌ ရေသည်မရှိ၊ ဤကန္တရသည် နိရုဒကကန္တာရ မည်၏။ ဤသူသည် ကြောက်လည်းမကြောက်၊ မျက်စိလည်း နီ၏။ ဤသူ၏အရိပ်လည်းမထင်၊ မချွတ်လျှင် ဤသူသည် ရှေ့ကသွားသော လှည်းကုန်သည်မိုက်ကို အလုံးစုံရေကိုစွန့်စေ၍ ပင်ပန်းစေလျက် ပရိသတ်နှင့်တကွ စားအပ်သည် ဖြစ်လတ္တံ့၊ ငါ့အား ပညာရှိသည်၏အဖြစ် အကြောင်းဟုတ်သည် မဟုတ်သည်၌ လိမ်မာသူ၏ အဖြစ်ကို မသိလေယောင် တကားဟု ကြံအောက်မေ့၏။ ထို့နောင်မှ ဘီလူးကို ဆို၏။ သင်တို့သည် သွားကြကုန်၊ ငါတို့ကုန်သည်တို့မည်သည်ကား တပါးသောရေကိုမမြင်မူ၍ ယူခဲ့သောရေကို မစွန့်ကုန်၊ မြင်သောအရပ်၌သာ ထိုရေကိုစွန့်၍ လှည်းတို့ကို ပေါ့သည်တို့ကိုပြု၍ သွားကုန်အံ့ဟုဘုရားလောင်း ဆို၏။ ဘီလူးသည် အတန်ငယ်သွား၍ မမြင်ရာအရပ်သို့ ဖဲ၍ မိမိတို့ ဘီလူးပြည်သို့သာလျှင် သွားလေ၏။

ဘီလူး သွားပြီးသည်ရှိသော်ကား လူတို့သည် ဘုရားလောင်းကို ဆိုကုန်၏။ အရှင်ဤလူတို့သည် ဤညိုသော တောအရေးသည် ထင်၏။ ဤအရပ်မှ စ၍ မပြတ်မိုဃ်းရွာ၏ဟု ဆို၍ ကြာညို ကြာဖြူ ကြာနီ ကုမုဒြာ ကြာပန်းတို့ကိုပန်ကုန်လျက် ကြာပဒုမာ ကြာပုဏ္ဍရိက်စည်းတို့ကို ယူကုန်၍ ကြာစွယ် ကြာရင်းတို့ကို စားကုန်လျက် စိုသောအဝတ် စိုသောဆံ ယိုသောရေပေါက် ရှိကုန်သည်ဖြစ်၍ လာကုန်၏။ ရေကိုစွန့်၍ ပေါ့သောလှည်းတို့ဖြင့် လျင်စွာ သွားကြကုန်အံ့ဟု ဆို၏။

ဘုရားလောင်းသည် ထိုသူတို့၏ စကားကိုကြား၍ လှည်းတို့ကို ရပ်စေ၍ ခပ်သိမ်းကုန်သောလူတို့ကို စည်းဝေးစေ၍ သင်တို့သည် ဤကန္တာရ၌ အိုင်သည်၎င်း လေးထောင့်ကန်သည်၎င်း ရှိ၏ဟု တစုံတယောက်သောသူ၏ စကားကို ကြားဘူးသလာဟု မေး၏။ အရှင်မကြားစဘူးဟု ဆိုကုန်၏။ ဤကန္တာရသည် နိရုဒကကန္တာရ မည်၏ဟု ဆို၏။ အရှင်ယခုပင်လျှင် အချို့ကုန်သောလူတို့သည် ဤညိုသောအရေး၏ ရှေ့မှ မိုဃ်းရွာ၏ဟု ပြောဆိုကုန်သည်တကားဟု ဆိုကုန်သည်ရှိသော် မိုဃ်းသက်လေသည် အဘယ်မျှသော အရပ်သို့ လာသနည်း၊ အရှင်တယူဇနာမျှသောအရပ်သို့ လာ၏ဟု ဆိုကုန်၏။ သင်တို့တွင် အမှတ်မဲ့ဖြစ်သော တယောက်သောသူ၏လည်း ကိုယ်ကို မိုဃ်းသက်လေသည် ခတ်သလောဟု ဆို၏။ အရှင်မခတ်ပေဟု ဆိုကုန်၏။ မိုဃ်းတိမ်ညွန့်မည်သည်ကား အဘယ်မျှလောက်သော အရပ်၌ ထင်သနည်းဟု မေး၏။ အရှင်သုံးယူဇနာမျှလောက်သောအရပ်၌ ထင်၏ဟု ဆိုကုန်၏။ သင်တို့တွင် တစုံတယောက်သောသူသည် တခုသောမိုဃ်းတိမ်ကို မြင်သလောဟု မေး၏။ အရှင်မမြင်ဟု ဆိုကုန်လျှင် လျှပ်မည်သည်ကား အဘယ်မျှလောက်သော အရပ်၌ ထင်သနည်းဟု မေး၏။ အရှင်လေးယူဇနာအရပ်၌ထင်၏ဟု ဆိုကုန်၏။ သင်တို့တွင် တစုံတယောက်သောသူသည် လျှပ်ရောင်ကို မြင်သလောဟုမေး၏။ အရှင်မမြင်ဟုဆိုကုန်၏။ မိုဃ်းသံမည်သည်ကို အဘယ်မျှလောက်သော အရပ်က ကြားသနည်းဟုမေး၏။ အရှင်တယူဇနာမျှ လောက်သော အရပ်က ကြား၏ဟု ဆိုကုန်၏။ သင်တို့တွင် တစုံတယောက်သော သူသည် မိုဃ်းသံကိုကြားသလောဟု မေး၏။ အရှင်မကြားဟု ဆိုကုန်၏။ ထိုသူတို့သည် လူမဟုတ်ကုန် ဘီလူးတို့တည်း၊ ထိုသူတို့သည် ငါတို့ကို ရေကိုစွန့်စေကုန်၍ အားနည်းသည်ကိုပြုကုန်၍ စားလိုကုန်ရကား လာကုန်သည် ဖြစ်ကုန်လတ္တံ့၊ ရှေ့ကသွားသောလှည်းကုန်သည်မိုက်သည် အကြောင်းဟုတ်သည် မဟုတ်သည်ကို မသိ၊ စင်စစ် ထိုလှည်းကုန်သည်မိုက်ကို ထိုဘီလူးတို့သည် ရေကိုစွန့်စေ၍ ပင်ပန်းစေ၍ စားအပ်ပြီးသည် ဖြစ်လတ္တံ့၊ လှည်းငါးရာတို့သည်လည်း ပြည့်မြဲတိုင်းသော ဝန်ရှိကုန်သည်ဖြစ်၍သာလျှင် တည်ကုန်လတ္တံ့၊ ယခု ငါတို့သည် လှည်းတို့ကို မြင်ရကုန်အံ့၊ တလက်ဖက်သော ရေကိုလည်း မစွန့်မူ၍ လျင်စွာလျင်စွာ နှင်ကြလောဟု ဆို၍ လှည်းတို့ကို နှင်စေ၏။

ထိုဘုရားလောင်းသည် သွားသည်ရှိသော် ပြည့်မြဲတိုင်း ဝန်ဖြင့် ပြည့်သည်သာလျှင် ဖြစ်ကုန်သော လှည်းငါးရာတို့ကို၎င်း နွားတို့၏၎င်း လူတို့၏၎င်း ထက်ဝန်းကျင်သော အရပ်တို့၌ ဖရိုဖရဲရှိကုန်သော လက်ရိုး အစရှိသည်တို့ကို၎င်း မြင်၍ လှည်းတို့ကိုလှည့်သဖြင့်သစ်ခက်တဲဖွဲ့စေ၍ အလုံးစုံသာလျှင်ဖြစ်ကုန်သော လူတို့ကို၎င်း နွားတို့ကို၎င်း ညစာစားစေကုန်၍ လူတို့၏အလယ်၌ နွားတို့ကို အိပ်စေကုန်၍ မိမိသည် ဗိုလ်ပါတို့၏ အမှူးဖြစ်၍ သန်လျက်ကို လက်စွဲလျက် ညည့်သုံးယာမ်ပတ်လုံး အစောင့်အရှောက်ကိုယူ၍ ရပ်လျက်သာလျှင် အရုဏ်ကို တက်စေ၏။ နက်ဖြန် နေ့၌ နံနက် စောစောကလျှင် ခပ်သိမ်းသော ကိစ္စတို့ကို ပြီးစေ၍ နွားတို့ကို စားစေ၍ အားနည်းကုန်သော လှည်းတို့ကို စွန့်ပစ်စေခြင်း ခိုင်ခံ့ကုန်သော လှည်းတို့ကိုယူခဲ့စေခြင်း အဘိုးမထိုက်သောဘဏ္ဍာကိုစွန့်စေခြင်း အဘိုးများစွာထိုက်သော ဘဏ္ဍာကို တင်ခဲ့စေခြင်းတို့ကိုပြု၍ အလိုရှိရာ အရပ်သို့ရောက်၍ နှစ်ဆတက်ဖြစ်သော အဘိုးဖြင့် ဘဏ္ဍာကိုရောင်း၍ အလုံးစုံသော ပရိသတ်ကိုယူ၍ တဘန်မိမိနေရာ ဗာရာဏသီပြည်သို့သာလျှင်ပြန်သွား၏။

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၍ သူကြွယ် ဤသို့ ရှေးသောအခါ၌ ကြံသဖြင့်ချွတ်ယွင်းသော အကြောင်းကို ယူကုန်သော သူတို့သည် ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ကုန်ပြီ၊ မချွတ်ယွင်းသော အကြောင်းကို ယူကုန်သော သူတို့သည်ကား ဘီလူးတို့၏ လက်မှ လွတ်၍ ချမ်းသာသဖြင့် လိုရာအရပ်သို့ ရောက်၍တဘန် မိမိတို့၏ နေရာအရပ်သို့သာလျှင် ပြန်လည်ရကုန်ပြီဟုမိန့်တော်မူ၍ နှစ်ပါးကုန်သော ဝတ္ထုတို့ကိုစပ်၍ ဤအပဏ္ဏကဓမ္မဒေသနာ၌ ဘုရားဖြစ်တော်မူပြီး၍-

။ အပဏ္ဏကံ ဌာနမေကေ၊ ဒုတိယံ အာဟု တက္ကိကာ။
ဧတဒညာယ မေဓာဝီ၊ တံ ဂဏှေယျ အပဏ္ဏကံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၁။ ဧကေ၊ ဘုရားလောင်းအဦး အကြီးအမှူးရှိကုန်သောသူတို့သည်။ အပဏ္ဏကံ၊ ဧကန်စင်းစင်း ဆင်းရဲခြင်းမှ လွတ်ကင်းစေတတ်သော အကျင့်မြတ်ကို။ ဌာနံ၊ အရေးအခွင့် သင့်တင့်အကြောင်းဟူ၍။ အာဟု၊ ဆိုကုန်ပြီ။ တက္ကိကာ၊ အကြံသာရှိ ဉာဏ်မရှိ၍ အမှန်မသိကုန်သော လှည်းကုန်သည်မိုက် လူတသိုက်တို့သည်။ ဒုတိယံ၊ နှစ်ခုမြောက်သော။ ပဏ္ဏကံ၊ ဧကန်စင်းစင်း ဆင်းရဲခြင်းမှ မလွတ်မကင်း စေတတ်သော အကျင့်ကို။ ဌာနံ၊ အရေးအခွင့် သင့်တင့်သောအကြောင်းဟူ၍။ အာဟု၊ ဆိုကုန်ပြီ။ မေဓာဝီ၊ ပညာရှိသည်ကား။ ဧတံ၊ ဤပဏ္ဏက အပဏ္ဏကအားဖြင့် နှစ်ပါးသော အကျင့်ကို။ အညာယ၊ ပိုင်းခြားထင်ထင် သိမြင်သည်ဖြစ်၍။ တံ အပဏ္ဏကံ၊ ထိုမချွတ်မယွင်း မှန်လေခြင်းကြောင့် ဆင်းရဲကင်းစေတတ်သော အကျင့်မြတ်ကို။ ဂဏေယျ၊ ယူရာ၏။

ထိုဂါထာ၌ သရဏဂုံသုံးပါး ငါးပါးသောသီလ ရှစ်ပါးသောသီလ ပါတိမောက္ခသံဝရသီလ ဣန္ဒြိယသံဝရသီလ အာဇီဝပါရိသုဒ္ဓိသီလ ပစ္စယပဋိသေဝန-ဟူသော အလုံးစုံသော စတုပါရိသုဒ္ဓိသီလ ဣန္ဒြိယေသု ဂုတ္တဒွါရတာ ဘောဇနေမတ္တညုတာ ဇာဂရိယာနုယောဂ ဈာန် ဝိပဿနာ အဘိညာဉ် သမာပတ် အရိယမဂ် အရိယဖိုလ်ဟူသော ဤအလုံးစုံသည် အပဏ္ဏကဌာန မည်၏။ ဤ အပဏ္ဏက အကျင့်မည်သည်ကား ခပ်သိမ်းကုန်သော ဘုရား ပစ္စေကဗုဒ္ဓ ဘုရားသားတော်တို့၏ အကျင့်တည်း၊ ခပ်သိမ်းကုန်သော ဘုရားတို့သည် အပဏ္ဏက အကျင့်ကိုသာလျှင် ကျင့်ကုန်၍ မြဲစွာ ဝီရိယဖြင့် ပါရမီကိုဖြည့်ကုန်၍ ဗောဓိပင်၏အရင်း၌ ဘုရားဖြစ်ကုန်၏။ ပစ္စေကဗုဒ္ဓါတို့သည် ပစ္စေကဗောဓိဉာဏ်တို့ကို ဖြစ်စေကုန်၏။ ဘုရားသားတော်တို့သည်လည်း သာဝကပါရမီဉာဏ်ကို သိကုန်၏။ ထို့ကြောင့် ပညာရှိသည် အပဏ္ဏကအကျင့်ကိုသာလျှင် ယူရာ၏။ ဤသို့ မြတ်စွာဘုရားသည် ထိုသီတင်းသည်တို့အား သုံးပါးသော ကုလသမ္မတ္တိတို့ကို၎င်း ကာမာဝစရ နတ်ပြည်ခြောက်ထပ် ဗြဟ္မာ့ပြည်နှစ်ဆယ်တို့၌ သမ္မတ္တိတို့ကို၎င်း ပြပြီး၍ အဆုံး၌ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ပေးတတ်သော အကျင့်သည် အပဏ္ဏက အကျင့်မည်၏။ လေးပါးကုန်သော အပါယ်တို့၌၎င်း ငါးပါးကုန်သော ယုတ်သော အမျိုးတို့၌၎င်း ဖြစ်ခြင်းကို ပေးတတ်သော အကျင့်သည် ပဏ္ဏကအကျင့် မည်၏ဟု ဤအပဏ္ဏက ဓမ္မဒေသနာကို ပြတော်မူပြီး၍ အလွန် လေးပါးကုန်သော သစ္စာတို့ကို တဆယ့်ခြောက်ပါးကုန်သော အခြင်းအရာတို့ဖြင့် ပြတော်မူ၏။ ဤသစ္စာလေးပါးကို ပြသည်၏အဆုံး၌ အလုံးစုံလည်းဖြစ်ကုန်သော ထိုငါးရာကုန်သော တိတ္ထိတို့၏တပည့်ဖြစ်ဘူးကုန်သော သီတင်းသည်တို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ပြတော်မူပြီး၍ နှစ်ပါးကုန်သော ဝတ္ထုတို့ကို ဟောတော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မိုက်သောလှည်းကုန်သည့်သား ဖြစ်လေပြီ၊ ယခုအခါ ဒေဝဒတ်၏ပရိသတ်သည် ထိုအခါ ထိုမိုက်သောလှည်းကုန်သည့်သား၏ ပရိသတ်ဖြစ်လေပြီ၊ ယခုအခါ ဘုရားပရိသတ်သည် ထိုအခါ ပညာရှိသော လှည်းကုန်သည့်သား၏ ပရိသတ်ဖြစ်လေပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိသော လှည်းကုန်သည့်သား ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အကြောင်းမှန်က၊ အကျိုးရ၊ ချွတ်ကပျက်မည်သာ

ရှေးဦးစွာသော အပဏ္ဏကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အပဏ္ဏကဝဂ်

၂။ ဝဏ္ဏုပထဇာတ်

မပျင်းမရိသောသူသည် စိတ်နှလုံး၏ ငြိမ်းအေးခြင်းကိုရကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လူအပေါင်းကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အကိလာသုနာ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဝဏ္ဏုပထဇာတ် ဒေသနာတော်ကို သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ နေတော်မူလျက် ဟောတော်မူ၏။ အဘယ်သူကို အကြောင်းပြု၍ ဟောတော်မူသနည်း ဟူမူကား-လျော့သော ဝီရိယရှိသော တယောက်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူသည်ရှိသော် သာဝတ္ထိပြည်၌ နေသော တယောက်သော အမျိုးသားသည် ဇေတဝန်ကျောင်းတော်သို့သွား၍ မြတ်စွာဘုရား၏ အထံတော်၌ တရားတော်ကို နာရ၍ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ကာမဂုဏ်၌ အပြစ်ကိုမြင်၍ ရဟန်းပြု၍ ပဉ္စင်းဖြစ်သည်မှ ငါးနှစ်ရှိသည်ဖြစ်၍ မာတိကာနှစ်စောင်ကို သင်ကြား၍ ဝိပဿနာအကျင့်ကိုကျင့်၍ ဘုရား၏ အထံတော်၌ မိမိအလိုရှိအပ်သော ကမ္မဋ္ဌာန်း ကိုယူ၍ တခုသောတောသို့ဝင်၍ ဝါတွင်းသုံးလပတ်လုံးနေ၍ ဝါတွင်းသုံးလပတ်လုံး လုံ့လပြုငြားသော်လည်း အရိပ်အရောင်မျှကို၎င်း နိမိတ်ကို၎င်း ဖြစ်စေခြင်းငှာမတတ်နိုင်၊ ထိုအခါ ထိုရဟန်းသည်ကား မြတ်စွာဘုရားသည် လေးပါးကုန်သော ပုဂ္ဂိုလ်တို့ကို ဟောအပ်ကုန်၏။ ထိုပုဂ္ဂိုလ်တို့တွင် ငါသည် ပဒပရမဖြစ်သော မဂ်ဖိုလ်ကိုရခြင်းငှာ မထိုက်သောပုဂ္ဂိုလ်သည် ဖြစ်ရာ၏။ ငါ့အား ဤကိုယ်၏ အဖြစ်၌ မဂ်ကို၎င်း ဖိုလ်ကို၎င်း ရခြင်းငှါ မရှိယောင်တကား၊ တော၌နေသဖြင့် အဘယ်မူအံ့နည်း၊ ဘုရားအထံသို့သွား၍ အဆင်း၏ တင့်တယ်ခြင်းအစုသို့ရောက်သော မြတ်စွာဘုရားကိုယ်တော်ကို ဖူးမျှော်ကာ သာယာစွာသောတရားတော်ကို နာ၍သာ နေအံ့ဟုကြံ၍ ဇေတဝန် ကျောင်းတော်သို့သာလျှင် တဘန် ပြန်လာ၏။

ထိုအခါ ထိုရဟန်းကိုမြင်ဘူးကုန်သော အဆွေခင်ပွန်း မြဲသောအဆွေခင်ပွန်းတို့သည် ပြောဆိုကြကုန်၏။ ငါ့ရှင် သင်သည် ဘုရားအထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ ရဟန်းတရားကို ကျင့်အံ့ဟုသွား၏။ ယခုအခါ၌ကား လာလတ်၍ အခြွေအရံ အပေါင်းအဘော်၌ အလွန်မွေ့လျော်လျက် ကျက်စား၏။ သင့်အား ရဟန်းကိစ္စသည် အပြီးသို့ ရောက်ပြီလော ကျင့်စရာ မရှိပြီလောဟု ဆိုကုန်၏။ ငါ့သျှင်တို့ ငါသည် မဂ်ကို၎င်း ဖိုလ်ကို၎င်း မရသောကြောင့် ငါသည် မကျွတ်ထိုက်သောပုဂ္ဂိုလ်သည် ဖြစ်ရာ၏ဟု ဝီရိယကိုစွန့်၍ လာ၏ဟု ဆို၏။ ငါ့သျှင် သင်သည်မြဲသော ဝီရိယရှိသော မြတ်ဘုရား၏ သာသနာတော်၌ ရဟန်းပြု၍ ဝီရိယကို လွှတ်သဖြင့် သင်သည် မသင့်မလျော်သည်ကို ပြုဘိ၏။ လာလှည့်၊ သင့်ကို မြတ်စွာဘုရားအား ပြကုန်အံ့ဟု ထိုရဟန်းကိုယူ၍ မြတ်စွာဘုရား အထံတော်သို့ သွားကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းကိုမြင်လျှင် ဤသို့ မိန့်တော်မူ၏။ ရဟန်းတို့ သင်တို့သည် အလိုမရှိသော ရဟန်းကိုယူ၍လာကုန်၏။ ဤရဟန်းသည် အဘယ်ကို ပြုသနည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား ဤရဟန်းသည် ဤသို့စဉ် သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ ရဟန်းတရားကို ကျင့်လျက် ဝီရိယကိုလျော့၍ လာ၏ ဟု လျောက်ကုန်၏။ ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း သင်သည် ဝီရိယကို လျော့သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု လျှောက်၏။ ရဟန်း သင်သည် အဘယ့်ကြောင့် ဤသို့စဉ် သဘောရှိသော ငါဘုရား သာသနာတော်၌ ရဟန်းပြု၍ အလိုနည်း၏ ဟူ၍၎င်း ရောင့်ရဲလွယ်၏ဟူ၍၎င်း ဆိတ်ငြိမ်ခြင်းကို အလိုရှိ၏ ဟူ၍၎င်း အားထုတ်အပ်သော ဝီရိယရှိ၏ဟူ၍၎င်း ဤသို့ မိမိကိုယ်ကို မသိစေမူ၍ လျော့သော ဝီရိယရှိသော ရဟန်းဟူ၍ သိစေဘိသနည်း၊ သင်သည် ရှေး၌လည်း ဝီရိယရှိသည် ဖြစ်ဘူးသည် မဟုတ်လော၊ တယောက်တည်းသော သင်၏ ဝီရိယကိုမှီ၍ သဲကန္တာရ၌ လှည်းငါးရာတို့၌ လူတို့သည်၎င်း နွားတို့သည်၎င်း သောက်ရေကို ရကုန်၍ ချမ်းသာသည် ဖြစ်ဘူးပြီ၊ ယခုအခါ၌ အဘယ့်ကြောင့် ဝီရိယကိုလျော့သနည်းဟု မိန့်တော်မူ၏။ ထိုရဟန်းသည် ဤမျှ အတိုင်းအရှည်ရှိသော စကားတော်ဖြင့် အထောက်အပံ့ကို ရသည်ဖြစ်၏။ ထိုစကားကို ကြားကုန်၍ ရဟန်းတို့သည် မြတ်စွာဘုရားကို တောင်းပန်ကုန်၏။ အရှင်ဘုရား ယခုအခါ၌ ဤရဟန်းသည် ဝီရိယကို လျော့သည်၏ အဖြစ်သည် အကျွန်ုပ်တို့အား ထင်ရှား၏။ ရှေး၌ကား တယောက်တည်းသော ထိုရဟန်း၏ ဝီရိယကိုမှီ၍ သဲကန္တာရ၌ လူတို့၏ သောက်ရေကိုရကုန်၍ ချမ်းသာသည်၏ အဖြစ်သည် အကျွန်ုပ်တို့အား မထင်၊ အရှင်ဘုရား၏ သဗ္ဗညုတ ဉာဏ်တော်အားသာလျှင် ထင်၏။ အကျွန်ုပ်တို့အားလည်း ထိုအကြောင်းကို ဟောတော်မူပါကုန်လောဟု တောင်းပန်ကုန်၏။ ရဟန်းတို့ ထိုသို့တပြီးကား သင်တို့သည် နာကုန်လောဟု မြတ်စွာဘုရားသည် ထိုရဟန်းတို့အား သတိကို ဖြစ်စေ၍ ဘဝတပါးဖြင့် ဖုံးလွှမ်းအပ်သော အကြောင်းကို ထင်ရှားပြတော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကာသိတိုင်း ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သော် ငါဘုရားလောင်းသည် လှည်းမှူးအမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် လှည်းငါးရာတို့ဖြင့် ကုန်သွယ်အံ့သောငှာသွား၏။ ထိုဘုရားလောင်းသည် ငါးဆယ့်ကိုးယူဇနာရှိသောသဲကန္တာရ ကိုသွား၏။ ထိုကန္တာရ၌ သဲတို့သည်သိမ်မွေ့ကုန်၏။ လက်ဆုပ်ဖြင့်ယူအပ်ကုန်သောသဲတို့သည် လက်၌မတည်ကုန်၊ နေထွက်သောအခါမှစ၍ မီးကျီးစုကဲ့သို့ ပူ၏။ နင်းခြင်းငှါ မတတ်ကောင်း၊ ထို့ကြောင့် ထိုသဲကန္တာရ၌ သွားကုန်သော သူတို့သည် ထင်း ရေ ဆီ ဆန် အစရှိသည်တို့ကို လှည်းတို့ဖြင့်ယူကုန်၍ ညဉ့်၌သာလျှင် သွားကုန်၍ အရုဏ်ကက်သောအခါ၌ လှည်းတို့ကို လှည့်သည်တို့ကို ပြုကုန်၍ အထက်၌ မဏ္ဍပ်ဆောက်ကုန်၍ စောစောကလျှင် အာဟာရကိစ္စကို ပြီးစေကုန်၍ အရိပ်၌နေကုန်လျက် နေ့ကိုကုန်စေ၍ နေဝင်သောအခါ၌ ညစာစား၍ နေသည် အေးလတ်သော် လှည်းတို့ကို ကကုန်၍ သွားကုန်၏။ သမုဒြာ၌ သွားခြင်းနှင့် တူသည်သာလျှင်ဖြစ်သော သွားခြင်းသည် ဖြစ်၏။ ထို့ကြောင့် ကြည်းကုန်းသို့ ပို့ဆောင်တတ်သောသူမည်သည်ကို ရခြင်းငှါသင့်၏။ ထို့ကြည်းကုန်းသို့ ပို့ဆောင်တတ်သောသူသည် ကြယ်အမှတ်ဖြင့် လှည်းအပေါင်းကို ပို့ဆောင်၏။ ထိုလှည်းမှူးသည်လည်း ထိုကာလ၌ ဤနည်းဖြင့်သာလျှင် ထိုကန္တာရသို့ သွားသည်ရှိသော် ငါးဆယ့်ကိုးယူဇနာရှိသော အရပ်တို့သို့ရောက်၍ ယခုအခါ၌ တညဉ့်တည်းဖြင့်လျှင် သဲကန္တာရမှလွတ်မြောက်သည်ဖြစ်လတ္တံ့ဟု ညစာစားကုန်၍ အလုံးစုံသော ထင်း ရေတို့ကိုကုန်စေ၍ လှည်းတို့ကို ကစေ၍သွား၏။ ကြည်းကုန်းသို့ ပို့ဆောင်တတ်သောသူသည်ကား ရှေးဦးစွာသော လှည်း၌ နေရာခင်း၍ ကောင်းကင်၌ ကြယ်ကိုကြည့်လျက် ဤအရပ်သို့ နှင်ကုန်လော၊ ဤအရပ်သို့ နှင်ကုန်လောဟုဆို၍ အိပ်၏။ ထိုကြည်းကုန်းသို့ ပို့ဆောင်တတ်သော သူသည် ရှည်စွာသောကာလပတ်လုံး မအိပ်ရ၍ ပင်ပန်းသည် ဖြစ်သောကြောင့် အိပ်ပျော်လေ၏။ ပြန်လည်၍ လာမြဲတိုင်းသောလမ်းကို ယူကုန်သောနွားတို့ကို မသိလေပြီ။

နွားတို့သည် တညဉ့်ပတ်လုံး သွားကုန်၏။ ကြည်းကုန်းသို့ ပို့ဆောင်တတ်သောသူသည် အရုဏ်တက်သောအခါ၌ နိုးလတ်သည်ရှိသော် နက္ခတ်ကိုကြည့်၍ လှည်းတို့ကို ပြန်ကြကုန်လော၊ ပြန်ကြကုန်လောဟု ဆို၏။ လှည်းတို့ကို အစီအစဉ်ကို ပြုကုန်စဉ်သာလျှင် နေထွက်၏။ လူတို့သည် ယမန်နေ့က တို့နေရာ သစ်ခက်တပ် အရပ်လျှင်တည်း၊ ငါတို့၏ ထင်း, ရေသည်လည်းကုန်၏။ ယခု ငါတို့သည် ပျက်စီးကုန်ပြီဟု လှည်းတို့ကိုချွတ်စေကုန်၍ လည်သဖြင့်ထားကုန်၏။ အထက်၌ မဏ္ဍပ်ကို ဆောက်ကုန်၍ မိမိ မိမိတို့၏ လှည်းအောက်၌ စိုးရိမ်ကုန်လျက် အိပ်ကုန်၏။ ဘုရားလောင်းသည် ငါသည် ဝီရိယကို လျော့သည်ရှိသော် ခပ်သိမ်းကုန်သောသူတို့သည် ပျက်စီးကုန်လတ္တံ့ဟု စောစောက ချမ်းအေးသောအခါ၌လျှင် လှည့်လည်သည်ရှိသော် တခုသော နေဇာမြက်စုကိုမြင်၍ ဤမြက်တို့သည် အောက်၌ရေစိုသဖြင့် ပေါက်ကုန်သည် ဖြစ်လတ္တံ့ဟုကြံ၍ ပေါက်တူးကို ယူစေ၍ ထိုအရပ်ကို တူးစေ၏။ ထိုခဏ၌လျင် အတောင်ခြောက်ဆယ်ရှိသော အရပ်တိုင်အောင် တူးမိကုန်၏။ ထိုမျှ အတိုင်းအရှည်ရှိသော အရပ်သို့တူး၍ ခတ်ကုန်သောသူတို့၏ ပေါက်တူးသည် အောက်ကျောက်ဖျာ၌ ခတ်မိ၏။ ခတ်မိကာမျှ၌ ခပ်သိမ်းသော သူတို့သည် ဝီရိယကို လျော့ကုန်၏။ ဘုရားလောင်းသည်ကား ဤကျောက်ဖျာ၏ အောက်၌ ရေသည် ဖြစ်ရာ၏ဟု ဆင်းသက်၍ ကျောက်ဖျာ၌ရပ်လျက် ညွတ်၍ နားထောင်၍ အသံကို ဆင်ခြင်သည်ရှိသော် အောက်၌ ရေစီးသံကို ကြား၍ တက်လတ်ပြီးသော် အလုပ်အကျွေး ငယ်ကိုဆို၏။

အမောင်-သင်သည် ဝီရိယကို လျော့သည်ရှိသော် ခပ်သိမ်းကုန်သောငါတို့သည် ပျက်စီးကြကုန်အံ့၊ သင်သည် ဝီရိယကိုမလျော့မူ၍ ဤသံတူကိုယူ၍ တွင်းသို့ဆင်းသက်၍ ထိုကျောက်၌ ပုတ်ခတ်ခြင်းကို ပေးလော့ဟု ဆို၏။ ထိုအလုပ်အကျွေး ငယ်သည် ထိုဘုရားလောင်း၏ စကားကို ဝန်ခံ၍ ခပ်သိမ်းကုန်သောသူတို့သည် လုံ့လကိုလျော့၍ တည်ကုန်သော်လည်း ဝီရိယကိုမလျော့ဘဲ ဆင်းသက်၍ ကျောက်ဖျာ၌ ပုတ်ခတ်ခြင်းကိုပေး၏။ ကျောက်ဖျာအလယ်၌ ကျိုး၍ အောက်သို့ကျ၍ ဖီလာစီးသော ရေအယဉ်ကို ချုပ်၍တည်၏။ ထန်းလုံးပမာဏရှိသော ရေကြောင်းသည် အထက်သို့ တက်၏။ ခပ်သိမ်းကုန်သော လှည်းကုန်သည်တို့သည် ရေကိုသောက်ကုန်၍ ချိုးကုန်၍ အပိုအလွန်ဖြစ်ကုန်သော ဝင်ရိုးထမ်းပိုးတို့ကိုခွဲကုန်၍ ယာဂု ထမင်း ချက်စားကုန်၍ နွားတို့ကိုလည်း ကျွေးမွေးကုန်၍ နေဝင်သည်ရှိသော် ရေရှိသော အရပ်၏အနီး၌ တံခွန် ဆွဲခဲ့ကုန်၍ အလိုရှိရာအရပ်သို့ သွားကြကုန်၏။ ထိုလှည်းကုန်သည်တို့သည် မိမိတို့ ဥစ္စာကိုရောင်းကုန်၍ နှစ်ဆ သုံးဆသော လာဘ်ကို ရကုန်၍ မိမိတို့ နေရာအရပ်သို့သာလျှင် ပြန်ခဲ့ကုန်၏။ ထိုလှည်းကုန်သည်တို့သည် အသက်ထက်ဆုံးတည်ကုန်၍ ကံအလျောက် လားကြကုန်၏။ ဘုရားလောင်းသည်လည်း ဒါန အစရှိကုန်သော ကောင်းမှုတို့ကိုပြုကုန်၍ ကံအလျောက်သာလျှင် လား၏။ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဟောတော်မူ၍သာလျှင်-

။ အကိလာသုနော ဝဏ္ဏုပထေ ခဏန္တာ၊ ဥဒင်္ဂဏေ တတ္ထ ပပံ အဝိန္ဒုံ။
ဧဝံ မုနီ ဝီရိယဗလူပပန္နော၊ အကိလာသု ဝိန္ဒေ ဟဒယဿ သန္တိံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၂။ အကိလာသုနာ၊ မပျင်းမရိကုန်သော လှည်းကုန်သည်တို့သည်။ ဝဏ္ဏုပထေ၊ သုံးရေမနီး သဲခရီး၌။ ခဏန္တာ၊ တူးကုန်လတ်သော်။ အင်္ဂဏေ၊ လူတို့၏သွားရာ မြေအပြင်ဖြစ်သော။ တတ္ထ ဝဏ္ဏုပထေ၊ ထိုသဲခရီး၌။ ပပံ၊ ရေကို။ အဝိန္ဒုံ၊ ရကုန်ပြီ။ ဧဝံ တထာ၊ ထို့အတူ။ ဝီရိယဗလူပပန္နော၊ ဝီရိယတည်းဟူသော ဗိုလ်မှူးနှင့် ပြည့်စုံသော။ အကိလာသု၊ မပျင်းမရှိသော။ မုနီ၊ ပညာရှိသော ရဟန်းသည်။ ဟဒယဿ၊ စိတ်၏။ သန္တိံ၊ ငြိမ်းသည်၏အဖြစ်ကို ပြုတတ်သော ဈာန် ဝိပဿနာပညာ အဘိညာဉ် အရဟတ္တမဂ်ဉာဏ်ဟုဆိုအပ်သော အရိယာတို့၏ တရားကို။ ဝိန္ဒေ၊ ရရာ၏။

မုနိသည် အာဂါရိယမုနိ အနာဂရိယမုနိ သေက္ခမုနိ အသေက္ခမုနိ ပစ္စေကမုနိ မုနိမုနိ ဟူ၍ မုနိအပြား ၆-ပါးတို့တွင် ရအပ်ပြီးသောဖိုလ် သိအပ်ပြီးသော သာသနာရှိသော လူသည် အာဂါရိယမုနိ မည်၏။ ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သော ရဟန်းသည် အနာဂါရိယမုနိမည်၏။ သေက္ခခုနစ်ယောက်သည် သေက္ခမုနိ မည်၏။ ရဟန္တာသည် အသေက္ခမုနိ မည်၏။ ပစ္စေကဗုဒ္ဓသည် ပစ္စေကမုနိ မည်၏။ သဗ္ဗညူမြတ်စွာဘုရားသည် မုနိမုနိ မည်၏။ ဤအရာ၌ အလုံးစုံသော မုနိကိုယူသည်၏ အစွမ်းအားဖြင့် ပညာနှင့်ပြည့်စုံသည်၏ အဖြစ်ကြောင့်။ မုနိဟူ၍ သိအပ်၏။

အဓိပ္ပါယ်ကား... ထိုလှည်းကုန်သည်တို့သည် မပျင်းမရှိသည်ဖြစ်၍ ခရီး၌ တူးကုန်လတ်သော် ရေကို ရကုန်၏။ ထို့အတူ ဤသာသနာတော်၌လည်း မပျင်းမရိသည်ဖြစ်၍ လုံ့လပြုသော ပညာရှိသော ရဟန်းသည် ဤဈာန်အစရှိသည့် အပြားရှိသော စိတ်၏ငြိမ်းခြင်းကိုပြုတတ်သော တရားကိုရ၏။ ရဟန်း ထိုသင်သည် ရှေး၌ ရေမျှ၏အကျိုးငှာ လုံ့လကိုပြု၏။ ယခုအခါ၌ ဤသို့သဘောရှိသော မဂ်ဖိုလ်ကိုပေးတတ်သော ဝဋ်ဆင်းရဲမှ လွတ်မြောက်စေကြောင်း ဖြစ်သောသာသနာ၌ ဝီရိယကို အဘယ့်ကြောင့် လျော့သနည်း ဟူလိုသော်။

ဤသို့ ဓမ္မဒေသနာတော်ကို ပြပြီး၍ သစ္စာလေးပါးတို့ကို ပြတော်မူ၏။ သစ္စာလေးပါးတို့ကို ပြတော်မူသည်၏အဆုံး၌ လျော့သော ဝီရိယရှိသော ရဟန်းသည် မြတ်သော အရဟတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း နှစ်ပါးသောဝတ္ထုတို့ကိုပြပြီး၍ အနုသန္ဓေစပ်၍ ယခုအခါ လျော့သော ဝီရိယရှိသော ရဟန်းသည် ထိုအခါ ဝီရိယကို မလျော့မူ၍ ကျောက်ဖျာကို ဖောက်၍ လူများအား ရေကိုပေးတတ်သော ဘုရားလောင်း လှည်းကုန်သည်၏ အလုပ်အကျွေးငယ် ဖြစ်လေပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ကြွင်းကုန်သော ပရိသတ် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည် ထိုအခါ လှည်းကုန်သည်မှူးဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၍ ဒေသနာကို ပြီးစေတော်မူ၏။

ဝီရိယသွင်း၊ ဆင်းရဲခြင်း၊ လွတ်ကင်း ချမ်းသာရာ

နှစ်ခုမြောက်သော ဝဏ္ဏုပထဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အပဏ္ဏကဝဂ်

၃။ သေရိဝဝါဏိဇဇာတ်

ကောက်ကျစ်သောကြောင့် ရွှေခွက်မှ ယုတ်သော ရွဲကုန်သည်အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော မြတ်ဘုရားသည် ဣဓ စေနံ ဝိရာဓေသိအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသေရိဝ ဝါဏိဇဇာတ် ဒေသနာတော်ကို သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ နေတော်မူလျက် တယောက်သော လျှော့သော ဝီရိယရှိသည်သာလျှင်ဖြစ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ သဗ္ဗညူမြတ်စွာဘုရားသည် ရှေးနည်းဖြင့် ရဟန်းတို့သည် ဆောင်အပ်သော ထိုရဟန်းကို မြင်တော်မူ၍ မိန့်တော်မူ၏။ ရဟန်း သင်သည် ဤသို့ သဘောရှိသော မဂ်ဖိုလ်ကိုပေးတတ်သော သာသနာ၌ ရဟန်းပြု၍ ဝီရိယကိုလျှော့၍ အဘိုးတသိန်းထိုက်သော ရွှေခွက်မှ ယုတ်သော သေရိဝတိုင်းသား ရွဲကုန်သည်ကဲ့သို့ ကြာမြင့်စွာ စိုးရိမ်ရလတ္တံ့၊ ဤသို့ မိန့်တော်မူ၏။ ရဟန်းတို့သည်ထိုအကြောင်းကို ထင်စွာ ဖြစ်စေခြင်းငှါ မြတ်စွာဘုရားကို တောင်းပန်ကုန်၏။ မြတ်စွာဘုရားသည် ဘဝတပါးဖြင့် ဖုံးလွှမ်းအပ်သော အကြောင်းကို ထင်စွာပြတော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဤဘဒ္ဒကပ်ကမ္ဘာမှပြန်၍ရေသည်ရှိသော် ငါးကမ္ဘာထက်၌ ဘုရားလောင်းသည် သေရိဝတိုင်း၌ ရွဲကုန်သည်သည် ဖြစ်၏။ ထိုဘုရားလောင်း ရွဲကုန်သည်သည် သေရိဝမည်သော လောဘရမ္မက်ကြီးသော ရွဲကုန်သည်နှင့် တကွ ရောင်းအံ့သောငှါ သွားကုန်သည်ရှိသော် နီလဝါဟမည်သော မြစ်ကိုကူး၍ အရိဋ္ဌပုရမည်သောပြည်သို့ ဝင်သည်ရှိသော် မြို့ခရီးတို့ကို ခွဲဝေ၍ မိမိသည်ရအပ်သောခရီးဖြင့် ဥစ္စာကို ရောင်းလျက်သွား၏။ တယောက်သော လောဘရမ္မက်ကြီးသော ကုန်သည်သည်လည်း မိမိသည် ရအပ်သော ခရီးကိုယူ၏။ ထိုအရိဋ္ဌပုရမြို့၌လည်း တဦးသောသူဌေးအမျိုးသည် ပျက်စီးသည်ဖြစ်၍ ခပ်သိမ်းကုန်သော သားသမီးညီနောင်တို့သည်၎င်း ဥစ္စာသည်၎င်း ကုန်ခြင်းသို့ ရောက်ကုန်၏။ တယောက်သော သူငယ်မသည် အဘွားနှင့်တကွ ကြွင်းသည်ဖြစ်၏။ ထိုမြေးအဘွားနှစ်ယောက်တို့သည်လည်း သူတပါးတို့၏ အခစားကိုပြု၍ အသက်မွေးရကုန်၏။ ထိုမြေးအဘွားအိမ်၌သော်ကား သူဌေးကြီးသည် သုံးဆောင်ဘူးသော အိုး၏အကြား၌ ထားအပ်သော ရွှေခွက်သည် ရှည်မြင့်စွာ မသုံးဆောင်အပ်သည်ဖြစ်၍ အညစ်အကြေးတက်သည်ဖြစ်၏။ ထိုမြေးအဘွား နှစ်ယောက်တို့သည် ထိုခွက်၏ ရွှေခွက်၏ အဖြစ်ကိုလည်း မသိကုန်။

ထိုလောဘရမ္မက်ကြီးသော ကုန်သည်သည် ထိုအခါ၌ ရွဲတို့ကိုဝယ်ကြကုန်လော၊ ရွဲတို့ကို ဝယ်ကြကုန်လောဟု လှည့်လည်လျက် အိမ်တံခါးသို့ ရောက်လေ၏။ ထိုသူငယ်မသည် ထိုရွဲကုန်သည်ကိုမြင်၍ အဘွားကိုဆို၏။ အဘွား-ငါ့အဘို့ တခုသောတန်ဆာကို ဝယ်ပါလောဟု ဆို၏။ မြေးငယ် ငါတို့သည် ဆင်းရဲကုန်၏။ အဘယ်ကိုပေး၍ ဝယ်ကုန်အံ့နည်းဟု ဆို၏။ ငါတို့အား ဤခွက်သည် ရှိ၏။ ငါတို့အား ကျေးဇူးမရှိ၊ ဤခွက်ကိုပေး၍ ဝယ်လော့ဟုဆို၏။ ထိုအဘွားသည် ရွဲကုန်သည်ကိုခေါ်စေ၍ နေရာ၌နေစေ၍ ထိုခွက်ကိုပေး၍ အရှင်ဤခွက်ကိုယူ၍ သင့်နှမအား တစုံတခုကို ပေးလော့ဟု ဆို၏။ ရွဲကုန်သည်သည် ခွက်ကိုကိုင်၍ကြည့်လျှင် ရွှေခွက်ဖြစ်လတ္တံ့ဟု ကြံအောက်မေ့၍ ခွက်၏ ကျော၌လျှင် လှည့်လည်၍ အပ်ဖြင့် အရေးကိုငင်၍ ရွှေခွက်အဖြစ်ကိုသိ၍ ဤသူတို့အား တစုံတခုကိုမပေးမူ၍ ဤရွှေခွက်ကို ယူအံ့ဟု ကြံ၍ ဤခွက်သည် အဘယ် အဘိုး ထိုက်အံ့နည်း၊ ထိုခွက်သည် ပဲဝက်မျှသော အဘိုးကိုလည်း မထိုက်ဟူ၍ မြေ၌ပစ်၍လျှင် နေရာမှထ၍ သွားလေ၏။ တယောက်သောသူသည် ဝင်၍ထွက်သောခရီးကို တယောက်သောသူသည် ဝင်ခြင်းငှါ ရ၏။ ထို့ကြောင့် ဘုရားလောင်း ရွဲကုန်သည်သည် ထိုခရီးသို့ဝင်၍ ရွဲတို့ကို ဝယ်ကြကုန်လော ရွဲတို့ကို ဝယ်ကြကုန်လောဟု ဆို၍ ထိုအိမ်တံခါးသို့လျှင် ရောက်လေ၏ တဖန် ထိုသူငယ်မသည် ထိုရှေးအတူလျှင် အဘွားကို ဆို၏။

ထိုအခါ ထိုမြေးငယ်မကို အဘွားသည် ရှေးဦးစွာလာသော ကုန်သည်သည် ခွက်ကို မြေ၌ပစ်၍ သွားလေပြီ၊ ယခုအခါ အဘယ်ကိုပေး၍ ဝယ်ကုန်အံ့နည်းဟုဆို၏။ ထိုရှေးကုန်သည်သည် ကြမ်းကြုတ်သောစကား ရှိ၏။ ဤကုန်သည်သည်ကား ရှုချင်ဘွယ်ရှိ၏။ နူးညံ့ပြေပြစ်သော စကားရှိ၏။ ထိုခွက်ကိုယူငြားအံ့လည်းမသိဟု ဆို၏။ မြေးငယ် ထိုသို့တပြီးကား ခေါ်လော့ဟု ဆို၏။ ထိုသူငယ်မသည် ထိုရွဲကုန်သည်ကိုခေါ်၏။ ထိုအခါ အိမ်သို့ဝင်၍နေသော ထိုရွဲကုန်သည်အား ထိုခွက်ကိုပေးကုန်၏။ ထိုဘုရားလောင်းကုန်သည်သည် ထိုခွက်၏ ရွှေခွက်၏အဖြစ်ကိုသိ၍ အမိ ဤခွက်သည် အဘိုးတသိန်းထိုက်၏။ အဘိုးတသိန်းထိုက်သော ဥစ္စာသည် ငါ၏လက်၌မရှိဟု ဆို၏။ အရှင်ရှေးဦးစွာလာသော ကုန်သည်သည် ဤခွက်သည် ပဲဝက်မျှကိုလည်း မထိုက်ဟူ၍ မြေ၌ပစ်၍ သွား၏။ ဤခွက်သည်ကား သင်၏ကောင်းမှုကြောင့် ရွှေခွက်ဖြစ်သည်ဖြစ်လတ္တံ့၊ ငါတို့သည် ဤရွှေခွက်ကို သင့်အား ပေးအံ့၊ တစုံတခုမျှကိုလျှင် ငါတို့အား ပေး၍ ဤရွှေခွက်ကို ယူ၍သွားလေဟု ဆို၏။ ဘုရားလောင်းသည် ထိုခဏ၌ လက်သို့ရောက်ကုန်သော ငါးရာကုန်သော အသပြာတို့ကို၎င်း, အဘိုးငါးရာထိုက်သော ဥစ္စာတို့ကို၎င်း၊ ပေး၍ ငါ့အား ဤချိန်ကို၎င်း ဤအိတ်ကို၎င်း ရှစ်သပြာတို့ကို၎င်း ပေးကုန်လောဟု ဤမျှကိုတောင်းယူ၍ သွားလေ၏။ ထိုဘုရားလောင်း ရွဲကုန်သည်သည် လျင်စွာလျှင် မြစ်နားသို့ရောက်၍ ကူးတို့သည်အား ရှစ်သပြာကိုပေး၍ လှေကို စီးလေ၏။

ထိုမိုက်သော ရွဲကုန်သည်လည်း တဖန် ထိုအဘွားအိမ်သို့ သွား၍ သင်တိုက်ခွက်ကို ဆောင်ခဲ့လော၊ သင်တို့အား တစုံတခုကိုလျှင် ပေးအံ့ဟု ဆို၏။ ထိုသူငယ်မသည် ထိုရွဲကုန်သည်ကို ဆဲရေး၍ သင်သည် ငါတို့၏ အဘိုးတသိန်းထိုက်သော ရွှေခွက်ကို ပဲဝက်မျှအဘိုးကိုပြု၏။ သင်၏အရှင်နှင့်တူသောတယောက်သော တရားစောင့်သော ကုန်သည်သည် ငါတို့အား အဘိုးတထောင်ကိုပေး၍ ထိုရွှေခွက်ကိုယူ၍ သွားလေ၏ဟု ဆို၏။ ထိုရွဲကုန်သည်မိုက်သည် ထိုစကားကို ကြား၍လျှင် အဘိုးတသိန်းထိုက်သော ထိုရွှေခွက်မှယုတ်၍ ဤကုန်သည်သည် ငါ့အား ရှုံးခြင်းကြီးကိုပြုခဲ့ပြီတကားဟု အလွန်ဖြစ်သော စိုးရိမ်ခြင်းရှိသည်ဖြစ်၍ သတိကို ထားအံ့သောငှါ မတတ်နိုင်ရကား မိန်းမောသည်ဖြစ်၍ မိမိလက်သို့ ရောက်ကုန်သော အသပြာတို့ကို၎င်း ဥစ္စာတို့ကို၎င်း အိမ်တံခါး၌ကြဲ၍ အဝတ်အာရုံကိုစွန့်၍ ချိန်ရိုးကို ဆောက်ပုတ်ပြု၍ ဘုရားလောင်း၏ ခြေရာအစဉ် လိုက်သည်ရှိသော် ထိုမြစ်ကမ်းနားသို့ရောက်၍ ကူးသွားသောဘုရားလောင်းကို မြင်၍ အို-ကူးတို့သည် လှေကို ပြန်စေလောဟု ဆို၏။ ဘုရားလောင်းသည်ကား အမောင် ကူးတို့သည် မပြန်လင့်ဟု မြစ်၏။ မိုက်သော ရွဲကုန်သည်လည်း ထိုသို့ သွားသော ဘုရားလောင်းကို မြင်စဉ်ပင်လျှင် ကြီးစွာသော စိုးရိမ်ခြင်းသည်ဖြစ်၍ နှလုံးပူသည်ဖြစ်၏။ ခံတွင်းမှ သွေးအန်၏။ အိုင်၌ ညွန်ကဲ့သို့ နှလုံးကွဲ၏။ ထိုရွဲကုန်သည်မိုက်သည် ဘုရားလောင်း၌ ရန်ညှိုးဖွဲ့၍ ထိုမြစ်နား၌ပင်လျှင် အသက်ကုန်ခြင်းသို့ ရောက်လေ၏။

ဤကား ဘုရားလောင်း၌ ဒေဝဒတ်၏ ရှေးဦးဖွဲ့သော ရန်ညှိုးတည်း။

ဘုရားလောင်းသည် အလှူအစရှိသော ကောင်းမှုကို ပြု၍ ကံအားလျော်စွာ လားရ၏။ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဟောတော်မူပြီး၍ ဘုရားဖြစ်တော်မူပြီး၍သာလျှင်-

။ ဣဓ စေနံ ဝိရာဓေသိ၊ သဒ္ဓမ္မဿ နိယာမတံ။
စိရံ တွံ အနုတပ္ပေသိ၊ သေရိဝါယံဝ ဝါဏိဇော။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၃။ ဣဓ၊ ဤသာသနာတော်၌။ သဒ္ဓမ္မဿ၊ သူတော်ကောင်းတရား၏။ ဧနံ နိယာမတံ၊ ထိုလှော်ကား လှေငယ်ဟု ဆိုအပ်သော သောတာပတ္တိမဂ်ကို။ စေ ဝိရာဓေသိ၊ အကယ်၍ ချွတ်ယွင်းစေအံ့။ တွံ၊ သင်သည်။ စိရံ၊ ကြာမြင့်စွာ။ အနုတပ္ပေသိ၊ ပူပန်ရလတ္တံ့။ ကော ဝိယ၊ အဘယ်သူကဲ့သို့နည်း။ သေရိဝေါ၊ သေရိဝ အမည်ရှိသော။ အယံ ဝါဏိဇော ဣဝ၊ ရထိုက်သည့်အခိုက် မယူလိုက်ဘဲ ရှောင်လွှဲ သွယ်ဝိုက်သော ဤရွဲကုန်သည် လူမိုက်ကဲ့သို့တည်း။

အဓိပ္ပါယ်ကား... ရှေး၌ သေရိဝမည်သော ရွဲကုန်သည်သည် အဘိုးတသိန်းထိုက်သော ရွှေခွက်ကိုမရ၍ ထိုရွှေခွက်ကို ယူအံ့သောငှါ လုံ့လမပြုမူ၍ ထိုရွှေခွက်မှ ယုတ်သည်ဖြစ်၍ စိုးရိမ်ရသကဲ့သို့ ထို့အတူ သင်သည်လည်း သာသနာတော်နှင့်စပ်သော ရွှေခွက်နှင့်တူသော အရိယမဂ်ကို လျှော့သောဝီရိယ ရှိသည်၏ အဖြစ်ကြောင့် မရ၍ ထိုအရိယမဂ်မှ ယုတ်သည်ဖြစ်၍ အခါလေးမြင့် အစဉ် စိုးရိမ်ရလတ္တံ့၊ ဝီရိယကို အကယ်၍ မလျှော့လတ္တံ့၊ ပညာရှိသော ရွဲကုန်သည်သည် ရွှေခွက်ကိုရသကဲ့သို့ ထို့အတူ ငါဘုရား သာသနာတော်၌ ကိုးပါးအပြားရှိသည်လည်းဖြစ်သော လောကုတ္တရာတရားကို ရလတ္တံ့ ဟူလိုသော်။

ဤသို့လျှင် ထိုရဟန်းအား မြတ်စွာဘုရားသည် အရဟတ္တဖိုလ်ဖြင့် ဒေသနာတော် အထွတ်ကိုယူလျက် ဤဓမ္မဒေသနာကို ပြတော်မူပြီး၍ သစ္စာလေးပါးတို့ကို ပြတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ လျှော့သောဝီရိယရှိသော ရဟန်းသည် မြတ်သော အရဟတ္တဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် နှစ်ပါးသောဝတ္ထုတို့ကိုတော်မူပြီး၍ အနုသန္ဓေကို စပ်၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မိုက်သောရွဲကုန်သည် ဖြစ်ဘူးလေပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိသော ရွဲကုန်သည် ဖြစ်ဘူးလေပြီ၊ ဤသိုဇာတ်ကို ပေါင်းတော်မူ၍ ဒေသနာကို ပြီးစေတော်မူ၏။

ကောက်ကျစ်စဉ်းလဲ၊ ရွှေခွက်လွဲ၊ သေပွဲဝင်ရှာ သေရိဝါ

သုံးခုမြောက်သော သေရိဝဝါဏိဇဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အပဏ္ဏကဝဂ်

၄။ စူဠသေဋ္ဌိဇာတ်

ကြွက်သေကို အရင်းပြု၍ လေးလအတွင်း၌ ငွေနှစ်သိန်း ကြွယ်ဝသော သူဌေးအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် အပ္ပကေနာပိ မေဓာဝီ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဓမ္မဒေသနာကို ရာဇဂြိုဟ်ပြည်ကို အမှီပြု၍ ဇီဝက၏ အမ္ဗဝန်ကျောင်း၌ နေတော်မူစဉ် စူဠပန်မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကား၌ စူဠပန်၏ အကြောင်းကို၎င်း၊ ရဟန်း၏အဖြစ်ကို၎င်း ဆိုအပ်၏။ ဤဆိုလတ္တံ့သည်ကား အစဉ်ဖြစ်သော စကားတည်း။

ရာဇဂြိုဟ်ပြည်၌ ဓနသေဋ္ဌိမည်သော သူဌေးမျိုး၏သ္မီးသည် မိမိ၏ ကျွန်နှင့်တကွသာလျှင် သံဝါသကိုပြု၍ တပါးကုန်သောသူတို့သည်လည်း ဤအမှုကို သိကုန်လတ္တံ့ဟု ကြောက်ကုန်သည်ဖြစ်၍ ငါတို့သည် ဤအရပ်၌ နေခြင်းငှါ မတတ်ကောင်းကုန်၊ ငါ၏ အမိအဘတို့သည် ဤအပြစ်ကို အကယ်၍ သိကုန်ငြားအံ့၊ အပိုင်းအပိုင်း ဖြတ်သည်ကို ပြုကုန်လတ္တံ့၊ အရပ်တပါးသို့သွား၍ နေကုန်အံ့ဟု လက်ရှိဥစ္စာကိုယူ၍ မြတ်သော တံခါးဖြင့်ထွက်၍ အမှတ်မရှိ မိမိတို့ကို တပါးကုန်သောသူတို့ မသိနိုင်ရာ အရပ်သို့သွား၍ နေကုန်အံ့ဟု နှစ်ယောက်ကုန်သောသူတို့သည် သွားကုန်၏။ တခုသောအရပ်၌ နေကုန်သော ထိုသူတို့၏ သံဝါသကိုစွဲ၍ ထိုသူဌေးသမီး၏ဝမ်း၌ ကိုယ်ဝန်သည် ဖြစ်လေ၏။ ထိုသူဌေးသမီးသည် ကိုယ်ဝန်၏ ရင့်ခြင်းကိုစွဲ၍ လင်နှင့်တကွ တိုင်ပင်၏။ ကိုယ်ဝန်သည် ရင့်ခြင်းသို့ရောက်ပြီ၊ အဆွေအမျိုး အဆွေခင်ပွန်းတို့မှ ကင်းရာအရပ်၌ သားဖွားခြင်းမည်သည် နှစ်ယောက်ကုန်သော ငါတို့အား ဆင်းရဲသလျှင်ကတည်း၊ မိဘအိမ်သို့လျှင် သွားကြကုန်အံ့ဟု တိုင်ပင်၏။ ထိုသူဌေးသီး၏ လင်သည် ငါသည် အကယ်၍သွားအံ့ ငါ၏အသက်သည်မရှိချေပြီဟုကြံ၍ ယနေ့သွားအံ့ နက်ဖြန်သွားအံ့ဟု နေ့တို့ကို လွန်စေ၏။ ထိုသူဌေးသမီးသည် ကြံ၏။ ဤယောက်ျားသည် မိမိ၏အပြစ်ကြီးသည်၏ အဖြစ်ကြောင့် သွားအံ့သောငှါ မဝံ့၊ မိဘတို့မည်သည် သားသ္မီး၌ စင်စစ် စီးပွားကိုသာ အလိုရှိကုန်၏။ ဤယောက်ျားသည် သွားသည်မူလည်းဖြစ်စေ မသွားသည်မူလည်းဖြစ်စေ ငါသည် သွားအံ့သောငှါ သင့်၏ဟုကြံ၏။ ကြံပြီး၍ ထိုသူဌေးသမီးသည် ထိုအိမ်မှထွက်လတ်သော် အိမ်၏ အသုံး အဆောင်တို့ကို သိုမှီး၍ မိမိ မိဘအိမ်သို့ သွားသည်၏အဖြစ်ကို အိမ်နီးချင်းတို့အား ကြားခဲ့၍ ခရီးသို့ သွားလေ၏။

ထိုနောင် ယောက်ျားသည် အိမ်သို့ လာလတ်သည်ရှိသော် ထိုမိန်းမကို မမြင်မူ၍ အိမ်နီးချင်းတို့ကိုမေး၍ မိဘအိမ်သို့သွားလေ၏ဟုဆိုကုန်၏။ ထိုစကားကိုကြား၍ လျင်စွာအစဉ်လိုက်၍ ခရီးအကြား၌ မှီလေ၏။ ထိုမိန်းမ၏လည်း ထိုခရီးအကြား၌ပင်လျှင် သားဖွားခြင်းသည် ဖြစ်လေ၏။ ထိုယောက်ျားသည် ရှင်မ ဤအမှုသည် အဘယ်အမှုနည်းဟုမေး၏။ အရှင်တယောက်သောသားသည် ဖွား၏ဟု ဆို၏။ ယခုအခါ အဘယ်ကို ပြုကုန်အံ့နည်းဟု မေး၏။ အကြင်သားဖွားခြင်း၏ အကျိုးငှါ ငါတို့သည် မိဘအိမ်သို့ သွားကုန်ရာ၏။ ငါ့အား ထိုသားဖွားခြင်းအမှုသည် ခရီးအကြား၌လျှင် ပြီးလေပြီ၊ ထိုအရပ်သို့ သွား၍ အဘယ်မူကုန်အံ့နည်း ပြန်ကုန်အံ့ဟု နှစ်ယောက်ကုန်သော သူတို့သည်လည်း တူသော စိတ်ရှိကုန်သည်ဖြစ်၍ ပြန်ကုန်၏။ ထိုသူငယ်အားလည်း ခရီးအကြား၌ ဖွားသည်ဖြစ်သောကြောင့် ပန္ထကဟူသောအမည်ကိုမည့်ကုန်၏။ ထိုသူဌေးသ္မီးအား မကြာမြင့်မီလျှင် တပါးလည်းဖြစ်သော ကိုယ်ဝန်သည် တည်၏။ အလုံးစုံသော စကားကို ရှေးနည်းဖြင့်သာလျှင်ချဲ့အပ်၏။ ထိုသူငယ်အားလည်း ခရီး၌ဖွားသည်၏အဖြစ်ကြောင့် ရှေးဦးဖွားသောသူငယ်ကိုမဟာပန္ထကဟူသောအမည်ကိုပြု၍ နောက်ဖွားသော သူငယ်ကို စူဠပန္ထကဟူသော အမည်ကို မှည့်ကုန်၏။ နှစ်ယောက်လည်းဖြစ်ကုန်သော ထိုသူငယ်တို့ကို ယူ၍ မိမိတို့၏ အိမ်သို့သာလျှင် သွားကုန်၏။ ထိုအရပ်၌နေကုန်သော သူငယ်တို့တွင် ဤမဟာပန္ထကသူငယ်သည် တပါးကုန်သော သူငယ်တို့သည် ဘထွေးဟူ၍၎င်း ဘကြီးဟူ၍၎င်း အဘိုးဟူ၍၎င်း အဘွားဟူ၍၎င်း ဆိုကြကုန်၏။

ထိုစကားကို ကြား၍ အမိကို မေး၏။ မိခင် တပါးကုန်သောသူငယ်တို့သည် ဘထွေးဟူ၍၎င်း ဘကြီးဟူ၍၎င်း အဘိုးဟူ၍၎င်း အဘွားဟူ၍၎င်း ဆိုကြကုန်၏။ ငါတို့အား အဆွေအမျိုးတို့သည် မရှိပါကုန်သလောဟုမေး၏။ အမောင်ဤအရပ်၌ သင်တို့၏ အမျိုးတို့သည် မရှိကုန်၊ ရာဇဂြိုဟ်ပြည်၌ကား ဓနသေဋ္ဌိမည်သော သူဌေးသည် သင်၏ အဘိုးတည်း၊ ထိုရာဇဂြိုဟ်ပြည်၌ အမောင်တို့၏ များစွာကုန်သော အဆွေ အမျိုးတို့သည် ရှိကုန်၏ဟုဆို၏။ မိခင် အဘယ့်ကြောင့် ရာဇဂြိုဟ်ပြည်သို့ မသွားကုန်သနည်း၊ မိခင် ငါတို့သည် သွားကုန်အံ့ဟု ဆို၏။ ထိုသူဌေးသီးသည် မိမိ၏ မသွားသော အကြောင်းကို သားအား မဆိုမူ၍ သားသည် အဖန်တလဲလဲ ဆိုလတ်သော် လင်ကိုဆို၏။ အရှင်ဤသူငယ်တို့သည် အလွန်ညှဉ်းဆဲကုန်၏။ အမိအဘတို့သည် မြင်ကုန်၍ ငါတို့အသားကို စားကုန်လတ္တံ့ လော၊ လာဘသည်သူငယ်တို့အား အဘိုးအိမ်ကိုပြကုန်အံ့ဟုဆို၏။ ငါသည် မျက်မှောက်သွားခြင်းငှါ မတတ်ကောင်း၊ သင့်ကို ထိုသင်၏ အဘအိမ်သို့ ဆောင်အံ့ဟု ဆို၏။ အရှင်ကောင်းပြီ တစုံတခုသော အကြောင်းဖြင့် သူငယ်တို့အား အဘိုးအိမ်ကိုလျှင် ပြခြင်းသည် သင့်၏ဟုဆို၍ နှစ်ယောက်ကုန်သောသူတို့သည် သူငယ်တို့ကိုယူ၍ အစဉ်သဖြင့် ရာဇဂြိုဟ်ပြည်သို့ရောက်၍ မြို့တံခါးဝယ် တခုသောအရပ်၌ သူငယ်တို့၏အမိသည် နှစ်ယောက်ကုန်သော သူငယ်တို့ကိုယူ၍ လာသည်၏အဖြစ်ကို မိဘတို့အား ကြားစေ၏။

ထိုမိဘတို့သည် ထိုသတင်းစကားကို ကြားကုန်၍ သံသရာ၌ ကျင်လည်ကုန်သောသူတို့အား သားသ္မီးမဖြစ်ဘူးသောသူမည်သည်မရှိ၊ ငါတို့အား ထိုသူတို့သည် ကြီးသောအပြစ်ကို ပြုကုန်၏။ ထိုသူတို့သည် ငါတို့၏ မျက်စိမြင်ရာအရပ်၌ တည်ခြင်းငှာ မတတ်ကောင်းကုန်၊ ဤမျှလောက်သောဥစ္စာကိုယူ၍ နှစ်ယောက်ကုန်သော သူတို့သည် ချမ်းသာရာအရပ်သို့သွား၍ အသက်မွေးစေကုန်၊ သူငယ်တို့ကိုကား ဤအိမ်သို့သာလျှင် ပို့လာစေဟု ဆို၏။ သူဌေးသီးသည် မိဘတို့သည် ပို့လာစေသော ဥစ္စာကိုယူ၍ သူငယ်တို့ကို လာကုန်သော တမန်တို့၏ လက်၌လျှင် ပေးလိုက်၍ ပို့လေစေ၏။ သူငယ်တို့သည် အဘိုးအိမ်၌ကြီးကုန်၏။ ထိုနှစ်ယောက်ကုန်သောသူတို့တွင် စူဠပန္ထကသည် အလွန်ငယ်၏။ မဟာပန္ထကသည်တမူကား အဘိုးနှင့်တကွ မြတ်စွာဘုရား၏ တရားတော်ကို နာအံ့သောငှါ လိုက်၏။ ထိုမဟာပန္ထက၏ အမြဲ မြတ်စွာဘုရား၏ မျက်မှောက်တော်မှ တရားနာစဉ် ရဟန်းပြုအံ့သောငှါ စိတ်သည် ညွတ်၏။ ထိုမဟာပန္ထကသည် အဘိုးကို ဆို၏။ အဘိုးသည် အကယ်၍ ခွင့်လွှတ်ငြားအံ့၊ အကျွန်ုပ်သည် ရဟန်းပြုအံ့ဟု ဆို၏။ ငါ့မြေး အဘယ်သို့ ဆိုသနည်း၊ ငါသည် သင်၏ ရဟန်းပြုခြင်းကိုလျှင် အဘယ့်ကြောင့် မနှစ်သက်တုံအံ့နည်း၊ ငါသည် အလုံးစုံသော လူ၏လည်း ရဟန်းပြုခြင်းကို နှစ်သက်သည်သာလျှင်တည်း၊ ငါ့မြေး အကယ်၍ တတ်နိုင်ငြားအံ့ရဟန်းပြုလေလောဟု ခွင့်လွှတ်၍ မြတ်စွာဘုရား အထံတော်သို့ သွားလေ၏။

သဗ္ဗညူ မြတ်စွာဘုရားသည် သူဌေးကြီး-သင်သည် သူငယ်တို့ကို ရသလောဟု မိန့်တော်မူ၏။ အရှင်ဘုရား ဪ ရခဲ့၏။ ဤသူငယ်သည် အကျွန်ုပ်၏ မြေးတည်း၊ အရှင်ဘုရားတို့ထံ၌ ရဟန်းပြုအံ့ဟု လျှောက်၏။ မြတ်စွာဘုရားသည် တပါးသော ပိဏ္ဍပါတ်ဓုတင် ဆောက်တည်သော ရဟန်းကို ဤသူငယ်ကို ရဟန်းပြုလေလော့ဟု စေတော်မူ၏။ မထေရ်သည် မဟာပန္ထကအား တစပဉ္စက ကမ္မဋ္ဌာန်းကိုသင်၍ ရှင်ပြု၏။ ထိုမဟာပန္ထကသည် များသော မြတ်စွာဘုရား ပါဠိတော်ကိုသင်၍ အနှစ်နှစ်ဆယ်ပြည့်လတ်သော် ပဉ္စင်းအဖြစ်သို့ ရောက်သည်ဖြစ်၍ အသင့်အားဖြင့် နှလုံးသွင်း၍ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းကိုပြုသဖြင့် အရဟတ္တဖိုလ်သို့ ရောက်လေ၏။

ထိုမဟာပန္ထက မထေရ်သည် ဈာန်ချမ်းသာဖြင့်၎င်း မဂ်ချမ်းသာဖြင့်၎င်း ဖိုလ်ချမ်းသာဖြင့်၎င်း လွန်စေလျက် ဤချမ်းသာကို စူဠပန္ထကအား ပေးခြင်းငှါ တတ်ကောင်းအံ့လောဟု ကြံ၏။ ထို့နောင်မှ အဘိုးဖြစ်သော သူဌေးကြီးအထံသို့သွား၍ သူဌေးကြီး သင်တို့သည် အကယ်၍ ခွင့်လွှတ်ကုန်အံ့၊ စူဠပန္ထကကို ရှင်ပြုကုန်အံ့ဟု ဆို၏။ အရှင်ဘုရားရှင်ပြုကုန်လောဟု ဆို၏။ မထေရ်သည် စူဠပန္ထကသူငယ်ကို ရှင်ပြုစေ၍ ဆယ်ပါးကုန်သော သီလတို့၌ တည်စေ၏။ စူဠပန္ထကသာမဏေသည် ရဟန်းပြုလျှင် နုန့်နှေးသော ပညာရှိ၏။-

ပဒုမံ ယထာ ကောကနဒံ သုဂန္ဓံ၊
ပါတော သိယာ ဖုလ္လမဝီတဂန္ဓံ။
အင်္ဂီရသံ ပဿ ဝိရောစမာနံ၊
တပန္တမာဒိစ္စမိဝန္တလိက္ခေ။

ဟူသော ဤဂါထာကို လေးလတို့ဖြင့် သင်ခြင်းငှါ မတတ်နိုင်။

* ထိုစူဠပန် မထေရ်သည် ကသပ မြတ်စွာဘုရား လက်ထက်၌ ရဟန်းပညာရှိဖြစ်၍ နုန့်နှေးသော ပညာရှိသော ရဟန်းတယောက်၏ ပါဠိတော်ကို သင်သောကာလ၌ ပြက်ရယ်ပြု၍ ကစားဘူးသတတ်၊ ထိုပါဠိတော်ကို သင်သော ရဟန်းသည် ပြက်ရယ်ပြုခြင်းနှင့် ရှက်သည်ဖြစ်၍ ပါဠိသင်ခြင်း သရဇ္ဈာယ်ခြင်းကိုမပြု၊ ထိုကံကြောင့် စူဠပန်သည် ရဟန်းပြု၍လျှင် နုန့်နှေးသော ပညာရှိသည်ဖြစ်၏။ သင်တိုင်း သင်တိုင်းသောပုဒါသည် အထက်ပုဒ်ကို သင်သော် ပျောက်၏။ ဤဂါထာကို သင်ခြင်းငှါ လုံ့လပြုစဉ် လေးလတို့သည် လွန်ကုန်၏။

ထိုအခါ စူဠပန်ကို မဟာပန်သည် သင်သည် ဤသာသနာတော်၌ မထိုက်သောသူတည်း၊ လေးလစဉ် တဂါထာကိုလည်း သင်ခြင်းငှာမတတ်နိုင်၊ သင်သည် ရဟန်းကိစ္စကို အဘယ်မှာ အပြီးသို့ ရောက်စေနိုင်အံ့နည်း၊ ဤမှ ထွက်လေလောဟုဆို၍ ကျောင်းမှ နှင်ထုတ်၏။ စူဠပန်သည် ဘုရားသာသနာတော်၌ ချစ်သဖြင့် လူ၏အဖြစ်ကို မတောင့်တ၊ ထိုအခါ၌လည်း မဟာပန်သည် ဆွမ်းညွှန်ရဟန်းဖြစ်၏။ အဘယမင်းသားသည် မွေးမြူအပ်သော ဇီဝကသည် များစွာသောပန်းနံ့သာကိုယူ၍ မိမိ၏ အမ္ဗဝန်ကျောင်းတော်သို့သွား၍ ဘုရားကိုပူဇော်လျက် တရားနာ၍ နေရာမှထ၍ မြတ်စွာဘုရားကို ရှိခိုး၍ မဟာပန်သို့ကပ်၍ အရှင်ဘုရားမြတ်စွာဘုရား အထံတော်၌ ရဟန်းသည် အဘယ်မျှ ရှိကုန်သနည်းဟု မေးလျှောက်၏။ သီတင်းသည် ငါးရာအတိုင်းအရှည်ရှိကုန်၏ဟုဆို၏။ အရှင်ဘုရား နက်ဖြန် ဘုရားအမှူးရှိကုန်သော ရဟန်းငါးရာတို့ကိုဆောင်၍ အကျွန်ုပ်အိမ်၌ ဆွမ်းခံတော်မူပါဟု လျှောက်၏။ သီတင်းသည် စူဠပန်မည်သော ရဟန်းသည် နုန့်နှေးသော ပညာရှိ၏။ မသက်သော တရားရှိ၏။ ထိုစူဠပန်ကိုထား၍ ကြွင်းသောရဟန်းတို့အား ဘိတ်ခြင်းကို ဝန်ခံ၏ဟု မဟာပန်ထေရ်သည် ဆို၏။

စူဠပန်သည် ထိုစကားကိုကြား၍ ငါ၏ အစ်ကိုဖြစ်သော မထေရ်သည် ဤမျှ အတိုင်း အရှည်ရှိကုန်သော ရဟန်းတို့အား ဝန်ခံသည်ရှိသော် ငါ့ကို အပပြု၍ ဝန်ခံ၏။ မချွတ်လျှင် ငါ့အစ်ကိုဖြစ်သော မထေရ်သည် ငါ၌ပျက်သည်ဖြစ်လတ္တံ့၊ ယခု ငါ့အား ဤသာသနာဖြင့် အဘယ်မူအံ့နည်း၊ လူထွက်၍ ဒါနအစရှိသော ကောင်းမှုတို့ကို ပြု၍ အသက်မွေးအံ့ဟု ကြံ၏။ ထိုစူဠပန်သည် နက်ဖြန်နေ့၌ စောစောကလျှင် လူထွက်အံ့ဟု သွားလေ၏။ မြတ်စွာဘုရားသည် မိုးသောက်ထ ကာလ၌လျှင် လောကကို ကြည့်သည်ရှိသော် ဤအကြောင်းကို မြင်တော်မူ၍လျှင် ရှေးဦးစွာ သွား၍ စူဠပန်၏ သွားလတ္တံ့သောခရီးဖြစ်သော မုတ်တံခါး၌ စင်္ကြံသွားလျက် နေတော်မူ၏။ စူဠပန်သည် အိမ်သို့သွားသည်ရှိသော် ဘုရားကိုမြင်၍ ဘုရားအထံတော်သို့ဆည်းကပ်၍ ရှိခိုး၏။ ထိုအခါ စူဠပန်ကို မြတ်စွာဘုရားသည် စူဠပန် သင်သည် အဘယ်အရပ်သို့လျှင် ယခုအခါ သွားရအံ့နည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား အစ်တို့သည် အကျွန်ုပ်ကို နှင်ထုတ်၏။ ထိုကြောင့် အကျွန်ုပ်သည် လူထွက်၍သွားအံ့ဟု လျှောက်၏။ စူဠပန် သင်၏ ရဟန်းအဖြစ်မည်သည်ကား ငါ၏အထံ၌ ဖြစ်၏။ အစ်ကို နှင်လျက်လည်း အဘယ့်ကြောင့် ငါ၏အထံသို့ မလာသနည်း၊ လာလှည့် သင့်အား လူ၏အဖြစ်ဖြင့် အဘယ်မူအံ့နည်း၊ ငါ၏အထံ၌ နေရလတ္တံ့ဟု စူဠပန်ကို ခေါ်တော်မူ၍ ဂန္ဓာကုဋိဦး၌ နေစေ၍ စူဠပန် သင်သည် အရှေ့သို့မျက်နှာပြု၍ ဤပုဆိုးပိုင်းကို ရဇောဟရဏံ, ရဇောဟရဏံဟု ဆို၍ ဆုပ်နယ်လျက် ဤအရပ်၌ နေရစ်လောဟု တန်းခိုးဖြင့် ဖန်ဆင်းအပ်သော ဖြူစင်သောပုဆိုးပိုင်းကို ပေး၍ ကာလကို ကြားသည်ရှိသော် ရဟန်းသံဃာြံရံလျက် ဇီဝကအိမ်သို့ ကြွတော်မူ၍ ခင်းအပ်သော ဘုရားနေရာ၌ နေတော်မူ၏။

စူဠပန်သည်လည်း နေကိုကြည့်လျက် ထိုပုဆိုးပိုင်းကို ရဇောဟရဏံ ရဇောဟရဏံဟု ဆို၍ ဆုပ်နယ်လျက် နေ၏။ စူဠပန်၏ဆုပ်နယ်စဉ် ထိုပုဆိုးသည်ညစ်နွမ်း၏။ ထို့နောင်မှ စူဠပန်သည် ဤပုဆိုးသည် ရှေး၌ အလွန်လျှင် ဖြူစင်၏။ ဤအတ္တဘောကို မှီ၍ကား ရှေးသဘောကို စွန့်၍ ဤသို့ ညစ်နွမ်းခြင်းသည်ဖြစ်၏ဟု ကြံ၍ သင်္ခါရ တရားတို့သည် အမြဲမရှိတကားဟု ကုန်ခြင်း ပျက်ခြင်းကိုသိလျက် ဝိပဿနာကို ပွားစေ၏။ မြတ်စွာဘုရားသည် စူဠပန်၏ စိတ်သည် ဝိပဿနာတက်၏ဟု သိတော်မူ၍ စူဠပန် သင်သည် ဤပုဆိုးပိုင်းသည်သာလျင် ညစ်နွမ်း၏။ မြေမှုန့်မြူသည်သာလျှင် မြူဖြစ်၏ဟု မထင်မှတ်လင့်၊ သင်၏ ကိုယ်တွင်း၌လည်း ရာဂမြူ အစရှိသည်တို့သည် ရှိကုန်၏။ ထိုရာဂမြူ အစရှိသည်တို့ကို ပယ်လောဟု မိန့်တော်မူ၍ ရောင်ခြည်တော်ကို လွှတ်လျက် ရှေ့ကနေသကဲ့သို့ သိထင်စေသော အဆင်းတော်ရှိသည်ဖြစ်၍-

ရာဂေါ ရဇော န စ ပန ရေဏု ဝုစ္စတိ၊
ရာဂဿေတံ အဓိဝစနံ ရဇောတိ။
ဧတံ ရဇံ ဝိပ္ပဇဟိတွာ ဘိက္ခဝေါ၊
ဝိဟရန္တိ တေ ဝိဂတရဇဿ သာသနေ။
ဒေါသော။ လ။ မောဟော။ လ။ သာသနေ။

ဟူသော ဤဂါထာတို့ကို ရွတ်တော်မူ၏။

ရာဂေါ၊ ရာဂကို။ ရဇောတိ၊ မြူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ရေဏု ပန၊ မြေမှုန့်ကိုကား။ ရဇောတိ၊ မြူဟူ၍။ န ဝုစ္စတိ၊ မဆိုအပ်။ ရဇောတိ ဧတံ နာမံ၊ ရဇောဟူသော ဤအမည်သည်။ ရာဂဿ၊ ရာဂ၏။ အဓိဝစနံ၊ အမည်တည်း။ ဝိဂတရဇဿ၊ ကင်းသော ရာဂမြူရှိသော မြတ်စွာဘုရား၏။ သာသနေ၊ သာသနာတော်၌။ တေ ဘိက္ခဝေါ၊ ထို ရဟန်းတို့သည်။ ဧတံ ရဇံ၊ ထိုရာဂကို။ ဝိပ္ပဇဟိတွာ၊ ပယ်ကုန်၍။ ဝိဟရန္တိ၊ နေကုန်၏။

ဒေါသော၊ ဒေါသကို။ ရဇောတိ၊ မြူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ရေဏု ပန၊ မြေမှုန့်ကိုကား။ ရဇောတိ၊ မြူဟူ၍။ န ဝုစ္စတိ၊ မဆိုအပ်။ ရဇောတိ ဧတံ နာမံ၊ ရဇော ဟူသော ဤအမည်သည်။ ဒေါသဿ၊ ဒေါသ၏။ အဓိဝစနံ၊ အမည်တည်း။ ဝိဂတရဇဿ၊ ကင်းသော ဒေါသမြှုရှိသော မြတ်ဘုရား၏။ သာသနေ၊ သာသနာတော်၌။ တေ ဘိက္ခဝေါ၊ ထိုရဟန်းတို့သည်။ ဧတံ ရဇံ၊ ထိုဒေါသမြူကို။ ဝိပ္ပဇဟိတွာ၊ ပယ်ကုန်၍။ ဝိဟရန္တိ၊ နေကုန်၏။

မောဟော၊ မောဟကို။ ရဇောတိ၊ မြူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ရေဏု ပန၊ မြေမှုန့်ကိုကား။ ရဇောတိ၊ မြူဟူ၍။ န ဝုစ္စတိ၊ မဆိုအပ်။ ရဇောတိ ဧတံ နာမံ၊ ရဇောဟူသော ဤအမည်သည်။ မောဟဿ၊ မောဟ၏။ အဓိဝစနံ၊ အမည်တည်း။ ဝိဂတရဇဿ၊ ကင်းသော မောဟမြူရှိသောမြတ်စွာဘုရား၏။ သာသနေ၊ သာသနာတော်၌။ တေ ဘိက္ခဝေါ၊ ထိုရဟန်းတို့သည်။ ဧတံ ရဇံ၊ ထိုမောဟမြူကို။ ဝိပ္ပဇဟိတွာ၊ ပယ်ကုန်၍။ ဝိဟရန္တိ၊ နေကုန်၏။

ဤဂါထာ၏အဆုံး၌ စူဠပန်သည် ပဋိသမ္ဘိဒါတို့နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၏။ ထိုစူဠပန်အား ပဋိသမ္ဘိဒါတို့နှင့်တကွသာလျှင် ပိဋကတ်သုံးပုံတို့သည် ထင်ကုန်၏။

* ထိုစူဠပန်သည် ရှေး၌ မင်းဖြစ်၍ မြို့ကို လက်ျာရစ်လှည့်စဉ် နဖူးမှ ချွေးထွက်သည်ရှိသော် ပုဆိုးဖြင့် နဖူးစွန်းကို သုတ်၏။ ပုဆိုးသည် ညစ်နွမ်းသည် ဖြစ်သတတ်၊ ထိုမင်းသည် ဤကိုယ်ကိုမှီ၍ ဤသို့စဉ်သဘောရှိသော ပုဆိုးဖြူသည် သဘောကိုစွန့်၍ ညစ်နွမ်းသည်ဖြစ်၏။ သင်္ခါရတရားတို့သည် အမြဲမရှိကုန်တကားဟု အနိစ္စသညာကို ရဘူး၏။ ထိုကြောင့် ထိုစူဠပန်အား ရဇော ဟရဏံ ဟူသော ကမ္မဋ္ဌာန်းသည်သာလျှင် မဂ်ဖိုလ်ကို ရခြင်း၏အကြောင်း ဖြစ်၏။

အဘယမင်းသည် မွေးမြူအပ်သော ဇီဝကသည်လည်း မြတ်စွာဘုရားအား အလှူရေစက်ကို ကပ်၏။ မြတ်စွာဘုရားလည်း ဇီဝက-ကျောင်း၌ ရဟန်းရှိသည် မဟုတ်လောဟုဆို၍ လက်ဖြင့် သပိတ်ကို ပိတ်၏။ မဟာပန်သည် ဘုန်းတော်ကြီးသောအရှင်ဘုရား ကျောင်း၌ ရဟန်းမရှိဟု လျှောက်၏။ မြတ်စွာဘုရားသည် ဇီဝက ရဟန်းရှိသေးသည်ဟု မိန့်တော်မူ၏။ ဇီဝကသည် ထိုသို့တပြီးကား အချင်းယောက်ျား သွားတည့်ချေ၊ ကျောင်း၌ ရဟန်း ရှိမရှိကို စုံစမ်းလေလောဟု ယောက်ျားတယောက်ကို စေ၏။ ထိုခဏ၌ စူဠပန်သည် အစ်တို့သည် ကျောင်း၌ ရဟန်းမရှိဟု ဆို၏။ ကျောင်း၌ ရဟန်းရှိသည်၏အဖြစ်ကို အစ်ကို မဟာပန်အား ထင်ရှားပြအံ့ဟု အလုံးစုံသော အမ္ဗဝန်ကျောင်းကို ရဟန်းဖြင့်သာလျှင် ပြည့်စေ၏။ အချို့ကုန်သော ရဟန်းတို့သည် သင်္ကန်းချုပ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သင်္ကန်းဆိုးကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သရဇ္ဈာယ်ကုန်၏။ ဤသို့ တပါးသည်တပါးနှင့်မတူသော ရဟန်းတထောင်ကို ဖန်ဆင်း၏။ မင်းချင်းယောက်ျားသည် များစွာကုန်သော ရဟန်းတို့ကိုမြင်၍ ပြန်ခဲ့၍ အရှင်အလုံးစုံသော အမ္ဗဝန်ကျောင်းသည် ရဟန်းတို့ဖြင့် ပြည့်၏ဟု ဇီဝကအား ကြား၏။ စူဠပန်မထေရ်သည်လည်း ထို အတူသာလျှင် ကိုယ်တထောင် ဖန်ဆင်း၍ ဆွမ်းစားသည့် ကာလကို ကြားသည်တိုင်အောင် မွေ့လျော်ဘွယ်သော အမ္ဗဝန်ကျောင်း၌ နေ၏။

ထိုအခါ မြတ်စွာဘုရားသည် မင်းချင်းယောက်ျားကို ကျောင်းသို့သွား၍ စူဠပန်မည်သော ရဟန်းကို ဘုရားခေါ်တော်မူ၏ဟူ၍ ဆိုလေလော့ဟု မိန့်တော်မူ၏။ မင်းချင်းယောက်ျားသည် သွား၍ ဘုရားမိန့်တော်မူတိုင်း ဆိုသည်ရှိသော် ငါ စူဠပန် ငါ စူဠပန်ဟု ခံတွင်းတထောင်မြွက်၏။ မင်ချင်း ယောက်ျားသည် လာလတ်၍ အရှင်ဘုရား အလုံးစုံသော ရဟန်းတို့သည် စူဠပန်ချည်း မည်ကုန်သတတ်ဟု လျှောက်၏။ ထိုသို့တပြီးကား သွား၍ အကြင်ရဟန်းသည် ရှေးဦးစွာ ငါ စူဠပန်ဟု ဆို၏။ ထိုရဟန်း၏လက်ကို ဆွဲခဲ့လော၊ ကြွင်းသောရဟန်းတို့သည် ကွယ်ကုန်လတ္တံ့ ဟု မိန့်တော်မူ၏။ မင်းချင်းယောက်ျားသည် ဘုရားမိန့်တော်မူတိုင်း ပြု၏။ ထိုခဏ၌လျှင် တထောင်မျှလောက်ကုန်သော ရဟန်းတို့သည်ကွယ်ကုန်၏။ စူဠပန်မထေရ်သည် မင်းချင်းယောက်ျားနှင့် တကွလာ၏။ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးလတ်သည်ရှိသော် ဇီဝက စူဠပန်၏သပိတ်ကို ယူလော့၊ ဤစူဠပန်သည် သင့်အား တရားအနုမောဒနာပြုလတ္တံ့ဟု။ မိန့်တော်မူ၏။ ဇီဝကသည် ဘုရားမိန့်တော်မူတိုင်း ပြု၏။ စူဠပန် မထေရ်သည် ခြင်္သေ့ပျိုကဲ့သို့ ရဲရင့်သော အသံကိုမြှောက်လျက် ပိဋကတ်သုံးပုံကို ချောက်ချားစေ၍ အနုမောဒနာပြု၏။

မြတ်စွာဘုရားသည် နေရာမှထ၍ ရဟန်းသံဃာခြံရံလျက် ကျောင်းသို့ ကြွတော်မူ၍ ရဟန်းတို့သည် ဝတ်ကိုပြုသည်ရှိသော် နေရာမှထ၍ ဂန္ဓကုဋိတိုက်၌ရပ်လျက် ရဟန်းသံဃာအား ဘုရားတို့၏ အဆုံးအမကို ပေး၍ ကမ္မဋ္ဌာန်းကိုဟော၍ ရဟန်း သံဃာကို လွှတ်လိုက်၍ အမွှေးအကြိုင်ဖြင့် ထုံအပ်သော။ ဂန္ဓကုဋီသို့ဝင်၍ လကျ်ာနံပါးဖြင့် ခြင်္သေ့မင်း၏ အိပ်ခြင်းနှင့်တူသော လျောင်းခြင်းကို ပြုတော်မူ၏။ ထို့နောင်မှ ညချမ်းအခါ တရားသဘင်၌ ရဟန်းတို့သည် ထိုမှဤမှ စည်းဝေး၍ နီသော ကမ္ဗလာတင်းတိမ်ဖြင့် ရုံဘိသကဲ့သို့ နေကုန်၍ မြတ်စွာဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကုန်၏။ ငါ့သျှင်တို့ မဟာပန်သည် စူဠပန်၏ အလိုကို မသိသည်ဖြစ်၍ လေးလတို့ဖြင့် တဂါထာကို သင်ခြင်းငှါမတတ်နိုင်၊ ဤစူဠပန်သည် နုန့်နှေး၏ဟု ကျောင်းမှ နှင်ထုတ်၏။ မြတ်စွာဘုရားသည်တမူကား ကိုယ်တော်၏ အတုမရှိသော တရားမင်းဖြစ်တော်မူသောကြောင့် စူဠပန်အား တကြိမ်သာလျှင်ဖြစ်သော ဆွမ်းပြင်သည်၏ အကြား၌ ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်ကို ပေး၏။ ပိဋကတ်သုံးပုံတို့သည် ပဋိသမ္ဘိဒါတို့နှင့် တကွသာ လာကုန်၏။ ဘုရားကိုယ်တော်တို့၏ အားတော်မည်သည် ဪ... ကြီးမြတ်စွာ့တကားဟု မြတ်စွာဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကုန်၏။

ထိုအခါ ဘုန်းတော်ကြီးလှသော မြတ်စွာဘုရားသည် တရားသဘင်၌ ဤစကား ဖြစ်ကြောင်းကို သိတော်မူ၍ ယခု ငါသွားခြင်းငှါ သင့်၏ဟု ဘုရားနေရာမှ ထတော်မူ၍ အလွန်နီသော နှစ်ထပ်သော သင်းပိုင်ကို ဝတ်တော်မူ၍ လျှပ်စစ်နွယ်ကဲ့သို့ ခါးပန်းကိုပမ်းတော်မူ၍ နီသောကမ္ဗလာနှင့်တူသော ဘုရားသင်္ကန်းတော်ကြီးကို ရုံတော်မူ၍ မွှေးကြိုင်စွာသော ဂန္ဓကုဋီမှထွက်၍ အမုန်ယစ်သော ဆင်မြတ်ကဲ့သို့၎င်း ခြင်္သေ့မင်း၏ တင့်တယ်စွာသော ထွက်သွားခြင်းဖြင့်ထွက်သွားသော ခြင်္သေ့မင်းကဲ့သို့၎င်း အတုမရှိသောဘုရား၏ တင့်တယ်ခြင်းဖြင့် တရားသဘင်သို့ ကြွတော်မူ၍ တန်ဆာဆင်အပ်သော မဏ္ဍပ်အလယ်၌ ကောင်းစွာခင်းအပ်သော မြတ်သော ဘုရားနေရာတော်သို့ တက်၍ ခြောက်သွယ်သော ဘုရားရောင်ခြည်တော်တို့ကို လွှတ်လျက် သမုဒြာတဝှမ်းလုံးကို ချောက်ချားစေဘိသကဲ့သို့၎င်း ယုဂန္ဓိုရ်တောင်ထိပ်၌ တက်သစ်သော နေလုလင်ကဲ့သို့၎င်း နေရာအလယ်၌ နေတော်မူ၏။

မြတ်စွာဘုရားသည် ကြွတော်မူသည် ရှိသော်ကား ရဟန်းသံဃာသည် စကားကိုဖြတ်၍ ဆိတ်ဆိတ်နေ၏။ မြတ်စွာဘုရားသည် နူးညံ့သည်သာလျှင်ဖြစ်သော မေတ္တာစိတ်ဖြင့် ပရိသတ်ကို ကြည့်တော်မူ၍ ဤပရိသတ်သည်။ အလွန်လျှင် တင့်တယ်၏။ တယောက်သော ရဟန်း၏လည်း လက်လှုပ်ခြင်းသည်၎င်း ခြေလှုပ်ခြင်းသည်၎င်း ချောင်းညံ့သံသည်၎င်း ချေဆတ်သော အသံသည်၎င်း မရှိ၊ အလုံးစုံသော ရဟန်းတို့သည်လည်း ဘုရားအား ရိုသေခြင်းဖြင့်။ ရိုသေကုန်သည်ဖြစ်၍ ဘုရားတန်ခိုးတော်မှ ကြောက်ကုန်ရကား ငါသည် အာယုကပ်ပတ်လုံးလည်း စကားမဆိုမူ၍ နေကုန်သည်ရှိသော် ရှေးဦးစကားကို ဖြစ်စေ၍ မဆိုကုန်လတ္တံ့၊ စကားပြောစေခြင်းဝတ်မည်သည်ကို ငါသည်သာလျှင် သိအပ်၏။ ငါသည် ရှေးဦးစွာဆိုအံ့ဟု သာယာစွာသော ဗြဟ္မာမင်း၏ အသံနှင့်တူသော အသံတော်ဖြင့် ရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်း၊ ကမ္မဋ္ဌာန်းကို စီးဖြန်းသည်၏ အကြား၌ဖြစ်သော အဘယ်မည်သော စကားသည် သင်တို့အား အပြီးသို့ မရောက်သနည်းဟု မေးတော်မူ၏။

အရှင်ဘုရား အကျွန်ုပ်တို့သည် ဤအရပ်၌ နေကုန်လျက် မဂ်ဖိုလ်၏ ဖီလာဖြစ်သော တပါးသော စကားကို မပြောပါကုန်၊ အရှင်ဘုရားတို့၏သာလျှင် ကျေးဇူးတော်ကို ချီးမွှမ်းကုန်လျက် နေပါကုန်၏။ ငါ့သျှင်တို့ မဟာပန်သည် စူဠပန်၏အလိုကိုမသိ၍ လေးလတို့ဖြင့် တဂါထာကို သင်ခြင်းငှါ မတတ်နိုင်။ ဤစူဠပန်သည် နုန့်နှေး၏ဟု ကျောင်းမှ နှင်ထုတ်၏။ မြတ်စွာဘုရားသည်ကား ကိုယ်တော်၏ အတုမရှိသော တရားမင်းဖြစ်တော်မူသောကြောင့် တကြိမ်သာလျှင်ဖြစ်သော ဆွမ်းပြင်သည်၏အကြား၌ ပဋိသမ္ဘိဒါတို့နှင့်တကွ အရဟတ္တဖိုလ်ကို ပေးတော်မူ၏။ ဘုရားတို့ အားတော်မည်သည်ကား ဪ... ကြီးမြတ်စွာ့တကားဟု ချီးမွမ်း၍နေပါကုန်၏ဟူ၍ လျှောက်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့စကားကို ကြားတော်မူ၍ ရဟန်းတို့ စူဠပန်သည် ငါ့ကိုမှီ၍ ယခု ရှေးဦးစွာ တရားတို့၌ တရားတို့၏များမြတ်သည်၏ အဖြစ်သို့သာ ရောက်သည်သာလျှင် မဟုတ်သေး၊ ရှေး၌လည်း ငါ့ကိုမှီ၍ စည်းစိမ်တို့၌ စည်းစိမ်တို့၏များမြတ်သည်၏အဖြစ်သို့ ရောက်ဘူးလေပြီဟု မိန့်တော်မူ၏။ ရဟန်းတို့လည်း။ ထိုအကြောင်းကို ထင်စွာ ဖြစ်စိမ့်သောငှါ မြတ်စွာဘုရားကို တောင်းပန်ကုန်၏။ ဘုန်းတော်ကြီးသော သဗ္ဗညူ မြတ်စွာဘုရားသည် ဘဝတပါးဖြင့် ဖုံးလွှမ်းအပ်သော အကြောင်းကို ထင်စွာပြုတော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကာသိတိုင်း ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သော် ဘုရားလောင်းသည်သူဌေးမျိုး၌။ ဖြစ်၍ စူဠသေဋ္ဌိဟူသော အမည်ရှိ၏။ ထိုစူဠသူဌေးသည် ပညာရှိ၏။ လိမ်မာ၏။ ခပ်သိမ်းသောနိမိတ်တို့ကိုလည်း သိ၏။ ထိုစူဠသူဌေးသည် တနေ့သ၌ မင်းအား ခစားအံ့သောငှါ သွားသည်ရှိသော် ခရီးအကြား၌ ကြွက်သေတခုကို မြင်၍ ထိုခဏ၌လျှင် နက္ခတ်ကိုတွက်၍ ပညာအမြင်ရှိသော အမျိုးသားသည် ဤကြွက်သေကိုယူ၍ သားမယားမွေးခြင်းငှါ၎င်း အမှုကိုပြုခြင်းငှါ၎င်း တတ်နိုင်၏။ ဤသို့သော စကားကို ဆို၏။

ထိုအခါ တယောက်သောဆင်းရဲသောအမျိုးသားသည် စူဠသူဌေးစကားကိုကြား၍ ဤသူဌေးသည် မသိဘဲကိုမဆိုရာဟု ကြွက်သေကိုယူ၍ ဈေး၌ ကြောင်စာအလို့ငှါရောင်း၍ တခြင်ရွေးသောအသပြာကိုရ၍ တခြင်ရွေးဖြင့်တင်လဲကိုဝယ်၍ အိုးတလုံးဖြင့် ရေကိုယူ၏။ ထိုအမျိုးသားသည် တောကလာသော ပန်းသည်တို့ကိုမြင်၍ အတန်ငယ် အတန်ငယ်သော တင်လဲစုကိုပေး၍ ရေမှုတ်ဖြင့် သောက်ရေကိုပေး၏။ ပန်းသည်တို့သည် အမျိုးသားအား ပန်းတဆုပ်တဆုပ်စီ ပေးခဲ့ကုန်၏။ အမျိုးသားသည် ထိုပန်းဘိုးဖြင့် နက်ဖြန်နေ့၌လည်း တင်လဲကို၎င်း ရေအိုးကို၎င်း ယူ၍ ပန်းအာရာမ်သို့သာလျင် သွားလေ၏။ အမျိုးသားအား ထိုနေ့၌ ပန်းသည်တို့သည် တဝက်ဆွတ်ကုန်ပြီးသော ပန်းပင်တို့ကိုပေး၍သွားကုန်၏။ အမျိုးသားသည် မကြာခင်လျှင် ဤနည်းဖြင့် ရှစ်သပြာတို့ကို ရ၏။ တဖန် မိုယ်းနှင့်တကွသော လေလာသောနေ့၌ မင်း၏ ဥယျာဉ်၌ ခြောက်သော အရိုးအရွက်အခက်အပေါင်းသည် လေကြောင့်ကျ၏။ ဥယျာဉ်စောင့်သည် စွန့်အပ်သောအကြောင်းကိုမမြင်၊ အမျိုးသားသည် ဥယျာဉ်သို့သွား၍ ငါ့အား ထင်းသစ်ရွက်တို့ကို အကယ်၍ပေးငြားအံ့၊ ငါသည် သင်၏ ဤထင်းသစ်ရွက်တို့ကို ထုတ်အံ့ဟု ဥယျာဉ်စောင့်ကိုဆို၏။ ဥယျာဉ်စောင့်သည် အရှင်ယူလော့ဟု ဝန်ခံ၏။ စူဠသူဌေး၏တပည့်သည် သူငယ်တို့၏ ကစားရာအရပ်သို့ သွား၍ တင်လဲကိုပေး၍ ခဏခြင်းဖြင့် ထင်းသစ်ရွက်တို့ကို ထုတ်စေ၍ ဥယျာဉ်တံခါး၌ စုစေ၏။

ထိုအခါ မင်း၏အိုးတော်လုပ်သည် မင်းအိမ်၌ အိုးဖုတ်အံ့သောငှါ ထင်းရှာသည်ရှိသော် ဥယျာဉ်တံခါးသို့ရောက်၍ ထိုထင်းသစ်ရွက်တို့ကို မြင်၍ စူဠန္တေဝါသိ၏ လက်မှဝယ်၍ယူ၏။ ထိုနေ့၌စူဠန္တေဝါသိသည် ထင်းရောင်းသဖြင့် တဆယ့်ခြောက်သပြာကို၎င်းအိုးစရည်းအစရှိကုန်သော အိုးငါးခုတို့ကို၎င်းရ၏။ စူဠန္တေဝါသိသည် နှစ်ဆယ့်လေးသပြာတို့ကို ရသည်ရှိသော် ငါ့အား ဤဥစ္စာရကြောင်းသည် ရှိ၏ဟု မြို့တံခါး၏ အနီးအရပ်၌ တခုသောရေအိုးကို တည်၍ ငါးရာကုန်သော မြက်ရိတ်ယောက်ျားတို့ကို ရေဖြင့် လုပ်ကျွေး၏။ မြက်ရိတ် ယောက်ျားတို့သည် အဆွေ သင်သည် ငါတို့အား ကျေးဇူးများစွာ ပြု၏။ သင့်အား အဘယ်ကို ပြုရကုန်အံ့နည်းဟု ဆိုကုန်၏။ စူဠန္တဝါသိသည် ငါ့အား ကိစ္စရှိသောအခါ ကျေးဇူးကိုပြုဟု ဆို၍ ထိုမှဤမှ လှည့်လည်သည်ရှိသော် ကြည်းကြောင်းအမှုကိုဆောင်သော သူနှင့်၎င်း ရေကြောင်းအမှုကို ဆောင်သောသူနှင့်၎င်း မိတ်ဖွဲ့၏။ ထိုအမျိုးသားအား ကြည်းကြောင်းအမှုကို ရွက်ဆောင်သော အဆွေခင်ပွန်းသည် နက်ဖြန် ဤမြို့သို့မြင်းကုန်သည်သည် မြင်းငါးရာကိုယူလာလတ္တံ့ဟုကြား၏။ အမျိုးသားသည် ထိုအဆွေခင်ပွန်း၏ စကားကိုကြား၍ မြက်ရိတ်ယောက်ျားတို့ကို ယနေ့ ငါ့အား မြက်တစည်း တစည်းစီပေးကုန်လော၊ ငါသည်။ မြက်ကို မရောင်းမီ အစ်ကိုတို့ မြက်ကို မရောင်းကုန်လင့်ဟု ဆို၏။ မြက်ရိတ်ယောက်ျားတို့သည် ကောင်းပြီဟုဝန်ခံ၍ မြက်စည်းငါးရာတို့ကိုယူ၍ အမျိုးသားအိမ်၌ ချကုန်၏။

မြင်းကုန်သည်သည် အလုံးစုံသောမြို့၌ မြင်းစာမရ၍ အမျိုးသားအား အသပြာတထောင်ပေး၍ မြက်ကိုဝယ်၏။ ထို့နောင်မှ နှစ်ရက်သုံးရက်လွန်သဖြင့် အမျိုးသားအား ရေကြောင်း အမှုကို ဆောင်သော အဆွေခင်ပွန်းသည် ရေဆိပ်၌ လှေကြီးရောက်၏ဟု ကြား၏။ အမျိုးသားသည် ဤဥစ္စာဖြစ်ခြင်း၏ အကြောင်းသည်ရှိ၏ဟုကြံ၍ ရှစ်သပြာတို့ဖြင့် ခပ်သိမ်းသော သူတို့သည် ခြံရံလျက် အခိုက်အတန့်ငှါးသော ရထားကိုယူ၍ များသော အခြွေအရံဖြင့် လှေဆိပ်သို့သွား၍ သစ္စာပြုဖြစ်သော တခုသော လက်စွပ်ကို လှေသူကြီးအားပေး၍ အနီးဖြစ်သော အရပ်၌ တင်းတိမ်ဖြင့် ရံစေ၍နေလျက် အချင်းတို့ ပြင်ပမှ ကုန်သည်တို့သည် လာလတ်ကုန်သော် သုံးဆင့် ဆင့်သဖြင့် ငါ့ကို ကြားကုန်လောဟုစေ၍ လှေသည်လာ၏ဟုကြား၍ ဗာရာဏသီပြည်မှ တရာမျှကုန်သော ကုန်သည်တို့သည် ဥစ္စာကို ဝယ်ကုန်အံ့ဟု လာကြကုန်၏။ သင်တို့သည် ဥစ္စာမရကုန်လတ္တံ့၊ ဤမည်သော အရပ်၌ ကုန်သည်ကြီးသည် သစ္စာပြုဖြစ်သော လက်စွပ်ကို ပေးအပ်ပြီဟု လှေသူကြီး ဆို၏။

ကုန်သည်တို့သည် လှေသူကြီးစကားကို ကြားကုန်၍ အမျိုးသား၏အထံသို့လာကုန်၏။ ခြေရင်းစောင့် အချင်းတို့သည် ရှေးပေးအပ်သော သညာ၏အစွမ်းအားဖြင့် သုံးဆင့် ဆင့်သဖြင့် ကုန်သည်တို့၏ လာသော အဖြစ်ကိုကြားကုန်၏။ တရာသော ကုန်သည်တို့သည် တထောင် တထောင်စီ ပေး၍ အမျိုးသားနှင့်တကွ လှေ၌ ဝယ်ရသော အဘိုးရှိကုန်သည်ဖြစ်၍ တဘန် တထောင် တထောင်စီ ပေးကုန်၍ အမျိုးသား၏ အဘို့ကို လွှတ်စေ၍ ဘဏ္ဍာကို မိမိတို့၏ ဥစ္စာပြုကုန်၏။ စူဠန္တေဝါသိသည် နှစ်သိမ်းကုန်သော အသပြာတို့ကိုယူ၍ ဗာရာဏသီပြည်သို့ သွား၏။ သူ့ကျေးဇူးကို သိတတ်သည်ဖြစ်၍ ကျေးဇူးကြီးလှပေသည်ဟု အသပြာတသိန်းကို ယူခဲ့၍ စူဠသူဌေး၏ အထံသို့ သွား၏။ ထိုအခါ အမျိုးသားကို စူဠသူဌေးသည် ချစ်သား သင်သည် အသို့ပြု၍ ဤဥစ္စာကိုရသနည်းဟု မေး၏။ အမျိုးသားသည် အရှင်တို့သည် ဆိုအပ်သောအကြောင်း၌ တည်၍ လေးလတွင်းဖြင့်သာလျှင် ရအပ်၏ဟု ကြွက်သေကို အစပြု၍ အလုံးစုံသောအကြောင်းကို ဆို၏။ စူဠသူဌေးသည် အမျိုးသား၏စကားကို ကြားလျှင် ယခု ဤသို့သဘောရှိသော သူငယ်ကို ငါ၏ဥစ္စာပြုခြင်းငှါ သင့်၏ဟု အရွယ်ရောက်သော သ္မီးကိုပေး၍ အလုံးစုံသော ဥစ္စာ၏ အရှင်ကိုပြု၏။ အမျိုးသားသည် စူဠသူဌေးလွန်သဖြင့် ထိုမြို့၌ သူဌေး၏အရာကိုရ၏။ ဘုရားလောင်းသည်လည်း ကံအားလျော်စွာ လား၏။ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဟော၍ ဘုရားဖြစ်တော်မူ၍-

။ အပ္ပကေနာပိ မေဓာဝီ ပါဘတေန ဝိစက္ခဏော
သမုဋ္ဌာပေတိ အတ္တာနံ၊ အဏုံ အဂ္ဂိံဝ သန္ဓမံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၄။ ပဏ္ဍိတော၊ ပညာရှိသည်။ အဏုံ၊ အနည်းငယ်သော။ အဂ္ဂိံ၊ မီးကို။ သန္ဓမံ-သန္ဓမန္တော၊ နှုတ်သီးလေဖြင့် မှုတ်လျက်။ မဟန္တံ၊ ကြီးစွာသော။ အဂ္ဂိက္ခန္တံ၊ မီးပုံကြီးကို။ ကရောတိ ဣဝ၊ ပြုသကဲ့သို့။ ဝိစက္ခဏော၊ ကုန်သွယ်ခြင်း၌ လိမ်မာသော။ မေဓာဝီ၊ ပညာရှိသည်။ အပ္ပကေနာပိ၊ အနည်းငယ်လည်းဖြစ်သော။ ပါဘတေန၊ ဥစ္စာအရင်းဖြင့်။ မဟန္တံ၊ များသော၊ ဓနဉ္စ၊ ဥစ္စာကို၎င်း။ ယသဉ္စ၊ အခြံအရံကို၎င်း။ ဥပ္ပါဒတွော၊ ဖြစ်စေ၍။ တတ္ထ၊ ထိုများစွာသော ဥစ္စာအခြံအရံ၌။ အတ္တာနံ၊ မိမိကိုယ်ကို။ သမုဋ္ဌာပေတိ၊ တည်စေ၏။

ဇာတ်ပေါင်း... ဤသို့ မြတ်စွာဘုရားသည် စူဠပန်သည် ငါ့ကိုမှီ၍ ယခုအခါ၌ တရားတို့၌ တရားတို့၏ များမြတ်သည်၏အဖြစ်သို့ ရောက်သည်သာလျှင် မဟုတ်သေး၊ ရှေး၌လည်း စည်းစိမ်တို့၌ စည်းစိမ်တို့၏ များမြတ်သည်၏အဖြစ်သို့ ရောက်ဘူးပြီး၊ ဤသို့ ဤဒေသနာကိုပြ၍ နှစ်ပါးကုန်သော ဝတ္ထုတို့ကို ဟောတော်မူပြီး၍ အနုသန္ဓေကိုစပ်၍ ယခုအခါ စူဠပန်သည် ထိုအခါ စူဠန္တေဝါသိ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင်မူကား ထိုအခါ စူဠသူဌေး ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကြွက်သေတကောင်၊ အရင်းထောင်၊ များမြောင် ကြွယ်ဝရွာ

လေးခုမြောက်သော စူဠသေဋ္ဌိဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အပဏ္ဏကဝဂ်

၅။ တဏ္ဍုလနာဠိဇာတ်

လောဘရမ္မက်ကြီးသဖြင့် ပျက်စီးသော အဘိုးပြတ်ယောက်ျား၏အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် ကိမဂ္ဃတိ တဏ္ဍုလနာဠိကာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတဏ္ဍုလနာဠိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် လာဠုဒါယ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအခါ မလ္လာမင်း၏သားဖြစ်သော ဒဗ္ဗမထေရ်သည် သံဃာအား ဆွမ်းညွှန်သည်ဖြစ်၏။ ထိုအခါ စောစောကလျှင် စာရေးတံဆွမ်းကို ညွှန်သည်ရှိသော် လာဠုဒါယီမထေရ်အား ရံခါ မြတ်သောဆွမ်းသည် ရောက်၏။ ရံခါ ယုတ်သောဆွမ်းသည် ရောက်၏။ ထိုလာဠုဒါယီမထေရ်သည် ယုတ်သောဆွမ်းကိုရသောနေ့၌ စာရေးတံဝေရာအရပ်၌ နှောက်ရှက်ခြင်းကို ပြု၏။ ဒဗ္ဗသာလျှင် စာရေးတံကို ပေးခြင်းငှာသိသလော၊ ငါတို့သည် မသိကုန်သလောဟု ဆို၏။ လာဠုဒါယီသည် စာရေးတံဝေရာအရပ်၌ နှောက်ရှက်ခြင်းကို ပြုသည်ရှိသော် ယခုအခါ၌ သင်သည်ပင်လျှင် စာရေးတံကိုပေးလော့ဟု ဆို၍ စာရေးတံတောင်းကို ပေးလေကုန်၏။ ထိုအခါမှစ၍ ထိုလာဠုဒါယီမထေရ်သည် သံဃာအား စာရေးတံကိုပေး၏။ ပေးသည်သော်ကား ဤဆွမ်းသည် မြတ်သောဆွမ်းဟူ၍၎င်း၊ ယုတ်သောဆွမ်းဟူ၍၎င်း၊ ဤမည်သော ဝါစဉ်၌ မြတ်သောဆွမ်း ရောက်၏ဟူ၍၎င်း ဤမည်သော ဝါစဉ်၌ ယုတ်သောဆွမ်း ရောက်၏ဟူ၍၎င်း မသိ၊ အစဉ်ကိုသော်လည်း ဤမည်သောဝါစဉ်၌ တည်၏ဟူ၍ မမှတ်နိုင်၊ ရဟန်းတို့၏ တည်သောအခါ၌ ဤအရပ်၌ ဤအစဉ်ဟူ၍ မြေ၌၎င်း နံရံ၌၎င်း အရေးငင်၏။ နက်ဖြန်နေ့ စာရေးတံ ဝေရာအရပ်၌ ရဟန်းတို့သည် နည်းသည်လည်း ဖြစ်ကုန်၏။ များသည်မူလည်း ဖြစ်ကုန်၏။ ရဟန်းတို့သည် နည်းကုန်လတ်သော် အောက်၌ အရေးကို ငင်၏။ ရဟန်းတို့သည် များကုန်လတ်သော် အထက်၌ အရေးကို ငင်၏။ လာဠုဒါယီမထေရ်သည် ထေရ်စဉ်ကို မသိသည်ဖြစ်၍ အရေး အမှတ်ဖြင့် စာရေးတံကိုပေး၏။

ထိုအခါလူဒါယီမထေရ်ကို ရဟန်းတို့သည် ငါ့သျှင် လာဠုဒါယီ အရေးမည်သည်ကား အောက်၌လည်း တည်၏။ အထက်၌လည်း တည်၏။ မြတ်သောဆွမ်းသည်ကား ဤမည်သော ဝါစဉ်၌ တည်၏။ ယုတ်သော ဆွမ်းသည်ကား ဤမည်သောဝါစဉ်၌ တည်၏ဟု ဆိုကုန်၏။ လာဠုဒါယီ မထေရ်သည် ရဟန်းတို့သည် စောဒနာအပ်သည်ရှိသော် မြတ်သောဆွမ်းသည် ဤမည်သောဝါစဉ်၌ တည်သည်။ ယုတ်သောဆွမ်းသည် ဤမည်သော ဝါစဉ်၌ တည်သည် အကယ်၍ ဖြစ်ငြားအံ့၊ ဤသို့ ဖြစ်သည်ရှိသော် ဤအရေးသည် အဘယ့်ကြောင့် ဤသို့တည်သနည်း၊ ငါသည် သင်တို့စကားကို အသို့ ယုံရအံ့နည်း၊ ဤအရေးကို ယုံအံ့ဟု ဆို၏။

ထိုအခါ လာဠုဒါယီကို ပဉ္စင်းငယ်တို့သည်၎င်း သာမဏေတို့သည်၎င်း ငါ့သျှင် လာဠုဒါယီ သင်သည် စာရေးတံပေးသည်ရှိသော် ရဟန်းတို့သည်လာဘ်မှ ယုတ်ကုန်၏။ သင်သည် စာရေးတံပေးခြင်းငှါ မလျောက်ပတ်၊ ဤအရပ်မှ သွားလော့ဟု စာရေးတံဝေရာမှ နှင်ထုတ်ကုန်၏။ ထိုခဏ၌ စာရေးတံဝေရာ၌ ကြီးစွာသော အုတ်အုတ် ကျက်ကျက်သည်ဖြစ်၏။ မြတ်စွာဘုရားသည် ထိုအသံကို ကြားတော်မူ၍ အာနန္ဒာ မထေရ်ကို အာနန္ဒာ စာရေးတံဝေရာ၌ ကြီးစွာသော အုတ်အုတ်ကျက်ကျက်သည် ဖြစ်၏။ ဤအသံသည် အဘယ်အသံနည်းဟု မေးတော်မူ၏။ အာနန္ဒာ မထေရ်သည် မြတ်စွာဘုရားအား ထိုအကြောင်းကို ကြားလျှောက်၏။ အာနန္ဒာ ခုသာလျှင် လာဠုဒါယီသည် မိမိ၏မိုက်သည်၏ အဖြစ်ကြောင့် တပါးကုန်သောသူတို့၏ လာဘ်ယုတ်ခြင်းကို ပြုသည်မဟုတ်သေး။ ရှေး၌လည်း ပြုသည်သာလျှင်တည်းဟု မိန့်တော်မူ၏။ အာနန္ဒာမထေရ်သည် ထိုအကြောင်းကို ထင်စွာ ပြစိမ့်သောငှါ မြတ်ဘုရားကို တောင်းပန်၏။ မြတ်စွာဘုရားသည် ဘဝတပါးသည် ဖုံးလွှမ်းအပ်သော အကြောင်းကို ထင်စွာပြတော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကာသိတိုင်း ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြု၏။ ထိုအခါ ငါတို့ဘုရားလောင်းသည် မင်း၏ အဘိုးပြတ်သော အမတ်ဖြစ်၏။ ဆင်မြင်းစသည်တို့ကို၎င်း ပတ္တမြားရွှေငွေ စသည်တို့ကို၎င်း အဘိုးပြတ်စေ၏။ အဘိုးပြတ်စေ၍ ဥစ္စာရှင်တို့အား ဥစ္စာအားလျော်သည်သာလျှင်ဖြစ်သော အဘိုးကိုပေးစေ၏။ မင်းသည်ကား လောဘကြီး၏။ ထိုမင်းသည် လောဘကြီသောကြောင့် ဤအဘိုးပြတ်သောသူသည် ဤသို့ အဘိုးပြတ်သည်ရှိသော် မကြာခင်လျှင် အိမ်၌ ဥစ္စာသည် ကုန်ခြင်းသို့ ရောက်လတ္တံ့၊ တပါးသောသူကို အဘိုးပြတ်စေအံ့ဟုကြံ၏။ မင်းသည် ခြင်္သေ့ခံသော လေသွန်ပြုတင်းကိုဖွင့်လှစ်၍ မင်းယင်ပြင်ကို ကြည့်သည်ရှိသော် တယောက်သော လျှပ်ပေါ်လော်လည်သော မိုက်သော ခရီးသွားယောက်ျားကို မင်းယင်ပြင်ဖြင့် သွားသည်ကိုမြင်၍ ဤသူသည် ငါ၏ အဘိုးပြတ်အမှုကို ပြုခြင်းငှါတတ်နိုင်လတ္တံ့ဟု ထိုခရီးသွား ယောက်ျားမိုက်ကို ခေါ်စေ၍ အချင်း သင်သည် ငါ၏ အဘိုးပြတ်အမှုကို ပြုခြင်းငှါ တတ်နိုင်လတ္တံ့လောဟု မေး၏။ အရှင်မင်းကြီး တတ်နိုင်လတ္တံ့ဟု ဆို၏။ မင်းသည် မိမိဥစ္စာကို စောင့်ခြင်းအကျိုးငှာ ထိုခရီးသွားသော ယောက်ျားမိုက်ကို အဘိုးပြတ်အရာ၌ထား၏။

ထိုအခါမှစ၍ ထိုခရီးသွားသော ယောက်ျားမိုက်သည် ဆင်မြင်း စသည်တို့ကို အဘိုးပြတ်သည်ရှိသော် အဘိုးကို ယုတ်စေ၍ အလိုရှိတိုင်း ပြတ်၏။ ထိုယောက်ျားမိုက်၏ အရာအထူး၌ တည်သည်၏ အဖြစ်ကြောင့် ယောက်ျားမိုက်သည် အကြင်အဘိုးကို ပြတ်၏။ ထိုပြတ်သောအဘိုးသည်သာလျှင် ဖြစ်၏။ ထိုကာလ၌ ဥတ္တရာပထမှ တယောက်သော မြင်းကုန်သည်သည် မြင်းငါးရာတို့ကို ဆောင်ခဲ့၏။ မင်းသည် ထိုအဘိုးပြတ်သော ယောက်ျားကို ခေါ်၍ မြင်းတို့ကို အဘိုးပြတ်စေ၏။ အဘိုးပြတ်သော ယောက်ျားသည် မြင်းငါးရာတို့၏အဘိုးကို ဆန်တကွမ်းစားပြတ်၏။ ပြတ်ပြီး၍ကား မြင်းကုန်သည်အား ဆန်တကွမ်းစားကို ပေးကုန်လောဟု ဆို၍ မြင်းတို့ကို တင်းကုပ်၌ ထားစေ၏။

မြင်းကုန်သည်သည် ရှေး၌ဖြစ်သော အဘိုးပြတ် အမတ်အိမ်သို့သွား၍ ထိုအကြောင်းကို ကြား၍ ယခုအဘယ်သို့ ပြုအပ်သနည်းဟုမေး၏။ အဘိုးပြတ်ဟောင်းသည် ထိုအဘိုးပြတ်ယောက်ျားမိုက်အား တံစိုးပေး၍ ရှေးဦးစွာ ငါတို့၏မြင်းတို့သည် ဆန်တကွမ်းစားကို ထိုက်၏ဟူ၍ သိအပ်ပြီ၊ သင်တို့ကိုကား မှီ၍ ဆန်တကွမ်းစား၏ အဘိုးကို သိလိုကုန်၏။ မင်း၏အထံသို့ သွား၍ ဆန်တကွမ်းစားသည် ဤမည်သော အဘိုးကိုထိုက်၏ဟု ငါတို့အား ဆိုခြင်းငှါ တတ်နိုင်လတ္တံ့ ဟု မေးကုန်လော၊ တတ်နိုင်လတ္တံ့ဟု အကယ်၍ဆိုအံ့၊ ထိုအဘိုးပြတ်ငယ်ယောက်ျားကိုခေါ်၍ မင်း၏အထံသို့ သွားနှင့်ကုန်လော့၊ ငါလည်း မင်း၏အထံသို့ လာအံ့ဟု ဆို၏။ မြင်းကုန်သည်သည် ကောင်းပြီဟု ဘုရားလောင်းကို ဝန်ခံ၍ အဘိုးပြတ်ယောက်ျားအား တံစိုးပေး၍ ထိုအကြောင်းကို ကြား၏။ အဘိုးပြတ်သည် တံစိုးကိုရလျှင် ဆန်တကွမ်းကို အဘိုးပြတ်ခြင်းငှါ တတ်နိုင်လတ္တံ့ ဟုဆို၏။ ထိုသို့ တပြီးကား မင်းအိမ်သို့ သွားကုန်အံ့ဟု ထိုအဘိုးပြတ်သော ယောက်ျားကိုခေါ်၍ မင်း၏ အထံသို့ သွား၏။

ဘုရားလောင်းသည်၎င်း တပါးကုန်သော အမတ်တို့သည်၎င်း လာကုန်၏။ မြင်းကုန်သည်သည် မင်းကိုရှိခိုး၍ အရှင်မင်းကြီး မြင်းငါးရာတို့၏ ဆန်တကွမ်းစားထိုက်သည်၏အဖြစ်ကို သိရကုန်ပြီ၊ ရှင်မင်းကြီး၏ ဆန်တကွမ်းစားသည်ကား အဘယ်မျှထိုက်သနည်းဟု အဘိုးပြတ်ကို မေးတော်မူပါဦးဟု လျှောက်၏။ မင်းသည် ထိုအကြောင်းကို မသိသည်ဖြစ်၍ အို အဘိုးပြတ် မြင်းငါးရာတို့သည် အဘယ်မျှထိုက်ကုန်သနည်းဟုမေး၏။ အရှင်မင်းကြီး ဆန်တကွမ်းစားထိုက်ကုန်၏ဟုဆို၏။ အချင်း အဘိုးပြတ် မြင်းတို့သည် ရှေးဦးစွာ ဆန်တကွမ်းစား ထိုက်ကုန်သည်ဖြစ်စေ၊ ထိုဆန်တကွမ်းစားသည်ကား အဘယ်မျှ ထိုက်သနည်းဟု မေး၏။ ထိုအဘိုးပြတ်သော ယောက်ျားမိုက်သည် ဆန်တကွမ်းစားသည် မြို့တွင်း တဆယ့်နှစ်ယူဇနာ မြို့ပ ယူဇနာ သုံးရာနှင့်တကွသော ဗာရာဏသီပြည်ကြီးကို ထိုက်၏ဟုဆို၏။ အဘိုးပြတ်သော ယောက်ျားမိုက်သည် ရှေး၌မင်းလိုကိုလိုက်၍ ဆန်တကွမ်းစားကို မြင်းငါးရာတို့၏ အဘိုးကိုပြု၏။ တဖန် ကုန်သည်၏ လက်မှ တံစိုးကိုရ၍ ထိုဆန်တကွမ်းစား၏အဘိုးကို အတွင်းတဆယ့်နှစ်ယူဇနာ အပယူဇနာသုံးရာနှင့် တကွသော ဗာရာဏသီပြည်ကြီးကို ပြု၏။ ထိုအခါ၌ကား ဗာရာဏသီပြည်၏ တံတိုင်းအရံသည် တဆယ့်နှစ်ယူဇနာရှိ၏။ ဤ တဆယ့်နှစ်ယူဇနာရှိသော အရပ်သည် ဗာရာဏသီပြည်၏ အတွင်းအရပ်တည်း၊ အပဖြစ်သောတံတိုင်းသည် တမူကား ယူဇနာသုံးရာရှိ၏။ ဤသို့ အဘိုးပြတ်သော ယောက်ျားမိုက်သည် အတွင်းအပနှင့်တကွ ကြီးစွာသော ဗာရာဏသီပြည်ကို ဆန်တကွမ်းစား၏အဘိုးကိုပြု၏။ ထိုစကားကိုကြား၍ အမတ်တို့သည် လက်ခုပ်တီး၍ ရယ်ကုန်လျက် ငါတို့သည် ရှေး၌ မြေကို၎င်း မင်းကို၎င်း အဘိုးမပြတ်အပ်ဟု မှတ်ကုန်၏။ ဤသို့ ကြီးစွာသောမင်းနှင့်တကွသော ဗာရာဏသီပြည်သည် ဆန်တကွမ်းစားမျှ ထိုက်သတတ်၊ အဘိုးပြတ်သော ယောကျ်ား၏ ဉာဏ်၏ ပြည့်စုံခြင်းသည်အံ့ဘွယ်သရဲရှိပေစွ၊ ဤမျှလောက်သော ကာလပတ်လုံး ဤအဘိုးပြတ်သော ယောက်ျားသည် အဘယ်မှာ နေရှာချေသနည်း ငါတို့၏ မင်းအားသာလျှင် လျောက်ပတ်ပေစွဟု ဆိုလိုကုန်၍-

။ ကိမဂ္ဃတိ တဏ္ဍုလနာဠိကာယံ၊ အဿာန မူလာယ ဝဒေဟိ ရာဇ။
ဗာရာဏသိံ သန္တရဗာဟိရံ၊ အယမဂ္ဃတိ တဏ္ဍုလနာဠိကာ။

ဟူသော ဤဂါထာဖြင့် ပြက်ရယ်ပြုကုန်၏။

၅။ ရာဇ၊ မင်းကြီး။ အဿာနံ၊ မြင်းတို့၏။ မူလာယ၊ အဘိုးငှာ။ ပဝတ္တာ၊ ဖြစ်သော။ အယံ တဏ္ဍုလနာဠိကာ၊ ဤတကွမ်းစားသော ဆန်သည်။ ကိံ အဂ္ဃတိ၊ အဘယ်မျှထိုက်သနည်း။ ဝဒေဟိ၊ ဆိုလော။ အယံ တဏ္ဍုလနာဠိကာ၊ ဤဆန်တကွမ်းစားသည်။ သန္တရဗာဟိရံ၊ အတွင်းအပနှင့် တကွသော။ ဗာရာဏသိံ၊ ဗာရဏသီပြည်ကို။ အဂ္ဃတိ၊ အကယ်၍ပင် ထိုက်သည်မှန်သလော။

ထိုအခါ မင်းသည် ရှက်သည်ဖြစ်၍ ထိုအဘိုးပြတ်သော ယောကျ်ားမိုက်ကို အဘိုးပြတ်အရာမှ ချထား၍ ဘုရားလောင်းအားသာလျှင် အဘိုးပြတ်အရာကိုပေး၏။ ဘုရားလောင်းသည် ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်ဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ နှစ်ပါးကုန်သော ဝတ္ထုတို့ကို ဟောတော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ လာဠုဒါယီသည် ထိုအခါ မိုက်သော အဘိုးပြတ်သော ယောက်ျားဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်ကား ထိုအခါ ပညာရှိသော အဘိုးပြတ်အမတ်သည် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မိုက်သူအတွက်၊ အကျိုးပျက်၊ ယုတ်လျက်လာဘ်များစွာ

ငါးခုမြောက်သော တဏ္ဍုလနာဠိဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အပဏ္ဏကဝဂ်

၆။ ဒေဝဓမ္မဇာတ်

အရှက်အကြောက်ကို စောင့်အပ်သည့်အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဟိရိဩတ္တပ္ပသမ္ပန္နာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒေဝဓမ္မဇာတ်ကို ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် မထင်ရှားသော များသောဥစ္စာရှိသောရဟန်းကိုအကြောင်းပြု၍ ဟောတော်မူ၏။

သာဝတ္ထိပြည်၌နေသော သူကြွယ်တယောက်သည် မယားသေသည်ရှိသော် ရဟန်းပြုသတတ်၊ ထိုသူကြွယ်သည် ရဟန်းပြုသော်လည်း မိမိ၏ အကျိုးငှါ ပရိဝုဏ်ကို၎င်း မီးတင်းကုပ်ကို၎င်း ဘဏ္ဍာတိုက်ခန်းကို၎င်း ပြုစေ၍ ဘဏ္ဍာတိုက်ကို ထောပတ် ဆန် စသည်တို့ဖြင့် ပြည့်စေ၍ ရဟန်းပြု၏။ ထိုသူကြွယ်သည် ရဟန်းပြုပြီး၍ကား မိမိကျွန်တို့ကိုခေါ်စေ၍ အလိုရှိတိုင်းသော အာဟာရကို ချက်စေ၍ သုံးဆောင်၏။ များသော ပရိက္ခရာသည်လည်းဖြစ်၏။ ညဉ့်၌ တပါးသော အဝတ်အာရုံကို ဝတ်ရုံ၏။ နေ့၌ တပါးသော အဝတ်အာရုံကို ဝတ်ရုံ၏။ ကျောင်းစွန်၌ နေ၏။ တနေ့သ၌ ထိုရဟန်း၏ သင်္ကန်း အိပ်ရာလွှမ်း စသည်တို့ကိုထုတ်၍ ပရိဝုဏ်၌ ဖြန့်၍ လှန်းစဉ် များစွာကုန်သော ဇနပုဒ်၌ နေကုန်သော ရဟန်းတို့သည် ကျောင်းစဉ် လှည့်လည်ကုန်သည်ရှိသော် ပရိဝုဏ်သို့ရောက်ကုန်၍ သင်္ကန်းစသည်တို့ကို မြင်ကုန်၍ ဤသင်္ကန်းစသည်သည် အဘယ်သူ၏ ဥစ္စာတို့နည်းဟု မေးကုန်၏။ ငါ့သျှင်တို့ ငါ၏ဥစ္စာတို့တည်းဟု ဆို၏။ ငါ့သျှင် ဤသင်္ကန်းသည်၎င်း ဤသင်းပိုင်သည်၎င်း ဤအိပ်ရာလွှမ်းသည်၎င်း အလုံးစုံသော ဥစ္စာသည် သင်၏ ဥစ္စာချည်းပင်လောဟု မေးကုန်၏။ ငါ့သျှင်တို့ ငါ၏ ဥစ္စာချည်းပင်လျှင်တည်းဟု ဆိုလေ၏။ ငါ့သျှင် မြတ်စွာဘုရားသည် သင်္ကန်းသုံးထည်တို့ကို ခွင့်ပြုအပ်ကုန်သည် မဟုတ်တုံလော၊ သင်သည် ဤသို့ အလိုနည်းသော မြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြု၍ ဤသို့ များစွာသော ပရိက္ခရာရှိသည်ဖြစ်၏။ လာလှည့် သင့်ကို မြတ်စွာဘုရားအထံသို့ ဆောင်ကုန်အံ့ဟုဆို၍ ထိုရဟန်းကိုခေါ်၍ မြတ်စွာဘုရား အထံသို့ သွားကုန်၏။

မြတ်စွာဘုရားသည် ထိုရဟန်းကို မြင်တော်မူ၍လျှင် ရဟန်းတို့ အလိုမရှိသည်သာလျှင် ဖြစ်သော ဤရဟန်းကို ခေါ်၍ အဘယ့်ကြောင့် လာကြကုန်သနည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား ဤရဟန်းသည် များသောဘဏ္ဍာ များသောပရိက္ခရာရှိ၏ဟု လျှောက်ကုန်၏။ ရဟန်း သင်သည် များသောဥစ္စာ ရှိသတတ်ဟူသည် မှန်သလောဟု မိန့်တော်မူ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား မှန်ပေ၏ဟု လျှောက်၏။ ရဟန်း သင်သည် အဘယ့်ကြောင့်ကား များသောဥစ္စာရှိသည် ဖြစ်သနည်း၊ ငါဘုရားသည် အလိုနည်းသော အဖြစ်၏၎င်း ရောင့်ရဲလွယ်သော အဖြစ်၏၎င်း ဆိတ်ငြိမ်သော အဖြစ်၏၎င်း လုံ့လကို အားထုတ်ခြင်း၏၎င်း ကျေးဇူးကို ဟောတော်မူသည် မဟုတ်တုံလောဟု မိန့်တော်မူ၏။ ထိုရဟန်းသည် မြတ်စွာဘုရားစကားတော်ကို ကြား၍ အမျက်ထွက်သည်ဖြစ်၍ ယခု ဤအကျင့်ဖြင့် ကျင့်အံ့ဟု ကိုယ်ရုံကိုချ၍ ပရိသတ်အလယ်၌ သင်းပိုင်တထည်သာ ရှိသည်ဖြစ်၍ ရပ်၏။

ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် ထောက်ပံ့တော် မူလိုသည်ဖြစ်၍ ရဟန်း သင်သည် ရှေး၌ ဟိရိဩတ္တပ္ပ ရှာဘူးသည် မဟုတ်တုံလော၊ ဒကရက္ခိုသ်ဖြစ်သောကာလ၌လည်း ဟိရိဩတ္တပ္ပကိုရှာလျက် တော၌ တဆယ့်နှစ်နှစ်ပတ်လုံးနေဘူး၏။ ဤသို့ဖြစ်လျက် အဘယ့်ကြောင့် ယခုအခါ၌ ဤသို့စဉ်သဘောရှိသော ဘုရားသာသနာတော်၌ ရဟန်းပြု၍ ပရိသတ်လေးပါးအလယ်၌ ကိုယ်ရုံကိုချ၍ အရှက် အကြောက်ကို ပယ်၍ ရပ်သနည်းဟု မိန့်တော်၏။ ထိုရဟန်းသည် မြတ်စွာဘုရား စကားတော်ကိုကြား၍ ဟိရိဩတ္တပ္ပကို ဖြစ်စေ၍ ထိုသင်္ကန်းကိုရုံ၍ မြတ်စွာဘုရားကို ရှိခိုးလျက် တင့်အပ်လျောက်ပတ်စွာနေ၏။ ရဟန်းတို့သည် ထိုအကြောင်းကို ထင်စွာ ပြစိမ့်သောငှါ မြတ်စွာဘုရားကို တောင်းပန်ကုန်၏။ မြတ်စွာဘုရားသည် ဘဝတပါးသည် ဖုံးလွှမ်းအပ်သော အကြောင်းကို ထင်ရှားပြတော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကာသိတိုင်း ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြု၏။ ထိုအခါ၌ ဘုရားလောင်းသည် ထိုမင်း၏ မိဖုယားဝမ်း၌ ပဋိသန္ဓေနေ၏။ မိဖုယားကြီးသည် ဆယ်လလွန်သဖြင့် သားဖွား၏။ ထိုသူငယ်အားအမည်မှည့်အံ့သာနေ့၌ မဟိံသ မင်းသားဟူသော အမည်ကို မှည့်ကုန်၏။ ထိုမဟိံသမင်းသား၏ ရှေးရှုပြေး၍၎င်း ထက်ဝန်းကျင်ပြေး၍၎င်း သွားတတ်သောကာလ၌ သားငယ်တပါးဖွားပြန်၏။ ထိုညီငယ်အား စန္ဒကုမာရ ဟူသော အမည်ကို မှည့်ကြကုန်၏။ ထိုစန္ဒကုမာရမင်းသား၏ ရှေးရှုပြေး၍၎င်း ထက်ဝန်းကျင်ပြေး၍၎င်း သွားတတ်သောကာလ၌ ဘုရားလောင်း၏ မယ်တော်သည် သေ၏။ မင်းသည် တပါးသော မိန်းမကို မြတ်သောမိဖုယားကြီးအရာ၌ထား၏။ ထိုမိဖုယားသည် မင်းချစ်နှစ်သက်စေသည်ဖြစ်၏။ ထိုမိန်းမသည်လည်း သံဝါသကိုစွဲ၍ တယောက်သောသားကိုဖွား၏။ ထိုသူငယ်အား သူရိယ မင်းသားဟူသော အမည်ကို မှည့်ကုန်၏။ မင်းသည် သားကိုမြင်၍ နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ မိဖုယား သင့်အား ဆုပေး၏ဟု ဆို၏။ မိဖုယားသည် ဆုကို လိုအပ်သောကာလ၌ ယူအပ်သည်ကိုပြု၍ထား၏။ မိဖုယားသည် သားအရွယ်သို့ရောက်သည်ရှိသော် မင်းကြီးကို ရှင်မင်းကြီး အကျွန်ုပ်၏သားအား ဖွားသောကာလ၌ ဆုကို ပေးအပ်ပြီ၊ အကျွန်ုပ်သားအား မင်းအဖြစ်ကိုပေးဟုဆို၏။

မင်းသည် သားကြီးနှစ်ယောက်တို့သည် မီးပုံကြီးကဲ့သို့ ထွန်းပလျက်သွားကုန်၏။ သင့်အား မင်းအဖြစ်ကိုပေးခြင်းငှါ မတတ်ကောင်းဟုပယ်၏။ အဖန်တလဲလဲ တောင်းသည်သာလျှင်ဖြစ်သော မိဖုယားကိုမြင်၍ မိဖုယားသည် ငါ၏သားကြီးတို့၏ မကောင်းသော အမှုကိုလည်း ကြံရာ၏ဟု သားတို့ကိုခေါ်စေ၍ ချစ်သားတို့ သူရိယမင်းသား၏ ဖွားသောကာလ၌ ဆုကိုပေးဘူး၏။ ယခု သူရိယမင်းသား၏ အမိသည် မင်းအဖြစ်ကို တောင်း၏။ ငါသည် သူရိယမင်းသားအား မပေးလို၊ မိန်းမမည်သည်ကား ယုတ်မာ၏။ ချစ်သားတို့အား ယုတ်မာသော အမှုကိုလည်း ကြံရာ၏။ သင်တို့သည် တောသို့ဝင်၍ ငါလွန်သဖြင့် အမျိုး၏ဥစ္စာဖြစ်သော မြို့၌ မင်းပြုရစ်ကြကုန်လောဟု မှာခဲ့၍ မျက်ရည်ယိုလျက် ငိုကြွေး၍ ဦးခေါင်း၌နမ်း၍ လွှတ်လိုက်၏။ အဘကို ရှိခိုး၍ ပြာသာဒ်မှ ဆင်းသက်ကုန်သော မင်းသားတို့ကို မင်းယင်ပြင်၌ ကစားသော သူရိယမင်းသားသည် မြင်၍ ထိုအကြောင်းကို သိ၍ ငါလည်း အစ်ကိုတို့နှင့်တကွ လိုက်အံ့ဟု မင်းသားကြီးတို့နှင့် တကွသာလျှင်ထွက်၏။ ထိုမင်းသားတို့သည် ဟိမဝန္တာသို့ ဝင်ကုန်၏။ ဘုရားလောင်းသည် ခရီးမှဖဲ၍ သစ်ပင်ရင်း၌ နေ၍ သူရိယမင်းသားကို ညီထွေးသူရိယမင်းသား အိုင်သို့သွား၍ ရေချိုး၍၎င်း သောက်၍၎င်း ပဒုမာရွက်တို့ဖြင့် ငါတို့ကို့လည်း ရေကိုဆောင်ချေလောဟုဆို၏။ ထိုအိုင်ကိုကား ဝေဿဝဏ်နတ်မင်း၏အထံမှ တယောက်သော ဒကရက္ခိုသ်သည် ရအပ်၏။ ဝေဿဝဏ် နတ်မင်းသည်လည်း ဒေဝဓမ္မကို သိကုန်သော သူတို့ကိုသာလျှင်ထား၍ တပါးကုန်သော သူတို့သည် ဤအိုင်သို့ ဆင်းသက်ကုန်၏။ ထိုသူတို့ကို စားခြင်းငှါရ၏။ မဆင်းသက်သော သူတို့ကိုမရဟု ဒကရက္ခိုသ်ကိုဆို၏။

ထိုအခါမှစ၍ ဒကရက္ခိုသ်သည် အကြင်သူတို့သည် အိုင်သို့ဆင်းသက်ကုန်၏။ ထိုသူတို့ကို ဒေဝဓမ္မကိုမေး၍ အကြင်သူတို့သည် မသိကုန်၊ ထိုသူတို့ကို စား၏။ ထိုအခါ၌လျှင် သူရိယမင်းသားသည် အိုင်သို့သွား၍ မစုံမစမ်း ဆင်းသက်၏။ ထိုအခါ သူရိယမင်းသားကို ဒကရက္ခိုသ်သည် ဖမ်း၍ ဒေဝဓမ္မကို သိ၏လောဟုမေး၏။ သူရိယမင်းသားသည် ဒေဝဓမ္မတို့မည်သည်ကား နေလ တို့တည်းဟုဆို၏။ ထိုအခါ သူရိယမင်းသားကို သင်သည် ဒေဝဓမ္မကိုမသိဟု ရေထဲသို့သွင်း၍ မိမိနေရာ၌ထား၏။ ဘုရားလောင်းသည်လည်း သူရိယမင်းသားသည် အလွန်ကြာမြင့်သည်ဖြစ်၍ စန္ဒမင်းသားကို စေပြန်၏။ ဒကရက္ခိုသ်လည်း စန္ဒမင်းသားကိုဖမ်း၍ ဒေဝဓမ္မတို့ကို သိ၏လောဟု မေး၏။ ဪ. သိ၏။ ဒေဝဓမ္မတို့မည်သည်ကား အရပ်လေးမျက်နှာတို့တည်းဟု ဆို၏။ ဒကရက္ခိုသ်သည် သင်သည် ဒေဝဓမ္မကို မသိဟု စန္ဒမင်းသားကို ယူ၍ ထိုအရပ်၌သာလျှင်ထား၏။

ဘုရားလောင်းသည် စန္ဒမင်းသား ကြာပြန်သည် ရှိသော် တခုခုသောအန္တရာယ်သည် ဖြစ်ရာ၏ဟု ကြံ၍ ထိုအိုင်သို့ ကိုယ်တိုင်သွား၍ ညီနှစ်ယောက်တို့၏လည်း ဆင်းသက်သော ခြေရာတို့ကိုမြင်၍ ဤအိုင်သည် ရက္ခိုသ်စောင့်သောအိုင်ဖြစ်ရာ၏ဟု ကြံ၍ သန်လျက်ကိုလွယ်၍ လေးကိုကိုင်၍ ရပ်၏။ ဒကရက္ခိုသ်သည် ဘုရားအလောင်းတော် ရေသို့ မဆင်းမသက်သည်ကို မြင်၍ တောသွားယောက်ျားကဲ့သို့ဖြစ်၍ ဘုရားအလောင်းကို အို-ယောက်ျား သင်သည် ခရီးပန်းလျက် အဘယ့်ကြောင့် ဤအိုင်သို့ဆင်းသက်၍ ချိုး၍ သောက်၍ ကြာစွယ်ကြာရင်းတို့ကိုစား၍ ပန်းတို့ကိုပန်၍ ချမ်းသာစွာ မသွားသနည်းဟုမေး၏။

ဘုရားလောင်းသည် ဒကရက္ခိုသ်ကိုမြင်၍ ဤသူသည် ဘီလူးဖြစ်လတ္တံ့ဟုသိ၍ သင်သည် ငါ့ညီတို့ကို ဖမ်းအပ်ကုန်သလောဟုမေး၏။ ဪ ငါ ဖမ်အပ်ကုန်၏ ဟု ဆို၏။ အဘယ့်ကြောင့် ဖမ်းအပ်သနည်းဟု ဆို၏။ ဤအိုင်သို့ဆင်းသက်ကုန်သောသူတို့ကို ငါရ၏ဟုဆို၏။ အလုံးစုံသောသူကိုလျှင် ရသလောဟုမေး၏။ အကြင်သူတို့သည် ဒေဝဓမ္မတို့ကို သိကုန်၏။ ထိုသူတို့ကိုထား၍ ကြွင်းသောသူတို့ကို ရကုန်၏ဟုဆို၏။ သင်သည် ဒေဝဓမ္မတို့ဖြင့် အလိုရှိသလောဟု မေး၏။ ဪ-အလိုရှိ၏ဟု ဆို၏။ အကယ်၍ အလိုရှိသည်ဖြစ်အံ့၊ ဤသို့ အလိုရှိသည်ရှိသော် ငါသည် ဒေဝဓမ္မကို ဟောအံ့ဟု ဆို၏။ ထိုသို့တပြီးကား ဟောလော၊ ငါသည် ဒေဝဓမ္မတို့ကို နာအံ့ဟုဆို၏။ ဘုရားလောင်းသည် ငါသည် ဒေဝဓမ္မတို့ကို ဟောအံ့၊ ငါသည် ညစ်နွမ်းသော ကိုယ်ရှိ၏ဟု ဆို၏။ ဒကရက္ခိုသ်သည် ဘုရားလောင်းကို ရေချိုးစေ၍ ရေကိုသောက်စေ၍ ပန်းတို့ကိုပန်စေ၍ နံ့သာတို့ဖြင့် လိမ်းစေ၍ တန်ဆာဆင်အပ်သော မဏ္ဍပ်အလယ်၌ ပလ္လင်ကို ခင်း၍ ပေး၏။ ဘုရားလောင်းသည် နေရာ၌နေ၍ ဒကရက္ခိုသ်ကို ခြေရင်း၌နေစေ၍ ထိုသို့တပြီးကား ကောင်းစွာထားသော သောတပသာဒရှိသည်ကို ဖြစ်စေ၍ ရိုသေစွာ ဒေဝဓမ္မကို နာလာဟု ဆို၍-

။ ဟိရိဩတ္တပ္ပသမ္ပန္နာ၊ သုက္ကဓမ္မသမာဟိတာ။
သန္တော သပ္ပုရိသာ လောကေ၊ ဒေဝဓမ္မာတိ ဝုစ္စရေ။

ဟူသော ဤဂါထာကို ဆို၏။

၆။ လောကေ၊ လောက၌။ ဟိရိဩတ္တပ္ပသမ္ပန္နာ၊ ဟိရိတရား ဩတ္တပ္ပတရားနှင့် ပြည့်စုံကုန်ထသော။ သုက္ကဓမ္မသမာဟိတာ၊ ဟိရိဩတ္တပ္ပ အစရှိကုန်သော ကုသိုလ်တရားတို့နှင့် ပြည့်စုံကုန်သော။ သန္တော၊ ငြိမ်သက်သော ကာယကံအစရှိသည်တို့နှင့် ပြည့်စုံကုန်သော။ သပ္ပုရိသာ၊ သူတော်ကောင်းတို့ကို။ ဒေဝဓမ္မာတိ၊ ဒေဝဓမ္မတို့ဟူ၍။ ဝုစ္စရေ၊ ဆိုအပ်ကုန်၏။

သမ္မုတိနတ်၊ ဥပပတ္တိနတ်, ဝိသုဒ္ဓိနတ်တို့၏ အကျင့်တရားတို့သည်ဒေဝဓမ္မတို့ မည်ကုန်၏။ ထိုတရားတို့နှင့် ပြည့်စုံကုန်သော သူတို့သည်လည်း ဒေဝဓမ္မမည်ကုန်သေး၏။ ထို့ကြောင့် ပုဂ္ဂလဓိဋ္ဌာန် ဒေသနာတော်ဖြင့် ဒေဝဓမ္မတို့ကို ပြတော်မူလိုရကား-သန္တော သပ္ပုရိသာ လောကေ၊ ဒေဝဓမ္မာတိ ဝုစ္စရေ-ဟူ၍ ဟောတော်မူ၏။

ရက္ခိုသ်သည် ဤမ္မဒေသနာကိုနာရ၍ ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ ဘုရားလောင်းကို ပညာရှိ ငါသည် သင်တို့အား ကြည်ညိုသည်ဖြစ်၍ တယောက်သောညီကို ပေး၏။ အဘယ်သူကို ဆောင်ခဲ့ရအံ့နည်းဟု ဆို၏။ ညီငယ်ကို ဆောင်ခဲ့လောဟု ဘုရားလောင်း ဆို၏။ ပညာရှိ သင်သည် ဒေဝဓမ္မကို သက်သက်သာလျှင် သိ၏။ ဒေဝဓမ္မတို့၌ကား မကျင့်ဟု ဆို၏။ အဘယ့်ကြောင့်နည်းဟု ဘုရားလောင်းဆို၏။ အကြင်ကြောင့် ညီအကြီးကိုထား၍ ညီအငယ်ကိုပို့လာစေဆိုသော သင်သည် ကြီးသောသူတို့အား ပူဇော်သောအမှုကိုမပြု၊ ထို့ကြောင့်တည်းဟု ဒကရက္ခိုသ်ဆို၏။ ဘီလူး ငါသည် ဒေဝဓမ္မတို့ကိုလည်း သိ၏။ ဒေဝဓမ္မတို့၌လည်း ကျင့်၏။ ထိုစကားသည်မှန်၏။ ငါတို့သည် ဤတောသို့ ညီငယ်ကိုမှီ၍ ဝင်လာရကုန်၏။ ထိုညီငယ်အကျိုးငှါ ငါတို့အဘကို ညီငယ်အမိသည် မင်းအဖြစ်ကိုတောင်း၏။ ငါတို့အဘသည် ထိုသူကိုမပေးမူ၍ ငါတို့အား စောင့်ရှောက်အံ့သောငှါ တော၌နေခြင်းကို ခွင့်ပြု၏။ သူရိယမင်းသားသည် လိုက်လာ၍ ငါတို့နှင့်တကွ လာ၏။ သူရိယမင်းသားကို တော၌ ဘီလူးတယောက်သည် စားပြီဟုဆိုသော်လည်း တစုံတယောက်သောသူသည် မယုံလတ္တံ့၊ ထို့ကြောင့် ငါသည် ကဲ့ရဲခြင်းဘေးမှ ကြောက်သည်ဖြစ်၍ သူရိယမင်းသားကိုသာလျှင် ပို့လာစေ၏ဟု ဘုရားလောင်း ဆို၏။ ပညာရှိ ကောင်စွ ကောင်းစွ သင်သည် ဒေဝဓမ္မကိုလည်းသိ၏။ ဒေဝဓမ္မ၌လည်း ကျင့်၏ဟု ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ဒကရက္ခိုသ်သည် ဘုရားလောင်းအား ကောင်းချီးပေး၍ ညီနှစ်ယောက်တို့ကို ယူ၍ပေး၏။

ထိုအခါ ဒကရက္ခိုသ်ကို ဘုရားလောင်းဆို၏။ အချင်း သင်သည် ရှေး၌လည်း မိမိပြုအပ်သော မကောင်းမှုကံကြောင့် သူတပါးတို့၏ အသားအသွေးကိုစားတတ်သော ဘီလူး၏ အဖြစ်ဖြင့် ဖြစ်၏။ ယခု တဖန်လည်း မကောင်းမှုကိုသာလျှင် ပြုပြန်၏။ ဤမကောင်းမှုကံသည် ငရဲအစရှိသည်တို့မှ လွတ်ခြင်းငှါ အခွင့်မပေးလတ္တံ့၊ ထို့ကြောင့် ဤအခါမှစ၍ မကောင်းမှုကိုပယ်၍ ကောင်းမှုကို ပြုလေလာဟု ဘုရားလောင်းသည် ဘီလူးကိုဆုံးမ၍ ဘီလူးသည် စီရင်အပ်သော အစောင့် အရှောက်ရှိသည်ဖြစ်၍ ထိုအရပ်၌သာလျှင် နေလျက် တနေ့သ၌ နက္ခတ်ကိုကြည့်၍ အဘ၏သေသောအဖြစ်ကိုသိ၍ ဘီလူးကိုခေါ်၍ ဗာရာဏသီပြည်သို့သွား၍ မင်းအဖြစ်ကိုယူ၍ စန္ဒမင်းသားအား အိမ်ရှေ့အရာကို သူရိယမင်းသားအား စစ်သူကြီးအရာကို ပေး၍ မွေ့လျော်ဘွယ်ရှိသောအရပ်၌ ဘီလူးနေရာကိုပြုစေ၍ ဤသို့သော အခြင်းအရာအားဖြင့် နေရာကို ပြုစေသည်ရှိသော် ဘီလူးသည် ပန်းကုံးဦးကို၎င်း ပန်းပွင့်ဦးကို၎င်း ထမင်းဦးကို၎င်း ရ၏။ ထိုသို့သော အခြင်းအရာအားဖြင့် နေရာကိုပြုစေ၏။ မဟိံသမင်းသားသည် မင်းပြု၍ ကံအားလျော်စွာလား၏။ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာကို ပြတော်မူသည်၏ အဆုံး၌ ထိုရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် နှစ်ပါးကုန်သောဝတ္ထုတို့ကိုဟော၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဥစ္စာများသော ရဟန်းသည် ထိုအခါ ဒကရက္ခိုသ်ဖြစ်လေပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ သူရိယမင်းသား ဖြစ်လေပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ စန္ဒမင်းသားဖြစ်လေပြီ၊ ယခုအခါ ဘုရားသည်လျှင်မူကား ထိုအခါ အစ်ကိုကြီး မဟိံသမင်းသား ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ဟိရိဩတ္တပ္ပ၊ ပြည့်စုံက၊ ဒေဝဓမ္မ ပုဂ္ဂိုလ်ခေါ်

ခြောက်ခုမြောက်သော ဒေဝဓမ္မဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အပဏ္ဏကဝဂ်

၇။ ကဋ္ဌဟာရိဇာတ်

မိမိမှဖြစ်သော သားကို မစွန့်အပ်ကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွလူကို ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် ပုတ္တော တျာဟံ မဟာရာဇအစရှိသောဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤကဋ္ဌဝါဟနဇာတ်ကို ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဝါသဘခတ္တိယာကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝါသဘခတ္တိယာ၏ဝတ္ထုသည်ဒွါဒသကနိပါတ် ဘဒ္ဒသာလဇာတ်၌ ထင်စွာဖြစ်လတ္တံ့ ဝါသဘခတ္တိယာသည် မဟာနာမ် သာကီဝင်မင်း၏ သ္မီးဖြစ်သတတ်၊ နာဂမုဏ္ဍအမည်ရှိသော ကျွန်မ၏ဝမ်း၌ဖြစ်၏။ ကောသလမင်းကြီး၏ မိဖုယားကြီးဖြစ်သတတ်၊ ဝါသဘခတ္တိယာသည် မင်းကိုစွဲ၍ သားကိုဖွား၏။ မင်းသည်ကား ဝါသဘခတ္တိယာ၏ ကျွန်မအဖြစ်ကို နောက်မှသိ၍ မိဖုယားကြီးအရာကိုနုတ်၏။ သား ဝိဋဋူဘ၏လည်း အရာကိုနုတ်သည်သာလျှင်တည်း၊ ထိုသားအမိနှစ်ယောက်တို့သည်လည်း နန်းတော်တွင်း၌သာလျှင် နေကုန်၏။

မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ နံနက်အခါ၌ ရဟန်းငါးရာ ခြံရံလျက် မင်းအိမ်သို့ကြွတော်မူ၍ ခင်းအပ်သောနေရာ၌ နေတော်မူ၍ မင်းကြီး ဝါသဘခတ္တိယာသည် အဘယ်မှာနည်းဟု မေးတော်မူ၏။ မင်းသည် ထိုအကြောင်းကိုကြားလျှောက်၏။ မင်းကြီး ဝါသဘခတ္တိယာသည် အဘယ်သူ့ သမီးနည်းဟု မေးတော်မူ၏။ အရှင်ဘုရား မဟာနာမ်သာကီဝင်မင်း၏ သမီးတည်းဟုလျောက်၏။ လာလတ်သည်ရှိသော် အဘယ်သူသို့ လာသနည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား အကျွန်ုပ်ဘို့လာ၏ဟုလျှောောက်၏။ မင်းကြီး ဤဝါသဘခတ္တိယာသည် မင်း၏သမီးတည်း၊ မင်းသို့သာလျှင် လာ၏။ မင်းကိုသာလျှင် စွဲ၍ သားကိုရ၏။ ထိုသားသည် အဘယ့်ကြောင့် အဘဥစ္စာဖြစ်သော တိုင်းနိုင်ငံ၏ အရှင်သည် မဖြစ်ရာသနည်း၊ ရှေးမင်းတို့သည် တခဏမျှနေသော မယားဖြစ်သော ထင်းခွေမိန်းမဝမ်း၌ သားကိုရ၍ သားအား မင်းအဖြစ်ကို ပေးဘူးကုန်၏ဟု မိန့်တော်မူ၏။ ပသေနဒီ ကောသလမင်းသည် ထိုအကြောင်းကို ထင်စွာပြစိမ့်သောငှါ မြတ်စွာဘုရားကို တောင်းပန်၏။ မြတ်စွာဘုရားသည် ဘဝတပါးသည် ဖုံးလွှမ်းအပ်သော အကြောင်းကို ထင်စွာ ပြတော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် များစွာသော အခြံအရံဖြင့် ဥယျာဉ်သို့သွား၍ ထိုဥယျာဉ်၌ အပွင့်အသီး၌ တပ်မက်မောသဖြင့် လှည့်လည်သည်ရှိသော် ဥယျာဉ်တောအုပ်၌ သီချင်းသီ၍ ထင်းခွေသော ဆင်းရဲသော မိန်းမယောက်ကိုမြင်၍ နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ သံဝါသကို ပြု၏။ ထိုခဏ၌လျှင် ဘုရားလောင်းသည် ထင်းခွေမိန်းမ၏ဝမ်း၌ ပဋိသန္ဓေနေ၏။ ထိုပဋိသန္ဓေနေသောခဏ၌လျှင် ထင်းခွေမိန်းမ၏ဝမ်းသည် ဝရဇိန်ဖြင့်ပြည့်သကဲ့သို့ လေးလည်ဖြစ်၏။ ထင်းခွေမိန်းမသည် ကိုယ်ဝန်တည်သောအဖြစ်ကိုသိ၍ ရှင်မင်းကြီး အကျွန်ုပ်အား ကိုယ်ဝန်တည်၏ဟု လျှောက်၏။ မင်းသည် လက်စွပ်ကိုပေးခဲ့၍ သ္မီးသည် အကယ်၍ ဖြစ်အံ့၊ လက်စွပ်ကိုရောင်း၍ မွေးရစ်လော၊ သားသည် အကယ်၍ဖြစ်အံ့၊ လက်စွပ်နှင့်တကွ ငါ့အထံသို့ ဆောင်ခဲ့လောဟု ဆို၍ သွားလေ၏။

ထင်းခွေမိန်းမသည်လည်း ပြည့်သောကိုယ်ဝန် ရှိသည်ဖြစ်၍ ဘုရားလောင်းကို ဖွား၏။ ဘုရားလောင်း၏ ရှေ့ရှုပြေး၍၎င်း ထက်ဝန်းကျင် ပြေး၍၎င်း သွားတတ်သော ကာလ၌ ကစားရာအရပ်၌ ငါတို့ကို အဘမရှိသောသူသည် ပုတ်ခတ်၏ဟု သူငယ်တို့ဆိုကြကုန်၏။ ဘုရားလောင်းသည် ထိုစကားကိုကြား၍ အမိထံသို့ သွား၍ မိခင် အဘသည် အဘယ်သူနည်းဟု မေး၏။ ချစ်သား သင်သည် ဗာရာဏသီမင်း၏သားတည်းဟုဆို၏။ မိခင် တစုံတခုသော သက်သေရှိသလောဟု မေး၏။ ချစ်သား မင်းသည် ဤလက်စွပ်ကိုပေး၍ သ္မီးဖြစ်က လက်စွပ်ကိုရောင်း၍ မွေးရစ်လော၊ သားသည် အကယ်၍ ဖြစ်အံ့ လက်စွပ်နှင့်တကွ ငါ့အထံသို့ ဆောင်ခဲ့လောဟုဆို၏။ မိခင်ဤသို့ဖြစ်သည်ရှိသော် အဘယ်ကြောင့် ငါ့ကို အဘအထံသို့ မဆောင်သနည်းဟုဆို၏။

ထင်းခွေမိန်းမသည် သား၏အလိုကိုသိ၍ မင်းအိမ်တံခါးသို့ သွား၍ မင်းအား ကြားလျှောက်စေ၏။ မင်းလည်းခေါ်စေ၍ ထင်းခွေမိန်းမသည်ဝင်၍ မင်းကိုရှိခိုး၍ ရှင်မင်းကြီး ဤသူငယ်သည် ရှင်မင်းကြီး သားတည်းဟု လျှောက်၏။ မင်းသည် သိလျက်လည်း ပရိသတ်၏ အလယ်၌ ရှက်ခြင်းကြောင့် သားမဟုတ်ဟု ဆို၏။ ရှင်မင်းကြီး ဤလက်စွပ်သည် ရှင်မင်းကြီး၏ လက်စွပ်တည်း၊ ဤလက်စွပ်ကို သိတော် မူလောဟုလျောက်၏။ ဤလက်စွပ်သည်လည်း ငါ့လက်စွပ် မဟုတ်ဟု ဆို၏။ ရှင်မင်းကြီး သစ္စာပြုခြင်းကိုထား၍ အကျွန်ုပ်အား တပါးသောသက်သေမရှိ ဤသူငယ်သည် ရှင်မင်းကြီးတို့ကိုစွဲ၍ အကယ်၍ဖြစ်ငြားအံ့၊ ကောင်းကင်၌ တည်စေ၊ အကယ်၍ မဖြစ်ငြားအံ့ မြေကျ၍ သေစေဟု ဘုရားလောင်း၏ ခြေ၌ ကိုင်၍ ကောင်းကင်သို့ ပစ်၏။ ဘုရားလောင်းသည် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ နေလျက် သာယာစွာသော အသံဖြင့် အဘအား တရားဟောလိုရကား-

။ ပုတ္တော တျာဟံ မဟာရာဇ၊ တွံ မံ ပေါသ ဇနာဓိပ။
အညပိ ဒေဝေါ ပေါသေတိ၊ ကိဉ္စ ဒေဝေါ သကံ ပဇံ။

ဟူသော ဤဂါထာကို ဆို၏။

၇။ ဇနာဓိပ၊ လူတို့ကို အစိုးရတော်မူသော။ မဟာရာဇ၊ မင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ တေ၊ အရှင်မင်းကြီး၏။ ပုတ္တာ၊ သားတည်း။ တွံ၊ ရှင်မင်းကြီးသည်။ မံ၊ အကျွန်ုပ်ကို။ ပေါသ၊ မွေးမြူပါလော့။ ဒေဝေါ၊ ရှင်မင်းကြီးသည်။ အညေပိ၊ တပါးကုန်သော သူတို့ကိုလည်း။ ပေါသေတိ၊ မွေးမြု၏။ ဒေဝေါ၊ ရှင်မင်းကြီးသည်။ သကံ ပဇံ၊ မိမိသားကို။ ကိဉ္စ၊ အသို့မူ၍။ န ပေါသေတိ၊ မမွေးမြူသနည်း။

* သား မည်သည်ကား အတြဇသား ခေတြဇသား, အန္တေဝါသိကသား, ဒိန္နကသား ဟူ၍ လေးပါးအပြားရှိ၏။ ထိုလေးပါးတို့တွင် မိမိကိုယ်ကို စွဲ၍ ဖြစ်သောသားသည်အတြဇသားမည်၏။ အိပ်ရာအပြင် ပလ္လင် အစရှိသည်တို့၌ ဖြစ်သောသားသည် ခေတြဇသား မည်၏။ အထံ၌ အတတ်သင်သော သားသည် အန္တေဝါသိကသား မည်၏။ မွေးစားစိမ့်သောငှာ ပေးအပ်သော သားသည် ဒိန္နကသားမည်၏။ ထိုလေးပါးတို့တွင် ဤအရာ၌ အတြဇ သားကို ရည်၍ ပုတ္တောဟုဆိုသတည်း။

မင်းသည် ကောင်းကင်၌နေ၍ ဤသို့တရားဟောသော ဘုရားလောင်း၏တရားစကားကို နာရ၍ ချစ်သား လာလော၊ ငါသည်လျှင်မွေးအံ့ ငါသည်လျှင် မွေးအံ့ဟုလက်ဖြန့်၏။ တပါးသောသူတို့သည်လည်း လက်တထောင်ကိုဖြန့်လင့်ကြကုန်၏။ ဘုရားလောင်းသည် တပါးသောသူ၏လက်၌ မသက်မူ၍ မင်း၏လက်၌သက်၍ ရင်ခွင်၌ နေ၏။ မင်းသည် ဘုရားလောင်းအား အိမ်ရှေ့မင်း၏ အဖြစ်ကိုပေး၍ အမိကို မိဖုယားကြီးအရာ၌ထား၏။ ဘုရားလောင်းသည် အဘလွန်သဖြင့် ကဋ္ဌဝါဟန မည်သော မင်းဖြစ်၍ တရားသဖြင့် မင်းပြု၍ ကံအားလျော်စွာလား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ကောသလမင်းကြီးအားဤဓမ္မဒေသနာကိုဆောင်၍ နှစ်ပါးကုန်သော ဝတ္ထုတို့ကို ပြတော်မူ၍ အနုသန္ဓေကို စပ်၍ ယခုအခါ မဟာမာယာသည် ထိုအခါ အမိဖြစ်ပြီး၊ ယခုအခါ သုဒ္ဓေါဒနမင်းကြီးသည် ထိုအခါ အဘဖြစ်ပြီး၊ ယခုအခါ ဘုရားသည်လျှင် ထိုအခါ ကဋ္ဌဝါဟနမင်းကြီး ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ဇာတိယုတ်မြတ်၊ အမိလှပ်၊ ဘမြတ်ပဓာန မွေခံရ

ခုနစ်ခုမြောက်သော ကဋ္ဌဟာရိဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အပဏ္ဏကဝဂ်

၈။ ဂါမဏိဇာတ်

ပညာရှိ အဆုံးအမ၌တည်၍ အကျိုးထူး ခံစားရကြောင်း

ပစ္စုပ္ပန် နှင့် အတိတ်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည်အပိ အတရမာနာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂါမဏိဇာတ်ကို ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် လျော့သော ဝီရိယရှိသော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ဤဂါမဏိဇာတ်၌ကားပစ္စုပ္ပန်ဝတ္ထုသည်၎င်း အတိတ်ဝတ္ထုသည်၎င်း ဧကာဒသကနိပါတ် သံဝရဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ထိုစကားသည်မှန်၏။ အတိတ်ဝတ္ထုသည် သံဝရဇာတ်၌၎င်း ဂါမဏိဇာတ်၌၎င်း တူမျှသည် သာလျှင်တည်း။ ဂါထာသည်ကား ထူး၏။ ဂါမဏိမင်းသားသည် ဘုရားလောင်း၏ အဆုံးအမ၌တည်၍ အစ်ကိုတရာတို့၏ ညီအငယ်ဖြစ်လျက်လည်း အစ်ကိုတရာ ခြံရံသည်ဖြစ်၍ ထီးဖြူ၏အောက်၌ဖြစ်သော ပလ္လင်၌ နေလျက် မိမိ၏ စည်းစိမ်အခြံအရံ၏ပြည့်စုံခြင်းကိုကြည့်၍ ငါ၏စည်းစိမ်အခြံအရံသည် ငါတို့ဆရာ၏ဥစ္စာတည်းဟု နှစ်သက်သည်ဖြစ်၍-

။ အပိ အတရမာနာနံ၊ ဖလာသာဝ သမိဇ္ဈတိ။
ဝိပက္ကဗြဟ္မစရိယောသ္မိ၊ ဧဝံ ဇာနာဟိ ဂါမဏိ။

ဟူသော ဤဥဒါန်းဂါထာကို ကျူးရင့်၏။

၈။ အတရမာနာနံ၊ ပညာရှိတို့၏ အဆုံးအမ၌ တည်၍ အဆောတလျင် မပြုမူ၍ အသင့်အားဖြင့် အမှုကို ပြုကုန်သော သူတို့အား။ ဖလာသာ၊ တောင့်တအပ်သော အကျိုးသည်။ သမိဇ္ဈတိ ဧဝ၊ ပြည့်စုံသည်သာတည်း။ ဂါမဏိ၊ ဂါမဏိ။ အဟံ၊ ငါသည်။ ဝိပက္ကဗြဟ္မစရိယော၊ အကျိုးဖြစ်ပြီးသော သင်္ဂဟဝတ္ထုရှိသည်။ အသ္မိ၊ ဖြစ်၏။ ဝါ-အကျိုးဖြစ်ပြီးသော စည်းစိမ်အခြံအရံရှိသည်။ အသ္မိ၊ ဖြစ်၏။ ဧဝံ၊ ဤသို့။ တွံ၊ သင်သည်။ ဇာနာဟိ၊ သိလော့။

အိုဂါမဏိ သင်သည် ထိုအကြောင်းကို ဤသို့သိလော့၊ ဆရာကိုမှီ၍ အစ်ကိုတရာကိုလွန်၍ ဤကြီးစွာသောမင်းအဖြစ်သို့ သင်သည်ရောက်၏ဟု ဝမ်းမြောက်သောစကားကို ကျူးရင့်၏။ ဂါမဏိမင်းသည် မင်းအဖြစ်သို့ ရောက်သည်ရှိသော် ခုနစ်ရက် ရှစါရက်လွန်သဖြင့်လျှင် အလုံးစုံသောအစ်ကိုတို့သည် မိမိ မိမိတို့၏ နေရာအရပ်သို့ သွားကြကုန်၏။ ဂါမဏိမင်းသည် တရားသဖြင့် မင်းပြု၍ ကံအားလျော်စွာ လား၏။ ဘုရားလောင်းသည်လည်းကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ လားရ၏။ မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်၍ ဟောတော်မူ၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ လျော့သော ဝီရိယရှိသောရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် နှစ်ပါးကုန်သောဝတ္ထုတို့ကို ဟောတော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ လျော့သော ဝီရိယရှိသောရဟန်းသည် ထိုအခါဂါမဏိမင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိဆရာဖြစ်ဘူးပြီ၊ ဤသိုဇာတ်ကို ပေါင်းတော်မူ၏။

ပညာရှိထံ၊ နည်းနာခံ၊ နိုင်ငံစိုးထွတ်ချာ

ရှစ်ခုမြောက်သော ဂါမဏိဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အပဏ္ဏကဝဂ်

၉။ မဃဒေဝဇာတ်

ဆံဖြူကိုမြင်၍ တောထွက်ခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လူကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဥတ္တမင်္ဂရုဟာ မယှံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဃဒေဝဇာတ်ကို ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် မြတ်သော တောထွက်တော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုမြတ်သော တောထွက်ခြင်းကို အောက် နိဒါန်းစကား၌ ဆိုအပ်ပြီးသည်လျှင်တည်း၊ ထိုကာလ၌ကား ရဟန်းတို့သည် မြတ်စွာဘုရားတို့၏ တောထွက်တော်မူခြင်းကို ချီးမွမ်းလျက် နေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် တရားသဘင်သို့ ကြွတော်မူ၍ မြတ်စွာဘုရားတို့၏ နေရာ၌ နေတော်မူလျက် ရဟန်းတို့ကို မိန့်တော်မူ၏။ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ အရှင်ဘုရား တပါးသောစကားဖြင့် အကျွန်ုပ်တို့သည် မစည်းဝေးကုန်၊ အရှင်ဘုရားတို့၏သာလျှင် တောထွက်တော်မူခြင်းကို ချီးမွမ်းကုန်လျက် နေကုန်၏ဟု လျှောက်ကုန်၏။ ရဟန်းတို့ ငါဘုရားသည် ယခုသာလျှင် တောထွက်သည်မဟုတ်သေး။ ရှေး၌လည်း တောထွက်ဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၏။ ရဟန်းတို့သည် ထိုအကြောင်းကို ထင်စွာပြစိမ့်သောငှါ မြတ်စွာဘုရားကို တောင်းပန်ကုန်၏။ မြတ်စွာဘုရားသည် ဘဝတပါးဖြင့် ဖုံးလွှမ်းအပ်သော အကြောင်းကို ထင်စွာ ပြတော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိထိလာပြည်၌ မဃဒေဝမင်းသည် မင်းပြု၏။ ထိုမဃဒေဝမင်းသည် တရားစောင့်၏။ တရားသဖြင့်မင်းပြု၏။ ထိုမင်းသည် အနှစ်ရှစ်သောင်းလေးထောင် ကာလပတ်လုံး မင်းသားငယ်တို့၏ ကစားခြင်းကိုပြု၍ အနှစ်ရှစ်သောင်းလေးထောင် ကာလပတ်လုံး အိမ်ရှေ့မင်းအဖြစ်ကို ပြု၍ အနှစ် ရှစ်သောင်း လေးထောင် ကာလပတ်လုံး မြတ်သောမင်း၏အဖြစ်ကို ပြု၍ ရှည်စွာသော ကာလကို ကုန်စေ၍ တနေ့သ၌ ဆတ္တာသည်ကို အချင်းဆတ္တာသည် အကြင်အခါ၌ ငါ၏ဦးခေါင်း၌ ဆံဖြူကို မြင်ငြားအံ့၊ ထိုသို့ မြင်သည်ရှိသော် ငါ့အား ကြားလျှောက်ဟုဆို၏။ ဆတ္တာသည်လည်း ရှည်စွာသော ကာလကို ကုန်စေ၍ တနေ့သ၌ မင်း၏ မျက်စဉ်းညိုအဆင်းနှင့်တူကုန်သော ဆံတို့၏ အကြား၌ ဆံဖြူတပင်ကိုမြင်၍ အရှင်မင်းကြီး အရှင်မင်းကြီးအား ဆံဖြူတပင်သည် ထင်၏ဟု ကြားလျှောက်၏။ ထိုသို့တပြီးကား အချင်းဆတ္တာသည် ငါ၏လက်၌ ထိုဆံဖြူကိုနုတ်၍ တင်လောဟု ဆိုသည်ရှိသော် ရွှေမွေးညှပ်ဖြင့် နုတ်၍ မင်း၏ လက်၌ တင်၏။

ထိုအခါ မင်း၏အသက်သည် ရှစ်သောင်းလေးထောင် ကြွင်းသည် ဖြစ်၏။ ထိုသို့ဖြစ်သော်လည်း ဆံဖြူကိုမြင်၍ သေမင်း လာလတ်၍ အနီး၌ တည်ဘိသကဲ့ သို့၎င်း မိမိကိုယ်သည် ပြောင်ပြောင်တောက်သော သစ်ရွက်မိုးအိမ်သို့ဝင်၍ နေရဘိသကဲ့သို့၎င်း ထင်မှတ်လျက် ထိတ်လန့်ခြင်းသို့ရောက်၍ အိုမိုက်သော မဃဒေဝမင်း သင်သည် ဆံဖြူသည့်တိုင်အောင် ဤကိလေသာတို့ကို စွန့်ခြင်းငှါ မတတ်နိုင်တကားဟု ကြံ၏။ မဃဒေဝမင်း၏ ဤဆံဖြူရောက်သည်၏ အဖြစ်ကို ဆင်ခြင်သည့်အတွင်း၌ ပူခြင်းသည်ဖြစ်၍ ကိုယ်မှ ချွေးတို့သည် ယိုကုန်၏။ ပုဆိုးတို့သည် ညှစ်၍ ပစ်အပ်သော အခြင်းအရာသို့ ရောက်ကုန်၏ မဃဒေဝမင်းသည် ယနေ့ပင်လျှင် ငါသည် တောထွက်၍ ရဟန်းပြုသင့်၏ဟု ကြံ၍ ဆတ္တာသည်အား အခွန်တသိန်းထွက်သော ရွာကို ဆုပေး၍ သားကြီးကိုခေါ်စေ၍ ချစ်သား ငါ၏ ဦးခေါင်း၌ ဆံဖြူသည် ထင်ရှားဖြစ်၏။ ငါသည် အိုမင်းပြီ၊ ငါသည် လူ၌ဖြစ်သောကာမဂုဏ်တို့ကို ခံစားအပ်ပြီးသာလျှင်ကတည်း၊ ယခုအခါ နတ်၌ဖြစ်သော ကာမဂုဏ်တို့ကိုရှာအံ့၊ ငါ့အား တောထွက်ခါတန်ပြီ၊ သင်သည် ဤမင်းအဖြစ်ကို ယူလော၊ ငါကား ရဟန်းပြု၍ မဃဒေဝဥယျာဉ်၌ နေလျက် တရားကို ကျင့်အံ့ဟု ဆို၏။

ဤသို့ ရဟန်းပြုလိုသော မဃဒေဝမင်းကို အမတ်တို့သည် ကပ်၍ အရှင်မင်းကြီး အရှင်မင်းကြီးတို့၏ ရဟန်းပြုခြင်းအကြောင်းသည် အသို့နည်းဟု လျှောက်ကုန်၏။ မင်းသည် ဆံဖြူကို လက်ဖြင့်ယူ၍ အမတ်တို့အား-

။ ဥတ္တမင်္ဂရုဟာ မယှံ၊ ဣမေ ဇာတာ ဝယောဟရာ။
ပါတုဘူတာ ဒေဝဒူတာ၊ ပဗ္ဗဇ္ဇာသမယော မမ။

ဟူသော ဤဂါထာကို ဆို၏။

၉။ ဘော အမစ္စာ၊ အိုအမတ်တို့။ ဒေဝဒူတာ၊ သေမင်း၏ တမန်ဖြစ်ကုန်သော။ ဝါ-ဒေဝဒူတာ၊ နတ်နှင့်တူသော တမန်ဖြစ်ကုန်သော။ ဝါ-ဒေဝဒူတာ၊ ဝိသုဒ္ဓိနတ်ဖြစ်ကုန်သော ဘုရားလောင်း၏ တမန်ဖြစ်ကုန်သော။ ဝယောဟရာ၊ အရွယ်သုံးပါးတို့ကို ဆောင်ကုန်သည်။ ဇာတာ၊ ဖြစ်ကုန်သော။ မယှံ၊ ငါ့အား။ ဣမေ ဥတ္တမင်္ဂရုဟာ၊ ဤဆံဖြူတို့သည်။ ပါတုဘူတာ၊ ထင်ရှားဖြစ်ကုန်၏။ မမ၊ ငါ့အား။ ပဗ္ဗဇ္ဇာ သမယော၊ ရဟန်းပြုခါတန်ပြီ။

မဃဒေဝမင်းသည် ဤသို့ဆို၍ ထိုနေ့သာလျှင် မင်းအဖြစ်ကိုစွန့်၍ ရသေ့ရဟန်းပြု၍ မဃဒေဝသရက်ဥယျာဉ်၌နေလျက် အနှစ်ရှစ်သောင်း လေးထောင်တို့ပတ်လုံး ဗြဟ္မဝိဟာရလေးပါးကိုပွားစေ၍ မယုတ်သောဈာန်၌ တည်လျက် ထိုဘဝမှ စုတေ၍ ဗြဟ္မာ့ပြည်၌ ဖြစ်၍ တဖန် ဗြဟ္မာ့ပြည်မှ စုတေ၍ မိထိလာပြည်၌လျှင် နေမိမည်သော မင်းဖြစ်၍ ဆုတ်နစ်သော မိမိအနွယ်ကိုစပ်၍ ထိုသရက်ဥယျာဉ်၌ ရဟန်းပြု၍ ဗြဟ္မဝိဟာရတရားတို့ကို ပွားစေ၍ တဖန် ဗြဟ္မာပြည်သို့လား၏။

သဗ္ဗညူမြတ်စွာဘုရားသည်လည်း ရဟန်းတို့ ငါဘုရားသည် ယခုလျှင် မြတ်သော တောထွက်ခြင်းကို တောထွက်တော်မူသည် မဟုတ်သေး၊ ရှေး၌လည်း တောထွက်ဘူးသည် သာလျှင်တည်းဟု ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာလေးပါးတို့ကို ပြတော်မူသည်၏အဆုံး၌ အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သောရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။

ဇာတ်ပေါင်း... ဤသို့ မြတ်ဘုရားသည် နှစ်ပါးကုန်သော ဝတ္ထုတို့ကို ဟောတော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဆတ္တာသည်ဖြစ်ပြီး၊ ယခုအခါ ရာဟုလာသည် ထိုအခါ သားဖြစ်ပြီး ယခုအခါငါဘုရားသည်လျှင် ထိုအခါ မဃဒေဝမင်း ဖြစ်ပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

ဆံဖြူကိုပင်၊ သံဝေတင်၊ တောခွင် မြန်းလေတာ

ကိုးခုမြောက်သော မဃဒေဝဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အပဏ္ဏကဝဂ်

၁၀။ သုခဝိဟာရီဇာတ်

ချမ်းသာစွာ နေလေ့ရှိခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် ယဉ္စ အညေ န ရက္ခန္တိ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုခဝိဟာရီဇာတ်ကို အနုပိယမြိုကိုမှီ၍ အနုပိယ သရက်ဥယျာဉ်၌နေတော်မူစဉ် ချမ်းသာစွာနေလေ့ရှိသော ဘဒ္ဒိယမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ခြောက်ယောက်သောမင်းတို့၏ အစည်းအဝေး၌ ဥပါလိလျှင် ခုနစ်ယောက်မြောက်ရှိသော ချမ်းသာစွာ နေလေ့ရှိသော ဘဒ္ဒိယမထေရ်သည်ရဟန်းပြု၏။ ထိုခုနစ်ယောက်သော မထေရ်တို့တွင် ဘဒ္ဒိယမထေရ်, ကိမိလမထေရ် ဘဂုမထေရ် ဥပါလိမထေရ်တို့သည် အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။ အာနန္ဒာမထေရ်သည် သောတာပန်ဖြစ်၏။ အနုရုဒ္ဓါ မထေရ်သည် ဒိဗ္ဗစက္ခုကို ရ၏။ ဒေဝဒတ်သည် ဈာန်ရ၏။ ခြောက်ယောက်သော မင်းတို့၏ အနုပိယမြို့သို့တိုင်အောင်သောဝတ္ထုသည် ခဏ္ဍဟာလ ဇာတ်၌ ထင်စွာ ပြလတ္တံ့။

အရှင်ဘဒ္ဒိယသည် မင်းဖြစ်သောကာလ၌ မိမိ၏ရှေးဦးစွာ အစောင့်အရှောက်တို့ကို ထားခြင်းသည်၎င်း၊ များစွာကုန်သော အစောင့် အရှောက်တို့ဖြင့် စောင့်ရှောက်၍ မြတ်သောပြာသာဒ်အပြင်ထက် မြတ်သောအိပ်ရာ၌ အိပ်လျက်လည်း မိမိအား ကြောက်ခြင်း ဖြစ်ခြင်းကို၎င်း အရဟတ္တဖိုလ်သို့ရောက်၍ တောအစရှိသည်တို့တွင် အမှတ်မရှိသောအရပ်၌ နေလျက်လည်း မိမိ၏ ကင်းသောဘေးရှိသည်၏အဖြစ်ကို၎င်း မြင်သည်ဖြစ်၍ -ဪ ချမ်းသာစ္စ၊ ဪ ချမ်းသာစွဟု ဝမ်းသာသော စကားကို ကျူးရင့်၏။ ရဟန်းတို့သည် ထိုစကားကိုကြားကုန်၍ အရှင်ဘဒ္ဒိယမထေရ်သည် အရဟတ္တဖိုလ်ကို ကြား၏ ဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ဘဒ္ဒိယသည် ယခုသာလျှင် ချမ်းသာစွာ နေလေ့ရှိသည် မဟုတ်သေး၊ ရှေး၌လည်း ချမ်းသာစွာ နေလေ့ရှိသည်သာလျှင်တည်းဟု မိန့်တော်မူ၏။ ရဟန်းတို့သည် ထိုအကြောင်းကို ထင်စွာပြစိမ့်သောငှါ မြတ်စွာဘုရားကို တောင်းပန်ကုန်၏။ မြတ်စွာဘုရားသည် ဘဝတပါးသည် ဖုံးလွှမ်းအပ်သောအကြောင်းကို ထင်စွာပြတော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ဥဒိစ္စပုဏ္ဏားသူကြွယ်ဖြစ်၍ ကာမတို့၌ အပြစ်ကို၎င်း ရဟန်းအဖြစ်၌ အကျိုးအာနိသင်ကို၎င်းမြင်၍ ကာမတို့ကိုစွန့်၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြု၍ ရှစ်ပါးသော သမာပတ်တို့ကို ဖြစ်စေ၏။ ဘုရားလောင်း၏ အခြံအရံသည်လည်း များ၏။ ငါးရာကုန်သော ရသေ့တို့သည် ဖြစ်ကုန်၏။ ဘုရားလောင်းသည် မိုဃ်းကာလ၌ ဟိမဝန္တာမှ ထွက်ခဲ့၍ ရသေ့အပေါင်းခြံရံလျက် ရွာနိဂုံစသည်တို့၌ ဒေသစာရီ သွားသည်ရှိသော် ဗာရာဏသီပြည်သို့ရောက်၍ မင်းကိုမှီ၍ မင်းဥယျာဉ်၌နေ၏။ မိုယ်တွင်းလေးလပတ်လုံးနေ၍ မင်းကိုပန်၏။ ထိုအခါ ဘုရားလောင်းကို မင်းကြီးသည် အရှင်ဘုရား အရှင်ဘုရားတို့သည် အိုမင်းကုန်ပြီး အရှင်ဘုရားတို့အား ဟိမဝန္တာ၌နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ တပည့်တို့ကို ဟိမဝန္တာသို့လွှတ်၍ အရှင်ဘုရားတို့သည် ဥယျာဉ်၌ သာလျှင် နေကုန်ဟု တောင်းပန်၏။

ဘုရားလောင်းသည် တပည့်ကြီးအား ရသေ့ငါးရာကို အပ်နှင်း၏။ သင်သည် သွားလော၊ ဤရသေ့တို့နှင့်တကွ ဟိမဝန္တာ၌ နေလေလော၊ ငါသည် ဤဥယျာဉ်၌လျှင် နေရစ်အံ့ဟု တပည့်တို့ကိုလွှတ်လိုက်၍ မိမိသည်လျှင် ဥယျာဉ်၌ကား နေခြင်းကို ပြု၏။ ဘုရားလောင်း၏ တပည့်ကြီးသည်ကား မင်းအဖြစ်မှ ရဟန်းပြု၏ ကြီးစွာသောမင်း၏အဖြစ်ကိုစွန့်၍ ကသိုဏ်းပရိကံကိုပြု၍ ရှစ်ပါးသော သမာပတ်ကိုရ၏။ ရသေ့တို့နှင့်တကွ ဟိမဝန္တာ၌နေသော တပည့်ကြီးသည် တနေ့သ၌ ဆရာကိုဖူးမြင်လိုသည်ဖြစ်၍ ရသေ့တို့ကိုခေါ်၍ သင်တို့သည် မငြီးငွေ့သည်ဖြစ်၍ ဟိမဝန္တာ၌သာလျှင် နေနှင့်ကြကုန်လော၊ ငါသည် ဆရာကိုရှိခိုး၍ လာအံ့ဟု ဆို၍ ဆရာ့အထံသို့ သွား၍ ပျူငှာလောကဝတ်ကိုပြု၍ တခုသော သပေါ့အခင်းကိုဖြန့်၍ ဆရာ့အထံ၌သာလျှင်လျောင်း၏။ ထိုအခါ မင်းသည် ရသေ့ကိုဖူးမြင်အံ့ဟု ဥယျာဉ်သို့သွား၍ ရှိခိုး၍ တင့်အပ် လျောက်ပတ်စွာ နေ၏။ တပည့်ကြီးဖြစ်သော ရသေ့သည် မင်းကြီးကိုမြင်၍လည်း မထ၊ လျောင်းလျက်သာလျင် ဪ-ချမ်းသာစွ ဪ-ချမ်းသာစွ ဟု ဝမ်းမြောက်သော စကားကို ကျူးရင့်၏။ မင်းသည် ဤရသေ့သည် ငါ့ကိုမြင်၍လည်းမထဟု နှလုံးမသာသည်ဖြစ်၍ ဘုရားလောင်းကို အရှင်ဘုရား ဤရသေ့သည် အလိုရှိတိုင်း စားသည်ဖြစ်လတ္တံ့၊ ထို့ကြောင့် ဥဒါန်းကျူးရင့်လျက် ချမ်းသာစွာ အိပ်ခြင်းကိုသာ ပြု၏ဟု လျှောက်၏။ မင်းကြီး ဤရသေ့သည် ရှေး၌ သင်ကဲ့သို့သော တယောက်သော မင်းသည် ဖြစ်ဘူး၏။ ထိုရသေ့သည် ငါသည် ရှေးလူဖြစ်သောကာလ၌ မင်း၏ အသရေကို ခံစားလျက် လက်နက်စွဲကုန်သော များစွာကုန်သောသူတို့သည် စောင့်ရှောက်ငြားသော်လည်း ဤသို့သဘောရှိသော ချမ်းသာမည်သည်ကို မရစဘူးဟု မိမိ၏ ရဟန်းချမ်းသာကို၎င်း ဈာန်ချမ်းသာကို၎င်း စွဲ၍ ဥဒါန်းကို ကျူးရင့်၏။ ဤသို့ဆိုပြီးလျှင် ဘုရားလောင်းသည် မင်းအား တရားစကားကို ဟောခြင်းငှါ-

၁၀။ ယဉ္စ အညေ န ရက္ခန္တိ၊ ယော စ အညေ န ရက္ခတိ။
သ ဝေ ရာဇ သုခံ သေကိ၊ ကာမေသု အနပေက္ခဝါ။

ဟူသော ဤဂါထာကို ဆို၏။

၁၀။ ရာဇ၊ မင်းမြတ်။ ယဉ္စ၊ အကြင်သူကိုလည်း။ အညေ၊ တပါးကုန်သောသူတို့သည်။ န ရက္ခန္တိ၊ မစောင့်ရှောက်ကုန်။ ယောစ၊ အကြင်သူသည်လည်း။ အညေ၊ တပါးသောသူတို့ကို။ န ရက္ခတိ၊ မစောင့်ရှောက်။ ကာမေသု၊ ဝတ္ထုကာမ ကိလေသာကာမတို့၌။ အနပေက္ခဝါ၊ ငဲ့ကွက်ခြင်းမရှိသော။ သ-သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ သုခံ၊ ချမ်းသာစွာ သေတိ၊ အိပ်ရ၏။

ဤသုခံ သေတိဟူသောပုဒ်သည် အဦးအမြတ်ဖြစ်သောဣရိယာပုထ် တပါးကိုသာလျှင် ပြသောပုဒ်တည်း၊ စင်စစ်ကား ချမ်းသာစွာ အိပ်ရတာသာလျှင် မဟုတ်သေး၊ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်သည်ကား ချမ်းသာစွာ အိပ်ရ၏။ ချမ်းသာစွာ ရပ်ရ၏။ ချမ်းသာ ထိုင်ရ၏။ ချမ်းသာ လျောင်းရ၏။ ဤသို့ ခပ်သိမ်းသော ဣရိယာပုထ်တို့၌ ချမ်းသာသည်သာလျှင် ဖြစ်ကုန်၏။

မင်းသည် တရားဒေသနာကို နာရ၍ နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ ရှိခိုး၍ နန်းတော်သို့သာလျှင် သွား၏။ တပည့်ကြီးသည်လည်း ဆရာကို ရှိခိုး၍ ဟိမဝန္တာသို့သာလျှင် သွာလေ၏။ ဘုရားလောင်းသည်ကား ထိုဥယျာဉ်၌နေလျက် မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်၌ ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်၍ပြတော်မူ၍ နှစ်ပါးကုန်သော ဝတ္ထုတို့ကို ဟောတော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဘဒ္ဒိယမထေရ်သည် ထိုအခါ တပည့်ကြီးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဂိုဏ်းဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဝတ္ထုကာမ၊ ကိလေသ၊ ပယ်က လွန်ချမ်းသာ

ဆယ်ခုမြောက်သော သုခဝိဟာရီဇာတ်သည် ပြီး၏။

*****

အပဏ္ဏကဝဂ် ပြီး၏။

*****

ဧကကနိပါတ်-သီလဝဂ်

၁။ လက္ခဏ မိဂဇာတ်

မလိမ္မာသောကြောင့် အခြံအရံမှ ဆုတ်ယုတ်ခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဟောတိ သီလဝတံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤလက္ခဏမိဂဇာတ်ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဒေဝဒတ်၏ ဝတ္ထု လေးသမားတို့ကို စေလွှတ်သည်တိုင်အောင်သော အခဏ်းသည် ခဏ္ဍဟာလဇာတ်၌ ထင်စွယဖြစ်လတ္တံ့၊ ဓနပါလဆင်ကို လွှတ်သည့်တိုင်အောင်သော အခဏ်းကား စူဠဟံသဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ မြေမျိုသည့်တိုင်အောင်သော အခဏ်းကား ဒွါဒသကနိပါတ် သမုဒ္ဒဝါဏိဇဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ထိုစကားကို ချဲ့ဦးအံ့၊ အခါတပါး၌ ဒေဝဒတ်သည် ငါးပါးသောဝတ္ထုတို့ကို တောင်းပန်၍ မရသည်ရှိသော် သင်္ဃာကိုခွဲ၍ ငါးရာသာရဟန်းတို့ကိုယူ၍ ဂယာသီသ၌ နေ၏။ ထိုအခါ ရဟန်းတို့အား ဉာဏ်ရင့်ခြင်းသို့ ရောက်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ နှစ်ပါးကုန်သောအဂ္ဂသာဝကတို့ကို သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့ သင်တို့၏ တပည့်ဖြစ်ကုန်သော ရဟန်းငါးရာတို့သည် ဒေဝဒတ်၏ အယူကိုနှစ်သက်ကြကုန်၍ ဒေဝဒတ်နှင့်အတူ သွားကုန်၏။ ယခုတမူကား သင်ချစ်သားတို့သည် များစွာကုန်သောရဟန်းတို့နှင့်တကွ သွား၍ ထိုရဟန်းတို့အား တရားဟော၍ ထိုရဟန်းတို့ကို အရဟတ္တဖိုလ်ဖြင့် နိုးစေပြီးသော် ယူ၍ လာကြကုန်လောဟု မိန့်တော်မူ၏။

ထို အရှင်သာရိပုတ္တရာ, မောဂ္ဂလ္လာန်တို့သည် ထိုဂယာသီသသို့ သွား၍ ထိုငါးရာကုန်သောရဟန်းတို့အား တရားဟော၍ အရဟတ္တဖိုလ်ဖြင့် နိုးစေပြီးသော် နက်ဖြန် အရုဏ်တက်သောအခါ၌ ထိုငါးရာကုန်သောရဟန်းတို့ကိုယူ၍ ဝေဠုဝန်ကျောင်းတော်သို့သာ လာကုန်၏။ လာလတ်၍ကား အရှင်သာရိပုတ္တရာမထေရ်၏ မြတ်စွာဘုရားကို ရှိခိုး၍ ရပ်သောကာလ၌ ရဟန်းတို့သည် အရှင်သာရိပုတ္တရာ မထေရ်ကို ချီးမွမ်းကုန်၍ မြတ်စွာဘုရားကို လျှောက်ကုန်၏။ အဘယ်သို့ လျှောက်ကုန်သနည်းဟူမူကား ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်တို့၏ အစ်ကိုကြီးဖြစ်သော ဓမ္မသေနာပတိ မထေရ်သည် ငါးရာကုန်သော ရဟန်းတို့ဖြင့် ခြံရံ၍လာလျက် အလွန်လျှင် တင့်တယ်ပေစ္စ၊ ဒေဝဒတ်သည်တမူကား အခြံအရံမရှိသည်ဖြစ်၏ဟု လျှောက်ကုန်၏။ ရဟန်းတို့ သာရိပုတ္တရာသည် ယခုအခါ၌သာလျှင် မိမိဆွေမျိုးအပေါင်း ခြံရံလျက် တင့်တယ်သည်မဟုတ်သေး၊ ရှေး၌လည်း တင့်တယ်သည်သာလျှင်တည်း၊ ဒေဝဒတ်သည်ကား ယခုအခါ၌သာလျှင် မိမိအမျိုးအပေါင်းမှ ယုတ်သည်မဟုတ်သေး၊ ရှေး၌လည်း ယုတ်ဘူးသည်သာလျှင်တည်းဟု သဗ္ဗညူ မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်းတို့သည် ထိုအကြောင်းကို ထင်စွာ ပြစိမ့်သောငှါ ဘုန်းတော်ကြီးသော မြတ်စွာဘုရားကို တောင်းပန်ကုန်၏။ ဘုန်တော်ကြီးမြတ်သော မြတ်စွာဘုရားသည် ဘဝတပါးဖြင့် ဖုံးလွှမ်းအပ်သောအကြောင်းကို ထင်စွာပြတော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ မဂဓတိုင်း ရာဇဂြိုဟ်ပြည်၌ တယောက်သော မဂဓမည်သောမင်းသည် မင်းပြု၏။ ထိုအခါ ဘုရားလောင်းသည် သမင်မျိုး၌ ပဋိသန္ဓေကိုယူ၍ ကြီးခြင်းသို့ရောက်လတ်သော် သမင်တထောင်ခြံရံလျက် တော၌သာလျှင်နေ၏။ ထိုဘုရားလောင်းအား လက္ခဏမည်သောသား, ကာဠမည်သော သားဟူ၍ နှစ်ခုသောသားတို့သည် ဖြစ်ကုန်၏။ ထိုဘုရားလောင်းသည် မိမိ၏ကြီးရင့်သောကာလ၌ အမောင်တို့ ငါသည် ယခုအခါ၌ အိုမင်းပြီ၊ သင်တို့သည် ဤအခြွေအရံအပေါင်းကို ဆောင်ကြလေကုန်ဟု ငါးရာ ငါးရာကုန်သော သမင်တို့ကို တဦးတဦးသော သားအား အပ်နှင်း၏။ ထိုအခါမှစ၍ ထိုနှစ်ခုသော သမင်တို့သည် သားအပေါင်းကို ဆောင်ကုန်၏။ မဂဓတိုင်း၌လည်း ကောက်မှည့်သောကာလ၌ ကောက်ဖြင့်မှည့်သော တော၌ သမင်တို့၏ ဘေးရန်သည် ဖြစ်၏။ လူတို့သည် ကောက်ကိုစားကုန်သော သမင်တို့ကို သတ်အံ့သောငှာ ထိုထိုသောအရပ်၌ တွင်းကို တူးကုန်၏။ တံကျင်တို့ကို စိုက်ကုန်၏။ ကျောက်ယန္တရားတို့ကို လွှတ်ကုန်၏။ စဉ်းလဲသော ကျော့ကွင်း အစရှိသည်တို့ကို ထောင်ကုန်၏။ များစွာသော သမင်တို့သည် ပျက်စီးခြင်းသို့ ရောက်ကုန်၏။ ဘုရားလောင်းသည် ကောက်၏ ပြည့်စုံသောအခါကိုသိ၍ နှစ်ခုသားတို့ကိုခေါ်၍ ဤသို့ဆို၏။

အမောင်တို့ ဤအခါသည်ကား ကောက်ပြည့်စုံသောအခါတည်း၊ များစွာကုန်သော သမင်တို့လည်း ပျက်စီးခြင်းသို့ ရောက်ကုန်၏။ အိုကုန်သော ငါတို့သည်ကား တစုံတခုသောဥပါယ်တမျဉ်ဖြင့် တခုသောအရပ်၌ ကာလကိုလွန်စေကုန်အံ့၊ သင်တို့သည် သင်တို့၏ သမင်အပေါင်းတို့ကိုယူကုန်၍ တောင်ခြေရင်းသို့ဝင်ကုန်၍ ကောက်တို့ကို သိမ်းဆည်းပြီးသော ကာလ၌ သင်တို့သည် လာကြကုန်လောဟုဆို၏။ ထိုသမင်တို့သည် ကောင်းပြီဟု အဘစကားကို နားထောင်ကုန်၍ အခြံအရံနှင့်တကွ ထွက်ကုန်၏။ လူတို့သည် ဤကာလ၌ သမင်တို့သည် တောင်ကိုတက်ကုန်၏။ ဤကာလ၌ တောင်မှဆင်းကုန်၏ဟု သမင်တို့သွားသောလမ်းကိုသိကုန်၏။ လူတို့သည် ဖုံးလွှမ်းရာအရပ်၌ ပုန်းအောင်းနေကုန်လျက် များစွာကုန်သော သမင်တို့ကို ပစ်သတ်ကုန်၏။ ကာဠမည်သောသမင်သည်လည်း မိမိ၏ အသိဉာဏ် နုန့်နှေးသည်၏အဖြစ်ကြောင့် ဤအခါ၌ မသွားအပ်ဟူ၍ မသိရကား သမင်အပေါင်းကိုယူ၍ နံနက်အခါ၌၎င်း ညချမ်းအခါ၌၎င်း ညဦးယံအခါ၌၎င်း မိုးသောက်ယံအခါ၌၎င်း ရွာတံခါးအနီး၌ သွား၏။ လူတို့သည် ထိုထိုအရပ်၌ ပကတိအားဖြင့် တည်ကုန်လျက်၎င်း ပုန်းအောင်း ကုန်လျက်၎င်း များစွာသော သမင်တို့ကို ပျက်စီးခြင်းသို့ ရောက်စေကုန်၏။ ဤသို့ ထိုကာဠမည်သောသမင်သည် မိမိ၏နုန့်နှေးသော ပညာရှိသည်၏အဖြစ်ကြောင့် များစွာကုန်သော သမင်တို့ကို ပျက်စီးခြင်းသို့ ရောက်စေ၍ အနည်းငယ်သာလျှင် ဖြစ်ကုန်သော သမင်တို့ဖြင့် တောသို့ဝင်လာ၏။

လက္ခဏမည်သော သမင်သည်ကား ပညာရှိ၏။ လိမ္မာ၏။ အကြောင်းကို သိတတ်၏။ ထိုအခါ မသွားအပ်ဟူ၍ သိ၏။ ထိုလက္ခဏသမင်သည် ရွာတံခါး၏ နီးသောအရပ်၌လည်း မသွား၊ နေ့၌လည်းမသွား၊ ညဦးယံ အခါ၌လည်း မသွား၊ မိုးသောက်ထအခါ၌လည်း မသွား၊ သမင်အပေါင်းကိုယူ၍ သန်းခေါင်ယံ၌သာ သွား၏။ ထို့ကြောင့် တခုသော သမင်ကိုလည်း မပျက်စီးစေမူ၍ တောသို့ ဝင်ရ၏။ ထိုသမင်တို့သည် ထိုတော၌ လေးလပတ်လုံး နေကုန်ပြီး၍ ကောက်တို့ကို သိမ်းဆည်းကုန်ပြီးသည်ရှိသော် တောင်မှသက်ကုန်၏။ ကာဠမည်သော သမင်သည် ပြန်လာသော်လည်း အကြွင်းမဲ့ သမင်တို့ကို ပျက်စီးခြင်းသို့ ရောက်စေ၍ တကိုယ်တည်းသာလျှင် ပြန်လာ၏။ လက္ခဏသမင်သည်ကား တခုသောသမင်ကိုမျှ မပျက်စီးစေမူ၍ ငါးရာကုန်သော သမင်တို့ဖြင့် ခြံရံလျက် မိဘတို့၏အထံသို့ ပြန်လာ၏။ ဘုရားလောင်းသည် လာလတ်ကုန်သော နှစ်ယောက်ကုန်သော သားတို့ကိုလည်း မြင်၍ သမင်အပေါင်းတို့နှင့်တကွ ပြောဆိုလျက်-

၁၁။ ဟောတိ သီလဝတံ အတ္ထော၊ ပဋိသန္ထာရဝုတ္တိနံ။
လက္ခဏံ ပဿ အာယန္တံ၊ ဉာတိသံဃပုရက္ခတံ။
အထ ပဿသိမံ ကာဠံ၊ သုဝိဟီနံဝ ဉာတိဘိ။

ဟူသော ဤဂါထာကို ဆို၏။

၁၁။ သီလဝတံ၊ အကျင့်သီလ ရှိကုန်သော။ ပဋိသန္ထာရဝုတ္တိနံ၊ ဓမ္မပဋိသန္ထာရ, အာမိသပဋိသန္ထာရဟူသော ဖြစ်ခြင်းရှိကုန်သောသူတို့အား။ အတ္ထော၊ အကျိုးစီးပွားသည်။ ဟောတိ၊ ဖြစ်၏။ ဉာတိသံဃပုရက္ခတံ၊ ဆွေမျိုးအပေါင်း ခြံရံလျက်။ အာယန္တံ၊ လာလတ်သော။ လက္ခဏဉ္စ၊ လက္ခဏကိုလည်း ပဿ၊ ရှုပါလော။ အထ၊ ထိုမြို့။ ဉာတိဘိ၊ အဆွေ အမျိုးတို့မှ။ သုဝိဟီနံဝ၊ အလွန်ယုတ်သည်သာလျှင် ဖြစ်သော။ ဣမံ ကာဠံ၊ ဤကာဠမည်သော သမင်ကိုလည်း။ ပဿသိ၊ ရှုပါလော။

ဤဂါထာ၌ မကောင်းသည်မှ ကြဉ်စေခြင်း အဆုံးအမ၏ အစွမ်းအားဖြင့် ဓမ္မပဋိသန္ထာရကို သိအပ်၏။ ကျက်စားရာသို့ သွားခြင်း နာသူတို့အား လုပ်ကျွေးခြင်း တရားနှင့်လျော်စွာ စောင့်ရှောက်ခြင်း၏ အစွမ်းအားဖြင့် အာမိသပဋိသန္ထာရကို သိအပ်၏။ ဤနှစ်ပါးကုန်သော ပဋိသန္ထာရတို့၌ တည်ကုန်သော အကျင့်နှင့် ပြည့်စုံကုန်သောပညာရှိတို့အား အစီးအပွားမည်သည်ဖြစ်၏ဟု ဆိုလိုသည်။ ထိုအစီး အပွားဖြစ်ခြင်းကို သက်သေပြုလိုရကား လက္ခဏံ ပဿ အစရှိသည်တို့ကို ဆိုသတည်း။

အဓိပ္ပါယ်ကား... အကျင့်သီလ အာစာရနှင့် ပြည့်စုံသည်ဖြစ်၍ တခုသော သမင်ကိုမျှလည်း မပျက်စီးစေမူ၍ ဆွေမျိုးအပေါင်းသည် ခြံရံလျက် လာလတ်သော လက္ခဏကိုလည်း ကြည့်ပါလော၊ အကျင့်သီလ ပဋိသန္ထာရ၏ပြည့်စုံခြင်းမှ ကင်းသည်ဖြစ်၍ နုန့်နှေးသော ပညာရှိသော တခုသော အဆွေအမျိုးကို မကြွင်းစေမူ၍ ဆွေမျိုးအပေါင်းတို့မှ အလွန်ကင်းသည်ဖြစ်၍လျှင် တကိုယ်တည်း လာလတ်သော ကာဠမည်သော သမင်ကိုလည်း ကြည့်ပါလော ဟူလိုသည်။

ဤသို့သားကို နှစ်သက်စေပြီး၍ကား ဘုရားလောင်းသည် အသက် အပိုင်းအခြား ကာလပတ်လုံး တည်၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ သာရိပုတ္တရာသည် ယခုအခါ၌ သာလျှင် ဆွေမျိုးအပေါင်းခြံရံလျက် တင့်တယ်သည် မဟုတ်သေး၊ ရှေး၌လည်း တင့်တယ်ဘူးသည်သာလျှင်တည်း၊ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ဂိုဏ်းအခြွေအရံမှ ကင်းသည်မဟုတ်သေး ရှေး၌လည်း ကင်းဘူးသည်သာလျှင်တည်းဟု မိန့်တော်မူလျက် ဤဓမ္မဒေသနာကိုပြတော်မူ၍ နှစ်ပါးသောဝတ္ထုတို့ကို ဟောတော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကာဠမည်သောသမင်ဖြစ်ဘူးပြီ၊ ယခုအခါ ဒေဝဒတ်၏ ပရိသတ်တို့သည် ထိုအခါ ကာဠမည်သောသမင်၏ ပရိသတ်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ လက္ခဏမည်သောသမင်ဖြစ်ဘူးပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ လက္ခဏသမင်၏ ပရိသတ်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ လက္ခဏသမင် ကာဠသမင်တို့၏အမိဖြစ်ဘူးပြီ၊ ယခုအခါငါဘုရားသည်လျှင် ထိုအခါ လက္ခဏသမင် ကာဠသမင်တို့၏ အဘဖြစ်ဘူးပြီဟူ၍ ဇာတ်ကို ပေါင်းတော်မူ၏။

အသိအမှန်၊ မရှိပြန်၊ ခြံရံယုတ်တတ်စွာ

ရှေးဦးစွာသော လက္ခဏမိဂဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-သီလဝဂ်

၂။ နိဂြောဓမိဂဇာတ်

အသက်ချင်း လှယ်၍ ကယ်ဘူးသော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် နိဂြောဓမေဝ သေဝေယျ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော နိဂြောဓမိဂဇာတ်ကို သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ကုမာရ ကဿပ မထေရ်၏ အမိကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုမထေရ်၏ အမိသည် ရာဇဂြိုဟ်ပြည်၌ များသောစည်းစိမ်ရှိသော သူဌေး၏သ္မီး ဖြစ်သတည်း၊ ထိုသူဌေးသမီးသည် များစွာသော ကုသိုလ်မူလရှိ၏။ ဝိပဿနာလက်ဖြင့် သုံးသပ် ဆုပ်နယ်အပ်သော သင်္ခါရတရားရှိ၏။ ပစ္ဆိမဘဝိက သတ္တဝါဖြစ်၏။ အိုး၏ အတွင်း၌ရှိသော ဆီမီးကဲ့သို့ ထိုသူဌေသမီး၏ နှလုံး၌လည်း အရဟတ္တဖိုလ်၏ ဥပနိဿယသည် ထွန်းပ၏။ ထိုသူဌေးသ္မီးသည် ကိုယ်ကိုသိသောကာလမှစ၍ အိမ်၌မမွေ့လျော်သည်ဖြစ်၍ ရဟန်းပြုလိုရကား အမိအဘတို့ကို မိခင်ဘခင်တို့ အိမ်၌ အကျွန်ုပ်သည်မမွေ့လျော် အကျွန်ုပ်သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော ဘုရားသာသနာတော်၌ ရဟန်းပြုလို၏။ အကျွန်ုပ်ကို ရဟန်းပြုကုန်လောဟု ဆို၏။ ချစ်သ္မီး အသို့ဆိုဘိသနည်း ဤအမျိုးသည် များသောစည်းစိမ်ရှင်ဖြစ်၏။ ချစ်သ္မီးသည်လည်း ငါတို့၏တယောက်ထည်းသော သ္မီးဖြစ်ခဲ့၏။ ချစ်သ္မီးသည် ရဟန်းပြုခြင်းငှါ အခွင့်မရထိုက်တကားဟု မိဘတို့ ဆိုကုန်၏။ ထိုသူဌေးသ္မီးသည် အကြိမ်ကြိမ် ခွင့်တောင်းသော်လည်း မိဘတို့ထံမှ ရဟန်းပြုခွင့်ကို မရ၍ မရသည်ပင်ဖြစ်စေဦး လင့်အိမ်သို့ရောက်သောအခါမှ လင်ကို နှစ်သိမ့်စေ၍ ရဟန်းပြုအံ့ဟု ကြံ၏။

ထိုသူဌေးသ္မီးသည် အရွယ်ရောက်၍ လင့်အိမ်သို့ ရောက်သည်တွင် လင်ကို နတ်ကဲ့သို့ရိုသေ၍ သီလနှင့်ပြည့်စုံစွာ ကောင်းသော အကျင့်ရှိလျက် အိမ်၌နေ၏။ ထိုအခါ ထိုသူဌေးသ္မီးအား သံဝါသကိုအစွဲပြု၍ ကိုယ်ဝန်တည်လေ၏။ ထိုသူဌေးသ္မီးသည် ကိုယ်ဝန်တည်သည်၏ အဖြစ်ကိုမသိ၊ ထိုအခါ ရာဇဂြိုဟ်ပြည်၌ နက္ခတ်သဘင်ကို ကြွေးကြော်ကုန်၏။ အလုံးစုံသော မြို့သူတို့သည် နက္ခတ်သဘင် ကစားကုန်၏။ မြို့သည် နတ်ပြည်ကဲ့သို့ ဆင်ယင်အပ်သော တန်ဆာနှင့်စပ်၏။ ထိုသူဌေးသ္မီးသည်ကား မြတ်သော နက္ခတ်သဘင် ကစားခြင်းသည် ဖြစ်ငြားသော်လည်း မိမိကိုယ်ကို မလိမ်းမကျံ မဆင်ယင်ဘဲ ပကတိ အသွင်ဖြင့်သာလျှင်သွား၏။ ထိုအခါ လင်သည် ရှင်မ တမြို့လုံးသည် နက္ခတ်သဘင်ကိုမှီ၏။ သင်သည်တမူကား ကိုယ်ကို မသုတ်သင် မဆင်ယင်တကားဟုဆို၏။

အရှင့်သား အကျွန်ုပ်ကိုယျသည် သုံးဆယ့်နှစ်ပါးကုန်သော အပုပ်တို့ဖြင့်ပြည့်၏။ ဤသို့သောကိုယ်ကို တန်ဆာဆင်သဖြင့် အဘယ်မူအံ့နည်း ဤကိုယ်ကို နတ်လည်း မဖန်ဆင်း၊ ဗြဟ္မာလည်း မဖန်ဆင်း၊ ဤကိုယ်သည် ရွှေဖြင့်လည်း မပြီး၊ ပတ္တမြားဖြင့်လည်း မပြီး၊ စန္ဒကူးနံ့သာဖြူဖြင့်လည်း မပြီး၊ ပုဏ္ဍရိက်ကြာ ကုမုဒြာကြာ ကြာညို ကြာနီ ကြာဖြူတို့၏ ပွင့်ချပ်တို့၌လည်း မဖြစ်၊ မသေ နေရသည်လည်း မဟုတ်သေး၊ မသေနေရသောဆေးဖြင့် ပြည့်သည်လည်းမဟုတ်၊ စင်စစ်သော်ကား မစင်ဖြင့် ပြည့်၏။ အပုပ်အစပ်၌ ဖြစ်၏။ မမြဲသော သဘောရှိ၏။ နနွင်း ကသယ် အစရှိသည်တို့ဖြင့် လိမ်းကျံအပ်သော သဘောရှိ၏။ ဆုပ်နယ်အပ်သော သဘောရှိ၏။ ကွဲပြိုတတ်သော သဘောရှိ၏။ ပျက်စီးတတ်သော သဘောရှိ၏။ စက်ဆုပ်ဘွယ်သောအာဟာရကြောင့် ပွား၍ တဏှာကို ဖြစ်စေ၏။ စိုးရိမ်ခြင်းတို့၏ အကြောင်း ဖြစ်၏။ ငိုကြွေးခြင်းတို့၏ တည်ရာဖြစ်၏။ ခပ်သိမ်းသောရောဂါတို့၏ တည်ရာဖြစ်၏။ ညှဉ်းဆဲခြင်းတို့ကို ခံယူတတ်၏။ အတွင်း၌ ပုပ်၏။ အမြဲလျှင် အဝသို့ အပုပ်အစပ်တို့ ယို၏။ ပိုးမျိုးတို့ နေရာဖြစ်၏။ သုသာန်မြေ၌ လျောင်းရလတ္တံ့ သည်ဖြစ်၏။ သေခြင်းလျှင် အဆုံးရှိ၏။ လူအပေါင်း၏ မျက်စိမြင်ကောင်းသော အရပ်၌ ဖြစ်သော်လည်း ဤကိုယ်သည် အရိုးအကြောတို့နှင့်ယှဉ်လျက် အတွင်းရေ အသားတို့သည် လိမ်းကျံလျက် အပရေသည် ဖုံးလွှမ်းအပ်ရကား အဟုတ် အမှန်အားဖြင့် သတ္တဝါအများ ကာမသားတို့အား မထင်၊ အသည်း စည်ပေါင်းအိမ် နှလုံး အဆုပ် အညှို့ အဖျဉ်း နှပ် တံတွေး ချွေး အဆီခဲ သွေး အစေး သည်းခြေ ဆီကြည်တို့ဖြင့် အူသိမ် အူမ ဝမ်းတို့၌ ပြည့်၏။

ထိုမှတပါးလည်း ဤကိုယ်၏ ဒွါရကိုးပေါက်တို့မှ အစဉ်တစိုက်လျှင် မစင်မကြယ် စက်ဆုပ်ရွံရှာဘွယ်တို့သည် ယိုစီး၏။ မျက်စိမှ မျက်ချေး၊ နားမှ နဖာချေး၊ နှာခေါင်းမှ နှပ်၊ ခံတွင်းမှ ရံခါ သလိပ်၊ ရံခါ သည်းခြေ၊ ကိုယ်မှ ချွေးကြီးချွေးငယ်တို့သည် ယိုစီးကုန်၏။ ထိုမြို့လည်း ဤကိုယ်၏အတွင်းသည် အပဖြစ်တုံငြားအံ့၊ နှင်တံကိုင်၍ ကျီးခွေးတို့ကို မြစ်ရရာသည်မဟုတ်လော၊ ဤကိုယ်သည် မကောင်းသောအနံ့ရှိ၏။ မစင်ကြယ်သည်သာ ဖြစ်၏။ ခွေးကောင်ပုပ်သဖွယ် ဖြစ်၏။ လူနတ်တို့၏ မျက်စိသဖွယ်ဖြစ်ကုန်သော အရိယာသူတော်ကောင်းတို့သည် ဤကိုယ်ကို ကဲ့ရဲ့အပ်ကုန်၏။ သူမိုက်တို့သာလျှင် နှစ်သက်အပ်၏။ စိုသောအရေဖြင့် ဖုံးလွှမ်းအပ်၏။ ဤကိုယ်သည် အမာကြီးဟူ၍ဆိုအပ်သော ကိုးပေါက်သော ဒွါရရှိ၏။ ဤကိုယ်၏ အလုံးစုံသော ဒွါရကိုးပေါက်တို့မှ ပုပ်သော အနံ့ရှိကုန်သော မစင်ဘင်ပုပ်တို့သည် ယိုစီးကုန်၏။

အရှင့်သား ဤသို့သဘောရှိသော ကိုယ်ကို တန်ဆာဆင်သဖြင့် အဘယ်ပြုအံ့နည်း၊ ဤသို့သဘောရှိသောကိုယ်ကို တန်ဆာဆင်ခြင်းသည် မစင်ဖြင့်ပြည့်သောအိုး၏ အဝ၌ ပန်းချီဆေးဝါး ရေးသားဆင်ယင်ဘိသကဲ့သို့ မရှိတုံလောဟု သူဌေးသ္မီး ဆို၏။ သူဌေးသ္မီးသည် ဆိုသော စကားကိုကြား၍ ရှင်မ သင်သည် ဤကိုယ်၏အပြစ်ကို သို့စဉ်မြင်လျက် အဘယ့်ကြောင့် ရဟန်းမပြုဘဲ နေဘိသနည်းဟု ဆို၏။ အရှင့်သား အကျွန်ုပ်သည် ရဟန်းပြုခွင့်ကို ရပါသည်ဖြစ်မူကား ယနေ့ပင်လျှင် ရဟန်းပြုပါအံ့ဟု သူဌေးသ္မီးဆို၏။ သူဌေးသားသည် ကောင်းပြီ အကျွန်ုပ် ရှင်မကို ရဟန်းပြုပါစေအံ့ဟု ဆို၏။ အလှူကြီးကိုဖြစ်စေ၍ ကြီးစွာသော ပူဇော်သက္ကာရကိုပြုလျက် များစွာသောအခြံအရံဖြင့် ရဟန်းမိန်းမတို့၏ ကျောင်းသို့ပို့၍ ရဟန်းပြုစေသည်ရှိသော် ဒေဝဒတ် အဝင် အပါဖြစ်ကုန်သော ရဟန်းမိန်းမတို့၏ အထံ၌ ရဟန်းပြုစေ၏။ ရဟန်းအဖြစ်ကိုရပြီး၍ ပြည့်စုံသောအကြံရှိရကား ဝမ်းမြောက်ဝမ်းသာ ရှိ၏။ ထိုအခါ ရဟန်းမိန်းမ၏ ကိုယ်ဝန်ရင့်လတ်သော် ဣန္ဒြေတို့၏ ဖောက်ပြန်ခြင်းတို့သည်ဖြစ်၏။ ရဟန်းမိန်းမတို့သည် လက်ဘမိုးထူခြင်း ဝမ်းရေကြီးခြင်းကိုမြင်၍ ရှင်မ သင်သည် ကိုယ်ဝန်စွဲဝင်တကား၊ အဘယ်ကြောင့် ဤအမှုသည် ဖြစ်တုံဘိသနည်းဟု မေး၏။ ထိုရဟန်းမိန်းမလည်း ရှင်မတို့ ဤမည်သောအကြောင်းကြောင့် ကိုယ်ဝန်စွဲသည်ဟူ၍ကား အကျွန်ုပ် မသိ၊ အကျွန်ုပ်အား သီလသည်မူကား ပြည့်စုံပါ၏ဟု ပြော၏။

ထိုအခါ ရဟန်းမိန်းမတို့သည် ထိုကိုယ်ဝန်စွဲသော ရဟန်းမိန်းမကို ဒေဝဒတ်အထံသို့ ဆောင်ကုန်၍ အရှင်ဘုရား ဤအမျိုးသ္မီးသည် ငြိုငြင်သဖြင့် လင်ကိုနှစ်သိမ့်စေ၍ ရဟန်းအဖြစ်ကိုရ၏။ ယခုမူကား ဤရှင်မအားကိုယ်ဝန်စွဲခြင်းသည် ဖြစ်၏။ အကျွန်ုပ်တို့သည် ဤကိုယ်ဝန်ကို ရဟန်းဖြစ်မှရသည်ကို၎င်း လူဖြစ်စဉ်ကရလေသည်ကို၎င်း မသိနိုင်ကုန်၊ ယခု အဘယ်သို့ ပြုရအံ့နည်းဟု ဒေဝဒတ်ကိုမေးလျှောက်ကုန်၏။ ဒေဝဒတ်သည် ပညာမရှိသည်၏ အဖြစ်ကြောင့်၎င်း ခန္တီ မေတ္တာ ကရုဏာ မရှိသည်၏ အဖြစ်ကြောင့်၎င်း ဒေဝဒတ်၏ ဩဝါဒခံ ရဟန်းမိန်းမသည် ဝမ်းဖြင့်ကိုယ်ဝန်ကိုလွယ်၏။ ဒေဝဒတ်သည်လည်း ထိုရဟန်းမိန်းမကို တစိမ့်စိမ့် ကြည့်၏ဟူ၍ ငါ့အား လူကဲ့ရဲ့ခြင်းသည် ဖြစ်ရာချေ၏။ ငါသည် ဤရဟန်းမိန်းမကို လူထွက်စေသင့်၏ဟု ကြံ၏။ ဤသို့ ကြံပြီး၍ ဒေဝဒတ်သည် မဆင်ခြင်မူ၍လျှင် ကျောက်ခဲတုံးကို လှိမ့်ဘိသကဲ့သို့ ပြေးတည့်၍ သင်တို့သွားကြကုန်၊ ဤရဟန်းမိန်းမကိုလူထွက်စေလေကုန်ဟုဆို၏။

ထိုရဟန်းမိန်းမတို့သည် ဒေဝဒတ်၏စကားကို ကြားကုန်၍ ရှိခိုးကုန်လျက် ကျောင်းသို့ သွားကြကုန်၏။ ထိုအခါ ရဟန်းမိန်းမငယ်သည် ရှင်မတို့ ဒေဝဒတ်သည် ဘုရားမဟုတ်၊ ကျွန်ုပ်လည်း ရှင်ဒေဝဒတ်အထံ ရဟန်း မပြု၊ ကျွန်ုပ်သည် လောက၌ သဗ္ဗညူ မြတ်စွာဘုရား အထံတော်၌သာ ရဟန်းပြု၏။ ထိုရဟန်း ပြုခြင်းကိုလည်း လွယ်လင့်တကူ ရသည်မဟုတ်၊ ငြိုငြင်သဖြင့်သာလျှင် ရအပ်၏။ အကျွန်ုပ်ကိုလူဝတ်မလဲကြပါလင့်ကုန်ဦး၊ ကျွန်ုပ်ကို ဘုရားအထံတော် ဇေတဝန်ကျောင်းတော်သို့ ဆောင်ယူသွားကြပါကုန်ဦး ဟူ၍ ဆို၏။ ထိုရဟန်းမိန်းမတို့သည် ထိုရဟန်းမိန်းမငယ်ကို ဆောင်၍ ရာဇဂြိုဟ်ပြည်မှ လေးဆယ့်ငါးယူဇနာ ခရီးကိုလွန်၍ အစဉ်သဖြင့် ဇေတဝန် ကျောင်းတော်သို့ ရောက်၍ မြတ်စွာဘုရားကို ရှိခိုးကုန်၍ ထိုအကြောင်းကို ကြားလျှောက်ကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် ဤရဟန်း မိန်းမငယ်အား လူဖြစ်စဉ်ကာလ၌ကိုယ်ဝန်သည် အကယ်၍ တည်၏။ ဤသို့ လူဖြစ်စဉ်ကာလ၌ တည်ငြားသော်လည်း ရဟန်းဂေါတမသည် ရှင်ဒေဝဒတ် စွန့်ပစ်အပ်သော ရဟန်းမိန်းမငယ်ကို ယူ၍ သွားဘိသလောဟု တိတ္ထိတို့၏ကဲ့ရဲခွင့်သည် ဖြစ်လတ္တံ့၊ ထို့ကြောင့် ကဲ့ရဲ့စကားကို ဖြတ်အံ့သောငှါ မင်းနှင့်တကွသော ပရိသတ်၏ အလယ်၌ ဤတရားကို ဆုံးဖြတ်ခြင်းငှါသင့်၏ဟု ကြံတော်မူ၏။ ကြံပြီး၍ နက်ဖြန်နေ့၌ ပသေနဒီကောသလမင်း မဟာအနာထပိဏ်သူဌေး စူဠအနာထပိဏ်သူဌေး ဝိသာခါ ဒါယိကာမကြီးတို့ကို၎င်း တပါးကုန်သော ကျော်စောထင်ရှားကုန်သော အမျိုးကြီးတို့ကို၎င်း ခေါ်စေတော်မူ၍ ညချမ်းအခါ၌ လေးပါးကုန်သောပရိသတ်တို့သည် စည်းဝေးကုန်လတ်သော် အရှင်ဥပါလိမထေရ်ကို ဥပါလိ သင်သည် သွားလော၊ လေးပါးသော ပရိသတ်အလယ်၌ ဤရဟန်း မိန်းမငယ်၏ အမှုကို သုတ်သင်လောဟု မိန့်တော်မူ၏။ အရှင်ဥပါလိမထေရ်သည် ကောင်းပါပြီ အရှင်ဘုရားဟု ဝန်ခံလျက် ပရိသတ်အလယ်သို့သွား၍ ခင်းအပ်သောမိမိနေရာ၌ နေပြီးသော် မင်း၏ ရှေ့၌ ဝိသာခါ ဤရဟန်း မိန်းမငယ်သည် ဤမည်သော ကာလ၌ ဤမည်သောနေ့၌ ရဟန်းပြု၏။ အဟုတ်အမှန်ကိုသိ၍ ဤကိုယ်ဝန်ကို ရှေး၌၎င်း နောက်၌၎င်း ရသည်၏အဖြစ်ကို သိအောင်ပြု ဟု ဝိသာခါ ဒါယိကာမအား ဤအမှုကိုအပ်နှင်း၏။ ဝိသာခါ ဒါယိကာမသည် ကောင်းပြီဟု ဝန်ခံ၍ တင်းတိမ်တို့ကို ကာစေပြီးသော် တင်းတိမ်တွင်း၌ ရဟန်းမိန်းမငယ်၏ လက် ခြေ ချက် ဝမ်း အဆုံးရှိကုန်သော အင်္ဂါတို့ကိုကြည့်၍ လ, ရက်တို့ကိုတွက်လတ်သော် လူဖြစ်စဉ်ကာလက သန္ဓေရသည့် အဖြစ်ကို အဟုတ်အမှန်အားဖြင့်သိ၍ ထိုအကြောင်းကို လျှောက်၏။

ထိုအခါ ဥပါလိမထေရ်သည် ပရိသတ်လေးပါးအလယ်၌ ထိုရဟန်းမိန်းမငယ်ကို သန့်ရှင်းစင်ကြယ်သည်ကို ပြု၏။ ရဟန်းမိန်းမငယ်သည် သန့်ရှင်းစင်ကြယ်ပြီးသည်ရှိသော် ရဟန်းသံဃာကိုလည်း ရှိခိုး၍ ရဟန်းမိန်းမတို့နှင့်တကွ ကျောင်းသို့လျှင် ပြန်သွား၏။ ရဟန်းမိန်းမငယ်သည် ကိုယ်ဝန်၏ ရင့်ခြင်းကိုစွဲ၍ ပဒုမုတ္တရ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ပန်ဆင်အပ်သော ဆုရှိသော ကြီးသော အာနုဘော်ရှိသော သားကို ဖွား၏။ ထိုအခါ တနေ့သ၌ မင်းကြီးသည် ရဟန်းမိန်းမတို့၏ ကျောင်းအနီးဖြင့် သွားလတ်သော် သူငယ်သံကိုကြား၍ အမတ်တို့ကို မေး၏။ အမတ်တို့သည် ထိုအကြောင်းကို သိ၍ အရှင်မင်းကြီး ရဟန်းမိန်းမငယ်သည် သားဖွား၏ ထိုအသံသည် သူငယ်၏ အသံတည်းဟု လျှောက်ကုန်၏။ အချင်းတို့ ရဟန်းမိန်းမတို့အား သူငယ်ကို စောင့်ရှောက်ခြင်းမည်သည်ကား ပလိဗောဓ ဖြစ်၏။ ထိုသူငယ်ကို ငါတို့လုပ်ကျွေးကုန်အံ့ဟုဆို၍ မင်းသည် ထိုသူငယ်ကို ကချေသည်မိန်းမတို့အား ပေးစေ၍ မင်းသားတို့၏ အခြံအရံ အစောင့် အရှောက်ဖြင့် ကြီးစေ၏။ အမည်မှည့်သော နေ့၌လည်း ထိုသူငယ်အား ကဿပ ဟူသော အမည်ကို မှည့်ကုန်၏။

ထိုအခါ ထိုသူငယ်ကို မင်းသားတို့၏ အခြံအရံ အစောင့်အရှောက်ဖြင့်လျှင်ကြီးသည်၏ အဖြစ်ကြောင့် ကုမာရကဿပဟု သိကြကုန်၏။ ကုမာရကဿပသည် ခုနစ်နှစ် ရှိလတ်သောအခါ၌ မြတ်စွာဘုရား အထံတော်ဝယ် သာမဏေပြု၍ အသက်နှစ်ဆယ် ပြည့်လတ်သော် ပဉ္စင်းအဖြစ်ကိုရ၍ ကာလရှည်လတ်သော် မ္မကထိကပုဂ္ဂိုလ်တို့တွင် ဆန်းကြယ်စွာ တရားဟောတတ်သော ဓမ္မကထိက ပုဂ္ဂိုလ် ဖြစ်၏။ ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် အရှင်ကုမာရကဿပမထေရ်ကို ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝကာနံ စိတြကထိကာနံ ယဒိဒံ ကုမာရကဿပေါ ဟု ဧတဒဂ်အရာ၌ထားတော်မူ၏။ ကုမာရ ကဿပ မထေရ်သည် နောက်ဝမ္မိကသုတ်ကို ဟောတော်မူသောအခါ၌ အရဟတ္တဖိုလ်သို့ ရောက်၏။ ကုမာရကဿပမထေရ်၏ မယ်တော် ရဟန်းမိန်းမသည်လည်း ဝိပဿနာကိုပွားစေ၍ အရဟတ္တဖိုလ်သို့ ရောက်၏။ ကုမာရကဿပမထေရ်သည် ဘုရားသာသနာတော်ဝယ် ကောင်းကင်လယ်၌ လပြည့်ဝန်းကဲ့သို့ ထင်ရှား၏။ ထိုအခါ တနေ့သ၌ ဝိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့ ကောင်းသော လာခြင်းရှိတော်မူသော သဗ္ဗညူမြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးသည်မှ နောက်၌ ဆွမ်းခံရွာမှ ဖဲခဲ့တော်မူပြီးသော် ရဟန်းတို့အား အဆုံးအမကိုပေး၍ ဂန္ဓကုဋိတိုက်သို့ ဝင်တော်မူ၏။

ရဟန်းတို့သည် ဩဝါဒကို ယူကုန်၍ မိမိ မိမိတို့၏ ညဉ့်သန့်ရာ နေ့သန့်ရာဌာနတို့၌ နေ့အဘို့ကို ကုန်စေ၍ ညချမ်းအခါ တရားသဘင်၌ စည်းဝေးကုန်၍ ငါ့သျှင်တို့ ဒေဝဒတ်သည် မိမိ၏ ပညာမရှိသည်၏အဖြစ် ခန္တီ၊ မေတ္တာ၊ ကရုဏာမရှိသည်၏အဖြစ်ကြောင့် ကုမာရကဿပ မထေရ်ကို၎င်း၊ မထေရ်၏ မယ်တော် မထေရ်မကို၎င်း ဖျက်ဆီးအပ်၏။ သဗ္ဗညူမြတ်စွာဘုရားသည်တမူကား ကိုယ်တော်ဓမ္မရာဇ် ဖြစ်တော်မူသည်၏ အဖြစ်ကြောင့်၎င်း၊ ခန္တီ မေတ္တာ၊ ကရုဏာတို့နှင့် ပြည့်စုံတော်မူသည်၏ အဖြစ်ကြောင့်၎င်း မထေရ်မိသား နှစ်ပါးတို့၏လည်း အထောက်အပံ့ ဖြစ်တော်မူ၏ဟု ဘုရားဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကုန်လျက် နေကြကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ဘုရားရှင်တို့၏ တင့်တယ်ခြင်းဖြင့် တရားသဘင်သို့ ကြွတော်မူလာ၍ ခင်းအပ်သော နေရာတော်၌ နေတော်မူပြီးသော် ရဟန်းတို့ ငါလာတော်မူသောအခါ၌ အဘယ်စကားဖြင့် သင်တို့စည်းဝေးကုန်သနည်းဟု မေးတော်မူ၏။ ဘုန်းတော်ကြီးမြတ်သော အရှင်ဘုရား အရှင်ဘုရားတို့၏ ဂုဏ်ကျေးဇူးစကားဖြင့်သာလျှင် အကျွန်ုပ်တို့ စည်းဝေးပါကုန်၏ဟု အလုံးစုံသောစကားကို ကြားလျှောက်ကုန်၏။ ရဟန်းတို့ ငါဘုရားသည် ယခုအခါ၌သာလျှင် ဤနှစ်ယောက်ကုန်သော မိသားတို့၏ အထောက် အပံ့ ကိုးကွယ်ရာ ဖြစ်တော်မူသည် မဟုတ်သေး၊ ရှေး၌လည်း ဖြစ်ဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၏။ ရဟန်းတို့သည် ထိုအကြောင်းကို ထင်စွာဖြစ်စိမ့်သောငှာ ဘုန်းတော်ကြီးသော သဗ္ဗညူမြတ်စွာဘုရားကို တောင်းပန်ကုန်၏။ ဘုန်းတော်ကြီးသော သဗ္ဗညူ မြတ်စွာဘုရားသည် ဘဝတပါးဖြင့် ဖုံးလွှမ်းသောအကြောင်းကို ထင်စွာ ပြတော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သော် ဘုရားလောင်းသည် သမင်မျိုး၌ ပဋိသန္ဓေကိုယူ၏။ ထိုဘုရားလောင်းသည် အမိဝမ်းမှ ဖွားသည်ရှိသော် ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ ဘုရားလောင်း၏ မျက်လုံးတို့သည်ကား ပတ္တမြားလုံးနှင့် တူကုန်၏။ ဦးချိုတို့သည် ငွေပန်းဆိုင်းအဆင်းနှင့် တူကုန်၏။ မျက်နှာသည် နီသော ကမ္ဗလာအစု၏ အဆင်းနှင့်တူ၏။ လက်ခြေ အပိုင်းအခြားတို့သည် ချိပ်ရည်တို့ဖြင့် ဆိုးအပ်ကုန်သကဲ့သို့ ရှိကုန်၏။ မြီးဆံသည် စာမရီ၏ မြီးဆံကဲ့သို့ဖြစ်၏။ ထိုဘုရားလောင်း ရွှေသမင်၏ ကိုယ်သည်ကားကြီး၏။ မြင်းငယ် အတိုင်း အရှည် ရှိ၏။ ဘုရားအလောင်း ရွှေသမင်သည် သမင်ငါးရာခြံရံလျက် တော၌နေ၏။ အမည်အားဖြင့် နိဂြောဓသမင်မည်၏။ ထိုနိဂြောဓသမင်၏ အနီး၌ သမင်ငါးရာ အခြွေအရံရှိသော သာခမိဂ အမည်ရှိသော တပါးသောသမင်သည်လည်း နေ၏။ ထိုသာခမိဂမည်သော သမင်သည်လည်း ရွှေအဆင်းနှင့်တူ၏။

ထိုအခါ ဗာရာဏသီမင်းသည် သမင်သတ်ခြင်းအမှု၌ လေ့လာ၏။ အမဲနှင့်ကင်း၍ ထမင်းမစား၊ လူတို့အမှုကိုဖျက်၍ ခပ်သိမ်းသော ဇနပုဒ်သူတို့ကို စည်းဝေးစေ၍ နေ့တိုင်း နေ့တိုင်း သမင်သတ်အံ့သောငှာသွား၏။ လူတို့သည် ဤမင်းကြီးကား ငါတို့အမှုတို့ကို ဖျက်၏။ ငါတို့သည် ဥယျာဉ်၌ သားတို့၏ အစာကိုထား၍ ရေကိုပြည့်စုံစေ၍ များစွာကုန်သောသားတို့ကို ဥယျာဉ်သို့သွင်း၍ တံခါးဖွဲ့၍ မင်းကြီးအား အပ်နှင်းရကုန်သော် ကောင်း၏ဟု ကြံကုန်၏။ ကြံကုန်ပြီး၍ ထိုခပ်သိမ်းသောလူတို့ကို ဥယျာဉ်၌ သားတို့၏အစာ မြက်တို့ကို ပေါက်ရောက်စေ၍ ရေကိုပြည့်စေ၍ တံခါးကိုယှဉ်စေပြီးသော် ပိုက်တန်းဆောက်ပုတ် စသည်တို့ကိုယူ၍ လက်စွဲကုန်လျက် တောသို့ဝင်ကုန်၍ သားတို့ကို ရှာကုန်လတ်သော် အလယ်၌တည်ကုန်သောသားတို့ကို ယူကုန်အံ့ဟု တယူဇနာမျှ အရပ်ကိုခြုံ၍ ခြံရံကုန်သည်ရှိသော် နိဂြောဓသမင် သာခသမင်တို့၏ နေရာအရပ်ကို အလယ်ထား၍ ခြံရံကုန်၏။ ထိုအခါ လူတို့သည် သမင်အပေါင်းကိုမြင်၍ သစ်ပင် ချုံ အစရှိသည်တို့ကို၎င်း မြေကို၎င်း ဆောက်ပုတ်တို့ဖြင့် ပုတ်ခတ်ကုန်လျက် သမင်အပေါင်းကို နေရာအရပ်မှထုတ်၍ သန်လျက် လှံလေးအစရှိသောလက်နက်တို့ကိုကိုင်ကုန်၍ သည်းစွာသောအသံတို့ကို ဟစ်ကြွေးကုန်လျက် သမင်အပေါင်းကို ဥယျာဉ်သို့ သွားစေကုန်ပြီးသော် တံခါးကိုပိတ်၍ မင်းအထံသို့ ကပ်လျက် အရှင်မင်းကြီး အရှင်တို့သည် မပြတ်သမင်တောသို့ သွားကုန်လျက် အကျွန်ုပ်တို့၏အမှုကို ဖျက်ဆီးကုန်၏။ အကျွန်ုပ်တို့သည် တောမှ သမင်တို့ကို ဆောင်ကုန်၍ ရှင်မင်းကြီးတို့၏ ဥယျာဉ်တော်ကို ပြည့်စေအပ်ပြီ၊ ရှင်မင်းကြီးသည် ယနေ့မှစ၍ ထိုသမင်တို့၏ အသားကို စားတော်မူလောဟု မင်းကိုပန်၍ ဖဲလေကုန်၏။

မင်းကြီးသည် ထိုသူတို့စကားကိုကြားသဖြင့် ဥယျာဉ်သို့သွား၍ သမင်တို့ကို ကြည့်လတ်သော် နှစ်ခုကုန်သော ရွှေသမင်တို့ကိုမြင်၍ ထိုရွှေသမင်တို့အား ဘေးမဲ့ကို ပေး၏။ ထိုအခါမှ စ၍ကား ရံခါ မင်းသည် မိမိကိုယ်တိုင်သွား၍ တခုသောသမင်ကိုပစ်၍ ဆောင်၏။ ရံခါ စားတော်ချက်သည် သွား၍ တခုသော သမင်ကိုပစ်၍ ဆောင်၏။ သမင်တို့သည် လေးကိုမြင်ကုန်၍ သေဘေးမှကြောက်ကုန်ရကား ပြေးကုန်၏။ နှစ်ခု သုံးခုကုန်သော သမင်တို့သည် ထိခိုက်ခြင်းကိုရကုန်၍ ပင်ပန်းကုန်၏။ ထိုထိခိုက်သော သမင်တို့သည် နာသည်မူလည်း ဖြစ်ကုန်၏။ သေခြင်းသို့မူလည်း ရောက်ကုန်၏။ သမင်အပေါင်းတို့သည် ထိုအကြောင်းကို ဘုရားအလောင်းအား ကြားကုန်၏။ ဘုရားလောင်းသည် သာခသမင်ကို ခေါ်စေ၍ အဆွေ များစွာကုန်သော သမင်တို့သည် ပျက်စီးကုန်၏။ စင်စစ်သဖြင့် သေရအံ့သည်ရှိသော် ချမ်းသာကို ရသည်မဖြစ်လတ္တံ့၊ ယနေ့မှစ၍ သမင်တို့ကို မြားဖြင့်မပစ်စေကုန်လင့်၊ စဉ်းတီတုံး ထားရာအရပ်၌ သမင်တို့၏ အလှည့်ဖြစ်စေ၊ တရက်သည်ကား ငါ့ပရိသတ်၏ အလှည့်ဖြစ်စေ၊ တရက်သည်ကား သင့်ပရိသတ်၏ အလှည့်ဖြစ်စေ၊ ထိုသို့ အလှည့်ရောက်သောသမင်သည် သွား၍ စဉ်းတီတုံး၌ လည်ကိုထားသဖြင့် အိပ်စေ၊ ဤသို့ဖြစ်မှ သမင်တို့သည် မပင်ပန်းရကုန်လတ္တံ့ဟု ဆို၏။ သာခသမင်သည် ကောင်းပြီဟု ဝန်ခံ၏။ ထိုအခါမှစ၍ အလှည့်ရောက်သော သမင်သည်သာလျှင် သွား၍ စဉ်းတီတုံး၌ လည်ကိုထား၍ အိပ်၏။ စားတော်ချက်သည် လာလတ်၍ စဉ်းတီတုံး၌အိပ်သောသမင်ကိုလျှင် ယူ၍သွား၏။

ထိုအခါ တနေ့သ၌ သာခသမင်၏ပရိသတ်ဖြစ်သော သန္ဓေရှိသောတခုသောသမင်မ၏ အလှည့်သည် ဖြစ်၏။ ထိုသမင်မသည် သာခသမင်သို့ကပ်၍ အရှင်အကျွန်ုပ်သည် ကိုယ်ဝန်ရှိ၏။ သားဖွား၍ မိသား နှစ်ယောက်တို့သည် အလှည့်သို့ ရောက်ပါကုန်လတ္တံ့၊ အကျွန်ုပ်အလှည့်ကို လွန်ပါစေဦးလော့ဟု ဆို၏။ သာခသမင်သည် သင့်အလှည့်ကို တပါးကုန်သော သမင်တို့အား ရောက်စေခြင်းငှါ မတတ်ကောင်း၊ သင်သာလျှင် သင့်အလှည့်ကို သိရလတ္တံ့ သွားလေလောဟုဆို၏။ ထိုသမင်မသည် သာခမည်သော သမင်မင်း၏အထံမှ အထောက်အပံ့ကို မရလတ်သော် ဘုရားလောင်း အထံသို့ကပ်၍ အကြောင်းကိုလျှောက်၏။ ဘုရားလောင်းသည် ထိုသမင်မ၏ စကားကိုကြား၍ သမင်မငယ် သင်ဆိုတိုင်းဖြစ်စေ၊ သင်သည် သွားလေ၊ ငါသည် သင့်အလှည့်ကို လွန်စေအံ့ဟုဆို၍ မိမိသည် စဉ်းတီတုံး၌ ဦးခေါင်းထား၍ အိပ်၏။ စားတော်ချက်သည် ဘုရားလောင်းကိုမြင်၍ ဘေးမဲ့ကိုရပြီးသော သမင်မင်းသည် စဉ်းတီတုံး၌ အိပ်၏။ အကြောင်း အသို့တုံနည်းဟု လျင်စွာသွား၍ မင်းကြီးအား လျှောက်၏။ မင်းသည် ထိုခဏ၌လျှင် ရထားစီး၍ များစွာသော အခြွေအရံဖြင့် လာလတ်၍ ဘုရားလောင်းကို မြင်လတ်သော် ကောင်းမြတ်သော သမင်မင်း အကျွန်ုပ်သည် အသင့်အား ဘေးမဲ့ကိုပေးသည် မဟုတ်တုံလော၊ အဘယ့်ကြောင့် သမင်မင်းသည် ဤစဉ်းတီတုံး၌ အိပ်ဘိသနည်းဟု ဆို၏။

မြတ်သောမင်းကြီး ကိုယ်ဝန်ရှိသော သမင်မသည် လာ၍ အကျွန်ုပ်၏အလှည့်ကို တပါးသောသမင်အား ရောက်ပါစေဟု ဆို၏။ အကျွန်ုပ်သည် တယောက်သောသူ၏ သေခြင်းဆင်းရဲကို တယောက်သောသူ၏ အထက်၌တင်ခြင်းငှါ မတတ်ကောင်း၊ ထိုအကျွန်ုပ်သည် ကိုယ့်အသက်ကို ကိုယ်ဝန်ရှိသော သမင်မအားပေး၍ ကိုယ်ဝန်ရှိသော သမင်မငယ်၏ အနီးသို့ရောက်သော သေခြင်းကိုယူ၍ ဤစဉ်းတီတုံး၌အိပ်၏။ မြတ်သော မင်းကြီး အရှင်တို့သည် တစုံတခုကို မရွံရှာလင့်ကုန်ဟု ဆို၏။ မင်းကြီးသည် အရှင်ရွှေသမင်မင်း အကျွန်ုပ်သည် သင် သမင်မင်းကဲ့သို့ သဘောရှိသော ခန္တီ မေတ္တာ၊ ကရုဏာနှင့် ပြည့်စုံသောသူကို လူတို့တွင်လည်း မမြင်စဘူး၊ ထို့ကြောင့် သင် သမင်မင်းအား အကျွန်ုပ်ကြည်ညို၏။ သင် သမင်မင်းအား၎င်း ကိုယ်ဝန်ရှိသောသမင်မအား၎င်း ဘေးမဲ့ကို ပေး၏ဟု ဆို၏။ မြတ်သောမင်းကြီး နှစ်ခုသော သမင်တို့သည် ဘေးမဲ့ကို ရအပ်ပြီးသည်ရှိသော် ကြွင်းသောသမင်တို့သည် အသို့ပြုရအံ့နည်းဟုဆို၏။ အရှင်ရွှေသမင်မင်း ကြွင်းသော သမင်တို့အားလည်း ဘေးမဲ့ကို အကျွန်ုပ်ပေးပါ၏ဟု မင်းကြီးဆို၏။ မြတ်သောမင်းကြီး ဤသို့ ပေးသော်လည်း ဥယျာဉ်၌ သမင်တို့သည်သာလျှင် ဘေးမဲ့ကို ရကုန်လတ္တံ့၊ ကြွင်းသော သမင်တို့သည် အသို့ပြုရအံ့နည်းဟု ဘုရားလောင်းဆို၏။ အရှင်သမင်မင်း ထိုသမင်တို့အားလည်း ဘေးမဲ့ကို အကျွန်ုပ်ပေး၏ဟု ဆို၏။ မြတ်သောမင်းကြီး ရှေးဦးစွာ သမင်တို့သည် ဘေးမဲ့ကို ရကုန်၏။ ကြွင်းကုန်သော အခြေလေးချောင်း ရှိကုန်သော သားတို့သည် အသို့ပြုရကုန်အံ့နည်းဟု ဘုရားလောင်း ဆို၏။ အရှင်သမင်မင်း ထိုကြွင်းသော အခြေလေးချောင်း ရှိကုန်သော သားတို့အားလည်းဘေးမဲ့ကို အကျွန်ုပ်ပေး၏ဟု မင်းကြီးဆို၏။

မြတ်သောမင်းကြီး ရှေးဦးစွာအခြေလေးချောင်းရှိကုန်သော သားတို့သည် ဘေးမဲ့ကိုရကုန်၏။ ငှက်အပေါင်းတို့သည် အသို့ပြုရအံ့နည်းဟု ဘုရားလောင်းဆို၏။ အရှင်ရွှေသမင်မင်း ထိုငှက်တို့အားလည်း ဘေးမဲ့ကိုအကျွန်ုပ်ပေး၏ဟု မင်းကြီးဆို၏။ မြတ်သောမင်းကြီး ရှေးဦးစွာ ငှက်တို့အား ဘေးမဲ့ကို ရကုန်၏။ ရေ၌နေကုန်သော ငါးလိပ်တို့သည် အသို့ပြုကုန်အံ့နည်းဟု ဘုရားလောင်းဆို၏။ အရှင်ရွှေသမင်မင်း ထိုငါးလိပ်တို့အားလည်း ဘေးမဲ့ကို အကျွန်ုပ်ပေး၏ဟု မင်းကြီးဆို၏။

ဤသို့ ဘုရားလောင်းသည် မင်းကိုခပ်သိမ်းကုန်သောသတ္တဝါတို့အား ဘေးမဲ့ပေးခြင်းကို တောင်းပြီးလျှင် ထ၍ ငါးပါးကုန်သောသီလတို့၌ မင်းကိုတည်စေ၍ မြတ်သောမင်းကြီး အရှင်မင်းကြီးသည် တရားကိုကျင့်လော၊ အမိအဘ သားသ္မီး ရဟန်း ပုဏ္ဏား နိဂုံးဇနပုဒ်နေဖြစ်ကုန်သော အိမ်ရှင်တို့၌ တရားကို ကျင့်သည်ရှိသော် ခန္ဓာပျက်ခြင်း တည်းဟူသော စုတိ၏ နောက်၌ ကောင်းမှုကိုပြုသောသူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ လားရကုန်လတ္တံ့ဟု မင်းအား ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် တရားဟော၍ နှစ်ရက်သုံးရက်တို့ပတ်လုံး ဥယျာဉ်၌နေ၍ မင်းကြီးအား ဩဝါဒကိုပေးပြီးလျှင် သမင်အပေါင်း ခြံရံလျက်ဝင်၍ ထိုကိုယ်ဝန်ရှိသော သမင်မသည်လည်း ပန်းအချက်နှင့်တူသော သားကိုဖွား၏။ ထိုသမင်ငယ်သည်ကား မြူးရွှင်လျက် သာခသမင်အထံသို့ သွား၏။ ထိုအခါ သားသမင်ငယ်ကို အမိသည် သာခသမင် အထံသို့ သွားလတ်သည်ကိုမြင်၍ ချစ်သား ယနေ့မှစ၍ သင်သည် သာခသမင် အထံသို့ မသွားနှင့်၊ နိဂြောဓသမင်၏ အထံသို့ သွားလေလောဟု ဆုံးမလို၍-

၁၂။ နိဂြောဓမေဝ သေဝေယျ၊ န သာခမုပသံဝသေ။
နိဂြောဓသ္မိံ မတံ သေယျာ၊ ယဉ္စေ သာခသ္မိံ ဇီဝိတံ၊

ဟူသော ဤဂါထာကို ဆို၏။

၁၂။ ပုတ္တ၊ ချစ်သား။ နိဂြောဓမေဝ၊ နိဂြောဓသမင်မင်းကိုသာလျှင်။ ဟိတကာမော၊ အစီးအပွားကို လိုသောသူသည်။ သေဝေယျ၊ မှီဝဲရာ၏။ သာခံ၊ သာခသမင်ကို။ နဥပသံဝသေ၊ မမှီဝဲရာ။ နိဂြောဓသ္မိံ၊ နိဓသမင်၏ ခြေရင်း၌။ မတံ၊ သေရခြင်းသည်လည်း။ သေယျာ၊ ကောင်းမြတ်၏။ သာခသ္မိံ၊ သာခသမင်၏ အထံ၌။ ယံ ဇီဝိတံ၊ အကြင်အသက်ရှင်ရခြင်းသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုအသက်ရှင်ခြင်းသည်။ နေဝ သေယျာ၊ မကောင်းမြတ်သာလျှင်ကတည်း။

ထိုအခါမှစ၍ကား ဘေးမဲ့ကိုရကုန်သော သမင်တို့သည် လူတို့၏ ကောက်တို့ကိုစားကုန်၏။ လူတို့သည် ဤသမင်တို့ကား ဘေးမဲ့ကိုရကုန်၏ဟူ၍ သမင်တို့ကို ပစ်ခြင်းငှါ၎င်း ချောက်လှန့်ခြင်းငှါ၎င်း မဝံ့ကုန်၊ ထိုလူတို့သည် မင်းယင်ပြင်၌ စည်းဝေးကုန်လျက် မင်းအား ထိုအကြောင်းကို ကြားကုန်၏။ မင်းသည်ကား ကြည်ညိုသဖြင့် နိဂြောဓသမင်မင်းအား ဘေးမဲ့အဖြစ်ကို ပေးအပ်၏။ ငါသည်မင်းအဖြစ်ကိုသော် စွန့်အံ့၊ ထိုပဋိညာဉ်ကို မဖျက်၊ ငါ့နိုင်ငံ၌ တစုံတယောက်သောသူသည် သမင်တို့ကို မပစ်မခတ်ရဟူ၍ ဆို၏။ နိဂြောဓသမင်မင်းသည် ထိုသတင်းစကားကို ကြားလတ်သော် သမင်အပေါင်းတို့ကို စည်းဝေးစေ၍ သင်တို့သည် ယနေ့မှစ၍ သူတပါးတို့၏ ကောက်ကို မစားကြကုန်လင့်ဟု သမင်တို့ကိုဆုံးမ၍ လူတို့အား ယနေ့မှစ၍ ကောက်လုပ်ကုန်သောသူတို့သည် ကောက်ကိုစောင့်ရှောက်ခြင်းငှာ စည်းစောင်းရမ်းကို မလုပ်စေသတည်း၊ လယ်ကိုကာရံ၍ သစ်ရွက်အမှတ်ကို ဖွဲ့စေကုန်သတည်းဟု အကြောင်းကိုကြ၏။ ထိုအခါမှစ၍ လယ်တို့၌သစ်ရွက်ဖွဲ့သော အမှတ်သည် ဖြစ်သတတ်၊ ထိုအခါမှစ၍ သစ်ရွက်အမှတ်ကိုလွန်စေသော သမင်မည်သည်မရှိ၊ ဤသစ်ရွက်အမှတ်ကို မလွန်ခြင်းသည်တမူကား ထိုသမင်တို့အား ဘုရားလောင်းမှရသော ဩဝါဒဖြစ်သတတ်၊ ဘုရားလောင်းသည် ဤသို့ သမင်အပေါင်းကို ဆုံးမပြီး၍ အသက်အပိုင်းအခြား ကာလပတ်လုံးတည်၍ သမင်တို့နှင့်တကွ ကံအားလျော်စွာ လား၏။ မင်းသည်လည်း ဘုရားလောင်း၏ အဆုံးအမ၌တည်သဖြင့် ကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာလား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်ဘုရားသည် ရဟန်းတို့ ငါကား ယခုသာလျှင် ကုမာရကဿပ၏ အမိဖြစ်သော ရဟန်းမိန်းမ၏၎င်း ကုမာရကဿပ၏၎င်း ကိုးကွယ်ရာဖြစ်တော်မူသည် မဟုတ်သေး၊ ရှေး၌လည်း ကိုးကွယ်ရာဖြစ်ဘူးသည်သာလျှင်တည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာလေးပါးကိုဟောတော်မူ၍ ဝတ္ထုနှစ်ပါးတို့ကိုပြလျက် အနုသန္ဓေကို စပ်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ သာခသမင်ဖြစ်ဘူးပြီ၊ ယခုအခါ ဒေဝဒတ်၏ပရိသတ်တို့သည် ထိုအခါ သာခသမင်၏ အခြံအရံ ဖြစ်ဘူးပြီ၊ ယခုအခါ မထေရ်မသည် ထိုအခါ သားငယ်အမိသမင်မ ဖြစ်ဘူးပြီ၊ ယခုအခါ ကုမာရကဿပသည် ထိုအခါ သမင်မသား ဖြစ်လေပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးလေပြီ၊ ယခုအခါ ငါဘုရားသည် ထိုအခါ နိဂြောဓသမင် ဖြစ်ဘူးလေပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကရုဏာထား၊ လောင်းဘုရားကြောင့်၊ အများသတ္တ၊ ချမ်းသာရ၏

နှစ်ခုမြောက်သော နိဂြောဓမိဂဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-သီလဝဂ်

၃။ ကဏ္ဍိဇာတ်

ကာမဂုဏ်၌ တပ်မက်မော၍ အသက်ပျက်စီးသော သမင်၏အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဓိရတ္ထု ကဏ္ဍိနံ သလ္လံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဏ္ဍိဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်းသည် ဖြားယောင်းအပ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုမယားဟောင်း၏ ဖျားယောင်းခြင်းသည်ကား အဋ္ဌကနိပါတ် ဣန္ဒြိယဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ မြတ်စွာဘုရားသည်ကား ရဟန်း သင်သည် ရှေး၌လည်း ထိုမိန်းမကိုမှီ၍ အသက်ကုန်ခြင်းသို့ရောက်လေ၍ မီးကျီးစု၌ ကျက်ဘူးလေပြီဟု ထိုရဟန်းကို မိန့်တော်မူ၏။ ရဟန်းတို့သည် ထိုအကြောင်းကို ထင်စွာပြစိမ့်သောငှါ မြတ်စွာဘုရားကို တောင်းပန်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဘဝတပါး ဖုံးလွှမ်းသောအကြောင်းကို ထင်စွာတော်မူ၏။

* အမှာ * ဤဇာတ်မှ နောက်၌ကား ရဟန်းတို့၏ တောင်းပန်ခြင်းကို၎င်း၊ ဘဝတပါး ဖုံးလွှမ်းသည်၏ အဖြစ်ကို၎င်း မဆိုမူ၍ အတီတံ အာဟရိ မျှကိုသာလျှင် ဆိုပေကုန်အံ့၊ ဤမျှကိုသာလျှင် ဆိုငြားသော်လည်း ရဟန်းတို့၏ တောင်းပန်ခြင်းကို၎င်း တိမ်တိုက်တွင်းမှ လမင်းကို ထုတ်ဆောင်သော ဥပမာကို၎င်း ဘဝတပါး ဖုံးလွှမ်းသောအကြောင်း၏ အဖြစ်ကို၎င်း ဤအလုံးစုံကို ရှေး ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင် ယှဉ်၍သိအပ်၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ မဂဓတိုင်း ရာဇဂြိုဟ်ပြည်၌ မဂဓမင်းသည် မင်းပြု၏။ မဂဓပြည်သူတို့၏ ကောက်မှည့်သောအခါ သမင်တို့အား ကြီးစွာသောဘေးသည် ဖြစ်၏။ ထိုသမင်တို့သည် တောင်ခြေရင်း၌ နေကုန်၏။ ထိုသမင်တို့တွင် တောင်ခြေရင်း၌နေသော တခုသောသမင်သည် ရပ်စွန်ရွာနား၌နေသော သမင်မငယ်တခုနှင့် မိတ်ဖွဲ့ခြင်းကိုပြု၍ ထိုသမင်တို့၏ တောင်ခြေရင်းမှသက်လတ်၍ တဖန် ရွာ၏အနီးသို့ သက်သောကာလ၌ သမင်မငယ်၌ တပ်စွန်းခြင်းစိတ်ရှိသည်၏အဖြစ်ကြောင့် တောတောင်သို့ မပြန်မူ၍ ထိုရွာနီးနေ သမင်တို့နှင့်အတူတကွသာလျှင် ရွာ၏အနီးသို့လိုက်၏။ ထိုအခါ သမင်မငယ်သည် အရှင်သင်ကား တောတောင်နေ သမင်ဖြစ်၏။ ရွာအနီးအရပ်မည်သည်လည်း ရွံရှာဘွယ်ရှိ၏။ ဘေးဘျမ်းရှိ၏။ ငါတို့နှင့်အတူ ရွာနီးအရပ်သို့ မလိုက်လင့်ဟု ဆို၏။ ထိုသမင်သည် အဆွေခင်ပွန်း သမင်မ၌ ကြိုက်နှစ်သက်သော စိတ်ရှိသည်၏အဖြစ်ကြောင့် မပြန်မူ၍ အတူတကွသာလျှင် လိုက်၏။

မဂဓတိုင်းသားတို့သည် ယခုအခါ သမင်တို့၏ တောင်မှဆင်းလာသောအခါတည်းဟု သိကုန်၍ ခရီးအနီးအပါး ဖုံးလွှမ်းအပ်သော အုံတို့၌နေကုန်၍ ထိုသမင်နှစ်ခုတို့၏ လာသောလမ်း၌ တယောက်သော မုဆိုးသည် ဖုံးလွှမ်းအပ်သောအုံ၌ နေ၏။ သမင်မငယ်သည် လူနံ့နံ၍ တယောက်သောမုဆိုး စောင့်သည်ဖြစ်လတ္တံ့ ဟု ထိုသမင်မိုက်ကို ရှေ့ကသွားစေ၍ မိမိကား နောက်ကလိုက်၏။ မုဆိုးသည် မြားတချက်ပစ်သဖြင့်လျှင် သမင်ကို ထိုအရပ်၌ လည်းစေ၏။ သမင်မငယ်သည် သမင်မိုက်အား မြားမှန်သည်၏အဖြစ်ကိုသိ၍ ခုန်လွှားလျက် လေကဲ့သို့မြန်သော အဟုန်ဖြင့် ပြေးလေ၏။ မုဆိုးသည် အုံမှထွက်၍ သမင်ကို ဖျက်ယူပြီးလျှင် မီးထည့်၍။ မီးကျီးတို့၌ ကောင်းသောအသားကိုကင်လျက် စားပြီးသော် ရေသောက်၍ ကြွင်းသော အသားတို့ကို ယိုစီးကုန်သော သွေးပေါက်တို့ဖြင့် ထမ်းယူ၍ သားမယားတို့ကို ကျွေးမွေးလိုရကား အိမ်သို့ သွား၏။

ထိုအခါ ဘုရားလောင်းသည် ထိုတောအုပ်၌ ရုက္ခဇိုဝ်းနတ်ဖြစ်၍ ရုက္ခဇိုင်းနတ်သည် ထိုအကြောင်းကိုမြင်၍ ဤသမင်မိုက်၏ သေခြင်းသည် အမိကိုအမှီပြု၍ မဖြစ်၊ အဘကို အမှီပြု၍လည်း မဖြစ်၊ စင်စစ်အမှန်ကား ကာမကိုအမှီပြု၍ သေခြင်းသည်ဖြစ်၏။ ထိုစကားသည်မှန်၏။ သတ္တဝါတို့သည် ကာမဂုဏ်ကြောင့် သုဂတိ၌ လက်ဖြတ်ခြင်းအစရှိသော ဆင်းရဲသို့၎င်း ဒုဂ္ဂတိ၌ ငါးပါးအပြားရှိသော နှောင်ဖွဲ့ခြင်းအစရှိသည်ဖြင့် အထူးထူးအပြားပြား များစွာသော ဆင်းရဲခြင်းသို့၎င်း ရောက်ကုန်၏။ သူတပါးတို့အား သေခြင်း ဆင်းရဲကိုဖြစ်စေခြင်းမည်သည်ကိုလည်း ဤလောက၌ ကဲ့ရဲ့အပ်သလျင်ကတည်း၊ အကြင်ဇနပုဒ်ကို မိန်းမသည် စီရင်ဆုံးမ၏ မိန်းမအကြီးမူသော ထိုဇနပုဒ်ကိုလည်း ကဲ့ရဲ့အပ်သလျင်ကတည်း၊ အကြင် သတ္တဝါတို့သည် မိန်းမ၏အလိုသို့လိုက်ကုန်၏။ ထိုသူတို့ကိုလည်း ကဲ့ရဲ့အပ်သည်သာလျှင်ကတည်းဟု ဂါထာဖြင့် သုံးပါးသော ဂရဟဝတ္ထုတို့ကိုပြ၍ တောစောင့်နတ်တို့သည် ကောင်းချီး ပေးကုန်လျက် နံ့သာပန်းအစရှိသည်တို့ဖြင့် ပူဇော်အပ်ကုန်သည်ရှိသော် ထိုတောအုပ်ကို ပဲ့တင်ထပ်စေလျက်-

၁၃။ ဓိရတ္ထု ကဏ္ဍိနံ သလ္လံ၊ ပုရိသံ ဂါဠဝေဓိနံ။
ဓိရတ္ထု တံ ဇနပဒံ၊ ယတ္ထိတ္ထီ ပရိဏာယိကာ၊
တေ စာပိ ဓိက္ကိတာ သတ္တာ၊ ယေ ဣတ္ထီနံ ဝသံ ဂတာ၊

ဟူသော ဤဂါထာဖြင့် တရားဟော၏။

၁၃။ ဘော၊ အချင်းတို့။ သလ္လံ၊ စူးဝင်တတ်သော။ ကဏ္ဍိနံ၊ မြားရှိထသော။ ဂါဠဝေဓိနံ၊ ပြင်းစွာပစ်တတ်သော။ ပုရိသံ၊ ယောက်ျားကို။ ဓိရတ္ထု၊ နှုတ်ခမ်းမဲ့ရွဲ့ ကဲ့ရဲ့အပ်၏။ ယတ္ထ၊ အကြင်ဇနပုဒ်၌။ ဣတ္ထီ၊ မိန်းမသည်။ ပရိဏာယိကာ၊ အမှုကိစ္စကို စီရင်၏။ တံ ဇနပဒံ၊ ထိုဇနပုဒ်ကိုလည်း။ ဓိရတ္ထု၊ နှုတ်ခမ်းမဲ့ရွဲ့ ကဲ့ရဲ့အပ်၏။ ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ ဣတ္ထီနံ၊ မိန်းမတို့၏။ ဝသံ၊ အလိုသို့။ ဂတာ၊ လိုက်ကုန်၏။ တေ စာပိ သတ္တာ၊ ထိုသတ္တဝါတို့ကိုလည်း။ ဓိက္ကိတာ၊ နှုတ်ခမ်းမဲ့ရွဲ့ ကဲ့ရဲ့အပ်ကုန်၏။

ဤသို့ ဘုရားလောင်းသည် တဂါထာဖြင့် သုံးပါးကုန်သော ဂရဟဝတ္ထုတို့ကိုပြ၍ တောကိုပဲ့တင်ထပ်စေလျက် ဘုရားကဲ့သို့ တင့်တယ်ခြင်းဖြင့် တရားကိုပြလေပြီ၊ သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်၍ သစ္စာတို့ကို ပြသည်၏အဆုံး၌ ငြီးငွေ့သောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် နှစ်ပါးသောဝတ္ထုတို့ကို ဟောတော်မူ၍ အနုသန္ဓေကို စပ်တော်မူ၍ ယခုအခါ ငြီးငွေ့သောရဟန်းသည် ထိုအခါ တောင်၌နေသော သမင်ဖြစ်လေပြီ၊ ယခုအခါ ငြီးငွေ့သောရဟန်း၏ မယားဟောင်းသည် ထိုအခါ သမင်မငယ်ဖြစ်လေပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကာမဂုဏ်၌ အပြစ်ကိုပြ၍ တရားဟောတတ်သော ရုက္ခဇိုဝ်းနတ် ဖြစ်လေပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကာမကိုလိုက်၊ တပ်နှစ်ခြိုက်၊ အငိုက်မိကာ သေတတ်ရှာ

သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကဏ္ဍိဇာတ် ပြီး၏။

*****

ဧကကနိပါတ်-သီလဝဂ်

၄။ ဝါတမိဂဇာတ်

ရသတဏှာကို အစွဲပြု၍ မရောက်တန်သော အရပ်သို့ ရောက်ရသည့် အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် န ကိရတ္တိ ရသေဟိ ပါပိယော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝါတမိဂဇာတ်ကို သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စူဠပိဏ္ဍပါတိက တိဿမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ များစွာသော စည်းစိမ်ရှိသော သူဌေး၏သားဖြစ်သော တိဿသူငယ်သည် တနေ့သ၌ ဝေဠုဝန်ကျောင်းတော်သို့ သွား၍ ဘုရားတရားတော်ကို နာရလတ်တော် ရဟန်းပြုလိုရကား ရဟန်းအဖြစ်ကိုတောင်းပန်၍ မိဘတို့သည် ခွင့်မပြုအပ်သည်၏အဖြစ်ကြောင့် ဘုရားပယ်တော်မူအပ်သည်ရှိသော် ရဋ္ဌပါလ မထေရ်ကဲ့သို့ ခုနစ်ရက် အာဟာရကိုဖြတ်သဖြင့် မိဘတို့ကို ခွင့်ပြုစေ၍ ဘုရားအထံ၌ ရဟန်းအဖြစ်ကို တောင်းပန်၏။ မြတ်စွာဘုရားသည် တိဿသူဌေးသားကိုရဟန်းပြု၍ လခွဲပတ်လုံး ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူ၍ ဇေတဝန် ကျောင်းတော်သို့ ကြွတော်မူ၏။ ဇေတဝန် ကျောင်းတော်၌ အမျိုးသားသည် ဓုတင် တဆယ့်သုံးပါးကို ဆောက်တည်၍ သာဝတ္ထိပြည်၌ အိမ်စဉ်အတိုင်း ဆွမ်းခံသွားလျက် ကာလကိုလွန်စေ၏။ ထိုတိဿမထေရ်အား စူဠပိဏ္ဍပါတိက တိဿမထေရ်ဟု ကောင်းကင်ပြင်၌ လပြည့်ဝန်းကဲ့သို့ ဘုရားသာသနာတော်၌ ကျော်စောထင်ရှား၏။

ထိုရာဇဂြိုဟ်ပြည်၌ နက္ခတ်သဘင် ကစားခြင်းသည် ဖြစ်လတ်သော် တိဿမထေရ်၏ မိဘတို့သည် အကြင် ဝတ်စားတန်ဆာကို တိဿမထေရ်သည် လူဖြစ်စဉ်ကာလ၌ ဝတ်စားဆင်ယင်အပ်၏။ ထိုဝတ်စားတန်ဆာကို ရတနာပန်းတောင်း၌ ထည့်၍ ရင်၌ထား၍ တပါးကုန်သော နက္ခတ်သဘင်တို့၌ ငါတို့သားသည် ဝတ်စားတန်ဆာဖြင့်ဆင်ယင်လျက် ပွဲသဘင်ကစား၏။ ထိုတယောက်တည်းသော ငါတို့သားကို ရဟန်းဂေါတမယူ၍ သာဝတ္ထိပြည်သို့သွား၏။ ထိုငါတို့သားသည် ယခုအခါ အဘယ်၌ နေထိုင်လိမ့်နည်း၊ အဘယ်၌ ရလိမ့်နည်းဟုဆို၍ ငိုကြွေးမြည်တမ်းကုန်၏။

ထိုအခါ တယောက်သော ပြည့်တန်ဆာမသည် ထိုအိမ်သို့သွား၍ ငိုကြွေးမြည်တမ်းသော သူဌေးမကိုမြင်လတ်သော် ရှင်မ အဘယ့်ကြောင့် ငိုသနည်းဟုမေး၏။ သူဌေးမသည် ထိုအကြောင်းကို ကြား၏။ ရှင်မ အရှင့်သားသည် အဘယ်ကို ကြိုက်တတ်သနည်းဟု မေး၏။ ဤမည်သော ဤမည်သော အစာအာဟာရကို ကြိုက်တတ်၏ဟု သူဌေးမဆို၏။ ရှင်မ ဤအိမ်၌ အလုံးစုံသောဥစ္စာကို ကျွန်ုပ်အား အရှင်တို့သည် ပေးကုန်ငြားအံ့၊ အရှင့်သားကို အကျွန်ုပ်ဆောင်ခြအေံ့ဟု ပြည့်တန်ဆာမက ဆို၏။ ကောင်းပြီဟု ဝန်ခံ၍ ရိက္ခာပေး၍ သူဌေးမသည် များစွာသောအခြံအရံဖြင့် ပြည့်တန်ဆာမကို ရှင်မ သွားပါ၊ ရှင်မအစွမ်းဖြင့် ငါ့သားကို ဆောင်ပါချေဟု စေလိုက်၏။ ပြည့်တန်ဆာမသည်လည်း ပေါင်းချုပ်စီးလျက် သာဝတ္ထိပြည်သို့ သွား၍ မထေရ်၏ ဆွမ်းခံလမ်း၌ နေရာအိမ်ကိုယူ၍ သူဌေးအိမ်မှလာကုန်သောသူတို့ကို မထေရ်အား မမြင်စေဘဲ မိမိအခြံအရံဖြင့်သာ ခြံရံစေလျက် ဆွမ်းခံဝင်သောမထေရ်အား လက်ဦးစွာ တဟင်းချိုသော ယာဂုကို၎င်း အရသာနှင့်ပြည့်စုံသော ဆွမ်းကို၎င်း ရသတဏှာဖြင့်နှောင်ဖွဲ့၍ အစဉ်သဖြင့်အိမ်၌နေစေလျက် ဆွမ်းကိုလှူလတ်သော် မိမိအလိုသို့ လိုက်သည်၏အဖြစ်ကို သိ၍ နာဟန်ပြုလျက် အိမ်တွင်း၌ အိပ်၏။

မထေရ်သည်လည်း ဆွမ်းခံသောအခါ အိမ်စဉ်အတိုင်း ဆွမ်းခံလျက် ထိုအိမ်တံခါးဝသို့ ရောက်၏။ ပြည့်တန်ဆာမ၏ အလုပ်အကျွေးဖြစ်သောသူသည် မထေရ်၏သပိတ်ကိုယူ၍ မထေရ်ကို အိမ်၌နေစေ၏။ မထေရ်သည် သီတင်းသည်မကား အဘယ်မှာနည်းဟု မေး၏။ အရှင်ဘုရား သီတင်းသည်မသည် မကျန်းမမာ နာသည်ဖြစ်၍ အရှင်ဘုရားတို့ကို ဖူးမြင်လိုပါသတည်းဟု လျှောက်၏။ မထေရ်သည် ရသတဏှာဖြင့် ဖွဲ့အပ်သည်ဖြစ်၍ မိမိဆောက်တည်သောဝတ်ကိုဖျက်၍ ပြည့်တန်ဆာမ အိပ်ရာအရပ်သို့ ဝင်လေ၏။ ပြည့်တန်ဆာမသည် မိမိလာသော အကြောင်းကို ပြောဆို၍ မထေရ်အားဖြားယောင်း၍ ရသတဏှာဖြင့် နှောင်ဖွဲ့လျက် လူထွက်စေ၍ မိမိအလိုသို့ လိုက်စေလျက် များစွာသော အခြွေအရံဖြင့် ရာဇဂြိုဟ်ပြည်သို့သာလျှင် သွား၏။ ထိုအကြောင်းသည် ထင်ရှားစွာ ဖြစ်၏။

ရဟန်းတို့သည် တရားသဘင်၌ စည်းဝေးကုန်လျက် စူဠပိဏ္ဍပါတိက တိဿမထေရ်ကို တယောက်သော ပြည့်တန်ဆာမသည် ရသတဏှာဖြင့် နှောင်ဖွဲ့လျက် ယူ၍သွားသတတ်ဟု စကားကိုဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် တရားသဘင်သို့ ကြွတော်မူ၍ တန်ဆာဆင်အပ်သော တရားဟောပလ္လင်၌ နေတော်မူ၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူ၏။ ရဟန်းတို့သည် ထိုအကြောင်းကို ကြားလျှောက်ကုန်၏။ ရဟန်းတို့ ယခုဘဝ၌သာလျှင် ထိုရဟန်းသည် ရသတဏှာဖြင့် နှောင်ဖွဲ့အပ်သည်ဖြစ်၍ ထိုပြည့်တန်ဆာမ၏အလိုသို့ လိုက်သည် မဟုတ်သေး၊ ရှေး၌လည်း ထိုပြည့်တန်ဆာမ၏အလိုသို့ လိုက်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် သဉ္စယမည်သော ဥယျာဉ်စောင့်သည် ရှိ၏။ ထိုအခါ တခုသော ဝါတမိဂသည် ထိုဥယျာဉ်သို့ လာလတ်၍ သဉ္စယကို မြင်လတ်သော် ပြေး၏။ သဉ္စယသည်လည်း ဝါတမိဂလာသည်ကို ခြိမ်းခြောက်၍ မနှင်၊ ဝါတမိဂသည် အကြိမ်ကြိမ်လာ၍ ဥယျာဉ်၌လျှင် ကျက်စား၏။ ဥယျာဉ်စောင့်သည် ဥယျာဉ်မှ အထူးထူး အပြားပြား များကုန်သော ပန်းသစ်သီးတို့ကိုယူ၍ နေ့တိုင်း နေ့တိုင်း မင်းဆက်၏။ ထိုအခါ တနေ့သ၌ ဥယျာဉ်စောင့်ကို အချင်းဥယျာဉ်စောင့် ဥယျာဉ်၌ တစုံတခုသောအံ့ဘွယ်သရဲကို မြင်ရသလောဟု မင်းသည် မေး၏။ အရှင်မင်းကြီး တပါးကိုကားမမြင်ရ၊ ဝါတမိဂတခုသည်တမူကား လာလတ်၍ ကျက်စားသည်ကို မြင်ရ၏ဟု ဥယျာဉ်စောင့်သည် လျှောက်၏။ ထိုဝါတမိဂကို သင်ဖမ်းနိုင်အံ့လောဟု မေး၏။ အရှင်မင်းကြီး အတန်ငယ်သော ပျားကိုရမူကား နန်းတော်တွင်းသို့ သွင်းနိုင်ပါ၏ဟု လျှောက်၏။ မင်းသည် ဥယျာဉ်စောင့်အား ပျားကို ပေးစေ၏။

ဥယျာဉ်စောင့်သည် ပျားကိုယူ၍ ဥယျာဉ်သို့ရောက်လျှင် ဝါတမိဂ၏ ကျက်စားရာအရပ်၌ မြက်တို့ကို ပျားဖြင့်လူး၍ ပုန်းအောင်းလျက် နေ၏။ သမင်သည် လာလတ်၍ ပျားလူးမြက်တို့ကို စားရသော် ရသတဏှာဖြင့် နှောင်ဖွဲ့အပ်ရကား အရပ်တပါးသို့ မသွားမူ၍ ဥယျာဉ်သို့သာလျှင် လာ၏။ ဥယျာဉ်စောင့်သည် သမင်၏ ပျားလူးမြက်တို့၌ တပ်မက်သောအဖြစ်ကိုသိ၍ အစဉ်သဖြင့် မိမိကိုယ်ကိုပြ၏။ သမင်သည် ဥယျာဉ်စောင့်ကိုမြင်လျှင် နှစ်ကြိမ် သုံးကြိမ် ပြေးလျက် အဘန်တလဲလဲ မြင်ရလတ်သော် အကျွမ်းဝင်ခြင်းသို့ ရောက်၍ အစဉ်သဖြင့် ဥယျာဉ်စောင့်၏လက်၌ တင်ထားအပ်ကုန်သော မြက်တို့ကိုစား၏။ ဥယျာဉ်စောင့်သည် ထိုသမင်၏ အကျွမ်း ဝင်ခြင်းသို့ ရောက်သောအဖြစ်ကိုသိ၍ မင်းအိမ် တိုင်အောင်ခရီးကို ဖျာတို့ဖြင့်ကာစေ၍ ထိုထိုအရပ်၌ သစ်ခက်ကို ချိုး၍ချစေလျက် ပျားဗူးကို ပခုံး၌လွယ်၍ မြက်စည်းတို့ကို လက်ကတီး၌ထား၍ ပျားလူးမြက်တို့ကို သမင်၏ရှေ့မှကြဲလျက် မင်းအိမ်တွင်းသို့လျှင် ရောက်၏။

သမင်သည် အိမ်တွင်းသို့ဝင်ပြီးသော် တံခါးကိုပိတ်ကုန်၏။ သမင်သည် လူတို့ကိုမြင်၍ တုန်လှုပ်လျက် သေဘေးမှကြောက်၍ နန်းတွင်းမင်းယင်ပြင်၌ ထိုမှဤမှ ပြေး၏။ မင်းသည် ပြာသာဒ်မှ ဆင်းသက်၍ တုန်လှုပ်သော ထိုသမင်ကိုမြင်လတ်သော် ဝါတမိဂသမင်သည်ကား လူတို့ကိုမြင်ရာအရပ်သို့ ခုနစ်ရက်မလာ၊ ထိတ်လန့်ရာအရပ်သို့ တသက်ပတ်လုံး မလာသည်ဖြစ်၏။ ဤသို့သဘောရှိသော တောကိုမှီသော ဝါတမိဂ သမင်သည် ရသတဏှာသည် နှောင်ဖွဲ့အပ်သည်ဖြစ်၍ ယခုအခါ သို့စဉ်သဘောရှိသော ဤအရပ်သို့ ရောက်လာ၏။ အချင်းတို့ လောက၌ ရသတဏှာအောက် အထူးသဖြင့် ယုတ်မာသော သဘောမည်သည် မရှိတကားဟု နှလုံးသွင်း၍-

၁၄။ န ကိရတ္ထိ ရသေဟိ ပါပိယော၊ အာဝါသေဟိဝ သန္ထဝေဟိ ဝါ။
ဝါတမိဂံ ဂဟနနိဿိတံ၊ ဝသမာနေသိ ရသေဟိ သဉ္စယော။

ဟူသော ဤဂါထာဖြင့် တရားဟောခြင်းကို ဖြစ်စေ၏။

၁၄။ ဘော၊ အချင်းတို့။ လောကေ၊ လောက၌။ ရသေဟိ၊ ဇိဝှါဝိညာဏ်ဖြင့်သိအပ်ကုန်သော အချို့ အချဉ်အစရှိကုန်သော ရသတို့၌ တပ်စွန်းတတ်ကုန်သော လောဘတို့အောက်။ ပါပိယော၊ အထူးသဖြင့် ယုတ်မာသော သဘောသည်။ န အတ္ထိ ကိရ၊ မရှိသတတ်။ ရသတဏှာ၊ ရသတဏှာသည်။ အာဝါသေဟိ၊ နေရာတို့၌ တပ်စွန်းတတ်ကုန်သော လောဘတို့အောက်၎င်း။ သန္ထဝေဟိဝါ၊ အဆွေခင်ပွန်းတို့၌ တပ်စွန်းတတ်ကုန်သော လောဘတို့အောက်၎င်း ပါပတရာ ကိရ၊ အဆအရာ အဆအထောင် အဆအသိန်းဖြင့်လွန်၍ ယုတ်မာသတတ်။ ဘော၊ အချင်းတို့။ တုမှေ၊ သင်တို့သည်။ ရသာနံ၊ အချိုအချဉ် အစရှိကုန်သော ရသာတို့၌ တပ်စွန်းတတ်ကုန်သော လောဘတို့၏။ ပါပိယဘာဝံ၊ အလွန်တရာ ယုတ်မာသည်၏ အဖြစ်ကို။ ပဿထ၊ ရှုကြကုန်လော။ ဂဟနနိဿိတံ၊ တောချုံကို မှီတတ်သော။ ဝါတမိဂံ၊ ဝါတမိဂသမင်ကို။ သဉ္စယော၊ သဉ္စယအမည်ရှိသော ဥယျာဉ်စောင့်သည်။ ရသေဟိ၊ ရသတို့ဖြင့်။ ဝသံ၊ မိမိအလိုသို့။ အာနေသိ၊ ဆောင်ပြီ။

ဤသို့ မင်းသည် ရသတဏှာ၏အပြစ်ကို ဟော၏။ ဟောပြီး၍ကား ထိုသမင်ကို တောသို့လျှင် ပို့စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ ထိုပြည့်တန်ဆာမကား ယခုဘဝ၌ သာလျှင် တိဿကို ရသတဏှာဖြင့် နှောင်ဖွဲ့၍ မိမိအလိုသို့ လိုက်စေသည် မဟုတ်သေး၊ ရှေးဘဝ၌လည်း လိုက်စေဘူးသည်သာလျှင်တည်းဟု ဤဓမ္မဒေသနာကိုဆောင်၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ပြည့်တန်ဆာမသည် ထိုအခါ သဉ္စယမည်သော ဥယျာဉ်စောင့် ဖြစ်ဘူးပြီ၊ ယခုအခါ စူဠပိဏ္ဍပါတိကမထေရ်သည် ထိုအခါ ဝါတမိဂသမင် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရသာအကြိုက်၊ အလိုလိုက်၊ အမိုက်တွေ့မည်သာ

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဝါတမိဂဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-သီလဝဂ်

၅။ ခရာဒိယဇာတ်

ပညာရှိတို့၏ အဆုံးအမကိုမခံ ငြင်းဆန်သောကြောင့် အသက်ဆုံးခြင်းသို့ ရောက်ဘူးခြင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လူကို ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အဋ္ဌက္ခုရံ ခရာဒိယေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤခရာဒိယဇာတ်ကို ဆိုနိုင်ခက်သော မထင်ရှားသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုဆုံးမခက်သော ရဟန်းသည် ဆုံးမခြင်းကို မယူသတတ်၊ ထိုအခါ ထိုရဟန်းကို သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်း သင်သည်ကား ဆုံးမခက်သောဟူသည် ဆုံးမခြင်းကို မခံမယူတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပါပေ၏ဟု နားတော်လျှောက်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်း သင်ကား ရှေး၌လည်း ဆုံးမခက်သည်၏ အဖြစ်ကြောင့် ပညာရှိတို့ ဆုံးမခြင်းကို မနာယူ၍ ကျော့ကွင်း၌ မိနေရကား အသက်ကုန်ခြင်းသို့ ရောက်ဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သော် ဘုရားလောင်းသည် သမင်ဖြစ်၍ သမင်အပေါင်း ခြံရံလျက် တော၌နေ၏။ ထိုအခါ ဘုရားလောင်း၏ နှမတော်သမင်မသည် သားကိုပြ၍ မောင်ကြီး ဤသမင်ကား မောင်ကြီးတူတည်း၊ ဤတူသမင်ကိုလည်း မိဂမာယာကို မောင်ကြီး သင်ပါလောဟု အပ်၏။ ဘုရားလောင်းသည် ထိုတူကို ဤမည်သောအချိန်၌ လာ၍ မောင်သည် သင်လှည့်လေဟု ဆို၏။ ထိုသမင်သည် မှာသောအချိန်၌မလာ၊ ထိုနေ့၌ကဲ့သို့ ခုနစ်ရက် ခုနစ်ကြိမ်တို့ကို လွန်စေ၏။ ထိုသမင်သည် မိဂမာယာကို မသင်ဘဲလျက် ကျက်စားလတ်သော် ကျော့ကွင်း၌မိ၏။ ထိုသမင်၏ အမိသည် မောင့်အထံသို့ကပ်၍ ငါ့မောင်ကြီး တူကို မောင်ကြီးသည် မိဂမာယာကို သင်ပါစေ၏လောဟု မေး၏။ ဘုရားလောင်းသည်လည်း ဆုံးမသည်ကို နားမထောင်သော သမင်အား သင် မစိုးရိမ်လင့်၊ သင့်သားသည် မိဂမာယာကို မသင်ဟုဆို၍ ယခုလည်း ထိုသမင်ကို မဆုံးမလိုသည်သာဖြစ်၍-

၁၅။ အဋ္ဌက္ခုရံ ခရာဒိယေ၊ မိဂံ ဝင်္ကာတိဝင်္ကိနံ။
သတ္တဟိ ကာလတိက္ကန္တံ၊ န နံ ဩဝဒိတုဿဟေ။

ဟူသော ဤဂါထာကို ဆို၏။

၁၅။ ခရာဒိယေ၊ ခရာဒိယအမည်ရှိသောနှမ။ အဟံ၊ ငါကား။ အဋ္ဌက္ခုရံ၊ ခွါရှစ်ခုရှိသော။ ဝင်္ကာတိဝင်္ကိနံ၊ အတန်ငယ် အရင်းကောက်ခြင်း အလွန်အဖျားကောက်ခြင်းရှိသော ဦးချိုရောက်ထသော။ သတ္တဟိ၊ ခုနစ်ရက် ခုနစ်ကြိမ်တို့ဖြင့်။ ကာလာတိက္ကန္တံ၊ ဆုံးမရာကာလကို လွန်ထသော။ နံ၊ ထိုအဆုံးအမခက်သော သမင်ပျက်ကို။ ဩဒိတုံ၊ ဆုံးမခြင်းငှာ။ န ဥဿဟေ၊ မစွမ်းနိုင်။

ဤစကားဖြင့် သင့်သားသမင်ကိုဆုံးမခြင်းငှါ ငါ့အားစိတ်မျှလည်း မဖြစ်ဟူသော အနက်ကို ပြ၏။

ထိုအခါ၌ ကျော့ကွင်းမိသော ထိုဆုံးမခက်သော သမင်ကို မုဆိုးသတ်၍ အသားကိုယူ၍ သွားလေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည်လည်း ရဟန်း-သင်ကား ယခုသာလျင် ဆုံးမခက်သည် မဟုတ်သေး၊ ရှေး၌လည်း ဆုံးမခက်သည်သာလျှင်တည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကို စပ်၍ ယခုအခါ ဆုံးမခက်သော ရဟန်းသည် ထိုအခါ သမင်ဖြစ်ဘူးပြီ၊ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ နှမဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အဆုံးအမကို ပေးတတ်သော သမင် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆိုဆုံးမခက်၊ အသက်ထွက်၊ သမင်ပျက် ဥပမာ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ခရာဒိယဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-သီလဝဂ်

၆။ တိပလ္လတ္ထဇာတ်

ဆိုဆုံးမလွယ်ခြင်း သိက္ခာပုဒ်ကို စောင့်ရှောက်ခြင်း၏အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် မိဂံ တိပလ္လတ္ထံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတိပလ္လတ္ထဇာတ်ကို ကောသမ္ဗီပြည် ဆီးတောကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အကျင့်သိက္ခာပုဒ်ကို အလိုရှိသော ရာဟုလာမထေရ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားကိုချဲ့ဦးအံ့၊ တရံရောအခါ သဗ္ဗညူမြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစတေီ၌ သီတင်းသုံးနေတော်မူသည်ရှိသော် များစွာကုန်သော သီတင်းသည်ယောက်ျား သီတင်းသည်မိန်းမ ရဟန်းယောက်ျား ရဟန်းမိန်းမတို့သည် တရားနာအံ့သောငှာ ကျောင်းတော်သို့ လာကုန်၏။ နေ့အခါ တရားနာခြင်းသည် ဖြစ်၏။ ညကာလရောက်လတ်သည်ရှိသော်ကား သီတင်းသည်မိန်းမ ရဟန်းမိန်းမတို့သည် ပြန်သွားကုန်၏။ ထိုအခါမှစ၍ ညဉ့်၌ တရားနာခြင်းသည် ဖြစ်၏။ တရားနာသည်၏ အဆုံး၌ မထေရ်ဖြစ်ကုန်သော ရဟန်းတို့သည် မိမိတို့၏နေရာသို့ သွားကုန်၏။ ပဉ္စင်းငယ် သာမဏေတို့သည်ကား သီတင်းသည်တို့နှင့်တကွ အထူးဆည်းကပ်ရာ စရပ်၌ အိပ်ကုန်၏။ ထိုပဉ္စင်းငယ် သာမဏေတို့သည် အိပ်ပျော်လတ်သော် အချို့သော သူတို့သည် သရုတ်သရက်မြည်သော ထွက်သက်ဝင်သက်ရှိကုန်သည်ဖြစ်၍ ကျီးသံကဲ့သို့ မြည်ကုန်သည်ဖြစ်၍ သွားတို့ကို ကြိတ်ကုန်လျက် အိပ်ကုန်၏။ အချို့သောသူတို့သည် အတန်ငယ်အိပ်၍ ထကုန်၏။ ထိုရဟန်းတို့၏ ဖောက်ပြန်သော အခြင်းအရာကို မြင်ကုန်၍ မြတ်စွာဘုရားအား လျှောက်ကုန်၏။

ဘုန်းတော်ကြီးသော သဗ္ဗညူမြတ်စွာဘုရားသည် အကြင် ရဟန်းသည်ကား လူသာမဏေနှင့် တမိုးတရံတည်းသော ကျောင်း အိပ်ရာနေရာ၌ အတူတကွ အိပ်ငြားအံ့၊ ထိုရဟန်းအား ပါစိတ်အာပတ်သင့်၏ဟု သိက္ခာပုဒ်ကိုပညတ်တော်မူပြီး၍ ကောသမ္ဗီပြည်သို့ ကြွတော်မူ၏။ ထိုကောသမ္ဗီပြည်၌ ရဟန်းတို့သည် အရှင်ရာဟုလာကို ငါ့သျှင် ရာဟုလာ မြတ်ဘုရားသည် သိက္ခာပုဒ်ကို ပညတ်တော်မူအပ်ပြီ၊ ယခု ငါ့သျှင်အိပ်ရာနေရာကို ငါ့သျှင်သိလော့ဟု ဆိုကုန်၏။ ရှေး၌တမူကား ထိုရဟန်းတို့သည် မြတ်စွာဘုရား၌ ရိုသေသဖြင့်၎င်း ထိုရှင်ရာဟုလာ၏ သိက္ခာပုဒ်ကို အလိုရှိသည်၏အဖြစ်ကို စွဲ၍၎င်း မိမိနေရာအရပ်သို့ လာသော အရှင်ရာဟုလာကို အလွန်ချီးမြှောက်ကုန်၏။ ညောင်စောင်းငယ်ကိုခင်း၍ ခေါင်းအုံးစိမ့်သောငှာ သင်္ကန်းကို ပေးကြကုန်၏။ ထိုနေ့၌တမူကား သိက္ခာပုဒ်မှကြောက်ခြင်းကြောင့် နေရာအရပ်ကိုလည်း မပေးကုန်၊ ရာဟုလာ အရှင်မြတ်သည်လည်း ငါ၏အဘဟူ၍ မြတ်စွာဘုရားအထံတော်သို့၎င်း, ငါ၏ဥပဇ္ဈာယ်ဟု အရှင်သာရိပုတ္တရာအထံသို့၎င်း, ငါ၏ သရဏဂုံဆရာဟု အရှင်မောဂ္ဂလာန်အထံသို့၎င်း, ငါ၏ဘထွေးဟု အရှင်အာနန္ဒာမထေရ်၏ အထံသို့၎င်း, မသွားမူ၍ ဗြဟ္မဗိမာန်သို့ဝင်သော ဗြဟ္မာကဲ့သို့ ဘုရားသုံးဆောင်တော်မူသော ဝစ္စကုဋိတော်သို့ဝင်၍ အိပ်နေခြင်းကိုပြု၏။ ထိုစကားသည် သင့်၏။ မြတ်စွာဘုရားတို့၏ အသုံးအဆောင်ကုဋိသည် ကောင်းစွာ ပိတ်အပ်သော တံခါးရှိ၏။ နံ့သာ အမွှေးအကြိုင်တို့ဖြင့် အပြေအပြစ် ပြုအပ်သော မြေရှိ၏။ နံ့သာ ပန်းဆိုင်းတို့ကို ထက်ဝန်းကျင် ဆွဲအပ်၏။ ခပ်သိမ်းသော ညဉ့်ပတ်လုံး ထွန်းအပ်သောဆီမီးရှိ၏။ ရာဟုလာ အရှင်မြတ်သည်တမူကား ထိုဝစ္စကုဋိ၏ ဤဆိုအပ်ပြီးသော ပြည့်စုံခြင်းကိုစွဲ၍ ထိုဝစ္စကုဋိတော်၌ အိပ်နေခြင်းကိုပြုသည်မဟုတ်၊ ရဟန်းတို့သည်ကား အိပ်ရာနေရာအရပ်ကို သိလေလောဟု ဆိုအပ်သည်၏အဖြစ်ကြောင့် အဆုံးအမတော်၌ ရိုသေသဖြင့် သိက္ခာပုဒ်ကို အလိုရှိသည်၏ အဖြစ်ကြောင့် ထိုဝစ္စကုဋိတော်၌ အိပ်နေခြင်းကိုပြု၏။

အကြား အကြား၌လည်း ရဟန်းတို့သည် အဝေးမှလာလတ်သော အရှင်ရာဟုလာကို မြင်ကုန်၍ အရှင်ရာဟုလာကို စုံစမ်းအံ့သောငှါ တံမြက်ဆုပ် တံမြက်ချေးစွန့်သော တောင်းတို့ကို အပသိုပစ်ကုန်၍ အရှင်ရာဟုလာရောက်သည်ရှိသော် ငါ့သျှင်တို့ ဤတံမြက်ဆုပ် တံမြက်ချေး စွန့်အပ်သော တောင်းများကို အဘယ်သူသည် စွန့်ပစ်သနည်းဟု ဆိုကုန်၏။ အချို့သော ရဟန်းတို့သည် အရှင်ရာဟုလာသည် ဤခရီးဖြင့် သွားသတည်းဟု ဆိုကုန်လတ်သော် အရှင်ရာဟုလာသည်လည်း အရှင်ဘုရားတို့ အကျွန်ုပ်သည် ဤအမှုကို မသိဟု မဆိုမူ၍လျှင် ထိုတံမြက်ဆုပ် တံမြက်ချေးစွန့်တောင်းများကို သိုမှီးသိမ်းဆည်း၍ အရှင်ဘုရားတို့ အကျွန်ုပ်အား သည်းခံတော်မူပါကုန်ဟု ကန်တော့၍ သွား၏။ ဤသို့လျှင် အရှင်ရာဟုလာ သိက္ခာပုဒ်ကို အလိုရှိ၏။ ထိုအရှင်ရာဟုလာသည် ဤသို့ သိက္ခာပုဒ်ကို အလိုရှိသည်၏ အဖြစ်ကိုသာလျှင်စွဲ၍ ထိုဝစ္စကုဋိတော်၌ အိပ်ခြင်းကို ပြု၏။ ထိုအခါ သဗ္ဗညူမြတ်ဘုရားသည် အရုဏ်မတက်မီလျှင် ဝစ္စကုဋိတံခါး၌ရပ်၍ ချောင်းညံ့၏။ ရှင်ရာဟုလာသည်လည်း ချောင်းညံ့၏။ ဤသူကား အဘယ်သူနည်းဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ် ရာဟုလာပါတည်းဟု ထွက်၍ ရှိခိုး၏။ ရာဟုလာ သင်သည် ဤ၌ အဘယ့်ကြောင့် အိပ်သနည်းဟု မိန့်တော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား အိပ်ရာအရပ် မရှိသောကြောင့် အိပ်ရသည်ဖြစ်၏။ ရှေး၌ ရဟန်းတို့သည် အကျွန်ုပ်အား ထောက်ပံ့ကုန်၏။ ယခုအခါ မိမိတို့၏ အာပတ်သင့်ခြင်းမှကြောက်ခြင်းကြောင့် အကျွန်ုပ်အား နေရာအရပ်ကို မပေးကုန်၊ အကျွန်ုပ်သည် ဤအရပ်ကား သူတပါးတို့နှင့် မစပ်သော အရပ်တည်းဟု ဤအိမ်၌ အိပ်၏ဟု အရှင်ရာဟုလာသည် နားတော်လျှောက်၏။ ထိုအခါ မြတ်စွာဘုရားအား ရာဟုကိုစင်လျက် ရဟန်းတို့သည် ဤသို့ စွန့်သေး၏။ တပါးသော အမျိုးသားတို့ကို ရှင်ပြုကုန်၍ အသို့ပြုကုန်လတ္တံ့နည်းဟု ဓမ္မသံဝေဂသည် ဖြစ်တော်မူ၏။

ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် စောစောကလျှင် ရဟန်းတို့ကိုစည်းဝေးစေ၍ သာရိပုတ္တရာ ယနေ့ အဘယ်မှာ ရာဟုလာ အိပ်၏ဟူ၍ ရာဟုလာ၏ အိပ်ရာအရပ်ကို သိ၏လောဟု အရှင်သာရိပုတ္တရာမထေရ်ကို မေးတော်မူ၏။ ဘုန်းတော်ကြီးသောအရှင်ဘုရား မသိပေဟုနားတော်လျှောက်၏။ သာရိပုတ္တရာ ယနေ့ ရာဟုလာသည် ဝစ္စကုဋိ၌ အိပ်၏။ သာရိပုတ္တရာ ရာဟုလာကို သင်တို့သည် ဤသို့ စွန့်ကုန်လတ်သော် တပါးကုန်သော အမျိုးသားတို့ကို ရှင်ပြုကုန်၍ အသို့ပြုကုန်လတ္တံ့နည်း၊ ဤသို့ စွန့်အပ်သည်ရှိသော် ဤသာသနာတော်၌ ရှင်ပြုကုန်၍ တည်ရာမရကုန်သည် ဖြစ်ကုန်လတ္တံ့၊ ယခုနေ့မှစ၍ လူသာမဏေတို့ကို တရက် နှစ်ရက် မိမိအထံ၌ အိပ်စေ၍ သုံးရက်မြောက်၌ လူသာမဏေတို့၏ အိပ်ရာနေရာအရပ်ကိုသိ၍ အပ၌ အိပ်စေကြကုန်လော၊ ဤသို့ အနုပညတ်ကို ပြုတော်မူ၍ တဖန် သိက္ခာပုဒ်ကို ပညတ်တော်မူ၏။ ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ စည်းဝေးကုန်လျက် အရှင်ရာဟုလာ၏ ကျေးဇူးစကားကို ပြောဆိုကြကုန်၏။ အဘယ်သို့ ပြောဆိုကြကုန်သနည်းဟူမူကား ငါ့သျှင်တို့ အရှင်ရာဟုလာသည် သင်၏နေရာကို သိလေလောဟု ဆိုအပ်သည်ရှိသော် ငါ ဘုရားသားတည်း၊ သင်တို့သည်သာလျှင် ငါတို့ကျောင်းမှ ထွက်ကြကုန်လောဟု တယောက်သော ရဟန်းကိုလည်း မဆိုမူ၍ ဝစ္စကုဋီ၌ အိပ်နေခြင်းကို ပြု၏။ ဤအရှင်ရာဟုလာသည် စင်စစ်သဖြင့် သိက္ခာပုဒ်ကို အလွန်လျှင် အလိုရှိ၏။ ဤအရှင်ရာဟုလာကို ကြည့်ကြပါကုန်လောဟု ကျေးဇူးကို ပြောကြကုန်၏။

ဤသို့ ထိုရဟန်းတို့သည် အရှင်ရာဟုလာ၏ ဂုဏ်ကျေးဇူးကို ပြောဆိုလတ်ကုန်သော် သဗ္ဗညူမြတ်စွာဘုရားသည် တရားသဘင်သို့ ကြွတော်မူလာ၍ တန်ဆာဆင်အပ်သော တရားဟောပလ္လင်၌ နေတော်မူ၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မိန့်တော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား အရှင်ရာဟုလာ၏ သိက္ခာကို အလိုရှိသောစကားဖြင့် စည်းဝေးပါကုန်၏။ တပါးသောစကားဖြင့် မစည်းဝေးပါကုန်ဟု လျှောက်ကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ ရာဟုလာကား ယခုအခါ၌သာလျှင် သိက္ခာကို အလိုရှိသည် မဟုတ်သေး၊ ရှေးတိရစ္ဆာန်မျိုး၌ ဖြစ်သောအခါ၌လည်း သိက္ခာကို အလိုရှိသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ရာဇဂြိုဟ်ပြည်၌ တယောက်သော မဂဓမင်းသည် မင်းပြု၏။ ထိုအခါ ဘုရားလောင်းသည် သမင်မျိုး၌ဖြစ်၍ သမင်အပေါင်းခြံရံလျက် တော၌ နေ၏။ ထိုအခါ ဘုရားလောင်း၏ နှမသည် မိမိသားငယ်ကို ဆောင်ခဲ့၍ မောင်ကြီး ဤသမင်ကား မောင်ကြီး၏ တူတည်း၊ ဤသမင်အား မိဂမာယာကို မောင်ကြီး သင်ပါဟုဆို၏။ ဘုရားလောင်းသည် ကောင်းပြီဟု ဝန်ခံ၍ တူချစ် သင်သွာလေဦး၊ ဤမည်သောအခါမှ လာ၍သင်လှည့်လော့ဟု ဆို၏။ ထိုသမင်သည် ဦးရီးမှာသောအခါကို မလွန်စေမူ၍ ဦးရီးအထံသို့ ဆည်းကပ်၍ မိဂမာယာကို သင်၏။ မိဂမာယာကို သင်ပြီးသော် ထိုသမင်သည် တနေ့သ၌ တောဝယ် ကျက်စားလတ်သော် ကျော့ကွင်းမိ၍ မိသောအသံကို မြည်၏။ သမင်အပေါင်းသည် ပြေး၍ သင့်သားကို ကျော့ကွင်းမိ၏ဟု အမိသမင်မကိုပြော၏။ ထိုသမင်မသည် မောင့်အထံသို့သွား၍ မောင်ကြီးတူကို မောင်ကြီးသည် မိဂမာယာကို သင်ပါ၏လောဟု မေး၏။ ဘုရားလောင်းသည် နှမ သင်သည် သား၏တစုံတခုသော ဘေးဘျမ်းကိုမစိုးရိမ်လင့်၊ သင့်သားသည် မိဂမာယာကို ကောင်းစွာ သင်အပ်လေပြီ၊ ယခုပင် သင့်ကို ရွှင်စေလျက် လာလတ္တံ့ဟု ဆို၍-

၁၆။ မိဂံ တိပလ္လတ္ထမနေကမာယံ၊
အဋ္ဌက္ခုရံ အဍ္ဎရတ္တာပပါယိံ။
ဧကေန သောတေန ဆမာဿသန္တော
ဆဟိ ကလာဟိတိဘောတိ ဘာဂိနေယျော။

ဟူသော ဤဂါထာကို ဆို၏။

၁၆။ ဘောတိ၊ အိုနှမ။ အဟံ၊ ငါသည်။ တိပလ္လတ္ထံ၊ နံပါးနှစ်ဘက်တို့ဖြင့် အိပ်ခြင်း အနှောင့်အိပ်ခြင်း၏ အစွမ်းအားဖြင့် သုံးပါးသောအခြင်းအရာတို့ဖြင့် အိပ်ခြင်းရှိထသော။ အနေကမာယံ၊ များသော လှည့်ပတ်ခြင်းရှိထသော။ အဋ္ဌက္ခုရံ၊ ခွါရှစ်ခုတို့နှင့် ပြည့်စုံ ထသော။ အဍ္ဎရတ္တာပပါယိံ၊ ညဉ့်ဦးယံကို လွန်၍ သန်းခေါင်ယံမှ တောကလာ၍ ရေကိုသောက်လေ့ရှိထသော။ တနည်းကား။ သန်းခေါင်ယံ၌သာလျှင် ရေကို သောက်လေ့ရှိထသော။ မိဂံ၊ တူ သမင်ကို။ မိဂမာယံ၊ မိဂမာယာကို။ ဥဂ္ဂဏှာပေသိံ၊ သင်စေပြီ။ ကထံ၊ အသို့သင်သနည်းဟူမူကား။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ ဘာဂိနေယျော၊ တူသမင်သည်။ ဧကေန သောတေန၊ မြေ၌ ကပ်သော တဘက်သော နားနှာခေါင်းဖြင့်သာ။ ဆမာယံ၊ မြေ၌။ အဿသန္တော၊ ထွက်သက်ကို ဖြစ်စေလျက်။ ဆဟိ၊ အခြေလေးဘက်တို့ကိုဆန့်၍ နံပါးတဘက်ဖြင့်အိပ်ခြင်း ခွါတို့ဖြင့် မြေကိုယက်ခြင်း လျှာကို တွဲလျားကျစေခြင်း, ဝမ်းကို ဖူးဖူးရောင်စေခြင်း ကျင်ကြီး ကျင်ငယ်ကိုလွှတ်ခြင်း ထွက်သက် ဝင်သက်လေကိုချုပ်ခြင်းဟု ဆိုအပ်ကုန်သော ခြောက်ပါးကုန်သော။ ကလာဟိ၊ အဘို့တို့ဖြင့်။ တနည်းကား- ဆဟိ၊ ခြေဖြင့် မြေကိုယူ၍ရှေ့ရှုပြင်ခြင်း တွန်းခြင်း နံပါးနှစ်ဘက်တို့၌လွန့်ယက်ရာကိုဖြစ်စေခြင်း ဝမ်းကိုအထက်သို့ တက်စေခြင်း အောက်သို့ ရှိူက်စေခြင်းဟူသော ခြောက်ပါးကုန်သော။ ကလာဟိ၊ အဘို့တို့ဖြင့်။ လုဒ္ဒကံ၊ မုဆိုးကို။ အတိဘောတိ၊ လွှမ်းမိုးနိုင်၏။ တထာ၊ ထိုသို့သော အခြင်းအရာအားဖြင့်။ မိဂမာယံ၊ မိဂမာယာကို။ ဥဂ္ဂဏှာပေသိံ၊ သင်စေပြီ။

ထိုသမင်ငယ်သည်လည်း ကျော့ကွင်းမိလတ်သော် မတုန်မလှုပ်မူ၍လျှင် လကျ်ာနံပါးဖြင့် လက်ခြေတို့ကိုဆန့်လျက် အိပ်၏။ ခြေတို့၏ အနီးအရပ်၌ ခွါတို့ဖြင့် ကန်၍ မြက်တို့ကို ကွာကျွတ်စေ၍ ကျင်ကြီး ကျင်ငယ်ကိုစွန့်၍ ဦးခေါင်းကိုကျစေ၍ လျှာကို ထွက်စေ၍ ကိုယ်ကို တံတွေးလိမ်းကျံသည်ကို ပြု၍ လေကိုယူသဖြင့် ဝမ်းကို ဖူးဖူးရောင်အောင်ပြု၍ မျက်စိတို့ကိုလည်စေ၍ အောက် နား နှာခေါင်းဖြင့် ထွက်သက် ဝင်သက် လေကို သွားလာစေလျက် အထက် နား နှာခေါင်းက ထွက်သက် ဝင်သက်လေကို ချုပ်စေ၍ ကိုယ်အလုံးကို တောင့်မာစွာပြု၍ သေဟန်ကိုပြု၏။ ယင်ညိုတို့သည်လည်း ထိုသမင်ကို အုံကုန်၏။ ထိုထိုအရပ်၌ ကျီးတို့သည် နားကုန်၏။ မုဆိုးသည် လာလတ်၍ ဝမ်းကို လက်ဖြင့်ခတ်၍ စောစောကလျှင် မိသည် ဖြစ်လတ္တံ့၊ ထို့ကြောင့် ယခု ပုပ်လေပြီဟု ထိုသမင်၌မိသော ကြိုးတို့ကိုဖြေ၍ ယခု ဤ၌ပင်လျှင် ဤသမင်ကိုဖျက်၍ အသားကိုယူ၍ သွားအံ့ဟု သင်္ကာကင်း၍ သစ်ခက် သစ်ရွက်တို့ကို ယူအံ့သောငှါ အားထုတ်၏။ သမင်ငယ်သည် အခြေလေးဘက်တို့ဖြင့် ရပ်၍ ကိုယ်ကိုခါလျက် လည်ကိုဆန့်လျက် ကြီးစွာသော လေကြောင့်ဖြစ်သော တိမ်ကဲ့သို့ မြန်လှစွာသော အဟုန်ဖြင့် အမိထံသို့ ပြေး၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း ရဟန်းတို့ ရာဟုလာသည် ယခုသာလျှင် သိက္ခာကိုအလိုရှိသည် မဟုတ်သေး၊ ရှေး၌လည်း သိက္ခာကို အလိုရှိသည်သာလျှင်တည်းဟု ဤဓမ္မဒေသနာကို ဆောင်၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ရာဟုလာသည် ထိုအခါ တူသမင်ငယ် ဖြစ်ဘူးပြီ၊ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ အမိ သမင်မ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဦးရီးသမင် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆုံးမသည့်ခါ၊ လိုက်နာပါ၊ ပမာရာဟုလာ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော တိပလ္လတ္ထဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-သီလဝဂ်

၇။ မာလုတဇာတ်

ခြင်္သေ့တို့၏ ပြဿနာကို ဘုရားလောင်းရသေ့ ဖြေခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားလည် ကာဠေ ဝါ ယဒိ ဝါ ဇုဏေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမာလုတဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တောထွက်ရဟန်းကြီးနှစ်ယောက်တို့ကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းတို့သည် ကောသလဇနပုဒ်၌ တခုသော တောကျောင်း၌ နေကုန်သတတ်၊ တပါးသည် ကာဠမထေရ်မည်၏။ တပါးသည်ကား ဇုဏှမထေရ် မည်၏။ ထိုအခါ တနေ့သ၌ ဇုဏှမထေရ်သည် ကာဠမထေရ်ကို အရှင်ကာဠ အဘယ်ကာလ၌ ချမ်းခြင်းမည်သည် ဖြစ်သနည်းဟုမေး၏။ ကာဠမထေရ်သည် အရှင်ဇုဏှ ချမ်းခြင်းမည်သည်ကား လဆုတ်အခါ၌ ဖြစ်၏ဟု ဆို၏။ ထိုနောက်မှ တနေ့သ၌ ကာဠမထေရ်သည် ဇုဏှမထေရ်ကို အရှင်ဇုဏှ အဘယ်ကာလ၌ ချမ်းခြင်းမည်သည် ဖြစ်သနည်းဟု မေး၏။ ထိုဇုဏှမထေရ်သည် အရှင်ကဠ ချမ်းခြင်းမည်သည် လဆန်းအခါ၌ ဖြစ်၏ဟု ဆို၏။ ထိုနှစ်ပါးကုန်သော ရဟန်းတို့သည်လည်း မိမိတို့၏ ယုံမှားခြင်းကို ဖြတ်အံ့သောငှါ မတတ်နိုင်ကုန်ရကား မြတ်စွာဘုရား အထံတော်သို့ သွားကုန်၍ မြတ်စွာဘုရားကို ရှိခိုးကုန်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား အဘယ်ကာလ၌ ချမ်းခြင်းမည်သည် ဖြစ်သနည်းဟု လျှောက်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ စကားကို ကြားတော်မူ၍ ရဟန်းတို့ ရှေး၌လည်း သင်တို့ပြသနာကို ငါဖြေဘူးပြီ၊ ဘဝဖုံးလွှမ်းအပ်သည်၏ အဖြစ်ကြောင့်ကား သင်တို့ မမှတ်မိနိုင်ကုန်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ တခုသော တောင်ခြေရင်း၌ အဆွေခင်ပွန်း ဖြစ်ကုန်သော ခြင်္သေ့နှင့်ကျား နှစ်ခုတို့သည့ တခုလိုဏ်၌ နေကုန်၏။ ထိုအခါ ဘုရားလောင်းသည်လည်း ရသေ့ရဟန်းပြု၍ ထိုတောင်ခြေရင်း၌လျှင် နေ၏။ ထိုအခါ တနေ့သ၌ အဆွေခင်ပွန်း ဖြစ်ကုန်သော ခြင်္သေ့ ကျားတို့အား ချမ်းခြင်းကို အမှီပြု၍ ငြင်းခုံခြင်းသည်ဖြစ်၏။ ကျားသည် လဆုတ်၌သာလျှင် ချမ်း၏ဟု ဆို၏။ ခြင်္သေ့သည် လဆန်း၌သာလျှင် ချမ်း၏ဟုဆို၏။ ထိုကျား ခြင်္သေ့တို့သည်လည်း မိမိတို့၏ ယုံမှားခြင်းကို ဖြတ်အံ့သောငှါ မတတ်နိုင်ကုန်ရကား ဘုရားလောင်း အရှင်ရသေ့ကို မေးကုန်၏။ ဘုရားလောင်း ရှင်ရသေ့သည်-

၁၇။ ကာဠေ ဝါ ယဒိ ဝါ ဇုဏှေ၊ ယဒါ ဝါယတိ မာလုတော၊
ဝါတဇာနိ ဟိ သီတာနိ၊ ဥဘောတ္ထ မပရာဇိတာ။

ဟူသော ဤဂါထာကို ဆို၏။

၁၇။ ဘော၊ အချင်းတို့။ သီတာနိ၊ အချမ်းတို့သည်။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ ဝါတဇာနိ၊ လေကြောင့်ဖြစ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ယဒါ၊ အကြင်အခါ၌။ မာလုတော၊ လေသည်။ ကာဠေ ဝါ၊ လဆုတ်၌မူလည်း။ ဝါယတိ၊ လာအံ့။ ယဒိ၊ ထိုမြို့။ ဇုဏှေ ဝါ၊ လဆန်း၌မူလည်း။ ဝါယတိ၊ လာအံ့။ တဒါ၊ ထိုအခါ၌။ သီတံ၊ အချမ်းသည်။ ဟောတိ၊ ဖြစ်၏။ ဥဘော၊ နှစ်ဦးသော သူတို့သည်။ ဧတ္ထ၊ ဤပြသနာ၌။ အပရာဇိတာ၊ မရှုံးကြကုန်။

ဤသို့ ဘုရားလောင်းသည် ထိုနှစ်ယောက်ကုန်သော အဆွေ ခင်ပွန်းတို့ကို မှတ်စေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ကို ရှေး၌လည်း ငါသည် သင်တို့၏ ပြဿနာကို ဖြေဘူးပြီဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာလေးပါးကို ပြတော်မူသည်၏ အဆုံး၌ နှစ်ပါးကုန်သော မထေရ်တို့သည်လည်း သောတာပတ္တိဖိုလ်၌ တည်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် အနုသန္ဓေကို စပ်တော်မူ၍ ယခုအခါ ကာဠမထေရ်သည် ထိုအခါ ကျား ဖြစ်ဘူးလေပြီ၊ ယခုအခါ ဇုဏှမထေရ်သည် ထိုအခါ ခြင်္သေ့ဖြစ်ဘူးလေပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပြဿနာကိုဖြေသော ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အချမ်းဟူက၊ လေကြောင့်ပ၊ မုချ ဖြစ်သည်သာ

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော မာလုတဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-သီလဝဂ်

၈။ မတက ဘတ္တဇာတ်

ဆိတ်တို့ကိုသတ်၍ သေသူတို့အား ရည်မှတ်သဖြင့် လှူဒါန်းခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကိုဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဧဝံ စေ သတ္တာ ဇာနေယျုံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ မတကဘတ္တ ဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မတကဘတ် ကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုကာလ၌ လူတို့သည် များစွာကုန်သော ဆိတ်မြန်မာ, ဆိတ်ကုလား စသည်တို့ကို သတ်ကုန်၍ သေကုန်သော ဆွေမျိုးတို့ကို ရည်၍ မတကဘတ်မည်သည်ကို လှူကုန်၏။ ရဟန်းတို့သည် ထိုသို့လှူကုန်သော လူတို့ကို မြင်ကုန်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ယခုလူတို့သည် များစွာကုန်သော သတ္တဝါတို့ကို သတ်ကုန်၍ မတကဘတ်မည်သည်ကို လှူကုန်၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား ဤသို့ မတကဘတ်ကိုလှူကုန်အံ့ဟု ပါဏာတိပါတကို ပြုရာ၌ အကျိုးစီးပွားသည် ရှိသလောဟု မြတ်စွာဘုရားကိုမေးလျှောက်ကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ မတကဘတ်ကို လှူအံ့ဟု ပြုအပ်သော ပါဏာတိပါတ၌လည်း တစုံတခုသော အစီးအပွားမည်သည် မရှိ၊ ရှေး၌လည်း ပညာရှိတို့သည် ကောင်းကင်ပြင်ဝယ် နေကုန်လျက် တရားဟောကုန်၍ ဤမတကဘတ်ကိုလှူအံ့ဟု ပါဏာတိပါတကိုပြုသောအရာ၌ အပြစ်ကိုဟောကုန်၍ အလုံးစုံသောဇ မ္ဗူဒီပါကျွန်းသူတို့ကို ထိုအယူကို စွန့်စေကုန်ပြီ၊ ယခုအခါ၌ကား ဘဝဖုံးလွှမ်းသည်၏အဖြစ်ကြောင့် တဖန် မထင်ရှားသတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သော် ဗေဒင်သုံးပုံတို့၏ ကမ်းတဘက်သို့ရောက်သော ဒိသာပါမောက္ခဖြစ်သော တယောက်သော ဆရာပုဏ္ဏားသည် မတကဘတ်ကိုလှူအံ့ဟု တခုသော ဆိတ်ကုလားကို ယူခဲ့စေ၍ တပည့်တို့ကို အမောင်တို့ ဤဆိတ်ကုလားကို မြစ်သို့ဆောင်၍ ရေချိုး၍ လည်၌ပန်းကုံးစွပ်၍ နံ့သာလက်ငါးချောင်းကို ပေး၍ ဆောင်ခဲ့ကြကုန်ဟု ဆို၏။ ထိုတပည့်တို့သည် ကောင်းပြီဟု ဝန်ခံကုန်၍ ထိုဆိတ်ကုလားကို ယူကုန်လျက် မြစ်သို့သွားကုန်၍ ရေချိုးကုန်ပြီးသော် လည်၌ ပန်းကုံးကို စွပ်ကုန်၍ မြစ်နား၌ ထားကုန်၏။ ထိုဆိတ်ကုလားသည် မိမိ၏ ရှေးဘဝကိုမြင်၍ ငါသည် ယနေ့ ဤသို့သဘောရှိသော ဆင်းရဲမှ လွတ်ပေအံ့ဟု ဝမ်းမြောက်သည်ဖြစ်၍ မြေအိုးကိုခွဲဘိသကဲ့သို့ သည်းသောရယ်ခြင်းကို ရယ်၍ တဖန် ပုဏ္ဏားသည် ငါ့ကိုသတ်၍ ခံရသောဆင်းရဲကို ရလတ္တံ့ဟု ပုဏ္ဏား၌ သနားခြင်းကို ဖြစ်စေ၍ သည်းစွာသောအသံဖြင့် ငို၏။

ထိုအခါ ထိုဆိတ်ကို ထိုလုလင်တို့သည် အချင်းဆိတ် သင်သည် သည်းစွာသော အသံဖြင့် ရယ်လည်းရယ်၊ ငိုလည်းငို၏။ အဘယ့်ကြောင့်လျှင် ရယ်ဘိသနည်း၊ အဘယ်ကြောင့်ကား ငိုဘိသနည်းဟု မေးကုန်၏။ သင်တို့သည် ဤအကြောင်းကို မိမိတို့၏ ဆရာ့အထံ၌ မေးကြကုန်ဟု ဆိတ်ကဆိုလျှင် ထိုလုလင်တို့သည် ထိုဆိတ်ကို ယူကုန်လျက် သွားကုန်၍ ဤအကြောင်းကို ဆရာအား ကြားကုန်၏။ ဆရာသည် ထိုလုလင်တို့၏စကားကို ကြား၍ ဆိတ်ကို အချင်းဆိတ် သင်သည် အဘယ်ကြောင့်ရယ်သနည်း၊ အဘယ်ကြောင့် ငိုသနည်းဟု မေး၏။ ဆိတ်သည် မိမိပြုသောအမှုကို ဇာတိဿရဉာဏ်ဖြင့် အောက်မေ့၍ ပုဏ္ဏားအား ပြောဆို၏။

ပုဏ္ဏား ငါသည် ရှေး၌ သင်ကဲ့သို့ ဗေဒင်ရွတ်တတ် သရဇ္ဈာယ်တတ်သော ပုဏ္ဏားဖြစ်၍ မတကဘတ်လှူအံ့ဟု တခုသော ဆိတ်ကုလားကို သတ်၍ မတကဘတ်ကို လှူဘူး၏။ ထိုငါသည် တခုသော ဆိတ်ကုလားကို သတ်ဘူးသည်၏ အဖြစ်ကြောင့် လေးရာ့ကိုးဆယ့်ကိုးဘဝတို့၌ ခေါင်းပြတ်ခြင်းသို့ ရောက်လေပြီ၊ ဤဘဝသည်ကား အဆုံးစွန်၌တည်သော ငါးရာတို့၏ ပြည့်ကြောင်းဖြစ်သော ဘဝတည်း၊ ထိုငါသည် ယနေ့ ဤသို့ သဘောရှိသောဆင်းရဲမှ လွတ်ရအံ့ဟုဝမ်းမြောက်၏။ ထို့ကြောင့် ရယ်သတည်း၊ ငိုသောငါသည်တမူကား ရှေးဦးစွာ တခုသော ဆိတ်ကို သတ်၍ ဘဝငါးရာပတ်လုံး ဦးခေါင်းပြတ်ခြင်း ဆင်းရဲခြင်းသို့ ရောက်၏။ ယနေ့ ထိုဆင်းရဲမှ လွတ်ရအံ့၊ ပုဏ္ဏားသည်တမူကား ငါ့ကိုသတ်၍ ငါကဲ့သို့ ဘဝငါးရာပတ်လုံး ဦးခေါင်းပြတ်ခြင်း၏ဆင်းရဲကို ခံရရှာလတ္တံ့ဟု သင်၌ သနားခြင်းကြောင့် ငို၏ဟု ဆိတ်ဆို၏။

အချင်းဆိတ် မကြောက်လင့်၊ သင့်ကို ငါမသတ်ဟု ပုဏ္ဏားဆို၏။ ပုဏ္ဏား သင် အသို့ဆိုသနည်း၊ သင်သတ်သော်၎င်း မသတ်သော်၎င်း ယနေ့ ငါသည် သေခြင်းမှမလွတ်နိုင်ဟု ထိုဆိတ်ကဆို၏။ အချင်းဆိတ် သင်သည် မကြောက်လင့်၊ သင့်ကို အစောင့်အရှောက်ကိုယူ၍ သင်နှင့်တကွသာလျှင် ငါလိုက်အံ့ဟု ပုဏ္ဏား ဆို၏။ ပုဏ္ဏား သင်၏ အစောင့်အရှောက်ကား အနည်းငယ်သာလျှင် ဖြစ်၏။ ပြုသော မကောင်းမှုသည်ကားကြီး၏။ အားရှိ၏ဟု ဆိတ်ကဆိုပြန်၏ ပုဏ္ဏားသည် ဆိတ်ကို လွှတ်၍ ဤဆိတ်ကို တစုံတယောက်သော သူအား သတ်စိမ့်သောငှါ မပေးအံ့ဟု တပည့်တို့ကို ခေါ်၍ ဆိတ်နှင့် တကွသာလျှင် သွား၏။ ဆိတ်ကိုလွှတ်လျှင်ပင် တခုသော ကျောက်ဖျာကြီးကို အမှီပြု၍ ရောက်သော ချုံ၌ လည်ကိုမော်၍ အရွက်တို့ကို စားအံ့သောငှါ အားထုတ်၏။ ထိုခဏ၌လျှင် ထိုကျောက်ဖျာ၌ မိုးကြိုးကျ၏။ တခုသော ကျောက်လွှာသည်ပြတ်၍ ဆိတ်၏ ဆန့်သောလည်၌ကျ၍ ဦးခေါင်းသည် ပြတ်လေ၏။ လူများသည် စည်းဝေးလာ၏။ ထိုအခါ ဘုရားလောင်းသည် ထိုအရပ်၌ ရုက္ခဇိုဝ်းနတ်ဖြစ်၏။ ထိုဘုရားလောင်းသည် ထိုလူများမြင်စဉ်လျှင် နတ်၏ အာနုဘော်ဖြင့် ကောင်းကင်ပြင်ဝယ် ထက်ဝယ်ဖွဲ့ခွေလျက် နေ၍ သတ္တဝါတို့သည် ဤသို့မကောင်းမှု၏အကျိုးကို အကယ်၍ သိကုန်အံ့၊ ပါဏာတိပါတကို မပြုလေကုန်ရာဟု သာယာသော အသံဖြင့် တရားဟောလိုရကား-

၁၈။ ဧဝံ စေ သတ္တာ ဇာနေယျုံ၊ ဒုက္ခာယံ ဇာတိသမ္ဘဝေါ။
န ပါဏော ပါဏိနံ ဟညေ၊ ပါဏဃာတီ ဟိ သောစတိ။

ဟူသော ဤဂါထာကို ဆို၏။

၁၈။ ဘော၊ အချင်းတို့။ ပါဏဃာတီ၊ သတ္တဝါကို သတ်သောသူသည်။ စတူသု အပါယေသု၊ အပါယ်လေးပါးတို့၌။ မဟာဒုက္ခံ၊ ကြီးစွာသောဆင်းရဲကို။ အနုဘဝမာနာ၊ ခံစားရလျက်။ ဒီဃရတ္တံ၊ အခါလေးမြင့်။ ဟိ ယသ္မာ၊ အကြင်ကြောင့်။ သောစတိ၊ စိုးရိမ်ရ၏။ တသ္မာ၊ ထို့ကြောင့်။ အယံ ဇာတိ၊ ထိုထိုဘဝ၌ ဤသို့ သဘောရှိသော ပဋိသန္ဓေ နေခြင်းသည်၎င်း။ အယံ သမ္ဘဝေါ စ၊ ဤသို့မသိစဉ် အစဉ်သဖြင့် ကြီးခြင်းသည်၎င်း။ ဒုက္ခော၊ အိုခြင်း နာခြင်း သေခြင်း မုန်းသောသူတို့နှင့် မိတ်ဖွဲ့ပေါင်းရခြင်း ချစ်သောသူတို့နှင့် ကွေကွင်းရခြင်း လက် ခြေပြတ်ခြင်း အစရှိကုန်သော ဆင်းရဲတို့၏ တည်ရာဖြစ်၏။ ဧဝံ၊ ဤသို့။ သတ္တာ၊ သတ္တဝါတို့သည်။ စေ ဇာနေယျုံ၊ အကယ်၍ သိကုန်ငြားအံ့။ ပါဏော၊ သတ္တဝါသည်။ ပါဏိနံ၊ သတ္တဝါကို။ န ဟညေ၊ မသတ်ရာ။

ဤသို့ ဘုရားလောင်းသည်လည်း ငရဲဘေးဖြင့် ခြိမ်းခြောက်၍ တရားဟောတော်မူ၏။ လူတို့သည် ထိုတရားကို နာရကုန်၍ ငရဲဘေးမှ ကြောက်ကုန်သဖြင့် ပါဏာတိပါတမှ ကြဉ်ကြကုန်၏။ ဘုရားလောင်းသည်လည်း တရားဟော၍ လူများကို သီလ၌ တည်စေ၍ ကံအားလျော်စွာ လားရလေ၏။ လူများသည်လည်း ဘုရားလောင်း၏ အဆုံးအမ၌တည်၍ ဒါန အစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်ကို ပြည့်စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ငါဘုရားသည် ထိုအခါ ရုက္ခဇိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သေသူရည်မှတ်၊ အလှူမြတ်၊ မသတ်ရှောင်ခွါ ပါဏာတိပါ

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော မတကဘတ္တဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-သီလဝဂ်

၉။ အာယာစိတဘတ္တဇာတ်

သတ္တဝါတို့ကိုသတ်၍ နတ်ပူဇော်ခြင်း၌ အကျိုးမရှိသည်ကို ပြခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သစေ မုစ္စေ ပေစ္စ မုစ္စေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အာယာစိတဘတ္တဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် နတ်တို့အား တောင်းပန်ခြင်း ရှိခိုးပူဇော်ခြင်းအမှုကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအခါ လူတို့သည် ကုန်သွယ်အံ့သောငှာ သွားကုန်လတ်သည်ရှိသော် သတ္တဝါတို့ကို သတ်ကုန်၍ နတ်တို့အား ပူဇော်ခြင်းအမှုကို ပြုကုန်၍ အကျွန်ုပ်တို့သည် အန္တရာယ်မရှိသဖြင့် အကျိုး၏ပြီးခြင်းသို့ ရောက်ကုန်သည်ရှိသော် လာကုန်၍ တဖန် ရှင်နတ်မင်းတို့အား ပူဇော်ပါကုန်အံ့ဟု တောင်းပန်ကုန်၍ သွားကြကုန်၏။ ထိုကုန်သွယ်ခြင်းအမှု၌ အန္တရာယ်မရှိသဖြင့် အကျိုးပြီးခြင်းသို့ ရောက်လတ်သော် လာလတ်ကုန်၍ နတ်တို့၏ အာနုဘော်ကြောင့် ဤအကျိုးပြီးခြင်းသည် ဖြစ်၏ဟု ထင်မှတ်ရကား များစွာသော သတ္တဝါတို့ကို သတ်ကုန်၍ တောင်းပန်ခြင်းမှ လွတ်စိမ့်သောငှါ ပူဇော်ခြင်းအမှုကို ပြုကုန်၏။ ရဟန်းတို့သည် ထိုအမှုကို မြင်ကုန်၍ ဘုန်းတော်ကြီး အရှင်ဘုရား ဤသတ္တဝါတို့ကိုသတ်၍ နတ်အား ပူဇော်သောအမှုကို ပြုရာ၌ အကျိုးရှိသလောဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ကာသိတိုင်း တခုသောရွာငယ်၏ တံခါး၌နေသော သူကြွယ်သည် ပညောင်ပင်စောင့်နတ်အား ပူဇော်ခြင်းအမှုကိုဝန်ခံ၍ အန္တရာယ်မရှိသဖြင့် လာလတ်၍ များကုန်သော သတ္တဝါတို့ကိုသတ်၍ ဝန်ခံခြင်းမှလွတ်စေအံ့ဟု ပညောင်ပင်ရင်းသို့လာ၏။ ရုက္ခဇိုဝ်းနတ်သည် ပညောင်ခွ၌ ရပ်၍-

၁၉။ သစေ မုစ္စ ပေစ္စ မုစ္စေ၊ မုစ္စမာနော ဟိ ဗဇ္စျတိ။
န ဟေဝံ ဓီရာ မုစ္စန္တိ၊ မုတ္တိ ဗာလဿ ဗန္ဓနံ။

ဟူသော ဤဂါထာကို ဆို၏။

၁၉။ ဘော ပုရိသ၊ အိုအချင်းယောက်ျား။ တွံ၊ သင်သည်။ သစေ မုစ္စေ၊ အကယ်၍ ဝန်ခံခြင်းမှ လွတ်လိုအံ့။ ပေစ္စ၊ တမလွန်ဘဝ၌။ မုစ္စေ၊ လွတ်အောင်ပြုရာ၏။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ မုစ္စမာနော၊ ပါဏာတိပါတကိုပြု၍ ဝန်ခံခြင်းမှ လွတ်စေလိုသော သူကို။ ဗဇ္စျတိ၊ မကောင်းမှုသည် မိ၏။ တသ္မာ၊ ထို့ကြောင့်။ ဓီရာ၊ ပညာရှိတို့သည်။ ဧဝံ၊ ဤသို့။ န မုစ္စန္တိ၊ ဝန်ခံခြင်းကို မဖြေကုန်။ ဗာလဿ၊ သူမိုက်၏။ မုတ္တိ၊ ပါဏာတိပါတကိုပြု၍ ဝန်ခံခြင်းမှ လွတ်စေခြင်းသည်ကား။ ဗန္ဓနံ၊ မကောင်းမှုဖြင့် မိသည်။ ဟောတိ၊ ဖြစ်၏။

ဘုရားလောင်း ရုက္ခဇိုဝ်းနတ်သည် ဤသို့ ဟော၏။ ထိုအခါမှစ၍ လူတို့သည် ပါဏာတိပါတမှ ကြဉ်ကုန်လျက် တရားကို ကျင့်ကုန်၍ နတ်ပြည်ကို ပြည့်စေကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဘုရားသည် ထိုအခါ ရုက္ခဇိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ပါဏာတိပါတ်၊ သူ့သက်သတ်၊ ယဇ်နတ်ပူဇော် ခံဘို့မြှော်

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော အာယာစိတဘတ္တဇာတ်သည်ပြီး၏။

*****

ဧကကနိပါတ်-သီလဝဂ်

၁၀။ နဠကပါနဇာတ်

ကျူရိုးတို့၌ အလုံးစုံ အခေါင်းပေါက်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဒိသွာ ပဒမနုတ္တိဏ္ဏံအစရှိသောဂါထာပုဒ်ဖြင့် တန်ဆင်အပ်သော ဤနဠကပါနဇာတ်ကို ကောသလတိုင်းတို့၌ ဒေသစာရီ ကြွတော်မူလတ်သော် နဠကပါနရွာသို့ရောက်၍ နဠကပါနရေကန်နား ဆပ်သွားတော၌ သီတင်းသုံး နေတော်မူစဉ်ကျူးရိုးတို့ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုအခါ ရဟန်းတို့သည် နဠကပါနရေကန်၌ ရေချိုးကုန်၍ အပ်ကျည်ဘို့ သာမဏေတို့ကို ကျူးရိုးယူစေ၍ အလုံးစုံ၌လျှင် အပေါက်ရှိကုန်သော ထိုကျူးရိုးတို့ကိုမြင်ကုန်၍ ဘုရားအထံတော်သို့ ကပ်ကုန်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်တို့သည် အပ်ကျည်ဘို့ ကျူးရိုးတို့ကို ယူစေကုန်၏။ ထိုကျူရိုးတို့သည် အရင်းမှ အဖျားတိုင်အောင် အလုံးစုံလျှင် ပေါက်ကုန်၏။ ထိုအကြောင်းကား အသို့တုံနည်းဟု မေးလျှောက်ကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ ဤကျူရိုးတို့၏ပေါက်ခြင်းသည်ကား ငါ၏ ရှေးအဓိဋ္ဌာန်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ထိုကျူတောသည် လူမနေသော တောအရပ် ဖြစ်သတတ်၊ ထိုရေကန်၌လည်း တယောက်သော ဒကရက္ခိုသ်သည် ရေသို့သက်တိုင်း သက်တိုင်းကုန်သော သတ္တဝါတို့ကို စား၏။ ထိုအခါ ဘုရားလောင်းသည် သမင်သားငယ် ပမာဏရှိသော မျောက်မင်းဖြစ်၍ မျောက်ရှစ်သောင်း ခြံရံလျက် မျောက်အပေါင်းကိုဆောင်၍ ထိုတော၌ နေ၏။ ဘုရားလောင်း မျောက်မင်းသည် မျောက်အပေါင်းအား အမောင်တို့ ဤတော၌ အဆိပ်ပင်တို့သည်လည်း ရှိကုန်၏။ ဘီလူး သိမ်းဆည်းသော ရေကန်တို့သည်လည်း ရှိကုန်၏။ သင်တို့သည် မစားဘူးသော သစ်သီးကြီးငယ်တို့ကို စားလိုကုန်သော်၎င်း၊ မသောက်ဘူးသော ရေကို သောက်လိုကုန်သော်၎င်း ငါ့ကိုပန်ကြားကုန်ဟု ဩဝါဒပေး၏။ ထိုမျောက်တို့သည် ကောင်းပြီဟု ဝန်ခံကုန်၍ တနေ့သ၌ မရောက်ဘူးသော အရပ်သို့ ရောက်ကုန်လတ်သော် ထိုအခါ၌ များစွာသောနေ့ပတ်လုံး ကျက်စားကုန်၍ ရေကို ရှာကြကုန်လတ်သော် တခုသောရေကန်ကို မြင်ကုန်၍ ရေကို မသောက်ကုန်ဦးဘဲ ဘုရားလောင်း၏ လာခြင်းကို မျှော်ကုန်လျက် နေကြကုန်၏။

ဘုရားလောင်းသည် လာလတ်၍ အမောင်တို့ အဘယ့်ကြောင့် ရေကို မသောက်ကုန်သနည်းဟု ဆို၏။ အရှင်တို့၏ လာခြင်းကိုမျှော်ကုန်လျက် နေပါကုန်သည်ဟု မျောက်တို့ဆိုကုန်၏။ အမောင်တို့ ကောင်းပြီဟု ဘုရားလောင်းသည် ရေကန်ကိုဆင်ခြင်၍ ခြေရာကို ပိုင်းခြားကြည့်ရှုလတ်သော် သက်သော ခြေရာကိုသာလျှင် မြင်၏။ တက်သောခြေရာကို မမြင်၊ ထိုဘုရားလောင်းသည် ယုံမှားမရှိ ဤရေကန်ကို ဘီလူးစောင့်၏ဟုသိ၍ အမောင်တို့ ရေကို မသောက်ကုန်သော သင်တို့သည် ကောင်းသောအမှုကို ပြုအပ်၏။ ဤရေကန်ကို ဘီလူးစောင့်၏ဟု ဆိုလေ၏။ ဒကရက္ခိုသ်သည်လည်း ထိုမျောက်တို့၏ မသက်မဆင်းသော အဖြစ်ကိုသိ၍ ညိုသောဝမ်း ဖြူသောမျက်နှာ နီသောလက်ခြေ ဖောက်ပြန်သော အဆင်းရှိသည်ဖြစ်၍ ရေကို နှစ်ဖြာခွဲလျက် ထွက်လာ၏။ သင်တို့ အဘယ့်ကြောင့် ဆိုင်းငံ့၍ နေကြကုန်သနည်း၊ ဆင်း၍ ရေကို သောက်ကြကုန်လောဟု ဆို၏။

ထိုအခါ ဒကရက္ခိုသ်ကို ဘုရားလောင်းသည် သင်ကား ဤရေကန်၌ ဖြစ်သော ဒကရက္ခိုသ်လောဟု မေး၏။ ဟုတ်၏ဟု ဒကရက္ခိုသ်ဆို၏။ သင်ကား ရေကန်သို့ ဆင်းသက်သောသတ္တဝါတို့ကို ရသလောဟု မေး၏။ ရသည် မှန်၏။ ငါကား ဤရေကန်သို့ သက်လတ်သော် အယုတ်သဖြင့် ငှက်ကိုအစပြု၍ တစုံတခုသောသတ္တဝါကို မလွတ်၊ အလုံးစုံသော သင်တို့ကိုလည်း စားအံ့ဟုဆို၏။ ငါတို့သည် ကိုယ်ကို သင့်အား စားစိမ့်သောငှာ မပေးကုန်ဟု ဘုရားလောင်းဆို၏။ သင်တို့သည် ရေကိုသောက်ကုန်အံ့လောဟု ဒကရက္ခိုသ်မေး၏။ ငါတို့သည် ရေကို သောက်ကုန်အံ့၊ ထိုသို့ သောက်ကုန်သော်လည်း သင့်နိုင်ငံသို့ မရောက်ကုန်လတ္တံ့ဟု ဘုရားလောင်းဆို၏။ နိုင်ငံသို့ မရောက်ကုန်သည်ရှိသော် အသို့လျင် ရေကို သင်တို့ သောက်ကုန်လတ္တံ့နည်းဟု ဒကရက္ခိုသ်ဆို၏။ ရေကန်သို့ သက်၍ ရေသောက်ကုန်လတ္တံ့ဟု အောက်မေ့မှတ်ထင်သလော၊ ရှစ်သောင်းကုန်သော ငါတို့သည်လည်း ရေကန်သို့ မသက်ကုန်မူ၍ တချောင်းတချောင်းစီသော ကျူရိုးကို ယူကုန်၍ ကြာရိုးဖြင့် ရေကိုသောက်ကုန်သကဲ့သို့ သင့်ရေကန်မှ ရေကို သောက်ကုန်အံ့၊ ဤသို့ သောက်လတ်ကုန်သောငါတို့ကို သင်သည် စားခြင်းငှါ မတတ်နိုင်လတ္တံ့ဟု ဘုရားလောင်း ဆို၏။

ဤအနက်ကို သိစေတော်မူ၍ သဗ္ဗညူမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၂၀။ ဒိသွာ ပဒမနုတ္တိဏ္ဏံ၊ ဒိသွာ နောတရိတံ ပဒံ။
နဠေန ဝါရိံ ပိဿာမ၊ နေဝ မံ တွံ ဝဓိဿသိ။

ဟူသော ဤဂါထာ၏ ရှေးနှစ်ပါဒကို ဟောတော်မူ၏။

၂၀။ ဘိက္ခဝေ၊ ရဟန်းတို့။ ကပိရာဇာ၊ မျောက်မင်းသည်။ တဿာ ပေါက္ခရဏိယာ၊ ထိုရေကန်၌။ ဉတ္တိဏ္ဏံ၊ တက်သော။ ပဒံ၊ ခြေရာကို။ အနဒိသွာ၊ မမြင်မူ၍။ ဩတရိတံ၊ သက်သော။ ပဒံ၊ ခြေရာကိုသာ။ ဒိသွာန၊ မြင်၍။ အယံ၊ ဤရေကန်ကား။ အဒ္ဓါ၊ စင်စစ်။ အမနုဿပရိဂ္ဂဟိတာတိ၊ ဘီလူးစောင့်သော ရေကန်တည်းဟု။ ဉတွာ၊ သိ၍။ တေန၊ ထိုဘီလူးနှင့်။ သဒ္ဓိံ၊ တကွ။ သလ္လပန္တော၊ စကားပြောဟောလျက်။ နဠေန၊ ကျူရိုးဖြင့်။ ဝါရိံ၊ ရေကို။ မယံ၊ ငါတို့သည်။ ပိဿာမ၊ သောက်ကုန်အံ့။ ပိဝံ၊ ဤသို့ကျူရိုးဖြင့် ရေကိုသောက်သော။ သပရိသံ၊ ပရိသတ်နှင့် တကွသော။ မံ၊ ငါ့ကို။ တွံ၊ သင်သည်။ နေဝ ဝဓိဿသိ၊ မသတ်ရလတ္တံ့။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။

ဘုရားလောင်းသည် ဤသို့ဆိုပြီး၍ တခုသော ကျူရိုးကိုယူစေ၍ ပါရမီတို့ကို ဆင်ခြင်၍ သစ္စာပြု၍ နှုတ်သီးဖြင့် မှုတ်၏။ ကျူရိုးသည် အတွင်း၌ တစုံတခုသောအဆစ်ကို မကြွင်းစေမူ၍ အလုံးစုံသာလျှင် အခေါင်းရှိသည်ဖြစ်၏။ ဤအမှတ်ဖြင့် တပါးလည်းဖြစ်သော ကျူရိုးကိုဆောင်စေ၍ နှုတ်သီးဖြင့်မှုတ်၍ မျောက်အပေါင်းအား ပေး၏။ ဤသို့မှုတ်ရသည်ရှိသော် ပြီးစေခြင်းငှါ မတတ်ကောင်း၊ ထို့ကြောင့် ဤသို့မယူလေအပ်၊ စင်စစ်သဖြင့် ဘုရားလောင်းသည် ဤရေကန်ကိုရံ၍ ရောက်ကုန်သော အလုံးစုံသော ကျူတို့သည်လည်း တပေါက်တည်းဖြစ်စေကုန်သတည်းဟု အဓိဋ္ဌာန်၏။ ထိုစကားသည် မှန်၏။ အစီးအပွားကို ဆောင်ရွက်သောကျေးဇူး၏ များသည်၏အဖြစ်ကြောင့် ဘုရားလောင်းတို့အား အဓိဋ္ဌာန်သည် ပြည့်စုံ၏။ ထိုအခါမှစ၍ ထိုရေကန်ကိုရ၍ရောက်ကုန်သော အလုံးစုံသောကျူရိုးတို့သည်လည်း တပေါက်တည်းသာ ရှိသည်ဖြစ်ကုန်၏။ ထိုစကားသည်မှန်၏။

** ဤဘဒ္ဒကပ်ကမ္ဘာ၌ တကမ္ဘာပတ်လုံး တည်ကုန်သော လေးပါးကုန်သော တန်ခိုးတို့သည် ရှိကုန်၏။ ထိုလေးပါးကုန်သော တန်ခိုးတို့သည် အဘယ်သည်တို့နည်းဟူမူကား...

လ၌ ယုန်ရေးသည် အလုံးစုံသော ဘဒ္ဒကပ်ကမ္ဘာပတ်လုံး တည်လတ္တံ့၊ ဝဋ္ဋကဇာတ်၌ မီးငြိမ်းရာအရပ်ကို အလုံးစုံသော ဤဘဒ္ဒကပ်ကမ္ဘာပတ်လုံးလည်း မီးတို့သည် မလောင်ကုန်လတ္တံ့၊ ဃဋိကာရ၏ နေရာအရပ်သည် ဤအလုံးစုံသော ဘဒ္ဒကပ်ကမ္ဘာပတ်လုံးလည်း မိုဃ်းမစွတ်သည်ဖြစ်၍ တည်လတ္တံ့၊ ဤရေကန်ကို ရံ၍ ရောက်ကုန်သော ကျူရိုးတို့သည်လည်း အလုံးစုံသော ဘဒ္ဒကပ်ကမ္ဘာပတ်လုံးလည်း တခုသော အပေါက်ရှိသည် ဖြစ်ကုန်လတ္တံ့၊ ဤလေးပါးတို့တည်း။ **

ဘုရားလောင်းသည် ဤသို့ အဓိဋ္ဌာန်ပြီး၍ တခုသောကျူကို ယူ၍ နေ၏။ ထိုရှစ်သောင်းကုန်သော မျောက်တို့သည်လည်း တခု တခုစီသော ကျူကိုယူကုန်၍ ရေကန်ကိုဝန်းရံ၍ နေကုန်၏။ ဘုရားလောင်းသည် ကျူရိုးဖြင့်ငင်၍ ရေကိုသောက်သောကာလ၌ ထိုအလုံးစုံသောမျောက်တို့သည်လည်း ကမ်းနား၌နေကုန်လျက် ရေကို သောက်ကုန်၏။ ထိုသို့ မျောက်တို့သည် ရေကိုသောက်ကုန်ပြီးသော် ဒကရက္ခိုသ်သည် တစုံတခုသော မျောက်ကိုမရ၍ နှလုံးမသာ၍ မိမိနေရာသို့သာလျှင် ပြန်သွားလေ၏။ ဘုရားလောင်းသည်လည်း ပရိသတ်တို့နှင့်တကွ တောသို့ ဝင်လေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည်ကား ရဟန်းတို့ ဤကျူရိုးတို့၏ တခုတည်းသော အပေါက်ရှိသည်၏ အဖြစ်သည် ငါ၏သာလျှင် ရှေးအဓိဋ္ဌာန်ကြောင့် ဖြစ်သတည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ဒကရက္ခိုသ်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရား၏ပရိသတ်သည် ထိုအခါ မျောက်မင်းပရိသတ်တို့သည် ဖြစ်ဘူးကုန်ပြီး ယခုအခါ ငါဘုရားသည် ထိုအခါ မျောက်မင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကျူ လ, ငုံး, အိမ်၊ ထုံးမတိမ်၊ ဘုန်းရှိန် ကမ္ဘာတည်

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော နဠကပါနဇာတ်သည် ပြီး၏။

သီလဝဂ် ပြီး၏။

*****

ဧကကနိပါတ်-ကုရုင်္ဂဝဂ်

၁။ ကုရုင်္ဂမိဂဇာတ်

ဒေဝဒတ်အလောင်းသည် ဘုရားလောင်းအား သတ်ခြင်းငှါ ကြံသော်လည်း မကြံနိုင်သော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဉာတမေတံ ကုရုင်္ဂဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုရုင်္ဂမိဂဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တပါးသောအခါ တရားသဘင်၌ စည်းဝေးကုန်၍ ရဟန်းတို့သည် ငါ့သျှင်တို့ ဒေဝဒတ်သည် မြတ်စွာဘုရားအား သတ်ခြင်းအလို့ငှာ လေးသမားတို့ကို စေလွှတ်၏။ ကျောက်ကိုလှိမ့်၏။ ဓနပါလဆင်ကို လွှတ်၏။ ခပ်သိမ်းသော အခြင်းအရာအားဖြင့် မြတ်စွာဘုရားအား သတ်ခြင်းငှါ လုံ့လပြု၏ဟု ဒေဝဒတ်၏ ကျေးဇူးမဲ့ကို ပြောဆိုလျက် နေကုန်၏။ မြတ်စွာဘုရားသည် ကြွတော်မူ၍ ခင်းအပ်သောနေရာ၌ နေတော်မူလျက် ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား ဒေဝဒတ်သည် အရှင်ဘုရားတို့အား သတ်ခြင်းငှါ လုံ့လပြု၏ဟု ဒေဝဒတ်၏ ကျေးဇူးမဲ့စကားဖြင့် စည်းဝေးကုန်၏ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ဒေဝဒတ်သည် ယခုသာလျှင် ငါ့အား သတ်ခြင်းငှါ လုံ့လပြုသည် မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုဘူးသည်သာလျှင်တည်း၊ ထိုသို့ လုံ့လပြုငြားသော်လည်း ငါ့ကို သတ်ခြင်းငှါ မတတ်နိုင်ဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သော် ဘုရားလောင်းသည် ဆတ်မည်သော သားဖြစ်၍ တခုသောတောနေရာ၌ သစ်သီးကြီးငယ်တို့ကို စား၍နေ၏။ ဘုရားလောင်းသည် တပါးသောကာလ၌ အသီးနှင့်ပြည့်စုံသော ယမနေပင်၌ ယမနေသီးတို့ကိုစားလျက် သွား၏။ ထိုအခါ တယောက်သော ရွာ၌နေသော လင့်စောင့်မုဆိုးသည် အသီးသီးသော သစ်ပင်ရင်းတို့၌ သားတို့၏ ခြေရာတို့ကို စုံစမ်း၍။ သစ်ပင်ထက်၌ လင့်ဆောက်၍နေလျက် သစ်သီးစားအံ့သောငှါ လာကုန်သောသားတို့ကို လှံဖြင့်ထိုး၍ ရကုန်သောအသားတို့ကို ရောင်းလျက် အသက်မွေး၏။ ထိုမုဆိုးသည် တနေ့သ၌ ထိုယမနေပင်ရင်း၌ ဘုရားလောင်း၏ ခြေရာကိုမြင်၍ ထိုယမနေပင်၌ လင့်ဆောက်၍ စောစောကလျှင် ထမင်းစား၍ လှံကိုယူ၍ တောသို့ဝင်၍ ထိုယမနေပင်သို့ တက်၍ လင့်၌နေ၏။

ဘုရားလောင်းသည်လည်း စောစောကလျှင် နေရာအရပ်မှ ထွက်၍ ယမနေသီးတို့ကို စားအံ့ဟု လာလတ်၍ ထိုယမနေပင်ရင်းသို့ အဆောတလျင် မဝင်မူ၍ ရံခါ လင့်၌နေသောမုဆိုးသည် သစ်ပင်တို့၌ လင့်ဆောက်၏။ ဤသို့သဘောရှိသော ဥပဒ္ဒဝေါသည် ရှိသလောဟု စုံစမ်းလျက် အပ၌သာလျှင် ရပ်၏။ မုဆိုးလည်း ဘုရားလောင်း မလာသည်၏အဖြစ်ကိုသိ၍ လင့်၌နေ၍လျှင် ယမနေသီးတို့ကို ပစ်၍ပစ်၍ ဘုရားလောင်း၏ရှေ့၌ ကျစေ၏။ ဘုရားလောင်းဆတ်သည် ဤယမနေသီးတို့သည် လာ၍ ငါ့ရှေ့၌ ကျကုန်၏။ အထက်၌ မုဆိုးရှိသလောဟု အဖန်တလဲလဲ ကြည့်သည်ရှိသော် မုဆိုးကိုမြင်၍ မမြင်သကဲ့သို့ပြု၍ အိုယမနေပင် ရှေး၌ သင်သည် အောက်သို့တွဲလွဲဆွဲလျက် ဝင်သကဲ့သို့ ဖြောင့်ဖြောင့်တန်းစွာလျှင် သစ်သီးတို့ကို ကျစေ၏။ ယခုကား သင်သည် သစ်ပင်၏တရားကို စွန့်၏။ ဤသို့ သင်သည် သစ်ပင်တရားကို စွန့်သည်ရှိသော် ငါလည်း တပါးသော သစ်ပင်ရင်းသို့ ကပ်၍ ငါ၏အာဟာရကို ရှာရအံ့ဟု ဆိုလို၍-

၂၁။ ဉာတမေတံ ကုရုင်္ဂဿ၊ ယံ တွံ သေပဏ္ဏိ သိယျသိ။
အညံ သေပဏ္ဏိ ဂစ္ဆာမိ၊ န မေ တေ ရုစ္စတေ ဖလံ။

ဟူသော ဤဂါထာကို ရွတ်၏။

၂၁။ သေပဏ္ဏိ၊ ယမနေပင်။ တွံ၊ သင်သည်။ ယံ သိယျသိ၊ အကြင် ငါ့ရှေ့သို့ရှေးရှု သစ်သီးတို့ကို ကျစေလျက်လှိမ့်၏။ ဧတံ၊ ထိုအကြောင်းကို။ ကုရုင်္ဂဿ၊ ဆတ်သည်။ ဉာတံ၊ သိအပ်၏။ တနည်းကား... ဧတံ၊ ထိုအကြောင်းကို။ ကုရုင်္ဂဿ၊ ဆတ်အား။ ဉာတံ၊ ထင်ရှား၏။ မေ၊ ငါသည်။ တေ၊ သင်သစ်ပင်၏။ ဖလံ၊ အသီးကို။ န ရုစ္စတေ၊ မနှစ်သက်။ အဟံ၊ ငါသည်။ အညံ၊ တပါးသော။ သေပဏ္ဏိ၊ ယမနေပင်သို့။ ဂစ္ဆာမိ၊ သွားအံ့။

ထိုအခါမုဆိုးသည် လင့်၌နေလျက်လှံကိုလွှတ်၍ သင်သည် သွားလေလော၊ ယခု သင့်ကို မထိုးမိ ချွတ်ယွင်း၏ဟု ဆို၏။ ဘုရားလောင်းသည် ပြန်၍ရပ်လျက် အို-ယောက်ျား ယခု ငါ့ကို အကယ်၍ကား ချွတ်ယွင်း၏။ သို့ချွတ်ယွင်းငြားသော်လည်း ငရဲကြီး ရှစ်ထပ်တို့ကို၎င်း တဆယ့်ရှစ်ရပ်သော ဥဿဒရက် ငရဲတို့ကို၎င်း၊ ငါးပါးအပြားရှိသော အနှောင်အဖွဲ့ အစရှိသည်တို့ကို၎င်း ညှဉ်းဆဲခြင်းတို့ကို၎င်း မချွတ်ယွင်းသည် သာလျှင်တည်းဟု ဆို၏။ ဤသို့ ဆိုလျက်ပြေး၍ အလိုအားလျော်စွာ သွား၏။ မုဆိုးလည်း ဆင်း၍ အလိုအားလျော်စွာ သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း ရဟန်းတို့ ဒေဝဒတ်သည် ယခုသာလျှင် ငါ့အား သတ်ခြင်းငှာ လုံ့လပြုသည် မဟုတ်သေး၊ ရှေး၌လည်း ငါ့အားသတ်ခြင်းငှာ လုံ့လပြုသည်သာလျှင်တည်း၊ ထိုသို့ လုံ့လပြုငြားသော်လည်း ငါ့ကို သတ်ခြင်းငှါ မတတ်နိုင်ဟု မိန့်တော်မူ၍ ဤ ဓမ္မဒေသနာကို ဆောင်၍ အနုသန္ဓေကို စပ်၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ လင့်၌နေသော မုဆိုးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဆတ်မည်သော သားဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

လောင်းမြတ်ဗုဒ္ဓါ၊ သေစိမ့်ငှာ၊ ကြံရာမပြီး အချည်းနှီး

ရှေးဦးစွာသော ကုရုင်္ဂမိဂဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုရုင်္ဂဝဂ်

၂။ ကုက္ကုရဇာတ်

ဆွေမျိုးတို့၏ အကျိုးကို သည်ပိုးဆောင်ရွက်ခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယေ ကုက္ကုရာ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုက္ကုရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အဆွေအမျိုးတို့၏ အကျိုးကို ကျင့်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအကျင့်သည် ဒွါဒသကနိပါတ် ဘဒ္ဒသာလဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ဤဝတ္ထုကိုကား ဖြစ်စေ၍လျှင် လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည် ရှိသော် ဘုရားလောင်းသည် ထိုသို့သဘောရှိသော ကံကိုစွဲ၍ ခွေးအမျိုး၌ ဖြစ်၍ များစွာသော ခွေးအပေါင်းခြံရံလျက် သုသာန်မ၌ နေ၏။ ထိုအခါ တနေ့သ၌ မင်းသည် ကိုယ်လုံးဖြူသော သိန္ဓောမြင်းတို့ဖြင့် ကအပ်သော

ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော ရထားကိုစီး၍ ဥယျာဉ်သို့သွား၍ ဥယျာဉ်၌ နေ့အဘို့ပတ်လုံး ကစား၍ နေဝင်သည်ရှိသော် မြို့သို့ဝင်၏။ မင်း၏ ရထားမြတ်ကို ထားမြဲတိုင်းသာလျှင် မင်းယင်ပြင်၌ ထားကုန်၏။ ရထားသည် ညဉ့်၌ မိုဃ်းရွာသည်ရှိသော် စွတ်၏။ နန်းပြာဿာဒ်ထက်မှ မင်းမျိုးတို့သည် မွေးစားသော ခွေးတို့သည် ဆင်းသက်ကုန်၍ ရထားကာသော သားရေကို၎င်း ဖွဲ့သော သားရေလွန်ကို၎င်း စားကုန်၏။ နက်ဖြန် နေ့၌ မင်းအား ရှင်မင်းကြီး ပြွန်ပေါက်မှ ခွေးတို့ဝင်ကုန်၍ ရထား၏ ကာသော သားရေကို၎င်း၊ ဖွဲ့သော သားရေလွန်ကို၎င်း စားကုန်၏ဟု လျှောက်ကုန်၏။ မင်းသည် ခွေးတို့အား အမျက်ထွက်၍ မြင်တိုင်း မြင်တိုင်းသော အရပ်၌ ခွေးတို့ကို သတ်လေကုန်ဟု ဆို၏။ ထိုအခါမှစ၍ ခွေးတို့အား ကြီးစွာသောပျက်စီးခြင်းသည် ဖြစ်၏။ မြင်တိုင်း မြင်တိုင်းသော အရပ်၌ သတ်အပ်ကုန်သော ခွေးတို့သည် ပြေးကုန်၍ သုသာန်မသို့ သွား၍ ဘုရားအလောင်း၏ အထံသို့ လာကုန်၏။

ဘုရားလောင်းသည် များစွာကုန်သော သင်တို့သည် အဘယ်အကြောင်းကြောင့် စည်းဝေးကုန်သနည်းဟု မေး၏။ ခွေးတို့သည် နန်းတော်တွင်း၌ ရထားကာသော သားရေကို၎င်း ဖွဲ့သော သားရေလွန်ကို၎င်း ခွေးတို့သည် စားကုန်သတတ်ဟု အမျက်ထွက်၍ မင်းသည် ခွေးတို့ကို သတ်စိမ့်သောငှါ စေ၏။ များကုန်သော ခွေးတို့သည် ပျက်စီးကုန်၏။ ကြီးစွာသောဘေး ဖြစ်၏ ဟု ဆိုကုန်၏။ ဘုရားလောင်းသည် မင်းစောင့်ရှောက်သော အရပ်၌ များကုန်သော ခွေးတို့စားခွင့်သည် မရှိ၊ ထိုသားရေကို စားသောအမှုသည်ကား နန်းတော်တွင်း၌ မင်းမျိုးတို့သည် မွေးစားအပ်သောခွေးတို့၏ အမှုသည် ဖြစ်လတ္တံ့၊ ယခုကား ခိုးစားကုန်သော ခွေးတို့အား တစုံတခုသော ဘေးသည်မရှိ၊ မခိုးစားကုန်သော ခွေးတို့သာ သေရကုန်၏။ ငါသည် ခွေးသူခိုးတို့ကို မင်းအားပြ၍ ဆွေမျိုး အပေါင်းတို့အား အသက်အလှူကို လှူရမူကားကောင်း၏ ဟု ကြံ၍ ဘုရားလောင်းသည် အဆွေအမျိုးတို့ကို သက်သာရာရစေ၍ သင်တို့သည် မကြောက်ကုန်လင့်၊ ငါသည် သင်တို့အား ဘေးမဲ့ကို ဆောင်အံ့၊ အကြင်မျှလောက်သော ကာလပတ်လုံး ငါသည် မင်းကို ဖူးမြင်အံ့၊ ထိုမျှလောက်သော ကာလပတ်လုံး သင်တို့သည် ဤအရပ်၌လျှင် နေနှင့်ကြကုန်လောဟု ဆို၍ ပါရမီတို့ကို ဆင်ခြင်၍ မေတ္တာဘာဝနာကို ရှေ့သွားပြု၍ ငါ၏ကိုယ်ပေါ်၌ ခဲကို၎င်း ဆောက်ပုတ်ကို၎င်း တစုံတယောက်သောသူသည် ပစ်ခြင်းငှါ မဝံ့စေသတည်းဟု အဓိဋ္ဌာန်၍ တကောင်တည်းလျှင် မြို့တွင်းသို့ဝင်၏။

ထိုအခါ ဘုရားလောင်းခွေးကိုမြင်၍ တယောက်သော သတ္တဝါသည် အမျက်ထွက်၍ ကြည့်သောမည်သည်မရှိ၊ မင်းသည်လည်းခွေးတို့ကိုသတ်ခြင်းငှာစေ၍ မိမိသည် ဆုံးဖြတ်ရာ အရပ်၌ နေ၏။ ဘုရားလောင်းသည် ထိုအရပ်သို့ပြေးသွား၍ မင်း၏ နေရာအောက်သို့ ဝင်၏။ ထိုအခါ ဘုရားလောင်းခွေးကို မင်းချင်းတို့သည် ထုတ်အံ့သောငှါ အားထုတ်ကုန်၏။ မင်းသည် မြစ်၏။ ဘုရားလောင်းခွေးသည် အတန်ငယ် အပင်အပန်းဖြေ၍ နေရာအောက်မှ ထွက်ပြီးသော် မင်းကိုရှိခိုး၍ ရှင်မင်းကြီးတို့သည် ခွေးတို့ကို သတ်စေကုန်သလောဟု မေး၏။ ငါသည် သတ်စေ၏ဟု ဆို၏။ မင်းကြီး ခွေးတို့၏အပြစ်ကား အဘယ်နည်းဟု မေး၏။ ရထားကို ကာရံသော သားရေကို၎င်း ဖွဲ့သော သားရေလွန်ကို၎င်း စားကုန်၏ဟု ဆို၏။ အကြင်ခွေးတို့သည် စားကုန်၏။ ထိုခွေးတို့ကို သိပါသလောဟု မေး၏။ မသိကုန်ဟု ဆို၏။ မင်းကြီး ဤမည်သော ခွေးတို့သည် သားရေကိုစားသော ခွေးသူခိုးတည်းဟု မှန်သောအားဖြင့် မသိမူ၍ မြင်တိုင်းမြင်တိုင်းသော အရပ်၌သာလျှင် သတ်စေခြင်းသည် မသင့်ဟု ဆို၏။ ရထား၏သားရေကို ခွေးတို့သည် စားကုန်သောကြောင့် မြင်တိုင်းမြင်တိုင်းသော အလုံးစုံသောခွေးတို့ကို သတ်ကုန်ဟု ခွေးတို့ကို သတ်စေခြင်းငှါ စေ၏။ လူတို့သည် အလုံးစုံသောခွေးတို့ကိုလျှင် သတ်ကုန်သလော၊ ထိုသို့မဟုတ်မူ၍ မသေရကုန်သော ခွေးတို့သည် ရှိကုန်သလောဟု မေး၏။ ရှိ၏ ငါတို့အိမ်၌ မင်းမျိုးတို့သည် မွေးစားအပ်သော ခွေးတို့သည် မသေရကုန်ဟု ဆို၏။

မင်းကြီး ယခုပင်လျှင် ရှင်မင်းကြီးတို့သည် ရထား၏ သားရေကို ခွေးတို့သည် စားကုန်သောကြောင့် မြင်တိုင်း မြင်တိုင်းကုန်သော ခပ်သိမ်းကုန်သော ခွေးတို့ကို သတ်ကုန်ဟု ခွေးတို့ကို သတ်စိမ့်သောငှာ စေ၏ဟူ၍ ဆိုကုန်၏။ ယခုပင်လျှင် ရှင်မင်းကြီးတို့၏အိမ်၌ မင်းမျိုးတို့သည် မွေးအပ်သော ခွေးတို့ကား မသေရကုန်ဟု ဆို၏။ ဤသို့ ဖြစ်ကုန်သည်ရှိသော် ရှင်မင်းကြီးတို့သည် ဆန္ဒအစရှိသည်တို့၏ အစွမ်းအားဖြင့် အဂတိသို့ လိုက်ခြင်းသို့ ရောက်သည်မဟုတ်တုံလော၊ အဂတိသို့ လိုက်ခြင်းမည်သည်ကား မသင့်၊ မင်းကျင့်တရား မဟုတ်၊ မင်းမည်သည်ကား အကြောင်းဟုတ်သည် မဟုတ်သည်ကို ရှာတတ်သည့် ချိန်နှင့်တူသည်ဖြစ်သင့်၏။ ယခုအခါ၌ မင်းမျိုးတို့သည် မွေးစားအပ်သောခွေးတို့ကား မသေရကုန်၊ အားနည်းသော ခွေးတို့သာ သေရကုန်၏။ ဤသို့ဖြစ်သည်ရှိသော် ဤခွေးသတ်ခြင်းသည်ကား အလုံးစုံသော ခွေးကို သတ်ခြင်းမဟုတ်၊ ဤခွေးသတ်ခြင်းသည် အားနည်းသော ခွေးတို့ကို သတ်ခြင်းမည်၏။ ဤသို့ ဆိုပြီး၍လည်း ဘုရားလောင်းသည် သာယာစွာသော အသံကိုမြွက်၍ ရှင်မင်းကြီး ရှင်မင်းကြီးတို့သည် အကြင်အမှုကို ပြုကုန်၏။ ထိုအမှုကား တရားမဟုတ်ဟု မင်းအား တရားဟောလိုရင်း-

၂၂။ ယေ ကုက္ကူရာ ရာဇကုလမှိ ဝဒ္ဓါ။
ကောလေယျကာ ပဏ္ဏဗလူပပန္နာ။
တေမေ န ဝဇ္ဈာ မယမသ္မ ဝဇ္ဈာ၊
နာယံ သဃစ္စာ ဒုဗ္ဗလဃာတိကာယံ။

ဟူသော ဤဂါထာကို ဆို၏။

၂၂။ ရာဇ၊ မင်းကြီး။ ယေ ကုက္ကုရာ၊ အကြင်ခွေးတို့သည်။ ရာဇကုလမှိ၊ မင်းအိမ်၌။ ဝဒ္ဓါ၊ ကြီးကုန်၏။ ကောလေယျကာ၊ မင်းအိမ်၌ဖြစ်ကုန်၏။ ဝဏ္ဏဗလူပပန္နာ၊ အဆင်းအားနှင့် ပြည့်စုံကုန်၏။ တေ မေ-တေ ဣမေ၊ ထိုခွေးတို့ကား။ န ဝဇ္ဈာ၊ မသတ်အပ်ကုန်သော ခွေးတို့တည်း။ မယံ၊ ငါတို့သည်သာ။ ဝဇ္စျာ၊ သတ်အပ်ကုန်သောခွေးတို့သည်။ အသ္မ၊ ဖြစ်ကုန်၏။ အယံ သဃစ္စာ၊ ဤခွေးသတ်ခြင်းသည်။ န သဗ္ဗသုနခသဃစ္စာ၊ အလုံးစုံသောခွေးတို့ကို သတ်ခြင်းမဟုတ်။ အယံ၊ ဤခွေးသတ်ခြင်းသည်။ ဒုဗ္ဗလဃာတိကာ၊ အားနည်းသောခွေးတို့ကိုသာ သတ်ခြင်းမည်၏။

မင်းတို့မည်သည်ကား ခိုးသူတို့ကို နှိပ်စက်အပ်ကုန်၏။ ခိုးသူမဟုတ်သောသူတို့ကို မနှိပ်စက်အပ်ကုန်၊ ဤအရာ၌ကား ခိုးစားကုန်သောခွေးတို့အား တစုံတခုသောဘေးသည် မရှိ၊ မခိုးစားကုန်သောခွေးတို့သာ သေရကုန်၏။ အံ့ဘွယ်ရှိစွ၊ ဤလောက၌ မသင့်မလျော်ခြင်းသည် ဖြစ်ခဲ့၏။ အံ့ဘွယ်ရှိစွ၊ ဤလောက၌ အဓမ္မသည် ဖြစ်ခဲ့၏ဟု ဘုရားလောင်းဆို၏။ မင်းသည် ဘုရားလောင်းစကားကို နာရ၍ ပညာရှိ သင်သည် ဤမည်သော ခွေးတို့သည် ရထား၏ သားရေကို စားကုန်၏ဟု သိသလောဟု မေး၏။ သိ၏ဟု ဆို၏။ အဘယ်ခွေးတို့သည် စားသနည်းဟု မေး၏။ ရှင်မင်းကြီးတို့၏ နန်းတော်၌ နေကုန်သော မင်းမျိုးတို့သည် မွေးစားအပ်ကုန်သောခွေးတို့သည် စားကုန်၏ဟု ဆို၏။ ထိုခွေးတို့သည် စားသောအဖြစ်ကို အဘယ်အကြောင်းဖြင့် သိသနည်းဟု မေး၏။ ငါသည် ထိုခွေးတို့ စားသောအဖြစ်ကို ပြအံ့ဟု ဆို၏။ ပညာရှိ ပြလောဟု ဆို၏။ ရှင်မင်းကြီးတို့အိမ်၌ မင်းမျိုးတို့သည် မွေးစားအပ်သော ခွေးတို့ကိုခေါ်စေ၍ အတန်ငယ်သော ယက်တက်ကို၎င်း နေဇာမြက်တို့ကို၎င်း ဆောင်စေကုန်လောဟု ဆို၏။ မင်းသည် ဘုရားလောင်း ဆိုတိုင်း ပြု၏။

ထိုအခါ မင်းကို ဘုရားလောင်းသည် ဤမြက်တို့ကိုဆုံ၌ထောင်း၍ ယက်တက်ရည်ဖြင့် ဖျော်၍ ထိုခွေးတို့ကို တိုက်ကုန်လောဟုဆို၏။ မင်းသည် ဘုရားလောင်းဆိုတိုင်း တိုက်၏။ သောက်တိုင်း သောက်တိုင်းကုန်သော ခွေးတို့သည် သားရေတို့နှင့်တကွ အန်ကုန်၏။ မင်းသည် သဗ္ဗညူ မြတ်စွာဘုရား၏ ဖြေခြင်းသည် ဖြစ်ပေ၏ဟု နှစ်သက်သည်ဖြစ်၍ ဘုရားလောင်းအား ထီးဖြူဖြင့် ပူဇော်၏။ ဘုရားလောင်းသည်လည်းဓမ္မဉ္စရ မဟာရာဇ၊ မာတာပိတူသုခတ္တိယ အစရှိသော စတ္တာလီသနိပါတ် တေသကုဏဇာတ်၌ လာကုန်သော မင်းကျင့်တရားကို ပြတတ်ကုန်သော ဆယ်ဂါထာတို့ဖြင့် မင်းအား တရားဟော၍ မင်းကြီး ဤအခါမှစ၍ မမေ့မလျော့ဖြစ်လောဟုဆို၍ မင်းကို ငါးပါးကုန်သောသီလတို့၌ တည်စေ၍ ထီးဖြူကို မင်းအားသာလျှင် အပ်နှင်း၏။ မင်းသည် ဘုရားလောင်း၏တရားစကားကို နာရ၍ ခပ်သိမ်းသော သတ္တဝါတို့အား ဘေးမဲ့ပေး၍ ဘုရားလောင်းကိုအစပြု၍ ခပ်သိမ်းသောခွေးတို့အား မိမိ၏ဘောဇဉ်နှင့် တူသည်သာလျှင်ဖြစ်သော နိစ္စဘတ်ကို ဖြစ်စေ၍ ဘုရားလောင်း၏ အဆုံးအမ၌တည်လျက် အသက်ထက်ဆုံး တည်၍ ဒါနအစရှိသောကောင်းမှုတို့ကိုပြု၍ စုတေသော် နတ်ပြည်၌ ဖြစ်၏။ ဘုရားလောင်းခွေးမင်း၏ အဆုံးအမတော်သည် အနှစ်တသောင်းနှစ်ထောင်တို့ပတ်လုံးတည်၏။ ဘုရားလောင်း ခွေးမင်းသည်လည်း အသက်ထက်ဆုံးတည်၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ငါဘုရားသည် ယခုသာလျှင် ဆွေမျိုးတို့၏ အကျိုးစီးပွားကို ကျင့်သည်မဟုတ်သေး၊ ရှေး၌လည်း ကျင့်ဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ ကြွင်းသောပရိသတ် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ခွေးပညာရှိ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆွေမျိုးတွက်တာ၊ တို့ဘုန်းလျာ၊ ကျင့်ရှာခဲ့လေပြီ

နှစ်ခုမြောက်သော ကုက္ကူရဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုရုင်္ဂဝဂ်

၃။ ဘောဇာဇာနီယဇာတ်

တည်ရာကို မရအပ်သော အမှု၌လည်း ဝီရိယကို မလျော့အပ်သော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အပိ ပဿေန သေမာနာအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဘောဇာဇာနီယဇာတ်ကို ဇေတဝန်ကျောင်း၌ နေတော်မူစဉ် လျော့သော ဝီရိယရှိသော တယောက်သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကိုချဲ့ဦးအံ့၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းကို ခေါ်တော်မူ၍ ရဟန်း ရှေး၌လည်း ပညာရှိတို့သည် မိမိသည် တည်ရာကို မရအပ်သောအမှု၌ ဝီရိယကို ပြုကုန်၏။ မြားမှန်ကုန်လျက်လည်း ဝီရိယကို မလျှော့ကုန်သည် သာလျှင်တည်းဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ဘောဇာဇာနီယ သိန္ဓောမျိုး၌ဖြစ်၍ ခပ်သိမ်းသော တန်ဆာတို့နှင့် ပြည့်စုံသော ဗာရာဏသီမင်း၏ မင်္ဂလာမြင်းတော် ဖြစ်၏။ ထိုမြင်းသည် အဘိုးတသိန်းထိုက်သော ရွှေခွက်၌လျှင် အထူးထူးသော အရသာတို့နှင့်ပြည့်စုံသော သုံးနှစ်ပတ်လုံး နံ့သာတို့ဖြင့်ထုံအပ်သော မွှေးသော သလေးဘောဇဉ်ကို စားရ၏။ နံ့မျိုးလေးပါးတို့ဖြင့် လိမ်းကျံအပ်သည်သာလျှင်ဖြစ်သော မြေ၌နေ၏ ထိုအရပ်ကို ကမ္ဗလာတင်းတိမ်တို့ဖြင့် ကာရံစေ၏ အထက်၌ ရွှေကြယ်စီသော ပုဆိုးဗိတာန်ကို ကြက်၏။ ထက်ဝန်းကျင်မှ ဆွဲအပ်သောနံ့သာဆိုင်းပန်းဆိုင်းလည်းရှိ၏။ မငြိမ်းစေအပ်သော ဆီမီးလည်းဖြစ်၏။ ဗာရာဏသီမင်းအဖြစ်ကိုကား မတောင့်တသောသူ မည်သည်မရှိ၊ တပါးသောအခါ၌ ခုနစ်ပြည်ထောင်သော မင်းတို့သည် ဗာရာဏသီပြည်ကိုရံ၍ ငါတို့အား မင်းအဖြစ်ကိုတည်း ပေးအံ့လော၊ စစ်ထိုးခြင်းကိုတည်း ပြုအံ့လောဟု ဗာရာဏသီမင်းအား အမှာစာ ပေးကုန်၏။

မင်းသည် အမတ်တို့ကို စည်းဝေးစေ၍ ထိုအကြောင်းကို ကြား၍ အမောင်တို့ ယခု အသို့ ပြုကြကုန်အံ့နည်းဟု မေး၏။ အရှင်မင်းကြီး ရှင်မင်းကြီးတို့သည် လက်ဦးစွာ အစ၌လျှင် စစ်ထိုးခြင်းငှါ မသွားအပ်၊ ဤအမည်ရှိသော မြင်းစီးသူရဲကိုစေ၍ စစ်ထိုးခြင်းကို ပြုစေကုန်၊ ထိုမြင်းစီးသူရဲ မတတ်နိုင်သည်ရှိသော် နောက်မှ သိရကုန်လတ္တံ့ဟု လျှောက်ကုန်၏။ မင်းသည် ထိုမြင်းစီးသူရဲကို ခေါ်စေ၍ အမောင် ခုနှစ်ပြည်ထောင်သော မင်းတို့နှင့်တကွ စစ်ထိုးခြင်းငှါ တတ်နိုင်လတ္တံ့ လောဟု ဆို၏။ ရှင်မင်းကြီး ဘောဇာာနီယ သိန္ဓောမြင်းကို အကယ်၍ ရသည်ဖြစ်အံ့၊ ခုနစ်ပြည်ထောင်သောမင်းကို ထားဘိဦး၊ အလုံးစုံသော ဇမ္ဗူဒိပ်မင်းတို့နှင့်လည်း စစ်ထိုးခြင်းငှါ တတ်နိုင်ပါလတ္တံ့ဟု ဆို၏။ အမောင်မြင်းစီးသူရဲ ဘောဇာဇာနီယသိန္ဓောမြင်းသည်မူလည်း ဖြစ်စေ၊ တပါးသော မြင်းသည်လည်း ဖြစ်စေ၊ အကြင်မြင်းကို အလိုရှိသည် ဖြစ်၏။ ထိုမြင်းကိုယူ၍ စစ်ထိုးခြင်းကို ပြုလောဟု ဆို၏။

ထိုမြင်းစီးသူရဲသည် ရှင်မင်းကြီး ကောင်းပြီဟု မင်းကိုရှိခိုး၍ ပြာဿာဒ်မှသက်၍ ဘောဇာဇာနီယသိန္ဓောမြင်းကိုဆောင်၍ ကောင်းစွာချပ်ကိုဖွဲ့၍ မိမိသည်လည်း ချပ်ဖြင့် ကောင်းစွာဖွဲ့လျက် သန်လျက်ကို လွယ်၍ သိန္ဓောမြင်းမြတ်၏ ကျောက်ကုန်းထက် စီးလျက် မြို့မှထွက်၍ လျှပ်စစ်နွယ်ကဲ့သို့ ပြိုးပြိုးပြက်သွားလျက် ရှေးဦးစွာသော ဗိုလ်စုကိုဖျက်၍ တယောက်သော မင်းကို အရှင်ဖမ်း၍ လျင်စွာလာလတ်၍ မြို့သို့ ဗိုလ်ပါအား အပ်နှင်း၏။ တဖန်သွား၍ နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဗိုလ်စုကို ဖျက်၍ နှစ်ယောက်မြောက်သောမင်းကို အရှင်ဖမ်း၍ ထို့အတူ သုံးယောက်မြောက်သော မင်းကို အရှင်ဖမ်း၍ ဤနည်းဖြင့်သာလျှင် ငါးယောက်ကုန်သော မင်းတို့ကို အရှင်ဖမ်း၍ ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဗိုလ်စုကို ဖျက်၍ ခြောက်ယောက်မြောက် မင်းကို ဖမ်းသောကာလ၌ ဘောဇာဇာနီယသိန္ဓောမြင်းသည် ဒဏ်ချက်ကို ရ၏။ သွေးသည် ယို၏။ အားကြီးကုန်သော ဝေဒနာတို့သည် ဖြစ်ကုန်၏။ မြင်းစီးသူရဲသည် ထိုဘောဇာနီယသိန္ဓောမြင်းအား မြားမှန်သည်၏ အဖြစ်ကိုသိ၍ ဘောဇာဇာနီယသိန္ဓောမြင်းကို မင်းအိမ်တံခါး၌ အိပ်စေ၏။ အနှောင်အဖွဲ့ကို လျှော့သည်ကိုပြု၍ တပါးသော မြင်းကို ချပ်တန်ဆာဖြင့် ဖွဲ့ခြင်းငှါ အားထုတ်၏။

ဘုရားလောင်းသည် မြတ်သော နံပါးဖြင့် လျောင်းလျက်လျှင် မျက်စိတို့ကိုဖွင့်၍ မြင်းစီးသူရဲကိုကြည့်၍ ဤမြင်းစီးသူရဲသည် တပါးသော မြင်းကို ဖွဲ့၏။ ဤမြင်းသည်လည်း ခုနစ်ခုမြောက်၏ ပြည့်ကြောင်းဖြစ်သော ဗိုလ်စုကိုဖျက်၍ ခုနစ်ယောက်မြောက်သော မင်းကို ဖမ်းခြင်းငှာ မတတ်နိုင်လတ္တံ့၊ ငါသည် ပြုအပ်သောအမှုသည်လည်း ပျက်လတ္တံ့၊ အတုမရှိသော မြင်းစီးသူရဲသည်လည်း ပျက်စီးလတ္တံ့၊ မင်းသည်လည်း သူ့လက်သို့ ရောက်လတ္တံ့၊ ငါ့ကိုထား၍ တပါးမြင်းသည် ခုနစ်ခုမြောက်ဖြစ်သော ဗိုလ်စုကိုဖျက်၍ ခုနစ်ယောက်မြောက်သောမင်းကို ဖမ်းခြင်းငှါ တတ်နိုင်သော မြင်းမည်သည် မရှိဟု လျောင်းလျက်လျှင် မြင်းစီးသူရဲကို ခေါ်၍ အချင်း မြင်းစီးသူရဲ ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဗိုလ်စုကိုဖျက်၍ ခုနစ်ယောက်မြောက်သောမင်းကို ဖမ်းခြင်းငှါစွမ်းနိုင်သော မြင်းမည်သည် ငါ့ကိုထား၍ တပါးမရှိ၊ သင်ပြုအပ်သောအမှုကို ငါသည် မပျက်စေအံ့၊ ငါ့ကို ထစေ၍ ဖွဲ့လောဟု ဆိုလို၍-

၂၃။ အပိ ပဿေန သေမာနော၊ သလ္လေဘိ သလ္လလီကတော။
သေယျောဝ ဝဠဝါ ဘောဇ္ဈော၊ ယုဉ္စ မညေဝ သာရထိ။

ဟူသော ဤဂါထာကို ဆို၏။

၂၃။ သာရထိ၊ မြင်းစီးသူရဲ။ သလ္လေဘိ၊ မြားတို့သည်။ သလ္လလီကတော၊ စူးသည်ဖြစ်၍။ ပဿေန၊ လကျ်ာနံပါးဖြင့်။ သေမာနောအပိ၊ လျောင်းငြားသော်လည်း။ ဘောဇ္ဈောဝ၊ ဘောဇာာနီယ သိန္ဓောမြင်းသည်သာလျှင်။ ဝါဠဝါ၊ မြင်းယုတ်ထက်။ သေယျာ၊ မြတ်၏။ တသ္မာ၊ ထို့ကြောင့်။ မညေဝ၊ ငါ့ကိုသာလျှင်။ ယုဉ္စ၊ ကလော့။

မြင်းစီးသူရဲသည် ဘုရားလောင်းကို ထစေ၍ မြှားမှန်ရာကို ဖွဲ့စည်း၍ ကောင်းစွာ ချပ်တန်ဆာတို့ဖြင့်ဖွဲ့၍ မြင်း၏ ကျောက်ကုန်း၌ စီး၍ ခုနစ်ခုမြောက်သော ဗိုလ်စုကိုဖျက်၍ ခုနစ်ယောက်မြောက်သောမင်းကို အရှင်ဖမ်း၍ ဗိုလ်ပါအားပေးအပ်၏။ ဘုရားလောင်းကိုလည်း မင်းအိမ်တံခါးသို့ ဆောင်ကုန်၏။

မင်းသည် ဘုရားလောင်းကို ရှုအံ့သောငှါ ထွက်၏။ ဘုရားလောင်းသည် မင်းကို မင်းကြီး ခုနစ်ပြည်ထောင်သောမင်းတို့ကို မသတ်ပါကုန်လင့်၊ သစ္စာရေတိုက်၍ လွှတ်တော်မူကုန်လော၊ အကျွန်ုပ်အား၎င်း မြင်းစီးသူရဲအား၎င်း ပေးအပ်သော အခြံအရံကို မြင်းစီးသူရဲအားသာ ပေးကုန်၊ ခုနစ် ပြည်ထောင်သောမင်းတို့ကို ဖမ်း၍ပေးသော သူမည်သည်ကို ဖျက်ခြင်းငှါမသင့်၊ သင်မင်းကြီးတို့သည်လည်း အလှူပေးကုန်လော၊ သီလစောင့်ကုန်လော့၊ တရားသဖြင့် မင်းပြုကုန်လောဟု ဆို၏။ ဤသို့ ဘုရားလောင်းသည် မင်းအား အဆုံးအမ ပေးပြီးသည်ရှိသော် ဘုရားလောင်းအား ဖွဲ့အပ်သော ချပ်တန်ဆာကို ဖြေကုန်၏။ ဘုရားလောင်းသည် ချပ်တန်ဆာကို ဖြေစဉ်လျှင် စုတိချုပ်၏။ မင်းသည် ဘုရားလောင်း၏ အလောင်းကို သင်္ဂြိုဟ်၍ မြင်းစီးသူရဲအား များစွာသော စည်းစိမ်ကိုပေး၍ ခုနှစ်ပြည်ထောင်သော မင်းတို့ကို တဖန် မိမိအား မပြစ်မှားစိမ့်သောငှါ သစ္စာဆိုစေ၍ မိမိ မိမိတို့၏ နေရာအရပ်တို့သို့ ပို့စေ၍ တရားနှင့်ညီစွာမင်းပြု၍ အသက်၏ အဆုံး၌ ကံအားလျော်စွာ လား၏။

မြတ်စွာဘုရားသည် ရဟန်း ရှေ့၌လည်း ပညာရှိတို့သည် မိမိသည် တည်ရာကိုမရအပ်သေ အမှု၌လည်း ဝီရိယကိုပြုကုန်၏။ ဤသို့သဘောရှိသော မြားမှန်ချက်ကို ရကုန်၍လည်း ဝီရိယကို မလျှော့ကုန်၊ သင်သည်ကား ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ အဘယ့်ကြောင့် ဝီရိယကိုလျော့ဘိသနည်းဟု မိန့်တော်မူ၍ သစ္စာလေးပါးတို့ကို ပြတော်မူ၏။ သစ္စာလေးပါးတို့ကို ပြတော်မူသည်၏အဆုံး၌ လျော့သော ဝီရိယရှိသော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း ဤဓမ္မဒေသနာကို ဆောင်၍ အနုသန္ဓေကိုစပ်၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်၏။ ယခုအခါ ရှင်သာရိပုတ္တရာသည် ထိုအခါ မြင်းစီးသူရဲ ဖြစ်၏။ ယခုအခါ ငါဘုရားသည် ထိုအခါ ဘောဇာဇာနီယသိန္ဓောမြင်းဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရှေးပညာရှင်၊ ပမာတင်၊ အစဉ်ဝီရိ၊ လုလ္လရှိလော့

သုံးခုမြောက်သော ဘောဇာဇာနီယဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုရုင်္ဂဝဂ်

၄။ အာဇညဇာတ်

ကြီးစွာသောဒဏ်ကို ခံရလျက် ဝီရိယကို မလျော့သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယဒါ ယဒါ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အာဇညဇာတ်ကို ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် လျော့သော ဝီရိယရှိသောရဟန်းကိုလျှင် အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုရဟန်းကို သဗ္ဗညူမြတ်စွာဘုရားသည်ခေါ်တော်မူ၍ ရဟန်း ရှေး၌ ပညာရှိတို့သည် မိမိသည် တည်ရာကိုမရအပ်သောအမှု၌လည်း ရအပ်သော ဒဏ်ချက်ရှိကုန်လျက်လည်း ဝီရိယကို ပြုကုန်၏ဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သည်ရှိသော် ရှေးနည်းဖြင့်လျှင် ခုနှစ်ပြည်ထောင်သော မင်းတို့သည် ရံကုန်၏။ ထိုအခါ တယောက်သော ရထားစီးသူရဲသည် ညီနောင်ဖြစ်ကုန်သော သိန္ဓောမြင်းနှစ်စီးတို့ကို ရထား၌ က၍ မြို့မှထွက်၍ ခြောက်ခုသောဗိုလ်စုကို ဖျက်ဆီး၍ ခြောက်ယောက်သော မင်းတို့ကို ဖမ်း၏။ ထိုခဏ၌ အစ်ကိုမြင်းကြီးသည် ဒဏ်ချက်ကို ရ၏။ ရထားထိန်းသည် ရထားကိုနှင်လျက် မင်းအိမ်တံခါးသို့လာ၍ မြင်းကြီးကို ရထားမှချွတ်၍ ဖွဲ့သော ချပ်တန်ဆာကိုလျှော့၍ နံပါးတဘက်ဖြင့် လျောင်းစေ၍ တပါးသော မြင်းကိုဖွဲ့ခြင်းငှါ အားထုတ်၏။ ဘုရားလောင်းသည် ရထားထိန်းကိုမြင်၍ ရှေးနည်းဖြင့်လျှင်ကြံ၍ ရထားထိန်း ကိုခေါ်၍ လျောင်းလျက်သာလျှင်-

၂၄။ ယဒါ ယဒါ ယတ္ထ ယဒါ၊ ယတ္ထ ယတ္ထ ယဒါ ယဒါ။
အာဇညော ကုရုတေ ဝေဂံ၊ တတ္ထ ဟာယန္တိ ဝါဠဝါ။

ဟူသော ဤဂါထာကို ဆို၏။

၂၄။ သာရထိ၊ ရထားထိန်း။ ယဒါ ယဒါ၊ အကြင် အကြင်သို့ သဘောရှိသော နံနက်အစရှိသော ကာလ၌။ ယတ္ထ၊ အကြင်သို့ သဘောရှိသောခရီး စစ်မြေဦးဖြစ်သော အရပ်၌။ ယဒါ၊ အကြင်သို့သဘောရှိသော ခဏ၌။ ယတ္ထ ယတ္ထ၊ အကြင် အကြင်သို့ သဘောရှိကုန်သော စစ်ထိုးရာအရပ်တို့၌။ ယဒါ ယဒါ၊ အကြင် အကြင်သို့ သဘောရှိသော ဒဏ်ချက်ကို ရသောကာလ, မရသောကာလ၌။ အာဇညောဝ၊ ရထားထိန်း၏ စိတ်နှစ်သက်သောအကြောင်းကိုသိတတ်သော သဘောရှိပေသော သိန္ဓောမြင်းသာလျှင်။ ဝေဂံ၊ လုံ့လကို။ ကုရုတေ၊ ပြု၏။ တတ္ထ၊ ထိုလုံ့လပြုရာ၌။ ဝါဠဝါ၊ မြည်းမှဖြစ်ကုန်သော မြင်းယုတ်တို့သည်။ ဟာယန္တိ၊ ယုတ်တတ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဣမသ္မိံရထေ၊ ဤရထား၌။ မညေဝ၊ ငါ့ကိုသာလျှင်။ ယောဇေဟိ၊ ကလော့။

ရထားထိန်းသည် ဘုရားလောင်းကို ထစေ၍ ရထား၌ ကပြီး၍ ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဗိုလ်ထုကိုဖျက်၍ ခုနစ်ယောက်မြောက်မင်းကိုယူ၍ ရထားကိုနှင်လျက် မင်းအိမ်တံခါးသို့သွား၍ သိန္ဓောမြင်းကိုချွတ်၏။ ဘုရားလောင်းသည် နံပါးတဘက်ဖြင့် လျောင်းလျက် ရှေးနည်းဖြင့်သာလျှင် မင်းအား အဆုံးအမကို ပေး၍ စုတိချုပ်၏။ မင်းသည် ဘုရားလောင်း၏ အလောင်းကို သင်္ဂြိုဟ်၍ ရထားစီးသူရဲအား ဆုလာဘ်ကိုပေး၍ တရားနှင့်ညီစွာ မင်းပြု၍ ကံအားလျော်စွာ လား၏။ မြတ်စွာဘုရားသည် ဤမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ထိုရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ယခုအခါ အာနန္ဒာသည် ထိုအခါမင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သိန္ဓောမြင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဇာနည်သိန္ဓဝ၊ ဝီရိယ၊ စံပြဥပမာ ကြိုးစားရာ

လေးခုမြောက်သော အာဇညဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုရုင်္ဂဝဂ်

၅။ တိတ္ထဇာတ်

သူတပါး၏အလိုကို သိသဖြင့် မိမိအလိုသို့ ရောက်လွယ်သည့်အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လူအပေါင်းကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အညမညေဟိ တိတ္ထေဟိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတိတ္ထဇာတ်ကို ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် တရားစစ်သူကြီးဖြစ်သော အရှင်သူရိပုတ္တရာ၏ အတူနေတပည့်ဖြစ်သော တယောက်သော ရွှေပန်းထိမ်သည့်သား ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ အာသယာနုသယဉာဏ်သည် အကြင် အကြောင်းကြောင့် ဘုရားတို့အားသာဖြစ်၏။ တပါးကုန်သော သူတို့ကား မဖြစ်၊ ထို့ကြောင့် တရားစစ်သူကြီးဖြစ်သော ရှင်သာရိပုတ္တရာမထေရ်သည် မိမိအား အာသယာနုသယဉာဏ်၏ မရှိသည်၏အဖြစ်ကြောင့် အတူနေတပည့်ရဟန်း၏ အလိုအာသယကို မသိသည်ဖြစ်၍ အသုဘကမ္မဋ္ဌာန်းကိုသာလျှင် ဟော၏။ ထိုအသုဘကမ္မဋ္ဌာန်းသည် အတူနေ တပည့်ရဟန်းအား မလျောက်ပတ်၊ အဘယ့်ကြောင့် မလျောက်ပတ်သနည်းဟူမူကား ထိုရဟန်းသည် အစဉ်သဖြင့် ဘဝငါးရာတို့ပတ်လုံး ရွှေပန်းထိမ်သည် အိမ်၌သာလျှင် ပဋိသန္ဓေကို ယူ၏။ ထိုသို့ အစဉ်သဖြင့် ဘဝငါးရာတို့ပတ်လုံး ရွှေပန်းထိမ်သည်အိမ်၌ ဖြစ်ရကား ထိုရဟန်း၏ အခါလေးမြင့် စင်ကြယ်စွာသော ရွှေကို မြင်ခြင်းကိုသာလျှင် လေ့လာဘူးသည်၏ အဖြစ်ကြောင့် အသုဘကမ္မဋ္ဌာန်းသည် မလျောက်ပတ်၊ ထိုရဟန်းသည် အသုဘကမ္မဋ္ဌာန်း၌ နိမိတ်မျှကိုလည်း ဖြစ်စေခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ လေးလတို့ကို လွန်စေ၏။

အရှင်သာရိပုတ္တရာ မထေရ်သည် မိမိ၏ အတူနေတပည့်ရဟန်းအား အရဟတ္တဖိုလ်ကို ရခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ ဤရဟန်းသည် မချွတ် ဘုရားဆုံးမအပ်သော ရဟန်းဖြစ်လတ္တံ့ဟု မြတ်စွာဘုရား အထံတော်သို့ ဆောင်အံ့ဟုကြံ၍ စောစောကလျှင် ထိုရဟန်းကိုခေါ်၍ ဘုရားအထံတော်သို့ သွား၏။ မြတ်စွာဘုရားသည်လည်း သာရိပုတ္တရာ အဘယ့်ကြောင့် ထိုရဟန်းကိုခေါ်၍ လာသနည်းဟု မေးတော်မူ၏။ အရှင်ဘုရား အကျွန်ုပ်သည် ဤရဟန်းအား ကမ္မဋ္ဌာန်းကိုပေး၏။ ဤရဟန်းသည် လေးလတို့ဖြင့် နိမိတ်မျှကိုလည်း မဖြစ်စေနိုင်၊ အကျွန်ုပ်သည် ဤရဟန်းကား ဘုရားဆုံးမတော်မူအပ်သော ရဟန်းသည် ဖြစ်လတ္တံ့ဟု ကြံ၍ အရှင်ဘုရားတို့၏ အထံသို့ခေါ်၍လာ၏ဟု လျှောက်၏။ သာရိပုတ္တရာ သင်သည် အတူနေ တပည့်ရဟန်းအား အဘယ်ကမ္မဋ္ဌာန်းကို ပေးသနည်းဟု မေးတော်မူ၏။ ဘုန်းတော်ကြီးမြတ်သော အရှင်ဘုရား အသုဘကမ္မဋ္ဌာန်းကို ပေး၏ဟု လျှောက်၏။

သာရိပုတ္တရာ သင်၏သန္တာန်၌ အာသယာနုသယဉာဏ်သည်မရှိ၊ သင်သည် သွားလေ၊ ညချမ်းအခါမှ လာ၍ သင်၏ အတူနေ တပည့်ရဟန်းကိုခေါ်၍ သွားလောဟု မြတ်စွာဘုရားသည် အရှင်သာရိပုတ္တရာမထေရ်ကို လွှတ်လိုက်၍ ထိုရဟန်းအား နှစ်သက်ဘွယ်သော သင်္ကန်းကို၎င်း သင်းပိုင်ကို၎င်း ပေးစေ၍ ဤရဟန်းကို ခေါ်၍ ဆွမ်းအလို့ငှာဝင်၍ မြတ်သော ခဲဘွယ်ဘောဇဉ်ကိုပေး၍ များစွာသော ရဟန်းအပေါင်း ခြံရံလျက် တဖန် ကျောင်းသို့လာ၍ ဂန္ဓကုဋီ၌ နေ့အဘို့ကိုကုန်စေ၍ ညချမ်းအခါ၌ ထိုရဟန်းကိုခေါ်၍ ကျောင်းစဉ် လှည့်လည်လျက် သရက်ဥယျာဉ်၌ တခုသော လေးထောင့်ကန်ကို ဖန်ဆင်း၍ ထိုလေးထောင့်ကန်၌ ကြီးစွာသော ပဒုမာကြာရုံကို ဖန်ဆင်း၍ ထိုပဒုမာကြာရုံ၌လည်း ကြီးစွာသော တခုသော ပဒုမာကြာပွင့်ကို ဖန်ဆင်း၍ ပဒုမာကြာပွင့်ကို ကြည့်လျက် နေလော့ဟု နေစေ၍ ဂန္ဓကုဋိသို့ ဝင်တော်မူ၏။ ထိုရဟန်းသည် ပဒုမာကြာပွင့်ကို အဖန်တလဲလဲကြည့်၏။ ပဒုမာကြာပွင့်သည် ထိုရဟန်း၏ရှုစဉ်လျှင် အိုခြင်းသို့ရောက်၍ အဆင်းပျက်သည်ဖြစ်၏။ ထိုပဒုမာကြာပွင့်၏ အစွန်းမှစ၍ ပွင့်ချပ်တို့သည် ကျကုန်လျက် ခဏခြင်းဖြင့် အလုံးစုံသော ပွင့်ချပ်တို့သည် ကြွေကုန်၏။ ထို့နောင်မှ ဝတ်မှုံသည် ကြွေ၏။ အချက်မျှသည်သာလျှင် ကြွင်း၏။ ရဟန်းသည် ပဒုမာကြာပွင့်ကိုကြည့်လျက် ပဒုမာကြာပွင့်သည် ယခုပင်လျှင် လှသောအဆင်းရှိ၏။ ရှုဘွယ်ရှိ၏။ ထိုသို့ဖြစ်လျက် ပဒုမာကြာ၏ အဆင်းသည် ဘောက်ပြန်၏။ ပွင့်ချပ်တို့သည်၎င်း ဝတ်မှုံတို့သည်၎င်း ကြွေ၏။ အချက်သည်မျှသာလျှင် ကြွင်း၏။ ဤသို့သဘောရှိသော ပဒုမာကြာဖြစ်လျက် အိုခြင်းသည် ရောက်တုံသေး၏။ ငါ၏ ကိုယ်အားသော်ကား အဘယ့်ကြောင့် အိုခြင်းသည် မရောက်လတ္တံ့နည်း၊ ခပ်သိမ်းကုန်သော သင်္ခါရတို့သည် အမြဲမရှိကုန်ဟု ဝိပဿနာကို ဖြစ်စေ၏။ မြတ်စွာဘုရားသည် ထိုရဟန်း၏စိတ်သည် ဝိပဿနာသို့တက်ပြီဟု သိတော်မူလျှင် အရောင် အဝါကို နှံ့စေ၍-

ဥစ္ဆိန္ဒ သိနေဟမတ္တနော၊ ကုမုဒံ သာရဒိကံဝ ပါဏိနာ။
သန္တိမဂ္ဂမေဝ ဗြူဟယ၊ နိဗ္ဗာနံ သုဂတေန ဒေသိတံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

ဘိက္ခု၊ ရဟန်း။ သာရဒိကံ၊ တန်ဆောင် မုန်းလ၌ ပွင့်သော။ ကုမုဒံ၊ ကုမုဒြာကြာကို။ ပါဏိနာ၊ လက်ဖြင့်။ ဆိန္ဒတိ ဣဝ၊ ဖြတ်သကဲ့သို့။ အတ္တနော၊ မိမိ၏။ သိနေဟံ၊ ချစ်ခြင်းကို။ တွံ၊ သင်သည် ဥစ္ဆန္ဒ၊ ဖြတ်လော့။ သုဂတေန၊ မြတ်စွာဘုရားသည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ ဒေသိတံ၊ ဟောတော်မူအပ်၏။ တွံ၊ သင်သည်။ သန္တိမဂ္ဂမေဝ၊ ငြိမ်းရာဖြစ်သော နိဗ္ဗာန်ခရီးကိုသာလျှင်။ ဗြူဟယ၊ ပွားစေလော။

ထိုရဟန်းသည် ဂါထာ၏အဆုံး၌ အရဟတ္တဖိုလ်သို့ ရောက်၍ ငါသည် စင်စစ်ခပ်သိမ်းသော ဘဝမှလွတ်၏ ဟု ကြံ၍-

သော တုဋ္ဌဟဋ္ဌော ပရိပုဏ္ဏမာနသော၊
ခီဏာသဝေါ အန္တိမဒေဟဓာရီ။
ဝိသုဒ္ဓသီလော သုသမာဟိတိန္ဒြိယော၊
စန္ဒော ယထာ ရာဟုမုခါ ပမုတ္တော။
သမောတတံ မောဟမဟန္ဓကာရံ။
ဝိနောဒယိံ သဗ္ဗမလံ အသေသံ။
အာလောကပဇ္ဇောတကရော ပဘင်္ကရော၊
သဟဿရံသီ ဝိယ ဘာဏုမာ နဘေ။

ဤသို့ အစရှိသော ဂါထာတို့ဖြင့် ဥဒါန်းကျူး၏။

ရာဟုမုခါ၊ ရာဟုခံတွင်းမှ။ ပမုတ္တော၊ လွတ်သော။ စန္ဒာ ယထာ၊ လကဲ့သို့။ တုဋ္ဌဟဋ္ဌော၊ နှစ်သက်ရွှင်လန်းသော။ ပရိပုဏ္ဏမာနသော၊ ပြည့်စုံသောစိတ်ရှိသော။ ခီဏာသဝေါ၊ ကုန်ပြီးသော အာသဝေါရှိသော။ အန္တိမဒေဟဓာရီ၊ အဆုံးစွန်သော ကိုယ်ကိုဆောင်သော။ ဝိသုဒ္ဓသီလော၊ အထူးသဖြင့် စင်ကြယ်သောသီလရှိသော။ သုသမာဟိတိန္ဒြိယော၊ ကောင်းစွာတည်ကြည်သော ဣန္ဒြေရှိသော။ သော ဘိက္ခု၊ ထိုရဟန်းသည်။ မောဟမဟန္ဓကာရံ၊ မောဟဟူသော ကြီးစွာသောအမိုက်မှောင်ကို။ သမောတတံ၊ ဖြန့်အပ်သည်ဖြစ်၍။ သဗ္ဗမလံ၊ အလုံးစုံသော အညစ်အကြေးကို။ အသေသံ၊ အကြွင်းမဲ့။ ဝိနောဒယိံ၊ ဖျောက်ပြီ။ နဘေ၊ ကောင်းကင်၌။ သဟဿရံသီ၊ အထောင်သော ရောင်ခြည်ရှိသော။ ဘာဏုမာ၊ နေမင်းသည်။ ပဘင်္ကရော ဝိယ၊ အရောင်ကို ပြုသကဲ့သို့။ သော ဘိက္ခု၊ ထိုရဟန်းသည်။ အာလောကပဇ္ဇောတကရော၊ အလင်းရောင်ကို ပြု၏။

ဥဒါန်းကျူးပြီးလျှင် သွား၍ မြတ်စွာဘုရားကို ရှိခိုး၏။ ရှင်သာရိပုတ္တရာမထေရ်သည်လည်း လာ၍ မြတ်စွာဘုရားကို ရှိခိုး၍ မိမိ၏အတူနေတပည့် ရဟန်းကိုခေါ်၍ သွား၏။ ဤအကြောင်းသည် ရဟန်းတို့၏ အတွင်း၌ ထင်ရှားဖြစ်၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ရှင်သာရိပုတ္တရာမထေရ်သည် အာသယာနုသယဉာဏ်၏ မရှိခြင်းကြောင့် မိမိအတူနေ တပည့်ရဟန်း၏ အလိုကိုမသိနိုင်၊ မြတ်စွာဘုရားသည်ကား သိတော်မူ၍ တနေ့ခြင်းဖြင့်လျှင် ထိုရဟန်းအား ပဋိသမ္ဘိဒါတို့နှင့်တကွ အရဟတ္တဖိုလ်ကို ပေးတော်မူ၏။ ဘုရားရှင်တို့မည်သည်ကား ကြီးသော အာနုဘော်ရှိကုန်၏ဟု မြတ်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကုန်လျက် နေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ခင်းအပ်သောနေရာ၌ နေတော်မူ၍ ရဟန်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၏။ ဘုန်းတော်ကြီးမားသော အရှင်ဘုရား တပါးသောစကားဖြင့် မစည်းဝေးပါကုန်၊ အရှင်ဘုရားတို့၏သာလျှင် တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာ၏ အတူနေတပည့်ရဟန်း၏ အလိုအာသယကိုသိသော ဉာဏ်၏စကားဖြင့် စည်းဝေးကြကုန်၏ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ငါသည် ဘုရားဖြစ်တော်မူ၍ ထိုရဟန်း၏ အလို အာသယ အကြောင်း အခြင်းအရာကို သိတော်မူ၏။ ထိုသိခြင်းသည်အံ့ဘွယ်မရှိသေး၊ ရှေး၌လည်း ငါဘုရားသည် ထိုရဟန်း၏ အလိုကိုသိသည် သာတည်းဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြု၏။ ထိုအခါ ဘုရားလောင်းသည် မင်းအား အကျိုးကို၎င်း အကြောင်းကို၎င်း ဆုံးမ၏။ ထိုအခါ မင်း၏ မင်္ဂလာမြင်း၏ရေချိုးဆိပ်၌ တပါးသော မြည်းတို့၏ အမျိုးဖြစ်သော မြင်းယုတ်ကို ရေချိုးကုန်၏။ မင်္ဂလာမြင်းသည် မြင်းယုတ်ကို ရေချိုးသောဆိပ်သို့ သက်ခြင်းကို စက်ဆုပ်သည်ဖြစ်၍ သက်ခြင်းကို အလိုမရှိ၊ မြင်းထိန်းသည်သွား၍ အရှင်မင်းကြီး မင်္ဂလာမြင်းသည် ရေဆိပ်သို့ သက်ခြင်းငှါ အလိုမရှိဟု မင်းအားလျှောက်၏။ မင်းသည် ပညာရှိ သွားချေ၊ မင်္ဂလာမြင်းသည် ရေဆိပ်သို့ ချသည်ရှိသော် အဘယ်ကြောင့် မသက်သနည်း စုံစမ်းချေလောဟု ဘုရားလောင်းကို ဆို၏ ဘုရားလောင်းသည် ရှင်မင်းကြီး ကောင်းပြီဟု မြစ်နားသို့ သွား၍ မြင်းကိုကြည့်၍ မြင်း၏ ရောဂါမရှိသည်ကိုသိ၍ အဘယ့်ကြောင့် ဤမြင်းသည် ရေဆိပ်သို့ မသက်သနည်းဟု စုံစမ်းလျက် ဤရေဆိပ်၌ ရှေးဦးစွာ တပါးသောမြင်းကို ရေချိုးသည် ဖြစ်လတ္တံ့၊ ထို့ကြောင့် ဤမြင်းသည် စက်ဆုပ်သည်ဖြစ်၍ ရေဆိပ်သို့ မသက်ယောင်တကားဟု ကြံ၍ အချင်းတို့ ဤရေဆိပ်၌ ရှေးဦးစွာ အဘယ်မြင်းကို ရေချိုးကုန်သနည်းဟု မြင်းထိန်းတို့ကိုမေး၏။ အရှင်မထင်ရှားသော မြင်းယုတ်တို့ကို ရေချိုးကုန်၏ဟု ဆို၏။ ဘုရားလောင်းသည် ဤမင်္ဂလာမြင်းသည် မိမိ၏ သိန္ဓောမျိုး၌ ဖြစ်သည်၏အဖြစ်ကြောင့် စက်ဆုပ်သည်ဖြစ်၍ ဤဆိပ်၌ ရေချိုးခြင်းငှါ အလိုမရှိ၊ မင်္ဂလာမြင်းကို တပါးသောဆိပ်၌ ရေချိုးခြင်းငှါ သင့်၏ဟု ထိုမြင်း၏ အလိုကိုသိ၍ အချင်း မြင်းထိန်း ရှေးဦးစွာ တပါးဆိပ်သို့ချ၍လည်း ရေချိုးစေကုန်လော၊ သောက်လည်း သောက်စေကုန်လောဟု ဆိုလို၍-

၂၅။ အညမညေဟိ တိတ္တေဟိ၊ အဿံ ပါယေဟိ သာရထိ။
အစ္စာသနဿ သုဟိတော၊ ပါယာသဿပိ တပ္ပတိ။

ဟူသော ဤဂါထာကို ဆို၏။

၂၅။ သာရထိ၊ မြင်းထိန်း။ အစ္စာသနဿ-အစ္စာသနေန၊ အလွန်စားသော။ ပါယာသဿပိ-ပါယာသေနပိ၊ ဃနာထမင်းဖြင့်လည်း။ သုဟိတော၊ ဝသည်ဖြစ်၍။ တပ္ပတိ၊ ရောင့်ရဲ၏။ အညမညေဟိ၊ တပါး တပါးကုန်သော။ တိတ္ထေဟိ၊ ရေဆိပ်တို့ဖြင့်။ အသံ၊ မင်္ဂလာမြင်းကို။ ပါယေဟိ၊ ချိုးစေ သောက်စေကုန်လော့။

မြင်းထိန်းတို့သည် ဘုရားလောင်း၏စကားကို ကြားကုန်၍ မင်္ဂလာမြင်းကို တပါးသော ဆိပ်သို့ချ၏။ သောက်လည်း သောက်စေကုန်၏။ ချိုးလည်းချိုးစေကုန်၏။ ဘုရားလောင်းသည် မင်္ဂလာမြင်းသည် ရေသောက်ပြီး၍ ရေချိုးသောကာလ၌ မင်း၏အထံသို့ သွား၏။ အမောင် အသို့နည်း၊ မင်္ဂလာမြင်းသည် ချိုးလည်း ချိုး၏။ သောက်လည်း သောက်၏လောဟု မေး၏။ ရှင်မင်းကြီး ချိုးလည်း ချိုး၏။ သောက်လည်း သောက်၏ဟု လျှောက်၏။ ရှေးဦးစွာ အဘယ့်ကြောင့် ချိုးခြင်းသောက်ခြင်းငှါ အလိုမရှိသနည်းဟု မေးလေ၏။ ဤမည်သော အကြောင်းကြောင့်ပါတည်းဟု အလုံးစုံကို လျှောက်၏။ မင်းသည် ဤသို့သဘောရှိသော တိရစ္ဆာန်၏ အလိုကိုစင်လျက်လည်း သိနိုင်၏ ပညာရှိစွတကားဟု ဘုရားလောင်းအား ကြီးစွာသော စည်းစိမ်တို့ကိုပေး၍ အသက်၏ အဆုံး၌ ကံအားလျော်စွာ လား၏။ ဘုရားလောင်းသည်လည်း ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ငါသည် ယခုသာလျှင် ဤရဟန်း၏ အလိုကိုသိသည် မဟုတ်သေး၊ ရှေး၌လည်း သိသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကိုဆောင်၍ အနုသန္ဓေကို စပ်၍ ယခုအခါ ဤရဟန်းသည် ထိုအခါ မင်္ဂလာမြင်းဖြစ်ဘူးပြီ၊ ယခုအခါ၌ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိအမတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အလိုဆန္ဒ၊ သိလတ်က၊ မုချအမှန် အကျိုးသန်

ငါးခုမြောက်သော တိတ္ထဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုရုင်္ဂဝဂ်

၆။ မဟိဠာမုခဇာတ်

မြင်တိုင်း မြင်တိုင်းသူတို့ကို ဆည်းကပ်၍ အကျင့်သီလ ပျက်စီးသည်၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူအပေါင်းကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ပုရာဏ စောရာန ဝစော နိသမ္မ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟိဠာမုခဇာတ်ကို ဝေဠုဝန်ကျောင်း၌ နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဒေဝဒတ်သည် အဇာတသတ်မင်းသားကို ကြည်ညိုစေ၍ လာဘ်ပူဇော်သက္ကာကို ဖြစ်စေ၏။ အဇာတသတ် မင်းသားသည် ဒေဝဒတ်အား ဂယာသီသ၌ ကျောင်းဆောက်၍ အထူးထူးသော မြတ်သော အရာတို့ဖြင့် သုံးနှစ်ပတ်လုံး ထုံအပ်သော မွှေးကြိုင်သော သလေးဘောဇဉ်၏ ဆွမ်းအိုးငါးရာတို့ကို နေ့တိုင်း နေ့တိုင်း ပို့စေ၏။ လာဘ်ပူဇော်သက္ကာကိုမှီ၍ ဒေဝဒတ်အား အခြံအရံ များ၏။ ဒေဝဒတ်သည် အခြံအရံနှင့်တကွ ကျောင်း၌သာလျှင်နေ၏။ ထိုအခါရာဇဂြိုဟ်ပြည်၌ နေကုန်သော အဆွေခင်ပွန်း နှစ်ယောက်တို့သည် ရှိကုန်၏။ ထိုနှစ်ယောက်တို့တွင် တယောက်သော အဆွေခင်ပွန်းသည် မြတ်စွာဘုရားအထံ၌ ရဟန်းပြု၏။ တယောက်သော အဆွေခင်ပွန်းသည် ဒေဝဒတ်၏ အထံ၌ ရဟန်းပြု၏။ ထိုနှစ်ယောက်သော ရဟန်းတို့သည် အချင်းချင်း ထိုအရပ်၌လည်း မြင်ကုန်၏။ ကျောင်းသို့ သွာကုန်၍လည်း မြင်ကုန်သလျှင်ကတည်း။

ထိုအခါ တနေ့သ၌ ဒေဝဒတ်၏တပည့်သည် ဘုရားတပည့်ကိုဆို၏။ ငါ့သျှင်သည် နေ့တိုင်းနေ့တိုင်း ချွေးကို ထွက်ယိုစေလျက် ဆွမ်းအလို့ငှါ အဘယ့်ကြောင့် သွားသနည်း၊ ဂယာသီသ၌ နေ၍လျှင် အထူးထူးသော အရသာတို့ဖြင့် ကောင်းသောဘောဇဉ်ကို စားလော၊ ဤသို့သဘောရှိသော ဃနာဆွမ်းသည် မရှိ၊ သင်သည် အယ့်ကြောင့် ဆင်းရဲကို ခံဘိသနည်း၊ သင်သည် စောစောကလျှင် ဂယာသီသသို့ သွား၍ ဟင်းလျာနှင့် တကွသော ယာဂုကို သောက်၍ တဆယ်ရှစ်ပါးအပြားရှိသောညဘောဇဉ်ကိုစား၍ အထူးထူးသောအရသာတို့ဖြင့် ကောင်းသောဘောဇဉ်ကို စားခြင်းငှါ မသင့်လောဟု ဆို၏။ ထိုရဟန်းသည် အဖန်တလဲလဲဆိုလတ်သည်ရှိသော် သွားလိုသည်ဖြစ်၍ ထိုနေ့မှစ၍ ဂယာသီသသို့သွား၍ စားပြီးသော် စောစောကလျှင် ဝေဠုဝန်ကျောင်းသို့လာ၏။ ထိုရဟန်းသည် ခပ်သိမ်းသောကာလ၌ ဖုံးလွှမ်းအံ့သောငှါ မတတ်နိုင်၊ ဂယာသီသသို့သွား၍ ဒေဝဒတ်အားတည်သောဆွမ်းကို စား၏ဟု မကြာမြင့်မီလျှင် ထင်ရှား၏။

ထိုအခါ ထိုရဟန်းကို အဆွေခင်ပွန်းရဟန်းတို့သည် ငါ့သျှင် သင်သည် ဒေဝဒတ်အားတည်ဆွမ်းကို စားသတတ်ဟူသည်မှန်သာဟု မေးကုန်၏။ အဘယ်သူသည် ဤသို့ဆိုသနည်းဟု ဆို၏။ ဤမည်သော သူလည်း ဆို၏။ ဤမည်သောသူလည်း ဆို၏ဟု ဆိုကုန်၏။ ငါ့သျှင်တို့ မှန်ပေ၏။ ငါသည် ဂယာသီသသို့သွား၍ စား၏။ ငါ့အား ဒေဝဒတ်သည် ဆွမ်းကို မပေး၊ တပါးကုန်သော သူတို့သည် ပေးကုန်၏ဟု ဆို၏။ ငါ့သျှင် ဒေဝဒတ်သည် ဘုရား၏ ဆန့်ကျင်ဘက် ဆူးငြောင့်ဖြစ်၏။ သီလမရှိ၊ အဇာတသတ်မင်းကို ကြည်ညိုစေ၍ အဓမ္မဖြင့် မိမိအား လာဘ်ပူဇော်သက္ကာကို ဖြစ်စေ၏။ သင်သည် ဤသို့ သဘောရှိသော ဝဋ်ဆင်းရဲမှထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ ဒေဝဒတ်၏ အဓမ္မဖြင့်ဖြစ်သော ဘောဇဉ်ကို အဘယ့်ကြောင့် စားဘိသနည်း၊ လောလော သင့်ကို ဘုရားအထံသို့ ဆောင်ကုန်အံ့ဟု ထိုရဟန်းကို ခေါ်၍ တရားသဘင်သို့ သွားကုန်၏။

မြတ်စွာဘုရားသည် မြင်တော်မူ၍လျှင် ရဟန်းတို့အား အဘယ်ကြောင့် အလိုမရှိသည်သာလျှင်ဖြစ်သော ထိုရဟန်းကိုခေါ်၍ လာကြကုန်သနည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား ဟုတ်၏။ ဤရဟန်းသည် အရှင်ဘုရားတို့၏ အထံ၌ ရဟန်းပြု၍ ဒေဝဒတ်၏ အဓမ္မဖြင့်ဖြစ်သော ဘောဇဉ်ကို စား၏ဟု လျှောက်ကုန်၏။ ရဟန်း သင်သည် ဒေဝဒတ်၏ အဓမ္မဖြင့်ဖြစ်သောဆွမ်းကို စားသတတ်ဟူသည် မှန်သလောဟု မိန့်တော်မူ၏။ အရှင်ဘုရား ဒေဝဒတ်သည် အကျွန်ုပ်အား မပေး၊ တပါးကုန်သော သူတို့သည် ပေးကုန်၏။ ထိုဆွမ်းကို အကျွန်ုပ်သည် စား၏ဟု လျှောက်၏။ မြတ်စွာဘုရားသည် ရဟန်း သင်သည် ဤဒေဝဒတ်၏ဆွမ်းကို စားရာ၌ ရှောင်လွှဲခြင်းကို မပြုလင့်၊ ဒေဝဒတ်သည် အကျင့်မရှိ၊ သီလမရှိ၊ အသို့မူ၍လျှင် သင်သည် ရဟန်းပြု၍ ငါဘုရား၏ သာသနာတော်သို့ ဝင်လျက်လျှင် ဒေဝဒတ်၏ ဆွမ်းကိုစားဘိသနည်း၊ အခါခပ်သိမ်းလည်း သင်သည် မြင်တိုင်း မြင်တိုင်းလျှင် ဖြစ်ကုန်သောသူတို့သို့ ဆည်းကပ်ဘူး၏ဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်း၏ အမတ်ဖြစ်၏။ ထိုအခါ မင်းအား မဟိဠာမုခမည်သော မင်္ဂလာဆင်သည် ရှိ၏။ သီလရှိ၏။ အကျင့်နှင့် ပြည့်စုံ၏။ တစုံတယောက်သောသူကို မညှဉ်းဆဲ၊ ထိုအခါ တနေ့သ၌ ထိုဆင်၏ တင်းကုပ်အနီး ညဉ့်အတွင်း၌ ခိုးသူတို့သည် လာကုန်၍ ထိုဆင်၏အနီး၌ နေကုန်လျက် ခိုးသူတို့၏ တိုင်ပင်ခြင်းကို တိုင်ပင်ကြကုန်၏။ ဤသို့ ဥမင်ကို တူးအပ်၏။ ဤသို့ ခြံစပ်ဖြတ်ခြင်းအမှုကို ပြုအပ်၏။ ဥမင်ကို၎င်း ခြံစပ်ဖြတ်ရာကို၎င်း ခရီးနှင့်တူစွာ ရေဆိပ်နှင့်တူစွာ အမှိုက်မရှိ ချူံမရှိသည်ကိုပြု၍ ဥစ္စာကို ခိုးခြင်းငှါ သင့်၏။ ခိုးသောသူသည် သတ်၍သာလျင် ခိုးအပ်၏။ ဤသို့ ခိုးသည်ရှိသော် တားခြင်းငှါ စွမ်းနိုင်သောသူမည်သည် မဖြစ်လတ္တံ့၊ ခိုးသောသူ မည်သည်ကို မသိလတ္တံ့၊ အကျင့်နှင့်ယှဉ်သည် မဖြစ်ရာ၊ ရုန့်ရင်းသည်၎င်း ကြမ်းကြုတ်သည်၎င်း၊ နိုင်ထက်မူတတ်သည်၎င်း ဖြစ်ရာ၏။ ဤသို့ ခိုးသူတို့၏ တိုင်ပင်ခြင်းကို တိုင်ပင်ကုန်၏။ ဤသို့ တိုင်ပင်၍ အချင်းချင်းသင်၍ သွားကြကုန်၏။

ဤသို့သောနည်းဖြင့်လျှင် နက်ဖြန်နေ့၌၎င်း တိုင်ပင်ကုန်၏။ ဤသို့ များသောနေ့တို့၌ ထိုအရပ်သို့လာ၍ တိုင်ပင်ကုန်၏။ ထိုမင်္ဂလာဆင်သည် ထိုခိုးသူတို့၏စကားကိုကြား၍ ငါ့ကို ထိုသူတို့သည် သင်ကုန်၏ ဟူသောအမှတ်ဖြင့် ယခုငါသည် ရုန့်ရင်းကြမ်းကြုတ်စွာ နှိပ်စက်တတ်သည် ဖြစ်ရာ၏။ ဤသို့ နှလုံးသွင်းခြင်းကို ပြု၍ ထိုသို့သဘောရှိသည်ဖြစ်၏။ စောစောကလျှင် လာသော ဆင်ထိန်းကို နှာမောင်းဖြင့်ယူ၍ မြေ၌ပုတ်သတ်၏။ တယောက်သော ဆင်ထိန်းကိုလည်း ထို့အတူ သတ်၏။ ဤသို့ လာတိုင်းလာတိုင်းကုန်သော ဆင်ထိန်းတို့ကို သတ်လေသလျှင်ကတည်း၊ မဟိဠာမုခဆင်သည် ရူးသည်ဖြစ်၏။ မြင်တိုင်းမြင်တိုင်းသောသူကို သတ်၏ဟု မင်းကြီးအား ကြားကုန်၏။ မင်းသည် ဘုရားလောင်းကို ပညာရှိ သွားချေ၊ အဘယ်အကြောင်းကြောင့် ထိုဆင်သည် ပျက်စီးလေသနည်း စုံစမ်းချေလောဟူ၍ စေ၏။ ဘုရားလောင်းသည် သွား၍ ထိုဆင်၏ကိုယ်၌ ရောဂါ မရှိသည်၏အဖြစ်ကိုသိ၍ အဘယ်အကြောင်းကြောင့်လျှင် ဤဆင်သည် ပျက်စီးသနည်းဟု စုံစမ်းသည်ရှိသော် စင်စစ် အနီး၌ တစုံတယောက်သောသူတို့၏ စကားကိုကြား၍ ငါ့ကို ထိုသူတို့သည် သင်ကုန်၏ ဟူသောအမှတ်ဖြင့် ပျက်စီးဘိ၏ဟု ဆုံးဖြတ်ခြင်းကို ပြု၍ ဆင်ထိန်းတို့ကို ဆင်တင်းကုပ်၏အနီး၌ ညဉ့်အဘို့၌ တစုံတယောက်သော သူတို့သည် တစုံတခုသောစကားကို ဆိုဘူးကုန်သလောဟု မေး၏။ အရှင်ဆိုဘူး၏။ ခိုးသူတို့သည် လာကုန်၍ ဆိုကုန်၏ဟု ဆို၏။

ဘုရားလောင်းသည် သွား၍ ရှင်မင်းကြီး ဆင်၏ကိုယ်၌ တစုံတခုသော ဖောက်ပြန်ခြင်းသည် မရှိ၊ ခိုးသူတို့၏စကားကိုကြား၍ ပျက်စီး၏ဟု မင်းအားကြားလျှောက်၏။ ယခု အသို့ပြုအံ့သောငှါ သင့်သနည်းဟု ဆို၏။ သီလရှိသော ရဟန်းပုဏ္ဏားတို့ကို ဆင်တင်းကုပ်၌ နေစေ၍ သီလအကျင့်စကားကို ပြောဆိုခြင်းငှါ သင့်၏ဟု ဆို၏။ အမောင် ဤသို့ပြုလောဟု ဆို၏။ ဘုရားလောင်းသည် သီလရှိသော ရဟန်းပုဏ္ဏားတို့ကို ဆင်တင်းကုပ်၌ နေစေ၍ အရှင်ဘုရားတို့ သီလအကျင့်စကားကို ပြောဆိုကြကုန်လောဟု ဆို၏။ ထိုရဟန်းပုဏ္ဏားတို့သည် ဆင်တင်းကုပ်၏အနီး၌ နေကုန်လျက် တစုံတယောက်သောသူတို့ကို မှားသောအားဖြင့် မသုံးသပ်အပ်၊ သီလအကျင့်နှင့် ပြည့်စုံသည် ခန္တီ မေတ္တာ ကရုဏာနှင့် ယှဉ်သည် ဖြစ်ခြင်းငှါသင့်၏ဟု သီလစကားကို ပြောဆိုကုန်၏။ ထိုမင်္ဂလာဆင်သည် ထိုစကားကိုကြား၍ ငါ့ကို ထိုသူတို့သည် သင်ကုန်၏။ ယနေ့မှစ၍ ငါသည် သီလရှိသည် ဖြစ်ရာ၏ဟု နှလုံးသွင်း၍ သီလရှိသည် ဖြစ်၏။ မင်းသည် ဘုရားလောင်းကို အမောင် ဆင်သည် သီလရှိသည် ဖြစ်ပြီလောဟု မေး၏။ ဘုရားလောင်းသည် ရှင်မင်းကြီး သီလရှိသည် ဖြစ်ပြီ၊ ဤသို့ သဘောရှိသော ပျက်စီးပြီးသော ဆင်သည် ပညာရှိတို့ကို မှီ၍ ရှေးဖြစ်သော အကျင့်တရား၌သာလျှင် တည်၏ဟု ဆိုလို၍-

၂၆။ ပုရာဏစောရာန ဝစော နိသမ္မ၊
မဟိဠာမုခေါ ပေါထယမနွစာရီ၊
သုသညတာနံ ဟိ ဝစော နိသမ္မ၊
ဂဇုတ္တမော သဗ္ဗဂုဏေသု အဋ္ဌာ။

ဟူသော ဤဂါထာကို ဆို၏။

၂၆။ မဟာရာဇ၊ မင်းကြီး။ မဟိဠာမုခေါ၊ ဆင်မ၏မျက်နှာနှင့်တူသော ဆင်သည်။ ပုရာဏံ၊ ရှေးမဆွက။ စောရာနံ၊ ခိုးသူတို့၏။ ဝစော၊ စကားကို နိသမ္မ၊ ကြား၍။ ပေါထယံ-ပေါထယန္တော၊ ပုတ်သတ်လျက်။ အနွစာရီ၊ အတုလိုက်၍ ကျင့်၏။ ဂဇုတ္တမော၊ မဟိဠာမုခဆင်မြတ်သည်။ သုသညတာနံ ဟိ၊ ကောင်းစွာ ကိုယ်နှုတ်နှလုံးကို စောင့်ရှောက်ကုန်သော ရဟန်းပုဏ္ဏားတို့၏ သာလျှင်။ ဝစော၊ စကားကို။ နိသမ္မ၊ ကြား၍။ သဗ္ဗဂုဏေသု၊ ခပ်သိမ်းကုန်သော ကျေးဇူးတို့၌။ အဋ္ဌာ၊ တည်၏။

မင်းသည် တိရစ္ဆာန်၏အလိုကိုလည်း သိပေ၏ဟု ဘုရားလောင်းအား ကြီးစွာသောစည်းစိမ်ကို ပေး၏။ ထိုမင်းသည် အသက်ထက်ဆုံး တည်၍ ဘုရားလောင်းနှင့်တကွ ကံအားလျော် လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်း ရှေး၌လည်း သင်သည် မြင်တိုင်းမြင်တိုင်းကုန်သော သူတို့ကိုသာလျှင် ဆည်းကပ်တတ်၏။ ခိုးသူတို့၏ စကားကို ကြား၍ ခိုးသူတို့သို့ ဆည်းကပ်၏။ တရားကိုစောင့်ကုန်သောသူတို့၏ စကားကိုကြား၍ တရားစောင့်သောသူတို့သို့ ဆည်းကပ်ဘူး၏ဟု ဤ ဓမ္မဒေသနာကိုဆောင်၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဆန့်ကျင်ဘက် အပေါင်းအဘော်ကို မှီဝဲသောရဟန်းသည် ထိုအခါ မဟိဠာမုခဆင်ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အမတ်ပညာရှိ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မြင်တွေ့ရာရာ၊ ဆည်းကပ်ပါ၊ မင်္ဂလာ မုခ မဟိဠ

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော မဟိဠာမုခဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုရုင်္ဂဝဂ်

၇။ အဘိဏှဇာတ်

လွန်စွာ အကျွမ်းဝင်ကြသော တိရစ္ဆာန်နှစ်ခုတို့၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လူကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နာလံ ကဗဠံ ပဒါတဝေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအဘိဏှဇာတ်ကို ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် တယောက်သော သီတင်းသည်ကို၎င်း မထေရ်ကြီးကို၎င်း အကြောင်းပြု၍ ဟောတော်မူ၏။ ဘသာဝတ္ထိပြည်၌ညနှစ်ယောက်ကုန်သောအဆွေခင်ပွန်းတို့သည် ရှိကုန်သတတ်၊ ထိုနှစ်ယောက်ကုန်သော အဆွေခင်ပွန်းတို့တွင် တယောက်သော အဆွေခင်ပွန်းသည် ရဟန်းပြု၍ တယောက်သော အဆွေခင်ပွန်း၏ လူ၏အိမ်သို့ နေ့တိုင်း နေ့တိုင်း သွား၏။ အဆွေခင်ပွန်းဖြစ်သော သီတင်းသည်သည် အဆွေခင်ပွန်းရဟန်းအား ဆွမ်းကိုလှူ၍ မိမိလည်း စား၍ ထိုရဟန်းနှင့်တကွ ကျောင်းသို့သွား၍ နေဝင်သည့်တိုင်အောင် ရှေးဦးစွာပြောခြင်း အတုံ့ပြောခြင်းဖြင့်နေ၍ မြို့သို့ဝင်၏။ အဆွေခင်ပွန်းရဟန်းသည်လည်း ထိုအဆွေခင်ပွန်း သီတင်းသည်ကို မြို့တံခါးတိုင်အောင် ပို့လိုက်၍ ပြန်ခဲ့၏။ ရဟန်းလူတို့၏ ထိုအကျွမ်းဝင်ခြင်းသည် ရဟန်းတို့ အတွင်း၌ ထင်ရှား၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် ထိုရဟန်းလူတို့၏ အကျွမ်းဝင်ခြင်းကို ပြောဆိုကုန်လျက် တရားသဘင်၌ နေကုန်၏။ မြတ်စွာဘုရားသည် ကြွတော်မူ၍ ရဟန်းတို့ ယခုအခါ သင်တို့သည် အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၏။ ထိုရဟန်းတို့သည် အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ဤရဟန်းလူတို့သည် ယခုသာလျှင် အကျွမ်းဝင်သည် မဟုတ်သေး၊ ရှေး၌လည်း အကျွမ်းဝင်ဘူးကုန်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သော် ဘုရားလောင်းသည် ထိုမင်း၏အမတ်ဖြစ်၏။ ထိုအခါ တခုသောခွေးသည် ဆင်တင်းကုပ်သို့သွား၍ မင်္ဂလာဆင်၏ စားရာအရပ်၌ ကျကုန်သော ထမင်းလုံးတို့ကို စား၏။ ထိုခွေးသည် အစာကြောင့် အဆွေခင်ပွန်း ဖွဲ့လျက် မင်္ဂလာဆင်အား အကျွမ်းဝင်သည်ဖြစ်၍ ဆင်၏အထံ၌သာလျှင် စား၏။ နှစ်ခုကုန်သော သတ္တဝါတို့သည် ကင်း၍နေခြင်းငှာ မတတ်နိုင်ကုန်၊ မင်္ဂလာဆင်သည် ခွေးကို နှာမောင်းဖြင့် ယူ၍ တပြောင်းပြန်ပြန်ကစား၏။ မြှောက်၍ ဦးကင်း၌ တင်၏။ ထိုအခါ တနေ့သ၌ တယောက်သော ရွာ၌နေသောသူသည် ဆင်ထိန်းအား အဘိုးပေး၍ ထိုခွေးကိုယူ၍ မိမိရွာသို့သွား၏။ ထိုအခါမှစ၍ မင်္ဂလာဆင်သည် ခွေးကိုမမြင်သည်ဖြစ်၍ စားလည်းမစား သောက်လည်း မသောက် ရေလည်းမချိုး ထိုအကြောင်းကို မင်းအား လျှောက်ကုန်၏။ မင်းသည် ဘုရားလောင်းကို ပညာရှိ သွားချေ အဘယ့်ကြောင့် ဆင်သည် ဤသို့ပြုသနည်းဟု စုံစမ်းချေလောဟု စေ၏။

ဘုရားလောင်းသည် ဆင်တင်းကုပ်သို့သွား၍ ဆင်၏ နှလုံးမသာသည်၏အဖြစ်ကိုသိ၍ ဤဆင်၏ ကိုယ်၌ ရောဂါသည်မထင်၊ ထိုဆင်အား တစုံတခုသော သတ္တဝါနှင့်တကွ မိတ်ဖွဲ့သည်ဖြစ်ရာ၏။ ဤမင်္ဂလာဆင်သည် အကျွမ်းဝင်သောသတ္တဝါကို မမြင်ရ၍ စိုးရိမ်ခြင်း နှိပ်စက်လေယောင်တကားဟု နှလုံးသွင်း၍ ဆင်ထိန်းတို့ကို ဤဆင်အား တစုံတခုသော သတ္တဝါနှင့် အကျွမ်းဝင်သည် ရှိသလာဟု မေး၏။ အရှင်ရှိ၏။ တခုသော ခွေးနှင့်တကွ အားကြီးစွာသော ချစ်ခြင်းသည်ဖြစ်၏ဟု ဆို၏။ ထိုခွေးသည် ယခု အဘယ်မှာနည်းဟု မေး၏။ တယောက်သော လူသည် ဆောင်အပ်၏ဟု ဆို၏။ ထိုသူ၏ နေရာအရပ်ကို သိကြကုန်၏လောဟု မေး၏။ အရှင်အကျွန်ုပ်တို့ မသိကုန်ဟု ဆို၏။ ဘုရားလောင်းသည် မင်းအထံသို့သွား၍ ရှင်မင်းကြီး မင်္ဂလာဆင်အား တစုံတခုသောအနာသည် မရှိ၊ တခုသော ခွေးနှင့်တကွ အားကြီးသော အကျွမ်းဝင်ခြင်းသည်ကားဖြစ်၏။ ထိုခွေးကို မမြင်သည်ဖြစ်၍ မစား မသောက်တကားဟု ဆိုလို၍-

၂၇။ နာလံ ကဗဠံ ပဒါတဝေ၊ န ပိဏ္ဍံ န ကုသေ န ဃံသိတုံ။
မညာမိ အဘိဏှဒဿနာ၊ နာဂေါ သ္နေဟမကာသိ ကုက္ကုရေ။

ဟူသော ဤဂါထာကို ဆို၏။

၂၇။ မဟာရာဇ၊ မင်းကြီး။ နာဂေါ၊ မင်္ဂလာဆင်သည်။ ကဗဠံ၊ ပေးအပ်သော ထမင်းလုပ်ကို။ ပဒါတဝေ၊ ယူခြင်းငှါ။ နလံ-အသမတ္ထော၊ မစွမ်းနိုင်။ ပိဏ္ဏံ၊ လုံး၍ ပေးအပ်သော ထမင်းဆုပ်ကို။ ပဒါတဝေ၊ ယူခြင်းငှါ။ နာလံ-အသမတ္ထော၊ မစွမ်းနိုင်။ ကုသေ၊ စားစိမ့်သောငှာ ပေးအပ်ကုန်သော မြက်တို့ကို။ ပဒါတဝေ၊ ယူခြင်းငှါ။ နာလံ-အသမတ္ထော၊ မစွမ်းနိုင်။ ဃံသိတုံ၊ ရေချိုးသောကာလ၌ ကိုယ်ကိုပွတ်ခြင်းငှါ။ နာလံ-အသမတ္ထော၊ မစ္စမ်းနိုင်။ နာဂေါ၊ မင်္ဂလာဆင်သည်။ အဘိဏှဒဿနာ၊ မပြတ်မြင်သဖြင့်။ ကုက္ကုရေ၊ ခွေး၌။ သ္နေဟံ၊ ချစ်ခြင်းကို။ အကာသိ မညာမိ၊ ပြု၏ဟု အကျွန်ုပ် ထင်မိ၏။

မင်းသည် ဘုရားလောင်း၏ စကားကိုကြား၍ ပညာရှိ ယခု အသို့ပြုအပ်သနည်းဟု မေး၏။ မြတ်သောမင်းကြီး ငါတို့မင်္ဂလာဆင်၏ အဘော်ဖြစ်သောခွေးကို တယောက်သောသူသည် ယူ၍ သွားသတတ်၊ အကြင်သူ၏အိမ်၌ ထိုခွေးကိုမြင်၏။ ထိုသူအား ဤမည်သောဒဏ်ပေးအံ့ဟု စည်ကိုလည်စေလောဟုဆို၍ မင်းသည် ဘုရားလောင်းဆိုတိုင်း ပြုစေ၏။ ထိုစကားကိုကြား၍ ထိုယောက်ျားသည် ခွေးကိုလွှတ်၏။ ခွေးသည် လျင်မြန်စွာပြေး၍ ဆင်၏အထံသို့သာလျှင် သွား၏။ ဆင်သည် ထိုခွေးကို နှာမောင်းဖြင့်ယူ၍ ဦးကင်း၌ထား၍ မျက်ရေယိုလျက်ငို၍ ဦးကင်းမှချ၍ ခွေးသည် စားပြီးသည်ရှိသော် နောက်မှ မိမိစား၏။ ထိုတိရစ္ဆာန်၏ အလိုကိုလည်း သိနိုင်၏ဟု မင်းသည် ဘုရားလောင်းအား ကြီးသောစည်းစိမ်ကို ပေး၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ဤအဆွေ ခင်ပွန်းဖြစ်ကုန်သော လူ ရဟန်းတို့သည် ယခုသာလျှင် အကျွမ်းဝင်ကုန်လေသည် မဟုတ်သေး၊ ရှေး၌လည်း အကျွမ်းဝင်ဘူးကုန်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကို ဆောင်၍ လေးပါးသော သစ္စာစကားဖြင့် လည်စေ၍ အနုသန္ဓေကို စပ်၍ ယခုအခါ သီတင်းသည်သည် ထိုအခါ ခွေးဖြစ်ဘူးပြီ၊ ယခုအခါ မထေရ်သည် ထိုအခါ မင်္ဂလာဆင် ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အမတ်ပညာရှိ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ချစ်သူမတွေ့၊ ရင်မှာဆွေ့၊ မြေ့မြေ့နွမ်းလျာ ဆင်ပမာ

ခုနစ်ခုမြောက်သော အဘိဏှဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုရုင်္ဂဝဂ်

၈။ နန္ဒိဝိသာလဇာတ်

ရုန့်ရင်းကြမ်းတန်းစွာ မပြောမဆိုအပ်သည့်အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူတို့ကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် မနုညမေဝ ဘာသေယျ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤနန္ဒိဝိသာလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ်ဆဗ္ဗဂ္ဂီရဟန်းတို့၏ ဆဲရေးခြင်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကိုချဲ့ဦးအံ့၊ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခိုက်ရန်ကို ပြုကုန်လျက် သီလကိုချစ်ကုန်သော ရဟန်းတို့ကို ဆဲရေး ရှုတ်ချကုန်၏။ နှုတ်လှံထိုးကုန်၏။ ဆယ်ပါးသော အက္ကောသဝတ္ထုတို့ဖြင့် ဆဲရေးကုန်၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား လျှောက်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့ကိုခေါ်စေ၍ ရဟန်းတို့ သင်တို့သည် ခိုက်ရန်ပြုကုန်သတတ်ဟူသည်ကား မှန်သလောဟု မေးတော်မူ၏။ အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်ကုန်သည်ရှိသော် ကဲ့ရဲ့တော်မူ၍ ရဟန်းတို့ ရုန့်ရင်းကြမ်းတန်းသော စကားမည်သည်ကို တိရစ္ဆာန်တို့သည်လည်း မနှစ်သက်ကုန်၊ ရှေး၌လည်း တခုသောတိရစ္ဆာန်ဖြစ်သော နွားသည် မိမိကို ကြမ်းကြုတ်သော စကားဖြင့် ဆိုသောပုဏ္ဏားကို အသပြာ တထောင်ကို ရှုံးစေ၏ဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်၌ ဂန္ဓာရမင်းသည် မင်းပြု၏။ ထိုအခါ ဘုရားလောင်းသည် နွားအမျိုး၌ ဖြစ်၏။ ထိုအခါ ဘုရားလောင်းကို ငယ်သောကာလ၌လျှင် ပုဏ္ဏားတယောက်သည် နွားလှူတတ်သော ဒါယကာတို့၏ အထံမှရ၍ နန္ဒိဝိသာလ ဟူသောအမည်ကို မှည့်၍ သား၏ အရာ၌ထား၍ ချစ်မြတ်နိုးသည်ဖြစ်၍ ယာဂု ထမင်း အစရှိသည်တို့ကိုပေး၍ မွေး၏။ ဘုရားလောင်းသည် အရွယ်သို့ ရောက်သည်ရှိသော် ဤပုဏ္ဏားသည် ငြိုငြင်သဖြင့် ငါ့ကို လုပ်ကျွေး၏။ အလုံးစုံသောဇမ္ဗူဒိပ်၌ ငါနှင့်တကွ ထပ်တူမျှသော တပါးသော နွားမည်သည် မရှိ၊ ငါသည် မိမိ၏အားကိုပြု၍ ပုဏ္ဏားအား မွေးကျေးဇူးကို ဆပ်ရမူကား ကောင်း၏ဟု ကြံ၏။

နန္ဒိဝိသာလသည် တနေ့သ၌ ပုဏ္ဏားကို ပုဏ္ဏား သွားချေ ဂေါဝိတ္တကသူဌေးသို့ကပ်၍ “ငါ၏ နွားသည် တစပ်ထည်းဖွဲ့အပ်သော လှည်းတရာကို လိမ့်စေနိုင်၏ဟုဆို၍ အသပြာ တထောင်ဖြင့် လောင်းခြင်းကို ပြုလော”ဟု ဆို၏။ ပုဏ္ဏားသည် သူဌေးအထံသို့ သွား၍ ဤမြို့၌ အဘယ်သူ၏နွားသည် စွမ်းအားနှင့် ပြည့်စုံသနည်းဟု စကားကို ဖြစ်စေ၏။ ထိုအခါ ပုဏ္ဏားကို ဂေါဝိတ္တက သူဌေးသည် ဤမည်သောသူ၏ နွားသည်လည်း စွမ်းအားနှင့် ပြည့်စုံ၏။ ဤမည်သောသူ၏ နွားသည်လည်း စွမ်းအားနှင့် ပြည့်စုံ၏ဟု ဆို၍ အလုံးစုံသောမြို့၌ကား ငါတို့နွားနှင့်တူသော နွားသည် မရှိဟု ဆို၏။ ပုဏ္ဏားသည် ငါ့အား တစပ်တည်း ဖွဲ့အပ်သော လှည်းတရာကို လိမ့်စေခြင်းငှါစွမ်းနိုင်သော တခုသော နွားသည်ရှိ၏ဟုဆို၏။ ဂေါဝိတ္တကသူဌေးသည် ဤသို့သဘောရှိသောနွားသည် အဘယ်မှာ ရှိသနည်းဟု ဆို၏။ ပုဏ္ဏားသည် အိမ်၌ရှိ၏ဟု ဆို၏။ ထိုသို့တပြီးကား အသာတထောင်ဖြင့် လောင်းခြင်းကို ပြုလောဟု သူဌေးက ဆို၏။ ပုဏ္ဏားသည် ကောင်းပြီ ပြုအံ့ဟု အသပြာ တထောင်ဖြင့် လောင်းခြင်းကို ပြု၏။

ပုဏ္ဏားသည် လှည်းတရာကို သဲကျောက်စရစ်တို့ဖြင့်သာလျှင် ပြည့်စေ၍ အစဉ်သဖြင့်ထား၍ အလုံးစုံသော လှည်းတို့ကို ဝင်ရိုး၌ ဖွဲ့သောလွန်ဖြင့်တပေါင်းတည်းဖွဲ့၍ နန္ဒိဝိသာလကိုရေချိုး၍ နံ့သာလက်ငါးချောင်းရာကိုပေး၍ လည်၌ပန်းကုံးစွပ်၍ ရှေးဦးစွာလှည်းဦး၌ တကောင်တည်းကိုသာလျှင်က၍ မိမိသည်လည်း လှည်းဦး၌ထိုင်၍ နှင်တံကိုမြှောက်၍ ကောက်ကျစ်သောနွား သွားလော၊ ကောက်ကျစ်” သောနွား ဝန်ကိုဆောင်လော့ဟု ဆို၏။ ဘုရားလောင်းသည် မကောက်ကျစ်သော ငါ့ကို ကောက်ကျစ်၏ ဟူသော စကားဖြင့် ဆို၏ဟူ၍ ခြေလေးဘက်တို့ကို တိုင်တို့ကဲ့သို့ မလှုပ်သည်တို့ကိုပြု၍ ရပ်၏။ ထိုခဏ၌လျှင် ဂေါဝိတ္တကသူဌေးသည် ပုဏ္ဏားကိုအသပြာတထောင်ကို လျော်စေ၏။ ပုဏ္ဏားသည် အသပြာ တထောင်မှ ရှုံးသည်ဖြစ်၍ နွားကိုချွတ်၍ အိမ်သို့သွား၍ စိုးရိမ်ခြင်း နှိပ်စက်ရကား လျောင်း၏။

နန္ဒိဝိသာလသည် ကျက်စား၍ လာပြီးသည်ရှိသော် စိုးရိမ်ခြင်းဖြင့်နှိပ်စက်သော ပုဏ္ဏားကိုမြင်၍ ကပ်လျက် ပုဏ္ဏား အဘယ့်ကြောင့် အိပ်သနည်းဟု မေး၏။ အသပြာတထောင်မှ ရှုံးသောကြောင့် ငါ့အား အဘယ်မှာ အိပ်ပျော်အံ့နည်းဟု ဆို၏။ ပုဏ္ဏား ငါသည် ဤမျှလောက်သော ကာလပတ်လုံး သင့်အိမ်၌နေသဖြင့် တစုံတခုသော ခွဲဘူးသောအိုးသည်လည်း ရှိသလော၊ နင်းနယ်ဘူးသော တစုံတခုသော ဥစ္စာသည်လည်း ရှိသလော၊ အရာမဟုတ်သည်၌ စွန့်ဘူးသော ကျင်ကြီး ကျင်ငယ်သည်မူလည်း ရှိသလောဟုမေး၏။ ချစ်သား မရှိပေဟု ဆို၏။ ထိုသို့လျက် ငါ့ကို အဘယ့်ကြောင့် ကောက်ကျစ်၏ ဟူသော စကားဖြင့် ဆိုဘိသနည်း၊ ဤအပြစ်သည် သင်၏ အပြစ်သာလျှင်တည်း၊ ငါ့အားကား အပြစ်မရှိ၊ သွားချေ ဂေါဝိတ္တက သူဌေးနှင့်တကွ အသာ နှစ်ထောင်တို့ဖြင့် လောင်းခြင်းကို ပြုချေဦးလော၊ မကောက်ကျစ်သော ငါ့ကို သက်သက် ကောက်ကျစ်၏ ဟူသောစကားဖြင့် မခေါ်ဝေါ်လင့်ဟု ဆို၏။

ပုဏ္ဏားသည် ဘုရားလောင်းစကားကိုကြား၍ အသပြာ နှစ်ထောင်တို့ဖြင့် လောင်းခြင်းကိုပြု၍ ရှေးနည်းဖြင့်သာလျှင် လှည်းတရာကို တစပ်တည်းဖွဲ့၍ နန္ဒိဝိသာလကို တန်ဆာဆင်၍ ရှေးဦးစွာသော လှည်းဦး၌ က၏။ အဘယ်သို့ ကသနည်းဟူမူကား ထမ်းပိုးဦး၌ မလှုပ်အောင်ဖွဲ့၍ တခုသောအစွန်းဖြင့် နန္ဒိဝိသာလကို က၍ တခုသော အစွန်းကို လွန်ဖြင့်ရစ်၍ ထမ်းပိုးစွန်းကို၎င်း ဝင်ရိုးကို၎င်း၊ လှည်းအိမ်ထုပ်ကို၎င်း မှီ၍ ဦးပြည်းသစ်သားကိုထောက်၍ လွန်ဖြင့်မလှုပ်အောင်ဖွဲ့၍ထား၏။ ထိုစကားသည် မှန်၏။ ဤသို့ ပြုသည်ရှိသော် ထမ်းပိုးသည် ထိုသို့၎င်း ဤသို့၎င်း မရွေ့၊ တကောင်တည်းသော နွားသည်လျှင် ငင်ခြင်းငှါ တတ်နိုင်၏။ ထိုအခါ ပုဏ္ဏားသည် လှည်းဦး၌ထိုင်၍ နန္ဒိဝိသာလ၏ ကျောက်ကုန်းကို သုံးသပ်၍ ကောင်းသောနွား သွားပါလော၊ ကောင်းသောနွား ဝန်ကို ဆောင်ပါလောဟု ဆို၏။ ဘုရားလောင်းသည် အလွန်ဖွဲ့အပ်သောလှည်းတရာကို တဟုန်တည်းခြင်းငင်၍ နောက်၌တည်သောလှည်းကို ရှေ့၌တည်သော လှည်း၏ နေရာ၌သာလျှင် တည်စေ၏။ ဂေါဝိတ္တက သူဌေးသည် ရှုံးသည်ဖြစ်၍ ပုဏ္ဏားအား အသပြာ နှစ်ထောင်တို့ကိုပေး၍ တပါးကုန်သောသူတို့သည်လည်း ဘုရားလောင်းအား များစွာသောဥစ္စာကို ပေးကုန်၏။ အလုံးစုံသောဥစ္စာသည် ပုဏ္ဏားအားသာလျှင် ဖြစ်၏။ ထိုသို့ ဘုရားလောင်းကိုမှီ၍ များစွာသောဥစ္စာကို ရ၏ဟု မိန့်တော်မူ၍ မြတ်စွာဘုရားသည် ရဟန်းတို့ ကြမ်းကြုတ်သော စကားမည်သည်ကို တစုံတယောက်သောသူသည် မနှစ်သက်ဟု ဟောတော်မူ၍ ဆဗ္ဗဂ္ဂီ ရဟန်းတို့ကို ကဲ့ရဲ့တော်မူပြီးသော် သိက္ခာပုဒ်ကို ပညတ်တော်မူ၍ ဘုရားဖြစ်၍-

၂၈။ မနုညမေဝ ဘာသေယျ၊ နာမနုညံ ကုဒါစနံ
မနုညံ ဘာသာမာနဿ၊ ဂရုံ ဘာရံ ဥဒဒ္ဓရိ။
ဓနဉ္စ နံ အလာဘေသိ၊ တေန စတ္တမနော အဟု။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၂၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ပရေန၊ တပါးသောသူနှင့်။ သဒ္ဓိံ၊ တကွ။ ဘာသမာနော၊ ဆိုသောသူသည်။ မနုညမေဝ၊ နှစ်သက်ဘွယ်သော စကားကိုသာလျှင်။ ဘာသေယျ၊ ဆိုရာ၏။ အမနုညံ၊ မနှစ်သက်ဘွယ်သော စကားကို။ ကုဒါစနံ၊ တရံတဆစ်မျှ။ န ဘာသေယျ၊ မဆိုရာ။ မနုညံ၊ နှစ်သက်ဘွယ်သောစကားကို။ ဘာသမာနဿ၊ ဆိုသောပုဏ္ဏား၏။ ဂရုံ၊ လေးသော။ ဘာရံ၊ လှည်းတရာကို။ ဥဒဒ္ဓရိ၊ ငင်၍ တည်စေပြီ။ နံ၊ ထိုပုဏ္ဏားကို။ ဓနဉ္စ၊ ဥစ္စာကိုလည်း။ အလာဘေသိ၊ ရစေပြီ။ ဗြာဟ္မဏာ၊ ပုဏ္ဏားသည်။ တေန၊ ထို့ကြောင့်။ အတ္တမနော၊ နှစ်သက်သည်။ အဟု၊ ဖြစ်ပြီ။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် မနုညမေဝ ဘာသေယျ အစရှိသော ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ပုဏ္ဏားဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ နန္ဒိဝိသာလနွားဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ချစ်ဘွယ်သိမ်းကျူံး၊ နှုတ်လျှိုသုံး၊ အားလုံးကြိုက်တာ သတ္တဝါ

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော နန္ဒိဝိသာလဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုရုင်္ဂဝဂ်

၉။ ကဏှဇာတ်

တပါးသူတို့ မယူနိုင်သောဝန်ကို ကိုယ်တော်သာလျှင် ဆောင်နိုင်သောထုံးဟောင်း ဘုရားလောင်း နွား၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယတော ယတော ဂရုံ ဓုရံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဏှဇာတ်ကို ဇေတဝန်ကျောင်း၌ နေတော်မူစဉ် ယမိုက် ပြာဋိဟာကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုယမိုက်ပြာဋိဟာသည် တာဝတိံသာ နတ်ပြည်မှ ဆင်းသက်တော်မူသော စကားနှင့် တကွ တေရသကနိပါတ် သရဘမိဂဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ မြတ်စွာဘုရားသည်ကား ယမိုက်ပြာဋိဟာကိုပြတော်မူ၍ နတ်ပြည်၌ သုံးလပတ်လုံးဝါဆို၍ မဟာပဝါရဏာနေ့၌ သင်္ကဿ မြို့တံခါး၌သက်၍ များစွာသော အခြံအရံဖြင့် ဇေတဝန် ကျောင်းတော်သို့ ဝင်တော်မူပြီးသည်ရှိသော် ရဟန်းတို့သည် တရားသဘင်၌ စည်းဝေး၍ ငါ့သျှင်တို့ ဘုရားတို့မည်သည်ကား အတုမရှိ ရွက်ဆောင်နိုင်၏။ မြတ်စွာဘုရားသည် ရွက်ဆောင်အပ်သောဝန်ကို တပါးသော ရွက်ဆောင်ခြင်းငှါ စွမ်းနိုင်သောသူ မည်သည်မရှိ၊ ဆရာခြောက်ယောက်တို့သည်သာလျှင် ယမိုက် ပြာဋိဟာကို ပြကုန်အံ့ဟု ဆိုကုန်၍ တခုသော ပြာဋိဟာကိုလည်း မပြနိုင်ကုန်၊ မြတ်စွာဘုရားသည်အံ့ဘွယ်ရှိစွ၊ အတုမရှိ ရွက်ဆောင်နိုင်၏ဟု ဘုရားကျေးဇူးကို ချီးမွှမ်းကုန်လျက်နေကုန်၏။ မြတ်စွာဘုရားသည် ကြွတော်မူလာ၍ ရဟန်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၏။ အရှင်ဘုရား တပါးသောစကားဖြင့် မစည်းဝေးပါကုန်၊ ဤသဘောရှိသော အရှင်ဘုရားတို့၏ ကျေးဇူးစကားဖြင့်သာလျှင် စည်းဝေးပါကုန်၏ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ ဘုရားသည် ရွက်ဆောင်အပ်သောဝန်ကို အဘယ်သူသည် ရွက်ဆောင်နိုင်လတ္တံ့နည်း၊ ရှေး၌ တိရစ္ဆာန် အမျိုး၌ ဖြစ်လျက်လည်း ငါသည် မိမိနှင့် ထပ်တူ ရွက်ဆောင်နိုင်သော တစုံတယောက်သောသူကို မရစဘူးဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် နွားအမျိုး၌ဖြစ်၏။ ထိုအခါ ဘုရားလောင်းကို အရှင်တို့သည် နွားငယ်ဖြစ်စဉ်ကာလ၌လျှင် တယောက်သော သက်ကြီးမ၏ အိမ်၌နေ၍ ထိုသက်ကြီးမအား အိမ်၌နေရသော အခတည်းဟု ပိုင်းခြား၍ ပေးကုန်၏။ ထိုသက်ကြီးမသည် ထိုနွားငယ်ကို ယာဂုထမင်း အစရှိသည်တို့ဖြင့် လုပ်ကျွေးလျက် သားအရာ၌ ထား၍မွေး၏။ ထိုနွားသည် အယျိကကာဠကဟူ၍ သာလျှင် အမည်တွင်၏။ အရွယ်သို့ ရောက်သည် ရှိသော်လည်း မျက်စဉ်းညို အဆင်းရှိသည်ဖြစ်၍ ရွာ၌ နွားတို့နှင့်တကွ ကျက်စား၏။ သီလအကျင့်နှင့် ပြည့်စုံ၏။ ရွာသူသားငယ်တို့သည် ချိုတို့၌၎င်း နားတို့၌၎င်းကိုင်၍ တွဲလျားဆွဲကုန်၏။ အမြီး၌ကိုင်၍ ကစားကုန်၏။ ကျောက်ကုန်း၌လည်း စီးကုန်၏။ ထိုဘုရားလောင်းနွားသည် တနေ့သ၌ အမိသည် ဆင်းရဲ၏။ ငါ့ကို သားအရာ၌ထား၍ ဆင်းရဲသဖြင့် မွေး၏။ ငါသည် အခစားပြု၍ အမိကိုဆင်းရဲမှ လွတ်စေရမူကား ကောင်း၏ဟု ကြံ၍ ထိုဘုရားလောင်းသည် ထိုနေ့မှစ၍ အခကိုစုံစမ်းလျက်သွား၏။

တနေ့သ၌ တယောက်သောလှည်းကုန်သည့်သားသည် လှည်းငါးရာတို့ဖြင့် မညီညွတ်သောဆိတ်သို့ ရောက်လေ၏။ ထိုလှည်းကုန်သည်၏ နွားတို့သည် လှည်းတို့ကို တက်စေအံ့သောငှါ မတတ်နိုင်ကုန်၊ ငါးရာကုန်သောလှည်းတို့၌ ထမ်းပိုးအဆင့်ဆင့်ဖြင့် ကအပ်ကုန်သော နွားတို့သည် တစီးသောလှည်းကိုလည်း ထုတ်အံ့သောငှါ မတတ်နိုင်ကုန်၊ ဘုရားလောင်းသည်လည်း နွားတို့နှင့်တကွ ဆိပ်၏အနီး၌ သွား၏။

လှည်းကုန်သည့်သားလည်း နွားတို့၏ လက္ခဏာကိုပြသောကျမ်းကို တတ်၏။ လှည်းကုန်သည့်သားသည် ထိုနွားတို့၏ အတွင်း၌ ဤလှည်းတို့ကို ထုတ်ခြင်းငှါ စွမ်းနိုင်သော နွားဥသဘအာဇာနည်ကို စုံစမ်းသည်ရှိသော် ဘုရားလောင်းကိုမြင်၍ ဤအာဇာနည် နွားသည် ငါ၏လှည်းကို ထုတ်ခြင်းငှါ စွမ်းနိုင်လတ္တံ့၊ အဘယ်သူ သည်လျှင် ထိုနွား၏ အရှင်နည်းဟု နွားကျောင်းသားတို့ကို မေး၏။ မေးပြီး၍ ငါသည် နွားကို လှည်းတို့၌ က၍ လှည်းတို့ကို ထုတ်ပြီးသည်ရှိသော် အခကိုပေးအံ့ဟု ဆို၏။ ထိုနွားကျောင်းသားတို့သည် ယူ၍ ကလော၊ ဤျနွား၏ အရှင်သည် ဤအရပ်၌ မရှိဟု ဆိုကုန်၏။ လှည်းကုန်သည့် သားသည် နွားကို နှာခေါင်းကြိုးငယ်ဖြင့်ဖွဲ့၍ ငင်သည်ရှိသော် လှုပ်စိမ့်သောငှါလည်း မတတ်နိုင်၊ ဘုရားလောင်းသည် အခကိုဆိုမှ လိုက်ဦးအံ့ဟု နှလုံးသွင်း၍ မလိုက်သတတ်၊ လှည်းကုန်သည်သားသည် ဘုရားလောင်း၏ အလိုကိုသိ၍ အရှင်သင်သည် လှည်းငါးရာတို့ကို ထုတ်အပ်ကုန်သည်ရှိသော် တခုသောလှည်း၏ နှစ်သပြာတို့ကိုအခပြု၍ တထောင်ကိုပေးအံ့ဟု ဆို၏။ ထိုအခါ ဘုရားလောင်းသည် မိမိအလိုလိုသာလျှင် သွား၏။

ထိုအခါ ထိုနွားကို ယောက်ျားတို့သည် လှည်းတို့၌ ကကုန်၏။ ထိုအခါ လှည်းတို့ကို တဟုန်တည်းဖြင့်သာလျှင် ငင်၍ ကြည်း၌ တည်စေ၏။ ဤသို့သောနည်းဖြင့် လှည်းငါးရာတို့ကို တင်၏။ လှည်းကုန်သည့်သားသည် တစီးတစီးသောလှည်း၏ တသပြာ တသပြာကိုပြု၍ ငါးရာကုန်သော ဥစ္စာတို့ကိုထုပ်၍ ဘုရားလောင်း၏ လည်၌ ဖွဲ့၏။ ဘုရားလောင်းသည် ငါ့အား ဤသူသည် ပိုင်းခြားတိုင်းသော အခကိုမပေး၊ ယခု ထိုသူအား သွားစိမ့်သောငှာ မပေးအံ့ဟုသွား၍ အလုံးစုံသောလှည်း၏ရှေ့မှ ခရီးကိုမြစ်၍ ရပ်၏။ ဖဲစိမ့်သောငှါ လုံ့ လပြုကုန်သော်လည်း ဘုရားလောင်းကို ဖဲစိမ့်ငှါ မတတ်နိုင်ကုန်၊ လှည်းကုန်သည့်သားသည် ဤနွားသည် မိမိအခ၏ ယုတ်သည်၏အဖြစ်ကို သိယောင်တကားဟု တခုသောလှည်း၌ နှစ်သပြာ နှစ်သာတို့ကိုပြု၍ တထောင်ထုပ်ကိုဖွဲ့၍ ဤဥစ္စာထုပ်သည် သင်၏ လှည်းကိုထုတ်သော အခတည်းဟု လည်၌ဆွဲ၏။ ဘုရားလောင်းသည် တထောင်သော ဥစ္စာကိုယူ၍ အမိ၏အထံသို့သွား၏။ ရွာသူသားငယ်တို့သည် အဘယ်မည်သော ဤအထုပ်ကို အယျိကကာဠက၏လည်၌ ဆွဲသနည်းဟု ဘုရားလောင်း၏အထံသို့ လာကုန်၏။ ဘုရားလောင်းသည် သူငယ်တို့ကို ချောက်လိုက်၍ အဝေးမှလျှင် ပြေးစေလျက် အမိအထံသို့သွား၏။ လှည်းငါးရာတို့ကို ထုတ်အပ်သည်၏အဖြစ်ကြောင့် နီသောမျက်စိတို့ဖြင့် ပင်ပန်းခြင်းသည် ထင်၏။

အဖွားမသည် ဘုရားလောင်း၏ လည်၌ ဥစ္စာတထောင်ထုပ်ကိုမြင်၍ ချစ်သား ဤဥစ္စာကို သင်သည် အဘယ်မှာ ရသနည်းဟု မေးပြီးလျှင် နွားကျောင်းသားတို့ကိုလည်း မေး၍ ထိုအကြောင်းကို ကြား၍ ချစ်သား သင်သည် ရအပ်သော အခဖြင့် ငါ့အသက်ကို မွေးလိုသလော၊ အဘယ့်ကြောင့် ဤသို့ သဘောရှိသော ဆင်းရဲကို ခံဘိသနည်းဟုဆို၍ ဘုရားလောင်းကို ရေနွေးဖြင့် ရေချိုး၍ ကိုယ်အလုံးကို ဆီဖြင့်လိမ်း၍ ရေကို သောက်စေ၍ လျောက်ပတ်သော ဘောဇဉ်ကိုကျွေး၍ အသက်၏အဆုံး၌ ဘုရားလောင်းနှင့်တကွ ကံအားလျော်စွာ လား၏။ မြတ်စွာဘုရားသည်လည်း ရဟန်းတို့ ငါဘုရားသည် ယခုအခါ၌သာလျှင် အတုမဲ့ဖြစ်အောင် ဆောင်ရွက်နိုင်သည်မဟုတ်သေး၊ ရှေး၌လည်း အတုမဲ့ဖြစ်အောင် ဆောင်ရွက်နိုင်သည် သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကိုဆောင်၍ ဘုရားဖြစ်တော်မူ၍-

၂၉။ ယတော ယတော ဂရုံ ဓုရံ၊ ယတော ဂမ္ဘီရဝတ္တနီ။
တဒါဿု ကဏှံ ယုဉ္ဇန္တိ၊ သွဿု တံ ဝဟတေ ဓုရံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၂၉။ ယတော ယတော၊ အကြင်အကြင်အရပ်၌။ ဂရုံ ဓုရံ၊ လေးသောဝန်သည်။ ဟောတိ၊ ဖြစ်အံ့။ ယတော၊ အကြင်အရပ်၌။ ဂမ္ဘီရဝတ္တနီ၊ နက်သောခရီးသည်။ ဟောတိ၊ ဖြစ်အံ့။ တဒါ၊ ထိုအခါ၌။ ကဏှံ၊ ကဏှကို။ ယုဉ္ဇန္တိ၊ ကကုန်၏။ သော၊ ထိုကဏှသည်။ တံ ဓုရံ၊ ထိုလေးသော ဝန်ကို။ ဝဟတေ၊ ရွက်ဆောင်၏။

ဇာတ်ပေါင်း... ဤသို့ မြတ်စွာဘုရားသည် ရဟန်းတို့ ထိုအခါ ကဏှသည်သာလျှင် ထိုဝန်ကို ရွက်ဆောင်၏ဟု ပြတော်မူ၍ အနုသန္ဓေကို စပ်တော်မူ၍ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ သက်ကြီးမ ဖြစ်ဘူးလေပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အယျိကကာဠကမည်သောနွား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မွေးကျေးဇူးသိ၊ မြတ်ဗောဓိ၊ ကျင့်သည့်ပမာ လိုက်ကြပါ

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကဏှဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုရုင်္ဂဝဂ်

၁၀။ မုနိကဇာတ်

အပျိုကြီး ဖျက်ဆီးသောကြောင့် ပျက်စီးရာတိုင်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် မာ မုနိကဿ ပိဟယိ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမုနိကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အပျိုကြီး ဖျားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအပျိုကြီး ဖျားယောင်းခြင်းသည် တေရသကနိပါတ်စူဠနာရဒကဿပဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ မြတ်စွာဘုရားသည်ကား ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့သတတ်ဟူသည် မှန်သလောဟု မိန့်တော်မူ၏။ အရှင်ဘုရား မှန်ပေ၏ဟု လျှောက်၏။ အဘယ်သူကိုမှီ၍ ငြီးငွေ့ပါသနည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား ထိုအပျိုကြီး၏ ဖြားယောင်းခြင်းကို မှီ၍ ငြီးငွေ့ပါသတည်းဟု လျှောက်၏။ မြတ်ဘုရားသည် ရဟန်း ယခုသာလျှင် ဤအပျိုဟိုင်းမသည သင်၏ အကျိုးမဲ့ကိုပြုသည် မဟုတ်သေး၊ ရှေး၌လည်း သင်သည် ဤအပျိုကြီး၏ ထိမ်းမြားသောနေ့၌ အသက်ကုန်ခြင်းသို့ ရောက်၍ လူအများ၏ လက်သုပ်ဟင်းလျာ၏ အဖြစ်သို့ရောက်ဘူး၏ဟု မိန့်တော်မူ၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည် ရှိသော် ဘုရားလောင်းသည် တခုသောရွာငယ်၌ တယောက်သော သူကြွယ်၏အိမ်၌ နွား၏အမျိုး၌ မဟာလောဟိတဟူသောအမည်ဖြင့် ဖြစ်၏။ ဘုရားလောင်း၏ ညီငယ်သည် စူဠလောဟိတမည်၏။ ထိုနှစ်ခုကုန်သော ညီနောင်တို့ကို မှီ၍ ထိုအိမ်၌ အမှုကို ရွက်ဆောင်ခြင်းသည်ဖြစ်၏။ ထိုအိမ်၌ကား တယောက်သောသူငယ်မသည်ရှိ၏။ ထိုသူငယ်မကို တယောက်သောမြို့၌နေသော အမျိုးသားသည် မိမိ၏သားဘို့တောင်းဆို၏။ ထိုသူငယ်မ၏ မိဘတို့သည်လည်း သူငယ်မကို ထိမ်းမြားကာလ၌ လာကုန်သော ဧည့်သည်တို့၏ လက်သုပ်ဟင်းလျာ ဖြစ်လတ္တံ့ ဟု နှလုံးသွင်း၍ ယာဂု ထမင်းကို ပေး၍ မုနိကမည်သော ဝက်ကို မွေးကုန်၏။ ထိုမုနိကဝက်ကိုမြင်၍ စူဠလောဟိတသည် အစ်ကို ဤအိမ်၌ အမှုကိုရွက်ဆောင်ခြင်းသည် ဖြစ်လတ်သော် နှစ်ခုကုန်သော ညီနောင်ဖြစ်ကုန်သော ငါတို့ကိုမှီ၍ ဖြစ်၏။ ဤသူတို့သည်ကား ငါတို့အား မြက်သစ်ရွက်စသည်တို့ကို ပေးကုန်၏။ ဝက်ကို ယာဂု ထမင်းဖြင့် မွေးကုန်၏။ အဘယ့်ကြောင့်လျှင် ထိုဝက်သည် ဤယာဂုထမင်းကို ရသနည်းဟု မေး၏။

ထိုအခါ စူဠလောဟိတအား အစ်တို့သည် ညီထွေးစူဠလောဟိတ သင်သည် ဝက်၏ အစာကိုမချစ်လင့်၊ ဤဝက်သည် သေအံ့သောထမင်းကို စား၏။ ဤသူငယ်မ၏ ထိမ်းမြားသောအခါ၌ လာကုန်သော ဧည့်သည်တို့၏ လက်သုပ်ဟင်းလျာသည် ဖြစ်လတ္တံ့ဟု နှလုံးသွင်းကုန်၍ ဤသူတို့သည် ဝက်ကိုမွေးကုန်၏။ ဤနေ့မှ နှစ်ရက် သုံးရက် လွန်သဖြင့် ထိုသူတို့သည် လကုန်လတ္တံ့၊ ထိုအခါ ထိုဝက်ကို ခြေတို့၌ ငင်ကုန်လျက် ညောင်စောင်းအောက်မှထုတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေ၍ ဧည့်သည်တို့၏ လက်သုပ် ဟင်းလျာပြုသည်ကို မြင်ရလတ္တံ့ဟု ဆိုလို၍-

၃၀။ မာ မုနိကဿ ပိဟယိ၊ အာတုရန္နာနိ ဘုဉ္ဇတိ။
အပ္ပေါသုက္ကော ဘုသံ ခါဒ၊ ဧတံ ဒီဃာယုလက္ခဏံ။

ဟူသော ဤဂါထာကို ဆို၏။

တာတ စူဠလောဟိတ၊ ညီထွေး စူဠလောဟိတ။ မုနိကဿ၊ မုနိက၏။ ဘောဇနံ၊ အစာကို။ မာ ပိဟယိ၊ မချစ်လင့်။ မုနိကော၊ မုနိကသည်။ အာတုရန္နာနိ၊ သေအံ့သော ထမင်းတို့ကို။ ဘုဉ္ဇတိ၊ စား၏။ တွံ၊ သင်သည်။ အပ္ပေါသုက္ကော၊ ကြောင့်ကြမဲ့သည်ဖြစ်၍။ ဘုသံ၊ ဖွဲကို။ ခါဒ၊ စားလော့။ ဧတံ၊ ထိုဖွဲကိုစားခြင်းသည်။ ဒီယုလက္ခဏံ၊ အသက်ရှည်ခြင်း လက္ခဏာတည်း။

ထို့နောင် မကြာမြင့်မီလျှင် ထိုလူတို့သည် လာကုန်၏။ မုနိကကိုသတ်၍ အထူးထူး အပြားပြားကုန်သော အဆောက်အဦတို့ဖြင့် ချက်ကုန်၏။ ဘုရားလောင်းသည် စူဠလောဟိတကို ညီထွေး သင်သည် မုနိကကိုမြင်ပြီလောဟု ဆို၏။ အစ်ကို ငါသည် မုနိက၏ အစာ၏အကျိုးကို မြင်ပြီ၊ ထိုအစာကို စားရသောထက် ငါတို့၏ မြက် သစ်ရွက် ဖွဲသည်သာလျှင် အဆအရာ အဆအထောင် မြတ်လည်း မြတ်၏။ အပြစ်လည်း ကင်း၏။ အသက်ရှည်ခြင်း၏ လက္ခဏာလည်း ဖြစ်၏ဟု ဆို၏။ မြတ်စွာဘုရားသည် ရဟန်း ဤသို့လျှင် သင်သည် ရှေး၌လည်း သူငယ်မကိုမှီ၍ အသက်ကုန်ခြင်းသို့ရောက်၍ လက်သုပ်ဟင်းလျာ၏အဖြစ်သို့ ရောက်ဘူးပြီဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် အနုသန္ဓေကို စပ်၍ ယခုအခါ ငြီးငွေ့သောရဟန်းသည် ထိုအခါ မုနိကဝက် ဖြစ်ဘူးပြီ၊ ယခုအခါအပျိုကြီးသည် ထိုအခါ သူငယ်မ ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ စူဠလောဟိတ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မဟာလောဟိတ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အလိုနည်းလတ်၊ အကျင့်မြတ်၊ မှတ်အပ်သေချာ သက်ရှည်ရာ

ဆယ်ခုမြောက်သော မုနိကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုလာဝကဝဂ်

၁။ ကုလာဝကဇာတ်

သူတပါးတို့၏အသက်ကို မပျက်စီးစေမူ၍ မိမိအသက်ကိုစွန့်အပ်ကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော ယလူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကုလာဝကာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုလာဝကဇာတ်ကိုဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် မစစ်မူ၍ ရေကိုသောက်သော ရဟန်း ကိုအကြောင်း ပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်မှ နှစ်ယောက်ကုန်သော အဆွေခင်ပွန်းဖြစ်ကုန်သော ပဉ္စင်းငယ်တို့သည် ဇနပုဒ်သို့သွား၍ တခုသော ချမ်းသာသောအရပ်၌ အလိုအားလျော်စွာ နေကုန်၍ မြတ်စွာဘုရားကို ဖူးမြင်ကုန်အံ့ဟု တဖန် ထိုဇနပုဒ်မှထွက်ခဲ့၍ ဇေတဝန်ကျောင်းတော်သို့ ရှေ့ရှုလာကုန်၏။ တယောက်သော ပဉ္စင်းငယ်အား လက်၌ရေစစ်သည်ရှိ၏။ တယောက်သော ပဉ္စင်းငယ်အကားမရှိ၊ နှစ်ယောက်ကုန်သော ပဉ္စင်းငယ်တို့သည်လည်း တပေါင်းတည်း ရေကိုစစ်၍ သောက်ကုန်၏ ထိုရဟန်းနှစ်ယောက်တို့သည် တနေ့သ၌ ခိုက်ရန်ဖြစ်ကြကုန်၏။ ရေစစ်ရှင်ဖြစ်သောရဟန်းသည် ရေစစ်မရှိသောရဟန်းအား ရေစစ်ကိုမပေးမူ၍ မိမိသည်သာလျှင် ရေကိုစစ်၍ သောက်၏။ ထိုနှစ်ယောက်ကုန်သော ရဟန်းတို့သည်လည်း အစဉ်သဖြင့် ဇေတဝန် ကျောင်းတော်သို့ရောက်ကုန်၍ မြတ်စွာဘုရားကို ရှိခိုး၍နေကုန်၏။

မြတ်စွာဘုရားသည် ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သော စကားကို ဆိုတော်မူ၍ သင်တို့သည် အဘယ်အရပ်မှ လာကြကုန်သနည်းဟု မေးတော်မူ၏။ အရှင်ဘုရား အကျွန်ုပ်တို့သည် ကောသလဇနပုဒ်ဝယ် တခုသောရွာငယ်၌နေကုန်၍ ထိုရွာမှ ထွက်ခဲ့၍ အရှင်ဘုရားတို့ကို ဖူးမြင်ခြင်းငှါ လာကုန်၏ဟု လျောက်ကုန်၏။ သင်တို့သည် ညီညွတ်ကုန်သည်ဖြစ်၍ လာကြကုန်သလောဟု မိန့်တော်မူ၏။ ရေစစ်မရှိသောရဟန်းသည် အရှင်ဘုရား ဤရဟန်းသည် ခရီးအကြား၌ အကျွန်ုပ်နှင့် ခိုက်ရန်ဖြစ်၍ ရေစစ်ကိုမပေးဟု လျှောက်၏။ တယောက်သော ရဟန်းသည်လည်း အရှင်ဘုရား ဤရဟန်းသည် ရေကိုမစစ်မူ၍ သိလျက် ပိုးနှင့်တကွသောရေကို သောက်၏ဟု လျှောက်၏။ ရဟန်း သင်သည် သိလျက် ပိုးနှင့်တကွသောရေကို သောက်သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ အကျွန်ုပ်သည် မစစ်ရေကို သောက်မိ၏ဟု လျှောက်၏။ မြတ်စွာဘုရားသည် ရဟန်း ရှေး၌ ပညာရှိတို့သည် နတ်ပြည်၌ မင်းပြုကုန်လျက် စစ်ရှုံး၍ သမုဒြာအပြင်ဖြင့် ပြေးကုန်သည်ရှိသော် အစိုးရခြင်းကိုမှီ၍ အသက်သတ်ခြင်းကို မပြုကုန်အံ့ဟု ရှေးဦးစွာ ကြီးသောစည်းစိမ်ကိုစွန့်၍ ဂဠုန်ငယ်တို့အား အသက်ကိုပေး၍ ရထားကိုပြန်စေဘူးကုန်သည်ဟု မိန့်တော်မူ၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ မဂဓတိုင်း ရာဇဂြိုဟ်ပြည်၌ တယောက်သောမဂဓမင်းသည် မင်းပြု၏။ ထိုအခါ ဘုရားလောင်းသည် ယခုလက်ထက် သိကြားမင်းသည် ရှေးဘဝဝယ် မဂဓတိုင်း မစလရွာငယ်၌ဖြစ်သကဲ့သို့ ထို့အတူ ထိုမစလရွာငယ်၌လျှင် မြတ်သောအမျိုးသား၏ အဖြစ်ဖြင့် ဖြစ်၏။ ထိုဘုရားလောင်းကို အမည်မှည့်သောနေ့၌ မာဃသတို့သား ဟူ၍သာလျှင် အမည်မှည့်ကုန်၏။ ဘုရားလောင်းသည် အရွယ်သို့ ရောက်သည်ရှိသော် မာဃလုလင်ဟူ၍ ထင်ရှား၏။ ထိုအခါ ဘုရားလောင်း၏ အမိအဘတို့သည် တူသော အမျိုးသ္မီးအိမ်မှ သတိုးသ္မီးငယ်ကို ဆောင်ကုန်၏။ ဘုရားလောင်းသည်ညသားသ္မီးတို့ ဖြစ်ပွားလျက် အလှူ၏အရှင်ဖြစ်၏။ ငါးပါးကုန်သော သီလတို့ကိုစောင့်၏။ ထိုရွာငယ်၌လည်း သုံးကျိပ်သုံးယောက်ကုန်သော အမျိုးတို့သည် ရှိကုန်၏။ ထိုသုံးကျိပ်သုံးယောက်ကုန်သော အမျိုးဖြစ်ကုန်သော သူတို့သည် ရွာလယ်၌တည်၍ ရွာမှုကိုပြုကုန်၏။ ဘုရားလောင်းသည် တည်ရာအရပ်၌ ခြေတို့ဖြင့် မြေမှုန့်ကိုယက်၍ အရပ်ကို မွေ့လျော်ဘွယ်ရှိသည်ကို ပြု၍ နေ၏။ ထိုအခါ တယောက်သောသူသည် လာလတ်၍ ထိုမွေ့လျော်ဘွယ်ရှိသောအရပ်၌ နေ၏။ ဘုရားလောင်းသည် တပါးသောအရပ်ကို မွေ့လျော်ဘွယ် ရှိသည်ကိုပြု၍ နေပြန်၏။ ထိုအရပ်၌လည်း တယောက်သောသူသည် လာ၍ နေပြန်၏။ ဘုရားလောင်းသည် တပါးသော အရပ်ကို၎င်း တပါးသောအရပ်ကို၎င်း ဤသို့ နေလေတိုင်းသောအရပ်ကို မွေ့လျော်ဘွယ်ရှိသည်ကိုပြု၍ နေ၏။ နောက်အခါ ထိုအရပ်၌ မဏ္ဍပ်ကို ပြုစေ၏။ မဏ္ဍပ်ကိုလည်းပယ်၍ စရပ်ကိုဆောက်၏။ ထိုစရပ်၌ ပျဉ်အခင်းတို့ကို ခင်း၍ သောက်ရေအိုးတို့ကို တည်စေ၏။

နောက်အခါ၌ ထိုသုံးကျိပ်သုံးယောက်ကုန်ကသူတို့သည်ဘုရားလောင်းနှင့် တူသောဆန္ဒရှိကုန်၏။ ထိုသုံးကျိပ်သုံးယောက်ကုန်သောသူတို့ကို ဘုရားလောင်းသည် ပဉ္စသီတို့၌ တည်စေ၏။ ထိုအခါမှစ၍ သုံးကျိပ်သုံးယောက်သောသူတို့နှင့်တကွ ကောင်းမှုတို့ကိုပွားစေကုန်၏။ ထိုသုံးကျိပ်သုံးယောက်ကုန်သောသူတို့သည် ဘုရားလောင်းနှင့်သာလျှင် အတူတကွ ကောင်းမှုတို့ကို ပြုကုန်လျက် စောစောကလျှင်ထ၍ ပဲကွပ် ပုဆိန် ကျည်ပွေ့ လက်စွဲကုန်လျက် ခရီးလမ်းဆုံအစရှိသည်တို့၌ ကျည်ပွေ့ဖြင့် ကျောက်တို့ကို ကော်၍ လှိမ့်ကုန်၏။ လှည်းတို့၏ ဝင်ရိုးကိုထိကုန်သော သစ်ပင်တို့ကို ပယ်ကုန်၍ မညီမညွတ်သည်တို့ကို ညီညွတ်စွာပြုကုန်၏။ တံတား ခင်းကုန်၏။ လေးထောင့် ကန်တို့ကို တူးကုန်၏။ စရပ်ဆောက်ကုန်၏။ အလှူအစရှိသည်တို့ကို ပေးကုန်၏။ သီလ စောင့်ကုန်၏။ ဤသို့ များသောအားဖြင့် အလုံးစုံသော ရွာသားတို့သည် ဘုရားလောင်း၏ အဆုံးအမ၌ တည်ကုန်၍ သီလတို့ကို စောင့်ကုန်၏။ ထိုအခါ ထိုသူတို့၏ ရွာစားသည် ငါသည် ရှေး၌ထိုသူတို့သည် သေသောက်ကုန်သော် ပါဏာတိပါတ အစရှိသည်တို့ကို ပြုကုန်သည်ရှိသော် အသပြာအစရှိသည်တို့၏ အစွမ်းအားဖြင့် ဥစ္စာစည်းစိမ်ကို ရ၏။ ယခုအခါ၌ကား မာဃလုလင်သည် သီလကို စောင့်စေ၏။ ထိုသူတို့အား ပါဏာတိပါတ အစရှိသည်တို့ကို ပြုခြင်းငှါ မပေး။

ယခုအခါ၌ကား ထိုသူတို့ကို မစောင့်စေအံ့ဟုကြံ၍ အမျက်ထွက်သည်ဖြစ်၍ မင်းသို့ကပ်၍ ရှင်မင်းကြီး များစွာကုန်သော ခိုးသူတို့သည် ရွာဖျက်ခြင်း အစရှိသည်တို့ကို ပြုကုန်လျက် သွားကုန်၏ ဟု လျှောက်၏။ မင်းသည် ထိုစကားကိုကြား၍ အချင်းသွားလေ ဆောင်ခဲ့ဟုဆို၏။ ထိုရွာစားသည် သွား၍ အလုံးစုံသောသူတို့ကို နှောင်ဖွဲ့၍ ဆောင်ခဲ့၍ ရှင်မင်းကြီး ခိုးသူတို့ကိုဆောင်အပ်ကုန်ပြီဟု မင်းအား ကြားလျှောက်၏။ မင်းသည် ထိုသူတို့၏အမှုကို မသုတ်သင်မူ၍ ထိုသူတို့ကို ဆင်ဖြင့်နင်းစေကုန်လောဟု ဆို၏။ ထိုနောက်မှ အလုံးစုံသောသူတို့ကို မင်းယင်ပြင်၌ အိပ်စေ၍ ဆင်ကိုဆောင်ခဲ့ကုန်၏။ ဘုရားလောင်းသည် ထိုသူတို့အား အဆုံးအမကိုပေး၏။ သင်တို့သည် သီလကို ဆင်ခြင်ကြကုန်လော၊ ဂုံးတိုက်သော ရွာစား၌၎င်း မင်း၌၎င်း ဆင်၌၎င်း မိမိ၏ ကိုယ်၌၎င်း အတူအမျှသာလျှင်ဖြစ်သော မေတ္တာကို ပွားစေကြကုန်လောဟု အဆုံးအမကို ပေး၏။ သုံးကျိပ်သုံးယောက်ကုန်သော သူတို့သည် ဘုရားလောင်းဆိုတိုင်းပြုကုန်၏။

ထိုအခါ ထိုသူတို့အား နင်းစိမ့်သောငှါ ဆင်ကိုဆောင်ကုန်၏။ ထိုဆင်သည် ဆောင်အပ်ကုန်သော်လည်း အနီးသို့ကပ်ခြင်းငှာ မဝံ့၊ သည်းသောအသံကိုပြု၍သာလျှင် ပြေး၏။ တပါးသော ဆင်ကို ဆောင်ကုန်၏။ ထိုဆင်တို့သည်လည်း ထို့အတူသာလျှင် ပြေးကုန်၏။ မင်းသည် ထိုသူတို့၏လက်၌ တစုံတခုသောဆေးသည် ဖြစ်လတ္တံ့၊ စီစစ်ကြကုန်လောဟု ဆို၏။ စီစစ်ကုန်သည်ရှိသော် မမြင်ကုန်၍ ရှင်မင်းကြီး မရှိဟုလျှောက်ကုန်၏။ ထိုသို့ဆေးမပြီးတကား တစုံတခုသောမန္တရားတို့ကို သရဇ္စျာယ်ကုန်လတ္တံ့၊ ထိုသူတို့ကို သင်တို့အား သရဇ္ဈာယ်အပ်သော မန္တရားသည် ရှိသလောဟု မေးကြကုန်ဦးလောဟုဆို၏။ မင်းချင်းတို့သည် မေးကုန်၏။ ဘုရားလောင်းသည် ရှိ၏ဟုဆို၏။ မင်းချင်းတို့သည် အရှင်မင်းကြီး ရှိသတတ်ဟု လျှောက်ကုန်၏။ မင်းသည် အလုံးစုံလည်းဖြစ်ကုန်သောထိုသူတို့ကို ခေါ်စေ၍ သင်တို့တတ်သောမန္တရားကို ဆိုလောဟုဆို၏။ ဘုရားလောင်းသည် ရှင်မင်းကြီး အကျွန်ုပ်တို့အား တပါးသောမန္တရားသည်မရှိ၊ သုံးကျိပ်သုံးယောက်ရှိသော လူဖြစ်ကုန်သော အကျွန်ုပ်တို့သည်ကား သူ့အသက်ကို မသတ်ကုန်၊ သူတပါး ဥစ္စာကို မခိုးကုန်၊ မှားသောအကျင့်ကို မကျင့်ကုန်၊ မုသာဝါဒကို မဆိုကုန်၊ သေ မသောက်ကုန်၊ မေတ္တာကို ပွားစေကုန်၏။ အလှူပေးကုန်၏။ ခရီးကို ညီညွတ်စွာပြုကုန်၏။ လေးထောင့်ကန်တို့ကို တူးကုန်၏။ စရပ် ဆောက်ကုန်၏။ ဤသည်ကား အကျွန်ုပ်တို့၏ မန္တရားလည်းမည်၏။ ပရိတ်လည်းဖြစ်၏။ အစီးအတားလည်း ဖြစ်၏ဟု ဆို၏။

မင်းသည် ထိုသူတို့အား ကြည်ညိုသည်ဖြစ်၍ ဂုံးတိုက်ခြင်းကို ပြုတတ်သောရွာစား၏ အလုံးစုံသော အိမ်၌ဖြစ်သော စည်းစိမ်ကို၎င်း ထိုရွာစားကို၎င်း ထိုသူတို့အားသာလျှင် ကျွန်ပြု၍ ပေး၏။ ထိုဆင်ကိုလည်း ထိုသူတို့အားသာလျှင်ပေး၏။ ထိုသူတို့သည် ထိုနေ့မှစ၍ အလိုအားလျော်စွာ ကောင်းမှုတို့ကိုပြုကုန်လျက် ခရီးမ လေးဆုံတို့၌ ကြီးစွာသောစရပ်ကို ဆောက်ကုန်အံ့ဟု လက်သ္မားများကိုခေါ်၍ စရပ်ကိုဆောက်ကုန်၏။ မိန်းမတို့၌ကား ကင်းသော ဆန္ဒရာဂရှိသည်၏အဖြစ်ကြောင့် ထိုစရပ်၌ မာတုဂါမတို့အား ကုသိုလ်၏အဘို့ကို မပေးကုန်၊ ထိုအခါ၌လည်း ဘုရားလောင်း၏ အိမ်၌ သုဓမ္မာလည်းတယောက် သုစိတ္တာလည်းတယောက်, သုနန္ဒာလည်းတယောက် သုဇာတာလည်းတယောက် ဤလေယောက်ကုန်သော မိန်းမတို့သည်ဖြစ်ကုန်၏။

ထိုလေးယောက်ကုန်သောမိန်းမတို့တွင် သုဓမ္မာသည် လက်သ္မားများနှင့် တပေါင်းတည်းဖြစ်၍ မောင်ကြီး ဤစရပ်၌ ငါ့ကို အကြီးပြုလောဟုဆို၍ တံစိုးပေး၍ လက်သ္မားသည်ကောင်းပြီဟု ဝန်ခံ၍ ရှေးကလျှင် ထုပိကာသစ်ကို ခြောက်စေ၍ ရွေ၍ ထွင်း၍ ထုပိကာကို ပြီးစေ၍ အဝတ်ဖြင့်ရစ်၍ထား၏။ ထိုအခါ စရပ်ကို ပြီးစေ၍ ထုပိကာတင်သောကာလ၌ တခုသော အဆောက်အဦကို ငါတို့သည် မအောက်မေ့မိကုန်ဟု ဆို၏။ အချင်း အဘယ်မည်သော အဆောက်အဦနည်းဟု မေး၏။ ထုပိကာကို ရခြင်းငှါသင့်၏ဟု ဆို၏။ ထိုထုပိကာကို ရသင့်သည် ဖြစ်စေ ငါတို့ ဆောင်ချေကုန်အံ့ဟု ဆိုကုန်၏။ ယခုခုတ်သောသစ်ဖြင့် ပြုခြင်းငှါ မတတ်ကောင်း၊ ရှေး၌သာလျှင် ခုတ်၍ ရွေ၍ ထွင်း၍ ထားသော ထုပိကာကို ရခြင်းငှါ သင့်၏ ဟုဆို၏။ ယခုအသို့ပြုအံ့နည်းဟုဆိုကုန်၏။ တစုံတယောက်သောသူ၏ အိမ်၌ ပြီးစေ၍ထားအပ်သော ဟောင်းသော ထုပိကာသည် ရှိအံ့၊ ထိုထုပိကာကို ရှာအပ်၏ဟုဆို၏။ ထိုသူသည် ရှာအပ်ကုန်သည်ရှိသော် သုဓမ္မာ၏အိမ်၌ မြင်၍ အဘိုးဖြင့်မရကုန်၊ ထိုစရပ်၌ ကုသိုလ်အဘို့ရှိသည်ကို အကယ်၍ ပြုကုန်သည်ဖြစ်အံ့၊ ပေးအံ့ဟု ဆိုသည်ရှိသော် ငါတို့သည် မာတုဂါမတို့အား ကုသိုလ်အဘို့ကို မပေးကုန်ဟု ဆိုကုန်၏။

ထိုအခါ ထိုသူတို့ကို လက်သ္မားသည်ဆို၏။ အရှင်တို့ သင်တို့သည် အဘယ်သို့ဆိုသနည်း၊ ဗြဟ္မာပြည်ကိုထား၍ တပါးသောမာတုဂါမကင်းရာအရပ်မည်သည်မရှိ၊ ထုပိကာကို ယူကုန်လော၊ ဤသို့ ဖြစ်သည်ရှိသော် ငါတို့၏အမှုသည် အပြီးသို့ ရောက်လတ္တံ့ဟု ဆို၏။ ထိုသူတို့သည် ကောင်းပြီဟု ထုပိကာကိုယူ၍ စရပ်ကို ပြီးစေ၍ ပျဉ်အခင်းတို့ကို ခင်းစေ၍ သောက်ရေအိုးတို့ကို တည်စေ၍ ယာဂုထမင်းစသည်တို့ကို အမြဲဖြစ်စေကုန်၏။ စရပ်ကို တံတိုင်းဖြင့် ခြံရံ၍ တံခါးကိုယှဉ်စေ၍ တံတိုင်းတွင်း၌သဲဖြူး၍ တံတိုင်း၏အပ၌ ထန်းပင်စသည်တို့ကို စိုက်ကုန်၏။ သုစိတ္တာသည်လည်း ထိုအရပ်၌ ဥယျာဉ်ကို ပြု၏။ ဤမည်သော အသီးအပွင့်နှင့်ပြည့်စုံသော သစ်ပင်မည်သည် ထိုဥယျာဉ်၌ မရှိဟူ၍ မဆိုအပ်၊ သုနန္ဒာသည်လည်း ထိုအရပ်၌လျှင် ငါးပါးသောအဆင်းရှိကုန်သော ပဒုမာကြာတို့ဖြင့် ဖုံးလွှမ်းအပ်သော မွေ့လျော်ဘွယ်ရှိသောရေကန်ကို တူးစေ၏။ သုဇာတာသည် တစုံတခုသောကောင်းမှုကိုမပြု၊ ဘုရားလောင်းသည် အမိအားလုပ်ကျွေးခြင်း၊ အဖအားလုပ်ကျွေးခြင်း၊ အမျိုး၌ ကြီးသောသူတို့အား ပူဇော်သောအမှုကို ပြုခြင်း၊ မှန်သောစကားကို ဆိုခြင်း၊ ကြမ်းကြုတ်သော စကားကိုမဆိုခြင်း၊ ဂုံးတိုက်သော စကားကိုမဆိုခြင်း၊ ဝန်တိုခြင်းကိုဖျောက်ခြင်း၊ ဤကျင့်ဝတ်တရား ခုနစ်ပါးတို့ကို ဖြည့်၍-

၃၀။ မာတာပေတ္တိဘရံ ဇန္တုံ၊ ကုလေ ဇေဋ္ဌပစာယိနံ။
သဏှံ သခိလသမ္ဘာသံ၊ ပေသုဏေယျပ္ပဟာယိနံ။
မစ္ဆေရဝိနယေ ယုတ္တံ၊ သစ္စံ ကောဓာဘိဘုံ နရံ။
တံ ဝေ ဒေဝါ တာဝတိံသာ၊ အာဟု သပ္ပုရိသော ဣတိ။

ဟူသောဂါထာဖြင့် ချီးမွမ်းအပ်သောအဖြစ်သို့ရောက်၍ အသက်၏ အဆုံး၌ တာဝတိံသာ နတ်ပြည်၌ သိကြားမင်း၏ အဖြစ်ဖြင့် ဖြစ်လေ၏။

၃၀။ မာတာပေတ္တိဘရံ၊ မိဘတို့ကိုမွေးမြူတတ်သော။ ကုလေ၊ အမျိုး၌။ ဇေဋ္ဌပစာယိနံ၊ ကြီးသောသူတို့အား ပူဇော်လေ့ရှိသော။ သဏှံ၊ သိမ်မွေ့သောစကားကို ဆိုတတ်သာ။ သခိလသမ္ဘာသံ၊ ပြေပြစ်သောစကားကို ဆိုတတ်သော။ ပေသုဏေယျပ္ပဟာယိနံ၊ ဂုံးတိုက်သောစကားကိုဆိုခြင်းကို ပယ်တတ်သော။ မစ္ဆေရဝိနယေ၊ ဝန်တိုခြင်းကို ဖျောက်ခြင်း၌။ ယုတ္တံ၊ ယှဉ်သော။ သစ္စံ၊ မှန်သောစကားကို ဆိုတတ်သော။ ကောဓာဘိဘုံ၊ ဒေါသကိုပယ်သော။ ဇန္တုံ၊ သတ္တဝါဟုဆိုအပ်သော။ တံ နရံ၊ ထိုလူကို။ ဝေ၊ စင်စစ်။ တာဝတိံသာ ဒေဝါ၊ တာဝတိံသာ နတ်တို့သည်။ သပ္ပုရိသော ဣတိ၊ သူတော်ကောင်းဟူ၍။ အာဟု၊ ဆိုကြကုန်၏။

ထိုမာဃလုလင်၏ ထိုအဆွေခင်ပွန်းတို့သည်လည်း တာဝတိံသာ နတ်ပြည်၌လျှင်ဖြစ်ကုန်၏။ ထိုကာလ တာဝတိံသာနတ်ပြည်၌ အသုရာတို့သည် နေကုန်၏။ သိကြားနတ်မင်းသည် ငါတို့အား သူတပါးတို့နှင့်ဆက်ဆံသော မင်းအဖြစ်ဖြင့် အဘယ်မူအံ့နည်းဟု အသုရာတို့ကို နတ်ပြည် ၌ဖြစ်သောအဖျော်ကို သောက်စေ၍ မြင့်မိုရ်တောင်ခြေရင်းသို့ ပစ်ချစေ၏။ ထိုအသုရာတို့သည် အသုရာပြည်သို့သာလျှင် ရောက်ကုန်၏။ အသုရာပြည်မည်သည်ကား မြင့်မိုရ်တောင်၏ အောက်အပြင်၌ တာဝတိံသာနတ်ပြည်ပမာဏ ရှိသည်သာလျှင်ဖြစ်သော အရပ်တည်း၊ ထိုအရပ်၌ နတ်တို့၏ ပင်လယ် ကသစ်ပင်ကဲ့သို့ ဆန်းကြယ်သော သခွတ်မည်သော ကမ္ဘာပတ်လုံးတည်သော သစ်ပင်သည်ဖြစ်၏။ အသုရာတို့သည် ဆန်းကြယ်သော သခွတ်ပွင့်သည် ပွင့်လတ်သည်ရှိသော် ဤပြည်သည် ငါတို့၏ နတ်ပြည်မဟုတ်၊ ထိုစကားသည် မှန်၏။ နတ်ပြည်၌ကား ပင်လယ်ကသစ်ပင် ပွင့်၏။ ထိုအခါ သိကြားအိုသည် ငါတို့ကိုယစ်အောင်ပြု၍ ခြေ၌ကိုင်၍ မဟာသမုဒြာအပြင်၌ ပစ်ချ၍ ငါတို့နတ်ပြည်ကို ယူ၏။ ငါတို့သည် သိကြားနှင့်တကွ စစ်ထိုးကုန်၍ ငါတို့၏ နတ်ပြည်ကိုသာ ယူကုန်အံ့ဟု နှလုံးသွင်း၍ တိုင်ကို ပိုးတို့တက်ကုန်သကဲ့သို့ မြင့်မိုရ်တောင်ကိုလျှောက်၍ တက်ကုန်၏။ သိကြားမင်းသည် အသုရာတို့သည် တက်ကုန်သတတ်ဟုကြား၍ သမုဒြာအပြင်သို့သာလျှင်သက်၍ စစ်ထိုးလေသည်ရှိသော် ထိုအသုရာတို့မှ ရှုံးသည်ဖြစ်၍ ယူဇနာတရာ့ငါးဆယ်ရှိသော ဝေဇယန္တာရထားဖြင့် တောင်သမုဒြာအထက်၌ ပြေးခြင်းငှါ အားထုတ်၏။

ထိုအခါ သိကြားမင်း၏ရထားသည် သမုဒြာအပြင်၌ လျင်စွာ သွားသည်ရှိသော် လက်ပံတောသို့ ရောက်၏။ ရထား၏ သွားရာခရီး၌ လက်ပံတောသည် ကျူတောကဲ့သို့ပြတ်၍ သမုဒြာအပြင်၌ ကျ၏။ ဂဠုန်ငယ်တို့သည် သမုဒြာအပြင်၌ ကျကုန်သည်ဖြစ်၍ သည်းသောမြည်ခြင်းကို မြည်ကုန်၏။ သိကြားမင်းသည် အမောင် မာတလိ ဤအသံသည် အဘယ်မည်သော အသံနည်း၊ အလွန်လျှင် သနားဘွယ်ရှိသောအသံသည် ဖြစ်၏ဟု မေး၏။ ရှင်မင်းကြီး ရှင်မင်းကြီးတို့၏ ရထားဟုန်ကြောင့် လက်ပံတောသည် ကြေသည်ရှိသော် ကျကုန်သောဂဠုန်ငယ်တို့သည် သေဘေးမှကြောက်ကုန်ရကား တပြိုင်နက် သည်းစွာသောမြည်ခြင်းကို မြည်ကုန်၏ဟု လျှောက်၏။ အမောင် မာတလိ ငါတို့ကိုမှီ၍ ဂဠုန်ငယ်တို့သည် မပင်ပန်းစေကုန်လင့်၊ ငါတို့သည် အစိုးရခြင်းကိုမှီ၍ အသက်သတ်ခြင်းကို မပြုကုန်အံ့ဟု ဂဠုန်ငယ်တို့၏ အကျိုးငှါ ငါတို့သည် အသက်ကိုစွန့်ကုန်၍ အသုရာတို့အား ပေးကုန်အံ့၊ ရထားကို နှစ်စေလောဟုဆိုလို၍-

၃၁။ ကုလာဝကာ မာတလိ သိမ္ဗလိသ္မိံ၊

ဤသာမုခေန ပရိဝဇ္ဇယဿု။
ကာမံ စဇာမ အသုရေသု ပါဏံ၊
မာမေ ဒိဇာ ဝိကုလာဝါ အဟေသုံ။

ဟူသော ဤဂါထာကို ဆို၏။

၃၁။ မာတလိ၊ မာတလိ။ သိမ္ဗလိသ္မိံ၊ လက်ပံပင်၌။ ကုလာဝကာ၊ ဂဠုန်ငယ်တို့သည်။ ဌိတာ၊ တည်ကုန်၏။ ဤသာမုခေန၊ ရထားဦးဖြင့်။ ပရိဝဇ္ဇယဿု ရှောင်ကြဉ်ပါလော။ ကာမံ၊ စင်စစ်။ အသုရေသု၊ အသုရာတို့၌။ ပါဏံ၊ အသက်ကို။ စဇာမ၊ စွန့်ကြကုန်အံ့ ဣမေ ဒိဇာ၊ ဤဂဠုန်ငယ်တို့သည်။ ဝိကုလာဝါ၊ ပျက်စီးသော အသိုက်ရှိကုန်သည်။ မာ အဟေသုံ၊ မဖြစ်စေကုန်လင့်။

ထောက်ပံ့သင်္ဂြိုဟ်တတ်သော မာတလိနတ်သားသည် သိကြားမင်း၏ စကားကိုကြား၍ ရထားကိုနစ်စေ၍ တပါးသောခရီးဖြင့် နတ်ပြည်သို့ရှေးရှု ရထားကို ပြု၏။ အသုရာတို့သည်ကား နစ်လာသည်သာဖြစ်သော ထိုရထားကိုမြင်ကုန်၍ မချွတ်တပါးကုန်သော စကြဝဠာတို့မှ သိကြားတို့သည် လာကုန်၏။ ဗိုလ်ပါတို့ကိုရ၍ ရထားနစ်လာသည် ဖြစ်လတ္တံ့ဟု သေဘေးမှကြောက်ကုန်ရကား ပြေးကုန်၍ အသုရာပြည်သို့သာလျှင် ဝင်ကုန်၏။ သိကြားမင်းသည်လည်း နတ်ပြည်သို့ဝင်၍ နှစ်ထပ်ကုန်သော နတ်ပြည်တို့၌ နတ်အပေါင်းတို့ဖြင့်ခြံရံလျက် မြို့လယ်၌ တည်၏။ ထိုခဏ၌ မြေကိုဖောက်၍ ယူဇနာတထောင်မြင့်သော ဝေဇယန္တာပြာသာဒ်ပေါက်၏။ ရန်ကို အောင်သည်၏အဆုံး၌ ပေါက်သောကြောင့် ဝေဇယန္တာ ဟူသောအမည်ကို မှည့်ကုန်၏။ ထိုအခါ သိကြားမင်းသည်ကား အသုရာတို့ကို မလာစိမ့်သောငှါ ငါးပါးကုန်သော အရပ်တို့၌ အစောင့်အရှောက်ကိုထား၏။ ငါးပါးကုန်သော အစောင့်အရှောက်ထားခြင်းကိုရည်၍-

အန္တရာ ဒွိန္နံ အယုဇ္စျပုရာနံ၊ ပဉ္စဝိဓာ ဌပိတာ အဘိရက္ခာ။
ဥရဂကရောဋိပယဿ စ ဟာရီ၊ မဒနယုတာ စတုရော စ မဟန္တာ၊

ဟူသော ဤစကားကို ဆိုအပ်၏။

ဒိန္နံ၊ နှစ်ပါးကုန်သော။ အယုဇ္စျပုရာနံ၊ စစ်တိုက်ခြင်းငှါ မတတ်ကောင်းကုန်သော တာဝတိံသာနတ်ပြည် အသုရာပြည်ရှိ၏။ အန္တရာ၊ အကြား၌။ ဥရဂ ကရောဋိ ပယဿဟာရီ စ၊ နဂါး, ဂဠုန် ကုမ္ဘဏ်တို့၎င်း။ မဒနယုတာ စ၊ ဘီလူးကို၎င်း။ စတုရော စ မဟန္တာ၊ မဟာရာဇ်နတ်မင်း လေးယောက်တို့၎င်း။ ဣတိ၊ ဤသို့။ ပဉ္စဝိဓာ၊ ငါးပါး အပြားရှိကုန်သော။ အဘိရက္ခာ၊ အစောင့်အရှောက်တို့ကို။ သက္ကေန၊ သိကြားမင်းသည်။ ဌပိတာ၊ ထားအပ်ကုန်၏။

နှစ်ပါးကုန်သော တာဝတိံသာနတ်ပြည် အသုရာပြည်တို့ကိုလည်း စစ်ထိုးသဖြင့်ယူခြင်းငှာ မတတ်နိုင်သည်၏ အဖြစ်ကြောင့် တာဝတိံသာနတ်ပြည် အသုရာပြည်တို့သည် အယုဇ္စျပုရ မည်ကုန်၏။ ထိုစကားသည် မှန်၏။ အကြင်အခါ၌ အသုရာတို့သည် အားရှိကုန်၏။ ထိုအခါ နတ်တို့သည်ပြေးကုန်၍ နတ်ပြည်သို့ဝင်ကုန်၍ တံခါးကိုပိတ်သည်ရှိသော် အသုရာတို့၏ အသိန်းတို့သည်လည်း တစုံတခုကိုပြုခြင်းငှါ မတတ်နိုင်ကုန်၊ အကြင်အခါ၌ နတ်တို့သည် အားရှိကုန်၏။ ထိုအခါ အသုရာတို့သည် ပြေးကုန်၍ အသုရာပြည်သို့ဝင်ကုန်၍ တံခါးကိုပိတ်သည်ရှိသော် သိကြားတို့၏ အသိန်းတို့သည်လည်း တစုံတခုကိုပြုခြင်းငှါ မတတ်နိုင်ကုန်၊ ထို့ကြောင့် ဤနှစ်ပါးကုန်သော တာဝတိံသာနတ်ပြည် အသုရာပြည်တို့သည် အယုဇ္စျပုရ မည်ကုန်၏။ ထိုအယုဇ္စျပုရပြည်တို့၏ အကြား၌ နဂါးအစရှိသည်တို့၏ နေရာဖြစ်ကုန်သော ထိုငါးပါးကုန်သောအရပ်တို့၌ သိကြားမင်းသည် အစောင့်အရှောက်ကို ထားကုန်၏။ ကရောဋိသဒ္ဒါဖွင့် ဂဠုန်တို့ကို ယူအပ်ကုန်၏။ ဂဠုန်တို့အားကား ကရောဋိမည်သော အဖျော်ဘောဇဉ်သည် ရှိသတတ်၊ ထို့ကြောင့် ကရောဋိဟူသော အမည်ကို ရကုန်၏။ ထိုဂဠုန်တို့ကို ဒုတိယအာလိန်၌ အစောင့်အရှောက် ထားအပ်ကုန်၏။ ပယူဟရိသဒ္ဒါဖြင့် ကုမ္ဘဏ်တို့ကို ယူအပ်ကုန်၏။ ထိုကုမ္ဘဏ်တို့သည် ဒါနာရက္ခိုသ် ဖြစ်သတတ်၊ ထိုကုမ္ဘဏ်တို့ကို တတိယအာလိန်၌ အစောင့်အရှောက် ထားအပ်ကုန်၏။ မဒနယုတသဒ္ဒါဖွင့် ဘီလူးတို့ကို ယူအပ်ကုန်၏။ ထိုဘီလူးတို့သည် မညီမညွတ် ကျင့်လေ့ရှိကုန်သတတ်၊ ထိုဘီလူးတို့ကို စတုတ္ထအာလိန်၌ အစောင့် အရှောက် ထားအပ်ကုန်၏။ စတုရော မဟန္တဟူသောသဒ္ဒါဖွင့် လေးယောက်ကုန်သော မဟာရာဇ်နတ်မင်းကြီးတို့ကို ယူအပ်ကုန်၏။ ထိုနတ်မင်းကြီးတို့ကို ပဉ္စမအာလိန်၌ အစောင့်အရှောက် ထားအပ်ကုန်၏။

ထို့ကြောင့် အကြင်အခါ၌ အသုရာတို့သည် အမျက်ထွက်ကုန်၍ စိတ်နောက်ကုန်သည်ရှိသော် နတ်ပြည်သို့ကပ်ကုန်၏။ ငါးပါးအပြားရှိကုန်သော စစ်ထိုးရာအရပ်တို့၌ မြင့်မိုရ်တောင်၏ အကြင်ပဌမအာလိန်သည် ရှိ၏။ ထိုပဌမအာလိန်ကို နဂါးတို့သည် ရံလျက် တည်ကုန်၏။ ဤသို့ ကြွင်းကုန်သော အာလိန်တို့၌ ကြွင်းကုန်သော အစောင့်အရှောက်တို့သည်တည်ကုန်၏။ ဤငါးပါးကုန်သောအရပ်တို့၌ကား အစောင့် အရှောက်ကို ထားခဲ့၍ သိကြား နတ်မင်းသည် နတ်စည်းစိမ်ကို ခံစား၏။ သုဓမ္မာသည် စုတေခဲ့၍ သိကြားမင်း၏ ခြေရင်း၌လျှင် အလုပ်အကျွေး၏ အဖြစ်ဖြင့် ဖြစ်၏။ ထိုသုဓမ္မာအား ထုပိကာလှူသော ကုသိုလ်အကျိုးဆက်ဖြင့် ယူဇနာငါးရာရှိသော သုဓမ္မာနတ်သဘင်သည် ဖြစ်၏။ အကြင်နတ်သဘင်၌ နတ်ဖြစ်သော ထီးဖြု၏အောက်၌ ခုနစ်ယူဇနာ အတိုင်းအရှည်ရှိသော ရွှေပလ္လင်၌ နေလျက် သိကြားနတ်မင်းသည် နတ်တို့၏ ပြုအပ်သောကိစ္စကို ပြု၏။ သုစိတ္တာသည်လည်း စုတေခဲ့၍ ထိုသိကြားမင်း၏သာလျှင် ခြေရင်း၌ အလုပ် အကျွေး၏အဖြစ်ဖြင့် ဖြစ်၏။ ထိုသုစိတ္တာအား ဥယျာဉ်ကိုပြုသောအကျိုးဖြင့် စိတ္တလတာမည်သော ဥယျာဉ်သည် ဖြစ်၏။ သုနန္ဒာသည်လည်း စုတေခဲ့၍ သိကြားမင်း၏သာလျှင် ခြေရင်း၌ အလုပ်အကျွေး၏ အဖြစ်ဖြင့် ဖြစ်၏။ ထိုသုနန္ဒာအား လေးထောင့်ကန်တူးသော ကုသိုလ်၏အကျိုးဖြင့် နန္ဒာမည်သော လေးထောင့်ကန်သည် ဖြစ်၏။ သုဇာတာမူကား ကောင်းမှုကို မပြုသောကြောင့် တခုသောတောဝယ် ချောက်၌ ဗျိုင်းငှက်မအဖြစ်ဖြင့် ဖြစ်၏။

သိကြားမင်းသည် သုဇာတာသည်မထင်၊ ထိုသုဇာတာသည် အဘယ်မှာလျှင် ဖြစ်လေသနည်းဟု ဆင်ခြင်သည်ရှိသော် ဗျိုင်းမဖြစ်သည်ကိုမြင်၍ ထိုအရပ်သို့သွား၍ သုဇာကိုဆောင်၍ နတ်ပြည်သို့သွား၍ သုဇာတာအား မွေ့လျော်ဘွယ်ရှိသော နတ်ပြည်ကို၎င်း သုဓမ္မာနတ်သဘင်ကို၎င်း စိတ္တလတာ ဥယျာဉ်ကို၎င်း နန္ဒာကန်ကို၎င်းပြ၍ ထိုနတ်သ္မီးတို့သည် ကုသိုလ်ကံအဟုန်ဖြင့် ငါ၏ခြေရင်း၌ အလုပ်အကျွေး၏ အဖြစ်ဖြင့် ဖြစ်လာကုန်၏။ သင်သည်ကား ကုသိုလ်ကိုမပြုသောကြောင့် တိရစ္ဆာန်အမျိုး၌ ဖြစ်၏။ ယနေ့မှစ၍ သီလကို စောင့်လောဟု ဗျိုင်းမကိုဆုံးမ၍ ပဉ္စသီတို့၌ တည်စေ၍ ထိုချောက်ကြားသို့သာလျှင်ဆောင်၍ လွှတ်၏။ ဗျိုင်းမသည်လည်း ထိုနေ့မှစ၍ သီလစောင့်၏။ သိကြားမင်းသည် နှစ်ရက်လွန်သဖြင့် သီလကိုစောင့်ခြင်းငှါ တတ်နိုင်၏လောဟု သွား၍ ငါး၏အသွင်ဖြင့် ပက်လက်ဖြစ်၍ ရှေ့မှအိပ်၏။ ဗျိုင်းမသည် ငါးသေဟူသော အမှတ်ဖြင့် ဦးခေါင်း၌ ဖမ်း၏။ ငါသည် အမြီးကို လှုပ်၏။ ထိုအခါ ငါးကို အသက်ရှင်သောငါးဟု လွှတ်၏။ သိကြားမင်းသည် ကောင်းစွာကောင်းစွ သီလကိုစောင့်ခြင်းငှါ တတ်နိုင်လတ္တံ့ဟု နှလုံးသွင်း၍ သွား၏။ ဗျိုင်းမသည် ထိုဘဝမှစုတေခဲ့၍ ဗာရာဏသီပြည်၌ အိုးထိန်းသည်အိမ်၌ ဖြစ်ပြန်လေ၏။

သိကြားမင်းသည် အဘယ်မှာ ဖြစ်သနည်းဟု ဆင်ခြင်ပြန်သည်ရှိသော် ထိုအိုးထိန်းသည်အိမ်၌ ဖြစ်သည်၏အဖြစ်ကိုသိ၍ ရွှေသခွါးသီးတို့ဖြင့် လှည်းငယ်ကိုပြည့်စေ၍ ရွာလည်၌ သက်ကြီးအို၏အသွင်ဖြင့် ရထား၌စီး၍ သခွါးသီးတို့ကို ဝယ်ကြကုန် သခွါးသီးတို့ကို ဝယ်ကြကုန်ဟု ဟစ်ကြော်၏။ လူတို့သည် လာကုန်၍ အဘိုးပေးလောဟု ဆိုကုန်၏။ ငါသည် သီလစောင့်သော သူတို့အားပေးအံ့၊ သင်တို့သည် သီလ စောင့်ကြကုန်သလောဟု မေး၏။ ငါတို့သည် သီလမည်သည်ကို မသိကုန်၊ အဘိုးဖြင့် ပေးလာဟု ဆို၏။ ငါ့အား အဘိုးဖြင့် အလိုမရှိ၊ သီလစောင့်ကုန်သော သူတို့အားသာလျှင်ပေးအံ့ဟု ဆို၏။ လူတို့သည် ဤသည်ကား တစုံတခုတည်း၊ သခွါးသီးမဟုတ်ဟုဆို၍ သွားကုန်၏။ သုဇာတာသည် ထိုအကြောင်းကိုကြား၍ ငါ၏ အကျိုးငှါ ဆင်အပ်သည် ဖြစ်လတ္တံ့ဟု သွား၍ အဘိုး သခွါးသီးကို ပေးလောဟု ဆို၏။ အမိ သီလ စောင့်၏ လော ဟုမေး၏။ စောင့်၏ဟု ဆို၏။ ဤသခွားသီးကိုလည်း ငါသည် သင်၏အကျိုးငှါသာလျှင် ဆောင်အပ်၏ဟု လှည်းငယ်နှင့်တကွ အိမ်တံခါး၌ထား၍ သွား၏။ ထိုအိုးထိန်းသည့်သ္မီးသည်လည်း ထိုသခွါးသီးကို အသက်ထက်ဆုံး သုံးဆောင်၍ သီလစောင့်၍ ထိုဘဝမှ စုတေသည်ရှိသော် ဝေပစိတ္တိအသုရာမင်း၏ သ္မီးအဖြစ်ဖြင့် ဖြစ်လေ၏။ ထိုသီလ၏အကျိုးဆက်ဖြင့် အလွန်အဆင်းလှ၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ သူတပါးတို့နှင့် မဆက်ဆံသော အဆင်းရှိသော ကိုယ်နှင့်ပြည့်စုံ၏။ ထိုဝေပစိတ္တိအသုရာသည် သုဇာတာ၏ အရွယ်ရောက်သောကာလ၌ ငါ၏သ္မီးသည် မိမိစိတ်နှစ်သက်သောလင်ကို ယူစေသတည်းဟု အသုရာတို့ကို စည်းဝေးစေ၏။

သိကြားမင်းသည် သုဇာတာသည် အဘယ်မှာ ဖြစ်သနည်းဟု ကြည့်သည်ရှိသော် အသုရာပြည်၌ ဖြစ်သည်၏ အဖြစ်ကိုသိ၍ သုဇာတာသည် စိတ်နှစ်သက်သောလင်ကို ယူသည်ရှိသော် ငါ့ကို ယူလတ္တံ့ ဟု သူအိုအသွင်ဖန်ဆင်း၍ ထိုအရပ်သို့ သွား၏။ သုဇာတာကိုတန်ဆာဆင်၍ လျောက်ပတ်သော လင်ကိုယူလောဟု သုဇာတာ၏လက်၌ ပန်းကုံးကိုပေး၍ စည်းဝေးရာအရပ်သို့ဆောင်၍ မိမိစိတ်နှစ်သက်သလင်ကို ယူလောဟု ဆို၏။ သုဇာတာသည် ကြည့်သည်ရှိသော် သိကြားကိုမြင်၍ ရှေး၌ ချစ်ဘူးသည်၏ အစွမ်းဖြင့် ကြီးစွာသော ရေယဉ်သဖွယ်ဖြစ်သော ချစ်ခြင်းသည် လွှမ်းအပ်သောနှလုံးရှိသည်ဖြစ်၍ ဤသူသည်လျှင် ငါ၏ လင်တည်းဟုဆို၍ သိကြားမင်း၏အထက်၌ ပန်းကုံးကိုပစ်၍ ယူ၏။ အသုရာတို့သည် ဆိုကုန်၏။ ငါတို့မင်းသည် ဤမျှလောက်သော ကာလပတ်လုံး သ္မီးအား လျောက်ပတ်သော သမက်ကိုမရ၊ ဤသက်ကြီးအိုသည် ငါ့သ္မီးနှင့်တော်လျော်စွဟု ယခုပင် သက်ကြီးအိုသမက်ကိုရလေ၏ဟု ဆို၍ ဖဲကြလေကုန်၏။ သိကြားမင်းသည် သုဇာတာကို နတ်ပြည်သို့ဆောင်၍ နှစ်ကုဋေငါးသန်းကုန်သော ကချေသည်တို့၏ အကြီးပြု၍ အသက်ထက်ဆုံး တည်၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ဤသို့ ရှေးပညာရှိတို့သည် နတ်ပြည်ကို မင်းပြုရကုန်သော်လည်း မိမိတို့၏အသက်ကို စွန့်ကုန်လျက် ပါဏာတိပါတကို မပြုကုန်၊ သင်သည် အဘယ်မူ၍လျှင် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှထွက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ မစစ်သောပိုးနှင့်တကွသောရေကို သောက်ဘိသနည်းဟု ထိုရဟန်းကို ကဲ့ရဲ့တော်မူ၍ ယခုအခါ အာနန္ဒာသည်ထိုအခါ မာတလိ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သိကြားဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ်ကျိုးအတွက်၊ သူများသက်၊ မပျက်ရှောင်ရှားရာ

ရှေးဦးစွာသော ကုလာဝကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုလာဝကဝဂ်

၂။ နစ္စဇာတ်

အရှက်အကြောက်ကင်းသဖြင့် မိန်းမရတနာမှယုတ်ဘူးကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ရုဒံ မနုညံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤနစ္စဇာတ်ကို ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် များသော ဘဏ္ဍာရှိသော တယောက်သောရဟန်းကို အကြောင်းပြု ဟောတော်မူ၏။ ဤဝတ္ထုသည် အောက် ဒေဝဓမ္မဇာတ်၌ ဝတ္ထုနှင့် တူသည်သာလျှင်တည်း၊ သဗ္ဗညူမြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း သင်သည် များသော ဘဏ္ဍာရှိသတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ အရှင်ဘုရား မှန်ပေ၏ဟု လျှောက်၏။ ရဟန်း သင်သည် အဘယ်ကြောင့် များစွာသောဥစ္စာ ရှိသနည်းဟု မေးတော်မူ၏။ ဤသို့သောစကားကို ကြား၍လျှင် အမျက်ထွက်၍ သင်းပိုင်ကိုယ်ရုံကိုစွန့်၍ ဤနည်းဖြင့် ကျင့်ရအံ့လောဟု မြတ်စွာဘုရားရှေ့တော်၌ ကိုယ်ချည်းသက်သက် ရပ်၏။ လူတို့သည် စက်ဆုပ်ဘွယ်ရှိဟု ဆိုကုန်၏။ ထိုရဟန်းသည် ထိုအရပ်မှလျှင် ပြေး၍ လူထွက်၏။ ရဟန်းတို့သည် တရားသဘင်၌ စည်းဝေးကုန်လျက် မြတ်ဘုရားရှေ့တော်၌စင်လျက် ဤသို့သဘောရှိသည်ကို ပြုဘိ၏ဟု ထိုရဟန်း၏ ကျေးဇူးမဲ့စကားကို ဆိုကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခု ငါလာတော်မူသောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား ထိုရဟန်းသည်အရှင်ဘုရားတို့၏ ရှေ့တော်၌စင်လျက် ပရိသတ်လေးပါးတို့၏ အလယ်၌ အရှက်အကြောက်ကိုစွန့်၍ လူတို့သည် စက်ဆုပ်အပ်သည်ဖြစ်၍ လူထွက်၍ သာသနာတော်မှ ယုတ်၏ဟု ထိုရဟန်း၏ ကျေးဇူးမဲ့သောစကားကိုဆိုလျက် စည်းဝေးပါကုန်၏ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌လာလျှင် ထိုရဟန်းသည် အရှက်အကြောက် မရှိသည်ဖြစ်၍ သာသနာတော်တည်းဟူသော ရတနာမှ ယုတ်သည် မဟုတ်သေး၊ ရှေး၌လည်း မိန်းမရတနာကိုရခြင်းမှ ယုတ်ဘူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကမ္ဘာဦး၌ ခြင်္သေ့ကို အခြေလေးချောင်းရှိကုန်သော သတ္တဝါတို့၌ မင်းပြုကုန်၏။ အာနန္ဒာငါးကို ငါးတို့၏ မင်းပြုကုန်၏။ ရွှေဟင်္သာကို ငှက်တို့၏ မင်းပြုကုန်၏။ ထိုရွှေဟင်္သာမင်း၏ သ္မီးဖြစ်သော ဟင်္သာမငယ်သည် အလွန်အဆင်းလှ၏။ ထိုဟင်္သာမင်းသည် သ္မီးအား ဆုကိုပေး၏။ ဟင်္သာမငယ်သည် မိမိစိတ်နှစ်သက်သောလင်ကို စုံစမ်းစေ၏။ ဟင်္သာမင်းသည် ထိုဟင်္သာမငယ်အား ဆုပေး၍ ဟိမဝန္တာ၌ အလုံးစုံသောငှက်တို့ကို စည်းဝေးစေ၏။ အထူးထူး အပြားပြားရှိကုန်သော ဟင်္သာ ဥဒေါင်း အစရှိသော ငှက်အပေါင်းတို့သည် တပေါင်းတည်းလာကုန်၍ တခုသော ကြီးစွာသော ကျောက်ဖျာအပြင်၌ စည်းဝေးကုန်၏။ ဟင်္သာမင်းသည် မိမိနှစ်သက်သောလင်ကို လာ၍ ယူစေသတည်းဟု သ္မီးကို ခေါ်စေ၏။ ထိုဟင်္သာမငယ်သည် ငှက်အပေါင်းကို ကြည့်သည်ရှိသော် ပတ္တမြားအဆင်းနှင့်တူသော လည်ရှိသော ဆန်းကြယ်သောအတောင်ရှိသော ဥဒေါင်းကိုမြင်၍ ဤဥဒေါင်းသည် ငါ၏လင်ဖြစ်စေသတည်းဟု ကြား၏။

ငှက်အပေါင်းသည် ဥဒေါင်းသို့ကပ်၍ အချင်းဥဒေါင်း ဤမင်းသ္မီးသည် ဤမျှကုန်သော ငှက်အပေါင်းတို့၏အလယ်၌ လင်ကိုကြားသည်ရှိသော် သင်၌ကြိုက်ခြင်းကို ဖြစ်စေ၏ဟု ဆိုကြကုန်၏။ ဥဒေါင်းသည် ငှက်အပေါင်းသည် ယနေ့ထက်တိုင်လည်း ငါ၏အစွမ်းကို မမြင်ကုန်သေး၊ ယခုပြအံ့ဟု အလွန်ဝမ်းမြောက်သည်ဖြစ်၍ အရှက်အကြောက်ကိုဖျက်၍ များစွာသောဘငှက်အပေါင်းတို့၏အလယ်၌ အတောင်ကိုဖြန့်၍ ကခြင်းငှါအားထုတ်၏။ ကသည်ရှိသော် မဖုံးလွှမ်းအပ်သည်ဖြစ်၍ ရွှေဟင်္သာမင်းသည် ဤဥဒေါင်း၏ အတွင်း၌ဖြစ်သောအရှက်သည် မရှိသလျှင်ကတည်း၊ အပ၌ဖြစ်သော ကြောက်ခြင်းသည် မရှိသလျှင်ကတည်း၊ ပျက်သော အရှက် အကြောက်ရှိသော ထိုဥဒေါင်းအား သ္မီးကိုမပေးဟု ငှက်အပေါင်းတို့၏အလယ်၌ ဆိုလို၍-

၃၂။ ရုဒံ မနုညံ ရုစိရာ စ ပိဋ္ဌိ၊ ဝေဠုရိယဝဏ္ဏူပနိဘာ စ ဂီဝါ။
ဗျာမမတ္တာနိ စ ပေခုဏာနိ၊ နစ္စေန ဓီတရံ နော ဒဒါမိ။

ဟူသော ဤဂါထာကို ဆို၏။

၃၂။ မောရ၊ ဥဒေါင်း။ တေ၊ သင်၏။ ရုဒံ၊ တွန်သံသည်။ မနုညံ၊ သာယာ၏။ ပိဋ္ဌိ စ၊ ကျောက်ကုန်းသည်လည်း။ ရုစိရာ၊ နှစ်သက်ဘွယ်ရှိ။ ဂီဝါ စ၊ လည်သည်လည်း ဝေဠုရိယဝဏ္ဏူပနိဘာ၊ ကြောင်မျက်ရွဲ မြညိုအဆင်းနှင့်တူလေ၏။ ပေခုဏာနိ စ၊ မြီးဆံတို့သည်လည်း။ ဗျာမမတ္တာနိ၊ တလံမျှ ရှိကုန်၏။ နစ္စေန၊ ကခြင်းကြောင့်။ တေ၊ သင့်အား မမ၊ ငါ၏။ ဓီတရံ၊ သ္မီးကို။ နော ဒဒါမိ၊ မပေး။

ဤသို့ဆို၍ ဟင်္သာမင်းသည် ပရိသတ်၏ အလယ်၌လျှင် မိမိ၏ တူဖြစ်သောဟင်္သာငယ်အား သ္မီးကိုပေး၏။ ဥဒေါင်းသည် ဟင်္သာမကိုမရခြင်းကြောင့် ရှက်၍ ထိုအရပ်မှ ပျံ၍ပြေး၏။ ဟင်္သာမင်းသည်လည်း မိမိ၏နေရာအရပ်သို့သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ယခုသာလျှင် ထိုရဟန်းသည် အရှက် အကြောက်ကို ဖျက်၍ သာသနာတည်းဟူသော ရတနာမှ ယုတ်သည်မဟုတ်သေး၊ ရှေး၌လည်း မိန်းမရတနာကို ရခြင်းမှ ယုတ်ဘူးသည်သာလျှင်တည်းဟု ဤမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကို စပ်တော်မူ၍ ယခုအခါ များသော ဘဏ္ဍာရှိသောရဟန်းသည် ထိုအခါ ဥဒေါင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဟင်္သာမင်း ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ဥဒေါင်းပမာ၊ ရှက်ကြောက်ကွာ၊ ကညာ လာဘ်ကြီးပျက်

နှစ်ခုမြောက်သော နစ္စဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုလာဝကဝဂ်

၃။ သမ္မောဒမာနဇာတ်

အချင်းချင်း မသင့်မတင့်သောကြောင့် ပျက်စီးသည်၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်ဘုရားသည် သမ္မာဒမာနာ ဂစ္ဆန္တိ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ သမ္မာဒမာနဇာတ်ကို ကပိလဝတ်ပြည်ကိုမှီ၍ နိဂြောဓာရုံ ကျောင်း၌ နေတော်မူစဉ် ခေါင်းခုပုဆိုးကိုစွဲ၍ ဖြစ်သော ခိုက်ရန်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဤခိုက်ရန်ဖြစ်ခြင်းသည် ကုဏာလဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့၊ ထိုအခါ၌ကား မြတ်စွာဘုရားသည် ဆွေတော်မျိုးတော်တို့ကို ခေါ်တော်မူ၍ မြတ်သောမင်းကြီး အဆွေအမျိုးတို့၏ ထိုချင်းချင်း ခိုက်ရန်ဖြစ်ခြင်းသည်မသင့်၊ ထိုစကားသည်မှန်၏။ တိရစ္ဆာန်တို့သည်လည်း ရှေးညီညွတ်သောကာလ၌ ရန်သူတို့ကိုလွှမ်းမိုး၍ ချမ်းသာခြင်းသို့ ရောက်ကုန်၏။ အကြင်အခါ၌ ခိုက်ရန်ဖြစ်ခြင်းသို့ ရောက်ကုန်၏။ ထိုအခါ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ကုန်၏ဟု မိန့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူ၏။ အဆွေအမျိုးဖြစ်ကုန်သော မင်းတို့သည် တောင်းပန်အပ်ကုန်သည်ဖြစ်၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ငုံးအမျိုး၌ဖြစ်၍ အထောင်မကများစွာကုန်သော ငုံအပေါင်းတို့ဖြင့် ခြံရံကုန်လျက် တော၌သာလျှင် နေကုန်၏။ ထိုအခါ တယောက်သောမုဆိုးသည် ထိုငုံးတို့၏ နေရာအရပ်သို့ရောက်၍ ငြီးသံကိုမြည်၍ ထိုငုံးတို့၏ စည်းဝေးသောအဖြစ်ကိုသိ၍ ထိုငုံးတို့၏ အထက်၌ ကွန်ကိုပစ်၍ အစွန်းတို့၌ငင်လျက် အလုံးစုံသောငုံးတို့ကို တပေါင်းတည်းပြု၍ တောင်းကိုပြည့်စေ၍ အိမ်သို့သွား၍ ငုံးတို့ကိုရောင်း၍ ထိုအဘိုးဖြင့် အသက်မွေး၏။ ထိုအခါ တနေ့သ၌ ဘုရားလောင်းသည် ငုံးတို့ကိုဆို၏။ ဤမုဆိုးသည် ငါတို့၏ ဆွေမျိုးတို့ကို ပျက်စီးခြင်းသို့ ရောက်စေ၏။ အကြင်အကြောင်းဖြင့် မုဆိုးတို့သည် ငါတို့ကိုယူခြင်းငှါ မတတ်နိုင်လတ္တံ့၊ ငါသည် တခုသော ထိုအကြောင်းကိုသိ၏။ ဤနေ့မှစ၍ မုဆိုးသည် သင်တို့၏ အထက်၌ ကွန်ကိုပစ်လတ်သည်ရှိသော် တကောင်တကောင်စီ တခုတခုသောကွန်ပေါက်၌ ဦးခေါင်းကိုထား၍ ကွန်ကိုချီ၍ အလိုရှိရာအရပ်သို့ဆောင်၍ ဆူးရှိသောချုံ၌ ပစ်ကုန်လော့၊ ဤသို့ ပစ်ပြီးသည်ရှိသော် အောက်မှ ထိုထိုအရပ်သို့ ပြေးကြကုန်အံ့ဟုဆို၏။ ခပ်သိမ်းကုန်သော ငုံးတို့သည် ကောင်းပြီဟု ဝန်ခံကုန်၏။ နှစ်ရက်မြောက်သောနေ့၌ အထက်၌ ကွန်ကိုပစ်သည်ရှိသော် ထိုငုံးတို့သည် ဘုရားလောင်းပေးသောနည်းဖြင့်လျှင် ကွန်ကိုချီ၍ တခုသော ဆူးရှိသောချုံ၌ပစ်၍ မိမိတို့သည် အောက်အဘို့ဖြင့် ထိုထိုအရပ်သို့ ပြေးလေကုန်၏။ ငုံးမုဆိုးအား ချုံမှကွန်ကိုဖြေစဉ်လျှင် အချိန်လွန်လေသည်ဖြစ်၏။ ငုံးမုဆိုးလည်း လက်ချည်းစည်းသာလျှင် သွားလေ၏။ နက်ဖြန်နေ့မှစ၍လည်း ငုံးတို့သည် ထို့အတူသာလျှင် ပြုကုန်၏။ ထိုမုဆိုးသည်လည်း နေဝင်သည့်တိုင်အောင် ကွန်ကိုဖြေ၍သာလျှင် တစုံတခုကိုမရ၍ လက်ချည်းစည်းသာလျှင် အိမ်သို့သွားရ၏။

ထိုအခါ မုဆိုး၏မယားသည် အမျက်ထွက်၍ သင်သည် နေ့တိုင်း နေ့တိုင်း လက်ချည်းစည်းသာလျှင်လာ၏။ သင့်အား တပါးဖြစ်သောအပ၌ မွေးကျွေးအပ်သော မယားသည်ရှိယောင်တကားဟု ဆို၏။ မုဆိုးသည် ရှင်မ တပါးသော မွေးကျွေးအပ်သော မယားမရှိ၊ စင်စစ်သော်ကား ထိုငုံးတို့သည် ညီညွတ်ကုန်သည်ဖြစ်၍ သွားကုန်၏။ ငါသည် ပစ်ကာမျှသော ကွန်ကိုယူ၍ ဆူးရှိသောချုံ၌ ပစ်၍သွားကုန်၏။ ထိုငုံးတို့သည် အခါခပ်သိမ်းလျှင် ညီညွတ်ကုန်သည်ဖြစ်၍ မနေကုန်လတ္တံ့၊ သင်သည် မစိုးရိမ်လင့်၊ အကြင်အခါ ထိုငုံးတို့သည် ခိုက်ရန်ဖြစ်ခြင်းသို့ ရောက်ကုန်လတ္တံ့၊ ထိုအခါ အလုံးစုံသော ငုံးတို့ကိုသာလျှင်ယူ၍ သင်၏မျက်နှာကို ရွှင်စေလျက် လာအံ့ဟု မယားအားဆိုလို၍-

၃၃။ သမ္မောဒမာနာ ဂစ္ဆန္တိ၊ ဇာလမာဒါယ ပက္ခိနော။
ယဒါ တေ ဝိဝဒိဿန္တိ၊ တဒါ ဧဟိန္တိ မေ ဝသံ။

ဟူသော ဤဂါထာကို ဆို၏။

၃၃။ ဘဒ္ဒေ၊ ရှင်မ။ သမ္မာဒမာနာ၊ ညီညွတ်ကုန်သည်ဖြစ်၍။ ပက္ခိနော၊ ငုံးတို့သည်။ ဇာလံ၊ ကွန်ယက်ကို။ အာဒါယ၊ ယူ၍။ ဂစ္ဆန္တိ၊ သွားကုန်၏။ ယဒါ၊ အကြင်အခါ၌။ တေ၊ ထိုငုံးတို့သည်။ ဝိဝဒိဿန္တိ၊ ခိုက်ရန်ဖြစ်ကုန်လတ္တံ့။ တဒါ၊ ထိုအခါ၌။ တေ၊ ထိုငုံးတို့သည်။ မေ၊ ငါ၏။ ဝသံ၊ အလိုသို့။ ဧဟိန္တိ၊ ရောက်ကုန်လတ္တံ့။

ထိုသို့ ရောက်ကုန်သည်ရှိသော် ငါသည် ထိုငုံးတို့ကိုယူ၍ သင်၏မျက်နှာကိုရွှင်လန်းစေလျက် လာအံ့ဟု မယားကို နှစ်သိမ့်စေ၏။ နှစ်ရက်သုံးရက်လွန်သဖြင့် တခုသောငုံးသည် ကျက်စားရာအရပ်သို့ သက်သည်ရှိသော် အမှတ်မဲ့ဖြစ်၍ တပါးသောငုံး၏ ဦးခေါင်းကို နင်းမိ၏။ နင်းမိသောငုံးသည် အဘယ်သူသည် ငါ့ဦးခေါင်းကို နင်းသနည်းဟု အမျက် ထွက်၏။ ငါသည် အမှတ်မဲ့ဖြစ်၍ နင်းမိ၏။ သင်သည် အမျက်မထွက်လင့်ဟု ဆိုသော်လည်း အမျက် ထွက်သည်သာလျှင်တည်း။ ထိုငုံးနှစ်ခုတို့သည် အဖန်တလဲလဲ ဆိုကုန်သည်ရှိသော် သင်သည်သာလျှင် ကွန်ကိုချီသလောဟု အချင်းချင်း ခိုက်ရန်ပြုကုန်၏။ ထိုငုံးတို့သည် ခိုက်ရန်ပြုကုန်သည်ရှိသော် ဘုရားလောင်းသည် ခိုက်ရန်ပြုရာ၌ ချမ်းသာသည့်အဖြစ်မည်သည် မရှိ၊ ယခုပင်လျှင် ထိုငုံးတို့သည် ကွန်ကို မချီကုန်လတ္တံ့၊ ထိုကြောင့် ကြီးစွာသောပျက်စီးခြင်းသို့ ရောက်ကုန်လတ္တံ့၊ ငုံးမုဆိုးသည်လည်း အခွင့်ရလတ္တံ့၊ ငါသည် ဤအရပ်၌ နေခြင်းငှါ မတတ်ကောင်းဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် မိမိပရိသတ်ကိုယူ၍ တပါးသောအရပ်သို့သွား၏။

ငုံးမုဆိုးသည်လည်း နှစ်ရက် သုံးရက်လွန်သဖြင့် လာလတ်၍ ငုံးမြည်သံကိုမြည်၍ စည်းဝေးလာကုန်သော ငုံးတို့၏အထက်၌ ကွန်ကိုပစ်၏။ ထိုအခါ တခုသောငုံးသည် ကွန်ကိုချီသည်သာလျှင်ဖြစ်သောငုံး၏ အမွေးတို့သည် သင်၏ ဦးခေါင်းထက်၌ ကျကုန်သတတ်၊ ယခု သင်သာလျှင် ချီလောဟု ဆို၏။ တပါးသောငုံးသည် ကွန်ကိုချီသည်သာလျှင်ဖြစ်သော ငုံး၏အတောင်တို့သည်လည်း သင်၏အတောင်နှစ်ဘက်တို့၌ ကျကုန်သတတ်၊ ယခု သင်သည်သာလျှင် ချီလောဟု ဆို၏။ ဤသို့ ငုံးတို့၏ သင်ချီလော, သင်ချီလောဟု ဆိုကုန်စဉ်လျှင် မုဆိုးသည် ကွန်ကိုရှုံ့၍ ခပ်သိမ်းသောငုံးတို့ကို တပေါင်းတည်းပြု၍ တောင်းကိုပြည့်စေ၍ မယားကို ရွှင်စေလျက် အိမ်သို့လာ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် မင်းကြီး ထိုဆွေမျိုးတို့၏ ခိုက်ရန်ဖြစ်ခြင်းမည်သည်ကား မသင့်၊ ခိုက်ရန်ဖြစ်ခြင်းသည် ပျက်စီးခြင်း၏ အခြေအမြစ်သာလျှင် ဖြစ်၏ဟု ဤဓမ္မဒေသနာကိုဆောင်၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မလိမ်မာသောငုံး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိငုံး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ညီညွတ်မှုကင်း၊ ပျက်စီးခြင်း၊ အရင်းအမြစ်သာ

သုံးခုမြောက်သော သမ္မောဒမာနဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုလာဝကဝဂ်

၄။ မစ္ဆဇာတ်

မိန်းမနိုင်ငံသို့လိုက်၍ ပျက်စီးဘူးသည့် အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် န မံ သီတံ န မံ ဥဏှံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမစ္ဆဇာတ်ကို ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် မယားဟောင်းဖျားယောင်းသောရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့သတတ် ဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသောအရှင်ဘုရား မှန်ပေ၏ဟု လျှောက်၏။ အဘယ်သူသည် ငြီးငွေ့စေအပ်သနည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား အကျွန်ုပ်၏ မယားဟောင်းသည် ငြီးငွေ့စေအပ်၏။ အကျွန်ုပ်သည် နူးညံ့သော လက်အရသာရှိသည်၏အဖြစ်နှင့် ထိုမယားဟောင်းကို စွန့်ခြင်းငှာ မတတ်နိုင်ဟု လျှောက်၏။ ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း ဤမိန်းမသည် ယခုသာလျှင် သင်၏ အကျိုးမဲ့ကိုပြုသည် မဟုတ်သေး၊ ရှေး၌လည်း ပြုဘူးသည်သာလျှင်တည်း၊ သင်သည် ထိုမိန်းမကိုမှီ၍ သေခြင်းသို့ရောက်သည်ရှိသော် ငါ့ကို စွဲ၍ သေခြင်းမှလွတ်ဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်း၏ပုရောဟိတ် ဖြစ်၏။ ထိုအခါ တံငါတို့သည် မြစ်၌ ကွန်ပစ်ကုန်၏။ ထိုအခါ တခုသောငါးကြီးသည် ကာမဂုဏ်၌ မွေ့လျော် သည်၏အစွမ်းဖြင့် မိမိ၏ ငါးမနှင့်တကွ ကျက်စားလျက်လာ၏။ ထိုငါးကြီး၏ငါးမသည် ရှေး၌သွားသည်ရှိသော် ကွန်နံ့နံလာ၍ ကွန်ကိုရှောင်လွှဲ၍ သွား၏။ ကာမဂုဏ်၌ မက်မောသော လျှပ်ပေါ်သောငါးကြီးသည်ကား ကွန်တွင်းသို့သာဝင်၏။ တံငါတို့သည် ငါးကြီး၏ ကွန်တွင်းသို့ဝင်သည်၏ အဖြစ်ကိုသိ၍ ကွန်ကိုချီ၍ ငါးကိုယူ၍ မသတ်မူ၍လျှင် သဲပြင်၌ပစ်ချ၍ ဤငါးကို မီးကျီး၌ ကင်၍ စားကုန်အံ့ဟု မီးကျီးကိုပြုကုန်၏။ တံကျင်ကို ရွေကုန်၏။ ငါးသည် မီးကျီး၌ကင်သော ဆင်းရဲသည်၎င်း တံကျင်လျှိုသော ဆင်းရဲသည်၎င်း တပါးသော ဆင်းရဲသည်၎င်း ငါ့ကို မနှိပ်စက်နိုင်၊ ထိုငါးသည် ကာမဂုဏ်၌ မွေ့လျော်သဖြင့် တပါးသော ငါးမသို့ လိုက်ယောင်တကားဟု ထိုငါးမအား ငါ၌ အကြင်နှလုံးမသာခြင်းသို့ ရောက်လတ္တံ့၊ ထိုငါးမအားဖြစ်လတ္တံ့သော နှလုံး မသာယာခြင်းသည်လျှင် ငါ့ကို နှိပ်စက်၏ဟု ငိုကြွေးလိုသည်ဖြစ်၍-

၃၄။ န မံ သီတံ န မံ ဥဏှံ၊ န မံ ဇာလသ္မိ ဗာဓနံ။
ယဉ္စ မံ မညတေ မစ္ဆီ၊ အညံ သော ရတိယာ ဂတော။

ဟူသော ဤဂါထာကို ဆို၏။

၃၄။ မံ၊ ငါ့ကို။ သီတံ၊ ရေမှ ထုတ်သောကာလ၌ဖြစ်သော ချမ်းခြင်းသည်။ န ဗာဓတိ၊ မနှိပ်စက်။ မံ၊ ငါ့ကို။ ဥဏှံ၊ အချမ်းကင်းသော ကာလ၌ဖြစ်သော ပူခြင်းသည်။ န ဗာဓတိ၊ မနှိပ်စက်။ တနည်းကား-မံ၊ ငါ့ကို။ ဥဏှံ၊ မီးကျီးတို့၌ကင်ခြင်းလျှင် အရင်းရှိသော အပူသည်။ န ဗာဓတိ၊ မနှိပ်စက်။ မံ၊ ငါ့ကို။ ဇာလသ္မိံ၊ ကွန်၌။ ဗာဓနံ၊ သတ်ခြင်းဟုဆိုအပ်သော ဆင်းရဲသည်း န ဗာဓတိ၊ မနှိပ်စက်။ စ-ဧကန္တန၊ စင်စစ်သဖြင့်။ မံ၊ ငါ့ကို။ မစ္ဆီ၊ ငါးမသည်။ သော၊ ထိုငါးသည်။ အညံ၊ ငါမှတပါးသောငါးမသို့။ ရတိယာ၊ ကာမဂုဏ်၌ မွေ့လျော်သဖြင့်။ ဂတော၊ လိုက်လေပြီ။ ဣတိ၊ ဤသို့။ ယံ မညတေ၊ အကြင်အောက်မေ့လိမ့်။ တံ၊ ထိုသို့အောက်မေ့ခြင်းသည်သာလျှင် မံ၊ ငါ့ကို။ ဗာဓတိ၊ နှိပ်စက်၏

ထိုငါးမသည် ကွန်၌ကျသောငါ့ကို ဤတံငါတို့သည် ယူအပ်သည်၏အဖြစ်ကို မသိသည်ဖြစ်၍ ငါ့ကို မမြင်သည်ရှိသော် တပါးသောငါးမသို့ ကာမဂုဏ်မွေ့လျော်သဖြင့် လိုက်သည်ဖြစ်လတ္တံ့ဟု ကြံလိမ့်၊ နှလုံး မသာယာခြင်းသို့ရောက်သော ငါးမ၏ ထိုကြံခြင်းသည်သာ ငါ့ကိုနှိပ်စက်၏ဟု သဲပြင်၌လျောင်းလျက် ငိုကြွေး၏။ ထိုအခါ ပုရောဟိတ်သည် ကျွန်အပေါင်းခြံရံလျက် ရေချိုးအံ့သောငှါ မြစ်ဆိပ်သို့လာ၏။ ပုရောဟိတ်သည်ကား ခပ်သိမ်းသောသတ္တဝါတို့၏ အသံကိုသိ၏။ ထို့ကြောင့် ပုရောဟိတ်အား ငါး၏ ငိုကြွေးသံကိုကြား၍ ဤသို့သောအကြံသည် ဖြစ်၏။ ဤငါးသည် ကိလေသာ၏အစွမ်းဖြင့် ငိုကြွေး၏။ ဤသို့ ထိုငါးသည် ကိလေသာနှိပ်စက်သော စိတ်ရှိသည်ဖြစ်၍လျှင် သေသည်ရှိသော် ငရဲ၌ သာလျှင် ဖြစ်လတ္တံ့၊ ငါကား ဤငါး၏ ကိုးကွယ်ရာဖြစ်လတ္တံ့ ဟု တံငါတို့၏အထံသို့သွား၍ အို တံငါတို့ သင်တို့သည် ငါတို့အား တနေ့မျှလည်း ဟင်းလျာဘို့ ငါးကို မပေးကုန်ဟု ဆို၏။

တံငါတို့သည် အရှင်အရှင်တို့သည် အသို့ဆိုကုန်သနည်း၊ အရှင်တို့သည် ကြိုက်လေသောငါးကိုယူ၍ သွားကုန်လောဟု ဆို၏။ ငါတို့အား တပါးသောငါးဖြင့် အလိုမရှိ၊ ဤငါးကိုသာလျှင် ပေးကုန်လောဟု ဆို၏။ အရှင်အရှင်တို့သည် ယူကုန်လောဟု ဆို၏။ ဘုရားလောင်းသည် ထိုငါးကို လက်နှစ်ဘက်ဖြင့်ယူ၍ မြစ်နား၌နေ၍ အိုငါး ငါသည် ယနေ့ သင့်ကို အကယ်၍မမြင်အံ့၊ သင်သည် အသက်ကုန်ခြင်းသို့ ရောက်ရာ၏။ ယနေ့မှစ၍ သင်သည် ကိလေသာအလိုသို့ လိုက်သည် မဖြစ်လင့်ဟုဆုံးမ၍ ရေ၌လွှတ်၍ ရေချိုး၍ မြို့သို့ဝင်၏။ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာကိုပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သောရဟန်းသည် သောတာပတ္တိဖိုလ်၌တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း အနုသန္ဓေကိုစပ်၍ ယခုအခါ မယားဟောင်းသည် ထိုအခါ ငါးမဖြစ်ပြီ၊ ယခုအခါ ငြီးငွေ့သောရဟန်းသည် ထိုအခါ ငါးကြီးဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုရောဟိတ်ဖြစ်ပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မိန်းမလိုလိုက်၊ ပျက်စီးဆိုက်၊ အမိုက်တွေ့ကာ ငါးသတ္တဝါ

လေးခုမြောက်သော မစ္ဆဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုလာဝကဝဂ်

၅။ ဝဋ္ဋကဇာတ်

သစ္စာအာနုဘော်ဖြင့် တောမီးကွင်းခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သန္တိ ပက္ခာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝဋ္ဋကဇာတ်ကို မဂဓတိုင်း၌ ဒေသစာရီ ကြွတော်မူစဉ် တောမီး၏ ငြိမ်းခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဦးအံ့၊ အခါတပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်း၌ ဒေသစာရီ ကြွတော်မူသည်ရှိသော် မထင်ရှားသော မဂဓရွာငယ်၌ ဆွမ်းအလို့ငှာ ကြွတော်မူ၍ ဆွမ်းဘုဉ်းပေးပြီးသည်မှနောက်၌ ဆွမ်းခံရွာမှဖဲခဲ့၍ ရဟန်းအပေါင်းခြံရံလျက် ခရီးကိုကြွတော်မူ၏။ ထိုအခါ ကြီးစွာသော တောမီးသည် ထလေ၏။ ရှေ့မှ၎င်း နောက်မှ၎င်း များစွာကုန်သော ရဟန်းတို့သည် ဖြစ်ကုန်၏။ ထိုတောမီးသည်လည်း တလုံးတည်းသော အခိုးအလျှံရှိ၍ လွှမ်းလျက်လာ၏။ ထိုရဟန်းအပေါင်း၌ အချို့ကုန်သော ပုထုဇဉ်ရဟန်းတို့သည် သေသောဘေးမှ ကြောက်ကုန်သည်ဖြစ်၍ မီးကြိုကို ပေးကုန်အံ့၊ ထိုမီးကြိုလောင်ရာအရပ်ကို တောမီးသည် မလွှမ်းလတ္တံ့ဟု ပွတ်ကျည် ပွတ်ခုံတို့ကိုလုပ်၍ မီးကြိုတို့ကို ပြုကုန်၏။

တပါးကုန်သောရဟန်းတို့သည် သင်တို့သည် အဘယ်မည်သောအမှုကို ပြုကြကုန်သနည်း၊ ကောင်းကင်လယ်၌ တည်သော လ ဝန်းကိုမမြင်ကုန်သကဲ့သို့၎င်း အရှေ့လောက ဓာတ်မှ တက်သော အထောင်မကသော ရောင်ခြည်တို့ဖြင့် တန်ဆာဆင်အပ်သောနေဝန်းကို မမြင်ကုန် သကဲ့သို့၎င်း ကမ်းနား၌ရပ်ကုန်လျက် သမုဒြာကို မမြင်ကုန်သကဲ့သို့၎င်း မြင့်မိုရ်တောင်ကို မှီကုန်သောသူတို့သည် မြင့်မိုရ်တောင်ကို မမြင်ကုန်သကဲ့သို့၎င်း နတ်နှင့်တကွသောလောက၌ မြတ်သောပုဂ္ဂိုလ်ဖြစ်သော မိမိနှင့်တကွ သွားသည်သာလျှင်ဖြစ်သော မြတ်စွာဘုရားကို မကြည့်ကုန်မူ၍ မီးကြိုကိုပေးကုန်အံ့ဟု သင်တို့သည် ပြုကုန်၏။ မြတ်စွာဘုရား၏ အစွမ်းမည်သည်ကို သင်တို့သည်မသိကုန်၊ လာကုန်လော မြတ်စွာဘုရား အထံသို့ သွားကုန်အံ့ဟု ဆိုကုန်၏။ ဆိုပြီး ရှေ့မှ၎င်း နောက်မှ၎င်း သွားကုန်သော ခပ်သိမ်းကုန်သော ထိုရဟန်းတို့သည် တပေါင်းတည်းဖြစ်ကုန်၍ မြတ်စွာဘုရားအထံသို့ သွားကုန်၏။

မြတ်စွာဘုရားသည် များစွာသော ရဟန်းအပေါင်းခြံရံလျက် မထင်ရှားသောအရပ်၌ ရပ်၏။ တောမီးသည် လွှမ်းဘိသကဲ့သို့ မြည်လျက်လာ၏။ လာပြီး၍ မြတ်စွာဘုရား၏ ရပ်ရာအရပ်သို့ရောက်၍ ထိုအရပ်၏ ထက်ဝန်းကျင်မှ တဆယ့်ခြောက်ပယ်မျှသော အရပ်သို့ရောက်၍ ရေ၌ပစ်အပ်သော မြက်မီးရှူးကဲ့သို့ ငြိမ်း၏။ ထက်ဝန်းကျင်မှ သုံးဆယ့်နှစ်ပယ်မျှသောအရပ်ကို လွှမ်းခြင်းငှါမတတ်နိုင်၊ ရဟန်းတို့သည် မြတ်စွာဘုရား၏ ကျေးဇူးစကားကို အားထုတ်ကုန်၏။ ဘုရားတို့၏ ကျေးဇူးတော်မည်သည်ကားအံ့ဘွယ်သရဲရှိစွ၊ ထိုစကားသည်မှန်၏။ စိတ်မရှိသော ဤတောမီးစင် ဖြစ်ပါလျက် ဘုရားတို့၏ တည်ရာအရပ်ကို လွှမ်းခြင်းငှါ မတတ်နိုင်၊ ရေ၌နှစ်အပ်သော မြက်မီးရှူးကဲ့သို့ ငြိမ်း၏။ ဘုရားတို့၏ အာနုဘော်မည်သည်ကားအံ့ဘွယ်သရဲရှိစွဟု မြတ်စွာဘုရား၏ ကျေးဇူးစကားကို အားထုတ်ကုန်၏။

မြတ်စွာဘုရားသည်လည်း ရဟန်းတို့၏ စကားကို ကြားတော်မူ၍ ရဟန်းတို့ ဤအရပ်သို့ရောက်၍ ဤတောမီးသည် ငြိမ်း၏။ ဤတောမီး၏ ငြိမ်းခြင်းသည် ယခုအခါငါဘုရား၏ အစွမ်းမဟုတ်၊ ဤအစွမ်းသည်ကား ငါ၏ ရှေး၌ဖြစ်သောသစ္စာ၏ အစွမ်းတည်း၊ ထိုစကားသည် မှန်၏။ ဤအရပ်၌ ဘဒ္ဒကပ်ကမ္ဘာပတ်လုံးလည်း မီးမလောင်၊ ဤမီးမလောင်ခြင်းသည် ကမ္ဘာပတ်လုံးတည်သော တန်ခိုးမည်၏ဟု မိန့်တော်မူ၏။ ထိုအခါ အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားအား ထိုင်တော်မူစိမ့်သောငှာ ဒုကုဋ်ကို လေးထပ်ပြု၍ ခင်း၏။ မြတ်ဘုရားသည် ထက်ဝယ်ဖွဲ့ခွေ နေတော်မူ၏။ ရဟန်းအပေါင်းသည်လည်း မြတ်စွာဘုရားကို ခြံရံ၍ နေ၏။ ထိုအခါ ရဟန်းအပေါင်းတို့သည် အရှင်ဘုရား ရှေးဦးစွာ ဤမီးငြိမ်းခြင်းသည် အကျွန်ုပ်တို့အား ထင်ရှား၏။ လွန်လေပြီးသော မီးငြိမ်းခြင်းသည် မထင်၊ ထိုလွန်လေပြီးသော မီးငြိမ်းခြင်းကို ထင်စွာပြုတော်မူကုန်ဟု ရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ မဂဓတိုင်းဝယ် ထိုအရပ်၌ပင်လျှင် ဘုရားလောင်းသည် ငုံးမျိုး၌ ဖြစ်၏။ အမိဝမ်းမှဖွား၍ ဥခွံကိုခွဲသောကာလ၌ ကြီးစွာသော အိမ်ဂျင်ပမာဏရှိသော ငုံးဖြစ်၏။ ထိုအခါ ဘုရားလောင်းကို မိဘတို့သည် အသိုက်၌အိပ်စေ၍ နှုတ်သီးဖြင့် အစာကိုဆောင်၍ မွေးကျွေးကုန်၏။ ဘုရားလောင်းအား အတောင်တို့ကိုဖြန့်၍ ကောင်းကင်၌ ပျံနိုင်သောအစွမ်းသည်၎င်း, ခြေတို့ကိုကြွ၍ ကြည်း၌ သွားနိုင်သော အစွမ်းသည်၎င်း မရှိ၊ ထိုအရပ်ကိုလည်း နှစ်တိုင်းနှစ်တိုင်း တောမီးလောင်၏။ ထိုတောမီးသည် ထိုအခါ၌ သည်းစွာမြည်ဟည်းလျက် ထိုအရပ်ကို လောင်၏။ ငှက်အပေါင်းတို့သည် မိမိ မိမိတို့၏ အသိုက်မှ ထွက်ကုန်၍ သေဘေးမှကြောက်ကုန်ရကား မြည်လျက်ပြေးကုန်၏။ ဘုရားလောင်း၏ မိဘတို့သည်လည်း သေဘေးမှကြောက်ကုန်ရကား ဘုရားလောင်းကို စွန့်၍ ပြေးကုန်၏။ ဘုရားလောင်းသည် အသိုက်၌ ဝပ်လျက် လည်ကိုချီ၍ လွှမ်း၍လာသော တောမီးကိုမြင်၍ ငါ့အား အတောင်တို့ကို ဖြန့်၍ ကောင်းကင်သို့ ပျံနိုင်သောအစွမ်းသည် အကယ်၍ရှိအံ့၊ ပျံ၍ တပါးအရပ်သို့ သွားရာ၏။ ခြေတို့ကိုကြွ၍ ကြည်း၌သွားနိုင်သောအစွမ်းသည် အကယ်၍ရှိအံ့၊ ခြေကိုကြွသဖြင့် တပါးသော အရပ်သို့ သွားလေရာ၏။ ငါ၏ မိဘတို့သည်လည်း သေဘေးမှ ကြောက်ကုန်သည်ဖြစ်၍ တကောင်သော ငါ့ကိုစွန့်၍ ကိုယ်ကိုစောင့်ရှောက်လိုရကား ပြေးကုန်၏။ ယခု ငါ့အား တပါးသောကိုးကွယ်ရာသည် မရှိ၊ မှီခိုရာ မရှိ၊ လည်းလျောင်းရာမရှိ၊ ယခု ငါသည် အသို့လျှင် ပြုခြင်းငှါသင့်သနည်းဟု ကြံ၏။

ထိုအခါ ဘုရားလောင်းအား ဤသို့သော အကြံသည် ဖြစ်၏။ ဤလောက၌ သီလကျေးဇူးမည်သည် ရှိ၏။ လွန်လေပြီးသောအခါ၌ ပါရမီတို့ကိုဖြည့်၍ ဗောဓိအပြင်၌နေ၍ သစ္စာလေးပါးတို့ကို သိတော်မူကုန်သော သီလ, သမာဓိ, ပညာ ဝိမုတ္တိ အရဟတ္တဖိုလ် ပစ္စဝေက္ခဏာဉာဏ်ဖြင့် ပြည့်စုံကုန်သော မှန်ကန်ခြင်း ချစ်ခြင်း သနားခြင်း သည်းခံခြင်းနှင့် ပြည့်စုံကုန်သော အလုံးစုံကုန်သောသတ္တဝါတို့၌ အမျှဖြစ်သော မေတ္တာပွားခြင်းရှိကုန်သော သဗ္ဗညူ ဘုရားရှင်တို့မည်သည် ရှိကုန်၏။ ထိုဘုရားရှင်တို့သည် သိအပ်ကုန်သော တရားကျေးဇူးတို့မည်သည် ရှိကုန်၏။ ငါ၌လည်း တခုသော သစ္စာသည် ရှိ၏။ ထင်ရှားရှိသော တခုသောသဘောတရားသည် ထင်၏။ ထို့ကြောင့် လွန်ကုန်ပြီးသော ဘုရားရှင်တို့ကို၎င်း ထိုဘုရားရှင်တို့သည် ထိုးထွင်း၍သိအပ်ကုန်သော ဂုဏ်ကျေးဇူးတို့ကို၎င်း ဆင်ခြင်၍ ငါ၌ထင်ရှားရှိသော သစ္စာသဘောတရားကိုယူ၍ သစ္စာဆိုခြင်းကိုပြု၍ တောမီးကိုဖဲစေ၍ ယခု ငါသည် မိမိ၏၎င်း ကြွင်းသောငှက်တို့၏၎င်း ချမ်းသာသည်၏အဖြစ်ကို ပြုခြင်းငှါသင့်၏ဟု အကြံဖြစ်၏။ ထိုကြောင့်-

အတ္ထိ လောကေ သီလဂုဏော၊ သစ္စံ သောစေယျနုဒ္ဒယာ။
တေန သစ္စေန ကာဟာမိ၊ သစ္စကိရိယ မနုတ္တရံ။
အာဝဇ္ဇေတွာ ဓမ္မဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။
သစ္စဗလ မဝဿယ၊ သစ္စကိရိယ မကာသဟံ။

ဟူ၍ ဟောတော်မူအပ်၏။

လောကေ၊ လောက၌။ သီလဂုဏော၊ သီလကျေးဇူးသည်။ အတ္ထိ၊ ရှိ၏။ သစ္စံ၊ သစ္စာကျေးဇူးသည်။ အတ္ထိ၊ ရှိ၏။ သောစေယျနုဒ္ဒဃာ၊ သီလ မေတ္တာ ကရုဏာတည်းဟူသော တရားတို့သည်။ အတ္ထိ-သန္တိ၊ ရှိကုန်၏။ တေန သစ္စေန၊ ထိုသစ္စာဖြင့်။ အနုတ္တရံ၊ အတုမရှိ မြတ်သော။ သစ္စကိရိယံ၊ သစ္စာပြုခြင်းကို။ အဟံ၊ ငါသည်။ ကာဟာမိ၊ ပြုအံ့။ အဟံ၊ ငါသည်။ ဓမ္မဗလံ၊ တရားတော်၏ အစွမ်းကို။ အာဝဇ္ဇေတွာ၊ ဆင်ခြင်၍။ ပုဗ္ဗကေ၊ ရှေး၌ဖြစ်ကုန်သော ဇိနေ၊ ဘုရားရှင်တို့ကို။ သရိတွာ၊ အောက်မေ့၍။ ဗလံ၊ သစ္စာ၏ အစွမ်းကို။ အဝဿာယ၊ မှီ၍။ သစ္စကိရိယံ၊ သစ္စာပြုခြင်းကို။ အကာသိံ၊ ပြုဘူးပြီ။

ထိုအခါ ဘုရားလောင်းသည် လွန်လေပြီးသောအခါ၌ ပရိနိဗ္ဗာန်ပြုတော်မူကုန်ပြီးသော ဘုရားရှင်တို့၏ ကျေးဇူးတော်ကို ဆင်ခြင်၍ မိမိ၌ ထင်ရှားရှိသောသစ္စာသဘောကို အာရုံပြု၍ သစ္စာပြုလိုရကား-

၃၅။ သန္တိ ပက္ခာ အပတနာ၊ သန္တိ ပါဒါ အဝဉ္စနာ
မာတာပိတာ စ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။

ဟူသော ဤဂါထာကို ဆို၏။

၃၅။ ဇာတဝေဒ၊ တောမီး။ မေ၊ ငါ့အား။ ပက္ခာ၊ အတောင်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေဟိ၊ ထိုအတောင်တို့ဖြင့်။ အပတနာ၊ ကောင်းကင်သို့ပျံခြင်းငှါ မတတ်နိုင်ကုန်။ မေ၊ ငါ့အား။ ပါဒါ၊ ခြေတို့သည်။ သန္တိ၊ ရှိကုန်၏။ တေဟိ၊ ထိုခြေတို့ဖြင့်။ အဝဉ္စနာ၊ မြေ၌သွားခြင်းငှာ မတတ်နိုင်ကုန်။ မေ၊ ငါ၏။ မာတာပိတာ စ၊ မိဘတို့သည်လည်း။ နိက္ခာ၊ ထွက်ပြေးခဲ့ကုန်ပြီ။ တွံ၊ သင်တောမီးသည်။ ပဋိက္ကမ၊ ဖဲလေလော့။

ဤသို့ ဘုရားလောင်းသည် ငါ့အား အတောင်တို့ရှိသောအဖြစ်သည်၎င်း၊ ထိုအတောင်ကိုဖြန့်၍ ကောင်းကင်သို့ မပျံနိုင်သည်၏ အဖြစ်သည်၎င်း၊ ခြေတို့၏ ရှိသောအဖြစ်သည်၎င်း၊ ထိုခြေတို့ကိုကြွ၍ မသွားနိုင်သောအဖြစ်သည်၎င်း၊ မိဘတို့၏ ငါ့ကို အသိုက်၌ စွန့်၍ ပြေးသောအဖြစ်သည်၎င်း မဖောက်မပြန် မှန်သည်သာလျှင် အကယ်၍ဖြစ်အံ့၊ တောမီး ထိုသစ္စာဖြင့် သင်သည် ဤအရပ်မှ ဖဲလေလောဟု အသိုက်၌ အိပ်လျက်လျှင် သစ္စာဆိုခြင်းကိုပြု၏။ ဘုရားလောင်း၏ သစ္စာဆိုခြင်းနှင့်တကွ တဆယ့်ခြောက်ပယ်မျှသောအရပ်၌ တောမီးသည် ဖဲ၏။ ဖဲသော တောမီးသည်လည်း လောင်လျက်လျှင် တပါးသောအရပ်သို့ သွားသည်မဟုတ်၊ စင်စစ်သော်ကား ရေ၌နှစ်အပ်သော မြက်မီးရှူးကဲ့သို့ ထိုအရပ်၌လျှင် ငြိမ်း၏။ ထို့ကြောင့်-

သဟ သစ္စေ ကတေ မယှံ၊ မဟာပဇ္ဇလိတော သိခီ။
ဝဇ္ဇေသိ သောဠသကရီသာနိ၊ ဥဒကံ ပတွာ ယထာ သိခီ။

ဟူ၍ ဟောတော်မူအပ်၏။

မယှံ-မယာ၊ ငါသည်။ သစ္စေ၊ သစ္စာကို။ ကတေ၊ ပြုသည်ရှိသော်။ သစ္စကိရိယာယ၊ သစ္စာပြုခြင်းနှင့်။ သဟ၊ တကွ။ ဥဒကံ၊ ရေသို့။ ပတ္တာ၊ ရောက်၍။ သိခီ၊ မီးသည်။ နိဗ္ဗာယတိ ယထာ၊ ငြိမ်းသကဲ့သို့။ တထာ၊ ထို့အတူ။ မဟာပဇ္ဇလိတော၊ ကြီးသောအလျံရှိသော။ သိခီ၊ တောမီးသည်။ သောဠသကရီနိ၊ တဆယ့်ခြောက်ပယ်တို့ကို။ ဝဇ္ဇေသိ၊ ကြဉ်၏။

ထိုအရပ်သည်ကား အလုံးစုံသော ဤဘဒ္ဒကပ်ကမ္ဘာပတ်လုံး မီးမလောင်သည်၏အဖြစ်ကြောင့် ကမ္ဘာပတ်လုံးတည်သော တန်ခိုးရှိသော အရပ်မည်သည် ဖြစ်၏။ ထိုသို့ ဘုရားလောင်းသည် သစ္စာဆိုခြင်းကိုပြု၍ အသက်၏အဆုံး၌ ကံအားလျော်စွာ လား၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ဤအရပ်၌ မီး၏ မလွှမ်းခြင်းသည် ယခု ငါဘုရား၏ အစွမ်းမဟုတ်၊ ထိုအစွမ်းသည်ကား ရှေးငုံးငယ် ဖြစ်သောကာလ၌ ဘုရားလောင်း၏သာလျှင် သစ္စာအစွမ်းတည်းဟု ဤဓမ္မဒေသနာကို ဆောင်၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ အချို့ကုန်သော ရဟန်းတို့သည် သောတာပန်၊ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ်၊ အချို့ကုန်သော ရဟန်းတို့သည်အနာဂါမ်၊ အချို့ကုန်သောရဟန်းတို့သည် ရဟန္တာ ဖြစ်ကုန်၏ဟု သိအပ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် အနုသန္ဓေကိုစပ်၍ ယခုအခါ မိဘတို့သည် ထိုအခါ မိဘတို့သည် ဖြစ်ကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ငုံးဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဗောဓိလောင်းငုံး၊ သစ္စာသုံး၊ ရှောင်သုဉ်းသွေခွါ မီးပမာ

ငါးခုမြောက်သော ဝဋ္ဋကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုလာဝကဝဂ်

၆။ သကုဏဇာတ်

လျောက်ပတ်သောအရပ်ကို သိရာသော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယံ နိဿိတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ သကုဏဇာတ်ကို ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် မီးလောင်သော ကျောင်းရှိသော ရဟန်း ကိုအကြောင်းပြု၍ ဟောတော်မူ၏။ တယောက်သောရဟန်းသည် ဘုရားအထံ၌ ကမ္မဋ္ဌာန်းကိုယူ၍ ဇေတဝန် ကျောင်းတော်မှထွက်၍ ကောသလတိုင်း၌ တခုသောပစ္စန္တရစ်ရွာကို အမှီပြု၍ တခုသောတောကျောင်း၌ နေသတတ်၊ ထိုအခါ ထိုရဟန်း၏ ရှေးဦးစွာလ၌လျှင် ကျောင်းကို မီးလောင်၏။ ထိုရဟန်းသည် ငါ၏ကျောင်းကို မီးလောင်သည်ဖြစ်၍ ငါသည် ဆင်းရဲစွာနေရ၏ဟု လူတို့အား ကြား၏။ လူတို့သည် ယခု အကျွန်ုပ်တို့လယျသည် ရေခြောက်၏။ လယ်၌ ရေသွင်းပြီး၍ ကျောင်းဆောက်ကုန်အံ့၊ ထိုလယ်၌ ရေသွင်းပြီးသော် မျိုးကြဲပြီး၍ ကျောင်းဆောက်ကုန်အံ့၊ မျိုးကြဲပြီးသော် စောင်းရန်းပြုလုပ်ပြီး၍ ကျောင်းဆောက်ကုန်အံ့၊ စောင်းရန်းပြုပြီးသော် ပေါင်းမြက်သုတ်သင်ပြီး၍ ကျောင်းဆောက်ကုန်အံ့၊ ရိတ်ပြီး၍ ကျောင်းဆောက်ကုန်အံ့၊ နယ်ပြီး၍ ကျောင်းဆောက်ကုန်အံ့၊ ဤသို့ ထိုထိုအမှုကို အဆုံးမရှိသည်ကိုပြု၍လျှင် ဝါတွင်းသုံးလကို လွန်စေကုန်၏။ ထိုရဟန်းသည် ဝါတွင်း သုံးလပတ်လုံး လွင်တီးခေါင်၌ ဆင်းရဲစွာနေရသည်ဖြစ်၍ ကမ္မဋ္ဌာန်းစီးဖြန်း၍ တရားအထူးကိုဖြစ်စိမ့်သောငှါ မတတ်နိုင်၊ ပဝါရဏာပြုပြီး၍ကား မြတ်စွာဘုရားအထံသို့သွား၍ ရှိခိုး၍ တင့်အပ် လျောက်ပတ်သောအရပ်၌ နေ၏။ မြတ်စွာဘုရားသည် ထိုရဟန်းနှင့်တကွ စကားပြောဟော၍ ရဟန်း သင်သည် ချမ်းသာသဖြင့် ဝါတွင်းသုံးလပတ်လုံး နေရ၏လော၊ သင့်အား ကမ္မဋ္ဌာန်းသည် အပြီးသို့ရောက်၏လောဟု မေးတော်မူ၏။ ရဟန်းသည် ထိုအကြောင်းကို ကြားလျှောက်၍ အကျွန်ုပ်အား လျောက်ပတ်သောကျောင်းကို မရသောကြောင့် ကမ္မဋ္ဌာန်းသည် အပြီးသို့မရောက်ဟု လျှောက်၏။ မြတ်စွာဘုရားသည် ရဟန်း ရှေး၌ တိရစ္ဆာန်တို့သည်လည်း မိမိအား လျောက်ပတ်သည့် မလျောက်ပတ်သည့် အရပ်ကိုသိ၏။ သင်သည် အဘယ့်ကြောင့် မသိသနည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ငှက်မျိုး၌ဖြစ်၍ ငှက်အပေါင်းခြံရံလျက် တောအရပ်၌ အခက်အခွနှင့်ပြည့်စုံသော သစ်ပင်ကြီးကိုမှီ၍ နေ၏။ ထိုအခါ တနေ့သ၌ ထိုသစ်ပင်၏ အခက်တို့သည် အချင်းချင်း ထိခိုက်ကုန်သည်ရှိသော် အမှုန့်သည်ကျ၏။ အခိုးထ၏။ အမှုန့်အခိုးကိုမြင်၍ ဘုရားလောင်းသည် ဤသစ်ခက်နှစ်ခုတို့သည် ဤသို့ထိခိုက်သည်ရှိသော် မီးတို့သည် ထွက်ကုန်လတ္တံ့၊ ထိုမီးသည်ကျ၍ သစ်ရွက်ဟောင်းတို့ကို လောင်လတ္တံ့၊ ထိုသစ်ရွက်မီးမှစ၍ ဤသစ်ပင်ကိုလည်း လောင်လတ္တံ့၊ ဤအရပ်၌ ငါတို့သည် နေခြင်းငှါ မတတ်ကောင်း၊ ဤအရပ်မှပြောင်း၍ တပါးအရပ်၌ နေခြင်းငှါသင့်၏ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် ငှက်အပေါင်းအား-

၃၆။ ယံ နိဿိတာ ဇဂတိရုဟံ ဝိဟင်္ဂမ၊ သွာယံ အဂ္ဂိံ ပမုဉ္ဇတိ။
ဒိသာ ဘဇထ ဝက္ကင်္ဂါ၊ ဇာတံ သရဏတော ဘယံ။

ဟူသော ဤဂါထာကို ဆို၏။

၃၆။ ဝက္ကင်္ဂါ၊ ငှက်အပေါင်းတို့။ ယံ ဇဂတိရုဟံ၊ အကြင်သစ်ပင်ကြီးကို။ ဝိဟင်္ဂမာ၊ ငှက်တို့သည်။ နိဿိတာ၊ မှီ၍နေကုန်၏။ သွာယံ-သော အယံ ဇဂတိရုဟော၊ ထိုသစ်ပင်ကြီးသည်။ အဂ္ဂိံ၊ မီးကို။ ပမုဉ္ဇတိ၊ လွှတ်၏။ အမှာကံ၊ ငါတို့အား။ သရဏတော၊ ကိုးကွယ်ရာဖြစ်သော သစ်ပင်မှ။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ တုမှေ၊ သင်တို့သည်။ ဒိသာ၊ အရပ်လေးမျက်နှာတို့သို့။ ဘဇထ၊ သွားကြကုန်လော။

ဘုရားလောင်းစကားကို နားထောင်ကုန်သော ငှက်ပညာရှိတို့သည် ဘုရားလောင်းနှင့်တကွ တပြိုင်နက်သာလျှင် ပျံကုန်၍ တပါးသောအရပ်သို့ သွားကုန်၏။ အကြင်ငှက်တို့သည် ပညာမရှိကုန်၊ ထိုငှက်တို့သည် ဤငှက်ကား တပေါက်မျှသောရေ၌ မိကျောင်းတို့ကို မြင်၏ဟု ဆိုကုန်၏။ ဘုရားလောင်း၏ စကားကို မယူမူ၍ ထိုသစ်ပင်၌သာလျင် နေကုန်၏။ ထို့နောင်မှ မကြာမြင့်မီလျှင် ဘုရားလောင်းသည်ကြံအပ်သော အခြင်းအရာဖြင့်သာလျှင် မီးဖြစ်၍ ထိုသစ်ပင်ကို လောင်၏။ အခိုးအလျှံ ထကုန်သည်ရှိသော် အခိုးသင့်သောငှက်တို့သည် တပါးအရပ်သို့သွားခြင်းငှါ မတတ်နိုင်ကုန်၊ မီး၌ကျ၍လျှင် သေကုန်၏။ မြတ်စွာဘုရားသည် ရှေး၌ တိရစ္ဆာန်တို့သည်လည်း သစ်ပင်ဖျား၌နေကုန်လျက် မိမိအား လျောက်ပတ်သည့် မလျောက်ပတ်သည့်အရပ်ကို သိကြကုန်၏။ သင်သည် အဘယ့်ကြောင့် မသိသနည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ထိုရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း အနုသန္ဓေကို စပ်၍ ယခုအခါ ငါဘုရားပရိသတ်သည် ထိုအခါ ဘုရားလောင်းစကားကို နားထောင်ကုန်သော ငှက်တို့သည် ဖြစ်ကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိငှက်ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

လျောက်ပတ်မလျောက်ပတ်၊ ထိုအရပ်၊ မပြတ်ခွဲဝေ သတိပေ

ခြောက်ခုမြောက်သော သကုဏဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုလာဝကဝဂ်

၇။ တိတ္တိရဇာတ်

အသက်ဂုဏ်ကြီးသောသူတို့ကို ရိုသေထိုက်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယေ ဝုဍ္ဎမပစာယန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတိတ္တိရဇာတ်ကို သာဝတ္ထိပြည်သို့သွား၍ အရှင်သာရိပုတ္တရာအား အိပ်ရာနေရာကို မြစ်ခြင်းကို အကြောင်းပြု ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ အနာထပိဏ်သူဌေးသည် ကျောင်းဆောက်ပြီး၍ တမန်စေသည်ရှိသော် မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်မှထွက်ခဲ့၍ ဝေသာလီပြည်သို့ရောက်သည်ရှိသော် ထိုဝေသာလီပြည်၌ မွေ့လျော်တော်မူတိုင်းနေ၍ သာဝတ္ထိပြည်သို့သွားအံ့ဟု ခရီးကိုသွား၏။ ထိုအခါ၌လည်း ဆဗ္ဗဂ္ဂီရဟန်းတို့၏ တပည့်တို့သည် ရှေ့မှသွားကုန်၍ မထေရ်တို့သည် အိပ်ရာနေရာကို မယူကုန်မီလျှင် ဤအိပ်ရာနေရာသည် ငါတို့၏ဥပဇ္ဈာယ်ဘို့ ဤအိပ်ရာနေရာသည် ငါတို့ကမ္မဝါဆရာဘို့ ဤအိပ်ရာနေရာသည် ငါတို့ကို့သာလျှင် ဖြစ်လတ္တံ့ဟု အိပ်ရာနေရာတို့ကို မြစ်ကုန်၏။ နောက်မှလာကုန်သော မထေရ်တို့သည် အိပ်ရာနေရာတို့ကိုမရကုန်၍ ရှင်သာရိပုတ္တရာမထေရ်၏ တပည့်တို့သည် ရှင်သာရိပုတ္တရာမထေရ်ဘို့ အိပ်ရာ နေရာကို ရှာကုန်သော်လည်း မရကုန်၊ အရှင်သာရိပုတ္တရာ မထေရ်သည် အိပ်ရာနေရာကိုမရသည်ဖြစ်၍ မြတ်စွာဘုရား ကျောင်းတော်၏အနီးဖြစ်သော တခုသောသစ်ပင်ရင်း၌ ထိုင်သဖြင့်၎င်း စင်္ကြံသွားသဖြင့်၎င်း ညဉ့်ကိုလွန်စေ၏။

မြတ်စွာဘုရားသည် မိုးသောက်ထအခါ၌ ထွက်၍ ချောင်းညံ့၏။ သာရိပုတ္တရာမထေရ်သည်လည်း ချောင်းညံ့၏။ ဤသူကား အဘယ်သူနည်းဟု မေးတော်မူ၏။ အရှင်ဘုရား အကျွန်ုပ် သာရိပုတ္တရာတည်းဟု လျှောက်၏။ သာရိပုတ္တရာ ဤအခါဤအရပ်၌ အဘယ်သို့ပြုသနည်းဟု မိန့်တော်မူ၏။ ရှင်သာပုတ္တရာမထေရ်သည် ထိုအကြောင်းကိုလျှောက်၏။ မြတ်စွာဘုရားသည် မထေရ်၏စကားကိုကြား၍ ရှေးဦးစွာ ယခု ငါဘုရား ထင်ရှားရှိစဉ်ပင်လျှင် ရဟန်းတို့သည် တပါးသည်တပါးအား ရိုသေတုံ့ဝပ်ခြင်း မရှိကုန်၊ ငါပရိနိဗ္ဗာန်ပြုသည်ရှိသော် အသို့လျှင် ပြုကုန်လတ္တံ့နည်းဟု ဆင်ခြင်တော်မူ၏။ ဆင်ခြင်တော်မူသော မြတ်စွာဘုရားအား ဓမ္မသံဝေဂသည် ဖြစ်၏။ မြတ်စွာဘုရားသည် ညဉ့်သည် လင်းသည်ရှိသော် ရဟန်းသံဃာကို စည်းဝေးစေ၍ ရဟန်းတို့ကို ရဟန်းတို့ အဘယ်သူသည်လျှင် နေရာဦး ရေဦး ဆွမ်းဦးကို ရထိုက်သနည်းဟု မေးတော်မူ၏။

အချို့ကုန်သောရဟန်းတို့သည် မင်းမျိုးမှရဟန်းပြုသောသူသည် ထိုက်၏ဟု လျှောက်ကုန်၏။ အချိုကုန်သောရဟန်းတို့သည် ပုဏ္ဏားမျိုးမှ ရဟန်းပြုသောသူသည် ထိုက်၏ဟု လျှောက်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သူကြွယ်မျိုးမှ ရဟန်းပြုသူသည် ထိုက်၏ဟု လျှောက်ကုန်၏။ တပါးကုန်သော ရဟန်းတို့သည် ဝိနည်းဓိုရ် ဓမ္မကထိက ပဌမဈာန်ကိုရသောရဟန်း ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်ကို ရသောရဟန်းသည် ထိုက်၏ဟု လျှောက်ကုန်၏။ တပါးကုန်သောရဟန်းတို့သည် သောတာပန်သည် သကဒါဂါမ်သည် အနာဂါမ်သည် ရဟန္တာသည် ဝိဇ္ဇာသုံးပါးရှိသောရဟန်းသည် ခြောက်ပါးသောအဘိညာဉ်နှင့် ပြည့်စုံသော ရဟန်းသည် ထိုက်၏ဟု လျှောက်ကုန်၏။

ဤသို့ ထိုရဟန်းတို့သည် မိမိမိမိတို့၏ အလို၏ အစွမ်းအားဖြင့် နေရာဦးအစရှိသည်ကို ထိုက်ကုန်သောရဟန်းတို့ကို ဆိုသောကာလ၌ မြတ်စွာဘုရားသည် ရဟန်းတို့ ငါဘုရားသာသနာတော်၌ နေရာဦးအစရှိသည်တို့သို့ရောက်၍ညမင်းမျိုးမှရဟန်းပြုသောသူသည် ပမာဏမဟုတ်၊ ပုဏ္ဏားမျိုးမှရဟန်းပြုသောသူသည် ပမာဏမဟုတ်၊ သူကြွယ်မျိုးမှရဟန်းပြုသောသူသည် ပမာဏ မဟုတ်၊ ဝိနည်းဓိုရ်သည် ပမာဏမဟုတ်၊ သုတ္တန်ကိုဆောင်သော ရဟန်းသည် ပမာဏမဟုတ်၊ အဘိဓမ္မာကိုဆောင်သောရဟန်းသည် ပမာဏမဟုတ်၊ ပဌမဈာန်အစရှိသည်ကို ရကုန်သောရဟန်းတို့သည်လည်း ပမာဏမဟုတ်၊ သောတာပန် အစရှိသည်တို့သည်လည်း ပမာဏမဟုတ်၊ ရဟန်းတို့ စင်စစ်အားဖြင့် ဤငါဘုရားသာသနာတော်၌ သီတင်းကြီးစဉ်ကို မလွန်မူ၍ ရှိခိုးခြင်း ခရီးဦး ကြိုဆိုခြင်း လက်အုပ်ချီသောအမှု အရိုအသေအမှုကို ပြုအပ်၏။ နေရာဦး ရေဦးကို ရအပ်၏။ နေရာဦးအစရှိသည်ကိုရခြင်း၌ ဤသီတင်းကြီးခြင်းသည်သာလျှင် ပမာဏတည်း၊ ထို့ကြောင့် သီတင်းကြီးသောရဟန်းသည် ထိုနေရာဦး အစရှိသည်တို့အား လျောက်ပတ်၏။ ရဟန်းတို့ ယခုအခါ၌ကား သာရိပုတ္တရာသည် ငါ၏အဂ္ဂသာဝကတည်း။ ငါ၏အတု တရားဓမ္မစက်ကို ဟောတတ်၏။ ငါ၏အခြားမဲ့၌ အိပ်ရာနေရာကိုရခြင်းငှါ ထိုက်၏။ ထိုသာရိပုတ္တရာသည် ဤညဉ့်၌ အိပ်ရာနေရာကိုမရသည်ဖြစ်၍ သစ်ပင်ရင်း၌ ညဉ့်ကိုလွန်စေ၏။ သင်တို့သည် ယခုကပင်လျှင် ဤသို့ ရိုသေတုံ့ဝပ်ခြင်း မရှိကုန်၊ ကာလသည်လွန်သော် အသို့ပြု၍လျှင် နေကြကုန်လတ္တံ့နည်းဟု မိန့်တော်မူ၏။ ထိုအခါ ထိုရဟန်းတို့ကို ဆုံးမအံ့သောငှာ ရဟန်းတို့ ရှေး၌ တိရစ္ဆာန်တို့သည်လည်း ငါတို့သည် အချင်းချင်း ရိုသေတုံ့ဝပ်ခြင်းမရှိဘဲ သဘောမတူသော အသက်မွေးခြင်းရှိကုန်သည်ဖြစ်၍ အကြင်နေရခြင်းကို ပြုကုန်အံ့၊ ထိုနေရခြင်းသည် မလျောက်ပတ်၊ ငါတို့တွင် ကြီးမြတ်သောသူကို ကြည့်ကုန်၍ ထိုသူအား ရှိခိုးခြင်းအစရှိသည်တို့ကို ငါတို့သည် ပြုကုန်အံ့ဟု ကြံကုန်၏။ ကြံကြကုန်ပြီး၍ ကောင်းစွာစုံစမ်း၍ ဤသူသည် ငါတို့ထက်ကြီးမြတ်၏ဟုသိ၍ ထိုသူအား ရှိခိုးခြင်းအစရှိသည်တို့ကိုပြု၍ နတ်ပြည်ကို ပြည့်စေကုန်ဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဟိမဝန္တာအရပ်၌ တခုသောပညောင်ပင်ကြီးကို မှီကုန်၍ ခါ မျောက် ဆင် ဟူကုန်သော သုံးယောက်ကုန်သော အဆွေခင်ပွန်းတို့သည် နေကုန်၏။ ထိုအဆွေခင်ပွန်းတို့သည် အချင်းချင်း ရိုသေတုံ့ဝပ်ခြင်းမရှိကုန်၊ သဘောမတူသော အသက်မွေးခြင်းရှိသည် ဖြစ်၏။ ထိုအခါ သုံးယောက်ကုန်သော အဆွေခင်ပွန်းတို့သည် ငါတို့အား ဤသို့နေခြင်းသည် မသင့်၊ ငါတို့တွင် အကြင်သူသည် ကြီးမြတ်၏။ ထိုသူအား ရှိခိုးခြင်းအစရှိသည်တို့ကို ပြုကုန်လျက်နေရမူကား ကောင်း၏ဟု အကြံဖြစ်၏။ ကြံ၍ ငါတို့တွင် အဘယ်သူသည် ကြီးသနည်းဟု ကြံကုန်လတ်သော် တနေ့သ၌ တခုသောအကြောင်းသည် ရှိ၏ဟုကြံ၍ သုံးယောက်ကုန်သော အဆွေ ခင်ပွန်းတို့သည်လည်း ပညောင်ပင်၌ နေကုန်၏။ နေပြီး၍ ခါသည်၎င်း မျောက်သည်၎င်း ဆင်ကို အဆွေဆင် သင်သည် ဤပညောင်ပင်ကို အဘယ်မျှလျင် ပမာဏရှိသော ကာလမှစ၍ သိသနည်းဟု မေးကုန်၏။ ထိုဆင်သည် အဆွေတို့ ငါသည် ဆင်ငယ်ဖြစ်သေကာလ၌ ဤပညောင်ပင်ငယ်ကို ပေါင်ကြားတို့၌ထား၍ သွား၏။ လွှမ်း၍ တည်သောကာလ၌ ဤပညောင်ပင်၏ အခက်ဖျားသည် ငါ၏ချက်ရှိ၏။ ငါသည် ဤပညောင်ပင်ကို ငယ်သောကာလမှစ၍ သိ၏ဟု ဆို၏။ တဖန် နှစ်ယောက်ကုန်သော အဆွေခင်ပွန်းတို့သည် မျောက်ကို မေးကုန်၏။

မျောက်သည် အဆွေတို့ ငါသည် ရှေး၌ မျောက်ငယ်ဖြစ်စဉ် မြေ၌ထိုင်၍ လည်ကို မမော့မူ၍ ဤပညောင်ပင်၏ အညွှန့်အဖျားတို့ကိုစား၏။ ဤသို့ငါသည် ဤပညောင်ပင်ကို ငယ်သော ကာလမှစ၍ သိ၏ဟု ဆို၏။ ထိုအခါ တပါးကုန်သော နှစ်ယောက်ကုန်သော အဆွေခင်ပွန်းတို့သည်လည်း ရှေးနည်းဖြင့်သာလျှင် ခါကို မေးကုန်၏။ ခါသည် အဆွေတို့ ရှေး၌ ဤမည်သောအရပ်၌ ပညောင်ပင်ကြီးသည် ရှိ၏။ ထိုပညောင်ပင်ကြီး၏ အသီးတို့ကို စား၍ ဤအရပ်၌ ကျင်ကြီးကိုစွန့်၏။ ထိုကျင်ကြီးမှ ဤပညောင်ပင် ပေါက်၏။ ဤသို့ ငါသည် ဤပညောင်ပင်ကို မဖြစ်မီကာလမှစ၍ သိ၏။ ထို့ကြောင့် ငါသည် သင်တို့ထက် ပဋိသန္ဓေအားဖြင့် ကြီးမြတ်၏။ ဤသို့ ဆိုသည်ရှိသော် မျောက်သည်၎င်း ဆင်သည်၎င်း အဆွေ ခါပညာရှိ သင်သည် ငါတို့ထက်ကြီးမြတ်၏။ ဤနေ့မှစ၍ ငါတို့သည် သင့်အား ကောင်းစွာပြုခြင်း အလေးပြုခြင်း မြတ်နိုးခြင်း ရှိခိုးခြင်း ပူဇော်ခြင်းတို့ကို၎င်း ရှိခိုးခြင်း ခရီးဦးကြိုခြင်း လက်အုပ်ချီသောအမှု အရိုအသေပြုသောအမှုကို၎င်း ပြုကုန်အံ့၊ သင်၏အဆုံးအမ၌ ငါတို့သည်တည်ကုန်အံ့၊ သင်သည်ကား ငါတို့အား ဆုံးမကံ့မြစ်ခြင်းကို ပြုလောဟု ဆိုကုန်၏။ ထိုနေ့မှစ၍ ခါသည် အဆွေခင်ပွန်း နှစ်ယောက်တို့အား အဆုံးအမကိုပေး၏။ သီလ၌ တည်စေ၏။ မိမိသည်လည်း သီလကို ဆောက်တည်၏။ ထိုသုံးယောက်ကုန်သော အဆွေခင်ပွန်းတို့သည်လည်း ပဉ္စသီလ၌ တည်ကုန်၍ အချင်းချင်း တုံ့ဝပ်ကုန်သည် သဘောတူသော အသက်မွေးခြင်းရှိကုန်သည်ဖြစ်၍ အသက်အဆုံး၌ နတ်ပြည်သို့ လားကုန်၏။ ထိုသုံးယောက်ကုန်သော အဆွေခင်ပွန်းတို့၏ ပဉ္စသီ သီတင်းသည် တိတ္တိရဗြဟ္မစရိယ မည်၏။

ရဟန်းတို့ ထိုတိရစ္ဆာန်တို့စင်လျက်လည်း အချင်းချင်း ရိုသေတုံ့ဝပ်ခြင်းရှိကုန်သည်ဖြစ်၍ နေကြကုန်သေး၏။ သင်တို့သည် ဤသို့ ကောင်းစွာဟောတော်မူအပ်သော သာသနာတော်၌ ရဟန်းပြုကုန်၍ အဘယ်ကြောင့် အချင်းချင်း ရိုသေ မတုံ့ဝပ်ကုန်ဘဲ နေကြကုန့ဘိသနည်း၊ ရဟန်းတို့ ယခုနေ့မှစ၍ သင်တို့အား သီတင်းကြီးစဉ်ကိုမလွန်မူ၍ ရှိခိုးခြင်း ခရီးဦးကြိုခြင်း လက်အုပ်ချီသောအမှု အရိုအသေပြုသောအမှုကို၎င်း သီတင်းကြီးစဉ်ကို မလွန်မူ၍ နေရာဦး ရေဦးကို၎င်း ငါဘုရားခွင့်ပြုတော်မူ၏။ ယနေ့မှစ၍ သီတင်းငယ်သည် သီတင်းကြီးကို အိပ်ရာနေရာဖြင့် မမြစ် အပ်၊ အကြင်ရဟန်းသည် မြစ်ငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏ဟု မိန့်တော်မူပြီး၍ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူ၍-

၃၇။ ယေ ဝုဍ္ဎမပစာယန္တိ၊ နရာ ဓမ္မဿ ကောဝိဒါ
ဒိဋ္ဌေဝဓမ္မေ ပါသံသာ၊ သမ္ပရာယေ စ သုဂ္ဂတိံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၃၇။ ဘိက္ခဝေ၊ ရဟန်းတို့။ ဓမ္မဿ၊ ကြီးသောသူတို့အား ပူဇော်သောတရား၌။ ကောဝိဒါ၊ လိမ်မာကုန်သော။ ယေ နရာ၊ အကြင် သူတို့သည် ဝုဍ္ဎံ၊ ကြီးသောသူကို။ အပစာယန္တိ၊ ပူဇော်ကုန်၏။ တေ၊ ထိုသူတို့သည်။ ဒိဋ္ဌေဝ ဓမ္မေ၊ မျက်မှောက်သောကိုယ်၏ အဖြစ်၌လျှင်။ ပါသံသာ၊ ချီးမွမ်းခြင်းငှာထိုက်ကုန်၏။ သမ္ပရာယေစ၊ တမလွန်ဘဝ၌လည်း။ သုဂ္ဂတိံ၊ သုဂတိသို့။ ယန္တိ၊ ရောက်ကုန်၏။

ဤဂါထာ၏အဓိပ္ပါယ်ကား... ရဟန်းတို့ မင်းတို့သည်လည်း ဖြစ်စေကုန်၊ ပုဏ္ဏားဘိုသည်မူလည်း ဖြစ်စေကုန်၊ ကုန်သည်တို့သည်လည်း ဖြစ်စေကုန်၊ သူဆင်းရဲတို့သည်မူလည်း ဖြစ်စေကုန်၊ လူတို့သည်လည်း ဖြစ်စေကုန်၊ ရဟန်းတို့သည်လည်း ဖြစ်စေကုန်၊ တိရစ္ဆာန်တို့သည်လည်း ဖြစ်စေကုန်၊ အကြင် အမှတ်မရှိကုန်သောသတ္တဝါတို့သည် ကြီးကုန်သောသူတို့အား ပူဇော်သောအမှု၌ လိမ်မာကုန်၏။ ကျေးဇူးနှင့်ပြည့်စုံကုန်သော အရွယ်အားဖြင့် ကြီးကုန်သောသူတို့အား ပူဇော်ခြင်းကို ပြုကုန်၏။ ထိုအမှတ်မရှိကုန်သောသူတို့သည် ဤအတ္တဘော၌လည်း ကြီးသောသူတို့အား ပူဇော်ခြင်းကိုပြုတတ်သော သူတို့ဟူ၍ ချီးမွမ်းထောမနာကို ခံရကုန်၏။ ခန္ဓာကိုယ်၏ ပျက်သည်မှ နောက်၌လည်း နတ်ပြည်၌ဖြစ်ကုန်၏ ဟူလိုသော်။

ဇာတ်ပေါင်း... ဤသို့ မြတ်စွာဘုရားသည် ကြီးသောသူတို့အား ပူဇော်သော တရား၏ ကျေးဇူးကို ဟောတော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ ဆင်ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ မျောက်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ခါပညာရှိဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

အသက်ကြီးက၊ ရိုသေရ၊ ဗုဒ္ဓ အလိုတော်ပါ

ခုနစ်ခုမြောက်သော တိတ္တိရဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုလာဝကဝဂ်

၈။ ဗကဇာတ်

တယောက်သည် တယောက်အား လှည့်ပတ်ခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် နာစ္စန္တံ နိကတိပ္ပညော အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗကဇာတ်ကို ဇေတဝန် ကျောင်းတော်၌နေတော်မူစဉ် သင်္ကန်းစီးပွားပြုသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဇေတဝန် ကျောင်းတော်၌နေသော တယောက်သောရဟန်းသည် အလုံးစုံသော သင်္ကန်းကိုပြုအပ်သော ဖြတ်ခြင်း စပ်ခြင်း စီရင်ခြင်း ချုပ်ခြင်းအစရှိသော အမှုသည်ရှိ၏။ ထိုအမှု၌ အလွန်လိမ်မာ၏။ ထိုရဟန်းသည် ထိုအမှု၌လလိမ်မာသည်၏အဖြစ်ကြောင့် သင်္ကန်းကိုပွားစေ၏။ ထို့ကြောင့် သင်္ကန်းစီးပွားပြုတတ်သောရဟန်းဟူ၍သာလျှင် ထင်ရှား၏။ ဤရဟန်းသည် အဘယ်သို့ပြုသနည်းဟူမူကား ဆွေးမြေ့သောပုဆိုးနွမ်းတို့၌ လက်အမှုကိုပြု၍ ကောင်းသောအတွေ့ရှိသော နှစ်သက်ဘွယ်သောသင်္ကန်းကိုပြု၍ ဆိုးသည်၏ အဆုံး၌ မုံ့ညက်ရေဖြင့်ဆိုး၍ ခရုသင်းဖြင့်ပွတ်၍ အရောင်ရှိသည်ကို နှစ်သက်ဘွယ်ရှိသည်ကိုပြု၍ထား၏။ သင်္ကန်းအမှုကို ပြုခြင်းငှါ မသိကုန်သောရဟန်းတို့သည် အစာမချေသေးသော သင်္ကန်းလျာပုဆိုးတို့ကို ယူကုန်၍ ထိုရဟန်း၏အထံသို့ လာကုန်၍ ငါတို့သည် သင်္ကန်းအမှုကို ပြုခြင်းငှာမသိကုန်၊ ငါတို့အား သင်္ကန်းကို ပြုကုန်လောဟု ဆိုကုန်၏။

ထိုရဟန်းသည် ငါ့သျှင်တို့ သင်္ကန်းကိုပြုအပ်သည်ရှိသော် ကြာမြင့်မှပြီး၏။ ငါပြုအပ်ပြီးသော သင်္ကန်းသည်သာလျှင် ရှိ၏။ ဤသင်္ကန်းလျာ ပုဆိုးတို့ကိုထားခဲ့၍ ထိုသင်္ကန်းကိုယူ၍ သွားကုန်လောဟု ထုတ်၍ပြ၏။ ထိုရဟန်းတို့သည် ထိုသင်္ကန်း၏ အဆင်း၏ ပြည့်စုံခြင်းကိုမြင်လျှင် အကြောင်းကိုမသိကုန်၍ ခိုင်၏ဟူသော အမှတ်ဖြင့် အစာမချေမသေးကုန်သော ပုဆိုးတို့ကို သင်္ကန်းစီးပွားပြုသော ရဟန်းအားပေး၍ ထိုသင်္ကန်းနွမ်းကို ယူ၍သွားကြကုန်၏။ ထိုသင်္ကန်းကို ရဟန်းတို့သည် အတန်ငယ် ညစ်နွမ်းသောကာလ၌ ရေနွေးဖြင့် ဖွပ်လျှော်သည်ရှိသော် ထိုသင်္ကန်းသည် မိမိ၏သဘောကိုပြ၏။ ထိုထိုအရပ်၌ ဆွေးသောအရာသည် ထင်၏။ ထိုရဟန်းတို့သည် နှလုံးမသာမယာ ဖြစ်ကြကုန်၏။ ဤသို့ လာတိုင်းလာတိုင်းကုန်သော ရဟန်းတို့ကို သင်္ကန်းနွမ်းတို့ဖြင့် လှည့်ပတ်၏။ ထိုရဟန်းသည် အလုံးစုံသောအရပ်၌ ထင်ရှားသည် ဖြစ်၏။ ဇေတဝန် ကျောင်းတော်၌ ထိုရဟန်းကဲ့သို့ တခုသောရွာငယ်၌လည်း တယောက်သော သင်္ကန်းစီးပွားပြုသောရဟန်းသည် ပုဆိုးနွမ်းဖြင့်လှည့်စား၏။ ထိုရဟန်းအား အတူတကွ ဆည်းကပ်ဘူးသော အဆွေခင်ပွန်းဖြစ်ကုန်သော မြင်ဘူးသော အဆွေခင်ပွန်းဖြစ်ကုန်သော ရဟန်းတို့သည် အရှင်ဘုရား ဇေတဝန် ကျောင်းတော်၌ သင်္ကန်းစီးပွားပြုသော တယောက်သောရဟန်းသည် ဤသို့ပုဆိုးနွမ်းဖြင့် လှည့်စား၏ဟု ကြားကုန်၏။

ထိုအခါ ထိုရဟန်းအား ဤသို့အကြံသည်ဖြစ်၏။ ယခုငါသည် မြို့၌နေသောရဟန်းကို လှည့်စားအံ့ဟု ညစ်နွမ်းသောသင်္ကန်းကို အလွန်နှစ်သက်ဘွယ်ရှိသည်ကိုပြု၍ ကောင်းစွာဆိုး၍ ထိုသင်္ကန်းကိုရုံ၍ ဇေတဝန်ကျောင်းသို့သွား၏။ ဇေတဝန်ကျောင်း၌နေသော လှည့်စားသောရဟန်းသည် ထိုသင်္ကန်းကိုမြင်လျှင်။ လောဘကိုဖြစ်စေ၍ အရှင်ဘုရား ဤသင်္ကန်းကို အရှင်ဘုရားတို့သည် ပြုအပ်သလောဟု မေး၏။ ငါ့သျှင် ဟုတ်၏ဟု ဆို၏။ အရှင်ဘုရား ဤသင်္ကန်းကို အကျွန်ုပ်အားပေးလော့၊ အရှင်ဘုရားတို့သည် တပါးသောသင်္ကန်းကို ရကုန်လတ္တံ့ဟု ဆို၏။ ငါ့သျှင် ရွာငယ်၌နေသောငါတို့သည် ရခဲသောပစ္စည်းရှိကုန်၏။ ဤင်္ကန်းကို ငါသည် သင့်အားပေး၍ မိမိသည် အဘယ်သင်္ကန်းကိုရုံရအံ့နည်းဟုဆို၏ အရှင်ဘုရား အကျွန်ုပ်၏အထံ၌ အစာမချေကုန်သေးသော သင်္ကန်းလျာပုဆိုးတို့သည် ရှိကုန်၏။ ထိုသင်္ကန်းလျာ ပုဆိုးတို့ကို ယူ၍ အရှင်ဘုရားတို့အား သင်္ကန်းကိုပြုကုန်လောဟု ဆို၏။ ငါ့သျှင် ငါသည် ဤသင်္ကန်း၌ လက်မှုဖြင့်ဖြစ်စေအပ်၏။ သင်သည်ကဤသို့ ဆိုသည်ရှိသော် ငါသည် အသို့ပြုခြင်းငှါ တတ်ကောင်းအံ့နည်း၊ ထိုသင်္ကန်းကို ယူကုန်လောဟု ဇေတဝန် ကျောင်းတော်၌နေသောရဟန်းအား နွမ်းသောသင်္ကန်းကိုပေး၍ အစာမချေကုန်သေးသော သင်္ကန်းလျာပုဆိုးတို့ကိုယူ၍ ဇေတဝန် ကျောင်းတော်၌နေသောရဟန်းကို လှည့်စား၍ ဖဲလေ၏။

ဇေတဝန်ကျောင်း၌နေသော ရဟန်းသည်လည်း ထိုသင်္ကန်းကိုရုံ၍ နှစ်ရက်သုံးရက်လွန်သဖြင့် ရေနွေးနှင့်ဖွပ်လျော်သည်ရှိသော် ဆွေးမြေ့ပုဆိုးနွမ်း၏။ အဖြစ်ကို သိ၍ ရှက်၏။ ရွာ၌နေသော သင်္ကန်းစီးပွားပြုသောရဟန်းသည် ဇေတဝန်ကျောင်း၌နေသောရဟန်းကို လှည့်စားသတတ်ဟု ထိုရွာ၌နေသောရဟန်း၏ လှည့်စားသည်၏အဖြစ်သည် သံဃာ၏အလယ်၌ ထင်ရှားဖြစ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ထိုစကားကို ပြောဟောကုန်လျက် မြတ်စွာဘုရားသည် ကြွတော်မူလာ၍ ရဟန်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၏။ ထိုရဟန်းတို့သည် ထိုအကြောင်းကို ကြားလျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ဇေတဝန်ကျောင်း၌နေသော သင်္ကန်းစီးပွားပြုသောရဟန်းသည် ယခုသာလျှင် သူတပါးကိုလှည့်စားသည် မဟုတ်သေး၊ ရှေး၌လည်း လှည့်စားဘူးသည်သာလျှင်တည်း၊ ရွာငယ်၌နေသောရဟန်းသည်လည်း ယခုသာလျှင် ဇေတဝန်ကျောင်း၌နေသော သင်္ကန်းစီးပွားပြုသောရဟန်းကို လှည့်စားသည်မဟုတ်သေး၊ ရှေး၌လည်း လှည့်စားဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ တောအရပ်၌ ဘုရားလောင်းသည် မထင်ရှားသော ပဒုမာရောက်သောအိုင်ကို မှီ၍ဖြစ်သော ရေခတက်ပင်၌ ရုက္ခဇိုဝ်းနတ်၏အဖြစ်ဖြင့် ဖြစ်၏။ ထိုအခါ တပါးသော မကြီးလွန်းသောအိုင်ငယ်ဝယ် နွေအခါရေနည်း၏။ ဤအိုင်၌ များစွာကုန်သောငါတို့သည်လည်း ရှိကုန်၏။ ထိုအခါ တခုသောဗျိုင်းသည် ငါးတို့ကိုမြင်၍ တခုသောအကြောင်းဖြင့် ဤငါးတို့ကိုလှည့်စား၍ စားအံ့ဟု သွား၍ ရေနား၌ ကြံလျက်နေ၏။ ထိုအခါ ဗျိုင်းကို ငါးတို့သည်မြင်ကုန်၍ အရှင်သည် အဘယ်ကိုကြံ၍ နေသနည်းဟု မေးကြကုန်၏။ ငါသည် သင်တို့ကို ကြံ၍ နေ၏ဟု ဆို၏။ အရှင်ငါတို့ကို အသို့ကြံသနည်းဟု မေးကုန်၏။ ဤအိုင်၌ ရေနည်း၏။ အစာနည်း၏။ နေ့သည်ကား များ၏။ ယခု ဤငါးတို့ကို အသို့ပြုကုန်လတ္တံ့နည်းဟု ငါသည် သင်တို့ကို ကြံလျက်နေ၏။ ငါ့စကားကို သင်တို့ အကယ်၍ လိုက်နာကုန်အံ့၊ ငါသည် သင်တို့တွင် တကောင်တကောင်ကို နှုတ်သီးဖြင့်ယူ၍ တခုသော ငါးပါးသောအဆင်းရှိသော ကြာတို့ဖြင့် ဖုံးလွှမ်းသောအိုင်ကြီးသို့ဆောင်၍ လွှတ်အံ့ဟုဆို၏။

အရှင်ကမ္ဘာဦးမှစ၍ ငါးတို့ကို ကြံသောဗျိုင်းမည်သည် မရှိ၊ သင်သည် ငါတို့တွင် တကောင်တကောင်ကို စားလိုသလောဟု မေးကြကုန်၏။ ငါသည် သင်တို့ကို မစားအံ့၊ အိုင် ရှိ, မရှိအဖြစ်ကို ငါ့အား သင်တို့သည် မယုံကြည်ကြကုန်အံ့၊ တခုသောငါးကို ငါနှင့်တကွ အိုင်ကိုကြည့်စိမ့်သောငှါ လိုက်စေကုန်ဟု ဆို၏။ ငါးတို့သည် ဗျိုင်းစကားကိုယုံကုန်၍ ဤငါးသည် ရေ၌၎င်း ကြည်း၌၎င်း စွမ်းနိုင်သောငါးတည်း၊ ဤငါးကိုဆောင်၍သွားလောဟု တခုသော မည်းနက်သောငါးကြီးကို ပေးကုန်၏။ ဗျိုင်းသည် ထိုငါးကြီးကိုယူဆောင်၍ အိုင်၌ လွှတ်၍ အလုံးစုံသောအိုင်ကိုပြ၍ တဖန်ဆောင်ခဲ့၍ ထိုငါးတို့၏အထံ၌ လွှတ်၏။ ထိုငါးကြီးသည် ငါးတို့အား အိုင်၏ ပြည့်စုံခြင်းကို ချီးမွမ်း၏။ ငါးတို့သည် ငါးကြီးစကားကိုကြားကြကုန်၍ သွားလိုကုန်သည်ဖြစ်၍ အရှင်ကောင်းပေစွ ငါတို့ကိုယူ၍ သွားပါလေလောဟု ဆိုကုန်၏။ ဗျိုင်းသည် ရှေးဦးစွာ မည်းနက်သော ငါးကြီးကိုလျှင်ယူ၍ အိုင်များသို့ဆောင်၍ အိုင်ကိုပြ၍ အိုင်နား၌ပေါက်သော တခုသောရေခတက်ပင်၌နား၍ ထိုငါးကြီးကို သစ်ခွကြား၌ထား၍ နှုတ်သီးဖြင့်ပေါက်လျက် အသက်ကုန်ခြင်းသို့ရောက်စေ၍ အသားကိုစား၍ အရိုးတို့ကို သစ်ပင်ရင်း၌ချခဲ့၍ တဖန်လာ၍ ငါသည် ထိုငါးကို အိုင်၌လွှတ်ခဲ့ပြီ၊ တပါးသောငါးသည် လာစေသတည်း ဟု ဆို၏။ ဤနည်းဖြင့်လျှင် တကောင် တကောင်ကို ယူ၍ အလုံးစုံသော ငါးတို့ကိုစား၍ တဖန် လာပြန်သည်ရှိသော် တခုသောငါးကိုမျှလည်း မမြင်။

ဤအိုင်၌ တခုသော ပုဇွန်သည်ကား ကြွင်းသေး၏။ ဗျိုင်းသည် ထိုပုဇွန်ကိုလည်း စားလိုသည်ဖြစ်၍ အိုပုဇွန် ငါသည် ခပ်သိမ်းသော ငါးတို့ကိုဆောင်၍ ပဒုမာတို့ဖြင့် ဖုံးလွှမ်းသောအိုင်၌ လွှတ်အပ်ကုန်ပြီ၊ လာလော့ သင့်ကိုလည်းဆောင်အံ့ဟု ဆို၏။ သင်သည် ငါ့ကိုဆောင်၍ သွားသည်ရှိသော် အသို့ယူလတ္တံ့နည်းဟု မေး၏။ ကိုက်၍ယူအံ့ဟု ဆိုလေ၏။ သင်သည် ဤသို့ယူ၍ သွားသည်ရှိသော် ငါ့ကိုချလတ္တံ့၊ ငါသည် သင်နှင့်တကွ မလိုက်ဝံ့ဟု ဆို၏။ မကြောက်လင့် ငါသည် သင့်ကို ကောင်းမွန်စွာယူ၍ သွားအံ့ဟုဆို၏။ ထိုအခါ ပုဇွန်သည် ဤဗျိုင်းအား ငါးကိုဆောင်၍ အိုင်နား၌ လွှတ်ခြင်းမည်သည် မရှိ။ ငါ့ကို အကယ်၍ လွှတ်မူကား ကောင်း၏။ အကယ်၍ မလွှတ်မူကား ဗျိုင်း၏လည်ကိုဖြတ်၍ သတ်အံ့ဟုကြံ၏။ ထိုအခါ ဗျိုင်းကို အဆွေဗျိုင်း သင်၏ယူခြင်းသည် ကောင်းသောယူခြင်းမဟုတ်၊ ငါတို့၏ ကိုင်ဆွဲခြင်းမူကား ကောင်းသော ကိုင်ဆွဲခြင်းတည်း၊ ငါသည် လက်မဖြင့် လည်ကို အကယ်၍ ကိုင်ဆွဲရအံ့၊ သင့်လည်၌ ကောင်းစွာကိုင်ဆွဲ၍ သင်နှင့်တကွ လိုက်အံ့ဟု ဆို၏။ ဗျိုင်းသည် ပုဇွန်သည် ငါ့ကို လှည့်စားလို၏ဟု မသိသည်ဖြစ်၍ ကောင်းပြီဟု ဝန်ခံ၏။

ပုဇွန်သည် မိမိလက်မဖြင့် ပန်းဘဲတို့၏ညှပ်ဖြင့် ညှပ်ဘိသကဲ့သို့ ညှပ်၏။ ဗျိုင်းသည် ဗုဇွန်ကိုဆောင်ပြီးသော် အိုင်ကိုပြ၍ ရေခတက်ပင်သို့ ရှေ့ရှုသွား၏။ ပုဇွန်သည် ဦးရီး ဤအိုင်ကား ထိုမှာတည်း၊ ဦးရီးကား ဤအရပ်သို့ အဘယ့်ကြောင့် ဆောင်သနည်းဟု ဆို၏။ ဗျိုင်းသည်လည်း ပုဇွန်အား ငါသည် အဘယ်မှာ သင့်ဦးရီး ဟုတ်သနည်း၊ သင်သည် ငါ၏နှမသားမဟုတ်ဟု ဆိုလေ၏။ ဆိုပြီး၍ ငါ့ကိုချီသွားသော ဤဗျိုင်းသည် ငါ၏ကျွန်တည်းဟူသောအမှတ်ကို သင်ပြုယောင်တကား၊ ရေခတက်ပင်ရင်း၌ ထိုငါးရိုးစုကို ရှုလော့၊ ငါသည် ထိုအလုံးစုံသော ငါးတို့ကို စာအပ်ကုန်သကဲ့သို့ ထို့အတူသာလျှင် သင့်ကိုလည်း ငါစားအံ့ဟု ဆို၏။ ပုဇွန်သည် ထိုငါးတို့ကို မိမိတို့၏ မိုက်သည်၏အဖြစ်ဖြင့် သင်သည် စားရကုန်၏။ ငါသည်ကား သင့်အား စားစိမ့်သောငှမပေးအံ့၊ သင့်ကိုပင်လျှင် ပျက်စီးခြင်းသို့ရောက်စေအံ့၊ ထိုစကားသည် မှန်၏။ သင်သည် မိုက်သောကြောင့် ငါလှည့်စားသည်ကို မသိ၊ သေရကုန်သော် နှစ်ယောက်ကုန်သော ငါတို့သည်လည်း သေရကုန်အံ့၊ ငါသည် သင့်ဦးခေါင်းကိုဖြတ်၍ မြေ၌ကျစေအံ့ဟု ဆို၍ ညှပ်ဖြင့် နှိပ်ဘိသကဲ့သို့ လက်မတို့ဖြင့် လည်ကိုနှိပ်၏။ ဗျိုင်းသည် ခံတွင်းကိုဖွင့်လျက် မျက်စိတို့မှ မျက်ရေယိုလျက် သေဘေးမှကြောက်သည်ဖြစ်၍ အရှင်သင့်ကို မစားပါအံ့၊ သင်သည် ငါ့အား အသက်ကိုပေးလောဟု ဆို၏။ အကယ်၍ မစားသည်ဖြစ်အံ့၊ ဤသို့ မစားသည်ရှိသော် အိုင်သို့သက်၍ ငါ့ကို အိုင်၌လျှင် လွှတ်လောဟု ဆို၏။ ဗျိုင်းသည် ပြန်၍ အိုင်သို့သာလျှင်သက်၍ ပုဇွန်ကို အိုင်နားဝယ် ညွန်အပြင်၌ထား၏။ ပုဇွန်သည် ကတ်ကြေးဖြင့် ကြာရိုးကို ဖြတ်သကဲ့သို့ ဗျိုင်း၏ လည်ကို ဖြတ်၍ ရေသို့ဝင်၏။ ထိုအံ့ဘွယ်သရဲကိုမြင်၍ ရေခတက်ပင်၌ စောင့်သောနတ်သည် ကောင်းချီးကိုပေးလျှက် တောကို ပဲ့တင်ထပ်စေလျက် သာယာသောအသံဖြင့်-

၃၈။ နာစ္စန္တံ နိကတိပ္ပညော၊ နိကတျာ သုခ မေဓတိ။
အာရာဓေတိ နိကတိပ္ပညော၊ ဗကော ကက္ကဋကာမိဝ။

ဟူသော ဤဂါထာကို ဆို၏။

၃၈။ ဘော၊ အချင်းတို့။ နိကတိပ္ပညော၊ လှည့်ပတ်တတ်သော ပညာရှိသော ပုဂ္ဂိုလ်သည်။ နိကတျာ၊ လှည့်ပတ်သဖြင့်။ အစ္စန္တံ၊ စင်စစ်။ သုခံ သုခသ္မိံ၊ ချမ်းသာရာ၌။ န ဧဓတိ၊ မတည်ရ။ ကက္ကဋကာ၊ ပုဇွန်မှ။ ဗကော၊ ဗျိုင်းသည်။ ဂီဝစ္ဆေဒံ၊ လည်ပြတ်ခြင်းသို့။ ပါပုဏိဣဝ၊ ရောက်သကဲ့သို့။ တထာ၊ ထို့အတူ။ နိကတိပ္ပညော၊ စဉ်းလဲစဉ်းစားဖြစ်သောပညာရှိသော ပုဂ္ဂိုလ်သည်။ အတ္တနာ၊ မိမိသည်။ ကတပါပဿ၊ ပြုအပ်သော မကောင်းမှု၏။ ဖလံ၊ အကျိုးကို။ အာရာဓေတိ၊ ရ၏။

ဤသို့ဘုရားလောင်းသည် တောအလုံးကို ပဲ့တင်ထပ်စေလျှက် တရားကိုဟော၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ယခုသာလျှင် ရွာ၌နေသော သင်္ကန်းစီးပွားပြုသော ထိုရဟန်းသည် ဇေတဝန်ကျောင်း၌နေသောရဟန်းကို လှည့်စားသည် မဟုတ်သေး၊ လွန်လေပြီးသောအခါ၌လည်း လှည့်စားဘူးသည်သာလျှင်တည်းဟု ဤဓမ္မဒေသနာကိုဆောင်၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဇေတဝန်ကျောင်း၌နေသော သင်္ကန်းစီးပွားပြုသောရဟန်းသည် ထိုအခါ ဗျိုင်းဖြစ်ဘူးပြီ၊ ယခုအခါ ရွာ၌နေသော သင်္ကန်းစီးပွားပြုသောရဟန်းသည် ထိုအခါ ပုဇွန်ဖြစ်ဘူးပြီ၊ ယခုအခါ ဘုရားသည်လျှင် ထိုအခါ ရုက္ခဇိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကောက်ကျစ်သူများ၊ သတိထား၊ စဉ်းစားကြရန် ဗျိုင်းသဏ္ဌာန်

ရှစ်ခုမြောက်သော ဗကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုလာဝကဝဂ်

၉။ နန္ဒဇာတ်

တခုသောအရပ်၌ ရိုသေကျိုးနွံလျက် တခုသောအရပ်၌ ဆန့်ကျင်ဘက် ဖြစ်ကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် မညေ သောဝဏ္ဏယောရာသိ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤနန္ဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်သာရိပုတ္တရာမထေရ်၏ အတူနေတပည့်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းသည် ဆုံးမလွယ်သောစကားရှိ၏။ ဆုံးမခြင်းငှါ ခံ့၏။ ရှင်သာရိပုတ္တရာမထေရ်အား ကြီးစွာသောအားထုတ်ခြင်းဖြင့် ကျေးဇူးကိုပြု၏။ နောက်မှ တပါးသောအခါ၌ အရှင်သာရိပုတ္တရာမထေရ်သည် မြတ်စွာဘုရားကိုပန်၍ ဒေသစာရီသွားသည်ရှိသော် ဒက္ခိဏာဂိရိဇနပုဒ်သို့ ရောက်၏။ ထိုရဟန်းသည် ဒက္ခိဏာဂိရိ ဇနပုဒ်သို့ ရောက်သောကာလ၌ မာနဖြင့် ခိုင်မာသည်ဖြစ်၍ အရှင်သာရိပုတ္တရာမထေရ်၏ စကားကိုမလိုက်နာ၊ ငါ့သျှင် သင်သည် ဤမည်သောအမှုကို ပြုပါလောဟု ဆိုသည်ရှိသော်ကား အရှင်သာရိပုတ္တရာ၏ ဆန့်ကျင်ဘက်သည်ဖြစ်၏။ အရှင်သာရိပုတ္တရာသည် ထိုရဟန်း၏ အလိုကိုမသိ၍ ရှင်သာရိပုတ္တရာမထေရ်သည် ထိုအရပ်၌ ဒေသစာရီသွား၍ တဖန် ဇေတဝန်ကျောင်းသို့ ပြန်ခဲ့၏။ ထိုရဟန်းသည်လည်း အရှင်သာရိပုတ္တရာမထေရ်၏ ဇေတဝန်ကျောင်းသို့ လာသောအခါမှစ၍ တဖန် ထိုသို့ သဘောရှိသည်သာလျှင်ဖြစ်၏။ အရှင်သာရိပုတ္တရာမထေရ်သည် မြတ်စွာဘုရားအား အရှင်ဘုရား အကျွန်ုပ်၏ တယောက်သောတပည့်သည် တခုသောအရပ်၌ တရာဖြင့်ဝယ်သော ကျွန်ကဲ့သို့ဖြစ်၏။ တခုသော အရပ်၌ကား ဤတပည့်ရဟန်းသည် မာနဖြင့်ခိုင်မာသည်ဖြစ်၍ ဤမည်သောအမှုကိုပြုဟု ဆိုသည်ရှိသော် ဆန့်ကျင်ဘက် ဖြစ်၏ဟု ကြားလျှောက်၏။ မြတ်စွာဘုရားသည် သာရိပုတ္တရာ ဤရဟန်းသည် ယခုသာလျှင် ဤသို့သဘောရှိသည် မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းသည် တခုသောအရပ်သို့ ရောက်သည်ရှိသော် တရာသောဥစ္စာဖြင့်ဝယ်သော ကျွန်ကဲ့သို့ဖြစ်၏။ တခုသောအရပ်သို့ ရောက်သည်ရှိသော် ဆန့်ကျင်ဘက်ရန်သူ ဖြစ်ဘူး၏ဟု မိန့်တော်မူ၍ ရှင်သာရိပုတ္တရာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်င်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တယောက်သော သူကြွယ်မျိုး၌ ဖြစ်၏။ ဘုရားလောင်း၏ အဆွေခင်ပွန်းဖြစ်သော တယောက်သောသူကြွယ်သည် မိမိသည် အသက်ကြီး၏။ ထိုသူကြွယ်၏ မယာကား ပျိုသေး၏။ ထိုသူကြွယ်ကိုမှီ၍ သားကိုရ၏။ ထိုသူကြွယ်အိုသည် ဤမိန်းမသည် ပျို၏။ ငါလွန်သဖြင့် တစုံတယောက်သော ယောက်ျားကိုယူ၍ ဤဥစ္စာကိုဖျက်ဆီးရာ၏။ ငါ့သားအားမပေးရာ၊ ငါသည် ဥစ္စာကို မြေ၌မြှုပ်ရမူကားကောင်း၏ဟု ကြံ၏။ ကြံပြီး၍ အိမ်၌ နန္ဒမည်သောကျွန်ကိုခေါ်၍ တောသို့သွား၍ တခုသောအရပ်၌ ဥစ္စာကိုမြှုပ်၍ နန္ဒအား အမောင်နန္ဒ ဤဥစ္စာကို ငါလွန်သဖြင့် သားအားကြားရစ်လော၊ ထိုငါ့သားအား မစွန့်ရစ်လင့်ဟုကြား၍ ဆုံးမ၍သေ၏။ ထိုသူကြွယ်၏ သားသည်လည်း အစဉ်သဖြင့် အရွယ်ရောက်သည်ဖြစ်၏။ ထိုအခါ သူကြွယ်သား၏အမိသည် ချစ်သား သင်၏အဘသည် နန္ဒကျွန်ကိုခေါ်၍ ဥစ္စာကိုမြုပ်၏။ ထိုဥစ္စာကို ဖြစ်စေလောဟု ဆို၏။

ထိုသူကြွယ်သားသည် တနေ့သ၌ နန္ဒကျွန်ကို ဦးရီး ငါ၏အဘသည် မြှုပ်ထားအပ်သော တစုံတခုဥစ္စာသည် ရှိသလောဟုမေး၏။ အရှင်ရှိ၏ဟု ဆို၏။ အဘယ်မှာ မြှုပ်ထားသနည်းဟု မေး၏။ အရှင်တော၌မြှုပ်ထားအပ်သည်ဟုဆို၏။ ထိုသို့တပြီးကား ငါတို့သွားကုန်အံ့ဟု ပေါက်တူး တောင်းကိုယူ၍ ဥစ္စာမြှုပ်ရာအရပ်သို့ သွားကုန်၍ ဦးရီး ဥစ္စာအဘယ်မှာနည်းဟု ဆို၏။ နန္ဒသည် တက်၍ ဥစ္စာထက်၌ရပ်၍ ဥစ္စာကိုမှီ၍ မာန်ကိုဖြစ်စေ၍ ဟယ်ကျွန်မသား အစေအပါး ဤအရပ်၌ သင်၏ ဥစ္စာသည် အဘယ်မှာရှိသနည်းဟု သတို့သားကိုဆဲရေး၏။ သတို့သားသည် နန္ဒ၏ ကြမ်းကြုတ်သောစကားကို မကြားသကဲ့သို့ပြု၍ ထိုသို့တပြီးကား ငါတို့သည် သွားကြကုန်အံ့ဟု နန္ဒကိုခေါ်၍ ပြန်ခဲ့၏။

တဖန် နှစ်ရက် သုံးရက်တို့ကိုလွန်စေ၍ သွားပြန်၏။ နန္ဒသည် ထို့အတူသာလျင် ဆဲရေး၏။ သတို့သားသည် နန္ဒနှင့်တကွ ကြမ်းကြုတ်သောစကားကို မဆိုမူ၍လျှင် ပြန်ခဲ့၍ ဤကျွန်သည် ဤအရပ်မှစ၍ ဥစ္စာကိုကြားအံ့ဟုဆို၍ သွား၏။ သွားပြီး၍ကား ငါ့ကိုဆဲရေး၏။ ထိုဆဲရေးရာ၌ အကြောင်းကို ငါမသိ၊ ငါ့အဘ၏ အဆွေ ခင်ပွန်းဖြစ်သော သူကြွယ်သည် ရှိသလျှင်ကတည်း၊ ထိုသူကြွယ်ကို မေး၍ ငါသိအံ့ဟု နှလုံးသွင်း၍ ဘုရားလောင်း၏ အထံသို့သွား၍ အလုံးစုံသောအကြောင်းကိုကြား၍ ဘခင် အကြောင်းအသို့နည်းဟု မေး၏။ ဘုရားလောင်းသည် ချစ်သား အကြင်အရပ်၌တည်လျက် နန္ဒသည် သင့်ကိုဆဲရေး၏။ ထိုအရပ်၌လျှင် သင့်အဘ၏ ဥစ္စာသည်ရှိ၏။ ထို့ကြောင့် အကြင်အခါ၌ နန္ဒသည် သင့်အားဆဲရေး၏။ ထိုအခါ၌ ဟယ်ကျွန် လာလောဟု နန္ဒကိုငင်၍ ပေါက်တူးကိုယူ၍ ထိုအရပ်ကိုတူး၍ အမျိုး၏ဥစ္စာကိုထုတ်၍ ကျွန်ကိုချီရွက်စေ၍ ဥစ္စာကိုဆောင်ခဲ့လောဟု ဆိုလို၍-

၃၉။ မညေ သောဝဏ္ဏယောရာသိ၊ သောဝဏ္ဏမာလာ စ နန္ဒကော။
ယတ္ထ ဒါသော အာမဇာတော၊ ဌိတော ထုလ္လာနိ ဂဇ္ဇတိ။

ဟူသော ဤဂါထာကို ဆို၏။

၃၉။ တာတ၊ ချစ်သား။ ယတ္ထ၊ အကြင်အရပ်၌။ အာမဇာတော၊ အိမ်ကျွန်မသားဖြစ်သော။ နန္ဒကော၊ နန္ဒမည်သော။ ဒါသော၊ ကျွန်သည်။ ဌိတော၊ ရပ်လျက်။ ထုလ္လာနိ၊ ကြမ်းကြုတ်ကုန်သော စကားတို့ကို။ ဂဇ္ဇတိ၊ ဆို၏။ တတ္ထေဝ၊ ထိုအရပ်၌လျှင်။ သောဝဏ္ဏယောရာသိ စ၊ ရတနာတို့၏ အစုသည်၎င်း။ သောဝဏ္ဏမာလာ စ၊ ရွှေပန်းသည်၎င်း။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့။ မညေ-မညာမိ၊ ငါထင်၏။

ဤသို့ ဘုရားလောင်းသည် သတို့သားအား ဥစ္စာဆောင်ခြင်း၏အကြောင်းကို ကြား၏။ သတို့သားသည် ဘုရားလောင်းကို ရှိခိုး၍ အိမ်သို့သွား၍ နန္ဒကိုခေါ်၍ ဥစ္စာမြှုပ်ရာအရပ်သို့သွား၍ ဘုရားလောင်းဆုံးမတိုင်းကျင့်၍ ထိုဥစ္စာကိုဆောင်၍ ဥစ္စာကိုဖြစ်စေ၍ ဘုရားလောင်း၏ အဆုံးအမ၌တည်၍ ဒါနရှိသော ကောင်းမှုကိုပြု၍ အသက်၏အဆုံး၌ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤရဟန်းသည် ရှေး၌လည်း ဤသို့သဘောရှိသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ သာရိပုတ္တရာ၏ အတူနေတပည့်သည် ထိုအခါ နန္ဒဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိသောသူကြွယ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆုံးမလွယ်လျှက်၊ ဥစ္စာဘက်၊ ဆိုခက်နိုင်သည်သာ

ကိုးခုမြောက်သော နန္ဒဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုလာဝကဝဂ်

၁၀။ ခဒိရင်္ဂါရဇာတ်

မာရ်နတ်ငြိမ်းချောက်သော်လည်း မကြောက်မရွံ့ အလှူကိုမပျက်စေသော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကာမံ ပတာမိ နိရယံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ခဒိရင်္ဂါဇာတ်ကို ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အနာထပိဏ်သူဌေး၏ အလှူကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ အနာထပိဏ်သူဌေးသည် ကျောင်းကိုသာလျှင်စွဲ၍ ငါးဆယ့်လေးကုဋေသောဥစ္စာတို့ကို သဗ္ဗညူမြတ်စွာဘုရား၏ သာသနာတော်၌ လှူဒါန်း၏။ သုံးပါးကုန်သော ရတနာတို့ကိုထား၍ သာသနာတော်မှအပ၌ ရတနာဟူသော အမှတ်ကိုလျှင် မဖြစ်၊ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ နေတော်မူသည်ရှိသော် နေ့တိုင်းနေ့တိုင်း သုံးကြိမ်ကုန်သော ဆည်းကပ်ခြင်းကြီးတို့ကိုဆည်းကပ်လေ၏။ စောစောကလျှင် တကြိမ်ဆည်းကပ်၏။ နံနက်စာစားပြီးသော် တကြိမ် ဆည်း ကပ်၏။ ညချမ်းအခါ၌ တကြိမ်ဆည်းကပ်၏။ တပါးလည်းဖြစ်ကုန်သော အကြားအကြား၌ ဖြစ်သော ဆည်းကပ်ငယ်တို့သည် ဖြစ်သည်သာလျှင်တည်း၊ သွားသည် ရှိသော်လည်း အဘယ်ကိုလျှင်ယူ၍ သွားသနည်းဟူမူကား သာမဏေတို့သည်၎င်း ပဉ္စင်းငယ်တို့သည်၎င်း ငါ၏လက်ကိုလည်း ကြည့်ကုန်ရာ၏ဟု လက်ချည်းစည်းမည်သည် မသွားစဘူး၊ စောစောကလျှင် ဆည်းကပ်သည်ရှိသော် ယာဂုကို ယူခဲ့စေ၍ ဆည်းကပ်၏။ နံနက်စာစားပြီးသည်ရှိသော် ထောပတ်ဆီပျား တင်လဲ အစရှိသည်တို့ကိုယူခဲ့စေ၍ ဆည်းကပ်၏။ ညချမ်းအခါ နံ့သာ, ပန်း, အဝတ် အစရှိသည်တို့ကို လက်စွဲလျက်ဆည်းကပ်၏။ ဤသို့လျှင် နေ့တိုင်းနေ့တိုင်းစွန့်ကြဲသော အနာထပိဏ်သူဌေး၏ အလှူ၌ ပမာဏမရှိ။

များစွာကုန်သော ကုန်သွယ်၍အသက်မွေးကုန်သော သူတို့သည်လည်း အနာထပိဏ်သူဌေး၏လက်မှ စာရင်းတင်၍ တဆယ့်ရှစ်ကုဋေ အရေအတွက်ရှိသောဥစ္စာကို အမှီပြု၍ယူကုန်၏။ သူဌေးကြီးသည် ထိုကုန်သည်တို့ကို ဥစ္စာကိုမဆောင်စေ၊ သူဌေးကြီးသည် မြစ်နား၌ မြှုပ်၍ထားအပ်ကုန်သော မြို့ပေးသောဥစ္စာမှ တပါးကုန်သော အမျိုးဥစ္စာဖြစ်ကုန်သော တဆယ့်ရှစ်ကုဋေကုန်သောဥစ္စာတို့သည် အစိရဝတီမြစ်ရေသည် မြစ်ကမ်းကိုဖြိုသည်ရှိသော် မဟာသမုဒြာသို့ဝင်၍ တည်ကုန်၏။ ပိတ်တိုင်းသာလျှင်ဖြစ်ကုန်သော ကြေးအိုးတို့သည် သမုဒြာဝမ်း၌ လိမ့်လျက်သွားကုန်၏။ သူဌေး၏အိမ်၌ကား ငါးရာကုန်သောရဟန်းကိုအား နိစ္စဘတ်သည် မပြတ်ဖြစ်၏။ ထိုစကားသည် မှန်၏။ သူဌေးကြီး၏ အိမ်သည် ရဟန်းသံဃာတို့၏ ခရီးလေးဆုံ၌တူးအပ်သော ရေကန်နှင့်တူ၏။ ခပ်သိမ်းသောရဟန်းတို့၏ မိဘအရာ၌တည်၏။ ထို့ကြောင့် အနာထပိဏ်သူဌေးအိမ်သို့ မြတ်စွာဘုရားသည်လည်း ကြွတော်မူ၏။ ရှစ်ကျိပ်ကုန်သော မထေရ်တို့သည်လည်း ကြွတော်မူသလျှင်ကတည်း၊ အိမ်သို့ကြွသည်လည်းဖြစ်ကုန်သော အိမ်မှလာသည်လည်းဖြစ်ကုန်သော ရဟန်းတို့၏ပမာဏသည်မရှိ၊ ထိုအိမ်သည်ကား ဘုံခုနစ်ဆင့်ရှိ၏။ တံခါးမုတ် ခုနစ်ဆင့်တို့ဖြင့် တန်ဆာဆင်အပ်၏။ ထိုအိမ်၏ လေးခုမြောက်သောတံခါးမုတ်၌ တယောက်သော မိစ္ဆာဒိဋ္ဌိနတ်သည် နေ၏။

မြတ်စွာဘုရားသည် အိမ်သို့ဝင်သည်ရှိသော် မိမိ၏ ဗိမာန်၌ တည်ခြင်းငှာ မတတ်ကောင်း၊ သူငယ်တို့ကိုယူ၍ မြေ၌တည်၏။ ရှစ်ကျိပ်ကုန်သော မထေရ်တို့သည်၎င်း ကြွင်းကုန်သော မထေရ်တို့သည်၎င်း ဝင်ကုန်သည်ရှိသော်၎င်း ထွက်ကုန်သည်ရှိသော်၎င်း ထို့အတူသာလျှင်ပြုရ၏။ ထိုနတ်သည် ရဟန်းဂေါတမသည်၎င်း ရဟန်းဂေါတမ၏တပည့်တို့သည်၎င်း ဤအိမ်သို့ ဝင်ကုန်သည်ရှိသော် ငါ့အား ချမ်းသာသောမည်သည်မရှိ၊ အခါခပ်သိမ်းသက်၍ မြေ၌တည်ခြင်းငှါ မတတ်နိုင်၊ အကြင်သို့သောအခြင်းအရာအားဖြင့် ဤရဟန်းတို့သည် ဤအိမ်သို့မဝင်ကုန်၊ ထိုသို့သော အခြင်းအရာအားဖြင့် ငါသည် ပြုခြင်းငှါသင့်၏ဟုကြံ၏။

ထို့နောင်မှ တနေ့သ၌ အိပ်ရာသို့ကပ်သော အမှုဆောင်ကိုယ်စားလည်ကြီး၏အထံသို့သွား၍ အရောင်ကိုနှံ့စေလျက် တည်၏။ ဤအရပ်၌ အဘယ်သူနည်းဟုမေးသည်ရှိသော် ငါသည် လေးခုမြောက်သောတံခါးမုတ်၌ နေသောနတ်တည်းဟု ဆို၏။ အဘယ့်ကြောင့် လာသနည်းဟု ဆို၏။ သင်တို့သည် သူဌေး၏ အမူအရာကိုမြင်ကုန်သည်မဟုတ်လော၊ မိမိ၏ နောက်ကာလကိုမကြည့်မူ၍ ဥစ္စာကိုထုတ်၍ ရဟန်းဂေါတမအားသာလျှင် ပေး၏။ ကုန်သွယ်ခြင်းကိုကား မယှဉ်စေ၊ အမှုတို့ကို မဖြစ်စေ၊ သူဌေးကြီးသည် အကြင်သို့သောအခြင်းအရာဖြင့် မိမိ၏အမှုကိုပြု၏။ ထိုသို့သောအခြင်းအရာအားဖြင့် သင်တို့သည် သူဌေးကြီးကို ဆုံးမကုန်လော၊ အကြင်သို့သော အခြင်းအရာအားဖြင့်လည်း တပည့်နှင့် တကွသော ရဟန်းဂေါတမသည် ဤအိမ်သို့မဝင်၊ ထိုသို့သော အခြင်းအရာအားဖြင့် သင်တို့သည် ပြုကုန်လောဟု ဆို၏။ ထိုအခါ ထိုနတ်ကို အမှုဆောင်ကိုယ်စားလည်ကြီးသည် နတ်မိုက် သူဌေးကြီးသည် ဥစ္စာကိုစွန့်သည်ရှိသော် ဝဋ်ဆင်းရဲမှထွက်မြောက်စေတတ်သော ဘုရားသာသနာတော်၌ စွန့်၏။ ထိုသူဌေးကြီးသည် ဥသျှောင်ကိုကိုင်၍ ငါ့ကိုရောင်းစားသော်လည်း ငါသည် ထိုသူဌေးကြီးအား တစုံတခုသောစကားကို မဆို၊ သင်သည် သွားလေလောဟု ဆို၏။

နတ်သည် တဖန် တနေ့သ၌ သူဌေးကြီး၏ သားကြီးသို့ကပ်၍ ထို့အတူသာလျှင် ဆုံးမ၏။ သားကြီးသည်လည်း နတ်ကို ရှေးနည်းဖြင့်သာလျှင် ခြိမ်းချောက်၏။ သူဌေးနှင့်ကားတကွ စကားဆိုခြင်းငှာ မတတ်နိုင်၊ မပြတ်အလှူကိုသာပေး၍ ကုန်သွယ်ခြင်းကို းမပြုသော သူဌေးကြီး၏ဥစ္စာသည် အတိုးအား နည်းပါးလေသော် ကုန်ခြင်းသို့ရောက်၏။ ထိုအခါ အစဉ်သဖြင့်ာဆင်းရဲသောအဖြစ်သို့ ရောက်သော သူဌေးကြီး၏ အဝတ် ပုဆိုး အိပ်ရာ နေရာ ဘောဇဉ်တို့သည်လည်း ရှေးနည်းနှင့်မတူကုန်၊ ဤသို့ ဖြစ်လျက်လည်း ရဟန်းသံဃာအား အလှူပေး၏။ မွန်မြတ်သည်ကိုကား ပြု၍ပေးခြင်းငှါမတတ်နိုင်၊ ထိုအခါ တနေ့သ၌ ဘုရားကိုရှိခိုး၍နေသော အနာထပိဏ်သူဌေးကို မြတ်စွာဘုရားသည် သူကြွယ် သင်၏ အိမ်၌ အလှူကိုပေးရ၏လောဟု မေးတော်မူ၏။ ထိုသူဌေးကြီးသည် အရှင်ဘုရား အလှူကိုပေးရ၏။ ထိုအလှူသည်ကား ရုန့်ရင်း၏။ ပအုံးရည်လျှင်အဖော်ရှိသော ဆန်ကွဲဆွမ်းတည်းဟု လျှောက်၏။ ထိုအခါ သူဌေးကြီးကို မြတ်စွာဘုရားသည် သူကြွယ် ရုန့်ရင်းသောအလှူကို ပေးရ၏ဟု စိတ်ကို မတွန့်တိုစေလင့်၊ ထိုစကားသည် မှန်၏။ စိတ်သည် မွန်မြတ်သည်ရှိသော် ဘုရား ပစ္စေကဗုဒ္ဓါ ဘုရားတပည့်တော်တို့အား လှူအပ်သောအလှူသည်ကား ရုန့်ရင်းသောမည်သည်မရှိ၊ အဘယ့်ကြောင့်နည်းဟူမူကား အကျိုးကြီးသည်အဖြစ်ကြောင့်တည်းဟု မိန့်တော်မူ၏။ ထိုစကားသည် မှန်၏။ စိတ်ကို မွန်မြတ်သည်ကိုပြုခြင်းငှါ တတ်နိုင်သောသူ၏အလှူသည် ရုန့်ရင်းသောမည်သည်မရှိ၊ ထိုအကြောင်းကိုလည်း ဤသို့ဆိုလတ္တံ့သော... -

နတ္ထိ စိတ္တေ ပသန္နမှိ၊ အပ္ပကာ နာမ ဒက္ခိဏာ။
တထာဂတေ ဝါ သမ္ဗုဒ္ဓေ၊ အထ ဝါ တဿ သာဝကေ။
န ကိရတ္ထိ အနောမဒဿီသု၊ ပါရိစရိယာ ဗုဒ္ဓေသု အပ္ပကာ။
သုက္ခာယ အလောဏိကာယ စ၊ ပဿ ဖလံ ကုမ္မာသပိဏ္ဍိယာ။

ဟူသော ဤဂါထာပါဌ်ဖြင့် သိအပ်၏။

စိတ္တ၊ စိတ်သည်။ ပသန္နမှိ၊ ကြည်ညို သည်ရှိသော်။ တထာဂတေဝါ၊ ရှေးဘုရားတို့ကဲ့သို့ ကောင်းသောလာခြင်း ရှိတော်မူသော။ သမ္ဗုဒ္ဓေါ ဝါ၊ မြတ်စွာဘုရား၌၎င်း။ အထ၊ ထိုမြို့။ တဿ၊ ထိုမြတ်စွာ၏။ သာဝကေဝါ၊ တပည့်၌၎င်း။ အပ္ပကာ၊ နည်းသော။ ဒက္ခိဏာ နာမ၊ အလှူမည်သည်ကား။ နတ္ထိ၊ မရှိ။

အနောမဒဿီသု၊ မြတ်သော မြင်ခြင်းရှိတော်မူကုန်သော။ ဗုဒ္ဓေသု၊ ဘုရားရှင်တို့၌။ ပါရိစရိယာ၊ လုပ်ကျွေးခြင်းသည်။ အပ္ပကာ နာမ၊ နည်းသောမည်သည်။ န ကိရတ္ထိ၊ မရှိသတတ်။ သုက္ခယ စ၊ ခြောက်သည်လည်းဖြစ်ထသော။ အလောဏိကာယ စ၊ ဆားမခတ်သည်လည်း ဖြစ်ထသော။ ကုမ္မာသပိဏ္ဍိယာ၊ မုယောဆွမ်း၏။ ဖလံ၊ အကျိုးကို။ ပဿ၊ ရှုလော။

မြတ်စွာဘုရားသည် တပါးစကားကိုလည်း ဟောတော်မူ၏။ သူကြွယ်သင်သည် ရှေးဦးရွာရုန့်ရင်းသောအလှူကိုညလှူသည်ရှိသော် ရှစ်ယောက်ကုန်သော အရိယာပုဂ္ဂိုလ်တို့အား လှူရ၏။ ငါသည် ဝေလာမပုဏ္ဏားဖြစ်သော ကာလ၌ ဇမ္ဗူဒိပ်ကျွန်းအလုံး ထွန်တုံးပြတ်သည်ကိုပြု၍ ခုနစ်ပါးကုန်သောရတနာတို့ကို လှူသည်ရှိသော် မြစ်ကြီးငါးသွယ်တို့ကို တခုတည်းသောအယဉ်ဖြင့် ပြည့်သည်ကိုပြုဘိသကဲ့သို့လည်း အလှူကြီးကိုဖြစ်စေလျက် သရဏဂုံသုံးပါး ဆောက်တည်သည်လည်းဖြစ်သော ပဉ္စသီဆောက်တည်သည်လည်းဖြစ်သော တစုံတယောက်သောအလှူခံပုဂ္ဂိုလ်ကို မရ၊ အလှူခံပုဂ္ဂိုလ်တို့မည်သည်ကို ဤသို့ရခဲကုန်၏။ ထို့ကြောင့် ငါ၏အလှူသည် ရုန့်ရင်း၏ဟု စိတ်ကိုမတွန့်တိုစေလင့်ဟု မိန့်တော်မူ၏။ ဤသို့လျှင်မိန့်တော်မူပြီး၍ကား ဝေလာမသုတ်ကိုဟောတော်မူ၏။

ထိုအခါ နတ်သည် သူဌေးကြီး၏ စည်းစိမ်ဥစ္စာပြည့်စုံသော ကာလ၌ သူဌေးကြီးနှင့်စကားဆိုခြင်းငှါ မတတ်နိုင်၊ သူဌေးကြီးသည် ယခုအခါ၌ ဆင်းရဲသည်၏ အဖြစ်ကြောင့် ငါ၏စကားကို ယူလတ္တံ့ဟု ထင်မှတ်၍ ညဉ့်အခါ၌ ကြက်သရေတိုက်သို့ဝင်၍ အရောင်ကိုနှံ့စေ၍ ကောင်းကင်၌ ရပ်၏။ သူဌေးကြီးသည် ထိုနတ်ကိုမြင်၍ ဤသူကား အဘယ်သူနည်းဟု မေး၏။ သူဌေးကြီး အကျွန်ုပ်သည် လေးခုမြောက်သောတံခါးမုတ်၌ စောင့်သော နတ်တည်းဟုဆို၏။ သင်သည် အဘယ်အကျိုးငှာ လာသနည်းဟု မေး၏။ သင့်အားဆုံးမလိုသည်ဖြစ်၍ လာ၏ဟု ဆို၏။ ထိုသို့တပြီးကား ဆိုလာဟု ဆို၏။ သူဌေးကြီး သင်သည် နောက်ကာလကို မကြံ, သားသ္မီးကို မကြည့်၊ ရဟန်းဂေါတမ၏သာသနာ၌ များစွာသောဥစ္စာကိုစွန့်၏။ ထိုသင်သည် အခါလေးမြင့် ဥစ္စာကိုစွန့်သဖြင့် ကုန်သွယ်ခြင်းအမှုကိုမပြုခြင်းကြောင့် ရဟန်းဂေါတမကိုမှီ၍ဆင်းရဲခြင်းသည် ဖြစ်၏။ ဤသို့ဖြစ်သော်လည်း ရဟန်းဂေါတမကို မလွှတ်၊ ယခုလည်း ရဟန်းတို့သည် သင်၏အိမ်သို့ ဝင်ကုန်သည်သာလျှင်တည်း၊ ရှေးဦးစွာ ထိုရဟန်းတို့သည် အကြင်ဥစ္စာကို ဆောင်အပ်၏။ ထိုဥစ္စာကို တဖန် ဆောင်စေခြင်းငှာ မတတ်ကောင်း၊ ယူအပ်သောဥစ္စာသည် ယူမြဲတိုင်းသာလျှင်ဖြစ်စေ၊ ယနေ့မှစ၍ကား ကိုယ်တိုင် ရဟန်းဂေါတမ၏ အထံသို့ မသွားလေနှင့်၊ ထိုရဟန်းဂေါတမ၏ တပည့်တို့အားလည်း ဤအိမ်သို့ ဝင်ခြင်းငှာ မပေးလင့်၊ ရဟန်းဂေါတမကိုပြန်၍လည်း မကြည့်ဘဲ မိမိ၏ ရောင်းခြင်းဝယ်ခြင်းအမှုကိုပြု၍ ဥစ္စာကိုဖြစ်စေလောဟု ဆို၏။

ထိုအခါ ထိုနတ်ကို အနာထပိဏ်သူဌေးသည် ဤသို့ ဆို၏။ ဤစကားသည်ကား သင်သည် ငါ့အားပေးအပ်သော အဆုံးအမလောဟု မေး၏။ အရှင်ဟုတ်၏ဟု ဆို၏။ မြတ်စွာဘုရားသည် အရိယာ၏အဖြစ်ကိုပြုအပ်သောငါ့ကို သင်ကဲ့သို့သော နတ်တို့၏အရာသည်၎င်း အထောင်သည်၎င်း အသိန်းသည်၎င်း တုန်လှုပ်စေခြင်းငှာ မတတ်နိုင်ရာ၊ ငါ၏သဒ္ဓါခြင်းသည် မြင့်မိုရ်တောင်ကဲ့သို့ မတုန်မလှုပ်ကောင်းစွာတည်၏။ ငါသည် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော ရတနာတည်းဟူသော သာသနာတော်၌ ဥစ္စာကိုစွန့်၏။ သင်သည် မသင့်သောစကားကို ဆို၏။ မြတ်စွာဘုရား သာသနာတော်၌ ဒဏ်ကိုပေးအပ်၏။ ဤသို့သဘောရှိသော အကျင့်သီလမရှိသော သူယုတ်နှင့်တကွ ငါ့အား တအိမ်တည်း၌ နေခြင်းကိစ္စသည် မရှိ၊ လျှင်စွာအိမ်မှထွက်၍ တပါးအရပ်သို့ သွားလောဟု ဆို၏။

နတ်သည် သောတာပန်ဖြစ်သော ဘုရားတပည့်စကားကိုကြား၍ ရပ်ခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ မိမိနေရာအရပ်သို့သွား၍ သူငယ်တို့ကို လက်ဖြင့်ကိုင်၍ ထွက်၏။ ထွက်ပြီး၍ကား တပါးသောအရပ်၌ နေရာကိုမရသည်ဖြစ်၍ သူဌေးကြီးကိုကန်တော့၍ ထိုအရပ်၌ပင်လျှင် နေအံ့ဟုကြံ၍ မြို့စောင့်နတ်၏ အထံသို့သွား၍ မြို့စောင့်နတ်ကို ရှိခိုး၍ရပ်၏။ အဘယ်အကြောင်းကြောင့် လာသနည်းဟု မေးသည်ရှိသော် အရှင်ငါသည် မိုက်သည်၏အဖြစ်ကြောင့် မစုံစမ်းဘဲ အနာထပိဏ်သူဌေးနှင့်တကွ စကားဆိုမိ၏။ အနာထပိဏ်သူဌေးသည် ငါ့ကိုအမျက်ထွက်၍ နေရာမှနှင်ထုတ်၏။ ငါ့ကို သူဌေးကြီးအထံသို့ဆောင်၍ သည်းခံစေ၍ နေရာကို ငါ့အားပေးလာဟု ဆို၏။ သင်သည် သူဌေးကြီးကို အသို့ဆိုသနည်းဟု မေး၏။ အရှင်ဤယနေ့မှစ၍ ဘုရားအား ဆည်းကပ်ခြင်း သံဃာအား ဆည်းကပ်ခြင်းကို မပြုလင့်၊ ရဟန်းဂေါတမအား အိမ်သို့ဝင်ခြင်းကို မပေးလင့်၊ ဤသို့ ငါသည် ဆိုမိ၏ဟု ဆို၏။ သင်သည် မသင့်သောစကားကို ဆိုအပ်၏။ သာသနာတော်၌ ဒဏ်ပေးအပ်၏။ ငါသည် သင့်ကိုယူ၍ သူဌေးထံသိုမသွားဝံ့ဟု ဆို၏။ ထိုတံခါးမုတ်စောင့်နတ်သည် မြို့စောင့်နတ်၏အထံမှ တောင်းပန်ခြင်းကိုမရ၍ လေးပါးကုန်သော နတ်မင်းကြီးတို့၏အထံသို့ သွားလေ၏။ ထိုနတ်မင်းကြီးတို့သည်လည်း ထို့အတူသာလျှင် ပယ်အပ်သည်ရှိသော် သိကြားနတ်မင်းသို့ကပ်၍ ထိုအကြောင်းကိုကြား၍ အရှင်မင်းကြီး အကျွန်ုပ်သည် နေရာအရပ်ကို မရသည်ဖြစ်၍ သူငယ်တို့ကိုလက်ဖြင့်ကိုင်၍ ကိုးကွယ်ရာမဲ့ သွားရ၏။ အရှင်မင်းကြီးတို့ကို မှီ၍ အကျွန်ုပ်အား နေရာအရပ်ကို ပေးကုန်လောဟုမြဲမြံစွာ တောင်း၏။

သိကြားမင်းသည်လည်း ထိုနတ်ကို သင်သည် မသင့်သောစကားကို ဆို၏။ ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ဒဏ်ကို ပေးအပ်၏။ ငါသည်လည်း သင့်ကိုမှီ၍ သူဌေးနှင့်ဆိုခြင်းငှာ မတတ်နိုင်၊ သင့်အား သူဌေးကြီး၏ တခုသောသည်းခံခြင်း၏ အကြောင်းကို ငါဆိုအံ့ဟုဆို၏။ ရှင်မင်းကြီး ကောင်းပြီ ဆိုလောဟု ဆို၏။ သူဌေးကြီးလက်မှ လူတို့သည် ကမ္ပည်းတင်၍ တဆယ့်ရှစ်ကုဋေအရေအတွက်ရှိသော ယူအပ်သောဥစ္စာသည်ရှိ၏။ သင်သည် ထိုသူဌေးကြီး၏ အမှတ်အသွင်ကိုယူ၍ တစုံတယောက်သောသူကိုမသိစေမူ၍ ထိုကမ္ပည်းတို့ကိုယူ၍ နှစ်ယောက် သုံးယောက်ကုန်သော နတ်လုလင်တို့ဖြင့် ခြံရံလျက် လက်တဘက်ဖြင့် ထန်းရွက်ကို လက်တဘက်ဖြင့် ကညစ်ကိုယူ၍ ထိုသူတို့၏အိမ်သို့သွား၍ အိမ်၏ အလယ်၌ရပ်၍ မိမိနတ်၏အာနုဘော်ဖြင့် ထိုသူတို့ကိုခြိမ်းချောက်၍ ဤကမ္ပည်းသည် သင်တို့၏ မြီယူသောကမ္ပည်းတည်း၊ ငါ၏သူဌေးသည် မိမိ၏ စည်းစိမ်နှင့်ပြည့်စုံသောကာလ၌ သင်တို့ကို တစုံတခုသောစကားကို မဆို၊ ယခု ဆင်းရဲသည်ဖြစ်၍ သင်တို့သည် ယူအပ်သောအသပြာတို့ကို ပေးကုန်လောဟု မိမိနတ်၏ အာနုဘော်ကိုပြ၍ ခပ်သိမ်းသော ထိုတဆယ့်ရှစ်ကုဋေသောဥစ္စာတို့ကိုဆောင်၍ သူဌေး၏ အချည်းနှီးသောကျီတို့ကို ပြည့်စေ၍ အစိရဝတီမြစ်နား၌ မြှုပ်ထားအပ်သော မြစ်ကမ်းပြိုသည်ရှိသော် သမုဒြာသို့ဝင်၍ တည်သောဥစ္စာသည် ရှိ၏။ ထိုဥစ္စာကိုလည်းမိမိ၏အာနုဘော် ဖြင့်ဆောင်၍ ကျီတို့ကိုပြည့်စေ၍ ဤမည်သောအရပ်၌ တပါးလည်းဖြစ်သော အရှင်မရှိသော တဆယ့်ရှစ်ကုဋေ အတိုင်းအရှည်ရှိကုန်သည်သာလျှင်ဖြစ်သော ဥစ္စာသည်ရှိ၏။ ထိုဥစ္စာကိုလည်းဆောင်၍ အချည်းနှီးသောကျီတို့ကို ပြည့်စေလော့၊ ဤငါးဆယ့်လေးကုဋေကုန်သော ဥစ္စာတို့ဖြင့် အချည်းနှီးသောကျီတို့ကိုပြည့်စေခြင်းတည်းဟူသော ဤဒဏ်အမှုကိုပြု၍ သူဌေးကြီးကိုကန်တော့လောဟုဆို၏။

ထိုနတ်သည် အရှင်မင်းကြီး ကောင်းပြီဟု သိကြားမင်းစကားကိုဝန်ခံ၍ ဆိုအပ်ပြီးသောနည်းဖြင့်လျှင် အလုံးစုံသောဥစ္စာကိုဆောင်၍- အချည်းနှီးသောကျီတို့ကို ပြည့်စေ၍ သန်းခေါင်အခါ၌ သူဌေးကြီး၏ ကြက်သရေတိုက်သို့ဝင်၍ အရောင်ကိုနှံ့စေလျက် ကောင်းကင်၌တည်၏။ ဤသူသည် အဘယ်သူနည်းဟု မေးသည်ရှိသော် သူဌေးကြီး အကျွန်ုပ်သည် သင်၏ လေးခုမြောက်သော တံခါးမုတ်၌စောင့်သော အလွန်မိုက်သောနတ်သည်း၊ အကျွန်ုပ်သည် ကြီးစွာသောမောဟဖြင့် မိုက်မဲတွေဝေခြင်းကြောင့် ဘုရားကျေးဇူးတော်ကိုမသိ၍ ရှေးဖြစ်ကုန်သောနေ့တို့၌ သင်တို့နှင့်တကွ ဆိုအပ်သော တစုံတခုသောစကားသည် ရှိ၏။ အကျွန်ုပ်၏အပွဈကို သင်တို့သည် သည်းခံပါကုန်လော၊ အကျွန်ုပ်သည် သိကြားနတ်မင်း၏စကားဖြင့် အရှင်တို့၏မြီကိုတောင်း၍ တဆယ့်ရှစ်ကုဋေသောဥစ္စာတို့ကို၎င်း သမုဒြာသို့ရောက်ကုန်သော တဆယ့်ရှစ်ကုဋေသောဥစ္စာတို့ကို၎င်း ထိုထိုအရပ်၌ အရှင်မရှိသောဥစ္စာ၏ တဆယ့်ရှစ်ကုဋေတို့ကို၎င်း ဤသို့ငါးဆယ့်လေးကုဋေကုန်သော ဥစ္စာတို့ကိုဆောင်၍ အချည်းနှီးသောကျီတို့ကိုပြည့်စေသဖြင့် ဒဏ်အမှုကိုပြုအပ်ပြီ၊ ဇေတဝန် ကျောင်းတော်ကိုစွဲ၍ ကုန်ခြင်းသို့ရောက်သော အလုံးစုံသောဥစ္စာကို အကျွန်ုပ်သည် ပေါင်းစုအပ်ပြီ၊ အကျွန်ုပ်သည် နေရာအရပ်ကိုမရသည်ဖြစ်၍ ပင်ပန်း၏ အကျွန်ုပ်သည် မိုက်သည်၏အဖြစ်ကြောင့် ဆိုအပ်သောစကားကို နှလုံး၌မထားမူ၍ သူဌေးကြီး အရှင်တို့သည် သည်းခံပါကုန်လောဟု ဆို၏။

အနာထပိဏ်သူဌေးသည် နတ်၏စကားကိုကြား၍ ဤနတ်သည် အကျွန်ုပ်သည်ဒဏျကို ပြုအပ်ပြီဟုဆို၏။ မိမိအပြစ်ကိုလည်း ဝန်ခံ၏။ ငါသည် မြတ်စွာဘုရားအထံသို့ ဤနတ်ကိုဆောင်၍ မိမိ၏ကျေးဇူးကိုသိစေလတ္တံ့၊ မြတ်စွာဘုရားအား ထိုနတ်ကို ပြအံ့ဟုကြံ၏။ ထိုနောက်မှ ထိုနတ်ကို အချင်းနတ် ငါ့ကို အကယ်၍ ကန်တော့လိုသည်ဖြစ်အံ့ မြတ်စွာဘုရားအထံ၌ ငါ့ကိုကန်တော့လောဟု ဆို၏။ ထိုနတ်သည် ကောင်းပြီ ဤသို့ပြုအံ့၊ ငါ့ကို မြတ်စွာဘုရားအထံသို့ဆောင်၍ သွားလောဟု ဆို၏။ အနာထပိဏ်သူဌေးသည် ကောင်းပြီဟုဆို၍ ညဉ့်သည် လင်းသည်ရှိသော် စောစောကလျှင် နတ်ကိုခေါ်၍ ဘုရားအထံသွား၍ နတ်သည် ပြုအပ်သော အလုံးစုံသောအမှုကို မြတ်စွာဘုရားအား ကြားလျှောက်၏။

မြတ်စွာဘုရားသည် အနထပိဏ်သူဌေး၏ စကားကို ကြား၍ သူကြွယ် ဤလောက၌ မကောင်းမှုကိုပြုသောပုဂ္ဂိုလ်သည် အကြင်ရွေ့လောက် မကောင်းမှုသည် အကျိုးမပေးသေး၊ ထိုရွှေလောက်သောကာလပတ်လုံး ကောင်းကျိုးကိုမြင်ရ၏။ ထိုမကောင်းမှုကိုပြုသောသူအား အကြင်အခါ၌ကား မကောင်းမှုသည်အကျိုးပေး၏။ ထိုအခါ၌ မကောင်းကျိုးကိုသာလျှင် မြင်ရ၏။ ကောင်းမှုကိုပြုသောပုဂ္ဂိုလ်သည်လည်း အကြင်ရွေ့လောက် ကောင်းမှုသည် အကျိုးမပေးသေး၊ ထိုရွေ့လောက်သောကာလပတ်လုံး မကောင်းကျိုးတို့ကို မြင်ရ၏။

ကောင်းမှုကိုပြုသောသူအား အကြင်အခါ၌ကား ကောင်းမှုသည် အကျိုးပေး၏။ ထိုအခါ၌ ကောင်းကျိုးကိုသာမြင်ရ၏ဟု ဟောတော်မူလို၍-

ပါပေါပိ ပဿတီ ဘဒြံ၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတီ ပါပံ၊ အထ ပါပေါ ပါပါနိ ပဿတိ။
ဘဒြောပိ ပဿတီ ပါပံ၊ ယာဝ ဘဒြံ န ပစ္စတိ။
ယဒါ စ ပစ္စတီ ဘဒြံ၊ အထ ဘဒြော ဘဒြာနိ ပဿတိ။

ဟူသော ဓမ္မပဒ၌ ဤနှစ်ဂါထာကို ဟောတော်မူ၏။

ပါပေါပိ၊ မကောင်းမှုကိုပြုသော သူသည်လည်း။ ယာဝ၊ အကြင်ရွေ့လောက်။ ပါပံ၊ မကောင်းမှုသည်။ န ပစ္စတိ၊ အကျိုးမပေး။ တာဝ၊ ထိုရွေ့လောက်သော ကာလပတ်လုံး။ ဘဒြံ၊ ကောင်းကျိုးကို။ ပဿတိ၊ မြင်ရ၏။ ယဒါ စ၊ အကြင်အခါ၌လည်း။ ပါပံ၊ မကောင်းမှုသည်။ ပစ္စတိ၊ အကျိုးပေး၏။ အထ၊ ထိုအခါ၌။ ပါပေါ၊ မကောင်းမှုကို ပြုသောသူသည်။ ပါပါနိ၊ မကောင်းကျိုးတို့ကို။ ပဿတိ၊ မြင်ရ၏။

ဘဒြောပိ၊ ကောင်းမှုကိုပြုသောသူသည်လည်း။ ယာဝ၊ အကြင်ရွေ့လောက်။ ဘဒြံ၊ ကောင်းကျိုးသည်။ န ပစ္စတိ၊ အကျိုးမပေးသေး။ တာဝ၊ ထိုမျှလောက်သောကာလပတ်လုံး။ ပါပံမကောင်းကျိုးကို ပဿတိ၊ မြင်ရ၏။ ယဒါ စ၊ အကြင်အခါ၌လည်း။ ဘဒြံ၊ ကောင်းမှုသည်။ ပစ္စတိ၊ အကျိုးပေး၏။ အထ၊ ထိုအခါ၌။ ဘဒြော၊ ကောင်းမှုကို ပြုသောသူသည်။ ဘဒြာနိ၊ ကောင်းကျိုးတို့ကို။ ပဿတိ၊ မြင်ရ၏။

ဤဂါထာတို့၏အဆုံး၌ကား နတ်သည် သောတာပတ္တိဖိုလ်၌ တည်၏။ ထိုနတ်သည် စက်တို့ဖြင့်မှတ်အပ်ကုန်သော မြတ်စွာဘုရားခြေတော်တို့၌ဝပ်၍ အရှင်ဘုရား အကျွန်ုပ်သည် ရာဂဖြင့် တပ်စွန်းသည်၏အဖြစ်ကြောင့်၎င်း၊ ဒေါသဖြင့်ပြစ်မှားသည်၏ အဖြစ်ကြောင့်၎င်း မောဟဖြင့် မိုက်မဲတွေဝေသည်၏ အဖြစ်ကြောင့်၎င်း အဝိဇ္ဇာသည် မြှေးယှက်သည်၏ အဖြစ်ကြောင့်၎င်း အရှင်ဘုရားတို့၏ ကျေးဇူးတော်တို့ကိုမသိခြင်းကြောင့် ယုတ်မာစွာသောအကြင်စကားကို ဆိုမိ၏။ အကျွန်ုပ်၏ ထိုစကားကို သည်းခံတော်မူပါကုန်ဟု မြတ်စွာဘုရားကို ကန်တော့၍ သူဌေးကြီးကိုလည်း ကန်တော့၏။

ထိုအခါ အနာထပိဏ်သူဌေးသည် မြတ်စွာဘုရား ရှေ့တော်မှ ဝမ်းမြောက်သည်ဖြစ်၍ မိမိကျေးဇူးကိုလျှောက်၏။ အရှင်ဘုရား ဘုရားအား ဆည်းကပ်ခြင်းအစရှိသည်တို့ကို မပြုလင့်ဟုမြစ်သော်လည်း အကျွန်ုပ်ကို ဤနတ်သည် မြစ်ခြင်းငှါမတတ်နိုင်၊ အလှူကို မပေးအပ်ဟု ဤနတ်သည်မြစ်သော်လည်း အကျွန်ုပ်သည် လှူအပ်သည်သာလျှင်တည်း၊ အရှင်ဘုရား ဤကျေးဇူးသည် အကျွန်ုပ်ကြေးဇူးမဟုတ်လောဟု လျှောက်၏။ မြတ်စွာဘုရားသည် သူကြွယ် သင်သည် သောတာပန်တည်း၊ ဘုရားတပည့်တည်း၊ မတုန်လှုပ်သော သဒ္ဓါခြင်းရှိ၏။ အထူးသဖြင့် စင်ကြယ်သော နိဗ္ဗာန်ကိုမြင်တတ်သော ဉာဏ်နှင့်ပြည့်စုံ၏။ သင့်ကို ဤတန်ခိုးနည်းသောနတ်သည် မြစ်သည်ရှိသော် မဖြစ်နိုင်သောအဖြစ်သည်အံ့ဘွယ်သရဲမရှိသေး၊ ရှေးပညာရှိတို့သည် ဘုရားမဖြစ်မီ မရင့်သေးသောဉာဏ်၌တည်ကုန်လျက် ကာမာဝစရ နတ်တို့ကိုအစိုးရသော မာရ်နတ်သားသည် ကောင်းကင်၌ရပ်၍ သင်သည် အကယ်၍ အလှူပေးအံ့၊ ဤမီးကျီးတွင်းငရဲ၌ ကျက်ရလတ္တံ့ဟု အတောင်ရှစ်ဆယ်နက်သော မီးကျီးတွင်းကိုပြု၍ အလှူခံကို မပေးလင့်ဟုမြစ်ငြားသော်လည်း ပဒုမာအချက်၏ အလယ်၌ရပ်ကုန်၍ အကြင်အကြောင်းကြောင့် အလှူပေးဘူးကုန်၏။ ဤအလှူ ပေးခြင်းသည်သာအံ့ဘွယ်သရဲရှိ၏ဟု မိန့်တော်မူ၏။ အနာထပိဏ်သူဌေးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာ ဏသီပြည်၌ သူဌေးမျိုး၌ဖြစ်၍ အထူးထူး အပြားပြား သိမ်မွေ့ကုန်သော အဆောက်အဦတို့ဖြင့် နတ်သားငယ်ကဲ့သို့ ကြီးပွားလျက် အစဉ်သဖြင့် လိမ်မာသည်၏အဖြစ်သို့ရောက်၍ တဆယ့်ခြောက်နှစ်ရှိသောကာလ၌လျှင် ခပ်သိမ်းသောအတတ်၌အပြီးသို့ရောက်၏။ ဘုရားလောင်းသည် အဘလွန်သဖြင့် သူဌေးအရာ၌တည်၍ မြို့တံခါးလေးမျက်နှာတို့၌ အလှူတင်းကုပ်လေးခုမြို့လယ်၌ တခု မိမိအိမ်တံခါး၌တခု ဤသို့ခြောက်ခုကုန်သော အလှူတင်းကုပ်တို့ကိုဆောက်စေ၍ အလှူကြီးကို ပေး၏။ သီလကို ဆောက်တည်၏။ ဥပုသ်သုံးသောအမှုကို ပြု၏။ ထိုအခါ တနေ့သ၌ နံနက်စာ စားသောအခါအခါ၌ ဘုရားလောင်းအား အထူးထူးသောမြတ်သော အရသာရှိသော နှစ်သက်ဘွယ်သောဘောဇဉ်ကို တည်သည်ရှိသော် တဆူသောပစ္စေကဗုဒ္ဓါသည် ခုနစ်ရက်လွန်သဖြင့် နိရောဓသမာပတ်မှထ၍ ဆွမ်းခံအံ့သောငှါအခါကိုမှတ်၍ ယခု ငါသည် ဗာရာဏသီသူဌေးအိမ်တံခါးသို့ သွားခြင်းငှါသင့်၏ဟု ကွမ်းရိုးဒန်ပူကိုစား၍ အနဝတတ်အိုင်၌ မျက်နှာသစ်တော်မူ၍ ဆေးဒန်းမြင်းသီလာဖြင့်ပြီးသော ကျောက်ဖျာအပြင်၌ သင်းပိုင်ကိုဝတ်၍ လျှပ်စစ် နွယ်ကဲ့သို့သော ခါးပန်းကိုပန်းတော်မူ၍ သင်္ကန်းကိုရုံ၍ တန်ခိုးဖြင့်ပြီးသော မြေသပိတ်ကိုယူ၍ ကောင်းကင်ခရီးဖြင့် ကြွလာ၍ ဘုရားလောင်းအား ထမင်းကိုတည်လတ်သည်ရှိသော် အိမ်တံခါး၌ရပ်၏။

ဘုရားလောင်းသည် ပစ္စေကဗုဒ္ဓါကိုမြင်၍ နေရာမှထ၍ ရိုသောအခြင်းအရာကိုပြ၍ အမှုကိုပြုတတ်သောအချင်းကိုကြည့်၏။ အရှင်အသို့ပြုရအံ့နည်းဟုမေးသည်ရှိသော် အရှင်၏ သပိတ်ကို ဆောင်ခဲ့ဟုဆို၏။ ထိုခဏ၌လျှင် ယုတ်မာသောသူတို့အောက် အထူးသဖြင့် ယုတ်မာသောမာရ်နတ်သည် တန်ခိုးဖန်ဆင်းလျက် ထ၍ ဤပစ္စေကဗုဒ္ဓါသည် ယနေ့ထက်တိုင် ခုနစ်ရက်တို့ပတ်လုံး အာဟာရကို မရ၊ ယနေ့မရသည်ရှိသော် ပျက်စီးလတ္တံ့၊ ဤပစ္စေကဗုဒ္ဓါကိုလည်း ဖျက်ဆီးအံ့၊ သူဌေး၏ အလှူအန္တရာယ်ကိုလည်းပြုအံ့ဟုကြံ၍ ထိုခဏ၌ပင်လျှင် လာလတ်၍ အပြင်၏အတွင်း အတောင်ရှစ်ဆယ်မျှသောမီးကျီးတွင်းကို ဖန်ဆင်း၏။ ထိုမီးကျီးတွင်းသည် ရှားမီးကျီးတို့ဖြင့် ပြည့်၏။ အရောင်နှင့်တကွ ဖြစ်၏။ အဝီစိငရဲကြီးကဲ့သို့ ထင်၏။ ထိုမီးကျီးတွင်းကိုဖန်ဆင်းပြီး၍ မိမိသည် ကောင်းကင်၌ ရပ်၏။ သပိတ်ကို ဆောင်အံ့သောငှါသွားသောယောက်ျားသည် မီးကျီးတွင်းကိုမြင်၍ ကြီးသောကြောက်ခြင်းသို့ရောက်၍ ပြန်၏။ ဘုရားလောင်းသည် ချစ်သား အဘယ့်ကြောင့်ပြန်သနည်းဟုမေး၏။ အရှင်အပြင်၏အတွင်း၌ ကြီးစွာသောမီးကျီးတွင်းသည် အလျှံရှိ၏။ အရောင်နှင့်တကွဖြစ်၏ဟု ဆို၏။ ထို့နောင်မှ တပါးသောသူသည်လည်း ပြန်၏။ ဤသို့ လာတိုင်းလာတိုင်းကုန်သော ခပ်သိမ်းကုန်သောသူတို့သည်လည်း ကြောက်ခြင်းသို့ရောက်ကုန်သည်ဖြစ်၍ လျှင်စွာ ပြေးကုန်၏။

ဘုရားလောင်းသည်လည်း ယခုငါ၏အလှူ၏ အန္တရာယ်ကို ပြုလိုသည်ဖြစ်၍ ဝသဝတ္တီနတ်ပြည်၌နေသော မာရ်နတ်သားသည် စစ်ပြုသည်ဖြစ်လတ္တံ့၊ ထိုသို့သဘေရှိသော မာရ်နတ်အထောင် မာရ်နတ်အသိန်းသည်လည်း ငါ၏မတုန်မလှုပ်သည်၏အဖြစ်ကို မသိသလျှင်ကတည်း၊ ယခု ငါ၏၎င်း မာရ်နတ်သား၏၎င်း အားကြီးမြတ်သည်၏အဖြစ်ကိုသိရအံ့ဟု စီရင်တိုင်းသာလျှင်ဖြစ်သော ထိုဆွမ်းခွက်ကိုယူ၍ အိမ်မှထွက်ခဲ့၍ မီးကျီးတွင်းနား၌ရပ်၍ ကောင်းကင်သို့မော်၍ ကြည့်သည်ရှိသော် မာရ်နတ်သားကိုမြင်၍ သင်သည် အဘယ်သူနည်းဟု မေး၏။ ငါကား မာရ်နတ်တည်းဟု ဆို၏။ ဤမီးကျီးတွင်းကို သင်သည်ဖန်ဆင်းအပ်သလောဟု မေး၏။ ငါဖန်ဆင်းသည် မှန်၏ဟုဆို၏။ အဘယ်အကျိုးငှါ ဖန်ဆင်းသနည်းဟု မေး၏။ သင်၏ အလှူအန္တရာယ်ကိုပြုခြင်းအကျိုးငှါ၎င်း ပစ္စေကဗုဒ္ဓါ၏ အသက်ကို ဖျက်ဆီးအံ့သောငှါ၎င်း ဖန်ဆင်း၏ဟု ဆို၏။ ဘုရားလောင်းသည် ငါသည် မိမိ၏အလှူ၏ အန္တရာယ်ကို ပြုခြင်းငှါ သင့်အားမပေးအံ့၊ ပစ္စေကဗုဒ္ဓါ၏ အသက်အန္တရာယ်ကို ပြုခြင်းငှါ သင့်အားမပေးအံ့၊ ယခု ငါ၏၎င်း သင်၏၎င်း အားကြီးမြတ်သည်၏အဖြစ်ကို သိရအံ့ဟု မီးကျီးတွင်း၏ ကမ်းနား၌ ရပ်၍ အရှင်ပစ္စေကဗုဒ္ဓအား အရှင်ဘုရား အကျွန်ုပ်သည် ဤမီးလျှံတွင်း၌ ဦးစောက်ကျသော်လည်း မပြန်အံ့၊ စင်စစ် အရှင်ဘုရားတို့သည် အကျွန်ုပ်လှူသောဘောဇဉ်ကို ခံတော်မူပါလောဟု ဆိုလို၍-

၄၀။ ကာမံ ပတာမိ နိရယံ၊ ဥဒ္ဓံပါဒေါ အဝံသိရော။
နာနရိယံ ကရိဿာမိ၊ ဟန္ဒ ပိဏ္ဍံ ပဋိဂ္ဂဟ။

ဟူသော ဤဂါထာကို ဆို၏။

၄၀။ ဘန္တေ၊ အရှင်ဘုရား။ နိရယံ၊ မီးကျီးတွင်းဟု ဆိုအပ်သောငရဲ၌။ ဥဒ္ဓံပါဒေါ၊ အထက်၌ ခြေရှိသည်ဖြစ်၍။ အဝံသိရော၊ ဦးစောက်။ ကာမံ၊ စင်စစ်။ အဟံ၊ အကျွန်ုပ်သည်။ ပတာမိ၊ ကျငြားအံ့။ တထာပိ၊ ထိုသို့ကျငြားသော်လည်း။ အနရိယံ၊ မသူတော်တို့သည်ပြုအပ်သော အလှူမပေးခြင်း သီလမစောင့်ခြင်းကို။ အဟံ၊ အကျွန်ုပ်သည်။ န ကရိကာမိ၊ မပြုအံ့။ တုမှေ၊ အရှင်ဘုရားတို့သည်။ ဟန္ဒ၊ လွတ်လွတ်။ ပိဏ္ဍံ၊ ဆွမ်းကို ပဋိဂ္ဂဟ၊ ခံတော်မူပါလော။

အဓိပ္ပါယ်ကား... အရှင်ဘုရား အကျွန်ုပ်သည် ဆွမ်းကို လှူသည်ရှိသော် စင်စစ်သဖြင့်လျှင် ဤမီးကျီးတွင်းငရဲသို့ အထက်၌ခြေရှိသည်ဖြစ်၍ ဦးစောက် အကယ်၍ ကျငြားအံ့၊ ထိုသို့ပင်ကျငြားသော်လည်း အကြင်အလှူမပေးခြင်းကို၎င်း သီလမစောင့်ခြင်းကို၎င်း သူတော်ကောင်းတို့သည် မပြုအပ်သည်၏ အဖြစ်ကြောင့်၎င်း မသူတော်တို့သည်ပြုအပ်သည်၏ အဖြစ်ကြောင့်၎င်းအနရိယဟူ၍ဆိုအပ်၏။ ထိုအနရိယဟူ၍ ဆိုအပ်သောအလှူမပေးခြင်း သီလမစောင့်ခြင်းကို အကျွန်ုပ်သည် မပြုအံ့၊ အရှင်ဘုရားတို့သည် လွတ်လွတ် အကျွန်ုပ်လှူအပ်သောဆွမ်းကို ခံတော်မူပါကုန်လောဟူ၍ ဆိုလိုသည်။

ဤသို့ဆိုပြီး၍ ဘုရားလောင်းသည် မြဲမြံစွာသော ဆောက်တည်ခြင်းဖြင့် ဆွမ်းခွက်ကိုကိုင်၍ မီးကျီးတွင်း၏ အထက်ဖြင့်သွားသည်ရှိသော် ထိုခဏ၌လျှင် အတောင်ရှစ်ဆယ်ရှိသော မီးကျီးတွင်း၏အပြင်မှ အဆင့်ဆင့်ရောက်သော ပွင့်ချပ်တရာတို့ဖြင့်တန်ဆာဆင်အပ်သော အပွင့်ရှိသော တခုသောပဒုမာပင်သည် ပေါက်၍ ဘုရားလောင်း၏ ခြေတို့ကိုခံ၏။ ထိုပဒုမာပွင့်မှ ပြည်တောင်းကြီးအတိုင်းအရှည်ရှိသော ဝတ်မှုံသည်တက်၍ ဘုရားလောင်း၏ ထိပ်ထက်၌ တည်၍ အလုံးစုံသောကိုယ်ကို ရွှေမှုန်ဖြင့်သွန်းကြဲဘိသကဲ့သို့ပြု၏။ ဘုရားလောင်းသည် ပဒုမာ၏အချက်၌ရပ်၍ အထူးထူးသော မြတ်သောအရသာရှိသော ဘောဇဉ်ကို အရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်၌တည်စေ၏။ အရှင်ပစ္စေကဗုဒ္ဓါသည် ထိုဆွမ်းကိုခံ၍ အနုမောဒနာပြု၍ သပိတ်ကို ကောင်းကင်သိုပစ်၍ လူများ၏ မြင်စဉ်လျှင် မိမိသည်လည်းကောင်းကင်သို့တက်၍ အထူး ထူးအပြားပြားရှိသော တိမ်လွှာအစဉ်ကိုနင်းဘိသကဲ့သို့ဖြစ်၍ ဟိမဝန္တာသို့သာလျှင်ကြွတော်မူ၏။ မာရ်နတ်သားသည်စစ်ရှုံး၍ နှလုံးမသာယာခြင်းသို့ရောက်၍ မိမိနေရာသို့သာလျှင် သွားလေ၏။ ဘုရားလောင်းသည်လည်း ပဒုမာ၏ အချက်၌ရပ်လျက်လျှင် လူများအား ဒါန, သီလကို ချီးမွမ်းသဖြင့် တရားဟော၍ လူများလည်းခြံရံလျက် မိမိအိမ်သို့သာလျှင်ဝင်၍ အသက်ထက်ဆုံး ဒါနအစရှိသောကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် သင်သည် ဤသို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ယခုအခါ နတ်သည် အကြင် မတုန်မလှုပ်စေနိုင်၊ ဤမတုန်မလှုပ်ခြင်းသည်အံ့ဘွယ်မရှိသေး၊ ရှေးပညာရှိတို့သည် ပြုအပ်သော မတုန်မလှုပ်ခြင်းသည်သာလျှင်အံ့ဘွယ်သရဲရှိ၏ဟု ဤ ဓမ္မဒေသနာကိုဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ထိုအခါ ပစ္စေကဗုဒ္ဓါသည် ထိုဘဝ၌ပင်လျင် ပရိနိဗ္ဗာန်ပြုလေပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မာရ်နတ်သားကိုရှုံးစေ၍ ပဒုမာ၏ အချက်၌ရပ်၍ ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူသော ဗာရာဏသီသူဌေး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သဒ္ဓါဝင်းလက်၊ မာရ်နတ်ဖျက်၊ လှူချက်အောင်သည်သာ

ဆယ်ခုမြောက်သော ခဒိရင်္ဂါရဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်- အတ္ထကာမဝဂ်

၁။ လောသကဇာတ်

အစာအာဟာရ၌ ဝန်တိုခဲ့ဘူးသောကြောင့် နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် အာဟာရကိုဝလင်စွာ မသုံးဆောင်ရသောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယော အတ္ထကာမဿ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤလောသကဇာတ်ကို ဇေတဝန် ကျောင်းတော်၌နေတော်မူစဉ် လောသကတိဿမည်သော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဤ လောသကတိဿ မည်သော မထေရ်သည် အဘယ်သူနည်း ဟူမူကား... ကောသလတိုင်း၌ တယောက်သော မိမိအမျိုးကိုဖျက်ဆီးတတ်သော တံငါမျိုး၌ဖြစ်သော နည်းသောလာဘ်ရှိသော ရဟန်းတို့၌ ရဟန်းပြုသောသူတည်း၊ ထိုလောသကတိဿ မထေရ်သည် ဖြစ်ရာအရပ်မှစုတေ၍ ကောသလတိုင်း တခုသော အမျိုးတထောင်တို့၏ နေရာဖြစ်သော တံငါရွာ၌ တယောက်သော တံငါမ၏ ဝမ်း၌ ပဋိသန္ဓေကို ယူသတတ်။ ထိုလောသကတိဿ၏ ပဋိသန္ဓေယူသောနေ့၌ ထိုအမျိုးတထောင်သည် ကွန်လက်စွဲလျက် မြစ်၌၎င်း တဘက်ဆည်ကန် အစရှိသည်တို့၌၎င်း ငါးတို့ကိုရှာသည်ရှိသော် တခုသော ငယ်သောငါးကိုမျှလည်း မရ၊ ထိုအခါမှစ၍ ထိုတံငါတို့သည် ယုတ်ကုန်သည်သာလျှင်တည်း။

ထိုစကားသည် မှန်၏။ လောသကတိဿသည် ပဋိသန္ဓေနေသည်ရှိသော်သာလျှင် ထိုတံငါ၏ရွာကို ခုနစ်ကြိမ် မီးလောင်၏။ ခုနစ်ကြိမ် မင်းဒဏ်သင့်၏။ ဤသို့ အစဉ်သဖြင့်ဆင်းရဲကုန်သည်ဖြစ်၍ ထိုသူတို့သည် ရှေး၌ငါတို့အား ဤသို့သဘောရှိသော ဆုတ်ယုတ်ခြင်းသည် မရှိ၊ ယခုအခါ၌ကား ငါတို့သည် ဆုတ်ယုတ်ကုန်၏။ ငါတို့၏အတွင်း၌ တယောက်သော သူယုတ်ရှိသည်ဖြစ်ရာ၏။ ငါတို့ နှစ်စုခွဲဝေအံ့ဟု ကြံကုန်၏။ ကြံကုန်ပြီး၍ ငါးရာ ငါးရာကုန်သော အမျိုးတို့သည် တပေါင်းတည်း ဖြစ်ကုန်၏။ ထိုအခါမှစ၍ အကြင်အစု၌ ထိုလောသကတိဿ၏ မိဘတို့သည်ရှိကုန်၏။ ထိုအစုသည် ဆုတ်ယုတ်၏။ တပါးသောအစုသည် ပွား၏။ ထိုသူတို့သည်လည်း ထိုအစုကိုလည်း နှစ်စုခွဲဝေကုန်၏။ ဤသို့အကြင်ရွေ့လောက် တခုတည်းသော ထိုအမျိုးသည်သာလျှင် ဖြစ်၏။ ထိုရွေ့လောက်ခွဲဝေ၍ ထိုသူတို့၏ သူယုတ်၏ အဖြစ်ကိုသိ၍ ပုတ်ခတ်ကုန်၍ နှင်ထုတ်ကုန်၏။

ထိုအခါ လောသကတိဿ၏အမိသည် ငြိုငြင်သဖြင့် အသက်မွေးလျက် ကိုယ်ဝန်ရင့်သည်ရှိသော် တခုသောအရပ်၌ ဖွား၏။ ပစ္ဆိမဘဝိကဖြစ်သောသတ္တဝါကို ဖျက်ဆီးအံ့သောငှါ မတတ်ကောင်း၊ လောသကတိဿ၏ နှလုံး၌ အိုးတွင်း၌ဆီမီးကဲ့သို့ အရဟတ္တဖိုလ်၏ ဥပနိဿယသည် ထွန်းပ၏။ ထိုလောသကတိဿ၏အမိသည် သူငယ်ကိုလုပ်ကျွေး၍ ရှေးရှုပြေး၍၎င်း ထက်ဝန်းကျင်ပြေး၍၎င်း သွားတတ်သောကာလ၌ တိဿအား တခုသောခွက်ကို လက်၌ ပေး၍ ချစ်သား တခုသောအိမ်သို့ ဝင်လေလောဟု စေလွှတ်၍ ပြေး၏။ လောသကတိဿသည် ထိုနေ့မှစ၍ တယောက်ထည်းဖြစ်၍လျှင် ထိုထိုအရပ်၌ ထမင်းကိုရှာ၍လျင် တခုသေအရပ်၌ အိပ်၏။ ရေလည်းမချိုး ကိုယ်ကိုလည်း မသုတ်သင်။ မြေဘုတ်ဘီလူးကဲ့သို့ ငြိုငြင်သဖြင့် အသက်ကိုမွေး၏။ လောကတိဿသည် အစဉ်သဖြင့် ခုနစ်နှစ်ရှိသည်ဖြစ်၍ တခုသောအိမ်တံခါး၌ ထမင်းအိုးဆေးရေကို သွန်ရာအရပ်၌ ကျီးကဲ့သို့ တလုံး တလုံးစီသော ထမင်းလုံးကိုရွေး၍ စား၏။ ထိုအခါ လောသကတိဿကို အရှင်သာရိပုတ္တရာမထေရ်သည် သာဝတ္ထိပြည်၌ ဆွမ်းခံသွားသည်ရှိသော် မြင်၍ ဤသတ္တဝါသည် အလွန်သနားဘွယ် ရှိသည်၏ အဖြစ်သို့ ရောက်၏။ အဘယ်ရွာသားနည်းဟု ထိုလောသကတိဿ၌ မေတ္တာစိတ်ကိုဖြစ်စေ၍ အချင်း လာလောဟု မိန့်တော်မူ၏။ လောသကတိဿသည်လာ၍ မထေရ်ကို ရှိခိုး၍ရပ်၏။ ထိုအခါ လောသကတိဿကို အရှင်သာရိပုတ္တရာသည် သင်သည် အဘယ်ရွာသားနည်း၊ သင်၏မိဘတို့သည် အဘယ်မှာ ရှိကုန်သနည်းဟု မေးတော်မူ၏။ အရှင်ဘုရား အကျွန်ုပ်သည် အထောက်အပံ့ မရှိ၊ အကျွန်ုပ်၏မိဘတို့သည် အကျွန်ုပ်ကိုမှီ၍ ပင်ပန်းကုန်၏ဟု အကျွန်ုပ်ကိုစှန့ျ၍ ပြေးကုန်၏ဟု လျှောက်၏။ သင်သည် ရဟန်းပြုလတ္တံ့လောဟု မေးတော်မူ၏။ အရှင်ဘုရား အကျွန်ုပ်သည် ရဟန်းပြုလိုပါ၏။ အကျွန်ုပ်နှင့်တူသော အထီးကျန်သူကို အဘယ်သူ ရဟန်းပြုလတ္တံ့နည်းဟု လျှောက်၏။ ငါသည် သင့်ကို ရဟန်းပြုအံ့ဟု ဆို၏ အရှင်ဘုရား ကောင်းပြီ၊ ရဟန်း ပြုပါကုန်လောဟုလျှောက်၏။

အရှင်သာရိပုတ္တရာမထေရ်သည် လောသကတိဿအား ခဲဘွယ်ဘောဇဉ်ကိုပေး၍ လောသကတိဿအား ကျောင်းသို့ဆောင်၍ မိမိလက်ဖြင့်လျှင်ရေချိုး၍ ရှင်ပြု၍ အနှစ်နှစ်ဆယ်ပြည့်လေသော် ပဉ္စင်းခံ၏။ ထိုမထေရ်သည် ကြီးသောကာလ၌ လောသကတိဿ မထေရ်ဟူ၍ ထင်ရှား၏။ ဘုန်းမရှိ၊ နည်းသောလာဘ်ရှိ၏။ ထို့ကြောင့် အသဒိသအလှူပေးသော ကာလ၌လည်း ဝမ်းပြည့်အောင်အာဟာရကို မစားရစဘူး၊ အသက်ရှင်ရုံမျှသော အာဟာရကိုသာလျှင် ရသဘတ်၊ ထိုစကားသည်မှန်၏။ ထိုလောသကတိဿ၏ သပိတ်၌ တဟင်းချိုသောယာဂုကို လောင်းသည်ရှိသော် သပိတ်သည် အနားရေးနှင့်မျှသကဲ့သို့ ထင်၏။ ထိုအခါ လူတို့သည် ဤရဟန်း၏သပိတ်သည် ပြည့်၏ဟု အောက်၌သာ ယာဂုကို လှူကုန်၏။ ထိုလောသကတိဿရဟန်း၏ သပိတ်၌ ယာဂုကိုလောင်းသောကာလ လူတို့၏ခွက်၌ ယာဂုသည်ကွယ်၏ ဟူ၍လည်း ဆိုကုန်၏။ ခဲဘွယ်အစရှိသည်တို့၌လည်း ဤသို့ သဘောရှိသလျှင်ကတည်း၊ ထိုလောသကတိဿမထေရ်သည် နောက်အခါ၌ ဝိပဿနာကိုပွားစေ၍ မြတ်သောဖိုလ်ဟုဆိုအပ်သော အရဟတ္တဖိုလ်၌တည်ငြားသော်လည်း နည်းသောလာဘ်ရှိသည်သာလျှင် ဖြစ်၏။ ထိုအခါ ထိုလောသကတိဿမထေရ်၏ အစဉ်သဖြင့် အာယုသင်္ခါရတို့သည် ယုတ်ကုန်သည်ရှိသော် ပရိနိဗ္ဗာန်ပြုသောနေ့သည် ရောက်၏။

အရှင်သာရိပုတ္တရာမထေရ်သည် ဆင်ခြင်သည်ရှိသော် လောသကတိဿမထေရ်၏ ပရိနိဗ္ဗာန်ပြုအံ့သော အဖြစ်ကိုသိ၍ ဤလောသကတိဿမထေရ်သည် ယနေ့ ပရိနိဗ္ဗာန်ပြုလတ္တံ့၊ ယနေ့ ငါသည် ထိုလောသကတိဿအား အလိုပြည့်အောင် အာဟာရကို ပေးခြင်းငှါ သင့်၏ဟု ထိုလောသကတိဿကိုခေါ်၍ သာဝတ္ထိမြို့သို့ ဝင်၏။ အရှင်သာရိပုတ္တရာမထေရ်သည် ထိုလောသကတိဿ ရဟန်းကိုမှီ၍ ရှေးဦးစွာ သာဝတ္ထိပြည်၌ များစွာကုန်သောလူတို့၏ လက်ကိုဖြန့်၍ ရှိခိုးခြင်းကိုလည်းမရ၊ ထိုအခါ ထိုလောသကတိဿရဟန်းကို အရှင်သာရိပုတ္တရာမထေရ်သည် ငါ့သျှင် သွားလင့်၊ ဆွမ်းစားစရပ်၌နေဟု လွှတ်လိုက်၍ သွားလေ၏။ ထိုလောသကတိဿမထေရ် သွားကာမျှ၌လျှင် လူတို့သည် အရှင်ကောင်းကြွလာ၏ဟု နေရာ၌နေစေ၍ ဆွမ်းကျွေးကုန်၏။ အရှင်သာရိပုတ္တရာမထေရ်သည်လည်း ဤဆွမ်းကို လောသကတိဿအား ပေးကုန်လောဟု ရအပ်သောအာဟာရကို ပို့စေ၏။ ထိုအာဟာရကို ယူ၍လာကုန်သောသူတို့သည် လောသကတိဿမထေရ်ကို မမြင်ကုန်၍ မိမိတို့သာလျှင်စားကြကုန်၏။ ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်သည်ထ၍ ကျောင်းသို့ သွားသောကာလ လောသကတိဿမထေရ်သည်လာ၍ အရှင်သာရိပုတ္တရာကို ရှိခိုး၏။ အရှင်သာရိပုတ္တရာမထေရ်သည် ပြန်၍ ငါ့သျှင် သင်သည် ဆွမ်းကို ရပြီလောဟုမေးတော်မူ၏။ အရှင်ဘုရား မရဟု လျှောက်၏။ အရှင်သာရိပုတ္တရာ မထေရ်သည် သံဝေဂသို့ရောက်သည်ဖြစ်၍ ကာလကို ကြည့်၏။ ကာလသည် လွန်၏။ အရှင်သာရိပုတ္တရာမထေရ်သည် ငါ့သျှင် ထိုသို့မူလည်းဖြစ်စေ ဤအရပ်၌လျှင်နေလင့်လောဟု လောသကတိဿ မထေရ်ကို ဆွမ်းစားစရပ်၌နေစေ၍ ကောသလမင်းကြီးအိမ်သို့ ကြွတော်မူ၏။ မင်းသည် အရှင်သာရိပုတ္တရာမထေရ်၏သပိတ်ကို ယူစေ၍ ဆွမ်း၏အခါမဟုတ်ဟု သပိတ်ကိုပြည့်အောင် စတုမဓုကို လှူစေ၏။ အရှင်သာရိပုတ္တရာ မထေရ်သည် ထိုစတုမဓုကိုယူခဲ့၍ လာလတ်၍ ငါ့သျှင် လာလော၊ သင်သည် ဤစတုမဓုကို ဘုဉ်းပေးလာဟုဆို၍ သပိတ်ကို ကိုင်၍ရပ်၏။ ထိုလောသကတိဿသည် အရှင်သာရိပုတ္တရာမထေရ်၌ ရိုသေသဖြင့် မဘုဉ်းပေး။

ထိုအခါ လောသကတိဿကို အရှင်သာရိပုတ္တရာမထေရ်သည် ငါ့သျှင်လာလော၊ ငါသည် ဤသပိတ်ကို ကိုင်၍လျှင်ရပ်အံ့၊ သင်သည် ထိုင်၍ ဘုဉ်းပေးလာ၊ ငါသည် သပိတ်ကို အကယ်၍ လက်မှလွှတ်အံ့၊ တစုံတခုသောအာဟာရသည် မရှိသည် ဖြစ်ရာ၏ဟု ဆို၏။ ထိုအခါ လောသကတိဿမထေရ်သည် အဂ္ဂသာဝကဖြစ်သော အရှင်သာရိပုတ္တရာမထေရ်သည် သပိတ်ကို ကိုင်၍တည်စဉ် စတုမဓုကို ဘုဉ်းပေး၏။ ထိုစတုမဓုသည် အရှင်သာရိပုတ္တရာမထေရ်၏ မြတ်သောတန်ခိုး၏ အစွမ်းအားဖြင့် ကုန်ခြင်းသို့မရောက်၊ ထိုအခါ ဘလာသကတိဿမထေရ်သည် အလိုရှိတိုင်း ဝမ်းပြည့်သည်ကိုပြု၍စား၏။ ထိုနေ့၌ပင်လျှင် ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်အကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြု၏။ သဗ္ဗညူမြတ်စွာဘုရားသည် လောသကတိဿမထေရ်၏ အလောင်းအနီး၌ ရပ်တော်မူ၍ အလောင်းသင်္ဂြိုဟ်ခြင်းကိုပြုစေ၍ ဓာတ်တော်တို့ကိုယူစေ၍ စေတီတည်စေကုန်၏။ ထိုအခါရဟန်းတို့သည် တရားသဘင်၌ စည်းဝေးကုန်၍ ငြါသျှင်တို့ လောသကတိဿမထေရ်သည်အံ့ဘွယ်သရဲရှိစွ၊ နည်းသောဘုန်းရှိ၏။ နည်းသောလာဘ်ရှိ၏။ ဤသို့သဘောရှိသော နည်းသောဘုန်းရှိသော နည်းသောလာဘ်ရှိသော ပုဂ္ဂိုလ်စင်လျှက်လည်း အဘယ်မူ၍ အရိယာတို့၏တရားကို ရလေသနည်းဟု ပြောဆိုကုန်လျက် နေကုန်၏။

မြတ်စွာဘုရားသည် တရားသဘင်သို့ ကြွတော်မူ၍ ရဟန်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၏။ ရဟန်းတို့သည် အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေးကြကုန်၏ ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ဤရဟန်းသည် မိမိ၏ နည်းသောလာဘ်ရှိသည်၏အဖြစ်ကို၎င်း အရိယာတို့၏တရားကို ရသည်၏ အဖြစ်ကို၎င်း မိမိသည်ပင်ပြု၏။ ထိုစကားသည် မှန်၏။ ဤရဟန်းသည် ရှေး၌ သူတပါးတို့၏ လာဘ်အန္တရာယ်ကိုပြု၍ နည်းသော လာဘ်ရှိသည်ဖြစ်၏။ အနိစ္စ, ဒုက္ခ, အနတ္တဟူ၍ ဝိပဿနာရှုခြင်း၌ အလွန်အားထုတ်သော ကုသိုလ်၏ အာနုဘော်အားဖြင့် အရိယာတို့၏တရားကို ရသည်ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကသပမြတ်စွာဘုရား ပွင့်တော်မူသောကာလ၌ တယောက်သောရဟန်းသည် တဦးသောသူကြွယ်ကိုမှီ၍ ရွာငယ်ကျောင်း၌နေ၏။ ထိုရဟန်းသည် ရဟန်းတို့၏ သဘောနှင့်ပြည့်စုံ၏။ သီလရှိ၏။ အနိစ္စ, ဒုက္ခ, အနတ္တဟူ၍ ဝိပဿနာရှုခြင်း၌ အလွန်အားထုတ်၏။ ထိုအခါ တပါးသော ရဟန္တာမထေရ်သည် ညီညွတ်သောနေခြင်းကိုနေလျက် အစဉ်သဖြင့် ထိုရဟန်း၏ အလုပ် အကျွေးဖြစ်သော သူကြွယ်အိမ်သို့ ရောက်လာ၏။ သူကြွယ်သည် ရဟန္တာမထေရ်၏ ဣရိယာပုထ်ကိုကြည်ညို၍ သပိတ်ကိုယူ၍ အိမ်သို့သွင်း၍ ရိုသေစွာဆွမ်းကျွေး၍ အတန်ငယ်တရားနာ၍ မထေရ်ကိုရှိခိုး၍ အရှင်ဘုရား အကျွန်ုပ်တို့၏ ကုသိုလ်ကောင်းမှုပြုရာဖြစ်သော ကျောင်းသို့သာလျှင် အရှင်ဘုရားတို့သည် ကြွလင့်ကုန်လော၊ အကျွန်ုပ်တို့သည် ညချမ်းအခါ၌လာ၍ ချီးမြှင့်ကြကုန်အံ့ဟု ဆို၏။ ရဟန္တာမထေရ်သည် ကျောင်းသို့သွား၍ ကျောင်းနေမထေရ်ကိုရှိခိုး၍ ပန်၍ တင့်အပ်လျောက်ပတ်စွာနေ၏။ ကျောင်းနေမထေရ်သည်လည်း အာဂန္တုကမထေရ်နှင့် စကားပြောဟော၍ ငါ့သျှင် သင်သည် ဆွမ်းအာဟာရကို ရပြီလောဟုမေး၏။ ရပြီဟု ဆို၏။ အဘယ်မှာ ရသနည်းဟု မေး၏။ အရှင်ဘုရားတို့၏ အမှုကိစ္စတို့ကို ဆောင်ရွက်သောရွာ၌ သူကြွယ်အိမ်၌ ရ၏ဟုဆို၏။ ဤသို့ဆို၍ မိမိ၏ကျောင်းကို ပန်ကြား၍ သုတ်သင်၍ သပိတ်သင်္ကန်းကို သိုမှီး၍ ဈာန်ချမ်းသာဖြင့်၎င်း ဖိုလ်ချမ်းသာဖြင့်၎င်း ကာလကိုလွန်စေလျက် နေ၏။

ထိုသူကြွယ်သည်လည်း ညချမ်းအခါ၌ နံ့သာ ပန်းကို၎င်း ဆီမီးထွန်းစရာ ဆီကို၎င်းယူ၍ ကျောင်းသို့သွား၍ ကျောင်းနေမထေရ်ကိုရှိခိုး၍ အရှင်ဘုရား တပါးသော အာဂန္တုကမထေရ်သည် လာသလောဟုမေး၏။ လာ၏ဟု ဆို၏။ ယခု အဘယ်မှာနည်းဟုမေး၏။ ဤမည်သော ကျောင်း၌ နေ၏ဟု ဆို၏။ သူကြွယ်သည် ထိုအာဂန္တုကမထေရ်၏အထံသို့သွား၍ ရှိခိုး၍ တင့်အပ် လျောက်ပတ်စွာ နေ၍ တရားနာ၍ ညချမ်းသောအခါ၌ စေတီကို၎င်း ဗောဓိပင်ကို၎င်း ပူဇော်၍ ဆီမီးထွန်း၍ နှစ်ပါးကုန်သော မထေရ်တို့ကို၎င်း ဘိတ်၍သွားလေ၏။ ကျောင်းနေ မထေရ်သည်လည်း ဤသူကြွယ်သည်ပျက်ပြီ၊ ဤအာဂန္တုကရဟန်းသည် ဤကျောင်း၌ အကယ်၍ နေလတ္တံ့၊ ဤသူကြွယ်သည် ငါ့ကို တစုံတခုသောအရာ၌ မရေတွက်နိုင်လတ္တံ့ဟု နှလုံးသွင်း၍ အာဂန္တုကမထေရ်၌ နှလုံးမသာသည်၏အဖြစ်သို့ရောက်၍ ဤကျောင်း၌ ထိုအာဂန္တုကရဟန်း၏မနေခွင့်ကို ငါပြုခြင်းငှါသင့်၏ဟု ကြံ၍ မထေရ်ကြီးတို့အား ဆည်းကပ်ခစားသောအခါ၌လာသော ထိုအာဂန္တုက မထေရ်နှင့်တကွ တစုံတခုသောစကားကို မဆို၊ ရဟန္တာမထေရ်သည် ကျောင်းနေမထေရ်၏ စိတ်အလိုကိုသိ၍ ဤကျောင်းနေ မထေရ်သည် ငါ၏အလုပ်အကျွေး ဒါယကာ၌၎င်း ဂိုဏ်းအခြွေအရံ၌၎င်း မတပ်စွန်းသည်၏အဖြစ်ကို မသိလေဟု နှလုံးသွင်း၍ မိမိနေရာအရပ်သို့သွား၍ ဈာန်ချမ်းသာဖြင့်၎င်း ဖိုလ်ချမ်းသာဖြင့်၎င်း ကာလကို လွန်စေ၏။

ကျောင်းနေရဟန်းသည်လည်း နက်ဖြန်နေ့၌ လက်သည်း အပြင်ဖြင့် ကျောက်စည်ကိုခတ်၍ လက်သည်းဖြင့် တံခါးကိုခေါက်၍ သူကြွယ်အိမ်သို့သွား၏။ သူကြွယ်သည် ထိုမထေရ်၏ သပိတ်ကိုယူ၍ ခင်းအပ်သောနေရာ၌ နေစေ၍ အရှင်ဘုရား အာဂန္တုကမထေရ်သည် အဘယ်မှာနေသနည်းဟုမေး၏။ ငါသည် သင့်ဆရာ၏ အကြောင်းကို မသိ၊ ကျောက်စည်ကို ထိုးပါလျှက်လည်း တံခါးကို ခေါက်ပါလျှက်လည်း နိုးစိမ့်သောငှါ မတတ်နိုင်၊ ယမန်နေ့ကပင် ဤအိမ်၌ မွန်မြတ်သော ဘောဇဉ်ကိုစား၍ အစာကြေစိမ့်သောငှါ မတတ်နိုင်ရကား ယခု အိပ်ပျော်သည်သာလျှင် ဖြစ်လတ္တံ့၊ သင်သည် ကြည်ညိုသည်ရှိသော် ဤသို့သဘောရှိသည်သာလျှင် ဖြစ်ကုန်သော အရာတို့၌ ကြည်ညို၏ဟု ဆို၏။ ရဟန္တာမထေရ်သည်လည်း မိမိ၏ဆွမ်းခံအချိန်ကိုမှတ်၍ ကိုယ်ကိုသုတ်သင်၍ သပိတ်သင်္ကန်းကိုယူ၍ ကောင်းကင်သို့ပျံ၍ တပါးအရပ်သို့သွားလေ၏။ ထိုသူကြွယ်သည် ကျောင်းနေမထေရ်ကို ထောပတ် ပျား သကာတို့ဖြင့် စီရင်အပ်သော ဃနာကိုသောက်စေ၍ သပိတ်ကို နို့မှုန့်တို့ဖြင့်ပွတ်၍ တဖန်ပြည့်စေ၍ အရှင်ဘုရား အာဂန္ထကမထေရ်သည် ခရီးပန်းသည်ဖြစ်လတ္တံ့၊ ဤဃနာကို အာဂန္တုကမထေရ်ဘို့ အရှင်ဘုရားတို့သည် ဆောင်ကုန်လောဟု ဆို၍ ပေး၏။

ကျောင်းနေမထေရ်သည် မပယ်မူ၍ သွားသည်ရှိသော် အာဂန္တုကရဟန်းသည် ဤဃနာကို အကယ်၍သောက်ရအံ့၊ လည်ကိုကိုင်၍ နှင်ထုတ်သော်လည်း မသွားလတ္တံ့၊ ဤဃနာကို လူတို့အား အကယ်၍ ပေးအံ့၊ အမှုသည် ထင်ရှားဖြစ်လတ္တံ့၊ ရေ၌ အကယ်၍ လောင်းအံ့၊ ရေအပြင်၌ ထောပတ်သည် ထင်ရှားလတ္တံ့၊ မြေ၌ အကယ်၍ စွန့်အံ့၊ ကျီးကျသဖြင့် ထင်ရှားလတ္တံ့၊ ဤဃနာကို အဘယ်မှာလျင် စွန့်ရအံ့နည်းဟု စုံစမ်းသည်ရှိသော် တခုသော မီးလောင်သောယာကိုမြင်၍ မီးကျီးစု၌ထည့်၍ အထက်၌ မီးကျီးတို့ဖြင့် ဖုံးလွှမ်း၍ ကျောင်းသို့သွားသည်ရှိသော် အာဂန္တုက ရဟန်းကိုမမြင်၍လျှင် မချွတ် ထိုရဟန်းသည် ရဟန္တာဖြစ်လတ္တံ့၊ ငါ့အလိုကိုသိ၍ အရပ်တပါးသို့ သွားသည်ဖြစ်လတ္တံ့၊ အံ့ဘွယ်သရဲရှိစွ၊ ငါသည် ဝမ်းဟူသောအကြောင်းကြောင့် မသင့်သောအရာကို ပြုမိ၏ဟုကြံ၏။ ကြံပြီး၍ ထိုဏေ၌ပင်လျှင် ထိုရဟန်းအား ကြီးစွာသောနှလုံးမသာခြင်းသည် ဖြစ်၏။ ထိုအခါမှစ၍လျှင် ပြင်းစွာစိုးရိမ်ခြင်းဖြစ်၍ မမြင့်မီပင်လျှင်သေ၍ ငရဲ၌ဖြစ်လေ၏။

ထိုလောသကတိဿသည် များစွာကုန်သော နှစ်အသိန်းတို့ပတ်လုံး ငရဲခံရ၍ ဝိပါက်အကြွင်းအားဖြင့် ဘဝငါးရာတို့၌ ဘီလူးဖြစ်၍ တနေ့မျှလည်း ဝမ်းပြည့်အောင် အာဟာရကိုမရစေဘူး၊ တနေ့သ၌ကား ကိုယ်ဝန်အညစ်အကြေးကို ဝမ်းပြည့်အောင် စားရဘူး၏။ တဖန် ဘဝငါးရာပတ်လုံး ခွေးဖြစ်၏။ ထိုခွေးဖြစ်သောအခါ၌လည်း တနေ့သ၌ အန်သောထမင်းကို ဝမ်းပြည့်အောင် စားရဘူး၏။ ကြွင်းသောကာလ၌ကား ထိုလောသကတိဿသည် ဝမ်းပြည့်အောင်သောအာဟာရကို မရစဘူး၊ ခွေးအဖြစ်မှစုတေ၍ ကာသိတိုင်း တခုသော အရပ်၌တည်သော ရွာဝယ် သူဆင်းရဲအမျိုး၌ ဖြစ်၏။ ထိုလောသကတိဿ၏ ဖြစ်သောကာလမှစ၍ ထိုအမျိုးသည် အလွန်ဆင်းရဲသည်ဖြစ်၏။ ချက်မှအထက်၌ ဝမ်းပြည့်အောင် ပအုံးရည်မျှကိုလည်း မရစဘူး၊ ထိုသူငယ်အား မိတ္တဝိန္ဒကဟူသော အမည်သည်ဖြစ်၏။ မိဘတို့သည် ငတ်မွတ်သော ဆင်းရဲကို သည်းခံအံ့သောငှါ မတတ်နိုင်ကုန်သည်ဖြစ်၍ သူယုတ်သွားလေလောဟု မိတ္တဝိန္ဒကကိုပုတ်ခတ်၍ နှင်ထုတ်ကုန်၏။ မိတ္တဝိန္ဒကသည် ကိုးကွယ်ရာမရသည်ဖြစ်၍ သွားသည်ရှိသော် ဗာရာဏသီပြည်သို့ ရောက်လေ၏။

ထိုအခါဘုရားလောင်းသည် ဗာရာဏသီပြည်၌ ဒိသာပါမောက္ခဆရာဖြစ်၍ လုလင်ငါးရာတို့ကို အတတ်သင်၏။ ထိုအခါ ဗာရာဏသီပြည်၌နေကုန်သောသူတို့သည် ရိက္ခာပေး၍ အတတ်သင်စေကုန်၏။ မိတ္တဝိန္ဒကသည်လည်း ဘုရားလောင်းအထံ၌ အတတ်သင်၏။ ထိုမိတ္တဝိန္ဒကသည် ကြမ်းကြုတ်၏။ ဆုံးမခြင်းမခံ့၊ ထိုထိုလူတို့ကို ပုတ်ခတ်၍ သွားတတ်၏။ ဘုရားလောင်းသည် ဆုံးမသော်လည်း အဆုံးအမကိုမယူ၊ မိတ္တဝိန္ဒကကိုမှီ၍ မိတ္တဝိန္ဒကဆရာသည်လည်း လာဘ်နည်း၏။ ထိုအခါ မိတ္တဝိန္ဒကသည် လုလင်ငယ်တို့နှင့်တကွ ခိုက်ရန်ဖြစ်၍ အဆုံးအမကို မယူဘဲ ထိုအရပ်မှပြေး၍ လှည့်လည်သည်ရှိသော် တခုသောပစ္စန္တရစ်သို့ရောက်၍ ထိုပစ္စန္တရစ်ရွာ၌ တယောက်သော ဆင်းရဲသောမိန်းမနှင့်တကွ သံဝါသပြု၏။ ထိုဆင်းရဲသောမိန်းမသည် မိတ္တဝိန္ဒကကိုမှီ၍ သားငယ်နှစ်ယောက်တို့ကို ဖွား၏။ ရွာသားတို့သည် ငါတို့အား ကောင်းသောသတင်း မကောင်းသောသတင်းကို ကြားလောဟု မိတ္တဝိန္ဒကကို အခပေး၍ ရွာတံခါး၌ ကုဋိဝယ် နေစေကုန်၏။ ထိုမိတ္တဝိန္ဒကကိုမှီ၍ ပစ္စန္တရစ်ရွာသားတို့သည် ခုနစ်ကြိမ် ရာဇဒဏ်သင့်ကုန်၏။ ခုနစ်ကြိမ် ထိုသူတို့၏ အိမ်တို့ကို မီးလောင်ကုန်၏။ ခုနစ်ကြိမ် တဘက်ဆည်ကန်သည် ပေါက်လေ၏။ ပစ္စန္တရစ် ရွာသားတို့သည် ငါတို့အား မိတ္တဝိန္ဒက၏မလာမီရှေးကာလ၌ ဤသို့သဘောရှိသော ဘေးဘျမ်းသည်မရှိ၊ ယခု မိတ္တဝိန္ဒက၏ လာသောကာလမှစ၍ ငါတို့သည် ဆုတ်ယုတ်၏ ဟု ကြံကုန်၏။ ကြံပြီး၍ ထိုမိတ္တဝိန္ဒကကို ပုတ်ခတ်ကုန်၍ နှင်ထုတ်ကုန်၏။

မိတ္တဝိန္ဒကသည် မိမိသားငယ်တို့ကိုခေါ်၍ အရပ်တပါးသို့ သွားသည်ရှိသော် တခုသောဘီလူးသိမ်းဆည်းသော တောအုပ်သို့ ဝင်လေ၏။ ထိုတောအရပ်၌ ဘီလူးတို့သည် မိတ္တဝိန္ဒက၏ သားငယ်တို့ကို၎င်း မယားကို၎င်း ဖမ်းယူသတ်စားကုန်၏။ မိတ္တဝိန္ဒကသည် ထိုတောအုပ်မှပြေးခဲ့၍ ထိုထိုအရပ်သို့ လှည့်လည်သည်ရှိသော် တခုသော ဂမ္ဘီရမည်သော သင်္ဘောဆိပ်ရွာသို့ သင်္ဘောလွှင့်သော နေ့၌ပင်လျှင် ရောက်၍ အမှုလုပ်ပြု၍ သင်္ဘောကိုစီး၏။ သင်္ဘောသည် သမုဒြာအပြင်သို့ ခုနစ်ရက်ပတ်လုံးသွား၍ ခုနစ်ရက်မြောက်သောနေ့၌ သမုဒြာအလယ်၌ သံမယ်နနှက်၍ ထားဘိသကဲ့သို့ တည်၏။ သင်္ဘောသားတို့သည် သူယုတ်စာရေးတံကို စီရင်ကုန်၏။ ခုနစ်ကြိမ် မိတ္တဝိကအားသာလျှင် ရောက်၏။ သင်္ဘောသားတို့သည် မိတ္တဝိန္ဒကအား တခုသောဝါးစည်းကိုပေး၍ လက်၌ကိုင်စေ၍ သမုဒြာအပြင်၌ ပစ်ကုန်၏။ မိတ္တဝိန္ဒကကို ပစ်တည့်လျှင်ပင် သင်္ဘောသည်သွား၏။ မိတ္တဝိန္ဒကလည်း ဝါးစည်း၌အိပ်၍ သမုအပြင်၌ သွားသည်ရှိသော် ကဿပဘုရားပွင့်သောအခါ၌ စောင့်အပ်သော သီလ၏အကျိုးအားဖြင့် သမုဒြာအပြင်ဝယ် တခုသောဖလ်ဗိမာန်၌ လေးယောက်သော နတ်သ္မီးတို့ကိုရ၍ ထိုနတ်သ္မီးတို့အထံ၌ ချမ်းသာကိုခံစားလျက် ခုနစ်ရက်ပတ်လုံးနေ၏။ ထိုဗိမာန်ရှင်ဖြစ်ကုန်သော ပြိတ္တာနတ်သ္မီးတို့သည်ကား ခုနစ်ရက်ပတ်လုံး ချမ်းသာကို ခံစားရကုန်၏။ ခုနစ်ရက်ပတ်လုံး ဆင်းရဲကိုခံစားရကုန်၏။ ထိုအခါ နတ်သ္မီးတို့သည် ခုနစ်ရက်ပတ်လုံးဆင်းရဲကိုခံစားအံ့သောငှါ သွားကြကုန်သည်ရှိသော် အကြင်ရွေ့လောက် ငါတို့သည် မလာကုန်သေး၊ ထိုရွေ့လောက် ဤဗိမာန်၌ သင်သည် နေရစ်လောဟုဆို၍ သွားကုန်၏။

မိတ္တဝိန္ဒကသည် ထိုနတ်သ္မီးတို့၏သွားကာလ၌ ဝါးစည်း၌ အိပ်၍ ရှေ့သို့သွားသည်ရှိသော် ငွေဗိမာန်၌ ရှစ်ယောက်ကုန်သော နတ်သ္မီးတို့ကိုရ၏။ ထိုအရပ်မှလည်း တပါးအရပ်သို့သွားသည်ရှိသော် ပတ္တမြားဗိမာန်၌ တကျိပ်ခြောက်ယောက်ကုန်သော နတ်သ္မီးတို့ကိုရ၏။ ရွှေဗိမာန်၌ သုံးကျိပ်နှစ်ယောက်ကုန်သော နတ်သ္မီးတို့ကိုရ၏။ ထိုနတ်သ္မီးတို့၏စကားကိုလည်း နားမထောင်မူ၍ ရှေ့သို့သွားသည်ရှိသော် သမုဒြာ၏အလယ်ကျွန်း၌ တခုသောဘီလူးမသည် ဘီလူးတို့၏အာနုဘော်ဖြင့် မြို့ကိုပြု၍နေ၏။ ထိုဘီလူးမြို့၌ တယောက်သောဘီလူးမသည် ဆိတ်မ၏အသွင်ဖြင့် သွား၏။ မိတ္တဝိန္ဒကသည် ဆိတ်မ၏ ဘီလူးမ၏အဖြစ်ကို မသိသည်ဖြစ်၍ ဆိတ်သားကိုစားအံဟု ဆိတ်မကို ခြေ၌ကိုင်၏။ ဘီလူးမသည် ဘီလူးတို့၏အာနုဘော်ဖြင့် မိတ္တဝိန္ဒကကို ချီ၍ပစ်၏။ မိတ္တဝိန္ဓကသည် ဘီလူးမသည် ပစ်အပ်သည်ရှိသော် သမုဒြာအထက်၌ သွား၍ ဗာရာဏသီမြို့ကျူံးအပြင်၌ တခုသော ဆူးရှိသောထက်၌ ကျ၍ လိမ့်လျက် မြေ၌ တည်၏။

ထိုအခါ၌လည်း ထိုကျူံးအပြင်၌ ကျက်စားကုန်သော မင်း၏ဆိတ်မတို့ကို ခိုးသူတို့သည်သတ်ကြကုန်၏။ ထို့ကြောင့် ဆိတ်ကျောင်းသားတို့သည် ခိုးသူတို့ကို ဖမ်းကုန်အံ့ဟု လျောက်ပတ်သောအရပ်၌ ပုန်း၍နေကုန်၏။ မိတ္တဝိန္ဒကသည် လိမ့်၍မြေသို့ ကျသည်ရှိသော် ဆိတ်မတို့ကို မြင်၍ ငါသည် သမုဒြာအလယ် ကျွန်းတခု၌ ဆိတ်မကို ခြေ၌ကိုင်သည်ရှိသော် ထိုဆိတ်မသည် ပစ်အပ်သည်ဖြစ်၍ ဤကျူံးအပြင်၌ ကျလာ၏။ ယခုလည်း ဆိတ်မကိုခြေ၌ အကယ်၍ ကိုင်အံ့၊ ဆိတ်မသည် ငါ့ကို ရှေး၌ သမုဒြာအပြင် ဗိမာန်ရှင်ဖြစ်ကုန်သော နတ်သ္မီးတို့၏အထံသို့ ပစ်လတ္တံ့ဟု ကြံပြီး၍ မိတ္တဝိန္ဒကသည် ဤသို့ မသင့်သောအားဖြင့် နှလုံးသွင်း၍ ဆိတ်မကို ခြေ၌ ကိုင်၏။ ဆိတ်မသည် ကိုင်ကာမျှပင်လျှင် မြည်၏။ ဆိတ်ကျောင်းသားတို့သည် ထိုမှဤမှ လာကုန်၍ မိတ္တဝိန္ဒကကိုဖမ်းကုန်၍ ဤမျှလောက်သော ကာလပတ်လုံး မင်းအိမ်၌ ဆိတ်တို့ကိုစားသော သူခိုးတည်းဟု မိတ္တဝိန္ဒကကို ထောင်းသတ်ချည်နှောင်၍ မင်းအထံသို့ ဆောင်ကုန်၏။

ထိုခဏ၌ ဘုရားလောင်းသည် ငါးရာကုန်သော လုလင်တို့ဖြင့် ခြံရံလျက် မြို့မှထွက်၍ ရေချိုးအံ့သောငှါ သွားသည်ရှိသော် မိတ္တဝိန္ဒကကိုမြင်၍ သိ၍ ထိုဆိတ်ကျောင်းသားတို့ကို အမောင်တို့ ဤသူသည် ငါ၏တပည့်တည်း၊ သင်တို့သည် အဘယ့်ကြောင့် ထိုသူကို ဖမ်းကုန်သနည်းဟု ဆို၏။ အရှင်ဤသူသည် ဆိတ်မကို ခြေ၌ ကိုင်၏။ ထို့ကြောင့် အကျွန်ုပ်တို့သည် ဖမ်း၏ဟု ဆိုကုန်၏။ ထိုသို့တပြီးကား မိတ္တဝိန္ဒကကို ငါ့အား ကျွန်ပြု၍ ပေးကုန်လော၊ ငါတို့ကိုမှီ၍ အသက်မွေးလတ္တံ့ဟု ဆို၏။ ဆိတ်ကျောင်းသားတို့သည် အရှင်ကောင်းပြီဟု ဆိုကုန်၍ မိတ္တဝိန္ဒကကိုလွှတ်၍ သွားကုန်၏။ ထိုအခါ မိတ္တဝိန္ဒကကို ဘုရားလောင်းသည် မိတ္တဝိန္ဒက ဤမျှလောက်သောကာလပတ်လုံး အဘယ်သို့ သင် သွားသနည်းဟု မေး၏။ မိတ္တဝိန္ဒကသည် အလုံးစုံသော မိမိပြုအပ်သောအမှုကို ကြား၏။ ဘုရားလောင်းသည် အကျိုးစီးပွားကို အလိုရှိကုန်သောသူတို့၏စကားကို နားမထောင်သောသူသည် ဤသို့သဘောရှိသော ဆင်းရဲသို့ရောက်၏ ဟု ဆိုလို၍-

၄၁။ ယော အတ္ထကာမဿ ဟိတာနုကမ္ပိနော။
ဩဝဇ္ဇမာနော န ကရောတိ သာသနံ။
အဇိယာ ပါဒမောလမ္ဗ၊ မိတ္တကော ဝိယ သောစတိ။

ဟူသော ဤဂါထာကို ဆို၏။

၄၁။ မိတ္တကော၊ မိတ္တဝိန္ဒကသည်။ အဇိယာ၊ ဆိတ်မ၏။ ပါဒံ၊ ခြေကို။ ဩလမ္ဗ၊ ဆွဲ၍။ သောစတိ ဝိယ၊ စိုးရိမ်ရသကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ ဩဝဇ္ဇမာနော၊ နူးညံ့သော အစီးအပွားကိုအလိုရှိသော စိတ်ဖြင့် ဆုံးမအပ်လျက်။ ယော၊ အကြင်သူသည်။ အတ္တကာမဿ၊ အကျိုးစီးပွားကို အလိုရှိသော။ ဟိတာနုကမ္ပိနော၊ အကျိုး စီးပွားဖြင့် စောင့်ရှောက်သောသူ၏။ သာသနံ၊ အဆုံးအမကို။ န ကရောတိ၊ နားမထောင်။ သော၊ ထိုသူသည်။ နိစ္စကာလံ၊ အခါခပ်သိမ်း။ သောစတိ၊ စိုးရိမ်ရ၏။

ဤဂါထာဖြင့် ဘုရားလောင်းသည် တရားဟော၏။ ဤသို့ ထိုလောသကတိဿသည် ရဟန္တာမထေရ်၌ ပြစ်မှား၍ ဤမျှလောက်သောကာလ သုံးကြိမ်သောအတ္တဘောတို့၌သာလျင် ဝမ်းပြည့်အောင်သော အာဟာရကိုရဘူး၏။ ဘီလူးဖြစ်၍ တနေ့သ၌ ကိုယ်ဝန် အညစ်အကြေးကို ရဘူး၏။ ခွေးဖြစ်၍ တနေ့သ၌ အန်သောထမင်းကို ရဘူး၏။ ပရိနိဗ္ဗာန်ပြုသောနေ့၌ အရှင်သာရိပုတ္တရာမထေရ်၏အာနုဘော်ဖြင့် စတုမဓုကို ရ၏။ ဤသို့ သူတပါး၏ လာဘ်အန္တရာယ်ကို ပြုခြင်းမည်သည်ကား ကြီးသောအပြစ်ရှိ၏ဟု သိအပ်၏။ ထိုကာလ၌ကား ထိုဆရာသည်၎င်း မိတ္တဝိန္ဒကသည်၎င်း ကံအားလျော်စွာလား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ဤသို့ လောသကတိဿမထေရ်သည် မိမိ၏ လာဘ်မရသည်၏ အဖြစ်ကို၎င်း အရိယာတို့၏တရားကို ရသည်၏အဖြစ်ကို၎င်း မိမိသည်ပင်လျှင် ပြု၏ဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ လောသကတိဿမထေရ်သည် ထိုအခါ မိတ္တဝိန္ဒက ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဒိသာပါမောက္ခဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ပစ္စည်းဝတ္ထု၊ ဝန်တိုမှု၊ ဓမ္မုပဒေသံ ရှုကြရန်

ရှေးဦးစွာသော လောသကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အတ္ထကာမဝဂ်

၂။ ကပေါတဇာတ်

လျှပ်ပေါ်သောကြောင့် အသက်ဆုံးခြင်းသို့ ရောက်ရသောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယော အတ္ထကာမဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကပေါတဇာတ်ကို ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်တယောက်သော လျှပ်ပေါ်သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်း၏ လျှပ်ပေါ်သောအဖြစ်သည် နဝကနိပါတ် ကာကဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ ထိုအခါ၌ကား ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားရှေ့တော်သို့ဆောင်၍ အရှင်ဘုရား ဤရဟန်းသည် လျှပ်ပေါ်၏ဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။ ထိုအခါ ထိုရဟန်းကို မြတ်ဘုရားသည် ရဟန်း သင်သည် လျှပ်ပေါ်သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ အရှင်ဘုရား မှန်ပေ၏ဟု လျှောက်၏။ မြတ်စွာဘုရားသည် သင်သည် ရှေး၌လည်း လျှပ်ပေါ်ခြင်းဟူသောအကြောင်းကြောင့် အသက်ကုန်ခြင်းသို့ ရောက်ဘူးပြီ၊ ပညာရှိတို့သည်လည်း သင့်ကိုမှီ၍ မိမိနေရာမှ ယုတ်ဘူးကုန်ပြီဟု မိန့်တော်မူ၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ခိုအမျိုး၌ဖြစ်၏။ ထိုအခါ ဗာရာဏသီပြည်၌ နေကုန်သောသူတို့သည် ကောင်းမှုကို အလိုရှိသည်၏ အဖြစ်ကြောင့် ထိုထိုအရပ်၌ ငှက်တို့အား ချမ်းသာစွာနေစိမ့်သောငှါ တောင်းကြီးတို့ကို ဆွဲကုန်၏။ ဗာရာဏသီသူဌေး၏လည်း ထမင်းချက်သည် မိမိစဖိုအိမ်၌ တခုသောတောင်းကြီးကိုဆွဲ၍ထား၏။ ဘုရားလောင်းသည် ထိုတောင်း၌နေ၏။ ထိုဘုရားလောင်းသည် စောစောကလျှင်ထွက်၍ ကျက်စားရာအရပ်၌ ကျက်စား၍ ညအခါလာ၍ ထိုတောင်း၌နေလျက် ကာလတိုကုန်စေ၏။ ထိုအခါ တနေ့သ၌ တခုသောကျီးသည် စဖိုအိမ်၏အထက်ဖြင့် သွားသည်ရှိသော် အချဉ် အချို့ ငါးအမဲတို့၏ အမွှေးအကြိုင်အဆောက်အဦတို့ဖြင့် ထုံအပ်သောအနံ့သည်နံ၍ လောဘကိုဖြစ်စေ၍ အဘယ်သူကိုမှီ၍လျှင် ဤငါးအမဲတို့ကို ရအံ့နည်းဟု အနီး၌နေ၍ စုံစမ်းသည်ရှိသော် ညအခါ၌ ဘုရားလောင်းလာ၍ စဖိုအိမ်သို့ဝင်သည်ကိုမြင်၍ ဤခိုကိုမှီ၍ ငါးအမဲကိုရအံ့ဟု နှလုံးသွင်း၍ နက်ဖြန်နေ့၌ စောစောကလျှင်လာလတ်၍ ဘုရားလောင်း၏ ထွက်၍ ကျက်စားအံ့သောငှါ သွားသောကာလ၌ နောက်မှလိုက်၏။

ထိုအခါ ကျီးကို ဘုရားလောင်းသည် အဆွေ သင်သည် အဘယ်ကြောင့် ငါတို့နှင့်တကွ ကျက်စားသနည်းဟု ဆို၏။ အရှင်အရှင်တို့၏ အမူအရာကို အကျွန်ုပ်သည်နှဈသကျ၏။ ဤနေ့မှစ၍ အရှင်တို့ကို အကျွန်ုပ်သည် ခစားအံ့ဟုဆို၏။ အဆွေ သင်တို့သည် တပါးသောအစာရှိကုန်၏။ ငါတို့သည် တပါးသောအစာရှိကုန်၏။ သင်တို့သည် ငါတို့အားခစားခြင်းသည် ခဲခက်၏ဟု ဆို၏။ အရှင်အရှင်တို့၏ အစာယူသောကာလ၌ အကျွန်ုပ်သည်လည်း အစာကိုယူ၍ အရှင်တို့နှင့်တကွသာလျှင်လိုက်အံ့ဟု ဆို၏။ ဘုရားလောင်းသည် ကောင်းပြီ စင်စစ် သင်သည် မမေ့မလျော့သည်ဖြစ်ရာ၏။ ဤသို့ ဘုရားလောင်းသည် ကျီးကိုဆုံးမ၍ အစာကိုရှာ၍ မြက်စေ့အစရှိသည်တို့ကို စား၏။ ဘုရားလောင်း၏ကား အစာကိုယူသောကာလ၌ ကျီးသည်လာ၍ နွားချေးဆိုင်ကိုပယ်၍ ပိုးတို့ကိုစား၍ ဝမ်းကိုပြည့်စေ၏။ ဘုရားလောင်း၏ အထံသို့လာ၍ အရှင်အရှင်တို့သည် အခါလေးမြင့် ကျက်စားကုန်၏။ အလွန်အစားကြူးသည် ဖြစ်ခြင်းငှာမသင့်ဟုဆို၍ ဘုရားလောင်းသည် အစာကိုယူ၍ ညအခါလာသည်ရှိသော် ဘုရားလောင်းနှင့် တကွသာလျှင် စဖိုအိမ်သို့ဝင်၏။ ထမင်းချက်သည် ငါတို့၏ခိုသည် တပါးသော အဖော်ကိုလည်း ယူ၍လာ၏ဟု ကျီးဘို့လည်း တောင်းကိုထား၏။ ထိုနေ့မှစ၍ နှစ်ခုကုန်သောသတ္တဝါတို့သည် နေကြကုန်၏။

ထိုအခါ တနေ့သ၌ သူဌေးအား များစွာသောငါးအမဲတို့ကိုဆောင်ကုန်၏။ ထိုငါးအမဲကိုယူ၍ ထမင်းချက်သည် စဖိုအိမ်၌ ထိုထိုအရပ်၌ ဆွဲ၏။ ကျီးသည် ထိုငါးအမဲကိုမြင်၍ လောဘကိုဖြစ်စေ၏။ ထိုကျီးသည် ကျက်စားရာအရပ်သို့မသွားမူ၍ ဤငါးအမဲကိုလျှင် ငါသည်စားအပ်၏ဟု နှလုံးသွင်း၍ ညဉ့်၌ညည်းညူလျက် အိပ်၏။ နက်ဖြန်နေ့၌ ဘုရားလောင်းသည် ကျက်စားအံ့သောငှာ သွားသည်ရှိသော် အဆွေကျီး လာလောဟုဆို၏။ အရှင်အရှင်တို့သည် သွားကုန်လောဟု အကျွန်ုပ်အား ဝမ်းအနာသည် ရှိ၏ဟုဆို၏။ အဆွေ ကျီးတို့အား ဝမ်းအနာမည်သည် တရံတဆစ်မျှမဖြစ်စဘူး၊ ညဉ့်သုံးယံတို့တွင် တပါးပါးသောယံ၌ အစာကြေသည် ဖြစ်ကုန်၏ ဆီမီးစာကိုမျိုးသောကာလ၌ကား ကျီးတို့အား တခဏမျှ ရောင့်ရဲခြင်းသည် ဖြစ်၏။ သင်သည် ဤငါးအမဲတို့ကို စားလိုသည်ဖြစ်လတ္တံ့၊ လာလော လူတို့၏ အသုံးအဆောင်မည်သည်ကို သင်တို့သည် သုံးဆောင်ခြင်းငှါခဲခက်၏။ သင်သည် ဤသို့သဘောရှိသောအမှုကို မပြုလင့်၊ ငါနှင့်တကွသာလ ကျက်စားခြင်းငှါ သွားလောဟုဆို၏။ အရှင်ငါသည် မတတ်နိုင်ဟူ၍ ကျီးဆို၏။ ထိုသို့တပြီးကား မိမိအမှုဖြင့်ထင်ရှားလတ္တံ့၊ လောဘ၏ အလိုသို့ မလိုက်မူ၍ မမေ့မလျော့ဖြစ်ရစ်လောဟု ဆုံးမ၍ ဘုရားလောင်းသည်ကျက်စားအံ့သောငှါ သွား၏။

ထမင်းချက်သည် အထူးထူးအပြားပြားသော ငါးအမဲတို့ကို ပြည့်စုံစေ၍ အငွေ့ထွက်စိမ့်သောငှါ အိုးတို့ကိုအတန်ငယ်ဖွင့်၍ စဖိုအိမ်ပျဉ်ထက်၌ထား၍ အပသို့ထွက်၍ ချွေးသုတ်လျက်ရပ်၏။ ထိုခဏ၌ ကျီးသည် တောင်းမှ ဦးခေါင်းမော်၍ စဖိုအိမ်ကို ကြည့်သည်ရှိသော် ထမင်းချက်၏ ထွက်သည်၏အဖြစ်ကိုသိ၍ ယခု ဤအခါကား ငါ၏နှလုံးအလိုကိုပြည့်စေ၍ အမဲကိုစားအံ့သောအခါတည်း၊ အမဲတုံးကြီးကိုတည်း စားရအံ့လောထိုသို့မဟုတ်မူ အမဲတုံးငယ်ကိုတည်း စားရအံ့လောဟုကြံ၍ အမဲတုံးငယ်တို့မည်သည်ကား ဝမ်းကို လျှင်ပြည့်စေခြင်းငှါမတတ်နိုင်၊ အမဲတုံးကြီးကိုဆောင်၍ တောင်း၌ထား၍ စားလျက်အိပ်အံ့ဟုကြံ၍ တောင်းမှပျံ၍ စဖိုအိမ်၌နား၏။

ထိုကျီးသည် စဖိုအိမ်၌ ကိရိ-ဟူသော အသံကိုပြု၏ ထမင်းချက်သည် ထိုအသံကိုကြား၍ ဤအသံကား အဘယ်နည်းဟုနှလုံးသွင်း၍ ဝင်သည်ရှိသော် ကျီးကိုမြင်၍ ဤကျီးပျက်သည် သူဌေးကြီးဘို့ချက်သောအမဲကို စားလို၏။ ငါသည်တမူကား သူဌေးကိုမှီ၍ အသက်မွေး၏။ ဤကျီးမိုက်ကိုမှီ၍ အသက်မမွေး၊ ငါ့အား ဤကျီးမိုက်ဖြင့် အဘယ်မူရအံ့နည်း၊ တံခါးကိုပိတ်၍ ကျီးကိုဖမ်း၍ ကိုယ်အလုံး၌ အတောင်တို့ကို နုတ်၍ ချင်းစိမ်း, ဆား ဇီယာ အစရှိသည်တို့ကိုထောင်း၍ ချဉ်သောရက်တက်ဖြင့်မွှေ၍ ထိုရက်တက်ရည်ဖြင့် ထိုကျီး၏ကိုယ်အလုံးကိုလိမ်း၍ ကျီးကိုတောင်း၌ထား၏။ ကျီးသည် သည်းသော ဝေဒနာ နှိပ်စက်သည်ဖြစ်၍ ညည်းညူလျက် အိပ်၏။ ဘုရားလောင်းသည် ညအခါ၌လာလတ်၍ ပျက်စီးခြင်းသို့ ရောက်သောကျီးကိုမြင်၍ လျှပ်ပေါ်သောကျီး ငါ့စကားကိုနားမထောင်၍ သင်သည် လောဘကိုမှီ၍ ကြီးစွာသောပျက်စီးခြင်းသို့ရောက်၏ဟု ဆိုလို၍-

၄၂။ ယော အတ္တကာမဿ ဟိတာနုကမ္ပိနော၊
ဩဝဇ္ဇမာနော န ကရောတိ သာသနံ။
ကပေါတကဿ ဝစနံ အကတွာ၊
အမိတ္တဟတ္ထတ္ထဂတောဝ သေတိ။

ဟူသော ဤဂါထာကို ဆို၏။

၄၂။ ယော၊ အကြင်သူသည်။ ဩဝဇ္ဇမာနော၊ နူးညံ့သော အစီး အပွားကိုအလိုရှိသောစိတ်ဖြင့် ဆုံးမလျက်။ အတ္ထကာမဿ၊ အကျိုးစီးပွားကို အလိုရှိသော။ ဟိတာနုကမ္ပိနော၊ အကျိုးစီးပွားဖြင့် စောင့်ရှောက်တတ်သောသူ၏။ သာသနံ၊ အဆုံးအမကို။ န ကရောတိ၊ နားမထောင်။ သော၊ ထိုသူသည်။ ကပေါတကဿ၊ ခို၏။ ဝစနံ၊ စကားကို။ အကတွာ၊ နားမထောင်၍။ အမိတ္တဟတ္တတ္ထဂတော၊ ရန်သူတို့၏ လက်သို့ရောက်သော။ ကာကာဝ၊ ကျီးကဲ့သို့။ အနုသောစမာနော၊ စိုးရိမ်လျက်။ သေတိ၊ အိပ်ရ၏။

ဘုရားလောင်းသည် ဤဂါထာကိုဆို၍ ယခုအခါ ငါသည်လည်း ဤအရပ်၌နေခြင်းငှါ မတတ်ကောင်းဟု နှလုံးသွင်း၍ တပါးသော အရပ်သို့သွားလေ၏။ ကျီးသည်လည်း ထိုတောင်း၌လျှင် အသက်ကုန်ခြင်းသို့ရောက်၏။ ထိုအခါကျီးကို ထမင်းချက်သည် တောင်းနှင့်တကွယူ၍ တံမြက်ချေးစွန့်ရာအရပ်၌ စွန့်၏။ မြတ်စွာဘုရားသည်လည်း ရဟန်း သင်သည် ယခုသာလျှင် လျှပ်ပေါ်သည်မဟုတ်သေး၊ ရှေး၌လည်း လျှပ်ပေါ်သည်သာလျှင်တည်း၊ သင်၏ လျှပ်ပေါ်ခြင်းကိုလည်းမှီ၍ ပညာရှိတို့သည်လည်း မိမိနေရာမှ ယုတ်ဘူးကုန်ပြီဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၏။ သစ္စာတို့ကိုညပြတော်မူသည်၏ အဆုံး၌ လျှပ်ပေါ်သောရဟန်းသည် အနာဂါမိဖိုလ်ကို ရလေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် အနုသန္ဓေကိုစပ်၍ ယခုအခါ လျှပ်ပေါ်သောရဟန်းသည် ထိုအခါ ကျီးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ခိုဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

လောဘရမ္မက်၊ ငမ်းငမ်းတက်၊ အသက်ဆုံးရှာ ကျီးပမာ

နှစ်ခုမြောက်သော ကပေါတဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အတ္ထကာမဝဂ်

၃။ ဝေဠုကဇာတ်

ပညာရှိစကားကိုနားမထောင်၍ မြွေ၏ခံတွင်း၌ အသက်ကုန်ကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယော အတ္ထကာမဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝေဠုကဇာတ်ကို သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ဆိုနိုင်ခက်သော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ မြတ်စွာဘုရားသည် ထိုဆိုနိုင်ခက်သော ရဟန်းကို ရဟန်း သင်သည် ဆိုနိုင်ခက်သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း သင်သည် ယခုအခါ၌ သာလျှင် ဆိုနိုင်ခက်သည်မဟုတ်သေး၊ ရှေး၌လည်း ဆိုနိုင်ခက်သည်သာလျှင်တည်း ဆိုနိုင်ခက်သည်၏ အဖြစ်ကြောင့်သာလျှင် ပညာရှိတို့၏ စကားကိုမလိုက်နာမူ၍ မြွေ၏ခံတွင်းဝ၌ အသက်ကုန်ခြင်းသို့ ရောက်ဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်း၌ များစွာသော စည်းစိမ်ရှိသော အမျိုး၌ ဖြစ်၏။ လိမ်မာသောအဖြစ်သို့ရောက်၍ ကာမဂုဏ်တို့၌ အပြစ်ကို၎င်း ရဟန်းအဖြစ်၌ အကျိုးဆက်ကို၎င်းမြင်၍ ကာမတို့ကိုပယ်၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြု၏။ ကသိုဏ်းပရိကံကို စီးဖြန်း၍ ငါးပါးသော အဘိညာဉ်တို့ကို၎င်း ရှစ်ပါးသော သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဈာန်ချမ်းသာဖြင့်လွန်စေလျက် နောက်အဘို့၌ များသောအခြံအရံရှိသော ငါးရာသောရသေ့တို့ဖြင့် ခြံရံအပ်သော ဂိုဏ်းဆရာဖြစ်၍နေ၏။ ထိုအခါ တခုသောမြွေဟောက်ငယ်သည် မိမိဓမ္မတာအားဖြင့်သွားသည်ရှိသော် တယောက်သောရသေ့၏ ကျောင်းသို့ ရောက်၏။ ရသေ့သည် ထိုမြွေ၌ သားဟူသောချစ်ခြင်းကိုဖြစ်စေ၍ ထိုမြွေကို တခုသောဝါးလုံးခေါင်း၌ အိပ်စေသည်၏ အဖြစ်ကြောင့် ဝေဠုကဟူသောအမည်ကိုသာ မှည့်ကုန်၏။ ထိုမြွေကို သားဟူသော ချစ်ခြင်းဖြင့် မွေးစားသောကာလမှစ၍ ထိုရသေ့အား ဝေဠုကပိတာဟူသော အမည်ကိုသာလျှင် မှည့်ကုန်၏။ ဘုရားလောင်းသည် တယောက်သောရသေ့သည် မြွေဟောက်ကို မွေးစား၏ဟု ကြား၍ ထိုရသေ့ကိုခေါ်စေ၍ ရသေ့ သင်သည် မြွေဟောက်ကိုမွေးစားသသတ်ဟူသည် မှန်သလောဟု မေး၏။ မှန်ပေ၏ဟုလျှောက်သည်ရှိသော် မြွေဟောက်နှင့် အကျွမ်းဝင်ခြင်းမည်သည် မရှိ၊ ထိုမြွေဟောက်ကို မမွေးစားလင့်ဟု ဘုရားလောင်းဆို၏။

ရသေ့သည် ဘုရားလောင်းစကားကိုမယူ မြွေဟောက်ကို စွန့်ခြင်းငှာမတတ်နိုင်၊ ထိုဘုရားလောင်းဆုံးမသောနေ့မှ နှစ်ရက် သုံးရက်လွန်သဖြင့်လျှင် ခပ်သိမ်းကုန်သောရသေ့တို့သည် သစ်သီးကြီးငယ်အလို့ငှါ သွားကုန်၏။ ရောက်ရာအရပ်၌ သစ်သီးကြီးငယ် ရလွယ်သောအဖြစ်ကိုမြင်၍ နှစ်ရက်သုံးရက် ထိုအရပ်၌ သာလျှင် နေကုန်၏။ ဝေဠုကအဘသည်လည်း ထိုရသေ့တို့နှင့်တကွ။ သွားသည်ရှိသော် မြွေဟောက်ကို ဝါးလုံး၌သာလျှင်အိပ်စေ၍ ပိတ်လျက်သွား၏။

ထိုဝေဠုကအဘသည် တဖန်ရသေ့တို့နှင့်တကွ နှစ်ရက် သုံးရက်လွန်သဖြင့်ပြန်၍ ဝေဠုကအား အစာပေးအံ့ဟု ဝါးလုံးခေါင်းကိုဖွင့်၍ ချစ်သားလော ဆာမွတ်သလောဟု လက်ကိုဖြန့်၏။ မြွေဟောက်သည် နှစ်ရက်သုံးရက် အာဟာရပြတ်သည်၏ အဖြစ်ကြောင့် ထိုရသေ့အားအမျက်ထွက်၍ ဖြန့်သောလက်၌ ကိုက်၏။ ရသေ့ကို ထိုအရပ်၌ အသက်ကုန်ခြင်းသို့ရောက်စေ၍ တောသို့ဝင်၏။ ရသေ့တို့သည် ထိုဝေဠုကအဘကိုမြင်ကုန်၍ ဘုရားလောင်းအား ကြားကုန်၏။ ဘုရားလောင်းသည် ထိုဝေဠုက အဘအလောင်းကို သင်္ဂြိုဟ်ခြင်းကိစ္စကိုပြုစေ၍ ရသေ့အပေါင်းတို့ အလယ်၌ နေ၍ ရသေ့တို့အား ဆုံးမလိုသည်၏အစွမ်းအားဖြင့်-

၄၃။ ယော အတ္ထကာမဿ ဟိတာနုကမ္ပိနော၊
ဩဝဇ္ဇမာနော န ကရောတိ သာသနံ။
ဧဝံ သော နိဟတော သေတိ၊
ဝေဠုကဿ ယထာ ပိတာ။

ဟူသော ဤဂါထာကို ဆို၏။

၄၃။ အတ္ထကာမဿ၊ အကျိုးကိုအလိုရှိသော။ ဟိကာနုကမ္ပိနော၊ အစီးအပွားကိုစောင့်ရှောက်လေ့ရှိသောသူသည်။ ဩဝဇ္ဇမာနော၊ ဆုံးမလျက်။ ယော၊ အကြင်သူသည်။ သာသနံ၊ အဆုံးအမကို။ န ကရောတိ၊ မလိုက်နာ။ သာ၊ ထိုသူသည်။ ဝေဠကဿ၊ ဝေဠုက၏။ ပိဘာ၊ အဘသည်။ နိဟတာ၊ သေလျက်။ သေတိ ယထာ၊ အိပ်ရသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ နိဟတာ၊ သေလျက်။ သေတိ၊ အိပ်ရ၏။

ဤသို့ ဘုရားလောင်းသည် ရသေ့အပေါင်းတို့ကိုဆုံးမ၍ လေးပါးကုန်သော ဗြဟ္မဝိဟာရကိုပွားစေလျက် အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်၌ ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်း သင်သည် ယခုအခါ၌ သာလျှင် ဆိုနိုင်ခက်သည်မဟုတ်သေး၊ ရှေး၌လည်း ဆိုနိုင်ခက်သည်သာတည်း၊ ဆိုနိုင်ခက်သည်၏အဖြစ်ကြောင့် မြွေဟောက်ခံတွင်း၌ ပုပ်သောအဖြစ်သို့ ရောက်ဘူးပြီဟု ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဆိုနိုင်ခက်သော ရဟန်းသည် ထိုအခါ ဝေဠုကအဘဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ ကြွင်းသော ပရိသတ်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဂိုဏ်းဆရာ ဖြစ်ဘူးပြီဟု ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ပြောဆိုဆုံးမ၊ မနာက၊ မုချပျက်မည်သာ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဝေဠုကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အတ္ထကာမဝဂ်

၄။ မကသဇာတ်

ခြင်မှက်တို့နှင့်စစ်တိုက်သော လူမိုက်တို့၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သေယျာ အမိတ္တော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမကသဇာတ်ကို မဂဓတိုင်းတို့၌ ဒေသစာရီ ကြွတော်မူသည်ရှိသော် တခုသော ရွာငယ်၌ မိုက်ကုန်သော ရွာသားတို့ကိုအကြောင်းပြု၍ ဟောတော်မူ၏။ မြတ်စွာဘုရားသည် အခါတပါး၌ သာဝတ္ထိပြည်မှ မဂဓတိုင်းသို့ကြွတော်မူ၍ ထိုမဂဓတိုင်း၌ ဒေသစာရီ ကြွတော်မူသည်ရှိသော် တခုသောရွာငယ်သို့ ရောက်တော်မူသတတ်၊ ထိုရွာငယ်သည်လည်း များသောအားဖြင့် အလွန်မိုက်သောလူတို့ဖြင့်သာလျှင် ပြန့်ပြော၏။ ထိုရွာငယ်ဝယ် တနေ့သ၌ အလွန်မိုက်ကုန်သောလူတို့သည် စည်းဝေးကုန်၍ အချင်းတို့ တောသို့ဝင်ကုန်၍ အမှုကိုပြုကုန်သောငါတို့ကို မှက်တို့သည် ကိုက်ကုန်၏။ ထိုမှက်တို့ကိုက်ခြင်းဟူသောအကြောင်းကြောင့် ငါတို့အား အမှုပျက်ခြင်းသည်ဖြစ်၏။ အလုံးစုံသော ငါတို့သည်လျှင် လေးတို့ကို၎င်း တပါးသော လက်နက်တို့ကို၎င်း ယူ၍ သွားကုန်၍ မှက်တို့နှင့်တကွ စစ်ထိုးကုန်၍ အလုံးစုံသောမှက်တို့ကို ထိုးကုန်၍၎င်း ဖြတ်ကုန်၍၎င်း သတ်ကုန်အံ့ဟုတိုင်ပင်ကုန်၍ တောသို့ဝင်ကုန်၍ မှက်တို့ကိုထိုးကုန်အံ့ဟု အချင်းချင်း စစ်ထိုးကုန်၍၎င်း ပုတ်ခတ်ကုန်၍၎င်း ဆင်းရဲခြင်းသို့ရောက်ကုန်၍ လာလတ်သည်ရှိသော် ရွာတွင်း၌၎င်း ရွာလယ်၌၎င်း ရွာတံခါး၌၎င်း အိပ်ကုန်၏။

မြတ်စွာဘုရားသည် ရဟန်းအပေါင်းခြံရံလျက် ရွာငယ်သို့ ဆွမ်းအလို့ငှာဝင်တော်မူ၏။ ကြွင်းကုန်သော ပညာရှိကုန်သောလူတို့သည် မြတ်စွာဘုရားကို မြင်ကုန်၍ ရွာတံခါး၌ မဏ္ဍပ်ကိုပြုကုန်၍ ဘုရားအမှူးရှိကုန်သော သံဃာအား ကြီးစွာသောအလှူကိုပေးကုန်၍ မြတ်စွာဘုရားကိုရှိခိုး၍ နေကြကုန်၏။ မြတ်စွာဘုရားသည် ထိုထိုအရပ်၌ ပညာမရှိကုန်သောလူတို့ကို မြင်တော်မူ၍ သီတင်းသည်တို့ကို သီတင်းသည်တို့ များစွာကုန်သောဤလူတို့သည် နာကုန်၏။ ထိုလူတို့သည် အဘယ်အမှုကို ပြုကုန်သနည်းဟု မေးတော်မူသည်ရှိသော် အရှင်ဘုရား ထိုလူတို့သည် မှက်တို့နှင့်စစ်ထိုးခြင်းကိုပြုကုန်အံ့ဟုသွားကုန်၍ အချင်းချင်းထိုးကြကုန်၍ မိမိတို့သာနာသည် ဖြစ်ကုန်၏ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် သီတင်းသည်တို့ ယခုသာလျှင် အလွန်မိုက်ကုန်သောထိုလူတို့သည် မှက်တို့ကိုပုတ်ခတ်ကုန်အံ့ဟု မိမိတို့ကိုယ်ကို ပုတ်ခတ်ကုန်သည် မဟုတ်သေး၊ ရှေး၌လည်း မှက်တို့ကို ပုတ်ခတ်ကုန်အံ့ဟု အချင်းချင်း ပုတ်ခတ်ကုန်သောလူတို့သည် ဖြစ်ဘူးကုန်သလျှင်ကတည်းဟု မိန့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူ၏။ ထိုလူတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... သီတင်းသည်တို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ကုန်သွယ်ခြင်းဖြင့် အသက်မွေးခြင်းကိုပြု၏။ ထိုအခါ ကာသိတိုင်း၌ တခုသောပစ္စန္တရစ်ရွာ၌ များစွာကုန်သော လက်သမားတို့သည် နေကုန်၏။ ထိုရွာ၌ တယောက်သော သစ်ရွေသောလက်သမားသည် သစ်ကိုရွေ၏။ ထိုအခါ တခုသောမှက်သည် ထိုလက်သမား၏ ကြေးနီခွက်ကျောက်ကုန်းနှင့်တူသော ဦးခေါင်း၌နား၍ လှံဖြင့်ထိုးဘိသကဲ့သို့ ဦးခေါင်း၌ နှုတ်သီးဖျားဖြင့်ထိုး၏။ ထိုလက်သမားသည် မိမိအထံ၌နေသော သားကို ချစ်သား ငါ၏ဦးခေါင်း၌ မှက်သည် လှံဖြင့်ဆွဘိသကဲ့သို့ ထိုး၏။ ထိုမှက်ကို မြစ်လောဟု ဆို၏။ ဘခင် သည်းခံဦးလော တချက်တည်းဖြင့်သာလျှင် ထိုမှက်ကိုသတ်အံ့ဟုဆို၏။ ထိုအခါ ဘုရားလောင်းသည်လည်း မိမိ၏ဘဏ္ဍာကိုရှာသည်ရှိသော် ထိုရွာသို့ရောက်၍ ထိုလက်သမားတို့၏ စရပ်၌ နေ၏။ ထိုအခါ၌လျှင် ထိုလက်သမားသည် သားကို ချစ်သား ဤမှက်ကို မြစ်လောဟု ဆို၏။ ထိုသားသည် ဘခင် မြစ်အံ့ဟု ထက်လှသောပုဆိန်ကြီးကိုချီ၍ အဘ၏ အနား၌ ရပ်လျက် မှက်ကိုခတ်အံ့ဟု အဘ ဦးခေါင်းကို နှစ်ဖြာခွဲ၏။ လက်သမားသည် ထိုအရပ်၌ပင်လျှင် အသက်ကုန်ခြင်းသို့ ရောက်၏။ ဘုရားလောင်းသည် ထိုလက်သမားသား၏ အမှုကိုမြင်၍ ရန်သူဖြစ်သော်လည်း ပညာရှိသည်သာလျှင် မြတ်၏။ ထိုစကားသည် မှန်၏။ ရန်သူပညာရှိသည် ဒဏ်မှကြောက်သောကြောင့်လည်း လူကို မသတ်လတ္တံ့ဟုကြံ၍-

၄၄။ သေယျော အမိတ္တော မတိယာ ဥပေတော၊
န တွေဝ မိတ္တော မတိဝိပ္ပဟီနော။
မကသံ ဝဓိဿန္တိ ဧဠမူဂေါ၊
ပုတ္တာ ပိတု အဗွီဒါ ဥတ္တမင်္ဂ။

ဟူသော ဤဂါထာကို ဆို၏။

၄၄။ မတိယာ၊ ပညာနှင့်။ ဥပေတော၊ ပြည့်စုံသော အမိတ္တော၊ ရန်သူသည်။ သေယျော၊ မြတ်သေး၏။ မတိဝိပ္ပဟီနာ၊ ပညာမှကင်းသော။ မိတ္တော၊ အဆွေခင်ပွန်းသည်။ န တွေဝ သေယျာ၊ မမြတ်သလျင်ကတည်း။ ဧဠမူဂေါ၊ တံတွေးယိုသော ခံတွင်းရှိသော သူမိုက်သည်။ ပုတ္တော၊ သားဖြစ်လျက်လည်း။ မကသံ၊ မှက်ကို။ ဝဓိဿံ၊ သတ်အံ့။ ဣတိ၊ ဤသို့ နှလုံးသွင်း၍။ ပိတု၊ အဘ၏။ ဥတ္တမင်္ဂံ၊ ဦးခေါင်းကို။ အဗ္ဗီဒါ၊ နှစ်စိတ်ခွဲ၏။

ဤဂါထာကိုဆိုပြီး၍ ဘုရားလောင်းသည် နေရာမှထ၍ အမှုအလျောက်သွား၏။ လက်သမား၏ အဆွေအမျိုးတို့သည် အလောင်းကောင်ကို သင်္ဂြိုဟ်ခြင်းကို ပြုကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် သီတင်းသည်တို့ ဤသို့ ရှေး၌လည်း မှက်ကိုသတ်ကုန်အံ့ဟု အဘကိုသတ်ကုန်သော လူတို့သည် ဖြစ်ဘူးကုန်ပြီသလျှင်ကတည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဂါထာကိုဆိုပြီး၍ဖဲသွားသော ပညာရှိကုန်သည် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ခြင်မှက်ကိုလျဉ်း၊ စစ်ပွဲခင်း၊ ချင်းချင်းပျက်စီးရာ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော မကသဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အတ္ထကာမဝဂ်

၅။ ရောဟိဏီဇာတ်

အမိ၌ယင်အုံသည်ကို ကျည်ပွေ့ဖြင့်ရိုက်ခတ်၍ အမိသေသောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သေယျာ အမိတ္တော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ရောဟိဏီဇာတ်ကို သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အနာထပိဏ်သူဌေး၏ တယောက်သော ကျွန်မကို အကြောင်းပြု၍ ဟောတော်မူ၏။ အနာထပိဏ်သူဌေးအား တယောက်သော ရောဟိဏီမည်သောကျွန်မသည် ဖြစ်သတတ်၊ ထိုရောဟိဏီမည်သောကျွန်မ၏ ကောက်နယ်ရာအရပ်၌ လာလတ်၍ အမိသည်အိပ်၏။ ထိုအမိအိုကို ယင်တို့သည်ခြံရံကုန်လျက် အပ်ဖြင့်ထိုးဘိသကဲ့သို့ကိုက်ကုန်၍ ထိုအမိအိုသည် သ္မီးကို ချစ်သ္မီး ငါ့ကို ယင်တို့သည်ကိုက်ကုန်၏။ ထိုယင်တို့ကို မြစ်လောဟု ဆို၏။ ထိုရောဟိဏီမည်သောသီးသည် မြစ်အံ့ဟု ကျည်ပွေ့ကိုချီ၍ အမိ၏ကိုယ်၌ ယင်တို့ကိုသတ်၍ ပျက်စီးခြင်းသို့ရောက်စေအံ့၊ ဤသို့နှလုံးသွင်း၍ အမိကိုကျည်ပွေ့ဖြင့်ခတ်၍။ အသက်ကုန်ခြင်းသို့ ရောက်စေ၏။ ထိုအမိကိုမြင်၍ ငါ၏အမိသည်သေပြီဟု ငိုအံ့သောင်ာ အားထုတ်၏။ ထိုအကြောင်းကို သူဌေးအား ကြားကုန်၏။ သူဌေးသည် ထိုကျွန်မ၏ အလောင်းကောင်ကို သင်္ဂြိုဟ်ခြင်းကိစ္စကိုပြုစေ၍ ကျောင်းသို့သွား၍ အလုံးစုံသောထိုအကြောင်းကို မြတ်စွာဘုရားအား ကြားလျှောက်၏။ မြတ်စွာဘုရားလည်း သူကြွယ် ဤရောဟိဏီမည်သော ကျွန်မသည် အမိ၏ထိုကိုယ်၌ ယင်တို့ကိုမြစ်အံ့ဟု ယခုအခါ၌သာလျှင် ကျည်ပွေ့ဖြင့် အမိကို သတ်သည် မဟုတ်သေး၊ ရှေး၌လည်း သတ်ဘူးသည်သာလျှင် တည်းဟုမိန့်တော်မူ၍ ထိုသူကြွယ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... သူကြွယ်လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် သူဌေးမျိုး၌ဖြစ်၍ အဘလွန်သဖြင့် သူဌေးအရာသို့ရောက်၏။ ထိုသူဌေးအားလည်း ရောဟိဏီမည်သည်သာလျှင်ဖြစ်သော ကျွန်မသည်ဖြစ်၏။ ထိုကျွန်မသည်လည်း မိမိ၏ ကောက်နယ်ရာအရပ်သို့လာလတ်၍ အိပ်သောအမိကို ယင်တို့သည် အုံကုန်သည်ဖြစ်၍ ချစ်သ္မီး ယင်တို့ကိုမြစ်လော၊ ဤသို့ ဆိုအပ်သည်ဖြစ်၍ ဤအတူလျှင် ကျည်ပွေ့ဖြင့်ခတ်၍ အသက် ကုန်ခြင်းသို့ ရောက်စေပြီး၍ ငိုအံ့သောငှာ အားထုတ်၏။ ဘုရားလောင်းသည် ထိုအကြောင်းကို ကြား၍ ဤလောက၌ ရန်သူဖြစ်သော်လည်း ပညာရှိသည်သာလျှင် မြတ်၏။ ဤသို့ ကြံ၍... -

၄၅။ သေယျော အမိတ္တော မေဓာဝီ၊ ယဉ္စေ ဗာလာနုကမ္ပကော။
ပဿ ရောဟိဏိကံ ဇမ္မိံ၊ မာတရံ ဟန်တွန သောစတိ။

ဟူသော ဤဂါထာကို ဆို၏။

၄၅။ ယဉ္စေ-ယော နာမ၊ အကြင်အမည်ရှိသော။ အနုကမ္ပကော၊ အဆွေခင်ပွန်းဖြစ်သော။ ဗာလော၊ သူမိုက်သည်။ အတ္ထိ၊ ရှိ၏။ တတော၊ ထိုသူမိုက်ထက်။ သတဂုဏေန၊ အဆအရာဖြင့်။ သဟဿဂုဏေန၊ အဆအထောင်ဖြင့်။ သတသဟဿဂုဏေန၊ အဆအသိန်းဖြင့်။ မေဓာဝီ၊ ပညာရှိသည်။ အမိတ္တော၊ ရန်သူဖြစ်ငြားသော်လည်း။ သေယျာ၊ မြတ်သေး၏။ အနုကမ္ပကော၊ အဆွေ ခင်ပွန်းဖြစ်သော။ ဗာလော၊ သူမိုက်သည်။ ယဉ္စေ သေယျော၊ မမြတ်သာလျှင်ကတည်း။ ဇမ္မိံ၊ ယုတ်မာသော။ ရောဟိဏိကံ၊ ရောဟိဏီကို။ ပဿ၊ ရှုလော။ ရောဟိဏီ၊ ရောဟိဏီသည်။ မာတရံ၊ အမိကို။ ဟန္တွာန၊ သတ်၍။ သောစတိ၊ စိုးရိမ်ရ၏။

ဘုရားလောင်းသည် ပညာရှိကိုချီးမွမ်းလျက် ဤဂါထာဖြင့် တရားဟော၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် သူကြွယ် ဤရောဟိဏီသည် ယခုအခါ၌သာလျှင် ယင်တို့ကိုသတ်အံ့ဟူ၍ အမိကိုသတ်သည်မဟုတ်သေး၊ ရှေး၌လည်း သတ်ဘူးသည်သာလျှင်တည်းဟု ဤ ဓမ္မဒေသနာကိုဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ရောဟိဏီ၏အမိသည် ထိုအခါ ရောဟိဏီ၏အမိ ဖြစ်ဘူးပြီ၊ ယခုအခါ ရောဟိဏီသည် ထိုအခါ ရောဟိဏီ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သူဌေးကြီးဖြစ်ဘူးပြီဟု ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

အသိဉာဏ်ကင်း၊ ပြုမူခြင်း၊ မိရင်းမာတာ သေရရှာ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ရောဟိဏီဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အတ္ထကာမဝဂ်

၆။ အာရာမဒူသကဇာတ်

အရံဥယျာဉ်ကို ဖျက်ဆီးသည်၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် န ဝေ အနတ္ထကုသလေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အရာမဒူသကဇာတ်ကို တခုသောကောသလရွာငယ်၌ သီတင်းသုံးနေတော်မူစဉ် ဥယျာဉ်ဖျက် သူငယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ မြတ်စွာဘုရားသည် ကောသလတိုင်းတို့၌ ဒေသစာရီကြွတော်မူသည်ရှိသော် တခုသောရွာငယ်သို့ ရောက်တော်မူသတတ်၊ ထိုရွာငယ်၌ တယောက်သောသူကြွယ်သည် မြတ်စွာဘုရားကိုဘိတ်၍ မိမိဥယျာဉ်၌နေစေ၍ ဘုရားအမှူးရှိသောရဟန်းသံဃာအား အလှူကိုပေး၍။ အရှင်ဘုရားတို့ အလိုတော်ရှိတိုင်း ဤဥယျာဉ်၌ နေတော်မူပါကုန်လောဟု လျှောက်၏။ ရဟန်းတို့သည်ထကုန်၍ ဥယျာဉ်စောင့်ကိုခေါ်ကုန်၍ ဥယျာဉ်၌ လှည့်လည်ကုန်သည်ရှိသော် တခုသောမြေပြင်အရပ်ကိုမြင်၍ ဥယျာဉ်စောင့်ကို သီတင်းသည် ဥယျာဉ်သည် တပါးသောအရပ်၌ ပြည့်စုံသောအရိပ်ရှိ၏။ ဤအရပ်၌ကား တစုံတခုသောသစ်ပင်ကြီးသည်၎င်း သစ်ပင်ငယ်သည်၎င်းမရှိ၊ အကြောင်းကား အသို့နည်း၊ ဤသို့ မေးကုန်၏။

အရှင်ဘုရားတို့ ဥယျာဉ်ကိုပျိုးသောကာလ၌ တယောက်သော ရွာသားသူငယ်သည် ရေကိုလောင်းသည်ရှိသော် ဤအရပ်၌ သစ်ပင်တို့ကို အမြစ်ကိုနုတ်သည်ကိုပြု၍ အမြစ်ပမာဏဖြင့်ရေကိုလောင်း၏။ ထို့ကြောင့် သစ်ပင်ငယ်တို့သည် ညှိုးကုန်၍ သေကုန်၏။ ဤအကြောင်းကြောင့် ဤအရပ်၌ မြေအပြင်သာရှိ၏ဟု ဥယျာဉ်စောင့် လျှောက်၏။ ရဟန်းတို့သည် မြတ်စွာဘုရားသိုကပ်၍ ထိုအကြောင်းကိုလျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌ သာလျှင် ထိုရွာသားသူငယ်သည် အရံကို ဖျက်ဆီးတတ်သည် မဟုတ်သေး၊ ရှေး၌လည်း အရံကိုဖျက်ဆီးဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သည်ရှိသော် ဗာရာဏသီပြည်၌ နက္ခတ်သဘင်ကိုကြွေးကြော်ကုန်၏။ နက္ခတ်သဘင်စည်သံကို ကြားသောကာလမှစ၍ အလုံးစုံသောမြို့နေလူတို့သည် နက္ခတ်သဘင်ကိုမှီကုန်သည်ဖြစ်၍ လှည့်လည်ကုန်၏။ ထိုအခါ မင်းဥယျာဉ်၌ များစွာကုန်သောမျောက်တို့သည် နေကုန်၏။ ဥယျာဉ်စောင့်သည် မြို့၌ နက္ခတ်သဘင်ကိုကြွေးကြော်ကုန်၏။ အကြင်မျှလောက် ငါသည် မလာအံ့၊ ထိုမျှလောက် မျောက်တို့ကို ရေလောင်းကြကုန်လောဟုဆိုပြီး၍ ငါသည် နက္ခတ်သဘင်ကစားအံ့ ဤသို့ကြံ၏။

ကြံပြီး၍ မျောက်အကြီးသို့ကပ်၍ အချင်း မျောက်ကြီး ဤဥယျာဉ်သည် သင်တို့အားကျေးဇူးများ၏။ သင်တို့သည် ဤဥယျာဉ်၌ အပွင့် အသီး အရွက်တို့ကို စားရကုန်၏။ မြို့၌ နက္ခတ်သဘင်ကို ကြွေးကြော်၏။ ငါသည် နက္ခတ်သဘင်ကို ကစားအံ့၊ အကြင်မျှလောက် ငါသည်မလာအံ့၊ ထိုမျှလောက် ဥယျာဉ်၌ သစ်ပင်ငယ်တို့၌ ရေကိုလောင်းအံ့သောငှါ တတ်နိုင်ကုန်လတ္တံ့ လောဟု ဥယျာဉ်စောင့်သည် မေး၏။ မျောက်ကြီးသည် ကောင်းပြီ လောင်းအံ့ဟု ဆို၏။ ထိုသို့တပြီးကား မမေ့မလျော့ကုန်သည် ဖြစ်ကုန်လောဟု ရေလောင်းစိမ့်သောငှါ ထိုမျောက်တို့အား သားရေအိတ်တို့ကို၎င်း သစ်သားအိုးတို့ကို၎င်း ပေး၍သွား၏။

မျောက်တို့သည် သားရေအိတ်တို့ကို၎င်း သစ်သားအိုးတို့ကို၎င်းယူကုန်၍ သစ်ပင်ငယ်တို့၌ ရေလောင်းကုန်၏။ ထိုအခါ မျောက်ငယ်တို့ကို မျောက်အကြီးသည် အိုမျောက်တို့ ရေမည်သည်ကို စောင့်အပ်၏။ သင်တို့သည် သစ်ပင်ငယ်တို့၌ ရေလောင်းကုန်သည်ရှိသော် နှုတ်၍ အမြစ်ကိုကြည့်ကုန်၍ နက်သောအမြစ်ရှိသော သစ်ပင်ငယ်တို့၌ ရေများစွာလောင်းကြကုန်လော၊ တိမ်သောအမြစ်ရှိကုန်သော သစ်ပင်ငယ်တို့၌ ရေအတန်ငယ်လောင်းကြကုန်လော၊ နောက်၌ ငါတို့အား ရေရခဲသည်ဖြစ်လတ္တံ့ ဤသို့ဆို၏။ ထိုမျောက်ငယ်တို့သည် ကောင်းပြီဟု ဝန်ခံကုန်၍ ထိုမျောက်ကြီးဆိုတိုင်းပြုကုန်၏။ ထိုအခါ တယောက်သော ပညာရှိယောက်ျားသည် မင်း၏ဥယျာဉ်၌ ထိုမျောက်တို့ကို မျောက်ကြီးဆိုတိုင်း ပြုကုန်သည်တို့ကိုမြင်၍ အို မျောက်တို့ အဘယ့်ကြောင့် သင်တို့သည် သစ်ပင်ငယ်တို့နှုတ်၍ အမြစ်ပမာဏဖြင့် ရေလောင်းကြကုန်သနည်းဟု မေး၏။ ထိုမျောက်တို့သည် ဤသို့ ငါတို့အား မျောက်ကြီးသည်ဆုံးမ၏ဟု ဆိုကုန်၏။ ထိုပညာရှိသော ယောက်ျားသည် ထိုမျောက်တို့၏စကားကိုကြား၍ အို သူမိုက်တို့ ပညာမရှိကုန်သောသူတို့သည် အကျိုးစီးပွားကိုပြုကုန်အံ့ဟု အကျိုးမဲ့ကိုသာပြုကုန်၏။ စင်စစ်အံ့ဘွယ်ရှိစွဤသို့ကြံ၍-

၄၆။ န ဝေ အနတ္ထကုသလနေ၊ အတ္ထစရိယာ သုခါဝဟာ။
ဟာပေတိ အတ္ထံ ဒုမ္မေဓော၊ ကပိ အာရာမိကော ယထာ။

ဟူသော ဤဂါထာကို ဆို၏။

၄၆။ ဒုမ္မေဓော၊ ပညာမရှိသောသူသည်။ အတ္ထံ၊ အကျိုးစီးပွားကို။ ကရိဿာမီတိ၊ ပြုအံ့ဟူ၍။ အတ္ထံ၊ အကျိုးစီးပွားကို။ ဟာပေတိ၊ ယုတ်စေတတ်၏။ တသ္မာ၊ ထို့ကြောင့်။ အနတ္ထကုသလေန၊ အကျိုးရှိသည်၌ မလိမ္မာသောသူသည်။ အတ္ထစရိယာ၊ ချမ်းသာ နှစ်ပါးဟူသော အကျိုးစီးပွားကိုကျင့်ခြင်းသည်။ န သုခါဝဟာ၊ ချမ်းသာကို ဆောင်ရွက်ခြင်းငှါမတတ်နိုင်။ အာရာမိကော၊ ဥယျာဉ်စောင့် ဖြစ်သော။ ကပိ၊ မျောက်သည်။ အတ္ထံ၊ အကျိုး စီးပွားကို။ ကရိဿာမီတိ၊ ပြုအံ့ဟူ၍။ အနတ္ထမေဝ၊ အကျိုးမဲ့ကိုသာလျှင်။ ကရောတိ ယထာ၊ ပြုသကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ ယော ကောစိ၊ အမှတ်မရှိသော။ အနတ္ထကုသလော၊ အကျိုးမရှိသည်၌ လိမ်မာသောသူသည်။ တနည်းကား... အကျိုးရှိသည်၌ မလိမ်မာသောသူသည်။ အတ္ထစရိယံ၊ အကျိုးစီးပွားကို ကျင့်ခြင်းကို။ အာဝဟိတုံ၊ ရွက်ဆောင်ခြင်းငှါ။ န သက္ကာ၊ မတတ်နိုင်။

ဤသို့ ထိုပညာရှိသောယောက်ျားသည် ဤဂါထာဖြင့် မျောက်ကြီးကိုကဲ့ရှု၍ မိမိ၏ပရိသတ်ကိုယူ၍ ဥယျာဉ်မှ ထွက်ခဲ့၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း ရဟန်းတို့ ဤရွာသားသူငယ်သည် ယခုအခါ၌သာလျှင် ဥယျာဉ်ကိုဖျက်ဆီးတတ်သည်မဟုတ်သေး။ ရှေး၌လည်း ဥယျာဉ်ကို ဖျက်ဆီးဘူးသလျင်ကတည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဥယာဉ်ကိုဖျက်ဆီးတတ်သော ရွာသားသူငယ်သည် ထိုအခါ မျောက်ကြီးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိသောယောက်ျားဖြစ်ဘူးပြီဟု ဤသို့ဇာတ်ကိုပေါင်းတော်မူ၏။

ပညာမဲ့သူ၊ အကျိုးထူ၊ ကျိုးမူမရ ပျက်စီးစွ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော အာရာမဒူသကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အတ္ထကာမဝဂ်

၇။ ဝါရုဏိဒူသကဇာတ်

ထက်စွာသော သေကို ဖျက်ဆီးသောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် န ဝေ အနတ္ထကုသလေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝါရုဏိဒူသကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သေကိုဖျက်ဆီးတတ်သောသူကို အကြောင်းပြု၍ ဟောတော်မူ၏။ အနာထပိဏ်သူဌေး၏ အဆွေခင်ပွန်းဖြစ်သော တယောက်သောသေကုန်သည်သည် ထက်သာသေကိုဖော်စပ်၍ ရွှေ ငွေအစရှိကုန်သော သေဘိုးအရက်ဘိုးတို့ကိုယူ၍ ရောင်းနေစဉ် သေအရက်သမားလူအများ စည်းဝေးရောက်လာသည်ရှိသော် အမောင် သင်သည် အဘိုးကိုယူ၍ သေကိုပေးလော။ ဤသို့ တပည့်ကိုစေ၍ မိမိသည် ရေချိုးအံ့သောငှါသွား၏။ တပည့်သည် လူအများအား သေကိုပေးလျက် သေသောက်သည်၏ အကြား၌ အိမ်ဈေးအတွင်း၌ ဆားကိုဆောင်စေ၍ ခဲကုန်သော ထိုလူတို့ကိုမြင်၍ ဤသုရာသည် ဆားမရှိသည်ဖြစ်လတ္တံ့၊ ဤသုရာ၌ ဆားကိုခတ်အံ့၊ ဤသို့နှလုံးသွင်း၍ သေအိုး၌ တကွမ်းစားမျှသော ဆားကိုခတ်၍ ထိုလူအား သေကိုပေး၏။ ထိုလူတို့သည် ခံတွင်း၌ပြည့်စေ၍ စွန့်ကုန်၍ သင်သည် အသို့ပြုအပ်သနည်းဟု မေးကုန်၏။ သေကိုသောက်၍ ဆားကို ဆောင်စေကုန်သော သင်တို့ကိုမြင်၍ ဆားနှင့်ယှဉ်စေပြီ ဤသို့ဆို၏။ သူမိုက် ဤသို့သဘောရှိသည်မည်သော နှစ်သက်ဘွယ်သေကို ဖျက်ဆီး၏ဟု ကဲ့ရဲ၍ ထ၍ ဖဲကြကုန်၏။

သေကုန်သည်သည် လာလတ်၍ တယောက်သောသူကိုလည်းမမြင်၍ သေသောက်ကုန်သောသူတို့သည် အဘယ်အရပ်သို့ သွားကုန်သနည်းဟုမေး၏။ တပည့်သည် ထိုအကြောင်းကို ကြား၏။ ထိုအခါ တပည့်ကို ဆရာသည် သူမိုက် ဤသို့သဘောရှိသည်မည်သော သုရာကို သင်သည် ဖျက်ဆီးအပ်၏ဟု ကဲ့ရဲ၍ ဤအကြောင်းကို အနာထပိဏ်သူဌေးအား ကြား၏။ အနာထပိဏ်သူဌေးသည် ယခုအခါ ငါ့အား စကားလက်ဆောင်သည် ရှိ၏ဟု နှလုံးသွင်း၍ ဇေတဝန်ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရားကိုရှိခိုး၍ ထိုအကြောင်းကိုလျှောက်၏။ မြတ်စွာဘုရားသည် သူကြွယ် ဤသူသည် ယခုအခါ၌သာလျှင် သေကိုဖျက်ဆီးတတ်သည် မဟုတ်သေး၊ ရှေး၌လည်း သေကို ဖျက်ဆီးဘူးသလျှင်ကတည်းဟု မိန့်တော်မူလျှင် အနာထပိဏ် သူဌေးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... သူဌေး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီပြည်၌ သူဌေးဖြစ်၏။ ထိုသူဌေးကိုမှီ၍ တယောက်သောသေကုန်သည်သည် အသက်မွေး၏။ ထိုသေကုန်သည်သည် ထက်သော သေကိုဖော်၍ ဤသေကိုရောင်းလော့၊ ဤသို့ တပည့်ကိုဆိုပြီးလျှင် မိမိသည်ရေချိုးအံ့သောငှါ သွား၏။ တပည့်သည် ဆရာရေချိုးသွားကာမျှ၌လျှင် သေ၌ ဆားကိုခတ်၍ ဤနည်းဖြင့်သာလျှင် သေကိုဖျက်ဆီး၏။ ထိုအခါ၌ ထိုတပည့်၏ဆရာသည် လာလတ်၍ ထိုအကြောင်းကို သူဌေးအား ကြား၏။ သူဌေးသည် အကျိုးရှိသည်၌ မလိမ်မာကုန်သော သူမိုက်တို့မည်သည်ကား အကျိုးစီးပွားကိုပြုအံ့ဟု အကျိုးမဲ့ကိုသာလျှင် ပြုကုန်၏ဟု ဤသို့ဆိုလို၍-

၄၇။ န ဝေ အနတ္ထကုသလနေ၊ အတ္ထစရိယာ သုခါဝဟာ။
ဟာပေတိ အတ္ထံ ဒုမ္မေဓော၊ ကောဏ္ဍညာ ဝါရုဏိံ ယထာ။

ဟူသော ဤဂါထာကို ဆို၏။

၄၇။ ဒုမ္မေဓော၊ ပညာမရှိသောသူသည်။ အတ္ထံ၊ အကျိုးစီးပွားကို။ ကရိဿာမီတိ၊ ပြုအံ့ဟူ၍။ အတ္ထံ၊ အကျိုးစီးပွားကို။ ဟာပေတိ၊ ယုတ်စေ၏။ တသ္မာ၊ ထို့ကြောင့်။ အနတ္ထကုသလေန၊ အကျိုးမရှိသည်၌ လိမ်မာသောသူသည်။ တနည်း။ အကျိုးရှိသည်၌ မလိမ်မာသောသူသည်။ အတ္ထစရိယာ၊ ချမ်းသာနှစ်ပါးဟူသော အကျိုးကိုကျင့်ခြင်းသည်။ န သုခါဝဟာ၊ ချမ်းသာကိုဆောင်ခြင်းငှါ မတတ်နိုင်။ ကောဏ္ဍညာ၊ ကောဏ္ဍညအမည်ရှိသော တပည့်သည်။ အတ္ထံ၊ အကျိုး စီးပွားကို။ ကရိဿာမီတိ၊ ပြုအံ့ဟူ၍။ လောဏံ၊ ဆားကို။ ပက္ခိပိတွာ၊ ခတ်၍။ ဝါရုဏိံ၊ သေကို။ ဝိနာသေတိ ယထာ၊ ဖျက်ဆီးသကဲ့သို့။ ဧဝံ- တထာ၊ ထို့အတူ။ သဗ္ဗောပိ၊ အလုံးစုံလည်းဖြစ်သော။ အနတ္ထကုသလော၊ အကျိုးမရှိသည်၌ လိမ်မာသောသူသည်။ တနည်း အကျိုးရှိသည်၌ မလိမ်မာသောသူသည်။ ဝေ၊ စင်စစ်။ အတ္ထံ၊ အကျိုးစီးပွားကို။ ဟာပေတိ၊ ယုတ်စေ၏။

ဘုရားလောင်းသည် ဤဂါထာဖြင့် တရားဟော၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် သူကြွယ် ဤသူသည် ယခုအခါ၌သာလျှင် သေကိုဖျက်ဆီးတတ်သည် မဟုတ်သေး၊ ရှေး၌လည်း ဖျက်ဆီးဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ သေကို ဖျက်ဆီးတတ်သောသူသည်လျှင် ထိုအခါ သေကိုဖျက်ဆီးတတ်သောသူ ဖြစ်ဘူးပြီ၊ ယခုအခါငါဘုရားသည်လျှင် ထိုအခါ ဗာရာဏသီသူဌေးဖြစ်ဘူးပြီဟု ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

အကျိုးကိုပြု၊ မိုက်မဲမှု၊ ကျိုးစုဖြာဖြာ ကျိုးမဲ့သာ

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဝရုဏိဒူသကာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အတ္ထကာမဝဂ်

၈။ ဝေဒဗ္ဗဇာတ်

ပညာရှိတို့စကားကို မနာယူသောကြောင့် ထက်စွာသော သန်လျက်ဖြင့် အသက်ကုန်ခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အနုပယေန ယော အတ္ထံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝေဒဗ္ဗဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆိုနိုင်ခက်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း သင်သည် ဆိုနိုင်ခက်သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု လျှောက်သည်ရှိသော် ရဟန်း သင်သည် ယခုအခါ၌ သာလျှင် ဆိုနိုင်ခက်သည် မဟုတ်သေး၊ ရှေး၌လည်း ဆိုနိုင်ခက် သည်သာလျှင်တည်း၊ ထိုသို့သော အကြောင်းကြောင့်သာလျှင် ပညာရှိတို့၏စကားကို မလိုက်နာမူ၍ ထက်စွာသောသန်လျက်ဖြင့် နှစ်ပိုင်းဖြတ်အပ်သည်ဖြစ်၍ ခရီး၌အိပ်ရဘူးလေပြီ၊ တယောက်သောသင့်ကို အမှီပြု၍ ယောကျ်ားတထောင်သည် အသက်ကုန်ခြင်းသို့ ရောက်ဘူးလေပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် တခုသောရွာငယ်၌ တယောက်သောပုဏ္ဏားသည် ဝေဒဗ္ဗမည်သောမန္တရားကို တတ်၏။ ထိုမန္တရားသည် အဘိုးအတိုင်းမသိထိုက်၏။ မြတ်သောသူတို့အားသာ ထိုက်၏။ နက္ခတ်၏ယှဉ်ခြင်းကိုရသည်ရှိသော် ထိုမန္တရားကိုမန်း၍ ကောင်းကင်သို့ကြည့်သည်ရှိသော် ကောင်းကင်မှ ရတနာခုနစ်ပါးဟူသောမိုဃ်းကို ရွာစေသတတ်၊ ထိုအခါ ဘုရားလောင်းသည် ပုဏ္ဏား၏အထံ၌ အတတ်ကိုသင်၏။ ထိုအခါ တနေ့သ၌ ပုဏ္ဏားသည် ဘုရားလောင်းကိုယူ၍ တစုံတခုသောပြုဘွယ်ကိစ္စကြောင့် မိမိရွာမှထွက်၍ စေတတိုင်းသို့သွား၏။ ခရီးအကြား၌ တခုသောတောအရပ်ဝယ် ငါးရာကုန်သော ပေသနကမည်သောခိုးသူတို့သည် ခရီးသွားတို့ကို သတ်ဖြတ်ညှဉ်းဆဲခြင်းကို ပြုကုန်၏။ ထိုခိုးသူတို့သည် ဘုရားလောင်းကို၎င်း ဝေဒဗ္ဗပုဏ္ဏားကို၎င်း ဖမ်းကုန်၏။ အဘယ့်ကြောင့်လျှင် ထိုခိုးသူတို့ကို ပေသနကစောရဟူ၍ ဆိုအပ်ကုန်သနည်းဟူမူကား ထိုခိုးသူတို့သည် နှစ်ယောက်ကုန်သောသူတို့ကို ဖမ်းကုန်၍ တယောက်သောသူကို ဥစ္စာယူစိမ့်သောငှါ စေကုန်သတတ်၊ ထို့ကြောင့် ပေသနကစောရဟူ၍ ဆိုအပ်ကုန်၏။ ထိုခိုးသူတို့သည်လည်း အဘနှင့်သားတို့ကို ဖမ်းကုန်၍ အဘကို သင်သည် ငါတို့အား ဥစ္စာကိုဆောင်ပြီးလျှင် သားကိုယူ၍ သွားလောဟုဆို၏။ ဤသို့သောနည်းဖြင့် အမိနှင့်သ္မီးတို့ကိုဖမ်းကုန်၍ အမိကိုလွှတ်ကုန်၏။ အစ်တို့နှင့်ညီတို့ကို ဖမ်းကုန်၍ အစ်ကိုကြီးကိုလွှတ်ကုန်၏။ ဆရာနှင့်တပည့်တို့ကို ဖမ်းကုန်၍ တပည့်ကို လွှတ်ကုန်၏။ ထိုခိုးသူတို့သည် ထိုကာလ၌လည်း ဝေဒဗ္ဗပုဏ္ဏားကိုဖမ်းကုန်၍ ဘုရားလောင်းကို လွှတ်ကုန်၏။

ဘုရားလောင်းသည် ဆရာကိုရှိခိုး၍ ငါသည် တရက်နှစ်ရက် လွန်သဖြင့်လာအံ့၊ သင်တို့သည် မကြောက်ပါကုန်လင့်၊ စင်စစ်သော်ကား ငါ့စကားကိုလိုက်နာကုန်လော၊ ယနေ့ ဥစ္စာမိုဃ်းကို ရွာစေတတ်သောနက္ခတ်နှင့် ယှဉ်ခြင်းသည်ဖြစ်လတ္တံ့၊ သင်တို့သည် ဆင်းရဲခြင်းကို သည်းမခံနိုင်ကုန်သည်ဖြစ်၍ မန္တရားကိုမန်း၍ ဥစ္စာမိုဃ်းကို မရွာစေကုန်လင့်၊ အကယ်၍ ရွာစေကုန်သည်ဖြစ်ငြားအံ့၊ သင်တို့သည် ပျက်စီးခြင်းသို့ရောက်ကုန်လတ္တံ့၊ ငါးရာကုန်သော ဤသူခိုးတို့သည်လည်း ပျက်စီးခြင်းသို့ရောက်ကုန်လတ္တံ့၊ ဤသို့လျှင် ဆရာကိုဆုံးမ၍ ဥစ္စာဆောင်ခြင်းအကျိုးငှါ သွား၏။ ခိုးသူတို့သည်လည်း နေဝင်သည်ရှိသော် ပုဏ္ဏားကိုနှောင်ဖွဲ့၍ အိပ်စေကုန်၏။ ထိုခဏ၌လျှင် အရှေ့လောကဓာတ်မှ ပြည့်သောလဝန်းသည် တက်၏။ ပုဏ္ဏားသည် နက္ခတ်ကိုကြည့်သည်ရှိသော် ဥစ္စာမိုဃ်းကိုရွာစေတတ်သော နက္ခတ်၏ယှဉ်ခြင်းကို ရအပ်ပြီ၊ ခံစားအပ်သောဆင်းရဲဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်း၊ မန္တရားကိုမန်း၍ ရတနာမိုဃ်းကိုရွာစေ၍ ခိုးသူတို့အား ဥစ္စာကိုပေး၍ ချမ်းသာစွာသွားအံ့ဟုကြံ၍ ခိုးသူတို့ကို အို... ခိုးသူတို့ သင်တို့သည် ငါ့ကို အဘယ်အကျိုးငှါ ဖမ်းကုန်သနည်းဟု မေးသည်ရှိသော် အရှင်ဥစ္စာအလို့ငှာဖမ်းကုန်၏ဟု ဆိုကုန်၏။ အချင်း ခိုးသူတို့ ဥစ္စာဖြင့်အလိုရှိသည် အကယ်၍ဖြစ်ငြားအံ့၊ လျင်စွာ ငါ့ကို အနှောင်အဖွဲ့မှ လွတ်စေ၍ ဦးခေါင်းဆေးပြီးလျှင် အသစ်သော အဝတ်ကိုဝတ်စေ၍ နံ့သာတို့ဖြင့်လိမ်းကျံစေ၍ ပန်းတို့ကိုပန်စေ၍ ထားကုန်လောဟု ဆို၏။ ခိုးသူတို့သည် ပုဏ္ဏားစကားကိုကြား၍ ပုဏ္ဏားဆိုတိုင်း ပြုကုန်၏။ ပုဏ္ဏားသည် နက္ခတ်ယှဉ်ခြင်းကိုသိ၍ မန္တရားကို မန်းပြီးလျှင် ကောင်းကင်သို့ ကြည့်၏။ ထိုခဏ၌လျှင် ကောင်းကင်မှ ရတနာတို့သည်ကျကုန်၏။ ခိုးသူတို့သည် ထိုဥစ္စာကို စုရုံး၍ အပေါ်ရုံပုဆိုးတို့၌ အထုပ်ကိုပြု၍ သွားကုန်၏။ ပုဏ္ဏားသည်လည်း ထိုခိုးသူတို့၏ နောက်မှသာလျှင် သွား၏။

ထိုအခါ ထိုငါးရာကုန်သောခိုးသူတို့ကို တပါးကုန်သော ငါးရာကုန်သောခိုးသူတို့သည် ဖမ်းကုန်၏။ သင်တို့သည် အဘယ်အကျိုးငှာ ဖမ်းကြကုန်သနည်းဟုဆိုကုန်သည်ရှိသော် ဥစ္စာအလို့ငှာဖမ်းကုန်၏ဟု ဆိုကုန်၏။ သင်တို့အား ဥစ္စာဖြင့် အကယ်၍အလိုရှိငြားအံ့ ဤပုဏ္ဏားကိုဖမ်းကြကုန်လော့၊ ဤပုဏ္ဏားသည် ကောင်းကင်ကိုကြည့်၍ ဥစ္စာမိုဃ်းကိုရွာစေ၏။ ငါတို့အားလည်း ထိုဥစ္စာကို ပုဏ္ဏားသည်ပင်လျှင် ပေးအပ်၏ဟု ဆိုကုန်၏။ ထိုခိုးသူတို့သည် ခိုးသူတို့ကိုလွှတ်ကုန်၏။ ငါတို့အားလည်း ဥစ္စာကိုပေးလောဟုဆို၍ ပုဏ္ဏားကို ဖမ်းကုန်၏။ ပုဏ္ဏားသည် ငါသည် သင်တို့အား ဥစ္စာကို ပေးငြားအံ့၊ ဥစ္စာမိုဃ်းကိုရွာစေတတ်သော နက္ခတ်နှင့်ယှဉ်ခြင်းသည်ကား ဤနေ့မှ တနှစ်ထက်၌ဖြစ်လတ္တံ့၊ သင်တို့အား ဥစ္စာဖြင့် အကယ်၍အလိုရှိငြားအံ့ သည်းခံကြကုန်လော၊ ထိုအခါ ဥစ္စာမိုဃ်းကို ရွာစေအံ့ဟု ဆို၏။

ခိုးသူတို့သည် အမျက်ထွက်ကုန်၍ ထိုပုဏ္ဏားကို အို ပုဏ္ဏားပျက် တပါးကုန်သောခိုးသူတို့အား ယခုအခါ၌ပင်လျင် ဥစ္စာမိုဃ်းကိုရွာစေ၏။ ငါတို့ကို တပါးသော တနှစ်ပတ်လုံးသည်းခံစေ၏။ ဤသို့ဆိုကုန်၍ ထက်သောသန်လျက်ဖြင့် ပုဏ္ဏားကိုနှစ်ပိုင်းဖြတ်ပြီးလျှင် ခရီး၌စွန့်၍ လျှင်စွာလိုက်ပြီးလျှင် ထိုခိုးသူတို့နှင့် တကွလျှင်စစ်ထိုး၍ ထိုအလုံးစုံကုန်သော သူတို့ကိုလည်းသတ်ပြီးလျှင် ဥစ္စာကိုယူ၍ တဖန် နှစ်စုတို့သည်ဖြစ်ကုန်၍ အချင်းချင်းစစ်ထိုးကြပြန်၍ နှစ်ရာ့ငါးကျိပ်ကုန်သောယောက်ျားတို့ကို သတ်ကုန်၍ ဤနည်းဖြင့်လျှင် အကြင်မျှလောက် နှစ်ယောက်သောသူတို့သည် ကြွင်းကုန်သည်ဖြစ်၏။ ထိုမျှလောက် အချင်းချင်း သတ်ကုန်၏။ ဤသို့ယောက်ျားတထောင်သည် ပျက်စီးခြင်းသို့ရောက်၏။ ထို ကြွင်းကုန်သော နှစ်ယောက်ကုန်သောသူတို့သည် ဥပါယ်ဖြင့် ထိုဥစ္စာကိုဆောင်၍ တခုသောရွာ၏အနီးဖြစ်သော တောချုံရှိရာအရပ်၌ ဥစ္စာကိုဖုံးလွှမ်း၍ တယောက်သောသူသည် သန်လျက်ကိုကိုင်လျက် စောင့်၍နေ၏။ တယောက်သောသူသည် ဆန်ကိုယူ၍ ထမင်းချက်အံ့သောငှါ ရွာသို့ဝင်၏။ ဤလောဘမည်သည်လည်း ပျက်စီးခြင်း၏ အကြောင်းလျှင်တည်း၊ ထို့ကြောင့် ဥစ္စာ၏အထက်၌နေသောသူသည် ထိုထမင်းချက်သူလာသည်ရှိသော် ဥစ္စာသည် နှစ်စုတို့သည်ဖြစ်ကုန်လတ္တံ့၊ အကယ်၍ကား ငါသည် ထိုထမင်းချက်သောသူသည် လာကာမျှ၌ပင်လျှင် သန်လျက်ဖြင့် ခုတ်၍သတ်ရမူကား ကောင်း၏။ ဤသို့ကြံပြီး၍ ဥစ္စာစောင့်သောသူသည် သန်လျက်ကိုလွယ်၍ ထိုထမင်းချက်သောသူ၏လာခြင်းကို မျှော်လျက်နေ၏။ ထမင်းချက်သော သူသည်လည်း ထိုဥစ္စာသည် နှစ်စုတို့သည်ဖြစ်ကုန်လတ္တံ့၊ အကယ်၍ကား ငါသည် ထိုဥစ္စာစောင့်သောသူကို ထမင်း၌အဆိပ်ခတ်၍ ထိုယောက်ျားကို စားစေပြီးလျှင် အသက်ကုန်ခြင်းသို့ရောက်စေ၍ ငါတယောက်ချင်းသာလျှင် ဥစ္စာကိုယူရမူကား ကောင်း၏။ ဤသို့ကြံ၏။ ကြံပြီး၍ ထိုထမင်းချက်သောသူသည် ထမင်းချက်ပြီးသည်ရှိသော် မိမိသည်စား၍ အကြွင်း၌အဆိပ်ကိုခတ်ပြီးလျှင် ထိုထမင်းကိုယူ၍ ဥစ္စာစောင့်ရာအရပ်သို့ သွား၏။ ထိုသူသည် ထမင်းခွက်ကိုချ၍ လုပ်ကာမျှပင်လျှင် ဥစ္စာစောင့်သောသူသည် သန်လျက်ဖြင့်နှစ်ပိုင်းဖြတ်ပြီးလျှင် ဖုံးလွှမ်းရာအရပ်၌စွန့်၍ ထိုထမင်းကိုလည်းစား၍ မိမိသည်လည်း ထိုအရပ်၌ပင်လျှင် အသက်ကုန်ခြင်းသို့ရောက်၏။ ဤသို့လျှင် ထိုဥစ္စာကိုမှီ၍ အလုံးစုံသာလျှင်ဖြစ်ကုန်သော သူတို့သည် ပျက်စီးခြင်းသို့ ရောက်ကုန်၏။

ဘုရားလောင်းသည်လည်း တရက်နှစ်ရက်လွန်သဖြင့် ဥစ္စာကိုယူ၍လတ်သည်ရှိသော် ထိုအရပ်၌ဆရာကိုမမြင် ဖရိုဖရဲရှိသော ဥစ္စာကိုကားမြင်၍ ဆရာသည် ငါ့စကားကိုမလိုက်နာမူ၍ ဥစ္စာမိုဃ်းကို ရွာစေသည်ဖြစ်လတ္တံ့၊ အလုံးစုံကုန်သောသူတို့သည် ပျက်စီးခြင်းသို့ ရောက်ကုန်သည် ဖြစ်ရာဟုကြံ၍ ခရီးမ၌ နှစ်ပိုင်းပြတ်သည်ကိုမြင်၍ စကားကိုမလိုက်နာသောကြောင့် သေလေပြီဟု ထင်းတို့ကိုထုတ်ပြီးလျှင် ထင်းပုံကိုပြု၍ ဆရာကိုသင်္ဂြိုဟ်၍ တောပန်းတို့ဖြင့်ပူဇော်၍ ရှေ့သို့သွားသည်ရှိသော် အသက်ကုန်ခြင်းသို့ ရောက်ကုန်သော ငါးရာကုန်သောခိုးသူတို့ကို၎င်း ရှေ့မှနှစ်ရာ့ငါးကျိပ်ကုန်သော ခိုးသူတို့ကို၎င်း ဤသို့ အစဉ်သဖြင့် အဆုံး၌ နှစ်ယောက်ကုန်သော ခိုးသူတို့ကို၎င်း အသက်ကုန်ခြင်းသို့ ရောက်ကုန်သည်တို့ကိုမြင်၍ နှစ်ယောက်တို့ဖြင့်ယုတ်သော ဤယောက်ျားတထောင်သည် ပျက်စီးခြင်းသို့ ရောက်ပြီ၊ တပါးကုန်သော ခိုးသူတို့သည်သာလျှင် ဖြစ်ရာ၏ ဤသို့ကြ၏။

ဤသို့ ကြံပြီး၍ ထိုနှစ်ယောက်ကုန်သော ခိုးသူတို့သည်လည်း တည်တံ့အံ့သောငှါ မတတ်နိုင်လတ္တံ့၊ ထိုခိုးသူတို့သည် အဘယ်သို့သွားကုန်သနည်း၊ ဤသို့ကြံ၍သွားသည်ရှိသော် ထိုခိုးသူတို့၏ ဥစ္စာကိုယူ၍ တောချုံအရပ်သို့ဝင်ရာခရီးကိုမြင်၍ သွားသည်ရှိသော် အထုပ်ဖြင့်ထုပ်အပ်သော ဥစ္စာအစုကိုမြင်၍ တယောက်သောသူကို ထမင်းခွက်ကိုဘိ၍သေသည်ကို မြင်လေ၏။ ထိုနောက်မှ ဤမည်သောအမှုကို ထိုသူတို့သည် ပြုသည်ဖြစ်လတ္တံ့၊ ဤသို့သိ၍ အဘယ်သို့လျှင် ထိုတယောက်သောယောက်ျားသည် သွားသနည်း၊ ဤသို့ စုံစမ်းသည်ရှိသော် တယောက်သောယောက်ျား၏လည်း ဖုံးလွှမ်းရာအရပ်၌ ပစ်ထားအပ်သောအသေကောင်ကိုမြင်၍ ငါတို့၏ဆရာသည် ငါ့စကားကိုမလိုက်နာမူ၍ မိမိ၏ဆိုနိုင်ခက်သည်၏အဖြစ်ကြောင့် မိမိသည်လည်း ပျက်စီးခြင်းသို့ရောက်ပြီ၊ ထိုဆရာသည် တပါးလည်းဖြစ်သော ယောကျ်ားတထောင်ကိုလည်း ဖျက်ဆီးအပ်ပြီ၊ စင်စစ်ကား အကြောင်းမဟုတ်သဖြင့် မိမိ၏စီးပွားခြင်းကို တောင့်တသောသူသည် ငါတို့၏ဆရာကဲ့သို့ ကြီးသောပျက်စီးခြင်းသို့သာလျှင် ရောက်လတ္တံ့၊ ဤသို့ကြ၍-

၄၈။ အနုပါယေန ယော အတ္ထံ၊ ဣစ္ဆတိ သော ဝိဟညတိ။
စေတာ ဟနိံသု ဝေဒဗ္ဗံ၊ သဗ္ဗေ တေ ဗျသနမဇ္စျဂူ။

ဟူသော ဤဂါထာကို ဆို၏။

၄၈။ ယော၊ အကြင်သူသည်။ အနုပါယေန၊ အကြောင်းမဟုတ်သဖြင့်။ အတ္ထံ၊ စီးပွားချမ်းသာကို။ ဣစ္ဆတိ၊ အလိုရှိ၏။ သော၊ ထိုသူသည်။ ဝိဟညတိ၊ ပင်ပန်း၏။ တနည်း ကြီးသော ပျက်စီးခြင်းသို့ရောက်၏။ စေတာ၊ စေတတိုင်းသား ခိုးသူတို့သည်။ ဝေဒဗ္ဗံ၊ ဝေဒဗ္ဗပုဏ္ဏားကို။ ဟနိံသု၊ သတ်ကုန်ပြီ။ တေ သဗ္ဗေ၊ ထိုအလုံးစုံသော သူတို့သည်လည်း။ ဗျသနံ၊ ပျက်စီးခြင်းသို့။ အဇ္စျဂူ၊ ရောက်ကုန်ပြီ။

ဤသို့ ဘုရားလောင်းသည် ငါတို့ဆရာသည် အကြောင်းမဟုတ်သဖြင့် အရာမဟုတ်ရာ၌ လုံ့လကိုပြုလျက် ဥစ္စာမိုဃ်းကိုရွာစေ၍ မိမိသည်လည်း အသက်ကုန်ခြင်းသို့ရောက်၏ယ တပါးကုန်သောသူတို့၏လည်း ပျက်စီးခြင်း၏ အကြောင်းသည် ဖြစ်သကဲ့သို့ ဤအတူ တပါးလည်းဖြစ်သော အကြင်သူသည် အယုတ်သဖြင့် မိမိ၏စီးပွားချမ်းသာကို အလိုရှိသည်ဖြစ်၍ လုံ့လကိုပြုလတ္တံ့၊ ခပ်သိမ်းသောသူတို့၏လည်း ပျက်စီးခြင်း၏ အကြောင်းသည် ဖြစ်လတ္တံ့ဟု တောကို ပဲ့တင်ထပ်စေ၍ နတ်တို့သည် ကောင်းချီးကို ပေးကုန်လျက် ဤဂါထာဖြင့် တရားကိုဟောလျက် ထိုဥစ္စာကို အကြောင်းဥပါယ်ဖြင့် မိမိအိမ်သို့ဆောင်၍ အလှူအစရှိကုန်သော ကောင်းမှုတို့ကိုပြုလျက် အသက်၏ အဆုံး၌ နတ်ပြည်ကိုပြည့်စေလျက် လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း ရဟန်း သင်သည် ယခုအခါ၌သာလျှင် ဆိုနိုင်ခက်သည်မဟုတ်သေး၊ ရှေး၌လည်း ဆိုနိုင်ခက်သည်သာလျှင်တည်း၊ ဆိုနိုင်ခက်သည်၏အဖြစ်ကြောင့်ကား ကြီးစွာသောပျက်စီးခြင်းသို့ ရောက်ဘူးပြီဟု ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ၌ ဆိုနိုင်ခက်သောရဟန်းသည် ထိုအခါဝေဒဗ္ဗပုဏ္ဏားဖြစ်ဘူးပြီး၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါတပည့်ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကိုပေါင်းတော်မူ၏။

ဆိုဆုံးမခက်၊ သူအတွက်၊ သေပျက် တထောင်သာ

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဝေဒဗ္ဗဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အတ္ထကာမဝဂ်

၉။ နက္ခတ္တဇာတ်

မင်္ဂလာ၏ အန္တရာယ်ကိုပြုသော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် နက္ခတ္တံ ပတိမာနေန္တံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ နက္ခတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်တယောက်သော အာဇီဝက ကိုအကြောင်း ပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တယောက်သော အမျိုးသ္မီးကို ဇနပုဒ်၌နေသော တယောက်သော အမျိုးသားသည် မိမိ၏သားဘို့တောင်း၍ ဤမည်သောနေ့ရက်၌ ယူအံ့၊ ဤသို့ နေ့ရက်ကိုမှတ်ပြီးလျှင် ထိုနေ့သည် ရောက်လတ်သည်ရှိသော် မိမိ၏ဆရာဖြစ်သောအာဇီဝကကို အရှင်ဘုရား ယနေ့အကျွန်ုပ်တို့သည် တခုသောမင်္ဂလာကိုပြုကုန်အံ့၊ နက္ခတ်သည် ကောင်းပါအံ့လောဟု မေးသတတ်၊ ထိုအာဇီဝကသည် ဤတကာကား ငါ့ကို ရှေးဦးစွာမမေးမူ၍ နေ့ရက်ကို မှတ်သား၍ ယခုမှမေးပြန်၏။ ထိုသို့ မေးသည်မူလည်းဖြစ်စေ ထိုတကာ၏ မင်္ဂလာကိုဖျက်အံ့၊ ဤသို့အမျက်ထွက်၍ ယနေ့နက္ခတ်မကောင်း၊ ယနေ့မင်္ဂလာကို မပြုလင့်၊ မင်္ဂလာကို အကယ်၍ ပြုကုန်အံ့၊ မင်္ဂလာကို ပြုသောသူအား ကြီးစွာသော ပျက်စီးခြင်းသည် ဖြစ်လတ္တံ့ ဟုဆို၏။ အမျိုးဖြစ်ကုန်သောလူတို့သည် ထိုအာဇီဝက၏ စကားကို ယုံကြည်၍ ထိုနေ့မသွားကုန်၊ သာဝတ္ထိပြည်၌ နေကုန်သော သူတို့သည် အလုံးစုံသောမင်္ဂလာကိရိယာကိုပြု၍ ဇနပုဒ်သားတို့ မလာသည်ကိုသိ၍ ထိုဇနပုဒ်သားတို့သည် ယနေ့ လာမည်ဟု နေ့ရက်ကိုမှတ်သားကုန်၏။ လာကား မလာကုန်၊ ငါတို့သည်လည်း များစွာကုန်သောရိက္ခာအမှုကို ပြုအပ်ကုန်ပြီ၊ ထိုဇနပုဒ်သားတို့ဖြင့် ငါတို့အား အဘယ်အကျိုးရှိအံ့နည်း၊ ငါတို့၏ သ္မီးကို တပါးသောသူတို့အား ပေးကုန်အံ့ဟု စီရင်ပြီးတိုင်းသာလျှင်ဖြစ်သောမင်္ဂလာဖြင့် သ္မီးကို တပါးသောအမျိုးသားအား ပေးကုန်၏။

ဇနပုဒ်သားတို့သည် နက်ဖြန်နေ့၌ လာလတ်၍ ငါတို့အား သတို့သ္မီးကို ပေးကုန်လောဟုဆိုကုန်၏။ ထိုအခါ ဇနပုဒ်သားတို့ကို သာဝတ္ထိမြို့သားတို့သည် ဇနပုဒ်၌နေကုန်သော အိမ်ရှင်ဖြစ်ကုန်သော သင်တို့မည်သည်ကား ယုတ်မာကုန်သောလူတို့တည်း၊ နေ့ရက်ကိုမှတ်သား၍ မထေမဲ့မြင်ပြုသဖြင့်မလာကုန်၊ လာမြဲအတိုင်းသောခရီးဖြင့်သာလျှင် ပြန်ကြကုန်လော၊ ငါတို့သည် တပါးကုန်သောသူတို့အား သတိုသ္မီးကိုပေးအပ်ပြီ၊ ဤသို့ရေရွတ်ကုန်၏။ ထိုဇနပုဒ်သားတို့သည် သာဝတ္ထိမြို့သားတို့နှင့်တကွ ခိုက်ရန်ကိုပြုကုန်၏။ သတိုးသ္မီးကိုမရမူ၍ လာမြဲတိုင်းသောခရီးဖြင့်သာလျှင် ပြန်ရကုန်၏။ ထိုအာဇီဝကသည်လည်း ထိုလူတို့၏ မင်္ဂလာ၏အန္တရာယ်ကို ပြုသောအဖြစ်သည် ရဟန်းတို့၏အတွင်း၌ ထင်ရှားသည်ဖြစ်၏။ ထိုရဟန်းတို့သည်လည်း တရားသဘင်၌ စည်းဝေးကုန်လျက် ငါ့သျှင်တို့ အာဇီဝကသည် အမျိုး၏ မင်္ဂလာအန္တရာယ်ကို ပြုအပ်၏ဟုပြောဆိုလျက် နေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၏။ ထိုရဟန်းတို့သည် ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု လျောက်ကုန်၏။ ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုအာဇီဝကသည် အမျိုး၏ မင်္ဂလာအန္တရာယ်ကို ပြုတတ်သည်မဟုတ်သေး၊ ရှေး၌လည်း ဤအာဇီဝကသည် ထိုလူတို့အား အမျက်ထွက်၍ မင်္ဂလာ၏ အန္တရာယ်ကို ပြုဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဗာရာဏသီမြို့၌ နေကုန်သောသူတို့သည် ဇနပုဒ်၌နေကုန်သောသူတို့၏ သ္မီးကိုတောင်း၍ နေ့ရက်ကိုမှတ်သားပြီးမှ မိမိ၏ဆရာဖြစ်သော အာဇီဝကကို အရှင်ဘုရား ယနေ့ အကျွန်ုပ်တို့အား တခုသော မင်္ဂလာ ကိရိယာသည်ရှိ၏။ နက္ခတ်သည် ကောင်းပါ၏လောဟု မေးကုန်၏။ ထိုဆရာဖြစ်သောအာဇီဝကသည် ဤဒါယကာတို့သည် မိမိတို့၏အလိုအားဖြင့် နေ့ရက်ကိုမှတ်သားပြီးလျှင် ယခုမှ ငါ့ကိုမေးကုန်၏။ ဤသို့ အမျက် ထွက်၍ ယနေ့ ထိုသူတို့၏ မင်္ဂလာ၏ အန္တရာယ်ကို ပြုအံ့ဟု ကြံ၍ ယနေ့သည် နက္ခတ်မကောင်း၊ အကယ်၍ မင်္ဂလာကို ပြုကုန်ငြားအံ့၊ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ကုန်လတ္တံ့ဟု ဆို၏။ ထိုမြို့သားတို့လည် ဆရာအာဇီဝက၏ စကားကိုယုံကြည်၍ မလာကုန်၊ ဇနပုဒ်သားတို့သည် မြို့သားတို့၏ မလာခြင်းကိုသိကုန်၍ ထိုမြို့သားတို့သည် ယနေ့ နေ့ရက်ကို မှတ်သားပြီး၍လည်း မလာကုန်၊ ထိုမြို့သားတို့ဖြင့် ငါတို့အား အဘယ်အကျိုးရှိအံ့နည်း၊ တပါးကုန်သောသူတို့အား သ္မီးကိုပေးကုန်အံ့ဟု တပါးသောသူတို့အား သ္မီးကိုပေးကုန်၏။ မြို့သားတို့သည် နက်ဖြန်နေ့၌ လာလတ်ကုန်၍ သတို့သ္မီးကို တောင်းကုန်၏။

ဇနပုဒ်သားတို့သည် မြို့၌နေကုန်သော သင်တို့မည်သည်ကား အရှက်အကြောက်မရှိကုန်သော အိမ်ရှင်သာလျှင်ဖြစ်ကုန်၏။ နေ့ရက်ကိုမှတ်သားပြီးမှ သ္မီးကိုမယူလာကုန်၊ ငါတို့သည် သင်တို့မလာသည်၏အဖြစ်ကြောင့် တပါးသောသူတို့အား ပေးကုန်ပြီဟု ဆိုကုန်၏။ ငါတို့သည် ဆရာအာဇီဝကကိုမေး၍ နက္ခတ်မကောင်းဤသို့သောစကားကိုကြား၍ မလာကုန်၊ ငါတို့အား သ္မီးကိုပေးကုန်လောဟု ဆိုကုန်၏။ ငါတို့သည် သင်တို့၏ မလာသည်၏အဖြစ်ကြောင့် တပါးသောသူတို့အား ပေးကုန်ပြီ၊ ယခုမှ ပေးအပ်ပြီးသောသတို့သ္မီးကို တဖန် အသို့ဆောင်ရကုန်အံ့နည်းဟု ဆိုကုန်၏။ ဤသို့လျှင် ထိုမြို့သား ဇနပုဒ်သားတို့သည် အချင်းချင်း ခိုက်ရန်ကိုပြုကုန်စဉ် တခုသောအကြောင်းနှင့် ဇနပုဒ်သို့သွားသော တယောက်သော မြို့နေပညာရှိသည် ငါတို့သည် ဆရာအာဇီဝကကို မေးကုန်၍ နက္ခတ်မကောင်းသည်၏အဖြစ်ကြောင့် မလာကုန်၊ ဤသို့ဆိုကုန်သော ထိုမြို့သားတို့၏စကားကိုကြား၍ နက္ခတ်သည် အဘယ်အကျိုးရှိအံ့နည်း၊ သတို့သ္မီးကို ရသည်၏အဖြစ်သည်သာလျှင် နက္ခတ်မဟုတ်သလော၊ ဤသို့ ဆိုလို၍-

၄၉။ နက္ခတ္တံ ပတိမာနေန္တံ၊ အတ္ထော ဗာလံ ဥပစ္စဂါ၊
အတ္ထော အတ္ထဿ နက္ခတ္တံ၊ ကိံ ကရိဿန္တိ တာရကာ။

ဟူသော ဤဂါထာကို ဆို၏။

၄၉။ နက္ခတ္တံ၊ နက္ခတ်ကို။ ပတိမာနန္တ၊ ငံ့လင့်သော။ ဗာလံ၊ သူမိုက်ကို။ အတ္ထော၊ သတို့သီးကိုရခြင်းဟူသော အကျိုးသည်။ ဥပစ္စဂါ၊ လွန်၏။ အတ္ထော၊ လိုအပ်သော အကျိုးသည်။ အတ္ထဿ၊ အလိုရှိတတ်သောသူ၏။ နက္ခတ္တံ၊ နက္ခတ်တည်း။ တာရကာ၊ ကောင်းကင်ကြယ်တို့သည်။ ကိံ အတ္ထံ၊ အဘယ်အကျိုးကို။ ကရိဿန္တိ၊ ပြုစေနိုင်ကုန်လတ္တံ့နည်း။

မြို့သားတို့သည် ခိုက်ရန်ကိုပြုကုန်၍ သတို့သ္မီးကို မရကုန်၍ လာခဲ့ကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ဤအာဇီဝကသည် ယခုအခါ၌သာလျှင် ထိုအမျိုး၏ မင်္ဂလာအန္တရာယ်ကို ပြုတတ်သည် မဟုတ်သေး၊ ရှေး၌လည်း ပြုဘူးသည်သာလျှင်တည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ အာဇီဝကသည် ထိုအခါ ဆရာအာဇီဝက ဖြစ်ဘူးပြီ၊ ယခုအခါ ထိုအမျိုးသားတို့သည်သာလျှင် ထိုအခါ ထိုအမျိုးသားတို့သည်သာလျှင် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဂါထာကိုရွတ်၍ရပ်သော ပညာရှိသောယောက်ျား ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မိုက်သူကိုပင်၊ ဆရာတင်၊ ပျိုခင် လွှဲရရှာ

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော နက္ခတ္တဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အတ္ထကာမဝဂ်

၁၀။ ဒုမ္မေဓဇာတ်

လောက၏အကျိုးစီးပွားကို ကျင့်ခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဒုမ္မေဓာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒုမ္မေဓဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လောက၏ အကျိုးစီးပွား ကျင့်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုလောက၏ အကျိုးစီးပွားကို ကျင့်ခြင်းသည် ဒွါဒသကနိပါတ် မဟာကဏှဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗာရာဏသီမင်း၏ မိဖုယားကြီး၏ဝမ်း၌ ပဋိသန္ဓေယူ၏။ အမိဝမ်းမှဖွားသော ထိုဘုရားလောင်းအား အမည်ကိုမှည့်သောနေ့၌ ဗြဟ္မဒတ် သတို့သားဟူသော အမည်ကိုမှည့်ကုန်၏။ ဘုရားလောင်းသည် တဆယ့်ခြောက်နှစ်အရွယ်ရှိလတ်သော် တက္ကသိုလ်ပြည်၌ အတတ်ကိုသင်၍ ဗေဒင်သုံးပုံတို့၏ ကမ်းတဘက်သို့ရောက်၍ တဆယ့်ရှစ်ပါးကုန်သော အတတ်တို့၏ အပြီးသို့ရောက်၏။ ထိုအခါ ဘုရားလောင်းအား အဘသည် အိမ်ရှေ့မင်းအဖြစ်ကိုပေး၏။ ထိုအခါ ဗာရာဏသီမြို့၌ နေကုန်သော လူတို့သည် နတ်တို့ကို ကိုးကွယ်ကုန်၏။ နတ်တို့ကိုရှိခိုးကုန်၏။ များသောလူတို့သည် ဆိတ်မြန်မာ ဆိတ်ကုလား ကြက်ဝက် အစရှိသည်တို့ကိုသတ်ကုန်၍ အထူးထူး အပြားပြားကုန်သော ပန်းနံ့သာတို့ဖြင့်၎င်း အသားအသွေးတို့ဖြင့်၎င်း နတ်အားပူဇော်သောအမှုကို ပြုကုန်၏။ ဘုရားလောင်းသည် ယခုအခါ သတ္တဝါတို့သည် နတ်ကိုကိုးကွယ်ကုန်၏။ များစွာကုန်သောလူတို့သည် သတ္တဝါတို့အား သတ်ခြင်းကိုပြုကုန်၏။ လူများသည် များသောအားဖြင့် အဓမ္မ၌ သာလျှင် တည်၏။ ငါသည် အဘလွန်သဖြင့် မင်းအဖြစ်ကို ရမူကား တယောက်သောသူကိုလည်း မပင်ပန်းစေမူ၍ ဥပါယ်ဖြင့်သာလျင် သတ္တဝါသတ်ခြင်းကိုပြုအံ့သောငှာ မပေးအံ့ဤသို့ကြံ၏။ ကြံပြီး၍ ထိုဘုရားလောင်းသည် တနေ့သ၌ ရထားစီး၍မြို့မှထွက်သည်ရှိသော် တခုသော ကြီးစွာသောပညောင်ပင်၌ လူအများတို့သည် စည်းဝေးသည်ကိုမြင်၍ ထိုပညောင်ပင်၌ဖြစ်သော နတ်အထံ၌ သားသ္မီးစည်းစမ်အခြံအရံ ဥစ္စာအစရှိသည်တို့တွင် အကြင်အကြင်ဆုကို အလိုရှိကုန်၏။ ထိုထိုဆုကို တောင်းကုန်၏။

ထိုအခါ ဘုရားလောင်းသည် ရထားမှသက်၍ ပညာင်ပင်ရင်းသို့ကပ်ပြီးလျှင် နံ့သာပန်းတို့ဖြင့်ပူဇော်၍ ရေဖြင့်သွန်းခြင်းကိုပြု၍ ပညောင်ပင်ကို လကျ်ာရစ်လှည့်၍ နတ်ကိုကိုးကွယ်သူကဲ့သို့သာလျှင် ဝင်လေ၏။ ထိုအခါမှစ၍ ဤသို့သောနည်းဖြင့်လျှင် ရံခါရံခါ ဖြစ်သောကာလ၌ ထိုပညာင်ပင်သို့သွား၍ နတ်ကိုကိုးကွယ်သောသူကဲ့သို့ ပူဇော်ခြင်းကိုပြု၏။ ထိုဘုရားလောင်းသည် နောက်အခါ၌ အဘလွန်သဖြင့် မင်းအဖြစ်၌ တည်၍ လေးပါးသော အဂတိကိုကြဉ်၍ ဆယ်ပါးသော မင်းကျင့်တရားတို့ကို မပျက်စေမူ၍ တရားသဖြင့် မင်းပြုလတ်သော် ငါ၏နှလုံးအလိုသည် အပြီးသို့ရောက်ပြီ၊ မင်းအဖြစ်၌ တည်သည်ဖြစ်ပြီ၊ ငါသည်ကား ရှေး၌ တခုသောအကြင်ကိစ္စကိုကြံပြီ၊ ယခုအခါ ထိုကိစ္စကို အပြီးသို့ရောက်စေအံ့ဟု ကြံ၏။ ကြံပြီး၍ အမတ်ပုဏ္ဏားသူကြွယ် အစရှိသည်တို့ကို စည်းဝေးစေ၍ အချင်းတို့ ငါသည် အဘယ်အကြောင်းဖြင့် မင်းအဖြစ်သို့ ရောက်သည်ကို သိကြကုန်သနည်းဟု မေး၏။ အရှင်မင်းကြီး မသိပါဟုလျှောက်ကုန်၏။ ဤအမည်ရှိသော တခုသောပညောင်ပင်ကို နံ့သာအစရှိသည်တို့ဖြင့်ပူဇော်၍ လက်အုပ်ချီ၍ ရှိခိုးသောငါ့ကို မြင်ဘူးကုန်၏လောဟု မေး၏။ အရှင်မင်းကြီး မြင်ဘူးပါကုန်၏ဟု လျှောက်ကုန်၏။ ထိုအခါ ငါသည် မင်းအဖြစ်သို့ အကယ်၍ ရောက်အံ့၊ သင်နတ်အား ပူဇော်သောအမှုကိုပြုအံ့ဟု ဆုတောင်းခြင်းကို ပြု၏။ ငါသည် ထိုနတ်၏ အာနုဘော်ဖြင့် မင်းအဖြစ်ကိုရအပ်ပြီ၊ ယခုအခါ နတ်အားပူဇော်ခြင်းအမှုကိုပြုအံ့၊ သင်တို့သည် ကြာမြင့်ခြင်းကို မပြုမူ၍ လျင်စွာ နတ်အားပူဇော်ခြင်းအမှုကို စီရင်ကြကုန်လောဟုဤသို့ ဆို၏။ အရှင်မင်းကြီး အဘယ်ကိုယူရကုန်အံ့နည်းဟု လျှောက်ကုန်၏။

အချင်းတို့ ငါသည် နတ်အားတောင်းပန်သည်ရှိသော် ငါ၏ တိုင်းနိုင်ငံ၌ အကြင်သူတို့သည် ပါဏာတိပါတအစရှိကုန်သော ငါးပါးကုန်သော သီလမရှိကုန်သောသူတို့၏အမှုတို့ကို၎င်း ဆယ်ပါးကုန်သောအကုသလကမ္မပထတို့ကို၎င်းယူ၍ ကျင့်ကုန်လတ္တံ့။ ထိုသူတို့ကိုသတ်၍ အူသိမ် အသား အသွေးတို့ဖြင့် နတ်ပူဇော်သောအမှုကိုပြုအံ့ဟု တောင်းပန်ဘူးပြီ၊ ထို့ကြောင့် သင်တို့သည် ငါတို့၏မင်းသည် အိမ်ရှေ့မင်းဖြစ်သောကာလ၌လျှင် ငါသည် မင်းအဖြစ်သို့အကယ်၍ ရောက်အံ့ ငါ၏တိုင်းနိုင်ငံ၌ အကြင်သူတို့သည် သီလမရှိသည် ဖြစ်လတ္တံ့၊ ထိုအလုံးစုံသောသူတို့ကို သတ်စေ၍ နတ်ပူဇော်သောအမှုကို ပြုအံ့ဟုတောင်းပန်ခဲ့မိ၏။ ထိုတိုမင်းသည် ယခုပင်လျှင် ငါးပါးသော သီလမရှိသောသူတို့၏အမှု၊ ဆယ်ပါးသော အကုသိုလ်အမှုတို့ကို ဆောက်တည်၍ ပြုကျင့်ကုန်သောသူတို့၏ လူပေါင်းအထောင်ကိုသတ်၍ ထိုသူတို့၏ နှလုံးသားအစရှိသည်ကိုယူ၍ နတ်အားပူဇော်သောအမှုကို ပြုလို၏။ ဤသိုမြို့၌နေကုန်သောသူတို့သည် သိစေကုန်သတည်းဟု စည်လည်စေကုန်၊

ဤသို့ဆို၍ ယခုအခါ၌ အကြင်သူတို့သည် ဤနေ့မှစ၍ သီလမရှိကုန်သောသူတို့၏အမှုတို့ကို ကျင့်ကုန်လတ္တံ့၊ ထိုသူတို့၏ လူပေါင်း အထောင်ကိုသတ်၍ ယဇ်ပူဇော်၍ တောင်းပန်ခြင်းမှ လွတ်စေအံ့ဟု ဤသို့သောအနက်ကို ထင်ရှားပြလိုရကား-

၅၀။ ဒုမ္မေဓာနံ သဟဿေန၊ ယညာ မေ ဥပယာစိတော။
ဣဒါနိ ခေါဟံ ယဇိဿာမိ၊ ဗဟု အဓမ္မိကော ဇနော။

ဟူသော ဤဂါထာကို ဆို၏။

၅၀။ ဒုမ္မေဓာနံ၊ ပညာမရှိကုန်သောသူတို့၏။ သဟဿေန၊ အထောင်ဖြင့်။ ယညော၊ ယာဇ်ကို။ မေ၊ ငါသည်။ ဥပယာစိတော၊ ပူဇော်အံ့ဟု ပညောင်စောင့်နတ်သို့ကပ်၍ တောင်းပန်၏။ ဣဒါနိ၊ ယခုအခါ၌သာလျှင်။ အဟံ၊ ငါသည်။ ယဇိဿာမိ၊ ပူဇော်အံ့။ ဗဟု၊ များစွာသော။ ဇနော၊ လူအပေါင်းသည်။ အဓမ္မိကော၊ တရားမစောင့်။

အမတ်တို့သည် ဘုရားလောင်း၏စကားကို ကြားကုန်၍ ရှင်မင်းကြီး ကောင်းပြီဟု တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီမြို့၌ စည်လည်စေကုန်၏။ စည်သံကိုကြား၍ တပါးလည်းဖြစ်သော သီလမရှိကုန်သောသူတို့၏ အမှုကိုယူ၍တည်သော တယောက်သော ယောက်ျားသည်လည်း မဖြစ်၊ ဤသို့လျှင် အကြင်မျှလောက် ဘုရားလောင်းသည်မင်းပြု၏။ ထိုမျှလောက် တယောက်သောပုဂ္ဂိုလ်သည်လည်း ငါးပါးလည်းဖြစ်ကုန်သော ဆယ်ပါးလည်း ဖြစ်ကုန်သော သီလမရှိကုန်သောသူတို့၏အမှုတို့တွင် တခုသော အမှုကိုလည်း ပြုခြင်းမည်သည် မထင်၊ ဤသို့ ဘုရားလောင်းသည် တယောက်သောသူကိုလည်း မပင်ပန်းစေမူ၍ အလုံးစုံသော တိုင်းနိုင်ငံ၌ နေကုန်သောသူတို့ကို သီလစောင့်စေ၍ မိမိသည်လည်း ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ အသက်၏ အဆုံး၌ မိမိပရိသတ်ကိုယူ၍ နတ်ပြည်ကိုပြည့်စေလျက် လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ငါဘုရားသည် ယခုအခါ၌သာလျှင် လောက၏ အကျိုးစီးပွားကို ကျင့်သည် မဟုတ်သေး၊ ရှေး၌လည်း ကျင့်ဘူးသလျှင်ကတည်းဟူ၍ ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ဗာရာဏသီမင်းပရိသတ်ဖြစ်ဘူးကုန်ပြီ၊ ယခုအခါဘငါဘုရားသည်လျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီဟု ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

လောကတ္ထတွက်၊ ကျင့်ပုံချက်၊ သေပျက်မရှိရာ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဒုမ္မေဓဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အာသီသဝဂ်

၁။ မဟာသီလဝဇာတ်

ဝီရိယကို မလျှော့သောကြောင့် ပျက်စီးသောစည်းစိမ် တဖန်ဖြစ်လာသောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အာသီသေထေဝ ပုရိသော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ မဟာသီလဝ ဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လျော့သော ဝီရိယရှိသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ မြတ်စွာဘုရားသည် လျော့သော ဝီရိယရှိသော ရဟန်းကို ရဟန်း သင်သည် လျှော့သော ဝီရိယရှိသတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း သင်သည် အဘယ်ကြောင့် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှထွက်မြောက်စေတတ်သော သာသနာတော်၌ရဟန်းပြု၍ ဝီရိယကိုလျော့သနည်း၊ ရှေး၌ ပညာရှိတို့သည် မင်းအဖြစ်မှယုတ်ကုန်၍လည်း မိမိဝီရိယ၌တည်၍ ပျက်စီးပြီးသော စည်းစိမ်အခြံအရံကိုလည်း ဖြစ်စေဘူးကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီမင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၏။ ထိုဘုရားလောင်းအား အမည်မှည့်သောနေ့၌ သီလဝ သတို့သားဟူသော အမည်ကိုမှည့်ကုန်၏။ ထိုဘုရားလောင်းသည် တဆယ့်ခြောက်နှစ် အရွယ်ရှိလတ်သော်လျှင် အလုံးစုံသော အတတ်၌ အပြီးသို့ရောက်၍ နောက်အဘို့၌ အဘလွန်သဖြင့် မင်းအဖြစ်၌ တည်သည်ဖြစ်၍ မဟာသီလဝ အမည်ရှိသော မင်းသည် ဖြစ်၏။ တရားကိုစောင့်၏။ တရားသဖြင့် မင်းပြု၏။ ထိုမဟာသီလဝမင်းသည် ဗာရာဏသီမြို့ဝယ် တံခါးလေးမျက်နှာတို့၌ လေးဆောင်, မြို့လယ်၌ တဆောင်, နန်းတော်တံခါး၌ တဆောင်, ဤသို့ ခြောက်ဆောင်ကုန်သော အလှူတင်းကုပ်တို့ကို အမြဲဆောက်လုပ်စေ၍ အထီးကျန်သသူ ခရီးသွားသောသူတို့အား အလှူပေး၏။ သီလစောင့်၏။ ဥပုသ် ဆောက်တည်ခြင်းကို ပြု၏။ ခန္တီ မေတ္တာ ကရုဏာနှင့် ပြည့်စုံ၏။ ရင်ခွင်၌ နေသောသားကို နှစ်သိမ့်စေဘိသကဲ့သို့ ခပ်သိမ်းကုန်သော သတ္တဝါတို့ကို နှစ်သိမ့်စေလျက် တရားသဖြင့် မင်းပြု၏။ ထိုမဟာသီလဝမင်း၏ တယောက်သော အမတ်သည် နန်းတော်တွင်း၌ပြစ်မှား၍ နောက်အဘို့၌ထင်ရှားသည်ဖြစ်၍ အမတ်တို့သည်မင်းအား ကြားလျှောက်ကုန်၏။

မင်းသည် စုံစမ်းသည်ရှိသော် မိမိမျက်မှောက်အားဖြင့်သိ၍ ထိုအမတ်ကိုခေါ်စေ၍ အလွန်မိုက်သောသူ သင်သည် မသင့်သည်ကိုပြု၏။ သင်သည် ငါ၏တိုင်းနိုင်ငံ၌ နေခြင်းငှါမထိုက်၊ သင်၏ဥစ္စာ သားမယားတို့ကိုယူ၍ တပါးသောအရပ်သို့ သွားလေလော ဟု တိုင်းနိုင်ငံမှ နှင်ထုတ်လိုက်၏။ ထိုအမတ်သည် ကာသိတိုင်းကို လွန်၍ ကောသလဇနပုဒ်သို့သွားပြီးလျှင်ညကောသလမင်းကို ခစားသည်ရှိသော် အစဉ်သဖြင့် ကောသလမင်း၏ အတွင်းသား အကျွမ်းဝင်သူသည် ဖြစ်၏။ ထိုအမတ်သည် တနေ့သ၌ ကောသလမင်းကို အရှင်မင်းကြီး ဗာရာဏသီပြည်မည်သည်ကား ပျားကောင်မရှိသော ပျားလတို့နှင့်တူ၏။ မင်းသည်လည်း အလွန်နူးညံ့၏။ အနည်းငယ်သာလျှင်ဖြစ်သော ဗိုလ်ပါဆင်မြင်းဖြင့် ဗာရာဏသီပြည်ကိုယူခြင်းငှါ တတ်နိုင်၏ဟုလျှောက်၏။

မင်းသည် ထိုအမတ်၏စကားကို ကြား၍ ဗာရာဏသီပြည်သည်ကား အလွန်ကြီး၏။ ဤအမတ်သည်လည်း အနည်းငယ်သာလျှင်ဖြစ်သော ဗိုလ်ပါ ဆင်မြင်းဖြင့် ယူခြင်းငှါတတ်နိုင်၏ ဟု ဆို၏။ သူလျှိုခိုးသူသည် ဖြစ်ရာ၏။ ဤသို့ကြံ၍ သင်သည် သူလျှိုယောင်တကား ဟု ဆို၏။ အရှင်မင်းကြီး အကျွန်ုပ်သည် သူလျှိုမဟုတ်၊ မှန်သည်ကိုသာလျှင်ဆိုပါ၏။ အကျွန်ုပ်၏ စကားကို အကယ်၍ ယုံကြည်တော် မမူ၊ လူတို့ကိုစေ၍ ပစ္စန္တရစ်ကိုဖျက်ဆီးစေကုန်လော၊ ထိုလူတို့ကိုဖမ်း၍ မိမိအထံသို့ဆောင်သည်ရှိသော် ထိုသူတို့ကို ဥစ္စာပေး၍ လွှတ်လိုက်လတ္တံ့၊ ဤသို့ဆိုသည်ရှိသော် ကောသလမင်းသည် ဤအမတ်သည်ကား အလွန်ရဲရင့်သည် ဖြစ်၍ဆို၏။ ထိုဗာရာဏသီမင်းကို ရှေးဦးစွာစုံစမ်းအံ့ဟု မိမိ၏ မင်းချင်းယောက်ျားတို့ကိုစေ၍ ပစ္စန္တရစ်ကိုဖျက်ဆီးစေ၏။ ထိုပစ္စန္တရစ်ရွာသားတို့သည် ထိုခိုးသူတို့ကိုဖမ်း၍ ဗာရာဏသီမင်းအားပြကုန်၏။ မင်းသည် ခိုးသူတို့ကိုမြင်၍ အမောင်တို့ အဘယ့်ကြောင့် ရွာကိုဖျက်ဆီးကုန်သနည်းဟု မေးသည်ရှိသော် အရှင်မင်းကြီး အသက်မွေးခြင်းငှာ မတတ်နိုင်သောကြောင့် ဖျက်ဆီးကုန်၏ဟု လျှောက်ကုန်၏။ မင်းသည် ထိုသို့ အသက်မမွေးနိုင်သော်လည်း အဘယ့်ကြောင့် ငါ့အထံသို့ မလာကြကုန်သနည်း၊ ယနေ့မှစ၍ ဤသို့သဘောရှိသောဘအမှုကို မပြုကုန်လင့်ဟု ဆို၍ ထိုခိုးသူတို့အား ဥစ္စာကိုပေး၍ လွှတ်လိုက်၏။

ထိုမင်းချင်းယောက်ျားတို့သည် သွားကုန်၍ ကောသလမင်းအား ထိုအကြောင်းကို လျှောက်ကုန်၏။ ကောသလမင်းသည် ဤမျှဖြင့်လည်း သွားခြင်းငှာမဝံ့သည်ဖြစ်၍ တဖန်စေ၍ တိုင်းလယ်၌ဖြစ်သောဇနပုဒ်ကို ဖျက်ဆီးစေ၏။ ထိုမင်းချင်းတို့ကို မဟာသီလဝမင်းသည် ထိုရှေးအတူသာလျှင်ဥစ္စာပေး၍ လွှတ်လိုက်၏။ ထိုကောသလမင်းသည် ဤမျှဖြင့်လည်းမသွားမူ၍ တဖန်စေ၍ မြို့လယ်ခရီးကို ဖျက်ဆီးစေ၏။ မဟာသီလဝမင်းသည် ထိုမင်းချင်း ခိုးသူတို့အားလည်း ဥစ္စာပေး၍လွှတ်လိုက်သည်သာလျှင်တည်း၊ ထိုအခါ ကောသလမင်းသည် ဗာရာဏသီမင်းကား အလွန်လျှင် တရား စောင့်၏။ တရားသဖြင့် မင်းဖြစ်၏ဟု သိ၍ ဗာရာဏသီပြည်ကို မင်းပြုအံ့ဟု ဗိုလ်ပါဆင်မြင်းကိုယူ၍ ထွက်၏။ ထိုအခါ ဗာရာဏသီမင်းအား အမုန်ရစ်သောဆင်ကဲ့သို့ ရှေ့ရှုလာကုန်သော်လည်း မဆုတ်မနစ်သော သဘောရှိကုန်သော မိုဃ်းကြိုးတို့သည် ဦးခေါင်း၌ကျကုန်သော်လည်း မထိတ်မလန့်သော သဘောရှိကုန်သော မဟာသီလဝမင်းသည် အလိုရှိသည်ရှိသော် အလုံးစုံသောဇမ္ဗူဒိပ်၌ မင်းအဖြစ်ကိုယူခြင်းငှါ စွမ်းနိုင်ကုန်သော တထောင်အတိုင်းအရှည်ရှိကုန်သော မပျက်သောလုံ့လ ရဲရင့်ခြင်းရှိကြကုန်သော သူရဲကြီးတို့သည် ရှိသည်ဖြစ်ကုန်၏။ ထိုသူရဲကြီးတို့သည် ကောသလမင်းလာပြီဟုကြားလျှင် မင်းသို့ကပ်ကုန်၍ ရှင်မင်းကြီး ကောသလမင်းသည် ဗာရာဏသီပြည်ကို ယူအံ့သောငှါ လာသတတ်၊ အကျွန်ုပ်တို့သည် သွားကုန်အံ့၊ ထိုကောသလမင်းကို အကျွန်ုပ်တို့၏ နိုင်ငံအပိုင်းအခြားသို့မဝင်မီ သတ်၍ယူအံ့ဟု လျောက်ကုန်၏။

မင်းသည် အမောင်တို့ ငါ့ကိုမှီ၍ တပါးကုန်သောလူတို့အား ပင်ပန်းခြင်းကိစ္စသည်မရှိ၊ တိုင်းပြည်ကိုအလိုရှိကုန်သော သူတို့သည် တိုင်းပြည်ကိုယူစေကုန်၊ မသွားကြကုန်လင့်ဟု မြစ်၏။ ကောသလမင်းသည် နိုင်ငံအပိုင်းအခြားကိုလွန်၍ ဇနပုဒ်အလယ်သို့ဝင်၏။ အမတ်တို့သည် တဖန်လည်း မင်းသို့ကပ်၍ ရှေးအတူသာလျှင် လျှောက်ကုန်၏။ မင်းသည် ရှေးနည်းဖြင့်သာလျှင် မြစ်၏။ ကောသလမင်းသည် မြို့ရိုး၌ရပ်၍ ပြည်ကိုတည်းပေးမည်လော၊ စစ်ထိုးခြင်းကိုတည်း ပြုမည်လောဟု မဟာသီလဝမင်းအား စေလိုက်၏။

မဟာသီလဝမင်းသည် ထိုသို့သတင်းစကားကိုကြား၍ ငါ၌ စစ်ထိုးခြင်းသည်မရှိ တိုင်းပြည်ကိုယူလောဟု စကားတုံ့ စေလိုက်၏။ တဖန်လည်း အမတ်တို့သည် မင်းသို့ကပ်ကုန်၍ အရှင်မင်းကြီး အကျွန်ုပ်တို့သည် ကောသလမင်းအား မြို့သို့ဝင်စိမ့်သောငှာ မပေးကုန်အံ့၊ မြို့ပ၌သာလျှင် ထိုကောသလမင်းကို သတ်၍ ယူကုန်အံ့ဟု လျှောက်ကုန်၏။ မင်းသည် ရှေးနည်းဖြင့်သာလျှင်မြစ်၍ မြို့တံခါးကိုဖွင့်စေ၍ အမတ်တထောင်နှင့်တကွ မြတ်သောအပြင်ရှိသောပလ္လင်၌ နေ၏။ ကောသလမင်းသည် များစွာသော ဆင်မြင်းဗိုလ်ပါဖြင့် ဗာရာဏသီမြို့ကိုဝင်၏။ ထိုကောသလမင်းသည် တယောက်သောရန်သူကိုလည်း မမြင်သည်ဖြစ်၍ မဟာသီလဝမင်း၏ နန်းတော်တံခါးသို့သွား၍ အမတ်အပေါင်းခြံရံလျက် မပိတ်သောတံခါးရှိသောနန်းတော်၌ တန်ဆာဆင်ခြင်းနှင့် စပ်သော မြတ်သောအပြင်ထက်၌နေသော အပြစ်မရှိသော မဟာသီလဝမင်းကို အမတ်တထောင်နှင့်တကွ လက်ပြန်မြဲစွာဖွဲ့ခြင်းကိုဖွဲ့၍ အစိမ်းပစ်ရာသုသာန်သို့ဆောင်၍ လည်ပမာဏရှိကုန်သော တွင်းတို့ကိုတူး၍ အကြင်သို့သောအခြင်းအရာဖြင့် ပြုသည်ရှိသော် တယောက်သောသူသည်လည်း လက်ကိုချီခြင်းငှါ မတတ်နိုင်၊ ဤသို့သောအခြင်းအရာဖြင့် မြေဖို့၍ မြှုပ်ကုန်လော၊ ညဉ့်၌ မြေခွေးတို့သည်လာကုန်၍ ထိုသူတို့အား ပြုအပ်သည်နှင့် ယှဉ်သည်ကို ပြုကုန်လတ္တံ့၊ ဤသို့ ကောသလမင်း ဆို၏။

လူတို့သည် ခိုးသူမင်း၏အာဏာကိုကြားကုန်၍ မဟာသီလဝမင်းကို အမတ်တို့နှင့်တကွ လက်ပြန်မြဲစွာဖွဲ့၍ ထွက်ကုန်၏။ ထိုကာလ၌လည်း မဟာသီလဝမင်းကြီးသည် ခိုးသူမင်းအား ရန်ငြိုးဖွဲ့ခြင်းကိုလည်း မပြု၊ ဤသို့ဖွဲ့၍ ဆောင်အပ်ကုန်သော ထိုအမတ်တို့တွင်လည်း တယောက်သောအမတ်သည်လည်း မဟာသီလဝမင်း၏စကားကို ဖျက်ဆီးအံ့သောငှါ စွမ်းနိုင်သော မည်သည်မဖြစ်၊ ထိုမဟာသီလဝမင်း၏ ပရိသတ်တို့သည် ကောင်းစွာဆုံးမအပ်ပြီးသော ပရိသတ်တို့သည် ဖြစ်ကုန်သတတ်၊ ထိုအခါ မင်းချင်းယောက်ျားတို့သည် အမတ်နှင့်တကွသော မဟာသီလဝမင်းကို အစိမ်းပစ်ရာသုသာန်သို့ ဆောင်ကုန်၍ လည်ပမာဏရှိကုန်သောတွင်းတို့ကို တူးကုန်၍ မဟာသီလဝမင်းကို အလယ်၌ ကြွင်းသော အမတ်တို့ကို နံပါးနှစ်ဘက်တို့၌ ဤအလုံးစုံသောသူတို့ကို တွင်းတို့၌ချကုန်၍ မြေကိုလောင်း၍ ခိုင်ခံ့စွာသိပ်၍ သွားကုန်၏။ မဟာသီလဝမင်းသည် အမတ်တို့ကိုခေါ်၍ အမောင်တို့ သင်တို့သည် ခိုးသူမင်း၏အထက်၌ အမျက်မပြုကုန်မူ၍ မေတ္တာကိုသာလျှင် ပွားစေကုန်လောဟု ဆုံးမ၏။ သန်းခေါင်အခါ၌ လူသားကိုစားကုန်အံ့ဟု မြေခွေးတို့သည်လာကုန်၏။

ထိုမြေခွေးတို့ကိုမြင်ကုန်၍ မင်းသည်၎င်း အမတ်တို့သည်၎င်း တပြိုင်နက်လျှင် အသံပြုကုန်၏။ မြေခွေးတို့သည် ကြောက်ကုန်သည်ဖြစ်၍ ပြေးကုန်၏။ ထိုမြေခွေးတို့သည် ပြန်၍ ကြည့်ကုန်လတ်သော် နောက်မှ တစုံတယောက်သောသူ၏ မလာသောအဖြစ်ကိုသိ၍ တဖန် လာပြန်ကုန်၏။ မင်း အမတ်တို့သည်လည်း ထိုရှေးအတူသာလျှင် အသံကိုပြုကုန်၏။ ဤသို့ သုံးကြိမ်မြောက်အောင်လာကုန်၍ တဖန် ကြည့်ကုန်လတ်သည်ရှိသော် ထိုသူတို့တွင် တယောက်သောသူ၏လည်း မလာသောအဖြစ်ကိုသိ၍ ထိုသူတို့သည် သတ်အပ်သောအဖြစ်သို့ ရောက်ကုန်သောသူတို့သည် ဖြစ်ကုန်လတ္တံ့ဟု ရဲရင့်ကုန်သည်ဖြစ်၍ ပြန်၍တဖန် ထိုသူတို့သည် အသံပြုကုန်သော်လည်း မပြေးကုန်၊ မြေခွေးကြီးသည် မင်းကြီးသို့ကပ်၏။ ကြွင်းကုန်သောမြေခွေးတို့သည် ကြွင်းကုန်သောအမတ်တို့၏ အထံသို့ကပ်ကုန်၏။ မဟာသီလဝမင်းသည် ဥပါယ်၌လိမ်မာ၏။ ထိုးမြေခွေးကြီး၏ မိမိ၏အထံသို့ လာသောအဖြစ်ကိုသိ၍ ကိုက်စိမ့်သောငှါအခွင့်ပေးသကဲ့သို့ လည်ကိုမော့၍ လည်၌ကိုက်သော ထိုမြေခွေးကြီးကို မေးရိုးဖြင့်ငင်၍ ယန္တရား၌ ထည့်ဘိသကဲ့သို့ မြဲစွာကိုင်ညှပ်၏ ဆင်ပြောင်အားနှင့်တူသော အားရှိသောမဟာသီလဝမင်းသည် မေးရိုးဖြင့်ငင်၍ လည်၌မြဲစွာကိုင်ညှပ်သည်ရှိသော် မြေခွေးသည် မိမိကိုယ်ကိုလွတ်စိမ့်သောငှါ မတတ်နိုင်ရကား သေဘေးမှကြောက်သည်ဖြစ်၍ သည်းသော အသံကို မြည်၏။ ကြွင်းကုန်သော မြေခွေးတို့သည် ထိုမြေခွေးကြီး၏အသံကိုကြားကုန်၍ တယောက်သောယောက်ျားသည် ဖမ်းအပ်သည် ဖြစ်လတ္တံ့ဟု အမတ်တို့သို့ ကပ်အံ့သောငှါ မတတ်နိုင်ကုန်ရကား သေဘေးမှ ကြောက်ကုန်သည်ဖြစ်၍ အလုံးစုံကုန်သောမြေခွေးတို့သည် ပြေးကုန်၏။

မဟာသီလဝမင်းသည် မေးရိုးဖြင့် မြဲမြံပြု၍ ဖမ်းအပ်သော မြေခွေးသည် ထိုမှဤမှ ရုန်းလတ်သည်ရှိသော် မြေသည်လျော့၏။ ထိုမြေခွေးသည်လည်း သေဘေးမှကြောက်သောကြောင့် ခြေလေးဘက်တို့ဖြင့် မင်း၏အထက်အဘို့၌ မြေကိုယက်၏။ မင်းသည် မြေ၏ လျော့သောအဖြစ်ကိုသိ၍ မြေခွေးကိုလွှတ်လိုက်၍ ဆင်ပြောင်နှင့်တူသောအားရှိသော အစွမ်းနှင့်ပြည့်စုံသော မဟာသီလဝမင်းသည် ထိုမှဤမှလွန့်လျက် လက်နှစ်ဘက်တို့ကိုချီ၍ တွင်းဝအနားရေး၌ ထောက်၍ လေကြောင့်ပြတ်သော တိမ်ကဲ့သို့ ထွက်၍ တည်လျက် အမတ်တို့ကို နှစ်သိမ့်စေ၍ မြေကိုယက်၍ အလုံးစုံသောသူတို့ကို ထုတ်ပြီးလျှင် အမတ်အပေါင်းခြံရံလျက် အစိမ်းပစ်ရာသုသာန်၌ တည်၏။ ထိုအခါ လူတို့သည် တယောက်သောလူသေကို အစိမ်းပစ်ရာသုသာန်၌ စွန့်ကုန်သည်ရှိသော် နှစ်ယောက်ကုန်သော ဘီလူးတို့၏နယ်စပ်၌ စွန့်ကုန်၏။ ထိုဘီလူးတို့သည် ထိုလူသေကို ဝေဘန်အံ့သောငှါ မတတ်နိုင်ကုန်သည် ဖြစ်၍ ငါတို့သည် ဤလူသေကို ဝေဘန်အံ့သောငှါမတတ်နိုင်ကုန်၊ ဤမဟာသီလဝမင်းသည် တရားစောင့်၏။ ဤမဟာသီလဝမင်းသည် ငါတို့အား ဝေဘန်၍ပေးလတ္တံ့၊ ထိုမဟာသီလဝမင်း၏အထံသို့ သွားကုန်အံ့ဟု ထိုလူသေကို ခြေ၌ကိုင်၍ငင်ကုန်လျက် မဟာသီလဝမင်း၏ အထံသို့သွား၍ အရှင်မင်းကြီး အကျွန်ုပ်တို့အား ဝေ၍ပေးကုန်လောဟု ဆိုကုန်၏။

အချင်း ဘီလူးတို့ ငါသည် ဤလူသေကို သင်တို့အား ဝေ၍ပေးလို၏။ ထိုသို့ပေးလိုသော်လည်း ငါသည် မစင်ကြယ်သာ ကိုယ်ရှိသည်ဖြစ်၏။ ရှေးဦးစွာ ရေချိုးအံ့ဟုဆို၏။ ထိုဘီလူးတို့သည် ခိုးသူမင်းဘို့ထားအပ်သော အမွှေးအကြိုင်တို့ဖြင့် ထုံအပ်သော ရေကို မိမိတို့၏အာနုဘော်ဖြင့်ဆောင်၍ မဟာသီလဝမင်းအား ရေချိုစိမ့်သောငှာ ပေးကုန်၏။ ရေချိုးပြီးလျှင်တည်သောမဟာသီလဝမင်းအား ခေါက်၍ထားအပ်ကုန်သော ခိုးသူမင်း၏ပုဆိုးကို ဆောင်၍ပေးကုန်၏။ ထိုပုဆိုးတို့ကိုဝတ်၍ တည်သောမဟာသီလဝမင်းအား နံ့သာမျိုးလေးပါးထည့်သော ကြုတ်ကိုဆောင်၍ ပေးကုန်၏။ နံ့သာတို့ကိုလိမ်းကျံ၍ တည်သောမဟာသီလဝမင်းအား ရွှေကြုတ်တို့၌၎င်း ပတ္တမြားယပ်ဝန်းတို့၌၎င်း ထားအပ်ကုန်သော အထူးထူးသောပန်းတို့ကိုလည်း ဆောင်၍ပေးကုန်၏။ ပန်းတို့ကိုပန်၍ တည်သောကာလ၌ တပါးသောအဘယ်အမှုကို ပြုကုန်အံ့နည်းဟုမေးကုန်၏။ မဟာသီလဝမင်းသည် မိမိအား အရသာမွတ်သော အခြင်းအရာကိုပြ၏။ ထိုဘီလူးတို့သည် သွားကုန်၍ ခိုးသူမင်းဘို့ ကောင်းစွာစီရင်အပ်သော အထူးထူးသော မြတ်သောအရသာရှိသောဘောဇဉ်ကို ဆောင်၍ ပေးကုန်၏။ မဟာသီလဝမင်းသည် ရေချိုးပြီး၍ နံ့သာလိမ်းကျံပြီးသော် ကောင်းသောတန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သည်ဖြစ်၍ အထူးထူးသော မြတ်သော အရသာရှိသောဘောဇဉ်ကို စားရ၏။ ဘီလူးတို့သည် ခိုးသူမင်းဘို့ထားအပ်သော အမွှေးအကြိုင်တို့ဖြင့်ထုံအပ်သော သောက်ရေကို ရွှေကရားနှင့်သာလျှင်၎င်း ရွှေခွက်ငယ်နှင့်၎င်း တကွ ဆောင်ကုန်၏။

ထိုအခါ မဟာသီလဝမင်း၏ သောက်ရေကိုသောက်၍ ခံတွင်းဆေး၍ လက်တို့ကိုဆေး၍ တည်သောကာလ၌ ခိုးသူမင်းဘို့ ကောင်းစွာစီရင်အပ်သော ငါးပါးသောနံ့သာမျိုးတို့ဖြင့် ကောင်းစွာ ထုံအပ်သော ကွမ်းကိုဆောင်၍ပေးကုန်၏။ ထိုကွမ်းကိုစား၍ တည်သောကာလ၌ တပါးသောအဘယ်အမှုကို ပြုရကုန်အံ့နည်းဟု မေးကုန်၏။ သင်တို့သည်သွား၍ ခိုးသူမင်း၏ ဦးခေါင်းရင်း၌ ထားအပ်သော မင်္ဂလာသန်လျက်ကို ဆောင်ခဲ့ကြကုန်လောဟု ဆို၏။ ထိုသန်လျက်ကိုလည်း သွား၍ဆောင်ကုန်၏။ မဟာသီလဝမင်းသည် သန်လျက်ကိုကိုင်၍ ထိုလူသေကို ဖြောင့်စွာထားစေပြီးလျှင် ဦးခေါင်းလယ်၌ သန်လျက်ဖြင့်ခြမ်း၍ နှစ်ခုတို့ကိုပြု၍ နှစ်ယောက်ကုန်သော ဘီလူးတို့အား အညီအမျှဝေ၍ပေး၏။ ပေးပြီးလျှင် သန်လျက်ကိုဆေး၍ ဖွဲ့၍တည်၏။ ထိုအခါ ထိုဘီလူးတို့သည် လူသားကိုစား၍ ဝကုန်သည်ရှိသော် နှစ်သက်သောစိတ်ရှိကုန်သည်ဖြစ်၍ မြတ်သောမင်းကြီး ရှင်မင်းကြီးအား တပါးသော အဘယ်ကို ပြုရအံ့နည်းဟု မေးကုန်၏။ ထိုသို့တပြီးကား သင်တို့သည် မိမိ၏အာနုဘော်အားဖြင့် ငါ့ကို ကြက်သရေတိုက်၌ ထားကြကုန်လော၊ အမတ်တို့ကိုလည်း မိမိမိမိတို့၏အိမ်တို့၌ တည်စေကုန်လောဟုဆို၏။ ထိုဘီလူးတို့သည် အရှင်မင်းကြီး ကောင်းပြီဟု ဝန်ခံကုန်၍ မင်းကြီးဆိုတိုင်း ပြုကုန်၏။ ထိုအခါခိုးသူမင်းသည် တန်ဆာဆင်အပ်သော ကြက်သရေတိုက်၌ ကြက်သရေရှိသော အိပ်ရာအပြင်ဝယ် လျောင်းလျက်အိပ်၏။ မဟာသီလဝမင်းသည် ခိုးသူမင်း၏ မေ့လျော့စဉ်အိပ်ပျော်စဉ် သန်လျက်ဖျားဖြင့် ဝမ်းကို ခတ်၏။ ထိုခိုးသူမင်းသည် ကြောက်သည်ဖြစ်၍ နိုးလတ်သော် ဆီမီးရောင်ဖြင့် မဟာသီလဝမင်းကြီးကိုသိ၍ အိပ်ရာမှထပြီးလျှင် သတိကိုဖြစ်စေ၍ရပ်လျက် မဟာသီလဝမင်းကြီးကို မြတ်သောမင်းကြီး ဤသို့သဘောရှိသောညဉ့်၌ ယူအပ်သောအစောင့်အရှောက်ရှိသော ပိတ်အပ်သောတံခါးရှိသော နန်းတော်၌ အစောင့်အရှောက်လူတို့ဖြင့် ဝင်နိုင်ခွင့်မရှိရာအရပ်၌ သန်လျက်ကိုလွယ်၍ တန်ဆာဆင်ခြင်းနှင့်စပ်သည်ဖြစ်၍ အသို့မူ၍လျှင် မင်းကြီးသည် ဤအိပ်ရာအပြင်သို့ လာသနည်းဟု ဆို၏။

မဟာသီလဝမင်းကြီးသည် မိမိ၏ အလုံးစုံသောအကြောင်းကို အကျယ်အားဖြင့် ဆို၏။ ထိုစကားကိုကြား၍ ခိုးသူမင်းသည် ထိတ်လန့်သောနှလုံးရှိသည်ဖြစ်၍ မြတ်သောမင်းကြီး အကျွန်ုပ်သည် လူစင်စစ် ဖြစ်ငြားသော်လည်း အရှင်မင်းကြီးတို့၏ ကျေးဇူးကိုမသိ၊ တပါးကုန်သောသူတို့၏ အသွေးအသားကို စားကုန်သော ရုန့်ရင်းကြမ်းကြုတ်ကုန်သော ဘီလူးတို့သည်ကား အရှင်မင်းကြီး၏ ကျေးဇူးတို့ကိုသိအပ်ကုန်၏။ မြတ်သောမင်းကြီး ယခုအခါ၌ အကျွန်ုပ်သည် ဤသို့သဘောရှိသော သီလနှင့်ပြည့်စုံသောရှင်မင်းကြီး၌ မပြစ်မှားအံ့ဟု သန်လျက်ကိုယူ၍ ကျိန်ခြင်းကို ပြုပြီးလျှင် မဟာသီလဝမင်းကြီးကိုကန်တော့၍ မြတ်သောအိပ်ရာ၌အိပ်စေ၍ မိမိသည် ညောင်စောင်းငယ်၌ အိပ်၍ ညဉ့်သည်လင်း၍ နေထွက်သော် စည်လည်စေ၍ အလုံးစုံသော စစ်သည်တို့ကို၎င်း အမတ်ပုဏ္ဏားသူကြွယ်တို့ကို၎င်း စည်းဝေးစေ၍ ထိုသူတို့ရှေ့မှ ကောင်းကင်၌ လပြည့်ဝန်းကို ချီသကဲ့သို့ မဟာသီလဝမင်း၏ ကျေးဇူးကိုကိုဆိုပြီးလျှင် ပရိသတ်၏ အလယ်၌သာလျှင် တဖန် မဟာသီလဝမင်းကြီးကို ကန်တော့၍ မင်းအဖြစ်ကိုဆောင်နှင်း၍ ယနေ့မှစ၍ အရှင်မင်းကြီးတို့အားဖြစ်သော ခိုးသူဥပဒ္ဒဝေါသည် အကျွန်ုပ်တို့ဝန်တည်း၊ အရှင်မင်းကြီးတို့သည် အကျွန်ုပ်သည်ယူအပ်သော အစောင့်အရှောက်ရှိသည်ဖြစ်၍ မင်းပြုကုန်လော၊ ဤသို့ဆို၍ ဂုံးတိုက်ခြင်းကို ပြုသောအမတ်အား အာဏာကိုပြု၍ မိမိ၏ဗိုလ်ပါဆင်မြင်းကိုယူ၍ မိမိတိုင်းပြည်သို့သာလျှင် သွား၏။ မဟာသီလဝမင်းကြီးသည်လည်း တန်ဆာဆင်ခြင်းနှင့် စပ်သည်ဖြစ်၍ ထီးဖြူအောက်၌ သမင်ဆီးဆောက်အခြေတပ်သော ရွှေပလ္လင်၌နေလျက် မိမိစည်းစိမ်သည်၎င်း အမတ်တထောင်အသက်ကို ရခြင်းသည်၎င်း ငါသည် တစုံတခုသောဝီရိယကို မပြုသည်ရှိသော် မဖြစ်လတ္တံ့၊ ဝီရိယ၏ အစွမ်းဖြင့်ကား ငါသည် တိုင်းပြည်ကို၎င်း ဤစည်းစိမ်အခြံအရံကို၎င်း ရအပ်ပြီ၊ အမတ်တထောင်အား အသက်အလှူကိုလည်း ပေးရပြီ၊ စင်စစ်ကား အာသာပြတ်ခြင်းကိုမပြုမူ၍ ဝီရိယကိုသာလျှင်ပြုအပ်၏။ ထိုစကားသည် မှန်၏။ ပြုအပ်သော ဝီရိယရှိသောသူအား အကျိုးမည်သည် ပြည့်စုံ၏ဟုကြံလျက် ဥဒါန်း ကျူးရင့်သည်၏ အစွမ်းအားဖြင့်-

၅၁။ အာသီထေဝ ပုရိသော၊ န နိဗ္ဗိန္ဒေယျပဏ္ဍိတော။
ပဿာမိ ဝေါဟံ အတ္တာနံ၊ ယထာ ဣစ္ဆိံ တထာ အဟု။

ဟူသော ဤဂါထာကို ဆို၏။

၅၁။ ပုရိသော၊ ယောက်ျားသည်။ အာသီသေထေဝ၊ အာသာကို ပြုရာသလျှင်ကတည်း။ ပဏ္ဍိတော၊ ပညာရှိသည်။ န နိဗ္ဗိန္ဒေယျ၊ အာသာကိုပြုခြင်း၌ မငြီးငွေ့ရာ။ ယထာ-ယံ သမ္ပတ္တိံ၊ အကြင် စည်းစိမ်ကို။ ဣစ္ဆိံ၊ အလိုရှိပြီ။ တထာ-တံ သမ္ပတ္တိံ၊ ထိုစည်းစိမ်သို့။ ပတ္တံ၊ ရောက်သော။ အတ္တာနံ၊ မိမိကိုယ်ကို။ အဟု အဇ္ဇ၊ ယနေ့။ အဟံ၊ ငါသည်။ ပဿာမိ၊ မြင်ရ၏။ တနည်းကား-အဇ္ဇ၊ ယနေ့။ အဟံ၊ ငါသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ပဿာမိ၊ မြင်ရ၏။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ ဣစ္ဆိံ၊ အလိုရှိပြီ။ ထိုသို့သောအခြင်းအရာဖြင့်။ မေ၊ ငါ့အား အတ္ထော၊ အကျိုးသည်။ အဟု၊ ဖြစ်ပြီ။

ဤသို့လျှင် ဘုရားလောင်းသည် အချင်းတို့ စင်စစ်အံ့ဘွယ်ရှိစွ၊ သီလနှင့်ပြည့်စုံကုန်သောသူတို့အား ဝီရိယ၏ အကျိုးမည်သည်ကား ပြည့်စုံ၏ ဟု ဤဂါထာဖြင့် ဥဒါန်းကျူး၍ အသက်ထက်ဆုံး ကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ လား၏။ မြတ်စွာဘုရားသည်လည်း ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ လျှော့သော ဝီရိယရှိသော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် အနုသန္ဓေကိုစပ်၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ပြစ်မှားသော အမတ်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ အမတ်တထောင်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မဟာသီလဝမင်း ဖြစ်ဘူးပြီဟု ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ဝီရိယရင်း၊ အားကိုသွင်း၊ ဘေးကင်းရန်ကွာ စည်းစိမ်ဖြာ

ရှေးဦးစွာသော မဟာသီလဝဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အာသီသဝဂ်

၂။ စူဠဇနကဇာတ်

ဝီရိယကို ကောင်းအားထုတ်အပ်သော အကြောင်း

ပစ္စုပ္ပန် နှင့် အတိတ်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဝါယမေထေဝ ပုရိသော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠနကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် လျော့သော ဝီရိယရှိသော ရဟန်းကိုပင်လျှင် အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစူဠဇနက ဇာတ်၌ အကြင်စကားကို ဆိုအပ်၏။ အလုံးစုံသော ထိုစကားသည် မဟာဇနကဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ အထူးသဖြင့်ကား စူဠဇနကမင်းသည် ထီးဖြူအောက်၌ နေလျက်-

၅၂။ ဝါယမေထေဝ ပုရိသော န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော။
ပဿာမိ ဝေါဟံ အတ္တာနံ၊ ဥဒကာ ထလမုဗ္ဘတံ။

ဟူသော ဤဂါထာကို ဆို၏။

၅၂။ ပုရိသော၊ ယောက်ျားသည်။ ဝါယမေထေဝ၊ လုံ့လကို ပြုရာသလျှင်ကတည်း။ ပဏ္ဍိတော၊ ပ ညာရှိသည်။ န နိဗ္ဗိန္ဒေယျ၊ လုံ့လကိုပြုခြင်း၌ မငြီးငွေ့ရာ။ ဥဒကာ၊ ရေမှ။ ထလံ၊ ကြည်း၌။ ဥဗ္ဘတံ၊ တည်သော။ အတ္တာနံ၊ မိမိကိုယ်ကို။ အဟံ၊ ငါသည်။ ပဿာမိ၊ မြင်၏။

ဤစူဠနကဇာတ်၌လည်း လျှော့သောဝီရိယရှိသော ရဟန်းသည်အရဟတ္တဖိုလ်သို့ ရောက်၏။

ဇာတ်ပေါင်း... ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ စူဠဇနကမင်းဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ဝီရိယ ဝတ၊ ကိံနာမ၊ ကိစ္စဖြာဖြာ ပြီးစီးရာ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော စူဇနကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အာသီသဝဂ်

၃။ ပုဏ္ဏပါတိဇာတ်

သေသောက်ကြူးတို့ လှည့်ပတ်သည့် အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် တထေဝ ပုဏ္ဏာ ပါတိယော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပုဏ္ဏပါတိဇာတ်ကို ဇေတဝန် ကျောင်းတော်၌နေတော်မူစဉ် အဆိပ်ခတ်သောသေကို အကြောင်းပြု၍ ဟောတော်မူ၏။ တပါးသောအခါ သာဝတ္ထိပြည်၌ သေသောက်ကြူးတို့သည် စည်းဝေးကုန်၍ ငါတို့အား သေဘိုးသည်ကုန်ပြီ၊ အသို့ပြု၍လျှင် ရအံ့နည်းဟု ဆိုကြကုန်၏။ ထိုအခါ တယောက်သော ကြမ်းကြုတ်သောသေသောက်ကြူးသည် မကြံကြကုန်လင့်၊ တခုသော ဥပါယ်သည်ရှိ၏ဟုဆို၏။ အချင်းသေသောက်ကြူး အဘယ်မည်သော ဥပါယ်နည်းဟု ဆိုကြကုန်သည်ရှိသော် အနာထပိဏ်သူဌေးသည် လက်စွပ်တို့ကိုဝတ်၍ ပြေပြစ်သောပုဆိုးကိုဝတ်လျက် မင်းခစားအံ့သောငှါသွား၏။ ငါသည် သေခွက်၌ မိန်းမောခြင်းတို့ကို ပြုတတ်သောဆေးကိုခတ်၍ နေပူ၌ သေကိုစီရင်၍ထိုင်ကုန်လျက် အနာထပိဏ်သူဌေး၏ လာသောကာလ၌ သူဌေးကြီး ဤအရပ်သို့ လာတော်မူလောဟုခေါ်၍ ထိုသုရာကိုသောက်စေ၍ မိန်းမောသည်ဖြစ်သောအနာထပိဏ်သူဌေး၏ လက်စွပ်ကို၎င်း, ပုဆိုးတို့ကို၎င်း ယူ၍ သေဘိုးပြုကုန်အံ့ဟု ဆို၏။ ထိုသေသောက်ကြူတို့သည် ကောင်းပြီဟုဝန်ခံကုန်၍ ထိုသေသောက်ကြူးဆိုတိုင်း ပြုကုန်၍ အနာထပိဏ်သူဌေး၏ လာသောကာလ၌ ခရီးဦးသို့သွား၍ ရှိခိုးပြီးလျှင် အရှင်ဤအရပ်သို့လျှင် လာတော်မူကုန်လော၊ အကျွန်ုပ်တို့၏အထံ၌ အလွန်နှစ်သက်ဘွယ်ရှိသော ဤသုရာကို အတန်ငယ်သောက်၍ သွားကုန်လောဟု ဆိုကုန်၏။

သောတာပန်ဖြစ်သော ဘုရားတပည့်သည် သုရာကို အဘယ်မှာသောက်လတ္တံ့နည်း၊ အလိုမရှိသည် ဖြစ်ငြားသော်လည်း ဤသေသောက် ကြူးတို့ကို စုံစမ်းအံ့ဟု ထိုသေသောက်ကြူးတို့၏ အထံသို့သွား၍ ထိုသေသောက်ကြူးတို့၏ အမူအရာကိုကြည့်၍ ဤသေကို ဤသေသောက် ကြူးတို့သည် ဤမည်သောအကြောင်းကြောင့် ဖော်အပ်၏ဟုသိ၍ ယခုအခါ၌ ဤနေ့မှစ၍ ဤသေသောက်ကြူးတို့ကို ဤအရပ်မှပြေးစေအံ့ဟုကြံ၍ ဟယ်-ပျက်ကုန်သော သေသောက်ကြူးတို့ သင်တို့သည် သေခွက်၌ဆေးခတ်၍ လာတိုင်း လာတိုင်းကုန်သောသူတို့ကို သောက်စေပြီးလျှင် မိန်းမောစေခြင်းကိုပြု၍ လုယက်ကုန်အံ့ဟု သေတင်းကုပ်စီရင်၍ နေကုန်၏။ စင်စစ် ဤသုရာကို ချီးမွမ်းကုန်၏။ တယောက်သော သူသည်လည်း ထိုသေကိုချီ၍ သောက်ခြင်းငှာ မဝံ့၊ ဤသေသည် အကယ်၍ အဆိတ်မခတ်အပ်သည် ဖြစ်အံ့၊ သင်တို့သည်လျှင်လည်း သောက်ကုန်ရာ၏ဟု ဆို၏။ ဆိုပြီး၍ ထိုသေသောက်ကြူးတို့ကို ခြိမ်းချောက်၍ ထိုအရပ်မှပြေးစေ၍ မိမိအိမ်သို့သွားပြီးလျှင် သေသောက်ကြူးတို့သည် ပြုအပ်သော အကြောင်းကို မြတ်စွာဘုရားအားလျှောက်အံ့ဟု ဇေတဝန် ကျောင်းတော်သို့သွား၍ ကြားလျှောက်၏။ မြတ်စွာဘုရားသည် သူကြွယ် ရှေးဦးစွာ ယခုအခါ၌သာလျှင် ထိုသောက်ကြူတို့သည် သင့်ကိုလှည့်ပတ်လိုကုန်သည် မဟုတ်သေး၊ ရှေး၌လည်း ပညာရှိတို့ကို လှည့်ပတ်လိုကုန်သည် ဖြစ်ကုန်ပြီဟုမိန့်တော်မူ၍ အနာထပိဏ်သူဌေးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... သူဌေး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီသူဌေး ဖြစ်၏။ ထိုအခါ၌လည်း ထိုသေသောက်ကြူတို့သည် ဤအတူသာလျှင် တိုင်ပင်ကုန်၍ ဗာရာဏသီသူဌေး၏ လာသောကာလ၌ ခရီးဦးသို့သွား၍ ဤအတူသာလျှင် ဆိုကုန်၏။ သူဌေးသည် အလိုမရှိသည် ဖြစ်သော်လည်း သေသောက်ကြူးတို့ကို စုံစမ်းလိုသည်ဖြစ်၍ ထိုသေသောက်ကြူတို့၏အမူအရာကိုကြည့်၍ ဤမည်သောအမှုကိုပြု၍ ထိုသေသောက် ကြူးတို့သည် လှည့်ပတ်လိုကုန်၏။ ထိုသေသောက်ကြူးတို့ကို ဤအရပ်မှ ပြေးစေအံ့ဟု ကြံ၍ အို-သေသောက်ကြူးကို သုရာကိုသောက်၍ မင်းအိမ်သို့သွားခြင်းမည်သည် မသင့်၊ မင်းကိုဖူးမြင်၍ တဖန်ပြန်လာသော ငါသည် သိလတ္တံ့၊ သင်တို့သည် ဤအရပ်၌သာလျှင် နေနှင့်ကြကုန်လောဟု ဆို၏။ ဆိုပြီး၍ မင်း ခစားအံ့သောငှါသွား၍ တဖန်ပြန်လာ၏။

သေသောက်ကြူးတို့သည် အရှင်ဤအရပ်သို့ လာကုန်လောဟု ဆိုကုန်၏။ ဗာရာဏသီသူဌေးသည် ထိုအရပ်သို့သွား၍ ဆေးနှင့်ယှဉ်ကုန်သော သုရာခွက်တို့ကို ကြည့်၍ အို-သေသောက်ကြတို့ သင်တို့၏ အမူအရာကို ငါသည်မနှစ်သက်၊ သင်တို့၏ သုရာခွက်တို့သည် ပြည့်မြဲတိုင်းသာလျှင် တည်ကုန်၏။ သင်တို့သည်.စင်စစ်လျှင် သုရာကိုချီးမွမ်းကုန်၏။ ထိုသို့ချီးမွမ်းသော်လည်း မသောက်ကြကုန်၊ ဤသုရာသည် နှစ်သက်ဘွယ်ရှိသည် အကယ်၍ ဖြစ်ငြားအံ့၊ သင်တို့သည်လည်း သောက်ကုန်ရာ၏။ ဤသည်ကား အဆိပ်နှင့်ယှဉ်သည် ဖြစ်ရာ၏ဟု ဆိုပြီး၍ ထိုသေသောက်ကြူးတို့၏ နှလုံးအလိုကိုဖျက်ဆီးလိုသည်ဖြစ်၍-

၅၃။ တထေဝ ပုဏ္ဏာ ပါတိယော၊ အညာယံ ဝတ္တတေ ကထာ။
အာကာရဏနေ ဇာနာမိ၊ န စာယံ ဘဒ္ဒိကာ သုရာ။

ဟူသော ဤဂါထာကို ဆို၏။

၅၃။ ပါတိယော၊ သေခွက်တို့သည်။ တထေဝ၊ ထိုရှေးအတူသလျှင်။ ပုဏ္ဏာ၊ ပြည့်ကုန်၏။ အယံ ကထာ၊ ဤသုရာကောင်း၏ ဟူသော စကားသည်။ အညာ၊ မဟုတ်မမှန်သည်။ ဝတ္တတေ၊ ဖြစ်၏။ အာကာရဏေန၊ ဤသို့သော အကြောင်းကြောင့်။ စ-ဧကန္တေန၊ စင်စစ်သဖြင့်။ အယံ သုရာ၊ ဤသုရာကို။ န ဘဒ္ဒိကာ၊ မကောင်းဟူ၍။ ဇာနာမိ၊ သိ၏။

ဤသို့လျှင် သေသောက်ကြူးတို့ကိုနှိပ်စက်၍ အကြင်အခြင်းအရာအားဖြင့် ခြိမ်းချောက်သည်ရှိသော် တဖန် ဤသို့ သဘောရှိသောအမှုကို မပြုကုန်၊ ထိုသို့သော အခြင်းအရာအားဖြင့် သေသောက်ကြူးတို့ကို ခြိမ်းချောက်၍ လွှတ်လိုက်၏။ ဗာရာဏသီသူဌေးသည် အသက်ထက်ဆုံး ဒါနအစရှိကုန်သော ကောင်းမှုတို့ကိုပြုကုန်၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ သေသောက်ကြူးတို့သည် ထိုအခါ သေသောက်ကြူးတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဗာရာဏသီသူဌေး ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ပညာရှိကို လှည့်ပတ်ဆို၊ ဟန်ကိုရှုကြည့် အမှန်သိ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ပုဏ္ဏပါတိဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အာသီသဝဂ်

၄။ ကိံဖလဇာတ်

သစ်သီး၌ လိမ်မာသောသူ၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် နာယံ ရုက္ခာ ဒုရာရုဟော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကိံဖလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော သစ်သီး၌ လိမ်မာသော သီတင်းသည်ကို အကြောင်းပြု၍ ဟောတော်မူ၏။ တယောက်သော သာဝတ္ထိပြည်၌နေသော သူကြွယ်သည် ဘုရားအမှူးရှိသော ရဟန်းသံဃာကိုပင့်ဘိတ်၍ မိမိအာရာမ်၌ နေ၍ ယာဂုခဲဘွယ်ကို လှူ၍ ဥယျာဉ်စောင့်ကို ရဟန်းတို့နှင့်တကွ ဥယျာဉ်၌လှည့်လည်၍ သရက်အစရှိကုန်သော အထူးထူးသောသစ်သီးတို့ကို လှူလောဟု စေလိုက်သတတ်၊ ထိုဥယျာဉ်စောင့်သည် ကောင်းပြီဟု ဝန်ခံ၍ ရဟန်းသံဃာကိုယူ၍ လှည့်လည်လျက် သစ်ပင်ကိုကြည့်၍သာလျှင် ဤအသီးကား စိမ်း၏။ ဤအသီးကား ကောင်းစွာ မမှည့်သေး၊ ဤအသီးကား ကောင်းစွာမှည့်၏ဟုသိ၏။ အကြင်စကားကို ဥယျာဉ်စောင့်သည် ဆို၏။ ထိုစကားသည် ဆိုတိုင်း မှန်သည်သာလျှင် ဖြစ်၏။ ရဟန်းတို့သည် သွားကုန်၍ မြတ်စွာဘုရားအား အရှင်ဘုရား ဤဥယျာဉ်စောင့်သည် သစ်သီး၌ လိမ်မာ၏။ မြေ၌ရပ်လျက် သစ်သီးကိုကြည့်၍သာလျှင် ဤအသီးကား စိမ်း၏။ ဤအသီးကား ကောင်းစွာမှည့်၏ဟု သိ၏။ အကြင်စကားကို ဥယျာဉ်စောင့်သည် ဆို၏။ ထိုစကားသည် ဆိုတိုင်းမှန်သည်သာလျှင် ဖြစ်၏ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည်ရဟန်းတို့ ဤဥယျာဉ်စောင့်သည်သာလျှင် သစ်သီး၌ လိမ်မာသည် မဟုတ်သေး၊ ရှေး၌ ပညာရှိတို့သည်လည်း သစ်သီး၌လိမ်မာကုန်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို အောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် လှည်းကုန်သည်အမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် လှည်းငါးရာတို့ဖြင့် ကုန်သွယ်ခြင်းကိုပြုသည်ရှိသော် တပါးသောကာလ၌ တောအုပ်ကြီးသို့ရောက်၍ တောအုပ်၏အဝ၌ ရပ်၍ အလုံးစုံသောသူကိုစည်းဝေးစေ၍ ဤတောအုပ်၌ အဆိပ်ပင်မည်သည်တို့သည် ရှိကုန်၏။ အဆိပ်ရွက်တို့သည်၎င်း အဆိပ်ပွင့်ကိုသည်၎င်း အဆိပ်သီးတို့သည်၎င်း အဆိပ်ပျားတို့သည်၎င်း ဖြစ်ကုန်သည်သာလျှင်တည်း၊ သင်တို့သည် ရှေး၌မသုံးဆောင်ဘူးသော အမှတ်မရှိသောအရွက်ကို၎င်း အသီးကို၎င်း အပွင့်ကို၎င်း ငါ့ကိုမပန်ကြားမူ၍ မစားကြကုန်လင့်ဟု ဆို၏။ ထိုလှည်းကုန်သည်တို့သည် ကောင်းပြီဟု ဝန်ခံကုန်၍ တောအုပ်ကြီးသို့ သက်ကုန်၏။

တောအုပ်ကြီး၏အဝ၌လည်း တခုသောရွာတံခါး၌ ကိံဖလမည်သောသစ်ပင်ရှိ၏။ ထိုကိံဖလသစ်ပင်၏ ပင်စည်အခက်တို့သည်၎င်း အရွက်အပွင့်အသီးတို့သည်၎င်း အလုံးစုံတို့သည် သရက်နှင့်တူသည်သာလျှင် ဖြစ်ကုန်၏။ သက်သက် အဆင်းသဏ္ဌာန်အားဖြင့်သာလျှင် သရက်နှင့်တူသည်မဟုတ်၊ အနံ့အရသာအားဖြင့်လည်း ထိုကိံဖလသစ်ပင်၏ အစိမ်းအမှည့်ဖြစ်ကုန်သောအသီးတို့သည်ကား သရက်နှင့်တူသည်သာတည်း၊ စားအပ်သည်ရှိသော်ကား လတ်တလောသေစေတတ်သောအဆိပ်ကဲ့သို့ ထိုခဏ၌လျှင် အသက်ကုန်ခြင်းသို့ရောက်စေ၏။ ရှေ့မှသွားကုန်သော အချို့ကုန်သောလျှပ်ပေါ်သောယောကျ်ားတို့သည် ဤသစ်ပင်သည် သရက်ပင်တည်း၊ ဤသို့သောအမှတ်ဖြင့် အသီးကိုစားကုန်၏။ အချို့သောသူတို့သည် လှည်းကုန်သည်မှူးကို မေးကုန်၍သာလျှင် စားကုန်အံ့ဟု ထိုသစ်သီးကိုလက်ဖြင့်ကိုင်၍ ရပ်ကုန်၏။ ထိုလှည်းကုန်သည်တို့သည် လှည်းကုန်သည်မှူး လာသည်ရှိသော် ဤသရက်သီးတို့ကို စားကုန်အံ့ဟု ပန်ကြားကုန်၏။ ဘုရားလောင်းသည် ဤအသီးသည် သရက်သီးမဟုတ်ဟုသိ၏ ဤသစ်ပင်သည် ကိံဖလသစ်ပင်မည်၏။ ဤသစ်ပင်သည် သရက်ပင်မဟုတ် မစားကြကုန်လင့်ဟု မြစ်၍ အကြင်သူတို့သည် စားကြကုန်၏။ ထိုသူဘိုကိုလည်း အန်စေပြီးလျှင် စတုမဓုကိုတိုက်၍ အနာမရှိသည်တို့ကို ပြု၏။ ရှေး၌ကား ဤသစ်ပင်ရင်း၌ လူတို့သည် တဲနေခြင်းကိုပြုကုန်၍ သရက်သီးဟူသောအမှတ်ဖြင့် ဤအဆိပ်သီးတို့ကိုစားကုန်၍ အသက်ကုန်ခြင်းသို့ ရောက်ကုန်၏။

နက်ဖြန်နေ့၌ ရွာ၌နေကုန်သောသူတို့သည် ထွက်လာကုန်၍ လူသေတို့ကိုမြင်၍ ခြေ၌ကိုင်ပြီးလျှင် ဖုံးကွယ်ရာအရပ်၌ စွန့်ကုန်၍ လှည်းငါးရာတို့နှင့်တကွသာလျှင် ထိုသူတို့၏ အလုံးစုံသောဥစ္စာတို့ကိုယူ၍ သွားကုန်၏။ ထိုရွာသားတို့သည် ထိုနေ့၌လည်း အရုဏ်တက်သောအခါ နွားသည် ငါ့ဘို့ဖြစ်လတ္တံ့၊ လှည်းသည် ငါ့ဘို့ဖြစ်လတ္တံ့၊ ဥစ္စာသည် ငါ့ဘို့ဖြစ်လတ္တံ့ဟု လျှင်စွာ ထိုသစ်ပင်သို့သွားကုန်၍ လူတို့ကိုအနာမရှိသည်တို့ကိုမြင်၍ သင်တို့သည် အဘယ်သို့သောအကြောင်းဖြင့် ဤသစ်ပင်ကို ဤသစ်ပင်သည်သရက်ပင်မဟုတ်ဟု သိကြပါကုန်သနည်းဟု ဤသို့မေးကုန်၏။ ထိုလှည်းကုန်သည်တို့သည် ငါတို့မသိကုန်၊ ငါတို့၏ လှည်းကုန်သည်မှူး အကြီးသည် သိ၏ဟုဆိုကုန်၏။ လူတို့သည် ဘုရားလောင်းကို ပညာရှိ အဘယ့်ကြောင့် သင်သည် ဤသစ်ပင်၏ သရက်ပင် မဟုတ်သည်၏ အဖြစ်ကို သိသနည်းဟု မေးကုန်၏။ ထိုဘုရားလောင်းသည် နှစ်ပါးကုန်သောအကြောင်းတို့ဖြင့် သိ၏ဟု ဆိုလို၍-

၅၄။ နာယံ ရုက္ခေါ ဒုရာရုဟော၊ နပိ ဂါမတော အာရကာ။
အာကာရဏေန ဇာနာမိ၊ နာယံ သာဒုဖလော ဒုမော။

ဟူသော ဤဂါထာကို ဆို၏။

၅၄။ အယံ ရုက္ခာ၊ ဤသစ်ပင်သည်။ ဒုရာရုဟော၊ ငြိုငြင်သဖြင့် တက်အပ်သည်။ ၊ မဟုတ်။ ဂါမတော၊ ရွာမှ။ နပိ အာရကာ၊ ဝေးလည်း မဝေး။ အာကာရဏေန၊ ဤနှစ်ပါးသော အကြောင်းကြောင့်။ အယံ၊ ဤသစ်ပင်သည်။ သာဒုဖလော၊ ချိုသောအသီးရှိသော။ ဒုမော၊ သစ်ပင်သည်။ ၊ မဟုတ်။ ဣတိ၊ ဤသို့။ အဟံ၊ ငါသည်။ ဇာနာမိ၊ သိ၏။

ဤသို့လူအများအား တရားဟော၍ ချမ်းသာစွာသွားခြင်းဖြင့် သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း ရဟန်းတို့ ဤသို့ ရှေး၌ ပညာရှိတို့သည်လည်း သစ်သီး၌လိမ်မာကုန်သည် ဖြစ်ကုန်ပြီဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ လှည်းကုန်သည်မှူး ပရိသတ်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ လှည်းကုန်သည်မှူး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆင်ခြင်ဉာဏ်ဝင်၊ ပညာရှင်၊ သီးပင် လိမ်မာရာ

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကိံဖလဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အာသီသဝဂ်

၅။ ပဉ္စာဝုဓဇာတ်

ဝီရိယထုတ်အပ်သောအခါ၌ ဝီရိယထုတ်သောကြောင့် မင်းအဖြစ်သို့ ရောက်ကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယော အလီနေန စိတ္တေန အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ပဉ္စာဝုဓဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော လျှော့သောဝီရိယရှိသော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုရဟန်းကို မြတ်စွာဘုရားသည် ခေါ်တော်မူ၍ ရဟန်း သင်သည် လျော့သောဝီရိယရှိသတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု လျှောက်သည်ရှိသော် ရဟန်း ရှေးအခါကာလ၌ ပညာရှိတို့သည်လည်း ဝီရိယကိုပြုခြင်းငှါ သင့်သောအရာ၌ ဝီရိယကိုပြု၍ မင်းစည်းစိမ်သို့ရောက်ဘူးကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၏။ ထိုဘုရားလောင်းအား အမည်မှည့်သောနေ့၌ တရာ့ရှစ်ယောက်သောပုဏ္ဏားတို့ကို အလုံးစုံသောလှူဘွယ်ဝတ္ထုတို့ဖြင့် ရောင့်ရဲစေ၍ လက္ခဏာတို့ကိုမေးကုန်၏။ လက္ခဏာ၌လိမ်မာကုန်သော ပုဏ္ဏားတို့သည် လက္ခဏာ၏ပြည့်စုံခြင်းကိုမြင်၍ အရှင်မင်းကြီး မင်းသားသည် ဘုန်းကံနှင့်ပြည့်စုံ၏။ အရှင်မင်းကြီးတို့၏ လွန်သဖြင့် မင်းအဖြစ်သို့ ရောက်လတ္တံ့၊ ငါးပါးသော လက်နက်အမှုဖြင့် ထင်ရှားသည်ဖြစ်လတ္တံ့၊ အလုံးစုံသောဇမ္ဗူဒိပ်၌ မြတ်သောယောက်ျား ဖြစ်လတ္တံ့ဟုဟောကုန်၏။ မင်းကြီးသည် ပုဏ္ဏားတို့၏စကားကိုကြား၍ မင်းသားအား အမည်ကိုမှည့်သည်ရှိသော် ပဉ္စာဝုဓမင်းသားဟူသော အမည်ကိုမှည့်၏။ ထိုအခါ သိကြားလိမ်မာသောအဖြစ်သို့ ရောက်သည်ဖြစ်၍ တဆယ့်ခြောက်နှစ်အရွယ်သို့ရောက်သော ထိုးပဉ္စာဝုဓမင်းသားကို မင်းကြီးသည်ခေါ်၍ အမောင် အတတ်သင်ချေလောဟု ဆို၏။ အရှင်မင်းကြီး အဘယ်သူ၏အထံ၌ သင်ရအံ့နည်းဟု လျှောက်၏ အမောင် သွားချေ၊ ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခဆရာ့အထံ၌ သင်ချေ၊ ဤဆရာ၏အဘို့ကိုလည်း ပေးလေဟု ဆို၍ ထိုပဉ္စာဝုဓမင်းသားအား တထောင်သော အသပြာကိုပေး၍ လွှတ်လိုက်၏။

ထိုပဉ္စာဝုဓမင်းသားသည် ထိုတက္ကသိုလ်ပြည်သို့သွား၍ အတတ်သင်၍ ဆရာပေးအပ်သော ငါးပါးသောလက်နက်တို့ကို ယူ၍ ဆရာကိုရှိခိုးပြီးလျှင် တက္ကသိုလ်ပြည်မှထွက်ခဲ့၍ ဖွဲ့အပ်သော ငါးပါးသော လက်နက်ရှိသည်ဖြစ်ဗာရာဏသီခရီးသို့ သွား၏။ ထိုပဉ္စာဝုဓမင်းသားသည် ခရီးအကြား၌ စေးသောအမွှေးရောက်သော ဘီလူးသည်စောင့်အပ်သော တခုသောတောအုပ်သို့ ရောက်၏။ ထိုအခါ ပဉ္စာဝုဓမင်းသားကို တောအုပ်၏အဝ၌ လူတို့သည် မြင်ကုန်၍ အိုလုလင် ဤတောအုပ်သို့မဝင်လင့်၊ ဤတောအုပ်၌ စေးသော အမွေးရောက်သောဘီလူးသည် မြင်တိုင်းမြင်တိုင်းကုန်သောလူတို့ကို အသက်ကုန်ခြင်းသို့ရောက်စေ၏ဟု တားမြစ်ကုန်၏။ ဘုရားလောင်းသည် ကိုယ်ကိုကြံလျက် တုန်လှုပ်ခြင်းမရှိသော ကေသရာခြင်္သေ့မင်းကဲ့သို့ တောအုပ်သို့ဝင်သည်သာလျှင်တည်း၊ ထိုဘုရားလောင်းသည် တောအုပ်အလယ်သို့ရောက်သည်ရှိသော် ထိုဘီလူးသည် ထန်းပင်ပမာဏရှိသည်ဖြစ်၍ စုလစ်မွန်းချွန်တပ်သော အိမ်ပမာဏရှိသောဦးခေါင်းကို၎င်း သပိတ်ပမာဏရှိသောမျက်စိကို၎င်း ငှက်ပျောဘူးပမာဏရှိကုန်သော အစွယ်နှစ်ချောင်းတို့ကို၎င်းဖန်ဆင်း၍ ဖြူသောမျက်နှာရှိသည် ပြောက်ကျားသောဝမ်းရှိသည် ညိုသောလက်ခြေရှိသည်ဖြစ်၍ ဘုရားလောင်းအား ကိုယ်ကိုပြ၍ အဘယ်သို့သွားမည်နည်း ရပ်လော အစာဖြစ်ပြီဟု ဆို၏။

ထိုအခါ ဘီလူးကို ဘုရားလောင်းသည် ဘီလူး ငါသည် ကိုယ်ကိုကြံ၍ တောအုပ်သို့ ဝင်၏။ သင်သည် မမေ့မလျော့ ငါ့အထံသို့ ချဉ်းလော၊ အဆိပ်လူးမြားဖြင့် သင့်ကိုပစ်၍ ဤအရပ်၌ပင်လျှင် သတ်အံ့ဟုခြိမ်းချောက်၍ လတ်တလောသေစေတတ်သော အဆိပ်လူးသောမြားကိုဖွဲ့၍ လွှတ်၏။ ထိုမြားသည်လည်း ဘီလူး၏အမွှေး၌သာလျှင် ကပ်ငြိ၏။ ထို့နောက် တစင်းသောမြားကိုလွှတ်၏။ ဤသို့သောနည်းဖြင့် ငါးဆယ်သောမြားကိုလွှတ်၏။ အလုံးစုံသောမြားတို့သည် ဘီလူး၏ အမွေး၌သာ ကပ်ငြိကုန်၏။ ဘီလူးသည် အလုံးစုံသော ထိုမြားတို့ကိုခါ၍ မိမိ၏ ခြေရင်း၌သာ ကျစေ၍ ဘုရားလောင်းအထံသို့ကပ်၏။ ဘုရားလောင်းသည် တဖန်လည်း ထိုဘီလူးကို ခြိမ်းချောက်၍ သန်လျက်ကိုငင်၍ ခုတ်၏။ သုံးဆယ့်သုံးလက်သစ် သံတွေဖြင့်လုပ်အပ်သော သန်လျက်သည် ဘီလူးအမွေး၌ သာလျှင် ကပ်ငြိ၏။

ထိုအခါ ဘီလူးကိုတောင့်ဖြင့်ခတ်ပြန်၏။ ထိုတောင့်သည်လည်း အမွှေးတို့၌သာလျှင် ကပ်ငြိပြန်၏။ ထို့ကြောင့် ကပ်ငြိသည်အဖြစ်ကိုသိ၍ သောက်ပုတ်ဖြင့်ခတ်ပြန်၏။ ထိုဆောက်ပုတ်သည်လည်း အမွှေးတို့၌သာလျှင် ကပ်ငြိ၏။ ဆောက်ပုတ်ကပ်ငြိသော အဖြစ်ကိုသိ၍ အို ဘီလူး သင်သည် ငါ့ကို ပဉ္စာဝုဓမင်းသားဟူ၍ မကြားဘူးသလော၊ သင်သည် စောင့်အပ်သောတောအုပ်သို့ ဝင်သောငါသည် လေးအစရှိသည်တို့ကို ကြံ၍မဝင်၊ စင်စစ်သော်ကား ကိုယ်ကိုသာလျှင် ကြံ၍ဝင်၏။ ယနေ့ သင့်ကိုသတ်၍ မှုန့်မှုန့်ညက်ညက် ကြေသည်ကိုပြုအံ့ဟု ကြုံဝါးလျက် အသံကိုပြုပြီးလျှင် ပဲ့တင်ထပ်စေ၍ လကျ်ာလက်ဖြင့် ဘီလူးကိုသတ်၏။ လက်သည် အမွေးတို့၌ ကပ်ငြိ၏။ လက်ဝဲလက်ဖြင့် သတ်ပြန်၍ ထိုလက်ဝဲလက်သည်လည်း အမွေး၌ သာလျှင် ကပ်ငြိ၏။ လကျ်ာခြေဖြင့် ခတ်ပြန်၏။ ထိုလက်ျာခြေသည်လည်း ကပ်ငြိ၏။ လက်ဝဲခြေဖြင့် ခတ်ပြန်၏။ ထိုလက်ဝဲခြေသည်လည်း ကပ်ငြိ၏။ ဦးခေါင်းဖြင့် သင့်ကိုဝှေ့၍ မှုန့်မှုန့်ညက်ညက်ကြသည်ကို ပြုအံ့ဟု ဦးခေါင်းဖြင့် ဝှေ့ပြန်၏။ ထိုဦးခေါင်းသည်လည်း အမွေးတို့၌သာ ကပ်ငြိ၏။ ထိုပဉ္စာဝုဓမင်းသားသည် ငါးပါးသောဌာနတို့ဖြင့် ဆောင်အပ်သည်ဖြစ်၍ ငါးပါးသောဌာနတို့၌ဖွဲ့မိ၍ တွဲလျားရှိသော်လည်း ကြောက်ခြင်း မရှိသည်သာလျှင် ရွံရှားခြင်းမရှိသည်သာလျှင် ဖြစ်၏။

ဘီလူးသည် ဤယောက်ျားကား တယောက်သောယောက်ျား ခြင်္သေ့တည်း၊ ယောက်ျား အာဇာနည်တည်း၊ ယောကျ်ားမည်ကာမျှ သာမညသူ မဟုတ်ပေ၊ ငါကဲ့သို့သဘောရှိသောဘီလူးမည်သည် ဖမ်းအပ်သောသူဖြစ်လျက် ထိတ်လန့်တုန်လှုပ်ခြင်းမျှလည်း မဖြစ်၊ ဤတောအုပ်၌နေသော ငါသည် တယောက်တည်းဖြစ်သော ဤသို့ သဘောရှိသောယောက်ျားကို ရှေး၌လည်းမမြင်စဘူး၊ အဘယ့်ကြောင့်လျှင် ဤယောက်ျား မကြောက်သနည်းဟု ကြံ၏။ ကြံပြီး၍ ထိုဘီလူးသည် ပဉ္စာဝုဓမင်းသားကို စားအံ့သောငှါ မဝံ့သည်ဖြစ်၍ လုလင် အဘယ့်ကြောင့်လျှင် သင်သည် သေခြင်းကိုမကြောက်သနည်းဟုမေး၏။ ဘီလူး အဘယ့်ကြောင့် ကြောက်ရအံ့နည်း၊ ထိုစကားသည် မှန်၏။ တခုသောအတ္တဘော၌ တကြိမ်သောသေခြင်းသည် မြဲသည်သာလျှင်တည်း၊ အကြောင်းတပါးလည်း ငါ၏ဝမ်း၌ ဝရဇိန်လက်နက်သည်ရှိ၏။ ငါ့ကိုအကယ်၍ စားငြားအံ့၊ ထိုဝရဇိန်လက်နက်ကို ကြေစိမ့်သောငှါ မတတ်နိုင်လတ္တံ့၊ ထိုဝရဇိန်လက်နက်သည် သင်၏ အအူတို့ကို အပိုင်းအပိုင်းဖြတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေလတ္တံ့၊ ဤသို့သင်သည် သေခြင်းသို့ရောက်သည်ရှိသော် နှစ်ယောက်ကုန်သောငါတို့သည် ပျက်စီးကုန်လတ္တံ့၊ ဤသို့သောအကြောင်းကြောင့် ငါသည် မကြောက်ဟု ဘုရားလောင်း ဆို၏။

ဤစကားကို ဘုရားလောင်းသည် မိမိကိုယ်တွင်း၌ ဉာဏ်လက်နက်ကိုရည်၍ ဆို၏။ ထိုစကားကို ကြား၍ ဘီလူးသည် ဤလုလင်သည် မှန်သောစကားကိုလျှင် ဆို၏။ ဤယောက်ျားခြင်္သေ့၏ကိုယ်မှ ပဲနောက်စေ့မျှလည်းဖြစ်သောအသားကို ငါ၏ဝမ်း၌ကြေစေခြင်းငှါ မတတ်နိုင်လတ္တံ့၊ ထိုလုလင်ကိုလွှတ်အံ့ဟုကြံ၏။ ကြံပြီးလျှင် သေဘေးမှကြောက်သည်ဖြစ်၍ ဘုရားလောင်းကိုလွှတ်၍ လုလင်ယောက်ျားခြင်္သေ့ သင့်အသားကို ငါသည် မစားအံ့၊ သင်သည် ယနေ့ ရာဟုခံတွင်းမှလွတ်သော လကဲ့သို့ ငါ့လက်မှလွတ်၍ အဆွေခင်ပွန်းအပေါင်းတို့ကို နှစ်သိမ့်စေလျက် သွားလေလာဟုဆို၏။ ထိုအခါ ဘီလူးကို ဘုရားလောင်းသည် ဘီလူး ငါသည် သွားအံ့၊ သို့သော် သင်သည် ရှေး၌လည်း အကုသိုလ်အမှုကိုပြု၍ ကြမ်းကြုတ်သော သွေးအလိမ်းလိမ်း ကပ်သော သူတပါး၏အသားကိုစားတတ်သော ဘီလူး၏အဖြစ်ဖြင့် ဖြစ်၏။

ဤဘဝ၌လည်းတည်၍ အကုသိုလ်ကိုသာလျှင် အကယ်၍ပြုအံ့၊ အမိုက်မှအမိုက်သို့ လားရလတ္တံ့၊ ငါ့ကိုမြင်သောကာလမှစ၍ကား သင်သည် အကုသိုလ်ကိုပြုခြင်းငှါ မသင့်၊ ပါဏာတိပါတကံမည်သည်ကား ငရဲ၌၎င်း တိရစ္ဆာန်အမျိုး၌၎င်း ပြိတ္တာဘုံ၌၎င်း ဖြစ်စေတတ်၏။ လူတို့၌ ဖြစ်ရာအရပ်၌ အသက်တိုခြင်းကို ဖြစ်စေတတ်၏။ ဤသို့ အစရှိသောနည်းဖြင့် ငါးပါးသော သီလမရှိကုန်သောသူတို့၏ အပြစ်ဟုဆိုအပ်သောအမှုတို့၏ အပြစ်ကို၎င်း၊ ငါးပါးကုန်သော သီလတို့၏အကျိုးတို့ကို၎င်းဟော၍ အထူးထူးသော အကြောင်းတို့ဖြင့် ဘီလူးကိုခြိမ်းချောက်လျက် တရားဟောပြီးလျှင်ဆုံးမ၍ မာနမရှိသည်ကိုပြု၍ ငါးပါးကုန်သောသီလတို့၌ တည်စေ၍ ထိုဘီလူးကို ထိုတောအုပ်၌သာလျှင် ပူဇော် သက္ကာရကို ခံတတ်သောနတ်ကိုပြု၍ အပ္ပမာဒတရားဖြင့်ဆုံးမ၍ တောအုပ်မှထွက်လျက် တောအုပ်၌ လူတို့အားကြားခဲ့ပြီးလျှင် ဖွဲ့အပ်သေး ငါးပါးသောလက်နက်ရှိလျက် ဗာရာဏသီသို့သွား၍ မိဘတို့ကိုဖူးမြင်၍ နောက်အဘို့၌ မင်းအဖြစ်၌တည်၍ တရားသဖြင့်မင်းပြုလျှက် ဒါနအစရှိကုန်သော ကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ လား၏။ မြတ်စွာဘုရားသည်လည်း ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၅၅။ ယော အလီနေန စိတ္တေန၊ အလီနမနသော နရော။
ဘာဝတေိ ကုသလံ ဓမ္မံ၊ ယောဂက္ခေမဿ ပတ္တိယာ။
ပါပုဏေ အနုပုဗ္ဗေန၊ သဗ္ဗသံယောဇနက္ခယံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၅၅။ ယော နရော၊ အကြင်ယောက်ျားသည်။ အလီနေန၊ တွန့်တိုခြင်းမရှိသော။ စိတ္တေန၊ စိတ်ဖြင့်။ အလီနမနသော၊ ပကတိအားဖြင့်လည်း မတွန့်တိုသောအလိုရှိသည်ဖြစ်၍။ ယောဂက္ခမဿ၊ ယောဂတို့ဖြင့် ဘေးမရှိသောနိဗ္ဗာန်သို့။ ပတ္တိယာ၊ ရောက်ခြင်းငှါ။ ကုသလံ၊ အပြစ်မရှိသော။ ဓမ္မံ၊ သုံးဆယ့်ခုနစ်ပါး အပြားရှိသော ဗောဓိပက္ခိယတရားကို။ ဘာဝေတိ၊ ပွားစေ၏။ သော နရော၊ ထိုယောက်ျားသည်။ အနုပုဗ္ဗေန၊ အစဉ်သဖြင့်။ သဗ္ဗသံယောဇနက္ခယံ၊ အလုံးစုံသော သံယောဇဉ်တို့၏ ကုန်ခြင်းကိုပြုတတ်သော အရဟတ္တမဂ်၏ အဆုံး၌ဖြစ်သည်၏အဖြစ်ကြောင့် သဗ္ဗသံယောဇနက္ခယဟု ရေတွက်အပ်သောအဖြစ်သို့ ရောက်သော အရဟတ္တဖိုလ်သို့။ ပါပုဏေ၊ ရောက်၏။

ဤသို့ မြတ်စွာဘုရားသည် အရဟတ္တဖိုလ်ဖြင့် ဒေသနာတော်၏အထွဋ်ကိုယူ၍ အဆုံး၌ လေးပါးသောသစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ လျှော့သော ဝီရိယရှိသောရဟန်းသည် အရဟတ္တဖိုလ်သို့ရောက်လေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် အနုသန္ဓေကိုစပ်၍ ယခုအခါ အင်္ဂုလိမာလသည် ထိုအခါ ဘီလူးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပဉ္စာဝုဓမင်းသား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ထိုက်သည့်ကာလ၊ ဝီရိယ၊ မုချပြုကာ ထီးစည်ဖြာ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ပဉ္စာဝုဓဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အာသီသဝဂ်

၆။ ကဉ္စနက္ခန္ဓဇာတ်

များသောဝန်ကိုဝေဘန်၍ ပေါအောင်ဆောင်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် ယော ပဟဋ္ဌေန စိတ္တေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဉ္စနက္ခန္ဓ ဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသော ရဟန်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ တယောက်သော သာဝတ္ထိပြည်၌နေသော အမျိုးသားသည် မြတ်စွာဘုရား၏ ဓမ္မဒေသနာတော်ကိုနာရ၍ ရတနာတည်းဟူသော သာသနာတော်၌ ဝမ်းရေးကိုမငဲ့ဘဲ ရဟန်းပြုသတတ်၊ ထိုအခါ ရဟန်းအား ဆရာဥပဇ္ဈာယ်တို့သည် ငါ့သျှင် သီလမည်သည်ကား တပါးအပြားရှိ၏။ သီလမည်သည်ကား နှစ်ပါးအပြားရှိ၏။ သုံးပါး အပြားရှိ၏။ လေးပါးအပြားရှိ၏။ ငါးပါး အပြားရှိ၏။ ခြောက်ပါး အပြားရှိ၏။ ခုနစ်ပါး အပြားရှိ၏။ ရှစ်ပါး အပြားရှိ၏။ ကိုးပါး အပြားရှိ၏။ ဆယ်ပါး အပြားရှိ၏။ သီလမည်သည်ကား များသောအပြားရှိ၏။ ဤသီလသည်ကား စူဠသီလမည်၏။ ဤသီလသည်ကား မဇ္ဈိမသီလမည်၏။ ဤသီလသည်ကား မဟာသီလမည်၏။ ဤသီလသည်ကား ပါတိမောက္ခသံဝရသီလမည်၏။ ဤသီလသည်ကား ဣန္ဒြိယသံဝရသီလမည်၏။ ဤသီလသည်ကား အာဇီဝပါရိသုဒ္ဓိသီလမည်၏။ ဤသီလသည်ကား ပစ္စယပ္ပဋိသေဝနသီလမည်၏ဟု သီလကို ကြားကုန်၏။

ထိုရဟန်းသည် ဤသီလမည်သည်ကား အလွန်များ၏။ ငါသည် ဤမျှလောက်သောသီလကိုဆောက်တည်၍ ကျင့်ခြင်းငှာ မတတ်နိုင်လတ္တံ့၊ သီလကိုဖြည့်ခြင်းငှာ မတတ်နိုင်သောသူအားလည်း ရဟန်းအဖြစ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ငါသည် လူထွက်၍ ဒါနအစရှိကုန်သော ကောင်းမှုတို့ကိုလည်း ပြုအံ့၊ သားမယားတို့ကိုလည်း မွေးအံ့ဟုကြံ၏။ ဤသို့ ကြံပြီး၍ အရှင်ဘုရားတို့ အကျွန်ုပ်သည် သီလကိုစောင့်ခြင်းငှါ မတတ်နိုင်လတ္တံ့၊ မတတ်နိုင်သောသူအားလည်း ရဟန်းအဖြစ်ဖြင့် အဘယ် အကျိုးရှိအံ့နည်း၊ အကျွန်ုပ်သည်လူထှကျအံ့၊ အရှင်ဘုရားတို့၏ သပိတ်သင်္ကန်းကို အရှင်ဘုရားတို့ယူကြကုန်လောဟု ဆို၏။ ထိုအခါ ထိုရဟန်းကို ငါ့သျှင် ဤသို့မတတ်နိုင်သည်ရှိသော် မြတ်စွာဘုရားကို ရှိခိုး၍သာလျှင် သွားလေလော့ဟု ဆိုကုန်၍ ဆရာဥပဇ္ဈာယ်တို့သည် ထိုရဟန်းကိုယူ၍ မြတ်စွာဘုရားအထံတော်သို့ ဆောင်အပ်သည်ရှိသော် မြတ်စွာဘုရားသည် မြင်တော်မူ၍ ရဟန်းတို့ အလိုမရှိသောရဟန်းကို ယူ၍ အဘယ့်ကြောင့် လာကြကုန်သနည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား ဤရဟန်းသည် ငါသည် သီလကိုစောင့်ခြင်းငှါ မတတ်နိုင်လတ္တံ့ဟု သပိတ်သင်္ကန်းကို ဥပဇ္ဈာယ်အား ဆောင်နှင်း၏။ ထိုအခါ ထိုရဟန်းကို အကျွန်ုပ်တို့သည် ယူ၍လာကုန်၏ ဟု လျှောက်ကုန်၏။

ရဟန်းတို့ သင်တို့သည် ဤရဟန်းအား အဘယ့်ကြောင့် များစွာသောသီလတို့ကို ကြားကြကုန်သနည်း၊ အကြင်မျှလောက်သော သီလကို ဤရဟန်းသည် စောင့်ခြင်းငှါတတ်နိုင်၏။ ထိုမျှလောက်သော သီလကိုသာလျှင် ဟောကြားအပ်၏။ ဤနေ့မှစ၍ သင်တို့သည် ဤရဟန်းကို တစုံတခုသောစကားကို မဆိုကြကုန်လင့်၊ ငါသည် ဤသီလ၌ပြုအပ်သည်ကို သိအံ့ဟု မိန့်တော်မူ၍ ရဟန်း သင်သည် လာလှည့် သင့်အား များစွာသောသီလဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ သုံးပါးသော သီလတို့ကိုသာလျှင် စောင့်ခြင်းငှါ တတ်နိုင်လတ္တံ့လောဟု မေးတော်မူ၏။ အရှင်ဘုရား စောင့်ခြင်း တတ်နိုင်ပါ၏ဟု နားတော်လျောက်၏။ ရဟန်း ထိုသို့တပြီးကား သင်သည် ဤနေ့မှစ၍ ကာယဒွါရ ဝစီဒွါရ မနောဒွါရ ဤဒွါရသုံးပါးတို့ကို စောင့်လော၊ ကိုယ်ဖြင့်မကောင်းမှုကို မပြုလင့်၊ နှုတ်ဖြင့် မကောင်းမှုကို မပြုလင့်၊ စိတ်ဖြင့် မကောင်းမှုကို မပြုလင့်၊ သွားလော့ လူမထွက်လင့်၊ ဤသီလသုံးပါးတို့ကိုသာလျှင် စောင့်လောဟု မိန့်တော်မူ၏။ ဤမျှအတိုင်းအရှည်ဖြင့် ထိုရဟန်းသည် နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ အရှင်ဘုရား ကောင်းပါပြီ စောင့်အံ့ဟု မြတ်စွာဘုရားကို ရှိခိုး၍ ဆရာဥပဇ္ဈာယ်တို့နှင့်တကွသာလျှင် သွား၏။

ထိုရဟန်းသည် ထိုသုံးပါးသော သီလကို ပြည့်စုံစေလျှက်လျှင် ငါ၏ ဆရာဥပဇ္ဈာယ်တို့သည် ဟောကြားအပ်သောသီလသည်လည်း ဤမျှသာလျှင်တည်း၊ ထိုဆရာဥပဇ္ဈာယ်တို့သည်ကား မိမိတို့၏ ဘုရားမဟုတ်သည်၏ အဖြစ်ကြောင့် ငါ့ကိုသိစေခြင်းငှာ မတတ်နိုင်ကုန်၊ မြတ်စွာဘုရားသည်ကား ကိုယ်တော်၏ သဗ္ဗညုတဉာဏ်ကို ကောင်းစွာသိတော်မူသည်၏အဖြစ်ကြောင့် အတုမရှိသော တရားမင်းဖြစ်တော်မူသည်၏အဖြစ်ကြောင့် ဤမျှသောသီလကို သုံးပါးကုန်သောဒွါရတို့၌သာလျှင်တည်၍ ငါ့ကိုမှတ်စေ၏။ စင်စစ် မြတ်စွာဘုရားသည် ငါ၏ ကိုးကွယ်ရာဖြစ်တော်မူ၏ဟု သိ၏။ သိပြီး၍ ဝိပဿနာကို ပွားစေ၍ နှစ်ရက် သုံးရက်ဖြင့် အရဟတ္တဖိုလ်၌ တည်၏။

ထိုအကြောင်းကိုသိ၍ တရားသဘင်၌ စည်းဝေးကုန်သော ရဟန်းတို့သည် ငါ့သျှင်တို့ များစွာကုန်သော သီလတို့ကို စောင့်ခြင်းငှါမတတ်နိုင်လတ္တံ့ဟု လူထွက်လိုသော ထိုရဟန်းကို အလုံးစုံသောသီလတို့ကို သုံးစုတို့ဖြင့်ချုံး၍မှတ်စေပြီးလျှင် မြတ်ဘုရားသည် အရဟတ္တဖိုလ်သို့ ရောက်စေတော်မူသတတ်၊ မြတ်စွာဘုရားတို့၏ အာနုဘော်မည်သည်ကားအံ့ဘွယ်ရှိစွဟု မြတ်စွာဘုရား၏ကျေးဇူးတို့ကို ပြောဟောကုန်လျက် နေကြကုန်၏။

မြတ်ဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ငါလာတော်မူသောအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးကြကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် အလွန်လေးသည်လည်းဖြစ်သောဝန်သည် အစု၏အစွမ်းအားဖြင့် ဝေဘန်၍ ပေးအပ်သည်ရှိသော် ပေါ့သကဲ့သို့ဖြစ်သည်မဟုတ်သေး၊ ရှေး၌လည်း ပညာရှိတို့သည် ကြီးစွာသောရွှေတုံးကိုရ၍ ချီအံ့သောငှါ မတတ်နိုင်သည်ရှိသော် ဝေဘန်ခြင်းကိုပြု၍ သွားဘူးကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသောရွာ၌ လယ်ထွန်ယောက်ျားသည်စွန့်အပ်သော ဂါမခေတ်၌ထွန်၏။ ရှေး၌လည်း ထိုရွာဝယ် တယောက်သော ဥစ္စာစည်းစိမ်နှင့်ပြည့်စုံသော သူဌေးသည် လုံးပတ်ပေါင်ပမာဏရှိသော အလျားလေးတောင်ပမာဏရှိသော ရွှေတုံးကို မြှုပ်၍သေ၏။ ထိုရွှေတုံး၌ ဘုရားလောင်း၏ ထွန်သွားသည်ငြိ၍ တည်၏။ ဘုရားလောင်းသည် သစ်မြစ်အစဉ်သည်ဖြစ်လတ္တံ့ဟု မြေကိုယက်သည်ရှိသော် ထိုရွှေတုံးကိုမြင်၍ မြေဖြင့်ဖုံးလွှမ်း၍ နေဝင်သည်ရှိသော် ထမ်းပိုး ထွန်တုံး အစရှိသည်တို့ကို တင့်အပ်သောအရပ်၌ထား၍ ရွှေတုံးကိုယူ၍ သွားအံ့ဟု ရွှေတုံးကိုချီ၏။ ချီခြင်းငှါ မတတ်နိုင်၊ မတတ်နိုင်သည်ရှိသော် ထိုင်၍ ဤမျှသည် ဝမ်းကိုမွေးခြင်းငှါ ဖြစ်လတ္တံ့၊ ဤမျှကို မြှုပ်၍ထားအံ့၊ ဤမျှကို အမှု၌ယှဉ်စေအံ့၊ ဤမျှသည် ဒါနအစရှိသောညပုညကိရိယအကျိုးငှါ ဖြစ်လတ္တံ့၊ ဤသို့ လေးစုတို့ကိုပြု၏။ ဤသို့လျှင် ဘုရားလောင်း၏ ဝေဘန်သောကာလ၌ ထိုရွှေတုံးသည် ပေါ့သကဲ့သို့ ဖြစ်၏။ ဘုရားလောင်းသည် ထိုရွှေတုံးကိုဆောင်ပြီးလျှင် လေးစုဝေဘန်၍ ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ လား၏။ ဤသို့လျှင် မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၅၆။ ယော ပဟဋ္ဌေန စိတ္တန၊ ပဟဋ္ဌမနသော နရော။
ဘာဝတေိ ကုသလံ ဓမ္မံ၊ ယောဂက္ခေမဿ ပတ္တိယာ။
ပါပုဏေ အနုပုဗ္ဗေန၊ သဗ္ဗသံယောဇနက္ခယံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၅၆။ ယော နရော၊ အကြင်သူသည်။ ပဟဋ္ဌေန၊ နီဝရဏကင်းသဖြင့် ရွှင်လန်းသော။ စိတ္တေန၊ စိတ်ဖြင့်။ ပဟဋ္ဌမနသော၊ ရွှင်လန်းသော နှလုံးရှိသည်ဖြစ်၍။ ယောဂက္ခမဿ၊ ယောဂ လေးပါးတို့ဖြင့် ဘေးမရှိသော နိဗ္ဗာန်သို့။ ပတ္တိယာ၊ ရောက်ခြင်းငှါ။ ကုသလံ၊ အပြစ်မရှိသော။ ဓမ္မံ၊ သုံးဆယ့်ခုနစ်ပါး အပြားရှိသော ဗောဓိပက္ခိယတရားကို။ ဘာဝေတိ၊ ပွားစေ၏။ သော နရော၊ ထိုသူသည်။ အနုပုဗ္ဗေန၊ အစဉ်သဖြင့်။ သဗ္ဗသံယောဇနက္ခယံ၊ အလုံးစုံသော သံယောဇဉ်တို့၏ ကုန်ခြင်းကိုပြုတတ်သော အရဟတ္တမဂ်၏ အဆုံး၌ဖြစ်ခြင်းကြောင့် သဗ္ဗသံယောဇနက္ခယဟူသော ရေတွက်ခြင်းသို့ရောက်သော အရဟတ္တဖိုလ်သို့။ ပါပုဏေ၊ ရောက်၏။

ဇာတ်ပေါင်း... ဤသို့ မြတ်စွာဘုရားသည် အရဟတ္တဖိုလ်ကို အထွတ်ပြသဖြင့် ဒေသနာကိုပြီးစေ၍ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရွှေတုံးကိုရသောယောက်ျား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

လေးသည့်ဝန်တာ၊ ပေါ့စိမ့်ငှါ၊ စိတ်ဖြာဝေခွဲ ဉာဏ်နှင့်တွဲ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကဉ္စနက္ခန္ဓဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အာသီသဝဂ်

၇။ ဝါနရိန္ဒဇာတ်

ရန်သူအောင်မှု ကြောင်းလေးခု အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယဿေတေ စတုရော ဓမ္မာအစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝါနရိန္ဒ ဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်၏ သတ်အံ့သောငှါ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုအခါ မြတ်စွာဘုရားသည် ဒေဝဒတ်သည် သတ်အံ့သောငှါလုံ့လပြု၏ဟူသော စကားကိုကြားတော်မူ၍ ရဟန်းတို့ ယခုအခါ၌သာလျှင် ငါ့ကို သတ်အံ့သောငှာ လုံ့လပြုသည်မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုဘူးသည်သာလျှင်တည်း၊ ထိုသို့လုံ့လပြုငြားသော်လည်း ထိတ်လန့်ခြင်းကိုမျှ ပြုခြင်းငှါမတတ်နိုင်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မျောက်အမျိုး၌ ဖြစ်၍ ကြီးခြင်းကိုစွဲ၍ မြင်းငယ်ပမာဏရှိသော အားအစွမ်းနှင့်ပြည့်စုံသော တကောင်တည်းသာလျှင် ကျက်စားသောမျောက်ဖြစ်၍ မြစ်ကမ်းနား၌နေ၏။ ထိုမြစ်၏ အလယ်၌ တခုသောကျွန်းသည် အထူးထူးအပြားပြားရှိကုန်သော သရက် ပိန္နဲ အစရှိကုန်သော သစ်ပင်တို့နှင့်ပြည့်စုံ၏။ ဘုရားလောင်းသည် ဆင်ပြောင်နှင့်တူသော ဗလရှိ၏။ အစွမ်းနှင့် ပြည့်စုံ၏။ မြစ်၏ ဤမှာဘက်ကမ်းမှခုန်၍ ကျွန်းငယ်၏ ဤမှာဘက်ကမ်းမှ မြစ်လယ်၌ တခုသောကျောက်ဖျာသည်ရှိ၏။ ထိုကျောက်ဖျာ၌ ကျ၏။ ထိုကျောက်ဖျာမှခုန်၍ ထိုကျွန်းငယ်၌ကျ၏။ ထိုကျွန်းငယ်၌ အထူးထူးအပြားပြားရှိကုန်သော သစ်သီးတို့ကိုစား၍ ညချမ်းအခါ၌ ထိုနည်းဖြင့်လျှင် တဖန်ပြန်လာ၍ မိမိ၏ နေရာအရပ်၌နေ၍ နက်ဖြန်နေ့၌လည်း ထိုရှေးအတူသာလျှင် ပြု၏။ ဤနည်းဖြင့် ထိုအရပ်၌ နေခြင်းကိုပြု၏။

ထိုကာလ၌ကား တခုသောမိကျောင်းသည် မယားနှင့်တကွ ထိုမြစ်နား၌နေ၏။ မိကျောင်း၏ မယားသည် ထိုမှဤမှသွားသော ဘုရားလောင်းကိုမြင်၍ ဘုရားလောင်း၏ နှလုံးသား၌ ချင်ခြင်းကို ဖြစ်စေ၍ မိကျောင်းဖိုကို အရှင်ဤမျောက်မင်း၏ နှလုံးသား၌ ချင်ခြင်းသည် ဖြစ်၏ဟုဆို၏။ မိကျောင်းဖိုသည် ရှင်မ ကောင်းပြီ ရလတ္တံ့ဟုဆို၍ ယနေ့ညချမ်းအခါ၌ ကျွန်းငယ်မှ လာသည်သာလျှင်ဖြစ်သော မျောက်မင်းကိုဖမ်းအံ့ဟုသွား၍ ကျောက်ဖျာ၌ ဝပ်၏ ဘုရားလောင်းသည် တနေ့ပတ်လုံးကျက်စား၍ ညချမ်းအခါ ကျွန်းငယ်၌ရပ်လျက်လျှင် ကျောက်ဖျာကိုကြည့်၍ ဤကျောက်ဖျာသည် ယခုအခါ၌ မြင့်သည်ဖြစ်၍ ထင်၏။ အကြောင်းကား အသို့နည်းဟု ကြံ၏။ ဘုရားလောင်းသည် ရေပမာဏကို၎င်း၊ ကျောက်ဖျာပမာဏကို၎င်း ကောင်းစွာ မှတ်အပ်သည်သာ ဖြစ်၏။ ထို့ကြောင့် ဘုရားလောင်းအား ယနေ့ဤမြစ်၌။ ရေသည် လျော့လည်းမလျော့၊ တိုးလည်းမတိုး၊ ထိုသို့ဖြစ်လျက်လည်း ဤကျောက်ဖျာသည် ကြီးသကဲ့သို့ဖြစ်၍ ထင်၏။ အသို့တုံနည်း ဤကျောက်ဖျာ၌ ငါ့ကိုဖမ်းအံ့သောငှါ မိကျောင်းသည်ဝပ်၍နေသလော ဤသို့သောအကြံသည်ဖြစ်၏။

ဘုရားလောင်းသည် ထိုကျောက်ဖျာကို ရှေးဦးစွာစုံစမ်းအံ့ဟု ထိုကျွန်းငယ်၌ပင်လျှင် ရပ်လျက် ကျောက်ဖျာနှင့် စကားပြောသကဲ့သို့ဖြစ်၍ အို ကျောက်ဖျာဟု ခေါ်သည်ရှိသော် စကားတုံ့ကိုမရ၍ သုံးကြိမ်မြောက်အောင် အို ကျောက်ဖျာ အိုကျောက်ဖျာဟု ဆို၏။ ကျောက်ဖျာသည် အသို့စကားတုံ့ကို ပေးလတ္တံ့နည်း၊ တဖန်လည်း ထိုကျောက်ဖျာကို မျောက်မင်းသည် အိုကျောက်ဖျာ အဘယ့်ကြောင့် ယနေ့ ငါ့ကို စကားတုံ့မပေးသနည်းဟု ဆို၏။ မိကျောင်းသည် မျောက်မင်းစကားကိုကြား၍ မချွတ်လျှင် တပါးသောနေ့တို့၌ ကျောက်ဖျာသည် မျောက်မင်းအား စကားတုံ့ပေး၏။ ယခုအခါ မျောက်မင်းအား စကားတုံးကိုပေးအံ့ဟုကြံ၍ အိုမျောက်မင်း အသို့နည်းဟု ဆို၏။ အဆွေ သင်ကား အသူဖြစ်သနည်းဟု ဆိုသည်ရှိသော် ငါကားမိကျောင်းဟု ဆို၏။ အဘယ်အကျိုးငှါ ဤကျောက်ဖျာ၌ ဝပ်သနည်းဟု ဆိုသည်ရှိသော် သင်၏ နှလုံးသားကိုတောင့်တသည် ဖြစ်၍ နေသည်ဟု ဆို၏။ ဘုရားလောင်းသည် ငါ့အား သွားရာခရီးသည် မရှိ၊ ယနေ့ ငါသည် ဤမိကျောင်းကို လှည့်စားအပ်၏ဟုကြ၏။ ကြံပြီး၍ ထိုအခါ မိကျောင်းကို အဆွေ မိကျောင်း ငါသည် ကိုယ်ကို သင့်အားစွန့်အံ့၊ သင်သည် ခံတွင်းကိုဖွင့်၍ ငါ့ကို သင့်အထံသို့ လာသောကာလ၌ဖမ်းလောဟု ဆို၏။ ထိုစကားသည် မှန်၏။ မိကျောင်းတို့အား ခံတွင်းကိုဖွင့်သည်ရှိသော် မျက်စိတို့သည် မှိတ်ကုန်၏။ မိကျောင်းသည်။ ထိုအကြောင်းကို မမှတ်မူ၍ ခံတွင်းကို ဖွင့်၏။ မျက်စိတို့သည် မှိတ်ကုန်၏။ မိကျောင်းသည် ခံတွင်းကိုဖွင့်၍ မျက်စိတို့ကိုမှိတ်၍ ဝပ်၏။ ဘုရားလောင်းသည် ထိုသို့ မျက်စိမှိတ်သောအဖြစ်ကိုသိ၍ ကျွန်းငယ်မှခုန်လျက်သွား၍ မိကျောင်း၏ ထိပ်၌နင်း၍ မိကျောင်းထိပ်မှခုန်၍ လျှပ်စစ်နွယ်ကဲ့သို့ ထွန်းပလျက် ထိုမှာဘက်ကမ်း၌ တည်၏။ မိကျောင်းသည်အံ့ဘွယ်သရဲကိုမြင်၍ ဤမျောက်မင်းသည် အလွန်သောအံ့ဘွယ်ကို ပြုအပ်၏ဟုကြံ၍ အိုမျောက်မင်း ဤလောက၌ လေးပါးကုန်သော ကျေးဇူးတို့နှင့် ပြည့်စုံသောသူသည် ရန်သူတို့ကို လွှမ်းမိုးနိုင်၏။ ထို အလုံးစုံသောကျေးဇူးတို့သည်လည်း သင်၏ ကိုယ်တွင်း၌ ရှိယောင်တကားဟု ဆိုလို၍-

၅၇။ ယဿေတေ စတုရော ဓမ္မာ၊ ဝါနရိန္ဒ ယထာ တဝ။
သစ္စံ ဓမ္မော ဓိတိ စာဂေါ၊ ဒိဋ္ဌံ သော အတိဝတ္တတိ။

ဟူသော ဤဂါထာကို ဆို၏။

၅၇။ ဝါနရိန္ဒ၊ မျောက်မင်း။ တဝ၊ သင်၏။ အဗ္ဗန္တရေ၊ ကိုယ်တွင်း၌။ သစ္စံ၊ သစ္စာ။ ဓမ္မော၊ ပညာ။ ဓိတိ၊ လုံ့လ။ စာဂေါ၊ စွန့်ခြင်း။ ဣတိ၊ ဤသို့။ စတုရော၊ လေးပါးကုန်သော။ ဧတေ ဓမ္မာ၊ ထိုကျေးဇူးတို့သည်။ သန္တိ ယထာ၊ ရှိကုန်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ ယဿ၊ အကြင်သူ၏။ အဗ္ဘန္တရေ၊ ကိုယ်တွင်း၌။ စတုရော၊ လေးပါးကုန်သော။ ဧတေ ဓမ္မာ၊ ထိုကျေးဇူးတို့သည်။ သန္တိ၊ ရှိကုန်၏။ သော၊ ထိုသူသည်။ ဒိဋ္ဌံ၊ ရန်သူကို။ အတိဝတ္တတိ၊ လွန်နိုင်၏။

ဤသို့ မိကျောင်းသည် ဘုရားလောင်းကိုချီးမွမ်း၍ မိမိနေရာ အရပ်သို့သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဒေဝဒတ်သည် ငါ့ကိုသတ်အံ့သော လုံ့လပြုသည်မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုဘူးသည်သာလျှင်ကတည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မိကျောင်းဖြစ်ဘူးပြီ၊ ယခုအခါ စိဉ္စမာနသည် ထိုအခါ မိကျောင်း၏ မယား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မျောက်မင်းဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သစ္စာ, ပညာ၊ စာဂါ, လုံ့လ၊ ပြည့်စုံက၊ ဒိဋ္ဌရန်သူ လွတ်၏ဟူ

ခုနစ်ခု၏ပြည့်ကြောင်းဖြစ်သော ဝါနရိန္ဒဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အာသီသဝဂ်

၈။ တယောဓမ္မဇာတ်

ဒေဝဒတ်အလောင်းသည် ဘုရားလောင်းအား သတ်အံ့ဟု ကြံသော်လည်း မိမိသည်လျှင် ပျက်စီးသောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တက့သောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်ဘုရားသည် ယဿ ဧတေ တယော ဓမ္မာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတယောဓမ္မဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်၏ သတ်အံ့သောငှါ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဒေဝဒတ်သည် မျောက်အမျိုး၌ဖြစ်၍ ဟိမဝန္တာအရပ်၌ မျောက်အပေါင်းကို ဆောင်သည်ရှိသော် မိမိကိုစွဲ၍မွေးဖွားကုန်သော မျောက်ငယ်တို့ကို ဤမျောက်ငယ်တို့သည် ကြီးပွားခြင်းသို့ရောက်ကုန်သော် မျောက်အပေါင်းကို ဆောင်ကုန်ရာ၏ဟု ကြောက်ခြင်းကြောင့် သွားတို့ဖြင့်ကိုက်၍ မျောက်ငယ်တို့၏ ဝှေးစေ့တို့ကို ထုတ်၏။ ထိုအခါ ဘုရားလောင်းသည်လည်း ထိုဒေဝဒတ်အလောင်း မျောက်မင်းကိုလျှင်စွဲ၍ တခုသောမျောက်မဝမ်း၌ ပဋိသန္ဓေကို ယူ၏။ ထိုအခါ မျောက်မသည် ကိုယ်ဝန်တည်သောအဖြစ်ကိုသိ၍ မိမိကိုယ်ဝန်ကိုစောင့်လိုသည်ဖြစ်၍ တပါးသော တောင်ခြေရင်းသို့သွား၏။ ထိုမျောက်မသည် ရင့်သော ကိုယ်ဝန်ရှိသည်ဖြစ်၍ ဘုရားလောင်းကို ဖွား၏။ ထိုဘုရားလောင်းသည် ကြီးခြင်းကိုစွဲ၍ လိမ်မာသောအဖြစ်သို့ ရောက်သည်ရှိသော် အစွမ်းနှင့်ပြည့်စုံ၏။ ထိုဘုရားလောင်းသည် တနေ့သ၌ အမိကို မိခင် ငါ၏အဘကား အဘယ်မှာနည်းဟု မေး၏။ အမောင် ဤမည်သောတောင်ခြေရင်း၌ မျောက်အပေါင်းကိုဆောင်လျက် နေ၏ဟု ဆို၏။ မိခင် အဘထံသို့ ငါ့ကိုဆောင်လောဟု ဆို၏။ အမောင် သင်သည် အဘထံသို့ သွားခြင်းငှါမသင့်၊ ထိုစကားသည် မှန်၏။ သင့်အဘသည် မိမိကိုစွဲ၍ဖြစ်သော မျောက်ငယ်တို့ကို ဤမျောက်ငယ်တို့သည် မျောက်အပေါင်းကို ဆောင်ကုန်လတ္တံ့ဟု ဆောင်အံ့သည်မှ ကြောက်သောကြောင့် သွားတို့ဖြင့်ကိုက်၍ ဝှေးစေ့တို့ကို ထုတ်၏ဟုဆို၏။ မိခင် ထိုအဘထံသို့ ငါ့ကိုဆောင်လော့၊ ငါသည် သိအံ့ဟုဆို၏။ ထိုမျောက်မသည် သားကိုယူ၍ အဘထံသို့ သွား၏။

ထိုဒေဝဒတ်အလောင်းမျောက်သည် မိမိသားကိုမြင်၍ ဤမျောက်သည်ကြီးသည်ရှိသော် ငါ့အား မျောက်အပေါင်းကို ဆောင်ခြင်းငှာမပေးလတ္တံ့၊ ယခုပင်လျှင် သတ်အံ့ဟု ထိုဘုရားလောင်းကို လည်၌ဘက်သကဲ့သို့ပြု၍ မြဲစွာနှိပ်၍ အသက်ကုန်ခြင်းသို့ ရောက်စေအံ့ဟုကြံ၍ အမောင် လာလော့၊ ဤမျှလောက်သော ကာလပတ်လုံး အဘယ်သို့ သွားကုန်သနည်းဟု ဘုရားလောင်းကို လည်၌ဘက်သကဲ့သို့ ပြု၍ နှိပ်၏။ ဘုရားလောင်းသည်ကား ဆင်ပြောင်အားနှင့်တူသော အားရှိ၏။ အစွမ်းနှင့် ပြည့်စုံ၏။ ဘုရားလောင်းသည် မျောက်မင်းကို နှိပ်၏။ ထိုအခါ မျောက်မင်း၏အရိုးတို့သည် ကွဲအံ့သကဲ့သို့ ဖြစ်ကုန်၏။ ထိုအခါ မျောက်မင်းအား ဤမျောက်ငယ်သည်ကြီးသည်ရှိသော် ငါ့ကို သတ်လတ္တံ့၊ အဘယ်ဥပါယ်ဖြင့် ရှေးဦးလျှင် သတ်ရအံ့နည်း၊ ဤသို့သောအကြံသည်ဖြစ်၏။ ထိုနောက်မှ အနီး၌ ရက္ခိုသ်စောင့်သောရေကန်သည်ရှိ၏။ ထိုရေကန်၌ ထိုမျောက်ငယ်ကို ရက္ခိုသ်စားစေအံ့ဟု ကြံ၏။ ထိုအခါ ဘုရားလောင်းကို မျောက်မင်းသည် အမောင် ငါအိုပြီ၊ ဤမျောက်အပေါင်းကို သင့်အားဆောင်နှင်းအံ့၊ ယနေ့ပင်လျှင် သင့်ကို မင်းပြုစေအံ့၊ ဤမည်သောအရပ်၌ ကန်သည်ရှိ၏။ ထိုကန်၌ ကုမုဒြာကြာနှစ်ပွင့် ဥပ္ပလကြာသုံးပွင့် ပဒုမာကြာငါးပွင့် ဤကြာပန်းတို့ကို ဆောင်ချေလောဟု ဆို၏။

ထိုဘုရားလောင်းသည် ဘခင် ကောင်းပြီ၊ ဆောင်အံ့ဟု သွား၍ အဆောတလျှင် ရေကန်သို့မသက်မူ၍ ထက်ဝန်းကျင်မှ ခြေရာကို စုံစမ်းသည်ရှိသော် သက်သောခြေရာကိုသာလျှင်မြင်၍ ဤရေကန်သည် ရက္ခိုသ်စောင့်သောရေကန်သည် ဖြစ်ရာ၏။ အဘသည် ငါ့ကို သတ်ခြင်းငှါမတတ်နိုင်၍ ငါ့ကို ရက္ခိုသ်စားစေလိုသည် ဖြစ်လတ္တံ့၊ ငါသည် ရေကန်သို့မသက်ဘဲ ကြာပန်းတို့ကိုလည်း ယူအံ့ဟု ရေမရှိရာအရပ်သို့သွား၍ အဟုန်ကိုယူ၍ ခုန်သည်ရှိသော် ရှေ့သို့သွားလျက် ရေမရှိသောကောင်းကင်၌ ရပ်လျက်သာလျှင် နှစ်ပွင့်သောကြာပန်းတို့ကိုယူ၍ ထိုမှာဘက်ကမ်း၌ ကျ၏။ ထိုမှာဘက်ကမ်းမှလည်း ဤမှာဘက်ကမ်းသို့သွား၍ ထိုနည်းဖြင့်သာလျှင် နှစ်ပွင့်သောပန်းတို့ကိုယူ၍ ဤသို့ ကမ်းနားနှစ်ဘက်တို့၌ အစုကိုပြုလျက် ကြာပန်းတို့ကိုယူ၏။ ရေစောင့်ရက္ခိုသ်၏ အာဏာတည်ရာအရပ်သို့ မသက်၊ ထိုအခါ ဘုရားလောင်းသည် ဤကြာပန်းတို့ထက် အလွန်ရွက်ဆောင်ခြင်းငှါ မတတ်နိုင်လတ္တံ့ဟု ထိုကြာပန်းတို့ကို တခုသောအရပ်၌ အစုကိုပြုစဉ် ထိုရေစောင့် ရက္ခိုသ်သည် ငါသည် ဤမျှလောက်သောကာလပတ်လုံး ဤသို့ သဘောရှိသောအံ့ဘွယ်သရဲဖြစ်သောယောက်ျားကို မမြင်စဘူး၊ ကြာပန်းတို့ကိုလည်း အလိုရှိတိုင်းယူအပ်ကုန်၏။ ငါ၏ အာဏာတည်ရာ အရပ်သို့လည်းမသက်ဟု ရေကိုနှစ်ဖြာခွဲ၍ ရေမှတက်ပြီး၍ ဘုရားလောင်းသို့ကပ်၍ မျောက်မင်း ဤလောက၌ အကြင်သူ၏ ကိုယ်တွင်း၌ သုံးပါးကုန်သောကျေးဇူးတို့သည် ရှိကုန်၏။ ထိုသူသည် ရန်သူကို လွန်နိုင်၏။ ထိုအလုံးစုံသော ကျေးဇူးတို့သည်လည်း သင်၏ကိုယ်တွင်း၌ ရှိယောင်တကားဟု ဆိုလို၍-

၅၈။ ယဿ ဧတေ တယော ဓမ္မာ၊ ဝါနရိန္ဒ ယထာ တဝ။
ဒက္ခိယံ သူရိယံ ပညာ၊ ဒိဋ္ဌံ သော အတိဝတ္တတိ။

ဟူသော ဤဂါထာကို ဆို၏။

၅၈။ ဝါနရိန္ဒ၊ မျောက်မင်း။ တဝ၊ သင်၏။ အဗ္ဗန္တရေ၊ ကိုယ်တွင်း၌။ ဒက္ခိယံ၊ ပညာနှင့်ယှဉ်သော မြတ်သောလုံ့လ။ သူရိယံ၊ ရဲရင့်ခြင်း။ ပညာ၊ ပညာ။ ဣတိ၊ ဤသို့။ တယော၊ သုံးပါးကုန်သော။ ဧတေ ဓမ္မာ၊ ထိုကျေးဇူးရှိသည်။ သန္တိ၊ ရှိကုန်၏။ သော၊ ထိုသူသည်။ ဒိဋ္ဌံ၊ ရန်သူကို။ အတိဝတ္တတိ၊ လွန်နိုင်၏။

ဤသို့ ရေစောင့်ရက္ခိုသ်သည် ဤဂါထာဖြင့် ဘုရားလောင်းအား ချီးမွမ်းခြင်းကိုပြု၍ ဤကြာပန်းတို့ကို အဘယ်အကျိုးငှါ ဆောင်ရွက်သနည်းဟု မေး၏။ ငါ့ကို အဘသည် မင်းပြုစေလို၏။ ထိုအကြောင်းကြောင့် ဆောင်၏ဟု ဆို၏။ ထိုသို့သဘောရှိသော ယောက်ျားမြတ်သည် ပန်းတို့ကို ကိုယ်တိုင်ရွက်ဆောင်ခြင်းငှါ မသင့်၊ ငါသည် ရွက်ဆောင်အံ့ဟု ကြာပန်းကိုချီ၍ ဘုရားလောင်း၏ နောက်မှ လိုက်၏။ ထိုအခါ ဘုရားလောင်း၏ အဘသည် အဝေးမှလျှင် ဘုရားလောင်းကိုမြင်၍ ငါသည် ဤမျောက်ငယ်ကို ရေစောင့်ရက္ခိုသ်၏ အစာဖြစ်လတ္တံ့ဟု စေ၏။ ထိုမျောက်ငယ်သည် ယခုအခါ၌ ရက္ခိုသ်ကို ကြာပန်းတို့ကိုထမ်းစေ၍ လာ၏။ ငါယခု ပျက်စီးပြီဟု ကြံလတ်သော် နှလုံးခုနစ်စိတ်ကွဲခြင်းသို့ရောက်၍ ထိုအရပ်၌ပင်လျှင် အသက်ကုန်ခြင်းသို့ရောက်၏။ ကြွင်းကုန်သော မျောက်တို့သည် စည်းဝေးကုန်၍ ဘုရားလောင်းကို မင်းမြှောက်ကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မျောက်မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မျောက်မင်း၏သားဖြစ်ဘူးပြီဟုဇာတ်ကို ပေါင်းတော်မူ၏။

သူများကိုဖျက်၊ ကိုယ်သာပျက်၊ အသက်သေရှာ မျောက်ပမာ

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော တယောဓမ္မဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အာသီသဝဂ်

၉။ ဘေရိဝါဒကဇာတ်

အဘဆုံးမသည်ကို မနာသောကြောင့် ဥစ္စာပျက်စီးကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဓမေ ဓမေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဘေရိဝါဒကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ဆိုနိုင်ခက်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း သင်သည် ဆိုနိုင်ခက်သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟုလျှောက်သည်ရှိသော် ရဟန်း သင်သည် ယခုအခါ၌သာ ဆိုနိုင်ခက်သည် မဟုတ်သေး၊ ရှေး၌လည်း ဆိုနိုင်ခက်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် စည်တီးအမျိုး၌ဖြစ်၍ တခုသောရွာငယ်၌နေ၏။ ထိုဘုရားလောင်းသည် ဗာရာဏသီမြို့၌ နက္ခတ်သဘင်ကြွေးကြော်၏ ဟုကြား၍ သသင်အလယ်၌ စည်တီး၍ ဥစ္စာကိုဆောင်အံ့ဟု သားကိုခေါ်၍ ဗာရာဏသီမြို့သို့သွားပြီးလျှင် စည်တီး၍ များစွာသော ဥစ္စာကိုရ၍ ထိုဘုရားလောင်းသည် ရသောဥစ္စာကိုယူ၍ မိမိရွာသို့ သွားသည်ရှိသော် ခိုးသူတို့နေသောတောသို့ရောက်၍ မပြတ်စည်တီးသောသားကို အမောင် မပြတ်မတီးမူ၍ ခရီးသွားသော မင်း၏စည်ကဲ့သို့ ရံခါ ရံခါတီးလောဟု သားကို မြစ်၏။ ထိုသားသည် အဘမြစ်ငြားသော်လည်း စည်တီးသဖြင့်သာလျှင် ခိုးသူတို့ကိုပြေးစေအံ့ဟု ဆို၍ မပြတ်သာလျှင်တီး၏။ ခိုးသူတို့သည် ရှေးဦးစွာလျှင် စည်သံကိုကြား၍ မင်း၏စည်သံသည် ဖြစ်လတ္တံ့ ဟု ပြေးပြီးမှ အလွန်လျှင် တစပ်တည်းသောစည်သံကိုကြား၍ ဤစည်သည် မင်း၏စည်သည်မဖြစ်လတ္တံ့ဟု လာလတ်ကုန်၍ စုံစမ်းသည်ရှိသော် နှစ်ယောက်ကုန်သောသူတို့ကိုလျှင်မြင်၍ ပုတ်ခတ် လုယက်ကုန်၏။ ဘုရားလောင်းသည် စင်စစ် ငါတို့သည် ငြိုငြင်သဖြင့် ရအပ်သောဥစ္စာကို တစပ်တည်းသောအသံကိုပြု၍ တီးလျှက် ဖျက်ဆီး၏ဟု ဆိုလို၍-

၅၉။ ဓမေ ဓမေ နာတိမေ၊ အတိဓန္တံ ဟိ ပါပကံ။
ဓန္တေန ဟိ သတံ လဒ္ဓံ၊ အတိဓန္တေန နာသိတံ။

ဟူသော ဤဂါထာကို ဆို၏။

၅၉။ ဓမေ ဓမေ၊ ရံခါရံခါမှသာ တီးရာသလျှင်ကတည်း။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ အတိဓန္တံ၊ မပြတ်တီးခြင်းသည်။ ပါပကံ၊ ယုတ်မာ၏။ တသ္မာ၊ ထို့ကြောင့်။ နာတိဓမေ၊ မပြတ်မတီးရာ။ ဟိ-သစ္စံ၊ မှန်၏။ ဓန္တေန၊ ပွဲသဘင်အလယ်၌ စည်တီးသဖြင့်။ လဒ္ဓံ၊ ရအပ်သော။ သတံ၊ တရာသော အသပြာကို။ အတိဓန္တန၊ မပြတ်တီးသဖြင့်။ နာသိတံ၊ ဖျက်ဆီးအပ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဆိုနိုင်ခက်သော ရဟန်းသည် ထိုအခါ သားဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသညမလျှင် ထိုအခါ အဘ ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ဥစ္စာရှာလျက်၊ ဆိုနိုင်ခက်၊ ယွင်းပျက် ဆုံးပါးရာ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ဘေရိဝါဒကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အာသီသဝဂ်

၁၀။ သင်္ခဓမဇာတ်

သား၏စကားကို အဘနားမထောင်သောကြောင့် ဥစ္စာဆုံးပါးသောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဓမေ ဓမေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသင်္ခဓမဇာတ်ကိုဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆိုနိုင်ခက်သော ရဟန်းကိုပင်လျှင် အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းကိုလည်း မြတ်စွာဘုရားသည် ရဟန်း သင်သည် ဆိုနိုင်ခက်သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း သင်သည် ယခုအခါ၌ သာလျှင် ဆိုနိုင်ခက်သည် မဟုတ်သေး၊ ရှေး၌လည်း ဆိုနိုင်ခက်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ခရုသင်းမှုတ်သော အမျိုး၌ဖြစ်၏။ ဗာရာဏသီပြည်၌ နက္ခတ်သဘင်ကို ကြွေးကြော်သည်ရှိသော် အဘကိုခေါ်၍ ခရုသင်းမှုတ်သောအမှုဖြင့် ဥစ္စာကိုရ၍ လာသောကာလ၌ ခိုးသူရှိသောတော၌ မပြတ်ခရုသင်းမှုတ်သောအဘကို တားမြစ်၏။ ထိုအဘသည် ခရုသင်းသံဖြင့် ခိုးသူတို့ကို ပြေးစေအံ့ဟု မပြတ်သာလျှင်မှုတ်၏။ ခိုးသူတို့သည် ရှေးနည်းဖြင့်သာလျှင် လာလတ်ကုန်၍ လုယက်ကုန်၏။ ဘုရားလောင်းသည် ရှေးနည်းဖြင့်သာလျှင် ဆိုလို၍-

၆၀။ ဓမေ ဓမေ နာတိဓမေ၊ အတိဓန္တံ ဟိ ပါပကံ။
ဓန္တေနာဓိဂတာ ဘောဂါ၊ တေ တာတော ဝိဓမီ ဓမံ။

ဟူသော ဤဂါထာကို ဆို၏။

၆၀။ ဓမေ ဓမေ၊ ရံခါရံခါမှသာလျှင် မှုတ်ရာ၏။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ အတိဓန္တံ၊ မပြတ်မှုတ်ခြင်းသည်။ ပါပကံ၊ ယုတ်မာ၏။ တသ္မာ၊ ထို့ကြောင့်။ နာတိဓမေ၊ မပြတ်မမှုတ်ထု။ ဓန္တေန၊ ပွဲသဘင်၌ ခရုသင်းမှုတ်သဖြင့်။ ဘောဂါ၊ စည်းစိမ်တို့ကို။ အဓိဂတာ၊ ရအပ်ကုန်၏။ တေ၊ ထိုဥစ္စာစည်းစိမ်တို့ကို။ တာတော၊ အဘသည်။ ဓမံ-ဓမန္တော၊ မပြတ်မှုတ်လျှက်။ ဝိဓမီ၊ ဖျက်ဆီး၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဆိုနိုင်ခက်သော ရဟန်းသည် ထိုအခါ အဘဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သားဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

ဆိုနိုင်ခဲခက်၊ ဥစ္စာပျက်၊ ရှာလျက်ချည်းနှီး ကျိုးမပြီး

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သင်္ခဓမဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဣတ္ထိဝဂ်

၁။ အသာတမန္တဇာတ်

မိန်းမတို့သည် ယုတ်မာသဖြင့် ကြီးစွာသောဆင်းရဲကို ပေးတတ်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အသာ လောကိတ္ထိယောနာမ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အသာတမန္တဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းဝတ္ထုသည် ဥမ္မာဒန္တီဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း မိန်းမတို့သည်ကား ဆင်းရဲကိုပေးတတ်ကုန်၏။ ယုတ်မာကုန်၏။ သင်သည် ဤသို့သဘောရှိသော ယုတ်မာသောမိန်းမကိုမှီ၍ အဘယ့်ကြောင့် သာသနာတော်မှ ငြီးငွေ့သနည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းလည်း ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်ဝယ် တဦးသောပုဏ္ဏားမျိုး၌ ဖြစ်၍ လိမ်မာသောအဖြစ်သို့ရောက်သည်ရှိသော် ဗေဒင်သုံးပုံတို့၌၎င်း၊ အလုံးစုံသောအတတ်တို့၌၎င်း အပြီးသို့ရောက်သည်ဖြစ်၍ ဒိသာပါမောက္ခဆရာဖြစ်၏။ ထိုအခါ ဗာရာဏသီပြည်ဝယ် တဦးသောပုဏ္ဏားမျိုး၌ သားဖွားသောနေ့၌ မီးကိုယူ၍ မငြိမ်းစေမူ၍ ထားကုန်၏။ ထိုအခါ ပုဏ္ဏားသတို့သားကို တဆယ့်ခြောက်နှစ် ရှိသောအခါ၌ မိဘတို့သည် ချစ်သား ငါတို့သည် သင်ဖွားသောနေ့၌ မီးကိုယူ၍ထားအပ်ကုန်ပြီ။ ဗြဟ္မာပြည်သို့ အကယ်၍ လားလိုငြားအံ့၊ သင်သည် မီးကိုယူ၍ တောသို့ဝင်ပြီးလျှင် မီးကိုလုပ်ကျွေး၍ရှိခိုးလျက် ဗြဟ္မာပြည်သို့ လားသည်ဖြစ်လော့၊ အိမ်၌ အကယ်၍ နေလိုသည်ဖြစ်အံ့၊ တက္ကသိုလ်ပြည်သို့သွား၍ ဒိသာပါမောက္ခဆရာ့အထံ၌ အဘတ်ကိုသင်၍ ဥစ္စာကိုဖြစ်စေလောဟု ဆိုကုန်၏။ ပုဏ္ဏားလုလင်သည် ငါသည် တော၌ မီးကို လုပ်ကျွေးခြင်းငှာ မတတ်နိုင်လတ္တံ့၊ ဥစ္စာကိုသာ ဖြစ်စေအံ့ဟု မိဘတို့ကိုရှိခိုး၍ ဆရာ့အဘိုးဖြစ်သော တထောင်သောအသပြာကိုယူ၍ တက္ကသိုလ်ပြည်သို့သွား၍ အတတ်ကိုသင်ပြီးလျှင် တဖန်ပြန်ခဲ့၏။

ထိုပုဏ္ဏားလုလင်၏မိဘတို့သည် အိမ်၌နေသဖြင့် အလိုမရှိကုန်၊ တော၌မီးကို လုပ်ကျွေးစေလိုကုန်၏။ ထိုအခါ လုလင်ကို အမိသည် မိန်းမတို့အပြစ်ကိုသိစေ၍ တောသို့ဝင်စေလို၏။ တက္ကသိုလ်ဆရာသည် ပညာရှိ၏။ လိမ်မာ၏။ ငါ့သားအား မိန်းမတို့၏အပြစ်ကို ပြောဆိုခြင်းငှါတတ်နိုင်လတ္တံ့ဟု ကြံ၍ ချစ်သား အတတ်ကို သင်အပ်ပြီလောဟု မေး၏။ မိခင် သင်အပ်ပြီဟု ဆိုအပ်သည်ရှိသော် သင်သည် အသာတမန္တန်ကိုလည်း သင်အပ်ပြီလောဟု မေး၏။ မိခင် မသင်အပ်ဟု ဆို၏။ ချစ်သားသည် အသာတမန္တန်ကို အကယ်၍ မသင်အပ်သည်ဖြစ်အံ့၊ အတတ်သင်သည် မမည်၊ သွားချေ သင်၍လာလောဟုဆို၏။ ထိုလုလင်သည် ကောင်းပြီဟု တဖန် ကက္ကသိုလ်ပြည်သို့ ရှေးရှုသွား၏။ ထိုဆရာ၏လည်း အမိသည် အသက်ကြီးသည်ဖြစ်၍ တရာ့နှစ်ဆယ်ရှိ၏။ ထိုဆရာသည် အမိအိုကို မိမိလက်ဖြင့်ရေချိုးလျက် စားစေလျက် သောက်စေလျက် လုပ်ကျွေး၏။ တပါးကုန်သော လူတို့သည် ထိုသို့ပြုသောဆရာကိုမြင်၍ စက်ဆုပ်ကုန်၏။ ထိုဆရာသည် ငါသည် တောသို့ဝင်၍ ထိုတော၌ အမိအိုကို လုပ်ကျွေးလျက် အကယ်၍နေရမူကား ကောင်း၏ဟု ကြံ၏။ ထိုအခါ တခုသော ဆိတ်ငြိမ်သောတောဝယ် ရေရလွယ်ရာအရပ်၌ သစ်ရွက်မိုးသောအိမ်ကိုပြုစေ၍ ထောပတ် ဆန် အစရှိသည်တို့ကို ဆောင်စေ၍ အမိအိုကိုထမ်း၍ ထိုတောသို့သွားပြီးလျှင် အမိကိုလုပ်ကျွေးလျက် နေခြင်းကို ပြု၏။ ထိုပုဏ္ဏားလုလင်သည်လည်း တက္ကသိုလ်ပြည်သို့သွား၍ ဆရာကိုမမြင်သည်ရှိသော် ဆရာသည် အဘယ်မှာ ရှိသနည်းဟုမေး၍ ထိုအကြောင်းကိုကြား၍ တောသို့သွားပြီးလျှင် ဆရာကိုရှိခိုး၍ ရပ်၏။

ထိုအခါ လုလင်ကို ဆရာသည် အမောင် အဘယ့်ကြောင့်လျှင် အလွန်လျှင်စွာ လာသနည်းဟု မေး၏။ အကျွန်ုပ်ကို ဆရာတို့သည် အသာတမည်သောမန္တရားကို မသင်အပ်သည်မဟုတ်လော ဟုဆို၏။ သင့်အား အသာတမည်သော မန္တရားကို သင်ရမည်၊ သင်ချေဟူ၍ အဘယ်သူသည် ဆိုသနည်းဟု မေး၏။ ဆရာ အကျွန်ုပ်၏အမိသည် ဆိုအပ်၏ဟု ဆို၏။ ဘုရားလောင်းသည် တစုံတခုသော အသာတမန္တရားမည်သည် မရှိ၊ ဤလုလင်၏အမိသည် ဤလုလင်ကို မိန်းမတို့၏အပြစ်ကို သိစေလိုသည် ဖြစ်လတ္တံ့ဟု ကြံ၏။ ကြံပြီး၍ ထိုအခါ လုလင်ကို အမောင် ကောင်းပြီ သင်အံ့၊ သင့်အား အသာတမည်သော မန္တရားကို ပေးအံ့၊ ယနေ့ကို အစပြု၍ ငါ၏အရာ၌တည်၍ ငါ့အမိကို မိမိလက်ဖြင့် ရေချိုးလျက် စားစေလျက် သောက်စေလျက် လုပ်ကျွေးလော၊ အမိအိုအား လက် ခြေ ဦးခေါင်း ကျောက်တို့ကို ဆုပ်နယ်ခြင်း အစရှိသည်တို့ကိုလည်း ပြုလျက် ရှင်မ ရှေးဦးစွာ အိုခြင်းသို့ ရောက်သောကာလ၌လည်း ရှင်မ၏ကိုယ်သည် ဤသို့သဘောရှိသေး၏။ ပျိုစဉ်ကာလ၌ကား အဘယ်ဆိုဘွယ်ရှိအံ့နည်းဟု ဆိုလော၊ လက်ခြေတို့ကိုဆုပ်နယ်ခြင်း အစရှိသည်တို့ကို ပြုသောကာလ၌ လက်ခြေအစရှိသည်တို့၏ ကျေးဇူးကိုဆိုလော၊ သင့်အား အမိအိုသည် အကြင်စကားကိုလည်း ဆိုလတ္တံ့၊ ထိုစကားကို ရှက်ခြင်းမရှိသည်ဖြစ်၍ မလျှို့ဝှက်မူ၍ ငါ့အားကြားလော၊ ဤသို့ပြုသည်ရှိသော် ရလတ္တံ့ဟု ဆို၏။

ထိုလုလင်သည် ဆရာကောင်းပြီဟု ဆရာ့စကားကို ဝန်ခံပြီးလျှင် ထိုနေ့မှစ၍ အလုံးစုံသော ဆရာဆိုတိုင်းသော အစီအရင်ကို ပြု၏။ ထိုအခါ လုလင်သည် အဖန်တလဲလဲ ချီးမွမ်းသည်ရှိသော် ဤလုလင်သည် ငါနှင့်တကွ မွေ့လျော်လိုသည် ဖြစ်လတ္တံ့ဟု ကန်းသော အိုသော ထိုမိန်းမ၏ ကိုယ်တွင်း၌ ကိလေသာသည်ဖြစ်၍ ချီးမွမ်းသောလုလင်ကို ငါနှင့်တကွ မွေ့လျော်ခြင်းငှါ အလိုရှိသလောဟု ဆိုသည်ရှိသော် ရှင်မ ရှေးဦးစွာ ငါသည် အလိုရှိ၏။ ဆရာကိုကား ခန့်ညား၏ဟု ဆို၏။ ငါ့ကို အကယ်၍ အလိုရှိငြားအံ့၊ ငါ့သားကို သတ်ဟုဆို၏။ ငါသည် ဆရာ့အထံ၌ ဤမျှလောက်သော အတတ်တို့ကိုသင်၍ ကိလေသာမျှကိုမှီလျက် အဘယ်အကြောင်းဖြင့် သတ်ရအံ့နည်းဟု ဆို၏။ ထိုသို့တပြီးကား အကယ်၍ ငါ့ကို သင်မစွန့်သည်ဖြစ်အံ့၊ ငါသည်ပင်လျှင် ငါ့သားကို သတ်အံ့ဟု ဆို၏။

** ဤသို့လျှင် မိန်းမတို့မည်သည်ကား ဆင်းရဲကိုပေးတတ်ကုန်၏။ ယုတ်မာကုန်၏။ ထိုသို့သဘောရှိသည်မည်သော အရွယ်၌ တည်ကုန်လျက် ရာဂစိတ်ကိုဖြစ်စေ၍ ကိလေသာသို့ အစဉ်လိုက်ကုန်၏။ ဤသို့ ကျေးဇူးပြုတတ်သောသားကို သတ်လိုကုန်သည် ဖြစ်ကုန်၏။ ****

လုလင်သည် အလုံးစုံသောထိုစကားကို ဘုရားလောင်းအား ကြား၏။ ဘုရားလောင်းသည် လုလင် သင်သည် ငါ့အား ကြားသဖြင့် ကောင်းစွာပြုအပ်၏ဟု ဆို၏။ အမိအို၏ အသက်၏ အပိုင်းအခြားကို ကြည့်သည်ရှိသော် ယနေ့ပင်လျှင် သေလတ္တံ့ ဟု သိ၍ လုလင်လာလှည့်၊ ထိုအမိအိုကို စုံစမ်းအံ့ဟု တခုသော ရေသဖန်းပင်ကိုဖြတ်၍ မိမိပမာဏဖြင့် သစ်သားရုပ်ကိုပြုပြီးလျှင် ဦးခေါင်းနှင့်တကွခြုံ၍ မိမိ၏ အိပ်ရာ၌ ပက်လက်အိပ်စေ၍ ကြိုးငယ်ဖြင့်ဖွဲ့ပြီးလျှင် တပည့်ကို အမောင် ပုဆိန်ကိုယူပြီးလျှင် အမိအား အမှတ်ကိုပေးလာဟု ဆို၏။ လုလင်သည် သွား၍ ရှင်မ ဆရာသည် သစ်ရွက်မိုးသောအိမ်၌ မိမိအိပ်ရာဝယ်အိပ်၏။ ငါသည် ကြိုးအမှတ်ကိုဖွဲ့အပ်ပြီ၊ ဤပုဆိန်ကိုယူ၍ သွားပြီးလျှင် အကယ်၍ တတ်နိုင်ငြားအံ့၊ ထိုဆရာကို သတ်ဟု ဆို၏။ သင်သည် ငါ့ကိုစွန့်လတ္တံ့လောဟု မေး၏။ အဘယ်အကြောင်းကြောင့် စွန့်အံ့နည်းဟု ဆိုသည်ရှိသော် ထိုအမိအိုသည် ပုဆိန်ကို ယူ၍ တုန်တုန်လှုပ်လှုပ်ထလျက် ကြိုးအမှတ်ဖြင့်သွားပြီးလျှင် လက်ဖြင့်စမ်း၍ ဤသူသည် ငါ့သားတည်းဟူသောအမှတ်ဖြင့် သစ်သားရုပ်၏ မျက်နှာ၌ ပုဆိုးကိုပယ်လျက် တချက်တည်းဖြင့် သေစေအံ့ဟု လည်၌ ပေါက်၍ ဓုန်း, ဓုန်း ဟူသော အသံဖြစ်သည်ရှိသော် သစ်သားအဖြစ်ကိုသိ၏။ ထိုအခါ အမိအိုကို ဘုရားလောင်းသည် အမိအဘယ်သို့ပြုသနည်းဟု ဆိုသည်ရှိသော် ငါ့ကိုလှည့်စားအပ်သည်ဖြစ်ပြီဟု ထိုအရပ်၌ပင်လျှင်သေ၍ လဲ၏။

( ထိုအမိအိုသည် မိမိ၏ သစ်ရွက်မိုးသောအိမ်၌ အိပ်ငြားသော်လည်း ထိုခဏ၌သာလျှင် သေရာသည်သာလျှင်တည်း )

ဘုရားလောင်းသည် အမိအို၏ သေသောအဖြစ်ကိုသိလျှင် သင်္ဂြိုဟ်ခြင်းကိစ္စကိုပြု၍ သင်္ဂြိုဟ်ခြင်းမီးကိုငြိမ်းစေ၍ တောပန်းတို့ဖြင့်ပူဇော်ပြီးလျှင် လုလင်ကိုခေါ်၍ သစ်ရွက်မိုးသောအိမ်တံခါး၌နေ၍ အသာတမန္တရားမည်သည် အသီးအခြား မရှိ၊ မိန်းမတို့မည်သည် အသာတမည်ကုန်၏။ အသာဘမန္တရားကို သင်ချေဟု ငါ့အထံသို့စေသော သင့်အမိသည် မိန်းမတို့၏အပြစ်ကို သိစိမ့်သောငှါ စေ၏။ ယခုအခါ၌ကား သင်သည် မျက်မှောက်လျှင် အမိအို၏အပြစ်ကို မြင်ရပြီ၊ ဤသို့သောအကြောင်းကြောင့် မိန်းမတို့မည်သည် ဆင်းရဲကို ပေးတတ်ကုန်၏။ ယုတ်မာကုန်၏။ ဤသို့ သိလေလောဟု ဆို၏။ ထိုလုလင်သည် ဆရာကိုရှိခိုး၍ မိဘတို့၏ အထံသို့သွား၏။ ထိုအခါ လုလင်ကို အမိသည် အမောင် သင်သည် အသာတမည်သောမန္တရားကို သင်အပ်ပြီလောဟုမေး၏။ မိခင် သင်အပ်ပြီဟု ဆို၏။ အမောင် ယခုအခါ ဘယ်ကိုပြုလတ္တံ့နည်း၊ ရဟန်းပြု၍ မီးကိုတည်းလုပ်ကျွေးအံ့၊ အိမ်ထောင်သော လူ၏ဘောင်၌တည်း နေအံ့လောဟု မေး၏။ လုလင်သည် မိခင် ငါသည် မျက်မှောက်အားဖြင့် မိန်းမတို့၏ အပြစ်တို့ကို မြင်ရပြီ၊ အိမ်၌နေခြင်းဖြင့် ငါ့အား ကိစ္စမရှိ၊ ငါသည် ရဟန်းပြုအံ့ဟု မိမိအလိုကို ပြလိုရကား-

၆၁။ အသာ လောကိတ္တိယော နာမ၊ ဝေလာ တာသံ န ဝိဇ္ဇာတိ။
သာရတ္တာ စ ပဂဗ္ဘာ စ၊ သိခီ သဗ္ဗဃသော ယထာ။
တာ ဟိတွာ ပဗ္ဗဇိဿာမိ၊ ဝိဝေက မနုဗြူဟယံ။

ဟူသော ဤဂါထာကို ဆို၏။

၆၁။ လောကေ၊ လောက၌။ ဣတ္တိယော နာမ၊ မိန်းမတို့မည်သည်ကား။ အသာ၊ ယုတ်မာကုန်၏။ တနည်း၊ အသာ၊ ဆင်းရဲကို ပေးတတ်ကုန်၏။ တာသံ၊ ထိုမိန်းမတို့အား။ ဝေလာ၊ အပိုင်းအခြားသည်။ န ဝိဇ္ဇတိ၊ မရှိ။ သာရတ္တာ စ၊ ကာမဂုဏ်ငါးပါးတို့၌သာ တပ်စွန်းတတ်ကုန်သည်၎င်း။ ပဂဗ္ဘာ စ၊ ကိုယ်နှုတ်နှလုံးတို့ဖြင့် လွန်ကျူးတတ်ကုန်သည်၎င်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ သိခီ၊ မီးသည်။ သဗ္ဗဃသော ယထာ၊ ကောင်း မကောင်း အလုံးစုံကို စားတတ်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ ဣတ္ထိယော၊ မိန်းမတို့သည်။ လဒ္ဓံ လဒ္ဓံ၊ ရတိုင်း ရတိုင်းသောသူကို။ သေဝန္တိ၊ မှီဝဲတတ်ကုန်၏။ တာ၊ ထိုမိန်းမတို့ကို။ ဟိတွာ၊ စွန့်၍။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုအံ့။ ဝိဝေကံ၊ ကာယဝိဝေက စိတ္တဝိဝေကကို။ အနုဗြုဟယံ၊ ပွားစေလျက်။ ဗြဟ္မာလောက ပရာယနော၊ ဗြဟ္မာပြည်သို့လားသည်။ ဘဝိဿာမိ၊ ဖြစ်အံ့၊

ဤသို့လျှင် မိန်းမတို့ကိုကဲ့ရဲ၍ မိဘတို့ကိုရှိခိုး၍ ရဟန်းပြုပြီးလျှင် ဆိုအပ်ပြီးသောအပြားရှိသော ကာယဝိဝေက စိတ္တဝိဝေကကိုပွားစေလျက် ဗြဟ္မာပြည်သို့ လား၏။ မြတ်ဘုရားသည်လည်း ဤသို့လျှင် မိန်းမတို့မည်သည်ကား ယုတ်မာကုန်၏။ ဆင်းရဲကို ပေးတတ်ကုန်၏။ ဆင်းရဲခြင်း၏ အကြောင်းဖြစ်၍ ဖြစ်ကုန်၏ဟု မိန်းမတို့၏ကျေးဇူးမဲ့ကို ဟောတော်မူ၍ သစ္စာတို့ကိ ပြတော်မူ၏။ သစ္စာတို့ကိုပြတော်မူသည်၏ အဆုံး၌ ထိုငြီးငွေ့သောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် အနုသန္ဓေကိုစပ်၍ ယခုအခါ ဘဒ္ဒါကာပိလာနီသည် ထိုအခါ လုလင်၏အမိ ဖြစ်ဘူးပြီ၊ ယခုအခါ မဟာကဿပသည် ထိုအခါ လုလင်၏အဘ ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ တပည့်လုလင် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဒိသာပါမောက္ခဆရာ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ဆင်းရဲယုတ်မာ၊ ပေးတတ်စွာ၊ ပမာမီးပြ ဣတ္ထိယ

ရှေးဦးစွာသော အသာတမန္တဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဣတ္ထိဝဂ်

၂။ အဏ္ဍဘူတဇာတ်

မိန်းမတို့ကိုစောင့်ရှောက်ထိန်းသိမ်း၍ မလုံနိုင်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်ယံ ဗြာဟ္မဏာ အဝါဒေသိအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအဏ္ဍဘူတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သောရဟန်းကိုပင် အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း သင်သည် သာသနာတော်၌ ငြီးငွေ့ သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည် ရှိသော် ရဟန်း မိန်းမတို့သည်ကား စောင့်ရှောက်ခြင်းငှာ မတတ်နိုင်ကုန်၊ ရှေးပညာရှိတို့သည် မိန်းမကို အမိဝမ်းခေါင်းအောင်းသောအခါမှစ၍ စောင့်ရှောက်သော်လည်း စောင့်ရှောက်ခြင်းငှါ မတတ်နိုင်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည်မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မိဖုယားကြီးဝမ်း၌ဖြစ်၍ အရွယ်သို့ရောက်၍ အလုံးစုံသော အတတ်တို့၌ အပြီးသို့ရောက်၍ အဘလွန်သဖြင့် မင်းအဖြစ်သို့ရောက်၍ တရားနှင့်အညီ မင်းပြု၏။ ထိုဘုရားလောင်း ဗြဟ္မဒတ်မင်းသည် ပုရောဟိတ်နှင့်အတူ ကြွေအန်ကစား၏။ ကစားလတ်သော်ကား-
သဗ္ဗာနဒီ ဝင်္ကဂတီ၊ သဗ္ဗေ ကဋ္ဌမယာ ဝနာ။
သဗ္ဗတ္ထိယော ကရေ ပါပံ၊ လဘမာနေ နိဝါတကေ။

သဗ္ဗာနဒီ၊ ခပ်သိမ်းသော မြစ်တို့သည်။ ဝင်္ကဂတီ၊ ကောက်သော အလားရှိကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဝနာ၊ တောတို့သည်။ ကဋ္ဌမယာ၊ ထင်းအတိသာဖြစ်ကုန်၏။ နိဝါတကေ၊ ဆိတ်ကွယ်ရာအရပ်ကို။ လဘမာနေ၊ ရသည်ရှိသော်။ သဗ္ဗတ္ထိယော၊ ခပ်သိမ်းသော မိန်းမတို့သည်။ ပါပံ၊ မကောင်းမှုကို။ ကရေ-ကရေယျ၊ ပြုကုန်ရာ၏။

ဤကြွေအန်သီချင်းကိုသီလျက် ပျဉ်၌ ရွှေဖြင့်ပြုအပ်သော အန်လက်တို့ကို ပစ်၏။ ဤသို့ ကစားသည်ရှိသော် မင်းသည်ကား အမြဲနိုင်၏။ ပုရောဟိတ်သည် ရှုံး၏။ ထိုပုရောဟိတ်သည် အစဉ်သဖြင့် အိမ်၌စည်းစိမ်ဥစ္စာကုန်လတ်သည်ရှိသော် ကြံ၏။ အဘယ်သို့ ကြံသနည်းဟူမူကား ဤသို့ဖြစ်သည်ရှိသော် ဤအိမ်၌ အလုံးစုံသော ဥစ္စာသည်ကုန်လတ္တံ့၊ ရှာ၍ ယောက်ျားတပါး မရောက်ဘူးသောမိန်းမကို အိမ်သူပြုအံ့ဟု ကြံ၏။ ထိုနောက်မှ ပုရောဟိတ်အား ဤသို့သော အကြံသည်ဖြစ်ပြန်၏။ တပါးသော ယောက်ျားကို မြင်ဘူးသောမိန်းမကို စောင့်ရှောက်ခြင်းငှါ မတတ်နိုင်လတ္တံ့၊ အမိဝမ်းခေါင်းအောင်းသောအခါမှစ၍ မိန်းမကို စောင့်ရှောက်၍ အရွယ်သို့ရောက်သောထိုမိန်းမကို မိမိအလို၌ တည်စေ၍ တယောက်တည်းသော ယောက်ျားရှိသည်ကိုပြု၍ မြဲစွာအစောင့်အရှောက်ကိုစီရင်၍ မင်းအိမ်၌ ဥစ္စာကိုဆောင်အံ့၊ ဤသို့အကြံသည် ဖြစ်၏။ ထိုပုရောဟိတ်ပုဏ္ဏားသည်လည်း ဣတ္ထိ ပုရိသလက္ခဏာကျမ်း၌ လိမ်မာ၏။ ထိုအခါ တယောက်သောကိုယ်ဝန်ဆောင်သော ဆင်းရဲသောမိန်းမကိုမြင်၍ သားမိန်းမဖွားလတ္တံ့သည်ကိုသိ၍ ထိုမိန်းမကိုခေါ်စေပြီးလျှင် ရိက္ခာပေး၍ အိမ်၌သာလျှင်နေစေလျက် ဖွားသောကာလ၌ ဥစ္စာကိုပေး၍ လွှတ်လိုက်၏။ ထိုသတိုးသ္မီးကို တပါးကုန်သောယောက်ျားတို့အား မြင်ခြင်းကိုမပေးမူ၍ မိန်းမတို့၏ လက်၌သာပေး၍ မွေးစေ၏။ အရွယ်သို့ ရောက်သောကာလ၌ ထိုသတိုးသ္မီးကို မိမိအလို၌ တည်စေ၍ အကြင်မျှလောက် ထိုသတိုးသ္မီးသည် မကြီးသေး၊ ထိုမျှလောက် မင်းနှင့်ကြွေအန်ကို မကစား၊ ထိုသတုးသ္မီးကိုကား မိမိအလို့၌တည်စေ၍ မြတ်သောမင်းကြီး ကြွေအန်ကစားကုန်အံ့ဟု ဆို၏။

မင်းကြီးသည် ကောင်းပြီဟု ရှေးနည်းဖြင့်သာ ကစား၏။ မင်းကြီးသည် ကြွေအန်သီချင်းကိုသီ၍ အန်လက်ကိုပစ်သော ကာလ၌ ပုရောဟိတ်သည် ဌပေတွာ မမ မာဏဝိကံဟု ဆို၏။ ထိုအခါမှစ၍ ပုရောဟိတ်သည် နိုင်၏။ မင်းကြီးသည် ရှုံး၏။ ဘုရားလောင်းသည် ဤပုဏ္ဏား၏ အိမ်၌ တယောက်တည်းသော ယောက်ျားရှိသော တယောက်သောမိန်းမရှိသည် ဖြစ်ရာ၏ဟု စုံစမ်းသည်ရှိသော် ရှိသောအဖြစ်ကိုသိ၍ မိန်းမ၏သီလကို ဖျက်ဆီးစေအံ့ဟု တယောက်သော သေသောက်ကြူးကို ခေါ်စေ၍ ပုရောဟိတ်မိန်းမ၏သီလကို ဖျက်ဆီးအံ့သောငှါ တတ်နိုင်လတ္တံ့လောဟု မေး၏။ ရှင်မင်းကြီး တတ်နိုင်ပါ၏ဟု လျှောက်၏။ ထိုအခါ သေသောက်ကြူအား မင်းသည်ဥစ္စာပေး၍ ထိုသို့တပြီးကား လျှင်စွာပြီးစေလောဟု ထိုသေသောက်ကြူးကိုစေ၏။ ထိုသေသောက်ကြူးသည် မင်းအထံမှဥစ္စာကိုယူ၍ နံ့သာ အခိုးအထုံ နံ့သာမှုန့် ပရုပ် အစရှိသည်တို့ကိုယူ၍ ထိုပုရောဟိတ်အိမ်မှအနီး၌ အလုံးစုံသော နံ့သာဈေးကို ကျင်း၏။ ပုရောဟိတ်၏အိမ်သည်လည်း ဘုံခုနစ်ဆင့်ရှိ၏။ အလုံးစုံသောတံခါးမုတ်တို့၌လည်း မိန်းမအစောင့်အရှောက်တို့သာထား၍ ပုရောဟိတ်ပုဏ္ဏားအိမ်သို့ ဝင်ခြင်းငှါရသော တပါးသောယောက်ျားမည်သည်မရှိ၊ အမှိုက်စွန့်သောတောင်းကိုလည်း သုတ်သင်၍လျှင်သွင်းရ၏။ ထိုလုလင်မကို ပုဏ္ဏားသာလျှင် မြင်ခြင်းငှာ ရ၏။ ထိုလုလင်မအားလည်း တယောက်သော အလုပ်အကျွေးမိန်းမသည်ရှိ၏။

ထိုအခါ လုလင်မ၏ အလုပ်အကျွေးမိန်းမသည် နံ့သာဘိုး ပန်းဘိုးကိုယူ၍သွားသည်ရှိသော် ထိုသေသောက်ကြူ၏ ဈေးအနီးဖြင့်သွား၏။ ထိုသေသောက်ကြူသည် ဤမိန်းမသည်ကား ထိုလုလင်မ၏ အလုပ်အကျွေးတည်းဟု ကောင်းစွာသိ၍ တနေ့သ၌ လာလတ်သောအလုပ်အကျွေးမိန်းမကို မြင်၍လျှင် ဈေးမှထ၍ သွားပြီးလျှင် ထိုအလုပ်အကျွေးမိန်းမ၏ ခြေရင်း၌လှည်း၍ လက်နှစ်ဘက်တို့ဖြင့် ခြေ၌မြဲစွာကိုင်၍ မိခင် ဤမျှလောက်သော ကာလပတ်လုံး အဘယ်အရပ်သို့ သွားသနည်းဟုဆို၍ ငိုကြွေး၏။ ကြွင်းကုန်သော အဖော်ဖြစ်ကုန်သော သေသောက်ကြူးတို့သည်လည်း တင့်အပ်သောအရပ်၌ ရပ်၍သလျှင် လက်ခြေမျက်နှာသဏ္ဌာန်တို့ဖြင့်၎င်း၊ အသွင်အပြင်တို့ဖြင့်၎င်း အမိသားတို့သည် ထပ်မျှတူကုန်သည်သာလျှင်တည်းဟု ဆိုကုန်၏။ ထိုအလုပ်အကျွေး မိန်းမသည် သေသောက်ကြူးတို့ဆိုကုန်သည်ရှိသော် မိမိသည် ကောင်းစွာယုံကြည်၍လည်း ဤသူသည် ငါ့သားဖြစ်လတ္တံ့ဟု မိမိသည်လည်း ငိုခြင်းငှါအားထုတ်၏။ ထိုနှစ်ယောက်ကုန်သော သူတို့သည်လည်း ငိုကုန်၍ မျက်ရည်ယိုကုန်လျက် အချင်းချင်း လည်ဘက်၍ တည်ကုန်၏။

ထိုအခါ သေသောက်သည် မိခင် အဘယ်အရပ်၌ နေသနည်းဟု မေး၏။ ချစ်သား ငါသည် ကိန္နရီမ၏တင့်တယ်ခြင်းစမ္ပယ်ခြင်းနှင့်တူသော အဆင်း၏တင့်တယ်ခြင်းအစုသို့ရောက်သော ပုရောဟိတ်၏ ငယ်စွာသောမိန်းမအား လုပ်ကျွေးခြင်းကိုပြု၍ နေရ၏ဟု ဆို၏။ မိခင် ယခုအခါ အဘယ်သို့ သွားအံ့နည်းဟု မေး၏။ ထိုလုလင်မဘို့ နံ့သာပန်းအစရှိသည်တို့၏အကျိုးငှါ သွားအံ့ဟု ဆို၏။ မိခင် သင် တပါးသောအရပ်သို့သွား၍ အဘယ်အကျိုးရှိအံ့နည်း၊ ဤနေ့မှစ၍ ငါ၏အထံမှလျှင် ဆောင်လောဟု ဆို၍ အဘိုးမယူဘဲ များစွာကုန်သော ပန်းညို ကရဝေးအစရှိသည်တို့ကို၎င်း၊ အထူးထူးအပြားပြားသော ပန်းတို့ကို၎င်း ပေး၏။ လုလင်မသည် များစွာသော နံ့သာပန်းတို့ကိုမြင်၍ မိခင် ယနေ့ငါတို့အား ပုဏ္ဏားသည် ကြည်ညိုသလောဟု ဆို၏။ ချစ်သ္မီး အဘယ်ကြောင့် ဤသို့ဆိုသနည်းဟု ဆိုသည်ရှိသော် ဤနံ့သာ ပန်းတို့၏ များသည်၏ အဖြစ်ကိုမြင်၍ ဆို၏ဟု လုလင်မငယ်က ဆို၏။ ပုဏ္ဏားသည် များစွာသောအဘိုးကိုမပေး၊ ငါသည်ကား ထိုနံ့သာပန်းတို့ကို ငါ့သားအထံမှဆောင်ခဲ့၏ဟု ဆို၏။

ထိုနေ့မှစ၍ အလုပ်အကျွေးမိန်းမသည် ပုဏ္ဏားပေးသော နံ့သာဘိုးကို မိမိယူ၍ သေသောက်ကြူးထံမှ နံ့သာပန်းအစရှိသည်တို့ကို ဆောင်၏။ သေသောက်ကြူးသည် နှစ်ရက်သုံးရက်လွန်သဖြင့် နာဟန်ကိုပြု၍အိပ်၏။ ထိုအလုပ်အကျွေး မိန်းမသည် သေသောက်ကြူး၏ ဈေးတံခါးသို့သွား၍ ထိုသေသောက်ကြူးကို မမြင်သည်ရှိသော် ငါ့သားကားအဘယ်မှာနည်းဟုမေး၏။ သင့်သားအား မချမ်းသာခြင်းသည်ဖြစ်၏ဟု ဆိုကုန်၏။ ထိုအလုပ်အကျွေးမိန်းမသည် သေသောက်ကြူး၏ အိပ်ရာသို့သွား၍ ထိုင်ပြီးလျှင် ကျောက်ကုန်းကို ဆုပ်နယ်လျက် ချစ်သား သင့်အား အဘယ်မချမ်းသာခြင်းသည် ဖြစ်သနည်းဟု မေး၏။ ထိုသေသောက် ကြူးသည် ဆိတ်ဆိတ်နေ၏။ ချစ်သား အဘယ်ကြောင့် မဆိုသနည်းဟု မေး၏။ မိခင် သေသော်လည်း မိခင်အား ဆိုခြင်းငှါမတတ်ကောင်းဟု ဆိုသည်ရှိသော် ချစ်သား ငါ့အားမဆိုမူ အဘယ်သူအား ဆိုအံ့နည်း၊ ချစ်သား ဆိုလောဟုဆို၏။ မိခင် ငါ့အား တပါးသောမချမ်းသာခြင်းမည်သည် မရှိ၊ ထိုလုလင်မ၏ကား ကျေးဇူးကိုကြား၍ တပ်စွန်းသောစိတ်ရှိသည်ဖြစ်၏။ ထိုလုလင်မကို ရသည်ရှိသော် အသက်ရှင်အံ့၊ မရသည်ရှိသော်ဤအရပ်၌ပင်လျှင် သေအံ့ဟု ဆို၏။

ချစ်သား ဤဝန်သည် ငါ၏ဝန်တည်း၊ သင်သည် ထိုလုလင်မကို မှီ၍မကြံလင့်ဟု သေသောက်ကြူးကို နှစ်သိမ့်စေ၍ များစွာကုန်သော ပန်း နံ့သာအစရှိသည်တို့ကိုယူ၍ လုလင်မ၏ အထံသို့သွား၍ ချစ်သ္မီး ငါ၏သားသည် ငါ့အထံမှ ချစ်သီး၏ကျေးဇူးစကားကိုကြား၍ တပ်စွန်းသောစိတ်ရှိသည်ဖြစ်၏။ အဘယ်ကို ပြုရအံ့နည်းဟု ဆို၏။ မိခင် သင့်သားကို ဆောင်ခြင်းငှါ တတ်နိုင်အံ့၊ ငါသည် အခွင့်ပေးအပ်သလျှင်တည်းဟု ဆို၏။ ထိုအလုပ် အကျွေး မိန်းမသည် လုလင်မ၏စကားကိုကြားသည်ရှိသော် ထိုနေ့မှစ၍ ထိုလုလင်မ၏ အိမ်အဆောင်တို့မှ များစွာကုန်သောအမှိုက်တို့ကိုစုရုံး၍ အစောင့်အရှောက် မိန်းမအပေါ်၌စွန့်၏။ ထိုအစောင့် အရှောက်မိန်းမသည် ထိုအမှိုက်စွန့်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ဖဲ၏။ အလုပ်အကျွေး မိန်းမသည် ထိုနည်းဖြင့်လျှင် အကြင်မိန်းမသည် တစုံတခုသော စကားကို ဆို၏။ ထိုမိန်းမအပေါ်၌အမှိုက်ကို စွန့်၏။ ထိုအခါမှစ၍ အလုပ်အကျွေးမိန်းမသည် အကြင်ဝတ္ထုကို ဆောင်လည်းဆောင်၏။ ထုတ်လည်းထုတ်၏။ ထိုဝတ္ထုကို တစုံတယောက်သောသူသည် သုတ်သင်ခြင်းငှာမဝံ့၊ ထိုအခါ၌ အလုပ် အကျွေးမိန်းမသည် သေသောက်ကြူးကို ပန်းတောင်း၌ အိပ်စေ၍ လုလင်မအထံသို့ဆောင်၏။ သေသောက်ကြူးသည် လုလင်မ၏သီလကိုဖျက်ဆီး၍ တရက်နှစ်ရက် ပြာဿာဒ်ထက်၌ သာလျှင်နေ၏။ ပုရောဟိတ် အပသို့ထွက်သည်ရှိသော် နှစ်ယောက်သော သူတို့သည်မွေ့လျော်ကုန်၏။ ပုရောဟိတ်လာလတ်သည်ရှိသော် သေသောက်ကြူးသည် ပုန်း၍ နေ၏။

ထိုအခါ သေသောက်ကြူးကို လုလင်မသည် တရက်နှစ်ရက် လွန်သဖြင့် အရှင်ယခုအခါ သင်သည် သွားခြင်းငှါသင့်ပြီဟုဆိုသည်ရှိသော် ငါသည် ပုဏ္ဏားကိုထောင်း၍သွားလို၏ဟု ဆို၏။ ထိုလုလင်မသည် ဤသိုထောင်းလိုသည်ရှိသော် ထောင်းစေအံ့ဟုဆို၍ သေသောက်ကြူးကို ပုန်း၍နေစေပြီးလျှင် အရှင်ငါသည် သင်တို့စောင်းတီးသည်ရှိသော် ကခြင်းငှါအလိုရှိ၏ဟု ဆို၏။ ရှင်မ ကောင်းပြီ ကလော့ဟုဆို၍ စောင်းတီး၏။ သင်တို့ကြည့်ကုန်သည်ရှိသော် ရှက်၏။ သင့်မျက်နှာကို ပုဆိုးဖြင့်ဖွဲ့၍ ကအံ့ဟုဆို၏။ ငါ့ကို အကယ်၍ရှက်သည်ဖြစ်အံ့၊ ဤသို့ပြုလောဟု ဆို၏ လုလင်မသည် တခဲနက်သော ထူသောပုဆိုးကိုယူ၍ ထိုပုဏ္ဏား၏မျက်စိတို့ကို ပိတ်စေလျက် မျက်နှာကိုဖွဲ့၏။ ပုဏ္ဏားသည်မျက်နှာကို ဖွဲ့စေပြီးသော် စောင်းကိုတီး၏။

ထိုလုလင်မသည် တခဏမျှက၍ အရှင်ငါသည် သင့်ဦးခေါင်း၌ တကြိမ်ထောင်းလို၏ဟု ဆို၏။ မိန်းမ၌တပ်စွန်းခြင်းကြီးသောပုဏ္ဏားသည် တစုံတခုသောအကြောင်းကိုမသိသည် ဖြစ်၍ ထောင်းလောဟု ဆို၏။ လုလင်မသည် သေသောက် ကြူးအား အမှတ်ပေး၏။ သေသောက်ကြူးသည် အသာ အယာလာလတ်၍ ပုဏ္ဏား၏ ကျောက်ကုန်း၌ရပ်လျက် ဦးခေါင်း၌ တတောင်ဖြင့်ထောင်း၏။ ပုဏ္ဏား၏မျက်စိတို့သည် ထွက်အံ့သကဲ့သို့ ဖြစ်ကုန်၏။ ဦးခေါင်း၌ ဖူးဖူးရောင်ခြင်းသည် ဖြစ်၏။ ပုဏ္ဏားသည် ဝေဒနာသို့ရောက်သည်ဖြစ်၍ သင်၏ လက်မဟုတ်ဟု လုလင်မကို ဆို၏။ လုလင်မသည် မိမိ၏လက်ကိုမြှောက်၍ ပုဏ္ဏားလက်၌ထား၏။ လက်သည်ကား နူးညံ့၏။ ထောင်းသည်ကား ပြင်းထန်လှ၏ဟု ပုဏ္ဏားဆို၏။ သေသောက်ကြူးသည် ပုဏ္ဏားကိုထောင်းပြီးလျှင် ပုန်း၍နေ၏။ လုလင်မသည် သေသောက်ကြူးပုန်းသည်ရှိသော် ပုဏ္ဏား၏ မျက်နှာမှ ပုဆိုးကိုဖြေ၍ ဆီကိုယူပြီးလျှင် ဦးခေါင်း၌ထောင်းရာကို ဆုပ်နယ်၏။ ပုဏ္ဏားသည် အပသို့ထွက်သည်ရှိသော် တဖန် အလုပ်အကျွေးမိန်းမသည် သေသောက်ကြူးကို တောင်း၌ အိပ်စေ၍ ထုတ်၏။ ထိုသေသောက်ကြူးသည် မင်းအထံသို့သွား၍ အလုံးစုံသောထိုအကြောင်းကို လျှောက်၏။ မင်းကြီးသည် မိမိအား ခစားအံ့သောငှာလာသော ပုဏ္ဏားကို ပုဏ္ဏား ယနေ့ ကြွေအန်ကစားကုန်အံ့ဟု ဆို၏။

အရှင်မင်းကြီး ကောင်းပြီဟု ပုဏ္ဏားဆို၏။ မင်းသည် ကြွေအန်ကစားရာအိမ်ကို တန်ဆာဆင်စေ၍ ရှေးနည်းဖြင့်သာလျှင် ကြွေအန်သီချင်းကို သီ၍ ကြွေအန်လက်တို့ကို ပစ်၏။ ပုဏ္ဏားသည် လုလင်ငယ်မ၏သီလပျက်သောအဖြစ်ကို မသိ၍ ဌပေတွာ မမ မာဏဝိကံ ဟူ၍ ဆို၏။ ဤသို့ ဆိုငြားသော်လည်း ရှုံးသည်သာလျှင်တည်း၊ မင်းကြီးသည်နိုင်၍ ပုဏ္ဏား အသို့ဆိုသနည်း၊ သင်၏ လုလင်ငယ်မ၏သီလသည် ပျက်ပြီ၊ သင်သည် မာတုဂါမကို အမိဝမ်းခေါင်းအောင်းသည်မှစ၍ စောင့်သည်ရှိသော် ခုနစ်ဌာနတို့၌ အစောင့်အရှောက်ကိုပြုသည်ရှိသော် စောင့်ရှောက်ခြင်းငှါတတ်နိုင်၏ဟု အောက်မေ့၏။ မာတုဂါမမည်သည်ကို ဝမ်း၌ထည့်၍ သွားသောသူသည်လည်း စောင့်အံ့သောငှါမတတ်နိုင်၊ တယောက်သော ယောက်ျားရှိသောမိန်းမမည်သည် မရှိ၊ သင်၏လုလင်ငယ်မသည် ကလို၏ဟု ဆို၏။ စောင်းကိုတီးသော သင်၏ မျက်နှာကို ပုဆိုးဖြင့်ဖွဲ့၍ မိမိ၏သယောက်လင်ကို သင်၏ဦးခေါင်း၌ တတောင်ဖြင့်ထောင်းစေ၍ လွှတ်လိုက်၏။ ယခုအခါ အသို့ထားတုံအံ့နည်းဟု ဆိုလို၍-

၆၂။ ယံ ဗြာဟ္မဏော အဝါဒေသိ၊ ဝီဏံ သမုခဝေဌိတော။
အဏ္ဍဘူတာ ဘတာ ဘရိယာ၊ တာသု ကော ဇာတု ဝိဿသေ။

ဟူသော ဤဂါထာကို ဆို၏။

၆၂။ ယံ ယေန ကာရဏေန၊ အကြင်အကြောင်းကြောင့်။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ သမုခဝေဋ္ဌိတော၊ မျက်နှာနှင့်တကွ ထူသော ပုဆိုးဖြင့်ရစ်အပ်သည်ဖြစ်၍။ ဝီဏံ၊ စောင်းကို။ အဝါဒေသိ၊ တီးစေ၏။ တံ ကာရဏံ၊ ထိုအကြောင်းကို။ န ဇာနာသိ၊ မသိ။ ဘရိယာ၊ မယားကို။ အဏ္ဍဘူတာဘတာ၊ အမိဝမ်းမှ မဖွားမီကာလ၌လျှင် ဆောင်အပ်၏။ တနည်းကား- အဏ္ဍဘူတာ ဘတာ၊ အမိဝမ်းမှ မဖွားမီကာလ၌လျှင် မွေးမြူအပ်၏။ တာသု၊ ထိုသို့သဘောရှိကုန်သော မယားတို့၌လည်း။ ကော၊ အဘယ်မည်သော ပညာရှိသည်။ ဇာတု၊ စင်စစ်။ ဝိဿသေ၊ ယုံကြည်ရာအံ့နည်း။

ဤသို့ ဘုရားလောင်းသည် ပုဏ္ဏားအား တရားဟော၏။ ပုဏ္ဏားသည် ဘုရားလောင်း၏ တရားကိုနာရ၍ အိမ်သို့သွားပြီးလျှင် လုလင်ငယ်မကို သင်သည် ဤသို့ သဘောရှိသောအမှုကို ပြသတတ်ဟု ဆို၏။ အရှင်အဘယ်သူ ဤသို့ဆိုသနည်း၊ ငါမပြု ငါသည်ပင်လျှင် သင့်ကိုထောင်း၏။ တပါးသောသူမထောင်း၊ အကယ်၍ မယုံကြည်သည်ဖြစ်အံ့၊ ငါသည် သင့်ကိုထား၍ တပါးသောယောက်ျား၏ လက်အတွေ့ကိုမသိဟု သစ္စာပြုခြင်းကိုပြု၍ မီးသို့ဝင်ပြီးလျှင် သင်တို့ကိုယုံကြည်စေအံ့ဟု ဆို၏။ ပုဏ္ဏားသည် ဤသို့ဖြစ်စေဟု ကြီးစွာသောထင်းပုံကို ပုံစုစေ၍ မီးကိုညှိပြီးလျှင် ထိုလုလင်ငယ်မကိုခေါ်စေ၍ အကယ်၍ မိမိအား ယုံကြည်စေလိုသည်ဖြစ်အံ့ မီးသို့ဝင်လာဟု ဆို၏။ လုလင်ငယ်မသည်လည်း မိမိ၏ အလုပ် အကျွေးမိန်းမကို မိခင် သင့်သားကို ထိုအရပ်သို့သွား၍ ငါမီးသို့ဝင်အံ့သောကာလ၌ လက်ကိုကိုင်ခြင်းကို ပြုစိမ့်သောငှါဆိုချေဟု ရှေးဦးစွာကလျှင် သင်စေ၏။ ထိုအလုပ်အကျွေး မိန်းမသည်သွား၍ လုလင်ငယ်မမှာတိုင်း ပြောဆို၏။ သေသောက် ကြူးသည် လာလတ်၍ ပရိသတ်အလယ်၌ ရပ်၍နေ၏။

ထိုလုလင်ငယ်မသည် ပုဏ္ဏားကို လှည့်စားလိုသည်ဖြစ်၍ လူများအလယ်၌ရပ်ပြီးလျှင် ပုဏ္ဏား သင့်ကိုထား၍ တပါးသောယောက်ျား၏ လက်အတွေမည်သည်ကို မသိစဘူး၊ ဤသစ္စာကြောင့် ဤမီးသည် ငါ့ကိုမလောင်စေသတည်းဟုဆို၍ မီးသို့ ဝင်အံ့သောငှါ အားထုတ်၏။ ထိုသို့ အားထုတ်သောခဏ၌လျှင် သေသောက်ကြူးသည် အို အချင်းတို့ ပုရောဟိတ် ပုဏ္ဏား၏ အမှုကို ရှုပါကုန်လော၊ ဤသို့သဘောရှိသောမိန်းမကို မီးသို့ဝင်စေ၏ဟု ဆိုလျက် လုလင်ငယ်မ၏လက်ကို ကိုင်၏။ လုလင်ငယ်မသည် လက်ကိုလွှတ်စေ၍ အရှင်ငါ၏သစ္စာပြုခြင်းမည်သည် ပျက်ပြီ မီးသို့ဝင်ခြင်းငှါ မတတ်ကောင်းဟု ပုရောဟိတ်ကိုဆို၏။ အဘယ့်ကြောင့် မတတ်ကောင်းသနည်းဟုဆိုသော် ယနေ့ ငါသည် သင်၏ လက်ကိုထား၍ တပါးသောယောက်ျား၏ လက်အတွေ့ကို မသိစဘူး၊ ဤသို့သဘောရှိသော သစ္စာပြုခြင်းကိုပြုအပ်၏။ ယခုအခါ၌လည်း ဤယောက်ျားသည် လက်ကိုကိုင်အပ်သည်ဖြစ်၏။ ထို့ကြောင့် မီးသို့ဝင်ခြင်းငှါ မတတ်ကောင်းဟု ဆိုသည်ရှိသော် ပုဏ္ဏားသည် ဤမိန်းမကား ငါ့ကိုလှည့်စားအပ်ပြီဟုသိ၍ ထိုမိန်းမကိုပုတ်ခတ်နှင်ထုတ်စေ၏။

ဤသို့လျှင် မိန်းမတို့သည် သူယုတ်တို့၏အကျင့်နှင့် ပြည့်စုံကုန်သတတ်၊ ကြီးစွာသော မကောင်းမှုကံကိုပြု၍ မိမိလင်ကို လှည့်စားအံ့သောငှါ ငါသည် ဤသို့သဘောရှိသောအမှုကို မပြုအံ့၊ တနေ့ပတ်လုံးလည်း ကျိန်ခြင်းကိုပြုကုန်လျက် အထူးထူးလှည့်စားခြင်းရှိသည်သာလျှင် ဖြစ်ကုန်၏။ မြတ်စွာဘုရားသည် မာတုဂါမကိုစောင့်ရှောက်ခြင်းငှါ မတတ်နိုင်ဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် အနုသန္ဓေကိုစပ်၍ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

မာတုဂါမ၊ ဟူတုံက၊ စောင့်ရ ခဲယဉ်းပေ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော အဏ္ဍဘူတဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဣတ္ထိဝဂ်

၃။ တက္ကပဏ္ဍိတဇာတ်

မိန်းမတို့သည် သူ့ကျေးဇူးကိုမသိတတ်ခြင်း အဆွေခင်ပွန်းကို ပြစ်မှားတတ်ခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကောဓနာ အကတညူ စ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတက္ကပဏ္ဍိတဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သော ရဟန်း ကိုပင်လျှင် အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ မြတ်စွာဘုရားသည် ရဟန်း သင်သည် သာသနာတော်၌ ငြီးငွေ့ သတတ်ဟူသည်မှန်သလောဟု မေးတော်မူ၍ အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း မိန်းမတို့မည်သည်ကား သူ့ကျေးဇူးကိုမသိတတ်ကုန်၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်ကုန်၏။ အဘယ့်ကြောင့် ထိုမိန်းမကိုမှီ၍ ငြီးငွေ့သနည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရသေ့ရဟန်းပြု၍ ဂင်္ဂါမြစ်နား၌ ရသေ့တို့၏ နေရာကျောင်းကိုဖန်ဆင်း၍ သမာပတ်ကို၎င်း၊ အဘိညာဉ်ကို၎င်း ဖြစ်စေ၍ ဈာန်ချမ်းသာဖြင့်နေ၏။ ထိုအခါ ဗာရာဏသီသူဌေးသ္မီးသည် ဖျက်ဆီးတတ်၍ ဒုဋ္ဌကုမာရီအမည်ရှိ၏။ ကြမ်းကြုတ်သည်ဖြစ်၏။ ကျွန်အမှုလုပ်တို့ကို ဆဲရေးတတ်၏။ ထို့နောင်မှ သူဌေးသ္မီးကို တနေ့သ၌ လူတို့သည်ယူကုန်၍ ဂင်္ဂါမြစ်နား၌ ကစားကုန်အံ့ဟု သွားကုန်၏။ ထိုသူတို့၏ ကစားစဉ်၌လျှင် နေဝင်သောအခါသည် ဖြစ်၏။ မိုဃ်းသည် တက်၏။ လူတို့သည် မိုတက်သည်ကိုမြင်ကုန်၍ ထိုမှ ဤမှလည်း လျှင်မြန်သဖြင့်ပြေးကုန်၏။ သူဌေးသ္မီး၏ကျွန်အမှုလုပ်တို့သည် ငါတို့သည် ဤယခု သူဌေးသ္မီး၏ပျက်စီးခြင်းကို မြင်ခြင်းငှါသင့်၏ဟု ထိုသူဌေးသီးကို ရေ၏အတွင်း၌သာလျှင်စွန့်၍ တက်ခဲ့ကုန်၏။ မိုဃ်းသည်လည်း ရွာ၏။ နေသည်လည်းဝင်၏။ အမိုက်သည်ဖြစ်၏။ ထိုသူတို့သည် သူဌေးသ္မီးနှင့် ကင်း၍ သာလျှင် အိမ်သို့သွားကုန်၍ ထိုသူဌေးသီးသည် အဘယ်မှာနည်းဟု ဆိုသည်ရှိသော် ရှေးဦးစွာ ဂင်္ဂါမှကူးခဲ့ကုန်၏။

ထိုအခါ သတို့သမီးကို အဘယ်သို့သွား၏ဟု ငါတို့မသိကုန်ဟုဆို၏။ ဆွေမျိုးတို့သည် စုံစမ်း၍လည်း မမြင်ကုန်၊ ထိုသတို့သ္မီးသည် ကြီးစွာသောဟစ်ကြွေးခြင်းကို ဟစ်ကြွေးလျက် ရေ၌မျောသည်ရှိသော် သန်းခေါင်အခါ၌ ဘုရားလောင်း၏ သစ်ရွက်မိုးသောကျောင်းအနီးသို့ ရောက်၏။

ဘုရားလောင်းသည် ထိုသူဌေးသ္မီး၏ အသံကိုကြား၍ ဤအသံသည်ကား မာတုဂါမ၏အသံတည်း၊ ထိုမာတုဂါမအား ငါသည် အသက်ဘေးမှကယ်အံ့ဟု အရံအတားမြက်မီးရှူးကိုယူ၍ မြစ်ကမ်းနားသို့သွား၍ ထိုသတို့သ္မီးကိုမြင်လျှင် မကြောက်နှင့်ဟု နှစ်သိမ့်စေ၍ ဆင်ပြောင်နှင့်တူသောအားရှိသော အစွမ်းနှင့်ပြည့်စုံသော ဘုရားလောင်းသည် မြစ်ကိုကူးသွားပြီးလျှင် ထိုသတို့သ္မီးကို ချီမ၍ ကျောင်းသို့ဆောင်ပြီးလျှင် မီးညှိ၍ပေး၏။ အချမ်းပျောက်ပြီးသည်ရှိသော် ချိုကုန်သောသစ်သီးကြီးငယ်တို့ကိုပေး၏။ ထိုသစ်သီးတို့ကိုစားပြီးသော် သူဌေးသ္မီးကို အဘယ်အရပ်၌ နေသနည်း၊ အဘယ့်ကြောင့် ဂင်္ဂါမြစ်၌ကျသနည်းဟု ဘုရားလောင်းရသေ့က မေး၏။ သူဌေးသ္မီးသည် ထိုအကြောင်းကိုကြားလျှောက်၏။ ထို့နောင်မှ သူဌေးသ္မီးကို သင်သည် ဤအရပ်၌ သာလျှင် နေလောဟု ဆို၍ သစ်ရွက်မိုးသောကျောင်း၌နေစေလျက် နှစ်ရက် သုံးရက် မိမိသည် လွင်တီးခေါင်၌ သာနေ၍ ယခုအခါ သွားလောဟု ဆို၏။ သူဌေးသီးသည် ဤရသေ့ကို သီလ၏ပျက်စီးခြင်းသို့ ရောက်စေပြီးလျှင် ယူ၍သွားအံ့ဟုနှလုံးထား၍ မသွားဘဲ နေ၏။

ထိုအခါ ရသေ့ကို ကာလအတန်ကြာသော် မိန်းမတို့၏ အမူအရာ မိန်းမတို့၏ တင့်တယ်စမ္ပယ်ခြင်းကိုပြုပြီးလျှင် ထိုရသေ့၏သီလပျက်ခြင်းကိုပြု၍ ဈာန်ကို ကွယ်စေ၏။ ထိုရသေ့သည် သူဌေးသ္မီးကိုယူ၍ တခုသောပစ္စန္တရစ်ရွာသို့သွား၍ ရက်တက်ကိုရောင်းသဖြင့် အသက်မွေးခြင်းကိုပြု၍ ထိုသူဌေးသ္မီးကို မွေး၏။ ထိုဘုရားလောင်းအား ရက်တက်ကိုရောင်း၍ အသက်မွေးသည်၏အဖြစ်ကြောင့်တက္ကပဏ္ဍိတဟူသော အမည်မှည့်ကုန်၏။ ထိုအခါ တက္ကပဏ္ဍိတအား ထိုရွာ၌နေသော သူတို့သည် ရိက္ခာပေး၍ ငါတို့အား ကောင်းသော သတင်းစကားကို၎င်း၊ မကောင်းသော သတင်းစကားကို၎င်း ကြားလျက် ဤအရပ်၌နေလောဟု ရွာတံခါးကုဋီ၌ နေစေကုန်၏။ ထိုအခါ ၌လည်း ခိုးသူတို့သည် တောင်မှသက်ကုန်၍ ရွာကိုလုယက်ကုန်၏။ ထိုခိုးသူတို့သည် တနေ့သ၌ ထိုရွာကို လုယက်ကုန်၍ ရွာသားတို့ကိုသာလျှင် ဥစ္စာထုပ်တို့ကိုထမ်းရွက်စေ၍ သွားကုန်သည်ရှိသော် ထိုသူဌေးသ္မီးကိုလည်းယူ၍ မိမိတို့နေရာအရပ်သို့ သွား၍ သူဌေးသ္မီးမှကြွင်းသော သူတို့ကိုလွှတ်ကုန်၏။ ခိုးသူတို့၏အကြီးသည်ကား သူဌေးသီး၏အဆင်း၌တပ်စွန်း၍ သူဌေးသ္မီးကို မိမိမယားပြု၏။ ဘုရားလောင်းသည် မိန်းမကား အဘယ်မှာနည်းဟု မေး၏။ ခိုးသူကြီးသည်ယူ၍ မိမိမယားပြု၏။ ဤသို့သောစကားကို ကြားသော်လည်း ထိုသူဌေးသ္မီးသည် ခိုးသူကြီးအထံ၌ ငါနှင့်ကင်း၍မနေလတ္တံ့၊ ပြေးလာလတ္တံ့ဟု သူဌေးသ္မီး၏ လာခြင်းကိုမျှော်လျက် ရွာတံခါးကုဋီ၌သာလျှင် နေ၏။

သူဌေးသ္မီးသည်လည်း ငါသည် ဤခိုးသူကြီးအထံ၌ ချမ်းသာစွာနေရ၏။ တရံတခါ ငါ့ကို တက္ကပဏ္ဍိတသည် တစုံတယောက်သောသူကိုမှီ၍လာလတ်လျက် ဤခိုးသူကြီးအထံမှယူ၍ သွားငြားအံ့၊ ထိုသို့ခိုးသူကြီးအထံမှယူ၍ သွားသည်ရှိသော် ထိုချမ်းသာမှ ယုတ်လတ္တံ့၊ အကယ်၍ကား ငါသည် ချစ်သကဲ့သို့ပြု၍ ထိုတက္ကပဏ္ဍိတကိုခေါ်စေပြီးလျှင် သတ်ရမူကားကောင်း၏။ ဤသို့ကြံ၏။ ကြံပြီး၍ သူဌေးသ္မီးသည် တယောက်သောလူကိုခေါ်၍ ငါသည် ခိုးသူကြီးအထံ၌ ဆင်းရဲစွာ အသက် မွေးရ၏။ တက္ကပဏ္ဍိတသည် ငါ့ကိုလာ၍ ယူစေသတည်းဟု သတင်းစကားကို စေလိုက်၏။ ထို တက္ကပဏ္ဍိတသည် ထိုသတင်းစကားကိုကြားလျှင် ယုံကြည်၍ ထိုအရပ်သို့သွားပြီးလျှင် ရွာတံခါး၌ရပ်၍ သတင်းစကားကိုစေလိုက်၏။ သူဌေးသ္မီးသည် ထွက်လာပြီးလျှင် ထိုတက္ကပဏ္ဍိတကိုမြင်၍ အရှင်ငါတို့သည် ယခုအခါ၌ အကယ်၍ သွားကုန်အံ့၊ ခိုးသူကြီးသည်လိုက်၍ နှစ်ယောက်လည်းဖြစ်ကုန်သော ငါတို့ကိုသတ်လတ္တံ့၊ ညဉ့်အဘို့၌ သွားကုန်အံ့ဟု တက္ကပဏ္ဍိတကိုခေါ်၍ စားသောက်စေပြီးလျှင် အုံ၌နေစေ၍ ညချမ်းသောအခါ၌ လာလတ်၍ သေကိုသောက်၍ ခိုးသူကြီး၏ ယစ်သောကာလ၌ အရှင်ဤအခါ၌ သင်၏ရန်သူကို အကယ်၍မြင်ငြားအံ့၊ ထိုရန်သူကို အသို့ပြုကုန်အံ့နည်းဟု ဆို၏။ ဤမည်သောအမှုကို ပြုအံ့ဟု ဆို၏။ ထိုရန်သူကား ဝေးသလော၊ အုံ၌နေသည် မဟုတ်လောဟု ဆို၏။

ခိုးသူကြီးသည် မီးရှူးကိုယူ၍ ထိုအုံသို့သွားပြီးလျှင် တက္ကပဏ္ဍိတကိုမြင်၍ ယူပြီးလျှင် အိမ်၏အလယ်၌ ပုတ်ခတ်၍ တတောင်အစရှိသည်တို့ဖြင့် အလိုရှိတိုင်းထောင်းသတ်၏။ ထိုတက္ကပဏ္ဍိတသည် ထောင်းသတ်ငြားသော်လည်း တပါးသော တစုံတခုသော စကားကိုမဆိုမူ၍ အမျက်လည်း ထွက်တတ်ကုန်၏။ သူ့ကျေးဇူးကိုလည်း မသိတတ်ကုန်၊ ချောပစ်ခြင်းကိုလည်း ပြုတတ်ကုန်၏။ အဆွေခင်ပွန်းကို ပြစ်မှားတတ်ကုန်၏ ဤလေးခွန်းသော စကားကိုသာလျှင် ဆို၏။ ခိုးသူကြီးသည် တက္ကပဏ္ဍိတကို ထောင်းသတ်ပြီးလျှင် နှောင်ဖွဲ့၍ အိပ်စေ၏။ ညစာစားပြီးလျှင် အိပ်၍ နိုးလတ်သော် သုရာအယစ်ပြေ၍ ထိုတက္ကပဏ္ဍိတကို ထောင်းသတ်အံ့သောငှါ အားထုတ်၏။ ထိုတက္ကပဏ္ဍိတသည် ထိုဆိုအပ်ခဲ့ပြီးသော လေးခွန်းသောစကားကိုသာလျှင် ဆို၏။ ဤသူသည် ဤသို့ထောင်းသတ်ငြားသော်လည်း တစုံတခုသော စကားကို မဆိုမူ၍ ဆိုအပ်ခဲ့ပြီးသော လေးခွန်းသောစကားကိုသာလျှင် ဆို၏။ ထိုသူကို မေးအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုတက္ကဏ္ဍိတကို အချင်း သင်သည် ဤသို့ထောင်းသတ်သော်လည်း အဘယ်ကြောင့် ဤလေးခွန်းသောစကားကိုသာလျှင် ဆိုသနည်းဟု မေး၏။

တက္ကပဏ္ဍိတသည် ထိုသို့တပြီးကားနာလောဟု ထိုအကြောင်းကို အစမှစ၍ ဆို၏။ ငါသည်ရှေး၌ တောဝယ် တယောက်သော ဈာန်ရသောရသေ့တည်း၊ ထိုငါသည် ဂင်္ဂါ၌မျောသော ဤမိန်းမကိုဆယ်တင်၍ မွေးမြု၏။ ထိုအခါ ငါ့ကို ဤမိန်းမသည်ဖြားယောင်း၍ ဈာန်မှယုတ်စေ၍ ထိုငါသည် တောကိုစွန့်၍ ထိုမိန်းမကိုမွေးမြူလျက် ပစ္စန္တရစ်ရွာငယ်၌နေ၏။ ထိုအခါ ခိုးသူတို့သည် ဤအရပ်သို့ဆောင်အပ်သော ဤမိန်းမသည် ငါသည် ဆင်းရဲစွာနေရ၏ လာ၍ ငါ့ကိုဆောင်စေသတည်းဟု ငါ့အား သတင်းစကားကိုစေ၍ ယခုအခါ၌ သင်၏လက်သို့ရောက်စေ၏။ ဤအကြောင်းကြောင့် ငါသည် ဤသို့ဆိုသတည်းဟု ဆို၏။ ခိုးသူကြီးသည် ဤမိန်းမကား ဤသို့သဘောရှိသော ကျေးဇူးနှင့်ပြည့်စုံသော ကျေးဇူးကိုပြုတတ်သောသူ၌ ဤသို့ပြစ်မှားဘိ၏။ ထိုမိန်းမသည် ငါ့အား အဘယ်အမည်ရှိသော ဥပဒ္ဒဝေါကိုမပြုလတ္တံ့နည်း၊ ဤမိန်းမကိုသတ်အပ်၏ဟု ကြံ၏။

ထိုခိုးသူကြီးသည် တက္ကပဏ္ဍိတကိုနှစ်သိမ့်စေ၍ ထိုမိန်းမကို နိုးစေပြီးလျှင် သန်လျက်ကိုယူ၍ထွက်လျက် ထိုယောကျ်ားကို ရွာတံခါး၌သတ်အံ့ဟုဆို၍ ထိုမိန်းမနှင့်တကွ ရွာပသွား၍ ထိုယောက်ျားကို လက်၌ကိုင်လောဟု ထိုမိန်းမကို တက္ကပဏ္ဍိတ၏ လက်၌ကိုင်စေ၍ သန်လျက်ကိုကိုင်ပြီးလျှင် တက္ကပဏ္ဍိတကိုခုတ်သကဲ့သို့ပြု၍ ထိုမိန်းမကို နှစ်ပိုင်းပိုင်းဖြတ်ပြီးလျှင် ဦးခေါင်းဆေး၍ တက္ကပဏ္ဍိတကို နှစ်ရက်သုံးရက် မြတ်သောဘောဇဉ်ဖြင့် ရောင့်ရဲစေ၏။ ယခုအခါ အဘယ်အရပ်သို့သွားအံ့နည်းဟု ခိုးသူကြီးဆို၏။ တက္ကပဏ္ဍိတသည် ငါ့အား အိမ်၌နေသဖြင့်ကိစ္စမရှိ၊ ရသေ့ရဟန်း ပြု၍ ထိုတော၌သာလျှင် နေအံ့ဟုဆို၏။ ထိုသို့တပြီးကား ငါသည်လည်းရဟန်းပြုအံ့ဟု နှစ်ယောက်လည်းဖြစ်ကုန်သော သူတို့သည် ရဟန်းပြုပြီးလျှင် ထိုတောကျောင်းသို့သွား၍ ငါးပါးသော အဘိညာဉ်တို့ကို၎င်း၊ ရှစ်ပါးသော သမာပတ်တို့ကို၎င်း ဖြစ်စေ၍ အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်သို့ လားရသည်ဖြစ်ကုန်၏။ မြတ်စွာဘုရားသည် ဤနှစ်ပါးကုန်သောဝတ္ထုတို့ကိုဟောတော်မူ၍ အနုသန္ဓေကိုစပ်၍ ဘုရားဖြစ်တော်မူပြီး၍-

၆၃။ ကောဓနာ အကတညူ စ၊ ပိသုဏာ မိတ္တဘေဒိကာ။
ဗြဟ္မစရိယံ စရ ဘိက္ခု၊ သော သုခံ န ဝိဟာဟိသိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၆၃။ ဘိက္ခု၊ ရဟန်း။ ဣတ္ထိယော နာမ၊ မိန်းမတို့မည်သည်ကား။ ကောဓနာ စ၊ အမျက်လည်း ထွက်တတ်ကုန်၏။ အကတညူ စ၊ သူ့ကျေးဇူးကိုလည်း မသိတတ်ကုန်။ ပိသုဏာ စ၊ ချောပစ်ခြင်းကိုလည်း ပြုတတ်ကုန်၏။ မိတ္တဘေဒိကာစ၊ အဆွေခင်ပွန်းတို့ကိုလည်း ဖျက်ဆီးတတ်ကုန်၏။ တွံ၊ သင်သည်။ ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။ စရ၊ ကျင့်လော့။ သော တွံ၊ ထိုသင်သည်။ သုခံ၊ ဈာန်ချမ်းသာ မဂ်ချမ်းသာဖိုလ်ချမ်းသာကို။ န ဝိဟာဟိသိ၊ မစွန့်ရလတ္တံ့။

မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၏။ သစ္စာတို့ကိုပြတော်မူသည်၏ အဆုံး၌ သာသနာတော်၌ ငြီးငွေ့သောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း ယခုအခါ အာနန္ဒာသည် ထိုအခါ ခိုးသူကြီးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ တက္ကပဏ္ဍိတ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးကိုပစ်၊ ခင်ပွန်းစစ်၊ စွန့်လစ် ဣတ္ထိယ

သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော တက္ကပဏ္ဍိတဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဣတ္ထိဝဂ်

၄။ ဒုရာဇာနဇာတ်

မိန်းမတို့၏အလိုကို မသိနိုင်သော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် မာ သုနန္ဒိ ဣစ္ဆတိမံ အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤဒုရာဇာနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော သီတင်းသည်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ တယောက်သော သာဝတ္ထိမြို့၌နေသော သီတင်းသည်သည် သုံးပါးကုန်သော သရဏဂုံတို့၌၎င်း၊ ငါးပါးကုန်သော သီလတို့၌၎င်း တည်သတတ်၊ ဘုရားကို မြတ်နိုးသတတ်၊ တရားကို မြတ်နိုးသတတ်၊ သံဃာကို မြတ်နိုးသတတ်၊ ထိုသီတင်းသည်၏ မယားသည် သီလမရှိ၊ ယုတ်မာသော အကျင့်ရှိ၏။ အကြင်နေ့၌ မှားသောအကျင့်ကို ကျင့်၏။ ထိုနေ့၌ အသပြာတရာဖြင့် ဝယ်သော ကျွန်မကဲ့သို့ ဖြစ်၏။ မှားသောအကျင့်ကို မကျင့်သော နေ့၌ကား သခင်မကဲ့သို့ ဖြစ်၏။ ကြမ်းကြုတ်၏။ ထိုသီတင်းသည်သည် မယား၏အလိုကို သိခြင်းငှါမတတ်နိုင်၊ ထိုအခါ မယားသည် နှိပ်စက်အပ်သည်ဖြစ်၍ ဘုရားအားခစားအံ့သောငှါမသွား။

ထိုအခါ တနေ့သ၌ နံ့သာ, ပန်း အစရှိသည်တို့ကို ယူလျက် လာလတ်၍ ရှိခိုး၍နေသောထိုသီတင်းသည်ကို မြတ်စွာဘုရားသည် သီတင်းသည် သင်သည် အဘယ့်ကြောင့်လျှင် ခုနစ်ရက်ရှစ်ရက်တို့ပတ်လုံး ငါဘုရားကိုခစားအံ့သောငှာ မလာသနည်းဟု မိန့်တော်မူ၍ အရှင်ဘုရား အကျွန်ုပ်၏မယားသည် တနေ့သောနေ့၌ သပြာတရာဖြင့်ဝယ်သော ကျွန်မကဲ့သို့ ဖြစ်၏။ တနေ့သောနေ့၌ သခင်မကဲ့သို့ ဖြစ်၏။ ကြမ်းကြုတ်၏။ အကျွန်ုပ်သည် ထိုမယား၏ အလိုကို သိအံ့သောငှါမတတ်နိုင်၊ ထိုမယားသည် နှိပ်စက်သည် ဖြစ်၍ အကျွန်ုပ်သည် အရှင်ဘုရားတို့အားခစားအံ့သောငှါ မလာဟု လျှောက်၏။ ထိုအခါ သီတင်းသည်၏စကားကို ကြားတော်မူ၍ မြတ်စွာဘုရားသည် သီတင်းသည် မာတုဂါမ၏ အလိုမည်သည်ကို သိနိုင်ခဲ၏။ သင့်အား ရှေး၌လည်း ပညာရှိတို့သည် ပြောဆိုဘူးကုန်ပြီ၊ သင်သည် ဘဝဖုံးလွှမ်းသည်၏အဖြစ်ကြောင့် ထိုစကားကို မှတ်အံ့သောငှါ မတတ်နိုင်ဟု မိန့်တော်မူ၏။ ထိုသီတင်းသည်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဒိသာပါမောက္ခဆရာဖြစ်၍ ငါးရာကုန်သောလုလင်တို့ကို အတတ်သင်စေ၏။ ထိုအခါ တယောက်သော တိုင်းတပါး၌နေသောပုဏ္ဏားလုလင်သည် လာလတ်၍ ထိုဒိသာပါမောက္ခဆရာအထံ၌ အတတ်သင်သည်ရှိသော် တယောက်သောမိန်းမ၌ တပ်စွန်းသောစိတ်ရှိသည်ဖြစ်၍ ထိုမိန်းမကိုမယားပြု၍ ထိုဗာရာဏသီမြို့၌သာလျှင် နေလျက် နှစ်ကြိမ်သုံးကြိမ် ဆရာအား ခစားအံ့သောငှါလာ၏။ ထိုပုဏ္ဏားလုလင်၏မယားသည်ကား သီလမရှိ၊ ယုတ်သော အကျင့်ရှိ၏။ မှားသောအကျင့်ကို ကျင့်သောနေ့၌ ကျွန်မကဲ့သို့ ဖြစ်၏။ မှားသောအကျင့်ကို မကျင့်သောနေ့၌ သခင်မကဲ့သို့ ဖြစ်၏။ ကြမ်းကြုတ်၏။ ပုဏ္ဏားလုလင်သည် ထိုအခါ ခုနစ်ရက်ရှုစ်ရက်တို့ကိုလွန်စေ၍ လာလတ်သော တပည့်ပုဏ္ဏားလုလင်ကို လုလင် အဘယ့်ကြောင့် မထင်သနည်းဟု ဆရာသည် မေး၏။

ထိုပုဏ္ဏားလုလင်သည် ဆရာ အကျနုပ်၏မယားသည် တနေ့သောနေ့၌ အလိုရှိသည်ဖြစ်၍တောင့်တ၏။ ကျွန်မကဲ့သို့ နှိမ့်ချသောမာနရှိ၏။ တနေ့သ၌ သခင်မကဲ့သို့ခိုင်မာ၏။ ကြမ်းကြုတ်၏။ အကျွန်ုပ်သည် ထိုမိန်းမ၏အလိုကို သိခြင်းငှါမတတ်နိုင်၊ ထိုမိန်းမသည် နှိပ်စက်အပ်သည်ဖြစ်၍ နှောက်ရှက်သော စိတ်ရှိသည်ဖြစ်၍ ဆရာတို့အားခစားအံ့သောငှါ မလာသည်ဖြစ်၏ဟု ဆို၏။ ဆရာသည် လုလင် သင်ဆိုသောစကားသည် သင်ဆိုတိုင်းသာလျှင် မှန်၏။ မိန်းမတို့သည်လည်း ယုတ်မာသောအကျင့်ကို ကျင့်သည့်နေ့၌ လင်၏အလိုသို့ လိုက်ကုန်၏။ ကျွန်မကဲ့သို့ နှိမ့်ချသော မာန်ရှိသည်ဖြစ်၏။ ယုတ်မာသော အကျင့်ကို မကျင့်သော နေ့၌ကား မာနဖြင့်ခိုင်မာသည်ဖြစ်၍ လင်ကိုမခံ့ညား၊ ဤသို့ ထိုမိန်းမတို့မည်သည်ကား ယုတ်မာသော အကျင့်ရှိကုန်၏။ သီလမရှိကုန်၊ ထိုမိန်းမတို့၏ အလိုမည်သည်ကိုသိနိုင်ခဲ၏။ ထိုမိန်းမတို့သည် အလိုရှိကုန်သော်၎င်း၊ အလိုမရှိကုန်သော်၎င်း လျစ်လျူရှုအပ်ကုန်သည်သာလျှင် ဖြစ်ရာ၏ဟုဆိုပြီး၍ ထိုတပည့်လုလင်ပုဏ္ဏားအား ဆုံးမသည်၏ အစွမ်းအားဖြင့်-

၆၄။ မာ သု နန္ဒိ ဣစ္ဆတိ မံ၊ မာ သု သောစိ န မိစ္ဆတိ။
ထီနံ ဘာဝေါ ဒုရာဇာနော၊ မစ္ဆဿေဝေါဒကေ ဂတံ။

ဟူသော ဤဂါထာကို ဆို၏။

၆၄။ မာဏဝ၊ လုလင်။ မံ၊ ငါ့ကို။ ဣစ္ဆတိ၊ အလိုရှိ၏ဟူ၍။ မာ သုနန္ဒိ၊ မနှစ်သက်လင့်။ မံ၊ ငါ့ကို။ နဣစ္ဆတိ၊ အလိုမရှိဟူ၍။ မာ သု သောစိ၊ မစိုးရိမ်လင့်။ ဥဒကေ၊ ရေ၌။ မစ္ဆဿ၊ ငါး၏။ ဂတံ၊ သွားရာ လမ်းခရီးကို။ ဒုရာဇာနံ ဣဝ၊ သိနိုင်ခဲသကဲ့သို့။ ဧဝံ-တထာ၊ ထို အတူ။ ထီနံ၊ မိန်းမတို့၏။ ဘာဝေါ၊ အလိုကို။ ဒုရာဇာနော၊ သိနိုင်ခဲ၏။

ဤသို့ ဘုရားလောင်းသည် တပည့်လုလင်အား အဆုံးအမကို ပေး၏။ ထိုအခါမှစ၍ တပည့်လုလင်သည် ထိုမယား၌ လျစ်လျူရှုသည်ဖြစ်၏။ ထိုတပည့်၏ မယားသည်လည်း ဆရာသည် ငါသီလမရှိသောအဖြစ်ကိုသိသတတ်ဟု ထိုအခါမှစ၍ ယုတ်မာသောအကျင့်ကို မကျင့်၊ ထိုသီတင်း သည်၏ မယားသည်လည်း မြတ်စွာဘုရားသည် ငါယုတ်မာသောအကျင့်ကို ကျင့်သော အဖြစ်ကို သိတော်မူသတတ်ဟု ထိုအခါမှစ၍ ယုတ်မာသောအကျင့်ကို မကျင့်၊ မကောင်းမှုမည်သည်ကို မပြု၊ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၏။ သစ္စာတို့ကိုပြတော်မူသည်၏ အဆုံး၌ ထိုသီတင်းသည်သည် သောတာပတ္တိဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် အနုသန္ဓေကိုစပ်၍ ယခုအခါ လင်မယားတို့သည်လျှင် ထိုအခါ လင်မယားတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဒိသာပါမောက္ခဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ဣတ္ထိယဆို၊ မိန်းမပျို၊ အလို သိနိုင်ခဲ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဒုရာဇာနဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဣတ္ထိဝဂ်

၅။ အနဘိရတိဇာတ်

မိန်းမတို့မည်သည် ယုတ်မာသည်သာလျှင်ဖြစ်၍ လျစ်လျူ ရှု၍သာ နေအပ်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယထာ နဒီစ ပန္ထောစအစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအနဘိရတိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ထိုအခြားမဲ့သောဇာတ်၌ ဆိုအပ်ခဲ့ပြီးသောသီသင်းသည်နှင့် တူသည်သာလျှင်ဖြစ်သော သီတင်းသည် ကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုသီတင်းသည်သည်ကား စုံစမ်းသည်ရှိသော် ထိုမယား၏ သီလမရှိသောအဖြစ်ကို သိ၏။ ပြင်းစွာ အမျက်ထွက်သောအဖြစ်ဖြင့် နှောက်ရှက်သည်၏အဖြစ်ကြောင့် ခုနစ်ရက်ရှစ်ရက်ပတ်လုံး ဘုရားအားခစားအံ့သောငှါ မလာ၊ ထိုသီတင်းသည်သည် တနေ့နေ့၌ ကျောင်းသို့သွား၍ မြတ်စွာဘုရားကိုရှိခိုးလျက် နေသည်ရှိသော် အဘယ့်ကြောင့် ခုနစ်ရက်ရှစ်ရက်တိုပတ်လုံး မလာသနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား အကျွန်ုပ်၏ မယားသည် သီလမရှိ၊ ထိုမိန်းမအပေါ်၌ နှောက်ရှက်သောစိတ်ရှိသည်၏အဖြစ်ကြောင့် မလာဟုလျှောက်၏။

မြတ်စွာဘုရားသည် သီတင်းသည် ထိုမိန်းမတို့မည်သည်ကား ယုတ်မာသော အကျင့်ရှိကုန်၏။ ဤသို့နှလုံးသွင်း၍ ထိုမိန်းမတို့၌ အမျက်ထွက်ခြင်းကို မပြုမူ၍ လျစ်လျူသာလျှင်ဖြစ်ခြင်းငှါ သင့်၏။ ရှေး၌လည်း သင့်အား ပညာရှိတို့သည် ဆိုဘူးကုန်ပြီ၊ သင်သည်ကား ဘဝတပါး ဖုံးလွှမ်းအပ်သည်၏အဖြစ်ကြောင့် ထိုအကြောင်းကို မမှတ်မိနိုင်ဟု မိန့်တော်မူ၍ ထိုသီတင်းသည်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရှေးနည်းဖြင့်သာလျှင် ဒိသာပါမောက္ခဆရာဖြစ်၏။ ထိုအခါ ထိုဒိသာပါမောက္ခဆရာ၏ တပည့်သည်လည်း မယား၏ အပြစ်ကိုမြင်၍ နှောက်ရှက်သော စိတ်ရှိသည်၏ အဖြစ်ကြောင့် နှစ်ရက်သုံးရက်မလာမူ၍ တနေ့သောနေ့၌ ဆရာသည် မေးအပ်သည်ဖြစ်၍ ထိုအကြောင်းကိုကြား၏။ ထိုအခါ တပည့်အား ဆရာသည် အမောင် မိန်းမတို့မည်သည် သူခပ်သိမ်းနှင့် ဆက်ဆံတတ်ကုန်၏။ ထိုမိန်းမတို့သည် သီလမရှိကုန်၊ ဤသို့နှလုံးသွင်း၍ ထိုမိန်းမတို့၌ ပညာရှိတို့သည် အမျက်ထွက်ခြင်းကို မပြုကြကုန်ဟု ဆို၍ ဆုံးမလိုသည်၏ အစွမ်းအားဖြင့်-

၆၅။ ယထာ နဒီ စ ပန္ထော စ၊ ပါနာဂါရံ သဘာ ပပါ။
ဧဝံ လောကိတ္တိယော နာမ၊ နာသံ ကုဇ္ဈန္တိ ပဏ္ဍိတာ။

ဟူသော ဤဂါထာကို ဆို၏။

၆၅။ နဒီ ယထာ စ၊ မြစ်သည် သူခပ်သိမ်းတို့အားဆက်ဆံသကဲ့သို့၎င်း။ ပန္တော ယထာ စ၊ ခရီးသည် သူခပ်သိမ်းတို့အားဆက်ဆံသကဲ့သို့၎င်း။ ပါနာဂါရံ ယထာ စ၊ သေတင်းကုပ်သည် သူခပ်သိမ်းတို့အားဆက်ဆံသကဲ့သို့၎င်း။ သဘာ ယထာ စ၊ စရပ်သည် သူခပ်သိမ်းတို့အားဆက်ဆံသကဲ့သို့၎င်း။ ပပါ ယထာ စ၊ ရေအိုးစင်သည် သူခပ်သိမ်းတို့အား ဆက်ဆံသကဲ့သို့၎င်း။ ဧဝံ-တထာ၊ ထို အတူ။ လောကေ၊ လောက၌။ ဣတ္ထိယော နာမ၊ မိန်းမတို့မည်သည်ကား။ သဗ္ဗသာဓာရဏာ၊ အလုံးစုံသောသူတို့နှင့် ဆက်ဆံကုန်၏။ အာသံ ဣတ္ထီနံ၊ ထိုမိန်းမတို့အား။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ န ကုဇ္ဈန္တိ၊ အမျက်မထွက်ကုန်။

ဤသို့ ဘုရားလောင်းသည် တပည့်အား အဆုံးအမကိုပေး၏။ တပည့်သည် အဆုံးအမကိုကြား၍ လျစ်လျူရှုသည် ဖြစ်၏။ တပည့်၏မယားသည်လည်း ဆရာသည် သိသည်ဖြစ်သတတ်ဟု ထိုအခါမှစ၍ မကောင်းမှုကိုမပြု၊ သီတင်းသည်၏ မယားသည်လည်း မြတ်စွာဘုရားသည် သိတော်မူသည်ဖြစ်သတတ်ဟု ထိုအခါမှစ၍ မကောင်းမှုကို မပြု၊ မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သီတင်းသည်သည် သောတာပတ္တိဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း အနုသန္ဓေကိုစပ်၍ ယခုအခါလင်မယားတို့သည် ထိုအခါ လင်မယားတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဒိသာပါမောက္ခဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဣတ္ထိယစု၊ ပြုသည်မှု၊ လျစ်လျူရှုကာ နေအပ်စွာ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော အနဘိရတိဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဣတ္ထိဝဂ်

၆။ မုဒုလက္ခဏဇာတ်

ကာမဂုဏ်၏အာရုံသို့လိုက်၍ ဆင်းရဲကြီးစွာရောက်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဧကာ ဣစ္ဆာ ပုရေ အာသိ အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤမုဒုလက္ခဏဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော အမျိုးသား ကိုအကြောင်း ပြု၍ ဟောတော်မူ၏။ တယောက်သော သာဝတ္ထိမြို့၌နေသော အမျိုးသားသည် မြတ်စွာဘုရားတရားတော်ကိုနာရ၍ ရတနာတည်းဟူသော သာသနာ၌ ဝမ်းရေးကိုမငဲ့ဘဲရဟန်းပြုပြီးလျှင် အဖန်တလဲလဲ ကမ္မဋ္ဌာန်း၌ လုံ့လပြုသည်။ ကမ္မဋ္ဌာန်း၌ အမြဲယှဉ်သည်။ မလွတ်သော ကမ္မဋ္ဌာန်းရှိသည်ဖြစ်၍ တနေ့သ၌ သာဝတ္ထိမြို့သို့ ဆွမ်းအလို့ငှာသွားသည်ရှိသော် တယောက်သော တန်ဆာဆင်အပ်သော မိန်းမကိုမြင်၍ တင့်တယ်၏ဟု နှလုံးသွင်းသည်၏အစွမ်းအားဖြင့် ဣန္ဒြေတို့ကိုဖျက်၍ ကြည့်သတတ်၊ ထိုရဟန်း၏ကိုယ်တွင်း၌ ကိလေသာသည်လှုပ်၏။ ပဲကွပ်ဖြင့် ခတ်အပ်သော အစေးရှိသော သစ်ပင်ကဲ့သို့ ဖြစ်၏။ ထိုရဟန်းသည် ထိုနေ့မှစ၍ ကိလေသာ၏ အလိုသို့လိုက်သည်ဖြစ်၍ ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်းကို မရသလျှင်ကတည်း၊ တုန်လှုပ်သော သမင်နှင့်တူသည်ဖြစ်၍ သာသနာတော်၌မမွေ့လျော်သည် ရှည်သောဆံအမွေး ခြေသည်းလက်သည်းရှိသည်, ညစ်နွမ်းသောသင်္ကန်းရှိသည် ဖြစ်၏။

ထိုအခါ ထိုရဟန်း၏ ဣန္ဒြေ၏ဖောက်ပြန်ခြင်းကိုမြင်၍ အဆွေခင်ပွန်းဖြစ်ကုန်သော ရဟန်းတို့သည် ငါ့သျှင် သင့်အား ယခုဣန္ဒြေတို့သည် အဘယ်ကြောင့် ရှေးကဣန္ဒြေတို့ကဲ့သို့မဖြစ်ကုန်သနည်းဟု မေးကုန်၏။ ငါ့သျှင်တို့ ငါသည် မမွေ့လျော်သည်ဖြစ်၏ဟု ဆို၏။ ထိုအခါ ထိုရဟန်းကို အဆွေခင်ပွန်း ရဟန်းတို့သည် မြတ်စွာဘုရားအထံတော်သို့ ဆောင်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ အလိုမရှိသောရဟန်းကိုယူ၍ အဘယ်ကြောင့် လာကြကုန်သနည်းဟုမေးတော်မူ၏။ အရှင်ဘုရား ဤရဟန်းသည် မမွေ့လျော်ဟု လျှောက်ကြကုန်၏။ မြတ်စွာဘုရားသည် ရဟန်း မမွေ့မလျော်သည်မှန်သလောဟု မိန့်တော်မူ၏။ ဘုန်းတော်ကြီး အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်၏။ ရဟန်း သင့်ကို အဘယ်သူသည် ငြီးငွေ့စေသနည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား အကျွန်ုပ်သည် ဆွမ်းအလို့ငှါသွားသည်ရှိသော် တယောက်သောမိန်းမကိုမြင်၍ ဣန္ဒြေတို့ကိုဖျက်၍ ကြည့်၏။ ထိုအခါ အကျွန်ုပ်၏ကိလသောသည် လှုပ်၏။ ထို့ကြောင့် ငြီးငွေ့သည်ဖြစ်၏ဟု လျှောက်၏။

ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း ဣန္ဒြေကိုဖျက်၍ ဝိသဘာဂအာရုံကို တင့်တယ်၏ဟု နှလုံးသွင်းသည်၏ အစွမ်းအားဖြင့် ကြည့်သောသင့်ကို ကိလေသာတို့သည် တုန်လှုပ်စေခြင်းသည်ရှိ၏။ ထိုတုန်လှုပ်စေခြင်းသည်အံ့ဘွယ်မရှိ၊ ရှေး၌ အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးကို ရကုန်သော ဈာန်၏ အာနုဘော်ဖြင့် ကိလေသာတို့ကိုခွဲ၍ စင်ကြယ်စွာသောစိတ်ရှိကုန်သော ကောင်းကင်ပြင်၌သွားကုန်သော ဘုရားလောင်းတို့သည် ဣန္ဒြေတို့ကိုဖျက်၍ ဝိသဘာဂအာရုံကို ကြည့်သည်ရှိသော် ဈာန်မှ ယုတ်ကုန်၍ ကိလေသာတို့သည် တုန်လှုပ်စေအပ်သည်ဖြစ်၍ ကြီးစွာသောဆင်းရဲကို ခံရဘူးကုန်ပြီ၊ ထိုစကားသည် မှန်၏။ မြင်းမိုရ်တောင်ကို ကျွတ်စေတတ်သောလေသည် ဆင်ပမာဏရှိသောတောင်ဦးပြည်းငယ်ကို တောင်ဟူ၍မရေတွက်၊ သပြေပင်ကြီးကိုကျွတ်စေတတ်သောလေသည် မြစ်ကမ်းပါး၌ ပေါက်သောသစ်ပင်ငယ်ကို သစ်ပင်ဟူ၍မရေတွက်၊ မဟာသမုဒြာကိုပူစေတတ် ခြောက်ခန်းစေတတ်သောနေသည် တစုံတခုသာလျှင်ဖြစ်သော တဖက်ဆည်ကန်ကို ကန်ဟူ၍ မရေတွက်၊ ဤသို့လျှင် စင်ကြယ်သောစိတ်ရှိကုန်သော ဘုရားလောင်းဖြစ်ကုန်သော ပညာရှိတို့အား စင်ကြယ်လျှက်လည်း ဉာဏ်ကင်းခြင်းကိုပြုတတ်ကုန်သော ကိလေသာတို့သည် သင်၌ အဘယ့်ကြောင့်ရှက်ကုန်လတ္တံ့နည်း၊ စင်ကြယ်ကုန်သောသတ္တဝါတို့သည်လည်း ညစ်ညူးကုန်၏။ မြတ်သောအကျော်အစောနှင့် ပြည့်စုံသောသူတို့သည်လည်း အကျော်အစောမရှိသောအဖြစ်သို့ ရောက်ကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်း၌ တယောက်သော များစွာသောဥစ္စာစည်းစိမ်ရှိသော ပုဏ္ဏား၏ အိမ်၌ဖြစ်၍ လိမ်မာသောအဖြစ်သို့ရောက်သည်ရှိသော် ခပ်သိမ်းသောအတတ်တို့၏ ကမ်းတဖက်သို့ရောက်၍ ကာမတို့ကိုစွန့်ပြီးလျှင် ရသေ့ရဟန်းပြု၍ ကသိုဏ်းပရိကံကိုပြုလျက် အဘိညာဉ်တို့ကို၎င်း၊ သမာပတ်တို့ကို၎င်းဖြစ်စေ၍ ဈာန်ချမ်းသာဖြင့်လွန်စေလျက် ဟိမဝန္တာအရပ်၌နေ၏။ ထိုဘုရားလောင်းသည် တရံရောအခါ၌ ချဉ်ဆားမှီဝဲအံ့သောငှါ ဟိမဝန္တာမှသက်ခဲ့၍ ဗာရာဏသီပြည်သို့ရောက်လျှင် မင်း၏ဥယျာဉ်၌နေ၍ နက်ဖြန်နေ့၌ ပြုအပ်ပြီးသော ကိုယ်လက်သုတ်သင်ခြင်းရှိသည်ဖြစ်၍ နီသောလျှော်တေဖြင့်ပြီးသောအဝတ်အာရုံကို ပြုပြင်၍ သစ်နက်ရေကို ပခုံးတဖက်၌စမ္ပယ်တင်၍ ဆံကျစ်ဝန်းကိုဖွဲ့၍ ဆွမ်းခံသပိတ်ကို ယူ၍ ဗာရာဏသီမြို့သို့ ဆွမ်းအလို့ငှါဝင်သည်ရှိသော် မင်းအိမ်တံခါးသို့ရောက်၏။ မင်းသည် ထိုရသေ့၏ဣရိယာပုထ်၌ကြည်ညို၍ ပင့်စေပြီးလျှင် မြတ်သောသူတို့အားသာလျှင်ထိုက်သော နေရာ၌နေစေ၍ မွန်မြတ်သော ခဲဘွယ်ဘောဇဉ်ဖြင့် ရောင့်ရဲစေ၍ ဆွမ်းအနုမောဒနာကိုပြုပြီးလျှင် ဥယျာဉ်၌နေစိမ့်သောငှာ တောင်းပန်၏။ ထိုရသေ့သည်ဝန်ခံ၍ မင်းအိမ်၌ဆွမ်းစား၍ မင်းမျိုးကိုဆုံးမလျက် ထိုဥယျာဉ်၌ တဆယ့်ခြောက်နှစ်ပတ်လုံးနေ၏။

ထိုအခါ တနေ့သ၌ မင်းသည် ပုန်ကန်သောပစ္စန္တရစ်ကို ငြိမ်းစိမ့်သောငှါ သွားသည်ရှိသော် မုဒုလက္ခဏာမည်သော မိဖုယားကြီးကို အရှင်မြတ်အားလုပ်ကျွေးခြင်းကို မမေ့မလျော့ပြုလောဟုဆို၍ သွားလေ၏။ ဘုရားလောင်းသည် မင်းကြီးသွားသောအခါမှစ၍ မိမိသည် နှစ်သက်သောအခါ၌ မင်းအိမ်သို့သွား၏။ ထိုအခါ တနေ့သ၌ မုဒုလက္ခဏမိဖုယားကြီးသည် ဘုရားလောင်းဘို့ အာဟာရကိုပြည့်စုံစေ၍ ယနေ့အရှင်မြတ်သည် ကြာမြင့်၏ဟု နံ့သာရေဖြင့်ချိုးပြီးလျှင် ခပ်သိမ်း သောတန်ဆာတို့ဖြင့် တန်ဆာဆင်လျက် မြတ်သောအပြင်၌ အိပ်ရာငယ်ကိုခင်းစေ၍ ဘုရားလောင်း၏လာခြင်းကိုမျှော်လျက် အိပ်နေ၏။ ဘုရားလောင်းသည်လည်း မိမိ၏အခါကိုမှတ်၍ ဈာန်မှထပြီးလျှင် ကောင်းကင်ခရီးဖြင့်သာလျှင် မင်းအိမ်သို့သွား၏။ မုဒုလက္ခဏမိဖုယားကြီးသည် လျှော်တေ သင်္ကန်းသံကို ကြား၍သာလျှင် အရှင်မြတ်လာပြီဟု လျှင်စွာထ၏။ လျှင်မြန်သဖြင့်ထသော မိဖုယား၏ပြေပြစ်သော အဝတ်သည် လျှောကျ၏။ ရသေ့သည် ခြင်္သေ့ခံသောလေသာပြူတင်းဖြင့် ဝင်သည်ရှိသော် မိဖုယား၏ဝိသဘာဂအာရုံကိုမြင်၍ ဣန္ဒြေတို့ကိုဖျက်၍ တင့်တယ်၏ဟု နှလုံးသွင်းသည်၏ အစွမ်းဖြင့် ကြည့်၏။

ထိုအခါ ဘုရားလောင်း၏ကိုယ်တွင်း၌ ကိလေသာသည် လှုပ်၏။ ပဲကွပ်ဖြင့်ခတ်အပ်သော အစေးရှိသောသစ်ပင်ကဲ့သို့ဖြစ်၏ ထိုခဏ၌ပင်လျှင် ရသေ့၏ဈာန်သည်ကွယ်၏။ အတောင်ပြတ်သောကျီးကဲ့သို့ ဖြစ်၏။ ထိုရသေ့သည် ရပ်လျှက်သာလျှင် အာဟာရကိုယူ၍ မစားမူ၍သာလျှင် ကိလေသာသည် တုန်လှုပ် စေအပ်သည်ဖြစ်၍ ပြာဿာဒ်မှသက်ခဲ့ပြီးလျှင် ဥယျာဉ်သို့သွား၍ သစ်ရွက်မိုးသောကျောင်းသို့ဝင်၍ ပျဉ်ခင်းသောနေရာ၏အောက်၌ အာဟာရကိုထား၍ ဝိသဘာဂအာရုံဖြင့် ဖွဲ့ယှက်အပ်သည်ဖြစ်၍ ဤကိလေသာမီးသည်လောင်သည်ရှိသော် အာဟာရကင်းသည် ၏အဖြစ်ကြောင့် ခြောက်ကပ်လျက် ခုနစ်ရက်တို့ပတ်လုံး ပျဉ်အ ခင်း၌အိပ်၏။ ခုနစ်ရက်မြောက်သောနေ့၌ မင်းကြီးသည် ပစ္စန္တရစ်ကိုငြိမ်းစေပြီး၍ လာသည်ရှိသော် မြို့ကိုလက်ျာရစ်လည်သည်ကို ပြု၍ နန်းတော်သို့မဝင်ဘဲ အရှင်မြတ်ကိုဖူးမြင်အံ့ဟု ဥယျာဉ်သို့သွားပြီးလျှင် သစ်ရွက်မိုးသောကျောင်းသို့ဝင်၍ လျောင်းသောရှင်ရသေ့ကိုမြင်သည်ရှိသော် တခုသောမချမ်းသာခြင်းသည် ဖြစ်ယောင်တကားဟု သစ်ရွက်မိုးသောကျောင်းကို သုတ်သင်စေ၍ ခြေကိုဆုပ်နယ်လျှက် အရှင်ဘုရားအား အဘယ်မချမ်းသာခြင်းသည် ဖြစ်သနည်းဟု မေး၏။

မြတ်သောမင်းကြီး ငါ့အား တပါးသောမချမ်းသာခြင်းသည် မရှိ၊ ကိလေသာ၏အစွမ်းဖြင့် တပ်စွန်းသောစိတ်ဖြစ်၏ဟု ဆို၏။ အရှင်ဘုရား အရှင်ဘုရား၏စိတ်သည် အဘယ်၌တပ်စွန်းသနည်း ဟု မေး၏။ မြတ်သောမင်းကြီး မုဒုလက္ခဏမိဖုယား၌တပ်စွန်း၏ ဟု ဆို၏။ အရှင်ဘုရား ကောင်းပြီ၊ အကျွန်ုပ်သည် မုဒုလက္ခဏကို ပေးအံ့ဟုဆိုပြီးလျှင် ရသေ့ကိုယူပြီး၍ နန်းတော်သို့ဝင်၍ မုဒု လက္ခဏမိဖုယားကို အလုံးစုံသောတန်ဆာတို့ဖြင့် ဆင်ယင်၍ ရသေ့အားပေး၏။ ပေးစဉ်၌လည်း မုဒုလက္ခဏာအား အမှတ်ကို ပေး၏။ အဘယ်သို့ပေးသနည်းဟူမူကား သင်သည် မိမိ၏အစွမ်းအားဖြင့် အရှင်မြတ်ကိုစောင့်ရှောက်ခြင်းငှါ လုံ့လပြုအပ်၏ဟု အမှတ်ပေး၏။ အရှင်မင်းကြီး ကောင်းပြီ စောင့်ရှောက်အံ့ဟု ဆို၏။ ရသေ့သည် မိဖုယားကိုယူ၍ မင်းအိမ်မှသက်၏။ ထိုအခါ တံခါးမှထွက်သောကာလ၌ အရှင်ငါတို့အား တခုသောအိမ်ကို ရခြင်းငှါသင့်၏။ သွားချေ မင်းကြီးကို အိမ်တောင်းချေလောဟု ဆို၏။ ရသေ့သည်သွား၍ အိမ်တောင်း၏။ မင်းကြီးသည် လူတို့၏ဝစ္စကုဋိကိစ္စကိုပြီးစေသော တခုသော စွန့်ပစ်အပ်သော အိမ်ကိုပေး၏။

ထိုရသေ့သည် မိဖုယားကိုယူ၍သွား၏။ ထိုမိဖုယားသည် အိမ်သို့ဝင်ခြင်းငှါအလိုမရှိ၊ အဘယ့်ကြောင့်မဝင်သနည်းဟု မေး၏။ မစင်ကြယ်သည်၏အဖြစ်ကြောင့် မဝင်ဟုဆိုသည်ရှိသော် ယခု အဘယ်ကိုပြုရအံ့နည်းဟု ဆို၏။ ထိုအိမ်ကို သုတ်သင်လောဟု ဆိုပြီး၍ မင်းကြီးအထံသို့စေ၍ သွားချေ ပေါက်တူးကိုဆောင်ချေလော၊ တောင်းကိုလည်း ဆောင်ချေလောဟု ဆို၍ ဆောင်စေပြီးလျှင် မစင်ကို၎င်း၊ အမှိုက်စုကို၎င်း စွန့်ပစ်စေ၍ နွားချေးကိုဆောင်စေပြီးလျှင် လိမ်းကျံ၍ တဖန်လည်း သွားချေညောင်စောင်းကို ဆောင်ချေလော၊ အင်းပျဉ်ကို ဆောင်ချေလော၊ အခင်းကို ဆောင်ချေလော၊ သောက်ရေ အိုးကိုဆောင်ချေလော၊ ရေခပ်အိုးကို ဆောင်ချေလော၊ တခုတခုစီကို ဆောင်စေ၍ တဖန် ရေခပ်ခြင်းအစရှိသည်တို့၏အကျိုးငှါ ထိုရသေ့ကို စေ၏။ ရသေ့သည် အိုးကိုယူပြီးလျှင် ရေကိုဆောင်လျက် သောက်ရေအိုးကို ပြည့်စေပြီးလျှင် ချိုးရေကိုစီရင်၍ အိပ်ရာခင်း၏။ ထိုအခါ အိပ်ရာ၌အတူထိုင်သောရသေ့ကို ကြင်စွယ်မုတ်ဆိတ်တို့ကိုင်၍ သင်၏ ရဟန်းအဖြစ်ကို၎င်း၊ မကောင်းမှုကို အပပြုတတ်သောသူ၏ အဖြစ်ကို၎င်း မသိဟုဆို၍ ညွတ်စေ၍ မိမိသို့ရှေးရှုတင်၏။ ရသေ့သည် ထိုအခါ သတိရ၍ ဤမျှလောက်သောကာလပတ်လုံး မိုက်မဲခြင်းသည် ဖြစ်၏။ ဤသို့လျှင် ကိလေသာတို့မည်သည်ကား မိုက်မဲခြင်းကို ပြုတတ်ကုန်၏။ ရဟန်းတို့ ကာမစ္ဆန္ဒနီဝရဏသည် ကန်းခြင်းကိုပြုတတ်ကုန်၏။ မိုက်မဲခြင်းကို ပြုတတ်ကုန်၏။ ဤသို့ အစရှိသော ပါဠိကို ဤအရာ၌ဆိုအပ်၏။ ထိုရသေ့သည်သတိရ၍ တဏှာသည် ပွားသည်ရှိသော် ငါ့အား လေးပါးကုန်သောအပါယ်တို့မှ ဦးခေါင်းကိုချီခြင်းငှာ မပေးလတ္တံ့၊ ယနေ့ပင်လျှင် ငါသည် ဤမုဒုလက္ခဏကို မင်းကြီးအားအပ်နှင်း၍ ဟိမဝန္တာသို့ဝင်ခြင်းငှာသင့်၏ဟု ကြံ၏။ ကြံပြီး၍ ထိုရသေ့သည် မုဒုလက္ခဏာကိုယူ၍ မင်းကြီးသို့ကပ်ပြီးလျှင် မြတ်သောမင်းကြီး သင်၏မိဖုယားဖြင့် ငါ့အားအလိုမရှိ၊ စင်စစ်သော်ကား ငါ့အား ဤမုဒုလက္ခဏကိုမှီ၍ တဏှာသည် ပွား၏ဟု ဆိုလို၍-

၆၆။ ဧကာ ဣစ္ဆာ ပုရေ အာသိံ၊ အလဒ္ဓံ မုဒုလက္ခဏံ။
ယတော လဒ္ဓါ အဠာရက္ခီ၊ ဣစ္ဆာ ဣစ္ဆံ ဝိဇာယထ။

ဟူသော ဤဂါထာကို ဆို၏။

၆၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မုဒုလက္ခဏံ၊ မုဒုလက္ခဏာကို။ အလဒ္ဓါ၊ မရမီ။ ပုရေ၊ ရှေးကာလ၌။ ဧကာ၊ တပါးသော။ ဣစ္ဆာ၊ မုဒုလက္ခဏာကိုတောင့်တခြင်း တဏှာသည်။ အာသိ၊ ဖြစ်၏။ ယတော၊ အကြင်အခါ၌။ အဠာရက္ခီ၊ ကျယ်သောတင့်တယ်သော မျက်စိရှိသော မုဒုလက္ခဏကို။ လဒ္ဓါ၊ ရအပ်ပြီ။ အထ၊ ထိုအခါ၌။ သာ၊ ထိုမုဒုလက္ခဏာသည်။ ဣစ္ဆာ ဣစ္ဆံ၊ ငယ်ငယ်ကြီးကြီး ဖြစ်သော တဏှာကို။ ဝိဇာယထ၊ ဖြစ်စေ၏။

ထိုခဏ၌လျှင် ကွယ်သောဈာန်ကိုဖြစ်စေ၍ ကောင်းကင်၌ နေလျှက်တရားဟော၍ မင်းအားလည်း အဆုံးအမကိုပေးပြီးလျှင် ကောင်းကင်ဖြင့်သာလျှင် ဟိမဝန္တာသို့သွား၍ တဖန် လူ့ပြည်သို့ မလာပြီ၊ ထိုဟိမဝန္တာ၌ သာလျှင် ဗြဟ္မဝိဟာရတို့ကိုပွားလျက် မယုတ်သောဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်၌ ဖြစ်၏။ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာတို့ကိုတော်မူ၏။ သစ္စာတို့ကိုပြတော်မူသည်၏ အဆုံး၌ သာသနာတော်၌ မမွေ့လျော်သော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် အနုသန္ဓေကိုစပ်၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ မုဒုလက္ခဏမိဖုယား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

ဝိသဘာဂ၊ အာရုံရ၊ ဒသကိလေ ဆင်းရဲဖွေ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော မုဒုလက္ခဏဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဣတ္ထိဝဂ်

၇။ ဥစ္ဆင်္ဂဇာတ်

ပညာရှိသော မိန်းမတယောက်ကြောင့် သုံးယောက်သောသူတို့သည် အပြစ်ဘေးမှလွတ်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဥစ္ဆဂေ ဒေဝ မေ ပုတ္တာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဥစ္ဆင်္ဂဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော ဇနပုဒ်၌နေသောမိန်းမ ကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တပါးသောအခါ ကောသလတိုင်း၌ သုံးယောက်ကုန်သောသူတို့သည် တခုသောတောအုပ်၏အဝ၌ လယ်ထွန်ကုန်၏။ ထိုအခါ တောအုပ်၏အတွင်း၌ ခိုးသူတို့သည် လူတို့ကိုလုယက်ကုန်၍ ပြေးကုန်၏။ ထိုခိုးသူတို့ကိုရှာကုန်၍ မမြင်ကုန်သည်ရှိသော် ထိုလယ်ထွန်ရာအရပ်သို့လာလတ်၍ သင်တို့သည် တောအုပ်၌လုယက်ကုန်ပြီး၍ ယခုအခါ လယ်ထွန်သောသူကဲ့သို့ ဖြစ်ကုန်၏ဟုဆို၍ ထိုသုံးယောက်သောသူတို့ကို ခိုးသူတို့တည်းဟု နှောင်ဖွဲ့ပြီးလျှင်ဆောင်၍ ကောသလမင်းကြီးအားဆက်ကုန်၏။ ထိုအခါ တယောက်သော မိန်းမသည်လာလတ်၍ အရှင်မင်းကြီး အကျွန်ုပ်အား အဝတ်ကို ပေးတော်မူပါကုန်လော၊ အကျွန်ုပ်အား အဝတ်ကိုပေးတော်မူပါ ကုန်လောဟုငိုကြွေးလျက် အဖန်တလဲလဲမင်းအိမ်သို့လှည့်လည်၏။ မင်းကြီးသည် ထိုမိန်းမအသံကိုကြား၍ ထိုမိန်းမအား အဝတ်ပေးလာဟု ဆို၏။ မင်းချင်းတို့သည် အဝတ်ကိုယူ၍ ပေးကုန်၏။ ထိုမိန်းမသည် အဝတ်ကိုမြင်၍ အကျွန်ုပ်သည် ဤအဝတ်ကို မတောင်း၊ လင်ဟူသောအဝတ်ကို တောင်း၏ဟုဆို၏။ ထိုသူတို့သည် သွားကုန်၍ မင်းကြီးအား ဤမိန်းမသည် ဤအဝတ်ကို မတောင်း၊ လင်ဟူသောအဝတ်ကိုသာ တောင်း၏ဟု လျှောက်ကုန်၏။ ထိုအခါ မင်းကြီးသည် ထိုမိန်းမကိုခေါ်၍ သင်သည် လင်ဟူသောအဝတ်ကို တောင်းသလောဟုမေး၏။ အရှင်မင်းကြီးတောင်းသည် မှန်ပေ၏။ ထိုစကားသည် မှန်၏။ လင်သည် မိန်းမ၏ အဝတ်မည်၏။ လင်မရှိသည်ရှိသော် အဘိုးတထောင်ထိုက်သောအဝတ်ကို ဝတ်ရငြားသော်လည်း လင်မှကင်းသောမိန်းမသည် အချည်းနှီးသာလျှင်မည်၏။ ဤအနက်ကို သိစိမ့်သောငှါ-

နဂ္ဂါ နဒီ အနူဒကာ၊ နဂ္ဂံ ရဋ္ဌံ အရာဇိကံ။
ဣတ္ထီပိ ဝိဓဝါ နဂ္ဂါ၊ ယဿာပိ ဒသဘာတရော။

ဟူသော ဤဂါထာကို ဆင်အပ်၏။

အနူဒကာ၊ ရေမရှိသော။ နဒီ၊ မြစ်သည်။ နဂ္ဂါ၊ အချည်းနှီးသာ ဖြစ်၏။ အရာဇိကံ၊ မင်းမရှိသော။ ရဋ္ဌံ၊ တိုင်းနိုင်ငံသည်။ နဂ္ဂံ၊ အချည်းနှီးသာလျှင်ဖြစ်၏။ ယဿာ၊ အကြင်မိန်းမအား။ ဒသ ဘာတရော၊ တကျိပ်သော မောင်တို့သည်။ သန္တိ၊ ရှိကုန်ငြားအံ့။ တထာပိ၊ ထိုသို့ရှိသော်လည်း။ ဝိဓဝါ၊ လင်မှကင်းသော။ ဣတ္တီပိ၊ မိန်းမသည်လည်း။ နဂ္ဂါ၊ အချည်းနှီးသာဖြစ်၏။

မင်းသည် ထိုမိန်းမအားကြည်ညိုသည်ဖြစ်၍ ဤသုံးယောက်သောသူတို့သည် သင့်အား အဘယ်သို့တော်ကုန်သနည်းဟု မေး၏။ အရှင်မင်းကြီး တယောက်သည် အကျွန်ုပ်လင်တည်း၊ တယောက်သည် မောင်, တယောက်သည်သားတည်းဟုလျှောက်၏။ မင်းကြီးသည် ငါသည် သင့်အားနှစ်သက်၏။ ဤသုံးယောက်ကုန်သောသူတို့တွင် တယောက်သောသူကို သင့်အား ပေးအံ့၊ အဘယ်သူကို အလိုရှိသနည်းဟု မေး၏။ ထိုမိန်းမသည် အရှင်မင်းကြီး အကျွန်ုပ်သည် အသက်ရှင်သည်ရှိသော် တယောက်လင်ကို ရပါလတ္တံ့၊ သားကိုလည်း ရပါလတ္တံ့၊ အကျွန်ုပ်၏ အမိအဘကိုကား သေသည်၏ အဖြစ်ကြောင့် မောင်ကိုသာလျှင်ရခဲ၏။ အရှင်မင်းကြီး အကျွန်ုပ်အား မောင်ကိုပေးပါဟု လျှောက်၏။ မင်းကြီးသည် နှစ်သက်၍ သုံးယောက်ကုန်သောသူတို့ကိုလည်း လွှတ်၏။ ဤသို့လျှင် တယောက်တည်းသောမိန်းမကိုမှီ၍ သုံးယောက်ကုန်သောသူတို့သည် ဆင်းရဲမှလွတ်ကုန်၏။

ထိုအကြောင်းသည် ရဟန်းသံဃာအား ထင်ရှားသည်ဖြစ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ စည်းဝေးကုန်၍ ငါ့သျှင်တို့ တယောက်တည်းသောမိန်းမကိုမှီ၍ သုံးယောက်ကုန်သောသူတို့သည် ဆင်းရဲမှလွတ်ကုန်၏ဟု ထိုမိန်းမ၏ ကျေးဇူးစကားဖြင့် စည်းဝေး၍နေကြကုန်၏။ မြတ်စွာဘုရားသည်ကြွလာတော်မူ၍ ရဟန်းတို့ ယခုငါလာတော်မူသောအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဤမိန်းမသည် ယခုအခါ၌သာလျှင် ထိုသုံးယောက်သောသူတို့ကို ဆင်းရဲမှလွတ်စေသည် မဟုတ်သေး၊ ရှေး၌လည်း လွတ်စေဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် သုံးယောက်ကုန်သောသူတို့သည် တောအုပ်ဝ၌လယ်ထွန်ကုန်၏။ ဤသို့အစရှိသော အလုံးစုံသောစကားသည် ရှေ့စကားနှင့်တူသည်သာလျှင်တည်း။ ထိုအခါမင်းသည် သုံးယောက်ကုန်သောသူတို့တွင် အဘယ်သူကို အလိုရှိသနည်းဟုမေးသည်ရှိသော် အရှင်မင်းကြီး သုံးယောက်ကုန်သောသူတို့ကို ပေးခြင်းငှါမတတ်နိုင်ပါကုန်သလောဟုလျှောက်၏။ မတတ်နိုင်သည် မှန်၏ဟု မင်းကြီးဆို၏။ အရှင်မင်းကြီး သုံးယောက်ကုန်သောသူတို့ကို ပေးခြင်းငှါ အကယ်၍ မတတ်နိုင်ကုန်အံ့၊ အကျွန်ုပ်အား မောင်ကိုသာပေးပါကုန်လောဟုဆိုသည်ရှိသော် သားကို၎င်း လင်ကို၎င်းမယူ၊ မောင်ဖြင့် သင့်အား အဘယ်ပြုအံ့နည်းဟုဆိုသည်ရှိသော် အရှင်မင်းကြီး ထိုသား, လင်တို့သည်ကား ရလွယ်ပါကုန်၏။ မောင်ကိုရခဲ၏ဟု ဆိုလို၍-

၆၇။ ဥစ္ဆင်္ဂေ ဒေဝ မေ ပုတ္တော၊ ပထေ ဓာဝန္တိယာ ပတိ။
တဉ္စ ဒေသံ န ပဿာမိ၊ ယတော သောဒရိယမာနယေ။

ဟူသော ဤဂါထာကို ဆို၏။

၆၇။ ဒေဝ၊ မင်းကြီး။ ဥစ္ဆင်္ဂေ၊ ခါးပိုက်၌။ ဍာကသဒိသောဝ၊ ဟင်းရွက်နှင့်အတူသာလျှင်။ မေ၊ အကျွန်ုပ်အား။ ပုတ္တော၊ သားသည်။ သုလဘော၊ ရလွယ်၏။ ပထေ၊ ခရီး၌။ ဓာဝန္တိယာ၊ ပြေးသွားသောမိန်းမအားလည်း။ ပတိ၊ လင်သည်။ သုလဘော၊ ရလွယ်၏။ ယတော၊ အကြင်အရပ်၌။ သောဒရိယံ၊ တမိဝမ်းခေါင်း အောင်းဘက်ဖြစ်သော မောင်ကို။ အာနယေ -အာနေယျံ၊ ဆောင်ရာ၏။ တဉ္စ ဒေသံ၊ ထိုအရပ်ကိုကား။ န ပဿာမိ၊ မမြင်ပါ။

မင်းကြီးသည် ဤမိန်းမကား မှန်သောစကားကိုသာဆို၏ဟု နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ သုံးယောက်ကုန်သော သူတို့ကို နှောင်အိမ်မှ ဆောင်၍ပေး၏။ ထိုမိန်းမသည် သုံးယောက်ကုန်သောသူတို့ကို ယူ၍သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း ရဟန်းတို့ ယခုအခါ၌ သာလျှင် ဤမိန်းမသည် ဤသုံးယောက်သောသူတို့ကို ဆင်းရဲမှလွတ်စေသည် မဟုတ်သေး၊ ရှေး၌လည်း လွတ်စေဘူးသည်သာလျှင်တည်းဟု ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ လေးယောက်ကုန်သောသူတို့သည် ထိုအခါ ထိုလေးယောက်ကုန်သော သူတို့သည်သာလျှင် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ပညာဉာဏ်လှောက်၊ မှန်စွာလျှောက်၊ သုံးယောက်အနှောင် လွတ်ကြောင်းဆောင်

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဥစ္ဆင်္ဂဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဣတ္ထိဝဂ်

၈။ သာကေတဇာတ်

နှစ်ဦးကုန်သော ပုဏ္ဏား ပုဏ္ဏေးမတို့၏လက်၌ ဘဝပေါင်း တထောင့်ငါးရာတို့ပတ်လုံး မြတ်စွာဘုရားအလောင်း ကြီးရဘူးသောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယသ္မိံ မနော နိဝိသတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသာကေတဇာတ်ကို သာကေတမြို့ကိုအမှီပြု၍ အဉ္ဇနအမည်ရှိသောဥယျာဉ်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ မြတ်စွာဘုရားသည် ရဟန်းသံဃာအပေါင်းခြံရံလျက် သာကေတမြို့သို့ ဆွမ်းအလို့ငှာဝင်တော်မူသောအခါ၌ တယောက်သော သာကေတမြို့၌နေသော အိုမင်းသောပုဏ္ဏားသည် မြို့မှအပသို့သွားသည်ရှိသော် မြို့တံခါးအတွင်း၌ မြတ်စွာဘုရားကိုမြင်၍ ခြေတော်ရင်း၌ဝပ်ပြီးလျှင် ဖမျက်တို့၌မြဲစွာကိုင်၍ ချစ်သား ချစ်သားတို့မည်သည်ကား အမိအဘတို့အိုမင်းသောကာလ၌ လုပ်ကျွေးအပ်ကုန်သည်မဟုတ်လော၊ အဘယ်ကြောင့် ဤမျှလောက်သောကာလပတ်လုံး ငါတို့အား ကိုယ်ကိုမျှမပြသနည်း၊ ငါသည် ရှေးဦးစွာ မြင်ရသည်ဖြစ်၏။ သင်၏အမိကို မြင်စိမ့်သောငှါ လာလှည့်ဟု မြတ်စွာဘုရားကိုပင့်၍ မိမိ၏အိမ်သို့သွား၏။ မြတ်စွာဘုရားသည် ထိုပုဏ္ဏားအိမ်သို့ ကြွတော်မူ၍ ခင်းအပ်သောနေရာ၌ သံဃာနှင့်တကွနေတော်မူ၏။ ပုဏ္ဏေးမသည်လည်း လာလတ်၍ မြတ်စွာဘုရားခြေတော်ရင်း၌ဝပ်၍ ချစ်သား ဤမျှလောက်သောကာလပတ်လုံး အဘယ်အရပ်၌နေသနည်း၊ သားတို့မည်သည်ကား မိဘကို အိုမင်းသောကာလ၌ လုပ်ကျွေးအပ်ကုန်သည် မဟုတ်လောဟု ငိုကြွေး၏။ သားသ္မီးတို့ကိုလည်း လာလှည့်ကြကုန်၊ အစ်ကိုကြီးကို ရှိခိုးကြလောဟု ဆို၍ ရှိခိုးစေ၍ နှစ်ယောက်ကုန်သော ပုဏ္ဏားပုဏ္ဏေးမတို့သည် နှစ်သက်သောစိတ်ရှိကုန်သည်ဖြစ်၍ ကြီးသောအလှူကိုပေးကုန်၏။ မြတ်စွာဘုရားသည်လည်း ဆွမ်းဘုဉ်းပေးခြင်းကိစ္စကိုပြီးစ၍နှစ်ယောက်လည်းဖြစ်ကုန်သောသူတို့အား ဇရာသုတ်ကိုဟောတော်မူ၏။

ထိုသုတ်ကို ဟောတော်မူသည်၏အဆုံး၌ နှစ်ယောက်လည်း ဖြစ်ကုန်သော ပုဏ္ဏား, ပုဏ္ဏေးမတို့သည် အနာဂါမိ ဖိုလ်၌တည်ကုန်၏။ မြတ်စွာဘုရားသည် နေရာမှထတော်မူ၍ အဉ္ဇနမည်သော ဥယျဉ်သို့သာလျှင် ကြွတော်မူ၏။ ရဟန်းတို့သည် တရားသဘင်၌ စည်းဝေးကုန်၍ ငါ့သျှင်တို့ ပုဏ္ဏားသည် မြတ်စွာဘုရား၏ အဘသည် သုဒ္ဓေါဒနမင်းကြီးတည်း အမိသည် မဟာမာယာတည်းဟု သိ၏။ သိလျက်လျှင် ပုဏ္ဏေးမနှင့်ကကွ မြတ်စွာဘုရားကို ငါတို့သားဟူ၍ ဆို၏။ မြတ်စွာဘုရားသည်လည်း သည်းခံတော်မူ၏။ အကြောင်းများအသို့နည်းဟု စကားကိုဖြစ်ကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားတော်မူ၍ ရဟန်းတို့ နှစ်ယောက်လည်းဖြစ်ကုန်သော ပုဏ္ဏားပုဏ္ဏေးမတို့သည် မိမိတို့၏ သားကိုသာလျှင် သားဟူ၍ဆိုကုန်၏။ ဤသို့မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဤပုဏ္ဏားသည် မပြတ်လျှင် ဘဝငါးရာတို့ပတ်လုံး ငါ၏အဘဖြစ်ဘူးပြီ၊ ဘဝငါးရာတို့ပတ်လုံး ငါ၏ဘထွေးဖြစ်ဘူးပြီ၊ ဘဝငါးရာတို့ပတ်လုံး ငါ၏ဘကြီးဖြစ်ဘူးပြီ။ ထိုပုဏ္ဏေးမသည်လည်း မပြတ်လျှင် ဘဝငါးရာတို့ပတ်လုံး ငါ၏အမိဖြစ်ဘူးပြီ၊ ဘဝငါးရာတို့ပတ်လုံး ငါ၏ မိထွေးဖြစ်ဘူးပြီ၊ ဘဝငါးရာတို့ပတ်လုံး ငါ၏ မိကြီးဖြစ်ဘူးပြီ၊ ဤသို့လျှင် ငါဘုရားသည် ဘဝတထောင့်ငါးရာတို့ပတ်လုံး ပုဏ္ဏား၏လက်၌ကြီး၏။ ဘဝတထောင့်ငါးရာတို့ပတ်လုံး ပုဏ္ဏေးမ၏လက်၌ကြီး၏ဟု ဘဝသုံးထောင်တို့ကို ဟောတော်မူ၍-

၆၈။ ယသ္မိံ မနော နိဝိသတိ၊ စိတ္တဉ္စာပီ ပသီဒတိ။
အဒိဋ္ဌပုဗ္ဗကေ ပေါသေ၊ ကာမံ တသ္မိမ္ပိ ဝိဿသေ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၆၈။ အဒိဋ္ဌပုဗ္ဗကေ၊ ဤဘဝ၌ ရှေးက မမြင်ဘူးသော။ ယသ္မိံ ပေါသေ၊ အကြင်ပုဂ္ဂိုလ်၌။ မနော၊ စိတ်သည်။ နိဝိသတိ၊ တည်၏။ စိတ္တံ၊ စိတ်သည်။ ပသီဒတိ စာပိ၊ ကြည်လည်း ကြည်ညို၏။ တသ္မီမ္ပိ ပေါသေ၊ ထိုပုဂ္ဂိုလ်၌ လည်း။ ကာမံ၊ စင်စစ်။ အနုဘူတပုဗ္ဗသိနေဟေနေဝ၊ ရှေး၌ဖြစ်သော ချစ်ခြင်းဖြင့်သာလျှင်။ ဝိဿသေ၊ အကျွမ်းဝင်၏။

ဇာတ်ပေါင်း... ဤသို့လျှင် မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ပုဏ္ဏားသည်၎င်း၊ ပုဏ္ဏေးမသည်၎င်း ထိုအခါ ထိုသူနှစ်ယောက်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သားဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ပုဏ္ဏားမောင်နှံ၊ သူတို့ထံ၊ ဖန်ဖန် ကြီးခဲ့သည်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သာကေတဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဣတ္ထိဝဂ်

၉။ ဝိသဝန္တဇာတ်

တကြိမ်စွန့်ပြီးသောဝတ္ထုကို အသက်သေအံ့သည်ဖြစ်သော်လည်း တဖန်မယူသော အကြောင်း*

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဓိရတ္ထု တံ ဝိသံ ဝန္တံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝိသဝန္တဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဓမ္မသေနာပတိဖြစ်သော အရှင်သာရိပုတ္တရာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ အရှင်သာရိပုတ္တရာ မထေရ်သည် မုန့်ခဲဘွယ်ကို ဘုဉ်းပေးတော်မူသောကာလ၌ လူတို့သည် သံဃာဘို့ များစွာသောမုန့်ခဲဘွယ်ကို ယူခဲ့ကုန်၍ ကျောင်းသို့လာကုန်၏။ သံဃာသည် ယူပြီးသော မုန့်ကြွင်းသည် အကြွင်းများ၏။ လူတို့သည် အရှင်ဘုရားတို့ ရွာတွင်း၌ရှိသော ရဟန်းတို့ကို့ ယူပါကုန်လောဟု လျှောက်ကုန်၏။ ထိုခဏ၌ အရှင်သာရိပုတ္တရာ၏ အတူနေတပည့်ဖြစ်သော ပဉ္စင်းငယ်သည် ရွာတွင်း၌နေသည်ဖြစ်၏။ ထိုပဉ္စင်းငယ်၏အစုကိုယူ၍ ထိုပဉ္စင်းငယ်မလာမီ အလွန်နေမြင့်သည်ဖြစ်၏ဟု အရှင်သာရိပုတ္တရာမထေရ်အား လှူကုန်၏။ အရှင်သာရိပုတ္တရာမထေရ်သည် ထိုမုန့်ကိုဘုဉ်းပေးပြီးသည်ရှိသော် ပဉ္စင်းငယ် ရောက်လာ၏။

ထိုအခါ ပဉ္စင်းငယ်ကို အရှင်သာရိပုတ္တရာမထေရ်သည် ငါ့သျှင် ငါတို့သည် သင့်အဘို့ထားသော မုန့်ခဲဘွယ်တို့ကိုစားကုန်ပြီဟု ဆို၏။ ထိုပဉ္စင်းငယ်သည် အရှင်ဘုရား အဘယ်သူသည် ကောင်းမြတ်သော ခဲ့ဘွယ်ဘောဇဉ်ကို မနှစ်သက်ဘဲရှိအံ့နည်းဟု ဆို၏။ အရှင်သာရိပုတ္တရာမထေရ်အား သံဝေဂသည်ဖြစ်၏။ ထို အရှင်သာရိပုတ္တရာမထေရ်သည် ဤနေ့မှစ၍ မုန့်ခဲဘွယ်ကိုမစားအံ့ဟု ဓိဋ္ဌာန်တော်မူ၏။ ထိုအခါမှစ၍ အရှင်သာရိပုတ္တရာမထေရ်သည် မုန့်ခဲဘွယ်ကို မစားဟူသတတ်၊ ထိုအရှင်သရိပုတ္တရာ မထေရ်သည် မုန့်ခဲဘွယ်ကိုမစားသောအဖြစ်သည် ရဟန်းသံဃာ၌ ထင်ရှားသည်ဖြစ်၏။ ရဟန်းတို့သည် ထိုစကားဖြင့် ပြောဆိုကုန်လျက် တရားသဘင်၌ စည်းဝေးကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ရဟန်းတို့ ယခု ငါလာတော်မူသောအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၏။ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ သာရိပုတ္တရာသည် တကြိမ်စွန့်ပြီးသောဝတ္ထုကို အသက်စွန့်ရငြားသော်လည်း တဖန် မယူသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် အဆိပ်ကိုဖြေတတ်သောအမျိုး၌ဖြစ်၍ ဆေးကုသောအမှုဖြင့် အသက်မွေး၏။ ထိုအခါ တယောက်သော ဇနပုဒ်၌နေသောလူကို မြွေသည်ကိုက်၏။ ထိုလူ၏ ဆွေမျိုးတို့သည် မေ့လျော့ခြင်းကို မပြုမူ၍ လျင်စွာဆေးသ္မားကိုဆောင်၏။ ဆေးသ္မားသည်လည်း ရှေးဦးစွာ ဆေးဖြင့်လိမ်းကျံခြင်းထုံခြင်းကိုပြု၍ အဆိပ်ကိုဖျောက်ရအံ့လော၊ ထိုသို့မဟုတ်မူကား ကိုက်သောမြွေကိုခေါ်၍ ကိုက်ရာအရပ်မှ ထိုမြွေကိုပင်လျှင် အဆိပ်ကိုစုတ်စေရအံ့လောဟု ဆို၏။ ကိုက်သောမြွေကိုခေါ်၍ အဆိပ်ကိုစုတ်စေလောဟု ဆို၏။ ထိုဆေးသ္မားသည် မြွေကိုခေါ်၍ သင်သည် ဤသူကိုကိုက်အပ်သည် မဟုတ်လောဟု မေး၏။ ငါသည် ကိုက်အပ်သည် မှန်၏ဟု ဆို၏။ သင်သည် ကိုက်ရာအရပ်မှ သင်သည်ပင်လျင် ခံတွင်းဖြင့် အဆိပ်ကို စုတ်လောဟု ဆို၏။ ငါသည် တကြိမ်စွန့်အပ်သော ဝတ္ထုကို တဖန်မယူစဘူး၊ ငါသည် စွန့်အပ်ပြီးသောအဆိပ်ကို မစုတ်ဟုဆို၏။ ထိုဆေးသ္မားသည် ထင်းတုံးကိုဆောင်စေ၍ မီးကိုယူပြီးလျှင် မိမိ၏ အဆိပ်ကို အကယ်၍မစုတ်အံ့၊ မီးသို့ ဝင်လောဟု ဆို၏။ မြွေသည်လည်း မီးသို့သာလျှင် ဝင်အံ့၊ ငါသည် တကြိမ်စွန့်အပ်ပြီးသာ အဆိပ်ကို မစုတ်အံ့ဟု ဆိုလို၍-

၆၉။ ဓိရတ္ထု တံ ဝိသံ ဝန္တံ၊ ယမဟံ ဇီဝိတကာရဏာ။
ဝန္တံ ပစ္စာဟရိဿာမိ၊ မတံ မေ ဇီဝိတာ ဝရံ။

ဟူသော ဤဂါထာကို ဆို၏။

၆၉။ အဟံ၊ ငါသည်။ ဇီဝိတကာရဏာ၊ အသက်ဟူသောအကြောင်းကြောင့်။ ဝန္တံ၊ အန်ပြီးသော။ ယံ ဝိသံ၊ အကြင်အဆိပ်ကို။ ပစ္စာဟရိဿာမိ၊ တဖန်မျိုအံ့။ ဝန္တံ၊ အန်ပြီးသော။ တံ ဝိသံ၊ ထိုအဆိပ်ကို။ ဓိရတ္ထု၊ စက်ဆုပ် ရွံရှာစွ။ မေ၊ ငါ့အား။ မတံ၊ သေရခြင်းသည်။ ဇီဝိတာ၊ အသက်ရှင်သောထက်။ ဝရံ၊ မြတ်၏။

ဤသို့ဆိုပြီး၍ မီးသိုဘဝင်အံ့သောငှါ သွား၏။ ထိုအခါ မြွေကို ဆေးသ္မားသည်တားမြစ်၍ ထိုမြွေကိုက်သောလူကို ဆေးတို့ဖြင့်၎င်း၊ မန္တရားတို့ဖြင့်၎င်း အဆိပ်မရှိသည်ကိုပြု၍ အနာမရှိသည်ကိုပြု၍ မြွေအား သီလတို့ကိုလည်းပေး၍ ဤနေ့မှစ၍ တစုံတယောက်သောသူတို့ကို မညှဉ်းဆဲလင့်ဟုဆုံးမ၍ လွှတ်လိုက်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း ရဟန်းတို့ သာရိပုတ္တရာသည် တကြိမ်စွန့်အပ်ပြီးသောဝတ္ထုကို အသက်စွန့်ရငြားသော်လည်း တဖန် မယူပြီဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ မြွေဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဆေးသ္မား ဖြစ်ဘူးပြီ၊ ဤသိုဇာတ်ကိုပေါင်းတော်မူ၏။

စွန့်ပြီးဝတ္ထု၊ ပြန်ယူမှု၊ မရှုဇာတိ ထေရ်သာရိ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ဝိသဝန္တဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဣတ္ထိဝဂ်

၁၀။ ကုဒ္ဒါလဇာတ်

ခြောက်ကြိမ်မြောက် ရဟန်းပြုတုံလူထွက်တုံပြုခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် န တံ ဇိတံ သာဓု ဇိတံ အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤကုဒ္ဒါလဇာတ်ကို ဇေတဝန် ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ် ဆင်ထိန်းသားဖြစ်သော စိတ္တဟတ္ထမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစိတ္တဟတ္ထမထေရ်သည် သာဝတ္ထိပြည်၌ တယောက်သော အမျိုးသားဖြစ်သတတ်၊ ထိုအခါ တနေ့သ၌ စိတ္တဟတ္ထသည် လယ်ထွန်လာလတ်သည်ရှိသော် ကျောင်းဝင်၍ တဦးသောမထေရ်၏သပိတ်မှ သိမ်မွေ့သော ကောင်းသော အရသာရှိသော မွန်မြတ်သော ဘောဇဉ်ကိုရ၍ ငါတို့သည် နေ့ညဉ့်ပတ်လုံး မိမိလက်ဖြင့် အထူးထူးသောအမှုတို့ကို ပြုကုန်သော်လည်း ဤသို့သဘောရှိသော ကောင်းမြတ်သော အာဟာရကို မရကုန်၊ ငါသည်လည်း ရဟန်း ဖြစ်ရာ၏ဟု ကြံ၏။ ကြံပြီး၍ ထိုစိတ္တဟတ္ထသည် ရဟန်း ပြု၍ တလ, လခွဲလွန်သဖြင့် မသင့်သောနှလုံးသွင်းခြင်းကိုပြုလျက် ကိလေသာ၏အလိုကိုလိုက်သည်ဖြစ်၍ လူထွက်ပြီးလျှင် တဖန် ထမင်းဖြင့်ပင်ပန်းသည်ရှိသော် ကျောင်းသို့လာလတ်၍ အဘိဓမ္မာကိုသင်၏။ ဤသို့သောနည်းအားဖြင့် ခြောက်ကြိမ်တိုင်အောင် အဖန်ဖန်လူထွက်၍ ရဟန်းပြု၏။ အဘိဓမ္မာခုနစ်ကျမ်းကို ဆောင်သည်ဖြစ်၍ များစွာသောရဟန်းတို့ကို အဘိဓမ္မာကိုသင်စေလျက် ဝိပဿနာကိုပွားစေ၍ အရဟတ္တဖိုလ်သို့ ရောက်၏။ ထိုအခါ စိတ္တဟတ္ထမထေရ်၏ အဆွေခင်ပွန်းဖြစ်ကုန်သော ရဟန်းတို့သည် ငါ့သျှင်စိတ္တဟတ္ထ ရှေးကကဲ့သို့ သင့်အား ယခုအခါကိလေသာတို့သည်မပွားကုန်သလောဟု ပြက်ရယ်ပြုကုန်၏။ ငါ့သျှင်တို့ ယခုအခါမှစ၍ ငါသည် လူထွက်ခြင်းငှာမထိုက်ဟုဆို၏။ ဤသို့လျှင် စိတ္တဟတ္ထမထေရ်သည် အရဟတ္တဖိုလ်သို့ ရောက်သည်ရှိသော် တရားသဘင်၌ စကားဖြစ်၏။ အဘယ်သို့ ဖြစ်သနည်းဟူမူကား ငါ့သျှင်တို့ ဤသို့သဘောရှိသည်မည်သော အရဟတ္တဖိုလ်၏ ဥပနိဿယသည် ရှိပါသော်လည်း ဆင်ထိန်းသားဖြစ်သော အရှင်စိတ္တဟတ္ထသည် ခြောက်ကြိမ်တိုင်အောင် လူထွက်၏။ အံ့ဘွယ်ရှိစွ၊ ပုထုဇဉ်၏အဖြစ်သည် ကြီးသောအပြစ်ရှိ၏။ ဤသို့သောစကားသည် ထင်ရှားသည် ဖြစ်၏။

မြတ်စွာဘုရားသည် ကြွတော်မူလတ်၍ ရဟန်းတို့ ယခုအခါ ငါလာတော်မူသောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မိန့်တော်မူ၏။ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ပုထုဇဉ်တို့၏စိတ်မည်သည်ကား လျင်မြန်သဖြင့် ဖြစ်စေတတ်၏။ နှိပ်နင်းခြင်းငှါ ခက်ခဲ၏။ အာရုံအစွမ်းအားဖြင့်သွား၍ ကပ်ငြိတတ်၏။ တကြိမ်ကပ်ငြိသောစိတ်ကို လျင်စွာဖြေခြင်းငှါ မတတ်နိုင်သည် ဖြစ်၏။ ဤသို့သဘောရှိသောစိတ်ကို အရိယမဂ်ဖြင့် ဆုံးမခြင်းသည်လျှင် ကောင်း၏။ ထိုစကားသည်မှန်၏။ အရိယမဂ်ဖြင့် ယဉ်ကျေးစေပြီးသည်သာလျှင်ဖြစ်သော ထိုစိတ်သည် မဂ်, ဖိုလ်, နိဗ္ဗာန် ချမ်းသာကိုဆောင်တတ်၏။ ဤသို့သော အနက်ကို ပြတော်မူလိုရကား-

ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထကာမနိပါတိနော။
စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒန္တံ သုခါဝဟံ။

ဒုန္နိဂ္ဂဟဿ၊ နှိပ်နင်းနိုင်ခဲထသော။ လဟုနော၊ လျင်မြန်သဖြင့်ဖြစ်ထသော။ ယတ္ထကာမနိပါတိနော၊ အကြင် အကြင် အလိုရှိတိုင်းသော အာရုံ၌ ကျတက်သော။ စိတ္တဿ၊ စိတ်ကို။ ဒမထော၊ အရိယမဂ်ဖြင့် ဆုံးမခြင်းသည်။ သာဓု၊ ကောင်း၏။ ဒန္တံ၊ အရိယမဂ်ဖြင့် ယဉ်ကျေးစေပြီးသော။ စိတ္တံ၊ စိတ်သည်။ သုခါဝဟံ၊ မဂ်, ဖိုလ်, နိဗ္ဗာန် ချမ်းသာကို ဆောင်တတ်၏။

ဤသို့ ဓမ္မပဒ၌လာသောဂါထာကို ဟောတော်မူ၍ ထိုစိတ်ကိုနှိပ်စက်ခြင်းငှါ ခက်ခဲသည်၏အဖြစ်ကြောင့် ရှေး၌ ပညာရှိတို့သည် တခုသော ပေါက်တူးကိုမှီ၍ ထိုပေါက်တူးကိုစွန့်ခြင်းငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ လောဘ၏ အစွမ်းအားဖြင့် ခြောက်ကြိမ်တိုင်အောင်လူထွက်၍ ခုနစ်ကြိမ်မြောက်သောရဟန်းအဖြစ်၌ ဈာန်ကိုဖြစ်စေ၍ ထိုလောဘကို နှိပ်စက်ဘူးကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည်ဘမင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟင်းရွက်ကိုရောင်းသောအမျိုး၌ဖြစ်၍ သိကြားလိမ္မာသော အဖြစ်သို့ ရောက်၏။ ထိုဘုရားလောင်းအား ကုဒ္ဒါလပဏ္ဍိတဟူသော အမည်သည်ဖြစ်၏။ ထိုကုဒ္ဒါလပဏ္ဍိတသည် ပေါက်တူးဖြင့် မြေ၌တူးဆွခြင်း အမှုကိုပြု၍ ဟင်းရွက်မျိုးတို့ကို၎င်း၊ ဗူး, ဖရုံ သခွါး အစရှိသော ဟင်းသီးမျိုးတို့ကို၎င်း စိုက်ပျိုး၍ ထိုဟင်းရွက် ဟင်းသီးတို့ကိုရောင်း၍ ဆင်းရဲသောသူတို့၏ အသက်မွေးခြင်းကို ပြု၏။ ထိုစကားသည် မှန်၏။ ထိုကုဒ္ဒါလပဏ္ဍိတအား တခုသော ထိုပေါက်တူးကိုထား၍ တပါးသောဥစ္စာမည်သည် မရှိ၊

ထိုကုဒ္ဒါလပဏ္ဍိတသည် တနေ့သ၌ ငါ့အား အိမ်၌နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ တောထွက်၍ ရဟန်းပြုအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုအခါ တနေ့သ၌ ပေါက်တူးကို ဖုံးလွှမ်းရာအရပ်၌ထားပြီးလျှင် ရသေ့ရဟန်းပြု၍ ထိုပေါက်တူးကိုအောက်မေ့၍ လောဘကိုမြစ်အံ့သောငှာ မတတ်နိုင်သည်ရှိသော် တုံးသောပေါက်တူးကိုအမှီပြု၍ လူထွက်၏။ ဤအတူသာလျှင် နှစ်ကြိမ်မြောက်လည်း လူထွက်၏။ သုံးကြိမ်မြောက်လည်း လူထွက်၏။ ဤသို့ ခြောက်ကြိမ်တိုင်အောင် ပေါက်တူးကို ဖုံးလွှမ်းရာအရပ်၌ပစ်ချ၍ ရဟန်းလည်းပြု၏။ လူလည်း ထွက်၏။

ခုနစ်ကြိမ်မြောက်၌ကား ငါသည် ဤတုံးသောပေါက်တူးကို အမှီပြု၍ အဖန်တလဲလဲ လူထွက်၏။ ယခုအခါ၌ ထိုပေါက်တူးကို မြစ်ကြီး၌ပစ်ချ၍ ရဟန်းပြုအံ့ဟု ကြံ၏။ ကြံပြီးလျှင် မြစ်သို့သွား၍ ထိုပေါက်တူး၏ ကျရာအရပ်ကို အကယ်၍ မြင်အံ့၊ တဖန်သွား၍ ဆယ်လိုသည်ဖြစ်ရာ၏ဟု ပေါက်တူးကို အရိုး၌ကိုင်၍ ဆင်ပြောင်အားနှင့်တူသော အားရှိသော အစွမ်းနှင့်ပြည့်စုံသော ကုဒ္ဒါလပဏ္ဍိတသည် ဦးခေါင်း၏အထက်အဘို့၌ သုံးကြိမ်လှည့်လည်လျက် မျက်စိတို့ကိုမှိတ်၍ မြစ်လယ်၌ပစ်ပြီးလျှင် ငါသည် အောင်အပ်ပြီ၊ ငါသည် အောင်အပ်ပြီဟု သုံးကြိမ် ဟစ်ကြွေး၏။ ထိုဟစ်ကြွေးသောခဏ၌ ဗာရာဏသီမင်းသည် ပစ္စန္တရစ်ကို ငြိမ်းစေ၍ လာလတ်သည်ရှိသော် မြစ်နား၌ ဦးခေါင်းဆေးပြီးလျှင် ခပ်သိမ်းသောတန်ဆာတို့ဖြင့် တန်ဆာဆင်၍ ဆင်ကျောက် ကုန်း၌ စီးလျက်သွားသည်ရှိသော် ဘုရားလောင်း၏ ထိုအသံကိုကြား၍ ဤယောကျ်ားသည် အောင်အပ်ပြီဟု ဆို၏။ ထိုယောက်ျားသည် အဘယ်ကို အောင်အပ်သနည်း၊ ထိုယောက်ျားကို ခေါ်ကုန်လောဟု ဆို၍ ခေါ်စေပြီးလျှင် အချင်းယောက်ျား ငါသည် ရှေးဦးစွာ အောင်အပ်ပြီးသော စစ်မြေရှိ၏။ ယခုအခါ အောင်ခြင်းကိုပြု၍ လာ၏။ သင်သည် အဘယ်ကိုအောင်သနည်းဟု မေး၏။

မြတ်သောမင်းကြီး သင်မင်းကြီးသည် စစ်မြေ၏ အရာကို၎င်း၊ အထောင်ကို၎င်း၊ အသိန်းကို၎င်း အောင်သဖြင့် ကိလေသာတို့ကို မအောင်သည်၏အဖြစ်ကြောင့် မကောင်းသဖြင့် အောင်အပ်သည်သာဖြစ်၏။ ငါသည်ကား ငါ၏ကိုယ်တွင်း၌ လောဘကိုနှိပ်နင်လျက် ကိလေသာတို့ကိုအောင်ပြီဟု ဘုရားလောင်း ဆို၏။ ဤသို့ဆိုလျက်သာလျှင် မြစ်ကြီးကိုကြည့်၍ အာပေါကသိုဏ်းလျှင် အာရုံရှိသောဈာန်ကို ဖြစ်စေ၍ ရောက်သောအာနုဘော်ရှိသည်ဖြစ်၍ ကောင်းကင်၌နေပြီးလျှင် မင်းအား တရားဟောလိုရကား-

၇၀။ န တံ ဇိတံ သာဓု ဇိတံ၊ ယံ ဇိတံ အဝဇီယတိ။
တံ ခေါ ဇိတံ သာဓု ဇိတံ၊ ယံ ဇိတံ နာဝဇီယတိ။

ဟူသော ဤဂါထာကို ဆို၏။

၇၀။ ယံ ဇိတံ၊ အကြင်အောင်ခြင်းကို။ အဝဇီယတိ၊ ရန်သူတို့သည် တဖန်အောင်အပ်၏။ တံ ဇိတံ၊ ထိုအောင်ခြင်းသည်။ န သာဓု ဇိတံ၊ ကောင်းသောအောင်ခြင်းမမည်။ ယံ ဇိတံ၊ အကြင် အောင်ခြင်းကို။ နာဝဇီယတိ၊ ရန်သူသည် တဖန် မအောင်အပ်။ တံ ခေါဇိတံ၊ ထိုအောင်ခြင်းသည်လျှင်။ သာဓု ဇိတံ၊ ကောင်းသော အောင်ခြင်းမည်၏။

မင်းအား တရားကိုနာစဉ်လျှင် တဒင်္ဂပဟာန် အစရှိသည်တို့၏ အစွမ်းအားဖြင့် ကိလေသာတို့သည် ပျောက်ကုန်၏။ ရဟန်းပြုခြင်းငှာ စိတ်သည်ညွတ်၏။ မင်း၏ဗိုလ်ပါတို့အားလည်း ထို့အတူသာလျှင် ကိလေသာတို့သည် ပျောက်ကုန်၏။ မင်းသည် ယခုအခါ သင်တို့သည် အဘယ်သို့သွားကုန်အံ့နည်းဟု ဘုရားလောင်းကို မေး၏။ မြတ်သောမင်းကြီး ဟိမဝန္တာသို့ဝင်ပြီးလျှင် ရသေ့ရဟန်းပြုအံ့ဟု ဆို၏။ ထိုသို့တပြီးကား ငါသည်လည်း ရဟန်းပြုအံ့ဟု ဘုရားလောင်းနှင့်တကွသာလျှင် လိုက်၏။ ဗိုလ်ပါတို့သည်၎င်း ပုဏ္ဏားသူကြွယ်တို့သည်၎င်း အလုံးစုံသော စစ်သည်တို့သည်၎င်း ဤသို့လျှင် ထိုခဏ၌ စည်းဝေးသော အလုံးစုံသော လူအပေါင်းသည် မင်းနှင့်တကွ ထွက်၏။

ဗာရာဏသီပြည်၌နေကုန်သော သူတို့သည် ငါတို့မင်းကြီးသည် ကုဒ္ဒါလပဏ္ဍိတ၏ ဓမ္မဒေသနာကိုနာရ၍ ရဟန်းအဖြစ်သို့ ရှေးရှုသည်ဖြစ်၍ ဗိုလ်ပါနှင့်တကွ တောထွက်ပြီ၊ ငါတို့သည် ဤအရပ်၌ အဘယ်ပြုအံ့နည်းဟု တဆယ့်နှစ်ယူဇနာရှိသော သူတို့သည် ထွက်ကုန်၏။ တဆယ်နှစ်ယူဇနာရှိသော ပရိသတ်သည်ဖြစ်၏။ ထိုပရိသတ်တို့ကိုယူ၍ ဘုရားလောင်းသည် ဟိမဝန္တာသို့ ဝင်၏။ ထိုခဏ၌ သိကြားနတ်မင်း၏နေရာ ပဏ္ဍုကမ္ဗလာသည် ပူသော အခြင်းအရာကို ပြ၏။ ထိုအခါ သိကြားမင်းသည် ဆင်ခြင်လတ်သည်ရှိ ကုဒ္ဒါလပဏ္ဍိတသည် မြတ်သောတောထွက်ခြင်းဖြင့် ထွက်၏ဟုမြင်၍ များစွာသောအစည်းအဝေးသည် ဖြစ်လတ္တံ့၊ နေရာအရပ်ကို ရခြင်းငှါသင့်၏ဟု နှလုံးသွင်း၍ ဝိသုကြုံနတ်သားကိုခေါ်ပြီးလျှင် အမောင်ဝိသုကြုံနတ်သား ကုဒ္ဒါလပဏ္ဍိတသည် မြတ်သောတောထွက်ခြင်းဖြင့် ထွက်၏။ နေရာအရပ်ကို ရခြင်းငှါ သင့်၏။ သင်သည် ဟိမဝန္တာသို့သွား၍ ညီညွတ်သောမြေအဘို့၌ အလျား ယူဇနာသုံးဆယ် အနံ တဆယ့်ငါးယူဇနာရှိသော ရသေ့တို့၏နေရာအရပ်ကို ဖန်ဆင်းချေလောဟုဆို၏။

ထိုဝိသုကြုံနတ်သားသည် အရှင်မင်းကြီး ကောင်းပြီဟုဝန်ခံ၍ သွားပြီးလျှင် သိကြားမင်းဆိုတိုင်း ပြု၏။ ဤသို့ဆိုခဲ့ပြီးသော စကားသည် ဤကုဒ္ဒါလပဏ္ဍိတဇာတ်၌ အကျဉ်းသာတည်း၊ အကျယ်သည်ကားဟတ္ထိပါလဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ ဤကုဒ္ဒါလပဏ္ဍိတဇာတ်၌ ရသေ့တို့၏ နေရာအရပ်သည်၎င်း၊ ထိုဟတ္ထိပါလဇာတ်၌ ရသေ့တို့၏နေရာအရပ်သည်၎င်း တူမျှသောအပိုင်းအခြား ရှိသည်သာလျှင်ဖြစ်၏။ ထိုဝိသုကြုံနတ်သားသည်လည်း ရသေ့တို့၏ နေရာအရပ်၌ သစ်ရွက်မိုးသော ကျောင်းကိုဖန်ဆင်းပြီးလျှင် မကောင်းသော အသံရှိကုန်သော သားတို့ကို၎င်း၊ ငှက်တို့ကို၎င်း၊ ဘီလူးတို့ကို၎င်း ဖဲစေ၍ ထိုကုဒ္ဒါလပဏ္ဍိတသည်လာအံ့သော အရပ်မျက်နှာအဘို့ဖြင့် တယောက်သွားသာရုံ လမ်းခရီးကိုသွယ်၍ မိမိနေရာအရပ်သို့သာလျှင် ပြန်သွား၏။ ထိုကုဒ္ဒါလပဏ္ဍိတသည်လည်း ထိုပရိသတ်တို့ကိုယူ၍ ဟိမဝန္တာသို့ဝင်ပြီးလျှင် သိကြားပေးအပ်သော ရသေ့တို့နေရာအရပ်သို့သွား၍ ဝိသုကြုံနတ်သားသည် ဖန်ဆင်းအပ်သော ရသေ့တို့ပရိက္ခရာကိုယူ၍ ရှေးဦးစွာ မိမိသည်ရဟန်းပြု၍ နောက်မှ ပရိသတ်တို့ကိုရဟန်းပြုစေ၍ ရသေ့တို့အား နေရာအရပ်ကိုဝေ၍ ပေး၏။ ဤနည်းဖြင့် ခုနစ်ပြည်ထောင်သော မင်းတို့သည် ခုနစ်ပြည်ထောင်ကို စွန့်ကုန်၏။ ယူဇနာ သုံးဆယ်ရှိသော ရသေ့တို့၏ နေရာအရပ်သည်ပြည့်၏။

ကုဒ္ဒါလပဏ္ဍိတသည် အာပေါကသိုဏ်းမှကြွင်းသော ကသိုဏ်းတို့၌ ကသိုဏ်းပရိကံကိုပြု၍ ဗြဟ္မဝိဟာရတို့ကို ပွားစေ၍ ပရိသတ်တို့အား ကမ္မဋ္ဌာန်းကိုကြား၏။ ခပ်သိမ်းကုန်သော ရသေ့တို့သည် သမာပတ်ကိုရကုန်သည်ဖြစ်၍ ဗြဟ္မဝိဟာရတို့ကို ပွားစေ၍ ဗြဟ္မာ့ပြည်သို့ လားကုန်၏။ အကြင်သူတို့သည်ကား ထိုရသေ့တို့ကို လုပ်ကျွေးပူဇော်ခြင်းကို ပြုကုန်၏။ ထိုသူတို့သည် နတ်ပြည်သို့ လားကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ဤသို့လျှင် ကိလေသာတို့၏အစွမ်းဖြင့် ကပ်ငြိတတ်သောဤစိတ်ကို ဖြေနိုင်ခဲ၏။ ဖြစ်ကုန်သော လောဘတရားတို့ကို စွန့်နိုင်ခဲကုန်၏။ ဤသို့ သဘောရှိသော ပညာရှိတို့ကိုသော်လည်း မိုက်မဲခြင်းတို့ကို ပြုတတ်ကုန်၏ဟု ဓမ္မဒေသနာတော်ကိုဆောင်၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ်ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း အနုသန္ဓေကိုစပ်၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ ကုဒ္ဒါလပဏ္ဍိတရသေ့၏ ပရိသတ်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကုဒ္ဒါလပဏ္ဍိတ ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

လောဘရမ္မက်၊ စွဲလမ်းချက်၊ ခွါခက်နိုင်သည်သာ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကုဒ္ဒါလဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဝရုဏဝဂ်

၁။ ဝရုဏဇာတ်

ပြုချိန်မပြု နောက်မှပြုက သောကဖြစ်တတ်သည့် အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညူမြတ်စွာဘုရားသည် ယော ပုဗ္ဗေ ကရဏီယာနိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆဆင်အပ်သော ဤဝရုဏဇာတ်ကို ဇေတဝန် ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ် ကုဋုမ္ဗိယပုတ္တတိဿ မထေရ်ကိုအကြောင်းပြု၍ ဟောတော်မူ၏။ အခါတပါးသောနေ့၌ သာဝတ္ထိမြို့၌နေကုန်သော အချင်းချင်း အဆွေခင်ပွန်းဖြစ်ကုန်သော သုံးကျိပ်အတိုင်း အရှည်ရှိကုန်သော အမျိုးကောင်းသားတို့သည် နံ့သာ, ပန်း, အဝတ် စသည်တို့ကို ယူကုန်၍ မြတ်စွာဘုရား၏တရားတော်ကို နာကုန်အံ့ဟု များစွာသောလူတို့ဖြင့် ခြံရံကုန်လျက် ဇေတဝန်ကျောင်းတော်သို့ သွားကုန်၍ ကံ့ဂေါသား၌ပြုအပ်သောမဏ္ဍပ် အင်ကြင်းသားဖြင့်ပြုအပ်သောမဏ္ဍပ် အစရှိသည်တို့၌ အတန်ငယ်နားနေကုန်ပြီး၍ ညချမ်းသောအခါ၌ မြတ်စွာဘုရားသည် ပန်းနံ့သာတို့ဖြင့်ထုံအပ်သော ဂန္ဓကုဋိမှထွက်တော်မူ၍ တရားသဘင်သို့ကြွတော်မူပြီးလျှင် တန်ဆာဆင်သော ဘုရားနေရာ၌နေတော်မူသည်ရှိသော် အခြံအရံနှင့်တကွ တရားသဘင်သို့သွားကုန်၍ မြတ်စွာဘုရားကို နံ့သာပန်းတို့ဖြင့်ပူဇော်၍ စက်ဖြင့်မှတ်အပ်သောအပြင်တို့၌ ပွင့်သောပဒုမာကဲ့သို့ တင့်တယ်ကုန်သောခြေတော်တို့၌ ရှိခိုးကုန်လျက် တင့်အပ်လျှောက်ပတ်စွာနေကုန်လျက် တရားတော်ကို နာကုန်၏။

ထိုအခါ ထိုအမျိုးကောင်းသားတို့အား အကြင် အကြင် သို့သော အခြင်းအရာဖြင့် ငါတို့သည် မြတ်စွာဘုရားဟောတော်မူအပ်သော တရားတော်ကို သိရှိကုန်၏။ ရဟန်းပြုကုန်အံ့ဟု ဤသို့သောအကြံသည် ဖြစ်၏။ ထိုအမျိုးသားတို့သည် မြတ်စွာဘုရားသည် တရားဟောပလ္လင်မှ ထွက်တော်မူသောကာလ၌ မြတ်စွာဘုရားသို့ကပ်ကုန်၍ ရဟန်းအဖြစ်ကို တောင်းပန်ကုန်၏။ မြတ်ဘုရားသည် ထိုအမျိုးကောင်းသားတို့အား ရဟန်း၏အဖြစ်ကို ပေးတော်မူ၏။ ထိုအမျိုးကောင်းသား ရဟန်းတို့သည် ဆရာဥပဇ္ဈာယ်တို့ကိုနှစ်သက်စေ၍ ရဟန်းအဖြစ်ကိုရကုန်၍ ငါးနှစ်တို့ပတ်လုံး ဆရာဥပဇ္ဈာယ်တို့၏ အထံ၌ နေကုန်၍ မာတိကာနှစ်စောင်တို့ကို လေ့လာသည်ကိုပြုကုန်၍ သုံးပါးကုန်သော မင်္ဂလာအနုမောဒနာ, အမင်္ဂလာအနုမောဒနာ, ဆွမ်းအနုမောဒနာတို့ကိုသင်ပြီးလျှင် သင်္ကန်းတို့ကိုချုပ်၍ဆိုး၍ ရဟန်းတရားကိုပြုကုန်အံ့ဟု ဆရာဥပဇ္ဈာယ်တို့ကို ပန်ကြားပြီးလျှင် မြတ်စွာဘုရားသို့ကပ်ကုန်၍ ရှိခိုးလျက် တင့်အပ်လျောက်ပတ်စွာနေကုန်၏။ အရှင်ဘုရား အကျွန်ုပ်တို့သည် ဘဝတို့၌ငြီးငွေ့ကုန်၏။ ပဋိသန္ဓေ နေခြင်း, အိုခြင်း၊ ဖျားနာခြင်း, သေခြင်းဘေးမှ ကြောက်ကုန်၏။

အကျွန်ုပ်တို့အား သံသရာမှထွက်စိမ့်သောငှါ ကမ္မဋ္ဌာန်းကို ဟောတော်မူပါကုန်လောဟု တောင်းပန်ကုန်၏။

မြတ်စွာဘုရားသည် ထိုရဟန်းတို့၏အလိုကိုမှီ၍ အာလောက ကသိုဏ်း အာကာသကသိုဏ်းသည် ကြဉ်အပ်ကုန်သော သုံးဆယ့်ရှစ်ပါးကုန်သောကမ္မဋ္ဌာန်းတို့တွင် လျောက်ပတ်သောကမ္မဋ္ဌာန်းကိုရွေး၍ ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားအထံတော်၌ ကမ္မဋ္ဌာန်းကို ယူကုန်၍ မြတ်စွာဘုရားကိုရှိခိုး၍ လာရစ်လှည့်သည်ကိုပြု၍ ပရိဝုဏ်သို့သွားပြီးလျှင် ဆရာဥပဇ္ဈာယ်တို့ကိုဖူးမြင်၍ သပိတ်သင်္ကန်းကိုယူ၍ ရဟန်းတရားကို ပြုအံ့ဟု ထွက်ကုန်၏။ ထိုအခါ ထိုရဟန်းတို့တွင် တယောက်သောအမည်အားဖြင့် ကုဋမ္မိယပုတ္တတိဿမထေရ်မည်သောရဟန်းသည် ပျင်း၏။ ယုတ်သော ဝီရိယရှိ၏။ ရသာရုံ၌ တပ်စွန်းတတ်၏။ ထိုကုဋုမ္ဗိယပုတ္တတိဿမထေရ်သည် ငါသည် တော၌နေခြင်းငှာ မတက်နိုင်၊ ကမ္မဋ္ဌာန်းကို အားထုတ်ခြင်းငှါ မတတ်နိုင်၊ ဆွမ်းခံသဖြင့် မျှတခြင်းငှာ မတတ်နိုင် ငါ့အား သွားသဖြင့် အဘယ်အကျိုးရှိအံ့နည်း ပြန်အံ့ဟုကြံ၏။ ကြံပြီး၍ ထိုကုဋုမ္ဗိယပုတ္တတိဿ မထေရ်သည် ဝီရိယကိုလွှတ်၍ ထိုရဟန်းတို့ကို ပို့လိုက်၍ပြန်ခဲ့၏။

ထိုရဟန်းတို့သည်လည်း ကောသလတိုင်းတို့၌ ဒေသစာရီ ကြွကုန်သည်ရှိသော် တခုသောပစ္စန္တရစ်သို့ရောက်၍ ထိုရွာကိုမှီ၍ တခုသောကျောင်း၌ ဝါသို့ကပ်ကုန်၍ ဝါတွင်းသုံးလပတ်လုံး စေ့ဆော်ကုန်လျက် လုံ့လပြုကုန်လျက် ဝိပဿနာတို့ကိုဖြစ်စေကုန်၍ မြေကြီးကိုပဲ့တင်ထပ်စေကုန်လျက် အရဟတ္တဖိုလ်သို့ရောက်ကုန်၍ ရအပ်သောကျေးဇူးကို မြတ်စွာဘုရားအား လျှောက်ကုန်အံ့ဟု ထိုရွာမှထွက်ခဲ့ကုန်၍ အစဉ်သဖြင့် ဇေတဝန်ကျောင်းတော်သို့ ရောက်ကုန်၍ သပိတ်သင်္ကန်းကိုသိုမှီးပြီးလျှင် ဆရာဥပဇ္ဈာယ်တို့ကို ဖူးမြင်လိုကုန်သည်ဖြစ်၍ မြတ်စွာဘုရားအထံသို့သွားကုန်၍ ရှိခိုး၍နေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့နှင့်တကွ သာယာစွာသော နှုတ်ခွန်းဆက်ခြင်းကို ပြုတော်မူ၏။ ထိုရဟန်းတို့သည် ပြုအပ်ပြီးသော နှုတ်ခွန်းဆက်ခြင်းရှိကုန်သည်ဖြစ်၍ မိမိတို့သည် ရအပ်သောကျေးဇူးကို မြတ်စွာဘုရားအား လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းကို ချီးမွမ်းတော်မူ၏။ ကုဋုမ္ဗိယပုတ္တ တိဿမထေရ်သည် ထိုရဟန်းတို့၏ကျေးဇူးကို ဆိုတော်မူသော မြတ်စွာဘုရားကိုမြင်၍ မိမိသည်လည်း ရဟန်းတရားကို ပြုလိုသည် ဖြစ်၏။ ထိုရဟန်းတို့သည် အကျွန်ုပ်တို့သည် ထိုတောကျောင်းသို့သာလျှင်သွား၍ နေပါကုန်အံ့ဟု မြတ်စွာဘုရားကို ပန်ကြကုန်၏။ မြတ်စွာဘုရားသည်လည်းကောင်းပြီဟု ခွင့်ပြုတော်မူ၏။ ထိုရဟန်းတို့သည် ရှိခိုးပြီးလျှင် ပရိဝုဏ်သို့ ပြန်ခဲ့ကုန်၏။

ထိုကုဋုမ္ဗိယပုတ္တ တိဿမထေရ်သည် ညဉ့်အဘို့အတွင်း၌ အလွန်သောအားထုတ်ခြင်းရှိသည်ဖြစ်၍ အလွန်လျှင်မြန်သဖြင့် ရဟန်းတရားကို ပြုသည်ရှိသော် မဇ္ဈိမယာမ်၏အခြားမဲ့၌ တံကဲပျဉ်ကိုမှီ၍ ရပ်လျက်သာလျှင် ငိုက်မျဉ်းသည်ရှိသော် လည်၍လဲ၏။ ထိုကုဋုမ္ဗိယပုတ္တ တိဿမထေရ်၏ ပေါင်ရိုးသည်ကျိုး၏။ ကြီးသော ဝေဒနာသည် ဖြစ်၏။ ထိုကုဋုမ္ဗိယပုတ္တ တိဿမထေရ်ကို လုပ်ကျွေးကုန်သော ရဟန်းတို့၏သွားခြင်းသည် မပြည့်စုံ၊ ထိုအခါ မြတ်စွာစွာဘုရားကို ခစားသောအခါ၌လာကုန်သော ရဟန်းတို့ကို မြတ်စွာဘုရားသည် ရဟန်းတို့ သင်တို့သည် နက်ဖြန်သွားကုန်အံ့ဟု ယမန်နေ့ကပင် ပန်ကြားကုန်သည်မဟုတ်လောဟု မေးတော်မူ၏။ အရှင်ဘုရား ပန်ကြားကုန်သည် မှန်ပါ၏။ ထိုသို့ပန်ကြားသော်လည်း အကျွန်ုပ်တို့၏ အဆွေခင်ပွန်းဖြစ်သော ကုဋုမ္ဗိယပုတ္တတိဿမထေရ်သည် အခါမဟုတ်သည်၌ အလွန်လျင်မြန်သဖြင့် ရဟန်းတရားကိုပြုသည်ရှိသော် ငိုက်မျဉ်းခြင်းနှိပ်စက်အပ်သည်ဖြစ်၍ လည်၍လဲ၏။ ထိုကုဋုမ္ဗိယပုတ္တာတိဿမထေရ်၏ ပေါင်ရိုးသည် ကျိုး၏။ ထိုမထေရ်ကိုမှီ၍ အကျွန်ုပ်တို့အား သွားခြင်းသည် မပြည့်စုံဟု ကြားလျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤကုဋုမ္ဗိယပုတ္တ တိဿမထေရ်သည် မိမိ၏ ယုတ်သော ဝီရိယရှိသည်၏အဖြစ်ကြောင့် အခါမဟုတ်သည်၌ အလွန်လျင်မြန်သဖြင့် ရဟန်းတရားကိုပြုသည်ရှိသော် သင်တို့၏ သွားခြင်းအန္တရာယ်ကိုပြုသည် မဟုတ်သေး၊ ရှေး၌လည်း ဤကုဋုမ္ဗိယပုတ္တ တိဿမထေရ်သည် သင်တို့၏ သွားခြင်းအန္တရာယ်ကို ပြုဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို အောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်၌ ဘုရားလောင်းသည် ဒိသာပါမောက္ခ ဆရာ ဖြစ်၏ ငါးရာသောတပည့်တို့ကို အတတ်သင်စေ၏။ ထိုအခါ ဒိသာပါမောက္ခဆရာ၏တပည့် လုလင်တို့သည် တနေ့သ၌ ထင်းခွေအံ့သောငှါ တောသို့သွားကုန်၍ ထင်းတို့ကိုထုတ်ကုန်၏။ ထိုလုလင်တို့၏အတွင်း၌ တယောက်သော ပျင်းရိသောလုလင်သည် ရေခံတက်ပင်ကြီးကိုမြင်၍ ဤသစ်ပင်သည်ကား ခြောက်သောသစ်ပင်ဟုမှတ်၍ ရှေးဦးစွာ ခဏမျှအိပ်၍ နောက်မှ သစ်ပင်ကိုတက်ပြီးလျှင် ထင်းတို့ကိုချိုး၍ သွားအံ့ဟု အပေါ်လွှမ်းပုဆိုးကိုခင်း၍ လျောင်းသည်ရှိသော် ကျီးသံကဲ့သို့ဟောက်လျှက် အိပ်ပျော်ခြင်းသို့ရောက်၏။ ဤလုလင်မှတပါးကုန်သော လုလင်တို့သည် ထင်းစည်းတို့ကိုဖွဲ့ကုန်၍ ယူ၍သွားသည်ရှိသော် ထိုအိပ်ပျော်သောလုလင်ကို ခြေဖြင့်ကျောက်၍နှိုးပြီးလျှင် သွား၏။ ပျင်းရိသောလုလင်သည် ထလတ်၍ မျက်စိတို့ကိုသုတ်ပြီးလျှင် အိပ်ချင်ခြင်းမပြေသည်သာလျှင်ဖြစ်၍ ရေခံတက်ပင်သို့တက်ပြီးလျှင် သစ်ခက်တို့ကိုကိုင်၍ မိမိသို့ရှေ့ရှုငင်၍ချိုးသည်ရှိသော် ကျိုး၍ ထွက်ပေါ်သောအစွန်းဖြင့် မိမိ၏မျက်စိကိုဖောက်၍ လက်တဘက်ဖြင့် မျက်စိကိုပိတ်၍ လက်တဘက်ဖြင့် စိုသောထင်းတို့ကို ချိုး၍ သစ်ပင်မှသက်ပြီးလျှင် ထင်းစည်းကိုဖွဲ့၍ထမ်း၍ လျှင်စွာသွား၍ ထိုလုလင်ရှိသည်ချအပ်သော ထင်းတို့၏ အထက်၌ ချ၏။ ထိုနေ့၌လည်း ဇနပုဒ်ရွာမှ တဦးသောအမျိုးသည် နက်ဖြန်ပုဏ္ဏားတို့အား ဗေဒင်ရွတ်ဘတ်သရဇ္ဈာယ်ခြင်းကို ပြုစေအံ့ဟု ဆရာကို ဘိတ်၏။ ဆရာသည် တပည့်လုလင်တို့ကို အမောင်တို နက်ဖြန်ခါ တခုသောရွာသို့ သွားအပ်၏။ သင်တို့သည်ကား အာဟာရမရှိကုန်ဘဲ သွားအံ့သောငှါ မတတ်နိုင်လတ္တံ့၊ စောစောကလျှင် ယာဂုကိုကျို၍ ထိုရွာသို့သွား၍ မိမိသည်ရအပ်သော အစုကို၎င်း၊ ငါတို့သည် ရအပ်သောအစုကို၎င်း အလုံးစုံကိုယူ၍ လာကြကုန်လောဟု ဆို၏။ ထိုလုလင်တို့သည် စောစောကလျှင်ထ၍ ယာဂုကို ကျိုစိမ့်သောငှါ ကျွန်မကိုထစေ၍ လျှင်စွာငါတို့ကို့ယာဂုကိုကျိုလောဟု ဆိုကုန်၏။ ထိုကျွန်မသည် ထင်းတို့ကိုယူသည်ရှိသော် အထက်၌ တည်သော စိုသောရေခံတက်ထင်းတို့ကိုယူ၍ အဖန်တလဲလဲ နှုတ်သီးလေဖြင့်မှုတ်သော်လည်း မီးကိုတောက်စိမ့်သောငှါ မတတ်နိုင်သည်ဖြစ်၍ နေသည်ထွက်လတ်၏။ လုလင်တို့သည် အလွန်နေမြင့်ခြင်းသည်ဖြစ်၏။ ယခုအခါ သွားခြင်းငှါ မတတ်နိုင်ဟု ဆရာ့အထံသို့ လာကုန်၏။

ဆရာသည် အမောင်တို့ မသွားကြကုန်သလောဟု မေး၏။ ဆရာ မသွားကြကုန်သည် မှန်၏ဟု ဆိုကုန်၏။ အဘယ်အကြောင်းကြောင့် မသွားကြကုန်သနည်းဟု မေး၏။ ဤအမည်ရှိသော ပျင်းရှိသောလုလင်သည် အကျွန်ုပ်တို့နှင့်တကွ ထင်းခွေအံ့သောငှါ တောသို့သွားပြီးလျှင် ရေခံတက်ပင်ရင်း၌အိပ်၍ နောက်မှ လျင်မြန်သဖြင့်တက်၍ မျက်စိကိုပျက်စေ၍ ထိုရေခံတက်ထင်းတို့ကို ဆောင်ခဲ့၍ အကျွန်ုပ်တို့သည်ဆောင်ခဲ့သော ထင်းတို့၏ အထက်၌ ချ၏။ ယာဂုကိုကျိုသောကျွန်မသည် ထိုထင်းတို့ကို ခြောက်သောထင်းအမှတ်ဖြင့်ယူ၍ နေထွက်သည့်တိုင်အောင် တောက်စိမ့်သောငှါမတတ်နိုင်၊ ဤသို့သောအကြောင်းနှင့် အကျွန်ုပ်တို့၏ သွားခြင်းအန္တရာယ်သည် ဖြစ်၏ဟု ဆိုကုန်၏။ ဆရာသည် လုလင်ပြုသောအမှုကိုကြား၍ အလွန်မိုက်သော သူတို့၏အမှုကိုမှီ၍ ဤသို့သဘောရှိသော ယုတ်ခြင်းသည် ဖြစ်၏ဟု ဆိုလို၍-

၇၁။ ယော ပုဗ္ဗေ ကရဏီယာနိ၊ ပစ္ဆာ သော ကာတုမိစ္ဆတိ။
ဝရုဏကဋ္ဌဘဉ္ဇောဝ၊ သ ပစ္ဆာ မနုတပ္ပတိ

ဟူသော ဤဂါထာကို ဆို၏။

၇၁။ ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ ရှေး၌။ ကရဏီယာနိ၊ ပြုအပ်ကုန်သောအမှုတို့ကို။ ပစ္ဆာ၊ နောက်မှ။ ကာတုံ၊ ပြုခြင်းငှါ။ ဣစ္ဆတိ၊ အလိုရှိ၏။ သော၊ ထိုသူသည်။ ဝရုဏကဋ္ဌဘဉ္ဇောဝ၊ ရေခံတက်ထင်းကိုချိုးသော လုလင်ကဲ့သို့။ ပစ္ဆာ၊ နောက်မှ။ အနုတပ္ပတိ၊ စိုးရိမ်ရ၏။

ဤသို့ ဘုရားလောင်းသည် တပည့်တို့အား အကြောင်းကိုဆို၍ ဒါန အစရှိကုန်သော ကောင်းမှုတို့ကိုပြု၍ အသက်၏အဆုံး၌ ကံအားလျော်စွာလား။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ဤကုဋုမ္ဗိယပုတ္တ တိဿမထေရ်သည် ယခုအခါ၌သာလျှင် သင်တို့၏ သွားခြင်း အန္တရာယ်ကို ပြုသည်မဟုတ်သေး၊ ရှေး၌လည်း ပြုဘူးသည်သာလျှင်ကတည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ပေါင်ကျိုးခြင်းသို့ရောက်သော ရဟန်းသည် ထိုအခါ မျက်စိပျက်ခြင်းသို့ရောက်သော လုလင် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ ကြွင်းသောလုလင်တို့ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဆရာပုဏ္ဏား ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

ဝီရိယကင်း၊ ပျင်းရိခြင်း၊ ခပင်းသူငါ ကျိုးပျက်ရှာ

ရှေးဦးစွာသော ဝရုဏဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဝရုဏဝဂ်

၂။ သီလဝနာဂရာဇ ဇာတ်

ကျေးဇူးကို မသိတတ်သောသူ၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အကတညုဿ ပေါသဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ သီလဝနာဂရာဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဒေဝဒတ်သည် ကျေးဇူးကိုမသိတတ်၊ မြတ်စွာဘုရား၏ ကျေးဇူးတော်တို့ကို မသိဟုပြောဆိုကုန်လျက် နေကြကုန်၏။ မြတ်ဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျင် ဒေဝဒတ်သည် ကျေးဇူးကိုမသိတတ်သည် မဟုတ်သေး၊ ရှေး၌လည်း ကျေးဇူးကို မသိတတ်သည်သာလျှင်တည်း၊ တရံတဆစ်မျှ ငါ၏ကျေးဇူးကိုမသိတတ်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်ဝယ် ဆင်အမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်းသည် အမိဝမ်းမှဖွားသည်ရှိသော် အလုံးစုံဖြု၏။ ငွေစုနှင့်တူ၏။ ထိုဘုရားလောင်းဆင်မင်း၏ မျက်စိတို့သည်ကား ပတ္တမြားလုံးနှင့်တူကုန်သည်ဖြစ်၍ ထင်ကုန်လျက် ငါးပါးသောကြည်ခြင်းရှိကုန်သည် ဖြစ်ကုန်၏။ မျက်နှာသည်ကား နီသောကမ္ဗလာနှင့်တူ၏။ နှာမောင်းသည် နီသောရွှေဇာပေါက်ဖြင့် တန်ဆာဆင်အပ်သော ငွေပန်းဆိုင်းကဲ့သို့ ဖြစ်၏။

အခြေလေးဘက်တို့သည် ချိပ်ရည်ဖြင့်ဆိုးဘိသကဲ့သို့ ဖြစ်ကုန်၏။ ဤသို့လျှင် ဘုရားလောင်း၏ ဆယ်ပါးသောပါရမီတို့ဖြင့် တန်ဆာဆင်အပ်သည်ဖြစ်၍ အဆင်း၏တင့်တယ်ခြင်းအစုသို့ရောက်သော ကိုယ်အဖြစ်သည်ရှိ၏။ ထိုအခါ လိမ်မာသောအဖြစ်သို့ရောက်သောဘုရားလောင်းကို အလုံးစုံသောဟိမဝန္တာ၌ ဆင်းအပေါင်းတို့သည်စည်းဝေးကုန်၍ လုပ်ကျွေးကုန်လျက် သွားကုန်၏ ဤသို့ဘုရားလောင်းသည် ရှစ်သောင်းသောဆင်အပေါင်းတို့သည် ခြံရံအပ်သည်ဖြစ်၍ ဟိမဝန္တာအရပ်၌နေလျက် နောက်အဘို့၌ အပေါင်းအဖော်၌ အပြစ်ကိုမြင်၍ ကိုယ်၏ငြိမ်းခြင်းအကျိုးငှါ အပေါင်းအဖော်မှတစီးတည်းထွက်၍ တော၌ နေခြင်းကို ပြု၏။ ထိုဘုရားလောင်းဆင်မင်းအား သီလရှိသည်၏အဖြစ်ကြောင့်ကား သီလဝနာဂရာဇဟူသော အမည်သည် ဖြစ်၏။

ထိုအခါ တယောက်သော ဗာရာဏသီပြည်၌နေသော မုဆိုးသည် ဟိမဝန္တာသို့ဝင်၍ မိမိအသက်မွေးရာ ဘဏ္ဍာကိုရှာသည်ရှိသော် အရပ်မျက်နှာတို့ကို မှတ်ခြင်းငှါမတတ်နိုင်ရကားမျက်စိလည်သည်ဖြစ်၍ သေဘေးမှကြောက်သောကြောင့် လက်နှစ်ဘက်တို့ကိုမြှောက်၍ ငိုကြွေးလျက်သွား၏။ ဘုရားလောင်းဆင်မင်းသည် ထိုမုဆိုး၏ သည်းစွာငိုကြွေးသံကိုကြား၍ ဤယောက်ျားကို ဆင်းရဲမှလွတ်စေအံ့ဟု ကရုဏာသည်တိုက်တွန်းအပ်သည်ဖြစ်၍ ထိုမုဆိုး၏အထံသို့ သွား၏။ ထိုမုဆိုးသည် ဘုရားလောင်း ဆင်မင်းကိုမြင်၍ သာလျှင် ကြောက်သည်ဖြစ်၍ပြေး၏။ ဘုရားလောင်းဆင်မင်းသည် ပြေးသောမုဆိုးကိုမြင်၍ ထိုအရပ်၌ သာလျှင် ရပ်၏။ ထိုယောက်ျားသည် ရပ်သောဘုရားလောင်း ဆင်မင်းကိုမြင်၍ ရပ်၏။ ဘုရားလောင်းသည် တဖန်သွားပြန်၏။ ထိုမုဆိုးသည် တဖန်ပြေးပြန်၍ ဘုရားလောင်းဆင်မင်း ရပ်သောကာလ၌ ရပ်၍ ကြံ၏။ အဘယ်သို့ ကြံသနည်းဟူမူကား ဤဆင်မင်းသည်ငါပြေးသောကာလ၌ ရပ်၏။ ငါရပ်သောကာလ၌ လာ၏။ ဤဆင်မင်းသည် ငါ့အား အကျိုးမဲ့ကိုအလိုရှိသည်မဖြစ်ရာ။ ဤဆင်းရဲမှကား ငါ့ကို လွတ်စေလိုသည်ဖြစ်လတ္တံ့ဟု ရဲရင့်သည်ဖြစ်၍ ရပ်၏။

ဘုရားလောင်းဆင်မင်းသည် ထိုမုဆိုးသို့ကပ်၍ အိုယောက်ျား သင်သည် အဘယ့်ကြောင့် ငိုကြွေးလျက်သွားသနည်းဟု မေး၏။ အရှင်အရပ်မျက်နှာတို့ကို မှတ်ခြင်းငှါမတတ်နိုင်ရကားမျက်စိ လည်သည်ဖြစ်၍ သေဘေးမှကြောက်သဖြင့် ငိုကြွေးလျက်သွား၏ ဟု ဆို၏။ ထိုအခါ မုဆိုးကို ဘုရားလောင်းဆင်မင်းသည် မိမိ၏ နေရာအရပ်သို့ဆောင်၍ နှစ်ရက်သုံးရက် သစ်သီးကြီးငယ်တို့ဖြင့် ရောင့်ရဲစေ၍ အိုယောကျ်ား မကြောက်လင့်၊ ငါသည် သင့်ကို လူတို့လမ်းခရီးသို့ ဆောင်အံ့ဟု မိမိကျောက်ကုန်း၌ နေစေ၍ လူတို့လမ်းခရီးသို့လိုက်ပို့၏။ ထိုအခါ အဆွေခင်ပွန်းကို ပြစ်မှားတတ်သောယောက်ျားသည် တစုံတယောက်သောသူသည် အကယ်၍ ငါ့ကိုမေးလတ္တံ့၊ ကြားအပ်သည် ဖြစ်ရာ၏ဟု ဘုရားလောင်း၏ ကျောက်ကုန်း၌ နေလျက်သာလျှင် သစ်ပင်နိမိတ်ကို၎င်း၊ တောနိမိတ်ကို၎င်း မှတ်လျက်သာလျှင် သွား၏။

ထိုအခါ မုဆိုးကို ဘုရားလောင်းသည် တောမှထုတ်၍ ဗာရာဏသီသို့သွားသောခရီးမ၌ထား၍ အိုယောက်ျား ဤခရီးဖြင့် သွားလော၊ ငါ၏နေရာအရပ်ကိုကား မေးသော်၎င်း၊ မမေးသော်၎င်း တစုံတယောက်သောသူအား မကြားလင့်ဟုဆို၍ ထိုမုဆိုးကိုလွှတ်လိုက်ပြီးလျှင် မိမိနေရာအရပ်သို့သာလျှင် သွား၏။ ထိုအခါ မုဆိုးသည် ဗာရာဏသီသို့သွား၍ လှည့်လည်သည်ရှိသော် ဆင်စွယ်ပွတ်သ္မားတို့၏ အရပ်လမ်းသို့ရောက်၍ ဆင်စွယ်အထူးတို့ကိုပြုကုန်သော ဆင်စွယ်ပွတ်သ္မားတို့ကိုမြင်၍ အချင်းတို့ အသက်ရှင်သောဆင်၏အစွယ်ကိုလည်း ရယူကုန်အံ့လောဟုမေး၏။ အချင်းယောက်ျား သင်သည် အသို့ဆိုသနည်း၊ အသက်ရှင်သောဆင်၏အစွယ်မည်သည်ကား သေသောဆင်၏ အစွယ်ထက်အဘိုးများစွာ ထိုက်၏ဟု ဆိုကုန်၏။ ထိုသို့တပြီးကား ငါသည် သင်တို့ကို အသက်ရှင်သေ ဆင်၏ အစွယ်ကို ဆောင်အံ့ဟု ဆိုပြီးလျှင် ရိက္ခာကိုယူ၍ ထက်စွာသော လွှကိုယူ၍ ဘုရားလောင်း ဆင်မင်း၏ နေရာအရပ်သို့ သွား၏။

ဘုရားလောင်းသည် ထိုမုဆိုးကိုမြင်၍ အဘယ်အကျိုးငှါ လာသနည်းဟုမေး၏။ အရှင်အကျွန်ုပ်သည် ဆင်းရဲ၏။ အထီးကျန်၏။ အသက်မွေးခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ အရှင်တို့ကို ဆင်စွယ်ပိုင်းကိုတောင်းပါ၏။ အကယ်၍ ပေးကုန်ငြားအံ့၊ ထိုဆင်စွယ်ကိုယူ၍ရောင်းပြီးလျှင် ထိုအဘိုးဖြင့် အသက်မွေးပါအံ့၊ ဤသို့သော အကြောင်းကြောင့် လာ၏ဟုဆို၏။ အချင်းယောက်ျား ထိုသို့ လာခြင်းသည် ကောင်းလာခြင်းဖြစ်စေ၊ ဆင်စွယ်ဖြတ်စရာဘဏ္ဍာသည် အကယ်၍ရှိငြားအံ့၊ သင့်အား အစွယ်ကိုလှူအံ့ဟုဆို၏။ အရှင်အကျွန်ုပ်သည် လွှကိုယူ၍ လာသည်ဖြစ်၏ဟု ဆို၏။ ထိုသို့ တပြီးကား အစ္စယ်တို့ကို လွှဖြင့်ဖြတ်၍ယူပြီးလျှင် သွားလောဟု ဆို၍ ဘုရားလောင်းသည် ခြေတို့ကိုခွေ၍ ငွေတောင်ထွဋ်နှင့်တူသော ဦးကင်းကိုညွှတ်ပြီးလျှင် နွားထိုင်ထိုင်၏။ ထိုမုဆိုးသည် ငွေတောင်ထွဋ်နှင့်တူသော ဦးကင်းသို့တက်၍ နှစ်ချောင်းသော ဆင်စွယ်အဖျားကို ဖြတ်၏။ ဘုရားလောင်းသည် ထိုဖြတ်ပြီးသော ဆင်စွယ်ကို နှာမောင်းဖြင့်ယူ၍ အချင်း ယောက်ျား ငါသည် ထိုအစ္စယ်တို့ကို မချစ်မနှစ်သက်ဟူ၍ သင့်အားမပေး၊ ဤအစ္စယ်တို့ထက် အဆအရာအားဖြင့်၎င်း အဆအထောင်အားဖြင့်၎င်း အဆအသိန်းအားဖြင့်၎င်း အလုံးစုံသောတရားတို့ကို သိခြင်းငှါစွမ်းနိုင်သော သဗ္ဗညုတ ဉာဏ်တည်းဟူသောအစွယ်ကိုသာလျှင် အလွန်ချစ်၏။ ထိုငါ့အား ဤအစွယ်ဟူသောအလှူသည် သဗ္ဗညုတဉာဏ်ကိုသိခြင်း ရခြင်းအကျိုးငှာ ဖြစ်စေသောဟု သဗ္ဗညုတဉာဏ်ကို ဆုတောင်း၍ အစုံဖြစ်သောအစွယ်ကို လှူ၏။

ထိုမုဆိုးသည် ဆင်စွယ်ကိုယူ၍သွားပြီးလျှင် ရောင်း၍ ထိုအဘိုးသည်ကုန်သည်ရှိသော် တဖန် ဘုရားလောင်းအထံသို့ လာလတ်၍ အရှင်အရှင်တို့၏အစွယ်ကို ရောင်း၍ရသောအဘိုးသည် အကျွန်ုပ်အား ကြွေးမြီဆပ်၍ ပြေရုံမျှသာလျှင်ဖြစ်၏။ ကြွင်းသော အစ္စယ်တို့ကို အကျွန်ုပ်အား ပေးပါကုန်ဦးလောဟုဆို၏။ ဘုရားလောင်းသည် ကောင်းပြီဟု ဝန်ခံ၏။ ရှေးနည်းဖြင့်သာလျှင်ဖြတ်၍ ကြွင်းသောအစ္စယ်တို့ကို လှူ၏။ ထိုမုဆိုးသည် ထိုအစွယ်တို့ကိုလည်းရောင်း၍ တဖန်လာပြီးလျှင် အရှင်အကျွန်ုပ်သည် အသက်မွေးခြင်းငှါ မတတ်နိုင်၊ အစ္စယ်ရင်းတို့ကို အကျွန်ုပ်အား ပေးပါကုန်လောဟု ဆို၏။ ဘုရားလောင်းသည် ကောင်းပြီဟု ဝန်ခံ၍ ရှေးနည်းဖြင့်သာလျှင် ထိုင်၍နေ၏။ ထိုယုတ်မာစွာသော ယောက်ျားသည် ဘုရားလောင်း၏ ပန်းဆိုင်းနှင့်တူသောနှာမောင်းကိုနင်းလျက် ငွေတောင်ထွဋ်နှင့်တူသော ဦးကင်းပေါ်သို့တက်ပြီးလျှင် နှစ်ဘက်သောနှုတ်သီးစွန်းတို့ကို ဖနောင့်ဖြင့်ဖွင့်၍ အသားကိုယူပြီးလျှင် ဦးကင်းပေါ်သို့တက်၍ လွှဖြင့် အစွယ်ရင်းကို ဖြတ်၍ သွား၏။

ထိုယုတ်မာစွာသောယောက်ျားသည် ဘုရားလောင်း၏ မြင်ကောင်းရာအရပ်ကိုလွန်စဉ်၌ပင် နှစ်သိန်းလေးသောင်းအထုရှိသော တခဲနက်သောမြေကြီးသည် မြင်းမိုရ် ယုဂန္ဓိုအစရှိသော ကြီးစွာသောဝန်တို့ကို၎င်း မကောင်းသောအနံ့ရှိသော စက်ဆုပ်ရွံရှာဘွယ်ရှိသော ကျင်ကြီးကျင်ငယ်တို့ကို၎င်း ဆောင်ခြင်းငှါ စွမ်းနိုင်ငြားသော်လည်း ထိုယောက်ျားယုတ်၏ကျေးဇူးမဲ့အစုကို ဆောင်ခြင်းငှါ မတတ်နိုင်သကဲ့သို့ နှစ်ဖြာကွဲ၍ ဟင်းလင်းအပြင်ကို ပေး၏။ ထိုခဏ၌သာလျှင် အဝီစိငရဲမီးလျှံတို့သည် ထွက်လတ်ကုန်၍ ထိုအဆွေခင်ပွန်းကိုပြစ်မှားတတ်သော ယောက်ျားယုတ်ကို အမျိုး၏ဥစ္စာဖြစ်သော ကမ္ဗလာဖြင့်ရုံသကဲ့သို့ ရစ်ပတ်၍ယူ၏။ ဤသို့လျှင် ယောက်ျားယုတ်ကို မြေမျိုသောကာလ၌ ထိုတောအုပ်၌စောင့်သော ရုက္ခဇိုဝ်းနတ်သည် ကျေးဇူးကိုမသိတတ်သော အဆွေခင်ပွန်းကိုပြစ်မှားတတ်သော ယောက်ျားယုတ်ကို စကြဝတေးမင်း၏အဖြစ်ကိုပေးသော်လည်း ရောင့်ရဲစိမ့်သောငှါ မတတ်နိုင်ရာဟု တောကိုပဲ့တင်ထပ်လျက် တရားဟောလိုသည်ဖြစ်၍-

၇၂။ အကတညုဿ ပေါသဿ၊ နိစ္စံ ဝိဝရဒဿိနော။
သဗ္ဗဉ္စေ ပထဝိံ ဒဇ္ဇာ၊ နေဝ နံ အဘိရာဓယေ။

ဟူသော ဤဂါထာကို ဆို၏။

၇၂။ အကတညုဿ၊ သူ့ကျေးဇူးကိုမသိတတ်သော။ နိစ္စံ၊ အမြဲ။ ဝိဝရဒဿိနော၊ ဆီကဲ့သို့ အပေါက်ကိုသာရှုလေ့ရှိသော။ ပေါသဿ၊ ယောက်ျားအား။ သဗ္ဗံ၊ အလုံးစုံသော။ ပထဝိံ၊ မြေပြင်ကိုအစိုးရသော စကြဝတေးမင်းအဖြစ်ကို။ စေ ဒဇ္ဇာ၊ အကယ်၍ ပေးအံ့။ နံ၊ ထိုယောက်ျားကို။ နေဝ အဘိရာဓယေ၊ မနှစ်သက်စေနိုင်ရာ။

ဤသို့လျှင် ရုက္ခဇိုဝ်းနတ်သည် တောကိုပဲ့တင်ထပ်စေ၍ တရားဟော၏။ ဘုရားလောင်းသည် အသက်ထက်ဆုံးတည်၍ ကံအားလျော လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ကျေးဇူးကိုမသိတတ်သည် မဟုတ်သေး၊ ရှေး၌လည်း ကျေးဇူးကို မသိတတ်သည်သာလျှင်တည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ အဆွေခင်ပွန်းကို ပြစ်မှားတတ်သောယောကျ်ားယုတ် ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ရုက္ခဇိုဝ်းနတ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သီလဝဆင်မင်းဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးမသိ၊ လူတုံးတိ၊ ဝီစိရောက်ခါ မြေမျိုရှာ

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သီလဝနာဂရာဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဝရုဏဝဂ်

၃။ သစ္စံကိရဇာတ်

ဒေဝဒတ်အလောင်းသည် ဘုရားလောင်းအားသတ်ခြင်းငှာ လုံ့လပြုကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သစ္စံ ကိရေဝ မာဟံသု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသစ္စံကိရ ဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်၏ ဘုရားကို သတ်ခြင်းငှါ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ရဟန်း သံဃာသည် တရားသဘင်၌နေ၍ ငါ့သျှင်တို့ ဒေဝဒတ်သည် မြတ်စွာဘုရား၏ ကျေးဇူးတော်ကို မသိ၊ မြတ်စွာဘုရားကို သတ်ခြင်းငှသာလျှင် လုံ့လပြုပြီဟု ဒေဝဒတ်၏ကျေးဇူးမဲ့ကို ပြောဆိုလတ်သည်ရှိသော် မြတ်စွာဘုရားသည် ကြွတော်မူလာ၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းယု မေးတော်မူ၏။ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝဒတ်သည် ငါဘုရားအားသတ်ခြင်းငှာ လုံ့လပြုသည်မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုဘူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်းအား ဒုဋ္ဌကုမာရမည်သော သားသည်ဖြစ်၏။ ရုန့်ရင်း၏။ ကြမ်းကြုတ်၏။ လှံကန်ဖြင့်ခတ်အပ်သော မြွေဟောက်နှင့်တူ၏။ မဆဲရေးဘဲ၎င်း မပုတ်ခတ်ဘဲ၎င်း တစုံတယောက်သောသူနှင့်တကွ စကားမဆို၊ ထိုဒုဋ္ဌကုမာရမင်းသားကို အတွင်းအပ၌နေသော သူအပေါင်းသည် မျက်စိ၌ကျသော မြူကဲ့သို့၎င်း စားအံ့သောငှါ လာသော ဘီလူးကဲ့သို့၎င်း မနှစ်သက်သည်ဖြစ်၏။ ထိတ်လန့်ခြင်းကို ဖြစ်စေ၏။ ထိုဒုဋ္ဌကုမာရမင်းသားသည် တနေ့သောအခါ၌ မြစ်၌ကစားခြင်းကို ကစားလိုသည်ဖြစ်၍ များစွာသောအခြံအရံဖြင့် မြစ်နားသို့သွား၏။ ထိုခဏ၌ မိုဃ်းကြီးသည်တက်လတ်၍ အရပ်မျက်နှာတို့သည် အမိုက်အတိသာဖြစ်ကုန်၏။ ထိုဒုဋ္ဌကုမာရမင်းသားသည် ကျွန်အစေအပါးတို့ကို ဟယ် အချင်းတို့ လာကြကုန်၊ ငါ့ကိုယူ၍ မြစ်လယ်သို့ဆောင်ပြီးလျှင် ရေချိုး၍ ဆောင်ကြကုန်လော ဟုဆို၏။ ထိုကျွန်အစေအပါးတို့သည် မင်းသားကို မြစ်လယ်သို့ဆောင်၍ ငါတို့အား မင်းကြီးသည် အသို့ပြုလတ္တံ့နည်း၊ ဤယောက်ျားယုတ်ကို မြစ်လယ်၌သာလျှင် သေစေအံ့ဟု တိုင်ပင်ကုန်၍ သူယုတ် ဤအရပ်သို့သွားလောဟု ရေဖြင့်မျောစေ၍ မိမိတို့သည် ရေမှတက်ကုန်၍ ကမ်းနား၌တည်ကုန်၏။

မင်းသားသည် အဘယ်မှာနည်းဟု မေးကုန်သည်ရှိသော် ငါတို့သည် မင်းသားကို မမြင်ကုန်၊ မိုဃ်းတက်လာလတ်သည်ကိုမြင်၍ ရေ၌ငုပ်သဖြင့် ကမ်းသို့သွား၍ ရှေ့မှလာသည်ဖြစ်လတ္တံ့၊ ဤသို့ပြောဆိုကြအံ့ဟု တိုင်ပင်၍ အမတ်တို့သည် မင်းကြီးအထံသို့ သွားကုန်၏။ မင်းကြီးသည် သားအဘယ်မှာနည်းဟု မေးသည်ရှိသော် ရှေ့မှလာသည် ဖြစ်လတ္တံ့ဟူသော အမှတ်ဖြင့်လာကုန်၏ ဟုလျှောက်ကုန်၏။ မင်းကြီးသည် တံခါးကိုဖွင့်စေ၍ မြစ်နားသို့ သွားပြီးလျှင် စုံစမ်းကြည့်ရှုကုန်လောဟု ထိုထိုအရပ်၌ စုံစမ်း ကြည့်ရှုစေ၏။ တစုံတယောက်သောသူသည် မင်းသားကိုမမြင်၊ တိမ်အမိုက်ဖြင့် လွှမ်းလျက် မိုဃ်းရွာလတ်သည်ရှိသော် မြစ်၌မျောသော ဒုဋ္ဌကုမာရမင်းသားသည် တခုသောထင်းတုံးကိုမြင်၍ ထင်းတုံး၌စီး၍ သေဘေးမှကြောက်သည်ဖြစ်၍ ငိုကြွေးလျက် သွား၏။ ထိုကာလ၌ကား ဗာရာဏသီပြည်၌နေသော တယောက်သောသူဌေးသည် မြစ်နား၌ ကုဋေလေးဆယ်သော ဥစ္စာကိုမြှုပ်၍ သေသည်ရှိသော် တပ်စွန်းခြင်းကြောင့် ဥစ္စာအပြင်၌ မြွေ၏အဖြစ်ဖြင့် ဖြစ်၏။ တယောက်သော သူဌေးသည်လည်း ထိုအရပ်၌သာလျှင် ကုဋေသုံးဆယ်သော ဥစ္စာကိုမြှုပ်၍ ဥစ္စာ၌ တပ်စွန်းခြင်းကြောင့် ထိုအရပ်၌သာလျှင် ကြွက်၏ အဖြစ်ဖြင့် ဖြစ်၏။

ထိုမြွေ, ကြွက်တို့၏နေရာအရပ်ကို ရေသည်ဝင်၏။ ထိုမြွေ, ကြွက်တို့သည် ရေဝင်သောခရီးဖြင့်သာလျှင် ထွက်ခဲ့ကုန်၍ ရေအယဉ်ကိုဖြတ်လျက် သွားကုန်၏။ မင်းသားစီးသောထင်းတုံးသို့ရောက်၍ မြွေသည် တခုသောအစွန်းသို့ ကြွက်သည် တခုသော အစွန်းသို့ တက်၍ ထိုထင်းတုံးအပြင်၌သာလျှင် နေကုန်၏။ ထိုမြစ်၏သာလျှင် ကမ်းနား၌ တခုသောလက်ပံပင်သည် ရှိ၏။ ထိုလက်ပံပင်၌ တခုသော ကျေးသားငယ်သည်နေ၏။ ထိုလက်ပံပင်သည်လည်း ရေတိုက်အပ်သောအမြစ်ရှိသည်ဖြစ်၍ မြစ်၏အပြင်သို့ လဲ၏။ ကျေးသားငယ်သည် မိုဃ်းကြီးရွာလတ်သည်ရှိသော် ပျံသွားခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ ပျံ၍ထိုထင်းတုံး၏ တခုသော နံပါး၌ နား၏။ ဤသို့လျှင် ထိုလေးယောက်ကုန်သောသူတို့သည် တပေါင်းတည်း မျောလျက် သွားကုန်၏။

ဘုရားလောင်းသည်လည်း ထိုကာလ၌ ကာသိတိုင်းဝယ် ဥဒိစ္စပုဏ္ဏားမျိုး၌ဖြစ်၍ ကြီးခြင်းသို့ရောက်သည်ရှိသော် ရသေ့ရဟန်းပြု၍ တခုသော မြစ်ကွေ့၌ သစ်ရွက်မိုးသောကျောင်းကို ဖန်ဆင်း၍နေ၏။ ထိုဘုရားလောင်းရသေ့သည် သန်းခေါင်အခါ၌ စင်္ကြံသွားသည်ရှိသော် ထိုဒုဋ္ဌကုမာရမင်းသား၏ သည်းစွာသော ငိုကြွေးသံကိုကြား၍ ငါကဲ့သိုသော မေတ္တာကရုဏာနှင့်ပြည့်စုံသောရသေ့သည် မြင်ပါလျက် ဤယောက်ျား၏သေခြင်းသည် မသင့်၊ ရေမှထုတ်ဆယ်၍ ထိုယောက်ျားအား အသက်အလှူကို ပေးအံ့ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းရသေ့သည် ထိုယောက်ျားကို သင်သည် မကြောက်လင့်ဟု နှစ်သိမ့်စေ၍ ရေအယဉ်ကိုဖြတ်၍သွားပြီးလျှင် ထိုထင်းတုံးကို တခုသောအစွန်း၌ကိုင်၍ ငင်သည်ရှိသော် ဆင်ပြောင်အားနှင့်တူသော အားရှိသော အစွမ်းနှင့်ပြည့်စုံသောဘုရားလောင်းသည် တဟုန်တည်းဖြင့် ကမ်းနားသို့ရောက်၍ မင်းသားကိုချီပြီးလျှင် ကမ်းနား၌ နေစေ၏။ မြွေ အစရှိသည်တို့ကိုလည်းမြင်၍ ချီပြီးလျှင် ကျောင်းသို့ဝင်၍ မီးကိုညှိ၍ ထိုသူတို့တွင်လည်း အလွန်အားနည်းကုန်သော မြွေအစရှိသည်တို့ကိုယ်ကို ရှေးဦးစွာမီးလှုံစေ၍ နောက်မှ မင်းသားကို မီးလှုံစေ၏။ ထိုမင်းသားကိုလည်း အနာမရှိခြင်းကိုပြု၍ အာဟာရကိုပေးလျှင်လည်း မြွေအစရှိသည်တို့အားသာလျှင် ပေးပြီး၍နောက်မှ မင်းသားအား သစ်သီးကြီးငယ်ကိုပေး၏။

မင်းသားသည် ဤရသေ့ကောက်သည် ငါ၏မင်းသားအဖြစ်ကို မရေမတွက်မူ၍ တိရစ္ဆာန်တို့အားသာလျှင် မြတ်နိုးခြင်းကိုပြု၏ဟု ဘုရားလောင်း၌ ရန်ငြိုးဖွဲ့၏။ ထိုနေ့မှ နှစ်ရက်သုံးရက်လွန်သဖြင့် အလုံးစုံသောသူတို့သည်လည်း အစွမ်းကိုရကုန်၏။ မြစ်၌ ရေအယဉ်ပြတ်သည်ရှိသော် မြွေသည် ရှင်ရသေ့ကိုရှိခိုး၍ အရှင်ဘုရား အရှင်ဘုရားတို့သည် အကျွန်ုပ်အား ကျေးဇူးပြုပေ၏။ အကျွန်ုပ်သည် မဆင်းရဲ၊ ဤမည်သောအရပ်၌ ကုဋေလေးဆယ်သော ရွှေအိုးတို့ကိုမြှုပ်၍ထားအပ်ကုန်၏။ အရှင်ဘုရားတို့အား ဥစ္စာဖြင့်ကိစ္စရှိသော် အလုံးစုံသောဤဥစ္စာကို အရှင်ဘုရားတို့အား ပေးခြင်းငှါစွမ်းနိုင်ပါ၏။ ထိုအရပ်သို့လာလတ်၍ မြွေဟု ခေါ်တော်မူကုန်လောဟု ဆိုပြီး၍ ဖဲခဲ့၏။ ကြွက်သည်လည်း ထို့အတူသာလျင်ပင်ပင့်ဘိတ်၍ ဤမည်သောအရပ်၌ ရပ်ပြီးလျှင် ကြွက်ဟု ခေါ်တော်မူကုန်လောဟုဆို၍ ဖဲခဲ့၏။ ကျေးသည်လည်း ရသေ့ကိုရှိခိုး၍ အရှင်ဘုရား အကျွန်ုပ်အား ဥစ္စာမရှိပါ၊ နီသောသလေးတို့ဖြင့် အရှင်ဘုရားအား အလိုရှိသည်ရှိသော် အကျွန်ုပ်၏ ဤအမည်ရှိသော နေရာအရပ်သို့လာလတ်၍ ကျေးသားဟု ခေါ်တော်မူပါကုန်လော၊ အကျွန်ုပ်သည် အဆွေအမျိုးတို့အားကြား၍ အရာမကသောလှည်းကို ပြည့်စေနိုင်သောပမာဏရှိသော နီသောသလေးကို ပေးခြင်းငှါစွမ်းနိုင်ပါ၏ဟု ဆိုပြီးလျှင် ဖဲခဲ့၏။

အဆွေခင်ပွန်း ပြစ်မှားတတ်သော မင်းသားသည် ကျင့်ဝတ်တို့၌ ဓမ္မတာအားဖြင့် တစုံတခုသောစကားကိုမဆိုမူ၍ သွားခြင်းသည်မသင့်၊ ဤသို့ပင့်ဘိတ်သဖြင့် မိမိအထံသို့ လာသောရသေ့ကို သတ်အံ့ဟု ကြံပြီးလျှင် အရှင်ဘုရား အကျွန်ုပ်မင်းဖြစ်သည်ရှိသော် လာတော်မူလော၊ ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေးပါအံ့ဟု ဆို၍ ဖဲခဲ့၏။ ထိုမင်းသားသည်သွား၍ မကြာမြင့်မီလျှင် မင်းဖြစ်၏။ ဘုရားလောင်းသည် ရှေးဦးစွာ ထိုသူတို့ကိုစုံစမ်းအံ့ဟု ရှေးဦးစွာ မြွေ၏အထံသို့သွား၍ အနီး၌ရပ်လျက် မြွေဟူ၍ ခေါ်၏။ ထိုမြွေသည် တခွန်းတည်းသောစကားဖြင့်သာ ထွက်၍ ဘုရားလောင်းကိုရှိခိုး၍ အရှင်ဘုရား ဤအရပ်၌ ကုဋေလေးဆယ်ကုန်သော ရွှေတို့သည် ရှိကုန်၏။ အလုံးစုံသော ထိုရွှေတို့ကိုဘော်၍ ယူကုန်လောဟု ဆို၏။ ဘုရားလောင်းသည် ကောင်းပြီ၊ ငါ့အား အလိုရှိသောကိစ္စဖြစ်လတ်သော် သိအံ့ဟုဆို၍ ထိုမြွေကိုပြန်စေပြီးလျှင် ကြွက်အထံသို့သွား၍ အသံကိုပြု၏။ ထိုကြွက်သည်လည်း ထိုမြွေအတူသာလျှင် ကျင့်၏။ ဘုရားလောင်းသည် ထိုကြွက်ကိုလည်း ပြန်စေပြီးလျှင် ကျေးသားအထံသို့သွား၍ ကျေးသားဟု ခေါ်၏။ ထိုကျေးသားသည်လည်း တခွန်းတည်းသောစကားဖြင့်သာလျှင် သစ်ပင်မှသက်လတ်၍ ဘုရားလောင်းကိုရှိခိုးလျက် အရှင်ဘုရား အကျွန်ုပ်၏ အဆွေအမျိုးတို့၏အထံသို့သွား၍ ဟိမဝန္တာအရပ်မှ အရှင်ဘုရားတို့၏အကျိုးငှာ အလိုလိုသာလျှင်ဖြစ်သောသလေးကို ဆောင်ရအံ့လောဟုမေး၏။ ဘုရားလောင်းသည် အလိုရှိသည်ရှိသော် သိရအံ့ဟုဆို၍ ထိုကျေးသားကိုလည်း ပြန်စေပြီးလျှင် ယခုအခါ မင်းကိုစုံစမ်းအံ့ဟုသွား၍ မင်း၏ဥယျာဉ်၌နေပြီးလျှင် နက်ဖြန်နေ့၌ ရသေ့တို့အသွင်အပြင်နှင့် ပြည့်စုံခြင်းကိုပြု၍ ဆွမ်းခံဝတ်ဖြင့် ဗာရာဏသီမြို့သို့ဝင်၏။ ထိုခဏ၌ အဆွေ ခင်ပွန်းကို ပြစ်မှားတတ်သောထိုမင်းသည် တန်ဆာဆင်အပ်သော မြတ်သော ဆင်ကျောက်ကုန်းထက်၌စီးလျက် များပြားစွာသော အခြံအရံဖြင့် မြို့ကိုလကျ်ာရစ်လှည့်၏။

ထိုမင်းသည် ဘုရားလောင်းကို အဝေးမှလျှင်မြင်၍ ရသေ့ကောက် ငါ၏အထံ၌ စား၍နေလိုသည်ဖြစ်၍ လာ၏။ အကြင် မျှလောက် ပရိသတ်အလယ်၌ မိမိသည် ငါ့အားပြုဘူးသော ကျေးဇူးကိုမပြသေး၊ ထိုသို့မပြမီလျှင် ထိုရသေ့၏ ဦးခေါင်းကို ပြတ်စေအံ့ဟု မင်းချင်းယောက်ျားတို့ကို ကြည့်၏။ အရှင်မင်းကြီး အဘယ်ကိုပြုရအံ့နည်းဟု လျှောက်သည်ရှိသော် ဤရသေ့ကောက်သည် ငါ့ကိုတစုံတခုကို တောင်းလိုသည်ဖြစ်၍ လာယောင်တကား၊ ဤရသေ့ယုတ်အား ငါ့ကိုမြင်ခြင်းငှါမပေးမူ၍သာလျှင် ယခုရသေ့ယုတ်ကိုဖမ်း၍ လက်ပြန်ဖွဲ့ပြီးလျှင် ခရီးလေးဆုံ ခရီးလေးဆုံတိုင်း ပုတ်ခတ်ကုန်လျက် မြို့မှထွက်ကုန်၍ သုသာန်၌ ရသေ့၏ဦးခေါင်းကို ဖြတ်ပြီးလျှင် ကိုယ်ကိုတံကျင်လျှိုလေကုန်လောဟု ဆို၏။ ထိုမင်းချင်းယောက်ျားတို့သည် ကောင်းပြီဟု ဝန်ခံပြီးလျှင် သွားကုန်၍ အပြစ်မရှိသောဘုရားလောင်းကို နှောင်ဖွဲ့၍ ခရီးလေးဆုံတိုင်းပုတ်ခတ်ကုန်လျက် သုသာန်သို့ ဆောင်အံ့သောငှါ အားထုတ်ကုန်၏။ ဘုရားလောင်းသည် ပုတ်ခတ်တိုင်း ပုခတ်တိုင်းသောအရပ်၌ အိုမိခင်ဘခင်တို့ဟု မငိုမမြည်တမ်းမူ၍ ဖောက်ပြန်ခြင်းမရှိသည်ဖြစ်၍-

၇၃။ သစ္စံ ကိရေဝ မာဟံသု၊ နရာ ဧကစ္စိယာ ဣဓ။
ကဋ္ဌံ နိပ္လဝိတံ သေယျော၊ နတွေဝေကစ္စိယော နရော။

ဟူသော ဤဂါထာကို ဆို၏။

၇၃။ ကဋ္ဌံ၊ မြစ်၌ထင်းတုံးကို။ နိပ္လဝိတံ၊ ဆယ်တင်ခြင်းသည်။ သေယျာ၊ မြတ်၏။ ဧကစ္စိယော၊ အချို့သော။ နရော၊ အဆွေ ခင်ပွန်းကို ပြစ်မှားတတ်သော ယောက်ျားယုတ်ကို။ ဥတ္တရိယာ၊ ဆယ်တင်ခြင်းသည်။ နတွေဝ သေယျာ၊ မမြတ်သည်သာလျှင်တည်း။ ဧဝံ၊ ဤသို့။ ဣဓ၊ ဤလောက၌။ ဝဒမာနာ၊ ဆိုကုန်သော။ ဧကစ္စိယာ၊ အချို့ကုန်သော။ နရာ၊ ပညာရှိတို့သည်။ သစ္စံ၊ မှန်သောစကားကို။ အဟံသု ကိရ၊ ဆိုကုန်သတတ်။

ဤသို့လျှင် ပုတ်ခတ်တိုင်း ပုတ်ခတ်တိုင်းသောအရပ်၌ ဤဂါထာကိုသာလျှင်ဆို၏။ ထိုသို့သောစကားကိုကြား၍ ထိုသူအပေါင်းတို့တွင် အကြင်ပညာရှိသောယောက်ျားတို့သည် ရှိကုန်၏။ ထိုပညာရှိသောယောကျ်ားတို့သည် အိုရဟန်း သင်သည် ငါတို့မင်းကြီးအားပြုအပ်သော တစုံတခုသောကျေးဇူးသည် ရှိသလောဟု ဆိုကုန်၏။ ဘုရားလောင်းသည် ထိုအကြောင်းကို ကြား၍ ဤသို့လည်း ဤမင်းကို ကြီးစွာသောမြစ်ရေအယဉ်မှ ဆယ်တင်သောငါသည်လျှင် မိမိဆင်းရဲကို ပြု၏။ စင်စစ်သော်ကား ငါသည် ရှေးပညာရှိတို့၏စကားကို မကျင့်မိဟု အောက်မေ့၍ ဤသို့ ဆို၏ဟု ဆို၏။ ထိုစကားကိုကြားကုန်၍ မင်းပုဏ္ဏားအစရှိကုန်သော မြို့၌နေကုန်သောသူတို့သည် အဆွေခင်ပွန်းကို ပြစ်မှားတတ်သောထိုမင်းသည် ဤသို့သော ကျေးဇူးနှင့်ပြည့်စုံသော မိမိ၏အသက်ကို ပေးတတ်သောသူ၏ ကျေးဇူးကိုမျှလည်း မသိ၊ ထိုမင်းယုတ်ကိုမှီ၍ အဘယ်မှာလျှင် ငါတို့အား စီးပွားချမ်းသာဖြစ်နိုင်အံ့နည်း၊ ထိုမင်းယုတ်ကို ဖမ်းကုန်လောဟု အမျက်ထွက်ကုန်သည်သာလျှင်ဖြစ်၍ ထက်ဝန်းကျင်မှထကုန်လတ်၍ မြား လှံကျောက် ဆောက်ဖုတ်အစရှိကုန်သော လက်နက်တို့ဖြင့်

ဆင်ကျောက်ကုန်းထက်၌စီးသော ထိုမင်းယုတ်ကိုသတ်ကုန်၍ ခြေ၌ကိုင်ပြီးလျှင် ကျုံးအပြင်၌စွန့်ပစ်၍ ဘုရားလောင်းကို အဘိသိက်သွန်း၍ မင်းပြုစေကုန်၏။

ထိုမင်းသည် တရားသဖြင့်မင်းပြုလျက် တဖန်တနေ့သ၌ မြွေ အစရှိသည်တို့ကို စုံစမ်းလိုသည်ဖြစ်၍ များစွာသောအခြံအရံဖြင့် မြွေနေရာအရပ်သို့သွား၍ မြွေဟု ခေါ်၏။ မြွေသည်လာလတ်၍ ရှိခိုးပြီးလျှင် အရှင်ဤဥစ္စာသည် သင့်ဘို့တည်း၊ ယူဟု ဆို၏။ မင်းသည် ကုဋေလေးဆယ်သောရွှေဥစ္စာကို အမတ်တို့အားအပ်နှံပြီးလျှင် ကြွက်အထံသို့သွား၍ ကြွက်ဟု ခေါ်၏။ ထိုကြွက်သည်လည်း လာလတ်၍ ရှိခိုးပြီးလျှင် ကုဋေသုံးဆယ်သောဥစ္စာကို ဆောင်နှင်း၏။ မင်းသည် ထိုကုဋေသုံးဆယ်သောဥစ္စာကိုလည်း အမတ်တို့အားအပ်နှံပြီးလျှင် ကျေးသားနေရာအရပ်သို့သွား၍ ကျေးသားဟု ခေါ်၏။ ထိုကျေးသားသည်လည်း ခြေ၌ရှိခိုးပြီးလျှင် အရှင်သလေးကို ဆောင်ရအံ့လောဟု ဆို၏။ မင်းသည် အလိုရှိသည်ရှိသော် ဆောင်ရလတ္တံ့၊ လာလှည့် သွားကြကုန်အံ့ဟု ဆို၍ ကုဋေခုနစ်ဆယ်ကုန်သော ရွှေ ငွေတို့နှင့်တကွ သုံးယောက်ကုန်သောသူတို့ကိုယူစေ၍ မြို့သို့သွားပြီးလျှင် မြတ်သောပြာသာဒ်အပြင်သို့တက်၍ ဥစ္စာတို့ကို ကောင်းစွာလုံခြုံစေပြီးလျှင် မြွေ၏ နေရာအကျိုးငှာ ရွှေကျည်ကို။ ကြွက်၏ နေရာအကျိုးငှာ ဖလ်လိုဏ်ကို။ ကျေး၏ နေရာအကျိုးငှါ ရွှေချိုင့်ကို ပြုစေ၍ မြွေအား၎င်း ကျေးသားအား၎င်း အစာအကျိုးငှါ နေ့တိုင်းနေ့တိုင်း ရွှေခွက်ငယ်၌ ပျားရေ ပေါက်ပေါက်တို့ကို ပေး၏။ ကြွက်အား မွှေးလှစွာသော သလေးဆန်ကိုပေး၏။ ဒါနအစရှိသော ကောင်းမှုတို့ကို ပြု၏။ ဤသို့လျှင် ထိုလေးယောက်ကုန်သောသူတို့သည် အသက်ထက်ဆုံး ညီညွတ်ကုန်သည်ဖြစ်၍ ဝမ်းမြောက်ကုန်သည် ဖြစ်၍နေကုန်လျက် အသက်ကုန်သဖြင့် ကံအားလျော်စွာ လားကြရကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝဒတ်မိုက်သည် ငါ့အားသတ်ခြင်းငှါ လုံ့လပြုသည် မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် အနု သန္ဓေကိုစပ်၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ အဆွေခင်ပွန်းကို ပြစ်မှားတတ်သော မင်းဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါမြွေဖြစ်ဘူးပြီ၊ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ ကြွက်ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ကျေးသား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ နောက်မှမင်းအဖြစ်သို့ရောက်သော တရားမင်း ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ဗောဓိလောင်းလျာ၊ သေစိမ့်ငှာ၊ ဖြာဖြာလုံ့လ ကျိုးမရ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော သစ္စံကိရဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဝရုဏဝဂ်

၄။ ရုက္ခဓမ္မဇာတ်

ညီညွတ်သည်ရှိသော် သစ်ပင်ကိုသော်လည်း သူမညှဉ်းဆဲနိုင်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သောသဗ္ဗညူမြတ်စွာဘုရားသည် သာဓူ သမ္ဗဟုလာ ဉာတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆင်အပ်သော ဤ ရုက္ခဓမ္မဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရေ၏အကြောင်းကြောင့် ခိုက်ရန်ဖြစ်သောအခါ၌ ကိုယ်တော်၏ ဆွေတော်မျိုးတော်တို့အား ဖြစ်လတ္တံ့သော ကြီးစွာသောပျက်စီးခြင်းကိုသိတော်မူ၍ ကောင်းကင်ခရီးဖြင့်ကြွသွားတော်မူ၍ ရောဟိဏီမြစ်၏အထက်၌ ထက်ဝယ်ဖွဲ့ခွေသဖြင့်နေတော်မူပြီးလျှင် ညိုသောရောင်ခြည်ကိုလွှတ်တော်မူ၍ ဆွေတော် မျိုးတော်တို့ကို ထိတ်လန့်စေ၍ ကောင်းကင်မှသက်တော်မူပြီးလျှင် မြစ်နား၌နေတော်မူလျှက် ထိုခိုက်ရန် ဖြစ်ခြင်း ကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုသို့ ဆိုအပ်ခဲ့ပြီးသောစကားသည် ဤရုက္ခဓမ္မဇာတ်၌ အကျဉ်းသလျင်ကည်း၊ အကျယ်ကား ကုလဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။

ထိုအခါ၌ကား မြတ်စွာဘုရာသည် ဆွေမျိုးမည်ကုန်သော သင်တို့သည် ညီညွတ်ကုန်သည် ဝမ်းမြောက်ကုန်သည်ဖြစ်ခြင်းငှါ သင့်၏။ ထိုစကားသည်မှန်၏။ ဆွေမျိုးတို့၏ ညီညွတ်ခြင်းသည်ရှိသော် ရန်သူတို့သည် အခွင့်မရကုန်၊ ရှေးဦးစွာ လူဖြစ်သောသူတို့ကို ထားဘိကုန်ဦးလော၊ စိတ်စေတနာမရှိကုန်သော သစ်ပင်တို့အားလည်း ညီညွတ်ခြင်းကိုရခြင်းငှါ သင့်၏။ ထိုစကားသည်မှန်၏။ လွန်လေပြီးသောအခါ ဟိမဝန္တာတောအရပ်၌ လေကြီးသည် အင်ကြင်းတောကိုတိုက်၏။ ထိုအင်ကြင်းတော၏ကား အချင်းချင်း သစ်ပင်ကြီးသစ်ပင်ငယ် ချုံနွယ်တို့ဖြင့် စပ်သည်၏အဖြစ်ကြောင့် တခုသော သစ်ပင်မျှကိုလည်း လဲစိမ့်သောငှာမတတ်နိုင်၊ သစ်ပင်တကာတို့၏ ထိပ်ဖျားဖြင့်သာလျှင် သွားရ၏။ လွင်ပြင်၌ရောက်သော အခက်အခွနှင့်ပြည့်စုံသော တခုသောသစ်ပင်ကြီးကို တပါးသောသစ်ပင်နှင့် မစပ်သည်၏အဖြစ်ကြောင့် အမြစ်ကိုနုတ်၍ မြေ၌ လဲစေ၏။ ဤအကြောင်းကြောင့် သင်တို့သည် ညီညွတ်ကုန်သည် ဝမ်းမြောက်ကုန်သည်ဖြစ်ခြင်းငှာ သင့်၏ဟုမိန့်တော်မူ၍ ထိုဆွေတော်မျိုးတော်တို့သည် တောင်းပန်အပ်ကုန်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ရှေးဦးစွာဖြစ်သော ဝေဿဝဏ်နတ်မင်းကြီးသည် စုတေ၍ သိကြားမင်းသည် တဦးသောဝေဿဝဏ်ကိုလဲ၍ နောက်မှဖြစ်သော ဝေဿဝဏ်သည် သစ်ပင်ကြီးသစ်ပင်ငယ်ချုံနွယ်တို့၌ ဗိမာန်ကို မိမိမိမိတို့၏နှစ်သက်ရာအရပ်၌ ယူစေကုန်လောဟု သတင်းစကားကို စေလိုက်၏။ ထိုအခါ ဘုရားလောင်းသည် ဟိမဝန္တာအရပ်၌ တခုသောအင်ကြင်းတော၌ ရုက္ခဇိုဝ်းနတ်၏အဖြစ်ဖြင့် ဖြစ်၏ ထိုဘုရားလောင်းသည် ဆွေမျိုးတို့ကို သင်တို့သည် ဗိမာန်တို့ကိုယူကုန်သည်ရှိသော် လွင်ပြင်၌ရောက်သောသစ်ပင်တို့ကို မယူကြကုန်လင့်၊ ဤအင်ကြင်းတော၌ ငါသည်ယူအပ်သောဗိမာန်ကို ခြံရံ၍တည်သော ဗိမာန်တို့ကို ယူကုန်လောဟု ဆို၏။ ထိုနတ်အပေါင်းတို့တွင် ဘုရားလောင်းစကားကို နားထောင်ကုန်သော ပညာရှိနတ်တို့သည် ဘုရားလောင်းဗိမာန်ကိုခြံရံ၍ရောက်သော ဗိမာန်ကိုယူကုန်၏။ ပညာမရှိသောနတ်တို့သည်ကား တောဗိမာန်ဖြင့် ငါတို့အား အဘယ်အကျိုးရှိအံ့နည်း၊ ငါတို့သည် လူ့ပြည်၌သာလျှင် ရွာ နိဂုံးမင်းနေပြည်တံခါး၌ ဗိမာန်တို့ကိုယူကုန်အံ့၊ ထိုစကားသည် မှန်၏။ လူ့ရွာ အစရှိသည်တို့ကို မှီ၍နေကုန်သောနတ်တို့သည် လာဘ်လာဘ အအခြံအရံအစုကို ရကုန်သည်ဖြစ်ကုန်၏ဟု လူ့ပြည်၌ လွင်ပြင်အရပ်၌ဖြစ်သော သစ်ပင်ကြီးတို့၌ ဗိမာန်တို့ကို ယူကုန်၏။

ထိုအခါ တနေ့သ၌ ကြီးစွာသောလေနှင့်တကွသော မိုဃ်းရွာခြင်းသည်ဖြစ်၏။ ထိုလေ၏ အလွန်အားရှိသည်၏အဖြစ်ကြောင့်သာလျှင် မြဲသောအမြစ်ရှိသော သစ်ပင်ကြီးတို့သည်လည်း ကျိုးသော အခက်အခွရှိကုန်သည်ဖြစ်၍ အမြစ်နှင့်ကကွ လဲကုန်၏။ အချင်းချင်းစပ်ကြသဖြင့်တည်သော ထိုအင်ကြင်းတောသို့ကားရောက်၍ ထိုမှဤမှတိုက်သည်ရှိသော် တခုသောသစ်ပင်ကိုသော်လည်း လဲစေခြင်းငှာ မတတ်နိုင်၊ ပျက်စီးသောဗိမာန်ရှိသောနတ်တို့သည် ကိုးကွယ်ရာမရှိကုန်သည်ဖြစ်၍ သူငယ်တို့ကိုလက်ဆွဲကုန်လျက် ဟိမဝန္တာသို့သွား၍ ထိုအကြောင်းကို အင်ကြင်းတောနတ်တို့အား ပြောဆိုကြကုန်၏။ ထိုအင်ကြင်းတောနတ်တို့သည် နတ်တို့လာသောအဖြစ်ကို ဘုရားလောင်းရုက္ခဇိုဝ်းနတ်အား ကြားကုန်၏။ ထိုဘုရားလောင်းနတ်မင်းသည် ပညာရှိတို့၏ စကားကိုမယူမူ၍ အထောက်အပံ့မရှိသောအရပ်သို့ သွားကုန်သောသူတို့မည်သည်ကား ဤသို့သဘောရှိသည် ဖြစ်ကုန်၏ဟု ဆို၍ တရားဟောလိုရကား-

၇၄။ သာဓူ သမ္ဗဟုလာ ဉာတီ၊ အပိ ရုက္ခာ အရညဇာ။
ဝါကော ဝဟတိ ဧကဋ္ဌံ၊ ဗြဟန္တံပိ ဝနပ္ပတိံ။

ဟူသော ဤဂါထာကို ဆို၏။

၇၄။ ဉာတီ၊ ဆွေးမျိုးတို့သည်။ သမ္ဗဟုလာ၊ များကုန်မူကား။ သာဓူ၊ ကောင်းကုန်၏။ အရညဇာ၊ တော၌ဖြစ်ကုန်သော။ ရုက္ခာ အပိ၊ သစ်ပင်တို့သည်လည်း။ သမ္မဟုလာ၊ များကုန်မူကား။ သာဓူ၊ ကောင်းကုန်၏။ ဧကဋ္ဌံ၊ တပင်တည်းသာ တည်သော။ ဗြဟန္တံ၊ ကြီးစွာသော။ ဝနပ္ပတိမ္ပိ၊ တောစိုး သစ်ပင်ကိုလည်း။ ဝါတာ၊ လေသည်။ ဝဟတိ၊ လှည်းနိုင်၏။

ထိုသို့ ဘုရားလောင်းရုက္ခဇိုဝ်းနတ်မင်းသည် ဤအကြောင်းကို ဆိုပြီး၍ အသက်၏အဆုံး၌ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း မင်းကြီးတို့ ဤသို့လျှင် ရှေးဦးစွာ ဆွေမျိုးတို့၏ညီညွတ်ခြင်းကိုသာလျှင် ရခြင်းငှာသင့်၏။ ညီညွတ်ကုန်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာကုန်သည်ဖြစ်၍ ချမ်းသာနေခြင်းဖြင့်သာလျှင်နေကြကုန်လောဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ နတ်တို့သည်ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသောနတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ညီညွတ်သည့်အား၊ ဆောင်၍ထား၊ အများအမြောင်ရန်ကိုအောင်

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ရုက္ခဓမ္မဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဝရုဏဝဂ်

၅။ မစ္ဆရာဇဇာတ်

ဘုရားလောင်း၏သစ္စာတန်ခိုးဖြင့် မိုဃ်းကိုရွာစေသောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အဘိတ္ထနယ ပဇ္ဇုန္န အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမစ္ဆဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကိုယ်တော်သည် ရွာစေအပ်သောမိုဃ်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ အခါတပါး၌ ကောသလတိုင်းဝယ် မိုဃ်းသည် မရွာသတတ်၊ ကောက်တို့သည် ညှိုးကုန်၏။ ထိုထိုအရပ်၌ တဘက်ဆည်ကန် လေးထောင့်အိုင်တို့သည် ခြောက်ကုန်၏။ ဇေတဝန် ကျောင်းတော် တံခါးမုတ်အနီး ဇေတဝန်ရေကန်၌လည်း ရေသည်ပြတ်၏။ ညွန်ပျောင်းသို့ဝင်၍ ဝပ်အပ်ကုန်သောငါး, လိပ်တို့ကို ကျီး, စွန်အစရှိသည်တို့သည် သံတံကျင်နှင့်တူကုန်သော နှုတ်သီးတို့ဖြင့်ထိုးကုန် ထုတ်ကုန်၍ တုန်လှုပ်ကုန်စဉ်စားကုန်၏။ မြတ်စွာဘုရားသည် ငါးလိပ်တို့၏ ထိုသို့ပျက်စီးခြင်းကိုမြင်တော်မူ၍ မဟာကရုဏာတော်သည် တိုက်တွန်းအပ်သောနှလုံးတော် ရှိတော်မူသည်ဖြစ်၍ ယနေ့ ငါသည် မိုဃ်းကိုရွာစေခြင်းငှါသင့်၏ဟု ညဉ့်သည်လင်းလတ်သည်ရှိသော် ကိုယ်လက်သုတ်သင်ခြင်းကို ပြုတော်မူ၍ ဆွမ်းခံအခါကိုမှတ်၍ များစွာသောရဟန်းသံဃာအပေါင်းခြံရံလျက် ဘုရားတို့၏ တင့်တယ်စမ္ပယ်ခြင်းဖြင့် သာဝတ္ထိမြို့သို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၍ ဆွမ်းဘုဉ်းပေးပြီးသည်မှနောက်အဘို့၌ ဆွမ်းခံရွာမှဖဲတော်မူ၍ သာဝတ္ထိမြို့မှ ကျောင်းတော်သို့ကြွတော်မူသည်ရှိသော် ဇေတဝန် ရေကန်စောင်းတန်း၌ ရပ်တော်မူ၍ အရှင်အာနန္ဒာမထေရ်ကို အာနနာ ရေသနုပ်ကိုယူခဲ့လော ဇေတဝန်ရေကန်၌ ရေချိုအံ့ဟု မိန့်တော်မူ၏။

အရှင်ဘုရား ဇေတဝန်ရေကန်၌ ရေပြတ်၏။ ညွန်မျှသာလျှင် ကြွင်းသည် မဟုတ်လောဟု နားတော်လျှောက်၏။ အာနန္ဒာ ဘုရားတို့၏ အစွမ်းမည်သည် အလွန်ကြီး၏။ သင်သည် ရေသနုပ်ကိုယူခဲ့ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာမထေရ်သည် ရေသနုပ်ကိုယူ၍ ကပ်၏။ မြတ်စွာဘုရားသည် တခုသောအစွန်းဖြင့် ရေသနုပ်ကို ဝတ်တော်မူ၍ တခုသောအစွန်းဖြင့် ကိုယ်တော်ကို ရုံတော်မူ၍ ဇေတဝန်ရေကန်၌ ရေချိုးအံ့ဟု မိန့်တော်မူပြီးလျှင် စောင်းတန်း၌ ရပ်တော်မူ၏။ ထိုခဏ၌လျှင် သိကြားမင်၏ ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် ပူသောအခြင်းအရာကို ပြ၏။ ထိုသိကြားမင်းသည် အကြောင်းကား အသို့နည်းဟု ဆင်ခြင်လတ်သည်ရှိသော် ထိုအကြောင်းကိုသိ၍ မိုဃ်းနတ်သားကိုခေါ်စေပြီးလျှင် အမောင် မိုဃ်းနတ်သား မြတ်စွာဘုရားသည် ဇေတဝန်ရေကန်၌ ရေချိုးအံ့ဟု စောင်းတန်းဦး၌ ရပ်တော်မူ၏။ လျင်စွာ အလုံးစုံသော ကောသလတိုင်းကို တစပ်တည်းပြု၍ မိုဃ်းကိုရွာစေဟု ဆို၏။ ထိုမိုဃ်းနတ်သားသည် ကောင်းပြီဟုဝန်ခံပြီးလျှင် တထည်သောတိမ်ပုဆိုးကိုဝတ်၍ တထည်သောတိမ်ပုဆိုးကိုရုံ၍ မိုဃ်းသီချင်းကိုသီလျက် အရှေ့လောကဓာတ်သို့ ရှေးရှုပြေး၏။

အရှေ့မျက်နှာအရပ်ဘို့၌ ကောက်နယ်တလင်းခန့်မျှလောက်သော တခုသော တိမ်အဝန်းသည်ထလတ်၍ အထပ်တရာ အထပ်တထောင်ဖြစ်၍ ထစ်ကြိုးလျှက် လျှပ်စစ်ပြက်လျက် အောက်သို့မျက်နှာပြု၍ထားအပ်သော ရေအိုးအသွင်ဖြင့် ရွာစေလျက် အလုံးစုံသောကောသလတိုင်းကို ကြီးစွာသောရေအယဉ်ဖြင့် လွှမ်းဘိသကဲ့သို့ မိုဃ်းသည်အယဉ်မပြတ်ရွာလျက် တခဏခြင်းဖြင့်သာလျှင် ဇေတဝန်ရေကန်ကို ပြည့်စေ၏။ စောင်းတန်းဦးကိုဆိုက်၍ ရေသည်တည်၏။ မြတ်စွာဘုရားသည် ရေကန်၌ရေချိုးပြီးလျှင် အလွန်နီသော နှစ်ထပ်သောသင်းပိုင်တော်ကိုဝတ်၍ ခါးပန်းတော်ကိုဖွဲ့၍ မြတ်စွာဘုရားသင်္ကန်းတော်ကြီးကို ပခုံးတဘက်၌စမ္ပယ်တင်တော်မူ၍ ရဟန်းသံဃာအပေါင်း ခြံရံလျက် ဂန္ဓကုဋီပရိဝုဏ်၌ခင်းအပ်သော မြတ်သောဘုရားနေရာတော်၌ နေတော်မူ၍ ရဟန်းသံဃာသည် ဝတ်ပြုအပ်သည်ရှိသော် ထတော်မူ၍ ပတ္တမြားစောင်းတန်း၏အပြင်၌ ရပ်တော်မူလျက် ရဟန်းသံဃာအား အဆုံးအမကိုပေးတော်မူ၍ လွှတ်လိုက်၍ မွှေးလှစွာသောပန်းတို့ဖြင့်ထုံအပ်သော ဂန္ဓကုဋိသို့ဝင်တော်မူ၍ လကျ်ာနံပါးဖြင့် ကေသရာဇာခြင်္သေ့မင်း၏ အိပ်ခြင်းနှင့်တူသော ကျိန်းတော်မူခြင်းကိုပြု၍ ညချမ်းသောအခါ တရားသဘင်၌ စည်းဝေးကုန်သောရဟန်းတို့သည် ငါ့သျှင်တို့ မြတ်စွာဘုရား၏ ခန္တီမေတ္တာ၊ ကရုဏာနှင့် ပြည့်စုံခြင်းကို ရှုကြကုန်လော့။

အထူးထူးအပြားပြားသော ကောက်တို့သည် ညှိုးကုန်သည်ရှိသော် အထူးထူးသော ရေကန်ရေအိုင်တို့သည် ခြောက်ကုန်သည်ရှိသော် ငါး လိပ်တို့သည် ကြီးစွာသောဆင်းရဲသို့ ရောက်ကုန်သည်ရှိသော် ကရုဏာတော်ကိုဖြစ်စေ၍ များစွာသောသတ္တဝါအပေါင်းကို ဆင်းရဲမှလွတ်စေအံ့ဟု ရေသနုပ်တော်ကိုဝတ်တော်မူ၍ ဇေတဝန်ရေကန်၏ စောင်းတန်းဦး၌ရပ်တော်မူ၍ တခဏခြင်းဖြင့် အလုံးစုံသောကောသလတိုင်းကို များစွာသောရေအယဉ်ဖြင့် လွှမ်းစေဘိသကဲ့သို့ မိုဃ်းကိုရွာစေ၍ များစွာသောသတ္တဝါကို ကာယိကဒုက္ခ စေတသိကဒုက္ခမှလွတ်စေ၍ ကျောင်းတော်သို့ဝင်တော်မူ၏။ ဤစကားဖြစ်လတ်သည်ရှိသော် ဂန္ဓကုဋိမှထွက်တော်မူ၍ တရားသဘင်သို့ ကြွတော်မူပြီးလျှင် ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟုမေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ငါဘုရားသည် ယခုအခါ၌သာ များစွာကုန်သော သတ္တဝါအပေါင်းသည် ပင်ပန်း သည်ရှိသော် မိုဃ်းကိုရွာစေသည် မဟုတ်သေး၊ ရှေး၌လည်း တိရစ္ဆာန်မျိုး၌ဖြစ်၍ ငါးမင်းဖြစ်သောကာလ၌လည်း မိုဃ်းကိုရွာစေဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဤကောသလတိုင်း သာဝတ္ထိပြည် ဇေတဝန်ရေကန်အရပ်၌ တခုသော နွယ်တို့ဖြင့်ခြံရံအပ်သော ရေအိုင်သည်ဖြစ်၏။ ထိုအခါ ဘုရားလောင်းသည် ငါးမျိုး၌ဖြစ်၍ ငါးအပေါင်းခြံရံလျက် ထိုရေအိုင်၌နေ၏။ ယခုအခါ၌ ကဲ့သို့လျှင် ထိုအခါ၌လည်း ဤကောသလတိုင်း၌ မိုဃိးသည် မရွာ၊ လူတို့၏ကောက်တို့သည် ညှိုးကုန်၏။ ထုံးအိုင်အစရှိသည်တို့၌ ရေပြတ်၏။ ငါး လိပ်တို့သည် ညွန်ပျောင်းသို့ဝင်ကုန်၏။ ဤအိုင်၌လည်း ငါး လိပ်တို့သည် ညွန်ပျောင်းသို့ဝင်၍ ထိုထိုအရပ်၌ နေကုန်၏။ ကျီးအစရှိသည်တို့သည် နှုတ်သီးဖြင့်ထိုး၍ ထုတ်ကုန်လျှက် စားကုန်၏။

ဘုရားလောင်းငါးမင်းသည် ဆွေမျိုးအပေါင်း၏ ပျက်စီးခြင်းကိုမြင်၍ ထိုဆွေမျိုးတို့၏ဤဆင်းရဲကို ငါ့ကိုထား၍ တပါးသော လွတ်စေခြင်းငှါစွမ်းနိုင်သောသူမည်သည် မရှိ၊ သစ္စာပြုခြင်းကိုပြု၍ မိုဃ်းကိုရွာစေပြီးလျှင် ဆွေမျိုးတို့ကို သေခြင်းဆင်းရဲမှလွတ်စေအံ့ဟု မည်းသောအဆင်းရှိသောညွန်ကို နှစ်ဖြာယက်၍ထွက်ပြီးလျှင် ညိုသောသစ်သားနှစ်တံကျင်အဆင်းနှင့်တူသော အဆင်းရှိသော ငါးကြီးသည် ကောင်းစွာသွေးအပ်ပြီးသော နီသောပတ္တမြားလုံးနှင့် တူကုန်သော မျက်စိတို့ကိုဖွင့်၍ ကောင်းကင်သို့ကြည့်၍ ပဇ္ဇုန်နတ်မင်းအား အသံကိုပေး၍ အိုပဇ္ဇုန်နတ်မင်း ငါသည်ဆွေမျိုးအပေါင်းကိုမှီ၍ ဆင်းရဲ၏။ သင်သည် သီလရှိသောငါသည် ပင်ပန်းလျှက် အဘယ့်ကြောင့် မိုဃ်းကိုမရွာစေသနည်း၊ သည်ဇာတ်တူဖြစ်သောသတ္တဝါတို့ကို စားတတ်သောအမျိုး၌ဖြစ်ပါလျှက် ဆန်လုံးပမာဏရှိသော ငါးကိုအစပြု၍ စားဘူးသောမည်သည် မရှိ၊ ငါသည် တပါးသောသတ္တဝါကိုလည်း ဇီဝိတိန္ဒြေမှ မချစဘူး၊ ဤသို့လျှင် ငါ၏သစ္စာကြောင့်မိုဃ်းကိုရွာစေ၍ ငါ၏ဆွေမျိုးအပေါင်းတို့ကို၎င်း ငါ့ကို၎င်း ဆင်းရဲမှလွတ်စေလော့ဟုဆို၍ အလုပ်အကျွေးအစေအပါးဖြစ်သောသူကို စေဘိသကဲ့သို့ မိုဃ်းနတ်မင်းကို ခေါ်လိုရကား-

၇၅။ အဘိတ္ထနယ ပဇ္ဇုန္န၊ နိဓိံ ကာကဿ နာသယ။
ကာကံ သောကာယ ရန္ဓေဟိ၊ မဉ္စ သောကာ ပမောစယ။

ဟူသော ဤဂါထာကို ဆို၏။

၇၅။ ပဇ္ဇုန္န၊ ပဠုန်နတ်မင်း။ အဘိတ္ထနယ၊ ထစ်ကြိုးလော။ ကာကဿ၊ ကျီး၏။ နိဓိံ၊ ဥစ္စာအိုးကို။ နာသယ၊ ဖျက်ဆီးလော။ ကာကံ၊ ကျီးကို။ သောကာယ၊ စိုးရိမ်ခြင်းငှါ။ ရန္တေဟိ၊ ပြုလော။ မဉ္စ၊ ငါ့ကိုလည်း။ သောကာ၊ စိုးရိမ်ခြင်းမှ။ ပမောစယ၊ လွတ်စေလော။

ဤသို့ ဘုရားလောင်းသည် အလုပ်အကျွေးအစေအပါးဖြစ်သူကို စေဘိသကဲ့သို့ မိုဃ်းနတ်မင်းကိုစေ၍ အလုံးစုံသောကောသလတိုင်း၌ မိုဃ်းကြီးစွာရွာစေ၍ များစွာသောသတ္တဝါအပေါင်းကို သေခြင်းဆင်းရဲမှ လွတ်စေ၍ အသက်၏အဆုံး၌ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ယခါအခါ၌သာလျင် ငါဘုရားသည် မိုဃ်းကို ရွာစေသည်မဟုတ်သေး၊ ရှေး၌ ငါးအမျိုး၌ ဖြစ်သော်လည်း ရွာစေဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်တော်မူ၍ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ ငါးအပေါင်း ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ပဇ္ဇုန်နတ်မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ငါးမင်း ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

သတ္တဝါများ၊ ပင်ပန်းငြား၊ ထွတ်ဖျားဘုန်းရှင် မိုဃ်းကိုဆင်

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော မစ္ဆရာဇဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဝရုဏဝဂ်

၆။ အသင်္ကိယဇာတ်

မိမိကိုယ်ကိုစောင့်က သူတပါးတို့အားလည်း စောင့်သည်မည်ကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အသင်္ကိယောမှိ ဂါမမှိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအာသင်္ကိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ် တယောက်သော သာဝတ္ထိမြို့၌နေသော သီတင်းသည်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုသီတင်းသည်သည် သောတာပန်ဖြစ်သော ဘုရားတပည့် ဖြစ်သတတ်။ ထိုသီတင်းသည်သည် တစုံတခုသောပြုဘွယ်ကိစ္စကြောင့် တဦးသော လှည်းကုန်သည်အပေါင်းနှင့်တကွ ခရီးသွားသည်ရှိသော် တခုသောတောအရပ်၌ လှည်းတို့ကိုချွတ်၍ သစ်ခက်တပ်ဖွဲ့ခြင်းကို ပြုသည်ရှိသော် လှည်းကုန်သည် အပေါင်း၏အနီး၌ မိမိသည် ကာလကိုမှတ်၍ တခုသောသစ်ပင်ရင်း၌ စင်္ကြံသွား၏။ ငါးရာကုန်သောခိုးသူတို့သည် သစ်ခက်တပ်ကိုလုယက်ကုန်အံ့ဟု လာလတ်ကုန်၍ လေး, ဆောက်ပုတ်အစရှိသည်လက်စွဲကုန်လျက် ထိုထိုအရပ်ကို ခြံရံကုန်၏။ သီတင်းသည်လည်း စင်္ကြံသွားသလျှင်ကတည်း၊ ထိုခိုးသူတို့သည် သီတင်းသည်ကိုမြင်ကုန်၍ စင်စစ် ဤသူသည် သစ်ခက်တပ်ကိုစောင့်သော တယောက်သောသူသည် ဖြစ်လတ္တံ့၊ ဤသူအိပ်ပျော်ခြင်းသို့ ရောက်သောကာလ၌ လုယက်ကုန်အံ့ဟု လွှမ်းမိုးခြင်းငှာမတတ်နိုင်ကုန်သည်ဖြစ်၍ ထိုထိုအရပ်၌ သာလျှင် တည်ကုန်၏။ ထိုသီတင်းသည်သည်လည်း ပဌမယာမ်၌၎င်း၊ မဇ္ဈိမယာမ်၌၎င်း၊ ပစ္ဆိမယာမ်၌၎င်း စင်္ကြံသွားလျက်သာလျှင်တည်၏။ မိုးသောက်သည်ရှိသော် ခိုးသူတို့သည် အခွင့်မရကုန်သည်ဖြစ်၍ ယူအပ်သောကျောက် ဆောက်ပုတ် အစရှိသည်တို့ကို စွန့်၍ပြေးကုန်၏။

သီတင်းသည်သည်လည်း မိမိ၏အမှုကိုပြီးစေ၍ တဖန်သာဝတ္ထိမြို့သို့လာခဲ့၍ မြတ်ဘုရားသို့ချဉ်းကပ်ပြီးလျှင် အရှင်ဘုရား ကိုယ့်ကိုစောင့်ကုန်သောသူတို့သည် သူတပါးကိုစောင့်ကုန်သလောဟု မေးလျှောက်၏။ သီတင်းသည် စောင့်သည်မှန်၏။ ကိုယ်ကိုစောင့်သောသူသည် သူတပါးကိုစောင့်၏။ သူတပါးကိုစောင့်သောသူသည် ကိုယ်ကိုစောင့်၏ဟု မိန့်တော်မူ၏။ ထိုသီတင်းသည်သည် အရှင်ဘုရား အလွန်လျှင် ဤစကားကို ကောင်းစွာ ဆိုအပ်၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်သည် တဦးသော လှည်းကုန်သည်အပေါင်းနှင့်တကွ ခရီးသွားသည်ရှိသော် သစ်ပင်ရင်း၌ စင်္ကြံသွားလျက် အကျွန်ုပ်၏ကိုယျကို စောင့်အံ့ဟု လှည်းကုန်သည်အပေါင်းတို့ကို စောင့်၏ဟု လျှောက်၏။ မြတ်စွာဘုရားသည် သီတင်းသည် ရှေး၌လည်း ပညာရှိတို့သည် ကိုယ်ကိုစောင့်ကုန်လျက် သူတပါးကိုစောင့်ဘူးကုန်၏ဟု မိန့်တော်မူ၍ ထိုသီတင်းသည်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို အောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ကာမတို့၌အပြစ်ကိုမြင်၍ ရသေ့ရဟန်းပြု၍ ဟိမဝန္တာ၌နေသည်ရှိသော် ချဉ်ဆားမှီဝဲအံ့သောငှါ ဇနပုဒ်သို့ ဒေသစာရီသွားသည်ရှိသော် တဦးသော လှည်းကုန်သည်အပေါင်းနှင့်တကွ ခရီးသွား၍ တခုသော တောအရပ်၌ လှည်းစခန်းတည်သည်ရှိသော် လှည်းအနီး၌ ဈာန်ချမ်းသာဖြင့်လွန်စေလျက် တခုသောသစ်ပင်ရင်း၌ စင်္ကြံသွားခြင်းကို ဆောက်တည်၏။ ထိုအခါ ငါးရာကုန်သောခိုးသူတို့သည် ညစာထမင်းစားသောကာလ၌ ထိုလှည်းကုန်သည်အပေါင်းကို လုယက်ကုန်အံ့ဟု လာလတ်၍ခြံရံကုန်၏။

ထိုခိုးသူတို့သည် ထိုရသေ့ကိုမြင်၍ ရသေ့သူမြတ်သည် ငါတို့ကို အကယ်၍မြင်အံ့ လှည်းကုန်သည်တို့အား ကြားလတ္တံ့၊ ထိုရသေ့၏ အိပ်ပျော်ခြင်းသို့ ရောက်သောကာလ၌ လုယက်ကုန်အံ့ဟု ထိုအရပ်၌ သာလျှင် တည်ကုန်၏။ ရသေ့သည်လည်း တညဉ့်ပတ်လုံး စင်္ကြံသွားသလျှင်ကတည်း၊ ခိုးသူတို့သည် အခွင့်မရကုန်၍ ယူအပ်သောဆောက်ပုတ် ကျောက်တို့ကိုစွန့်ကုန်၍ လှည်းကုန်သည်တို့အား အသံ ပေး၏။ အို လှည်းကုန်သည်တို့ သစ်ပင်ရင်း၌စင်္ကြံသွားသောရသေ့သည် ယနေ့ အကယ်၍မရှိအံ့၊ အလုံးစုံသောသင်တို့သည် လုယက်သဖြင့် ကြီးစွာသောပျက်စီးခြင်းသို့ရောက်သည် ဖြစ်ကုန်ရာ၏။ နက်ဖြန် ရသေ့အား ကြီးသောပူဇော်သက္ကာရကို ပြုကုန်လောဟု ဆို၍ ဖဲကုန်၏။

ထိုလှည်းကုန်သည်တို့သည် မိုးသောက်သည်ရှိသော် ခိုးသူတို့သည် စွန့်အပ်သောဆောက်ပုတ် ကျောက် အစရှိသည်တို့ကို မြင်၍ ကြောက်ကုန်သည်ဖြစ်၍ ဘုရားလောင်းအထံသို့ လာလတ်ကုန်၍ ရှိခိုးပြီးလျှင် အရှင်ဘုရား အရှင်ဘုရားတို့သည် ထိုခိုးသူတို့ကို မြင်ကုန်သလောဟု မေးလျှောက်ကုန်၏။ ဒါယကာတို့ မြင်အပ်ကုန်သည် မှန်၏ဟု ဆိုသည်ရှိသော် အရှင်ဘုရား ဤမျှလောက်သော ခိုးသူတို့ကိုမြင်၍ ကြောက်ခြင်းသည်၎င်း၊ ရွံရှားခြင်းသည်၎င်း မဖြစ်သလောဟု မေးလျှောက်ကုန်၏။ ဘုရားလောင်းသည် ဒါယကာတို့ ခိုးသူတို့ကိုမြင်၍ ကြောက်ခြင်းမည်သည်ကား ဥစ္စာရှိသောသူအားသာဖြစ်၏။ ငါသည်ကား ဥစ္စာမရှိ၊ ထိုငါသည် အဘယ့်ကြောင့် ကြောက်အံ့နည်း၊ ထိုစကားသည် မှန်၏။ ရွာ၌၎င်း တော၌၎င်း နေသောငါ့အား ကြောက်ခြင်းသည်၎င်း ရွံရှာခြင်းသည်၎င်း မရှိဟုဆို၍ လှည်းကုန် သည်တို့အား တရားဟောလိုရကား-

၇၆။ အသင်္ကိယောမှိ ဂါမမှိ၊ အရညေ နတ္ထိ မေ ဘယံ။
ဥဇုမဂ္ဂံ သမာရုဠှော၊ မေတ္တာယံ ကရုဏာယ စ။

ဟူသော ဤဂါထာကို ဆို၏။

၇၆။ ဘော၊ အို လှည်းကုန်သည်တို့။ အဟံ၊ ငါသည်။ ဂါမမှိ၊ ရွာ၌။ အသကိယော၊ ရွံ့ရှာခြင်း မရှိသည်။ အမှိ၊ ဖြစ်ပေ၏။ မေ၊ ငါ့အား။ အရညေ၊ တော၌။ ဘယံ၊ ကြောက်ခြင်းသည်။ နတ္ထိ၊ မရှိ။ မေတ္တာယ စ၊ မေတ္တာဖြင့်၎င်း။ ကရုဏာယ စ၊ ကရုဏာဖြင့်၎င်း။ ဥဇု၊ ဖြောင့်စွာ။ မဂ္ဂံ၊ ဗြဟ္မာပြည်ခရီးသို့။ သမာရုဠှော၊ ကောင်းစွာတက်၏။

ဤသို့လျှင် ဘုရားလောင်းသည် ဤဂါထာဖြင့် တရားဟော၍ နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ လူတို့သည် အရိုအသေပြုအပ်သည်ဖြစ်၍ ပူဇော်အပ်သည်ဖြစ်၍ အသက်ထက်ဆုံး လေးပါးကုန်သော ဗြဟ္မဝိဟာရတို့ကိုပွားစေ၍ ဗြဟ္မာ့ပြည်၌ ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ လှည်းကုန်သည်အပေါင်း ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

ကိုယ်ကိုစောင့်ငြား။ လူအများ၊ တပါးစောင့်ရှောက်ပေ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော အသင်္ကိယဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဝရုဏဝဂ်

၇။ မဟာသုပိနဇာတ်

ကောသလမင်းကြီး၏ တဆယ့်ခြောက်ချက်သောအိပ်မက်အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဥသဘာ ရုက္ခာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ မဟာသုပိနဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တဆယ့်ခြောက်ချက်သော အိပ်မက်ကြီးတို့ကိုအကြောင်းပြု၍ ဟောတော်မူ၏။ တနေ့သ၌ ကောသလမင်းကြီးသည် ညဉ့်အခါ၌ မျောက်မျဉ်းအိပ်ပျော်လျက် ပစ္ဆိမယာမ်၌ တဆယ့်ခြောက်ချက်သော အိပ်မက်ကြီးတို့ကို မြင်မက်၏။ ညဥ့်အခါ၌ဖြစ်၍ ကြောက်လန့်လျက်နိုး၍ အိပ်မက်တို့ကို မြင်အပ်သည်၏အဖြစ်ကြောင့် ငါ့အား အသို့ဖြစ်လတ္တံ့နည်းဟု သေဘေးမှကြောက်သည်ဖြစ်၍ အိပ်ရာအပြင်၌ ထိုင်လျက်သာလျှင် ညဉ့်ကိုလွန်စေသတတ်။

ထိုအခါ မိုးသောက်သည်ရှိသော် ထိုမင်းကြီးသို့ ပုဏ္ဏားပုရောဟိတ်တို့သည်ကပ်ကုန်၍ မြတ်သောမင်းကြီး ရှင်မင်းကြီးတို့သည် ချမ်းသာစွာအိပ်ရပါ၏လောဟု မေးလျှောက်ကုန်၏။ ဆရာတို့ ငါ့အား အဘယ်မှာချမ်းသာအံ့နည်း၊ ယနေ့ ငါသည် မိုးသောက်သောအခါ တဆယ့်ခြောက်ချက်သော အိပ်မက်ကြီးတို့ကိုမြင်ပြီး၍ ထိုငါသည် ထိုအိပ်မက်ကိုမြင်သောအခါမှစ၍ ကြောက်ခြင်းသို့ ရောက်သည်ဖြစ်၏ဟု ဆို၏။ မြတ်သောမင်းကြီး ဆိုတော်မူလော၊ ထိုအိပ်မက်ကိုကြား၍ သိရကုန်အံ့ဟု လျှောက်သည်ရှိသော် ပုဏ္ဏားတို့အား မြင်သောအိပ်မက်တို့ကိုဆို၍ ဤအိပ်မက်တို့ကို မြင်၏။ အကြောင်းသည် အသို့ဖြစ်လတ္တံ့နည်းဟု မေး၏။ ပုဏ္ဏားတို့သည် လက်တို့ကို ခါကုန်၏။ အဘယ့်ကြောင့် လက်တို့ကို ခါကုန်သနည်းဟုဆိုသည်ရှိသော် မြတ်သောမင်းကြီး အိပ်မက်တို့သည် ကြမ်းကုန်၏ဟု လျှောက်ကုန်၏။ ထိုအိပ်မက်တို့၏အကျိုးသည် အသို့ဖြစ်လတ္တံ့နည်းဟု မေး၏။ မြတ်သောမင်းကြီး တိုင်းပြည်အန္တရာယ်၎င်း၊ မိဖုယားအန္တရာယ်၎င်း၊ အသက်အန္တရာယ်၎င်း၊ ဤသုံးပါးသော အန္တရာယ်တို့တွင် တပါးပါးသော အန္တရာယ်သည်ဖြစ်လတ္တံ့ဟု လျှောက်ကုန်၏။

ဆရာတို့ ကုစားအပ်သောအိပ်မက် မကုစားအပ်သောအိပ်မက်ရှိလောဟု မေး၏။ မြတ်သောမင်းကြီး ထိုအိပ်မက်တို့သည် အလွန်ကြမ်းသည်၏အဖြစ်ကြောင့် မကုစားအပ်၊ အကယ်၍ မကုစားအပ်ကုန်သော်လည်း ကျွန်ုပ်တို့သည် ထိုအိပ်မက်တို့ကို ကုစားအပ်သည်တို့ကို ပြုပါကုန်အံ့၊ ထိုအိပ်မက်တို့ကိုကုစားအံ့သောငှာ မတတ်နိုင်ကုန်သည်ရှိသော် အကျွန်ုပ်တို့အား အတတ်သင်သောအဖြစ်မည်သည် အဘယ်အကျိုးရှိတော့အံ့နည်းဟု လျှောက်ကုန်၏။ ဆရာတို့ အသို့ပြုလျက် ကုစားကုန်အံ့နည်းဟု မေး၏။ မြတ်သောမင်းကြီး အလုံးစုံလေးခုအပေါင်းဖြင့် ယဇ်ကိုပူဇော်ပါကုန်ဟုလျောက်ကုန်၏။ ထိုစကားကိုကြား၍ မင်းကြီးသည် ကြောက်လန့်သည်ဖြစ်၍ ဆရာတို့ ထိုသို့တပြီးကား ငါ၏အသက်သည် သင်တို့၏လက်၌ ဖြစ်၏။ လျင်စွာလျှင် ချမ်းသာခြင်းကို ပြုကုန်လောဟု ဆို၏။ ပုဏ္ဏားတို့သည် များစွာသောဥစ္စာတို့ကို ရကုန်လတ္တံ့၊ များစွာသောခဲဘွယ်ဘောဇဉ်တို့ကို ရကုန်လတ္တံ့ ဟု နှစ်သက်ရွှင်လန်းသောစိတ်ရှိကုန်သည်ဖြစ်၍ မြတ်သောမင်းကြီး ကြံတော်မမူပါလင့်ဟု မင်းကြီးအား သက်သာရာရစေ၍ မင်းအိမ်မှထွက်ပြီးလျှင် မြို့အပ၌ ယဇ်တွင်းကိုပြု၍ များစွာသော အခြေလေးချောင်းရှိကုန်သောသတ္တဝါတို့ကို ယဇ်တွင်း၏အနီး သို့ဆောင်၍ အလုံးစုံသောငှက်အပေါင်းတို့ကို ပေါင်းစု၍ ဤမည်သော ဤမည်သောဝတ္ထုကို ရခြင်းငှါသင့်၏ဟု အဖန်တလဲလဲ သွားကုန်၏။

ထိုအခါ မလ္လိကာမိဖုယားသည် ထိုအကြောင်းကိုသိ၍ မင်းကြီးသို့ကပ်ပြီးလျှင် မြတ်သောမင်းကြီး ပုဏ္ဏားတို့သည် အဖန်တလဲလဲ အဘယ်ကြောင့် သွားကုန်သနည်းဟု မေး၏ ရှင်မိဖုယား သင်သည်ကား ချမ်းသာပေ၏။ ငါတို့၏နားရင်း၌သွားသော မြွေဟောက်ကို မသိသလောဟု မေး၏။ ရှင်မင်းကြီး ထိုသို့သွားသောမြွေဟောက်ဟူသည် အဘယ်နည်းဟု မေး၏။ ငါသည် ဤသို့သဘောရှိကုန်သော မကောင်းသောအိပ်မက်တို့ကို မြင်အပ်ကုန်၏။ ပုဏ္ဏားတို့သည် သုံးပါးကုန်သောအန္တရာယ်တို့တွင် တပါးပါးသောအန္တရာယ်သည် ထင်၏ဟုဆို၍ ထိုအန္တရာယ်တို့ကို ပျောက်ခြင်းငှါ ယဇ်ပူဇော်ကုန်အံ့ဟူ၍ အဖန်တလဲလဲ သွားကုန်၏ဟု ဆို၏။ ရှင်မင်းကြီး နတ်နှင့်တကွသောလောက၌ မြတ်သောသူကို အိပ်မက်ကုစားခြင်းငှါ ရှင်မင်းကြီးသည် မေးတော်မူပြီလောဟု လျှောက်၏။ ရှင်မိဖုယား နတ်နှင့်တကွသော လောက၌ မြတ်သောပုဏ္ဏားဟူသည် အဘယ်နည်းဟု မေး၏။ ရှင်မင်းကြီး နတ်နှင့်တကွသောလောက၌ မြတ်သောပုဂ္ဂိုလ် ဖြစ်တော်မူသော ခပ်သိမ်းသောတရားတို့ကို သိတော်မူသော အထူးသဖြင့် ကိလောတို့မှစင်ကြယ်သော ကိလေသာမရှိသော ကောင်းသော လာခြင်းရှိတော်မူသော ဂေါတမအနွယ်ဖြစ်တော်မူသော ပုဏ္ဏားကို မသိသလော၊ ထိုစကားသည် မှန်၏။ ထိုမြတ်စွာဘုရားသည် အိပ်မက်အကျိုးကို သိ၏။ ရှင်မင်းကြီး ကြွတော်မူချေ၊ ရှင်မင်းကြီးသည် ထိုမြတ်သောပုဏ္ဏားကို မေးတော်မူလောဟု လျှောက်၏။ ရှင်မိဖုယား ကောင်းပြီဟု မင်းကြီးသည် စောစောကလျှင် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို ရှိခိုးလျက်နေ၏။ မြတ်စွာဘုရားသည် သာယာသောအသံကို မြှောက်တော်မူ၍ မြတ်သောမင်းကြီး အဘယ်ကြောင့် စောစောကလျှင် လာသနည်းဟု မေးတော်မူ၏။

အရှင်ဘုရား အကျွန်ုပ်သည် မိုးသောက်ထအခါ၌ တဆယ့်ခြောက်ချက်သော အိပ်မက်ကြီးတို့ကိုမြင်မက်၍ ကြောက်သောကြောင့် ပုဏ္ဏားတို့အား ကြား၏။ ပုဏ္ဏားတို့သည် မြတ်သောမင်းကြီး အိပ်မက်တို့သည် ကြမ်းကြုတ်ကုန်၏။ ထိုအိပ်မက်တို့ကိုဖျောက်အံ့သောငှါ အလုံးစုံလေးခုအပေါင်းဖြင့် ယဇ်ပူဇော်အံ့ဟု ယဇ်ကို စီရင်ကုန်၏။ များစွာသောသတ္တဝါတို့သည် သေဘေးမှကြောက်ကုန်၏။ အရှင်ဘုရားတို့သည်လည်း နတ်နှင့်တကွသော လောက၌ မြတ်သောပုဂ္ဂိုလ် ဖြစ်တော်မူ၏။ အတိတ် အနာဂတ် ပစ္စုပ္ပန်ကိုစွဲ၍ အကြင်သိအပ်သောတရားသည် အရှင်ဘုရားတို့၏ ဉာဏ်တော်၌ ထင်ခြင်းသို့မရောက်၊ ထိုထင်ခြင်းသို့ မရောက်သော တရားမရှိ၊ ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်၏ ဤအိပ်မက်တို့၏အကျိုးကို ဟောတော်မူပါကုန်လောဟု လျှောက်၏။

မြတ်သောမင်းကြီး ထိုသင်မင်းကြီးဆိုသောစကားသည် မင်းကြီးဆိုတိုင်းသာလျှင် မှန်၏။ နတ်နှင့်တကွသောလောက၌ ငါဘုရားကိုထား၍ တပါးသော အိပ်မက်တို့၏အကျိုးကို၎င်း ဖြစ်ခြင်းကို၎င်း သိခြင်းငှါစွမ်းနိုင်သောသူမည်သည် မရှိ၊ ငါသည် သင်မင်းကြီးအား ဟောအံ့၊ စင်စစ်သော်ကား သင်မင်းကြီးသည် မြင်တိုင်းမြင်တိုင်း အမှတ်ဖြင့်သာလျှင် အိပ်မက်တို့ကိုဆိုလောဟု မိန့်တော်မူ၏။ အရှင်ဘုရား ကောင်းပြီဟု မင်းကြီးသည် မြင်တိုင်း မြင်တိုင်းသော အမှတ်ဖြင့်သာလျှင် ဆိုအံ့သောငှါ အားထုတ်လို၍-

၇၇။ ဥသဘာ ရုက္ခာ ဂါဝိယော ဂဝါ စ၊
အဿော ကံသော သိင်္ဂါလီ စ ကုမ္ဘော။
ပေါက္ခရဏီ စ အပါက စန္ဒနံ။
လာဗူနိ သီဒန္တိ သိလာ ပ္လဝန္တိ၊
မဏ္ဍူကိယော ကဏှသပ္ပေ ဂိလန္တိ၊
ကာကံ သုဝဏ္ဏာ ပရိဝါရယန္တိ၊
တသာ ဝကာ ဧဠကာနံ ဘယာဟိ။

ဟူသော မာတိကာကိုထား၍ လျှောက်၏။

၇၇။ ဥသဘာ၊ နွားနက်ဥသဘလေးခုတို့သည် ဝှေ့အံ့သော အခြင်းအရာကိုပြ၍ ဖဲကုန်၏။ ရုက္ခာ၊ ငယ်စွာကုန်သော သစ်ပင်ချုံတို့သည် ပွင့်ကုန် သီးကုန်၏။ ဂါဝိယော၊ နွားမကြီးတို့သည် ယနေ့ မွေးသော နွားမငယ်၏ နို့ကိုစို့ကုန်၏။ ဂဝါစ၊ လှည်း၌ က အပ်ကုန်သောနို့စို့ နိခွါ နွားငယ်တို့သည် ဝန်ကိုမရွက်ဆောင်နိုင်ကုန်။ အဿော၊ နှစ်ဘက်မျက်နှာရှိသောမြင်းသည် နှစ်ဘက်သောခံတွင်းဖြင့် အစာကိုစား၏။ ကံသော၊ အဘိုး တသိန်းထိုက်သော ရွှေလင်ပန်းကို ဤ၌ ကျင်ငယ်စွန့်လောဟု မြေခွေးအား ဆောင်နှင်း၏။ သိင်္ဂါလီစ၊ အထက်၌ ကျစ်အပ်သောလွန်ကို အောက်က မြေခွေးမစား၏။ ကုမ္လော၊ အချည်းနှီးသောအိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုး၌သာရေလောင်း၏။ ပေါက္ခရဏီ စ၊ ရေကန်အလယ်၌ ရေတို့သည်နောက်ကုန်၍ အနား၌ရေတို့သည် ကြည်ကုန်၏။ အပါကံ၊ တလုံးတည်းသောအိုးဖြင့် ချက်အပ်သော ထမင်းသည် သုံးစုအားဖြင့်ကျက်၏။ စန္ဒနံ၊ အဘိုးတသိန်းထိုက်သော စန္ဒကူးနံ့သာကို ရက်တက်ရည်ပုပ်ဖြင့် ရောင်းစား၏။ လာဗုနိ၊ ဗူးတောင်းတို့သည်။ သီဒန္တိ၊ ရေ၌ နစ်ကုန်၏။ သိလာ၊ ကျောက်ဖျာကြီးတို့သည်။ ပ္လဝန္တိ၊ ရေ၌ပေါ်ကုန်၏။ မဏ္ဍူကိယော၊ ဖားမငယ်တို့သည်။ ကဏှသပ္ပေ၊ မြွေဟောက်တို့ကို။ ဂိလန္တိ၊ မျိုကုန်၏။ ကာကံ၊ ကျီးကို။ သုဝဏ္ဏာ၊ ရွှေဟင်္သာတို့သည်။ ပရိဝါရယန္တိ၊ ခြံရံကုန်၏။ တသာ၊ ထိတ်လန့်ခြင်းကို ဖြစ်စေတတ်ကုန်သော။ ဝကာ၊ သစ်တို့သည်။ ဧဠကာနံ၊ ဆိတ်တို့အား။ ဘယာ၊ ကြောက်ကုန်၏။

၁။ အရှင်ဘုရား အကျွန်ုပ်သည် ရှေးဦးသော တခုသောအိပ်မက်ကိုဤသို့ မြင်၏။ မျက်စဉ်းညိုအဆင်းနှင့်တူကုန်သော နွားနက် ဥသဘတို့သည် ဝှေ့ကုန်အံ့ဟု အရပ်လေးမျက်နှာတို့မှ မင်းယင်ပြင်သို့လာလတ်ကုန်၍ နွားဥသဘဝှေ့ခြင်းကို ကြည့်ကုန်အံ့ဟု လူအများသည် မင်းယင်ပြင်၌စည်းဝေးသည်ရှိသော် ဝှေ့အံ့သောအခြင်းအရာကိုပြု၍ တွန်၍ ကြုံး၍ မဝှေ့ကုန်မူ၍သာလျှင် ဖဲကုန်၏။ ရှေးဦးစွာ ဤအိပ်မက်ကို မြင်မက်၏။ ဤအိပ်မက်၏အကျိုးသည် အသို့နည်းဟု လျှောက်၏။

မြတ်မင်းကြီး ဤအိပ်မက်၏ အကျိုးသည် သင်၏ လက်ထက်၌ မဖြစ်သလျှင်ကတည်း၊ ငါဘုရားလက်ထက်တော်၌ မဖြစ်လတ္တံ့သလျှင်ကတည်း၊ နောင်သောအခါ၌ကား တရားမစောင့်ကုန်သော မင်းဆင်းရဲတို့၏၎င်း တရားမစောင့်ကုန်သော သူတို့၏၎င်း လက်ထက်၌ လူတို့သည် ပြောင်းပြန် ဖြစ်ကုန်သည်ရှိသော် ကုသိုလ်သည်ဆုတ်ယုတ်သည်ရှိသော် အကုသိုလ်သည် ပြန့်ပြောသည်ရှိသော် လူတို့၏ ယုတ်သော လောက၌ မိုဃ်းသည် ကောင်းစွာမရွာ၊ မိုဃ်းရွာခြင်းတို့သည် ပြတ်ကုန်လတ္တံ့၊ ကောက်တို့သည် ညှိုးကုန်လတ္တံ့၊ ငတ်မွတ်ခြင်းတို့သည် ဖြစ်ကုန်လတ္တံ့၊ ရွာအံ့ဘိသကဲ့သို့ အရပ် လေးမျက်နှာတို့မှ မိုဃ်းတို့သည်တက်လတ်ကုန်၍ မိန်းမတို့သည် နေပူ၌ဖြန့်၍ လှန်းအပ်ကုန်သော ကောက်အစရှိသည်တို့ကို မိုဃ်းစွတ်အံ့သည်မှ ကြောက်သောကြောင့် အိမ်တွင်းသို့သွင်းသောကာလ၌ ယောကျ်ားတို့သည် ပေါက်တူး, တောင်း လက်စွဲကုန်လျက် လယ်ကန်သင်းတည်အံ့သောငှါ ထွက်ကုန်သည်ရှိသော် ရွာအံ့သောအခြင်းအရာကိုပြ၍ ထစ်ကြိုး၍ လျှပ်စစ်နယ်တို့ဖြင့် ပြက်လျက် ထိုနွားဥသဘတို့သည် မဝှေ့ကုန်၍ ဖဲကုန်သကဲ့သို့ မရွာမူ၍ ပြေးကုန်လတ္တံ့၊ ဤသို့ဆိုအပ်ပြီးသည်ကား ရှေးဦးစွာ ထိုအိပ်မက်၏ အကျိုးတည်း၊ သင်မင်းကြီးအား ထိုအိပ်မက်ဟူသော အကြောင်းကြောင့် တစုံတခုသောအန္တရာယ်မရှိ၊ အနာဂတ်ကိုစွဲ၍ ဤအိပ်မက်ကို မြင်မက်၏။ ပုဏ္ဏားတို့သည်ကား မိမိတို့၏ အသက်မွေးခြင်းကိုမှီ၍ ဆိုကုန်၏ဟု မိန့်တော်မူ၏။

၂။ ဤသို့လျှင် မြတ်စွာဘုရားသည် ပဌမ အိပ်မက်၏ အကြောင်းကိုဟောတော်မူ၍ မြတ်သောမင်းကြီး နှစ်ခုမြောက်သောအိပ်မက်ကို ဆိုလောဟုမိန့်တော်မူ၏။ အရှင်ဘုရား အကျွန်ုပ်သည် နှစ်ခုမြောက်သောအိပ်မက်ကို ဤသို့ မြင်မက်၏။ အလွန်ငယ်ကုန်သော သစ်ပင်တို့သည်၎င်း ငယ်ကုန်သော ချုံတို့သည်၎င်း မြေကိုဖောက်ကုန်၍ တထွာမျှ၎င်း တတောင်မျှ၎င်း တက်ကုန်၍ ပွင့်လည်း ပွင့်ကုန်၏။ သီးလည်း သီးကုန်၏။ နှစ်ခုမြောက်သော ဤအိပ်မက်ကို မြင်မက်၏။ ဤအိပ်မက်၏အကျိုးသည်ကား အသိနည်းဟု လျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း လောက၏ ဆုတ်ယုတ်သောကာလ၌ အသက်တိုသောကာလ၌ ဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ နောင်အခါ သတ္တဝါတို့သည် ထက်သောရာဂရှိကုန်သည် ဖြစ်လတ္တံ့၊ အရွယ်မရောက်ကုန်သေးသည်သာလျှင်ဖြစ်ကုန်သော သတိုးသ္မီးငယ်တို့သည် ယောက်ျားတပါးသို့ရောက်ကုန်၍ ဥတုလာကုန်သည်၎င်း ကိုယ်ဝန် ဆောင်ကုန်သည်၎င်းဖြစ်ကုန်၍ သားသ္မီးတို့ကိုဖွားကုန်လတ္တံ့ ထိုစကားသည် မှန်၏။ ငယ်စွာကုန်သောသစ်ပင်ချုံတို့၏ အပွင့်တို့ကဲ့သို့ ထိုသတိုးသ္မီးငယ်တို့အား ဥတုလာသောအဖြစ်သည် ဖြစ်လတ္တံ့၊ အသီးကဲ့သို့ သားသ္မီးတို့သည် ဖြစ်ကုန်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၃။ မြတ်သောမင်းကြီး သုံးခုမြောက်သောအိပ်မက်ကိုလည်း ဆိုဟု မိန့်တော်မူ၏။ အရှင်ဘုရား နွားမကြီးတို့သည် ထိုနေ့မွေးကုန်သော နွားမငယ်တို့၏နို့ကို စို့ကုန်သည်တို့ကို မြင်မက်၏။ အကျွန်ုပ်၏ သုံးခုမြောက်သော အိပ်မက်သည်ကား ဤအိပ်မက်တည်း၊ ဤအိပ်မက်၏အကျိုးသည်ကား အသို့နည်းဟု လျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ၌သာ လူတို့၏ ကြီးသောသူတို့ကို အရိုအသေပြုသောအမှု၏ ပျောက်ကွယ်သောကာလ၌ ဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ နောင်အခါ၌ သတ္တဝါတို့သည် အမိအဘတို့၌၎င်း ယောက္ခမမိန်းမ ယောက္ခမယောကျ်ားတို့၌၎င်း အရှက်ကို မဖြစ်စေမူ၍ မိမိတို့သည်သာလျှင် ဥစ္စာကိုစီရင်ကုန်၍ စားရုံဝတ်ရုံမျှကို ကြီးသောသူတို့အား ပေးလိုကုန်သောသူတို့သည် ပေးကုန်လတ္တံ့၊ မပေးလိုကုန်သောသူတို့သည် မပေးကုန်လတ္တံ့၊ ထိုနေ့၌ ဖွားကုန်သော နွားမငယ်တို့၏ နို့ကို စို့ကုန်သောနွားမကြီးတိုကဲ့သို့ ကြီးကုန်သောသူတို့သည် ကိုးကွယ်ရာမရှိကုန်သည်ဖြစ်၍ မိမိတို့မှဖြစ်သောသူငယ်တို့ကို နှစ်သက်စေ၍ အသက်မွေးရကုန်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၄။ မြတ်သောမင်းကြီး လေးခုမြောက်သော အိပ်မက်ကို ဆိုလောဟု မိန့်တော်မူ၏။ အရှင်ဘုရား ဝန်ကိုရွက်ဆောင်နိုင်သော အလုံးအရပ်နှင့်ပြည့်စုံသောနွားကြီးတို့ကို ထမ်းပိုးအဆင့်ဆင့်တို့ဖြင့်မကကုန်မူ၍ နို့စို့နိခွါဖြစ်ကုန်သောနွားငယ်တို့ကို လှည်း၌ ကကုန်သည်တို့ကို မြင်မက်၏။ ထိုနို့စိုနိုခွါဖြစ်သောနွားငယ်တို့သည် ဝန်ကိုရွက်ဆောင်ခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ ဝန်ကိုစွန့်၍နေကုန်၏။ လှည်းတို့သည်လည်း မလည်ကုန်၊ အကျွန်ုပ်၏ လေးခုမြောက်သောအိပ်မက်သည်ကား ဤအိပ်မက်တည်း၊ ဤအိပ်မက်၏အကျိုးကား အသို့နည်းဟုလျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏ အကျိုးသည်လည်း နောက်အခါ၌သာလျှင် တရားမစောင့်သောမင်းတို့၏ လက်ထက်၌ ဖြစ်ကုန်လတ္တံ့၊ ထိုစကားသည် မှန်၏။ နောင်အခါ၌ တရားမစောင့်ကုန်သော မင်းဆင်းရဲတို့သည် ပညာရှိကုန်သော အစဉ်အဆက်၌ လိမ်မာကုန်သော မင်းမှုကိုဆောင်ရွက်ခြင်းငှါစွမ်းနိုင်ကုန်သော အမတ်ကြီးတို့အား စည်းစိမ်ကိုမပေးကုန်လတ္တံ့၊ တရားသဘင်၌ တရားဆုံးဖြတ်သောအရာ၌လည်း ပညာရှိကုန်သောတရားဆုံးဖြတ်ခြင်း၌ လိမ်မာကုန်သောအမတ်တို့ကို မထားကုန်လတ္တံ့၊ ထိုအမတ်ကြီးတို့မှပြန်ကုန်သော အလွန်ငယ်ကုန်သောသူတို့အားကား စည်းစိမ်ကိုပေးကုန်လတ္တံ့၊ ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သောသူတို့ကို တရားဆုံးဖြတ်ရာအရပ်၌ ထားကုန်လတ္တံ့၊ ထိုငယ်ကုန်သောသူတို့သည် မင်းမှုတို့ကို၎င်း၊ သင့် မသင့်တို့ကို၎င်း မသိကုန်သည်ဖြစ်၍ ထိုစည်းစိမ်ကိုရွက်ဆောင်အံ့သောငှါ မတတ်နိုင်လတ္တံ့၊ မင်းမှုတို့ကိုလည်း ရွက်ဆောင်ခြင်းငှါ မတတ်နိုင်လတ္တံ့၊ ထိုအလွန်ငယ်ကုန်သောသူတို့သည် မတတ်နိုင်ကုန်သည် ဖြစ်၍ မင်းမှုဝန်ကိုစွန့်ကုန်လတ္တံ့၊ ကြီးသည်လည်းဖြစ်ကုန်သော ပညာရှိကုန်သောအမတ်တို့သည် စည်းစိမ်ကိုမရကုန်သည်ဖြစ်၍ မင်းမှုကိစ္စတို့ကိုရွက်ဆောင်အံ့သောငှါ တတ်နိုင်ကုန်သော်လည်း ငါတို့အား ထိုမင်းမှုတို့ဖြင့်အဘယ်မူအံ့နည်း၊ ငါတို့သည် ပြင်ပသာ ဖြစ်ကုန်၏။ အတွင်းသားဖြစ်ကုန်သော ငယ်ကုန် အလွန်ငယ်ကုန်သောသူတို့သည် သိကုန်လတ္တံ့ဟု ဖြစ်ကုန်သောမင်းမှုတို့ကို မစောင့်ကုန်လတ္တံ့၊ ဤသို့ဖြစ်သည်ရှိသော် ခပ်သိမ်းသောအခြင်းအရာအားဖြင့် ထိုတရားမစောင့်ကုန်သော မင်းတို့အား ဆုတ်ယုတ် သည်သာလျှင် ဖြစ်ကုန်လတ္တံ့၊ ဝန်ကိုရွက်ဆောင်ခြင်းငှါ မတတ်နိုင်ကုန်သော နို့ခွါဖြစ်ကုန်သောနွားတို့ကို လှည်း၌ကသော ကာလကဲ့သို့ ဝန်ကိုရွက်ဆောင်နိုင်ကုန်သောနွားကြီးတို့ကို ထမ်းပိုးအဆင့်ဆင့်ဖြင့် မကသောကာလကဲ့သို့ ဖြစ်ကုန်လတ္တံ့၊ ဤအိပ်မက်ဟူသောအကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၅။ မြတ်သောမင်းကြီး ငါးခုမြောက်သောအိပ်မက်ကို ဆိုလောဟုမိန့်တော်မူ၏။ အရှင်ဘုရား အကျွန်ုပ်သည် တခုသော နှစ်ဘက်သောမျက်နှာရှိသောမြင်းကို မြင်မက်၏။ ထိုမြင်း၏ နှစ်ဘက်နံပါးတို့၌ မုယောနှမ်းကိုပေးကုန်၏။ ထိုမြင်းသည် နှစ်ဘက်သောခံတွင်းဖြင့် စား၏။ အကျွန်ုပ်၏ ငါးခုမြောက်သောအိပ်မက်သည် ဤအိပ်မက်တည်း၊ ဤအိပ်မက်၏ အကျိုးသည်အသို့နည်းဟု လျှောက်၏။

မြင်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်သောအခါ တရားမစောင့်သောမင်းတို့၏ လက်ထက်၌ သာလျှင် ဖြစ်လတ္တံ့၊ ထိုစကားသည်မှန်၏။ နောင်သောအခါ တရားမစောင့်ကုန်သောမင်းမိုက်တို့သည် တရားမစောင့်ကုန်သော လျှပ်ပေါ် လော်လည်ကုန်သောသူတို့ကို တရား ဆုံးဖြတ်သောအရာ၌ ထားကုန်လတ္တံ့၊ ကောင်းမှု မကောင်းမှုတို့၌မရှုသော ထိုသူမိုက်တို့သည် တရားသဘင်၌နေ၍ အဆုံးအဖြတ်ကိုပေးကုန်သည်ရှိသော် မြင်းသည် နှစ်ဘက်သောခံတွင်းတို့ဖြင့် မုယောနှမ်းကိုစားသကဲ့သို့ နှစ်ဘက်လည်းဖြစ်ကုန်သော တရားဘက်၏လက်မှ တံစိုးကိုယူ၍ စားကုန်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီး၌ အပြစ်မရှိ။

၆။ မြတ်သောမင်းကြီး ခြောက်ခုမြောက်သောအိပ်မက်ကို ဆိုလောဟု မိန့်တော်မူ၏။ အရှင်ဘုရား လူအများသည် အဘိုးတသိန်းထိုက်သောရွှေခွက်ကိုသုတ်သင်၍ ဤရွှေခွက်၌ ကျင်ငယ်စွန့်လောဟု တခုသော မြေခွေးဖိုအားပေး၏။ ဤရွှေခွက်၌ ကျင်ငယ်စွန့်ခြင်းကိုပြုသော ထိုမြေခွေးဖိုကိုမြင်မက်၏။ ဤအိပ်မက်၏အကျိုးသည် အသို့နည်းဟုလျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ၌ သာလျှင် ဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ နောင်အခါ တရားမစောင့်ကုန်သောမင်းတို့သည် အမျိုးနှင့်ပြည့်စုံကုန်သော သူကောင်းသားတို့အားရွံရှာခြင်းကြောင့် စည်းစိမ်ကိုမပေးကုန်လတ္တံ့၊ အမျိုးမြတ်သောသူတို့ကို စွန့်ကုန်လတ္တံ့၊ အမျိုးယုတ်ကုန်သောသူတို့အားသာလျှင် စည်းစိမ်ကိုပေးကုန်လတ္တံ့၊ ဤသို့ ဖြစ်သည်ရှိသော် အမျိုးမြတ်ကုန်သောသူတို့သည် ဆင်းရဲကုန်သည် ဖြစ်ကုန်လတ္တံ့၊ အမျိုးယုတ်သောလူတို့သည် အစိုးရသည် ဖြစ်ကုန်လတ္တံ့၊ အမျိုးမြတ်သောယောကျ်ားတို့သည်လည်း အသက်မွေးခြင်းငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ ဤသူယုတ်တို့ကိုမှီ၍ အသက်မွေးကုန်အံ့ဟု အမျိုးယုတ်ကုန်သောသူတို့အား သ္မီးကိုပေးကုန်လတ္တံ့၊ ဤသို့လျှင် မြေခွေးဖိုအား ရွှေခွက်၌ ကျင်ငယ်စွန့်ခြင်းနှင့်တူသော ထိုအမျိုးကောင်းသ္မီးတို့၏ အမျိုးယုတ်ကုန်သောသူတို့နှင့်တကွ ပေါင်းဘော်ခြင်းသည် ဖြစ်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၇။ မြတ်သောမင်းကြီး ခုနစ်ခုမြောက်သောအိပ်မက်ကို ဆိုလောဟု မိန့်တော်မူ၏။ အရှင်ဘုရား တယောက်သောယောက်ျားသည် လွန်ကိုကျစ်၍ ခြေရင်း၌ထား၏။ ထိုယောက်ျားသည် ထိုင်အပ်သောအင်းပျဉ်အောက်၌ အိပ်သော တကောင်သော ဆာမွတ်သောမြေခွေးမသည် ထိုယောက်ျား၏ မသိစဉ်လျှင် ထိုလွန်ကို စား၏။ ဤသို့ အကျွန်ုပ်သည် မြင်မက်၏။ အကျွန်ုပ်၏ ခုနစ်ခုမြောက်သောအိပ်မက်သည် ဤအိပ်မက်တည်း၊ ဤအိပ်မက်၏ အကျိုးသည်အသို့နည်းဟု လျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ၌သာလျှင်ဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ နောင်အခါ၌ မိန်းမသည် ယောက်ျား၌လော်လည်ကုန်သည် သေသောက်ခြင်း၌ လော်လည်ကုန်သည် တန်ဆာဆင်ခြင်း၌ လော်လည်ကုန်သည် လှည့်ပတ်ခြင်း၌ လော်လည်ကုန်သည် အာမိသ၌ လော်လည်ကုန်သည် ဖြစ်ကုန်လတ္တံ့၊ သီလမရှိကုန်သည် ဖြစ်ကုန်လတ္တံ့၊ ယုတ်မာသော အကျင့်ရှိကုန်သည် ဖြစ်ကုန်လတ္တံ့၊ ထိုမိန်းမတို့သည် လင်တို့သည် လယ်ထွန်ခြင်း နွားကျောင်းခြင်း အစရှိသော အမှုတို့ကိုပြုကုန်၍ ငြိုငြင်သဖြင့် ဆည်းပူးအပ်သောဥစ္စာကို သယောက်လင်တို့နှင့်အတူတကွ သေကိုသောက်ကုန်လျက် ပန်း နံ့သာ နံ့သာပျောင်းတို့ကို ဆင်ယင်ကုန်လျက် အိမ်၌အစောတလျင်ပြုအပ်သော အမှုကိစ္စကိုမကြည့်မူ၍ အိမ်နံရံ၏အထက်အဘို့တို့ဖြင့်၎င်း အပေါက်ရှိရာအရပ်တို့ဖြင့်၎င်း သယောက်လင်ကို စုံစမ်းကြည့်ရှုကုန်လျက် နက်ဖြန် မျိုးကြဲအပ်သည်နှင့်ယှဉ်သော မျိုးစပါးကိုလည်းထောင်း၍ ယာဂုထမင်းခဲဘွယ်အစရှိသည်တို့ကို ပြည့်စုံစေ၍ ခဲကုန်လျက် ခိုးစားကုန်လတ္တံ့၊ အဘယ်သို့ ခိုးစားကုန်လတ္တံ့နည်းဟူမူကား အင်းပျဉ်အောက်၌ ဝင်၍နေသော မွတ်သော မြေခွေးမသည် ကျစ်၍ ကျစ်၍ခြေရင်း၌ထားသောလွန်ကို ခိုးစားသကဲ့သို့ ခိုစားကုန်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၈။ မြတ်မင်းကြီး ရှစ်ခုမြောက်သောအိပ်မက်ကို ဆိုလောဟု မိန့်တော်မူ၏။ အရှင်ဘုရား မင်းအိမ်တံခါး၌ များစွာကုန်သော အချည်းနှီးသောရေအိုးတို့ဖြင့် ခြံရံ၍ထားအပ်သော တခုသော ကြီးစွာသောရေပြည့်အိုးကို မြင်မက်၏။ အမျိုးလေးပါးတို့သည် တူရူဖြစ်သော အရပ်လေးမျက်နှာတို့မှ၎င်း အထောင့်ဖြစ်သော အရပ်လေးမျက်နှာတို့မှ၎င်း အိုးတို့ဖြင့် ရေကိုဆောင်ကုန်ဆောင်ကုန်၍ ရေပြည့်အိုးကိုလောင်းကုန်၏။ လောင်းတိုင်းလောင်းတိုင်းသောရေသည် အထက်သို့လျှံတက်၍ စီးသွား၏။ ထိုလူတို့သည်လည်း အဖန်တလဲလဲ ထိုပြည့်သောအိုး၌သာလျှင် ရေကိုလောင်းကုန်၏။ အချည်းနှီးသောအိုးတို့ကို ကြည့်သောသူလည်း မရှိ၊ အကျွန်ုပ်၏ ရှစ်ခုမြောက်သော အိပ်မက်သည်ကား ဤအိပ်မက်တည်း၊ ဤအိပ်မက်၏အကျိုးသည် အသို့နည်းဟု လျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ၌သာလျှင် ဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ နောင်အခါ၌ လူတို့သည် ယုတ်ကုန်လတ္တံ့၊ တိုင်းနိုင်ငံ၌ ဩဇာမရှိသည် ဖြစ်ကုန်လတ္တံ့၊ မင်းတို့သည် ဆင်းရဲသည်ဖြစ်ကုန်လတ္တံ့၊ အကြင်သူတို့သည် အစိုးရသောမင်းတို့သည် ဖြစ်ကုန်လတ္တံ့၊ ထိုမင်းတို့၏ ဘဏ္ဍာတိုက်၌ တသိန်းမျှသောအသပြတို့သည် ဖြစ်ကုန်လတ္တံ့၊ ထိုမင်းတို့သည် ဤသို့ ဆင်းရဲကုန်သည်ရှိသော် ခပ်သိမ်းကုန်သော ဇနပုဒ်သားတို့ကို မိမိအမှုကိုသာလျှင် ပြုစေကုန်လတ္တံ့၊ လူတို့သည်လည်း မင်းတို့နှိပ်စက်အပ်ကုန်သည်ဖြစ်၍ မိမိတို့၏အမှုကို စွန့်ကုန်၍ မင်းတို့၏ အကျိုးငှါသာလျှင် ကောက်ပဲတို့ကို ကြဲကုန်လျက် စောင့်ရှောက်ကုန်လျက် ရိတ်ကုန်လျက် နယ်ကုန်လျက် သွင်းကုန်လျက် ကြံခင်းတို့ကိုပြုကုန်လျက် ယန္တရားတို့ကိုရွက်ဆောင်ကုန်လျက် တင်လဲအစရှိသည်တို့ကို ချက်ကုန်လျက် ပန်းအရံတို့ကို ပြုကုန်လျက် သစ်သီးအရံတို့ကို ပြုကုန်လျက် ထိုထိုအရပ်၌ ဖြစ်ကုန်သော ကောက်ပဲ အစရှိသည်တို့ကိုဆောင်ကုန်၍ မင်း၏ကျီကိုသာလျှင် ဖြစ်စေကုန်လတ္တံ့၊ မိမိတို့၏အိမ်တို့၌ အချည်းနှီးသော ကျီတို့ကို ကြည့်ကုန်သောသူတို့မည်သည် မရှိကုန်လတ္တံ့၊ အချည်းနှီးသောအိုးတို့ကို မကြည့်မူ၍ ပြည့်သောအိုးကို လောင်းသည်နှင့် တူစွာသာလျှင် ဖြစ်ကုန်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၉။ မြတ်သောမင်းကြီး ကိုးခုမြောက်သောအိပ်မက်ကို ဆိုလောဟု မိန့်တော်မူ၏။ အရှင်ဘုရား တခုသော ငါးပါးသောအဆင်းရှိသော ပဒုမာတို့ဖြင့်ဖုံးလွှမ်းသော နက်စွာသော ထက်ဝန်းကျင်ဆိပ်ရှိသော ရေကန်ကိုမြင်မက်၏။ ထက်ဝန်း ကျင်မှ အခြေနှစ်ချောင်း အခြေလေးချောင်း ရှိကုန်သောသားငှက်တို့သည် သက်ကုန်၍ ထိုရေကန်၌ ရေကိုသောက်ကုန်၏။ ထိုရေကန်၏အလယ်ဖြစ်သော နက်ရာအရပ်၌ ရေသည်နောက်၏။ ကမ်းနားအရပ်တို့၌ အခြေနှစ်ချောင်း အခြေလေးချောင်းရှိကုန်သောသားငှက်တို့၏ နင်းရာအရပ်၌ရေသည် မနောက် ကြည်လင်၏။ ဤသို့ အကျွန်ုပ်သည် မြင်မက်၏။ အကျွန်ုပ်၏ ကိုးခုမြောက်သောအိပ်မက်သည် ဤအိပ်မက်တည်း၊ ဤအိပ်မက်၏ အကျိုးသည် အသို့နည်းဟု လျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ၌သာဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ နောင်အခါ မင်းတို့သည် တရားမစောင့်သည် ဖြစ်ကုန်လတ္တံ့၊ ဆန္ဒာဂတိ အစရှိသည်တို့၏အစွမ်းအားဖြင့် အဂတိသို့လားကုန်လျက် မင်းပြုကုန်လတ္တံ့၊ တရားသဖြင့် ဆုံးဖြတ်ခြင်းမည်သည်ကို မပေးကုန်လတ္တံ့၊ တံစိုးစားသည် ဖြစ်ကုန်လတ္တံ့၊ ဥစ္စာ၌ လော်လည်ကုန်သည်ဖြစ်၍ တိုင်းနိုင်ငံ၌နေကုန်သောသူတို့၌ ခန္တီမေတ္တာကရုဏာမည်သည် မဖြစ်ကုန်လတ္တံ့၊ ကြမ်းကြုတ်ကုန်သည်ဖြစ်လတ္တံ့၊ ကြံညှစ်ယန္တရား၌ ကြံချောင်းကိုကဲ့သို့ လူတို့ကိုနှိပ်စက်ကုန်လျက် အထူးထူးအပြားပြားသော အခြင်းအရာဖြင့် အခွန် းအတုတ်ကို ဖြစ်စေ၍ ဥစ္စာကိုယူကုန်လတ္တံ့၊ လူတို့သည် အခွန်အတုတ်တို့ဖြင့်နှိပ်စက်အပ်သည်ဖြစ်၍ တစုံတခုကိုပေးအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ရွာ နိဂုံးအစရှိသည်တို့ကိုစွန့်ကုန်၍ ရပ်စွန်ပြည်နားသို့သွား၍ နေကုန်လတ္တံ့။ ရေကန်၏ အလယ်၌ ရေသည်နောက်သကဲ့သို့၎င်း၊ ကမ်းနားအရပ်၌ ရေသည်ကြည်သကဲ့သို့၎င်း အလယ်ဖြစ်သောဇနပုဒ်သည် ဆိတ်သည်ဖြစ်လတ္တံ့၊ ရပ်စွန်ပြည်နားသည် တခဲနက်သောလူနေရှိသည် ဖြစ်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၁၀။ မြတ်သောမင်းကြီး ဆယ်ခုမြောက်သောအိပ်မက်ကို ဆိုဦးလောဟု မိန့်တော်မူ၏။ အရှင်ဘုရား တလုံးတည်းသောအိုးဖြင့် ချက်သောထမင်းသည် ထမင်းအိုး၏ တခုသောနံပါး၌ အလွန်ပျော့၏။ တခုသောနံပါး၌ မနပ်၊ တခုသောနံပါး၌ ကောင်းစွာကျက်၏။ ဤသို့ သုံးစုအားဖြင့် ကျက်သည်ကို မြင်မက်၏။ အကျွန်ုပ်၏ ဆယ်ခုမြောက်သောအိပ်မက်သည်ကား ဤအိပ်မက်တည်း၊ ဤအိပ်မက်၏အကျိုးသည်ကား အသို့နည်းဟုလျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ၌သာဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ နောင်အခါ၌ မင်းတို့သည် တရားမစောင့်သည် ဖြစ်ကုန်လတ္တံ့၊ ထိုသို့ တရားမစောင့်သောကြောင့် ထိုသူတို့၏ အစောင့် အရှောက် နတ်, ပူဇော် သက္ကာရကို ခံသောနတ်, ရုက္ခဇိုဝ်းနတ် အာကာသဇိုင်းနတ်တို့သည် တရားမစောင့်သည် ဖြစ်ကုန်လတ္တံ့၊ တရားမစောင့်ကုန်သောမင်းတို့၏တိုင်းနိုင်ငံ၌ လေတို့သည် မညီညွတ်ကုန်သည်ဖြစ်၍ ပြင်းထန်ကုန်သည်ဖြစ်၍ လာကုန်လတ္တံ့၊ ထိုလေတို့သည် ကောင်းကင်၌ တည်ကုန်သော ဗိမာန်တို့ကို တုန်လှုပ်စေကုန်၏။ ထိုလေတို့သည် တုန်လှုပ်သည်ရှိသော် နတ်တို့သည် အမျက်ထွက်ကုန်သည်ဖြစ်၍ မိုဃ်းရွာစိမ့်သောငှာ မပေးကုန်လတ္တံ့၊ ရွာသော်လည်း အလုံးစုံသောတိုင်း၌ တပြိုင်နက်ဖြင့် မရွာစေလတ္တံ့၊ အလုံးစုံသောတိုင်း၌ လယ်ထွန်ခြင်းအမှုအားဖြင့်၎င်း စိုက်ပျိုးသောအမှုအားဖြင့်၎င်း ကျေးဇူးရှိသည်ဖြစ်၍ မရွာလတ္တံ့၊ တိုင်း၌ ကဲ့သို့ ထို့အတူ ဇနပုဒ်၌၎င်း ရွာ၌၎င်း တခုသောတဘက်ဆည်ကန်၌၎င်း တခုသောအိုင်၌၎င်း တပြိုင်နက် မရွာစေလတ္တံ့၊ တဘက်ဆည်ကန်၏ အထက်အဘို့၌ ရွာသောမိုဃ်းသည် အောက်အဘို့၌ မရွာလတ္တံ့၊ အောက်အဘို့၌ရွာသောမိုဃ်းသည် အထက်အဘို့၌ မရွာလတ္တံ့၊ တခုသောအရပ်အဘို့၌ ကောက်တို့သည် အလွန်မိုဃ်းရွာသဖြင့် ပျက်စီးလတ္တံ့၊ တခုသောအရပ်အဘို့၌ မိုဃ်းမရွာသည်ဖြစ်၍ ကောက်တို့သည် ညှိုးကုန်လတ္တံ့၊ တခုသောအရပ်၌လည်းကောင်းစွာ မိုဃ်းရွာသည်ဖြစ်၍ ပြည့်စုံကုန်လတ္တံ့၊ ဤသို့လျှင် တလုံးတည်းသောထမင်းအိုး၌ထမင်းကဲ့သို့ တယောက်သောမင်း၏ တိုင်းနိုင်ငံ၌ စိုက်ပျိုးသောကောက်တို့သည်လည်း သုံးထွေပြားသည် ဖြစ်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၁၁။ မြတ်သောမင်းကြီး တဆယ့်တခုမြောက်သောအိပ်မက်ကို ဆိုဦးလောဟု မိန့်တော်မူ၏။ အရှင်ဘုရား အဘိုးတသိန်းထိုက်သောစန္ဒကူးနှစ်ကို ရက်တက်ပုပ်ဖြင့်ရောင်းစားသည်ကို မြင်မက်၏။ အကျွန်ုပ်၏ တဆယ့်တခုမြောက်သောအိပ်မက်သည် ဤအိပ်မက်တည်း၊ ဤအိပ်မက်၏အကျိုးသည် အသို့နည်းဟု လျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ၌သာလျှင် ငါ၏သာသနာတော် ဆုတ်ယုတ်သည်ရှိသော် ဖြစ်လတ္တံ့၊ ထိုစကားသည်မှန်၏။ နောင်အခါ ပစ္စည်း၌ လော်လည်ကုန်သော အလဇ္ဇီရဟန်းတို့သည် များကုန်လတ္တံ့၊ ထိုအလဇ္ဇီရဟန်းတို့သည် ပစ္စည်း၌ လော်လည်ကုန်သည်ဖြစ်၍ ငါဘုရားသည် ပစ္စည်း၌လော်လည်ခြင်းကိုဖျက်ဆီး၍ ဟောတော်မူအပ်သော တရားတော်ကို သင်္ကန်းအစရှိသော လေးပါးသောပစ္စည်းဟူသော အကြောင်းကြောင့် သူတပါးတို့အား ဟောကုန်လတ္တံ့၊ ထိုစကားသည် မှန်၏။ ပစ္စည်းလေးပါး၌မက်ကုန်၍ ဝဋ်ဆင်းရဲမှထွက်မြောက်စေတတ်သောအဘို့၌တည်ကုန်လျက် နိဗ္ဗာန်သို့ရှေ့ရှုပြု၍ တရားကို မဟောကုန်လတ္တံ့၊ စင်စစ်ကား ပုဒ်အက္ခရာတို့၏ပြည့်စုံခြင်းမျှကို၎င်း သာယာသောအသံမျှကို၎င်းနာရ၍ အဘိုးများစွာထိုက်ကုန်သော သင်္ကန်းအစရှိသည်တို့ကို လှုလိမ့်မည် လှူချင်စိတ် ဖြစ်လိမ့်မည်ဟု ဟောကုန်လတ္တံ့၊ အသပြာမက် ရဟန်းပျက်အချို့တို့သည်လည်း ခရီးလမ်းမလမ်းလေးခွနား မင်းအိမ်တံခါးအစရှိသည်တို့၌နေကုန်၍ ကျပ်ပြားမူးမက် မအပ်သောအကပ္ပိယပစ္စည်းတို့ကိုမှီ၍ အလီလီအလာလာ အသပြာလိုလားတော်မူကြ၍ တရားဟောကုန်လတ္တံ့၊ ဤသို့လျှင် ငါဘုရားသည် နိဗ္ဗာန်တရား အဘိုးထားဖြင့်ဟောကြားအပ်သော တရားမြတ်ဒေသနာကြီးကို ပစ္စည်းလေးပါး ကျပ်ပြားမူးပဲအတွက် လက်ကားလက်လီ တရားကုန်သည် မထေရ်ကြီးမထေရ်ငယ်တို့သည် အဘိုးတသိန်း ထိုက်သောစန္ဒကူးနှစ်ကို ရက်တက်ပုပ်ဖြင့်ရောင်းသကဲ့သို့ ဒါယကာ ဒါယိကာမအပေါင်းတို့အား ရောင်းစားကုန်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်းသင်မင်းကြီးအား ဘေးမရှိ။

၁၂။ မြတ်သောမင်းကြီး တဆယ့်နှစ်ခုမြောက်သောအိပ်မက်ကို ဆိုဦးလောဟု မိန့်တော်မူ၏။ အရှင်ဘုရား အချည်းနှီးသော ဗူးတောင်းတို့သည် ရေ၌နစ်သည်တို့ကို မြင်မက်၏။ ဤအိပ်မက်၏အကျိုးသည် အသို့နည်းဟု လျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ တရားမစောင့်သောမင်းတို့၏လက်ထက် လူတို့ဖောက်ပြန်သောအခါ၌ သာလျှင် ဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ ထိုအခါ တရားမစောင့်သော မင်းတို့သည် အမျိုးနှင့်ပြည့်စုံကုန်သော သူတော်ကောင်းတို့အား စည်းစိမ်ကို မပေးကုန်လတ္တံ့၊ အမျိုးယုတ်ကုန်သောသူတို့အားသာလျှင် စည်းစိမ်ကိုပေးကုန်လတ္တံ့၊ အမျိုးယုတ်ကုန်သောသူတို့သည် အစိုးရသည်ဖြစ်ကုန်လတ္တံ့၊ အမျိုးမြတ်ကုန်သောသူတို့သည် ဆင်းရဲကုန်လတ္တံ့၊ မင်းပွဲသဘင်၌၎င်း မင်းအိမ်တံခါး၌၎င်း အမတ်တို့၏ပွဲသဘင်၌၎င်း တရားဆုံးဖြတ်ရာအရပ်၌၎င်း အချည်းနှီးသော ဗူးတောင်းနှင့်တူကုန်သော အမျိုးယုတ်ကုန်သောသူတို့၏ စကားသည်သာလျှင် နှစ်၍တည်ဘိသကဲ့သို့ မတုန်မလှုပ် ကောင်းစွာတည်သည်သာ ဖြစ်လတ္တံ့၊ သံဃာ့အစည်းအဝေး၌၎င်း၊ သံဃာ့ကံကို ဆောင်ရွက်ရာ၌၎င်း သီလမရှိသော ယုတ်မာကုန်သောရဟန်းတို့၏စကားသည်သာလျှင် မတုန်မလှုပ် ကောင်းစွာတည်သည်ဖြစ်လတ္တံ့၊ သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့၏စကားသည် မတုန်မလှုပ် ကောင်းစွာ မတည်လတ္တံ့၊ ဤသို့လျှင် ခပ်သိမ်းသောအခြင်းဘအရာအားဖြင့် အချည်းနှီးသောဗူးတောင်း၏ ရေ၌နစ်သောအခါကဲ့သို့ ဖြစ်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအားဘေးမရှိ။

၁၃။ မြတ်သောမင်းကြီး တဆယ့်သုံးခုမြောက်သောအိပ်မက်ကို ဆိုဦးလောဟု မိန့်တော်မူ၏။ အရှင်ဘုရား ကြီးကုန် အလွန်ကြီးကုန်သော စုလစ်မွန်းချွန်တပ်သောအိမ်ပမာဏရှိသော တခဲနက်သောကျောက်ဖျာကြီးသည် လှေကဲ့သို့ရေ၌ပေါ်သည်တို့ကို မြင်မက်၏။ ဤအိပ်မက်၏အကျိုးသည်လည်း အသို့နည်းဟု မေးလျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း ဆိုအပ်ခဲ့ပြီးသော ထိုသို့သဘောရှိသော ကာလ၌သာလျှင် ဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ ထိုအခါ တရားမစောင့်သောမင်းတို့သည် အမျိုးယုတ်ကုန်သောသူတို့အား စည်းစိမ်ကိုပေးကုန်လတ္တံ့၊ အမျိုးယုတ်ကုန်သောသူတို့သည် အစိုးရသည်ဖြစ်ကုန်လတ္တံ့၊ အမျိုးမြတ်ကုန်သောသူတို့သည် ဆင်းရဲကုန်လတ္တံ့၊ အမျိုးမြတ်ကုန်သောသူတို့၌ တစုံတယောက်ကုန်သောသူတို့သည် ရိုသေခြင်းကိုမပြုကုန်လတ္တံ့၊ အမျိုးယုတ်သောသူတို့၌သာလျှင် ရိုသေခြင်းကိုပြုကုန်လတ္တံ့၊ မင်းပွဲသဘင်၌၎င်း အမတ်တို့၏ပွဲသဘင်၌၎င်း တရားဆုံးဖြတ်ရာအရပ်၌၎င်း တရားဆုံးဖြတ်ခြင်း၌ လိမ်မာကုန်သော တခဲနက်သော ကျောက်ဖျာကြီးနှင့်တူကုန်သော အမျိုးကောင်းသားတို့၏ စကားသည် သက်ဝင်၍မတည်လတ္တံ့၊ ထိုအမျိုးသားတို့သည် စကားပြောဆိုကုန်သည်ရှိသော် ဤသူတို့သည် အဘယ်စကားကို ပြောဆိုကုန်သနည်းဟု အမျိုးယုတ်ကုန်သောသူတို့သည် ပြက်ရယ်ကိုသာလျှင် ပြုကုန်လတ္တံ့၊ ဆိုအပ်ပြီးသော အပြားရှိကုန်သော ဆရာဖြစ်ကုန်သော ရဟန်းတို့၏ အစည်းအဝေး၌လည်း သီလကို ချစ်မြတ်နိုးကုန်သောရဟန်းတို့ကို အရိုအသေအလေးအမြတ်ပြုအပ်သည်ဟူ၍ မအောက်မေ့ကုန်လတ္တံ့၊ ထိုသီလကိုချစ်မြတ်နိုးကုန်သော ရဟန်းတို့၏စကားသည် သက်ဝင်၍မတည်လတ္တံ့၊ ကျောက်ဖျာတို့၏ပေါ်သောအခါကဲ့သို့ ဖြစ်လတ္တံ့၊ ဤအိပ်မက်ဟူသောအကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၁၄။ မြတ်သောမင်းကြီး တဆယ့်လေးခုမြောက်သော အိပ်မက်ကို ဆိုဦးလောဟု မိန့်တော်မူ၏။ အရှင်ဘုရား သစ်မည်စည်ပွင့်ငယ်ပမာဏရှိကုန်သော ဖားငယ်တို့သည် ကြီးကုန် အလွန်ကြီးကုန်သောမြွေဟောက်တို့ကို လျင်သောအဟုန်ဖြင့် ကိုက်လတ်၍ ကြာရိုးကြာစွယ်ကိုကဲ့သို့ ဖြတ်၍ ဖြတ်၍ အသားကိုစား၍ မျိုကုန်သည်တို့ကို မြင်မက်၏။ ဤအိပ်မက်၏ အကျိုးသည်လည်း အသို့နည်းဟု လျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ လူတို့သည် ဆုတ်ယုတ်ကုန်သောကာလ၌ ဖြစ်ကုန်လတ္တံ့၊ ထိုစကားသည်မှန်၏။ ထိုအခါ လူတို့သည် ပြင်းထန်သောရာဂရှိကုန်သည်ဖြစ်၍ ယုတ်သောသဘောရှိကုန်သော ကိလေသာတို့၏ အလိုသို့လိုက်ကုန်သည်ဖြစ်၍ ငယ်ကုန် အလွန်ငယ်ကုန်သော မိမိ၏ မယားတို့၏အလိုသို့ လိုက်ကုန်လတ္တံ့၊ အိမ်၌ ကျွန်အမှုလုပ် အစရှိသည်တို့သည်၎င်း, နွားကျွဲအစရှိသည်တို့သည်၎င်း သုံးဆောင်ပြီးသောရွှေ, မသုံးဆောင်သောရွှေ အစရှိသည်တို့သည်၎င်း အလုံးစုံလျှင် ထိုမိန်းမငယ်တို့နှင့်သာလျှင် စပ်သည် ဖြစ်လတ္တံ့၊ ဤမည်သော သုံးဆောင်ပြီးသောရွှေ မသုံးဆောင်သေးသောရွှေတို့သည်၎င်း ဤမည်သောအခြံအရံအစရှိသော အမျိုးသည်၎င်း အဘယ်မှာနည်းဟု မေးသည်ရှိသော် ရှိလိုရာအရပ်၌ ရှိသည်ဖြစ်စေ သင့်အား ဤကြောင့်ကြခြင်းဖြင့် အဘယ်မူအံ့နည်း သင်သည် ငါ၏အိမ်၌ရှိသည်ကို၎င်း မရှိသည်ကို၎င်း အဘယ့်ကြောင့်သိလိုသနည်းဟုဆို၍ အထူးထူးသောစကားတို့ဖြင့်ဆဲရေး၍ နှုတ်လှံတို့ဖြင့်ထိုး၍ ကျွန်အစေအပါးကိုကဲ့သို့ အလိုလိုက်စေ၍ မိမိ၏အစိုးရခြင်းကို ဖြစ်စေကုန်လတ္တံ့၊ ဤသို့လျှင် သစ်မည်စည်ပွင့်ငယ်မျှပမာဏရှိသော ဖားမငယ်တို့၏ လျင်သောအဆိပ်ရှိသောမြွေဟောက်ကို မျိုသောအခါကဲ့သို့ ဖြစ်လတ္တံ့၊ ဤအိပ်မက်ဟူသောအကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၁၅။ မြတ်သောမင်းကြီး တဆယ့်ငါးခုမြောက်သောအိပ်မက်ကို ဆိုဦးလောဟု မိန့်တော်မူ၏ အရှင်ဘုရား ဆယ်ပါးကုန်သော သူယုတ်မာတို့၏အကျင့်တို့နှင့်ပြည့်စုံသော ရွာ၌ကျက်စားသောကျီးကို ရွှေအဆင်းနှင့်တူသော အဆင်းရှိသည်၏အဖြစ်နှင့် သုဝဏ္ဏဟူ၍ ရအပ်သောအမည်ရှိကုန်သော ရွှေဟင်္သာတို့သည် ခြံရံသည်တို့ကို မြင်မက်၏။ ဤအိပ်မက်၏ အကျိုးသည်လည်း အသို့နည်းဟု လျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ အားနည်းသောမင်းတို့လက်ထက်၌သာလျှင်ဘဖြစ်လတ္တံ့၊ ဘထိုစကားသည်မှန်၏။ နောင်သောအခါ အားနည်းကုန်သောမင်းတို့သည် ဆင်အတတ်အစရှိသည်တို့၌ မလိမ်မာကုန်သည် ဖြစ်လတ္တံ့၊ စစ်ထိုးခြင်း၌ မရဲရင့်သည်ဖြစ်ကုန်လတ္တံ့၊ ထိုအားနည်းကုန်သောမင်းတို့သည် မိမိတို့၏ပြည်စည်းစိမ်ပျက်စီးခြင်းကို ရွံရှာကုန်သည်ဖြစ်၍ တူသောဇာတ်ရှိကုန်သော သူတော်ကောင်းသားတို့အား အစိုးရခြင်းကိုမပေးမူ၍ မိမိ၏ခြေရင်း၌ခစားကုန်သော ဆတ္တာသည်အစရှိသောသူတို့အား စည်းစိမ်ကိုပေးကုန်လတ္တံ့၊ အမျိုးအနွယ်နှင့်ပြည့်စုံကုန်သော သူတော်ကောင်းသားတို့သည် မင်းအိမ်၌ ကိုးကွယ်ရာကိုမရကုန်သည်ဖြစ်၍ အသက်မွေးခြင်းငှါ မတတ်နိုင်ကုန်သည်ဖြစ်၍ အစိုးရခြင်း၌တည်ကုန်သော အမျိုး အနွယ်ယုတ်ကုန်သော မမြတ်ကုန်သောသူတို့၌ ခစားကုန်သည် ဖြစ်လတ္တံ့၊ ရွှေဟင်္သာတို့သည် ကျီးကိုခြံရံသောကာလကဲ့သို့ ဖြစ်လတ္တံ့၊ ဤ အိပ်မက်ဟူသောအကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၁၆။ မြတ်သောမင်းကြီး တဆယ့်ခြောက်ခုမြောက်သော အိပ်မက်ကို ဆိုဦးလောဟု မိန့်တော်မူ၏။ အရှင်ဘုရား ရှေး၌ သစ်တို့သည် ဆိတ်တို့ကိုစားကုန်၏။ အကျွန်ုပ်သည်ကား ဆိတ်တို့သည် သစ်တို့ကိုလိုက်ကုန်၍ ကြွပ်ကြွပ်မြည်စေကုန်၍ စားကုန်သည်တို့ကို မြင်မက်၏။ ထိုနောက်မှ တပါးကုန်သော ထိတ်လန့်ခြင်းကိုဖြစ်စေတတ်ကုန်သောသစ်တို့သည် ဆိတ်တို့ကို အဝေးမှသာလျှင်မြင်၍ ကြောက်ခြင်းသို့ရောက်ကုန်သည်ဖြစ်၍ ဆိတ်တို့မှကြောက်ခြင်းကြောင့်ပြေးကုန်၍ တောချုံတို့သို့ဝင်၍ ပုန်းကုန်၏။ ဤအိပ်မက်၏ အကျိုးသည်လည်း အသို့နည်းဟု လျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ တရားမစောင့်သောမင်းတို့၏ လက်ထက်၌ သာလျှင် ဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ ထိုအခါ အမျိုးယုတ်ကုန်သော မင်းကျွမ်းဝင်ဖြစ်ကုန်သောသူတို့သည် အစိုးရသည် ဖြစ်ကုန်လတ္တံ့၊ အမျိုးမြတ်ကုန်သောသူတို့သည် မထင်ရှားသည်ဖြစ်၍ ဆင်းရဲသည်ဖြစ်ကုန်လတ္တံ့။ ထိုမင်းကျွမ်းဝင်ဖြစ်ကုန်သောသူတို့သည် မင်းကို မိမိတို့၏စကားကိုယူစေ၍ တရားဆုံးဖြတ်ရာ အရပ်အစရှိသည်တို့၌ အားရှိကုန်သည်ဖြစ်၍ အမျိုးမြတ်ကုန်သော သူတော်ကောင်းအပေါင်းတို့၏ အစဉ်အဆက်မှလာကုန်သော လယ်ယာအစရှိသည်တို့ကို ထိုလယ်ယာအစရှိသည်တို့သည် ငါတို့၏ဥစ္စာတည်းဟု တရားကိုတွေ့ကုန်၍ ထိုသို့တရားတွေ့ခြင်းကြောင့် သင်တို့၏ဥစ္စာတည်း ငါတို့၏ဥစ္စာတည်းဟု လာလတ်ကုန်၍ တရားဆုံးဖြတ်ရာအရပ်အစရှိသည်တို့၌ ငြင်းခုံကြသည်ရှိသော် ကြိမ်နွယ်အစရှိသည်တို့ဖြင့် ပုတ်ခတ်စေ၍ လည်၌ ကိုင်၍ ငင်စေပြီးလျှင် မိမိ၏ပမာဏကိုမသိကြကုန်၊ ငါတို့နှင့်တကွ ငြင်းခုံကြကုန်ဘိ၏။ ယခုအခါ မင်းအားလျှောက်ထား၍ လက်ခြေတို့ကို ဖြတ်ခြင်းအစရှိသည်တို့ကို ပြုကုန်အံ့ဟု ခြိမ်းချောက်ကုန်လတ္တံ့။

ထိုအမျိုးမြတ်သောသူတို့သည် မင်းကျွမ်းဝင်ဖြစ်သောသူတို့မှ ကြောက်သောကြောင့် မိမိတို့၏ဥစ္စာဖြစ်ကုန်သော လယ်ယာအစရှိသည်တို့ကို ဤလယ်ယာအစရှိကုန်သောဝတ္ထုတို့သည် သင်တို့၏ ဥစ္စာသာလျှင်တည်း၊ ထိုဥစ္စာတို့ကို ယူကုန်လောဟုပေးအပ်၍ မိမိတို့၏အိမ်တို့သို့ဝင်၍ ကြောက်ကုန် သည်ဖြစ်၍ အိပ်ကုန်လတ္တံ့၊ အကျင့်ယုတ်မာကုန်သော ရဟန်းတို့သည်လည်း သီလ၌ချစ်မြတ်နိုးကုန်သောရဟန်းတို့ကို အလိုရှိတိုင်း ညှဉ်းဆဲကုန်လတ္တံ့၊ သီလကိုချစ်မြတ်နိုးကုန်သောရဟန်းတို့သည် ကိုးကွယ်ရာကိုမရသည်ဖြစ်၍ တောသို့ဝင်ပြီးလျှင် ချုံတို့၌ပုန်းကုန်လတ္တံ့၊ ဤသို့လျှင် ယုတ်သောဇာတ်ရှိကုန်သော သူတို့သည်၎င်း အကျင့်ယုတ်တ်ကုန်သော ရဟန်းတို့သည်၎င်း နှိပ်စက်အပ်ကုန်သည်ဖြစ်၍ ဇာတ်နှင့်ပြည့်စုံကုန်သော အမျိုးကောင်းသားတို့၏၎င်း သီလကိုချစ်မြတ်နိုးကုန်သောရဟန်းတို့၏၎င်း ဆိတ်တို့မှကြောက်ခြင်းကြောင့် ထိတ်လန့်ခြင်းတို့ကိုဖြစ်စေတော်ကုန်သောသစ်တို့၏ ပြေးသောကာလကဲ့သို့ ဖြစ်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ၊ ဤအိပ်မက်ကိုလည်း အနာဂတ်ကိုလျှင်စွဲ၍ မြင်မက်၏။ ပုဏ္ဏားတို့သည်ကား များစွာသောဥစ္စာကို ရကုန်လတ္တံ့ဟု အာမိသကိုငဲ့သဖြင့် အသက်မွေးခြင်းကိုမှီ၍ ပြောဆိုကုန်၏ဟု မိန့်တော်မူ၏။

ဤသို့လျှင် မြတ်စွာဘုရားသည် တဆယ့်ခြောက်ချက်သောအိပ်မက်ကြီးတို့၏အကျိုးကို ဟောတော်မူ၍ မြတ်သောမင်းကြီး ယခုအခါ၌ သင်မင်းကြီးသည်သာလျှင် တဆယ့်ခြောက်ချက်သောအိပ်မက်ကြီးတို့ကို မြင်မက်သည်မဟုတ်သေး။ ရှေးမင်းတို့သည်လည်း မြင်မက်ဘူးကုန်ပြီ၊ ပုဏ္ဏားတို့သည်လည်း ရှေးမင်းတို့အား ဤအတူသာလျှင် အိပ်မက်ကိုယူ၍ ယဇ်ထက်၌ချဘူးကုန်ပြီ၊ ထိုနောင် ပညာရှိတို့သည်ပေးအပ်သောနည်းဖြင့်သွား၍ ဘုရားလောင်းကိုမေးကုန်၏။ ရှေးပညာရှိတို့သည်လည်း ထိုရှေးမင်းတို့အား ဤအိပ်မက်တို့ကို ဟောကုန်သည်ရှိသော် ဤယခုအခါ၌ ငါဘုရားဟောတော်မူသောနည်းဖြင့်သာလျှင် ဟောဘူးကုန်ပြီဟုမိန့်တော်မူ၍ ထိုကောလလမင်းကြီးသည် တောင်းပန် အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရာလောင်းသည် ဥဒိစ္စပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် ရသေ့ရဟန်းပြု၍ ငါးပါးသောအဘိညာဉ်တို့ကို၎င်း ရှစ်ပါးသောသမာပတ်တို့ကို၎င်းဖြစ်စေ၍ ဟိမဝန္တာအရပ်၌ ဈာန်ကစားခြင်းကို ကစားလျက်နေ၏။ ထိုအခါ ဗာရာဏသီမြို့၌ ဗြဟ္မဒတ်မင်းကြီးသည် ဤနည်းဖြင့်လျှင် ဤတဆယ့်ခြောက်ချက်သောအိပ်မက်ကြီးတို့ကိုမြင်မက်၍ ပုဏ္ဏားတို့ကိုမေး၏။ ပုဏ္ဏားတို့သည် ဤအတူသာလျှင် ယဇ်ပူဇော်အံ့သောငှါ အားထုတ်ကုန်၏။ ထိုပုဏ္ဏားတို့တွင် ပုရောဟိတ်၏ ပညာရှိသောလိမ်မာသောတပည့်လုလင်သည် ဆရာကို ဆရာ သင်တို့သည် အကျွန်ုပ်ကို ဗေဒင်တို့ကို သင်စေ၏။ ထိုဗေဒင်တို့၌ တယောက်သောသူကိုသတ်၍ တယောက်သောသူ၏ချမ်းသာခြင်းအမှုကို ပြုခြင်းမည်သည် မရှိသည်မဟုတ်လောဟု ဆို၏။ အမောင်လုလင် ဤဥပါယ်ဖြင့် ငါတို့အား များစွာသော ဥစ္စာသည် ဖြစ်လတ္တံ့၊ သင်သည်ကား မင်းဥစ္စာကို စောင့်လိုယောင်တကားဟု ဆို၏။ လုလင်သည် ဆရာ ထိုသို့တပြီးကား သင်တို့သည်သာလျှင် သင်တို့အမှုကို ပြုကြကုန်လော၊ ငါသည် သင်တို့အထံ၌ မပြုအံ့ဟုဆို၍ သွားသည်ရှိသော် မင်း၏ ဥယျာဉ်သို့ ရောက်၏။

ထိုနေ့၌သာလျှင် ဘုရားလောင်းသည်လည်း ထိုအကြောင်းကိုသိ၍ ယနေ့ငါသည် လူ့ပြည်သို့သွားသည်ရှိသော် များစွာသော သတ္တဝါတို့၏ အနှောင်အဖွဲ့မှလွတ်ခြင်းသည် ဖြစ်လတ္တံ့ဟု နှလုံးသွင်း၍ ကောင်းကင်ခရီးဖြင့် လာလတ်ပြီးလျှင် မင်း၏ ဥယျာဉ်၌သက်၍ ရွှေဆင်းတုကဲ့သို့ မင်္ဂလာကျောက်ဖျာအပြင်၌ နေ၏။ လုလင်သည် ဘုရားလောင်းသို့ကပ်၍ရှိခိုးလျက် တင့်အပ်လျောက်ပတ်စွာနေ၍ နှုတ်ခွန်းဆက်ခြင်းကို ပြု၏။ ဘုရားလောင်းသည်လည်း ထိုလုလင်နှင့်တကွ သာယာသောနှုတ်ခွန်း ဆက်ခြင်းကို ပြု၍ လုလင် မင်းကြီးသည် တရားသဖြင့်မင်းပြုပါ၏လောဟု မေး၏။ အရှင်ဘုရား မင်းသည်ကား တရားစောင့်၏။ ထိုသို့စောင့်သော်လည်း ပုဏ္ဏားတို့သည် မင်းကြီးကို ဆိပ်မဟုတ်ရာ၌ ပြေးသွားစေကုန်၏။ မင်းကြီးသည် တဆယ့်ခြောက်ချက်သော အိပ်မက်ကြီးတို့ကိုမြင်မက်၍ ပုဏ္ဏားတို့အားကြား၏။ ပုဏ္ဏားတို့သည် ယဇ်ပူဇော်အံ့ဟု အားထုတ်ကုန်၏။ အရှင်ဘုရား ဤအိပ်မက်တို့၏ ဤမည်သောအကျိုးသည် ဖြစ်လတ္တံ့ဟု မင်းကိုသိစေ၍ အရှင်ဘုရားတို့အား များစွာသောသတ္တဝါအပေါင်းကို ဘေးမှလွတ်စေခြင်းငှါ မအပ်ပါလောဟု လျှောက်၏။ လုလင် ငါတို့သည် မင်းကို မသိကုန်၊ မင်းသည်လည်း ငါတို့ကို မသိ၊ ဤအရပ်သို့လာလတ်၍ အကယ်၍ မေးငြားအံ့၊ ငါတို့သည် ထိုမင်းအား ပြောဆိုကုန်အံ့ဟု ဆို၏။

လုလင်သည် အရှင်ဘုရား အကျွန်ုပ်သည် ထိုမင်းကို ဆောင်ပါအံ့၊ အရှင်ဘုရားတို့သည် အကျွန်ုပ်၏လာခြင်းကို ငံ့လင့်ကုန်လျက် အတန်ငယ်နေတော်မူပါကုန်လောဟု ဘုရားလောင်းကို ဝန်ခံစေ၍ မင်းအထံသို့သွား၍ မြတ်သောမင်းကြီး တယောက်သော ကောင်းကင်ပျံရှင်ရသေ့သည် ရှင်မင်းကြီးတို့သည် မြင်အပ်သောအိပ်မက်တို့၏အကျိုးကို ဟောအံ့ဟု ရှင်မင်းကြီးတို့ကို ခေါ်စေ၏ဟု လျှောက်၏။ မင်းကြီးသည် ထိုလုလင်၏ စကားကိုကြား၍ ထိုခဏ၌သာလျှင် များစွာသောအခြံအရံဖြင့် ဥယျာဉ်သို့သွား၍ ရှင်ရသေ့ကိုရှိခိုးလျက် တင့်အပ်လျောက်ပတ်စွာ နေ၍မေး၏။ အရှင်ဘုရား အရှင်ဘုရားတို့သည် အကျွန်ုပ်သည် မြင်အပ်သော အိပ်မက်တို့၏အကျိုးကို သိတော်မူသလောဟု လျှောက်၏။ မြတ်သောမင်းကြီး သိသည်မှန်၏ဟု ဆို၏။ အရှင်ဘုရား ထိုသို့တပြီးကား ဟောတော်မူကုန်လောဟု လျှောက်၏။ မြတ်သောမင်းကြီး ဟောအံ့၊ ရှေးဦးစွာ မြင်တိုင်းသော အိပ်မက်တို့ကို ဆိုဟု ဆို၏။ အရှင်ဘုရား ကောင်းပြီဟု မင်းကြီးသည်-

ဥသဘာ ရုက္ခာ ဂါဝိယော ဂဝါ စ၊
အဿော ကံသော သိင်္ဂါလီ စ ကုမ္ဘော။
ပေါက္ခရဏီ စ အပါက စန္ဒနံ။
လာဗူနိ သီဒန္တိ သိလာ ပ္လဝန္တိ၊
မဏ္ဍူကိယော ကဏှသပ္ပေ ဂိလန္တိ၊
ကာကံ သုဝဏ်ဏာ ပရိဝါရယန္တိ၊
တသာ ဝကာ ဧဠကာနံ ဘယာဟိ။

ဟူသော မာတိကာကိုထား၍ လျှောက်၏။

ဥသဘာ၊ နွားနက်ဥသဘလေးခုတို့သည် ဝှေ့အံ့သော အခြင်းအရာကိုပြ၍ ဖဲကုန်၏။ ရုက္ခာ၊ ငယ်စွာကုန်သော သစ်ပင်ချုံတို့သည် ပွင့်ကုန် သီးကုန်၏။ ဂါဝိယော၊ နွားမကြီးတို့သည် ယနေ့ မွေးသော နွားမငယ်၏ နို့ကိုစို့ကုန်၏။ ဂဝါစ၊ လှည်း၌ က အပ်ကုန်သောနို့စို့ နိခွါ နွားငယ်တို့သည် ဝန်ကိုမရွက်ဆောင်နိုင်ကုန်။ အဿော၊ နှစ်ဘက်မျက်နှာရှိသောမြင်းသည် နှစ်ဘက်သောခံတွင်းဖြင့် အစာကိုစား၏။ ကံသော၊ အဘိုး တသိန်းထိုက်သော ရွှေလင်ပန်းကို ဤ၌ ကျင်ငယ်စွန့်လောဟု မြေခွေးအား ဆောင်နှင်း၏။ သိင်္ဂါလီစ၊ အထက်၌ ကျစ်အပ်သောလွန်ကို အောက်က မြေခွေးမစား၏။ ကုမ္လော၊ အချည်းနှီးသောအိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုး၌သာရေလောင်း၏။ ပေါက္ခရဏီ စ၊ ရေကန်အလယ်၌ ရေတို့သည်နောက်ကုန်၍ အနား၌ရေတို့သည် ကြည်ကုန်၏။ အပါကံ၊ တလုံးတည်းသောအိုးဖြင့် ချက်အပ်သော ထမင်းသည် သုံးစုအားဖြင့်ကျက်၏။ စန္ဒနံ၊ အဘိုးတသိန်းထိုက်သော စန္ဒကူးနံ့သာကို ရက်တက်ရည်ပုပ်ဖြင့် ရောင်းစား၏။ လာဗုနိ၊ ဗူးတောင်းတို့သည်။ သီဒန္တိ၊ ရေ၌ နစ်ကုန်၏။ သိလာ၊ ကျောက်ဖျာကြီးတို့သည်။ ပ္လဝန္တိ၊ ရေ၌ပေါ်ကုန်၏။ မဏ္ဍူကိယော၊ ဖားမငယ်တို့သည်။ ကဏှသပ္ပေ၊ မြွေဟောက်တို့ကို။ ဂိလန္တိ၊ မျိုကုန်၏။ ကာကံ၊ ကျီးကို။ သုဝဏ္ဏာ၊ ရွှေဟင်္သာတို့သည်။ ပရိဝါရယန္တိ၊ ခြံရံကုန်၏။ တသာ၊ ထိတ်လန့်ခြင်းကို ဖြစ်စေတတ်ကုန်သော။ ဝကာ၊ သစ်တို့သည်။ ဧဠကာနံ၊ ဆိတ်တို့အား။ ဘယာ၊ ကြောက်ကုန်၏။

ဤသို့ ပသေနဒီမင်းကောသလကြီးသည်ဆိုသောနည်းဖြင့်သာလျှင် အိပ်မက်ကိုဆို၏။ ဘုရားလောင်းသည်လည်း ထိုအိပ်မက်တို့၏အကျိုးကို ယခုအခါ၌ မြတ်စွားဘုရားသည် ဟောတော်မူအပ်သောနည်းဖြင့်သာလျှင် အကျယ်အားဖြင့် ဟော၍ အဆုံး၌ မိမိသည် ဝိပ္ပရိယာသော ဝတ္တတိ နယိဓမတ္ထိဟူသော ဤစကားကို ဆို၏။

မဟာရာဇ၊ မြတ်သောမင်းကြီး။ တေသံ ပဋိဃာတာယ၊ ထိုအိပ်မက်၏အကျိုးတို့ကို ဖျောက်ခြင်းငှါ။ ယံ ပနေတံ ယညကမ္မံ၊ အကြင် ယင်အမှုသည်။ ဝတ္တတိ၊ ဖြစ်၏။ တံ၊ ထိုယဇ်အမှုသည်။ ဝိပရိယာသော၊ ဖောက်ပြန်သောအားဖြင့်။ ဝတ္တတိ၊ ဖြစ်၏။ ဣဓ၊ ဤမင်းကြီးလက်ထက် ငါ့လက်တက်ဖြစ်သောကာလ၌။ ဧတေသံ၊ ထိုအိပ်မက်တို့၏။ နိပ္ဖတ္တိ၊ အကျိုးသည်။ နတ္ထိ၊ မရှိ။

မြတ်သောမင်းကြီး ဤအိပ်မက်ဟူသော အကြောင်းကြောင့် သင်မင်းကြီးအား ဘေးသည်၎င်း ကိုယ်လက်ခက်တရော်ဖြစ်ဘွယ်သည်၎င်း မရှိဟု သိစေ၍ များစွာသောသတ္တဝါအပေါင်းကို အနှောင်အဖွဲ့မှလွတ်စေ၍ တဖန် ကောင်းကင်၌ရပ်လျက် မင်းကြီး အဆုံးအမကိုပေး၍ ငါးပါးသောသီလတို့၌တည်စေ၏။ မြတ်သောမင်းကြီး ဤနေ့မှစ၍ ပုဏ္ဏားတို့နှင့် တပေါင်းတည်းဖြစ်၍ သားတို့ကိုသတ်ခြင်းငှါ ယဇ်မည်သည်ကို မပူဇော်လင့်ဟု ဆို၍ တရားဟောပြီးလျှင် ကောင်းကင်ဖြင့်သာလျှင် မိမိနေရာအရပ်သို့သွား၏။ မင်းကြီးသည်လည်း ဘုရားလောင်း၏ အဆုံးအမ၌တည်လျက် ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ မြတ်သောမင်းကြီး ဤအိပ်မက်ဟူသော အကြောင်းကြောင့် သင်မင်းကြီးအား ဘေးမရှိ၊ ယဇ်ပူဇော်ခြင်းကို ပယ်လောဟု ယဇ်ကိုပယ်စေ၍ များစွာသောသတ္တဝါအပေါင်းတို့အား ဇီဝိတဒါနကိုပေးတော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ လုလင် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အိပ်မက်အပြား၊ ဆယ်ခြောက်ပါး၊ ထွတ်ဖျားမဟေ ဟောမြွက်ပေ

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော မဟာသုပိနဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဝရုဏဝဂ်

၈။ ဣလ္လိသဇာတ်

မစ္ဆရိယသူဋ္ဌေးကို အရှင်မောဂ္ဂလာန် ဆုံးမသောအကြောင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဥဘော ခဉ္ဇာအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဣလ္လိသဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မစ္ဆရိယသူဌေးကို အကြောင်းပြု၍ ဟောတော်မူ၏။ ရာဇဂြိုဟ် မြို့၏အနီး၌ သက္ကာရမည်သောနိဂုံးသည် ရှိသတတ်၊ ထိုသက္ကာရ နိဂုံး၌တယောက်သော မစ္ဆရိယမည်သော ကုဋေရှစ်ဆယ်ကြွယ်ဝသောသူဌေးသည်နေ၏။ ထိုသူဌေးသည် မြက်ဖျားဖြင့် ဆီပေါက်ကိုလည်း သူတပါးအား မပေးသလျှင်ကတည်း။ ဤသို့လျှင် ထိုသူဌေး၏ စည်းစိမ်သည် သားမယားအစရှိသည်တို့၏အကျိုးကို မပြီးစေသလျှင်ကတည်း၊ ရဟန်းပုဏ္ဏားတို့၏အကျိုးကို မပြီးစေလျှင်ကတည်း၊ ရက္ခိုသ်စောင့်သောရေကန်ကဲ့သို့ မသုံးမဆောင်ရသည်ဖြစ်၍ တည်၏။ မြတ်စွာဘုရားသည် တနေ့သ၌ မိုးသောက်ထအခါဝယ် မဟာကရုဏာသမာပတ်မှ ထတော်မူ၍ အလုံးစုံသောလောကဓာတ်၌ သစ္စာလေးပါးတရားတို့ကို သိခြင်းငှါထိုက်ကုန်သော အဆွေခင်ပွန်းတို့ကို ကြည့်ကုန်သည်ရှိသော် လေးဆယ့်ငါးယူဇနာထက်၌နေသော မယားနှင့်တကွသော မစ္ဆရိယသူဌေး၏ သောတာပတ္တိဖိုလ်၏ဥပနိဿယကို မြင်တော်မူ၏။

ထိုမြတ်စွာဘုရားသည် မြင်တော်မူသည်မှရှေးဖြစ်သောနေ့၌ကား မင်းကိုခစားအံ့သောငှါမင်းအိမ်သို့သွား၍ မင်းအား ခစားခြင်းကိုပြု၍လာသော မစ္ဆရိယသူဌေးသည် တယောက်သော ထမင်းဆာမွတ်သော ဇနပုဒ်သားလူကို မုယောမုန့်ကို၎င်း၊ အိုးကင်းဖြင့် ကြော်သောမုန့်ကို၎င်း စားသည်ကိုမြင်၍ ထို့မုန့်၌စားချင်ခြင်းကို ဖြစ်စေ၍ မိမိအိမ်သို့သွား၍ ငါသည် အိုကင်းဖြင့် ကြော်သောမုန့်ကိုစားလိုသည်ဖြစ်၏ဟု အကယ်၍ ဆိုအံ့၊ များကုန်သောလူတို့သည် ငါနှင့်တကူ စားလိုကုန်သည်ဖြစ်လတ္တံ့၊ ဤသို့ ဖြစ်သည်ရှိသော် ငါ၏ များစွာကုန်သော ဆန်, ထောပတ်, ပျား, တင်လဲအစရှိသည်တို့သည် ကုန်ခြင်းသို့ရောက်ကုန်လတ္တံ့၊ တစုံတယောက်သောသူအား မပြောဆိုအံ့ဟု ကြံ၏။ ကြံပြီး၍ စားချင်ခြင်းကို သည်းခံလျက်သွား၏။ ထိုမစ္ဆရိယသူဌေးသည် ရှည်မြင့်ခြင်းသို့ ရောက်သည်ရှိသော် ဖက်ရွက်ရော်ကဲ့သို့သော အဆင်းရှိသည်ဖြစ်၏။ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိသည်ဖြစ်၏။ ထို့နောင်မှ စားချင်ခြင်းကို သည်းခံအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ တိုက်ခန်းသို့ဝင်ပြီးလျှင် ညောင်စောင်းငယ်ကိုဖက်၍ လျောင်း၏။ ဤသို့ဖြစ်သော်လည်း ဥစ္စာကုန်အံ့သည်မှ ကြောက်သောကြောင့် တစုံတယောက်သောသူအား တစုံတခုသောစကားကို မဆို။

ထိုအခါ မစ္ဆရိယသူဌေးကို မယားသည်ကပ်၍ ကျောက်ကို ဆုပ်နယ်၍ အရှင်သင့်အား အဘယ်မချမ်းသာခြင်းရှိသနည်းဟု မေး၏။ ငါ့အား တစုံတခုသော မချမ်းသာခြင်းသည် မရှိဟုဆို၏။ သင့်အား မင်းသည် အမျက်ထွက်သလောဟု မေး၏။ ငါ့အား မင်းသည်လည်း အမျက်မထွက်ဟုဆို၏။ ထိုသို့ မင်းအမျက်မထွက်သည်ရှိသော် သင့်အား သားသ္မီးတို့သည်၎င်း၊ ကျွန်အမှုလုပ် အစရှိသည်တို့သည်၎င်း ပြုအပ်သော တစုံတခုသော မနှစ်သက်ဘွယ်သည်ရှိသလောဟု မေး၏။ မရှိဟု ဆို၏။ ထိုသို့ မရှိသည်ရှိသော် သင့်အား တစုံတခုသောဝတ္ထု၌ တောင့်တခြင်းသည် ရှိသလောဟု မေး၏။ ဤသို့ မေးသော်လည်း ဥစ္စာကုန်အံ့သည်မှ ကြောက်သောကြောင့် တစုံတခုသောစကားကို မဆို၊ အသံမရှိသည်ဖြစ်၍သာလျှင် အိပ်၏။

ထိုအခါ ထိုမစ္ဆရိယသူဌေးကို မယားသည် အရှင်ဆိုလော၊ သင့်အား တစုံတခုသောဝတ္ထု၌ တောင့်တခြင်းသည် ရှိသလောဟု ဆို၏။ ထိုမစ္ဆရိယသူဌေးသည် မယားစကားကိုပြက်ရက်ပြုသကဲ့သို့ ငါ့အား တခုသောတောင့်တခြင်းသည် ရှိ၏ဟု ဆို၏။ အဘယ်တောင့်တခြင်းနည်းဟု မေး၏။ ငါသည် အိုးကင်းဖြင့်ကြော်သောမုန့်ကို စားလို၏ဟု ဆို၏။ ထိုသို့စားလိုလျှက် အဘယ်အကျိုးငှါ မဆိုသနည်း၊ သင်သည် ဆင်းရဲသလော၊ ယခုပင် အလုံးစုံသော သက္ကာရနိဂုံး၌နေကုန်သူတို့အား စားလောက်သည်တို့ကိုပြု၍ ကြော်အံ့ဟု ဆို၏။ ထိုအလုံးစုံသောသူတို့ဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်း၊ ထိုသူတို့သည် မိမိတို့အမှုကိုပြု၍ စားကုန်လတ္တံ့ဟု ဆို၏။ ထိုသို့တပြီးကား တလမ်းတည်း၌နေသောသူတို့အား စားလောက်သည်ကိုပြု၍ ကြော်အံ့ဟု ဆို၏။ ငါသည် သင်၏ များစွာသောဥစ္စာရှိသည်၏အဖြစ်ကို သိ၏ဟု ဆို၏။ ထိုသို့တပြီးကား ဤအိမ်၏အနီး၌ အလုံးစုံသောသူတို့အား စားလောက်သည်ကိုပြု၍ ကြော်အံ့ဟု ဆို၏။ ငါသည် သင်၏ အလိုကြီးသောအဖြစ်ကို သိ၏ဟု ဆို၏။ ထိုသို့တပြီးကား သင်၏သားမယားအားသာလျှင် စားလောက်သည်ကိုပြု၍ ကြော်အံ့ဟု ဆို၏။ ထိုသားမယားတို့ဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်းဟုဆို၏။ ထိုသို့တပြီးကား သင့်အား၎င်း ငါ့အား၎င်း စားလောက်သည်ကိုပြု၍ ကြော်အံ့ဟု ဆို၏။ သင်သည် အဘယ်သို့ပြုအံ့နည်းဟု ဆို၏။ ထိုသို့တပြီးကား သင် တယောက်တည်းသာလျှင် စားသောက်သည်ကိုပြု၍ ကြော်အံ့ဟု ဆို၏။

ဤအရပ်၌ကြော်သော် မုန့်ကို များစွာကုန်သောလူတို့သည် တောင့်တကုန်လတ္တံ့၊ မကျိုးသောဆန်တို့ကိုထားခဲ့၍ ကျိုးသော ဆန်တို့ကို၎င်း ခုံလောက်တို့ကို၎င်း အိုးကင်းတို့ကို၎င်းယူခဲ့စေ၍ အတန်ငယ်သော နို့ရည် ထောပတ် ပျား တင်လဲတို့ကိုယူခဲ့၍ ဘုံခုနစ်ဆင့်ရှိသောပြာသာဒ်၏ အထက်ဖြစ်သောအပြင်သို့တက်၍ ကြော်လော၊ ထိုအရပ်၌ ငါတယောက်တည်းသာလျှင် ထိုင်၍စားအံ့ဟုဆို၏။ ထိုသူဌေးမသည်လည်းကောင်းပြီဟုဝန်ခံ၍ ယူအပ်သည်တို့ကို ယူခဲ့စေ၍ ပြာဿာဒ် အထက်သို့တက်ပြီးလျှင် ကျွန်မတို့ကိုလွှတ်လိုက်၍ သူဌေးကို ခေါ်စေပြီး ထိုမစ္ဆရိယသူဌေးသည် အစမှစ၍ တံခါးကိုပိတ်လျက် အလုံးစုံသောတံခါးတို့၌ ကျည်ကျည်ငယ်တို့ကိုလျှို့၍ ဘုံခုနှစ်ဆင့်မြောက်သော ပြာသာဒ်ထက်သို့ တက်ပြီးလျှင် ထိုပြာသာဒ်၌လည်း တံခါးပိတ်၍နေ၏။ ထိုမစ္ဆရိယသူဌေး၏ မယားသည်လည်း ခုံလောက်၌မီးကိုညှိ၍ အိုကင်းကိုတင်၍ မုန့်ကိုကြော်အံ့သောငှါ အားထုတ်၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်စောစောကလျှင် မဟာမောဂ္ဂလာန်ကို မောဂ္ဂလာန် ရာဇဂြိုဟ်မြို့၏အနီး၌ သက္ကာရမည်သောနိဂုံး၌ မစ္ဆရိယသူဌေးသည် အိုကင်းဖြင့်ကြော်သောမုန့်ကို စားအံ့ဟု တပါးကုန်သောသူတို့၏ မြင်ခြင်းမှကြောက်သောကြောင့် ဘုံခုနစ်ဆင့်ရှိသောပြာသာဒ်အထက်၌ မုန့်တို့ကိုကြော်စေ၏။ သင်သည် ထိုအရပ်သို့သွား၍ ထိုသူဌေးကိုဆုံးမ၍ မာနမရှိသည်ကိုပြု၍ သူဌေးလင်မယားနှစ်ယောက်တို့တို့၎င်း နို့ရည်ထောပတ် ပျား တင်လဲတို့ကို၎င်းယူခဲ့၍ သင်၏အစွမ်းဖြင့် ဇေတဝန်ကျောင်းတော်သို့ ဆောင်ခဲ့လော၊ ယနေ့ ငါဘုရားသည် ငါးရာကုန်သောရဟန်းတို့နှင့်တကွ ကျောင်း၌သာလျှင်နေ၍ မုန့်တို့ဖြင့်လျှင် ဆွမ်းစားခြင်း ကိစ္စကို ပြုအံ့ဟု မိန့်တော်မူ၏။ မဟာမောဂ္ဂလာန်မထေရ်သည် အရှင်ဘုရား ကောင်းပါပြီဟု မြတ်စွာဘုရားစကားတော်ကို ဝန်ခံ၏။ ထိုခဏ၌သာလျှင် တန်ခိုးအစွမ်းဖြင့် ထိုသက္ကာရနိဂုံးသို့သွား၍ ထိုပြာသာဒ်၏ ခြင်္သေ့ခံသောလေသာတံခါးဝ၌ ကောင်းစွာဝတ်လျှက် ကောင်းစွာရုံလျှက် ကောင်းကင်၌ သာလျှင် ပတ္တမြားညိုဆင်းတုကဲ့သို့ ရပ်၏။

မဟာမောဂ္ဂလာန်မထေရ်ကို မြင်၍သာလျှင် သူဌေးကြီး၏ နှလုံးသည် တုန်လှုပ်၏။ ငါသည် ဤသို့သဘောရှိသောသူတို့မှ ကြောက်သောကြောင့်သာလျှင် ဤအရပ်သို့လာ၏။ ဤရဟန်းသည်လည်း လာလတ်၍ လေသာတံခါး၌ ရပ်၏ဟု စွဲလမ်းအပ်သော စွဲလမ်းဘွယ်ကို မမြင်သည်ဖြစ်၍ မီး၌ထည့်အပ်သော ဆားကဲ့သို့ ဖြစ်ဖြစ်မြည်လျက် ရဟန်း ကောင်းကင်၌ ရပ်သော်လည်း သင်သည် အဘယ်ကိုရလတ္တံ့နည်း၊ ကောင်းကင်၌ ထိုမှဤမှ ခြေရာကိုပြ၍ စင်္ကြံသွားငြားသော်လည်း မရလတ္တံ့သလျှင်ကတည်းဟု ဆို၏။ မဟာမောဂ္ဂလာန်မထေရ်သည် ထိုအရပ်၌ သာလျှင် ထိုမှဤမှ စင်္ကြံသွားတော်မူ၏။ သူဌေးသည် စင်္ကြံသွားသော်လည်း အဘယ်ကို ရလတ္တံ့နည်း၊ ကောင်းကင်၌ ထက်ဝယ်ဖွဲ့သဖြင့် နေသော်လည်း မရလတ္တံ့သလျှင်ကတည်းဟု ဆို၏။ မဟာမောဂ္ဂလာန်မထေရ်သည် ထက်ဝယ်ဖွဲ့ခွေ နေတော်မူ၏။ ထိုအခါ မဟာမောဂ္ဂလာန်မထေရ်ကို ထက်ဝယ်ဖွဲ့ခွေနေငြားသော်လည်း အဘယ်ကို ရလတ္တံ့နည်း၊ လာလတ်၍ လေသာတံခါးခုံ၌ ရပ်သော်လည်း မရလတ္တံ့ဟု ဆို၏။ မဟာမောဂ္ဂလာန်မထေရ်သည် လေသာ တံခါးခံ၌ ရပ်၏။ လေသာတံခါး၌ ရပ်သော်လည်း အဘယ်ကို ရလတ္တံ့နည်း၊ အခိုးလွှတ်ငြားသော်လည်း မရလတ္တံ့ သလျှင်ကတည်းဟု ဆို၏။

မဟာမောဂ္ဂလာန်မထေရ်သည် အခိုးလွှတ်တော်မူ၏။ အလုံးစုံသောပြာသာဒ်သည် တစပ်တည်းသောအခိုးရှိသည်ဖြစ်၍ သူဌေး၏မျက်စိတို့သည် အပ်ဖြင့်ထိုးဘိသကဲ့သို့ဖြစ်၍ အိမ်ကို မီးလောင်အံ့သည်မှကြောက်ခြင်းကြောင့်ကား အလျှံလွှတ်သော်လည်း မရလတ္တံ့ဟု မဆိုမူ၍ ဤရဟန်းသည် အလွန်တပ်စွန်း၏။ မရဘဲကို မသွားလတ္တံ့၊ ထိုရဟန်းအား တရှက်သော မုန့်ကို လူအံ့ဟုကြ၏။ ကြံပြီး၍ မယားကို ရှင်မ ငယ်စွာသော တရှက်သောမုံကိုကြော်၍ ရဟန်းအားလှူ၍ ထိုရဟန်းကိုလွှတ်လိုက်လောဟု ဆို၏။ သူဌေးမသည် အတန် ငယ်သာလျှင် မုန့်ညက်ကို အိုးကင်း၌ ထည့်၏။ မုန့်ကြီးဖြစ်၍ အလုံးစုံသော အိုးကင်းကိုပြည့်စေ၍ အထက်သို့တက်လျှက် တည်၏။ သူဌေးကြီးသည် မုန့်ကိုမြင်၍ သင်သည်များစွာသော မုန့်ညက်ကို ထည့်သည်ဖြစ်လတ္တံ့ဟု ဆို၍ မိမိကိုယ်တိုင်သာလျှင် ယောက်မစွန်းဖြင့် အတန်ငယ်မုန့်ညက်ကိုယူ၍ ထည့်၏။ မုန့်ညက်သည် ရှေးကမုန့်ထက် အလွန်ကြီးသည်ဖြစ်၏။ ဤသို့လျှင် အကြင် အကြင် မုန့်ကို ကြော်၏။ ထိုထိုမုန့်သည်ကြီးသည်သာလျှင်ဖြစ်၏။ ထိုသူဌေးကြီးသည် ငြီးငွေ့သည်ဖြစ်၍ မယားကို ရှင်မ ရဟန်းအား တရှက်သောမုန့်ကို လှူလောဟု ဆို၏။ ထိုသူဌေးမသည် တောင်းမှမုန့်ကိုယူသည်ရှိသော် အလုံးစုံမုန့်တို့သည် တစပ်တည်းဖြစ်၍ကပ်ငြိကုန်၏။

ထိုသူဌေးမသည် သူဌေးကြီးကို အရှင်အလုံးစုံသောမုန့်တို့သည် တစပ်တည်းကပ်ငြိကုန်သည်ဖြစ်၍ ခွဲအံ့သောငှါ မတတ်နိုင်ဟု ဆို၏။ ငါပြုအံ့ဟု ဆို၍ ထိုသူဌေးသည်လည်း ပြုခြင်းငှာ မတတ်နိုင်၊ နှစ်ယောက်ကုန်သောသူတို့သည် အစွန်းကိုကိုင်၍ ငင်သော်လည်း ခွဲအံ့သောငှါ မတတ်နိုင်ကုန်သည်သာလျှင်တည်း၊ ထိုအခါ မုံတို့နှင့်တကွ လုံ့လပြုစဉ်၌သာလျှင် သူဌေးကြီးကိုယ်မှ ချွေးတို့သည်ထွက်ကုန်၏။ စားချင်ခြင်းသည် ပြတ်၏။ ထို့နောင်မှ သူဌေးမကို ရှင်မ သင်၏မုန့်တို့ဖြင့် အလိုမရှိ၊ တောင်းနှင့်တကွသာလျှင် ရဟန်းအား လူလောဟုဆို၏။ ထိုသူဌေးမသည် တောင်းကိုယူ၍ မဟာမောဂ္ဂလာန်မထေရ်သို့ ကပ်ပြီးလျှင် အလုံးစုံသောမုန့်ကို မထေရ်အားလှူ၏။ မဟာမောဂ္ဂလာန်မထေရ်သည် နှစ်ယောက်သောသူတို့အားလည်း တရားဟောတော်မူ၏။ ရတနာသုံးပါးတို့၏ဂုဏ်ကျေးဇူးကို ဟောတော်မူ၏။ အလှူ၏ အကျိုးသည် ရှိ၏။ ပူဇော်ခြင်း၏အကျိုးသည် ရှိ၏ဟု ဒါနအစရှိသည်တို့၏အကျိုးကို ကောင်းကင်၌ လပြည့်ဝန်းကဲ့သို့ ပြတော်မူ၏။ ထိုတရားကိုနာရလျှင် ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍ သူဌေးကြီးသည် အရှင်ဘုရား ကြွတော်မူ၍ ဤပလ္လင်၌နေ၍ မုန့်တို့ကို ဘုဉ်းပေးတော်မူပါဟု လျောက်၏။

မဟာမောဂ္ဂလာန်မထေရ်သည် သူဌေးကြီး မြတ်စွာဘုရားသည် မုန့်တို့ကိုဘုဉ်းပေးအံ့ဟု ငါးရာကုန်သောရဟန်းတို့နှင့်တကွ ကျောင်း၌နေတော်မူ၏။ သင်တို့ အလိုရှိသည်ရှိသော် သူဌေးမကို မုန့်တို့ကို၎င်း နို့ရည်အစရှိသည်တို့ကို၎င်းယူခဲ့စေကုန်လော၊ မြတ်စွာဘုရားအထံသို့ သွားကုန်အံ့ဟုမိန့်တော်မူ၏။ အရှင်ဘုရား ယခုအခါ၌ မြတ်စွာဘုရားသည် အဘယ်မှာနည်းဟု လျှောက်၏။ သူဌေးကြီး မြတ်စွာဘုရားသည် ဤသက္ကာရနိဂုံးမှ လေးဆယ့်ငါးယူဇနာထက်ဇေတဝန် ကျောင်းတော်၌ နေတော်မူသည်ဟု မိန့်တော်မူ၏။ အရှင်ဘုရား ကာလကိုမလွန်မူ၍ ဤမျှသောခရီးကို အသို့သွားကုန်ရအံ့နည်းဟု လျှောက်၏။ သူဌေးကြီး သင်တို့အလိုရှိသည်ရှိသော် ငါသည် သင်တို့ကို ငါ၏တန်းခိုးအစွမ်းအားဖြင့် ဆောင်အံ့၊ သင်တို့ပြာဿာဒ်၌ စောင်းတန်းဦးသည် တည်မြဲတိုင်းသောအရပ်၌သာ ဖြစ်လတ္တံ့၊ စောင်းတန်းခြေရင်းသည်ကား ဇေတဝန်ကျောင်းတော် တံခါးမုတ်၌ဖြစ်လတ္တံ့၊ ပြာဿာဒ်ထက်မှ အောက်သို့သက်ကာမျှဖြင့် ဇေတဝန်ကျောင်းတော်သို့ ဆောင်အံ့ဟု မိန့်တော်မူ၏။ ထိုသူဌေးကြီးသည် အရှင်ဘုရား ကောင်းပြီဟု ဝန်ခံ၏။ ရှင်မောဂ္ဂလာန်မထေရ်သည် စောင်းတန်းဦးကို ထိုတည်မြဲတိုင်းသော အရပ်၌သာလျှင်ပြု၍ စောင်းတန်းခြေရင်းသည် ဇေတဝန်ကျောင်းတော်တံခါးမုတ်၌ ဖြစ်စေဟုအဓိဋ္ဌာန်တော်မူ၏။ ထိုသို့အဓိဋ္ဌာန်တော်မူတိုင်းသာလျှင် ဖြစ်၏။

ဤသို့လျှင် မဟာမောဂ္ဂလာန်မထေရ်သည် သူဌေးကြီးကို၎င်း သူဌေးမကို၎င်း ပြသာဒ်ထက်မှအောက်သို့ ဆင်းသက်သောကာလထက် အလွန်လျှင်စွာ ဇေတဝန်ကျောင်းတော်သို့ ရောက်စေ၏။ ထိုသူဌေးလင်မယားနှစ်ယောက်တို့သည်လည်း မြတ်စွာဘုရားသို့ဆည်းကပ်ပြီးလျှင် ရှိခိုး၍ အခါကို ကြား လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ဆွမ်းစားစရပ်သို့ဝင်တော်မူ၍ ခင်းအပ်သော မြတ်သောဘုရားနေရာတော်၌ ရဟန်း သံဃာနှင့်တကွ နေတော်မူ၏။ သူဌေးကြီးသည် ဘုရားအမှူးရှိသောရဟန်း သံဃာအား အလှူရေစက်ကိုသွန်း၏။ သူဌေးကြီးမယားသည်လည်း မြတ်စွာဘုရားသပိတ်တော်၌ မုန့်ကိုထည့်၏။ မြတ်စွာဘုရားသည် ကိုယ်တော်မြတ်လောက်ရုံသော မုန့်ကိုခံတော်မူ၏။ ငါးရာကုန်သောရဟန်းတို့သည် မြတ်စွာဘုရားအတူသာလျှင် ခံကုန်၏။ သူဌေးကြီးသည် လှူအပ်ကုန်သော နို့ရည် ထောပတ် ပျား တင်လဲ သကာ အစရှိသည်တို့သည် ကုန်ခြင်းသို့ မရောက်ကုန်၊ မြတ်စွာဘုရားသည် ငါးရာကုန်သော ရဟန်းတို့နှင့်တကွ ဆွမ်းစားခြင်းကိုပြီးစေတော်မူ၏။ သူဌေးကြီးသည်လည်း သူဌေးမနှင့်တကွ အလိုရှိတိုင်းစား၏။ မုန့်တို့၏ကုန်ခြင်းသည် မထင်သည်သာလျှင်တည်း။ အလုံးစုံသောကျောင်း၌ ရဟန်းတို့အား၎င်း, စားကြွင်းစားတို့အား၎င်း ပေးသော်လည်း ကုန်ဆုံးခြင်းသည် မထင်၊ အရှင်ဘုရား မုန့်တို့သည် ကုန်ခြင်းသို့မရောက်နိုင်ကုန်ပြီဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။ ညထိုသို့တပြီးကား ဇေတဝန် ကျောင်းတော်တံခါးမုတ်၌ စွန့်ကုန်လောဟု မိန့်တော်မူ၏။

ထိုအခါ မုံတို့ကို တံခါးမုတ်၏အနီး ချိုင့်ဝှမ်းရာအရပ်၌ စွန့်ကုန်၏။ ယနေ့ထက်တိုင်လည်း ထိုအရပ်သည် အိုးကင်းကြော်မုန့်တို့ကို စွန့်ရာကျင်းဟူ၍သာလျှင် ထင်ရှား၏။ သူဌေးကြီးသည် မယားနှင့်တကွ မြတ်စွာဘုရားသို့ဆည်းကပ်၍ တင့်အပ်သောအရပ်၌တည်၏။ မြတ်စွာဘုရားသည် တရားဟောတော်မူ၏။ တရားတော်၏အဆုံး၌ သူဌေးလင်မယားနှစ်ယောက်တို့သည်လည်း သောတာပတ္တိဖိုလ်၌တည်၍ မြတ်ဘုရားကို ရှိခိုးပြီးလျှင် တံခါးမုတ်အနီး စောင်းတန်းသို့တက်၍ မိမိတို့၏ ပြာသာဒ်၌ သာလျှင် တည်ကုန်၏။ ထိုအခါမှစ၍ မစ္ဆရိယသူဌေးကြီးသည် ကုဋေရှစ်ဆယ်သောဥစ္စာကို မြတ်စွာဘုရားသာသနာတော်၌သာလျှင် လှူဒါန်းပူဇော်၏။ နက်ဖြန်နေ့၌ မြတ်စွာဘုရားသည် သာဝတ္ထိမြို့၌ဆွမ်းခံတော်မူပြီးလျှင် ဇေတဝန်ကျောင်းတော်သို့လာတော်မူလတ်၍ ရဟန်းသံဃာအား ဘုရားတို့၏အဆုံးအမကို ပေးတော်မူပြီးလျှင် ဂန္ဓကုဋိဝင်တော်မူ၍ ဖလသမာပတ်ကို ဝင်စားတော်မူသည်ရှိသော် ညချမ်းအခါ တရားသဘင်၌ စည်းဝေးကုန်သောရဟန်းတို့သည် ငါ့သျှင်တို့ မဟာမောဂ္ဂလာန်၏တန်ခိုးကို ကြည့်ကြပါကုန်လော၊ မစ္ဆရိယသူဌေးကြီးကို တခဏခြင်းဖြင့် ဆုံးမပြီးလျှင်ညမာန်မရှိသည်ကိုပြု၍ မုန့်တို့ကိုယူခဲ့စေပြီးလျှင် ဇေတဝန်ကျောင်းတော်သို့ဆောင်၍ မြတ်စွာဘုရားမျက်မှောက်တော်၌ တည်သည်ကိုပြု၍ သောတာပတ္တိဖိုလ်၌တည်စေ၏။ မထေရ်သည် အာနုဘော်ကြီး၏ဟု မဟာမောဂ္ဂလာန်မထေရ်၏ ကျေးဇူးစကားကို ပြောဆိုလျက်နေကြကုန်၏။

မြတ်စွာဘုရားသည် ကြွတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မိန့်တော်မူ၍ ဤမည်သော စကားဖြင့်စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဒါယကာတို့ကို ဆုံးမသော ရဟန်းမည်သည်ကား ဒါယကာတို့ကို မညှဉ်းဆဲမူ၍ မပင်ပန်းစေမူ၍ ပန်းပွင့်မှပန်းယက်ယူသော ပျားပိတုန်းကဲ့သို့ ဒါယကာတို့သို့ကပ်ပြီးလျှင် ဘုရားဂုဏ်ကျေးဇူးကို သိစေအပ်၏ဟု မဟာမောဂ္ဂလာန်မထေရ်ကို ချီးမွမ်းတော်မူလိုရကား... -

ယထာပိ ဘမရော ပုပ္ဖံ၊ ဝဏ္ဏဂန္ဓမဟေဌေယံ။
ပလေတိ ရသမာဒါယ၊ ဧဝံ ဂါမေ မုနီ စရေ။

ဟူသော ဓမ္မပဒ၌လာသောဤဂါထာကို ဟောတော်မူ၏။

ဘမရော၊ ပျားပိတုန်းသည်။ ပုပ္ဖံ-ပုပ္ဖဿ၊ ပန်းပွင့်၏။ ဝဏ္ဏဂန္ဓံ၊ အဆင်းအနံ့ကို။ အဟေဌယံ-အဟေဌယန္တော၊ မပျက်စီးစေမူ၍။ ရသံ၊ ပန်းယက်ကို။ အာဒါယ၊ ယူ၍။ ပလေတိ ယထာပိ၊ ပျံသကဲ့သို့လည်း။ ဧဝံ-တထာ၊ ထို့အတူ။ ဂါမေ၊ ရွာ၌။ မုနီ၊ ရဟန်းသည်။ စရေ၊ ကျင့်ရာ၏။

ဤသို့ ဟောတော်မူပြီး၍အလွန်လည်း မဟာမောဂ္ဂလာန်မထေရ်၏ ဂုဏ်ကျေးဇူးကိုပြတော်မူအံ့သောငှါ ရဟန်းကို ယခုအခါ၌သာလျှင် မဟာမောဂ္ဂလာန်သည် ဤမစ္ဆရိယသူဌေးကြီးကို ဆုံးမသည် မဟုတ်သေး၊ ရှေး၌လည်း ထိုမစ္ဆရိယသူဌေးကို ဆုံးမ၍ ကံ ကံ၏အကျိုးနှင့်စပ်သည်ကို သိစေဘူးသည်သလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ရာဇဂြိုဟ်ပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဣလ္လိသမည်သော ကုဋေရှစ်ဆယ်ကြွယ်သောသူဌေးသည် ဖြစ်၏။ ထိုဣလ္လိသသူဌေးသည် ယောက်ျားယုတ်တို့၏အပြစ်နှင့်ပြည့်စုံ၏။ ခွင်သော ခြေရှိ၏။ ကောက်သော လက်ရှိ၏။ စေ့သော မျက်စိရှိ၏။ သဒ္ဓါခြင်းမရှိ၊ ကြည်ညိုခြင်းမရှိ၊ ဝန်တို့၏။ သူတပါးတို့အား မပေးသလျင်ကတည်း၊ မိမိသည်လည်း မသုံးဆောင်သလျှင်ကတည်း၊ ရက္ခိုသ်စောင့်သော ရေကန်ကဲ့သို့ ထိုဣလ္လိသသူဌေး၏အိမ်သည်ဖြစ်၏။ ထိုဣလ္လိသသူဌေး၏ အမိအဘတို့သည်ကား အမျိုးခုနစ်ဆက်တိုင်အောင် အလှူပေးတတ်သော အလှူရှင်တို့သည် ဖြစ်ကုန်၏။ ထိုဣလ္လိသသည် သူဌေးအရာကိုရ၍သာလျှင် အမျိုး၏အနွယ်ကို ဖျက်ဆီး၍ ဒလှူတင်းကုပ်ကိုမီးတိုက်၍ အလှူခံတို့ကိုပုတ်ခတ်၍ နှင်ထုတ်၍ ဥစ္စာကိုသာလျှင်တည်စေ၏။ ထိုဣလ္လိသသူဌေးသည် တနေ့သ၌ မင်းခစားအံ့သောငှါသွား၍။ မိမိအိမ်သို့လာခဲ့သည်ရှိသော် တယောက်သော ခရီးပင်ပန်းသောလူသည် တခုသော သုရာခွက်ကိုယူ၍ အင်းပျဉ်၌ ထိုင်၍ ခြင်သောသုရာခွက်ကိုပြည့်စေ၍ ငါးပုပ်ခတ်သောဟင်းလျာဖြင့် သောက်သည်ကိုမြင်၍ သုသောက်လိုသည်ဖြစ်၍ ငါသည် သုရာကို အကယ်၍ သောက်အံ့၊ ငါသောက်သည်ရှိသော် များစွာသောသူတို့သည် သောက်လိုသည် ဖြစ်ကုန်လတ္တံ့၊ ဤသို့ သောက်သည်ရှိသော် ငါ့အား ဥစ္စာကုန်ခြင်းသည် ဖြစ်လတ္တံ့ဟု ကြံ၏။ ကြံပြီး၍ ထိုဣလ္လိသသူဌေးသည် သေသောက်ခြင်းကို သည်းခံလျက်သွား၏။ ရှည်မြင့်သောကာလ ရောက်လတ်သော် သည်းခံအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ကြိတ်အပ်သောဝါဂွမ်းကဲ့သို့ ဖြော့တော့သော ကိုယ်ရှိသည်ဖြစ်၏။ အကြောပြိုင်းပြိုင်း ထသောကိုယ်ရှိသည် ဖြစ်၏။

ထိုအခါ တနေ့သ၌ တိုက်ခန်းသို့ဝင်ပြီးလျှင် ညောင်စောင်းငယ်ကိုဖက်၍ လျောင်း၏။ ထိုဣလ္လိသသူဌေးကို မယားသည်ချဉ်းကပ်၍ ကျောက်ကိုဆုပ်နယ်လျှက် အရှင်သင့်အား အဘယ် မချမ်းသာသနည်းဟု မေး၏။ အလုံးစုံသောစကားကို အောက်၌ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင် သိအပ်၏။ ထိုသို့တပြီးကား သင်တယောက်တည်းသာလျှင် သောက်လောက်သောသေကို ပေးအံ့ဟုဆိုသည်ရှိသော် အိမ်၌ သုရာကိုစီရင်သဖြင့် များစွာကုန်သောသူတို့သည် တောင့်တကုန်လတ္တံ့၊ အိမ်ဈေးမှ ဆောင်စေ၍လည်း အိမ်၌နေ၍သောက်အံ့သောငှါ မတတ်နိုင်ဟု ကြံ၍ တပဲမျှသောဥစ္စာကိုပေး၍ အိမ်ဈေးမှ သေကိုဆောင်စေ၍ အစေ အပါးကိုယူခဲ့စေပြီးလျှင် မြို့မှထွက်ခဲ့၍ မြစ်ကမ်းသို့သွား၍ ခရီးမ၏အနီး၌ တခုသောချူံသို့ဝင်၍ သေခွက်ကိုထားခဲ့ပြီးလျှင် သင်သည် သွားလေလောဟု အစေအပါးကို အဝေး၌ နေစေ၍ သေခွက်ကိုပြည့်စေလျက် သေကိုသောက်အံ့သောငှါ အားထုတ်၏။ ထို့ဣလ္လိသသူဌေး၏အဘသည်ကား ဒါနအစရှိသော ကောင်းမှုတို့ကို ပြုသည်၏အဖြစ်ကြောင့် နတ်ပြည်၌ သိကြားမင်း၏ အဖြစ်ဖြင့်ဖြစ်၏။ ထိုသိကြားမင်းသည် ထိုခဏ၌ပင် ငါ၏အလှူတင်းကုပ်သည် ရှိသေးသလော မရှိပြီလောဟု ဆင်ခြင်သည်ရှိသော် ထိုအလှူတင်းကုပ်မရှိသောအဖြစ်ကိုသိ၍ ငါ၏ အမျိုးအနွယ်ကို ဖျက်ဆီး၍ အလှူတင်းကုပ်ကိုမီးတိုက်၍ အလှူခံတို့ကို နှင်ထုတ်၍ ဝန်တိုသောအဖြစ်၌တည်၍ ယခုလည်း တပါးသောသူတို့အား ပေးအပ် သည်ဖြစ်လတ္တံ့ဟု ပေးရအံ့သည်မှကြောက်သောကြောင့် ချုံသို့ဝင်၍ တယောက်တည်းသာလျှင် သေသောက်သည်၏ အဖြစ်ကိုလည်းမြင်၍ သွားချေအံ့၊ ထိုဣလ္လသကို ချောက်ချားစေ၍ ဆုံးမ၍ ကံကံ၏အကျိုးနှင့်စပ်သည်ကို သိစေ၍ အလှူပေးပြီးလျှင် နတ်ပြည်၌ဖြစ်ခြင်းငှါထိုက်သည်ကို ပြုအံ့ဟု လူ့ပြည်သို့သက်၍ ဣလ္လိသသူဌေးနှင့်တူစွာ ခွင်သောခြေရှိသော ကောက်သောလက်ရှိသော စွေသောမျက်စိရှိသော အတ္တဘောကိုဖန်ဆင်းပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ဝင်၍ မင်း၏ နန်းတော်တံခါး၌ရပ်ပြီးလျှင် မိမိ၏လာသောအဖြစ်ကို မင်းအားကြားစေလျက် ဝင်စေဟုဆိုသည်ရှိသော် နန်းတော်သို့ဝင်၍ မင်းကိုရှိခိုးလျက် တည်၏။

မင်းကြီးသည် သူဌေးကြီး အခါမဟုတ်သည်၌ အဘယ့်ကြောင့်လာသနည်းဟုမေး၏။ အရှင်မင်းကြီး အခါမဟုတ်သည်၌ လာသည်မှန်၏။ အကျွန်ုပ်၏အိမ်၌ ကုဋေရှစ်ဆယ်ပမာဏရှိသော ဥစ္စာသည် ရှိ၏။ ထိုဥစ္စာကို အရှင်မင်းကြီးသည် ဆောင်စေ၍ အရှင်မင်းကြီး၏ ဘဏ္ဍာတိုက်ကိုပြည့်စေလောဟု ဆိုသည်ရှိသော် သူဌေးကြီး ငါသည် အလိုမရှိ၊ သင်၏ဥစ္စာထက် ငါတို့၏အိမ်၌ဥစ္စာသည် အလွန်များ၏ဟု ဆို၏။ အရှင်မင်းကြီး ရှင်မင်းကြီးတို့အား ကိစ္စသည် အကယ်၍ မရှိအံ့၊ အကျွန်ုပ်သည် အလိုရှိတိုင်းဥစ္စာကိုယူ၍ အလှူပေးအံ့ဟု ဆို၏။ သူဌေးကြီးပေးလာဟု ဆို၏။ ထိုသိကြားသည် ရှင်မင်းကြီး ကောင်းပြီဟု မင်းကြီးကိုရှိခိုး၍ ထွက်ခဲ့ပြီးလျှင် ဣလ္လိသသူဌေးအိမ်သို့ သွား၏။ အလုံးစုံသော အလုပ်အကျွေးလူတို့သည် ခြံရံကုန်၍ တယောက်သောသူမျှလည်း ဤသူသည် ဣလ္လိသသူဌေးမဟုတ်ဟူ၍ သိခြင်းငှါ စွမ်းနိုင်သောသူမည်သည်မရှိ၊ ထိုသိကြားသည် အိမ်သို့ဝင်၍ တံခါးခုံအတွင်း၌ရပ်လျက် တံခါးစောင့်ကိုခေါ်၍ တပါးသော ငါနှင့်တူသောသဘောရှိသော အကြင်သူသည်လာလတ်၍ ဤအိမ်သည် ငါ့အိမ်တည်းဟု ဝင်အံ့သောငှါလာအံ့၊ ထိုသူကို ကျောက်၌ ကြိမ်ဖြင့်ရိုက်၍ နှင်ထုတ်ကုန်လောဟု ဆိုပြီး၍ ပြာသာဒ်ထက်သို့ တက်ပြီးလျှင် မြတ်သောသူတို့အားသာထိုက်သော နေရာ၌နေ၍ သူဌေးမကိုခေါ်စေ၍ ပြုသောအခြင်းအရာကို ပြ၍ ရှင်မ အလှူပေးကြကုန်အံ့ဟု ဆို၏။ ထိုသိကြားစကားကို ကြား၍သာလျှင် သူဌေးမယားသည်၎င်း, သားသ္မီးတို့သည်၎င်း ကျွန်အမှုလုပ်အစရှိသောသူတို့သည်၎င်း ဤမျှသော ကာလတိုင်အောင် အလှူပေးအံ့သောငှာ စိတ်မျှသည်ပင်လျှင် မရှိ၊ ယနေ့မူကား သေကိုသောက်၍ နူးညံ့သောစိတ်ရှိသည်ဖြစ်၍ လှူလိုသော သဘောရှိသည်ဖြစ်လတ္တံ့ဟု ဆိုကုန်၏။

ထိုအခါ သိကြားကို သူဌေးမသည် အရှင်အလိုရှိတိုင်း ပေးကုန်လောဟုဆို၏။ ထိုသို့တပြီးကား စည်တီးတတ်သောသူကို ခေါ်၍ ရွှေ ငွေ ပတ္တမြား ပုလဲအစရှိသည်တို့ဖြင့် အလိုရှိကုန်သော သူတို့သည် ဣလ္လိသသူဌေးအိမ်သို့ သွားစေကုန်သတည်းဟု အလုံးစုံသောမြို့၌ စည်လည်စေလေဟု ဆို၏။ ထိုသူဌေးမယားသည်လည်း သိကြားဆိုတိုင်းသာလျှင်ပြုစေ၍ လူအများသည် တောင်းအိတ် အစရှိသည်တို့ကိုယူ၍ အိမ်တံခါး၌ စည်းဝေး၏။ သိကြားသည် ရတနာခုနစ်ပါးတို့ဖြင့် ပြည့်ကုန်သောတိုက်တို့ကို ဖွင့်စေ၍ သင်တို့အား ငါပေး၏။ အလိုရှိတိုင်းယူ၍ သွားကုန်လောဟု ဆို၏။ လူအများသည် ဥစ္စာကိုထုတ်၍ ကျယ်သောအပြင်၌ အစုကိုပြု၍ ဆောင်ခဲ့သောတောင်းအိတ်အစရှိသည်တို့ကို ပြည့်စေ၍ သွား၏။ တယောက်သော ဇနပုဒ်သားသည် ဣလ္လိသသူဌေး၏ နွားတို့ကို သူဌေး၏ရထား၌သာလျှင် က၍ ရတနာခုနစ်ပါးတို့ဖြင့် ပြည့်စေ၍ မြို့မှထွက်လတ်ပြီးလျှင် ခရီးမဖြင့်သွား၍ ထိုချုံ၏အနီးဖြင့် ထိုရထားကိုနှင်လျက် အရှင်ဣလ္လိသသူဌေး သင့်ကိုမှီ၍ ယခုအခါငါသည် အသက်ထက်ဆုံး အမှုကို မပြုမူ၍ အသက်မွေးအပ်သည် ဖြစ်၏။ သင်၏ရထားသာလျှင်တည်း၊ သင်၏နွားတို့တည်း၊ သင်၏ရတနာခုနစ်ပါးတို့တည်း၊ ငါ၏အမိသည် မပေးအပ်သလျှင်ကတည်း၊ ငါ၏အဘသည် မပေးအပ်သလျှင်ကတည်း၊ သင့်ကိုသာလျှင်မှီ၍ ရအပ်ကုန်၏။ အရှင်သူဌေးကြီး သင်သည် အနှစ်တရာအသက်ရှည်ပါစေသတည်းဟု သူဌေးကြီး၏ ကျေးဇူးစကားကို ဆိုလျက် သွား၏။

ထိုဣလ္လိသသူဌေးသည် အသံကိုကြား၍ ကြောက်လန့်သည်ဖြစ်၍ ဤသူသည် ငါ၏နှစ်သက်ဘွယ်ကိုယူ၍ ဤမည်သောစကား ဤမည်သောစကားကို ဆို၏။ ငါ၏ဥစ္စာကို မင်းကြီးသည် လူများအား ပေးလေသလောဟု ကြံ၏။ ကြံပြီးလျှင် ချုံမှထွက်၍ နွားတို့ကို၎င်း ရထားတို့ကို၎င်းသိ၍ ဟယ် ကျွန်ယုတ် ငါ၏ နွားတို့တည်း၊ ငါ၏ ရထားတည်းဟု ဆို၍ နွားတို့ကို နဖားကြိုး၌ကိုင်၏။ ဇနပုဒ်သားသည် ရထားမှသက်လတ်၍ ဟယ် ကျွန်ယုတ် ဣလ္လိသသူဌေးကြီးသည် အလုံးစုံသော မြို့သူမြို့သားတို့အားအလှူပေး၏။ သင်သည် အသို့ဖြစ်သနည်းဟု ပြေးလာ၍ မိုဃ်းကြိုးကျသကဲ့သို့ လည်၌ရိုက်ခတ်ပြီးလျှင် ရထားကိုယူ၍သွား၏။ ထို့ဣလ္လိသသူဌေးသည် တဖန်တုန်တုန်လှုပ်လှုပ်နှင့်ထ၍ မြေမှုန့်ကိုသုတ်၍ လျှင်မြန်သဖြင့်သွား၍ ရထားကိုကိုင်၏။ ဇနပုဒ်သားသည် ရထားမှသက်၍ ဆံပင်တို့၌ ကိုင်၍ ညွတ်စေပြီးလျှင် တတောင်တို့ဖြင့် ထောင်း၍ လည်၌ကိုင်ပြီးလျှင် လာရာခရီးသို့ ရှေးရူ၍ ပစ်လိုက်၍ သွား၏။ ဤသို့ ထောင်းသတ်ကာမျှဖြင့် ဣလ္လိသသူဌေး၏သုရာယစ်ခြင်းသည် ပြေ၏။

ထိုဣလ္လိသသူဌေးသည် တုန်လှုပ်လျက် လျှင်မြန်သဖြင့် အိမ်တံခါးသို့သွားလျက် ဥစ္စာတို့ကိုယူ၍သွားကုန်သော လူတို့ကိုမြင်၍ အချင်းတို့ ဤအမှုသည် အဘယ်မည်သောအမှုနည်း၊ မင်းကြီးသည် ငါ၏ဥစ္စာကို လုယက်စေသလောဟုဆို၍ ထိုထိုသူတို့ကိုသွား၍ ကိုင်၏။ ကိုင်တိုင်းကိုင်တိုင်းသော သူတို့သည် ပုတ်ခတ်ကုန်၍ ခြေရင်း၌သာလျှင် တည်စေကုန်၏။ ထိုဣလ္လိသသူဌေးသည် ဝေဒနာသို့ရောက်သည်ဖြစ်၍ အိမ်သို့ဝင်အံ့သောငှါအားထုတ်၏။ တံခါးစောင့်ရှိသည် ဟယ်သူယုတ် အဘယ်သို့ ဝင်အံ့နည်းဟုဆို၍ ဝါးခြမ်းစိတ်တို့ဖြင့်ရိုက်ခတ်ပြီးလျှင် လည်၌ကိုင်၍ ငင်ထုတ်ကုန်၏။ ထိုဣလ္လိသသူဌေးသည် ယခုအခါ မင်းကိုထား၍ မင်းမှတပါးသော တစုံတယောက်သော ကိုးကွယ်ရာဖြစ်သောသူ မရှိဟု မင်း၏အထံသို့သွား၍ ရှင်မင်းကြီး အကျွန်ုပ်၏အိမ်ကို ရှင်မင်းကြီးတို့သည် လုယက်စေကုန်သလောဟု လျှောက်၏။ သူဌေးကြီး ငါ မလုယက်စေ သင်သည်ပင်လျှင်လာ၍ မင်းကြီးတို့သည် အကယ်၍ မယူကုန်အံ့၊ အကျွန်ုပ်၏ဥစ်စာကို အကျွန်ုပ်သည်ပင် အလှူပေးပါကုန်အံ့ဟုမြို့၌ စည်ကိုလည်စေ၍ လှူပေးသည် မဟုတ်လောဟု ဆို၏။ ရှင်မင်းကြီး အကျွန်ုပ်သည် အရှင်မင်းကြီး၏ အထံသို့မလာရပါ၊ အရှင်မင်းကြီးတို့သည် အကျွန်ုပ်၏ ဝန်တိုသောအဖြစ်ကို မသိကုန်လော၊ အကျွန်ုပ်သည် မြက်ဖျားဖြင့် ဆီပေါက်ကိုလည်း တစုံတယောက်သောသူအား မပေး၊ အရှင်မင်းကြီး အကြင်သူသည် အလှူပေး၏။ ထိုသူကိုခေါ်စေ၍ စုံစမ်းတော်မူကုန်လောဟု လျှောက်၏။

မင်းကြီးသည် သိကြားကိုခေါ်စေ၍ နှစ်ယောက်ကုန်သော သူတို့၏အထူးကို မသိသလျှင်ကတည်း၊ အမတ်တို့သည်လည်း မသိကုန်သလျှင်ကတည်း၊ ဣလ္လိသသူဌေးသည် ရှင်မင်းကြီး အသို့နည်း၊ အကျွန်ုပ်သည် ဣလ္လိသသူဌေးတည်းဟု ဆို၏။ ငါတို့သည် မသိကုန် သင့်အားသိသောသူ ရှိသလောဟုဆို၏။ ရှင်မင်းကြီး အကျွန်ုပ်၏မယားသည် သိပါ၏ဟုဆိုသည်ရှိသော် မယားကိုခေါ်စေ၍ သင်၏လင်သည် အဘယ်သူနည်းဟု မေး၏။ ထိုမယားသည် ဤသူသည် အကျွန်ုပ်၏လင်တည်းဟုဆို၍ သိကြ၏အထံ၌သာလျှင် တည်၏။ သားတို့ကို၎င်း ကျွန်အမှုလုပ်တို့ကို၎င်းခေါ်စေ၍ မေးကုန်၏။ အလုံးစုံသောသူတို့သည် သိကြား၏အထံ၌သာ တည်ကုန်၏။ တဖန် ဣလ္လိသသူဌေးသည် ငါ၏ဦးခေါင်း၌ ဆံတို့ဖြင့်ဖုံးလွှမ်းသော မှဲ့သည် ရှိ၏။ ထိုမှဲ့ကိုကား ဆတ္တာသည်သည်သာလျှင် သိ၏။ ထို ဆတ္တာသည်ကို ခေါ်စေအံ့ဟု ကြံ၏။ ကြံပြီးလျှင် ထိုဣလ္လိသသူဌေးသည် အရှင်မင်းကြီး အကျွန်ုပ်ကို ဆတ္တာသည်သည် သိ၏။ ထို ဆတ္တာသည်ကို ခေါ်တော်မူပါစေကုန်လောဟု လျှောက်၏။

ထိုအခါ၌ကား ဘုရားလောင်းသည် ထိုဣလ္လိသသူဌေး၏ ဆတ္တာသည် ဖြစ်၏။

မင်းကြီးသည် ထိုဆတ္တာသည်ကိုခေါ်စေ၍ ဣလ္လိသသူဌေးကို သင်သိ၏လောဟု မေး၏။ အရှင်မင်းကြီး ဦးခေါင်းကို ကြည့်ရမူကားသိပါ၏ဟုလျှောက်၏။ ထိုသို့တပြီးကား နှစ်ယောက်ကုန်သောသူတို့၏ဦးခေါင်းကို ကြည့်လောဟု ဆို၏။ ထိုခဏ၌ သိကြားသည် ဦးခေါင်း၌ မှဲ့ကို ဖန်ဆင်း၏။ ဘုရားလောင်းသည် နှစ်ယောက်ကုန်သောသူတို့၏ ဦးခေါင်းကိုကြည့်သည်ရှိသော် မှဲ့ကိုမြင်၍ မြတ်သောမင်းကြီး နှစ်ယောက်ကုန်သောသူတို့၏ဦးခေါင်း၌ မှဲ့သည်ရှိသည်သာလျှင်ကတည်း၊ အကျွန်ုပ်သည် ထိုသူနှစ်ယောက်တို့တွင် တယောက်သောသူ၏ ဣလ္လိသသူဌေး၏အဖြစ်ကို သိအံ့သောငှါမတတ်နိုင်ပါဟု ဆိုလို၍-

၇၈။ ဥဘော ခဉ္ဇာ ဥဘော ကုဏီ၊ ဥဘော ဝိသမစက္ခုကာ။
ဥဘိန္နံ ပိဠကာ ဇာတာ၊ နာဟံ ပဿာမိ ဣလ္လိသံ။

ဟူသော ဤဂါထာကို ဆို၏။

၇၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဥဘော၊ နှစ်ယောက်ကုန်သောသူတို့သည်။ ခဉ္ဇာ၊ ခြေခွင်ကုန်၏။ ဥဘော၊ နှစ်ယောက်ကုန်သောသူတို့သည်။ ကုဏီ၊ လက်ကောက်ကုန်၏။ ဥဘော၊ နှစ်ယောက်ကုန်သောသူတို့သည်။ ဝိသမစက္ခုကာ၊ မျက်စိစွေကုန်၏။ ဥဘိန္နံ၊ နှစ်ယောက်ကုန်သောသူတို့အား။ ပိဠကာ၊ မှဲ့တို့သည်။ ဇာတာ၊ ရှိသည်ဖြစ်ကုန်၏။ အဟံ၊ အကျွန်ုပ်သည်။ ဣလ္လိသံ၊ ဣလ္လိသကို။ န ပဿာမိ၊ မသိနိုင်။

ဘုရားလောင်း၏စကားကိုကြား၍ ဤဣလ္လိသသူဌေးသည် တုန်လှုပ်လျက် ဥစ္စာ၌စိုးရိမ်ခြင်းကြောင့် သတိကိုဖြစ်စိမ့်သောငှါ မတတ်နိုင်သည်ဖြစ်၍ ထိုအရပ်၌သာလျှင် လဲ၏။ ထိုခဏ၌ သိကြားသည် မြတ်သောမင်းကြီး ငါသည် ဣလ္လိသသူဌေးမဟုတ် သိကြားဖြစ်၏ဟု ဆို၍ ကြီးစွာသော တင့်တယ်စမ္ပယ်ခြင်းဖြင့် ကောင်းကင်၌ရပ်၏။ ထို့ဣလ္လိသသူဌေး၏ မျက်နှာကို သုတ်သင်၍ ရေဖြင့်လောင်း၏။ ထိုဣလ္လိသသူဌေးသည် ထလတ်၍ သိကြား နတ်မင်းကိုရှိခိုးလျက် ရပ်၏။ ထိုအခါ ဣလ္လိသကို သိကြားမင်းသည် ဣလ္လိသ ဤဥစ္စာသည် ငါ၏ဥစ္စာတည်း၊ သင်၏ဥစ္စာမဟုတ်၊ ထိုစကားသည် မှန်၏။ ငါသည် သင်၏အဘတည်း၊ သင်သည် ငါ၏ သားတည်း၊ ငါသည် ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ သိကြားအဖြစ်သို့ ရောက်၏။ သင်သည်ကား ငါ၏အမျိုးအနွယ်ကို ဖြတ်ပြီးလျှင် မလှူလိုသောအလေ့ရှိသည်ဖြစ်၍ ဝန်တိုခြင်း၌တည်၍ အလှူတင်းကုပ်တို့ကို မီးတိုက်၍ အလှူခံတို့ကိုနှင်ထုတ်ပြီးလျှင် ဥစ္စာကိုသာလျှင်တည်စေ၏။ ထိုဥစ္စာကို သင်သည်လည်း မသုံးဆောင်၊ တပါးသော လူတို့အားလည်း မပေး၊ ရက္ခိုသ်စောင့်သောရေကန်ကဲ့သို့ တည်၏။ ငါ၏အလှူတင်းကုပ်ကို ပကတိပြု၍ အလှူကို အကယ်၍လှူအံ့၊ ထိုသို့လှူမူကားကောင်း၏။ အကယ်၍ မလှူအံ့၊ အလုံးစုံသောသင်၏ဥစ္စာကို ကွယ်စေ၍ ဝရဇိန်လက်နက်ဖြင့် ဦးခေါင်းကိုခွဲ၍ အသက်ကုန်ခြင်းသို့ ရောက်စေအံ့ဟု ဆို၏။ ထိုဣလ္လိသသူဌေးသည် သေဘေးမှကြောက်လန့်ရကား ဤနေ့မှစ၍ အလှူပေးပါအံ့ဟု ဝန်ခံခြင်းကိုပေး၏။ သိကြားနတ်မင်းသည် ထိုဣလ္လိသ၏ ဝန်ခံခြင်းကိုယူ၍ ကောင်းကင်၌နေလျက် တရားဟော၍ သီလတို့၌တည်စေပြီးလျှင် မိမိနေရာ တာဝတိံသာနတ်တို့ရွာသို့သာလျှင် သွား၏။ ဣလ္လိသသူဌေးသည်လည်း ဒါန အစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌ သာလျှင် မောဂ္ဂလာန်သည် မစ္ဆရိယသူဌေးကို ဆုံးမသည်မဟုတ်သေး၊ ရှေး၌လည်း ဤမောဂ္ဂလာန်သည် ဤမစ္ဆရိယသူဌေးကို ဆုံးမဘူးသည် သာလျှင်တည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ မစ္ဆရိယသူဌေးသည် ထိုအခါ ဣလ္လိသသူဌေး ဖြစ်ဘူးပြီ၊ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ သိကြားမင်းဖြစ်ဘူးပြီ၊ ယခုအခါငါဘုရားသည်သာလျှင် ထိုအခါ ဆတ္တာသည် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

စေးနဲဝန်တို၊ မလှူလို၊ ကြည်ညိုပွားရန် မောဂ္ဂလာန်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဣလ္လိသဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဝရုဏဝဂ်

၇၉။ ခရဿရဇာတ်

ခိုးသူတို့နှင့်ပူးပေါင်း၍ ဥစ္စာကိုထက်ဝက်စားသော အမတ်၏အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် ယတော ဝိလုတ္တာ စ ဟတာ စ ဂါဝေါ အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤခရဿရဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသော အမတ်ကိုအကြောင်းပြု၍ ဟောတော်မူ၏။ ကောသလမင်း၏ တယောက်သောအမတ်သည် မင်းကိုနှစ်သက်စေ၍ ပစ္စန္တရစ်ရွာ၌ မင်း၏ဗိုလ်ကိုရ၍ ခိုးသူတို့နှင့်တပေါင်းတည်းဖြစ်၍ ငါသည် လူတို့ကိုယူ၍ တောသိုဝင်အံ့၊ သင်တို့သည် လူတို့ကိုလုယက်ကုန်၍ ထက်ဝက်သောဥစ္စာကို ငါ့အား ပေးကုန်လောဟုဆို၍ ရှေးဦးကလျှင် လူတို့ကိုစည်းဝေးစေ၍ တောသို့သွား၍ ခိုးသူတို့သည် လာလတ်ကုန်၍ နွားတို့ကိုသတ်ကုန်၍ အသားကိုစားကုန်၍ ရွာကိုလုယက်ကုန်၍ သွားကုန်သည်ရှိသော် ညချမ်းအခါ၌ လူများခြံရံလျှက်လာ၏။ ထိုရွာစားအမှုသည် မကြာမြင့်မီလျှင် ထင်ရှားသည်ဖြစ်၏။ လူတို့သည် ကောသလမင်းကြီးအား ကြားလျှောက်ကုန်၏။ ကောသလမင်းကြီးသည် ထိုရွာစားကိုခေါ်၍ အပြစ်ဝန်ခံစေပြီးလျှင် ကောင်းစွာ နှိပ်ခြင်းကိုနှိပ်၍ တပါးသောရွာကို သွားစေပြီးလျှင် ဇေတဝန် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားအား ထိုအကြောင်းကို ကြားလျှောက်၏။ မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ဤရွာစားသည် ယခုအခါ၌သာလျှင် ဤသို့သဘောရှိသည် မဟုတ်သေး၊ ရှေး၌လည်း ဤသို့သဘောရှိသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ထိုကောသလ မင်းကြီးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် တယောက်သော အမတ်အား ပစ္စန္တရစ်ရွာကို ပေး၏။ အလုံးစုံသောစကားသည် ရှေးစကားနှင့် တူသည်သာလျှင်တည်း၊ ထိုအခါ ဘုရားလောင်းသည် ကုန်သွယ်အံ့သောငှါ ပစ္စန္တရစ်ရွာ၌ လှည့်လည်သည်ရှိသော် ထိုရွာ၌ နေခြင်းကိုပြု၏။ ထိုဘုရားလောင်းသည် ထိုရွာစားသည် ညချမ်းအခါ၌ လူများခြံရံသဖြင့် စည်ကြီးကိုတီးလျက် လာလတ်သည်ရှိသော် ဤရွာပျက်သည် ခိုးသူတို့နှင့်တပေါင်းတည်းပြု၍ ရွာကို လုယက်ပြီးလျှင် ခိုးသူတို့သည်ပြေးကုန်၍ တောအုပ်သိုဝင်ကုန်သည်ရှိသော် ယခုအခါ၌ အလွန်ငြိမ်သက်သကဲ့သို့ စည်ကြီးကိုတီးလျက် လာကုန်၏ဟု ဆိုလို၍-

၇၉။ ယတော ဝိလုတ္တာ စ ဟတာ စ ဂါဝေါ၊
ဒဍ္ဎာနိ ဂေဟာနိ ဇနော စ နီတော။
အထာဂမာ ပုတ္တဟတာယ ပုတ္တော၊
ခရဿရံ ဍိဏ္ဍိမံ ဝါဒယန္တော။

ဟူသော ဤဂါထာကို ဆို၏။

၇၉။ ဘော၊ အို အချင်းတို့။ ယတော၊ အကြင်အခါ၌။ ဝိလုတ္တာ စ၊ လုယက်အပ်ကုန်ပြီးသည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဂါဝေါ၊ နွားတို့ကို။ ဟတာ စ၊ အသားကိုစားအံ့သောငှါ သတ်အပ်ကုန်ပြီးသည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဂေဟာနိ၊ အိမ်တို့ကို။ ဒဍ္ဎာနိ စ၊ မီးတိုက် အပ်ကုန်သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဇနော၊ လူကို။ နီတော စ၊ သုံ့ရဖမ်းဆောင် ယူအပ်ပြီးသည်လည်း။ ဟောတိ၊ ဖြစ်၏။ အထ၊ ထိုအခါ၌။ ပုတ္တဟတာယ၊ တရားသတ်၍ သေပြီးသော သားရှိသောမိန်းမ၏။ ပုတ္တော၊ သားဖြစ်သော အရှက်မရှိ ရွာစားပျက်သည်။ ခရဿရံ၊ ကြမ်းသောအသံရှိသော။ ဍိဏ္ဍိမံ၊ ပတ်သာကို(ထက်စည်ကို)။ ဝါဒယန္တော၊ တီးလျက်။ အာဂမာ၊ လာ၏။

ဤသို့ ဘုရားလောင်းသည် ဤဂါထာဖြင့်ထိုရွာစားကို ဆဲရေး၏။ မကြာမြင့်မီပင်လျှင် ထိုရွာ၏အမှုသည် ထင်ရှား၏။ ထိုအခါ ထိုရွာစားအား မင်းသည် အပြစ်အားလျော်စွာ နှိပ်ခြင်းကို ပြု၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ဤရွာစားသည် ယခုအခါ၌သာလျှင် ဤသို့သဘောရှိသည် မဟုတ်သေး၊ ရှေး၌လည်း ဤသို့သဘောရှိသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် အနုသန္ဓေကိုစပ်၍ ယခုအခါအမတ်သည်လျှင် ထိုအခါ အမတ်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဂါထာကိုဆိုသော ပညာရှိယောက်ျား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

တပါးအကျိုး။ နင်းနှိမ်ချိုး၊ ကိုယ်ကျိုးယုတ်မည်သာ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ခရဿရဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဝရုဏဝဂ်

၁၀။ ဘီမသေနဇာတ်

သူတပါးတို့အား ကဲ့ရဲ့ရှုတ်ချတတ်သောသူ၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယံ တေ ပဝိကတ္ထိတံ ပုရေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဘီမသေနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသော သူတပါးတို့အား ရှုတ်ချတတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ တယောက်သော ရဟန်းသည် ငါ့သျှင်တို့ ငါတို့၏ အမျိုးအနွယ်တို့နှင့်တူသောမည်သည် မရှိကုန်၊ ငါတို့သည် ဤသို့သဘောရှိသည်မည်သော မင်းမျိုး၌ဖြစ်ကုန်၏။ အနွယ်အားဖြင့်၎င်း၊ ဥစ္စာအားဖြင့်၎င်း၊ အမျိုးစဉ်ဆက်အားဖြင့်၎င်း ငါတို့နှင့်တူသောသူမည်သည် မရှိ၊ ငါတို့၏ ရွှေ ငွေအစရှိသည်တို့၏ အဆုံးသည်မရှိ၊ ငါတို့၏ ကျွန်အမှုလုပ်သည်လည်း သလေးသားပြွမ်း ထမင်းကို စားရကုန်၏။ ကာသိတိုင်း၌ဖြစ်သောအဝတ်ကို ဝတ်ရကုန်၏။ ကာသိတိုင်း၌ဖြစ်သောနံ့သာပျောင်းကို လိမ်းရကုန်၏။ ငါတို့သည် ရဟန်းဖြစ်သဖြင့် ယခုအခါ၌ ဤသို့သဘောရှိကုန်သော ရုန့်ရင်းကုန်သော အစာတို့ကို စားရကုန်၏။ ရုန့်ရင်းကုန်သော သင်္ကန်းတို့ကို ဆောင်ရကုန်၏ဟု သီတင်းကြီး သီတင်းငယ် သီတင်းလတ်ဖြစ်ကုန်သော ရဟန်းတို့၏အတွင်း၌ သူတပါးတို့အားရှုတ်ချလျက် အမျိုးအစရှိသည်တို့၏ အစွမ်းအားဖြင့်သူတပါးတို့အား ကဲ့ရဲ၍ သွားသတတ်။

ထိုအခါ တယောက်သောရဟန်းသည် ထိုရဟန်း၏ အမျိုးစဉ်ဆက်ကိုစုံစမ်း၍ သူတပါးတို့အား ရှုတ်ချတတ်သည်အဖြစ်ကို ရဟန်းတို့အားပြောဆို၏။ ရဟန်းတို့သည် တရား သဘင်၌ စည်းဝေးကုန်လျက် ငါ့ရှင်တို့ ဤမည်သောရဟန်းသည် ဤသို့ သဘောရှိသော ဝဋ်ဆင်းရဲမှထွက်မြောက်ကြောင်းဖြစ်သော သာသနာတော်၌ရဟန်းပြု၍ သူတပါးတို့အား ရှုတ်ချလျက် သွား၏ဟု ထိုရဟန်း၏ကျေးဇူးမဲ့ကို ပြောဆိုကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟုမေးတော်မူ၏။ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်သည်ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ထိုရဟန်းသည် ယခုအခါ၌သာလျှင် သူတပါးတို့အား ရှုတ်ချလျက် ကဲ့ရဲလျက် သွားသည်မဟုတ်သေး၊ ရှေး၌လည်း သူတပါးတို့အား ရှုတ်ချ ကဲ့ရဲလျက် သွားဘူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသောရွာနိဂုံး၌ ဥဒိစ္စပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သည်ရှိသော် တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခဆရာ့အထံ၌ ဗေဒင်သုံးပုံတို့ကို၎င်း၊ တဆယ်ရှစ်ပါးသော အတတ်တို့ကို၎င်းသင်၍ ခပ်သိမ်းသောအတတ်တို့၌ အပြီးသို့ရောက်၍ စူဠဓနုဂ္ဂဟပဏ္ဍိတမည်သည် ဖြစ်၏။ ထိုဘုရားလောင်းသည် တက္ကသိုလ်ပြည်မှထွက်ခဲ့၍ အလုံးစုံသောအတတ်ကိုရှာလျက် မဟိံသကတိုင်းသို့ သွား၏။
ဤစူဠဓနုဂ္ဂဟဇာတ်၌ကား ဘုရားလောင်းသည် အတန်ငယ်ပု၏။ ကုန်းသာ ကိုယ်ရှိ၏။ *

ထိုဘုရားလောင်းသည် တစုံတယောက်သောမင်းကို အကယ်၍ ဆည်းကပ်ငြားအံ့၊ ဤသို့ ဆည်းကပ်သည်ရှိသော် ပုသောကိုယ်ရှိသောသင်သည် ငါတို့၏အမှုကို အသို့ပြုနိုင်လတ္တံ့နည်းဟု ဆိုလတ္တံ့၊ ငါသည် အလုံးအရပ်နှင့်ပြည့်စုံသော အဆင်းလှသော ယောက်ျားကိုအမှီပြု၍ ထိုယောက်ျား၏ ကျောက်ရိပ်ဖြင့် အသက်မွေးခြင်းကို အကယ်၍ပြုရမူကား ကောင်း၏ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် ထိုသို့သဘောရှိသောယောက်ျားကို ရှာသည်ရှိသော် တယောက်သော ဘီမသေန မည်သောရက်ကန်းသည်၏ ရက်ကန်းရက်ရာအရပ်သို့သွားပြီးလျှင် ထိုဘီမသေနနှင့်တကွ နှုတ်ခွန်းဆက်ခြင်းကိုပြု၍ အဆွေ သင်သည် အဘယ်အမည်ရှိသနည်းဟု မေး၏။ ဘီမသေနမည်၏ဟု ဆို၏။ သင်သည် ဤသို့သဘောရှိသောကိုယ်နှင့် ပြည့်စုံသည်ဖြစ်၍ ဤယုတ်သောအမှုကို အဘယ့်ကြောင့် ပြုသနည်းဟု မေး၏။ အသက်မွေးခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ ပြု၏ဟုဆို၏။ အဆွေ ဤအမှုကို မပြုလင့်၊ အလုံးစုံသောဇမ္ဗူဒိပ်၌ ငါနှင့်တူသော လေးသ္မားမည်သည် မရှိ၊ ငါသည် တစုံတယောက်သော မင်းကို အကယ်၍ မြင်ငြားအံ့၊ ဤသို့မြင်သည်ရှိသော် ထိုမင်းသည် ငါ့ကို ဤလူပုသည် ငါ၏အမှုကိုအသုံပြုနိုင်လတ္တံ့နည်းဟု ပြက်ရယ်ပြုရာ၏။ သင်သည် မင်းကိုဖူးမြင်၍ အရှင်မင်းကြီး အကျွန်ုပ်သည် လေးသ္မားတည်း၊ အရှင်မင်းကြီးသည် ထောက်ပံ့ခြင်းကိုပြုတော်မူပါဟု သင်ဆိုအံ့၊ မင်းသည် သင့်အား ရိက္ခာကိုပေး၍ အသက်မွေးခြင်းသည် ဖြစ်လတ္တံ့၊ ငါသည် သင့်အားဖြစ်သောအမှုကိုပြုလျှက် သင့်ကျောက်ရိပ်ဖြင့် အသက်မွေးအံ့၊ ဤသို့လျှင် နှစ်ယောက်ကုန်သောငါတို့သည်လည်း ချမ်းသာသည် ဖြစ်ကုန်အံ့၊ ငါ၏စကားကို လိုက်နာဟုဆို၏။ ထိုဘီမသေနသည် ကောင်းပြီဟု ဝန်ခံ၏။

ထိုအခါ ဘီမသေနကိုယူ၍ ဗာရာဏသီသို့သွားပြီးလျှင် မိမိသည် အလုပ်အကျွေးငယ်ဖြစ်၍ ထိုဘီမသေနကို ရှေ့ကထားလျှက် မင်းအိမ်တံခါး၌ ရပ်၍ မင်းကြားစေ၏။ ဝင်စေလောဟု ဆိုသည်ရှိသော် နှစ်ယောက်ကုန်သောသူတို့သည် မင်းကို ရှိခိုးလျက်နေ၏။ အဘယ်အကြောင်းကြောင့် လာကုန်သနည်းဟု မေးသည်ရှိသော် ဘီမသေနသည် အရှင်မင်းကြီး အကျွန်ုပ်သည် လေသ္မားတည်း၊ အလုံးစုံသောဇမ္ဗူဒိပ်၌ အကျွန်ုပ်နှင့်တူသော လေးသ္မားသည် မရှိဟု လျှောက်၏။ အဘယ်မျှသောဥစ္စာကို ရသည်ရှိသော် ငါ့ကိုခစားလတ္တံ့နည်းဟုမေး၏။ အရှင်မင်းကြီး လခွဲ၌ အသပြာတထောင်ကိုရသည်ရှိသော် ခစားပါအံ့ဟု လျှောက်၏။ ဤယောက်ျားသည် သင်နှင့် အသို့တော်သနည်းဟု မင်းကြီး မေး၏။ အရှင်မင်းကြီး အကျွန်ုပ်၏ အလုပ်အကျွေးငယ်တည်းဟု လျှောက်၏။ ကောင်းပြီ ခစားလောဟု မင်းကြီး ဆို၏။ ထိုအခါမှစ၍ ဘီမသေနသည် မင်းကို ခစား၏။ ထိုဘီမသေနအား ဖြစ်သော အမှုကိစ္စကို ဘုရားလောင်းသည်သာလျှင် ပြီးစေ၏။

ထိုအခါ ကာသိတိုင်းဝယ် တခုသောတော၌ များစွာကုန်သော လူတို့၏သွားရာလမ်းခရီးကို ကျားသည်ပြတ်စေ၏။ များစွာသောလူတို့ကို ဖမ်း၍စား၏။ ထိုအကြောင်းကို မင်းအားလျှောက်၏။ မင်းကြီးသည် ဘီမသေနကိုခေါ်စေ၍ အမောင် ကျားကို ဖမ်းအံ့သောငှါ တတ်နိုင်လတ္တံ့လောဟု မိန့်ဆို၏။ အရှင်မင်းကြီး ကျားကို ဖမ်းအံ့သောငှါ မတတ်နိုင်ပါအံ့၊ အဘယ်မှာ လေးသ္မားမည်အံ့နည်းဟု လျှောက်၏။ မင်းကြီးသည် ဘီမသေနအား ရိက္ခာကိုပေး၍ လွှတ်လိုက်၏။ ထိုဘီမသေနသည် အိမ်သို့သွား၍ ဘုရားလောင်းအား ပြောဆို၏။ ဘုရားလောင်းသည် အဆွေ ကောင်းပြီ သွားလောဟု ဆို၏။ သင်သည်ကား မလိုက်သလောဟု ဆို၏။ ငါသည် မလိုက်အံ့၊ ဥပါယ်ကိုကား သင့်အားကြားအံ့ဟုဆို၏။ အဆွေ ကြားလောဟု ဆို၏။ သင်သည် ကျားရှိရာအရပ်သို့ အဆောတလျှင် တယောက်တည်းသာလျှင် မသွားလေလင့်၊ ဇနပုဒ်သားတို့ကိုစည်းဝေးစေပြီးလျှင် တထောင်နှစ်ထောင်သော လေးသ္မားတို့ကို ခေါ်စေ၍ ထိုကျားရှိရာအရပ်သို့သွားပြီးလျှင် ကျားထသောအဖြစ်ကိုသိလျှင်ပြေး၍ တခုသောချုံသို့ဝင်၍ ရင်ဖြင့် ဝပ်လေလော့၊ ဇနပုဒ်သားတို့သည်သာလျှင် ကျားကို ပုတ်ခတ်၍ ဖမ်းလတ္တံ့၊ လူတို့သည် ကျားကိုဖမ်းသည်ရှိသော် သွားတို့ဖြင့် တခုသောနွယ်ကို ဖြတ်၍ နွယ်စွန်း၌ကိုင်၍ ကျားသေ၏အထံသို့ သွားပြီးလျှင် အချင်းတို့ အဘယ်သူသည် ဤကျားကိုသတ်သနည်း၊ ငါသည် ဤကျားကို နွားကဲ့သို့ နွယ်ဖြင့်ဖွဲ့၍ မင်းကြီးအထံသို့ ဆောင်အံ့ဟု နွယ်အလို့ငှါ ချုံသို့ဝင်သည်ရှိသော် ငါယူအပ်သောနွယ်သည် မရောက်မီသာလျှင် အဘယ်သူသည် သတ်အပ်သနည်း၊ ဤသို့ ဆိုလေလော့။

ထိုအခါ ဇနပုဒ်သားတို့သည် ကြောက်လန့်ကုန်သည်ဖြစ်၍ အရှင်ဘီမသေန မင်းအားမကြားပါလင့်ဟု များစွာသောဥစ္စာကို ပေးကုန်လတ္တံ့၊ သင်သည်သာလျှင် ကျားကို ဖမ်းအပ်သည် ဖြစ်လတ္တံ့၊ မင်း၏အထံမှလည်း များစွာသောဥစ္စာကိုရလတ္တံ့ဟု ဘုရားလောင်းဆို၏။ ထိုဘီမသေနသည် ကောင်းပြီဟု ဝန်ခံပြီးလျှင်သွား၍ ဘုရားလောင်းသည် ဆိုအပ်သောနည်းဖြင့်သာလျှင် ကျားကိုဖမ်း၍ တောကိုဘေးမရှိခြင်းကိုပြု၍ လူများခြံရံလျက် ဗာရာဏသီသို့လာလတ်၍ မင်းကိုဖူးမြင်လျက် အရှင်မင်းကြီး အကျွန်ုပ်သည် ကျားကိုဖမ်းအပ်၏။ တောကို ဘေးမရှိခြင်းကို ပြုအပ်ပြီဟု လျှောက်၏။ မင်းသည် နှစ်သက်သည်ဖြစ်၍ များစွာသော ဥစ္စာကိုပေး၏။ တနေ့သ၌ တခုသောလမ်းခရီးကို တခုကျွဲသည် ပြတ်စေ၏ဟု လျှောက်၏။ မင်းသည် ထိုရှေးအတူသာလျှင် ဘီမသေနကို စေ၏။ ထိုဘီမသေနသည်လည်း ဘုရားလောင်း ပေးအပ်သောနည်းဖြင့် ကျားကိုကဲ့သို့ ထိုကျွဲကိုလည်း ဖမ်း၍ လာ၏။ မင်းသည် တဖန် များစွာသော ဥစ္စာကိုပေး၏။ ကြီးသော စည်းစိမ်သည် ဖြစ်၏ ထိုဘီမသေနသည် စည်းစိမ်ယစ်ခြင်းဖြင့် ယစ်သည်ဖြစ်၍ ဘုရားလောင်း၌ မထေမဲ့မြင်ပြု၍ ဘုရားလောင်းစကားကို မယူ၊ ငါသည် သင့်ကိုမှီ၍ အသက်မမွေး၊ သင်သည်သာလျှင် ယောကျ်ားလော၊ ဤသို့အစရှိသော ကြမ်းကြုတ်သော စကားကိုဆို၏။

ထိုအခါ နှစ်ရက်သုံးရက်လွန်သဖြင့် တယောက်သောပြည်နီးချင်းမင်းသည်လာလတ်၍ ဗာရာဏသီကိုဝန်းရံပြီးလျှင် ပြည်ကိုတည်း ပေးအံ့လော၊ စစ်တိုက်ခြင်းကိုတည်း ပြုအံ့လောဟု ဗာရာဏသီမင်းအား သတင်းစကားကို စေလိုက်၏။ ဗာရာဏသီမင်းသည် စစ်ထိုးလောဟု ဘီမသေနကို စေလိုက်၏။ ထိုဘီမသေနသည် အလုံးစုံသောချပ်တန်ဆာတို့ဖြင့် ဖွဲ့အပ်သည်ဖြစ်၍ မင်း၏အသွင်ကိုယူ၍ ကောင်းစွာဖွဲ့အပ်သော တန်ဆာရှိသော ဆင်ကျောက်ကုန်း၌ နေ၏။ ဘုရားလောင်းသည် ထိုဘီမသေန၏ သေဘေးမှကြောက်သောကြောင့် အလုံးစုံသော ချပ်တန်ဆာတို့ဖြင့်ဖွဲ့လျက် ဘီမသေနတ် နောက်ဖြစ်သောနေရာ၌ နေ၏။ ဆင်ကို များစွာသော လူများဖြင့်ခြံရံလျက် မြို့တံခါးမှထွက်စေ၍ စစ်ဦးသို့ ရောက်၏။ ဘီမသေနသည် စစ်ထိုးသောစည်သံကိုကြား၍ တုန်လှုပ်ခြင်းငှါ အားထုတ်၏။ ဘုရားလောင်းသည် ယခုအခါ၌ ဤဘီမသေနသည် ဆင်ကျောက်ကုန်းမှကျ၍ သေလတ္တံ့ဟု ဆင်ကျောက်ကုန်းမှ မကျစိမ့်သောငှါ ဘီမသေနကို ကြိုးဖြင့်ကိုင်၏။ ဘီမသေနသည် စစ်ထိုးရာအရပ်ကိုမြင်၍ သေဘေးမှကြောက်သောကြောင့် ကျင်ကြီးကျင်ငယ်တို့ဖြင့် ဆင်ကျောက်ကုန်းကို ဖျက်ဆီး၏။ ဘုရားလောင်းလည်း ဘီမသေန သင်၏ ရှေးစကားနှင့် ယခုဖြစ်သောအမူအရာသည် မညီသလျှင်ကတည်း၊ သင်သည် ရှေး၌ စစ်သူရဲကဲ့သို့ဖြစ်၏။ ယခုအခါ၌ကား ဆင်ကျောက်ကုန်းကိုဖျက်ဆီး၏ဟု ဆိုလို၍-

၈၀။ ယံ တေ ပဝိကတ္ထိတံ ပုရေ၊ အထ တေ ပူတိသရာ သဇန္တိ ပစ္ဆာ၊
ဥဘယံ န သမေတိ ဘီမသေန ယုဒ္ဓကထာ စ ဣဒဉ္စ တေ ဝိဟညံ။

ဟူသော ဤဂါထာကို ဆို၏။

၈၀။ ဘီမသေန၊ ဘီမသေန။ ယံ-ယေန ကာရဏေန၊ အကြင်အကြောင်းကြောင့်။ ပုရေ၊ ရှေး၌။ တေ-တယာ၊ သင်သည်။ ပဝိကတ္ထိတံ၊ သူတပါးတို့အား ရှုတ်ချသော စကားကို ဆိုအပ်၏။ အထ၊ ထိုသို့ဆိုအပ်လျက်။ ပစ္ဆာ၊ နောက်ဖြစ်သောယခုအခါ၌။ တေ၊ သင့်အား။ ပူတိသရာ၊ ကျင်ကြီး ကျင်ငယ်တို့သည်။ သဇန္တိ၊ ယိုစီးကုန်၏။ တေ၊ သင်၏။ ယုဒ္ဓကထာ စ၊ စစ်ထိုးခြင်း စကားသည်၎င်း။ ဝိဟညံ စ၊ ပင်ပန်းခြင်းသည်၎င်း။ ဣဒံ ဥဘယံ၊ ဤနှစ်ပါးစုံသည်။ န သမေတိ၊ မညီ။

ဤသို့ ဘုရားလောင်းလည်း ထိုဘီမသေနကိုကဲ့ရဲ့၍ အဆွေ မကြောက်လင့်၊ အဘယ့်ကြောင့် ငါသည်ထင်ရှားရှိလျက် ပင်ပန်းဘိသနည်းဟု ဘီမသေနကို ဆင်ကျောက်ကုန်းမှချပြီးလျှင် ရေချိုး၍ အိမ်သို့သာလျှင်သွားလောဟု လွှတ် လိုက်၍ ယနေ့ ငါသည် ထင်ရှားသောသူ ဖြစ်ခြင်းငှာ သင့်၏ဟု ဆို၍ ထိုဘုရားလောင်းသည် စစ်မြေပြင်သို့ကပ်၍ ကြော်ငြာပြီးလျှင် ဗိုလ်ထုကိုဖျက်၍ ရန်သူမင်းကို အရှင်ဖမ်းခြင်းကိုဖမ်း၍ ဗာရာဏသီမင်း၏အထံသို့ သွား၏။ မင်းသည် နှစ်သက်သည်ဖြစ်၍ ဘုရားလောင်းအား ကြီးစွာသောစည်းစိမ်ကိုပေး၏။ ထိုအခါမှစ၍ စူဠဓနုဂ္ဂဟပဏ္ဍိတဟူ၍သာလျင် အလုံးစုံသောဇမ္ဗူဒိပ်၌ ထင်ရှားသည် ဖြစ်၏။ ထိုဘုရားလောင်းသည် ဘီမသေနကိုရိက္ခာပေး၍ မိမိနေရာအရပ်သို့သာလျှင် သွားစေ၍ ဒါနအစရှိသော ကောင်းမှုတို့ကို ပြု၍ ကံအားလျှော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ဤရဟန်းသည် ယခုခါ၌သာလျှင် သူတပါးတို့အား ရှုတ်ချသောစကားကို ဆိုတတ်သည် မဟုတ်သေး၊ ရှေး၌လည်း ဆိုဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ရှုတ်ချသော ရဟန်းသည် ထိုအခါ ဘီမသေန ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ စူဠဓနုဂ္ဂဟပဏ္ဍိတ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သူတပါးကို။ ရှုတ်ချလို၊ ကိုယ်ကိုယ် ကိုယ်ကြည့် ဆင်ခြင်ဘိ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဘီမသေနဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အပါယိမှဝဂ်

၁။ သုရာပါနဇာတ်

သုရာသောက်၍ မျောက်, မဖြစ်ကြခြင်းသည် ကောင်းလှပြီဘုရားဟု ဆရာအား လျှောက်ဘူးကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် အပါယိမှ အနစ္စိမှ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုရာပါန ဇာတ်ကို ကောသမ္ဗီပြည်ကိုအမှီပြု၍ ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာဂတမထေရ်ကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ဝါဆိုတော်မူပြီးလျှင် ဒေသစာရီကြွချီတော်မူ၍ ဘဒ္ဒဝတီအမည်ရှိသောနိဂုံးသို့ ရောက်တော်မူသည်ရှိသော် နွားကျောင်းသားတို့သည်၎င်း ဆိတ်ကျောင်းသားတို့သည်၎င်း လယ်ထွန်ယောက်ျားတို့သည်၎င်း ခရီးသွားသောသူတို့သည်၎င်း မြတ်စွာဘုရားကိုမြင်လျှင် ရှိခိုးကုန်၍ ဘုန်းတော်ကြီးသောအရှင်ဘုရား အမ္ဗတိတ္ထသို့ကြွတော်မမူပါလင့်၊ အမ္ဗတိတ္ထရသေ့ကျောင်း၌ အမ္ဗတိတ္ထမည်သော ကြမ်းသောအဆိပ်ရှိသော နဂါးသည်နေ၏။ ထိုနဂါးသည် အရှင်ဘုရားကို ညှဉ်းဆဲရာ၏ဟု တားမြစ်ကုန်၏။ မြတ်စွာဘုရားသည် နွားကျောင်းသားအစရှိသည်တို့၏စကားကို မကြားသကဲ့သို့ ထိုနွားကျောင်းသားအစရှိသောသူတို့သည် သုံးကြိမ်တိုင်အောင် တားမြစ်ကုန်သော်လည်း မြတ်စွာဘုရားသည် ဘဒ္ဒဝတီနိဂုံး၏ အနီးဖြစ်သော တခုသောတောအုပ်၌ နေတော်မူသည်ရှိသော် ထိုအခါ မြတ်စွာဘုရား၏ အလုပ်အကျွေးတော်ဖြစ်သော သာဂတမည်သောမထေရ်သည် ပုထုဇဉ်တို့၏တန်ခိုးနှင့် ပြည့်စုံ၏။ ထိုသာဂတမထေရ်ကို နဂါးမင်းအား ဆုံးမစိမ့်သောငှါခွင့်ပြုတော်မူ၏။ သာဂတမထေရ်သည် ထိုရသေ့ကျောင်းသို့ကပ်၍ ထိုနဂါးမင်း၏ နေရာအရပ်၌ မြက်အခင်းကိုခင်း၍ ထက်ဝယ်ဖွဲ့သဖြင့်နေ၏။ နဂါးမင်းသည် ထိုသို့နေခြင်းကို သည်းမခံနိုင်သည်ဖြစ်၍ အခိုးလွှတ်၏။ သာဂတမထေရ်သည်လည်း အခိုးလွှတ်၏။ နဂါးမင်းသည် အလျှံကို လွှတ်၏။ သာဂတ မထေရ်သည်လည်း အလျှံကိုလွှတ်၏။ နဂါးမင်း၏တန်ခိုးသည် မထေရ်ကို မနှိပ်စက်နိုင်၊ မထေရ်၏ တန်ခိုးသည် နဂါးမင်းကို နှိပ်စက်၏။ ဤသို့လျှင် သာဂတမထေရ်သည် တခဏခြင်းဖြင့် ထိုနဂါးကိုဆုံးမ၍ သရဏဂုံတို့၌၎င်း သီလတို့၌၎င်း တည်စေပြီးလျှင် မြတ်စွာဘုရားအထံတော်သို့သွား၍ မြတ်စွာဘုရားသည်လည်း ဘဒ္ဒဝတီနိဂုံး၌ မွေ့လျော်တော်မူသရွေ့ နေတော်မူပြီးလျှင် ကောသမ္ဗီပြည်သို့ ကြွတော်မူ၏။

သာဂတမထေရ်သည် နဂါးကိုဆုံးမသောအဖြစ်သည် အလုံးစုံသော ဇနပုဒ်တို့ကို ပြန့်နှံ၏။ ကောသမ္ဗီပြည်၌နေကုန်သောသူတို့သည် မြတ်စွာဘုရားအား ခရီးဦးကြိုဆိုကုန်၍ မြတ်စွာဘုရားကို ရှိခိုး၍ သာဂတမထေရ်၏အထံသို့သွား၍ ရှိခိုးကုန်၍ တင့်အပ် လျောက်ပတ်သောအရပ်၌နေကုန်လျက် အရှင်ဘုရားတို့ အရှင်ဘုရားတို့အား အကြင်အကြင်ဝတ္ထုကို ရခဲ၏။ ထိုထိုဝတ္ထုကို ဆိုတော်မူကုန်လော၊ ထိုထိုရခဲသောဝတ္ထုကိုသာလျှင် အကျွန်ုပ်တို့သည် စီရင်ပါကုန်အံ့၊ ဤသို့လျှောက်ကုန်၏။ သာဂတမထေရ်သည် ဆိတ်ဆိတ်နေ၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည်ကား ဒါယကာတို့ ရပာန်းတို့အား ခိုခြေအဆင်းနှင့်တူသော သုရာကိုလည်း ရခဲ၏။ နှစ်လည်း နှစ်သက်၏။ သင်ဒါယကာတို့သည် အရှင်သာဂတမထေရ်အား အကယ်၍ ကြည်ညိုကုန်အံ့၊ ခိုခြေအဆင်းနှင့်တူသော သုရာကို စီရင်ကုန်လောဟု ဆို၏။ ကောသမ္ဗီမြို့သူတို့သည် ကောင်းပြီဟုဝန်ခံ၍ မြတ်ဘုရားကို နက်ဖြန်အလို့ငှာ ဆွမ်းဘိတ်ပြီးလျှင် မြို့သို့ဝင်၍ မိမိတို့၏အိမ်၌ မထေရ်အားလှူကုန်အံ့ဟု ခိုခြေအဆင်းနှင့်တူသော ကြည်လှသောသုရာကို စီရင်ပြီးလျှင် မထေရ်ကိုဘိတ်၍ အိမ်တိုင်းအိမ်တိုင်း ကြည်လှစွာသောသုရာကို လှူကုန်၏။ သာဂတမထေရ်လည်းသောက်၍ သုရာယစ်ခြင်းဖြင့်ယစ်၍ မြို့မှထွက်သည်ရှိသော် တံခါးကြား၌လဲ၍ ယောင်ယမ်းလျှက်အိပ်၏။ မြတ်စွာဘုရားသည် ပြုအပ်ပြီးသောဆွမ်းစားခြင်းကိစ္စရှိသည်ဖြစ်၍ မြို့မှထွက်တော်မူသည်ရှိသော် တံခါးကြား၌ ထိုသို့သောအခြင်းအရာဖြင့်သာလျှင်အိပ်သော သာဂတမထေရ်ကို မြင်တော်မူ၍ ရဟန်းတို့ သာဂတမထေရ်ကိုယူခဲ့ကုန်လောဟု ယူခဲ့စေ၍ ကျောင်းတော်သို့ သွားတော်မူ၏။ ရဟန်းတို့သည် သာဂတမထေရ်၏ဦးခေါင်းကို မြတ်စွာဘုရား၏ခြေတော်ရင်း၌ထား၍ အိပ်စေကုန်၏။ ထိုသာဂတမထေရ်သည်လည်၍ ခြေတို့ကို မြတ်စွာဘုရားသို့ ရှေ့ပြု၍အိပ်၏။

မြတ်စွာဘုရားသည် ရဟန်းတို့ ရှေး၌ သာဂတမထေရ်အား ငါဘုရား၌ အကြင်ရိုသေခြင်းသည် ရှိ၏။ ထိုရိုသေခြင်းသည် ယခုအခါ ရှိသလောဟု မေးတော်မူ၏။ အရှင်ဘုရား မရှိပါဟုလျှောက်၏။ ရဟန်းတို့ အမ္ဗတိတ္ထမည်သောနဂါးမင်းကို အဘယ် သူဆုံးမသနည်းဟု မေးတော်မူ၏။ အရှင်ဘုရား သာဂတမထေရ် ဆုံးမ၏ဟု လျှောက်ကုန်၏။ ယခုအခါ သာဂတမထေရ်သည် ရေမြွေမျှကိုလည်း ဆုံးမခြင်းငှါစွမ်းနိုင်အံ့လောဟု မေးတော်မူ၏။ အရှင်ဘုရား စွမ်းနိုင်ခြင်းသည်မရှိဟု လျှောက်ကုန်၏။ ရဟန်းတို့ အကြင်သုရာကိုသောက်လျှင် ဤသညာကင်းခြင်းသည် ဖြစ်၏။ ဤသို့သဘောရှိသော သုရာကိုသောက်ခြင်းငှါ သင့်မည်လောဟု မေးတော်မူ၏။ အရှင်ဘုရား မသင့်ဟု လျှောက်ကုန်၏။ ထိုအခါ မြတ်ဘုရားသည် သာဂတမထေရ်အား ကဲ့ရဲတော်မူပြီးလျှင် ရဟန်းတို့ကိုခေါ်တော်မူ၍ သုရာမေရယကိုသောက်ခြင်းကြောင့် ပါစိတ်အာပတ်သင့်၏ဟု သိက္ခာပုဒ်ကို ပညတ်တော်မူပြီးလျှင် နေရာမှထ၍ ဂန္ဓကုဋိဝင်တော်မူ၏။ တရားသဘင်၌ စည်းဝေးကုန်သော ရဟန်းတို့သည် ငါါသျှင်တို့ အကြင် သုရာသောက်ခြင်းမည်သည် ပညာတန်ခိုးနှင့်ပြည့်စုံသော သာဂတမထေရ်ကိုစင်လျက် မြတ်စွာဘုရား၏ ကျေးဇူးတော်မျှကိုလည်း မသိနိုင်အောင် ပြုသေး၏။ ထိုသုရာသောက်ခြင်းမည်သည်လျှင် အပြစ်ကြီး၏ဟု သုရာသောက်ခြင်း၏ကျေးဇူးမဲ့ကို ပြောဆိုကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူ၏။ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် သုရာကိုသောက်၍ ရဟန်းတို့သည် သညာကင်းကုန်သည် မဟုတ်သေး၊ ရှေး၌လည်း ကင်းဘူးသည်သာလျှင်တည်းဟုမိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်း၌ ဥဒိစ္စပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ရသေ့ရဟန်းပြု၍ အဘိညာဉ်တို့ကို၎င်း, သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဈာန်ကစားခြင်းကိုကစားလျက် ဟိမဝန္တာအရပ်၌ ငါးရာကုန်သော တပည့်ရသေ့အ ပေါင်း ခြံရံလျက်နေ၏။ ထိုအခါ ဘုရားလောင်းရသေ့ကို မိုဃ်းကာလရောက်သည်ရှိသော် တပည့်တို့သည် ဆရာ အကျွန်ုပ်တို့သည် လူ့ပြည်သို့သွား၍ ချဉ်ဆားမှီဝဲ၍ လာကြကုန်အံ့ဟု လျှောက်ကုန်၏။ ငါ့သျှင်တို့ ငါသည် ဟိမဝန္တာ၌ နေအံ့၊ သင်တို့သည်ကား သွား၍ ကိုယ်ကိုရောင့်ရဲစေ၍ မိုဃ်းကာလလွန်စေ၍ လာခဲ့ကုန်လောဟုဆို၏။ ထိုတပည့်ငါးရာတို့သည် ကောင်းပြီဟု ဆရာကိုရှိခိုး၍ ဗာရာဏသီသို့ သွားရောက်၍ မင်း၏ဥယျာဉ်၌ သာလျှင် နေကုန်၍ နက်ဖြန်နေ့၌ မြို့တံခါး၏ အပဖြစ်သော ရွာ၌သာလျှင် ဆွမ်းခံဝင်ကုန်သည်ဖြစ်၍ နက် ဖြန်နေ့၌ မြို့ဝင်ကုန်၏။ လူတို့သည် ချစ်မြတ်နိုးကုန်သည်ဖြစ်၍ ဆွမ်းကိုလှူဒါန်းကုန်၏။ နှစ်ရက်သုံးရက်လွန်သဖြင့်လည်း မင်းအား အရှင်မင်းကြီး ဟိမဝန္တာမှ ပြင်းထန်သောအကျင့်ရှိကုန်သော မြတ်သော အောင်အပ်သောဣန္ဒြေရှိကုန်သော သီလရှိကုန်သော ငါးရာကုန်သောရသေ့တို့သည် လာလတ်ကုန်၍ ဥယျာဉ်တော်၌ နေကုန်၏ဟု လျှောက်ကုန်၏။ မင်းသည် ထိုရသေ့တို့၏ကျေးဇူးကိုကြား၍ ဥယျာဉ်သို့သွားပြီးလျှင် ရှိခိုးလျက် ပြုအပ်သော နှုတ်ခွန်းဆက်ခြင်းရှိသည်ဖြစ်၍ မိုဃ်းလေးလပတ်လုံး ထိုဥယျာဉ်၌သာနေခြင်းကိုပြုစေ၍ ပင့်ဘိတ်ကုန်၏။ ထိုရသေ့တို့သည် ထိုအခါမှစ၍ မင်းအိမ်၌သာလျှင်ဆွမ်းစား၍ ဥယျာဉ်၌ နေကုန်၏။

ထိုအခါ တနေ့သ၌ မြို့၌ သုရာသောက်သောပွဲသဘင်မည်သည် ဖြစ်၏။ မင်းသည် ရဟန်းတို့အား သုရာကိုရခဲ၏ဟု များစွာသော သုရာကို ပြုစေ၏။ ရသေ့တို့သည် သုရာကိုသောက်ကုန်ပြီးလျှင် ဥယျာဉ်သို့သွား၍ သုရာယစ်ခြင်းဖြင့် ယစ်ကုန်သည်ဖြစ်၍ အချို့ကုန်သောရသေ့တို့သည် ထ၍ ကကုန်၏။ အချို့ကုန်သော ရသေ့တို့သည် သီချင်း သီကုန်၏။ ကကုန် သီကုန်၍ ခဲဘွယ်အစရှိသည်တို့ကို ဘိ၍အိပ်ကုန်၏။ သုရာယစ်ခြင်းပြေသည်ရှိသော် နိုးလတ်ကုန်၍ မိမိတို့၏ ထိုဖောက်ပြန်သောအခြင်းအရာကို မြင်ကုန်၍ ငါတို့သည် ရဟန်းတို့အား မလျောက်ပတ်သည်ကိုပြုကုန်၏ဟု မျက်ရည်ထွက်သဖြင့် ငိုကုန်၍ ဟစ်ကြွေးသဖြင့်ငိုကုန်၍ ဆရာနှင့်ကင်းသည်၏အဖြစ်ကြောင့် ဤသို့သဘောရှိသော မကောင်းမှုကို ပြုမိကုန်၏ဟု ထိုခဏ၌သာလျှင် မင်း၏ဥယျာဉ်ကို စွန့်၍ ဟိမဝန္တာသို့သွား၍ ပရိက္ခရာကိုသိုမှီပြီးလျှင် ဆရာကိုရှိခိုး၍ နေကုန်၏။ ဆရာသည် အမောင်တို့ လူ့ပြည်၌ ဆွမ်းဖြင့် မပင်ပန်းကုန်သည်ဖြစ်၍ ချမ်းသာစွာနေရပါကုန်၏လော၊ ညီညွတ်သဖြင့်နေရခြင်းကိုလည်း နေရပါကုန်၏လောဟု မေး၏။ ဆရာ ချမ်းသာစွာ နေရပါကုန်၏။ ထိုသို့ ချမ်းသာစွာနေရကုန်သော်လည်း မသောက်အပ်သောသုရာကို သောက်မိသောကြောင့် သညာကင်းကုန်သည်ဖြစ်၍ သတိဖြစ်စိမ့်သောငှါ မတတ်နိုင်သည်ဖြစ်၍ သီလည်း သီခဲ့ကုန်ပြီ၊ ကလည်း ကခဲ့ကုန်ပြီဟု ထိုအကြောင်းကို ကြားလျှောက်လိုရကား-

၈၁။ အပါယိမှ အနစ္စိမှ၊ အဂါယိမှ ရုဒိမှ စ။
ဝိသညီကရဏိံ ပိတွာ၊ ဒိဋ္ဌာ နာဟုမှ ဝါဝနရာ။

ဟူသော ဤဂါထာကိုဖြစ်စေ၍ လျှောက်ကုန်၏။

၈၁။ အာစရိယ၊ ဆရာ။ အပါယိမှ စ၊ သောက်လည်း သောက်ကုန်ပြီ။ အနစ္စိမှ စ၊ ကလည်း ကကုန်ပြီ။ အဂါယိံမှ စ၊ သီလည်း သီ ကုန်ပြီ။ ရုဒိမှ စ၊ ငိုလည်း ငိုကုန်ပြီ။ ဝိသညီကရဏိံ၊ သညာကင်းခြင်းကို ပြုတတ်သော သေကို။ ပိတွာ၊ သောက်ကုန်၍။ ဒိဋ္ဌာ၊ မျက်မှောက် ထင်ထင် မြင်အပ်ကုန်သော။ ဝါနရာ၊ မျောက်တို့သည်။ ယံ နာဟုမှ၊ အကြင်မဖြစ်ကုန်။ ဧတဒေဝ၊ ထိုမျက်မှောက် မျောက်, မဖြစ်ခြင်းသည်သာလျှင်။ သာဓု၊ ကောင်းလှပါ၏ဘုရား။

ဘုရားလောင်းသည် ဆရာတို့နှင့်အတူတကွ နေရခြင်းမှကင်းခြင်းမည်သည်ကား ဤသို့သဘောရှိသည်သာလျှင်တည်းဟု ထိုရသေ့တို့ကို ကဲ့ရဲ၏။ တဖန်ဤသို့သဘောရှိသော မကောင်းမှုတို့ကို မပြုကြလင့်ဟု ထိုရသေ့တို့အား အဆုံးအမကိုပေး၍ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ ထိုစကားသည် သင့်၏။ ဤဇာတ်မှစ၍ အနုသန္ဓေကိုစပ်၍ဟူသော ဤစကားကိုလည်း မဆိုကုန်တော့အံ့။ အဘယ်သို့ ဇာတ်ကိုပေါင်းသနည်းဟူမူကား ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ၌ တပည့်ရသေ့အပေါင်း ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ဘုရားသည်လျှင် ထိုအခါ ရသေ့အပေါင်းတို့၏ဆရာ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

အရက်သေစာ၊ သောက်သူမှာ၊ သညာကင်းဘိ ရှက်မရှိ

ရှေးဦးစွာသော သုရာပါနဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အပါယိမှဝဂ်

၂။ မိတ္တဝိန္ဒကဇာတ်

ဆရာဆုံးမသည်ကို မနာယူသော မိတ္တဝိန္ဒကအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အတိက္ကမ္မ ရမဏကံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမိတ္တဝိန္ဒကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ဆိုနိုင်ခက်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဤမိတ္တဝိန္ဒကဝတ္ထုသည် ကဿပမြတ်စွာဘုရား၏လက်ထက်တော်၌ ဖြစ်၏။ ထိုဝတ္ထုသည် ဒသကနိပါတ် မဟာမိတ္တဝိန္ဒကဇာတ်၌ ထင်စံာဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... ထိုအခါ၌ကား ဘုရားလောင်းသည်-

၈၂။ အတိက္ကမ္မ ရမဏကံ၊ သဒါမတ္တဉ္စ ဒုဘကံ။
သွာသိ ပါသာဏမာသီနော၊ ယသ္မာ ဇီဝံ န မောက္ခသိ။

ဟူသော ဤဂါထာကို ဆို၏။

၈၂။ မိတ္တဝိန္ဒက၊ မိတ္တဝိန္ဒက။ သော တွံ၊ ထိုသင်သည်။ ရမဏကဉ္စ၊ ဖလ်ပြသာဒ်ကို၎င်း။ သဒါမတ္တဉ္စ၊ ငွေပြာသာဒ်ကို၎င်း။ ဒုဘကဉ္စ၊ ပတ္တမြားပြာသာဒ်ကို၎င်း။ အတိက္ကမ္မ၊ လွန်ခဲ့၍။ ပါသာဏမာသီနော၊ သင်ဓုန်းစက်သို့ ရောက်၍ တည်သည်။ အသိ၊ ဖြစ်၏။ ယသ္မာ၊ အကြင်ကြောင့်။ ယာဝ၊ အကြင်မျှလောက်။ တေ၊ သင်၏။ ပါပံ၊ မကောင်းမှုသည် န ခီယတိ၊ မကုန်သေး။ တာဝ၊ ထိုမျှလောက်။ ဇီဝံ၊ အသက်ရှင်လျက်။ ခုရစက္ကာ၊ သင်ဓုန်းစက်မှ။ န မောက္ခသိ၊ မလွတ်ရလတ္တံ့။

ဘုရားလောင်းသည် ဤဂါထာကိုဆို၍ မိမိနေရာနတ်ရွာအရပ်သို့သာလျှင် သွား၏။ မိတ္တဝိန္ဒကသည်လည်း သင်ဓုန်းစက်ကိုရွက်၍ ကြီးစွာသောဆင်းရဲကိုခံလျက် မကောင်းမှုကုန်သည်ရှိသော် ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဆိုနိုင်ခက်သောရဟန်းသည် ထိုအခါ မိတ္တဝိန္ဒက ဖြစ်ဘူးပြီ၊ ယခုအခါငါဘုရားသည်လျှင် ထိုအခါ နတ်မင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ဆုံးမသည့်ဘက်၊ မလိုက်ချက်၊ သေပျက်ငရဲမှာ

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော မိတ္တဝိန္ဒကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အပါယိမှဝဂ်

၃။ ကာဠကဏ္ဏိဇာတ်

ကောင်းသောအဆွေခင်ပွန်းရှိ၍ စည်းစိမ်ဥစ္စာမပျက်စီးနိုင်သော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်ဘုရားသည် မိတ္တာ ဟဝေ သတ္တပဒေန ဟောတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ကာဠကဏ္ဏိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အနာထပိဏ်သူဌေး၏ တယောက်သောအဆွေခင်ပွန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအဆွေခင်ပွန်းသည် အနာထပိဏ်သူဌေးနှင့် အတူတကွ မြေမှုန့်ကစားဘက် ဖြစ်၏။ တယောက်သောဆရာ၏ အထံ၌ အတတ်သင်ဘက် ဖြစ်၏။ အမည်အားဖြင့် ကာဠကဏ္ဏီမည်သတတ်၊ ထိုကဠကဏ္ဏီသည် ရှည်မြင့်သောကာလသို့ရောက်လတ်သော် ဆင်းရဲသည်ဖြစ်၍ အသက်မွေးအံ့သောငှါမတတ်နိုင်ရကား အနာထပိဏ်သူဌေး၏အထံသို့ လာ၏။ ထိုအနာထပိဏ်သူဌေးသည် ကာဠကဏ္ဏီကို နှစ်သိမ့်စေ၍ ရိက္ခာပေး၍ မိမိဥစ္စာကိုစောင့်စေ၏။ ထိုကာဠကဏ္ဏီသည် အနာထပိဏ်သူဌေးအား ကျေးဇူးပြုသည်ဖြစ်၍ အလုံးစုံသောကိစ္စတို့ကိုပြု၏။ ထိုကာဠကဏ္ဏီကို အနာထပိဏ် သူဌေး၏အထံသို့ လာသောကာလ၌ ကာဠကဏ္ဏီ ရပ်လော၊ ကဠကဏ္ဏီ ထိုင်လော၊ ကာဠကဏ္ဏီ စားလောဟု ဆိုကုန်၏။

ထိုအခါ တနေ့သ၌ အနာထပိဏ်သူဌေး၏ အဆွေ ခင်ပွန်းတို့သည် သူဌေးသို့ကပ်ကုန်၍ သူဌေးကြီး ဤသူယုတ်ကို သင်၏အထံ၌ မနေစေလင့်၊ ကာဠကဏ္ဏီ ရပ်လော၊ ကာဠကဏ္ဏီထိုင်လော၊ ကာဠကဏ္ဏီ စားလာ ဤသို့သောအသံကြောင့် ဘီလူးပင်သော်လည်း ပြေးရာ၏။ ဤကဠကဏ္ဏီသည် သင်နှင့်မတူ၊ ဆင်းရဲ၏။ မကောင်းခြင်းနှင့် ပြည့်စုံ၏။ သင့်အား ဤကဠကဏ္ဏီဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဤသို့ ဆိုကုန်၏။ အနာထပိဏ် သူဌေးသည် အမည်မှည့်သည်ကား ခေါ်ဝေါ်ရုံမျှသာတည်း၊ ထိုအမည်ကို ပညာရှိတို့သည် ပမာဏမပြုကုန်၊ သုတမင်္ဂလာကို အလိုရှိသောသူ မည်သည် မဖြစ်သင့်၊ ငါသည် အမည်မျှကိုမှီ၍ မြေမှုန့်ကစားဘက်ဖြစ်သော အဆွေ ခင်ပွန်းကို စွန့်ခြင်းငှာမတတ်နိုင်ဟု ထိုအဆွေခင်ပွန်းတို့စကားကို မယူမူ၍ တနေ့သ၌ မိမိစားသောရွာသို့ သွားသည်ရှိသော် ထိုကဠဏ္ဏီကို အိမ်၌ စောင့်စေ၍ သွား၏။ ခိုးသူတို့သည် အနာထပိဏ်သူဌေးသည် မိမိစားသောရွာသို့ သွားသတတ်၊ ထိုသူဌေးကို လုယက်ကုန်အံ့ဟု အထူးထူးသော လက်နက်စွဲကုန်လျက် ညဉ့်အဘို့၌လာ၍ အိမ်ကိုဝန်းရံကုန်၏။

ကာဠကဏ္ဏီသည်လည်း ခိုးသူတို့၏လာခြင်းကို ရွံရှာသည်ဖြစ်၍ မအိပ်ဘဲသာလျှင်နေ၏။ ထိုကာဠကဏ္ဏိသည် ခိုးသူတို့၏ လာသောအဖြစ်ကိုသိ၍ လူတို့ကိုနို့စိမ့်သောငှါ သင်သည် ခရု သင်း မှုတ်လော၊ သင်သည် မုရိုးစည်တီးလောဟု ကြီးစွာသောသဘင်ကိုပြုသကဲ့သို့ အလုံးစုံသောအိမ်ကို တစပ်တည်းသောအသံကို ပြုစေ၏။ ထိုခိုးသူတို့သည် အိမ်ဆိတ်၏ဟု ငါတို့သည် မကောင်းသဖြင့်ကြားအပ်၏။ ဤအိမ်၌သာလျှင် သူဌေးကြီးရှိ၏ဟု ကျောက် ဆောက်ပုတ်အစရှိသည်တို့ကို ထိုအရပ်၌သာလျှင်စွန့်၍ ပြေးကုန်၏။ နက်ဖြန်နေ့၌ လူတို့သည် ထိုထိုအရပ်၌စွန့်အပ်သော ကျောက် ဆောက်ပုတ်အစရှိသည်တို့ကိုမြင်၍ ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ ယနေ့ ဤသို့ သဘောရှိသော သတိပညာနှင့်ပြည့်စုံသော အိမ်၌စီရင်တတ်သောသူသည် အိမ်၌မရှိငြားအံ့ ခိုးသူတို့သည် အလိုရှိတိုင်းဝင်၍ အလုံးစုံသောအိမ်ကို လုယက်သည် ဖြစ်ရာ၏။ ဤမြဲမြံသောအဆွေခင်ပွန်းကိုမှီ၍ သူဌေးကြီးသည် အစီး အပွားဖြစ်၏ဟု ထိုကာဠကဏ္ဏိကိုချီးမွမ်း၍ သူဌေးကြီးအား စားသောရွာမှ လာသောကာလ၌ အလုံးစုံသောထိုအကြောင်းကို ကြားကုန်၏။ ထိုအခါ ထိုအဆွေ အမျိုးတို့ကို သူဌေးကြီးသည် သင်တို့သည် ဤသို့သဘောရှိသော ငါ၏အိမ်စောင့် အဆွေခင်ပွန်းကို နှင်ထုတ်စေကုန်၏။ သင်တို့၏စကားဖြင့် ငါသည် ဤအဆွေခင်ပွန်းကို နှင်ထုတ်စေအပ်သည် အကယ်၍ ဖြစ်ငြားအံ့၊ ယနေ့ ငါ့အား တစုံတခုသောဥစ္စာသည် မဖြစ်ရာ၊ အမည်သည်ကား ပမာဏမဟုတ် အစီးအပွားကို အလိုရှိသောစိတ်သည်သာလျှင် ပမာဏတည်းဟု ဆို၏။ ဤသို့ဆိုပြီး၍ ထိုကာဠကဏ္ဏိအား အတိုင်းထက် အလွန်ရိက္ခာပေးပြီးလျှင် ယခုအခါ ငါ့အား ဤစကား လက်ဆောင်သည် ရှိ၏ဟု မြတ်စွာဘုရားအထံတော်သို့ သွား၍ အစမှစ၍ ထိုအကြောင်းကို ကြားလျှောက်၏။ မြတ်စွာဘုရားသည် သူကြွယ် ယခုအခါ ၌သာလျှင် ကာဠကဏ္ဏိအဆွေခင်ပွန်းသည် မိမိ၏ အဆွေ ခင်ပွန်းအိမ်၌ ဥစ္စာကို စောင့်ရှောက်သည်မဟုတ်သေး၊ ရှေး၌လည်း စောင့်ရှောက်ဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ထိုအနာထပိဏ်သူဌေးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် များသောစည်းစိမ်ရှိသော သူဌေးသည်ဖြစ်၏။ ထိုဘုရားလောင်း၏ အဆွေခင်ပွန်းသည် ကာဠကဏ္ဏိမည်၏။ ဤသို့သဘောရှိသော အလုံးစုံသောစကားသည် ပစ္စုပ္ပန်ဝတ္ထုနှင့် တူသလျှင် ကတည်း၊ ဘုရားလောင်းသည် မိမိစားရွာမှလာသည်ရှိသော် ထိုအကြောင်းကိုကြား၍ ငါသည် သင်တို့၏ စကားဖြင့် ဤသို့သဘောရှိသောအဆွေခင်ပွန်းကို နှင်ထုတ်အပ်သည် အကယ်၍ ဖြစ်ငြားအံ့၊ ယနေ့ ငါ့အား တစုံတခုသောဥစ္စာသည် မဖြစ်ရာဟု ဆိုလို၍-

၈၃။ မိတ္တော ဟဝေ သတ္တပဒေန ဟောတိ။
သဟာယော ပန ဒွါဒသကေန ဟောတိ။
မာသဍ္ဎမာသေန စ ဉာတိ ဟောတိ၊
တတုတ္တရိံ အတ္တသမာပိ ဟောတိ။
သောဟံ ကထံ အတ္တသုခဿ ဟေတု၊
စိရသန္ထုတံ ကာဠကဏ္ဏိံ ဇာဟေယျ။

ဟူသော ဤဂါထာကို ဆို၏။

၈၃။ သတ္တပဒေန၊ အတူတကွ ခုနစ်ဘဝါးလှမ်း၍ သွားဘူးသဖြင့်။ ဟဝေ၊ စင်စစ်။ မိတ္တော၊ အဆွေခင်ပွန်းသည်။ ဟောတိ၊ ဖြစ်၏။ ဒွါဒသကေန၊ အတူတကွ တဆယ့်နှစ်ဘဝါး လှမ်း၍ သွားဘူးသဖြင့်။ သဟာယော၊ အပေါင်းအဖော်သည်။ ဟောတိ၊ ဖြစ်၏။ မာသဍ္ဎမာသေန စ၊ တလ, လခွဲ အတူတကွ ပေါင်းဘက်နေဘူးသဖြင့်လည်း။ ဉာတိ၊ ဆွေမျိုးနှင့်တူသည်။ ဟောတိ၊ ဖြစ်၏။ တတုတ္တရိံ၊ ထို့ထက်အလွန် ပေါင်းဘက်နေဘူးမူကား။ အတ္တသမာပိ၊ ကိုယ်နှင့်တူသည်လည်း။ ဟောတိ၊ ဖြစ်၏။ သော အဟံ၊ ထိုငါသည်။ အတ္တသုခဿ၊ မိမိစီးပွားချမ်းသာ၏။ ဟေတု၊ အကြောင်းနှင့်။ စိရသန္ထုတံ၊ ရှည်မြင့်စွာ ပေါင်းဘက်ဘူးသော။ ကာဠကဏ္ဏိံ၊ ကာဠကဏ္ဏိကို။ ကထံ ဇဟေယျံ၊ အသို့စွန့်ရအံ့နည်း။

ထိုအခါမှစ၍ တဖန် တစုံတယောက်သောသူသည် သူဌေး၏ အတွင်း၌ ဆိုဝံ့သောသူမည်သည် မရှိ။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ကာဠကဏ္ဏိ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီ သူဌေးဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

စကားဖောင်ဖောင်၊ နားမယောင်၊ တွဲနှောင်မပစ် ခင်ပွန်းချစ်

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ကာဠကဏ္ဏိဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အပါယိမှဝဂ်

၄။ အတ္ထဿဒွါရဇာတ်

အကျိုးစီးပွားနှင့်စပ်သော ပြဿနာအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အာရောဂျမိစ္ဆေ ပရမဉ်စလာဘံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အတ္ထဿဒွါရဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော အကျိုးစီးပွား၌ လိမ်မာသော အမျိုးသားကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ သာဝတ္ထိပြည်၌ တယောက်သော များသော စည်းစိမ်ရှိသောသူဌေး၏သားသည် ဖွားသည်မှခုနစ်နှစ်ကာလကပင် ပညာရှိ၏။ အကျိုးစီးပွား၌ လိမ်မာ၏။ ထိုသူဌေးသားသည် တနေ့သ၌ အဘသို့ကပ်၍ အကျိုးစီးပွား၏ အကြောင်းဖြစ်သော ပြဿနာမည်သည်ကို မေး၏။ ထိုသူဌေးသည် ပြဿနာကို မသိ၊ ထိုသူဌေးအား ဤပြဿနာသည် အလွန်သိမ်မွေ့၏။ သဗ္ဗညူမြတ်စွာဘုရားကိုထား၍ တပါးသော အထက်ဘဝဂ် အောက်အဝီစိဖြင့် ပိုင်းခြားအပ်သောသတ္တဝါအပေါင်း၌ ထိုပြဿနာကို ဖြေခြင်းငှါ စွမ်းနိုင်သောသူမည်သည်မရှိ၊ ဤသို့သောအကြံသည် ဖြစ်၏။

ထိုသူဌေးသည် သားကိုယူ၍ များစွာသော ပန်း နံ့သာ နံ့သာပျောင်းတို့ကိုယူစေပြီးလျှင် ဇေတဝန် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကိုပူဇော်ရှိခိုး၍ တင့်အပ်လျောက်ပတ်သောအရပ်၌ နေလျက် မြတ်စွာဘုရားကို အရှင်ဘုရား ဤသူငယ်သည် ပညာရှိ၏။ အကျိုးစီးပွား၌လိမ်မာ၏။ အကျွန်ုပ်ကို အကျိုးစီးပွား၏ အကြောင်းဖြစ်သော ပြဿနာကိုမေး၏။ အကျွန်ုပ်သည် ထိုပြဿနာကို မသိသည်ဖြစ်၍ အရှင်ဘုရားတို့၏အထံတော်သို့ လာ၏။ အရှင်ဘုရား တောင်းပန်ပါ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရားသည် ထိုပြသနာကို အကျွန်ုပ်အား ဟောတော်မူပါလော လျှောက်၏။ မြတ်စွာဘုရားသည် ဒါယကာ ရှေး၌ ငါ့ကို ဤသူငယ်သည် ထိုပြဿနာကို မေးအပ်ပြီ၊ ငါသည်လည်း ထိုသူငယ်ကို ပြောအပ်ပြီ၊ ထိုအခါ ထိုပြဿနာကို ဤသူငယ်သည် သိ၏။ ယခုအခါ၌ကား ဘဝဖုံးလွှမ်းအပ်သည်၏အဖြစ်ကြောင့် မမှတ်နိုင်ဟုမိန့်တော်မူ၍ ထိုသူဌေးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို အောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် များစွာသောစည်းစိမ်ရှိသော သူဌေးသည်ဖြစ်၏။ ထိုအခါ သူဌေး၏သားသည် ဖွားသည်မှ ခုနစ်နှစ်ကာလကပင် ပညာရှိ၏။ အကျိုး စီးပွား၌ လိမ်မာ၏။ ထိုသူဌေးသားသည် တနေ့သ၌ အဘသို့ကပ်၍ ဘခင် အကျိုးစီးပွား၏ အကြောင်းသည် အဘယ်နည်းဟု အကျိုးစီးပွား၏အကြောင်း ဖြစ်သောပြသနာကို မေး၏။ ထိုအခါ သားအား အဘသည် ထိုပြဿနာကို ဖြေလိုရကား-

၈၄။ အာရောဂျမိစ္ဆေ ပရမဉ္စ လာဘံ၊
သီလဉ္စ ဝုဒ္ဓါနုမတံ သုတဉ္စ။
ဓမ္မာနုဝတ္တီ စ အလီနတာ စ၊
အတ္တဿဒွါရာ ပမုခါ ဆဠေတေ။

ဟူသော ဤဂါထာကို ဆို၏။

၈၄။ တာတ၊ အမောင်။ အရောဂျံ၊ အနာမရှိသည်ဟု ဆိုအပ်သော။ ပရမံ၊ မြတ်သော။ လာဘံ၊ လာဘ်ကို။ ဣစ္ဆေ၊ အလိုရှိရာ၏။ သီလံ၊ အကျင့်သီလကိုလည်း။ ဣစ္ဆေ၊ အလိုရှိရာ၏။ ဝုဒ္ဓါနုမတဉ္စ၊ ပညာရှိတို့၏ ဩဝါဒကိုလည်း။ ဣစ္ဆေ၊ အလိုရှိရာ၏။ သုတဉ္စ၊ အကြားအမြင်ကိုလည်း။ ဣစ္ဆေ၊ အလိုရှိရာ၏။ ဓမ္မာနုဝတ္တီ စ၊ သုစရိုက်တရားသုံးပါးကို အစဉ်ကျင့်ခြင်းကိုလည်း။ ဣစ္ဆေ၊ အလိုရှိရာ၏။ အလီနတာ စ၊ မပျင်းမရိသည်၏ အဖြစ်ကိုလည်း။ ဣစ္ဆေ၊ အလိုရှိရာ၏။ ဧတေ ဆ၊ ဤခြောက်ပါးသော တရားတို့သည်။ အတ္ထဿ၊ အကျိုးစီးပွား၏။ ပမုခါ၊ မြတ်ကုန်သော။ ဒွါရာ၊ အကြောင်းတို့တည်း။

ဤသို့လျှင် ဘုရားလောင်းသည် သားအား အကျိုးစီးပွား၏ အကြောင်းဖြစ်သောပြသနာကို ဖြေ၏။ ထိုသူဌေးသားသည် ထိုအခါမှစ၍ ထိုခြောက်ပါးကုန်သော တရားတို့၌ ကျင့်၏။ ဘုရားလောင်းသည်လည်း ဒါနအစရှိသောကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ သူဌေးသားသည် ထိုအခါ သူဌေးသား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဗာရာဏသီ သူဌေး ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

သီလ သုတာ၊ အာရောဂျာနှင့်၊ ဓမ္မာနုသွား၊ မပျင်းငြား၊ စီးပွားဖြစ်ကြောင်းသာ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော အတ္ထဿဒွါရဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အပါယိမှဝဂ်

၅။ ကိံပက္ကဇာတ်

ကာမဂုဏ်တို့၏ အဆိပ်သီးနှင့်တူသော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အာယတိံ ဒေါသံ နာညာယ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကိံပက္ကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော သာသနာတော်၌ ငြီးငွေ့သော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ တယောက်သောအမျိုးသားသည် မြတ်စွာဘုရား သာသနာတော်၌ အသက်ကိုစွန့်၍ ရဟန်းပြု၍ တနေ့သ၌ သာဝတ္ထိမြို့သို့ ဆွမ်းခံသွားသည်ရှိသော် တယောက်သော တန်ဆာဆင်သောမိန်းမကိုမြင်၍ ငြီးငွေ့၏။ ထိုအခါ ထိုရဟန်းကို ဆရာဥပဇ္ဈာယ်တို့သည် မြတ်စွာဘုရားအထံသို့ ဆောင်သတတ်၊ မြတ်စွာဘုရားသည် ရဟန်း သင်သည် သာသနာတော်၌ ငြီးငွေ့သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ အရှင်ဘုရား ငြီးငွေ့သည် မှန်ပေ၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်း ငါးပါးသော ကာမဂုဏ်တို့မည်သည်ကား ခံစားသောကာလ၌ မွေ့လျော်ခြင်းကို ဖြစ်စေတတ်ကုန်သော်လည်း ထိုငါးပါးသောကာမဂုဏ်တို့ကို ခံစားခြင်းသည် ငရဲအစရှိသည်တို့၌ ပဋိသန္ဓေကိုပေးတတ်၏။ အဆိပ်သီးကို စားသည်နှင့်သာလျှင် တူသည်ဖြစ်၏။ စားအပ်သော အဆင်းအနံ့အရသာနှင့်ပြည့်စုံသော အဆိပ်သီးမည်သည်ကား အူတို့ကိုဖြတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေတတ်၏။ ရှေး၌ များစွာသော သူမိုက်တို့သည် အဆိပ်သီး၏အဖြစ်ကိုမမြင်၍ အဆင်းအနံ့အရသာတို့၌တပ်စွန်း၍ ထိုအဆိပ်သီးကိုစား၍ အသက်ကုန်ခြင်းသို့ ရောက်ဘူးကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် လှည်းကုန်သည်မှူးဖြစ်၍ ငါးရာကုန်သောလှည်းတို့ဖြင့် အရှေ့အရပ်မှ အနောက်အရပ်သို့ သွားသည်ရှိသော် တောအုပ်ဝသို့ရောက်၍ လူတို့ကိုစည်းဝေးစေပြီးလျှင် ဤတောအုပ်၌ အဆိပ် ပင်တို့မည်သည် ရှိကုန်၏။ ငါ့ကိုမပန်မူ၍ ရှေး၌မစားဘူးသော သစ်သီးကြီးငယ်တို့ကို မစားကုန်လင့်ဟု ဆုံးမ၏။ လူတို့သည် တောအုပ်ကိုလွန်၍ တောအုပ်ဝ၌ အသီးကိုဆောင်ခြင်းကြောင့် ညွတ်သောအကိုင်းအခက်ရှိသော တခုသောအဆိပ်ပင်ကို မြင်ကုန်၏။ ထိုအဆိပ် ပင်၏ ပင်စည်အခက်အရွက်အသီးတို့သည် သဏ္ဌာန်အဆင်းအနံ့အရသာတို့ဖြင့် သရက်သီးနှင့် တူကုန်သလျင်ကတည်း၊ ထိုကုန်သည်အပေါင်းတို့တွင် အချို့ကုန်သောသူတို့သည် အဆင်းအနံ့အရသာတို့၌တပ်စွန်း၍ သရက်သီးဟူသောအမှတ်ဖြင့် အဆိပ်သီးကိုစားကုန်၏။ အချို့ကုန်သော သူတို့သည် လှည်းကုန်သည်မှူးကိုမေး၍ စားကုန်အံ့ဟုယူ၍ တည်ကုန်၏။

ဘုရားလောင်းသည် ထိုအရပ်သို့ရောက်၍ အဆိပ်သီးကိုကိုင်၍ တည်ကုန်သောသူတို့ကို အဆိပ်သီးတို့ကိုစွန့်စေ၍ အကြင်သူတို့သည် စားကုန်လျက် တည်ကုန်၏။ ထိုသူတို့ကို အန်စေ၍ ထိုသူတို့အား ဆေးကိုပေး၏။ ထိုသူတို့တွင် အချို့ကုန်သော သူတို့သည် ရောဂါမရှိသည် ဖြစ်ကုန်၏။ အကြင်သူတို့သည် ရှေးဦးစွာစား၍ တည်ကုန်၏။ ထိုသူတို့သည် အသက်ကုန်ခြင်းသို့ ရောက်ကုန်၏။ ဘုရားလောင်းသည် အလိုရှိရာအရပ်သို့ သွား၍ လာဘ်ကိုရလျှင် တဖန် မိမိနေရာအရပ်သို့လာလတ်၍ ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ ကံအား လျော်စွာ လား၏။ မြတ်စွာဘုရားသည် ထိုဝတ္ထုကိုဟောတော်မူ၍ ဘုရားဖြစ်တော်မူ၍-

၈၅။ အာယတိံ ဒေါသံ နာညာယ၊ ယော ကာမေ ပဋိသေဝတိ။
ဝိပါကန္တေ ဟနန္တိ နံ၊ ကိံပက္ကမိဝ ဘက္ခိတံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၈၅။ ယော၊ အကြင်သူသည်။ အာယတိံ၊ နောင်အခါ၌။ ဒေါသံ၊ အပြစ်ကို။ နာညာယ၊ မသိဘဲလျက်။ ကာမေ၊ ငါးပါးသောကာမဂုဏ်တို့ကို။ ပဋိသေဝတိ၊ မှီဝဲ၏။ ဘက္ခိတံ၊ စားအပ်သော။ ကိံပက္ကမိဝ၊ အဆိပ်သီးကဲ့သို့။ နံ၊ ထိုသူကို။ တေ၊ ထိုငါးပါးကုန်သော ကာမဂုဏ်တို့သည်။ ဝိပါကန္တေ၊ အကျိုးဖြစ်သော ကာလဟူသော အဆုံး၌။ ဟနန္တိ၊ သတ်တတ်ကုန်၏။

မြတ်စွာဘုရားသည် ဤဒေသနာတော်ကို အနုသန္ဓေအားလျော်စွာစပ်၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သောရဟန်းသည် သောတာပတ္တိဖိုလ်သို့ရောက်၏။ ကြွင်းသော ပရိသတ်တို့သည်လည်း အချို့သော ရဟန်းတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့သော ရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ အချို့သောရဟန်းတို့သည် ရဟန္တာဖြစ်ကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ လှည်းကုန်သည်မှူးပရိသတ်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ လှည်းကုန်သည်မှူးဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကာမဂုဏ်မည်ဟီး၊ အဆိပ်သီး၊ ပုံမှီး ဥပမာ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကိံပက္ကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အပါယိမှဝဂ်

၆။ သီလဝီမံသကဇာတ်

မိမိသီလကို မိမိစုံစမ်းသည့် အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သီလံ ကိရေဝ ကလျာဏံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသီလဝီမံသကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သီလကိုစုံစမ်းတတ်သော တယောက်သောပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုပုဏ္ဏားသည် ကောသလမင်းကိုအမှီပြု၍ အသက်မွေးသတတ်၊ ရတနာသုံးပါးတို့ကို ကိုးကွယ်၏။ မကျိုးမပျက်သော သီလရှိ၏။ ဗေဒင်သုံးပုံတို့၏ ကမ်းတဘက်သို့ရောက်၏။ မင်းကြီးသည် ပုဏ္ဏားသည်ကား သီလရှိ၏ဟု ပုဏ္ဏားအား အတိုင်းထက်အလွန် မြတ်နိုးခြင်းကို ပြု၏။ ထိုပုဏ္ဏားသည် ဤမင်းကြီးသည် ငါ့အား တပါးသောပုဏ္ဏားတို့ထက် အလွန်လျှင် မြတ်နိုးခြင်းကိုပြု၏ အလွန်လျှင် အလေးအမြတ်ပြု၍ ရှု၏။ ဤမင်းသည် ငါ၏ အမျိုးစဉ်ဆက် အတတ်ပညာ၏ ပြည့်စုံခြင်းကိုမှီ၍ ဤမြတ်နိုးခြင်းကို ပြုသလော၊ ထိုသို့မဟုတ်မူကား သီလ၏ပြည့်စုံခြင်းကိုမှီ၍ မြတ်နိုးခြင်းကိုပြုသော၊ ရှေး ဦးစွာ စုံစမ်းအံ့ဟုကြံ၏။ ကြံပြီး၍ ထိုပုဏ္ဏားသည် တနေ့သ၌ မင်းအားခစားခြင်းကိုပြု၍ အိမ်သို့ပြန်လာသည်ရှိသော် ရွှေ ပန်းထိမ်သည်၏ ပျဉ်မှ မပန်ကြားမှု၍သာလျှင် တသပြာကိုယူ၍ သွားလေ၏။ ရွှေပန်းထိမ်သည်သည် ပုဏ္ဏား၌ရိုသေသည်၏အဖြစ်ဖြင့် တစုံတခုသောစကားကိုမဆိုမူ၍နေ၏။ နက်ဖြန်နေ့လည်း နှစ်သပြာတို့ကိုယူပြန်၏။ ရွှေပန်းထိမ်သည်သည် ရှေးအတူသာလျှင်သည်းခံ၏။ သုံးရက်မြောက်သောနေ့၌ တဆုပ်သောအသပြာတို့ကို ယူ၏။

ထိုအခါ ထိုပုဏ္ဏားကို ရွှေပန်းထိမ်သည်သည် ယနေ့မင်း၏ဥစ္စာကို သင်ယူသည် သုံးရက်ရှိပြီဟုဆို၍ မင်း၏ဥစ္စာကိုခိုးသော ခိုးသူကို ငါသည်ဖမ်းအပ်၏ဟု သုံးကြိမ် ဟစ်ကြော်၏။ ထိုအခါ လူတို့သည် ထိုမှဤမှလာကုန်၍ သင်သည် ကြာမြင့်စွာ သီလရှိယောင်ဆောင်လျက် သွား၏ဟုဆို၍ နှစ်ချက်သုံးချက်သော ပုတ်ခတ်ခြင်းတို့ကိုပေးပြီးလျှင် နှောင်ဖွဲ့၍ မင်းအားပြကုန်၏။ မင်းသည် နှလုံးမသာယာသည်ဖြစ်၍ ပုဏ္ဏားအား အဘယ့်ကြောင့် ဤသို့သဘောရှိသော သီလမရှိသောသူတို့၏အမှုကို ပြုသနည်းဟု ဆို၍ ထိုပုဏ္ဏားအား မင်း၏ အာဏာကို ပြုကုန်လောဟု ဆို၏။ ပုဏ္ဏားသည် အရှင်မင်းကြီး အကျွန်ုပ်သည် ခိုးသူမဟုတ်ဟု ဆို၏။ ခိုးသူမဟုတ်သည်ရှိသော် အဘယ့်ကြောင့် မင်း၏ဥစ္စာ အသပြာတို့ကို ပျဉ်မှယူသနည်းဟုဆိုသော် အရှင်မင်းကြီးသည် အကျွန်ုပ်အား မြတ် နိုးခြင်းကိုပြုသည်ရှိသော် မင်းကြီးသည် ငါ့အား အမျိုး အစရှိသည်တို့ကိုမှီ၍ မြတ်နိုးခြင်းကိုပြုသလော၊ ထိုသို့မဟုတ်မူကား သီလကိုမှီ၍ မြတ်နိုးခြင်းကိုပြုသလောဟု စုံစမ်းအံ့သောငှါ အကျွန်ုပ်သည် ပြုအပ်၏။ ယခုအခါကား အကျွန်ုပ်သည် စင်စစ်သဖြင့် သီလကိုသာလျှင်မှီ၍ အရှင်မင်းကြီးသည် အကျွန်ုပ်အား မြတ်နိုးခြင်းကို ပြုအပ်၏။ အမျိုးအစရှိသည်တို့ကိုမှီ၍ မပြုအပ်၊ ထို့ကြောင့်ရကား အကျွန်ုပ်အား ယခုအခါ မင်း၏အာဏာကို ပြုစေ၏။ ဤသို့လျှင် အကြင်အကြောင်းကြောင့် သိအပ်၏။ ထိုသို့ အကျွန်ုပ်သည် ဤအကြောင်းကြောင့် ဤလောက၌ သီလသည်သာလျှင် မြတ်၏။ သီလ သည်သာလျှင် အကြီးအမှူးဖြစ်၏ဟု ဆုံးဖြတ်ခြင်းသို့ရောက်၏။ ငါသည် ဤသီလအား လျောက်ပတ်ခြင်းကိုပြုသည်ရှိသော် အိမ်၌တည်လျက် ကိလေသာတို့ကိုခံစားလျက် ပြုခြင်းငှာမတတ်နိုင်လတ္တံ့၊ ယနေ့ပင်လျှင် ဇေတဝန်ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားအထံတော်၌ ရဟန်းပြုအံ့၊ အရှင်မင်းကြီး အကျွန်ုပ်အား ရဟန်းပြုခွင့်ကို ပေးတော်မူပါလောဟု မင်းကြီးကိုခွင့်ပြုစေ၍ ဇေတဝန်ကျောင်းတော်သို့ ရှေးရှုသွား၏။

ထိုအခါ ထိုပုဏ္ဏားကို အဆွေအမျိုး ချစ်ကျွမ်းဝင်ကုန်သော အဆွေခင်ပွန်းတို့သည် စည်းဝေးကုန်၍ မြစ်အံ့သောငှါမတတ်နိုင်ကုန်သည်ဖြစ်၏။ ထိုပုဏ္ဏားသည် မြတ်ဘုရားအထံတော်သို့သွား၍ ရဟန်းအဖြစ်ကို တောင်းပန်လျင် သာမဏေအဖြစ်ကို၎င်း ပဉ္စင်းအဖြစ်ကို၎င်းရ၍ မြတ်သောကမ္မဋ္ဌာန်းရှိသည်ဖြစ်၍ ဝိပဿနာကိုပွားစေ၍ အရဟတ္တဖိုလ်သို့ရောက်လျှင် မြတ်စွာဘုရားသို့ကပ်၍ အရှင်ဘုရား အကျွန်ုပ်အား ရဟန်းအဖြစ်သည် အပြီးသို့ရောက်၏ဟု အရဟတ္တဖိုလ်ကို ကြား၏။ ထိုရဟန်း၏ ထိုအရဟတ္တဖိုလ်ကိုကြားခြင်းသည် ရဟန်းသံဃာ၌ ထင်ရှားဖြစ်၏။ ထိုအခါ တနေ့သ၌ တရား သဘင်ဝယ် စည်းဝေးကုန်သော ရဟန်းတို့သည် ငါ့သျှင်တို့ ဤအမည်ရှိသော မင်း၏အလုပ် အကျွေးပုဏ္ဏားသည် မိမိသီလကိုစုံစမ်း၍ မင်းကိုပန်ကြားပြီးလျှင် ရဟန်းပြု၍ အရဟတ္တဖိုလ်၌တည်၏ဟု ထိုရဟန်း၏ ကျေးဇူးစကားကို ပြောဆိုလျက်နေကြကုန်၏။ မြတ်ဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၏။ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ ဤပုဏ္ဏားသည်သာလျှင် မိမိ၏သီလကိုစုံစမ်း၍ ရဟန်းပြု၍ မိမိ၏ကိုးကွယ်ရာကိုပြုသည် မဟုတ်သေး၊ ရှေး၌လည်း ပညာရှိတို့သည် မိမိ၏သီလကိုစုံစမ်း၍ ရဟန်းပြု၍ မိမိ၏ကိုးကွယ်ရာကို ပြုဘူးကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ပုဏ္ဏားဖြစ်၏။ အလှူအစရှိသည်တို့၌ ညွတ်သောစိတ်ရှိ၏။ သီလကို အလိုရှိ၏။ မကျိုးမပျက်သော ပဉ္စသီလရှိ၏။ မင်းသည် ကြွင်းသောပုဏ္ဏားတို့ထက် အလွန်လျှင် ထိုပုဏ္ဏားအား မြတ်နိုးခြင်းကို ပြု၏။ ဤသို့အစရှိသော အလုံးစုံသောစကားသည် ရှေး စကားနှင့် တူသလျှင်ကတည်း။

ဘုရားလောင်းကိုကားနှောင်ဖွဲ့၍ မင်း၏အထံသို့ ဆောင်သည် ရှိသော် အလမ္ပာယ်သ္မားတို့သည် ခရီးအလယ်၌ မြွေကစားကုန်သည်ရှိသော် မြီးထူး၌ ကိုင်ကုန်၏။ လည်၌ ကိုင်ကုန်၏။ လည်၌လည်း ရစ်ကုန်၏။ ဘုရားလောင်းသည် ထိုအလမ္ပာယ်သွားတို့ကိုမြင်၍ အမောင်တို့ ဤမြွေကို မြီးထူး၌ မကိုင်ကြကုန်လင့်၊ လည်၌ မရစ်ကြကုန်လင့်၊ ထိုစကားသည် မှန်၏။ ဤမြွေသည် သင်တို့ကိုကိုက်၍ အသက်သေခြင်းသို့ရောက်ကုန်ရာ၏ဟု ဆို၏။ အလမ္ပာယ်တို့သည် ပုဏ္ဏား ဤမြွေသည် သီလရှိ၏။ အကျင့်နှင့် ပြည့်စုံ၏။ သင်ကဲ့သို့ သီလမရှိသည် မဟုတ်၊ သင့်ကို မိမိ၏ သီလမရှိသည်၏အဖြစ်ကြောင့် ယုတ်မာသောအကျင့်ဖြင့် မင်း၏ဥစ္စာကို ခိုးသောခိုးသူဟု နှောင်ဖွဲ့၍ဆောင်အပ်၏ဟု ဆိုကုန်၏။ ဘုရားလောင်းသည် မကိုက်သည်ရှိသော် မညှဉ်းဆဲသည်ရှိသော် မြွေစင်လျက်လည်း သီလရှိ၏ဟူသောအမည်ကို ရသေး၏။ လူဖြစ်သောသူသည် အဘယ်ဆိုဘွယ်ရာရှိအံ့နည်း၊ ဤလောက၌ သီလသည်သာလျှင် မြတ်၏။ ထိုသီလထက် လွန်မြတ်သောတရား မရှိဟု ကြံ၏။ ထိုအခါ ပုဏ္ဏားကိုဆောင်၍ မင်းအားပြကုန်၏။ မင်းသည် အမောင်တို့ ဤအမှုသည် အသို့နည်းဟု မေး၏။ အရှင်မင်းကြီး မင်းဥစ္စာကို ခိုးသောသူတည်းဟု လျှောက်ကုန်၏။ ထိုသို့တပြီးကား ထိုပုဏ္ဏားအား မင်း၏အာဏာကို ပြုကုန်လေဟုဆို၏။ ပုဏ္ဏားသည် အရှင်မင်းကြီး အကျွန်ုပ်သည်ခိုးသူမဟုတ်ဟုဆို၏။ ထိုသို့ ခိုးသူမဟုတ်သည်ရှိသော် အဘယ့်ကြောင့် အသပြာတို့ကို ယူသနည်းဟု ဆို၏။ ရှေးနည်းဖြင့်သာလျှင် အလုံးစုံသော စကားကိုကြားလျက် ငါတို့သည် ဤအကြောင်းကြောင့် ဤလောက၌ သီလသည်သာလျှင် မြတ်၏။ သီလသည်သာလျှင် အကြီးအမှူးဖြစ်၏ဟု ဆုံးဖြတ်ခြင်းသို့ရောက်၏။ ဤသို့ဆို၍ လူဖြစ်သောသူကို ထားဘိဦး၊ မကိုက်သည်ရှိသော် မညှဉ်းဆဲသည်ရှိသော် လျှင်သောအဆိပ်ရှိသောမြွေသည်လည်း သီလရှိ၏ဟု ဆိုအပ်သောအဖြစ်ကိုရသေး၏။ ဤအကြောင်းကြောင့် သီလသည်သာလျှင် အထူးသဖြင့် မြတ်၏ဟု သီလကို ချီးမွမ်းလိုရကား-

၈၆။ သီလံ ကိရေဝ ကလျာဏံ၊ သီလံ လောကေ အနုတ္တရံ။
ပဿ ဃောရဝိသော နာဂေါ၊ သီလဝါတိ န ဟညတိ။

ဟူသော ဤဂါထာကို ဆို၏။

၈၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ကိရ၊ ကြားရသည်ကား။ လောကေ၊ လောက၌။ သီလံဧဝ၊ သီလ သည်သာလျှင်။ ကလျာဏံ၊ ကောင်း၏။ သီလံ၊ သီလ သည်သာလျှင်။ အနုတ္တရံ၊ အတုမရှိမြတ်၏။ ပဿ၊ ရှုပါလော။ ဃောရဝိသော၊ ကြမ်းသော အဆိပ်ရှိသော။ နာဂေါ၊ မြွေစင်လျက်။ အဍံသနအဝိဟေဌနမတ္တကေန၊ မကိုက်ခြင်း မညှဉ်းဆဲခြင်းမျှဖြင့်။ သီလဝါ၊ သီလရှိ၏။ န ဟညတိ၊ မညှဉ်းဆဲတတ်။ ဣတိ ပသံသံ၊ ဤသို့သော ချီးမွမ်းခြင်းကို။ လဘတိ၊ ရသေး၏။

ဤသို့လျှင် ဘုရားလောင်းသည် ဤဂါထာဖြင့် မင်းအား တရားဟောပြီးလျှင် ကာမတို့ကိုစွန့်၍ ရသေ့ရဟန်းပြုပြီးလျှင် ဟိမဝန္တာသို့ဝင်၍ ငါးပါးသော အဘိ ညာဉ်တို့ကို၎င်း ရှစ်ပါးသော သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီပြည်၌ မင်းဖြစ်ဘူးပြီ။ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ မင်းပရိသတ်သည် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပုရောဟိတ်ပုဏ္ဏား ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

မိမိသီလ၊ စုံစမ်းက၊ ဒိဋ္ဌမြင်ကာ ကိုယ်ကျိုးရှာ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော သီလဝီမံသကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အပါယိမှဝဂ်

၇။ မင်္ဂလဇာတ်

လောကီမင်္ဂလာ၌သာ ယုံကြည်သော ပုဏ္ဏား၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယဿ မင်္ဂလာ သမူဟတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ မင်္ဂလဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် တယောက်သော အဝတ်လက္ခဏာ ဘတ်တတ်သောပုဏ္ဏားကိုအကြောင်းပြု၍ ဟောတော်မူ၏။ ရာဇဂြိုဟ်ပြည်၌နေသော တယောက်သောပုဏ္ဏားသည် မြင်တိုင်းကြားတိုင်းတွေ့တိုင်းသောမင်္ဂလာကို ယုံကြည်သတတ်၊ ရတနာသုံးပါးတို့၌ မကြည်ညို၊ မိစ္ဆာအယူရှိ၏။ ကြွယ် ဝ၏။ များသောဥစ္စာရှိ၏။ များသောအသုံး အဆောင်ရှိ၏။ ထိုပုဏ္ဏား၏ ပူတာ၌ ဝါ-သေတ္တာ၌ထားအပ်သော ပုဆိုးစုံကို ကြွက်သည်ကိုက်၏။ ထိုအခါ ပုဏ္ဏား၏ ဦးခေါင်းလျှော်ပြီး၍ ပုဆိုးတို့ကိုယူခဲ့ကုန်လောဟု ဆိုသောကာလ၌ ကြွက်သည် ကိုက်သောအဖြစ်ကို ကြားကုန်၏။ ထိုပုဏ္ဏားသည် ကြွက်ကိုက်သော ဤပုဆိုးစုံသည် ဤအိမ်၌ အကယ်၍ရှိအံ့၊ ကြီးစွာသောပျက်စီးခြင်းသည် ဖြစ်လတ္တံ့၊ ထိုစကားသည်မှန်၏။ ဤပုဆိုးစုံသည် မင်္ဂလာမရှိ၊ သူယုတ်မာနှင့်တူ၏။ သားသီးအစရှိသော သူအား၎င်း ကျွန်အလုပ် အစရှိသည်တို့အား၎င်း ပေးအံ့သောငှါ မတတ်ကောင်း၊ ထိုစကားသည် မှန်၏။ အကြင်သူသည် ဤကြွက်ခဲသော ပုဆိုးစုံကို ယူအံ့၊ ထိုသူအား အလုံးစုံသော ကြီးစွာသောပျက်စီးခြင်းသည် ဖြစ်လတ္တံ့၊ အစိမ်းပစ်ရာ သုသာန်၌ ထိုပုဆိုးစုံကို ပစ်စေအံ့။

ကျွန်အစရှိသောသူတို့အား ပစ်စေခြင်းငှါ မတတ်ကောင်းသလျှင်ကတည်း၊ ထိုစကားသည်မှန်၏။ ထိုကျွန်အစရှိသည်တို့သည် ဤပုဆိုးစုံကို လောဘကိုဖြစ်စေ၍ ဤပုဆိုးစုံကိုယူ၍ ပျက်စီးခြင်းသို့ ရောက်ကုန်ရာ၏။

သားအား ထိုပုဆိုးစုံကို ပစ်စေအံ့ဟု ကြံပြီး၍ ထိုပုဏ္ဏားသည် သားကိုခေါ်စေ၍ ထိုအကြောင်းကို ကြားပြီးလျှင် အမောင် သင်သည်လည်း ထိုပုဆိုးစုံကို လက်ဖြင့်မထိစေမူ၍ လှံကန်ဖြင့်ယူ၍ အစိမ်းပစ်ရာသုသာန်၌စွန့်ပြီးလျှင် ဦးခေါင်းလျှော်၍ လာလောဟု စေ၏။ မြတ်စွာဘုရားသည်လည်း ထိုနေ့ မိုးသောက်ထအခါ၌ သစ္စာတရားကိုသိခြင်းငှါ ထိုက်ကုန်သောသတ္တဝါတို့ကို ကြည့်တော်မူသည်ရှိသော် ဤသားအဘတို့၏ သောတာပတ္တိဖိုလ်၏ ဥပနိဿယကို မြင်တော်မူ၍ သမင်လမ်းကိုမှတ်ယူပြီးလျှင် သမင်မုဆိုးသွားသကဲ့သို့ သွားတော်မူ၍ အစိမ်းပစ်ရာသုသာန်တံခါး၌ ခြောက်သွယ်ကုန်သော ဘုရားရောင်ခြည်တော်တို့ကိုလွှတ်လျက် နေတော်မူ၏။ ပုဏ္ဏားလုလင်သည် အဘပုဏ္ဏား၏စကားကို ဝန်ခံ၍ အိမ်မြွေကျိုင်းကောင်ကဲ့သို့ ထိုပုဆိုးစုံကို တောင်ဝှေးစွန်းဖြင့်ယူ၍ သုသာန်တံခါးသို့ ရောက်၏။

ထိုအခါ ထိုလုလင်ကို မြတ်စွာဘုရားသည် အဘယ်ကိုပြုသနည်းဟု မိန့်တော်မူ၏။ အရှင်ဂေါတမ ဤပုဆိုးစုံကို ကြွက်သည် ကိုက်အပ်၏။ သူယုတ်မာနှင့်တူ၏။ လတ်တလောသေစေတတ်သော အဆိတ်နှင့်တူ၏။ ငါ၏အဘသည်ကား တပါးသောသူဖြစ်မူကား ဤပုဆိုးစုံကိုစွန့်သည်ရှိသော် လောဘကိုဖြစ်စေ၍ ယူရာ၏ဟု ကြောက်သောကြောင့် ငါ့ကိုစေလိုက်၏။ အရှင်ဂေါတမ ငါသည် ဤပုဆိုးစုံကိုစွန့်၍ ဦးခေါင်းလျှော်အံ့ဟု လာသည်ဖြစ်၏ဟု ဆို၏။ လုလင် ထိုသို့တပြီးကား စွန့်ဟုမိန့်တော်မူ၏။ လုလင်သည်လည်း စွန့်၏။ မြတ်စွာဘုရားသည်လည်း ယခုအခါ ငါတို့အား အပ်၏ဟုမိန့်တော်မူ၍ ထိုလုလင်၏ မျက်မှောက်၌သာလျှင် ယူတော်မူ၏။ အို ရှင်ဂေါတမ ဤပုဆိုးစုံသည် မင်္ဂလာမရှိ၊ သူယုတ်မာနှင့် တူ၏။ မယူကုန်လင့်ဟု ထိုလုလင်သည်တားမြစ်စဉ်သာလျှင်ယူ၍ ဝေဠုဝန်ကျောင်းတော်သို့သာလျှင် ရှေးရှုကြွတော်မူ၏။ လုလင်သည် လျှင်မြန်သဖြင့်သာလျှင်သွား၍ ဘခင် အကျွန်ုပ်သည် အစိမ်း ပစ်ရာ သုသာန်၌စွန့်အပ်သောပုဆိုးစုံကို ရဟန်းဂေါတမသည် ငါ့အားအပ်၏ဟုဆို၍ အကျွန်ုပ်သည် တားမြစ်သော်လည်း ယူ၍ဝေဠုဝန်ကျောင်းတော်သို့ သွား၏ဟု အဘပုဏ္ဏားအား ကြား၏။

ထိုပုဏ္ဏားသည် ထိုပုဆိုးစုံသည်ကား မင်္ဂလာမရှိ၊ သူယုတ် မာနှင့်တူ၏။ ထိုပုဆိုးစုံကို သုံးဆောင်သောရဟန်းဂေါတမကား ပျက်စီးလတ္တံ့၊ ထို့ကြောင့် ငါတို့အား ကဲ့ရဲခြင်းသည်ဖြစ်လတ္တံ့၊ ရဟန်းဂေါတမအား တပါးသော များစွာသောပုဆိုးတို့ကိုပေး၍ ထိုကြွက်ကိုက်ပုဆိုးကို စွန့်စေအံ့ဟုကြံ၍ ထိုပုဏ္ဏားသည် များစွာသောပုဆိုးတို့ကိုယူခဲ့စေ၍ သားနှင့်တကွ ဝေဠုဝန်ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကိုမြင်လျှင် တင့်အပ်သောအရပ်၌ ရပ်လျက် အို ရှင်ဂေါတမ အစိမ်းပစ်ရာသုသာန်၌ ပုဆိုးစုံကိုယူသတတ်ဟူသည် မှန်သလောဟု မေး၏။ ပုဏ္ဏား ယူသည် မှန်၏ဟု မိန့်တော်မူ၏။ အို ရှင်ဂေါတမ ထိုပုဆိုးစုံသည်ကား မင်္ဂလာ မရှိ၊ သင်တို့သည် သုံးဆောင်ကုန်သည်ရှိသော် ပျက်စီးကုန်လတ္တံ့၊ အလုံးစုံသော ကျောင်းသည်လည်း ပျက်စီးလတ္တံ့၊ သင်တို့အား သင်းပိုင်သည်၎င်း ကိုယ်ရုံသည်၎င်း အကယ်၍ မလောက်သည် ဖြစ်အံ့၊ ဤပုဆိုးတို့ကိုယူ၍ ထိုကြွက်ကိုက်သောပုဆိုးတို့ကို စွန့်ကုန်လောဟုဆို၏။ ထိုအခါ ပုဏ္ဏားကို မြတ်စွာဘုရားသည် ပုဏ္ဏား ငါတို့သည် ရဟန်း မည်ကုန်၏။ ငါတို့အား အစိမ်းပစ်သောသုသာန်၌၎င်း ခရီးလမ်းအကြား၌၎င်း တံမြက် ချေးစွန့်ရာအရပ်၌၎င်း ရေချိုးဆိပ်၌၎င်း ခရီးမ၌၎င်း ဤသို့သဘောရှိသော အရပ်တို့၌ စွန့်အပ်သည်လည်းဖြစ်သော ကျသည်လည်းဖြစ်သော ပုဆိုးနွမ်းသည် အပ်၏။ သင်သည်ကား ယခုအခါ၌သာလျှင် ဤသို့ အယူရှိသည် မဟုတ်သေး၊ ရှေး၌လည်း ဤသို့ အယူရှိသည် သာလျှင်တည်းဟု မိန့်တော်မူ၍ ထိုပုဏ္ဏားသည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ မဂဓတိုင်း ရာဇဂြိုဟ်ပြည်၌ ဓမ္မိကမည်သောမင်းသည် မင်းပြု၏။ ထိုအခါ ဘုရားလောင်းသည် ဥဒိစ္စပုဏ္ဏားမျိုး၌ဖြစ်၍ လိမ်မာသောအဖြစ်သို့ရောက်လျှင် ရသေ့ရဟန်းပြု၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်းဖြစ်စေ၍ ဟိမဝန္တာအရပ်၌နေလျက် တရံသောအခါ ဟိမဝန္တာမှထွက်ခဲ့၍ ရာဇဂြိုဟ်ပြည်၌ မင်း၏ ဥယျာဉ်သို့ ရောက်၍ ထိုဥယျာဉ်၌နေ၍ နှစ်ရက်မြောက်သောနေ့၌ ဆွမ်းခံအံ့သောငှါ ရာဇဂြိုဟ်မြို့သို့ ဝင်၏။ မင်းသည် ထိုရသေ့ကို မြင်လျှင် ခေါ်စေ၍ ပြာသာဒ်၌နေစေပြီးလျှင် ဆွမ်းကျွေး၍ ဥယျာဉ်၌နေစိမ့်သောငှါ ဝန်ခံခြင်းကိုယူ၏။ ဘုရားလောင်းသည် မင်း၏နန်းတော်၌ ဆွမ်းစား၍ ဥယျာဉ်၌နေ၏။ ထိုအခါ ရာဇဂြိုဟ်မြို့၌ အဝတ်လက္ခဏာ ဘတ်တတ်သောပုဏ္ဏားသည် ရှိသည်ဖြစ်၍ ထိုပုဏ္ဏား၏ ပူတာ၌၊ ဝါ-သေတ္တ၌ထားအပ်သော ပုဆိုးစုံကို ရှေးအတူ ကြွက်သည် ကိုက်၏။

ဤသို့အစရှိသော အလုံးစုံသောစကားသည် ရှေးစကားနှင့် ညီသလျှင်ကတည်း။ လုလင်သည်ကား သုသာန်သို့သွားသည်ရှိသော် ဘုရားလောင်းသည် ရှေးဦးစွာသွားနှင့်၍ သုသာန်တံခါး၌ နေ၍ ထိုလုလင်သည် စွန့်အပ်သောပုဆိုးကိုယူ၍ ဥယျာဉ်သို့လာ၏။ လုလင်သည်သွား၍ အဘကြား၏။ အဘသည် မင်းဆရာဖြစ်သောရသေ့သည် ပျက်စီးရာ၏ ဟု ဘုရားလောင်းအထံသို့ သွား၍ ရသေ့ သင်သည် ယူအပ်သောပုဆိုးတို့ကို စွန့်လော၊ မပျက်စီးစေလင့်ဟု ဆို၏။ ရသေ့သည် ငါတို့အား သုသာန်၌ စွန့်အပ်သော ပုဆိုးနွမ်းသည် အပ်၏။ ငါတို့သည် မြင်တိုင်း ကြားတိုင်းတွေ့တိုင်းသေ မင်္ဂလာကို မယုံကြည်ကုန်။ မြင်တိုင်း ကြားတိုင်း တွေ့တိုင်းသော မင်္ဂလာမည်သည်ကို ဘုရား ပစ္စေကဗုဒ္ဓါ ဘုရားလောင်းတို့သည် မချီးမွမ်းအပ်၊ ထို့ကြောင့် ပညာရှိမည်သည်ကား မြင်တိုင်းကြားတိုင်း တွေ့တိုင်းသောမင်္ဂလာကို ယုံကြည်သည် မဖြစ်ရာဟု ပုဏ္ဏားအားတရားဟော၏။ ပုဏ္ဏားသည် တရားကိုနာရလျှင် မိစ္ဆာအယူကိုဖျက်၍ ဘုရားလောင်းကိုကိုးကွယ်ခြင်းသို့ ရောက်၏။ ဘုရားလောင်းသည်လည်း မယုတ်သောဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လား၏။ မြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍ ပုဏ္ဏားအား တရားဟောလိုရကား-

၈၇။ ယဿ မင်္ဂလာ သမူဟတာ၊
ဥပ္ပါတာ သုသိနာ စ လက္ခဏာ စ။
သော မင်္ဂလဒေါသဝီတိဝတ္တော၊
ယုဂယောဂါဓိဂတော န ဇာတုမေတိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၈၇။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ယဿ၊ အကြင်ရဟန္တာပုဂ္ဂိုလ်အား။ မင်္ဂလာ၊ ကောတုဟလမင်္ဂလာတို့ကို၎င်း။ ဥပ္ပတာ စ၊ နေကြတ်ခြင်း လကြတ်ခြင်း နက္ခတ်ကြတ်ခြင်း ဥက္ကာကျခြင်း အရပ်ကို မီးလောင်ခြင်း ဥပါတ်တို့ကို၎င်း။ သုပိနာစ၊ အထူးထူး အပြားပြားသော အိပ်မက်တို့ကို၎င်း။ လက္ခဏာ စ၊ လက္ခဏာတို့ကို၎င်း။ သမူဟတာ၊ ဖြတ်အပ်ကုန်ပြီ။ သော၊ ထိုရဟန္တာပုဂ္ဂိုလ်သည်။ မင်္ဂလဒေါသတိဝတ္တော၊ ကောတုဟလမင်္ဂလာ၏ အပြစ်ကို လွန်၏။ ယုဂယောဂါဓိဂတော၊ ကောဓဥပနာဟအစရှိသော အစုံပြု၍ဟောအပ်သော ကိလေသာလေးပါးဟူသော ယောဂတို့ကိုလွန်၏။ ဇာတု-ဧကန္တေန၊ စင်စစ်အားဖြင့်။ ဣမံ လောကံ၊ ဤလောကကို။ ပဋိသန္ဓေဝသေန၊ ပဋိသန္ဓေ၏ အစွမ်းအားဖြင့်။ န ဧတိ၊ တဖန်မလာ။

ဤသို့လျှင် မြတ်စွာဘုရားသည် ဤဂါထာဖြင့် ပုဏ္ဏားအား တရားဟောတော်မူ၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ပုဏ္ဏားသည် သားနှင့်တကွ သောတာပတ္တိဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ သားအဘတို့သည် ထိုအခါ သားအဘတို့သာလျှင် ဖြစ်ဘူးကုန်ပြီ။ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မြင်တိုင်းကြားတိုင်း၊ တွေ့တိုင်းရာရာ၊ မင်္ဂလာစိတ်ဖြာ ခွဲဝေချင့်

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော မင်္ဂလဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အပါယိမှဝဂ်

၈။ သာရမ္ဘဇာတ်

သာယာသောစကား ပြောဆိုအပ်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နှင့်အတိတ်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကလျာဏိမေဝ မုဉ္စယျ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသာရမ္ဘဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဩမသဝါဒသိက္ခာပုဒ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ နှစ်ပါးကုန်သော ပစ္စုပ္ပန်ဝတ္ထု အတိတ်ဝတ္ထုတို့သည်လည်း အောက်၌ဖြစ်သော နန္ဒိဝိသာလဇာတ်၌ ဆိုအပ်ပြီးသည်နှင့် တူသလျှင်ကတည်း။

အထူးကား ဤသာရမ္ဘဇာတ်၌ ဘုရားလောင်းသည် ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်၌ တယောက်သောပုဏ္ဏား၏ သာရမ္ဘမည်သောနွားသည်ဖြစ်၏။ မြတ်စွာဘုရားသည် ဤအတိတ်ဝတ္ထုကို ဟောတော်မူ၍ ဘုရားဖြစ်တော်မူ၍-

၈၈။ ကလျာဏိမေဝ မုဉ္စယျ၊ န ဟိ မုဉ္စေယျ ပါပိကံ။
မောက္ခော ကလျာဏိယာ သာဓု၊ မုတွာ တပ္ပတိ ပါပိကံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၈၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ကလျာဏိမေဝ၊ ကောင်းသော စကားကိုသာလျှင်။ မုဉ္စေယျ၊ ဆိုရာ၏။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ ပါပိကံ၊ ယုတ်မာသောစကားကို။ န မုဉ္စေယျ၊ မဆိုရာ။ ကလျာဏိယာ၊ ကောင်းသောစကားကို။ မောက္ခော၊ ဆိုခြင်းသည်။ သာဓု၊ ကောင်း၏။ ပါပိကံ၊ ယုတ်မာသောစကားကို။ မုတွာ၊ ဆိုပြီး၍။ တပ္ပတိ၊ ပူပန်စိုးရိမ်တတ်၏။

ဇာတ်ပေါင်း... ဤသို့လျှင် မြတ်ဘုရားသည် ဤ ဓမ္မဒေသနာကိုဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ တယောက်သော ပုဏ္ဏား ဖြစ်ဘူးပြီ၊ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ ပုဏ္ဏေးမ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သာရမ္ဘမည်သောနွား ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

အတိုက်အဖျက်၊ ပြောဆိုချက်၊ တသက် ရှောင်ရှားရာ

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သာရမ္ဘဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အပါယိမှဝဂ်

၉။ ကုဟကဇာတ်

အံ့ဘွယ်သရဲကို ဖြစ်စေသော ရသေ့၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝါစာဝ ကိရ တေ အာသိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုဟကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သောအံ့ဘွယ်သရဲကို ဖြစ်စေတတ်သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ အံ့ဘွယ်သရဲကို ဖြစ်စေတတ်သောရဟန်း၏ပစ္စုပ္ပန်ဝတ္ထုသည် ဥဒ္ဒါလကဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် တခုသောရွာငယ်ကိုအမှီပြု၍ တယောက်သော ကောက်ကျစ်သောအကျင့်ရှိလျက် ဆံကျစ်ထုံးသောအံ့ဘွယ်သရဲကိုဖြစ်စေတတ်သောရသေ့သည် နေ၏။ တယောက်သောသူကြွယ်သည် တောကျောင်းကို ဆောက်စေ၍ ထိုကျောင်း၌ ရသေ့ကိုနေစေလျက် မိမိအိမ်၌ မြတ်သောအာဟာရဖြင့် လုပ်ကျွေး၏။ ထိုသူကြွယ်သည် ထိုကောက်ကျစ်သောရသေ့ကို ဤရသေ့သည် သီလရှိ၏ဟု ယုံကြည်၏။ ခိုးသူဘေးမှကြောက်ခြင်းကြောင့် ရွှေစင်နိက္ခတရာကို ထိုရသေ့၏ကျောင်းသို့ဝင်၍ မြေ၌မြှုပ်ထားပြီးလျှင် အရှင်ဘုရား အရှင်ဘုရားသည် ဤရွှေကိုကြည့်တော်မူပါလောဟု ဆို၏။ (နိက္ခတရာသည်ကား ရွေးလေးသိန်း ရှိ၏။ )

ထိုအခါ သူကြွယ်အား ရသေ့သည် ဒါယကာ ရဟန်းတို့အား ဤသို့သဘောရှိသောစကားကို ဆိုခြင်းသည်မအပ်၊ ငါတို့အား သူတပါးဥစ္စာ၌ လောဘမည်သည်မရှိဟု ဆို၏။ ထိုသူကြွယ်သည် ကောင်းပြီဟု ထိုစကားကိုယုံကြည်၍ ဖဲခဲ့၏။ ရသေ့ပျက်သည် ဤမျှသောဥစ္စာဖြင့် အသက်မွေးခြင်းငှာ တတ်ကောင်း၏ဟု နှစ်ရက် သုံးရက်လွန်စေ၍ ထိုရွှေကိုယူပြီးလျှင် ခရီးအကြား၌ထား၍ ကျောင်း၌သာလျှင်နေ၍ နက်ဖြန်နေ့၌ ထိုသူကြွယ်၏ အိမ်၌သာလျှင် ဆွမ်းစားခြင်းကိစ္စကိုပြုပြီး၍ ဒါယကာ ငါတို့သည် သင်တို့ကိုမှီ၍နေသည် ကြာမြင့်ပြီ။ ထိုစကားသည် မှန်၏။ အလွန်ကြမြင့်စွာ တခုသောအရပ်၌နေကုန်သော ရသေ့ ရဟန်းတို့အား လူတို့နှင့် ရောနှောခြင်းသည် ဖြစ်၏။ ရောနှောခြင်းမည်သည် ရဟန်းတို့အား အညစ် အကြေးဖြစ်၏။ ထိုကြောင့် ငါသည် သွားအံ့ဟုဆို၏။ ထိုသူကြွယ်သည် အဖန်တလဲလဲတောင်းပန်သော်လည်း ပြန်အံ့သောငှါအလိုမရှိ။

ထိုအခါ ရသေ့ကို သူကြွယ်သည် အရှင်ဘုရား ဤသို့ ဖြစ်သည်ရှိသော် အရှင်ဘုရားတို့သည် သွားတော်မူကုန်လော့ဟု ဆို၍ ရွာတံခါးတိုင်အောင် ပို့လိုက်ပြီးလျှင်ပြန်ခဲ့၏။ ရသေ့သည်လည်း အတန်ငယ်သွား၍ ဤသူကြွယ်ကို လှည့်စားအံ့သောငှါ သင့်၏ဟုကြံ၍ ဆံကျစ်ကြား၌မြက်ကိုထား၍ တဖန် ပြန်လာ၏ သူကြွယ်သည် အရှင်ဘုရား အရှင်ဘုရားတို့သည် အဘယ့်ကြောင့် ပြန်ခဲ့ကုန်သနည်းဟု မေး၏။ ဒါယကာ သင်တို့၏ အိမ်မိုးမှ တပင်မြက်သည် ငါ၏ ဆံကျစ်ကြားတို့၌ ငြိ၍ပါခဲ့၏။ အဒိန္နာဒါန်မည်သည်ကား ရဟန်းတို့အားမအပ်၊ ထိုကြောင့် မြက်ကိုယူ၍ လာသည်ဖြစ်၏ဟုဆို၏။ သူကြွယ်သည် အရှင်ဘုရား အရှင်ဘုရားတို့သည် စွန့်၍သွားကုန်လာဟုဆို၍ ငါ၏အရှင်သည် မြက်ဝါးခြမ်းစိတ်မျှသော သူတပါးဥစ္စာကိုမယူ၊ ဪ... ကုက္ကုစ္စရှိလေစွဟု ကြည်ညို၍ ရှိခိုး၍ လွှတ်လိုက်၏။

ထိုအခါကား ဥစ္စာအလို့ငှါ ပစ္စန္တရစ်သို့သွားသော ဘုရားလောင်းသည် ထိုသူကြွယ်အိမ်၌ တည်းခိုသည်ဖြစ်၍ ထိုဘုရားလောင်းသည် ရသေ့၏စကားကို ကြား၍သာလျှင် စင်စစ် ဤရသေ့ပျက်သည် ဤသူကြွယ်၏ တစုံတခုသောဥစ္စာကို ခိုးယူသည်ဖြစ်လတ္တံ့ ဟု သူကြွယ်ကို အဆွေ ထိုရသေ့ထံ၌ ထားအပ်သော သင့်အား တစုံတခုသောဥစ္စာသည် ရှိသလောဟု မေး၏။ အဆွေ ရွှေစင်နိက္ခတရာရှိ၏ဟု ဆို၏။ ထိုသို့တပြီးကား သွားချေ၊ ထိုရွှေကို စုံစမ်းချေလောဟုဆို၏။ ထိုသူကြွယ်သည် ကျောင်းသို့ သွား၍ ထိုရွှေကိုမမြင်လျှင် လျှင်မြန်စွာလာသဖြင့် အဆွေ မရှိပြီဟု ဆို၏။ သင်၏ ရွှေကို တပါးသူသည် မယူ၊ ထိုရသေ့ကောက် သည်သာလျှင် ယူအပ်၏။ လာလာ၊ ထိုရသေ့ကိုလိုက်၍ ဖမ်းကုန်အံ့ဟု ဆို၍ လျှင်မြန်သဖြင့်သွားပြီးလျှင် ရသေ့ကောက်ကို ဖမ်းကုန်အံ့ဟု ဆို၍ လက်တို့ဖြင့်၎င်း၊ ခြေတို့ဖြင့်၎င်း ပုတ်ခတ်၍ ရွှေကိုဆောင်စေ၍ ယူကုန်၍ ဘုရားလောင်းသည် ရွှေကိုမြင်၍ မြက်တပင်မျှ တပ်စွန်းကပ်ငြိစိတ်မရှိသည်မှန်ပါမူ အဘယ်သူသည်လျှင် ရွှေစင်နိက္ခတရာကို အဘယ်မှာ ခိုးယူနိုင်ပါအံ့နည်းဟုဆို၍ ထိုရသေ့ကို ကဲ့ရဲ့လိုရကား-

၈၉။ ဝါစာဝ ကိရ တေ အာသိ၊ သဏှာ သခိလဘာဏိနော။
တိဏမတ္တေ အသဇ္ဇိတ္ထော၊ နော စ နီက္ခသတံ ဟရံ။

ဟူသော ဤဂါထာကို ဆို၏။

၈၉။ ဘော ဇဋိလ၊ အို ရသေ့။ သခိလဘာဏိနော၊ သိမ်မွေ့နူးညံ့သောစကားကိုဆိုသော။ တေ၊ သင်၏။ ဝါစာဝ၊ စကားသည်သာလျှင်။ သဏှာ၊ သိမ်မွေ့နူးညံ့သည်။ အာသိ ကိရ၊ ဖြစ်သတတ်။ တိဏမတ္တေ၊ မြက်ပင်မျှ၌။ အသဇ္ဇိတ္ထော၊ စွန်းငြိသော စိတ်မရှိသည်ဖြစ်၍။ နိက္ခသတံ၊ ရွှေစင်နိက္ခတရာကို။ ဟရံ-ဟရန္တော၊ ခိုးယူသော သင်သည်။ အသဇ္ဇိတ္ထော၊ စွန်းငြိသော စိတ်မရှိသည်။ နော စ အာသိ၊ မဖြစ်လေ။

ဤသို့လျှင် ဘုရားလောင်းသည် ထိုရသေ့ကို ကဲ့ရဲ၍ ကောက်ကျစ်သောရသေ့ တဖန် ဤသို့သဘောရှိသောအမှုကို မပြုလင့်ဟု အဆုံးအမကိုပေး၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုရဟန်းသည်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သည် မဟုတ်သေး၊ ရှေး၌လည်းအံ့ဘွယ်သရဲကို ဖြစ်စေတတ်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ ယခုအခါအံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းသည် ထိုအခါ ကောက်ကျစ်သော ရသေ့ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိသောယောကျ်ား ဖြစ်ဘူးပြီဟု ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မနောမပါ၊ အပြောသာ၊ လွန်စွာ ကြောက်ဘွယ်ကောင်း

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကုဟကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အပါယိမှဝဂ်

၁၀။ အကတညုဇာတ်

သူတပါးတို့အား ကျေးဇူးတုံ့ကိုမပြုတတ်သော သူဌေး၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်ဘုရားသည် ယော ပုဗ္ဗေ ကတကလျာဏော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအကတညုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အနာထပိဏ်သူဌေးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအနာထပိဏ်သူဌေးအား တယောက်သော ပစ္စန္တရစ်၌နေသော မမြင်ဘူးသော အဆွေ ခင်ပွန်းဖြစ်သော သူဌေးသည် ဖြစ်သတတ်၊ ထိုပစ္စန္တရစ်သူဌေးသည် တရံသောအခါ ပစ္စန္တရစ်၌ ဖြစ်သောဘဏ္ဍာဖြင့် လှည်းငါးရာတို့ကိုပြည့်စေ၍ အမှုလုပ်တို့ကို အချင်းတို့ သွားကြကုန်၊ ဤဥစ္စာကို သာဝတ္ထိမြို့သို့ဆောင်၍ ငါတို့၏ အဆွေခင်ပွန်းဖြစ်သော အနာထပိဏ်သူဌေးကြီး၏ မျက်မှောက်ဖြင့်ရောင်း၍ တဖန်ရသောဥစ္စာတို့ကို ဆောင်ခဲ့ကုန်လောဟု ဆို၏။ ထိုအမှုလုပ်သောသူတို့သည် ကောင်းပြီဟု ထိုပစ္စန္တရစ်နေသူဌေး၏ စကားကိုဝန်ခံ၍ သာဝတ္ထိမြို့သို့ သွားကုန်၍ အနာထပိဏ်သူဌေးကြီးကိုဖူးမြင်၍ လက်ဆောင်ကိုဆက်ပြီးလျှင် ထိုအကြောင်းကို ကြားလျှောက်ကုန်၏။ အနာထပိဏ်သူဌေးကြီးသည် ပစ္စန္တရစ်သူဌေး၏လူတို့ကိုမြင်လျှင် သင်တို့၏လာခြင်းကား ကောင်းသော လာခြင်းတည်းဟုဆို၍ ထိုပစ္စန္တရစ်သားတို့အား နေရာကို၎င်း ရိက္ခာကို၎င်းပေးစေ၍ အဆွေခင်ပွန်းဖြစ်သော ပစ္စန္တ ရစ်bသူဌေး၏ ဆင်းရဲချမ်းသာကိုမေးပြီးလျှင် ဥစ္စာကိုရောင်း၍ တဖန်ရသော ဥစ္စာကိုပေးစေ၏။ ထိုပစ္စန္တရစ်သားတို့သည် ပစ္စန္တ ရစ်သို့သွားကုန်၍ ထိုအကြောင်းကို မိမိတို့၏သူဌေးအား ကြား လျှောက်ကုန်၏။

နောက်အဘို့၌ အနာထပိဏ်သူဌေးသည်လည်း ထို့အတူ လှည်းငါးရာတို့ကို ပစ္စန္တရစ်သို့စေ၏။ အနာထပိဏ်သူဌေး၏လူတို့သည် ထိုပစ္စန္တရစ်သို့သွားကုန်၍ လက်ဆောင်ကိုယူ၍ ပစ္စန္တရစ်သူဌေးကို ဖူးမြင်ကုန်၏။ ထိုပစ္စန္တရစ်နေသူဌေးသည် သင်တို့သည် အဘယ်အရပ်မှလာကြကုန်သနည်းဟုမေး၍ သာဝတ္ထိပြည်မှ သင်တို့၏ အဆွေခင်ပွန်းဖြစ်သော အနာထပိဏ်သူဌေး၏ အထံမှ လာခဲ့ကုန်၏ဟု လျှောက်သည်ရှိသော် အနာထပိဏ်သူဌေးဟူသောအမည်သည် တယောက်သောယောကျ်ား၏ အမည်သည်ဖြစ်လတ္တံ့ဟု ပြက်ရယ်ပြုပြီးလျှင် လက်ဆောင်တို့ကိုယူစေ၍ သင်တို့သည် သွားကုန်လောဟုဆို၍ လွှတ်လိုက်၏။ ထိုအနာထပိဏ် သူဌေး၏လူတို့အား နေရာကို၎င်း, ရိက္ခာကို၎င်း မပေးစေသလျှင်ကတည်း၊ ထိုအနာထပိဏ်သူဌေး၏လူတို့သည် မိမိတို့၏အလိုလိုသာလျှင် ဘဏ္ဍာကိုရောင်း၍ တဖန် ရသောဥစ္စာကိုယူ၍ သာဝတ္ထိသို့ ပြန်လာခဲ့ကုန်၍ အနာထပိဏ်သူဌေးအား ထိုအကြောင်းကို ကြားလျှောက်ကုန်၏။

ထိုအခါ ပစ္စန္တရစ်သူဌေးသည် တဖန်တကြိမ် ရှေးအတူသာလျှင် လှည်းငါးရာတို့ကို သာဝတ္ထိသို့စေ၏။ ပစ္စန္တရစ်နေသူဌေး၏လူတို့သည် လက်ဆောင်ကိုယူ၍ အနာထပိဏ်သူဌေးကြီးကို ဖူးမြင်ကုန်၏။ ထိုပစ္စန္တရစ်နေသူဌေး၏လူတို့ကို မြင်ကုန်၍ အနာထပိဏ်သူဌေး၏လူတို့သည် အရှင်အကျွန်ုပ်တို့သည် ထိုလူတို့အား နေရာကို၎င်း၊ ရိက္ခာကို၎င်း သိပါကုန်အံ့ဟုဆို၍ ထိုပစ္စန္တရစ်သားတို့၏လှည်းတို့ကို မြို့အပ၌ ထိုအမှုအားလျော်သောအရပ်၌ချွတ်စေ၍ သင်တို့သည် ဤအရပ်၌ သာလျှင် နေကုန်လော၊ သင်တို့ကို ငါတို့၏အိမ်၌ ယာဂုထမင်းကို၎င်း, ရိက္ခာကို၎င်း ဖြစ်စေလတ္တံ့ဟုဆိုပြီးလျှင် ကျွန်အမှုလုပ်တို့ကိုစည်းဝေးစေ၍ သန်းခေါင်ယာမ်၏ အခြားမဲ့၌ လှည်းငါးရာတို့ကို လုယက်ကုန်၍ ထိုပစ္စန္တရစ်သားတို့၏ အဝတ်အာရုံတို့ကိုလည်းညလုယက်ကုန်၍ နွားတို့ကို ပြေးစေပြီးလျှင် လှည်းဘီးတို့ကိုချွတ်၍ လှည်းတို့ကိုမြေ၌ထား၍ လှည်းဘီးတို့ကိုယူ၍ သွားကုန်၏။ ပစ္စန္တရစ်သားတို့ကို ခါးဝတ်၏လည်း အစိုးမရသည်တို့ကိုပြု၍ လွှတ်လိုက်ကုန်၏။ ထိုပစ္စန္တရစ်သူဌေး၏ လူတို့သည် ကြောက်ခြင်းဖြင့် လျှင်မြန်သဖြင့်ပြေးကုန်၍ ပစ္စန္တရစ်သို့သာလျှင်သွားကုန်၏အနာထပိဏ်သူဌေး၏ လူတို့သည် ထိုအကြောင်းကို အနာထပိဏ်သူဌေးကြီးအား ကြားလျှောက်ကုန်၏။

ထိုအနာထပိဏ်သူဌေးသည်လည်း ယခုငါ့အား ဤစကား လက်ဆောင်သည်ရှိ၏ဟု မြတ်စွာဘုရား အထံတော်သို့ သွားပြီးလျှင် အစမှစ၍ အလုံးစုံသောထိုအကြောင်းကို ကြားလျှောက်၏။ မြတ်စွာဘုရားသည် သူကြွယ် ထိုပစ္စန္တရစ်နေသူဌေးသည် ယခုအခါ၌သလျှင် ဤသို့သောအလေ့ရှိသည် မဟုတ်သေး၊ ရှေး၌လည်း ဤသို့သောအလေ့ရှိသည်သာလျှင်ဖြစ်၏ဟု မိန့်တော်မူ၍ ထိုအနာထပိဏ်သူဌေးသည် တောင်း ပန်အပ်သည်ဖြစ်၍ အတိတ်ကို အောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီမြို့၌ များသောစည်းစိမ်ရှိသောသူဌေးသည်ဖြစ်၏။ ထိုဗာရာဏသီသူဌေးအား တယောက်သော ပစ္စန္တရစ်၌နေသော မမြင်ဘူးသောအဆွေခင်ပွန်းဖြစ်သောသူဌေးသည် ဖြစ်၏။

ဤသို့အစရှိသော အလုံးစုံသောအတိတ်ဝတ္ထုသည် ပစ္စုပ္ပန်ဝတ္ထုနှင့် တူသလျင်ကတည်း

အထူးကား ဘုရားလောင်းသည် မိမိ၏လူတို့သည် ယနေ့ အကျွန်ုပ်တို့သည် ဤမည်သောအမှုကို ပြုအပ်၏ဟု ကြား လျှောက်သည်ရှိသော် ရှေးဦးစွာ မိမိအားပြုအပ်သော ကျေးဇူးကိုမသိကုန်သောသူတို့သည် နောက်၌ ဤသို့သဘောရှိသောဆင်းရဲကို ရကုန်မြဲသာလျှင်တည်းဟုဆို၍ ရောက်လာကုန်သော ပရိသတ်တို့အား တရားဟောလိုရကား-

၉၀။ ယော ပုဗ္ဗေ ကတကလျာဏော၊
ကတတ္ထော နာဝ ဗုဇ္ဈတိ။
ပစ္ဆာ ကိစ္စေ သမုပ္ပန္နေ၊ ကတ္တာရံ နာဓိဂစ္ဆတိ။

ဟူသော ဤဂါထာကို ဆို၏။

၉၀။ ဘော၊ အချင်းတို့။ ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ ရှေး၌။ ကတကလျာဏော၊ မိမိအား သူတပါးတို့သည် ကျေးဇူးပြုအပ်လျှက်။ ပရေန၊ သူတပါးသည်။ ကတတ္ထော၊ ပြုအပ်သော အကျိုးကျေးဇူးရှိလျက်။ နာဝ ဗုဇ္စျတိ၊ မသိ။ သော၊ ထိုသူသည်။ ပစ္ဆာ၊ နောက်၌။ ကိစ္စေ၊ ကိစ္စသည်။ သမုပ္ပန္နေ၊ ဖြစ်လတ်သော်။ တံ၊ ထိုကိစ္စကို။ ကတ္တာရံ၊ ပြုတတ်သောသူကို။ နာဓိဂစ္ဆတိ၊ မရ။

ဤသို့လျှင် ဘုရားလောင်းသည် ဤဂါထာဖြင့် တရားဟော၍ ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ပစ္စန္တရစ်သူဌေးသည်လျှင် ထိုအခါ ပစ္စန္တရစ်သူဌေး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဗာရာဏသီသူဌေး ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

တပါးပြုဘူး၊ သူ့ကျေးဇူး၊ ထွေထူးမသိ ဆင်းရဲဘိ

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော အကတညုဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-လိတ္တဝဂ်

၁။ လိတ္တဇာတ်

ပစ္စည်းလေးပါးတို့ကို ပစ္စဝေက္ခဏာမဆင်ခြင်ဘဲ သုံးဆောင်၍ ဆင်းရဲကြီးစွာ ခံရသောရဟန်းတို့အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် လိတ္တံ ပရမေန တေဇသာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤလိတ္တ ဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပစ္စဝေက္ခဏာမဆင်ခြင်မူ၍ ပစ္စည်းလေးပါးကို သုံးဆောင်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုကာလ၌ ရဟန်းတို့သည် သင်္ကန်းအစရှိသည်တို့ကိုရကုန်၍ များသောအားဖြင့်ကား ပစ္စဝေက္ခဏာမဆင်ခြင်မူ၍ သုံးဆောင်ကြကုန်၏။ ထိုပစ္စည်းလေးပါးတို့ကို ပစ္စဝေက္ခဏာမဆင်ခြင်မူ၍ သုံးဆောင်ကုန်သောရဟန်းတို့သည် များသောအားဖြင့် ငရဲတိရစ္ဆာန်အမျိုးမှ မလွတ်ကုန်၊ မြတ်စွာဘုရားသည် ထိုအကြောင်းကိုသိတော်မူ၍ ရဟန်းတို့အား များစွာသောအကြောင်းဖြင့် တရားစကားကိုဟောတော်မူ၍ ပစ္စဝေက္ခဏာမဆင်ခြင်မူ၍သုံးဆောင်ခြင်း၌ အပြစ်ကိုဟောတော်မူ၍ ရဟန်းတို့ ရဟန်းမည်သည် ပစ္စည်းလေးပါးကိုရ၍ ပစ္စဝေက္ခဏာမဆင်ခြင်မူ၍ သုံးဆောင်ခြင်းငှါမအပ်၊ ထို့ကြောင့် ဤနေ့မှစ၍ ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးဆောင်ကုန်လော့ဟု မိန့်တော်မူ၍ ပစ္စဝေက္ခဏာစီအရင်ကို ပြတော်မူလိုရကား ဣဓ ပန ဘိက္ခဝေ ဘိက္ခု ပဋိသင်္ခါယောနိသော စီဝရံ ပဋိသေဝါမိ သီတဿ ပဋိဃာတာယ ဤသို့ အစရှိသောနည်းဖြင့် ပါဠိကိုထားတော်မူ၍ ရဟန်းတို့ ပစ္စည်းလေးပါးတို့ကို ဤသို့ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးဆောင်ခြင်းသည် အပ်၏။ မဆင်ခြင်မူ၍သုံးဆောင်ခြင်းသည်ကား လတ်တလောသေစေတတ်သော အဆိပ်ကိုသုံးဆောင်သည်နှင့် တူ၏။ ရှေးသူဟောင်းတို့သည် မဆင်ခြင်မူ၍ အပြစ်ကိုမသိမူ၍ အဆိပ်ကိုသုံးဆောင်၍ အကျိုးပေးသောကာလဟူသောအဆုံး၌ ကြီးစွာသောဆင်းရဲကို ခံရဘူးကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တဦးသော များစွာသောစည်းစိမ်ရှိသောအမျိုး၌ ဖြစ်၏။ အရွယ်သို့ရောက်သည်ရှိသော် ကြွေအန်ကြူးသည်ဖြစ်၏။ ထိုအခါ တယောက်သော ကောက်ကျစ်သောကြွေအန်ကြူးသောသူသည် ဘုရားလောင်းနှင့်တကွ ကြွေ အန်ကစားသည်ရှိသော် မိမိနိုင်သည်ရှိသော် ကစားပွဲကိုမဖျက်၊ ရှုံးသောကာလ ၌ကား ကြွေအန်ကို ခံတွင်း၌ငုံ၍ ကြွေအန်ပျောက်ပြီဟု ကစားပွဲကိုဖျက်၍ သွား၏။ ဘုရားလောင်းသည် ထိုအကြောင်းကိုသိ၍ ထိုသို့ဖြစ်စေ၊ ဤအရာ၌ လျောက်ပတ်သောအကြောင်းကို ငါသည် သိအံ့ဟု ကြွေအန်တို့ကိုယူ၍ မိမိအိမ်၌ လတ်တလော သေစေတတ်သော အဆိပ်ဖြင့်လိမ်းကျံ၍ အဖန်တလဲလဲခြောက်စေပြီးလျှင် ထိုကြွေအန်တို့ကိုယူ၍ ထိုကောက်ကျစ်သော ကြွေအန်ကြူး ၏အထံသို့သွား၍ အဆွေ လာလော ကြွေအန် ကစားကုန်အံ့ဟု ဆို၏။

ထိုကောက်ကျစ်သော ကြွေအန်ကြူးသောသူသည် အဆွေ ကောင်းပြီဟု ကစားပွဲကိုစီရင်၍ ဘုရားလောင်းနှင့်တကွကစားသည်ရှိသော် မိမိရှုံးသောကာလ၌ ထိုကြွေအန်ကိုခံတွင်းဖြင့်ငုံ၏။ ထိုအခါ ကောက်ကျစ်သော ကြွေအန်ကြူးကို ဘုရားလောင်းသည် ထိုသို့ငုံသည်ကိုမြင်၍ ငုံလေဦး၊ နောက်မှ ဤကြွေအန်ကိုငုံခြင်းသည် ဤသို့ ဖြစ်၏ဟုသိရလတ္တံ့၊ ဤသို့ စောဒနာလိုရကား-

၉၁။ လိတ္တံ ပရမေန တေဇသာ၊ ဂိလမက်ခံ ပုရိသော န ဗုဇ္စျတိ။
ဂိလ ရေ ဂိလ ပါပဓုတ္တက၊ ပစ္ဆာ တေ ကဋုကံ ဘဝိဿတိ။

ဟူသော ဤဂါထာကို ဆို၏။

၉၁။ ပရမေန၊ ထက်စွာသော။ တေဇသာ၊ အဆိပ်နှင့်။ လိတ္တံ၊ လိမ်းကျံအပ်သော။ အက်ခံ၊ ကြွေအန်ကို။ ဂိလံ-၈ိလန္တာ၊ ငုံသော။ ပုရိသော၊ ကြွေအန်ကြူးသောယောက်ျားသည် န ဗုဇ္စျတိ၊ ဤကြွေအန်ကို ဤသို့ပြု၏ဟု မသိ။ ရေ ပါပဓုတ္တက၊ ဟယ် ယုတ်မာသော ကြွေအန်ကြူး။ ဂိလ၊ ငုံလေဦး။ ရေ ပါပတ္တက၊ ဟယ် ယုတ်မာသော ကြွေအန်ကြူး။ ဂိလ၊ ငုံလေဦး။ ပစ္ဆာ၊ နောက်မှ။ တေ၊ သင့်အား။ ဝိသံ၊ အဆိပ်သည်။ ကဋုကံ၊ ထက်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

ဤသို့ ဘုရားလောင်းဆိုစဉ်ပင်လျှင် အဆိပ်၏ အဟုန်ဖြင့် မိန်းမော၍ မျက်စိတို့သည်လည်ကုန်လျှက် လည်ကုပ်ညွတ်လျှက် လည်း၏။ ဘုရားလောင်းသည် ယခုအခါ ယုတ်မာသောကြွေအန်ကြူးအား အသက်အလှူကိုပေးခြင်းငှါ သင့်၏ဟု နှလုံးပိုက်ပြီးလျှင် ကောင်းစွာစီရင်အပ်သော အော့အန်စေတတ်သော ဆေးကိုပေး၍ အန်စေပြီးလျှင် ထောပတ် တင်လဲ ပျား, သကာ အစရှိသည်တို့ကိုစားစေ၍ အနာကင်းသည်တို့ကိုပြုပြီးလျှင် တဖန်ဤသို့ သဘောရှိသောအမှုကို မပြုလင့်ဟုဆုံးမ၍ ဒါနအစရှိသောကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် ရဟန်းတို့ ပစ္စဝေက္ခဏာမဆင်ခြင်မူ၍ ပစ္စည်းလေးပါးတို့ကို သုံးဆောင်ခြင်းမည်သည်ကား မဆင်ခြင်မူ၍ပြုအပ်သော အဆိပ်ကိုသုံးဆောင်သည်နှင့်တူသည်ဖြစ်၏ဟု မိန့်တော်မူ၍ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိကြွေအန်ကြူး ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

** ဤလိတ္တဇာတ်၌ ကောက်ကျစ်သောကြွေအန်ကူးကိုကား ဇာတ်မပေါင်းအပ်၊ ဤလိတ္တဇာတ်၌ကဲ့သို့ ထို့အတူအလုံးစုံသောဇာတ်၌ အကြင်သူသည် ဤဇာတ်ကိုဟောတော်မူသောကာလ၌ မထင်၊ ထိုသူကို ဇာတ်မပေါင်းအပ်သလျှင်ကတည်း။ ဤသို့ သိအပ်၏။ ***

ပစ္စဝေက္ခဏာ၊ မဆင်ခြင်ပါ၊ လေးဖြာပစ္စည်း အဆိပ်တည်း

ရှေးဦးစွာသော လိတ္တဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-လိတ္တဝဂ်

၂။ မဟာသာရဇာတ်

ပျောက်သောဥစ္စာကို ဥပါယ်ဖြင့်ရအောင် ကြံစည်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဥက္ကဋ္ဌေ သူရမိစ္ဆန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာသာရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်အာနန္ဒာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဉ်းအံ့၊ အခါတပါး၌ ပသေနဒီကောသလမင်းကြီး၏ မင်းမိန်းမတို့သည် ဘုရားပွင့်တော်မူသောကာလမည်သည်ကို ရခဲ၏။ ထို့အတူ လူ၏အဖြစ်ကိုလည်း ရခဲ၏။ ပြည့်စုံသော နား, မျက်စိအစရှိသော ဣန္ဒြေရှိသည်၏အဖြစ်ကိုလည်း ရခဲ၏။ ငါတို့သည်ရခဲသော ဗုဒ္ဓုပ္ပါဒခဏ အကြောင်း၏ ညီညွတ်ခြင်းကို ရကုန်၍လည်း မိမိတို့၏အလိုအားလျော်စွာ ကျောင်းသို့သွား၍ တရားတော်ကို နာအံ့သောငှါ၎င်း, ပူဇော်ခြင်းကို ပြုအံ့သောငှါ၎င်း မရကုန်၊ ပူတာတံတင်း၌ ထားအပ်ကုန်သကဲ့သို့ နေကြရကုန်၏။ အရှင်မင်းကြီးအား လျှောက်ကြားပြီးလျှင် ငါတို့အား တရားကို ဟောပြောအံ့သောငှာ လျောက်ပတ်သောရဟန်းတပါးကိုပင့်စေ၍ ထိုရဟန်းအထံ၌ တရားတော်ကိုနာကုန်အံ့၊ ထိုရဟန်းအထံမှအကျင့်တရားကို သင်ကြားကုန်အံ့၊ ဒါနအစရှိသောကောင်းမှုတို့ကို ပြုကုန်အံ့၊ ဤသို့ပြုသည်ရှိသော် ငါတို့အား ဤဗုဒ္ဓုပ္ပါဒခဏကိုရခြင်းသည် အကျိုးရှိသည်ဖြစ်လတ္တံ့ဟု ကြံကြကုန်၏။ ကြံကုန်ပြီးလျှင် မင်းကြီးသို့ကပ်ကုန်၍ မိမိတို့၏ကြံသောအကြောင်းကို လျှောက်ကုန်၏။ မင်းကြီးသည် ကောင်းပြီဟုဝန်ခံ၍ တနေ့သ၌ ဥယျာဉ်ကစားခြင်းကို ကစားလိုသောပသေနဒီကောသလမင်းကြီးသည် ဥယျာဉ်စောင့်ကိုစေ၍ ဥယျာဉ်ကိုသုတ်သင်လောဟု ဆို၏။ ဥယျာဉ်စောင့်သည် ဥယျာဉ်ကို သုတ် သင်သည်ရှိသော်။ တခုသော သစ်ပင်ရင်း၌ နေတော်မူသော မြတ်စွာဘုရားကိုမြင်၍ မင်းကြီးအထံသို့ သွားပြီးလျှင် အရှင်မင်းကြီး ဥယျာဉ်တော်ကို သုတ်သင်အပ်ပြီ၊ စင်စစ်သော်ကား ဤဥယျာဉ်တော်ဝယ် တခုသောသစ်ပင်ရင်း၌ မြတ်စွာဘုရားသည် နေတော်မူ၏ဟုလျှောက်၏။ မင်းကြီးသည် အချင်း ဥယျာဉ်စောင့် ကောင်းပြီ၊ မြတ်စွာဘုရားအထံတော်၌ တရားတော်ကိုနာကုန်အံ့ဟု ဆို၍ တန်ဆာဆင်အပ်သော ရထားကိုစီး၍ ဥယျာဉ်သို့သွားပြီးလျှင် မြတ်စွာဘုရားအထံသို့ ဆည်းကပ်၏။

ထိုအခါ၌လည်း ဆတ္တပါဏိမည်သော တယောက်သောအနာဂါမ်ဖြစ်သော သီတင်းသည်သည် မြတ်စွာဘုရားအထံတော်၌ တရားတော်ကိုနာလျက်နေသည် ဖြစ်၏။ ကောသလမင်းကြီးသည် ထိုသီတင်းသည်ကိုမြင်လျှင် ရွံရှာသည်ဖြစ်၍ အတန်ငယ်ရပ်လျက် ဤယောက်ျားသည် အကယ်၍ သူယုတ်မာ ဖြစ်ငြားအံ့၊ မြတ်စွာဘုရား အထံတော်၌နေ၍ တရားတော်ကို မနာရာ၊ ဤယောက်ျားသည် မယုတ်မာသည်ဖြစ်ရာ၏ဟု ကြံပြီးလျှင် မြတ်စွာဘုရား၏အထံတော်သို့ ဆည်းကပ်၍ ရှိခိုးလျက် လျောက်ပတ်စွာနေ၏။ သီတင်းသည်သည် မြတ်စွာဘုရား၌ ရိုသေသဖြင့် မင်းကြီးအား ခရီးဦးကြိုဆိုခြင်းကို၎င်း, ရှိခိုးခြင်းကို၎င်း မပြု၊ ထို့ကြောင့် သီတင်းသည်အား မင်းကြီးသည် နှလုံးမသာခြင်းသည်ဖြစ်၏။ မြတ်စွာဘုရားသည် ကောသလ မင်းကြီး၏ နှလုံးမသာသောအဖြစ်ကို သိတော်မူ၍ မြတ်သောမင်းကြီး ဤသီတင်းသည်သည် များသောအကြားအမြင်ရှိ၏။ အနာဂါမ်ဖြစ်၏။ ပိဋကတ်သုံးပုံကို ဆောင်၏။ ကာမတို့၌ တပ်စွန်းခြင်းကင်း၏ဟု သီတင်းသည်၏ ကျေးဇူးကို ဟောတော်မူ၏။ ကောသလမင်းကြီးသည် အကြင် သီတင်းသည်၏ကျေးဇူးကို မြတ်စွာဘုရားသည် ချီးမွမ်းတော်မူ၏။ ဤသီတင်းသည်သည် ဂုဏ်ငယ်သည် မဖြစ်ရာဟုကြံ၍ သီတင်းသည် အကြင်ဝတ္ထုဖြင့် သင့်အား အလိုရှိအံ့၊ ထိုဝတ္ထုကို ငါ့အား ကြားလောဟု သီတင်းသည်ကို ဘိတ်၏။

သီတင်းသည်သည် မြတ်သောမင်းကြီး ကောင်းပြီဟု ဝန်ခံ၏။ ကောသလမင်းကြီးသည် မြတ်စွာဘုရားအထံတော်၌ တရားတော်ကိုနာပြီးလျှင် မြတ်စွာဘုရားကို လကျ်ာရစ်လှည့်၍သွား၏။

ထိုကောသလမင်းကြီးသည် တနေ့သောအခါ ပြာသာဒ်ထက်၌ လေသွန်တံခါးကိုဖွင့်၍ ရပ်လျက် နံနက်စာစားပြီးလျှင် ထီးကိုယူ၍ ဇေတဝန် ကျောင်းတော်သို့သွားသော သီတင်းသည်ကိုမြင်လျှင် ခေါ်စေ၍ သီတင်းသည် သင်သည် များသောအကြားအမြင်ရှိသတတ်၊ ငါတို့၏မင်းမိန်းမတို့သည်လည်း တရားတော်ကို နာလည်း နာလိုကုန်၏။ သင်လည်း သင်လိုကုန်၏။ စင်စစ်လျှင် ထိုမိန်းမတို့အား တရားတော်ကို အကယ်၍ သင်သည် သင်အံ့၊ ကောင်းသည်ဖြစ်ရာ၏။ ဤသို့ဆို၏။ မြတ်သောမင်းကြီး နန်းတော်တွင်း၌ အကယ်၍ တရားတော်ကို ဟောအံ့သောငှါ၎င်း, သင်အံ့သောငှါ၎င်း လူဖြစ်သောသူတို့အားကား မလျောက်ပတ်၊ ရဟန်းဖြစ်သော အရှင်မြတ်တို့အားသာလျှင် လျောက်ပတ်၏ဟု လျှောက်၏။ မင်းကြီးသည် ဤသီတင်းသည်သည် မှန်သောစကားကို ဆို၏ဟုဆို၍ ထိုသီတင်းသည်ကို လွှတ်လိုက်ပြီးလျှင် မင်းမိန်းမတို့ကိုခေါ်စေ၍ ရှင်မတို့ ငါသည် သင်တို့အား တရားကို ဟောစိမ့်သောငှါ၎င်း၊ တရားကို သင်စိမ့်သောငှါ၎င်း မြတ်ဘုရား၏ အထံတော်သို့သွား၍ ရဟန်းတပါးကို တောင်းအံ့၊ ရှစ်ကျိပ်ကုန်သော မဟာသာဝကတို့တွင် အဘယ်မည်သောမထေရ်ကို တောင်းရအံ့နည်းဟု မေး၏။ ထိုအလုံးစုံကုန်သောမိန်းမတို့သည် တိုင်ပင်ကုန်၍ တရားဘဏ္ဍာစိုးဖြစ်သော အရှင်အာနန္ဒာ မထေရ်ကိုသာလျှင် ကြား လျှောက်ကုန်၏။

ကောသလမင်းကြီးသည် မြတ်စွာဘုရားအထံတော်သို့သွားပြီးလျှင် ရှိခိုး၍ လျောက်ပတ်စွာနေလျက် အရှင်ဘုရား အကျွန်ုပ်တို့၏နန်းတော်၌ မင်းမိန်းမတို့သည် အရှင်အာနန္ဒာမထေရ်၏ အထံ၌ တရားတော်ကို နာအံ့သောငှါ၎င်း, သင်အံ့သောငှါ၎င်း အလိုရှိကုန်၏။ အရှင်အာနန္ဒာမထေရ်သည် အကျွန်ုပ်၏ နန်းတော်၌ တရားကို အကယ်၍ ဟောငြားအံ့၊ အကယ်၍ သင်ချေငြားအံ့၊ စင်စစ်လျှင် ကောင်းသည် ဖြစ်ရာ၏ဟု လျှောက်၏။ မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ကောင်းပြီဟု ဝန်ခံ၍ အရှင်အာနန္ဒာမထေရ်ကို စေတော်မူ၏။ ထိုအခါမှစ၍ ကောသလမင်းကြီး၏မင်းမိန်းမတို့သည် အရှင်အာနန္ဒာမထေရ်၏အထံ၌ တရားတော်ကို နာလည်းနာကုန်၏။ သင်လည်း သင်ကုန်၏။ ထိုအခါ တနေ့သ၌ ကောသလမင်းကြီး၏ ပတ္တမြား ဥသျှောင် ကျင်သည် ပျောက်၏။ မင်းကြီးသည် ထိုပျောက်သောအဖြစ်ကိုကြား၍ အမတ်တို့ကို အလုံးစုံသောနန်းတော်တွင်း၌ သုံးဆောင်သောသူတို့ကိုခေါ်စေ၍ ပတ္တမြားဥချောင်ကျင်ကို ဆောင်စေကုန်လောဟု စေ၏။ အမတ်တို့သည် မိန်းမတို့ကိုအစပြု၍ မေးသည်ရှိသော် မသိ မမြင်၍ လူများကိုပင်ပန်းစေကုန်၏။ ထိုနေ့၌ အရှင်အာနန္ဒာမထေရ်သည် နန်းတော်သို့ဝင်သည်ရှိသော် ထိုမိန်းမတို့သည် ရှေး၌ အရှင်အာနန္ဒာမထေရ်ကိုမြင်လျှင် နှစ်သက်ရွှင်လန်းစွာ တရားတော်ကိုနာကုန်သကဲ့သို့၎င်း သင်ကုန်သကဲ့သို့၎င်း ထိုရှေးအတူမပြုကုန်၍ အလုံးစုံသောမင်းမိန်းမတို့သည် နှလုံးမသာခြင်းသို့ ရောက်ကုန်သည်သာလျှင် ဖြစ်ကုန်၏။

ထိုအခါ အရှင်အာနန္ဒာမထေရ်သည် အဘယ့်ကြောင့် သင်တို့သည် ဤသို့သဘောရှိသည် ဖြစ်ကုန်သနည်းဟု မေးတော်မူ၏။ ထိုမင်းမိန်းမတို့သည် အရှင်ဘုရား မင်း၏ပတ္တမြားဥသျှောင်ကျင်ကို ရှာကုန်အံ့ဟု အမတ်တို့သည် မိန်းမတို့ကိုအစပြု၍ နန်းတော်တွင်း၌ သုံးဆောင်သောသူတို့ကို ပင်ပန်းစေကုန်၏။ တစုံတယောက်သောသူအား အသို့ ဖြစ်လတ္တံ့ဟု မသိကုန်၊ ထို့ကြောင့် နှလုံးမသာယာခြင်းသို့ ရောက်ကုန်၏ဟု လျောက်ကုန်၏။ အရှင်အာနန္ဒာမထေရ်သည် သင်တို့သည် မကြောက်ကြကုန်လင့်ဟု ထိုမင်းမိန်းမတို့ကိုနှစ်သိမ့်စေပြီးလျှင် မင်းကြီးအထံသို့သွား၍ ခင်းအပ်သော နေရာ၌နေလျက် မြတ်သောမင်းကြီး သင်မင်းကြီး၏ ပတ္တမြားဥသျှောင် ကျင်သည် ပျောက်သလောဟု မေးတော်မူ၏။ အရှင်ဘုရား ပျောက်သည်မှန်၏ဟုလျှောက်၏။ မြတ်သောမင်းကြီး ထိုပတ္တမြားဥသျှောင် ကျင်ကို ဆောင်ခဲ့စိမ့်သောငှါ မတတ်နိုင်သလောဟု မေးတော်မူ၏။ အရှင်ဘုရား အလုံးစုံသော အတွင်း သားအပေါင်းကို ခေါ်စေ၍ ပင်ပန်းစေသော်လည်း ဆောင်ခဲ့စိမ့်သောငှါ မတတ်နိုင်ဟု လျှောက်၏။ မြတ်သောမင်းကြီး လူများကို မပင်ပန်းစေမူ၍သာလျှင် ဆောင်ခဲ့စိမ့်သောငှါ အကြောင်းသည်ရှိ၏ဟု မိန့်တော်မူ၏။ အရှင်ဘုရား အဘယ်အကြောင်းနည်းဟု လျှောက်၏။ မြတ်သောမင်းကြီး အဆုပ်ပေးခြင်းတည်းဟုမိန့်တော်မူ၏။ အရှင်ဘုရား အဘယ်အဆုပ်ပေးခြင်းနည်းဟု မေးလျှောက်၏။

မြတ်သောမင်းကြီး အကြင်မျှလောက်သောသူတို့၌ ယုံမှားခြင်းသည်ရှိ၏။ ထိုမျှလောက်သောသူတို့ကိုခေါ်၍ တယောက်တယောက်သောသူအား တခုတခုစီ ဖွဲဆုပ်ကို၎င်း မြေဆုပ်ကို၎င်း ပေး၍ ဤအဆုပ်ကို မိုးသောက်သောကာလ၌ ဆောင်ခဲ့ကုန်၍ ဤမည်သောအရပ်၌ ချကုန်လောဟု ဆိုအပ်၏။ အကြင်သူသည် ယူသည်ဖြစ်လတ္တံ့၊ ထိုယူသောသူသည် ထိုအဆုပ်၌ထည့်၍ ဆောင်ခဲ့လတ္တံ့၊ ရှေးဦးစွာသော နေ့၌လျှင် အကယ်၍ ချကုန်အံ့၊ ထိုသို့ ချခြင်းသည် ကောင်း၏။ အကယ်၍ မချကုန်အံ့၊ နှစ်ရက်မြောက်သော နေ့၌၎င်း သုံးရက်မြောက်သောနေ့၌၎င်း ထို့အတူသာလျှင် ပြုအပ်၏။ ဤသို့ ပြုသည်ရှိသော် လူများသည်လည်း မပင်ပန်းလတ္တံ့၊ ပတ္တမြားဥသျှောင်ကျင်ကိုလည်း ရလတ္တံ့၊ ဤသို့မိန့်တော်မူ၍ အရှင်အာနန္ဒာမထေရ်သည် ကြွတော်မူ၏။ ကောသလမင်းကြီးသည် အရှင်အာနန္ဒာမထေရ် မိန့်တော်မူသောနည်းဖြင့်သာလျှင် သုံးရက်တို့ပတ်လုံးပေးစေသော်လည်း ပတ္တမြားဥသျှောင် ကျင်ကို မဆောင်ခဲ့ကုန်၊ အရှင်အာနန္ဒာမထေရ်သည် သုံးရက်မြောက်သောနေ့၌ ကြွတော်မူလာ၍ မြတ်သောမင်းကြီး ပတ္တမြားဥသျှောင် ကျင်ကို ချ၏လောဟုမိန့်တော်မူ၍ အရှင်ဘုရား မချကုန်ဟု လျောက်၏။

မြတ်သောမင်းကြီး ထိုသို့တပြီးကား ကျယ်သောမင်းယင်ပြင်ဝယ် ဖုံးကွယ်ရာအရပ်၌ အိုးစရည်းကြီးကိုထား၍ ရေဖြင့်ပြည့်စေပြီးလျှင် တင်းတိမ်ကိုရံစေ၍ အလုံးစုံသောနန်းတွင်း၌ သုံးဆောင်သောယောက်ျားတို့သည်၎င်း၊ မိန်းမတို့သည်၎င်း အပေါ်ရုံကိုရုံ၍ တယောက်တယောက်စီ တင်းတိမ်တွင်းသို့ဝင်ပြီးလျှင် လက်ကို ဖြန့်၍လာခဲ့ကုန်လောဟု ဆိုတော်မူလော၊ ဤသို့မိန့်တော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်သည် ဤအကြောင်းကိုကြား၍ ကြွတော်မူ၏။ ကောသလမင်းကြီးသည် အရှင်အာနန္ဒာမထေရ်ဆိုတိုင်း ပြုစေ၏။ ပတ္တမြားဥသျှောင်ကျင်ကို ခိုးသောသူသည် တရားဘဏ္ဍာစိုးဖြစ်တော်မူသော အရှင်အာနန္ဒာမထေရ်သည် ဤ အဓိကရုဏ်းကိုယူ၍ ပတ္တမြားဥသျှင်ကျင်ကို မမြင်လျှင်မလွှတ်လတ္တံ့၊ စင်စစ်လျှင် ဤပတ္တမြားဥသျှောင် ကျင်ကို ယခုအခါ၌ ချခြင်းငှါသင့်၏ဟု ကြံ၏။ ကြံပြီး၍ ပတ္တ မြားဥသျှောင်ကျင်ကို ဖုံးလွှမ်း၍ယူခဲ့ပြီးလျှင် တင်းတိမ်တွင်းသို့ဝင်၍ အိုးစရည်း၌ချ၍ ထွက်ခဲ့၏။ အလုံးစုံသောသူတို့၏ ထွက်သောကာလ၌ ရေကိုစွန့်၍ ပတ္တမြားဥသျှောင်ကျင်ကို မြင်ကုန်၏။ ကောသလမင်းကြီးသည် အရှင်အာနန္ဒာမထေရ်ကိုမှီ၍ များစွာသောလူအပေါင်းကိုမပင်ပန်းစေမူ၍သာလျှင် ငါသည်ပတ္တမြားဥသျှောင်ကျင်ကို ရအပ်၏ဟု နှစ်သက်၏။ နန်းတော်တွင်း၌ မင်းသုံးသောသူတို့သည်လည်း ငါတို့သည် အရှင်အာနန္ဒာကိုမှီ၍ ကြီးစွာသောဆင်းရဲမှ လွတ်သည်ဖြစ်ကုန်၏ဟုနှစ်သက်ကုန်၏။ အရှင်အာနန္ဒာမထေရ်၏ အာနုဘော်ကြောင့် မင်း၏ ပတ္တမြားဥသျှောင်ကျင်ကို ရအပ်၏။ ဤသို့လျှင် အရှင်အာနန္ဒာမထေရ်၏ အာနုဘော်သည် အလုံးစုံသောမြို့၌၎င်း၊ ရဟန်းသံဃာ၌၎င်း ထင်ရှားသည် ဖြစ်၏။

ရဟန်းတို့သည် တရားသဘင်၌ စည်းဝေးကုန်လျက် ငါ့သျှင်တို့ အာနန္ဒာမထေရ်သည် မိမိ၏ များသောအကြားအမြင်ရှိသည်၏ အဖြစ်နှင့် ပညာရှိသည်၏အဖြစ်ကြောင့် ဥပါယ်၌လိမ်မာသည်၏ အဖြစ်ကြောင့် များစွာသောလူအပေါင်းကို မပင်ပန်းစေမူ၍ ဥပါယ်ဖြင့်သာလျှင် ကောသလမင်းကြီး၏ ပတ္တမြားဥသျှင်ကျင်ကို ပြ၏ဟု အရှင်အာနန္ဒာမထေရ်၏ ဂုဏ်ကျေးဇူးကိုချီးမွမ်းကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့်စည်းဝေးပါကုန်၏ဟု နားတော်လျောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ အာနန္ဒာသည်သာလျှင် သူတပါးလက်ကိုရောက်ပြီးသောဘဏ္ဍာကို ရအပ်သည်မဟုတ်သေး၊ ရှေး၌လည်း ပညာရှိတို့သည် များစွာသောလူအပေါင်းကို မပင်ပန်းစေမူ၍ ဥပါယ်ဖြင့်သာလျှင် တိရစ္ဆာန်လက်သို့ရောက်ပြီးသောဘဏ္ဍာကိုရဘူးကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် အလုံးစုံသော အတတ်၏အပြီးသို့ရောက်သော ထိုဗာရာဏသီမင်း၏သာလျှင် အမတ်ဖြစ်၏။ ထိုအခါ တနေ့သ၌ ဗာရာဏသီမင်းသည် များစွာသောအခြံအရံဖြင့် ဥယျာဉ်တွင်း၌လှည့်လည်သည်ရှိသော် ရေကစားခြင်းကိုကစားလိုသည်ဖြစ်၍ မင်္ဂလာရေကန်သို့ သက်၍ မင်းမောင်းမအပေါင်းကို ခေါ်စေ၏။ မင်းမောင်းမတို့သည် မိမိတို့၏ ဦးခေါင်းတန်ဆာ လည်တန်ဆာ အစရှိကုန်သောတန်ဆာတို့ကိုချွတ်၍ စုလျား၌ထည့်၍ ပူတာအပြင်၌ ထားပြီးလျှင် ကျွန်မတို့ကိုစောင့်စေ၍ ရေသို့သက်၏။ ထိုအခါ တခုသော ဥယျာဉ်၌နေသောမျောက်မသည် သစ်ခက်ကြား၌ နေလျက် မိဖုယားသည် တန်ဆာတို့ကိုချွတ်၍ စုလျား၌ ထည့်၍ ပူတာအပြင်၌ထားသည်ကို မြင်၍ ထိုမိဖုယား၏ ပုလဲသွယ်ကို ဆင်လိုသည်ဖြစ်၍ ကျွန်မ၏ မေ့လျော့ခြင်းကိုကြည့်လျက်နေ၏။ ကျွန်မသည်လည်းစောင့်ရှောက်လျှက် ထိုထိုအရပ်ကိုကြည့်၍ နေစဉ်ပင်လျှင် အိပ်အံ့သောငှါ အားထုတ်၏။ မျောက်မသည် ထိုကျွန်မမေ့လျော့သောအဖြစ်ကိုသိလျှင် လေကဲ့သိုသောလျှင်ခြင်းဖြင့် သစ်ပင်မှသက်လတ်၍ လေကဲ့သို့သောလျှင်ခြင်းဖြင့်ခုန်၍ သက်ခက်ကြား၌နေလျက် တပါးကုန်သောမျောက်မတို့၏မြင်ခြင်းမှ ကြောက်သောကြောင့် တခုသော သစ်ခေါင်း၌ထားပြီးလျှင် အလွန်ငြိမ်သက်သကဲ့သို့ ဖြစ်၍ ထိုပုလဲသွယ်ကို စောင့်လျက် နေ၏။

ထိုကျွန်မသည်လည်း နိုးလတ်၍ ပုလဲသွယ်ကိုမမြင်သည်ရှိသော် တုန်လှုပ်လျက် တပါးသောအကြောင်းကိုမမြင်၍ ယောက်ျားခိုးသူသည် မိဖုယား၏ပုလဲသွယ်ကိုယူ၍ ပြေး၏ဟု သည်းစွာသောဟစ်ကြွေးခြင်းကို။ ဟစ်ကြွေး၏။ အစောင့် အရှောက်တို့သည် ထိုထိုအရပ်မှ စည်းဝေးကုန်၍ ထိုကျွန်မ၏စကားကိုကြား၍ မင်းအားလျှောက်ကုန်၏။ မင်းသည် ခိုးသူကိုဖမ်းကုန်လောဟု ဆို၏။ မင်းချင်းယောက်ျားတို့သည် ဥယျာဉ်မှထွက် ကုန်၍ ခိုးသူကိုဖမ်းကြ ခိုးသူကိုဖမ်းကြဟုဆို၍ ထိုမှဤမှ ကြည့်ကုန်၏။ ထိုအခါ ဇနပုဒ်၌နေသော အိမ်ရှင်ယောက်ျားသည် ထိုအသံကိုကြား၍ တုန်လှုပ်လျက် ပြေး၏။ ထိုယောက်ျားကိုမြင်၍ မင်းချင်းယောက်ျားတို့သည် ဤသူသည် ခိုးသူဖြစ်လတ္တံ့ဟု လိုက်၍ ထိုသူကိုဖမ်းကုန်၍ ပုတ်ခတ်ပြီးလျှင် ဟယ် သူခိုးပျက် ဤသို့သော မဟာသာရမည်သောတန်ဆာကို ခိုးဘိ၏ဟု ဆို၍ ဆဲရေးကုန်၏။ ထိုယောက်ျားသည် ငါသည် မခိုးဟု အကယ်၍ဆိုအံ့၊ ယနေ့ ငါ့အား အသက်မရှိပြီ၊ ပုတ်ခတ်၍သာလျှင် သတ်ကုန်လတ္တံ့၊ ထိုခိုးခြင်းကို ဝန်ခံအံ့ဟုကြံ၏။ ကြံပြီး၍ အရှင်တို့ အကျွန်ုပ်သည် ခိုးသူမှန်၏ဟု ဆို၏။

ထိုအခါ ထိုယောက်ျားကိုနှောင်ဖွဲ့၍ မင်း၏ အထံသို့ ဆောင်ကုန်၏။ မင်းသည်လည်း ထိုယောက်ျားကို သင်သည် မဟာသာရမည်သောတန်ဆာကို ခိုးသလောဟု မေး၏။ အရှင်မင်းကြီး ခိုးသည် မှန်၏ဟု လျှောက်၏။ ယခုတန်ဆာသည် အဘယ်မှာနည်းဟု မေး၏။ အရှင်မင်းကြီး အကျွန်ုပ်သည် မဟာသာရမည်သော ညောင် စောင်း အင်းပျဉ်ကိုလည်း မမြင်စဘူး၊ သူဌေးသည်ကား အကျွန်ုပ်ကို မဟာသာရမည်သောတန်ဆာကို ယူစေ၏။ ထိုအကျွန်ုပ်သည် ထိုတန်ဆာကိုယူ၍ ထိုသူဌေးကြီးအား ပေး၏။ ထိုသူဌေးကြီးသည် ထိုတန်ဆာကို ယူ၏ဟု လျှောက်၏။ မင်းသည် သူဌေးကို ခေါ်စေ၍ သင်သည် ဤယောက်ျား၏လက်မှ မဟာသာရမည်သာတန်ဆာကို ယူသလောဟု မေး၏။ အရှင်မင်းကြီး ယူပေ၏ဟု လျှောက်၏။ ထိုတန်ဆာသည် အဘယ်မှာနည်းဟု မေး၏။ အရှင်မင်းကြီး ပုရောဟိတ်အား ပေး၏ဟု ဆို၏။ ထိုပုရောဟိတ်ကိုလည်းခေါ်စေ၍ ထိုရှေးအတူသာလျှင် မေး၏။ ထိုပုရောဟိတ်သည် ဝန်ခံ၍ စောင်းသမားအား ပေးအပ်၏ဟု လျှောက်၏။ ထိုစောင်းသမားကိုလည်း ခေါ်စေ၍ သင်သည် ပုရောဟိတ်လက်မှ မဟာသာရဟူသောတန်ဆာကို ယူသလောဟု မေး၏။ အရှင်မင်းကြီး ယူပေ၏ဟု လျှောက်၏။ ထိုတန်ဆာသည် အဘယ်မှာနည်းဟုမေး၏။

အရှင်မင်းကြီး အကျွန်ုပ်သည် ကိလေသာ၏ အစွမ်းအားဖြင့် ပြည့်တန်ဆာမအား ပေးအပ်၏ ဟုလျှောက်၏။ ထိုပြည့်တန်ဆာမကိုလည်း ခေါ်စေ၍မေး၏။ ထိုပြည့် တန်ဆာမသည် အရှင်မင်းကြီး အကျွန်ုပ်မယူဟု လျှောက်၏။ ထိုငါးယောက်ကုန်သောသူတို့ကို မေးကုန်စဉ်လျင် နေသည်ဝင်၏။ မင်းကြီးသည် ယခုအခါ၌ အချိန်မဟုတ်သည် ဖြစ်၏။ နက်ဖြန်မှ သိရအံ့ဟု ထိုငါးယောက်သောသူတို့ကို အမတ်တို့အားအပ်၍ မြို့သို့ဝင်၏။ ဘုရားလောင်းသည် မဟာသာရမည်သော တန်ဆာတော်သည် အတွင်းသားတို့၏ လက်၌ ပျောက်၏။ ဤသူကြွယ်သည်လည်း အပသားဖြစ်၏။ တံခါး၌လည်း အားကြီးသောအစောင့်အရှောက်ရှိ၏။ ထို့ကြောင့် အတွင်းသားတို့သည်လည်း ထိုတန်ဆာကိုယူ၍ပြေးခြင်းငှာမတတ်နိုင်၊ ဤသို့လျှင် အပသားတို့၏ ယူခြင်း၏ အကြောင်းသည် မထင်သလျှင်ကတည်း၊ ဥယျာဉ်တော်တွင်း၌ မင်းသုံးသောလူတို့၏ ယူခြင်းအကြောင်းသည်လည်း မထင်၊ ငါသည် သူဌေးအား ပေး၏ဟုဆိုသော ဤသူဆင်းရဲသည် မိမိ၏ လွတ်ခြင်းအကျိုးငှါ ဆိုသည်ဖြစ်လတ္တံ့၊ ငါသည် ပုရောဟိတ် အပေး၏ဟုဆိုသော သူဌေးသည်လည်း ထိုပုရောဟိတ်နှင့် တပေါင်းတည်းဖြစ်၍ အမှုကိုထုတ်ကုန်အံ့ဟု ကြံ၍ ဆိုသည် ဖြစ်လတ္တံ့၊ ငါသည် စောင်းသမားအား ပေး၏ဟုဆိုသော ပုရောဟိတ်သည်လည်း နှောင်အိမ်မှာ စောင်းသမားကိုမှီ၍ ချမ်းသာသဖြင့် နေအံ့ဟုကြံ၍ ဆိုသည် ဖြစ်လတ္တံ့၊ ငါသည် ပြည့်တန်ဆာမအား ပေး၏ဟု ဆိုသော စောင်းသမားသည်လည်း မငြီးငွေ့ဘဲ နေရသည်ဖြစ်ကုန်အံ့ဟုကြံ၍ ဆိုသည်ဖြစ်လတ္တံ့၊ ဤသို့လျှင် ငါးယောက်ကုန်သော သူတို့သည် ခိုးသူ မဟုတ်သည် ဖြစ်ရာ၏။

ဥယျာဉ်၌ မျောက်တို့သည် များကုန်၏။ မဟာသာရတန်ဆာသည် တခုသောမျောက်မ၏လက်သို့ ရောက်သည်ဖြစ်ရာ၏ဟု ကြံပြီး၍ ထိုဘုရားလောင်းသည် မင်းသို့ကပ်ပြီးလျှင် မင်းမြတ် ခိုးသူတို့ကို အကျွန်ုပ်တို့အား အပ်တော်မူကုန်လော၊ ကျွန်ုပ်တို့သည် ထိုအမှုကို သုတ်သင်ပါကုန်အံ့ဟုလျှောက်၏။ မင်းသည် ပညာရှိ ကောင်းပြီ သုတ် သင် လောဟုဆို၍ ဘုရားလောင်းအား ပေးအပ်၏။ ဘုရားလောင်းသည် မိမိ၏ကျွန်ယောက်ျားတို့ကို ခေါ်စေပြီးလျှင် ထိုငါးယောက်သောသူတို့ကို တခုသောအရပ်၌ သာလျှင်နေစေ၍ ထက်ဝန်း ကျင်မှ အစောင့်အရှောက်ကို ပြု၍ နားအပ်လျက် ထိုငါးယောက်ကုန်သောသူတို့သည် အကြင်စကားကို အချင်းချင်းဆိုကုန်၏။ ထိုစကားကို ငါ့အား ကြားကုန်လောဟု ဆို၍ ဖဲခဲ့၏။ ထိုကျွန်ယောက်ျားတို့သည် ဘုရားလောင်းဆိုတိုင်း ပြုကုန်၏။ ထို့နောင်မှ ထိုလူတို့သည် စည်းဝေးသောအခါ၌ သူဌေးကြီးသည် ဇနပုဒ်သားအိမ်ရှင်ယောက်ျားကို ဟယ်ဇနပုဒ်သား အိမ်ရှင် ယောက်ျားပျက် အဘယ်အခါ၌ သင်သည် ငါ့ကိုမြင်ဘူးသနည်း၊ ငါသည် သင့်ကို အဘယ်အခါ၌ မြင်ဘူးသနည်း၊ အဘယ်အခါ သင်သည် ငါ့အား မဟာသာရတန်ဆာကို ပေးသနည်းဟု ဆို၏။ အရှင်သူဌေးကြီး အကျွန်ုပ်သည် မဟာသာရမည်သော သစ်သားအခြေတပ်သော ညောင်စောင်း အင်းပျဉ်ကိုလည်း မသိ၊ အရှင်သူဌေးကြီးကိုကားမှီ၍ လွတ်ခြင်းကိုရပါအံ့ဟုကြံ၍ ဤသို့ဆိုပေ၏။ အရှင်သူဌေးကြီးသည် အကျွန်ုပ်အား အမျက်မထွက်ပါလင့်ဟု ဆို၏။

ပုရောဟိတ်သည်လည်း သူဌေးကြီးကို သူဌေး သင်သည် မိမိအား ဤဇနပုဒ်အိမ်ရှင်ယောက်ျားသည်မပေးအပ်သော မဟာသာရတန်ဆာကိုလျှင် ငါ့အား အသို့ပေးသနည်းဟု မေး၏။ ငါတို့နှစ်ယောက်တို့သည် ဥစ္စာရှင်ချည်းဖြစ်ကြကုန်၏။ ငါတို့၏ တပေါင်းတည်းဖြစ်၍ တည်သောကာလ၌ အမှုသည်လျှင် ပြီးလတ္တံ့ဟု ကြံ၍ ဆိုပေ၏ဟု ဆို၏။ စောင်းသမားသည်လည်း ပုရောဟိတ်ပုဏ္ဏား အဘယ်အခါ၌ သင်သည် မဟာသာရတန်ဆာကို ပေးသနည်းဟုဆို၏။ ငါသည် သင့်ကိုမှီ၍ နေရာအရပ်၌ ချမ်းသာစွာနေရပါအံ့ဟု ကြံ၍ ဆိုပေ၏ဟု ဆို၏။ ပြည့်တန်ဆာမသည်လည်း စောင်းသမားကို ဟယ် စောင်းသမားပျက် ငါသည် အဘယ်အခါ၌ သင့်အထံသို့ ရောက်ဘူးသနည်း၊ သင်သည်လည်း အဘယ်အခါ၌ ငါ့အထံသို့ လာဘူးသနည်း၊ အဘယ်အခါ၌ သင်သည် ငါ့အား မဟာသာရတန်ဆာကို ပေးသနည်းဟု ဆို၏။ နှမ အဘယ်ကြောင့် အမျက်ထွက်သနည်း၊ ငါတို့ငါးယောက်သည် တပေါင်းတည်းနေကုန် သည်ရှိသော် အိမ်၌နေရသကဲ့သို့ ဖြစ်လတ္တံ့၊ မငြီးငွေ့ကုန်သည်ဖြစ်၍ ချမ်းသာစွာ နေရကုန်လတ္တံ့ဟု ကြံ၍ ဆိုပေ၏ဟု ဆို၏။

ဘုရားလောင်းသည် စေအပ်သောကျွန်ယောက်ျားတို့၏အထံမှ ထိုစကားကိုကြား၍ ထိုသူငါးယောက်တို့၏ အဟုတ်အမှန်အားဖြင့် ခိုးသူမဟုတ်သောအဖြစ်ကိုသိ၍ မျောက်မသည်ယူအပ်သော မဟာသာရတန်ဆာကို ဥပါယ်ဖြင့်သာလျှင် ချစေအံ့ဟုကြံ၍ ချည်ထုံးဖြင့်ပြီးသော များစွာသောတန်ဆာတို့ကိုပြုစေပြီးလျှင် ဥယျာဉ်တော်၌ မျောက်မတို့ကိုဖမ်းယူစေ၍ လက်ခြေလည်တို့၌ ချည်ထုံးဖြင့်ပြီးသောတန်ဆာကိုဆင်၍ လွှတ်လိုက်၏။ မဟာသာရတန်ဆာကိုခိုးသောမျောက်မသည် တန်ဆာကိုစောင့်လျက် ဥယျာဉ်တော်၌သာလျင် နေ၏။ ဘုရားလောင်းသည် လူတို့ကို သင်တို့သည် သွားကြကုန်၊ ဥယျဉ်တော်၌ အလုံးစုံသောမျောက်မတို့ကို စုံစမ်းကြကုန်လော၊ အကြင်မျောက်မ၌ ထိုမဟာသာရတန်ဆာကိုမြင်ကုန်၏။ ထိုမျောက်မကို ခြိမ်းချောက်၍ မဟာသာရ တန်ဆာကို ယူခဲ့ကုန်လောဟုစေလိုက်၏။ ထိုမျောက်မတို့သည်လည်း ငါတို့သည် တန်ဆာကိုရအပ်ကုန်ပြီဟု နှစ်သက်ရွှင်လန်းစွာ ဥယျာဉ်၌ သွားကုန်သည်ရှိသော် ထိုမဟာသာရတန်ဆာကိုခိုးသော မျောက်မ၏အထံသို့ရောက်၍ ငါတို့၏တန်ဆာကိုကြည့်လောဟု ဆိုကုန်၏။ ထိုမဟာသာရတန်ဆာကိုခိုးသောမျောက်မသည် ကျေးဇူးချေခြင်းကိုသည်းမခံနိုင်သည်ဖြစ်၍ ဤချည်ထုံးဖြင့်ပြီးသောတန်ဆာဖြင့် အဘယ်ပြုအံ့နည်းဟုဆို၍ မဟာသာရပုလဲသွယ်ကို ဆင်ဝတ်လျက် ထွက်လာ၏။

ထိုအခါ မျောက်မကို လူတို့သည်မြင်ကုန်၍ မဟာသာရ တန်ဆာကိုစွန့်စေ၍ ဆောင်ခဲ့ပြီးလျှင် ဘုရားလောင်းအား ပေးကုန်၏။ ဘုရားလောင်းသည် ထိုတန်ဆာကိုယူ၍ မင်းအားပြ၍ အရှင်မင်းကြီး ဤတန်ဆာသည် အရှင်မင်းကြီး၏ တန်ဆာတည်း၊ ထိုငါးယောက်ကုန်သောသူတို့သည် ခိုးသူမဟုတ်ကုန်၊ ဤတန်ဆာကို ဥယျာဉ်တော်၌ မျောက်မသည်ယူအပ်၏ဟု လျှောက်၏။ ပညာရှိ သင်သည် အသို့လျှင် ဤမျောက်မလက်သို့ရောက်သော အဖြစ်ကိုသိသနည်းဟု မေး၏။ ဘုရားလောင်းသည် အလုံးစုံသောအကြောင်းကို ကြားလျှောက်၏။ မင်းသည် နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ စစ်မြေဦးအစရှိသည်တို့၌ ရဲရင့်သောသူ အစရှိသည်တို့ကို အလိုရှိအပ်သည် ဖြစ်ရာ၏ဟုဆို၍ ဘုရားလောင်းအား ကောင်းချီးကိုပြုလိုရကား-

၉၂။ ဥက္ကဋ္ဌေ သူရမိစ္ဆန္တိ၊ မန္တီသု အကုတူဟလံ။
ပိယဉ္စ အန္နပါနမှိ၊ အတ္ထေ ဇာတေ စ ပဏ္ဍိတံ။

ဟူသော ဤဂါထာကို ဆို၏။

၉၂။ ဥက္ကဋ္ဌေ၊ နှစ်ဘက်မှတက်သော စစ်ထိုးခြင်းဖြစ်လတ်သော်။ သူရံ၊ ရဲရင့်သောသူကို။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ မန္တီသု၊ တိုင်ပင်ကုန်လတ်သော်။ အကုတူဟလံ၊ နှုတ်စောင့်သောသူကို။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ အန္နပါနမှိ စ၊ ထမင်းအဖျော်ဖြစ်လတ်သော်လည်း။ ပိယံ၊ ချစ်သောသူကို။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ အတ္ထေ၊ နက်နဲသော ပြဿနာသည်။ ဇာတေ စ၊ ဖြစ်လတ်သော်လည်း။ ပဏ္ဍိတံ၊ ပညာရှိကို။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။

ဤသို့လျှင် မင်းသည် ဘုရားလောင်းအားချီးမွမ်း၍ တခဲနက်သောမိုဃ်းကိုရွာစေသော မိုယ်ကြီးကဲ့သို့ ရတနာခုနစ်ပါးဖြင့်ပူဇော်၍ ဘုရားလောင်း၏ အဆုံးအမ၌သာ တည်၍ ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ ကံအား လျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အရှင်အာနန္ဒာမထေရ်၏ကျေးဇူးကို ဟောတော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိအမတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

တပါးသူထံ၊ ရောက်သည်မှန်၊ ရပြန်ဘဏ္ဍာ ရှေးပညာ

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော မဟာသာရဇာတ်သည်ပြီး၏။

*****

ဧကကနိပါတ်-လိတ္တဝဂ်

၃။ ဝိဿာသဘောဇနဇာတ်

ပစ္စဝေက္ခဏာကင်းသော ရဟန်းသည် အကျွမ်း ဝင်သောသူ ပေးသောအဆိပ်ကို စားသည်နှင့်တူကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် န ဝိဿသေ အဝိဿတ္ထေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝိဿာသဘောဇနဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အကျွမ်းဝင်သောသူတို့သည်ပေးအပ်သောဘောဇဉ်ကို သုံးဆောင်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကိုချဲ့ဦးအံ့၊ ထိုအခါ များသောအားဖြင့် ရဟန်းတို့သည် ငါတို့အား အမိသည်ပေးအပ်၏။ အဘသည် ပေးအပ်၏။ အစ်တို့သည် ပေးအပ်၏။ နှမသည် ပေးအပ်၏။ မိထွေးသည် ပေးအပ်၏။ ဘထွေးသည် ပေးအပ်၏။ ဦးရီးသည် ပေးအပ်၏။ အရီးသည် ပေးအပ်၏။ ငါတို့အား လူဖြစ်သောကာလ၌၎င်း, ရဟန်းဖြစ်သောကာလ၌၎င်း ထိုအမိအစရှိသောသူတို့သည် ပေးခြင်းငှါလျောက် ပတ်သော သဘောရှိကုန်၏ဟု ဆွေမျိုးတို့သည်ပေးအပ်ကုန်သော ပစ္စည်းလေးပါးတို့ကို ရွံရှာခြင်းမရှိကုန်သည်ဖြစ်၍ ပစ္စဝေက္ခဏာမဆင်ခြင်မူ၍သာလျှင် သုံးဆောင်ကုန်၏။

မြတ်စွာဘုရားသည် ထိုအကြောင်းကိုသိတော်မူ၍ ရဟန်းတို့အား တရားဟောခြင်းငှါသင့်၏ဟု ရဟန်းတို့ကို စည်းဝေးစေပြီးလျှင် ရဟန်းတို့ ရဟန်းမည်သည်ကား ဆွေမျိုးတို့သည်၎င်း, ဆွေမျိုးမဟုတ်ကုန်သာ သူတို့သည်၎င်း ပေးအပ်ကုန်သော စ္စည်းလေးပါးတို့ကို ပစ္စဝေက္ခဏာဆင်ခြင်၍သာလျှင် သုံးဆောင်ခြင်းကို ပြုအပ်၏။ ထိုစကားသည် မှန်၏။ ပစ္စဝေက္ခဏာမဆင်ခြင်မူ၍ သုံးဆောင်ခြင်းကိုပြု၍ သေသည်ရှိသော် ရဟန်းတို့သည် ဘီလူး ပြိတ္တာအဖြစ်မှ မလွတ်ကုန်၊ ပစ္စဝေက္ခဏာမဆင်ခြင်မူ၍။ သုံးဆောင်ခြင်း မည်သည်ကား အဆိပ်ကို သုံးဆောင်သည်နှင့် တူ၏။ ထိုစကားသည် မှန်၏။ အကျွမ်းဝင်သောသူသည် ပေးအပ်သည်လည်းဖြစ်သော အကျွမ်းဝင်သောသူသည် ပေးအပ်သည်လည်းဖြစ်သော အဆိပ်သည် သေစေတတ်သည်သာလျှင်တည်း၊ ရှေး၌ အကျွမ်းဝင်သောသူသည် ပေးအပ်သော အဆိပ်ကိုသုံးဆောင်၍ အသက်ကုန်ခြင်းသို့ရောက်ဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် များစွာသောစည်းစိမ်ရှိသော သူဌေးသည်ဖြစ်၏။ ထိုသူဌေး၏ တယောက်သောနွားကျောင်းသားသည် ကောက်တို့ဖြင့် ကျဉ်းမြောင်းသောအခါ၌ နွားတို့ကိုယူ၍ တောသို့သွားပြီးလျှင် ထိုတော၌ နွားခြံကိုပြု၍ စောင့်ရှောက်လျှက်နေ၏။ သူဌေးအားလည်း ရံခါရံခါ နွားမှဖြစ်သောအရသာကို ပို့လာ၏။ ထိုအခါ နွားကျောင်းသား၏နွားခြံအနီး၌ ခြင်္သေ့သည် နေ၏။ ခြင်္သေ့မှ ကြောက်ခြင်းကြောင့် ညှိုးကုန်သောနွားမတို့၏နိုရည်သည် နည်းသည်ဖြစ်၏။ ထိုအခါ တနေ့သ၌ ထောပတ်ကိုယူလာသောနွားကျောင်းသားကို သူဌေးသည် အချင်းနွားကျောင်းသား ထောပတ်သည် အဘယ့်ကြောင့်နည်သနည်းဟု မေး၏။

ထိုနွားကျောင်းသားသည် ထိုအကြောင်းကိုကြား၍ အချင်းနွားကျောင်းသား ထိုခြင်္သေ့အား တစုံတခုသောသတ္တဝါ၌ တပ်စွန်းခြင်းရှိသလောဟု မေး၏။ အရှင်တခုသောပြောင်မနှင့်တကွ ပေါင်းဘက်ခြင်းသည် ရှိ၏ဟု ဆို၏။ ထိုပြောင်မကို အရှင်ဖမ်းယူခြင်းငှါ တတ်နိုင်အံ့လောဟု ဆို၏။ အရှင်တတ်နိုင်ပါ၏ဟု ဆို၏။ ထိုသို့တပြီးကား ထိုပြောင်မကိုဖမ်း၍ ထိုပြောင်မ၏နဖူးမှစ၍ ကိုယ်၌အမွေးတို့ကို အဆိပ်ဖြင့်အဖန်တလဲလဲလိမ်းကျံ၍ ခြောက်စေပြီးလျှင် နှစ်ရက်သုံးရက်တို့ကိုလွန်စေ၍ ထိုပြောင်မကိုလွှတ်လော၊ ထိုခြင်္သေ့သည် ထိုပြောင်မ၌ချစ်ခြင်းကြောင့် ကိုယ်ကိုလျက်၍ အသက်ကုန်ခြင်းသို့ ရောက်လတ္တံ့။

ထိုအခါ ထိုခြင်္သေ့၏ အရေ ခြေသည်း လက်သည်း အစွယ်တို့ကို၎င်း၊ အဆီကို၎င်း, အသားကို၎င်းယူ၍ လာခဲ့လောဟု ဆို၍ လတ်တလော သေစေတတ်သော အဆိပ်ကိုပေး၍ လွှတ်လိုက်၏။ နွားကျောင်းသားသည် ကွန်ပစ်၍ ဥပါယ်ဖြင့်သာလျှင် ထိုပြောင်မကိုဖမ်းယူ၍ ဘုရားလောင်းဆိုတိုင်း ပြု၏။ ခြင်္သေ့သည် ထိုပြောင်မကိုမြင်၍လျှင် အားကြီးသောချစ်ခြင်းကြောင့် ထိုပြောင်မ၏ကိုယ်ကိုလျှက်၍ အသက်ကုန်ခြင်းသို့ရောက်၏။ နွားကျောင်းသားသည်လည်း အရေအစရှိသည်တို့ကိုယူ၍ ဘုရားလောင်းအထံသို့ သွား၏။ ဘုရားလောင်းသည် ထိုအကြောင်းကိုသိ၍ သူတပါးတို့၌ ချစ်ခြင်းမည်သည်ကို မပြုအပ်၊ ဤသို့လျှင် ခွန်အားနှင့်ပြည့်စုံသော သားတကာတို့၏မင်းဖြစ်သော ခြင်္သေ့စင်လျက်လည်း ကိလေသာ၏အစွမ်းဖြင့် ပေါင်းဘက်ခြင်းကိုမှီ၍ ပြောင်မကိုယ်ကိုလျက်၍ အဆိပ်ကိုသုံးဆောင်ခြင်းကိုပြု၍ အသက်ကုန်ခြင်းသို့ ရောက်၏ဟုဆို၍ ရောက်လာသောပရိသတ်တို့အား တရားဟောလိုရကား-

၉၃။ န ဝိဿသေ အဝိဿတ္ထေ၊ ဝိဿတ္တေပိ န ဝိဿသေ။
ဝိသာသာ ဘယမနွေတိ၊ သီဟံဝ မိဂမာတုကာ။

ဟူသော ဤဂါထာကို ဆို၏။

၉၃။ ဘော၊ အချင်းတို။ အဝိဿတ္တေ၊ ရွံရှာခြင်း မကင်းသော သူ၌လည်း။ ဝိဿသေ၊ အကျွမ်းဝင်ရာ။ ဝိဿတ္တေပိ၊ ရွံရှာခြင်းကင်းသောသူ၌လည်း။ န ဝိဿသေ၊ အကျမ်းမဝင်ရာ။ မိဂမာတုကာ၊ ပြောင်မမှ။ ဘယံ၊ ဘေးသည်။ ညသီဟံ၊ ခြင်္သေ့ကို။ အနွေတိ ဣဝ၊ အစဉ်ရောက်သကဲ့သို့။ ဧဝံ- တထာ၊ ထို့အတူ။ ဝိဿာသာ၊ အကျွမ်းတဝင် ပြုအပ်သောသူမှ။ ဘယံ၊ ဘေးသည်။ အနွေတိ၊ အစဉ်ရောက်၏။

ဤသို့လျှင် ဘုရားလောင်းသည် ရောက်လာသောပရိသတ်တို့အား တရားဟော၍ ဒါနအစရှိသောကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာလား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဗာရာဏသီသူဋ္ဌေး ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကိုပေါင်းတော်မူ၏။

ဆင်ခြင်မလေ့၊ သုံးဆောင်မွေ့၊ ခြင်္သေ့သေရှာ ဆိပ်ပမာ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဝိဿာသဘောဇနဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-လိတ္တဝဂ်

၄။ လောမဟံသဇာတ်

ဘုရားလောင်းသည် မိစ္ဆာအယူ၌ မှား၍ကျင့်ဘူးကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သောတတ္တော သောသိန္နော စေဝ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤလောမဟံသဇာတ်ကို ဝေသာလီပြည်ကိုအမှီပြု၍ ပဋိကအမည်ရှိသော သီတင်းသည်သည် ဆောက်အပ်သော ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သုနက္ခတ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားကိုချဲ့ဦးအံ့၊ အခါတပါး၌ သုနက္ခတ်သည် မြတ်စွာဘုရား အလုပ်အကျွေးဖြစ်၍ သပိတ်သင်္ကန်းကိုယူ၍ လှည့်လည်သည်ရှိသော် ကောရခတ္ထိယ၏တရားကိုနှစ်သက်၍ မြတ်စွာဘုရားအား သပိတ်သင်္ကန်းကိုပေးအပ်၍ ကောရခတ္တိယကိုမှီ၍နေ၏။ ထိုကောရခတ္တိယ၏ ကာဠကဉ္စိကအသုရာမြိုး၌ဖြစ်သောကာလ၌ လူထွက်၍ ရဟန်းဂေါတမအား အရိယာ၏အဖြစ်ကို ပြုစွမ်းနိုင်သော မဂ်ဉာဏ်တရား အထူးဖြစ်သော ဥတ္တရိမနုဿဓမ္မသည် မရှိ၊ ရဟန်းဂေါတမသည် ကြံဆ၍ မိမိပညာဖြင့်စုံစမ်းအပ်သော မိမိဉာဏ်အားထင်သောတရားကို ဟော၏။ အကြင် သူ၏ အကျိုးငှါလည်း ထိုရဟန်းဂေါတမသည် အပ်၏။ ထိုတရားသည် မိမိကိုကျင့်သောသူအား ကောင်းစွာဆင်းရဲကုန်ခြင်းငှါမဖြစ်ဟု ဝေသာလီမြို့၏ တံတိုင်းသုံးထပ်တို့၏အကြား၌ လှည့်လည်လျှက် မြတ်စွာဘုရား၏ ကျေးဇူးမဲ့ကဲ့ရဲသောစကားကိုသာ ဆို၏။

ထိုအခါ အရှင်သာရိပုတ္တရာမထေရ်သည် ဆွမ်းအလို့ငှါသွားသည်ရှိသော် ဤသို့ မြတ်စွာဘုရားအား ကျေးဇူးမဲ့ကိုဆိုသော သုနက္ခတ်၏ စကားကိုကြား၍ ဆွမ်းခံရာမှဖဲခဲ့သည်ရှိသော် ထိုအကြောင်းကို မြတ်စွာဘုရားအား ကြားလျှောက်၏။ မြတ်စွာဘုရားသည် သာရိပုတ္တရာ မဂ်ဖိုလ်မှအချည်းနှီးဖြစ်သော သုနက္ခတ်သည် ငါဘုရား၌ အမျက်ထွက်၏။ အမျက်၏ အစွမ်းအားဖြင့်လျှင် ထိုရဟန်းဂေါတမတရားသည် မိမိကိုကျင့်သောသူအား ကောင်းစွာဆင်းရဲကုန်ခြင်းငှါ မဖြစ်ဟုဆို၏။ မသိ၍လည်း ငါဘုရား၏ ကျေးဇူးမဲ့ကိုသာလျှင်ဆို၏။ ထိုမဂ်ဖိုလ်မှအချည်းနှီးဖြစ်သောသုနက္ခတ်သည် ငါဘုရား၏ကျေးဇူးတော်ကို မသိသလျှင်ကတည်း၊ သာရိပုတ္တရာ ထိုစကားသည် မှန်၏။ ငါဘုရားအား ခြောက်ပါးအဘိညာဉ်တို့သည် ရှိကုန်၏။ ဤအဘိညာဉ် ခြောက်ပါးသည်လည်း ငါဘုရား၏ ဥတ္တရိမနုဿဓမ္မလျှင်တည်း၊ ဒသဗလဉာဏ်တော်တို့သည် ရှိကုန်၏။ လေးပါးသော ဝေသာရဇ္ဇဉာဏ်တော်သည်ရှိ၏။ လေးပါးသောအမျိုးကို ပိုင်းခြားတတ်သော ဉာဏ်တော်သည် ရှိ၏။ ဤဉာဏ်သည်လည်း ငါဘုရား၏ ဥတ္တရိမနုဿဓမ္မလျှင်တည်း။ ဤသို့ ဥတ္တရိမနုသာဓမ္မနှင့် ပြည့်စုံသော ငါဘုရားကို အကြင်ပုဂ္ဂိုလ်သည် ရဟန်းဂေါတမအား ဥတ္တရိမနုဿဓမ္မမရှိ ဆိုငြားအံ့၊ ထိုပုဂ္ဂိုလ်သည် ထိုစကားကိုမစွန့်မူ၍ ထိုစိတ်ကိုမစွန့်မူ၍ ထိုအယူကိုမစ္စန့်မူ၍ လက်ဖြင့်ဆောင်ယူ၍ထားသကဲ့သို့ ထို့အတူ ငရဲ၌ဖြစ်လတ္တံ့၊ ဤသို့လျှင် ကိုယ်တော်၌ ထင်ရှားရှိသော ဥတ္တရိမနုဿဓမ္မကျေးဇူးကို ဟောတော်မူပြီးလျှင်- သာရိပုတ္တရာ သုနက္ခတ်သည် ကောရခတ္တိယ၏ငြိုငြင်သဖြင့် ကျင့်အပ်သောမိစ္ဆာအကျင့်၌ ကြည်ညို၏။ မိစ္ဆာအကျင့်၌ ကြည်ညိုသောသူမည်သည် ငါဘုရား၌ ကြည်ညိုခြင်းငှါ သင့်၏။ ထိုစကားသည် မှန်၏။ ငါဘုရားသည် ဤဘဒ္ဒကပ်ကမ္ဘာမှ ကိုးဆယ့်တကမ္ဘာထက်၌ ဤမိစ္ဆာအယူ၌ အနှစ်သာရရှိသလောဟု သာသနာတော်မှအပဖြစ်သော မိစ္ဆာအယူကိုစုံစမ်းသည်ရှိသော် ခြိုးခြံသောအကျင့်ရှိသည်ဖြစ်အံ့၊ အလွန်ခိုးခြံသော အကျင့်ရှိသည်ဖြစ်၍ ကိလေသာခေါင်းပါးသည်ဖြစ်အံ့၊ အလွန်ခေါင်း ပါးသောကိလေသာရှိသည်ဖြစ်၍ မကောင်းမှုကို စက်ဆုပ်သည်ဖြစ်အံ့၊ အလွန်မကောင်းမှုကို စက်ဆုပ်သည်ဖြစ်၍ မကောင်းမှုမှကင်းသည်ဖြစ်အံ့ဟု နှလုံးသွင်း၍ လေးပါးသောအင်္ဂါနှင့် ပြည့်စုံသော ဗြဟ္မစရိယကိုကျင့်၍ နေခြင်းဖြင့်နေ၏ဟု မိန့်တော်မူ၍ အရှင်သာရိပုတ္တရာမထေရ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဘဒ္ဒကပ်ကမ္ဘာမှ ကိုးဆယ့်တကမ္ဘာထက်၌ ဘုရားလောင်းသည် ငါသည် သာသနာတော်မှအပဖြစ်သော မိစ္ဆာအကျင့်ကို စုံစမ်းအံ့ဟု အာဇီဝကရဟန်းအဖြစ်ဖြင့် ရဟန်းပြု၍ အဝတ်မဝတ်သောရဟန်းသည် ဖြစ်၏။ မြူအညစ်အကြေးကပ်လိမ်းသော ကိုယ်ရှိ၏။ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်သည် ဖြစ်၏။ တယောက်တည်းသာနေသည် ဖြစ်၏။ လူတို့ကိုမြင်လျှင် သမင်ကဲ့သို့ပြေး၏။ ကြီးသော ဖောက်ပြန်သော အစာကို စားသည်ဖြစ်၏။ နွားငယ်ချေး အစရှိသည်တို့ကို စား၏။ မမေ့မလျော့နေခြင်းငှာ တခုသောကြောက်မက်ဘွယ်ရှိတော၌ နေ၏။ ထိုတောအုပ်၌နေသည်ရှိသော် ဆီးနှင်းကျသောကာလ တပို့တွဲလ တပေါင်းလတို့၏ ရှစ်ရက်အကြား၌ ညဉ့်အခါမှထွက်၍ လွင်တီးခေါင်၌နေ၍ နေထွက်သောအခါ၌ တောအုပ်သို့ဝင်၏။ ထိုဘုရားလောင်းသည် ညဉ့်အခါ လွင်တီးခေါင်၌ ဆီးနှင်းရေဖြင့်စွတ်သကဲ့သို့ ထို့အတူ နေ့အခါ တောအုပ်မှယိုစီးကုန်သောရေပေါက်ဖြင့် စွတ်၏။ ဤသို့လျှင် နေ့ညဉ့်ပတ်လုံး အဆင်းရဲကိုခံစား၏။ နွေလတို့၏ အဆုံးဖြစ်သောကာလ၌ကား နေ့အခါ လွင်တီး ခေါင်၌ နေ၍ ညဉ့်အခါ တောအုပ်သို့ဝင်၏။ ထိုဘုရားလောင်းသည် နေ့အခါ လွင်တီးခေါင်၌ နေဖြင့် ပူပန်ခြင်းကဲ့သို့ ထို့အတူ ညဉ့်အခါ လေမတိုက်သောတောအုပ်၌ ပူပန်ခြင်းသို့ရောက်၏။ ကိုယ်မှချွေး အရည်တို့သည် ယိုထွက်ကုန်၏။ ထိုအခါ ဘုရားလောင်းအား ရှေး၌မကြားဘူးသော-

၉၄။ သောတတ္တော သောသိန္နောစေဝ၊ ဧကော ဘိံသနကေ ဝနေ။
နဂ္ဂေါ န စဂ္ဂိမာသီနော၊ ဧသနာ ပသုတော မုနိ၊

ဟူသော ဤဂါထာသည် ထင်လာ၏။

၉၄။ မုနိ၊ ရဟန်းသည်။ သောတတ္တော၊ အလွန်အပူခံ၏။ သောသိန္နော စေဝ၊ အလွန် အချမ်းလည်းခံရ၏။ ဧကော၊ တယောက်တည်း။ ဘိံသနကေ၊ ကြောက်မက်ဘွယ်သော။ ဝနေ၊ တောအုပ်၌။ ဝိဟာသိ၊ နေရ၏။ နဂ္ဂေါ၊ ချမ်းသော်လည်း အဝတ်မဝတ်။ န စဂ္ဂိမာသီနော၊ ချမ်းသော်လည်း မီးမလှုံ။ ဧသနာ ပသုတော၊ မြတ်သောအကျင့်ကိုရှာခြင်း၌ လုံ့လပြု၏။

ဤသို့လျှင် အင်္ဂါလေးပါးနှင့်ပြည့်စုံသော မြတ်သောအကျင့်ကို ကျင့်၍ ဘုရားလောင်းသည် သေခါနီးသောကာလ၌ ထင်လာသော ငရဲနိမိတ်ကိုမြင်၍ ဤအကျင့်သည်ကား စင်စစ်လျှင် အကျိုးမရှိသည်ဟုသိ၍ ထိုခဏ၌ပင်လျှင် ထိုမိစ္ဆာအယူကိုဖျက်၍ သမ္မာအယူကိုယူ၍ နတ် ပြည်၌ ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အဝတ်မဝတ်သော အာဇီဝကဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မိအကျင့်၊ လေးလီဆင့်၊ မသင့်ပယ်အပ်စွာ

လေးခုတို့၏ပြည့်ဖြစ်သော လောမဟံသဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-လိတ္တဝဂ်

၅။ မဟာသုဒဿနဇာတ်

ကုသိနာရုံပြည်သည် ရှေး၌ကြီးစွာသောမြို့ဖြစ်ဘူးသောအကြောင်း

ပစ္စုပ္ပန်နှင့် အတိတ်ဝတ္ထု... နတ်နှင့်တကွသော ယလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အနိစ္စာ ဝတ သင်္ခါရာ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာသုဒဿနဇာတ်ကို ပရိနိဗ္ဗာန်ပြုတော်မူရာ ညောင်စောင်း၌ လျောင်းတော်မူလျက် အရှင်အာနန္ဒာမထေရ်သည် အရှင်ဘုရား ဘုန်းတော်ကြီးသောမြတ်စွာဘုရားသည် ဤမြို့ငယ်၌ ပရိနိဗ္ဗာန် ပြုတော် မမူပါလင့်ဟု ဆိုအပ်သောစကားကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌နေတော်မူစဉ် အရှင်သာရိပုတ္တရာမထေရ်သည် တန်ဆောင်မုန်းလပြည့်နေ့ နာဠကရွာဝယ် ဖွားတော်မူရာတိုက်ခန်း၌ ပရိနိဗ္ဗာန်ပြု၏။ အရှင်မောဂ္ဂလာန် မထေရ်သည် တန် ဆောင်မုန်းလ၌သာလျှင် လကွယ်ပက္ခဥပုသ်နေ့၌ ပရိနိဗ္ဗာန်ပြု၏။ ဤသို့ အဂ္ဂ သာဝကအစုံသည် ပရိနိဗ္ဗာန် ပြုသည်ရှိသော် ငါသည်လည်း ကုသိ နာရုံပြည်၌ ပရိနိဗ္ဗာန်ပြုအံ့ဟု အစဉ်သဖြင့် ကုသိ နာရုံပြည်သို့ ရောက်တော်မူ၍ အစုံဖြစ်သော အင်ကြင်းပင်ပျိုတို့၏အကြား၌ မြောက်သို့ဦးခေါင်းပြု၍ ခင်းအပ်သောညောင်စောင်း၌ မထသောကျိန်းစက်တော်မူခြင်းဖြင့် ကျိန်းစက်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားကို အရှင်အာနန္ဒာမထေရ်သည် အရှင်ဘုရား ဘုန်းတော်ကြီးသောမြတ်စွာဘုရားသည် ဤမြို့ငယ်၌ ဤအလွန်မညီညွတ်သောမြို့ငယ်၌ ဤအခက်အလက်နှင့်တူသောမြို့ငယ်၌ ပရိနိဗ္ဗာန်ပြုတော်မမူပါလင့်၊ တပါးကုန်သော စမ္ပာနဂိုရ် ရာဇဂြိုဟ် သာဝတ္ထိ အစရှိကုန်သောမြို့ကြီးတို့တွင် တပါးပါးသောမြို့၌ ဘုန်းတော်ကြီးသောမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါလောဟု တောင်းပန်၏။ မြတ်စွာဘုရားသည် အာနန္ဒာ ဤကုသိနာရုံမြို့ကို မြို့ငယ်ဟူ၍ မဆိုလင့်၊ အလွန်မညီညွတ်သော မြို့ငယ်ဟူ၍ မဆိုလင့်၊ အခက် အလက်နှင့်တူသော မြို့ငယ်ဟူ၍ မဆိုလင့်၊ ငါဘုရားသည် ရှေး၌ မဟာသုဒဿနစကြာမင်းဖြစ်သော ကာလ၌ ဤကုသိနာရုံမြို့သည် တဆယ့်နှစ်ယူဇနာရှိသော ရတနာတံတိုင်းဖြင့်ခြံရံအပ်သော မြို့ကြီးဖြစ်ဘူးပြီဟု မိန့်တော်မူ၍ အရှင်အာနန္ဒာမထေရ်သည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကိုဆောင်တော်မူလို ရကား မဟာသုဒဿနသုတ်ကို ဟောတော်မူ၏။

ထိုမဟာသုဒဿန စကြာမင်းဖြစ်သောအခါ၌ကား မဟာသုဒဿနစကြာမင်းသည် သုဓမ္မမည်သောပြာသာဒ်ထက်မှ သက်လတ်၍ အနီး၌ ရတနာခုနစ်ပါးဖြင့်ပြီးသောထန်းတော၌ ခင်းအပ်သောညောင်စောင်း၌ လကျ်ာနံပါးဖြင့် မထသောအိပ်ခြင်းဖြင့် အိပ်သော မဟာသုဒဿနစကြာမင်းကိုမြင်၍ အရှင်မင်းကြီး ကုသဝတီရာဇဌာနီအမှူးရှိကုန်သော ဤရှစ်သောင်းလေးထောင်ကုန်သောမြို့တို့သည် အရှင်မင်းကြီး၏ ဥစ္စာတို့တည်း၊ ဤရှစ်သောင်းလေးထောင်သောမြို့တို့၌ ချစ်ခြင်းကိုပြုတော်မူပါလောဟု သုဘဒ္ဒါမိဖုယားကြီးသည် နားတော်လျှောက်သည်ရှိသော် မဟာသုဒဿနစကြာမင်းသည် ရှင်မိဖုယား ဤသိုမဆိုလင့်၊ စင်စစ်သဖြင့်ကား ဤရှစ်သောင်းလေးထောင်သောမြို့တို့၌ ချစ်ခြင်းကို ဖျောက်လော၊ ငဲ့ကွက်ခြင်းကို မပြုလင့်၊ ဤသို့ ငါ့ကိုဆုံးမလာဟု ဆို၏။ အရှင်မင်းကြီး အဘယ့်ကြောင့် ဆုံးမရအံ့နည်းဟု မေးအပ်သော် မဟာသုဒဿနစကြာမင်းသည် ရှင်မိဖုယား ယနေ့ ငါသည် စုတေခြင်းကို ပြုအံ့ဟု ဆို၏။

ထိုအခါ သုဘဒ္ဒါမိဖုယားသည် မျက်ရည်ကိုသုတ်၍ ငြိုငြင်သဖြင့် ပင်ပန်းသဖြင့် မင်းကြီးဆိုတိုင်းဆို၍ သည်းစွာငို၏။ ကြွင်းကုန်သော ရှစ်သောင်းလေးထောင်ကုန်သော မင်းမိန်းမတို့သည်လည်း ငိုကုန်၏။ အမတ်အစရှိကုန်သောသူတို့တွင် တယောက်သောသူသည်လည်း သည်းခံခြင်းငှာမတတ်နိုင်၊ အလုံးစုံသော သူတို့သည် ငိုကုန်၏။ ဘုရားလောင်း မဟာသုဒဿနစကြာ မင်းသည် အချင်းတို့ မသင့်၊ ငိုကြွေးသံကို မပြုလင့်ဟု အလုံးစုံသောသူတို့ကို မြစ်ပြီးလျှင် မိဖုယားကြီးကိုခေါ်၌ ရှင်မိဖုယားကြီး ရှင်မိဖုယားသည် သည်းစွာ မငိုလင့်၊ ထိုစကားသည် မှန်၏။ နှမ်းစေ့အတိုင်းအရှည်ရှိသော သင်္ခါရသည်လည်း မြဲသည်မည်သည် မရှိ၊ ခပ်သိမ်းကုန်သော သင်္ခါရတို့သည် ပျက်စီးတတ်သောသဘောရှိသည် ဖြစ်ကုန်၏ဟု ဆို၍ မိဖုယားကြီးကို ဆုံးမလိုရကား-

၉၅။ အနိစွာ ဝတ သင်္ခါရာ၊ ဥပ္ပါဒါဝယဓမ်မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။

ဟူသော ဤဂါထာကို ဆို၏။

၉၅။ ဒေဝီ၊ မိဖုယား။ သင်္ခါရာ၊ သင်္ခါရတရားတို့သည်။ ဝတ၊ စင်စစ်။ အနိစ္စာ၊ အမြဲမရှိကုန်။ ဥပ္ပါဒါဝယ ဓမ္မိနော၊ ဖြစ်တတ်ပျက်တတ်သော သဘောရှိကုန်၏။ ဥပ္ပဇ္ဇိတွာ၊ ဖြစ်ကုန်ပြီး၍။ နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏။ တေသံ၊ ထိုသင်္ခါရတရားတို့၏။ ဝူပသမော၊ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သည်။ သုခေါ၊ ချမ်းသာ၏။

ဤသို့လျှင် မဟာသုဒဿနစကြာမင်းသည် မြတ်သော အမြိုက်နိဗ္ဗာန်ဖြင့် ဒေသနာအထွတ်ကိုယူ၍ ကြွင်းသောလူများအားလည်း သင်တို့သည် အလှူပေးကုန်လော၊ သီလဆောက် တည်ကုန်၊ ဥပုသ်သုံးခြင်းအမှုကို ပြုကုန်လောဟု အဆုံးအမကိုပေး၍ နတ်ပြည်သို့ သွားသည်ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ သုဘဒ္ဒါမိဖုယား ဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ သားကြီးရတနာ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ ကြွင်းသောပရိသတ်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မဟာသုဒဿနစကြာမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ပြုပြင်သမျှ၊ သင်္ခါရကား၊ ဖြစ်ကပျက်မည်၊ နိဗ္ဗာန်ပြည်၊ လီလီချမ်းသာကြောင်း

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော မဟာသုဒဿနဇာတ်သည်ပြီး၏။

*****

ဧကကနိပါတ်-လိတ္တဝဂ်

၆။ တေလပတ္တဇာတ်

ကာမဂုဏ်ဖြင့်ဖျားယောင်းသည်ကို မလိုက်စားသောကြောင့် ချမ်းသာကြီးစွာ ရဘူးကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သမတိတ္တိကံ အနဝသေသကံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတေလပတ္တဇာတ်ကို သမ္ဘတိုင်း၌ သေဒကမည်သော နိဂုံးကိုအမှီပြု၍ တခုသောတောအုပ်၌နေတော်မူလျက် ဇနပဒကလျာဏီသုတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုတောအုပ်၌ မြတ်စွာဘုရားသည် ရဟန်းတို့ ဥပမာမည်သည်ကား ဤသို့တည်း၊ ရဟန်းတို့ ဇနပဒကလျာဏီ ဇနပဒကလျာဏီဟူ၍ များစွာသောလူအပေါင်းသည် စည်းဝေးရာ၏။ ဇနပဒကလျာဏီဟူသည်ကား ဇနပုဒ်၌ ခြောက်ပါးသောအပြစ်မှ ကင်းသော ငါးပါးသောကောင်းခြင်းနှင့်ပြည့်စုံသော မြတ်သော မိန်းမတည်း၊ ထိုစကားကို ချဲ့ဦးအံ့၊ ထိုဇနပဒကလျာဏီသည် အကြင်ကြောင့် မမြင့်လွန်း မနိမ့်လွန်း, မကြုံလွန်း မဆူလွန်း, မမည်းလွန်း မဖြူလွန်း, လူ၏ အဆင်းကို လွန်၏။ နတ်၏အဆင်းကို မမှီမရောက်တတ်၊ ထို့ကြောင့် ခြောက်ပါးသောအပြစ်မှ ကင်း၏။ အရေ၏ကောင်းခြင်း, အသား၏ ကောင်းခြင်း အကြော၏ကောင်းခြင်း၊ အရိုး၏ ကောင်းခြင်း အရွယ်၏ကောင်းခြင်း ဤကောင်းခြင်းတို့နှင့် ပြည့်စုံသည်၏အဖြစ်ကြောင် ငါးပါးသောကောင်းခြင်းနှင့် ပြည့်စုံသည်မည်၏။

ထိုစကားသည်မှန်၏။ ထိုဇနပဒကလျာဏီအား အာဂန္တုကဖြစ်သော အရောင်ကိစ္စမည်သည်မရှိ၊ မိမိ၏ကိုယ်ရောင်ဖြင့်သာလျှင် တဆယ့်နှစ်တောင်ရှိသောအရပ်၌ အလင်းကို ပြု၏။ ပျဉ်းပွင့်ကဲ့သို့ ရွှေသောအဆင်းရှိ၏။ ဤသည်ကား ဇနပဒကလျာဏီ၏ အရေကောင်းသည်၏အဖြစ်တည်း၊ ထိုဇနပဒကလျာဏီ၏ လေးပါးကုန်သော လက်ဘဝါးခြေဘဝါးတို့သည်၎င်း, နှုတ်ခမ်းနှစ်ဘက်တို့သည်၎င်း ချိပ်ရည်ဖြင့်ဆိုးသကဲ့သို့ နီသောသန္တာ နီသောကမ္ဗလာနှင့် တူသည်ဖြစ်၏။ ဤသည်ကား ထိုဇနပဒကလျာဏီ၏ အသားကောင်းသည်၏အဖြစ်တည်း၊ နှစ်ဆယ်ကုန်သော ခြေသည်း လက်သည်းတို့သည် အသားမှ မလွတ်သောအရပ်၌ ချိပ်ရည်ဖြင့်ပြည့်သကဲ့သို့ အသားမှလွတ်သောအရပ်၌ နို့ရည်အယဉ်နှင့် တူသည်ဖြစ်ကုန်၏။ ဤသည်ကား ထိုဇနပဒကလျာဏီ၏ အကြောကောင်းသည်၏ အဖြစ်တည်း၊ သုံးဆယ့်နှစ်ချောင်းသောသွားတို့သည် ကောင်းစွာစေ့ကုန်သည်ဖြစ်၍ ကောင်းစွာသွေးအပ်သော ဝရဇိန်အစဉ်ကဲ့သို့ထင်၏။ ဤသည်ကား ထိုဇနပဒကလျာဏီ၏ အရိုးကောင်းသည်၏အဖြစ်တည်း၊ အသက် တရာ့နှစ်ဆယ်ရှိသည်ဖြစ်သော်လည်း အရေမတွန့်သည်ဖြစ်၍ တဆယ့်ခြောက်နှစ်အရွယ်ကဲ့သို့ ဖြစ်၏။ ဤသည်ကား ထိုဇနပဒကလျာဏီ၏ အရွယ်ကောင်းသည်၏ အဖြစ်တည်း။

ထိုဇနပဒကလျာဏီသည် ကခြင်းဖြင့် မြတ်သောအမူအရာ ရှိ၏။ သီခြင်းဖြင့် မြတ်သောအမူအရာရှိ၏။ ရဟန်းတို့ ထိုဇနပဒကလျာဏီသည် က, ၏ဟု အတိုင်း ထက်အလွန် များစွာသော လူအပေါင်းတို့သည် စည်း ဝေးရာ၏။ ထိုအခါ အသက်ရှည်ခြင်းငှါ အလိုရှိသော သေခြင်းငှါအလိုမရှိသော ချမ်းသာကိုအလိုရှိသော ဆင်းရဲကိုစက်ဆုပ်တတ်သော ယောက်ျားသည် လာရာ၏။ ထိုယောက်ျားကို အိုယောက်ျား အတွင်းအနား ရစ်နှင့်အမျှ ပြည့်သောဤဆီခွက်ကို သင်သည် များစွာသောလူအပေါင်း၏ အလယ်ဖြင့်၎င်း, ဇနပဒကလျာ ဏီ၏ အလယ်ဖြင့်၎င်း ဆောင်အပ်၏။ ထိုယောက်ျားကို ချီသောမိုးသော သန်လျက်ကိုလက်စွဲသော ယောကျ်ားသည်လည်း နောက်မှနောက်မှ အစဉ်လိုက်လတ္တံ့၊ အကြင်အရပ်၌ ထိုဆီသည် အနည်းငယ်မျှလည်းဖိတ်အံ့၊ ထိုအရပ်၌ပင်လျှင် သင်၏ ဦးခေါင်းကို ကျစေအံ့ ဤသို့ဆိုကုန်၏။ ရဟန်းတို့ ငါဆိုလတ္တံ့သောစကားကို သင်တို့သည် အသို့ အောက်မေ့ကုန်သနည်း၊ ထိုယောက်ျားသည် ဤဆီခွက်ကို နှလုံးမသွင်းမူ၍ အပ၌ မေ့လျော့ခြင်းသို့ရောက်၍ ဆောင်သလောဟု မိန့်တော်မူ၏။ အရှင်ဘုရား ဤသို့ မေ့လျော့သဖြင့် ဆောင်ခြင်းသည် မဖြစ်သင့်ဟု လျှောက်ကုန်၏။ ရဟန်းတို့ သင်တို့အား ငါဘုရားသည် ဤဥပမာကိုလျှင် အနက်ကိုသိစေခြင်းငှါ ပြုအပ်၏။ ဤသို့ဆိုလတ္တံ့သည်ကား အနက်တည်း။

ရဟန်းတို့ အတွင်းအနားရစ်နှင့်အမျှ ပြည့်သောဆီခွက်ဟူသောအမည်သည်ကား ကာယဂတာသတိ၏ အမည်တည်း၊ ရဟန်းတို့ ထို့ကြောင့်လျှင် ဤသာသနာတော်၌ ဤသို့ကျင့်အပ်၏။ ငါတို့အား ကောင်းစွာအားထုတ်အပ်သည်ရှိသော် ကာယဂတာသတိသည် ပွားလတ္တံ့၊ ရဟန်းတို့ ဤသို့လျှင် သင်တို့သည် ကျင့်အပ်၏ဟု သဒ္ဒါအနက်နှင့် ပြည့်စုံသော ဇနပဒကလျာ ဏီသုတ်ကို ဟောတော်မူ၏။ ဤသို့ မြတ်စွာဘုရားသည် ကာယဂတာသတိကိုပွားစေလိုသောရဟန်းသည် အတွင်းအနားရစ်နှင့်အမျှ ပြည့်သော ဆီခွက်လက်စွဲသော ထိုယောက်ျားကဲ့သို့ သတိကို မလွှတ်မူ၍ မမေ့မလျော့သဖြင့် ကာယဂတာသတိကို ပွားစေအပ်၏ဟု ဤဇနပဒကလျာဏီသုတ်ကို ဆောင်၍ပြတော်မူ၏။ ရဟန်းတို့သည် ဤသုတ်ကို၎င်း၊ အနက်ကို၎င်း နာရ၍ အရှင်ဘုရား ထိုသို့သဘောရှိသော ဇနပဒကလျာဏီကို မကြည့်မူ၍ ဆီခွက်ကိုယူလာသော ထိုယောက်ျားသည် ပြုနိုင်ခဲသောအမှုကို ပြုအပ်၏ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ထိုယောက်ျားသည် ပြုနိုင်ခဲသောအမှုကို မပြုအပ်၊ ထိုယောက်ျားသည် ပြုသောအမှုသည် ပြုလွယ်သည်သာလျှင်တည်း၊ အဘယ့်ကြောင့်နည်းဟူမူကား ချီသော မိုးသော သန်လျက်နဲ့ယောက်ျားသည် ခြိမ်းချောက်၍ ဆောင်အပ်သည်၏ အဖြစ်ကြောင့်တည်း၊ ရှေး၌ ပညာရှိတို့သည်ကား မမေ့မလျော့သဖြင့် သတိကိုမလွှတ်မူ၍ ဘီလူးမတို့သည် ဖန်ဆင်းအပ်သော နတ်၌ဖြစ်သော ရူပါရုံကိုလည်း ဣန္ဒြတို့ကိုဖျက်၍ မကြည့်မူ၍ သာလျှင်သွား၍ မင်း၏အဖြစ်သို့ အကြင် ရောက်ဘူးကုန်ပြီ၊ ထိုသို့ရောက်ခြင်းအမှုသည်သာလျှင် ပြုနိုင်ခဲ၏ဟုမိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ အလုံးစုံသောသားတထောင်တို့၏ ညီအငယ်ဖြစ်၏။ အစဉ်သဖြင့် လိမ်မာသောအဖြစ်သို့ ရောက်၏။ ထိုအခါ မင်း၏ နန်းတော်၌ အရှင်ပစ္စေကဗုဒ္ဓါတို့သည် ဆွမ်းဘုဉ်း ပေးကုန်၏။ ဘုရားလောင်းသည် အရှင်ပစ္စေကဗုဒ္ဓါတို့၏ အမှုကြီးငယ်ကို ပြု၏။ ထို ဘုရားလောင်းသည် တနေ့သ၌ ငါ့အား များစွာသော အစ်ကိုတို့သည် ရှိကုန်၏။ ငါသည် ဤဗာရာ ဏသီပြည်၌ အဘ၏ဥစ္စာဖြစ်သော မင်းအဖြစ်ကို ရအံ့လော၊ ထိုသို့မဟုတ်မူကား မရအံ့လောဟု ကြံ၏။ ထိုအခါ ဘုရားလောင်းသည် ငါသည် အရှင်ပစ္စေကဗုဒ္ဓါတို့ကိုမေး၍ သိအံ့၊ ဤသို့သောအကြံသည် ဖြစ်၏။ ထိုဘုရားလောင်းသည် နှစ်ရက်မြောက်သောနေ့၌ အရှင်ပစ္စေကဗုဒ္ဓါတို့သည် ကြွတော်မူလတ်ကုန်သည်ရှိသော် ရေစစ်ကိုယူ၍ ရေကိုစစ်ပြီးလျှင် ခြေတို့ကိုဆီဖြင့်လိမ်း၍ ထိုအရှင်ပစ္စေကဗုဒ္ဓါတို့၏ ဆွမ်းမစားမီအကြား ခဲဘွယ်ကိုစား၍နေသော ကာလ၌ ရှိခိုး၍ တင့်အပ် လျောက်ပတ်စွာနေလျက် ထိုအကြောင်းကို လျှောက်၏။ ထိုအခါ မင်းသားကို အရှင်ပစ္စေကဗုဒ္ဓါတို့သည် မင်းသား သင်မင်းသားသည် ဤဗာရာဏသီပြည်၌ မင်းအဖြစ်ကို မရလတ္တံ့၊ ဤဗာရာဏသီပြည်မှ ယူဇနာ တရာ့ရှစ်ဆယ်အထက်၌ ဂန္ဓာရတိုင်း တက္ကသိုလ်မည်သော ပြည်ရှိ၏။ ထိုတက္ကသိုလ်ပြည်သို့ သွားခြင်းငှါစွမ်းနိုင်သည်ရှိသော် ဤနေ့မှ ခုနစ်ရက်မြောက်သော နေ့၌ မင်းအဖြစ်ကိုရလတ္တံ့၊ ခရီးအကြား ၌ကား ကြီးစွာသော တောအုပ်၌ ဘေးရန်သည်ရှိ၏။ ထိုတောအုပ်ကို လျှောက်၍သွားသောသူအား ယူဇနာတရာခရီးသည် ရှိ၏။ အဖြောင့်သွားသောသူအား ယူဇနာငါးဆယ်တို့သည် ဖြစ်ကုန်၏။

ထိုစကားသည် မှန်၏။ ထိုခရီးယူဇနာငါးဆယ်သည် ဘီလူးစောင့်သောကန္တာရမည်၏။ ထိုခရီးအကြား၌ ဘီလူးမတို့သည် ရွာကို၎င်း, စရပ်ကို၎င်းဖန်ဆင်း၍ အထက်၌ ရွှေကြယ်စသော ဆန်းကြယ်သော ဗိတာန်ကြက်သော မြတ်သောသူတို့အားသာ ထိုက်သော အိပ်ရာကိုဖန်ဆင်း၍ အထူးထူးသောဆိုးရေတို့ဖြင့် ဆိုးသော ပုဆိုးတင်းတိမ်ကိုရံ၍ နတ်၏တန်ဆာတို့ဖြင့် ကိုယ်ကိုဆင်ယင်ကုန်လျှက် စရပ်တို့၌နေကုန်၍ လာတိုင်းလာတိုင်းကုန်သောယောက်ျားတို့ကို သာယာစွာသောစကားဖြင့် ပြောဆိုကုန်၍ သင်တို့သည် ပင်ပန်းသောသဘောရှိကုန်သကဲ့သို့ ထင်ကုန်၏။ စရပ်သို့လာ၍ထိုင်ကုန်လျက် ရေကိုသောက်၍ အထူးထူးသောဆိုးရေတို့ဖြင့်ဆိုအပ်သော ပုဆိုးတင်းတိမ်တို့ဖြင့် ကာရံအပ်သော အိပ်ရာတို့၌အိပ်၍ သွားကြလောဟုဆို၍ လာတိုင်းကုန်သောသူတို့အား နေရာတို့ကိုပေး၍ မိမိတို့၏ တင့်တယ်စမ္ပယ်ခြင်းတို့ဖြင့် ဖြားယောင်း၍ ကိလေသာအလိုသို့ လိုက်သည်တို့ကိုပြု၍ မိမိတို့နှင့်တကွလွန်ကျူးသော အကျင့်ကိုပြုသည်ရှိသော် ထိုအရပ်၌လျှင် ထိုသူတို့ကို သွေးစက်စက်ယိုလျက် စားကုန်၍ အသက်ကုန်ခြင်းသို့ ရောက်စေကုန်၏။ ရူပါရုံကိုနှစ်သက်တတ်သောသူကို ရူပါရုံဖြင့်သာလျှင်ဖမ်း၏။ သဒ္ဒါရုံကို နှစ်သက်တတ်သောသူကို သာယာသော သီချင်းသံတီးမှုတ်သံဖြင့် ဖမ်းယူကုန်၏။ ဂန္ဓာရုံကို နှစ်သက်တတ်သောသူကို ဂန္ဓာရုံဖြင့် ဖမ်းယူကုန်၏။ ရသာရုံကို နှစ်သက်တတ်သောသူကို နတ်၌ဖြစ်သော အထူးထူးသောအရသာ ဘောဇဉ်တို့ဖြင့် ဖမ်းယူကုန်၏။ ဖောဋ္ဌဗ္ဗာရုံကို နှစ်သက်တတ်သော သူကို ခြေရင်းခေါင်းရင်း၌ နီသောအုံးရှိသော နတ်အိပ်ရာတို့ဖြင့် ဖမ်းယူကုန်၏။ ငါးပါးသော ဣန္ဒြေတို့ကိုဖျက်၍ ဘီလူးမတို့ကို မကြည့်မူ၍ သတိကိုဖြစ်စေ၍ အကယ်၍ သွားနိုင်အံ့၊ ခုနစ်ရက်မြောက်သောနေ့၌ ထိုတက္ကသိုလ်ပြည်၌ မင်းအဖြစ်ကိုရလတ္တံ့၊ ဤသို့ မိန့်တော်မူကုန်၏။

ဘုရားလောင်းသည် အရှင်ဘုရားတို့ ထိုသို့ဖြစ်စေ အရှင်ဘုရားတို့၏ အဆုံးအမကိုယူ၍ ထိုဘီလူးမတို့ကို အဘယ်မှာကြည့်အံ့နည်းဟုဆို၍ အရှင်ပစ္စေကဗုဒ္ဓါတို့ကို ပရိတ်ရွတ်စေ၍ ပရိတ်သဲကို၎င်း, ပရိတ်ရေကို၎င်း, ပရိတ်ချည်ကို၎င်း ပရိတ်ပန်းကို၎င်းယူ၍ အရှင်ပစ္စေကဗုဒ္ဓါတို့ကို၎င်း အမိအဘတို့ကို၎င်း ရှိခိုးပြီးလျှင် အိမ်သို့သွား၍ မိမိ၏အချင်းယောကျ်ားတို့ကို ငါသည် တက္ကသိုလ်ပြည်၌ မင်းအဖြစ်ကိုယူအံ့သောငှါ သွားအံ့၊ သင်တို့သည် ဤပြည်၌သာလျှင် နေရစ်ကြကုန်လောဟု ဆို၏။ ထိုအခါ ဘုရားလောင်းကို ငါးယောက်ကုန်သောသူတို့သည် အရှင်မင်းကြီး အကျွန်ုပ်တို့သည်လည်း အရှင်မင်းကြီးနောက်တော်သို့ လိုက်ပါကုန်အံ့ဟု လျှောက်ကုန်၏။ သင်တို့နှင့်တကွသွားခြင်းငှာ မတတ်နိုင်၊ ခရီးအကြား၌ ဘီလူးမတို့သည် ရူပါရုံအရှိသည်ကို နှစ်သက် တတ်ကုန်သောလူတို့ကို ဤသို့လျှင် ရူပါရုံအစရှိသည်တို့ဖြင့် ဖျားယောင်း၍ ဖမ်းယူကုန်၏။ ကြီးစွာသောဘေးရန်ရှိ၏။ ငါသည်ကား ကိုယ်ကိုကြံ၍ သွားအံ့ဟု ဆို၏။ အရှင်မင်းကြီး အသို့နည်း၊ အကျွန်ုပ်တို့သည် အရှင်မင်းကြီးတို့နှင့်တကွ သွားကုန်သည်ရှိသော် မိမိသည် ချစ်အပ်သော ရူပါရုံအစရှိသည်တို့ကို မကြည့်အံ့၊ အကျွန်ုပ်တို့သည်လည်း အရှင်မင်းကြီးနှင့်အတူသာလျှင် သွားကုန်အံ့ဟု လျှောက်ကုန်၏။ ဘုရားလောင်းသည် ထိုသို့တပြီးကား မမေ့မလျော့ကုန်သည် ဖြစ်ကြကုန်လောဟုဆို၍ ထိုငါးယောက်ကုန်သောသူတို့ကိုခေါ်၍ ခရီးသွား၏။ ဘီလူးမတို့သည် ရွာအစရှိသည်တို့ကို ဖန်ဆင်း၍ နေကြကုန်၏။

ထိုငါးယောက်ကုန်သောသူတို့တွင် ရူပါရုံကိုနှစ်သက်တတ်သော တယောက်သောယောက်ျားသည် ထိုဘီလူးမတို့ကိုကြည့်၍ ရူပါရုံ၌တပ်စွန်းသည်ဖြစ်၍ အတန်ငယ်နောက်ချန်၍ နေရစ်၏။ ဘုရားလောင်းသည် အချင်း အဘယ့်ကြောင့် အတန်ငယ် နောက်ချန်သနည်းဟု ဆို၏။ အရှင်မင်းကြီး အကျွန်ုပ်၏ခွတေို့သည် နာကုန်၏။ အတန်ငယ် စရပ်၌နားနေ၍ လာအံ့ဟုဆို၏။ အချင်း ထိုဘီလူးမတို့ကို မတောင့်တနှင့်ဟု ဆို၏။ အရှင်မင်းကြီး ဖြစ်လိုရာရာ ဖြစ်စေ၊ မတောင့်တအံ့သောငှါ မတတ်နိုင်ဟု ဆို၏။ ထိုသို့ တပြီးကားသင်သည် ထင်ရှားလတ္တံ့ဟုဆို၍ ထိုမှတပါးသော လေးယောက်ကုန်သောသူတို့ကိုယူ၍ သွား၏။ ထိုရုံပါရုံကို နှစ်သက်တတ်သောသူသည်လည်း ဘီလူးမတို့၏အထံသို့သွား၍ ဘီလူးမတို့သည် မိမိနှင့်တကွ လွန်ကျူးသောအကျင့်ကို ပြုသည်ရှိသော် ထိုယောက်ျားကို ထိုအရပ် ၌ပင်လျှင် အသက်ကုန်ခြင်းသို့ ရောက်စေ၍ ရှေ့သို့သွား၍ တခုသောစရပ်ကိုဖန်ဆင်း၍ အထူးထူးသော တီးမှုတ်မျိုးတို့ကို ယူစေ၍ သီကုန်လျက် နေကုန်၏။

ထိုအခါ၌ သဒ္ဒါရုံကိုနှစ်သက်တတ်သောသူသည် နောက်ချန်၍ နေရစ်၏။ ထိုယောက်ျားကိုလည်းစားပြီး၍ အထူးထူးသောနံ့သာကြုတ်တို့ကို နံ့သာဖြင့်ပြည့်စေပြီးလျှင် ဈေးကိုကျင်း၍ နေကုန်၏။ ထိုအရပ်၌ ဂန္ဓာရုံကိုနှစ်သက်တတ်သောသူသည် နောက်ချန်ရစ်၏။ ထိုယောက်ျားကိုလည်းစားပြီး၍ ရှေ့သို့သွား၍ အထူးထူးသော မြတ်သောအရသာရှိသော နတ်ဘောဇဉ်တို့ဖြင့် ခွက်တို့ကိုပြည့်စေပြီးလျှင် ထမင်းဈေးကိုကျင်းပ၍ နေကုန်၏။ ထိုအရပ်၌ ရသာရုံကို နှစ်သက်တတ်သောယောက်ျားသည် နောက်ချန်ရစ်၏။ ထိုယောက်ျားကိုလည်းစားပြီး၍ ရှေ့သို့သွား၍ နတ်အိပ်ရာကိုခင်း၍ နေကုန်၏။ ထိုအရပ်၌ ဖောဋ္ဌဗ္ဗာရုံကိုနှစ်သက်တတ်သောယောက်ျားသည် နောက်ချန်ရစ်၏။ ထိုယောက်ျားကိုလည်း စားကုန်၏။ ဘုရားလောင်းသည် တယောက်တည်းသာလျှင် ဖြစ်၏။ ထိုအခါ တယောက်သော ဘီလူးမသည် စင်စစ်လျှင် ဤယောကျ်ားသည် အလွန်ထက်သောပညာရှိ၏။ ငါသည် ထိုယောက်ျားကိုစား၍သာလျှင်ပြန့်အံ့ဟု ဘုရားလောင်း၏ နောက်မှနောက်မှ လိုက်၏။ တော အုပ်၌ဝယ် နောက်အဘို့၌ တောအမှုလုပ်အစရှိကုန်သောသူတို့သည် ဘီလူးမကိုမြင်ကုန်၍ ရှေ့မှသွားသောယောက်ျားသည် သင်နှင့် အသို့တော်သနည်းဟု မေးကုန်၏။

အမောင်တို့ ဤယောက်ျားသည် အကျွန်ုပ်၏ ငယ်လင်တည်းဟု ဆိုလေ၏။ အချင်းယောက်ျား ဤသတို့သ္မီးငယ်သည် သိမ်မွေ့၏။ ပန်းဆိုင်းနှင့် တူလှ၏။ ရွှေအဆင်းနှင့်တူသော အဆင်းလည်းရှိ၏။ မိမိ၏ မိဘတို့ကိုစွန့်၍ အရှင်ကိုကြံ၍ အိမ်မှထွက်ခဲ့၏။ အဘယ့်ကြောင့် ဤမိန်းမကို မပင် ပန်းစေဘဲယူ၍ မသွားလေသနည်းဟု ဆိုကုန်၏။ အမောင်တို့ ဤမိန်းမသည် ငါ၏မယားမဟုတ် ဘီလူးမတည်း၊ ဤမိန်းမသည် ငါ၏ လူငါးယောက်တို့ကို စားအပ်၏ဟု ဆို၏။ အမောင်တို့ ယောက်ျားမည်သည်ကား အမျက်ထွက်သောကာလ၌ မိမိ၏မယားတို့ကို ဘီလူးမဟူ၍လည်း ဆိုကုန်၏။ ပြိတ္တာမဟူ၍လည်း ဆိုကုန်၏ဟု ဆို၏။ ထိုဘီလူးမသည် သွားသည်ရှိသော် ကိုယ်ဝန်ဆောင်မိန်းမ၏ အသွင်ကိုပြု၍ တဖန် တကြိမ်သားဖွားဘူးသောမိန်းမ၏ အသွင်ကိုပြု၍ သားကို ရင်ခွင်၌ပိုက်၍ ဘုရားလောင်းနောက်သို့ လိုက်၏။ မြင်တိုင်း မြင်တိုင်းကုန်သောသူတို့သည် ရှေးနည်းဖြင့်သာလျှင် မေးကုန်၏။ ဘုရားလောင်းသည် ထိုရှေးအတူသာလျှင်ဆို၍ သွားသည်ရှိသော် တက္ကသိုလ်ပြည်သို့ ရောက်၏။ ဘီလူးမသည်သားကို ကွယ်စေ၍ တယောက်တည်းသာလျှင် လိုက်၏။ ဘုရားလောင်းသည် မြို့တံခါးသို့သွား၍ တခုသော စရပ်၌နေ၏။ ထိုဘီလူးမသည် ဘုရားလောင်း၏ တန်ခိုးကြောင့် စရပ်ဝင်အံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ နတ်၌ ဖြစ်သောအဆင်းကိုဖန်ဆင်း၍ စရပ်တံခါး၌ နေ၏။

ထိုအခါ တက္ကသိုလ်ပြည်မှ မင်းကြီးသည် ဥယျာဉ်သို့သွားသည်ရှိသော် ထိုဘီလူးမကိုမြင်လျှင် တပ်စွန်းသောစိတ်ရှိသည်ဖြစ်၍ သွားချေ ဤမိန်းမကို လင်ရှိ, မရှိကို မေးမြန်းစုံစမ်းချေဟု မင်းချင်း ယောက်ျားကိုစေလိုက်၏။ ထိုယောက်ျားသည် ဘီလူးမသို့ကပ်၍ လင်ရှိသလောဟု မေး၏။ အမောင်လင်ရှိ၏။ စရပ်၌နေသောဤယောက်ျားသည် အကျွန်ုပ်၏လင်တည်းဟုဆို၏။ ဘုရားလောင်းသည် ဤမိန်းမသည် ငါ၏မယားမဟုတ်၊ ဤမိန်းမသည် ဘီလူးမတည်း၊ ဤဘီလူးမသည် ငါ၏လူငါးယောက်တို့ကို စား၏ဟု ဆို၏။ ထိုဘီလူးမသည်လည်း အမောင် ယောက်ျားတို့ မည်သည်ကား အမျက် ထွက်သောကာလ၌ အကြင်စကားကို ဆိုလိုကုန်၏။ ထိုစကားကို ဆိုကုန်၏ဟုဆို၏။ ထိုမင်းချင်းယောက်ျားသည် ထိုနှစ်ယောက်ကုန်သောသူတို့၏ စကားကို မင်းကြီးအား ကြား၏။ မင်းကြီးသည် အရှင်မရှိသောဥစ္စာမည်သည်ကား မင်း၏ဥစ္စာဖြစ်၏ဟုဆို၍ ဘီလူးမကိုခေါ်စေ၍ တစီးသောဆင်ကျောက်ကုန်း၌ စီးစေ၍ မြို့ကိုလကျ်ာရစ်လှည့်၍ ပြာသာဒ်သို့တက်၍ ထိုဘီလူးမကို မိဖုယားကြီးအရာ၌ထား၏။ ထိုမင်းသည် ရေချိုးပြီး နံ့သာလိမ်းကျံပြီးသည်ရှိသော် ညစာစား၍ အသရေရှိသောအိပ်ရာသို့ တက်၏။ ထိုဘီလူးမသည်လည်း မိမိအားတည်လာသော အာဟာရကိုစား၍ တန်ဆာဆင်အပ်သော အသရေရှိသောအိပ်ရာ၌ မင်းနှင့်တကွအိပ်၍ မွေ့လျော်သည်၏ အစွမ်းဖြင့် ချမ်းသာနှင့်ပြည့်စုံသောမင်းသည် အိပ်သောကာလ၌ တဘက်နံပါးဖြင့် ပြန်၍ ငို၏။ ထိုအခါ ဘီလူးမကို မင်းသည် အရှင်မ အဘယ်ကြောင့်ငိုသနည်းဟု မေး၏။ အရှင်မင်းကြီး အရှင်မင်းကြီးတို့သည် အကျွန်ုပ်ကိုလမ်းခရီး၌မြင်၍ ဆောင်အပ်၏။ အရှင်မင်းကြီးတို့၏ နန်းတော်၌လည်း များစွာသောမိန်းမတို့သည် ရှိကုန်၏။ အကျွန်ုပ်တို့သည် တူသောလင်ရှိသောမိန်းမတို့၏ အလယ်၌ နေရ၏။ သင်၏အမိကို၎င်း, အဘကို၎င်းအနွယ်ကို၎င်း, အမျိုးကို၎င်း အဘယ်သူသည်သိအံ့နည်း၊ သင်သည် ခရီးအကြား၌ ဆောင်အပ်သောမိန်းမမည်၏ဟု စကားဖြစ်လတ်သော် ဦးခေါင်း၌ ကိုင်၍ နှိပ်ဘိသကဲ့သို့ မျက်နှာမသာသည် ဖြစ်ရာအံ့၊ အရှင်မင်းကြီးတို့သည် အလုံးစုံသောတိုင်းပြည်၌ အစိုးရခြင်းကို၎င်း အာဏာကို၎င်း အကျွန်ုပ်အား အကယ်၍ပေးအံ့၊ တစုံတယောက်သောသူသည် အကျွန်ုပ်၏စိတ်ကိုပျက်စေ၍ ဆိုခြင်းငှါမတတ်နိုင်လတ္တံ့ဟု ဆို၏။ ရှင်မ ငါ့အား အလုံးစုံသောတိုင်းပြည်၌ နေကုန်သောသူတို့သည် တစုံတရာစပ်လျဉ်းကုန်သည် မဖြစ်ကုန်၊ ငါသည် ထိုသူတို့ကိုအစိုးမရ၊ အကြင်သူတို့သည်ကား မင်း၏ အာဏာကိုဖျက်၍ မပြုအပ်သည်ကို ပြုကုန်၏။ ငါတို့သည် ထိုသူတို့ကိုသာလျှင် ပိုင်၏။ ဤအကြောင်းကြောင့် သင့်အား အလုံးစုံသောတိုင်းပြည်၌ အစိုးရခြင်းကို၎င်း အာဏာကို၎င်း ပေးအံ့သောငှါ မတတ်နိုင်ဟု ဆို၏။

အရှင်မင်းကြီး ထိုသိုတပြီးကား တိုင်းပြည်၌ အာဏာကိုပေးအံ့သောငှါ အကယ်၍ မတတ်နိုင်ငြားအံ့၊ နန်းတော်တွင်း၌ သုံးဆောင်သောသူတို့၏အပေါ်၌ အကျွန်ုပ်၏အလိုသို့ လိုက်စိမ့်သောငှါ အာဏာကိုပေးကုန်လောဟုဆို၏။ မင်းသည် နတ်၌ဖြစ်သော ဖောဋ္ဌဗ္ဗာရုံဖြင့်တွေ့အပ်သည်ဖြစ်၍ ထိုဘီလူးမ၏စကားကို လွန်အံ့သောငှါမတတ်နိုင်ရကား ရှင်မကောင်းပြီး နန်းတော်တွင်း၌ သုံးဆောင်သောသူတို့၌ သင့်အား အာဏာကိုပေး၏။ သင်သည် ထိုသူတို့ကို မိမိအလိုသို့ လိုက်စေလောဟု ဆို၏။ ထိုဘီလူးမသည် ကောင်းပြီဟုဝန်ခံ၍ မင်း၏ အိပ်ပျော်ခြင်းသို့ရောက်သောကာလ၌ ဘီလူးမြို့သို့သွား၍ ဘီလူးတို့ကိုခေါ်၍ မိမိသည် မင်းကို အသက်ကုန်ခြင်းသို့ရောက်စေ၍ အရိုးမျှကိုကြွင်းစေ၍ အလုံးစုံသော အကြော, အရေ, အသွေး အသားကို စား၏။ ကြွင်းကုန်သော ဘီလူးတို့သည် တံခါးမှစ၍ နန်းတော်တွင်း၌ ကြက် ခွေးတို့ကိုအစပြု၍ အလုံးစုံသောလူတို့ကိုစား၍ အရိုးမျှကြွင်းသည်တို့ကို ပြုကုန်၏။ နက်ဖြန်နေ့၌ ပိတ်မြဲတိုင်းသောတံခါးကိုမြင်၍ လူတို့သည် ပုဆိန်တို့ဖြင့် တံခါး ရွက်တို့ကိုပေါက်၍ နန်းတော်တွင်းသို့ဝင်၍ အလုံးစုံသောနန်းတော်ကို အရိုးဖြင့်ပြည့်သည်ကိုမြင်၍ အကြင်ယောက်ျားသည် ဤမိန်းမသည် ငါ၏မယားမဟုတ်၊ ဤမိန်းမသည် ဘီလူးမတည်းဟု ဆို၏။ ထိုယောက်ျားသည် စင်စစ်လျှင် မှန်သောစကားကိုသာလျှင် ဆို၏။ ငါတို့၏ မင်းကြီးသည်ကား တစုံတခုကိုမသိ၍ ထိုဘီလူးမကိုယူ၍ မိမိ၏မယားပြု၏ ထိုဘီလူးမသည် ဘီလူးတို့ကိုခေါ်၍ အလုံးစုံသောလူတို့ကိုစား၍ သွားသည် ဖြစ်လတ္တံ့ဟု ဆိုကုန်၏။

ဘုရားလောင်းသည် ထိုနေ့၌ ထိုစရပ်၌ သာလျှင် ပရိတ်သဲကို ဦးခေါင်း၌ထား၍ ပရိတ် ချည်ကိုကာရံ၍ သန်လျက်ကိုကိုင်၍ ရပ်၍ သာလျှင် အရုဏ်တက်စေ၏။ လူတို့သည် အလုံးစုံသော မင်း၏နန်းတော်ကို သုတ်သင်စေ၍ နွားချေးတို့ဖြင့်လိမ်းကျံ၍ အထက်၌ နံ့သာတို့ဖြင့်လိမ်းကျံကုန်၍ ပန်းဆိုင်းတို့ကို ဆွဲ၍ အခိုးအထုံတို့ဖြင့်ထုံ၍ အထူးထူးသောပန်းတို့ကိုဖွဲ့ပြီးလျှင် အချင်းတို့ အကြင်ယောက်ျားသည် နတ်၌ဖြစ်သောအဆင်းကို ဖန်ဆင်း၍ နောက်မှလိုက်သောဘီလူးမကို ဣန္ဒြေတို့ကိုဖျက်၍ ကြည့်ခြင်းကိုလည်း မပြု၊ ထိုယောကျ်ားသည် အလွန်လျှင်မြတ်သောသူတည်း၊ တည်ကြည်ခြင်း ရှိ၏။ ဉာဏ်နှင့် ပြည့်စုံ၏။ ထိုသို့သဘောရှိသော ယောက်ျားသည် တိုင်းပြည်ကိုဆုံးမသည်ရှိသော် အလုံးစုံသော တိုင်းပြည်သည် ချမ်းသာသည် ဖြစ်လတ္တံ့၊ ထိုယောကျ်ားကို မင်းပြုစေအံ့ဟု တိုင်ပင်ကြကုန်၏။ ထိုအခါ အလုံးစုံသော အမတ်တို့ သည်၎င်း, ပြည်သူတို့သည်၎င်း တူသောဆန္ဒရှိကုန်သည်ဖြစ်၍ ဘုရားလောင်းသို့ကပ်ပြီးလျှင် အရှင်မင်းကြီး အရှင်မင်းကြီးသည် ဤပြည်ကို မင်းပြုကုန်ဟုဆို၍ မြို့တွင်းသို့သွင်းပြီးလျှင် ရတနာအစုထက်၌ထား၍ အဘိသိက်ကိုသွန်း၍ တက္ကသိုလ်မင်းအဖြစ်ကို ပြုကုန်၏။ ထိုဘုရားလောင်းသည် လေးပါးကုန်သောအဂတိတို့ကို စွန့်၍ ဆယ်ပါးသော မင်းကျင့်တရားတို့ကိုမပျက်စေမူ၍ တရားသဖြင့်မင်းပြုလျက် ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ လား၏။ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီးလျှင်-

၉၆။ သမတိတ္တိကံ အနဝသေသကံ၊
တေလပတ္တံ ယထာ ပရိဟရေယျ။
ဧဝံ သစိတ္တမနုရက္ခ၊ ပတ္ထယာနော ဒိသံ အဂတပုဗ္ဗံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၉၆။ ဘိက္ခဝေ၊ ရဟန်းတို့။ အနဝသေသကံ၊ တဖန် မလောင်းအပ်သည်ကိုပြု၍။ သမတိတ္တိကံ၊ အတွင်းအနားရစ်နှင့်အမျှ ဆီပြည့်သော။ တေလပတ္တံ၊ ဆီခွက်ကို။ ပုရိသော၊ ယောကျ်ားသည်။ ပရိဟရေယျ ယထာ၊ ဆောင်ရာသကဲ့သို့။ ဧဝံ- တထာ၊ ထို့အတူ။ အဂတပုဗ္ဗံ၊ အစမထင်သံသရာ၌ မရောက်ဘူးသော။ ဒိသံ၊ နိဗ္ဗာန်ကို။ ပတ္ထယာနော-ပတ္ထေန္တော၊ တောင့်တသောရဟန်းသည်။ သစိတ္တံ၊ မိမိစိတ်ကို။ အနုရက္ခေ၊ စောင့်ရာ၏။

ဇာတ်ပေါင်း... ဤသို့လျှင် မြတ်စွာဘုရားသည် နိဗ္ဗာန်ဖြင့် ဒေသနာအထွတ်ကိုတင်၍ ဟောတော်မူ၍ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ တက္ကသိုလ်မင်းပရိသတ်တို့သည် ဖြစ်ဘူးကုန်ပြီး ယခုအခါငါဘုရားသည်လျှင် ထိုအခါ မင်းအဖြစ်သို့ ရောက်သော မင်းသားဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

ငါးဖြာအာရုံ၊ သတိထုံ၊ ပြည်ဘုံထီးစည်ရောက်

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော တေလပတ္တဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-လိတ္တဝဂ်

၇။ နာမသိဒ္ဓိဇာတ်

အမည်ဟောင်းကို မနှစ်သက်သောကြောင့် အမည်သစ်ပြောင်းလိုသူ၏အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဇီဝကဉ္စ မတံ ဒိသွာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ နာမသိဒ္ဓိ ဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အမည်အားဖြင့် ပြီးခြင်းကိုအလိုရှိသော တယောက် သောရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ တယောက်သော အမျိုး သားသည် အမည်အားဖြင့် ငယုတ်မာမည်သတတ်၊ ထိုအမျိုးသားသည် သာသနာတော်၌ အသက်ကိုစွန့်၍ ရဟန်းပြု၏။ ရဟန်းတို့သည် ငါ့သျှင်ငယုတ်မာလာလော့၊ ငါ့သျှင်ငယုတ်မာ ရပ်ဟု ဆိုသည်ရှိသော် လောက၌ ငယုတ်မာမည်သည်ကို မင်္ဂလာမရှိသသူဟု ဆိုအပ်၏ တပါးသော မင်္ဂလာနှင့်စပ်သောအမည်ကို မှည့်စေအံ့ဟု ကြံ၏။ ထိုရဟန်းသည် ဆရာဥပဇ္ဈာယ်တို့သို့ကပ်၍ အရှင်ဘုရားတို့ အကျွန်ုပ်၏အမည်သည် မင်္ဂလာမရှိ၊ အကျွန်ုပ်အား တပါးသောအမည်ကို မှည့်တော်မူပါကုန်လောဟု လျှောက်၏။ ထိုအခါ ရဟန်းတို့သည် ထိုရဟန်းကို ငါ့သျှင် အမည် မည် သည်ကား ပညတ်မျှသာတည်း၊ အမည်ဖြင့် တစုံတခုသော စီးပွား၏ ပြီးခြင်းမည်သည် မရှိ၊ မိမိအမည်ဖြင့်သာလျှင်။ ရောင့်ရဲလောဟု ဆိုကုန်၏။ ထိုရဟန်းသည် အဖန်တလဲလဲသာလျှင် တောင်း ပန်၏။ ထိုရဟန်း၏ အမည်ဖြင့်ပြီးခြင်းကို အလိုရှိသည်၏ အဖြစ်သည် ရဟန်းသံဃာ၌ ထင်ရှားသည် ဖြစ်၏။ ထိုအခါ တနေ့သ၌ တရားသဘင်၌ စည်းဝေးကုန်သော ရဟန်းတို့သည် ငါ့သျှင်တို့ ဤအမည်ရှိသော အမည်ဖြင့်ပြီးခြင်းကို အလိုရှိသောရဟန်းသည် မင်္ဂလာရှိသော အမည်ကို မှည့်စေလိုသတတ်ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် တရားသဘင်သို့ ကြွလာတော်မူ၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤ မည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ ၌သာလျှင် ဤရဟန်းသည် အမည်ဖြင့် ပြီးခြင်းကို အလိုရှိသည်မဟုတ်သေး၊ ရှေး၌လည်း အမည်ဖြင့် ပြီးခြင်းကို အလိုရှိဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ တက္က သိုလ်ပြည်၌ ဘုရားလောင်းသည် ဒိသာပါမောက္ခဆရာဖြစ်၍ တပည့်ငါးရာတို့အား ဗေဒင်တို့ကိုသင်စေ၏။ ထိုဒိသာပါမောက္ခဆရာ၏ တယောက်သော အမည်အားဖြင့် ငယုတ်မာမည်သော လုလင်သည် ငယုတ်မာ လာလော့၊ ငယုတ်မာ သွားလောဟု ဆိုသည်ရှိသော် ငါ၏ အမည်သည် မင်္ဂလာမရှိ၊ တပါးသောအမည်ကို မှည့်စေအံ့ဟုကြံ၍ ဆရာသို့ကပ်၍ ဆရာ အကျွန်ုပ်၏ အမည်သည် မင်္ဂလာမရှိ၊ တပါးသောအမည်ကို မှည့်ပါကုန်လောဟု ဆို၏။ ထိုအခါ ထိုလုလင်ကို ဆရာသည် အမောင်သွားချေ၊ ဇနပုဒ်သို့ လှည့်လည်၍ အမောင်နှစ်သက်သော တခုသောမင်္ဂလာရှိသော အမည်ကိုယူ၍ လာခဲ့၊ လာခဲ့သောသင်၏အမည်ကိုဖျောက်၍ တပါးသောအမည်ကို မှည့်အံ့ဟုဆို၏။ ထိုလုလင်သည် ကောင်းပြီဟုဝန်ခံ၍ ရိက္ခာကိုယူ၍ထွက်လျက် တရွာမှသည်တရွာသို့ သွားသည်ရှိသော် တခုသော မြို့သို့ရောက်၏။

ထိုမြို့၌ ငသက်ရှည်အမည်ရှိသောတယောက်သော ယောက်ျားသည် သေ၏။ ထိုလုလင်သည် ဆွေမျိုးအပေါင်းသည် သုသာန်သို့ဆောင်သော ထိုသူသေကိုမြင်၍ ဤသေသော ယောက်ျားသည် အဘယ်အမည်ရှိသနည်းဟု မေး၏။ လုလင် ငသက်ရှည်အမည်ရှိ၏ဟု ဆို၏။ ငသက်ရှည် အမည်ရှိသော သူသည်လည်း သေသေးသလောဟု ဆို၏။ ငသက်ရှည်အမည်ရှိသော သူသည်၎င်း, ငသက်ရှည်အမည်မှ တပါးသောအမည်ရှိသော သူသည်၎င်း သေသည်သာ လျှင်တည်း။ အမည်သည်ကား ပညတ်မျှသာတည်း၊ သင်သည်ကား မိုက်ယောင်တကားဟု ဆိုကုန်၏။ ထိုလုလင်သည် ထိုစကားကိုကြား၍ အမည်၌လျစ်လျူရှု၍ မြို့တွင်းသို့ဝင်၏။

ထိုအခါတယောက်သော အခကိုမပေးနိုင်သော ကျွန်မကို အရှင်တို့သည် တံခါး၌နေစေ၍ ကြိုးဖြင့်ဖွဲ့၍ ပုတ်ခတ်ကုန်၏။ ထိုကျွန်မအမည်သည်လည်း သူဌေးမတည်း၊ ထိုလုလင်သည် ထိုခရီးဖြင့်သွားသည်ရှိသော် ပုတ်ခတ်သောညထိုကျွန်မကိုမြင်၍ အဘယ့်ကြောင့် ဤမိန်းမကိုပုတ်ခတ်သနည်းဟု မေး၏။ အခကို မပေးနိုင်သောကြောင့် ပုတ်ခတ်သည်ဟု ဆိုကုန်၏။ ထိုမိန်းမ၏အမည်သည် အဘယ်အမည်ရှိသနည်းဟု မေး၏။ သူဌေးမတည်းဟု ဆိုကုန်၏။ သူဌေးမအမည်ရှိသည် ဖြစ်လျှက်လည်း အခကို မပေးနိုင်သေးသလောဟု ဆို၏။ သူဌေးမအမည်ရှိသော မိန်းမသည်၎င်း သူဌေးမအမည်မှ တပါးသောအမည်ရှိသော မိန်းမတို့သည်၎င်း ဆင်းရဲခြင်းသည် ဖြစ်ကုန်၏။ အမည်သည်ကားပညတ်မျှသာတည်း၊ သင်သည် မိုက်ယောင်တာဟု ဆိုကုန်၏။ ထိုလုလင်သည်လည်း အမည်၌ အထူးသဖြင့်လျစ်လျူရှုသည်ဖြစ်၍ မြို့မှထွက်ခဲ့၍ ခရီးသို့သွားသည်ရှိသော် ခရီးအကြား၌ ခရီးမှားသော ယောက်ျားကိုမြင်၍ အမောင် အဘယ်ကိုပြု၍ သွားသနည်းဟု မေး၏။ အရှင်ခရီးမှားသည် ဖြစ်၏ဟုဆို၏။ သင်၏အမည်သည် အဘယ်နည်းဟု မေး၏။ ငခရီးတည်းဟု ဆို၏။ ငခရီးအမည်ရှိသောသူသည် ခရီး မှားသေးသလောဟု ဆို၏။ ငခရီး အမည်ရှိသော သူသည်၎င်း၊ ငခရီး အမည်မှတပါးသော အမည်ရှိကုန်သော သူတို့ သည်၎င်း ခရီးမှားသည် ဖြစ်၏။ အမည်သည်ကား ပညတ်မျှသာတည်း၊ သင်သည်ကား မိုက်ယောင်တကားဟု ဆို၏။

ထိုလုလင်သည် အမည်၌ အလွန်လျစ်လျူရှုသည်ဖြစ်၍ ဘုရားလောင်းအထံတော်သို့သွား၍ အမောင် အသို့နည်း၊ အမည်ကို နှစ်သက်၍လာသလောဟုမေး၏။ ဆရာ သက်ရှည်အမည်ရှိသောသူတို့သည်လည်း သေကုန်၏။ သက်ရှည်အမည်မှ တပါးသောအမည်ရှိသော သူတို့သည်လည်း သေကုန်၏။ သူဌေးမအမည်ရှိသော မိန်းမတို့သည်လည်း ဆင်းရဲကုန်၏။ သူဌေးမ အမည်မှ တပါးသောအမည်ရှိကုန်သော မိန်းမတို့သည်လည်း ဆင်းရဲကုန်၏။ ငခရီး အမည်ရှိသောသူတို့သည်လည်း ခရီးမှားကုန်၏။ ငခရီး အမည်မှ တပါးသောအမည်ရှိကုန်သော သူတို့သည်လည်း ခရီးမှားကုန်၏။ အမည်မည်သည်ကား ပညတ်မျှသာတည်း၊ အမည်ဖြင့် ပြီးခြင်းမည်သည် မရှိ၊ ကံဖြင့်သာလျှင် ပြီး၏။ အကျွန်ုပ်အား တပါးသောအမည်ဖြင့် အလိုမရှိ၊ အကျွန်ုပ်၏အမည်သာလျှင် ဖြစ်စေဟု ဆို၏။ ဘုရားလောင်းသည် တပည့်လုလင်သည် မြင်သည်ကို၎င်း ပြုအပ်သည်ကို၎င်း နှီးနှော၍-

၉၇။ ဇီဝကဉ္စ မတံ ဒိသွာ ဓနပါလိံ စ ဒုဂ္ဂတံ။
ပန္ထကဉ္စ ဝနေ မူဠံ၊ ပါပကော ပုနရာဂတော။

ဟူသော ဤဂါထာကို ဆို၏။

၉၇။ ဇီဝကဉ္စ၊ သက်ရှည်ကိုလည်း။ မတံ၊ သေသည်ကို။ ဓနပါလိံ စ၊ သူဌေးမကိုလည်း။ ဒုဂ္ဂတံ၊ ဆင်းရဲသည်ကို။ ပန္ထကဉ္စ၊ ငခရီးကိုလည်း။ ဝနေ၊ တော၌။ မူဠံ၊ ခရီးမှားသည်ကို။ ဒိသွာ၊ မြင်၍။ ပါပကော၊ ငယုတ်သည်။ ပုနရာဂတော၊ ပြန် လာ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌သာလျှင် ဤရဟန်းသည် အမည်ဖြင့်ပြီးခြင်းကို အလိုရှိသည် မဟုတ်သေး၊ ရှေး၌လည်း အမည်ဖြင့်ပြီးခြင်းကို အလိုရှိဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ယခုအခါ အမည်ဖြင့်ပြီးခြင်းကို အလိုရှိသောရဟန်းသည် ထိုအခါ အမည်ဖြင့်ပြီးခြင်းကို အလိုရှိသောလုလင် ဖြစ်ဘူးပြီ၊

ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ ဒိသာပါမောက္ခဆရာ၏ ပရိသတ်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ဘုရားသည်လျှင် ထိုအခါ ဒိသာပါမောက္ခဆရာဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ပညတ်နာမည်၊ ကျိုးမလည်၊ ကံသည် ကျိုးစည်ကြောင်း

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော နာမသိဒ္ဓိဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-လိတ္တဝဂ်

၈။ ကူဋဝါဏိဇဇာတ်

စဉ်းလဲသော ကုန်သည်၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သာဓု ခေါ် ပဏ္ဍိတော နာမ အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤကူဋဝါဏိဇဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် တယောက်သော စဉ်းလဲသော ကုန်သည်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ သာဝတ္ထိပြည်၌ နှစ်ယောက်ကုန်သော ကုန်သည်တို့သည် တပေါင်းတည်းကုန်သွယ်ခြင်းကိုပြုကုန်လျက် ဘဏ္ဍာကိုလှည်းဖြင့်ယူ၍ ဇနပုဒ်သို့သွားကုန်လတ်သော် လာဘ်ရခဲ့၍ ပြန်လည်ကုန်၏။ ထိုနှစ်ယောက်ကုန်သော ကုန်သည်တို့တွင် စဉ်းလဲသောကုန်သည်သည် ဤသူကား များစွာသောနေ့တို့ပတ်လုံး မကောင်းသောဘောဇဉ်ကိုရသဖြင့်၎င်း, မကောင်းသောအိပ်ရာ၌ အိပ်ရသဖြင့်၎င်း ပင်ပန်း၏။ ယခု မိမိအိမ်၌ အထူးထူးကုန်သော မြတ်သောအရသာတို့ဖြင့် အလိုရှိတိုင်း ကောင်းသောဘောဇဉ်ကိုစား၍ အစာမကြေခြင်းကြောင့် သေလတ္တံ့၊ ထိုအခါ ငါသည် ဤဘဏ္ဍာကိုသုံးစုပြု၍ တစုကို ထိုသူ၏ သားမယားတို့အားပေးအံ့၊ နှစ်စုတို့ကို ငါယူအံ့ဟု ကြံ၏။

ထိုအခါစဉ်းလဲသောကုန်သည်သည် ယနေ့ ဝေကုန်အံ့၊ နက်ဖြန်ဝေကုန်အံ့ဟုဆို၍ ဘဏ္ဍာကိုဝေခြင်းငှါ အလိုမရှိ၊ ထိုအခါ ပညာရှိသောကုန်သည်သည် မဝေလိုသော ကုန်သည်စဉ်းလဲကို နှိပ်၍ဝေစေပြီးလျှင် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို ရှိခိုးလျက် နှုတ်ခွန်းဆက်ခြင်းကိုပြု၍ သီတင်းသည် သင်သည် အလွန်ကြာမြင့်ခြင်းကို ပြု၏။ ဤသို့လာ၍ ကြာမြင့်မှ ငါဘုရားကို ခစားအံ့သောငှါလာ၏ဟု မိန့်တော်မူသည်ရှိသော် ထိုအကြောင်းကို မြတ်စွာဘုရားအားလျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် သီတင်းသည် ထိုသူကား ယခုခါ၌သာလျှင် စဉ်းလဲသောကုန်သည် ဖြစ်သည် မဟုတ်သေး၊ ရှေး၌လည်း စဉ်းလဲသော ကုန်သည် ဖြစ်ဘူးသလျှင်ကတည်း၊ ယခုအခါ၌ကား သင့်ကို လှည့်စားလို၏။ ရှေး၌ကား ပညာရှိတို့ကို လှည့်စားခြင်းငှာ အားထုတ် ၏ဟု မိန့်တော်မူ၍ ထိုကုန်သည်သည် တောင်း ပန်အပ်ရကား အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာ ဏသီပြည်ဝယ် ကုန်သည်မျိုး၌ဖြစ်၍ အမည်မှည့်သောနေ့၌ ဘုရားလောင်းအား ပဏ္ဍိတဟူသောအမည်ကို မှည့်ကုန်၏။ ထိုဘုရားလောင်းသည် အရွယ်သို့ရောက်သော် တယောက်သောကုန်သည်နှင့် တပေါင်းတည်းကုန်သွယ်ခြင်းကိုပြု၏။ ထိုတယောက်သောကုန်သည်အား အတိပဏ္ဍိတဟူသောအမည်သည် ဖြစ်၏။ ထိုနှစ်ယောက်သောကုန်သည်တို့သည် ဗာရာဏသီပြည်မှ လှည်းငါးရာတို့ဖြင့် ဘဏ္ဍာကိုယူ၍ ဇနပုဒ်သို့သွားသဖြင့် ကုန်ရောင်းခြင်းကိုပြု၍ လာဘ်ရကုန်လတ်သော် ဗာရာဏသီပြည်သို့ ပြန်ကြကုန်၏။ ထိုအခါ ထိုကုန်သည်တို့၏ဥစ္စာကို ဝေသောကာလ၌ အတိပဏ္ဍိတသည် ငါကား နှစ်စုတို့ကို ရထိုက်၏ဟု ဆို၏။ အဘယ့်ကြောင့်နည်းဟုမေးလတ်သော် သင်သည် ပဏ္ဍိတသာတည်း၊ ငါသည် အတိပဏ္ဍိတတည်း၊ ပဏ္ဍိတသည် တစုရထိုက်၏။ အတိပဏ္ဍိတသည် နှစ်စုရထိုက်၏ဟု ဆို၏။ နှစ်ယောက်ကုန်သောငါတို့၏ ဘဏ္ဍာအရင်းသည်၎င်း အစရှိသည်တို့သည်၎င်း အတူကုန်သည်သာလျှင် မဟုတ်လော၊ အဘယ့်ကြောင့် သင်သည် နှစ်စုကိုရထိုက်သနည်းဟု ဆိုလတ်သော် အတိပဏ္ဍိတမည်သည်၏အဖြစ်ကြောင့် ငါသည် နှစ်စုကို ရထိုက်သည်ဟု ဆို၏။ ဤသို့ နှစ်ဦးသောသူတို့သည် စကားကိုပွားစေ၍ ငြင်းခုံခြင်းကို ပြုကုန်၏။

ထို့နောင်မှ အတိပဏ္ဍိတသည် တခုသောဥပါယ်သည် ရှိ၏ဟု ကြံ၍ မိမိအဘကို တခုသောသစ်ခေါင်းသို့ဝင်စေ၍ သင်သည် ငါတို့လာ၍ မေးကုန်သည်ရှိသော် အတိပဏ္ဍိတသည် နှစ်စုရထိုက်၏ဟု ဆိုလောဟုသင်၍ ဘုရားလောင်းအထံသို့သွား၍ အဆွေ ငါ၏ နှစ်စုရထိုက်သည်၏ အဖြစ်ကို၎င်း၊ မရထိုက်သည်၏အဖြစ်ကို၎င်း ဤမည်သော ရုက္ခဇိုဝ်းနတ်သည် သိ၏။ လာလော ထိုရုက္ခဇိုဝ်းနတ်ကို မေးကြကုန်အံ့ဟု ဘုရားလောင်းကို ထိုသစ်ပင်သို့ဆောင်၍ အရှင်ရုက္ခဇိုဝ်းနတ်မင်း အကျွန်ုပ်တို့၏အငွင်းအခုံကို အရှင်နတ်မင်း ဆုံးဖြတ်ပါဟုဆို၏။ ထိုအခါ အတိပဏ္ဍိတ၏အဘသည် အသံကိုပြင်၍ ထိုသို့တပြီးကား ဆိုကြကုန်လောဟု ဆို၏။ အရှင်ရုက္ခဇိုဝ်းနတ်မင်း ဤသူကားပဏ္ဍိတတည်း၊ အကျွန်ုပ်ကား အတိပဏ္ဍိတတည်း၊ အကျွန်ုပ်တို့သည် တပေါင်းတည်း ကုန်သွယ်အပ်ကုန်၏။ အဘယ် သူသည် များစွာရအပ်သနည်းဟုဆို၏။ ပဏ္ဍိတသည် တစုကိုရအပ်၏။ အတိပဏ္ဍိတသည်ကား နှစ်စုကို ရအပ်၏ဟု ဆို၏။ ဘုရားလောင်းသည် ဤသို့ တရားစီရင်ဆုံးဖြတ်သံကိုကြား၍ ယခုပင် နတ်၏အဖြစ်ကို၎င်း၊ နတ်မဟုတ်သည်၏ အဖြစ်ကို၎င်း သိအံ့ဟု ကောက်ရိုးကိုယူ၍ သစ်ခေါင်းကိုပြည့်စေပြီးသော် မီးတိုက်၏။ အတိပဏ္ဍိတ၏အဘသည် မီးလျှံထိသော ကာလ၌ ကိုယ်ထက်ဝက်ကိုမီးလောင်သည်ဖြစ်၍ အထက်သို့ တက်သဖြင့် သစ်ခက်ကိုကိုင်လျက်တွဲလျားဆွဲပြီးလျှင် မြေသို့ဆင်း၍-

၉၈။ သာဓု ခေါ ပဏ္ဍိတော နာမ၊ န တွေဝ အတိပဏ္ဍိတော။
အတိပဏ္ဍိတေန ပုတ္တေန၊ မနမှိ ဥပကူဠိတော။

ဟူသော ဤဂါထာကို ဆို၏။

၉၈။ ဣမသ္မိံ၊ ဤလောက၌။ ပဏ္ဍိတာနာမ၊ ပညာရှိသူမည်သည်ကား။ သာဓု ခေါ၊ ကောင်းသလျှင်ကတည်း။ အတိပဏ္ဍိတာ၊ အမည်ဖြင့် အတိပဏ္ဍိတဟု ဆိုအပ်သော ယောက်ျားစဉ်းလဲသည်။ နတွေဝ သာဓု၊ မကောင်းသလျှင်ကတည်း။ အတိပဏ္ဍိတေန၊ အတိပဏ္ဍိတအမည်ရှိသော။ ပုတ္တေန၊ သားကြောင့်။ မနံ၊ အနည်းငယ်အားဖြင့်။ ဥပကူဠိတော၊ မီးလောင်သည်။ အမှိ၊ ဖြစ်၏။ (မနံ-ကား ထောက အနက်ဟောသည်)။

ထိုနှစ်ယောက်သောသူတို့သည် အလယ်၌ ခွဲ၍ အမျှသည်သာလျှင်ဖြစ်သော အစုကိုယူကုန်၍ ကံအားလျော်စွာ လားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤသူကား ရှေး၌လည်း စဉ်းလဲသောကုန်သည် ဖြစ်ဘူးသလျှင်ကတည်းဟု အတိတ်ကိုဆောင်တော်မူ၍ ယခုအခါ စဉ်းလဲသောကုန်သည်သည်လျှင် ထိုအခါ စဉ်းလဲသောကုန်သည်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိသောကုန်သည် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းကော်မှု၏။

ကုန်သည်စဉ်းလဲ၊ ပညာနဲ၊ ဖောက်လွဲကြံဆောင် ဘ, မီးလောင်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကူဋဝါဏိဇဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-လိတ္တဝဂ်

၉။ ပရောသဟဿဇာတ်

အရှင်သာရိပုတ္တရာ၏ ဂုဏ်ကျေးဇူးအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ပရောသဟဿမ္ပိ သမာဂတာနံ အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤပရောသဟဿဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပုထုဇဉ်တို့ကို မေးအပ်သော ပြဿနာကိုအကြောင်းပြု၍ ဟောတော်မူ၏။ (ဤဝတ္ထုသည် သရဘင်္ဂဇာတ်၌ ထင်စွာဖြစ်လတ္တံ့) အထူးကား တရံရောအခါ ရဟန်းတို့သည် တရားသဘင်၌ စည်းဝေးကုန်လျက် ငါ့သျှင်တို့ သဗ္ဗညူမြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သောတရားကို တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာသည် အကျယ်အားဖြင့် ဟောတော်မူ၏ဟု အရှင်သာရိပုတ္တရာ၏ ကျေးဇူးကိုပြောဆိုလျက် နေကြကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ သာရိပုတ္တရာသည် ယခုအခါ၌သာလျှင် ငါဘုရားသည် အကျဉ်းအားဖြင့်ဟောတော်မူအပ်သောစကားကို အကျယ်အားဖြင့်ဆိုသည်မဟုတ်သေး၊ ရှေး၌လည်း ဆိုဘူးသလျှင်ကတည်းဟုမိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဥဒိစ္စပုဏ္ဏားမျိုး၌ဖြစ်၍ တက္ကသိုလ်ပြည်၌ ခပ်သိမ်းသောအတတ်တို့ကို သင်ပြီးသည်ရှိသော် ကာမတို့ကိုပယ်၍ ရသေ့ရဟန်းပြုပြီးလျှင် ငါးပါးသောအဘိညာဉ် ရှစ်ပါးသောသမာပတ်တို့ကို ဖြစ်စေ၍ ဟိမဝန္တာ၌နေ၏။ ဘုရားလောင်းအား အခြံအရံရသေ့ငါးရာတို့သည် ဖြစ်ကုန်၏။ ဘုရားလောင်း၏ တပည့်ကြီးသည် မိုဃ်းကာလ၌ ထက်ဝက်သောရသေ့အပေါင်းကိုယူ၍ ချဉ်ဆားမှီဝဲအံ့သောငှါ လူ့ပြည်သို့သွား၏။ ထိုအခါ ဘုရားလောင်း၏ စုတေသော ကာလသည်ဖြစ်၏။ စုတေခါနီး၌ ဘုရားလောင်းကို တပည့်တို့သည် ဆရာသည် အဘယ်တရားကို ရပါသနည်းဟု ရအပ်သောတရားကို မေးကုန်၏။ ဘုရားလောင်းသည် နတ္ထိ ကိဉ္စိဟုဆို၍ အာဘဿရဗြဟ္မာပြည်၌ ဖြစ်၏။ ထိုစကားသည် မှန်၏။ ဘုရားလောင်းတို့သည် အရူပသမာပတ်ကို ရကုန်သော်လည်း မလားအပ်သော အရပ်ဖြစ်သောကြောင့် အရူပဘုံ၌မဖြစ်ကုန်၊ တပည့်တို့သည် ဆရာအား ရအပ်သောတရားသည်မရှိဟု သင်္ဂြိုဟ်ရာသုသာန်၌ ပူဇော် သက္ကာရကို မပြုကုန်၊ တပည့်ကြီးသည် လာလတ်၍ ဆရာသည် အဘယ်မှာနည်းဟု မေးလတ်သော် စုတေပြီဟုကြား၍ ဆရာကို ရအပ်သောတရားကို မေးလိုက်ကြကုန်၏လောဟု ဆို၏။ မေးကုန်၏ဟု ဆိုကုန်သော် အသို့ဆရာ ပြောဆိုသနည်းဟု မေး၏။ နတ္ထိ ကိဉ်စိ ဟု ဆရာသည် ဆို၏။ ထိုကြောင့် အကျွန်ုပ်တို့သည် ဆရာအား ပူဇော်သက္ကာရကို မပြုဟု ဆိုကုန်၏။ သင်တို့ကား ဆရာဆိုသောစကား၏ အနက်ကို မသိကြကုန်၊ အာကိဉ္စညာယတနသမာပတ်ကို ရ၏ဟုဆို၏။ ထိုရသေ့တို့သည် တပည့်ကြီးအဖန်တလဲလဲ ပြောဆိုသော်လည်း မသိကုန်၊ ဘုရားလောင်းသည် ထိုအကြောင်းကိုသိ၍ အလွန်မိုက်ကုန်သောရသေ့တို့သည် တပည့်ကြီး၏ စကားကို မသိကြကုန်၊ ထိုရသေ့တို့အား ထင်စွာပြုအံ့ဟု ဗြဟ္မာပြည်မှလာ၍ ရသေ့တို့၏ ကျောင်းထိပ်အပြင်ကောင်းကင်၌ ကြီးစွာသောအနုဘော်ဖြင့် ရပ်၍ တပည့်ကြီး၏ ပညာအာနုဘော်ကို ချီးမွမ်းလိုရကား-

၉၉။ ပရောသဟဿမ္ပိ သမာဂတာနံ၊
ကန္ဒေယျုံ တေ ဝဿသတံ အပညာ။
ဧကောဝ သေယျော ပုရိသော သပညော၊
ယော ဘာသိတဿ ဝိဇာနာတိ အတ္ထံ။

ဟူသော ဤဂါထာကို ဆို၏။

၉၉။ သမာဂတာနံ၊ စည်းဝေးကုန်သောသူတို့၏။ ပရောသဟဿမ္ပိ၊ တထောင်အလွန်ရှိသည်လည်း။ စေ သိယာ၊ အကယ်၍ ဖြစ်ငြားအံ့။ အပညာ၊ ပညာမရှိကုန်သော။ တေ၊ ထိုတထောင်အလွန်ရှိကုန်သော သူတို့သည်။ ဝဿသတံ၊ အနှစ်တရာပတ်လုံး။ ကန္ဒေယျုံ၊ ငိုကုန်ငြားအံ့။ အတ္ထံ ဝါ၊ အနက်ကို၎င်း။ ကာရဏံ ဝါ၊ အကြောင်းကို၎င်း။ နေဝ ဇာနေယျုံ၊ မသိကုန်ရာ။ တသ္မာ၊ ထိုကြောင့်။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ ဘာသိတဿ၊ ဆိုအပ်သော စကား၏။ အတ္ထံ၊ အနက်ကို။ ဝိဇာနာတိ၊ သိ၏။ သပညော၊ ပညာရှိသော။ ဧကော၊ တယောက်သော။ သော ပုရိသောဝ၊ ထိုယောကျ်ားသည်သာလျှင်း။ သေယျာ၊ တထောင်အလွန်ရှိသော သူတို့ထက် မြတ်၏။

ဤသို့ ဘုရားလောင်းသည် ကောင်းကင်၌ရပ်လျက်လျှင် တရားဟော၍ ရသေ့အပေါင်းကိုသိစေ၍ ဗြဟ္မာ့ပြည်သို့သာလျှင် သွား၏။ ထိုသူတို့သည်လည်း အသက်၏အဆုံး၌ ဗြဟ္မာပြည်သို့ လားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ တပည့်ကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မဟာဗြဟ္မာ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

အကျဉ်းဟောလတ်၊ အကျယ်မှတ်၊ ထေရ်မြတ်သာရိ ရှေးဇာတိ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ပရောသဟဿဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-လိတ္တဝဂ်

၁၀။ အသာတရူပဇာတ်

ခုနစ်နှစ် ကိုယ်ဝန်ဆောင်၍ ခုနစ်ရက်ဖွားရသော ရှင်သီဝလိမထေရ်၏အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အသာတံ သာတရူပေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအသာတရူပဇာတ်ကို ကုဏ္ဍိယမြို့ကိုအမှီပြု၍ ကုဏ္ဍဓာနအမည်ရှိသော တောအုပ်၌ သီတင်းသုံး နေတော်မူစဉ် ကောလိယ မင်းသ္မီးဖြစ်သော သုပ္ပဝါသာမည်သော သီတင်းသည်မကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ သုပ္ပဝါသာမည်သောမင်းသ္မီးသည် ထိုကာလ၌ ခုနစ်နှစ်ပတ်လုံး ဝမ်းဖြင့်သူငယ်ကိုဆောင်၍ ခုနစ်ရက်ပတ်လုံး သူငယ်ဖွားရခြင်းအရင်းရှိသော မိန်းမောခြင်းကို ဖြစ်စေတတ်သော ဝေဒနာကို ခံရ၏။ သည်းစွာသော ဝေဒနာတို့သည် ဖြစ်ကုန်၏။ ထိုသုပ္ပဝါသာသည် ဤသို့ သည်းစွာသော ဝေဒနာတို့သည် နှိပ်စက်အပ်သော်လည်း အကြင်မြတ်စွာဘုရားသည် ဤသို့သဘောရှိသောဆင်းရဲကို ပယ်ခြင်းငှါ တရားဟောတော်မူ၏။ ထိုမြတ်စွာဘုရားသည် စင်စစ်သဖြင့် မဖောက်မပြန် ကိုယ်တော်တိုင်သာလျှင် ခပ်သိမ်းသောတရားတို့ကို သိတော်မူ၏။ အကြင်မြတ်စွာဘုရား၏ တပည့်သားသံဃာသည် ဤသို့သဘောရှိသော ဆင်းရဲကိုပယ်ခြင်းငှါ ကျင့်တော်မူ၏။ ထိုမြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် စင်စစ်သဖြင့် ကောင်းသော အကျင့်ရှိတော်မူ၏။ အကြင်နိဗ္ဗာန်၌ ဤသို့သဘောရှိသော ဆင်းရဲသည် မရှိ၊ ထိုနိဗ္ဗာန်သည် စင်စစ်သဖြင့် အလွန် ချမ်းသာ၏။ ဤသုံးပါးကုန်သောအကြံတို့ဖြင့် သည်းခံ၏။ ထိုသုပ္ပဝါသာသည် လင်ကိုခေါ်၍ မိမိ၏ ထိုအကြောင်းကို၎င်း၊ ရှိခိုးသောသတင်း စကားကို၎င်း ကြားလျှောက်စိမ့်သောငှါ မြတ်စွာဘုရားအထံတော်သို့ စေ၏။

သဗ္ဗညူမြတ်စွာဘုရားသည် ရှိခိုးသောသတင်း စကားကို ကြားတော်မူ၍ ကောလိယမင်းသ္မီးသုပ္ပဝါသာသည် ချမ်းသာစေသတည်း၊ ရောဂါကင်းသောသားကို ဖွားစေသတည်းဟု မိန့်တော်မူ၏ သဗ္ဗညူမြတ်စွာဘုရားမိန့်တော်မူသည် နှင့် တပြိုင်နက် ကောလိယမင်းသ္မီး သုပ္ပဝါသာသည် ချမ်းသာစွာ ရောဂါကင်းလျှက် ရောဂါမရှိသောသားကို ဖွားမြင်၏။ ထိုအခါ သုပ္ပဝါသာ၏ လင်သည် အိမ်သို့သွား၍ သားဖွားပြီးသောသုပ္ပဝါသာကိုမြင်၍ အချင်းတို့အံ့ဘွယ်ရှိစွတကားဟု မြတ်စွာဘုရား၏ အာနုဘော်တော်၌ အလွန်လျှင်အံ့ဘွယ်သရဲဖြစ်သောစိတ်ရှိ၏။ သုပ္ပဝါသာသည် သားဖွားပြီး၍ ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသောသံဃာအား အလှူပေးလို၍ ပင့်ဘိတ်စိမ့်သောငှါ လင်ကိုစေပြန်၏။ ထိုအခါ မဟာမောဂ္ဂလာန်၏ အလုပ်အကျွေးဒကာသည် ဘုရားအမှူးရှိသောသံဃာကို ပင့်ဘိတ်၏။ သဗ္ဗညူမြတ်စွာဘုရားသည် သုပ္ပဝါသာလှူခြင်း၏အခွင့်ကို ပေးအံ့သောငှါ အရှင်မောဂ္ဂလာန်မထေရ်ကို အလုပ် အကျွေးဒါယကာအိမ်သို့စေ၍ ထိုဒါယကာကို နှစ်သက်စေ၍ ခုနစ်ရက်ပတ်လုံး ရဟန်းသံဃာနှင့်တကွ သုပ္ပဝါသာ၏ အလှူကိုခံတော်မူ၏။ ခုနစ်ရက်မြောက်သောနေ့၌သုပ္ပဝါသာသည် သားဖြစ်သောသီဝလိကုမာရကို တန်ဆာဆင်၍ မြတ်စွာဘုရားကို၎င်း၊ ရဟန်းသံဃာကို၎င်း ရှိခိုးစေ၏။ ထိုခဏ၌ အစဉ်သဖြင့် အရှင်သာရိပုတ္တရာမထေရ်၏အထံသို့ ဆောင်အပ်သည်ရှိသော် အရှင်သာရိပုတ္တရာမထေရ်သည် သီဝလိမင်းသားနှင့်တကွ သီဝလိ သင့်အား ချမ်းသာခြင်းဖြစ်ပါ၏ ဟုနှုတ်ဆက်ခြင်းကို ပြုတော်မူ၏။

သီဝလိမင်းသားသည် အရှင်ဘုရား အကျွန်ုပ်အား အဘယ်မှာချမ်းသာအံ့နည်း၊ အကျွန်ုပ်သည် ခုနစ်နှစ်ပတ်လုံး လောဟကုမ္ဘီ ငရဲ၌ကဲ့သို့ နေရ ၏ဟု အရှင်သာရိပုတ္တရာမထေရ်နှင့်တကွ ဤသို့သဘောရှိသောစကားကို ပြောဆို၏။ သုပ္ပဝါသာသည် သီဝလိမင်းသား၏ စကားကိုကြားလျှင် ဖွား၍ခုနစ်ရက်ရှိသော ငါ့သားသည် ဘုရားငယ်ဖြစ်သော အရှင်သာရိပုတ္တရာနှင့်တကွ ပြောဆိုနိုင်ပေ၏ဟု ဝမ်းမြောက်ဝမ်းသာဖြစ်၏။ သဗ္ဗညူမြတ်စွာဘုရားသည် သုပ္ပဝါသာ ဤသို့သဘောရှိကုန်သော တပါးကုန်သောသားတို့ကိုလည်း သင်သည် အလိုရှိ၏လောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသောအရှင်ဘုရား ဤသို့သဘောရှိကုန်သော တပါးကုန်သော တရာကုန်သောသားတို့ကို အကယ်၍ ရငြားအံ့၊ အကျွန်ုပ်သည် အလိုရှိသည်သာလျှင်တည်းဟု လျောက်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ဥဒါန်းကျူးတော်မူ၍ အနုမောဒနာ ပြု၍ ကြွတော်မူ၏။ သီဝလိမင်းသားသည်လည်း ခုနစ်နှစ်ရှိသောကာလ၌လျှင် သာသနာတော်၌ ဝမ်းရေးကိုမငဲ့ဘဲရဟန်းပြု၍ အသက်နှစ်ဆယ်ပြည့်လတ်သော် ပဉ္စင်းအဖြစ်ကိုရ၍ ဘုန်းတန်ခိုးကြီးသည် မြတ်သောလာဘ်ကိုရသည်ဖြစ်၍ မြေကြီးကိုပဲ့တင်ထပ်စေ၍ အရဟတ္တဖိုလ်သို့ ရောက်ပြီးသော် ဘုန်းတန်ခိုးကြီးကုန်သော ဘုရားတပည့်သားတော်တို့၏အတွင်း၌ ဧတဒဂ်အရာသို့ရောက်၏။

ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရား သဘင်၌ စည်းဝေးကုန်လျက် ငါ့သျှင်တို ဤသို့သဘောရှိသော ဘုန်းတန်ခိုးကြီးသော တောင်းအပ်ပြီးသောဆုရှိသော ပစ္ဆိမဘဝိကဖြစ်သော အရှင်သီဝလိမထေရ်သည် ခုနစ်နှစ်ပတ်လုံး လောဟကုမ္ဘီငရဲ၌ကဲ့သို့နေ၍ ခုနစ်ရက်ပတ်လုံး ယောနိဝ၌ ဆင်းရဲသောအဖြစ်သို့ ရောက်၏ မယ်တော်သားတော်တို့သည် ကြီးစွာသော ဆင်းရဲကို ခံရကုန်၏အံ့ဘွယ်ရှိစွ၊ အဘယ်မည်သောကံကို ပြုဘူးကုန်လေသနည်းဟု စကားကိုဖြစ်စေကုန်၏။ သဗ္ဗညူမြတ်ဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ သီဝလိ၏ ဘုန်းတန်ခိုးကြီးသည်၏ အဖြစ်သည်၎င်း ခုနစ်နှစ်ပတ်လုံး လောဟကုမ္ဘီငရဲ၌ကဲ့သို့ နေရခြင်းသည်၎င်း၊ ခုနစ်ရက်ပတ်လုံး ယောနိဝ၌ မိန်းမောသောဝေဒနာသို့ ရောက်ခြင်းသည်၎င်း မိမိပြုသောကံသာလျှင် အကြောင်းရင်းရှိ၏။ သုပ္ပဝါသာ၏ ခုနစ်နှစ်ပတ်လုံး ဝမ်းဖြင့်သူငယ်ကိုလွယ်ရခြင်း ဆင်းရဲသည်၎င်း၊ ခုနစ်ရက်ပတ်လုံး ကိုယ်ဝန်ဖွားခြင်းအကြောင်းရှိသော မိန်းမောတွေဝေစေတတ်သော ဆင်းရဲသည်၎င်း မိမိပြုအပ်သော ကံသည်သာလျှင် အကြောင်းရင်းရှိ၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်း၏မိဖုယားကြီးဝမ်း၌ ပဋိသန္ဓေယူ၍ အရွယ်သို့ရောက်လျှင် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ အဘလွန်လတ်သော် တရားသဖြင့် မင်းပြု၏။ ထိုအခါ ကောသလမင်းသည် များစွာသောဗိုလ်ပါဖြင့်လာလတ်၍ ဗာရာဏသီပြည်ကို ယူ၍ ထိုမင်းကိုသတ်၍ ထိုမင်း၏မိဖုယားကြီးကို မိမိ၏မိဖုယားကြီးပြု၏။ ဗာရာဏသီမင်း၏သားသည်ကား အဘသေသောကာလ၌ ရေပြွန်ပေါက်တံခါးဖြင့် ထွက်ပြေး၍ ဗိုလ်ပါကိုစု၍ ဗာရာဏသီဘိုလာ၍ အနီး၌နေ၍ ထိုမင်းအား ပြည်ကိုတည်းပေးမည်လော၊ စစ်ထိုးခြင်းကိုတည်း ပြုမည်လောဟု အမှာစာပို့စေ၏။ ထိုမင်းသည် စစ်ထိုးခြင်းကို ပြုမည်ဟု အမှာစာ တုံ့ပြန်လိုက်၏။ မင်းသား၏မယ်တော်သည်ကား ထိုသတင်း စကားကိုကြား၍ စစ်ထိုးသဖြင့် ပြုရန်ကိစ္စမရှိ၊ ခပ်သိမ်းသော အရပ်တို့သို့ သွားလာခြင်းကိုပြတ်စေ၍ ဗာရာဏသီမြို့ကိုရံလော့၊ ထို့နောင်မှ ထင်း ရေ ထမင်းကုန်သဖြင့် ပင်ပန်းသောလူရှိသော ဗာရာဏသီမြို့ကို စစ်မထိုးဘဲ ရလတ္တံ့ဟု အမှာစာပို့စေ၏။

မင်းသားသည် မယ်တော်၏ အမှာစာကိုကြား၍ ခုနစ်ရက်တို့ပတ်လုံး အသွားအလာကိုဖြတ်၍ ရာဏသီမြို့ကို ပိတ်ဆီး၏။ ပြည်သူ ပြည်သားတို့သည် သွားလာခြင်းကို မရကုန်သည်ဖြစ်၍ ခုနစ်ရက်မြောက်သောနေ့၌ ထိုမင်း၏ဦးခေါင်းကိုယူ၍ မင်းသားအား ပေးကုန်၏။ မင်းသားသည်ကား မြို့သိုဝင်၍ မင်း၏အဖြစ်ကိုယူ၍ အသက်၏အဆုံး၌ ကံအားလျော်စွာ လား၏ ထိုမင်းသားသည် ခုနစ်ရက်ပတ်လုံး အသွားအလာကိုဖြတ်၍ ဗာရာဏသီမြို့ကိုပိတ်ဆီး၍ ယူသောကံ၏ အကျိုးအားဖြင့် ယခုခုနစ်နှစ်ပတ်လုံးလောဟကုမ္ဘီငရဲ၌ကဲ့သို့နေ၍ ခုနစ်ရက်ပတ်လုံး ယောနိဝ၌ သည်းထန်စွာသောဝေဒနာသို့ ရောက်၏။ ထိုမှတပါး ထိုသီဝလိသည် ပဒုမုတ္တရမြတ်စွာဘုရားခြေတော်ရင်း၌ လာဘ်များကုန်သောသာဝကတို့တွင် မြတ်သောသာဝကဖြစ်စေ သ တည်းဟု ကြီးစွာသောအလှူကိုလှူ၍ အကြင်ဆုတောင်းခြင်းကိုပြု၏ယ ဝိပဿီမြတ်စွာဘုရားလက်ထက်တော်၌ မြို့သူတို့နှင့်တကွ အဘိုးတသိန်းထိုက်သော နို့ဓမ်းခဲကိုလှူ၍ အကြင် ဆုတောင်းခြင်းကိုလည်း ပြုဘူး၏။ ထိုဆုတောင်းခြင်း၏ အာနုဘော်ဖြင့် လာဘ်များကုန်သော သာဝကတို့တွင် မြတ်သောသာဝကဖြစ်၏။

သုပ္ပဝါသာသည်လည်း ချစ်သား သင်သည် ဗာရာဏသီမြို့ကို ပိတ်ဆီး၍ယူလောဟု စေဘူးသည်၏အဖြစ်ကြောင့် ခုနစ်နှစ်ပတ်လုံး ဝမ်းဖြင့်သူငယ်ကိုလွယ်၍ ခုနစ်ရက်ပတ်လုံး သားဖွားခြင်း အရင်းရှိသော မိန်းမတွေဝေသော ဝေဒနာသို့ရောက်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ဤအတိတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၁၀၀။ အသာတံ သာတရူပေန၊ ပိယရူပေန အပ္ပိယံ။
ဒုက္ခ သုခဿ ရူပေန၊ ပမတ္တ မတိဝတ္တတိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၁၀၀။ ဘိက္ခဝေ၊ ရဟန်းတို့။ အသာတံ၊ မသာယာအပ်သော သဘောသည်။ သာတရူပေန၊ သာယာအပ်သော သဘော၏ အတုအားဖြင့်။ ပမတ္တံ၊ မေ့လျော့သောသူကို။ အတိဝတ္တတိ၊ နှိပ်စက်၏။ အပ္ပိယံ၊ မချစ်အပ်သော သဘောသည်။ ပိယရူပေန၊ ချစ်အပ်သောသဘော၏ အတုအားဖြင့်။ ပမတ္တံ၊ မေ့လျော့သောသူကို။ အတိတ္တတိ၊ နှိပ်စက်၏။ ဒုက္ခံ၊ ဆင်းရဲသည်။ သုခဿ၊ ချမ်းသာ၏။ ရူပေန၊ အတုအားဖြင့်။ ပမတ္တံ၊ မေ့လျော့သောသူကို။ အတိဝတ္တတိ၊ နှိပ်စက်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ သီဝလိသည် ထိုအခါ ဗာရာဏသီမြို့ကိုပိတ်၍ မင်းအဖြစ်ကိုရသောမင်းသား ဖြစ်ဘူးပြီ၊ ယခုအခါ သုပ္ပဝါသာသည် ထိုအခါ မင်းသားမယ်တော် ဖြစ်ဘူးပြီး၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မင်းသားခမည်းတော် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

ဘယ်သူမပြု၊ မိမိမှု၊ ကိုယ်ပြု ကိုယ်ခံ ကိုယ်ပင်စံ

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော အသာတရူပဇာတ်သည်ပြီး၏။

*****

ဧကကနိပါတ်-ပရောသတဝဂ်

၁။ ပရောသတဇာတ်

အရှင်သာရိပုတ္တရာ၏ ဂုဏ်အကြောင်း

၁၀၁။ ပရောသတဉ္စေပိ သမာဂတာနံ၊
ဈာယေယျုံ တေ ဝဿသတံ အပညာ။
ဧကောဝ သေယျော ပုရိသော သပညော။
ယော ဘာသိတသ ဝိဇာနာတိ အတ္ထံ။

ဟူသော ဤဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤပရောသတဇာတ်သည် ဝတ္ထုအားဖြင့်၎င်း၊ အဖြေအားဖြင့်၎င်း၊ ဇာတ်ပေါင်းအားဖြင့်၎င်း ပရောသဟဿဇာတ်*နှင့် တူသလျှင်ကတည်း၊ ထိုစကားသည် မှန်၏။ ဤပရောသတဇာတ်၌ သက်သက် စျာယေယျုံဟူသော ပုဒ်မျှသာလျှင် ထူး၏။

၁၀၁။ ဘော တာပသာ၊ အို အရှင်ရသေ့တို။ သမာဂတာနံ၊ စည်းဝေးလာကုန်သောသူတို့၏။ ပရောသတံ၊ တရာအလွန်သည်။ စေပိ သိယာ၊ အကယ်၍လည်း ဖြစ်ငြားအံ့။ အပညာ၊ ပညာမရှိကုန်သော။ တေ၊ ထိုတရာအလွန်ရှိကုန်သော သူတို့သည်။ စေ ဈာယေယျုံ၊ အကယ်၍လည်း ကြံကုန်ငြားအံ့။ အတ္ထံ ဝါ၊ အနက်ကို၎င်း။ ကာရဏံ ဝါ၊ အကြောင်းကို၎င်း။ နပဿန္တိ၊ မမြင်ကုန်။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ ဘာသိတဿ၊ ဆိုသောစကား၏။ အတ္ထံ၊ အနက်ကို။ ဝိဇာနာတိ၊ သိ၏။ သပညော၊ ပညာရှိသည်ဖြစ်၍။ သော ပုရိသော၊ ထိုယောက်ျားသည်။ ဧကောဝ၊ တယောက်တည်းသာလျှင်။ သေယျာ၊ တရာအလွန်ရှိသောသူတို့ထက် မြတ်၏။

ကျဉ်းပြ ကျယ်မှတ်၊ ဂုဏ်သကတ်၊ ထေရ်မြတ် သာရိပုတ်

ရှေးဦးစွာသော ပရောသတဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ပရောသတဝဂ်

၂။ ပဏ္ဏိကဇာတ်

အဘသည် သ္မီး၏အကျင့်သီလကို စုံစမ်းသောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယော ဒုက္ခဖုဋ္ဌာယ ဘဝေယျ၊ တာဏံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပဏ္ဏိကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဟင်းရွက်ရောင်း၍ အသက်မွေးသော သီတင်းသည် တယောက်ကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ နေသော သီတင်းသည်သည် အထူးထူး အပြားပြားကုန်သော အမြစ် အရွက် အစရှိသည်တို့ကို၎င်း၊ ဗူး, ဖရုံ အစရှိသည်တို့ကို၎င်း ရောင်း၍ အသက်မွေးခြင်းကို ပြု၏။ ထိုသီတင်းသည်၏ တယောက်သောသ္မီးသည် အလွန်အဆင်းလှ၏။ ကြည်ညိုဘွယ်ရှိ၏ အကျင့်သီလနှင့် ပြည့်စုံ၏။ အရှက် အကြောက်နှင့် ပြည့်စုံ၏။ သက်သက် အမြဲရွှင်သော မျက်နှာရှိ၏။ ထိုသတို့သမီးအား အမျိုးတူကုန်သောသူတို့သည် တောင်းအံ့သောငှါ လာကုန်သည်ရှိသော် ထိုသီတင်းသည်သည် ဤသတို့သ္မီးအား ထိမ်းမြားအံ့သောငှါ မသင့်၊ ဤသတို့သ္မီးငယ်သည် အမြဲရွှင်သော မျက်နှာရှိ၏။ သူငယ်မတို့၏အကျင့်သည်မရှိသော် လင့်အိမ်သို့သွားသော သူငယ်မ၏မိဘတို့အား ကဲ့ရဲ့အပ်သည် ဖြစ်ရာ၏။ ဤသူငယ်မအား သူငယ်မတို့၏ အကျင့်သည် ရှိသလောမရှိသလော၊ သူငယ်မကိုစုံစမ်းအံ့ဟု ကြံ၏။ ကြံပြီး၍ သီတင်းသည်သည် တနေ့သ၌ သ္မီးကို တောင်းကိုယူစေ၍ တော၌ ဟင်းရွက်အကျိုးငှါ ဘောသို့သွား၍ စုံစမ်းလိုသည်၏အစွမ်းအားဖြင့် ကိလေသာကိုမှီသကဲ့သို့ဖြစ်၍ လျှို့ဝှက်သောစကားကိုဆို၍ သ္မီးကို လက်၌ ဆွဲ၏။

သ္မီးသည် လက်ဆွဲကာမျှ၌လျှင် မျက်ရည်ယိုလျက် ငိုလျက် ဘခင် ဤအမှုသည် မသင့်၊ ရေမှမီးဖြစ်သည်နှင့်တူ၏။ ဤသို့သဘောရှိသောအမှုကို မပြုလင့်ဟု ဆို၏။ ချစ်သ္မီး စုံစမ်းအံ့သောငှသာလျှင် ငါသည် သင်၏လက်ကိုဆွဲ၏ မငိုလင့်၊ ယခု သင့်အား သူငယ်မတို့၏အကျင့်သည် ရှိသလောဟုမေး၏။ ဘခင် ရှိ၏။ ထိုစကားသည် မှန်၏။ အကျွန်ုပ်သည် လောဘ၏အစွမ်းဖြင့် တစုံတယောက်သောယောက်ျားကို မကြည့်စဘူးဟု ဆို၏။ ထိုသီတင်းသည်သည် သ္မီးကိုနှစ်သိမ့်စေ၍ အိမ်သို့ဆောင်ပြီးလျှင် မင်္ဂလာကိုပြု၍ လင့်အိမ်သို့ပို့၍ မြတ်စွာဘုရားကိုရှိခိုးအံ့ဟု နံ့သာပန်းအစရှိသည်တို့ကို လက်စွဲလျက် ဇေတဝန် ကျောင်းတော်သို့ သွားပြီးလျှင် မြတ်ဘုရားကိုရှိခိုးပူဇော်၍ တင့်အပ်သောအရပ်၌ နေ၏။ ကြာမြင့်မှ လာ၏ ဟုမိန့်တော်မူသည်ရှိသော် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်၏။ မြတ်စွာဘုရားသည် သီတင်းသည် သတို့သ္မီးသည် ကြာမြင့်စွာသောကာလမှစ၍ အကျင့်သီလနှင့် ပြည့်စုံသည်သာတည်း၊ သင်သည် ယခုအခါ၌သာလျှင် ဤသို့စုံစမ်းသည် မဟုတ်သေး၊ ရှေး၌လည်း စုံစမ်းဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ သီတင်း သည်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရုက္ခဇိုဝ်းနတ်ဖြစ်၏။ ထိုအခါ ဗာရာဏသီပြည်၌ ဟင်း ရွက်ရောင်း၍ အသက်မွေးသော သီတင်းသည်တယောက်သည် ရှိသည်ဖြစ်၏။ ဤသို့အစရှိသော ဝတ္ထုသည် ပစ္စုပ္ပန်ဝတ္ထုနှင့် တူသသျှင်ကတည်း၊ သီတင်းသည်သည် သ္မီးငယ်အား စုံစမ်းအံ့သောငှါ လက်၌ဆွဲ၏။ သ္မီးသည် ငိုလျက်-

၁၀၂။ ယော ဒုက္ခဖုဋ္ဌာယ ဘဝေယျ တာဏံ၊
သော မေ ပိတာ ဒုဗ္ဘိ ဝနေ ကရောတိ။
သာ ကဿ ကန္ဒာမိ ဝနဿ မဇ္ဈေ၊
ယော တာယိတာ သော သဟသံ ကရောတိ၊

ဟူသော ဤဂါထာကို ဆို၏။

၁၀၂။ ယော ပိတာ၊ အကြင်အဘသည်။ ဒုက္ခဖုဋ္ဌာယ၊ ဆင်းရဲတွေ့သည် ရှိသော်။ တဏံ၊ ကိုးကွယ်ရာသည်။ ဘဝေယျ၊ ဖြစ်ရာ၏။ မေ၊ ငါ၏။ သော ပိတာ၊ ထိုအဘသည်။ ဝနေ၊ တော၌။ ဒုဗ္ဘိ၊ ပြစ် မှားခြင်းကို။ ကရောတိ၊ ပြု၏။ ယော ပိတာ၊ အကြင် အဘသည်။ တာယိတာ၊ ကိုးကွယ်ရာဖြစ်၏။ သော ပိတာ၊ ထိုအဘသည်။ သဟသံ၊ နိုင်ထက်မူခြင်းကို။ ကရောတိ၊ ပြု၏။ သာ အဟံ၊ ထိုငါသည်။ ဝနဿ၊ တော၏။ မဇ္ဈေ၊ အလယ်၌။ ကဿ၊ အဘယ်သူ၏ အထံ၌။ ကန္ဒာမိ၊ ငိုရအံ့နည်း။

ထိုအခါထို သတို့သ္မီးကို အဘသည် နှစ်သိမ့်စေ၍ ချစ်သ္မီး စောင့်ရှောက်သောကိုယ် ရှိ၏ လောဟုမေး၏။ ဘခင် စောင့်ရှောက်သောကိုယ် ရှိ၏ဟု ဆို၏။ သီတင်းသည်သည် အိမ်သို့ဆောင်၍ မင်္ဂလာကိုပြု၍ လင့်အိမ်သို့ပို့၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာကို ပြသည်၏ အဆုံး၌ သီတင်းသည်သည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ အဘသည်သာလျှင် ထိုအခါ အဘ ဖြစ်ဘူးပြီး ယခုအခါ သ္မီးသည်သာလျှင် ထိုအခါသ္မီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အကြောင်းကို မျက်မှောက်အားဖြင့်မြင်သော ရုက္ခဇိုဝ်းနတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သီလာစာရ၊ ရ-မရ၊ အဘစမ်းသပ် သ္မီးမြတ်

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ပဏ္ဏိကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ပရောသတဝဂ်

၃။ ဝေရိဇာတ်

ပညာရှိတို့သည် ခိုးသူဘေးမှလွတ်အောင် ရှောင်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယတ္ထ ဝေရီ နိဝသတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝေရိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အနာထပိဏ်သူဌေးကိုအကြောင်းပြု၍ ဟောတော်မှု၏။ အနာထပိဏ်သူဌေးသည် စားသောရွာသို့သွား၍ ပြန်သည်ရှိသော် ခရီးအကြား၌ ခိုးသူတို့ကိုမြင်၍ ခရီးအကြား၌နေအံ့သောငှာ မသင့်၊ သာဝတ္ထိပြည်သို့သာလျှင် သွားအံ့ဟု လျှင်စွာနွားတို့ကိုနှင်စေ၍ မိမိအိမ်သို့သာလျှင်လာလတ်၍ နက်ဖြန်နေ့၌ ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်၏။ မြတ်စွာဘုရားသည် သူကြွယ် ရှေး၌လည်း ပညာရှိတို့သည် ခိုးသူတို့ကိုမြင်၍ ခရီးအကြား၌ ထိုခိုးသူတို့သည် မလုယက်ကုန်ဘဲ မိမိ၏နေရာ အရပ်သို့သာလျှင် ပြန်ကုန်၏ဟု မိန့်တော်မူ၍ အနာထပိဏ် သူဌေးသည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိ၏ ဘုရားလောင်းသည် စည်းစိမီရှိသောသူဌေးဖြစ်၏။ ထခုသောရွာငယ်သို့ ပင့်ဖိတ်သောဘောဇဉ်ကို သံးဆောင်အံ့သောငှာသွား၍ ပြန်သည်ရှိသော် ခရီးအကြား၌ ခိုးသူတို့ကိုမြင် ခရီးအကြား၌မနေမူ၍သာလျှင် လျင်မြန်သဖြင့် နွားတို့ကိုနှင်စေလျှက် မိမိအိမ်သို့သာလျှင်လာလတ်၍ အထူးထူးသော မြတ်သောဘောဇဉ်တို့ကိုသုံးဆောင်၍ မြတ်သော နေရာ၌နေ၍ ခိုးသူတို့၏လက်မှလွတ်၍ ဘေးမရှိရာအရပ်၌ဖြစ်သော မိမိအိမ်သို့လာ၏ဟု ဝမ်းမြောက်သည်၏ အစွမ်းဖြင့်-

၁၀၃။ ယတ္ထ ဝေရီ နိဝသတိ၊ န ဝသေ တတ္ထ ပဏ္ဍိတော။
ဧကရတ္တံ ဒိရတ္တံ ဝါ၊ ဒုက္ခံ ဝသတိ ဝေရိသု။

ဟူသော ဤဂါထာကို ဆို၏။

၁၀၃။ ဝေရီသု၊ ရန်သူဘောင်တို့၌။ ဧကရတ္တံ ဝါ၊ တရက်၎င်း။ ဒိရတ္တံ ဝါ၊ နှစ်ရက်၎င်း။ ဒုက္ခံ၊ ဆင်းရဲစွာ။ ဝသတိ၊ နေရ၏။ ယတ္ထ၊ အကြင်အရပ်၌။ ဝေရီ၊ ရန်သူသည်။ နိဝသတိ၊ နေ၏။ တတ္ထ၊ ထိုအရပ်၌။ ပဏ္ဍိတော၊ ပညာရှိသည်။ န ဝသေ၊ မနေရာ။

ဤသို့ ဘုရားလောင်းသည် ဝမ်းမြောက်သော စကားကို ကျူးရင့်၍ အလှူအစရှိသော ကောင်းမှုကိုပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်ဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဗာရာဏသီ သူဌေး ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ရန်သူရှိလတ်၊ ထိုအရပ်၊ မရပ်-မတည်ရာ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဝေရိဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ပရောသတဝဂ်

၄။ မိတ္တဝိန္ဒကဇာတ်

သင်ဓုန်းစက်ငရဲကို ရွက်၍ ခံရသောမိတ္တဝိန္ဒက၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွာသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် စတုဗ္ဘိ အဋ္ဌဇ္ဈဂမာအစရှိသော ဂါတပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ မိတ္တဝိန္ဒကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် ဆိုနိုင်ခက်သော တယောက်သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

အတိတ်ဝတ္ထု... ဝတ္ထုကို အောက်မိတ္တဝိန္ဒက ဇာတ်၌ ဆိုအပ်ပြီးသာနည်းဖြင့် ချဲ့အပ်၏။ ဤမိတ္တဝိန္ဒကဇာတ်သည်ကား ကဿပ မြတ်စွာဘုရား လက်ထက်၌ဖြစ်၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုအခါ သင်ဓုန်းစက်ကိုရွက်၍ငရဲခံရသော တယောက်သော ငရဲသူသတ္တဝါသည် အရှင်အကျွန်ုပ်သည် အဘယ်မကောင်းမှုကို ပြုခဲ့ဘူးသနည်းဟု ဘုရားလောင်းကို မေး၏။ ဘုရားလောင်းသည် ဤမည်သော မကောင်းမှုကို ပြု၏ ဟု ဆိုလို၍-

၁၀၄။ စတုဗ္ဘိ အဋ္ဌဇ္စျဂမာ၊ အဋ္ဌာဟိပိ စ သောဠသ။
သောဠသာဟိ စ ဗာတ္တိံသ၊ အတြိစ္ဆံ စက္ကမာသဒေါ။
ဣစ္ဆာဟတဿ ပေါသဿ၊ စက္ကံ ဘမတိ မတ္တကေ။

ဟူသော ဤဂါထာကို ဆို၏။

၁၀၄။ စတုဗ္ဘိ၊ လေးယောက်ကုန်သော ဗိမာန်နေ ပြိတ္တာမတို့မှ။ အပရာ၊ တပါးကုန်သော။ အဋ္ဌ၊ ရှစ်ယောက်ကုန်သော ဗိမာန်နေ ပြိတ္တာမတို့ကို။ အဇ္စျဂမာ၊ သင်သည်ရ၏။ အဋ္ဌာဟိပိ စ၊ ရှစ်ယောက်ကုန်သော ဗိမာန်နေ ပြိတ္တာမတို့မှလည်း။ အပရာ၊ တပါးကုန်သော သောဠသ၊ တကျိပ် ခြောက်ယောက်ကုန် ဗိမာန်နေ ပြိတ္တာမတို့ကို။ အဇ္ဈဂမာ၊ သင်သည် ရ၏။ သောဠသဟိ စ၊ တကျိပ်ခြောက်ယောက်ကုန်သော ဗိမာန်နေပြိတ္တာမတို့မှလည်း။ အပရာ၊ တပါပါးကုန်သော။ ဗာတ္တိံသ၊ သုံးကျိပ်နှစ်လောက်ကုန်သော ဗိမာန်နေ ပြိတ္တာမတို့ကို။ အဇ္ဈဂမာ၊ သင်သည် ရ၏။ အတြိစ္ဆံ-အတြိစ္ဆန္တော၊ အလွန် အလိုကြီးသောသင်သည်။ စက္ကံ၊ သင်ဓုန်းစက်ကို။ အာသဒေါ၊ ရောက်၏။ ဣစ္ဆာဟတဿ၊ အလိုနှိပ်စက်သော။ ပေါသဿ၊ သင် ယောက်ျား၏။ မတ္ထကေ၊ ထိပ်၌ စက္ကံ၊ သင်ဓုန်းစက်သည်။ ဘမတိ၊ လည်၏။

ဤသို့ ဘုရားလောင်းသည်ဆိုပြီး၍ မိမိနတ်ပြည်သို့သာလျှင် သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဆိုနိုင်ခက်သောရဟန်းသည် ထိုအခါ မိတ္တဝိန္ဒက ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ နတ်သား ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

အလိုငမ်းလျက်၊ သင်ပုန်းစက်၊ ရွက်လျက် ခံရသည်

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော မိတ္တဝိန္ဒကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ပရောသတဝဂ်

၅။ ဒုဗ္ဗလကဋ္ဌဇာတ်

လွန်စွာထိတ်လန့်တတ်သော ရဟန်း၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... မှတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဗဟုမွေတံ ဝနေ ကဋ္ဌံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒုဗ္ဗလကဋ္ဌ ဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော ထိတ်လန့်တတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းသည် သာဝတ္ထိပြည်၌ နေသော တယောက်သောအမျိုးသားသည် ဖြစ်သတတ်၊ ထိုအမျိုးသားသည် မြတ်စွာဘုရား၏ ဓမ္မဒေသနာကို နာရ၍ ရဟန်းပြု၍ သေဘေးမှကြောက် သည်ဖြစ်၍ ညဉ့်သန့်ရာ နေ့သန့်ရာအရပ်တို့၌ သစ်ခက်သစ်ရွက်တို့ကိုချိုးတတ်သောလေ၏၎င်း၊ ကျသော ခြောက်သောသစ်ခက်၏၎င်း၊ အတောင်ရှိသော ငှက် အခြေလေးချောင်းရှိသော သားတို့၏၎င်း အသံကိုကြား၍ သေဘေးမှကြောက်သည်ဖြစ်၍ သည်းသောအသံကို ဟစ်ကြွေးလျှက် ပြေး၏။ ထိုစကားသည်မှန်၏။ ထိုရဟန်းအား ငါသည် သေအပ် ၏ဟု သတိသည်လည်း မရှိ၊ ထိုစားယည် မှန်၏။ ထိုရဟန်းသည် ငါသေရလတ္တံ့ဟု အကယ်၍သိငြားအံ့၊ သေခြင်းကို မကြောက်ရာ၊ ထိုရဟန်းသည် မရဏဿတိကမ္မဋ္ဌာန်းကို မပွားစေ အပ်သည်၏အဖြစ်ကြောင့်လျှင် ထိုရဟန်း၏ သေခြင်းမှကြောက်သောအဖြစ်သည် ရဟန်းသံဃာ၌ ထင်ရှား၏။

ထိုအခါ တနေ့သ၌ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဤမည်သောရဟန်းသည် သေခြင်းမှကြောက်၏။ သေခြင်းကို လန့်တတ်၏ ရဟန်းမည်သည် မချွတ် ငါသည်သေအပ်၏ဟု မရဏဿတိကမ္မဋ္ဌာန်းကို ပွားစေခြင်းငှါသင့်၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဤရဟန်းအား နှလုံးမသာယာခြင်းသည် မဖြစ်ကုန်လင့်၊ ဤရဟန်းသည် ယခုအခါ၌သာလျှင် သေဘေးမှကြောက်သည် မဟုဘ်သေး၊ ရှေး၌လည်း ကြောက်ဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာတော၌ ရုက္ခဇိုဝ်းနတ်ဖြစ်၏။ ထိုအခါ ဗာရာဏသီမင်းသည် မင်္ဂလာဆင်ကို စစ်မြေပြင်၌ တုန်လှုပ်ခြင်းမရှိသောအကြောင်းကို သိစိမ့်သောငှါ ဆင်ဆရာတို့အားပေး၏။ ထိုဆင်ကို ဆင်ချည်တိုင်၌ ချည်၍ ချွန်းလက်စွဲကုန်သောသူတို့ကို ခြံရံစေ ကုန်၍ စစ်မြေ၌တုန်လှုပ်ခြင်းမရှိသောအကြောင်းကို ပြုကုန်၏။ ထိုဆင်သည် ထိုအမှုကိုပြုသည်ရှိသော် ဝေဒနာကိုသည်းခံအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ဆင်ချည်တိုင်ကိုချိုး၍ လူတို့ကိုပြေးစေ၍ ဟိမဝန္တာသို့ဝင်၏။ လူတို့သည် ထိုဆင်ကို ဖမ်းအံ့သောငှါ မတတ်နိုင်ကုန်သည်ဖြစ်၍ ပြန်ကြကုန်၏။ ဆင်သည် သေဘေးမှကြောက်သည်ဖြစ်၍ နှာမောင်းတို့ကိုလှုပ်လျက် လျှင်မြန်သဖြင့် ပြေး၏။ ဆင်ချည်တိုင်၌ချည်၍ စစ်မြေ၌ မတုန်မလှုပ်မည့်အကြောင်းကို ပြုသောကာလကဲ့သို့ဖြစ်၏။ ကိုယ်၏ ချမ်းသာခြင်းကို၎င်း၊ စိတ်၏ ချမ်းသာခြင်းကို၎င်း မရသည်ဖြစ်၍ တုန်လှုပ်လျက် သွား၏။ ရုက္ခဇိုဝ်းနတ်သည် ထိုဆင်ကိုမြင်၍ သစ်ခွ၌ရပ်လျက်-

၁၀၅။ ဗဟုမွေတံ ဝနေ ကဋ္ဌံ၊ ဝါတော ဘဉ္ဇတိ ဒုဗ္ဗလံ။
တဿ စေ ဘာယသိ နာဂ၊ ကိသော နူန ဘဝိဿသိ။

ဟူသော ဤဂါထာကို ဆို၏။

၁၀၅။ နာဂ၊ ဆင်ပြောင်ကြီး။ ဝနေ၊ တော၌။ ဒုဗ္ဗလံ၊ အားနည်းသော။ ဗဟုမ္ပိ၊ များသည်လည်းဖြစ်သော။ ဧတံ ကဋ္ဌံ၊ ထိုသစ်ခက် ခြောက်ကို။ ဝါတော၊ လေသည်။ ဘဉ္ဇတိ၊ ချိုး၏ တဿ၊ ထိုအသံမှ။ တွံ၊ သင်သည်။ စေ ဘာယသိ၊ အကယ်၍ ကြောက်အံ့။ ကိသာ နူန၊ ကြုံလှီသည်သာ လျှင်။ ဘဝိဿသိ၊ ဖြစ်လတ္တံ့။

ဤတော၌ သင်အား ဘေးမရှိ၊ ထို့ကြောင့် မကြောက်လင့်ဟု ရုက္ခဇိုဝ်းနတ်သည် ဆင်အားအဆုံးအမကိုပေး၏။ ဆင်သည်လည်း ထိုနေ့မှစ၍ ကြောက်ခြင်းမရှိသည် ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကိုပြပြီးသည်၏ အဆုံး၌ ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းသနည်းဟူမူကား ယခုအခါ ရဟန်းသည် ထိုအခါ ဆင်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရုက္ခဇိုဝ်းနတ် ဖြစ်ဘူးပြီ၊ ဤသိုဇာတ်ကို ပေါင်းတော်မူ၏။

ခုသာမက၊ ရှေးဘဝ၊ မုချ သေဘေးကြောက်

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ဒုဗ္ဗလကဋ္ဌဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ပရောသတဝဂ်

၆။ ဥဒဉ္စနီဇာတ်

အပျိုကြီးဖျက်ဆီး၍ သီလပျက်သော ရသေ့၏အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သုခံ ဝတ မံ ဇီဝန္တံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဥဒဉ်စနီဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အပျိုကြီး ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် တေရသကနိပါတ် စူဠနာရဒကဿပဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ အထူးကား ရဟန်း သင်သည် ငြီးငွေ့ သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် သင်၏ စိတ်သည် အဘယ်သူ၌ တည်စွန်းသနည်းဟု မေးတော်မူ၏။ ရဟန်းသည် တယောက်သောအပျိုကြီး၌ တပ်စွန်း၏ဟု လျှောက်၏။ ထိုရဟန်းကို

မြတ်စွာဘုရားသည် ရဟန်း ယခုအခါ၌သလျင် ဤအပျိုကြီးသည် သင်၏ အကျိုးမရှိသည်ကို ပြုသည်မဟုတ်သေး၊ ရှေး၌လည်း ပြုဘူးသည်သင်တည်း။ သင်သည် ထိုမိန်းမကိုမှီ၍ သီလပျက်စီးခြင်းသို့ရောက်၍ တုန်တုန်လှုပ်လှုပ်သွားလျက် ပညာရှိတို့ကိုမှီ၍ ချမ်းသာရာရဘူးသလျင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒက်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဤသို့ အစရှိသော အတိတ်ဝတ္ထုသည်လည်း စူဠနာရဒကသပဇာတ်၌လျှင် ထင်စွာဖြစ်လတ္တံ့၊ အထူးကား ထိုအခါ ဘုရားလောင်းသည် ညအခါ၌ သစ်သီးကြီးငယ်တို့ကိုယူပြီးသော် လာ၍ ကျောင်းတံခါးကိုဖွင့်၍ ဝင်ပြီးလျှင် သားဖြစ်သော ရသေ့ငယ်ကို ချစ်သား သင်သည် တပါးကုန်သောနေ့တို့၌ ထင်းတို့ကိုဆောင်၏။ သောက်ရေ သုံးဆောင်ရေတို့ကို ဆောင်၏။ မီးကိုပြု၏။ ယနေ့မူကား တခုသောအမှုကိုလည်း မပြုမူ၍ အဘယ့်ကြောင့် မျက်နှာမသာသည်ဖြစ်၍ ဝင်လျက် အိပ်သနည်းဟု မေး၏။ ဘခင် သင်တို့သည် သစ်သီးကြီးငယ်အကျိုး ငှါ သွားလတ်သော် တယောက်သောမိန်းမသည်လာလတ်၍ အကျွန်ုပ်ကို ဖျားယောင်း၍ ခေါ်သွားအံ့ဟု အားထုတ်၏။ အကျွန်ုပ်သည်ကား သင်တို့လွှတ်မှ သွားအံ့ဟု မလိုက်သေး၊ ဤမည်သောအရပ်၌ကား ထိုမိန်းမကို နေနှင့်စေ၍ လာခဲ့၏။ ဘခင်အကျွန်ုပ်သည် ယခု သွားအံ့ဟု ဆို၏။

ဘုရားလောင်းသည် ဤရသေ့ငယ်ကို ပြန်စိမ့်သောငှါ မတတ်နိုင်ဟုသိ၍ ချစ်သား ထိုသို့တပြီးကား သွားလော့ မိန်းမသည်ကား သင့်ကိုဆောင်၍ အကြင်အခါ၌ ငါး အမဲ အစရှိသည်တို့ကိုလည်း လိုသည် ဖြစ်လတ္တံ့၊ ထောပတ် ဆီ ဆန် အစရှိသည်တို့ကိုလည်း ထိုမိန်းမသည် အလိုရှိသည် ဖြစ်လတ္တံ့၊ ထိုအခါ ဤမည်သောဝတ္ထုကို ဆောင်ချေဟု သင့်ကို ပင်ပန်းစေလတ္တံ့။ ထိုအခါ ငါ၏ကျေးဇူးကို အောက်မေ့သဖြင့် ပြေးလာ၍ ဤအရပ်သို့သာလျှင် လာလောဟု ဆို၍ လွှတ် လိုက်၏။ ရသေ့ငယ်သည် ထိုမိန်းမနှင့်တကွ လူ့ပြည်သို့ သွား၏။ ထိုအခါ ထိုရသေ့ငယ်ကို ထိုမိန်းမသည် မိမိအလိုသို့လိုက်စေ၍ အမဲကို ဆောင်ချေလော၊ ငါးကို ဆောင်ချေလော၊ အကြင်ဝတ္ထုဖြင့် အလိုရှိ၏။ ထိုဝတ္ထုကို ဆောင်ချေလောဟု ဆို၏။ ထိုအခါ ရသေ့ငယ်သည် ဤမိန်းမသည် ငါ့ကို ကျွန်ကဲ့သို့၎င်း၊ အမှုလုပ်သော သူကဲ့သို့၎င်းပြု၍ နှိပ်စက်၏ဟုပြေး၍ အဘထံသို့ သွား၍ အဘကို ရှိခိုး၍ ရပ်လျက်သလျှင်-

၁၀၆။ သုခံ ဝတ မံ ဇီဝန္တံ၊ ပစမာနာ ဥဒဉ်စနီ။
စောရီ ဇာယပ္ပဝါဒေန၊ တေလံ လောဏဉ္စ ယာစတိ။

ဟူသော ဤဂါထာကို ဆို၏။

၁၀၆။ တာတ၊ ဘခင်။ တုမှာကံ၊ သင်တို့၏။ သန္တိကေ၊ အထံ၌။ ဝတ၊ စင်စစ်။ သုခံ၊ ချမ်းသာစွာ။ ဇီဝန္တံ၊ အသက်မွေးသော။ မံ၊ ငါ့ကို။ ပစမာနာ၊ ပူပန်စေတတ်သော။ ဥဒဉ်စနီ၊ ရေလှောင်အိုးနှင့် တူသော။ စောရီ၊ ခိုးသူမသည်။ ဇာယပ္ပဝါဒေန၊ သာယာစွာသော စကားဖြင့်။ ဥပလောဘေတွာ၊ ဖျားယောင်း၍။ တေလဉ္စ၊ ဆီကို၎င်း။ လောဏဉ္စ၊ ဆားကို၎င်း။ ယာစတိ၊ တောင်း၏။

ထိုအခါ ရသေ့ငယ်ကို ဘုရားလောင်းသည် နှစ်သိမ့်စေ၍ ချစ်သား ထိုသို့ဖြစ်စေ၊ လာလော၊ သင်သည် မေတ္တာကို ပွားစေလော၊ ကရုဏာကို ပွားစေလော၊ မုဒိတာကို ပွားစေလော၊ ဥပေက္ခာကို ပွားစေလော၊ ဤသို့ လေးပါးကုန်သော ဗြဟ္မဝိဟာရတရားတို့ကို၎င်း, ကသိုဏ်း ပရိကံတို့ကို၎င်း ကြား၏။ ထိုရသေ့ငယ်သည် မကြာမြင့်မီလျှင် အဘိညာဥ်တို့ကို၎င်း, ရှစ်ပါးသော သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဗြဟ္မဝိဟာရတရားတို့ကို ပွားစေ၍ အဘနှင့်တကွ ဗြဟ္မာ့ပြည်၌ ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ထိုရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူ ယခုအခါ အပျိုကြီးသည် ထိုအခါ အပျိုကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငြီးငွေ့သောရဟန်းသည် ထိုအခါ ရသေ့ငယ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အဘဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မိန်းမကိုတပ်၊ ဆင်းရဲလတ်၊ ဘမြတ်ထံမှီ ချမ်းသာစည်

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဥဒဉ္စနီဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ပရောသတဝဂ်

၇။ သာလိတ္တကဇာတ်

ကျောက်စရစ် ပစ်တတ်သော ရဟန်း၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သာဓု ခေါ် သိပ္ပကံ နာမ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသာလိတ္တကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ကျောက်စရစ် ပစ်တတ်သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းသည် သာဝတ္ထိပြည်၌နေသော တယောက်သော အမျိုး သားသည် ဖြစ်သတတ်၊ ထိုအမျိုးသားသည် ကျောက်စရစ်ပစ်သောအတတ်၌ အပြီးသို့ရောက်၏။ တနေ့သ၌ ထိုအမျိုးသားသည် တရားတော်ကိုနာရ၍ သာသနာတော်၌ရင်ကိုပေး၍ ရဟန်း ပြု၍ ပဉ္စင်းအဖြစ်ကိုရ၏။ သိက္ခာပုဒ်ကိုအလိုမရှိ အကျင့်ကို မကျင့်သည်ဖြစ်၏။ ထိုရဟန်းသည် တနေ့သ၌ တယောက်သော ပဉ္စင်းငယ်ကိုခေါ်၍ အစိရဝတီ မြစ်နားသို့သွား၍ ရေချိုး၍ မြစ်နား၌ ရပ်၏။

ထိုအခါ နှစ်ခုကုန်သော ဖြူကုန်သောဟင်္သာတို့သည် ကောင်းကင်ခရီးဖြင့် သွားကုန်၏။ ထိုကျောက်စရစ်ပစ်တတ်သော ရဟန်းသည် ပဉ္စင်းငယ်ကို နောက်ဟင်္သာကို ကျောက်ရစ်ဖြင့် မျက်စိကိုကိုပစ်၍ ခြေရင်း၌ကျစေအံ့ဟု ဆို၏။ ပဉ္စင်းငယ်သည် အဘယ်သို့ ကျစေလတ္တံ့နည်း၊ ပစ်အံ့သောငှါ မတတ်နိုင်လတ္တံ့ဟု ဆို၏။ ကျောက် စရစ်ပစ်တတ်သော ရဟန်းသည် ဟင်္သာ၏ ဤမှာဘက်မျက်စိကိုထားဘိဦး ထိုမှာဘက်မျက်စိသို့ ထွင်း၍သွားအောင် ပစ်အံ့ဟု ဆို၏။ ယခု မဟုတ်မမှန်သည်ကိုဆို၏ဟု ဆို၏။ ထိုသို့တပြီးကား ကြည့်လောဟုဆို၍ တခုသော ထက်စွာသော ကျောက်စရစ်ကိုကိုင်၍ လက်ချောင်း၌ထား၍ ထိုဟင်္သာ၏ နောက်သို့ပစ်၏။ ထိုကျောက်စရစ်သည် ရုန်းဟူသောအသံကိုပြု၏။ ဟင်္သာသည်ကား ရန်လာသည်ဖြစ်ရာ၏ဟု ပြန်၍ အသံကိုနားထောင်သောငှါ အားထုတ်၏။ ကျောက်စရစ်ပစ်တတ်သော ရဟန်းသည် ထိုခဏ၌ တခုသော လုံးသောကျောက်စရစ်ကို ကိုင်ပြန်၍ ကြည့်သောထိုဟင်္သာ၏ ထိုမှာဘက်မျက်စိ၌ ပစ်၏။ ဤမှာဘက် မျက်စိကိုထွင်း၍ သွား၏။ ဟင်္သာသည်လည်း သည်းစွာသောအသံကိုမြည်လျက် ခြေရင်း၌ကျ၏။ ထိုထိုအရပ်မှ ရဟန်းတို့သည်လာကုန်၍ ကဲ့ရဲကုန်၍ သင်သည် မလျောက်ပတ်သော အမှုကိုပြု၏ဟု မြတ်စွာဘုရားအထံသို့ဆောင်၍ အရှင်ဘုရား ဤရဟန်းသည် ဤမည်သော အမှုကိုပြု၏ဟု ထိုအကြောင်းကို ကြားလောက်ကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းကို ကဲ့ရဲ့တော်မူ၍ ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင် ထိုအတတ်၌ လိမ်မာသည်မဟုတ်သေး၊ ရှေး၌လည်း လိမ်မာဘူးသည်သာတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ အမတ်ဖြစ်၏။ ပုရောဟိတ်သည် အလွန်စကားများ၏။ များစွာဆိုတတ်၏။ ပုဏ္ဏားပြောသည်ရှိသော် တပါးကုန်သောသူတို့သည် ပြောခွင့်ကိုမရကုန်၊ မင်းသည် အဘယ်အခါ၌လျှင် ပုဏ္ဏား၏စကားကိုဖြတ်တတ်သော တစုံတခုသောအတတ်ကို ရပါအံ့နည်းဟု ကြံ၏။ မင်းသည် ထိုနေ့မှစ၍ ထိုသို့သဘောရှိသော တခုသောအတတ်ကိုစုံစမ်းလျက် သွား၏။ ထိုအခါ ဗာရာဏသီပြည်၌ တယောက်သောသူဆွံ့သည် ကျောက်စရစ်ပစ်အတတ်၌ အပြီးသို့ရောက်၏။ ရွာသူသားငယ်တို့သည် ထိုသူဆွံ့ကိုရထားသို့တင်၍ ငင်ကုန်လျက် ဗာရာဏသီ မြို့တံခါးရင်း၌ တခုသော အခွနှင့်ပြည့်စုံသော ပညောင် ပင်ကြီးသည် ရှိ၏။ ထိုညောင်ပင်သို့ ဆောင်၍ ခြံရံ၍ ရွှေအစရှိသည်တို့ကို ပေး၍ ဆင်ရုပ်ကိုပြုလော၊ မြင်းရုပ်ကိုပြုလောဟု ဆိုကုန်၏။ ထိုသူဆွံ့သည် ကျောက်စရစ်ကိုပစ်၍ ပညောင်ရွက်တို့၌ အထူး ထူးသော အရုပ်တို့ကို ပြု၏။ ခပ်သိမ်းသောအရွက်တို့သည် အပေါက်ကြီးအပေါက်ငယ် ရှိကုန်သည်သာလျှင် ဖြစ်ကုန်၏။

ထိုအခါ မင်းသည် ဥယျာဉ်သို့သွားသည်ရှိသော် ထိုအရပ်သို့ရောက်၏။ သေအံ့သည်မှကြောက်သောကြောင့် ခပ်သိမ်းကုန်သောသူငယ်တို့သည် ပြေးကုန်၏။ သူဆွံ့သည် ထိုအရပ်၌ အိပ်၏။ မင်းသည် ပညောင်ပင်ရင်းသို့ရောက်၍ ရထား၌နေလျက် ပညောင်ပင်ရွက်တို့၏ ပေါက် သည်၏အဖြစ်ကြောင့် ပြောက်ကျားသော အရိပ်ကိုမြင်၍ မော်၍ကြည့်သည်ရှိသော် ခပ်သိမ်းကုန်သော ပညောင်ရွက်တို့၏ ပေါက် သည်၏အဖြစ်ကိုမြင်၍ အဘယ်သူသည် ဤသို့ပြုအပ်သနည်းဟု မေး၏။ အရှင်မင်းကြီး သူဆွံ့သည် ပြု၏ဟု လျှောက်သည်ရှိသော် မင်းသည် ဤသူကိုမှီ၍ ပုဏ္ဏားအား စကားပြတ်ခြင်းကိုပြုအံ့သောငှာ တတ်နိုင်သည်ဖြစ်လတ္တံ့ဟု ကြံ၍ သူဆွံ့သည် အဘယ်မှာနည်းဟု ဆို၏။ ရှာသည်ရှိသော် ပညာင်မြစ်ကြား၌ အိပ်သည်ကိုမြင်၍ အရှင်မင်းကြီး ဤသူတည်းဟု လျှောက်ကုန်၏။ ထိုသူဆွံ့ကိုခေါ်စေ၍ ပရိသတ်ကိုပယ်ရှားစေ၍ ငါတို့၏ အထံ၌ တယောက်သော စကားများသော ပုဏ္ဏားသည်ရှိ၏။ ထိုပုဏ္ဏား၏ အသံမရှိသည်ကို ပြုအံ့သောငှါ တတ်နိုင်လတ္တံ့လောဟု မေး၍ အရှင်မင်းကြီး တကွမ်းစား အတိုင်းအရှည်ရှိကုန်သော ဆိတ်ချေးတို့ကိုရကုန်သည်ရှိသော် တတ် နိုင်လတ္တံ့ဟု ဆို၏။ မင်းသည် သူဆွံ့ကို နန်းတော်သို့ဆောင်၍ တင်းတိမ်တွင်း၌နေစေ၍ တင်းတိမ်မှအပေါက်ဖောက်၍ ပုဏ္ဏား၏နေရာကို အပေါက်သို့ရှေးရှုခင်းစေ၍ တကွမ်းစားအတိုင်း အရှည်ရှိကုန်သော ခြောက်ကုန်သောဆိတ်ချေးတို့ကို သူဆွံ့အထံ၌ထားစေ၍ ခစားအံ့သောကာလ၌ လာသောပုဏ္ဏားကို နေရာ၌နေစေ၍ ပုဏ္ဏားသည် တပါးကုန်သောသူတို့အား အခွင့်မပေးမူ၍ မင်းနှင့်တကွ စကားဆိုအံ့သောငှါအား ထုတ်၏။

ထိုအခါ သူဆွံ့သည် တင်းတိမ်ပေါက်ဖြင့် တလုံးတလုံးသော ဆိတ်ချေးကို တောင်း၌သွင်းသကဲ့သို့ ပုဏ္ဏား၏ အာစောက်၌လျှင် ချ၏။ ပုဏ္ဏားသည် လာတိုင်းလာတိုင်းသောဆိတ်ချေးကို ကျည်တောက်၌ ဆီကိုသွင်းသကဲ့သို့မျို၏။ ခပ်သိမ်းကုန်သော ဆိတ်ချေးတို့သည် ကုန်ကုန်၏။ တကွမ်းစားအတိုင်းအရှည် ရှိကုန်သောဆိတ်ချေးတို့သည် ထိုပုဏ္ဏာ၏ဝမ်းသို့ ဝင်ကုန်လတ်သော် ပြည်ဝက်အတိုင်းအရှည် ရှိကုန်၏။ မင်းသည် ဆိတ်ချေးကုန်သည်၏အဖြစ်ကိုသိ၍ ဆရာ သင်တို့သည် အလွန်စကားများသည်၏ အဖြစ်ကြောင့် တကွမ်းစားအတိုင်းအရှည်ရှိကုန်သော ဆိတ်ချေးတို့ကို မျိုကုန်လျက် တစုံတခုမျှမသိကုန်၊ ယခု ဤထက်အလွန်ကို ကျေစိမ့်သောငှါမတတ်နိုင်လတ္တံ့၊ သွားလေလော ငုရေကို သောက်၍ ဝမ်းကျစေ၍ ကိုယ်ကိုရောဂါမရှိသည်ကို ပြုလေလောဟုဆို၏။ ပုဏ္ဏားသည် ထိုနေ့မှစ၍ ပိတ်သောခံတွင်းရှိသကဲ့သို့ ဖြစ်၏။ စကား ပြောသောသူနှင့်လည်း စကားမပြောသော အလေ့ရှိသည် ဖြစ်၏။ မင်းလည်း ဤသူဆွံ့သည် ငါ၏နားချမ်းသာခြင်းကို ပြုပေ၏ဟု သူဆွံ့အား အခွန်ဘသိန်းထွက်ကုန်သော အရပ်လေးမျက်နှာတို့၌ ရွာလေးရွာတို့ကို ပေး၏။ ဘုရားလောင်းသည် မင်းသို့ကပ်၍ အရှင်မင်းကြီး အတတ်မည်သည်ကို လောက၌ ပညာတို့သည် သင်အပ်၏။ သူဆွံ့သည် ကျောက်စရစ် ပစ်သောအတတ်ဖြင့်လည်း ဤစည်းစိမ်ကို ရ၏ဟု ဆိုလို၍-

၁၀၇။ သာဓု ခေါ သိပ္ပကံ နာမ၊ အပိ ယာဒိသ ကီဒိသံ။
ပဿ ခဉ္ဇပ်ပဟာရနေ၊ လဒ္ဓါ ဂါမာ စတုဒိသာ။

ဟူသော ဤဂါထာကို ဆို၏။

၁၀၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယာဒိသ ကီဒိသံ၊ အမှတ်မဲ့ ရှူအပ်သော သဘောရှိသော။ သိပ္ပကံ နာမ အပိ၊ အတတ်မည်သည်လည်း။ သာဓု ခေါ ယေဝ၊ ကောင်းသည်သာလျှင်တည်း။ ပဿ၊ ရှုပါလော။ ပီဌသမ္ပိနာ၊ သူဆွံ့သည်။ ခဉ္ဇပ်ပဟာရနေ၊ ဆိတ်ချေးပစ်သဖြင့်။ စတုဒိသာ၊ အရပ်လေး မျက်နှာတို့၌ ရှိကုန်သော။ ဂါမာ၊ ရွာတို့ကို။ လဒ္ဓါ၊ ရအပ်ကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဤရဟန်းသည် ထိုအခါ သူဆွံ့ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိအမတ်ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အတတ်ဟူသမျှ၊ လူ့လောက၊ သင်ရမည်သာ ပညဝါ

ခုနှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သာလိတ္တကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ပရောသတဝဂ်

၈။ ဗာဟိယဇာတ်

အဆင်းမလှသဖြင့် ဆူဝသောမိန်းမသည် အဆင်းလှသောမင်း၏ မိဖုယားဖြစ်ရသောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သိက္ခေယျ သိက္ခိတဗ္ဗာနိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗာဟိယဇာတ်ကို ဝေသာလီပြည်ကိုမှီ၍ မဟာဝုန်၌ စုလစ်မွန်းချွန်တပ်သောကျောင်းတော်၌ နေတော်မူစဉ် တယောက်သော လိစ္ဆဝီမင်းကိုကြောင်းပြု၍ ဟောတော်မူ၏။ ထိုလိစ္ဆဝီမင်းသည် သဒ္ဓါခြင်းရှိ၏။ ဘုရားအမှူးရှိသောသံဃာကိုဘိတ်၍ မိမိအိမ်၌ ကြီးစွာသောအလှူကို လှူ၏။ ထိုမင်း၏မယားသည်ကား ဆူသောအင်္ဂါကြီးငယ်ရှိ၏။ ဖူးဖူးယောင်သော သူသေကောင်နှင့်တူ၏။ အသွင်အပြင်နှင့် မပြည့်စုံ၊ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးသောကိစ္စအဆုံး၌ တရားဟောတော်မူပြီးသော် ကျောင်းတော်သို့ ကြွတော်မူ၍ ရဟန်းတို့အား အဆုံးအမကိုပေး၍ ဂန္ဓကုဋိဝင်တော်မူ၏။ ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ အလွန်အဆင်း လှသော ထိုသို့သဘောရှိသော လိစ္ဆဝီမင်းအားစင်လျက် ဆူသောအင်္ဂါရှိသော အသွင်အပြင်နှင့်မပြည့်စုံသော ထိုသို့သဘောရှိသော မိန်းမသည် ဖြစ်၏။ ထိုမင်းသည် ထိုမိန်းမနှင့်တကွ အသို့လျှင် မွေ့ လျော်လေသနည်းဟု စကားကိုဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဤလိစ္ဆဝီမင်းသည် ယခုအခါ၌သာလျှင် ဆူသောကိုယ်ရှိသောမိန်းမနှင့်တကွ မွေ့လျော်သည် မဟုတ်သေး၊ ရှေး၌လည်း ဆူသောကိုယ်ရှိသည်သာလျှင်ဖြစ်သော မိန်းမနှင့်တကွ မွေ့လျော်ဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်း၏ အမတ်သည်ဖြစ်၏။ ထိုအခါ တယောက်သောဇနပုဒ်သူမိန်းမသည် ဆူသောကိုယ်ရှိ၏။ အသွင် အပြင်နှင့် မပြည့်စုံ၊ အခအမှုကိုပြုလျက် မင်းယင်ပြင်၏အနီးဖြင့် သွားသည်ရှိသော် ကျင်ကြီးနှိပ်စက်သည်ဖြစ်၍ ဝတ်သောအဝတ်ဖြင့် ကိုယ်ကိုဖုံးလွှမ်း၍ထိုင်လျှက် ကိုယ်လက်အညစ် အကြေးကိုသုတ်သင်၍ လျှင်စွာသာလျှင်ထ၏။ ထိုအခါ ဗာရာသီမင်းသည် လေသွန်ပြူတင်းဖြင့် မင်းယင်ပြင်ကို ကြည့်သည်ရှိသော် ထိုမိန်းမကိုမြင်၍ ဤမိန်းမသည် ဤသို့သဘောရှိသောလွင်ပြင်၌ ကိုယ်လက်အညစ် အကြေးကို သုတ် သင်လျက် အရှက်အကြောက်ကိုမစွန့်မူ၍ ဝတ်သောအဝတ်ဖြင့်သာလျှင်ဖုံးလွှမ်း၍ ကိုယ်လက်အညစ်အကြေးတို့ကို သုတ်သင်၍ လျှင်စွာထ၏။ ဤမိန်းမသည် ရောဂါမရှိသည် ဖြစ်ရာ၏။ ဤသို့ သဘောရှိသောမိန်းမ၏သားအိမ်သည် သန့်ရှင်းသည် ဖြစ်လတ္တံ့၊ သန့်ရှင်းသော သားအိမ်၌ရှိသော တယောက်သောသားသည် သန့်ရှင်းသည် ဘုန်းရှိသည် ဖြစ်လတ္တံ့၊ ဤမိန်းမကို ငါသည် မိဖုယားကြီးပြုခြင်းငှါ သင့်၏ဟု ကြံ၏။

မင်းသည် ထိုမိန်းမအား လင်မရှိသည်၏ အဖြစ်ကိုသိ၍ ခေါ်စေပြီးလျှင် မိဖုယားကြီးအရာကို ပေး၏။ မင်းသည် ထိုမိန်းမကို ချစ်မြတ်နိုး၏။ မကြာမြင့်မီပင်လျှင် တယောက်သော သားဖွား၏။ ထိုမိန်းမ၏သားသည် စကြဝတေးမင်းဖြစ်၏။ ဘုရားလောင်းသည် ထိုမိန်းမ၏ စည်းစိမ်၏ ပြည့်စုံခြင်းကိုမြင်၍ ထိုသို့သဘောရှိသော စကားအခွင့်ကိုရ၍ အရှင်မင်းကြီး သင်အပ်သည်နှင့်ယှဉ်သော အတတ်မည်သည်ကို အဘယ်ကြောင့်မသင်ရာသနည်း၊ ဘုန်းရှိသောဤမိန်းမသည် အရှက် အကြောက်ကို မစွန့်မူ၍ ဖုံးလွှမ်းသောအခြင်းအရာဖြင့် ကိုယ်လက်သုတ်သင်ခြင်းကိုပြုလျှက် သင်မင်းကြီးတို့ကိုနှစ်သက်စေ၍ ဤသို့သဘောရှိသော စည်းစိမ်ကို ရ၏ဟ ဆို၍ သင်အပ်သည်နှင့်ယှဉ်သော အတတ်၏ ကျေးဇူးကို ချီးမွမ်းလိုရကား-

၁၀၈။ သိက္ခေယျ သိက္ခိတဗ္ဗာနိ၊ သန္တိ သစ္ဆန္ဒိနော ဇနာ။
ဗာဟိယာ ဟိ သုဟန္နေန၊ ရာဇာန မဘိရာဓယိ။

ဟူသော ဤဂါထာကို ဆို၏။

၁၀၈။ သိက္ခိတဗ္ဗာနိ၊ သင်အပ်ကုန်သော အတတ်တို့ကို။ သိက္ခေယျ၊ သင်ရာ၏။ သစ္ဆန္ဒိနော၊ ထိုအတတ်၌ ဆန္ဒရှိကုန်သော။ ဇနာ၊ လူတို့သည်။ သန္တိ၊ ရှိကုန်၏။ ဟိ-သစ္စံ၊ မှန်၏။ ဗာဟိယာ၊ မြို့ပ၌ဖြစ်သော ဇနပုဒ်သူသည်။ သုဟန္နေန၊ ဖုံး လွှမ်း၍ ကိုယ်လက် သုတ်သင်သဖြင့်။ ရာဇာနံ၊ မင်းကို။ အဘိရာဓယိ၊ နှစ်သက်စေ၏။

ဤသို့ ဘုရားလောင်းသည် သင်အပ်သည်မည်သော အတတ်တို့၏ကျေးဇူးကို ဆို၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ လင် မယားတို့သည် ထိုအခါ လင်မယားတို့သည် ဖြစ်ဘူးကုန်ပြီ။ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိအမတ် ဖြစ်ဘူးပြီ၊ ဤသိုဇာတ်ကို ပေါင်းတော်မူ၏။

အရှက်အကြောက်၊ မစွန့်မြောက်၊ ထီးရောက်နန်းညာသိက္ခိတာ

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဗာဟိယဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ပရောသတဝဂ်

၉။ ကုဏ္ဍကပူဝဇာတ်

ကြက်ဆူပင်စောင့်ရုက္ခဇိုဇ်အား ဆန်ကွဲမုန့်ဖြင့် ပသလုပ်ကျွေးသောကြောင့် သူဌေးဖြစ်သောသူဆင်းရဲအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယထန္နော ပုရိသော ဟောတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုဏ္ဍကပူဝဇာတ်ကို သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မဟာဒုဂ္ဂတကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ သာဝတ္ထိပြည်၌ ရံခါ တဦးသော အမျိုးသည်သာလျှင် ဘုရားအမှူးရှိသောရဟန်းသံဃာအား အလှူကို လှူဒါန်း၏။ ရံခါ နှစ်ဦး သုံးဦးကုန်သောအမျိုးတို့သည် တပေါင်းတည်းပေါင်း၍ လှူဒါန်းကုန်၏။ ရံခါ အပေါင်းဖွဲ့သဖြင့် လှူဒါန်း၏။ ရံခါ ခရီးသဘောတူအားဖြင့် လှူဒါန်း၏။ ရံခါ အလုံးစုံသော မြို့သူအပေါင်းသည် ဆန္ဒတူစု၍ လှူဒါန်းကုန်၏။ ထိုအခါ လမ်း ခရီးတူအားဖြင့် လှူအပ်သောဆွမ်းသည် ဖြစ်၏။ ထိုအခါ လူတို့သည် ဘုရားအမှူးရှိသောရဟန်းသံဃာအား လှူခြင်းငှါ ယာဂုကို ဆောင်ခဲ့ကုန်လော့ ခဲဘွယ်ကို ဆောင်ခဲ့ကုန်လော့ဟု ဆို၏။

ထိုအခါ တယောက်သော သူတပါးတို့၏ အခ စားအမှုလုပ်သော သူဆင်းရဲသည် ထိုအလှူ ပေးသောလမ်းခရီး၌နေလျက် ငါသည် ယာဂုကို လှူအံ့သောငှါမတတ်နိုင်၊ ခဲဘွယ်ကိုကား လှူအံ့ဟုကြံ၏။ ကြံပြီး၍ သိမ်မွေ့စွာသော ဆန်ကွဲကိုထောင်း၍ ရေဖြင့်ဆွတ်၍ မရိုးရွက်ဖြင့်ထုပ်၍ ပြာပူ၌ဖုတ်၍ ဤမုန့်ကို ဘုရားအား လှူအံ့ဟု ထိုမုန့်ကိုယူလျက်သွား၍ ဘုရားအထံတော်၌ ရပ်၏။ ခဲဘွယ်ယူခဲ့ကြကုန်လော့ဟု တခွန်းတည်းသောစကားကိုဆိုကာမျှ၌ ခပ်သိမ်းသောသူတို့၏ ရှေး ဦးစွာသွား၍ ထိုမုန့်ကို ဘုရားရှင်သပိတ်တော်၌ တည်စေ၍နေ၏။ သဗ္ဗညူမြတ်စွာဘုရားသည် တပါးသောသူတို့သည် လှူအပ်သောခဲဘွယ်ကိုမယူမူ၍ ထိုမုန့်ခဲဘွယ်ကိုသာလျှင် ဘုဉ်းပေးတော်မူ၏။ ထိုခဏ၌လျှင် သဗ္ဗညူမြတ်စွာဘုရားသည် မဟာဒုဂ္ဂတ၏ဆန်ကွဲမုန့်ခဲဘွယ်ကို စက်ဆုပ်တော်မမူဘဲ အမြိုက်သုဓာဘုတ်ကဲ့သို့ ဘုဉ်းပေးတော်မူ၏ဟု မြို့အလုံးသည် တပြိုင်နက် အုတ် အုတ်ကျက်ကျက်ဖြစ်၏။ မင်း၏အမတ်အစရှိကုန်သော အယုတ်သဖြင့်တံခါးစောင့်တို့ကို အစ ပြု၍ အလုံးစုံသောသူတို့သည်လျှင် စည်းဝေးကုန်လျက် မြတ်စွာဘုရားကို ရှိခိုးကုန်၍ မဟာဒုဂ္ဂတသို့ချဉ်းကပ်ကုန်လျက် အချင်းမဟာဒုဂ္ဂတ တရာယူ၍ နှစ်ရာယူ၍ ငါတို့အား အဘို့ကိုဝေလောဟု ဆိုကြကုန်၏။ မဟာဒုဂ္ဂတသည် ဘုရားရှင်ကိုမေးလျှောက်၍သိအံ့ဟု ဘုရားအထံတော်သို့လာ၍ ထိုအကြောင်းကို လျှောက်၏။

သဗ္ဗညူမြတ်စွာဘုရားသည် သီတင်းသည် ဥစ္စာကိုယူ၍၎င်း၊ မယူ၍၎င်း ခပ်သိမ်းသောသူတို့အား အဘို့ကိုဝေလောဟု မိန့်တော်မူ၍ မဟာဒုဂ္ဂတသည်ဥစ္စာကို ယူအံ့သောငှါ အားထုတ်၏။ လူတို့သည် နှစ်ဆ, လေးဆအစရှိသည်တို့၏အစွမ်းအားဖြင့် ပေးကုန်လျက် ရွှေကိုးကုဋေတို့ကို ပေးကြကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် အနုမောဒနာပြုပြီးသော် ကျောင်းတော်သို့ သွား၍ ရဟန်းတို့သည်ဝတ်ပြုပြီးသော် ဘုရားတို့၏ အဆုံးအမကို ပေးတော်မူ၍ ဂန္ဓကုဋိသို့ ဝင်တော်မူ၏။ မင်းသည် ညချမ်းသောအခါ၌ မဟာဒုဂ္ဂတကိုခေါ်၍ သူဌေးအရာဖြင့် ပူဇော်၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ သဗ္ဗညူမြတ်စွာဘုရားသည် မဟာဒုဂ္ဂတသည် လှူအပ်သောမုန့်ခဲဘွယ်ကို မစက်မဆုပ် အမြိုက်သုဓာဘုတ်ကဲ့သို့ ဘုဉ်းပေးတော်မူ၏။ မဟာဒုဂ္ဂတသည်လည်း များစွာသောဥစ္စာကို၎င်း သူဌေးအရာကို၎င်းရ၍ ကြီးစွာသောစည်းစိမ်သို့ ရောက်လေ၏ဟုစကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်း ဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ငါသည် မဟာဒုဂ္ဂတ၏ ဆန်ကွဲမှုကို မစက်ဆုပ်သဖြင့် ဘုဉ်းပေးတော်မူသည် မဟုတ်သေး၊ ရှေး၌လည်း ရုက္ခဇိုဝ်းနတ်ဖြစ်၍ သုံးဆောင်ဘူး သလျှင်ကတည်း၊ ထိုအခါ ၌လည်း မဟာဒုဂ္ဂတသည် ငါ့ကိုမှီ၍ သူဌေးအရာကို ရဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် တခုသောအရပ်ဝယ် ကြက်ဆူပင်စောင့် ရုက္ခဇိုဝ်းနတ် ဖြစ်၏။ ထိုအခါ ရွာ၌လူတို့သည် နတ်တို့ကိုကိုးကွယ်ကုန်၏။ ထိုအခါ တခုသောပွဲသဘင်သည် ရောက်လတ်သည်ရှိသော် လူတို့သည် မိမိတို့၏ရုက္ခဇိုဝ်းနတ်တို့အား ပူဇော်ခြင်းကိုပြုကုန်၏။ ထိုအခါ ဆင်းရဲစွာသောလူတယောက်သည် ရုက္ခဇိုဝ်းနတ်ကိုပူဇော်ကုန်သော လူတို့ကိုမြင်၍ တခုသောကြက်ဆူပင်ကိုသုတ်သင်၍ ပူဇော်၏။ လူတို့သည် မိမိမိမိတို့၏နတ်တို့အား အထူးထူး အပြားပြားရှိကုန်သော ပန်း နံ့သာ, နံ့သာပျောင်းတို့ကို၎င်း၊ ခဲဘွယ် ဇဉ်တို့ကို၎င်း ယူ၍သွားကုန်၏။ ထိုသူဆင်းရဲသည်ကား ဆန်ကွဲမုန့်ကို၎င်း, ရေ မှုတ်ဖြင့်ရေကို၎င်း ယူလျက်သွား၍ ကြက်ဆူပင်၏ အနီး၌ရပ်၍ နတ်တို့မည်သည်ကား နတ်ခဲဘွယ်ကိုသာ စားကုန်၏။ ငါ၏နတ်သည် ဆန်ကွဲမုန့်ကိုမစားလတ္တံ့၊ ဤဆန်ကွဲမုန့်ဖြင့် အဘယ်ပြုအံ့နည်း၊ နတ်မင်းအား ငါမပေးပြီ၊ ငါသည်ပင် ဆန်ကွဲမုန့်ကို စားအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုအရပ်မှလျှင် ပြန်လည်၏။

ဘုရားလောင်းသည် ကြက်ဆူင်ခွ၌ရပ်၍ အိုယောက်ျား သင်သည် အကယ်၍ စည်းစိမ်ရှင်ဖြစ်ငြားအံ့၊ ငါ့အား ကောင်းသောခဲဘွယ်ကို ပေးရာ၏။ သင်သည်ကား ဆင်းရဲ၏။ ငါသည် မုန့်ကိုမစားမူ၍ တပါးသော ခဲဘွယ်ကိုအဘယ်ကြောင့် စားအံ့နည်း၊ ငါ၏အဘို့ကို မပျက်စီးစေလင့်ဟု ဆိုလို၍-

၁၀၉။ ယထန္နော ပုရိသော ဟောတိ၊ တထန္နာ တဿ ဒေဝတာ။
အာဟရေတံ ကုဏ္ဍပူဝံ၊ မာ မေ ဘာဂံ ဝိနာသယ။

ဟူသော ဤဂါထာကို ဆို၏။

၁၀၉။ ပုရိသ၊ အို-ယောက်ျား ပုရိသော၊ နတ်တို့ကို ကိုးကွယ်သောယောက်ျားသည်။ ယထန္နော၊ အကြင်သို့ သဘောရှိသောအာဟာရကို စားသည်။ ဟောတိ၊ ဖြစ်၏။ တဿ၊ ထိုယောက်ျား၏။ ဒေဝတာ၊ နတ်သည်။ တထန္နာ၊ ထိုသို့သဘောရှိသော ဘောဇဉ်ကို စားသည်။ ဟောတိ၊ ဖြစ်၏။ တွံ၊ သင်သည်။ ဧတံ ကုဏ္ဍပူဝံ၊ ထိုဆန်ကွဲမုန့်ကို။ အာဟရ၊ ဆောင်ခဲ့လော။ မေ၊ ငါ၏။ ဘာဂံ၊ အဘို့ကို။ မာ ဝိနာသယ၊ မပျက်စီးစေလင့်။

ထိုဆင်းရဲသောယောက်ျားသည် ပြန်လျှက် ဘုရားလောင်းကိုကြည့်၍ ပူဇော်ခြင်းကိုပြု၏။ ဘုရားလောင်းသည် ဆန်ကွဲမုန့်မှ ဩဇာကိုစား၍ အိုယောက်ျား အဘယ်အကျိုးငှါ ငါ့ကိုလုပ်ကျွေးသနည်းဟု မေး၏။ အရှင်အကျွန်ုပ်သည် ဆင်း ရဲ၏။ အရှင်နတ်မင်းကိုမှီ၍ ဆင်းရဲသောအဖြစ်မှ လွတ်လို၏။ ထို့ကြောင့် ရှင်နတ်မင်းကို လုပ် ကျွေး၏ဟုဆို၏။ အိုယောက်ျား သင်မစိုးရိမ်လင့်၊ သင်သည် ကျေးဇူးကိုသိတတ်သော ကျေးဇူးကိုဆပ်တတ်သော ငါ့အား ပူဇော်ခြင်းကိုပြုအပ်၏။ ဤကြက်ဆူပင်ကိုရံ၍ ရွှေအိုးတို့သည် လည်ချင်းထိ၍တည်ကုန်၏။ သင်သည် မင်းအား ကြား လျှောက်၍ လှည်းတို့ဖြင့် ဥစ္စာကိုဆောင်စေ၍ မင်းယင်ပြင်၌ စုပုံလော၊ မင်းသည် သင့်အားနှစ်သက်၍ သူဌေးအရာကို ပေးလတ္တံ့ဟု ဆို၍ ဘုရားလောင်းသည် ကွယ်၏။ ထိုသူဆင်းရဲသည် ဘုရားလောင်းဆိုတိုင်း ပြု၏။ မင်းသည်လည်း သူဆင်းရဲအား သူဌေးအရာကို ပေး၏။ ဤသို့ သူဆင်းရဲသည် ဘုရားလောင်းကို မှီ၍ ကြီးစွာသောစည်းစိမ်သို့ရောက်၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ ယခုအခါ သူဆင်းရဲသည်လျှင် ထိုအခါ သူဆင်းရဲ ဖြစ်ဘူးပြီး ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကြက်ဆူပင်စောင့်နတ် ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ဆန်ကွဲမုန့်လှူ၊ ဆင်းရဲသူ၊ ရှေးတူ ခုဘဝ စည်းစိမ်ရ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ကုဏ္ဍကပူဝဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ပရောသတဝဂ်

၁၀။ သဗ္ဗသံဟာရကပဥှာဇာတ်

ပညာပါရမီကို ဟောတော်မူသောအကြောင်း

ပစ္စုပ္ပန် နှင့်အတိတ်ဝတ္ထု... သဗ္ဗသံဟာရကော နတ္ထိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသဗ္ဗသံဟာကပဉှာဇာတ်သည် ခပ်သိမ်းသောအခြင်းအရာအားဖြင့် ဥမင်္ဂဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ ဂါထာကား-

၁၁၀။ သဗ္ဗသံဟာရကော နတ္ထိ၊ သုဒ္ဓံ ကင်္ဂု ပဝါယတိ။
အလီကံ ဘာသတိယံ ဓုတ္တီ၊ သစ္စမာဟ မဟလ္လိကာ။

ဟူသည်တည်း။

၁၁၀။ ပဏ္ဍိတ၊ ပညာရှိသုခမိန်။ သဗ္ဗသံဟာရကော၊ သဗ္ဗသံဟာရက မည်သောနံ့သာသည်။ နတ္ထိ၊ မရှိ။ သုဒ္ဓံ၊ သက်သက်။ ကင်္ဂု၊ ဆေးမျိုး အဝင်အပါ ဥပါသကာ နံ့သာသည်သာလျှင်။ ပဝါယတိ၊ လှိုင်၏။ အယံ ဓုတ္တီ၊ ဤခိုးစားတတ်သော မိန်းမငယ်သည်။ အလီကံ၊ မမှန်သော စကားကို။ ဘာသတိ၊ ဆို၏။ အယံ မဟလ္လိကာ၊ ဤမိန်းမကြီးသည်။ သစ္စာ၊ မှန်သောစကားကို။ အာဟ၊ ဆို၏။

အလုံးစုံသောနံ့သာတို့ကိုပေါင်းစု၍ ပြုအပ်သောနံ့သာကို သဗ္ဗသံဟာရကနံ့သာ ခေါ်သည်ဟူ၍မှတ်။

နံ့သာပေါင်းစုံ၊ မွှေးကြိုင်ထုံ၊ ခေါ်ကုန်သဗ္ဗ သံဟာရက

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သဗ္ဗသံဟာရကပာဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဟံစိဝဂ်

၁။ ဂဒြဘပဉှာဇာတ်

မြည်း ပြဿနာ၏ အကြောင်း

ပစ္စုပ္ပန်နှင့် အတိတ်ဝတ္ထု... ဟံစိ တုဝံ ဧဝမညာသိ ဤသို့အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဂဒြဘပဥှာဇာတ်သည် မဟာဥမင်္ဂဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ဂါထာကား-

၁၁၁။ ဟံစိ တုဝံ ဧဝမညာသိ သေယျော၊
ပုတ္တေန ပိတာ ရာသေဋ္ဌ။
ဟန္ဒဿတရဿ တေ အယံ၊
အဿတရဿ ဟိ ဂဒြဘော ပိတာ။

ဟူသည်တည်း။

၁၁၁။ ရာဇသေဋ္ဌ၊ မင်းမြတ်။ ဟံစိ၊ အကယ်၍။ တုဝံ၊ သင်မင်းမြတ်သည်။ ပုတ္တေန၊ သားထက်။ ပိတာ၊ အဘသည်။ သေယျော၊ မြတ်၏။ ဣတိ ဧဝံ၊ ဤသို့။ မညာသိ၊ အောက်မေ့မှတ်ထင်တော်မူ၏။ ဟန္ဒ၊ ယခု။ တေ၊ သင်မင်းမြတ်အား။ အဿတရဿ၊ အဿတိုရ် မြင်းထက်။ အယံ၊ ဤမြည်းသည်။ သေယျော၊ မြတ်သည်။ ဟောတု၊ ဖြစ်စေလော။ ဟိ-ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။ ဂဒြဘော၊ မြည်းသည်။ အဿတရဿ၊ အဿတိုရ်မင်း၏။ ပိတာ၊ အဘသည်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထိုကြောင့်။ သေယျော၊ မြတ်သည်။ ဟောတု၊ ဖြစ်စေလား။

ဤဂါထာ၏ ပဌမပါဒ၏အစ၌ ဟံစိ-ဟု တာလုဇ ပဌမက္ခရာနှင့်ရှိရမည်။ ထို့ကြောင့် အဋ္ဌ ကထာ၌ ဟံစိ-ကို ယဒိ-ဟုဖွင့်ပြ၏ ဟံစိနှင့် ယဒိကား အနက်တူ၏။

ပုတ္တပိတာ၊ မြတ်သည့်ရာ၊ မဟာဥမင်ဇာတ်

ရှေးဦးစွာသော ဂဒြဘပဥှာဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဟံစိဝဂ်

၂။ အမရာဒေဝီပဉှာဇာတ်

အမရာဒေဝီနှင့် မဟောသဓာ ပညာစမ်းကြသော အကြောင်း

ပစ္စုပ္ပန်နှင့်အတိတ်ဝတ္ထု... ယေန သတ္တု ဗိဠင်္ဂါ စ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအမရာဒေဝီပဥှာဇာတ်သည်လည်း ထို မဟာဥမင်္ဂဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့၊ ဂါထာကား-

၁၁၂။ ယေန သတ္တု ဗိဠင်္ဂါ စ၊ ဒိဂုဏပလာသော စ ပုပ္ဖိတော။
ယေန ဒဒါမိ တေန ဝဒါမိ၊ ယေန န ဒဒါမိ တေန န ဝဒါမိ။
ဧသ မဂ္ဂေါ ယဝမဇ္ဈကဿ၊ ဧတံ ဆန္နပထံ ဝိဇာနာဟိ။

ဟူသည်တည်း။

၁၁၂။ သာမိ၊ အရှင်။ ယေန၊ အကြင်အရပ်၌။ သတ္တု ဗိဠင်္ဂါစ၊ မုန့်လုံးဈေး, ပအုန်းရည်ဈေးတို့သည်၎င်း။ ပုပ္ဖိတော၊ ပွင့်သော။ ဒိဂုဏပလာသော စ၊ အရွက်နှစ်ဆင့်ရှိသော ပင်လယ်ကသစ်ပင်၎င်း။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရပ်သို့။ ဂန္တွာ၊ သွား၍။ ယေန၊ အကြင်လက်ဖြင့်။ ဒါမိ၊ ပေး၏။ တေန၊ ထိုလက်ဖြင့်။ ဝဒါမိ၊ ဆို၏။ ယေန၊ အကြင်လက်ဖြင့်။ န ဒဒါမိ၊ မပေး။ တေန၊ ထိုလက်ဖြင့်။ န ဝဒါမိ၊ မဆို။ ဧသ-ဧသော၊ ဤခရီးသည်လျှင်။ ယဝမဇ္ဈကဿ၊ ယဝမဇ္ဈကရွာ၌တည်သော ငါတို့အိမ်၏။ မဂ္ဂေါ၊ ခရီးတည်း။ ဧတံ ဆန္နပထံ၊ ဤဖုံးကွယ်သောခရီးကို။ ဝိဇာနာဟိ၊ သိလော။

မဟော် အမရာ၊ စမ်းပညာ၊ မဟာဥမင်ဇာတ်

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော အမရာဒေဝီပဉှာဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဟံစိဝဂ်

၃။ သိင်္ဂါလဇာတ်

ပုဏ္ဏားကို မြေခွေးလှည့်စားသော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သဒ္ဒဟာသိ သိင်္ဂါလဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ သိင်္ဂါလဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအခါ ရဟန်းတို့သည် တရား သဘင်၌ စည်းဝေးကုန်၍ ငါ့သျှင်တို့ ဒေဝဒတ်သည် ငါးရာကုန်သောရဟန်းတို့ကိုယူ၍ ဂယာသီသသို့သွား၍ အကြင်အကျင့်ကို ရဟန်းဂေါတမသည် ကျင့်၏။ ထိုအကျင့်သည် တရားမဟုတ်၊ အကြင်အကျင့်ကို ငါသည် ကျင့်၏။ ထိုအကျင့်သည်သာလျှင် ကရားဟုတ်၏ဟု ထိုငါးရာကုန်သော ရဟန်းတို့ကို မိမိအယူကိုယူစေ၍ ထိုဒေဝဒတ်သည် အကြောင်းအားလျော်သော မုသားကိုဆို၍ တသိမ်တည်း၌ နှစ်ခုကုန်သော ဥပုသ်တို့ကို ပြုကုန်၏ဟု ဒေဝဒတ်၏ ကျေးဇူးမဲ့ဖြစ်သောစကားကို ဆိုကုန်လျက် နေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းကို ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့်စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် မုသားဆိုလေ့ရှိသည် မဟုတ်သေး။ ရှေး၌လည်း မုသားဆိုလေ့ရှိသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် သုသာန်၌ ရုက္ခဇိုဝ်းနတ်၏အဖြစ်ဖြင့် ဖြစ်၏။ ထိုအခါ ဗာရာ ဏသီပြည်၌ နက္ခတ်ပွဲသဘင်ကို ကြွေးကြော်အပ်၏။ လူတို့သည် နက္ခတ်တို့အားပူဇော်သောအမှုကို ပြုကုန်အံ့ဟု ထိုထိုခရီးလေးဆုံ ခရီးလမ်းမအစရှိသည်တို့၌ ငါး အမဲ အစရှိသည်တို့ကို ဖရို ဖရဲ ကြဲကုန်လျှက် အိုးကင်းငယ်တို့၌ များစွာသော သေကိုထားကုန်၏။ ထိုအခါ တခုသောမြေခွေးသည် သန်းခေါင်ယာမ်အခါ၌ ပြွန်ပေါက်ဖြင့် မြို့သို့ဝင်၍ ငါးအမဲကိုစား၍ သေကိုသောက်၍ တဖန် ချုံကြားသို့ဝင်၍ အရုဏ်တက်သည့်တိုင်အောင် အိပ်ပျော်ခြင်းသို့ ရောက်၏။ ထိုမြေ ခွေးသည်နိုး၍ အလင်းကိုမြင်လျှင် ယခုထွက်အံ့သောငှါ မတတ်ကောင်းဟု ခရီးအနီးသို့သွား၍ မထင်ရှားသောကိုယ်ရှိသည်ဖြစ်၍ ဝပ်လျက် တပါးသောသူကိုမြင်၍ တစုံတခုစကားကိုမဆိုမူ၍ တယောက်သော မျက်နှာသစ်အံ့သောငှါလာသော ပုဏ္ဏားကိုမြင်၍ ပုဏ္ဏားမည်သည်ကား ဥစ္စာ၌ တပ်မက်မောကုန်၏။ ဤပုဏ္ဏားကို ဥစ္စာဖြင့်ဖျားယောင်း၍ အကြင်အခြင်းဖြင့် ငါ့ကို လက်ကတီး ကြား၌ထား၍ မြို့မှထုတ်၏။ ထိုအခြင်းဖြင့် ပြုအံ့ဟု ကြံ၏။ ကြံပြီး၍-

မြေခွေးသည် လူ၏ဘာသာဖြင့် ပုဏ္ဏားဟု ခေါ်၏။ ပုဏ္ဏားသည်ပြန်၍ ငါ့ကို အဘယ်သူသည် ခေါ်သနည်းဟု မေး၏။ ပုဏ္ဏားငါခေါ်သည်ဟု ဆို၏။ အဘယ့်ကြောင့် ခေါ်သနည်းဟု မေး၏။ ပုဏ္ဏား ငါ့အား နှစ်ရာကုန်သော အသပြာတို့သည်ရှိကုန်၏။ ငါ့ကို လက်ကတီး ကြား၌ထား၍ ကိုယ်ရုံပုဆိုးဖြင့်ဖုံးလွှမ်း၍ အကြင် အခြင်းဖြင့် တစုံတယောက်သောသူသည် မမြင်၊ ထိုအခြင်းဖြင့် မြို့မှထုတ်အံ့သောငှါ အကယ်၍ တတ်နိုင်အံ့၊ သင့်အား ထိုနှစ်ရာကုန်သော ငွေအသပြာတို့ကို ပေးအံ့ဟု ဆို၏။ ထိုပုဏ္ဏားသည် ဥစ္စာ၌တပ်မက်ခြင်းကြောင့် ကောင်းပြီဟု ဝန်ခံ၍ ထိုမြေခွေးဆိုတိုင်းပြု၍ ယူပြီးသော် မြို့မှထွက်၍ အတန်ငယ်သွား၏။ ထိုအခါ ပုဏ္ဏားကို မြေခွေးသည် ပုဏ္ဏား အဘယ်အရပ်နည်းဟု မေးလေ၏။ ဤမည်သော အရပ်တည်းဟု ပုဏ္ဏား ဆိုသည်ရှိသော် တပါးသောအရပ်သို့ အတန်ငယ်သွားဦးဟု ဆို၏။ ဤသို့ အဖန်တလဲလဲဆိုလျက် သုသာန်သို့ရောက်၍ ဤသုသာန်မ၌ ငါ့ကိုချဟုဆို၏။ သုသာန်မ၌ညမြေခွေးကို ချ၏။ မြေခွေးသည် ပုဏ္ဏား ကိုယ်ရုံပုဆိုးကို ဖြန့်လောဟု ဆို၏။ ပုဏ္ဏားသည် ဥစ္စာ၌ တပ်မက်မောသဖြင့် ဖြန့်၏။ ထိုအခါ ပုဏ္ဏားကို ဤသစ်ပင်ရင်း၌ တူးလေလောဟု မြေကိုတူးခြင်း၌ယှဉ်စေ၍ ပုဏ္ဏား၏ကိုယ်ရုံပုဆိုးသို့တက်၍ လေးထောင့် ၌၎င်း အလယ်၌၎င်း ဤငါးဌာနတို့၌ ကျင်ကြီးကျင်ငယ်တို့ကိုစွန့်၍ လိမ်းကျံစေ၍၎င်း, စွတ်စေ၍၎င်း သုသာန်တောသို့ ဝင်၏။ ဘုရားလောင်းသည် သစ်ပင်ခွ၌ရပ်၍-

၁၁၃။ သဒ္ဒဟာသိ သိင်္ဂါလဿ၊ သုရာပီတဿ ဗြာဟ္မဏ။
သိပ္ပိကာနံ သတံ နတ္ထိ၊ ကုတော ကံသသတာ ဒုဝေ။

ဟူသော ဤဂါထာကို ဆို၏။

၁၁၃။ ဗြာဟ္မဏ၊ ပုဏ္ဏား။ သုရာပီတဿ၊ သေ သောက်သော။ သိင်္ဂါလဿ၊ မြေခွေး၏။ ဝစနံ၊ စကားကို။ တွံ၊ သင်သည်။ သဒ္ဒဟာသိ၊ ယုံကြည်သလော။ တဿ၊ ထိုမြေခွေးအား။ သိပ္ပိကာနံ၊ ယောက်သွားတို့၏။ သတံ၊ တရာသည်လည်း။ နတ္ထိ၊ မရှိ။ အဿ၊ ထိုမြေခွေးအား။ ဒုဝေ ကံသသတာ၊ ငွေအသပြာ နှစ်ရာတို့သည်ကား။ ကုတော အတ္ထိ၊ အဘယ်မှာ ရှိအံ့နည်း။

ဘုရားလောင်းသည် ဤဂါထာဖြင့်ဆို၍ ပုဏ္ဏား သွားလေ၊ သင်၏ပုဆိုးကိုလျှော်၍ ရေချိုး၍ မိမိအမှုကိုပြုလေလောဟု ဆို၍ ကွယ်၏။ ပုဏ္ဏားသည် ရုက္ခဇိုဝ်းနတ်ဆိုတိုင်းပြု၍ ငါ့ကိုလှည့်စားသည် ဖြစ်ပြီဟု နှလုံးမသာယာခြင်းသို့ ရောက်သည်ဖြစ်၍ ဖဲ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မြေခွေးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရုက္ခဇိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သေရည်သောက်သူ၊ နှုတ်ဆိုမူ၊ ချင့်ယူ လိမ်တာများ

သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော သိင်္ဂါလဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဟံစိဝဂ်

၄။ မိတစိန္တီဇာတ်

ပျင်းရိသော ငါးတို့၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဗဟုစိန္တီ အပ္ပစိန္တီ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမိတစိန္တီဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နှစ်ယောက်ကုန်သော အသက်ကြီးကုန်သောရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုနှစ်ယောက်ကုန်သော ရဟန်းကြီးတို့သည် ဇနပုဒ်၌ တခုသောတောကျောင်း၌ ဝါဆိုကုန်ပြီး၍ မြတ်စွာဘုရားအား ဖူးမြင်အံ့သောငှါသွားအံ့ဟု ရိက္ခာကိုစီရင်ကုန်၍ ယနေ့သွားကုန်အံ့၊ နက်ဖြန်သွားကုန်အံ့ဟု တလကိုလွန်စေ၍ တဖန် ရိက္ခာကိုစီရင်ကုန်၍ ထို့အတူလျှင် တလကို လွန်စေကုန်၏။ ဤသို့လျှင် မိမိတို့၏ ပျင်းရိသည်၏အဖြစ်ကြောင့်၎င်း, နေရာအရပ်၌ တပ် စွန်းသည်၏အဖြစ်ကြောင့်၎င်း သုံးလတို့ကိုလွန်၍ ထိုဇနပုဒ်မှထွက်၍ ဇေတဝန်ကျောင်းတော်သို့သွား၍ အကျွမ်းဝင်ရာ၌ သပိတ်သင်္ကန်းကိုသိုမှီး၍ မြတ်စွာဘုရားကို ဖူးမြင်ကုန်၏။

ထိုအခါ ထိုရဟန်းတို့ကို ရဟန်းတို့သည် ငါ့သျှင်ကို မြတ်စွာဘုရားကို ခစားခြင်းကိုမပြုကုန်သော သင်တို့သည် ကြာမြင့်စွာ၏။ အဘယ့်ကြောင့် ဤသို့ကြာမြင့်ကြကုန်သနည်းဟု မေးကြကုန်၏။ ထိုရဟန်းတို့သည် ထိုအကြောင်းကို ကြားကုန်၏။ ထိုအခါ ထိုရဟန်းတို့၏ ပျင်းရိသည်၏အဖြစ်သည် ရဟန်းသံဃာ၌ ထင်ရှားသည် ဖြစ်၏။ တရားသဘင်၌လည်း ထိုရဟန်းကြီးတို့၏ ပျင်းရိသည်၏အဖြစ်ကိုလျှင်မှီ၍ စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ထိုရဟန်းတို့ကိုခေါ်စေ၍ ရဟန်းတို့ သင်တို့သည် ပျင်းရိကုန်သတတ်ဟူသည် မှန်ကုန်သာဟု မေးတော်မူလတ်၍ အရှင်ဘုရား မှန်ပေ၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် ထိုရဟန်းတို့သည် ပျင်းရိသည် မဟုတ်သေး၊ ရှေး၌လည်း ပျင်းရိကုန်၏။ နေရာ၌လည်း တပ်စွန်းကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဗာရာဏသီမြစ်နား၌ ငါးသုံးခုတို့သည်ရှိကုန်၏။ ထိုငါးသုံးခုတို့တွင် တခုကား မိတစိန္တီမည်၏။ တခုကား ဗဟုစိန္တီမည်၏။ တခုကား အပ္ပစိန္တီမည်၏။ ထိုငါးသုံးခုတို့သည် တောမှလူ့ပြည်သို့လာကုန်၏။ ထိုငါးသုံးခုတို့တွင် မိတစိန္တီငါးသည် တပါးကုန်သော နှစ်ခုကုန်သော ဗဟုစိန္တီ, အပ္ပစိန္တီငါးတို့ကို ဤလူ့ပြည်မည်သည်ကား ရွံရှာဘွယ်ရှိ၏။ ဘေးဘျမ်းရှိ၏။ တံငါတို့သည် ကွန် မြှုံး အစရှိသည်တို့ကိုပစ်၍ ငါးတို့ကို ဖမ်းကုန်၏။ ငါတို့သည် တော၌သာလျှင် နေကုန်အံ့ဟု ဆိုပေ၏။ ဤမှတပါးကုန်သော ငါးနှစ်ခုတို့သည် ပျင်းရိသည်၏အဖြစ်ကြောင့်၎င်း၊ အာမိသ၌ တပ်စွန်းခြင်းကြောင့်၎င်း ယနေ့ သွားကုန်အံ့၊ နက်ဖြန် သွားကုန်အံ့ဟု ဆို၍ သုံးလတို့ကို လွန်စေကုန်၏။

ထိုအခါ တံငါတို့သည် မြစ်၌ ကွန်တို့ကိုပစ်ကုန်၏။ ဗဟုစန္တီ အပ္ပစိန္တီ ငါးတို့သည် အစာကိုယူကုန်လျက် ရှေ့မှသွားကုန်၏။ ထိုငါးတို့သည် မိမိတို့၏ အလွန်မိုက်သည်၏အဖြစ်ကြောင့် ကွန်နံ့ကို မမှတ်ကုန်မူ၍ ကွန်ဝမ်းသို့ဝင်ကုန်၏။ မိတစိန္တီငါးသည် နောက်မှ သွားသည်ရှိသော် ကွန်နံ့ကိုသိ၍ ထိုငါးတို့၏ ကွန်ဝမ်းသို့ ဝင်သည်၏အဖြစ်ကိုသိ၍ ပျင်းရိကုန်သောငါးတို့အား အသက်ကို ပေးအံ့ဟုကြံ၍ ကွန်၏အပဖြစ်သော နံပါးအနီးဖြင့် ကွန်ဝမ်းတည်ရာအရပ်သို့သွား၍ ကွန်ဝမ်းကိုခွဲ၍ထွက်သည်နှင့်တူစွာ ရေကိုနှောက်နယ်၍ ကွန်၏ရှေ့မှကျ၍ တဖန် ကွန်ဝမ်းသို့ဝင်၍ နောက်အဘို့ဖြင့် ခွဲ၍ထွက်သည်နှင့်တူစွာ ရေကိုနှောက်နယ်၍ နောက်အဘို့၌ ကျ၏။ တံငါတို့သည် ငါးတို့သည် ကွန်ကိုခွဲ၍သွား ကုန်ပြီဟု ထင်မှတ်၍ ကွန်စွန်း၌ကိုင်၍ချီကုန်၏။ ထိုဗဟုစိန္တီ အပ္ပစိန္တီ ငါးနှစ်ခုတို့သည်လည်း ကွန်မှလွတ်ကုန်၍ ရေ၌ကျကုန်၏။ ထိုငါးနှစ်ခုရှိသည် မိတစိန္တီငါးကိုမှီ၍ အသက်ကိုရကုန်၏။ မြတ်စွာဘုရားသည် ဤအတိတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူသောအခါ-

၁၁၄။ ဗဟုစိန္တီ အပ္ပစိန္တီ၊ ဥဘော ဇာလေ အဗျဇ္ဈရေ။
မိတစိန္တီ ပမောစေသိ၊ ဥဘော တတ္ထ သမာဂတာ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၁၁၄။ ဘိက္ခဝေ၊ ရဟန်းတို။ ဗဟုစန္တီ၊ ဗဟုစိန္တီ ငါးသည်၎င်း။ အပ္ပစိန္တီ၊ အပ္ပစိန္တီငါးသည်၎င်း။ ဥဘော၊ နှစ်ခုကုန်သော ငါးတို့သည်။ ဇာလေ၊ ကွန်၌။ အဗျဇ္စျရေ၊ မိကုန်၏။ မိတစိန္တီ၊ မိတစိန္တီငါးသည်။ ပမောစေသိ၊ လွတ်စေ၏။ ဥဘော၊ နှစ်ခုကုန်သောငါးတို့သည်။ တတ္ထ၊ ထိုရေ၌။ သမာဂတာ၊ မိတစိန္တီငါးနှင့် ပေါင်းမိပြန်ကုန်၏။

ဇာတ်ပေါင်း... ဤသို့မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကိုပြသည်၏အဆုံး၌ အသက်ကြီးကုန်သော ရဟန်းတို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၏။ အဘယ်သို့ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ရဟန်းကြီးနှစ်ယောက်တို့သည် ထိုအခါ ဗဟုစိန္တီ အပ္ပစိန္တီငါးတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မိတစိန္တီပြီး ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

အပျင်းမွေးငြား၊ လူအများ၊ မှတ်သားကြစေရာ

လေးခုတို့ပြည့်ကြောင်းဖြစ်သော မိတစိန္တီဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဟံစိဝဂ်

၅။ အနုသာသိကဇာတ်

သူတပါးတို့ကိုသာဆုံးမ၍ မိမိကားမကျင့်သော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယာယညေ မနုသာသတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အနုသာသိကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်အခါ တယောက်သော ဆုံးမတတ်သော ရဟန်းမိန်းမကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းမိန်းမသည် သာဝတ္ထိပြည်၌နေသော တယောက်သောအမျိုးသ္မီးသည် ဖြစ်သတတ်၊ ထိုအမျိုးသ္မီးသည် ရဟန်းပြု၍ ပဉ္စင်းဖြစ်သောကာလမှစ၍ ရဟန်းတရားတို့၌ လုံ့လမပြု၊ အာမိသ၌ တပ်မက်မော သည်ဖြစ်၍ အကြင်အရပ်၌ တပါးသောရဟန်းမိန်းမတို့သည် မသွားကုန်၊ ထိုသို့သဘောရှိသောမြို့၏ တခုသောအရပ်၌ ဆွမ်းအလို့ငှါ သွား၏။ ထိုအခါ ထိုရဟန်းမိန်းမအား လူတို့သည် မြတ်သောဆွမ်းကို လှူကုန်၏။ ထိုရဟန်းမိန်းမသည် ရသတဏှာဖြင့် ဖွဲ့အပ်ကုန်သည်ဖြစ်၍ ဤအရပ်၌ တပါးကုန်သောရဟန်းမိန်းမတို့သည် ဆွမ်းအလို့ငှါ အကယ်၍ သွားကုန်လတ္တံ့၊ ငါ့အား လာဘ်ယုတ်သည် ဖြစ်လတ္တံ့၊ အကြင်အခြင်းဖြင့် ထိုအရပ်သို့ တပါးကုန်သော ရဟန်းမိန်းမတို့သည် မသွားကုန်၊ ထိုအခြင်းဖြင့် ငါသည်ပြုခြင်းငှါ သင့်၏ဟုကြံ၍ ရဟန်းမိန်းမတို့၏ကျောင်းသို့သွား၍ ရှင်မတို့ ဤမည်သောအရပ်၌ ကြမ်းသောဆင်သည်၎င်း ကြမ်းသောမြင်းသည်၎င်း ကြမ်း သောဆိတ်သည်၎င်း, ကြမ်းသော ခွေးသည်၎င်း သွား၏။ ဘေးဘျမ်းရှိသော အရပ်တည်း၊ ထိုအရပ်သို့ ဆွမ်းအလို့ငှာ မသွားကြကုန်လင့်ဟု ရဟန်းမိန်းမတို့ကို ဆုံးမ၏။ ထိုရဟန်းမိန်းမ၏ စကားကိုကြား၍ တယောက်သော ရဟန်းမိန်းမမျှလည်း ထိုအရပ်ကိုလည်ကိုပြန်၍မျှ မကြည့်။

တနေ့သ၌ ဆွမ်းအလို့ငှါသွားသည်ရှိသော် လျှင်မြန်စွာ အိမ်သို့ဝင်သော ထိုရဟန်းမိန်းမ၏ ပေါင်ရိုးတို့ကို ကြမ်းသောဆိတ်သည် ခတ်၍ ကျုံ့စေ၏။ လူတို့သည် လျှင်စွာပြေးလာ၍ နှစ်ပိုင်းပြတါသောပေါင်ရိုးတို့ကို တစပ်တည်းဖွဲ့၍ ထိုရဟန်းမိန်းမကို ညောင်စောင်းဖြင့်ယူ၍ ရဟန်းမိန်းမတို့၏ကျောင်းသို့ ဆောင်ကုန်၏။ ရဟန်းမိန်းမတို့သည် ဤရဟန်းမိန်းမသည် တပါးကုန်သောရဟန်းမိန်းမတို့ကို ဆုံးမ၍ မိမိသည် ထိုအရပ်သို့သွားလျှက် ပေါင်ရိုးတို့ကိုချိုး၍လာ၏ဟု ပြက်ရယ်ပြုကုန်၏။

ထိုရဟန်းမိန်းမ၏ ထိုသို့ပြုသောအကြောင်းသည် မကြာမြင့်မီလျှင် ရဟန်းသံဃာ၌ ထင်ရှားသည်ဖြစ်၏။ ထိုအခါ တနေ့သ၌ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဆုံးမတတ်သော ရဟန်းမိန်းမသည်လည်း တပါးကုန်သော ရဟန်းမိန်းမတို့ကိုဆုံးမ၍ မိမိသည် ထိုအရပ်၌သွားသည်ရှိသော် ကြမ်းသောဆိတ်သည် ပေါင်ရိုးကိုကျိုးစေ၏ဟု ထိုရဟန်းမိန်းမ၏ ကျေးဇူးမဲ့ဖြစ်သောစကားကို ဆိုကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်း ဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤရဟန်းမိန်းမသည် တပါးကုန်သောသူတို့ကို ဆုံးမသည်မဟုတ်သေး၊ ရှေး၌လည်း ဆုံးမဘူးသည်သာ လျှင်တည်း၊ မိမိသည်ကား မကျင့်၊ အခါခပ်သိမ်း ဆင်းရဲကိုလျှင် ခံစားရ၏ဟု မိန့်တော်မူ၍ အတိတ်ကို အောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် တော၌ ငှက်အမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ငှက်မင်းဖြစ်၍ အထောင်မကသော ငှက်တို့ဖြင့်ခြံရံလျက် ဟိမဝန္တာသို့ဝင်၏။ ထိုဘုရားလောင်းဟိမဝန္တာ၌နေသောကာလ တခုသော ကြမ်း သောငှက်မသည် ခရီးမသို့သွား၍ အစာကိုယူ၏။ ထိုငှက်မသည် ထိုခရီးတို့၌ လှည်းတို့မှကျသော စပါးစေ့ ပဲစေ့အစရှိသည်တို့ကိုရ၍ အကြင်အခြင်းဖြင့် ယခုခရီးမသို့ တပါးသောငှက်တို့သည် မလာကုန်၊ ထိုအခြင်းဖြင့် ပြုအံ့ဟု ကြံ၍ ငှက်အပေါင်းအား ခရီးလမ်းမမည်သည် ဘေး ဘျမ်းရှိ၏။ ဆင်၊ မြင်းအစရှိသည်တို့သည်၎င်း, ကြမ်းသောနွားဖြင့် ကအပ်သော ယာဉ်တို့သည်၎င်း သွားကုန်၏။ အဆောတလျှင် ပျံအံ့သောငှာလည်း မတတ်ကောင်းသည်ဖြစ်၍ ထိုအရပ်သို့မသွားအပ်ဟု အဆုံးအမကိုပေး၏။ ငှက်အပေါင်းသည် ထိုငှက်မအား အနုသာသိကာဟူသော အမည်ကို မှည့်၏။

ထိုငှက်မသည် တနေ့သ၌ ခရီးလမ်းမ၌ ကျက်စားသည်ရှိသော် လျှင်မြန်သောအဟုန်ဖြင့်လာသော ယာဉ်၏အသံကိုကြား၍ ကြည့်သည်ရှိသော် သေးသလျှင်ကတည်းဟု ကျက်စားသလျှင်ကတည်း၊ ထိုအခါ ထိုအရပ်၌ ယာဉ်သည် လေကဲ့သို့သောအဟုန်ဖြင့် လျှင်မြန်စွာရောက်၏။ ထိုငှက်မသည် ထအံ့ငှာ မတတ်နိုင်၊ လှည်းဘီးသည် နှစ်ဖြာဖြတ်၍သေ၏။ ငှက်မင်းသည် ငှက်တို့ကို စည်းဝေးစေသည်ရှိသော် ထိုငှက်မကိုမမြင်၍ အနုသာသိကာမည်သောငှက်မသည် မထင်၊ ထိုငှက်မကို စုံစမ်းကြကုန်လောဟု ဆို၏။ ငှက်တို့သည် စုံစမ်းသည်ရှိသော် ထိုငှက်မကို ခရီးလမ်းမ၌ နှစ်ပိုင်း ပြတ်သည်ကိုမြင်၍ ငှက်မင်းအား ပြောကြားကုန်၏။ ငှက်မင်းသည် ထိုငှက်မသည် တပါးကုန်သောငှက်တို့ကိုဆုံးမ၍ မိမိသည် ထိုအရပ်သို့သွားလျက် နှစ်ပိုင်းပြတ်သည်ကို ပြု၏ဟု ဆိုလို၍-

၁၁၅။ ယာယညေ မနုသာသတိ၊ သယံ လောလုပ္ပစာရိနီ။
သာယံ ဝိပက္ခိကာ သေတိ၊ ဟတာ စက္ကန သာသိကာ။

ဟူသော ဤဂါထာကို ဆို၏။

၁၁၅။ ဘောန္တော သကုဏာ၊ အို ငှက်အပေါင်းတို့။ ယာ သာသိကာ၊ အကြင်ဆုံးမတတ်သော ငှက်မသည်။ သယံ၊ မိမိသည်။ လောလုပ္ပစာရိနီ၊ လျှပ် ပေါ်သော အကျင့်ရှိလျက်။ အညေ၊ တပါးကုန်သော ငှက်မရှိကို။ အနုသာသတိ၊ ဆုံးမ၏။ သာ ဧသာ သာသိကာ၊ ထိုဆုံးမတတ်သော ငှက်မသည်။ စက္ကေန၊ လှည်းဘီးသည်။ ဟတာ၊ နင်း၏။ ဝိပက္ခိကာ၊ ပြတ်သော အတောင်ရှိသည်ဖြစ်၍။ သေတိ၊ အိပ်ရ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဤဆုံးမတတ်သော ရဟန်းမိန်းမသည် ထိုအခါ ဆုံးမတတ်သောငှက်မ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ငှက်မင်း ဖြစ်ဘူးပြီဟုဇာတ်ကို ပေါင်းတော်မူ၏။

ထိုထိုသူအား၊ ဆုံးများ၊ ကိုယ်ကားမကျင့် သေဘေးသင့်

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော အနုသာသိကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဟံစိဝဂ်

၆။ ဒုဗ္ဗစဇာတ်

ပညာရှိတို့စကားကို နားမထောင်သောကြောင့် လှံချက်ဖြင့်အသက်ဆုံးရကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အတိကရမကရာစရိယ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒုဗ္ဗစဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော ဆိုနိုင်ခက်သော ရဟန်း ကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုဆိုနိုင်ခက်သောရဟန်း၏ဝတ္ထုသည် နဝကနိပါတ် ဂိဇ္ဈဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ မြတ်စွာဘုရားသည်ကား ရဟန်း သင်သည် ယခုအခါ၌သာ ဆိုနိုင်ခက်သည် မဟုတ်သေး၊ ရှေး၌လည်း ဆိုနိုင်ခက်သည်သာလျှင်တည်း၊ ပညာရှိတို့၏ အဆုံးအမကို နာယူခြင်းမပြုမူ၍ လှံထိုးမိသဖြင့် အသက်ကုန်ခြင်းသို့ ရောက်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် လှံကိုခုန်သောအတတ်ကိုသင်၍ ဆရာနှင့်တကွ အတတ်ကိုပြလျှက်သွား၏။ ထိုဘုရားလောင်း၏ ဆရာသည် လေးစင်းသော လှံတို့ကိုသာလျှင် ခုန်သောအတတ်ကို တတ်၏။ ငါးစင်းသော လှံတို့ကို ခုန်သောအတတ်ကို မတတ်၊ ထိုဆရာသည် တနေ့သ၌ တခုသောရွာငယ်၌ အတတ်ကိုပြသည်ရှိသော် သုရာယစ်သည်ဖြစ်၍ ငါးစင်းသောလှံတို့ကို ခုန်အံ့ဟုကြံ၍ အစဉ်သဖြင့်ထား၏။ ထိုအခါ ထိုဆရာကို ဘုရားလောင်းသည် ငါးစင်းသောလှံတို့ကို ခုန်သော အတတ်ကိုမတတ်၊ တစင်းကိုပယ်လော့၊ အကယ်၍ ခုန်အံ့၊ ငါးစင်းမြောက်သောလှံသည် စူး၍သေလတ္တံ့ ဟု ဆို၏။ ထိုဆရာသည် အလွန်ယစ်သည်၏အဖြစ်ကြောင့် သင်သည် ငါ၏ပမာဏကို မသိဟု ထိုဘုရားလောင်း၏စကားကို မယူမူ၍ လေးစင်းသောလှံတို့ကိုခုန်၍ သီတံဖြင့် သစ်မည်စည်ပွင့်ကိုသီဘိသကဲ့သို့ ငါးစင်းမြောက်သောလှံ၌ သီအပ်သည်ဖြစ်၍ မြည်တမ်းလျက် အိပ်၏။ ထိုအခါ ဆရာကို ဘုရားလောင်းသည် ပညာရှိတို့၏ စကားကို မလိုက်နာမူ၍ ပျက်စီးခြင်းသို့ ရောက်၏ဟု ဆိုလို၍-

၁၁၆။ အတိကရမကရာစရိယ၊ မယှမွေတံ န ရုစ္စတိ။
စတုတ္ထေ လင်္ဃယိတွာန၊ ပဉ္စမာယသိ အာဝုတော။

ဟူသော ဤဂါထာကို ဆို၏။

၁၁၆။ အာစရိယ၊ ဆရာ။ တွံ၊ သင်သည်။ အဇ္ဇ၊ ယ နေ့။ အတိကရံ၊ လွန်၍ပြုခြင်းကို။ အကရ၊ ပြု၏။ ဧတံ၊ ထိုအမှုကို။ မယှမ္ပိ၊ ငါသည်လည်း။ န ရုစ္စတိ၊ မနှစ်သက်။ စတုတ္ထေ၊ လေးခုမြောက်သော လှံ၌။ လင်္ဃယိတွာန၊ ခုန်၍။ ပဉ္စမာယ၊ ငါးခုမြောက်သောလှံသည်။ အာဝုတော၊ သီအပ်သည်။ အသိ၊ ဖြစ်၏။

ဘုရားလောင်းသည် ဤစကားကိုဆို၍ ဆရာကို လှံမှပယ်၍ ပြုအပ်သည်နှင့် ယှဉ်သော သင်္ဂြိုဟ်ခြင်းအမှုကို ပြု၏။

ဇာတ်ပေါင်း... မြတ်ဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဤဆိုနိုင်ခက်သော ရဟန်းသည် ထိုအခါ ဆရာဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ တပည့် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆိုဆုံးမခက်၊ အသက်ထွက်၊ လှံချက် ထိသည်သာ

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဒုဗ္ဗစဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဟံစိဝဂ်

၇။ တိတ္တိရဇာတ်

မိမိစကားကိုမှီ၍ မိမိပင်ပျက်စီးသောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အစ္စုဂ္ဂတာတိဗလတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတိတ္တိရ ဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောကာလိကကို ကြောင်းပြု၍ ဟောတော်မူ၏။ (ထိုကောကာလိက ဝတ္ထုကား တေရသကနိပါတ်တက္ကာရိယဇာတ်၌ ထင်စွာပြလတ္တံ့) အထူးကား သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ကောကာလိကသည် ယခုအခါ ၌သာလျှင် မိမိစကားကိုမှီ၍ ပျက်စီးသည် မ ဟုတ်သေး၊ ရှေး၌လည်း ပျက်စီးဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဥဒိစ္စပုဏ္ဏားအမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ ကာမတို့ကို ပယ်၍ ရသေ့ရဟန်း ပြု၍ အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေ၍ ဟိမဝန္တာ၌ ခပ်သိမ်းသောရသေ့အပေါင်းသည် စည်းဝေး၍ ဘုရားလောင်းကို ဆုံးမတတ်သောဆရာပြု၍ ခြံရံ၏။ ဘုရားလောင်းသည် ရသေ့ငါးရာတို့၏ ဩဝါဒဆရာဖြစ်၍ ဈာန်ကစားခြင်းကို ကစားလျက် ဟိမ ဝန္တာ၌နေ၏။ ထိုအခါ ဖျော့တော့သောရောဂါစွဲသော တယောက်သောရသေ့သည် ပုဆိန်ကိုယူ၍ ထင်းကို ခဲ့၏။

ထိုအခါ နှုတ်ကြမ်းသော တယောက်သောရသေ့သည် ထင်းခွဲသောရသေ့၏အထံ၌နေ၍ ဤ၌ပေါက်လော၊ ဤ၌ပေါက်လောဟုဆိုသည်ရှိသော် ထင်းခွဲရသေ့သည် အမျက်ထွက်၍ ယခု သင်သည် ငါ၏ ထင်းပေါက်ခြင်းကိုသင်တတ်သော ဆရာတည်းဟု ထက်သောပုဆိန်ကိုမိုး၍ ထိုရသေ့ကို တချက်တည်းဖြင့် အသက်ကုန်ခြင်းသို့ ရောက်စေ၏။ ဘုရားလောင်းသည် ထိုရသေ့၏ အလောင်းကို သင်္ဂြိုဟ်စေ၏။

ထိုအခါ ရသေ့တို့၏ကျောင်းမှ အနီးဖြစ်သော တောင်ပို့ခြေရင်း၌ တခုသောခါသည် နေ၏။ ထိုအခါ နံနက်တိုင်း တောင်ပို့ထိပ်၌ရပ်၍ ကျယ်စွာသောအသံဖြင့် တွန်၏။ ထိုအသံကိုကြား၍ တယောက်မုဆိုးသည် ခါဖြစ်ရာ၏ဟု ကြံ၍ အသံအမှတ်ဖြင့် ထိုအရပ်သို့သွား၍ ထိုခါကိုသတ်၍ ဆောင်ယူ၍ သွား၏။ ဘုရားလောင်းသည် ထိုခါ၏အသံကို မကြားလတ်သော် ဤမည်သောအရပ်၌ ခါသည်နေ၏။ ထိုခါ၏အသံကို ယခုအဘယ်ကြောင့် မကြားသနည်းဟု ရသေ့တို့ကို မေး၏။ ရသေ့တို့သည်လည်း ဘုရားလောင်းအား ထိုအကြောင်းကိုကြားလျှောက်၏။ ဘုရားလောင်းသည် နှစ်ပါးကုန်သော ထိုအကြောင်းတို့ကိုလည်း နှီးနှော၍ ရသေ့အပေါင်း၏ အလယ်၌-

၁၁၇။ အဇ္ဇုဂ္ဂတာတိဗလတာ၊ အတိဝေလံ ပဘာသိတာ။
ဝါစာ ဟနတိ ဒုမ္မေဓံ၊ တိတ္တိရံ ဝါတိဝဿိတံ။

ဟူသော ဤဂါထာကို ဆို၏။

၁၁၇။ ဘော တာပသာ၊ အို ရသေ့တို့။ တိတ္တိရံ၊ ခါကို။ အတိဝဿိတံ၊ လွန်၍တွန်ခြင်းသည်။ ဟနတိ ဣဝ၊ သတ်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ ဒုမ္မေဓံ၊ ပညာမရှိသောသူကို။ အဇ္ဈုဂ္ဂတာ၊ အလွန်တက်၍ ဆိုအပ်သော။ အတိဗလတာ၊ အဖန်ဖန်လျှင် အလွန်ဆိုအပ်သော သဘောရှိသော။ အတိဝေလံ၊ အခါပမာဏထက် လွန်စွာ။ ပဘာသိတာ၊ ဆိုအပ်သော။ ဝါစာ၊ စကားသည်။ ဟနတိ၊ သတ်၏။

ဤသို့ ဘုရားလောင်းသည် ရသေ့အပေါင်းအား အဆုံးအမကိုပေး၍ ဗြဟ္မဝိဟာရ တရားလေးပါးကိုပွားစေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ကောလိကသည် ယခုအခါ၌သာလျှင် မိမိစကားကိုမှီ၍ ပျက်စီးသည် မဟုတ်သေး၊ ရှေး၌လည်း ပျက်စီးဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ကောကာလိကသည် ထိုအခါ ဆိုနိုင်ခက်သော ရသေ့ဖြစ်ဘူးပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ရသေ့အပေါင်း ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့အပေါင်းတို့၏ ဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

အလွန်ပြောငြား၊ ကိုယ့်နှုတ်ဖျား၊ စကားကိုယ့်ကိုသတ်

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော တိတ္တိရဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဟံစိဝဂ်

၈။ ဝဋ္ဋဇာတ်

ဘေးရောက်သောအခါ မြတ်သောအကြံကိုကြံ၍ ဘေးမှလွတ်သော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် နာစိန္တယန္တော ပုရိသော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝဋ္ဋတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဥတ္တရသူဌေးသားကို အကြောင်း ပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ များသောစည်းစိမ်ဥစ္စာရှိသော ဥတ္တရမည်သော သူဌေးသည် ဖြစ်သတတ်၊ ထိုသူဌေး၏မယား၌ တယောက်သော ပညာရှိသောသတ္တဝါသည် ဗြဟ္မာပြည်မှစုတေ၍ ပဋိသန္ဓေကိုယူ၍ အရွယ်ရောက်လတ်သော် အဆင်းလှ၏။ ကြည်ညိုဘွယ်ရှိ၏။ ဗြဟ္မာနှင့်တူသော အဆင်းရှိ၏။ ထိုအခါ တနေ့သ၌ သာဝတ္ထိပြည်ဝယ် တန်ဆောင်မုန်းလ နက္ခတ်ပွဲသဘင်ကြွေးကြော်လတ်သော် အလုံးစုံသောလူသည် နက္ခတ်သဘင်ကိုမှီသည်ဖြစ်၏။ သူဌေးသား၏အဆွေခင်ပွန်းဖြစ်ကုန်သော တပါးကုန်သော သူဌေးသားတို့သည် မယားနှင့်တကွဖြစ်ကုန်၏။ ဥတ္တရသူဌေးသား၏ ကာလရှည်စွာ ဗြဟ္မာ့ပြည်၌နေသည်၏အဖြစ်ကြောင့် ကိလေ သာတို့၌ စိတ်သည် မငြိ။ ထိုအခါ ဥတ္တရသူဌေးသား၏ အဆွေ ခင်ပွန်းတို့သည် ဥတ္တရသူဌေးသားဘို့လည်း တယောက်သောမိန်းမကို ဆောင် ယူကုန်၍ နက္ခတ်ပွဲသဘင်ကို ကစားအံ့ဟု ဆိုကြကုန်၏။ ငါ့အား မိန်းမဖြင့်အလိုမရှိဟုဆိုသော်လည်း အဖန်တလဲလဲဆိုကုန်လျက်ဝန်ခံစေ၍ တယောက်သောပြည့်တန်ဆာမိန်းမကို ခပ်သိမ်း သောတန်ဆာတို့ဖြင့် တန်ဆဆင်၍ သင်သည် ဥတ္တရသူဌေးသားအထံသို့ သွားပါလေလော့ဟု အိပ်ရာအိမ်သို့စေ၍ ထွက်ကုန်၏။ ထိုပြည့်တန် ဆာမကို အိပ်ရာသို့ဝင်သော်လည်း ထိုအခါ ဥတ္တရသူဌေးသားသည် ကြည့်လည်းမကြည့် စကားလည်းမပြော ဤပြည့်တန်ဆာမသည် ဤသူဌေးသားကား သို့စဉ်တင့်တယ်ခြင်းအစုသို့ရောက်သော မြတ်သောစံပယ်ခြင်းနှင့်ပြည့်စုံသောငါ့ကို ကြည့်လည်းမကြည့် စကားလည်းမပြော၊ ယခု သူဌေးသားကို ငါ၏မိန်းမအမူအရာ မိန်းမ၏စံပယ်ခြင်းဖြင့် ကြည့်စေအံ့ဟု ကြံ၏။ ကြံပြီး၍ မိန်းမ၏စံပယ်ခြင်းကိုပြလျက် ရွှင်သောအခြင်းအရာဖြင့် သွားဖျားတို့ကိုဖော်၍ ရယ်၏။

ဥတ္တရသူဌေးသားသည်ကြည့်၍ သွားရိုး၌ နိမိတ်ကိုယူ၍ အဋ္ဌိကသညာသည် ဖြစ်၏။ အလုံးစုံသော ပြည့်တန်ဆာမိန်းမ၏ကိုယ်သည် အရိုးစုကဲ့သို့ ထင်၏။ ဥတ္တရသူဌေးသားသည် ထိုပြည့်တန် ဆာမိန်းမအား ရိက္ခာကိုပေး၍ သွားလေလောဟု လွှတ်လိုက်၏။ ဥတ္တရသူဌေးသား၏အိမ်မှ ဆင်းသွားသော ထိုပြည့်တန်ဆာမကို အစိုးရသော တယောက်သောသူသည် ခရီးအကြား၌ မြင်လတ်၍ ရိက္ခာပေး၍ မိမိအိမ်သို့ ဆောင်၏။ ခုနစ်ရက်လွန်လတ်သော် နက္ခတ်သဘင်ပွဲသည် ပြီး၏။ ပြည့်တန်ဆာမ၏ မိဘတို့သည် သ္မီးကိုမမြင်လတ်၍ သူဌေးသားတို့၏အထံသို့ သွားကုန်၍ ထိုပြည့်တန်ဆာမသည် အဘယ်မှာနည်းဟု မေးကုန်၏။ ထိုသူဌေးသားတို့သည် ဥတ္တရသူဌေးသားအိမ်သို့ သွားကြကုန်၍ ထိုပြည့်တန်ဆာမသည် အဘယ်မှာနည်းဟုမေးကုန်၏။ ကျွန်ုပ်သည် ထိုခဏ၌ပင်လျှင် ထိုပြည့်တန်ဆာမအား ရိက္ခာပေး၍ လွှတ်လိုက်၏ဟု ဆို၏။ ထိုအခါ ပြည့်တန်ဆာမ၏အမိသည် ငိုလျှက် သ္မီးကိုမမြင် ငါ့ကိုပေးလော့ဟု ဥတ္တရသူဌေးသားကိုခေါ်၍ မင်း၏အထံသို့သွား၏။ မင်းသည် တရားကိုစီရင်လတ်သော် ဤသူဌေးသားတို့သည် ပြည့်တန် ဆာမကိုဆောင်၍ သင့်အားပေးကုန်သလောဟုမေး၏။ အရှင်မင်းကြီး ပေးကြကုန်၏ဟုဆို၏။ ယခု ထိုပြည့်တန်ဆာမသည် အဘယ်မှာနည်းဟု မေး၏။ အရှင်မင်းကြီး အကျွန်ုပ်မသိ၊ ထိုခဏ၌ပင်လျှင် ပြည့်တန်ဆာမကိုလွှတ်လိုက်ပြီဟုဆို၏။ ယခုထိုပြည့်တန်ဆာမကိုဆောင်သောငှါ တတ်နိုင်၏ လော ဟု မေး၏။ ရှင်မင်းကြီးမတတ်နိုင်ဟု ဆို၏။ မင်းသည် ပြည့်တန်ဆာမကိုဆောင်အံ့သောငှါ အကယ်မတတ်နိုင်အံ့၊ ဥတ္တရသူဌေးသားအား အာဏာကို ပြုကြကုန်လောဟုဆို၏။

ထိုအခါ ဥတ္တရသူဌေးသားကို လက်ပြန်ချည်၍ မင်းအာဏာကို ပြုကုန်အံ့ဟုယူ၍ သွားကြလေကုန်၏။ ပြည့်တန်ဆာမကို ဆောင်၍ပေးအံ့သောငှါ မတတ်နိုင်သောသူဌေးသားကို မင်းအာဏ ပြုစေ၏ဟု မြိုအလုံးသည် အုတ်အုတ် ကျက်ကျက် ဖြစ်၏။ များစွာကုန်သောလူတို့သည် ရင်၌ လက်တို့ကိုထားကုန်၍ အရှင်ဤအမှုကား အဘယ်မည်သောအမှုနည်း၊ အရှင်သည် ကိုယ့်အား မလျောက်ပတ်သောအမှုကို ရ၏ဟု ငိုကြကုန်၏။ သူဌေးသည်လည်း သား၏ နောက်မှနောက်မှ ငိုလျက်လိုက်၏။ သူဌေးသားသည် ငါ့အား ဤသို့သဘောရှိသောဆင်းရဲသည် အိမ်၌နေသည်၏ အဖြစ်ကြောင့် ဖြစ်၏။ ဤဆင်းရဲမှ ငါသည် အကယ်၍လွတ်ငြားအံ့ ဂေါတမဘုရား၏အထံတော်၌ ရဟန်းပြုအံ့ဟုကြံ၏။ ထိုပြည့်တန်ဆာမသည်လည်း ထိုအုတ်အုတ်ကျက်ကျက်သော အသံကိုကြား၍ ဤအသံကား အဘယ်မည်သောအသံနည်းဟု မေး၍ ထိုအကြောင်းကိုကြား၍ လျှင်မြန်သဖြင့်ဆင်းသက်၍ အရှင်သင်တို့သည် ဖဲကြကုန်လော့ ဖဲကြကုန်လော့၊ ကျွန်ုပ်ကို မင်း ချင်းယောက်ျားတို့အား မြင်ခြင်းကို ပေးကုန်လော့ဟု ကိုယ်ကိုပြ၏။ မင်းချင်းတို့သည် ပြည့် တန်ဆာမကိုမြင်၍ အမိအားအပ်နှင်း၍ သူဌေးသားကိုလွှတ်၍ ဖဲကုန်၏။

သူဌေးသားသည် အဆွေခင်ပွန်းတို့ဖြင့်ခြံရံလျက် မြစ်သို့သွား၍ ဦးခေါင်းလျှော်ပြီးလျှင် အိမ်သို့သွား၍ နံနက်စာစားပြီးသော် မိဘတို့ကိုရှိခိုး၍ ရဟန်းအဖြစ်ကိုခွင့်တောင်း၍ သင်္ကန်း ပုဆိုးတို့ကိုယူလျှက် များစွာသောအခြံအရံဖြင့် မြတ်စွာဘုရား အထံတော်သို့သွား၍ ရှိခိုးလျက် ရဟန်းအဖြစ်ကိုတောင်းပန်၍ သာမဏေအဖြစ် ပဉ္စင်းအဖြစ်ကိုရလတ်သော် မလွတ်သော ကမ္မဋ္ဌာန်းရှိလျက် ဝိပဿနာကိုပွားစေ၍ မကြာမြင့်မီ အရ ဟတ္တဖိုလ်၌ တည်၏။

ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရား သဘင်၌ စည်းဝေးကုန်၍ ငါ့သျှင်တို့ ဥတ္တရသူဌေးသားသည် မိမိအားဘေးဖြစ်လတ်သော် သာသနာတော်၏ ကျေးဇူးကိုသိ၍ ဤဆင်းရဲမှလွတ်ပါမူကား ရဟန်းပြုအံ့ဟုကြံ၍ ထိုကောင်းသောအကြံဖြင့် သေဘေးမှလွတ်၏။ ရဟန်းပြု၍ အရဟတ္တဖိုလ်၌လည်း တည်၏ဟု ဥတ္တရ သူဌေးသား၏ ကျေးဇူးစကားကို ပြောဆိုကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟုမေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဥတ္တရသူဌေးသားသည်သာလျှင် မိမိအားဘေးဖြစ်လတ်သော် ဤဥပါယ်ဖြင့် ဤဆင်း ရဲမှလွတ်စေအံ့ဟုကြံ၍ သေဘေးမှလွတ်သည် မဟုတ်သေး၊ လွန်လေပြီးသောအခါ ပညာရှိတို့သည်လည်း မိမိအား ဘေးဖြစ်လတ်သော် ဤဥပါယ်ဖြင့် ဤဆင်းရဲမှလွတ်အံ့ဟုကြံ၍ သေ ဘေးမှလွတ်ဘူးကုန်သလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုလတ်သည်ရှိသော် ဘုရားလောင်းသည် စုတိပဋိသန္ဓေ၏အစွမ်းအားဖြင့် အမျိုးပြောင်းလျှက် ငုံးမျိုး၌ ဖြစ်၏။ ထိုအခါ တယောက်သောမုဆိုးသည် တောမှ များစွာကုန်သောငုံးတို့ကိုဆောင် ယူ၍ အိမ်၌ထားလျက် အစာပေး၍ အဘိုးကိုယူ၍လာကုန်သူတို့၏လက်၌ ငုံးတို့ကိုရောင်းလျှက် အသက်မွေး၏။ ထိုမုဆိုးသည် တနေ့သ၌ များစွာကုန်သောငုံးတို့နှင့်တကွ ဘုရားလောင်းကိုလည်း ဖမ်းယူ၍ဆောင်၏ ဘုရားလောင်းသည်လည်း ဤမုဆိုးသည် ပေးအပ်သော အစာကို၎င်း ရေကို၎င်း အကယ်၍ သုံးဆောင်ငြားအံ့၊ ဤမုဆိုးသည် အဘိုးကိုယူ၍ လာကုန်သောသူတို့အား ပေးလတ္တံ့၊ ငါသည် အကယ်၍ မသုံးဆောင်ငြားအံ့၊ ငါသည် ညှိုးလတ္တံ့၊ ထိုအခါ ညှိုးသောငါ့ကိုမြင်၍ လူတို့သည် မယူကုန်လတ္တံ့၊ ဤသို့ မယူကုန်သည်ရှိသော် ငါ့အား ချမ်းသာသည် ဖြစ်လတ္တံ့၊ ဤဥပါယ်ကိုပြုအံ့ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် ကြံတိုင်းပြုလျှက် ညှိုး၍ အရိုး အရေရှိကုန်သည်ဖြစ်၏။

လူတို့သည် ထိုဘုရားလောင်းကိုမြင်၍ မယူကုန်၊ မုဆိုးသည် ဘုရားလောင်းကိုထား၍ ကြွင်းကုန်သောငုံးတို့သည် ကုန်လတ်သော် တောင်းကိုထုတ်၍ တံခါး၌ ထားပြီးလျှင် ဘုရားလောင်းကို လက်ဝါးပြင်၌တင်၍ ဤငုံးကား အသို့ဖြစ်သနည်းဟုကြံ၍ ကြည့်အံ့သောငှါ အားထုတ်၏။ ထိုအခါ မုဆိုး၏ မေ့လျော့သောအဖြစ်ကိုသိ၍ ဘုရားလောင်းသည် အတောင်ကိုဖြန့်၍ပျံသဖြင့် တောသို့သာလျှင် သွား၏။ တပါးသော ငုံးတို့သည် ဘုရားလောင်းကိုမြင်၍ အရှင်သင့်အား အဘယ့်ကြောင့် မထင်သနည်း၊ အဘယ်သို့ သွားချေသနည်းဟု မေးလတ်၍ မူဆိုးသည်ဖမ်းအပ် ၏ဟု ပြောဆိုသည်ရှိသော် အဘယ်သို့ပြု၍ လွတ်ခဲ့သနည်းဟု မေးကုန်၏။ ဘုရားလောင်းသည် ငါကား ထိုမုဆိုးပေးအပ်သော အစာ အာဟာရကို မယူဘဲ ဥပါယ်ဖြင့်လွတ်၏ဟု ဆို လို၍-

၁၁၈။ နာစိန္တယန္တော ပုရိသော၊ ဝိသေသ မဓိဂစ္ဆတိ။
စိန္တိတဿ ဖလံ ပဿ၊ မုတ္တောသ္မိ ဝဓဗန္ဒနာ။

ဟူသော ဤဂါထာကို ဆို၏။

၁၁၈။ ဘောန္တော ဝဋ္ဋကာ၊ အို ငုံးများတို့။ အစိန္တယန္တော၊ မကြံစည်သော။ ပုရိသော၊ ယောက်ျားသည်။ ဝိသေသံ၊ ဆင်းရဲမှ လွတ်ခြင်း ဟူသော အကျိုးဝိသေသကို။ န အဓိဂစ္ဆတိ၊ မရ။ စိန္တိတဿ၊ ငါကြံအပ်သောအမှု၏။ ဖလံ၊ အကျိုးကို။ ပဿ၊ ရှုလော့။ တေနေဝ ဥပါယေန၊ ထိုသို့ ကြံ စည်အပ်သော ဥပါယ်ဖြင့်လျှင်။ အဟံ၊ ငါသည်။ ဝဓဗန္ဓနာ၊ သတ်ခြင်းနှောင်ဖွဲ့ခြင်းမှ။ မုတ္တော၊ လွတ်သည်။ အသ္မိ၊ ဖြစ်၏။

ဤသို့ ဘုရားလောင်းသည် မိမိပြုအပ်သော အကြောင်းကို ကြား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သေဘေးမှလွတ်သော ငုံးဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဘေးရန်တွေ့က၊ တွေးကြံဆ၊ မုချ လွတ်အောင်ဖန်

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဝဋ္ဋဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဟံစိဝဂ်

၉။ အကာလရာဝိဇာတ်

အခါမဟုတ်သည်၌ အသံကိုပြုမိသည်အတွက်ကြောင့် အသက်ကုန်ခြင်းသို့ရောက်ဘူးသော အကြာင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အမာတာပိတရသံဝဒ္ဓေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအကာ လရာဝိဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီ တင်း သုံးနေတော်မူစဉ် တယောက်သော အချိန်မဟုတ်သည်၌ အသံပြုတတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းသည် သာဝတ္ထိပြည်၌နေသော အမျိုးသားဖြစ်သတတ်။ ထိုအမျိုးသားသည် သာသနာတော်၌ ရဟန်းပြု၍ ဝတ်ကို၎င်း တရားကျမ်းဂန် သင်ခြင်းကို၎င်း မမှတ်၊ ထိုရဟန်းသည် ဤကာလ၌ ငါသည်ဝတ်ကိုပြုအပ်၏။ ဤကာလ၌ ငါသည် စားအပ်၏။ ဤကာလ၌ တရားကျမ်းဂန်သင်ခြင်းကို ပြုအပ်၏။ ဤကာလ၌ ငါသည် သရဇ္ဈာယ်အပ်၏ဟု မသိ၊ ပဌမယာမ်၌၎င်း မဇ္စျိမယာမ်၌၎င်း ပစ္ဆိမယာမ်၌၎င်း နိုးတိုင်းနို့တိုင်းသောခဏ၌ သာလျှင် ကျယ်သော အသံကိုပြု၏။ ရဟန်းတို့သည် အိပ်ခြင်းကို မရကုန်။

တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဤအမည်ရှိသော ရဟန်းသည် ဤသို့သဘောရှိသော ရတနာဖြစ်သော သာသနာတော်၌ ရဟန်း ပြု၍ ဝတ်ကို၎င်း တရားကျမ်းဂန်သင်ယူခြင်းကို၎င်း အခါမဟုတ်သည်ကို၎င်း မသိဟု ထိုရဟန်း၏ ကျေးဇူးမဲ့ဖြစ်သော စကားကို ဆိုကုန်၏ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟုမေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုရဟန်းသည် အခါမဟုတ်သည်၌ အသံ ပြုတတ်သည် မဟုတ်သေး၊ ရှေး၌လည်း အခါမဟုတ်သည်၌ အသံပြုတတ်သည် သာလျှင်တည်း၊ အခါဟုတ်သည် အခါမဟုတ်သည်ကို မသိသည်၏ အဖြစ်ကြောင့် လည်ကိုလိမ်၍ အသက်ကုန်ခြင်းသို့ ရောက်ဘူးပြီဟုမိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ဥဒိစ္စပုဏ္ဏားမျိုး၌ ဖြစ်၍ ခပ်သိမ်းသောအတတ်တို့၌ ကမ်းတဘက်သို့ရောက်၍ ဗာရာဏသီပြည်၌ ဒိသာ ပါမောက္ခဆရာဖြစ်၍ ငါးရာကုန်သောလုလင်တို့ကို အတတ်သင်စေ၏။ ထိုလုလင်တို့အား တခုသောအချိန်၌ တွန်တတ်သောကြက်တခုသည် ရှိ၏ လုလင်တို့သည် ကြက်တွန်သောအသံဖြင့်ထ၍ အတတ်ကို သရဇ္ဈာယ်ကြကုန်၏။ ထိုကြက်သည် သေ၏။ လုလင်တို့သည် တပါးသောကြက်ကိုရှာလျှက် သွားကုန်၏။ ထိုအခါ တယောက်သော လုလင်ငယ်သည် သုသာန်၌ ထင်း ခွေလတ်သော် တခုသောကြက်ကိုမြင်၍ ဆောင်ခဲ့ပြီးလျှင် ချိုင့်၌ထား၍ မွေး၏။ ကြက်သည်သုသာန်၌ကြီးသည်၏အဖြစ်ကြောင့် ဤမည်သောအခါ၌ တွန်အပ်သည်ဟု မသိသည်၏ အဖြစ်ကြောင့် ရံခါ အလွန်စောစောတွန်၏။ ရံခါ အရုဏ်တက်မှတွန်၏။

လုလင်တို့သည် အလွန်စောစောတွန်သော ကာလ၌ အတတ်ကို သရဇ္ဈာယ်ကုန်လတ်သော် အရုဏ်တက်သည်တိုင်အောင် အတတ်ကိုသရဇ္ဈာယ်အံ့သောငှါ မတတ်နိုင်ကုန်၊ အိပ်ချင်ကုန်၍ ယူအပ်သောအတတ်ကိုလည်း မမြင်ကုန်၊ အလွန်လင်းမှ တွန်သောကာလ၌ သရဇ္ဈာယ်ခြင်း၏အခွင့်ကိုလျှင် မရကုန်၊ လုလင်တို့သည် ဤကြက်သည် အလွန်စောစောလည်း တွန်၏။ အလွန်လင်းမှလည်းတွန်၏။ ဤကြက်ကိုမှီ၍ ငါတို့အား အတတ်သည် အပြီးသို့ မရောက်လတ္တံ့ဟု ထိုကြက်ကိုဖမ်း၍ လည်ကိုလိမ်၍ အသက်ကုန်ခြင်းသို့ရောက်စေ၍ အခါမဟုတ်သည်၌ တွန်တတ်သောကြက်ကို အကျွန်ုပ်တို့သည်သတ်အပ်ပြီဟု ဆရာအား ပြောဆိုကုန်၏။ ဆရာသည် အဆုံးအမကိုမယူမူ၍ကြီးသည်၏ အဖြစ်ကြောင့် သေခြင်းသို့ရောက်၏ဟု ဆိုလို၍-

၁၁၉။ အမာတာပိတရသံဝဒ္ဓေါ၊ အနာစေရကုလေဝသံ၊
နာယံ ကာလံ အကာလံ ဝါ၊ အဘိဇာနာတိ ကုက္ကူဋော။

ဟူသော ဤဂါထာကို ဆို၏။

၁၁၉။ ဘောန္တော မာဏဝါ၊ အို လုလင်တို့။ အမာတာပိတရသံဝဒ္ဓေါ၊ မိဘကိုမှီလျက် မိဘအဆုံးအမကိုမယူမူ၍ကြီးသော။ အနာစေရကုလေဝသံ၊ ဆရာ့အထံ၌ မနေသော။ အယံ ကုက္ကူဋော၊ ဤကြက်သည်။ ကာလံ ဝါ၊ အခါဟုတ်သည်ကိုလည်း။ န အဘိဇာနာတိ၊ မသိ။ အကာလံဝါ၊ အခါမဟုတ်သည်ကိုလည်း။ န အဘိဇာနာတိ၊ မသိ။

ဘုရားလောင်းသည် ဤအကြောင်းကိုပြ၍ အသက်ထက်ဆုံး တည်၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဤရဟန်းသည် ထိုအခါ အချိန်မဟုတ်သည်၌ တွန်တတ်သော ကြက်ဖြစ်ဘူးပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ တပည့် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အချိန်ကာလ၊ မသိက၊ မုချသေရှာ ကြက်ပမာ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော အကာလရာဝိဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ဟံစိဝဂ်

၁၀။ ဗန္ဓနမောက္ခဇာတ်

စိဉ္စမာဏဝိကာသည် ရှေးအခါ၌လည်း ဘုရားလောင်းအား စွပ်စွဲဘူးသော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နက်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အဗဒ္ဓါ တတ္ထ ဗဇ္ဈန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဗန္ဓနမောက္ခဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စိဉ္စမာဏဝိကာကို ကြောင်းပြု၍ ဟောတော်မူ၏။ စိဉ္စမာဏဝိကာ၏ ဝတ္ထုသည် ဒသကနိပါတ် မဟာပဒုမဇာတ်၌ထင်စွာ ဖြစ်လတ္တံ့။

အထူးကား ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ စိဉ္စမာဏဝိကာသည် ယခုသာလျှင် ငါ့ဘုရားကို မဟုတ်မမှန်သဖြင့် စွပ်စွဲသည် မဟုတ်သေး၊ ရှေး၌လည်း စွပ်စွဲဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို အောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ပုရောဟိတ်အိမ်၌ဖြစ်၍ အရွယ်သို့ရောက်လျှင် အဘလွန်သဖြင့် ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ဖြစ်သလျှင်ကတည်း၊ ဗြဟ္မဒတ်မင်းသည် မိဖုယားကြီးအား အရှင်မိဖုယား အကြင်ဝတ္ထု ကိုသင်သည် အလို ရှိ၏။ ထိုဝတ္ထုကို ဆိုလောဟု ဆုပေး၏။ မိဖုယားကြီးသည် မြတ်သောမင်းကြီး အကျွန်ုပ်အား ရခဲသော တပါးသောဆုမည်သည် မရှိ၊ ယနေ့မှစ၍ အကျွန်ုပ်မှတပါးသော မိန်းမကို ကိလေသာ၏ အစွမ်းအားဖြင့် မကြည့်အပ်၊ ဤဆုကိုပေးပါလောဟု ဆို၏။ ထိုဗြဟ္မဒတ်မင်းသည်ပယ်၍ အဖန်တလဲလဲ နှိပ်စက်အပ်သည်ဖြစ်၍ ထိုမိဖုယားကြီး၏စကားကို လွန်အံ့သောငှါမတတ်နိုင်ရကား ဝန်ခံ၍ ယနေ့မှစ၍ တသောင်း ခြောက်ထောင်ကုန်သော ကချေသည်မိန်းမတို့တွင် တယောက်သောမိန်းမကိုလည်း ကိလေသာ၏ အစွမ်းအားဖြင့် မကြည့်။

ထိုအခါ ဗြဟ္မဒတ်မင်း၏ပစ္စန္တရစ်ကို ခိုးသူဖျက်ဆီး၏။ ပစ္စန္တရစ်၌ တည်ကုန်သော သူရဲတို့သည် ခိုးသူတို့နှင့် နှစ်ကြိမ်သုံးကြိမ်စစ်ထိုးကုန်၍ ဤထက်အလွန် အကျွန်ုပ်တို့မတတ်နိုင်ဟု မင်းအား စာဆက်ကုန်၏။ မင်းသည် ပစ္စန္တရစ်သို့သွားလိုရကား ဗိုလ်ပါကိုစု၍ မိဖုယားကြီးကိုခေါ်စေ၍ ရှင်မိဖုယား ငါသည် ပစ္စန္တရစ်သို့ ခိုးသူတို့ကိုငြိမ်းစိမ့်သောငှါ သွားအံ့၊ ထိုပစ္စန္တရစ်၌ အထူးထူး အပြားပြားရှိကုန်သော စစ်ထိုးခြင်းတို့သည် ဖြစ်ကုန်၏။ အောင်ခြင်းရှုံးခြင်းမည်သည်လည်း အမြဲမရှိ၊ ထိုသို့သဘောရှိကုန်သော အရပ်၌ မိန်းမမည်သည်ကို ဆောင်ခြင်းငှါခက်၏။ သင်သည် ဤ၌သာလျှင်နေရစ်ဟု ဆို၏။ အရှင်မင်းကြီး အကျွန်ုပ်နေရစ်ခြင်းငှါ မတတ်နိုင်ဟု မိဖုယားကြီးသည် လျှောက်၏။ အဖန်တလဲလဲ မင်းသည်ပယ်၏။ ထိုသို့တပြီးကား တယူဇနာတယူဇနာသို့ ရောက်လျှင် အကျွန်ုပ်၏ချမ်းသာဆင်းရဲကို သိခြင်းအကျိုးငှာ တယောက်တယောက်သောလူကို စေတော်မူလောဟု မိဖုယားက ဆို၏။ မင်းသည် ကောင်းပြီဟုဝန်ခံ၍ ဘုရားလောင်းကို မြို့၌ထားခဲ့၍ များစွာသော ဗိုလ်ပါနှင့် ထွက်၍ သွားသည်ရှိသော် တယူဇနာ တယူဇနာ၌ တယောက် တယောက်သောယောက်ျားကို ငါ၌ ရောဂါကင်းကြောင်းကို မိဖုယာအားလျှောက်၍ မိဖုယား၏ ချမ်းသာဆင်းရဲကို သိ၍လာလောဟု စေ၏။

လာတိုင်း လာတိုင်းသောယောက်ျားကို မင်းသည် အဘယ်အကျိုးငှာသင့်ကို စေသနည်းဟု မေး၏။ ရှင်မိဖုယားတို့၏ ချမ်းသာဆင်းရဲကို သိခြင်းအကျိုးငှာစေ၏ ဟု လျှောက်သည်ရှိသော် ထိုသို့တပြီးကား လာလောဟု ခေါ်၍ ထိုယောက်ျားနှင့်တကွ မသူတော်၏ အကျင့်ကို မှီဝဲ၏။ မင်းသည် သုံးဆယ့်နှစ်ယူဇနာခရီးသို့ ရောက်လတ်သော် သုံးကျိပ်နှစ်ယောက်ကုန်သော သူတို့ကို စေ၏။ ထိုမိဖုယားသည် ခပ်သိမ်းကုန်သောသူတို့နှင့်လည်း ထို့အတူသာလျှင်ကျင့်၏။ မင်းသည် ပစ္စန္တရစ်ကိုငြိမ်းစေ၍ ဇနပုဒ်ကိုချမ်းသာစေ၍ တဖန်ပြန်လာသော်လည်း ထို့အတူလျှင် သုံးကျိပ်နှစ်ယောက်ကုန်သော သူတို့ကိုစေ၏။ မိဖုယားသည် ထိုသူတို့နှင့်လည်း မသူတော်အကျင့်ကို မှီဝဲသလျှင်ကတည်း၊ မင်းသည်လာ၍ အောင်တပ်၌နေ၍ မြို့ကိုသုတ်သင်စေလောဟု ဘုရားလောင်းအား စာပို့စေ၏။ ဘုရားလောင်းသည် အလုံးစုံသောမြို့ကိုသုတ်သင်၍ နန်းတော်ကိုသုတ်သင်လတ်သော် မိဖုယား၏နေရာအရပ်သို့ရောက်၍ ထိုမိဖုယားသည် ဘုရားလောင်း၏ တင့်တယ်စံပယ်ခြင်းကို မြင်၍ သည်းခံအံ့သောငှာ မတတ်နိုင်ရကား ပုဏ္ဏား လာလော့ အိပ်ရာသိုတက်လော့ဟု ဆို၏။

ဘုရားလောင်းသည် ရှင်မိဖုယား ဤသို့ မဆိုလင့်၊ မင်းကိုလည်း အကျွန်ုပ် ရိုသေလေးမြတ်၏ အကုသိုလ်ကိုလည်း ကြောက်၏။ ဤသို့ အကျွန်ုပ်ပြုခြင်းငှါ မတတ်ကောင်းဟု ဆို၏။ မင်း၏ခြေရင်း၌ ခစားကုန်သော ခြောက်ကျိပ်လေးသောက်ကုန်သောသူတို့သည် မင်းကို မရိုသေမလေးမြတ်ကုန်၊ အကုသိုလ်ကိုလည်း မကြောက်ကုန်၊ သင်သည်သာလျှင် မင်းကို ရိုသေ လေးမြတ်၏။ အကုသိုလ်ကို ကြောက်၏ဟု မိဖုယားဆို၏။ ရှင်မိဖု မှန်၏။ ထိုခြောက်ကျိပ်လေးယောက်ကုန်သော သူတို့အားလည်း ဤသို့ အကယ်၍ သိလိမ်မာသည်ဖြစ်ငြားအံ့၊ ထိုခြောက်ကျိပ် လေးယောက်ကုန်သောသူတို့သည် ဤသို့သဘောရှိသောအမှုကို မပြုကုန်ရာ၊ အကျွန်ုပ်သည် သိလိမ်မာလျက် ဤသို့သဘောရှိသော ကြမ်းကြုတ်သောအမှုကို မပြုဟူ၍ ဆို၏။ မိဖုယားသည် ပုဏ္ဏား သင်သည်အဘယ်ကြောင့် များစွာပြောဆိုသနည်း၊ အကယ်၍ ငါ့စကားကိုနားမထောင်အံ့၊ သင့်ဦးခေါင်းကို ပြတ်စေအံ့ဟုဆို၏။ ဘုရားလောင်းသည် ရှင်မိဖုယား တခုသောကိုယ်အဖြစ်၌ ဦးခေါင်းကိုဖြတ်ခြင်းကို ထားဘိဦး၊ တထောင်သော ကိုယ်အဖြစ်၌ ဦးခေါင်းကိုဖြတ်ငြားသော်လည်း အကျွန်ုပ်သည် ဤကဲ့သို့သောအမှုကိုပြုခြင်းငှာ မတတ်နိုင်ဟု ဆို၏။

မိဖုယားသည် ထိုသို့ဖြစ်စေ သိရအံ့ဟု ဘုရားလောင်းကိုခြိမ်းချောက်၍ မိမိ၏တိုက်ခန်းသို့ဝင်၍ ကိုယ်၌ လက်သည်းရာကို ထင်စေ၍ ဆီဖြင့် ကိုယ်ကိုလိမ်း၍ ညစ်နွမ်းသောအဝတ်ကိုဝတ်၍ နာယောင်ပြုလျှက် ကျွန်မတို့ကိုခေါ်၍ မိဖုယား အဘယ်မှာနည်းဟု မင်းကြီးမေးသည်ရှိသော် နာပါသည်ဟု ပြောဆိုကုန်လောဟု ဆို၏။ ဘုရားလောင်းသည်လည်း မင်းအား ကြိုအံ့သောငှါ သွား၏။ မင်းသည် မြို့ကို လကျ်ာရစ်လှည့်၍ ပြာသာဒ်သို့တက်ပြီးသော် မိဖုယားကိုမမြင်ရကား မိဖုယားအဘယ်မှာနည်းဟု မေး၏။ ရှင်မင်းကြီး မိဖုယားသည် နာ၏ဟုဆိုကုန်၏။ ထိုမင်းသည် အသရေရှိသောတိုက်ခန်းသို့ဝင်၍ မိဖုယား၏ကျောက်ကုန်းကို ဆုပ်နယ်လျှက် ရှင်မ သင့်အား အဘယ်မချမ်းသာခြင်းသည် ဖြစ်သနည်းဟု မေး၏။ မိဖုယားသည် ဆိတ်ဆိတ်နေ၏။ သုံးကြိမ်မြောက်၌ မင်းကိုကြည့်၍ မြတ်သောမင်းကြီး သင်မင်းကြီးသည်လည်း အသက်ရှင်သည် မည်၏။ အကျွန်ုပ်ကဲ့သို့သော မိန်းမတို့သည်လည်း လင်ရှိမိန်းမတို့သည်သာလျှင် မည်ကုန်သည် မဟုတ်လာဟု မိဖုယားဆို၏။ ရှင်မ ထိုစကားကို အဘယ်ကြောင့်ဆိုသနည်းဟု မင်းသည် ဆို၏။

မြတ်သောမင်းကြီး သင်မင်းကြီးတို့သည် မြို့ကိုစောင့်စိမ့်သောငှါထားသော ပုရောဟိတ်သည် သင်မင်းကြီးတို့၏အိမ်တော်ကို သုတ်သင်အံ့ဟု ဤသို့လာ၍ မိမိစကားကို နားမထောင်သော အကျွန်ုပ်ကို သတ်ပုတ်၍ မိမိနှလုံးအလိုကို ပြည့်စေ၍ သွား၏ဟု မိဖုယားဆို၏။ မင်းသည် မီး၌ ထည့်အပ်သောဆားကဲ့သို့ အမျက်အားဖြင့် ဖျစ် ဖျစ်မြည်လျက် အသရေရှိသော တိုက်ခန်းမှထွက်၍ တံခါးစောင့်ကို ခြေရင်း၌ခစားသူတို့ကို ခေါ်စေ၍ အချင်းတို့သွားကြကုန်၊ ပုရောဟိတ်ကို လက်ပြန်ချည်၍ သတ်အပ်သော အဖြစ်သို့ ရောက်သည်ကိုပြု၍ မြို့မှထုတ်၍ သုသာန် စဉ်း တီတုံးသို့ဆောင်၍ ပုရောဟိတ်၏ဦးခေါင်းကို ဖြတ်ကြကုန်ဟု ဆို၏။ ထိုမင်းချင်းယောက်ျားတို့သည် လျှင်မြန်သဖြင့်သွား၍ ပုရောဟိတ်ကိုလက်ပြန်ချည်၍ သူသတ်စည်ကို လည်စေကုန်၏။ ဘုရားလောင်းသည် စင်စစ်သဖြင့် ထိုမိဖုယားပျက်သည် မင်းကို ရှေးဦးစွာလျှင် ဖျက်ဆီးအပ်ပြီ၊ ယခု ငါသည် မိမိအစွမ်းဖြင့်သာလျှင် ကိုယ်ကို လွတ်စေအံ့ဟုကြံ၏။ ကြံပြီး၍ -

ဘုရားလောင်းသည် မင်းချင်းယောက်ျားတို့ကို အချင်းတို့ သင်တို့သည် ငါ့ကို သတ်ကုန်လတ်သော် မင်းအားပြ၍သာလျှင် သတ်ကြကုန်လောဟု ဆို၏။ အဘယ့်ကြောင့်ပြ၍ သတ်ရကုန်အံ့နည်းဟု မင်းချင်းတို့သည် ဆိုကုန်၏။ ငါသည် မင်း၏အမှုကိုရွက်ဆောင်၏။ ငါပြုသောအမှုသည် များ၏။ များစွာကုန်သော ရွှေအိုးကြီးမြှုပ်ထားရာအရပ်တို့ကို သိ၏။ မင်း၏ဥစ္စာကို ငါသည် စီရင်၏။ ငါ့ကို မင်းအား အကယ်၍ မပြကုန်အံ့၊ များစွာသောဥစ္စာသည် ပျက်စီးလတ္တံ့၊ ငါသည် မင်းအား ဥစ္စာတို့ကို ကြားပြီးသည် ရှိသော် နောက်၌ ပြုအပ်သောအမှုကို သင်တို့ပြုကြကုန်လောဟု ဘုရားလောင်း ဆို၏။ မင်းချင်းယောက်ျားတို့သည် ဘုရားလောင်းကို မင်းအား ပြကုန်၏။ မင်းသည် ဘုရားလောင်းကို မြင်၍လျှင် အို ပုဏ္ဏား သင်သည် အဘယ်ကြောင့် ငါ၌ ရှက်ခြင်းကို မပြုသနည်း၊ အဘယ်ကြောင့် ဤသို့သဘောရှိသော ယုတ်မာသောအမှုကို ပြုသနည်းဟု ဆို၏။

မြတ်သောမင်းကြီး အကျွန်ုပ်သည် ပုဏ္ဏားမျိုး၌ ဖြစ်၏။ အကျွန်ုပ်သည် ပိုးခြပုန်းမျှကို သတ်ခြင်းမည်သည်ကို မပြုစဘူး၊ အရှင်မပေးသောဥစ္စာကို မြက်ဝါးခြမ်းစိတ်မျှကိုလည်း မယူစဘူး၊ လောဘ၏အစွမ်းအားဖြင့် သူတပါးတို့၏မိန်းမကို မျက်စိကိုလည်း ဖွင့်၍ မကြည့်စဘူး၊ ရယ်မြူးလိုသည်၏အစွမ်းအားဖြင့်လည်း မုသားကို မဆိုစဘူး၊ သမန်းမြက်မျှဖြင့်လည်း ယစ်မျိုးကို မသောက်စဘူး၊ အကျွန်ုပ်သည် အရှင်မင်းကြီးတို့၌ အပြစ်မရှိ၊ ထိုမိဖုယားမိုက်သည်ကား လောဘ၏ အစွမ်းအားဖြင့် အကျွန်ုပ်ကို လက်၌ကိုင်၍ အကျွန်ုပ်သည်ပယ်အပ်သည်ရှိသော် အကျွန်ုပ်ကို ခြိမ်းချောက်၍ မိမိပြုအပ်သော မကောင်းမှုကို ထင်စွာပြလျက် အကျွန်ုပ်အားကွား၍ တိုက်ခန်းတွင်းသို့ ဝင်လေ၏။ အကျွန်ုပ်သည် အပြစ်မရှိ၊ အမှာစာကိုယူ၍လာကုန်သော ခြောက်ကျိပ် လေးယောက်ကုန်သော သူတို့သည်ကား အပြစ်ရှိကုန်၏။ ထိုခြောက်ကျိပ်လေးယောက်ကုန်သောသူတို့ကို ခေါ်စေ၍ ထိုမိဖုယား၏စကားကို သင်တို့သည်ပြုကုန်သလော မပြုကုန်သလောဟု မေးတော်မူလောဟု ဘုရားလောင်း ဆို၏။ မင်းကြီးသည် ထိုခြောက်ကျိပ် လေးယောက်ကုန်သောသူတို့ကို နှောင်ဖွဲ့စေ၍ မိဖုယားကိုခေါ်စေ၍ သင်သည် ထိုသူတို့နှင့်တကွ မကောင်းမှုကို ပြုသလော။ မပြုသလောဟု မေး၏။ ရှင်မင်းကြီး ပြုမိပေ၏ဟု ဆိုလတ်သော် ထိုခြောက်ကျိပ်လေးယောက်ကုန်သောသူတို့ကို လက်ပြန်ချည်စေ၍ ဤသူတို့၏ဦးခေါင်းကို ဖြတ်ကြကုန်ဟု စေ၏။

ထိုအခါ ဘုရားလောင်းသည် မြတ်သောမင်းကြီး ခြောက်ကျိပ်လေးယောက်ကုန်သောသူတို့အား အပြစ်မရှိ၊ မိဖုယားသည် မိမိအလိုကို ပြုစေ၏။ ထို့ကြောင့် ခြောက်ကျိပ်လေးယောက်ကုန်သောသူတို့အား သည်းခံတော်မူပါ၊ ထိုမိဖုယားအားလည်း အပြစ်မရှိ၊ မိန်းမတို့မည်သည် မေထုန်အကျင့်ဖြင့် မရောင့်ရဲနိုင်ကုန်၊ ဤမေထုန်အကျင့်ဖြင့် မရောင့်ရဲခြင်းသည် ထိုမိန်းမတို့၏ ဇာတိသဘောတည်း၊ သည်းခံခြင်းငှာသာလျှင် သင့်၏။ ထို့ကြောင့် မိဖုယားအားလည်း သည်းခံတော်မူပါဟု အထူးထူး အပြားပြားအားဖြင့် မင်းကိုသိစေ၍ ခြောက်ကျိပ်လေးယောက်ကုန်သော သူတို့ကိုလည်း လက်ပြန်ချည်ခြင်းမှလွတ်စေ၍ ခပ်သိမ်းကုန်သောသူတို့အား မိမိတို့၏ဥစ္စာဖြစ်ကုန်သော အရာဌာနတို့ကို ပေးစေ၏။ ဤသို့ အလုံးစုံသောထိုသူတို့ကို လွှတ်စေ၍ မိမိတို့၏အရာဌာနတို့၌တည်စေ၍ ဘုရားလောင်းသည် မင်းသို့ချဉ်းကပ်၍ မြတ်သောမင်းကြီး အလွန်မိုက်ကုန်သောသူတို့၏ တည်ရာမရှိသောစကားကြောင့် မနှောင်ဖွဲ့အပ်ကုန်သော ပညာရှိတို့ကိုလည်း လက်ပြန်ချည်ကုန်၏။ ပညာ ရှိတို့၏ အကြောင်းနှင့်ယှဉ်သော စကားကြောင့် လက်ပြန်ချည်ကုန်သောသူတို့သည်လည်း လွတ်ကုန်၏။ ဤသို့ သူမိုက်တို့မည်သည်ကား နှောင်ဖွဲ့ခြင်းငှါ မသင့်ကုန်သောသူတို့ကိုလည်း နှောင်ဖွဲ့စေတတ်ကုန်၏။ ပညာရှိတို့သည်ကား အနှောင် အဖွဲ့ခံရသော်လည်း အနှောင်အဖွဲ့မှ လွတ်စေကုန်၏ဟု ဆိုလို၍-

၁၂၀။ အဗဒ္ဓါ တတ္ထ ဗဇ္စျန္တိ၊ ယတ္ထ ဗာလာ ပဘာသရေ။
ဗဒ္ဓါပိ တတ္ထ မုစ္စန္တိ၊ ယတ္ထ ဓီရာ ပဘာသရေ။

ဟူသော ဤဂါထာကို ဆို၏။

၁၂၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယတ္ထ၊ အကြင်အမှု၌။ ဗာလာ၊ သူမိုက်တို့သည်။ ပဘာသရေ၊ ဆိုကုန်၏။ တတ္ထ၊ ထိုအမှု၌။ အဗဒ္ဓါ၊ နှောင်ဖွဲ့ခြင်း မသင့်ကုန်သော သူတို့သည်။ ဗဇ္ဈန္တိ၊ အနှောင် အဖွဲ့ကို ရကုန်၏။ ယတ္ထ၊ အကြင်အမှု ၌။ ဓီရာ၊ ပညာရှိတို့သည်။ ပဘာသရေ၊ ဆိုကုန်၏။ တတ္ထ၊ ထိုအမှု၌။ ဗဒ္ဓါပိ၊ အနှောင်အဖွဲ့ခံရကုန်သော သူတို့သည်လည်း။ မုစ္စန္တိ၊ လွတ်ကုန်၏။

ဤသို့ ဘုရားလောင်းသည် ဤဂါထာဖြင့်မင်းအား တရားဟော၍ မြတ်သောမင်းကြီး အကျွန်ုပ်သည် ဤဆင်းရဲကို အိမ်၌နေသည်၏အဖြစ်ကြောင့် ရအပ်၏။ ယခု အကျွန်ုပ်အား အိမ်ဖြင့် ကိစ္စမရှိ၊ အကျွန်ုပ်အား ရဟန်းအဖြစ်ကို ခွင့်ပြုတော်မူပါလောဟု ရဟန်းအဖြစ်ကို ခွင့်တောင်း၍ မျက်ရည်စွတ်သောမျက်နှာရှိသော ဆွေမျိုးအပေါင်းကို၎င်း များစွာသော စည်းစိမ်ဥစ္စာကို၎င်းစွန့်၍ ရသေ့ရဟန်းပြုသဖြင့် ဟိမဝန္တာ၌ နေလျက် အဘိညာဉ်သမာပတ်တို့ကိုဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည်ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ ယခုအခါ စိဉ္စမာဏဝိကာသည် ထိုအခါ မိဖုယားပျက်ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပုရောဟိတ် ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

မဟုတ်မမှန်၊ စွပ်စွဲပြန်၊ သူ့ထံမရောက် ကိုယ့်အားရောက်

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဗန္ဓနမောက္ခဇာတ်သည်ပြီး၏။

*****

ဧကကနိပါတ်-ကုသနာဠှိဝဂ်

၁။ ကုသနာဠိဇာတ်

အယုတ်အလတ်အမြတ်မရွေး အဆွေခင်ပွန်းဖွဲ့အပ်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကရေ သရိက္ခော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုသနာဠိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အနာထပိဏ သူဌေး၏ အဆွေ ခင်ပွန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ အနာထပိဏ်သူဌေးကို ချစ်ကျွမ်းဝင်ကုန်သော အမျိုးအဆွေခင်ပွန်းတို့သည် ပေါင်းစုကုန်၍ သူဌေးကြီး သင်နှင့် အမျိုးအနွယ်ဥစ္စာစပါးအစရှိသည်တို့ဖြင့် ဤသူသည် တူသည်မဟုတ် လွန်မြတ်သည်မဟုတ် အဘယ့်ကြောင့် ထိုသူနှင့်မိတ်ဖွဲ့ခြင်းကို ပြုသနည်း မပြုလင့်ဟု အဖန်တလဲလဲမြစ်ကုန်၏။ အနာထပိဏ် သူဌေးသည်ကား ယုတ်သောသူတို့နှင့်၎င်း, တူသောသူတို့နှင့်၎င်း, လွန်သောသူတို့နှင့်၎င်း မိတ်ဖွဲ့ခြင်းမည်သည်ကို ပြုအပ်သလျှင်ကတည်းဟု နှလုံးသွင်း၍ ထိုအဆွေ အမျိုးခင်ပွန်းတို့၏ စကားကိုမယူဘဲ စားသောရွာသို့သွားသည်ရှိသော် ထိုအဆွေခင်ပွန်းကို ဥစ္စာစောင့်ပြု၍ သွား၏။

ဤသို့ အစရှိသော အလုံးစုံသောစကားကို ကာဠကဏ္ဏိဝတ္ထု၌ ဆိုအပ်ပြီးသောနည်းဖြင့်လျှင် သိအပ်၏။

အထူးကား ဤဇာတ်၌ အနာထပိဏ်သူဌေးသည် မိမိ၏အိမ်၌ဖြစ်သောအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားသည်ရှိသော် သဗ္ဗညူမြတ်စွာဘုရားသည် သူကြွယ် အဆွေခင်ပွန်းမည်သည်ကား ငယ်သောမည်သည် မရှိ၊ ဤအဆွေခင်ပွန်းဖွဲ့ရာ၌ အဆွေခင်ပွန်းတို့၏တရားကို စောင့်ခြင်းငှါ စွမ်းနိုင်သော အဖြစ်သည်သာလျှင် ပမာဏဖြစ်၏။ အဆွေခင်ပွန်းမည်သည်ကို ကိုယ်နှင့်တူသည်ဖြစ်စေ ယုတ်သည်ဖြစ်စေ မြတ်သည်ဖြစ်စေ အပ်၏။ ထိုစကားသည် သင့်၏။ အယုတ် အလတ်အမြတ်ဖြစ်သော ထိုအဆွေ ခင်ပွန်းတို့သည်လည်း မိမိ ဆောင်ရွက်အပ်သောအမှုကို ဆောင်ရွက်ကုန်သည်သာလျှင်တည်း၊ ယခုအခါ ရှေးဦးစွာ သင်သည် မိမိအောက်နိမ့်သော အဆွေခင်ပွန်းကိုအမှီပြု၍ ဥစ္စာရှင်ဖြစ်၏။ ရှေးသူဟောင်းတို့သည်တမူကား မိမိအောက်နိမ့်သော အဆွေခင်ပွန်းကိုအမှီပြု၍ ဗိမာန်ရှင်ဖြစ်ဘူးကုန်၏ဟု မိန့်တော်မူ၍ အနာထပိဏ် သူဌေးသည် တောင်းပန်အပ်ရကား အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... သူဌေး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မင်း၏ ဥယျာဉ်ဝယ် သမန်းမြက်ချုံ၌ နတ်၏အဖြစ်ဖြင့် ဖြစ်၏။ ထိုဥယျာဉ်၌လျှင် မင်္ဂလာကျောက်ဖျာကို အမှီပြု၍ ဖြောင့်သောပင်စည်ရှိသော ဝန်းသောအခက်အခွနှင့်ပြည့်စုံသော မင်း၏အထံမှ ရအပ်သောပူဇော်သက္ကာရရှိသော ရုဇာမည်သော မင်္ဂလာသစ်ပင်သည် ရှိ၏။ (မုခကမည်သော သစ်ပင်ဟူ၍လည်း ဆိုအပ်၏) ထိုမင်္ဂလာသစ်ပင်၌ ဘုန်းတန်ခိုးကြီးသော တပါးသောနတ်မင်းသည် ဖြစ်၏။ ဘုရားလောင်းအား ထိုနတ်မင်းနှင့်တကွ မိတ်ဖွဲ့ခြင်းသည်ဖြစ်၏။

ထိုအခါ မင်းသည် တဆောင်သော တပင် တိုင်နန်းပြာသာဒ်၌ နေ၏။ ထိုပြာသာဒ်တိုင်သည် နဲ့၏။ တခုသော အနှစ်ရှိသောတိုင်ကိုဆောင်စေ၍ ထိုတိုင်ကို မတုန်မလှုပ်အောင် ပြုကုန်လောဟု ဆို၏။ လက်သမားတို့သည် အရှင်မင်းကြီး ကောင်းပြီဟု မင်း၏ စကားကို ဝန်ခံကုန်၍ နန်းတိုင်ဘို့ လျောက်ပတ်သောသစ်ကို ရှာကုန်လတ်သော် တပါး၌မမြင်ကုန်၍ ဥယျာဉ်၌ဝင်ကုန်၍ မုခကမည်သောသစ်ပင်ကိုမြင်ကုန်၍ မင်း၏အထံသို့သွားကုန်၍ မင်းသည် အမောင်တို့ နန်းတိုင်ဘို့ လျောက်ပတ်သောသစ်ကို သင်တို့ မြင်ခဲ့၏လောဟု မေးသည်ရှိသော် အရှင်မင်းကြီး မြင်ခဲ့ပြီ၊ မြင်ငြားသော်လည်း ထိုသစ်ပင်ကို မခုတ်ဝံ့ပါကုန်ဟုဆို၏။ အဘယ့်ကြောင့် မခုတ်ဝံ့သနည်းဟု မေး သည်ရှိသော် အကျွန်ုပ်တို့သည် တပါး၌ သစ်ပင်ကိုမမြင်ကုန်၍ ဥယျာဉ်တော်သို့ဝင်ကုန်၏။ ဥယျာဉ်တော်၌လည်း မင်္ဂလာသစ်ပင်ကိုထား၍ တပါးသောသစ်ပင်ကို မမြင်ကုန်၍ ထိုမင်္ဂလာသစ်ပင်တော်ဖြစ်သည်၏အဖြစ်ကြောင့် ထိုသစ်ပင်ကို မခုတ်ဝံ့ပါကုန်ဟု လက်သမားတို့သည် လျှောက်ကြကုန်၏။ သွားကြကုန် ထိုမင်္ဂလာသစ်ပင်ကို ခုတ်ကုန်၍ ပြာသာဒ်ကို ခိုင်အောင်ပြုကြကုန်၊ တပါးသောသစ်ပင်ကို ငါတို့သည် မင်္ဂလာသစ်ပင်ပြုကုန်အံ့ဟု မင်းကြီးဆို၏။ ထိုလက်သမားတို့သည် ကောင်းပြီဟု ပူဇော်ပသဘွယ်ကိုယူ၍ ဥယျာဉ်သို့သွားကုန်၍ နက်ဖြန်ခုတ်ပါအံ့ဟု သစ်ပင်အား ပူဇော်ပသခြင်းကိုပြုကုန်၍ ထွက်ကြကုန်၏။

ရုက္ခဇိုဝ်းနတ်သည် ထိုအကြောင်းကိုသိ၍ နက်ဖြန် ငါ့ဗိမာန်ကို ဖျက်ဆီးကုန်လတ္တံ့၊ ငါသားငယ်တို့ကိုယူ၍ အဘယ်သို့ သွားရလတ္တံ့နည်းဟု ဆင်ခြင်လတ်သော် သွားရာအရပ်ကိုမမြင်၍ သားငယ်တို့ကို လည်ဘက်၍ ငို၏။ ထိုရုက္ခဇိုးဝ်းနတ်၏ သန္ဒိဋ္ဌသမ္ဘတ္တ အဆွေခင်ပွန်းဖြစ်ကုန်သော ရုက္ခဇိုဝ်းနတ်တို့သည် လာလတ်ကုန်၍ ဤဆိုခြင်းကား အကြောင်းအသို့နည်းဟု မေးကုန်၍ ထိုအကြောင်းကိုကြားကုန်လတ်သော် မိမိတို့သည်လည်း လက်သမားတို့ကို ဖဲစေအပ်သောအကြောင်းကို မမြင်ကုန်၍ ထိုရုက္ခဇိုဝ်းနတ်ကို ဘက်၍ ငိုကြကုန်၏။ ထိုအခါ ဘုရားလောင်းသည် ရုက္ခဇိုဝ်းနတ်ကို ဖူးမြင်အံ့ဟု မင်္ဂလာသစ် ပင်သို့ သွား၍ ထိုအကြောင်းကိုကြားလျှင် ထိုသို့ဖြစ်စေ အရှင်နတ်မင်းတို့သည် မစိုးရိမ်ကုန်လင့်၊ ကျွန်ုပ်သည် ထိုသစ်ပင်ကို ခုတ်စိမ့်သောငှာ မပေအံ့၊ နက်ဖြန် လက်သမားတို့သည် လာသောကာလမှာ ကျွန်ုပ်ပြုသောအမှုကို ကြည့်ကြကုန်လောဟု ဆို၍ ထိုနတ်တို့ကိုနှစ်သိမ့်စေ၍ နက် ဖြန် လက်သမားတို့သည် လာသောကာလ၌ ပုတ်သင်အသွင် ဖန်ဆင်း၍ ဤလက်သမားတို့၏ ရှေ့မှသွား၍ မင်္ဂလာသစ်ပင်၏ အမြစ်ကြားသို့ဝင်၍ မင်္ဂလာသစ်ပင်ကို အခေါင်းရှိသကဲ့သို့ပြု၍ သစ်ပင်၏အလယ်ဖြင့်တက်လတ်၍ ပင်စည်၏ ထိပ်မှထွက်၍ ခေါင်းကိုလှုပ်လျှက်ဝပ်၏။ လက်သမားကြီးသည် ထိုပုတ်သင်ကိုမြင်လတ်၍ သစ် ပင်ကိုလက်ဖြင့်တီး၍ ဤသစ်ပင်ကား အခေါင်းရှိ၏။ အနှစ်မရှိ၊ ယမန်နေ့က မဆင်ခြင်မိ၍လျှင် ငါတို့သည် ပူဇော်ခြင်းကို ပြုမိကုန်၏ဟု တခဲ နက်သောသစ်ပင်ကြီးကိုကဲ့ရဲ့၍ ဖဲလေ၏။

ရုက္ခဇိုဝ်းနတ်မင်းသည် ဘုရားလောင်းကိုအမှီပြု၍ ဗိမာန်ရှင်ဖြစ်၏။ ရုက္ခဇိုင်းနတ်မင်းအား ပျူငှာလောကဝတ်ကိုပြုအံ့သောငှါ သန္ဒိဋ္ဌအဆွေ ခင်ပွန်း သမ္ဘတ္တအဆွေခင်ပွန်းနတ်တို့သည် စည်း ဝေးကြကုန်၏။ ရုက္ခဇိုဝ်းနတ်မင်းသည် အကျွန်ုပ်၏ ဗိမာန်ကို ရပေပြီဟု နှစ်သက်သောစိတ်ရှိ သည်ဖြစ်၍ ထိုအဆွေခင်ပွန်းတို့၏အလယ်၌ ဘုရားလောင်း၏ကျေးဇူးအထူးကိုဆိုလျက် အရှင်နတ်မင်းတို့ အကျွန်ုပ်တို့သည် တန်ခိုးကြီးကုန်လျှက်လည်း နုသောပညာရှိသည်၏အဖြစ်ကြောင့် ဤအကြောင်းကို မသိချေ၊ သမန်းဘုတ် ကျူရုံနေနတ်သည်တမူကား ဉာဏ်နှင့်ပြည့်စုံ သည်၏အဖြစ်ကြောင့် ကျွန်ုပ်တို့ကို ဗိမာန်ရှင်ပြုပေ၏။ မိတ်မည်သည်ကို ကိုယ်နှင့် တူသည်ဖြစ်စေ မြတ်သည်ဖြစ်စေ ယုတ်သည်ဖြစ်စေ အပ်သည်သာလျှင် ဖြစ်၏။ ထိုစကားသည် သင့်၏။ ခပ်သိမ်းကုန်သော အဆွေခင်ပွန်းတို့သည်လည်း မိမိတို့၏အစွမ်းဖြင့် အဆွေခင်ပွန်းကိုအားဖြစ်သော ဆင်းရဲကိုထုတ်၍ ချမ်းသာ၌တည်စေကုန်လျှင်ကတည်းဟု အဆွေခင်ပွန်းတို့၏တရားကိုချီးမွမ်းလို၍-

၁၂၁။ ကရေ သရိက္ခော အထ ဝါပိ သေဋ္ဌော။
နိဟီနကောဝါပိ ကရေယျ ဧကော။
ကရေယျုမေတေ ဗျသနေ ဥတ္တမတ္ထံ။
ယထာ အဟံ ကုသနာဠိ ရုစာယံ။

ဟူသော ဤဂါထာကို ဆို၏။

၁၂၁။ ဘောန္တော ဒေဝတာယော၊ အရှင်နတ်တို့။ သရိက္ခောပိ၊ ကိုယ်နှင့်တူသောသူသည်လည်း။ မိတ္တဓမ္မံ၊ အဆွေခင်ပွန်းတို့၏ တရားကို။ ကရေ၊ ပြုရာ၏။ သေဋ္ဌော အထဝါပိ၊ ကိုယ်ထက်မြတ်သော သူသည်လည်း။ မိတ္တဓမ္မံ၊ အဆွေခင်ပွန်းတို့၏ တရားကို။ ကရေ၊ ပြုရာ၏။ ဧကော၊ တယောက်သော။ နိဟီနကောဝါပိ၊ ကိုယ်အောက်ယုတ်သောသူသည်လည်း။ မိတ္တဓမ္မံ၊ အဆွေ ခင်ပွန်းတို့၏ တရားကို။ ကရေယျ၊ ပြုရာ၏။ ဧတေ၊ ထိုအယုတ် အလတ် အမြတ်ဖြစ်ကုန်သော သူတို့သည်။ ဗျသနေ၊ အဆွေခင်ပွန်းအား ပျက်စီးခြင်းသည်။ ဥပ္ပန္နေ၊ ဖြစ်လတ်သော်။ ဥတ္တမံ၊ မြတ်သော။ အတ္ထံ၊ အကျိုးကို။ ကရေယျုံ၊ ပြုကုန်ရာ၏။ တသ္မာ၊ ထို့ကြောင့်။ ရုစာယံ၊ ရုစာမည်သော မင်္ဂလာသစ်ပင်၌။ နိဗ္ဗတ္တော၊ ဖြစ်သော။ အဟံ စ၊ ငါသည်၎င်း။ ကုသနာဠိ စ၊ ဘုန်း တန်ခိုးနည်းသော သမန်းဘုတ်ကျူရုံ၌ဖြစ်သော နတ်သည်၎င်း။ တေ မယံ၊ ထိုငါတို့သည်။ မိတ္တသန္ထဝံ၊ မိတ်ဖွဲ့ခြင်းကို။ ကရိမှ ယထာ၊ ပြုကုန်သကဲ့ သို့။ တထာ၊ ထို အတူ။ ဒုက္ခာ၊ ဆင်းရဲခြင်းမှ။ မုစ္စိတုကာမေဟိ၊ လွတ်လိုကုန်သော။ အညေဟိပိ၊ တပါးကုန်သော သူတို့သည်လည်း။ သဒိသောပိ၊ ကိုယ်နှင့်တူသော သူကို၎င်း။ ဟီနာပိ၊ ကိုယ့်အောက်ယုတ်သော သူကို၎င်း။ ပဏီတောပိ၊ ကိုယ့်ထက်မြတ်သော သူကို၎င်း။ မိတ္တော၊ မိတ်ဖွဲ့ခြင်းကို။ ကာတဗ္ဗာ၊ ပြုအပ်၏။

ရုဇာမည်သော မင်္ဂလာသစ်ပင်စောင့်နတ်သည် ဤဂါထာဖြင့် နတ်အပေါင်းအား တရား ဟော၍ အသက်အပိုင်းအခြားပတ်လုံးတည်၍ သမန်းဘုတ်ကျူးရုံနတ်နှင့်တကွ ကံအား လျော်စွာ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ရုစာမည်သော မင်္ဂလာ သစ်ပင်စောင့်နတ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သမန်းဘုတ်ကျူရုံစောင့်နတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ယုတ်မြတ်မဟူ၊ ကိုယ်နှင့်တူ၊ မိတ်ယူ ပေါင်းထိုက်စွာ

ရှေးဦးစွာသော ကုသနာဠိဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုသနာဠှိဝဂ်

၂။ ဒုမ္မေဓဇာတ်

သူတပါးတို့အား ငြူစူတတ်သောသူ၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယသံ လဒ္ဓါန ဒုမ္မေဓော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒုမ္မေဓဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တရား သဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဒေဝဒတ်ကား ကောင်းသောလာခြင်းရှိတော်မူသော မြတ်စွာဘုရား၏ လပြည့်ဝန်းကဲ့သို့ တင့်တယ်စွာသောမျက်နှာတော်ကို၎င်း ရှစ်ဆယ်သော လက္ခ ဏာတော်ငယ် သုံးဆယ့်နှစ်ပါးသော ယောက်ျား မြတ်တို့၏ လက္ခဏာတော်ကြီးတို့ဖြင့် တန်ဆာဆင်အပ်သော တလံမျှသောရောင်ခြည်တော်တို့ဖြင့် ခြံရံအပ်သော အသွယ်အသွယ် အစုံအစုံ အစုအစု ဖြစ်ကုန်သော ဘုရားရောင်ခြည်တော်တို့ကိုလွှတ်သော မြတ်သောတင့်တယ်ခြင်းအစုသို့ ရောက်သော ကိုယ်တော်ကို၎င်း မြင်၍ စိတ်ကိုကြည်ညိုခြင်းငှါ မဖြစ်စေနိုင် ငြူစူခြင်းကိုသာလျှင် ပြု၏။ ဘုရားမည်သည်ကား ဤသို့ သဘောရှိသော သီလ, သမာဓိ ပညာ အရဟတ္တဖိုလ် ပစ္စဝေက္ခာဉာဏ်နှင့်ပြည့်စုံကုန်၏ဟူ၍ဆိုအပ်သော ကျေးဇူးစကားကို သည်းခံခြင်းငှာမတတ်နိုင် ငြူစူခြင်းကိုသာလျှင်ပြု၏ဟူ၍ ဒေဝ ဒတ်၏ကျေးဇူးမဲ့ကို ပြောဆိုကြကုန်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ရဟန်းတို့ ယခု ငါလာတော်မူသောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟုမေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ငါဘုရား၏ကျေးဇူးကို ဆိုအပ်သည်ရှိသော် ငြူစူခြင်းကိုပြုသည်မဟုတ်သေး၊ ရှေး၌လည်းပြုဘူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ မဂဓတိုင်း ရာဇဂြိုဟ်ပြည်၌ မဂဓမည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဆင်မျိုး ၌ဖြစ်၍ အလုံးစုံဖြူ၏။ အောက်၌ဆိုအပ်ပြီးသော အဆင်းရှိသော ရူပသမ္ပတ္တိနှင့် ပြည့်စုံ၏။ ထိုဆင်ဖြူကို ဤဆင်ကား လက္ခဏာနှင့် ပြည့်စုံသောဆင်တည်းဟု မဂဓမင်းသည် မင်္ဂလာဆင်ကိုပြု၏။ ထိုအခါ ပွဲသဘင်ဖြစ်သောနေ့၌ အလုံးစုံသောမြို့ကို နတ်ပြည်ကဲ့သို့တန်ဆာဆင်၍ အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော မင်္ဂလာဆင်ကိုစီး၍ ကြီးစွာသော မင်း၏ အာနုဘော်ဖြင့် မင်းသည် မြို့ကို လကျ်ာရစ် လှည့်လည်၏။ လူအများသည် ထိုထိုအရပ်၌ ရပ်၍ မင်္ဂလာဆင်၏ အဆင်း၏ တင့်တယ်ခြင်းအစုသို့ရောက်သော ကိုယ်ကိုမြင်၍အံ့ဘွယ်ရှိပေစွ။ ဆင်၏အဆင်းသည် တင့်တယ်ပေစွ၊ ဆင်၏ တင့်တယ်ခြင်းသည်အံ့ဘွယ်ရှိပေစွ၊ ဆင်၏ လက္ခဏာနှင့် ပြည့်စုံခြင်းသည်အံ့ဘွယ်ရှိပေစွ ဤသို့အစရှိသော အလုံးစုံသော ဆင်မြတ်မည် သည်ကား စကြဝတေးမင်းအား လျောက်ပတ်၏ ဟု မင်္ဂလာဆင်ကိုသာလျှင် ချီးမွမ်းကုန်၏။

မင်းသည် မင်္ဂလာဆင်အား ချီးမွမ်းသံကိုကြား၍ သည်းခံအံ့သောမတတ်နိုင်၍ ငြူစူခြင်းကိုဖြစ်စေ၍ ယနေ့လျှင် ထိုဆင်ကို တောင်ကမ်း ပါးပြတ်၌ ကျစေ၍ အသက်ကုန်ခြင်းသို့ ရောက်စေအံ့ဟု ကြံ၍ ဆင်စီးဆရာကိုခေါ်စေ၍ သင်သည် အသို့ပြု၍ ဤဆင်ကို သင်အပ်သနည်းဟု မေး၏။ အရှင်မင်းကြီး ဆင်ကို သင်အပ်ပြီဟု လျှောက်သည်ရှိသော် ကောင်းစွာသင်သလော၊ မကောင်းသဖြင့် သင်သလောဟု မေး၏။ ရှင်မင်းကြီး ကောင်းစွာ သင်၏ဟုလျှောက်၏။ အကယ်၍ ကောင်းစွာသင်ငြားအံ့ ထိုဆင်ကို ဝေပုလ္လတောင်ထိပ်သို့ တက်စေနိုင်အံ့လောဟု မေး၏။ ရှင်မင်းကြီး တောင်ထိပ်သို့တက်စိမ့်သောငှါ တတ်နိုင်ပါ၏ဟု လျှောက်၏။ ထိုသို့တပြီးကား လာလောဟု ဆို၍ မိမိသည် ဆင်မှသက်၍ ဆင်ဆရာကိုတက်စေ၍ တောင်ခြေရင်းသို့သွား၍ ဆင်ဆရာကို ဆင်ကျောက်ကုန်း၌နေစေ၍ ဆင်သည် ဝေပုလ္လတောင်ထိပ်သို့ တက်ပြီးသည်ရှိသော် မိမိလည်း အမတ်အပေါင်းခြံရံလျက် ဝေပုလ္လတောင်ထိပ်သို့တက်၍ ဆင်ကို တောင်ကမ်း ပါးပြတ်ရှေ့ရှူပြုစေ၍ ဆင်ဦးစီးသည် အကျွန်ုပ် ဤဆင်ကိုကောင်းစွာ သင်အပ်ပြီဟု လျှောက်၏။ ထိုဆင်ကို ရှေးဦးစွာ အခြေသုံးချောင်းတို့ဖြင့်သာလျှင် ရပ်စေလောဟု ဆို၏။

ဆင်ဆရာသည် ကျောက်ကုန်း၌နေလျက် အောက်အခြေသုံးဘက်ဖြင့်ရပ်လောဟု ဆင်အား ဖနှောင့်ဖြင့် အမှတ်သညာကိုပေး၏။ ဘုရားလောင်းသည် ဆင်ဆရာဆိုတိုင်းပြု၏။ တဖန် မင်းသည် ရွှေခြေနှစ်ဘက်တို့ဖြင့်သာလျှင် ရပ်စေလော့ဟုဆို၏။ ဘုရားလောင်းသည် နောက်ခြေနှစ်ဘက်တို့ကိုကြွ၍ ရှေ့ခြေနှစ်ဘက်တို့ဖြင့်သာလျှင် ရပ်၏ နောက်ခြေနှစ် ဘက်တို့ဖြင့်သာလျှင် ရပ်စေလော့ဟုဆိုသော်လည်း ရှေ့ခြေနှစ်ဘက်တို့ကိုကြွ၍ နောက်ခြေနှစ်ဘက်တို့ဖြင့်သာလျှင် ရပ်၏။ ခြေတဘက်ဖြင့်သာလျှင် ရပ်စေလော့ဟုဆိုသော်လည်း ခြေသုံးဘက်တို့ကိုကြွ၍ ခြေတဘက်ဖြင့်သာလျှင် ရပ်၏။ ထိုအခါ မင်္ဂလာဆင်၏ မကျသောအဖြစ်ကိုသိ၍ အကယ်၍ စွမ်း နိုင်အံ့၊ ကောင်းကင်၌ ခြေတို့ကိုထားစေလော့ဟု ဆို၏။ ဆင်ဆရာသည် ဇမ္ဗူဒီပါအလုံး၌ ဤဆင်နှင့်တူသော ကောင်းစွာသင်အပ်သော ဆင်မည် သည်မရှိ၊ ယုံမှားမဲ့လျှင် ဤဆင်ကို ဤမင်းသည် တောင်ကမ်းပါး၌ကျ၍ သေစေလိုသည် ဖြစ်လတ္တံ့ ဟု ကြံ၏။ ကြံပြီး၍ ဆင်ဆရာသည် ဆင်၏ နားရင်း၌ကပ်၍ အမောင် ဤမင်းသည် အမောင့်ကို ဤတောင်ထိပ်မှကျ၍ သေစေလို၏။ အမောင်သည် ဤမင်းအား မထိုက်မလျှောက် ကောင်းကင်ဖြင့်သွားခြင်းငှာ အမောင်အား အစွမ်းရှိငြားအံ့၊ စီးမြဲတိုင်းသာလျှင်ရှိသော ကျွန်ုပ်ကိုယူ၍ ကောင်းကင်သို့ပျံတက်၍ ဗာရာ ဏသီသို့သွားပါလော့ဟု ဆို၏။ ဘုန်းတန်ခိုးနှင့်ပြည့်စုံသောဘုရားလောင်းသည် ထိုခဏ၌ပင်လျှင် ကောင်းကင်၌ တည်၏။ ဆင်ဆရာသည် မင်းကြီး ဤဆင်သည် ဘုန်းတန်ခိုးနှင့်ပြည့်စုံ၏။ သင်ကဲ့သို့ ဘုန်းပညာနည်းသောသူအား မထိုက်မလျောက်၊ ဘုန်းပညာနှင့်ပြည့်စုံသော မင်းအားသာလျှင် ထိုက်လျောက်၏။ သင်ကဲ့သို့ ဘုန်းပညာနည်းသောသူတို့သည် ဤကဲ့သို့ သဘောရှိသော ဆင်မြတ်ကိုရကုန်၍ ထိုဆင်၏ကျေးဇူးကို မသိကုန်ရကား ထိုဆင်မြတ်ကို၎င်း ကြွင်းသောအခြံအရံစည်းစိမ်ကို၎င်း ဖျက်ဆီးတတ်သလျှင်ကတည်းဟု ဆို၍ ဆင်ကျောက်ကုန်း၌နေလျက်-

၁၂၂။ ယသံ လဒ္ဓါန ဒုမ္မေဓော၊ အနတ္ထံ စရတိ အတ္တနော။
အတ္တနော စ ပရေသဉ္စ၊ ဟိံသာယ ပဋိပဇ္ဇတိ။

ဟူသော ဤဂါထာကို ဆို၏။

၁၂၂။ မဟာရာဇ၊ မင်းကြီး။ ဒုမ္မေဓော၊ သင်ကဲ့သို့ ပညာမရှိသောသူသည်။ ယသံ၊ အခြံအရံ စည်း စိမ်ကို။ လဒ္ဓါန၊ ရ၍ အတ္တနော၊ မိမိ၏။ အနတ္ထံ၊ အကျိုးမဲ့ကို။ စရတိ၊ ကျင့်၏။ ကတ္တဗ္ဗာကတ္တဗ္ဗံ၊ ပြုအပ် မပြုအပ်ကို။ အဇာနန္တော၊ မသိရကား။ အတ္တနော စ၊ မိမိအား၎င်း။ ပရေသဉ္စ၊ သူတပါးတို့အား၎င်း။ ဟိံသာယ၊ ညှဉ်းဆဲခြင်းငှာ။ ပဋိပဇ္ဇတိ၊ ကျင့်၏။

ဤဂါထာပုဒ်ဖြင့် မင်းအားတရားဟော၍ မင်းကြီး ယခု နေရစ်လော့ဟုဆို၍ ကောင်းကင်သို့ပျံ၍ ဗာရာဏသီသို့သွား၍ မင်းယင်ပြင်ကောင်းကင်၌ရပ်၍ မြို့အလုံးချောက်ချား၍ ငါတို့မင်းဘို့ ကောင်းကင်ဖြင့်ဆင်ဖြူလာ၍ မင်းယင်ပြင်၌ တည်သတည်းဟု တပြိုင်နက် အုတ်အုတ် ကျက်ကျက် ဖြစ်၏။ လျှင်စွာ မင်းအားလည်း ကြား လျှောက်ကုန်၏။ မင်းသည် ထွက်လာ၍ ငါ၏ အသုံးအဆောင်ဘို့ အကယ်၍လာရောက်ငြားအံ့၊ မြေ၌ တည်လော့ဟု ဆို၏။ ဘုရားလောင်းသည် မြေ၌တည်၏။ ဆင်ဆရာသည် ဆင်မှဆင်းသက်၍ မင်းကိုရှိခိုး၍နေ၏။ မင်းသည် အမောင် အဘယ်က လာသနည်းဟု မေးလတ်သော် မြတ်သောမင်းကြီး ရာဇဂြိုဟ်ပြည်က လာခဲ့ပါသည်ဟုဆို၍ အလုံးစုံသောအကြောင်းကို လျှောက်၏။ မင်းသည် အမောင် သင်သည် ဗာရာဏသီသို့လာသဖြင့် နှစ်သက်ဘွယ်သောအမှုကို ပြုပေ၏ဟု ဝမ်းမြောက်ဝမ်းသာ မြို့ကိုတန်ဆာဆင်စေ၍ ဆင်ကို မင်္ဂလာဆင်အရာ၌ထား၍ မြို့အလုံးကို သုံးစုစု၍ တစုကို ဘုရားလောင်း တစုကို ဆင်ဆရာအား ပေး၏။ တစုကို မိမိယူ၏။ ဘုရားလောင်း ရောက်သောကာလမှစ၍ကား ဇမ္ဗူဒိပ်အလုံး၌ မင်းအဖြစ်သည် ဗာရာဏသီမင်း၏ လက်သို့သာလျှင် ရောက်၏။ ဗာရာဏသီမင်းသည် ဇမ္ဗူဒိပ်၌ မြတ်သောမင်းဖြစ်၍ ဒါနအစရှိကုန်သော ကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မဂဓမင်း ဖြစ်ဘူးပြီ။ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ဆင်ဆရာ ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မင်္ဂလာဆင် ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

သူများငြူစူ၊ ကိုယ်၌မူ၊ မဖြူ စည်းစိမ်ပျက်]

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဒုမ္မေဓဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုသနာဠှိဝဂ်

၃။ နင်္ဂလီသဇာတ်

ထိုင်းမှိုင်း တွေဝေသောကြောင့် သင့်-မသင့် ရာ-မရာကို မသိသောသူ၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အသဗ္ဗတ္ထ ဂါမိံ ဝါစံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤနင်္ဂလီသဇာတ်တ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လာဠုဒါယီမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ လာဠုဒါယီသည် တရားဟောသည်ရှိသော် ဤအရာ၌ ဤတရားကို ဟောအပ်၏။ ဤအရာ၌ ဤတရားကို မဟောအပ်ဟု သင့် မသင့် ရေ မရာကို မသိ၊ မင်္ဂလာအရာ၌ တိရောကုဋ္ဋေသု တိဋ္ဌန္တိ၊ သန္တိသိင်္သာဋကေသု စ အစရှိသော ဤအမင်္ဂလာတရားကို မင်္ဂလာတရားပြု၍ဟော၏။ အမင်္ဂလာ အရာတို့၌ ဗဟူဒေဝါ မနုဿာ စ မင်္ဂလာနိ အစိန္တယုံဟုဆိုပြီး၍ ဤသို့ သဘောရှိကုန်သောမင်္ဂလာတို့၏ အရာကို၎င်း, အထောင်ကို၎င်း ပြုခြင်းငှာ စွဲမြဲနိုင်ကြစေကုန်သတည်းဟု ဟော၏။ ထိုအခါ တနေ့သ၌ တရားသဘင်ငယ် ရဟန်းတို့သည် ငါ့သျှင်တို့ လာဠုဒါယီမထေရ်သည် ရာ မရာ သင့် မသင့်ကို မသိ၊ အလုံးစုံ၌ မဆိုအပ်သည့် စကားကို အလုံးစုံ၌ ဆိုတတ်၏ဟု စကားကို ဖြစ်စေကုန်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤ မည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ လာဠုဒါယီသည် ယခုအခါ၌ သာလျှင် ထိုင်းမှိုင်းတွေပေသည်ဖြစ်၍ သင့်မသင့် ရာမရာကို မသိသည် မဟုတ်သေး၊ ရှေး၌လည်း ဤလာဠုဒါယီသည် ဤသို့သဘောရှိသည် ဖြစ်ဘူး၏။ အမြဲ လာဠကမည်သည်သာလျှင် ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားသူကြွယ်မျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသောအတတ်တို့ကိုသင်၍ ဗာရာဏသီပြည်၌ ဒိသာပါမောက္ခဆရာဖြစ်၍ တပည့်လုလင်ငါးရာတို့ကို အတတ် သင်စေ၏။ ထိုလုလင်တို့တွင် တယောက်သော ထိုင်း မှိုင်းတွေဝေသော လာဠကမည်သောလုလင်သည် အတတ်သင် တပည့်ဖြစ်၍ အတတ်သင်လာ၏။

ဉာဏ်ထိုင်းသည်၏အဖြစ်ကြောင့်ကား သင်ခြင်းငှါ မတတ်နိုင်၊ ဘုရားလောင်းအားကား ကျေးဇူးပြု၏။ ကျွန်ကဲ့သို့ ခပ်သိမ်းသော ကိစ္စတို့ကို ပြု၏။ ထိုအခါ တနေ့သ၌ ဘုရားလောင်းသည် ညစာစား၍ အိပ်ရာ၌အိပ်လျက် လက်ခြေကျောက်ကုန်းတို့ကို နှိပ်နယ်၍ သွားသော ထိုလာဠကလုလင်ကို အမောင် ညောင်စောင်းခြေတို့ကို ထောက်၍သွားလောဟု ဆို၏။ လာဠကလုလင်သည် တခုသော ညောင်စောင်းခြေကိုထောက်၍ တခုသောညောင်စောင်းခြေကိုမရရကား မိမိပေါင်၌ ညောင်စောင်းခြေကိုထား၍ ညဉ့်ကိုကုန်စေ၏။ ဘုရားလောင်းသည် မိုး သောက်သောအခါထ၍ လာဠကကိုမြင်လျှင် အမောင် အဘယ့်ကြောင့် ဤ၌အိပ်နေသနည်းဟုမေး၏။ ဆရာ တခုသောညောင်စောင်းခြေ၏ အထောက်ကိုမရ၍ ပေါင်ပေါ်၌ ညောင်စောင်းကိုထား၍ အိပ်သတည်းဟု လျှောက်၏။

ဘုရားလောင်းသည် ထိတ်လန့်သောစိတ်ရှိ၏။ ဤလာဠကသည် အလွန်လျှင်ငါ့အား ကျေးဇူးပြု၏။ ဤမျှသောလုလင်တို့၏အတွင်း၌ ဤလုလင်သည်လျှင်ဉာဏ်ထိုင်း၍ အတတ်ကို သင်ခြင်းငှာ မတတ်နိုင်၊ အသို့လျှင် လာဠကကို ငါသည် ပညာရှိအောင်ပြုအံ့နည်းဟု ကြံ၏။ ထိုအခါ ဘုရားလောင်းအား ဤသို့သောအကြံသည် ဖြစ်၏။ ငါသည် ဤလုလင်ကို ထင်းခွေ ဟင်း ရွက် ခူးသွား၍ လာလတ်သော် ယနေ့ သင်သည် အဘယ်ကို မြင်ခဲ့သနည်း အဘယ်အမှုကို ပြုခဲ့သနည်းဟု မေးအံ့၊ ထိုအခါ ယနေ့ အကျွန်ုပ်သည် ဤမည်သော ဝတ္ထုကို မြင်ခဲ့၏။ ဤမည်သော အမှုကို ပြုခဲ့၏ဟု ပြောဆိုလတ္တံ့၊ ထိုအခါ ထိုလုလင်ကို သင်မြင်ခဲ့သော ဝတ္ထုသည်၎င်း ပြုခဲ့သောအမှုသည်၎င်း အဘယ်နှင့်တူသနည်းဟု မေးအံ့၊ ထိုလုလင်သည် ဤမည်သော ဝတ္ထုနှင့် တူ၏။ ဤသို့ သဘောရှိ၏ဟု ဥပမာဖြင့်၎င်း အကြောင်းဖြင့်၎င်း ဆိုလတ္တံ့၊ ဤသို့ လာဠကကို အသစ်အသစ်ဖြစ်သော ဥပမာကို၎င်း အကြောင်းကို၎င်းဆိုစေ၍ ပညာရှိအောင် ပြုအံ့၊ ဤတခုသော အကြောင်းသည်ရှိ၏ဟု အကြံသည်ဖြစ်၏။ ကြံပြီး၍ ဘုရားလောင်းသည် လာဠကကိုခေါ်စေ၍ လုလင် သင်သည် ယနေ့မှစ၍ ထင်းခွေအံ့သောငှါ၎င်း ဟင်းရွက်ခူးအံ့သောငှါ၎င်း သွားသောအရပ်၌ မြင်ခဲ့ ကြားခဲ့ စားခဲ့သောက်ခဲ့ ခဲခဲ့ရသည်ကို ငါ့အား လျှောက်လာလှည့်ဟု ဆို၏။

လာဠကသည် ကောင်းပြီဟု ဝန်ခံ၍ တနေ့သ၌ လုလင်တို့နှင့်အတူ ထင်းခွေအံ့သောငှာ တောသို့သွားလတ်သော် တော၌မြွေကိုမြင်ခဲ့၍ ဆရာ အကျွန်ုပ်မြွေကိုမြင်ခဲ့သည်ဟု ဆရာအား လျှောက်၏။ အမောင် မြွေသည် အဘယ်နှင့်တူသနည်းဟု ဆရာကမေး၏။ ဆရာ မြွေသည် ထွန်တုံးထွန်သန်နှင့်တူ၏ဟု လျှောက်၏။ အမောင် ကောင်းစွ ကောင်းစွ၊ နှစ်သက်ဘွယ်သော ဥပမာကို အမောင် ဆောင်နိုင်ပေ၏။ မြွေမည်သည်ကား ထွန်တုံး ထွန်သန်နှင့်တူသည်သာလျှင်တည်းဟု ဆရာဆို၏။ ထိုအခါ ဘုရားလောင်းသည် လုလင်သည် နှစ်သက်ဘွယ်သောဥပမာကို ဆောင်နိုင်၏။ ထိုလုလင်ကို ပညာရှိအောင်ပြုခြင်းငှါ တတ်နိုင်လတ္တံ့ဟု ကြံ၏။ လုလင်သည် တဖန် တနေ့သ၌ တောကဆင်ကိုမြင်ခဲ့၍ ဆရာ ယနေ့ အကျွန်ုပ် ဆင်ကိုမြင်ခဲ့ရ၏ဟု လျှောက်လာ၏။ အမောင် ဆင်ကား အဘယ်နှင့်တူသနည်းဟု ဆရာက မေး၏။ ဆရာ ဆင်ကား ထွန်တုံး ထွန်သန်နှင့် တူ၏ဟု လျှောက်၏။ ဘုရားလောင်းသည် ဆင်၏ နှာ မောင်းကား ထွန်တုံး ထွန်သန်နှင့် တူ၏။ ဆင် စွယ် အစရှိသည်တို့သည်လည်း ထွန်တုံး ထွန် သန် နှင့် တူကုန်၏။ ဤလုလင်ကား မိုက်သည်၏ အဖြစ်ကြောင့် ခွဲခြမ်းမပြောနိုင်ရကား ဆင် နှာမောင်းကိုရည်၍ဆိုသည် ဖြစ်မည်၏ဟု ဆိတ်ဆိတ်နေ၏။

ထိုအခါ တနေ့သ၌ ဆွမ်းဘိတ်ရာအရပ်ဝယ် ကြံကိုရ၍ ဆရာ ယနေ့ ကြံစုတ်ခဲ့ရ၏ဟု လျှောက်လာ၏။ အမောင် ကြံသည် အဘယ်နှင့် တူသနည်းဟုမေးလတ်သော် ဆရာ ကြံသည် ထွန်တုံး ထွန်သန်နှင့် တူ၏ဟု လျှောက်၏။ ဆရာသည် အတန်ငယ် လျှော်သောအကြောင်းကိုဆို၏ဟု ဆိဘ်ဆိတ်နေ၏။ တဖန်တနေ့သ၌ ဆွမ်းဘိတ်ရာအရပ်ဝယ် အချို့ကုန်သောလုလင်တို့သည် တင်လဲနိုခမ်းဖြင့်စားကြကုန်၏။ အချို့ကုန်သောလုလင်တို့သည် နို့ရည်ဖြင့် စားကြကုန်၏။ လာဠကသည် ဆရာ ယနေ့ အကျွန်ုပ်တို့ နို့ ဓမ်း နိုရည်ဖြင့် စားခဲ့ရကုန်သည်ဟု လျှောက်၏။ အမောင် နို့ဓမ်းနို့ရည်သည် အဘယ်နှင့် တူသနည်းဟု မေး၏။ ဆရာ နို့ဓမ်း နို့ရည်သည် ထွန် တုံး ထွန်သန်နှင့် တူ၏ဟု လျှောက်၏။ ဆရာသည် ဤလုလင်ကား မြွေသည် ထွန်တုံး ထွန် သန်နှင့် တူ၏ဟု ဆိုသဖြင့် ကောင်းသောစကားကို ဆို၏။ ဆင်သည် ထွန်တုံး ထွန်သန်နှင့် တူ၏ ဟုဆိုသဖြင့်လည်း နှာမောင်းကိုရည်၍ အနည်း ငယ်သော အသင့်အားဖြင့် ဆိုအပ်၏။ ကြံသည် ထွန်တုံး ထွန်သန်နှင့်တူ၏ဟု ဆိုသဖြင့်လည်း အနည်းငယ်သော ယုတို့သည်ရှိ၏။ နို့ဓမ်းနို့ရည်တို့သည်ကား အမြဲဖြူကုန်၏။ ထည့်အပ်သော အိုးခွက်သဏ္ဌာန်ရှိ၏။ ထို့ကြောင့် ဤစကားသည်ကား အချင်းခပ်သိမ်းအားဖြင့် မတူ၊ ဤလာဠကကို အတတ်သင်စိမ့်သောငှါ မတတ်ကောင်းချေဟုဆိုလို၍-

၁၂၃။ အသဗ္ဗတ္ထဂါမိံ ဝါစံ၊ ဗာလာ သဗ္ဗတ္ထ ဘာသတိ။
နာယံ ဒဓိံ ဝေဒိ န နင်္ဂလီသံ၊ ဒဓိပ္ပယံ မညတိ နင်္ဂလီသံ။

ဟူသော ဤဂါထာကို ဆို၏။

၁၂၃။ အသဗ္ဗတ္ထဂါမိံ၊ ဥပမာ၏အစွမ်းအားဖြင့် အလုံးစုံသောဥပမေယျ၌ မဝင်သော။ ဝါစံ၊ စကားကို။ ဗာလော၊ သူမိုက်သည်။ သဗ္ဗတ္ထ၊ အလုံးစုံသောဥပမေယျ၌။ ဘာသတိ၊ ဆို၏။ အယံ၊ ဤသူမိုက်သည်။ ဒဓိံ၊ နို့ဓမ်းကို။ န နင်္ဂလီသံ၊ ထွန်တုံး ထွန်သန်နှင့် မတူသည်ကို။ န ဝေဒိ၊ မသိနိုင်ခဲ့။ အယံ ဗာလော၊ ဤသူမိုက်သည်။ ဒဓိပ္ပယံ၊ နို့ဓမ်း နို့ရည်ကို။ နင်္ဂလီသံ၊ ထွန်တုံးထွန် သန် နှင့်တူ၏ ဟူ၍။ မညတိ၊ မှတ်ထင်၏။

ဒဓီတိ ဒဓိမေဝ၊ ပယန္တိ ဒီရံ၊ ဒဓိ စ ပယဉ္စ ဒဓိပ္ပယံ၎င်းဇာတ်အဋ္ဌကထာ

ဤသို့သဘောရှိသော သူမိုက်ဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု တပည့်တို့အား တရား ဟော၍ ရိက္ခာကိုပေး၍ လွှတ်လိုက်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ လာဠုဒါယီသည် ထိုအခါ လာဠကလုလင် ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဒိသာ ပါမောက္ခဆရာ ဖြစ်ဘူးပြီဟုဇာတ်ကို ပေါင်းတော်မူ၏။

ပညာမဲ့ပေ၊ တွေဝေလေ၊ ထွေထွေရာသင့် မထောက်ချင့်

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော နင်္ဂလီသဇာတ်သည်ပြီး၏။

*****

ဧကကနိပါတ်-ကုသနာဠှိဝဂ်

၄။ အမ္ဗဇာတ်

ဝတ္တရားနှင့် ပြည့်စုံသောသူတယောက်ကိုမှီ၍ အများချမ်းသာသော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဝါယမေထေဝ ပုရိသော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအမ္ဗဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တပါးသော ဝတ်နှင့်ပြည့်စုံသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းသည် သာဝတ္ထိပြည်၌နေသော အမျိုးသားဖြစ်၍ သာသနာတော်၌ ဝမ်းရေးကိုမငဲ့ဘဲ ရဟန်း ပြုပြီးသည်ရှိသော် ဝတ်နှင့်ပြည့်စုံသည် ဖြစ်သ တတ်၊ ဆရာ ဥပဇ္စျာယ်တို့အား ပြုစုသောဝတ်ကို၎င်း၊ သောက်ရေသုံးဆောင်ရေတည်ထားခြင်း ဥပုသ်အိမ်၌ပြုစုသောဝတ် ဇရုံးအိမ်အစရှိသည်တို့၌ ပြုရာသော ဝတ်တို့ကို၎င်း ကောင်းစွာပြု၏။ တဆယ့်လေးပါးကုန်သော ဝတ်ကြီးတို့၌၎င်း၊ ရှစ်ဆယ်ကုန်သော ခန္ဓကဝတ်တို့၌၎င်း ဖြည့်လေ့ရှိသည်လျှင် ဖြစ်၏။ ကျောင်းကို တံမြက်လှည်း၏။ ပရိဝုဏ်ကို တံမြက်လှည်း၏။ ဆွမ်းခံရာအရပ် စင်္ကြံစရပ်ကို တံမြက်လှည်း၏ ကျောင်းခရီးကို တံမြက်လှည်း၏။ လူတို့အား သောက်ရေကို ပေး၏။ လူတို့သည် ထိုရဟန်းအား ဝတ်နှင့်ပြည့်စုံခြင်းကြောင့် ကြည်ညိုကုန်၍ ငါးရာအတိုင်း အရှည်ရှိကုန်သော အမြဲတည်အပ်ကုန်သော ဆွမ်းတို့ကိုပြုကုန်၏။ များသော လာဘ်ပူဇော် သက္ကာရ ရှိသည်ဖြစ်၏။ ထိုရဟန်းကိုမှီ၍ များစွာကုန်သော ရဟန်းတို့အား ချမ်းသာစွာ နေရခြင်းသည် ဖြစ်၏။

ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသောရဟန်းသည် မိမိ ဝတ်နှင့်ပြည့်စုံသဖြင့် များသောလာဘ်ပူဇော်သက္ကာရကို ဖြစ်စေ၏။ ထိုရဟန်းကိုမှီ၍ များကုန်သောရဟန်းတို့အား ချမ်းသာစွာနေရခြင်းသည် ဖြစ်၏။ ဤသို့သောစကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤရဟန်းသည် ဝတ်နှင့်ပြည့်စုံသည် မဟုတ်သေး၊ ရှေး၌လည်း ဝတ်နှင့်ပြည့်စုံသည်သာလျှင်တည်း၊ တယောက်သောထိုရဟန်းကိုမှီ၍ ငါးရာကုန်သောရသေ့တို့သည် သစ်သီးကြီးငယ်အကျိုးငှါ တောသို့မသွားမူ၍ ထိုရဟန်းသည်သာလျှင် ဆောင်အပ်သော သစ်သီးကြီးငယ်တို့ဖြင့် မျှဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ဥဒိစ္စပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ရသေ့ရဟန်းပြု၍ ငါးရာသောရသေ့အခြံအရံ ရှိသည်ဖြစ်၍ တောင်ခြေရင်း၌ နေ၏။ ထိုအခါ ဟိမဝန္တာ၌ ပြင်းထန်သော နွေအခါသည် ဖြစ်၏။ ထိုထိုအရပ်၌ သောက်ရေတို့သည် ပြတ်ကုန်၏။ တိရစ္ဆာန်တို့သည် သောက်ရေကိုမရကုန်သည်ဖြစ်၍ ပင်ပန်းကုန်၏။ ထိုအခါ ရသေ့တို့တွင် တယောက်သောရသေ့သည် ထိုတိရစ္ဆာန်တို့၏ ရေငတ်ခြင်းဆင်းရဲကိုမြင်၍ တခုသောသစ်ပင်ကိုဖြတ်၍ စားကျင်းပြု၍ သောက်ရေကိုဆောင်၍ စားကျင်းကို ပြည့်စေ၍ ထိုတိရစ္ဆာန်တို့အား သောက်ရေကိုပေး၏။ များစွာကုန်သော တိရစ္ဆာန်တို့သည် စည်းဝေးလာကုန်၍ သောက်ရေကို သောက်ကုန်သည်ရှိသော် ရသေ့အား သစ်သီးကြီးငယ်အကျိုးငှါ သွားခွင့်သည်မဖြစ်၊ ထိုရသေ့သည် အာဟာရပြတ်လျှက်လည်း သောက်ရေကို ပေးသည်သာလျှင်တည်း။

သားအပေါင်းတို့သည် ဤရသေ့သည် ငါတို့အား သောက်ရေကို ပေးသည်ရှိသော် သစ်သီးကြီးငယ်အကျိုးငှါ သွားခွင့်ကို မရ၊ အာဟာရ ပြတ်သည်၏ အဖြစ်ကြောင့် အလွန်လျှင်ပင်ပန်း၏။ ယခု ငါတို့သည် ကတိကဝတ်ကို ပြုကြကုန်အံ့ဟု ကြံကြကုန်၏။ ကြံကုန်ပြီး၍ တိရစ္ဆာန်တို့သည် ကတိကဝတ်ကို ပြုကြကုန်၏။ အဘယ်သို့ ပြုကြကုန်သနည်းဟူမူကား ဤအခါမှစ၍ သောက်ရေကို သောက်အံ့သောငှါလာသောတိရစ္ဆာန်သည် မိမိအစွမ်းအားလျှော်သဖြင့် သစ်သီးကိုယူ၍လျှင် လာအပ်၏ဟု ကတိကဝတ်ကို ပြုကုန်၏။ ထိုအခါမှစ၍ တခုတခုသောတိရစ္ဆာန်သည် အစွမ်းအားလျော်သဖြင့် မြတ်ကုန်ချိုကုန်သော သရက်သီး သပြေသီး ပိန္နဲသီး အစရှိသည်တို့ကိုယူ၍လျှင် လာကုန်၏။ တယောက်သောရသေ့၏ အကျိုးငှါ ဆောင်အပ်သောသစ်သီးကြီးငယ်တို့သည် လှည်း တဆယ့် နှစ်စီးခွဲတိုက် ဝန်ပမာဏရှိသည် ဖြစ်၏။ ငါးရာသော ရသေ့တို့သည် ထိုသစ်သီးကိုသာလျှင် သုံး ဆောင်ကုန်၏။ အလွန်ကို စွန့်ကုန်၏။ ဘုရားလောင်းသည် ထိုသစ်သီးကိုမြင်၍ တယောက်သော ဝတ်နှင့်ပြည့်စုံသော ရသေ့မည်သည်ကိုမှီ၍ ဤမျှ အတိုင်းအရှည်ရှိကုန်သောရသေ့တို့အား သစ်သီးကြီးငယ်အကျိုးငှါမသွားမူ၍ မျှခြင်းသည် ဖြစ်၏။ ဝီရိယမည်သည်ကို ပြုအပ်သလျှင်ကတည်းဟု ဆိုလို၍-

၁၂၄။ ဝါယမေထေဝ ပုရိသော၊ န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော။
ဝါယာမဿ ဖလံ ပဿ၊ ဘုတ္တာ အမ္ဗာ အနီတိဟံ။

ဟူသော ဤဂါထာကို ဆို၏။

၁၂၄။ ပုရိသော၊ ယောကျ်ားသည်။ ဝါယမေထေဝ-ဝါယမေထ ဧဝ၊ လုံ့လပြုရာသလျှင်ကတည်း။ ပဏ္ဍိတော၊ ပညာရှိသည်။ န နိဗ္ဗိန္ဒေယျ၊ မငြီးငွေ့ရာ။ ဝါယာမဿ၊ လုံ့ လ၏။ ဖလံ၊ အကျိုးကို။ ပဿ၊ ရှုပါလော။ အမ္ဗာ၊ သရက်အစရှိကုန်သော သစ်သီးတို့ကို။ ဘုတ္တာ၊ စားအပ်ကုန်၏။ အနီတိဟံ၊ မျက်မှောက်သာလျှင်။ ဝါယာမဿ၊ လုံ့လ၏။ ဖလံ၊ အကျိုးကို။ ပဿ၊ ရှုပါလော့။

ဤသို့ ဘုရားလောင်းသည် ရသေ့အပေါင်းအား အဆုံးအမကို ပေး၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဝတ်နှင့်ပြည့်စုံသောရဟန်းသည် ထိုအခါ ဝတ်နှင့်ပြည့်စုံသော ရသေ့ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့အပေါင်းတို့၏ဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဝတ်နှင့်ပြည့်ငြား၊ ထိုသူအား၊ အများမှီခါ ချမ်းသာစွာ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော အမ္ဗဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုသနာဠှိဝဂ်

၅။ ကဋာဟကဇာတ်

သူတပါးတို့အား ကဲ့ရဲ့ရှုတ်ချသောစကားကို ဆိုတတ်သူ၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဗဟုမ္မိ သော ဝိကတ္ထေယျ အစရှိသော ဂါထပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ကဋာဟကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် တယောက်သော ရှုတ်ချသောစကားကိုဆိုတတ်သော ရဟန်းကို ကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်း၏ ဝတ္ထုသည် အောက်၌ဆိုအပ်ပြီးသည်နှင့် တူသလျှင်ကတည်း။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် များသောစည်းစိမ်ဥစ္စာရှိသော သူဌေးဖြစ်၏။ ထိုသူဌေး၏ မယားသည် သားကိုဖွား၏။ ထိုသူဌေး၏ကျွန်မသည်လည်း ထိုနေ့၌ပင်လျှင် သားဖွား၏။ ထိုသူ ငယ် နှစ်ယောက်တို့သည် တပြိုင်နက်ကြီးကုန်၏။ သူဌေးသားသည် အက္ခရာအရေးကို သင်သည်ရှိသော် ထိုသူဌေး ကျွန်သည်လည်း သင် ပုန်းကို ယူလျှက်သွား၍ ထိုသူဌေးသားနှင့်လျှင်တကွ အက္ခရာအရေးကိုသင်၏။ ဂဏန်းကိုသင်၏။ နှစ်ကြိမ် သုံးကြိမ်သော သင်ခြင်းတို့ကိုပြု၏။ ထိုကျွန်မသားသည် အစဉ်သဖြင့် စကား၌လိမ်မာ၏။ ဝေါဟာရ၌လိမ်မာ၏ ပျိုနု၏။ အဆင်း လှ၏။ အမည်အားဖြင့် ကဋာဟကမည်၏။ ထိုကဋာဟကသည် သူဌေးအိမ်၌ ဘဏ္ဍာစိုးအမှုကိုပြုလျှက် ငါ့ကို ဤသူဌေးတို့သည် အခါခပ်သိမ်းဘဏ္ဍာစိုးအရာကိုသာလျှင် မပြုစေကုန်လတ္တံ့၊ တစုံတခုသော ဒေါသကိုလျှင်မြင်၍ ပုတ်ခတ်၍ နှောင်ဖွဲ့၍ အမှတ်ပေး၍ ကျွန်အသုံးအဆောင်ဖြင့် သုံးဆောင်စေကုန်လတ္တံ့၊ ပစ္စန္တရစ်၌ကား သူဌေး အဆွေခင်ပွန်းဖြစ်သော သူဌေးသည်ရှိ၏။ ငါသည် သူဌေး၏စကားဖြင့် အမှာစာကိုယူ၍ ပစ္စန္တရစ်သို့သွား၍ ငါသည်သူဌေးသားဟုဆို၍ သူဌေးအားလှည့်စားအံ့၊ ထိုသူဌေးသ္မီးကိုယူ၍ ချမ်းသာစွာ အကယ်၍နေရမူကား ကောင်း၏ဟုကြံ၏။ ကြံပြီး၍ ထိုကဋာဟကသည် ကိုယ်တိုင်သာလျှင် ပုရပိုက်ကိုယူ၍ ငါသည် ဤအမည်ရှိသော ငါ၏သားကို သင်၏အထံသို့ စေ၏။ သ္မီးနှင့်သားကို ထိမ်းမြားသဖြင့်စပ်ခြင်းမည်သည် ငါ့အား သင်နှင့်၎င်း, သင့်အား ငါနှင့်၎င်း အတူတကွ လျောက်ပတ်၏။ ထို့ကြောင့် သင်သည် ဤသူငယ်အား မိမိသ္မီးကိုပေး၍ ထိုငါ့သားကို သင့်အိမ်၌ နေစေလော့၊ ငါသည်လည်း အခွင့်ကိုရသည်ရှိသော် လာပါအံ့ဟုရေး၍ သူဌေးတံဆိပ် ခတ်၍ အလိုအားလျော်စွာ ရိက္ခာတို့ကို၎င်း၊ နံ့သာပုဆိုး စသည်တို့ကို၎င်းယူ၍ ပစ္စန္တရစ်သို့သွား၍ သူဌေးကို ဖူးမြင်ရှိခိုး၍ နေ၏။

ထိုအခါ ထိုကဋာဟကကို သူဌေးသည် အမောင် အဘယ် အရပ်မှလာသနည်းဟု မေး၏ ဗာရာဏသီပြည်မှ လာ၏ဟုဆို၏။ အဘယ်သူ့သားနည်းဟု မေး၏။ ဗာရာဏသီသူဌေး၏ သားဟု ဆို၏။ အဘယ်ကိစ္စကြောင့် ဤအရပ်သို့ လာသနည်းဟု မေး၏။ ထိုအခါ ကဋာဟကသည် ဤအမှာစာကိုမြင်သဖြင့် သိကုန်လတ္တံ့ဟု အမှာစာကို ပေး၏။ သူဌေးသည် အမှာစာကိုဘဘ်၍ ယခုအခါ၌ ငါသည်သိ၏ဟု နှစ်သက်သောစိတ်ရှိ သည်ဖြစ်၍ သ္မီးကိုပေး၍ နေစေ၏။ ထိုကဋာဟကား အခြံအရံသည်များ၏။ ထိုကဋာဟကသည် ယာဂုခဲဘွယ် အစရှိသည်တို့ကို၎င်း အဝတ်နံ့သာအစရှိသည်တို့ကို၎င်း ဆက်စပ်ကုန်သည်ရှိသော် ယာဂုမည်သည်ကို ဤသို့ကျိုကုန်၏။ ခဲဘွယ်မည်သည်ကို ဤသို့ချက်ကုန်၏။ ထမင်း မည်သည်ကို ဤသို့ချက်ကုန်၏။ ပစ္စန္တရစ်၌နေသောသူတို့မည်သည်ကား ဪ-မိုက်စွဟု ယာဂုအစရှိသည်တို့ကို ကဲ့ရဲ့၍ ဤသူတို့သည် ပစ္စန္တရစ်၌ နေ သည်၏အဖြစ်ကြောင့် ပုဆိုးတို့ကို သုံးဆောင်အံ့သောငှါဘမသိကုန်၊ နံ့သာတို့ကို သွေးအံ့သောငှါ မသိကုန်၊ ပန်းတို့ကို ကုံးအံ့သောငှာ မသိကုန်၊ ဤသို့ အဝတ်အမှုကိုပြုသောသူ နံ့သာသွေးသောသူ အစရှိသည်တို့ကို ကဲ့ရဲ၏။

ဘုရားလောင်းသည်လည်း ကျွန်ကို မမြင် သည်ရှိသော် ကဋာဟကသည်မထင်၊ အဘယ်သို့ သွားသနည်း၊ ထိုကဋာဟကကို ရှာကြကုန်လော့ဟု လူတို့ကိုစေ၏။ ထိုလူတို့တွင် တယောက်သောသူသည်သွား၍ ထိုကဋာဟကကို မြင်သည်ရှိသော် မှတ်မိ၍ မိမိကိုယ်ကိုမသိစေမူ၍လာပြီးလျှင် ဘုရားလောင်းအားကြ၏။ ဘုရားလောင်းသည် ထိုအကြောင်းကိုကြား၍ ထိုကဋာဟကသည် မသင့်သည်ကိုပြု၏။ ထိုကဋာဟကကိုသွား၍ ယူအံ့ဟု မင်းကိုပန်၍ များစွာသော အခြံအရံနှင့်ထွက်၏။ သူဌေးသည် ပစ္စန္တရစ်သို့ သွားသတတ်ဟု အလုံးစုံသောအရပ်၌ ထင်ရှားဖြစ်၏။ ကဋာဟကသည် သူဌေးလာသတတ်ဟုကြား၍ ထိုသူဌေးသည် တပါးသော အကြောင်းကြောင့် မလာ၊ ငါ့ကိုအမှီပြု၍ သာလျှင် ထိုသူဌေး၏လာခြင်းသည် ဖြစ်ရာ၏။ ငါသည် အကယ်၍ ပြေးအံ့၊ တဖန် လာအံ့သောငှါ မတတ်ကောင်းသည် ဖြစ်လတ္တံ့၊ ငါ၏အရှင်အား ခရီးဦး ကြိုဆို၍ ကျွန်အမှုကိုပြု၍ ထိုအရှင်အားလျှင် နှစ်သက်စေအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုကဋာဟကသည် ထိုအခါမှစ၍ ပရိသတ်အလယ်၌ ဤသို့ဆို၏။ တပါးကုန်သော မိုက်ကုန်သောသူတို့သည် မိမိ၏မိုက်သည်၏အဖြစ်ကြောင့် မိဘတို့၏ ကျေးဇူးကို မသိကုန်သည်ဖြစ်၍ ထိုမိဘတို့၏ စားသောအခါ၌ အရိုအသေအမှုတို့ကိုမပြုမူ၍ မိဘတို့နှင့်တကွသာလျှင် သုံးဆောင်ကုန်၏။ ငါတို့သည်ကား မိဘတို့၏ကျေးဇူးကို သိကုန်၏။ ထိုမိဘတို့၏ စားသောကာလ၌ လက်ဆေးအင်ကို ခံကုန်၏။ ထွေးအင်ကို ခံကုန်၏။ ဘောဇဉ်တို့ကို ဆောင်ကုန်၏။ သောက်ရေကို၎င်း၊ ယပ်ကို၎င်းယူ၍ လုပ်ကျွေးကုန်၏။ ကိုယ်လက်သုတ်သင်သောကာလ၌ သန့်သက်ရေအိုးကိုယူ၍ ဖုံးလွှမ်းရာအရပ်သို့ သွားသည့်တိုင်အောင် အလုံးစုံသောကျွန်တို့သည် အရှင်တို့အား ပြုအပ်သောကိစ္စကို ပြု၏။

ထိုကဋာဟကသည် ဤသို့ ပရိသတ်ကိုမှတ်စေ၍ ဘုရားလောင်း၏ ပစ္စန္တရစ်အနီးသို့ ရောက်သောကာလ၌ ယောက္ခမကို ဘခင် အကျွန်ုပ်၏ အဘသည် အရှင်တို့အား ဖူးမြင်အံ့သောငှါ လာသတတ်၊ သင်တို့သည် ခဲဘွယ်ဘောဇဉ်ကို စီရင်ကြကုန်လော၊ ငါသည် လက်ဆောင်ကိုယူ၍ ခရီးဦးကြိုဆိုအံ့ဟု ဆို၏။ ယောက္ခမသည် အမောင် ကောင်းပြီဟု ဝန်ခံ၏။ ကဋာဟကသည် များစွာသောလက်ဆောင်တို့ကိုယူ၍ ရှိခိုး၍ လက်ဆောင်ကို ဆက်၏။ ဘုရားလောင်းသည်လည်း ထိုလက်ဆောင်ကိုယူ၍ ကဋာဟကနှင့်တကွ နှုတ်ခွန်းဆက်ခြင်းကိုပြု၍ မိုးသောက်သောကာလ၌ သစ်ခက်တပ်၌နေ၍ ကိုယ်လက်သုတ်သင်အံ့သောငှါ ဖုံးလွှမ်းရာအရပ်သို့ သွား၏။ ကဋာဟကသည် မိမိအခြံအရံကိုနစ်စေ၍ သန့် သက်ရေအိုးကို ယူ၍ ဘုရားလောင်း၏အထံသို့သွား၍ သန့်သက်ရေသုံးဆောင်သော ကိစ္စအဆုံး၌ ခြေတို့၌ဝပ်၍ အရှင်အကျွန်ုပ်သည် အရှင်တို့သည် အကြင်မျှလောက်သော ဥစ္စာတို့ကိုအလိုရှိကုန်၏။ ထိုမျှလောက်သော ဥစ္စာကို ပေးပါအံ့၊ အကျွန်ုပ်၏အခွှအေရံကို မကွယ်ပါစေကုန်လင့်ဟု ဆို၏။ ဘုရားလောင်းသည် ထိုကဋာဟကအား ဝတ်နှင့်ပြည့်စုံသည်၏အဖြစ်ကြောင့် ကြည်ညိုသည်ဖြစ်၍ မကြောက်လင့်၊ သင့်အား ငါ့အထံမှအပြစ်မရှိဟု နှစ်သိမ့်စေ၍ ပစ္စန္တရစ်မြို့သို့ဝင်၏။ များစွာသော ပူဇော် သက္ကာရသည် ဖြစ်၏။ ကဋာဟကသည်လည်း ထိုသူဌေးအား မပြတ် ကျွန်သည် ပြုအပ်သောကိစ္စကို ပြု၏။

ထို့နောက် တကြိမ်သောအခါ၌ ချမ်းသာစွာနေသော ထိုသူဌေးကြီးကို ပစ္စန္တရစ်သူဌေးသည် သူဌေးကြီး ငါသည် သင်တို့၏အမှာစာကို မြင်လျှင် သင်တို့၏သားအား သ္မီးကိုပေး၏ဟု ဆို၏။ ဘုရားလောင်းသည် ကဝာဟကကိုသားပြု၍ ထိုအမှုအားလျော်စွာ ချစ်ဘွယ်သောစကားကိုဆို၍ သူဋ္ဌေးကို နှစ်သက်စေ၏။ ထိုအခါမှစ၍ ကဋာဟက၏မျက်နှာကို ကြည့်ခြင်းငှါ ဝံ့သောသူမည်သည် မရှိ၊ ထိုအခါ တနေ့သ၌ ဘုရားလောင်းသည် သူဌေးသ္မီးကိုခေါ်စေ၍ ချစ်သ္မီး ငါ၏ ဦး ခေါင်း၌ သန်းတို့ကိုရှာလော့ဟုဆို၍ လာလတ်၍ သန်းကိုကောက်သော ထိုသတိုသ္မီးကို ချစ်ဘွယ်သောစကားကိုဆို၍ ချစ်သ္မီး သင့်အား ငါ့သားသည် ချမ်းသာ ဆင်းရဲတို့၌ မမေ့မလျော့ရှိပါ၏ လော၊ နှစ်ယောက်ကုန်သော သူတို့သည် ဝမ်း မြောက်ကုန်သည်ဖြစ်၍ ညီညွတ်စွာနေခြင်းကို နေကြကုန်၏လောဟု မေး၏။

ဘခင် သူဌေးကြီး သင်တို့၏သားအား တပါးသောအပြစ်သည် မရှိ၊ စင်စစ်သော်ကား အာဟာ ရကို ကဲ့ရဲ့၏ဟု ဆိုလေ၏။ ချစ်သ္မီး ဤငါ့သားသည် အခါခပ်သိမ်း ချမ်းသာသောသဘော ရှိသည်သာလျှင်တည်း၊ စင်စစ်သော်ကား သင့်အား ငါသည် ဤငါ့သား၏နှုတ်ပိတ်မန္တန်ကို သင်အံ့၊ သင်သည် ကောင်းစွာသင်၍ စားသောကာလ၌ ကဲ့ရဲသောသား၏ ရှေ့မှရပ်၍ သင်သောနည်းဖြင့်သာလျှင် ဆိုလော့ဟု ဂါထာကိုသင်၍ နှစ်ရက်သုံးရက်နေ၍ ဗာရာဏသီမြို့သို့လျှင် သွား၏ ကဋာဟကသည်လည်း များသော ခဲဘွယ်ဘောဇဉ်ကိုယူ၍ပို့လိုက်၍ များစွာသောဥစ္စာကိုဆက်ပြီးလျှင်ရှိခိုး၍ ပြန်၏။ ထိုကဋာကသည် ဘုရားလောင်း၏ သွားသောကာလမှစ၍ အတိုင်း ထက်အလွန် မာနရှိသည်ဖြစ်၏။ ထိုကဋာဟကသည် တနေ့သ၌ သူဌေးသီးသည် အထူးထူးသော အရသာရှိသောဘောဇဉ်ကိုတည်၍ ယောက်မကိုယူ၍ လုပ်ကျွေးသည်ရှိသော် ထမင်းကိုကဲ့ရဲ့အံ့သောငှါ အားထုတ်၏။ သူဌေးသီးသည် ဘုရားလောင်း၏အထံ၌ သင်အပ်သောနည်းဖြင့်-

၁၂၅။ ဗဟုမ္ပိ သော ဝိကတ္ထေယျ၊ အညံ ဇနပဒံ ဂတော။
အနွာဂန္တွာန ဒူသေယျ၊ ဘုဉ္ဇ ဘောဂေ ကဋာဟက။

ဟူသော ဤဂါထာကို ဆို၏။

၁၂၅။ ကဋာဟက၊ ကဋာဟက။ အညံ၊ တပါးသော။ ဇနပဒံ၊ ဇနပုဒ်သို့။ ဂတော၊ ရောက်သည်ရှိသော်။ သော၊ ထိုသူသည်။ ဗဟုမ္ပိ၊ များစွာလည်း။ ဝိကတ္တေယျ၊ ရှုတ်ချရာ၏။ အနွာဂန္တွာန၊ တဖန် လာလတ်၍။ ဒူသေယျ၊ ဖျက်ဆီးရာ၏။ ဘောဂေ၊ စည်းစိမ်တို့ကို။ ဘုဉ္ဇ၊ ခံစားလော့။

သူဌေးသ္မီးသည်ကား ထိုဂါထာ၏အနက်ကို မသိဘဲလျက် သင်သောနည်းဖြင့် သဒ္ဒါကိုသာလျှင် ရွတ်၏။ ကဋာဟကသည် မချွတ်မုချ သူဌေးသည် ငါ၏အမည်ကိုကြား၍ ထိုသူဌေးသီးအား အလုံးစုံသောစကားကို ပြောဆိုအပ်သည်ဖြစ်လတ္တံ့ဟု နှလုံးသွင်း၍ ထိုအခါမှစ၍ တဖန် ထမင်းကိုကဲ့ရဲအံ့သောငှာမဝံ့၊ ချသော မာနရှိသည်ဖြစ်၍ ရတိုင်းသောထမင်းကိုစား၍ ကံအား လျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ ယခုအခါ ရှုတ်ချသောစကားကို ဆိုတတ်သောရဟန်းသည် ထိုအခါ ကဋာဟက ဖြစ်ဘူးပြီ၊ ယခုအခါငါဘုရားသည်လျှင် ထိုအခါ ဗာရာဏသီသူဌေး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ့်ကိုကိုယ်သိ၊ ကဲ့ရဲဘိ၊ မကြည့်သူများကို

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ကဋာဟကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုသနာဠှိဝဂ်

၆။ အသိလက္ခဏဇာတ်

တံစိုးစား၍ သန်လျက်လက္ခဏာကိုဘတ်သောပုဏ္ဏား၏ နှာသီးဖျား နှစ်ပိုင်းပြတ်သော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် တထေဝေကဿ ကလျာဏံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအသိလက္ခဏဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောသလမင်း၏ သန်လျက်လက္ခဏာကို ဘတ်တတ်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုပုဏ္ဏားသည် ပန်းဘဲတို့သည် မင်းအား သန်လျက်ကိုဆက်သောကာလ၌ သန်လျက်ကိုနမ်း၍ဘတ်၏။ ထိုပုဏ္ဏားသည် အကြင် ပန်းဘဲလက်မှ လာဘ်ရ၏။ ထိုပန်းဘဲ၏သန်လျက်ကို လက္ခဏာနှင့် ပြည့်စုံ၏။ မင်္ဂလာနှင့်ယှဉ်၏ဟု ဆို၏။ အကြင်ပန်းဘဲတို့၏လက်မှ လာဘ်မရ၊ ထိုပန်းဘဲတို့၏ သန်လျက်ကို ကဲ့ရဲ၏။ ထိုအခါ တယောက်သော ပန်းဘဲသည် သန်လျက်ကိုပြု၍ သန်လျက်အိမ်၌ သိမ်မွေ့သောငြုတ်မှုန့်ကိုထည့်၍ မင်းအား သန် လျက်ကိုဆက်၏။ မင်းသည် ပုဏ္ဏားကိုခေါ်စေ၍ သန်လျက်ကို စုံစမ်းလောဟု ဆို၏။ သန်လျက်ကိုကိုင်၍ နမ်းသောပုဏ္ဏား၏နှာခေါင်းကို ငြုတ်မှုန့်တို့သည်ဝင်ကုန်၍ ချေလိုသည်၏အဖြစ်ကို ဖြစ်စေကုန်၏။ ချေသောပုဏ္ဏား၏နှာခေါင်းသည် သန်လျက်သွားခတ်မိသည်ဖြစ်၍ နှစ်ပိုင်းပြတ်၏။ ဤသို့ပုဏ္ဏား၏ နှာခေါင်းပြတ်သည်၏ အဖြစ်သည် ရဟန်းသံဃာ၌ ထင်ရှား၏။

ထိုအခါတနေ့သ၌ ရဟန်းတို့သည် တရား သဘင်၌ စည်းဝေးကုန်၍ ငါ့သျှင်တို့ ကောသလမင်း၏ သန်လျက်လက္ခဏာဘတ်တတ်သော ပုဏ္ဏားသည် သန်လျက်ကိုနမ်းလျက် နှာခေါင်းကိုဖြတ်သတတ်ဟူသော စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤပုဏ္ဏားသည် သန်လျက်ကိုနမ်းလျက် နှာခေါင်းပြတ်ခြင်းသို့ ရောက်သည်မဟုတ်သေး၊ ရှေး၌လည်း ရောက်ဘူးသည်သာ လျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သည်ရှိသော် ထိုဗြဟ္မဒတ်မင်းအား သန်လျက်လက္ခဏာကို ဘတ်တတ်သော ပုဏ္ဏားသည်ဖြစ်၏။ အလုံးစုံသောဝတ္ထုသည် ပစ္စုပ္ပန်နှင့် တူသလျှင်ကတည်း၊ ဗြဟ္မဒတ်မင်းသည်ကား ထိုပုဏ္ဏားအား ဆေးများကို ပေး၍ နှာခေါင်းစွန်းကိုကုစားချမ်းသာစေ၍ ချိပ်တို့ဖြင့်နှာခေါင်းတုကိုပြု၍ တဖန်ခစားစေ၏။ ဗာရာဏသီမင်းအားကား သားမရှိ၊ တယောက်သောသ္မီးသည်၎င်း တူသည်၎င်း ရှိ၏။ ထိုဗြဟ္မဒတ်မင်းသည် နှစ်ယောက်လည်းဖြစ်ကုန်သော ထိုသ္မီးတူတို့ကို မိမိ ၏အထံ၌ သာလျှင် ကြီးစေ၏။ ထိုသ္မီးတူတို့သည် တကွနက် ကြီးခြင်းသို့ ရောက်ကုန်သည်ရှိသော် အချင်းချင်း တပ်သောစိတ် ရှိကုန်သည် ဖြစ်ကုန်၏။ မင်းသည်လည်း အမတ်တို့ကိုခေါ်၍ ငါ၏ တူသည်လည်း ဤပြည်၏ သခင်သာလျှင်တည်း၊ သ္မီးကို ထိုတူအားပေး၍ ထိုတူအား ဘိသိက်သွန်းခြင်းကို ပြုအံ့ဟုဆို၍ တဖန် ငါ၏တူသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့်လည်း ငါ၏ ဆွေမျိုး ဖြစ်သလျှင်ကတည်း၊ ထိုတူအား တပါးသော မင်းသ္မီးကိုဆောင်၍ အဘိသိက်သွန်းခြင်းကိုပြု၍ သ္မီးကို တပါးမင်းအား ပေးအံ့၊ ဤသို့ ပြု သည်ရှိသော် ငါ့အား ဆွေမျိုးတို့သည် များကုန် သည်ဖြစ်လတ္တံ့၊ ငါတို့သည်သာလျှင် နှစ်ပြည် ထောင်တို့၏ အရှင်သည် ဖြစ်ကုန်အံ့ဟု ကြံ၏။ ကြံပြီး၍ မင်းသည် အမတ်တို့နှင့်တကွတိုင်ပင်၍ နှစ်ယောက်လည်းဖြစ်ကုန်သော သ္မီးတူတို့ကိုခွဲ၍ နေစိမ့်သောငှါသင့်၏ဟု တူကို တပါးသောအိမ်၌ သ္မီးကို တပါးသောအိမ်၌ နေစေ၏။ ထိုသ္မီးတူတို့သည် တဆယ့်ခြောက်နှစ် အရွယ်ရှိသည်၏ အဖြစ်သို့ ရောက်ကုန်၍ အလွန်လျှင် ထပ်သော စိတ်ရှိကုန်၏။

မင်းသားသည် ဦးရီးသ္မီးကို နန်းတွင်းမှထုတ်စိမ့်သောငှါ အဘယ်ဥပါယ်ဖြင့် တတ်ကောင်းသည်ဖြစ်ရာအံ့နည်းဟု ကြံသည်ရှိသော် တခုသော ဥပါယ်သည်ရှိ၏ဟု နတ်ဝင်မကိုခေါ်စေ၍ ထိုနတ်ဝင်မအား တထောင်သောအသပြာကိုပေး၍ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရအံ့နည်းဟု မေးသည်ရှိသော် ဦးရီး၏ သ္မီးကို နန်းတွင်းမှထုတ်၍ ထိုသို့သောအခြင်းအရာအားဖြင့် ပြုလောဟု ဆို၏။

ထိုနတ်ဝင်မသည် အရှင်ကောင်းပြီ၊ ငါသည် မင်းသို့ကပ်၍ ဤသို့ဆိုအံ့၊ မင်းကြီး မင်းသ္မီးအထက်၌ သူယုတ်သည်ရှိ၏။ ဤမျှလောက်သောကာလပတ်လုံး ပြန်၍ကြည့်သောသူသည် မရှိ၊ ငါသည် မင်းသ္မီးကို ဤမည်သော ရထားသို့တင်၍ များစွာကုန်သော လက်နက်လက်စွဲကုန်သော ယောက်ျားတို့ကိုယူ၍ များစွာသော အခြံအရံဖြင့် သုသာန်သို့သွား၍ အင်းပျဉ်ဝန်းခံသော ညောင်စောင်းအောက်၌ သူသေကိုအိပ်စေ၍ ညောင်စောင်း အထက်၌ မင်းသ္မီးကိုထား၍ နံ့သာရေအိုးတရာ့ရှစ်လုံးတို့ဖြင့် ရေချိုးစေ၍ သူယုတ်ကို မျောအံ့၊ ဤသို့ဆို၍ မင်းသ္မီးကို သုသာန်သို့ဆောင်အံ့၊ အရှင့်သားသည် အကျွန်ုပ်တို့၏ ထိုသုသာန်သို့ သွားသောနေ့၌ အကျွန်ုပ်တို့၏ ရှေး ဦးစွာလျှင် အတန်ငယ်ငြုတ်မှုန့်ကိုယူ၍ လက် နက်စွဲကုန်သော မိမိ၏လူတို့ဖြင့် ခြံရံလျက် ရထားကိုစီး၍ ရထားကိုသုသာန်တံခါး၌ တခုသောအရပ်၌ရပ်၍ လက်နက်စွဲကုန်သောသူတို့ကို သုသာန်တောသို့ဝင်စေ၍ မိမိသည် သုသာန် အင်းပျဉ်ဝန်းသို့သွား၍ သူသေကဲ့သို့ မှောက်ခုံအိပ်လော့၊ အကျွန်ုပ်သည် ထိုအရပ်သို့သွား၍ အရှင်မင်းသား၏ အထက်၌ ညောင်စောင်းကိုခင်း၍ မင်းသ္မီးကိုချီ၍ ညောင်စောင်း၌ ထားအံ့၊ ထိုခဏ၌ ငြုတ်မှုန့်ကို နှာခေါင်း၌ထည့်၍ နှစ်ကြိမ် သုံးကြိမ် ချေလော၊ သင် ချေသောကာလ၌ ငါတို့သည် မင်းသ္မီးကိုစွန့်၍ ပြေးကုန်အံ့၊ ထိုအခါ သင်မင်းသားသည် မင်းသ္မီးကို ဦးခေါင်းဆေး၍ မိမိသည်လည်း ဦးခေါင်းဆေး၍ မင်းသ္မီးကိုယူ၍ အိမ်သို့သွားလေလော့ဟု ဆို၏။ မင်းသားသည်ကောင်းပြီဟု ဝန်ခံ၏။

ထိုနတ်ဝင်သည်လည်း သွား၍ မင်းအား ထိုအကြောင်းကို ကြား၏။ မင်းသည်လည်း ဝန်ခံ၏။ မင်းသ္မီးအားလည်း ထိုအကြောင်းကို ကြား၏။ မင်းသ္မီးသည်လည်း ဝန်ခံ၏ နတ်ဝင်သည်လည်း ထွက်သောနေ့၌ မင်းသားအား အမှတ်ပေး၍ များသောအခြံအရံဖြင့် သုသာန်သို့သွားသည်ရှိသော် အစောင့်အရှောက်လူတို့ကို ကြောက်ခြင်းကိုဖြစ်စိမ့်သောငှါ ငါသည် မင်းသ္မီးကိုညောင်စောင်းဝယ် ထားသောကာလ၌ သူ သေယောက်ျားသည် ချေလတ္တံ့၊ ချေ၍လျှင် ညောင်စောင်းအောက်မှထွက်၍ အကြင် အကြင်သူတို့ကို ရှေးဦးစွာ မြင်လတ္တံ့၊ ထိုထိုသူတို့ကိုလျှင် ဖမ်းလတ္တံ့၊ မမေ့ လျော့ကုန်သည် ဖြစ်ကြကုန်လော့ဟု ဆို၏။ မင်းသားသည် ရှေးဦးစွာသွား၍ ဆိုအပ်ပြီးသောနည်းဖြင့်လျှင် သုသာန်၌ အိပ်၏။ နတ်ဝင်မကြီးသည် မင်းသ္မီးကိုချီ၍ အင်းပျဉ်ဝန်းရှိရာ အရပ်သို့သွားလျက် မကြောက်လင့်ဟုအမှတ်ကိုပေး၍ ညောင်စောင်း၌ထား၏။ ထိုခဏ၌ မင်းသားသည် ငြုတ်မှုန့်ကို နှာခေါင်း၌ထည့်၍ ချေ၏။ ချေမျှ၌လျှင် နတ်ဝင်မကြီးသည် မင်းသ္မီးကိုစွန့်၍ ကြီးစွာသောဟစ်ကြွေးခြင်းကို ဟစ်ကြွေးလျှက် အလုံးစုံသောသူတို့၏ ရှေးဦးစွာပြေး၏။ ထို နတ် ဝင်မကြီး၏ ပြေးသောကာလမှစ၍ တယောက်သောသူသည်လည်း တည်ခြင်းငှာ စွမ်းနိုင်သောသူမည်သည် မဖြစ်၊ ကိုင်တိုင်းကိုင်တိုင်းကုန်သော လက်နက်တို့ကိုစွန့်၍ ခပ်သိမ်းကုန်သောသူတို့သည် ပြေးကုန်၏။

မင်းသားသည်လည်း တိုင်ပင်တိုင်းသော အလုံးစုံသောအမှုကိုပြု၍ မင်းသ္မီးကိုယူ၍ မိမိအိမ်သို့သွား၏။ နတ်ဝင်မကြီးသည် သွား၍ ထိုအကြောင်းကိုကြား၍ မင်းအားလျှောက်၏။ မင်းသည် ပကတိအားဖြင့်လည်း ထိုမင်းသ္မီးကို ငါသည် ထိုငါ့တူ၏ အကျိုးငှာသာလျှင် ကြီးစေ၏။ မွေးကျွေးအပ်၏။ စားဘွယ်ဃနာ၌ စွန့်အပ်သောထောပတ်ကဲ့သို့ ဖြစ်ပြီဟု ဝန်ခံ၏။ နောက်အဘို့၌ တူအား မင်းအဖြစ်ကိုပေး၍ သ္မီးကို မိဖုယားကြီးအရာပြုစေ၏။ ထိုတူဖြစ်သောမင်းသည် ထိုသ္မီးနှင့် အညီအညွတ်နေခြင်းကို နေလျှက် တရားသဖြင့် မင်းပြု၏။ ထိုသန်လျက်လက္ခဏာကို ဘတ်တတ်သောပုဏ္ဏားသည်လည်း ထိုမင်းသားကို ခစား၏။

တနေ့သ၌ မင်းခစားအံ့သောငှါလာလတ်၍ နေသို့ရှေးရှုပြု၍ ခစားသောပုဏ္ဏား၏ချိပ်သည် ကြေ၏။ နှာခေါင်းတုသည် မြေ၌ကျ၏။ ထိုပုဏ္ဏားသည်ရှက်၍ အောက်သို့မျက်နှာပြုလျက် နေ၏။ ထိုအခါ ထိုပုဏ္ဏားကို မင်းသည် ပြက်ရယ်ပြုလိုသည်ဖြစ်၍ ဆရာ မကြံကုန်လင့်၊ ချေခြင်းမည်သည် အချို့သောသူအား ကောင်း၏။ အချို့သောသူအား ယုတိ၏။ သင်တို့သည် ချေသဖြင့် နှာ ခေါင်းကို ပြတ်စေကုန်၏။ ငါတို့သည်ကား ချေသဖြင့် ဦးရီးသ္မီးကိုရ၍ မင်းအဖြစ်သို့ ရောက်၏ ဟု ဆိုလို၍-

၁၂၆။ တထေဝေကဿ ကလျာဏံ၊ တထေဝေကဿ ပါပကံ။
တသ္မာ သဗ္ဗံ န ကလျာဏံ၊ သဗ္ဗံ ဝါပိ န ပါပကံ။

ဟူသော ဤဂါထာကို ဆို၏။

၁၂၆။ အာစရိယ၊ ဆရာ။ တထေဝ၊ ထိုချေခြင်းသည်လျှင်။ ဧက ဿ၊ အချို့သောသူအား။ ကလျာဏံ၊ ကောင်း၏။ တထေဝ၊ ထိုချေခြင်းသည်လျှင်။ ဧကဿ၊ အချို့သောသူအား။ ပါပကံ၊ ယုတ်မာ၏။ တသ္မာ၊ ထို့ကြောင့်။ သဗ္ဗံ၊ အလုံးစုံသော ချေခြင်းသည်။ န ကလျာဏံ၊ မကောင်း။ သဗ္ဗံ ဝါပိ၊ အလုံးစုံသောချေခြင်းသည်လည်း။ န ပါပကံ၊ မယုတ်မာ။

ဤသို့ မင်းသည် ဤဂါထာဖြင့် အကြောင်းကိုဆို၍ အလှူအစရှိသောကောင်းမှုတို့ကိုပြု၍ ကံအား လျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဂါထာဖြင့် လောကသည်သမုတ်အပ်ကုန်သော ကောင်းခြင်း ယုတ်မာခြင်းတို့၏ ဧကန် မဟုတ်သည်၏ အဖြစ်ကို ပြပြီး၍ ယခုအခါ သန်လျက်လက္ခဏာ ဘတ်တတ်သောပုဏ္ဏားသည် ထိုအခါ သန်လျက်လက္ခဏာဘတ်တတ်သောပုဏ္ဏား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ တူဖြစ်သောမင်းဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

လောကသမုတ်၊ အဖြေထုတ်၊ ကောင်းယုတ် နေကန်သိ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော အသိလက္ခဏဇာတ်သည်ပြီး၏။

*****

ဧကကနိပါတ်-ကုသနာဠှိဝဂ်

၇။ ကလဏ္ဍုကဇာတ်

သူတပါးတို့အား ရှုတ်ချကဲ့ရဲ့ တတ်သောသူ၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် တေ ဒေသာ တာနိ ဝတ္ထူနိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကလဏ္ဍုကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီ တင်းသုံး နေတော်မူစဉ် တယောက်သော ရှုတ် ချသော စကားကို ဆိုတတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ကလဏ္ဍုက ဇာတ်၌ နှစ်ပါးကုန်သောဝတ္ထုတို့သည်လည်း ကဋာဟကဇာတ်နှင့် တူကုန်သလျှင် ကတည်း။

အတိတ်ဝတ္ထု... ဤကလဏ္ဍုကဇာတ်၌ကား ဗာရာဏသီ သူဌေးအား ကလဏ္ဍုကမည်သော ကျွန်သည် ဖြစ်၏။ ထိုကလဏ္ဍုက၏ ပြေး၍ ပစ္စန္တရစ်သူဌေး၏ သ္မီးကိုယူ၍ များစွာသော အခြံအရံဖြင့် နောက်ကာလ၌ ဗာရာဏသီသူဌေးသည် ရှာစေသည်ရှိသော် ထိုကလဏ္ဍုက၏ ရောက်ရာအရပ်ကို မသိသည်ဖြစ်၍ သွားချေ ကလဏ္ဍုကကိုရှာချေဟု မိမိသားဖြစ်သော ကျေးသားငယ်ကိုစေ၏။ ကျေးသားငယ်သည် ထိုမှဤမှလှည့်လည်သည်ရှိသော် ထိုမြို့သို့ ရောက်၏။ ထိုကာလ၌လည်း ကလဏ္ဍုကသည် မြစ်၌ကစားခြင်းကို ကစားလိုသည်ဖြစ်၍ များစွာသော ပန်း နံ့သာ နံ့သာပျောင်းကို၎င်း ခဲဘွယ်ဘောဇဉ်ကို၎င်းယူခဲ့စေ၍ သူဌေးသီးနှင့်လှေစီး၍ ရေ၌ကစား၏။ ထိုအရပ်၌ မြစ်ကစားခြင်းကိုကစားကုန်သော အစိုး ရကုန်သောသူတို့သည် ထက်သောဆေးဖြင့်ထုံအပ်သော နို့ရည်ကို သောက်ကုန်၏။ ထို့ကြောင့် တနေ့ပတ်လုံး ရေ၌ကစားကုန်သောသူတို့အား အချမ်းသည်မနှိပ်စက်၊ ဤကလဏ္ဍုကသည်ကား နို့ရည်ကိုနှုတ်ငုံ၍ ခံတွင်းဆေး၍ ထို့နိုရည်ကိုထွေး၏။ ထွေးသည်ရှိသော် ရေ၌မထွေးမူ၍ သူဌေးသမီးဦးခေါင်း၌ ထွေး၏။ ကျေးသားငယ်သည် ထိုမြစ်နားသို့သွား၍ တခုသောသဖန်းခက် ၌နား၍ ကြည့်သည်ရှိသော် ကလဏ္ဍုကကိုသိ၍ သူဌေးသ္မီးသို့ ဦးခေါင်း၌နို့ရည်ကို ထွေးသည်ကိုမြင်၍ ဟယ် ကလဏ္ဍုကမည်သောကျွန် မိမိ၏ အမျိုးကို၎င်း, နေရာအရပ်ကို၎င်း အောက်မေ့ လော့၊ နို့ရည်ကို နှုတ်၌ငုံ၍ ခံတွင်းကိုဆေး၍ အမျိုးနှင့်ပြည့်စုံသော ချမ်းသာသဖြင့် ကြီးသောသူဌေးသမီး၏ ဦးခေါင်း၌ မထွေးလင့်၊ မိမိပမာ ဏကို သိလာဟု ဆိုလို၍-

၁၂၇။ တေ ဒေသာ တာနိ ဝတ္ထူနိ၊ အဟဉ္စ ဝနဂေါစရော။
အနုဝိစ္စ ခေါ တံ ဂဏေယျုံ၊ ပိဝ ခီရံ ကလဏ္ဍုက။

ဟူသော ဤဂါထာကို ဆို၏။

၁၂၇။ ကလဏ္ဍုက၊ ကဏ္ဍာက။ တေ ဒေသာ၊ ထိုသင်၏အရပ်တို့သည်၎င်း။ တာနိ ဝတ္ထုနိ၊ ထိုသင်၏တည်ရာတို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ တာနိ၊ ထိုဒေသဝတ္ထုတို့ကို။ ဝနဂေါစရေ၊ တော ၌ကျက်စားသော။ အဟဉ္စ၊ ငါကျေးသားသည်လည်း။ ဇာနာမိ၊ သိ၏။ သာမိကာ၊ သင်၏ သခင်တို့သည်။ တံ၊ သင့်ကို။ အနုဝိစ္စ၊ သိ၍။ ဂဏေယျုံ၊ ဖမ်းကုန်ရာ၏။ ခီရံ၊ နို့ရည်ကို။ ပိဝ၊ သောက်လေလော။

ကလဏ္ဍုကသည်လည်း ကျေးသားငယ်ကိုသိ၍ ငါ့ကို ထင်ရှားသည်ကို ပြုရာ၏ဟု ကြောက်ခြင်းကြောင့် အရှင်လာလော့၊ အဘယ်အခါ၌ လာသနည်းဟု ဆို၏။ ကျေးသားငယ်သည် ကလဏ္ဍုကသည် ငါ့ကို အစီးအပွားကိုအလိုရှိသည်၏အဖြစ်ကြောင့် မခေါ်၊ ငါ၏လည်ကို လိမ်၍ သတ်ခြင်းငှါ အလိုရှိ၏ဟုသိ၍ ငါ့အား သင်ဖြင့် အလိုမရှိဟု ထိုသဖန်းခက်မှပျံ၍ ဗာရာ ဏသီပြည်သို့ သွား၍ မြင်ခဲ့တိုင်း သူဌေးအား အကျယ်အားဖြင့်ဆို၏။ သူဌေးသည် ကလဏ္ဍုကသည် မသင့်သည်ကိုပြု၏ဟုဆို၍ သွားပြီး သည်ရှိသော် ထိုကလဏ္ဍုကအား အာဏာကိုပြု၍ ထိုကလဏ္ဍုကကို ဗာရာဏသီသို့ဆောင်ခဲ့၍ ကျွန်အသုံးအဆောင်ဖြင့် သုံးဆောင်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ထိုရဟန်းသည် ထိုအခါ ကလဏ္ဍုက ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဗာရာ ဏသီသူဌေး ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ကိုယ်၏အဖြစ်၊ ကိုယ့်သနစ်၊ စင်စစ် သိအပ်စွာ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကလဏ္ဍုကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုသနာဠှိဝဂ်

၈။ ဗိဠာရဝတဇာတ်

အံ့ဘွယ်သရဲကိုပြုတတ်သောသူ၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယော ဝေ ဓမ္မံ ဓဇံ ကတွာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗိဠာရဝတဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် တယောက်သောအံ့ဘွယ်သ ရဲကို ဖြစ်စေတတ်သော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်း၏အံ့ဘွယ်သရဲကို ဖြစ်စေ သည်၏အဖြစ်ကို ကြားလျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤရဟန်းသည်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သည်မဟုတ်သေး၊ ရှေး၌လည်း ဖြစ်စေဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ကြွက်အမျိုး၌ ပဋိသန္ဓေယူ၍ ကြီးခြင်းကိုစွဲ၍ ဝက်ငယ်ပမာ ဏရှိသောကိုယ်ရှိသည်ဖြစ်၍ အရာမကများစွာကုန်သော ကြွက်တို့ဖြင့်ခြံရံလျက် တော၌နေ၏။ ထိုအခါ တခုသောမြေခွေးသည် ထိုမှဤမှ လှည့်လည်သည်ရှိသော် ထိုကြွက်အပေါင်းကို မြင်၍ ကြွက်အပေါင်းတို့ကို လှည့်စား၍စားအံ့ဟုကြံ၍ ကြွက်တို့၏ နေရာအရပ်အနီး၌ နေသို့ရှေးရှု ခံတွင်းဖြင့်လေကိုခံလျှက် ခြေတချောင်းဖြင့်ရပ်၏။ ဘုရားလောင်းသည် အစာရှာအံ့သောငှါ သွားသည်ရှိသော် ထိုမြေခွေးသည် သီလရှိသည်ဖြစ်လတ္တံ့ဟု ထိုမြေခွေး၏အထံသို့သွား၍ အရှင်အရှင်သည် အဘယ်အမည်ရှိသနည်းဟု မေး၏။ အချင်း ငါသည် ဓမ္မိကအမည်ရှိ၏ဟု ဆို၏။ အခြေလေးချောင်းတို့ကို မြေ၌မရပ်မူ၍ အဘယ့်ကြောင့် ခြေတချောင်းဖြင့်သာလျှင် ရပ်သနည်းဟု မေး၏။ ငါသည် ခြေလေးချောင်းတို့ကို မြေ၌ ထားသည်ရှိသော် မြေသည် ရွက်ဆောင်အံ့သောငှါ မတတ်ကောင်း၊ ထို့ကြောင့်ခြေတချောင်းဖြင့်သာလျှင် ရပ်၏ဟု ဆို၏။ ခံတွင်းကိုဖွင့်၍ အဘယ့်ကြောင့် ရပ်သနည်းဟု မေး၏။ ငါတို့သည် တပါးသောအစာကို မစားကုန်၊ လေကိုသာလျှင် စားကုန်၏ဟုဆို၏။ ထိုနောက်မှ အဘယ့်ကြောင့် နေကို ရှေးရှုရပ်သနည်းဟု မေး၏။ နေကိုရှိခိုး၏ဟု ဆို၏။ ဘုရားလောင်းသည် ထိုမြေခွေး၏စကားကိုကြား၍ ဤမြေခွေးသည် သီလရှိသည် ဖြစ်လတ္တံ့ဟု ထိုအခါမှစ၍ ကြွက်အပေါင်းနှင့်တကွ ညနံနက် ထိုမြေခွေးအား ခစားအံ့သောငှါ သွား၏။

ထိုအခါ ကြွက်မင်း၏ ခစားခြင်းကိုပြု၍ သွားသောကာလ၌ မြေခွေးသည် အလုံးစုံသောကြွက်တို့မှ နောက်ဖြစ်သောကြွက်ကိုဖမ်း၍ အသားကိုစား၍ မျို၍ ခံတွင်းကိုသုတ်၍ ရပ်၏။ အစဉ်သဖြင့် ကြွက်အပေါင်းသည် ပါးသည်ဖြစ်၏။ ကြွက်တို့သည် ရှေး၌ ငါတို့အား ဤနေရာသည်မဆံ့၊ အကြားမရှိကုန်သည်ဖြစ်၍ နေရကုန်၏။ ယခုအခါ၌ လျော့၏။ ဤနေရာသည် မပြည့်သလျှင် ကတည်း၊ ဤမပြည့်ခြင်း၏အကြောင်းသည်ကား အသို့နည်းဟု ဘုရားလောင်းအား ထိုအကြောင်းကို ကြားကုန်၏။ ဘုရားလောင်းသည် အဘယ်အကြောင်းကြောင့်လျှင် ကြွက်တို့ပါးကုန်သနည်း ဟု ကြံသည်ရှိသော် မြေခွေး၌ ယုံမှားခြင်းကိုဖြစ်စေ၍ ထိုမြေခွေးကိုစုံစမ်းအံ့ဟု ခစားသောကာလ၌ ကြွင်းသောကြွက်တို့ကို ရှေ့ထား၍ မိမိသည် နောက်ကနေ၏။ မြေခွေးသည် ထိုကြွက်၏ အထက်၌ ပြေးလာသည်ရှိသော် ဘုရားလောင်းသည် မိမိအား ဖမ်းအံ့သောငှါ ပြေးလာသောထိုမြေခွေးကိုမြင်၍ အို မြေခွေး သင်၏ဤအကျင့်သည် ကောင်းသောတရားသဘောအားဖြင့် မ ဟုတ်၊ စင်စစ်လျှင် တပါးကုန်သောသူတို့အား ညှဉ်းဆဲအံ့သောငှါ တရားတံခွန်ကိုပြု၍ ကျင့်၏ ဟုဆိုလို၍-

၁၂၈။ ယော ဝေ ဓမ္မံ ဓဇံ ကတွာ၊ နိဂူဠှော ပါပမာစရေ။
ဝိဿာသယိတွာ ဘူတာနိ၊ ဗိဠာရံ နာမ တံ ဝတံ။

ဟူသော ဤဂါထာကို ဆို၏။

၁၂၈။ ယော၊ အကြင်သူသည်။ ဝေ၊ စင်စစ်။ ဓမ္မံ ဓဇံ၊ တရားတံခွန်ကို ကတွာ၊ ပြု၍။ ဘူတာနိ၊ သတ္တဝါတို့ကို။ ဝိဿာသယိတွာ၊ အကျွမ်းဝင်စေ၍။ နိဂူဠှော၊ လျှို့ဝှက်လျက်။ ပါပံ၊ မကောင်းမှုကို။ အာစရေ၊ ကျင့်၏။ တံ ဝတံ၊ ထိုသူတို့၏အကျင့်သည်။ ဗိဠာရံ နာမ၊ စဉ်းလဲစဉ်းစားသော အကျင့်မည်၏။

ကြွက်မင်းသည် ပြောဆိုလျက်လျှင် ခုန်၍ ထိုမြေခွေး၏ လည်သို့ရောက်၍ မေးအောက်၌ ရေမျိုကိုကိုက်၍ ရေမျိုကိုခွဲ၍ အသက်ကုန်ခြင်းသို့ ရောက်စေ၏။ ကြွက်အပေါင်းတို့သည်ပြန်၍ မြေခွေးကိုစပ်စပ်မြည်စေလျက် စားကုန်၍ သွားကုန်၏။ ရှေးဦးစွာ ရောက်ကုန်သောကြွက်တို့သည် အသားကိုစားရကုန်သတတ်၊ နောက်မှရောက်ကုန်သောကြွက်တို့သည် မစားရကုန်၊ ထိုအခါမှစ၍ ကြွက်အပေါင်းသည် ဘေးမရှိသည် ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါအံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းသည် ထိုအခါ မြေခွေးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကြွက်မင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

တရားဓမ္မ၊ အလံပြ၊ ပါပယုတ်မာ သေရရှာ

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဗိဠာရဝတဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုသနာဠှိဝဂ်

၉။ အဂ္ဂိကဘာရဒွါဇဇာတ်

ဤဝတ္ထုသည်လည်းအံ့ဘွယ်သရဲကို ဖြစ်စေသော အကြောင်းပင်တည်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် နာယံ သိခါ ပုညဟေတု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအဂ္ဂိကဘာရဒွါဇဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းကိုလျှင် အကြောင်း ပြု၍ ဟောတော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ကြွက်မင်းဖြစ်၍ တော၌ နေ၏။ ထိုအခါ တခုသားမြေခွေးသည် တောမီးလောင်သည်ရှိသော် ပြေးအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ တခုသောသစ်ပင်၌ ဦးခေါင်းကိုဆိုက်၍ နေ၏။ ထိုမြေခွေး၏ ကိုယ်အလုံး၌ အမွေးတို့ကို မီးလောင်ကုန်၏။ သစ်ပင်ကိုဆိုက်၍ တည်ရာဖြစ်သောထိပ်၌ ဦးစွန်းကဲ့သို့ အနည်းငယ်သော အမွှေးတို့သည် တည်ကုန်၏။ ထိုမြေခွေးသည် တနေ့သ၌ ရေအိုင်၌ရောက်စဉ် အရိပ်ကိုကြည့်သည်ရှိသော် ဦးစွန်းကိုမြင်၍ ယခုငါ့အား အသက်မွေးခြင်း၏အရင်းသည် ဖြစ်ပြီဟု တော၌ လှည့်လည်သည်ရှိသော် ထိုကြွက်အပေါင်းတို့ကိုမြင်၍ ဤကြွက်တို့ကို လှည့်စား၍စားအံ့ဟု အောက်၌ဆိုအပ်ပြီးသောနည်းဖြင့်သာလျှင် ကြွက်တို့၏အနီး၌ နေ၏။

ထိုအခါ မြေခွေးကို ဘုရားလောင်းသည် အစာရှာသွားသည်ရှိသော်မြင်၍ ဤမြေခွေးသည် သီလရှိသည် ဖြစ်လတ္တံ့ဟု အမှတ်ရှိသည်ဖြစ်၍ ချဉ်းကပ်၍ သင်သည် အဘယ်အမည်ရှိသနည်းဟု မေး၏။ ငါသည် အဂ္ဂိကဘာရဒွါဇ အမည်ရှိ ၏ဟု ဆို၏။ ထို့နောင်မှ အဘယ့်ကြောင့် ဤအရပ်သို့ လာသနည်းဟု မေး၏။ အချင်း သင်တို့ကို စောင့်ရှောက်အံ့သောငှါ လာ၏ဟု ဆို၏။ ငါတို့ကို အဘယ်သို့ပြု၍ စောင့်ရှောက်လတ္တံ့နည်းဟု ဆို၏။ ငါသည် အမြီးရေတွက်ခြင်းမည်သည်ကိုသိ၏။ သင်တို့သည် စောစောကလျှင်ထွက်၍ အစာရှာသွားသောကာလ၌ ဤမျှရှိကုန်၏ဟု ရေတွက်၍ တဖန် ပြန်သောကာလ၌လည်း ရေတွက်အံ့၊ ဤသို့ညနံနက် ရေတွက်လျှက် စောင့်ရှောက်အံ့ဟုဆို၏။ ဦးရီး ထိုသို့တပြီးကား စောင့်လော့ဟု ဆို၏။ ထိုမြေခွေးသည် ကောင်းပြီဟု ဝန်ခံ၍ ထွက်သော ကာလ၌ တကောင်နှစ်ကောင်သုံးကောင်အစရှိသည်ဖြင့် ရေတွက်၍ ပြန်လာသောကာလ၌လည်း ထို့အတူလျှင် ရေ တွက်၍ အလုံးစုံသောကြွက်တို့၏ နောက်ဖြစ်သော ကြွက်ကိုဖမ်း၍ စား၏။ ကြွင်းသောစကားသည် ရှေးဝတ္ထုနှင့်တူသလျှင်ကတည်း၊ ဤအဂ္ဂိကဘာရဒွါဇဇာတ်၌ကား ကြွက်မင်းသည် ပြန်၍ တည်လျက် အိုအဂ္ဂိကဘာရဒွါဇ ကောင်းသောအကျင့်ရှိသည်၏အဖြစ်အားဖြင့် သင်၏ထိပ်၌ ဤဦးစွန်းကို မထားအပ်၊ ဝမ်းဟူသော အကြောင်းကြောင့်ကား ထားအပ်၏ဟု ဆိုလို၍-

၁၂၉။ နာယံ သိခါ ပုညဟေတု၊ ဃာသဟေတု အယံ သိခါ။
နာဂုဋ္ဌိဂဏနံ ယာတိ၊ အလံ တေ ဟောတု အဂ္ဂိက။

ဟူသော ဤဂါထာကို ဆို၏။

၁၂၉။ အဂ္ဂိက၊ အဂ္ဂိက။ ပုညဟေတု၊ ကောင်းမှုဟူသော အကြောင်းကြောင့်။ အယံ သိခါ၊ ဤဦးစွန်းကို။ န ဌပိတာ၊ မထားအပ်။ ဃာသဟေဟု၊ အစာဟူသောအကြောင်းကြောင့်။ အယံ သိခါ၊ ဤဦးစွန်းကို။ ဌပိတာ၊ ထားအပ်၏။ အယံ မူသိကဂဏာ၊ ဤကြွက်အပေါင်းသည်။ အဂူဠိဂဏနံ၊ အမြီးရေတွက်ခြင်းသို့။ န ယာတိ၊ မရောက်။ တေ၊ သင်အား။ ဧတ္တာဝတာ၊ ဤမျှဖြင့်သာ။ အလံ ဟောတု၊ တန်သည်ဖြစ်စေလော။

ကြွင်းသောစကားသည် ရှေးဝတ္ထုနှင့် တူသလျင်ကတည်း။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဤရဟန်းသည် ထိုအခါ မြေခွေး ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကြွက်မင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အလိမ်အဝါ၊ ခဏသာ၊ ကြာလာဘေးဖြစ် ဇီဝိန်ပစ်

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော အဂ္ဂိကဘာရဒွါဇဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကုသနာဠှိဝဂ်

၁၀။ ကောသိယဇာတ်

နာဟန်ဆောင်၍သယောက်လင်ထားသော မိန်းမ၏အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယထာ ဝါစာ စ ဘုဉ္ဇဿု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကောသိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီ တင်းသုံးနေတော်မူစဉ် သာဝတ္ထိပြည်၌ တယောက်သောမာတုဂါမကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုပုဏ္ဏေးမသည် တယောက်သော သဒ္ဓါခြင်းနှင့်ပြည့်စုံသော သီတင်းသည်ဖြစ်သော ပုဏ္ဏား၏ မယား ပုဏ္ဏေးမဖြစ်သတတ်၊ ထိုပုဏ္ဏေးမသည် သီလမရှိ၊ ယုတ်မာသော အကျင့်ရှိ၏။ ညဉ့်၌ လွန်ကျူးသော အကျင့်ကိုကျင့်၏။ နေ့အခါ၌ တစုံတခုသောအမှုကိုမပြုမူ၍ နာဟန်ကိုပြု၍ ညည်းညူလျှက် အိပ်၏။ ထိုအခါ ထိုပုဏ္ဏေးမအား ပုဏ္ဏားသည် ရှင်မ ရှင်မအား အဘယ်မချမ်းသာခြင်းသည် ဖြစ်သနည်းဟု မေး၏။ ငါ့အား လေသည် ထိုးကျင့်၏ဟုဆို၏။ ထိုသို့ လေထိုးကျင်သည်ရှိသော် အဘယ်ကိုရခြင်းငှါသင့်သနည်းဟု မေး၏။ သိမ်မွေ့သော ပြေပြစ်ကုန်သော မြတ်ကုန်သော ယာဂု ထမင်း ဆီ အစရှိသည်တို့ကို ရခြင်းငှါသင့်၏ဟု ဆို၏။ ပုဏ္ဏားသည် အကြင် အကြင် အာဟာရကို ပုဏ္ဏေးမသည် အလိုရှိ၏။ ထိုထိုအာဟာရကို ဆောင်၍ ပေး၏။ ကျွန်ကဲ့သို့အလုံးစုံသော ကိစ္စကိုပြု၏။ ထိုပုဏ္ဏေးမသည်ကား ပုဏ္ဏား၏အိမ်သို့ ဝင်သောကာလ၌ အိပ်၏။ အပသို့ထွက်သောကာလ၌ သယောက်လင်တို့နှင့်တကွ ကာလကိုလွန်စေ၏။

ထိုအခါ ပုဏ္ဏားသည် ဤပုဏ္ဏေးမ၏ကိုယ်၌ ထိုးကျင်ကုန်သောလေတို့၏ အဆုံးသည်မထင်ဟုနှလုံးသွင်း၍ တနေ့သ၌ နံ့သာအစရှိသည်တို့ကိုယူ၍ ဇေတဝန်ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို ပူဇော်ရှိခိုး၍ တင့်အပ်လျှောက်ပတ်သော အရပ်၌နေ၏။ ပုဏ္ဏား အဘယ့်ကြောင့် မထင်သနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား အကျွန်ုပ်၏ ပုဏ္ဏေးမ၏ ကိုယ်၌လေတို့သည် ထိုးကျင်ကုန်၏။ ထိုအကျွန်ုပ်သည် ထိုပုဏ္ဏေးမဘို့ ထောပတ်ဆီအစရှိသည်တို့ကို၎င်း မွန်မြတ်ကုန်သော ဘောဇဉ်တို့ကို၎င်း ရှာရ၏။ ထိုပုဏ္ဏေးမ၏ကိုယ်သည်လည်း အထူးသဖြင့်

ကြည်လင်သောအဆင်း အသားအရေ ရှိသည်ဖြစ်၏။ လေနာ၏အဆုံးသည်ကား မထင်၊ အကျွန်ုပ်သည် ထိုပုဏ္ဏေးမကို လုပ်ကျွေးရသည်ဖြစ်၍လျှင် အထံတော်သို့လာခြင်း၏အခွင့်ကို မရဟု လျှောက်၏။ မြတ်စွာဘုရားသည် ပုဏ္ဏေးမ၏ ယုတ်မာသော အဖြစ်ကိုသိတော်မူ၍ ပုဏ္ဏား ဤသို့အိပ်သောမာတုဂါမ၏ ရောဂါသည် မငြိမ်းသည်ရှိသော် ဆေးကိုပြုခြင်းငှါသင့်၏ဟု ရှေး၌လည်း သင့်အား ပညာရှိတို့သည် ဆိုအပ်သောစကားကို ဘဝဖုံးလွှမ်းသည်ဖြစ်သောကြောင့် သင်မမှတ်နိုင်၊ ဤသို့ မိန့်တော်မူ၍ ထိုပုဏ္ဏားသည်တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားသူကြွယ်မျိုး၌ဖြစ်၍ တက္ကသိုလ်ပြည်၌ အလုံးစုံသောအတတ်တို့ကိုသင်၍ ဗာရာဏသီပြည်၌ ဒိသာပါမောက္ခဆရာဖြစ်၏။ တရာ့တပါးကုန်သောမင်းနေပြည်တို့မှ မင်းသားပုဏ္ဏားသားတို့သည် များသောအားဖြင့် ထိုဘုရားလောင်းအထံ၌ အတတ်သင်ကုန်၏။ ထိုအခါ တယောက်သော ဇနပုဒ်၌နေသောပုဏ္ဏားသည် ဘုရားလောင်း၏အထံ၌ ဗေဒင်သုံးပုံတို့ကို၎င်း၊ တဆယ့်ရှစ်ပါးသော အတတ်တို့ကို၎င်းသင်၍ ဗာရာဏသီပြည်၌လျှင် ဥစ္စာကိုဖြစ်စေ၍ နေ့တိုင်းနေ့တိုင်း နှစ်ကြိမ်သုံးကြိမ် ဘုရားလောင်းအထံသို့ လာ၏။ ထိုပုဏ္ဏား၏ ပုဏ္ဏေးမသည် သီလမရှိသည်ဖြစ်၍ ယုတ်မာသောအကျင့်ရှိသည် ဖြစ်၏။

ဤသို့အစရှိကုန်သော အလုံးစုံသောစကားသည် ပစ္စုပ္ပန်ဝတ္ထုနှင့် တူသလျှင်ကတည်း။ ဘုရားလောင်းသည်ကား ဤသို့သော အကြောင်းကြောင့် အဆုံးအမကိုခံလို၍ လာအံ့သောငှါအခွင့်ကို မရဟုဆိုသည်ရှိသော် ထိုပုဏ္ဏေးမငယ်သည် ဤပုဏ္ဏားကို လှည့်စား၍ အိပ်၏ဟုသိ၍ ထိုပုဏ္ဏေးမ၏ ရောဂါအားလျော်သော ဆေးကို ကြားအံ့ဆို၍ အမောင်သည် ဤနေ့မှစ၍ ထော ပတ်အရသာ နို့ရည်အရသာအစရှိသည်တို့ကို မပေးလင့်၊ နွားကျင်ငယ်၌ ငါးပါးကုန်သောအရွက်ကို၎င်း စိုသောသစ်သီးအစရှိသည်တို့ကို၎င်းထည့်၍ ထောင်း၍ အသစ်ဖြစ်သော ကြေးနီခွက်၌ထည့်၍ ကြေးနီနံ့ကိုယူစေ၍ ကြိုးကို၎င်း လွန်ကို၎င်း သစ်ခက်ကို၎င်းကိုင်၍ ဤဆေးသည်သင်၏ရောဂါအား လျော်သောဆေးတည်း၊ ဤဆေးကိုမူလည်း သောက်လော့၊ ထ၍ သင်သည် စားသောထမင်းအားလျော်သော အမှုကိုမူလည်း ပြုလော့၊ ဤသို့ဆိုလေလော့၊ ဆေးကို အကယ်၍ မသောက်အံ့၊ ထိုပုဏ္ဏေးမကို ကြိုးဖြင့်၎င်း လွန်ဖြင့်၎င်း၊ သစ်ခက်ဖြင့်၎င်း ငင်၍ ရိုက်ခတ်ကောင်းသောအရာ၌ ရိုက်ခတ်၍ ဆံတို့၌ဆွဲငင်၍ တတောင်ဖြင့် ထောင်းလေလော့၊ ထိုပုဏ္ဏေးမသည် ထိုခဏ၌လျှင် ထ၍ အမှုကိုပြုလတ္တံ့ဟုဆိုလိုက်၏။

ထိုပုဏ္ဏားသည် ကောင်းပြီဟု ဝန်ခံ၍ ဆရာမှာလိုက်သောနည်းဖြင့်လျှင် ဆေးကိုပြု၍ ရှင်မ ဤဆေးကိုသောက်လော့ဟု ဆို၏။ သင့်အား အဘယ်သူသည် ဤဆေးကို ပြောသနည်းဟုမေး၏။ ရှင်မ ဆရာပြော၏ဟုဆို၏။ ထိုဆေးကို ပယ်ဘိလော့၊ မသောက်အံ့ဟု ဆို၏။ လုလင်သည်မိမိ၏အလိုအားဖြင့် မသောက်လတ္တံ့ဟု ကြိုးကိုကိုင်၍ မိမိရောဂါအားလျောက်ပတ်သော ဆေးကိုမူလည်းသောက်လော့၊ ယာဂုထမင်းအားလျော်သော အမှုကိုလည်းပြုလော့ဟုဆိုလို၍-

၁၃၀။ ယထာ ဝါစာ စ ဘုဉ္ဇဿု၊ ယထာဘုတ္တဉ္စ ဗျာဟရ။
ဥဘယံ တေ န သမေတိ၊ ဝါစာ ဘုတ္တဉ္စ ကောသိယေ။

ဟူသော ဤဂါထာကို ဆို၏။

၁၃၀။ ကောသိယေ၊ ကောသိယအနွယ်၌ဖြစ်သော ပုဏ္ဏေးမ။ ဝါစာ၊ ဆိုသော စကားနှင့်အညီလည်း။ ဘုဉ္ဇဿု၊ စားလော။ ယထာဘုတ္တဉ္စ၊ စားသည်နှင့် ညီစွာလည်း။ ဗျာဟရ၊ အိမ်၌ အမှုကိုပြုလော့။ တေ၊ သင်၏။ ဝါစာ စ၊ စကားသည်၎င်း။ ဘုတ္တဉ္စ၊ အစားသည်၎င်း။ ဥဘယံ၊ နှစ်ပါးစုံသည်။ န သမေတိ၊ မညီ။

ဤသို့ဆိုသည်ရှိသော် ကောသိယပုဏ္ဏား၏ သ္မီးသည် ဆရာသည် ကြားသောကာလမှစ၍ ငါသည် ဤပုဏ္ဏားကို လှည့်စားခြင်းငှါ မတတ်နိုင်၊ ထ၍ အမှုကိုပြုအံ့ဟု ထ၍ အမှုကိုပြု၏။ ဆရာသည် ငါ၏သီလမရှိသောအဖြစ်ကို သိအပ်ပြီ၊ ယခု ဤနေ့မှစ၍ ဤသို့ သဘောရှိသောအမှုကို ပြုအံ့သောငှာ မတတ်ကောင်းဟု ဆရာသည် ကဲ့ရဲ့အပ်သည်မှကြောက်သောကြောင့် မကောင်းမှုကိုလည်း ကြဉ်၍ သီလရှိသည် ဖြစ်၏။ ထိုပုဏ္ဏေးမသည်လည်း မြတ်စွာဘုရားသည် သိတော်မူအပ်သည်ဖြစ်သတတ်ဟု မြတ်စွ ဘုရား၌ ရိုသေသဖြင့် တဖန် လွန်ကျူးသောအကျင့်ကို မကျင့်ခြင်းကိုပြု၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ လင်မယားတို့သည် ထိုအခါ လင်မယား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မာယာဟန်အောင်၊ သယောက်ထောင်၊ အနှောင်မထားရာ

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကောသိယဇာတ်သည်ပြီး၏။

*****

ဧကကနိပါတ်-အသမ္ပဒါနဝဂ်

၁။ အသမ္ပဒါနဇာတ်

ကျေးဇူးကိုမသိတတ်သောသူဌေးအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အသမ္ပဒါနေ နိတရီတရဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အသမ္ပ ဒါန ဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် ဒေဝဒတ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့

ဒေဝဒတ်သည် ကျေးဇူးကို မသိတတ်၊ မြတ်စွာဘုရား၏ ကျေးဇူးတော်ကိုမသိဟု စကားကိုဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခု ငါလာတော်မူသောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝဒတ်သည် ကျေးဇူးကိုမသိတတ်သည် မဟုတ်သေး၊ ရှေး၌လည်း ကျေးဇူးကို မသိတတ်သည်သာလျှင်ကည်းဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ မဂဓတိုင်း ရာဇဂြိုဟ်ပြည်၌ တယောက်သော မဂဓရာဇ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်း၏လျှင် ကုဋေရှစ်ဆယ်ကြွယ်ဝသော သူဌေးဖြစ်၏။ အမည်အားဖြင့် သင်္ခဟူသော အမည်ရှိ၏။ ဗာရာဏသီပြည်၌ ကုဋေရှစ်ဆယ်ကြွယ်ဝသည်လျှင်ဖြစ်သော ပီဠိယမည်သောသူဌေးသည် ဖြစ်၏။ ထိုနှစ်ယောက်ကုန်သော သူဌေးတို့သည် အချင်းချင်း အဆွေခင်ပွန်းဖြစ်ကြကုန်၏။ ထိုသူဌေးတို့တွင် ဗာရာဏသီပြည်၌ ပီဠိယသူဌေးအား တစုံတခုသော အကြောင်းကြောင့် ကြီးစွာသော ဘေးသည်ဖြစ်၏။ အလုံးစုံသောဥစ္စာသည် ယုတ်၏။ ထိုပီဠိယ သူ ဌေးသည် ဆင်းရဲသည် ကိုးကွယ်ရာ မရှိသည်ဖြစ်၍ မယားကိုခေါ်၍ သင်္ခသူဌေးကိုအကြောင်း ပြု၍ ဗာရာဏသီပြည်မှ ခြေဖြင့်သာလျှင်ထွက်ခဲ့၍ ရာဇဂြိုဟ်ပြည်၌ ထိုသင်္ခသူဌေးအိမ်သို့ သွား၏။ ထိုသင်္ခသူဌေးသည် ထိုပီဠိယသူဌေးကိုမြင်၍ ငါ၏အဆွေခင်ပွန်းသည် လာ၏ဟု နှစ်သက်၍ ပူဇော်ခြင်း မြတ်နိုးခြင်းကိုပြု၍ နှစ်ရက်သုံးရက်ကိုလွန်စေ၍ တနေ့သ၌ အဆွေ အဘယ်ကိစ္စကြောင့် ဤအရပ်သို့ လာသနည်းဟု မေး၏။ အဆွေ ငါ့အား ဘေးဖြစ်၏။ အလုံးစုံသော ဥစ္စာသည်ကုန်၏။ ငါ့အား ထောက်ပံ့ပါဟု ဆို၏။ အဆွေ ကောင်းပြီ မကြောက်လင့်ဟုဆို၍ ဘဏ္ဍာဥစ္စာကို အလယ်၌ခွဲ၍ ထက်ဝက်လျှင် ပေး၏။

ထိုပီဠိယသူဌေးသည် ထိုထိုစည်းစိမ်ကိုယူ၍ ဗာရာဏသီသို့သွား၍ နေခြင်းကိုပြု၏။ နောက်အဘို့၌ သင်္ခသူဌေးအားလည်း ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော ဘေးသည် ဖြစ်၏။ ထိုသင်္ခသူ ဌေးသည် မိမိ၏ကိုးကွယ်ရာကို စုံစမ်းသည်ရှိသော် ငါသည် အဆွေခင်ပွန်းအား ကျေးဇူးပြုအပ်၏။ ထက်ဝက်သောစည်းစိမ်ကို ပေးအပ်၏။ ထိုသူဌေးသည် ငါ့ကိုမြင်၍ မစွန့်လတ္တံ့၊ ထို သူ ဌေး၏ အထံသို့သွားအံ့ဟု ကြံပြီးသော် မယားကိုခေါ်၍ ခြေဖြင့်သာလျှင် ဗာရာဏသီသို့သွား၍ မယားကို ရှင်မ သင့်အား ငါနှင့်တကွ ခရီးအလယ်၌ သွားခြင်းမည်သည် မသင့်၊ ငါသည် စေအပ်သော ယာဉ်ကိုစီး၍ များစွာသောအခြံအရံဖြင့် နောက်မှလာရလတ္တံ့၊ အကြင်မျှလောက် ယာဉ်ကိုမစေသေး၊ ထိုမျှလောက် ဤစရပ်၌ နေလော့ဟုဆို၍ မယားကို စရပ်၌ထားခဲ့၍ မိမိသည် မြို့သို့ဝင်၍ သူဌေးအိမ်သို့သွား၍ ရာဇဂြိုဟ်ပြည်မှ သင်တို့၏ အဆွေခင်ပွန်းဖြစ်သော သင်္ခမည်သောသူဌေးသည် လာ၏ဟု စေ၏။ ထိုပီဠိယသူဌေးသည် လာစေသတည်းဟု ခေါ်စေ၍ ထိုသင်္ခသူဌေးကိုမြင်၍ နေရာမှမထ၊ ပျူငှါလောက ဝတ်ကို မပြု၊ သက်သက် အဘယ်အကျိုးငှါ လာသနည်းဟု မေး၏။ သင်တို့ကိုဖူးမြင်အံ့ငှာ လာ ၏ဟု ဆို၏။ နေရာကို သင်သည် အဘယ်မှာယူအပ်သနည်းဟု မေး၏။ သူဌေး ရှေးဦးစွာ နေရာအရပ်သည် မရှိသေး၊ သူဌေးမကိုလည်း စရပ်၌ ထားခဲ့၍လျှင် လာ၏ဟု ဆို၏။ ဤအိမ်၌ သင်တို့အား နေရာအရပ်သည် မရှိ၊ ရိက္ခာကိုယူ၍ တခုသောအရပ်၌ ချက်စားကုန်၍ သွားကြကုန်လော့၊ တဖန် ငါတို့၏အိမ်သို့ မဝင်လာကြကုန်လင့်ဟုဆို၍ ငါ့အဆွေခင်ပွန်း၏ ပုဆိုးစွန်း၌ဖွဲ့၍ တတုမ္ဗမျှသောဖွဲကို ပေးလော့ဟု ကျွန်ကိုဆိုစေ၏။

ထိုနေ့၌ ပီဠိယသူဌေးသည် နီသောသလေးတို့ကို ခါ၍ လှေ့၍ လှည်းတထောင်တိုက်မျှကျီကို ပြည့်စေ၏။ ကုဋေလေးဆယ်သော ဥစ္စာကိုယူ၍ လာသော ကျေးဇူးကိုမသိသော ခိုးသူကြီးသည် တတုမ္ဗမျှသောဖွဲကို အဆွေခင်ပွန်းအား ပေးစေ၏။ ကျွန်သည် တောင်း၌ တတုမ္ဗမျှကိုထည့်၍ ဘုရားလောင်း၏အထံသို့ သွား၏။ ဘုရားလောင်းသည် ဤသူယုတ်သည် ငါ့အထံမှ ကုဋေလေးဆယ်သောဥစ္စာကိုရ၍ ယခုအခါ၌ တတုမ္ဗမျှသော ဖွဲ့ကိုပေးစေ၏။ ယူရအံ့လော မယူရအံ့လောဟု ကြံ၏။ ထိုသင်္ခသူဌေးအား ဤသို့သော အကြံသည် ဖြစ်၏။ ဤသူဌေးသည် ရှေးဦးစွာ ကျေးဇူးကိုမသိ၊ အဆွေခင်ပွန်းအား ပြစ်မှားသည်ကိုပြုခြင်း၊ အဆွေခင်ပွန်းဖျက်ဆီးခြင်း၊ ပြုဘူးသောကျေးဇူးကို ဖျက်ခြင်းအားဖြင့် ငါနှင့်တကွ ချစ်ခြင်းကိုဖျက်၏။ ငါသည် ထိုပီဠိယသူဌေးသည် ပေးအပ်သော တုမ္ဗမျှသောဖွဲကို ယုတ်သည်၏အဖြစ်ကြောင့် အကယ်၍ မယူအံ့၊ ငါသည် ချစ်သည်၏အဖြစ်ကိုဖျက်အံ့၊ အလွန်မိုက်ကုန်သောသူတို့သည် အနည်းငယ်ကိုရကုန်၍ မယူကုန်ဘဲ အဆွေခင်ပွန်းကို ဖျက်ဆီးကုန်၏။ ငါသည် ထိုပီဠိယသူဌေးသည် ပေးအပ်သော တတုမ္ဗမျှသောဖွဲကိုယူ၍ ငါ၏အစွမ်းအားဖြင့် ချစ်သည် ၏အဖြစ်ကို တည်စေအံ့၊ ဤသို့သော အကြံသည် ဖြစ်၏။ ထိုသင်္ခသူဌေးသည် တတုမ္ဗမျှသောဖွဲကို ပုဆိုးစွန်း၌ဖွဲ့၍ ပြသာဒ်မှသက်ခဲ့၍ စရပ်သို့ လာ၏။

ထိုအခါ ထိုသင်္ခသူဌေးကို မယားသည် အရှင်အရှင်သည် အဘယ်ကိုရခဲ့သနည်းဟု မေး၏။ ရှင် မ ငါတို့၏အဆွေခင်ပွန်းဖြစ်သော ပီဠိယသူဌေးသည် တတုမ္ဗမျှသောဖွဲကိုပေး၍ ငါတို့ကို ယနေ့လျှင် လွှတ်လိုက်၏ဟု ဆို၏။ ထိုသူဌေးမသည် အရှင်အဘယ်အကျိုးငှါ ယူခဲ့သနည်း၊ ဤဖွဲသည် ကုဋေလေးဆယ်သောဥစ္စာအား လျောက်ပတ်သလောဟုဆို၍ ငိုအံ့သောငှါ အားထုတ်၏။ ဘုရားလောင်းသည် ရှင်မ မငိုလင့်၊ ငါသည် ထိုသူဌေးနှင့်တကွ အချစ်ပျက်အံ့သောအဖြစ်မှ ကြောက်လေသည်၏အဖြစ်ကြောင့် ငါ၏အစွမ်းအားဖြင့် ချစ်သည်၏ အဖြစ်ကို တည်စိမ့်သောငှါ ယူ၏။ သင်သည် အဘယ်ကြောင့် စိုးရိမ်သနည်းဟုဆိုလို၍-

၁၃၁။ အသမ္မဒါနေနိတရီတရဿ၊
ဗာလဿ မိတ္တာနိ ကလီ ဘဝန္တိ။
တသ္မာ ဟရာမိ ဘုသံ အဍ္ဎမာနံ၊
မာ မေ မိတ္တိ ဇီယိတ္ထ သဿတာယံ။

ဟူသော ဤဂါထာကို ဆို၏။

၁၃၁။ အသမ္ပဒါနေန၊ မယူခြင်းကြောင့်။ ဣတရီတရဿ၊ အမှတ်မဲ့ယုတ်မာသော။ ဗာလဿ၊ သူ မိုက်အား။ မိတ္တာနိ၊ အဆွေခင်ပွန်းတို့သည်။ ကလီ၊ ပျက်စီးကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ တသ္မာ၊ ထိုကြောင့်။ မေ၊ ငါ့အား။ မိတ္တိ၊ ချစ်ခြင်းသည်။ မာ ဇီယိတ္ထ၊ မပျက်စီးစေသတည်း။ အယံ၊ ဤချစ်ခြင်းသည်။ သဿတော၊ မြဲစေသတည်းဟု။ အဍ္ဎမာနံ၊ တတုမ္ဗမျှသော။ ဘုသံ၊ ဖွဲကို။ ဟရာမိ၊ ယူခဲ့၏။

ဤသို့ဆိုသော်လည်း သူဌေးမယားသည် ငို သည်သာလျှင်တည်း၊ ထိုခဏ၌ သင်္ခသူဌေးသည် ပီဠိယသူဌေးအား ပေးအပ်သော အမှုလုပ်ကျွန်သည် စရပ်တံခါးဖြင့်လာသည်ရှိသော် သူဌေးမယား၏ငိုသံကိုကြား၍ စရပ်သို့ဝင်၍ မိမိ၏ သခင်တို့ကိုမြင်၍ ခြေတို့၌ဝပ်၍ငိုလျက် သခင်တို့ ဤအရပ်သို့ အဘယ်အကျိုးငှါ လာကြကုန်သနည်းဟု မေး၏။ သူဌေးသည် အလုံးစုံသောအကြောင်းကို ကြား၏။ အမှုလုပ်ကျွန်သည် သခင်တို့ ဤသို့ဖြစ်စေ မကြံကြကုန်လင့်ဟု နှစ်ယောက်ကုန်သောသူတို့ကို နှစ်သိမ့်စေ၍ မိမိအိမ်သို့ဆောင်၍ နံ့သာရေဖြင့်ရေချိုးစေ၍ စားစေ၍ သင်တို့၏သခင်တို့သည် လာကြကုန်၏ဟု ကြွင်းသောသူတို့ကိုလည်း စည်းဝေးစေ၍ နှစ်ရက်သုံးရက်ကိုလွန်၍ ခပ်သိမ်းကုန်သောကျွန်တို့ကိုယူ၍ မင်းယင်ပြင်သို့သွား၍ ဟစ်ကြွေးခြင်းကို ပြုကုန်၏။ မင်းသည်လည်း ထိုသူတို့ကိုခေါ်စေ၍ ဤဟစ်ကြွေးခြင်းသည် အသို့နည်းဟု မေး၏။ ထိုကျွန်တို့သည်လည်း အလုံးစုံသောအကြောင်းကို မင်းအား ကြားကုန်၏။ မင်းသည် ထိုကျွန်တို့၏ စကားကိုကြားလျှင် နှစ်ယောက်ကုန်သော သူဌေးတို့ကို ခေါ်စေ၍ သင်္ခသူဌေးကို သူဌေးကြီး သင်သည် ပီဠိယသူဌေးအား ကုဋေလေးဆယ်သောဥစ္စာတို့ကို ပေးသတတ်ဟူသည် မှန်သ လော ဟု မေး၏။

မြတ်သောမင်းကြီး မှန်ပါ၏။ အကျွန်ုပ်ကိုကွံ၍ ရာဇဂြိုဟ်ပြည်သို့လာသော အကျွန်ုပ်၏ အဆွေခင်ပွန်းဖြစ်သောသူဌေးအား သက်သက်ဥစ္စာကိုသာ ပေးအပ်သည်မဟုတ်သေး၊ အလုံးစုံသော အသက်ရှိသောစည်းစိမ် အသက်မရှိသောစည်းစိမ်ကို နှစ်စုတို့ကိုပြု၍ ညီမျှသောအဘို့ကိုပေး၏ဟု လျှောက်၏။ မင်းသည် ထိုသင်္ခသူဌေးဆိုသောစကားသည် မှန်သလောဟု ပီဠိယသူဌေးကို မေး၏။ ရှင်မင်းကြီး မှန်ပေ၏ဟု ဆို၏။ သင့်ကိုလျှင် ကြံ၍လာသော သင်္ခသူဌေးအား သင်သည်ပြုအပ်သော တစုံတခုသော ပူဇော်ခြင်းသည်၎င်း မြတ်နိုးခြင်းသည်၎င်းရှိသလောဟု မေး၏။ ထိုပီဠိယသူဌေးသည် ဆိတ်ဆိတ်နေ၏။ သင်သည် ထိုသင်္ခသူဌေး၏ ပုဆိုးစွန်း၌ ထည့်၍ ပေးအပ်သော တတုမ္ဗမျှသောဖွဲ့သည် ရှိသလောဟု မေး၏။ ထိုစကားကိုကြား၍ ဆိတ်ဆိတ်နေ သည်သာလျှင် ဖြစ်၏။ မင်းသည် အသို့ပြုအပ်သနည်းဟု အမတ်တို့နှင့်တကွတိုင်ပင်၍ ထိုပီဠိယသူဌေးကို ရေရွတ်၍ သွားကြကုန်၊ ပီဠိယသူဌေးအိမ်၌ အလုံးစုံသောစည်းစိမ်ကို သင်္ခသူ ဌေးအား ပေးကြကုန်လောဟုဆို၏။ ဘုရားလောင်းသည် မြတ်သောမင်းကြီး အကျွန်ုပ်အား သူတပါးဥစ္စာဖြင့် အလိုမရှိ၊ အကျွန်ုပ်သည်ပေးအပ်သော ဥစ္စာကိုသာလျှင် ပေးစေကုန်လောဟု ဆို၏။ မင်းသည် ဘုရားလောင်း၏ ဥစ္စာကို ပေးစေ၏။ ဘုရားလောင်းသည် အလုံးစုံသော မိမိသည် ပေးအပ်သောစည်းစိမ်ကိုရ၍ ကျွန်အပေါင်းခြံရံလျက် ရာဇဂြိုဟ်ပြည်သို့လျှင်သွား၍ ဥစ္စာကိုဖြစ်စေ၍ အလှူအစရှိကုန်သော ကောင်း မှုတို့ကိုပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ပီဠိယသူဌေး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သင်္ခသူဌေး ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးမသိ၊ လူတုံးတိ၊ ဒဏ်ထိ လေတော့တာ

ရှေးဦးစွာသော အသမ္မဒါနဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အသမ္ပဒါနဝဂ်

၂။ ဘီရုကဇာတ်

ကိလေသာဖြင့် ဖျားယောင်းသည်ကို စောင်းလှည့်၍ မကြည့်ခြင်းကြောင့် မင်းအဖြစ်သို့ရောက်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကုသလူပဒေသေ ဓိတိယာ ဒဠာယ စ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဘီရုကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အဇပါလညောင်ပင်ရင်း၌ မာရ်မင်းသ္မီးတို့၏ ဖျားယောင်းသည်ကို အကြောင်းပြု၍ ဤသုတ္တန်ကို ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့။ မြတ်စွာဘုရားသည် အစမှစ၍-

ဒဒ္ဒလ္လမာနာ အာဂဉ္ဆုံ၊ တဏှာ စ အရတီ ရဂါ။
တာ တတ္ထ ပနုဒီ သတ္ထာ၊ တူလံ ဘဋ္ဌံဝ မာလုတော။

ဟူ၍ ဟောတော်မူ၏။

တတ္ထ၊ ထိုအဇပါလ ညောင်ပင်ရင်း၌။ တဏှာ စ၊ တဏှာမည်သောနတ်သ္မီးသည်၎င်း။ အရတီ စ၊ အရတီမည်သော နတ်သ္မီးသည်၎င်း။ ရဂါ စ၊ ရဂါမည်သော နတ်သ္မီးသည်၎င်း။ ဒဒ္ဒလ္လမာနာ၊ ထွန်းပလျက်။ အာဂဉ္ဆုံ၊ လာကုန်၏။ မာလုတော၊ လေသည်။ ဘဋ္ဌံ၊ ကျသော။ တူလံ၊ လဲဝါဂွမ်းကို။ ပနုဒီ ဣဝ၊ လွှင့်သကဲ့သို့။ သတ္ထာ၊ မြတ်စွာဘုရားသည်။ တာ၊ ထိုမာရ်မင်းသ္မီးသုံးယောက်တို့ကို။ ပနုဒီ၊ ပယ်တော်မူ၏။

ဤသို့ အဆုံးတိုင်အောင် ထိုသုတ္တန်ကို ဟောတော်မူသော ကာလ၌ တရားသဘင်၌စည်းဝေးကုန်သော ရဟန်းတို့သည် ငါ့သျှင်တို့ မြတ်စွာဘုရားသည် မာရ်မင်းသ္မီးတို့သည် များစွာကုန်သော နတ်၌ဖြစ်ကုန်သော အဆင်းတို့ကိုဖန်ဆင်း၍ ဖြားယောင်းအံ့သောငှါ ကပ်လာကုန်သည်တို့ကို မျက်စိတော်တို့ကိုလည်း ဖွင့်၍ ကြည့်တော်မမူ၊ မြတ်စွာဘုရားတို့၏ အစွမ်းတော်မည်သည်အံ့ဘွယ်ရှိစွ၊ ဤသို့ စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ၌ အဘယ်မည်သောစကားဖြင့် စည်း ဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤ မည်သောစကားဖြင့် စည်းဝေးပါကုန်သည် ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ ခပ်သိမ်းသော အာသဝေါတို့ကိုကုန်စေ၍ သဗ္ဗညူအဖြစ်သို့ရောက်သော ငါဘုရားသည် မာရ်မင်းသ္မီးတို့ကို မကြည့်ခြင်းမည်သည်ကားအံ့ဘွယ်မရှိသေး၊ ငါသည် ရှေး၌ သဗ္ဗညုတဉာဏ်ကိုရှာစဉ် ကိလေသာနှင့် ယှဉ်သော ကာလ၌လည်း ဖန်ဆင်းအပ်သော နတ်၌ဖြစ်သေ အဆင်းကို ဣန္ဒြေတို့ကိုဖျက်၍ ကိလေသာ၏အစွမ်းအားဖြင့် မကြည့်မူ၍သာလျှင် သွား၍ မြတ်သောမင်းအဖြစ်သို့ ရောက်ဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် အစ်ကိုတထောင်တို့၏ ညီအငယ် ဖြစ်၏။ ဤသို့အစရှိသော အလုံးစုံသောစကားကို အောက် တေလပတ္တဇာတ်၌ ဆိုအပ်ပြီးသောနည်းဖြင့်သာလျှင် ချဲ့အပ်၏။

ထိုအခါ၌ကား တက္ကသိုလ်ပြည်၌နေကုန်သော သူတို့သည် မြို့ပစရပ်၌ ဘုရားလောင်းသို့ကပ်ပြီးသည်ရှိသော် တောင်းပန်၍ မင်းအဖြစ်ကိုအပ်နှင်း၍ အဘိသိက်သွန်ခြင်းကိုပြု၍ တက္က သိုလ်ပြည်၌ နေကုန်သောလူတို့သည် မြို့ကိုလည်း နတ်ပြည်ကဲ့သို့ မင်း၏နန်းတော်ကိုလည်း သိကြားနတ်မင်း၏ နန်းတော်ကဲ့သို့ တန်ဆာဆင်ကုန်၏။ ထိုအခါ ဘုရားလောင်းသည် မြို့သို့ဝင်၍ မင်း၏နန်းတော်ဖြစ်သော ပြာသာဒ်မြတ်သောအပြင်၌ ကောင်းစွာဆောက်အပ်သော ထီးဖြူရှိသော မြတ်သောရတနာပလ္လင်သို့တက်၍ သိကြားနတ်မင်း၏ တင့်တယ်ခြင်း ကဲ့သို့သော တင့်တယ်ခြင်းဖြင့် နေ၏။ အမတ် ပုဏ္ဏား သူ ကြွယ်တို့သည်၎င်း မင်းသားတို့သည်၎င်း ခပ်သိမ်းသောတန်ဆာဖြင့် ဆင်ကုန်လျက် ခြံရံ၍ တည်ကုန်၏။

နတ်သ္မီးနှင့်တူကုန်သော ကခြင်း သီချင်း တီးမှုတ်ခြင်း၌ လိမ်မာကုန်သော မြတ်သောတင့်တယ်ခြင်းနှင့်ပြည့်စုံကုန်သော တသောင်း ခြောက်ထောင်ကုန်သော ကချေသည်မိန်းမတို့သည် ကခြင်း သီချင်း တီးမှုတ်ခြင်းတို့ကို ဖြစ်စေကုန်၏။ သီချင်းသံ တီးမှုတ်သံဖြင့် မင်း၏ နန်းတော်သည် မိုဃ်း၏ထစ်ကြိုးသံဖြင့်ပြည့်သော မဟာသမုဒြာဝှမ်းကဲ့သို့ တပြိုင်နက် တချက်တည်း အုတ်အုတ်ကျက်ကျက် ဖြစ်၏။ ဘုရားလောင်းသည် မိမိ၏အသရေ တင့်တယ်ခြင်းအစုကို ကြည့်လျှက်လျှင် ငါသည် ထိုဘီလူး မတို့သည် ဖန်ဆင်းအပ်သော နတ်၌ဖြစ်သောအဆင်းကို အကယ်၍ ကြည့်ငြားအံ့၊ အသက်ကုန်ခြင်းသို့ရောက်သည် ဖြစ်ရာ၏။ ဤတင့် တယ်ခြင်း အသရေအစုကိုမမြင်ရရာ၊ ပစ္စေကဗုဒ္ဓါ၏ အဆုံးအမ၌ တည်သည်၏အဖြစ်ကြောင့် ငါသည် ဤမင်းအဖြစ်ကို ရအပ်၏ဟု ကြံ၏။ ဤသို့ ကြံပြီး၍ ဥဒါန်းကို ကျူးလိုရကား-

၁၃၂။ ကုသလူပဒေသေ ဓိတိယာ ဒဠာယ စ၊
အနိဝတ္တိတတ္တာ ဘယဘီရုတာယ စ။
န ရက္ခသီနံ ဝသမာဂမိမှသေ။
သ သောတ္ထိဘာဝေါ မဟတာ ဘယေန မေ။

ဟူသော ဤဂါထာကို ဆို၏။

၁၃၂။ ကုသလူပဒေသေ၊ လိမ်မာကုန်သော အရှင်ပစ္စေကဗုဒ္ဓါတို့၏ အဆုံးအမ၌။ ဒဠှာယ၊ မြဲသောအားဖြင့်။ ဓိတိယာ စ၊ လုံ့လပြုခြင်းကြောင့်၎င်း။ ဘယဘီရုတာယ၊ စိတ်၏ထိတ်လန့်ခြင်း ကိုယ်၏ တုန်လှုပ်ခြင်းဖြင့်။ အနိဝတ္တိတာ စ၊ မဆုတ် မနစ်သည်၏ အဖြစ်ကြောင့်၎င်း။ ရက္ခသီနံ၊ ဘီ လူးမ၏။ ဝသံ၊ နိုင်ငံသို့။ န အာဂမိမှသေ၊ မလိုက်ကုန်။ မေ၊ ငါ့အား။ မဟတာ၊ ကြီးစွာသော။ ဘယေန၊ ဘေးမှ။ သ သောတ္ထိဘာဝေါ၊ ထိုချမ်းသာခြင်းသည်။ ဇာတော၊ ဖြစ်၏။

ဤသို့ ဘုရားလောင်းသည် ဤဂါထာဖြင့် တရားဟော၍ တရားသဖြင့်မင်းပြု၍ အလှူအစရှိကုန်သောကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ တက္ကသိုလ်ပြည်သို့သွား၍ မင်းအဖြစ်သို့ရောက်သော မင်းသား ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ဖြားယောင်းကိလေ၊ မကြည့်ပေ၊ မသွေမင်းဖြစ် စည်းစိမ်သစ်

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဘီရုကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အသမ္ပဒါနဝဂ်

၃။ ဃတာသနဇာတ်

မလျောက်ပတ်သောနေရာမှ စွန့်၍ ပြောင်းအပ်သည်၏အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် ခေမံ ယဟိံ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဃတာသနဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့။ ထိုရဟန်းသည် မြတ်စွာဘုရားအထံတော်၌ ကမ္မဋ္ဌာ န်းကို ယူ၍ တခုသောပစ္စန္တရစ်ရွာငယ်ကို အမှီ ပြု၍ တောကျောင်း၌ ဝါသို့ကပ်၏။ ထိုရဟန်းအား ရှေးဦးစွာသောကာလ၌လျှင် ဆွမ်းအလို့ရွာသို့ဝင်စဉ် ကျောင်းကို မီးလောင်၏။ ထိုရဟန်းသည် နေရာမရှိသည်၏အဖြစ်ကြောင့် ပင်ပန်းသည်ဖြစ်၍ ဒါယကာတို့အား ကြား၏။ ဒါယကာတို့သည် အရှင်ဘုရား ဤသို့ဖြစ်စေ ကျောင်းဆောက်ပါကုန်အံ့၊ ရှေးဦးစွာ ထွန်ကုန်အံ့၊ ရှေးဦးစွာ ကြဲကုန်အံ့၊ ဤသို့ အစရှိသည်တို့ကိုဆိုကုန်လျက် ဝါတွင်းသုံးလကို လွန်စေကုန်၏။ ထိုရဟန်းသည် ကျောင်းမလျောက်ပတ်သည်၏ အဖြစ်ကြောင့် ကမ္မဋ္ဌာန်းကို အပြီးသို့ရောက်စေခြင်းငှါ မတတ်နိုင်၊ ထိုရဟန်းသည် နိမိတ်ကိုလည်း မဖြစ်စေနိုင်၍ ဝါကျွတ်သည်ရှိသော် ဇေတဝန် ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တင့်အပ်လျောက်ပတ်သောအရပ်၌ နေ၏။

မြတ်စွာဘုရားသည် ထိုရဟန်းနှင့်တကွ ပျူငှါလောကဝတ်ကိုပြု၍ ရဟန်း သင့်အား ကမ္မဋ္ဌာန်းသည် လျောက်ပတ်သည် ဖြစ်ပြီလောဟု မေးတော်မူ၏။ ထိုရဟန်းသည် အစမှစ၍ မလျောက် ပတ်သည်၏အဖြစ်ကို လျှောက်၏။ မြတ်စွာဘုရားသည် ရဟန်း ရှေး၌ တိရစ္ဆာန်တို့သည်လည်း မိမိ၏ လျောက်ပတ်သည် မလျှောက်ပတ် သည်ကိုသိ၍ လျောက်ပတ်သောကာလ၌ နေ၍ မလျောက်ပတ်သောကာလ၌ နေရာအရပ်ကိုစွန့်၍ တပါးသောအရပ်သို့ သွားကုန်၏။ သင်သည် အဘယ်ကြောင့် မိမိ၏ လျောက်ပတ်သည် မလျောက်ပတ်သည်ကို မသိသနည်းဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ငှက်အမျိုး၌ ဖြစ်၍ လိမ်မာသောအဖြစ်သို့ ရောက်၍ တင့်တယ်ခြင်းအစုသို့ရောက်သော ငှက်မင်းဖြစ်၍ တခုသောတောအရပ်၌ ဇာတဿရအိုင်နား၌ အခက်အရွက်နှင့် ပြည့်စုံသော ထူသောအရွက်ကြီးငယ်ရှိသော သစ်ပင်ကြီးကိုမှီ၍ အခြွေ အရံနှင့်တကွနေ၏။ များစွာကုန်သော ငှက်တို့သည် သစ်ပင်၏ ရေအထက်၌ ဖြန့်သောအခက်တို့၌နေလျှက် ကိုယ်မှဖြစ်သော အညစ်အကြေးကိုရေ၌ ကျစေကုန်၏။

ထိုဇာတဿရအိုင်၌လည်း ကြမ်းသောနဂါးမင်းသည်နေ၏။ ထိုနဂါးမင်းအား ဤငှက်တို့သည် ငါ၏ နေရာဖြစ်သော ဇာတရဿအိုင်၌ ကိုယ်မှဖြစ်သော အညစ်အကြေးကိုချကုန်၏။ ငါသည် ရေမှမီးကိုထစေ၍ သစ်ပင်ကိုလောင်စေ၍ ထိုငှက်တို့ကို အကယ်၍ ပြေးစေရမူကား ကောင်းစွ ဟု အကြံဖြစ်၏။ ကြံပြီး၍ နဂါးမင်းသည် အမျက်ထွက်သောစိတ်ရှိသည်ဖြစ်၍ ညဉ့်အဘို့၌ ခပ်သိမ်းကုန်သော ငှက်တို့သည် စည်း ဝေး၍ သစ်ခက်တို့၌အိပ်ကာလတို့၌ ရှေးဦးစွာလျှင် ခုံလောက်၌တင်အပ်သော ရေကဲ့သို့ ကျိုက် ကျိုက်ဆူစေ၍ နှစ်ကြိမ် မြောက်၌ အခိုးကိုထစ၍ သုံးကြိမ်မြောက်၌ ထန်းလုံးပမာဏရှိသော မီးလျှံထစေ၍ ဘုရားလောင်းသည် ရေမှထသောမီးလျှံကိုမြင်၍ အိုငှက်တို့ မီးလောင်ခြင်းမည်သည်ကို ရေဖြင့်ငြိမ်းစေကုန်၏။ ယခုအခါ၌ကား ရေကိုပင်လျှင် မီးလောင်၏။ ငါတို့သည် ဤသစ်ပင်၌နေခြင်းငှါ မတတ်ကောင်းကုန်၊ တပါးသောသစ်ပင်သို့ သွားကြကုန်အံ့ဟု ဆိုလို၍-

၁၃၃။ ခေမံ ယဟိံ တတ္ထ အရီ ဥဒီရိတော၊
ဒကဿ မဇ္ဈေ ဇာလတေ ဃတာသနော။
န အဇ္ဇ ဝါသော မဟိယာ မဟီရုဟေ။
ဒိသာ ဘဇဝှေါ သရဏာဇ္ဇ နော ဘယံ။

ဟူသော ဤဂါထာကို ဆို၏။

၁၃၃။ ဘော သကုဏာ၊ အိုငှက်တို့။ ယဟိံ၊ အကြင်ရေ၌။ ခေမံ၊ ဘေးမရှိ။ တတ္ထ၊ ထိုရေ၌။ အရီ၊ မီးဟူသော ရန်သူသည်။ ဥဒီရိတော၊ ထ၏ ဒကဿ၊ ရေ၏။ မဇ္ဈ၊ အလယ်၌။ ဃတာသနော၊ မီးသည်။ ဇာလတေ၊ ပြောင်ပြောင်တောက်၏။ အဇ္ဇ၊ ယခု။ နော၊ ငါတို့အား။ မဟိယာ၊ မြေမှ။ ဇာတေ၊ ဖြစ်သားမဟီရုဟေ၊ ဤသစ်ပင်၌။ ဝါသော၊ နေရခြင်းသည်။ န အတ္ထိ၊ မရှိ။ အဇ္ဇ၊ ယခု။ နော၊ ငါတို့အား။ သရဏာ၊ ကိုးကွယ်ရာမှ။ ဘယံ၊ ဘေးဖြစ်၏။ ဒိသာ၊ အရပ်မျက်နှာတို့သို့။ ဘဇဝှေါ၊ ပျံကြကုန်အံ့။

ဤသို့ဆို၍ ဘုရားလောင်းသည် မိမိစကားကိုလိုက်နာကုန်သော ငှက်တို့ကိုခေါ်၍ တပါးသောအရပ်သို့သွား၏။ ဘုရားလောင်း၏စကားကိုမယူမူ၍ နေကုန်သောငှက်တို့သည်ကား အသက်ကုန်ခြင်းသို့ရောက်ကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာကိုပြတော်မူသည်၏ အဆုံး၌ ထိုရဟန်းသည် အရဟတ္တဖိုလ်၌တည်လေ၏။ သစ္စာကိုပြပြီး၍ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ဘုရားလောင်း၏ စကားကို လိုက်နာကုန်သော သူတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ငှက်မင်း ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

လျောက်ပတ်က, နေ၊ မလျောက်ပေ၊ ထွက်လေတပါးရပ်

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဃတာသနဇာတ်သည်ပြီး၏။

*****

ဧကကနိပါတ်-အသမ္ပဒါနဝဂ်

၄။ ဈာနသောဓနဇာတ်

မြတ်စွာဘုရား၏ အကျဉ်းပြဿနာကို အရှင်သာရိပုတ္တရာသည် အကျယ်ဖြေသော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယေ သညိနော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဈာနသောဓနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သင်္ကဿ နဂိုရ်ပြည်တံခါး၌ ကိုယ်တော်သည် အကျဉ်းအားဖြင့် မေးတော်မူသောပြဿနာကို အရှင်သာရိပုတ္တရာသည် အကျယ်အားဖြင့် ဖြေခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကား၌ ဤဆိုလတ္တံ့သည်ကား အတိတ်ဝတ္ထုတည်း။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုလတ်သည်ရှိသော် ဘုရားလောင်းသည် တောကျောင်း၌ စုတေသည်ရှိသော် တပည့်တို့သည် မေးအပ်သည်ဖြစ်၍ နေဝသညီ နာသညီ-ဟုဆို၏။ ရသေ့တို့သည် တပည့်ကြီး၏စကားကို မယုံကြည်ကုန်၊ ဘုရားလောင်းသည် အာဘဿရဘုံမှလာ၍ ကောင်းကင်၌ ရပ်၍-

၁၃၄။ ယေ သညိနော တေပိ ဒုဂ္ဂတာ၊
ယေပိ အသညိနော တေပိ ဒုဂ္ဂတာ။
ဧတံ ဥဘယံ ဝိဝဇ္ဇယ၊
တံ သမာပတ္တိသုခံ အနင်္ဂဏံ။

ဟူသော ဤဂါထာကို ဆို၏။

၁၃၄။ ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ သညိနော၊ သညာရှိကုန်၏။ တေပိ၊ ထိုသတ္တဝါတို့သည်လည်း။ ဒုဂ္ဂတာ၊ ဆင်းရဲကုန်၏။ ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ အသညိနော၊ သညာမရှိကုန်။ တေပိ၊ ထိုသတ္တဝါတို့သည်လည်း။ ဒုဂ္ဂတာ၊ ဆင်းရဲကုန်၏။ ဧတံ ဥဘယံ၊ ထိုနှစ်ပါးသော သညီဘဝ, အသညီဘဝကို။ ဝိဝဇ္ဇယ၊ ကြဉ်။ တံ သမာပတ္တိသုခံ၊ ထိုနေဝသညာနာသညာယတန ဈာန်ချမ်းသာသည်။ အနင်္ဂဏံ၊ အပြစ်မရှိ။

ဤသို့ ဘုရားလောင်းသည် တရားဟော၍ တပည့်ကြီး၏ ကျေးဇူးကိုဆို၍ ဗြဟ္မာပြည်သို့ သွား၏။ ထိုအခါ ကြွင်းကုန်သော ရသေ့တို့သည် တပည့်ကြီး၏စကားကို ယုံကြည်ကြကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ သာရိပုတ္တရာမထေရ်သည် ထိုအခါ တပည့်ကြီး ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဗြဟ္မာကြီးဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အကျဉ်းမေးပေ၊ အကျယ်ဖြေ၊ တော်ပေတပည့် ထေရ်သာရိ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဈာနသောဓနဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အသမ္ပဒါနဝဂ်

၅။ စန္ဒာဘဇာတ်

အရှင်သာရိပုတ္တရာ၏အလောင်းဖြေသော ပြဿနာ၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် စန္ဒာဘံ အစရှိသော ဂါထာပုဒ်ဖြင့် တန် ဆာဆင်အပ်သော ဤစန္ဒာဘဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သင်္ကဿနဂိုရ်ပြည်တံခါး၌ ရှင်သာရိပုတ္တရာ၏ သာလျှင် ပြဿနာဖြေခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုလတ်သည်ရှိသော် ဘုရားလောင်းသည် တောကျောင်း၌စုတသည်ရှိသော် တပည့်ကြီးတို့သည် မေးအပ်သည်ဖြစ်၍ စန္ဒာဘံ သူရိယာဘံဟု ဆို၍ အာဘဿရဘုံ၌ ဖြစ်၏။ ရသေ့တို့သည် တပည့်ကြီး၏စကားကို မယုံကြည်ကြကုန်၊ ဘုရားလောင်းသည် လာလတ်၍ ကောင်းကင်၌ ရပ်လျက်လျှင်-

၁၃၅။ စန္ဒာဘံ သူရိယာဘဉ္စ၊ ယောဓ ပညာယ ဂါဓတိ။
အဝိတက္ကေန ဈာနေန၊ ဟောတိ အာဘဿရူပဂေါ။

ဟူသော ဤဂါထာကို ဆို၏။

၁၃၅။ ဣဓ၊ ဤလောက၌။ ယော ပုဂ္ဂလာ၊ အကြင်ပုဂ္ဂိုလ်သည်။ စန္ဒာဘဉ္စ၊ လရောင်ဟူသော ဩဒါတကသိုဏ်းကို၎င်း။ သူရိယာဘဉ္စ၊ နေရောင်ဟူသော ပီတကသိုဏ်းကို၎င်း။ ပညာယ၊ ပညာဖြင့်။ ဂါဓတိ၊ သက်၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ တထာ ကတွာ၊ ထိုသို့ပြု၍။ ပဋိလဒ္ဓေန၊ ရအပ်သော။ အဝိတက္ကေန ဈာနေန၊ ဒုတိယဈာန်ဖြင့်။ အာဘဿရူပဂေါ၊ အာဘဿရဗြဟ္မာ့ပြည်သို့ လားသည်။ ဟောတိ၊ ဖြစ်၏။

ဤသို့ ဘုရားလောင်းသည် ရသေ့တို့ကိုသိစေ၍ တပည့်ကြီး၏ ကျေးဇူးကိုဆို၍ ဗြဟ္မာ့ပြည်သို့လျှင် သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ တပည့်ကြီးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဗြဟ္မာကြီး ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

အဖြေကျွမ်းကျင်၊ လ, နေသွင်၊ ထေရ်ရှင် ပုတ္တရာ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော စန္ဒာဘဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အသမ္ပဒါနဝဂ်

၆။ သုဝဏ္ဏဟံသဇာတ်

အလိုကြီး၍ ပျက်စီးသောမိန်းမ၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယံ လဒ္ဓံ တေန တုဋ္ဌဗ္ဗံ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုဝဏ္ဏဟံသဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ထုလ္လနန္ဒာ အမည်ရှိသော ရဟန်းမိန်းမကို အကြောင်းပြု၍ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ သာဝတ္ထိပြည်၌ တယောက်သော သီတင်းသည်သည် ဘိက္ခုနီသံဃာကို ကြက်သွန်ဖြင့်ဘိတ်၍ ယာခင်းစောင့်ကို ရဟန်းမိန်းမတို့သည် အကယ်၍ လာကုန်အံ့၊ တယောက်သော ရဟန်းမိန်းမအား နှစ်ခုသုံးခုကုန်သော အပ၌အစေ့ရှိကုန်သော ကြက်သွန်ကိုလှူလောဟုစေ၏။ ထိုအခါမှစ၍ ရဟန်းမိန်းမတို့သည် ထိုသူ၏အိမ်သို့၎င်း, ယာခင်းသို့၎င်း ကြက် သွန်အကျိုးငှါ သွားကုန်၏။

ထိုအခါ တခုသော ပွဲသဘင်ရှိသောနေ့၌ ထိုသီတင်းသည်အိမ်၌ ကြက်သွန်သည် ကုန်ခြင်းသို့ ရောက်၏။ ထုလ္လနန္ဒာဘိက္ခုနီမသည် အရံနှင့်တ ကွ အိမ်သို့သွား၍ ဒါယကာ ကြက်သွန်အလို ရှိ ၏ဟု ဆို၏။ ရှင်မ ကြက်သွန်သည် မရှိ၊ ဆောင်ခဲ့သောကြက်သွန်သည်ကုန်၏။ ယာခင်းသို့သွားလေလောဟုဆို၏။ ယာခင်းသို့သွား၍ အတိုင်း အရှည်ကိုမသိမူ၍ ကြက်သွန်ကို နုတ်ယူစေ၏။ ယာခင်းစောင့်သည် အဘယ့်ကြောင့်လျှင် ဤရဟန်းမိန်းမတို့သည် အတိုင်းအရှည်ကိုမသိမူ၍ ကြက်သွန်ကို နုတ်ယူကုန်ဘိသနည်းဟု ကဲ့ရဲ၏။ ထိုယာခင်းစောင့် စကားကို ကြား၍ အကြင် ရဟန်းမိန်းမတို့သည် အလိုနည်းကုန်၏။ ထိုရဟန်းမိန်းမတို့သည်လည်း ကဲ့ရဲကုန်၏။ ထိုရဟန်းမိန်းမတို့၏ စကားကိုကြားကုန်၍ ရဟန်းယောက်ျားတို့သည်လည်း ကဲ့ရဲ့ကုန်၏။ ကဲ့ရဲကုန်ပြီး၍လည်း မြတ်စွာဘုရားအား ထိုအကြောင်းကို ကြားလောက်ကုန်၏။

မြတ်စွာဘုရားသည် ထုလ္လနန္ဒာမည်သော ရဟန်းမိန်းမကို ကဲ့ရဲ့တော်မူ၍ ရဟန်းတို့ အလို ကြီးသောပုဂ္ဂိုလ်မည်သည်ကို ဖွား အမိသော်လည်း မနှစ်သက်သည် ဖြစ်၏။ မကြည်ညိုကုန် သေးသောသူတို့ကိုလည်း ကြည်ညိုစိမ့်သောငှါ ကြည်ညိုပြီးသောသူတို့အားလည်း အတိုင်းထက် အလွန်ကြည်ညိုခြင်းကို ဖြစ်စိမ့်သောငှါ မဖြစ်သေးသောလာဘ်ကိုလည်း ဖြစ်စိမ့်သောငှါ ဖြစ်ကုန်ပြီးသော လာဘ်ကိုလည်း အမြဲတည်ခြင်းကိုပြုအံ့သောငှါ မတတ်နိုင်၊ အလိုနည်းသောပုဂ္ဂိုလ်သည်ကား မကြည်ညိုကုန်သေးသောသူတို့ကို ကြည်ညိုစိမ့်သောငှာ ကြည်ညိုကုန်ပြီးသောသူတို့ကိုလည်း အတိုင်းထက် အလွန် ကြည်ညိုစိမ့်သောငှါ မဖြစ်သေးသောလာဘ်ကိုလည်း ဖြစ်စိမ့်သောငှါ ဖြစ်ပြီးသောလာဘ်ကိုလည်း အမြဲတည်စိမ့်သောငှါ တတ်နိုင်၏။ ဤသို့အစရှိသောနည်းဖြင့် ရဟန်းတို့အား အမှုအားလျော်စွာ တရား ဟော၍ ရဟန်းတို့ ဤထုလ္လနန္ဒာသည် ယခုအခါ၌သာ အလိုကြီးသည် မဟုတ်သေး၊ ရှေး၌လည်း အလိုကြီးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် တဦးသောပုဏ္ဏားမျိုး၌ ဖြစ်၏။ အရွယ်သို့ရောက်သော် ထိုဘုရားလောင်းအား တူသောဇာတ်ရှိသောအမျိုးမှ မယားကို ဆောင်ကုန်၏။ ထိုဘုရားလောင်းအား နန္ဒာလည်း တယောက် နန္ဒာဝတီလည်း တယောက် သုန္ဒရီနန္ဒာလည်း တယောက် ဤသုံးယောက်ကုန်သော သ္မီးတို့သည် ဖြစ်ကုန်၏။ ထိုသုံးယောက်ကုန်သောသ္မီးတို့သည် လင်အိမ်သို့ မရောက်မီလျှင် ဘုရားလောင်းသည်စုတေ၍ ရွှေဟင်္သာအမျိုး၌ ဖြစ်၏။ ရွှေဟင်္သာအား ဇာတိဿရဉာဏ်သည် ဖြစ်၏။ ရွှေဟင်္သာသည် အရွယ်သို့ရောက်သည်ဖြစ်၍ ရွှေတောင်ဖြင့်ဖုံးလွှမ်းအပ်သော တင့်တယ်ခြင်းအစုသို့ရောက်သော အတ္တ ဘောကို မြင်၍ ငါသည် အဘယ်မှစုတေ၍လျှင် ဤရွှေဟင်္သာအဖြစ်၌ ဖြစ်သနည်းဟု ဆင်ခြင်သည်ရှိသော် လူ့ပြည်မှလာ၍ ဖြစ်၏ဟုသိ၍ တဖန် အသို့လျှင် ငါ၏ပုဏ္ဏေးမသည်၎င်း, သ္မီးသုံးယောက်တို့သည်၎င်း အသက်မွေးကုန်သနည်းဟု ဆင်ခြင်သည်ရှိသော် သူတပါးတို့၏အခစားပြု၍ ငြိုငြင်သဖြင့် အသက် မွေး၏ဟုသိ၍ ငါ၏ ကိုယ်၌ ရွှေဖြင့်ပြီးသောအတောင်တို့သည် ထုခြင်းခတ်ခြင်းငှါ ခံ့ကုန်၏။ ဤကိုယ်မှဖြစ်သော အတောင်တို့ကို ထိုပုဏ္ဏေးမနှင့်သ္မီးသုံးယောက်တို့အား တယောက် တတောင်စီကိုပေးအံ့၊ ထိုရွှေအတောင်ဖြင့် ငါ၏ မယားသည်၎င်း သ္မီးသုံးယောက်တို့ သည်၎င်း ချမ်းသာစွာ အသက်မွေးရကုန်လတ္တံ့ ဟုနှလုံးသွင်း၍ ရွှေဟင်္သာမင်းသည် ထိုအရပ်သို့သွား၍ ခေါင်အုပ်ဝါးစွန်း၌ နား၏။

ပုဏ္ဏေးမသည်၎င်း သ္မီးသုံးယောက်တို့သည်၎င်း ဘုရားလောင်းကိုမြင်၍ အသျှင် အဘယ်မှလာသနည်းဟု မေးကြကုန်၏။ ငါသည် သင်တို့၏ အဘတည်း၊ စုတေ၍ ရွှေဟင်္သာအမျိုး၌ ဖြစ်၏။ သင်တို့ကိုရှုအံ့သောငှါ ဤအရပ်သို့လာ၏။ ဤအခါမှစ၍ သင်တို့အား သူတပါးတို့၏အခစားကိုပြု၍ ဆင်းရဲသဖြင့် အသက်မွေးရခြင်းကိစ္စသည် မရှိပြီ၊ ငါသည် သင်တို့အား အတောင် တတောင်စီပေးအံ့၊ ထိုအတောင်ကိုရောင်းချ၍ ချမ်းသာသဖြင့် အသက်မွေးကုန်လောဟုဆို၍ တတောင်စီပေး၍ သွား၏။ ထိုရွှေဟင်္သာမင်းသည် ဤသို့သောနည်းဖြင့်လျှင် ရံခါရံခါ လာလတ်၍ တတောင်စီ တတောင်စီပေး၏။ ပုဏ္ဏေးမသည်၎င်း သ္မီးသုံးယောက်တို့သည်၎င်း ကြွယ်ဝချမ်းသာကုန်သည် ဖြစ်၏။ ထို့နောင်မှ တနေ့သ၌ ပုဏ္ဏေးမသည် သ္မီးတို့ကို ချစ်သ္မီးတို့ တိရစ္ဆာန်တို့၏ စိတ်မည်သည် သိနိုင်ခဲ၏။ ရံခါ သင်တို့၏အဘသည် ဤအရပ်သို့ မလာအံ့၊ အသို့ပြုကြကုန်အံ့နည်း၊ ယခုအခါ ထိုရွှေဟင်္သာ၏လာသောကာလ၌ အလုံးစုံသော အတောင်တို့ကို အကုန်နုတ်၍ ယူကုန်အံ့ဟု တိုင်ပင်၏။ ထိုသီးသုံးယောက်တို့သည် ဤသို့ပြုသည်ရှိသော် ငါတို့၏အဘသည် ပင်ပန်းလတ္တံ့ဟု ဝန်မခံကုန်၊ ပုဏ္ဏေးမသည် အလိုကြီးသည်၏အဖြစ်ကြောင့် တဖန် တနေ့သ၌ ရွှေဟင်္သာမင်း၏လာသောကာလ၌ သခင် ရှေးဦးစွာ လာလော့ဟုဆို၍ မိမိအထံသို့ကပ်လာသော ရွှေဟင်္သာမင်းကို လက်နှစ်ဘက်တို့ဖြင့် ကိုင်၍ ခပ်သိမ်းကုန်သော အတောင်တို့ကို နှုတ်၏။ ဘုရားလောင်း၏ အလိုမှကင်း၍ နိုင်ထက်မူသဖြင့် ယူအပ်သည်၏အဖြစ်ကြောင့် အလုံးစုံကုန်သော အတောင်တို့သည် ဗျိုင်းတောင်နှင့်တူသည် ဖြစ်ကုန်၏။ ဘုရားလောင်းသည် အတောင်ကို ဖြန့်၍ သွားအံ့သောငှါ မတတ်နိုင်။

ထိုအခါ ထိုရွှေဟင်္သာမင်းကို ပုဏ္ဏေးမသည် အိုးစရည်းကြီး၌ ထည့်၍မွေး၏။ ထိုရွှေဟင်္သာမင်းအား တဖန်ပေါက်သော အတောင်တို့သည်လည်း ဖြူသည်သာလျှင် ဖြစ်ကုန်၏။ အတောင် ပေါက် သည်ရှိသော် မိမိနေရာအရပ်သို့သွား၍သာလျှင် တဖန် မလာပြီ၊ မြတ်စွာဘုရားသည် ဤအတိတ်ဝတ္ထုကို ဆောင်တော်မူ၍ ရဟန်းတို့ ထုလ္လနန္ဒာသည် ယခုအခါ၌သာလျှင် အလိုကြီးသည်မဟုတ်။ ရှေး၌လည်း အလိုကြီးသည်သာလျှင်တည်း၊ အလိုကြီးသည်၏အဖြစ်ကြောင့်ကား ရွှေမှယုတ်ဘူးပြီ၊ ယခုအခါ၌လည်း မိမိ၏ အလိုကြီးသည်၏အဖြစ်ကြောင့်လျှင် ကြက်သွန်မှလည်း ယုတ်လတ္တံ့၊

ထို့ကြောင့် ဤအခါမှစ၍ ဤကြက်သွန်ကို စားခြင်းငှါ မရလတ္တံ့၊ ထုလ္လနန္ဒာကဲ့သို့လည်း ထို အတူ ထုလ္လနန္ဒာကိုမှီ၍ ကြွင်းသော ရဟန်းမိန်းမတို့သည်လည်း ကြက်သွန်ကိုစားခြင်းငှါ မရကုန်လတ္တံ့၊ ထို့ကြောင့် များစွာကုန်သောဝတ္ထုကိုရ၍ အတိုင်းအရှည်ကိုလျှင် သိအပ်၏။ နည်းသောဝတ္ထုကို ရ၍ကား ရတိုင်းသာလျှင် ရောင့်ရဲခြင်းကို ပြုအပ်၏။ အလွန်ကို မတောင့်တအပ်ဟု မိန့်တော်မူလို၍-

၁၃၆။ ယံ လဒ္ဓံ တေန တုဋ္ဌဗ္ဗံ၊ အတိလောဘော ဟိ ပါပကော။
ဟံသရာဇံ ဂဟေတွာန၊ သုဝဏ္ဏာ ပရိဟာယထ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၁၃၆။ ယံ၊ အကြင်ဝတ္ထုကို။ လဒ္ဓံ၊ ရအပ်၏။ တေန၊ ထိုဝတ္ထုဖြင့်။ တုဋ္ဌဗ္ဗံ၊ ရောင့်ရဲအပ်၏။ ဟိ-သစ္စံ၊ မှန်၏။ အတိလောဘော၊ အလွန်လောဘကြီးသောသူသည်။ ပါပကော၊ ယုတ်မာ၏။ ဟံသရာဇံ၊ ဟင်္သာမင်းကို။ ဂဟေတွာန၊ ဖမ်း၍။ သုဝဏ္ဏာ၊ ရွှေမှ။ ပရိဟာယထ၊ ယုတ်ဘူးပြီ။

ဇာတ်ပေါင်း... ဤဝတ္ထုကိုဟောတော်မူ၍ မြတ်စွာဘုရားသည် များစွာသောအကြောင်းဖြင့် ကဲ့ရှုတော်မူ၍ အကြင်ရဟန်းမိန်းမသည် ကြက် သွန်ကိုစားငြားအံ့၊ ထိုရဟန်းမိန်းမအား ပါစိတ် အာပတ်သင့်၏ဟု သိက္ခာပုဒ်ကို ပညတ်တော်မူ၍ ယခုအခါ ထုပ္ပနာသည် ထိုအခါ ပုဏ္ဏေးမ ဖြစ်ဘူးပြီ၊ ယခုအခါ ညီအစ်မသုံးယောက်တို့ သည်လျှင် ထိုအခါ သ္မီးသုံးယောက်တို့ ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရွှေဟင်္သာ ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

အလိုလောဘ၊ ကြီးလွန်းက၊ လာဘ်မှ ယုတ်သည်သာ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော သုဝဏ္ဏတံသဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အသမ္ပဒါနဝဂ်

၇။ ဗဗ္ဗုဇာတ်

ပေးသောအစာကိုစား၍ ထိုပေးသောသူအား နှလုံးမသာဘွယ်ကို ပြုသောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်ယတ္ထေကော လဘတေ ဗဗ္ဗုအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗဗ္ဗုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကာဏမာတာ သိက္ခာပုဒ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ သာဝတ္ထိပြည်၌ သ္မီး၏အစွမ်းအားဖြင့် ကာဏမာတာမည်သော သောတာပန်ဖြစ်သော ဘုရားတပည့် ဖြစ်သော သီတင်းသည်မသည် ဖြစ်၏။ ထိုကာဏမာတာသည် သ္မီးဖြစ်သော ကာဏာကို တခုသောရွာငယ်၌ အမျိုးတူဖြစ်သော ယောကျ်ားအား ပေး၏။ ကာဏာသည် တစုံတခုသော ပြုဘွယ်ကိစ္စကြောင့် အမိအိမ်သို့လာ၏။ ထိုအခါ ထိုကာဏာ၏ လင်သည် နှစ်ရက်သုံးရက်လွန်သဖြင့် ကာဏာသည်လာလော၊ ကာဏာ၏ လာခြင်းကို ငါသည်အလိုရှိ၏ဟု တမန်ကို စေ၏။ ကာဏာသည် တမန်၏ စကားကိုကြား၍ မိခင် သွားအံ့ဟု အမိအားခွင့်ပန်၏။ ကာဏမာတာသည် ဤမျှသောကာလတိုင်အောင်နေ၍ လက်ချည်း အဘယ့်ကြောင့် သွားအံ့နည်းဟုဆို၍ မုန့်ကိုကြော်၏။ ထိုခဏ၌လျှင် တယောက်သော ဆွမ်းခံသွားသောရဟန်းသည် ထိုကာဏမာတာ၏ အိမ်သို့ရောက်၏။ သီတင်း သည်မကြီးသည် ထိုရဟန်းကိုနေစေ၍ သပိတ်ပြည့်အောင် မုန့်ကိုလှူစေ၏။ ထိုရဟန်းသည် ထွက်၍ တပါးသောရဟန်းအား ကြား၏။ ထိုရဟန်းအားလည်း ထို့အတူလျှင် လှူစေ၏။ ထိုရဟန်းသည်လည်းထွက်၍ တပါးသောရဟန်းအား ကြား၏။ ထိုရဟန်းအားလည်း ထို့အတူလျှင် လှူစေ၏။ ထိုရဟန်းသည်လည်းထွက်၍ တပါးသောရဟန်းအား ကြား၏။ ထိုရဟန်းအားလည်း ထို့အတူလျှင် လှူစေ၏။ ဤသို့ လေးပါးကုန်သော ရဟန်းတို့အား လှူစေ၏။ လုပ်ရင်းတိုင်းဖြစ်သော မုန့်သည် ကုန်ခြင်းသို့ရောက်၏။ ကာဏာ၏သွားခြင်းသည် မပြည့်စုံ။

ထိုအခါ ထိုကာက၏လင်သည် နှစ်ကြိမ်သုံးကြိမ်မြောက်လည်း တမန်ကိုစေ၏။ သုံးကြိမ်မြောက်စေသည်ရှိသော် ကာဏာသည် အကယ်၍ မလာအံ့၊ ငါသည် တပါးသော မယားကို ဆောင်အံ့ဟု စေ၏။ သုံးကြိမ်တိုင်အောင်လည်း သွားခြင်းသည် မပြည့်စုံ၊ ကာဏာ၏ လင်သည် တပါးမယားကိုဆောင်၏။ ကာဏာသည် အကြောင်းကိုကြား၍ ငိုလျက်နေ၏။ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ နံနက်အခါ၌ သင်းပိုင်ကိုပြင်ဝတ်၍ သပိတ်သင်္ကန်းကိုယူ၍ အိမ်သို့ကြွတော်မူ၍ ခင်းအပ်သော နေရာ၌နေတော်မူ၍ ကာဏာ၏အမိကို ဤကာဏာသည် အဘယ့်ကြောင့် ငိုသနည်းဟု မေးတော်မူ၏။ ဤမည်သော အကြောင်းကြောင့် ငို၏ဟု လျှောက်၏။ ထိုစကားကို ကြားတော်မူ၍ ကာဏာ၏အမိကို နှစ်သိမ့်စေ၍ တရားစကားကို ဟောတော်မူ၍ နေရာမှထ၍ ကျောင်းသို့ကြွတော်မူ၏။ ထိုအခါ လေးယောက်ကုန်သော ရဟန်းတို့၏ သုံးကြိမ်တိုင်အောင် စီရင်သောမုန့်ကိုယူ၍ ကာဏာ၏ သွားခြင်း၏ပျက်သောအဖြစ်သည် ရဟန်းသံဃာ၌ ထင်ရှား၏။

ထိုအခါတနေ့သ၌ ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ လေးပါးကုန်သော ရဟန်းတို့စင်လျှက် သုံးကြိမ်တိုင်အောင် ကာဏမာတာ၏ မုန့်ကိုစား၍ ကာဏာ၏ သွားခြင်းအန္တရာယ်ကိုပြု၍ လင်သည်စွန့်အပ်သောသ္မီးကိုမှီ၍ သီတင်း သည်မကြီး၏ နှလုံးမသာယာခြင်းကို ဖြစ်စေအပ် ၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် ထိုလေးယောက်ကုန်သော ရဟန်းတို့သည် ကဏတာ၏ဥစ္စာကိုစား၍ ထိုကာဏမာ တာအား နှလုံးမသာခြင်းကို ဖြစ်စေကုန်သည် မဟုတ်သေး၊ ရှေး၌လည်း ဖြစ်စေဘူးကုန်သည်သာ လျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ကျောက်သွေးအမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် အပြီးတိုင်အောင်သော အတတ်ရှိ၏။ ကာသိတိုင်း၌ တခုသောနိဂုံး၌ တယောက်သော များစွာသော စည်းစိမ်ရှိသော သူဌေးသည် ဖြစ်၏။ ထိုသူဌေးအား မြှုပ်၍ထားအပ်သည်သာလျှင် ဖြစ်ကုန်သော ကုဋေလေးဆယ်သောရွှေတို့သည် ဖြစ်ကုန်၏။ ထိုအခါ သူဌေး၏မယားသည်သေ၍ ဥစ္စာ၌တပ်မက်မောသဖြင့် ဥစ္စာ၏ အပေါ်၌ ကြွက်မ၏ အဖြစ်ဖြင့်ဖြစ်၏။ ဤသို့ အစဉ်သဖြင့် ထိုအမျိုးသည် ပျက်စီးခြင်းသို့ ရောက်၏။ အနွယ်သည်ပြတ်၏။ ထိုရွာသည်လည်း စွန့်အပ်သည်ဖြစ်၏။ မထင်ရှားသော အဖြစ်သို့ရောက်၏။ ထိုအခါ ဘုရားလောင်းသည် ထိုရွာဟောင်းအရပ်၌ ကျောက်တို့ကိုဖော်ထုတ်၍ သွား၏။ ထိုအခါ ကြွက်မသည် အစာရှာသွားသည်ရှိသော် ဘုရားလောင်းကို အဖန်တလဲလဲမြင်၍ ဖြစ်သောချစ်ခြင်း ရှိသည်ဖြစ်၍ ငါ့အား ဥစ္စာများ၏။ အကြောင်း မရှိသဖြင့် ပျက်စီး၏။ ဤသူနှင့် တပေါင်းတည်းဖြစ်၍ ဤဥစ္စာကိုပေး၍ အသားကိုဝယ်စေ၍ စားအံ့ဟု ထိုကြွက်မသည် တနေ့သ၌ တသပြာကို နှုတ်သီးဖြင့်ကိုက်၍ ဘုရားလောင်း၏ အထံသို့လာ၏။

ဘုရားလောင်းသည် ထိုကြွက်မကိုမြင်၍ ချစ်ဘွယ်သောစကားဖြင့်ပြောဆိုလျှက် မိခင် အဘယ်ကြောင့် အသပြာကိုယူ၍ လာသနည်းဟု ဆို၏။ သခင် ဤအသပြာကိုယူ၍ ကိုယ်လည်းသုံးလော့၊ ငါ့ဘို့လည်း အားကိုဆောင်ခဲ့လောဟု ဆို၏။ ဘုရားလောင်းသည် ကောင်းပြီဟုဝန်ခံ၍ အသပြာကိုယူ၍ အိမ်သို့သွား၍ တပဲဖြင့်အသားကိုဝယ်၍ ဆောင်ခဲ့၍ ထိုကြွက်မအား ပေး၏။ ထိုကြွက်မသည် ထိုအသားကိုယူ၍ မိမိနေရာအရပ်သို့ သွား၍ အလိုအတိုင်းစား၏။ ထိုအခါမှစ၍ ဤနည်းဖြင့် နေ့တိုင်း နေ့တိုင်း ဘုရားလောင်းအား တသပြာကိုပေး၏။ ဘုရားလောင်းသည်လည်း ထိုကြွက်မဘို့ အသားကို ဆောင်ခဲ့၏။ ထိုအခါ တနေ့သ၌ ထိုကြွက်မကို ကြောင်သည် ဖမ်းမိ၏။ ထိုအခါ ကြွက်မသည် ကြောင်ကို အဆွေ ငါ့အား မသတ်ပါလင့်ဟု ဆို၏။ အဘယ့်ကြောင့် မသတ်ရအံ့နည်း၊ အကြင်အကြောင်းကြောင့် ငါသည် မွတ်၏။ အသားကို စားလို၏။ ထို့ကြောင့် ငါသည် မသတ်အံ့သောငှါ မတတ်နိုင်ဟု ဆို၏။ သင်သည် ယနေ့သာလျှင် အသားကို စားလိုသလော၊ ထိုသို့မဟုတ်မူ အခါခပ်သိမ်း စားလိုသလောဟု မေး၏။ ရသည်ရှိသော် အခါခပ်သိမ်း စားလို၏ဟု ဆို၏။ အခါခပ်သိမ်းစားလိုသည် အကယ်၍ဖြစ်အံ့၊ ဤသို့ စားလိုသည်ရှိသော် ငါသည် သင့်အား အခါ ခပ်သိမ်း အသားကိုပေးအံ့၊ ငါ့ကို လွှတ်လောဟု ဆို၏။

ထိုအခါ ကြွက်မကို ကြောင်သည် ထိုသို့တ ပြီးကား မမေ့မလျော့ ဖြစ်လောဟုဆို၍ လွှတ် လိုက်၏။ ထိုအခါမှစ၍ ကြွက်မသည် မိမိဘို့ ဆောင်ခဲ့သောအမဲကို နှစ်စုတို့ကိုပြု၍ တစုကို ထိုကြောင်အားပေး၏။ တစုကို မိမိသည်စား၏။ ထိုအခါ ကြွက်မကို တနေ့သ၌ တခုသောကြောင်သည် ဖမ်းမိပြန်၏။ ထိုကြောင်ကိုလည်း ထို အတူ သိစေ၍ မိမိကိုလွှတ်စေ၏။ ထိုအခါမှစ၍ ဤသို့ မိမိဘို့ ဆောင်ခဲ့သောအမဲကို သုံးစုတို့ကိုပြု၍ စားကုန်၏။ တဖန် ကြောင်တခုသည် ဖမ်းမိပြန်၏။ ထိုကြောင်ကိုလည်း ထို့အတူလျှင်သိစေ၍ မိမိကိုယ်ကို လွှတ်စေ၏။ ထိုအခါမှစ၍ လေးစုတို့ကိုပြု၍ စားကုန်၏။ တဖန် တခုသောကြောင်သည် ဖမ်းမိပြန်၏။ ထိုကြောင်ကိုလည်း ထို့အတူလျှင်သိစေ၍ မိမိကိုယ်ကို လွှတ်စေ၏။ ထိုအခါမှစ၍ ငါးစုတို့ကိုပြု၍ စားကုန်၏။ ထိုကြွက်မသည် ငါးခုမြောက်သော အစုကို စားရသည်ဖြစ်၍ နည်းသောအာဟာရရှိသည်၏အဖြစ်ကြောင့် ပင်ပန်းသည်ဖြစ်၍ ကြုံလှီသည်ဖြစ်၏။ နည်း သောအသား အသွေးရှိသည် ဖြစ်၏။

ဘုရားလောင်းသည် ထိုကြွက်မကိုမြင်၍ မိခင် အဘယ့်ကြောင့် ညှိုးသနည်းဟုဆို၏။ ဤ မည်သောအကြောင်းကြောင့် ညှိုး၏ဟုဆိုသည်ရှိသော် သင်သည် ဤမျှလောက်သောကာလတိုင် အောင် အဘယ်ကြောင့် ငါ့အားမကြားသနည်း။ ဤအရာ၌ ပြုအပ်သည်ကို ငါသည်သိအံ့ဟု ထိုကြွက်မကိုနှစ်သိမ့်စေ၍ သက်သက်သော ဖလ်ကျောက်ဖြင့်ဂူကိုပြု၍ ဆောင်ခဲ့၍ မိခင် သင်သည် ဤဖလ်ဂူသို့ဝင်ပြီးလျှင် လာတိုင်းလာတိုင်းကုန်သော ကြောင်တို့ကို ကြမ်းကြုတ်ကုန်သောစကားတို့ဖြင့် ခြိမ်းချောက်ကုန်လောဟု ဆို၏။ ထိုကြွက်မသည် ဖလ်ဂူ၌ဝင်၍နေ၏ ထိုအခါ တခုသောကြောင်သည် လာလတ်၍ ငါ့အား အသားကို ပေးလာဟု ဆို၏။ ထိုအခါ ကြောင်ကို ကြွက်မသည် ဟယ် ကြောင်ပျက် ငါသည် သင်၏ အမဲဆောင်လော၊ မိမိသားသ္မီးတို့၏ အသားကို စားလောဟု ခြိမ်းချောက်၏။ ကြောင်သည် ဖလ်ဂူ၌ နေသည်ကိုမသိ၍ အမျက်၏အစွမ်းအားဖြင့် ကြွက်မကိုယူအံ့ဟု အဆောတလျှင် ပြေး၍ ရင်ဖြင့်ဖလ်ဂူကိုခတ်မိ၍ ထိုခဏ၌လျှင် ထိုကြောင်၏ ရင်သည်ကွဲ၏။ မျက်စိတို့သည် ထွက်သောအခြင်းအရာသို့ ရောက်ကုန်သည် ဖြစ်ကုန်၏။ ထိုကြောင်သည် ထိုခဏ၌လျှင် အသက်ကုန်ခြင်းသို့ရောက်၍ တင့်အပ်သော ဖုံးကွယ်ရာအရပ်၌ လဲ၏။ ဤနည်းဖြင့် နောက်ကြောင်သုံးကောင်သည်လည်း အသက်ကုန်ခြင်းသို့ ရောက်၏။ ဤသို့လျှင် လေးခုကုန်သောကြောင်တို့သည် အသက်ကုန်ခြင်းသို့ ရောက်ကုန်၏။ ထိုအခါမှစ၍ ကြွက်မသည် ဘေးမရှိသည်ဖြစ်၍ ဘုရားလောင်းအား နေ့တိုင်းနေ့တိုင်း နှစ်သပြာသုံးသပြာတို့ကို ပေး၏။ ဤသို့ အစဉ်သဖြင့် အလုံးစုံသောဥစ္စာသည် ဘုရားလောင်း၏ဥစ္စာ ဖြစ်၏။ ထိုနှစ်ယောက်သော သူတို့သည် အသက်ထက်ဆုံး ချစ်ခြင်းကိုမပျက်စေမူ၍ ကံအားလျော်စွာ လား၏။ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူ၍-

၁၃၇။ ယတ္ထေကော လဘတေ ဗဗ္ဗု၊ ဒုတိယော တတ္ထ ဇာယတိ။
တတိယော စ စတုတ္တာ စ၊ ဣဒံ တေ ဗဗ္ဗုကာ ဗိလံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၁၃၇။ ယတ္ထ၊ အကြင်အရပ်၌။ ဧကော ဗဗ္ဗု၊ တခုသောကြောင်သည်။ မူသိကံ ဝါ၊ ကြွက်မကို၎င်း။ မံသံ ဝါ၊ အသားကို၎င်း။ လဘတေ၊ ရ၏။ တတ္ထ၊ ထိုအရပ်၌။ ဒုတိယော၊ နှစ်ခုမြောက်သော ကြောင်သည်။ ဇာယတိ၊ ဖြစ်၏။ တတိယော စ၊ သုံးခုမြောက်သော ကြောင်သည်လည်း။ ဇာယတိ၊ ဖြစ်၏။ စတုတ္ထာ စ၊ လေးခုမြောက်သော ကြောင်သည်လည်း ဇာယတိ၊ ဖြစ်၏။ တေ ဗဗ္ဗုကာ၊ ထိုကြောင်တို့သည်။ ဣဒံ ဗိလံ၊ ဤဖလ်ဂူကို။ ဥရေန၊ ရင်ဖြင့်။ ပဟရိတွာ၊ ခတ်မိ၍။ ဇီဝိတက္ခယံ၊ အသက်ကုန်ခြင်းသို့။ ပတ္တာ၊ ရောက်ကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ လေးယောက်ကုန်သော ရဟန်းတို့သည် ထိုအခါ ကြောင် လေးကောင်တို့ ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ကာဏမာတာသည် ထိုအခါ ကြွက်မဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကျောက်သွေးသော ရွဲသမားဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သူဥစ္စာစား၊ သူတပါး၊ စိတ်အား နှောက်ရှက်ပြု

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဗဗ္ဗုဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အသမ္ပဒါနဝဂ်

၈။ ဂေါဓာဇာတ်

အံ့ဘွယ်သရဲကို ဖြစ်စေသော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကိံ တေ ဇဋာဟိ ဒုမ္မေဓ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂေါဓာဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သော တယောက်သောရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည် အောက်၌ ဆိုအပ်ပြီးသောဝတ္ထုနှင့် တူသင်ကတည်း။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ဖွတ်အမျိုး၌ ပဋိသန္ဓေယူ၏။ ထိုအခါ တဦးသော ငါးပါးသောအဘိညာဉ်ရှိသော ခြိုးခြံသော အကျင့်ရှိသော ရသေ့သည် တခုသော ပစ္စန္တရစ်ရွာကိုအမှီပြု၍ တောအရပ်၌ သစ်ရွက်မိုးသော ကျောင်း၌ နေ၏။ ရွာ၌နေသော လူတို့သည် ရသေ့ကို ရိုသေစွာ လုပ်ကျွေးကုန်၏။ ဘုရားလောင်းသည် ထိုရသေ့၏ စင်္ကြံဦး၌ တခုသောတောင်ပို့၌ နေ၏။ နေသော ဘုရားလောင်းသည်လည်း နေ့တိုင်းနေ့တိုင်း နှစ်ကြိမ်သုံးကြိမ်ဆည်းကပ်၍ အကြောင်းအကျိုးနှင့်စပ်သော စကားကိုနာ၍ ရသေ့ကိုရှိခိုး၍ မိမိနေရာအရပ်သို့ ပြန်သွား၏။ နောက်အဘို့ကာလ၌ ရသေ့သည် ရွာ၌နေသော သူတို့ကို ပန်ကြား၍ ဖဲ၏။ သီလအကျင့်နှင့်ပြည့်စုံသော ထိုရသေ့သည် ဖဲသည်ရှိသော် တယောက်သော ကောက်ကျစ်သောရသေ့သည် လာလတ်၍ ထိုကျောင်း၌နေ၏။ ဘုရားလောင်းသည်လည်း ဤရသေ့သည်လည်း သီလရှိ၏ဟုမှတ်၍ ရှေးနည်းဖြင့်လျှင် ထိုရသေ့အထံသို့ လာ၏။

ထိုအခါ နွေကာလ၌ အကာလမိုဃ်းသည် ရွာသည်ရှိသော် တောင်ပိုတို့မှ ယင်တို့သည် ထွက်ကုန်၏။ ထိုယင်တို့ကို စားအံ့သောငှါ ဖွတ်တို့သည် လှည့်လည်ကုန်၏။ ရွာ၌နေကုန်သော သူတို့သည် ရွာမှထွက်၍ များကုန်သောဖွတ်တို့ကိုဖမ်း၍ ဖွတ်သားတို့ကို ပြေပြစ်သော အဆောက် အဦနှင့်ယှဉ်လျက် အချဉ်, အချိုချက်၍ ရသေ့အားလှူ၏။ ရသေ့သည် ဖွတ်သားကိုစားရ၍ ရသတဏှာဖြင့် နှောင်ဖွဲ့သည်ဖြစ်၍ ဤအသားသည် အလွန်ကောင်း၏။ အဘယ်မည်သောသတ္တဝါ၏ အသားနည်းဟုမေး၍ ဖွတ်သားဟုကြား၍ ငါ့အထံ၌ ဖွတ်ကြီးသည်လာ၏။ ထိုဖွတ်ကြီးကို သတ်၍ အသားကိုစားအံ့ဟု ကြံ၏။ ကြံပြီး၍ အိုးကို၎င်း ချဉ်, ဆားအစရှိသည်ကို၎င်းဆောင်စေ၍ တင့်အပ်သော အရပ်၌ထား၍ ဆောက်ပုတ်ကိုယူ၍ သင်္ကန်းဖြင့်ဖုံးလွှမ်း၍ ကျောင်းတံခါး၌ ဘုရားလောင်း၏လာခြင်းကိုကြည့်လျက် အလွန်ငြိမ်သက်သကဲ့သို့ ဖြစ်၍ နေ၏။

ဘုရားလောင်းသည် ညချမ်းအခါ၌ ရသေ့အထံသို့သွားအံ့ဟု ထွက်၍ ကပ်သည်ရှိသော် ထိုရသေ့၏ ဣန္ဒြေဖောက်ပြန်ခြင်းကို မြင်၍ ရသေ့သည် တပါးသောနေ့တို့၌နေသော အခြင်းအရာဖြင့် မနေ၊ ယနေ့ ရသေ့သည် ငါ့ကိုကြည့်ငြားသော်လည်း ပျက်သော ဣန္ဒြေရှိသည် ဖြစ်၍ ကြည့်၏။ ထိုရသေ့ကို စုံစမ်းအံ့ဟု ဘုရားလောင်းသည် ရသေ့၏ လေအောက်၌နေ၍ ဖွတ်သားနံ့နံ၍ ဤကောက်ကျစ်သောရသေ့သည် ယနေ့ ဖွတ်သားကို စားသည် ဖြစ်လတ္တံ့၊ ထို့ကြောင့် ထိုရသေ့အား ရသတဏှာသည် နှောင်ဖွဲ့အပ်သည်ဖြစ်၍ ယနေ့ မိမိအထံသို့ကပ်သောငါ့ကို ဆောက် ပုတ်ဖြင့် ရိုက်၍ အသားကိုချက်၍ စားလိုသည် ဖြစ်လတ္တံ့ဟု ထိုရသေ့ အထံသို့ မကပ်မူ၍ ဖဲ၍ သွား၏။

ရသေ့သည် ဘုရားလောင်း၏ မလာသောအဖြစ်ကိုသိ၍ ဤရသေ့သည် ငါ့ကိုသတ်လို၏ဟု ဤဖွတ်သည် သိအပ်သည်ဖြစ်လတ္တံ့၊ ထိုသို့သော အကြောင်းကြောင့် မလာငြားသော်လည်း ထိုဖွတ်အား အဘယ်မှာလွတ်ရအံ့နည်းဟု ဆောက် ပုတ်ကိုထုတ်၍ ပစ်၏။ ထိုဆောက် ပုတ်သည် ဘုရားလောင်း၏ အမြီးအဖျားကိုလျှင် ခတ်မိ၏။ ဘုရားလောင်းသည် လျှင်စွာတောင်ပို့သို့ဝင်၍ တပါးသောအပေါက်ဖြင့် ဦးခေါင်းကိုဖော်၍ အို- ကောက်ကျစ်သော ရသေ့ ငါသည် သင်၏အထံသို့ ကပ်သည်ရှိသော် သီလရှိ၏ဟု မှတ်ထင်၍ ကပ်၏။ ယခုအခါကား ငါသည် သင်၏ ကောက် ကျစ်သောအဖြစ်ကို သိရပြီ၊ ထိုသို့သဘောရှိသော ခိုးသူကြီးအား ဤရဟန်းအသွင်ဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ဆိုလို၍-

၁၃၈။ ကိံ တေ ဇဋာဟိ ဒုမ္မေဓ၊ ကိံ တေ အဇိနသာဋိယာ။
အဗ္ဘန္တရံ တေ ဂဟနံ၊ ဗာဟိရံ ပရိမဇ္ဇသိ။

ဟူသော ဤဂါထာကို ဆို၏။

၁၃၈။ ဒုမ္မေဓ၊ ရသေ့မိုက်။ တေ၊ သင့်အား။ ဇဋာဟိ၊ ဆံကျစ်တို့ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ တေ၊ သင့်။ အဇိနသာဋိယာ၊ သစ်နက်ရေဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ တေ၊ သင်၏။ အဗ္ဘန္တရံ၊ ကိုယ်တွင်းနှလုံးသည်။ ဂဟနံ၊ ဖုံးလွှမ်းအပ်သော ကိလေသာ အုပ်ရှိ၏။ ဗာဟိရံ၊ အပြင်ကသာ။ ပရိမဇ္ဇသိ၊ ပြေပြစ်၏။

ခိုးသူဖြစ်သောသင်သည် ဤအရပ်၌ နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လျှင်စွာ ဤအရပ်မှ ပြေးလေလော၊ အကယ်၍ မပြေးအံ့၊ သင့်အား ရွာ၌နေသောလူတို့အားကြား၍ နှိပ်စက်ခြင်းကို ပြုအံ့၊ ဤသို့ ဘုရားလောင်းသည် ကောက်ကျစ် သောရသေ့ကို ခြိမ်းချောက်၍ တောင်ပို့သို့လျှင် ဝင်၏။ ကောက်ကျစ်သော ရသေ့သည်လည်း ထိုအရပ်မှ ဖဲလေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ၌အံ့ဘွယ်သရဲကိုဖြစ်စေတတ်သောရဟန်းသည် ထိုအခါ ကောက်ကျစ်သော ရသေ့ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ရှေးဦးစွာနေသော သီလရှိသော ရသေ့ကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဖွတ်ဖြစ်ဘူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

အပပြေပြစ်၊ အတွင်းညစ်၊ ကောက်ကျစ်သူအား သတိထား

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဂေါဓာဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အသမ္ပဒါနဝဂ်

၉။ ဥဘတောဘဋ္ဌဇာတ်

နှစ်ပါးစုံသောအကျိုးမှ ရှုံးခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အက္ခီ ဘိန္နာ ပဋော နဋ္ဌော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဥဘတောဘဋ္ဌဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအခါ တရား သဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ နှစ်ဘက်မှ ပြောင်ပြောင်တောက်သော အလယ်၌ မစင်အလိမ်းလိမ်းကပ်သော သုသာန်၌ စွန့်အပ်သောထင်းသည် တော၌လည်း ထင်းကိစ္စကို မပြီးစေနိုင်၊ ရွာ၌လည်း ထင်းကိစ္စကို မပြီးစေနိုင်၊ ထို အတူလျှင် ဒေဝဒတ်သည် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသ နာ၌ ရဟန်းပြု၍ နှစ်ပါးစုံမှ ရှုံး၏။ နှစ်ပါးစုံမှ ယုတ်၏။ လူတို့၏ စည်းစိမ်မှလည်း ယုတ်၏။ ရဟန်းအကျိုးကိုလည်း မပြီးစေနိုင်၊ ဤသို့လျှင် စကားကိုဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝဒတ်သည် နှစ်ပါးစုံမှ ရှုံးသည် မဟုတ်သေး၊ ရှေး၌လည်း နှစ်ပါးစုံမှ ရှုံးဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ရုက္ခဇိုဝ်းနတ်၏ အဖြစ်ဖြင့် ဖြစ်၏။ ထိုအခါ တခုသောရွာငယ်၌ တံငါတို့သည် နေကုန်၏။ ထိုအခါ တယောက်သော တံငါသည်သည် ငါးမျှားချိတ်ကိုယူ၍ သားငယ်နှင့်တကွ အကြင်ထုံးအိုင်၌ ပကတိအားဖြင့်လည်း တံငါတို့သည် ငါးတို့ကို ဖမ်းယူကြကုန်၏။ ထိုထုံးအိုင်သို့သွား၍ ငါးမျှား ချိတ်ကို ပစ်၏။ ငါးမျှားချိတ်သည် ရေဖုံးလွှမ်းသော တခုသော သစ်ငုတ်၌ ငြိ၏။ ထိုအခါ တံငါသည် ငါးမျှားချိတ်ကို ငင်အံ့သောငှါ မတတ်နိုင် သည်ဖြစ်၍ ဤငါးများချိတ်သည် ငါးကြီး၌ ငြိသည် ဖြစ်လတ္တံ့၊ သားငယ်ကို အမိအထံသိုစေ၍ အိမ်နီးချင်းတို့နှင့်တကွ ခိုက်ရန်ကိုဖြစ်စေအံ့၊ ဤသို့ ခိုက်ရန်ပြုသည်ရှိသော် တစုံတယောက်သော အိမ်နီးချင်းသည် ဤငါးမှအစုကို မတောင်းလတ္တံ့ဟု ကြံ၏။ ကြံပြီးသည်ရှိသော် အမောင် သွားချေ၊ ငါတို့သည် ငါးကြီးကို ရအပ်သည်၏ အဖြစ်ကို အမိအား ကြားချေလော၊ အိမ်နီးချင်းတို့နှင့်တကွ ခိုက်ရန်ကို ပြုလောဟု ဆိုချေလော့ဟု ဆို၏။

ထိုတံငါသည်သည် သားငယ်ကိုစေ၍ ငါးမျှား ချိတ်ကို ငင်အံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ကြိုးပြတ်အံ့သည်မှ ကြောက်သောကြောင့် အပေါ်ရုံပုဆိုးကို ကြည်း၌ထား၍ ရေသို့သက်၍ ငါး၌ တပ်မက်မောခြင်းကြောင့် ငါးကိုစမ်းသည်ရှိသော် သစ်ငုတ်တို့ဖြင့် ခတ်မိ၍ မျက်စိနှစ်လုံးတို့သည်လည်း ပေါက်ကုန်၏။ ထိုတံငါ၏ ကြည်း၌ ထားသော ပုဆိုးကိုလည်း ခိုးသူခိုး၏။ ထိုတံငါ သည်သည် ဝေဒနာသို့ရောက်သည်ဖြစ်၍ မျက်စိတို့ကို လက်ဖြင့်ဖုံးအုပ်လျက် မ, ၍ ရေမှတက်လာ၏။ တုန်လှုပ်လျက် ပုဆိုးကို ရှာ၏။ ထိုတံငါ၏ မယားသည်လည်း ခိုက်ရန်ကိုပြု၍ တစုံတယောက်သောသူ၏ ငါးအစုကို မတောင်းသည်၏ အဖြစ်ကို ပြုအံ့ဟု နားတဘက်၌ ထန်းရွက်နားဍောင်းကိုဝတ်၍ မျက်လုံးတဘက်၌ ထမင်းအိုးမင်ဖြင့်ကွက်၍ ခွေးငယ်ကိုရင်ဖြင့်ပိုက်၍ အိမ်နီး ချင်းအိမ်သို့ သွား၏။

ထိုအခါ ထိုတံငါ၏မယားကို တယောက်သော အဆွေခင်ပွန်းမသည် သင်၏နားတဘက် ၌လျှင် ထန်းရွက်နားဍောင်းကိုဝတ်၏။ မျက်လုံးတဘက်၌ ထမင်းအိုးမင်ဖြင့် ကွက်၏။ ချစ်လှစွာသော သားကိုကဲ့သို့ ခွေးငယ်ကိုရင်ဖြင့်ပိုက်၍ တအိမ်မှတအိမ်သို့ သွား၏။ သင်သည် ရူးသလောဟု ဆို၏။ ငါသည် မရူး၊ သင်သည်ကား ငါ့ကို အကြောင်းမရှိဘဲလျှက် ဆဲရေး၏။ ရေရွတ်၏။ ယခု သင့်ကိုရွာစားအထံသို့သွား၍ ရှစ်သပြာတို့ကို လျော်စေအံ့ဟု ဤသို့ ငြင်းခုံခြင်းကိုပြု၍ နှစ်ယောက်ကုန်သော မိန်းမတို့သည် ရွာစားအထံသို့ သွားကြကုန်၏။ ထိုမိန်းမတို့၏ ငြင်းခုံခြင်းကို စီစစ်သည်ရှိသော် ထိုတံငါမယား၏ အထက်၌သာလျှင် လျော်ဒဏ်သည် ကျ၏။ ထိုအခါ တံငါးမယားကိုနှောင်ဖွဲ့၍ ဒဏ်ကိုပေးလော့ဟု ပုတ် ခတ်အံ့ငှါ အားထုတ်ကုန်၏။ ရုက္ခဇိုဝ်းနတ်သည် ရွာ၌ ထိုတံငါမယား၏ ဤအကြောင်းကို၎င်း၊ တော၌ ထိုမိန်းမ၏လင်၏ ပျက်စီးခြင်းကို၎င်းမြင်၍ သစ်ခွကြား၌ ရပ်လျက် အို ယောက်ျား သင်၏အမှုသည် ရေ၌လည်း ပျက်စီး၏ ကြည်း ၌လည်း ပျက်စီး၏။ နှစ်ပါးစုံမှ ရှုံး၏ဟု ဆိုလို၍-

၁၃၉။ အက္ခီ ဘိန္နာ ပဋော နဋ္ဌော၊ သခီ ဂေဟေ စ ဘဏ္ဍနံ။
ဥဘတော ပဒုဋ္ဌာ ကမ္မန္တာ၊ ဥဒကမှိ ထလမှိ စ။

ဟူသော ဤဂါထာကို ဆို၏။

၁၃၉။ ဘော ပုရိသ၊ အိုယောကျ်ား။ တေ၊ သင်၏။ အက္ခီ၊ မျက်စိတို့သည်။ ဘိန္နာ၊ ပေါက်ကုန်၏။ ပဋော၊ ပုဆိုးသည်။ နဋ္ဌော၊ ပျောက်၏။ ဂေဟေ စ၊ အိမ်၌လည်း။ သခီ၊ မယားသည်။ ဘဏ္ဍနံ၊ ခိုက်ရန်ဖြစ်၏။ ဥဒကမှိ စ၊ ရေ၌၎င်း။ ထိုး စ၊ ကြည်း၌၎င်း။ ဥဘတော၊ နှစ်ပါးစုံမှ။ ကမ္မန္တာ၊ အမှုတို့သည်။ ပဒုဋ္ဌာ၊ ပျက်စီးကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ တံငါ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရုက္ခဇိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

နှစ်ဘက်အကျိုး၊ ဆုတ်ယုတ်ညှိုး၊ ကိုယ်ဆိုးလို့ သာမှတ်

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ဥဘတောဘဋ္ဌဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-အသမ္ပဒါနဝဂ်

၁၀။ ကာကဇာတ်

ပုဏ္ဏား၏အပေါ်၌ ကျီးမစင်စွန့်သော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နိစ္စံ ဥဗ္ဗိဂ္ဂ ဟဒယာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆွေတော်မျိုးတော်တို့၏အကျိုးငှါ ကျင့်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စု ပ္ပန် ဝတ္ထုသည် ဒွါဒသကနိပါတ် ဘဒ္ဒသာလဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ကျီးအမျိုး၌ ဖြစ်၏။ ထိုအခါ တနေ့သ၌ မင်း၏ပုရောဟိတ်သည် မြို့ပမြစ်နား၌ရေချိုးပြီးလျှင် နံ့သာတို့ဖြင့်လိမ်း၍ ပန်းပန်၍ မြတ်သောအဝတ်ကို ကောင်းစွာဝတ်လျက် မြို့သို့ဝင်၏။ မြို့တံခါးဝယ် တံခါးတိုင်ဖျား၌ နှစ်ခုကုန်သောကျီးတို့သည် နားကုန်၏။ ထိုကျီးတို့တွင် တခုသောကျီးသည် တခုသောကျီးကို အဆွေ ငါသည် ဤပုဏ္ဏား၏ အပေါ်၌ မစင်ကိုချအံ့ဟု ဆို၏။ တခုသောကျီးသည် သင်သည် ဤအမှုကိုမနှစ်သက်လင့်၊ ဤပုဏ္ဏားသည် အစိုးရ၏။ အစိုးရသောသူနှင့်တကွ ရန်ပြုခြင်းမည်သည် ယုတ်မာ၏။ ထိုစကားသည် မှန်၏။ ဤပုဏ္ဏားသည် အမျက်ထွက်သည်ရှိသော် အလုံးစုံလည်း ဖြစ်ကုန်သော ကျီးတို့ကို ဖျက်ဆီးရာ၏ဟု ဆို၏။ ငါသည် မပြုအံ့သောငှါ မတတ်နိုင်ဟု ဆို၏။ ထိုသို့တပြီးကား အမှန်ပင်လျှင် ဘေးဖြစ်လတ္တံ့ဟု ဆို၍ တခုသောကျီးသည် ပျံ၏။ ထိုကျီးသည် ပုဏ္ဏားသည်တံခါးတိုင်အောက်အဘို့သို့ ရောက်သည်ရှိသော် တွဲလျားဆွဲသောဝတ္ထုကို ချွေဘိသကဲ့သို့ ပုဏ္ဏား၏ ဦးခေါင်း၌ မစင်ကိုချ၏။ ပုဏ္ဏားသည် အမျက်ထွက်၍ ကျီးတို့၌ ရန်ငြိုးဖွဲ့၏။

ထိုအခါ တယောက်သော အခစားစပါးထောင်းသော ကျွန်မသည် ကောက်ကို အိမ်တံခါး၌ နေပူ၌ ဖြန့်၍ ထိုင်လျှက်လျှင် အိပ်ပျော်ခြင်းသို့ရောက်၏။ ထိုကျွန်မ၏ မေ့လျော့ခြင်းကိုသိ၍ ရှည်သောအမွေးရှိသော တခုသောဆိတ်သည် လာလတ်၍ ကောက်ကိုစား၏။ ကျွန်မသည် နိုးသည်ရှိသော် ထိုဆိတ်ကိုမြင်၍ ပြေးစေ၍ ထိုဆိတ်သည် နှစ်ကြိမ်မြောက်၎င်း သုံးကြိမ်မြောက်၎င်း ထိုကျွန်မ၏ ထို့အတူလျှင် အိပ်ပျော်သောကာလ၌ ကောက်ကိုစား၏။ ထိုကျွန်မသည်လည်း ထိုဆိတ်ကို သုံးကြိမ်ပြေးစေ၍ ထိုဆိတ်သည် အဖန် တလဲလဲစားသည်ရှိသော် ထက်ဝက်သောကောက်ကို စားလတ္တံ့၊ ငါ့အား များသော ဥစ္စာယုတ်ခြင်းသည် ဖြစ်လတ္တံ့၊ ယခုအခါ ထိုဆိတ်၏ မစားခြင်းအကြောင်းကိုပြုအံ့ ဟု ကြံ၏။ ကြံပြီး၍ မီးစကိုကိုင်၍ အိပ်ပျော်သကဲ့သို့ထိုင်၍ ကောက်ကိုစားအံ့သောငှာ ဆိတ်သည် ရောက်သည်ရှိသော် ထ၍ မီးစဖြင့် ဆိတ်ကိုခတ်၏။ အမွေးတို့ကို မီးလောင်ကုန်၏။

ဆိတ်သည် ကိုယ်ကိုမီးလောင်သည်ရှိသော် မီးကိုငြိမ်းစေအံ့ဟု လျှင်သွား၍ ဆင်တင်းကုပ်၏ အနီး၌ တခုသောမြက်တင်းကုပ်၌ ကိုယ်ကိုပွတ်၏။ ထိုတင်းကုပ်ကို မီးလောင်၏။ ထိုမြက်တင်း ကုပ်မှထသော မီးလျှံသည် ဆင်တင်းကုပ်ကိုစွဲ၏။ ဆင်တင်းကုပ်ကို မီးလောင်ကုန်သည်ရှိသော် ဆင်ကျောက်ကုန်းတို့ကို လောင်ကုန်၏။ များစွာကုန်သောဆင်တို့သည် ကိုယ်၌မီးလောင်မှုရှိကုန်၏။ ဆေးသ္မားတို့သည် ဆင်တို့ကိုအနာမရှိသည်တို့ကို ပြုအံ့သောငှါ မတတ်နိုင်ကုန်သည်ဖြစ်၍ မင်းအား ကြားကုန်၏။

မင်းသည် ပုရောဟိတ်ကို ဆရာ ဆင်တို့ကို ဆေးသ္မားတို့သည် ဆေးကုအံ့သောငှာ မတတ်နိုင်ကုန်၊ တစုံတခုသောဆေးကို သင်သည် သိသလောဟုမေး၏။ မြတ်သောမင်းကြီး သိ၏ဟု ဆို၏။ အဘယ်ကို ရအံ့သောငှါ သင့်သနည်းဟုမေး၏။ မြတ်သောမင်းကြီး ကျီးဆီကိုရခြင်းငှါ သင့်၏ဟုဆို၏။ ထိုသို့တပြီးကား ကျီးတို့ကို သတ်၍ အဆီကိုဆောင်ကုန်လောဟု ဆို၏။ ထိုအခါမှ စ၍ ကျီးတို့ကိုသတ်၍ အဆီကိုမရ၍ ထို ထိုအရပ်၌လျှင် အစုကိုပြုကုန်၏။ ကျီးတို့အား ကြီးစွာသောဘေးသည် ဖြစ်၏။ ထိုအခါ ဘုရားလောင်းသည် ကျီးရှစ်သောင်း အခြံအရံရှိသည်ဖြစ်၍ သုသာန်၌နေ၏။ တခုသောကျီးသည် သွား၍ ကျီးတို့အားဖြစ်သောဘေးကို ဘုရားလောင်းအား ကြား၏။ ဘုရားလောင်းသည် ငါ့ကိုထား၍ ငါမှတပါးသော ငါ၏အဆွေအမျိုးတို့အား ဘေးကိုပယ်ခြင်းငှါ စွမ်းနိုင်သောသူမည်သည် မရှိ၊ ထိုဘေးကိုပယ်အံ့ဟု ဆယ်ပါးသော ပါရမီတို့ကို ဆင်ခြင်၍ မေတ္တာပါရမီကို ရှေ့သွားပြု၍ တဟုန်တည်းဖြင့်ပျံ၍ ဖွင့်အပ်သော လေသွန်တံခါးမဖြင့်ဝင်၍ မင်း၏နေရာ အောက်သို့ဝင်၏။

ထိုအခါ ထိုကျီးကို တယောက်သောသူသည် ဖမ်းလိုသည်ဖြစ်၏။ မင်းသည် ဘေးလွတ်ရာဝင်၏။ မဖမ်းလင့်ဟု မြစ်၏။ ဘုရားလောင်းသည် အတန်ငယ် အပင်အပန်းဖြေ၍ မေတ္တာပါရမီကိုဆင်ခြင်၍ နေရာအောက်မှထွက်၍ မင်းကို မြတ်သောမင်းကြီး မင်းမည်သည် ဆန္ဒအစရှိသည်၏ အစွမ်းအားဖြင့် မလားမူ၍ မင်းပြုအံ့သောငှါ သင့်၏။ အကြင်အမှုကို ပြုအပ်၏။ ထိုအမှုကို စုံစမ်း ဆင်ခြင်၍ ပြုခြင်းငှါ သင့်၏။ ပြုအပ်သော အကြင်အမှုသည် ပြီး၏။ ထိုအမှုကိုသာလျှင် ပြုခြင်းငှါ သင့်၏။ ဤမှတပါး အမှုကို မပြုအပ်၊ ပြုအပ်သော အကြင်အမှုသည် မပြီး၊ ထိုအမှုကို မင်းတို့သည် အကယ်၍ပြုကုန်အံ့၊ လူအများအား သေဘေးအဆုံးရှိသော ကြီးစွာသော ဘေးသည်ဖြစ်လတ္တံ့၊ ပုရောဟိတ်သည် ရန်ငြိုးဖွဲ့သည်ဖြစ်၍ မုသားဆိုခြင်းကို ပြု၏။ ကျီးတို့အား အဆီမည်သည် မရှိဟု ဆို၏။

ထိုစကားကိုကြား၍ မင်းသည် ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍ ဘုရားလောင်းကို ရွှေအင်းပျဉ်၌နေစေ၍ ထိုရွှေအင်းပျဉ်၌ နေသော ဘုရားလောင်း၏ အတောင်တို့ကို အကြိမ်တရာ အကြိမ်တထောင် ချက်အပ်သော ဆီတို့ဖြင့်လိမ်း၍ ရွှေခွက်ငယ်နှင့် မင်းအားထိုက်သော ကောင်းသောဘောဇဉ်ကို ပေးစေ၍ ဝသော ကင်းသောပူပန်ခြင်းရှိသော ဘုရားလောင်းကို ပညာရှိ သင်သည် ကျီးတို့အား အဆီမည်သည် မရှိဟုဆို၏။ အဘယ်အကြောင်းကြောင့် ကျီးတို့အား အဆီမရှိသနည်းဟု မေး၏။ ထိုအခါ မင်းကို ဘုရားလောင်းသည် ဤအကြောင်းကြောင့်၎င်း ဤအကြောင်းကြောင့်၎င်း အဆီမရှိဟု အလုံးစုံသော မင်းအိမ်ကို တစပ်တည်းသော အသံရှိသည်ကိုပြု၍ တရားဟောလိုရကား-

၁၄၀။ နိစ္စံ ဥဗ္ဗိဂ္ဂဟဒယာ၊ သဗ္ဗလောကဝိဟေသကာ။
တသ္မာ နေသံ ဝသာ နတ္ထိ၊ ကာကာနမှာက ဉာတိနံ။

ဟူသော ဤဂါထာကို ဆို၏။

၁၄၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ကာကာ နာမ၊ ကျီးတို့မည်သည်ကား။ နိစ္စံ၊ အမြဲ။ ဥဗ္ဗိဂ္ဂဟဒယာ၊ ထိတ်လန့်သော နှလုံးရှိကုန်၏။ သဗ္ဗလောကဝိဟေသကာ၊ ခပ်သိမ်းသောလူတို့ကို ညှဉ်းဆဲတတ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ အမှာကံ၊ ငါတို့၏။ ဉာတီနံ၊ အဆွေအမျိုးဖြစ်ကုန်သော။ နေသံ ကာကာနံ၊ ထိုကျီးတို့အား။ ဝသာ၊ အဆီသည်။ နတ္ထိ၊ မရှိ။

လွန်လေပြီးသောအခါကလည်း မဖြစ်စဘူး။ နောင်အခါ၌လည်း မဖြစ်လတ္တံ့၊ ဤသို့ ဘုရားလောင်းသည် ဤအကြောင်းကို ထင်စွာပြု၍ မြတ်သောမင်းကြီး မင်းမည်သည် မစုံစမ်းမဆင် ခြင်မူ၍ မပြုအပ်ဟု မင်းကို သိစေ၏။ မင်းသည်လည်း နှစ်သက်၍ ဘုရားလောင်းအား မင်းအဖြစ်ဖြင့် ပူဇော်၏ ဘုရားလောင်းသည် မင်းအဖြစ်ကိုခံ၍ မင်းအားအပ်နှင်း၏။ မင်းကို ငါးပါးကုန်သော သီလတို့၌တည်စေ၍ ခပ်သိမ်းကုန်သောသတ္တဝါတို့အား ဘေးမဲ့ကိုတောင်း၏။ မင်းသည်လည်း ဘုရားလောင်း၏ ဒေသနာကိုနာရ၍ ခပ်သိမ်းကုန်သောသတ္တဝါတို့အား ဘေးမဲ့ပေး၍ ကျီးတို့အား အမြဲဖြစ်သော အလှူဝတ်ကိုတည်စေ၏။ နေ့တိုင်းနေ့တိုင်း တဆယ့်တစိတ်သောဆန်ကို ထမင်းချက်စေ၍ အထူးထူးသော မြတ်သော အရာဖြင့်နယ်၌ ကျီးတို့အားလှူ၏။ ဘုရားလောင်းအားကား မင်း၏ဘောဇဉ်ကိုလျှင် လှူ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကျီးမင်းဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆွေမျိုးအကျိုး၊ ဆောင်သည်ပိုး၊ ဘေးမျိုးရန်ကွာ စည်းစိမ်ဖြာ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကာကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကကဏ္ဋကဝဂ်

၁။ ဂေါဓာဇာတ်

ဆန့်ကျင်ဘက်အဆွေခင်ပွန်းနှင့်မပေါင်းအပ်သော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် န ပါပဇန သံသေဝီ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂေါဓာဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ဆန့်ကျင်ဘက် အဆွေခင်ပွန်းကို ပေါင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန် ဝတ္ထုသည် မဟိဠာမုခဇာတ်၌ ဆိုအပ်ပြီးသည်နှင့်တူသလျှင်ကတည်း)။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ဖွတ်အမျိုး၌ ပဋိသန္ဓေ နေ၏။ ထိုဘုရားလောင်းသည် အရွယ်သို့ရောက်သည်ရှိသော် မြစ်နား၌ တွင်းကြီး၌ အရာမကသောဖွတ်တို့ဖြင့် ခြံရံလျက် နေ၏။ ထိုဖွတ်မင်း၏သားဖြစ်သော ဖွတ်ငယ်သည် တခုသောပုတ်သင်နှင့်တကွ အဆွေခင်ပွန်းဖွဲ့ခြင်းကိုပြု၍ ထိုပုတ်သင်နှင့်တကွ ဝမ်းမြောက်ဝမ်းသာနေလျှက် ပုတ်သင်ကို ဘက်အံ့ဟု ဖိ၏။ ထိုဖွတ်ကို ထိုပုတ်သင်နှင့်တကွ အကျွမ်းဝင်ခြင်းကို ဖွတ်မင်းအား ကြားကုန်၏။ ဖွတ်မင်းသည် သားကိုခေါ်စေ၍ အမောင် သင်သည် အရာမဟုတ်သည်၌ အကျွမ်းဝင်ခြင်းကိုပြု၏။ ပုတ် သင်တို့မည်သည် ယုတ်သောအမျိုးရှိကုန်၏။ ထိုပုတ်သင်နှင့်တကွ အကျွမ်းဝင်ခြင်းကို မပြုအပ်၊ သင်သည် ထိုပုတ်သင်နှင့်တကွ အကျွမ်းဝင်ခြင်းကို အကယ်၍ ပြုလတ္တံ့၊ ထိုပုတ်သင်ကိုမှီ၍ အလုံးစုံလည်းဖြစ်သော ဖွတ်အမျိုးသည် ပျက်စီးခြင်းသို့ ရောက်လတ္တံ့၊ ဤနေ့မှစ၍ ထိုပုတ်သင်နှင့်တကွ အကျွမ်းဝင်ခြင်းကို မပြုလင့်ဟု ဆို၏။ ထိုဖွတ်ငယ်သည် ပြုသည်သာလျှင်တည်း။

ဘုရားလောင်းသည် အဖန်တလဲလဲဆိုသော်လည်း ထိုဖွတ်ငယ်အား ထိုပုတ်သင်နှင့်တကွ အကျွမ်းဝင်ခြင်းကို မြစ်အံ့သောငှါ မတတ်နိုင် သည်ဖြစ်၍ ငါတို့အား ထိုပုတ်သင်ကိုမှီ၍ ဘေးဖြစ်လတ္တံ့၊ ထိုဘေးဖြစ်သည်ရှိသော် ပြေးရာခရီးကို ပြည့်စုံစေခြင်းငှါ သင့်၏ဟု နံပါးတဘက်၌ ကယ်ပေါက်ကို ပြုစေ၏ ဖွတ်မင်း၏သားသည်လည်း အစဉ်သဖြင့် ကြီးသောကိုယ်ရှိသည် ဖြစ်၏။ ပုတ်သင်သည်ကား ရှေးပမာဏရှိသည်သာလျှင် ဖြစ်၏။ ဖွတ်သည် ပုတ်သင်ကို ဘက်အံ့ဟု ရံခါ ဖိသလျှင်ကတည်း၊ ပုတ်သင်အား တောင်ထွဋ်ဖြင့် ဖိသကဲ့သို့ဖြစ်၏။ ထိုပုတ်သင်သည် ပင်ပန်းသည်ဖြစ်၍ ဤဖွတ်သည် နှစ်ရက် သုံးရက်တို့ပတ်လုံး ငါ့ကို ဤသို့ ဘက်လတ္တံ့၊ ငါ၏အသက်သည် မရှိပြီး၊ တယောက်သော မုဆိုးနှင့်တကွ ပေါင်းသည်ကိုပြု၍ ဤဖွတ်အမျိုးကို ဖျက်အံ့ဟု ကြံ၏။ ကြံပြီး၍ ထို့နောင်မှ တနေ့သ၌ နေ့အခါ၌ မိုဃ်းရွာသည်ရှိသော် တောင်ပို့မှယင်တို့သည် ထွက်ကုန်၏။ ထိုထိုအရပ်မှ ဖွတ်တို့သည် ထွက်ကုန်၍ ယင်တို့ကို စားကုန်၏။

တယောက်သော ဖွတ်မုဆိုးသည် ဖွတ်တွင်းကိုဖျက်အံ့ဟု ပေါက်တူးကိုကိုင်၍ ခွေးတို့နှင့်တကွ တောသို့ဝင်၏။ ပုတ်သင်သည် ထိုမုဆိုးကိုမြင်၍ ငါ၏ နှလုံးအလိုကိုဖြည့်အံ့ဟု မူဆိုးအထံသို့ကပ်၍ အို... ယောက်ျား အဘယ့်ကြောင့် တော၌ လှည့်လည်သနည်းဟု မေး၏။ ဖွတ်တို့၏ အကျိုးငှါ လှည့်လည်၏ဟု ဆို၏။ ငါသည် များစွာသော ဖွတ်တို့၏နေရာကို သိ၏ ထိုနေရာကို ပြအံ့၊ မီးကို၎င်း ကောက်ရိုးကို၎င်း ယူ၍ လာလောဟု ဆို၏။ ထိုမုဆိုးကို ထိုအရပ်သို့ ပို့ ဆောင်၍ တောင်ပို့ကိုပြ၍ အိုယောက်ျား သင်သည် ဤတောင်ပို့၌ ကောက်ရိုးကိုထည့်၍ မီးကိုတိုက်ပြီးလျှင် အခိုးကိုလွှတ်၍ ထက်ဝန်းကျင်မှ ခွေးတို့ကိုထား၍ မိမိသည် ဆောက်ပုတ်ကြီးကိုကိုင်၍ ထွက်တိုင်းထွက်တိုင်းကုန်သောဖွတ်တို့ကို ရိုက်သတ်၍ အစုကိုပြုလော၊ ဤသို့လည်းဆို၍ ယနေ့ ရန်သူ၏ပျက်စီးခြင်းကို မြင်ရလတ္တံ့ဟု တခုသောအရပ်၌ ဦးခေါင်းကိုထောင်၍ အိပ်၏။

မုဆိုးသည်လည်း ကောက်ရိုးမီးခိုးကို လွှတ်၏။ အခိုးသည် တွင်းဝသို့ ဝင်၏။ ဖွတ်တို့သည် အခိုးသင့်ကုန်၍ သေဘေးမှကြောက်ကုန်ရကား ထွက်၍ပြေးအံ့သောငှါ အားထုတ်ကုန်၏။ မုဆိုးသည်လည်း ထွက်တိုင်း ထွက်တိုင်းကုန်သောဖွတ်တို့ကို ရိုက်သတ်၏။ မူဆိုးလက်မှ လွတ်တိုင်း လွတ်တိုင်းကုန်သော ဖွတ်တို့ကို ခွေးတို့သည် ဖမ်းကုန်၏။ ဖွတ်တို့အား ကြီးစွာသောပျက်စီးခြင်းသည် ဖြစ်၏။ ဘုရားလောင်းသည် ပုတ်သင်ကိုမှီ၍ ဘေးဖြစ်၏ဟုသိ၍ ယုတ်မာသောယောက်ျားနှင့် ပေါင်းဘော်ခြင်းမည်သည်ကို မပြုအပ်၊ ယုတ်မာသောသူတို့ကိုမှီ၍ စီးပွားချမ်းသာ မည်သည် မရှိ၊ ထိုယုတ်မာသော ပုတ် သင်၏ အစွမ်းအားဖြင့် ဤမျှ အတိုင်းအရှည်ရှိကုန်သော ဖွတ်တို့၏ပျက်စီးခြင်းသည် ဖြစ်၏ဟု ကယ်ပေါက်ဖြင့် ပြေး၍-

၁၄၁။ န ပါပဇနသံသေဝီ၊ အစ္စန္တ သုခမေတိ။
ဂေါဓာကုလံ ကကဏ္ဋာဝ၊ ကလိံ ပါပေတိ အတ္တာနံ၊

ဟူသော ဤဂါထာကို ဆို၏။

၁၄၁။ ဂေါဓာကုလံ၊ ဖွတ်မျိုးသည်။ ကကဏ္ဋာ၊ ပုတ် သင်မှ။ သုခံ၊ ချမ်းသာကို။ န ဧဓတိ ဣဝ၊ မရသကဲ့သို့။ ပါပဇနသံသေဝီ၊ ယုတ်မာသော အဆွေ ခင်ပွန်းနှင့် ပေါင်းဘော်သော သူသည်။ အစ္စန္တသုခံ၊ စင်စစ် ချမ်းသာကို။ န ဧဓတိ၊ မရ။ အတ္တာနံ၊ ကိုယ်ကို။ ကလိံ၊ ပျက်စီးခြင်းသို့။ ပါပေတိ၊ ရောက်စေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ပုတ်သင်ဖြစ်ဘူး၊ ယခုအခါ ဆန့် ကျင်ဘက် အဆွေ ခင်ပွန်းကို ပေါင်းဘော်သော ရဟန်းသည် ထိုအခါ ဘုရားလောင်း၏ သားဖြစ်သော ဖွတ်ငယ်ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဖွတ်မင်း ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ဆန့်ကျင်ဘက်သား၊ မိတ်ဆွေထား၊ အများ ပျက်စီးမည်

ရှေးဦးစွာသော ဂေါဓာဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကကဏ္ဋကဝဂ်

၂။ သိင်္ဂါလဇာတ်

ဒေဝဒတ်အလောင်းသည် ဘုရားလောင်းအား သတ်ခြင်းငှာလုံ့လပြုသော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဧတံ ဟိ တေ ဒုရာဇာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသိင်္ဂါလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်၏ သတ်အံ့သောငှါ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တရားသဘင်၌

ရဟန်းတို့၏စကားကို ကြားတော်မူ၍ မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝ ဒတ်သည် ငါဘုရားအား သတ်ခြင်းငှါ လုံ့လပြုသည်မဟုတ်သေး၊ ရှေး၌လည်း သတ်အံ့သောငှါ လုံ့လပြုဘူးသလျှင်ကတည်း၊ ထိုသို့ ပြုငြားသော်လည်း ဘုရားကို သတ်အံ့သောငှါ မတတ်နိုင်၊ မိမိသည်သာလျှင် ပင်ပန်း၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် မြေခွေးဝမ်း၌ ပဋိသန္ဓေယူသဖြင့် မြေခွေးမင်းဖြစ်၍ မြေခွေးအပေါင်းခြံရံလျက် သုသာန်တော၌နေ၏။ ထိုအခါ ရာဇဂြိုဟ်ပြည်၌ ပွဲသဘင်ဖြစ်၏။ များ သောအားဖြင့် လူတို့သည် သေသောက်ကုန်၏။ ဤပွဲသည် သေသောက်သည်သာလျှင် ဖြစ်သ တတ်၊ ဤပွဲ၌ များစွာသော သေသောက်ကြူးတို့သည် များစွာသော သေကို၎င်း၊ အမဲကို၎င်း ဆောင်ခဲ့စေ၍ တန်ဆာဖြင့် ဆင်ယင်ကုန်လျက် သီ၍ သီ၍ သေကိုလည်း သောက်ကုန်၏။ အမဲကိုလည်း စားကုန်၏။ ထိုသေသောက်ကြူးတို့အား ပဌမယာမ်၏အဆုံး၌လျှင် အမဲသည်ကုန်၏။ သေသည်ကား များသေးသလျှင်ကတည်း။ ထိုအခါ တယောက်သော သေသောက်ကြူးသည် အမဲတို့ကိုပေးလော့ဟုဆို၏။ အမဲသည် ကုန်ပြီဟု ဆိုသည်ရှိသော် ငါသည် ထင်ရှားရှိစဉ် အမဲ၏ ကုန်ခြင်းမည်သည် မရှိဟု ဆို၍ အစိမ်းပစ်ရာသုသာန်၌ လူသ၏အသားကို စားအံ့သောငှါ လာသော မြေခွေးကိုသတ်၍ အသားကိုဆောင်အံ့ဟု ဆောက်ပုတ်ကို ကိုင်၍ ပြွန်ပေါက်ခရီးဖြင့် မြို့မှထွက်၍ သုသာန်သို့သွား၍ ဆောက်ပုတ်ကိုကိုင်၍ ထိုခဏ၌သူသေကဲ့သို့ ပက်လက်အိပ်၏။

ဘုရားလောင်းသည် မြေခွေးအပေါင်းခြံရံလျက် ထိုသုသာန်သို့ သွား၏။ ထိုသေသောက် ကြူးကိုမြင်၍ ဤသူသည် မသေဟုသိ၍လည်း အတိုင်းထက်အလွန် စုံစမ်းဦးအံ့ဟု ထိုသေ သောက်ကြူး၏ လေအောက်၌ ရပ်၍ ကိုယ်နံ့ကိုနမ်း၍ အဟုတ်အမှန် သေသောက် ကြူး၏ မသေသောအဖြစ်ကိုသိ၍ ထိုသေသောက်ကြူးကိုရှက်စေ၍ လွှတ်လိုက်အံ့ဟု သွား၍ ဆောက်ပုတ်စွန်း၌ကိုက်၍ ငင်၏။ သေသောက်ကြူးသည် ဆောက်ပုတ်ကိုမလွှတ်ဘဲ ကပ်လာသောမြေခွေးကို ကြည့်လျက်သာလျှင် မြဲစွာကိုင်၏။ ဘုရားလောင်းသည်ဖဲ၍ အို ယောက်ျား သင်သည် သေသည် အကယ်၍ ဖြစ်ငြားအံ့၊ ငါသည် ဆောက် ပုတ်ကို ငင်သည်ရှိသော် အတိုင်းထက်အလွန် မြဲစွာမကိုင်ရာ၊ ဤသို့သောအကြောင်းကြောင့် သေသောအဖြစ်ကို၎င်း၊ မသေသောအဖြစ်ကို၎င်း သိနိုင်ခဲ၏ဟု ဆိုလို၍-

၁၄၂။ ဧတံ ဟိ တေ ဒုရာဇာနံ၊ ယံ သေသိ မတသာယိတံ။
ယဿ တေ ကဍ္ဎမာနဿ၊ ဟတ္ထာ ဒဏ္ဍော န မုစ္စတိ။

ဟူသော ဤဂါထာကို ဆို၏။

၁၄၂။ ဘော ပုရိသ၊ အိုယောကျ်ား။ တွံ၊ သင်သည်။ ယံ-ယေန ကာရဏေန၊ အကြင် အကြောင်းကြောင့်။ မတသာယိတံ၊ သူသေကဲ့သို့သော အိပ်ခြင်းကို။ သေသိ၊ အိပ်၏။ ကဍ္ဎမာနဿ၊ ငင်အပ်သော။ ယဿ တေ၊ အကြင် သင်၏။ ဟတ္ထာ၊ လက်မှ။ ဒဏ္ဍော၊ ဆောက်ပုတ်သည်။ န မုစ္စတိ၊ မလွတ်။ တေ၊ သင်၏။ ဧတံ ကာရဏံ၊ ထိုအကြောင်းကို ဒုရာဇာနံ၊ သိနိုင်ခဲ၏။

ဤသို့ဆိုသည်ရှိသော် ထိုသေသောက်ကြူးသည် ထိုမြေခွေးသည် ငါ၏မသေသောအဖြစ်ကို သိ၏ဟု ထ၍ ဆောက်ပုတ်ဖြင့် ပစ်၏။ ဆောက် ပုတ်သည် ချွတ်ယွင်း၏။ သေသောက်ကြူးသည် ယခု ငါသည် ချွတ်ယွင်းသည် ဖြစ်၏။ သင်သည် သွားလေလော့ဟု ဆို၏။ ဘုရားလောင်းသည် ပြန်၍ အို ယောက်ျား သင်သည် ငါ့ကိုကား ချွတ်ယွင်း၏။ ရှစ်ထပ်သော ငရဲကြီးတို့ကို၎င်း, တဆယ့်ခြောက်ထပ်သော ဥဿဒရက်ငရဲငယ်တို့ကို၎င်း မချွတ်ယွင်းသည်သာလျှင်တည်းဟုဆို၍ ဖဲလေ၏။ သေသောက်ကြူးသည် တစုံတခုကိုမရမူ၍ သုသာန်မှထွက်၍ ကျုံး၌ရေချိုး၍ လာသောခရီးဖြင့်သာလျှင် မြို့သို့ဝင်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ သေသောက်ကြူး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မြေခွေး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သူတပါးကို။ သေစေလို၊ ကိုယ်ကိုပင်ပန်း ကျိုးမလန်း

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သိင်္ဂါလဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကကဏ္ဋကဝဂ်

၃။ ဝိရောစဇာတ်

မတုပအပ်သည်ကိုတုပသောကြောင့် ကြီးစွာပျက်စီးခြင်းသို့ရောက်သော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် လသီ စ တေ နိပ္ဖလိတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝိရောစဇာကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်သည် ဂယာသီသ၌ မြတ်စွာဘုရား အတုပြုသည်၏အဖြစ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ဒေဝဒတ်သည် ယုတ်သောဈာန်ရှိသည်ဖြစ်၍ ယုတ်သော လာဘ်ရှိသည်ဖြစ်၍ တခုသော အကြောင်းသည်ရှိ၏ဟုကြံ၍ မြတ်စွာဘုရားကို ငါးပါးသောဝတ္ထုတို့ကိုတောင်း၍ မရသည်ရှိသော် နှစ်ပါးစုံသောအဂ္ဂသာဝကတို့၏ အတူနေတပည့်ဖြစ်ကုန်သော ရဟန်းသစ်ဖြစ်ကုန်သော ဓမ္မ, ဝိနယ၌မလိမ်မာကုန်သော ငါးရာကုန်သော ရဟန်းတို့ကိုခေါ်၍ ဂယာသီသသို့သွား၍ သံဃာကိုခွဲ၍ တသိမ်တည်း၌ အသီးသီးသောသံဃာ့ကံကိုပြု၍ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ ဉာဏ်ရင့်သောကာလကို သိ၍ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကို စေ၏။ ထိုအဂ္ဂ သာဝကတို့ကိုမြင်၍ ဒေဝဒတ်သည် နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ ညဉ့်အခါ၌ တရားကိုဟောလတ်သည်ရှိသော် ဘုရား၏တင့်တယ်စံပယ်ခြင်းကိုပြုအံ့ဟု မြတ်စွာဘုရား၏အတုကို ပြုလို၍ ငါ့သျှင်သာရိပုတ္တရာ ရဟန်းသံဃာသည် ကင်းသောထိနမိဒ္ဓရှိ၏။ သင်သည် ရဟန်းတို့အား တရားဟောပါလော့၊ ငါ၏ ကျောက်သည် ညောင်းညာ၏။ ငါသည် ထိုကျောက်ကို ဆန့်ဦးအံ့ဟုဆို၍ အိပ်ပျော်ခြင်းသို့ရောက်၍ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့သည် ထိုရဟန်းတို့အားတရားဟော၍ အရဟတ္တဖိုလ်ဖြင့်နိုးစေ၍ ခပ်သိမ်းကုန်သော ရဟန်းတို့ကို ယူ၍ ဝေဠုဝန်ကျောင်းသို့သာလျှင် ပြန်ကုန်၏။

ကောကာလိကသည် အချည်းနှီးသောကျောင်းကိုမြင်၍ ဒေဝဒတ်၏အထံသို့သွား၍ ငါ့သျှင်ဒေဝဒတ် သင်၏ပရိသတ်ကိုဖျက်၍ နှစ်ပါးကုန်သောအဂ္ဂသာဝကတို့သည် ကျောင်းကိုအချည်းနှီးပြု၍ သွားကုန်၏။ သင်သည်ကား အိပ်သည်သာလျှင်တည်းဟုဆို၍ ထိုဒဝဒတ်၏ ကိုယ် ဝတ်သင်္ကန်းကို ပယ်၍ နံရံ၌ ကျောက်တို့ဖြင့်ကြိတ်သကဲ့သို့ ဒေဝဒတ်ကိုဖနောင့်ဖြင့်ရင်၌ ကျောက်၏။ ထိုခဏ၌ပင်လျှင် ထိုဒေဝဒတ်၏ ခံတွင်းမှ သွေးအန်၏။ ထိုဒေဝဒတ်သည် ထိုအခါမှစ၍ နာသည်ဖြစ်၏။ မြတ်စွာဘုရားသည် သာရိပုတ္တရာမထေရ်ကို သာရိပုတ္တရာ သင်တို့လိုက်သွားသောကာလ၌ ဒေဝဒတ်သည် အသို့ပြုသနည်းဟု မေးတော်မူ၏။ အရှင်ဘုရား ဒေဝဒတ်သည် အကျွန်ုပ်တို့ကိုမြင်၍ ဘုရား၏တင့်တယ် စံပယ်ခြင်းကိုပြုအံ့ဟု မြတ်စွာဘုရား၏ အတုကိုပြု၍ ကြီးစွာသောပျက်စီးခြင်းသို့ရောက်၏ဟု လျှောက်၏။ မြတ်စွာဘုရားသည် သာရိပုတ္တရာ ဒေဝဒတ်သည် ယခုသာလျှင် ငါ၏အတုကိုပြု၍ ပျက်စီးခြင်းသို့ ရောက်သည် မဟုတ်သေး၊ ရှေး၌လည်း ရောက်ဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၏။ သရိပုတ္တရာမထေရ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ကေသ ရာဇာခြင်္သေ့ ဖြစ်၍ ဟိမဝန္တာအရပ်၌ ရွှေဂူ၌ နေ၏။ ထိုကေသရာဇာခြင်္သေ့သည် တနေ့သ၌ ဂူမှထွက်၍ အရပ်လေးမျက်နှာကိုကြည့်၍ ခြင်္သေ့သံကိုဟောက်၍ အစာရှာအံ့သောငှာ သွားသည်ရှိသော် ကျွဲကြီးကိုသတ်၍ မြတ်သောအသားကိုစားပြီးသည်ရှိသော် တခုသောအိုင်သို့သက်၍ ပတ္တမြားအဆင်းနှင့်တူသောရေဖြင့် ဝမ်းကိုပြည့်စေ၍ လိုဏ်ကိုရည်၍သွား၏။ ထိုအခါ တခုသော မြေခွေးသည် အစာရှာသွားသည်ရှိသော် အဆောတလျှင် ခြင်္သေ့ ကိုမြင်၍ ပြေးအံ့သော မတတ်နိုင်သည်၏အဖြစ်ကြောင့် ခြင်္သေ့၏ရှေ့မှ လက် တို့ဖြင့်ရှိခိုး၍ ဝပ်၏။ မြေခွေး အသို့ပြုသနည်းဟုဆိုသည်ရှိသော် အရှင်အကျွန်ုပ်သည် အရှင်၏ ခြေရင်း၌ လုပ်ကျွေးလို၏ဟု ဆို၏။ ခြင်္သေ့သည် ကောင်းပြီ လာလော ငါ့ကိုလုပ်ကျွေးလော့၊ သင့်ကို မြတ်သောအသားကို စားစေအံ့ဟုဆို၍ မြေ ခွေးကိုခေါ်၍ ရွှေဂူသို့သွား၏။ မြေခွေးသည် ထိုအခါမှစ၍ ခြင်္သေ့၏စားကြွင်းကို စား၏။ ထိုမြေ ခွေးသည် နှစ်ရက် သုံးရက် လွန်သဖြင့်လျှင် ဝသောကိုယ်ရှိသည် ဖြစ်၏။ ထိုအခါ ထိုမြေခွေးကို တနေ့သ၌ ဂူ၌အိပ်လျက်လျှင် ခြင်္သေ့သည် မြေ ခွေးသွားချေ တောင်ထိပ်၌ရပ်၍ တောင်ခြေရင်း၌ လှည့်လည်ကုန်သော ဆင်မြင်းကျွဲအစရှိသည်တို့တွင် အကြင်သား၏ အသားကို စားလို၏။ ထိုသားကိုကြည့်ပြီးလျှင် လာလတ်၍ ဤမည်သော သား၏အသားကို စားလို၏ဟုဆို၍ ငါ့ကိုရှိခိုး၍ အရှင်ထွန်းပလောဟုဆိုလော့၊ ငါသည် ထိုသားကိုသတ်၍ မြတ်သောအသားကိုစား၍ သင့်အားလည်း ပေးအံ့ဟု ဆို၏။ မြေခွေးသည် တောင် ထိပ်သို့တက်၍ အထူးထူးအပြားပြားရှိကုန်းသာ သားတို့ကိုကြည့်၍ အကြင်သား၏ အသားကိုလျှင် စားလို၏ ရွှေဂူသို့ဝင်၍ ထိုသားကိုလျှင် ခြင်္သေ့အားကြား၍ အရှင်ထွန်းပလောဟု ဆို၏။ ခြင်္သေ့သည် လျင်စွာပြေး၍ အမုန်ယစ်သော မြတ်သောဆင်သည်လည်း အကယ်၍ဖြစ်အံ့၊ ထိုအရပ်၌လျှင် ထိုဆင်ကို အသက်ကုန်ခြင်းသို့ရောက်စေ၍ မိမိသည်လည်း မြတ်သောအသားကို စား၏။ မြေခွေးအားလည်း ပေး၏။ မြေခွေးသည် ဝမ်းပြည့်အောင် အသားကိုစား၍ ဂူသို့ဝင်၍ အိပ်၏။

ထိုမြေခွေးသည် ကာလရှည်သည်ရှိသော် ငါသည်လည်း အခြေလေးချောင်းရှိလျှင်ကတည်း၊ အဘယ်ကြောင့် သူတပါးတို့သည် မွေးကျွေးအပ်သည်ဖြစ်၍ နေအံ့နည်း။ ဤနေ့မှစ၍ ငါသည်လည်း ဆင်အစရှိသည်တို့ကိုသတ်၍ အသားကို စားအံ့၊ သားတို့၏မင်းဖြစ်သော ခြင်္သေ့သည် အရှင်ထွန်းပလောဟု ဆိုသောစကားကိုလျှင်မှီ၍ ဆင်တို့ကို သတ်၏။ ငါသည်လည်း ခြင်္သေ့ကို ဇမ္ဗုက ထွန်းပလောဟုဆိုစေ၍ တခုသော ဆင်ကိုသတ်၍ အသားကိုစားအံ့ဟု မာနကိုပွားစေ၏။ ထိုမြေခွေးသည် ခြင်္သေ့သို့ ကပ်၍ အရှင်ငါသည် ရှည်မြင့်သောကာလပတ်လုံး အရှင်တို့သည် သတ်အပ်သော ဆင်တို့၏အသားကို စားအပ်၏။ အကျွန်ုပ်သည်လည်း တခုသောဆင်ကိုသတ်၍ အသားကိုစားလို၏။ ထို့ကြောင့် သင်တို့၏အိပ်ရာရွှေဂူ၌ အိပ်အံ့၊ သင်တို့သည် တောင်ခြေရင်း၌ သွားသောဆင်ကိုကြည့်၍ ငါ၏အထံသို့လာ၍ ဇမ္ဗုက ထွန်းပလောဟု ဆိုကုန်လော့၊ ဤမျှ၌ ဝန် တိုခြင်းကို မပြုပါကုန်လင့်ဟု ဆို၏။

ထိုအခါ ထိုမြေခွေးကို ခြင်္သေ့သည် မြေခွေး သင်သည် ဆင်တို့ကို သတ်အံ့သောငှါ မစွမ်းနိုင်၊ ခြင်္သေ့အမျိုး၌ဖြစ်သော ဆင်ကိုသတ်၍ အသားကိုစားအံ့သောငှါ စွမ်းနိုင်သော မြေခွေးမည်သည် လောက၌မရှိ။ သင်သည် ထိုအမှုကိုမနှစ်သက်လင့်၊ ငါသည် သတ်အပ်သောဆင်၏သာလျှင် အသားကိုစား၍ နေလော့ဟု ဆို၏။ မြေခွေးသည် ဤသို့ ဆိုငြားသော်လည်း ကြဉ်အံ့သောငှါအလိုမရှိ၊ အဖန်တလဲလဲ တောင်းပန်သလျှင်ကတည်း၊ ခြင်္သေ့သည် ထိုမြေခွေးကို မြစ်အံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ဝန်ခံ၏။ ထိုသို့တပြီးကား ငါ၏ နေရာအရပ်သို့ဝင်၍ အိပ်လောဟု မြေခွေးကို ရွှေဂူ၌အိပ်စေ၍ တောင်ခြေရင်း၌ အမုန်ယစ်သော ဆင်ကိုကြည့်၍ ရွှေဂူတံခါးသို့ သွား၍ မြေခွေး ထွန်းပလောဟုဆို၏။ မြေခွေးသည် ရွှေဂူလိုဏ်မှထွက်၍ အရပ်လေးမျက်နှာကိုကြည့်၍ သုံးကြိမ်ဟောင်၍ အမုန်ယစ်သော မြတ်သောဆင်၏ ဦးကင်း၌ ကျအံ့ဟု ပြေး၍ ဆင်ခြေရင်း၌ ကျ၏။ ဆင်သည် လက်ျာခြေကိုချီ၍ မြေခွေး၏ ဦးခေါင်းကိုနင်း၏။ ဦးခေါင်းရိုးတို့သည် မှုန့်မှုန့်ညက်ညက် ကြေကုန်၏။ ထို့နောင်မှ ထိုမြေခွေး၏ကိုယ်ကို ဆင်သည် ခြေဖြင့်ခွေ၍ အစုကိုပြု၍ အထက်၌ မစင်ကိုချ၍ ကြိုးကြာသံကဲ့သို့သော အသံကိုမြည်၍ တောသို့ဝင်၏။ ဘုရားလောင်းသည် ဤအကြောင်းကိုမြင်၍ ယခုအခါ၌ မြေခွေး ထွန်းပလောဟု ဆို၍-

၁၄၃။ လသီ စ တေ နိပ္ဖလိတာ၊ မတ္ထကော စ ပဒါလိတော။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ အဇ္ဇ ခေါ တွံ ဝိရောစသိ။

ဟူသော ဤဂါထာကို ဆို၏။

၁၄၃။ ဇမ္ဗုက၊ မြေခွေး။ တေ၊ သင်၏။ လသီ စ၊ ဦးနှောက်သည်လည်း။ နိပ္ဖလိတာ၊ ထွက်၏။ မတ္ထကော စ၊ ဦးခေါင်းသည်လည်း။ ပဒါလိတော၊ ကွဲ၏။ တေ၊ သင်၏။ သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ ဖာသုကာ၊ နံရိုးတို့သည်။ ဘဂ္ဂါ၊ ကျိုးကုန်ပြီ။ အဇ္ဇ ခေါ၊ ယခုလျှင်။ တွံ၊ သင်သည်။ ဝိရောစသိ၊ ထွန်း ပလော့။

ဘုရားလောင်းသည် ဤဂါထာကိုဆို၍ အသက်ထက်ဆုံးတည်၍ ကံအားလျှော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မြေခွေး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကေသရရာဇာခြင်္သေ့ ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

မတူတဲ့ဟာ၊ မတုရာ၊ ကိုယ်သာ ပျက်စီးမည်

သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဝိရောစဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကကဏ္ဋကဝဂ်

၄။ နင်္ဂုဋ္ဌဇာတ်

ဘုရားလောင်းသည် မိစ္ဆာအယူကိုကျင့်ပြီးမှ ပယ်စွန့်သော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဗဟုမ္ပေတံ အသဗ္ဘ ဇာတဝေဒ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤနင်္ဂုဋ္ဌဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် တက္ကတွန်းတို့၏ မိစ္ဆာအကျင့်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအခါ ထိုတက္ကတွန်းတို့သည် ဇေတဝန် ကျောင်းတော်၏ နောက်အပြင်၌ အထူးထူးအပြားပြားရှိသော မိစ္ဆာအကျင့်ကို ကျင့်ကုန်သတတ်၊ များစွာကုန်သော ရဟန်းတို့သည် ထိုတက္ကတွန်းတို့၏ ဆောင့်ကြောင့် ထိုင်၍ လုံ့လပြုခြင်း လင်းနို့ကဲ့သို့ တွဲလျားဆွဲ၍ ကျင့်ခြင်း, ဆူးပေါ်၌ အိပ်ခြင်း ပဉ္စာတပအစရှိသည့် အပြားရှိသော မိစ္ဆာအကျင့်ကိုမြင်၍ မြတ်စွာဘုရားကို အရှင်ဘုရား မိစ္ဆာအကျင့်ကိုမှီ၍ တစုံတခုသော ကုသိုလ်သည်၎င်း, အစီးအပွားသည်၎င်း ရှိပါသလောဟု မေးလျှောက်ကုန်၏။

မြတ်စွာဘုရားသည် ရဟန်းတို့ ဤသို့ သ ဘောရှိသော မိစ္ဆာအကျင့်ကိုမှီ၍ ကုသိုလ်သည်၎င်း, အစီး အပွားသည်၎င်းမရှိ၊ ရှေးပညာရှိတို့သည် ဤသို့သဘောရှိသော မိစ္ဆာအကျင့်ကိုမှီ၍ ကုသိုလ်သည်၎င်း အစီးအပွားသည်၎င်း ဖြစ်လတ္တံ့ဟူသော အမှတ်ရှိသည်ဖြစ်၍ ဖွားသောနေ့၌ ယူအပ်သောမီးကိုယူ၍ တောသို့ဝင်၍ မီးပူဇော်ခြင်းအစရှိသည်၏အစွမ်းဖြင့် တစုံတခုသော အစီးအပွားကို မမြင်ကုန်သည်ဖြစ်၍ မီးကို ရေဖြင့်ငြိမ်းစေ၍ ကသိုဏ်းပရိကံကိုပြု၍ အဘိ ညာဉ်တို့ကို၎င်း, သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဗြဟ္မာပြည်သို့ လားကုန်၏ဟု ဟောတော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ဥဒိစ္စပုဏ္ဏားမျိုး၌ဖြစ်၏။ ဘုရားလောင်း၏ ဖွားသောနေ့၌ မိဘတို့သည် ဖွားသောနေ့မီးကို ယူ၍ထားကုန်၏။ ထိုအခါ ထိုဘုရားလောင်းကို တဆယ့်ခြောက်နှစ်ရှိသောအခါ၌ ချစ်သား ငါတို့သည် သင်၏ဖွားသောနေ့၌ မီးကိုယူကုန်ပြီ၊ အိမ်၌ အကယ်၍ နေလိုငြားအံ့၊ ဗေဒင်သုံးပုံတို့ကို သင်လော့၊ ဗြဟ္မာ့ပြည်သို့ အကယ်၍လားလိုငြားအံ့၊ မီးကိုယူပြီးလျှင် တောသို့ဝင်၍ မီးကိုလုပ်ကျွေးလျှက် ဗြဟ္မာ့ကြီးတို့အားနှစ်သက်စေ၍ ဗြဟ္မာ့ပြည်သို့ လားလေလော့၊ ဤသို့သော စကားကို ဆိုကုန်၏။

ထိုဘုရားလောင်းသည် အိမ်၌နေသဖြင့် ငါ့အားအလိုမရှိဟု မီးကိုယူ၍ တောသို့ဝင်ပြီးလျှင် ကျောင်းဖန်ဆင်း၍ မီးကိုလုပ်ကျွေးလျှက် တော ၌နေ၏။ ဘုရားလောင်းသည် တနေ့သ၌ ပစ္စန္တရစ်ရွာ၌ နွားအလှူကိုရ၍ ထိုနွားကိုကျောင်းသို့ဆောင်၍ ဘုန်းရှိသောမီးကို နွားသားကိုစားစေအံ့ဟုကြံ၏။ ထိုအခါ ဘုရားလောင်းအား ဤအရပ်၌ ဆားသည် မရှိ၊ ဘုန်းရှိသောမီးသည် ဆားမရှိသောအမဲကို စားအံ့သောငှါ မတတ်နိုင်လတ္တံ့၊ ရွာမှ ဆားကိုဆောင်၍ ဘုန်းရှိသောမီးကို ဆားနှင့်တကွသောအမဲကို စားစေအံ့ဟု ကြံ၏။

ဘုရားလောင်းသည် ထိုနွားကို ထိုကျောင်း ၌လျှင် နှောင်ဖွဲ့၍ ဆားအကျိုးငှာ ရွာသို့သွား၏။ ဘုရားလောင်းသည် သွားသည်ရှိသော် များစွာကုန်သောမုဆိုးတို့သည် ထိုအရပ်သို့လာကုန်၍ နွားကိုမြင်သည်ရှိသော် သတ်၍ချက်ပြီးလျှင် စား၍ အမြီးကို၎င်း, ခြေရိုးကို၎င်း, အရေကို၎င်း ထိုအရပ်၌စွန့်၍ ကြွင်းသောအသားကို ယူ၍ သွားကြကုန်၏။ ပုဏ္ဏားသည် လာလတ်၍ အမြီးအစရှိသည်ကိုမြင်၍ ဘုန်းရှိသောဤမီးသည် မိမိဥစ္စာကိုလည်း စောင့်အံ့သောငှါ မတတ်နိုင်၊ ငါ့ကိုကား အဘယ်အခါ၌ စောင့်လတ္တံ့နည်း၊ ဤမီးကိုလုပ် ကျွေးခြင်းသည် အကျိုးမရှိသည် ဖြစ်ရာ၏။ ဤမီးကို လုပ်ကျွေးခြင်းဟူသောအကြောင်းကြောင့် ကုသိုလ်သည်၎င်း အစီးအပွားသည်၎င်း မရှိဟုကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် မီးကိုလုပ် ကျွေးခြင်း၌ ကင်းသောဆန္ဒရှိသည်ဖြစ်၍ ဘုန်းရှိသော အိုမီး သင်သည် မိမိ၏ဥစ္စာကိုလည်း စောင့်အံ့သောငှါ မတတ်နိုင်၊ ငါ့ကို အဘယ်အခါ၌ စောင့်လတ္တံ့နည်း၊ အမဲသည်မရှိ၊ ဤမျှဖြင့် နှစ်သက်လော့ဟု အမြီးအစရှိသည်တို့ကို မီး၌ ထည့်လျက်-

၁၄၄။ ဗဟုမွေတံ အသဗ္ဘိ ဇာတဝေဒ၊ ယံ တံ ဝါလဓိနာဘိပူဇယာမ။
မံသာရဟဿ နတ္ထဇ္ဇ မံသံ၊ နင်္ဂုဋ္ဌမ္ပိ ဘဝံ ပဋိဂ္ဂဟတု၊

ဟူသော ဤဂါထာကို ဆို၏။

၁၄၄။ အသဗ္ဘိ၊ ယုတ်မာသော။ ဇာတဝေဒ၊ မီး။ ယံ- ယေန ကာရဏေန၊ အကြင်အကြောင်းကြောင့်။ တံ၊ သင့်ကို။ မယံ၊ ငါတို့သည်။ ဝါလဓိနာ၊ နွားမြီးဖြင့်။ အဘိပူဇယာမ၊ ပူဇော်ကုန်၏။ ဧတံ၊ ထိုနွားမြီးသည်။ ဗဟုံ၊ များ၏။ မံသာရဟဿ၊ အမဲဖြင့် ပူဇော်ထိုက်သော သင့်အား။ အဇ္ဇ၊ ယခု။ မံသံ၊ ပူဇော်ဘွယ် အမဲသည်။ နတ္ထိ၊ မရှိ။ ဘဝံ၊ အရှင်သည်။ နင်္ဂုဋ္ဌမ္ပိ၊ နွားမြီးကိုလည်း။ ပဋိဂ္ဂဟတု၊ ခံလော့။

ဤသို့ဆို၍ ဘုရားလောင်းသည် မီးကို ရေဖြင့်ငြိမ်းစေ၍ ရသေ့ရဟန်းပြု၍ အဘိညာဉ်တို့ကို၎င်း, သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မီးကိုငြိမ်းစေသော ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မိစ္ဆာအကျင့်၊ ကျိုးမဆင့်၊ အသင့် နှလုံးသွင်း

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော နင်္ဂုဋ္ဌဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကကဏ္ဋကဝဂ်

၅။ ရာဓဇာတ်

မိန်းမတို့အားစောင့်ရှောက်ခြင်းငှာ မတတ်နိုင်သောအကြောင်း*

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်ဘုရားသည်န တွံ ရာဓ ဝိဇာနာသိ အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤရာဓဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည် ဣန္ဒြိယဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့၊ အထူးကား မြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်တော်မူ၍ ရဟန်း မာတုဂါမမည်သည် စောင့်ရှောက်ခြင်းငှာ မတတ်နိုင်၊ အစောင့်အရှောက်ကိုထား၍ စောင့်ရှောက်ကုန်သော်လည်း စောင့်ရှောက်အံ့သောငှါ မတတ်နိုင်ကုန်၊ သင်သည်လည်း ရှေး၌ ထိုမိန်းမကို အစောင့်အရှောက်ထား၍ စောင့်ရှောက်အံ့သောငှါ မတတ်နိုင်၊ ယခုအခါ၌ အသို့စောင့်ရှောက်လတ္တံ့နည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ကျေးအမျိုး ၌ဖြစ်၏။ ကာသိတိုင်း၌ တယောက်သောပုဏ္ဏားသည် ဘုရားလောင်းကို၎င်း, ဘုရားလောင်း၏ညီကို၎င်း သားအရာ၌ထား၍ မွေးမြု၏။ ထိုနှစ်ခုကုန်သောကျေးတို့တွင် ဘုရားလောင်းအား ပေါဋ္ဌပါဒဟူသော အမည်သည်ဖြစ်၏။ ညီငယ်အား ရာဓဟူသော အမည်သည် ဖြစ်၏။ ထိုပုဏ္ဏား၏ မယားသည်ကား လွန်ကျူးသော အကျင့်ရှိ၏။ သီလမရှိ၊ ထိုပုဏ္ဏားသည် ကုန်သွယ်အံ့သောငှါ သွားသည်ရှိသော် နှစ်ခုကုန်သော ကျေးသားညီနောင်တို့ကိုလည်း အမောင်တို့ သင်တို့၏အမိဖြစ်သော ပုဏ္ဏေးမသည် လွန်ကျူးသောအကျင့်ကို အကယ်၍ကျင့်အံ့၊ ထိုပုဏ္ဏေးမကို မြစ်ရစ်ကြကုန်လော့ဟု ဆို၏။ ဘုရားလောင်းသည် ဘခင် ကောင်းပြီ၊ မြစ်ခြင်းငှါ တတ်နိုင်သည်ရှိသော် မြစ်ကုန်အံ့၊ မတတ်နိုင်သည်ရှိသော် ဆိတ်ဆိတ်နေကုန်သည် ဖြစ်ကုန်အံ့ဟု ဆို၏။ ဤသို့ ပုဏ္ဏားသည် ပုဏ္ဏေးမကို ကျေးသားတို့အား အပ်နှင်း၍ ကုန်သွယ်အံ့သောငှါ သွား၏။

ထိုပုဏ္ဏား၏ သွားသောနေ့မှစ၍ လွန်ကျူးသောအကျင့်ကို ကျင့်အံ့သောငှါ အားထုတ်၏။ ဝင်ကုန်သောသူတို့၏၎င်း, ထွက်ကုန်သောသူတို့၏၎င်း အဆုံးသည်မရှိ၊ ထိုပုဏ္ဏေးမ၏ အမူ အရာကိုမြင်၍ ရာဓသည် ဘုရားလောင်းကို အစ်ကိုကြီး ငါတို့၏အဘသည် သင်တို့၏အမိသည် လွန်ကျူးသောအကျင့်ကို အကယ်၍ ကျင့်အံ့၊ တားမြစ်ရစ်ကုန်လော့ဟုဆို၍ သွား၏။ ယခု ပုဏ္ဏေးမသည် လွန်ကျူးသောအကျင့်ကို ကျင့်၏။ ထိုပုဏ္ဏေးမကို မြစ်ကုန်အံ့ဟုဆို၏။ ဘုရားလောင်းသည် ညီထွေး သင်သည် မလိမ်မာသည် ၏အဖြစ်ကြောင့် မိုက်သည်၏အဖြစ်ဖြင့်သာလျှင် ဆို၏။ မာတုဂါမမည်သည်ကို ချီ၍, ရွက်၍သွားကုန်သော သူတို့သည်လည်း စောင့်ရှောက်အံ့သောငှါ မတတ်နိုင်၊ အကြင်အမှုကို ပြုအံ့သောငှါ မတတ်နိုင်၊ ထိုအမှုကိုပြုခြင်းသည် မသင့်ဟုဆိုလို၍-

၁၄၅။ န တွံ ရာဓ ဝိဇာနာသိ၊ အဍ္ဎရတ္တေ အနာဂတေ။
အဗျယတံ ဝိလပသိ၊ ဝိရတ္တေ ကောသိယာယနေ။

ဟူသော ဤဂါထာကို ဆို၏။

၁၄၅။ ရာဓ၊ ရာဓ။ တွံ၊ သင်သည်။ န ဝိဇာနာသိ၊ မသိ။ အဍ္ဎရတ္တေ၊ သန်းခေါင်အခါသည်။ အနာဂတေ၊ မရောက်မီ။ ဧတ္တကာ၊ ဤမျှအတိုင်းအရှည်ရှိကုန်သော။ ဇနာ၊ လူသည်။ အာဂတာ၊ လာကုန်၏။ ကောသိယာယနေ၊ ကောသိယအနွယ်ဖြစ်သောပုဏ္ဏေးမသည်။ ဝိရတ္တေ-ဝိရတ္တာ၊ လင်ပုဏ္ဏား၌ တပ်ခြင်းကင်း၏။ တွံ၊ သင်သည်။ အဗျယတံ၊ မလိမ်မာသော စကားကို။ ဝိလပသိ၊ ပြောဆို၏။

ဤသို့ပြပြီး၍ကား ပုဏ္ဏေးမနှင့်တကွ ရာဓအား စကားဆိုခြင်းငှါ ခွင့်မပေး၊ ထိုပုဏ္ဏေးမသည်လည်း အကြင်မျှလောက် ပုဏ္ဏား၏ မလာခြင်းသည် ရှိ၏။ ထိုမျှလောက် အလိုရှိတိုင်း ကျင့်၏။ ပုဏ္ဏားသည် လာလတ်၍ ပေါဋ္ဌပါဒကို အမောင် သင်၏အမိသည် အသဘောရှိသနည်းဟု မေး၏။ ဘုရားလောင်းသည် ပုဏ္ဏားအား အလုံးစုံကို အဟုတ်အမှန်အားဖြင့်ဆို၍ ဘခင် သင့်အား ဤသို့ သဘောရှိသော သီလမရှိသော ပုဏ္ဏေးမဖြင့် အဘယ်ပြုအံ့နည်းဟု ဆို၍ ဘခင် ငါတို့သည် အမိ၏အပြစ်ကိုဆိုသော ကာလမှစ၍ ဤအိမ်၌နေခြင်းငှါ မသင့်ဟု ဆို၍ ပုဏ္ဏား၏ခြေတို့ကို ရှိခိုး၍ ရာဓနှင့်တကွပျံ၍ တောသို့သွား၏။ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ လေးပါးကုန်သော သစ္စာတို့ကို ပြတော်မူ၏။ သစ္စာကိုပြတော်မူသည်၏အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... ယခုအခါ ထိုနှစ်ယောက်ကုန်သော လင်မယားတို့သည် ထိုအခါ ပုဏ္ဏားသည်၎င်း ပုဏ္ဏေးမသည်၎င်း ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ရာဓ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပေါဋ္ဌပါဒ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မာတုဂါမ၊ ဟူတုံက၊ စောင့်ရခဲယဉ်းပေ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ရာဓဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကကဏ္ဋကဝဂ်

၆။ သမုဒ္ဒကာကဇာတ်

သမုဒြာ၌ ကျီးမတခုသေသော် သမုဒြာရေကိုပြောင်းသော ကျီးတို့၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အပိ နု ဟနုကာ သန္တာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသမုဒ္ဒ ကာကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီ တင်းသုံး နေတော်မူစဉ် များစွာကုန်သော အသက်ကြီးကုန်သောရဟန်းတို့ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုရဟန်းတို့သည် လူဖြစ်သောကာလ၌ သာဝတ္ထိပြည်၌ သူကြွယ်ဖြစ်ကုန်သတတ်၊ ကြွယ်ဝကုန်၏။ များသောဥစ္စာ ရှိကုန်၏။ အချင်းချင်း အဆွေခင်ပွန်းဖြစ်ကုန်၏။ တ ပေါင်းတည်းဖြစ်၍ ကောင်းမှုတို့ကို ပြုကုန်၏။ မြတ်စွာဘုရား၏ တရားတော်ကိုနာ၍ ငါတို့သည် အသက်ကြီးကုန်ပြီ၊ ငါတို့အား အိမ်၌နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ မြတ်စွာဘုရားအထံတော်၌ မွေ့လျော်ဘွယ်ရှိသော မြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြု၍ ဆင်းရဲ၏ အဆုံးကို ပြုကုန်အံ့ဟုဆို၍ အလုံးစုံသော ဥစ္စာကို သားသ္မီးတို့အားပေး၍ မျက်ရည်ဖြင့်ပြည့်သော မျက် နှာရှိသော ဆွေမျိုးတို့ကိုစွန့်၍ မြတ်ဘုရားအား ရဟန်းအဖြစ်ကို တောင်းပန်၍ ရဟန်းပြုကုန်၏။ ရဟန်းပြုကုန်ပြီး၍လည်း ရဟန်းအားလျော်စွာ ရဟန်းတရားကိုမပြုကုန်၊ အသက်ကြီးသည်၏ အဖြစ်ကြောင့် သုတ်, အဘိဓမ္မာ ဝိနည်းကို မသင်ကုန်၊ လူဖြစ်သောကာလကဲ့သို့ ရဟန်းဖြစ်သောကာလ၌လည်း ကျောင်းစွန်၌ သစ်ရွက်မိုးသောကျောင်းကို ဆောက်စေ၍ တပေါင်းတည်း နေကုန်၏။ ဆွမ်းအလို့ငှါ သွားကုန်သော်လည်း တပါးသောအရပ်သို့ မသွားမူကုန်၍ များသောအားဖြင့် မိမိတို့သားမယားအိမ်တို့သို့သာလျှင် သွား၍ စားကုန်၏။

ထိုရဟန်းကြီးတို့တွင် တယောက်သော ရဟန်းကြီး၏ မယားဟောင်းသည် ခပ်သိမ်းသောမထေရ်ကြီးတို့အား ကျေးဇူးပြုသည် ဖြစ်၏။ ထိုကြောင့် ကြွင်းကုန်သော မထေရ်ကြီးတို့သည်လည်း မိမိတို့သည်ရအပ်သော အာဟာရကိုယူ၍ ထိုမိန်းမ၏အိမ်၌လျှင်နေ၍ စားကုန်၏။ ထိုမိန်းမသည်လည်း ထိုရဟန်းကြီးတို့အား စီရင်မြဲတိုင်းသောဟင်းလျာကို လှူ၏။ ထိုမိန်းမသည် အမှတ်မရှိအနာသည် နှိပ်စက်အပ်သည်ဖြစ်၍ သေ၏။ ထိုအခါ အသက်ကြီးကုန်သောရဟန်းတို့သည် ကျောင်းသို့သွားကုန်၍ အချင်းချင်း လည်ကို ဘက်ကုန်၍ ချိုသောလက်အရသာရှိသော သီ တင်းသည်မကြီးသည် သေခဲ့ပြီဟု ကျောင်းစွန်၌ ငိုလျက် သွားကုန်၏။ ထိုရဟန်းကြီးတို့၏ အသံကိုကြားကုန်၍ ထိုမှဤမှလည်း ရဟန်းတို့သည် စည်းဝေးကုန်၍ ငါ့သျှင်တို့ အဘယ့်ကြောင့် ငိုကြကုန်သနည်းဟု မေးကုန်၏။ ထိုရဟန်းကြီးတို့သည် ငါတို့၏ အဘော်ရဟန်း၏ ချိုသောလက်အရသာရှိသော မယားဟောင်းသည် သေခဲ့၏။ ငါတို့အား အလွန်လျှင်ကျေးဇူးပြုပေ၏။ ယခုအခါ၌ အဘယ်မှာ ထိုသို့သဘောရှိသော သီတင်းသည်မကို ရကုန်လတ္တံ့နည်း၊ ဤသို့သော အကြောင်းကြောင့် ငိုကြကုန်သတည်းဟု ဆိုကုန်၏။

ထိုရဟန်းကြီးတို့၏ ဖောက်ပြန်သော အခြင်းအရာကိုမြင်၍ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤမည်သော အကြောင်းကြောင့် အသက်ကြီးကုန်သော မထေရ်တို့သည် အချင်း ချင်း လည်ဘက်ကုန်၍ ကျောင်းစွန်၌ ငိုကုန်လျက် သွားကုန်၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်း ဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤ မည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုရဟန်းကြီးတို့သည် ထိုမိန်းမ၏ သေသည်၏အဖြစ်ကြောင့် ငိုကုန်လျက် သွားကုန်သည် မဟုတ်သေး၊ ရှေး၌လည်း ထိုရဟန်းကြီးတို့သည် ကျီးအမျိုး၌ဖြစ်၍ သမုဒြာ၌သေသော ဤမိန်းမကိုမှီ၍ သမုဒြာရေကို တပါးသို့ပြောင်း၍ ထိုကျီးမကို ထုတ်ယူအံ့ဟု လုံ့လပြုကုန်လျှက် ပညာရှိတို့ကို မှီ၍ အသက်ကို ရဘူးကုန်ပြီဟုမိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် သမုဒြာစောင့်နတ်ဖြစ်၏။ ထိုအခါ တခုသောကျီးသည် မိမိမယားဖြစ်သော ကျီးမကိုခေါ်၍ အစာရှာသွားသည်ရှိသော် သမုဒြာနားသို့ ရောက်၏။ ထိုကာလ၌ လူတို့သည် သမုဒြာနား၌ နို့ဃနာ, ငါး အမဲ သုရာ အစရှိသည်တို့ဖြင့် နဂါးအား ပူဇော်ခြင်းကိုပြု၍ သွားကုန်၏။ ကျီးသည် ပူဇော်ရာအရပ်သို့သွား၍ နို့ဃနာ အစရှိသည်တို့ကိုမြင်၍ ကျီးမနှင့်တကွ နို့ရည် ဃနာ, ငါး, အမဲ အစရှိသည်တို့ကိုစား၍ များစွာသော သုရာကို သောက်၏။ ထိုကျီးလင်မယားတို့သည်လည်း သုရာယစ်ကုန်သည်ဖြစ်၍ သမုဒြာ၌ ကစားခြင်းကို ကစားကုန်အံ့ဟု ကမ်းနား၌နား၍ ရေချိုးအံ့သောငှာ အားထုတ်ကုန်၏။ ထိုအခါ တခုသောလှိုင်တံပိုးသည် လာလတ်၍ ကျီးမကိုယူ၍ သမုဒြာသို့ သွင်း၏။ ထိုကျီးမကို တခုသော ငါးသည်စား၍ မျို၏။ ကျီးဖိုသည် ငါ၏မယားသည် သေခဲ့၏ဟု ငို၏ အဖန်တလဲလဲငို၏။ ထိုကျီးဖို၏ ငိုသံကိုကြားကုန်၍ များစွာသော ကျီးတို့သည် စည်းဝေးကုန်၍ အဘယ်ကြောင့် ငိုသနည်းဟု မေးကုန်၏။ ကမ်းနား၌ရေချိုးသော သင်တို့၏ အဆွေ ခင်ပွန်းမကို လှိုင်းတံပိုးသည် ယူအပ်သည်ဟု ဆို၏။ ထိုအလုံးစုံသော ကျီးတို့သည်လည်း တပြိုင်နက်သော အသံကိုမြည်ကုန်လျက် ငိုကုန်၏။

ထိုအခါ ထိုကျီးတို့အား ဤသမုဒြာရေမည် သည်ကား ငါတို့အား အဘယ်မှာယူလောက်လတ္တံ့နည်း၊ ရေကို တပါးသို့ပြောင်း၍ သမုဒြာကို အချည်းနှီးပြု၍ အဆွေခင်ပွန်းမကို ထုတ်ကြကုန်အံ့၊ ဤသို့သောအကြံသည် ဖြစ်၏။ ကြံပြီး၍ ထိုကျီးတို့သည် ခံတွင်းကိုပြည့်စေ၍ ရေကိုအပ၌ စွန့်ကုန်၏။ ဆားငန်ရေကြောင့် လည်သည် ခြောက်သည်ရှိသော် ထ၍ထ၍ ကြည်းသို့သွားကုန်၍ အပင်အပန်း ဖြေကုန်၏။ ထိုကျီးတို့သည် မေးတို့သည် ညောင်းကုန်သည်ရှိသော် ခံတွင်းတို့သည် ခြောက်ကုန်သည်ရှိသော် မျက်စိတို့သည် နီကုန်သည်ရှိသော် အိပ်ချင်ကုန်သည် ပင်ပန်းကုန်သည် ဖြစ်ကုန်၍ အချင်းချင်း ခေါ်ကုန်၍ အိုအချင်းတို့ ငါတို့သည် သမုဒြာမှရေကိုယူ၍ အပ၌ကျစေကုန်၏။ ယူရာအရပ်ကို တဖန် ရေဖြင့်ပြည့်စေ၏။ သမုဒြာကို အချည်းနှီးပြုအံ့သောငှါ မတတ်နိုင်ကုန်လတ္တံ့ဟု ဆိုလို၍-

၁၄၆။ အပိ နု ဟနုကာ သန္တာ၊ မုခဉ္စ ပရိသုဿတိ။
ဩရမာမ န ပါရေမ၊ ပူရတေဝ မဟောဒဓိ၊

ဟူသော ဤဂါထာကို ဆို၏။

၁၄၆။ အမ္ဘော၊ အို ကျီးတို့။ မယံ၊ ငါတို့သည်။ အတ္တနော၊ မိမိ၏။ ဗလေန၊ အစွမ်းဖြင့်။ မဟာသမုဒ္ဒါ၊ မဟာသမုဒြာမှ။ ဥဒကံ၊ ရေကို ဩရမာမ၊ ထုတ်ကုန်၏။ န ပါရေမ၊ အပြီးသို့ရောက်အောင် မတတ်နိုင်။ အပိ၊ စင်စစ်။ နု-နော၊ ငါတို့၏။ ဟနုကာ၊ မေးတို့သည်။ သန္တာ၊ ညောင်းကုန်၏။ မုခဉ္စ၊ ခံတွင်းသည်လည်း။ ပရိသုဿတိ၊ ခြောက်၏။ မဟောဒဓိ၊ သမုဒြာရေသည်။ ပူရတေဝ၊ ပြည့်မြဲ ပြည့်သလျှင်ကတည်း။

ဤသို့ဆို၍လည်း အလုံးစုံလည်းဖြစ်ကုန်သော ထိုကျီးတို့သည် ထိုကျီးမအား ဤသို့သဘောရှိသော နှုတ်သီးသည် ဖြစ်၏။ လုံးသောမျက်စိတို့သည် ဤသို့သဘောရှိကုန်၏။ အဆင်းသဏ္ဌာန်တို့သည် ဤသို့သဘောရှိကုန်၏။ သာယာသောအသံသည် ဤသို့သဘောရှိ၏။ ငါတို့၏ ထိုကျီးမသည် ဤခိုးသူ သမုဒြာကိုမှီ၍ ပျက်စီးခဲ့၏ဟု များစွာမြည်တမ်းကုန်၏။ ဤသို့ မြည်တမ်းကုန်သည်ရှိသော် ထိုကျီးတို့ကို သမုဒြာစောင့်နတ်သည် ကြောက်မက်ဘွယ်သော အဆင်းကိုပြ၍ ပြေးစေ၏။ ဤသို့ ပြေးစေသဖြင့် ထိုကျီးတို့အား ချမ်းသာခြင်းသည် ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ မယားဟောင်းသည် ထိုအခါ ကျီးမ ဖြစ်ဘူးပြီ၊ ယခုအခါ အသက်ကြီးရဟန်းသည် ထိုအခါ ကျီးဖို ဖြစ်ဘူးပြီ၊ ယခုအခါ ကြွင်းကုန်သော အသက်ကြီးရဟန်းတို့သည် ထိုအခါ ကြွင်းကုန်သောကျီးတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သမုဒြာစောင့်နတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အရာမဟုတ်၊ လုံ့လထုတ်၍၊ ဆုတ်ယုတ်နီးပြီ၊ နတ်ကိုမှီ၊ သက်ရှည် ချမ်းသာကြောင်း

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော သမုဒ္ဒကာကဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကကဏ္ဋကဝဂ်

၇။ ပုပ္ဖရတ္တဇာတ်

မိန်းမကိုမှီ၍ တံကျင်လျှိုခံရပြီးမှ ငရဲသို့ကျသော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်န ယိဒံ ဒုက္ခံ အဒုံ ဒုက္ခံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပုပ္ဖရတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော ငြီးငွေ့သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကိုချဲ့ဦးအံ့၊ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း သင်သည် ငြီးငွေ့သတတ်ဟူသည် မှန်သလောဟု မေးတော်မူသည်ရှိသော် အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်၏။ အဘယ် သူသည် ငြီးငွေ့စေအပ်သနည်းဟု မေးတော်မူသည်ရှိသော် မယားဟောင်းသည် ငြီးငွေ့စေအပ်သည်ဟု နားတော်လျှောက်၍ အရှင်ဘုရား ထိုမိန်းမသည် ချိုသောလက်ရှိ၏။ ထိုမိန်းမနှင့် ကင်း၍နေခြင်းငှါ မတတ်နိုင်ဟု လျှောက်၏။ ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း ဤမိန်းမသည် သင့်အား အကျိုးမရှိသည်ကိုပြု၏။ ရှေး၌လည်း သင်သည် ထိုမိန်းမမှီ၍ တံကျင်၌လျှိုအပ်လျက် ထိုမိန်းမကိုလျှင် တောင့်တလျှက်သေ၍ ငရဲ၌ဖြစ်၏။ ယခုအခါ အဘယ့်ကြောင့် တဖန် တောင့်တပြန်သနည်းဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် အာကာသဇိုဝ်းနတ်ဖြစ်၏။ ထိုအခါ ဗာရာဏသီပြည်ဝယ် တန်ဆောင်မုန်းလ ညဉ့်၌လှည့်လည်သောပွဲသဘင်သည် ဖြစ်၏။ မြို့ကို နတ်မြို့ကိုကဲ့သို့ တန်ဆာဆင်ကုန်၏။ အလုံးစုံသော လူသည် ပွဲသဘင်ကစားခြင်းကို မှီသည်ဖြစ်၏။ တယောက်သော သူဆင်းရဲအားကား တခုသာလျှင်ဖြစ်သော တခဲနက်သောပုဆိုးစုံသည် ရှိသည်ဖြစ်၏။ ထိုယောက်ျားသည် ပုဆိုးစုံကို ကောင်းစွာ ဖွပ်ခြင်းဖြင့် ဖွပ်စေ၍ ခေါက်စေ၍ အတွန့်တရာ အတွန့်တထောင်ကို ပြုစေ၍ထား၏။ ထိုအခါ ထိုယောက်ျားကို မယားသည် အရှင်သည် တထည်သော ဝတ်ပန်းဆိုးအဝတ်ကိုဝတ်၍ တထည်သော ဝတ်ပန်းဆိုးပုဆိုးကိုရုံ၍ သင်၏ လည်၌ ဘက်၍ တန်ဆောင်မုန်းလ ညဉ့်အခါ၌ လှည့်လည်ခြင်းကို လှည့်လည်အံ့သောငှါ အလိုရှိ၏ဟု ဆို၏။

ရှင်မ အဘယ်မှာ ဆင်းရဲကုန်သောငါတို့အား ဝတ်ပန်းဆိုး အဝတ်ကိုရတုံအံ့နည်း။ ဖြူစင်သောအဝတ်ကိုဝတ်၍ ကစားလော့ဟု ဆို၏။ ဝတ်ပန်းဆိုးအဝတ်ကို မရသည်ရှိသော် ပွဲသဘင် ကစားခြင်းကို မကစားအံ့၊ သင်သည် တပါးသောမိန်းမကိုခေါ်၍ ကစားလေလော့ဟု ဆို၏။ ရှင်မ အဘယ့်ကြောင့် နှိပ်စက်ဘိသနည်း၊ အဘယ်မှာ ငါတို့အား ဝတ်ပန်းဆိုး ပုဆိုးအဝတ်ကိုရတုံအံ့နည်းဟု ဆို၏။ အရှင်ယောက်ျားအားအလိုရှိသည်ရှိသော် အဘယ်မှာ မရရှိတုံအံ့နည်း၊ မင်း၏ဝတ်ပန်းခင်း၌ များစွာသော ဝတ်ပန်းသည် ရှိသည်မဟုတ်လောဟု ဆို၏။ ရှင်မ ထိုအရပ်သည် ရက္ခိုသ်သိမ်းဆည်းသော ရေကန်နှင့်တူ၏။ များသော အစောင့်အရှောက် ရှိ၏။ ကပ်အံ့သောငှါ မတတ်ကောင်း၊ သင်သည် ထိုအမှုကို မနှစ်သက်လင့်၊ ရတိုင်းသောအဝတ်ဖြင့်လျှင် ရောင့်ရဲလောဟု ဆို၏။ အရှင်ညဉ့်အဘို့၌ အမိုက်သည်ရှိခဲ့သော် ယောကျ်ား၏ မရောက်ရာအရပ်မည်သည် မရှိဟု ဆို၏။ ထိုယောက်ျားသည် ထိုမိန်းမသည် အဖန် တလဲလဲ ဆိုသည်ရှိသော် ကိလေသာ၏အစွမ်းအားဖြင့် ထိုမိန်းမ၏စကားကိုလိုက်နာ၍ ရှင်မ ဤသို့ဖြစ်စေ မကြံလင့်ဟု ထိုမယားကိုနှစ်သိမ့်စေ၍ ညဉ့်အဘို့၌ အသက်ကိုစွန့်၍ မြို့မှထွက်၍ မင်း၏ဝတ်ပန်းခင်းသို့သွား၍ စောင်ရန်းကိုနင်း၍ ယာတွင်းသို့ ဝင်၏။

စောင့်ရှောက်ကုန်သောသူတို့သည် ဆောင်ရန်းသံကိုကြား၍ ခိုးသူ ခိုးသူဟု ခြံရံကုန်ပြီးသည်ရှိသော် ဖမ်းကုန်၍ ရေရွတ် ထောင်းခတ် နှောင် ဖွဲ့၍ ညဉ့်သည်လင်းသည်ရှိသော် မင်းအား ပြကုန်၏။ မင်းသည် သွားကြကုန်၊ ထိုသူခိုးကို တံ ကျင်ဖြင့် လျှိုလေကုန်ဟု ဆို၏။ ထိုအခါ ထိုခိုးသူကို လက်ပြန်ဖွဲ့၍ သူသတ်စည်ကြီးကို တီးလျှက် မြို့မှထွက်၍ တံကျင်လျှိုကုန်၏။ ပြင်းစွာသော ဝေဒနာတို့သည် ဖြစ်ကုန်၏။ ကျီးတို့သည် ဦး ခေါင်း၌ နားကုန်၍ သံတံကျင်နှင့်တူကုန်သော နှုတ်သီးတို့ဖြင့် မျက်စိတို့ကိုထိုးကုန်၏။ ထိုယောက်ျားသည် ထိုသို့သောဆင်းရဲကို နှလုံးမသွင်းမူ၍ ထိုမိန်းမကိုသာလျှင် အောက်မေ့၍ တခဲနက်သော ဝတ်ပန်းဆိုး အဝတ်ကိုဝတ်လျက် လည်၌ဘက်ခြင်းငှါအလိုရှိသော မောင်နှံအစုံရှိသော ထိုသို့သဘောရှိသော မိန်းမနှင့်တကွ တန်ဆောင်မုန်းလ ညဉ့်၌လှည့်လည်ခြင်းမှ ငါသည်ယုတ်၏ဟု ဆိုလို၍-

၁၄၇။ န ယိဒံ ဒုက္ခံ အဒုံ ဒုက္ခံ၊ ယံ မံ တုဒတိ ဝါယသော။
ယံ သာမာ ပုပ္ဖရတ္တေန၊ ကတ္တိကံ နာနုဘောဿတိ။

ဟူသော ဤဂါထာကို ဆို၏။

၁၄၇။ ဝါယသော၊ ကျီးသည်။ မံ၊ ငါ့ကို။ ယံ တုဒတိ၊ အကြင် သံတံကျင်နှင့်တူသော နှုတ်သီးဖြင့်ထိုးခြင်းသည် ဖြစ်၏။ ဣဒံ၊ ဤထိုးခြင်းသည်။ န ဒုက္ခံ၊ မဆင်းရဲ။ သာမာ၊ ရွှေသော အဆင်းရှိသော မိန်းမသည်။ ပုပ္ဖရတ္တေန၊ ဝတ်ပန်းဆိုး အဝတ်ဖြင့်။ ကတ္တိကံ၊ တန်ဆောင်မုန်းလပွဲသဘင်ကို။ ယံ နာနုဘောဿတိ၊ အကြင် မခံစားရခြင်းသည် ဖြစ်လတ္တံ့။ အဒုံ၊ ထိုမောင်နှံတွဲ၍ ပွဲသဘင် မခံစားရဘဲ အလွဲကြီးလွဲသော ဆင်းရဲသည်သာ လျှင်။ ဒုက္ခံ၊ ငါ့အား ဆင်းရဲ၏။

ထိုယောက်ျားသည် ဤသို့ မာတုဂါမကိုအာရုံပြု၍ မြည်တမ်းလျှက်လျှင်သေ၍ ငရဲ၌ ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ လင် မယားတို့သည် ထိုအခါ လင်မယား ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ထိုအကြောင်းကို မျက်မှောက်ပြု၍တည်သော အာကာသဇိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မိန်းမကိုမှီ၊ တံကျင်သီ၊ သေပြီ ငရဲရောက်

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ပုပ္ဖရတ္တဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကကဏ္ဋကဝဂ်

၈။ သိင်္ဂါလဇာတ်

လောဘ ကိလေသာကို နှိပ်နင်းခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် နာဟံ ပုနံ န စ ပုနံ အစရှိသော ဂါထာပုဒ်ဖြင့်သာ တန်ဆာဆင်အပ်သော ဤသိင်္ဂါလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကိလေသာ နှိပ်နင်းခြင်း ကိုအကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ ငါးရာအတိုင်းအရှည်ရှိကုန်သော အဆွေခင်ပွန်းဖြစ်ကုန်သော များစွာစည်းစိမ်ရှိကုန်သော သူဌေးသားတို့သည် မြတ်စွာဘုရားတရားတော်ကိုနာ၍ သာသနာတော်၌ အသက်ကိုစွန့်၍ ရဟန်းပြု၍ ဇေတဝန် ကျောင်းတော်၏ အစွန်ဖြစ်သော ကျောင်းရံတွင်း၌ နေကုန်သကတ်၊ ထိုအခါ တနေ့သ၌ ထိုငါးရာကုန်သောရဟန်းတို့အား ကိ လေသာ ကိုမှီသော အကြံရှိသည် ဖြစ်၏။ ထိုရဟန်းတို့သည် ငြီးငွေ့ကုန်သည်ဖြစ်၍ မိမိတို့သည် စွန့်အပ်ကုန်သော ကိလေသာတို့ကို တဖန် ယူအံ့သောငှါ စိတ်ကို ဖြစ်စေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် သန်းခေါင်ယမ်အခြားမဲ့၌ သဗ္ဗညုတဉာဏ်တည်းဟူသော တိုင်နှင့်တကွသော ဆီမီးကိုချီ၍ ဇေတဝန် ကျောင်းတော်၌ ရဟန်းတို့သည် အဘယ်မွေ့လျော်ခြင်းဖြင့် နေကြကုန်သနည်းဟု ရဟန်းတို့၏အလိုကို ကြည့်တော်မူသည်ရှိသော် ထိုရဟန်းတို့ကိုယ်တွင်း၌ ကာမရာဂနှင့်ယှဉ်သော အကြံဖြစ်သည်၏အဖြစ်ကို သိတော်မူ၏။

မြတ်စွာဘုရားသည်လည်း တယောက်သော သားရှိသော မိန်းမသည် မိမိ၏သားကိုစောင့်သကဲ့သို့၎င်း, မျက်စိဘဘက်သာရှိသော ယောက်ျားသည် တဘက်သောမျက်စိကို စောင့်သကဲ့သို့၎င်း ကိုယ်တော်၏ တပည့်တို့ကို စောင့်၏။ နံနက် အစရှိသည်တို့တွင် အကြင် အကြင် အခါ၌ အကြင်ရဟန်းတို့အား ကိလေသာရှိသည် ဖြစ်ကုန်၏။ ထိုရဟန်းတို့အား ထိုကိလေသာတို့ကို ထို့ထက်အလွန်ပွားစိမ့်သောငှါ မပေးမူ၍ ထိုသို့ဖြစ်သောအခါ၌လျှင် နှိပ်၏။ ထိုကြောင့် မြတ်စွာဘုရားအား စကြဝတေးမင်း၏ မြို့တွင်း၌သာလျှင် ခိုးသူတို့၏ ဖြစ်သောကာလကဲ့သို့ ဤ ကိ လေသာသည် ဖြစ်၏။ ယခုအခါ၌သာလျှင် ထိုရဟန်းတို့အား ဤဓမ္မဒေသနာကိုပြု၍ ကိလေ သာတို့ကိုနှိပ်၍ အရဟတ္တဖိုလ်ကိုပေးအံ့။ ဤသို့သောအကြံတော်သည် ဖြစ်၏။ ထိုမြတ်စွာဘုရားသည် မွှေးကြိုင်လှသော ဂန္ဓကုဋိမှထွက်တော်မူ၍ သာယာသောအသံဘော်ဖြင့် အာနန္ဒာဟု တရားဘဏ္ဍာစိုးဖြစ်သော အရှင်အာနန္ဒာမထေရ်ကို ခေါ်တော်မူ၏။ အရှင်အာနန္ဒာမထေရ်သည် အရှင်ဘုရား အဘယ်နည်းဟုလာလတ်၍ ရှိခိုး၍ တည်၏။ အာနန္ဒာ အကြင်မျှလောက်ကုန်သောရဟန်းတို့သည် အစွန်ဖြစ်သော ကျောင်းရံတွင်း၌ နေကုန်၏။ ခပ်သိမ်းကုန်သော ရဟန်းတို့ကိုလျှင် ဂန္ဓကုဋိပရိဝုဏ်၌ စည်းဝေးစေကုန်လော့ဟု မိန့်တော်မူ၍ မြတ်စွာဘုရားအား ငါသည် ထိုငါးရာကုန်သော ရဟန်းတို့ကိုလျှင် အကယ်၍ ခေါ်တော်မူအံ့၊ မြတ်စွာဘုရားသည် ငါတို့ကိုယ်တွင်း၌ ကိလေသာတို့၏ဖြစ်သောအဖြစ်ကို သိအပ်ပြီဟု ထိတ်လန့်သောစိတ်ရှိကုန်သည်ဖြစ်၍ ဓမ္မဒေသနာကို ခံအံ့သောငှါ မတတ်နိုင်ကုန်လတ္တံ့၊ ဤသို့သောအကြံသည် ဖြစ်တော်မူ၏။ ထိုကြောင့် ခပ်သိမ်းကုန်သော ရဟန်းတို့ကို စည်း ဝေးစေကုန်လော့ဟု မိန့်တော်မူ၏။

အာနန္ဒာမထေရ်သည် အရှင်ဘုရား ကောင်းပါပြီဟု သံကောက်ကိုယူ၍ ပရိဝုဏ်တခုမှသည် ပရိဝုဏ်တခုသို့လှည့်လည်၍ ခပ်သိမ်းကုန်သာရဟန်းတို့ကို ဂန္ဓကုဋိပရိဝုဏ်၌ စည်းဝေးစေ၍ မြတ်စွာဘုရားတို့၏နေရာကိုခင်း၍ မြတ်စွာဘုရားသည် ထက်ဝယ်ဖွဲ့၍ အထက်ကိုယ်တော်ကို ဖြောင့်စွာထား၍ ကျောက်မြေ၌တည်သော မြင်းမိုရ်တောင်ကဲ့သို့ အသွယ်အသွယ် အစုံအစုံ ခြောက်သွယ်ကုန်သော တခဲနက်ကုန်သော ဘုရားရောင်ခြည်တော်တို့ကိုလွှတ်လျက် ခင်းအပ်သောဘုရားနေရာ၌ နေတော်မူ၏။ ထိုရောင် ခြည်တော်တို့သည်လည်း ခွက်အတိုင်းအရှည် ရှိကုန်လျှက် ထီးအတိုင်း အရှည်ရှိကုန်လျှက် စုလစ်မွန်းချွန်တပ်သော အိမ်ဝန်းအတိုင်းအရှည်ရှိကုန်လျှက် ပြတ်ကုန်၍ ကောင်းကင်ပြင်၌ လျှပ် စစ်နွယ်ကဲ့သို့ ထက်ဝန်းကျင်သို့ သွားကုန်၍ သမုဒ္ဒရာဝမ်းကို ချောက်ချားစေ၍ နေလုလင်ထွက်သောကာလကဲ့သို့ ဖြစ်၏။ ရဟန်းသံဃာသည်လည်း မြတ်စွာဘုရားကို ရှိခိုး၍ လေးမြတ်သောစိတ်ကိုဖြစ်စေ၍ ကမ္ဗလာနီ တင်းတိမ်ဖြင့် ရံဘိသကဲ့သို့ ခြံရံ၍ နေ၏။

မြတ်စွာဘုရားသည် ဗြဟ္မာမင်း၏အသံနှင့်တူသော အသံတော်ကို မြွက်တော်မူ၍ ရဟန်းတို့ကိုခေါ်တော်မူ၍ ရဟန်းမည်သည် ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက် ဤသုံးပါးကုန်သော အကုသလဝိတက်တို့ကို ကြံခြင်းငှါမသင့်၊ ထိုစကားသည် မှန်၏။ အတွင်း၌ ဖြစ်သော ကိလေ သာကို အနည်းငယ်ဟူ၍ မထေမဲ့မြင် အောက်မေ့ခြင်းငှါ မသင့်၊ ကိလေသာမည်သည် ရန်သူနှင့် တူ၏။ ရန်သူသည်လည်း ငယ်သောမည်သည် မရှိ၊ အခွင့်ရသည်ရှိသော် ပျက်စီးခြင်းသို့ရောက်စေ၏။ ဤအတူသာလျှင် အနည်းငယ်ဖြစ်သော ကိလေသာသည် ဖြစ်၍ ပွားခြင်းငှာရသည်ရှိသော် ပျက်စီးခြင်းသို့ရောက်စေ၏။ ဤကိလေသာမည်သည် လတ်တလောသေစေတတ်သော အဆိပ်နှင့် တူ၏။ အသားအရေ၌ဖြစ်သော အိုင်းအမာနှင့်တူ၏။ လျှင်သော အဆိပ်ရှိသော မြွေနှင့် တူ၏။ မိုဃ်းကြိုးလောင်မီးနှင့် တူ၏။ ကပ်ငြိစေခြင်းငှါ မသင့်၊ ရွံရှာအပ်၏။ ဖြစ်တိုင်းဖြစ်တိုင်းသော ခဏ၌ပင်လျှင် ပညာ၏ အစွမ်းအားဖြင့် ဘာဝနာ၏အစွမ်းအားဖြင့် အကြင်သို့သော အခြင်းအရာအားဖြင့် စွန့်အပ်သည်ရှိသော် တခဏမျှလည်း နှလုံး၌မတည်မူ၍ ပဒုမာကြာရွက်၌ ရေပေါက်ကဲ့သို့ လျှောကျ၏။ ထိုသို့သောအခြင်းအရာအားဖြင့် စွန့်အပ်၏။ ရှေးပညာရှိတို့သည်လည်း အနည်းငယ်သော ကိလေ သာကို ကဲ့ရဲ့၍ အကြင်သို့သော အခြင်းအရာအားဖြင့် တဖန် ကိုယ်တွင်း၌မဖြစ်၊ ထိုသို့သောအခြင်းအရာအားဖြင့် နှိပ်စက်ကုန်၏ဟု မိန့်တော်မူ၍အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် မြေးခွေးအမျိုး၌ ပဋိသန္ဓေယူ၍ တောဝယ် မြစ်နား၌နေ၏။ ထိုအခါ တခုသောဆင်အိုသည် ဂင်္ဂါမြစ်နား၌ သေ၏။ မြေခွေးလည်အစာရှာသွားသည်ရှိသော် ထိုဆင်သေကောင်ကိုမြင်၍ ငါ့အား များစွာသောအစာသည် ဖြစ်၏ဟုဆို၍ ထိုဆင်သေကို နှာ မောင်း၌ ကိုက်၏။ ထွန်တုံးထွန်သံ၌ ကိုက်သောကာလကဲ့သို့ ဖြစ်၏။ ထိုမြေခွေးသည် ဤနှာ မောင်း၌ အပ်သည်နှင့်ယှဉ်သော အသားသည် မရှိဟု အစွယ်တို့ကိုက်၏။ အရိုး၌ ကိုက်သောကာလကဲ့သို့ ဖြစ်၏။ နားတို့၌ ကိုက်၏။ စကောစွန်း၌ ကိုက်သောကာလကဲ့သို့ ဖြစ်၏။ ဝမ်း၌ ကိုက်၏။ ကျီ၌ ကိုက်သောကာလကဲ့သို့ ဖြစ်၏။ ခြေ၌ ကိုက်၏။ ဆုံ၌ကိုက်သော ကာလကဲ့သို့ ဖြစ်၏။ အရိုး၌ ကိုက်၏။ ကျည်ပွေ့၌ ကိုက်သောကာလကဲ့သို့ ဖြစ်၏ မြေခွေးသည် ဤအမဲ၌ စားအပ်သည်နှင့်ယှဉ်သော အသားသည် မရှိဟု အလုံးစုံသောအရပ်၌ သာယာခြင်းကိုမရ၍ ဝစ္စမဂ်၌ ကိုက်၏။ နူးညံ့သောမုန့်၌ ကိုက်သောကာလကဲ့သို့ ဖြစ်၏။ ထိုမြေခွေးသည် ယခုငါသည် ဤဆင်သေကောင်၌ နူးညံ့သော အပ်သည်နှင့်ယှဉ်သော အရပ်ကို ရပြီဟု ထိုဝစ္စမဂ်မှစ၍စားလျက် ဝမ်းတွင်းသို့ ဝင်၍ အညှို့ နှလုံး အစရှိသည်တို့ကိုစား၍ ရေငတ်သောကာလ၌ သွေးကို သောက်၏။ အိပ်သောကာလ၌ ဝမ်းရေကိုဖြန့်၍ အိပ်၏။

ထိုအခါ ထိုမြေခွေးအား ဤဆင်သေကောင်သည် ငါ့အား နေခြင်းငှာ ချမ်းသာသည်၏အဖြစ်ကြောင့် အိမ်နှင့်တူ၏။ စားလိုသည်ရှိသော် အသားသည်များ၏။ ယခု ငါ့အား တပါးသောအရပ်သို့ သွားခြင်းအမှုသည် အဘယ်မှာရှိအံ့နည်းဟု ထိုမြေခွေးသည် တပါးသောအရပ်သို့ မသွားမူ၍ ဆင်ဝမ်း၌သာလျှင် အသားကိုစား၍ နေ၏။ ရှည်သောကာလသည်တိုင် ရောက်သည်ရှိသော် နွေအခါ လေအတွေ့ကြောင့်၎င်း, နေပူခြင်းကြောင့်၎င်း ထိုဆင်သေကောင်သည်ခြောက်၍ အတွန့်တို့ကိုယူ၏။ မြေခွေး၏ ဝင်ရာတံခါးသည် ပိတ်၏။ ဝမ်းတွင်း၌ အမိုက်သည် ဖြစ်၏။ ထိုမြေခွေးအား လောကန္တရက်၌ နေရသကဲ့သို့ဖြစ်၏။ ဆင်သေကောင် ခြောက်သည်ရှိသော် အသားသည်လည်း ခြောက်၏။ သွေးသည်လည်း ပြတ်၏။ ထိုမြေခွေးသည် ထွက်ရာတံခါးကို မရသည်ရှိသော် ဘေးသို့ရောက်သည်ဖြစ်၍ ပြေးလျက် ထိုမှဤမှတိုးဝှေ့၍ ထွက်ရာတံခါးကို ရှာလျှက် သွား၏။ ထိုမြေခွေးသည် ထမင်းအိုး၌ မုံလုံးကဲ့သို့ သွားသည်ရှိသော် နှစ်ရက်သုံးရက် လွန်သဖြင့် မိုဃ်းကြီးသည်းထန်စွာ ရွာ၏။

ထိုအခါ ထိုအကောင်သည် မိုဃ်းစွတ်သည်ရှိသော် ထ၍ ပကတိသဏ္ဌာန်ဖြင့်တည်၏။ ဝစ္စမဂ်သည်ပွင့်သည်ဖြစ်၍ ကြယ်ကဲ့သို့ ထင်၏။ မြေ ခွေးသည် ထိုအပေါက်ကိုမြင်၍ ငါ ယခုအခါ၌ အသက်ကိုရအပ်ပြီဟု ဆင်ဦးခေါင်းတိုင်အောင် နောက်သို့ဆုတ်ပြီးလျှင် လျင်စွာအဟုန်ဖြင့်ပြေး၍ ဝစ္စမဂ်ကိုဦးခေါင်းဖြင့်တိုးဝှေ့၍ ထွက်၏။ မြေ ခွေး၏ ထက်ဝန်းကျင်ပြတ်သော ကိုယ်ရှိသည်၏ အဖြစ်ကြောင့် အလုံးစုံသော အမွေးတို့သည် ဝစ္စ မဂ်၌သာလျှင် ငြိကုန်၏။ မြေခွေးသည် ထွန်တုံးနှင့်တူသော အမွေးရှိသောကိုယ်ဖြင့် ထိတ်လန့်သောစိတ်ရှိသည်ဖြစ်၍ အတန်ငယ်ပြေးပြီးလျှင် ပြန်၍ ထိုင်လျက် ကိုယ်ကိုကြည့်၍ ငါ့အား ဤဆင်းရဲကို တပါးသူသည် မပြုအပ်၊ လောဘ၏ အကြောင်းကြောင့်ကား လောဘကိုမှီ၍ ငါသည် ထိုဆင်းရဲကို ပြုအပ်၏။ ဤနေ့မှ စ၍ကား လော ဘအလိုသို့ လိုက်သည် မဖြစ်အံ့၊ တဖန် ဆင်ကောင်၏ကိုယ်သို့ မဝင်အံ့ဟု ထိတ်လန့်သော စိတ်ရှိသည်ဖြစ်၍-

၁၄၈။ နာဟံ ပုနံ န စ ပုနံ၊ န စာပိ အပုနပ္ပုနံ။
ဟတ္ထိဗောန္ဒိံ ပဝေက္ခာမိ၊ တထာ ဟိ ဘယတဇ္ဇိတော။

ဟူသော ဤဂါထာကို ဆို၏။

၁၄၈။ အဟံ၊ ငါသည်။ ဣမသ္မိံယေဝ ပဝေသနေ၊ ဤဆင်ကောင်၌ ဝင်ခြင်းကြောင့်။ ဘယတဇ္ဇိတော၊ သေဘေးမှ ထိတ်လန့်ရ၏။ တထာ ဟိ-တတောဧဝ၊ ထို့ကြောင့်သာလျှင်။ အဟံ၊ ငါသည်။ ပုန၊ တဖန်။ ဣတော၊ ဤအခါမှ။ ဟတ္ထိဗောန္ဒိံ၊ ဆင်ကောင်သို့။ န ပဝေက္ခာမိ၊ မဝင်အံ့။ တထော၊ ထိုအခါမှ။ ပုန၊ တဖန်လည်း။ ဟတ္တိဗောန္ဒိံ၊ ဆင်ကောင်သို့။ န ပဝေက္ခာမိ၊ မဝင်အံ့။ ပုနပ္ပုနံ စာပိ၊ ဤမှထိုမှအဖန်တလဲလဲလည်း။ ဟတ္ထိဗောန္ဒိံ၊ ဆင်ကောင်သို့။ န ပပေက္ခာမိ၊ မဝင်အံ့။

ဤသို့ဆို၍လည်း ထိုအရပ်မှ ပြေးလေ၏။ တဖန် ဆင်ကောင်ကိုပြန်၍လည်း မကြည့်၊ ထိုအခါမှစ၍ လောဘအလိုသို့ လိုက်သည် မဖြစ်။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ အတွင်း ၌ဖြစ်သော ကိလေသာမည်သည်ကို ပွားစိမ့်သောငှာ မပေးမူ၍ ထိုထိုဖြစ်ရာအရပ်၌သာလျင် နှိပ်ခြင်းငှါ သင့်၏ဟု မိန့်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာကို ပြသည် ၏အဆုံး၌ ငါးရာကုန်သော ထိုရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏။ ကြွင်းကုန်သောရဟန်းတို့တွင် အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သောရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မြေခွေး ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

လောဘကိလေ၊ ဖြစ်ခဲ့ပေ၊ ဖြစ်လေရာရပ် သေအောင်သတ်

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သိင်္ဂါလဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကကဏ္ဋကဝဂ်

၉။ ဧကပဏ္ဏဇာတ်

မာန်မာန ခက်ထန်သော မင်းသားကို ဘုရားလောင်း ဆုံးမသော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဧကပဏ္ဏော အယံ ရုက္ခော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဧကပဏ္ဏဇာတ်ကို ဝေသာလီပြည်ကိုမှီ၍ မဟာဝုန်၌ စုလစ်မွန်းချွန်တပ်သောကျောင်း၌ နေတော်မူစဉ် ဝေသာလီပြည်၌ ဒုဋ္ဌလိစ္ဆဝီမင်းသားကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုအခါ ဝေသာလီမြို့သည် တဂါဝုတ်တဂါဝုတ်အတွင်း၌ တံတိုင်းသုံးထပ်တို့သည် ခြံရံကုန်၏။ သုံးဌာနတို့၌ တံခါးပစ္စင်နှင့် ယှဉ်၏။ တင့်တယ်ခြင်းအစုသို့ ရောက်၏။ ထိုဝေသာလီပြည်၌ အခါ ခပ်သိမ်း မင်းပြု၍နေကုန်သောသူတို့၏ ခုနစ်ထောင်တို့သည်၎င်း, ခုနစ်ရာတို့ သည်၎င်း, ခုနစ်ယောက်သောမင်းတို့သည်၎င်း ဖြစ်ကုန်၏။ ထိုမျှ အတိုင်းအရှည်ရှိကုန်သော အိမ်ရှေ့မင်းတို့သည်၎င်း ထိုအတိုင်းအရှည်ရှိကုန်သော ဘဏ္ဍာစိုးတို့သည်၎င်း ဖြစ်ကုန်၏။

ထိုမင်းသားတို့၏အတွင်း၌ တယောက်သောဒုဋ္ဌလိစ္ဆဝီမင်းသား မည်သည်ဖြစ်၏။ အမျက်ကြီး၏။ ရုန့်ရင်း၏။ ကြမ်းကြုတ်၏။ လှံကန်ဖြင့်ခတ်သော မြွေဟောက်ကဲ့သို့ အမြဲ အမျက်ထွက်၏။ အမျက်ကြီးသည်၏အဖြစ်ကြောင့် ဒုဋ္ဌလိစ္ဆဝီမင်းသား၏ရှေ့၌ နှစ်ခွန်းသုံးခွန်းသောစကားတို့ကို ဆိုခြင်းငှါ စွမ်းနိုင်သောသူမည်သည် မရှိ၊ ထိုဒုဋ္ဌလိစ္ဆဝီမင်းသားကို မိဘတို့သည် ဆုံးမအံ့သောငှါမတတ်နိုင်ကုန်၊ အဆွေအမျိုး အဆွေခင်ပွန်း နှလုံးအကျွမ်းဝင်ကုန်သော သူတို့သည် ဆုံးမခြင်းငှါ မတတ်နိုင်ကုန်။ ထိုအခါ ထိုဒုဋ္ဌလိစ္ဆဝီမင်းသား၏ မိဘတို့သည် ဤမင်းသားသည် အလွန်ကြမ်း ကြုတ်၏ နိုင်ထက်ကလူ မူတတ်၏။ မြတ်စွာဘုရားကိုထား၍ တပါးသော မင်းသားကိုဆုံးမခြင်းငှါ စွမ်းနိုင်သောသူမည်သည် မရှိ၊ ဤဒုဋ္ဌလိစ္ဆဝီမင်းသားသည် ဘုရား ဆုံးမအပ်သောသူသည် ဖြစ်ရာ၏။ ဤသို့သောအကြံသည် ဖြစ်၏။ ကြံပြီး၍ ဒုဋ္ဌလိစ္ဆဝီမင်းသားကို အမိအဘတို့သည်ခေါ်၍ မြတ်စွာဘုရား အထံတော်သို့သွား၍ ရှိခိုး၍ အရှင်ဘုရား ဤ မင်းသားသည် ရုန့်ရင်း ကြမ်း ကြုတ်၏။ အမျက်ထွက်တတ်သောအားဖြင့် ထင်ရှား၏။ ဤမင်းသားအား အရှင်ဘုရားတို့သည် အဆုံးအမကို ပေးတော်မူပါကုန်လော့ဟု လျောက်ကုန်၏ မြတ်စွာဘုရားသည် ထိုမင်းသားကို ဆုံးမလိုသည်ဖြစ်၍ မင်းသား ဤမည်သော သတ္တဝါတို့၌ သင်သည် ရုန့်ရင်းကြမ်းကြုတ်သည် နိုင်ထက်ကလူ မူတတ်သည် ညှဉ်းဆဲတတ်သော သဘောရှိသည် မဖြစ်ရာ၊ ကြမ်းကြုတ်သောစကားကို ဆိုသောသူမည်သည်ကား မွေးသော အမိသည်၎င်း, ဘသည်၎င်း, သားမယားသည်၎င်း, အစ်ကို ညီ နှမတို့သည်၎င်း, သားသ္မီးတို့ သည်၎င်း, အဆွေခင်ပွန်းတို့သည်၎င်း မချစ်မနှစ်သက်အပ်သည် ဖြစ်၏။ ကိုက်ခြင်းငှါလာသော မြွေကဲ့သို့၎င်း, တောအရပ်၌ ထသော ခိုးသူကဲ့ သို့၎င်း, စားအံ့သောငှာလာသော ဘီလူးကဲ့သို့၎င်း, ထိတ်လန့်ခြင်းကို ဖြစ်စေတတ်၏။ နှစ်ကြိမ်မြောက်သောစိတ်၏ ဝါရ၌ ငရဲအစရှိသည်တို့၌ ဖြစ်၏။ မျက်မှောက်သော ကိုယ်၏အဖြစ်၌လျှင် အမျက်ကြီးသော ပုဂ္ဂိုလ်သည် အထူးထူးသောတန်ဆာဖြင့် ဆင်းအပ်သော်လည်း အဆင်းမလှသည် သာလျှင် ဖြစ်၏။ ထိုအမျက်ကြီးသောသူ၏ လပြည့်ဝန်းကဲ့သို့ တင့်တယ်သော မျက်နှာသည်လည်း မီးလျှံသည်ခတ်အပ်သော ပဒုမာကဲ့သို့၎င်း, အညစ်အကြေးကပ်သော ရွှေကြေးမုံဝန်းကဲ့သို့၎င်း အဆင်းမလှသည် ဖြစ်၏။

ထိုစကားသည် မှန်၏။ အဆင်းမလှသည်ကို ပြုတတ်သော အမျက်ကိုမှီ၍ သတ္တဝါတို့သည် လက်နက်ကိုယူ၍ မိမိသည်သာလျှင် မိမိကိုယ်ကို သတ်ကုန်၏။ အဆိပ်ကို စားကုန်၏။ ကြိုးဖြင့် သေဆွဲမူကုန်၏။ ကမ်းပါးပြတ်သို့ ဆင်းကုန်၏။ ဤသို့ အမျက်၏အစွမ်းအားဖြင့်သေ၍ ငရဲအစရှိသည်တို့၌ ဖြစ်ကုန်၏။ ညဉ်းဆဲတတ်သော သ ဘောရှိကုန်သော သူတို့သည်လည်း မျက်မှောက်သောကိုယ်၏ အဖြစ်၌ပင်လျှင် ကဲ့ရဲ့ခြင်းသို့ရောက်၍ ခန္ဓာကိုယ်ပျက်သည်မှနောက်၌ ငရဲအစရှိသည်တို့၌ ဖြစ်ကုန်၏။ တဖန် လူ့အဖြစ်ကိုရ၍လည်း ဖွားသောကာလမှစ၍ ရောဂါများသည် သာလျှင် ဖြစ်ကုန်၏။ မျက်စိအနာ, နားအနာ ဤသို့အစရှိကုန်သောအနာတို့တွင် တခုခုသောအနာ၌ တပြိုင်နက်ထ၍ ကျကုန်၏။ ရောဂါမှ မလွတ်ကုန်သည်ဖြစ်၍လျှင် အမြဲဆင်းရဲသည် ဖြစ်ကုန်၏။ ထိုကြောင့် ခပ်သိမ်းကုန်သောသတ္တဝါတို့၌ မေတ္တာနှင့်ယှဉ်သောစိတ်ရှိသည် အစီးအပွားကိုအလိုရှိသော စိတ်ရှိသည် နူးညံ့သော စိတ်ရှိသည်ဖြစ်ရာ၏။ ဤသို့သဘောရှိသော အမျက်ကြီးသောပုဂ္ဂိုလ်သည် ငရဲအစရှိသောဘေးမှ မလွတ်ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ဒုဋ္ဌလိစ္ဆဝီမင်းသားသည် မြတ်စွာဘုရား အဆုံးအမကိုနာရ၍ တကြိမ်သောအဆုံး အမဖြင့်လျှင် ကင်းသောမာနရှိသည် ယဉ်ကျေးသည် မာနမရှိသည် မေတ္တာနှင့်ယှဉ်သောစိတ် ရှိသည် နူးညံ့သောစိတ်ရှိသည်ဖြစ်၏။ တပါးသော သူတို့ ဆဲရေးသော်၎င်း, ပုတ်ခတ်သော်၎င်း ပြန်၍လည်းမကြည့်၊ နုတ်အပ်ပြီးသော အစွယ်ရှိသော မြွေကဲ့သို့၎င်း, ဖြတ်အပ်ပြီးသော လက်မ, ရှိသော ပုဇွန်ကဲ့သို့၎င်း, ဖြတ်အပ်ပြီးသော ဦးချိုရှိသော နွားကဲ့သို့၎င်း ဖြစ်၏။ ထိုဒုဋ္ဌလိစ္ဆဝီ မင်းသား၏အကြောင်းကိုသိ၍ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဒုဋ္ဌလိစ္ဆဝီမင်းသားကို အလွန်ကြာမြင့်စွာဆုံမကုန်၍ မိဘတို့ သည်၎င်း အဆွေအမျိုး အစရှိကုန်သော သူတို့သည်၎င်း ဆုံးမအံ့သောငှါ မတတ်နိုင်ကုန်၊ မြတ်စွာဘုရားသည်ကား ထိုဒုဋ္ဌလိစ္ဆဝီမင်းသားကို တကြိမ်သောဆုံးမခြင်းဖြင့်လျှင် ဆုံးမ၍ မာန်မရှိသည်ဖြစ်၍ အမုန်ယစ်သော မြတ်သောဆင်ကဲ့သို့ ကောင်းစွာ ချီးမြှောက်ခြင်တို့၏အကြောင်းကို ပြုတော်မူ၏။ ဤမြတ်စွာဘုရား၏ စကားတော်သည် အလွန်လျှင် ကောင်းသော စကားတော်တည်း။

ရဟန်းတို့ ဆင်ကိုဆုံးမတတ်သော ဆရာသည် ဆုံးမအပ်ပြီးသောဆင်သည် ပြေးသည်ရှိသော် အရှေ့အရပ်မျက်နှာတခုသို့သာလျှင်၎င်း, အနောက်အရပ်မျက်နှာ တခုသို့သာလျှင်၎င်း, မြောက်အရပ်မျက်နှာ တခုသို့သာလျှင်၎င်း, တောင်အရပ်မျက်နှာ တခုသို့သာလျှင်၎င်း ပြေး၏။ ရဟန်းတို့ ပစ္စည်းလေးပါးကို ခံတော်မူထိုက်သော မဘောက်မပြန် ကိုယ်တော်တိုင်သာလျှင် ခပ်သိမ်းသောတရားတို့ကို သိတော်မူသော မြတ်စွာဘုရားသည် ဆုံးမအပ်ပြီးသောယောက်ျားသည် ပြေးသည်ရှိသော် ရှစ်ပါးသော အရပ်သို့ ပြေး၏။ ရူပဈာန်ရှိသောပုဂ္ဂိုလ်သည် နတ်၌ဖြစ်သော ရူပါရုံကို မြင်၏။ ဤသည်ကား တခုသော အရပ်တည်း၊ ထိုသို့သဘောရှိသောဆရာကို ကမ္မဋ္ဌာန်းစီးဖြန်းသောပုဂ္ဂိုလ်တို့၌ အတုမရှိဆုံးမအပ်သော ယောကျ်ားတို့ကို ဆုံးမတတ်သော ဆရာဟူ၍ ဆိုအပ်၏။ ဤသို့ သဗ္ဗညူ မြတ်စွာဘုရားသည် ပြတော်မူ၏။ ငါ့သျှင်တို့ ဘုရားနှင့်တူသာသော ဆုံးမအပ်သောယောက်ျားတို့ကို ဆုံးမတတ်သော ဆရာမည်သည် မရှိ၊ ဤသို့သောစကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟုမေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဒုဋ္ဌလိစ္ဆဝီမင်းသားကိုငါသည် တကြိမ်သော ဆုံးမခြင်းဖြင့်သာလျှင် ဆုံးမအပ်သည် မဟုတ်သေး၊ ရှေး၌လည်း ငါသည် တကြိမ်သော ဆုံးမခြင်းဖြင့်သာလျှင် ဆုံးမဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ဥဒိစ္စပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ ဗေဒင်သုံးပုံတို့ကို၎င်း ခပ်သိမ်းသော အတတ်တို့ကို၎င်းသင်၍ အနည်းငယ်သော ကာလ၌သာ အိမ်၌နေ၍ အမိအဘလွန်သဖြင့် ရသေ့ရဟန်းပြု၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်းဖြစ်စေ၍ ဟိမဝန္တာ၌ နေ၏။ ထိုဟိမဝန္တာ၌ ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှါ ဇနပုဒ်သို့လာ၍ ဗာရာဏသီသို့ရောက်၍ မင်း၏ ဥယျာဉ်၌နေ၍ နက်ဖြန်နေ့၌ ကောင်းစွာဝတ်ရုံလျက် ရသေ့အသွင်နှင့်ပြည့်စုံသည်ဖြစ်၍ ဆွမ်းခံအံ့သောငှါ မြို့သို့ဝင်၍ မင်းယင်ပြင်သို့ ရောက်၏။ မင်းသည် ခြင်္သေ့ခံသော လေသာပြူတင်းဖြင့် ကြည့်သည်ရှိသော် ထိုဘုရားလောင်းကိုမြင်၍ ဣရိယာပုထ်၌ ကြည်ညို၍ ရသေ့သည် ငြိမ်သက်သော ဣန္ဒြေရှိ၏။ ငြိမ်သက်သော စိတ် ရှိ၏။ ထမ်းပိုးတလံမျှ ကြည့်၏။ ဘဝါးလှမ်းတိုင်း ဘဝါးလှမ်းတိုင်း တထောင်သောဥစ္စာထုပ်ကို ထားဘိသကဲ့သို့ ခြင်္သေ့မင်း၏ တင့်တယ်ခြင်းကဲ့သို့သော တင့်တယ်ခြင်းဖြင့် လာ၏။ တခုသော သူတော်ကောင်း တရားမည်သည် အကယ်၍ ရှိသည်ဖြစ်အံ့၊ ဤသူ၏ အတွင်း၌ ရှိသည်ဖြစ်ရာ၏ဟု ကြံ၍ တယောက်သောအမတ်ကို ကြည့်၏။

ထိုအမတ်သည် ရှင်မင်းကြီး အသို့ပြုရအံ့နည်းဟု လျှောက်၏။ ထိုရသေ့ကို ပင့်ချေလောဟု ဆို၏။ ရှင်မင်းကြီး ကောင်းပြီဟု ဘုရားလောင်းသို့ကပ်၍ ရှိခိုး၍ လက်မှသပိတ်ကိုယူ၍ ဘုန်းရှိသောဒါယကာ အသို့နည်းဟု မေးသည်ရှိသော် အရှင်ဘုရား မင်းသည် ပင့်ခေါ်၏ဟု လျှောက်၏။ ဘုရားလောင်းသည် ငါတို့သည် မင်းဆရာမဟုတ်ကုန်၊ ဟိမဝန္တာ၌နေသော ရသေ့ဖြစ်ကုန်၏ဟုဆို၏။ အမတ်သည်သွား၍ ထိုအကြောင်းကို မင်းအားကြား၏။ မင်းသည် ငါတို့အား တပါးသောဆရာသည် မရှိ၊ ထိုရသေ့ကိုပင့်ခဲ့လော့ဟုဆို၏။ အမတ်သည်သွား၍ ဘုရားလောင်းကို ရှိခိုး၍ တောင်းပန်၍ မင်းအိမ်သို့ သွင်း၏။ မင်းသည် ကောင်းစွာစိုက်အပ်သော ထီးဖြူရှိသော ရွှေပလ္လင်၌နေစေ၍ မိမိဘို့စီရင်သော အထူးထူးသော မြတ်သောအရသာရှိသော ဘောဇဉ်ကို ဘုဉ်းပေးစေ၍ အရှင်ဘုရား အဘယ်မှာနေကုန်သနည်းဟု လျောက်၏။ မြတ်သောမင်းကြီး ငါတို့သည် ဟိမဝန္တာ၌ နေကုန်၏ဟု ဆို၏။ ယခု အဘယ်သို့သွားကုန်အံ့နည်းဟု လျှောက်၏။ မြတ်သောမင်းကြီး မိုဃ်းကာလအားလျောက်ပတ်သော ကျောင်းကိုရှာ၏ဟုဆို၏။ အရှင်ဘုရား ထိုသို့တပြီးကား အကျွန်ုပ်၏ ဥယျာဉ်၌ နေကုန်လောဟု ဝန်ခံခြင်းကိုယူ၍ မိမိသည်လည်းစား၍ ဘုရားလောင်းကိုပင့်၍ ဥယျာဉ်သို့သွား၍ သစ်ရွက်မိုးသောကျောင်းကိုဆောက်စေ၍ ညဉ့်သန့်စရာ နေ့သန့်စရာအရပ်တို့ကိုပြု၍ ရဟန်း၏ပရိက္ခရာတို့ကိုလှူ၍ ဥယျာဉ်စောင့်ကို အပ်နှင်း၍ မြို့သို့ဝင်၏။ ထိုအခါ မှစ၍ ဘုရားလောင်းသည် ဥယျာဉ်၌နေ၏။

မင်းသည်လည်း ဘုရားလောင်းအား နေ့တိုင်းနေ့တိုင်း နှစ်ကြိမ်သုံးကြိမ် ခစားအံ့သောငှါသွား၏။ ထိုမင်းအား ဒုဋ္ဌကုမာရမည်သောသားသည် ဖြစ်၏။ ရုန့်ရင်းကြမ်းကြုတ်၏။ မင်းသည် ဆုံးမအံ့သောငှါ မတတ်နိုင်သလျှင်ကတည်း၊ ကြွင်းကုန်သော ဆွေမျိုးတို့သည်လည်း ဆုံးမအံ့သောငှါ မတတ်နိုင်သလျှင်ကတည်း၊ အမတ်တို့သည်၎င်း, ပုဏ္ဏားတို့သည်၎င်း တပေါင်းတည်းဖြစ်ကုန်၍ အရှင်ဤသို့ မပြုလင့်၊ ဤသို့ ပြုခြင်းငှါ မရအပ်၊ ဤသို့ အမျက်ထွက်ဟန်ပြု၍ ဆိုကုန်သော်လည်း စကားကိုယူစိမ့်သောငှါ မတတ်နိုင်ကုန်၊ မင်းသည် အရှင်ဖြစ်သော သီလရှိသောရသေ့ကိုထား၍ တပါးသော ဤမင်းသားကိုဆုံးမခြင်းငှါ စွမ်းနိုင်သောသူမည်သည် မရှိ၊ ထိုရသေ့သည်သာလျှင် ထိုမင်းသားကို ဆုံမနိုင်လတ္တံ့ဟု ထိုမင်းသားကိုခေါ်၍ ဘုရားလောင်းထံသို့သွား၍ အရှင်ဘုရား ဤ ဒုဋ္ဌကုမာရမင်းသားသည် ရုန့် ရင်းကြမ်းကြုတ်၏။ အကျွန်ုပ်တို့သည် ဆုံးမအံ့သောငှါ မတတ်နိုင်ကုန်၊ အရှင်ဘုရားတို့သည် ထိုမင်းသားကို တခုသောအကြောင်းဖြင့် ဆုံးမပါကုန်လောဟု မင်းသားကို ဘုရားလောင်းအား အပ်နှင်းခဲ့၍ ဖဲ၏။ ဘုရားလောင်းသည် မင်းသားကိုခေါ်၍ ဥယျာဉ်၌လည်သည်ရှိသော် နံပါးတဘက်မှ တရွက်ဖြင့် နံပါးတဘက်မှ တရွက်ဖြင့် ဤသို့ နှစ်ခုကုန်သော အရွက်ဖြင့်သာလျှင်ဖြစ်သော တမာပင်ငယ်ကို မြင်၍ မင်းသားကို မင်းသား ဤတမာပင်ငယ်၏ အရွက်ကို ရှေးဦးစွာစား၍ အရသာကိုသိအောင်ပြုလောဟု ဆို၏။ ထိုမင်းသားသည် တခုသောအရွက်ကိုစား၍ အရသာကိုသိ၍ ထွီဟု တံတွေးနှင့်တကွ မြေ၌ ထွေး၏။ မင်းသား ဤအမှုသည် အသို့နည်းဟု မေးသည်ရှိသော် အရှင်ဘုရား ဤသစ်ပင်ငယ်သည် ယခုပင်လျှင် လတ်တလော သေစေတတ်သော အဆိပ်နှင့်တူ၏။ ကြီးသည်ရှိသော်ကား များစွာကုန်သောလူတို့ကို သတ်လတ္တံ့ဟု ဆို၍ ထိုတမာပင်ငယ်ကိုနုတ်၍ လက်တို့ဖြင့်နယ်၍-

၁၄၉။ ဧကပဏ္ဏော အယံ ရုက္ခော၊ န ဘူမျာ စတုရင်္ဂုလော။
ဖလေန ဝိသကပ္ပေန၊ မဟာယံ ကိံ ဘဝိဿတိ။

ဟူသော ဤဂါထာကို ဆို၏။

၁၄၉။ ဘော တာပသ၊ အို ရှင်ရသေ့။ အယံ ရုက္ခော၊ ဤသစ်ပင်ငယ်သည်။ ဧကပဏ္ဏော၊ နံပါးတဘက်၌ တရွက်တရွက်စီသာ ရှိသေး၏။ အယံ၊ ဤသစ်ပင်ငယ်သည်။ ဘူမျာ၊ မြေမှ။ န စတုရင်္ဂုလော၊ လက်လေးသစ်မျှ မရှိသေး။ မဟာ၊ ကြီးသည်ရှိသော်။ ကိံ ဘဝိဿတိ၊ အသို့ဖြစ်လတ္တံ့နည်း။ ဖလေန၊ အသီး၏အရသာသည်။ ဝိသကပ္ပေန၊ လတ်တလော သေစေတတ်သော အဆိပ်နှင့်တူသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

ထိုအခါ ထိုဒုဋ္ဌကုမာရမင်းသားကို ဘုရားလောင်းသည် မင်းသား သင်သည် ဤတမာပင်ငယ်သည် ယခုကပင်လျှင် ဤသို့ ခါး၏။ ကြီး သောကာလ၌ ဤတမာပင်ကိုမှီ၍ အဘယ်မှာ စီးပွားဖြစ်နိုင်အံ့နည်းဟု နုတ်၍နယ်၍ စွန့်၏။ သင်သည် ထိုတမာပင်၌ ကျင့်သကဲ့သို့ ထို့အတူလျှင် သင့်ကို တိုင်း၌နေကုန်သောသူတို့သည် ဤမင်းသားသည် ငယ်သောကာလ၌လျှင် ဤသို့ ရုန့်ရင်းကြမ်းကြုတ်၏။ ကြီးသောကာလ၌ မင်းအဖြစ်သို့ ရောက်၍ အဘယ်မည်သည်ကို ပြုလတ္တံ့နည်း၊ ဤမင်းသားကိုမှီ၍ ငါတို့အား အဘယ်မှာ စီးပွားဖြစ်နိုင်အံ့နည်းဟု သင့်အား အမျိုး၏ ဥစ္စာဖြစ်သော ပြည်ကိုမပေးမူ၍ သင့်ကို တမာ ပင် ငယ်ကဲ့သို့ဖြစ်၍ ပြည်မှ နှင်ထုတ်လိုက်သောအမှုကို ပြုကုန်လတ္တံ့၊ ထို့ကြောင့် တမာပင်ငယ်နှင့်တူသော သဘောကိုစွန့်၍ ဤနေ့မှစ၍ ခန္တီ မေတ္တာ ကရုဏာနှင့် ပြည့်စုံသည် ဖြစ်လောဟု ဆို၏။ ထိုဒုဋ္ဌကုမာရမင်းသားသည် ထိုအခါမှစ၍ ကင်းသောမာနရှိသည်ဖြစ်၍ ခန္တီ၊ မေတ္တာ, ကရု ဏာနှင့် ပြည့်စုံသည်ဖြစ်၍ ဘုရားလောင်း၏ အဆုံးအမ၌ တည်၍ အဘလွန်သဖြင့် မင်းအဖြစ်သို့ရောက်၍ အလှူအစရှိသော ကောင်းမှုတို့ကိုပြု၍ ကံအား လျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌သာလျင် ဒုဋ္ဌလိစ္ဆဝီမင်းသားကို ဆုံးမသည်မဟုတ်သေး၊ ရှေး၌လည်း ဤဒုဋ္ဌလိစ္ဆဝီမင်းသားကို ဆုံးမဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ ယခုအခါ လိစ္ဆဝီမင်းသားသည် ထိုအခါ ဒုဋ္ဌကုမာရမင်းသား ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဆုံးမသောရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ပြောဆိုဆုံးမ၊ နာလွယ်က၊ ဘဝ ကောင်းကျိုးစည်

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဧကပဏ္ဏဇာတ်သည် ပြီး၏။

*****

ဧကကနိပါတ်-ကကဏ္ဋကဝဂ်

၁၀။ သဉ္ဇီဝဇာတ်

သူတော်မဟုတ် သူယုတ်ကို ချီးမြှောက်၍ စီးပွားချမ်းသာ ပျက်စီးကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အသန္တံ ယော ပဂ္ဂဏှာတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ သဉ္ဇီဝဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အဇာတသတ်မင်း၏ သူတော်မဟုတ် သူယုတ်ကို ချီးမြောက်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုအဇာတသတ်မင်းသည် ဘုရား၏ ဆန့် ကျင်ဘက်ဖြစ်သော သီလမရှိသော ယုတ်မာသောအကျင့်ရှိသော ဒေဝဒတ်၌ ကြည်ညို၍ သူတော်မဟုတ်သော ထိုဒေဝဒတ်ကို ချီးမြှောက်၍ ထိုဒေဝဒတ်အား ပူဇော်သက္ကာရကိုပြုအံ့ဟု များစွာသောဥစ္စာကို စွန့်၍ ဂယာသီသ၌ကျောင်းဆောက်၍ ထိုဒေဝဒတ်စကားကိုလျှင် ယူ၍ တရားစောင့်သော သောတာပန်ဖြစ်သော မြတ်စွာဘုရား၏ တပည့်ဖြစ်သော အဘဖြစ်သော ဗိမ္ဗိသာရမင်းကိုသတ်၍ မိမိ၏ သောတာပတ္တိမဂ်၏ ဥပနိဿယကို ဖျက်ဆီး၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်၏။ ထိုစကားသည် မှန်၏။ ဒေဝ ဒတ်ကို မြေမျိုပြီဟုကြား၍ အသို့နည်း၊ ငါ့ကိုလည်း မြေမျိုရာသလောဟု ထိတ်လန့်၍ မင်း၏ ချမ်းသာကို မရ၊ အိပ်ရာ၌ ချမ်းသာကိုမရ၊ ထက်စွာသောလှံဖြင့်ထိုးအပ်သော ပြိတ္တာကဲ့သို့ တုန် လှုပ်လျက် သွား၏။ ထိုအဇာတသတ်မင်းသည် မြေပြိုသကဲ့သို့၎င်း, အဝီစိမီးလျှံသည် ထွက်လာဘိသကဲ့သို့၎င်း မြေသည် မိမိကို မျိုသကဲ့သို့၎င်း ပြောင်ပြောင်တောက်သောသဲမြေ၌ ပက်လက်အိပ်စေ၍ သံတံကျင်တို့ဖြင့် ထိုးဘိသကဲ့သို့၎င်း ထင်၏။ ထို့ကြောင့် အဇာတသတ်မင်းသည် မြတ်စွာဘုရားကို ဖူးမြင်လိုသည် ကန်တော့လိုသည် ပြဿနာမေးလိုသည် ဖြစ်၏။ မိမိကား အပြစ်ကြီးသည်၏အဖြစ်ကြောင့် ဆည်းကပ်အံ့သောငှါ မတတ်နိုင်။

ထိုအခါ ရာဇဂြိုဟ်ပြည်၌ တန်ဆောင်မုန်းလပြည့်နေ့ည ပွဲသဘင်ခံသော အလှည့်သည် ရောက်သည်ရှိသော် နတ်ပြည်ကိုကဲ့သို့ တန်ဆာဆင်ပြီးသည်ရှိသော် မြတ်သောအပြင်၌ အမတ်အပေါင်းခြံရံလျက် ရွှေနေရာ၌နေသော အဇာတ သတ်မင်းအား အဘယမင်းသားသည်မွေးအပ်သော အနီး၌နေသောဇီဝကကို မြင်သည်ရှိသော် ဇီဝကကိုခေါ်၍ မြတ်စွာဘုရားအထံတော်သို့သွားအံ့၊ အရွယ်တူဇီဝက ငါသည် ကိုယ်တိုင်သွားအံ့သောငှါ မတတ်နိုင်၊ လာလော့ ငါ့ကို မြတ်စွာဘုရားအထံသို့ ဆောင်လော့ဟု ငါသည် ဖြောင့်ဖြောင့်ဆိုခြင်းငှာ မတတ်ကောင်း၊ ပရိယာယ်အားဖြင့်ကား ညဉ့်၏ ပြည့်စုံခြင်းကိုချီးမွမ်း၍ ယနေ့ အကြင်ငြိမ်းစေအပ်ပြီးသော မကောင်းမှုရှိသောသူ အပပြုအပ်ပြီးသော မကောင်းမှုရှိသောသူသို့ ဆည်းကပ်ကုန်သော ငါတို့၏စိတ်သည် ကြည်ရာ၏။ ထိုသို့သဘောရှိသော အဘယ်ငြိမ်းစေအပ်ပြီးသော မကောင်းမှုရှိသူသို့၎င်း အဘယ်အပပြုအပ်ပြီးသော မကောင်းမှုရှိသောသူသို့၎င်း ဆည်းကပ်ကုန်ရအံ့နည်းဟု ဆိုအံ့၊ ထိုစကားကို ကြားကုန်၍ အမတ်တို့သည် မိမိ မိမိတို့၏ ဆရာတို့ကျေးဇူးကိုဆိုကုန်လတ္တံ့၊ ဇီဝကသည်လည်း မြတ်စွာဘုရားကျေးဇူးကို ဆိုလတ္တံ့၊ ထိုအခါ ဇီဝကကိုခေါ်၍ မြတ်စွာဘုရားအထံတော်သို့သွားအံ့၊ ဤသို့သောအကြံသည် ဖြစ်၏။ ကြံပြီး၍ ထိုအဇာတသတ် မင်းသည် ငါးပုဒ်တို့ဖြင့် ညဉ့်ကို ချီးမွမ်း၏။

အိုအမတ်တို့ အပြစ်ကင်းသောညဉ့်သည် မှတ်ဘွယ်ရှိစွတကား၊ အိုအမတ်တို့ အပြစ်ကင်းသော ညဉ့်သည် နှစ်သက်ဘွယ်ရှိစွတကား၊ အိုအမတ်တို့ အပြစ်ကင်းသောညဉ့်သည် ရှူဘွယ်ရှိစွတကား၊ အိုအမတ်တို့ အပြစ်ကင်းသောညဉ့်သည် မွေ့လျော်ဘွယ်ရှိစွတကား၊ အိုအမတ်တို့ အပြစ်ကင်းသော ညဉ့်သည် ကြည်ညိုဘွယ်ယ်ရှိစွတကား၊ ယခုအခါ အကြင်ငြိမ်းစေအပ်ပြီးသော မကောင်းမှုရှိသောသူ အပပြုအပ်ပြီးသော မကောင်း မှုရှိသောသူသို့ ဆည်းကပ်သော ငါတို့၏ စိတ်သည် ကြည်ရာ၏။ ထိုသို့သဘောရှိသော အဘယ် ငြိမ်းစေအပ်ပြီးသောမကောင်းမှုရှိသော သူသို့၎င်း, အဘယ်အပပြုအပ်ပြီးသော မကောင်းမှုရှိသောသူသို့၎င်း ကပ်ရကုန်အံ့နည်းဟု ဆို၏။ ထိုသို့ ဆိုသောအခါ၌ တယောက်သောအမတ်သည် ပူရဏကဿပ၏ကျေးဇူးကို ဆို၏။ တယောက်သောအမတ်သည် မက္ခလိဂေါသာလ၏ ကျေးဇူးကို ဆို၏။ တယောက်သောအမဘ်သည် အဇိတကေသကမ္ဗလ၏ ကျေးဇူးကို ဆို၏။ တယောက်သောအမတ်သည် ပကုဓကစ္စာယန၏ ကျေးဇူးကို ဆို၏။ တယောက်သောအမတ်သည် သဉ္စယဗေလဋ္ဌပုတ္တ၏ ကျေးဇူးကို ဆို၏။ တယောက်သောအမတ်သည် နာဋပုတ္တနိဂဏ္ဌ၏ ကျေးဇူးကိုဆို၏။ မင်းသည် ထိုအမတ်တို့၏ စကားကိုကြား၍ ဆိတ်ဆိတ်နေ၏။

ထိုစကားသည် မှန်၏။ ထိုအဇာတသတ်မင်းသည် အမတ်ကြီး ဖြစ်သာ ဇီဝက၏သာလျှင် စကားကိုတောင့်တ၏။ ဇီဝကသည်လည်း မင်းသည် ငါ့ကို အကြောင်းပြု၍ ဆိုသော်သာလျှင် သိအံ့ဟု အနီး၌ ဆိတ်ဆိတ်နေ၏။ ထိုအခါ ဇီဝကကို မင်းသည် အရွယ်တူဇီဝက သင်သည်ကား အဘယ်ကြောင့် ဆိတ်ဆိတ်နေသနည်းဟု ဆို၏။ ထိုခဏ၌ ဇီဝကသည် နေရာမှထ၍ အကြင်အရပ်၌ မြတ်စွာဘုရားသည်ရှိ၏။ ထိုအရပ်သို့ လက်အုပ်ကိုညွတ်၍ ရှင်မင်းကြီး ပစ္စည်းလေးပါးကိုခံတော်မူထိုက်သော မဖောက်မပြန် အလိုလိုသာလျှင် ခပ်သိမ်းသောတရားတို့ကို သိတော်မူသော ထိုမြတ်စွာဘုရားသည် တထောင့်နှစ်ရာငါးကျိပ်ကုန်သော ရဟန်းတို့နှင့်တကွ အကျွန်ုပ်တို့၏သရက်ဥယျာဉ်၌ နေတော်မူ၏။ ထိုအရှင်ဂေါတမ၏ ကျော်စောသောအသံသည် ဤသို့နှံ့၍ တက်၏ဟု ကိုးပါးသော အရဟံ အစရှိသော ကျေးဇူးတို့ကိုဆို၍ ပဋိ သန္ဓေ မှစ၍ ပုဗ္ဗနိမိတ် အစရှိသည့်အပြားရှိသော မြတ်စွာဘုရား၏ အာနုဘော်ကိုပြ၍ ရှင်မင်းကြီးသည် ထိုမြတ်စွာဘုရားသို့ ဆည်းကပ်တော်မူပါလော့၊ တရားတော်ကို နာတော်မူပါလော့၊ ပြဿနာကို မေးတော်မူပါလော့ဟု လျှောက်၏။ မင်းသည် ပြည့်သောနှလုံးအလိုရှိသည်ဖြစ်၍ အရွယ်တူဇီဝက ထိုသို့တပြီးကား ဆင်ယာဉ်အစရှိသည်တို့ကို ကလောဟုဆို၍ အဇာတသတ်မင်းသည် ယာဉ်တို့ကို ကစေ၍ ကြီးစွာသော မင်း၏ အာနုဘော်ဖြင့် ဇီဝက၏သရက်ဥယျာဉ်သို့သွား၍ ထိုဥယျာဉ်၌ တခုသောအထွဋ်ဖြင့်ဆောက်အပ်သောကျောင်း၌ ရဟန်းသံဃာခြံရံသော မြတ်စွာဘုရားကိုမြင်၍ အလယ်၌ ငြိမ်သက်သော လှိုင်း တံပိုးရှိသော သမုဒြာကဲ့သို့ တုန်လှုပ်ခြင်းမရှိသောရဟန်းသံဃာကို ထိုမှဤမှကြည့်၍ ဤသို့သဘောရှိသောပရိသတ်ကို ငါသည် မမြင်စဘူးဟု ဣရိယာပုတ်၌ကြည်ညို၍ အဇာတသတ်မင်းသည် သံဃာအားလက်အုပ်ချီ၍ ချီးမွမ်း၍ မြတ်စွာဘုရားကိုရှိခိုး၍ တင့်အပ်လျောက်ပတ်သောအရပ်၌ နေလျက် ရဟန်း၏အကျိုးဖြစ်သောပြဿနာကို လျောက်၏။ ထိုအခါ အဇာတသတ်မင်းအား မြတ်စွာဘုရားသည် နှစ်ဘာဏဝါရတို့ဖြင့် တန်ဆာဆင်အပ်သော သာမညဖလသုတ်ကို ဟောတော်မူ၏။ ထိုအဇာတသတ်မင်းသည် သုတ္တန်အဆုံး၌ နှစ်သက်သည် ဖြစ်၍ မြတ်စွာဘုရားကို ကန်တော့ပြီးလျှင်နေရာမှထ၍ လကျ်ာရစ်လှည့်၍ ဖဲ၏။

မြတ်စွာဘုရားသည် မင်း၏ဖဲ၍မကြာမြင့်မီလျှင် ရဟန်းတို့ကိုခေါ်တော်မူ၍ ရဟန်းတို့ ဤအဇာတသတ်မင်းသည် ပျက်စီး၏။ ရဟန်းတို့ ဤအဇာတသတ်မင်းသည် စည်းစိမ်၏ အကြောင်းကြောင့် တရားစောင့်သော တရားသဖြင့်မင်းပြုသော အဘကို ဇီဝိတိန္ဒြေမှ အကယ်၍ မချငြားအံ့၊ ထိုအဇာတသတ်မင်းအား ဤနေရာ၌လျှင် ကင်းသောကိလေသာဟူသော မြူရှိသော ကင်းသောကိလေသာဟူသော အညစ် အကြေးရှိသော သောတာပတ္တိမဂ်ဉာဏ်သည်ဖြစ်ရာ၏။ ဒေဝဒတ်ကိုမှီ၍ကား သူတော်မဟုတ်သော သူကို ချီးမြှောက်ခြင်းကိုပြု၍ သောတာပတ္တိဖိုလ်မှ ယုတ်၏ဟု မိန့်တော်မူ၍ နက်ဖြန်နေ့၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ အဇာ တသတ်မင်းသည် သူတော်မဟုတ်သောသူကို ချီးမြှောက်ခြင်းကိုပြု၍ သီလမရှိသော ယုတ်မာသောအကျင့်ရှိသော ဒေဝဒတ်ကိုမှီ၍ ပိတုဃာတကကံကို ပြုသည်၏အဖြစ်ကြောင့် သောတာပတ္တိဖိုလ်မှ ယုတ်၏။ ဒေဝဒတ်သည် အဇာတသတ်မင်းကို ဖျက်ဆီး၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်း ဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤ မည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက် သည်ရှိသော် ရဟန်းတို့ အဇာတ သတ်သည် ယခုအခါ၌သာလျှင် သူတော်မဟုတ်သောသူကို ချီးမြှောက်ခြင်းကိုပြု၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်သည်မဟုတ်သေး၊ ရှေး၌လည်း အဇာတ သတ်သည် သူတော်မဟုတ်သောသူကို ချီးမြှောက်၍ မိမိကိုယ်ကိုဖျက်ဆီးဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုလတ်သည်ရှိသော် ဘုရားလောင်းသည် များစွာသောစည်းစိမ်ရှိသော ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် တက္ကသိုလ်ပြည်သို့သွား၍ အလုံးစုံသောအတတ်တို့ကိုသင်၍ ဒိသာပါမောက္ခဆရာ ဖြစ်၍ ငါးရာကုန်သောလုလင်တို့ကို အတတ်သင်စေ၏။ ထိုလုလင်တို့တွင် တယောက်သော သဉ္ဇီဝအမည်ရှိသော လုလင်သည်ရှိ၏။ ဘုရားလောင်းသည် ထိုသဉ္ဇီဝလုလင်အား သူသေကိုထစေတတ်သောမန္တရားကို ပေး၏။ ထိုသဉ္ဇီဝလုလင်သည် ထစေတတ်သော မန္တရားကိုသာလျှင်သင်၍ တားမြစ်တတ်သောမန္တရားကို မသင်မူ၍ တနေ့သ၌ ငါးရာကုန်သောလုလင်တို့နှင့်တကွ ထင်းအကျိုးငှာ တောသို့သွားသည်ရှိသော် တခုသော ကျားသေကို မြင်၍ လုလင်တို့ကို အို လုလင်တို့ ဤကျားသေကို ထစေအံ့ဟု ဆို၏။

ထိုလုလင်တို့သည် မတတ်နိုင်လတ္တံ့ဟု ဆိုကုန်၏။ သင်တို့၏ မြင်စဉ်ပင်လျှင် ထစေအံ့ဟု ဆို၏။ အကယ်၍ တတ်နိုင်အံ့ ထပါစေလောဟု ဆိုကုန်၏။ ဤသို့ဆိုပြီး၍လည်း ထိုလုလင်တို့သည် သစ်ပင်သို့ တက်ကြကုန်၏။ သဉ္ဇီဝလုလင်သည် မန္တရားကို သရဇ္ဈာယ်၍ ကျားသေကို ကျောက်စရစ်ဖြင့် ပစ်၏။ ကျားသည်ထ၍ လျင်သောအဟုန်ဖြင့်လာ၍ ထိုသဉ္ဇီဝလုလင်၏ရေမျိုကိုကိုက်၍ အသက်ကုန်ခြင်းသို့ ရောက်စေ၍ ထိုအရပ်၌ လျှင်လဲ၏။ သဉ္ဇီဝလုလင်သည်လည်း ထိုအရပ်၌ပင်လျှင် လဲ၏။ နှစ်ယောက်ကုန်သော သူတို့သည် ထိုအရပ်၌ပင်လျှင်သေ၍ အိပ်ကုန်၏။ လုလင်တို့သည်ထင်းကို ယူပြီးလျှင် လာကုန်၍ ထိုအကြောင်းကို ဆရာအားကြားကုန်၏။ ဆရာသည် လုလင်တို့ကိုခေါ်၍ အမောင်တို့ သူတော်မဟုတ်သောသူကို ချီးမြှောက်ခြင်းကိုပြုကုန်သော သူတို့မည်သည် မသင့်ရာအရပ်၌ ပူဇော်ခြင်း မြတ်နိုးခြင်းကိုပြုကုန်ရကား ဤသို့ သ ဘော ရှိသော ဆင်းရဲကို ခံရကုန်သလျှင်ကတည်းဟု ဆိုလို၍-

၁၅၀။ အသန္တံ ယော ပဂ္ဂဏှာတိ၊ အသန္တံ စူပသေဝတိ။
တမေဝ ဃာသံ ကုရုတေ၊ ဗျဂ္ဃေါ သဉ္ဇီဝကော ယထာ။

ဟူသော ဤဂါထာကို ဆို၏။

၁၅၀။ သဉ္ဇီဝကော၊ သဉ္ဇီဝလုလင်သည် ထစေအပ်သော။ ဗျဂ္ဃေါ၊ ကျားသည်။ သဉ္ဇီဝမေဝ၊ သဉ္ဇီဝကိုသာလျှင်။ ဇီဝိတာ၊ ဇီဝိတိန္ဒြေမှ။ ဝေါရောပေတိယထာ၊ ချသကဲ့သို့။ တထာ၊ ထို့အတူ။ ယော၊ အကြင်သူသည်။ အသန္တံ၊ သူတော်မဟုတ်သောသူကို။ ပဂ္ဂဏှာတိ၊ ချီးမြှောက်၏။ အသန္တံ စ၊ သူတော်မဟုတ်သော သူယုတ်ကိုလည်း။ ဥပသေဝတိ၊ ဆည်းကပ်၏။ တမေဝ၊ ထိုချီးမြှောက် ဆည်းကပ်သော သူကိုသာလျှင်။ သော ဒုဿီ လော၊ ထိုသူတော်မဟုတ်သောသူသည်။ ဃာသံ၊ စားခြင်းကို။ ကုရုတေ၊ ပြု၏။

ဘုရားလောင်းသည် ဤဂါထာဖြင့် လုလင်တို့အား တရားဟော၍ အလှူအစရှိသော ကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အဇာ တသတ်သည် ထိုအခါ ကျားသေကို ထစေသော သဉ္ဇီဝလုလင်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဒိသာ ပါမောက္ခဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

မချီးမြှောက်ထိုက်၊ ချီးမြောက်လိုက်၊ သူမိုက် ကိုယ့်ကိုသတ်

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သဉ္ဇီဝဇာတ်သည် ပြီး၏။

*****

ငါးရာငါးဆယ်ဇာတ်ဝတ္ထု

မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဒုတိယတွဲ

ဒုကနိပါတ်-ဒဠှဝဂ်

၁။ ရာဇောဝါဒဇာတ်

မင်းနှစ်ပါးဝါဒပြိုင်ပွဲ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဒဠှံ ဒဠဿ ခိပ္ပတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤရာဇောဝါဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောသလမင်းကြီးအား ဆုံးမတော်မူခြင်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုကောသလမင်းကြီးအား ဆုံးမတော်မူခြင်းသည် တေသကုဏဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ အထူးကား တနေ့သ၌ ကောသလမင်းကြီးသည် တခုသော အဂတိသို့လိုက်အပ်သော ဆုံးဖြတ်ခက် သောတရားကို တရားသဖြင့်ဆုံးဖြတ်၍ နံနက် စာ စားပြီးသော် စွတ်စိုသောလက်ရှိလျှက်သာလျှင် တန်ဆာဆင်အပ်သောရထားကိုစီး၍ မြတ်စွာဘုရား၏ အထံတော်သို့ သွား၍ ပွင့်သောပဒုမာကြာပန်းကဲ့သို့ တင့်တယ်ခြင်းရှိကုန်သော ခြေတော်တို့၌ မြတ်စွာဘုရားကိုရှိခိုး၍ တင့်အပ် လျောက်ပတ်သော အရပ်၌ နေ၏။ ထိုအခါ ထိုကောသလမင်းကြီးကို မြတ်စွာဘုရားသည် မြတ်သောမင်းကြီး သင်မင်းကြီးသည် အဘယ်အကြောင်းကြောင့် ယခု အလွန်နေမြင့်မှသာလျှင် လာခဲ့တဲ့သနည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား ယနေ့ အကျွန်ုပ်သည် တခုသော အဂတိသို့လိုက်အပ်သော ဆုံးဖြတ်ခက်သောတရားကို တရားသဖြင့် ဆုံးဖြတ်ခြင်းကြောင့် ယခုမှ အခွင့်ကိုရ၍ ထိုတရားကိုပြီးစေပြီးလျှင် နံနက်စာစား၍ စွတ်စိုသောလက်ရှိလျက်သာလျှင် အရှင်ဘုရားတို့အား ခစားရာအရပ်သို့ လာသည်ဖြစ်၏ဟု လျှောက်၏။

မြတ်စွာဘုရားသည် မြတ်သောမင်းကြီး တရားနှင့်ညီစွာ တရားကို ဆုံးဖြတ်ခြင်း မည် သည်ကား ကောင်း၏။ ဤတရားနှင့် ညီစွာ စီရင်ခြင်းသည် နတ်ရွာခရီးတည်း၊ မြတ်သောမင်းကြီးကဲ့သို့သော သဗ္ဗညူဘုရား၏အထံတော်မှ အဆုံး အမကိုရကုန်၍ သင်မင်းကြီးတို့သည် တရားနှင့်ညီစွာ တရားကို အကြင့်ကြောင့် ဆုံးဖြတ်ကုန်ရာ၏။ ထိုသို့ဆုံးဖြတ်ခြင်းသည် စင်စစ်သဖြင့်အံ့ဘွယ် မရှိသေး၊ ရှေးမင်းတို့သည် အလုံးစုံသောတရားတို့ကို မသိကုန်သော်လည်း ပညာရှိတို့၏ စကားကိုနာရကုန်၍ တရားနှင့်ညီစွာ တရားကို ဆုံးဖြတ်ကုန်လျှက် လေးပါးကုန်သော မလားအပ်ကုန်သော ချစ်ခြင်းအစရှိသည်တို့သို့ လားခြင်းတို့ကို ကြဉ်ရှောင်ကုန်၍ မင်းကျင့်တရား ဆယ်ပါးတို့ကို မပျက်စေကုန်မူ၍ တရားသဖြင့် မင်းပြုကုန်၍ နတ်ပြည်၏ပြည့်ခြင်းကို ပြုကုန်လျက် အကြင် ဖြစ်ဘူးပြီ၊ ထိုဖြစ်ဘူးခြင်းသည်သာလျှင်အံ့ဘွယ်ရှိ၏ဟု မိန့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူ၏။ ထို့နောင် ထိုကောသလမင်းကြီးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... မြတ်သောမင်းကြီး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုယားကြီး၏ ဝမ်း၌ ပဋိသန္ဓေယူ၍ ပဋိသန္ဓေအစောင့် အရှောက် ကိုရ၍ ချမ်းသာစွာ အမိဝမ်းမှဖွား၏။ ထိုဘုရားလောင်းအားအမည်မှည့်သော နေ့၌ကား ဗြဟ္မဒတ်သတို့သားဟူသော အမည်ကိုသာလျှင် မှည့်ကုန်၏။ ထိုဗြဟ္မဒတ်သတို့သားသည် အစဉ်သဖြင့် အရွယ်သို့ ရောက်၍ တဆဲ့ခြောက်နှစ်ရှိသောကာလ၌ တက္ကသိုလ်ပြည်သို့ သွား၍ ခပ်သိမ်းကုန်သောအတတ်တို့၏ အပြီးသို့ရောက်၍ အဘလွန်သဖြင့် မင်းအဖြစ်၌တည်၍ တရားနှင့်ညီစွာမင်းပြု၏။ ဆန္ဒ အစရှိသည်တို့၏ အစွမ်းအားဖြင့် မလားအပ်သောအရာသို့ မလားမူ၍ အဆုံးအဖြတ်ကို စီရင်ဆုံးဖြတ်၏။ ထိုဘုရားလောင်းသည် ဤသို့ တရားသဖြင့်မင်းပြုသည်ရှိသော် အမတ်တို့သည်လည်း ဟုတ်မှန်သဖြင့်သာလျှင် တရားကိုဆုံးဖြတ်ကုန်၏။ တရားတို့ကို ဟုတ်မှန်သဖြင့် ဆုံးဖြတ်စီရင်အပ်ကုန်သည်ရှိသော် ကောက်ကျစ် တရားတွေ့တတ်ကုန်သော သူတို့မည်သည် မဖြစ်ကုန်၊ ထိုကောက်တကျစ် တရားတွေ့တတ်ကုန်သောသူတို့၏ မရှိခြင်းကြောင့် တရားတွေ့ခြင်းအကျိုးငှါ မင်းယင်ပြင်၌ ဘေးရန်သည်ပြတ်၏။ အမတ်တို့သည် တနေ့ပတ်လုံးလည်း တရားဆုံးဖြတ်ရာအရပ်၌ နေကုန်၍ တစုံတယောက်သောသူကို တရားဆုံး ဖြတ်စိမ့်သောငှါ လာလတ်သည်ကို မမြင်ကုန်လျှင် ထ၍ ဖဲကြကုန်၏။ ထိုစကားသည် မှန်၏။ တရားဆုံးဖြတ်ရာအရပ်သည် စွန့်အပ်သည်၏ အဖြစ်သို့ ရောက်၏။

ဘုရားလောင်းသည် ဗြဟ္မဒတ်မင်းသည် တရားသဖြင့် မင်းပြုသည်ရှိသော် ဆုံးဖြတ်ရာအရပ်သို့ လာကုန်သော သူတို့မည်သည် မရှိကုန်၊ ဘေးရန်သည်လည်း ပြတ်၏။ ဆုံးဖြတ်ရာအရပ်သည်လည်း စွန့်အပ်သည်၏အဖြစ်သို့ ရောက်၏။ ယခုအခါ၌ ငါသည် မိမိ၏ကျေးဇူးမဲ့ကို ရှာခြင်းငှါသင့်၏။ ဤမည်သည်ကား ငါ၏ ကျေးဇူးမဲ့တည်း၊ ဤသို့ကြား၍ ထိုကျေးဇူးမဲ့ကိုပယ်၍ ဂုဏ်ကျေးဇူး၌သာလျှင် ကိုယ်ကိုဖြစ်စေအံ့ဟု ကြံ၏။ ထိုကာလမှစ၍ ငါ၏ ကျေးဇူးပဲကို ပြောဆိုသော တစုံတယောက်သော သူတို့သည် ရှိသလောဟု စုံစမ်းသည်ရှိသော် နန်းတော်တွင်း၌ သုံးဆောင်စေပါးကုန်သောသူတို့၏အတွင်း၌ ကျေးဇူးမဲ့ကိုပြောဆိုသော တစုံတယောက်သောသူကို မမြင်မတွေ့၍ မိမိ၏ ဂုဏ်ကျေးဇူးစကားကိုသာလျှင်ကြား၍ ထိုသူတို့သည် ငါ့ကို ကြောက်ခြင်းကြောင့်လည်း ကျေးဇူးမဲ့ကို မဆိုကုန်မူ၍ ကျေးဇူးကိုသာလျှင် ဆိုကုန်ရာ၏ဟု ကြံ၍ နန်းတော်အပ၌ သုံးဆောင်စေပါးကုန်သောသူအပေါင်း၌ စုံစမ်းသည်ရှိသော် ထိုသူတို့၌လည်းမမြင်မတွေ့၍ မြို့တွင်း၌ စုံစမ်း၏။ မြို့ပ၌၎င်း မြို့တံခါးလေးမျက်နှာတို့၌၎င်း မြို့လေးမျက်နှာ ရွာ၌၎င်း စုံစမ်း၏။ ထိုအရပ်တို့၌လည်း ကျေးဇူးမဲ့ကိုပြောဆိုသော တစုံတယောက်သောသူကို မမြင်မတွေ့ မိမိ၏ ဂုဏ်ကျေးဇူးစကားကိုသာလျှင်ကြား၍ ဇနပုဒ်ကိုစုံစမ်းအံ့ဟု အမတ်တို့ကို ပြည်ကိုဆောင်နှင်းခဲ့ပြီးလျှင် ရထားစီး၍ ရထားထိန်းကိုသာယူ၍ မထင်ရှားသောအသွင်ဖြင့် မြို့မှထွက်ခဲ့၍ ဇနပုဒ်ကိုစုံစမ်းလျှက် အရပ်စွန်တိုင် အောင်သွား၍ ကျေးဇူးမဲ့ကိုပြောဆိုသော တစုံတယောက်သောသူကို မတွေ့မမြင်၍ ဂုဏ်ကျေးဇူးစကားကိုသာလျှင် ကြား၍ အရပ်စွန် အပိုင်း အခြားမှ ခရီးမဖြင့် မြို့သို့ရှေးရှုသာလျှင် ပြန်ခဲ့၏။

ထိုကာလ၌ကား ဗလ္လိကအမည်ရှိသော ကောသလမင်းသည်လည်း တရားသဖြင့် မင်းပြုသည်ရှိသော် ကျေးဇူးမဲ့ကိုပြောဆိုသောသူကို ရှာသည်ဖြစ်၍ နန်းတော်တွင်း၌ စေပါးသုံး ဆောင်ကုန်သောသူအစရှိသည်တို့၌ မိမိ၏ ကျေးဇူးစကားကို သာလျှင်ကြား၍ ဇနပုဒ်ကို စုံစမ်း သည်ရှိသော် ထိုအရပ်သို့ရောက်၏။ ထိုမင်းနှစ်ပါးတို့သည်လည်း တခုသော ချိုင့်ဝမ်းရာလှည်း ကြောင်းခရီး၌ ရှေ့ဆိုင်မိကြကုန်၏။ ရထား၏ ရှောင်လွှဲစရာအရပ်သည် မရှိ၊ ထိုအခါ ဗလ္လိကမင်း၏ ရထားထိန်းသည် ဗာရာဏသီမင်း၏ ရထားထိန်းကို အို ရထားထိန်း သင်၏ရထားကို ရှောင်လွှဲလော့ဟုဆို၏။ ထိုဗာရာဏသီမင်း၏ ရထားထိန်းသည်လည်း ဗလ္လိကမင်း၏ ရထား ထိန်းကို အို ရထားထိန်း သင်၏ရထားကို ရှောင် လွှဲလော့ ဤရထား၌ ဗာရာဏသီပြည့်ရှင်ဖြစ်သောဗြဟ္မဒတ်မင်းမြတ်သည် စီးတော်မူ၏ဟုဆို၏။ ဗလ္လိကမင်း၏ ရထားထိန်းသည်လည်း ထိုဗာရာဏသီမင်း၏ ရထားထိန်းကို အို ရထား ထိန်း ဤရထား၌ ကောသလပြည့်ရှင်ဖြစ်သော ဗလ္လိကမင်းမြတ်သည် စီးတော်မူ၏။ သင်၏ ရထားကို ရှောင်လွဲ၍ ငါတို့မင်း၏ ရထားအား အခွင့်ကို ပေးလော့ဟု ဆို၏။ ဗာရာဏသီမင်း၏ ရထားထိန်းသည် ဤအရှင်သည်လည်း မင်းလျှင်ဖြစ်သတတ်၊ အသို့လျှင် ပြုအပ်သနည်းဟု ကြံ သည်ရှိသော် အရွယ်ကိုမေး၍ ငယ်သောမင်း၏ ရထားကို ရှောင်လွှဲစေ၍ ကြီးသောမင်းအားအခွင့်ကို ပေးစေအံ့၊ ဤအကြောင်းသည် ရှိ၏ဟု ဆုံးဖြတ်ခြင်းကိုပြု၍ ထိုကောသလမင်း၏ ရထားထိန်းကို ကောသလမင်း၏ အရွယ်ကိုမေး၍ညစုံစမ်းသည်ရှိသော် နှစ်ပါးကုန်သောမင်းတို့၏လည်း အရွယ်တူမျှကြကုန်သည်၏အဖြစ်ကိုသိ၍ ပြည်ပမာဏကို၎င်း ဗိုလ်ပါကို၎င်း စည်း စိမ်ဥစ္စာကို၎င်း အခြွေအရံကို၎င်း ဇာတ်အနွယ်အမျိုးဟူသော ညွှန်ပြအပ်သောဂုဏ်ကို၎င်း၊ ဤသို့ အလုံးစုံကိုမေးဦး၍ မင်းနှစ်ပါးတို့သည်လည်း ယူဇနာသုံးရာနှင်နှင်ရှိသောပြည်၏ အရှင်ဖြစ်ကြကုန်၏။ တူသော ဗိုလ်ပါ ဥစ္စာ အခြွေအရံ ဇာတ် အနွယ် အမျိုးဟူသော ညွှန်ပြအပ်သောဂုဏ် ရှိကြကုန်၏ဟုသိ၍ သီလရှိသောသူအား အခွင့်ကိုပေးအံ့ဟုကြံ၍ အို ရထားထိန်း သင်ရှိမင်း၏ သီလ အကျင့်သည် အဘယ်သို့ သဘောရှိသနည်းဟု မေးသည်ရှိသော် ထိုဗလ္လိကမင်း၏ ရထားထိန်းသည် ဤသည်ကား ငါတို့မင်း၏ သီ လအကျင့်တည်းဟု မိမိမင်း၏ ကျေးဇူးမဲ့ကိုပင်လျှင် ကျေးဇူးဟူ၍ပြလိုရကား-

။ ဒဠှံ ဒဠှဿ ခိပ္ပတိ၊ ဗလ္လိကော မုဒုနာ မုဒုံ။
သာဓုမ္ပိ သာဓုနာ ဇေတိ၊ အသာဓုမ္ပိ အသာဓုနာ။
ဧတာဒိသော အယံ ရာဇာ၊ မဂ္ဂါ ဥယျာဟိ သာရထိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁။ အမ္ဘော သာရထိ၊ အို ရထားထိန်း။ နော၊ ငါတို့၏။ ဗလ္လိကော၊ ဗလ္လိကမင်းသည်။ ဒဠှဿ၊ ကြမ်းကြုတ် ခက်ထန်သောသူ၏။ ဥပရိ၊ အပေါ် ၌။ ဒဠှံ၊ ကြမ်းကြုတ် ခက်ထန်သောဒဏ်ကို။ ခိပ္ပတိ၊ တင်၏။ မုဒုံ၊ နူးညံ့သောသူကို။ မုဒုနာ၊ နူးညံ့သဖြင့်။ ဇေတိ၊ အောင်၏။ သာဓုမ္ပိ၊ ကောင်းသောသူကိုလည်း။ သာဓုနာ၊ ကောင်းသဖြင့်။ ဇေတိ၊ အောင်၏။ အသာဓုမ္ပိ၊ မကောင်းသောသူကိုလည်း။ အသာဓုနာ၊ မကောင်းသဖြင့်။ ဇေတိ၊ အောင်၏။ သာရထိ၊ ရထားထိန်း။ အယံ ရာဇာ၊ ဤငါတို့သခင် အရှင်ဗလ္လိကမင်းသည်။ ဧတာဒိသော၊ ဤသို့သဘော ရှိ၏။ တွံ၊ သင်သည်။ မဂ္ဂါ၊ ခရီးမှ။ ဥယျာဟိ၊ ဖဲလေလော့။

ထိုအခါ၌ ဗလ္လိကမင်း၏ ရထားထိန်းကို ဗာရာဏသီမင်း၏ ရထားထိန်းသည် အို ရထား ထိန်း သင်သည် မိမိမင်း၏ ကျေးဇူးစကားကို ဆိုသလောဟုဆို၍ ဗလ္လိကမင်း၏ ရထားထိန်းက ဟုတ်၏ဟု ဆိုသည်ရှိသော် ထိုအကျင့်တို့ကို ဂုဏ်ကျေးဇူးတို့ဟူ၍ အကယ်၍ဆိုတုံအံ့၊ ကျေးဇူးမဲ့သည်ကား အသို့သဘောရှိလေတုံအံ့နည်းဟု ဗာရာဏသီမင်း၏ ရထားထိန်းက ဆို၍ ထိုအကျင့်တို့သည် ကျေးဇူးမဲ့တို့သည် ဖြစ်စေဦး၊ သင်တို့မင်း၏ ကျေးဇူးသည်ကား အဘယ်သို့သဘောရှိသနည်းဟု ဗလ္လိကမင်း၏ ရထားထိန်းက ဆိုသည်ရှိသော် ထိုသို့တပြီးကား နာလောဟု ဆို၍-

။ အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလိကဝါဒနံ။
ဧတာဒိသော အယံ ရာဇာ၊ မဂ္ဂါ ဥယျာဟိ သာရထိ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၂။ အမ္ဘော သာရထိ၊ အို ရထားထိန်း။ နော ရာဇာ၊ ဗာရာဏသီပြည်ကြီးသေဌ်နင်း တို့ရှင်မင်းသည်။ ကောဓံ၊ အမျက် ထွက်တတ်သော သူကို။ အက္ကောဗူန၊ မေတ္တာဖြင့်။ ဇိနေ၊ အောင်၏။ အသာဓု၊ မကောင်းသောသူကို။ သာဓုနာ၊ ကောင်းသဖြင့်။ ဇိနေ၊ အောင်၏။ ကဒရိယံ၊ စဉ်းလဲသော သူကို။ ဒါနေန၊ ပေးကမ်းသဖြင့်။ ဇိနေ၊ အောင်၏။ နာလိကဝါဒိနံ၊ မဟုတ်မမှန် ဘောက်ပြန် ယွင်း ချွတ် ဆိုလေ့ရှိသောသူကို။ သစ္စေန၊ အဟုတ်အမှန်ကိုဆိုသဖြင့်။ ဇိနေ၊ အောင်၏။ သာရထိ၊ ရထားထိန်း။ အယံ ရာဇာ၊ ဤငါတို့သခင် အရှင်မင်းမြတ်သည်။ ဧတာဒိသော၊ ဤသို့သဘော ရှိ၏။ တွံ၊ သည်။ မဂ္ဂါ၊ ခရီးမှ။ ဥယျာဟိ၊ ရှောင် လွှဲလေလော့။

ဤသို့ ဆိုသည်ရှိသော် ဗလ္လိကမင်းသည်၎င်း ရထားထိန်း သည်၎င်း နှစ်ယောက်ကုန်သော သူတို့သည်လည်း ရထားမှသက်ကုန်၍ မြင်းတို့ကိုချွတ်ပြီးလျှင် ရထားကိုဖယ်ကုန်၍ ဗာရာဏသီမင်းအား ခရီးကို ပေးကုန်၏။ ဗာရာဏသီမင်းသည်လည်း ဗလ္လိကမင်းအား အဆွေ မင်းမည် သည်ကား ဤမည်သော ဤမည်သော အမှုကိုလျှင် ပြုခြင်းငှါ သင့်၏ဟု အဆုံးအမကိုပေးလိုက်ပြီးလျှင် ဗာရာဏသီပြည်သို့သွား၍ ဒါနအစရှိကုန်ကောင်းမှုတို့ကိုပြု၍ အသက်၏အဆုံး၌ နတ်ပြည်ကို ပြည့်စေ၏။ ဗလ္လိကမင်းသည်လည်း ထိုဗာရာဏသီမင်း၏ အဆုံးအမကိုယူပြီးလျှင် ဇနပုဒ်ကို စုံစမ်း၍ မိမိ၏ ကျေးဇူးမဲ့ကိုဆိုသောသူကို မတွေ့မမြင်လျှင် မိမိမြို့သို့သွားလေ၍ ဒါန အစရှိကုန်သော ကောင်းမှုတို့ကိုပြု၍ အသက်၏ အဆုံး၌ နတ်ပြည်ကိုသာလျှင် ပြည့်စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ကောသလမင်းကြီးအား ဆုံးမတော်မူအံ့သောငှါ ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ မြတ်သောကောသလမင်းကြီး ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ ဗလ္လိကမင်း၏ရထားထိန်း ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗလ္လိကမင်းဖြစ်ဘူးပြီ။ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဗာရာဏသီမင်း၏ ရထားထိန်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်ကား ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်တော်ကို ပေါင်းတော်မူ၏။

အရေးကြုံပြန်၊ ကိုယ်ကျင့်မှန်၊ ဧကန် အောင်နိုင်မှု

ရှေးဦးစွာသော ရာဇာဝါဒဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဒဠှဝဂ်

၂။ သိင်္ဂါလဇာတ်

မြေခွေး နှင့် ခြင်္သေ့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်အသမေက္ခိတ ကမ္မန္တံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသိင်္ဂါလဇာတ်ကို ကူဋာဂါရကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဝေသာလီပြည်၌ နေသော တယောက်သော ဆတ္တာသည်သားကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုလုလင်ငယ်၏အဘသည် မင်းတို့၏၎င်း မင်းမောင်းမတို့၏၎င်း မင်း သားတို့၏၎င်း မင်းသမီးတို့၏၎င်း မုတ်ဆိတ်ကြင်စွယ်ကို ပြုပြင်ခြင်း ဆံကိုကောင်းစွာတည်စေခြင်းငှါ ထားသင့်ရာ၌ထားခြင်း အစရှိကုန်သော ခပ်သိမ်းကုန်သော ကိစ္စတို့ကို ပြု၏။ သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ရတနာသုံးပါးအား ကြည်ညို၏။ ရတနာသုံးပါးသို့ ဆည်းကပ်၏။ ပဉ္စသီလ ဆောက်တည်၏။ ကြိုးကြားကြိုးကြားသောကာလ၌ မြတ်စွာဘုရား၏တရားတော်ကိုနာလျက် ကာလကိုလွန်စေ၏။ ထိုဆတ္တာသည်ဒါယကာသည် တနေ့သ၌ မင်း၏နန်းတော်တွင်း အမှုကိုပြုအံ့သောငှါ သွားသည်ရှိသော် မိမိသားကိုခေါ်၍ သွား၏။ ထိုဆတ္တာသည်သားသည် ထိုမင်း၏နန်းတော်၌ နတ်သမီးနှင့်တူသော တန် ဆာဆင်ခြင်းနှင့်စပ်သော လိစ္ဆဝီမင်းသမီးကိုမြင်၍ညကိလေသာ၏အစွမ်းဖြင့် စွန်းငြိသောစိတ်ရှိသည်ဖြစ်၍ အဘနှင့်တကွ မင်း၏ နန်းတော်မှ ထွက်ခဲ့၍ ထိုမင်းသမီးငယ်ကို ရမှသာလျှင် အသက်ရှင်အံ့၊ မရသည်ရှိသော် ဤအရပ်၌ပင်လျှင် ငါ့အား သေခြင်းသည်ဖြစ်စေဟု အစာ အာဟာရကိုဖြတ်လျှက် ညောင်စောင်းပေါင်ကိုဘက်၍ အိပ်၏။

ထိုအခါ ထိုလုလင်ကို အဘသည် ချဉ်းကပ်၍ ချစ်သား အရာမဟုတ်သည်၌ ပြင်းပြစွာသောတပ်စွန်းခြင်းကို မပြုလင့်၊ သင်ကား ဆတ္တာ သည်သား ဖြစ်၍ ယုတ်မာသော အမျိုးရှိသောသူ ဖြစ်ချေသည်တကား၊ လိစ္ဆဝီသတို့သမီးသည်ကား မင်းသမီးဖြစ်၍ အမျိုးနှင့်ပြည့်စုံပေ၏။ ထိုလိစ္ဆဝီမင်းသမီးသည် သင့်အား မထိုက်မလျော်ချေ၊ တပါးသောအမျိုးအနွယ်တို့ဖြင့် သင်နှင့်တူသော သတို့သမီးငယ်ကို သင့်ဘို့ဆောင်အံ့ဟု ဆို၏။ ထိုလုလင်ငယ်သည် အဘစကားကို မယူ၊ ထိုအခါ၌ ထိုလုလင်ကို အမိသည်၎င်း အစ်ကိုသည်၎င်း နှမသည်၎င်း ဘထွေးသည်၎င်း မိထွေးသည်၎င်း အလုံးစုံလည်းဖြစ်ကုန်သော ဆွေမျိုးတို့သည်၎င်း အဆွေခင်ပွန်း နှလုံးအကျွမ်းဝင်ကုန်သော သူတို့သည်၎င်း စည်းဝေးကုန်၍ အမှတ်ပေးကုန်သော်လည်း မှတ်စိမ့်သောငှါ မတတ်နိုင်ကုန်၊ ထိုလုလင်သည် ထိုညောင်စောင်းပေါ်၌ သာလျှင် ခြောက်ကပ်၍ အသက်ကုန်ခြင်းသို့ ရောက်၏။ ထိုအခါ၌ ထိုလုလင်၏အဘသည် သေသူတို့အား ပြုအပ်သောကိစ္စတို့ကိုပြု၍ စိုးရိမ်ခြင်းပွားလတ်သော် မြတ်စွာဘုရားကို ရှိခိုးအံ့ဟု များစွာသော နံ့သာပန်း နံ့သာပျောင်းတို့ကိုယူ၍ မဟာဝုန် တောသို့ သွားပြီးလျှင် မြတ်စွာဘုရားကိုပူဇော်ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သောအရပ်၌ နေ၍ ဒါယကာသင်သည် အဘယ့်ကြောင့် များစွာသော နေ့တို့ပတ်လုံး မထင်လာတုံသနည်းဟု မိန့်တော်မူသည်ရှိသော် ထိုအကြောင်းကို ကြားလျောက်၏။ မြတ်စွာဘုရားသခင်သည် ဒါယကာ သင်၏သားသည် ယခုအခါ၌သာလျှင် အရာမဟုတ်သည်၌ ပြင်းပြစွာသော တပ်စွန်းခြင်းကိုဖြစ်စေ၍ ပျက်စီးခြင်းသို့ ရောက်သည် မဟုတ်သေး၊ ရှေး၌လည်း ရောက်ဘူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ ထိုဆတ္တာသည်ဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာ လွန်လေပြီးသေခအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်ဝယ် ခြင်္သေ့အမျိုး၌ ဖြစ်၏။ ထို ဘုရားလောင်း၏ညီငယ်တို့သည် ခြောက်စီးတို့သည် ဖြစ်ကုန်၏။ နှမသည် တစီး ဖြစ်၏။ အလုံးစုံသော ခြင်္သေ့တို့သည်လည်း ရွှေဂူ၌ နေကြကုန်၏။ ထိုရွှေဂူ၏အနီး၌ကား ငွေတောင်၌ တခုသော ဖလ်ဂူသည်ရှိ၏။ ထိုဖလ်ဂူ၌ တခုသောမြေခွေးသည် နေ၏။ နောက်အဘို့၌ ခြင်္သေ့တို့၏ အမိအဘတို့သည် သေကုန်၏။ ထိုခြင်္သေ့တို့သည် ခြင်္သေ့မငယ်ဖြစ်သောနှမကို ရွှေဂူ၌ ထားခဲ့၍ အစာရှာကုန်အံ့သောငှာ ဖဲကုန်၍ အသားကိုဆောင်ခဲ့ကုန်၍ ထိုနှမအား ပေးကုန်၏။ ထိုမြေခွေးသည် ထိုခြင်္သေ့မငယ်ကိုမြင်၍ ကြိုက်နှစ်သက်သောစိတ်ရှိသည် ဖြစ်၏။ ထိုခြင်္သေ့မငယ်၏ကား မိဘတို့၏ထင်ရှားရှိစဉ်ကာလ၌ ထိုမြေခွေးနှင့်အခွင့်ကို မရ၊ ထိုမြေခွေးသည် ထိုခုနစ်စီးကုန်သော ခြင်္သေ့တို့၏ အစာရှာအံ့သောငှါ သွားသောကာလ၌ ဖလ်ဂူမှသက်၍ ရွှေဂူ၏တံခါးသို့သွားပြီးလျှင် ခြင်္သေ့မငယ်၏ရှေ့မှ လောကာမိသဟုဆိုအပ်သော ကာမဂုဏ်ငါးပါးနှင့်စပ်သော ဤသို့သဘောရှိသောလျှို့ဝှက်အပ်သောစကားကို ဆို၏။ အဘယ်သို့ဆိုသနည်းဟူမူကား အရှင်ခြင်္သေ့မငယ် ငါသည်လည်း အခြေလေးချောင်းရှိသော သားတည်း၊ သင်သည်လည်း အခြေလေးချောင်းရှိသော သားမတည်း၊ သင်သည် ငါ၏ မယားဖြစ်ပါလော့၊ ငါသည် သင်၏ လင်ဖြစ်ပါအံ့၊ ထိုငါတို့သည် ညီညွတ်ကြကုန်၍ ဝမ်းမြောက်ကြကုန်၍ နေကြကုန်အံ့၊ သင်သည် ဤနေ့မှစ၍ ငါ့ကို ကိလေသာ၏အစွမ်းဖြင့် ချီး မြှောက် ထောက်ပံ့ပါလော့ဟုဆို၏။

ထိုခြင်္သေ့မငယ်သည် မြေခွေးစကားကို ကြား၍ ကြံ၏။ အဘယ်သို့ကြံသနည်းဟူမူကား ဤမြေခွေးသည် အခြေလေးချောင်းရှိကုန်သော သားတို့၏ဘောင်၌ ယုတ်၏။ စက်ဆုပ်ဘွယ်ရှိ၏။ ဒွန်းစဏ္ဏားမျိုးနှင့် တူ၏။ ငါတို့သည်ကား မြတ်သောမင်းမျိုးဟု သမုတ်အပ်ကုန်သော သားတို့တည်း၊ ဤမြေခွေးသည်လျှင် ငါနှင့်တကွ မလျောက်ပတ် မထိုက်တန်သောစကားကို ဆိုလာ၏။ ငါသည် ဤသို့သဘောရှိသော စကားကိုကြား၍ အသက်ရှင်ခြင်း၌ အဘယ်မူအံ့နည်း၊ နှာခေါင်းလေကိုအောင့်၍ သေတော့အံ့ဟု ကြံ၏။ ထိုနောက်မှ ခြင်္သေ့မအား ဤသို့သောအကြံသည် တဖန် ဖြစ်ပြန်၏။ အဘယ်သို့ ဖြစ်ပြန်သနည်းဟူမူကား ငါ့အား ဤသို့သာလျှင် သေခြင်းသည် မသင့်လှသေး၊ မောင်တို့သည် လာစေကုန်ဦး၊ ထိုမောင်တို့အားပြောဆို၍ သေအံ့ဟု အကြံသည် ဖြစ်ပြန်၏။ မြေခွေးသည်လည်း ခြင်္သေ့မငယ်၏အထံမှ စကားတုံ့ကိုမရ၍ ယခုအခါ၌ ဤခြင်္သေ့မငယ်သည် ငါ့အား အမျက် ထွက်၏ဟု နှလုံးမသာယာခြင်းသို့ ရောက်၍ ဖလ်ဂူသို့ဝင်၍ အိပ်၏။

ထိုအခါ၌ ခြင်္သေ့ငယ်တစီးသည် ကျွဲ ဆင် အစရှိသည်တို့တွင် တခုခုကိုသတ်လျှက် အသားကိုစားပြီးလျှင် နှမဘို့ဆောင်ခဲ့၍ နှမငယ် အသားကိုစားလော့ဟု ဆို၏။ မောင်ချစ် အကျွန်ုပ်သည် အသားကို မစားပြီ၊ သေတော့အံ့ဟု ဆိုသည်ရှိသော် နှမငယ် အဘယ်ကြောင့် သင်သည် သေလတ္တံ့နည်းဟုဆို၏။ ထိုခြင်္သေ့ မငယ်သည် ထိုမြေခွေး ဆိုလာသော အကြောင်းကို ကြား၏။ နှမငယ် ထိုမြေခွေးသည် ယခု အဘယ်မှာ နေသနည်းဟု မေးသည်ရှိသော် ဖလ်ဂူ၌အိပ်သော မြေခွေးကို ကောင်းကင်၌ အိပ်လေသည် ထင် မှတ်၍ မောင်ချစ် အဘယ်ကြောင့် မောင်မမြင်သနည်း၊ ထိုမြေခွေးသည် ငွေတောင်ထိပ်ကောင်းကင်၌ အိပ်၏ဟု ဆို၏။ ခြင်္သေ့ငယ်သည် ထိုမြေခွေး၏ ဖလ်ဂူ၌အိပ်သည်၏အဖြစ်ကို မသိခြင်းကြောင့် ကောင်းကင်၌ အိပ်၏ဟု အမှတ်ရှိသည်ဖြစ်၍ ထိုမြေခွေးကို သတ်အံ့ဟု ခြင်္သေ့တို့၏အဟုန်ဖြင့် ပြေးလေ၍ ဖလ်ဂူကို ရင်ဖြင့်သာလျှင် တိုက်မိ၏။ ခြင်္သေ့သည် ရင်ကွဲလေ၍ ထိုအရပ်၌ပင်လျှင် အသက်ကုန်ခြင်းသို့ ရောက်၍ တောင်ခြေရင်း၌ ကျလေ၏။

ထို့နောက် တစီးသော ခြင်္သေ့သည်လာ၏။ ထိုခြင်္သေ့မငယ်သည် ထိုခြင်္သေ့အားလည်း ထိုရှေးအတူသာလျှင် ဆို၏။ ထိုခြင်္သေ့သည်လည်း ထိုရှေးအတူသာလျှင်ပြု၍ အသက်ကုန်ခြင်းသို့ ရောက်၍ တောင်ခြေရင်း၌ ကျလေ၏။ ဤသို့သောနည်းဖြင့် ခြောက်စီးကုန်သော မောင် ခြင်္သေ့တို့သည်လည်း သေကုန်သည်ရှိသော် အလုံးစုံကုန်သော ခြင်္သေ့ခြောက်စီးတို့၏ နောက်၌ ဘုရားလောင်းသည် လာ၏။ ထိုခြင်္သေ့မသည် ထိုဘုရားလောင်း ခြင်္သေ့အားလည်း ထို အကြောင်းကိုကြား၍ ယခုအခါ၌ ထိုမြေခွေးသည် အဘယ်အရပ်၌ နေသနည်းဟု မေးသည်ရှိသော် မောင်ကြီး ထိုမြေခွေးသည် ငွေတောင်ထိပ်ကောင်းကင်၌ အိပ်၏ဟုဆို၏။ ဘုရားလောင်းသည် မြေခွေးတို့၏ ကောင်းကင်၌ တည်ရာမည်သည်ကား မရှိ၊ ဖလ်ဂူ၌ အိပ်သည်ဖြစ်လတ္တံ့ ဟုကြ၏။ ကြံပြီး၍ ထိုဘုရားလောင်းသည် တောင်ခြေရင်းသို့သက်လေ၍ ခြောက်စီးကုန်သောညီတို့ သေကုန်သည်ကိုမြင်၍ ဤခြင်္သေ့တို့သည် မိမိမိမိတို့၏ မိုက်သည်၏အဖြစ်ကြောင့် စုံစမ်းဆင်ခြင်တတ်သောပညာ၏ မရှိခြင်းကြောင့် ဖလ်ဂူ၏အဖြစ်ကို မသိကုန်၍ ရင်ဖြင့်တိုက်မိ၍ သေကြကုန်သည် ဖြစ်လတ္တံ့၊ မဆင် ခြင်ကုန်မူ၍ အလွန်လျင်မြန်စွာ ပြုကုန်သောသူတို့၏ အမှုသည်သည်ကား ဤသို့သဘောရှိသည် ဖြစ်တတ်၏ဟု ဆိုလို၍-

။ အသမေက္ခိတကမ္မန္တံ၊ တုရိတာဘိနိပါတိနံ။
သာနိ ကမ္မာနိ တပ္ပေန္တိ၊ ဥဏှံဝဇ္ဈောဟိတံ မုခေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၃။ မုခေ၊ ခံတွင်းသို့။ အဇ္ဈောဟိတံ၊ သွင်းအပ်သော။ ဥဏှံ၊ ပူသော အာဟာရသည်။ မုခါဒီနိ၊ ခံတွင်းအစရှိသည်တို့ကို။ တပ္ပတိ ဣဝ၊ လောင်သကဲ့သို့။ တထာ၊ ထို့အတူ။ ယာနိ အသမေက္ခိတကမ္မာနိ၊ အကြင် မဆင်မခြင် ပြုအပ်ကုန်သောအမှုတို့သည်။ သန္တိ၊ ရှိကုန်၏။ တာနိ ကမ္မာနိ၊ ထိုမဆင်မခြင်ပြုအပ်ကုန်သောအမှုရှိသည်။ တုရိတာဘိနိပါတိနံ၊ လျင်မြန်စွာပြုလေ့ရှိသော။ အသမေက္ခိတကမ္မန္တံ၊ မဆင်မခြင် ရွက်ဆောင်တတ်သော အမှုရှင်ကို။ တပ္ပေန္တိ၊ လောင်စေတတ်ကုန်၏။

ဒါယကာ ထိုခြင်္သေ့သည် ဤဂါထာကိုဆို၍ ငါ့ညီတို့သည် အကြောင်း၌မလိမ္မာကုန်သည်ဖြစ်၍ မြေခွေးကိုသတ်ကုန်အံ့ဟု အလွန်လျင်မြန်စွာပြေးကုန်၍ မိမိတို့သည် သေကုန်၏။ ငါသည်တမူကား ဤသို့ ညီများအတူ မပြုမူ၍ မြေခွေး၏ ဖလ်ဂူ၌အိပ်စဉ်သာလျှင် နှလုံးကိုကွဲစေအံ့ဟု ကြံ၍ ထိုမြေခွေး၏ တက်ရာ, သက်ရာခရီးကို မှတ်ပြီးလျှင် ထိုခရီးသို့ရှေးရှူဖြစ်၍ သုံးကြိမ် ခြင်္သေ့သံကို ဟောက်၏။ မြေကြီးနှင့်တကွ ကောင်းကင်သည် တစပ်တည်း ပဲ့တင်ထပ်သည်ဖြစ်၏။ မြေခွေး၏ ဖလ်ဂူ၌အိပ်စဉ်သာလျှင် အလွန် ထိတ်လန့်သည်၏အဖြစ်ကြောင့် နှလုံးသည် ကွဲ၏။ ထိုမြေခွေးသည် ထိုဖလ်ဂူတွင်း၌ သာလျှင် အသက်ကုန်ခြင်းသို့ ရောက်၏။ ဤသို့လျှင် သဗ္ဗညူမြတ်စွာဘုရားသည် ဒါယကာ ထိုမြေခွေးသည် ခြင်္သေ့သံကို ကြား၍ အသက်ကုန်ခြင်းသို့ ရောက်၏ဟု ဟောတော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

။ သီဟော စ သီဟနာဒေန၊ ဒဒ္ဒရံ အဘိနာဒယိ။
သုတွာ သီဟဿ နိဂ္ဃေါသံ၊ သိင်္ဂါလော ဒဒ္ဒရေ ဝသံ။
ဘီတော သန္တောသမာပါဒိ၊ ဟဒယဉ္စဿ အပ္ဖလိ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

၄။ ဥပသကာ၊ ဒါယကာ။ သီဟော စ၊ သားအမျိုးကို အစိုးရခြင်းရှိသော ခြင်္သေ့မင်းသည်လည်း။ သီဟနာဒေန၊ မိုးကြိုးသံနှင့်တူသော ခြင်္သေ့သံဖြင့်။ ဒဒ္ဒရံ၊ ငွေတောင်ကို။ အဘိနာဒယိ၊ ပဲ့တင် သံ တစပ်ထည်းရှိသည်ကို ပြု၏။ ဒဒ္ဒရေ၊ ဖလ်နှင့်ရောသော ငွေတောင်ထိပ်၌။ ဝသံ- ဝသန္တာ၊ နေသော။ သိင်္ဂါလော၊ မြေခွေးသည်။ သီဟဿ၊ ခြင်္သေ့မင်း၏။ နိဂ္ဃေါသံ၊ ပြင်းထန်စွာသော အသံကို။ သုတွာ၊ ကြား၍။ ဘီတော၊ ကြောက်၏။ သန္တောသံ၊ ထိတ်လန့်ခြင်းသို့။ အာပါဒိ၊ ရောက်၏။ ဘီတေန၊ အလွန်ကြောက်ခြင်းကြောင့်။ အဿ၊ ထိုမြေခွေး၏။ ဟဒယဉ္စ၊ နှလုံးသည်လည်း။ အပ္ဖလိ၊ ကွဲလေ၏။

ဤသို့ဆိုအပ်ပြီးသောနည်းဖြင့် ခြင်္သေ့မင်းသည် မြေခွေးကို အသက်ကုန်ခြင်းသို့ရောက်စေ၍ ညီခြောက်စီးတို့ကို တခုတည်းသောအရပ်၌ ဖုံးလွှမ်းခဲ့၍ ထိုညီတို့၏ သေသည်၏ အဖြစ်ကို နှမအားကြားပြီးလျှင် ထိုနှမငယ်ကို နှစ်သိမ့်စေ၍ အသက်ထက်ဆုံး ရွှေဂူ၌နေ၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ ဒါယကာဆတ္တာသည်သည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ဆတ္တာသည်၏သားသည် ထိုအခါ မြေခွေး ဖြစ်ဘူးပြီ၊ ယခုအခါ လိစ္ဆဝီမင်းသ္မီးငယ်သည်ထိုအခါ ခြင်္သေ့မငယ် ဖြစ်ဘူးပြီ၊ ယခုအခါ မထင်ရှားကုန်သော မထေရ်တို့သည်

ထိုအခါ ခြောက်စီးကုန်သော ညီငယ် ခြင်္သေ့တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါအစ်ကိုကြီး ခြင်္သေ့ ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကိုပေါင်းတော်မူ၏။

မဟုတ်အရာ၊ စွဲလမ်းရှာ၊ သေကာပျက်စီးမည်

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သိင်္ဂါလဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဒဠှဝဂ်

၃။ သူကရဇာတ်

ဝက် နှင့် ခြင်္သေ့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် စတုပ္ပဒေါ အဟံ သမ္မ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသူကရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထေရ်အိုတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တနေ့သ၌ ညဉ့်အခါ တရားနာခြင်းသည် ဖြစ်လတ်သည်ရှိသော် သဗ္ဗညူမြတ်စွာဘုရားသည် ဂန္ဓကုဋိတံခါးဝယ် မွေ့လျော်ဘွယ်ရှိသော စောင်းတန်းပျဉ်၌ရပ်တော်မူ၍ ရဟန်းအပေါင်းအား ဘုရာတို့၏အဆုံးအမကို ပေးတော်မူ၍ ဂန္ဓကုဋိသို့ဝင်တော်မူသည်ရှိသော် ပညာကြောင့် ဘုရားပရိသတ်၏အကြီးဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်သည် မြတ်စွာဘုရားကိုရှိခိုး၍ မိမိပရိဝုဏ်သို့ ကြွတော်မူ၏။ မောဂ္ဂလာန် မထေရ်မြတ်သည်လည်း ပရိဝုဏ်သို့ကြွတော်မူ၍ အပင်အပန်းဖြေတော်မူပြီးလျှင် အရှင်သာရိပုတ္တရာမထေရ်၏အထံသို့ လာလတ်၍ ပြဿနာကို မေး၏။ မေးတိုင်းမေးတိုင်းသော ပြဿနာကို ဓမ္မသေနာပတိ ဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်မြတ်သည် ကောင်းကင်ပြင်၌ လကိုပေါ်စေဘိသကဲ့သို့ ဖြေ၍ ထင်ရှားသည်ကို ပြုတော်မူ၏။ ပရိသတ် လေးပါးတို့သည် တရားတော်ကိုနာကုန်လျှက် နေကြကုန်၏။ ထိုလေးပါးကုန်သော ပရိသတ်တို့တွင် မထေရ်အိုတပါးသည် ငါသည် တရားနာပရိသတ်တို့၏အလယ်၌ သာရိပုတ္တရာကိုနှောက်နှယ်လျှက် ပြသနာကိုအကယ်၍ မေးအံ့၊ ဤသို့ မေးသည်ရှိသော် ဤပရိသတ်သည် ဤရဟန်းအိုကား အကြားအမြင်များသော ရဟန်းပေတည်းဟုသိလျှင် ကောင်းစွာ စီရင်၍ လှူဒါန်းခြင်း မြတ်နိုးတနာပြုခြင်းကိုပြုလတ္တံ့ ဟုကြံ၏။ ကြံပြီးလျှင်...

ပရိသတ်တို့၏ အကြားမှထ၍ မထေရ်သို့ကပ်၍ လျောက်ပတ်စွာ ရပ်လျက်ဆို၏။ အဘယ်သို့ ဆိုသနည်းဟူမူကား ငါ့သျှင်သာရိပုတ္တရာ ငါတို့သည်လည်း အရှင်ကို တခုသော ပြဿနာကို မေးကုန်အံ့၊ ငါတို့အားလည်း အခွင့်ကိုပြုလော့၊ ရှေးရှုခြင်း၌၎င်း အကြွင်းမဲ့ဖြေခြင်း၌၎င်း နှိပ်ခြင်း၌၎င်း ချီးမြှောက်ခြင်း၌၎င်း အထူးပြုခြင်း၌၎င်း တဖန် အထူးပြုခြင်း၌၎င်း အဆုံးအဖြတ်ကို ငါ့အား ပေးလော့ဟု ဆို၏။ သာရိပုတ္တရာ မထေရ်မြတ်သည် ထိုရဟန်းအိုကို ကြည့်တော်မူ၍ ဤရဟန်းအိုသည် လောဘနိုင်ငံသို့လိုက်၍ ကျင့်ခြင်း၌ တည်၏။ အချည်းနှီးသာတကား၊ တစုံတခုကိုမျှ မသိဟု ထိုရဟန်းနှင့်တကွ မပြောဆိုမူ၍သာလျှင် ရှက်စနိုး၍ ယပ်ကိုချပြီးလျှင် နေရာမှသက်၍ ပရိဝုဏ်သို့ ဝင်တော်မူ၏။ မောဂ္ဂလာန်မထေရ်သည်လည်း မိမိ၏ပရိဝုဏ်သို့သာလျှင် ကြွတော်မူလေ၏။ လူတို့သည် ထလတ်ကုန်၍ ဤရဟန်းအိုသည် ငါတို့အား သာယာစွာသောတရားကို နာစိမ့်သောငှာ နာခြင်းကို မပေး၊ ထိုအချည်းနှီးသော ရဟန်းအိုကို ဖမ်းကြကုန်ဟု လိုက်ကြကုန်၏။ ထိုရဟန်းအိုသည် ပြေးလေသည်ရှိသော် ကျောင်းစွန်၌ ပျက်သောပျဉ်ရှိသော ကျင်ကြီးတွင်းသို့ကျ၍ မစင်အလူးလူးလိမ်းကျံလျှက် တည်၏။ လူတို့သည် ထိုမစင်အလိမ်းလိမ်း ကပ်သော ရဟန်းအိုကိုမြင်ကုန်၍လျှင် နှလုံးမသာယာကုန်သည်ဖြစ်၍ မြတ်စွာဘုရား အထံတော်သို့ လာကြကုန်၏။

မြတ်စွာဘုရားသည် ဒါယကာတို့ကိုမြင်တော်မူ၍ ဒါယကာတို့ အခါမဲ့၌ အဘယ့်ကြောင့် လာကြကုန်သနည်းဟု မေးတော်မူ၏။ လူတို့သည် ထိုအကြောင်းကို ကြားလောက်ကုန်၏။ မြတ်စွာဘုရားသည် ဒါယကာတို့ ထိုရဟန်းအိုသည် ယခုအခါ၌သာလျှင် လျှပ်ပေါ်သည်ဖြစ်၍ မိမိ၏အစွမ်းကို မသိ၍ အစွမ်းကြီးကုန်သောလူတို့နှင့်တကွ ပြိုင်ဆိုင်၍ မစင်အလိမ်းလိမ်း ကပ်သည်ကား မဟုတ်သေး၊ ရှေး၌လည်း ထိုရဟန်းအိုသည် လျှပ်ပေါ် သည်ဖြစ်၍ မိမိ၏အစွမ်းကိုမသိလေ၍ အစွမ်းကြီးကုန်သောသူတို့နှင့်တကွ ပြိုင်ဆိုင်၍ မစင်အလိမ်းလိမ်းကပ်ဘူးလေပြီဟု မိန့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူ၏။ ထိုဒါယကာတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ခြင်္သေ့ဖြစ်၍ ဟိမဝန္တာအရပ် တောင်ဂူ၌ နေခြင်းကိုပြု၏။ ထိုဂူ၏အနီး၌ တခုသောအိုင်ကိုမှီကုန်၍ များစွာကုန်သော ဝက်တို့သည် နေကုန်၏။ ထိုအိုင်ကိုသာလျှင်မှီကုန်၍ ရသေ့တို့သည်လည်း သစ်ရွက်ဖြင့်မိုးသော သင်္ခမ်း၌ နေခြင်းကို ပြုကြကုန်၏။ ထိုအခါ တနေ့သ၌ ခြင်္သေ့သည် ကျွဲ ဆင် အစရှိသည်တို့တွင် တခုခုကိုသတ်၍ အလိုရှိတိုင်းအသားကိုစားပြီးလျှင် ထိုအိုင်သို့သက်၍ ရေကိုသောက်၍ တက်၏။ ထိုခဏ၌ လျှပ်ပေါ်သောဝက်တခုသည် ထိုအိုင်ကိုမှီ၍ အစာကိုယူ၏။ ခြင်္သေ့သည် ထိုဝက်ကိုမြင်လျှင် ယနေ့မှတပါးသော တနေ့သ၌ ဤဝက်ကိုစားအံ့၊ စင်စစ်သော်ကား ငါ့ကိုမြင်၍ ဤဝက်သည် တဖန်မလာရာဟု ကြံ၍ ထိုဝက်၏မလာအံ့သည်မှ စိုးသောကြောင့် ရေအိုင်မှတက်၍ နံပါးတဘက်ဖြင့်သွားအံ့သောငှါ အားထုတ်၏။ ဝက်သည် ကြည့်မျှော်၍ ဤခြင်္သေ့သည် ငါ့ကိုမြင်၍ ငါမှကြောက်သောကြောင့် အနီးသို့သွားအံ့သောငှာ မဝံ့ရကား ပြေး၏။ ယနေ့ ငါသည် ဤခြင်္သေ့နှင့်တကွ စစ်ထိုးအံ့သောငှါ သင့်၏ဟု ဦးခေါင်းကိုမော်၍ စစ်ထိုးအံ့သောငှာ ခေါ်လိုရကား-

။ စတုပ္ပဒေါ အဟံ သမ္မ၊ တွမ္ပိ သမ္မ စတုပ္ပဒေါ။
ဧဟိ သမ္မ နိဝတ္တဿု၊ ကိန္နု ဘီတော ပလာယသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၅။ သမ္မ၊ အချင်းခြင်္သေ့။ အဟံ၊ ငါသည်။ စတုပ္ပဒေါ၊ အခြေလေးချောင်းရှိသော သားတည်း။ သမ္မ၊ အချင်းခြင်္သေ့။ တွမ္ပိ၊ သင်သည်လည်း။ စတုပ္ပဒေါ၊ အခြေလေးချောင်းရှိသော သားတည်း။ သမ္မ၊ အချင်းခြင်္သေ့။ တွံ၊ သင်သည်။ ဘီတော၊ ငါမှကြောက်၍။ ပလာယသိ ကိန္နု၊ ပြေးသလော။ နိဝတ္တသု၊ ပြန်ခဲ့ဦးလော့။ ဧဟိ၊ လာဦးလော့။

ခြင်္သေ့သည် ထိုဝက်၏စကားကိုကြား၍ အချင်းဝက် ယနေ့ ငါတို့အား သင်နှင့်တကွ စစ်ထိုးခြင်းသည် မရှိသေး၊ ဤယနေ့မှကား ခုနစ်ရက်မြောက်သောနေ့၌ ဤအရပ်၌ သာလျှင် စစ်ထိုးခြင်းသည် ဖြစ်စေဟုဆို၍ ဖဲ၏။ ဝက်သည် ခြင်္သေ့နှင့်တကွ စစ်ထိုးရပေအံ့ဟု ရွှင်ရွှင်လန်းလန်း ထိုအကြောင်းကို အဆွေအမျိုးတို့အား ကြား၏။ ဆွေမျိုးတို့သည် ထိုဝက်၏စကားကို ကြားကုန်၍ အလွန်ကြောက်ကုန်ရကား ယခုအခါ၌ ဤဝက်သည် အလုံးစုံ ဖြစ်ကုန်သောငါတို့ကို ဖျက်ဆီးဘိ၏။ မိမိ၏အစွမ်းကိုမသိဘဲ ခြင်္သေ့နှင့်တကွ စစ်ထိုးခြင်းကို ပြုလိုဘိ၏။ ခြင်္သေ့သည် လာလတ်၍ အလုံးစုံလည်းဖြစ်ကုန်သောငါတို့ကို အသက်ကုန်ခြင်းသို့ရောက်စေလတ္တံ့၊ ရုန့်ရင်းကြမ်းတန်းသောအမှုကို မပြုလင့်ဟု ဆိုကြကုန်၏။ ထိုဝက်သည်လည်း အလွန်ကြောက်သည်ဖြစ်၍ ယခုအခါ၌ အသို့ပြုရပါအံ့နည်းဟု မေး၏။ ဝက်တို့သည် အချင်း သင်သည် ရသေ့တို့၏ ကျင်ကြီးစွန့်ရာမြေသို့သွား၍ ဟောင်ပုပ်သော မစင်၌ ခုနစ်ရက်တို့ပတ်လုံး ကိုယ်ကိုလူး၍ ခြောက်စေပြီးလျှင် ခုနစ်ရက်မြောက်သောနေ့၌ ကိုယ်ကိုဆီးနှင်းပေါက်တို့ဖြင့်ဆွတ်၍ ခြင်္သေ့၏မလာမီကလျှင် သွား၍ လေသင့်ရာ အရပ်ကိုသိ၍ လေညာ၌ ရပ်လော့၊ စင်ကြယ်သောသဘောရှိသော ခြင်္သေ့သည် သင်၏ဟောင်ပုပ်သော မစင်ဖြင့်ထုံအပ်သော ကိုယ်နံ့၏နံခြင်းကြောင့် သင့်အား အောင်ခြင်းကို ပေး၍ သွားလတံဟု ဆိုကုန်၏။ ထိုဝက်သည် ထိုအစီအရင်အတိုင်းပြု၍ ခုနစ်ရက်မြောက်သောနေ့၌ ထိုအရပ်၌ တည်၏။ ခြင်္သေ့သည် ထိုဝက်၏ ကိုယ်နံ့နံလာခြင်းကြောင့် မစင်လူးသည်၏အဖြစ်ကိုသိ၍ အချင်းဝက် သင်သည် အရေးကောင်းကို ကြံမိလေ၏။ သင်သည် အကယ်၍တည်း မစင်ပုပ်ကို မလူးအံ့၊ ဤအရပ်၌ပင်လျှင် သင်သည် အသက်ကုန်ခြင်းသို့ ရောက်လေရာ၏။ ယခုမူကား သင်၏ကိုယ်ကို နှုတ်သီးဖြင့်လည်း ကိုက်အံ့သောငှါ မတတ်ကောင်း၊ ခြေဖြင့်လည်း ကျောက်ကန်အံ့သောငှာ မတတ်ကောင်း၊ သင့်အား အောင်ခြင်းကို ငါပေး၏ဟုဆိုလိုရကား-

။ အသုစိ ပူတိလောမောသိ၊ ဒုဂ္ဂန္ဓော ဝါယိ သူကရ။
သစေ ယုဇ္စျိတုကာမောသိ၊ ဇယံ သမ္မ ဒဒါမိ တေ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၆။ သမ္မ သူကရ၊ အချင်း ဝက်ပုပ်။ တွံ၊ သင်သည်။ အသုစိပူတိလောမော၊ မစင်လူးခြင်းကြောင့် ပုပ်သောအမွေးရှိသည်။ အသိ၊ ဖြစ်၏။ ဒုဂ္ဂန္ဓော၊ အလိုမရှိအပ် စက်ဆုပ်ရွံရှာအပ်သော အနံ့ရှိသည်ဖြစ်၍။ ဝါယိ၊ ပုပ်နံ့နံ၏။ ယုဇ္ဈိတုကာမောသိ၊ အကယ်၍ စစ်ထိုးလိုသည်ဖြစ်အံ့။ တေ၊ သင်အား။ ဇယံ၊ အောင်ခြင်းကို။ ဒဒါမိ၊ ငါပေး၏။

ဤသို့ဆို၍ ခြင်္သေ့သည် ထိုအရပ်မှသာလျှင်ပြန်၍ အစာကိုယူ၍ အိုင်၌ရေကိုသောက်၍ တောင်ဂူသို့သာလျှင် သွား၏။ ဝက်သည်လည်း ခြင်္သေ့ကို ငါအောင်ပြီဟု ဆွေမျိုးတို့ကို ကြားလေ၏။ ထိုဆွေမျိုးတို့သည် တဖန် တနေ့သ၌ လာလတ်၍ ခြင်္သေ့သည် အလုံးစုံသာလျှင်ဖြစ်ကုန်သော ငါတို့ကို အသက်ကုန်ခြင်းသို့ ရောက်စေလတ္တံ့ဟု လွန်စွာကြောက်ကုန်ရကား ပြေးကုန်၍ တရပ်တပါးသို့ သွားကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရဟန်းအိုသည် ထိုအခါဝက်ဖြစ်ဘူးပြီ၊ ယခုအခါငါဘုရားသည်သာလျှင် ထိုအခါ ခြင်္သေ့ဖြစ်ဘူးပြီဟု ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ဂုဏ်ကိုလွန်မက်၊ ဂုဏ်မတက်၊ ဝက်နှင့်ခြင်္သေ့ရှု

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော သူကရဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဒဠှဝဂ်

၄။ ဥရဂဇာတ်

ရသေ့, နဂါး, ဂဠုန်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဣဓူရဂါနံ ပဝရော ပဝိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဥရဂဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စစ်သူကြီး နှစ်ယောက်တို့၏ ခိုက်ရန် ဖြစ်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ကောသလမင်း၏ ခြေရင်း၌ မှီဝဲခစားကုန်သော စစ်သူကြီးဖြစ်ကုန်သော အမတ်ကြီးနှစ်ယောက်တို့သည် အချင်းချင်းတွေ့မြင်ကြရာအရပ်၌ ငြင်းခုံခြင်းကို ပြုကုန်သတတ်၊ ထိုအမတ်ကြီးနှစ်ယောက်တို့၏ ရန်ဘက်၏အဖြစ်သည် မြို့အလုံး၌ထင်ရှားသည် ဖြစ်၏။ ထိုအမတ်ကြီးနှစ်ယောက်တို့ကို ကောသလမင်းသည်၎င်း အဆွေအမျိုးမိတ်ခင်ပွန်းတို့သည်၎င်း၊ ညီညွတ်သင့်တင့်သည်တို့ကို ပြုအံ့သောငှါ မစွမ်းနိုင်ကုန်သလျှင်ကတည်း၊ ထိုအခါ တနေ့သ၌ သဗ္ဗညူ မြတ်စွာဘုရားသည် မိုးသောက်ထအခါ၌ ကျွတ်ထိုက်ကုန်သော အဆွေ အမျိုးတို့ကို ကြည့်တော်မူသည်ရှိသော် ထိုစစ်သူကြီးနှစ်ယောက်တို့၏ သောတာပတ္တိမဂ်၏ အကြောင်းဥပနိဿယဖြစ်သော ကုသိုလ်ကံကို မြင်တော်မူ၍ မိုးသောက်သောနေ့၌ ကိုယ်တော်တပါးတည်းသာလျှင် သာဝတ္ထိမြို့သို့ ဆွမ်းအလို့ငှာဝင်တော်မူ၍ ထိုနှစ်ယောက်သောစစ်သူကြီးတို့တွင် တယောက်သော စစ်သူကြီး၏အိမ်တံခါး၌ ရပ်တော်မူ၍ ထိုစစ်သူကြီးသည်ထွက်၍ သပိတ်တော်ကိုယူပြီးလျှင် မြတ်စွာဘုရားကို အိမ်တွင်းသို့ပင့်၍ နေရာကိုခင်း၍ နေတော်မူစေ၏။ မြတ်စွာဘုရားသည် နေတော်မူ၍ ထိုစစ်သူကြီးအား မေတ္တာဘာဝနာ၏အကျိုးကို ဟောတော်မူ၍ ခံ့သောစိတ်ရှိသည်၏အဖြစ်ကို သိတော်မူလျှင် သစ္စာတို့ကို ပြတော်မူ၏။ ထိုစစ်သူကြီးသည် သစ္စာကို ပြတော်မူသည်၏အဆုံး၌ သောတာပတ္တိဖိုလ်၌ တည်၏။

မြတ်စွာဘုရားသည် ထိုစစ်သူကြီး၏ သောတာပန်ဖြစ်ပြီးသည်၏ အဖြစ်ကို သိတော်မူ၍ ထိုစစ်သူကြီးကိုသာလျှင် သပိတ်တော်ကိုယူစေ၍ ထပြီးလျှင် တယောက်သော စစ်သူကြီး၏အိမ်တံခါးသို့ ကြွတော်မူ၍ ထိုစစ်သူကြီးသည်လည်းထွက်၍ မြတ်စွာဘုရားကိုရှိခိုးလျက် အရှင်ဘုရားတို့ ဝင်တော်မူလော့ဟုလျှောက်၍ အိမ်တွင်းသို့ဝင်၍ နေတော်မူစေ၏။ တယောက်သောစစ်သူကြီးသည်လည်း သပိတ်ကိုယူ၍ မြတ်စွာဘုရားနှင့် တကွသာလျင် ဝင်၏။ မြတ်စွာဘုရားသည် ထိုစစ်သူကြီးအား တဆယ့်တပါးကုန်သော မေတ္တာ၏အကျိုးအာနိသင်တို့ကို ဟောတော်မူ၍ ခံ့သောစိတ်ရှိသည်၏အဖြစ်ကို သိတော်မူလျှင် သစ္စာတို့ကို ပြတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ ထိုစစ်သူကြီးသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဤသို့လျှင် ထိုနှစ်ယောက်ကုန်သော စစ်သူကြီးတို့သည်လည်း သောတာပန်တို့ချည်း ဖြစ်ကုန်၍ အချင်းချင်း အပြစ်ကိုဖြေကုန်၍ ကန်တော့ကြကုန်၍ ညီညွတ်ကြကုန်သည် ဝမ်းမြောက်ကြကုန်သည် ဆန္ဒတူကြကုန်သည် ဖြစ်ကုန်၏။ ထိုနေ့၌သာလျှင် မြတ်စွာဘုရား၏ ရှေ့တော်မှောက်၌ အတူတကွ စားကြကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကိုပြီးစေ၍ ကျောင်းတော်သို့ ကြွတော်မူ၏။ ထိုနှစ်ယောက်ကုန်သော စစ်သူကြီးတို့သည်လည်း များစွာကုန်သော ပန်း နံ့သာ, နံ့သာပျောင်းတို့ကို၎င်း၊ ထောပတ် ပျား တင်လဲ အစရှိသည်တို့ကို၎င်း ယူကုန်၍ မြတ်စွာဘုရားနှင့်တကွသာလျှင် ထွက်ကုန်၏။ မြတ်စွာဘုရားအား ရဟန်းအပေါင်းသည် ဝတ်ကိုပြုသည်ရှိသော် ဘုရားရှင်တို့၏ အဆုံးအမကို ပေးတော်မူ၍ ဂန္ဓကုဋီသို့ ဝင်တော်မူ၏။

ရဟန်းတို့သည် ညချမ်းအခါ တရားသဘင်၌ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးစကားကို ဖြစ်စေကုန်၏။ အဘယ်သို့ ဖြစ်စေကုန်သနည်းဟူမူကား ငါ့သျှင်တို့ မြတ်စွာဘုရားသည် မယဉ်ကျေးသေးသောသူတို့ကို ယဉ်ကျေးအောင်ဆုံးမတော်မူတတ်သည်သာလျှင်တည်း၊ အမတ်ကြီးနှစ်ယောက်တို့ကို ရှည်မြင့်စွာနေကြကုန်သော်လည်း ကောသလမင်းသည် ညီညွတ်သည်တို့ကို ပြုအံ့သောငှါ မတတ်နိုင်သည်သာလျှင်တည်း၊ အဆွေအမျိုး မိတ်ခင်ပွန်းအစရှိသောသူတို့သည်လည်း မတတ်နိုင်ကြကုန်သလျှင်ကတည်း၊ နှစ်ယောက်ကုန်သောစစ်သူကြီးတို့ကို တနေ့ခြင်းသာလျှင် မြတ်စွာဘုရားသည် ဆုံးမတော်မူအပ်၏ဟု မြတ်စွာဘုရား၏ ကျေးဇူးစကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ငါဘုရားသည် ဤနှစ်ယောက်ကုန်သောသူတို့ကို ညီညွတ်သင့်တင့်သည်တို့ကို ပြုတော်မူသည် မဟုတ်သေး၊ ရှေး၌လည်း ထိုနှစ်ယောက်ကုန်သောသူတို့ကို ငါသည် ညီညွတ်သင့်တင့်ကုန်သည်တို့ကို ပြုအပ်ကုန်သည် သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသတတ်၊ ထိုအခါ ဗာရာဏသီပြည်၌ ပွဲလမ်းသဘင်ကို ကြွေးကြော်သည်ရှိသော် ကြီးစွာသေ ပွဲလမ်းသဘင်သည် ဖြစ်၏။ များစွာကုန်သော လူတို့သည်၎င်း၊ နတ် နဂါး ဂဠုန်အစရှိသည်တို့သည်၎င်း၊ ပွဲသဘင်ကြည့်အံ့သောငှါ စည်းဝေးရောက်လာကြကုန်၏။ ထိုပွဲသဘင်ဝယ် တခုသောအရပ်၌ တခုသောနဂါးသည်၎င်း၊ တခုသောဂဠုန်သည်၎င်း၊ သဘင်ကိုကြည့်ကုန်လျက် အတူတကွ ရပ်ကြကုန်၏။ နဂါးသည် ဂဠုန်၏အဖြစ်ကို မသိသည်ဖြစ်၍ ဂဠုန်၏ပခုံး၌ လက်ကိုတင်၏။ ဂဠုန်သည် ငါ၏ပခုံး၌ ဘယ်သူလက်တင်သနည်းဟု ပြန်ကြည့်လတ်သော် နဂါးမှန်းသိ၏။ နဂါးသည်လည်းကြည့်လတ်သည်ရှိသော် ဂဠုန်၏အဖြစ်ကိုသိ၍ သေခြင်းမှအလွန်ကြောက်ရကား မြို့မှထွက်၍ မြစ်ဆိပ်သို့ပြေးလေ၏။ ဂဠုန်သည်လည်း ထိုနဂါးကိုဖမ်းအံ့ဟု လိုက်၏။ ထိုအခါ၌ ဘုရားလောင်းသည် ရသေ့ဖြစ်၍ ထိုမြစ်၏ကမ်းနားဝယ် သစ်ရွက်မိုးသောသင်္ခမ်း၌နေလျှက် နေပူခြင်းကိုငြိမ်းစိမ့်သောငှါ ရေသနုပ်ကိုဝတ်၍ လျှော်တေသင်္ကန်းကို ထားပြီးလျှင် မြစ်သို့သက်၍ ရေချိုး၏။ နဂါးသည် ဤရဟန်းကိုမှီ၍ အသက်ကိုရပါအံ့ဟု ပကတိအသွင်ကိုစွန့်ပြီးလျှင် ပတ္တမြားတုံးအသွင်ကိုဘန်ဆင်း၍ လျှော်တေသင်္ကန်းကြားသို့ ဝင်၏။ ဂဠုန်သည် လိုက်လာသည်ရှိသော် ထိုနဂါးကို မျှော်တေသင်္ကန်းကြားသို့ ဝင်သည်ကိုမြင်၍ လျှော်တေသင်္ကန်းအား ရိုသေလေးမြတ်သည်၏အဖြစ်ကြောင့် မယူမူ၍ ဘုရားလောင်းကို ခေါ်ပြီးလျှင် အရှင်ဘုရား အကျွန်ုပ်သည် မွတ်၏။ အရှင်ဘုရားတို့၏ သင်္ကန်းတော်ကို ယူကုန်လော့၊ ဤနဂါးကို စားအံ့၊ ဤသို့သောအနက်ကို ပြအံ့သောငှါ-

။ ဣဓူရဂါနံ ပဝရော ပဝိဋ္ဌော၊
သေလဿ ဝဏ္ဏေန ပမောက္ခမိစ္ဆံ။
ဗြဟ္မဉ္စ ဝဏ္ဏံ အပစာယမာနော၊
ဗုဘုက္ခိတော နော ဝိတရာမိ ဘောတ္တုံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၇။ ဘော ပဗ္ဗဇိတ၊ အို ရှင်ရဟန်း။ ဥရဂါနံ၊ နဂါးတို့၏။ ပဝရော၊ အထွတ်အမြတ်ဖြစ်သော နဂါးမင်းသည်။ ပမောက်ခံ၊ ငါမှလွတ်ခြင်းကို။ ဣစ္ဆံ၊ အလိုရှိသည်ဖြစ်၍။ သေလဿ၊ ပတ္တမြားတုံး၏။ ဝဏ္ဏေန၊ အသွင်ဖြင့်။ ဣဓ၊ ဤအရှင်ဘုရား၏ သင်္ကန်းတော်သို့။ ပဝိဋ္ဌော၊ ဝင်၏။ အဟံ၊ အကျန်ုပ်သည်။ တုမှာကံ၊ အရှင်ဘုရားတို့၏။ ဗြဟ္မဉ္စ၊ မြတ်သည်လည်းဖြစ်သော။ ဝဏ္ဏံ၊ လျှော်တေသင်္ကန်းတော် အသွင်ကို။ အပစာယမာနော၊ အလေးဂရုပြုသည်ဖြစ်၍။ ဗုဘုက္ခိတော၊ အလွန်စားလိုလျှက်လည်း။ ဧတံ နာဂံ၊ ထိုနဂါးကို။ ဘောတ္တုံ၊ စားခြင်းငှာ။ နော ဝိတရာမိ၊ မဝံ့။

ဤသို့ဆိုသည်ရှိသော် ဘုရားအလောင်းသည် ရေ၌တည်လျက် သာလျှင် ဂဠုန်မင်းအား ချီးမွမ်းခြင်းကို ပြုလိုရကား-

။ သော ဗြဟ္မဂုတ္တော စိရမေဝဇီဝ၊
ဒိဗျာ စ တေ ပါတုဘန္တု ဘက္ခာ။
ယော ဗြဟ္မဝဏ္ဏံ အပစာယမာနော၊
ဗုဘုက္ခိတော နော ဝိတရာသိ ဘောတ္တုံ။

ဟူသော နှစ်ခုဟို၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။

၈။ သုပဏ္ဏရာဇ၊ ဂဠုန်ငှက်မင်း။ ယော တွံ၊ အကြင်သင်သည်။ ဗြဟ္မဝဏ္ဏံ၊ မြတ်သော လျှော်တေသင်္ကန်းတော်အသွင်ကို။ အပစာယမာနော၊ အလေးဂရုပြုသည်ဖြစ်၍။ ဗုဘုက္ခိတော၊ အလွန်စားလိုလျှက်လည်း။ ဧတံ နာဂံ၊ ထိုနဂါးကို။ ဘောတ္တုံ၊ စားခြင်းငှါ။ နော ဝိတရာသိ၊ မဝံ့။ သော တွံ၊ ထိုသင်သည်။ ဗြဟ္မဂုတ္တော၊ မြတ်သောလျှော်တေသင်္ကန်းကို စောင့်ရှောက် သည်ဖြစ်၍။ စိရမေဝ၊ အခါမြင့်သာလျှင်။ ဇီဝ၊ အသက်ရှည်စေသော။ တေ၊ သင်အား။ ဒိဗျာ စ ဘက္ခာ၊ နတ်၌ သာလျှင်ဖြစ်ကုန်သော အာဟာရတို့သည်။ ပါတုဘဝန္တု၊ ထင်ရှားဖြစ်စေကုန်သတည်း။

ဤသို့ ဘုရားလောင်းသည် ရေ၌သာလျှင် အနုမောဒနာပြ၍ ရေမှတက်၍ လျှော်တေသင်္ကန်းကိုဝတ်၍ ထိုနဂါး ဂဠုန် နှစ်ပါးစုံတို့ကိုလည်း ခေါ်၍ ကျောင်းသို့သွားပြီးလျှင် မေတ္တာဘာဝနာ၏အကျိုးကို ဟောတော်မူ၍ နဂါးဂဠုန်နှစ်ပါးစုံတို့ကိုလည်း ညီညွတ်သင့်တင့်သည်တို့ကို ပြုတော်မူ၏။ ထိုနဂါးဂဠုန် နှစ်ပါးစုံတို့သည် ထိုအခါမှစ၍ ညီညွတ်ကုန်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာကြကုန်သည်ဖြစ်၍ ချမ်းသာစွာနေခြင်းဖြင့် နေကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ နှစ်ယောက်ကုန်သော ဤအမတ်ကြီးတို့သည် ထိုအခါနဂါးသည်၎င်း ဂဠုန်သည်၎င်း ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

မေတ္တာ သက်ဝင်၊ ပြစ်ချက်စင်၊ ခင်မင် ပေါင်းသင်းပြု

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဥရဂဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဒဠှဝဂ်

၅။ ဘဂ္ဂဇာတ်

ချေဆပ် မန္တန်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဇီဝံ ဝဿသတံ ဘဂ္ဂ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဘဂ္ဂဇာတ်ကို ဇေတဝန် ကျောင်းတော်၏ အနီး၌ ပသေနဒီကောသလမင်းကြီးသည် ဆောက်လုပ်အပ်သော ရာဇိကာရုံ၌ သီတင်းသုံးနေတော်မူစဉ် ကိုယ်တော်၏ချေတော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တနေ့သ၌ မြတ်စွာဘုရားသည် ရာဇိကာရုံတွင် ပရိသတ်လေးပါးတို့၏အလယ်၌ နေတော်မူ၍ တရားကိုဟောတော်မူစဉ် ချေတော်မူ၏။ ရဟန်းတို့သည် အရှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သက်တော်ရှည်စေသော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် သက်တော်ရှည်စေသောဟု အရပ်မျက်နှာကို ပြန့်နှံသည်၏အစွမ်းဖြင့် ကျယ်သောအသံ အုတ်အုတ်သဲသဲသောအသံကို ပြုကုန်၏။ ထိုအသံကြောင့် တရားဟောခြင်း၏အန္တရာယ်သည် ဖြစ်၏။ ထိုအခါ၌ မြတ်စွာဘုရားသည် ရဟန်းတို့ စင်စစ်သဖြင့်လျှင် ချေသည်ရှိသော် အသက်ရှည်စေသောဟု ဆိုသည်ရှိသော် ထိုအကြောင်းကြောင့် ရှင်ရာသလော၊ သေရာသလောဟု မိန့်တော်မူ၏။ အရှင်ဘုရား ထိုသို့ချေသည်ရှိသော် အသက်ရှည်စေသောဟု ဆိုခြင်းတည်းဟူသော အကြောင်းကြောင့် ရှင်ခြင်း သေရခြင်း၏ ဖြစ်ခြင်းသည် မဖြစ်သင့်ဟု ရဟန်းတို့သည် လျှောက်ကြကုန်၏။ ရဟန်းတို့ ထိုသို့တပြီးကား ချေသည်ရှိသော် အသက်ရှည်စေသောဟု မဆိုအပ်၊ အကြင် ရဟန်းသည် ဆိုငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ် သင့်စေဟုမိန့်တော်မူ၏။

ထိုအခါ၌ လူတို့သည် ရဟန်းတို့အား ချေသည်ရှိသော် အရှင်ဘုရားတို့သည် သက်တော်ရှည်စေကုန်သတည်းဟု ဆိုကြကုန်၏။ ရဟန်းတို့သည် မအပ်ဟု ကုက္ကုစ္စဖြစ်ကြကုန်၍ အသက်ရှည်စေကုန်ဟု တုံ့၍မဆိုကုန်၊ လူတို့သည် အဘယ်ကြောင့်သာလျှင် သာကီဝင်မင်းသားဖြစ်ကုန်သော ရဟန်းတို့သည် အရှင်ဘုရားတို့ အရှင်ဘုရားတို့သည် သက်တော်ရှည်စေ ကုန်သတည်းဟု ဆိုကုန်သည်ရှိသော် စကားမဆို နေကုန်ဘိသနည်းဟု ကဲ့ရဲ့ကုန်၏။ မြတ်စွာဘုရားအား ထိုအကြောင်းကို ကြားလျှောက်ကုန်၏။ ရဟန်းတို့ လူတို့သည် နှုတ်မင်္ဂလာစကားကို ချီးမွမ်းတတ်ကုန်၏။ ရဟန်းတို့ လူတို့အား အသက်ရှည်စေဟု တုံ့၍ဆိုစိမ့်သောငှါ ခွင့်ပြုတော်မူ၏။ ရပာန်းတို့ လူတို့သည် အရှင်ဘုရား အရှင်ဘုရားသည် အသက်ရှည်စေသတည်းဟု ဆိုသည်ရှိသော် ကြာမြင့်စွာ အသက်ရှည်စေဟု တုံ့၍ဆိုအံ့သောငှါအပ်၏ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်းတို့သည် အရှင်ဘုရား အသက်ရှည်စေဟူ၍ဆိုသော, စကားတုံ့၍ အသက်ရှည်စေဟူ၍ဆိုသော စကားမည်သည်ကား အဘယ်အခါ၌ ဖြစ်သနည်းဟု မြတ်စွာဘုရားကို မေးကုန်၏။ မြတ်စွာဘုရားသည်ရဟန်းတို့ အသက်ရှည်စေဟု ဆိုသော် စကားတုံ့၍ အသက်ရှည်စေဟုဆိုသော စကားမည်သည်ကား ရှေးကာလ၌ ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိကတိုင်းဝယ် တဦးသောပုဏ္ဏားမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်း၏အဘသည် ကုန်သွယ်ခြင်းကိုပြု၍ အသက်မွေး၏။ ထိုပုဏ္ဏားသည် တဆယ့် ခြောက်နှစ်ရှိသော သားဘုရားလောင်းကို ရောင်းအပ်သောဘဏ္ဍာကိုထုပ်စေ၍ ရွာ နိဂုံး အစရှိသည်တို့၌သွားသည်ရှိသော် ဗာရာဏသီသို့ရောက်၍ တံခါးစောင့်၏အိမ်၌ ထမင်းကိုချက်စေပြီးလျှင် ထမင်းစား၍ နေရာအရပ်ကို မရသည်ရှိသော် အခါမဲ့၌လာကုန်သော ဧည့်သည်တို့သည် အဘယ်အရပ်၌ နေကုန်သနည်းဟု မေး၏။ ထိုအခါ၌ ထိုပုဏ္ဏားကို လူတို့သည် မြို့ပ၌ ဇရပ်တဆောင်သည်ရှိ၏။ ထိုဇရပ်သည်ကား ဘီလူးစောင့်ရှောက်၏။ အကယ်၍ အလိုရှိကုန်အံ့၊ ထိုဇရပ်၌ နေကုန်လော့ဟု ဆိုကုန်၏။ ဘုရားလောင်းသည် ဘခင် လာကုန်လော့ သွားကြကုန်အံ့၊ ဘီလူးဘေးမှ မကြောက်ကုန်လင့်၊ အကျွန်ုပ်သည် ထိုဘီလူးကိုဆုံးမ၍ ဘခင်တို့၏ ခြေရင်းတို့၌ ဝပ်စေအံ့ဟု အဘကိုခေါ်၍ ထိုဇရပ်သို့ သွား၏။

ထိုအခါ၌ ဘုရားလောင်း၏အဘသည် အင်းပျဉ်၌ လျောင်း၏။ မိမိသည် အဘ၏ခြေတို့ကို ဆုပ်နယ်လျှက်နေ၏။ ထိုဇရပ်၌စောင့်သောဘီလူးသည် တဆယ့်နှစ်နှစ်တို့ပတ်လုံး ဝေဿဝဏ္ဏနတ်မင်းကိုခစား၍ ထိုဇရပ်ကိုရသည်ရှိသော် ဤဇရပ်သို့ဝင်ကုန်သောလူတို့တွင် အကြင်လူသည် ချေသည်ရှိသော် အသက်ရှည်စေသတည်းဟု ဆို၏။ အကြင်သူသည်လည်း အသက်ရှည် စေသတည်းဟုဆိုသည်ရှိသော် တုံ့ပြန်၍ အသက်ရှည်စေသတည်းဟု ဆို၏။ ထိုအသက်ရှည်စေသ တည်းဟု ဆိုသောသူ, တုံ့၍ အသက်ရှည်စေကုန်သတည်းဟု ဆိုကုန်သော သူတို့ကိုထား၍ ကြွင်းသောသူတို့ကို စားလေလော့ ဤသို့ ဆုရ၏။ ထိုဘီလူးသည် ခေါင်အုပ်ဝါး၏ ဖွဲ့ရာလျောက်၌ နေ၏။ ထိုဘီလူးသည် ဘုရားလောင်း၏အဘကို ချေစေအံ့ဟူ၍ မိမိ၏ အာနုဘော်ဖြင့် သိမ်မွေ့သောအမှုန့်ကို လွှတ်၏။ အမှုန့်သည် လာလတ်၍ ပုဏ္ဏား၏နှာခေါင်းပေါက်၌ ဝင်၏။ ထိုပုဏ္ဏားသည် အင်းပျဉ်ပေါ်၌ လျောင်းလျှက်သာ ချေ၏။ ဘုရားလောင်းသည် ထိုအဘကို အသက်ရှည်စေသောဟူ၍ ဆို၏။ ဘီလူးသည် ထိုပုဏ္ဏားကိုစားအံ့သောငှာ ခေါင်လျောက်မှ ဆင်း၏။ ဘုရားလောင်းသည် ထိုဘီလူးဆင်းသည်ကို မြင်၍ ဤဘီလူးသည် ငါ၏အဘကို ချေစေအပ်သည် ဖြစ်လတံ့၊ ဤဘီလူးသည် ချေသည်ရှိသော် အသက်ရှည်စေသောဟူ၍ မဆိုသောသူကို စားသောဘီလူးသည် ဖြစ်လတံ့ဟု နှလုံးပြု၍ အဘကိုရည်မှတ်၍-

။ ဇီဝ ဝဿသတံ ဘဂ္ဂ၊ အပရာနိ စ ဝီသတိ။
မာ မံ ပိသာစာ ခါဒန္တု၊ ဇီဝ တွံ သရဒေါသတံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၉။ ဘဂ္ဂ၊ ဘခင် ဘဂ္ဂ။ တွံ၊ သင်သည်။ ဝဿသတံ၊ အနှစ်တရာ ပတ်လုံး၎င်း။ အပရာနိ၊ ထိုမှတပါးကုန်သော။ ဝီသတိ စ၊ အနှစ်နှစ်ဆယ်ပတ်လုံး၎င်း။ ဇီဝ၊ အသက်ရှည်လော။ မံ၊ ငါ့ကို။ ပိသာစာ၊ ဘီလူးတို့သည်။ မာ ခါဒန္တု၊ မစားစေကုန်သတည်း။ တွံ၊ သင်သည်လည်း။ သရဒေါသတံ၊ နှစ်ဆယ်အလွန်ရှိသော အနှစ်တရာပတ်လုံး။ ဇီဝ၊ အသက်ရှည်စေသော။

ဘီလူးသည် ဘုရားလောင်း၏ စကားကိုကြား၍ ဤလုလင်ကို ရှေးဦးစွာ အဘကို အသက်ရှည်စေသောဟူ၍ ဆိုအပ်သည်၏အဖြစ်ကြောင့် စားအံ့သောငှါမတတ်ကောင်း၊ ထိုလုလင်၏ အဘကိုကား စားအံ့ဟု အဘထံသို့ သွား၏။ ထိုပုဏ္ဏားသည် ထိုဘီလူးလာလတ်သည်ကို မြင်၍ ဤဘီလူးသည် အတုံ့ အသက်ရှည်စေသောဟူ၍ မဆိုကုန်သော သူတို့ကို စားတတ်သော ဘီလူးသည်ဖြစ်လတ္တံ့၊ တုံ့၍ အသက်ရှည်စေဟု ဆိုခြင်းကို ပြုအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုပုဏ္ဏားသည် သားကို အာရုံပြု၍-

၁၀။ တွမ္ပိ ဝဿသတံ ဇီဝ၊ အပရာနိ စ ဝီသတိ။
ဝိသံ ပိသာစာ ခါဒန္တု၊ ဇီဝ တွံ သရဒေါသတံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၀။ ပိယပုတ္တ၊ ချစ်စွာသောသား။ တမ္ပိ၊ သင်သည်လည်း။ ဝဿသတံ၊ အနှစ်တရာပတ်လုံး၎င်း။ အပရာနိ၊ တပါးကုန်သော။ ဝီသတိ၊ အနှစ်နှစ်ဆယ်ပတ်လုံး၎င်း။ ဇီဝ၊ အသက်ရှည်လော။ ပိသာစာ၊ ဘီလူးတို့သည်။ ဝိသံ၊ လတ်လတ် လောလော သေစေတတ်သော အဆိပ်ကိုသာ။ ခါဒန္တု၊ စားရ လေစေကုန်သတည်း။ တွံ၊ သင်သည်။ သရဒေါသတံ၊ နှစ်ဆယ်အလွန်ရှိသော အနှစ်တရာတို့ပတ်လုံး။ ဇီဝ၊ အသက်ရှည်စေသော။

ထိုပုဏ္ဏား၏ စကားကိုကြား၍ သားအဘနှစ်ယောက်တို့ကိုလည်း ငါ မစားသင့်ပြီဟု ပြန်လေ၏။ ထိုအခါ၌ ထိုဘီလူးကို ဘုရားလောင်းသည် အို ဘီလူး အဘယ်ကြောင့် ဤဇရပ်သို့ ဝင်လာကုန်သောသူတို့ကို သင် စားသနည်းဟု မေး၏။ အို လုလင် တဆယ့်နှစ်နှစ်တို့ပတ်လုံး ဝေဿဝဏ္ဏနတ်မင်းကိုခစား၍ ရသည်၏အဖြစ်ကြောင့် စား၏ဟုဆို၍ အလုံးစုံသော

သူကိုပင်လျှင် စားအံ့သောငှါ သင်ရသလောဟု မေးသည်ရှိသော် ထိုဘီလူးသည် အသက်ရှည်စေသောဟုဆိုသောသူ, တုံ့၍ အသက်ရှည်စေသောဟု ဆိုသောသူတို့ကိုထား၍ ကြွင်းကုန်သောသူတို့ကို ငါစားရ၏ဟု ဆို၏။ ဘီလူး သင်သည် ရှေး၌လည်း အကုသိုလ်ကို ပြုခြင်းကြောင့် ကြမ်းတန်း ရုန့်ရင်းသော သူတပါးကို ညှဉ်းဆဲတတ်သော ဘီလူး၏အဖြစ်အားဖြင့် ဖြစ်၏။ ယခုအခါ၌လည်း ထိုသို့သဘောရှိသော မကောင်းမှုကို ပြုပြန်၍ အမိုက်မှအမိုက်သို့ လားရသည်ပင်ဖြစ်လတ္တံ့၊ ထို့ကြောင့် ဤနေ့မှစ၍ ပါဏာတိပါတအစရှိသည်တို့မှ ကြဉ်ရှောင်လော့ဟု ဘီလူးကိုဆုံးမ၍ ငရဲဘေးဖြင့်ခြိမ်းချောက်၍ ပဉ္စသီတို့၌တည်စေ၍ ဘီလူးကို ကျွန်အမှုလုပ်ကိုကဲ့သို့ ပြု၏။ မိုးသောက်သောနေ့၌ လှည့်လည်လာကုန်သောလူတို့သည် ဘီလူးကိုမြင်ကုန်၍ ဘုရားလောင်းသည်လျှင် ထိုဘီလူးကို ဆုံးမသည်၏အဖြစ်ကို သိကုန်၍ မင်းအား ကြား လျှောက်ကုန်၏။ အဘယ်သို့ ကြားလျောက်ကုန်သနည်းဟူမူကား မြတ်သောမင်းကြီး လုလင်တယောက်သည် ထိုဘီလူးကိုဆုံးမ၍ ကျန်အမှုလုပ်ကိုကဲ့သို့ပြု၍တည်၏ဟု ကြားလောက်ကုန်၏။ မင်းသည် ဘုရားလောင်းကို သေနာပတိအရာ၌ထား၏။ ထိုဘုရားလောင်း၏ အဘအားလည်း များစွာသောစည်းစိမ်ကို ပေး၏။ ထိုမင်းသည် ဘီလူးကို ဗလိ နတ်စာခံသောနတ်ကိုပြု၍ ဘုရားလောင်း၏ အဆုံးအမ၌ တည်၍ ဒါန အစရှိသောကောင်းမှုတို့ကိုပြု၍ နတ်ပြည်ကို ပြည့်စေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အသက်ရှည်စေဟူ၍ဆိုခြင်း တုံ့၍ အသက်ရှည်စေဟူ၍ ဆိုခြင်းမည်သည်ကား ထိုကာလ၌ဖြစ်၏ဟု မိန့်တော်မူ၍ ရဟန်းတို့ ယခုအခါ အင်္ဂုလိမာလသည် ထိုအခါ ဘီလူး ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ကဿပသည် ထိုအခါ အဘ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သားဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

အသက်ရှည်စေ၊ ခွန်းတုံ့ချွေ၊ သက်နေ ရှည်ကြာမှု

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ဘဂ္ဂဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဒဠှဝဂ်

၆။ အလီနစိတ္တဇာတ်

ဆင်ဖြူတော်၏ အစွမ်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အလီနစိတ္တံ နိဿာယ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအလီနစိတ္တဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လုံ့လကိုလျော့သောရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် ဧကာဒသကနိပါတ် သံဝရဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ထိုရဟန်းအား မြတ်စွာဘုရားသည် ရဟန်း သင်သည် လုံ့လကိုလျှော့သတတ်ဟူသည် မှန်သလောဟု မိန့်တော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု လျောက်၏။ ထိုအခါ၌ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း သင်သည် ရှေး၌လုံ့လကိုမလျှော့မူ၍ အသားတစ်နှင့်တူသော နုနယ်လှသောသူငယ်အား တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီမြို့၌ မင်းအဖြစ်ကိုယူ၍ ပေးဘူးသည် မဟုတ်တုံလော့၊ ယခုအခါ အဘယ့်ကြောင့် ဤသို့သဘောရှိသော သာသနာတော်၌ ရဟန်းပြု၍ လုံ့လကိုလျှော့ဘိသနည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဗာရာဏသီမြို့မှ မနီးမဝေးသောအရပ်၌ လက်သ္မားတို့၏ရွာသည် ရှိသည်ဖြစ်၏။ ထိုလက်သ္မားတို့၏ရွာ၌ ငါးရာကုန်သော လက်သ္မားတို့သည် နေကုန်၏။ ထိုလက်သ္မားတို့သည် လှေဖြင့်မြစ်ညာသို့သွားကုန်၍ တောသို့ဝင်ကုန်၏။ အိမ်၏ အဆောက်အဦ သစ်တို့ကို ရွေကုန်၍ ထိုတောအရပ်၌သာလျှင် ဘုံတဆင့် နှစ်ဆင့် အစရှိသည်အပြားရှိကုန်သော အိမ်အဆောက်အဦးတို့ကို စီရင်ကုန်၍ တိုင်မှစ၍ ခပ်သိမ်းကုန်သောသစ်တို့၌ အမှတ်ပြုကုန်၍ မြစ်နားသို့ ဆောင်ကုန်ပြီးလျှင် လှေသို့ တင်ကုန်၍ မြစ်၏အကြေဖြင့် မြို့သို့လာကုန်၍ အကြင်သူတို့သည် အကြင်သို့ သဘောရှိကုန်သောအိမ်တို့ကို အလိုရှိကုန်၏။ ထိုသူတို့ကို ထိုသို့သဘောရှိကုန်သော အိမ်တို့ကိုပြုကုန်၍ အသပြာတို့ကိုယူကုန်ပြီးလျှင် တဖန်ထိုအရပ်သို့သာလျှင်သွားကုန်၍ အိပ်၏ အဆောက်အဦတို့ကို ဆောင်ကုန်၏။ ဤသို့သောနည်းဖြင့် အသက်မွေးခြင်း ကိုပြုကုန်သော ထိုလက်သ္မားတို့သည် တရံရောအခါ တော၌ သစ်ခက်တပ်ကိုဆွဲကုန်၍ သစ်တို့ကိုရွေကုန်သော် ထိုလက်သ္မားတို့၏ မနီးမဝေးသောအရပ်၌ ဆသ်တစီးသည် ရှားငုတ်ကိုနင်းမိ၍ ထိုရှားငုတ်သည် ထိုဆင်၏ခြေကို စူး၏။ သည်းစွာကုန်သော ဝေဒနာတို့သည် ဖြစ်ကုန်၏။ ခြေသည် ဖူးဖူးယောင်၍ ပြည်ကိုယူ၏။ ထိုဆင်သည် ဝေဒနာသို့ဆိုက်၍ ထိုလက်သ္မားတို့၏ သစ်ရွေသံကိုကြား၍ ဤလက်သ္မားတို့ကိုမှီ၍ ငါ့အား ချမ်းသာခြင်းသည် ဖြစ်လတ္တံ့ဟု အောက်မေ့၍ ခြေသုံးချောင်းတို့ဖြင့် လက်သ္မားတို့၏အထံသို့ သွားလေ၍ အနီး၌ ဝပ်၏။ လက်သ္မားတို့သည် ထိုဆင်ကို ဖူးဖူးယောင်သော ခြေရှိသည်ကိုမြင်ကုန်လျှင် ချဉ်းကပ်ကုန်၍ ခြေ၌ ရှားငုတ်ကိုမြင်ကုန်၍ ထက်လှစွာသောပဲကွပ်ဖြင့် ရှားငုတ်၏ ထက်ဝန်းကျင်မှ အရစ်ကိုပြုကုန်ပြီးလျှင် ကြိုးဖြင့်ဖွဲ့၍ငင်ကုန်၍ ငုတ်ကိုနုတ်ပြီးလျှင် ပြည်ကိုယိုစေ၍ ရေနွေးဖြင့်ဆေးကုန်၍ ထိုအနာနှင့်သင့်လျော်ကုန်သော ဆေးတို့ဖြင့်လိမ်းကျံ၍ မကြာမြင့်မီသာလျှင် အနာကိုချမ်းသာသည်ကို ပြုကုန်၏။

ထိုဆင်သည် အနာကင်းသည်ဖြစ်၍ ငါသည် ဤလက်သ္မားတို့ကိုမှီ၍ အသက်ကို ရပေ၏။ ယခုအခါ၌ ထိုလက်သ္မားတို့အား ငါသည် ကျေးဇူးကိုပြုခြင်းငှါ သင့်၏ဟု ကြံ၏။ ကြံပြီး၍ ထိုဆင်သည် ထိုနေ့မှစ၍ လက်သ္မားတို့နှင့်တကွ သစ်တို့ကိုထုတ်၏။ ရွေကုန်သော လက်သ္မားတို့အား လှန်၍ လှန်၍ ပေး၏။ ပဲခွပ်အစရှိသည်တို့ကို ဆောင်၏။ နှာမောင်းဖြင့်ပစ်၍ မည်းသောအဆင်းရှိသော တမျဉ်းကြိုးစွန်း၌ ကိုင်၏။ လက်သ္မားတို့သည်လည်း ထိုဆင်အား ထမင်းစားသောအခါ၌ တဆုပ်တဆုပ်စီသော ထမင်းဆုပ်ကို့ကိုပြုကုန်၍ ငါးရာကုန်သော ထမင်းဆုပ်တို့ကို ပေးကုန်၏။ ထိုဆင်အားကား အလုံးစုံဖြူသော ငယ်သေးသော ဆင်အာဇာနည်ဖြစ်သော သားသည် ရှိ၏။ ထို့ကြောင့် ထိုဆင်အား ငါသည် ယခုအခါ၌ အိုမင်းပြီ၊ ယခုအခါ ငါသည် ဤလက်သ္မားတို့အား အမှုလုပ်စိမ့်သောငှါ သားကိုပေး၍ သွားအံ့သောငှာ သင့်၏။ ဤသို့သောအကြံသည် ဖြစ်၏။ ကြံ၍ထိုဆင်သည် လက်သ္မားတို့အား မကြားမူ၍သာလျှင် တောသို့ဝင်၍ သားကိုဆောင်ခဲ့ပြီးလျှင် ဤဆင်ငယ်သည်သားတည်း၊ သင်တို့သည်ကား အသက်ကို ပေးပေ၏။ ငါသည် သင်တို့အား ဆေးဘိုးအကျိုးငှာ ဤသားဆင်ငယ်ကို ပေး၏။ ဤဆင်ငယ်သည် ဤနေ့မှစ၍ သင်တို့၏အမှုတို့ကို ပြုလတ္တံ့ဟုဆို၍ ဤနေ့မှစ၍ကား ငါပြုအပ်သောအမှုကို သင်ပြုလော့ဟူ၍ သားကို ဆုံးမပြီးလျှင် လက်သ္မားတို့အားပေး၍ မိမိသည်တောသို့ ဝင်၏။

ထိုနေ့မှစ၍ ဆင်ငယ်သည် လက်သ္မားတို့၏စကားကို လိုက်နာသည်။ အဆုံးအမကို ခံသည်ဖြစ်၍ ခပ်သိမ်းကုန်သောအမှုတို့ကို ပြု၏။ ထိုလက်သ္မားတို့သည်လည်း ထိုဆင်ငယ်ကို ထမင်းဆုပ်ငါးရာတို့ဖြင့် မွေးကျွေးကုန်၏။ ထိုဆင်သည် အမှုလုပ်ပြီးလျှင် မြစ်သို့သက်ပြီး၍ ရေချိုး၍ကစား၍ လာ၏။ လက်သ္မားတို့၏ သားငယ်တို့သည်လည်း ထိုဆင်ကို နှာမောင်း အစရှိသည်တို့၌ဖက်ကုန်၍ ရေ၌၎င်း ကြည်း၌၎င်း ထိုဆင်ငယ်နှင့်တကွ ကစားကြကုန်၏။ စင်စစ်သဖြင့် အာဇာနည်ဖြစ်ကုန်သော ဆင်တို့သည်၎င်း မြင်းတို့သည်၎င်း ယောက်ျားတို့သည်၎င်း ရေ၌ ကျင်ကြီးကို၎င်း ကျင်ငယ်ကို၎င်း မစွန့်ကုန်၊ ထို့ကြောင့် ထိုဆင်ငယ်သည်လည်း ရေ၌ ကျင်ကြီး ကျင်ငယ်ကို မစွန့်မူ၍ မြစ်ကမ်းမှ အပ၌သာလျှင် စွန့်၏။ ထိုအခါ တနေ့သ၌ မြစ်ညာ၌ မိုဃ်းရွာ၏။ ထိုသို့ရွာသည်ရှိသော် ဆင်ချေးခြောက်တို့သည် မိုယ်ရေကြောင့် မြစ်သို့သက်ကုန် မျောကုန်၏။ ဗာရာဏသီမြို့ထိပ်တွင် ချုံတခု၌ ငြိ၍တည်၏။ ထိုအခါ ဗာရာဏသီမင်း၏ ဆင်ထိန်းတို့သည် ဆင်တို့ကို ရေချိုးကုန်အံ့ဟု ဆင်ငါးရာတို့ကိုဆောင်ကြကုန်၏။ အာဇာနည်ဆင်၏ အနံ့နံခြင်းကြောင့် တစီးသောဆင်မျှသည်လည်း မြစ်သို့သက်အံ့သောငှ မဝံ့၊ အလုံးစုံသော ဆင်တို့သည်လည်း အမြီးကိုထောင်၍ ပြေးအံ့သောငှါ အားထုတ်ကုန်၏။ ဆင်ထိန်းတို့သည် ဆင်ဆရာတို့အား ကြားကုန်၏။ ထိုဆင်ဆရာတို့သည် ရေ၌ ဘေးရန်ရှိသည် ဖြစ်ရာ၏ဟု ရေကိုသုတ်သင်စေကုန်၍ ထိုချုံ၌ ထိုအာဇာနည်ဆင်ချေးကိုမြင်ကုန်၍ ဤဆင်ချေးသည်ကား ဤရေ၌ ဆင်တို့သည် မဆင်းဝံ့သောအကြောင်းတည်းဟု သိကုန်၍ ရေအိုးကိုဆောင်၍ ရေဖြင့်ပြည့်စေပြီးလျှင် ထိုဆင်ချေးကို ထိုရေ၌ဖျော်ကုန်၍ ဆင်တို့ကိုယ်တို့၌ သွန်စေကုန်၏။ ကိုယ်တို့သည် မွှေးကြိုင်ကုန်သည်ဖြစ်ကုန်၏။ ထိုကာလ၌ ထိုဆင်တို့သည် မြစ်သို့သက်ကုန်၍ ရေချိုးကုန်၏

ဆင်ဆရာတို့သည် မင်းအား ထိုအကြောင်းကို ကြားလျှောက်ကုန်၍ မြတ်သောမင်းကြီး ထိုဆင်အာဇာနည်ကိုရှာ၍ ဆောင်အံ့သောငှါ သင့်၏ဟု လျှောက်ကုန်၏။ မင်းသည် မြစ်သို့သွားလေ၍ အညာသို့ဆန်ကုန်သော် လှေဘောင်တို့ဖြင့်လက်သ္မားတို့၏ နေရာအရပ်သို့ ရောက်၏။ ဆင်သူငယ်သည် မြစ်၌ကစားစဉ် စည်သံကိုကြား၍ သွားလေ၍ လက်သ္မားတို့၏ အထံ၌ တည်၏။ လက်သ္မားတို့သည် မင်းအား ခရီးဦးကြိုပြုခြင်းကို ပြုကုန်၍ မြတ်သောမင်းကြီး သစ်တို့ဖြင့် အကယ်၍ အလိုတော်ရှိသည်ဖြစ်အံ့၊ ဤသို့ အလိုတော်ရှိလတ်သော် အဘယ်အကြောင်းကြောင့် ကြွတော်မူလာသနည်း စေတော်မူ၍ တင်စိမ့်သောငှါ သင့်၏ဟု လျောက်ကုန်၏။ အချင်းတို့ သစ်တို့၏အကျိုးငှါ မလာ၊ ဤဆင်၏ အကျိုးငှာသာ လာ၏ဟု ဆိုသည်ရှိသော် မြတ်သော မင်းကြီး ယူတော်မူ၍ ကြွတော်မူလော့ဟု လျှောက်ကုန်၏။ ဆင်ငယ်သည် မလိုက်လို၊ အချင်းတို့ ဆင်ငယ်သည် အသို့ပြုစေလိုသနည်းဟု ဆို၏။ မြတ်သောမင်းကြီး ဆင်သည် လက်သ္မားတို့အား မွေးကျေးဇူးကိုဆပ်စေလို၏ဟု လျှောက်ကုန်၏။ မင်းသည် ဆင်၏ ခြေလေးချောင်းတို့၏၎င်း နှာမောင်း၏၎င်း အမြီး၏၎င်း အနီး၌ တသိန်း တသိန်းကုန်သော အသပြာတို့ကို ထားစေ၏။ ဆင်သည် ဤမျှလောက်သော ဥစ္စာကို ထားကာမျှဖြင့်လည်းမလိုက်မူ၍ ခပ်သိမ်းကုန်သော လက်သ္မားတို့အား ပုဆိုးအစုတို့ကို, လက်သ္မားတို့၏မယားတို့အား ဝတ်စရာအဝတ်တို့ကို ပေးကုန်သည် ရှိသော် ဤမျှဖြင့်လည်း မလိုက်မူ၍ မိမိနှင့်တကွ ကစားဘော်သူငယ်တို့အားလည်း ပေးကမ်းချီးမြှောက်ခြင်းကို ပြုသည်ရှိသော် လက်သ္မားတို့ကို၎င်း မိန်းမတို့ကို၎င်း သူငယ်တို့ကို၎င်း ပြန်၍ကြည့်ပြီးလျှင် မင်းနှင့်တကွ လိုက်လေ၏။

မင်းသည် ထိုဆင်ဖြူကိုယူ၍ မြို့သို့သွား၍ မြို့ကို၎င်း ဆင်တင်းကုပ်ကို၎င်း တန်ဆာဆင်စေ၍ ဆင်ကိုမှီ၍ လက်ျာရစ် လှည့်သည်ကို ပြုစေပြီးလျှင် ဆင်တင်းကုပ်သို့သွင်း၍ ခပ်သိမ်းကုန်သော တန်ဆာတို့ဖြင့် တန်ဆာဆင်၍ အဘိသိက် သွန်းပြီးလျှင် မင်္ဂလာဆင်တော်ပြု၍ မိမိ၏ အဆွေ ခင်ပွန်းအရာ၌ထား၍ ပြည်ထက်ဝက်ကို ဆင်အားပေး၍ မိမိနှင့် ပူဇော် သက္ကာရ အမျှခံစေသည်ကို ပြု၏။ ထိုဆင်ရောက်သော ကာလမှစ၍ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ မင်းအဖြစ်သည် ဗာရာဏသီမင်း၏ လက်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ဤသို့ အချိန်ကာလရှည်မြင့်လတ်သော် ဘုရားလောင်းသည် ထိုဗာရာဏသီမင်း၏ မိဖုယားကြီးဝမ်း၌ ပဋိသန္ဓေ နေ၏။ ထိုမိဖုယား၏ ကိုယ်ဝန်ရသောကာလ၌ မင်းသည် သေလွန်၏။ မင်္ဂလာဆင်ဖြူသည်ကား မင်း၏သေလွန်သည်၏အဖြစ်ကို အကယ်၍သိငြားအံ့၊ ထိုတင်းကုပ်၌သာလျှင် မင်္ဂလာဆင်ဖြူ၏ နှလုံးသည် ကွဲလေရာ၏။ ထို့ကြောင့် မင်္ဂလာဆင်ကို မင်းသေလွန်သည်၏အဖြစ်ကို မသိစေကုန်မူ၍သာလျှင် လုပ်ကျွေးကြကုန်၏။ မင်းသေလွန်သည်၏အဖြစ်ကိုကားကြား၍ ဗာရာဏသီပြည်သည် အချည်းနှီးဖြစ်သတတ်ဟု အခြားမဲ့ဖြစ်သော မြို့အနီး၌နေသော ကောသလမင်းသည် များစွာသော စစ်သည်ဗိုလ်ပါဖြင့် လာလတ်၍ ဗာရာဏသီမြို့ကို ဝန်းရံ၏။ မြို့တံခါးတို့ကိုပိတ်ကုန်၍ ကောသလမင်းအား သတင်းစကားကို စေကုန်၏။ အဘယ်သို့ စေကုန်သနည်းဟူမူကား ငါတို့မင်း၏ မိဖုယားမြတ်သည် ပြည့်သောကိုယ်ဝန် ရှိ၏။ ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ သားတော်ဖွားမြင်လတ္တံ့ဟု လက်ခြေအစရှိသော ကိုယ်အစိတ်ကိုကြည့်၍ ဤသူအား ဤသို့ဖြစ်လတ္တံ့စသည်ဖြင့် အကျိုးအပြစ်ကို ဟောစွမ်းနိုင်ကုန်သော ပုဏ္ဏားတို့သည်ဆိုကုန်၏။ ထိုမိဖုယားမြတ်သည် အကယ်၍ သားဖွားမြင်သည် ဖြစ်အံ့၊ ခုနစ်ရက်မြောက်သောနေ့၌ ငါတို့ စစ်ထိုးကြကုန်အံ့၊ ပြည်ကို ငါတို့ မပေးကုန်အံ့၊ ဤမျှလောက်သော ကာလပတ်လုံး ငံလင့်ကုန်ဦးဟု စေကုန်၏။ ကောသလမင်းသည်ကောင်းပြီဟု ဝန်ခံ၏။

မိဖုယားသည် ခုနစ်ရက်မြောက်သောနေ့၌ သားဖွားမြင်၏။ ထိုမင်းသား၏ အမည်မှည့်သောနေ့၌ကား အကြင်မင်းသားသည် လူများ၏ တွန့်တိုဆုတ်နစ်ခြင်းကင်း၍ ရဲတင်းသောစိတ်ကိုယူလျက် ဖွား၏။ ထို့ကြောင့် ထိုမင်းသားအား အလီနစိတ္တမင်းသားဟူသော အမည်ကိုသာလျှင် မည့်ကုန်၏။ ထိုဘုရားလောင်း၏ ဖွားသောနေ့မှ စ၍သာလျှင် ဗာရာဏသီမြိုသူတို့သည် ကောသလမင်းနှင့်တကွ စစ်ထိုးကြကုန်၏။ စစ်သည်အပေါင်း၏ အကြီးမရှိသည်၏အဖြစ်ကြောင့် ဗိုလ်ပါသည် များပါလျှက်လည်း စစ်ထိုးကြသည်ရှိသော် စဉ်းငယ် စဉ်းငယ် ဆုတ်နစ်၏။ အမတ်တို့သည် မိဖုယားအား ထိုအကြောင်းကို ကြားကုန်၍ ဤသို့ဗိုလ်ပါသည် ဆုတ်နစ်သည်ရှိသော် ရှုံးအံ့သည်မှ အကျွန်ုပ်တို့ ကြောက်ကုန်၏။ ငါတို့ မင်း၏ကား စုတေသည်၏အဖြစ်ကို၎င်း၊ သားဖွားသည်၏ အဖြစ်ကို၎င်း၊ ကောသလမင်း၏ လာလတ်၍ စစ်ထိုးသည်၏ အဖြစ်ကို၎င်း မင်းမြတ်၏ အဆွေတော်ဖြစ်သော မင်္ဂလာဆင်တော်သည် မသိသေး၊ ထိုမင်္ဂလာ ဆင်တော်ကို သိစေကုန်အံ့ဟု ပန်ကြားကုန်၏။ မိဖုယားသည် ကောင်းပြီဟု ဝန်ခံ၍ သားတော်ကို တန်ဆာဆင်စေပြီးလျှင် ဘွဲ့ဖြူပုဆိုးအခင်း၌ အိပ်စေ၍ ပြာသာဒ်ထက်မှသက်၍ အမတ်အပေါင်းခြံရံအပ်သည်ဖြစ်၍ ဆင်တင်းကုပ်သို့သွား၍ ဘုရားလောင်းကို ဆင်၏ ခြေရင်း၌အိပ်စေ၍ အရှင်သင်၏အဆွေတော်သည် သေလွန်ပြီ၊ သင်တို့အား နှလုံးကွဲအံ့သည်မှ စိုးသောကြောင့် ငါတို့မကြားကုန်။ ဤသူငယ်သည် သင့်အဆွေတော်၏ သားတော်တည်း၊ ကောသလမင်းသည် လာလတ်၍ မြို့ကိုဝန်းရံ၍ သင့်သားနှင့်တကွ စစ်ထိုး၏။ ငါတို့ဗိုလ်ပါသည် ဆုတ်နစ်၏။ သင့်သားကို သင်သည်သာလျှင် စောင့်ရှောက်ပါလော့ ထိုသင့်သားအား မင်းအဖြစ်ကိုလည်း ယူ၍ ပေးပါလော့ဟု ဆို၏။

ထိုကာလ၌ ဆင်သည် ဘုရားလောင်းကို နှာမောင်းဖြင့်သုံးသပ်ပြီးလျှင်ချီ၍ ဦးကင်း၌ထား၍ ငိုပြီးလျှင် ဘုရားလောင်းကိုချ၍ မိဖုယား၏လက်၌အိပ်စေ၍ ကောသလမင်းကို ဖမ်းအံ့ဟူ၍ ဆင်တင်းကုပ်မှ ထွက်၏။ ထိုအခါ၌ အမတ်တို့သည် ချပ်မိန်ကိုဝတ်ကုန်၍ ဆင်အားတန်ဆာဆင်ကုန်၍ မြို့တံခါးကိုဘွင့်ကုန်၍ ထိုဆင်ကိုခြံရံ၍ ထွက်ကြကုန်၏။ ဆင်သည် မြို့မှထွက်၍ ကြိုးကြာသံနှင့်တူသော ဟည်းသံကိုပြု၍ လူများကိုထိတ်လန့်စေ၍ ပြေးစေပြီးလျှင် ဗိုလ်ထုကိုဖျက်ဆီး၍ ကောသလမင်းကို ဥယျာင်၌ ဆွဲ၍ ဆောင်ခဲ့ပြီးလျှင် ဘုရားလောင်း၏ ခြေရင်း၌ဝပ်စေ၍ သတ်အံ့သောငှါ လာကုန်သောသူတို့ကို တားမြစ်၍ ဤနေ့မှစ၍ မမေ့မလျော့ ဖြစ်လေလော့၊ မင်းသားသည် ငယ်သေး၏ဟူသောအမှတ်ကို မပြုလေလင့်ဟု ဆုံးမ၍ လွှတ်လိုက်၏။ ထိုနေ့မှစ၍ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ မင်းအဖြစ်သည် ဘုရားလောင်း၏လက်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ထအံ့သောငှါ စွမ်းနိုင်သော တပါးသော ဆန့်ကျင်ဘက် ရန်သူမည်သည်ကား မရှိ၊ ဘုရားလောင်းသည် ခုနစ်နှစ်မြောက်သောကာလ၌ အဘိသိက်သွန်းခြင်းကိုရ၍ အလီနစိတ္တမည်သောမင်းသည် ဖြစ်၍ တရားသဖြင့်မင်းပြု၍ အသက်၏ အဆုံး၌ နတ်ပြည်ကိုပြည့်စေ၏။ သဗ္ဗညူမြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၁၁။ အလီနစိတ္တံ နိဿယ၊ ပဟဋ္ဌာ မဟတီ စမူ။
ကောသလံ သေနာ သန္တုဋ္ဌံ၊ ဇီဝဂ္ဂါဟံ အဂါဟယိ။-
၁၂။ ဧဝံ နိဿယသမ္ပန္နော၊ ဘိက္ခု အာရဒ္ဓဝီရိယော။
ဘာဝယံ ကုသလံ ဓမ္မံ၊ ယောဂက္ခမဿ ပတ္တိယာ။
ပါပုဏေ အနုပုဗ္ဗေန၊ သဗ္ဗသံယောဇနက္ခယံ။

ဟူသော ဂါထာတို့ကို ဟောတော်မူ၏။

၁၁။ ဘိက္ခု၊ ရဟန်း။ မဟတီ၊ များစွာသော။ စမူ၊ ဗာရာဏသီစစ်သည် အပေါင်းသည်။ အလီနစိတ္တံ၊ အလီနစိတ္တ မင်းသားကို။ နိဿာယ၊ အမှီရ၍။ နော၊ ငါတို့သည်။ ပဝေဏိရံ၊ အနွယ်အဆက်ဖြစ်သော တိုင်းပြည်ကို။ လဒ္ဓံ၊ ရပေသတည်းဟူ၍။ ပဟဋ္ဌာ၊ ရွှင်ရွှင်လန်းလန်း။ အသန္တုဋ္ဌံ၊ ပြည်ဖြင့် မရောင့်ရဲသော။ သေနံ၊ စစ်အင်္ဂါရှိသော။ ကောသလံ၊ ကောသလမင်းကို။ ဇီဝဂ္ဂါဟံ၊ အရှင်ဖမ်းခြင်းကို။ အဂါဟယိ ယထာ၊ ဆင်ကိုဖမ်းစေသကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ ယောဂက္ခေမဿ၊ ယောဂတရားလေးပါးတို့မှ ကင်းရာဖြစ်သော နိဗ္ဗာန်သို့။ ပတ္တိယာ၊ ရောက်စိမ့်သောငှါ။ ကုသလံ၊ အပြစ်မရှိ ကောင်းကျိုးချမ်းသာကို ပေးခြင်းလက္ခဏာရှိသော။ ဓမ္မံ၊ သုံးဆယ့်ခုနှစ်ပါးသော ဗောဓိပက္ခိယတရားကို။ ဘာဝယံ - ဘာဝယန္တော၊ ပွားစေသော။ နိဿယသမ္ပန္နော၊ ကလျာဏမိတ္တတည်းဟူသော အမှီကောင်းနှင့် ပြည့်စုံသော။ အာရဒ္ဓဝီရိယော၊ အားထုတ်အပ်သော လေးပါးသော အပြစ်ကင်းသော ဝီရိယနှင့်ပြည့်စုံသော။ ဘိက္ခု၊ ဖြူစင်သော သီလရှိသော ပုဂ္ဂိုလ်သည်။ အနုပုဗ္ဗေန၊ ဝိပဿနာပြုသည်မှစ၍ အစဉ်သဖြင့်။ သဗ္ဗသံယောဇနက္ခယံ၊ အလုံးစုံသော သံယောဇဉ်ဆယ်ပါးတို့၏ ကုန်ခြင်း၏ အဆုံး၌ဖြစ်သော အရဟတ္တဖိုလ်သို့။ ပါပုဏေ၊ ရောက်ရာ၏။

ဇာတ်ပေါင်း... ဤသို့ သဗ္ဗညူမြတ်စွာဘုရားသည် သေခြင်းကင်းရာနိဗ္ဗာန်ဖြင့် ဓမ္မဒေသနာ၏ အထွတ်ကိုယူတော်မူ၍ အလွန်လည်း သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသောအဆုံး၌ လုံ့လကိုလျော့သော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကိုပေါင်းသနည်းဟူမူကား ယခုအခါ မဟာမာယာသည် ထိုအခါ မယ်တော် ဖြစ်ဘူးပြီ၊ ယခုအခါ သုဒ္ဓေါဒနမင်းကြီးသည် ထိုအခါ ခမည်းတော် ဖြစ်ဘူးပြီ၊ ယခုအခါ လုံ့လကိုလျော့သော ရဟန်းသည် ထိုအခါ မင်းအဖြစ်ကိုယူ၍ပေးတတ်သော ဆင်ဖြူ ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဆင်ဖြူရတနာ၏အဘဖြစ်သော ဆင်ဖြူ ဖြစ်ဘူးပြီ၊ ယခုအခါမောဂ္ဂလာန်သည် ထိုအခါ မြိုနီးချင်း ကောသလမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အလီနစိတ္တမင်းသား ဖြစ်ဘူးပြီ။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

လုံ့လတန်ခိုး၊ ပြည်လုံးစိုး၊ အကျိုးကြီးလှဘိ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော အလီနစိတ္တဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဒဠှဝဂ်

၇။ ဂုဏဇာတ်

မြေခွေး နှင့် ခြင်္သေ့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယေန ကာမံ ပဏာမေတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂုဏဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် အရှင်အာနန္ဒာမထေရ်၏ ပုဆိုးတထောင်ရခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ကောသသလမင်းကြီး၏ နန်းတော်တွင်း၌ အရှင်အာနန္ဒာမထေရ်၏ တရားတော်ကို သင်စေသောဝတ္ထုသည် အောက် ဧကကနိပါတ် မဟာသာရဇာတ်၌ လာပြီးသလျှင်ကတည်း၊ ဤသို့မဟာသာရဇာတ်၌ လာသောနည်းဖြင့် အရှင်အာန္ဒာ မထေရ်သည် ကောသလမင်း၏ နန်းတော်တွင်း၌ တရားတော်ကို သင်စေသည်ရှိသော် ကောသလမင်းအား တထည်လျှင် အဘိုးတထောင်ထိုက်သော ပုဆိုးတထောင်ကို ဆက်လာကုန်၏။ ကောသလမင်းသည် ထိုတထောင်သောပုဆိုးမှ ငါးရာကုန်သောပုဆိုးတို့ကို ငါးရာကုန်သောမိဖုယားတို့အား ပေး၏။ ထိုအလုံးစုံကုန်သော မိဖုယားတို့သည်လည်း ထိုပုဆိုးတို့ကို ထားကုန်၍ နက်ဖြန်နေ့၌ အရှင်အနန္ဒာမထေရ်အားလှူကုန်၍ မိမိတို့သည် ပုဆိုးဟောင်းတို့ကိုသာလျှင် ဝတ်ရုံကုန်၍ ကောသလမင်း၏ နံနက်စာစားရာအရပ်သို့ လာကုန်၏။

ကောသလမင်းသည် မိဖုယားတို့ ငါသည် သင်တို့အား အဘိုးတထောင်ထိုက်ကုန်သော ပုဆိုးတို့ကို ပေးအပ်ကုန်သည်။ အဘယ့်ကြောင့် သင်တို့သည် ထိုပုဆိုးသစ်တို့ကို မရုံကုန်မူ၍သာလျှင် လာကုန်သနည်းဟု မေး၏။ မြတ်သောမင်းကြီး ထိုပုဆိုးတို့ကို အကျွန်ုပ်တို့သည် အရှင်အာနန္ဒာမထေရ်အား လှူအပ်ကုန်၏ဟု လျှောက်ကုန်၏။ ကောသလမင်းသည် အာနန္ဒာမထေရ်သည် အလုံးစုံသောပုဆိုးတို့ကို ယူအပ်ကုန်သလောဟု မေး၏။ မိဖုယားတို့သည် မြတ်သောမင်းကြီး ဟုတ်၏ဟု လျှောက်ကုန်၏။ ကောသလမင်းကြီးသည် မြတ်စွာဘုရားသည် သင်္ကန်းသုံးထည်ကို ခွင့်ပြုတော်မူအပ်၏။ အာနန္ဒာမထေရ်သည် ပုဆိုးကုန်သွယ်ခြင်းကို ပြုလတ္တံ့ဟု ထင်၏။ ထိုသို့ ပုဆိုးကုန်သွယ်ခြင်းကို ပြုလတ္တံ့သည်၏အဖြစ်ကြောင့် အလွန်များစွာကုန်သောပုဆိုးတို့ကို ယူအပ်ကုန်၏ဟု အရှင်အာနန္ဒာမထေရ်အား အမျက်ထွက်၍ နံနက်စာစားပြီးသော် ကျောင်းသို့သွား၍ အရှင်အာနန္ဒာမထေရ်၏ ပရိဝုဏ်သို့ဝင်ပြီးလျှင် မထေရ်ကိုရှိခိုး၍ ထိုင်လျှက် အရှင်ဘုရား အကျွန်ုပ်တို့၏နန်းတော်၌ မင်းမိန်းမတို့သည် အရှင်ဘုရားတို့၏အထံ၌ တရားတော်ကိုသင်မူလည်း သင်ကုန်သလော၊ နာမူလည်း နာကုန်သလောဟု မေး၏။

မြတ်သော မင်းကြီး ဟုတ်၏။ သင်အပ်သည်အား လျော်သောတရားကို သင်ကုန်၏။ နာအပ်သည်အား လျော်သောတရားကို နာကုန်၏။ ဤသို့ အရှင်အာနန္ဒာမထေရ်သည် မိန့်တော်မူ၏။ ကောသလမင်းကြီးသည် အရှင်ဘုရား တရားနာ သည်သာလျှင် ဖြစ်ကုန်သော ထိုမိန်းမတို့သည် အရှင်ဘုရားတို့အား အဝတ်ကို၎င်း အာရုံကို၎င်း လှုကုန်သလော၊ ထိုသို့မဟုတ်မူကား မလှူကုန်သလောဟု မေး၏။ မြတ်သော မင်းကြီး ယနေ့ ထိုမိန်းမတို့သည် ငါ့အား အဘိုးတထောင်ထိုက်ကုန်သော ငါးရာကုန်သောပုဆိုးတို့ကို လှူကုန်၏ဟု အရှင်အာနန္ဒာမထေရ်သည် မိန့်တော်မူ၏။ အရှင်ဘုရား အရှင်ဘုရားတို့သည် ယူအပ်ကုန်သလောဟု ကောသလမင်းသည် မေး၏။ မြတ်သောမင်းကြီးယူသည် ဟုတ်၏ဟု အရှင်အာနန္ဒာမထေရ်သည် မိန့်တော်မူ၏။ အရှင်ဘုရားမြတ်စွာဘုရားသည် သင်္ကန်းသုံးထည်ကိုသာလျှင် ခွင့်ပြုတော်မူအပ်သည် မဟုတ်လောဟု ကောသလမင်းသည် မေး၏။ မြတ်သောမင်းကြီး မြတ်စွာဘုရားသည် တပါးတပါးသောရဟန်းအား သင်္ကန်းသုံးထည်ကိုသာလျှင် သုံးဆောင်ခြင်းကို ခွင့်ပြုတော်မူအပ်သည် ဟုတ်၏။ ခံခြင်းကို တားမြစ်တော် မမူ၊ ထို့ကြောင့် ငါသည်လည်း တပါးကုန်သော သင်္ကန်းနွမ်းရိကုန်သော ရဟန်းတို့အား ပေးအံ့သောငှါ ထိုပုဆိုးတို့ကို ခံအပ်ကုန်၏ဟု အရှင်အာနန္ဒာမထေရ်သည် မိန့်တော်မူ၏။ အရှင်ဘုရား ရဟန်းတို့သည်ကား အရှင်ဘုရားတို့၏အထံတော်မှ ပုဆိုးတို့ကိုရကုန်၍ သင်္ကန်းဟောင်းသုံးထည်တို့ကို အသို့ပြုကုန်လတ္တံ့နည်းဟု ကောသလမင်းသည် လျှောက်၏။ မြတ်သောမင်းကြီး ဒုကုဋ်ဟောင်းဖြစ်သော သင်္ကန်းတို့ကို ကိုယ်ဝတ်ပြုကုန်လတ္တံ့ဟု အရှင်အာနန္ဒာမထေရ်သည် မိန့်တော်မူ၏။ အရှင်ဘုရား ကိုယ်ဝတ်ဟောင်းကို အသို့ပြုကုန်လတ္တံ့နည်းဟု လျောက်၏။ မြတ်သောမင်းကြီး သင်းပိုင် ပြုကုန်လတ္တံ့ဟု အရှင်အာနန္ဒာမထေရ်သည် မိန့်တော်မူ၏။ အရှင်ဘုရား သင်းပိုင်ဟောင်းကို အသို့ပြုကုန်လတ္တံ့နည်းဟု ကောသလမင်းသည် လျှောက်၏။ မြတ်သောမင်းကြီး အိပ်ရာလွှမ်း ပြုကုန်လတ္တံ့ဟု အရှင်အာနန္ဒာမထေရ်သည် မိန့်တော်မူ၏။ အရှင်ဘုရား အိပ်ရာလွှမ်းဟောင်းကို အသို့ပြုကုန်လတ္တံ့နည်းဟု ကောသလမင်းသည် လျှောက်၏။ မြတ်သောမင်းကြီး မြေအခင်း ပြုကုန်လတ္တံ့ဟု အရှင်အာနန္ဒာမထေရ်သည် မိန့်တော်မူ၏။ အရှင်ဘုရား မြေအခင်းဟောင်းကို အသို့ပြုကုန်လတ္တံ့နည်းဟု ကောသလမင်းသည် လျှောက်၏။ မြတ်သောမင်းကြီး ခြေသုတ်ပြုကုန်လတ္တံ့ဟု အရှင်အာနန္ဒာ မထေရ်သည် မိန့်တော်မူ၏။ အရှင်ဘုရား ခြေသုတ်ဟောင်းကို အသို့ပြုကုန်လတ္တံ့နည်းဟု ကောသလမင်းသည် လျှောက်၏။ မြတ်သောမင်းကြီး သဒ္ဓါ၍လှူအပ်သော ပစ္စည်းမည်သည်ကို ပျက်စီးစိမ့်သောငှါမအပ်၊ ထို့ကြောင့် ခြေသုတ်ဟောင်းကို ပဲခွပ်ဖြင့် စင်း၍ မြေဖြင့်နယ်၍ ကျောင်းတို့၌ မြေကျဉ်လိမ်းကျံခြင်းကို ပြုကုန်လတ္တံ့ဟု အရှင်အာနန္ဒာမထေရ်သည် မိန့်တော်မူ၏။ အရှင်ဘုရား အရှင်ဘုရားတို့အားလှူအပ်သော သင်္ကန်းသည် ခြေသုတ်ဖြစ်သည်တိုင်အောင်လည်း ပျက်စီးအံ့သောငှါ မရဟု ကောသလမင်းသည် လျှောက်၏။ မြတ်သောမင်းကြီး ငါတို့အား လှူအပ်သောသင်္ကန်းသည် ပျက်စီးအံ့သောငှါ မရသည် ဟုတ်၏။ အသုံးအဆောင်သည်သာလျှင် ဖြစ်၏ဟု အရှင်အာနန္ဒာမထေရီသည် မိန့်တော်မူ၏။

ကောသလမင်းသည် နှစ်သက်ဝမ်းမြောက်ခြင်းကိုရသည်ဖြစ်၍ ဤမှတပါးလည်းဖြစ်ကုန်သော နန်းတော်၌ထားအပ်ကုန်သော ငါးရာကုန်သောပုဆိုးတို့ကိုဆောင်စေ၍ အရှင်အာနန္ဒာမထေရ်အားလှူ၍ တရားအနုမောဒနာကိုပြုပြီးလျှင် မထေရ်ကိုရှိခိုး၍ လက်ျာရစ်လှည့်သည်ကို ပြု၍ ဖဲ၏။ အရှင်အာနန္ဒာမထေရ်သည် ရှေးဦးစွာရအပ်ကုန်သော ငါးရာကုန်သောပုဆိုးတို့ကို သင်္ကန်းနွမ်းကုန်သောရဟန်းတို့အား ပေး၏။ အာနန္ဒာမထေရ်အားကား ငါးရာကုန်သော အတူနေတပည့်တို့သည် ရှိကုန်၏။ ထိုငါးရာကုန်သော အတူနေတပည့်တို့တွင် ရဟန်းငယ်တပါးသည် အရှင်အာနန္ဒာမထေရ်အား ကျေးဇူးများ၏။ ပရိပုဏ်ကို တံမြက်လှည်း၏။ သောက်ရေသုံးဆောင်ရေကို တည်ထား၏။ ဒန်ပူမျက်သစ်ရေ ချိုးရေ ပေး၏။ ဝစ္စကုဋိ ဇရုံးအိမ် ကျောင်းတို့ကို သုတ်သင်၏။ လက်ကိုဆုပ်နယ်ခြင်း ခြေကိုဆုပ်နယ်ခြင်း ကျောက်ကိုဆုပ်နယ်ခြင်းတို့ကို ပြု၏။ အရှင်အာနန္ဒာမထေရ်သည် နောက်၌ရအပ်ကုန်သော အလုံးစုံကုန်သော ငါးရာကုန်သောပုဆိုးတို့ကို ဤရဟန်းငယ်သည် ကျေးဇူးများ၏ဟု နှလုံးပိုက်၍ ထိုက်လျော်သည်၏အစွမ်းအားဖြင့် ထိုရဟန်းငယ်အားသာလျှင် ပေး၏။ ထိုရဟန်းငယ်သည် အလုံးစုံကုန်သောပုဆိုးတို့ကို ဝေ၍ မိမိနှင့် ဥပဇ္ဈာယ်တူဖြစ်ကုန်သော ရဟန်းတို့အား ပေး၏။

ဤသို့လျှင် ပုဆိုးကိုရကုန်သော အလုံးစုံလည်းဖြစ်ကုန်သော ထိုရဟန်းတို့သည် ပုဆိုးတို့ကိုဖြတ်ကုန် ဆိုးကုန်၍ မဟာလှေကားပန်းနှင့် တူကုန်သော သင်္ကန်းတို့ကိုဝတ်ကုန်၍၎င်း ရုံကုန်၍၎င်း မြတ်စွာဘုရားသို့ ကပ်ကုန်ပြီးလျှင် ရှိခိုးကူန်၍ တင့်အပ်လျောက်ပတ်စွာ နေကုန်လျက် အရှင်ဘုရား သောတာပန်ဖြစ်သော ဘုရားတပည့်အား မျက်နှာ ကြည့်၍ ပေးခြင်းမည်သည်ကား ရှိသလောဟု လျောက်ကုန်၏။ ရဟန်းတို့ ဘုရားတပည့်တို့အား မျက်နှာကြည့်၍ပေးခြင်းမည်သည် မရှိဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ အရှင်ဘုရား အကျွန်ုပ်တို့၏ ဥပဇ္ဈာယ် တရားဘဏ္ဍာစိုးဖြစ်သော အရှင်အာနန္ဒာမထေရ်သည် အဘိုးတထောင်ထိုက်ကုန်သော ငါးရာကုန်သောပုဆိုးတို့ကို ရဟန်းငယ်အားသာလျှင်ပေးအပ်၏။ ထိုရဟန်းသည်ကား မိမိသည်ရအပ်ကုန်သောပုဆိုးတို့ကိုဝေ၍ အကျွန်ုပ်တို့အား ပေး၏ဟု ရဟန်းတို့သည် လျောက်ကုန်၏။ ရဟန်းတို့ အာနန္ဒာမထေရ်သည် မျက်နှာ ကြည့်၍ ထိုရဟန်းအား မပေး၊ ထိုရဟန်းငယ်သည်ကား ထိုအာနန္ဒာအား ကျေးဇူးများ၏။ ထို့ကြောင့် မိမိအား ကျေးဇူးပြုသောသူအား ကျေးဇူးပြုသည်၏အစွမ်းအားဖြင့် ထိုက်သည်၏ အစွမ်းအားဖြင့် ကျေးဇူးပြုခြင်းမည်သည်ကို ပြုခြင်းသင့်၏ဟု နှလုံးသွင်းခြင်းကိုပြု၍ သူပြုအပ်သောကျေးဇူးကို အောက်မေ့သည်၏ းအစွမ်းအားဖြင့်သိခြင်း သူပြုအပ်သောကျေးဇူးကို ဆပ်သောအားဖြင့်သိခြင်းရှိသည်၏အဖြစ်ဖြင့် ပေး၏။ ထိုစကားသည် မှန်၏။ ရှေးပညာရှိတို့သည်လည်း မိမိအား ကျေးဇူးပြုကုန်သောသူတို့အားသာလျှင် ကျေးဇူးတုံ့ကို ပြုကုန်၏ဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ခြင်္သေ့ဖြစ်၍ တောင်ဂူ၌နေ၏။ ထိုခြင်္သေ့သည် တနေ့သ၌ ဂူမှထွက်ပြီးလျှင် တောင်ထိပ်၌ ရပ်၍ တောင်ခြေရင်းကို ကြည့်၏။ ထိုတောင်ခြေရင်းကိုပတ်ရစ်၍ အိုင်ကြီးသည်ဖြစ်၏။ ထိုအိုင်ကြီး၏ တခုသောမြင့်ရာအရပ်၌ အထက်၌မာသော ညွှန်အပြင်ဝယ် နုကုန်စိမ်းညိုကုန်သော မြက်တို့သည် ပေါက်ရောက်ကုန်၏။ ယုန်ငယ်တို့သည်၎င်း မြေခွေး, ကြောင်အစရှိကုန်သော သတ္တဝါတို့သည်၎င်း ပေါ့ပါးကုန်သော သားတို့သည်၎င်း ညွန်ထိပ် အပြင်၌ လှည့်လည်လျက် စားကုန်၏။ ထိုနေ့၌ သမင်တခုသည် ထိုစိမ်းညိုကုန်သောမြက်နုတို့ကို စားလျက်သွား၏။ ခြင်္သေ့သည် ထိုသမင်ကို ဖမ်းအံ့ဟု တောင်ထိပ်မှခုန်၍ ခြင်္သေ့တို့၏ လျင်မြန်ခြင်းအဟုန်ဖြင့် ပြေး၏။ သမင်သည် သေဘေးမှကြောက်၍ မြည်လျှက်ပြေး၏။ ခြင်္သေ့သည် အဟုန်တန့်စိမ့်သောငှါ မတတ်နိုင်သည်ဖြစ်၍ ညွှန်အပြင်၌ကျ၍ နစ်လျှင် တက်အံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ခြေလေးချောင်းတို့ကို တိုင်ကဲ့သို့ထောက်၍ ခုနစ်ရက်ပတ်လုံး အစာမစားရဘဲ တည်၏။

ထိုအခါ၌ ထိုခြင်္သေ့ကို အစာရှာသွားသော မြေခွေးတခုသည်မြင်၍ ကြောက်ခြင်းကြောင့် ပြေး၏။ ခြင်္သေ့သည် ထိုမြေခွေးကိုခေါ်၍ အိုမြေခွေး မပြေးလင့်၊ ငါသည် ညွန်၌နစ်၏။ ငါ့အား အသက်ကို ပေးလှည့်ပါလော့ဟု ဆို၏။ မြေခွေးသည် ထိုခြင်္သေ့၏ အထံသို့သွား၍ အိုခြင်္သေ့ ငါသည် သင့်ကို ညွန်မှထုတ်လိုပါ၏။ ထုတ်သော်တမူကား ငါ့ကို သင်စားရာ၏။ ထို့ကြောင့် ကြောက်ပေ၏ဟု ဆိုသည်ရှိသော် အိုမြေခွေး မကြောက်ပါလင့်၊ သင့်ကို ငါ မစားအံ့၊ စင်စစ်လျှင် သင့်အား များစွာသောကျေးဇူးကို ပြုပါအံ့၊ တခုသောအကြောင်းဖြင့် ငါ့ကို ညွန်ကထုက်ပါလော့ဟု ဆို၏။ မြေခွေးသည် ထိုခြင်္သေ့၏ ဝန်ခံခြင်းကိုယူ၍ အခြေလေးချောင်းတို့၏ ထက်ဝန်းကျင်မှ ညွန်တို့ကိုပယ်၍ အခြေလေးချောင်းတို့၏ တည်ရာအရပ်မှ မြောင်းလေးခုတို့ကိုလည်းယက်၍ ရေသို့ရှေးရှုသွယ်၏။ ရေကိုသွင်း၍ ညွန်ကိုပျော့အောင်ပြု၏။ ထိုခဏ၌ မြေခွေးသည် ခြင်္သေ့၏ဝမ်းအောက်သို့ဝင်၍ သခင် လုံ့လကိုပြုလော့ဟု ကျယ်သောအသံကိုပြုလျက် ဦးခေါင်းဖြင့်ဝမ်းကိုရွက်၏။ ခြင်္သေ့သည် အဟုန်ကိုဖြစ်စေ၍ ညွန်မှတက်ပြီးလျှင်ပြေး၍ ကုန်း၌တည်၏။ ထိုခြင်္သေ့သည် အတန်ငယ် အပင်အပန်း ဖြေ၍ အိုင်သို့ဆင်း၍ ညွန်ကိုဆေး၍ ရေချိုး၍ ပူပန်ခြင်းကိုငြိမ်းစေပြီးလျှင် တခုသော ကျွဲကိုသတ်၍ အစွယ်တို့ဖြင့်ထွင်၍ အသားကို ကောင်းသောမြေခွေး စားလော့ဟုဆို၍ မြေခွေး၏ ရှေ့မှာထား၍ ထိုမြေခွေးသည် စားပြီးသောနောက်မှ မိမိသည်စား၏။ တဖန် မြေခွေးသည် သားတစ်တတုံးကို ကိုက်၍ ချီ၏။ ကောင်းသောမြေခွေး ဤအမဲတုံးကို အဘယ်အကျိုးငှာ ချီသနည်းဟု မေးသည်ရှိသော် သခင် အရှင်တို့၏ ကျွန်မသည် ရှိ၏။ ထိုကျွန်မဘို့ ဖြစ်လတ္တံ့ ဟုဆို၏။ ခြင်္သေ့သည် ချီလော့ဟုဆို၍ မိမိသည်လည်း ခြင်္သေ့မ၏အကျိုးငှါ အမဲကိုချီ၍ ကောင်းသော မြေခွေး လာလော့၊ ငါတို့၏ တောင်ထိပ်၌ တည်၍ အဆွေခင်ပွန်းမ၏နေရာအရပ်သို့ သွားကြကုန်အံ့ဟု ဆို၍ ထိုအရပ်သို့သွားပြီးလျှင် အမဲကိုစားစေ၍ မြေခွေးဖိုကို၎င်း မြေခွေးမကို၎င်း နှစ်သိမ့်စေ၍ ဤနေ့မှစ၍ ယခုအခါ၌ သင်တို့ကို လုပ်ကျွေးအံ့ဟု ဆို၍ မိမိနေရာအရပ်သို့ဆောင်၍ မိမိဂူ၏တံခါးနား ဂူတခု၌နေစေ၏။ ထိုခြင်္သေ့ မြေခွေးတို့သည် ထိုနေ့မှစ၍ အစာရှာအံ့သောငှသွားကုန်သည်ရှိသော် ခြင်္သေ့မကို၎င်း မြေခွေးမကို၎င်း ထားခဲ့ကုန်၍ မြေခွေးနှင့်တကွ သွားကြကုန်၍ အထူးထူးကုန်သော သားတို့ကိုသတ်၍ ခြင်္သေ့မြေခွေး နှစ်ဦးတို့သည်လည်း ထိုအရပ်၌ပင်လျှင် အသားကိုစားကုန်၍ မိမိတို့မှတပါးကုန်သော ခြင်္သေ့မမြေခွေးမတို့အား ဆောင်ခဲ့ကုန်၍ပေးကုန်၏။ ဤသို့ ကာလရှည်မြင့်လတ်သော် ခြင်္သေ့မလည်း သားနှစ်ခုတို့ကို ဖွား၏။ မြေခွေးမလည်း သားနှစ်ခုတို့ကိုဖွား၏။ ထိုအလုံးစုံကုန်သော ခြင်္သေ့မြေခွေးတို့သည်လည်း အညီအညွတ် နေကြကုန်၏။

ထိုအခါ တနေ့သ၌ ခြင်္သေ့မအား ဤသို့သောအကြံသည်ဖြစ်၏။ အဘယ်သို့ဖြစ်သနည်းဟူမူကား ဤခြင်္သေ့သည် မြေခွေးဖိုကို၎င်း မြေခွေးမကို၎င်း မြေခွေးငယ်ကို၎င်း အလွန်လျှင်ချစ်ခင်မြတ်နိုး၏။ ဤခြင်္သေ့အား မြေခွေးမနှင့်တကွ စပ်ရှက်ရခြင်းရှိသည်သာလျှင်တည်း၊ ထိုသို့စပ်ယှက်ရသောကြောင့်သာ ဤသို့သောချစ်ခြင်းကိုပြု၏။ အကယ်၍ကား ငါသည် ဤမြေခွေးမကို နှိပ်စက်ခြိမ်းချောက်၍ ဤအရပ်မှ ပြေးစေရမူကား ကောင်း၏ ဟု အကြံဖြစ်၏။ ထိုခြင်္သေ့မသည် ခြင်္သေ့မင်း၏ မြေခွေးဖိုကိုခေါ်၍ အစာရှာအံ့သောငှာ သွားသောကာလ၌ မြေခွေးမကို နှိပ်စက်ညှဉ်းဆဲ၏။ ခြိမ်းချောက်မောင်းမဲ၏။ အသို့နှိပ်စက်ညှဉ်းဆဲ ခြိမ်းချောက်မောင်းမဲသနည်း ဟူမူကား အဘယ့်ကြောင့် ဤအရပ်၌ နေလာဘိသနည်း၊ အဘယ့်ကြောင့် ဤအရပ်မှ မပြေးသေးသနည်း၊ ဤသို့နှိပ်စက်ညှဉ်းဆဲ ခြိမ်းချောက် မောင်းမဲ၏။ ထိုခြင်္သေ့မ၏ သားတို့သည်လည်း မြေခွေးမ၏သားတို့ကို ထို အတူသာလျှင် ခြိမ်းချောက် မောင်းမဲကုန်၏။

မြေခွေးမသည် ထိုအကြောင်းကို မြေခွေးဖိုအား ပြောဆို၍ ခြင်္သေ့မင်း၏စကားဖြင့် ထိုခြင်္သေ့မ၏ ဤသို့ပြုသည်၏အဖြစ်ကိုလည်း ကြိုမသိကုန်၊ ငါတို့သည် ကြာမြင့်စွာ နေကုန်ပြီ၊ ထို့ကြောင့် ထိုခြင်္သေ့သည် ငါတို့ကို မချစ်အပ်ကုန်ပြီ။ ငါတို့၏ နေရာအရပ်သို့သာလျှင် သွားကြကုန်အံ့ဟု ဆို၏။ ထိုမြေခွေးဖိုသည် ထိုမြေခွေးမ၏ စကားကိုကြား၍ ခြင်္သေ့မင်းသို့ကပ်၍ သခင် အကျွန်ုပ်တို့သည် သင်တို့၏ အထံ၌ ကြာမြင့်စွာ နေပြီ၊ အလွန်ကြာမြင့်စွာ နေကုန်သောသူတို့မည်သည်ကို မုန်းကုန်သည်ဖြစ်တတ်ကုန်၏။ အကျွန်ုပ်တို့၏ အစာရှာသွားသောကာလ၌ ခြင်္သေ့မသည် မြေခွေးမကို ညှဉ်းဆဲ၏။ ဤအရပ်၌ နင်တို့ အဘယ့်ကြောင့် နေလာကုန်သနည်း အဘယ့်ကြောင့် နင်တို့ မပြေးကုန်သနည်းဟု ခြိမ်းချောက်၏။ ခြင်္သေ့ငယ်တို့သည်လည်း မြေခွေးမ၏သားငယ်တို့ကို ခြိမ်းချောက်၏။ အကြင်သူသည် မိမိ၏အထံ၌ အကြင်သူ၏ နေခြင်းကိုမနှစ်သက်၊ ထိုသူသည် ထိုမနှစ်သက်သောသူကို သွားလေလော့ဟူ၍ မနှင်ထုတ် ကောင်းသလော၊ ညှဉ်းဆဲခြင်းမည်သည် အဘယ်အကျိုးရှိအံ့နည်းဟု ဆိုလိုရကား-

၁၃။ ယေန ကာမံ ပဏာမေတိ၊ ဓမ္မော ဗလဝတံ မိဂိ။
ဥန္နဒန္တီ ဝိဇာနာဟိ၊ ဇာတံ သရဏတော ဘယံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၃။ ဥန္နဒန္တီ၊ အထက်သို့ကော့ညွတ်သော အစွယ်ရှိသော။ မိဂိ၊ သားများသေဌ်နင်း ခြင်္သေ့မင်း။ ဣဿရော၊ အစိုးရသောသူသည်။ အတ္တနော၊ မိမိကို။ သေဝကံ၊ မှီဝဲခစားသော သူကို။ ယေန၊ အကြင် အရပ်မျက်နှာ အဘို့ဖြင့်။ ကာမံ၊ သွားစေခြင်းငှါ အလိုရှိ၏။ တေန၊ ထိုအရပ်မျက်နှာအဘို့သို့။ ပဏာမေတိ၊ နှင်လိုက်၏။ ဧသော၊ ဤသို့ အလိုရှိရာ နှင်လိုက်ခြင်းသည်။ ဗလဝတံ၊ အစိုးရကုန်သော သူတို့၏။ ဓမ္မော၊ ထုံးစံသဘောတည်း။ ဣတိ၊ ဤသို့။ တွံ၊ သင်သည်။ ဝိဇာနာဟိ၊ သိလော့။ အမှာကံ၊ ငါတို့အား။ သရဏတော၊ ကိုးကွယ်ရာမှ။ ယသ္မာ၊ အကြင်ကြောင့်။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ အတ္တနော၊ မိမိ၏။ ဝသနဋ္ဌာနမေဝ၊ နေရာအရပ်သို့သာလျှင်။ မယံ၊ ငါတို့သည်။ ဂမိဿာမ၊ သွားကြကုန်တော့အံ့။

ခြင်္သေ့မင်းသည် ထိုမြေခွေး၏ စကားကိုကြား၍ ကောင်းသောခြင်္သေ့မ ဤမည်သောကာလ၌ ငါ၏အစာရှာအံ့သောငှါသွား၍ ခုနစ်ရက်မြောက်သောနေ့၌ ဤမြေခွေးနှင့်၎င်း ဤမြေခွေးမနှင့်၎င်း တကွလာသည်၏အဖြစ်ကို သင်သည် အောက်မေ့မိ၏လောဟု ခြင်္သေ့မကို မေး၏။ အရှင်အောက်မေ့မိပါ၏ဟု ဆိုသည်ရှိသော် ခုနစ်ရက်ပတ်လုံး ငါမလာခြင်းအကြောင်းကို သင်သိ၏လောဟု ဆို၏။ အရှင်အကျွန်ုပ် မသိဟု ဆိုသည်ရှိသော် ကောင်းသော ခြင်္သေ့မ ငါသည် သားတခုကိုဖမ်းအံ့ဟုသွားရာ ချော်၍ ညွန်၌ ကျွံနစ်၏။ ထိုညွန်မှထွက်အံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ခုနစ်ရက်ပတ်လုံး အစာမစားရဘဲတည်ရ၏။ ထိုငါသည် ဤမြေခွေးကိုမှီ၍ အသက်ကိုရ၏။ ဤမြေခွေးသည် ငါ၏ အသက်ကိုပေးပေသော အဆွေ ခင်ပွန်းတည်း၊ အဆွေခင်ပွန်းတို့၏တရား၌ တည်အံ့သောငှာ စွမ်းနိုင်သော မြေခွေးတည်း၊ ထိုစကားသည် မှန်၏။ အဆွေခင်ပွန်းသည် အားနည်းသောမည်သည် မရှိ၊ ဤနေ့မှစ၍ ငါ၏အဆွေခင်ပွန်းမြေခွေးအား၎င်း အဆွေ ခင်ပွန်းဖြစ်သော မြေခွေးမအား၎င်း အဆွေခင်ပွန်းတို့၏ သားငယ်တို့အား၎င်း ဤသို့အစရှိသော မထေမဲ့မြင်အမှုကို မပြုလင့်ဟုဆို၍ ခြင်္သေ့မင်းသည်-

၁၄။ အပိ စေပိ ဒုဗ္ဗလော မိတ္တော၊ မိတ္တဓမ္မေသု တိဋ္ဌတိ။
သော ဉာတကော စ ဗန္ဓု စ၊
သော မိတ္တော သော စ မေ သခါ။
ဒါဌာနိ မာတိမညိတ္ထော၊ သိင်္ဂါလော မမ ပါ ပါဏဒေါ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဂါထာကို ဆို၏။

၁၄။ ဒါဌာနိ၊ ခြင်္သေ့မ။ စေ၊ အကယ်၍။ ဒုဗ္ဗလောပိ၊ အားနည်းငြားသော်လည်း။ မိတ္တော၊ အဆွေခင်ပွန်းသည်။ မိတ္တဓမ္မေသု၊ အဆွေခင်ပွန်းတို့၏ တရားတို့၌။ အပိ တိဋ္ဌတိ၊ တည်ပေအံ့။ သော၊ ထိုသူသည်။ မေ၊ ငါ၏။ ဉာတကာ စ၊ အဆွေအမျိုးလည်းတော်၏။ ဗန္ဓု စ၊ အဆွေခင်ပွန်းလည်း ဖြစ်၏။ သော၊ ထိုသူသည်။ မိတ္တော စ၊ မိတ်လည်း ဖြစ်၏။ သော၊ ထိုသူသည်။ သခါ စ၊ အပေါင်းအဘော်လည်း ဖြစ်၏။ ယသ္မာ၊ အကြင်ကြောင့်။ သိင်္ဂါလော၊ မြေခွေးသည်။ မမ၊ ငါ့အား။ ပါဏာဒေါ၊ အသက်ကို ပေးပေ၏။ တသ္မာ၊ ထို့ကြောင့်။ သဟာယံ စ၊ အပေါင်းအဘော်ဖြစ်သော မြေခွေးကို၎င်း။ သဟာယိံ စ၊ အပေါင်းအဘော်ဖြစ်သော မြေခွေးမကို၎င်း။ တွံ၊ သင်သည်။ မာ အတိမညိတ္ထော၊ မထေမဲ့မြင် မပြုလင့်။

ထိုခြင်္သေ့မသည် ခြင်္သေ့မင်း၏စကားကိုကြား၍ မြေခွေးမကိုလည်း သည်းခံစေ၍ ထိုနေ့မှစ၍ သားနှင့်တကွသော မြေခွေးမနှင့်တကွ အညီအညွတ်နေကြ၏။ ခြင်္သေ့ငယ်တို့သည်လည်း မြေခွေးငယ်တို့နှင့်တကွ ကစားကုန်လျက် ဝမ်းမြောက်ဝမ်းသာ နေကုန်သည်ဖြစ်၍ မိဘတို့၏ လွန်သောကာလ၌လည်း ချစ်ခင်လေးမြတ်ကြကုန်၏။ အချစ်မပျက်ကုန်မူ၍ သာလျှင် ဝမ်းမြောက်ဝမ်းသာ နေကြကုန်၏။ ထိုခြင်္သေ့ မြေခွေးတို့အား အမျိုးခုနစ်ဆက်တိုင်အောင် မပျက်သောချစ်ခြင်းသည်သာ ဖြစ်လာသတည်း။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကိုပြတော်မူသည်၏ အဆုံး၌ အချို့ကုန်သော ရဟန်းတို့သည် သောတာပန်ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် ရဟန္တာ ဖြစ်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းသနည်းဟူမူကား ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ မြေခွေးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခြင်္သေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သူပြုသမျှ၊ ဂုဏ်ဂုဏ၊ မုချ အမှန်သိ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဂုဏဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဒဠှဝဂ်

၈။ သုဟနုဇာတ်

မြင်းစဉ်းလဲ နှစ်ကောင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် နယိဒံ ဝိသမသီလေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုဟနုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကြမ်းကြုတ်ကုန်သော နှစ်ယောက်ကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုအခါ ဇေတဝန်ကျောင်းတော်၌လည်း တယောက်သော ရဟန်းသည် ကြမ်းကြုတ်ရုန့်ရင်း၏။ နိုင်ထက်ကလူမူတတ်၏။ ဇနပုဒ်၌လည်း တယောက်သော ရဟန်းသည် ကြမ်းကြုတ် ရုန့်ရင်း၏။ နိုင်ထက်ကလူမူတတ်၏။ ထိုအခါ တနေ့သ၌ ဇနပုဒ်ရဟန်းသည် တစုံတခုသော အမှုကြောင့်သာလျှင် ဇေတဝန်ကျောင်းတော်သို့သွား၏။ သာမဏေတို့သည်၎င်း ရဟန်းငယ်တို့သည်၎င်း ထိုဇနပုဒ်နေရဟန်း၏ ကြမ်းကြုတ်သည်၏ အဖြစ်ကိုသိကုန်၍ ထိုသာမဏေ, ရဟန်းငယ်တို့သည် ကြမ်းကြုတ်ကုန်သော ရဟန်းနှစ်ပါးတို့၏ ခိုက်ရန်ဖြစ်ခြင်းကို မြင်ရကုန်အံ့ဟု အုတ်အုတ် ကျက်ကျက်အားဖြင့် ထိုဇနပုဒ်နေရဟန်းကို ဇေတဝန်ကျောင်းနေရဟန်း၏ ပရိဝုဏ်သို့ပို့ကြကုန်၏။ ကြမ်းကြုတ်ကုန်သော ထိုနှစ်ပါးကုန်သောရဟန်းတို့သည်လည်း အချင်းချင်းမြင်ကုန်၍လျှင် ချစ်ခင်ကြကုန်လျှက် နေကြကုန်၏။ ဝမ်းမြောက်ဝမ်းသာ ရှိကြကုန်၏။ လက်ကို ဆုပ်နယ်ခြင်း ခြေကိုဆုပ်နယ်ခြင်း ကျောက်ကိုဆုပ်နယ်ခြင်းအစရှိသည်တို့ကို ပြုကြကုန်၏။ ရဟန်းတို့သည် တရားသဘင်၌ စကားကို ဖြစ်စေကုန်၏။ အဘယ်သို့ ဖြစ်စေကုန်သနည်းဟူမူကား ငါ့သျှင်တို့ ကြမ်းကြုတ်သော ရဟန်းနှစ်ပါးတို့သည် တပါးသူတို့၏အပေါ်၌သာ ကြမ်းကြုတ်ရုန့်ရင်းကုန်၏။ နိုင်ထက်ကလူ မူတတ်ကုန်၏။ အချင်းချင်းမူကား ထိုနှစ်ပါးကုန်သောရဟန်းတို့သည် ညီညွတ်ကြကုန်သည် ဝမ်းမြောက်ဝမ်းသာရှိကုန်သည် ချစ်လျှက် နေကြ ကုန်သည် ဖြစ်ကုန်၏။ ဤသို့စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုရဟန်းတို့သည် တပါးကုန်သောသူတို့၏ အပေါ်၌ သာလျှင် ကြမ်းကြုတ်ကုန်သည် ရုန့်ရင်းကုန်သည် နိုင်ထက်ကလူ မူတတ် ကုန်သည်ဖြစ်၍ အချင်းချင်းမူကား ညီညွတ်ကုန်သည် ဝမ်းမြောက်ဝမ်းသာရှိကြကုန်သည် ချစ်ခင်လျက်နေကြကုန်သည် မဟုတ်သေး၊ ရှေး၌လည်း ထိုနှစ်ယောက်ကုန်သော ရဟန်းတို့သည် တပါးကုန်သောသူတို့၏ အပေါ်၌သာ ကြမ်းကြုတ်ရုန့်ရင်းကုန်သည်။ နိုင်ထက်ကလူ မူတတ်ကုန်သည်ဖြစ်၍ အချင်းချင်းမူကား ညီညွတ်ကုန်သည် ဝမ်းမြောက်ဝမ်းသာ ရှိကြကုန်သည် ချစ်ခင်လျက်နေကြကုန်သည် ဖြစ်ဘူးကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ခပ်သိမ်း သောကိစ္စတို့ကို ပြီးစေတတ်သော အကျိုး အကြောင်းကို ဆုံးမတတ်သောအမတ်သည် ဖြစ်၏။ ထိုဗြဟ္မဒတ် မင်းသည်ကား စဉ်းငယ် ဥစ္စာကိုမက်မောတတ်သောသဘောရှိ၏။ ထိုဗြဟ္မဒတ် မင်းအား မဟာသောဏအမည်ရှိသော စဉ်းလဲသောမြင်းသည် ရှိ၏။ ထိုအခါ ဥတ္တရာပထ၌နေကုန်သော မြင်းကုန်သည်တို့သည် မြင်းငါးရာတို့ကို ဆောင်ခဲ့ကုန်၏။ မြင်းတို့လာသည်၏အဖြစ်ကို မင်းအား ကြားလျှောက်ကုန်၏။ ထိုကာလမှရှေး၌ကား ဘုရားလောင်းသည် မြင်းတို့ကို အဘိုးပြတ်၍ အရင်းဥစ္စာကိုမလျှော့စေမူ၍ ပေးစေ၏။ မင်းသည် ထိုအဘိုးရင်းကို မလျော့စေသည်ရှိသော် တပါးသောအမတ်ကိုခေါ်စေ၍ အချင်းသင်သည် မြင်းတို့ကိုအဘိုးပြက်လော့၊ အဘိုးပြတ်သော်လည်း ရှေးဦးစွာ မဟာသောဏမြင်းကို အကြင် သို့သော အခြင်းအရာအားဖြင့်လွှတ်သည်ရှိသော် ထိုဥတ္တရာပထမြင်းတို့၏ အတွင်းသို့ဝင်၏။ ထိုသို့သောအခြင်းအရာအားဖြင့်လွှတ်လိုက်၍ မြင်းတို့ကိုကိုက်စေ၍ အနာကိုပြုစေ၍ အားနည်းသောကာလ၌ အဘိုးရင်းကိုလျော့၍ မြင်းတို့ကိုအဘိုးပြတ်လော့ဟု ဆို၏။ ထိုအမတ်သည် ကောင်းပြီဟု ဝန်ခံ၍ ထိုမင်းဆိုတိုင်း ပြု၏။ မြင်းကုန်သည်တို့သည် မနှစ်သက်ကုန်သည်ဖြစ်၍ ထိုဗြဟ္မဒတ်မင်းသည် ပြုအပ်သော အမူ အရာကို ဘုရားလောင်းအား ကြားကုန်၏။

ဘုရားလောင်းသည် သင်တို့၏မြို့၌ စဉ်းလဲသောမြင်းသည် မရှိသလောဟု မေး၏။ အရှင်သုဟနုအမည်ရှိသော ကြမ်းကြုတ်ရုန့်ရင်းသော စဉ်းလဲသောမြင်းသည် ရှိ၏ဟု ဆိုကုန်၏။ ထိုသို့တပြီးကား တဖန် လာကုန်သည်ရှိသော် ထိုသုဟနုအမည်ရှိသောမြင်းကို ဆောင်ခဲ့ကြကုန်လော့ဟု ဘုရားလောင်းသည်ဆို၏။ ထိုမြင်းကုန်သည်တို့သည် ကောင်းပြီဟု ဝန်ခံကုန်၍ တဖန် လာသည်ရှိသော် ထိုသုဟနုအမည်ရှိသော မြင်းစဉ်းလဲကိုယူခဲ့၍ လာကုန်၏။ ဗြဟ္မဒတ်မင်းသည် မြင်းကုန်သည်တို့ လာကုန်၏ဟု ကြား၍ ခြင်္သေ့ခံသော လေသွန်တံခါးကို ဖွင့်လှစ်၍ မြင်းတို့ကိုကြည့်၍ မဟာသောဏမြင်းကို လွှတ်စေ၏။ မြင်းကုန်သည်တို့သည်လည်း မဟာသောဏမြင်း လာသည်ကိုမြင်ကုန်၍ သုဟနုမြင်းကို လွှတ်ကုန်၏။ ထိုမဟာသောဏမြင်း, သုဟနုမြင်းတို့သည် တစီးသည်တစီးသို့ ရောက်ကုန်၍ ကိုယ်တို့ကိုလျက်ကြကုန်လျက် ရပ်ကြကုန်၏။ ဗြဟ္မဒက်မင်းသည် နှစ်စီးကုန်သော ဤ မြင်းစဉ်းလဲတို့ကို သင်သည် မြင်၏လော၊ ဤမြင်းစဉ်းလဲ နှစ်စီးတို့သည် တပါးကုန်သောမြင်းတို့၏အပေါ်၌သာ ကြမ်းကြုတ် ရုန့်ရင်းကုန်၏။ နိုင်ထက်ကလူ မူတတ်ကုန်၏။ တပါးကုန်သောမြင်းတို့ကို ကိုက်ကုန်၍ နာသည်၏အဖြစ်သို့ ရောက်စေတတ်ကုန်၏။ ယခုအခါ၌ အချင်းချင်းကား ကိုယ်ကိုလျက်ကြကုန်လျက် ဝမ်းမြောက်ဝမ်းသာဖြစ်ကုန်၍ ရပ်ကြကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်မည်သော အကြောင်းကြောင့်တုံနည်းဟု ဘုရားလောင်းကို မေး၏။ မြတ်သောမင်းကြီး ဤမြင်းနှစ်ပါးတို့သည် မညီမျှသောအလေ့ရှိကုန်သည်လည်း မဖြစ်ကုန်၊ မညီမျှသော သဘောရှိကုန်သည်လည်း မဖြစ်ကုန်၊ ထိုမြင်းနှစ်စီးတို့သည် တူမျှသော အလေ့ရှိကုန်သည်လည်း ဖြစ်ကုန်၏။ တူမျှသော သဘောရှိကုန်သည်လည်း ဖြစ်ကုန်၏ဟုဆိုလို၍ -

၁၅။ နယိဒံ ဝိသမသီလေန၊ သောဏေန သုဟနူ သဟ။
သုဟနူပိ တာဒိသောယေဝ၊ ယော သောဏဿ သဂေါစရော။-
၁၆။ ပက္ခန္ဒိနာ ပဂဗ္ဘေန၊ နိစ္စံ သန္ဒာနခါဒိနာ။
သမေတိ ပါပံ ပါပေန၊ သမေတိ အသတာ အသံ။

ဟူသော ဤနှစ်ဂါထာကို ဆို၏။

၁၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သုဟနူ၊ သုဟနု မြင်းသည်။ သောဏေန၊ သောဏ မြင်းနှင့်။ သဟ၊ တကွ။ ယံ ဣဒံ ပေမံ၊ အကြင် ချစ်ခြင်းကို။ ကရောတိ၊ ပြု၏။ တံ ဣဒံ ပေမံ၊ ထိုချစ်ခြင်းကို။ အတ္တနော၊ မိမိ၏။ ဝိသမသီလေန၊ မတူမျှသော အလေ့အားဖြင့်။ န ကရောတိ၊ မပြု။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သောဏဿ၊ သောဏမြင်း၏။ ယော သဂေါစရော၊ အကြင်မြင်းတို့ကိုကိုက်လျက် ကျက်စားခြင်းအကျင့်သည်။ အတ္ထိ၊ ရှိ၏။ သုဟနူပိ၊ သုဟနုမြင်းသည်လည်း။ တာဒိသော ယေဝ၊ ထိုသောဏမြင်းနှင့် တူသည်သာလျှင်တည်း။

၁၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧတေသု၊ ထိုမြင်းနှစ်စီးတို့တွင်။ အညတရေန၊ တစီးသောမြင်းနှင့်။ သဒ္ဓိံ၊ တကွ။ အညတရော၊ တစီးသောမြင်းသည်။ ပက္ခန္ဒိနာ၊ မြင်းတပါးတို့၏ အပေါ်သို့ ပြေးသွားခြင်းအလေ့အားဖြင့်၎င်း။ ပဂဗ္ဘေန၊ ကာယကံ၏ ရုန့်ရင်းကြမ်းကြုတ်ခြင်းအစရှိသည်နှင့် ပြည့်စုံခြင်းဟုဆိုအပ်သော မကောင်းသောအလေ့အားဖြင့်၎င်း။ နိစ္စံ၊ အမြဲ။ သန္ဒာနခါဒိနာ၊ မိမိကို ချည်သောကြိုးကို ကိုက်တတ်သော အလေ့အားဖြင့်၎င်း။ သမေတိ၊ တူမျှ၏။ ပါပေန၊ ယုတ်မာသော မြင်းတစီးနှင့်။ သဒ္ဓိံ၊ တကွ။ ပါပဿ၊ ယုတ်မာသော မြင်းတစီး၏။ ပါပံ၊ ယုတ်မာသောအလေ့သည်။ သမေတိ၊ တူမျှ၏။ အသတာ၊ သူတော်မဟုတ်သောသူနှင့်။ သဟ၊ တကွ။ အသတော၊ သူတော်မဟုတ်သော သူ၏။ အသံ၊ မကောင်းသောအမှုသည်။ သမေတိ၊ တူမျှ၏။

ဘုရားလောင်းသည် ဤသို့ဆိုပြီး၍ကား မြတ်သောမင်းကြီး မင်းမည်သည်ကား အလွန် မက်မောတတ်သည် မဖြစ်ရာ၊ သူတပါး၏ ဥစ္စာမည်သည်ကို ဖျက်ဆီးခြင်းငှါမအပ်ဟု ထိုမင်းကိုဆုံးမ၍ မြင်းတို့ကို အဘိုးပြတ်၍ မှန်သောအဘိုးကို ပေးစေ၏။ မြင်းကုန်သည်တို့သည် သဘောအား လျော်သည်သာဖြစ်သော အဘိုးကိုရကုန်၍ ရွှင်လန်းနှစ်သက်ကုန်လျက် သွားကြကုန်၏။ မင်းသည် ဘုရားလောင်းအဆုံးအမ၌တည်၍ ကံအားလျော်စွာလား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဤရဟန်းကြမ်းနှစ်ယောက်တို့သည် ထိုအခါ မြင်းကြမ်းနှစ်စီးတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိအမတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

မသူတော်ချင်း၊ ပေါင်းဖက်လျင်း၊ ချဉ်ပြင်း ဆားနှယ်တွေ့

ရှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော သုဟနုဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဒဠှဝဂ်

၉။ မောရဇာတ်

ရွှေဥဒေါင်း နှင့် ညွှတ်ကွင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသခင်သည် ဥဒေတယံ စက္ခုမာ ဧကရာဇာ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမောရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သော တယောက်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုငြီးငွေ့သောရဟန်းကို အဆွေ ခင်ပွန်းဖြစ်ကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားအထံတော်သို့ ဆောင်အပ်သည်ဖြစ်၍ ရဟန်း သင်သည် ငြီးငွေ့၏ ဟူသည် မှန်သလောဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်၍ အဘယ်ကိုမြင်၍ ငြီးငွေ့သနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား တယောက်သော တန်ဆာဆင်ခြင်းနှင့်စပ်သော မိန်းမကိုမြင်၍ ငြီးငွေ့ခြင်း ဖြစ်ပါသည်ဟု လျောက်၏။ ထိုအခါ၌ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း မိန်းမမည်သည်ကား သင်တို့ကဲ့သို့သောသူ၏စိတ်ကို အဘယ့်ကြောင့် မလှုပ်ချောက်ချား စေနိုင်အံ့နည်း၊ လှုပ်ချောက်ချားစေနိုင်သည်သာလျှင်တည်း၊ ထိုစကားသည် မှန်၏။ ရှေးပညာရှိတို့အား အနှစ်ခုနစ်ရာတို့ပတ်လုံး မဖြစ်ကုန်သောကိလေသာတို့သည် မိန်းမ၏အသံကိုကြားလတ်သော် အခွင့်ကို ရကုန်၍ တခဏခြင်းသာလျှင် ဖြစ်လာကုန်၏။ စင်ကြယ်ကုန်သော သတ္တဝါတို့စင်လျက်လည်း ညစ်နွမ်းရကုန်သေး၏။ မြတ်သောဆန္ဒနှင့်ပြည့်စုံသော သူတို့စင်လျက်လည်း အကျော်အစောမဲ့ခြင်း၏အဖြစ်သို့ ရောက်ရကုန်သေး၏။ မစင်ကြယ်သောသူသည်ကား အဘယ်မှာဆိုဘွယ် ရှိအံ့နည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဥဒေါင်းအမျိုး၌ ပဋိသန္ဓေကိုယူ၍ အဥဖြစ်သောကာလ၌လည်း မဟာလှေကားအငုံနှင့်တူသောအဆင်းရှိသော ဥရှိသည်ဖြစ်၍ ဥခွံကိုခွဲ၍ပေါက်သည် ရှိသော် ရွှေအဆင်းနှင့်တူသော အဆင်းရှိသည်ဖြစ်၏။ ရှုချင်ဘွယ်ရှိ၏။ ကြည်ညိုဘွယ်ရှိ၏။ အတောင်ကြားတို့၌ နီနီတွေးတွေး ယုန်သွေး ဟင်္သပဒါးဆွတ်၍ ထားသကဲ့သို့ အခြားအရေးတို့ဖြင့် ထူး၍တင့်တယ်၏။ ထိုရွှေဥဒေါင်းသည် အသက်ကိုစောင့်ရှောက်လိုရကား တောင်ရေးသုံးခုတို့ကိုလွန်၍ လေးခုမြောက်ဖြစ်သောတောင်ရေး၏ တခုသော ဒဏ္ဍကရွှေတောင် အပြင်၌ နေခြင်းကိုပြု၏။

ထိုရွှေဥဒေါင်းသည် ညဉ့်၏လင်းလတ်သောအခါ ရွှေတောင်ထိပ်၌ နေလျက် တက်လတ်သောနေမင်းကိုကြည့်၍ မိမိ၏ ကျက်စားရာမြေ၌ အစောင့်အရှောက်အရံအတားအကျိုးငှါ မြတ်သောမန္တရားကို ဖွဲ့လိုရကား-

၁၇။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ။
တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ။

ဟူသော ဂါထာကို ရွတ်၏။

၁၇။ စက္ခုမာ၊ အလုံးစုံသောစကြဝဠာ၌ နေကုန်သောသူတို့အား မျက်စိအမြင်ကို ပေးတတ်ထသော။ ဧကရာဇာ၊ မြတ်သော မင်းဖြစ်ထသော။ ဟရိဿဝဏ္ဏော၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိထသော။ ပထဝိပ္ပဘာသော၊ မြေကြီးကို ထွန်းပစေတတ် ထသော။ အယံ ဘာဏုမာ၊ ဤနေမင်းသည်။ ယသ္မာ၊ အကြင်ကြောင့်။ ဥဒေတိ၊ အရှေ့လောကဓာတ်မှ တက်လတ်၏။ တံ-တသ္မာ၊ ထို့ကြောင့်။ ဟရိဿဝဏ္ဏံ၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိထသော။ ပထဝိပ္ပဘာသံ၊ မြေကြီးကို ထွန်းပစေတတ်ထသော။ တံ၊ ထိုနေမင်းကို။ နမဿာမိ၊ ရှိခိုးပါ၏။ အဇ္ဇ၊ ယနေ့။ တယာ၊ ရှင်နေမင်းသည်။ ဂုတ္တာ၊ စောင့်ရှောက်အပ်သည်ဖြစ်၍။ မယံ၊ ငါတို့သည်။ ဣမံ-ဤဒိသံ၊ ဤသို့ သဘောရှိသော။ ဒိဝသံ၊ နေ့ပတ်လုံး။ ဝိဟရေမု၊ ချမ်းသာစွာ နေရပါလိုကုန်၏။

ဤသို့ ဘုရားလောင်းသည် ဤဂါထာဖြင့် နေမင်းကိုရှိခိုးပြီး၍ ဒုတိယဂါထာဖြင့် လွန်တော်မူလေကုန်ပြီးသော ပရိနိဗ္ဗာန်ပြုတော်မူကုန်ပြီးသော ဘုရားရှင်တို့ကို၎င်း ဘုရားရှင်တို့၏ ဂုဏ်တော်တို့ကို၎င်း ရှိခိုးလိုရကား-
ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။
နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံကတွာ၊
မောရော စရတိ ဧသနာ။

ဟူသော ဤဂါထာကို ရွတ်၏။

ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧသနာ ဟူသော ဤနှစ်ပါဒကိုကား ဘုရားအဖြစ်သို့ ရောက်တော်မူပြီးမှ ဆက်၍ဟောတော်မူ၏။

ဗြာဟ္မဏာ၊ မကောင်းမှုကိုအပပြုတော်မူကုန်ပြီးထသော။ သဗ္ဗဓမ္မေ၊ ခပ်သိမ်းကုန်သောတရားတို့ကို။ ဝေဒဂူ၊ ဉာဏ်တော်အားဖြင့် ထင်ရှားသည်ကို ပြုတော်မူကုန်ပြီး၍ ဗောဓိအပြင်၌ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်တော်မူကုန်ပြီးထသော။ ယေ-ယာဒိသာ၊ အကြင်သို့သဘော ရှိတော်မူကုန်ထသော။ ဘဂဝန္တာ၊ မြတ်စွာဘုရားတို့သည်။ သန္တိ၊ ရှိတော်မူကုန်၏။ တေ-တာဒိသာ၊ ထိုသို့သဘောရှိကုန်သော။ ဘဂဝန္တာ၊ မြတ်စွာဘုရားတို့သည်။ မေ၊ အကျွန်ုပ်၏။ နမော-နမကာရံ၊ ရှိခိုးခြင်းကို။ ပဋိစ္ဆန္တု စ၊ ခံလည်းခံတော်မူစေကုန်သတည်း။ ဧဝံ၊ ဤသို့။ မယာ၊ အကျွန်ုပ်သည်။ နမသိတာ၊ ရှိခိုးအပ်ကုန်သော။ တေ-တာဒိသာ၊ ထိုသို့သဘောရှိကုန်သော။ ဘဂဝန္တာ၊ မြတ်စွာဘုရားတို့သည်။ မံ၊ အကျွန်ုပ်ကို။ ပါလယန္တု စ၊ စောင့်လည်း စောင့်တော်မူစေကုန်သတည်း။ ဗုဒ္ဓါနံ၊ ပရိနိဗ္ဗာန်ပြုတော်မူကုန်ပြီးသော ဘုရားရှင်တို့အား။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ တေသညေဝ၊ ထိုဘုရားရှင်တို့၏ သာလျှင်။ ဗောဓိယာ၊ မဂ်လေးတန် ဖိုလ်လေးတန်တို့၌ ဉာဏ်ဟုဆိုအပ်သော ဗောဓိအား။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဝိမုတ္တာနံ၊ အရဟတ္တဖိုလ်တည်းဟူသော ဝိမုတ္တိအားဖြင့် ဝိမုတ္တိ ရှိတော်မူကုန်သော။ တေသညေဝ၊ ထိုဘုရားရှင်တို့အားသာလျှင်။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ နေသံ၊ ထိုဘုရားရှင်တို့၏။ ဝိမုတ္တိယာ၊ ငါးပါးသော ဝိမုတ္တိအား။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ သော မောရော၊ ထိုရွှေဥဒေါင်းမင်းသည်။ ဣမံ ပရိတ္တံ၊ ဤအရံအတားကို။ ကတ္တာ၊ ပြု၍။ ဧသနာ-ဧသနာယ၊ အပွင့်အသီးအစရှိသော အထူးထူး အပြားပြားသော အစာကိုရှာအံ့သောငှါ။ စရတိ၊ သွား၏။

ရဟန်းတို့ ထိုရွှေဥဒေါင်းမင်းသည် ဤသို့ တနေ့ပတ်လုံး ကျက်စား၍ ညအခါခါ တောင်ထိပ်၌နေ၍ ဝင်လေသောနေမင်းကိုကြည့်လျှက် ဘုရားရှင်တို့၏ ဂုဏ်တော်ကိုဆင်ခြင်၍ နေရာအရပ်၌ အစောင့်အရှောက် အရံအတားအကျိုးငှါ တဖန် မြတ်သောမန္တရားကို ပြန်လိုရကား-

၁၈။ အပေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ။
တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။
ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ။
တေ မေ နမော တေ စ မံ ပါလာယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။
နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော ဝါသမကပ္ပယိ။

ဟူသော ဤဂါထာကို ရွတ်၏။

ဣမံ သော ပရိတ္တံ ကတွာ မောရော ဝါသ မကပ္ပယိဟူသော နှစ်ပါဒကိုလည်း ဘုရားအဖြစ်သို့ ရောက်တော်မူပြီးမှ ဆက်၍ဟောတော်မူ၏။

၁၈။ စက္ခုမာ၊ အလုံးစုံသော စကြဝဠာ၌နေကုန်သောသူတို့အား မျက်စိအမြင်ကိုပေးတတ်ထသော။ ဧကရာဇာ၊ မြတ်သောမင်းဖြစ်ထသော။ ဟရိဿဝဏ္ဏေ၊ ရွှေအဆင်းနှင့်တူသောအဆင်းရှိထသော။ ပထဝိပ္ပဘာသော၊ မြေကြီးကို ထွန်းပစေတတ်ထသော။ အယံ ဘာဏုမာ၊ ဤနေမင်းသည်။ ယသ္မာ၊ အကြင်ကြောင့်။ အပေတိ၊ ဝင်၏။ တံ-တသ္မာ၊ ထို့ကြောင့်။ ဟရိဿဝဏ္ဏံ၊ ရွှေအဆင်းနှင့်တူသောညအဆင်းရှိသော။ ပထဝိပ္ပဘာသံ၊ မြေကြီးကို ထွန်းပစေတတ်သော။ တံ၊ ထိုအရှင်နေမင်းကို။ နမဿာမိ၊ ရှိခိုးပါ၏။ အဇ္ဇ၊ ယနေ့။ တယာ၊ ရှင်နေမင်းသည်။ ဂုတ္တာ၊ စောင့်ရှောက်အပ်သည့် ဖြစ်၍။ မယံ၊ အကျွန်ုပ်တို့သည်။ ဣမံ၊ ဤသို့ သဘောရှိသော။ ရတ္တိံ၊ ညဉ့်ပတ်လုံး။ ဝိဟရေမု၊ ချမ်းသာစွာ နေရပါလိုကုန်၏။

ဗြာဟ္မဏာ၊ မကောင်းမှုကို အပပြုတော်မူကုန်ပြီးကသော။ သဗ္ဗဓမ္မေ၊ ခပ်သိမ်းကုန်သော သင်္ခတ အသင်္ခတ တရားတို့ကို။ ဝေဒဂူ၊ ဉာဏ်တော်အားဖြင့် ထင်ရှားသည်တို့ကို ပြုတော်မူကုန်၍ သံသရာကိုလွန်တော်မူကုန်ပြီးထသော။ ယေ ဘဂဝန္တာ၊ အကြင် မြတ်စွာဘုရားတို့သည်။ သန္တိ၊ ရှိတော်မူကုန်၏။ တေ ဘဂဝန္တာ၊ ထိုမြတ်စွာဘုရားတို့သည်။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းကို။ ပဋိစ္ဆန္တု စ၊ ခံလည်း ခံတော်မူစေကုန်သတည်း။ ဧဝံ၊ ဤသို့။ မယာ၊ ငါသည်။ နမဿိတာ၊ ရှိခိုးအပ်ကုန်သော။ တေ-တာဒိသာ၊ ထိုသို့ သဘောရှိကုန်သော။ ဘဂဝန္တာ၊ မြတ်စွာဘုရားရှိသည်။ မံ၊ အကျွန်ုပ်ကို။ ပါလယန္တု စ၊ စောင့်လည်း စောင့်တော်မူစေကုန်သတည်း။ ဗုဒ္ဓါနံ၊ ပရိနိဗ္ဗာန်ပြုတော်မူကုန်ပြီးသော ဘုရားရှင်တို့အား။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ တေသညဝ၊ ထိုဘုရားရှင်တို့၏သာလျှင်။ ဗောဓိယာ၊ မဂ်လေးတန် ဗိုလ်လေးတန်တို့၌ ဉာဏ်ဟုဆိုအပ်သော ဗောဓိအား။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဝိမုတ္တာနံ၊ အရဟတ္တဖိုလ်တည်းဟူသော ဝိမုတ္တိအားဖြင့် ဝိမုတ္တိရှိတော်မူကုန်သော။ တေသညဝ၊ ထိုဘုရားရှင်တို့အားသာလျှင်။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ နေသံ၊ ထိုဘုရားရှင်တို့၏။ ဝိမုတ္တိယာ၊ ငါးပါးသော ဝိမုတ္တိအား။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ သော မောရော၊ ထိုရွှေဥဒေါင်းသည်။ ဣမံ ပရိတ္တံ၊ ဤအရံအတားကို။ ကတွာ၊ ပြု၍။ နိဝါသာနေ၊ နေရာအရပ်၌။ ဝါသံ၊ နေခြင်းကို။ အကပ္ပယိ၊ ပြု၏။

ထိုရွှေဥဒေါင်းအား ညဉ့်၌၎င်း နေ့၌၎င်း ဤသို့သဘောရှိသော ပရိတ်၏အာနုဘော်ကြောင့် ဘေးသည်လည်း မဖြစ်သည်သာလျှင်တည်း၊ ကြက်သီးမွေးညှင်း ထခြင်းသည်လည်း မဖြစ်သည်သာလျှင်တည်း၊ ထိုအခါ ဗာရာဏသီပြည်၏ မနီးမဝေးသောအရပ်၌ မုဆိုးတို့၏ရွာ၌နေသော မုဆိုးတယောက်သည် ဟိမဝန္တာအရပ်၌ လှည့်လည်သည်ရှိသော် ထိုဒဏ္ဍကရွှေတောင်ထိပ်၌နေသော ဘုရားလောင်း ရွှေဥဒေါင်းကိုမြင်လျှင် လာလတ်၍ သားအား ကြား၏။

ထိုအခါ တနေ့သ၌ ဗာရာဏသီမင်း၏ ခေမာအမည်ရှိသော မိဖုယားသည် အိပ်မက်ဖြင့် ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ရွှေဥဒေါင်း တရားဟောသည်ကိုမြင်မက်၍ နိုးသောကာလ၌ မင်းကြီးအား လျှောက်၏။ အဘယ်သို့ ကြား လျှောက်သနည်းဟူမူကား မြတ်သောမင်းကြီး အကျွန်ုပ်သည် ရွှေအဆင်းနှင့်တူသောအဆင်းရှိသော ဥဒေါင်း၏တရားကို နာလို၏ဟု လျှောက်၏။ မင်းသည် အမတ်တို့ကို မေး၏။ အမတ်တို့သည် အရှင်မင်းကြီး ပုဏ္ဏားတို့သည်သိကုန်လတ္တံ့ ဟု လျှောက်ကုန်၏။ ပုဏ္ဏားတို့သည် ထိုစကားကိုကြားကုန်၍ ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်သော ဥဒေါင်းတို့မည်သည်ရှိကုန်၏ဟု လျှောက်ကြကုန်၍ အဘယ်အရပ်၌ ရှိသနည်းဟု မေးသည်ရှိသော် အရှင်မင်းကြီး မုဆိုးတို့သည် သိကုန်လတ္တံ့ဟု လျောက်ကုန်၏။ မင်းကြီးသည် မုဆိုးတို့ကို စည်းဝေးစေ၍ မေး၏။ ထိုအခါ ထိုမုဆိုး၏သားသည် မြတ်သောမင်းကြီး ဒဏ္ဍကအမည်ရှိသော ရွှေတောင်သည် ရှိ၏။ ထိုရွှေတောင်၌ ရွှေအဆင်းနှင့်တူသောအဆင်းရှိသော ရွှေဥဒေါင်းသည်နေ၏ဟု လျှောက်၏။

အို မုဆိုး ထိုသို့တပြီးကား သင်သည် ထိုဥဒေါင်းကို မသတ်ဘဲ နှောင်ဖွဲ့၍သာလျှင် ဆောင်ခဲ့လော့ဟု ဆို၏။ ထိုမုဆိုးသည်သွား၍ ထိုရွှေဥဒေါင်း၏ကျက်စားရာမြေ၌ ကျော့ကွင်းတို့ကို ထောင်၏။ ဥဒေါင်းသည် နင်းရာအရပ်၌လည်း ကျော့ကွင်းသည်မရွေ့၊ မုဆိုးသည် ဖမ်းအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ခုနစ်နှစ်တို့ပတ်လုံး ထိုအရပ်၌သာလျှင်ကျက်စား၍ သေလေ၏။ ခေမာမိဖုယားသည်လည်း တောင့်တအပ်သော ရွှေဥဒေါင်းကို မရ၍ သေ၏။ မင်းသည် ဥဒေါင်းကိုမှီ၍ ငါ၏မိဖုယား သေလွန်ရ၏ဟု အမျက်ထွက်၍ ဟိမဝန္တာအရပ်၌ ဒဏ္ဍကမည်သော ရွှေတောင်သည် ရှိ၏။ ထိုရွှေ တောင်၌ ရွှေအဆင်းနှင့်တူသောအဆင်းရှိသော ဥဒေါင်းသည် နေ၏။ အကြင်သူတို့သည် ထိုရွှေဥဒေါင်း၏အသားကို စားရကုန်၏။ ထိုသူတို့သည် မအိုသည် ဖြစ်ကုန်၏။ မသေသည် ဖြစ်ကုန်၏ဟု အက္ခရာကို ရွှေပြား၌ ရေးသားစေ၍ ရွှေတံတင်း၌ ထားစေ၏။ ထိုမင်းသည် စုတေသည်ရှိသော် တပါးသောမင်းသည် မင်းအဖြစ်သို့ရောက်သည်ဖြစ်၍ ရွှေပြား၌ ရေးထားသောအက္ခရာကို ဘတ်စေ၍ ငါသည် မအိုသည် မသေသည် ဖြစ်ရအံ့ဟု တပါးသောမုဆိုးကို စေလွှတ်၏။ ထိုမုဆိုးသည်လည်း သွားလေ၍ ဘုရားလောင်းကို ဖမ်းအံ့သောငှါ မတတ်နိုင်၍ ထိုအရပ်၌သာလျှင် သေလေ၏။ ထိုသို့သော နည်းဖြင့်သာလျှင် မင်းခြောက်ဆက် လဲသည်၏အဖြစ်သို့ ရောက်၏။

ထိုအခါ ခုနစ်ဆက်မြောက်ဖြစ်သော မင်းသည် မင်းအဖြစ်သို့ရောက်၍ မုဆိုးတယောက်ကို စေလိုက်၏။ ထိုမုဆိုးသည်သွားလေ၍ ဘုရားလောင်းသည် နင်းရာအရပ်၌လည်း ကျော့ကွင်း၏ မရွေ့သည်၏အဖြစ်ကိုသိ၍ မိမိ၏အကျိုးငှာ အရံအတားကိုပြု၍ ထိုရွှေဥဒေါင်း၏ ကျက်စားရာမြေသို့ သွားခြင်းကိုလည်းသိ၍ အရပ်စွန်းသို့သက်ခဲ့၍ တခုသော ဥဒေါင်းမကို ဖမ်း၍ အကြင်သို့သောအခြင်းအရာအားဖြင့် သင်အပ်သည်ရှိသော် ဥဒေါင်းမသည် လက်ခုပ်တီးသံဖြင့် က၏။ လက်ဖျစ်တီးသံဖြင့်လည်း တွန်၏။ ထိုသို့သောအခြင်းအရာအားဖြင့် သင်ပြီးလျှင် ထိုဥဒေါင်းမကိုယူ၍ သွားလေ၍ ရွှေဥဒေါင်းသည်အရံအတားကိုမပြုမီ စောစောကလျှင် ကျော့ကွင်းကို ကျော့ကွင်းတံသို့တင်၍ ကျော့ကွင်းတို့ကိုထောင်၍ ဥဒေါင်းမကို တွန်စေ၏။ ရွှေဥဒေါင်းသည် သဘောမတူသော ဥဒေါင်းမ၏အသံကို ကြား၍ ကိလေသာဖြင့်ကြင်နာသည်ဖြစ်၍ ပရိတ်ကိုပြုအံ့သောငှါ မစွမ်းနိုင်ဘဲ သွားလေလျှင် ကျော့ကွင်း၌ မိ၏။ ထိုဘုရားလောင်းကို မုဆိုးသည် ဖမ်း၍ သွားပြီးလျှင် မင်းအား ဆက်၏။ မင်းသည် ထိုရွှေဥဒေါင်း၏ အဆင်း၏ပြည့်စုံခြင်းကိုမြင်၍ နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ နေရာကို ပေးစေ၏။ ဘုရားအလောင်းသည် ခင်းအပ်သောနေရာ၌နေ၍ မြတ်သောမင်းကြီး အဘယ့်ကြောင့် ငါ့ကို ဖမ်းစေသနည်းဟု မေး၏။ ရွှေဥဒေါင်း အကြင်သူသည် သင်၏ အသားကို စားရကုန်၏။ ထိုသူတို့သည် မအိုကုန်သည် မသေကုန်သည် ဖြစ်ကုန်၏ဟု ငါကြားရ၏။ ထိုငါသည် သင်၏ အသားကိုစား၍ မအိုမသေဖြစ်လို၍ သင့်ကို ဖမ်းစေ၏ဟု ဆို၏။ မြတ်သောမင်းကြီး ငါ၏အသားကို စားရကုန်သောသူတို့သည် မအိုကုန်သည် မသေကုန်သည် ဖြစ်စေကုန်ဦးတော့၊ ငါသည်မူကား သေရအံ့၊ ဤသို့ ငါသည် သေတတ်သောသဘောရှိလျှက် ငါ၏အသားကို စားကုန်သောသူတို့သည် အဘယ်အကြောင်းကြောင့် မသေကုန်လတ္တံ့နည်းဟု ဆိုသည်ရှိသော်-

ဥဒေါင်းမြတ် သင်သည် ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ ထို့ကြောင့် သင်၏အသားကို စားရကုန်သောသူတို့သည် မအို မသေကုန်သည် ဖြစ်ကုန်လတ္တံ့ ဟုဆိုလေ၏။ မြတ်သော မင်းကြီး ငါသည် အကြောင်းမဲ့ ရွှေအဆင်းနှင့်တူသော အဆင်းရှိသည် မဟုတ်၊ ရှေး၌ကား ငါသည် ဤမြို့၌သာလျှင် စကြဝတေးမင်းဖြစ်၍ မိမိသည်လည်း ပဉ္စသီတို့ကို စောင့်ခဲ့ဘူး၏။ အလုံးစုံသောစကြဝဠာ၌ နေကုန်သောသူတို့ကိုလည်း စောင့်စေဘူး၏။ ထိုငါသည် စုတေ၍ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ဘူး၏။ ထိုတာဝတိံသာနတ်ပြည်၌ အသက်ထက်ဆုံးတည်၍ ထိုတာဝတိံသာနတ်ပြည်မှ စုတေသည်ရှိသော် တပါးသောအကုသိုလ်၏အကျိုးဆက်ကြောင့် ဥဒေါင်းမျိုး၌ ဖြစ်သော်လည်း ရှေး၌ဆောက်တည်ခဲ့ဘူးသော သီလ၏ အာနုဘော်ကြောင့် ရွှေအဆင်းနှင့်တူသောအဆင်းရှိသည် ဖြစ်၏ဟု ဆိုသည်ရှိသော် ဥဒေါင်းမြတ် သင်သည် စကြဝတေး မင်းဖြစ်၍ သီလကို စောင့်ရှောက်၍ သီလ၏အာနုဘော်ကြောင့် ရွှေအဆင်းနှင့်တူသော အဆင်းရှိသည်ဖြစ်၏ဟု ဆို၏။ သင်၏စကားကို အဘယ်သို့သော အကြောင်းကြောင့် ငါတို့သည် ယုံကြည်ရအံ့နည်း၊ တစုံတခုသော သက်သေရှိ၏လောဟု ဆို၏။ မြတ်သောမင်းကြီး ရှိ၏ဟု ဆိုသည်ရှိသော် အဘယ်မည်သော သက်သေနည်းဟုမေး၏။ မြတ်သောမင်းကြီး ငါသည် စကြာဝတေးမင်း ဖြစ်သောကာလ၌ ရတနာဖြင့်ပြီးသောရထား၌စီး၍ ကောင်းကင်ခရီးဖြင့် သွားဘူး၏။ ငါ၏ ထိုရတနာရထားကို မင်္ဂလာရေကန်၏ မြေအတွင်း၌ မြှုပ်စေခဲ့၏။ ထိုရတနာရထားကို မင်္ဂလာရေကန်မှ ဘော်စေလော့၊ ထိုရတနာရထားသည် ငါ၏သက်သေဖြစ်လတ္တံ့ ဟုဆိုသည်ရှိသော် မင်းသည် ကောင်းပြီဟု ဝန်ခံ၍ မင်္ဂလာရေကန်မှ ရေကိုပယ်စေပြီးလျှင် ရတနာရထားကို ဆောင်ခဲ့စေ၏။ မင်းသည် ထိုအခါ၌ ဘုရားလောင်းအား ယုံကြည်၏။

ဘုရားလောင်းသည် မြတ်သောမင်းကြီး အမြိုက်ဖြစ်သော မဟာနိဗ္ဗာန်ကိုထား၍ ကြွင်းကုန်သော ခပ်သိမ်းကုန်သော သင်္ခတတရားတို့သည် ဖြစ်ကုန်၍ အမြဲမတည်သော သဘောရှိကုန်၏။ မမြဲသည် ဖြစ်ကုန်၏။ ကုန်တတ် ပျက်တတ်သော သဘောရှိကုန်သည်သာလျှင် ဖြစ်ကုန်၏ဟု မင်းအား တရားဟော၍ မင်းကို ငါးပါးကုန်သောသီလတို့၌ တည်စေ၏။ မင်းသည် ကြည်ညိုသည်ဖြစ်၍ ဘုရားလောင်းကို မင်းအဖြစ်ဖြင့် ပူဇော်၏။ ထိုဘုရားလောင်းသည် မင်းအဖြစ်ကို ထိုမင်းအားသာလျှင် အပ်နှင်းပြီးလျှင် နှစ်ရက်သုံးရက်နေ၍ မြတ်သောမင်းကြီး မမေ့မလျော့ ဖြစ်ရစ်လော့ဟု ဆုံးမ၍ ကောင်းကင်၌ပျံ၍ ဒဏ္ဍကရွှေတောင်သို့ သွားလေ၏။ မင်းသည်လည်း ဘုရားလောင်းအဆုံးအမ၌တည်၍ ဒါနအစရှိသော ကောင်းမှုတို့ကို ပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသောအဆုံး၌ ငြီးငွေ့သောရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရွှေဥဒေါင်း ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကိုပေါင်းတော်မူ၏။

မနှင့်ဖက်က၊ မိုက်မှားကြ၊ လောက ထုံးဓလေ့

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော မောရဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဒဠှဝဂ်

၁၀။ ဝိနီလကဇာတ်

ဟင်္သာ ညီနောင်နှင့် ကျီးဟင်္သာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဧဝမေဝ နူန ရာဇာနံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝိနီလဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်၏ ဘုရားအတုပြုခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ဒေဝဒတ်သည် ဂယာသီသသို့ ရောက်လာကုန်သော နှစ်ပါးကုန်သော အဂ္ဂသာဝကတို့အား ဘုရားအသွင်ကိုပြ၍ အိပ်သည်ရှိသော် မထေရ်မြတ်နှစ်ပါးတို့သည်လည်း တရားကိုဟောကုန်၍ မိမိတို့၏တပည့်တို့ကိုယူကုန်၍ ဝေဠုဝန်ကျောင်းတော်သို့ လာခဲ့ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် သာရိပုတ္တရာ, မောဂ္ဂလာန်တို့ ဒေဝဒတ်သည် သင်တို့ကိုမြင်၍ အသို့ပြုသနည်းဟု မြတ်စွာဘုရားသခင် မေးအပ်သည်ရှိသော် အရှင်ဘုရားမြတ်စွာဘုရားအသွင်ကိုပြု၍ ကြီးစွာသောပျက်စီးခြင်းသို့ ရောက်၏ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် သာရိပုတ္တရာ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ငါဘုရား၏အတုဖြစ်သော အမူအရာကိုပြု၍ ပျက်စီးခြင်းသို့ရောက်သည် မဟုတ်သေး။ ရှေး၌လည်း ရောက်ဘူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ သာရိပုတ္တရာမထေရ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... သာရိပုတ္တရာ လွန်လေပြီးသောအခါ ဝိဒေဟတိုင်း မိထိလာပြည်၌ ဝိဒေဟတိုင်းသူတို့ကိုအစိုးရသော မင်းသည် မင်းပြုသည် ရှိသော် ဘုရားလောင်းသည် ဝိဒေဟမင်း၏ မိဖုယားကြီးဝမ်း၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းကုန်သောအတတ်တို့ကို သင်၍ အဘလွန်သဖြင့် မင်းအဖြစ်၌တည်၏။ ထိုအခါ၌ တခုသောရွှေဟင်္သာမင်း၏ ကျက်စားရာမြေ၌ ကျီးမနှင့်တကွ ပေါင်းဘော်ခြင်းသည် ဖြစ်၏။ ထိုကျီးမသည် သားကိုဖွား၏။ ထိုငှက်ငယ်သည် အမိနှင့်လည်းမတူ အဘနှင့်လည်းမတူသလျှင်ကတည်း၊ ထိုအခါ၌ ထိုငှက်ငယ်အား မညို မရွှေသော သဘော ရှိသည်၏အဖြစ်ကြောင့် ဝိနီလကဟူသောအမည်ကိုသာလျှင် မှည့်ကုန်၏။ ရွှေဟင်္သာမင်းသည် မပြတ်လာ၍ သားကိုကြည့်၏။ ထိုရွှေဟင်္သာမင်းအားကား တပါးကုန်သော နှစ်ခုကုန်သော ဟင်္သာငယ် ဖြစ်ကုန်သော သားတို့သည် ရှိကုန်၏။ ထိုဟင်္သာငှက်ငယ်တို့သည် အဘဖြစ်သော ရွှေဟင်္သာမင်းကို မပြတ် လူ့ပြည်လမ်းကို ပျံသွားလေသည်ကို မြင်ကုန်၍ မေးကုန်၏။ အဘယ်သို့ မေးကုန်သနည်းဟူမူကား ဘခင် သင်တို့သည် အဘယ့်ကြောင့် မပြတ်လူ့ပြည်လမ်းခရီးသို့ သွားကုန်သနည်းဟု မေးကုန်၏။

ချစ်သားတို့ ငါ့အား ကျီးမတခုနှင့်တကွ ပေါင်းဖော်ခြင်းကိုစွဲ၍ တခုသောသားသည် ဖြစ်၏။ ထိုသားအား ဝိနီလကဟူသော အမည်ကို မှည့်ကုန်၏။ ငါသည် ထိုဝိနီလကကို ကြည့်အံ့သောငှာသွား၏ဟု ဆို၏။ ဘခင် ထိုဝိနီလကသည် အဘယ်အရပ်၌လျှင် နေသနည်းဟုမေးကုန်၏။ ချစ်သားတို့ ဝိဒေဟတိုင်း မိထိလာပြည်၏ မနီးမဝေးသောအရပ်၌ ဤအမည်ရှိသော တခုသောထန်းပင်ဖျား၌ နေ၏ဟုဆို၏။ ဘခင် လူတို့ကျက်စားရာ အရပ်မည်သည်ကား ရွံရှာဘွယ်ရှိ၏။ ဘေးဘျမ်းနှင့်တကွ ဖြစ်၏။ သင်ဘခင်တို့သည် မသွားကုန်လင့်၊ ကျွန်ုပ်တို့သည်သွားကုန်၍ ထိုဝိနီလကကို ဆောင်ကုန်အံ့ဟု ဆိုကုန်၍ ဟင်္သာငှက်နှစ်ခုရှိသည် အဘဖြစ်သော ရွှေဟင်္သာမင်းကြားလိုက်သောအမှတ်ဖြင့် ထိုအရပ်သို့သွားကုန်၍ ထိုဝိနီလကကို တခုသောတုတ်တံ၌စီးစေ၍ နှုတ်သီးဖြင့် တုတ်တစွန်း၌ကိုက်၍ မိထိလာမြို့၏အပေါ် ကောင်းကင်ခရီးဖြင့် ဆောင်ကုန်၏။ ထိုခဏ၌ ဝိဒေဟမင်းသည် အလုံးစုံသော သိန္ဓောမြင်းလေးစီးကသော မြတ်သောရထား၌စီး၍ မြို့ကိုလက်ျာရစ်လှည့်သည်ကိုပြု၏။ ဝိနီလကသည် ထိုဝိဒေဟမင်းကိုမြင်၍ ငါ့အား ဝိဒေဟမင်းနှင့် အဘယ်မှာ ထူးအံ့နည်း၊ ဤဝိဒေဟရာဇ်မင်းသည် သိန္ဓောမြင်းလေးစီးကသော ရထား၌စီး၍ မြို့ကိုလှည့်၏။ ငါသည်တမူကား ဟင်္သာကသောရထား၌စီး၍ သွားရအံ့ဟု ကြံ၏။ ကြံ၍ ကောင်းကင်ဖြင့် သွားလျက်-

၁၉။ ဧဝမေဝ နူန ရာဇာနံ၊ ဝေဒေဟံ မိထိလဂ္ဂဟံ။
အဿာ ဝဟန္တိ အာဇညာ၊ ယထာ ဟံသာ ဝိနီလကံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၉။ နူန၊ ငါအကြံရှိသည်ကား။ တနည်းကား... နူန၊ စင်စစ်သဖြင့်။ ဝေဒဟံ၊ ဝိဒေဟတိုင်း၏အရှင်ဖြစ်ထသော။ မိထိလဂ္ဂဟံ၊ မိထိလာပြည်၌ အိမ်ကိုသိမ်းပိုက်၍ နေထသော။ ရာဇာနံ၊ မင်းကို။ အာဇညာ၊ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိတတ်ကုန်သော။ အဿာ၊ မြင်းတို့သည်။ ဝဟန္တိ ယထာ၊ ဆောင်ကုန်သကဲ့သို့။ ဧဝမေဝ၊ ထို့အတူလျှင်။ ဝိနီလကံ၊ ဝိနီလက အမည်ရှိသော။ မံ၊ ငါ့ကို။ ဣမေ ဟံသာ၊ ဤဟင်္သာမျိုး ညီနောင်တို့သည်။ ဝဟန္တိ၊ ဆောင်ကုန်၏။

ဟင်္သာငယ်ညီနောင်တို့သည် ထိုဝိနီလက၏စကားကိုကြားကုန်၍ အမျက်ထွက်၍ ဤအရပ်၌သာလျှင် ထိုဝိနီလကကိုချကုန်၍ သွားကုန်အံ့ဟု စိတ်ကိုဖြစ်စေကုန်၍ ဤသို့ပြုသည်ရှိသော် ငါတို့အား အဘသည် အသို့ဆိုလတ္တံ့နည်းဟု ကဲ့ရဲအံ့သည်မှကြောက်သောကြောင့် အဘ၏ အထံသို့ဆောင်ကုန်၍ ထိုဝိနီလကသည် ပြုအပ်သောအမူအရာကို အဘအား ကြားကုန်၏။ ထိုအခါ၌ ထိုဝိနီလကကို အဘသည် အမျက်ထွက်၍ သင်သည် ငါ၏သားတို့ထက် အလွန်မြတ်သလော၊ ငါ၏သားတို့ကို နှိပ်စက်၍ ရထား၌ကကုန်သော သိန္ဓောမြင်းတို့ကိုကဲ့သို့ ပြုဘိ၏။ မိမိ၏ ပမာဏကို မသိ။ ဤအရပ်သည် သင်၏ ကျက်စားရာ အရပ်မဟုတ်၊ သင့်အမိ၏ နေရာအရပ်သို့သာလျှင် သွားလေလောဟု ခြိမ်းချောက်၍-

၂၀။ ဝိနီလ ဒုဂ္ဂံ ဘဇသိ၊ အဘူမိံ တာတ သေဝသိ။
ဂါမန္တကာနိ သေဝဿု၊ ဧတံ မာတာလယံ တဝ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၂၀။ တာတ ဝိနီလ၊ အချင်း ဝိနီလက။ တွံ၊ သင်သည်။ ဣမေသံ၊ ဤဟင်္သာတို့၏။ ဝသေန၊ အစွမ်းအားဖြင့်။ ဒုဂ္ဂံ၊ ရောက်နိုင်ခဲသော တောင်မြှောင် ချောက်ကြားအရပ်သို့။ ဘဇသိ၊ ရောက်လာ၏။ အဘူမိံ၊ သင်၏ အရာမဟုတ်သော မြေအရပ်ကို။ တွံ၊ သင်သည်။ သေဝသိ၊ မှီဝဲလာ၏။ တွံ၊ သင်သည်။ ဂါမန္တကာနိ၊ ရွာစွန်ရွာနား အရပ်တို့ကို။ သေဝဿု၊ မှီဝဲလေလော့။ တွံ၊ သင်သည်။ ဧတံ၊ ထိုသို့သဘောရှိသော။ တဝ၊ သင်၏။ မာတာလယံ၊ မစင်သောအကောင်ပုပ်စွန့်ပစ်ရာအရပ်ဖြစ်သော သင့်အမိကျီးမနေရာ အရပ်သို့။ ဂစ္ဆ၊ သွားလေလော့။

ဤသို့ ထိုဝိနီလကကိုခြိမ်းချောက်၍ ရွှေဟင်္သာငယ်တို့ သင်တို့သည် သွားကြကုန်၊ ထိုဝိနီလကကို မိထိလာမြို့၏ မစင်စွန့်ရာအရပ်၌သာလျှင် ချခဲ့၍ လာကြကုန်လောဟု သားတို့ကို စေလိုက်၏။ ထိုရွှေဟင်္သာငယ်တို့သည် ထိုအဘရွှေဟင်္သာမင်းဆိုတိုင်းသာလျှင် ပြုကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ သာရိပုတ္တရာ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကျီးမသား ဝိနီလက ဖြစ်ဘူးပြီ။ ယခုအခါ နှစ်ပါးကုန်သောအဂ္ဂသာဝကတို့သည် ထိုအခါ ရွှေဟင်္သာမျိုး ညီနောင်စုံတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ အဘဖြစ်သော ရွှေဟင်္သာမင်း ဖြစ်ဘူးပြီ၊ ယခုအခါငါဘုရားသည်သာလျှင် ထိုအခါ ဝိဒေဟမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မတူဘဲတု၊ ပျက်စီးမှု၊ ကြည့်ရှုဆင်ခြင်တွေ့

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဝိနီလဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သန္ထဝဝဂ်

၁။ ဣန္ဒသမာနဂေါတ္တဇာတ်

ရသေ့နှင့် ဆင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် န သန္တဝံ ကာပုရိသေန ကယိရာထ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဣန္ဒသမာနဂေါတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သတင်းသုံးနေတော်မူစဉ် ဆုံးမခက်သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်း၏ဝတ္ထုသည် နဝကနိပါတ် ဂိဇ္ဈဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ အထူးကား မြတ်စွာဘုရားသည် ရဟန်း သင်သည်ကား ရှေး၌လည်း ဆုံးမခက်သော သဘောရှိသည်၏ အဖြစ်ကြောင့် ပညာရှိတို့၏ စကားကိုနားမထောင်သောကြောင့် အမုန်ယစ်သောဆင်သည် ခြေတို့ဖြင့် မှုန့်မှုန့်ညက်ညက်ပြုအပ်လေပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ ကြီးခြင်းသို့ရောက်သည်ရှိသော် အိမ်ရာထောင်ခြင်းကို ပယ်ပြီးလျှင် ရသေ့ရဟန်းပြု၍ ငါးရာကုန်သောရသေ့တို့၏ ဂိုဏ်းဆရာကြီးဖြစ်၍ ဟိမဝန္တာအရပ်၌ နေခြင်းကိုပြု၏။ ထိုအခါ၌ ထိုရသေ့အပေါင်းတို့တွင် ဣန္ဒသမာနဂေါတ္တအမည်ရှိသော တယောက်သောရသေ့သည် ဆုံးမခက်သည် အဆုံးအမကိုမခံယူသည် ဖြစ်၏။ ထိုဣန္ဒသာနဂေါတ္တရသေ့သည် ဆင်ငယ်တစီးကို မွေး၏။ ဘုရားလောင်းသည် ထိုစကားကိုကြား၍ ထိုဣန္ဒသမာနဂေါတ္တရသေ့ကိုခေါ်စေ၍ ရသေ့ သင်သည်ဆင်ငယ်ကို မွေး၏ဟူ၍ ကြားရသည် မှန်သလောဟု မေး၏။ ဆရာ မှန်ပေ၏။ အမိသေသော ဆင်ငယ်တစီးကို မွေး၏ဟု ဆိုသည်ရှိသော် ရသေ့ ဆင်တို့မည်သည်ကား ကြီးခြင်းသို့ရောက်ကုန်သည်ရှိသော် မွေးမြူသောအရှင်ကိုသာလျှင် သတ်တတ်ကုန်၏။ သင်သည် ထိုဆင်ငယ်ကို မမွေးလင့်ဟု ဆို၏။ ဆရာ ထိုဆင်ငယ်နှင့် ကင်း၍နေခြင်းငှါ မတတ်နိုင်ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ထင်ရှားလတ္တံ့ဟု ဆို၏။ ထိုဣန္ဒသမာနဂေါတ္တသည် မွေးအပ်သော ထိုဆင်ငယ်သည် နောက်အဘို့၌ ကြီးသောကိုယ်ရှိသည် ဖြစ်၏။ ထိုသို့ ကြီးလတ်သည်ရှိသော် အခါတပါး၌ ရသေ့တို့သည် တော၌ဖြစ်သော သစ်မြစ် သစ်သီးကြီးငယ်အကျိုးငှါ ဝေးသောအရပ်သို့ သွားကုန်၍ ထိုအရပ်၌သာလျှင် နှစ်ရက် သုံးရက်နေကုန်၏။ ဆင်သည်လည်း ရှေးဦးစွာသော တောင်လေသည် လာသည်ရှိသော် မုန်ယို သည်ဖြစ်၍ ထိုဣန္ဒသမာနဂေါတ္တကျောင်းသို့ဝင်၍ ရေအိုးကိုခွဲ၍ ကျောက်ပျဉ်ကိုပစ်၍ တံကဲပျဉ်ကိုနုတ်၍ ထိုရသေ့ကိုသတ်၍သာလျှင် သွားအံ့ဟု တခုသော တောအရပ်သို့ဝင်၍ ထိုဣန္ဒသမာနဂေါတ္တရသေ့၏ လာလတ္တံ့သောခရီးကို ကြည့်လျှက် ရပ်၏။ ဣသမာနဂေါတ္တရသေ့သည် ထိုဆင်၏အကျိုးငှါ အစာကိုယူ၍ ခပ်သိမ်းကုန်သောရသေ့တို့၏ ရှေ့မှသာလျှင် လာလတ်သည်ရှိသော် ထိုဆင်ကိုမြင်၍ ပကတိသော အမှတ်ဖြင့်သာလျှင် ထိုဆင်၏အထံသို့ သွား၏။ ထိုအခါ၌ ထိုဣန္ဒသမာနဂေါတ္တရသေ့ကို ထိုဆင်သည် တောအုပ်အရပ်မှထွက်၍ နှာမောင်းဖြင့်မြဲစွာကိုင်ပြီးလျှင် မြေ၌ပုတ်ခတ်၏။ ဦးခေါင်းကို ခြေဖြင့်နင်း၍ အသက်ကုန်ခြင်းသို့ ရောက်စေပြီးလျှင် ကြိုးကြာသံနှင့်တူသော မြည်ခြင်းကိုပြု၍ တောသို့ ဝင်လေ၏။ ကြွင်းကုန်သော ရသေ့တို့သည် ထိုအကြောင်းကို ဘုရားလောင်းအား ကြားကုန်၏။ ဘုရားလောင်းသည် စက်ဆုပ်ဘွယ်ရှိသော ယောက်ျားနှင့်တကွ ပေါင်းဘော်ခြင်းကို မပြုအပ်ဟု ဆို၍-

၂၁။ န သန္ထဝံ ကာပုရိသေန ကယိရာ၊
အရိယော အနရိယေန ပဇာနုမတ္တံ။
စိရာ နုဝုတ္ထောပိ ကရောဟိ ပါပံ၊
ဂဇော ယထာ ဣန္ဒသမာနဂေါတ္တံ။-
၂၂။ ယံတွေဝ ဇညာ သဒိသော မမန္တိ၊
သီလေန ပညာယ သုတေန စာပိ။
တေနေဝ မေတ္တိံ ကယိရာထ သဒ္ဓိံ၊
သုခေါ ဟဝေ သပ္ပုရိသေန သင်္ဂမော။

ဟူသော ဂါထာတို့ကို ဆို၏။

၂၁။ ဘောန္တော၊ အိုရသေ့တို့။ အတ္ထံ၊ အကျိုးစီးပွားကို။ ပဇာနံ-ပဇာနန္တော၊ သိထသော။ အရိယော၊ ကောင်းသောအကျင့်၌ တည်သောပုဂ္ဂိုလ်သည်။ အနရိယေန၊ သူတော်မဟုတ်သော။ ကာပုရိသေန၊ စက်ဆုပ်ရွံရှာဘွယ်သောပုဂ္ဂိုလ်နှင့်။ သဒ္ဓိံ၊ တကွ။ သန္ထဝံ၊ ပေါင်းဘော်ရခြင်းကို။ န ကယိရာ၊ မပြုရာ။ ကိံ ကရဏာ၊ အဘယ့်ကြောင့်။ န ကယိရာ၊ မပြုအပ်သနည်းဟူမူကား။ ဣန္ဒသမာနဂေါတ္တေန၊ ဣန္တသမာနဂေါတ္တ ရသေ့သည်။ ပေါသိယမာနော၊ မွေးအပ်သော။ ဂဇော၊ ဆင်သည်။ ဣန္ဒသမာနဂေါတ္တံ၊ ဣန္ဒသမာနဂေါတ္တ ရသေ့ကို။ မာရေန္တော၊ သတ်လျက်။ ပါပံ၊ ယုတ်မာသောအမှုကို။ အကာသိ ယထာ၊ ပြုသကဲ့သို့။ ဧဝံ-တထာ၊ ထို အတူ။ ယသ္မာ၊ အကြင့်ကြောင့်။ အနရိယော၊ အရိယာဟုတ်သော ပုဂ္ဂိုလ်သည်။ စိရံ၊ ကြာမြင့်စွာ။ အနုဝုတ္ထောပိ၊ အတူတကွနေသော်လည်း။ ပါပံ၊ ယုတ်မာသောအမှုကို။ ကရောတိ၊ ပြုတတ်၏။ တသ္မာ၊ ထိုကြောင့်။ သန္ထဝံ၊ ပေါင်းဘော်ခြင်းကို။ န ကယိရာ၊ မပြုရာ။

၂၂။ ယံတွေဝ ပုဂ္ဂလံ၊ အကြင် ပုဂ္ဂိုလ်ကိုသာလျှင်။ အယံ ပုဂ္ဂလာ၊ ဤပုဂ္ဂိုလ်သည်။ မမံ၊ ငါနှင့်။ သီလေန စာပိ၊ သီလအားဖြင့်၎င်း။ ပညာယ စာပိ၊ ပညာအားဖြင့်၎င်း။ သုတေန စာပိ၊ အကြားအမြင်အားဖြင့်၎င်း။ သဒိသော၊ တူ၏။ ဣတိ၊ ဤသို့။ ဇညာ၊ သိရာ၏။ တေနေဝ၊ ထိုပုဂ္ဂိုလ်နှင့်သာ။ သဒ္ဓိံ၊ တကွ။ မေတ္တိံ၊ မိတ်ဖွဲ့ခြင်းကို။ ကယိရာထ၊ ပြုရာ၏။ ကသ္မာ၊ အဘယ့်ကြောင့်။ တေနေဝ၊ ထိုပုဂ္ဂိုလ်နှင့်သာလျှင်။ သဒ္ဓိံ၊ တကွ။ မေတ္တိံ၊ မိတ်ဖွဲ့ခြင်းကို။ ကယိရာထ၊ ပြုရာသနည်းဟူမူကား။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ သပ္ပုရိသေန၊ သူတော်ကောင်းနှင့်။ သင်္ဂမော၊ ပေါင်းဘော်ရခြင်းသည်။ ဟဝေ၊ စင်စစ်။ သုခေါ၊ ချမ်းသာ၏။ တသ္မာ၊ ထို့ကြောင့်။ တေနေဝ၊ ထိုပုဂ္ဂိုလ်နှင့်သာလျှင်။ သဒ္ဓိံ၊ တကွ။ မေတ္တိံ၊ မိတ်ဖွဲ့ခြင်းကို။ ကယိရာထ၊ ပြုရာ၏။

ဤဂါထာနှစ်ခုတို့၏အပေါင်းဖြင့် ဘုရားလောင်းသည် အဆုံးအမကို မခံမယူသောမည်သည် မဖြစ်ရာ၊ ပညာရှိတို့အဆုံးမတိုင်း ကောင်းစွာကျင့်ရာ၏ဟု ရသေ့အပေါင်းကိုဆုံးမ၍ ဣန္ဒသမာနဂေါတ္တ၏ အလောင်းကို သင်္ဂြိုဟ်ခြင်းကိစ္စကိုပြု၍ ဗြဟ္မဝိဟာရတို့ကိုပွားစေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဤဆုံးမခက်သောရဟန်းသည် ထိုအခါ ဣန္ဒသမာနဂေါတ္တရသေ့ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့အပေါင်းတို့၏ ဆရာဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ဆုံးမခက်ခဲ ပျက်စီးမြဲ၊ သေပွဲနောက်ဆုံးတွေ့

ရှေးဦးစွာသော ဣန္ဒသမာနဂေါတ္တဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သန္ထဝဝဂ်

၂။ သန္ထဝဇာတ်

ရသေ့နှင့် မီး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် န သန္ထဝသ္မာ ပရမတ္ထိ ပါပိယော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသန္ထဝဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် မီးပူဇော်ခြင်းကို အကြောင်း ပြု၍ဟောတော်မူ၏။ ဤဝတ္ထုသည် အောက် ဧကကနိပါတ် နင်္ဂုဋ္ဌဇာတ်၌ ဆိုအပ်ပြီးသည်နှင့် တူသည်သာလျှင်ကတည်း၊ ရဟန်းတို့သည် ထိုမိစ္ဆာအယူရှိကုန်သော ရသေ့တို့၏ မီးပူဇော်သည်တို့ကို မြင်ကုန်၍ အရှင်ဘုရား ရသေ့တို့သည် အထူးထူး အပြားပြားရှိကုန်သော မိစ္ဆာအကျင့်ကို ပြုကုန်၏။ ထိုမိစ္ဆာအကျင့်၌ အစီးအပွားသည် ရှိသလောဟု မြတ်စွာဘုရားကို မေးလျှောက်ကုန်၏။ ရဟန်းတို့ မိစ္ဆာအကျင့်၌ တစုံတခုသော အစီးအပွားမည်သည် မရှိ၊ ရှေးပညာရှိတို့သည်လည်း မီးပူဇော်ခြင်း၌ အစီးအပွားသည် ရှိ၏ဟူသော အမှတ်ဖြင့် ကြာမြင့်စွာသော ကာလပတ်လုံး မီးကိုပူဇော်ကုန်၍ ထိုမီးပူဇော်ခြင်းအမှု၌ အစီးအပွားမဲ့ကိုသာလျှင် မြင်ကုန်၍ မီးကိုရေဖြင့်ငြိမ်းစေကုန်၍ သစ်ခက်အစရှိသည်တို့ဖြင့် ပုတ်ခတ်ကုန်၍ တဖန် ပြန်၍မျှလည်း မကြည့်ကြကုန်ဟုမိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ မိဘတို့သည် ထိုဘုရားလောင်း၏ ဖွားသောနေ့၌ မီးကိုယူကုန်၍ တဆယ့်ခြောက်နှစ်အရွယ်၌တည်သော ထိုဘုရားလောင်းကိုဆိုကုန်၏။ အဘယ်သို့ ဆိုကုန်သနည်းဟူမူကား ချစ်သား ဖွားသောနေ့၌ မီးကို ယူ၍ တော၌ မီးကိုလုပ်ကျွေးလတ္တံ့ လော၊ ထိုသို့မဟုတ်မူကား ဗေဒင်သုံးပုံတို့ကိုသင်၍ ဥစ္စာကိုဖြစ်စေ၍ အိမ်ရာထောင်သော လူတို့ဘောင်၌ နေခြင်းကို ပြုလတ္တံ့လောဟု ဆိုကုန်၏။ ထိုဘုရားလောင်းသည် ငါ့အား အိမ်ရာထောင်သော လူတို့ဘောင်၌နေခြင်းဖြင့် အလိုမရှိ၊ ဖွားသောနေ့၌ မီးကိုယူ၍ တော၌ မီးကိုလုပ်ကျွေး၍ ဗြဟ္မာ့ပြည်သို့ လားသည်ဖြစ်အံ့ဟု ဆို၍ ဖွားသောနေ့၌ မီးကိုယူ၍ မိဘတို့ကိုရှိခိုး၍ တောသို့ဝင်၍ သစ်ရွက်မိုးသောကျောင်း၌နေ၍ မီးကို လုပ်ကျွေး၏။ ထိုဘုရားလောင်းသည် တနေ့သ၌ ဆွမ်းဘိတ်ရာအရပ်သို့သွား၍ ထောပတ်နှင့်ရောနှောအပ်သော ဃနာကိုရခဲ့၍ ဤထောပတ်နှင့်ရောအပ်သော ဃနာကို ဗြဟ္မာကြီးအား လှူအံ့ဟု ထိုအနားကိုဆောင်၍ မီးကိုညှိ၍ အရှင်မီးမင်း ရှေးဦးစွာ အရှင့်ကို ထောပတ်နှင့်ယှဉ်သောဃနာကို သောက်စေအံ့ဟု ဆို၍ ဃနာကို မီး၌ထည့်၏။ များသော ထောပတ်စေးရှိသော ဃနာကို မီး၌ထည့်ကာမျှ၌သာလျှင် မီးသည်တောက်၍ အလွန်လျှင် အထက်သို့ တက်၏။ ထို့ကြောင့် သစ်ရွက်တို့ဖြင့်မိုးအပ်သောကျောင်းကို လောင်၏။ ရသေ့သည် အလွန်ထိတ်လန့်ရကား ပြေး၍ အပ၌ရပ်၍ စက်ဆုပ်ဘွယ်ရှိကုန်သော ယောက်ျားတို့နှင့် ပေါင်းဘော်ခြင်းမည်သည်ကိုမပြုအပ်၊ ယခုအခါ ငါသည် ငြိုငြင်သဖြင့်ဆောက်လုပ်အပ်သော သစ်ရွက်မိုးသောကျောင်းကို ဤမီးသည် လောင်ခဲ့ပြီဟုဆို၍-

၂၃။ န သန္ထဝသ္မာ ပရမတ္ထိ ပါပိယော။
ယော သန္ထဝေါ ကာပုရိသေန ဟောတိ။
သန္တပ္ပိတော သပ္ပိနာ ပါယာသေန၊
ကိစ္ဆာကတံ ပဏ္ဏကုဋိံ အဒယှိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၂၃။ ကာပုရိသေန၊ စက်ဆုပ်ဘွယ်ရှိသော ယောက်ျားနှင့်။ ယော သန္ထဝေါ၊ အကြင် ပေါင်းဘော်ရခြင်းသည်။ ပါပိယော၊ အလွန်ယုတ်မာသည်။ ဟောတိ၊ ဖြစ်၏။ အသ္မာ သန္ထဝါ၊ ထိုစက်ဆုပ်ဘွယ်ရှိသော ယောက်ျားနှင့် ပေါင်းဘော်ခြင်းအောက်။ ပရံ၊ အလွန် ယုတ်မာခြင်းမည်သည်။ နတ္ထိ၊ မရှိ။ သပ္ပိနာ စ၊ ထောပတ်ဖြင့်၎င်း။ ပါယာသေန စ၊ ဃနာဖြင့်၎င်း။ သန္တပ္ပိတော အပိ၊ ရောင့်ရဲစေပါလျှက်လည်း။ အယံ အဂ္ဂိ၊ ဤမီးသည်။ မယာ၊ ငါသည်။ ကိစ္ဆာကတံ၊ ငြိုငြင်သဖြင့် ပြုအပ်သော။ ပဏ္ဏကုဋိံ၊ သစ်ရွက်ဖြင့် မိုးအပ်သော ကျောင်းကို။ အဒယှိ၊ လောင်ခဲ့ပြီ။

ထိုဘုရားလောင်းသည် ဤသို့ဆို၍ အဆွေခင်ပွန်းကို ပြစ်မှားတတ်သောသင်ဖြင့် ငါ့အားအလိုမရှိဟု ထိုမီးကိုငြိမ်းစေ၍ သစ်ခက်ဖြင့်ပုတ်ခတ်၍ ဟိမဝန္တာ၏အတွင်းသို့ဝင်သည်ရှိသော် တခုသော ရွှေနှင့်တူသော အဆင်းရှိသည်အဖြစ်ကြောင့် သာမာအမည်ရှိသောသမင်မကို ခြင်္သေ့၏၎င်း ကျား၏၎င်း သစ်၏၎င်း မျက်နှာကိုလျှက်သည်ကိုမြင်၍ သူတော်ကောင်းတို့နှင့် ပေါင်းဘော်ခြင်းထက် မြတ်ခြင်းမည်သည် မရှိဟု ကြံ၍-

၂၄။ န သန္တဝသ္မာ ပရမတ္ထိ သေယျော၊
ယော သန္ထဝေါ သပ္ပုရိသေန ဟောတိ။
သီဟဿ ဗျဂ္ဃဿ စ ဒီပိနော စ၊
သာမာ မုခံ လေဟတိ သန္ထဝေန။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၂၄။ သပ္ပုရိသေန၊ သူတော်ကောင်းနှင့်။ ယော သန္ထဝေါ၊ အကြင်ပေါင်းဘော်ရခြင်းသည်။ သေယျော၊ မြတ်သည်။ ဟောတိ၊ ဖြစ်၏။ အသ္မာ သန္တဝါ၊ ထိုသူတော်ကောင်းတို့နှင့် ပေါင်းဘော်ရခြင်းထက် ပရံ၊ လွန်မြတ်ခြင်းသည်။ နတ္ထိ၊ မရှိ။ သာမာ၊ ရွှေအဆင်းနှင့်တူသောအဆင်းရှိသော သမင်မသည်။ သန္ထဝေန၊ ချစ်ခြင်းကြောင့်။ သီဟဿ စ၊ ခြင်္သေ့၏၎င်း။ ဗျဂ္ဃဿ စ၊ ကျား၏၎င်း။ ဒီပိနော စ၊ သစ်၏၎င်း။ မုခံ၊ မျက်နှာကို။ လေဟတိ၊ လျှက်၏။

ဤသို့ဆို၍ ဘုရားလောင်းသည် ဟိမဝန္တာ၏အတွင်းသို့ဝင်၍ ရသေ့ရဟန်းပြုပြီးလျှင် အဘိညာဉ်တို့ကို၎င်း သမာပတ်ရှစ်ပါးတို့ကို၎င်း ဖြစ်စေ၍ အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ငါဘုရားသည် ထိုအခါ ရသေ့ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သူတော်တရား၊ မလျော်ငြားဘဲ၊ အမှားကျင့်တွက်၊ အကျိုးပျက်၊ ဆိုးချက်နာလှပေ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သန္ထဝဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သန္ထဝဝဂ်

၃။ သုသီမဇာတ်

ပုဏ္ဏား နှင့် မင်္ဂလာဆင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကာဠာ မိဂါ သေတဒန္တာ တဝီမေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုသီမဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် အလိုဆန္ဒကို ညှိညွတ်၍လှူခြင်း”ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ သာဝတ္ထိမြို့၌ ရံခါ တဦးသောအမျိုးသည်သာလျှင် ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလှူကို လှူ၏။ ရံခါ သာသနာတော်မှ တပါးသော အယူရှိကုန်သောသူတို့အား လှူ၏။ ရံခါ ဂိုဏ်းဘွဲ့သောအားဖြင့် များစွာကုန်သောသူတို့သည် တပေါင်းတည်း ဖြစ်ကုန်၍ လူကုန်၏။ ရံခါ လမ်းအစဉ်အားဖြင့် လှူကုန်၏။ ရံခါ မြို့အလုံး၌ နေကုန်သောသူတို့သည် အလိုကို ညှိညွတ်၍ လှူကုန်၏။ ဤအခါ၌ကား မြို့အလုံး၌နေကုန်သော သူတို့သည် အလိုဆန္ဒကို ညှိညွတ်ကုန်၍ အလုံးစုံသော ပရိက္ခရာ အလှူ ဝတ္ထုကို စီရင်ကုန်၍ နှစ်စုတို့သည်ဖြစ်ကုန်၍ အချို့သောသူတို့သည် ဤ အလုံးစုံသော အလှူဝတ္ထုကို သာသနာတော်မှတပါးသော အယူရှိကုန်သောအရှင်တို့အား လှူကုန်အံ့ဟု ဆိုကုန်၏။ အချို့ကုန်သော သူတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်တို့အား လှူကုန်အံ့ဟု ဆိုကုန်၏။ ဤသို့စကားသည် အဖန်တလဲလဲ ဖြစ်လတ်သည်ရှိသော် သာသနာတော်မှ တပါးသော အယူရှိကုန်သောသူတို့၏တပည့်တို့သည် သာသနာတော်မှ တပါးသော အယူရှိကုန်သော အရှင်တို့အားသာလျှင် ငါတို့သည် လှူကုန်အံ့၊ ဘုရားတပည့်တို့သည်လည်း ဘုရားအမှူးရှိသော သံဃာတော်တို့အားသာလျှင် ငါတို့သည် လှူကုန်အံ့၊ ဤသို့ ဆိုအပ်ကုန်၏။ ထိုနှစ်ပါးကုန်သော စကားတို့တွင် အကြင်စကားကို များစွာဆိုကြကုန်၏။ များသည်၏အဖြစ်ကြောင့် ထိုစကားကို ငါတို့ လိုက်နာကုန်အံ့ဟု ပြည်သူအများဆိုလတ်သည်ရှိသော် ငါတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အား လှူကုန်အံ့ဟုဆိုကုန်သော သူတို့သည်သာလျှင် များကုန်၏။ ထိုသူတို့၏ စကားသည်သာလျှင် တည်၏။ သာသနာတော်မှတပါးသော အယူရှိကုန်သောသူတို့၏ တပည့်တို့သည် ဘုရားအားလှူအပ်သောအလှူ၏ အန္တရာယ်ကိုပြုအံ့သောငှါ မတတ်နိုင်ကုန်၊ မြို့သူတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာတို့ကို ပင့်ဘိတ်ကုန်၍ ခုနစ်ရက်ပတ်လုံး အလှူကြီး ဖြစ်စေကုန်၍ ခုနစ်ရက်မြောက်သောနေ့၌ အလုံးစုံကုန်သောပရိက္ခရာတို့ကို လှူကုန်၏။ မြတ်စွာဘုရားသည် အနုမောဒနာ ပြုတော်မူ၍ လူအများကို မဂ်ဖိုလ်တို့ဖြင့် မောဟတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးစေတော်မူပြီးလျှင် ဇေတဝန် ကျောင်းတော်သို့သာလျှင် ကြွတော်မူ၍ ရဟန်းသံဃာသည် ဝတ်ပြုခြင်းကိုပြသည်ရှိသော် ဂန္ဓကုဋီဦး၌ရပ်တော်မူ၍ ဘုရားတို့၏ အဆုံးအမတော်ကို ပေးတော်မူ၍ ဂန္ဓကုဋီသို့ ဝင်တော်မူ၏။

ညချမ်းအခါ ရဟန်းတို့သည် တရားသဘင်၌စည်းဝေးကုန်၍ ငါ့သျှင်တို့ သာသနာတော်မှတပါးသော အယူရှိကုန်သောသူတို့၏ တပည့်တို့သည် ဘုရားတို့အား လှူအပ်သောအလှူ၏ အန္တရာယ်ကိုပြုအံ့သောငှါ လုံ့လပြုကုန်သော်လည်း အန္တရာယ်ကိုပြုအံ့သောငှါ မတတ်နိုင်ကုန်၊ ထိုအလုံးစုံသော ပရိက္ခရာအလှူကို မြို့သူတို့သည် ဘုရားတို့၏ခြေတော်ရင်းသို့သာလျှင် ဆောင်အပ်ကုန်၏။ ဘုရားတို့၏ အစွမ်းတော်မည်သည်ကားအံ့ဘွယ်သရဲ ရှိပေ၏။ ကြီးလှပေ၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ထိုသာသနာတော်မှတပါးသော အယူရှိကုန်သောသူတို့၏တပည့်တို့သည် ယခုအခါ၌သာလျှင် ငါ့အား လှူအပ်သောအလှူ၏ အန္တရာယ်ကိုပြုအံ့သောငှါ လုံ့လပြုသည်ကား မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုကုန်သလျှင်ကတည်း၊ ထိုပရိက္ခရာသည်ကား ခပ်သိမ်းသောကာလ၌လည်း ငါ၏ခြေရင်းသို့သာလျှင် ရောက်လာရ၏ဟုမိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ သုသီမအမည်ရှိသောမင်းသည် မင်းပြု၏။ ထိုအခါ၌ ဘုရားလောင်းသည် ထိုသုသီမမင်း၏ ပုရောဟိတ်၏ ပုဏ္ဏေးမဝမ်း၌ ပဋိသန္ဓေကို ယူ၏။ ထိုဘုရားလောင်း၏ တဆယ့်ခြောက်နှစ်မြောက်သောကာလ၌ အဘသည် သေ၏။ ထိုပုရောဟိတ်ပုဏ္ဏားသည်ကား ထင်ရှားရှိစဉ်ကာလ၌ မင်း၏ဆင်မင်္ဂလာအမှုကို ပြုတတ်သောသူသည် ဖြစ်၏။ ဆင်တို့၏ မင်္ဂလာပြုရာအရပ်၌ရောက်လာသော အဆောက်အဦဘဏ္ဍာကို၎င်း ဆင်တို့ကို မင်္ဂလာပြုခြင်းကို၎င်း အလုံးစုံကို ထိုပုဏ္ဏားသည်သာလျှင် ရ၏။ ဤသို့ ထိုပုရောဟိတ်ပုဏ္ဏားအား တခုတခုသောမင်္ဂလာ၌ ကုဋအတိုင်း အရှည်ရှိသော ဥစ္စာသည် ဖြစ်၏။ ထိုအခါ၌ ထိုပုဏ္ဏားသည် သေလွန်သည်ရှိသော် မင်္ဂလာပွဲသည် ရောက်၏။ ကြွင်းကုန်သောပုဏ္ဏားတို့သည် မင်းသို့ကပ်ကုန်၍ မြတ်သောမင်းကြီး ဆင်မင်္ဂလာပွဲသည် ရောက်ပြီ၊ မင်္ဂလာကိုပြုခြင်းငှါ သင့်၏။ ပုရောဟိတ်ပုဏ္ဏား၏ သားသည်ကား အလွန်ငယ်သေး၏။ ဗေဒင်သုံးပုံတို့ကို မတတ်သေးသလျှင်ကတည်း၊ ဆင်၏ လက္ခဏာကို ပြသောကျမ်းကို မတတ်သေးသလျှင်ကတည်း၊ အကျွန်ုပ်တို့သည် ဆင်မင်္ဂလာအမှုကိုပြုကုန်အံ့ဟု လျှောက်ကုန်၏။ မင်းသည် ကောင်းပြီဟု ဝန်ခံ၏။ ပုဏ္ဏားတို့သည် ပုရောဟိတ်သားအား ဆင်မင်္ဂလာကို မပေးကုန်မူ၍ ဆင်မင်္ဂလာကိုပြုကုန်၍ ငါတို့သည် ဥစ္စာကိုယူကုန်အံ့ဟု ရွှင်လန်းနှစ်သက်ကုန်လျက် သွားကြကုန်၏။ ထိုအခါ လေးရက်မြောက်ဖြစ်သော နေ့၌ ဆင်မင်္ဂလာပွဲသည် ဖြစ်လတ္တံ့ဟုဆိုအပ်သောကာလ၌ ဘုရားလောင်း၏ အမိပုဏ္ဏေးမသည် ထိုအကြောင်းကိုကြား၍ ဆင်မင်္ဂလာမှုကို ပြုခြင်းမည်သည်ကား အမျိုးခုနစ်ဆက် လည်သည်တိုင်အောင် ငါတို့အနွယ်တည်း၊ ငါတို့၏အနွယ်သည် ပျက်စီးလတ္တံ့၊ ငါတို့သည် ဥစ္စာမှလည်း ဆုတ်ယုတ်လတ္တံ့ဟု စိုးရိမ်သည်ဖြစ်၍ ငို၏။

ဘုရားလောင်းသည် မိခင် အဘယ့်ကြောင့် ငိုသနည်းဟုဆို၍ ထိုအကြောင်းကိုကြား၍ မိခင် အကျွန်ုပ်သည် မင်္ဂလာကိုပြုရအံ့သည် မဟုတ်လောဟု ဆို၏။ ချစ်သား သင်သည် ဗေဒင်သုံးပုံတို့ကို မတတ်သည်သာတည်း၊ ဆင်၏လက္ခဏာကိုပြသောကျမ်းကို မတတ်သည်သာတည်း၊ မင်္ဂလာကို အသို့ပြုလတ္တံ့နည်းဟုဆိုသည်ရှိသော် မိခင် အဘယ်အခါ၌ကား ဆင်မင်္ဂလာကိုပြုလတ္တံ့နည်းဟု ဆို၏။ ချစ်သား ဤနေ့မှ လေးရက်မြောက်သောနေ့၌ ပြုလတ္တံ့ ဟု ဆိုသည်ရှိသော် မိခင် ဗေဒင်သုံးပုံကို လေ့လာသည်တို့ကိုပြု၍ ဆင်၏လက္ခဏာကိုပြသောကျမ်းကို တတ်သောဆရာသည်ကား အဘယ်အရပ်၌နေသနည်းဟုဆို၏။ ချစ်သား ဤသို့သဘောရှိသော ပညာအားဖြင့် အရပ်မျက်နှာ၌နေသောသူတို့ထက် ကြီးမြတ်သောဆရာသည် ဤအရပ်မှ ယူဇနာတရာ့နှစ်ဆယ်ထက်၌ ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်၌ နေ၏ဟု ဆိုသည်ရှိသော် မိခင် ငါတို့၏အနွယ်ကို မပျက်စေအံ့၊ ကျွန်ုပ်သည် နက်ဖြန်တနေခြင်းဖြင့်သာလျှင် တက္ကသိုလ်ပြည်သို့သွား၍ တညဉ့်ခြင်းဖြင့်သာလျှင် ဗေဒင်သုံးပုံတို့ကို၎င်း ဆင်၏လက္ခဏာကိုပြသောကျမ်းကို၎င်းသင်ခဲ့၍ နောက်တနေ့၌လာလတ်၍ လေးရက်မြောက်သောနေ့၌ ဆင်မင်္ဂလာကိုပြုအံ့၊ သင်မိခင် မငိုလင့်ဟု အမိကိုနှစ်သိမ့်စေ၍ နက်ဖြန်နေ့၌ ဘုရားလောင်းသည် နံနက်စောစောကသာလျှင် စား၍ တယောက်အထီးတည်းသာလျှင်ထွက်၍ ဘုရားလောင်း၏ အာနုဘော်အားဖြင့် နတ်တို့၏မြေကိုချုံ့ခြင်းကြောင့် တနေ့ခြင်းဖြင့်သာလျှင် တက္ကသိုလ်ပြည်သို့ရောက်၍ ဆရာကိုရှိခိုး၍ လျောက်ပတ်စွာနေ၏။

ထိုအခါ၌ ထိုဘုရားလောင်းကို ဆရာသည် လုလင် သင်သည် အဘယ်အရပ်မှလာသနည်းဟု မေး၏။ ဆရာ ကျွန်ုပ်သည် ဗာရာဏသီမှလာ၏ဟု ဆိုသည်ရှိသော် အဘယ်ကိစ္စကြောင့် လာခဲ့သနည်းဟု မေး၏။ ဆရာ သင်တို့၏အထံ၌ ဗေဒင်သုံးပုံတို့ကို၎င်း ဆင်၏လက္ခဏာကို ပြသောကျမ်းကို၎င်း သင်အံ့သောငှါ လာ၏ဟုဆိုသည်ရှိသော်၊ လုလင် ကောင်းပြီ သင်လော့ဟု ဆို၏။ ဘုရားလောင်းသည် ဆရာ အကျွန်ုပ်၏အမှုသည် အလွန်လျှင် နီး၏ဟု အလုံးစုံသော အကြောင်းကိုကြား၍ ကျွန်ုပ်သည် တနေ့ခြင်းဖြင့်သာလျှင် ယူဇနာတရာ့နှစ်ဆယ်ရှိသော ခရီးကိုလာ၏။ ယနေ့ပင်လျှင် တညဉ့်ပတ်လုံး ကျွန်ုပ်အား အခွင့်ကို ပြုကုန်လော့၊ ဤနေ့မှ သုံးရက်မြောက်သောနေ့၌ ဆင်မင်္ဂလာအမှုသည် ဖြစ်လတ္တံ့၊ ကျွန်ုပ်သည် တကြိမ်တည်းသာလျှင်ဖြစ်သော ရွတ်ခြင်းအစဉ်ဖြင့် အလုံးစုံကိုသင်ပါအံ့ဟု ဆို၍ ဆရာကို အခွင့်ပြုစေ၍ ဆရာ၏စားစဉ်ကာလ၌ မိမိသည်စား၍ ဆရာ၏ခြေတို့ကို ဆေး၍ ဥစ္စာထောင်ထုပ်ကိုရှေ့မှထား၍ ရှိခိုး၍ လျောက်ပတ်စွာနေလျက် သင်ခြင်းကို ဖြစ်စေ၍ အရုဏ်တက်လတ်သော် ဗေဒင်သုံးပုံတို့ကို၎င်း ဆင်၏လက္ခဏာကိုပြသောကျမ်းကို၎င်း မိမိပညာအာနုဘော်အားဖြင့်ပြီးစေ၍ ဆရာ ဤမှတပါးသည်လည်း ရှိသေးသလောဟု မေး၍ လုလင် မရှိပြီ၊ အလုံးစုံသည် အဆုံးသို့ရောက်ပြီဟု ဆိုသည်ရှိသော် ဆရာ ဤကျမ်း၌ ပျက်သောပုဒ်သည် ဤမျှအတိုင်းအရှည် ရှိ၏။ သရဇ္ဈာယ်သည်၏ အစွမ်းအားဖြင့် တွေဝေရာဌာနသည် ဤမျှအတိုင်းအရှည်ရှိ၏။ ဤနေ့မှစ၍ တပည့်တို့ကို သင်သောကာလ ဤသို့ မသင်ကုန်လင့်ဟု ဆရာ၏အတတ်တို့ကိုသုတ်သင်ခဲ့၍ စောစောကလျှင်စား၍ ဆရာကိုရှိခိုး၍ တနေခြင်းဖြင့်သာလျှင် ဗာရာဏသီပြည်သို့ပြန်လာ၍ ချစ်သား သင်သည် အတတ်ကို သင်အပ်ပြီလောဟု မိခင်က မေးသည်ရှိသော် မိခင် သင်ခဲ့ပြီဟုဆို၍ အမိကို နှစ်သက်စေ၏။

နက်ဖြန်နေ့၌ ဆင်တို့၏မင်္ဂလာပွဲကို စီရင်အပ်၏။ တရာအတိုင်းအရှည် ရှိကုန်သော ဆင်တို့၏ နှာမောင်းတန်ဆာတို့ကို၎င်း ရွှေတံခွန်တို့ကို၎င်း ရွှေကွန်ယက်တို့ဖြင့် ဖုံးလွှမ်းသည်တို့ကိုပြုကုန်၍ ထားကုန်၏။ မင်းယင်ပြင်ကို တန်ဆာဆင်ကုန်၏။ တဖန်ပုဏ္ဏားတို့သည် ဆင်မင်္ဂလာကို ပြုရပေကုန်အံ့ဟု တန်ဆာတို့ဖြင့် ဆင်ယင်ကုန်လျှက် တည်ကုန်၏။ သုသီမမင်းသည်လည်း ခပ်သိမ်းကုန်သောတန်ဆာတို့ဖြင့် တန်ဆာဆင်လျှက် ဆင်အပေါင်းအား လျောက်ပတ်တင့်တယ်သော အဆောက်အဦဘဏ္ဍာတို့ကို ယူစေ၍ မင်္ဂလာပြုရာအရပ်သို့ သွား၏။ ဘုရားလောင်းသည်လည်း သူငယ်အခြံအရံဖြင့် တန်ဆာဆင်အပ်သည်ဖြစ်၍ မိမိ၏ပရိသတ်ဖြင့် ခြံရံအပ်သော အခြွေအရံရှိသည်ဖြစ်၍ မင်း၏အထံသို့သွား၍ မြတ်သောမင်းကြီး ရှင်မင်းကြီးတို့သည် အကျွန်ုပ်တို့၏၎င်း အရှင်မင်းကြီးတို့၏၎င်း အနွယ်ကိုဖျက်၍ တပါးကုန်သောပုဏ္ဏားတို့ကို ဆင်မင်္ဂလာကိုပြုစေ၍ ဆင်တို့၏ တန်ဆာတို့ကို၎င်း အဆောက် အဦတို့ကို၎င်း တပါးကုန်သောပုဏ္ဏားတို့အား ပေးအံ့ဟူ၍ ဆိုတော်မူကုန်သည်ဟု ကြားရသည်ကား မှန်သလောဟု ဆိုလို၍-

၂၅။ ကာဠာ မိဂါ သေတဒန္တာ တဝီမေ၊
ပရောသတံ ဟေမဇာလာဘိဆန္နာ။
တေ တေ ဒဒါမီတိ သုသီမ ဗြူသိ၊
အနုဿရံ ပေတ္တိပိတာမဟာနံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၂၅။ သုသီမ၊ မင်းမြတ်သုသီမ။ တဝ၊ အရှင်မင်းမြတ်၏။ သန္တိကေ၊ အထံတော်၌။ ကာဠာ၊ မည်းညိုကုန်ထသော။ မိဂါ၊ သားမျိုးဖြစ်ကုန်ထသော။ သေတဒန္တာ၊ ဖြူစွာသော အစွယ်ရှိကုန်ထသော။ ပရောသတံ၊ တရာထက် လွန်ကုန်ထသော။ ဟေမဇာလာဘိဆန္နာ၊ ရွှေကွန်ယက်ဖြင့် ဖုံးလွှမ်းအပ်ကုန်ထသော။ ဣမေ၊ ဤဆင်တော်တို့သည်။ သန္တိ၊ ရှိကုန်၏။ သုသီမ၊ မင်းမြတ်သုသီမ။ တွံ၊ အရှင်မင်းမြတ်သည်။ အမှာကဉ္စ၊ အကျွန်ုပ်တို့၏၎င်း။ အတ္တနောစ၊ ကိုယ်တော်၏၎င်း။ ဝံသေ၊ အနွယ်၌။ ပေတ္တိပိတာမဟာနံ၊ အဘ အဘိုးတို့၏။ အာစိဏ္ဏံ၊ အလေ့ အကျင့်ကို။ အနုဿရံ၊ အောက်မေ့တော်မူနိုင်လျက်။ အမှာကဉ္စ၊ အကျွန်ုပ်တို့၏၎င်း။ အတ္တနော စ၊ ကိုယ်တော်၏၎င်း။ ဝံသံ၊ အနွယ်ကို။ နာသေတွာ၊ ဖျက်ဆီး၍။ တေတေ- တေ ဧတေ၊ ထိုဆင်တော်တို့ကို။ မင်္ဂလကရဏတ္ထာယ၊ မင်္ဂလာပြုစိမ့်သောငှာ။ မယာ၊ အကျွန်ုပ်မှ။ အညသံ၊ တပါးကုန်သော။ ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့အား။ ဒဒါမီတိ၊ ပေးအံ့ဟူ၍။ ဗြူသိ ကိရ၊ ဆိုတော်မူသည်ဟု ကြားရသည်ကား။ သစ္စံ၊ မှန်သလော။

သုသီမမင်းသည် ဘုရားလောင်း၏ စကားကို ကြား၍-

၂၆။ ကာဠာ မိဂါ သေတဒန္တာ မမီမေ၊
ပရောသတံ ဟေမဇာလာဘိဆန္နာ။
တေ တေ ဒဒါမီတိ ဝဒါမိ မာဝဏ၊
အနုဿရံ ပေတ္တိပိတာမဟာနံ။

ဟူသော နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၂၆။ မာဏဝ၊ လုလင်။ မမ၊ ငါ၏။ သန္တိကေ၊ အထံ၌။ ကာဠာ၊ မည်းညိုသော အဆင်းရှိကုန်ထသော။ မိဂါ၊ သားမျိုးဖြစ်ကုန်ထသော။ သေတဒန္တာ၊ ဖြူသောအစွယ်ရှိကုန်ထသော။ ပရောသတံ၊ တရာထက် လွန်ကုန်ထသော။ ဟေမဇာလာဘိဆန္နာ၊ ရွှေကွန်ယက်ဖြင့် ကောင်းစွာဖုံးလွှမ်းအပ်ကုန်ထသော။ ဣမေ၊ ဤဆင်တို့သည်။ သန္တိ၊ ရှိကုန်၏။ အဟံ၊ ငါသည်။ ပေတ္တိပိတာမဟာနံ၊ အဘအဘိုးတို့၏။ ကြိယံ၊ အမှုကို။ အနုဿရံ၊ အောက်မေ့လျက်။ တေတေ-တေ ဧတေ၊ ထိုဆင်တို့ကို။ တယာ၊ သင်မှ။ အညေသံ၊ တပါးကုန်သော။ ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့အား။ မင်္ဂလကရဏတ္ထာယ၊ မင်္ဂလာပြုစိမ့်သောငှါ။ ဒဒါမီတိ၊ ပေးအံ့ဟူ၍။ ဝဒါမိ၊ ဆိုသည်ကား။ သစ္စမေဝ၊ မှန်သလျှင်ကတည်း။

ထိုအခါ ထိုသုသီမမင်းကို ဘုရားလောင်းသည် မြတ်သောမင်းကြီး အကျွန်ုပ်တို့၏၎င်း ကိုယ်တော်၏၎င်း အနွယ်ကိုအောက်မေ့လျှက်သာလျှင် အဘယ့်ကြောင့် အကျွန်ုပ်ကိုထား၍ တပါးကုန်သောပုဏ္ဏားတို့ကို ဆင်မင်္ဂလာကို ပြုစေတော်မူကုန်အံ့နည်းဟု လျှောက်၏။ အမောင်လုလင် သင်သည် ဗေဒင်သုံးပုံတို့ကို၎င်း ဆင်၏လက္ခဏာကို ပြသောကျမ်းကို၎င်း မတတ်သေးဟု ပုဏ္ဏားတို့သည် ငါ့အားလျှောက်ကုန်၏။ ထို့ကြောင့် တပါးကုန်သောပုဏ္ဏားတို့ကို ပြုစေအံ့ဟုဆိုသည်ရှိသော် မြတ်သောမင်းကြီး ထိုသို့တပြီးကား ဤမျှ အတိုင်းအရှည်ရှိကုန်သော ပုဏ္ဏားတို့တွင် ဗေဒင် သုံးပုံတို့၌၎င်း ဆင်၏လက္ခဏာကိုပြသောကျမ်း၌၎င်း တစိတ်တဒေသကိုလည်း အကျွန်ုပ်နှင့်တကွ ပြောဆိုအံ့သောငှါစွမ်းနိုင်သော တယောက်သောပုဏ္ဏားသည် အကယ်၍ ရှိသည်ဖြစ်အံ့၊ ထပါစေလော့၊ မြတ်သော မင်းကြီး ဆင်မင်္ဂလာပြုခြင်းနှင့်တကွ ဗေဒင်သုံးပုံတို့ကို၎င်း ဆင်၏ လက္ခဏာကိုပြသော ကျမ်းကို၎င်း အကျွန်ုပ်ကိုထား၍ တပါးသော ဇမ္ဗူဒီပါကျွန်းအလုံး၌ တတ်သောသူမည်သည်ကားမရှိဟု ခြင်္သေ့ဟောက်သကဲ့သို့ ကြောက်ရွံ့မဲ့လျဉ်း ရဲတင်းသောစကားကို ဆို၏။ တယောက်သောပုဏ္ဏားသည်လည်း ထိဘုရားလောင်း၏ ဆန့်ကျင်ဘက်ရန်သူဖြစ်၍ ထအံ့သောငှါ မစွမ်းနိုင်၊ ဘုရားလောင်းသည် မိမိအမျိုးအနွယ်ကိုတည်စေ၍ ဆင်မင်္ဂလာကိုပြု၍ များစွာသောဥစ္စာကိုယူ၍ မိမိ၏အိမ်သို့ သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကိုပြတော်မူသည်၏ အဆုံး၌ အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ရဟန်းတို့ ယခုအခါ မယ်တော်မဟာမာယာသည် ထိုအခါ အမိပုဏ္ဏေးမ ဖြစ်ဘူးပြီ၊ ယခုအခါ ခမည်းတော်သုဒ္ဓေါဒနမင်းမြတ်သည် ထိုအခါ အဘပုဏ္ဏား ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ သုသီမမင်း ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဒိသာပါမောက္ခဆရာ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုဏ္ဏားလုလင် ဖြစ်ဘူးပြီ၊ ဤသိုဇာတ်ကို ပေါင်းတော်မူ၏။

ဣဿာတရား၊ စိတ်ဝယ်ထား၊ စီးပွားမတတ်လှ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော သုသီမဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သန္ထဝဝဂ်

၄။ ဂိဇ္ဈဇာတ်

မိဘလုပ်ကျွေးသော လင်းတ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယံ နု ဂိဇ္ဈော ယောဇနသတံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂိဇ္ဈဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တပါးသောမိဘတို့ကို လုပ်ကျွေးသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် သုဝဏ္ဏသာမ ဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့၊ အထူးကား သဗ္ဗညူမြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း သင်သည် လူတို့ကိုမွေးမြု၏ဟု ငါကြားတော်မူသည် မှန်သလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း သင်သည် အဘယ်သူတို့ကို မွေးမြူသနည်းဟု မေးတော်မူ၏။ အရှင်ဘုရား မိဘတို့ကို မွေးမြူပါ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း ကောင်းစွ ကောင်းစွဟု ထိုရဟန်းအား ကောင်းချီးပေးတော်မူ၍ ရဟန်းတို့ ဤရဟန်းကို သင်တို့သည် မကဲ့ရဲ့ကြကုန်လင့်၊ ရှေးပညာရှိတို့သည်လည်း ကျေးဇူးကိုသိသည်၏ အစွမ်းအားဖြင့် အဆွေမတော်ကုန်သော သူတို့အားလည်း ကျေးဇူး ဆပ်ခြင်းကို ပြုကုန်၏။ မိဘတို့အား မွေးမြူခြင်းသည်ကား ဤရဟန်း၏ ဝန်ဖြစ်ပေသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည်ဂိဇ္ဈကုဋ်တောင်ဝယ် လင်းတမျိုး၌ဖြစ်၍ မိဘတို့ကို မွေးမြု၏။ ထိုအခါ တပါးသောကာလ၌ သည်းထန်စွာသော လေနှင့်တကွသော မိုဃ်းရွာခြင်းသည် ဖြစ်၏။ လင်းတတို့သည် လေလာလျက် ရွာသောမိုဃ်းကို သည်းခံအံ့သောငှါ မတတ်နိုင်ကုန်သည်ဖြစ်၍ ချမ်းခြင်းတည်းဟူသောဘေးကြောင့် ဗာရာဏသီပြည်သို့ သွားကုန်၍ မြို့တံခါးတိုင်၏ အနီး၌၎င်း ကျုံး၏အနီး၌၎င်း ချမ်းအေးခြင်းကြောင့် တုန်ယင်ကုန်လျက် နေကြကုန်၏။ ထိုအခါ၌ ဗာရာဏသီသူဌေးသည် မြို့မှထွက်၍ မြစ်သို့ ရေချိုးအံ့သောငှါ သွားသည်ရှိသော် ထိုလင်းတတို့ ပင်ပန်းကုန်သည်တို့ကိုမြင်၍ တခုသော မိုဃ်းမစုတ်ရာအရပ်၌ စည်းဝေးစေပြီးလျှင် မီးကိုညှိစေ၍ မိမိအား မှီဝဲခစားကုန်သောသူတို့ကို သုသာန်သို့စေလိုက်၍ နွားသားတို့ကိုဆောင်စေ၍ ထိုလင်းတတို့ကိုစားစေ၍ အစောင့်အရှောက်ကိုထား၏။ လင်းတတို့သည် လေနှင့်တကွ ရွာသောမိုဃ်းသည် ငြိမ်းလတ်သည်ရှိသော် ခံ့သောကိုယ်ရှိကုန်သည်ဖြစ်၍ ဂိဇ္ဈကုဋ်တောင်သိုသာလျှင် ပျံကြကုန်၏။ ထိုလင်းတတို့သည် ထိုတောင်၌သာလျှင်စည်းဝေးကုန်၍ အချင်းတို့ ဗာရာဏသီ သူဌေးသည် ငါတို့အား ကျေးဇူးပြုအပ်၏။ ပြုဘူးသော ကျေးဇူးရှိပေသော သူအားလည်း ကျေးဇူးမည်သည်ကို ပြုခြင်းငှါ အပ်၏။ ထို့ကြောင့် ဤနေ့မှစ၍ သင်တို့တွင် အကြင်လင်းတသည် အကြင်အဝတ်ကို၎င်း အကြင်တန်ဆာကို၎င်း ရအံ့၊ ထိုလင်းတသည် ထိုအဝတ်တန်ဆာကို ဗာရာဏသီ သူဌေး၏ အိမ်အထက် ကောင်းကင်ပြင်၌ ချအပ်၏ဟု တိုင်ပင်ကုန်၏။

ထိုအခါမှစ၍ လင်းတတို့သည် လူတို့၏ အဝတ်တန်ဆာတို့ကို နေပူ၌လှန်းစဉ် မေ့လျော့ခြင်းကို ကြည့်ကုန်၍ စွန်တို့သည် သားတစ်ကို ထိုးယူချီကုန်သကဲ့သို့ ထို့အတူ အဆောတလျင်ချီကုန်၍ ဗာရာဏသီသူဌေး၏အိမ်အထက်ကောင်းကင်၌ ချကုန်၏။ ထိုဗာရာဏသီသူဌေးသည် လင်းတတို့၏ ဆောင်ခဲ့သည်၏အဖြစ်ကိုသိ၍ အလုံးစုံကုန်သော အဝတ်တန်ဆာတို့ကို အသီးအသီးသာလျှင်ထား၏။ ပြည်သူတို့သည် မြတ်သောမင်းကြီး လင်းတတို့သည် မြို့ကိုဖျက်ဆီးကုန်၏ဟု မင်းအား ကြားလျှောက်ကုန်၏။ မင်းသည် တခုသောလင်းတကို ဖမ်းကြကုန်ဦးလော့၊ အလုံးစုံသော ဝတ်စား တန်ဆာတို့ကို ဆောင်စေအံ့ဟုဆို၍ ထိုထိုအရပ်၌ ကွင်းတို့ကို၎င်း ကွန်တို့ကို၎င်း ထောင်စေ၏။ အမိအားလုပ်ကျွေးသောလင်းတကို မိ၏။ ထိုအမိအားလုပ်ကျွေးသော လင်းတကိုယူကုန်၍ မင်းအား ပြကုန်အံ့ဟု သွားကုန်၏။ ဗာရာဏသီသူဌေးသည်ကား မင်းခစားရာသို့သွားသည်ရှိသော် ထိုလူတို့ လင်းတကိုယူ၍ သွားကုန်သည်တို့ကိုမြင်၍ အချင်းတို့ ဤလင်းတကို မသတ်ပါကုန်လင့်ဟု ဆို၍ ထိုလင်းတကိုယူ၍ သွားကုန်သောသူတို့နှင့် အတူတကွသာလျှင် လိုက်၏။ လူတို့သည် လင်းတကို မင်းအား ပြကုန်၏။ ထိုအခါ၌ ထိုလင်းတကို မင်းသည် အိုလင်းတ သင်တို့သည် မြို့ကိုဖျက်ဆီးကုန်၍ အဝတ်အစရှိသည်တို့ကို ယူကုန်သလောဟု မေး၏။ မြတ်သောမင်းကြီး ယူပေကုန်၏ဟု ဆို၏။ အို လင်းတ သင်တို့သည် ထိုဝတ်စား တန်ဆာတို့ကို အဘယ်သူအား ပေးအပ်ကုန်သနည်းဟု မေး၏။ မြတ်သောမင်းကြီး ဗာရာဏသီသူဌေးအား ပေးကုန်၏ဟု ဆို၏။ အဘယ်ကြောင့် ဗာရာဏသီသူဌေးအား ပေးအပ်ကုန်သနည်းဟု မေး၏။ မြတ်သောမင်းကြီး ထိုဗာရာဏသီသူဌေးသည် အကျွန်ုပ်တို့အား အသက်ကို ပေးအပ်၏။ ကျေးဇူးရှိသောသူကို ကျေးဇူးတုံ့ပြုအံ့သောငှါ အပ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ပေးကုန်၏ဟု ဆို၏။ ထိုအခါ၌ ထိုဘုရားလောင်းကို မင်းသည် အို လင်းတ လင်းတတို့သည်ကား ယူဇနာတရာထက်၌တည်ကုန်၍ သားကောင်ကိုမြင်ကုန်လျက် အဘယ့်ကြောင့် သင်သည် မိမိအကျိုးငှါ ထောင်အပ်သော ကွင်းကို မမြင်သနည်းဟု ဆိုလိုရကား-

၂၇။ ယံ နု ဂိဇ္ဈော ယောဇနသတံ၊ ကုဏပါနိ အဝေက္ခတိ။
ကသ္မာ ဇာလဉ္စ ပါသဉ္စ၊ အာသဇ္ဇာပိ န ဗုဇ္စျသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၂၇။ ဘော ဂိဇ္ဈ၊ အို လင်းတ။ ဂိဇ္ဈော နု-ဂိဇ္ဈော နာမ၊ လင်းတ မည်သည်ကား။ ယောဇနသတံ၊ ယူဇနာ တရာကို။ အတိက္ကမိတွာ၊ လွန်၍။ ဌိတာနိ၊ တည်ကုန်သော။ ကုဏပါနိ၊ သား ကောင်ပုပ်တို့ကို။ အဝေက္ခတိ၊ မြင်၏ဟူသတတ်။ တွံ၊ သင်သည်။ အတ္တနော၊ မိမိ၏။ အတ္ထာယ၊ အကျိုးငှ။ ဩဍ္ဍိတံ၊ ထောင်အပ်သော။ ဇာလဉ္စ၊ ကွန်သို့၎င်း။ ပါသဉ္စ၊ ကျော့ကွင်းသို့၎င်း။ အာသဇ္ဇာပိ၊ ရောက်၍လည်း။ ကသ္မာ၊ အဘယ့်ကြောင့်။ န ဗုဇ္စျသိ၊ မသိဘိသနည်း။

လင်းတသည် ထိုမင်း၏ စကားကို ကြား၍-

၂၈။ ယဒါ ပရာဘဝေါ ဟောတိ၊ ပေါသော ဇီဝိတသင်္ခယော။
အထ ဇာလဉ္စ ပါသဉ္စ၊ အာသဇ္ဇာပိ န ဗုဇ္စျတိ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၂၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယဒါ၊ အကြင်အခါ၌။ ယော ပေါသော၊ အကြင်သတ္တဝါသည်။ ပရာဘဝေါ၊ ပျက်စီးလိုသည်။ ဇီဝိတသင်္ခယော၊ အသက်ကုန်လိုသည်။ ဟောတိ၊ ဖြစ်၏။ အထ၊ ထိုအခါ၌။ သော ပေါသော၊ ထိုသတ္တဝါသည်။ အတ္တနော၊ မိမိ၏။ အတ္ထာယ၊ အကျိုးငှါ။ ဩဍ္ဍိတံ၊ ထောင်အပ်သော။ ဇာလဉ္စ၊ ကွန်သို့၎င်း။ ပါသဉ္စ၊ ကျော့ကွင်းသို့၎င်း။ အာသဇ္ဇာပိ၊ ရောက်၍လည်း။ န ဗုဇ္စျတိ၊ မသိ။

မင်းသည် လင်းတ၏စကားကိုကြား၍ သူဌေးကြီး လင်းတတို့သည် သင်၏အိမ်သို့ ပုဆိုးအဝတ်အစရှိသည်တို့ကို ဆောင်အပ်ကုန်၏ဟူသည် မှန်သလောဟု သူဌေးကို မေး၏။ အရှင်မင်းကြီး မှန်ပေ၏ဟု လျှောက်၏။ သူဌေးကြီး ထိုအဝတ်တန်ဆာတို့ကို အဘယ်၌သင်ထားအပ်သနည်းဟု မေး၏။ အရှင်မင်းကြီး အကြင် အထည်ဝတ်စာ တန်ဆာသည် အကြင်သူတို့၏ ဥစ္စာဖြစ်၏။ ထိုဝတ်စားတန်ဆာကို ထိုဥစ္စာရှင်တို့အား ပေးအံ့ဟု နှလုံးသွင်း၍ အကျွန်ုပ်သည် အလုံးစုံကုန်သော ဝတ်စားတန်ဆာတို့ကို အသီးအသီး ထားအပ်ကုန်၏ဟု လျောက်၏။ မင်းသည် ဤလင်းတကို လွှတ်ကုန်လော့ဟုဆို၍ လွှတ်စေ၍ သူဌေးကြီးကို ဥစ္စာတို့ကို အလုံးစုံကုန်သောဥစ္စာရှင်တို့အား ပေးစေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဟောတော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ မိဘတို့ကို လုပ်ကျွေးသောရဟန်းသည် သောတာပတ္တိဖိုလ်၌တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဗာရာဏသီ သူဌေးကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အမိကိုလုပ်ကျွေးသော လင်းတ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

မိဘဟူက လုပ်ကျွေးရ၊ ဗုဒ္ဓ ချီးမွမ်းရှာ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဂိဇ္စျဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သန္ထဝဝဂ်

၅။ နကုလဇာတ်

ရန်ဘက် စစ်သူကြီးနှစ်ဦး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သန္ဓိံ ကတွာ အမိတ္တေနအစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤနကုလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အမတ်စစ်သူကြီးနှစ်ယောက်တို့၏ ခိုက်ရန်ဖြစ်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဤဝတ္ထုသည် အောက်ဥရဂဇာတ်၌ ဆိုအပ်ပြီးသည်နှင့် တူသလျှင်ကတည်း၊ ဤနကုလဇာတ်၌လည်း မြတ်စွာဘုရားသည် ရဟန်းတို့ နှစ်ယောက်ကုန်သောအမတ်ကြီးတို့ကို ယခုအခါ၌သာလျှင် ငါသည် ညီညွတ်သင့်တင့်သည်တို့ကို ပြုအပ်ကုန်သည် မဟုတ်သေး၊ ရှေး၌လည်း ငါသည် ဤအမတ်ကြီးတို့အား ညီညွတ်သင့်တင့်သည်တို့ကို ပြုဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသော ရွာငယ်ဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် တက္ကသိုလ်ပြည်သို့သွား၍ အလုံးစုံသောအတတ်တို့ကို သင်ပြီးလျှင် အိမ်ရာ ထောင်ခြင်းကိုပယ်၍ ရသေ့ရဟန်းပြုပြီးသည်ရှိသော် အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်းဖြစ်စေ၍ တောသစ်မြစ်သစ်သီးဟူသောအာဟာရကို ဆောင်၍ယူအံ့သောငှါသွားသဖြင့် တောသစ်မြစ်သစ်သီးဟူသော အာဟာရရှိသည်ဖြစ်၍ ဟိမဝန္တာအရပ်၌ နေ၏။ ထိုဘုရားလောင်း၏ စင်္ကြံဝယ် တခုသောတောင်ပို့၌ မြွေပါသည် နေ၏။ ထိုတောင်ပို့၏ အနီး၌ သာလျှင် တခုသောသစ်ခေါင်း၌ မြွေသည်နေ၏။ ထိုနှစ်ခုကုန်သော မြွေ မြွေပါတို့သည်လည်း အခါခပ်သိမ်း ခိုက်ရန်ကို ပြုကုန်၏။ ဘုရားလောင်းသည် ထိုမြွေ မြွေပါတို့အား ခိုက်ရန်ဖြစ်ခြင်း၌ အပြစ်ကို၎င်း မေတ္တာကိုပွားစေခြင်း၌ အကျိုးကို၎င်း ဟော၍ ခိုက်ရန်မည်သည်ကို မပြုမူ၍ ညီညွတ်သင့်တင့်စွာနေခြင်းကို နေအံ့သောငှါ သင့်၏ဟု ဆုံးမပြီး၍ ထိုနှစ်ခုကုန်သော မြွေ မြွေပါတို့ကိုလည်း ညီညွတ်သင့်တင့်သည်တို့ကို ပြု၏။ ထိုအခါ၌ မြွေအပသို့ထွက်သောကာလ၌ မြွေပါသည် စင်္ကြံဦးတောင်ပို့၏ တွင်းပေါက်ဝ၌ ဦးခေါင်းကိုထုတ်၍ ခံတွင်းကိုဘွင့်၍ ဝပ်လျက် ထွက်သက်ကိုဖြစ်စေလျှက် ဝင်သက်ကိုဖြစ်စေလျက် အိပ်ပျော်ခြင်းသို့ ရောက်၏။ ဘုရားလောင်းသည် ထိုမြွေပါကို ထိုအခြင်းဖြင့်ဝပ်၍ အိပ်သည်ကိုမြင်၍ မြွေပါ သင့်အား အဘယ်ကိုလျှင်မှီ၍ ဘေးသည် ဖြစ်သနည်းဟု မေးလိုရကား-

၂၉။ သန္ဓိံ ကတွာ အမိတ္တေန၊ အဏ္ဍဇေန ဇလာဗုဇ။
ဝိဝရိယ ဒါဌံ သေသိ၊ ကုတော တေ ဘယမာဂတံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၂၉။ ဇလာဗု၊ မြွေပါ။ တွံ၊ သင်သည်။ အမိတ္တေန၊ ရန်သူဖြစ်သော။ အဏ္ဍဇေန၊ မြွေနှင့်။ သန္ဓိံ ကတွာ၊ ချစ်ကြသည်၏အဖြစ်ကိုပြု၍။ ဒါဌံ၊ အစွယ်ကို။ ဝိဝရိယ၊ ဘော်၍။ သေသိ၊ အိပ်၏။ တေ၊ သင်အား။ ကုတော၊ အဘယ်မှ။ ဘယံ၊ ဘေးသည်။ အာဂတံ၊ လာသနည်း။

ဤသို့ ဘုရားလောင်းသည် မေးအပ်သောမြွေပါသည် အရှင်ရန်သူမည်သည်ကို မထေမဲ့မြင် မပြုအပ်၊ ရွံရှာအပ်သလျှင်ကတည်းဟု ဆိုလိုရကား-

၃၀။ သင်္ကေထေဝ အမိတ္တသ္မိံ၊ မိတ္တသ္မိမ္ပိ န ဝိဿသေ။
အဘယာ ဘယမုပ္ပန္နံ၊ အပိ မူလာနိ ကန္တတိ။

ဟူသော နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၃၀။ အယျ၊ ရှင်ရသေ့။ အမိတ္တသ္မိမ္ပိ၊ ရန်သူ၌၎င်း။ မိတ္တသ္မိမ္ပိ၊ အဆွေခင်ပွန်း၌၎င်း။ သင်္ကေထေဝ၊ ရွံရှာ အပ်သည်သာလျှင်တည်း။ န ဝိဿသေ၊ အကျွမ်းတဝင် မပြုရာ။ အဘယာ၊ အဆွေခင်ပွန်းမှ။ ဥပ္ပန္နံ၊ ဖြစ်သော။ ဘယံအပိ၊ ဘေးသည်လည်း။ မူလာနိ၊ အမြစ်အရင်းတို့ကို။ ကန္တတိ၊ ဖြတ်တတ်၏။

ထိုအခါ၌ ထိုမြွေပါကို ဘုရားလောင်းသည် မြွေပါ သင်သည် မကြောက်လင့်၊ အကြင်သို့သောအခြင်းအရာဖြင့် ပြုသည်ရှိသော် မြွေသည် သင်၌ မပြစ်မှား၊ ထိုသို့သောအခြင်းအရာဖြင့် ငါသည်ပြုအံ့၊ သင်သည် ဤနေ့မှစ၍ ထိုမြွေ၌ ရွံရှာခြင်းကိုမပြုလင့်ဟု ဆုံးမ၍ ဗြဟ္မဝိဟာရတရားလေးပါးတို့ကိုပွားစေ၍ ဗြဟ္မာ့ပြည်သို့ လား၏။ ထိုမြွေ မြွေပါတို့သည်လည်း ကံအားလျော်စွာ လားကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ နှစ်ယောက်ကုန်သော ဤအမတ်ကြီးတို့သည် ထိုအခါကာလ မြွေသည်၎င်း မြေ့ပါသည်၎င်း ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ညီညွတ်သင့်တင့်၊ ဘေးမဆင့်၊ အေးခွင့် လွန်သာယာ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော နကုလဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သန္ထဝဝဂ်

၆။ ဥပသာဠကဇာတ်

မြေပုပ်လွတ်ရှာ ပုဏ္ဏား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဥပသာဠကနာမာနိ အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤဥပသာဠကဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ဥပသာဠကအမည်ရှိသော သူသေမချဘူးရာ သန့်ရှင်းစင်ကြယ်သော သင်္ချိုင်းကိုရှာသော ပုဏ္ဏားကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုပုဏ္ဏားသည် ကြယ်ဝသည် များသောဥစ္စာရှိသည် ဖြစ်သတတ်၊ မိစ္ဆာဒိဋ္ဌိအယူရှိသည်၏အဖြစ်ကြောင့်ကား အနီးဖြစ်သောကျောင်း၌ နေကုန်သော မြတ်စွာဘုရားတို့အား ထောက်ပံ့ခြင်းမည်သည်ကို မပြုစဘူး၊ ထိုဥပသာဠကပုဏ္ဏား၏သားသည်ကား ပညာရှိသည် ဉာဏ်နှင့်ပြည့်စုံသည်ဖြစ်၏။ ထိုဥပသာဠကပုဏ္ဏားသည် အိုမင်းသောကာလ၌ သားကို ချစ်သား သင်သည် ငါ့ကို တပါးသော သူယုတ်၏သင်္ဂြိုဟ်ရာသင်္ချိုင်း၌ မသင်္ဂြိုဟ်ရစ်လင့်၊ အထူးသဖြင့် တခုသော တယောက်သောသူအားလည်း မသင်္ဂြိုဟ်ဘူးသော သင်္ချိုင်း၌သာလျှင် ငါ့ကို သင်္ဂြိုဟ်ရစ်လော့ဟု ဆို၏။ ဘခင် အကျွန်ုပ်သည် သင်တို့အား သင်္ဂြိုဟ်အပ်သည်အား လျော်သောအရပ်ကိုမသိ၊ ဘခင် ကျွန်ုပ်သည် သင်ဘခင်ကို တောင်းပန်ပါ၏။ စင်စစ် ကျွန်ုပ်ကို ဆောင်၍သွားပြီးလျှင် ဤအရပ်၌ သင်္ဂြိုဟ်ရစ်လော့ဟု သင်ဘခင်တို့သည် ကြားခဲ့ကုန်လော့ဟု ဆို၏။ ပုဏ္ဏားသည် ချစ်သား ကောင်းပြီဟု ထိုသားကိုယူ၍ မြို့မှထွက်၍ ဂိဇ္ဈကုဋ် တောင်ထိပ်သို့တက်ပြီးလျှင် ဤအရပ်၌ တပါးသောသူယုတ်၏ မသင်္ဂြိုဟ်ဘူးရာ ဖြစ်သောအရပ်တည်း၊ ဤအရပ်၌ သင်သည် သင်္ဂြိုဟ်ရစ်လော့ဟု ဆို၍ သားနှင့်တကွ တောင်မှဆင်းအံ့သောငှါ အားထုတ်၏။

မြတ်စွာဘုရားသည် ထိုနေ့မိုးသောက်ထကာလ၌ သစ္စာတရားကို သိစေအပ်ကုန်သော အဆွေအမျိုးတို့ကို ကြည့်တော်မူ၍ သားအဘဖြစ်ကုန်သော ထိုပုဏ္ဏားတို့၏ သောတာပတ္တိမဂ်၏ ဥပနိဿယကို မြင်တော်မူ၏။ ထို့ကြောင့် သမင်ကိုဖမ်းလို၍ သမင်လာလတ္တံ့သောလမ်း၌စောင့်သော သားမုဆိုးကဲ့သို့ ဂိဇ္ဈကုဋ်တောင်ခြေရင်းသို့ကြွတော်မူ၍ တောင်ထိပ်မှ သက်ကုန်သော ထိုပုဏ္ဏားသားအဘတို့၏လာခြင်းကို မျှော်လင့်တော်မူလျှက် နေတော်မူ၏။ တောင်ထိပ်မှသက်ကြကုန်သော ထိုပုဏ္ဏားသားအဘတို့သည် မြတ်စွာဘုရားကို မြင်ကုန်၏။ မြတ်စွာဘုရားသည် စကားစေ့စပ်ခြင်းကို ပြုတော်မူလိုရကား ပုဏ္ဏားတို့ သင်တို့သည် အဘယ်သို့ သွားကြချေကုန်သနည်းဟု မေးတော်မူ၏။ ပုဏ္ဏားလုလင်သည် ထိုအကြောင်းကို လျှောက်၏။ မြတ်စွာဘုရားသည် ပုဏ္ဏား ထိုသို့တပြီးကား သင်၏အဘသည် ကြားအပ်သောအရပ်သို့ သွားကြကုန်အံ့ဟု နှစ်ယောက်ကုန်သော ပုဏ္ဏားသားအဘတို့ကို ခေါ်တော်မူ၍ တောင်ထိပ်သို့ တက်တော်မူ၍ ပုဏ္ဏား သင်၏ အဘသည် ကြားအပ်သောအရပ်သည် အဘယ်အရပ်နည်းဟု မေးတော်မူ၏။ ပုဏ္ဏားလုလင်သည် အရှင်ဘုရား အကျွန်ုပ် ၏အဘသည် ဤတောင်သုံးလုံးတို့၏အကြားကို ကြား၏ဟု လျှောက်၏။ မြတ်စွာဘုရားသည် လုလင် သင်၏အဘသည် ယခုအခါ၌သာလျှင် သူသေကိုမချဘူးရာ သန့်ရှင်းစင်ကြယ်သောသင်္ချိုင်းကို ရှာတတ်သည် မဟုတ်သေး၊ ရှေး၌လည်း သူသေကိုမချဘူးရာ သန့်ရှင်းစင်ကြယ်သောသင်္ချိုင်းကို ရှာတတ်သည်သာလျှင်တည်း၊ ယခုအခါ၌သာလျှင် ဤအရပ်၌ ငါ့ကို သင်္ဂြိုဟ်ရစ်လော့ဟု သင့်အားကြားသည်ကား မဟုတ်သေး၊ ရှေး၌လည်း ဤအရပ်၌သာလျှင် မိမိအား သင်္ဂြိုဟ်အပ်သည်၏အဖြစ်ကို ကြားဘူး၏ဟု မိန့်တော်မူ၍ ထိုပုဏ္ဏားလုလင်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လုလင် လွန်လေပြီးသောအခါ ဤရာဇဂြိုဟ်ပြည်၌သာလျှင် ဤပုဏ္ဏားသည်သာလျှင် ဥပသာဠကအမည်ရှိသော ပုဏ္ဏား ဖြစ်ဘူး၏။ ဤသားသည်သာလျှင် ထိုဥပသာဠကပုဏ္ဏား၏သား ဖြစ်ဘူး၏။ ထိုအခါ၌ ဘုရားလောင်းသည် ဤမဂဓတိုင်းဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ ပြည့်စုံသောအတတ်ရှိသည်ဖြစ်၍ ရသေ့ရဟန်းပြု၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်းဖြစ်စေ၍ ဈာန်ဖြင့်မွေ့လျော်ခြင်းကို မွေ့လျော်လျှက် ဟိမဝန္တာအရပ်၌ ကြာမြင့်စွာနေ၏။ ချဉ်ဆားမှီဝဲအံ့သောငှါ ဂိဇ္ဈကုဋ်တောင်၌ သစ်ရွက်ဖြင့်မိုးအပ်သော ကျောင်း၌နေ၏။ ထိုအခါ၌ ထိုပုဏ္ဏားသည် ဤသို့သောအမှတ်ဖြင့်သာလျှင် သားကိုဆို၍ သားသည် ဘခင် သင်ဘခင်တို့သည်သာလျှင် ထိုသို့သဘောရှိသောအရပ်ကို ကြားကုန်လော့ဟု ဆိုသည်ရှိသော် တောင်သုံးလုံးတို့၏အကြားဖြစ်သော ဤအရပ်ကိုသာလျှင်ကြား၍ သားနှင့်တကွ တောင်ထိပ်မှဆင်းသည်ရှိသော် ဘုရားလောင်းကိုမြင်၍ ထိုဘုရားလောင်း၏ အထံသို့ကပ်၍ ဘုရားလောင်းသည် ဤသို့သောအမှတ်ဖြင့်သာလျှင် မေးလတ်၍ လုလင်၏စကားကို ကြား၍ လုလင် လာလှည့် သင်၏အဘသည် ကြားအပ်သောအရပ်၌ သူသေကို သင်္ဂြိုဟ်ဘူးသည်၏ အဖြစ်ကို၎င်း သူသေကိုမသင်္ဂြိုဟ်ဘူးသေးသည်၏ အဖြစ်ကို၎င်း စုံစမ်းကြကုန်အံ့ဟုဆို၍ ထိုပုဏ္ဏား သားအဘတို့နှင့်တကွ တောင်ထိပ်သို့တက်၍ ရှင်ရသေ့ ဤတောင်သုံးလုံးတို့၏အကြားသည် တယောက်သောသူသေကိုမျှ မသင်္ဂြိုဟ်ဘူးရာ အရပ်တည်းဟု လုလင်သည်ဆိုသည်ရှိသော် လုလင် ဤအရပ်၌သာလျှင် သင်္ဂြိုဟ်အပ်ကုန်သောသူတို့၏ အတိုင်းအရှည်သည် မရှိ၊ သင်၏ အဘသည်သာလျှင် ဤရာဇဂြိုဟ်ပြည်၌သာလျှင် ပုဏ္ဏားအမျိုး၌သာလျှင်ဖြစ်၍ ဥပသာဠက အမည်ရှိသည်သာလျှင်ဖြစ်၍ ဤတောင်သုံးလုံးတို့၏အကြား၌ ဘဝ တသောင်းလေးထောင်တို့ပတ်လုံး ဖုတ်ကြည်းသင်္ဂြိုဟ်သည်ကို ခံရဘူးလေပြီ၊ ထိုစကားသည် မှန်၏။ မြေ၌ မဖုတ်ကြည်းဘူးသော အရပ်ကို၎င်း သုသာန်မဟုတ်ရာအရပ်ကို၎င်း မသေဘူးရာအရပ်ကို၎င်း ရအံ့သောငှါ မတတ်ကောင်းဟု ပုဗ္ဗေနိဝါသဉာဏ်ဖြင့် ပိုင်းခြား၍-

၃၁။ ဥပသာဠကနာမာနိ၊ သဟဿာနိ စတုဒ္ဒသ။
အသ္မိံ ပဒေသေ ဒဍ္ဎာနိ၊ နတ္ထိ လောကေ အနာမတံ။-
၃၂။ ယမှိ သစ္စဉ္စ ဓမ္မော စ၊ အဟိံသာ သံယမော ဒမော။
ဧတံ အရိယာ သေဝန္တိ၊ ဧတံ လောကေ အနာမတံ။

ဟူသော ဂါထာတို့ကို ဆို၏။

၃၁။ မာဏဝ၊ လုလင်။ အသ္မိံ ပဒေသေ၊ ဤအရပ်၌။ ဥပသာဠကနာမာနိ၊ ဥပသာဠက အမည်ရှိကုန်သော။ စတုဒ္ဒသ သဟဿာနိ၊ တသောင်းလေးထောင်ကုန်သော သူတို့ကို။ ဒဍ္ဎာနိ၊ ဖုတ်ကြည်း သင်္ဂြိုဟ်အပ်ကုန်ပြီ။ လောကေ၊ လောက၌။ အနာမတံ-အနာမတဋ္ဌာနံ နာမ၊ မသေရာ အရပ်မည်သည်ကား။ နတ္ထိ၊ မရှိ။

၃၂။ မာဏဝ၊ လုလင်။ ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။ သစ္စဉ္စ၊ လောကုတ္တရာတရား၏ ရှေ့အဘို့၌ဖြစ်သော သစ္စဉာဏ်လည်းကောင်း။ ဓမ္မောစ၊ လောကုတ္တရာတရားလည်းကောင်း။ အဟိံသာ စ၊ သူတပါးတို့အား မညှင်းဆဲခြင်းလည်းကောင်း။ သံသယော စ၊ ဝိရမိတဗ္ဗဝတ္ထုမှ စောင့်ရှောက်ခြင်းလည်းကောင်း။ ဒမော စ၊ ဣန္ဒြေတို့ကို ဆုံးမခြင်းလည်းကောင်း။ ဣဒံ ဂုဏဇာတံ၊ ဤဂုဏ်အပေါင်းသည်။ အတ္ထိ၊ ရှိ၏။ ဧတံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ အရိယာ၊ အရိယာသူမြတ်တို့သည်။ သေဝန္တိ၊ မှီဝဲကုန်၏။ ဧတံ ဂုဏဇာတံ၊ ထိုဆိုအပ်ပြီးသော ဂုဏ်အပေါင်းသည်။ လောကေ၊ လောက၌။ အနာမတံ-အနာမတဋ္ဌာနံ နာမ၊ မသေရာအရပ်မည်၏။

ဤသို့ ဘုရားလောင်းသည် ပုဏ္ဏားသားအဖတို့အား တရားဟော၍ ဗြဟ္မဝိဟာရတရား လေးပါးတို့ကိုပွားများစေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြိးလျှင် သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ သားအဖနှစ်ယောက်တို့သည်လည်း သောတာပတ္တိဖိုလ်၌ တည်ကုန်၏။ အဘယ်သို့ ဇာတ်ကိုပေါင်းတော်မူသနည်းဟူမူကား လုလင် ယ္ခုအခါ သားအဖနှစ်ယောက်တို့သည်သာလျှင် ထိုအခါ သားအဖနှစ်ယောက်တို့သည် ဖြစ်ဖူးကုန်ပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဖူးပြီ။ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

သင်္ချိုင်းလွတ်ရာ၊ မြေနေရာ၊ ဘယ်မှာမရှိမှတ်

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဥပသာဠကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သန္ထဝဝဂ်

၇။ သမိဒ္ဓိဇာတ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အဘုတွာ ဘိက္ခသိ ဘိက္ခု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသမိဒ္ဓိဇာတ်ကို ရာဇဂြိုဟ်ပြည်ကိုအမှီပြု၍ တပေါဒါရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ် သမိဒ္ဓိမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည်မှန်၏။ အရှင်သမိဒ္ဓိမထေရ်သည် တညဉ့်ပတ်လုံး လုံ့လကိုအားထုတ်၍ အရုဏ်တက်သောအခါ၌ ရေချိုး၍ ရွှေအဆင်းနှင့်တူသောအဆင်းရှိသော အတ္တဘောကိုခြောက်စေပြီးလျှင် သင်းပိုင်ကိုဝတ်၍ ကိုယ်ဝတ်ကိုလက်ဖြင့်ကိုင်လျှက် ရပ၏။ ထိုမထေရ်အား ကောင်းစွာအပြေအပြစ်ပြုအပ်သော ရွှေဆင်းတုကဲ့သို့သော အတ္တဘော၏ပြည့်စုံခြင်းသည်လျှင် အကြင့်ကြောင့်ရှိ၏။ ထြိုကြောင့် သမိဒ္ဓိဟူသောအမည်သည် ဖြစ်၏။ ထိုအခါ ထိုသမိဒ္ဓိမထေရ်၏ ကိုယ်၏တင့်တယ်ခြင်းကိုမြင်၍ တစ်ယောက်သောနတ်သမီးသည် တပ်စွန်းသောစိတ်ရှိသည်ဖြစ်၍ မထေရ်ကို ရဟန်း သင်သည်လျှင် ငယ်၏။ နုနယ်၏။ မည်းညိုသောဆံ ရှိ၏။ ကောင်းသော အရွယ်နှင့်ပြည့်စုံ၏။ အလွန် အဆင်းလှ၏။ ရှုချင်စဖွယ်ရှိ၏။ ကြည်ညိုဖွယ်ရှိ၏။ ဤသို့သဘောရှိသောသင့်အား ဝတ္ထုကာမ ကိလေသာကာမတို့ကို မခံစားမူ၍ ရဟန်းပြုသဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ဝတ္ထုကာမ ကိလေသာကာမတို့ကို ရှေးဦးစွာ ခံစားဦးလော့။ နောက်မှ ရဟန်းပြု၍ တရားကိုကျင့်ရလတ္တံ့ဟု ဆို၏။

ထိုအခါ ထိုနတ်သမီးကို မထေရ်သည် နတ်သမီး ငါသည် ဤမည်သောအရွယ်၌တည်၍ သေလတ္တံ့ဟု ငါ၏ သေလတ္တံ့သောကာလငို မသိ၊ ငါ့အား ဤသေလတ္တံ့သောကာလသည် ဖုံးလွှမ်း၏။ ထို့ကြောင့် ငယ်စဉ်ကာလ၌သာလျှင် ရဟန်းတရားကိုကျင့်၍ ဆင်းရဲ၏အဆုံးကိုပြအံ့ဟု ဆို၏။ ထိုနတ်သမီးသည် မထေရ်၏အထံမှ အစေ့အစပ်ဖြစ်သောစကားကိုမရ၍ ထိုအရပ်၌သာလျှင်ကွယ်၏။ မထေရ်သည် မြတ်စွာဘုရားအထံသို့ ချဉ်ကပ်၍ ထိုအကြောင်းကို လျှောင်၏။ မြတ်စွာဘုရားသည် သမိဒ္ဓိ ယခုအခါ၌ သင့်ကိုသာလျှင် နတ်သမီးသည် ဖွားယောင်ူအပျသည် မဟုတ်သေး။ ရှေး၌လည်း နတ်သမီးတို့သည် ရဟန်းတို့ကို ဖြားယောင်းဖူးကုန်သလျှင်ကတည်းဟု မိန့်တော်မူ၍ ထိုသမိဒ္ဓိမထေရ်သည် တောင်ပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... သမိဒ္ဓိ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသော ကာသိကရွာငယ်ဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ခပ်သိမ်းကုန်သောအတတ်တို့၌ အပြီးသို့ရောက်၍ ရသေ့ရဟန်းပြုပြီးသည်ရှိသော် အဘိညာဏ်တို့ကို၎င်း သမာပတ်တို့ကို၎င်းဖြစ်စေ၍ ဟိမဝန္တာအရပ်၌ တခုသော အလိုလိုဖြစ်သောအိုင်ကို အမှီပြု၍နေ၏။ ထိုဘုရားလောင်းသည် အလုံးစုံသောညဉ့်ပတ်လုံး လုံ့လကိုအားထုတ်၍ အရုဏ်တက်သောကာလ၌ ရေချိုး၍ တထည်သော လျှော်တေသင်္ကန်းကို ဝတ်၍ တထည်သော လျှော်တေသင်္ကန်းကိုလက်ဖြင့်ကိုင်၍ ကိုယ်ကို ရေမရှိသည်ကို ပြုလျက်ရပ်၏။ ထိုအခါ၌ ထိုဘုရားလောင်း၏ အဆင်းအားဖြင့် တင့်တယ်သော မြတ်သောအဖြစ်သို့ရောက်သောကိုယ်တော်ကို ကြည့်မိ၍ တပ်စွန်းသောစိတ်ရှိသော တယောက်သောနတ်သီးသည် ဘုရားလောင်းကို ဖြားယောင်းလိုရကား-

၃၃။ အဘုတွာ ဘိက္ခသိ ဘိက္ခု၊ န ဟိ ဘုတွာန ဘိက္ခသိ။
ဘုတွာန ဘိက္ခု ဘိက္ခဿု၊ မာ တံ ကာလော ဥပဇ္ဈဂါ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၃၃။ ဘိက္ခု၊ ရဟန်း။ တွံ၊ သင်သည်။ ဒဟရကာလေ၊ ငယ်သောကာလ၌။ ကိလေသကာမဝသေန၊ ကိလေသာကာမ၏ အစွမ်းအားဖြင့်။ ဝတ္ထုကာမေ၊ ဝတ္ထုကာမတို့ကို။ အဘုတွာ၊ မခံစားမူ၍။ ဘိက္ခသိ၊ ရဟန်းပြု၏။ ကိလေသ ကာမဝသေန၊ ကိလေသာကာမ၏အစွမ်းအားဖြင့်။ ဝတ္ထုကာမေ၊ ဝတ္ထုကာမတို့ကို။ ဘုတွာန၊ ခံစား၍။ န ဟိ ဘိက္ခသိ၊ ရဟန်းမပြုသလျှင်ကတည်း။ ဘိက္ခု၊ ရဟန်း။ တွံ၊ သင်သည်။ ဒဟရကာလေ၊ ငယ်သောကာလ၌။ တာဝ၊ ရှေးဦးစွာ။ ကာမေ၊ ကာမတို့ကို။ ဘုတွာန၊ ခံစား၍။ ပစ္ဆာ၊ နောက်ဖြစ်သော။ မဟလ္လကကာလေ၊ အိုမင်းသောကာလ၌။ ဘိက္ခဿု၊ ရဟန်းပြုလော့။ တံ၊ သင့်ကို။ ကာလာ၊ ကာမချမ်းသာကို ခံစားရာဖြစ်သော ပျိုရွယ်သောကာလသည်။ မာ ဥပဇ္စျဂါ၊ မလွန်စေလင့်။

ဘုရားလောင်းသည် နတ်သ္မီး၏စကားကိုကြား၍ မိမိ၏အလိုကို ပြလိုရကား-

၃၄။ ကာလံ ဝေါဟံ န ဇာနာမိ၊ ဆန္နော ကာလော န ဒိဿတိ။
တသ္မာ အဘုတွာ ဘိက္ခာမိ၊ မာ မံ ကာလော ဥပဇ္ဈဂါ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၃၄။ ဒေဝမီတေ၊ နတ်သ္မီး။ အဟံ၊ ငါသည်။ ကာလံ၊ သေလတ္တံ့သော ကာလကို။ န ဇာနာမိ၊ မသိ။ မယှံ၊ ငါ့အား။ ဆန္နော၊ ဖုံးလွှမ်းအပ်သည်ဖြစ်၍။ ကာလံ၊ သေလတ္တံ့သော ကာလသည်။ န ဒိဿတိ၊ မထင်။ တသ္မာ၊ ထို့ကြောင့်။ ပဉ္စကာမဂုဏေ၊ ငါးပါးကုန်သော ကာမဂုဏ်တို့ကို။ အဘုတွာ၊ မခံစားမူ၍။ မံ၊ ငါ့ကို။ ကာလော၊ ရဟန်းတရားကို ကျင့်ရာကာလသည်။ မာ ဥပဇ္ဈဂါ၊ မလွန်စေသတည်းဟု။ ဘိက္ခာမိ၊ ရဟန်း ပြု၏။

နတ်သမီးသည် ဘုရားလောင်း၏ စကားကို ကြား၍ ထိုအရပ်၌ သာလျှင် ကွယ်လေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား သမိဒ္ဓိ ယခုအခါ သင့်အား ဖြားယောင်းသော နတ်သီးသည် ထိုအခါ ငါ့အား ဖြားယောင်းဘူးသော နတ်သ္မီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ရုပ်သွင်တင့်တယ်၊ ကာမနယ်၊ မြူဆွယ်မှားတတ်လှ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သမိဒ္ဓိဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သန္ထဝဝဂ်

၈။ သကုဏဂ္ဃိဇာတ်

ဗီလုံး နှင့် သိမ်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သေနာ ဗလသာ ပတမာနော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသကုဏဂ္ဃိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မိမိအလို၏အစွမ်းအားဖြင့် ဟောအပ်သော သကုဏောဝါဒသုတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ မြတ်စွာဘုရားသည် တနေ့သ၌ရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့ အဘဥစ္စာဖြစ်သောအာရုံ၌သာလျှင် ကျက်စားကုန်လော့၊ ဤသို့အစရှိသော မဟာဝဂ္ဂသံယုတ်၌ ဤသုတ္တန်ကို ဟောတော်မူသည်ရှိသော် ရဟန်းတို့ သင်တို့ကို ထားကုန်ဘိဦး၊ ရှေး၌ တိရစ္ဆာန်တို့သည်လည်း အဘဥစ္စာဖြစ်သော မိမိအရာကိုစွန့်ကုန်၍ မကျက်စားသင့်သော အရာ၌ ကျက်စားကုန်သည်ရှိသော် ရန်သူတို့၏ လက်သို့ ရောက်ကုန်၏။ ရောက်ကုန်၍ မိမိပညာ၏ပြည့်စုံခြင်းအားဖြင့် အကြောင်း၌ လိမ္မာသည်၏ အဖြစ်ကြောင့် ရန်သူတို့၏လက်မှ လွတ်ဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗီလုံးငှက်မျိုး၌ဖြစ်၍ ထွန်တုံး၌ တပ်အပ်သော ထွန်သွားတို့ဖြင့်ထွန်ခြင်းကို ပြုရာဖြစ်သော မြေစိုင်ခဲရှိရာအရပ်၌ နေခြင်းကိုပြု၏။ ထိုဗီလုံးငှက်သည် တနေ့သောအခါဝယ် မိမိအရာ၌ အစာယူခြင်းကိုစွန့်၍ သူတပါးတို့၏အရာ၌ အစာကို ယူအံ့ဟူ၍ တောအုပ်၏အဆုံးသို့ သွား၏။ ထိုအခါ၌ ထိုဗီလုံးငှက်ကို ထိုတောအုပ်၏အဆုံး၌ အစာကိုယူသည်ကိုမြင်၍ သိမ်းသည် အဆောတလျင် ပြေးလာ၍ ထိုးယူလေ၏။ ထိုဗီလုံးငှက်ကို သိမ်းသည် ဆောင်ယူလေသည်ရှိသော် ငါတို့သည်သာလျှင် ကြက်သရေမရှိကုန်သည် ဖြစ်ကုန်၏။ ငါတို့သည်သာလျှင် ဘုန်းမရှိကုန်သည် ဖြစ်ကုန်၏။ ငါတို့သည် သူတပါးတို့၏အရာဖြစ်သော မကျက်စားအပ်သောအရပ်၌ ကျက်စားမိကုန်၏။ ငါတို့သည် မိမိနေရာသို့ရောက်ကုန်၍ အဘဥစ္စာဖြစ်သော မိမိအရာဖြစ်သော ကျက်စားရာအရပ်၌ ကျက်စားရကုန်ငြားအံ့၊ သိမ်း၏ အကြင် ထိုးခြင်းသည်ရှိ၏။ ထိုကဲ့သို့ထိုးခြင်းငှါ ဤသိမ်းသည် စွမ်းနိုင်သည် မဖြစ်လေရာဟု ငိုကြွေးမြည်တမ်း၏။

ဤသို့ ငိုကြွေးမြည်တမ်းသည်ရှိသော် ဗီလုံးငှက် သင်၏ အဘဥစ္စာဖြစ်သော မိမိအရာဖြစ်သော ကျက်စားရာအရပ်သည် အဘယ်အရပ်နည်းဟု မေး၏။ သိမ်းငှက် ထွန်တုံး၌ တပ်အပ်သော ထွန်သွားဖြင့်ထွန်ခြင်းကို ပြုရာဖြစ်သော အကြင်မြေစိုင်ခဲရှိရာအရပ်သည် ရှိ၏။ ထိုအရပ်သည် ငါ၏ ကျက်စားရာ အရပ်တည်းဟု ဆို၏။ ထိုအခါ၌ ထိုဗီလုံးငှက်ကို သိမ်းသည် မိမိအစွမ်းကို ယုံသည်၏အဖြစ်ကြောင့် ဗီလုံးငှက် သင်သွားလော၊ သင်၏ ကျက်စားရာဖြစ်သော ထိုအရပ်သို့လည်းသွားလေ၍ ငါမှမလွတ်လတ္တံ့ဟု ဆို၍ လွှတ်လိုက်၏။ ထိုဗီလုံးငှက်သည် ထိုမိမိကျက်စားရာအရပ်သို့ သွားလေ၍ ကြီးစွာသော မြေစိုင်ခဲပေါ်သို့တက်ပြီးလျှင် သိမ်းငှက် ယခုလာလော့ဟု သိမ်းကို ခေါ်လျက်ရပ်၏။ သိမ်းသည် မိမိ၏အစွမ်းကို ယုံသည်၏အဖြစ်ကြောင့် အတောင်နှစ်ဘက်တို့ကိုဖြန့်၍ ဗီလုံးငှက်အထံသို့ လျင်မြန်စွာ ပြေးလာ၏။ အကြင်အခါ၌ကား ထိုသိမ်းကို ဗီလုံးငှက်သည် ငါ၏အထံသို့ ဤသိမ်းသည် လျင်မြန်စွာ လာသလျှင်ကတည်းဟု သိ၏။ ထိုအခါ၌ လှည့်လည်တုံ့ပြန်၍ ထိုမြေစိုင်ခဲ၏ အကြားသို့သာလျှင် ဝင်၏။ သိမ်းသည် အဟုန်ကိုတန့်စိမ့်သောငှါ မတတ်နိုင်သည်ဖြစ်၍ ထိုမြေစိုင်ခဲ၌သာလျှင် ရင်ကို တိုက်ကွဲစေ၏။ ဤသို့ ထိုသိမ်းသည် ရင်ကွဲလေ၍ မျက်စိနှစ်လုံးတို့သည် ထွက်ကုန်၍ အသက်ကုန်ခြင်းသို့ ရောက်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ဤအတိတ်ကို ပြတော်မူ၍ ရဟန်းတို့ ဤသို့ တိရစ္ဆာန်တို့သည်လည်း မကျက်စားသင့်သောအရာ၌ ကျက်စားကုန်သည်ရှိသော် ရန်သူ့လက်သို့ ရောက်ကုန်၏။ အဘဥစ္စာဖြစ်သော မိမိအရာဖြစ်သော ကျက်စားသင့်သောအရာ၌ကား ကျက်စားကုန်သည်ရှိသော် ရန်သူကို နှိပ်နင်းနိုင်ကုန်၏။ ထို့ကြောင့် သင်တို့သည်လည်း သူတပါးတို့၏အရာဖြစ်သော မကျက်စားသင့်သောအရာ၌ မကျက်စားကြကုန်လင့်၊ ရဟန်းတို့ သူတပါးကို၏အရာဖြစ်သော မကျက်စားအပ်သောအရာ၌ ကျက်စားသည်ရှိသော် မာရ်သည် အခွင့်ကိုရ၏။ မာရ်သည် စွဲလမ်းရာကို ရ၏။ ရဟန်းတို့ သူတပါးတို့၏အရာဖြစ်သော ရဟန်းတို့မကျက်စားအပ်သောအရာသည် အဘယ်နည်းဟူမူကား အကြင် ငါးပါးကုန်သော ကာမဂုဏ်တို့သည် ရှိကုန်၏။ ထိုငါးပါးကုန်သောကာမဂုဏ်တို့သည် သူတပါးတို့၏အရာဖြစ်သော ရဟန်းတို့မကျက်စားအပ်သော အရာတည်း၊ ငါးပါးကုန်သော ကာမဂုဏ်တို့သည် အဘယ်သည်တို့နည်းဟူမူကား စက္ခုဝိညာဉ်စသည်ဖြင့် သိအပ်သော ရူပါရုံ အစရှိသည်တို့တည်း၊ ရဟန်းတို့ ကာမဂုဏ်ဖြစ်သော ဤအာရုံငါးပါးသည် သူတပါးတို့၏အရာဖြစ်သော ရဟန်းတို့မကျက်စားအပ်သော အရာတည်းဟု ဟောတော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူပြီး၍-

၃၅။ သေနော ဗလသာ ပတမာနော၊ လာပံ ဂေါစရဌာယိနံ။
သဟသာ အဇ္စျပ္ပတ္တောဝ၊ မရဏံ တေနုပါဂမိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဟောတော်မူ၏။

၃၅။ ဘိက္ခဝေ၊ ရဟန်းတို့။ ဂေါစရဌာယိနံ၊ အစာရှာအံ့သောငှါ တောအုပ်၏ အစွန်း၌တည်ထသော။ လာပံ၊ ဗီလုံးငှက်သို့။ သေနော၊ သိမ်းသည်။ ဗလသာ၊ အစွမ်းအားဖြင့်။ ပတမာနော၊ ထိုးအံ့သောငှာ ကျလေသည်ရှိသော်။ သဟသာ၊ လျင်မြန်စွာ။ အဇ္စျပ္ပတ္တောဝ၊ ရောက်လေသလျှင်ကတည်း။ တေန ကာရဏေန၊ ထိုအကြောင်းကြောင့်။ သော သေနော၊ ထိုသိမ်းသည်။ မရဏံ၊ သေခြင်းသို့။ ဥပဂမိ၊ ရောက်လေ၏။

ထိုသိမ်းသည် သေခြင်းသို့ ရောက်သည်ရှိသော် ဗီလုံးငှက်သည် မြေစိုင်ခဲအကြားမှထွက်၍ စင်စစ်လျှင် ငါသည် ရန်သူ၏ပျက်စီးခြင်းကို မြင်အပ်၏ဟု ထိုဗီလုံးငှက်၏ နှလုံး၌ထား၍ ဝမ်းမြောက်ဝမ်းသာ ကျူးရင့်လိုရကား-

၃၆။ သောဟံ နယေန သမ္ပန္နော၊ ပေတ္တိကေ ဂေါစရေ ရတော။
အပေတသတ္တု မောဒါမိ၊ သမ္ပဿံ အတ္ထမတ္တနော။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

၃၆။ နယေန၊ ဘေးမှလွတ်ခြင်း၏ အကြောင်းဖြစ်သော ဉာဏ်နှင့်။ သမ္ပန္နော၊ ပြည့်စုံသော။ သော အဟံ၊ ထိုငါသည်။ ပတ္တိကေ၊ အဘဥစ္စာဖြစ်သော။ ဂေါစရေ၊ ကျက်စားရာအရပ်၌။ ရတော၊ မွေ့လျော်သည်ရှိသော်။ အပေတသတ္တု၊ ရန်သူမှကင်းလွတ်သည်ဖြစ်၍။ အတ္တနော၊ မိမိ၏။ အတ္ထံ၊ ရောဂါကင်းသည်၏အဖြစ်ဟု ဆိုအပ်သော အစီးအပွားကို။ သမ္ပဿံ၊ ကောင်းစွာ မြင်ရခြင်းကြောင့်။ မောဒါမိ၊ ဝမ်းမြောက်ရ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ များစွာကုန်သောရဟန်းတို့သည် သောတာပတ္တိဖိုလ်အစရှိသည်တို့သို့ ရောက်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ သိမ်း ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗီလုံးငှက်ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

မိဘနှစ်ပါး၊ ကျက်စားစဉ်လာ၊ စွန့်ပစ်ခွါ၊ ဘေးသာ ဖြစ်တတ်လှ

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သကုဏဂ္ဃိဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သန္ထဝဝဂ်

၉။ အရကဇာတ်

မေတ္တာ၏ အကျိုးများ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယော ဝေ မေတ္တေန စိတ္တန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအရကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မေတ္တသုတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ တပါးသောအခါ၌ မြတ်စွာဘုရားသည် ရဟန်းတို့ကိုခေါ်တော်မူ၍ ရဟန်းတို့ ရိုသေစွာ မှီဝဲအပ်သော ပွားစေအပ်သော များစွာပြုအပ်သော က, သောယာဉ်ကိုကဲ့သို့ ပြုအပ်သော တည်ရာကဲ့သို့ ပြုအပ်သော ဆောက်တည်အပ်သော လေ့ကျက်အပ်သော ကောင်းစွာအားထုတ်အပ်သော မေတ္တာနှင့်ယှဉ်သောစေတောဝိမုတို့ကြောင့် တဆယ့်တပါးကုန်သောအကျိုးတို့သည် မချွတ်ဖြစ်ကုန်၏။ မေတ္တာအကျိုး တဆယ့်တပါးဟူသည် အဘယ်တို့နည်းဟူမူကား ချမ်းသာစွာ အိပ်ရ၏။ ချမ်းသာစွာ နိုးရ၏။ ယုတ်မာသော အိပ်မက်ကို မမြင်မက်ရ၊ လူတို့သည် ချစ်မြတ်နိုး၏။ နတ်တို့သည် ချစ်ကုန်၏။ နတ်တို့သည် စောင့်ကုန်၏။ ထိုမေတ္တာကို ပွားစေသောသူအား မီးသည်လည်း မလောင်နိုင်၊ အဆိပ်သည်လည်း မသင့်နိုင်၊ လက်နက်သည်လည်း မစူးရှနိုင်၊ ပျံ့လွှင့်သောစိတ်သည် လျင်မြန်စွာသာလျှင် တည်ကြည်၏။ မျက်နှာအဆင်းသည် အထူးသဖြင့် ကြည်လင်၏။ မတွေမဝေ သေရ၏။ မေတ္တာသမာပတ်ထက် လွန်မြတ်သော မဂ်ဖိုလ်ကို ထိုးထွင်း၍မသိနိုင်သည်ရှိသော် ဗြဟ္မာ့ပြည်သို့လားရ၏ ဤတဆယ့်တပါးတို့တည်း။

ရဟန်းကို ရိုသေစွာမှီဝဲအပ်သော များစွာပြုအပ်သော ပွားစေအပ်သော က, သောယာဉ်ကိုကဲ့သို့ပြုအပ်သော တည်ရာကိုကဲ့သို့ ပြုအပ်သော ဆောက်တည်အပ်သော လေ့ကျက်အပ်သော ကောင်းစွာအားထုတ်အပ်သော မေတ္တာနှင့်ယှဉ်သော စေတောဝိမုတို့ကြောင့် တဆယ့်တပါးကုန်သော ဤအကျိုးတို့သည် မချွတ်ဖြစ်ကုန်၏။ ဤသို့ ဤတဆယ့်တပါးကုန်သော အကျိုးကိုယူ၍တည်သော မေတ္တာဘာဝနာကို ချီးမွမ်းတော်မူ၍ ရဟန်းတို့ ရဟန်းမည်သည်ကား ခပ်သိမ်းကုန်သော သတ္တဝါတို့၌ ဩဒိဿက အနောဒိဿက၏ အစွမ်းအားဖြင့် မေတ္တာကိုပွားစေအပ်၏။ မိမိအစီးအပွားကို လိုသောသူကိုလည်း အစီးအပွားကို လိုသောစိတ်ဖြင့် နှံ့စေအပ်၏။ မိမိအစီးအပွားကို မလိုသောသူကိုလည်း အစီးအပွားကို လိုသောစိတ်ဖြင့် နှံ့စေအပ်၏။ မိမိအစီးအပွားကို လိုသည်လည်းမဟုတ် မလိုသည်လည်းမဟုတ် လျစ်လျူဖြစ်သောသူတို့ကိုလည်း အစီးအပွားကို လိုသောစိတ်ဖြင့် နှံ့စေအပ်၏။ ဤသို့ ခပ်သိမ်းကုန်သော သတ္တဝါတို့၌ ဩဒိဿက အနောဒိဿက၏ အစွမ်းအားဖြင့် မေတ္တာကို ပွားစေအပ်၏။ ကရုဏာကို ပွားစေအပ်၏။ မုဒိတာကို ပွားစေအပ်၏။ ဥပေက္ခာကို ပွားစေအပ်၏။ လေးပါးကုန်သော ဗြဟ္မဝိဟာရတို့၌ အမှုကိုပြုအပ်သလျှင်ကတည်း၊ ထိုစကားသည် မှန်၏။ ဤသို့ပြုသော ရဟန်းသည် မဂ်ကို၎င်း ဖိုလ်ကို၎င်း မရသော်လည်း ဗြဟ္မာပြည်သို့လားရသည် ဖြစ်၏။ ရှေးပညာရှိတို့သည်လည်း ခုနစ်နှစ်တို့ပတ်လုံး မေတ္တာကိုပွားစေ၍ ခုနစ်ပါးကုန်သော သံဝဋ္ဋ ဝိဝဋ္ဋကပ်တို့ပတ်လုံး ဗြဟ္မာပြည်၌ သာလျှင်နေဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ တခုသောကပ်၌ ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ကာမတို့ကိုပယ်ပြီးလျှင် ရသေ့ရဟန်း ပြု၍ ဗြဟ္မဝိဟာရတရား လေးပါးတို့ကိုရသော အရကအမည်ရှိသောဆရာဖြစ်၍ ဟိမဝန္တာအရပ်၌ နေ၏။ ထိုအရကဆရာအား များသောအခြံအရံရှိသည် ဖြစ်၏။ ထိုအရကဆရာသည် ရသေ့အပေါင်းကို ဆုံးမသည်ရှိသော် ရဟန်းမည်သည်ကား မေတ္တာကို ပွားစေအပ်၏။ ကရုဏာကိုစေအပ်၏။ မုဒိတာကို ပွားစေအပ်၏။ ဥပေက္ခာကို ပွားစေအပ်၏။ ထိုစကားသည် မှန်၏။ ထိုမေတ္တာစိတ်မည်သည်ကား အပ္ပနာသို့ ရောက်သည်ရှိသော် ဗြဟ္မာပြည်သို့လားရခြင်းကို ပြီးစေဟု မေတ္တာ၏ အကျိုးအာနိသင်ကို ပြလိုရကား-

၃၇။ ယော ဝေ မေတ္တေန စိတ္တေန၊ သဗ္ဗလောကာ နုကမ္ပတိ။
ဥဒ္ဓံ အဓော စ တိရိယံ၊ အပ္ပမာဏေန သဗ္ဗသော။
၃၈။ အပ္ပမာဏံ ဟိတံ စိတ္တံ၊ ပရိပုဏ္ဏံ သုဘာဝိတံ။
ယံ ပမာဏကတံ ကမ္မံ၊ န တံ တတြာဝသိဿတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၃၇။ ဘော ဣသိဂဏာ၊ အိုရသေ့အပေါင်းတို့။ ခတ္တိယာဒီသု ဝါ၊ မင်းအစရှိသည်တို့တွင်၎င်း။ သမဏဗြာဟ္မဏေသု ဝါ၊ ရဟန်းပုဏ္ဏားတို့တွင်၎င်း။ ယော၊ အကြင်သူသည်။ ဥဒ္ဓံ၊ မြေအပြင်မှ နေဝသညာနာသညာယတန ဗြဟ္မာပြည်တိုင်အောင်သော အရပ်ဟုဆိုအပ်သော အထက်မျက်နှာသည်၎င်း။ အဓော၊ မြေအပြင်မှ ဥဿဒငရဲတိုင်အောင်သော အရပ်ဟုဆိုအပ်သော အောက်မျက်နှာသည်၎င်း။ တိရိယဉ္စ၊ လူတို့ပြည်၌ အကြင်မျှလောက်ကုန်သော စကြဝဠာဟုဆိုအပ်ကုန်သော ဖီလာအရပ် မျက်နှာတို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ ဧတ္တကေ၊ ဤမျှအတိုင်းအရှည်ရှိသော။ ဌာနေ၊ အရပ်၌။ နိဗ္ဗတ္တာ၊ ဖြစ်ကုန်သော။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ အဝေရာ၊ ရန်မရှိကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ အဗျာပဇ္ဇာ၊ ကြောင့်ကြခြင်း မရှိကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ အနီဃာ၊ ဆင်းရဲခြင်းမရှိကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ သုခီ၊ ချမ်းသာခြင်း ရှိကုန်သည်။ ဟုတွာ၊ ဖြစ်ကုန်၍။ အတ္တာနံ၊ ကိုယ်ကို။ ပရိဟရန္တု၊ ဆောင်နိုင် စေကုန်သတည်း။ ဣတိ၊ ဤသို့။ သဗ္ဗသော-သဗ္ဗာကာရေန၊ ထက်အောက်ဖီလာ အရပ်မျက်နှာဟု ဆိုအပ်သော သုဂတိ ဒုဂ္ဂတိဖြစ်သော ခပ်သိမ်းသောအခြင်းအရာအားဖြင့်။ အပ္ပမာဏေန၊ အတိုင်းအရှည်မရှိသော။ မေတ္တေန၊ မေတ္တာနှင့်ယှဉ်သော။ စိတ္တေန၊ စိတ်ဖြင့်။ သဗ္ဗလောကံ၊ အလုံးစုံသော သတ္တလောကကို။ ဝေ၊ စင်စစ်။ အနုကမ္ပတိ၊ စောင့်ရှောက်၏။

၃၈။ တဿ၊ ထိုသူ၏။ အပ္ပမာဏံ၊ အတိုင်းအရှည်မရှိသောသတ္တဝါလျှင် အာရုံရှိသည်ကို။ ကတွာ၊ ပြု၍။ သုဘာဝိတံ၊ ကောင်းစွာ ပွားစေအပ်သော။ ပရိပုဏ္ဏံ၊ ပြည့်စုံစွာသော။ သဗ္ဗသတ္တေသု၊ ခပ်သိမ်းသော သတ္တဝါတို့၌။ ဟိတံ၊ အစီးအပွားကို အလိုရှိသော။ ယံ စိတ္တံ၊ အကြင် ရူပါဝစရစိတ်၌ ယှဉ်သောကံသည်။ အတ္ထိ၊ ရှိ၏။ တတြ၊ ထိုရူပါဝစရကံ၌။ ပမာဏကတံ၊ အတိုင်းအရှည်အားဖြင့် ပြုအပ်သော။ ယံ ကမ္မံ၊ အကြင် ကာမာဝစရကံသည်။ အတ္ထိ၊ ရှိ၏။ တံ ကမ္မံ၊ ထိုကာမာဝစရကံသည်။ န အဝသိဿတိ၊ လွှမ်းမိုး၍ မတည်နိုင်။ အထ ခေါ၊ စင်စစ်သော်ကား။ ရူပါဝစရကမ္မမေဝ၊ ရူပါဝစရကံသည်သာလျှင်။ ကာမာဝစရကမ္မံ၊ ကာမာဝစရကံကို။ အဝသိဿတိ၊ လွှမ်းမိုး၍ တည်နိုင်၏။

ဤ ဂါထာတို့ဖြင့် ဘုရားလောင်းသည် တပည့်တို့အား မေတ္တာကို ပွားစေခြင်း၏အကျိုးကို ဟော၍ မယုတ်သောဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်၌ ဖြစ်၍ သံဝဋ္ဋဝိဝဋ္ဋ ခုနစ်ကပ်တို့ပတ်လုံး ဤလူ့ပြည်သို့တဖန် မလားမဖြစ်ကုန်။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ရသေ့အပေါင်းတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အရကအမည်ရှိသော ရသေ့အပေါင်းတို့၏ ဆရာဖြစ်ဘူးပြီ၊ ဤသိုဇာတ်ကို ပေါင်းတော်မူ၏။

မေတ္တာတရား၊ ပြည့်တုံငြား၊ ကျိုးကား ဆယ့်တစ်ရ

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော အရကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သန္ထဝဝဂ်

၁၀။ ကကဏ္ဋကဇာတ်

နာယံ ပုရေ ဥဏ္ဏမတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကကဏ္ဋကဇာတ်သည် မဟာဥမင်္ဂဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကကဏ္ဋကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကလျာဏဝဂ်

၁။ ကလျာဏဓမ္မဇာတ်

သူဌေး နှင့် ဘုရင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကလျာဏဓမ္မော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကလျာဏဓမ္မဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော နားပင်းသော ယောက္ခမကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ သာဝတ္ထိမြို့၌ တယောက်သော သူကြွယ်သည် သဒ္ဓါခြင်းနှင့် ပြည့်စုံ၏။ ကြည်ညိုခြင်း ရှိ၏။ ရတနာသုံးပါးသို့ ဆည်းကပ်၏။ ငါးပါးသောသီလနှင့်ပြည့်စုံ၏။ ထိုသူကြွယ်သည် တနေ့သ၌ များစွာကုန်သော ထောပတ်အစရှိကုန်သော ဆေးတို့ကို၎င်း ပန်းနံ့သာ, အဝတ်အစရှိသည်တို့ကို၎င်း ယူ၍ ဇေတဝန် ကျောင်းတော်ဝယ် မြတ်စွာဘုရားအထံတော်၌ တရားတော်ကိုနာအံ့သောငှါ သွား၏။ ထိုသူကြွယ်၏သွားသောကာလ၌ ယောက္ခမသည် ခဲဘွယ်ဘောဇဉ်ကိုယူ၍ သ္မီးကိုမြင်ခြင်းငှာ အလိုရှိသည်ဖြစ်၍ ထိုအိမ်သို့လာ၏။ ထိုယောက္ခမဖြစ်သော မိန်းမသည်လည်း အတန်ငယ်နားပင်းသည် ဖြစ်၏။ ထိုမိန်းမသည် သ္မီးနှင့်တကွ ထမင်းစားပြီး၍ ထမင်းဆီယစ်ခြင်းကို ဖျောက်လျှက် ချစ်သ္မီး သင့်လင်သည် သင်နှင့် ဝမ်းမြောက်ဝမ်းသာ ချစ်ခင်လျက် နေခြင်းကို ပြု၏လောဟု မေးလေ၏။ မိခင် အသို့ဆိုကုန်ဘိသနည်း၊ သင် မိခင်တို့၏သမက်သည် သီလအားဖြင့်၎င်း အကျင့်၏ ပြည့်စုံခြင်းအားဖြင့်၎င်း အကြင်သို့ သဘောရှိ၏။ ထိုသို့သဘောရှိသည်ကို ရဟန်းဖြစ်သောသူသည်လည်း ရခဲစွတကားဟုဆိုသည်ရှိသော် ဒါယိကာမသည် သ္မီး၏စကားကို ကောင်းစွာမမှတ်နိုင်၍ ရဟန်းဟူသောအသံကိုသာလျှင်ယူ၍ ချစ်သ္မီး အဘယ့်ကြောင့် သင်၏လင်သည် ရဟန်းပြုလေသနည်းဟု ကျယ်စွာသော အသံကိုပြု၏။ ထိုအသံကိုကြား၍ အိမ်အလုံး၌ နေကုန်သောသူတို့သည် ငါတို့၏သူကြွယ်သည် ရဟန်းပြုသတတ်ဟု မြည်တမ်းကြကုန်၏။ ထိုအိမ်သူတို့၏အသံကို ကြားကုန်၍ တံခါးဖြင့်သွားကုန်သော သူတို့သည် အဘယ်မည်သောအကြောင်းကြောင့် ငိုကုန်သနည်းဟု မေးကုန်၏။ ဤအိမ်၌ သူကြွယ်သည် ရဟန်းပြုသတတ်ဟု ဆိုကြကုန်၏။ ထိုသူကြွယ်သည်လည်း မြတ်စွာဘုရား၏တရားတော်ကို နာပြီးလျှင် ကျောင်းမှထွက်ခဲ့၍ မြို့သို့ဝင်လာ၏။ ထိုအခါ၌ ထိုသူကြွယ်ကို ခရီးအကြား၌သာလျှင် တယောက်သော ယောက်ျားကိုမြင်၍ အဆွေ သင်သည် ရဟန်းပြုသတတ်ဟု သင်၏အိမ်၌ သားမယား အခြွေအရံတို့သည် ငိုကြွေးမြည်တမ်းကြကုန်၏ဟု ဆို၏။

ထိုအခါ၌ ထိုသူကြွယ်အား ဤသောအကြံသည် ဖြစ်၏။ အဘယ်သို့ အကြံဖြစ်သနည်းဟူမူကား ရဟန်းမပြုသည်သာလျှင်ဖြစ်သော ငါ့ကို ရဟန်းပြုသတတ်ဟု ဆို၏။ ကောင်းသောအသံသည် ဖြစ်သလျှင်ကတည်း၊ ထိုကောင်းသောအသံကို မကွယ်စေအပ်၊ ယနေ့ပင်လျှင် ငါသည် ရဟန်း ပြုအံ့သောငှါသင့်၏ဟု ဤသို့အကြံဖြစ်၍ ထိုအကြံဖြစ်ပြီးသောနောက်မှ ပြန်၍ မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ဒါယကာ ယခုပင်လျှင် ငါဘုရားအား ခစားခြင်းကိုပြုပြီးလျှင် သွား၍ ယခုပင်လျှင် အဘယ်ကြောင့် ပြန်လာသနည်းဟု မိန့်တော်မူသည်ရှိသော် ထိုအကြောင်းကိုလျောက်၍ အရှင်ဘုရား ဖြစ်သော ကောင်းသော အသံမည်သည်ကို ကွယ်စိမ့်သောငှါ မသင့်၊ ထို့ကြောင့် ရဟန်းပြုလိုသည်ဖြစ်၍ လာပါသည်ဟု လျှောက်၏။ ထိုဒါယကာသည် ရှင်အဖြစ်ကို၎င်း ပဉ္စင်းအဖြစ်ကို၎င်းရ၍ ကောင်းစွာကျင့်သည်ဖြစ်၍ မကြာမြင့်မီသာလျှင် အရဟတ္တဖိုလ်သို့ ရောက်၏။ ဤအကြောင်းသည် ရဟန်းသံဃာအပေါင်း၌ ထင်ရှားသည် ဖြစ်သတတ်၊ ထိုအခါ တနေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် စကားကို ဖြစ်စေကုန်၏။ အဘယ်သို့ ဖြစ်စေကုန်သနည်းဟူမူကား ငါ့သျှင်တို့ ဤအမည်ရှိသော သူကြွယ်သည် ဖြစ်သော ကောင်းသောအသံကို မကွယ်စေအပ်ဟု ရဟန်း ပြု၍ ယခုအခါ၌ အရဟတ္တဖိုလ်သို့ ရောက်၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ရှေးပညာရှိတို့သည်လည်း ဖြစ်သော ကောင်းသောအသံကို ချွတ်ယွင်းစိမ့်သောငှါ မအပ်ဟု ရဟန်းပြုကုန်သည်သာလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူဌေးမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် အဘလွန်သဖြင့် သူဌေးအရာသို့ ရောက်၏။ ထိုဘုရားလောင်းသည် တနေ့သ၌ အိမ်မှထွက်၍ မင်း၏အနီးဖြစ်သော အရပ်သို့သွား၏။ ထိုအခါ၌ ထိုဘုရားလောင်း၏ ယောက္ခမသည် သ္မီးကိုကြည့်အံ့ဟူ၍ ထိုသ္မီး၏အိမ်သို့ သွားလေ၏။ ထိုဒါယိကာမသည် အတန်ငယ် နားပင်းသောသဘောရှိသည် ဖြစ်၏။ အလုံးစုံသော စကားသည် ပစ္စုပ္ပန်ဝတ္ထုနှင့် တူသလျှင်ကတည်း၊ ထိုဘုရားလောင်းကိုကား မင်း၏အနီးဖြစ်သော အရပ်သို့သွား၍ မိမိ၏အိမ်သို့ လာလတ်သည်ကိုမြင်၍ ယောက်ျားတယောက်သည် ရှင်သူဌေးတို့ ရဟန်းပြုကုန်သတတ်ဟု သင်တို့၏အိမ်၌ သည်းစွာငိုကြွေးမြည်တမ်းခြင်းကို ငိုကြွေးမြည်တမ်းကြကုန်၏ဟု ဆို၏။ ဘုရားလောင်းသည် ဖြစ်သော ကောင်းသော အသံမည်သည်ကို ကွယ်စေခြင်းငှါမသင့်ဟု ထိုအရပ်မှပြန်ပြီး၍ မင်း၏ အထံတော်သို့သွား၍ သူဌေးကြီး ယခုပင်လျှင်သွား၍ အဘယ့်ကြောင့် လာပြန်သနည်းဟု ဆိုသည်ရှိသော် မြတ်သော မင်းကြီး အကျွန်ုပ်တို့၏ အိမ်သူပေါင်းသည် အကျွန်ုပ်ကို ရဟန်းပြုသတတ်ဆို၍ ငိုကြွေးမြည်တမ်းကြကုန်၏။ စင်စစ်သဖြင့်လျှင် ဖြစ်သော ကောင်းသောအသံကို မကွယ်စေအပ်၊ ထို့ကြောင့် အကျွန်ုပ်သည် ရဟန်းပြုအံ့၊ ရဟန်းအဖြစ်ကို ခွင့်ပြုတော် မူပါလော့ဟု ထိုအကြောင်းကို ပြအံ့သောငှာ-

၄၁။ ကလျာဏဓမ္မောတိ ယဒါ ဇနိန္ဒ၊
လောကေ သမညံ အနုပါပုဏာတိ။
တသ္မာ န ဟိယျေထ နရော သပညော၊
ဟိရိယာပိ သန္တော ဓုရမာဒိယန္တိ။
၄၂။ သာယံ သမညာ ဣဓ မဇ္ဇ ပတ္တာ၊
ကလျာဏဓမ္မောတိ ဇနိန္ဒ လောကေ။
တာဟံ သမေက္ခံ ဣဓ ပဗ္ဗဇိဿ၊
န ဟိ မတ္ထိ ဆန္ဒော ဣဓ ကာမဘောဂေ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၄၁။ ဇနိန္ဒ၊ လူတို့ကို အစိုးရသောမင်းမြတ်။ လောကေ၊ လောက၌။ ကလျာဏဓမ္မော၊ ကောင်းသော သဘောရှိသော သူသည်။ ယဒါ၊ အကြင် အခါ၌။ သမညံ၊ သီလရှိသော ကောင်းသော တရားရှိသော ရဟန်းဟူသောအမည်ပညတ်သို့။ အနုပါပုဏာတိ၊ ရောက်၏။ သပညော၊ ပညာရှိသော။ နရော၊ သူမြတ်သည်။ တသ္မာ၊ ထိုသီလရှိသော ကောင်းသောတရားရှိသောသူ ရဟန်းဟူသောအမည်ပညတ်မှ။ န ဟိယျေထ၊ မယုတ်စေရာ။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သန္တော၊ သူတော်ကောင်းတို့မည်သည်ကား။ ဟိရိယာပိ၊ ဟိရီဖြင့်၎င်း။ ဩတ္တပ္ပေနပိ၊ ဩတ္တပ္ပဖြင့်၎င်း။ ဓုရံ၊ ရဟန်းအဖြစ်တည်းဟူသောဝန်ကို။ အာဒိယန္တိ၊ ယူကုန်၏။

၄၂။ ဇနိန္ဒ၊ လူတို့ကို အစိုးရသောမင်းမြတ်။ ဣဓ လောကေ၊ ဤလောက၌။ ပဝတ္တာ၊ ဖြစ်သော။ သာယံ သမညာ၊ ထိုရဟန်းဟူသော အမည်နာမပညတ်သို့။ အဇ္ဇ၊ ယခုနေ့၌။ မယာ၊ အကျွန်ုပ်သည်။ ပတ္တာ၊ ရောက်အပ်၏။ ကလျာဏဓမ္မော၊ ကောင်းသော အကျင့်ရှိသော။ အဟံ၊ အကျွန်ုပ်သည်။ တံ၊ ထိုဂုဏ်၏အစွမ်းဖြင့်ရအပ်သော အမည်နာမပညတ်ကို။ သမေက္ခံ၊ ကောင်းစွာရှုလျက်။ ဣဓ၊ ဤလောက၌။ ပဗ္ဗဇိဿံ၊ ရဟန်းပြုအံ့။ ဣဓ၊ ဤလောက၌။ ကာမဘောဂေ၊ ကိလေသာကာမဖြင့် ဝတ္ထုကာမတို့ကို ခံစားခြင်း၌။ မေ၊ အကျွန်ုပ်အား။ ဆန္ဒာ၊ ဆန္ဒသည်။ န ဟိ အတ္ထိ၊ မရှိသလျှင်ကတည်း။

ဘုရားလောင်းသည် ဤသို့ဆို၍ မင်းကို ရဟန်းအဖြစ်ကို ခွင့်ပြုစေပြီးလျှင် ဟိမဝန္တာအရပ်၌ ရသေ့ရဟန်းပြု၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဗြဟ္မာပြည်သို့လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီသူဌေး ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

နိမိတ်ကောင်းက၊ ကောင်းကျိုးရ၊ မုချ ဖြစ်တတ်စွာ

ရှေးဦးစွာသော ကလျာဏဓမ္မဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကလျာဏဝဂ်

၂။ ဒဒ္ဒရဇာတ်

ခြင်္သေ့ကိုတုသော မြေခွေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကော နု သဒ္ဒေန မဟတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒဒ္ဒရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောကာလိကကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုကာလ၌ အကြားအမြင်များကုန်သော ရဟန်းတို့သည် ဆေးဒန်းမြင်းသီလာအပြင်၌ ဟောက်ကုန်သော ခြင်္သေ့မျိုးတို့ကဲ့သို့၎င်း ကောင်းကင်ပြင်၌စီးသောမြစ်ကို အောက်သို့ စီးစေကုန်ဘိသကဲ့သို့၎င်း သဃာ့အလယ်၌ အသံဖြင့်ဟောအပ်သောတရားကို ဟောကုန်၏။ ကောကာလိကသည် ထိုအကြားအမြင်များကုန်သော ရဟန်းတို့သည် အသံဖြင့်ဟောအပ်သောတရားကို ဟောကုန်သည်ရှိသော် မိမိအချည်းနှီး၏ အဖြစ်ကိုမသိမူ၍သာလျှင် ငါသည်လည်း အသံဖြင့်ဟောအပ်သောတရားကို ဟောအံ့ဟု ရဟန်းတို့၏အလယ်သို့ဝင်၍ ငါတို့အား အသံဖြင့် ဟောအပ်သောတရားကို ရဟန်းတို့သည် မရောက်စေကုန်၊ ငါတို့အား အကယ်၍ ရောက်စေကုန်ငြားအံ့ ငါတို့သည်လည်း ဟောချင်ပါကုန်၏ဟု သင်္ဃာ၏အမည်ကိုမယူမူ၍ ထိုထိုအရပ်၌ဆိုလျက် လှည့်လည်၏။ ထိုကောကာလိက၏ ထိုစကားသည် ရဟန်းသင်္ဃာ၌ ထင်ရှားသည် ဖြစ်၏။ ထိုရဟန်းတို့သည် ထိုကောကာလိကကို စုံစမ်းကုန်ဦးအံ့ဟူသောအမှတ်ဖြင့် ဤသို့ဆိုကုန်၏။ အဘယ်သို့ ဆိုကုန်သနည်းဟူမူကား ငါ့သျှင် ကောကာလိက ယနေ့ ရဟန်းသင်္ဃာအား အသံဖြင့် ဟောအပ်သောတရားကို ဟောလော့ဟု ဆိုကုန်၏။ ထိုကောကာလိကသည် မိမိ၏အစွမ်းကို မသိဘဲသာလျှင် ကောင်းပြီဟု ဝန်ခံ၍ ယနေ့ အသံဖြင့်ဟောအပ်သောတရားကို ဟောအံ့ဟု မိမိအားရောက်သော ယာဂုကို သောက်၏။ ခဲဘွယ်ကို ခဲ၏။ လျောက်ပတ်သည်သာလျှင်ဖြစ်သော ဟင်းဖြင့်စား၏။

နေဝင်၍ တရားနာအံ့သောကာလကို ကြွေးကြော်သည်ရှိသော် ရဟန်း အပေါင်းသည် စည်းဝေး၏။ ထိုကောာလိကသည် လိပ်သရွှေပန်းအဆင်းနှင့်တူသော သင်းပိုင်ကိုဝတ်၍ မဟာလှေကားပန်းအဆင်းနှင့်တူသော သင်္ကန်းကိုရုံ၍ သင်္ဃာအလယ်သို့ဝင်၍ သီတင်းကြီးသောရဟန်းတို့ကို ရှိခိုး၍ တန်ဆာဆင်အပ်သော ရတနာမဏ္ဍပ်၌ ခင်းအပ်သော ဓမ္မကထိကတို့၏နေရာသို့တက်၍ ဆန်းကြယ်သောယပ်ကိုကိုင်၍ အသံဖြင့်ဟောအပ်သောတရားကို ဟောအံ့ဟူ၍ နေ၏။ ထိုခဏ၌သာလျှင် ကောကာလိက၏ကိုယ်မှ ချွေးတို့သည် ယိုကုန်၏။ ရွံရှာသည်၏ အဖြစ်သည်လည်း သက်ဝင်၏။ ဟောဦးစ၌ ပဌမပုဒ်ကိုဟော၍ ပဌမပုဒ်မှတပါးကို မမြင်သလျှင်ကတည်း၊ ထိုကောကာလိကသည် တုန်လှုပ်လျက် နေရာမှသက်၍ ရှက်စနိုးသည်ဖြစ်၍ သင်္ဃာ့အလယ်မှဖဲ၍ မိမိ၏ ပရိဝုဏ်သို့ သွားလေ၏။ တပါးသော အကြား အမြင်များသောရဟန်းသည် အသံဖြင့်ဟောအပ်သော တရားကို ဟော၏။ ထိုအခါမှစ၍ ရဟန်းတို့သည် ထိုကောကာလိက၏ အချည်းနှီး၏အဖြစ်ကို သိကုန်၏။ ထိုအခါ တနေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် ငါ့သျှင်တို့ ရှေးဦးစွာသော ကောကာလိက၏ အချည်းနှီး၏ အဖြစ်ကို သိနိုင်ခဲ့၏။ ယခုအခါ၌ကား မိမိသည်မြွက်၍ ထိုကောကာလိက၏ ထိုအချည်း နှီး၏အဖြစ်သည် ထင်ရှား၏ဟု စကားကိုဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ကောကာလိကသည် ယခုအခါ၌သာလျှင် ဤကဲ့သို့ဆို၍ မိမိ၏ အချည်းနှီးအဖြစ်သည် ထင်ရှားသည်မဟုတ်သေး၊ ရှေး ၌လည်း ဤကဲ့သို့ဆို၍ ထင်ရှားသည် ဖြစ်ဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်တို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်ဝယ် ခြင်္သေ့မျိုး၌ဖြစ်၍ များစွာကုန်သောခြင်္သေ့တို့၏ မင်းဖြစ်၏။ ထိုခြင်္သေ့မင်းသည် များစွာသောခြင်္သေ့အပေါင်းခြံရံလျက် ဂူ၌နေ၏။ ထိုဂူအနီး၌ တခုသော မြေခွေးသည်လည်း နေ၏။ ထိုအခါ တနေ့သ၌ မိုဃ်းသည် ရွာ၍စဲသည်ရှိသော် ခပ်သိမ်းကုန်သောခြင်္သေ့တို့သည် ခြင်္သေ့မင်း၏ဂူတံခါး၌ စည်းဝေးကုန်၍ ခြင်္သေ့သံကိုဟောက်ကုန်လျက် ခြင်္သေ့တို့၏ ကစားမြူးထူးခြင်းဖြင့် မြူထူးကုန်၏။ ထိုခြင်္သေ့တို့၏ ဤသို့ဟောက်ကုန်၍ ကစားမြူထူးသောကာလ၌ ထိုမြေခွေးသည်လည်း ဟောင်၏။ ခြင်္သေ့တို့သည် ထိုမြေခွေး၏အသံကိုကြားကုန်၍ ဤမြေခွေးသည် ငါတို့နှင့်တကွ ဟောင်၏ဟု ရှက်စနိုးကုန်၍ ဆိတ်ဆိတ်နေကုန်၏။ ခြင်္သေ့တို့၏ ဆိတ်ဆိတ်နေသော ကာလ၌ ဘုရားလောင်း၏သားဖြစ်သော ခြင်္သေ့ငယ်သည် ဤခြင်္သေ့တို့သည် ဟောက်ကုန်၍ ခြင်္သေ့တို့၏ကစားမြူးထူးခြင်းဖြင့် ကစားမြူထူးကုန်စဉ် ထိုသတ္တဝါ၏အသံကို ကြားကုန်၍ ရှက်ခြင်းကြောင့် ဆိတ်ဆိတ်နေသည် ဖြစ်ကုန်၏။ သားအမျိုးကိုအစိုးရသော ခြင်္သေ့မင်း အကြင်သတ္တဝါသည် မိမိ၏အသံဖြင့် မိမိကိုယ်ကို သိစေ၏။ ဤသတ္တဝါသည် အဘယ်မည်သော သတ္တဝါနည်းဟု အဘခြင်္သေ့မင်းကို မေးလိုရကား-

၄၃။ ကော နု သဒ္ဒေန မဟတာ၊ အဘိနာဒေတိ ဒဒ္ဒရံ။
တံ သီဟာ နပ္ပဋိနဒန္တိ၊ ကော နာမေသော မိဂါဓိဘူ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၄၃။ မိဂါဓိဘူ၊ သားများသေဌ်နင်း ခြင်္သေ့မင်း။ ယော၊ အကြင်သတ္တဝါသည်။ မဟတာ၊ သည်းစွာသော။ သဗ္ဗေန၊ အသံဖြင့်။ ဒဒ္ဒရံ၊ ငွေတောင်ကို။ အဘိနာဒေတိ၊ ပဲ့တင်ထပ်စေ၏။ သော၊ ထိုသတ္တဝါသည်။ ကော နု၊ အဘယ်မည်သော သတ္တဝါနည်း။ ယဿ၊ အကြင်သတ္တဝါ၏။ တံ သဒ္ဒံ၊ ထိုအသံကို။ သီဟာ၊ ခြင်္သေ့တို့သည်။ နပ္ပဋိနဒန္တိ၊ အသံပြု၍ မဟောက်ကြကုန်။ ဧသော၊ ဤသတ္တဝါသည်။ ကော နာမ၊ အဘယ်မည်သော သတ္တဝါနည်း။

ထိုအခါ၌ ထိုခြင်္သေ့၏စကားကို ကြား၍ အဘခြင်္သေ့မင်းသည်-

၄၄။ အဓမ္မော မိဂဇာတာနံ၊ သိင်္ဂါလော တာတ ဝဿတိ။
ဇာတိမဿ ဇိဂုစ္ဆန္တော၊ တုဏှီ သီဟာ သမစ္စရေ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၄၄။ တာတ၊ ချစ်သား။ မိဂဇာတာနံ၊ သားမျိုးတို့တွင်။ အဓမ္မော၊ ယုတ်မာသော။ သိင်္ဂါလော၊ မြေခွေးသည်။ ဝဿတိ၊ ဟောင်၏။ အဿ၊ ထိုမြေခွေး၏။ ဇာတိံ၊ အမျိုးကို။ ဇိဂုစ္ဆန္တော၊ ရွံရှာကုန်သည်ဖြစ်၍။ သီဟာ၊ ခြင်္သေ့တို့သည်။ တုဏှီ၊ ဆိတ်ဆိတ်ဖြစ်ကုန်၍။ သမစ္စရေ၊ နေကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ကောကာလိကသည် ယခုအခါ၌သာလျှင် မိမိကိုယ်ကို ထင်ရှားသည်ကို ပြုသည်ကား မဟုတ်သေး၊ ရှေး၌လည်း ပြုဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ ကောကာလိကသည် ထိုအခါ မြေခွေးဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ ခြင်္သေ့ငယ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခြင်္သေ့မင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

မတူဘဲတု၊ ဝင့်ဝါမှု၊ လူထု စက်ဆုပ်ဘွယ်

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဒဒ္ဒရဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကလျာဏဝဂ်

၃။ မက္ကဋဇာတ်

ရသေ့ နှင့် မျောက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် တာတ မာဏဝကော ဧသော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ မက္ကဋဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သောအံ့ဘွယ်သရဲကို ဖြစ်စေတတ်သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် ပကိဏ္ဏကနိပါတ် ဥဒ္ဒါလကဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ထိုအခါ၌ကား မြတ်စွာဘုရားသည် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သည်မဟုတ်သေး၊ ရှေး၌လည်း မျောက်ဖြစ်၍ မီးဟူ သောအကြောင်းကြောင့်အံ့ဘွယ်၏အဖြစ်ကို ပြုဘူးသည်သာလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသော ကာသိကရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ အတတ်သင်၍ အိမ်ရာထောင်ခြင်းကို ဖြစ်စေ၏။ ထိုအခါ၌ ထိုဘုရားလောင်း၏ ပုဏ္ဏေးမသည် တယောက်သောသားကို ဖွား၍ သား၏ ရှေးရှုထက်ဝန်းကျင်ပြေး၍ သွားနိုင်သောကာလ၌ ပုဏ္ဏေးမသည် သေ၏။ ဘုရားလောင်းသည် ထိုပုဏ္ဏေးမ၏ သူသေကိစ္စကိုပြု၍ ငါ့အား အိမ်ရာထောင်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု သားကိုယူ၍ ရဟန်းပြုအံ့ဟု မျက်ရည်တို့ဖြင့်ပြည့်သောမျက်နှာရှိသော အမျိုးအဆွေအပေါင်းကိုစွန့်၍ သားကိုယူ၍ ဟိမဝန္တာသို့ဝင်ပြီးလျှင် ရသေ့ရဟန်းပြု၍ အလိုလိုသာလျှင်ဖြစ်သော သစ်မြစ်သစ်သီးဟူသော အာဟာရရှိသည် ဖြစ်၍ နေ၏။ ထိုဘုရားလောင်းသည် တနေ့သ၌ မိုဃ်းတွင်းကာလဝယ် မုဃ်းရွာသည်ရှိသော် မြတ်ကုန်သောထင်းတို့ကို မီးညှိ၍လှုံလျက် သစ်ပျဉ်များ၏ အလယ်၌ အိပ်၏။ ထိုဘုရားလောင်း၏ သားဖြစ်သောရသေ့ငယ်သည်လည်း ခြေတို့ကိုဆုပ်နယ်လျှက်သာလျှင် နေ၏။

ထိုအခါ တခုသော တောမျောက်သည် အချမ်းဖြင့်နှိပ်စက်အပ်သည်ဖြစ်၍ ထိုဘုရားလောင်း၏ သစ်ရွက်ဖြင့်မိုးသောကျောင်း၌ ထိုမီးကိုမြင်၍ ငါသည် ထိုကျောင်းသို့ အကယ်၍ဝင်အံ့၊ မျောက် မျောက်ဟူ၍ ငါ့ကို ရိုက်ကုန်၍ ထုတ်ကုန်လတ္တံ့၊ မီးကိုလှုံအံ့သောငှါ မရလတ္တံ့၊ ယခုအခါ၌ ငါ့အား အကြောင်းရှိ၏။ ရသေ့တို့၏အသွင်ကိုယူ၍ ရသေ့၏ အဖြစ်ကိုပြု၍ သွားအံ့ဟု ကြံ၍ တပါးသော သေလေပြီးသောရသေ့၏ သင်္ကန်းတို့ကိုဝတ်ရုံ၍ ခြင်းတောင်းကို၎င်း ချွန်းရိုးကို၎င်းကိုင်၍ သစ်ရွက်ဖြင့်မိုးသော ကျောင်းတံခါး၌ တခုသောထန်းပင်ကိုမှီ၍ ဆောင့်ကြောင့်ထိုင်လျှက် နေ၏။ ရသေ့ငယ်သည် ထိုမျောက်ကိုမြင်၍ မျောက်၏အဖြစ်ကိုမသိသည်ဖြစ်၍ တပါးသောရသေ့အိုသည် အချမ်းဖြင့်နှိပ်စက်အပ်သည်ဖြစ်၍ မီးလှုံအံ့သောငှါ လာသည် ဖြစ်လတ္တံ့ဟု အောက်မေ့၍ အဘဖြစ်သော ရသေ့အားဆို၍ ထိုရသေ့အိုကို သစ်ရွက်ဖြင့် မိုးအပ်သောကျောင်းကို ဝင်စေ၍ မီးလှုံစေအံ့ဟု ကြံ၍ အဘကို ခေါ်လိုရကား-

၄၅။ တာတ မာဏဝကော ဧသော၊ တာလမူလံ အပဿိတော။
အဂါရကဉ္စိဒံ အတ္ထိ၊ ဟန္ဒ ဒေမဿဂါရကံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၄၅။ တာတ၊ ဘခင်။ ဧသော မာဏဝကော၊ ဤရသေ့သည်။ တာလမူလံ၊ ထန်းတုံးကို။ အပဿိတော၊ မှီ၍နေ၏။ အမှာကံ၊ ငါတို့အား။ ဣဒဉ္စ အဂါရကံ၊ ဤမီးတင်းကုပ်သည်လည်း။ အတ္ထိ၊ ရှိ၏။ ဟန္ဒ၊ ချမ်းခြင်းဟူသော ဘေးကြောင့်။ အာဂတဿ၊ လာသော။ အဿ၊ ထိုရသေ့အား။ အဂါရကံ၊ မီးတင်းကုပ်ကို။ ဒေမ၊ ပေးကုန်အံ့။

ဘုရားလောင်းသည် သား၏စကားကိုကြားလျှင် ထ၍ သစ်ရွက်ဖြင့်မိုးအပ်သော ကျောင်းတံခါး၌ရပ်၍ ကြည့်သည်ရှိသော် ထိုသတ္တဝါ၏ မျောက်၏အဖြစ်ကိုသိ၍ အမောင် လူတို့၏ မျက်နှာမည်သည်ကား ဤသို့ သဘောရှိသည်မဖြစ်၊ ဤသတ္တဝါသည် မျောက်တည်း၊ ကျောင်းတွင်းသို့ မခေါ်အပ်ဟုဆိုလိုရကား-

၄၆။ မာ ခေါ တွံ တာတ ပက္ကောသိ၊ ဒူသေယျ နော အဂါရကံ။
နေတာဒိသံ မုခံ ဟောတိ၊ ဗြာဟ္မဏဿ သုသီလိနော။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၄၆။ တာတ၊ ချစ်သား။ သုသီလိနော၊ ကောင်းသော သီလရှိသော။ ဗြဟ္မဏဿ၊ ရသေ့၏။ မုခံ၊ မျက်နှာသည်။ ဧတာဒိသံ၊ ထိုသို့ သဘောရှိသည်။ န ဟောတိ၊ မဖြစ်။ ဧသော၊ ဤသတ္တဝါသည်။ မက္ကဋော၊ မျောက်တည်း။ အယံ၊ ဤမျောက်သည်။ ဣဓ၊ ဤကျောင်းတွင်းသို့။ ပဝိဋ္ဌော၊ ဝင်လာသည်ရှိသော်။ နော၊ ငါတို့၏။ အဂါရကံ၊ ကျောင်းကို။ ဒူသေယျ၊ ဖျက်ဆီးရာ၏။ တွံ၊ သင်သည်။ မာ ခေါ ပဏ္ဏာသိ၊ မခေါ်လင့်။

ဤသတ္တဝါသည် မျောက်တည်းဟုဆို၍ ဘုရားလောင်းသည် မီးစတခုကိုယူ၍ ဤအရပ်တွင်မနေလင့်ဟု ပစ်လိုက်၍ ထိုမျောက်ကို ပြေးစေ၏။ မျောက်သည် သင်္ကန်းတို့ကိုစွန့်၍ သစ်ပင်သို့တက်၍ တောအုပ်တွင်းသို့ ဝင်လေ၏။ ဘုရားလောင်းသည် ဗြဟ္မဝိဟာရတရားလေးပါးတို့ကို ပွားစေ၍ ဗြဟ္မာ့ပြည်သို့လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါအံ့ဘွယ်သရဲကို ဖြစ်စေတတ်သောရဟန်းသည် ထိုအခါ မျောက်ဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ သားရသေ့ငယ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

ရသေ့သို့ယောင်၊ အသွင်ဆောင်၊ မျောက်လှောင်အံ့ဘွယ်ပြ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော မက္ကဋဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကလျာဏဝဂ်

၄။ ဒုဗ္ဘိယမက္ကဋဇာတ်

ပုဏ္ဏား နှင့် မျောက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အဒမှ တေ ဝါရိ ပဟူတရူပံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒုဗ္ဘိယမက္ကဋဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ တနေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် ဒေဝဒတ်၏ ကျေးဇူးမသိတတ်သည်၏အဖြစ် အဆွေ ခင်ပွန်းပြစ်မှားတတ်သည်၏ အဖြစ်ကို ပြောဆိုလျက် နေကြကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ကျေးဇူးမသိတတ်သည် အဆွေခင်ပွန်းကို ပြစ်မှားတတ်သည် မဟုတ်သေး၊ ရှေး၌လည်း ဤသို့သဘောရှိသည် ဖြစ်ဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသော ကာသိကရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် အိမ်ရာ ထောင်ခြင်းကို ဖြစ်စေ၏။ ထိုအခါ ကာသိကတိုင်း၌ ခရီးလမ်းမကြီး၏ အနီး၌ နက်သော တိရစ္ဆာန်တို့၏ဆင်းသက်၍သောက်ခြင်းငှာ မတတ်ကောင်းသော တခုသာ ရေတွင်းသည် ဖြစ်၏။ ခရီးသွားကုန်သော ကောင်းမှုကိုအလိုရှိကုန်သော လူတို့သည် ကြိုးရှည်ဖြင့်ဖွဲ့သောအိုးဖြင့် ရေကိုငင်၍ တခုသောကျင်း၌ပြည့်စေ၍ တိရစ္ဆာန်တို့အား ရေကိုပေးကုန်၏။ ထိုရေတွင်း၏ ထက်ဝန်းကျင်မှ ကြီးစွာသောတောသည် ရှိ၏။ ထိုတော၌ များစွာကုန်သော မျောက်တို့သည် နေကုန်၏။ ထိုအခါ ထိုလမ်း၌ နှစ်ရက်သုံးရက်တို့ပတ်လုံး လူတို့၏ အသွားအလာလည်းပြတ်၍ တိရစ္ဆာန်တို့သည် ရေကို မရကုန်၊ မျောက်တခုသည် ရေငတ်ခြင်းနှိပ်စက်အပ်သည်ဖြစ်၍ ရေကိုရှာလျက် ရေတွင်း၏ အနီး၌ သွား၏။ ဘုရားလောင်းသည် တစုံတခုသောပြုဘွယ်ကိစ္စကြောင့် ထိုလမ်းသို့သွား၍ ရောက်သည်ရှိသော် ထိုရေတွင်း၌ ရေကိုငင်၍သောက်ပြီးလျှင် လက်ခြေကိုဆေး၍ ရပ်သည်ရှိသော် ထိုမျောက်ကိုမြင်၏။ ထိုအခါ၌ ထိုမျောက်၏ ရေငတ်သည်၏အဖြစ်ကိုသိ၍ ရေကိုငင်၍ ကျင်း၌ လောင်း၍ ပေး၏။ ပေးပြီး၍ကား အပင်အပန်းဖြေအံ့ဟု တခုသောသစ်ပင်ရင်း၌ လျောင်း၏။ မျောက်သည် ရေကိုသောက်၍ မနီးမဝေးသောအရပ်၌နေ၍ နှုတ်သီးဖြင့် ဘောက်ပြန်သော ရှုဘွယ်ရှိသည်ကိုပြုလျှက် ဘုရားလောင်းကို ချောက်၏။ ဘုရားလောင်းသည် ထိုမျောက်၏ အမူအရာကိုမြင်၍ ဟယ် ... ပျက်ချော်သောမျောက် ငါသည် ရေငတ်သည်ဖြစ်၍ ပင်ပန်းသောသင့်အား များစွာသောရေကို ပေး၏။ သင်သည် ယခုအခါ၌ ငါ့အား နှုတ်သီးဖြင့် ဘောက်ပြန်သော ရှုဘွယ်ရှိသည်ကိုပြုဘိ၏။ ယုတ်သောသူအား ပြုအပ်သော ကျေးဇူးပြုခြင်းမည်သည်ကား အကျိုးမဲ့တကားဟုဆိုလို၍-

၄၇။ အဒမှ တေ ဝါရိ ပဟူတရူပံ၊
ဃမ္မာဘိတတ္တဿ ပိပါသိတဿ။
သော ဒါနီ ပိတွာန ကိရိင်္ကရောသိ၊
အသင်္ဂမော ပါပဇနေန သေယျော။

ဟူသော ရှေးဦးစွာသော ဂါထာကို ဆို၏။

၄၇။ ဟရေ ဒုဋ္ဌမက္ကဋက၊ ဟယ်... ပျက်ချော်သော မျောက်။ ဃမ္မာဘိတတ္တဿ၊ အပူနှိပ်စက်သည်ဖြစ်၍။ ပိပါသိတဿ၊ ရေငတ်သော။ တေ၊ သင့်အား။ ပဟူတရူပံ၊ များစွာသော။ ဝါရိ၊ ရေကို။ အဒမှ၊ ငါတို့ပေးကုန်၏။ သော၊ ထိုသင်သည်။ ဣဒါနိ၊ ယခု၌။ ပိတွာန၊ သောက်ပြီး၍။ ကိရိင်္ကရောသိ၊ ကိရိ ကိရိဟူသော အသံကိုပြု၏။ ပါပဇနေန၊ ယုတ်မာသောသူနှင့်။ အသင်္ဂမော၊ မပေါင်းဘော်ရခြင်းသည်သာလျှင်။ သေယျော၊ ကောင်းမြတ်၏။

ထိုအဆွေခင်ပွန်း ပြစ်မှားတတ်သောမျောက်သည် ထိုစကားကိုကြား၍ သင်သည် ဤမျှဖြင့်သာလျှင် ထိုပြစ်မှားသောအမှုကို ပြီးပြီဟူသော အမှတ်ကိုပြု၏။ ယခုအခါ၌ သင်၏ဦးခေါင်းပေါ်၌ မစင်ကိုချ၍ သွားအံ့ဟုဆိုလိုရကား-

၄၈။ ကော တေ သုတော ဝါ ဒိဋ္ဌာ ဝါ၊ သီလဝါ နာမ မက္ကဋော။
ဣဒါနိ ခေါ တံ ဩဟစ္ဆံ၊ ဧသာ အသ္မာက ဓမ္မတာ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၄၈။ ဘော ဗြာဟ္မဏ၊ အို ပုဏ္ဏား။ သီလဝါ၊ သီလရှိသော။ မက္ကဋော နာမ၊ မျောက်မည်သည်ကား။ အတ္ထီတိ၊ ရှိ၏ဟူ၍။ တေ၊ သင်သည်။ ကော၊ အဘယ်မှာ။ သုတော ဝါ၊ ကြားမူလည်း ကြားဘူးပါသနည်း။ ဒိဋ္ဌော ဝါ၊ မြင်မူလည်း မြင်ဘူးပါသနည်း။ ဣဒါနိ ခေါ၊ ယခုအခါ၌သာလျှင်။ အဟံ၊ ငါသည်။ တံ၊ သင့်ဦးခေါင်းပေါ်ကို။ ဩဟစ္ဆံ၊ ကျင်ကြီးစွန့်လိုက်ရဦးအံ့။ ဧသာ၊ ဤသို့ ကျင်ကြီးကိုစွန့်ခြင်းသည်။ အသ္မာကံ၊ မျောက်မျိုးဖြစ်ရသော ငါတို့၏။ ဓမ္မတာ၊ သဘောတည်း။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ထ၍သွားအံ့သောငှါ အားထုတ်၏။ မျောက်သည် ထိုခဏ၌သာလျှင် ခုန်၍ သစ်ခက်၌ထိုင်ပြီးလျှင် တွဲလျားဆွဲလျက် သက်ဘိသကဲ့သိုပြု၍ ထိုဘုရားလောင်း ဦးခေါင်း၌ ကျင်ကြီးကိုချ၍ မြည်လျက် တောအုပ်သို့ ဝင်လေ၏။ ဘုရားလောင်းသည် ရေချိုး၍ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ပြုအပ်သောကျေးဇူးကို မသိသည် မဟုတ်သေး၊ ရှေး၌လည်း ငါသည် ပြုအပ်သောကျေးဇူးကို မသိသည်သာလျှင်ကတည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မျောက်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုဏ္ဏားဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးရှိမှ၊ ကျေးစွတ်ရ၊ နှိုင်းဆ ဆင်ခြင်ရာ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဒုဗ္ဘိယမက္ကဋဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကလျာဏဝဂ်

၅။ အာဒိစ္စုပဋ္ဌာနဇာတ်

ရသေ့ နှင့် မျောက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သဗ္ဗေသု ကိရ ဘူတေသု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအာဒိစ္စုပဋ္ဌာနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သောအံ့ဘွယ်သရဲကို ဖြစ်စေတတ်သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် အောက်၌ဆိုအပ်ပြီးသည်နှင့် တူသလျှင်တည်း။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိကတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းကုန်သောအတတ်တို့ကိုသင်၍ ရသေ့ရဟန်းပြုပြီးလျှင် အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ များသောအခြံအရံရှိသော ရသေ့အပေါင်းတို့၏ ဆရာဖြစ်၍ ဟိမဝန္တာအရပ်၌နေ၏။ ထိုဘုရားလောင်းသည် ထိုဟိမဝန္တာ၌ ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှါ တောင်မှသက်၍ အရပ်စွန်၌ တခုသော ရွာကိုမှီ၍ သစ်ရွက်ဖြင့် မိုးအပ်သောကျောင်း၌ နေ၏။ ထိုအခါ၌ တခုသော လျှပ်ပေါ်သော မျောက်သည် ရသေ့အပေါင်းတို့ ဆွမ်းခံအံ့သောငှါ သွားသည်ရှိသော်ညရသေ့တို့၏ နေရာအရပ်သို့လာလတ်၍ သစ်ရွက်ဖြင့်မိုးအပ်သော ကျောင်း၏အပေါ်၌ မြူးခုန်ကစား ပြေးလွှားခြင်းတို့ကိုပြု၏။ သောက်ရေအိုး၌ ရေကိုစွန့်၏။ ကရားကို ခွဲ၏။ မီးတင်း ကုပ်၌ ကျင်ကြီးကို စွန့်၏။ ရသေ့တို့သည် မိုးဃ်းလပတ်လုံးနေကုန်၍ ယခုအခါဟိမဝန္တာ၌ အပွင့်အသီးနှင့် ပြည့်စုံသည်ဖြစ်၍ မွေ့လျော်ဘွယ်ရှိလေအံ့၊ ထိုဟိမဝန္တာသို့သာလျှင် သွားကြကုန်အံ့ဟု အရပ်စွန်၌နေသော ဒါယကာတို့ကို ပန်ကြားကုန်၏။ လူတို့သည် အရှင်ဘုရားတို့ နက်ဖြန် အကျွန်ုပ်တို့သည် ဆွမ်းကိုယူကုန်၍ အရှင်မြတ်တို့၏ နေရာအရပ်သို့ လာပါကုန်အံ့၊ ထိုဆွမ်းကို ဘုဉ်းပေးတော်မူကုန်၍ ကြွတော်မူကုန်လော့ဟု လျောက်ကုန်၍ နှစ်ရက်မြောက်သောနေ့၌ များစွာသော ခဲဘွယ်ကို၎င်း ဘောဇဉ်ကို၎င်း ယူခဲ့ကုန်၍ ထိုကျောင်းသို့ လာကြကုန်၏။ ထိုမျောက်သည် ထိုခဲဘွယ်ဘောဇဉ်ကိုမြင်၍ ငါသည်အံ့ဘွယ်ပြုသည်၏အဖြစ်ကိုပြု၍ လူတို့ကိုနှစ်သက်စေ၍ ငါ့အားလည်း ခဲဘွယ်ကို၎င်း ဘောဇဉ်ကို၎င်း ပေးစေအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုမျောက်သည် ရသေ့တို့၏အကျင့်ကို ကျင့်သကဲ့သို့ဖြစ်၍ ရသေ့တို့၏ မနီးမဝေးသောအရပ်၌ နေကိုရှိခိုးလျှက်သာလျှင် ရပ်၏။ လူတို့သည် ထိုမျောက်ကိုမြင်ကုန်၍ သီလရှိကုန်သော သူတို့၏အထံ၌ နေခြင်းကြောင့် သီလရှိသည်ဖြစ်၏ဟု ဆို၍-

၄၉။ သဗ္ဗေသု ကိရ ဘူတေသု၊ သန္တိ သီလသမာဟိတာ။
ပဿ သာခမိဂံ ဇမ္မံ၊ အာဒိစ္စမုပတိဋ္ဌတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆိုကုန်၏။

၄၉။ သဗ္ဗေသု၊ ခပ်သိမ်းကုန်သော။ ဘူတေသု၊ သတ္တဝါတို့၌။ သီလသမာဟိတာ၊ သီလနှင့် ပြည့်စုံကုန်သော သတ္တဝါတို့သည်။ သန္တိ ကိရ၊ ရှိကုန်သတတ်။ ဇမ္မံ၊ ယုတ်မာသော။ သာခမိဂံ၊ မျောက်ကို။ ပဿ၊ ရှုလော့။ အယံ၊ ဤမျောက်သည်။ အာဒိစ္စံ၊ နေကို။ ဥပတိဋ္ဌတိ၊ ရှိခိုးလျှက်တည်၏။

ဤသို့ ထိုမျောက်၏ကျေးဇူးကိုဆိုကုန်သော ထိုလူတို့ကို ဘုရားလောင်းသည်မြင်၍ သင်တို့သည် ဤသို့ လျှပ်ပေါ်သောမျောက်၏ သီလအကျင့်ကိုမသိကုန်၍ အရာမဟုတ်သည်၌ သာလျှင် ကြည်ညိုကုန်၏ ဟု ဆို၍-

၅၀။ နာဿ သီလံ ဝိဇာနာထ၊ အနညာယ ပသံသထ။
အဂ္ဂိဟုတ္တဉ္စ ဥဟန္နံ၊ ဒွေ စ ဘိန္နာ ကမဏ္ဍလူ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၅၀။ ဘောန္တော၊ အို ဒါယကာတို့။ တုမှေ၊ သင်တို့သည်။ အဿ၊ ထိုမျောက်ယုတ်မာ၏။ သီလံ၊ သီလကို။ န ဝိဇာနာထ၊ မသိကုန်။ အနညာယ၊ မသိကုန်၍။ ပသံသထ၊ ချီးမွမ်းကုန်၏။ ဣမိနာ ပါပမက္ကဋေန၊ ဤမျောက်ယုတ်မာသည်။ အမှာကံ၊ ငါရှိ၏။ အဂ္ဂိုဟုတ္တဉ္စ၊ မီးတင်းကုပ်ကိုလည်း။ ဥဟန္နံ၊ ကျင်ကြီးစွန့်အပ်၏။ ဒွေ ကမဏ္ဍလူ စ၊ ကရားနှစ်ခုတို့ကိုလည်း။ ဘိန္နာ၊ ခွဲအပ်ကုန်၏။

ဤသို့ ဘုရားလောင်းသည် ထိုမျောက်၏ကျေးဇူးမဲ့ကို ဆို၏။ လူတို့သည် မျောက်၏အံ့ဘွယ်ကိုဖြစ်စေသည်၏အဖြစ်ကို သိကုန်၍ ခဲကို၎င်း တုတ်လှံတံကို၎င်း ကိုင်ကုန်၍ ပစ်ခတ်ရိုက်ပုတ်ကုန်၍ ပြေးစေပြီးလျှင် ရသေ့အပေါင်းအား ဆွမ်းကိုလှူဒါန်းကုန်၏။ ရသေ့အပေါင်းတို့သည်လည်း ဟိမဝန္တာသို့သာလျှင်သွားကုန်၍ မယုတ်သော ဈာန်ရှိကုန်သည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လားကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ၌အံ့ဘွယ်သရဲကို ဖြစ်စေတတ်သောရဟန်းသည် ထိုအခါ မျောက်ဖြစ်ဘူးပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ရသေ့အပေါင်းတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့အပေါင်းတို့၏ဆရာ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

တနပ်စားဉာဏ်၊ အမှီဖန်၊ မျောက်ဟန် မပြုရာ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော အာဒိစ္စုပဋ္ဌာနဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကလျာဏဝဂ်

၆။ ကဠာယမုဋ္ဌိဇာတ်

ကုလားပဲတစေ့ နှင့် တဆုပ်ဆုံး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဗာလော ဝတာယံ ဒုမသာခ ဂေါစရောအစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဠာယမုဋ္ဌိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောသလမင်းကြီးကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ တပါးသောအခါ မိုဃ်းတွင်းကာလ၌ ကောသလမင်း၏ ပစ္စန္တရစ်သည် ပျက်၏။ ထိုပစ္စန္တရစ်၌ တည်ကုန်သော သူရဲတို့သည် နှစ်ကြိမ်သုံးကြိမ်ကုန်သော စစ်ထိုးခြင်းတို့ကို ပြုကုန်၍ ရန်သူကိုနှိပ်နင်းအံ့သောငှါ မတတ်နိုင်ကုန်သည်ဖြစ်၍ မင်းအား သတင်းစကားကိုစေကုန်၏။ ကောသလမင်းသည် စစ်ထိုးသင့်သောအခါမဟုတ်သော မိုဃ်းတွင်းကာလ၌ပင်လျှင်ထွက်၍ ဇေတဝန် ကျောင်းတော်၏အနီး၌ သစ်ခက်တပ်ကိုဖွဲ့၍ ကြံ၏။ အဘယ်သို့ ကြံသနည်းဟူမူကား ငါသည်ကား စစ်ထိုးသင့်သောအခါမဟုတ်သည်၌ စစ်ထိုးအံ့သောငှါ ထွက်၏။ ချောင်းမြောင်းထုံးအိုင်တို့သည် ရေဖြင့်ပြည့်ကုန်၏။ လမ်းခရီးသည် သွားရန်ခဲယဉ်း၏။ မြတ်စွာဘုရားသို့ဆည်းကပ်အံ့၊ ထိုမြတ်စွားဘုရားသည် ငါ့ကို မြတ်သော မင်းကြီး သင်သည်အဘယ်အရပ်သို့ သွားအံ့နည်းဟု မေးတော်မူလတ္တံ့၊ ထိုအခါ၌ ငါသည် ထိုအကြောင်းကို ကြားလျှောက်အံ့၊ ငါ့ကို မြတ်စွာဘုရားသည် တမလွန်ဘဝ၌ဖြစ်သော အကျိုးဖြင့်သာလျှင် ချီးမြှောက်တော်မူသည် မဟုတ်၊ ပစ္စုပ္ပန်မျက်မှောက် ၌ဖြစ်သော အကျိုးဖြင့်လည်း ချီးမြှောက်တော် မူပေသလျှင်ကတည်း၊ ထို့ကြောင့် စစ်ထိုးသွားခြင်း၌ ငါအား အစီးအပွားမရှိသည် အကယ်၍ဖြစ်လတ္တံ့၊ မြတ်သောမင်းကြီး အခါမဟုတ်သေးဟု မိန့်တော်မူလတ္တံ့၊ အစီးအပွားသည် အကယ်၍ဖြစ်လတ္တံ့၊ ဆိတ်ဆိတ်နေတော်မူသည်ဖြစ်လတ္တံ့၊ ဤသို့ကြံ၏။ ကြံပြီး၍ ထိုကောသလမင်းသည် ဇေတဝန်ကျောင်းသို့ဝင်၍ မြတ်စွာဘုရားအား ရှိခိုးလျက် တင့်အပ်လျောက်ပတ်စွာ နေ၏။ မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ယခု သင်သည် နေမွန်းတည့်သောအခါ၌ အဘယ်အရပ်မှလာသနည်းဟု မေးတော်မူ၏။ အရှင်ဘုရား ကျွန်ုပ်သည် ပစ္စန္တရစ်ကို ငြိမ်းစိမ့်သောငှာ ခွါထွက်ခဲ့၏။ အရှင်ဘုရားတို့ကို ရှိခိုး၍ သွားအံ့သောငှါ လာပါသည်ဟုလျှောက်၏။ မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ရှေး၌လည်း မင်းတို့သည် စစ်သည်ဗိုလ်ပါဖြင့် စစ်ထိုးအံ့သောငှါ ထွက်လတ်ကုန်သည်ရှိသော် ပညာရှိတို့၏စကားကို နာကုန်၍ စစ်ထိုးသင့်သောအခါ မဟုတ်သည်၌ စစ်ထိုးအံ့သောငှာ သွားခြင်းကို မသွားကုန်ဟု မိန့်တော်မူ၍ ထိုကောသလမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... မြတ်သောမင်းကြီး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အလုံးစုံသောအမှုကိစ္စကို ရွက်ဆောင်သော အမတ်ဖြစ်၏။ ထိုအခါ၌ ပစ္စန္တရစ်သည် ပျက်သည်ရှိသော် ဗြဟ္မဒတ်မင်းအား ပစ္စန္တရစ်၌နေကုန်သော သူရဲတို့သည် ကျောက်စာကို ဆက်ကုန်၏။ မင်းသည် မိုဃ်းတွင်းကာလ၌ ထွက်၍ ဥယျာဉ်၌ သစ်ခက်တပ်ကိုဖွဲ့၏။ ဘုရားလောင်းသည် မင်း၏အထံ၌ တည်၏။ ထိုခဏ၌ မြင်းတို့၏အကျိုးငှာ ကုလားပဲတို့ကို ပြုတ်ပြီးလျှင် ဆောင်ခဲ့ကုန်၍ မြင်းစားခွက်၌ ထည့်ကုန်၏။ ဥယျာဉ်၌ မျောက်တို့တွင် တခုသော မျောက်သည် သစ်ပင်မှဆင်း၍ ထိုမြင်းတို့စားခွက်မှ ကုလားပဲတို့ကို ယူ၍ ခံတွင်းကို ပြည့်စေပြီးလျှင် လက်တို့ဖြင့်ယူ၍ ခုန်၍ သစ်ပင်၌ ထိုင်လျက် စားအံ့သော အားထုတ်၏။ ထိုအခါ၌ စားစဉ်ထိုမျောက်၏လက်မှ ကုလားပဲတစေ့သည် မြေ၌ကျ၏။ ထိုမျောက်သည် ခံတွင်းဖြင့်၎င်း လက်ဖြင့်၎င်း ယူအပ်ကုန်သော အလုံးစုံကုန်သော ကုလားပဲတို့ကိုစွန့်ပြီးလျှင် ဆင်းသက်၍ ထိုကျလေသော ကုလားပဲတစေ့ကိုသာလျှင် ကြည့်လတ်သည်ရှိသော် ထိုကျလေသော ကုလားပဲတစေ့ကို မမြင်၍သာလျှင် တဖန် သစ်ပင်သို့တက်၍ တရားတွေ့ရာ၌ တထောင်သောဥစ္စာမှ ရှုံးသောသူကဲ့သို့ စိုးရိမ်လျက် မျက်နှာမသာသည်ဖြစ်၍ သစ်ခက်၌ နေ၏။ မင်းသည် မျောက်၏ အမူအရာကိုမြင်၍ ဘုရားလောင်းကိုခေါ်၍ အိုအမတ် မျောက်သည်ပြုအပ်သော ထိုအမူအရာကို မြင်၏လော၊ အဘယ်မည်သောအမှုနည်းဟု မေး၏။ ဘုရားလောင်းသည် မြတ်သောမင်းကြီး များသည်ကို မကြည့်ကုန်မူ၍ အနည်းငယ်ကို ကြည့်ကုန်သော ပညာမရှိကုန်သော သူမိုက်တို့သည် ဤသို့ သဘောရှိသောအမှုကို ပြုကုန်မြဲသာလျှင်တည်း၊ ဤသို့ ဆို၍-

၅၁။ ဗာလော ဝတာယံ ဒုမသာခဂေါစရော၊
ပညာ ဇနိန္ဒ နယိမဿ ဝိဇ္ဇတိ၊
ကဠာယမုဋ္ဌိံ အဝကိရိယ ကေဝလံ၊
ဧကံ ကဠာယံ ပတိတံ ဂဝေသတိ။

ဟူသော ရှေးဦးသော ဤဂါထာကို ဆို၏။

၅၁။ ဇနိန္ဒ၊ လူတို့ကို အစိုးရတော်မူသော မင်းမြတ်။ အယံ ဒုမသာခဂေါစရော၊ ထိုသစ်ပင်၏အခက်တို့၌ ကျက်စားတတ်သော မျောက်သည်။ ဗာလော ဝတ၊ မိုက်စွတကား။ ဣမဿ၊ ဤမျောက်အား။ ပညာ၊ ပညာသည်။ ယသ္မာ၊ အကြင့်ကြောင့်။ န ဝိဇ္ဇတိ၊ မရှိ။ တသ္မာ၊ ထို့ကြောင့်။ အယံ ဒုမသာခဂေါစရော၊ ဤမျောက်သည်။ ကေဝလံ၊ အလုံးစုံသော။ ကဠာယမုဋ္ဌိံ၊ ကုလားပဲဆုပ်ကို။ အဝကိရိယ၊ ဖရိုမရဲကြဲလိုက်၍။ ပတိတံ၊ ကျလေသော။ ဧကံ ကဠာယံ၊ ကုလားပဲတစေ့ကို။ ဂဝေသတိ၊ ရှာ၏။

ဤသို့ဆိုပြီး၍ တဖန် ဘုရားလောင်းသည် ထိုမျောက်ကို ဥပမာပြု၍ မင်းကိုသိစေလိုရကား-

၅၂။ ဧဝမေဝ မယံ ရာဇ၊ ယေ စည အတိလောဘိနော။
အပ္ပေန ဗဟုံ ဇိယျာမ၊ ကဠာယျေနေဝ ဝါနရော။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၅၂။ မဟာရာဇ၊ မင်းမြတ်။ ဝါနရော၊ မျောက်သည်။ ဧကံ ကဠာယံ၊ ကုလားပဲတစေ့ကို။ ပရိယေသမာနော၊ ရှာသည်ရှိသော်။ ကဠာယေန၊ ကုလားပဲတစေ့ကြောင့်။ သဗ္ဗကဠာယေဟိ၊ အလုံးစုံကုန်သော ကုလားပဲမှ။ ပရိဟီနော ဣဝ၊ ယုတ်သကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ အတိလောဘိနော၊ အလွန်လောဘကြီးကုန်သော။ အညေ၊ တပါးကုန်သော။ ယေ ဇနာ စ၊ အကြင်သူတို့သည်၎င်း။ မယဉ္စ၊ ငါတို့သည်၎င်း။ အပ္ပေန၊ အနည်းငယ်သော အကျိုးကြောင့်။ ဗဟုံ၊ များစွာသော အကျိုးကို။ ဇိယျာမ၊ ဖျက်ဆီးကုန်လတ္တံ့။ (ကဠာယမုဋ္ဌိန္တိ စဏကမုဋ္ဌိံ၊ ၎င်း အဋ္ဌကထာ)။

မင်းသည် ထိုဘုရားလောင်း၏ စကားကိုကြား၍ ထိုဥယျာဉ်မှပြန်၍ ဗာရာဏသီပြည်သို့သာလျှင် ဝင်၏။ ခိုးသူတို့သည်လည်း မင်းသည် ခိုးသူကိုဆုံးမခြင်းကိုပြုအံ့ဟူ၍ မြို့မှထွက်သတတ်ဟု ကြားကုန်၍ ပစ္စန္တရစ်မှ ပြေးလေကုန်၏။ ပစ္စုပ္ပန်၌လည်း ခိုးသူတို့သည် ကောသလမင်းသည် ထွက်သတတ်ဟုကြားကုန်၍ ပြေးလေကုန်၏။ ကောသလမင်းသည် မြတ်စွာဘုရား၏ ဓမ္မဒေသနာတော်ကို နာရ၍ နေရာမှထပြီးလျှင် ရှိခိုးလျက် လက်ျာရစ်လှည့်သည်ကိုပြု၍ သာဝတ္ထိမြို့သို့သာလျှင် ဝင်လေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား မြတ်သောမင်းကြီး ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသောအမတ် ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

အနည်းငယ်မက်၊ အများပျက်၊ မှားချက်နာလှ လူ့ဗာလ

ခြောက်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ကဠာယမုဋ္ဌိဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကလျာဏဝဂ်

၇။ တိန္ဒုကဇာတ်

ဉာဏ်ကောင်းသောမျောက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတက်သောသဗ္ဗညူမြတ်စွာဘုရားသည် ဓနုဟတ္ထကလာပေဟိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတိန္ဒုကဇာတ်ကိုဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပညာပါရမီကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ မြတ်စွာဘုရားသည် မဟာဗောဓိဇာတ်၌ ကဲ့သို့၎င်း ဥမင်္ဂဇာတ်၌ကဲ့သို့၎င်း မိမိပညာ၏ကျေးဇူးကို ချီးမွမ်းသည်ကို ကြားတော်မူ၍ ရဟန်းတို့ ယခုအခါ၌သာလျှင် ငါဘုရားသည် ပညာရှိသည် မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် ပညာရှိသည် သာလျှင်တည်း၊ အကြောင်း၌ လိမ္မာသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။ ( မဟာဗောဓိဇာတ် ပညာသနိပါတ်၊ ဥမင်္ဂဇာတ် မဟာနိပါတ်၌ ပါသည်။ )

အတိတ်ဝတ္ထု... ရဟန်းတို့ ရှေးလွန်လေပြီးသောအခါ ဗာရာဏသီ ပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မျောက်အမျိုး၌ဖြစ်၍ ရှစ်သောင်းသော မျောက်တို့သည် ခြံရံအပ်သည်ဖြစ်၍ ဟိမဝန္တာအရပ်၌ နေ၏။ ထိုဟိမဝန္တာအရပ်၏အနီး၌ တခုသော ပစ္စန္တရစ်ရွာသည် ရံခါခါ လူနေ၏။ ရံခါ ပျက်စီး၏။ ထိုရွာ၏ အလယ် ၌ကား အခက်အခွနှင့်ပြည့်စုံသော ချိုမြိန်ကောင်းမြတ်သောအသီးရှိသော တည်တပင်သည် ရှိ၏။ မျောက်အပေါင်းသည် ရွာပျက်စီးသောကာလ၌ လလတ်၍ ထိုတည်ပင်၏အသီးတို့ကို စား၏။ ထို့နောင်မှ တပါးသော သီးသောအလှည့်၌ ထိုရွာသည် တဖန်နေသော လူရှိသည်ဖြစ်၏။ မြဲမြံလုံခြုံသော အရံအတားရှိ၏။ တံခါးနှင့်ယှဉ်၏။ ထိုတည်ပင်သည်လည်း အသီးလေးခြင်းကြောင့် ညွှတ်သောအခက်ရှိသည်ဖြစ်၍ တည်၏။ မျောက် အပေါင်းသည် ဤသို့ ကြံ၏။ အဘယ်သို့ကြံသနည်း ဟူမူကား ငါတို့သည် ရှေးအခါ ဤမည်သောရွာ၌ တည်သီးတို့ကို စားကြကုန်၏။ ထိုတည်ပင်သည် ယခုအခါ၌ အသီး သီးသလော၊ ထိုသို့မဟုတ်မူကား အသီး မသီးသလော ထိုရွာသည်လည်း လူတို့နေသလော၊ ထိုသို့မဟုတ်မူကား လူ မနေသလော၊ ဤသို့ ကြံ၏။ ကြံပြီး၍ သွားချေ၊ ဤအကြောင်းကို စုံစမ်းချေဟု မျောက်တခုကို စေလိုက်၏။ ထိုမျောက်သည်သွား၍ တည်ပင်၏ အသီး သီးသည်၏ အဖြစ်ကို၎င်း ရွာ၌ဝင်၍ လူနေသည်၏အဖြစ်ကို၎င်း သိလျှင် လာလတ်၍ မျောက်တို့အား ကြား၏။

မျောက်တို့သည် ထိုတည်ပင်၏ အသီး သီးသည်၏အဖြစ်ကို ကြားကုန်၍ ချိုကုန်သောတည်သီးတို့ကို စားကုန်အံ့ဟု အားထုတ်ခြင်း ဖြစ်ကုန်၍ မျောက်မင်းအား ထိုအကြောင်းကို ကြားကုန်၏။ မျောက်မင်းသည် ရွာ၌လူနေသလော မနေသလောဟု မေး၏။ အရှင်မျောက်မင်း လူနေ၏ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား မသွားအပ်၊ ထိုစကားသည် မှန်၏။ လူတို့သည် မာယာများကုန်၏ဟု ဆို၏။ အရှင်မျောက်မင်း လူတိုအိပ်ပျော်ချိန်ဖြစ်သော သန်းခေါင်ယာမ်အခါ၌ စားကုန်အံ့ဟု များစွာကုန်သော မျောက်တို့သည် သွားကုန်၍ မျောက်မင်းကို ဝန်ခံစေကုန်၍ ဟိမဝန္တာမှ သက်ခဲ့ကုန်ပြီးလျှင် ထိုရွာ၏ မနီးမဝေးသော အရပ်၌ လူတို့၏ အိပ်ပျော်ချိန်ကာလကို ငံ့လင့်ကုန်လျက် ကျောက်ဖျာအပြင်၌ အိပ်ကြကုန်၍ သန်းခေါင်ယာမ်၌ လူတို့သည် အိပ်ပျော်ခြင်းသို့ ရောက်ကုန်သည်ရှိသော် တည်ပင်ကို တက်ကုန်၍ တည်သီးတို့ကို စားကြကုန်၏။ ထိုအခါ တယောက်သောယောက်ျားသည် ကိုယ်၏ကိစ္စဖြင့် အိမ်မှထွက်၍ ရွာ၏အလည်သို့ သွားသည်ရှိသော် မျောက်တို့ကိုမြင်၍ ရွာနေသူ လူအပေါင်းတို့အား ပြောကြား၏။ များစွာကုန်သောလူတို့သည် လေးတောင့်ကိုဖွဲ့ကုန်လျက် အထူးထူးသော လက်နက်စွဲကိုင်လျက် ခဲအုတ် လှံတံ အစရှိသည်တို့ကို ယူကုန်၍ ညဉ့်သည် လင်းလတ်သည်ရှိသော် မျောက်တို့ကို ဖမ်းကုန်အံ့ဟု တည်ပင်ကိုဝန်းရံ၍ စောင့်ကုန်၏။ ရှစ်သောင်းကုန်သောမျောက်တို့သည် လူတို့ကိုမြင်ကုန်၍ သေဘေးမှကြောက်ကုန်ရကား မျောက်မင်းကိုထား၍ ငါတို့အား တပါးသောကိုးကွယ်ရာသည် မရှိပြီဟု ထိုမျောက်မင်း၏ အထံသို့ သွားကုန်၍-

၅၃။ ဓနုဟတ္ထကလာပေဟိ၊ နေတ္တိံ သဝရဓာရိဘိ။
သမန္တာ ပရိကိဏ္ဏမှ၊ ကထံ မောက္ခော ဘဝိဿတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆိုကုန်၏။

၅၃။ ဝါနရိန္ဒ၊ မျောက်မင်း။ ဓနုဟတ္ထကလာပေဟိ၊ လေးတောင့်လက်စွဲကုန်ထသော။ နေတ္တိံသဝရဓာရိဘိ၊ မြတ်သော သန်လျက်ကို ဆောင်ကုန်သောသူတို့သည်။ သမန္တာ၊ ထက်ဝန်း ကျင်မှ။ မယံ၊ အကျွန်ုပ်တို့ကို။ ပရိကိဏ္ဏမှ၊ ဝန်းရံကုန်၏။ ကထံ-ကေန ကာရဏေန၊ အဘယ်သို့သော အကြောင်းဖြင့်။ အမှာကံ၊ အကျွန်ုပ်တို့အား။ မောက္ခော၊ သေဘေးမှလွတ်ခြင်းသည်။ ဘဝိဿတိ၊ ဖြစ်ပါအံ့နည်း။

ထိုမျောက်တို့၏စကားကိုကြား၍ မျောက်မင်းသည် မကြောက်ကြကုန်လင့်၊ လူတို့မည်သည်ကား များသောကိစ္စ ရှိကုန်၏။ ယခုလည်း မဇ္ဈိမယာမ်သည်ဖြစ်၏။ ငါတို့ကို သတ်ကုန်အံ့ဟူ၍ ဝန်းရံကုန်သော ထိုလူတို့အား ဝန်းရံခြင်းဟူသော ဤကိစ္စ၏အန္တရာယ်ကိုပြုတတ်သော တပါးသောကိစ္စသည် ဖြစ်ငြားအံ့လည်း မသိဟု မျောက်တို့ကို နှစ်သိမ့်စေလိုရကား-

၅၄။ အပွေဝ ဗဟုကိစ္စာနံ၊ အတ္ထော ဇာယေထ ကောစိနံ။
အတ္ထိ ရုက္ခဿ အစ္ဆိန္နံ၊ ခဇ္ဇထညေဝ တိန္ဒုကံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၅၄။ ဘော ဝါနရဂဏာ၊ အိုပျောက်အပေါင်းတို့။ ဗဟုကိစ္စာနံ၊ များစွာသောကိစ္စရှိကုန်သော လူတို့အား။ အညာ၊ တပါးသော။ ကောစိ၊ တစုံတခုသော။ အတ္ထော၊ အမှုကိစ္စသည်။ အပ္ပေဝ ဇာယေထ၊ ဖြစ်ငြားအံ့လည်း မသိ။ ရုက္ခဿ၊ တည်ပင်၏။ အစ္ဆိန္နံ၊ မပြတ်သော အသီးသည်။ အတ္ထိ၊ ရှိ၏။ တိန္ဒုကံ၊ တည်သီးကို။ တုမှေ၊ သင်တို့သည်။ ခဇ္ဇထညေဝ၊ အလိုရှိတိုင်း သာလျှင်စားကြကုန်။

ဤသို့ ဘုရားလောင်းသည် မျောက်အပေါင်းကို သက်သာရာ ရစေ၏။ ထိုစကားသည် မှန်၏။ ဤမျှလောက်သော နှစ်သိမ့်ခြင်းကို မရကုန်သည်ရှိသော် အလုံးစုံလည်းဖြစ်ကုန်သော ထိုမျောက်တို့သည် နှလုံးကွဲသဖြင့် အသက်ကုန်ခြင်းသို့ ရောက်ကုန်ရာ၏။ ဘုရားလောင်းသည်ကား ဤသို့ မျောက်အပေါင်းကို နှစ်သိမ့်စေ၍ အလုံးစုံကုန်သော မျောက်တို့ကို စုရုံးကုန်လော့ဟု ဆို၏။ စုရုံးကုန်သည်ရှိသော် ထိုမျောက်မင်း၏ တူဖြစ်သော သေနကအမည်ရှိသော မျောက်ကိုမမြင်ကုန်၍ သေနကသည်မလာဟု မျောက်မင်းအားကြားကုန်၏။ သေနကသည် အကယ်၍ မပါလာသည် ဖြစ်အံ့၊ သင်တို့သည် မကြောက်ကြကုန်လင့်၊ ယခုအခါ၌ သေနကသည် သင်တို့အား ချမ်းသာခြင်းကို ပြုလတ္တံ့ဟုဆို၏။ သေနကသည်လည်း မျောက်အပေါင်း၏ သွားသောကာလ၌ အိပ်ပျော်၍ နောက်မှနိုးလတ်သည်ရှိသော် တစုံတခုသော မျောက်ကိုမမြင်၍ ခြေရာသို့အစဉ်လျှောက်သော ခြေရာရှိသည်ဖြစ်၍ လာလတ်သော် လူတို့ကိုမြင်၍ မျောက်အပေါင်းအား ဘေးဖြစ်၏ဟုသိ၍ တခုသော အစွန်ဖြစ်သောအိမ်၌ မီးကိုထွန်း၍ ချည်ဝင့်သော မိန်းမအို၏အထံသို့သွား၍ လယ်သို့သွားသော ရွာသူသားငယ်ကဲ့သို့ တခုသော မီးစကိုယူ၍ လေညာ၌ရပ်၍ ရွာကို မီးတိုက်၏။ လူတို့သည် မျောက်တို့ကိုစွန့်ကုန်၍ မီးကိုငြိမ်းစိမ့်သောငှါ ပြေးကြကုန်၏။ မျောက်တို့သည် ပြေးကြကုန်သည်ရှိသော် သေနက၏အကျိုးငှါ တလုံးတလုံးစီသောတည်သီးကို ယူကုန်၍ ပြေးကြကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သိုဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ရဟန်းတို့ ယခုအခါ သာကီဝင်မင်းမျိုးဖြစ်သော မဟာနာမ်သည် ထိုအခါ မျောက်မင်း၏တူဖြစ်သော သေနက ဖြစ်ဘူးပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ မျောက်အပေါင်းတို့ ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မျောက်မင်း ဖြစ်ဘူးပြီ၊ ဤသိုဇာတ်ကို ပေါင်းတော်မူ၏။

အရေးကြုံတောင်း၊ ဉာဏ်ရည်ကောင်း၊ အပေါင်းချမ်းသာရ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော တိန္ဒုကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကလျာဏဝဂ်

၈။ ကစ္ဆပဇာတ်

အိုးထိန်းသည် နှင့် လိပ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညူမြတ်စွာဘုရားသည် ဇနိတ္တံ မေ ဘဝိတ္တံ မေ အစရှိသောဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤ ကစ္ဆပဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ယဉ်းအနာမှလွတ်သော အမျိုးသားကိုအကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်ဝယ် တဦးသောအမျိုး၌ ယဉ်းအနာသည်ဖြစ်သတတ်၊ မိဘတို့သည် သားကို ချစ်သား ဤအိမ်၌ မနေလင့်၊ နံရံကိုဘောက်၍ ပြေး၍ အမှတ်မရှိသောအရပ်သို့သွား၍ အသက်ကို စောင့်လေလော့၊ နောက်မှလာလတ်၍ ဤမည်သောအရပ်၌ မြှုပ်၍ထားအပ်သော များစွာသောဥစ္စာသည် ရှိ၏။ ထိုဥစ္စာကို ထုတ်ဖော်၍ ဥစ္စာကိုဖြစ်စေ၍ ချမ်းသာသဖြင့်အသက်မွေးရစ်လော့ဟု ဆိုကုန်၏။ သားသည် မိဘတို့၏စကားကိုဝန်ခံ၍ နံရံကိုဘောက်၍ ပြေးလေ၍ မိမိ၏အနာသည် ငြိမ်းလတ်သည်ရှိသော်လာလတ်၍ မြှုပ်ထားအပ်သော ဥစ္စာကို ထုတ်ဘော်ပြီးလျှင် ဥစ္စာကိုဖြစ်စ၍ အိမ်ရာထောင်သောလူတို့ဘောင်၌ နေ၏။ ထိုအမျိုးသားသည် တနေ့သ၌ ထောပတ်ဆီ အစရှိသည်တို့ကို၎င်း အဝတ်အာရုံ အစရှိသည်တို့ကို၎င်း ယူခဲ့စေ၍ ဇေတဝန် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို ရှိခိုးလျက် နေလေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုအမျိုးသားနှင့်တကွ စကားအစေ့အစပ်ကို ပြုတော်မူ၍ ဒါယကာ သင်တို့၏အိမ်၌ ယဉ်းအနာသည်ဖြစ်၏ဟု ငါတို့ ကြားဘူးကုန်၏။ သင်တို့သည် အသို့ပြု၍ လွတ်သနည်းဟု မေးတော်မူ၏။ ထိုအမျိုးသားသည် ထိုအကြောင်းကို လျှောက်၏။ မြတ်စွာဘုရားသည် ဒါယကာ စင်စစ်လျှင် ရှေး၌လည်း ဘေးဖြစ်သည်ရှိသော် မိမိ၏နေရာအရပ်၌ တပ်စွန်းခြင်းကိုပြုကုန်၍ တပါးသောအရပ်သို့ မသွားကုန်သောသတ္တဝါတို့သည် အသက်ကုန်ခြင်းသို့ ရောက်ဘူးကုန်၏။ မတပ်စွန်းခြင်းကိုပြုကုန်၍ တပါးသောအရပ်သို့ သွားကုန်သောသတ္တဝါတို့သည်ကား အသက်ကို ရဘူးကုန်၏ဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော်ဘုရားလောင်းသည် ကာသိကရွာငယ်ဝယ် အိုးထိန်းသည် အမျိုး၌ဖြစ်၍ အိုးထိန်းတို့၏အမှုကိုပြု၍ သားမယားကိုမွေး၏။ ထိုအခါ ဗာရာဏသီပြည်၌ မြစ်ကြီးနှင့်တကွ တစပ်တည်းသော အလိုလိုဖြစ်သောအိုင်ကြီးသည် ရှိ၏။ ထိုအိုင်ကြီးသည် ရေများသောကာလ၌ မြစ်နှင့်တကွ ရေတစပ်တည်းရှိ၏။ ရေသည် နည်းလတ်သော် အသီးအခြား ဖြစ်၏။ ငါးလိပ်တို့သည်ကား ဤနှစ်၌ မိုဃ်းကောင်းသည် ဖြစ်လတ္တံ့၊ ဤနှစ်၌ မိုဏ်းခေါင်သည်ဖြစ်လတ္တံ့ဟု သိကုန်၍ အိုင်ရေ၏ မြစ်ရေနှင့် တစပ်တည်းရှိသောကာလ၌သာလျှင် အိုင်မှထွက်ကုန်၍ မြစ်သို့ သွားကုန်၏။ လိပ်တခုသည်ကား ဤအရပ်သည် ငါ၏ဖွားရာအရပ်တည်း၊ ကြီးမြင့်ရာအရပ်တည်း၊ မိဘတို့သည် နေသောအရပ်တည်း၊ ငါသည် ဤအရပ်ကို စွန့်အံ့သောငှါ မတတ်နိုင်ဟု မြစ်သို့ မသွား၊ ထိုအခါ နွေကာလဝယ် အိုင်တို့၌ရေသည်ပြတ်၏။ ထိုလိပ်သည် ဘုရားလောင်း၏ မြေစိုင်ယူရာအရပ်၌ မြေကိုကျစ်၍ ဝပ်၏။ ဘုရားလောင်းသည် မြေစိုင်ကိုယူအံ့ဟူ၍ ထိုအရပ်သို့သွား၍ ပေါက်တူးကြီးဖြင့် မြေကိုပေါက်သည်ရှိသော် လိပ်၏ကျောက်ကုန်းကို ပေါက်မိ၍ မြေစိုင်ကိုကဲ့သို့ ပေါက်တူးနှင့်သာလျှင် ထိုလိပ်ကိုထုတ်၍ ကုန်း၌ကျစေ၏။ ထိုလိပ်သည် ဝေဒနာသို့ရောက်သည်ဖြစ်၍ နေရာအရပ်၌တပ်စွန်းခြင်းကို စွန့်အံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ဤသို့သောပျက်စီးခြင်းသို့ ရောက်ရ၏ဟု ဆို၍ ငိုကြွေးလိုရကား-

၅၅။ ဇနိတ္တံ မေ ဘဝိတ္တံ မေ၊ ဣတိ ပင်္ကေ အဝဿယိံ။
တံ မံ ပင်္ကော အဇ္စျဘဝိ၊ ယထာ ဒုဗ္ဗလကံ တထာ။
တံ တံ ဝဒါမိ ဘဂ္ဂဝ၊ သုဏောဟိ ဝစနံ မမ။
၅၆။ ဂါမေ ဝါ ယဒိ ဝါ ရည၊ သုခံ ယတြာဓိဂစ္ဆတိ။
တံ ဇနိတ္တံ ဘဝိတ္တဉ္စ၊ ပုရိသဿ ပဇာနတော။
ယမှိ ဇီဝေ တမှိ ဂစ္ဆေ၊ န နီကေတဟတော သိယာ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၅၅။ ဘဂ္ဂဝ၊ ဘဂ္ဂဝ။ ဣဒံ ဌာနံ၊ ဤအရပ်သည်။ မေ၊ ငါ၏။ ဇနိတ္တံ၊ ဖွားရာအရပ်တည်း။ ဣဒံ ဌာနံ၊ ဤအရပ်သည်။ မေ၊ ငါ၏။ ဘဝိတ္တံ၊ ဖြစ်ရာ အရပ်တည်း။ ဣတိ-ဣမိနာ ကာရဏေန၊ ဤသို့သော အကြောင်းကြောင့်။ ပင်္ကေ၊ ညွန်၌။ အဟံ၊ ငါသည်။ အဝဿယိံ၊ နေမိ၏။ တံ၊ ထိုငါ့ကို။ ပင်္ကော၊ ညွန်သည်။ ဒုဗ္ဗလကံ၊ အားနည်းသောသူကို။ အဇ္စျဘဝိ ယထာ၊ အားရှိသောသူသည် နှိပ်စက်သကဲ့သို့။ တထာ၊ ထို့အတူ။ အဇ္ဈဘဝိ၊ နှိပ်စက်၏။ ဘဂ္ဂဝ၊ ဘဂ္ဂဝ။ တွံ၊ သင်သည်။ မမ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာဦးလော။

၅၆။ ဂါမေ ဝါ၊ ရွာ၌၎င်း။ ယဒိ၊ ထိုမြို့။ အရညေ ဝါ၊ တော၌၎င်း။ ယတြ၊ အကြင်အရပ်၌။ သုခံ၊ ကိုယ်စိတ်နှစ်ပါး၌ဖြစ်သော ချမ်းသာခြင်းကို။ အဓိဂစ္ဆတိ၊ ရ၏။ တံ ဌာနံ၊ ထိုအရပ်သည်။ ပဇာနတော၊ အကျိုးရှိသည် မရှိသည် အကြောင်းဟုတ်သည် မဟုတ်သည်ကိုသိသော။ ပုရိသဿ၊ ယောက်ျား၏။ ဇနိတ္တဉ္စ၊ ဖွားရာအရပ်သည်၎င်း။ ဘဝိတ္တဉ္စ၊ ကြီးမြင့်ရာအရပ်သည်၎င်း။ ဟောတိ၊ ဖြစ်၏။ ပဏ္ဍိတော၊ ပညာရှိသည်။ ယမှိ၊ အကြင်အရပ်၌။ ဇီဝေ၊ အသက်ရှင်ရာ၏။ တမှိ၊ ထိုအရပ်သို့။ ဂစ္ဆေ၊ သွားရာ၏။ ဧဝံ၊ ဤသို့။ ဂစ္ဆတော၊ သွားသည်ရှိသော်။ နိကေတဟတော၊ နေရာအရပ် သတ်အပ်သည်။ န သိယာ၊ မဖြစ်ရာ။

ဤသို့ ထိုလိပ်သည် ဘုရားလောင်းနှင့်တကွ စကားပြောဆိုလျက်သေလေ၏။ ဘုရားလောင်းသည် ထိုလိပ်ကိုယူ၍ အလုံးစုံသော ရွာ၌နေကုန်သောသူတို့ကို စည်းဝေးပြီးလျှင် ထိုသူတို့ကိုဆုံးမလို၍ ဤသို့ ဆို၏။ အချင်းတို့ ဤလိပ်ကို သင်တို့သည် ရှုကြကုန်လော့၊ ဤလိပ်သည် တပါးကုန်သော ငါး, လိပ်တို့၏ မြစ်ကြီးသို့ သွားလေသောကာလ၌ မိမိ၏နေရာအရပ်၌ တပ်စွန်းခြင်းကို ဖျက်ဆီးအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ထိုငါး လိပ်တို့နှင့်တကွ မသွားမူ၍ ငါ၏ မြေစိုင်ယူရာအရပ်သို့ ဝင်၍ နေ၏။ ထိုအခါ၌ ငါသည် မြေစိုင်ကိုယူသည်ရှိသော် ထိုလိပ်၏ကျောက်ကုန်းကို ပေါက်တူးဖြင့်ပေါက်မိ၍ မြေစိုင်ကိုကဲ့သို့ ကုန်း၌ကျစေ၏။ ဤလိပ်သည် မိမိ၏ ပြုအပ်သောအမှုကို အောက်မေ့၍ နှစ်ဂါထာတို့ဖြင့် ငိုကြွေး၍ သေ၏။ ဤသို့ ဤလိပ်သည် မိမိ၏နေရာအရပ်၌ တပ်စွန်းခြင်းကိုပြု၍ သေခြင်းသို့ ရောက်၏။ သင်တို့သည်လည်း ဤလိပ်နှင့်အတူပြုကုန်သည် မဖြစ်ကုန်လင့်၊ ဤနေ့မှစ၍ ငါ၏ရူပါရုံ ငါ၏သဒ္ဒါရုံ ငါ၏ဂန္ဓာရုံ ငါ၏ရသာရုံ ငါ၏ဖောဋ္ဌဗ္ဗာရုံ ငါ၏သား ငါ၏သ္မီး ငါ၏ကျွန်ယောက်ျား ငါ၏ကျွန်မိန်းမ အပိုင်းအခြားဖြင့်၎င်း ငါ၏ရွှေငွေဥစ္စာဟု တဏှာ၏အစွမ်းအားဖြင့်၎င်း၊ အသုံးအဆောင်၏ အစွမ်းအားဖြင့်၎င်း မယူကုန်လင့်၊ သတ္တဝါသည် တယောက်အထီးထီးသာလျှင် ဘဝသုံးပါးတို့၌ တပြောင်းပြန်ပြန် ဖြစ်၏ဟု ဆို၏။ ဤသို့လျှင် ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် လူများအား အဆုံးအမကိုပေး၏။ ထိုအဆုံးအမသည် ဇမ္ဗူဒိပ်ကျွန်းအလုံးကိုပြန့်၍ ခြောက်သောင်းအတိုင်းအရှည်ရှိကုန်သော နှစ်တို့ပတ်လုံးတည်၏။ လူများသည် ဘုရားလောင်း၏ အဆုံးအမ၌တည်၍ ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ အသက်၏အဆုံး၌ နတ်ပြည်ကို ပြည့်စေ၏။ ဘုရားလောင်းသည်လည်း ထို့အတူသာလျှင် ကောင်းမှုတို့ကိုပြု၍ နတ်ပြည်ကို ပြည့်စေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ ထိုအမျိုးကောင်းသားသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ဒါယကာ ယခုအခါ အာနန္ဒာသည် ထိုအခါ လိပ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ အိုးထိန်းသည် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သေဘေးကြုံလာ၊ နေရင်းရွာ၊ စွန့်ခွါ ချမ်းသာရ

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကစ္ဆပဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကလျာဏဝဂ်

၉။ သတဓမ္မဇာတ်

ဒွန်းစဏ္ဏား နှင့် ပုဏ္ဏား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် တဉ္စ အပ္ပဉ္စ ဥစ္ဆေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသတဓမ္မဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နှစ်ဆယ့်တပါး အပြားရှိသော အနေသနကိုအကြောင်းပြု၍ ဟောတော်မူ၏။ တပါးသောကာလ၌ များစွာကုန်သော ရဟန်းတို့သည် ဆေးကုခြင်းအမှုဖြင့်၎င်း တမန်သွားခြင်းအမှုဖြင့်၎င်း စေခိုင်းသူ၏ ထိုထိုအမှု၌ယှဉ်သဖြင့်၎င်း သလုံးမြင်းခေါင်းဖြင့် အစေအပါးခံသဖြင့်၎င်း ဆွမ်းတုံ့ပေးခြင်းဖြင့်၎င်း ဤသို့စသည်သဘောရှိသော နှစ်ဆယ့်တပါးအပြားရှိသော အနေသနဖြင့် အသက်မွေးခြင်းကို ပြုကုန်၏။ ထိုအနေသနသည် သာကေတဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ သဗ္ဗညူမြတ်စွာဘုရားသည် ထိုရဟန်းတို့၏ ထိုသို့သောအခြင်းအရာဖြင့် အသက်မွေးခြင်းပြုသည်၏အဖြစ်ကိုသိတော်မူ၍ ယခုအခါ၌ များစွာကုန်သောရဟန်းတို့သည် အနေသနဖြင့် အသက်မွေးခြင်းကို ပြုကုန်၏။ ထိုရဟန်းတို့သည်ကား ဤသို့သော အသက်မွေးခြင်းကို ပြုကုန်၍ ဘီလူး၏အဖြစ်မှ၎င်း ပြိတ္တာ၏အဖြစ်မှ၎င်း မလွတ်ကုန်လတ္တံ့၊ လှည်းဦး၌ က, အပ်ကုန်သော နွားတို့ကဲ့သို့ ဖြစ်ကုန်၍သာလျှင် ဖြစ်ကုန်လတ္တံ့၊ ငရဲ၌ ပဋိသန္ဓေကို ယူကုန်လတ္တံ့။ ငါသည် ထိုရဟန်းတို့၏ အစီးအပွားအကျိုးငှါ ချမ်းသာခြင်းအကျိုးငှါ မိမိ၏အလိုအားဖြင့်ဖြစ်သော မိမိဉာဏ်အားသာလျှင်ထင်သော တပါးသောဓမ္မဒေသနာကို ဟောအံ့သောငှါ သင့်၏ဟု နှလုံးပြုတော်မူ၍ ရဟန်းအပေါင်းကို စည်းဝေးစေပြီးလျှင် ရဟန်းတို့နှစ်ဆယ့်တပါး အပြားရှိသော အနေသနဖြင့် ပစ္စည်းတို့ကိုမဖြစ်စေအပ်ကုန်၊ ထိုစကားသည် မှန်၏။ အနေသနကြောင့်ဖြစ်သောဆွမ်းသည် ရဲရဲညိသောသံတွေခဲနှင့်တူ၏။ လတ်တလော သေစေတတ်သောအဆိပ်နှင့်တူ၏။ ထိုစကားသည် မှန်၏။ အနေသနမည်သည်ကား ဘုရား, ပစ္စေကဗုဒ္ဓါ, သာဝကတို့သည် ကဲ့ရဲ့အပ်ကုန်၏။ အနေသနကြောင့်ဖြစ်သောဆွမ်းကို စားသောရဟန်းအား ရွှင်ခြင်းသည်၎င်း ဝမ်းမြောက်ခြင်းသည်၎င်း မရှိ၊ ထိုစကားသည် မှန်၏။ ဤသို့ဖြစ်သောဆွမ်းသည် ငါ၏သာသနာတော်၌ ဒွန်းစဏ္ဍာ၏ စားကြွင်းဘောဇဉ်နှင့်တူ၏။ ထိုအနေသနကြောင့် ဖြစ်သောဆွမ်းကို သုံးဆောင်ခြင်းသည် သတဓမ္မလုလင်၏ ဒွန်းစဏ္ဏား၏ စားကြွင်းထမင်းကို သုံးဆောင်ခြင်းကဲ့သို့ ဖြစ်၏ဟု ဟောတော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဒွန်းစဏ္ဍာအမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် တစုံတခုသော ပြုဘွယ် ကိစ္စကြောင့် ရိက္ခာဆန်တို့ကို၎င်း ထမင်းထုပ်ကို၎င်းယူ၍ ခရီးသို့သွား၏။ ထိုအခါ ဗာရာဏသီပြည်၌ အမည်အားဖြင့် သတဓမ္မမည်သော ဥဒိစ္စဗြာဟ္မဏ မဟာသာလအမျိုး၌ဖြစ်သော တယောက်သော လုလင်သည်ရှိ၏။ ထိုလုလင်သည်လည်း တစုံတခုသောပြုဘွယ်ကိစ္စကြောင့် ဆန်တို့ကို၎င်း ထမင်းထုပ်ကို၎င်း မယူမူ၍သာလျှင် ခရီးသို့သွား၏။ ထိုနှစ်ယောက်ကုန်သော သူတို့သည်လည်း ခရီးမ၌ ပေါင်းမိကြကုန်၏။ သတဓမ္မလုလင်သည် ဘုရားလောင်းကို အချင်း သင်သည် အဘယ်အမျိုး၌ ဖြစ်သောသူနည်းဟု မေး၏။ ထိုဘုရားလောင်းသည် ငါသည် ဒွန်းစဏ္ဍာမျိုးတည်းဟု ဆို၍ သင်သည် အဘယ်အမျိုး၌ဖြစ်သော သူနည်းဟု လုလင်ကို မေး၏။ ထိုသတဓမ္မ လုလင်သည် ငါသည် ဥဒိစ္စပုဏ္ဏားမျိုးတည်းဟု ဆို၍ ကောင်းပြီ သွားကြကုန်အံ့ဟု ထိုနှစ်ယောက်ကုန်သော သူတို့သည်လည်း ခရီးသို့ အတူသွားကြကုန်၏။ ဘုရားလောင်းသည် နံနက်စာစားသောအခါ၌ ရေချမ်းသာရာအရပ်၌နေ၍ လက်တို့ကိုဆေး၍ ထမင်းထုပ်ကိုဖြေ၍ လုလင် ထမင်းစားလှည့်လောဟု ဆို၏။ ဟယ်... ဒွန်းစဏ္ဍာ ငါ့အား ထမင်းဖြင့် အလိုမရှိဟု ဆို၏။ ဘုရားလောင်းသည် ကောင်းပြီဟု ထုပ်ခဲ့သောထမင်းကို စားကြွင်းကိုမပြုမူ၍သာလျှင် မိမိ၏ မျှလောက်ရုံမျှသော ထမင်းကို တခုသောဖက်၌ထည့်၍ ထုပ်ခဲ့သောထမင်းကိုတင်၍ သင့်အပ်သောအရပ်၌ထား၍ စား၍ ရေကိုသောက်၍ လက်ခြေဆေးပြီးလျှင် ဆန်တို့ကို၎င်း ကြွင်းသောထမင်းကို၎င်းယူ၍ လုလင်သွားကြကုန်အံ့ဟု ဆို၍ ခရီးသို့ သွား၏။

ထိုနှစ်ယောက်ကုန်သောသူတို့သည်လည်း တနေ့ပတ်လုံးသွားကုန်၍ ညအခါတခုသော ရေချမ်းသာရာအရပ်၌ ရေချိုးကုန်၍ တက်ကြကုန်၏။ ဘုရားလောင်းသည် ရေချမ်းသာရာအရပ်၌နေ၍ ထမင်းထုပ်ကို ဖြေပြီးလျှင် လုလင်ကိုမပန်ကြားဘဲသာလျှင် စား၏။ လုလင်သည် တနေ့ပတ်လုံး ခရီးကို သွားခြင်းကြောင့် ပင်ပန်းရကား ကိုယ်တွင်း၌ ဆာမွတ်ခြင်းသည် ဖြစ်၍ ငါ့အား ထမင်းကို အကယ်၍ပေးအံ့၊ စားအံ့ဟု ကြည့်လျက် ရပ်၏။ ဒွန်းစဏ္ဏားသည် တစုံတခုသောစကားကို မဆိုမူ၍သာလျှင် စား၏။ သတဓမ္မလုလင်သည် ကြံ၏။ အဘယ်သို့ကြသနည်းဟူမူကား ဤဒွန်းစဏ္ဏားသည် ငါအား စားလှည့်ဟု မခေါ်မူ၍သာလျှင် အလုံးစုံကိုစား၏။ ထိုဒွန်းစဏ္ဍားကို နှိပ်စက်ပြီးလျှင်ယူ၍ အပေါ်၌စားဆဲထမင်းကို စွန့်စေ၍ အကြွင်းကို စားခြင်းငှါသင့်၏ဟု ဤသို့ ကြံ၏။ ကြံပြီး၍ ထိုသတဓမ္မလုလင်သည် ထိုသို့ကြံတိုင်းသာလျှင်ပြု၍ စားကြွင်းထမင်းကို စား၏။ ထိုအခါ၌ ထိုသတဓမ္မလုလင်အား စားစဉ်ပင်လျှင် ငါသည် မိမိ၏ဇာတ်အနွယ် အမျိုး အရပ်တို့အား မလျောက်ပတ်သော ဒွန်းစဏ္ဍား၏စားကြွင်းထမင်းကိုစင်လျက် စားအပ်၏ဟု အလွန် နှလုံးမသာယာခြင်းသည်ဖြစ်၏။ ထိုခဏ၌သာလျှင် ထိုသတဓမ္မလုလင်အား သွေးနှင့်တကွသော ထမင်းသည် ခံတွင်းမှအန်၏။ ထိုသတဓမ္မလုလင်သည် စင်စစ်လျှင် ငါသည် အနည်းငယ်သော ထမင်းဟူသောအကြောင်းကြောင့် မလျောက်ပတ်သော အမှုကိုပြုအပ်၏ဟု အလွန်ဖြစ်သော စိုးရိမ်ခြင်းရှိသည်၏အဖြစ်ကြောင့် ငိုကြွေးလိုရကား-

၅၇။ တဉ္စ အပ္ပဉ္စ ဥဒ္ဒိဋ္ဌံ၊ တဉ္စ ကိစ္ဆေန နော အဒါ။
သောဟံ ဗြာဟ္မဏဇာတိကော၊ ယံ ဘုတ္တံ တမ္ပိ ဥဂ္ဂတံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

၅၇။ မယာ၊ ငါသည်။ ယံ ဘတ္တံ၊ အကြင် ထမင်းကို။ ဘုတ္တံ၊ စားအပ်၏။ တံ ဘတ္တံ၊ ထိုထမင်းသည်။ အပ္ပဉ္စ၊ အနည်းငယ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ ဥဋ္ဌိဉ္စ၊ စားကြွင်းသည်သည်း။ ဟောတိ၊ ဖြစ်၏။ တဉ္စ၊ ထိုထမင်းကိုလည်း။ သော စဏ္ဍာလော၊ ထိုဒွန်းစဏ္ဏားသည်။ အတ္တနော၊ မိမိ၏။ ရုစိယာ၊ အလိုအားဖြင့်။ မံ၊ ငါ့ကို။ နော အဒါ၊ မပေး။ ကိစ္ဆေန၊ ငြိုငြင်ဆင်းရဲခြင်းကြောင့်။ အဒံ၊ ပေး၏။ သော အဟံ၊ ထိုငါသည်။ ဗြာဟ္မဏဇာတိကော၊ စင်ကြယ်သော ပုဏ္ဏားမျိုး၌ဖြစ်သော သူတည်း။ တေနေဝ၊ ထို့ကြောင့်လျှင်။ မယာ၊ ငါသည်။ ယံ ဘတ္တံ၊ အကြင်ထမင်းကို။ ဘုတ္တံ၊ စားအပ်၏။ တမ္ပိ၊ ထိုထမင်းကိုလည်း။ ဥဂ္ဂတံ၊ သွေးနှင့်တကွ အန်၏။

ဤသို့ သတဓမ္မလုလင်သည် ငိုကြွေး၍ ယခုအခါ ငါ့အား ဤသို့သဘောရှိသော မလျောက်ပတ်သောအမှုကိုပြု၍ အသက်ရှင်သဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု တောသို့ဝင်ပြီးလျှင် တစုံတယောက်သော သူအား မိမိကိုယ်ကိုမမြင်စေ၍သာလျှင် ကိုးကွယ်ရာမရှိသော သေခြင်းသို့ ရောက်လေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဤလွန်လေပြီးသော အကြောင်းကို ပြတော်မူ၍ ရဟန်းတို့ မိမိအား မလျောက်ပတ်သော ဘောဇဉ်ကို စားမိသည်၏အဖြစ်ကြောင့် သတဓမ္မလုလင်အား ထိုဒွန်းစဏ္ဍာ၏ စားကြွင်းထမင်းကိုစား၍ ရွှင်ခြင်းသည် မဖြစ်သကဲ့သို့ နှလုံးသာယာသည်၏အဖြစ်သည် မဖြစ်သကဲ့သို့ ထို့အတူသာလျှင် သာသနာတော်၌ အကြင်ရဟန်းသည် အနေသနဖြင့် အသက်ကိုမွေးလျက် ထိုသို့သော အခြင်းအရာအားဖြင့် ရအပ်သောပစ္စည်းကိုသုံးဆောင်၏။ ဘုရားစက်ဆုပ်အပ် ကဲ့ရဲ့အပ်သော အသက်မွေးခြင်းရှိသည်၏အဖြစ်ကြောင့် ထိုရဟန်းအား ရွှင်ခြင်းသည် မဖြစ်သလျှင်ကတည်း၊ နှလုံးသာယာသည်၏အဖြစ်သည် မဖြစ်သလျင်ကတည်းဟု မိန့်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၅၈။ ဧဝံ ဓမ္မံ နိရံ ကတွာ၊ ယော အဓမ္မန ဇီဝတိ။
သတဓမ္မောဝ လာဘေန၊ လဒ္ဓေနပိ န နန္ဒတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

၅၈။ ဘိက္ခဝေ၊ ရဟန်းတို့။ သတဓမ္မော၊ သတဓမ္မလုလင်သည်။ လဒ္ဓေန၊ နှိပ်စက်ခြင်းကြောင့် ရအပ်သော။ လာဘေန၊ ဒွန်းစဏ္ဏား၏ စားကြွင်းထမင်းဟူသောလာဘဖြင့်။ န နန္ဒတိ ဣဝ၊ ဝမ်းမမြောက်သကဲ့သို့။ ဧဝံ-တထာ၊ ထို အတူ။ ဣမသ္မိမ္ပိ သာသနေ၊ ဤသာသနာတော်၌လည်း။ ယော ပဗ္ဗဇိတော၊ အကြင်ရဟန်းသည်။ ဓမ္မံ၊ အာဇီဝ ပါရိသုဒ္ဓိသီလဟု ဆိုအပ်သော တရားကို။ နိရံကတွာ၊ အပပြု၍။ အဓမ္မန၊ နှစ်ဆယ့်တပါးကုန်သော အနေသနဟု ဆိုအပ်သောအဓမ္မဖြင့်။ ဇီဝတိ၊ အသက်မွေး၏။ သော ပဗ္ဗဇိတော၊ ထိုရဟန်းသည်။ န နန္ဒတိ၊ ဝမ်းမမြောက်နိုင်။

ဇာတ်ပေါင်း... ဤသို့လျှင် သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဟောတော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာကိုပြတော်မူသည်၏အဆုံး၌ များစွာကုန်သောရဟန်းတို့သည် သောတာပတ္တိဖိုလ်အစရှိသည်တို့သို့ ရောက်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ သတဓမ္မလုလင်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဒွန်းစဏ္ဏား၏ သား ဖြစ်ဘူးပြီး ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မစားသင့်ရာ၊ စားတုံပ၊ ဒုက္ခာကြီးစွာကပ်

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော သတဓမ္မဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကလျာဏဝဂ်

၁၀။ ဒုဒ္ဒဒဇာတ်

ရသေ့ နှင့် ဒါယကာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဒုဒ္ဒဒံ ဒဒမာနာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒုဒ္ဒဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒါယကာအပေါင်းတို့၏အလှူကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ သူကြွယ်သားဖြစ်ကုန်သော အဆွေခင်ပွန်း နှစ်ယောက်တို့သည် အလိုဆန္ဒကို တပေါင်းတည်းဆောင်ကုန်၍ ခပ်သိမ်းကုန်သော ပရိက္ခရာအလှူဝတ္ထုတို့ကို စီရင်ကုန်၍ ဘုရားအမှူးရှိသော ရဟန်းသင်္ဃာတို့ကို ပင့်ဘိတ်၍ ခုနစ်ရက်ပတ်လုံး အလှူကြီးကို ဖြစ်စေကုန်၍ ခုနစ်ရက်မြောက်သောနေ့၌ ခပ်သိမ်းကုန်သော ပရိက္ခရာတို့ကို လှူကုန်၏။ ထိုဒါယကာတို့တွင် အပေါင်း၏အကြီးဖြစ်သော ဒါယကာသည် မြတ်စွာဘုရားကို ရှိခိုး၍ လျောက်ပတ်စွာနေလျက် အရှင်ဘုရား ဤအလှူ၌ များစွာလှူကုန်သောသူတို့သည်လည်း ရှိကုန်၏။ အနည်းငယ် လှူကုန်သော သူတို့သည်လည်း ရှိကုန်၏။ အလုံးစုံဖြစ်ကုန်သော ထိုသူတို့အား ဤအလှူသည် များစွာသော အကျိုးရှိသည် ဖြစ်စေသတည်းဟု အလှူ၏အကျိုးကိုအမျှပြု၍ ပေး၏။ သဗ္ဗညူမြတ်စွာဘုရားသည် ဒါယကာ ဘုရားအမှူးရှိသော ရဟန်းသင်္ဃာတို့အား အလှူကိုလှူ၍ ဤသို့အလှူ၏အကျိုးကို အမျှပြုကုန်၍ ပေးကုန်သောသင်တို့သည်လျှင် မြတ်သောအမှုကို ပြုအပ်၏။ ရှေးပညာရှိတို့သည်လည်း အလှူကိုလှူကုန်၍ ဤအတူသာလျှင် အလှူ၏အကျိုးကို အမျှပြု၍ ပေးဘူးကုန်ပြီဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည်မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိကတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် တက္ကသိုလ်ပြည်သို့သွား၍ အလုံးစုံကုန်သော အတတ်တို့ကို သင်ပြီးလျှင် အိမ်ရာထောင်ခြင်းကိုပယ်၍ ဟိမဝန္တာအရပ်၌ ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှါ ဇနပုဒ်သို့လှည့်လည်သွားခြင်းကို သွားသည်ရှိသော် ဗာရာဏသီပြည်သို့ရောက်လျှင် မင်း၏ ဥယျာဉ်၌နေ၍ နက်ဖြန်နေ့၌ တံခါး၏အနီးဖြစ်သောရွာ၌ အခြံအရံနှင့်တကွ ဆွမ်းခံအံ့သောငှာသွား၏။ လူတို့သည် ဆွမ်းကိုလှူကုန်၏။ သံဘက်နေ့၌ ဗာရာဏသီပြည်၌ ဆွမ်းခံသွား၏။ လူတို့သည် မြတ်နိုးစုံမက်ကုန်သည်ဖြစ်၍ ဆွမ်းကိုလှူကုန်၍ ဂိုဏ်းဖွဲ့သဖြင့် အလိုဆန္ဒကို တပေါင်းတည်းဆောင်ကုန်၍ အလှူဝတ္ထုတို့ကို စီရင်ကုန်၍ ရသေ့အပေါင်းတို့အား အမှုကြီးကို ဖြစ်စေကုန်၏။ အလှူ၏အဆုံး၌ အပေါင်း၏ အကြီးဖြစ်သော ဒါယကာသည် ဤအတူသာလျှင်ဆို၍ ဤသို့သောအမှတ်ဖြင့် အလှူ၏အကျိုးကို အမျှပြု၍ပေး၏။ ဘုရားလောင်းသည် ဒါယကာ စိတ်ကြည်ညိုခြင်းရှိသည်ရှိသော် ဒါနသည် နည်းသောမည်သည် မရှိဟု ဆို၍ အနုမောဒနာပြုလိုရကား-

၅၉။ ဒုဒ္ဒဒံ ဒဒမာနာနံ၊ ဒုက္ကရံ ကမ္မ ကုဗ္ဗတံ။
အသန္တော နာနုကုဗ္ဗန္တိ၊ သတံ ဓမ္မော ဒုရန္နယော။
၆၀။ တသ္မာ သတဉ္စ အသတံ၊ နာနာ ဟောတိ ဣတော ဂတိ။
အသန္တော နိရယံ ယန္တိ၊ သန္တော သဂ္ဂပရာယဏာ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၅၉။ အာဝုသော၊ ဒါယကာတို။ ဒုဒ္ဒဒံ၊ ပညာမရှိကုန်သောသူတို့သည် လှူနိုင်ခဲ သောဒါနကို။ ဒဒမာနာနံ၊ လှူကုန်သော။ ဒုက္ကရံ၊ ပညာမရှိကုန်သောသူတို့သည် ပြုနိုင်ခဲသောလှူခြင်းအမှုကို။ ကုဗ္ဗတံ၊ ပြုကုန်သော ပညာရှိ သူတော်ကောင်းတို့၏။ ကမ္မံ၊ လှူခြင်းအမှုကို။ အသန္တော၊ သူတော်ကောင်း မဟုတ်ကုန်သော သူမိုက်တို့သည်။ နာနုကုဗ္ဗန္တိ၊ မပြုကုန်။ သတံ၊ သူတော်ကောင်းတို့၏။ ဓမ္မော၊ အလှူပေးခြင်းဟူသော သဘောကို။ အပဏ္ဍိတေဟိ၊ ပညာ မရှိကုန်သော သူတို့သည်။ ဒုရန္နယော၊ ဤသို့သော အလှူကြောင့် ဤသို့သော ကောင်းမှုအကျိုးကို ရ၏ဟူ၍ အကျိုးနှင့်စပ်သောအားဖြင့် သိနိုင်ခဲ၏။

၆၀။ တသ္မာ၊ ထိုကြောင့်။ ဣတော၊ ဤဘဝမှ။ ပရလောကံ၊ တမလွန်ဘဝသို့။ ဂစ္ဆန္တာနံ၊ လားကုန်သော။ သတဉ္စ၊ ပညာရှိ သူတော်ကောင်းတို့၏၎င်း။ အသတဉ္စ၊ ပညာရှိသူတော်ကောင်း မဟုတ်ကုန်သော သူတို့၏၎င်း။ ဂတိ၊ ပဋိသန္ဓေယူခြင်းသည်။ နာနာ၊ အထူးသည်။ ဟောတိ၊ ဖြစ်၏။ အသတံ၊ ပညာမရှိသော သူတော်ကောင်း မဟုတ်ကုန်သောသူတို့သည်။ နိရယံ၊ ငရဲသို့။ ယန္တိ၊ လားရကုန်၏။ သန္တာ၊ ပညာရှိ သူတော်ကောင်းတို့သည်။ သဂ္ဂပရာယဏာ၊ နတ်ပြည်သို့လားရကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

ဤသို့ ဘုရားလောင်းသည် အနုမောဒနာပြု၍ မိုဃ်းတွင်းလေးလပတ်လုံး ထိုဗာရာဏသီပြည်၌သာလျှင်နေ၍ မိုဃ်းလလွန်သည်ရှိသော် ဟိမဝန္တာအရပ်သို့သွား၍ ဈာန်ကိုဖြစ်စေ၍ မယုတ်သောဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ဒါယကာ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါရသေ့အပေါင်းတို့ ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့အပေါင်းတို့၏ဆရာ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အနည်းအများ၊ လှူတုံငြား၊ စိတ်ထား ပဓာန

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဒုဒ္ဒဒဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-အသဒိသဝဂ်

၁။ အသဒိသဇာတ်

လေးဝိဇ္ဇာမင်းသား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဓနုဂ္ဂဟော အသဒိသော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သောဤအသဒိသဇာတ်ကို ဇေတဝန် ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ် မြတ်သောတောထွက်တော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ငါဘုရားသည် ယခုအခါ၌သာလျှင် မြတ်သော တောထွက်တော်မူခြင်း၏ အစွမ်းအားဖြင့် တောထွက်တော်မူသည်ကား မဟုတ်သေး၊ ရှေး၌လည်း ထီးဖြူကိုစွန့်၍ တောထွက်တော်မူဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏မိဖုယားဝမ်း၌ ပဋိသန္ဓေကိုယူ၍ ချမ်းသာသဖြင့် ဖွားမြင်သော ထိုဘုရားလောင်းအား အမည်မှည့်သောနေ့၌ အသဒိသသတို့သား ဟူသောအမည်ကို မည်ကုန်၏။ ထို့နောင်မှ ဘုရားလောင်း၏ ရှေးရှူပြေး၍ ထက်ဝန်းကျင်ပြေး၍ သွားနိုင်သောကာလ၌ တယောက်သော ဘုန်းရှိသောသတ္တဝါသည် မိဖုယား၏ဝမ်း၌ပဋိသန္ဓေကိုယူ၏။ ချမ်းသာသဖြင့် ဖွားမြင်သော ထိုသတို့သားအား အမည်ကိုမည့်သောနေ့၌ ဗြဟ္မဒတ်ဟူသော အမည်ကို မှည့်ကုန်၏။ ထိုနှစ်ယောက်ကုန်သော မင်းသားတို့တွင် ဘုရားလောင်းသည် တဆယ့်ခြောက်နှစ် မြောက်သော ကာလ တက္ကသိုလ်ပြည်သို့သွား၍ ဒိသာ ပါမောက္ခဖြစ်သော ဆရာ၏အထံ၌ ဗေဒင်သုံးပုံကို၎င်း တဆယ့်ရှစ်ပါးကုန်သော အတတ်တို့ကို၎င်း သင်၍ လေးသမားတို့၏ အတတ်၌ အတုမရှိသည်ဖြစ်၍ ဗာရာဏသီပြည်သို့ ပြန်လာ၏။ မင်းသည် သေလွန်သည်ရှိသော် အသဒိသမင်းသားအား မင်းအဖြစ်ကိုပေး၍ ဗြဟ္မဒတ်မင်းသားအား အိမ်ရှေ့မင်းအဖြစ်ကို ပေးရစ်ကြကုန်လော့ဟု ဆို၍ သေလွန်၏။ ထိုဗြဟ္မဒတ်မင်းသေလွန်၍ ဘုရားလောင်းသည် မိမိအား မင်းအဖြစ်ကိုပေးသည်ရှိသော် ငါ့အား မင်းအဖြစ်ဖြင့် အလိုမရှိဟု ပယ်၏။ ဗြဟ္မဒတ်မင်းသားကို မင်းအဖြစ်၌ အဘိသိက်သွန်းကုန်၏။ ဘုရားလောင်းသည် အကယ်၍ကား မင်းအဖြစ်ကို အလိုမရှိ၊ ထိုသို့အလိုမရှိသော်လည်း ညီသည် မင်းအဖြစ်ကိုပြုသည်ရှိသော် ပြကတေ့အားဖြင့် မင်း၏ အခြင်းအရာအားဖြင့်သာလျှင် နေ၏။ မင်း၏ခြေရင်း၌ မြဲစွဲကုန်သောသူတို့သည် အသဒိသမင်းသားသည် မင်းအဖြစ်ကို တောင့်တ၏။ ဤသို့ဆိုကုန်၍ မင်း၏အထံ၌ ဘုရားလောင်းကို ဖျက်ဆီးကုန်၏။ ထိုဗြဟ္မဒတ်မင်းသည်လည်း ထိုမင်း၏ ခြေရင်း၌ မြဲစွဲကုန်သောသူတို့၏စကားကိုယူ၍ အချစ်ပျက်သောစိတ်ရှိသည်ဖြစ်၍ ငါ၏ နောင်တော်ကို ဖမ်းကြကုန်လော့ဟု လူတို့ကို စေ၏။

ထိုအခါ ဘုရားလောင်း၏အကျိုးစီးပွားကို ဆောင်ရွက်သော တယောက်သော ယောက်ျားသည် ထိုအကြောင်းကို ဘုရားလောင်းအား ကြား၏။ ဘုရားလောင်းသည် ညီငယ်အား အမျက်ထွက်သောကြောင့် မြို့မှထွက်၍ တပါးသောတိုင်းသို့သွား၍ တယောက်သော လေးသမားသည် လာ၍ မင်းအိမ်တံခါး၌တည်၏ဟု မင်းအားကြားစေ၏။ မင်းသည် အဘယ်မျှသောစည်းစိမ်ကို အလိုရှိသနည်းဟု မေး၏။ တနှစ်ဖြင့် တသိန်းသော ဥစ္စာကိုအလိုရှိ၏ဟု ဆိုသည်ရှိသော် ကောင်းပြီ လာစေလော့ဟု ဆို၏။ ထိုအခါ လာ၍ အနီး၌တည်သော ထိုအသဒိသမင်းသားကို သင်သည် လေးသမားလောဟု မေး၏။ မင်းမြတ် ဟုတ်၏ဟု ဆိုသည်ရှိသော် ကောင်းပြီ ငါ့ကို ခစားလော့ဟုဆို၏။ ထိုအသဒိသမင်းသားသည် ထိုအခါမှစ၍ မင်းကို ခစား၏။ ထိုအသဒိသမင်းအား ပေးအပ်သောရိက္ခာကိုမြင်ကုန်၍ အလွန်များစွာရ၏ဟု လေးသမားဟောင်းတို့သည် ကဲ့ရဲ့ကုန်၏။ ထိုအခါ တနေ့သ၌ မင်းသည် ဥယျာဉ်သို့သွား၍ မင်္ဂလာကျောက်ဖျာအနီး၌ တင်းတိမ်အရံကိုကာရံစေ၍ သရက်ပင်၏အရင်းဖြစ်သော မြတ်သောအိပ်ရာ၌ လျောင်းလျက် အထက်သို့ ကြည့်လတ်သည်ရှိသော် သရက်ပင်ဖျား၌ တခုသော သရက်သီးခိုင်ကိုမြင်၍ ဤသရက်သီးခိုင်ကို တက်၍ယူအံ့သောငှါ မတတ်ကောင်းဟု လေးသမားတို့ကိုခေါ်စေ၍ ဤသရက်သီးခိုင်ကို မြားဖြင့်ဖြတ်၍ ကျစိမ့်သောငှါ စွမ်းနိုင်ကုန်လတ္တံ့လောဟုဆို၏။ မင်းမြတ် ထိုသရက်သီးခိုင်ကို ကျစေခြင်းသည် အကျွန်ုပ်တို့အား ဝန်မလေး၊ အရှင်မင်းမြတ်သည်ကား အကြိမ်များစွာ အကျွန်ုပ်တို့၏အမှုကို မြင်ဘူးတော်မူ၏။ ယခု ရောက်သစ်စဖြစ်သော လေးသမားတော်သည် အကျွန်ုပ်တို့ထကျ များစွာသော ရိက္ခာကိုရ၏။ ထိုသရက်သီးခိုင်ကို ထိုလေးသမားတော်သစ်ကို ကြွေအောင်ပစ်စေတော်မူလော့ဟု လေးသမားဟောင်းတို့ လျှောက်ကြကုန်၏။

မင်းသည် ဘုရားလောင်းကိုခေါ်စေ၍ အမောင် ထိုသရက်သီးခိုင်ကို ကြွေစိမ့်သောငှါ စွမ်းနိုင်လတ္တံ့ လောဟုမေး၏။ မင်းမြတ် တခုသောအရပ်ကို ရသည်ရှိသော် စွမ်းနိုင်ပါလတ္တံ့ ဟု ဘုရားလောင်းသည် လျှောက်၏။ အဘယ်အရပ်ကိုရသည်ရှိသော် စွမ်းနိုင်လတ္တံ့နည်းဟု မင်းသည် မေး၏။ မင်းမြတ် အရှင်မင်းမြတ်တို့၏ နေရာတော်၏ အတွင်းအရပ်ကို ရသည်ရှိသော် စွမ်းနိုင်လတ္တံ့ဟု ဘုရားလောင်းသည် လျှောက်၏။ မင်းသည်အိပ်ရာကို ဆောင်စေ၍ လေးပစ်ရာအရပ်ကိုပြုစေ၏။ ဘုရားလောင်းလက်၌ လေးသည် မရှိ၊ ဝတ်သောပုဆိုး၏အတွင်း၌ လေးကို ဖွဲ့၍သွား၏။ ထို့ကြောင့် တင်းတိမ်ကိုရခြင်းငှါ သင့်၏ဟုဆို၏။ မင်းသည် ကောင်းပြီဟု တင်းတိမ်ကို ဆောင်စေ၍ ရံစေ၏။ ဘုရားလောင်းသည် တင်းတိမ်တွင်းသို့ဝင်၍ အပေါ်၌ အမြဲဝတ်သော ဖြူသောအဝတ်ကိုပယ်၍ တထည်သော နီသောပုဆိုးကို ဝတ်၍ အောက်ပိုးကျိုက်၍ တထည်သော နီသောပုဆိုးကိုဝမ်း၌ဖွဲ့၍ အိမ်မှ အစပ်နှင့်ယှဉ်သော သန်လျက်ကိုထုတ်၍ လက်ဝဲနံပါးဖြင့်လွယ်၍ ရွှေသင်တိုင်းကိုဝတ်၍ လေးထည့်သောကျည်ကို နောက်မှလွယ်၍ အစပ်နှင့်ယှဉ်သော ဆိတ်ချိုလေးကြီးကိုယူ၍ သန္တာအဆင်းနှင့်တူသော ညှို့ကိုတင်၍ သင်းကျစ်ကို ဦးခေါင်း၌စွပ်၍ ထက်စွာသောစဉ်းသွားကို လက်သည်းတို့ဖြင့်ပွတ်လျက် တင်းတိမ်ကိုနှစ်ဖြာလှစ်၍ မြေကိုခွဲ၍ထွက်သော နဂါးလုလင်ကဲ့သို့ထွက်ပြီးလျှင် မြှားပစ်ရာအရပ်သို့သွား၍ စဉ်းသွားကို မြှား၌တပ်၍ မင်းကို မင်းမြတ် ထိုသရက်သီးခိုင်ကို အထက်သို့တက်သောဖြင့် ကျစေရအံ့လော။ ထိုသို့မဟုတ်မူကား အောက်သို့သက်သောမြားဖြင့် ကျစေရအံ့လောဟု လျောက်၏။ အမောင် တက်သောမြားဖြင့် ကျစေသည်ကို ငါမြင်ဘူးသည်ကားများ၏။ အောက်သို့ သက်သာမြှားဖြင့်သော်ကား ကျစေသည်ကို မမြင်စဘူးသေး၊ အောက်သို့သက်သော မြှားဖြင့် ကျစေလောဟု ဆိုသည်ရှိသော် မင်းမြတ် ဤမြှားသည် ဝေးသောအရပ်သို့ တက်လတ္တံ့၊ အကြင်မျှလောက် စတုမဟာရာဇ်နတ်ပြည်သည် ရှိ၏။ ထိုမျှလောက်သွားလေ၍ ညအခါ၌ သက်လတ္တံ့၊ အကြင်မျှလောက် ထိုမြှား၏သက်ခြင်းသည် ရှိ၏။ ထိုမျှလောက် အရှင်မင်းမြတ်တို့သည် သည်းခံအံ့သောငှါ သင့်၏ဟု ဆို၏။ မင်းသည် ကောင်းပြီဟု ဝန်ခံ၏။

ထို့နောင်မှ မင်းမြတ် ဤမြားသည်ကား တက်လတ်သည်ရှိသော် သရက်သီးခိုင်အညှာကို အလယ်တိုင်အောင်ဖြတ်လျက် တက်လတ္တံ့၊ သက်လတ်သည်ရှိသော်ကား ဆံခြည်ဖျားမျှလည်း ဤမှ၎င်း ထိုမှ၎င်း မရွေ့မူ၍ အပိုင်းအခြား၌ သာလျှင်ကျ၍ သရက်သီးခိုင်ကိုယူ၍ သက်လတ္တံ့၊ မင်းမြတ် ရှုတော်မူလော့ဟု တဖန် မင်းကိုဆို၏။ ဆိုပြီးသော် အဟုန်ကိုဖြစ်စေ၍ မြားကိုပစ်၏။ ထိုမြားသည် သရက်သီးခိုင်အညှာကို အလယ်တိုင်အောင်ဖြတ်လျက် တက်၏။ ဘုရားလောင်းသည် ယခုအခါ၌ မြှားသည် စတုမဟာရာဇ်နတ်ပြည်တိုင်အောင် ရောက်သည်ဖြစ်လတ္တံ့၊ ဤသို့သိ၍ ရှေးဦးစွာ ပစ်အပ်သောမြားထက် အထူးသဖြင့် လွန်စွာလျင်မြန်ခြင်းကိုဖြစ်စေ၍ တစင်းသော မြှားကို ပစ်၏။ ထို့နောင်မှ ပစ်အပ်သောမြားသည် သွားလေ၍ ရှေးဦးစွာ ပစ်အပ်သောမြားကို မြားလွှာတောင့်ဖြင့်ခတ်၍ လည်စေ၍ မိမိသည် တာဝတိံသာ နတ်ပြည်သို့ တက်လေ၏။ ထိုတာဝတိံသာနတ်ပြည်၌ ထိုမြားကို နတ်တို့သည် ယူကုန်၏။ ပြန်လည်လာသောမြား၏ လေကိုဖြတ်သောအသံသည် မိုဃ်းကြိုးသံကဲ့သို့ဖြစ်၏။ လူများသည် ဤအသံသည်ကား အဘယ်အသံနည်းဟု ဆိုသည်ရှိသော် ဘုရားလောင်းသည် ပြန်လည်လာသောမြား၏ အသံတည်းဟု ဆို၍ မိမိကိုယ်၌ မြား၏ကျအံ့သောဘေးဖြင့် အလွန်ထိတ်လန့်သော လူများကိုမြင်၍ မကြောက်ကုန်လင့်ဟု နှစ်သိမ့်စေ၍ မြှားအား မြေသို့ကျစိမ့်သောငှါ မပေးဟုဆို၏။ မြားသည် သက်လာသည်ရှိသော် တဆံခြည်ဖျား၎င်း ထိုမှဤမှ မရွေ့မူ၍ အပိုင်းအခြား၌သာလျှင်ကျ၍ သရက်သီးခိုင်ကို ဖြတ်၏။ ဘုရားလောင်းသည် သရက်သီးခိုင်အား၎င်း မြှားအား၎င်း မြေသို့ကျစိမ့်သောငှာ မပေးမူ၍ ကောင်းကင်ပြင်၌သာလျှင်ခံလျက် လက်တဘက်ဖြင့် မြှားကို လက်တဘက်ဖြင့် သရက်သီးခိုင်ကို ယူ၏။ လူများသည် ထိုအံ့ဘွယ်သရဲကို မြင်၍ ငါတို့သည် ဤသို့သဘောရှိသောအတတ်ကို မမြင်စဘူးဟု ဘုရားလောင်းကို ချီးမွမ်းကုန်၏။ ကြီးစွာသော ရယ်ရွှင်ခြင်းကို ရယ်ရွှင်ကုန်၏။ ပဲ့တင်ထပ်စေကုန်၏။ လက်ပန်းပေါက် ခတ်ကုန်၏။ လက်ချောင်းတို့ကို ခါကုန်၏။ ပုဆိုးကို ပစ်လွှားခြင်း များစွာတို့ကို ဖြစ်စေကုန်၏။ မင်း၏ ပရိသတ်တို့သည် နှစ်သက်ရွှင်လန်းခြင်းကြောင့် ဘုရားလောင်းအား ပေးအပ်သော ဥစ္စာသည် ကုဋေအတိုင်းအရှည် ရှိသည်ဖြစ်၏။ မင်းသည်လည်း ထိုဘုရားလောင်းအား မိုဃ်းကြီးသည်းထန်စွာ ရွာဘိသကဲ့သို့ များစွာသော ဥစ္စာကို၎င်း များစွာသော အခြံအရံကို၎င်း ပေး၏။

ဤသို့ မင်းသည် အရိုအသေအလေးအမြတ် ပြုခြင်းကြောင့် ဘုရားလောင်းသည် ထိုပြည်၌နေသည်ရှိသော် အသဒိသမင်းသားသည် ဗာရာဏသီပြည်၌ မရှိသတတ်ဟု ခုနစ်ပြည်ထောင်သော မင်းတို့သည် လာလတ်ကုန်၍ ဗာရာဏသီပြည်ကို ခြံရံကုန်၍ ပြည်ကိုမူလည်း ပေးမည်လော စစ်ထိုးခြင်းကိုမူလည်း ပေးမည်လော၊ ဤသို့ ဗြဟ္မဒတ်မင်းအား အမှာစာကို သ, ကုန်၏။ ဗြဟ္မဒတ်မင်းသည် သေဘေးမှကြောက်သည်ဖြစ်၍ ငါ၏ နောင်တော်သည် အဘယ်အရပ်၌ နေသနည်းဟုမေး၍ တပါးသော ပြည်နီးချင်းမင်းကို ခစား၏။ ဤသို့ ကြား၍ ငါ၏ နောင်တော်သည် မလာသည်ရှိသော် ငါ့အား အသက်သည် မရှိလတ္တံ့၊ သွားကြကုန် ငါ၏စကားဖြင့် ထိုအသဒိသမင်းသား၏ ခြေတော်တို့ကို ရှိခိုးကုန်လျှက် ကန်တော့ ပင့်ဆောင်ကုန်၍ လာကြကုန်လော့ဟု တမန်တို့ကိုစေလိုက်၏။ ထိုတမန်တို့သည် သွားကုန်၍ ဘုရားလောင်းအား ထိုအကြောင်းကို လျောက်ကုန်၏။ ဘုရားလောင်းသည် မင်းကိုပန်၍ ဗာရာဏသီပြည်သို့ တဖန်ပြန်လည်၍ မင်းကို မကြောက်လင့်ဟုနှစ်သိမ့်စေ၍ ငါအသဒိသမင်းသားသည် လာပြီ၊ ဤမြားမှတပါး တစင်းသော မြားကိုပစ်၍ ခပ်သိမ်းကုန်သော မင်းတို့၏ အသက်ကို သေစေအံ့၊ အသက်ဖြင့်အလိုရှိကုန်သော သူတို့သည် ပြေးလေကုန်၊ ဤသို့အက္ခရာတို့ကို မြား၌ရေး၍ ပစ္စင်ပေါ်၌ရပ်၍ ခုနစ်ဦးကုန်သော မင်းတို့၏ စားကုန်စဉ် ရွှေခွက်၏အဖုံး၌သာလျှင် မြှားခုနစ်စင်းတို့ကို ကျစေ၏။ ထိုမင်းတို့သည် အက္ခရာတို့ကို မြင်ကုန်၍ သေဘေးမှ ကြောက်ကုန်၍ ပြေးလေကုန်၏။ ဤသို့ ဘုရားလောင်းသည် တခုသော ယင်ငယ်သည် သောက်လောက်ရုံသော သွေးကိုလည်း မဖြစ်စေမူ၍ ခုနစ်ပြည်ထောင်ကုန်သော မင်းတို့ကိုပြေးစေ၍ ညီတော်ငယ်ကိုပန်၍ ကာမတို့ကိုပယ်ပြီးလျှင် ရသေ့ရဟန်းပြု၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်သို့ လား၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ဤအသဒိသမင်းသားသည် ခုနစ်ပြည်ထောင်သော မင်းတို့ကိုပြေးစ၍ အောင်မြင်ပြီးသော စစ်ပွဲရှိသည်ဖြစ်၍ ရသေ့ရဟန်းအဖြစ် ကပ်လေ၏ဟု ပြတော်မူလိုရကား ဘုရားအဖြစ်သို့ရောက်တော်မူပြီး၍-

၆၁။ ဓနုဂ္ဂဟော အသဒိသော၊ ရာဇပုတ္တော မဟဗ္ဗလော။
ဒူရေပါတီ အက္ခဏဝေဓီ၊ မဟာကာယပ္ပဒါလနော။
၆၂။ သဗ္ဗာမိတ္တေ ရဏံ ကတွာ၊ န စ ကဉ္စိ ဝိဟေဌယိ။
ဘာတရံ သောတ္ထိံ ကတွာန၊ သံယမံ အဇ္ဈုပါဂမိ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၆၁။ ဘိက္ခဝေ၊ ရဟန်းတို့။ မဟဗ္ဗလော၊ ကြီးသော ကိုယ်အား ဉာဏ်အား ရှိထသော။ ဒူရေပါတီ၊ ဝေးစွာသော စတုမဟာရာဇ် တာဝတိံသာတိုင်အောင်သောအရပ်သို့ မြားကိုရောက်စေနိုင်ထသော။ အက္ခဏဝေဓီ၊ မချွတ်မယွင်း ပစ်နိုင်ထသော။ တနည်း... အက္ခဏဝေဓီ၊ လျှပ်တပြက်၌ ခုနစ်ချက် ရှစ်ချက်မြှားတို့ကို ပစ်နိုင်ထသော။ မဟာကာယပ္ပဒါလနော၊ များစွာကုန်သော အစုအပေါင်းတို့ကို ထုတ်ချင်းထွင်းအောင် ပစ်နိုင်ထသော။ ရာဇပုတ္တော၊ မင်း၏သား ဖြစ်ထသော။ အသဒိသော၊ အသဒိသ အမည်ရှိထသော။ ဓနုဂ္ဂဟော၊ လေးသမားကျော်သည်။ သဗ္ဗာမိတ္တေ၊ ခပ်သိမ်းကုန်သော ရန်သူတို့ကို။ ရဏံ ကတွာ၊ စစ်တိုက်ခြင်းကိုပြု၍။ ပလာပေသိ၊ ပြေးစေ၏။ ကဉ္စိ စ၊ တစုံတယောက်ကို မျှလည်း။ န ဝိသေဌယိ၊ မညှဉ်းဆဲ။ ဘာတရံ၊ ညီတော်ကို။ သောတ္ထိံ ကတွာန၊ ချမ်းသာခြင်းကို ပြု၍။ သံယမံ၊ သီလကို စောင့်ရှောက်သောရသေ့အဖြစ်သို့။ အဇ္စျုပါဂမိ၊ ကပ်လေ၏။

ဇာတ်ပေါင်း... ဤသို့ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ ညီငယ် ဖြစ်ဘူးလေပြီ၊ ထိုမှတပါး ယခုအခါ၌ ငါဘုရားသည်သာလျှင် ထိုအခါ အသဒိသမင်းသားဖြစ်ဘူးလေပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

စည်းစိမ်မခင်၊ တောချောင်ဝင်၊ လူတွင် ကျင့်ခဲစွာ

ရှေးဦးစွာသော အသဒိသဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-အသဒိသဝဂ်

၂။ သင်္ဂါမာဝစရဇာတ်

မင်းနန်ချွတ်ခဏ်း နှင့် ဆုံးမလွယ်သောဆင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်သင်္ဂါမာဝစရော သူရော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသင်္ဂါမာဝစရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နန္ဒမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ မြတ်စွာဘုရားသည် ရှေးဦးစွာ ကြွတော် မူခြင်းဖြင့် ကပိလဝတ်ပြည်တော်သို့ ကြွတော်မူ၍ ညီတော်ငယ်ဖြစ်သော နန္ဒမင်းသားကို ရဟန်းပြု၍ ကပိလဝတ်ပြည်မှ ထွက်တော်မူ၍ အစဉ်သဖြင့် သာဝတ္ထိပြည်သို့ ရောက်တော်မူ၍ နေတော်မူသည်ရှိသော် အရှင်နန္ဒသည် မြတ်စွာဘုရား၏ သပိတ်တော်ကိုယူ၍ မြတ်စွာဘုရားနှင့်တကွ နန်းတော်မှ ထွက်သောကာလ၌ နန္ဒမင်းသားသည် မြတ်စွာဘုရားနှင့် တကွ လိုက်လေ သတတ်ဟုကြား၍ ထက်ဝက်အားဖြင့် ဖြီးအပ်ကုန်ပြီးသော ဆံရှိကုန်လျက် လေသွန်ပြတင်းပေါက်ကြားဖြင့် မျှော်လိုက်၍ အရှင်သားတော် လျင်မြန်စွာသာလျှင် ပြန်လည်တော်မူခဲ့ပါလော့ဟု ဇနပဒကလျာဏီမှာလိုက်သောစကားကို အစဉ်အောက်မေ့လျက် လူ၏အဖြစ်ကို တမော့မော့မျှော်သော လည်ရှိသည်ဖြစ်၍ မမွေ့မလျော်ခြင်းကြောင့် ဖက်ရွက်ရော်ကဲ့သို့ အလွန်ဖျော့တော့သောအဆင်း, အကြောပြိုင်းပြိုင်းကိုယ်ရှိသည်ဖြစ်၏။

မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ အကယ်၍လျှင် ငါသည် နန္ဒကို အရဟတ္တဖိုလ်၌ တည်စေရမူကား ကောင်း၏။ ဤသို့ ကြံတော်မူ၍ ထိုနန္ဒထေရ်၏နေရာပရိဝုဏ်သို့ ကြွတော်မူ၍ ခင်းအပ်သော ဘုရားနေရာတော်၌ နေတော်မူလျက် နန္ဒ ဤသာသနာတော်၌ မွေ့လျော်ပါ၏လောဟု မေးတော်မူ၏။ အရှင်ဘုရား ဇနပဒကလျာဏီ၌ တပ်စွန်းသောစိတ်ရှိသည်ဖြစ်၍ မမွေ့မလျော်ပါဟု လျှောက်၏။ နန္ဒ ဟိမဝန္တာသို့ လှည့်လည် သွားလာဘူး၏လောဟု မေးတော်မူ၏။ အရှင်ဘုရား မသွားဘူးပါဟု လျှောက်၏။ နန္ဒ ထိုသို့တပြီးကား သွားကြကုန်အံ့၊ ဤသို့ မိန့်တော်မူသည်ရှိသော် အရှင်ဘုရား အကျွန်ုပ်အား တန်ခိုးသည် မရှိ၊ အကျွန်ုပ် အသို့သွားနိုင်ပါအံ့နည်းဟု လျောက်၏။ မြတ်စွာဘုရားသည် နန္ဒ ငါ၏ တန်ခိုးအစွမ်းအားဖြင့် သင့်ကို ဆောင်အံ့ဟု မိန့်တော်မူပြီးလျှင် နန္ဒမထေရ်ကို လက်၌ကိုင်တော်မူ၍ ကောင်းကင်သို့ ပျံကြွတော်မူသည်ရှိသော် ခရီးအကြား၌ တခုသော မီးလောင်ရာအပြင်၌ မီးလောင်ငုတ်တွင် နေသော ပြတ်သာ နား, နှာခေါင်း, မြီးထူးရှိသော မီးလောင်သော အမွေးရှိသော အပေါ်ရေစုတ်သည်ဖြစ်၍ အတွင်းရေမျှသာရှိသော နီသာအဆင်းဖြင့် ထက်ဝန်းကျင်လွှမ်းအပ်သော တခုသောမျောက်မကိုမြင်၍ နန္ဒ တခုသော မျောက်မကို ရှုလောဟု ပြတော်မူ၏။ အရှင်ဘုရား မြင်ပါ၏ဟု နားတော်လျှောက်သည်ရှိသော် မျက်စိအားဖြင့် ကောင်းစွာ ကြည့်ရှုခြင်းကို ပြုလော့ဟု မိန့်တော်မူ၏။

ထို့နောင် နန္ဒမထေရ်ကိုဆောင်၍ ယူဇနာခြောက်ဆယ်ရှိသော ဆေးဒါန်းမြင်းသီလာအပြင်ကို၎င်း အနောတတ်အိုင်အစရှိကုန်သော အိုင်ကြီးခုနစ်အိုင်တို့ကို၎င်း မြစ်ကြီးငါးစင်းတို့ကို၎င်း ရွှေတောင် ငွေတောင် ပတ္တမြားတောင်တို့ဖြင့် တန်ဆာဆင်အပ်သော တပါးမကများသော မွေ့လျော်ဘွယ်ရှိသော ဟိမဝန္တာတောင်ကို၎င်းပြ၍ နန္ဒ တာဝတိံသာနတ်ပြည်ကို မြင်ဘူး၏လောဟု မေးတော်မူ၍ ရှင်ဘုရား မမြင်ဘူးပါဟု နားတော်လျှောက်သည်ရှိသော် နန္ဒ လာလှည့် သင့်အား တာဝတိံသာ နတ်ပြည်ကို ငါပြအံ့ဟု မိန့်တော်မူပြီးလျှင် ထိုတာဝတိံသာနတ်ပြည်သို့ဆောင်၍ ပဏ္ဍုကမ္ဗလာကျောက်နေရာ၌ နေတော်မူ၏။ သိကြားနတ်မင်းသည် နတ်ပြည်နှစ်ထပ်တို့၌ နတ်တို့၏ အပေါင်းနှင့်တကွ လာလတ်၍ ရှိခိုးလျက် တင့်အပ်လျောက်ပတ်စွာ နေ၏။ နှစ်ကုဋေငါးသန်း အရေ အတွက်ရှိသော ပရိသတ်အပေါင်း ခြံရံအပ်ကုန်သော ငါးရာကုန်သော ခိုခြေအဆင်းနှင့်တူကုန်သော နတ်သ္မီးတို့သည်လည်း လာလတ်ကုန်၍ ရှိခိုးကုန်လျက်လျောက်ပတ်နေကုန်၏။ မြတ်စွာဘုရားသည် အရှင်နန္ဒကို ငါးရာကုန်သော နတ်သ္မီးတို့ကို ကိလေသာ၏ အစွမ်းအားဖြင့် အဖန်တလဲလဲ ကြည့်စေ၏။ နန္ဒ ခိုခြေအဆင်းနှင့် တူကုန်သော ဤနတ်သီးတို့ကို သင်သည် မြင်၏လောဟု မိန့်တော်မူ၍ အရှင်ဘုရား မြင်ပါ၏ဟု နားတော်လျှောက်သည်ရှိသော် နန္ဒ ထိုနတ်သ္မီးတို့သည် တင့်တယ်ကုန်သလော၊ ထိုသို့ မဟုတ်မူကား ဇနပဒကလျာဏီသည် တင့်တယ်သလော ဤသို့ မေးတော်မူ၏။ အရှင်ဘုရား ဇနပဒကလျာဏီကိုထောက်၍ မီးလောင်၍ စုတ်ပြတ်သော မျောက်မသည် မတင့်တယ်သကဲ့သို့ ဤအတူသာလျှင် ဤနတ်သ္မီးတို့ကို ထောက်၍ ဇနပဒကလျာဏီသည် မတင့်တယ်ပါ။ ဤသို့ နားတော် လျှောက်သည်ရှိသော် နန္ဒ ယခုအခါ၌ အသို့ ပြုလတ္တံ့နည်း။ ဤသို့ မိန့်တော်မူ၏။ အရှင်ဘုရား အဘယ် ကောင်းမှုကံကိုလျှင် ပြုကုန်၍ ဤနတ်သ္မီးတို့ကို ရကုန်အံ့နည်း။ ဤသို့ နားတော်လျှောက်သည်ရှိသော် နန္ဒ ရဟန်းတရားကို ကျင့်ကုန်၍ ရကုန်၏ဟု မိန့်တော်မူ၏။ အရှင်ဘုရား ဤနတ်သ္မီးတို့ကိုရစိမ့်သောငှါ အရှင်ဘုရားသည် အကယ်၍ဝန်ခံအံ့၊ အကျွန်ုပ်သည် ရဟန်းတရားကို ကျင့်ပါအံ့ဟု နားတော် လျှောက်သည်ရှိသော် နန္ဒ အားထုတ်လော့၊ ငါသည် သင့်အား ဝန်ခံ၏ဟု မိန့်တော်မူ၏။ ဤသို့ နန္ဒမထေရ်သည် နတ်အပေါင်းတို့၏အလယ်၌ မြတ်စွာဘုရားကို ဝန်ခံစေ၍ အရှင်ဘုရား အလွန် ကြာမြင့်ခြင်းကို ပြုတော်မမူပါလင့်၊ ထလော့ သွားကြကုန်အံ့၊ အကျွန်ုပ်သည် ရဟန်းတရားကို ကျင့်အံ့ဟု လျှောက်၏။ မြတ်စွာဘုရားသည် ထိုနန္ဒကို ဆောင်၍ ဇေတဝန်ကျောင်းတော်သိုသာလျှင် ပြန်တော်မူ၏။ နန္ဒမထေရ်သည် ရဟန်းတရားကို ကျင့်အံ့သောငှါအားထုတ်၏။

မြတ်စွာဘုရားသည် တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာကိုခေါ်တော်မူ၍ သာရိပုတ္တရာ ငါ၏ ညီတော်ငယ်ဖြစ်သော နန္ဒသည် တာဝတိံသာနတ်ပြည်ဝယ် နတ်အပေါင်းတို့၏အလယ်၌ နတ်သ္မီးတို့၏ အကြောင်းကြောင့် ငါ့ကို ဝန်ခံစေ၏ဟု ရှင်သာရိပုတ္တရာအား ကြားတော်မူ၏။ ထိုသို့သော အကြောင်းဖြင့်သာလျှင် မဟာမောဂ္ဂလာန်မထေရ်အား၎င်း မဟာကဿပမထေရ်အား၎င်း အနုရုဒ္ဓါမထေရ်အား၎င်း တရားဘဏ္ဍာစိုးဖြစ်သော အာနန္ဒာမထေရ်အား၎င်း ဤသို့သောအစဉ်ဖြင့် အသီတိသာဝကတို့အား၎င်း များသောအားဖြင့် အသီတိသာဝကတို့မှ ကြွင်းကုန်သော ရဟန်းတို့အား၎င်း ကြားတော်မူ၏။ တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာမထေရ်သည် နန္ဒမထေရ်သို့ကပ်၍ ငါ့သျှင်နန္ဒ သင်သည် တာဝတိံသာနတ်ပြည်ဝယ် နတ်အပေါင်းတို့၏အလယ်၌ နတ်သ္မီးတို့ကို ရလိုသောကြောင့် ရဟန်းတရားကိုကျင့်အံ့ဟူ၍ မြတ်စွာဘုရားကို ဝန်ခံစေသည်ဟု ကြားရသည်ကား မှန်သလောဟု ဆို၍ နတ်သ္မီးတို့၏ အကျိုးငှါ ရဟန်းတရားကို သင်သည်ကျင့်သည်ဖြစ်လတ်သော် သင်၏ မြတ်သော သီတင်းကိုသုံးခြင်းသည် မိန်းမတို့နှင့်စပ်သည်ဖြစ်၍ ကိလေသာကိုမှီသည် မဟုတ်တုံလော၊ ထိုသင်အား မိန်းမတို့၏ အကျိုးငှါ အခအားဖြင့် အမှုကိုပြုသော အမှုကိုလုပ်သော ယောက်ျားနှင့်တကွ အဘယ်မှာလျှင် ထူးအံ့နည်းဟု နန္ဒမထေရ်ကို ရှက်စေ၏။ အရှိန်အဝါမဲ့သည်ကို ပြု၏။ ထိုသို့သောအကြောင်းဖြင့် အလုံးစုံလည်းဖြစ်ကုန်သော အသီတိ သာဝကတို့သည်၎င်း ကြွင်းကုန်သော ရဟန်းတို့သည်၎င်း ထိုအရှင်နန္ဒကိုရှက်စေကုန်၏။

ထိုနန္ဒမထေရ်သည် စင်စစ် မသင့်မလျော်သည်ကို ငါသည် ပြုအပ်၏ဟု ရှက်ခြင်းကြောင့်၎င်း ထိတ်လန့်ခြင်းကြောင့်၎င်း လုံ့လကို လွန်စွာအားထုတ်၍ ဝိပဿနာကိုပွား၍ အရဟတ္တဖိုလ်သို့ရောက်၍ မြတ်စွာဘုရားထံကပ်လေ၍ အရှင်ဘုရား အကျွန်ုပ်သည် အရှင်ဘုရားတို့၏ ဝန်ခံတော်မူခြင်းကို ဖြေပါ၏ဟု လျောက်၏။ မြတ်စွာဘုရားသည်လည်း နန္ဒ အကြင်အခါ၌ကား သင်သည် အရဟတ္တဖိုလ်သို့ ရောက်၏။ ထိုအခါ၌သာလျှင် ငါသည် ဝန်ခံခြင်းမှ လွတ်၏ဟု မိန့်တော်မူ၏။ ထိုအကြောင်းကို သိကုန်၍ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ နန္ဒမထေရ်သည် အလွန်လျှင် ဆုံးမခြင်းငှာ ခံ့ပေ၏။ တကြိမ်တည်းသောအဆုံးအမဖြင့်သာလျှင် အရှက်အကြောက်ကိုဖြစ်စေ၍ ရဟန်းတရားကိုအားထုတ်၍ အရဟတ္တဖိုလ်သို့ရောက်၏။ ဤစကားကိုဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် နန္ဒသည် ဆုံးမခြင်းငှါ ခံ့သည်မဟုတ်သေး၊ ရှေး၌လည်း နန္ဒသည် ဆုံးမခြင်းငှါ ခံ့သည်သာလျှင်တည်းဟု မိန့်တော်မူ၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဆင်ဆရာတို့၏အမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် ဆင်ဆရာတို့၏ အတတ်၌ အပြီးသို့ရောက်၍ ဗာရာဏသီမင်း၏ ပြည်နီးချင်းဖြစ်သော မင်းတပါးကို ခစားလေ၏။ ထိုဘုရားလောင်းသည် ထိုမင်း၏ မင်္ဂလာဆင်ကို ကောင်းစွာသင်သည်ကိုပြု၍ တတ်စေ၏။ ထိုမင်းသည် ဗာရာဏသီပြည်ကို ယူအံ့ဟူ၍ ဘုရားလောင်းကိုယူ၍ မင်္ဂလာဆင်ကိုစီး၍ များစွာသော စစ်သည်ဖြင့် ဗာရာဏသီပြည်သို့သွား၍ ခြံရံလျက် ပြည်ကိုမူလည်း ပေးမည်လော စစ်ထိုးခြင်းကိုမူလည်း ပေးမည်လောဟု ဗာရာဏသီမင်းအား အမှာစာကို ပို့စေ၏။ ဗြဟ္မဒတ်မင်းသည် စစ်ထိုးခြင်းကို ပေးအံ့ဟူ၍ တံတိုင်း တံခါးပစ္စင် တံခါးမုတ်တို့၌ ဗိုလ်ပါအပေါင်းကို တက်စေ၍ စစ်ထိုးခြင်းကို ပေး၏။ ပြည်နီးချင်းမင်းသည် မင်္ဂလာဆင်ကို ချပ်ဖြင့်ဖုံးလွှမ်း၍ မိမိသည်လည်း ချပ်ကိုဝတ်၍ မြတ်သော ဆင်ကျောက်ကုန်း၌ စီးလျက် ထက်စွာသော ချွန်းတောင်းကိုစွဲ၍ မြို့ကိုဖြို၍ ရန်သူကို အသက်ကုန်ခြင်းသို့ရောက်စေ၍ ပြည်ကို လက်သို့ရောက်သည်ကို ပြုအံ့ဟု ဆင်ကို မြို့သို့ရှေးရှုသွားစေ၏။ ထိုမင်္ဂလာဆင်သည် ပွဲလျှက်ပူတို့ကို၎င်း အထူးထူး အပြားပြားရှိကုန်သော လက်နက်တို့ကို၎င်း လွှတ်ကြကုန်သော သူတို့ကို မြင်၍ သေဘေးမှကြောက်ရကား ကပ်အံ့သောငှါ မဝံ့သည်ဖြစ်၍ နောက်သို့ ဆုတ်၏။ ထိုအခါ၌ ထိုမင်္ဂလာဆင်ကို ဆင်ဆရာသည်ကပ်၍ အမောင် သင်သည် ရဲရင့်သောဆင်တည်း၊ စစ်မြေပြင်ကို နှိပ်နင်းသွားတတ်သော ဆင်တည်း၊ ဤသို့သဘောရှိသောအရပ်၌ ဆုတ်ခြင်းမည်သည်ကား သင့်အား မလျောက်ပတ်ဟု ဆို၍ ဆင်ကို ဆုံးမလိုရကား-

၆၃။ သင်္ဂါမာဝစရော သူရော၊ ဗလဝါ ဣတိ ဝိဿုတော။
ကိံ နု တောရဏမာသဇ္ဇ၊ ပဋိက္ကမသိ ကုဉ္ဇရ။
၆၄။ ဩမဒ္ဒ ခိပ္ပံ ပလိဃံ၊ ဧသိကာနိ စ အဗ္ဗဟ။
တောရဏာနိ စ မဒ္ဒိတွာ၊ ခိပ္ပံ ပဝိသ ကုဉ္ဇရ။

ဟူသော ဤနှစ်ဂါထာကို ဆို၏။

၆၃။ ကုဉ္ဇရ၊ မင်္ဂလာဆင်မြတ်။ တွံ၊ သင်သည်။ သင်္ဂါမာဝစရော၊ စစ်မြေပြင်ကို နှိပ်နင်း၍ သွားတတ်၏။ သူရော၊ ရဲရင့်၏။ ဗလဝါ၊ ခွန်အားရှိ၏။ ဣတိ၊ ဤသို့။ ဝိဿုတော၊ ကျော်စောသော ဆင်တည်း။ တောရဏံ၊ တံခါးပေါင်သို့။ အာသဇ္ဇ၊ ရောက်၍။ ကိံ နု ပဋိက္ကမသိ၊ အဘယ်ကြောင့် ဆုတ်ဘိသနည်း။

၆၄။ ကုဉ္ဇရ၊ မင်္ဂလာဆင်မြတ်။ ပလိဃံ၊ တံခါးကျည်ပေါင်ကို။ ခိပ္ပံ၊ လျင်မြန်စွာ။ ဩမဒ္ဒ၊ အောက်သိုချလော့။ ဧသိကာနိစ၊ တံခါးတိုင်တို့ကိုလည်း။ အဗ္ဗဟ၊ နုတ်လော့။ တောရဏာနိ စ၊ တံခါးပေါင်တို့ကိုလည်း။ မဒ္ဒိတွာ၊ နင်း၍။ ခိပ္ပံ၊ လျင်မြန်စွာ။ ပဝိသ၊ ဝင်လော့။

မင်္ဂလာဆင်တော်သည် ထိုစကားကိုကြား၍ ဘုရားလောင်း၏ တကြိမ်တည်းသော အဆုံးအမဖြင့်သာလျှင်ပြန်၍ တံခါးတိုင်ကို နှာမောင်းဖြင့် ရစ်၍ မှိုတို့ကို နှုတ်သကဲ့သို့ နုတ်၍ တံခါးပေါင်ကိုနင်း၍ တံခါးကျည်ကို ချ၍ မြို့တံခါးကိုဖောက်၍ မြို့သို့ဝင်၍ ပြည်ကိုယူ၍ ပေး၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ နန္ဒသည် ထိုအခါ မင်္ဂလာဆင် ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဆင်ဆရာဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ဝဋ်နှောင်အကန့်၊ ဆုံးမခံ့ ပြတ်အံ့ မြဲသေချာ

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သင်္ဂါမာဝစရဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-အသဒိသဝဂ်

၃။ ဝါလောဒကဇာတ်

အမျိုးယုတ်မာ အသံစွာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုံရားသည်ဝါလောဒကံ အပ္ပရသံ နိဟီနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝါလောဒကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ငါးရာကုန်သော စားကြွင်းစားတို့ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ သာဝတ္ထိပြည်၌ ငါးရာကုန်သော ဒါယကာတို့သည် အိမ်၌ ပလိဗောဓကို သားမယားအားအပ်နှင်း၍ မြတ်စွာဘုရား၏ဓမ္မဒေသနာကို နာကုန်လျက် တပေါင်းတည်း သွားကုန်၏။ ထိုဒါယကာတို့တွင် အချို့ကုန်သော ဒါယကာတို့သည် သောတာပန်တို့တည်း၊ အချိုကုန်သော ဒါယကာတို့သည် သကဒါဂါမ်တို့တည်း၊ အချိုကုန်သော ဒါယကာတို့သည် အနာဂါမ်တို့တည်း၊ တယောက်မျှလည်း ပုထုဇန်မည်သည်မရှိ၊ မြတ်စွာဘုရားကို ဆွမ်းဘိတ်ကုန်သော်လည်း ထိုဒါယကာတို့ကို အတွင်းပြုကုန်၍သာလျှင် ဆွမ်းဘိတ်ကုန်၏။ ထိုငါးရာကုန်သော ဒါယကာတို့၏ကား ဒန်ပူမျက်နှာသစ်ရေ အဝတ်အာရုံနံ့သာ, ပန်းပေးကြကုန်သော ငါးရာကုန်သော အလုပ်အကျွေးငယ်တို့သည် စားကြွင်းစားကုန်သည်ဖြစ်၍ နေကုန်၏။ ထိုအလုပ်အကျွေးငယ်တို့သည် နံနက်စာစားပြီးလျှင် အိပ်ကုန်၍ ထကုန်လတ်သော် အစိရဝတီမြစ်သို့သွားကုန်၍ မြစ်နား၌ကြော်ငြာကုန်လျက် လက်ပမ်းလုံးထွေးခြင်းကို လုံးထွေးကြကုန်၏။ ငါးရာကုန်သော ထိုဒါယကာတို့သည်ကား အသံမရှိကုန်သည်ဖြစ်ကုန်၍ ကြွေးကြော်ခြင်း ကင်းကုန်လျက် ဖိုလ်ဝင်စားခြင်းကို အားထုတ်ကုန်၏။ မြတ်စွာဘုရားသည် ထိုစားကြွင်းစားတို့၏ ပြင်းထန်စွာသောအသံကို ကြားတော်မူ၍ အာနန္ဒာ ဤအသံသည် အဘယ်အသံနည်းဟု မေးတော်မူ၍ အရှင်ဘုရား စားကြွင်းစားတို့၏ အသံတည်းဟု နားတော်လျောက်သည်ရှိသော် ဤစားကြွင်းစားတို့သည် ယခုအခါ၌သာလျှင် စားကြွင်းကိုစားကုန်၍ ကြော်ငြာကုန်သည်ကား မဟုတ်ကုန်သေး၊ ရှေး၌လည်း ကြော်ငြာကုန်သလျှင်ကတည်း၊ ဤဒါယကာတို့သည်လည်း ယခုအခါ၌သာလျှင် ငြိမ်သက်စွာနေကုန်သည် မဟုတ်သေး၊ ရှေး၌လည်း ငြိမ်သက်စွာ နေဘူးကုန်သလျှင်ကတည်းဟု မိန့်တော်မူ၍ အာနန္ဒာမထေရ်သည် တောင်းပန်အပ်သည်ဖြစ်၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် အမည်ရှိသောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် အမတ်မျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် မင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်ဖြစ်၏။ ထိုအခါ တပါးသောအခါ၌ ထိုမင်းသည် ပစ္စန္တရစ်ကို ခိုးသူတို့သည် ဖျက်ဆီးအပ်၏ဟု ကြား၍ ငါးရာကုန်သော သိန္ဓောအမျိုး ဖြစ်ကုန်သောမြင်းတို့ကို ပြင်စေ၍ အင်္ဂါလေးပါးရှိသော စစ်သည်ဖြင့်သွား၍ ပစ္စန္တရစ်ကိုငြိမ်းစေ၍ ဗာရာဏသီပြည်သို့သာလျှင် ပြန်လာ၍ သိန္ဓောအမျိုးဖြစ်ကုန်သော မြင်းတို့သည် ပင်ပန်းကုန်၏။ ထိုသိန္ဓောအမျိုးဖြစ်ကုန်သော မြင်းတို့အား စိုသောအရသာရှိသည်သာလျှင် ဖြစ်သော မုဒရက်အဖျော်ကို ပေးကုန်လော့ဟုဆို၍ ပေးစေ၏။ သိန္ဓောအမျိုးဖြစ်ကုန်သော မြင်းတို့သည် အဦးဖြစ်သောအဖျော်ရည်ကို သောက်ကုန်၍ မြင်းတင်းကုပ်သို့သွားကုန်၍ မိမိမိမိတို့၏နေရာတို့၌ တည်ကုန်၏။ ထိုသိန္ဓောအမျိုး ဖြစ်ကုန်သော မြင်းတို့အားကား ပေးကြွင်းသည် အရည်နည်းသည်ဖြစ်၍ အဖတ်များသည်ဖြစ်၏။ လူတို့သည် ဤအကြွင်းကို အသို့ပြုရကုန်အံ့နည်းဟု မင်းအား လျောက်ကုန်၏။ မင်းသည် ရေဖြင့်နယ်၍ သင်ပန်းလျှော်ဖြင့် ရက်အပ်သော အဝတ်နွမ်းဖြင့်စစ်ကုန်၍ အကြင်မြည်းတို့သည် သိန္ဓောအမျိုးဖြစ်ကုန်သော မြင်းတို့အား ရိက္ခာကိုမှီရကုန်၏။ ထိုမြည်းတို့အား ပေးကုန်လောဟု ပေးစေ၏။ မြည်းတို့သည် မုဒရက်ဖတ်ကို စစ်သောရေကို သောက်ရခြင်းကြောင့် ယစ်ကုန်သည်ဖြစ်၍ ခုန်လွှားပေါက်ကန်ကုန်သောအားဖြင့် မြည်ကုန်လျက် မင်းယင်ပြင်၌ သွားကုန်၏။ မင်းသည် လေသွန်တံခါးမကိုဘွင့်၍ ကြည့်သည်ရှိသော် မြင်၍ အနီး၌တည်သော ဘုရားလောင်းကိုခေါ်၍ အမတ်ကြီး သင်သည် မြင်၏လော၊ ဤမြည်းတို့သည် မုဒရက်ဖတ်ကိုစစ်သော အရည်ကိုသောက်ရခြင်းကြောင့် ယစ်ကုန်သည်ဖြစ်၍ ခုန်လွှား ပေါက်ကန်ကုန်သောအားဖြင့် မြည်ကုန်လျက် သွားကုန်၏။ သိန္ဓဝအမျိုး၌ ဖြစ်ကုန်သော သိန္ဓောမြင်းတို့သည်ကား အဦးဖြစ်သော အဖျော်ရည်ကိုသောက်ကုန်၍ အသံကင်းကုန်လျက် ငြိမ်သက်စွာ နေကုန်၏။ မပြုံးရွှင်ကုန်၊ အကြောင်းသည် အသို့နည်းဟု မေးလိုရကား-

၆၅။ ဝါလောဒကံ အပ္ပရသံ နိဟီနံ၊
ပိတွာ မဒေါ ဇာယတံ ဂဒြဘာနံ။
ဣမံ စ ပိဝိတွာန ရသံ ပဏီတံ၊
မဒေါ န သံဇာယတိ သိန္ဓဝါနံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၆၅။ မဟာအမစ္စ၊ အမတ်ကြီး။ ဂဒြဘာနံ၊ မြည်းတို့အား။ နီဟိနံ၊ ယုတ်ထသော။ အပ္ပရသံ၊ နည်းသော အရသာရှိထသော။ ဝါလောဒကံ၊ သင်ပန်းလျှော်ဖြင့် ရက်အပ်သောအဝတ်နွမ်းဖြင့် စစ်အပ်သောမုဒရက်ရည်ကို။ ပိတွာ၊ သောက်ရ၍။ မဒေါ၊ ယစ်ခြင်းသည်။ ဇာယတိ၊ ဖြစ်၏။ သိန္ဓဝါနံ စ၊ သိန္ဓဝအမျိုးဖြစ်ကုန်သော မြင်းတို့အားကား။ ပဏီတံ၊ မွန်မြတ်သော။ ဣမံ ရသံ၊ ဤမုဒရက်အရည်ကို။ ပိဝိတွာန၊ သောက်၍။ မဒေါ၊ ယစ်ခြင်းသည်။ န သံဇာယတိ၊ မဖြစ်။ ကိံ နု ကာရဏံ၊ အကြောင်း အသို့နည်း။

ထိုအခါ ထိုဗြဟ္မဒတ်မင်းအား အကြောင်းကိုကြားလိုး ဘုရားလောင်းသည်-

၆၆။ အပ္ပံ ပိဝိတွာန နိဟီနဇစ္စော၊
သော မဇ္ဇတိ တေန ဇနိန္ဒ ပုဋ္ဌော။
ဓောရယှသီလီ စ ကုလမှိ ဇာတော၊
န မဇ္ဇတိ အဂ္ဂရသံ ပိဝိတွာ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၆၆။ ဇနိန္ဒ၊ လူတို့ကို အစိုးရတော်မူသော မင်းမြတ်။ သော၊ ထိုမြည်းအပေါင်းသည်။ နိဟီနဇစ္စော၊ ယုတ်သော အမျိုးရှိ၏။ တေန၊ ထိုယုတ်သောအမျိုး ရှိသည်၏အဖြစ်ဟု ဆိုအပ်သော သဘောသည်။ ပုဋ္ဌော၊ ကျွေးမွေး အပ်သည်ဖြစ်၍။ အပ္ပံ၊ နည်းသော အရသာရှိသော မုဒရက်အဖျော်ကို။ ပိဝိတွာန၊ သောက်ရ၍။ မဇ္ဇတိ၊ ယစ်၏။ ကုလမှိ၊ မြတ်သော အမျိုး၌။ ဇာတော- ဇာတတ္တာ၊ ဖြစ်သည်၏အဖြစ်ကြောင့်။ ဓောရယှသီလီ စ၊ ဝန်ကို ဆောင်တတ်သောသဘောနှင့် ပြည့်စုံသော မြင်းအပေါင်းသည်ကား။ အဂ္ဂရသံ၊ ရှေးဦးစွာယူအပ်သော မုဒရက် အဖျော်ရည်ကို။ ပိဝိတွာ၊ သောက်၍။ န မဇ္ဇတိ၊ မယစ်။

ဗြဟ္မဒတ်မင်းသည် ဘုရားလောင်း၏ စကားကို ကြား၍ မြည်းတို့ကို မင်းယင်ပြင်မှ ထုတ်စေ၍ ဘုရားလောင်း၏ အဆုံးအမ၌သာလျှင် တည်၍ ဒါနအစရှိကုန်သော ကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာလား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အာနန္ဒာ ယခုအခါ၌ ဤစားကြွင်းစားတို့သည် ထိုအခါ ငါးရာကုန်သော မြည်းတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ဤဒါယကာတို့သည် ထိုအခါ ငါးရာကုန်သော သိန္ဓဝအမျိုးဖြစ်ကုန်သော မြင်းတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ထိုမှတပါး ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိအမတ်ကြီး ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အမျိုးယုတ်လက်၊ ကြွေးကြော်တတ်၍၊ မြင့်မြတ်အမျိုး၊ ဣန္ဒြေစိုး၊ အဘိုးတန်လှသည်

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဝါလောဒကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-အသဒိသဝဂ်

၄။ ဂိရိဒတ္တဇာတ်

အတုမြင် အတတ်သင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဒူသိတော ဂိရိဒတ္တေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သောဤဂိရိဒတ္တဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တပါးသော ဆန့်ကျင်ဘက်ဖြစ်သော အပေါင်း အဘော်ကို မှီဝဲသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဤ ဝတ္ထုကို အောက်မဟိလာမုခဇာတ်၌ ဆိုအပ်ပြီးသည်သာလျှင်တည်း၊ အထူးကား သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင် ဆန့်ကျင်ဘက်ဖြစ်သော အပေါင်းအတော်ကို မှီဝဲသည် မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းသည် ဆန့်ကျင်ဘက်ဖြစ်သော အပေါင်းအဘော်ကို မှီဝဲသလျှင်ကတည်းဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ သာမမည်သောမင်းသည် မင်းပြုတော်မူ၏။ ထိုအခါ ဘုရားလောင်းသည် အမတ်အမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လျှင် ထိုသာမမင်း၏ အကျိုးအကြောင်းကိုဆုံးမတက်သော အမတ်ဖြစ်၏။ မင်း၏မင်္ဂလာမြင်းသည် ပဏ္ဍဝ အမည် ရှိ၏။ ထိုမင်္ဂလာမြင်း၏ မြင်းထိန်းသည် ဂိရိဒတ္တ အမည်ရှိ၏။ ထိုဂီရိတ္တသည် ခွင်သည် ဖြစ်၏။ မြင်းသည် နှာရှုပ်ကြိုး၌ကိုင်၍ ရှေ့မှသွားသော ထိုဂိရိဒတ္တကိုမြင်၍ ဤဂိရိဒတ္တသည် ငါ့ကို သင်၏ ဟူသော သဘောအမှတ်ဖြင့် ထိုဂိရိဒတ္တ အတုကျင့်၍ ခွင်သည်ဖြစ်၏။ ထိုမြင်း၏ ခွင်သည်၏အဖြစ်ကို မင်းအား လျှောက်ကုန်၏။ မင်းသည် ဆေးသမားတို့ကို စေ၏။ ထိုဆေးသမားတို့သည် သွားကြကုန်၍ မြင်း၏ကိုယ်၌ အနာကိုမမြင်ကုန်သည်ဖြစ်၍ ထိုမြင်း၏အနာကို မမြင်ကုန်ဟု မင်းအားလျှောက်ကုန်၏။ မင်းသည် ဘုရားလောင်းကို ပညာရှိ သွား၍, ကြည့်ရှုကုန်လော့၊ ထိုခွင်သည်၏ အဖြစ်၌ အကြောင်းကို စုံစမ်းချေလော့ဟု စေ၏။ ဘုရားလောင်းသည် သွား၍ ခွင်သော မြင်းထိန်းနှင့် ပေါင်းဘော်ခြင်းကြောင့် ထိုမြင်း၏ ခွင်သော အဖြစ်ကိုသိ၍ မင်းအား ထိုအကြောင်းကိုကြား၍ ပေါင်းတော်ခြင်းကြောင့် ဖြစ်သော အပြစ်မည်သည်ကား ဤသို့ဖြစ်၏ဟု ပြလိုရကား-

၆၇။ ဒူသိတော ဂိရိဒတ္တေန၊ ဟယော သာမဿ ပဏ္ဍဝေါ။
ပေါရာဏံ ပကတိံ ဟိတွာ၊ တဿေဝါနုဝိဓိယျတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၆၇။ ဂိရိဒတ္တေန၊ မြင်းထိန်းဂိရိဒတ်သည်။ ဒူသိတော၊ ဖျက်ဆီးအပ်သည်ဖြစ်၍။ သာမဿ၊ သာမမြင်း၏။ ပဏ္ဍဝေါ၊ ပဏ္ဍဝအမည်ရှိသော။ ဟယော၊ မင်္ဂလာမြင်းတော်သည်။ ပေါရာဏံ၊ ရှေး၌ဖြစ်သော။ ပကတိံ၊ တင့်တယ်စမ္ပယ်စွာ သွားခြင်းသဘောကို။ ဟိတွာ၊ စွန့်၍။ တဿေဝ၊ ထိုမြင်းထိန်း ဂိရိဒတ်၏သာလျှင်။ အနုဝိဓိယျတိ၊ ခွင်သော အတုသို့လိုက်၍ ကျင့်၏။

ထိုအခါ၌ ဘုရားလောင်းကို သာမမင်းသည် ယခုအခါ၌ ထိုမြင်းအား အသို့ပြုအံ့နည်းဟု မေး၏။ ဘုရားလောင်းသည် ကောင်းသော သွားခြင်းရှိသော မြင်းထိန်းကိုရ၍ ရှေး၌ ကောင်းသကဲ့သို့ ဖြစ်လတ္တံ့ဟု ဆိုလိုရကား-

၆၈။ သစေ စ တနုဇော ပေါသော၊ သိခရာကာရကပ္ပိတော။
အာနနေ နံ ဂဟေတွာန၊ မဏ္ဍလေ ပရိဝတ္တယေ။
ခိပ္ပမေဝ ပဟန္တွာန၊ တဿေဝါနုဝိဓိယျတိ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၆၈။ မဟာရာဇ၊ မင်းမြတ်။ တနုဇော၊ ထိုကောင်းသောအကျင့်နှင့် ပြည့်စုံသော မင်းအား လျော်စွာဖြစ်သော။ သိခရာကာရကပ္ပိတော၊ ကောင်းသောအခြင်းအရာအားဖြင့် ပြုပြင်တတ်သော ဆံမုတ်ဆိတ်ရှိသော။ ပေါသော၊ ယောက်ျားသည်။ နံ၊ ထိုမြင်းတော်ကို။ အာနနေ၊ နှုတ်သီးကြိုး၌။ တနည်းကား... အာနနေ၊ နှာရှုပ်ကြိုး၌။ ဂဟေတွာန၊ ကိုင်၍။ မဏ္ဍလေ၊ မြင်းတင်းကုပ်၌။ သစေ ပရိဝတ္တယေ၊ အကယ်၍ သွားငြားအံ့။ အဿော၊ မြင်းတော်သည်။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ ခဉ္စဘာဝံ၊ ခွင်သည်၏အဖြစ်ကို။ ပဟန္တွာန၊ စွန့်၍။ တဿေဝ၊ ထိုတင့်တယ်စွာသော ယောက်ျား၏သာလျှင်။ အနုဝိဓိယျတိ၊ အတုလိုက်၍ ကျင့်လတ္တံ့။

မင်းသည် ထိုဘုရားလောင်းဆိုတိုင်း ပြုစေ၏။ မြင်းသည် ပြကတေ့ သောအဖြစ်၌ တည်၏။ မင်းသည် တိရစ္ဆာန်တို့၏ အလိုကိုစင်လျက်လည်း သိပေ၏ဟု နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ဘုရားလောင်းအား များစွာသော စည်းစိမ်ကိုပေး၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ဂိရိဒတ္တ ဖြစ်ဘူးလေပြီ၊ ယခုအခါ ဆန့်ကျင်ဘက်ဖြစ်သော အပေါင်းအတော်ကို မှီဝဲသော ရဟန်းသည် ထိုအခါ မင်္ဂလာမြင်း ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အမတ်ပညာရှိ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ပတ်ဝန်းကျင်စု၊ မြင်တွေ့မှု၊ အတုလိုက်တတ်စွာ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဂိရိဒတ္တဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-အသဒိသဝဂ်

၅။ အနဘိရတိဇာတ်

ပုဏ္ဏား၏ဗေဒင်ပညာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်ယထောဒကော အာဝိလေ အပ္ပသန္နေ အစရှိသောဂါထာ ပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤအနဘိရတိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသောပုဏ္ဏားဖြစ်သော သတို့သားကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တယောက်သော ပုဏ္ဏားဖြစ်သော သတို့သားသည် ဗေဒင်သုံးပုံတို့၏ ကမ်းတဘက်သို့ ရောက်သည်ဖြစ်၍ များစွာသော မင်းသားငယ်တို့ကို၎င်း ပုဏ္ဏားသားငယ်တို့ကို၎င်း ဗေဒင်တို့ကိုသင်သတတ်၊ ထိုပုဏ္ဏားလုလင်သည် နောက်အဘို့၌ အိမ်ရာထောင်ခြင်းကိုဖြစ်စေ၍ အဝတ်တန်ဆာ ကျွန်ယောက်ျား ကျွန်မိန်းမ လယ်ယာကျွဲနွား မယား အစရှိသည်တို့၏အကျိုးငှါ ကြံသည်ရှိသော် ရာဂ, ဒေါသ မောဟနိုင်ငံသို့လိုက်သည်ဖြစ်၍ နောက်ကျုသောစိတ်ရှိသည်ဖြစ်၏။ ဗေဒင်တို့ကို အစဉ်အားဖြင့်ပြန်အံ့သောငှါ မစွမ်းနိုင်၊ ထိုမှဤမှလည်း ဗေဒင်တို့သည် မထင်ကုန်၊ ထိုပုဏ္ဏားသည် တနေ့သ၌ များစွာကုန်သော နံ့သာပန်း အစရှိသည်တို့ကိုယူ၍ ဇေတဝန် ကျောင်းတော်သို့သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးပူဇော်၍ လျောက်ပတ်စွာနေ၏။ မြတ်စွာဘုရားသည် ထိုပုဏ္ဏားနှင့် စကားစေ့စပ်ခြင်းကို ပြုတော်မူ၍ လုလင် သင်သည် ဗေဒင်တို့ကို သင်စေ၏လော၊ သင်သည် ဗေဒင်တို့ကို လေ့ကျက်အပ်ကုန်၏လောဟု မေးတော်မူ၏။ အရှင်ဘုရား ရှေး၌ အကျွန်ုပ်အား ဗေဒင်တို့သည် နှုတ်တက်ကုန်သည် ဖြစ်ကုန်၏။ အိမ်ရာထောင်ခြင်းကို ယူသောကာလမှစ၍ အကျွန်ုပ်၏ စိတ်သည် နောက်ကျု၏။ ထို့ကြောင့် ယခုအခါ၌ အကျွန်ုပ်အား ဗေဒင်တို့သည် နှုတ်မတက်ကုန်ဟု လျှောက်၏။ ထိုအခါ၌ ထိုပုဏ္ဏားကို မြတ်စွာဘုရားသည်လုလင် ယခုအခါ၌သာလျှင် သင်၏စိတ်မနောက်ကျုသော ကာလ၌ သင့်အား ဗေဒင်တို့သည် နှုတ်တက်ကုန်သည်ဖြစ်၍ ရာဂအစရှိသည်တို့ကြောင့် နောက်ကျုသောအခါ၌ သင့်အား ဗေဒင်တို့သည် မထင်ကုန်သည်ကား မဟုတ်ကုန်သေး၊ ရှေး၌လည်း သင်၏စိတ်မနောက်ကျုသော ကာလ၌ သင့်အား ဗေဒင်တို့သည် နှုတ်တက်ကုန်သည် ဖြစ်ကုန်၏။ ရာဂအစရှိသည်တို့ကြောင့် နောက်ကျုသောကာလ၌ သင့်အား ဗေဒင်တို့သည် မထင်ကုန်၊ ဤသို့မိန့်တော်မူ၍ ထိုပုဏ္ဏားသည် တောင်းပန်အပ်သည်ဖြစ်၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ပုဏ္ဏား လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သော် ဘုရားလောင်းသည် ပုဏ္ဏားသူကြွယ်အမျိုး၌ဖြစ်လေ၍ အရွယ်သို့ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ ဗေဒင်တို့ကိုသင်၍ ဒိသာပါမောက္ခဆရာဖြစ်၍ ဗရာဏသီပြည်၌ များစွာသော မင်းသားတို့ကို၎င်း ပုဏ္ဏားသားတို့ကို၎င်း ဗေဒင်တို့ကို သင်စေ၏။ ထိုဘုရားလောင်း၏အထံ၌ တယောက်သော ပုဏ္ဏားလုလင်သည် ဗေဒင်သုံးပုံတို့ကို လေ့ကျက်၏။ တပုဒ်မျှလည်း ယုံမှားခြင်းမရှိသော ဆရာငယ်ဖြစ်၍ ဗေဒင်တို့ကို သင်စေ၏။

ထိုပုဏ္ဏားသည် နောင်အခါ၌ အိမ်ထောင်ခြင်းကိုပြု၍ အိမ်ထောင်မှုကိုကြံသဖြင့် နောက်ကျုသော စိတ်ရှိသည်ဖြစ်၍ ဗေဒင်တို့ကို ပြန်အံ့သောငှါ မစွမ်းနိုင်၊ ထိုအခါ၌ ဆရာသည် မိမိ၏အထံသို့လာသော ထိုပုဏ္ဏားကို လုလင် သင်သည် ဗေဒင်တို့ကို လေ့ကျက်အပ်၏လော၊ ဤသိုမေး၍ ဆရာ အိမ်ရာထောင်ခြင်းကို ယူသောကာလမှစ၍ အကျွန်ုပ်စိတ်သည် နောက်ကျုသော သဘောရှိသည်ဖြစ်၍ အကျွန်ုပ်သည် ဗေဒင်တို့ကိုပြန်အံ့သောငှါ မစွမ်းနိုင်ပါဟု ဆိုသည်ရှိသော် ချစ်သား စိတ်သည်နောက်ကျုသည်ရှိသော် လေ့ကျက်အပ်သော်လည်း ဗေဒင်တို့သည်မထင်ကုန်။ စိတ်သည် မနောက်ကျုသည်ရှိသော်ကား မထင်သောမည်သည် မရှိ၊ ဤသို့ဆိုလိုရကား-

၆၉။ ယထောဒကေ အာဝိလေ အပ္ပသန္နေ၊
န ပဿတိ သိပ္ပိကသမ္ဗုကဉ္စ။
သက္ခရံ ဝါလုကံ မစ္ဆဂုမ္ဗံ၊
ဧဝံ အာဝိလမှိ စိတ္တေ။
န သော ပဿတိ အတ္တဒတ္ထံ ပရတ္ထံ။
၇၀။ ယထောဒကေ အစ္ဆေ ဝိပ္ပသန္နေ၊
သော ပဿတိ သိပ္ပိကသမ္ဗုကဉ္စ။
သက္ခရံ ဝါလုကံ မစ္ဆဂုမ္ဗံ၊
ဧဝံ အနာဝိလမှိ စိတ္တေ။
သော ပဿတိ အတ္တဒတ္ထံ ပရတ္ထံ။

ဟူသော ဤဂါထာတို့ကို ရွတ်၏။

၆၉။ တာတ၊ ချစ်သား။ ဥဒကေ၊ ရေသည်။ အာဝိလေ၊ နောက်ကျုသည်ရှိသော်။ အပ္ပသန္နေ၊ မကြည်လင်သည်ရှိသော်။ ကသမ္ဗုကဉ္စ၊ ယောက်သွားခရုကို၎င်း။ သက္ခရဉ္စ၊ ကျောက်စရစ်ကို၎င်း။ ဝါလုကဉ္စ၊ သဲကို၎င်း။ မစ္ဆဂုမ္ဗဉ္စ၊ ငါးအပေါင်းကို၎င်း။ န ပဿတိ ယထာ၊ မမြင်သကဲ့သို့။ ဧဝံ-တထာ၊ ထို အတူ။ စိတ္တေ၊ စိတ်သည်။ အာဝိလမှိ၊ နောက်ကျုသည်ရှိသော်။ အတ္တဒတ္ထံ၊ မိမိအကျိုးစီးပွားကို၎င်း။ ပရတ္ထံ၊ သူတပါး အကျိုး စီးပွားကို၎င်း။ သော ပုရိသော၊ ထိုယောက်ျားသည်။ န ပဿတိ၊ မမြင်။

၇၀။ တာတ၊ ချစ်သား။ ဥဒကေ၊ ရေသည်။ အစ္ဆေ၊ ကြည်သည်ရှိသော်။ ဝိပ္ပသန္နေ၊ အထူးသဖြင့် ကြည်သည်ရှိသော်။ သော ပုရိသော၊ ထိုယောက်သွားအစသည်ကိုရှာသော ယောက်ျားသည်။ သိပ္ပိကသမ္ဘုကဉ္စ၊ ယောက်သွား ခရုကို၎င်း။ သက္ခရဉ္စ၊ ကျောက်စရစ်ကို၎င်း။ ဝါလကဉ္စ၊ သဲကို၎င်း။ မစ္ဆဂုမ္ဗဉ္စ၊ ငါးအပေါင်းကို၎င်း။ ပဿတိ ယထာ၊ မြင်သကဲ့သို့။ ဧဝံ-တထာ၊ ထို အတူ။ စိတ္တေန၊ စိတ်သည်။ အနာဝိလမှိ၊ မနောက်ကျူ သည်ရှိသော်။ သော ပုရိသော၊ ထိုအကျိုးစီးပွားကိုရှာသော ယောက်ျားသည်။ အတ္တဒတ္ထံ၊ မိမိအကျိုးစီးပွားကို၎င်း။ ပရတ္ထဉ္စ၊ သူတပါးအကျိုးစီးပွားကို၎င်း။ ပဿတိ၊ မြင်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤအတိတ်ကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ ပုဏ္ဏားဖြစ်သော သတို့သားသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား လုလင် ယခုအခါ ဤလုလင်သည်လျှင် ထိုအခါ လုလင် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဒိသာပါမောက္ခဆရာ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သိပ္ပခေါင်ဖျား၊ တတ်မြောက်ငြား၊ စိတ်ထားနောက်ကျု ပျက်စီးမှု

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော အနဘိရတိဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-အသဒိသဝဂ်

၆။ ဒဓိဝါဟနဇာတ်

လက်နက်စွမ်း လေးပါး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝဏ္ဏဂန္ဓရသူပေတော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒဓိဝါဟနဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆန့်ကျင်ဘက်ဖြစ်သော အပေါင်းအဘော်ကို မှီဝဲသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုကို အောက်၌ဆိုအပ်ပြီးသလျှင်ကတည်း၊ အထူးကား မြတ်စွာဘုရားသည် ရဟန်းတို့ သူတော်မဟုတ် သူယုတ်တို့နှင့် ပေါင်းဘော်ခြင်းမည်သည် ယုတ်မာ၏။ အကျိုးမဲ့ကို ပြုတတ်သည်သာလျှင်တည်း၊ ထိုစကား၌ လူဖြစ်၍ဖြစ်ကုန်သောသူတို့၏ သူယုတ်မာတို့နှင့်ပေါင်းခြင်း၏ အကျိုးမဲ့ကို ပြုသည် ၏အဖြစ်၌ကား အဘယ်ဆိုဘွယ်ရှိအံ့နည်း၊ ရှေး၌ကား သာယာဘွယ်မရှိသော ချိုခြင်းကင်းသော တမာပင်နှင့်တကွ ပေါင်းဘော်ခြင်းကိုစွဲ၍ နတ်တို့၌ဖြစ်သော အရသာနှင့်တူသော ချိုသောအရသာရှိသော စိတ်မရှိသော သရက်ပင်စင်လျက်လည်း အချိုကင်းသည်ဖြစ်၍ ခါးသည်ဖြစ်၏ဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သည်ရှိသော် ကာသိကတိုင်း၌ ညီနောင်ဖြစ်ကုန်သော လေးယောက်ကုန်သောပုဏ္ဏားတို့သည် ရသေ့ရဟန်းပြုကုန်၍ ဟိမဝန္တာအရပ်၌ အစဉ်အားဖြင့် ကျောင်းကိုဆောက်၍ နေကုန်၏။ ထိုလေးပါးကုန်သော ရသေ့တို့တွင် အစ်ကိုကြီးရသေ့သည်စုတေ၍ သိကြားမင်းအဖြစ်သို့ ရောက်၏။ ထိုသိကြားမင်းသည် ထိုအကြောင်းကို သိ၍ အကြားအကြား၌ ခုနစ်ရက်ရှစ်ရက်လွန်သဖြင့် ညီငယ်ရသေ့တို့၏ အထံသို့ သွားသည်ရှိသော် တနေ့သ၌ ရသေ့ကြီးကိုရှိခိုး၍ လျောက်ပတ်စွာနေ၍ အရှင်ဘုရား အရှင်ဘုရားအား အဘယ်ဝတ္ထုဖြင့် အလိုရှိသနည်းဟု မေး၏။ ရသေ့သည် ဖျော့တော့နာ စွဲသည်ဖြစ်၍ ငါ့အား မီးဖြင့် အလိုရှိ၏ဟု ဆို၏။ ထိုသိကြားမင်းသည် ထိုစကားကိုကြား၍ ထိုရသေ့ကြီးအား ပဲခွပ်ပါ ပုဆိန်ကိုပေး၏။ ပဲခွပ်ပါ ပုဆိန်မည်သည်ကား အရိုးတပ်သည်၏အစွမ်းအားဖြင့် ပဲခွပ်သည်လည်း ဖြစ်၏။ ပုဆိန်သည်လည်းဖြစ်၏။ ရသေ့သည် ဤပဲခွပ်ပါပုဆိန်ကိုယူ၍ ငါ့ဘို့ အဘယ်သူသည်ထင်းတို့ကို ဆောင်လတ္တံ့နည်းဟုဆို၏။ ထိုအခါ၌ ထိုရသေ့ကို သိကြားမင်းသည် ဤသို့ဆို၏။

အဘယ်သို့ ဆိုသနည်းဟူမူကား အရှင်ဘုရား အကြင်အခါ၌ အရှင်ဘုရားအား ထင်းတို့ဖြင့် အလိုတော်ရှိသည်ဖြစ်အံ့၊ ဤပဲခွပ်ရဖြစ်သော ပုဆိန်ကို အရှင်ဘုရားသည် လက်ဖြင့်ခတ်၍ ငါ့ဘို ထင်းတို့ကိုဆောင်၍ မီးကိုပြုလော့၊ ဤသို့ ဆိုတော်မူလော့၊ ထိုအခါ၌ ထင်းတို့ကိုဆောင်၍ မီးကို ညှိ၍ ပေးလတ္တံ့ဟုဆို၍ ထိုရသေ့ကြီးအား ပဲခွပ်ရပုဆိန်ကိုပေး၍ အလတ်ဖြစ်သော ရှင်ရသေ့သို့လည်းကပ်၍ အရှင်ဘုရား အရှင်ဘုရားအား အဘယ်ဝတ္ထုဖြင့် အလိုတော်ရှိသနည်းဟု မေး၏။ ထိုရသေ့ကျောင်း၏အနီး၌ ဆင်တို့၏ သွားရာလမ်းသည်ဖြစ်၏။ ထိုရသေ့သည် ဆင်တို့သည် နှိပ်စက်အပ်သည်ဖြစ်၍ ငါ့အား ဆင်တို့၏အစွမ်းအားဖြင့် ဆင်းရဲခြင်းသည် ဖြစ်၏။ ထိုဆင်တို့ကို ပြေးစေလော့ဟုဆို၏။ သိကြားသည် ထိုရသေ့အား စည်တလုံးကိုကပ်၍ အရှင်ဘုရား ဤဘက်အပြင်ကို တီးသည်ရှိသော် အရှင်ဘုရားတို့၏ရန်သူတို့သည် ပြေးကုန်လတ္တံ့၊ ဤဘက်အပြင်ကို တီးသည်ရှိသော်ကား မေတ္တာစိတ်ရှိကုန်သည်ဖြစ်၍ အင်္ဂါလေးပါးရှိကုန်သော စစ်သည်တို့သည် ခြံရံလာကုန်လတ္တံ့၊ ဤသို့ဆို၍ စည်ကိုပေးပြီး ညီငယ်ရသေ့အထံသို့ သွား၍ အရှင်ဘုရား အရှင်ဘုရားအား အဘယ်ဝတ္ထုဖြင့် အလိုရှိသနည်း ဤသို့ မေး၏။ ထိုရသေ့ငယ်သည်လည်း ဖျော့တော့နာစွဲသော ဓာတ်ရှိသလျှင်ကတည်း၊ ထိုကြောင့် ငါ့အား နို့ဓမ်းဖြင့်အလိုရှိ၏ ဟု ဤသို့ဆို၏။ သိကြားသည် ထိုရသေ့ငယ်အား တလုံးသော နို့ဓမ်းအိုးကိုပေး၍ အရှင်ဘုရားတို့သည် အလိုရှိကုန်သည်ဖြစ်၍ ဤနို့ဓမ်းကို အကယ်၍သွန်ကုန်သည်ဖြစ်အံ့၊ မြစ်ကြီးဖြစ်၍ များစွာရေအယာဉ်ကို ဖြစ်စေ၍ အရှင်ဘုရားတို့အား မင်းအဖြစ်ကိုယူ၍ ပေးအံ့သောငှါ စွမ်းနိုင်သည် ဖြစ်လတ္တံ့ ဤသို့ဆို၍သွား၏။ ထိုအခါမှစ၍ ပဲခွပ်ရပုဆိန်သည် အစ်ကိုကြီးဖြစ်သော ရသေ့၏အကျိုးငှာ မီးကိုပြု၏။ အလတ်ဖြစ်သော ရသေ့သည် စည်အပြင်ကို တီးသည်ရှိသော် ဆင်တို့သည် ပြေးကုန်၏။ ရသေ့ငယ်သည် နို့ဓမ်းကို ဘုဉ်းပေး၏။

ထိုကာလ၌ တခုသောဝက်သည် ရှေး၌ ရွာတည်ဘူးသော တခုသောအရပ်၌ ကျက်စားသည်ရှိသော် အာနုဘော်နှင့် ပြည့်စုံသော ပတ္တမြားတုံးကိုမြင်လေ၏။ ထိုဝက်သည် ထိုပတ္တမြားတုံးကို နှုတ်သီးဖြင့်ကိုက်၍ ထိုပတ္တမြား၏အာနုဘော်အားဖြင့် ကောင်းကင်၌ပျံ၍ သမုဒ္ဒရာ၏ အလယ်၌ ကျွန်းငယ်တခုသို့ ရောက်၍ ယခုအခါ ဤကျွန်း၌ ငါသည် နေခြင်းငှါ သင့်၏ဟု ဆင်းသက်၍ ချမ်းသာရာအရပ်၌ တခုသော ရေသဖန်းပင်၏ အောက်၌ နေခြင်းကို ပြု၏။ ထိုဝက်သည် တနေ့သ၌ ထိုသဖန်ပင်ရင်းတွင် ပတ္တမြားတုံးကို ရှေ့မှထား၍ အိပ်ပျော်ခြင်းသို့ ရောက်၏။ ထိုအခါ ကာသိကတိုင်း၌နေသော တယောက်သောလူသည် ဤသူကား ငါတို့အား ကျေးဇူးပြုခြင်းမည်သည် မရှိဟု မိဘတို့သည် အိမ်မှနှင်ထုတ်အပ်သည်ဖြစ်၍ တခုသောသင်္ဘောဆိပ်ရွာသို့ရောက်၍ လှေသူကြီးတို့၏ အမှုအလုပ်ဖြစ်၍ လှေကိုစီး၍ သွားသည် ရှိသော် သမုဒ္ဒရာ၏အလယ်၌ လှေသည် ပျက်စီးသဖြင့် ပျဉ်၌စီးလျက် ထိုကျွန်းသို့ရောက်၍ သစ်သီးကြီးငယ်တို့ကို ရှာသည်ရှိသော် အိပ်ပျော်လျက်နေသော ထိုဝက်ကိုမြင်၍ သာယာစွာသွားလျက် ပတ္တမြားတုံးကိုယူ၍ ထိုပတ္တမြားတုံး၏ အာနုဘော်အားဖြင့် ကောင်းကင်သို့ ပျံတက်၍ ရေသဖန်းပင်၌နေလျက် ဤသို့ ကြံ၏။ ဤဝက်သည် ဤပတ္တမြားတုံး၏ အာနုဘော်အားဖြင့် ကောင်းကင်ခရီးဖြင့် ပျံသွား၍ ဤအရပ်၌ နေယောင်တကား၊ ငါသည်လည်း ရှေးဦးစွာ ဤဝက်ကို သတ်ပြီးလျှင် အသားကိုစား၍ တဖန်ပျံအံ့သောငှါသင့်၏ဟု ကြံပြီးသော် ထိုသူသည် တခုသော တုတ်လှံတန်ကိုချိုး၍ ထိုဝက်ဦးခေါင်းပေါ်သို့ ချလိုက်၏။ ဝက်သည် နိုးလတ်၍ ပတ္တမြားတုံးကို မမြင်သည်ရှိသော် တုန်လှုပ်သော စိတ်ရှိသည်ဖြစ်၍ ထိုမှဤမှ ပြေး၍သွား၏။ ရေသဖန်းပင်၌ နေသော ယောက်ျားသည် ရယ်၏။ ဝက်သည် ကြည့်လတ်သည်ရှိသော် ထိုယောက်ျားကို မြင်၍ ရေသဖန်းပင်ကို ဦးခေါင်းဖြင့်တိုက်၍ ထိုအရပ်၌သာလျှင်လေ၏။

ထိုယောက်ျားသည် ရေသဖန်းပင်မှ ဆင်းသက်၍ မီးကိုညှိပြီးလျှင် ထိုဝက်၏အသားကိုကင်၍ စားသောက်ပြီးလတ်သော် အထက်သို့ပျံတက်၍ ကောင်းကင်ခရီးဖြင့် သွားသောအခါ ဟိမဝန္တာ၏အပေါ်သို့ ရောက်သဖြင့် သင်္ခမ်းကိုမြင်၍ အစ်ကိုကြီးဖြစ်သော ရသေ့၏သင်္ခမ်း၌သက်၍ နှစ်ရက် သုံးရက်နေလျက် ရသေ့အား ဝတ်ကြီးဝတ်ငယ်ကို ပြု၏။ ပဲခွပ်ရဖြစ်သော ပုဆိန်၏အာနုဘော်ကိုလည်း မြင်၏။ ထိုယောက်ျားသည် ဤပဲခွပ်ရပုဆိန်ကို ငါသည် ယူအံ့သောငှာ သင့်၏ဟု ကြံ၍ ပတ္တမြားတုံး၏ အာနုဘော်ကို ရသေ့အား ပြပြီးသော် အရှင်ဘုရား ဤပတ္တမြားတုံးကိုယူ၍ အကျွန်ုပ်အား ပဲခွပ်ရဖြစ်သောပုဆိန်ကို ပေးပါလော့ဟု ဆို၏။ ရသေ့သည် ကောင်းကင်ခရီးဖြင့်သွားလိုရကား ထိုပတ္တမြားတုံးကိုယူ၍ ပဲခွပ်ရဖြစ်သောပုဆိန်ကိုပေး၏။ ထိုယောက်ျားသည် ပဲခွပ်ရဖြစ်သောပုဆိန်ကိုယူ၍ အတန်ငယ်သွားပြီးသော် ပဲခွပ်ရဖြစ်သောပုဆိန်ကိုခတ်၍ အိုပဲခွပ်ရဖြစ်သောပုဆိန် ရသေ့ဦးခေါင်းကိုဖြတ်ပြီးလျှင် ပတ္တမြားတုံးကို ဆောင်ယူလော့ဟု ဆို၏။ ထိုပဲခွပ်ရပုဆိန်သည်သွား၍ ရသေ့၏ဦးခေါင်းကို ဖြတ်ပြီးလျှင် ပတ္တမြားတုံးကို ဆောင်ယူခဲ့၏။ ထိုယောက်ျားသည် ပဲခွပ်ရပုဆိန်ကို ဖုံးကွယ်ရာအရပ်၌ထား၍ အလတ်ဖြစ်သောရသေ့ထံသို့သွား၍ နှစ်ရက်သုံးရက်နေပြီးလျှင် စည်၏အာနုဘော်ကို မြင်သဖြင့် ပတ္တမြားတုံးကိုပေး၍ စည်ကိုယူပြီးသော် ရှေးနည်း ဖြင့်သာလျှင် ထိုအလတ်ဖြစ်သော ရသေ့၏ ဦးခေါင်းကိုဖြတ်စေ၍ အငယ်ဖြစ်သော ရသေ့အထံသို့ကပ်ပြီး နို့ဓမ်းအိုး၏ အာနုဘော်ကို မြင်ခြင်းကြောင့် ပတ္တမြားထုံးကိုပေး၍ နို့ဓမ်းအိုးကိုယူပြီးလျှင် ရှေးနည်းဖြင့်သာလျှင် ထိုရသေ့ငယ်၏ ဦးခေါင်းကို ဖြတ်စေ၍ ပတ္တမြားတုံးကို၎င်း ပဲခွပ်ရဖြစ်သော ပုဆိန်ကို၎င်း စည်ကို၎င်း နို့ဓမ်းအိုးကို၎င်း ယူ၍ ကောင်းကင်သို့ ပျံသွားပြီးသော် ဗာရာဏသီပြည်၏ မနီးမဝေးဖြစ်သော အရပ်၌တည်၍ ဗာရာဏသီမင်းအား ပြည်ကိုတည်း ပေးမည်လော၊ စစ်ထိုးခြင်းကိုတည်း ပေးမည်လောဟု ယောက်ျားတယောက်၏လက်၌ အမှာစာကို သ, လိုက်၏။

မင်းသည် သတင်းစကားကိုကြား၍ ခိုးသူကိုဖမ်းအံ့ဟူ၍ မြို့မှထွက်၏။ ထိုယောက်ျားသည် စည်တဘက်အပြင်ကို တီး၏။ အင်္ဂါလေးပါးရှိသော စစ်သည် ခြံရံစေ၏။ ဗာရာဏသီမင်း၏ လွှမ်းမိုးသည်၏အဖြစ်ကိုသိ၍ နို့ဓမ်းအိုးကိုသွန်သည်ရှိသော် မြစ်ကြီးဖြစ်၍ လူများသည် နို့ဓမ်းမြစ်၌နစ်မွန်း၍ ထွက်အံ့သောမစွမ်းနိုင်၊ ပဲခွပ်ရဖြစ်သော ပုဆိန်ကိုခတ်၍ မင်း၏ ဦးခေါင်းကိုဆောင်ချေလော့ဟုဆို၏။ ပဲခွပ်ရဖြစ်သောပုဆိန်သည်သွား၍ မင်း၏ ဦးခေါင်းကိုဆောင်ယူပြီးလျှင် ခြေရင်း ၌ချ၏။ တယောက်သော သူသည်လည်း လက်နက်ကို ချီအံ့သောငှါ မစွမ်းနိုင်၊ ထိုယောက်ျားသည် များစွာသောအခြံအရံဖြင့် ခြံရံလျက် မြို့သို့ဝင်ပြီးသော် အဘိသိက်ခံခြင်းကိုပြု၍ ဒဓိဝါဟန အမည်ရှိသောမင်းဖြစ်၍ တရားနှင့်ညီသဖြင့် မင်းပြု၏။

တနေ့သ၌ ထိုဒမိဝါဟနမင်းသည် မြစ်ကြီး၌ ကြုတ်သဘွယ်ဖြစ်သော ကွန်ဖြင့် ကစားစဉ် ကဏ္ဏမုဏ္ဍအိုင်မှ နတ်တို့၏ အသုံးအဆောင်ဖြစ်သော တလုံးသော သရက်သီးမှည့်သည် မျောလာ၍ ကွန်၌ငြိ၏။ ကွန်ကို ချီကုန်သောသူတို့သည် ထိုသရက်သီးကို မြင်ကုန်၍ မင်းအား ဆက်သကုန်၏။ ထိုသရက်သီးသည် အိုးစရည်း ပမာဏရှိ၏။ လုံးဝန်း၏။ ရွှေအဆင်းနှင့် တူသော အဆင်းရှိ၏။ မင်းသည် ဤသစ်သီးကား အဘယ်မည်သော သစ်သီးနည်းဟု မုဆိုးတို့ကိုမေး၍ သရက်သီးတည်းဟု ပြန်ကြားသဖြင့် သုံးဆောင်လေ၍ ထိုသရက်သီး၏ အစေ့ကို မိမိဥယျာဉ်၌ စိုက်စေ၍ နို့ရည်ရေဖြင့် သွန်းစေ၏။ သရက်ပင်သည်ဖြစ်လတ်၍ သုံးနှစ်မြောက်၌ အသီးကို ပေး၏။ ထိုသရက်ပင်အား များစွာသော ပူဇော်သက္ကာရသည်ဖြစ်၏။ နို့ရည်ဖြင့် သွန်းလောင်းကုန်၏။ နံ့သာ အစရှိသည်တို့ဖြင့် လိမ်းကျံခြင်း ပန်းဆိုင်း အစရှိသည်တို့ဖြင့် ဆွဲခြင်း မွှေးကြိုင်သောဆီဖြင့် ဆီမီးညှိထွန်းခြင်း ပုဆိုးတင်းတိမ်ဖြင့် ကာရံခြင်းတို့ကို ပြုကုန်၏။ အသီးတို့သည် ချိုသော အရသာ ရှိကုန်၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်၏။ ဒဝါဟနမင်းသည် တပါးကုန်သောမင်းတို့အား သရက်သီးကို ပို့စေသည်ရှိသော် အစေ့မှ အပင်ဖြစ်လတ္တံ့သည်မှ စိုးသောကြောင့် အညွန့်ဖြစ်ရာအရပ်ကို အဆိပ်ရှိသောအရိုးဖြင့် ထိုး၍ ပို့စေ၏။ ထိုမင်းအား သရက်သီးကိုစား၍ အစေ့ကို စိုက်ပျိုးခြင်းငှါ မတတ်ကောင်းရကား ထိုမင်းတို့သည် ဤအရပ်၌ အကြောင်းသည် အသို့နည်းဟု မေးကုန်သည်ရှိသော် ထိုအကြောင်းကို သိကုန်၏။

ထိုအခါ တယောက်သောမင်းသည် ဥယျာဉ်စောင့်ကိုခေါ်၍ ဒဓိဝါဟနမင်း၏ သရက်သီးတို့၏ အရသာကိုဖျက်၍ ခါးသည်၏အဖြစ်ကို ပြုအံ့သောငှါသင်သည် စွမ်းနိုင်လတ္တံလောဟု မေး၍ မင်းမြတ် အကျွန်ုပ်သည် စွမ်းနိုင်ပါ၏ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား သွားလေလော့ဟုဆို၍ တထောင်သော ဥစ္စာကိုပေး၍ စေလိုက်၏။ ထိုဥယျာဉ်စောင့်သည် ဗာရာဏသီပြည်သို့သွား၍ တယောက်သော ဥယျာဉ်စောင့် လာ၏ဟု မင်းအား ကြားစေ၍ ထိုဒဓိဝါဟနမင်းသည် ခေါ်အပ်သည်ဖြစ်၍ မင်း၏အထံသို့ သွားပြီးလျှင် ရှိခိုးလျက် လျောက်ပတ်သောအရပ်၌ နေ၏။ မင်းသည် ဥယျာဉ်စောင့်ဟူသည် သင်လောဟု မေးသည်ရှိသော် မင်းမြတ် မှန်၏ဟု ဆို၍ မိမိအစွမ်းကို ပြောဆို၏။ ဒဓိဝါဟနမင်းသည် သွားချေလော့၊ ငါတို့၏ ဥယျာဉ်စောင့်အထံ၌ နေလော့ဟု ဆို၏။ ထိုအခါမှစ၍ နှစ်ယောက်သော ထိုသူတို့သည် ဥယျာဉ်ကို ပြုပြင်ကြကုန်၏။ ရောက်သစ်စဖြစ်သော ဥယျာဉ်စောင့်သည် အခါမဲ့ ဖြစ်ကုန်သောပန်းတို့ကို ကောင်းစွာပွင့်စေလျက် အခါမဲ့ဖြစ်ကုန်သော အသီးတို့ကို သီးစေလျက် ဥယျာဉ်ကို မွေ့လျော်ဘွယ်ရှိသည်ကိုပြု၏။ ဒဓိဝါဟနမင်းသည် ထိုရောက်သစ်စဖြစ်သော ဥယျာဉ်စောင့်အား ကြည်ညို၍ ဥယျာဉ်စောင့်ဟောင်းကို ထုတ်လိုက်၍ ထိုရောက်သစ်စဖြစ်သော ဥယျာဉ်စောင့်အားသာလျင် ဥယျာဉ်ကိုပေး၏။ ထိုဥယျာဉ်စောင့်သည် ဥယျာဉ်၏ မိမိလက်သို့ ရောက်သည်၏အဖြစ်ကိုသိ၍ သရက်ပင်ကိုခြံရံ၍ တမာပင်တို့ကို၎င်း ခွေးတောက်နွယ်တို့ကို၎င်း စိုက်ပျိုး၏။ အစဉ်သဖြင့် တမာပင်တို့သည်ကြီးကုန်၏။ တမာမြစ်တို့နှင့် သရက်မြစ်တို့သည်၎င်း တမာခက်နှင့် သရက်ခက်တို့သည်၎င်း ရောနှော ထွေးရှက်ခြင်း ဖြစ်ကုန်၏။ သာယာအပ်သော အရသာမရှိသော ချိုသော အရသာကင်းသော ထိုတမာပင်နှင့် ရောနှောခြင်းကြောင့်လျှင် ချိုသော အသီးရှိသော သရက်ပင်သည် တမာရွက်နှင့်တူသော အရသာရှိသည်ဖြစ်၍ ခါးခြင်းသို့ ရောက်၏။ ထိုဥယျာဉ်စောင့်သည် သရက်သီးတို့၏ ခါးသည်၏အဖြစ်ကို သိ၍ ပြေးလေ၏။

ဒဓိဝါဟနမင်းသည် ဥယျာဉ်သို့သွား၍ သရက်သီးကို စားသည်ရှိသော် ခံတွင်း၌ သွင်းအပ်သော သရက်ရည် အရသာသည် တမာရည်တို့ကဲ့သို့ ဖြစ်၍ မျိုအံ့သောငှါ မတတ်ကောင်းရကား ဟက်၍ ထွေး၏။ ထိုအခါ ဘုရားလောင်းသည် ဒဓိဝါဟနမင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်သည်ဖြစ်၏။ ဒိဝါဟနမင်းသည် ဘုရားလောင်းကိုခေါ်၍ ပညာရှိ ဤသရက်ပင်အား ရှေး၌ဖြစ်သော ပူဇော်သက္ကာရမှ ယုတ်ခြင်းသည် မရှိ၊ ဤသို့ ဖြစ်လျက်လည်း ထိုသရက်ပင်၏ အသီးသည် ခါး၏။ အကြောင်း အသို့နည်းဟု မေးလိုရကား-

၇၁။ ဝဏ္ဏဂန္ဓရသူပေတော၊ အမ္ဗောယံ အဟုဝါ ပုရေ။
တမေဝ ပူဇံ လဘမာနော၊ ကေနမ္ဗော ကဋုကပ္ဖလော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၇၁။ ပဏ္ဍိတ၊ ပညာရှိ။ အယံ အမ္ဗော၊ ဤသရက်ပင်သည်။ ပုရေ၊ ရှေး၌။ ဝဏ္ဏဂန္ဓရသူပေတော၊ အဆင်း အနံ့ အရသာနှင့် ပြည့်စုံသည်။ အဟုဝါ၊ ဖြစ်သလျှင်ကတည်း။ ဣဒါနိ၊ ယခုအခါ၌။ တမေဝ ပူဇံ၊ ထိုရှေး၌ ပြုမြဲတိုင်းဖြစ်သော ပူဇော်ခြင်းကိုသာလျှင်။ လဘမာနော၊ ရပါလျက်။ အမ္ဗော၊ သရက်သည်။ ကေန၊ အဘယ်ကြောင့်။ ကဋုကပ္ဖလော၊ ခါးသောအသီးရှိလေသနည်း။

ထိုအခါ၌ ဒမိဝါဟနမင်းအား အကြောင်းကို ကြားလိုရကား ဘုရားလောင်းသည်-

၇၂။ ပုစိမန္ဒပရိဝါရော၊ အမ္ဗော တေ ဒိဝါဟန၊
မူလံ မူလေန သံသဋ္ဌံ၊ သာခါ သာခါ နိသေဝရေ။
အသာတသန္နိဝါသေန၊ တေနမ္ဗော ကဋုကပ္ဖလော။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၇၂။ ဒဓိဝါဟန၊ နို့ဓမ်းတည်းဟူသော စစ်သည်ဗိုလ်ပါရှိသော မင်းမြတ်။ တေ၊ အရှင်မင်းမြတ်၏။ အမ္ဗော၊ မင်္ဂလာ သရက်တော်သည်။ ပုစိမန္ဒပရိဝါရော၊ တမာပင်တည်းဟူသော အခြံအရံရှိ၏။ မူလံ၊ သရက်ပင်၏ အမြစ်သည်။ မူလေန၊ တမာပင်၏အမြစ်နှင့်။ သံသဋ္ဌံ၊ နှီးနှော၏။ သာခါ၊ တမာပင်၏ အခက်ရှိသည်။ သာခါ၊ သရက်ပင်၏အခက်တို့ကို။ နိသေဝရေ၊ မှီဝဲကုန်၏။ အသာတသန္နိဝါသေန၊ မချိုကုန်သော တမာပင်တို့နှင့် ပေါင်းဖော်ခြင်းတည်းဟူသော။ တေန ကာရဏေန၊ ထိုအကြောင်းကြောင့်။ အမ္ဗော၊ သရက်ပင်သည်။ ကဋုကပ္ဖလော၊ ခါးသော အသီးရှိ၏။

ဒဓိဝါဟနမင်းသည် ဘုရားလောင်း၏စကားကို ကြား၍ အမြစ်နှင့်တကွ တမာပင် ခွေးတောက်နွယ်တို့ကို ဖြတ်စေ၍ ထက်ဝန်းကျင်မှ မချိုသော မြေမှုန့်တို့ကို ပယ်စေ၍ ချိုသောမြေမှုန့်တို့ကိုတည်စေပြီးလျှင် နို့ရည်ရဲ့ သကာနံ့သာရေတို့ဖြင့် သရက်ပင်ကို ပြုပြင်စေ၏။ ထိုသရက်ပင်သည် ချိုသောအရသာရှိသော ဝတ္ထုနှင့် ပေါင်းဘော်ရပြန်သောကြောင့် တဖန် ချိုသော အသီးရှိသည်သာလျှင် ဖြစ်၏။ ဒဓိဝါဟနမင်းသည် ပြကတေ့သော ဥယျာဉ်စောင့် အားသာလျှင် ဥယျာဉ်ကိုဆောင်နှင်းသဖြင့် အသက်ထက်ဆုံးတည်၍ ကံအား လျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိအမတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

တမာ, ခွေးတောက်၊ ပင်ချင်းလှောက်၊ ချိုရောက်သရက် ဩဇာပျက်

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဒဓိဝါဟနဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-အသဒိသဝဂ်

၇။ စတုမဋ္ဌဇာတ်

ဟင်္သာညီနောင် နှင့် ရုက္ခစိုး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဥစ္ဆေ ဝိဋဘိ မာရုယှ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစတုမဋ္ဌဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသောရဟန်းအိုကြီးကို အကြောင်းပြု၍ ဟောတော်မူ၏။ တနေ့သ၌ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့သည် အချင်းချင်း မေးခြင်းဖြေခြင်းစကားဖြင့် နေကုန်သည်ရှိသော် တယောက်သော ရဟန်းအိုသည် ထိုအဂ္ဂသာဝကတို့၏ အထံသို့သွား၍ သုံးယောက်မြောက်ဖြစ်၍ နေ၏။ ထိုရဟန်းအိုသည် အရှင်ဘုရားတို့ အကျွန်ုပ်သည် အရှင်ဘုရားတို့အား ပြဿနာကို မေးပါအံ့၊ အရှင်ဘုရားတို့သည်လည်း မိမိ၏ ယုံမှားခြင်းကို အကျွန်ုပ်ကို မေးပါကုန်လော့ဟု ဆို၏။ မထေရ်မြတ်တို့သည် ထိုရဟန်းအိုကို ရွံရှာသဖြင့် နေရာမှထ၍ ဖဲလေကုန်၏။ မထေရ်မြတ်တို့၏ တရားတော်ကို နာခံအံ့သောငှာ နေကုန်သော ပရိသတ်တို့၏ အစည်းအဝေးပျက်သောကာလ၌ ရဟန်းတို့သည် မြတ်စွာဘုရား၏ အထံတော်သို့ သွားကြကုန်၍ အဘယ့်ကြောင့် အခါမဟုတ်သည်၌ လာကြကုန်သနည်းဟု မိန့်တော်မူသည်ရှိသော် ထိုအကြောင်းကိုကြားလျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌သာလျှင် သာရိပုတ္တရာ မောဂ္ဂလာန်တို့သည် ထိုရဟန်းအိုကို ရွံရှာသဖြင့် စကားမဆိုမူ၍ ဖဲကုန်သည်မဟုတ်သေး၊ ရှေး၌လည်း ဖဲလေကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သော် ဘုရားလောင်းသည် တခုသော တောအရပ်၌ သစ်ပင်စောင့်နတ် ဖြစ်၏။ ထိုအခါ နှစ်ခုကုန်သော ဟင်္သာငယ်တို့သည် စိတ္တကုဋ်တောင်မှထွက်ကုန်သည်ရှိသော် ဘုရားလောင်းရုက္ခစိုးနတ်သည် စောင့်အပ်သောသစ်ပင်၌ နားကုန်၍ အစာရှာအံ့သောငှါ တပါးသောအရပ်သို့သွား၍ ပြန်လာကုန်သော်လည်း ထိုသစ်ပင်၌သာလျှင် အပင်အပန်းဖြေ၍ စိတ္တကုဋ်တောင်သို့ သွားကုန်၏။ ကာလမြင့်ရှည်ခြင်းသို့ ရောက်သည်ရှိသော် ထိုဟင်္သာငယ်တို့အား ဘုရားလောင်းနှင့်တကွ အကျွမ်းဝင်သည် ဖြစ်၏။ သွားကုန်သော်၎င်း လာကုန်သော်၎င်း အချင်းချင်း ဝမ်းမြောက်ဝမ်းသာသဖြင့် တရားစကားကို ပြောဟောကြကုန်၍ ဖဲကုန်၏။ ထိုအခါ တနေ့သ၌ ထိုဟင်္သာငယ်တို့သည် သစ်ပင်ဖျား၌နားကုန်၍ ဘုရားလောင်းနှင့်တကွ ပြောဟောကြကုန်သည်ရှိသော် မြေခွေးတကောင်သည် ထိုသစ်ပင်အောက်၌ ရပ်၍ ထိုဟင်္သာငယ်တို့နှင့် တကွ တိုင်ပင်ပြောဟောလိုရကား-

၇၃။ ဥစ္စေ ဝိဋဘိ မာရုယှ၊ မန္တယဝှေါ ရဟောဂတာ။
နီစေ ဩရုယှ မန္တဝှေါ၊ မိဂရာဇာပိ သောဿတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၇၃။ ဘော ဟံသပေါတကာ၊ အို ဟင်္သာငယ်တို့။ တုမှေ၊ သင်တို့သည်။ ဥစ္စေ၊ ပြကတော့အားဖြင့် မြင့်သောသစ်ပင်၌။ ဥစ္စတရံ၊ မြင့်လွန်းသော။ ဝိဋဘိံ၊ အခွပေါ်၌။ အာရုယှ၊ တက်ကုန်၍။ ရဟောဂတာ၊ ဆိတ်ကွယ်ရာ အရပ်သို့ကပ်ကုန်၍။ မန္တယဝှေါ၊ တိုင်ပင်ပြောဟောကြကုန်၏။ နီစေ၊ နိမ့်ရာအရပ်သို့။ ဩရုယှ၊ သက်ကုန်၍။ မန္တဝှေါ၊ တိုင်ပင် ပြောဟောလာကြကုန်လှည့်။ မိဂရာဇာပိ၊ သားများသေဌ်နင်း မင်းမြတ်သည်လည်း။ သောဿတိ၊ နားထောင်လတ္တံ့။

ထိုအခါ၌ ဟင်္သာငယ်တို့သည် ရွံရှာသဖြင့် ထ၍စိတ္တကုဋ်တောင်သို့သာလျှင် ပျံသွားလေကုန်၏။ ထိုဟင်္သာငယ်တို့၏ ပျံသွားသောကာလ၌ ဘုရားလောင်းသည် မြေခွေးအား-

၇၄။ ယံ သုဝဏ္ဏော သုဝဏ္ဏေန၊ ဒေဝေါ ဒေဝေန မန္တယေ။
ကိံ တေတ္ထ စတုမဋ္ဌဿ။ ဗိလံ ပဝိသ ဇ္ဇမ္ဗုက။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၇၄။ ဇမ္ဗုက၊ ဟယ် မြေခွေး။ သုဝဏ္ဏော၊ ကောင်းသော အဆင်းရှိသော ဟင်္သာတခုသည်။ သုဝဏ္ဏေန၊ ကောင်းသော အဆင်းရှိသော ဟင်္သာတခုနှင့်။ ဒေဝေါ၊ နတ်ဖြစ်သော ဟင်္သာတခုသည်။ ဒေဝေန၊ နတ်ဖြစ်သော ဟင်္သာတခုနှင့်။ ယံ မန္တယေ၊ အကြင် တိုင်ပင် ပြောဆို၏။ ဧတ္ထ၊ ထိုသို့ တိုင်ပင် ပြောဆိုရာ၌။ စတုမဋ္ဌဿ၊ ကိုယ်, အမျိုး, အသံ, ဂုဏ်တည်းဟူသော လေးပါးသော အင်္ဂါတို့ဖြင့် ကောင်းမြတ်လှပေသော။ တေ၊ သင်မြေခွေးအား။ ကိံ နု၊ အဘယ် ပြုအံ့နည်း။ ဟရေ-ဇမ္ဗုက၊ ဟယ် မြေခွေး။ တွံ၊ သင်သည်။ ဗိလံ၊ တွင်းသို့။ ပဝိသ၊ ဝင်လေလော့။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ရဟန်းအိုသည် ထိုအခါ မြေခွေးဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာ မောဂ္ဂလာန်တို့သည် ထိုအခါ ဟင်္သာငယ်နှစ်ခု ဖြစ်ဘူးကုန်ပြီ၊ ထိုမှတပါး ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သစ်ပင်စောင့်နတ်ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မဆိုင်ဘဲလျက်၊ ဝင်ရောစွက်၊ ပြစ်ချက်မျက်မုန်းကျိုး

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော စတုမဋ္ဌဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-အသဒိသဝဂ်

၈။ သီဟကောတ္ထုဇာတ်

ခွေးခြင်္သေ့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်သီဟင်္ဂုလီ သီဟနခေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသီဟကောတ္ထုဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောကာလိကကို အကြောင်းပြု၍ ဟောတော်မူ၏။ တနေ့သ၌ ကောကာလိကသည် တပါးသော အကြား အမြင် များကုန်သော ရဟန်းတို့သည် တရားကိုဟောကုန်သည်ရှိသော် မိမိသည်လည်း ဟောလိုသတတ်၊ အလုံးစုံသော အကြောင်းကို အောက်၌ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင် ချဲ့အပ်၏။ ( *အောက်အတိုင်းဟူသည်ကား ၂၂-ဒဒ္ဒရဇာတ်ပါအတိုင်းကို ဆိုလိုသည်။ ) အထူးကား ထိုအကြောင်းကို ကြားတော်မူ၍ မြတ်စွာဘုရားသည် ရဟန်းတို့ ကောကာလိကသည် ယခုအခါ၌သာလျှင် မိမိ၏အသံကြောင့် ထင်ရှားသည် မဟုတ်သေး၊ ရှေး၌လည်း ထင်ရှားသည်သာလျှင်ဖြစ်ဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်၌ ခြင်္သေ့ဖြစ်၍ တခုသော မြေခွေးမနှင့်တကွ ပေါင်းဘော်ခြင်းကို စွဲ၍ သားကိုရ၏။ ထိုမြေခွေးမသားသည် လက်ချောင်း ခြေချောင်းတို့ဖြင့်၎င်း လက်သည်းခြေသည်းတို့ဖြင့်၎င်း မှင်ဆံအားဖြင့်၎င်း အဆင်းသဏ္ဌာန်အားဖြင့်၎င်း အဘနှင့်တူ၍ အသံသည်ကား အမိနှင့်တူ၏။ ထိုအခါ တနေ့သ၌ မိုဃ်းသည် ရွာ၍စဲသည်ရှိသော် ခြင်္သေ့တို့သည် ဟောက်ကုန်၍ ခြင်္သေ့တို့၏ မြူးထူးခြင်းကို မြူးထူးကုန်သည်ရှိသော် ထိုမြေခွေးမသား ခြင်္သေ့သည်လည်း ထိုခြင်္သေ့စစ်တို့၏အလယ်၌ ဟောက်လိုသည်ဖြစ်၍ မြေခွေးသံကို မြည်၏။ ထိုအခါ မြေခွေးမသား၏ မြေခွေးသံကို ကြားကုန်၍ ခြင်္သေ့တို့သည် ဆိတ်ဆိတ် နေကုန်၏။ ထိုမြေခွေးမသား၏အသံကိုကြား၍ တပါးသော ဘုရားလောင်း၏ ဇာတ်တူဖြစ်သော သားသည် ဘခင် ဤခြင်္သေ့သည် အဆင်းအစရှိသည်တို့ဖြင့် ကျွန်ုပ်တိုနှင့် တူ၏။ ထိုခြင်္သေ့၏အသံသည်တမူကား အကျွန်ုပ်တို့မှတပါးသော မြေခွေးသံနှင့် တူ၏။ ဤခြင်္သေ့သည် အဘယ်မည်သော ခြင်္သေ့ နည်းဟု မေးလိုရကား-

၇၅။ သီဟင်္ဂုလီ သီဟနခေါ၊ သီဟပါဒပတိဋ္ဌိတော။
သော သီဟော သီဟသံဃမှိ၊ ဧကော နဒတိ အညထာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၇၅။ တာတ၊ ဘခင်။ အယံ သီဟော၊ ဤခြင်္သေ့သည်။ သီဟင်္ဂုလီ၊ ခြင်္သေ့တို့၏ ခြေချောင်းလက်ချောင်းတို့နှင့်တူသော ခြေချောင်းလက်ချောင်း ရှိ၏။ သီဟနခေါ၊ ခြင်္သေ့တို့၏ ခြေသည်းလက်သည်းနှင့်တူသော ခြေသည်း လက်သည်းရှိ၏။ သီဟပါဒပတိဋ္ဌိတော၊ ခြင်္သေ့တို့၏ ခြေတို့ဖြင့်သာလျှင် ရပ်၏။ သော သီဟော၊ ထိုခြသေ့သည်။ သီဟသံဃမှိ၊ ခြင်္သေ့အပေါင်း၌။ ဧကော၊ တစီးတည်း။ အညထာ၊ ခြင်္သေ့သံမှ တပါးသော မြေခွေးသံဖြင့်။ နဒတိ၊ မြည်၏။ ကော၊ အဘယ်ကြောင့်နည်း။

ထိုစကားကို ကြား၍ ဘုရားလောင်းသည် ချစ်သား ဤခြင်္သေ့သည် သင်၏ညီတည်း၊ မြေခွေးမ၏သားဖြစ်၍ အဆင်းအားဖြင့် ငါနှင့်တူ၏။ အသံအားဖြင့် အမိနှင့်တူ၏။ ဤသို့ဆိုပြီးသော် မြေခွေးမသားကိုခေါ်၍ ချစ်သား ဤနေ့မှစ၍ ဤအရပ်၌ နေသည်ရှိသော် နည်းသောအသံရှိသည်ဖြစ်၍ နေလော့၊ တဖန် အကယ်၍ မြည်ပြန်အံ့၊ မြေခွေး၏အဖြစ်ကို သိပြန်လတ္တံ့ဟု ဆုံးမလိုရကား-

၇၆။ မာ တွံ နဒိ ရာဇပုတ္တ၊ အပ္ပသဒ္ဒေါ ဝနေ ဝသ။
သရေန ခေါ တံ ဇာနေယျုံ၊ န ဟိ တေ ပေတ္တိကော သရော။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၇၆။ ရာဇပုတ္တ၊ ကေသရာဇာ ခြင်္သေ့မင်း၏သား။ တွံ၊ သည်သည်။ မာ နဒိ၊ မမြည်လင့်။ အပ္ပသဒ္ဒေါ၊ အသံမရှိသည်ဖြစ်၍။ ဝနေ၊ တော၌။ ဝသ၊ နေလော့။ သရေန၊ အသံအားဖြင့်။ တံ၊ သင့်ကို။ ခေါ၊ စင်စစ်။ ဇာနေယျုံ၊ မြေခွေးဟူ၍ သိကုန်ရာ၏။ ဟိ-သစ္စံ၊ မှန်၏။ တေ၊ သင်၏။ သရော၊ အသံသည်။ န ပေတ္တိကော၊ အဘဖြစ်သော ခြင်္သေ့မင်း၏ အသံနှင့်မတူ။

အဘဖြစ်သော ခြင်္သေ့မင်း၏ ဤသို့သော အဆုံးအမကို ကြား၍ တဖန် မြည်အံ့သောငှာ မဝံ့လေ။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ ကောကာလိကသည် ထိုအခါ မြေခွေးမသား ဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ ခြင်္သေ့မင်းသား ဖြစ်ဘူးပြီ၊ ထိုမှတပါး ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခြင်္သေ့မင်းဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အသွင်သဏ္ဍာန်၊ တူမျှဟန်ကြောင့်၊ အမှန်ပြုကာ၊ မတုသာ၊ စိတ်မှာမြဲစွာရှု

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သီဟကောတ္ထုဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-အသဒိသဝဂ်

၉။ သီဟစမ္မဇာတ်

ခြင်္သေ့ရေခြုံမြည်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နေတံ သီဟဿ နဒိတံ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသီဟစမ္မဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောလိကကိုပင်လျှင် အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုကောကာလိကသည် ဤကာလ၌ အသံဖြင့်ဟောအပ်သောတရားကို ဟောလိုသည် ဖြစ်၏။ မြတ်စွာဘုရားသည် ထိုအကြောင်းကို ကြားတော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် လယ်လုပ်မျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် လယ်လုပ်သော အမှုဖြင့် အသက်မွေးခြင်းကို ပြု၏။ ထိုကာလ၌ တယောက်သော ကုန်သည်သည် မြည်း၌ ဝန်ကိုငင်သဖြင့် ကုန်သွယ်ခြင်းကို ပြုလျက် သွား၏။ ထိုကုန်သည်သည် ရောက်လေရာ ရောက်လေရာအရပ်၌ မြည်း၏ ကျောက်ကုန်းမှ ကုန်ထုပ်ကိုချ၍ မြည်းကို ခြင်္သေ့အရေဖြင့်ရုံ၍ သလေးခင်း မုယောခင်းတို့၌ လွှတ်၏။ လယ်စောင့်ကုန်သော သူတို့သည် မြည်းကို မြင်ကုန်၍ ခြင်္သေ့ဟူသောအမှတ်ဖြင့် ချဉ်းကပ်အံ့သောငှါမဝံ့ကုန်၊ ထိုအခါတနေ့သ၌ ထိုကုန်သည်သည် တခုသော ရွာတံခါး၌ နေခြင်းကိုယူ၍ နံနက်စာချက်စဉ် ထိုအရပ်မှ မြည်း၌ ခြင်္သေ့ရေကိုရုံ၍ မုယောခင်း၌ လွှတ်၏။ လယ်စောင့်ကုန်သော သူတို့သည် ခြင်္သေ့ဟူသော အမှတ်ဖြင့် ထိုမြည်းသို့ ချဉ်းကပ်အံ့သောငှါ မဝံ့ကုန်သဖြင့် အိမ်သို့သွားကုန်၍ လယ်ရှင်တို့အား ကြားကုန်၏။ ရွာ၌နေကုန်သောသူတို့သည် လက်နက်ကို ယူကုန်၍ စည်, ခရုသင်းတို့ကို တီးမှုတ်ကုန်လျက် လယ်၏အနီးသို့ သွားကုန်၍ ကြော်ငြာကုန်၏။ မြည်းသည် သေဘေးမှကြောက်သည် ဖြစ်၍ မြည်း၏အသံကို မည်၏။ ထိုအခါ ထိုသတ္တဝါ၏ မြည်း၏အဖြစ်ကို သိ၍ ဘုရားလောင်းသည်-

၇၇။ နေတံ သီဟဿ နဒိတံ၊ န ဗျဂ္ဃဿ န ဒီပိနော။
ပါရုတော သီဟစမ္မေန၊ ဇမ္မော နဒတိ ဂဒြဘော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၇၇။ ဘောန္တော၊ အချင်းတို့။ ဧတံ နဒိတံ၊ ထိုအသံသည်။ သီဟဿ၊ ခြင်္သေ့၏။ န နဒိထံ၊ အသံမဟုတ်။ ဗျဂ္ဃဿ၊ ကျား၏။ န နဒိတံ၊ အသံမဟုတ်။ ဒီနော၊ သစ်၏။ န နဒိတံ၊ အသံမဟုတ်။ သီဟစမ္မေန၊ ခြင်္သေ့ အရေဖြင့်။ ပါရူတော၊ ရုံအပ်သော။ ဇမ္မော၊ ယုတ်မာသော။ ဂဒြဘော၊ မြည်းသည်။ နဒတိ၊ မြည်၏။

ရွာ၌နေကုန်သော သူတို့သည်လည်း ထိုသတ္တဝါ၏ မြည်း၏အဖြစ်ကိုသိကုန်၍ အရိုးတို့ကို ကျိုးအောင် ရိုက်နှက်ကုန်သဖြင့် လဲစေပြီးသော် ခြင်္သေ့အရေကိုယူ၍ သွားလေကုန်၏။ ထိုနောက်မှ ထိုကုန်သည်သည် လာလတ်၍ ပျက်စီးခြင်းသို့ရောက်သော မြည်းကိုမြင်၍-

၇၈။ စိရမ္ပိ ခေါတံ ခါဒေယျ၊ ဂဒြဘော ဟရိတံ ယဝံ။
ပါရုတော သီဟစမ္မေန၊ ရဝမာနောဝ ဒူသယိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၇၈။ အယံ ဂဒြဘော၊ ဤမြည်းသည်။ အတ္တနော၊ မိမိ၏။ ဂဒြဘဘာဝံ၊ မြည်း၏အဖြစ်ကို။ အဇာနာပေတွာ၊ မသိလေသည်ရှိသော်။ သီဟစမ္မေန၊ ခြင်္သေ့အရေဖြင့်။ ပါရုတော၊ ရုံအပ်သည်ဖြစ်၍။ စိရမ္ပိ ခေါ၊ မြင့်ရှည်စွာသာလျှင်။ ဟရိတံ၊ စိမ်းစိုသော။ ယဝံ၊ မုယောကို။ ခါဒေယျ၊ စားရလေရာ၏။ ရဝမနောဝ၊ မြည်သည်ဖြစ်၍သာလျှင်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဒူသယိ၊ ဖျက်ဆီး၏။

ထိုကုန်သည်သည် ဤသို့ ဆိုစဉ်ပင်လျှင် မြည်းသည် ထိုအရပ်၌ပင်လျှင် ဝပ်လျက်သေ၏။ ကုန်သည်သည်လည်း ထိုမြည်းကို စွန့်၍ သွား၏။ .

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကုန်သည် ဖြစ်ဘူးပြီ၊ ယခုအခါ ကောကာလိကသည် ထိုအခါ မြည်း ဖြစ်ဘူးလေပြီ၊ ထိုမှတပါး ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသော လယ်လုပ်ယောက်ျား ဖြစ်ဘူးလေပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ခြင်္သေ့ရေခြုံ၊ မြည်းဖြစ်ပုံ၊ သံကုန်ဟစ်က ပျက်စီးရ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော သီဟစမ္မဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-အသဒိသဝဂ်

၁၀။ သီလာနိသံသဇာတ်

သီလအကျိုး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်ပဿ သဒ္ဓါယ သီလဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသီလာနိသံသဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော သဒ္ဓါတရားနှင့် ပြည့်စုံသော ဒါယာကို အကြောင်းပြု၍ ဟောတော်မူ၏။ သဒ္ဓါတရားနှင့် ပြည့်စုံသော ရတနာသုံးပါးအား ကြည်ညိုသော ဘုရားသဗ္ဗညူ၏ထိုဒါယကာသည် တနေ့သ၌ ဇေတဝန် ကျောင်းတော်သို့ သွားသည်ရှိသော် ညချမ်းသောအခါ၌ အစီရဝတီမြစ်နားသို့ရောက်၍ လှေရှင်သည် လှေကို တဘက်ကမ်းနား၌ထား၍ တရားနာအံ့သောငှါ သွားသည်ရှိသော် ထိုဆိပ်၌ လှေကိုမမြင်၍ ဘုရားလျှင်အာရုံရှိသော ပီတိကိုယူလျက် မြစ်သို့သွား၍ ဆင်း၏။ ခြေတို့သည် ရေ၌မနစ်ကုန်၊ ထိုဒါယကာသည် မြေအပြင်၌ သွားသကဲ့သို့ ဖြစ်၏။ အလယ်သို့ ရောက်သောကာလ၌ လှိုင်းတံပိုးကို ရှု၏။ ထိုအခါ ထိုဒါယကာ၏ ဘုရားလျှင်အာရုံရှိသော ပီတိသည် ညံ့သည်ဖြစ်၏။ ခြေတို့သည် နစ်အံ့သောငှါ အားထုတ်ကုန်၏။ ထိုဒါယကာသည် တဖန်ဘုရားလျှင်အာရုံရှိသောပီတိကို မြဲမြံစွာပြု၍ ရေပေါ်အပြင်ဖြင့်သာလျှင် သွားလျက် ဇေတဝန် ကျောင်းတော်သို့ဝင်၍ မြတ်စွာဘုရားကို ရှိခိုးလျက် လျောက်ပတ်စွာ နေ၏။ မြတ်စွာဘုရားသည် ထိုဒါယကာနှင့်တကွ စကားစေ့စပ်ခြင်းကို ပြုတော်မူ၍ ဒါယကာ အသို့နည်း၊ ခရီးသို့ လာလတ်သည်ရှိသော် ပင်ပန်းခြင်းကင်းသဖြင့် လာရ၏လောဟု မေးတော်မူ၏။ အရှင်ဘုရား ဘုရားလျှင် အာရုံရှိသော ပီတိကိုယူ၍ ရေအပြင်၌ တည်ရာကိုရ၍ မြေကိုနင်းသကဲ့သို့ လာရ၏ဟု နားတော်လျှောက်သည်ရှိသော် ဒါယကာ သင်သည်သာလျှင် ဘုရားကျေးဇူးတော်တို့ကို အောက်မေ့၍ တည်ရာကိုရသည် မဟုတ်သေး၊ ရှေး၌လည်း ဒါယကာတို့သည် သမုဒ္ဒရာ၏အလယ်၌ သင်္ဘောလှေ ပျက်လတ်သည်ရှိသော် ဘုရားကျေးဇူးတို့ကို အောက်မေ့ကုန်သည်ဖြစ်၍ တည်ရာကိုရဘူးကုန်၏ဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာ လွန်လေပြီးသောအခါ ကဿပမြတ်စွာဘုရား လက်ထက်တော်၌ ထိုကဿပမြတ်စွာဘုရား၏ တပည့်ဖြစ်သော သောတာပန်ဒါယကာသည် တယောက်သော ဆတ္တာသည် ဖြစ်သောသူနှင့်အတူတကွ သင်္ဘောကို စီး၏။ ထိုဆတ္တာသည်၏မယားသည် အရှင်ဤသူ၏ချမ်းသာခြင်း ဆင်းရဲခြင်းသည် အရှင်၏ဝန်သည်ဖြစ်စေဟုဆို၍ ဆတ္တာသည်ကို ထိုဒါယကာ၏လက်၌ အပ်လိုက်၏။ ထိုအခါ ထိုဒါယကာ၏သင်္ဘောသည် ခုနစ်ရက်မြောက်သောနေ့ဝယ် သမုဒ္ဒရာ၏ အလယ်၌ ပျက်လေသည်ရှိသော် နှစ်ယောက်ကုန်သော ထိုသူတို့သည်လည်း တခုသောပျဉ်၌စီးကုန်လျက် တခုသော ကျွန်းငယ်သို့ ရောက်ကုန်၏။ ထိုကျွန်းငယ်၌ ထိုဆတ္တာသည်သည် ငှက်တို့ကို သတ်၍စားသည် ရှိသော် ထိုသောတာပန်ဒါယကာအားလည်း ပေး၏။ သောတာပန်ဒါယကာသည် ငါ့အား အလိုမရှိဟု ဆို၍ မစား၊ ထိုဒါယကာသည် ဤအရပ်၌ ရတနာသုံးပါးတို့ကိုထားဘိ၍ တပါးသော ကိုးကွယ်ရာသည် မရှိဟု ကြံ၍ ရတနာသုံးပါး၏ ကျေးဇူးကို အောက်မေ့၏။ ထိုအခါ ထိုဒါယကာ၏ ရတနာသုံးပါးဂုဏ်ကို အောက်မေ့စဉ် ထိုကျွန်းငယ်၌ဖြစ်သော နဂါးမင်းသည် မိမိကိုယ်ကို သင်္ဘောကဲ့သို့ပြု၍ ဘန်ဆင်း၏။ သမုဒ္ဒရာစောင့် နတ်သားသည် သင်္ဘောသူကြီးပြု၏။ သင်္ဘောကို ရတနာခုနစ်ပါးတို့ဖြင့် ပြည့်စေ၏။ လင်းယဉ်တိုင် သုံးခုတို့သည် ပတ္တမြားညိုတို့ဖြင့် ပြီးကုန်၏။ တန်ဆာသည် ရွှေဖြင့်ပြီး၏။ ကြိုးတို့သည် ငွေဖြင့် ပြီးကုန်၏။ ထိုးဝါး တက်မတို့သည် ရွှေဖြင့်ပြီးကုန်၏။

သမုဒ္ဒရာစောင့်နတ်သားသည် သင်္ဘော၌စီး၍ ဇမ္ဗူဒိပ်သို့ သွားလိုကုန်သောသူတို့သည် ရှိကုန်သလောဟု ကြွေးကြော်၏။ ဒါယကာသည် ငါတို့သည် သွားလိုကုန်၏ဟု ဆို၏။ ထိုသို့ တပြီးကား လာလော့၊ သင်္ဘောသို့ တက်လော့ဟု သမုဒ္ဒရာစောင့်နတ်သား ဆိုသည်ရှိသော် ထိုဒါယကာသည် သင်္ဘောလှေသို့တက်၍ ဆတ္တာသည်ကို ခေါ်၏။ သမုဒ္ဒရာစောင့် နတ်သားသည် သင့်အားသာလျှင် ထိုက်၏။ ထိုဆတ္တာသည်အား မထိုက်ဟု ဆို၏။ အဘယ်ကြောင့်နည်းဟု ဆိုသည်ရှိသော် ထိုဆေတ္တာသည်အား သီလဂုဏ အာစာရသည် မရှိသောကြောင့် မထိုက်၊ ငါသည် သင်၏ အကျိုးငှာသာလျှင် သင်္ဘောကိုဆောင်ခဲ့၏။ ထိုဆတ္တာသည်၏အကျိုးငှါ မဆောင်ခဲ့ဟု ဆို၏။ သင်ဆိုတိုင်း မှန်သည် ဖြစ်စေ၊ ငါသည် လှူအပ်သော အလှူဖြင့်၎င်း စောင့်ရှောက်အပ်သော သီလဖြင့်၎င်း ပွားအပ်သော ဘာဝနာဖြင့်၎င်း ထိုဆတ္တာသည်အား အဘို့ကိုပေး၏ဟု ဆိုသည်ရှိသော် ဆတ္တာသည်သည် အရှင်ဝမ်းမြောက် ပါ၏ဟုဆို၍ နတ်သားသည် ယခုအခါ၌ ယူအံ့ဟု ထိုဆတ္တာသည်ကိုလည်းတင်၍ နှစ်ယောက်ကုန်သော လူတို့ကိုလည်း သမုဒ္ဒရာမှ ထွက်စေ၍ မြစ်ဖြင့် ဗာရာဏသီပြည်သို့သွား၍ မိမိ၏အာနုဘော်အားဖြင့် နှစ်ယောက်ကုန်သောသူတို့၏လည်း အိမ်၌ ဥစ္စာကိုတည်စေ၍ ပညာရှိတို့နှင့်သာလျှင် အတူတကွ ပေါင်းတော်ခြင်းမည်သည်ကို ပြုအပ်၏။ ဤဆတ္တာသည်အား ဤဒါယကာနှင့် အကယ်၍ပေါင်းဘော်ခြင်းသည် မဖြစ်ငြားအံ့၊ သမုဒ္ဒရာ၏ အလယ်၌သာလျှင် ဆတ္တာသည်သည် ပျက်စီးလတ္တံ့ဟု ပညာရှိနှင့် ပေါင်းဖော်ခြင်း၏ ကျေးဇူးကို ဆိုလိုရကား-

၇၉။ ပဿ သဒ္ဓါယ သီလဿ၊ စာဂဿ စ အယံ ဖလံ။
နာဂေါ နာဝါယ ဝဏ္ဏေန၊ သဒ္ဓံ ဝဟတုပသကံ။
၈၀။ သမ္ဘိရေဝ သမာသေထ၊ သမ္ဘိ ကုဗ္ဗေထ သန္ထဝံ။
သတံ ဟိ သန္နိဝါသေန၊ သောတ္ထိံ ဂစ္ဆတိ နှာပိတော။

ဟူသော ဤဂါထာတို့ကို ဆို၏။

၇၉။ ဘော၊ အချင်းတို။ သဒ္ဓါယ စ၊ လောကီ လောကုတ္တရာဖြစ်သော သဒ္ဓါ၏၎င်း။ သီလသ စ၊ လောကီ လောကုတ္တရာ ဖြစ်သော သီလ၏၎င်း။ စာဂဿ စ၊ ပေးကမ်းစွန့်ကြဲအပ်သောဝတ္ထုကို ပေးကမ်းစွန့်ကြဲခြင် ကိလေသာကို စွန့်ခြင်း၏၎င်း။ အယံ ဖလံ-ဣဒံ ဖလံ၊ ဤအကျိုးကို။ ပဿ-ပသထ၊ ရှုကုန်လော့။ တနည်းကား... သဒ္ဓါယ စ၊ လောကီ လောကုတ္တရာ သဒ္ဓါ၏၎င်း။ သီလဿ စ၊ လောကီ လောကုတ္တရာသီလ၏၎င်း။ စာဂဿ စ၊ ပေးကမ်းစွန့်ကြဲအပ်သောဝတ္ထုကို ပေးကမ်းစွန့်ကြဲခြင်း ကိလေသာကို စွန့်ခြင်း၏၎င်း။ ဖလံ၊ အကျိုးကို။ ပဿ-ပဿထ၊ ရှုကုန်လော့။ အယံ နာဂေါ၊ ဤနဂါးသည်။ နာဝါယ၊ သင်္ဘော၏။ ဝဏ္ဏေန၊ အဆင်းသဏ္ဌာန်ဖြင့်။ သဒ္ဓံ၊ ရတနာသုံးပါးတို့၌ သဒ္ဓါခြင်းနှင့် ပြည့်စုံသော။ ဥပါသကံ၊ ဒါယကာကို။ ဝဟတိ၊ ကြဉ်းဆောင်၏။ ပေါသော၊ ယောက်ျားသည်။ သဗ္ဘိရေဝ၊ ပညာရှိတို့နှင့်သာလျှင်။ သမာသေထ၊ ပေါင်းဘော်ရာ၏။ သဗ္ဘိ၊ ပညာရှိတို့နှင့်။ သန္ထဝံ၊ ပေါင်းဘော်ခြင်းကို။ ကုဗ္ဗေထ၊ ပြုရာ၏။ ဟိ-ယုတ္တံ၊ ထိုစကားသည် သင့်၏။ သတံ၊ ပညာရှိတို့နှင့်။ သန္နိဝါသေန၊ ပေါင်းဘော်ခြင်းကြောင့်။ နှာပိတော၊ ဆတ္တာသည်သည်။ သောတ္ထိံ၊ ချမ်းသာခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။

ဤသို့ သမုဒ္ဒရာစောင့်နတ်သားသည် ကောင်းကင်၌ရပ်လျက် တရားဟော၍ ဆတ္တာသည်ကို ဆုံးမပြီးလျှင် နဂါးမင်းကိုယူ၍ မိမိ၏ဗိမာန်သို့သာလျှင်သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏ အဆုံး၌ ဒါယကာသည် သကဒါဂါမိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော် မူသနည်းဟူမူကား ဒါယကာ ထိုအခါ သောတာပန်ဖြစ်သော ဒါယကာသည် ပရိနိဗ္ဗာန်ပြုလေပြီ၊ ယခုအခါ၌ သာရိပုတ္တရာသည် ထိုအခါ နဂါးမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သမုဒ္ဒရာစောင့်နတ်သား ဖြစ်ဘူးလေပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ပညာရှင်နှင့်၊ ပေါင်းသင်းလင့်၊ ရေးခွင့်ကြုံက ချမ်းသာရ

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သီလာနိသံသဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ရုဟကဝဂ်

၁။ ရုဟကဇာတ်

တင့်တယ်စေလို၍ အရှက်ကွဲသော ပုဏ္ဏား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အပိ ရုဟက ဆိန္နာပိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤရုဟကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မယားဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် အဋ္ဌကနိပါတ် ဣန္ဒြိယဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ အထူးကား မြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း ဤမိန်းမသည် သင်၏ အကျိုးမဲ့ကို ပြုတတ်သော မိန်းမတည်း၊ ရှေး၌လည်း ဤမိန်းမသည် သင့်အား မင်းနှင့်တကွသော ပရိသတ်၏ အလယ်၌ အရှက်ခွဲ၍ အိမ်မှ နှင်ထုတ်သော အခြင်းအရာကို ပြုစေဘူး၏။ ဤသို့ မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏မိဖုယားကြီးဝမ်း၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် ခမည်းတော်ဗြဟ္မဒတ်မင်း ကွယ်လွန်သဖြင့် မင်း၏အဖြစ်၌ တည်၍ တရားသဖြင့် မင်းပြု၏။ ထိုဘုရားလောင်းအား ရုဟက အမည်ရှိသော ပုရောဟိတ်သည် ရှိ၏။ ထိုရုဟကပုရောဟိတ်၏ ပုဏ္ဏေးမဖြစ်သော မယားသည် ပုရာဏီ အမည်ရှိ၏။ မင်းသည် ပုဏ္ဏားအား မြင်းတို့၏ တန်ဆာဖြင့် တန်ဆာဆင်၍ မြင်းကို ပေးလိုက်၏။ ထိုရုဟက ပုဏ္ဏားသည် ထိုမြင်းကိုစီး၍ မင်းအား ခစားရာအရပ်သို့ သွား၏။ ထိုအခါ၌ ရုဟကပုဏ္ဏားကို တန်ဆာဆင်အပ်သောမြင်း၏ ကျောက်ကုန်း၌စီး၍ သွားသည်ကို၎င်း လာသည်ကို၎င်း မြင်ကုန်၍ ထိုထိုအရပ်၌နေကုန်သော လူတို့သည် မြင်း၏ အဆင်းသည်အံ့ဘွယ်ရှိစွ၊ မြင်းသည်အံ့ဘွယ်သရဲလျှင် တင့်တယ်၏။ ဤသို့ မြင်းကိုသာလျှင် ချီးမွမ်းကြကုန်၏။ ထိုရုဟကပုဏ္ဏားသည် အိမ်သို့ သွားလေ၍ ပြာသာဒ်သို့ တက်၍ မယားကို ရှင်မ ငါတို့၏ မြင်းသည် အလွန်လျှင် တင့်တယ်၏။ နံပါးနှစ်ဘက်၌ နေကုန်သော လူတို့သည် ငါတို့၏မြင်းကို သာလျှင် ချီးမွမ်းကြကုန်၏ဟု ပြောဆို၏။ ထိုပုဏ္ဏေးမသည်ကား အတန်ငယ် ပျက်သော အကျင့်နှင့်ယှဉ်၏။ ယောက်ျားတပါးတို့နှင့် လွန်ကျူးသောသဘောရှိ၏။ ထို့ကြောင့် ထိုရုဟကပုဏ္ဏားကို သင်သည်မြင်း၏တင့်တယ်ခြင်းအကြောင်းကို မသိ၊ ဤမြင်းသည် မိမိ၌ ဆင်ယင်အပ်သော တန်ဆာကိုမှီ၍ တင့်တယ်၏။ သင်သည်လည်း မြင်းကဲ့သို့ တင့်တယ်လိုသည် ဖြစ်အံ့၊ မြင်း၌ဆင်ယင်သော တန်ဆာကိုဆင်၍ ခရီးအလယ်သိုသက်၍ မြင်းကဲ့သို့ ခြေတို့ကိုထောက်လျက် သွား၍ မင်းကို ဖူးလေလော့၊ မင်းသည် သင့်ကို ချီးမွမ်းလတ္တံ့၊ လူတို့သည်လည်း သင့်ကိုသာလျှင် ချီးမွမ်းကုန်လတ္တံ့ ဟုဆို၏။

ရူးသောသဘောရှိသော ထိုပုဏ္ဏားသည် ထိုပုဏ္ဏေးမ၏ စကားကိုကြား၍ ဤမည်သော အကြောင်းကြောင့် ထိုပုဏ္ဏေးမသည် ငါ့ကို ဆို၏ဟု မသိ၍ အဟုတ်အမှန်ပင် ဆို၏ဟု အမှတ်ရှိသည်ဖြစ်၍ ထိုပုဏ္ဏေးမဆိုတိုင်း ပြုလေ၏။ အကြင် အကြင် သူတို့သည် မြင်ကုန်၏။ ထိုထို သူတို့သည် ပြက်ရယ်ပြုကုန်လျက် ဆရာသည် တင့်တယ် လှပေ၏ဟု ဆိုကြကုန်၏။ မင်းသည်ကား ထိုရုဟကပုဏ္ဏားကို ဆရာ သင်၏ အအိမ်ဖြင့် ဖွဲ့အပ်သော သည်းခြေသည် ပျက်သလော၊ သင်သည် ရူးသလော၊ ဤသို့ အစရှိသော စကားတို့ကို ဆို၍ ရှက်စေ၏။

ထိုအခါ၌ ပုဏ္ဏားသည် မလျောက်ပတ်သော အမှုကို ငါသည် ပြုအပ်ပြီဟု ရှက်သည်ဖြစ်၍ ထိုပုဏ္ဏေးမသည် မင်းနှင့် တကွသော ပရိသတ်၏ အတွင်း၌ ရှက်စေ၏ဟု ပုဏ္ဏေးမအား အမျက်ထွက်၍ သတ်ပုက်၍ ထိုပုဏ္ဏေးမကို နှင်ထုတ်အံ့ဟု ကြံ၍ အိမ်သို့ သွားလေ၏။ ယောက်ျားတပါးတို့နှင့် လွန်ကျူးခြင်းရှိသော ပုဏ္ဏေးမသည် ထိုရုဟက၏ အမျက်ထွက်၍ လာသည်၏အဖြစ်ကိုသိ၍ မဆွကသာလျှင် တံခါးငယ်ဖြင့်ထွက်၍ မင်း၏ နန်းတော်သို့သွား၍ လေးရက် ငါးရက်ပတ်လုံး နန်းတော်၌သာလျှင် နေလေ၏။ မင်းသည် ထိုအကြောင်းကိုသိ၍ ပုရောဟိတ်ကိုခေါ်စေ၍ ဆရာ မိန်းမ၏ အပြစ်မည်သည်ကား ဖြစ်မြဲသာလျှင်တည်း၊ ပုဏ္ဏေးမအား သည်းခံအံ့သောငှါသင့်၏ဟု သည်းခံစိမ့်သောငှာ-

၈၁။ အပိ ရုဟက ဆိန္နာပိ၊ ဇိယာ သန္နိယတေ ပုန။
သန္ဓိယဿု ပုရာဏိယာ၊ မာ ကောဓဿ ဝသံ ဂမိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

ဘော ရုဟက၊ အို ရုဟက။ အပိ၊ စင်စစ်။ ဆိန္နာပိ၊ ပြတ်လေသော်လည်း။ ဇိယာ၊ လေးညို့ကို။ ပုန၊ တဖန်။ သန္ဓိယတေ၊ ဆက်ပြန်အပ်၏။ ပုရာဏိယာ၊ ပုရာဏီနှင့်။ သဒ္ဓိံ၊ တကွ။ သန္ဓိယဿု၊ စေ့စပ်ပြန်ဦးလော့။ ကောဓဿ ဝသံ၊ အမျက်၏ နိုင်ငံသို့။ မာ ဂမိ၊ မလိုက်သင့်။

ထိုစကားကို ကြား၍ ရုဟကသည်-

၈၂။ ဝိဇ္ဇမာနေသု ဝါကေသု၊ ဝိဇ္ဇမာနေသု ကာရိသု။
အညံ ဇိယံ ကရိဿာမိ၊ အလညေဝ ပုရာဏိယာ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၈၂။ မဟာရာဇ၊ မင်းမြတ်။ ဝါကေသု၊ နူးညံ့ကုန်သော လျှော်တို့သည်။ ဝိဇ္ဇမာနေသု စ၊ ရှိကုန်သော်၎င်း။ ကာရိသု၊ လေးညှို့ကို ပြုတတ်ကုန်သော သူတို့သည်။ ဝိဇ္ဇမာနေသု စ၊ ရှိကုန်သော်၎င်း။ အညံ၊ တပါးသော။ ဇိယံ၊ လေးညှို့သစ်ကို။ ကရိဿာမိ၊ ပြုအံ့။ ပုရာဏိယာ၊ လေးညှို့ ဟောင်းဖြင့်။ မေ၊ အကျွန်ုပ်အား။ အလညဝ၊ အလိုမရှိပြီသလျှင်ကတည်း။

ဤသို့ဆို၍ ထိုပုဏ္ဏေးမကိုနှင်ထုတ်၍ တပါးသော ပုဏ္ဏေးမကို ဆောင်ယူလေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကိုပြသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌တည်လေ၏။ အဘယ်သို့ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ရဟန်း ယခုအခါ သင်၏ မယားဟောင်းသည် ထိုအခါ ပုဏ္ဏေးမ ဖြစ်ဘူးလေပြီ၊ ယခုအခါ သာသနာတော်၌ငြီးငွေ့သော ရဟန်းသည် ထိုအခါ ရုဟက မည်သောပုဏ္ဏား ဖြစ်ဘူးလေပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မိမိလင်သယ်၊ လူဘုံလယ်၊ ရှက်ဘွယ်ပြုဘိ ထို့ဣတ္ထိ

ရှေးဦးစွာသော ရုဟကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ရုဟကဝဂ်

၂။ သိရိကာဠကဏ္ဏိဇာတ်

ဣတ္ထီ သိယာ ရူပဝတီ ဤသို့ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသိရိကာဠကဏ္ဏိဇာတ်သည် မဟာဥမင်္ဂဇာတ်၌ထင်စွာဖြစ်လတ္တံ့။

နှစ်ခုမြောက်သော သိရိကာဠကဏ္ဏိဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ရုဟကဝဂ်

၃။ စူဠပဒုမဇာတ်

မင်းသားညီနောင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အယမေဝသာ အဟမပိ သော အနညော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ စူဠပဒုမဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ( ဤဝတ္ထုသည် ဥမ္မာဒန္တဇာတ်၌ထင်စွာ ဖြစ်လတ္တံ့ )၊ အထူးကား သာသနာတော်၌ ငြီးငွေ့သော ရဟန်းကို ရဟန်း သာသနာတော်၌ ငြီးငွေ့၏ဟု ငါကြားရသည်ကား မှန်သလောဟု ဘုရား မိန့်တော်မူသည်ရှိသော် ဘုန်းတော်ကြီးသော မြဘ်စွာဘုရား မှန်ပေ၏ဟု နားတော်လျောက်၏။ အဘယ်သူသည်လျှင် သင့်ကို ငြီးငွေ့စေသနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား အကျွန်ုပ်သည် တန်ဆာဆင်ခြင်းနှင့်စပ်သော မိန်းမတယောက်ကိုမြင်၍ ကိလေသာ၏ အလိုသို့ လိုက်သည်ဖြစ်၍ သာသနာတော်၌ ငြီးငွေ့၏ဟု နားတော်လျောက်၏။ ထိုအခါ၌ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း မိန်းမမည်သည်ကား ကျေးဇူးကို မသိတတ်၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်၏။ မာယာများ၏။ ရှေးပညာရှိတို့သည် မိမိ၏ လက်ျာပုဆစ်ဒူးသွေးကို သောက်စေကုန်၍ ဇီဝိတဒါနတိုင်အောင် ပေးကုန်သော်လည်း မိန်းမ၏စိတ်ကို မရဘူးကုန်၊ ဤသို့မိန့်တော်မူ၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၏။ အမည်မှည့်သောနေ့၌ ထိုဘုရားလောင်းအား ပဒုမသတို့သားဟူသောအမည်ကို မှည့်ကုန်၏။ ထိုပဒုမသတို့သား၏ နောက်အခါ၌ ခြောက်ယောက်သော ညီတော်ငယ်ရှိသည်ဖြစ်ကုန်၏။ ထိုမင်းသားခုနစ်ယောက်တို့သည် အစဉ်သဖြင့် ကြီးကုန်၏။ အိမ်ရာထောင်ခြင်းကို ယူကုန်၍ မင်း၏ ပရိသတ်သို့ သွားလာကုန်၏။ ထိုအခါ တနေ့သ၌ မင်းသည် မင်းယင်ပြင်ကိုကြည့်လျက် ရပ်သည်ရှိသော် များစွာသောအခြံအရံဖြင့် မင်းခစားရာအရပ်သို့ လာလတ်ကုန်သော မင်းသားတို့ကိုမြင်၍ ဤမင်းသားတို့သည် ငါ့ကိုသတ်၍ မင်းအဖြစ်ကိုယူကုန်ရာ၏ဟု ရွံရှာခြင်းကိုဖြစ်စေ၍ ထိုမင်းသားတို့ကို ခေါ်စေပြီးလျှင် ချစ်သားတို့ သင်တို့သည် ဤမြို့၌ နေအံ့သောငှါ မရကုန်၊ သင်တို့သည် တပါးသောကပ်သို့ သွားကုန်၍ ငါလွန်မှ လာလတ်ကုန်၍ အမျိုး၏ဥစ္စာဖြစ်သော ပြည်ကို ယူကြကုန်လောဟု ဆို၏။ ထိုမင်းသားတို့သည် ခမည်းတော်စကားကို ဝန်ခံကုန်လျက် မျက်ရည်စွတ်စိုငိုကြကုန်၍ မိမိတို့၏အိမ်မှထွက်ကုန်၍ မယားတို့ကိုယူကုန်၍ သွားလိုရာရာအရပ်သို့ သွားကုန်၍ အသက်မွေးကုန်အံ့ဟု မြို့မှထွကုန်၍ ခရီးသို့သွားကြကုန်သည်ရှိသော် တခုသော ကန္တာရသို့ရောက်ကုန်၍ ထမင်းအဖျော်ကို မရကုန်သည်ဖြစ်၍ ငတ်မွတ်ဆာလောင်ခြင်းကို သည်းခံအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ ငါတို့သည် အသက်ရှင်ကျန်မူကား မိန်းမတို့ကို ရကုန်လတ္တံ့ဟု နှလုံးသွင်းကုန်၍ ညီငယ်၏မယားကို သတ်ကုန်၍ တဆယ့်သုံးစုပြုကုန်၍ အသားကို စားကြကုန်၏။ ဘုရားလောင်းသည် မိမိ၏၎င်း မယား၏၎င်း ရအပ်သော အစုတို့တွင် တစုကိုထား၍ တစုကို နှစ်ယောက်သောသူတို့သည် စားကြကုန်၏။ ဤသို့ ခြောက်ရက်ပတ်လုံး ခြောက်ယောက်သောမိန်းမတို့ကို သတ်ကုန်၍ အသားကို စားကြကုန်၏။

ဘုရားလောင်းသည်ကား နေ့တိုင်း နေ့တိုင်း တခုစီထား၍ ခြောက်စုတို့ကိုရှိစေ၏။ ခုနစ်ရက်မြောက်သောနေ့၌ ဘုရားလောင်း၏မယားကို သတ်ကြကုန်အံ့ဟူ၍ ဆိုသည်ရှိသော် ဘုရားလောင်းသည် ထိုခြောက်စုတို့ကို ညီတော်တို့အားပေး၍ ယနေ့ ဤခြောက်စုတို့ကို စားကြဦးလော့ နက်ဖြန်မှ သိကြကုန်အံ့ဟုဆို၍ အသားကိုစားကြကုန်၍ ထိုညီတော်တို့၏ အိပ်ပျော်စဉ် မယားကို ယူ၍ပြေး၏။ ထိုမိန်းမသည် အတန်ငယ်သွား၍ အရှင့်သား အကျွန်ုပ် မသွားနိုင်ဟု ဆို၏။ ထိုအခါ၌ ထိုမယားကို ဘုရားလောင်းသည် ပခုံးဖြင့်ထမ်း၍ အရုဏ်တက်သောအခါ၌ ကန္တာရမှထွက်၏။ ထိုမိန်းမသည် နေထွက်လတ်သော် သခင် အကျွန်ုပ်ရေငတ်၏ဟု ဆို၏။ ဘုရားလောင်းသည် နှမ ရေသည်မရှိဟုဆို၍ အဖန်တလဲလဲ ရေငတ်လှ၏ဟု ဆိုသည်ရှိသော် သန်လျက်ဖြင့် လကျ်ာပုဆစ်ဒူးကိုဘောက်၍ နှမ ရေသည် မရှိ၊ ငါ၏ လက်ျာပုဆစ်ဒူးသွေးကိုလျှင် သောက်လော့ဟုဆို၏။ ထိုမိန်းမသည် ဘုရားလောင်းဆိုတိုင်းပြု၏။ ထိုနှစ်ယောက်ကုန်သော သူတို့သည် အစဉ်သဖြင့် မြစ်ကြီးသို့ရောက်ကုန်၍ ရေသောက်ကုန်၍၎င်း ရေချိုးကုန်၍၎င်း သစ်သီးကြီးငယ်ကို စားကုန်၍ ချမ်းသာရာအရပ်၌ အပင်အပန်းဖြေ၍ တခုသောမြစ်ကွေ့၌ အရိပ်သင်္ခမ်းကို ဆောက်လုပ်၍ နေကုန်၏။

ထိုအခါ တနေ့သ၌ မြစ်ညာမှမင်းပြစ်သင့်သောခိုးသူကို လက်ခြေတို့ကို၎င်း နားနှာခေါင်းတို့ကို၎င်း ဖြတ်ကုန်၍ တခုသောလှေငယ်၌ အိပ်စေ၍ မြစ်ကြီး၌မျှောလိုက်၏။ ထိုခိုးသူသည် သည်းစွာသော ညည်းညူသံကို ပြုလျှက် ထိုဘုရားလောင်းနေရာ မြစ်ကွေ့အရပ်သို့ ရောက်လာ၏။ ဘုရားလောင်းသည် ထိုခိုးသူ၏ ဆင်းရဲခြင်းကြောင့်ဖြစ်သော ငိုကြွေးသံကိုကြား၍ ဆင်းရဲခြင်းသို့ရောက်သောသတ္တဝါသည် ငါထင်ရှားရှိစဉ် မပျက်စီးစေလင့်ဟု မြစ်နားသို့သွား၍ ထိုခိုးသူကိုဆယ်၍ အရိပ်သင်္ခမ်းသို့ဆောင်ခဲ့၍ ဖန်ရေဆေးခြင်း ဆေးလိမ်းခြင်း အစရှိသည်တို့ဖြင့် အနာကို ဆေးဝါးကုစား၏။ ထိုဘုရားလောင်း၏ မယားသည်ကား မြစ်၌မျှောအပ်သော ဤသို့သဘောရှိသော သီလမရှိသော လက်ခြေ, နား, နှာခေါင်း ဟူသော အညွန့်မရှိသော ငတုံးကိုစဉ်လျက် လုပ်ကျွေး မွေးမြူဘိ၏ဟု ဆို၍ ထို လက် ခြေ, နား နှာခေါင်းဟူသော အညွန့်မရှိသောငတုံးကို ရွံရှာနိုးသည်ဖြစ်၍ တံတွေး ထွေးလျက်သွား၏။ ဘုရားလောင်းသည် ထိုငတုံး၏ အနာတို့သည် အသားနုတက်ကုန်သည်ရှိသော် မယားနှင့်တကွ ထိုငတုံးကို အရိပ်သင်္ခမ်း၌သာလျှင်ထားခဲ့၍ တောအုပ်၌ သစ်သီးကြီးငယ်တို့ကိုဆောင်၍ ထိုငတုံးကို၎င်း မယားကို၎င်း မွေး၏။ ထိုနှစ်ယောက်ကုန်သော သူတို့သည် ဤသို့နေကုန်သည်ရှိသော် ထိုမိန်းမသည် ထိုငတုံး၌ ကြိုက်သောစိတ်သည်ဖြစ်၍ ထိုငတုံးနှင့်တကွ ယုတ်မာသော အကျင့်ကိုကျင့်၍ တခုသောဥပါယ်တမျဉ်ဖြင့် ဘုရားလောင်းကို သတ်လိုသည်ဖြစ်၍ အရှင်အကျွန်ုပ်သည် အရှင်တို့၏ပခုံး၌စီး၍ ကန္တာရမှ ထွက်လတ်သည်ရှိသော် တခုသော တောင်ကိုကြည့်၍ အရှင်တောင်စောင့်နတ်မင်း အကျွန်ုပ်သည် လင်နှင့်တကွ အန္တရာယ်ကင်းသည်ဖြစ်၍ အသက်ကို အကယ်၍ ရပါက အရှင်အား ပူဇော်ပသသောအမှုကို ပြုပါအံ့ဟု တောင်းပန်၏။ ထိုနတ်သည် ယခုအခါ၌ အကျွန်ုပ်ကို ထိတ်လန့်စေ၏။ ထိုတောင်စောင့်နတ်အား ဗလိနတ်စာတင်သောအမှုကို ပြုကြကုန်အံ့ဟု ဆို၏။ ဘုရားလောင်းသည် ထိုမိန်းမ၏ မာယာကို မသိသည်ဖြစ်၍ ကောင်းပြီဟု ဝန်ခံ၍ ဗလိနတ်စာအမှုကို စီရင်၍ ထိုမိန်းမကို ဗလိနတ်စာထည့်သောတောင်းကို ရွက်ခဲ့စေ၍ တောင်ထိပ်သို့ တက်၏။ ထိုအခါ၌ ထိုဘုရားလောင်းကို ထိုမိန်းမသည် သခင် သခင်သည်လျှင် မြတ်သောနတ်တည်း၊ ရှေးဦးစွာလျှင် သင့်ကို မြတ်သောပန်းတို့ဖြင့် ပူဇော်၍ လက်ျာရစ်လှည့်သည်ကို ပြု၍ နောက်မှ တောင်စောင့်နတ်အား ပူဇော်ပသသော အမှုကိုပြုအံ့ဟု ဆို၍ ထိုမိန်းမသည် ဘုရားလောင်းကို တောင်ကမ်းပြတ်သို့ ရှေးရှုထား၍ ထောပတ်တို့ဖြင့် ပူဇော်၍ လကျ်ာရစ် လှည့်သည်ကိုပြု၍ ရှိခိုးလိုအံ့သကဲ့သို့ဖြစ်၍ ကျောက်ကုန်းနား၌ရပ်၍ ကျောက်၌တွန်းလိုက်၍ ကမ်းပါးပြတ်သို့ကျစေ၍ ငါ၏ရန်သူ ပျက်စီးခြင်းကို မြင်ရပေပြီဟု နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ တောင်မှဆင်း၍ ငတုံး၏ အထံသို့ သွား၏။

ဘုရားလောင်းသည်လည်း တောင်ကမ်းပြတ်သို့ အစဉ်လျှောက်သဖြင့် တောင်မှကျလေသည်ရှိသော် ရေသဖန်းပင်အထက်၌ တခုသော ဆူးမရှိသော အရွက်တို့ဖြင့် ကောင်းစွာဖုံးလွှမ်းအပ်သော ချုံပေါ်၌ တင်လေ၏။ တောင်အောက်သို့ ဆင်းအံ့သောငှါ မတတ်ကောင်း၊ ထိုဘုရားလောင်းသည် ရေသဖန်းသီးတို့ကို စား၍ အခက်ကြား၌ နေ၏။ ထိုအခါ တခုသော ကြီးသောကိုယ်ရှိသော ဖွတ်မင်းသည် ကျောက်တောင်ခြေရင်းမှ တက်၍ ထိုရေသဖန်းပင်၌ အသီးတို့ကို စား၏။ ထိုဖွတ်မင်းသည် ထိုနေ့၌ညဘုရားလောင်းကိုမြင်၍ ပြေး၏။ နက်ဖြန်နေ့၌ လာလတ်၍ နံပါးတဘက်၌ သဖန်းသီးကို စား၍သွား၏။ ဤသို့ အဖန်တလဲလဲ လာလတ်သည်ရှိသော် ဘုရားလောင်းနှင့်တကွ အကျွမ်းဝင်ခြင်းသို့ရောက်၍ သင်သည် ဤအရပ်သို့ အဘယ်အကြောင်းကြောင့် ရောက်လာသနည်းဟု မေး၍ ဤမည်သောအကြောင်းကြောင့် ရောက်လာသည် ဖြစ်၏ဟု ဆိုသည်ရှိသော် ထိုသို့ တပြီးကား မကြောက်လင့်ဟုဆို၍ ဘုရားလောင်းကို မိမိ၏ ကျောက်ကုန်း၌ စီးစေ၍ ဆင်း၏။ တောမှထွက်၍ ခရီးမ၌ထား၍ သင်သည် ဤခရီးဖြင့် သွားလေလော့ဟု လွှတ်လိုက်၍ တောသို့ဝင်၏။ ဘုရားလောင်းသည် တခုသော ရွာငယ်သို့ရောက်၍ ထိုရွာငယ်၌လျှင် နေလျက် ခမည်းတော်၏ သေလွန်သည်၏အဖြစ်ကို ကြား၍ ဗာရာဏသီပြည်သို့ သွား၍ အမျိုးတို့၏အမွေခံဥစ္စာဖြစ်သော မင်းအဖြစ်၌တည်၍ ပဒုမအမည်ရှိသော မင်းသည်ဖြစ်၍ ရာဇဓမ်ဆယ်ပါးတို့ကို မပျက်စေမူ၍ တရားသဖြင့် မင်းပြုသည်ရှိသော် မြို့တံခါးလေးမျက်နှာတို့၌၎င်း မြို့လယ် ၌၎င်း နန်းဦးတံခါး၌၎င်း ဤခြောက်ပါးကုန်သောအရပ်တို့၌ အလှူတင်းကုပ်တို့ကို ဆောက်စေ၍ နေ့တိုင်း နေ့တိုင်း ခြောက်သိန်းကုန်သော ဥစ္စာတို့ကိုစွန့်၍ အလှူကို ပေး၏။

ထိုမိန်းမယုတ်သည်လည်း ထိုငတုံးကို ကျောက်ကုန်း၌ ပိုး၍ တောမှ ထွက်၍ လူတို့ကျက်စားရာ အရပ်သို့သွား၍ တောင်းလျက် ယာဂုထမင်းကို စုရုံး၍ ထိုငတုံးကိုမွေးမြု၏။ လူတို့သည် ဤငတုံးသည် သင်နှင့် အသို့တော်ကြသနည်းဟု မေးလတ်သည်ရှိသော် ငါသည် ဤယောက်ျား၏ ဦးရီးသ္မီးတည်း၊ ဤယောက်ျားသည် ငါ၏ဦးရီးသားတည်း၊ ဤယောက်ျားအားလျှင် ငါ့ကို မိဘတို့ ပေးစားကြကုန်၏။ ထိုငါသည် မင်းပြစ်သင့်ခြင်းသို့ ရောက်လေသော်လည်း မိမိ၏ လင်ကို ရွက်ဆောင်ကြဉ်းလျှက် တောင်းစားမွေးမြု၏ဟုဆို၏။ လူတို့သည် ဤမိန်းမသည် နတ်ကဲ့သို့ လင်ကိုလုပ်ကျွေးသော မိန်းမပေတည်းဟု ထိုအခါမှစ၍ နှစ်သက်ကုန်သည်ဖြစ်၍ များစွာသော ယာဂုထမင်းတို့ကိုပေးကြကုန်၏။ တပါးကုန်သောလူတို့သည် ဤသို့ဆိုကုန်၏။ သင်သည် ဤသို့ မလှည့်လည်လင့်၊ ပဒုမမင်းသည် ဗာရာဏသီပြည်၌ မင်းပြု၏။ ဇမ္ဗူဒိပ်ကျွန်းအလုံးကို ချောက်ချားစေ၍ အလှူကို လှူ၏။ ထိုပဒုမမင်းသည် သင့်ကိုမြင်၍ နှစ်သက်လတ္တံ့၊ နှစ်သက်သည်ဖြစ်၍ သင့်အား များစွာသော ဥစ္စာကို ပေးလတ္တံ့၊ သင်၏လင်ကို ဤကြိမ်တောင်း၌ သာလျှင်နေစေ၍ သွားလောဟု မြဲမြံစွာပြု၍ ကြိမ်တောင်းကို ပေးကုန်၏။ ထိုယုတ်မာသော အကျင့်ရှိသော မိန်းမသည် ထိုငတုံးကို ကြိမ်တောင်း၌ နေစေ၍ တောင်းကိုရွက်၍ ဗာရာဏသီပြည်သို့သွား၍ အလှူတင်းကုပ်တို့၌ တောင်းစားလျှက် သွားလေ၏။ ဘုရားလောင်းသည် တန်ဆာဆင်အပ်သော မြတ်သောဆင်ကျောက်ကုန်း၌စီးလျက် အလှူတင်းကုပ်သို့သွား၍ ရှစ်ယောက်ကုန်သော သူတို့အား၎င်း တကျိပ်ကုန်သော သူတို့အား၎င်း မိမိ၏လက်ဖြင့် အလှူကိုပေး၍ တဖန် အိမ်သို့သွား၏။ ထိုယုတ်မာသော အကျင့်ရှိသော မိန်းမသည် ထိုငတုံးကို တောင်း၌နေစေ၍ ရွက်လျှက် ထိုဘုရားလောင်း၏ လာလတ္တံ့သော လမ်းသို့သွား၍ ခရီး၌နေ၏။

မင်းသည် မြင်၍ ဤမိန်းမကား အဘယ်မိန်းမနည်းဟု မေး၏။ မင်းမြတ် တယောက်သော နတ်ကိုကဲ့သို့ လင်ကိုလုပ်ကျွေးသော မိန်းမတည်းဟုလျှောက်သည်ရှိသော် ထိုအခါ၌ ထိုမိန်းမကိုခေါ်စေ၍ သိလျှက် ငတုံးကို တောင်းမှ ထုတ်စေ၍ ဤငတုံးသည် သင်နှင့် အသို့တော်ကြသနည်းဟု မေး၏။ ထိုမိန်းမသည် မင်းမြတ် ဤသူသည် အကျွန်ုပ်၏ ဦးရီးသားဖြစ်သော မိဘတို့ပေးစားအပ်သော ငယ်လင်တည်းဟု ဆို၏။ လူတို့သည် ထိုအကြောင်းကို မသိကုန်သည်ဖြစ်၍ နတ်ကိုကဲ့သို့ လင်ကိုလုပ်ကျွေးသော ပိန်းမပေတည်းဟုအံ့ဘွယ်သရဲ ရှိပေ၏။ ဤသို့ အစရှိသည်တို့ကို ဆိုကုန်၍ ထိုယုတ်မာသော အကျင့်ရှိသော မိန်းမကို ချီးမွမ်းကြကုန်၏။ တဖန် မင်းကြီးသည် ဤတုံးသည် သင်၏ မိဘပေးစားသော ငယ်လင်ပင် ဟုတ်၏လောဟု မေး၏။ ထိုမိန်းမယုတ်သည် မင်းကို မသိသည်ဖြစ်၍ မင်းမြတ်ဟုတ်၏ဟု ရဲတင်းစွာ ဆို၏။ ထိုအခါ၌ ထိုမိန်းမယုတ်ကို ပဒုမမင်းသည် ဤငတုံးကား ဗာရာဏသီမင်း၏ သားပင်လော၊ ပဒုမမင်းသား၏ မယားဖြစ်သော ဤအမည်ရှိသာမင်း၏ သ္မီးဖြစ်သော သင်သည် ငါ၏ ပုဆစ်ဒူးသွေးကိုသောက်၍ ဤငတုံး၌ ကြိုက်သောစိတ်သည်ဖြစ်၍ ငါ့ကို တောင်ကမ်းပါးပြတ်၌ တွန်းချလိုက်သည် မဟုတ်တုံလော၊ ယခုအခါ၌ ထိုသင်သည် နဖူးပြင်၌ သေမင်းကိုယူခဲ့၍ ငါ့ကို သေလေပြီဟု ထင်မှတ်၍ ဤအရပ်သို့ လာ၏။ ငါသည် အသက်ရှင်သည် မဟုတ်တုံလောဟု ဆို၍ အမတ်တို့ကိုခေါ်၍ အိုအမတ်တို့ သင်တို့မေးအပ်သည်ရှိသော် ဤမိန်းမသည် ဤသို့ပင်ဆိုသလောဟု ငါ၏ညီတော်ငယ်တို့သည် ခြောက်ယောက်သော မိန်းမတို့ကိုသတ်ကုန်၍ အသားကို စားကုန်၏။ ငါသည်တမူကား ငါ၏မယားကို အန္တရာယ်မရှိသည်ကိုပြု၍ မြစ်နားသို့ဆောင်၍ အရိပ်သင်္ခမ်း၌နေလျက် တယောက်သော သတ်အပ်သောအဖြစ်သို့ ရောက်သော လက် ခြေ, နား, နှာခေါင်းတို့ကို ဖြတ်လေသောသူကို ကယ်တင်၍ မွေးမြု၏။ ထိုမိန်းမသည် ထိုငတုံး၌ ကြိုက်နှစ်သက်သော စိတ် ရှိသည်ဖြစ်၍ ငါ့ကို တောင်ကမ်းပါးပြတ်၌ ကွန်းချလိုက်၏။ ငါသည် မိမိ၏ မေတ္တာစိတ်ရှိသည်၏အဖြစ်ကြောင့် အသက်ကို ရ၏။ အကြင်မိန်းမသည် ငါ့ကို တောင်မှ တွန်းချအပ်၏။ ထိုမိန်းမသည် သီလမရှိသော ဤမိန်းမပင်တည်း၊ တပါးမိန်းမ မဟုတ်၊ သတ်အပ်သော အဖြစ်သို့ ရောက်သော ငါမွေးမြူအပ်သော ငတုံးသည်လည်း ဤငတုံးပင်တည်း၊ တပါးသူမဟုတ်၊ ဤသို့ဆိုလို၍-

၈၅။ အယမေဝသာ အဟမပိ အနညော၊
အယမေဝ သော ဟတ္ထစ္ဆိန္နော အနညော။
ယမာဟု ကောမာရပတီ မမန္တိ၊
ဝဇ္ဈိတ္ထိယော နတ္ထိ ဣတ္ထီသု သစ္စာ။
၈၆။ ဣမဉ္စ ဇမ္မံ မုသလေန ဟန္တွာ၊
လုဒ္ဒံ ဆဝံ ပရဒါရူပသေဝိံ။
ဣမိဿာ စ နံ ပါပပတိဗ္ဗတာယ၊
ဇီဝန္တိယာ ဆိန္ဒထ ကဏ္ဏနာသံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၈၅။ ဘော အမစ္စာ၊ အို အမတ်တို့။ ယာ၊ အကြင်မိန်းမသည်။ အဟံ၊ ငါ့ကို။ ပဗ္ဗတပပါတိတော၊ တောင်ကမ်းပါးပြတ်မှ တွန်းချလိုက်၏။ သာ ဣတ္ထိ၊ ထိုမိန်းမသည်။ အယမေဝ၊ ဤမိန်းမပင်တည်း။ အနညာ၊ တပါးသော မိန်းမမဟုတ်။ တာယ၊ ထိုမိန်းမသည်။ ယော ပုရိသော၊ အကြင်ယောက်ျားကို။ ပဗ္ဗတပပါတိတော၊ တောင်ကမ်းပါးပြတ်မှ တွန်းချအပ်၏။ သော ပုရိသော၊ ထိုယောက်ျားသည်။ အဟမပိ၊ ငါသည်ပင်။ အသ္မိ၊ ဖြစ်၏။ အနညော၊ တပါးသောသူ မဟုတ်။ ယော ဟတ္ထစ္ဆိန္နော၊ အကြင် ဖြတ်အပ်သော လက်, ခြေ, နား, နှာခေါင်း ရှိသော သူယုတ်မာကို။ မယာ၊ ငါသည်။ ပဋိဇဂ္ဂိတော၊ မွေးလှူအပ်၏။ သော ဟတ္ထစ္ဆိန္နော၊ ထိုဖြတ်အပ်သော လက် ခြေ, နား, နှာခေါင်းရှိသော သူယုတ်မာသည်။ အယမေဝ၊ ဤသူယုတ်မာပင်လျှင်တည်း။ အနညော၊ တပါးသောသူ မဟုတ်။ ဧသာ၊ ဤမိန်းမယုတ်သည်။ ယံ၊ အကြင်ငတုံးကို။ အယံ၊ ဤယောက်ျားသည်။ မမ၊ ၏။ ကောမာရပတီ၊ ငယ်လင်တည်း။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။ သာ၊ ထိုမိန်းမသည်။ အယမေဝ၊ ငါ၏ မယားဖြစ်သော မိန်းမပင်လျှင်တည်း။ အနညော၊ တပါးသောမိန်းမမဟုတ်။ ဣတ္ထိယော၊ မိန်းမတို့မည်သည်ကား။ ဝဇ္စျာ၊ သတ်အပ်သော အပြစ် ရှိန်ကုန်၏။ ဣတ္ထိသု၊ မိန်းမတို့၌။ သစ္စာ၊ သစ္စာသည်။ နတ္ထိ၊ မရှိ။

၈၆။ လုဒ္ဒံ၊ ရုန့်ရင်းကြမ်းကြုတ်စွာထသော။ ဆဝံ၊ သူသေကောင်နှင့် တူထသော။ ပရဒါရူပသေဝိံ၊ သူ့မယားကို မှီဝဲတတ်ထသော။ ဣမဉ္စ ဇမ္မံ၊ ဤယုတ်မာစွာသော ငတုံးကိုလည်း။ မုသလေန၊ ကျည်ပွေ့ဖြင့်။ ဟန္တွာ၊ သိသိညက်ညက် ကြေအောင်ရိုက်၍။ ဒဏ္ဍံ၊ ဒဏ်ကို။ ကရောထ၊ ပြုကြကုန်လော့။ ပါပပတိဗ္ဗတာယ၊ ယုတ်မာစွာသော လင်ကို လုပ်ကျွေးသော။ ဣမိဿာ စ၊ ဤသီလမရှိသော မိန်းမလည်း။ ဇိဝန္တိယာဝ၊ အသက်ရှင်စဉ်လျှင်။ ကဏ္ဏနာသံ၊ နားနှာခေါင်းကို။ ဆိန္ဒထ၊ ဖြတ်ကြကုန်လော့။

ဘုရားလောင်းသည် အမျက်ကို သည်းခံအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ဤသို့လျှင် ထိုယုတ်မာကုန်သော သူတို့အား ဒဏ်ကိုစေ၍လည်း ထိုသို့စေတိုင်း မပြုစေ၊ စင်စစ်ကား အမျက်ကို ညံ့သည်ကိုပြု၍ အကြင် အခြင်းဖြင့် ဖွဲ့စေအပ်သည်ရှိသော် ထိုယုတ်မာသော မိန်းမသည် တောင်းကို ဦးခေါင်းမှ ချအံ့သောငှါ မတတ်နိုင်၊ ထိုအခြင်းဖြင့် မြဲစွာ ဖွဲ့စေ၍ ငတုံးကို ထိုတောင်း၌ထည့်စေ၍ မိမိ၏နိုင်ငံမှ နှင်ထုတ်စေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာ၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ မထင်ရှားကုန်သော မထေရ်တို့သည် ထိုအခါ ညီတော် ခြောက်ယောက်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ၌ စိဉ္စမာဏဝိကာသည် ထိုအခါ မယား ဖြစ်ဘူးလေပြီ၊ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ငတုံး ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ဖွတ်မင်း ဖြစ်ဘူးလေပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ စူဠပဒုမမင်း ဖြစ်ဘူးလေပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

မိန်းမဟူဘိ၊ ကျေးဇူးရှိလည်း။ မသိနိုးယောင်၊ ကြဥ်းဆောင်သတ်ဖြတ်၊ ပြုတုံလတ်၏

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော စူဠပဒုမဇာတ်သည် ပြီး၏။ ။

*****

ဒုကနိပါတ်-ရုဟကဝဂ်

၄။ မဏိစောရဇာတ်

ပတ္တမြားဥသျှောင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် န သန္တိ ဒေဝါ ပဝသန္တိ နူန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဏိစောရဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မြတ်စွာဘုရားကို သတ်အံ့သောငှာ လုံ့လပြုသော ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအခါ၌ကား မြတ်စွာဘုရားသည် ဒေဝဒတ်သည် သတ်အံ့သောငှါ လုံ့လပြု၏ဟု ကြားတော်မူ၍ ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝဒတ်သည် ငါဘုရားကိုသတ်အံ့သောငှါ လုံ့လပြုသည် မဟုတ်သေး၊ ရှေး၌လည်း ဒေဝဒတ်သည် ငါ့ကိုသတ်အံ့သောငှါ လုံ့လပြုသလျှင်ကတည်း၊ လုံ့လပြုသော်လည်း သတ်အံ့သောငှါ မစွမ်းနိုင်သလျှင်ကတည်းဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည် ဖြစ်၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီပြည်မှ မနီးမဝေးသော ရွာငယ်ဝယ် သူကြွယ်မျိုး၌ ဖြစ်၏။ ထိုအခါ၌ အရွယ်သို့ရောက်သော ထိုဘုရားလောင်း၏အကျိုးငှါ ဗာရာဏသီပြည်မှ အမျိုးသ္မီးကို ဆောင်ကုန်၏။ ထိုအမျိုးသ္မီးသည် ရွှေအဆင်းနှင့်တူသော အဆင်းရှိသည်ဖြစ်၍ အလွန်အဆင်းလှ၏။ ရှုချင်ဘွယ်ရှိ၏။ နတ်သ္မီးကဲ့သို့၎င်း ပွင့်သောပန်းရှိသော အနွယ်ကဲ့သို့၎င်း ယစ်သောကိန္နရီမကဲ့သို့၎င်း တင့်တယ်စမ္ပယ်ခြင်းရှိ၏။ အမည်အားဖြင့် သုဇာတာ အမည်ရှိ၏။ နတ်ကိုကဲ့သို့ လင်ကိုလုပ်ကျွေးခြင်းဝတ်နှင့် ပြည့်စုံ၏။ သီလအကျင့်နှင့်ပြည့်စုံ၏။ အခါခပ်သိမ်း လင်၏ဝတ်ကို၎င်း, ယောက္ခမယောက်ျားသူ, ယောက္ခမမိန်းမသူတို့၏ ဝတ်ကို၎င်း ပြုသည်သာလျှင် ဖြစ်၏။ ဘုရားလောင်းသည် သုဇာတာကို ချစ်အပ်မြတ်နိုးအပ်သည်ဖြစ်၏။ ဤသို့လျှင် ထိုနှစ်ယောက်ကုန်သော လင်မယားတို့သည်လည်း ဝမ်းမြောက်ကြကုန်သည်ဖြစ်၍ တူသောစိတ် ရှိကြကုန်သည်ဖြစ်၍ အညီအညွတ် နေကြကုန်၏။

ထိုအခါ တနေ့သ၌ သုဇာတာသည် မိဘတို့ကို ဖူးမြင်လို၏ဟု ဘုရားလောင်းအား ကြား၏။ ထိုဘုရားလောင်းသည် ရှင်မ ကောင်းပြီ မျှလောက်သော လမ်းရိက္ခာကို စီရင်လော့ဟုဆို၍ ခဲဘွယ်အထူးကို ချက်စေ၍ ခဲဘွယ်အစရှိသည်တို့ကို လှည်း၌တင်၍ လှည်းကိုနှင်လျက် လှည်းဦးကို စီး၏။ သုဇာတာသည် နောက်၌ စီး၏။ ထိုနှစ်ယောက်ကုန်သော သ္မီးခင်ပွန်းတို့သည် မြို့အနီးသို့ရောက်ကုန်၍ လှည်းကိုချွတ်ကုန်၍ ရေချိုးကုန်၏။ ရေချိုးကုန်ပြီး၍ စားကုန်၏။ စားပြီး၍ ဘုရားလောင်းသည် လှည်းကိုက၍ လှည်းဦး၌နေ၏။ သုဇာတာသည် အဝတ်တို့ကိုလဲ၍ တန်ဆာဆင်၍ ဘုရားလောင်း၏အနီး၌ စီး၏။ လှည်း၏ မြို့တွင်းသို့ ဝင်သောကာလ၌ ဗာရာဏသီမင်းသည် မြတ်သော ဆင်ကျောက်ကုန်းထက်၌ စီးလျက် မြို့ကို လက်ျာရစ်လည်သည်ကိုပြု၍ ထိုအရပ်သို့ ရောက်၏။ သုဇာတာသည်ဆင်း၍ လှည်း၏နောက်မှ ခြေဖြင့်သွား၍ မင်းသည် ထိုသုဇာတာကိုမြင်၍ ထိုသုဇာတာ၏ အဆင်း၏ပြည့်စုံခြင်းသည် ငင်အပ်သော မျက်စိရှိလျက် ကြိုက်နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ တယောက်သောအမတ်ကို သွားချေ၊ ထိုမိန်းမ၏ အရှင်ရှိသည်၏အဖြစ်ကို၎င်း အရှင်မရှိသည်၏အဖြစ်ကို၎င်း စုံစမ်းချေဟု စေလိုက်၏။ ထိုအမတ်သည် သွား၍ ထိုသုဇာတာ၏ အရှင်ရှိသည်၏ အဖြစ်ကိုသိ၍ မင်းမြက် အရှင်ရှိ၏။ လှည်း၌နေသော ယောက်ျားသည် ထိုမိန်းမ၏ လင်တည်းဟု ဆို၏။

မင်းသည် တပ်စွန်းသောစိတ်ကို ဖျောက်အံ့သောငှါ မတတ်နိုင်သည် ဖြစ်၍ ကိလေသာကြောင့် ကြင်နာစိတ်ရှိ သည်ဖြစ်၍ တခုသော ဥပါယ်တမျဉ်ဖြင့် ထိုယောက်ျားကို သတ်စေ၍ မိန်းမကိုယူအံ့ဟု ကြံ၍ တယောက်သော ယောက်ျားကိုခေါ်၍ သွားချေ၊ ဤပတ္တမြားဥသျှောင်ကျင်ကို ယူ၍ သွားသကဲ့သို့ ဖြစ်၍ ထိုယောက်ျား၏ လှည်း၌ထားခဲ့၍ လာလှည့်လော့၊ ဤသို့ဆို၍ ပတ္တမြားဥသျှောင်ကျင်ကိုပေး၍ လွှတ်လိုက်၏။ ထိုယောက်ျားသည် ကောင်းပြီဟု ထိုပတ္တမြားဥသျှောင်ကျင်ကို ယူ၍ သွား၍ လှည်း၌ထား၍ မင်းမြတ် အကျွန်ုပ်သည် ထားအပ်ပြီဟု လာလတ်၍ ကြား၏။ မင်းသည် ငါ၏ ပတ္တမြားဥသျှောင်ကျင်သည် ပျောက်၏ဟု ဆို၏။ လူတို့သည် တပြိုင်နက် အုတ်အုတ်ကျက်ကျက်ကို ပြုကုန်၏။ မင်းသည် ခပ်သိမ်းသော တံခါးတို့ကိုပိတ်ကုန်၍ သူခိုးကိုရှာကြကုန်လော့ဟု ဆို၏။ မင်းချင်းတို့သည် ထိုမင်းဆိုတိုင်း ပြုကုန်၏။ မြို့သည် တပြိုင်နက် ချောက်ချားသည် ဖြစ်၏။ တယောက်သောမင်းချင်းသည် လူတို့ကိုယူ၍ ဘုရားလောင်း၏ အထံသို့ သွား၍ အချင်းလှည်းကို ရပ်လော့၊ မင်း၏ ပတ္တမြားဥသျှောင်ကျင်တော်သည် ပျောက်၏။ လှည်းကို သုတ်သင်အံ့ဟု ဆို၍ လှည်းကိုသုတ်သင်လျက် မိမိသည် ထားအပ်သော ပတ္တမြားဥသျှောင်ကျင်ကို ယူ၍ ဘုရားလောင်းကိုဖမ်း၍ ပတ္တမြားဥသျှောင်ကျင် ခိုးသူဟူ၍ လက်တို့ဖြင့်၎င်း ခြေတို့ဖြင့်၎င်း ညှဉ်းဆဲ၍ လက်ပြန်နှောင်ဖွဲ့ပြီးလျှင် ဆောင်ယူခဲ့၍ ဤသူသည် ပတ္တမြားဥသျှောင်ကျင် ခိုးသူတည်းဟု မင်းအား ပြ၏။ မင်းသည်လည်း ထိုခိုးသူ၏ ဦးခေါင်းကို ဖြတ်လေကုန်ဟု စေ၏။

ထိုအခါ၌ ဘုရားလောင်းကို မင်းချင်းတို့သည် ခရီးလေးဆုံ ခရီးလေးဆုံတိုင်း၌ ကြိမ်တို့ဖြင့် ရိုက်ကုန်လျက် တောင်တံခါးဖြင့်မြို့မှထွက်ကုန်၏။ သုဇာဟာသည်လည်း ယာဉ်ကိုစွန့်၍ မောင်းတို့ကိုမြှောက်၍ ငါ့ကိုမှီ၍ ငါ့လင်သည် ဤဆင်းရဲခြင်းသို့ ရောက်၏။ ဤသို့ ငိုကြွေးလျက် နောက်မှ နောက်မှ လိုက်၏။ မင်းချင်းတို့သည် ထိုဘုရားလောင်း၏ ဦးခေါင်းကို ဖြတ်ကုန်အံ့ဟု ဘုရားလောင်းကို ပက်လက်အိပ်စေကုန်၏။ ထိုအခြင်းအရာကို မြင်၍ သုဇာတာသည် မိမိ၏ သီလကျေးဇူးကိုဆင်ခြင်၍ ဤလောက၌ သီလရှိကုန်သောသူတို့ကို ညှဉ်းဆဲတတ်ကုန်သော ယုတ်မာကုန်သော နိုင်ထက်ကလူ မူတတ်ကုန်သောသူတို့ကို မြစ်အံ့သောငှါ စွမ်းနိုင်ကုန်သော နတ်တို့မည်သည်ကား မရှိယောင်တကားဟု ဆိုလို၍-

၈၇။ န သန္တိ ဒေဝါ ပဝသန္တိ နူန၊
န ဟိ နူန သန္တိ ဣဓ လောကပါလာ။
သဟသာ ကရောန္တာနမသညတာနံ၊
န ဟိ နူန သန္တိ ပဋိသေဓိတာရော။

ဟူသော ရှေးဦးစွာသောဤဂါထာကို ဆို၏။

၈၇။ ဣဓ လောကေ၊ ဤလောက၌။ ဒေဝါ၊ သီလရှိကုန်သောသူတို့ကို ကြည့်တတ်ကုန်သော နတ်တို့သည်။ န သန္တိ နူန၊ မရှိကုန်ယောင်တကား။ ဧဝရူပေသု၊ ဤသို့ သဘောရှိကုန်သော။ ကိစ္စေသု၊ ကိစ္စတို့သည်။ ဥပ္ပန္နေသု၊ ဖြစ်ကုန်သည်ရှိသော်။ ဒေဝါ၊ သီလရှိသောသူတို့ကို ကြည့်ရှုတတ်ကုန်သော နတ်တို့သည်။ ပဝသန္တိ နူန၊ ဤအရပ်မှ ကင်းကုန်ယောင်တကား။ လောကပါလာ၊ လောကပါလဟု သမုတ်အပ်သော သီလရှိကုန်သောသူတို့ကို ချီးမြှောက်တတ်ကုန်သော ရဟန်း ပုဏ္ဏားတို့သည်။ န သန္တိ နူန၊ မရှိကုန်ယောင်တကား။ သဟသာ၊ မဆင်မခြင် တဆောတလျင်အားဖြင့်။ ကရောန္တာနံ၊ ရုန့်ရင်းကြမ်းတမ်းသောအမှုကို ပြုတတ်ကုန်သော။ အသညတာနံ၊ ကိုယ်နှုတ်နှလုံးကို မစောင့်ကုန်သောသူတို့ကို။ ပဋိသေဓိတာရော၊ တားမြစ်တတ်ကုန်သော နတ်တို့သည်။ န ဟိ သန္တိ နူန၊ မရှိကုန်ယောင်တကား။

ဤသို့လျှင် သီလနှင့် ပြည့်စုံသော သုဇာတာသည် ငိုကြွေးသည်ရှိသော် နတ်တို့၏ မင်းဖြစ်သော သိကြား၏နေရာ ပဏ္ဍုကမ္ဗလာကျောက်ဖျာသည် ပူသောအခြင်းအရာကို ပြလေ၏။ သိကြားမင်းသည် အဘယ်သူသည်လျှင် ငါ့ကို သိကြား၏အဖြစ်မှ ရွေ့လျောစေလိုသနည်းဟု ဆင်ခြင်လတ်သည်ရှိသော ဤအကြောင်းကိုသိ၍ ဗာရာဏသီမင်းသည် အလွန်ကြမ်းကြုတ်သောအမှုကို ပြု၏။ သီလနှင့်ပြည့်စုံသော သုဇာတာကို ပင်ပန်းစေ၏။ ယခု ငါသည် သွားအံ့သောငှါ သင့်၏ဟု နတ်ပြည်မှသက်၍ မိမိ၏ အာနုဘော်အားဖြင့် ဆင်ကျောက်ကုန်း၌နေသော ထိုယုတ်မာသောမင်းကို ဆင်ကျော်ကုန်းထက်မှချ၍ စဉ်းတီတုံး၌ ပက်လက်အိပ်စေ၍ ဘုရားလောင်းကို ချီ၍ ခပ်သိမ်းသောတန်ဆာတို့ဖြင့် တန်ဆာဆင်၍ မင်း၏အသွင်ကိုယူစေ၍ ဆင်ကျောက်ကုန်းထက်၌ နေစေ၏။ မင်းချင်းတို့သည် သန်လျက်ကို ချီကုန်၍ ဦးခေါင်းကိုဖြတ်ကုန်သည်ရှိသော် ဗာရာဏသီမင်း၏ ဦးခေါင်းကိုဖြတ်မိကုန်၏။ ဖြတ်ပြီးသောကာလ၌သာလျှင် ထိုဗာရာဏသီမင်း၏ ဦးခေါင်းအဖြစ်ကို သိကုန်၏။ နတ်တို့၏မင်းဖြစ်သော သိကြားသည် ထင်ရှားသောကိုယ်ဖြင့်သာလျှင် ဘုရားလောင်း၏အထံသို့ သွား၍ ဘုရားလောင်းအား ရာဇာဘိသေကကိုသွန်း၍ သုဇာတာကိုသာလျှင် မိဖုယားအရာ၌ထား၏။

အမတ်တို့သည်၎င်း ပုဏ္ဏား သူကြွယ်တို့သည်၎င်း နတ်တို့၏မင်းဖြစ်သော သိကြားကိုမြင်ကုန်၍ တရားမစောင့်သောမင်းကို သတ်အပ်ပြီ၊ ယခုအခါ၌ ငါတို့သည် သိကြားပေးအပ်သော တရားစောင့်သောမင်းကို ရပေပြီဟု ဝမ်းမြောက်ခြင်းသို့ ရောက်ကြကုန်၏။ သိကြားမင်းသည်လည်းကောင်းကင်၌ ရပ်၍ သိကြားမင်းသည် ပေးအပ်သော ဤမင်းသည် ဤနေ့မှစ၍ တရားသဖြင့် မင်းအဖြစ်ကို ပြုလတ္တံ့၊ မင်းတရားမစောင့်ရာ၌ အပြစ်ကိုထင်စွာပြအံ့၊ မင်းသည် တရားမစောင့်သည် အကယ်၍ဖြစ်အံ့၊ မရွာသင့်သောကာလ၌ မိုဃ်းသည် ရွာ၏။ ရွာသင့်သောကာလ၌ မရွာ၊ ငတ်မွတ်ခြင်းဘေး၎င်း အနာနှိပ်စက်ခြင်းဘေး၎င်း ဓားလက်နက်ဘေး၎င်း ဤဘေးသုံးပါးတို့သည် ရောက်လာကုန်သည်သာလျှင် ဖြစ်ကုန်၏။ ဤသို့ ဆုံးမလိုသည်ဖြစ်၍-

၈၈။ အကာလေ ဝဿတိ တဿ၊ ကာလေ တဿ န ဝဿတိ။
သဂ္ဂါ စ စဝတိ ဌာနာ၊ နနု သော တာဝတာ ဟတာ။

ဟူသော နှစ်ခုမြောက်သောဤဂါထာကို ဆို၏။

၈၈။ တဿ၊ ထိုတရားမစောင့်သောမင်း၏။ ရဇ္ဇေ၊ ပြည်၌။ ဒေဝေါ၊ မိုဃ်းသည်။ ဝဿံ-ဝဿန္တော၊ ရွာသည်ရှိသော်။ အကာလေ၊ မရွာသင့်သော ကာလ၌။ ဝဿတိ၊ ရွာ၏။ တဿ၊ ထိုတရားမစောင့်သောမင်း၏။ ရဇ္ဇေ၊ ပြည်၌။ ဒေဝေါ၊ မိုဃ်းသည်။ ကာလေ၊ ရွာသင့်သော ကာလ၌ကား။ န ဝဿတိ၊ မရွာ။ အဓမ္မိကရာဇာ၊ တရားမစောင့်သော မင်းသည်။ သဂ္ဂါ ဌာနာ၊ နတ်ရွာဌာနမှ။ စဝတိ၊ လွတ်ကင်း၏။ တနည်းကား... အဓမ္မိကရာဇာ၊ တရားမစောင့်သောမင်းသည်။ သဂ္ဂေ၊ နတ်ပြည်၌။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ ကရောန္တောပိ၊ ပြုရသော်လည်း။ သဂ္ဂါ ဌာနာ၊ နတ်ပြည်မှ။ စဝတိ၊ ရွေ့လျောရ၏။ သော၊ ထိုတရားမစောင့်သော မင်းသည်။ တာဝတာ၊ ထိုမျှအတိုင်း အရှည်ဖြင့်။ ဟတော နနု၊ ညှဉ်းဆဲသည် မဟုတ်တုံလော။ တနည်းကား သော ရာဇာ၊ ထိုတရားမစောင့်သောမင်းသည်။ နု၊ စင်စစ်။ တာဝတာ၊ ထိုမျှသာ။ န ဟတော၊ ညှဉ်းဆဲရသည်မဟုတ်သေး။

ဤသို့လျှင် သိကြားမင်းသည် လူများအား အဆုံးအမကိုပေး၍ မိမိ၏ ဗိမာန်သို့သာလျှင်သွား၏။ ဘုရားလောင်းသည်လည်း တရားသဖြင့်မင်းအဖြစ်ကို ပြုစေ၍ နတ်ပြည်ကို ပြည့်စေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ၌ တရားမစောင့်သောမင်း ဖြစ်ဘူးလေပြီ၊ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြားမင်း ဖြစ်ဘူးလေပြီ၊ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ သုဇာတာဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ၌ သိကြားပေးအပ်သောမင်း ဖြစ်ဘူးလေပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

သူတော်ကောင်းမှ၊ နတ်ကောင်းမ၊ ကျင့်ထ တရားမှန်

လေးခုမြောက်သော မဏိစောရဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ရုဟကဝဂ်

၅။ ပဗ္ဗတူပတ္ထရဇာတ်

ပညာရှိအမတ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ပဗ္ဗတူပတ္ထရေ ရမ္မေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပဗ္ဗတူပတ္ထရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောသလမင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ကောသလမင်း၏ တယောက်သော အမတ်သည် နန်းတွင်းသူ တယောက်၌ မှားယွင်းလေသတတ်၊ ကောသလမင်းသည်လည်း ထိုအမတ်ကို စုံစမ်းသည်ရှိသော် မှန်သောအားဖြင့်သိ၍ မြတ်စွာဘုရားအား လျောက်အံ့ဟု ဇေတဝန် ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရားကိုရှိခိုး၍ အရှင်ဘုရား အကျွန်ုပ်၏ နန်းတွင်းသူတယောက်၌ အမတ်တယောက်သည် မှားယွင်း၏။ ထိုအမတ်အား အသို့ပြုအံ့သောငှါ သင့်သနည်းဟု မေးလျှောက်၏။ ထိုအခါ၌ မင်းကို မြတ်စွာဘုရားသည် မင်းမြတ် ထိုအမတ်သည် သင့်အား ကျေးဇူးပြုသောအမတ်လော၊ ထိုမိန်းမသည်လည်း သင်သည် ချစ်မြတ်နိုးလေသော မိန်းမလော၊ ဤသို့ မေးတော်မူ၍ အရှင်ဘုရား ဟုတ်၏။ ထိုအမတ်သည် အလွန်လျှင် ကျေးဇူး ပြု၏။ အလုံးစုံသော မင်းမျိုးကို ကောင်းစွာ ဆောင်၏။ ထိုမိန်းမသည်လည်း အကျွန်ုပ်သည် ချစ်မြတ်နိုးအပ်သော မိန်းမတည်းဟု နားတော်လျှောက်သည်ရှိသော် မင်းမြတ် မိမိအား ကျေးဇူးပြုကုန်သော မှီဝဲခစားကုန်သော သူတို့၌၎င်း ထိုသို့သဘောရှိကုန်သော မှီဝဲခစားကုန်သော ချစ်အပ်ကုန်သော မိန်းမတို့၌၎င်း ဖျက်ဆီးအံ့သောငှါ မတတ်ကောင်း၊ ရှေး၌လည်း မင်းတို့သည် ပညာရှိတို့၏စကားကို ကြားကုန်၍ လျစ်လျူရှုကုန်သည် သာလျှင် ဖြစ်ဘူးကုန်၏ဟု မိန့်တော်မူ၍ ထိုကောသလမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... မင်းမြတ် လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် အမတ်မျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် ထိုဗြဟ္မဒတ်မင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်သည် ဖြစ်၏။ ထိုအခါ၌ ဗြဟ္မဒတ်မင်း၏ တယောက်သောအမတ်သည် နန်းတွင်းသူ မင်းမောင်းမ တယောက်၌ မှားယွင်း၏။ မင်းသည် မှန်သောအားဖြင့်သိ၍ အမတ်သည်လည်း ငါ့အား ကျေးဇူးများ၏။ ဤမိန်းမသည်လည်း ငါချစ်သော မိန်းမတည်း၊ နှစ်ယောက်ကုန်သော ဤသူတို့ကိုလည်း ဖျက်ဆီးအံ့သောငှါ မတတ်ကောင်း၊ ပညာရှိသော အမတ်ကို ပြဿနာကိုမေး၍ သည်းခံအပ်သည် အကယ်၍ ဖြစ်လတ္တံ့ သည်းခံအံ့၊ သည်းခံအပ်သည် အကယ်၍ မဖြစ်လတ္တံ့ သည်းမခံအံ့၊ ဤသို့ နှလုံးသွင်းခြင်းကိုပြု၍ ဘုရားလောင်းကို ခေါ်စေ၍ ပညာရှိ ငါသည် သင့်ကို ပြဿနာမေးအံ့ဟု ဆို၍ မင်းမြတ် အရှင်တို့သည် မေးတော်မူကုန်လော့၊ ဖြေအံ့ဟု ဆိုသည်ရှိသော် ပြဿနာကို မေးလိုရကား-

၈၉။ ပဗ္ဗတူပတ္ထရေ ရမ္မေ၊ ဇာတာ ပေါက္ခရဏီ သိဝါ။
တံ သိင်္ဂါလော အပါပါယိ၊ ဇာနံ သီဟေန ရက္ခိတံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၈၉။ ပဏ္ဍိတ၊ ပညာရှိ။ ရမ္မေ၊ မွေ့လျော်ဘွယ်ရှိသော။ ပဗ္ဗတူပတ္တရေ၊ ဟိမဝန္တာတောင်ခြေရင်း၌ ပြန့်၍တည်သော မြေပြင်၌။ သိဝါ၊ ချမ်းအေးချိုမြိန်သောရေနှင့်ပြည့်စုံသော။ ပေါက္ခရဏီ၊ ရေကန်သည်။ ဇာတာ၊ ဖြစ်၏။ တနည်းကား... ပေါက္ခရဏီ၊ ကြာတို့ဖြင့် ဖုံးလွှမ်းအပ်သော မြစ်သည်။ ဇာတာ၊ ဖြစ်၏။ တံ၊ ထိုရေကန်ကို။ တနည်းကား... တံ၊ ထိုမြစ်ကို။ သီဟေန၊ ခြင်္သေ့မင်းသည်။ ရက္ခိတံ၊ စောင့်ရှောက်အပ်၏ဟူ၍။ ဇာနံ-ဇာနန္တော၊ သိလျက်။ သိင်္ဂါလော၊ မြေခွေးသည်။ အပါပါယိ၊ သောက်ကောင်းသလော။

ဘုရားလောင်းသည် မချွတ် ထိုမင်း၏နန်းတွင်းသူ၌ အမတ်တယောက်သည် မှားယွင်းသည် ဖြစ်လတ္တံ့ ဟု သိ၍-

၉၀။ ပိဝန္တိ စေ မဟာရာဇ၊ သာပဒါနိ မဟာနဒိံ။
န တေန အနဒီ ဟောတိ၊ ခမဿု ယဒိ တေ ပိယာ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၉၀။ မဟာရာဇ၊ မင်းမြတ်။ မဟာနဒီ၊ ကြာတို့ဖြင့် ဖုံးလွှမ်းအပ်သည်၏ အဖြစ်ကြောင့် ပေါက္ခရဏီဟု ဆိုအပ်သော အမည်ရှိသော မြစ်ကြီးကို။ သာပဒါနိ၊ ငှက်, ခွေး, ယုန့် ကြောင်, သမင် အစရှိသော သားမျိုးရှိသည်။ ပိဝန္တိ စေ၊ သောက်ကုန်စေကာမူ။ တေန၊ ထိုသို့ သောက်ခြင်းတည်းဟူသော အကြောင်ကြောင့်။ သာ၊ ထိုမြစ်ကြီးသည်။ အနဒီ၊ မြစ်မဟုတ်သည်။ န ဟောတိ၊ မဖြစ်။ သာ ဣတ္ထိ၊ ထိုမိန်းမကို။ တေ၊ အရှင်မင်းမြတ်သည်။ ယဒိ ပိယာ၊ အကယ်၍ ချစ်မြတ်နိုးတော်မူသည် ဖြစ်အံ့။ ခမဿု၊ သည်းခံတော်မူလော့။

ဤသို့လျှင် ဘုရားလောင်းသည် မင်းအား အဆုံးအမကို ပေး၏။ မင်းသည် ထိုဘုရားလောင်း၏ အဆုံးအမ၌တည်၍ ဤသို့သဘောရှိသော ယုတ်မာသောအမှုကို မပြုကုန်လင့်ဟု ဆို၍ နှစ်ယောက်ကုန်သော သူတို့အားလည်း သည်းခံ၏။ ထိုအခါမှစ၍ ထိုသူတို့သည် ကြဉ်ရှောင်ကုန်၏။ မင်းသည်လည်း ဒါနအစရှိကုန်သော ကောင်းမှုတို့ကိုပြု၍ အသက်၏ အဆုံး၌ နတ်ပြည်၌ ပြည့်စေ၏။ ကောသလမင်းသည်လည်း ဤဓမ္မဒေသနာကိုနာ၍ နှစ်ယောက်ကုန်သော သူတို့အားလည်း သည်းခံလျစ်လျူရှုသည် ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား မင်းမြတ် ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိအမတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးရှိပေ၊ ချစ်ခင်လေ၊ မသွေ သည်းခံသင့်

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ပဗ္ဗတူပတ္ထရဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ရုဟကဝဂ်

၆။ ဝလာဟကဇာတ်

မိန်းမဘီလူး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယေန ကာဟန္တိ ဩဝါဒံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာ ဆင်အပ်သော ဤ ဝလာဟကဿဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့၏ဟူ၍ ကြားရသည်ကား မှန်သလောဟု မြတ်စွာဘုရားသည် မေးတော်မူသည်ရှိသော် အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်၍ အဘယ်ကြောင့် ငြီးငွေ့သနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား တယောက်သောမိန်းမသည် တန်ဆာဆင်အပ်သည်ကိုမြင်၍ ကိလေသာ၏ အစွမ်းအားဖြင့် ငြီးငွေ့သည် ဖြစ်၏ဟု နားတော် လျှောက်လေ၏။ ထိုအခါထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း မိန်းမတို့မည်သည်ကား မိမိ၏ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ဖြင့်၎င်း မိန်းမတို့၏ အမူအရာဟန်ပန်တို့ဖြင့်၎င်း တင့်တယ်စမ္ပယ်ခြင်းတို့ဖြင့်၎င်း ယောက်ျားတို့ကိုဖြားယောင်းကုန်၍ မိမိအလိုသို့ လိုက်သည်၏အဖြစ်ကိုသိကုန်၍ သီလ၏ ပျက်စီးခြင်းသို့၎င်း ဥစ္စာ၏ပျက်စီးခြင်းသို့၎င်း ရောက်စေတတ်သော သဘောကြောင့် ဘီလူးမတို့ မည်ကုန်၏ဟူ၍ ဆိုအပ်ကုန်၏။ ထိုစကားသည် မှန်၏။ ရှေး၌လည်း ဘီလူးမတို့သည် မိန်းမတို့၏ အမူအရာဖြင့် တယောက်သော ယောက်ျားဖြစ်သော လှည်းကုန်သည်သို့ကပ်ကုန်၍ ကုန်သည်တို့ကို ဖြားယောင်း၍ မိမိ၏အလိုသို့ လိုက်သည်တို့ကို ပြုကုန်ပြီး၍ တဖန် တပါးကုန်သော ယောက်ျားတို့ကိုမြင်ကုန်၍ ထိုခပ်သိမ်းကုန်သော သူတို့ကိုလည်း အသက်ကုန်ခြင်းသို့ ရောက်စေကုန်၍ မေးပါးစောင်နှစ်ဘက်တို့မှ သွေးကိုယိုစီးစေသဖြင့် ခံတွင်းကို ပြည့်စေကုန်လျက် စားဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ သိန်းဃိုဠ်ကျွန်း၌ သိရီသဝတ္ထု အမည်ရှိသော ဘီလူးမတို့၏မြို့သည် ရှိ၏။ ထိုသိရီသဝတ္ထုအမည်ရှိသော မြို့၌ ဘီလူးမတို့သည် နေကုန်၏။ ထိုဘီလူးမတို့သည် သင်္ဘော ပျက်ကုန်သောကုန်သည်တို့ ရောက်လာသောကာလ၌ တန်ဆာဆင်ခြင်းနှင့် စပ်ကုန်သည်ဖြစ်၍ ခဲဘွယ်ဘောဇဉ်ကို ယူခဲ့စေကုန်၍ ကျွန်မအပေါင်း ခြံရံကုန်လျှက် သူငယ်တို့ကို ရင်ခွင်ဖြင့်ချီကုန်၍ ကုန်သည်တို့သို့ ကပ်ကုန်၏။ ထိုကုန်သည်တို့အား လူတို့၏နေရာအရပ်သို့ ရောက်ကုန်၏ဟု သိစိမ့်သောငှါ ထိုထိုအရပ်၌ လယ်ထွန်ခြင်း နွားကျောင်းခြင်း အစရှိသည်တို့ကို ပြုကုန်သောလူတို့ကို၎င်း နွားချေး အစရှိသည်တို့ကို၎င်း ပြကုန်လျက် ကုန်သည်တို့၏ အထံသို့သွား၍ ဤယာဂုကို သောက်ကြကုန်လော့၊ ဤထမင်းကို စားကြကုန်လော့၊ ဤခဲဘွယ်ကို ခဲကြကုန်လော့ဟု ဆိုကုန်၏။ ကုန်သည်တို့သည် မသိကြကုန်သည်ဖြစ်၍ ဘီလူးမတို့သည် ပေးအပ်သော ခဲဘွယ် ဘောဇဉ်ကို သုံးဆောင်ကုန်၏။

ထို့နောင်မှ ထိုကုန်သည်တို့၏ ခဲကုန် စားကုန် သောက်ကုန်၍ အပင်အပန်းပြေသောကာလ၌ အမောင်တို့ သင်တို့သည် အဘယ်အရပ်၌ နေကုန်သောသူတို့နည်း၊ အဘယ်အရပ်မှ လာကြကုန်သနည်း၊ အဘယ်အရပ်သို့ သွားကြကုန်အံ့နည်း၊ အဘယ်အမှုကြောင့် ဤအရပ်သို့ လာကြကုန်သနည်းဟု မေးမြန်းကုန်လျက် ပျူငှာလောကဝတ်ကို ပြုကုန်၏။ လှေပျက်ကုန်သည်ဖြစ်၍ ဤအရပ်သို့ ရောက်လာကြကုန်၏ ဟု ဆိုသည်ရှိသော် အမောင်တို့ ကောင်းပြီ၊ သင်္ဘောစီး၍ သွားလေကုန်သော ငါတို့၏ လင်တို့အားလည်း သုံးနှစ်တို့သည်လွန်ကုန်ပြီ၊ ငါတို့၏ လင်တို့သည် သေသည်ဖြစ်ကုန်လတ္တံ့၊ သင်တို့သည်လည်း ကုန်သည်တို့ပင်လျှင်တည်း၊ ငါတို့သည် သင်တို့၏ခြေရင်း၌ အလုပ်အကျွေးတို့သည် ဖြစ်ပါကုန်အံ့ဟု ဆိုကုန်၍ ထိုကုန်သည်တို့ကို မိန်းမ၏ အသွင် အပြင် မိန်းမ၏အဖြစ်ဖြင့် တင့်တယ်စမ္ပယ်ခြင်းတို့ဖြင့် ဖြားယောင်းကုန်၍ ဘီလူးတို့၏မြို့သို့ ဆောင်ကုန်ပြီးလျှင် ရှေးဦးစွာ ယူအပ်ကုန်သော လူတို့သည် အကယ်၍ ရှိကုန်အံ့၊ ထိုရှေးဦးစွာ ယူအပ်ကုန်သော လူတို့ကို နတ်တို့၏ သံခြေချင်းဖြင့် ဖွဲ့ကုန်၍ နှောင်အိမ်၌ သွင်းကုန်၏။ မိမိ၏ နေရာအရပ်၌ သင်္ဘောပျက်ကုန်သောလူတို့ကို မရကုန်မူကား ထိုမှာဘက်မှကလျာဏီမြစ်တိုင်အောင် ဤမှာဘက်မှ နာဂဒီပတိုင်အောင် ဤသို့ သမုဒ္ဒရာကမ်းကို လှည့်လည်ကုန်၏။ ဤသည်ကား ထိုဘီလူးမတို့၏ သဘောတည်း။

ထိုအခါ တနေ့သ၌ ငါးရာကုန်သော သင်္ဘောပျက်ကုန်သော ကုန်သည်တို့သည် ထိုဘီလူးမတို့၏ မြို့အနီးသို့ ကူးကြကုန်၏။ ထိုဘီလူးမတို့သည် ထိုငါးရာကုန်သော ကုန်သည်တို့၏အထံသို့ သွားကုန်၍ ဖျားယောင်းကုန်၍ ဘီလူးမတို့၏ မြို့သို့ ဆောင်ကုန်၍ ရှေးဦးစွာ ယူအပ်ကုန်သော လူတို့ကို နတ်တို့၏ သံခြေချင်းတို့ဖြင့် နှောင်ဖွဲ့ကုန်၍ နှောင်အိမ်၌ သွင်းကုန်၏။ ဘီလူးမအကြီးသည် ကုန်သည်အကြီးကို ကြွင်းကုန်သော ဘီလူးမတို့သည် ကြွင်းကုန်သော ကုန်သည်တို့ကို ဤသို့ ငါးရာကုန်သော ဘီလူးမတို့သည် ငါးရာကုန်သာကုန်သည်တို့ကို မိမိတို့၏လင် ပြုကုန်၏။ ထိုအခါ၌ ထိုဘီလူးမအကြီးသည် ညဉ့်အဘို့၌ ကုန်သည်တို့ညအိမ်ပျော်ခြင်းသို့ ရောက်သည်ရှိသော် ထ၍သွားပြီးလျှင် နှောင်အိမ်၌ လူတို့ကိုသတ်၍ အသားကိုစား၍ လာ၏။ ကြွင်းကုန်သော ဘီလူးမတို့သည်လည်း ထိုဘီလူးမအကြီး အတူသာလျှင် ပြုကုန်၏။ ဘီလူးမကြီးသည် လူသားကို စား၍ လာသောကာလ၌ ကိုယ်သည်အေး၏။ ကုန်သည်ကြီးသည် စုံစမ်းသည်ရှိသော် ထိုဘီလူးမကြီး၏ ဘီလူးမ၏အဖြစ်ကိုသိ၍ ငါးရာကုန်သော မိန်းမတို့သည် ဘီလူးမတို့သာလျှင် ဖြစ်ကုန်လတ္တံ့၊ ငါတို့သည် ပြေးအံ့သောငှါ သင့်၏ဟု မိုးသောက်သောနေ့၌ စောစောကသာလျှင် မျက်နှာ သစ်အံ့သောငှါ သွားလေ၏။ ကြွင်းကုန်သောကုန်သည်တို့အား အချင်းတို့ ဤမိန်းမတို့သည် ဘီလူးမတို့တည်း။ လူမိန်းမတို့ မဟုတ်ကုန်၊ တပါးကုန်သော သင်္ဘောပျက်ကုန်သော ကုန်သည်တို့၏ လာသောကာလ၌ လင်တို့ကို ပြုကုန်၍ ငါတို့ကို စားကုန်လတ္တံ့၊ ငါတို့သည် ဤအရပ်မှ ပြေးကြကုန်အံ့ဟု ဆိုသည်ရှိသော် ထိုငါးရာကုန်သော ကုန်သည်တို့တွင် နှစ်ရာ့ငါးကျိပ်ကုန်သော ကုန်သည်တို့သည် ငါတို့သည် ဤမိန်းမတို့ကို စွန့်အံ့သောငှါ မတတ်နိုင်ကုန်၊ သင်တို့သည်သာ သွားကြကုန်လော့၊ ငါတို့သည် မပြေးကြကုန်အံ့ဟု ဆိုကုန်၏။ ကုန်သည်ကြီးသည် မိမိ၏စကားကို လိုက်နာကုန်သော ကုန်သည်တို့ကိုယူ၍ ထိုဘီလူးမတို့မှ ကြောက်သည်ဖြစ်၍ ပြေးလေ၏။

ထိုကာလ၌ကား ဘုရားလောင်းသည် မြင်းမျိုး၌ ဖြစ်၏။ ကိုယ်အလုံးဖြု၏။ ညိုသောဦးခေါင်းရှိ၏။ ဖြူဆံမြက်ကဲ့သိုသော လည်ဆံရှိ၏။ တန်ခိုးနှင့် ပြည့်စုံ၏။ ကောင်းကင်သို့ ပျံသွားနိုင်၏။ ထိုဝလာဟကမြင်းမင်းသည် ဟိမဝန္တာမှ ကောင်းကင်သို့ပျံ၍ သိန်းဃိုဠ်ကျွန်းသို့ရောက်၍ သိန်းဃိုဠ် ကျန်းအိုင်ဝယ် ညွန်ပျောင်း၌ အလိုလိုသာလျှင်ရောက်သော သလေးစပါးကို စား၍သွား၏။ ဤသို့သွားသည်ရှိသော် ထိုဝလာဟက မြင်းမင်းသည် ဇမ္ဗူဒိပ်ဇနပုဒ်သို့ သွားလိုသောသူသည် ရှိသလောဟု သုံးကြိမ် ကရုဏာသည် ထုံမွှမ်းအပ်သော လူတို့၏စကားကို ဆို၏။ ထိုနှစ်ရာ့ငါးကျိပ်ကုန်သောကုန်သည်တို့သည် ဘုရားလောင်း စကားကို ကြားကုန်လျှင် ဘုရားလောင်းသို့ ကပ်ကုန်၍ လက်အုပ်ချီကုန်လျက် အရှင်အကျွန်ုပ်တို့သည် ဇမ္ဗူဒိပ်ဇနပုဒ်သို့ သွားပါကုန်အံ့ဟု ဆိုကုန်၏။ ထိုသို့တပြီးကား ငါ၏ ကျောက်ကုန်းသို့ တက်ကြကုန်လော့ဟု ဆို၏။ အချို့သောသူတို့သည် တက်ကုန်၏။ ထိုသူတို့တွင် အချို့ကုန်သော သူတို့သည် အမြီးကို ဆွဲကုန်၏။ အချို့ကုန်သော သူတို့သည် လက်အုပ်ချီကုန်၍ တည်ကုန်သလျှင် ကတည်း၊ ဘုရားလောင်းသည် အယုတ်သဖြင့် လက်အုပ်ချီကုန်၍ တည်ကုန်သော အလုံးစုံလည်းဖြစ်ကုန်သော နှစ်ရာ့ငါးကျိပ်ကုန်သော ထိုကုန်သည်တို့ကို မိမိ၏ အာနုဘော်ဖြင့် ဇမ္ဗူဒိပ်ဇနပုဒ်သို့ ဆောင်ပြီးလျှင် မိမိတို့၏ နေရာအရပ်တို့၌ တည်စေ၍ မိမိ၏ နေရာအရပ်သို့ သွားလေ၏။ ထိုဘီလူးမတို့သည်လည်း တပါးကုန်သော ကုန်သည်တို့၏ လာသောကာလ၌ ထိုဘီလူးတို့၏မြို့၌ ကျန်ရစ်ကုန်သော နှစ်ရာ့ငါးကျိပ်ကုန်သော လူတို့ကိုသတ်၍ စားကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ကိုခေါ်တော်မူ၍ ရဟန်းတို့ ဘီလူးမတို့၏ အလိုသို့လိုက်ကုန်သော ထိုနှစ်ရာ့ငါးကျိပ်ကုန်သော ကုန်သည်တို့သည် အသက်ကုန်ခြင်းသို့ ရောက်သကဲ့သို့ ဝလာဟကမြင်းမြတ်၏ စကားကို လိုက်နာကုန်သော ကုန်သည်တို့သည် မိမိတို့၏ တည်ရာအရပ်တို့၌ တည်ကုန်သကဲ့သို့ ထို့အတူသာလျှင် မြတ်စွာဘုရားတို့၏ အဆုံးအမကို မနာယူကုန်သော ရဟန်းယောက်ျားတို့သည်၎င်း ရဟန်းမိန်းမတို့သည်၎င်း ဒါယကာယောက်ျားတို့သည်၎င်း ဒါယိကာမိန်းမတို့သည်၎င်း ငါးပါးအပြားရှိသော နှောင်ဖွဲ့ခြင်း ကာမဂုဏ်ပြုရာအရပ် အစရှိကုန်သော လေးပါးကုန်သောအပါယ်တို့၌ ကြီးစွာသောဆင်းရဲသို့ ရောက်ကုန်၏။ မြတ်စွာဘုရား ဆုံးမတိုင်းကျင့်ကုန်သောသူတို့သည်ကား သုံးပါးကုန်သော ဂဟပတိ မဟာသာလဗြာဟ္မဏ မဟာသာလခတ္တိယ မဟာသာလဟု ဆိုအပ်ကုန်သော သူကြွယ်မျိုးတို့သို့၎င်း ကာမာဝစရနတ်ပြည် ခြောက်ထပ်တို့သို့၎င်း ဗြဟ္မာပြည်နှစ်ဆယ်တို့သို့၎င်း ဤအရပ်တို့သို့ ရောက်ကုန်၍ သေခြင်းကင်းရာ မဟာနိဗ္ဗာန်ကို မျက်မှောက်ပြုကုန်၍ ကြီးစွာသောချမ်းသာကို ခံစားရကုန်၏ဟု မိန့်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၉၁။ ယေ န ကာဟန္တိ ဩဝါဒံ၊ နရာ ဗုဒ္ဓေန ဒေသိတံ။
ဗျသနံ တေ ဂမိဿန္တိ၊ ရက္ခသီဟိဝ ဝါဏိဇာ။
၉၂။ ယေ စ ကာဟန္တိ ဩဝါဒံ၊ နရာ ဗုဒ္ဓေန ဒေသိတံ။
သောတ္ထိ ပါရံ ဂမိဿန္တိ၊ ဝလာဟေနေဝ ဝါဏိဇာ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၉၁။ ဘိက္ခဝေ၊ ရဟန်းတို့။ ယေ နရာ၊ အကြင်လူတို့သည်။ ဗုဒ္ဓန၊ မြတ်စွာဘုရားသည်။ ဒေသိတံ၊ ဟောတော်မူအပ်သော။ ဩဝါဒံ၊ အဆုံးအမကို။ န ကာဟန္တိ၊ မပြုကုန်လတ္တံ့။ တေ နရာ၊ ထိုသူတို့သည်။ ရက္ခသီဟိ၊ ဘီလူးမတို့သည်။ ပလောဘိတာ၊ ဖျားယောင်းအပ်ကုန်သော။ ဝါဏိဇာ၊ ကုန်သည်တို့သည်။ မဟာဝိနာသံ၊ ကြီးစွာသော ပျက်စီးခြင်းသို့။ ဂမိံသု ဣဝ၊ ရောက်ကုန် သကဲ့သို့။ တထာ၊ ထို့အတူ။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ဂမိဿန္တိ၊ ရောက်ကုန်လတ္တံ့။

၉၂။ ယေ နရာ စ၊ အကြင်သူတို့သည်ကား။ ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။ ဒေသိတံ၊ ဟောတော်မူအပ်သော။ ဩဝါဒံ၊ အဆုံးအမကို။ ကာဟန္တိ၊ ပြုကုန်လတ္တံ့။ တေ နရာ၊ ထိုသူတို့သည်။ ဝလာဟေန၊ ဝလာဟကမြင်းမြတ်သည်။ အာဂစ္ဆထ၊ လာကြကုန်လော့။ ဣတိ၊ ဤသို့။ ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။ တဿ၊ ထိုဝလာဟကမြင်းမြတ်၏။ ဝစနကရာ၊ စကားကို လိုက်နာကုန်သော။ ဝါဏိဇာ ဣဝ၊ ကုန်သည်တို့ကဲ့သို့။ သောတ္ထိ၊ ချမ်းသာစွာ။ ပါရံ၊ သံသရာ၏ ကမ်းတဘက်ဖြစ်သော နိဗ္ဗာန်သို့။ ဂမိဿန္တိ၊ ရောက်ရကုန်လတ္တံ့။

ဇာတ်ပေါင်း... ဤသို့ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ တပါးကုန်သော များစွာကုန်သော ရဟန်းတို့သည်လည်း သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ဝလာဟကမြင်းမင်း၏ စကားကို လိုက်နာကုန်သော နှစ်ရာ့ငါးကျိပ်ကုန်သော ကုန်သည်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဝလာဟကမြင်းမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကာမဂုဏ်တိုက်၊ အာရုံမိုက်၌၊ ပျော်ပိုက်လေ့လေ့၊ သေဘေးတွေ့၏

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဝလာဟကဿဇာတ်သည် ပြီး၏။ ။

*****

ဒုကနိပါတ်-ရုဟကဝဂ်

၇။ မိတ္တာမိတ္တဇာတ်

မိတ်ဆွေ နှင့် ရန်သူ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် န နံ ဥမှယတေ ဒိသွာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမိတ္တာမိတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ မထင်ရှားသော ရဟန်းသည် ငါသည် ယူအပ်သည်ရှိသော် ငါ၏ဥပဇ္ဈာယ်သည် ငါ့အား အမျက်မထွက်လတ္တံ့ ဟု ဥပဇ္ဈာယ်သည် ထားအပ်သော တခုသော အဝတ်လွှာပိုင်းကို အကျွမ်းဝင်သဖြင့်ယူပြီးလျှင် ဘိနပ်အိတ်ကိုပြု၍ နောက်မှ ဥပဇ္ဈာယ်ကို ပန်၏။ ထိုအခါ ထိုတပည့်ကို ဥပဇ္ဈာယ်သည် အဘယ်ကြောင့် သင်သည် ယူဘိသနည်းဟု ဆို၍ အကျွန်ုပ် ယူသည်ရှိသော် အရှင်ဘုရားသည် အမျက်မထွက်လတ္တံ့ဟု အရှင်ဘုရားတို့အား အကျွမ်းဝင်သဖြင့် ယူမိပေ၏ဟု ဆိုသည်ရှိသော် ငါနှင့်တကွ သင့်အား အဘယ်မှာလျှင် အကျွမ်းဝင်ခြင်းမည်သည် ရှိဘူးသနည်းဟု ဆို၍ အမျက် ထွက်သည်ဖြစ်၍ ထပြီးလျှင် သတ်ပုတ်၏။ ထိုရဟန်း၏ ထိုအမူအရာသည် အလွန်ထင်ရှားသည် ဖြစ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသော ပဉ္စင်းငယ်သည် ဥပဇ္ဈာယ်ဆရာအား အကျွမ်းဝင်သဖြင့် အဝတ်လွှာပိုင်းကို ယူ၍ ဘိနပ်အိတ်ကို ပြု၏။ ထို့နောင်မှ ပဉ္စင်းငယ်ကို ဥပဇ္ဈာယ်ဆရာသည် ငါနှင့်တကွ အဘယ်မှာလျှင် အကျွမ်းဝင်ခြင်းမည်သည် ရှိအံ့နည်းဟု အမျက်ထွက်ရကား တပည့်ကို ရိုက်ပုတ်၏။ ဤသို့ စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုရဟန်းသည် မိမိ၏ အတူနေတပည့်နှင့်တကွ အကျွမ်းမဝင်သည် မဟုတ်သေး၊ ရှေး၌လည်း အကျွမ်းမဝင်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်း ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ရသေ့ ရဟန်းပြု၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ရသေ့ အပေါင်းတို့၏ ဆရာဖြစ်၍ ဟိမဝန္တာအရပ်၌ နေ၏။ ထိုရသေ့တို့၏အပေါင်း၌ တယောက်သောရသေ့သည် ဘုရားလောင်း၏စကားကို မလိုက်နာ၍ တစီးသော အမိသေသော ဆင်ငယ်ကို မွေး၏။ ထိုအခါ၌ ထိုရသေ့ကို ထိုဆင်သည် ကြီးခြင်းသို့ ရောက်သည်ရှိသော် သတ်၍ တောသို့ ဝင်လေ၏။ ထိုရသေ့အလောင်း သင်္ဂြိုဟ်ခြင်း ကိစ္စကို ပြုကုန်ပြီး၍ ရသေ့အပေါင်းသည် ဘုရားလောင်းကိုခြံရံ၍ အရှင်ဘုရား အဘယ်သို့သော အကြောင်းကြောင့်လျှင် အဆွေခင်ပွန်း၏ အဖြစ်ကို၎င်း ရန်သူ၏ အဖြစ်ကို၎င်း သိအံ့သောငှါ တတ်ကောင်းအံ့ နည်းဟု မေး၏။ ထိုရသေ့တို့အား ဘုရားလောင်းသည် ဤသို့ဤသို့သော အကြောင်းကြောင့် အဆွေခင်ပွန်း၏ အဖြစ်ကို၎င်း ရန်သူ၏ အဖြစ်ကို၎င်း သိအံ့သောငှါ တတ်ကောင်း၏ဟု ကြားလိုရကား-

၉၃။ န နံ ဥမှယတေ ဒိသွာ၊ န စ နံ ပဋိနန္ဒတိ။
စက္ခူနိ စဿ န ဒဒါတိ၊ ပဋိလောမဉ္စ ဝတ္တတိ။
၉၄။ ဧတေ ဘဝန္တိ အာကာရာ၊ အမိတ္တသ္မိံ ပတိဋ္ဌိတာ။
ယေဟိ အမိတ္တံ ဇာနေယျ၊ ဒိသွာ သုတွာ စ ပဏ္ဍိတော။

ဟူသော ဤဂါထာတို့ကို ဆို၏။

၉၃။ ဘော၊ အချင်းတို့။ ယော၊ အကြင် ပုဂ္ဂိုလ်သည်။ အမိတ္တော၊ ရန်သူသည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုရန်သူဖြစ်သော ပုဂ္ဂိုလ်သည်။ နံ၊ ထိုရန်ဘက်ဖြစ်သော ပုဂ္ဂိုလ်ကို။ ဒိသွာ၊ မြင်၍။ န ဥမှယတေ၊ မပြုံးရွှင်။ အဿ၊ ထိုရန်ဘက်ဖြစ်သော ပုဂ္ဂိုလ်၏။ ဝစနံ၊ စကားကို။ သုတွာ စ၊ ကြား၍လည်း။ နံ၊ ထိုရန်ဘက်ဖြစ်သော ပုဂ္ဂိုလ်ကို။ န ပဋိနန္ဒတိ၊ မနှစ်သက်။ အဿ၊ ထိုရန်ဘက်ဖြစ်သော ပုဂ္ဂိုလ်အား။ စက္ခုနိ စ၊ ဆိုင်၍ ကြည့်ခြင်းတို့ကိုလည်း။ န ဒဒါတိ၊ မပေး။ အဿ၊ ထိုရန်ဘက်ဖြစ်သော ပုဂ္ဂိုလ်၏။ ပဋိလောမဉ္စ၊ ဆန့်ကျင့်ဘက်ကိုလည်း။ ဝတ္တတိ၊ ကျင့်၏။

၉၄။ ယေဟိ၊ အကြင် မပြုံးရွှင်ခြင်းအစရှိကုန်သော အကြောင်း တို့ကြောင့်။ ပဏ္ဍိတော၊ ပညာရှိသည်။ တာနိ၊ ထိုမပြုမရွှင်ခြင်း အစရှိကုန်သောအကြောင်းတို့ကို။ ဒိသွာ စ၊ မြင်၍၎င်း။ သုတွာ စ၊ ကြား၍၎င်း။ အယံ၊ ဤသူသည်။ မေ၊ ငါ၏။ အမိတ္တော၊ ရန်သူတည်း။ ဣတိ၊ ဤသို့။ အမိတ္တံ၊ ရန်သူကို။ ဇာနေယျ၊ သိရာ၏။ ဧတေ အာကာရာ၊ ထိုမပြုမရွှင်ခြင်း အစရှိကုန်သော အကြောင်းတို့သည်။ အမိတ္တသ္မိံ၊ ရန်သူ၌။ ပတိဋ္ဌိတာ၊ တည်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

ဤသို့ ဘုရားလောင်းသည် အဆွေခင်ပွန်း ဖြစ်ခြင်း၊ ရန်သူဖြစ်ခြင်း၏ အကြောင်းတို့ကိုကြား၍ ဗြဟ္မဝိဟာရတို့ကို ပွားစေ၍ ဗြဟ္မာပြည်သို့ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ အတူနေ တပည့်သည် ထိုအခါဆင်ငယ်ကိုမွေးသော ရသေ့ဖြစ်ဘူးပြီ၊ ယခုအခါ ဥပဇ္ဈာယ်ဆရာသည် ထိုအခါ ဆင်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရား ပရိသတ်တို့သည် ထိုအခါ ရသေ့ အပေါင်းတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ အပေါင်းတို့၏ ဆရာ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မိတ်ဆွေ, ရန်သူ၊ နှစ်ထွေဟူ၊ ပြုမှု ကြည့်၍သိ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော မိတ္တာမိတ္တဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ရုဟကဝဂ်

၈။ ရာဓဇာတ်

ရာဓကျေးသား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ပဝါသာ အာဂတော တာတ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤရာဓာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့သတတ်ဟူသည် မှန်သလောဟု မြတ်စွာဘုရားသည် မေးတော်မူသည်ရှိသော် အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်၍ အဘယ်ကြောင့် ငြီးငွေ့သနည်းဟု မေးတော်မူသည်ရှိသော် အရှင်ဘုရား တန်ဆာဆင်အပ်သော မိန်းမတယောက်ကိုမြင်၍ ကိလေသာ၏အစွမ်းဖြင့် ငြီးငွေ့၏ ဟု လျှောက်၏။ ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း မိန်းမမည်သည်ကို စောင့်ရှောက်အံ့သောငှါ မတတ်ကောင်း၊ ရှေး၌လည်း အိမ်ရှင် ယောက်ျားတို့သည် တံခါး စောင့်တို့ကိုထား၍ စောင့်ရှောက်ကုန်သော်လည်း စောင့်ရှောက်အံ့သောငှါ မတတ်နိုင်ကုန်၊ သင့်အား မိန်းမနှင့်အကျိုးမရှိ၊ ရအပ်သော်လည်း ထိုမိန်းမကို စောင့်ရှောက်အံ့သောငှါ မတတ်နိုင်ဟု မိန့်တော်မူ၍ အတိတ်ကို အောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကျေးမျိုး၌ ဖြစ်၏။ ထိုကျေးသားအား ရာဓဟူသောအမည်ကို မှည့်ကြ၏။ ညီငယ်ကျေးသားသည်ကား ပေါဋ္ဌပါဒ အမည်ရှိ၏။ ထိုကျေးသား ညီနောင် နှစ်ခုတို့သည်လည်း ငယ်သောကာလကသာလျှင် တယောက်သော မုဆိုးသည် ယူခဲ့၍ ဗာရာဏသီပြည်၌ မထင်ရှားသော ပုဏ္ဏားအား ပေး၏။ ပုဏ္ဏားသည် ထိုကျေးသားညီနောင်တို့ကို သားအရာ၌ထား၍ မွေး၏။ ပုဏ္ဏား၏ ပုဏ္ဏေးမသည်ကား မစောင့်ရှောက်သည် ဖြစ်၏။ သီလမရှိသည် ဖြစ်၏။ ထိုပုဏ္ဏားသည် ကုန်သွယ်အံ့သောငှါ သွားသည်ရှိသော် ထိုကျေးသားငယ်တို့ကိုခေါ်၍ အမောင်ကို ငါသည် ကုန်သွယ်ခြင်းကို ပြုခြင်းငှာ သွားအံ့၊ ကာလ၌၎င်း ကာလမဟုတ်သည်၎င်း သင်တို့၏အမိ ပုဏ္ဏေးမသည် ပြုအပ်သောအမှုကို ကြည့်ရှုရစ်ကြကုန်လော့၊ တပါးသော ယောက်ျား၏ ရောက်ပေါက်သည်၏ အဖြစ်ကို၎င်း မရောက်ပေါက်သည်၏ အဖြစ်ကို၎င်း သိအောင်ပြုရစ်ကြကုန်လောဟု ဆို၍ ပုဏ္ဏေးမအား ကျေးသားငယ်တို့ကို အပ်နှင်းခဲ့၍ သွား၏။ ထိုပုဏ္ဏေးမသည် ထိုပုဏ္ဏား၏ ထွက်သွားသော ကာလမှစ၍ ယုတ်မာသော အကျင့်ကို ကျင့်၏။ ညဉ့်၌၎င်း နေ့၌၎င်း လာကုန်သော ယောက်ျားတို့၏၎င်း သွားကုန်သော ယောက်ျားတို့၏၎င်း အတိုင်းအရှည်သည် မရှိ။

ထိုအခြင်းအရာကိုမြင်၍ ပေါဋ္ဌပါဒသည် ရာဓကိုပန်၏။ အဘယ်သို့ ပန်သနည်းဟူမူကား ရာဓ ပုဏ္ဏားသည် ဤပုဏ္ဏေးမကို ငါတို့အား အပ်နှင်းခဲ့၍ သွား၏။ ဤပုဏ္ဏေးမသည်လည်း ယုတ်မာသော အမှုကို ပြု၏။ ထိုပုဏ္ဏေးမကို ငါသည်ဆိုအံ့ ဤသို့ပန်၏။ ပေါဋ္ဌပါဒ သင်သည် မဆိုလင့်ဟု ရာခသည် တားမြစ်၏။ ထိုပေါဋ္ဌပါဒသည် ရာဓ၏စကားကို မနာယူမူ၍ မိခင် အဘယ့်ကြောင့် သင်သည် ယုတ်မာသောအမှုကို ပြုသနည်းဟု ဆို၏။ ထိုပုဏ္ဏေးမသည် ထိုပေါဋ္ဌပါဒကို သတ်လိုသည်ဖြစ်၍ ချစ်သား ပေါဋ္ဌပါဒ သင်သည် ငါ၏သားတည်း၊ ငါသည် ဤနေ့မှစ၍ မပြုအံ့ဟုဆို၍ ချစ်သား ပေါဋ္ဌပါဒ လာလော့ဟု ချစ်သကဲ့သို့ခေါ်၍ လာသောပေါဋ္ဌပါဒကိုကိုင်၍ သင်သည် ငါ့ကိုဆိုဆုံးမ၏။ မိမိ၏ပမာဏကို မသိဟု လည်ကိုလိမ်၍ သတ်ပြီးလျှင် ခုံလောက်ကြားတို့၌ သွင်း၏။ ပုဏ္ဏားသည် လာလတ်၍ အပင်အပန်း ဖြေပြီးလျှင် ဘုရားလောင်းကို ချစ်သားရာဓ သင်၏အမိသည် ယုတ်မာသော အကျင့်ကို ကျင့်သလော မကျင့်သလောဟုမေးလိုရကား-

၉၅။ ပဝါသာ အာဂတော တာတ၊ ဣဒါနိ န စိရာဂတော။
ကစ္စိန္နု တာတ တေ မာတာ၊ န အညမုပသေဝတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၉၅။ တာတ ရာဓ၊ ချစ်သား ရာဓ။ အဟံ၊ ငါသည်။ ပဝါသာ၊ အရပ်တပါးမှ။ ဣဒါနိ၊ ယခုပင်လျှင်။ အာဂတော၊ ရောက်လာသည်။ အမှိ၊ ဖြစ်၏။ န စိရာဂတော၊ ရောက်သည် မကြာသေး။ တာတ ရာဓ၊ ချစ်သား ရာဓ။ တေ၊ သင်၏။ မာတာ၊ အမိသည်။ အညံ၊ ယောက်ျားတပါးသို့။ န ဥပသေဝတိ ကစ္စိန္နု၊ မမှီမဝဲ ကြဉ်ရှောင်ပါ၏လော။

ရာဓသည် ဘခင် ပညာရှိတို့မည်သည်ကား ဟုတ်မှန်သော်၎င်း မဟုတ်မမှန်သော်၎င်း ချမ်းသာခြင်းသို့ မပို့မဆောင်တတ်သော စကားကို မဆိုကုန်ဟု သိစေလိုသည်ဖြစ်၍-

၉၆။ န ခေါ ပနေတံ သုဘဏံ၊ ဂိရံ သစ္စုပသံဟိတံ။
သယေထ ပေါဋ္ဌပါဒေါဝ၊ မုမ္မုရေ ဥပကူထိတော။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၉၆။ တာတ၊ ဘခင်။ ပဏ္ဍိတေန နာမ၊ ပညာရှိသောသူ မည်သည်ကား။ သစ္စုပသံဟိတံ၊ သစ္စာနှင့်စပ်သော။ ဧတံ-ဤဒိသံ၊ ဤသို့ သဘောရှိသော။ ဂိရံ ဂိရံပိ၊ စကားကိုလည်း။ န သုဘဏံ၊ ချမ်းသာခြင်းသို့ မပို့ မဆောင်တတ်သည်ဖြစ်၍ အလွယ်တကူမဆိုအပ်။ အနိယျာနိကံ၊ ချမ်းသာခြင်းသို့မပို့ မဆောင်တတ်သော။ သစ္စံ၊ မှန်သောစကားကို။ ဘဏန္တော၊ ဆိုသော။ ပေါဋ္ဌပဒေါ၊ ပေါဋ္ဌပါဒသည်။ မုမ္မုရေ၊ ပြာပူမီး၌။ ဥပကူထိတော၊ လောင်မြိုက်သည်ဖြစ်၍။ သယတိဣဝ၊ အိပ်ရသကဲ့သို့။ ဧဝံ-တထာ၊ ထို အတူ။ သယေထ၊ အိပ်ရရာ၏။

ဤသို့ ဘုရားလောင်းသည် ပုဏ္ဏားအား တရားဟော၍ ငါသည်လည်း ဤအရပ်၌ နေအံ့သောငှါ မတတ်ကောင်းဟု ပုဏ္ဏားကိုပန်၍ တောသို့သာလျှင် ဝင်လေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ငြီးငွေ့သောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ အာနန္ဒာသည် ထိုအခါ ပေါဋ္ဌပါဒ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရာဓ ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ပညာရှိကား၊ ဟုတ်မှန်ငြားလည်း၊ မပွားချမ်းသာ၊ မပြောရာတည့်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ရာဓဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ရုဟကဝဂ်

၉။ ဂဟပတိဇာတ်

ယုတ်မာသောမိန်းမ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဥဘယံ မေ န ခမတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂဟပတိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လူ၏အဖြစ်ကို လည်တမော့မော့ မျှော်ခြင်းရှိသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဟောတော် မူသည်ကား ရဟန်း မိန်းမမည်သည်ကား မစောင့်ရှောက်နိုင် ယုတ်မာသောအမှုကိုပြု၍ တစုံတခုသော ဥပါယ်တမျဉ်ဖြင့် လင်ကို လှည့်စားတတ်သလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် သူကြွယ်မျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် အိမ်ရာထောင်ခြင်းကို ယူ၏။ ထိုဘုရားလောင်း၏ မယားသည် သီလမရှိသည်ဖြစ်၍ ရွာသူကြီးနှင့်တကွ ယုတ်မာသောအကျင့်ကို ကျင့်၏။ ဘုရားလောင်းသည် ထိုအကြောင်းကိုသိ၍ စုံစမ်းလျက် သွား၏။ ထိုအခါ၌ကား မိုဃ်းတွင်းကာလဝယ် ပဲမျိုးတို့ကို ပျိုးအပ်ကုန်ပြီးသည်ရှိသော် ငတ်မွတ်ခြင်းသည် ဖြစ်၏။ ကောက်တို့၏ အဖုံးအလုံးသည် ထွက်သောကာလ ဖြစ်လတ်သည်ရှိသော် ရွာအလုံး၌နေကုန်သော သူတို့သည် ဤလမှ နှစ်လဖြင့် ကောက်တို့ကို သိမ်းဆည်းကုန်၍ ကောက်တို့ကို ပေးကုန်အံ့ဟု တပေါင်းတည်း ဖြစ်ကုန်၍ ရွာသူကြီး၏လက်မှ တခုသော နွားအိုကိုယူကုန်၍ အသားကို စားကြကုန်၏။

ထိုအခါ တနေ့သ၌ ရွာသူကြီးသည် ထိုခိုးစားသင့်သောအခွင့်ကို ကြည့်၍ ဘုရားလောင်း အပသို့သွားသောကာလ၌ အိမ်သို့ ဝင်၏။ ထိုနှစ်ယောက်ကုန်သောသူတို့၏ စည်းဝေးကြသော ခဏ၌သာလျှင်ဘုရားလောင်းသည် ရွာတံခါးဖြင့်ဝင်လာ၍ အိမ်သို့ရှေးရှုလာ၏။ ထိုမိန်းမသည် ရွာတံခါးသို့ ရှေးရှုလာသော ထိုဘုရားလောင်းကိုမြင်၍ အဘယ်သူနည်းဟု တံခါး၌ရပ်၍ ကြည့်သည်ရှိသော် ငါ၏ယောက်ျားပင်လျှင်တည်းဟု သိ၍ ရွာသူကြီးအားကြား၏။ ရွာသူကြီးသည် ကြောက်သည်ဖြစ်၍ တုန်လှုပ်၏။ ထိုအခါ၌ ထိုရွာသူကြီးကို ထိုမိန်းမသည် မကြောက်လင့်၊ တခုသော ဥပါယ်တမျဉ်သည်ရှိ၏။ ငါတို့သည် သင်၏လက်မှ နွားသားကို စားအပ်၏။ သင်သည် အမဲဘိုးကို တောင်းဟန်ပြုလော့၊ ငါ ကျီသို့တက်၍ ကျီတံခါး၌ရပ်လျက် စပါးသည် မရှိဟု ဆိုအံ့၊ သင်သည် အိမ်လယ်၌ရပ်၍ ငါတို့အိမ်၌ သူငယ်တို့သည် ငတ်မွတ်ကုန်၏။ အမဲဘိုးကို ပေးလော့၊ ဤသို့ အဖန်တလဲလဲတောင်းလော့ဟု ဆို၍ ကျီသို့တက်၍ ကျီတံခါး၌ နေ၏။ ရွာသူကြီးသည် အိမ်လယ်၌ရပ်၍ အမဲဘိုးကို ပေးလော့ဟု ဆို၏။ ထိုမိန်းမသည် ကျီတံခါး၌ နေလျက် စပါးသည် မရှိပါ၊ ကောက်ကို သိမ်းသောအခါမှသာလျှင် ပေးပါအံ့၊ ယခု သွားပါဦးဟု ဆို၏။

ဘုရားလောင်းသည် အိမ်သို့ဝင်၍ ထိုနှစ်ယောက်ကုန်သော သူတို့၏ အမူအရာကိုမြင်၍ ဤအမှုသည် ဤမိန်းမယုတ်ပြုအပ်သော ဥပါယ်တမျဉ် ဖြစ်လတ္တံ့ဟုသိလျှင် ရွာသူကြီး ငါတို့သည် သင်၏ နွားအိုအသားကို စားကုန်သည်ရှိသော် ဤလမှ နှစ်လဖြင့် စပါးကိုပေးကုန်အံ့ဟု ဆို၍ စားကြကုန်၏။ သင်သည် လခွဲကိုလည်း မလွန်စေမူ၍ ယခုပင်လျှင် အဘယ်ကြောင့် တောင်းရဘိသနည်း။ သင်သည် ဤအမဲဘိုးကို တောင်းလိုခြင်းဟူသော အကြောင်းကြောင့် မလာ၊ တပါးသောအကြောင်းကြောင့် လာသည်ဖြစ်လတ္တံ့၊ ငါသည် သင်၏အမူအရာကို မနှစ်သက်၊ ဤယုတ်မာသောအကျင့်ကို ကျင့်သော ယုတ်မာသောသဘောရှိသော မိန်းမညစ်သည်လည်း ကျီ၌ စပါးမရှိသည်ကို သိ၏။ ထိုမိန်းမညစ်သည် ကျီသို့တက်၍ စပါးသည် မရှိဟု ဆို၏။ သင်သည်လည်း ပေးလော့ဟု ဆို၏။ နှစ်ယောက်ကုန်သော သင်တို့၏အမူအရာကို ငါသည် မနှစ်သက်ဟု ထိုအနက်ကို ဆိုလိုသည်ဖြစ်၍-

၉၇။ ဥဘယံ မေ န ခမတိ၊ ဥဘယံ မေ န ရုစ္စတိ။
ယာစာယံ ကောဋ္ဌမောတိဏ္ဏာ၊ န ဒဿံ ဣတိ ဘာသတိ။
၉၈။ တံ တံ ဂါမပတိ ဗြူမိ၊ ကဒရေ အပ္ပသ္မိ ဇီဝိတေ။
ဒွေ မာသေ သင်္ဂရံ ကတွာ၊ မံသံ ဇရဂ္ဂဝံ ကိသံ။
အပ္ပတ္တကာလေ စောဒေသိ၊ တမ္ပိ မယံ န ရုစ္စတိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၉၇။ ဂါမပတိ၊ ရွာသူကြီး။ ယေန ကာရဏေန၊ အကြင် အကြောင်းကြောင့်။ မေ၊ ငါသည်။ တုမှာကံ၊ သင်တို့၏။ ကိရိယံ၊ အမူအရာကို။ န ရုစ္စတိ၊ မနှစ်သက်။ တံ-တေန ကာရဏေန၊ ထိုအကြောင်းကြောင့်။ တံ၊ သင့်ကို။ အဟံ၊ ငါသည်။ ဗြုမိ၊ ဆိုအံ့။ အမှာကံ၊ ငါတို့၏။ ဇီဝိတေ၊ အသက်သည်။ ကဒရေ၊ ငြိုငြင်ဆင်းရဲသည်ရှိသော်။ အပ္ပသ္မိံ၊ နည်းသည်ရှိသော်။ မံသံ၊ နွားသားကို။ ဂဏှန္တာနံ၊ ဝယ်ကုန်သော။ အမှာကံ၊ ငါတို့အား။ ကိသံ၊ ကြုံသော။ ဇရဂ္ဂဝံ၊ နွားအိုကို။ ဒဒမာနာ၊ ပေးသော။ တွံ၊ သင်သည်။ ဒွီဟိ မာသေဟိ၊ နှစ်လတို့ဖြင့်။ မူလံ၊ အဘိုးကို။ ဒါတဗ္ဗံ၊ ပေးအပ်၏။ ဣတိ၊ ဤသို့။ ဒွေမာသေ၊ နှစ်လတို့ကို။ သင်္ဂရံ၊ ပိုင်းခြားခြင်းကို။ ကတွာ၊ ပြု၍။ အပ္ပတ္တကာလေ၊ ပိုင်းခြားသောကာလသို့ မရောက်မီ။ စောဒေသိ၊ အမဲအဘိုးကို တောင်းလာ၏။ တမ္ပိ၊ ထိုအမူအရာကိုလည်း။ မယှံ၊ ငါသည်။ န ရုစ္စတိ၊ မနှစ်သက်။ ယာစာယံ၊ အကြင် မိန်းမညစ်သည်လည်း။ ကောဋ္ဌံ၊ ကျီသို့။ ဩတိဏ္ဏ၊ တက်၍။ ဝီဟိံ၊ စပါးကို။ န ဒဿံ၊ မမြင်။ ဣတိ၊ ဤသို့။ ဘာသတိ၊ ဆို၏။ တမ္ပိ၊ ထိုအမူအရာကိုလည်း။ မယှံ၊ ငါသည်။ န ရုစ္စတိ၊ မနှစ်သက်။ ဣတိ၊ ဤသို့။ ဥဘယံ၊ နှစ်ပါးသော အမူအရာကို။ မေ၊ ငါသည်။ န ခမတိ၊ မနှစ်သက်။ ဥဘယံ၊ နှစ်ပါးသော အမူအရာကို။ မေ၊ ငါသည်။ နရုတိ၊ မကြိုက်။

ထိုဘုရားလောင်းသည် ဤသို့ဆိုလျက် ရွာသူကြီးကို ဥသျှောင်၌ ကိုင်ပြီးလျှင် ငင်၍ အိမ်လယ်၌ သတ်ပုတ်၍ ရွာသူကြီးဖြစ်၏ဟူ၍ သူတပါး၏ စောင့်ရှောက် ထိန်းသိမ်းအပ်သောဥစ္စာ၌ ပြစ်မှားကောင်းသလော၊ ဤသို့အစရှိသော စကားတို့ဖြင့် ဆဲရေးပုတ်သတ်၍ အားနည်းသည်ကို ပြုပြီးလျှင် လည်၌ကိုင်၍ အိမ်မှထုတ်လိုက်၍ ထိုမိန်းမကိုလည်း ဆံပင်ကိုဆွဲ၍ ကျီမှချပြီးလျှင် သတ်ပုတ်၍ တဖန် ဤသို့သဘောရှိသောအမှုကို အကယ်၍ ပြုပြန်အံ့၊ သိရလတ္တံ့ဟု ခြိမ်းချောက်၏။ ထိုအခါမှစ၍ ရွာသူကြီးသည် ထိုအိမ်ကို ကြည့်သောငှာလည်း မဝံ့လေ၊ ထိုမိန်းမသည်လည်း တဖန် စိတ်ဖြင့်လည်း လွန်ကျူး၍ ကျင့်ခြင်းငှာ မဝံ့လေ။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ လူ၏အဖြစ်သို့ လည်တမော့မော့ မျှော်ခြင်းရှိသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော် မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ရွာသူကြီးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ နှိပ်စက်ခြင်းကို ပြုတတ်သော အိမ်ရှင် ဖြစ်ဘူးပြီ၊ ဤသိုဇာတ်ကို ပေါင်းတော်မူ၏။

မိန်းမမည်လတ်၊ လှည့်ပတ်တတ်၊ စောင့်အပ်မနိုင်ပေ

ကိုးခုမြောက်သော ဂဟပတိဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ရုဟကဝဂ်

၁၀။ သာဓုသီလဇာတ်

ကိုယ်ကျင့်သီလ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သရီရဒဗျံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသာဓုသီလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုပုဏ္ဏားအား လေးယောက်ကုန်သော သ္မီးတို့သည် ရှိ ကုန်သတတ်၊ ထိုလေးယောက်ကုန်သော သ္မီးတို့ကို လေးယောက်ကုန်သော သူတို့သည် တောင်းလာကုန်၏။ ထိုလေးယောက်ကုန်သော သူတို့တွင် တယောက်သောသူသည် အဆင်းလှ၏။ တင့်အပ်သောကိုယ်နှင့် ပြည့်စုံ၏။ တယောက်သော သူသည် အရွယ်သို့ရောက်၏။ ကြီးရင့်၏။ တယောက်သောသူသည် မြတ်သော အမျိုးနှင့် ပြည့်စုံ၏။ တယောက်သော သူသည် သီလရှိ၏။ ပုဏ္ဏားသည် ကြံ၏။ အဘယ်သို့ ကြံသနည်းဟူမူကား ဤလေးယောက်သော သူတို့တွင် အဘယ်သူအားလျှင် ငါ၏သ္မီးကို အလို၌ တည်စေသောအားဖြင့် ပေးအပ်သနည်း၊ အဆင်းနှင့် ပြည့်စုံသောသူအား ပေးအပ်သလော၊ ထိုသို့ မဟုတ်မူကား ကြီးသောအရွယ်သို့ ရောက်သော မြတ်သောအမျိုးနှင့်ပြည့်စုံသောသူ သီလရှိသော သူတို့တွင် တယောက်ယောက်သောသူအား ပေးအပ်သလော၊ ဤသို့ကြံ၏။ ကြံသော်လည်း မသိ၍ ဤအကြောင်းကို မြတ်စွာဘုရားသည် သိတော်မူလတ္တံ့၊ ထိုမြတ်စွာဘုရားကို မေး၍ ထိုလေးယောက်ကုန်သော သူတို့၏အတွင်း၌ လျော်သောသူအား ပေးပါအံ့ဟု နှလုံးသွင်း၍ နံ့သာပန်းအစရှိသည်ကို ယူခဲ့စေ၍ ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရားကိုရှိခိုး၍ လျောက်ပတ်စွာနေလျက် အစမှစ၍ ထိုအကြောင်းကို လျှောက်၏။ အရှင်ဘုရား ဤလေးယောက်ကုန်သော သူတို့တွင် အဘယ်သူအား ပေးအံ့သောငှါ သင့်ပါအံ့နည်းဟု မေး၏။ သဗ္ဗညူမြတ်စွာဘုရားသည် ပုဏ္ဏား ရှေး၌လည်း ပညာရှိတို့သည် ပြဿနာကို ဖြေဘူးကုန်ပြီ၊ ထိုသို့ ဖြေဘူးကုန်သော်လည်း ဘဝဖုံးလွှမ်းသည်၏ အဖြစ်ကြောင့် မှတ်အံ့သောငှါ မစွမ်းနိုင်ဟု မိန့်တော်မူ၍ ထိုပုဏ္ဏားသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ပုဏ္ဏား လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ အတတ်ကို သင်ပြီးလျှင်လာလတ်၍ ဗာရာဏသီပြည်၌ ဒိသာပါမောက္ခဆရာ ဖြစ်၏။ ထိုအခါတယောက်သော ပုဏ္ဏားအား လေးယောက်ကုန်သော သ္မီးတို့သည် ရှိကုန်၏။ ထိုလေးယောက်ကုန်သော သ္မီးတို့ကို ယခုအခါ လေးယောက်ကုန်သောလူတို့သည် တောင်းကုန်သကဲ့သို့ ဤအတူသာလျှင် လေးယောက်ကုန်သောသူတို့သည် တောင်းကုန်၏။ ထိုပုဏ္ဏားသည် အဘယ်သူအားလျှင် ပေးအပ်ကုန်သနည်းဟု မသိသည်ဖြစ်၍ ဆရာကို မေးပြီးလျှင် ပေးသင့်သောသူအား ပေးအံ့ဟု နှလုံးသွင်းပြီး၍ ထိုဆရာ၏ အထံသို့ သွား၍ ထိုအကြောင်းကို မေးလိုရကား-

၉၉။ သရီရဒဗျံ ဝုဍ္ဎဗျံ၊ သောဇစ္စံ သာဓုသီလိယံ။
ဗြာဟ္မဏံတွေဝ ပုစ္ဆာမ၊ ကန္နု တေသံ ဝနိမှသေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၉၉။ ဗြာဟ္မဏ၊ ဆရာပုဏ္ဏား။ မေ၊ အကျွန်ုပ်၏။ မီတရော၊ သ္မီးတို့ကို။ စတ္တာရော ဇနာ၊ လေးယောက်ကုန်သော သူတို့သည်။ ပတ္ထေန္တိ၊ တောင်းကုန်၏။ တေသု၊ ထိုလေးယောက်ကုန်သော သူတို့တွင်။ ဧကဿ၊ တယောက်သော သူအား။ သရီရဒဗျံ၊ အဆင်းလှသည်၏ အဖြစ်သည်။ သံဝိဇ္ဇတိ၊ ရှိ၏။ ဧကဿ၊ တယောက်သော သူအား။ ဝုဍ္ဎဗျံ၊ အရွယ်ကြီးသည်၏ အဖြစ်သည်။ အတ္ထိ၊ ရှိ၏။ ဧကဿ၊ တယောက်သော သူအား။ သောဇစ္စံ၊ အမျိုးမြတ်သည်၏ အဖြစ်သည်။ အတ္ထိ၊ ရှိ၏။ ဧကဿ၊ တယောက်သောသူအား။ သာဓုသီလိယံ၊ ကောင်းသော သီလနှင့် ပြည့်စုံသည်၏ အဖြစ်သည်။ အတ္ထိ၊ ရှိ၏။ တေသု၊ ထိုလေးယောက်ကုန်သော သူတို့တွင်။ အသုကဿ၊ ဤအမည်ရှိသောသူအား။ မေ၊ ငါ၏။ တာ၊ ထိုသ္မီးတို့ကို။ ဒါတဗ္ဗာ၊ ပေးအပ်ကုန်၏။ ဣတိ၊ ဤသို့။ အဇာနန္တာ၊ မသိကုန်သည်ဖြစ်၍။ ဗြာဟ္မဏံတွေဝ၊ အရှင်ပုဏ္ဏားကိုသာလျှင်။ ပုစ္ဆာမ၊ မေးကုန်၏။ တေသံ၊ ထိုလေးယောက်ကုန်သော သူတို့တွင်။ ကန္နု၊ အဘယ်သူကိုလျှင်။ မယံ၊ ငါတို့သည်။ ဝနိမှသေ၊ အလိုရှိရကုန်အံ့နည်း။

ဆရာသည် ပုဏ္ဏား၏စကားကို ကြား၍ အဆင်းနှင့် ပြည့်စုံခြင်း အစရှိကုန်သော ဂုဏ်တို့သည် ရှိကုန်သော်လည်း သီလပျက်သောသူကို ကဲ့ရဲ့ အပ်၏။ ထို့ကြောင့် ထိုအဆင်းနှင့် ပြည့်စုံခြင်းစသည်သည် ပမာဏမဟုတ်၊ ငါတို့သည် သီလရှိသည်၏အဖြစ်ကိုသာလျှင် နှစ်သက်၏ဟု ဤအနက်ကိုပြလိုရကား-

၁၀၀။ အတ္ထော အတ္ထိ သရီရသ္မိံ၊ ဝုဍ္ဎဗျဿ နမော ကရေ။
အတ္ထော အတ္ထိ သုဇာတသ္မိံ၊ သီလံ အသ္မာကံ ရုစ္စတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

ဗြာဟ္မဏ၊ ပုဏ္ဏား။ သရီရသ္မိံ၊ တင့်တယ်သော အဆင်းနှင့်ပြည့်စုံသော ကိုယ်၌လည်း။ အတ္ထော၊ အကျိုးစီးပွားသည်။ အတ္ထိ၊ ရှိပေသလျှင် ကတည်း။ ဝုဍ္ဎဗျဿ၊ အရွယ်ကြီးသော သူအားကား။ နမော၊ ရှိခိုးခြင်းကိုလျှင်။ ကရေ၊ ပြုအပ်ပေသလျှင်ကတည်း။ သုဇာတသ္မိံ၊ မြတ်သော အမျိုးနှင့် ပြည့်စုံသော ယောက်ျား၌လည်း။ အတ္တော၊ အကျိုးစီးပွားသည်။ အတ္ထိ၊ ရှိပေသလျှင်ကတည်း။ အသ္မာကံ ပန၊ ငါတို့သည်တမူကား။ သီလံ၊ သီလရှိသောသူကို။ ရုစ္စတိ၊ နှစ်သက်အပ်၏။

ပုဏ္ဏားသည် ထိုဘုရားလောင်း၏ စကားကို ကြား၍ သီလရှိသောသူအားသာလျှင် သ္မီးတို့ကို ပေး၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကိုပြသည်၏ အဆုံး၌ ပုဏ္ဏားသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ပုဏ္ဏားသည် ထိုအခါ ဤပုဏ္ဏားသည်ပင်လျှင်ဖြစ်ဘူးလေပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဒိသာပါမောက္ခဆရာ ဖြစ်ဘူးလေပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

လှ ကြီးမြင့်သူ၊ ကိုယ်ကျင့်ထူ၊ ငါမူကျင့်တွက် လွန်နှစ်သက်

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သာဓုသီလဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-နတံဒဠှဝဂ်

၁။ ဗန္ဓနာဂါရဇာတ်

ကိလေသာနှောင်အိမ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် န တံ ဒဠှံ ဗန္ဓနမာဟု ဓီရာ အစရှိသော ဂါထာ ပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗန္ဓနာဂါရဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် နှောင်အိမ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုကာလ၌ များစွာကုန်သော အိမ်ခြံစပ်ကိုဖြတ်၍ ခိုးကုန်သော ခရီးသွားတို့ကို သတ်မှတ်၍ ခိုးကုန်သောသူတို့ကို ဆောင်ခဲ့ကုန်၍ ကောသလမင်းအား ပြကုန်သတတ်၊ ထိုခိုးသူတို့ကို ကောသလမင်းသည် ထောင်အနှောင်အဖွဲ့ ကြိုးအနှောင်အဖွဲ့ သံခြေကျဉ်း အနှောင်အဖွဲ့တို့ဖြင့် နှောင်ဖွဲ့ စေ၏။ သုံးကျိပ် မျှလောက်ကုန်သော ဇနပုဒ်၌နေကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးလိုရကား လာလတ်ကုန်၍ ဖူးမြင်ကုန်လျက် ရှိခိုး၍ နက်ဖြန်၌ ဆွမ်းခံသွားကုန်သည်ရှိသော် နှောင်အိမ်သို့ ရောက်ကုန်၍ ခိုးသူတို့ကို မြင်ကုန်၍ ဆွမ်းခံရာမှဖဲခဲ့ကုန်၍ ညချမ်းအခါ၌ မြတ်စွာဘုရားသို့ ကပ်ကုန်၍ အရှင်ဘုရား ယနေ့ ဆွမ်းခံသွားကုန်သော အကျွန်ုပ်တို့သည် ထိတ်အနှောင်အဖွဲ့ အစရှိသည်ဖြင့် နှောင်ဖွဲ့ကုန်သော ကြီးစွာသော ဆင်းရဲကို ခံရကုန်သော များစွာကုန်သော ခိုးသူတို့ကို နှောင်အိမ်၌ မြင်ခဲ့ကုန်၏။ ထိုခိုးသူတို့သည် ထိုအနှောင်အဖွဲ့တို့ကို ဖြတ်ကုန်၍ ပြေးအံ့သောငှါ မစွမ်းနိုင်ကုန်၊ ထိုအနှောင်အဖွဲ့တို့ထက် သာလွန်၍မြဲသော အနှောင်အဖွဲ့ မည်သည်ကား ရှိသလောဟု လျှောက်ကြကုန်၏။ မြတ်စွာဘုရားသည်ရဟန်းတို့ ထိုအနှောင်အဖွဲ့တို့သည် အဘယ်မှာလျှင်အနှောင်အဖွဲ့ မည်ကုန်ဦးအံ့နည်း၊ ဥစ္စာ စပါး သားမယား အစရှိသည်တို့၌ တဏှာဟူ၍ဆိုအပ်သော အကြင် ကိလေသာတည်းဟူသော အနှောင်အဖွဲ့သည်ရှိ၏။ ထိုကိလေသာတည်းဟူသောအနှောင်အဖွဲ့သည် ထိုသံခြေကျဉ်းအစရှိကုန်သော အနှောင်အဖွဲ့တို့ထက် အဆ အရာအားဖြင့်၎င်း အဆ အထောင်အားဖြင့်၎င်း သာလွန်၍ မြဲ၏ ဤသို့ သာလွန်၍မြဲသော်လည်း ဖြတ်နိုင်ခဲသော ထိုကိလေသာတည်းဟူသော အနှောင်အဖွဲ့ကို ရှေးပညာရှိတို့သည် ဖြတ်ကုန်၍ ဟိမဝန္တာသို့ဝင်ကုန်၍ ရဟန်းပြုကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တဦးသော သူဆင်းရဲအမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် အဘသည် လွန်၏။ ထိုဘုရားလောင်းသည် အခစားလုပ်၍ အမိကိုကျွေးမွေး၏။ ထိုအခါ၌ ထိုဘုရားလောင်း၏ အမိသည် သားအလိုမရှိဘဲလျက်လျှင် တယောက်သော အမျိုးသ္မီးကို။ ဆောင်ယူ၍ ပေး၏။ နောက်အဘို့၌ အမိသည် သေလွန်၏။ ထိုဘုရားလောင်း၏ မယားဝမ်း၌လည်း ပဋိသန္ဓေတည်၏။ ဘုရားလောင်းသည် ပဋိသန္ဓေတည်သည်၏အဖြစ်ကို မသိသည်ဖြစ်၍ နှမ သင်သည် အခစားလုပ်၍ အသက်မွေးရစ်လော၊ ငါကား ရဟန်းပြုအံ့ဟု ဆို၏။ အရှင်ငါသည် ပဋိသန္ဓေ တည်၏။ ငါသည် သားဖွားပြီးသည်ရှိသော် သူငယ်ကိုရှု၍ သင်သည် ရဟန်းပြုရလတ္တံ့ဟု ထိုမိန်းမသည် ဆို၏။ ထိုဘုရားလောင်းသည် ကောင်း၏ဟု ဝန်ခံ၍ ထိုမိန်းမ၏ သားဖွားသောကာလ၌ နှမ သင်သည် ချမ်းသာစွာ သားဖွားလေပြီ၊ ယခုအခါ ငါသည် ရဟန်းပြုအံ့ဟု ပန်၏။ ထိုအခါ၌ ထိုဘုရားလောင်းကို ထိုမိန်းမသည် သားငယ်ကို နို့ကွာသည့်ကာလတိုင်အောင် ငံ့ပါဦးလော့ဟုဆို၍ တဖန်ပဋိသန္ဓေကို ယူပြန်၏။

ထိုဘုရားလောင်းသည် ဤမိန်းမကို ဝန်ခံစေ၍ သွားအံ့သောငှါ မတတ်ကောင်း၊ ဤသို့ မိန်းမအား အကြောင်းမကြားမူ၍ ပြေး၍သာလျှင် ရဟန်းပြုအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုဘုရားလောင်းသည် ထိုမယားအား မကြားမူ၍ ညဉ့်အဘို့၌ ထ၍ပြေး၏။ ထိုအခါ၌ ထိုဘုရားလောင်းကို မြို့စောင့်တို့သည် ဖမ်းကုန်၏။ ထိုဘုရားလောင်းသည် အရှင်တို့ ငါသည် အမိကို မွေးကျွေးသော ယောက်ျားတည်း၊ သင်တို့သည် ငါ့ကို လွှတ်ပါကုန်လော့ဟု ဆို၍ ထိုမြို့စောင့်တို့ကို မိမိကိုယ်ကိုလွှတ်စေ၍ တခုသောအရပ်၌ နေ၍ မြတ်သောတံခါးဖြင့်လျှင်ထွက်၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ ရဟန်းပြု၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဈာန်ဖြင့် ပျော်ပါးခြင်းဖြင့် ပျော်ပါးလျက် နေ၏။ ထိုဘုရားလောင်းသည် ထိုဟိမဝန္တာ၌ နေလျက် ငါသည် ဖြတ်နိုင်ခဲသော ဤသို့စင်သဘောရှိသည်လည်းဖြစ်သော သားမယားတို့၌ ချစ်ခြင်းအနှောင်အဖွဲ့ဟု ဆိုအပ်သော ကိလေသာအနှောင်အဖွဲ့ကို ဖြတ်နိုင်၏ဟု ဥဒါန်းကျူးရင့်လိုရကား-

၁၀၁။ န တံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊
ယဒါယသံ ဒါရုဇ ပဗ္ဗဇဉ္စ။
သာရတ္တရတ္တာ မဏိကုဏ္ဍလေသု၊
ပုတ္တေသု ဒါရေသု စ ယာ အပေက္ခာ။
၁၀၂။ ဧတံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊
ဩဟာရိနံ သိထိလံ ဒုပ္ပမုဉ္စ။
ဧတမ္ပိ ဆေတွာန ဝဇန္တိ ဓီရာ၊
အနပေက္ခိနော ကာမသုခံ ပဟာယ။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

၁၀၀။ အယသံ၊ သံဖြင့် ပြုအပ်သော။ ယံ ဗန္ဓနဉ္စ၊ အကြင် သံခြေကျဉ်းဟုဆိုအပ်သော အနှောင် အဖွဲ့သည်၎င်း။ ဒါရုဇံ၊ သစ်သားဖြင့် ဖြစ်သော။ ဗန္ဓနဉ္စ၊ အကြင် ထောင်ဟု ဆိုအပ်သော အနှောင် အဖွဲ့ သည်၎င်း။ ပဗ္ဗဇံ၊ ဖြဆံ မြက်လျှော် အစရှိသည်တို့ဖြင့် ပြုအပ်သော။ ယံ ဗန္ဓနဉ္စ၊ အကြင်ကြိုးဟု ဆိုအပ်သော အနှောင်အဖွဲ့သည်၎င်း။ အတ္ထိ၊ ရှိ၏။ တံ ဗန္ဓနံ၊ ထိုအနှောင်အဖွဲ့ကို။ ဒဠှံ၊ မြဲ၏ဟူ၍။ ဓီရာ၊ ပညာရှိတို့သည်။ န အာဟု၊ မဆိုကုန်။ မဏိကုဏ္ဍလေသု၊ ပတ္တမြားနားဍောင်းတို့၌။ တနည်းကား... မဏိကုဏ္ဍလေသု၊ ပတ္တမြားစီအပ်ကုန်သော ရွှေနားဍောင်းတို့၌။ ယေ၊ အကြင်သူတို့သည်။ သာရတ္တရတ္တာ၊ လွန်စွာ ရာဂ ရှိကုန်သည်ဖြစ်၍ တပ်စွန်းကုန်၏။ တေသံ၊ ထိုသူတို့၏။ ယော သာရာဂေါစ၊ အကြင် လွန်စွာ တပ်စွန်းခြင်းသည်၎င်း။ တေသံ၊ ထိုသူတို့၏။ ပုတ္တေသု ဒါရေသု၊ သားမယားတို့၌။ ယာ အပေက္ခာစ၊ အကြင်လောဘတည်းဟူသော ငဲ့ကွက်ခြင်း အနှောင်အဖွဲ့သည်၎င်း။ အတ္ထိ၊ ရှိ၏။

၁၀၁။ ဧတံ ဗန္ဓနံ၊ ထိုလောဘလည်းဟူသော အနှောင်အဖွဲ့ကို။ ဒဠှံ၊ မြဲစွာ၏ဟူ၍။ ဓီရာ၊ ပညာရှိတို့သည်။ အာဟု၊ ဆိုတော်မူကုန်၏။ ဩဟာရိနံ၊ အောက်အပါယ်လေးဘုံတို့သို့ ဆောင်တတ်ထသော။ သိထိလံ၊ နှောင်ဖွဲ့ရာအရပ်တို့၌ အပေါ်ရေ, အတွင်းရေ, အသားတို့ကိုလည်း မဖြတ်တတ် သွေးကိုလည်း မထွက်စေတတ် နှောင်ဖွဲ့သည်၏အဖြစ်၌လည်း မသိစေတတ် ကုန်းကြောင်းခရီး ရေကြောင်းခရီး အစရှိသည်တို့၌ အမှုတို့ကိုပြုစိမ့်သောငှာ ပေးတတ်သည်၏အဖြစ်ကြောင့် လျော့သော အနှောင်အဖွဲ့ရှိထသော။ ဒုပ္ပမုဉ္စံ၊ ဖြေနိုင်ခက်ထသော။ ဧတမ္ပိ၊ ထိုတဏှာ အနှောင်အဖွဲ့ကိုစင်လျက်လည်း။ ဓီရာ၊ ပညာရှိတို့သည်။ ဆေတွာန၊ ဖြတ်၍။ ကာမသုခံ၊ ကာမ ဂုဏ်ချမ်းသာကို။ အနပေက္ခိနော၊ ငဲ့ကွက်ခြင်း မရှိကုန်ဘဲ။ ပဟာယ၊ စွန့်ကုန်၍။ ဝဇန္တိ၊ သွားနိုင်ကုန်၏။

ဤသို့ ဘုရားအလောင်းသည် ဤဥဒါန်းကို ကျူးရင့်လျက် မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာပြည်သို့ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူလျက် သစ္စာကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် ရဟန္တာဖြစ်ကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါမဟာမာယာဒေဝီသည် ထိုအခါ အမိဖြစ်ဘူးပြီ၊ ယခုအခါ သုဒ္ဓေါဒနမင်းမြတ်သည် ထိုအခါ အဘ ဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာ မယ်တော်သည် ထိုအခါ မယား ဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ သားဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သားမယားကိုစွန့်၍ ရဟန်းပြုသော ယောက်ျားဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

တထောင့်ငါးရာ၊ ကိလေသာ၊ ကြီးစွာ နှောင်အိမ်မှတ်

ရှေးဦးစွာသော ဗန္ဓနာဂါရဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-နတံဒဠှဝဂ်

၂။ ကေဠိသီလဇာတ်

ကစားသန်သောမင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဟံသာ ကောဉ္စာ မယူရာ စ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကေဠိသီလဇာတ်ကို ဇေတဝန် ကျောင်းတော် သီတင်းသုံး နေတော်မူစဉ် အရှင်လကုဏ္ဍကဘဒ္ဒိယမထေရ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ရှည်သောသက်တော်ရှိသော ထိုလကုဏ္ဍကဘဒ္ဒိယမထေရ်သည် မြတ်စွာဘုရား သာသနာတော်၌ ထင်ရှားကျော်စောသည် ဖြစ်၏။ သာယာသော အသံရှိသည် ဖြစ်၏။ သာယာစွာသောတရားကို ဟောတတ်သည်ဖြစ်၏။ ပဋိသမ္ဘိဒါကို ရသည်ဖြစ်၏။ ရဟန္တာကြီးဖြစ်၏။ အသီတိမဟာထေရ်တို့၏အတွင်း၌ တည်သည်ဖြစ်၏။ ပမာဏအားဖြင့်သော်ကား ငယ်၏။ ကွ၏။ ငယ်သောသာမဏေသည် ကစားအံ့သောငှါ သွားသကဲ့သို့ ဖြစ်၏။ ထိုလကုဏ္ဍကဘဒ္ဒိယမထေရ်သည် တနေ့သ၌ မြတ်စွာဘုရားကိုရှိခိုး၍ ဇေတဝန်ကျောင်း တံခါးမုတ်သို့သွားစဉ် ဇနပုဒ်မှလာကုန်သော သုံးကျိပ်အတိုင်း အရှည်ရှိကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားကို ရှိခိုးကုန်အံ့ဟူ၍ ဇေတဝန်ကျောင်းတော်သို့ ဝင်ကုန်သည်ရှိသော် ကျောင်းတံခါးမုတ်၌ မထေရ်ကိုမြင်ကုန်၍ ဤသူကားသာမဏေတည်းဟူသောအမှတ်ဖြင့် မထေရ်ကို သင်္ကန်းစွန်း၌ဆွဲကုန်လျက် လက်တို့ကိုဆွဲကုန်လျက် ဦးခေါင်းကိုကိုင်ကုန်၍ နှာခေါင်း၌ သုံးသပ်ပြီးလျှင် နားတို့ကိုင်လှုပ်ကုန်၍ လက်ဆော့ခြင်းကို ပြုကုန်လျက် သပိတ် သင်္ကန်းကိုသိုမှီးကုန်၍ မြတ်စွာဘုရားသို့ ကပ်ကုန်ပြီးလျှင် ရှိခိုးလျက် နေကုန်၍ မြတ်စွာဘုရားသည် သာယာစွာ ပဋိသန္ထာရကို ပြုတော်မူသည်ရှိသော် အရှင်ဘုရား အရှင်ဘုရားတို့၏ တပည့်တော်ဖြစ်သော သာယာစွာသော တရားကိုဟောတတ်သော တပါးသော လကုဏ္ဍကဘဒ္ဒိယအမည်ရှိသော မထေရ်သည် ရှိသတတ်၊ ထိုမထေရ်သည် ယခုအခါ အဘယ်အရပ်၌ နေသနည်းဟု လျှောက်ကုန်၏။ ရဟန်းတို့ သင်တို့သည် ဖူးမြင်လိုကုန်သလောဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား ဖူးမြင်လိုပါကုန်၏ဟု နားတော်လျှောက်ကုန်၏။ ရဟန်းတို့ သင်တို့သည် ကျောင်းတံခါးမုတ်၌ အကြင်မထေရ်ကို မြင်ကုန်၍ သင်္ကန်းစွန်းအစရှိသည်တို့၌ ဆွဲကုန်လျက် လက်ဆော့ခြင်းကို ပြုကြကုန်၍ လာကြကုန်၏။ ထိုမထေရ်သည် လကုဏ္ဍကဘဒ္ဒိယ မထေရ်တည်းဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ အရှင်ဘုရား ဤသို့သဘောရှိသော တောင်းအပ်ပြီးသော ပတ္ထနာရှိသော ကုသိုလ်ကံနှင့်ပြည့်စုံသော သာဝကသည် အဘယ်အကြောင်းကြောင့် ဘုန်းတန်ခိုးနည်းသနည်းဟု ရဟန်းတို့သည်လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ မိမိသည် ပြုအပ်သော မကောင်းမှုကံကိုအမှီပြု၍ ဘုန်းတန်ခိုးနည်းသည် ဖြစ်၏ဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိကြားမင်းဖြစ်၏။ ထိုအခါ၌ ဗြဟ္မဒတ်မင်းအား ကိုယ်ခန္ဓာ ဟောင်းမြင်းသော အိုခြင်းရောက်ပြီးသော ဆင်ကို၎င်း မြင်းကို၎င်း နွားကို၎င်း မြင်စိမ့်သောငှါ မတတ်ကောင်း၊ မင်းသည် ကစားတတ်သော အလေ့ရှိသည်ဖြစ်၍ ထိုသို့ သဘောရှိသော ဆင်အို မြင်းကို အစရှိသည်တို့ကိုမြင်လျှင် လိုက်စေ၏။ လှည်းအိုကို မြင်၍ ဖျက်စေ၏။ မိန်းမအိုကို မြင်၍လည်း ခေါ်စေ၍ ဝမ်း၌တွန်း၍ လဲစေ၏။ တဖန် ထပြန်စေ၍ ထိတ်လန့်စေ၏။ ယောက်ျားအိုတို့ကိုမြင်၍ ကျွမ်းသမားတို့ကဲ့သို့ မြေ၌ကျွမ်းထိုးခြင်း အစရှိသည်တို့ဖြင့် ကစားခြင်းကို ကစားစေ၏။ မမြင်သည်ရှိသော် ဤမည်သောအိမ်၌ သူအိုသည် ရှိ၏။ ဤသို့ ကြား၍လည်း ခေါ်၍ ကစား၏။ လူတို့သည် ရှက်ကုန်သည်ဖြစ်၍ မိမိတို့၏ မိဘတို့ကို တိုင်းတပါးတို့သို့ ပို့ကုန်၏။ အမိကိုလုပ်ကျွေးသောတရားသည်၎င်း အဘကိုလုပ်ကျွေးသောတရားသည်၎င်း ပြတ်၏။ မင်းခစားတို့သည် ကစားလေ့ရှိကုန်သည်သာလျှင် ဖြစ်ကုန်၏။ သေတိုင်း သေတိုင်းကုန်သော သူတို့သည် အပါယ်လေးဘုံတို့ကို ပြည့်စေကုန်၏။ နတ်၏ပရိသတ်တို့သည် ယုတ်ကုန်၏။

သိကြားမင်းသည် အသစ်ဖြစ်ကုန်သော နတ်သားတို့ကို မမြင်သည်ဖြစ်၍ အကြောင်း အသို့ရှိသနည်းဟု ဆင်ခြင်သည်ရှိသော် ထိုအကြောင်းကိုသိ၍ ထိုဗြဟ္မဒတ်မင်းကို ဆုံးမအံ့ဟု လူအို၏သဏ္ဌာန်ကို ဖန်ဆင်း၍ လှည်းအို၌ ရက်တက်အိုးနှစ်လုံးတို့ကိုတင်၍ နှစ်ကောင်သောနွားအိုတို့ကို က၍ တပါးသော ပွဲလမ်းသဘင်နေ့၌ ဗြဟ္မဒတ်မင်းသည် တန်ဆာဆင်အပ်သောဆင်ကို တက်စီးပြီးလျှင် တန်ဆာဆင်အပ်သော မြို့ကို လက်ျာရစ် လှည့်လည်ခြင်းကို ပြုလတ်သော် ဟောင်းနွမ်းသောအဝတ်ကို ဝတ်ဆင်ယင်လျက် ထိုလှည်းအိုကို မောင်းနှင်လျက် ဗြဟ္မဒတ်မင်းကြီး၏ ရှေ့ရှုသွား၏။ ဗြဟ္မဒတ်မင်းကြီးသည် ထိုလှည်းအိုကိုမြင်၍ ထိုလှည်းအိုကို ပယ်ကြကုန်လော့ဟု ဆို၏။ လူတို့သည် မင်းမြတ် အဘယ်မှာနည်း၊ အကျွန်ုပ်တို့သည် မမြင်ကုန်ဟု ဆိုကုန်၏။ သိကြားသည် မိမိ၏ အာနုဘော်အားဖြင့် မင်းအားသာလျှင် ပြ၏။ ထိုအခါ၌ ထိုအရပ်သို့ အများရောက်လတ်သည်ရှိသော် ထိုလှည်းအိုကို ထိုမင်း၏ အထက်အဘို့ဖြင့်နှင်လျက် မင်း၏ဦးခေါင်းထက်၌ တလုံးသော ရက်တက်အိုးကိုခွဲ၍ ပြန်လည်လတ်သည်ရှိသော် နှစ်ခုမြောက်သော ရက်တက်အိုးကို ခွဲ၏။ ထိုအခါ၌ ထိုမင်း၏ ဦးခေါင်းမှစ၍ ထိုမှဤမှ ရက်တက်ရည်သည် စီး၏။ ထိုမင်းသည် ထိုသို့ရက်တက်ရည် စီးခြင်းကြောင့် ငြီးငွေ့၏။ ရှက်၏။ စက်ဆုပ် ရွံရှာ၏။ ထိုအခါ၌ ထိုမင်း၏ ထိုပင်ပန်းဆင်းရဲ သည်၏အဖြစ်ကိုသိ၍ သိကြားသည် လှည်းကိုကွယ်စေ၍ သိကြား၏ကိုယ်ကို ဘန်ဆင်း၍ ဝရဇိန်လက်နက်စွဲလျက် ကောင်းကင်၌ တည်၍ ယုတ်မာသော တရားမစောင့်သောမင်း သင်သည် မအိုလတ္တံ့လော၊ သင်၏ကိုယ်ကို အိုခြင်းသည် မညှဉ်းဆဲလတ္တံ့လော၊ သင်သည်ကစားလေ့ရှိသည်ဖြစ်၍ သူအိုတို့အား နှိပ်စက်ညှဉ်းဆဲသောအမှုကို ပြု၏။ တယောက်တည်းသော သင့်ကိုမှီကုန်၍ ထိုအမှုကို ပြုကုန်ကြသဖြင့် သေတိုင်း သေတိုင်းကုန်သော သူတို့သည် အပါယ်တို့ကို ပြည်စေကုန်၏။ လူတို့သည် မိဘတို့ကို လုပ်ကျွေးအံ့သောငှါ မရကုန်၊ သင်သည် ဤအမှုမှ အကယ်၍ မကြဉ်အံ့၊ ဤဝရဇိန်လက်နက်ဖြင့် ဦးခေါင်းကို ခွဲအံ့၊ ဤနေ့မှစ၍ ထိုအမှုကို မပြုလင့်၊ ဤသို့ ခြိမ်းချောက်၍ မိဘတို့၏ ကျေးဇူးကို ဟော၍ ကြီးကုန်သောသူတို့အား အရိုအသေပြုသော ကောင်းမှု၏ အကျိုးဆက်ကိုပြ၍ ဆုံးမပြီးလျှင် တာဝတိံသာနတ်ပြည်သို့ ပြန်သွား၏။ မင်းသည် ထိုအခါမှစ၍ ထိုသို့သဘောရှိသောအမှုကို ပြုအံ့သောစိတ်ကိုလည်း မဖြစ်စေ။ မြတ်စွာဘုရားသည် ဤလွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၁၀၃။ ဟံသာ ကောဉ္စာ မယူရာ စ၊ ဟတ္ထယော ပသဒါမိဂါ။
သဗ္ဗေ သီဟဿ ဘာယန္တိ၊ နတ္ထိ ကာယသ္မိံ တုလျတာ။
၁၀၄။ ဧဝမေဝ မနုဿေသု၊ ဒဟရော စေပိ ပညဝါ။
သော ဟိ တတ္ထ မဟာ ဟောတိ။ နေဝ ဗာလော သရီရ ဝါ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၁၀၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ကာယသ္မိံ၊ ကိုယ်၌။ တုလျတာ၊ နှိုင်းယှဉ်အပ်သည်၏ အဖြစ်သည်။ ယသ္မာ၊ အကြင်ကြောင့်။ နတ္ထိ၊ မရှိ။ တသ္မာ၊ ထိုကြောင့်။ ဟံသာ စ၊ ဟင်္သာတို့သည်၎င်း။ ကောဉ္စာ စ၊ ကြိုးကြတို့သည်၎င်း။ မယူရာ စ၊ ဥဒေါင်းတို့သည်၎င်း။ ဟတ္ထယော စ၊ ဆင်တို့သည်၎င်း။ ပသဒါ၊ ချေဟုဆိုအပ်ကုန်သော။ မိဂါ စ၊ သားတို့သည်၎င်း။ တနည်း ပသဒါ စ၊ ချေတို့သည်၎င်း။ မိဂါစ၊ ဆိုအပ်ပြီးသည်မှ ကြွင်းကုန်သော သားတို့သည်၎င်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့သည်။ သီဟဿ၊ ခြင်္သေ့မှ။ ဘာယန္တိ၊ ကြောက်ကုန်၏။

၁၀၄။ ဧဝမေဝ၊ ဤအတူသာလျှင်။ မနုဿသု၊ လူတို့တွင်။ ယော၊ အကြင်သူသည်။ ဒဟရောပိ၊ ငယ်သော်လည်း။ ပညဝါ၊ ပညာရှိသည်။ စေ ဟောတိ၊ အကယ်၍ ဖြစ်အံ့။ သော ဟိ၊ ထိုသူသည်သာလျှင်။ တတ္ထ၊ ထိုလူတို့၌။ မဟာ၊ ကြီးသည်။ ဟောတိ၊ ဖြစ်၏။ ဗာလော၊ ပညာမရှိသောသူသည်။ သရီရဝါ၊ ကိုယ်ကြီးသော်လည်း။ မဟာနာမ၊ ကြီးသောမည်သည်။ နေဝ ဟောတိ၊ မဖြစ်သလျှင်ကတည်း။ တသ္မာ၊ ထို့ကြောင့်။ တုမှေ၊ သင်တို့သည်။ လကုဏ္ဍကဘဒ္ဒိယော၊ လကုဏ္ဍကဘဒ္ဒိယသည်။ သရီရေနေ၊ ကိုယ်အားဖြင့်။ ခုဒ္ဒကော၊ ငယ်၏။ ဣတိ၊ ထို့ကြောင့်။ တံ၊ ထိုလကုဏ္ဍကဘဒ္ဒိယကို။ ဉာဏေနပိ၊ ဉာဏ်အားဖြင့်လည်း။ ခုဒ္ဒကောတိ၊ ငယ်၏ဟူ၍။ မာ မညိတ္ထ၊ မမှတ်ကြကုန်လင့်။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူပြီးလျှင် ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကိုပြတော်မူသည်၏ အဆုံး၌ ထိုရဟန်းတို့တွင် အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သောရဟန်းတို့သည် သကဒါဂါမ်ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် ရဟန္တာဖြစ်ကုန်၏ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ထိုသို့အိုမင်းကုန်သော သူတို့အား ကစားလေ့ရှိဘူးသည်၏ အဖြစ်ကြောင့် ယခုအခါ၌ သူတပါးတို့၏ ကစားခြင်း တည်ရာဖြစ်သော ထိုသို့သဘောရှိသော လကုဏ္ဍကဘဒ္ဒိယသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိကြားမင်း ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ဘယ်သူမပြု၊ မိမိမှု၊ ကြည့်ရှုဆင်ခြင်ရာ

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကေဠိသီလဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-နတံဒဠှဝဂ်

၃။ ခန္ဓဇာတ်

မေတ္တာနှစ်ပါး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်ဝိရူပက္ခေဟိ မေ မေတ္တံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤခန္ဓဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဇရုံးအိမ်တံခါး၌ ထင်းတို့ကို ခွဲသော ထိုရဟန်းကို သစ်ဆွေးကြားမှထွက်၍ တခုသောမြွေသည် ခြေချောင်း၌ ခဲသတတ်၊ ထိုရဟန်းသည် ထိုမြွေခဲရာအရပ်၌ပင်လျှင် သေ၏။ ထိုရဟန်း၏ ထိုသို့သောအခြင်းအရာအားဖြင့် သေသည်၏ အဖြစ်သည် အလုံးစုံသော ကျောင်း၌ ထင်ရှားသည် ဖြစ်၏။ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဤအမည်ရှိသောရဟန်းသည် ဇရုံးအိမ်တံခါး၌ ထင်းခွဲသည်ရှိသော် မြွေသည်ခဲ၍ ထိုမြွေခဲရာအရပ်၌လျင် သေသတတ်ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ထိုရဟန်းသည် လေးပါးကုန်သောမြွေတို့ကို အာရုံပြု၍ မေတ္တာကို အကယ်၍ပွားစေငြားအံ့၊ မြွေသည် ထိုရဟန်းကို မခဲလေရာ၊ ထိုစကားသည် မှန်၏။ ရသေ့ဖြစ်ကုန်သော ရှေးပညာရှိတို့သည်လည်း ဘုရားဖြစ်တော်မမူမီ လေးပါးကုန်သော မြွေမျိုးတို့၌ မေတ္တာကို ပွားစေကုန်၍ ထိုထိုမြွေမင်းအမျိုးတို့ကို မှီ၍ဖြစ်သောဘေးမှ လွတ်ဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ကာမတို့ကို ပယ်၍ ရသေ့ရဟန်းအဖြစ်သို့ကပ်၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဟိမဝန္တာအရပ်ဝယ် တခုသောမြစ်ကွေ့၌ အရိပ်သင်္ခမ်းကို ဘန်ဆင်း၍ ဈာန်ဖြင့်မွေ့လျော်ပျော်ပါးခြင်းဖြင့် မွေ့လျော်ပျော်ပါးလျက် ရသေ့အပေါင်း ခြံရံ၍နေ၏။ ထိုအခါဂင်္ဂါနား၌ အထူးထူးအပြားပြား များကုန်သော ရှည်သောအမျိုး၌ ဖြစ်ကုန်သော တိရစ္ဆာန်တို့သည် ရသေ့အပေါင်းတို့အား ဘေးရန်ပြုကုန်၏။ များသောအားဖြင့် ရသေ့အပေါင်းတို့သည် အသက်ကုန်ခြင်းသို့ရောက်ကုန်၏။ ရသေ့တို့သည် ထိုအကြောင်းကို ဘုရားလောင်းအား ကြား၏။ ဘုရားလောင်းသည် ခပ်သိမ်းကုန်သော ရသေ့တို့ကို စည်းဝေးစေ၍ ရသေ့တို့ သင်တို့သည် လေးပါးကုန်သော မြွေမျိုးတို့၌ မေတ္တာကို အကယ်၍ ပွားစေငြားအံ့၊ သင်တို့ကို မြွေတို့သည် မခဲကုန်ရာ၊ ထို့ကြောင့် ဤနေ့မှစ၍ လေးပါးကုန်သော မြွေတို့၌ ဤသို့ မေတ္တာကိုပွားစေကုန်လောဟု ဆို၍-

၁၀၅။ ဝိရူပက္ခေဟိ မေ မေတ္တံ၊ မေတ္တံ ဧရာပထေဟိ မေ။
ဆဗျာပုတ္တေဟိ မေ မေတ္တံ၊ မေတ္တံ ကဏှာဂေါတမကေဟိ စ။
အပါဒကေဟိ မေ မေတ္တံ၊ မေတ္တံ ဒွိပါဒကေဟိ မေ။
စတုပ္ပဒေဟိ မ မေတ္တံ၊ မေတ္တံ ဗဟုပ္ပဒေဟိ မေ။
မာ မံ အပါဒကော ဟိံသိ၊ မာ မံ ဟိံသိ ဒွိပါဒကော။
မာ မံ စတုပ္ပဒေါ ဟိံသိ၊ မာ မံ ဟိံသိ ဗဟုပ္ပဒေါ။
သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊ သဗ္ဗေ ဘူတာ စ ကေဝလာ။
သဗ္ဗေ ဘဒြာနိ ပဿန္တု၊ မာ ကိဉ္စိ ပါပမာဂမော။
၁၀၆။ အပ္ပမာဏာ ဗုဒ္ဓေါ၊ အပ္ပမာဏာ ဓမ္မာ။
အပ္ပမာဏာ သံဃာ၊ ပမာဏဝန္တာနိ သရီသပါနိ။
အဟိ ဝိစ္ဆိကာ သပဒီ၊ ဥဏ္ဏနာဘိ သရဗူ မူသိကာ။
ကတာ မေ ရက္ခာ ကတာ မေ ပရိတ္တာ၊ ပဋိက္ကမန္တု ဘူတာနိ။
သောဟံ နမော ဘဂဝတော၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၀၅။ ဘောန္တော တာပသာ၊ အို ရသေ့တို့။ တုမှေ၊ သင်တို့သည်။ ဝိရူပက္ခဟိ၊ ဝိရူပက္ခ နတ်မင်း၏ အမျိုးတို့နှင့်။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဧရာပထေဟိ စ၊ ဧရာပထနတ်မင်း၏ အမျိုးတို့နှင့်လည်း။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဆဗျာပုတ္တေဟိ စ၊ ဆဗျာပုတ္တနတ်မင်း၏ အမျိုးတို့နှင့်လည်း။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ကဏှာဂေါတမကေဟိ စ၊ ကဏှာဂေါတမနတ်မင်း၏ အမျိုးတို့နှင့်လည်း။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဣတိ၊ ဤသို့။ မေတ္တံ၊ မေတ္တာကို။ ဘာဝေထ၊ ပွားစေကြကုန်လော့။

ဘောန္တော တာပသာ၊ အို ရသေ့တို။ တုမှေ၊ သင်တို့သည်။ အပါဒကေဟိ၊ အခြေမရှိကုန်သော သတ္တဝါတို့နှင့်။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဒွိပါဒကေဟိစ၊ အခြေနှစ်ချောင်းရှိကုန်သော သတ္တဝါတို့နှင့်လည်း။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ စတုပ္ပဒေဟိ စ၊ အခြေလေးချောင်းရှိကုန်သော သတ္တဝါတို့နှင့်လည်း။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဗဟုပ္ပဒေဟိ စ၊ များသော အခြေရှိကုန်သော သတ္တဝါတို့နှင့်လည်း။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဣတိ၊ ဤသို့။ မေတ္တံ၊ မေတ္တာကို။ ဘာဝေထ၊ ပွားစေကြကုန်လော့။

ဘောန္တော တာပသာ၊ အို ရသေ့တို့။ တုမှေ၊ သင်တို့သည်။ မံ၊ ငါ့ကို အပါဒကော၊ အခြေမရှိသော သတ္တဝါသည်။ မာ ဟိံသိ၊ မညှဉ်းဆဲစေသတည်း။ ဒွိပါဒကော စ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါသည်လည်း။ မံ၊ ငါ့ကို။ မာ ဟိံသိ၊ မညှဉ်းဆဲစေသတည်း။ စတုပ္ပဒေါ စ၊ အခြေလေးချောင်းရှိသော သတ္တဝါသည်လည်း။ မံ၊ ငါ့ကို။ မာ ဟိံသိ၊ မညှဉ်းဆဲစေသတည်း။ ဗဟုပ္ပဒေါ စ၊ များသော အခြေရှိသော သတ္တဝါသည်လည်း။ မံ၊ ငါ့ကို။ မာဟိံသိ၊ မညှဉ်းဆဲစေ သတည်း။ ဣတိ၊ ဤသို့။ မေတ္တံ၊ မေတ္တာကို။ ဘာဝေထ၊ ပွားစေကြကုန်လော့။

ဘောန္တော တာပသာ၊ အို ရသေ့တို့။ တုမှေ၊ သင်တို့သည်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ သတ္တာ စ၊ ဝဋ်တရား ခန္ဓာငါးပါးတို့၌ ငြိစွန်းတတ်ကုန်သော သတ္တဝါတို့သည်၎င်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ပါဏာ စ၊ ထွက်သက် ဝင်သက်နှင့် ပြည့်စုံကုန်သော သတ္တဝါတို့သည်၎င်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဘူတာ စ၊ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်ကုန်သော သတ္တဝါတို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ ကေဝလာ-သကလာ၊ အစိတ်နှင့်တကွ ဖြစ်ကုန်သော။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့သည်။ ဘဒြာနိ၊ ကောင်းသောအာရုံတို့ကိုသာလျှင်။ ပသန္တု၊ မြင်စေကုန်သတည်း။ ကိဉ္စိ၊ တစုံတခုသော။ ပါပံ၊ ယုတ်မာသော ဆင်းရဲခြင်းသို့။ မာ ဂမာ-မာဂစ္ဆန္တု၊ မရောက်စေကုန်သတည်း။ ဣတိ၊ ဤသို့။ မေတ္တံ၊ မေတ္တာကို။ ဘာဝေထ၊ ပွားစေကြကုန်လော့။

၁၀၆။ ဘောန္တော တာပသာ၊ အို ရသေ့တို့။ ဗုဒ္ဓေါ၊ ဘုရားသည်။ အပ္ပမာဏော၊ ကိလေသာ မရှိ။ တနည်းကား- ဗုဒ္ဓေါ -ဗုဒ္ဓဂုဏော၊ ဘုရား၏ ကျေးဇူးတော်သည်။ အပ္ပမာဏော၊ အတိုင်း အရှည် မရှိ။ ဓမ္မော၊ တရားတော်သည်။ အပ္ပမာဏော၊ ကိလေသာ မရှိ။ တနည်းကား- ဓမ္မော၊ တရားတော်၏ ဂုဏ်သည်။ အပ္ပမာဏော၊ အတိုင်းအရှည် မရှိ။ သံဃော၊ သံဃာတော်သည်။ အပ္ပမာဏာ၊ ကိလေသာမရှိ။ တနည်းကား- သံဃော၊ သံဃာတော်၏ဂုဏ်သည်။ အပ္ပမာဏော၊ အတိုင်း အရှည် မရှိ။ ဣတိ၊ ဤသို့။ တုမှေ၊ သင်တို့သည်။ တိဏ္ဏံ ရတနာနံ၊ ရတနာသုံးပါးတို့၏။ ဂုဏေ၊ ကျေးဇူးတို့ကို။ အနုဿရေထ၊ အောက်မေ့ကြကုန်လော့။

ဘောန္တော တာပသာ၊ အို ရသေ့တို့။ တုမှေ၊ သင်တို့သည်။ အဟိ ဝိစ္ဆကာ သတပဒီ၊ မြွေ ကင်းမြီးကောက် ကင်းခြေများတို့၎င်း။ ဥဏ္ဏနာဘိ၊ ပင့်ကူ၎င်း။ သရဗူ မူသိကာ၊ တက်တူကြွက်တို့၎င်း။ ဣမာနိ၊ ဤသို့ သဘောရှိကုန်သော။ သရီသပါနိ၊ တွား၍ သွားတတ်ကုန်သော သတ္တဝါတို့သည်။ တနည်းကား- သရီသပါနိ၊ ကိုယ်ဖြင့် သွားတတ်ကုန်သော သတ္တဝါတို့သည်။ ပမာဏဝန္တာနိ၊ ကိလေသာရှိကုန်၏။ ဣမေ သတ္တာ၊ ဤကိလေသာရှိကုန်သော သတ္တဝါတို့သည်။ အပ္ပမာဏာနံ၊ ကိလေသာ မရှိကုန်သော။ တိဏ္ဏံ၊ သုံးပါးကုန်သော။ ရတနာနံ၊ ရတနာတို့၏။ အာနုဘာဝေန၊ အာနုဘော်အားဖြင့်။ ရတ္တိံ ဒိဝံ၊ ညဉ့်နေ့ပတ်လုံး။ ပရိတ္တကမ္မံ၊ စောင့်ရှောက်သောအမှုကို။ ကရောန္တု၊ ပြုစေကုန်သတည်း။ ဣတိ၊ ဤသို့။ အာသိသထ၊ တောင့်တကြကုန်လော့။

ဘောန္တော တာပသာ၊ အို ရသေ့တို့။ တုမှေ၊ သင်တို့သည်။ မေ၊ ငါသည်။ ရတနတ္တယဂုဏေ၊ ရတနာသုံးပါးတို့၏ ကျေးဇူးတော်တို့ကို။ အနုဿရန္တေန၊ အောက်မေ့သောအားဖြင့်။ ရက္ခာ၊ အစောင့်အရှောက်ကို။ ကတာ၊ ပြုအပ်ပြီ။ မေ၊ ငါသည်။ ရတနတ္တယဂုဏေ၊ ရတနာသုံးပါးတို့၏ ကျေးဇူးတို့ကို။ အနုသရန္တေန၊ အောက်မေ့သောအားဖြင့်။ ပရိတ္တာ၊ အရံအတားကို။ ကတာ၊ ပြုအပ်ပြီ။ ဘူတာနိ၊ ငါ၏အကျိုးကို အလိုရှိကုန်သော သတ္တဝါတို့သည်။ ပဋိက္ကမန္တု၊ ဖဲစေကုန်သတည်း။ ဣတိ၊ ဤသို့။ အာသိသထ၊ တောင့်တကုန်လော့။ သော အဟံ၊ ထိုငါသည်။ ဘဂဝတော၊ ဘုန်းတော် ခြောက်ပါးနှင့်ပြည့်စုံသော မြတ်စွာဘုရားအား။ နမော၊ ရှိခိုးခြင်းကို။ ကရောမိ၊ ပြုပါ၏။ သော အဟံ၊ ထိုငါသည်။ သတ္တန္နံ၊ ခုနစ်ဆူကုန်သော။ သမ္မာသမ္ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့အား။ နမော၊ ရှိခိုးခြင်းကို။ ကရောမိ၊ ပြုပါ၏။ ဣတိ၊ ဤသို့။ နမက္ကာရံ၊ ရှိခိုးခြင်းကို။ ကရောထ၊ ပြုကြကုန်လော့။

ဤသို့ ဘုရားလောင်းသည် ရသေ့အပေါင်းအား ဤပရိတ်ကို ဖွဲ့၍ ပေး၏။ ထိုအခါမှစ၍ ရသေ့အပေါင်းသည် ဘုရားလောင်း၏ အဆုံးအမ၌ တည်၍ မေတ္တာကို ပွားစေ၏။ ဘုရားကျေးဇူးတော်တို့ကို အောက်မေ့၏။ ထိုရသေ့တို့သည် ဘုရားကျေးဇူးတော်တို့ကို အောက်မေ့ကုန်သည်ရှိသော် ခပ်သိမ်းကုန်သော မြွေမျိုးတို့သည် ဖဲကုန်၏။ ဘုရားလောင်းသည်လည်း ဗြဟ္မဝိဟာရကိုပွားစေ၍ ဗြဟ္မာ့ပြည်သို့လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ရသေ့အပေါင်းတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့အပေါင်းတို့၏ဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အစမှကား နှစ်ဂါထာတို့ဖြင့် မြွေမင်းမျိုးလေးပါးတို့၌ မေတ္တာကို ပြသည်၏ အဖြစ်ကြောင့် တနည်းကား ဩဒိဿက, အနောဒိဿကတို့၏ အစွမ်းအားဖြင့် နှစ်ပါးကုန်သော မေတ္တာဘာဝနာတို့ကို ပြသည်၏အဖြစ်ကြောင့် ဤခန္ဓပရိတ်ကို ဤဒုကနိပါတ်၌ ဟောအပ်၏။ ဤသို့ သိအပ်၏။

မေတ္တာမွန်းထုံ၊ ဘေးမျိုးလုံ၊ အကုန် ချမ်းသာရ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ခန္ဓဇာတ်သည် ပြီး၏။ ။

*****

ဒုကနိပါတ်-နတံဒဠှဝဂ်

၄။ ဝီရကဇာတ်

တင်ကျီး နှင့် ကျီးကန်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အပိ ဝီရက ပဿေသိအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝီရကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်သည်မြတ်စွာဘုရား၏အတုပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ သာရိပုတ္တရာ မောဂ္ဂလန်မထေရ်တို့သည် ဒေဝဒတ်၏ပရိသတ်ကို ယူကုန်၍ လာကုန်သည်ရှိသော် မြတ်စွာဘုရားသည် သာရိပုတ္တရာ ဒေဝဒတ်သည် သင်တို့ကို မြင်၍ အသို့ပြုသနည်း။ ဤသို့ မေးတော်မူ၍ အရှင်ဘုရား ဘုရားသဗ္ဗညူ အတုကို ပြု၏ဟု နားတော်လျှောက်သည်ရှိသော် သာရိပုတ္တရာ ယခုအခါ၌သာလျှင် ဒေဝဒတ်သည် ငါ၏အတုဖြစ်သော အမူအရာကိုပြုခြင်းကြောင့် ပျက်စီးခြင်းသို့ရောက်သည် မဟုတ်သေး၊ ရှေး၌လည်း ပျက်စီးခြင်းသို့ ရောက်ဘူးပြီဟု မိန့်တော်မူ၍ သာရိပုတ္တရာမထေရ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... သာရိပုတ္တရာ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်ဝယ် တင်ကျီးမျိုး၌ဖြစ်၍ တခုသောအိုင်ကို အမှီပြု၍ နေ၏။ ထိုဘုရားလောင်းအား ဝီရကဟူသော အမည်သည် ဖြစ်၏။ ထိုအခါ ကာသိတိုင်း၌ ငတ်မွတ်ခြင်းသည် ဖြစ်၏။ လူတို့သည် ကျီးစာထမင်းကို ပေးအံ့သောငှာ၎င်း ဘီလူး နဂါးတို့အား ပူဇော် ပသခြင်းအမှုကို ပြုအံ့သောငှာ၎င်း မစွမ်းနိုင်ကုန်၊ ငတ်မွတ်သောတိုင်းမှကျီးတို့သည် များသောအားဖြင့် တောသို့ ဝင်ကုန်၏။ ထိုတော၌ ဗာရာဏသီပြည်နေ သဝိဋ္ဌကအမည်ရှိသော တခုသောကျီးသည် ကျီးမကို ခေါ်ခဲ့၍ ဝီရက၏နေရာအရပ်သို့ ရောက်၍ ထိုအိုင်ကိုမှီ၍ လျောက်ပတ်သောအရပ်၌ နေ၏။ ထိုသဝိဋ္ဌကသည် တနေ့သ၌ ထိုအိုင်၌ အစာကိုရှာလတ်သည်ရှိသော် အိုင်သို့ သက်၍ ငါးတို့ကိုစား၍ အိုင်မှတက်၍ ကိုယ်ကိုခြောက်စေသော ဝီရကကို မြင်၍ ဤတင်ကျီးကိုအမှီပြု၍ များစွာကုန်သောငါးတို့ကို ရစိမ့်သောငှါ တတ်ကောင်း၏။ ဤတင်ကျီးကို ခစားအံ့ဟု နှလုံးသွင်း၍ ထိုဝီရကသို့ကပ်၍ အဆွေ အဘယ်အလိုရှိသနည်းဟု ဆိုလတ်သည်ရှိသော် အရှင်ငါသည် အရှင့်ကို ခစားအံ့သောငှါ အလိုရှိ၏ဟုဆို၍ ကောင်းပြီဟု ထိုဝီရကသည် ဝန်ခံအပ်သည်ဖြစ်၍ ထိုအခါမှစ၍ ခစား၏။ ဝီရကသည်လည်း ထိုအခါမှစ၍ မိမိမျှလောက်ရုံကိုသာ စား၍ ငါးတို့ကိုဆယ်၍ သဝိဋ္ဌကအား ပေး၏။ ထိုသဝိဋ္ဌကသည်လည်း မိမိမျှလောက်ရုံကိုသာစား၍ အကြွင်းကို ကျီးမအားပေး၏။

ထိုသဝိဋ္ဌကအား နောက်အဘို့၌ မာနသည် ဖြစ်၏။ အဘယ်သို့ ဖြစ်သနည်းဟူမူကား ဤ တင်ကျီးသည်လည်း မည်းသော အဆင်းရှိ၏။ ငါသည်လည်း မည်းသောအဆင်းရှိ၏။ မျက်စိနှုတ်သီး ခြေသည်းတို့ဖြင့်လည်း ထိုတင်ကျီး၏၎င်း ငါ၏၎င်း အထူးသည် မရှိ၊ ဤနေ့မှစ၍ တင်ကျီးသည် ယူအပ်ကုန်သော ငါးတို့ဖြင့် ငါ့အား စားခြင်းအမှုသည် မရှိ၊ ငါသည်သာလျှင် ယူအံ့၊ ဤသို့ မာနသည် ဖြစ်၏။ ဖြစ်ပြီး၍ ထိုဝီရကသို့ကပ်၍ အဆွေ ဤနေ့မှစ၍ ငါသည်သာလျှင် အိုင်သို့ဆင်း၍ ငါးတို့ကို ယူအံ့ဟု ဆို၏။ အဆွေ သင်သည် ရေသို့သက်၍ ငါးတို့ကို ဖမ်းသောအမျိုး၌ မဖြစ်ချေ၊ မပျက်စီးစေလင့်ဟု တားမြစ်သော်လည်း ဝီရကစကားကို မယူမူ၍ အိုင်သို့သက်၍ ရေသို့ဝင်၍ငုပ်သည်ရှိသော် မှော်ကိုဘောက်၍ ထွက်အံ့သောငှါ မစွမ်းနိုင်၊ မှော်ကြား၌ ငြိ၏။ နှုတ်သီးဖျားမျှသာလျှင် ထင်၏။ ထိုသဝိဋ္ဌကသည် အသက်မရှူနိုင်သည်ဖြစ်၍ ရေထဲ၌ပင်လျှင် အသက်ကုန်ခြင်းသို့ရောက်၏။ ထိုအခါ၌ သဝိဋ္ဌက၏မယားသည် လာလတ်သည်သို့ မမြင်သည်ရှိသော် အကြောင်းကိုသိစိမ့်သောငှာ ဝီရက၏အထံသို့သွား၍ အရှင်သဝိဋ္ဌကသည် မထင်၊ ထိုသဝိဋ္ဌကသည် အတီမှာလျှင် ရှိလေသနည်း ဤသို့ မေးလိုသည်ဖြစ်၍-

၁၀၇။ အပိ ဝီရက ပဿေသိ၊ သကုဏ မဉ္ဇုဘာဏိကံ။
မယူရဝိဝသင်္ကာသံ၊ ပတိံ မယှံ သဝိဋ္ဌကံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၀၇။ ဝီရက၊ အရှင်ဝီရက။ မဉ္ဇုဘာဏိကံ၊ သာယာသော အသံရှိထသော။ မယူရဝိဝသင်္ကာသံ၊ ဥဒေါင်းလည်နှင့်တူသော အဆင်းရှိထသော။ မယှံ၊ ငါ၏။ ပတိံ၊ လင်ဖြစ်သော။ သဝိဋ္ဌကံ၊ သဝိဋ္ဌက အမည်ရှိသော။ သကုဏံ၊ ငှက်ကို။ တွံ၊ အရှင်သည်။ ပဿေသိ အပိ၊ မြင်ပါ၏လော။

ထိုစကားကိုကြား၍ ဝီရကသည် သင်၏လင် သွားရာအရပ်ကို ငါသိ၏ဟု ဆိုလိုရကား-

၁၀၈။ ဥဒကထလစရဿ ပက္ခိနော၊
နိစ္စံ အာမကမစ္ဆဘောဇနော။
တဿာနုကရံ သဝိဋ္ဌကော၊
သေဝါလေ ပလိဂုဏ္ဌိတော မတော။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သောဤဂါထာကို ဆို၏။

၁၀၈။ ကာကီ၊ ကျီးမ။ ဥဒကထလစရဿ၊ ရေကြည်းအရပ်၌ ကျက်စားခြင်းငှါ စွမ်းနိုင်ထသော။ ပက္ခိနော၊ ငှက်သည်။ နိစ္စံ၊ အမြဲ။ အာမကမစ္ဆဘောဇနော၊ ဆယ်၍ပေးအပ်သော ငါးစိမ်းကို စားသော။ သဝိဋ္ဌကော၊ သဝိဋ္ဌကသည်။ တဿ၊ ထိုရေကြည်အရပ်၌ ကျက်စားခြင်းငှါ စွမ်းနိုင်သောငှက်၏။ အနုကရံ-အနုကရောန္တော၊ အတုပြုခြင်းကြောင့်။ သေဝါလေ၊ မှော်၌။ ပလိဂုဏ္ဌိတော၊ လွှမ်းအပ်သည်ဖြစ်၍။ မတော၊ သေလေပြီ။

ထိုစကားကို ကြား၍ ကျီးမသည် ငို၍ ဗာရာဏသီပြည်သို့လျှင် သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သာရိပုတ္တရာ ယခုအခါ ဒေဝဒတ်သည် ထိုအခါ သဝိဋ္ဌက ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဝီရက ဖြစ်ဘူးလေပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ်မစွမ်းပေါင်၊ မာနထောင်၊ ကျီးကောင် ပျက်စီးသို့

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဝီရကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-နတံဒဠှဝဂ်

၅။ ဂင်္ဂေယျဇာတ်

အလှပြိုင် ငါး နှင့် လိပ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သောဘတိ မစ္ဆော ဂင်္ဂေယျော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂင်္ဂေယျဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပဉ္စင်းငယ်နှစ်ယောက်တို့ကို အကြောင်းပြု၍ဟောတော်မူ၏။ သာဝတ္ထိပြည်၌နေကုန်သော အမျိုးကောင်းသား ဖြစ်ကုန်သော နှစ်ယောက်ကုန်သောရဟန်းတို့သည် သာသနာတော်၌ ရဟန်းပြုကုန်၍ အသုဘဘာဝနာကို အားမထုတ်မူ၍ အဆင်းကို ချီးမွမ်းတတ်ကုန်သည်ဖြစ်၍ အဆင်းကို တင့်တယ်စေကုန်လျက် သွားကုန်သတတ်၊ ထိုနှစ်ယောက်ကုန်သော ရဟန်းတို့သည် တနေ့သ၌ သင်သည် မတင့်တယ် ငါသည်တင့်တယ်၏။ ဤသို့ အဆင်းကိုမှီ၍ ငြင်းခုံခြင်းဖြစ်ကုန်လတ်သော် အနီး၌နေသော တပါးသော မထေရ်အိုကိုမြင်၍ ဤရဟန်းအိုသည် ငါတို့၏ တင့်တယ်သည် မတင့်တယ်သည်၏ အဖြစ်ကို သိလတ္တံ့ဟု ဆိုကုန်၍ ထိုရဟန်းအိုသို့ကပ်ကုန်၍ အရှင်ဘုရား ငါတို့တွင် အဘယ်သူသည်လျှင် တင့်တယ်သနည်းဟု မေးကုန်၏။ ထိုရဟန်းအိုသည် သင်တို့, သင်တို့ထက် ငါသည်သာလျှင် လွန်၍ တင့်တယ်၏ ဟု ဆို၏။ ပဉ္စင်းငယ်တို့သည် ဤရဟန်းအိုကား ငါတို့ မေးအပ်သည်ကို မဖြေမှု၍ မမေးအပ်သည်ကို ဆို၏ဟု ထိုရဟန်းအိုကို ဆဲရေးကုန်၍ သွားကုန်၏။ ထိုရဟန်းတို့၏ ထိုအမူအရာသည် ရဟန်းသင်္ဃာ၌ ထင်ရှား၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသော မထေရ်အိုသည် အဆင်းကိုမှီကုန်သော ထိုရဟန်းငယ်တို့ကို ရှက်စေသတတ်ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော် မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြသနည်းဟု မေးတော်မူလတ်၍ အရှင်ဘုရား ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ နှစ်ယောက်ကုန်သော ရဟန်းငယ်တို့သည် ယခုအခါ၌ သာလျှင် မိမိတို့၏ အဆင်းကို ချီးမွမ်းတတ်သည် မဟုတ်ကုန်သေး၊ ရှေး၌လည်း ထိုရဟန်းငယ်တို့သည် မိမိတို့၏ အဆင်းကိုသာလျှင် ချီးမွမ်းကုန်လျက် သွားဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဂင်္ဂါမြစ်နား၌ရုက္ခစိုဝ်းနတ် ဖြစ်၏။ ထိုအခါ၌ ဂင်္ဂါယမုနာမြစ်တို့၏ ဆုံရာအရပ်၌ ဂင်္ဂါငါး ယမုနာငါး ဤငါးနှစ်ခုတို့သည် ငါသည် တင့်တယ်၏။ သင်သည် မတင့်တယ်ဟု အဆင်းကို အမှီပြုကုန်၍ ငြင်းခုံသည်ရှိသော် အနီးဖြစ်သော ဂင်္ဂါကမ်းနား၌နေသော လိပ်ကိုမြင်ကုန်၍ ဤလိပ်သည် ငါတို့၏ တင့်တယ်သည် မတင့်တယ်သည်၏အဖြစ်ကို သိလတ္တံ့ဟု ဆိုကုန်၍ ထိုလိပ်သို့ ကပ်ကုန်၍ အဆွေလိပ် ဂင်္ဂါငါးသည်တည်း တင့်တယ်လေသလော၊ ထိုသို့မဟုတ်မူကား ယမုနာငါးသည်တည်းပင် တင့်တယ်သလောဟု မေးကုန်၏။ လိပ်သည်လည်း ဂင်္ဂါငါးသည်လည်း တင့်တယ်ပေ၏။ ယမုနာငါးသည်လည်း တင့်တယ်ပေ၏။ နှစ်ခုလည်းဖြစ်ကုန်သော သင်တို့ထက်ကား ငါသည်သာလျှင် အတိုင်းထက် အလွန် တင့်တယ်၏။ ဤသို့သော အနက်ကို ပြလိုရကား-

၁၀၉။ သောဘတိ မစ္ဆော ဂင်္ဂေယျော၊ အထော သောဘတိ ယာမုနော။
စတုပ္ပဒေါယံ ပုရိသော နိဂြောဓပရိမဏ္ဍလော။

ဤသကာယတဂီဝေါ စ၊ သဗ္ဗေဝ အတိရောစတိ။

ဟူသော ဤဂါထာကို ဆို၏။

၁၀၉။ ဂင်္ဂေယျော မစ္ဆော၊ ဂင်္ဂါမြစ်ငါးသည်လည်း။ သောဘတိ၊ တင့်တယ်လှပေ၏။ အထော၊ ထိုမှတပါး။ ယာမုနော၊ ယမုနာ ငါးသည်လည်း။ သောဘတိ၊ တင့်တယ်လှပေ၏။ စတုပ္ပဒေါ၊ အခြေလေးချောင်းရှိထသော။ နိဂြောဓပရိမဏ္ဍလော၊ ပညောင်ပင်၏အဝန်းကဲ့သို့ ဝန်းသောကိုယ်ရှိထသော။ ဤသကာယတဂီဝေါ စ၊ ရထားသံကဲ့သို့ ရှည်သောလည်ရှိထသော။ အယံပုရိသော၊ ဤယောက်ျားသည်ကား။ သဗ္ဗေဝ၊ အလုံးစုံသော သင်တို့ကိုလျှင်။ အတိရောစတိ၊ လွန်၍ တင့်တယ်သေး၏။

ငါးတို့သည် ထိုလိပ်၏စကားကို ကြားကုန်၍ အို... လိပ်ယုတ်မာ ငါတို့သည် မေးအပ်သည်ကို မဖြေမူ၍ တပါးကိုသာလျှင် ဆို၏ဟု ဆိုလို၍-

၁၁၀။ ယံ ပုစ္ဆိတော န တံ အက္ခာသိ၊ အညံ အက္ခာသိ ပုစ္ဆိတော။
အတ္တပ္ပသံသကော ပေါသော၊ နာယံ အသ္မာက ရုစ္စတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၁၀။ အမ္ဘော ပါပ ကစ္ဆပ၊ အို လိပ်ယုတ်မာ။ ပုစ္ဆိတော၊ မေးအပ်သောလိပ်သည်။ ယံ၊ အကြင်ပြဿနာကို။ အမှေဟိ၊ ငါတို့သည်။ ပုစ္ဆိတော၊ မေးအပ်၏။ တံ၊ ထိုမေးအပ်သော ပြဿနာကို။ န အက္ခာသိ၊ မဖြေ။ အညံ၊ တပါးကို။ အက္ခာသိ၊ ဖြေဆို၏။ အတ္တပ္ပသံသကာ၊ မိမိကိုယ်ကို ချီးမွမ်းတတ်သော။ အမှေဟိ၊ ငါတို့သည်။ ပုစ္ဆိတော၊ မေးအပ်သော။ အယံပေါသော၊ ဤယောက်ျားသည်။ အသ္မာကံ၊ ငါတို့အား။ န ရုစ္စတိ၊ မနှစ်သက်စေ။

ဤသို့ဆိုကုန်၍ လိပ်၏အပေါ်သို့ ရေကိုပက်ခဲ့ကုန်၍ မိမိတို့၏ နေရာအရပ်သို့သာလျှင် သွားကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ နှစ်ယောက်ကုန်သော ပဉ္စင်းငယ်တို့သည် ထိုအခါ ငါးနှစ်ကောင်တို့ ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ရဟန်းအိုသည် ထိုအခါ လိပ်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဤဆိုအပ်ပြီးသော အကြောင်းကို မျက်မှောက်ပြုခဲ့ရသော ဂင်္ဂါမြစ်နား၌ ဖြစ်သော ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရူပအဆင်း၊ ချီးမွမ်းခြင်း၊ အငြင်းပွားကာ ရှက်ရရှာ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ဂင်္ဂေယျဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-နတံဒဠှဝဂ်

၆။ ကုရုင်္ဂမိဂဇာတ်

မိတ်ဆွေသုံးဦး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဣင်္ဃ ဝဋ္ဋမယံ ပါသံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုရုင်္ဂမိဂဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုအခါ၌ မြတ်စွာဘုရားအား ဒေဝဒတ်သည် သတ်အံ့သောငှါ လုံ့လပြု၏ဟု မြတ်စွာဘုရားသည် ကြားတော်မူ၍ ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ငါ့အား သတ်အံ့သောငှာ လုံ့လပြုသည် မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ကုရုင်္ဂမည်သော သမင်ဖြစ်၍ တောဝယ် တခုသောရေအိုင်၏အနီး တခုသောချုံ၌ နေ၏။ ထိုအိုင်၏အနီး တခုသောသစ်ပင်ဖျား၌ ခေါက်ရှာ ငှက်သည် နေ၏။ ရေအိုင်၌ လိပ်သည် နေ၏။ ဤသို့ သုံးခုကုန်သော တိရစ္ဆာန်တို့သည် အဆွေခင်ပွန်း ဖြစ်ကုန်၏။ အချင်းချင်း ချစ်သောနေခြင်းဖြင့် နေကုန်၏။ ထိုအခါ၌ တယောက်သော သားမုဆိုးသည် တော၌ လှည့်လည်သည်ရှိသော် ရေဆိပ်၌ ဘုရားလောင်း၏ခြေရာကို မြင်၍ သံချောင်းနှင့်တူသော လုံး၍ပြုအပ်သော သားရေကွင်းကိုထောင်၍ သွား၏။ ဘုရားလောင်းသည် ရေကိုသောက်အံ့သောငှါ လာသည်ရှိသော် ညဉ့်ဦးယာမ်ကပင်လျှင် ကျော့ကွင်း၌ မိခြင်းကြောင့်ဖြစ်သော မြည်သံကိုမြည်၏။ ထိုဘုရားလောင်း၏ အသံကြောင့် သစ်ပင်မှ ခေါက်ရှာငှက်သည်၎င်း ရေမှလိပ်သည်၎င်း လာလတ်ကုန်၍ အသို့လျှင် ပြုအပ်သနည်း၊ ဤသို့ တိုင်ပင်ကြကုန်၏။ ထိုအခါ၌ ခေါက်ရှာငှက်သည် လိပ်ကိုခေါ်၍ အဆွေလိပ် အင့်အား သွားတို့သည်ရှိကုန်၏။ သင်သည် ကျော့ကွင်းကို ဖြတ်လော့၊ ငါသည် သွား၍ အကြင်သို့ ပြုအပ်သည်ရှိသော် ထိုမုဆိုးသည် မလာလတ္တံ့၊ ထိုသို့ပြုချေအံ့။ ဤသိုနှစ်ယောက်ကုန်သော ငါတို့သည် ပြုအပ်သော လုံ့လဖြင့် ငါတို့၏ အဆွေသည် အသက်ကို ရလတ္တံ့၊ ဤသို့သော အနက်ကို ပြလိုသည်ဖြစ်၍-

၁၁၁။ ဣင်္ဃ ဝဋ္ဋမယံ ပါသံ၊ ဆိန္ဒ ဒန္တေဟိ ကစ္ဆပ။
အဟံ တထာ ကရိဿာမိ၊ ယထာ နေဟိတိ လုဒ္ဒကော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၁၁။ ကစ္ဆပ၊ အဆွေလိပ်။ ဣင်္ဃ၊ ငါတိုက်တွန်း၏။ တွံ၊ သင်သည်။ ဝဋ္ဋမယံ၊ လုံး၍ပြုအပ်သော။ ပါသံ၊ သားရေကျော့ကွင်းကို။ ဒန္တေဟိ၊ သွားတို့ဖြင့်။ ဆိန္ဒ၊ ဖြတ်လော။ အဟံ၊ ငါသည် ကား။ ယထာ၊ အကြင်သို့ပြုအပ်သည်ရှိသော်။ လုဒ္ဒကော၊ မုဆိုးသည်။ နေဟိတိ၊ မလာလတ္တံ့။ တထာ၊ ထိုသို့။ ကရိဿာမိ၊ ပြုချေအံ့။

ထိုအခါ၌ လိပ်သည် သားရေဖြင့်ပြီးသော လုံးသော ကျော့ကွင်းကို ကိုက်အံ့သောငှါ အားထုတ်၏။ ခေါက်ရှာငှက်သည်ကား မုဆိုး၏နေရာရွာသို့ ပြန်လေ၍ အနီးဖြစ်သော သစ်ပင်၌ နေ၏။ မုဆိုးသည် မိုးသောက်ထ၌လျှင် လှံကိုယူ၍ ထွက်၏။ ခေါက်ရှာငှက်သည် ထိုမုဆိုး ထွက်သည်၏ အဖြစ်ကိုသိ၍ မြည်လျက် အတောင်ကိုခါပြီးလျှင် အရှေ့တံခါးဖြင့် ထွက်လာသော ထိုမုဆိုးကို မျက်နှာ၌ပုတ်၏။ မုဆိုးသည် ငှက်ယုတ်မာသည် ပုတ်ခတ်အပ်သည်ဟု ပြန်၍ အတန်ငယ်အိပ်၍ တဖန် လှံကိုယူ၍ ထ၏။ ခေါက်ရှာငှက်သည် ဤမုဆိုးသည် ရှေးဦးစွာ အရှေ့တံခါးဖြင့် ထွက်လတ်၏။ ယခုအခါ၌ အနောက်တံခါးမှ ထွက်လတ္တံ့ဟု သွား၍ အိမ်၏အနောက်၌ နေ၏။ မုဆိုးသည်လည်း အရှေ့တံခါးဖြင့် ထွက်သော ငါသည် ငှက်ယုတ်မာကို မြင်အပ်၏။ ယခုအခါ၌ အနောက်တံခါးဖြင့် ထွက်အံ့ဟု ကြံလျက် ထွက်၏။ ငှက်သည် မြည်လျက် ပြေးလာ၍ မျက်နှာ၌ ပုတ်ခတ်၏။ မုဆိုးသည် ငှက်ယုတ်မာသည် ပုတ်ခတ်ပြန်၏။ ယခုအခါ၌ ဤငှက်ယုတ်မာသည် ငါ့အား ထွက်စိမ့်သောငှါ မပေးဟု ပြန်၍ အရုဏ်တက်သည့်တိုင်အောင် အိပ်၍ အရုဏ်တက်သောအခါ၌ လှံကိုယူ၍ ထွက်၏။ ငှက်သည် လျင်မြန်စွာပြန်သွား၍ မုဆိုးသည် လာချေပြီဟု ဘုရားလောင်းအား ပြောဆို၏။

ထိုခဏ၌ လိပ်သည် သားရေ တလွန်းမျှကိုသာလျှင်ထား၍ ကြွင်းသောအလွန်းကို ခဲအပ်ပြီးသည်ဖြစ်၍ ထိုလိပ်၏ သွားတို့သည်ကား ကြွေလုသော အခြင်းအရာသို့ ရောက်ကုန်၏။ ခံတွင်းသည် သွေးအလိမ်းအလိမ်း ကပ်၏။ ဘုရားလောင်းသည် လှံကိုကိုင်၍ မိုဃ်းကြိုးကဲ့သို့သောအဟုန်ဖြင့် လာလတ်သောမုဆိုးကိုမြင်၍ ထိုအနှောင်အဖွဲ့ကို ဖြတ်လေ၍ တောသို့ဝင်၏။ ခေါက်ရှာငှက်သည် သစ်ပင်ဖျား၌ နေ၏။ လိပ်သည်ကား အားနည်းသည်၏အဖြစ်ကြောင့် ထိုအရပ်၌သာလျှင် ဝပ်၏။ မုဆိုးသည် လိပ်ကိုယူ၍ အိတ်၌ ထည့်၍ တခုသော သစ်ငုတ်၌ ဆွဲ၏။ ဘုရားလောင်းသည် ပြန်၍ ကြည့်လတ်သည်ရှိသော် လိပ်ကို ယူသည်၏ အဖြစ်ကိုသိ၍ ငါ၏အဆွေအား အသက်အလှူကို ပေးအံ့ဟု အားနည်းဟန်ပြု၍ မုဆိုးအား ကိုယ်ကိုပြ၏။ ထိုမုဆိုးသည် ဤကုရုင်္ဂသမင်သည်ကား အားနည်းသည် ဖြစ်လတ္တံ့၊ ထိုကုရုင်္ဂသမင်ကို သတ်အံ့ဟု လှံကိုယူ၍ လိုက်၏။ ဘုရားလောင်းသည် မဝေးလွန်း မနီးလွန်းသဖြင့် သွားလျက် ထိုမုဆိုးကိုသွေးဆောင်၍ တောသို့ဝင်၏။ အဝေးသို့ ရောက်သည်၏ အဖြစ်ကိုသိ၍ ခြေရာလှည့်စား၍ ခရီးတပါးဖြင့် လေကဲ့သို့ လျင်မြန်သောအဟုန်ဖြင့် ပြေးလေ၏။ ချိုဖြင့် အိတ်ကိုချီ၍ မြေ၌ချ၍ ဘောက်၍ လိပ်ကိုထုတ်၏။ ခေါက်ရှာငှက်သည်လည်း သစ်ပင်မှ သက်လာ၏။ ဘုရားလောင်းသည် နှစ်ခုကုန်သော ငှက် လိပ်တို့အား အဆုံးအမကိုပေးလျက် ငါသည့ သင်တို့ကိုမှီ၍ အသက်ကို ရပေ၏။ သင်တို့သည် အဆွေဖြစ်သောငါ၏ ပြုအပ်သော ကိစ္စကိုပြုပေ၏။ ယခုအခါ၌ မုဆိုးသည် လာလတ်၍ သင်တို့ကို ဖမ်းရာ၏။ ထို့ကြောင့် အဆွေခေါက်ရှာငှက် သင်သည် မိမိ၏သားငယ်တို့ကိုယူ၍ တပါးသောအရပ်သို့ သွားလော့၊ အဆွေလိပ် သင်သည်လည်း ရေသို့ဝင်လော့ဟု ဆို၏။ ထိုငှက်လိပ်တို့သည် ထိုဘုရားလောင်းဆိုတိုင်း ပြုကုန်၏။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူ၍-

၁၁၂။ ကစ္ဆပေါ ပါဝိသီ ဝါရိံ၊ ကုရုင်္ဂေါ ပါဝိသီ ဝနံ။
သတပတ္တော ဒုမဂ္ဂမှာ၊ ဒူရေ ပုတ္တေ အပနယိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

၁၁၂။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ မယိ၊ ငါသည်။ ဩဝါဒေ၊ အဆုံးအမကို။ ဒိနေ၊ ပေးအပ်သည်ရှိသော်။ ကစ္ဆပေါ၊ လိပ်သည်။ ဝါရိံ၊ ရေသို့။ ပါဝိသိ၊ ဝင်၏။ ကုရုင်္ဂေါ၊ ကုရုင်္ဂမည်သော သမင်သည်ကား။ ဝနံ၊ တောသို့။ ပါဝိသိ၊ ဝင်၏။ သတပတ္တော၊ ခေါက်ရှာငှက်သည်ကား။ ဒုမဂ္ဂမှာ၊ သစ်ပင်ဖျားမှ။ ဒူရေ၊ ဝေးသောအရပ်သို့။ ပုတ္တေ၊ သားတို့ကို။ အပါနယိ၊ ဆောင်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မုဆိုးဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ခေါက်ရှာငှက် ဖြစ်ဘူးပြီ၊ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ လိပ်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကုရုင်္ဂ မည်သော သမင်ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဗောဓိလောင်းလျာ၊ သေစိမ့်ငှာ၊ ဖြာဖြာလုံ့လ ကျိုးမရ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကုရုင်္ဂမိဂဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-နတံဒဠှဝဂ်

၇။ အဿကဇာတ်

နွားချေးပိုး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အယမဿကရာဇေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအဿကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖျားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့၏ဟူ၍ ကြားရသည်ကား မှန်သလောဟု မြတ်စွာဘုရားသည် မေးတော်မူသည်ရှိသော် အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်၏။ ရဟန်း သင့်ကို အဘယ်သူသည် ငြီးငွေ့စေအပ်သနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား မယားဟောင်းသည် ငြီးငွေ့စေအပ်၏ဟု လျှောက်၏။ ထိုအခါ၌ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း သင်၌ ထိုမိန်းမ၏ ချစ်ခြင်းသည် မရှိ၊ ရှေး၌လည်း ထိုမိန်းမကိုမှီ၍ သင်သည် ကြီးစွာသော ဆင်းရဲသို့ ရောက်ဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ကာသိတိုင်းဝယ် ပါဋလိမြို့၌ အဿကအမည်ရှိသောမင်းသည် မင်းပြု၏။ ထိုအဿကမင်းအား ဥပရီ အမည် ရှိသော ချစ်မြတ်နိုးစွာသော မိဖုယားသည်ရှိ၏။ ထိုဥပရီသည် အလွန် အဆင်းလှ၏။ ရှုချင်ဘွယ်ရှိ၏။ ကြည်ညိုဘွယ်ရှိ၏။ လူမိန်းမ၏ အဆင်းကိုလွန်၏။ နတ်သ္မီးအဆင်းကို မမှီတတ်၊ ထိုဥပရီ မိဖုယားသည် သေ၏။ ထိုဥပရီမိဖုယား သေခြင်းကြောင့် အဿကမင်းသည် သောကဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ပင်ပန်း သည်ဖြစ်၏။ နှလုံးမသာသည်ဖြစ်၏။ ထိုအဿကမင်းသည် ထိုဥပရီ မိဖုယား၏အလောင်းကို တလား၌ လျောင်းစေ၍ ဆီနှစ်ကိုထည့်စေ၍ ညောင်စောင်းနေရာအောက်၌ ထားစေ၍ အာဟာရကင်းလျက် မျက်ရည်ယို၍ ငိုကြွေးလျက် အိပ်၏။ မယ်တော် ခမည်းတော်တို့သည်၎င်း ကြွင်းကုန်သော အဆွေအမျိုး အဆွေခင်ပွန်း အမှူးအမတ်တို့သည်၎င်း ပုဏ္ဏားသူကြွယ် အစရှိကုန်သော သူတို့သည်၎င်း မင်းမြတ် စိုးရိမ်တော်မမူလင့်၊ သင်္ခါရတို့သည် အနိစ္စသာလျှင် ဖြစ်ကုန်၏။ ဤသို့ အစရှိသည်တို့ကို ဆိုကုန်လျက် ကောင်းစွာ သိစိမ့်သောငှါ မတတ်နိုင်ကုန်၊ ထိုအဿကမင်း၏ ငိုကြွေးမြည်တမ်းစဉ်ပင်လျှင် ခုနစ်ရက်တို့သည် လွန်ကုန်၏။ ထိုအခါ၌ ဘုရားလောင်းသည် ငါးပါးသောအဘိညာဉ်, ရှစ်ပါးသောသမာပတ်တို့ကို ရသော ရသေ့ဖြစ်၍ ဟိမဝန္တာအရပ်၌နေလျက် အလင်းကိုပွားစေ၍ ဒိဗ္ဗစက္ခုဖြင့် ဇမ္ဗူဒိပ်ကို ကြည့်လတ်သည်ရှိသော် ထိုအသာကမင်း ငိုကြွေးလျက်နေသည်ကိုမြင်၍ ငါသည် ထိုအဿကမင်း၏ကိုးကွယ်ရာဖြစ်ခြင်းငှာ သင့်၏ဟု နှလုံးသွင်း၍ တန်ခိုးအာနုဘော်အားဖြင့် ကောင်းကင်၌ပျံ၍ မင်း၏ ဥယျာဉ်၌ သက်၍ မင်္ဂလာကျောက်ဖျာ၌ ရွှေဆင်းတုကဲ့သို့ နေ၏။

ထိုအခါ၌ တယောက်သော ပါဋလိမြို့၌နေသော ပုဏ္ဏားလုလင်သည် ဥယျာဉ်သို့ ရောက်လတ်သော် ဘုရားလောင်းကိုမြင်၍ ရှိခိုး၍ နေ၏။ ဘုရားလောင်းသည် ထိုပုဏ္ဏားလုလင်နှင့်တကွ စကားစေ့စပ်ခြင်းကို ပြုလေ၏။ လုလင် မင်းသည် တရားစောင့်ပါ၏လောဟု မေး၏။ အရှင်ဘုရား မင်းသည် တရားကား စောင့်၏။ ထိုသို့တရားစောင့်သော်လည်း ထိုမင်း၏ မိဖုယားသည် သေ၏။ ထိုမင်းသည် ထိုမိဖုယား၏ကိုယ်ကို တလားငယ်၌ ထည့်စေပြီး၍ ငိုကြွေးမြည်တမ်းလျက် အိပ်သည်ကား ယနေ့ ခုနစ်ရက်ရှိလေပြီ၊ အရှင်ဘုရားတို့သည် မင်းကိုဤသို့သဘောရှိသော ဆင်းရဲမှ အဘယ်ကြောင့် မလွတ်စေကုန်သနည်း၊ အရှင်ဘုရားတို့ကဲ့သို့သော သီလရှိကုန်သော အရှင်မြတ်တို့သည်ရှိကုန်လျက် မင်းအား ဤသို့သဘောရှိသော ဆင်းရဲဒုက္ခကို ခံရအံ့သောငှါ သင့်သလောဟု ပုဏ္ဏားလုလင်သည် လျှောက်သည်ရှိသော် လုလင် ငါသည် မင်းကို မသိသလျှင်ကတည်း၊ ထိုသို့မသိသော်လည်း ထိုမင်းသည် လာလတ်၍ ငါ့ကို အကယ်၍ မေးငြားအံ့၊ ငါသည်လျှင် ထိုမိဖုယား၏ ဖြစ်ရာအရပ်ကို ထိုမင်းအားကြား၍ မင်း၏ အထံ၌သာလျှင် ထိုမိဖုယားကို စကားဆိုစေအံ့ဟု ဘုရားလောင်းသည် ဆို၏။ အရှင်ဘုရား ထိုသိုတပြီးကား အကြင်မျှလောက်သော ကာလပတ်လုံး မင်းကို ဆောင်ပါအံ့၊ ထိုမျှလောက်သော ကာလပတ်လုံး ဤအရပ်၌ သာလျှင် နေပါကုန်လော့ဟု ပုဏ္ဏားလုလင်သည် ဘုရားလောင်း၏ဝန်ခံခြင်းကို ယူ၍ မင်း၏အထံသို့သွား၍ ထိုအကြောင်းကိုကြား၏။ ဒိဗ္ဗစက္ခုနှင့်ပြည့်စုံသော ရသေ့၏အထံသို့ သွားအံ့သောငှာသင့်၏ဟု လျှောက်၏။

အဿကမင်းသည် ဥပရီမိဖုယားကိုမြင်အံ့သောငှါ ရအံ့ဟူ၍ ကြားရပေ၏ဟု နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ ရထားကိုစီး၍ ထိုဥယျာဉ်သို့ သွား၍ ဘုရားလောင်းကိုရှိခိုး၍ တင့်အပ် လျောက်ပတ်သော အရပ်၌ နေလျက် အရှင်ဘုရား အရှင်ဘုရားတို့သည် မိဖုယား၏ ဖြစ်ရာအရပ်ကို သိကုန်၏ ဟူ၍ အကျွန်ုပ် ကြားရသည်ကား မှန်သလောဟု မေး၏။ မင်းမြတ် မှန်၏ဟုဆိုသည်ရှိသော် အရှင်ဘုရား အဘယ်အရပ်၌ ဖြစ်သနည်းဟု လျှောက်၏။ မင်းမြတ် ထိုဥပရီမိဖုယားသည် အဆင်းကြောင့် ယစ်သည်ဖြစ်၍ မေ့လျော့ခြင်းကိုစွဲ၍ ကုသိုလ်ကောင်းမှု မပြုမူ၍ ဥယျာဉ်၌လျှင် နွားချေးပိုး၏ အမျိုး၌ ဖြစ်၏ဟုဆို၏။ အရှင်ဘုရား အကျွန်ုပ်သည် မယုံဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ထိုနွားချေးပိုးမကို သင်မင်းမြတ်အား ပြ၍ ဆိုစေအံ့ဟု ဆို၏။ အရှင်ဘုရား ကောင်းပြီ၊ ဆိုစေကုန်လော့ဟု ဆိုသည်ရှိသော် ဘုရားလောင်းသည် မိမိ၏ အာနုဘော်အားဖြင့် နှစ်ခုကုန်သော နွားချေးပိုးဖို, မတို့သည် နွားချေးစိုင်ကိုဘောက်ကုန်လျက် မင်း၏ရှေ့သို့ လာစေကုန်သတည်းဟု ထိုနှစ်ခုကုန်သော နွားချေးပိုးဖို, မတို့၏ လာခြင်းကို ပြု၏။ ထိုနှစ်ခုသော နွားချေးပိုး ဖို, မတို့သည် ဘုရားလောင်းအဓိဋ္ဌာန်တိုင်းလျှင် လာလတ်ကုန်၏။ ဘုရားလောင်းသည် ထိုနွားချေးပိုးမကိုပြလျက် မင်းမြတ် နွားချေးပိုးမသည် သင်မင်းမြတ်၏ ဥပရီမည်သော မိဖုယားတည်း၊ သင့်ကို စွန့်၍ နွားချေးပိုးဖို၏ နောက်မှ နောက်မှ လိုက်၏။ ထိုနွားချေးပိုးမကို ရှုကုန်လော့ဟု ဆို၏။ အရှင်ဘုရား ဥပရီမိဖုယားစင်လျက် နွားချေးပိုး၏အမျိုး၌ ဖြစ်လတ္တံ့ဟူ၍ အကျွန်ုပ်သည် မယုံဟုဆိုသည်ရှိသော် မင်းမြတ် ထိုနွားချေး ပိုးမကို ဆိုစေအံ့ဟု ဆို၍ အရှင်ဘုရား ဆိုစေကုန်လော့ဟု လျောက်သည်ရှိသော်-

ဘုရားလောင်းသည် မိမိ၏ အာနုဘော်အားဖြင့် ထိုနွားချေးပိုးမသည် ဆိုစေသတည်းဟု ဓိဋ္ဌာန်၍ ဥပရီဟူ၍ ခေါ်၏။ နွားချေးပိုးမသည် လူ့ဘာသာဖြင့် အရှင်ဘုရား အဘယ်ပြုအံ့နည်းဟု ဆို၏။ သင်သည် လွန်လေပြီးသောဘဝ၌ အဘယ် အမည်ရှိသနည်းဟု ဆိုသည်ရှိသော် အရှင်ဘုရား အဿကမင်း၏ မိဖုယားကြီးဖြစ်သော ဥပရီ အမည်ရှိသည်ဖြစ်၏ဟု ဆို၏။ ယခုအခါ၌ သင်သည် အဿကမင်းကိုတည်း ချစ်သလော၊ ထိုသို့မဟုတ်မူကား နွားချေးပိုးဖိုကိုတည်း ချစ်သလောဟု မေး၏။ အရှင်ဘုရား ထိုအဿကမင်းသည် ရှေးဘဝ၌ အကျွန်ုပ်၏ လင်ဖြစ်၏။ ထိုအခါ၌ အကျွန်ုပ်သည် ဤဥယျာဉ်၌ အသကမင်းနှင့်တကွ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကို ခံစားလျက် သွားရ၏။ ယခုတမူကား ဘဝဖုံးလွှမ်းခြင်းဖြစ်သော ကာလမှစ၍ ထိုအဿကမင်းသည် အကျွန်ုပ်အား အသို့တော်သနည်း၊ ထို့ကြောင့် ယခုအခါ အကျွန်ုပ်သည် အဿကမင်းကို သတ်၍ ထိုအဿကမင်း၏ လည်ချောင်းသွေးဖြင့် အကျွန်ုပ်၏လင်ဖြစ်သော နွားချေးပိုးဖို၏ခြေတို့ကို လိမ်းချင်၏ဟုဆို၍ ပရိသတ်၏ အလယ်၌ လူ၏ဘာသာဖြင့်-

၁၁၃။ အယမဿကရာဇေန၊ ဒေသော ဝိစရိတော မယာ။
အနုကာမယကာမေန၊ ပိယေန ပတိနာ သဟ။
၁၁၄။ နဝေန သုခဒုက္ခေန၊ ပေါရာဏံ အပိဓီယတိ။
တသ္မာ အဿက ရညောဝ၊ ကီဋော ပိယတရော မမ။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

၁၁၃။ ဘန္တေ၊ အရှင်ဘုရား။ အယံ ဒေသော၊ ဤမွေ့လျော်ဘွယ်ရှိသော ဥယျာဉ်အရပ်သည်။ အနုကာမယကာမေန၊ နှစ်သက်ထသော။ ပိယေန၊ ချစ်စွာထသော။ ပတိနာ၊ လင်ဖြစ်သော။ အဿကရာဇေန၊ အဿကမင်းနှင့်။ သဟ၊ တကွ။ မယာ၊ အကျွန်ုပ်သည်။ ဝိစရိတော၊ သွားလာဘူးသော။ ဒေသော၊ အရပ်တည်း။

၁၁၄။ ဣဒါနိ၊ ယခုအခါ၌။ နဝေန၊ အသစ်ဖြစ်သော။ သုခဒုက္ခေန၊ ချမ်းသာဆင်းရဲခြင်းဖြင့်။ ပေါရာဏံ၊ အဟောင်းဖြစ်သော ချမ်းသာခြင်း ဆင်းရဲခြင်းကို။ ယသ္မာ၊ အကြင့်ကြောင့်။ အပိဓီယတိ၊ ဖုံးလွှမ်းအပ်၏။ တသ္မာ၊ ထို့ကြောင့်။ အဿကကညော၊ အဿကမင်းထက်။ ကီဋောဝ၊ နွားချေးပိုးဖိုကိုလျှင်။ မယာ၊ အကျွန်ုပ်သည်။ ပိယတရော၊ အလွန်ချစ်အပ်၏။

ထိုစကားကို ကြား၍ အဿကမင်းသည် နှလုံးမသာသည်ဖြစ်၍ ထိုအရပ်၌တည်လျက် အကောင်ပုပ်ကို ထုတ်စေ၍ ဦးခေါင်းလျှော်၍ ဘုရားလောင်းကို ရှိခိုး၍ မြို့သို့ဝင်၍ တပါးသော မိန်းမကို မိဖုယားကြီးအရာ၌ထား၍ တရားသဖြင့် မင်းအဖြစ်ကို ပြု၏။ ဘုရားလောင်းသည်လည်း မင်းကိုဆုံးမ၍ သောကမရှိသည်ကိုပြု၍ ဟိမဝန္တာသို့လျှင် သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ မယားဟောင်းသည် ထိုအခါ ဥပရီမည်သော မိဖုယား ဖြစ်ဘူးပြီ၊ ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ အဿကမင်း ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ပုဏ္ဏားလုလင် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ၌ ရသေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အချစ်တဏှာ၊ လွန်ကဲပါ။ ကိုယ်သာ ဆင်းရဲဘိ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော အဿကဖာတ်သည် ပြီး၏။ ။

*****

ဒုကနိပါတ်-နတံဒဠှဝဂ်

၈။ သုသုမာရဇာတ်

မျောက် နှင့် မိကျောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အလမေတေဟိ အမ္ဗေဟိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုသုမာရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်သည် ဘုရားသဗ္ဗညူအား သတ်အံ့သောငှာ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မှု၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုအခါ မြတ်စွာဘုရားသည် ဒေဝဒတ်သည် သတ်အံ့သောငှါ လုံ့လပြု၏ဟု ကြားတော်မူ၍ ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝဒတ်သည် ငါ့အား သတ်အံ့သောငှာ လုံ့လပြုသည် မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုသည်သာလျှင်တည်း၊ ထိုသို့ လုံ့လပြုသော်လည်း ထိတ်လန့်ခြင်းကိုလည်း ပြုအံ့သောငှါ မစွမ်းနိုင်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဟိမဝန္တာအရပ်၌ ဘုရားလောင်းသည် မျောက်အမျိုး၌ ဖြစ်၍ ဆင်ပြောင်အားကိုဆောင်နိုင်သည်။ အစွမ်းနှင့် ပြည့်စုံသည်။ ကြီးသောကိုယ်ရှိသည်။ တင့်တယ်ခြင်း အစုသို့ ရောက်သည်ဖြစ်၍ မြစ်ကွေ့ဖြစ်သော တောနေရာ၌ နေ၏။ ထိုအခါ ဂင်္ဂါ၌ မိကျောင်းသည် နေ၏။ ထိုအခါ ထိုမိကျောင်း၏ မယားသည် ဘုရားလောင်း၏ကိုယ်ကိုမြင်၍ ဘုရားလောင်း၏ နှလုံးသား၌ ချင်ခြင်းကိုဖြစ်စေ၍ မိကျောင်းဖိုကို အရှင်ငါသည် ထိုမျောက်မင်း၏နှလုံးသားကို စားလို၏ဟု ဆို၏။ ရှင်မ ငါတို့သည် ရေ၌ ကျက်စားကုန်၏။ ထိုမျောက်မင်းသည်တမူကား ကုန်းကြည်း၌ ကျက်စား၏။ ထို့ကြောင့် ထိုမျောက်မင်းကို ဖမ်းအံ့သောငှါ မစွမ်းနိုင်ဟု ဆိုသည်ရှိသော် အရှင်တစုံတခုသော ဥပါယ်တမျဉ်ဖြင့် ဖမ်းလော့၊ အကယ်၍ မရအံ့၊ သေအံ့ဟု ဆို၏။ နှမ မစိုးရိမ်လင့်၊ တခုသော ဥပါယ်တမျဉ်သည်ရှိ၏။ ထို့ကြောင့် ထိုမျောက်မင်း၏ နှလုံးသားကို စားစေပါအံ့ဟု မိကျောင်းမကို နှစ်သိမ့်စေ၍ ဘုရားလောင်းသည် ဂင်္ဂါ၌ ရေကိုသောက်၍ ဂင်္ဂါနား၌နေသောကာလ၌ ဘုရားလောင်း၏အထံသို့သွား၍ မျောက်မင်း ဤအရပ်၌ ငှက်ပျောသီးတို့ကို စားလျက် ကျက်စားမြဲအရပ်၌သာလျှင် သင်သည် အဘယ်ကြောင့် ကျက်စားဘိသနည်း၊ ဂင်္ဂါ၏ တဘက်ကမ်း၌ သရက် ပိန္နဲ အစရှိကုန်သော ချိုကုန်သော သစ်သီးတို့၏ အဆုံးသည် မရှိ၊ သင်သည် ထိုဂင်္ဂါတဘက်သို့သွား၍ သစ်သီးကြီးငယ်တို့ကို စားအံ့သောငှာ မသင့်လောဟု ဆို၏။ မိကျောင်းမင်း ဂင်္ဂါသည် ရေများ၏။ အပြောကျယ်၏။ ထိုဂင်္ဂါဘက်သို့ အသို့သွားအံ့နည်းဟု မျောက်မင်း ဆိုသည်ရှိသော် မျောက်မင်း သင်သည် အကယ်၍သွားလိုအံ့၊ ငါသည် သင့်ကို ငါ၏ကျောက်ကုန်း၌တင်၍ ဆောင်အံ့ဟု မိကျောင်းသည် ဆို၏။ ဘုရားလောင်းသည် ယုံကြည်၍ ကောင်းပြီဟု ဝန်ခံ၏။ ထိုသို့တပြီးကား လာလော၊ ငါ၏ကျောက်ကုန်းသို့ တက်လော့ဟု မိကျောင်းဆိုသည်ရှိသော် မျောက်မင်းသည် တက်၏။ မိကျောင်းသည် အတန်ငယ်ဆောင်၍ ရေ၌ နှစ်၏။

ဘုရားလောင်းသည် အဆွေ သင်သည် ငါ့ကို ရေ၌မွန်းစေ၏။ ထိုသို့မွန်းစေခြင်းသည် အကြောင်းအသို့နည်းဟု ဆို၏ မျောက်မင်း ငါသည် သင့်ကို ကောင်းသော သဘောရှိသည်၏ အဖြစ်ဖြင့် ယူ၍မသွား၊ စင်စစ်ကား သင်၏နှလုံးသား၌ ငါ၏ မယားအား ချင်ခြင်းသည် ဖြစ်၏။ ငါ၏မယားကို ငါသည် သင်၏နှလုံးသားကို စားစေလို၏။ ထို့ကြောင့် သင့်ကိုယူ၍ သွား၏ဟုမိကျောင်းသည် ဆို၏။ အဆွေ အသို့မူ၍ သင်သည် ကောင်းစွာမမှတ်သနည်း၊ ထိုစကားသည် မှန်၏။ ငါတို့၏ရင်၌ နှလုံးသည် အကယ်၍ ရှိသည်ဖြစ်ငြားအံ့၊ သစ်ပင်ဖျားတို့၌ ပြေးသွားလတ်သည်ရှိသော် မှုန့်မှုန့်ညက်ညက် ကြေသည် ဖြစ်ရာ၏ဟု ဘုရားလောင်းသည် ဆို၏။ မျောက်မင်း အဘယ်အရပ်၌ကား သင်တို့သည် နှလုံးကို ထားကုန်သနည်းဟု မိကျောင်း ဆိုသည်ရှိသော် ဘုရားလောင်းသည် အနီး၌မြင်သော အသီးအပွင့်နှင့် ပြည့်စုံသော ရေသဖန်းတပင်ကိုပြ၍ ရှုပါလော့၊ ငါတို့၏ နှလုံးတို့ကို ထိုရေသဖန်းပင်၌ ဆွဲအပ်ကုန်၏ဟု ဆို၏။ မျောက်မင်း သင်သည် ငါ့အား နှလုံးကို အကယ်၍ ပေးအံ့၊ ငါသည် သင့်ကို မသတ်အံ့ဟု မိကျောင်းသည် ဆို၏။ ထိုသို့တပြီးကား ထိုအရပ်သို့ ငါ့ကို ဆောင်လော့၊ ငါ သင့်အား သစ်ပင်၌ ဆွဲ၍ထားသောနှလုံးကို ပေးပါအံ့ဟု ဘုရားလောင်းသည် ဆို၏။ ထိုမိကျောင်းသည် ထိုဘုရားလောင်းကိုယူ၍ ထိုရေသဖန်းပင်သို့ သွား၏။ ဘုရားလောင်းသည် ထိုမိကျောင်း၏ ကျောက်ကုန်းမှခုန်၍ ရေသဖန်းပင်၌ ထိုင်၍ အချင်း မိကျောင်းမိုက် သင်သည် ဤသတ္တဝါတို့၏ နှလုံးမည်သည်ကား သစ်ပင်ဖျား၌ ဖြစ်၏ဟု အမှတ်ရှိသည် ဖြစ်၏။ မိုက်လေစွတကား၊ ငါသည် သင့်ကိုလှည့်စား၏။ သင့်အား ကိုယ်သည်သာလျှင်ကြီး၏။ ပညာသည်တမူကား မရှိ၊ ဤသို့သော အနက်ကို ပြလိုရကား-

၁၁၅။ အလမေတေဟိ အမ္ဗေဟိ၊ ဇမ္ဗူဟိ ပနသေဟိ စ။
ယာနိ ပါရံ သမုဒ္ဒဿ၊ ဝရံ မယှံ ဥဒုမ္ဗရော။
၁၁၆။ မဟတီ ဝတ တေ ဗောန္ဒိ၊ န စ ပညာ တဒူပိကာ။
သုသုမာရ ဝဉ္စိတော မေသိ၊ ဂစ္ဆ ဒါနိ ယထာသုခံ။

ဟူသောဤနှစ်ဂါထာတို့ကို ဆို၏။

၁၁၅။ သုသုမာရ၊ မိကျောင်း။ သမုဒ္ဒဿ၊ ဂင်္ဂါ၏။ ပါရံ၊ ကမ်းတဘက်၌။ ယာနိ၊ အကြင် သရက်သီး အစရှိသည်တို့ကို။ တယာ၊ သင်သည်။ ဒိဋ္ဌာနိ၊ မြင်အပ်ကုန်၏။ ဧတေဟိ အမ္ဗေဟိ စ၊ ထိုသရက်သီးတို့ဖြင့်၎င်း။ ဧတေဟိ ဇမ္ဗူဟိ စ၊ ထိုသပြေသီးတို့ဖြင့်၎င်း။ ဧတေဟိ ပနသေဟိ စ၊ ထိုပိန္နဲသီးတို့ဖွင့်၎င်း။ မေ၊ ငါ့အား။ အလံ၊ အလိုမရှိ။ မယှံ၊ ငါ့အား။ ဥဒုမ္ဗရော၊ ရေသဖန်းသည်သာလျှင်။ ဝရံ၊ ကောင်း၏။

၁၁၆။ သုသုမာရ၊ မိကျောင်း။ ဝတ၊ စင်စစ်။ တေ၊ သင်အား။ ဗောန္ဒိ၊ ကိုယ်သည်ကား။ မဟတီ၊ ကြီး၏။ တဒူပိကာ၊ ထိုကိုယ်အား လျောက်ပတ်သော။ ပညာ စ၊ ပညာသည်တမူကား။ ၊ မရှိ။ တွံ၊ သင့်ကို။ မေ၊ ငါသည်။ ဝဉ္စိတောသိ၊ လှည့်စားရလေပြီ။ ဣဒါနိ၊ ယခုအခါ၌။ ယထာသုခံ၊ အလို အလျောက်။ ဂစ္ဆ၊ သွားလေ။

မိကျောင်းသည် ဥစ္စာတထောင်မှ ရှုံးသောသူကဲ့သို့ ဆင်းရဲခြင်းရှိသည်ဖြစ်၍ နှလုံးမယာယာသည်ဖြစ်၍ မှိုင်လျက်လျှင် မိမိ၏နေရာသို့ သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မိကျောင်း ဖြစ်ဘူးပြီ၊ ယခုအခါ စိဉ္စမာဏဝိကာသည် ထိုအခါ မိကျောင်းမ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မျောက်မင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ပညာဉာဏ်သာ၊ အရာရာ၊ လွန်စွာ အားကိုးသင့်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သုသုမာရဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-နတံဒဠှဝဂ်

၉။ ကုက္ကုဋဇာတ်

မုဆိုး နှင့် တောကြက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဒိဋ္ဌာ မယာ ဝနေ ရုက္ခာ အစရှိသော ဂါထာ ပုဒ်ဖြင့် တန်ဆာဆင်အပ်သောဤ ကုက္ကုဋဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာမထေရ်၏ အတူနေတပည့်ဖြစ်သော ပဉ္စင်းငယ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုပဉ္စင်းငယ်သည် မိမိ၏ကိုယ်ကို စောင့်ရှောက်ခြင်းအမှု၌ လိမ္မာသည် ဖြစ်သတတ်၊ ငါ၏ကိုယ်အား ချမ်းသာခြင်းသည် မဖြစ်ဟု ကြောက်သောကြောင့် အလွန်အေးသည်ကို၎င်း အလွန်ပူသည်ကို၎င်း သုံးဆောင်ခြင်းကိုမပြု၊ အချမ်းအပူတို့ဖြင့် ကိုယ်သည် ပင်ပန်းရာ၏ဟု ကြောက်သောကြောင့် အပသို့ မထွက်၊ အလွန်သောဆွမ်း မနပ်သောဆွမ်း အစရှိသည်တို့ကို မစား၊ ထိုပဉ္စင်းငယ်၏ ကိုယ်ကို စောင့်ရှောက်ခြင်း၌ လိမ္မာသည်၏အဖြစ်သည် သင်္ဃာ့အလယ်၌ ထင်ရှားစွာ ဖြစ်၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသော ငယ်သော ရဟန်းသည် ကိုယ်ကို စောင့်ရှောက်ခြင်းအမှု၌ လိမ္မာသတတ်ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ အရှင်ဘုရား ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဤ ပဉ္စင်းငယ်သည် ယခုအခါ၌ သာလျှင် ကိုယ်ကို စောင့်ရှောက်ခြင်းအမှု၌ လိမ္မာသည် မဟုတ်သေး ရှေး၌လည်း လိမ္မာသည်သာလျှင် ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တောနေရာ၌ သစ်ပင်စောင့်နတ် ဖြစ်၏။ ထိုအခါ၌ တယောက်သော ငှက်မုဆိုးသည် တခုသော တိန်ညင်ဖြစ်သော ကြက်ကိုယူ၍ သားမြီးဖြင့် ကျစ်အပ်သော ကျော့ကွင်းကြိုးကို၎င်း ကျော့ကွင်းတံကို၎င်းယူ၍ တော၌ ကြက်တို့ကို ထောင်လတ်သည်ရှိသော် ပြေး၍ တောသို့ဝင်လေသော တခုသော ကြက်ဟောင်းကို ထောင်အံ့သောငှာ အားထုတ်၏။ ထိုကြက်သည် သားမြီးကွင်း၌ လိမ္မာသည်၏ အဖြစ်ကြောင့် ကိုယ်ကို မိစိမ့်သောငှါ မပေး ပျံ၍ပျံ၍ နား၏။ မုဆိုးသည် ကိုယ်ကို သစ်ခက်ရွက်နုတို့ဖြင့် ဖုံးလွှမ်း၍ အဖန်တလဲလဲ ကျော့ကွင်းတံကို၎င်း ကျော့ကွင်းကို၎င်း ထောင်၏။ ကြက်သည် ထိုမုဆိုးကို ရှက်စေလိုသည်ဖြစ်၍ လူ၌ဖြစ်သော စကားကို မြွက်လို၍-

၁၁၇။ ဒိဋ္ဌာ မယာ ဝနေ ရုက္ခာ၊ အဿကဏ္ဏာ ဝိဘီဋကာ။
န တာနိ ဧဝံ သက္ကန္တိ၊ ယထာ တွံ ရုက္ခ သက္ကသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၁၇။ သမ္မ ရုက္ခ၊ အချင်းသစ်ပင်။ ဝနေ၊ တော၌။ အဿကဏ္ဏာ ရုက္ခာ စ၊ အင်ကြင်းပင်တို့ကို၎င်း။ ဝိဘီဋကာ ရုက္ခာ စ၊ သစ်ဆိမ့်ပင်တို့ကို၎င်း။ မယာ၊ ငါသည်။ ဒိဋ္ဌာ၊ မြင်ဘူးကုန်ပြီ။ တာနိ၊ ထိုသစ်ပင်တို့သည်ကား။ တွံ၊ သင်သစ်ပင်သည်။ သက္ကသိ ယထာ၊ ထိုမှ ဤမှ ရွှေ့သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ န သက္ကန္တိ၊ ထိုမှ ဤမှ မရွေ့ကုန်။

ဤသိုဆို၍ ထိုကြက်သည် ပြေး၍ တပါးသောအရပ်သို့ သွား၏။ ထိုကြက်၏ ပြေး၍ သွားသောကာလ၌ မုဆိုးသည်-

၁၁၈။ ပေါရာဏကုက္ကုဋော အယံ၊ ဘေတွာ ပဉ္ဇရမာဂတော။
ကုသလော ဝါလပါသာနံ၊ အပက္ကမတိ ဘာသတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၁၈။ ပဉ္ဇရံ၊ လှောင်သော ဆောင်းကို။ ဘေတွာ၊ ဘောက်၍။ အာဂတော၊ လာသော။ အယံ ပေါရာဏကုက္ကုဋော၊ ဤကြက်ဟောင်းသည်။ ဝါလပါသာနံ၊ သားမြီး ကျော့ကွင်းတို့၌။ ကုသလော၊ လိမ္မာသည်ဖြစ်၍။ အတ္တာနံ၊ မိမိကိုယ်ကို။ ဗန္ဓိတုံ၊ မိစိမ့်သောငှါ။ အဒတွာ၊ မပေးမူ၍။ အပက္ကမတိ စ၊ ကျော့ကွင်းမှရှောင်လည်းရှောင်၏။ ဘာသတိ စ၊ ငါ့ကိုလည်းဆိုခဲ့၏။ ဘာသိတွာ၊ ဆိုပြီး၍လည်း။ ပလာတော၊ ပြေး၏။

ဤသို့ဆို၍ မုဆိုးသည် တော၌လှည့်ပတ်၍ ရသမျှကိုယူ၍ အိမ်သို့လျှင် ပြန်သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မုဆိုးဖြစ်ဘူးပြီ၊ ယခုအခါ ကိုယ်ကိုစောင့်ခြင်း၌ လိမ္မာသော ငယ်သော ရဟန်းသည် ထိုအခါ ကြက်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါဆိုခဲ့ပြီးသော အကြောင်းကို မျက်မှောက်ပြုသော ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ချင့်ချိန်သင့်စွာ၊ အရာရာ၊ ကိုယ်မှာစောင့်လတ် ဘေးမကပ်

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကုက္ကုဋဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-နတံဒဠှဝဂ်

၁၀။ ကန္ဒဂလကဇာတ်

သစ်တောက်ငှက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အမ္ဘော ကော နာမာယံ ရုက္ခော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကန္ဒဂလကဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားအတုပြုခြင်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကိုချဲ့ဦးအံ့၊ ထိုအခါ ဒေဝဒတ်သည် ဘုရားအတုကိုပြု၏ဟု ဘုရားသခင်သည် ကြားတော်မူ၍ ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ငါ၏ အတုဖြစ်သော အမူအရာကို ပြုခြင်းကြောင့် ပျက်စီးခြင်းသို့ရောက်သည် မဟုတ်သေး၊ ရှေး၌လည်း ရောက်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်၌ သစ်တောက်လောက် ငှက်မျိုး၌ ဖြစ်၏။ ဘုရားလောင်းအား ခဒိရဝနိယဟူသော အမည်သည် ဖြစ်၏။ ရှားတော၌လျှင် အစာကိုယူ၏။ ထိုခဒိရဝနိယအား တခုသော ကန္ဒဂလကအမည်ရှိသောအဆွေခင်ပွန်းသည် ဖြစ်၏။ ထိုကန္ဒဂလကသည် လက်ပံတော ကသစ်တော၌ အစာရှာယူ၏။ ထိုကန္ဒဂလကသည် တနေ့သ၌ ခဒိရဝနိယ၏အထံသို့ သွား၏။ ခဒိရဝနိယသည် ငါ၏အဆွေခင်ပွန်းသည် လာ၏ဟူ၍ ကန္ဒဂလကကိုခေါ်၍ ရှားတောသို့ဝင်၍ ရှားပင်တုံးကို နှုတ်သီးဖြင့်ပေါက်၍ ရှားပင်မှပိုးတို့ကိုထုတ်၍ ထိုကန္ဒဂလကအား ပေး၏။ ကန္ဒဂလကသည် ပေးတိုင်းပေးတိုင်းကုန်သော ပိုးတို့ကို ချိုစွာကုန်သောမုန့်ကဲ့သို့ ဖြတ်၍ဖြတ်၍ စား၏။ ထိုကန္ဒဂလကအား စားစဉ်ပင်လျှင် မာနသည်ဖြစ်၏။ အဘယ်သို့ ဖြစ်သနည်းဟူမူကား ဤခဒိရဝနိယသည်လည်း သစ်တောက်လောက် အမျိုး၌ဖြစ်သော ငှက်တည်း၊ ငါသည်လည်း သစ်တောက်လောက်အမျိုး၌ ဖြစ်သောငှက်တည်း၊ ငါ့အား ထိုခဒိရဝနိယသည် ပေးအပ်သောအစာဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ အလိုလိုသာလျှင် ရှားတော၌ အစာကို ငါယူအံ့ဟု မာနသည်ဖြစ်၏။ ဖြစ်ပြီး၍ ထိုကန္ဒဂလကသည် ခဒိရဝနိယကို အဆွေ သင်သည် ဆင်းရဲကို မခံပါလင့်၊ ငါသည်ပင်လျှင် ရှားတော၌ အစာကိုယူအံ့ဟု ဆို၏။

ထိုအခါ၌ ကန္ဒဂလကကို ခဒိရဝနိယသည် အဆွေ သင်သည် လက်ပံတော ကသစ်တောဝယ် အနှစ်မရှိသောသစ်ပင်၌ အစာယူသောအမျိုး၌ ဖြစ်၏။ ရှားပင်တို့မည်သည်ကား ဇာတ်အားဖြင့် အနှစ်ရှိကုန်၏။ ချင်ချင်မာကုန်၏။ သင်သည် ဤသို့အလိုလိုအစာယူခြင်းကို မနှစ်သက်လင့်ဟု ဆို၏။ ကန္ဒဂလကသည် ငါသည် သစ်တောက်လောက် အမျိုး၌ဖြစ်သော ငှက်မဟုတ်ပါလောဟု ခဒိရဝနိယ၏စကားကို မယူမူ၍ လျင်မြန်စွာပျံ၍ ရှားပင်ကို နှုတ်သီးဖြင့် ပေါက်၏။ ထိုခဏ၌လျှင် ထိုကန္ဒဂလက၏ နှုတ်သီးသည် ပြတ်၏။ မျက်လုံးတို့သည် ထွက်သောအခြင်းအရာသို့ ရောက်ကုန်၏။ ဦးခေါင်းသည် ကွဲ၏။ ထိုကန္ဒဂလကသည် ပင်စည်၌ တည်အံ့သောငှါ မစွမ်းနိုင်သည်ဖြစ်၍ မြေသို့ကျ၍-

၁၁၉။ အမ္ဘော ကော နာမယံ ရုက္ခော၊ သိန္နပတ္တော သကဏ္ဋကော။
ယတ္ထ ဧကပ္ပဟာရေန၊ ဥတ္တမင်္ဂံ ဝိဘိဇ္ဇိတံ။

ဟူသော ရှေးဦးစွာသောဤဂါထာကို ဆို၏။

၁၁၉။ အမ္ဘာ၊ အဆွေ ခဒိရဝနိယ။ ယတ္ထ၊ အကြင်သစ်ပင်၌။ ဧကပ္ပဟာန၊ တချက်တည်းသာ ပေါက်မိသဖြင့်။ ဥတ္တမင်္ဂံ၊ ဦးခေါင်းသည်။ ဝိဘိဇ္ဇိတံ၊ ကွဲ၏။ သကဏ္ဋကော၊ အဆူးရှိထသော။ သိန္နပတ္တော၊ သေးသောအရွက်ရှိထသော။ အယံ ရုက္ခာ၊ ဤသစ်ပင်သည်ကား။ ကောနာမ၊ အဘယ်မည်သောသစ်ပင်နည်း။

ထိုကန္ဒဂလက၏ စကားကို ကြား၍ ခဒိရဝနိယသည်-

၁၂၀။ အစာရိ ဝတာယံ ဝိတုဒံ ဝနာနိ၊ ကဋ္ဌဂ္ဂရုက္ခေသု အသာရကေသု။
အထာသဒါ ခဒိရံ ဇာတသာရံ၊ ယတ္ထဗ္ဘိဒါ ဂရုဠော ဥတ္တမင်္ဂံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။

၁၂၀။ ဘော ကန္ဒဂလက၊ အို ကန္ဒဂလက။ ဂရုဠော၊ ငှက်မြတ်ဖြစ်သော။ အယံ-ဤဒိသော၊ ဤသို့သဘောရှိသော။ တွံ၊ သင်သည်။ ဝနာနိ၊ အနှစ်မရှိကုန်သော လက်ပံတော ကသစ်တောတို့ကို။ ဝိတုဒံ-ဝိတုဒန္ဒော၊ ထွင်းလျက်။ အသာရကေသု၊ အနှစ်မရှိကုန်သော လက်ပံကသစ် အစရှိကုန်သော။ ကဋ္ဌဂ္ဂရုက္ခေသု၊ ထင်းအစုသာ ဖြစ်ကုန်သော သစ်ပင်တို့၌။ ဝတ၊ စင်စစ်။ အစာရိ၊ ကျက်စား လှလေပြီ။ အထ၊ ထို့နောင်မှ။ ဇာတသာရံ၊ ဇာတ်ကားဖြင့် အနှစ်ရှိသော။ ခဒိရံ၊ ရှားတောသို့။ အာသဒါ ပါပုဏိ၊ ရောက်လာ၏။ ပါပုဏိတွာ၊ ရောက်လာ၍။ ယတ္ထ၊ အကြင်သစ်ပင်၌။ ဥတ္တမင်္ဂံ၊ ဦးခေါင်းကို။ အဗ္ဘိဒါ၊ ခွဲ၏။ သော သာရရုက္ခော၊ ထိုအနှစ်ရှိသောသစ်ပင်သည်။ ခဒိရော နာမ၊ ရှားပင်မည်၏။

ထိုကန္ဒဂလကသည် ထိုအရပ်၌လျှင် အသက်ကုန်ခြင်းသို့ ရောက်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကန္ဒဂလက ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ခဒိရဝနိယ ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

အထင်ကြီးက၊ ပျက်စီးရ၊ ဒုက္ခ ကိုယ်ပင်တွေ့

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကန္ဒဂလကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၁။ သောမဒတ္တဇာတ်

ကြောက်တတ်သော ပုဏ္ဏား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အကာသိ ယောဂ္ဂံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသောမဒတ္တဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လာဠုဒါယီမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကိုချဲ့ဦးအံ့၊ ထိုလာဠုဒါယီသည် နှစ်ယောက် သုံးယောက်ကုန်သောသူတို့၏ အတွင်း၌ တခွန်းသောစကားကိုလည်း ပြည့်စုံစေ၍ ဆိုအံ့သောငှါ မစွမ်းနိုင်၊ ရွံ့ရှားခြင်းများသည်ဖြစ်၍ တပါးကို ဆိုအံ့ဟူ၍ တပါးကိုသာလျှင် ဆိုမိ၏။ ထိုလာဠုဒါယီမထေရ်၏ ထိုအကြောင်းကို ရဟန်းတို့သည် တရားသဘင်၌ ပြောဟောကုန်လျက် နေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ လာဠုဒါယီသည် ယခုခါ၌သာလျှင် ရွံရှားခြင်းများသည် မဟုတ်သေး၊ ရှေး၌လည်း ရွံရှားခြင်းများသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် တဦးသော ပုဏ္ဏားမျိုးဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ အတတ်ကိုသင်၍ တဖန် အိမ်သို့လာလတ်၍ အမိအဘတို့၏ ဆင်းရဲသည်၏ အဖြစ်ကိုသိ၍ ယုတ်မာသောအမျိုးမှ မြတ်သောအမျိုးကို ဖြစ်စေအံ့ဟူ၍ အမိအဘတို့ကိုပန်၍ ဗာရာဏသီသို့သွား၍ မင်းကို ခစား၏။ မင်းသည် ချစ်မြတ်နိုးသည် ဖြစ်၏။ ထိုအခါ သောမဒတ္တ၏ နွားနှစ်ခုတို့ဖြင့်လျှင်ထွန်၍ အသက်ကိုမွေးသော အဘ၏ ထိုနွားနှစ်ခုတို့တွင် နွားတခုသည် သေ၏။ ထိုပုဏ္ဏားသည် ဘုရားလောင်းသို့ကပ်၍ ချစ်သား တခုသော နွားသည် သေ၏။ ထွန်ခြင်းအမှုသည် မဖြစ်နိုင်၊ ထို့ကြောင့် သင်သည် မင်းကို နွားတခုကို တောင်းလော့ဟုဆို၏။ ဘခင် ငါသည် မင်းကို မြင်ရသည်ကား မမြင့်သေး၊ ယခုအခါ၌လျှင် ငါသည် မင်းကို နွားတောင်းအံ့သောငှါ မသင့်၊ သင်တို့ပင်လျှင် တောင်းကုန်လောဟု ဘုရားလောင်းသည် ဆို၏။ ချစ်သား သင်သည် ငါ၏ ရှက်ကြောက် ရွံရှားခြင်းများသည်၏အဖြစ်ကိုမသိ၊ ထိုစကားသည်မှန်၏။ ငါသည် နှစ်ယောက် သုံးယောက်ကုန်သော သူတို့၏ မျက်မှောက်၌ စကားကို ပြည့်စုံစိမ့်သောငှါ မစွမ်းနိုင်၊ ငါသည် မင်း၏အထံသို့ နွားကိုတောင်းအံ့သောငှါ အကယ်၍ သွားအံ့၊ ဤနွားကိုလည်း ပေးခဲ့မိ၍ လာလတ္တံ့ ဟု ပုဏ္ဏားသည် ဆို၏။ ဘခင် ဖြစ်လိုရာရာဖြစ်စေ၊ ငါသည် မင်းအားနွားကို တောင်းအံ့သောငှါ မစွမ်းနိုင်၊ စင်စစ်သော် ငါသည် သင်တို့ကို အတတ်ပညာ သင်ခြင်းကို ပြုအံ့ဟု ဘုရားလောင်းသည်ဆို၏။ ထိုသို့တပြီးကား ကောင်း၏။ ငါ့ကို အတတ်ပညာ သင်ခြင်းကို ပြုလော့ဟု ဆိုသည်ရှိသော်-

ဘုရားလောင်းသည် အဘကို ခေါ်၍ ဗီရဏထမ္ဘက အမည်ရှိသော သုသာန်သို့သွား၍ ထိုထိုအရပ်၌ မြက်စုတို့ကိုစည်း၍ ဤကား မင်းတည်း၊ ဤကား အိမ်ရှေ့မင်းတည်း၊ ဤကား စစ်သူကြီးတည်း၊ ဤသို့ အမည်ကိုပြု၍ အစဉ်အားဖြင့်ပြ၍ ဘခင် သင်သည် မင်း၏အထံသို့သွား၍ မင်းမြတ် အရှင်သည် အောင်တော်မူစေသတည်းဟု ဆိုလော့၊ ဆိုပြီး၍-

ဒွေ မေ ဂေါဏာ မဟာရာဇာ၊ ယေဟိ ခေတ္တံ ကသာမသေ။
တေသု ဧကော မတော ဒေဝ၊ ဒုတိယံ ဒေဟိ ခတ္တိယ။

ဟူသော ဂါထာကိုရွတ်၍ နွားကို တောင်းလောဟု ဂါထာကို သင်စေ၏။

မဟာရာဇ၊ မင်းမြတ်။ မေ၊ အကျွန်ုပ်အား။ ဒွေ ဂေါဏာ၊ နွားနှစ်ခုတို့သည်။ သန္တိ၊ ရှိကုန်၏။ ယေဟိ၊ အကြင်နွားနှစ်ခုတို့ဖြင့်။ မယံ၊ အကျွန်ုပ်တို့သည်။ ခေတ္တံ၊ လယ်ကို။ ကသာမသေ၊ ထွန်ကုန်၏။ ဒေဝ၊ မင်းမြတ်။ တေသု၊ ထိုနွားနှစ်ခုတို့တွင်။ ဧကော၊ နွားတခုသည်။ မတော၊ သေ၏။ ခတ္တိယ၊ မင်းမြတ်။ ဒုတိယံ၊ အဘော်ဖြစ်သောနွားကို။ ဒေဟိ၊ ပေးတော်မူပါလော့။

ဤသို့ ပုဏ္ဏားသည် တနှစ်လည်သဖြင့် ဂါထာကို လေ့လာသည်ကို ပြု၍ ဘုရားလောင်းကို ချစ်သား သောမဒတ် ဂါထာသည် လေ့လာသည်ဖြစ်ပြီး၊ ယခုအခါ ငါသည် အမှတ်မရှိသောသူ၏ အထံ၌ ဆိုအံ့သောငှါ စွမ်းနိုင်၏။ ငါ့ကို မင်း၏အထံသို့ ဆောင်လော့ဟု ဆို၏။ ဘုရားလောင်းသည် ဘခင် ကောင်းပြီဟုဆို၍ သင့်တင့်လျောက်ပတ်သော လက်ဆောင်ကို ယူစေ၍ အဘကို မင်း၏အထံသို့ ဆောင်၏။ ပုဏ္ဏားသည် မင်းမြတ် အရှင်သည် အောင်စေသတည်းဟုဆို၍ လက်ဆောင်ကို ဆက်၏။ မင်းသည်လည်း သောမဒတ် ဤပုဏ္ဏားသည် သင်နှင့်အဘယ်သို့တော်ကြသနည်းဟု မေး၏။ မင်းမြတ် အကျွန်ုပ်၏ အဘတည်းဟု သောမဒတ်သည် လျှောက်၏။ အဘယ်အမှုကြောင့် လာသနည်းဟု မင်းသည် မေး၏။ ထိုခဏ၌ ပုဏ္ဏားသည် နွားကိုတောင်းအံ့သောငှာ-

ဒွေ မေ ဂေါဏာ မဟာရာဇ၊ ယေဟိ ခေတ္တံ ကသာမသေ။
တေသု ဧကော မတော ဒေဝ၊ ဒုတိယံ ဂဏှ ခတ္တိယ။

ဟူသော ဤဂါထာကိုဆို၏။

မဟာရာဇ၊ မင်းမြတ်။ မေ၊ အကျွန်ုပ်အား။ ဒွေ ဂေါဏာ၊ နွားနှစ်ခုတို့သည်။ သန္တိ၊ ရှိကုန်၏။ ယေဟိ၊ အကြင် နွားနှစ်ခုတို့ဖြင့်။ မယံ၊ အကျွန်ုပ်တို့သည်။ ခေတ္တံ၊ လယ်ကို။ ကသာမသေ၊ ထွန်ပါကုန်၏။ ဒေဝ၊ မင်းမြတ်။ တေသု၊ ထိုနွားနှစ်ခုတို့တွင်။ ဧကော၊ နွားတခုသည်။ မတော၊ သေ၏။ ခတ္တိယ၊ မင်းမြတ်။ ဒုတိယံ၊ နှစ်ခုမြောက်ဖြစ်သောနွားကို။ ဂဏှ၊ ယူတော်မူလော့။

မင်းသည် ပုဏ္ဏား ချွတ်ယွင်း၍ ဆိုသည်၏ အဖြစ်ကိုသိ၍ ရယ်ခြင်းကိုပြုလျက် သောမဒတ် သင်တို့၏အိမ်၌ နွားတို့သည် များကုန်ယောင်တကားဟုဆိုသည်ရှိသော် မင်းမြတ် နွားတို့ကို အရှင်မင်းမြတ်သည် ပေးတော်မူအပ်ကုန်သည်ဖြစ်၍ များကုန်လတ္တံ့ ဟု သောမဒတ် လျှောက်၏။ မင်းသည် ဘုရားလောင်းအားနှစ်သက်၍ ပုဏ္ဏားအား တဆယ့်ခြောက်ခုသော နွားတို့ကို၎င်း၊ ထိုပုဏ္ဏား၏ နေသောရွာကို၎င်း မြတ်သောပေးခြင်းဖြင့် ပေးလိုက်၍ များသောအခြံအရံဖြင့် ပုဏ္ဏားကို လွှတ်လိုက်၏။ ပုဏ္ဏားသည် ကိုယ်လုံးဖြူသော သိန္ဓောမြင်းတို့ဖြင့် က, အပ်သော ရထားကိုစီး၍ များစွာသော အခြံအရံဖြင့် ရွာသို့သွား၏။ ဘုရားလောင်းသည် အဘနှင့်တကွ ရထားစီး၍ သွားသည်ရှိသော် ဘခင် ငါသည် သင်တို့ကို တနှစ်ပတ်လုံး လေ ကျက်ခြင်းကို ပြုစေ၏။ ထိုသို့ပြုစေပါလျက် တောင်းခြင်းကို ပြီးစေသော ကာလ၌ သင်တို့၏ နွားကိုမင်းအား ပေး၏ဟု ဆိုလို၍-

၁၂၁။ အကာသိ ယောဂံ ဓုဝမပ္ပမတ္တော၊
သံဝစ္ဆရံ ဗီရဏထမ္ဘကသ္မိံ၊
ဗျာကာသိ အညံ ပရိသံ ဝိဂယှ၊
န နိယျမော တာယတိ အပ္ပပညံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၂၁။ တာတ၊ ဘခင်။ ဓုဝံ၊ မပြတ်။ အပ္ပမတ္တော၊ မမေ့မလျော့။ သံဝစ္ဆရံ၊ တနှစ်ပတ်လုံး။ ဗီရဏထမ္ဘကသ္မိံ၊ ဗီရဏထမ္ဘကသုသာန်၌။ ယောဂံ၊ လေ့ကျက်ခြင်းကို။ ဗျာကာသိ၊ ပြု၏။ ပန၊ ထိုသို့လျက်။ ပရိသံ၊ ပရိသတ်သို့။ ဝိဂယှ၊ ဝင်၍။ အညံ၊ တပါးကို။ ဗျာကာသိ၊ ဆို၏။ အပ္ပပညံ၊ ပညာနည်းသောသူကို။ နိယျမော၊ အမြဲလေ့ကျက်ခြင်းသည်။ န တာယတိ၊ မစောင့်မရှောက်။

ထိုအခါ ဘုရားလောင်း၏ စကားကိုကြား၍ ပုဏ္ဏားသည်-

၁၂၂။ ဒွယံ ယာစကော တာတ၊ သောမဒတ္တ နိဂစ္ဆတိ။
အလာဘံ ဓန လာဘံ ဝါ၊ ဧဝံ ဓမ္မာဟိ ယာစနာ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၂၂။ တာတ သောမဒတ္တ၊ ချစ်သား သောမဒတ်။ ဓနံ၊ ဥစ္စာကို။ ယာစကော၊ တောင်းသောသူသည်။ အလာဘံ ဝါ၊ မရခြင်းကို၎င်း။ လာဘံ ဝါ၊ ရခြင်းကို၎င်း။ ဣတိ၊ ဤသို့။ ဒွယံ၊ နှစ်ပါးသော အပြားသို့။ နိဂစ္ဆတိ၊ ရောက်တတ်၏။ ဟိ-သစ္စံ၊ မှန်၏။ ယာစနာ၊ တောင်းခြင်းသည်။ ဧဝံ ဓမ္မာ၊ ဤသို့ သဘောရှိ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ လာဠုဒါယီသည် ယခုအခါ၌သာလျှင် ကြောက်ရှက် ရွံရှားတတ်သော အဖြစ်များသည် မဟုတ်သေး၊ ရှေး၌လည်း ကြောက်ရှက် ရွံရှားတတ်သောအဖြစ်များသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ လာဠုဒါယီသည် ထိုအခါ သောမဒတ်အဘ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သောမဒတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကြောက်တတ်များက၊ မှားတတ်လှ၊ သူရ နေ့စဉ်လေ့

ရှေးဦးစွာသော သောမဒတ္တဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၂။ ဥစ္ဆိဋ္ဌဘတ္တဇာတ်

စားကြွင်းစားပုဏ္ဏား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အညော ဥပရိမော ဝဏ္ဏော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာ ဆင်အပ်သော ဤဥစ္ဆိဋ္ဌဘတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖျားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့သည်ဟူ၍ ငါကြားရသည်ကား မှန်သလောဟု မြတ်စွာဘုရားသည် မေးတော်မူလတ်သည်ရှိသော် မှန်ပေ၏ဟု နားတော်လျောက်၏။ သင့်ကို အဘယ်သူသည် ငြီးငွေ့စေသနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား မယားဟောင်းသည် ငြီးငွေ့စေအပ်၏ဟု နားတော်လျောက်၏။ ထိုအခါ၌ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း ဤမိန်းမသည် သင်၏ အကျိုးစီးပွားမဲ့ကိုသာ ပြုတတ်၏။ ရှေး၌လည်း မိမိ၏ သယောက်လင်၏ စားကြွင်းထမင်းကို ကျွေးဘူးပြီတကားဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တဦးသော ထမင်းကို လှည့်ပတ်တောင်းစား၍ အသက်မွေးရသော နဋအမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ဆင်းရဲသည်။ မကောင်းသောအဆင်းနှင့် ပြည့်စုံသည်ဖြစ်၍ ထမင်းကို လှည့်ပတ်တောင်းစား၍ အသက်ကို မွေး၏။ ထိုအခါ ကာသိတိုင်းဝယ် တခုသောရွာငယ်၌ တယောက်သော ပုဏ္ဏား၏ ပုဏ္ဏေးမသည် သီလမရှိသည် ဖြစ်၏။ ထိုပုဏ္ဏေးမသည် ထိုသယောက်လင်နှင့်တကွ အလွန်အကျူးကိုကျင့်၍ အတန်ငယ်နေဦးလော့ ဦးသောအစာ၌သာလျှင် စားရလတ္တံ့ဟုဆို၍ ထမင်းကို ပြည့်စုံစေ၍ အမဲဟင်းလျာနှင့် ပြည့်စုံသော နွေးသောထမင်းကိုခူး၍ စားလော့ဟု ထိုသယောက်လင်အားပေး၍ မိမိသည် ပုဏ္ဏား၏ လာခြင်းကိုမျှော်လျက် တံခါး၌ ရပ်၏။ ဘုရားလောင်းသည် ပုဏ္ဏေးမ၏ သယောက်လင်စားရာအရပ်၌ ထမင်းကို တောင့်တလျက် ရပ်၏။ ထိုခဏ၌ ပုဏ္ဏားသည် အိမ်သို့ ရှေးရှုလာ၏။ ပုဏ္ဏေးမသည် ထိုပုဏ္ဏား လာလတ်သည်ကို မြင်၍ လျင်မြန်စွာဝင်၍ ထလော့ ပုဏ္ဏားသည် လာ၏ဟု သယောက်လင်ကို ကျီတွင်းသို့ သွင်း၏။ ပုဏ္ဏားသည်ဝင်၍ နေသောကာလ၌ ဆေးရေခံခွက်ကိုဆောင်၍ လက်ဆေးရေကိုပေး၍ သယောက်လင်၏ စားကြွင်းဖြစ်သော အေးသောထမင်း၏အပေါ်၌ နွေးသောထမင်းကိုခူး၍ ပုဏ္ဏားအား ပေး၏။ ထိုပုဏ္ဏားသည် ထမင်း၌ လက်ကိုချ၍ အထက်၌ပူသော အောက်၌အေးသော ထမင်းကိုမြင်၍ ဤထမင်းသည်ကား တပါးသောလူ၏ စားကြွင်းဖြစ်ရာ၏ဟုကြံ၏။ ကြံပြီး၍ ထိုပုဏ္ဏားသည် ပုဏ္ဏေးမကို မေးလိုရကား-

၁၂၃။ အညော ဥပရိမော ဝဏ္ဏော၊ အညော ဝဏ္ဏော အဓောဋ္ဌိမော။
ဗြာဟ္မဏီတွေဝ ပုစ္ဆာမိ၊ ကိံ ဟေဋ္ဌာ ကိဉ္စ ဥပ္ပရိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၂၃။ ဗြာဟ္မဏီ၊ ပုဏ္ဏေးမ။ ဘတ္တဿ၊ ထမင်း၏။ ဥပရိမော ဝဏ္ဏော၊ အထက်ဖြစ်သော အခြင်းအရာ သည်ကား။ အညော၊ တပါးတည်း။ အဓောဋ္ဌိမော၊ အောက်ဖြစ်သော။ ဝဏ္ဏော၊ အခြင်းအရာသည်ကား။ အညော၊ တပါးတည်း။ တွေဝ၊ သင့်ကိုသာလျှင်။ ပုစ္ဆာမိ၊ ငါမေး၏။ ဟေဋ္ဌာ၊ အောက်ထမင်းကား။ ကိံ၊ အသို့နည်း။ ဥပ္ပရိ၊ အထက်ထမင်းကား။ ကိဉ္စ၊ အသို့နည်း။

ပုဏ္ဏမသည် မိမိသည် ပြုအပ်သောအမှု၏ ထင်ရှားအံ့သည်မှ ကြောက်သောကြောင့် ပုဏ္ဏားသည် အဖန်တလဲလဲ မေးသော်လည်း ဆိတ်ဆိတ်နေသည်သာလျှင် ဖြစ်၏။ ထိုခဏ၌ နဋအမျိုးသားအား ကျီ၌နေစေအပ်သောယောက်ျားသည် သယောက်လင် ဖြစ်၏။ ဤပုဏ္ဏားသည် အိမ်ရှင်ဖြစ်ရာ၏။ ပုဏ္ဏေးမသည်တမူကား မိမိပြုအပ်သောအမှု၏ ထင်ရှားအံ့သည်အဖြစ်မှ ကြောက်သောကြောင့် တစုံတခုသော စကားကို မဆို၊ ယခု ငါသည် ဤပုဏ္ဏေးမသည် ပြုအပ်သောအမှုကို ထင်ရှားပြ၍ သယောက်လင်ကို ကျီထဲ၌ နေစေသည်၏အဖြစ်ကို ပုဏ္ဏားအားဆိုအံ့၊ ဤသို့အကြံသည်ဖြစ်၏ ကြံပြီး၍ ထိုနဋ္ဋအမျိုးသားဖြစ်သောသူသည် ပုဏ္ဏား၏ အိမ်မှထွက်သော ကာလမှစ၍ သယောက်လင်သည် အိမ်သို့ဝင်ခြင်းကို၎င်း အလွန်အကျူးကျင့်ခြင်းကို၎င်း ထမင်းစားခြင်းကို၎င်း ပုဏ္ဏေးမသည် တံခါး၌ရပ်၍ ခရီးကို မျှော်ခြင်းကို၎င်း သယောက်လင်သည် ကျီဝင်သည်၏ အဖြစ်ကို၎င်း အလုံးစုံသော ထိုအကြောင်းကို ကြားလို၍-

၁၂၄။ အဟံ နဋောသ်မိ ဘဒ္ဒန္တေ၊ ဘိက္ခကောသ္မိ ဣဓာဂတော။
အယံ ဟိ ကောဋ္ဌမောတိဏ္ဏာ၊ အယံ သော ယံ ဂဝေသသိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၂၄။ ဘဒ္ဒန္တေ၊ အိုအရှင်ပုဏ္ဏား။ အဟံ၊ ငါသည်။ နဋော၊ နဋအမျိုးသည်။ အသ္မိ၊ ဖြစ်၏။ ဘိက္ခကော၊ ထမင်းတောင်းလို၍။ ဣဓ၊ ဤအရပ်သို့။ အာဂတော၊ လာသည်။ အသ္မိ၊ ဖြစ်၏။ တွံ၊ သင်သည်။ ယံ၊ အကြင်သူကို။ ဣမိနာ၊ ဤထမင်းသည်။ ကဿ နုခါ၊ အဘယ်သူ၏လျှင်။ ဥစ္ဆိဋ္ဌကေန၊ စားကြွင်းထမင်းသည်။ ဘဝိတဗ္ဗံ၊ ဖြစ်လေရာသနည်း။ ဣတိ၊ ဤသို့။ ဂဝေသသိ၊ ရှာ၏။ ဣမံ ဘတ္တံ၊ ဤထမင်းကို။ ဘုဉ္ဇန္တော၊ စားသော။ အယံဟိ၊ ဤပုဏ္ဏေးမ၏ သယောက်လင်သည်ကား။ တဝ၊ သင်မှ။ ဘယေန၊ ကြောက်သောကြောင့်။ ကောဋ္ဌံ၊ ကျီထဲသို့။ ဩတိဏ္ဏော၊ ဝင်၏။ အယံ၊ ဤသူသည်။ သော၊ ထိုသူပင်တည်း။

ထိုသူကို ဥသျှောင်ကိုဆွဲ၍ ကျီမှထုတ်၍ နောင်တဖန် ဤသို့ သဘောရှိသော ယုတ်မာသောအကျင့်ကို မကျင့်ဝံ့အောင် ဆုံးမလော့ဟုဆို၍ ဖဲ၏။ ပုဏ္ဏားသည် ထိုနှစ်ယောက်သော သူတို့ကိုလည်း ခြိမ်းမောင်းခြင်း သတ်ပုတ်ခြင်းတို့ဖြင့် အကြင်သို့ ပြုသည်ရှိသော် တဖန် ဤသို့သဘောရှိသော အမှုကို မပြုဝံ့ကုန်၊ ထိုသို့သော အခြင်းအရာအားဖြင့် ပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကိုအဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ မယားဟောင်းသည် ထိုအခါ ပုဏ္ဏေးမ ဖြစ်ဘူးပြီ၊ ယခုအခါ ငြီးငွေ့သောရဟန်းသည် ထိုအခါပုဏ္ဏား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ နဋအမျိုးသားဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သင့်ကိုဖြားယောင်း၊ မယားဟောင်း၊ နောက်နှောင်းဝတ္ထု ကျိုးမဲ့ပြု

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဥစ္ဆိဋ္ဌဘတ္တဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၃။ ဘရုဇာတ်

လာဘ်စားသောမင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဣသီနမန္တရံ ကတွာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဘရုဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကေသလမင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ မြတ်စွာဘုရားအား၎င်း ရဟန်းအပေါင်းအား၎င်း ပစ္စည်းလေးပါးတည်းဟူသော လာဘ်ပူဇော် ဝိသေသတည်းဟူသော သက္ကာရသည် များစွာ ဖြစ်၏။ ငါသည် ဆိုအပ်သော စကား၏ သက်သေဖြစ်သော အဘယ်သို့သောစကားကို ဟောတော်မူသနည်း ဟူမူကား ထိုအခါ မြတ်စွာဘုရားကို ကောင်းစွာ ပြုအပ်သည်ဖြစ်၏။ အလေးအမြတ် ပြုအပ်သည်ဖြစ်၏။ မြတ်နိုးအပ်သည်ဖြစ်၏။ ပူဇော်အပ်သည်ဖြစ်၏။ အရိုအသေပြုသည်ဖြစ်၏။ သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏အထောက်အပံ့ဖြစ်သော ဆေးတည်းဟူသော အသက်၏ အရံအတားတို့ကို ရတော်မူသည်ဖြစ်၏။ ရဟန်းအပေါင်းကိုလည်းကောင်းစွာ ပြုအပ်သည်ဖြစ်၏။ အလေးအမြတ် ပြုအပ်သည်ဖြစ်၏။ မြတ်နိုးအပ်သည် ဖြစ်၏။ ပူဇော်အပ်သည်ဖြစ်၏။ အရိုအသေပြုအပ်သည်ဖြစ်၏။ ရဟန်းအပေါင်းသည် သင်္ကန်း ဆွမ်းကျောင်း, သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးတည်းဟူသော အရံအတားတို့ကို ရသည်ဖြစ်၍ အညတိတ္ထိယဖြစ်ကုန်သော ပရဗိုဇ်တို့သည်ကား ကောင်းစွာ ပြုအပ်ကုန်သည် မဖြစ်ကုန်၊ အလေးအမြတ် ပြုအပ်ကုန်သည် မဖြစ်ကုန်၊ မြတ်နိုးအပ်ကုန်သည်မဖြစ်ကုန်၊ ပူဇော်အပ် အရိုအသေပြုအပ်ကုန်သည် မဖြစ်ကုန်၊ ပရိဗိုဇ်တို့သည် သင်္ကန်း ဆွမ်း ကျောင်း, သူနာတို့၏အထောက်အပံ့ဖြစ်သော ဆေးတည်းဟူသော အရံအတားတို့ကို ရကုန်သည်မဖြစ်ကုန်ဟု ဟောတော်မူဘူး၏။

ထိုတိတ္ထိတို့သည် ဤသို့ လာဘ်ပူဇော် သက္ကာရမှယုတ်ကုန်၍ နေ့ညဉ့်ပတ်လုံး လွန်စွာစည်းဝေးခြင်းကို ပြုကုန်၍ အရှင်တို့ ရဟန်းဂေါတမ၏ ဖြစ်ထွန်းသော ကာလမှစ၍ ငါတို့သည် ပြတ်သော လာဘသက္ကာရ ရှိကုန်သည် ဖြစ်ကုန်၏။ ရဟန်းဂေါတမသည်ကား လာဘအစု၊ အကျော်အစော အခြံအရံ အစုကိုရသည် ဖြစ်၏။ အဘယ်အကြောင်းကြောင့်လျှင် ထိုရဟန်းဂေါတမအား ထိုပြည့်စုံခြင်းသည် ဖြစ်သနည်းဟု တိုင်ပင်ကြကုန်၏။ ထိုသို့တိုင်ပင်ကြရာ၌ အချို့ကုန်သော အညတိတ္ထိယတို့သည် အရှင်တို့ ရဟန်းဂေါတမသည် ဇမ္ဗူဒိပ်ကျွန်းအလုံး၏ မြတ်သောဌာနဖြစ်သော မြေတို့၏ အထွတ်အထိပ်၌ နေရ၏။ ထို့ကြောင့် ထိုရဟန်းဂေါတမအား လာဘသက္ကာရသည် ဖြစ်၏ဟု ဆိုကုန်၏။ ကြွင်းကုန်သော အညတိတ္ထိယတို့သည်ကား အရှင်တို့ ထိုအရှင်တို့ဆိုသော အကြောင်းသည် ရှိ၏။ ငါတို့သည် ဇေတဝန်အပြင်၌ တိတ္ထိတို့၏အရံကို ပြုကြကုန်အံ့၊ ဤသို့ ပြုကုန်သည်ရှိသော် လာဘရှိကုန်သည် ဖြစ်လတ္တံ့ဟု ဆိုကုန်၏။ ထိုအလုံးစုံသော တိတ္ထိတို့သည်လည်း ထိုစကားသည် ကောင်းပြီဟု အပြီးသတ်ခြင်းကို ပြုကုန်၍ ငါတို့သည် မင်းအား မကြားကုန်မူ၍ အရံကို အကယ်၍ ပြုကုန်အံ့၊ ရဟန်းတို့သည် မြစ်ကုန်လတ္တံ့၊ တံစိုးကိုရ၍ မပျက်သောမည်သည်ကား မရှိ၊ ထို့ကြောင့် မင်းအား တံစိုးကို ပေးကုန်၍ အရံရာကို ယူကုန်အံ့ဟု တိုင်ပင်ကြ ကုန်၍ အလုပ်အကျွေးတို့ကို တောင်းကုန်၍ မင်းအား တသိန်းသော လက်ဆောင်ကို ပေးကုန်၍ မင်းမြတ် ငါတို့သည် ဇေတဝန်အပြင်၌ တိတ္ထိတို့၏အရံကို ပြုကုန်အံ့၊ ရဟန်းတို့သည် ပြုစိမ့်သောငှာ မပေးကုန်အံ့ဟူ၍ အရှင်မင်းကြီးတို့အား အကယ်၍ လာကုန်အံ့၊ ထိုရဟန်းတို့အား စကားကို မပေးပါလင့်ဟု ဆိုကုန်၏။ မင်းသည် တံစိုး၌တပ်မက်မောခြင်းကြောင့် ကောင်းပြီဟု ဝန်ခံ၏။

တိတ္ထိတို့သည် မင်းမိန့်ကို ကောင်းစွာယူကုန်၍ လက်သမားတို့ကို ခေါ်စေကုန်၍ အမှုတို့ကို ဖြစ်စေကုန်၏။ ကျယ်စွာသော အသံရှိသည် ဖြစ်၏။ မြတ်စွာဘုရားသည် အာနန္ဒာ ကျယ်စွာသော အသံရှိကုန်သော ထိုသူတို့သည်ကား အဘယ်သူတို့နည်းဟု မေးတော်မူ၏။ အာနန္ဒာသည် အရှင်ဘုရား အညတိတ္ထိယတို့သည် ဇေတဝန်အပြင်၌ တိတ္ထိတို့၏အရံကို ပြုကုန်၏။ ထိုအသံသည်ကား ထိုအရံပြုရာ၌ဖြစ်သော အသံတည်းဟု လျှောက်၏။ အာနန္ဒာ ထိုအရပ်သည်ကား တိတ္ထိတို့၏အရံအား မလျောက်ပတ်၊ တိတ္ထိတို့သည် ကျယ်သောအသံကို အလိုရှိကုန်၏။ ထိုတိတ္ထိတို့နှင့်တကွ နေအံ့သောငှါ မတတ်ကောင်းဟု မိန့်တော်မူ၍ ရဟန်းအပေါင်းကို စည်းဝေးစေ၍ ရဟန်းတို့ သင်တို့သည် သွားကြကုန်၍ မင်းအား ကြားကုန်၍ အညတိတ္ထိယတို့၏ အရံပြုခြင်းကို မြစ်ကုန်လော့ဟု မိန့်တော်မူ၏။ ရဟန်းအပေါင်းသည်သွား၍ မင်း၏နန်းတံခါး၌ ရပ်၏။ မင်းသည် သင်္ဃာလာသည်၏အဖြစ်ကို ကြား၍လည်း အညတိတ္ထိယတို့၏ အရံကိုမှီကုန်၍ လာကုန်သည် ဖြစ်ကုန်လတ္တံ့ဟု နှလုံးသွင်း၍ တံစိုးကို ယူမိသည်၏အဖြစ်ကြောင့် မင်းသည် နန်းတော်၌မရှိဟု ဆိုစေ၏။ ရဟန်းတို့သည် လာကုန်၍ မြတ်စွာဘုရားအား လျှောက်ကုန်၏။ မြတ်စွာဘုရားသည် တံစိုးကိုအမှီပြု၍ မင်းသည် ဤသို့ ပြု၏ဟု သိတော်မူ၍ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကို စေတော်မူ၏။ မင်းသည် ထိုနှစ်ပါးကုန်သော အဂ္ဂသာဝကတို့၏လည်း လာသည်၏ အဖြစ်ကိုလည်းသိ၍ ထို့အတူ၎င်းလျှင် ဆိုစေ၏။ ထိုနှစ်ပါးကုန်သော အဂ္ဂသာဝကတို့သည်လည်း လာလတ်ကုန်၍ မြတ်စွာဘုရားအား လျှောက်ကုန်၏။ မြတ်စွာဘုရားသည် သာရိပုတ္တရာ ယခုအခါ၌ မင်းသည် နန်း၌ နေအံ့သောငှာ ငါသည်မရရာဟု နှလုံးသွင်း၍ အပသို့ ထုတ်၏ဟု မိန့်တော်မူ၍ နက်ဖြန်နံနက်အခါ၌ သင်းပိုင်ကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူတော်မူ၍ ငါးရာကုန်သော ရဟန်းတို့နှင့်တကွ မင်း၏ နန်းတံခါးသို့ ကြွတော်မူ၍ မင်းသည် ကြား၍ ပြာသာဒ်မှသက်၍ သပိတ်ကိုယူ၍ မြတ်စွာဘုရားကို ပင့်၍ ဘုရားအမှူးရှိသော ရဟန်းအပေါင်းအား ယာဂုခဲဘွယ်ကိုလှူ၍ မြတ်စွာဘုရားကိုရှိခိုး၍ တင့်အပ်သောအရပ်၌ နေ၏။ မြတ်စွာဘုရားသည် မင်းသား တပါးသောအကြောင်းအားဖြင့်ဖြစ်သော ဓမ္မဒေသနာတော်ကို ဟောတော်မူလို၍ မင်းမြတ် ရှေးမင်းတို့သည် တံစိုးကိုယူကုန်၍ သီလရှိကုန်သောသူမြတ်တို့ကို တယောက်သည် တယောက်အား အငြင်းအခုံကို ပြုစေကုန်၍ မိမိတိုင်းနိုင်ငံကို အစိုးမရသည် ဖြစ်ကုန်၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ဘူးကုန်၏ဟု မိန့်တော်မူ၍ ထိုကောသလမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... မင်းမြတ် လွန်လေပြီးသောအခါ ဘရုတိုင်း၌ ဘရုမည်သောမင်းသည် မင်းပြု၏။ ထိုအခါ၌ ဘုရားလောင်းသည် ငါးပါးသော အဘိညာဉ်, ရှစ်ပါးသော သမာပတ်ကိုရသော ရသေ့အပေါင်းတို့၏ဆရာဖြစ်သော ရသေ့ဖြစ်၍ ဟိမဝန္တာအရပ်၌ ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှါ ရသေ့ငါးရာခြံလျက် ဟိမဝန္တာမှသက်၍ အစဉ်သဖြင့် ဘရုမြို့သို့ ရောက်၍ ထိုဘရုမြို့၌ဆွမ်းခံ၍ မြို့မှထွက်၍ မြောက်တံခါးအနီး၌ အခက်အခွနှင့် ပြည့်စုံသော ပညောင်ပင်အရင်း၌နေ၍ ဆွမ်းစားခြင်းကိစ္စကိုပြု၍ ထိုပညောင်ပင်အရင်း၌လျင် နေခြင်းကိုပြု၏။ ဤသို့ ထိုရသေ့အပေါင်းသည် ထိုပညောင်ပင်ရင်း၌လျှင် နေသည်ရှိသော် လခွဲလွန်သဖြင့် တပါးသော ငါးရာအခြံအရံရှိသော ရသေ့အပေါင်းတို့၏ ဆရာသည် လာလတ်၍ မြို့တွင်း၌ ဆွမ်းခံ၍ မြို့မှထွက်၍ တောင်တံခါး၌တည်၍ ထိုသို့သဘောရှိသည် သာလျှင်ဖြစ်သော ပညောင်ပင်ရင်း၌ နေခြင်းကို ပြု၏။ ဤသို့ ထိုနှစ်ဦးကုန်သော ရသေ့အပေါင်းတို့သည်လည်း ဘရုမြို့၌ မွေ့လျော်ပျော်ပိုက်သရွေ့နေကုန်၍ ဟိမဝန္တာသို့လျှင် သွားကြကုန်၏။

ထိုရသေ့တို့၏ သွားသောကာလ တောင်တံခါး၌ ပညောင်ပင်သည် ခြောက်၏။ နောက်တကြိမ်၌ ထိုရသေ့တို့သည် ရှေးဦးစွာ လာလတ်ကုန်၍ မိမိတို့၏ ပညာင်ပင်သည် ခြောက်သည်၏အဖြစ်ကို သိကုန်၍ ဆွမ်းခံကုန်၍ မြို့မှထွက်ကုန်၍ မြောက်တံခါးအနီး၌ ပညောင်ပင်အရင်းသို့ သွားကုန်၍ ဆွမ်းစားခြင်း ကိစ္စကိုပြကုန်၍ ထိုမြောက်တံခါး၏ အနီးဖြစ်သော ပညောင်ပင်ရင်း၌ နေခြင်းကိုပြုကုန်၏။ ဤမှတပါးသော ရသေ့တို့သည်ကား နောက်မှလာလတ်ကုန်၍ မြို့၌ဆွမ်းခံကုန်၍ မိမိ၏ ပညောင်ပင်ရင်းသို့သာလျှင် သွားကုန်၍ ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုကုန်၍ နေခြင်းကိုပြုကုန်၏။ ထိုရသေ့တို့သည် သင်တို့၏သစ်ပင်လော, ငါတို့၏ သစ်ပင်တကား၊ ဤသို့ သစ်ပင်ကိုမှီကုန်၍ တယောက်သည် တယောက်အား ခိုက်ရန်ကိုပြုကြကုန်၏။ ထိုခိုက်ရန်သည်ကြီးသည်ဖြစ်၏။ အချို့ကုန်သောရသေ့တို့သည် ငါတို့၏ ရှေးဦးစွာ နေသောအရပ်ကို သင်တို့သည် မရလတ္တံ့ဟု ဆိုကုန်၏။ အချို့ကုန်သော ရသေ့တို့သည် ငါတို့သည် ဤအရပ်၌ ရှေးဦးစွာလာ၍ နေကုန်၏။ သင်တို့သည် မရကုန်လတ္တံ့ဟု ဆိုကုန်၏။ ဤသို့ ထိုနှစ်ဦးကုန်သောရသေ့တို့သည် ငါတို့သည်သာ အရှင်ဖြစ်ကုန်၏။ ငါတို့သည်သာ အရှင်ဖြစ်ကုန်၏ဟု ငြင်းခုံခြင်းကို ပြုကုန်လျက် ရုက္ခမူ၏အကျိုးငှါ မင်းအိမ်သို့ သွားကြကုန်၏။ မင်းသည် ရှေးဦးစွာနေဘူးသော ရသေ့အပေါင်းကို သာလျှင် အရှင်ပြု၏။ နောက်မှနေလာကုန်သော ရသေ့တို့သည် ယခုအခါ၌ ငါတို့သည် ဤရသေ့တို့မှ မရှုံးသင့်ကုန်သေး၊ ငါတို့ကိုသာလျှင် ပေးစေကုန်ဦးအံ့ဟု ဒိဗ္ဗစက္ခုဖြင့် ကြည့်ကုန်၍ တခုသော စကြဝတေးမင်း၏ အသုံးအဆောင်ဖြစ်သော ရထားချိုင့်ကိုမြင်ကုန်၍ ဆောင်ကုန်၍ မင်းအား တံစိုးကိုပေးကုန်၍ မင်းမြတ် ငါတို့ကိုလည်း အရှင်တို့ကို ပြုဦးလော့ဟု ဆိုကုန်၏။

မင်းသည် တံစိုးကိုယူ၍ နှစ်ဦးသော ရသေ့တို့သည်လည်း နေကြကုန်လော့၊ ဤသို့နှစ်ဦးသောရသေ့တို့ကိုလည်း အရှင်တို့ကိုပြုကုန်၏။ ဤမှ တပါးကုန်သောရသေ့တို့သည် ထိုရထားချိုင့်၏ ရထားလှည်းဘီးတို့ကို ထုတ်ကုန်၍ တံစိုးကိုပေးကုန်၍ မင်းမြတ် ငါတို့ကိုသာလျှင် အရှင်တို့ကို ပြုပါလော့ဟု ဆိုကုန်၏။ မင်းသည် ထိုရသေ့တို့ ဆိုတိုင်းပြု၏။ ရသေ့အပေါင်းတို့သည် ဝတ္ထုကာမတို့ကို၎င်း ကိလေသာကာမတို့ကို၎င်း စွန့်၍ ရဟန်းပြုကုန်သော ငါတို့သည် ရုက္ခမူ၏အကြောင်းကြောင့် ငြင်းခုံခြင်းကို ပြုကုန်သဖြင့် တံစိုးကိုပေးလျက် မသင့်သည်ကိုပြုအပ်၏ဟု နှလုံးမသာကုန်သည် ဖြစ်ကုန်၍ လျင်မြန်စွာ ပြေးလေကုန်၍ ဟိမဝန္တာသို့သာလျှင် သွားကြလေကုန်၏။ အလုံးစုံသော ဘရုတိုင်း၌နေကုန်သော နတ်တို့သည် တပေါင်းတည်းဖြစ်ကုန်၍ သီလရှိကုန်သော ရသေ့တို့ကို ငြင်းခုံခြင်းကို ပြုစေသဖြင့် မင်းသည် မသင့်သည်ကို ပြုအပ်၏ဟု ဘရုမင်းအား အမျက်ထွက်ကုန်၍ ယူဇနာသုံးရာရှိသော ဘရုတိုင်းကို သမုဒ္ဒရာသို့ရောက်စေ၍ တိုင်းမဟုတ်သည်ကို ပြုကုန်၏။ ဤသို့လျှင် တယောက်သောဘရုမင်းကို အမှီပြု၍ တိုင်းအလုံး၌နေကုန်သော သူတို့သည်လည်း ပျက်စီးခြင်းသို့ ရောက်လေကုန်၏ဟု မြတ်စွာဘုရားသည် လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူ၍-

၁၂၅။ ဣသီနမန္တရံ ကတွာ၊ ဘရုရာဇာတိ မေ သုတံ။
ဥစ္ဆိန္နော သဟရဋ္ဌေဟိ၊ သရာဇာ ဝိဘဝင်္ဂတော။
၁၂၆။ တသ္မာ ဟိ ဆန္ဒာဂမနံ၊ နပ္ပသံသန္တိ ပဏ္ဍိတာ။
အဒုဋ္ဌစိတ္တော ဘာသေယျ၊ ဂိရံ သစ္စူပသံဟိတံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

၁၂၅။ မဟာရာဇ၊ မင်းမြတ်။ ပုဗ္ဗေ၊ ရှေး၌။ ဘရုရာဇာတိ၊ ဘရုမင်းဟူ၍။ ဧတံ ဝစနံ၊ ထိုစကားကို။ မေ၊ သည်။ သုတံ၊ ကြားဘူး၏။ သောရာဇာ၊ ထိုဘရုမင်းသည်။ ဣသီနံ၊ ရသေ့တို့ကို။ အန္တရံ၊ ရန်တိုက်ခြင်းကို။ ကတွာ၊ ပြု၍။ ရဋ္ဌေဟိ၊ တိုင်းနိုင်ငံသူတို့နှင့်။ သဟ၊ တကွ။ ဥစ္ဆိန္နော၊ အမြစ်အရင်း ပြတ်လေ၍။ ဝိဘဝံ၊ ပျက်စီးခြင်းသို့။ ဂတော၊ ရောက်ဘူး၏။

၁၂၆။ တသ္မာ၊ ထို့ကြောင့်။ ဆန္ဒာဂမနံ၊ ဆန္ဒာဂတိ အစရှိသည်သို့ လိုက်ခြင်းကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ နပ္ပသံသန္တိ၊ မချီးမွမ်းကုန်။ အဒုဋ္ဌစိတ္တော၊ ကိလေသာတို့သည် မဖျက်ဆီးအပ်သော စိတ်ရှိသည်ဖြစ်၍။ သစ္စူပသံဟိတံ၊ မှန်သည်နှင့်စပ်သော။ ဂိရံ၊ စကားကိုသာ။ ဘာသေယျ၊ ဆိုရာ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ မင်းမြတ် ဆန္ဒ၏အလိုသို့ လိုက်သောမည်သည် မဖြစ်ရာ၊ နှစ်ဦးသော ရဟန်းတို့ကို ငြင်းခုံခြင်းကို ပြုစိမ့်သောငှါ မသင့်ဟု မိန့်တော်မူ၍ မင်းမြတ် ယခုအခါ ငါဘုရားသည် ထိုအခါ ရသေ့ကြီး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။ မင်းသည် မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြု၍ ကြွတော်မူသောကာလ၌ လူတို့ကိုစေ၍ အညတိတ္ထိယ၏အရံကို ဖျက်ဆီးစေ၏။ အညတိတ္ထိယတို့သည် တည်ရာမရကုန်သည် ဖြစ်ကုန်၏။

သီလရှိသူ၊ ဖျက်ဆီးဟူ၊ ကိုယ်မူဘေးဒဏ်ကပ်

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဘရုဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၄။ ပုဏ္ဏနဒီဇာတ်

ပုရောဟိတ် နှင့် မင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ပုဏ္ဏံ နဒိံ ယေန စ ပေယျမာဟု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပုဏ္ဏနဒီဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပညာပါရမီကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တနေ့သ၌ တရား သဘင်ဝယ် ရဟန်းတို့သည် ငါ့သျှင်တို့ မြတ်စွာဘုရားသည် ကျယ်သောပညာ ရှိတော်မူ၏။ ကြီးသောပညာ ရှိတော်မူ၏။ ရွှင်သောပညာ ရှိတော်မူ၏။ လျင်သော ပညာရှိတော်မူ၏။ ထက်သောပညာ ရှိတော်မူ၏။ နက်နဲသောပညာ ရှိတော်မူ၏။ ထိုးထွင်းသောပညာ ရှိတော်မူ၏။ အကြောင်းကိုသိသော ပညာနှင့် ပြည့်စုံတော်မူ၏။ ဤသို့ မြတ်စွာဘုရား၏ စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ငါဘုရားသည် ယခုအခါ၌သာလျှင် ပညာရှိသည် အကြောင်း၌ လိမ္မာသည် မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် ပညာရှိသည်သာလျှင်တည်း၊ အကြောင်း၌ လိမ္မာသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုရောဟိတ်မျိုး၌ဖြစ်၍ အဘလွန်သဖြင့် ပုရောဟိတ်အရာကိုရ၍ ဗာရာဏသီမင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်ဖြစ်၏။ နောက်အဘို့၌ မင်းသည် ဂုံးချောတတ်ကုန်သောသူတို့၏ စကားကိုယူ၍ ဘုရားလောင်းအား အမျက်ထွက်၍ ငါ၏အထံ၌ မနေလင့်ဟူ၍ ဘုရားလောင်းကို ဗာရာဏသီပြည်မှ နှင်ထုတ်လိုက်၏။ ဘုရားလောင်းသည် သားမယားကိုယူ၍ တခုသော လယ်ထွန်မျိုးတို့၏ရွာ၌ နေ၏။ နောက်အဘို့၌ မင်းသည် ထိုဘုရားလောင်း၏ ကျေးဇူးကိုအောက်မေ့၍ တစုံတယောက်သော သူကိုစေ၍ ဆရာကိုခေါ်အံ့သောငှာ ငါ့အား မလျောက်ပတ်၊ စင်စစ်သော်ကား တခုသောဂါထာကိုဖွဲ့၍ ထန်းရွက်၌ရေး၍ ကျီးသားကိုချက်စေ၍ စာခွေကို၎င်း ကျီးသားကို၎င်း ပုဝါဖြူဖြင့်ထုပ်၍ မင်း၏တံဆိပ်ဖြင့်ခတ်၍ ပို့စေအံ့၊ ထိုဆရာသည် ပညာရှိသည်ဖြစ်အံ့၊ အမှာစာကိုဘတ်၍ ကျီးသား၏အဖြစ်ကို သိ၍ လာလတ္တံ့၊ ပညာမရှိသည်ဖြစ်အံ့၊ မလာလတ္တံ့ဟု ကြံ၍ ထိုမင်းသည်-

၁၂၇။ ပုဏ္ဏံ နဒိံ ယေန စ ပေယျမာဟု။
ဇာတံ ယဝံ ယေန စ ဂုယှမာဟု။
ဒူရံ ဂတံ ယေန စ အဝှယန္တိ၊
သော တျာဂတော ဟန္ဒ နံ ဘုဉ္စ ဗြာဟ္မဏ။

ဟူသော ဤဂါထာကို ထန်းရွက်၌ ရေး၏။

၁၂၇။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ယေန၊ အကြင်ငှက်ကြောင့်။ ပုဏ္ဏံ၊ ရေဖြင့်ပြည့်သော။ နဒိံ စ၊ မြစ်ကိုလည်း။ ပေယျံ၊ ကမ်းနား၌ ရပ်၍ သောက်ခြင်းငှါ စွမ်းနိုင် ကောင်းသော ရေရှိသော မြစ်ဟူ၍။ အာဟု၊ ဆိုကြကုန်၏။ ယေန၊ အကြင်ငှက်ကြောင့်။ ဇာတံ၊ ရောက်သော။ ယဝံ စ၊ မုယော အစရှိသော စပါးပါးပင်နုကိုလည်း။ ဂုယှံ၊ ဖုံးလွှမ်းနိုင်ပြီးသော စပါးပင်ဟူ၍။ အာဟု၊ ဆိုကြကုန်၏။ ယေန၊ အကြင်ငှက်ကြောင့်။ ဒူရံ၊ ဝေးသောအရပ်သို့။ ဂတံ၊ သွားလတ်သော အဆွေခင်ပွန်းကို။ အဝှယန္တိ၊ ရောက်အံ့ဟူ၍ ဆိုကုန်၏။ သော၊ ထိုငှက်ကို။ တေ၊ သင်ဘို့။ အာဂတော၊ ပို့လာစေ၏။ ဟန္ဒ၊ ယူလော့။ နံ၊ ထိုငှက်သားကို။ ဘုဉ္ဇ၊ စားလေလော့။

မင်းသည် ဤဂါထာကိုထန်းရွက်၌ရေး၍ ဘုရားလောင်းအား ပို့စေ၏။ ဘုရားလောင်းသည် အမှာစာကိုဘတ်၍ မင်းသည် ငါ့ကိုမြင်လိုပြီဟု သိ၍-

၁၂၈။ ယတော မံ သရတီ ရာဇာ၊ ဝါယသမ္ပိ ပဟေတဝေ။
ဟံသာ ကောဉ္စာ မယူရာ စ၊ အသတီယေဝ ပါပိယော။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၂၈။ ရာဇာ၊ မင်းသည်။ ယတော-ယဒါကာလေ၊ အကြင်ကာလ၌။ ဝါယသမံသံ၊ ကျီးသားကို။ လဘိတွာ၊ ရ၍။ ဝါယသမ္ပိ၊ ကျီးသားကို စင်လျက်လည်း။ ပဟေတဝေ၊ ပို့လာခြင်းငှာ။ မံ၊ ငါ့ကို။ သရတိ၊ အောက်မေ့သေး၏။ ဟံသာ စ၊ ဟင်္သာသားတို့ကို၎င်း။ ကောဉ္စာ စ၊ ကြိုးကြာသားတို့ကို၎င်း။ မယူရာ စ၊ ဥဒေါင်းသားတို့ကို၎င်း။ ဥပနီတာ၊ ဆက်လာကုန်သည်ရှိသော်။ တာနိ၊ ထိုဟင်္သာသား အစရှိသည်တို့ကို။ ပဟေတဝေ၊ ပို့လာခြင်းငှာ။ မံ၊ ငါ့ကို။ ကသ္မာ၊ အဘယ်ကြောင့်။ န သရိဿတိ၊ မအောက်မေ့လတ္တံ့နည်း။ သရိဿတိ ဧဝ၊ အောက်မေ့လတ္တံ့ သည်သာလျှင်တည်း။ လောကသ္မိံ၊ လောက၌။ အသတီယေဝ၊ မအောက်မေ့ခြင်းသည်သာလျှင်။ ပါပိယော၊ ယုတ်မာ၏။ သတိ၊ အောက်မေ့ ခြင်းသည်ကား။ သေယျော၊ မြတ်၏။

မင်းသည် ငါ့ကို အောက်မေ့၏။ ငါ၏လာခြင်းကို တောင့်တ၏။ ထို့ကြောင့် ငါသည် သွားအံ့ဟု လှည်းကိုက, စေ၍ မင်းကိုဖူးမြင်လေ၏။ မင်းသည်နှစ်သက်၍ ပုရောဟိတ်အရာ၌လျှင် တည်စေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုရောဟိတ်ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဗောဓိလောင်းလျာ၊ နုစဉ်ခါ၊ ပညာရည်ဖြင့် ကျိုးစည်တင့်

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော ပုဏ္ဏနဒီဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၅။ ကစ္ဆပဇာတ်

ဟင်္သာ နှင့် လိပ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဝဓီ ဝတ အတ္တာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကစ္ဆပဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောကာလိကကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည်ကား မဟာတက္ကာရိဇာတ်၌ ထင်ရှားဖြစ်လတ္တံ့၊ အထူးကား ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ ကောလိကကို ယခုအခါ၌သာလျှင် မိမိစကားသည် သတ်သည် မဟုတ်သေး၊ ရှေး၌လည်း မိမိစကားသည် သတ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် အမတ်မျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ထိုဗြဟ္မဒတ်မင်း၏ အကျိုး အကြောင်းကို ဆုံးမတတ်သော အမတ်သည် ဖြစ်၏။ ထိုဗြဟ္မဒတ်မင်းသည်ကား စကားများသည် ဖြစ်၏။ ထိုဗြဟ္မဒတ်မင်းသည် ပြောဆိုသည်ရှိသော် တပါးကုန်သောသူတို့အား စကား၏ အခွင့်မည်သည် မရှိ၊ ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ စကားများသည် အဖြစ်ကို မြစ်လိုသည်ဖြစ်၍ တခုသောအကြောင်းကိုစုံစမ်းလျက် သွား၏။ ထိုကာလ၌လည်း ဟိမဝန္တအရပ်ဝယ် တခုသောအိုင်၌ လိပ်သည် နေ၏။ ဟင်္သာငယ်နှစ်ခုတို့သည် အစာရှာအံ့သောငှါ သွားကုန်သည်ရှိသော် ထိုလိပ်နှင့်တကွ အကျွမ်းဝင်ခြင်းကို ပြုကုန်၏။ ထိုဟင်္သာ, လိပ်တို့သည် မြဲစွာ အကျွမ်းဝင်ကုန်သည်ဖြစ်၍ တနေ့သ၌ လိပ်ကို အဆွေလိပ် ငါတို့၏ဟိမဝန္တာ၌ စိတ္တကုဋ်တောင်အပြင်ဝယ် ရွှေဂူ၌ နေရာအရပ်သည် ရှိ၏။ ထိုအရပ်သည် မွေ့လျော်ဘွယ်ရှိ၍ ငါတို့နှင့်တကွ လိုက်ခဲ့လောဟု ဆိုကုန်၏။ ငါသည် အဘယ်သို့ပြု၍ သွားနိုင်အံ့နည်းဟု လိပ်သည် ဆိုသည်ရှိသော် အဆွေ သင်သည် နှုတ်ကိုစောင့်အံ့သောငှါ အကယ်၍ စွမ်းနိုင်သည်ဖြစ်အံ့၊ တစုံတယောက်သော သူအား တစုံတခုသောစကားကို အကယ်၍ မဆိုလတ္တံ့၊ ငါတို့သည် သင့်ကိုယူ၍ သွားကုန်အံ့ဟု ဆိုကုန်၏။ အရှင်တို့ စောင့်ပါအံ့၊ အရှင်တို့သည် ငါ့ကိုယူ၍ သွားကြကုန်လောဟု လိပ်ဆိုသည်ရှိသော် ထိုဟင်္သာတို့သည် ကောင်းပြီဟု ဆိုကုန်၍ တခုသောတုတ်တံကို လိပ်ကိုကိုက်စေ၍ မိမိတို့သည် ထိုတုတ်တံ၏ အစွန်းနှစ်ဘက်တို့ကို ကိုက်၍ ကောင်းကင်သို့ ပျံကုန်၏။ ထိုလိပ်ကို ထိုသို့သော အခြင်းအရာအားဖြင့် ဟင်္သာတို့သည် ဆောင်လတ်သည်တို့ကို ရွာသူသားငယ်တို့သည် မြင်ကုန်၍ ဟင်္သာနှစ်ခုတို့သည် လိပ်ကိုထုတ်တံဖြင့် ဆောင်ကုန်၏ဟု ဆိုကုန်၏။

လိပ်သည် ငါ့ကို အဆွေခင်ပွန်းတို့သည် ဆောင်ကုန်၏။ သူငယ်ပျက်တို့ ဤသို့ ဟင်္သာတို့သည် ကိုဆောင်ရာ၌ သင်တို့အား အဘယ်ပြုသနည်း ဆိုလိုသည်ဖြစ်၍ ဟင်္သာတို့၏ လျင်မြန်သောအဟုန် ရှိသည်၏ အဖြစ်ကြောင့် ဗာရာဏသီမြို့၌ မင်းအိမ်၏ အထက်အဘို့သို့ ရောက်သောကာလ၌ ကိုက်ရာအရပ်မှ တုတ်တံကိုလွှတ်သော် ကောင်းကင်ပြင်မှကျ၍ နှစ်စိတ်ကွဲလေ၏။ လိပ်သည် ကောင်းကင်မှကျ၍ နှစ်စိတ်ကွဲလေ၏ဟု တပြိုင်နက် အုတ်အုတ်ကျက်ကျက် ဖြစ်၏။ မင်းသည် ဘုရားလောင်းကို ခေါ်၍ အမတ်အပေါင်းခြံရံလျက် ထိုအရပ်သို့သွား၍ လိပ်ကိုမြင်၍ ဘုရားလောင်းကို ပညာရှိ ဤလိပ်သည် အသို့ပြု၍ ကျသနည်းဟု မေး၏။ ဘုရားလောင်းသည် ငါသည် မင်းကို ဆုံးမလိုသည်ဖြစ်၍ အကြောင်းကို စုံစမ်းလျက် ကြာမြင့်စွာသော ကာလပတ်လုံးလျှင် သွား၏။ ဤလိပ်သည် ဟင်္သာတို့နှင့်တကွ အကျွမ်းတဝင်ရှိခြင်းကို ပြုအပ်သည်ဖြစ်လတ္တံ့၊ ထိုဟင်္သာတို့သည် ဤလိပ်ကို ဟိမဝန္တာသို့ဆောင်ကုန်အံ့ဟု တုတ်တံကို ကိုက်စေ၍ ကောင်းကင်သို့ ပျံသည် ဖြစ်ရာ၏။ ထိုသို့ပျံကုန်သည်ရှိသော် ဤလိပ်သည် တစုံတယောက်သောသူ၏ စကားကိုကြားလေ၍ နှုတ်မစောင့် သည်၏အဖြစ်ဖြင့် တစုံတခုသော စကားကို ဆိုလိုခြင်းကြောင့် တုတ်တံကိုလွှတ်သည် ဖြစ်လတ္တံ့၊ ဤသို့ လွှတ်သည်ရှိသော် ကောင်းကင်မှကျ၍ အသက်ကုန်ခြင်းသို့ ရောက်သည်သာလျှင် ဖြစ်ရာ၏။ ဤသို့ကြံ၍ မင်းမြတ် အလွန်နှုတ်ကြမ်းကုန်သော အဆုံးမရှိပြောဆိုတတ်သော သူတို့မည်သည်ကား ဤသို့သဘောရှိသော ဆင်းရဲခြင်းသို့ ရောက်ကုန်သလျှင်ကတည်းဟု ဆို၍-

၁၂၉။ အဝဓီ ဝတ အတ္တာနံ၊ ကစ္ဆပေါ ဗျာဟရံ ဂိရံ။
သုဂဟိတသ္မိံ ကဋ္ဌသ္မိံ၊ ဝါစာယ သကိယာဝဓိ။
၁၃၀။ ဧတမ္ပိ ဒိသွာ နရဝီရိယသေဋ္ဌ၊
ဝါစံ ပမုဉ္စေ ကုသလံ နာတိဝေလံ။
ပဿသိ ဗဟုဘာဏေန၊ ကစ္ဆပံ ဗျသနံ ဂတံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၂၉။ မဟာရာဇ၊ မင်းမြတ်။ ကစ္ဆပေါ၊ လိပ်သည်။ သုဂဟိတသ္မိံ၊ ကောင်းစွာကိုက်၍ ချီအပ်သော။ ကဋ္ဌသ္မိံ၊ တုတ်တံ၌။ ဗျာဟရံ-ဗျာဟရန္တော၊ စကားဆိုခြင်းကြောင့်။ အတ္တာနံ၊ မိမိကိုယ်ကို။ အဝဓိ ဝတ၊ သတ်လေ၏တကား။ သကိယာ၊ မိမိဥစ္စာဖြစ်သော။ ဝါစာယ၊ စကားဖြင့်။ အဝဓိ၊ မိမိကိုယ်ကိုမိမိ သတ်၏။

၁၃၀။ နရဝီရိယသေဋ္ဌ၊ လူတို့တွင် မြတ်သောဝီရိယ ရှိတော်မူသော အရှင်မင်းမြတ်။ ပဏ္ဍိတော၊ ပညာရှိသော သူသည်။ ဧတမ္ပိ၊ ထိုအကြောင်းကိုလည်း။ ဒိသွာ၊ မြင်၍။ ကုသလံ ဝါစံ၊ အပြစ်မရှိသော စကားကိုသာလျှင်။ ပဉ္စေ၊ ပြောဆိုရာ၏။ တဉ္စ၊ ထိုအပြစ်မရှိသော စကားကိုလည်း။ အတိဝေလံ၊ အခါလေးမြင့်။ န ပမုဉ္စေ၊ မပြောဆိုရာ။ ဗဟုဘာဏေန၊ စကားများစွာ ဆိုခြင်းကြောင့်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ဂတံ၊ ရောက်သော။ ကစ္ဆပံ၊ လိပ်ကို။ ပသသိ၊ မြင်၏လော။

မင်းသည် ငါ့ကိုရည်၍ ဆို၏ဟု သိ၍ ပညာရှိ သင်သည် ငါတို့ကို ရည်၍ ဆို၏ဟု ဆို၏။ ဘုရားလောင်းသည် မင်းပြက် ရှင်မင်းမြတ်သည်မူလည်းဖြစ်စေ တပါးသော သူသည်မူလည်း ဖြစ်စေ အမှတ်မရှိသော သူသည် ပမာဏကိုလွန်သောစကားကို ဆိုသည်ရှိသော် ဤသို့သဘောရှိသော ပျက်စီးခြင်းသို့ ရောက်၏ဟု ထင်ရှားစွာပြု၍ ဆို၏။ မင်းသည် ထိုအခါမှစ၍ များစွာဆိုခြင်းမှကြဉ်ရှောင်၍ စကားနည်းသည် ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ကောကာလိကသည် ထိုအခါ လိပ် ဖြစ်ဘူးပြီ၊ ယခုအခါ နှစ်ပါးကုန်သော သာရိပုတ္တရာ, မောဂ္ဂလာန် ဖြစ်ကုန်သော မဟာထေရ်တို့သည် ထိုအခါ နှစ်ခုကုန်သော ဟင်္သာငယ်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ ပညာရှိအမတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

စောင့်အပ်စကား၊ ပြောဆိုငြား၊ စကားကိုယ့်ကိုသက်

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကစ္ဆပဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၆။ မစ္ဆဇာတ်

ငါးဖို၏ အပူမီး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် န မာယမဂ္ဂိ တပတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမစ္ဆဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖျားယောင်းသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကိုချဲ့ဦးအံ့၊ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း သင်သည် ငြီးငွေ့၏ ဟူ၍ ကြားရသည်ကား မှန်သလောဟု မေးတော်မူ၏။ အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျောက်သည်ရှိသော် သင့်ကို အဘယ်သူသည် ငြီးငွေ့စေသနည်းဟု မေးတော်မူ၏။ အရှင်ဘုရား မယားဟောင်းသည် ငြီးငွေ့စေ၏ဟု လျှောက်၏။ ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း ဤမိန်းမသည် သင်၏အကျိုးမဲ့ကို ပြုတတ်၏။ ရှေး၌လည်း သင်သည် ထိုမိန်းမကို အမှီပြ၍ တံစို့ဖြင့်လျှိူ၍ မီးကျီး၌ကင်၍ စားအပ်သည်၏အဖြစ်သို့ ရောက်၍ ပညာရှိတို့ကို အမှီပြု၍ အသက်ကိုရဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ ပုရောဟိတ် ဖြစ်၏။ ထိုအခါ တနေ့သ၌ တံငါတို့သည် ကွန်၌မိသောငါးကို ဆယ်ကုန်၍ ပူသောသဲအပြင်၌ ထားကုန်၍ မီးတို့၌ ထိုငါးကိုကင်၍ စားကုန်အံ့ဟု တံစို့ကို ချွန်သည်ရှိသော် ငါးဖိုသည် ငါးမကို အာရုံပြု၍ငိုလျက်-

၁၃၁။ န မာယမဂ္ဂိ တပတိ၊ န သူလော သာဓုတစ္ဆိတော။
ယဉ္စ မံ မညတေ မစ္ဆီ၊ အညံ သော ရတိယာ ဂတော။
၁၃၂။ သော မံ တပတိ ရာဂဂ္ဂိ၊ စိတ္တံ စူပတပေတိ မံ။
ဇာလိနော မုဉ္စထာယိရာ မံ၊ န ကာမေ ဟညတေ ကွစိ။

ဟူသော ဤနှစ်ဂါထာတို့ကိုဆို၏။

၁၃၁။ ဇာလိနော၊ အရှင်တံငါတို့။ အယံ အဂ္ဂိ၊ ဤမီးသည်။ မံ၊ ကို။ န တပတိ၊ မပူစေ။ သာဓုတစ္ဆိတော၊ ကောင်းစွာ ချွန်အပ်သော။ အယံ သူလော၊ ဤတံစို့သည်လည်း။ မံ၊ ငါ့ကို။ န တပတိ၊ မပူစေ။ သော၊ ထိုငါ့လင် ငါးဖိုသည်။ ရတိယာ၊ ငါးပါးသော ကာမဂုဏ်၌ မွေ့လျော်သဖြင့်။ အညံ၊ တပါးသော ငါးမနောက်သို့။ ဂတော၊ လိုက်လေပြီ။ ဣတိ၊ ဤသို့။ မစ္ဆီ၊ ငါ့မယား ငါးမသည်။ မံ၊ ငါ့ကို။ ယံ စ မညတေ၊ အကြင် အောက်မေ့ခြင်းကို ပြုလတ္တံ့။ တဒေဝ၊ ထိုမယား ငါးမ၏ အောက်မေ့ခြင်းသည်သာလျှင်။ မံ၊ ငါ့ကို။ တပတိ၊ ပူစေ၏။

၁၃၂။ သော ရာဂဂ္ဂိ၊ ထိုငါးမကို တပ်စွန်းခြင်းတည်းဟူသော ရာဂမီးလျှံသည်သာလျှင်။ မံ၊ ငါ့ကို။ တပတိ၊ ပူစေ၏။ စိတ္တဉ္စ၊ ရာဂနှင့်ယှဉ်သော စိတ်သည်သာလျှင်။ မံ၊ ငါ့ကို။ ဥပတပေတိ၊ ပူပန်စေ၏။ ကာမေ၊ ကာမတို့ကို။ ပတ္ထိတော၊ တောင့်တသော သတ္တဝါကို။ ကွစိ၊ တရံတဆစ်၌။ န ဟညတေ၊ မသတ်အပ်။ အယိရာ၊ အရှင်တံငါတို့။ မံ၊ ငါ့ကို မုဉ္စထ၊ လွှတ်ကြပါကုန်လော။

ထိုခဏ၌ ဘုရားလောင်းသည် မြစ်ကမ်းနားသို့ ရောက်၍ ထိုငါး၏ ငိုကြွေးသောအသံကို ကြားရ၍ တံငါတို့သို့ ကပ်လေ၍ ထိုငါးကို လွှတ်စေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ မယားဟောင်းသည် ထိုအခါ ငါးမ ဖြစ်ဘူးပြီ၊ ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ ငါးဖို ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုရောဟိတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ရာဂလောင်မီး၊ အပူကြီး၊ ညီးညီးပြောင်လှသည်

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော မစ္ဆဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၇။ သေဂ္ဂုဇာတ်

သီလရှိသော သတို့သ္မီး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် သဗ္ဗော လောကော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသေရူဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ဟင်းရွက်သည် ဖြစ်သော ဒါယကာကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုကို ဧကကနိပါတ်၌အပ်ပြီးသလျှင်ကတည်း၊ ဤဒုကနိပါတ်၌လည်း မြတ်စွာဘုရားသည် ထိုဒါယကာကို ဒါယကာ သင်သည် ကြာမြင့်စွာမှ လာသလောဟု မေးတော်မူ၍ အရှင်ဘုရား အကျွန်ုပ်အား အမြဲရွှင်သော မျက်နှာရှိသော သ္မီးသည် ရှိ၏။ ထိုသ္မီးကို အကျွန်ုပ်သည် စုံစမ်း၍ တယောက်သော အမျိုးသားအား ပေး၏။ ထိုထိမ်းမြားမင်္ဂလာ အမှုကိစ္စကို ဆောင်အပ်သည်၏ အဖြစ်ကြောင့် အရှင်ဘုရားတို့အား အဖူးအမြင် လာအံ့သောငှါ အခွင့်ကို မရဟု လျှောက်၏။ ထိုအခါ၌ ဒါယကာကို မြတ်စွာဘုရားသည် ဒါယကာ ယခုအခါ၌သာလျှင် ထိုသတို့သ္မီးသည် သီလရှိသည် မဟုတ်သေး၊ ရှေး၌လည်း သီလရှိသည်သာလျှင်တည်း၊ သင်သည်လည်း ယခုအခါ၌ သာလျှင် ထိုသတို့သီးကို စုံစမ်းသည် မဟုတ်သေး၊ ရှေး၌လည်း စုံစမ်းဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရုက္ခစိုဝ်းနတ် ဖြစ်၏။ ထိုအခါ၌ ဤဟင်းရွက်သည်သည်သာလျှင် သ္မီးကို စုံစမ်းအံ့ဟူ၍ တောသို့ဆောင်၍ ကိုလေသာ၏ အစွမ်းအားဖြင့် အလိုရှိသကဲ့သို့ပြု၍ လက်၌ ကိုင်၏။ ထိုအခါ၌ ငိုလတ်သော ထိုသ္မီးကို အဘသည်-

၁၃၃။ သဗ္ဗော လောကော အတ္တမနော အဟောသိ။
အကောဝိဒါ ဂါမဓမ္မဿ သေဂ္ဂု။
ကောမာရိကော နာမ တဝဇ္ဇ ဓမ္မော။
ယံ တွံ ဂဟိတာ ပဝနေ ပရောဒေသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၃၃။ အမ္မ၊ အမိ။ သဗ္ဗော၊ အလုံးစုံသော။ လောကော၊ သတ္တဝါသည်။ ဧတိဿာ ကာမသေဝနာယ၊ ထိုကာမကိုမှီဝဲခြင်း၌။ အတ္တမနော၊ ဝမ်းမြောက်ဝမ်းသာ ရှိခြင်းသည်။ အဟောသိ၊ ဖြစ်၏။ သေဂ္ဂု၊ ချစ်သမီး သေဂ္ဂု။ တွံ ပန၊ သင်သည်တမူကား။ ဂါမဓမ္မဿ၊ ရွာသူ၏ အကျင့်၌။ အကောဝိဒါ၊ အဘယ်ကြောင့် မလိမ္မာဘိသနည်း။ တွံ၊ သင်သည်။ ပဝနေ၊ တောအရပ်၌။ မယာ၊ ငါသည်။ သန္ထဝဝသေန၊ ပေါင်းဘော်လိုသည်၏ အစွမ်းအားဖြင့်။ ဂဟိတာ၊ လက်ကို ကိုင်လတ်သည်ရှိသော်။ ယံ ပရောဒေသိ၊ အကြင်ငို၏။ အဇ္ဇ၊ ယခု၌။ ဧသ-ဧသော၊ ဤသို့ငိုခြင်းဟုဆိုအပ်သော။ တဝ၊ သင်၏။ ဓမ္မော၊ သဘောသည်။ ကော၊ အသို့နည်း။ တွံ၊ သင်သည်။ ကောမာရိနာမ၊ သူငယ်မမည်သည် မဟုတ်တုံလော။

ထိုစကားကိုကြား၍ သူငယ်မသည် ဘခင် ကျွန်ုပ်သည် သူငယ်မ ဟုတ်သလျှင်ကတည်း၊ ကျွန်ုပ်သည် မေထုန်အကျင့်မည်သည်ကို မသိဟု ဆို၍ ငိုကြွေးလျက်-

၁၃၄။ ယော ဒုက္ခဖုဋ္ဌာယ ဘဝေယျ တာဏံ၊
သော မေ ပိတာ ဒုဗ္ဘိ ဝနေ ကရောတိ။
သာ ကဿ ကန္ဒာမိ ဝနဿ မဇ္ဈေ။
ယော တာယိတာ သော သဟသံ ကရောတိ။

ဟူသော နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သောဤဂါထာကို ဆို၏။

၁၃၄။ တာတ၊ ဘခင်။ ယော ပိတာ၊ အကြင်အဘသည်။ ဒုက္ခဖုဋ္ဌာယ၊ ဆင်းရဲခြင်းတွေ့လတ်သည်ရှိသော်။ တာဏံ၊ စောင့်ရှောက်သည်။ ဘဝေယျ၊ ဖြစ်ရာ၏။ မေ၊ ငါ၏။ သော ပိတာ၊ ထိုအဘသည်။ ဝနေ၊ တောအရပ်၌။ ဒုဗ္ဘိ၊ ကိုယ်မှဖြစ်သောသ္မီး၌ လွန်ကျူးခြင်းကို။ ကရောတိ-ကတံ မညတိ၊ ပြုအပ်၏ဟု ထင်မှတ်၏။ သာဟံ၊ ထိုငါသည်။ ဝနဿ၊ တောအရပ်၏။ မဇ္ဈ၊ အလယ်၌။ ကဿ၊ အဘယ် သူ၏။ တာဏဂ္ဂဟဏတ္ထာယ၊ စောင့်ရှောက်ခြင်းကို ယူအံ့သောငှာ။ ကန္ဒာမိ၊ ငိုရအံ့နည်း။ ယော ပိတာ၊ အကြင် အဘသည်။ တာယိတာ၊ စောင့်ရှောက်ထိုက်၏။ သော ပိတာ၊ ထိုအဘသည်လျှင်။ သဟသံ၊ ရုန့်ရင်း သောအမှုကို။ ကရောတိ၊ ပြု၏။

ထိုဟင်းရွက်သည် ဒါယကာသည် ထိုအခါ၌ သ္မီးကိုစုံစမ်း၍ အိမ်သို့ဆောင်၍ အမျိုးသားအားပေး၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ ဟင်းရွက်သည်သည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ဒါယကာ ယခုအခါ သင့်သ္မီးသည်လျှင် ထိုအခါ သင့်သ္မီး ဖြစ်ဘူးပြီ၊ ယခုအခါ သတို့သ္မီး၏ အဘသည်လျှင် ထိုအခါ သတို့သ္မီး၏အဘ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ထိုအကြောင်းကို မျက်မှောက်ပြုခဲ့ရသော ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကျင့်မြတ် စာဂီ၊ ပြည့်စုံညီ၊ ထုံဝသီကပ် သ္မီးမြတ်

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သဂ္ဂေုဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၈။ ကူဋဝါဏိဇဇာတ်

သံ ကြွက်စား သား စွန်ချီ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်သဌဿ သာဌေယျမိဒံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကူဋဝါဏိဇဇာတ်ကို ဇေတဝန် ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ် တယောက်သော ကုန်သည်စဉ်းလဲကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ သာဝတ္ထိပြည်၌နေကုန်သော ကုန်သည်စဉ်းလဲလည်း တယောက်၊ ကုန်သည်ပညာရှိလည်း တယောက်၊ ဤနှစ်ယောက်ကုန်သော ကုန်သည်တို့သည် မိတ်ဘွဲ့ကြကုန်၍ လှည်းငါးရာတို့ကို ဘဏ္ဍာဖြင့်ပြည့်စေကုန်၍ အရှေ့အစွန်းမှ အနောက်အစွန်းသို့ သွားကုန်လျှက် ကုန်သွယ်ခြင်းကို ပြုကုန်၍ များစွာသော လာဘ်ကိုရကုန်၍ သာဝတ္ထိပြည်သို့ ပြန်လာကြကုန်၏။ ပညာရှိသော ကုန်သည်သည် စဉ်းလဲသောကုန်သည်ကို အဆွေ ဥစ္စာကို ဝေကြကုန်အံ့ဟု ဆို၏။ ကုန်သည်စဉ်းလဲသည် ဤသူသည် ရှည်မြင့်စွာသော ကာလပတ်လုံး ဆင်းရဲငြိုငြင်သော အိပ်ရခြင်းဖြင့်၎င်း မကောင်းသောဘောဇဉ်ကို စားရခြင်းဖြင့်၎င်း ပင်ပန်း၏။ မိမိအိမ်၌ အထူးထူးမြတ်သော အရသာရှိသော ထမင်းကိုစား၍ အစာမကျေခြင်းကြောင့် သေလတ္တံ့၊ ထိုသို့ သေလတ်သည်ရှိသော် အလုံးစုံလည်းဖြစ်သော ထိုဥစ္စာသည် ငါ့ဘိုသာလျှင် ဖြစ်လတ္တံ့ဟုကြံ၍ ယနေ့ နက္ခတ်သည် မကောင်းသေး၊ ရက်သည်လည်း မကောင်းသေး၊ နက်ဖြန်မှ သိရကုန်အံ့၊ သံဘက်နေ့မှ သိရကုန်အံ့ဟု ဆို၍ ကာလကို လွန်စေ၏။ ထိုအခါ၌ ထိုကုန်သည်စဉ်းလဲကို ပညာရှိသောကုန်သည်သည်နှိပ်၍ ဝေစေ၍ နံ့သာပန်းကိုယူ၍ မြတ်စွာဘုရား၏အထံတော်သို့သွား၍ မြတ်စွာဘုရားကိုရှိခိုးပူဇော်၍ တင့်အပ်လျောက်ပတ်အပ်သော အရပ်၌နေ၏။ မြတ်စွာဘုရားသည် ဒါယကာ သင်သည် အဘယ်အခါ၌ လာခဲ့သနည်းဟု မေးတော်မူ၍ အရှင်ဘုရား လာသောအကျွန်ုပ်အား လခွဲမျှရှိပြီဟု လျှောက်၏။ ထိုသို့ လခွဲမျှရှိလျှက် အဘယ့်ကြောင့်ကြာမြင့်ခြင်းကိုပြု၍ ဘုရား၏အနီးဖြစ်သော အရပ်သို့ လာခဲ့သနည်းဟု မေးအပ်သည်ရှိသော် ထိုအကြောင်းကိုလျှောက်၏။ မြတ်စွာဘုရားသည် ဒါယကာ ထိုကုန်သည်သည်ကား ယခုအခါ၌သာလျှင် စဉ်းလဲသည် မဟုတ်သေး၊ ရှေး၌လည်း ထိုကုန်သည်သည် စဉ်းလဲခြင်းဖြစ်ဘူးသလျှင် ကတည်းဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် အမတ်မျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် ထိုဗြဟ္မဒတ်မင်း၏ တရားဆုံးဖြတ်သော အမတ်ဖြစ်၏။ ထိုအခါ ရွာနေကုန်သည်လည်း တယောက်၊ မြို့နေကုန်သည်လည်း တယောက်၊ ဤနှစ်ယောက်ကုန်သော ကုန်သည်တို့သည် အဆွေခင်ပွန်း ဖြစ်ကုန်၏။ ရွာနေကုန်သည်သည် မြို့နေကုန်သည်၏အထံ၌ သံထွန်သွား ငါးရာတို့ကို အပ်ထား၏။ ထိုမြို့နေကုန်သည်သည် ထိုထွန်သွားတို့ကိုရောင်း၍ အဘိုးကိုယူ၍ ထွန်သွားတို့ကို ထားရာအရပ်၌ ကြွက်တို့၏မစင်ကို ကြဲ၍ထား၏။ နောက်အဘို့၌ ရွာနေကုန်သည်သည် လာလတ်၍ ငါ၏ထွန်သွားတို့ကို ပေးလော့ဟုဆို၏။ ကုန်သည်စဉ်းလဲသည် သင်၏ထွန်သွားတို့ကို ကြွက်တို့သည် စားအပ်ကုန်ပြီဟုဆို၍ ကြွက်တို့၏မစင်ကို ပြ၏။

ရွာနေ ကုန်သည်သည် ကြွက်ခဲအပ်သည်သာလျှင် ဖြစ်စေကုန်၊ ကြွက်တို့သည်ခဲအပ်ကုန်သည်ရှိသော် အသို့ပြုအံ့သောငှါ တတ်ကောင်းအံ့နည်းဟုဆို၍ ရေချိုးအံ့သောငှါ ထိုကုန်သည်စဉ်းလဲ၏သားကိုယူ၍ သွားသည်ရှိသော် တယောက်သော အဆွေ ခင်ပွန်း၏အိမ်၌ ဤသူငယ်ကား တစုံတခုသာအရပ်သို့ သွားစိမ့်သောငှါ မပေးပါလင့်ဟုဆို၍ တိုက်တွင်း၌နေစေ၍ မိမိသည်ရေချိုး၍ ကုန်သည်စဉ်းလဲ၏အိမ်သို့ သွား၏။ ထိုကုန်သည်စဉ်းလဲသည် ငါ၏သားကား အဘယ်မှာနည်းဟု ဆို၏။ အဆွေ သင်၏သားကို ကမ်းနား၌ထား၍ ငါရေငုက်သောကာလ၌ တခုသောစွန်သည် လာလတ်၍ သင်၏သားကို ခြေသည်းချိုင့်ဖြင့်ချီ၍ ကောင်းကင်သို့ ပျံ၏။ ငါသည် လက်ခုပ်တီးလျက် ကြော်ငြာ၍ လုံ့လပြုသော်လည်း လွှတ်စိမ့်သောငှါ မတက်နိုင်ဟု ဆိုသည်ရှိသော် အချင်း သင်သည် မမှန်သောစကားကို ဆို၏။ သူငယ်တို့ကို ချီကုန်၍ ပျံအံ့သောငှါစွမ်းနိုင်ကုန်သော စွန်တို့မည်သည်ကား မရှိကုန်ဟု ကုန်သည်စဉ်းလဲသည် ဆို၏။ အဆွေသင့်သည်မှုလည်း ဖြစ်စေ၊ မသင့်သည်မူလည်း ဖြစ်စေ စွန်သည်သာလျှင် သင်၏ သားကို ချီလေ၏။ ငါသည် အသို့ပြုအံ့နည်းဟု ဆိုသည်ရှိသော် ဟယ်.ခိုးသူပျက် ဟယ်... သူငယ်ခိုး ယခုအခါ၌ သင့်ကို တရားဆုံးဖြတ်ရာသို့သွား၍ ဆုံးဖြတ်စေအံ့ဟုဆို၍ ထွက်၏။ ထိုရွာနေကုန်သည်သည် ငါနှစ်သက်သော အမှုကိုသာလျှင် သင်သည် ပြု၏ဟု ဆို၍ ထိုကုန်သည်စဉ်းစားနှင့်တကွ တရားဆုံးဖြတ်ရာအရပ်သို့ သွား၏။

ကုန်သည်စဉ်းလဲသည် ဘုရားလောင်းကို အရှင်ဤသူသည် အကျွန်ုပ်၏သားကို ယူ၍ ရေချိုးအံ့သောငှါ သွား၏။ အကျွန်ုပ်သည် ငါ၏သားကား အဘယ်မှာနည်းဟု ဆိုလတ်သော် စွန့သည် ချီလေ၏ဟု ဆို၏။ အကျွန်ုပ်၏ တရားကို ဆုံးဖြတ်တော်မူကုန်လောဟု ဆို၏။ ဘုရားလောင်းသည် ရွာနေကုန်သည်ကို အချင်း မှန်သလောဟု မေး၏။ ထိုရွာနေကုန်သည်သည် သခင် ဟုတ်၏။ သခင် အကျွန်ုပ်သည် ထိုလူငယ်ကိုခေါ်၍ သွားလတ်သည်ရှိသော် စွန်သည် ချီသည်၏ အဖြစ်သည် မှန်သလျှင်ကတည်းဟု ဆို၏။ အချင်း လောက၌ စွန်တို့မည်သည်ကား သူငယ်ကို ချီနိုင်သည် မရှိဟုဆိုသော် အရှင်အကျွန်ုပ်သည်လည်း အရှင်တို့ကို မေးဦးအံ့၊ စွန်တို့သည် သူငယ်တို့ကို ချီကုန်၍ ကောင်းကင်၌ ပျံအံ့သောငှါ မတတ်နိုင်ကုန်၊ ကြွက်တို့သည်တမူကား သံထွန်သွားတို့ကို စားနိုင်ကုန်အံ့လောဟု ဆိုသည်ရှိသော် သင်၏ ဤစကားသည် အဘယ်မည်သော စကားနည်းဟုဆို၏။ အရှင်အကျွန်ုပ်သည် ထိုသူ၏အိမ်၌ သံထွန်သွား ငါးရာတို့ကို ထားအပ်ကုန်၏။ ထိုသူသည် သင်၏ ထွန်သွားတို့ကို ကြွက်တို့သည် စားအပ်ကုန်၏ဟု ဆို၍ ဤသည်ကား သင်၏ ထွန်သွားတို့ကို စားကုန်သောကြွက်တို့၏ မစင်တည်းဟု မစင်ကို ပြ၏။ အရှင်ကြွက်တို့သည် သံထွန်သွားတို့ကို အကယ်၍ စားနိုင်ကုန်အံ့၊ စွန်တို့သည်လည်း သူငယ်တို့ကို ချီနိုင်ကုန်လတ္တံ့။ ကြွက်တို့သည် သံထွန်သွားတို့ကို အကယ်၍မစားနိုင်ကုန်အံ့၊ စွန်တို့သည်လည်း ထိုသူငယ်ကို မချီနိုင်ကုန်လတ္တံ့၊ ဤသူသည်ကား သင်၏ထွန်သွားတို့ကို ကြွက်တို့သည် ခဲအပ်ကုန်၏ဟူ၍ ဆို၏။ ထိုကြွက်တို့၏ ခဲသည်၏ အဖြစ်ကို၎င်း မခဲသည်၏အဖြစ်ကို၎င်း သိတော်မူပါကုန်လော့ တရားကို ဆုံးဖြတ်တော် မူပါကုန်လာဟု ဆို၏။ ဘုရားလောင်းသည် ထိုကုန်သည်၏ အတုစဉ်းလဲသည်၏အဖြစ်ကို သိစေအံ့ဟူ၍ ဤကုန်သည်ပြုသည်ဖြစ်လတ္တံ့ ဟုသိ၍ သင်သည် ကောင်းစွာကြံအပ်၏ဟု ဆို၍-

၁၃၅။ သဌဿ သာဌေယျမိဒံ သုစိန္တိတံ။
ပစ္စောဍ္ဍိတံ ပဋိကူဋ္ဋဿ ကူဋံ။
ဖာလံ စေ ခါဒေယျုံ မူသိကာ။
ကသ္မာ ကုမာရံ ကုလလာ န ဟရေယျုံ။
၁၃၆။ ကူဋဿ ဟိ သန္တိ ကူဋကူဋာ။
ဘဝန္တိ စာပိ နိကတိနော နိကတျာ။
ဒေဟိ ပုတ္တနဋ္ဌ ဖာလနဋ္ဌဿ ဖာလံ။
မာ တေ ပုတ္တမဟာသိ ဖာလနဋ္ဌော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၃၅။ ဘဏေ၊ အချင်း။ တယာ၊ သင်သည်။ သဋ္ဌဿ၊ စဉ်းလဲ့သောသူ၏။ ဣဒံ သာဌေယျံ၊ ဤ အတုစဉ်းလဲသည်၏အဖြစ်ကို။ သုစိန္တိတံ၊ ကောင်းစွာကြံအပ်၏။ ကူဋဿ၊ ကောက်ကျစ် သောသူ၏။ ပဋိကူဋံ၊ အတု ကောက်ကျစ်သည်၏ အဖြစ်ကို။ ပစ္စောဍ္ဍိတံ၊ တူစွာပြု၍ ကျော့အပ်၏။ ဖာလံ၊ ထွန်သွားကို။ မူသိကာ၊ ကြွက်တို့သည်။ စေ ခါဒေယျုံ၊ အကယ်၍ စားနိုင်ကုန်အံ့။ ကုမာရံ၊ သူငယ်ကို။ ကုလလာ၊ စွန်တို့သည်။ ကသ္မာ၊ အဘယ်ကြောင့်။ န ဟရေယျုံ၊ မချီနိုင်စေကုန်အံ့နည်း။ ဟရေယျဧဝ၊ ချီနိုင်ကုန်ရာသည်သာလျှင်တည်း။

၁၃၆။ ဣဓ လောကေ၊ ဤလောက၌။ ကူဋဿ၊ ကောက်သောသူ၏။ ကူဋကူဋာ၊ ကောက်တုံ့ ကောက်ကုန်သော သူတို့သည်။ သန္တိ၊ ရှိကုန်၏။ နိကတိနော၊ လှည့်စားတတ်သောသူကို။ နိကတျာ၊ လှည့်စားတတ်သောသူတို့သည်။ ဘဝန္တိ စာပိ၊ ဖြစ်ကုန်သလျှင်ကတည်း။ ပုတ္တနဋ္ဌ၊ သားပျောက်သောသူ။ ဖာလနဋ္ဌဿ၊ ထွန်သွားပျောက်သောသူအား။ ဖာလံ၊ ထွန်သွားကို။ ဒေဟိ၊ ပေးပေလော့။ ဖာလနဋ္ဌော၊ ထွန်သွားပျောက်သောသူသည်။ တေ၊ သင်၏။ ပုတ္တံ၊ သားကို။ မာ အဟာသိ၊ မဆောင်စေလင့်။

အရှင်ငါ၏သားကို အကယ်၍ပေးအံ့၊ ထွန်သွားကို ပေးအံ့ဟု သားပျောက်သောသူသည် ဆို၏။ အရှင်ငါ၏ထွန်သွားတို့ကို အကယ်၍ပေးအံ့၊ သူငယ်ကို ပေးအံ့ဟု ထွန်သွားပျောက်သောသူသည် ဆို၏။ ဤသို့ သားပျောက်သော သူသည် သားကို ထွန်သွားပျောက်သောသူသည် ထွန်သွားကို ရကြကုန်၍ နှစ်ယောက်ကုန်သော သူတို့သည်လည်း ကံအား လျော်စွာ လားကြကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ယခုအခါ ကုန်သည်စဉ်းလဲသည် ထိုအခါ ကုန်သည်စဉ်းလဲ ဖြစ်ဘူးပြီ၊ ယခုအခါ ကုန်သည်ပညာရှိသည်သာလျှင် ထိုအခါ ကုန်သညနပညာရှိ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ တရား ဆုံးဖြတ်သော အမတ်ကြီး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကောက်ကျစ်သည့်မှု၊ ကိုယ်ကပြု၊ အတုပေါ်လိမ့်မည်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကူဋဝါဏိဇဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၉။ ဂရဟိတဇာတ်

လူအရေး မျောက်တွေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဟိရညံ မေ သုဝဏ္ဏံ မေအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂရဟိတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော သာသနာတော်၌ ငြီးငွေ့သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုရဟန်းအား အသီးအခြားယူအပ်သော အာရုံမည်သည်ကား မရှိ၊ မမွေ့လျော်သော နေခြင်းရှိသည်ဖြစ်၍နေသော ထိုရဟန်းကို မြတ်စွာဘုရား အထံတော်သို့ ဆောင်ကုန်၍ ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့လေသည်ဟု ငါကြားရသည်ကား မှန်သလောဟု မြတ်စွာဘုရားသည် မေးအပ်သည်ရှိသော် အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်၍ အဘယ်အကြောင်းကြောင့် ငြီးငွေ့ဘိသနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား ကိလေသာ၏ အစွမ်းကြောင့် ငြီးငွေ၏ဟုလျှောက်၏။ ထိုအခါ၌ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း ဤကိလေသာမည်သည် ရှေး၌ တိရစ္ဆာန်တို့ ကဲ့ရဲ့ဘူး၏။ သင်သည် ဤသို့သဘောရှိသော သာသနာတော်၌ ရဟန်းပြုလျက် အဘယ်ကြောင့် တိရစ္ဆာန်တို့သည် ကဲ့ရဲ့အပ်သော ကိလေသာ၏ အစွမ်းအားဖြင့် ငြီးငွေဘိသနည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်၌ မျောက်မျိုး၌ ဖြစ်၍ ဟိမဝန္တာ၌ နေ၏။ ထိုဘုရားလောင်း မျောက်ကို တယောက်သော မုဆိုးသည် ဖမ်း၍ ဆောင်၍ မင်းအား ဆက်၏။ ထိုဘုရားလောင်းမျောက်သည် ကြာမြင့်စွာ မင်းအိမ်၌ နေလတ်သည်ရှိသော် ဝတ်နှင့်ပြည့်စုံ၏။ လူ့ပြည်၌ဖြစ်သော အမူအရာကို သိ၏။ မင်းသည် ထိုဘုရားလောင်း မျောက်အား ဝတ်နှင့်ပြည့်စုံသည်၏ အဖြစ်ကြောင့် ကြည်ညို၍ မုဆိုးကိုခေါ်စေ၍ ဤမျောက်ကို ဖမ်းရာအရပ်၌လျှင် လွှတ်ချေဟု စေ၏။ ထိုမုဆိုးသည် ထိုသို့စေတိုင်း ပြု၏။ မျောက်အပေါင်းသည် ဘုရားလောင်း၏ လာသည်၏အဖြစ်ကိုသိ၍ ထိုဘုရားလောင်းအား ဖူးမြင်ခြင်းအကျိုးငှါ ကြီးစွာသော ကျောက်ဖျာအပြင်၌ စည်းဝေးကုန်၏။ ဘုရားလောင်းနှင့်တကွ ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သော စကားကို ပြောကုန်၍ အရှင်သင်သည် ဤမျှလောက်သော ကာလပတ်လုံး အဘယ်အရပ်၌ နေချေသနည်းဟု မေးကြကုန်၏။ ဗာရာဏသီပြည် မင်း၏အိမ်၌ နေရ၏ဟု ဆိုသည်ရှိသော် ထိုသို့ မင်းအိမ်၌နေရသော် အသို့မူ၍ လွတ်သနည်းဟု မေးကုန်၏။ မင်းသည် ငါ့ကို ပျော်မြူးကစားသော မျောက်ပြု၍ ဝတ်နှင့်ပြည့်စုံသည်၏ အဖြစ်ကြောင့် ငါ့အား ကြည်ညိုသည်ဖြစ်၍ ငါ့ကို လွှတ်၏ဟု ဆိုပေ၏။

ထိုအခါ၌ ထိုဘုရားလောင်းကို ထိုမျောက်တို့သည် လူ့ပြည်၌ လူတို့၏ ဖြစ်သောအမူအရာမည်သည်ကို သင်တို့သည် သိကုန်လတ္တံ့၊ ငါတို့အားလည်း ပြောဆိုကုန်လော့၊ ငါတို့သည် နာလိုကုန်၏ဟု ဆိုကြကုန်၏။ လူတို့၏ အမူအရာကို သင်တို့သည် ငါ့ကို မမေးကြကုန်လင့်ဟု ဘုရားလောင်းသည် ဆိုလတ်သည်ရှိသော် ဆိုပါကုန်ဦးလော့ နာလိုကုန်၏ ဟု မျောက်တို့သည် ဆိုကုန်၏။ ဘုရားလောင်းသည်လည်း အချင်းတို့ လူတို့မည်သည်ကား မင်းတို့သည်၎င်း ပုဏ္ဏားတို့သည်၎င်း ငါ့ဥစ္စာ ငါ့ဥစ္စာ ဟူ၍သာလျှင် ဆိုကုန်လျက် ဖြစ်ကုန်၍ အတည်မရှိသော သဘောကြောင့် အနိစ္စ၏အဖြစ်ကို မသိကြကုန်၊ ယခုအခါ၌ အလွန်မိုက်ကုန်သော လူတို့၏ အကြောင်းကို သင်တို့သည် နားထောင် ကုန်လောဟု ဆို၍-

၁၃၇။ ဟိရညံ မေ သုဝဏ္ဏ မေ၊ ဧသော ရတ္တိံ ဒိဝါ ကထာ။
ဒုမ္မေဓာနံ မနုဿာနံ၊ အရိယဓမ္မံ အပဿတံ။
၁၃၈။ ဒွေဒွေ ဂဟပတယော ဂေဟေ၊ ဧကော တတ္ထ အမဿုကော။
လမ္ဗတ္ထနော ဝေဏိကတော၊ အထော အင်္ကိတကဏ္ဏကော။
ကီတော ဓနေန ဗဟုနာ၊ သော တံ ဝိတုဒတေ ဇနံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၃၇။ ဘောန္တော၊ အချင်းတို့။ ဒုမ္မေဓာနံ၊ ပညာမရှိကုန်ထသော။ အရိယဓမ္မံ၊ ဘုရားအစရှိကုန်သော အရိယာတို့၏တရားကို။ တနည်းကား- အရိယဓမ္မံ၊ အပြစ်မရှိသော ကိုးပါးသော လောကုတ္တရာတရားကို။ အပဿတံ၊ မမြင်ကုန်ထသော။ မနုဿာနံ၊ လူတို့၏။ ရတ္တိံ၊ ညဉ့်၌၎င်း။ ဒိဝါ၊ နေ့၌၎င်း။ ကထာ၊ မပြတ်ပြောသော စကားသည်ကား။ မေ၊ ငါ၏။ ဟိရညံ၊ သုံးဆောင်ပြီးသောရွှေ။ မေ၊ ငါ၏။ သုဝဏ္ဏံ၊ မသုံးဆောင်သေးသောရွှေ။ ဧသာ၊ ဤသည် သာလျှင်တည်း။

၁၃၈။ ဂေဟေ၊ အိမ်၌။ ဒွေ ဒွေ ဂဟပတယော၊ နှစ်ယောက် နှစ်ယောက်ကုန်သော အိမ်ရှင်တို့သည်။ သန္တိ၊ ရှိကုန်၏။ တတ္ထ၊ ထိုနှစ်ယောက်ကုန်သော အိမ်ရှင်တို့တွင်။ ဧကော၊ တယောက်သောအိမ်ရှင်သည်ကား။ အမဿကော၊ မုတ်ဆိတ်ကြင်စွယ်လည်း မရှိ။ လမ္ဗတ္ထနော၊ ရှည်သော သားမြတ်လည်း ရှိ၏။ ဝေဏိကတော၊ အထူးထူးအပြားပြားသော အခြင်းအရာအားဖြင့် ထုံးအပ်သော ဆံထုံးလည်းရှိ၏။ အထော၊ ထိုမြို့။ အင်္ကိတကဏ္ဏကော၊ ထွင်းအပ်သော နားလည်းရှိ၏။ ဗဟုနာ ဗဟုံ၊ များစွာသော။ ဓနေနဓနံ၊ ဥစ္စာကို။ ကီတော၊ မိဘတို့အားပေး၍။ အာနီတော၊ ဆောင်အပ်သော။ သော၊ ထိုအိမ်ရှင်သည်။ ဇနံ၊ ကျွန်အမှုလုပ် အစရှိသောသူကို။ ဝိတုဒတေ၊ ဟယ်... ကျွန်ပျက် နင်သည် အမှုကို မပြုကောင်းလောဟု နှုတ်သီးလှံတို့ဖြင့် ထိုးတတ်၏။

ထိုစကားကို ကြားကုန်၍ ခပ်သိမ်းကုန်သော မျောက်တို့သည် မဆိုကုန်လင့် မဆိုကုန်လင့် မကြားသင့်သောစကားကို ကြားရကုန်၏ဟု လက်နှစ်ဘက်တို့ဖြင့် နားကို ကြပ်ကြပ်ပိတ်ကြကုန်၏။ ဤအရပ်၌ ငါတို့သည် မသင့်သောစကားကို ကြားအပ်၏ဟု ဤအရပ်ကို ကဲ့ရဲ့ကုန်၍ တပါးသောအရပ်သို့ သွားကြကုန်၏။ ကျောက်ဖျာသည် ကဲ့ရဲ့ရာကျောက်ဖျာဟု တွင်သည်သာလျှင် ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ရဟန်း ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ မျောက်အပေါင်းတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မျောက်မင်းဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ငါ့အိမ်ငါ့ယာ၊ ငါ့ဥစ္စာ၊ အာသာစွဲလတ် မမြဲမှတ်

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဂရဟိတဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၁၀။ ဓမ္မဓဇဇာတ်

အင်္ဂါ ၄-ပါးရှိ ဥယျာဉ်မှူး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်သုခံ ဇီဝိတရူပေါသိ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဓမ္မဓဇဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်၏ သတ်အံ့သော လုံ့လပြုခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုအခါ၌ မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝဒတ်သည် ငါ့အား သတ်အံ့သောငှါ လုံ့လပြုသည်မဟုတ်သေး၊ ရှေး၌လည်း ဒေဝဒတ်သည် ငါ့အား သတ်အံ့သောငှါ လုံ့လပြုသလျှင်ကတည်း၊ ထိုသို့ပြုသော်လည်း ထိတ်လန့်ခြင်းကိုလည်း ပြုအံ့သောငှါ မစွမ်းနိုင်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ယသပါဏိမည်သော မင်းသည် မင်းပြုလေ၏။ စစ်သူကြီးသည် ကာဠကအမည်ရှိ၏။ ထိုအခါ၌ ဘုရားလောင်းသည် ထိုယသပါဏိမင်၏ ပုရောဟိတ်ဖြစ်၏။ အမည်အားဖြင့် ဓမ္မဓဇမည်၏။ ထိုယသပါဏိမင်း၏ ဦးခေါင်းကို တန်ဆာဆင်တတ်သော ဆတ္တာသည်သည်ကား ဆတ္တပါဏိ အမည်ရှိ၏။ မင်းသည် တရားသဖြင့် မင်းပြု၏။ ထိုယသပါဏိမင်း၏ စစ်သူကြီးသည်တမူကား အဆုံးအဖြတ်ကို ပြုလတ်သည်ရှိသော် တံစိုးကို ယူ၍စား၏။ သူတပါးတို့၏ ကျောက်ကုန်းသားကို စားတတ်သော စစ်သူကြီးသည် တံစိုးကိုယူ၍ အရှင်မဟုတ်ကုန်သော သူတို့ကို ဥစ္စာရှင်ပြု၏။ ထိုအခါ၌ တနေ့သ၌ တရားအဆုံးအဖြတ်မှ ရှုံးသော လူသည် လက်တို့ကိုမြှောက်၍ ငိုလျက် တရားဆုံးဖြတ်ရာမှ ထွက်သည်ရှိသော် မင်းခစားရာသို့သွားသော ဘုရားလောင်းကိုမြင်၍ ထိုဘုရားလောင်း၏ ခြေတို့၌ ဝပ်၍ အရှင်မင်း၏ အကျိုးကို၎င်း အကြောင်းကို၎င်း ဆုံးမတတ်ကုန်သော အရှင်တို့ကဲ့သို့သော သူတို့သည် ထင်ရှားရှိကုန်စဉ်လျက် ကာဠက စစ်သူကြီးသည် တံစိုးကိုယူ၍ ဥစ္စာရှင်တို့ကို အရှင်မဟုတ်သည်ကို ပြု၏ဟုဆို၍ မိမိရှုံးသည်၏အဖြစ်ကို ဘုရားလောင်းအား ပြောဆို၏။ ဘုရားလောင်းသည် သနားခြင်းကိုဖြစ်စေ၍ အချင်း လာလှည့် သင်၏ တရားကို ဆုံးဖြတ်အံ့ဟု ထိုတရားရှုံးသောသူကိုယူ၍ တရားဆုံးဖြတ်ရာအရပ်သို့ သွား၏။ လူများသည် စည်းဝေးသည်ရှိသော် ဘုရားလောင်းသည် ထိုတရားကို တဖန် ဆုံးဖြတ်၍ ဥစ္စာရှင်ဟုတ်သောသူကို ဥစ္စာရှင်ပြု၏။

လူများသည် ကောင်းချီးပေးသော အသံသည် သည်းထန်စွာ ဖြစ်၏။ မင်းသည် ထိုကောင်းချီးပေးသောအသံကို ကြား၍ ဤအသံသည် အဘယ်မည်သော အသံနည်းဟု မေး၏။ မင်းမြတ် ဓမ္မဓဇပညာရှိသည် မကောင်းသဖြင့် ဆုံးဖြတ်အပ်သောတရားကို ကောင်းစွာ ဆုံးဖြတ်အပ်၏။ ဤအသံသည် ထိုတရားဆုံးဖြတ်ရာအရပ်၌ ကောင်းချီးပေးသော အသံတည်းဟု လျှောက်သည်ရှိသော် မင်းသည် နှစ်သက် သည်ဖြစ်၍ ဘုရားလောင်းကို ခေါ်စေ၍ ဆရာ သင်သည် တရားကို ဆုံးဖြတ်၏ဟူ၍ ငါကြားရသည် မှန်သလောဟု မေး၏။ မင်းမြတ် မှန်၏။ ကာဠကသည် မကောင်းသဖြင့် ဆုံးဖြတ်အပ်သောတရားကို ဆုံးဖြတ်အပ်၏ဟု လျှောက်သည်ရှိသော် ဤနေ့မှစ၍ သင်တို့သည်သာလျှင် တရားကို ဆုံးဖြတ်ကုန်လော့၊ ငါ၏ နားချမ်းသာခြင်းသည်လည်း ဖြစ်လတ္တံ့၊ လူ၏အစီးအပွားသည်လည်းဖြစ်လတ္တံ့ ဟု ဆို၍ အလိုမရှိသည်လည်းဖြစ်သော ထိုဘုရားလောင်းကို သတ္တဝါတို့အားသနားသဖြင့် တရားဆုံးဖြတ်သောအရာ၌ နေကုန်လော့ဟု တောင်းပန်၍ ဝန်ခံစေ၏။ ထိုနေ့မှစ၍ ဘုရားလောင်းသည် တရား ဆုံးဖြတ်သောအရာ၌ နေ၏။ ဥစ္စာရှင်ဖြစ်ကုန်သော သူတို့ကိုသာလျှင် ဥစ္စာရှင်ကို ပြု၏။

ကာဠကသည် ထိုအခါမှစ၍ တံစိုးကို မရလတ်သော် လာဘ်မှယုတ်၍ ဘုရားလောင်းအား ရန်ငြိုးဖွဲ့၍ မင်းမြတ် ဓမ္မဓဇပညာရှိသည် အရှင်၏ မင်းအဖြစ်ကို တောင့်တ၏ဟု ဘုရားလောင်းကို မင်း၏စိတ်၌ အချစ်ဖျက်၏။ မင်းသည် မယုံကြည်သည်ဖြစ်၍ ဤသိုမဆိုလင့်ဟုပယ်၍ တဖန် ထိုကာဠကသည် မင်းမြတ် အကျွန်ုပ်၏ စကားကို အကယ်၍ ယုံကြည်တော် မမူကုန်အံ့၊ ထိုဓမ္မဓဇသည် လာသောကာလ၌ လေသွန်းတံခါးပေါက်ဖြင့် ကြည့်တော်မူလော့၊ ထိုသို့ ကြည့်တော်မူလတ်သည်ရှိသော် ဤဓမ္မဓဇသည် မြို့အလုံးကို မိမိ၏လက်သို့ ရောက်စေသည်၏အဖြစ်ကို မြင်တော်မူကုန်လတ္တံ့ဟု လျှောက်သည်ရှိသော် မင်းသည် ထိုဓမ္မဓဇ၏အထံ၌ တရားတွေ့သော ပရိသတ်ကိုမြင်၍ ထိုမ္မဓဇ၏ပရိသတ်ဟူ၍ ထင်မှတ်သဖြင့် အချစ်ပျက်၍ စစ်သူကြီး အသို့ပြုကုန်အံ့နည်းဟု မေး၏။ မင်းမြတ် ထိုဓမ္မဓဇကို သတ်အံ့သောငှါ သင့်၏ဟု လျှောက်သည်ရှိသော် ရုန့်ရင်းသော အပြစ်ကိုမမြင်ဘဲ အသို့သတ်အံ့နည်းဟုဆို၏။ မင်းမြတ် တခုသော ဥပါယ်တမျဉ်သည် ရှိ၏ဟု လျှောက်သည်ရှိသော် အဘယ်မည်သော ဥပါယ်တမျဉ်နည်းဟု ဆို၏။ မင်းမြတ် ထိုဓမ္မဓဇအား ဆောင်ရွက်ခြင်းငှါ မစွမ်းနိုင်သော အမှုကိုတင်၍ အမှုကို ပြုအံ့သောငှါ မစွမ်းနိုင်ငြားအံ့၊ ထိုအပြစ်ဖြင့် သတ်ကြကုန်အံ့ဟု လျှောက်သည်ရှိသော် ထိုဓမ္မဓဇ၏ ဆောင်ရွက်ခြင်းငှာ မစွမ်းနိုင်သော အမှု သည်ကား အဘယ်အမှုနည်းဟု ဆို၏။ မင်းမြတ် ဥယျာဉ်မည်သည်ကား ကောင်းမြတ်သောမြေ၌ စိုက်ပျိုးအပ်သည်ဖြစ်၍ ပြုပြင်အပ်သည်ရှိသော် သုံးနှစ်လေးနှစ်တို့ဖြင့် အသီးကိုပေး၏။ အရှင်မင်းမြတ်တို့သည် ထိုဓမ္မဓဇကိုခေါ်စေ၍ နက်ဖြန် ဥယျာဉ်ကစားကုန်အံ့၊ ငါ့အဘို့ ဥယျာဉ် ဘန်ဆင်းလော့ဟု ဆိုတော်မူကုန်လော့၊ ထိုမ္မဓဇသည် ဘန်ဆင်းအံ့သောငှါ မစွမ်းနိုင်လတ္တံ့၊ ထိုသို့ မစွမ်းနိုင်သည်ရှိသော် ထိုဓမ္မဓဇကို ထိုအပြစ်ဖြင့် သတ်ကြကုန်အံ့ဟုလျောက်၏။

မင်းသည် ဘုရားလောင်းကိုခေါ်၍ ပညာရှိ ငါတို့သည် ဥယျာဉ်ဟောင်း၌ ကစားရသည်ကား ကြာကုန်ပြီ၊ ယခုအခါ၌ ဥယျာဉ်သစ်၌ ကစားလိုကုန်၏။ နက်ဖြန် ကစားကုန်အံ့၊ ငါတို့ကို ဥယျာဉ်ကို ဘန်ဆင်းလော့၊ ဘန်ဆင်းအံ့သောငှါ အကယ်၍ မစွမ်းနိုင်လျှင် သင်၏ အသက်သည် မရှိလတ္တံ့ ဟု ဆို၏။ ဘုရားလောင်းသည် ကာဠကသည် တံစိုးကို မရခြင်းကြောင့် မင်း၏အတွင်း၌ အချစ်ဖျက်အပ်သည် ဖြစ်လတ္တံ့ဟု သိ၍ မင်းမြတ် စွမ်းနိုင်ပါမူကား သိရလတ္တံ့ဟုဆို၍ အိမ်သို့သွား၍ ကောင်းသောဘောဇဉ်ကိုစား၍ ကြံလျက် အိပ်ရာ၌ အိပ်၏။ သိကြားမင်း၏နေရာသည် ပူသောအခြင်းအရာကိုပြ၏။ သိကြားသည် ဆင်ခြင်လတ်သော် ဘုရားလောင်း၏ စိတ်ကိုသိ၍ လျင်မြန်စွာသွား၍ ကြက်သရေရှိသော တိုက်တို့၌ဝင်၍ ကောင်းကင်၌တည်၍ ပညာရှိ အဘယ်ကို ကြံသနည်းဟု မေး၏။ သင်သည် အဘယ်သူနည်းဟု ဆိုလတ်သည်ရှိသော် သိကြားတည်းဟု ဆို၏။ သိကြားမင်း မင်းသည် ငါ့ကို ဥယျာဉ်ကို ဘန်ဆင်းလော့ဟု ဆို၏။ ငါသည် အသို့ပြု၍ ဘန်ဆင်းရအံ့နည်းဟု ကြံ၏။ ဤသို့ဆိုသည်ရှိသော် ပညာရှိ မကြံလင့်၊ ငါသည် သင့်ဘို့ နန္ဒဝန်ဥယျာဉ်စိတ္တလတာဥယျာဉ်နှင့်တူသော ဥယျာဉ်ကို ဘန်ဆင်းအံ့၊ အဘယ်အရပ်၌ ဘန်ဆင်းရအံ့နည်းဟု ဆို၏။ သိကြားမင်း ဤမည်သောအရပ်၌ တန်ဆင်းလော့ဟု ဆိုသည်ရှိသော် သိကြားသည် ဘန်ဆင်း၍ နတ်ပြည်သို့လျှင် သွား၏။

နက်ဖြန်နေ့၌ ဘုရားလောင်းသည် ဥယျာဉ်ကို မျက်မှောက်အားဖြင့် မြင်၍ သွား၍ မင်းအား မင်းမြတ် ဥယျာဉ်သည် ပြီးပြီ ကစားတော်မူပါလော့ဟု လျောက်၏။ မင်းသည် သွား၍ တဆယ့်ရှစ်တောင်ရှိသော ဆေးဒန်းမြင်းသီလာအဆင်းနှင့်တူသော အဆင်းရှိသော တံတိုင်းဖြင့် ခြံရံအပ်သော တံခါး ပစ္စင်နှင့်ပြည့်စုံသော အပွင့်အသီးတို့ဖြင့်ပြည့်သော အထူးထူးသော သစ်ပင်တို့ဖြင့် တန်ဆာဆင်အပ်သော ဥယျာဉ်ကိုမြင်၍ ကာဠကကို ကာဠက ပညာရှိသည် ငါတို့၏ စကားကို ပြုလေပြီ၊ ယခုအခါ၌ အသုံပြုရကုန်အံ့နည်းဟု မေး၏။ မင်းမြတ် တညဉ့်ခြင်းဖြင့် ဥယျာဉ်ကို ဘန်ဆင်းအံ့သောငှါ စွမ်းနိုင်သောသူသည် မင်းအဖြစ်ကို ယူအံ့သောငှါ အဘယ်မှာ မစွမ်းနိုင်ရှိအံ့နည်းဟု ကာဋ္ဌကကဆို၏။ ထိုသို့ ဆိုသည်ရှိသော် ယခုအခါ၌ အသို့ပြုရကုန်အံ့နည်းဟု ဆို၏။ မင်းမြတ် ထိုပညာရှိကို တပါးလည်းဖြစ်သော မဆောင်ရွက် မစွမ်းနိုင်သောအမှုကို ပြုစေကုန်အံ့ဟု လျှောက်၏။ အဘယ်မည်သောအမှုကို ပြုစေရကုန်အံ့နည်းဟု ဆို၏။ မင်းမြတ် ရတနာခုနစ်ပါးဖြင့်ပြီးသော ရေကန်ကို ဘန်ဆင်းစေကုန်လော့ဟု လျှောက်၏။ မင်းသည် ကောင်းပြီဟု ဘုရားလောင်းကို ခေါ်၍ ဆရာ ဥယျာဉ်ကို သင်သည် ဘန်ဆင်းအပ်လေပြီ၊ ထိုဥယျာဉ်အား လျောက်ပတ်သော ရတနာခုနစ်ပါးဖြင့် ပြီးသော ရေကန်ကို ဘန်ဆင်းဦးလော့၊ ဘန်ဆင်းအံ့သောငှါ အကယ်၍ မစွမ်းနိုင်သည်ဖြစ်အံ့၊ သင်၏ အသက်သည် မရှိရလတ္တံ့ဟု ဆို၏။ ဘုရားလောင်းသည် မင်းမြတ် ကောင်းပြီ စွမ်းနိုင်ပါမူကား ဘန်ဆင်းပါအံ့ဟု ဆို၏။ ထိုအခါ၌ ဘုရားလောင်း၏ အကျိုးငှါ သိကြားသည် ရေကန်ကို ဘန်ဆင်း၏။ ဘန်ဆင်းသည် ရှိသော်လည်း တင့်တယ်ခြင်းအစုသို့ ရောက်သော ဆိပ်တရာရှိသော အကောက်တထောင်ရှိသော ငါးပါးသော အဆင်းရှိသော ပဒုမာတို့ဖြင့် ဖုံးလွှမ်းသော နန္ဒာရေကန်နှင့်တူသော ရေကန်ကို ဘန်ဆင်း၏။

နက်ဖြန်နေ့၌ ဘုရားလောင်းသည် ထိုရေကန်ကိုလည်း မျက်မှောက် ပြု၍ မင်းအား မင်းမြတ် အကျွန်ုပ်သည် ရေကန်ကို ဘန်ဆင်းအပ်ပြီဟု လျှောက်၏။ မင်းသည် ထိုရေကန်ကိုလည်းမြင်၍ ကာဠက ယခုအခါ၌ အညိုပြုရကုန်အံ့နည်းဟု ကာဠကကို မေး၏။ မင်းမြတ် ဥယျာဉ်အား လျောက်ပတ်သော အိမ်ကို ဘန်ဆင်းစိမ့်သောငှါ စေလောဟု လျှောက်၏။ မင်းသည် ဆရာ ဤဥယျာဉ်အား၎င်း ဤရေကန်အား၎င်း လျောက်ပတ်သော အလုံးစုံ ဆင်စွယ်ဖြင့်ပြီးသော အိမ်ကို ဘန်ဆင်းဦးလော့၊ အကယ်၍ မဘန်ဆင်းနိုင်အံ့၊ သင်၏ အသက်သည် မရှိရလတ္တံ့ဟု ဆို၏။ ထိုအခါ၌ ထိုဘုရားလောင်း၏အကျိုးငှာ သိကြားသည် အိမ်ကိုလည်း ဘန်ဆင်း၏။ ဘုရားလောင်းသည် နက်ဖြန်နေ့၌ မျက်မှောက်ပြု၍ မင်းအား လျှောက်၏။ မင်းသည်လည်း ထိုအိမ်ကိုမြင်၍ ယခုအခါ၌ အသို့ပြုရကုန်အံ့နည်းဟု ကာဠကကို မေး၏။ မင်းမြတ် အိမ်အားလျောက်ပတ်သော ပတ္တမြားကို ဘန်ဆင်းစိမ့်သောငှါ စေလော့ဟု လျောက်၏။ မင်းသည် ဘုရားလောင်းကို ခေါ်၍ ပညာရှိ ဤဆင်စွယ်ဖြင့်ပြီးသောအိမ်အား လျောက်ပတ်သော ပတ္တမြားကို ဘန်ဆင်းလော့၊ ပတ္တမြားရောင်ဖြင့် သွားကုန်အံ့၊ ဘန်ဆင်းအံ့သောငှါ အကယ်၍ မစွမ်းနိုင်အံ့၊ သင်၏အသက်သည် မရှိရလတ္တံ့ဟု ဆို၏။ ထိုအခါ၌ ဘုရားလောင်း၏အကျိုးငှါ သိကြားသည် ပတ္တမြားကိုလည်းဘန်ဆင်း၏။

ဘုရားလောင်းသည် နက်ဖြန်နေ့၌ ထိုပတ္တမြားကို မျက်မှောက်ပြု၍ မင်းအား လျောက်၏။ မင်းသည် ထိုပတ္တမြားကိုလည်းမြင်၍ ယခုအခါ၌ အသို့ပြုရကုန်အံ့နည်းဟု ကာဠကကို မေး၏။ မင်းမြတ် ဓမ္မဓဇပုဏ္ဏားအား အလိုရှိတိုင်းပေးတတ်သော နတ်သည် ရှိယောင်တကား၊ ယခုအခါ၌ အကြင်အမှုကို နတ်သည်လည်း ဘန်ဆင်း၍ပြုအံ့သောငှါ မတတ်ကောင်း၊ ထိုအမှုကို စေလော့ဟု လျှောက်၍ မင်းမြတ် အင်္ဂါလေးပါးနှင့်ပြည့်စုံသော လူမည်သည်ကို နတ်တို့သည်လည်း ဘန်ဆင်းအံ့သောငှါ မတတ်နိုင်ကုန်၊ ထို့ကြောင့် အင်္ဂါလေးပါးနှင့်ပြည့်စုံသော ဥယျာဉ်စောင့်ကို ငါ့ဘို့ ဘန်ဆင်းလော့၊ ဤသို့ဆိုလော့ဟု လျှောက်၏။ မင်းသည် ဘုရားလောင်းကို ခေါ်၍ ဆရာ သင်သည် ငါတို့ကို့ ဥယျာဉ်ကို၎င်း ရေကန်ကို၎င်း ဆင်စွယ်ဖြင့်ပြီးသော ပြာသာဒ်ကို၎င်း ထိုပြာသာဒ်၏ အလင်းကိုပြအံ့သော ပတ္တမြားရတနာကို၎င်း ဘန်ဆင်းအပ်ကုန်ပြီ၊ ယခုအခါ၌ ငါ့ဘို့ ဥယျာဉ်ကို စောင့်တတ်သော အင်္ဂါလေးပါးနှင့်ပြည့်စုံသော ဥယျာဉ်စောင့်ကို ဘန်ဆင်းလော၊ အကယ်၍ မဘန်ဆင်းနိုင်အံ့၊ သင်၏အသက်သည် မရှိရလတ္တံ့ဟု ဆို၏။ ဘုရားလောင်းသည် ထိုသို့ပင် ဖြစ်စေရမူကား သိရလတ္တံ့ဟု အိမ်သို့သွား၍ ကောင်းသော ဘောဇဉ်ကို စားပြီး၍ အိပ်သည်ရှိသော် မိုးသောက်ထသောကာလ၌နိုး၍ အိပ်ရာအပြင်၌ နေလျက် သိကြားနတ်မင်းသည် အကြင်အမှုကို ဘန်ဆင်းအံ့သောငှါ စွမ်းနိုင်၏။ ထိုအမှုကို ဘန်ဆင်းလေပြီ၊ လေးပါးသော အင်္ဂါနှင့်ပြည့်စုံသော ဥယျာဉ်စောင့်ကိုတမူကား ဘန်ဆင်းအံ့သောငှါ မတတ်ကောင်းလေ၊ ဤသို့ ဘန်ဆင်းခြင်းငှာ မတတ်ကောင်းသည်ဖြစ်သော် သူတပါးတို့၏လက်၌ သေရသည်ထက် တော၌ ကိုးကွယ်ရာမရှိ သေရခြင်းသည်သာလျှင် ကောင်းမြတ်၏ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် တစုံတယောက်သောသူအား မကြားမူ၍ ပြာသာဒ်မှသက်၍ မြတ်သောတံခါးဖြင့်လျှင် မြို့မှထွက်၍ တောသို့ဝင်၍ တခုသောသစ်ပင်ရင်း၌ သူတော်ကောင်းတို့၏ လောကဓံတရားရှစ်ပါး နှိပ်စက်လတ်သော် မတုန်မလှုပ်ခြင်းဟုဆိုအပ်သော သဘောကို ဆင်ခြင်လျက်နေ၏။

သိကြားမင်းသည် ထိုအကြောင်းကိုသိ၍ တောသွားမုဆိုးကဲ့သို့ ဖြစ်၍ ဘုရားလောင်းသို့ကပ်လေ၍ ပုဏ္ဏား သင်သည် နူးညံ့သိမ်မွေ့သော သဘောရှိလျက် အလွန်ဆင်းရဲသော သဘောရှိသကဲ့သို့ ဤတောသို့ဝင်၍ အဘယ်ကို ပြုလျက်နေသနည်း၊ ဤသို့ မေးလိုရကား-

၁၃၉။ သုခံ ဇီဝိတရူပေါသိ၊ ရဋ္ဌာ ဝိဝနမာဂတော။
သော ဧကကော ရုက္ခမူလေ၊ ကပဏာ ဝိယ ဈာယသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၃၉။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ သုခံ၊ ချမ်းသာစွာ။ ဇီဝိတရူပေါ၊ အသက်ရှည်သော သဘောရှိသည်။ အသိ၊ ဖြစ်၏။ သော တွံ၊ ထိုသင်သည်။ ရဋ္ဌာ၊ ပြည့်သောလူရှိရာ အရပ်မှ။ ဝိဝနံ၊ ရေမရှိသော တောအရပ်သို့။ အာဂတော၊ လာ၍။ ရုက္ခမူလေ၊ သစ်ပင်ရင်း၌။ ဧကကော၊ တယောက်အထီးတည်း။ ကပဏာ ပိယ၊ အထီးကျန်သောသူကဲ့သို့။ နိသိန္နော၊ နေလျက်။ ဈာယသိ၊ အဘယ်ကိုကြံဘိသနည်း။

ထိုစကားကိုကြား၍ ဘုရားလောင်းသည်-

၁၄၀။ သုခံ ဇီဝိတရူပေါသ္မိ၊ ရဋ္ဌာ ဝိဝနမာဂတော။
သော ဧကကော ရုက္ခမူလေ၊ ကပဏာ ဝိယ ဈာယာမိ၊
သတံ ဓမ္မံ အနုဿရံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၄၀။ သမ္မ၊ အဆွေ။ အဟံ၊ ငါသည်။ သုခံ၊ ချမ်းသာစွာ။ ဇီဝိတရူပေါ၊ အသက်မွေးရသော သူကဲ့သို့။ အသ္မိ၊ ဖြစ်၏။ သော အဟံ၊ ထိုငါသည်။ ရဋ္ဌာ၊ ပြည့်သောသူတို့၏ နေရာအရပ်မှ။ ဝိဝနံ၊ ရေမရှိသော တောအရပ်သို့။ အာဂတော၊ ဝင်လာ၍။ ရုက္ခမူလေ၊ သစ်ပင်ရင်း၌။ ကပဏာ ဝိယ၊ အထီးကျန်သော သူကဲ့သို့။ ဧကကော၊ တယောက်အထီးတည်း။ နိသိန္နော၊ နေလျက်။ သတံ၊ ဘုရား, ပစ္စေကဗုဒ္ဓါ သာဝကဟု ဆိုအပ်ကုန်သော သူတော်ကောင်းတို့၏။ ဓမ္မံ၊ လောကဓံတရား ရှစ်ပါးသည် နှိပ်စက်၍ တုန်လှုပ်ခြင်းမရှိသောသဘောကို။ အနုဿရံ-အနုဿရန္တော၊ အောက်မေ့လျက်။ ဈာယာမိ၊ ကြံ၏။

ထိုအခါ၌ ထိုဘုရားလောင်းကို သိကြားမင်းသည် ပုဏ္ဏား ဤသို့ သူတော်ကောင်းတို့၏သဘောကို ဆင်ခြင်သည် ဖြစ်လတ်သော် သင်သည် ဤအရပ်၌ အဘယ်ကြောင့် နေဘိသနည်းဟု ဆို၏။ အဆွေ မင်းသည် လေးပါးသော အင်္ဂါနှင့်ပြည့်စုံသော ဥယျာဉ်စောင့်ကို ဆောင်စေ၏။ ထိုသို့ သဘောရှိသော ဥယျာဉ်စောင့်ကို ရအံ့သောငှါ မစွမ်းနိုင်၊ ထိုငါသည် သူတပါး၏လက်၌သေသဖြင့် အဘယ်ပြုအံ့နည်း၊ တောသို့ဝင်၍ ကိုးကွယ်ရာမရှိသော သေခြင်းဖြင့် သေအံ့ဟုကြံ၍ ဤသို့လာ၍ နေ၏ဟု ဘုရားလောင်းသည် ဆို၏။ ပုဏ္ဏား ငါသည် သိကြားနတ်မင်းတည်း၊ ငါသည် သင့်ဘို့ ဥယျာဉ်အစရှိသည်တို့ကို ဘန်ဆင်း အပ်ကုန်ပြီ၊ အင်္ဂါလေးပါးနှင့်ပြည့်စုံသော ဥယျာဉ်စောင့်ကို ဘန်ဆင်းအံ့သောငှာ မတတ်ကောင်း၊ သင်တို့၏ မင်း၏ ဦးခေါင်းကိုတန်ဆာဆင်တတ်သော ဆတ္တာသည်သည် ဆတ္တပါဏိမည်၏။ ထိုဆတ္တပါဏိသည် အင်္ဂါလေးပါးနှင့် ပြည့်စုံ၏။ အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဥယျာဉ်စောင့်ဖြင့် အလိုရှိသည်ရှိသော် ထိုဆတ္တာသည်ကို ဥယျာဉ်စောင့်ပြုစိမ့်သောငှါ ဆိုလေလော့ဟု သိကြားမင်းသည် ဘုရားလောင်းအား အဆုံးအမကိုပေး၍ မကြောက်လင့်ဟု နှစ်သိမ့်စေ၍ မိမိ၏ နတ်ပြည်သို့လျှင် သွား၏။

ဘုရားလောင်းသည် အိမ်သို့သွား၍ နံနက်စာစားပြီးသော် မင်းအိမ်တံခါးသို့သွား၍ ဆတ္တပါဏိကိုလည်း ထိုမင်းအိမ်တံခါး၌လျှင် မြင်၍ လက်၌ကိုင်၍ အဆွေဆတ္တပါဏိ သင်သည် လေးပါးသောအင်္ဂါနှင့် ပြည့်စုံသလောဟု မေး၏။ ငါ၏ အင်္ဂါလေးပါးနှင့် ပြည့်စုံသည်၏အဖြစ်ကို သင့်အား အဘယ်သူသည် ကြားသနည်းဟု ဆိုသည်ရှိသော် သိကြားနတ်မင်းသည် ကြား၏ဟုဆို၍ အဘယ်အကြောင်းကြောင့် ကြားသနည်းဟု မေးအပ်သည်ရှိသော် ဤမည်သော အကြောင်းကြောင့် ကြား၏ဟု အလုံးစုံကို ပြောဆို၏။ ထိုဆတ္တပါဏိသည် ငါသည် လေးပါးသော အင်္ဂါနှင့်ပြည့်စုံသည် မှန်၏ဟု ဆို၏။ ထိုအခါ၌ ဆတ္တပါဏိကို ဘုရားလောင်းသည် လက်၌ကိုင်၍ မင်း၏အထံသို့ သွား၍ မင်းမြတ် ဤဆတ္တပါဏိသည် အင်္ဂါလေးပါးနှင့် ပြည့်စုံ၏။ အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဥယျာဉ်စောင့်ဖြင့် အလိုရှိသည်ရှိသော် ဤဆတ္တပါဏိကို ဥယျာဉ်စောင့် ပြုစေတော်မူကုန်လော့ဟု ဆို၏။

ထိုအခါ၌ ဆတ္တပါဏိကို မင်းသည် အချင်း သင်သည် အင်္ဂါလေးပါးနှင့် ပြည့်စုံသလောဟု မေး၏။ မင်းမြတ် ဟုတ်၏ဟု ဆိုသည်ရှိသော် အချင်း သင်သည် အဘယ်မည်ကုန်သော အင်္ဂါလေးပါးတို့နှင့် ပြည့်စုံသနည်းဟု မေး၏။ မင်းမြတ် အကျွန်ုပ်သည် ငြူစူခြင်းမရှိ၊ မင်းမြတ် အကျွန်ုပ်သည် ယစ်မျိုးကိုလည်း မသောက်၊ မင်းမြတ် အကျွန်ုပ်သည် ချစ်ခြင်းလည်း မရှိ၊ မင်းမြတ် အကျွန်ုပ်သည် အမျက်မထွက်ခြင်းကို ဆောက်တည်အပ်၏။ ထိုစကားသည် မှန်၏။ မင်းမြတ် အကျွန်ုပ်အား ငြူစူခြင်းမည်သည်ကား မရှိ။ အကျွန်ုပ်သည် သေကိုလည်း မသောက်စဘူး၊ သူတပါးတို့၌ အကျွန်ုပ်သည် ချစ်ခြင်းသည်၎င်း အမျက်ထွက်ခြင်းသည်၎င်း မဖြစ်စဘူး၊ ဤသို့ အင်္ဂါလေးပါးတို့နှင့်ပြည့်စုံ၏ဟု ဆို၏။ ထိုအခါ၌ မင်းသည် အို ဆတ္တပါဏိ သင်သည် ငြူစူခြင်းမရှိသောသူ ဖြစ်၏ဟု ဆိုသလောဟု ဆို၏။ မင်းမြတ် အကျွန်ုပ် ငြူစူခြင်းမရှိသောသူ ဖြစ်၏ဟူ၍ဆိုသည် ဟုတ်၏ဟု လျှောက်သည်ရှိသော် အဘယ်အာရုံကို မြင်၍ ငြူစူခြင်း မရှိသနည်းဟု ဆို၏။ မင်းမြတ် နာတော်မူလော့ဟု လျှောက်၍ မိမိ၏ငြူစူခြင်း မရှိသည်၏အဖြစ်ကို ဆိုလိုရကား-

(က) ဣတ္ထိယာ ကာရဏာ ရာဇ၊ ဗန္ဓာပေသိံ ပုရောဟိတံ။
သော မံ အတ္ထေ နိဝေဒေသိ၊ တသ္မာဟံ အနုသူယကော။

ဟူသော ဤဂါထာကို ရွတ်၏။

ရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ ပုဗ္ဗေ၊ ရှေး၌။ ဣမသ္နိံ ဗာရာဏသိနဂရေ၊ ဤဗာရာဏသီပြည်၌ သာလျှင်။ ရာဇာ၊ မင်းဖြစ်ဘူး၏။ ဣတ္ထိယာ၊ မိန်းမ၏။ ကာရဏာ၊ အကြောင်းကြောင့်။ ပုရောဟိတံ၊ ပုရောဟိတ်ကို။ ဗန္ဓာပေသိံ၊ နှောင်ဖွဲ့ စေ၏။ သော၊ ထိုပုရောဟိတ်သည်။ မံ၊ အကျွန်ုပ်ကို။ အတ္ထေ၊ အကျိုးစီးပွားတို့ကို။ နိဝေဒေသိ၊ ကြားပေ၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ အနုသူယကော၊ ငြူစူခြင်းမရှိ။

အဗဒ္ဓ တတ္ထ ဗဇ္ဈန္တိ၊ ယတ္ထ ဗာလာ ပဘာသရေ။
ဗဒ္ဓါပိ တတ္ထ မုစ္စန္တိ၊ ယတ္ထ မီရာ ပဘာသရေ။

ဟူသော ဗန္ဓနမောက္ခဇာတ် ၌လာသော နည်းဖြင့်သာလျှင် တပါးသောကာလ၌ ဤဆတ္တပါဏိသည် မင်းဖြစ်၍ ခြေရင်း၌ မြဲကုန်သော ခြောက်ကျိပ် လေးယောက်ကုန်သော အမတ်တို့နှင့်တကွ ချွတ်ယွင်းပြီး၍ မိမိ၏နှလုံးအလိုကို မဖြည့်သောဘုရားလောင်းကို ဖျက်ဆီးလိုသော မိဖုယားသည် ချောပစ်၍ နှောင်ဖွဲ့စေ၏။ ထိုအခါ၌ ထိုဘုရားလောင်းကို နှောင်ဖွဲ့၍ ဆောင်သည်ရှိသော် ဘုရားလောင်းသည် မိဖုယား၏ အဟုတ်အမှန်ဖြစ်သောအပြစ်ကို ကြား၍ မိမိသည် လွတ်သည်ရှိသော် မင်းသည် နှောင်ဖွဲ့စေအပ်ကုန်သော အလုံးစုံလည်းဖြစ်ကုန်သော ခြေရင်း၌ မြဲစွဲကုန်သော အမတ်တို့ကို လွှတ်စေ၍ မင်းမြတ် ထိုခြောက်ကျိပ် လေးယောက်ကုန်သော အမတ်တို့၏၎င်း မိဖုယား၏၎င်း အပြစ်ကို အရှင်မင်းမြတ်သည် သည်းခံတော်မူကုန်လော့ဟု ဆုံးမ၏။ အလုံးစုံကို အောက်၌ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင် အကျယ်အားဖြင့် သိအပ်၏။ ထိုစကားကို ရည်၍-

ဣတ္ထိယာ ကာရဏာ ရာဇ၊ ဗန္ဓာပေသိံ ပုရောဟိတံ။
သော မံ အတ္ထေ နိဝေဒေသိ၊ တသ္မာဟံ အနုသူယကော။

ဟူ၍ ဆို၏။

ထိုအခါ၌ကား ထိုမင်းသည် ငါသည် တသောင်း ခြောက်ထောင်ကုန်သော မိန်းမတို့ကိုစွန့်ပစ်၍ ထိုတယောက်တည်းသော မိန်းမကိုသာလျှင် ကိလေသာ၏အစွမ်းအားဖြင့် ထောက်ပံ့ပါသော်လည်း ရောင့်ရဲစိမ့်သောငှါ မစွမ်းနိုင်၊ ဤသို့ အလိုဆန္ဒပြည့်နိုင်ခဲကုန်သော မိန်းမတို့အား အမျက်ထွက်ခြင်း မည်သည်ကား ဝတ်သော အဝတ်သည် ညစ်နွမ်းလတ်သည်ရှိသော် အဘယ့်ကြောင့် နင်ညစ်နွမ်းဘိသနည်းဟု အမျက်ထွက်သည်နှင့် တူ၏။ ထိုစားသော ထမင်းသည် မစင်၏အဖြစ်သို့ရောက်လတ်သည်ရှိသော် အဘယ့်ကြောင့် မစင်၏အဖြစ်သို့ နင်ရောက်ရဘိသနည်းဟု အမျက်ထွက်သည်နှင့် တူ၏။ ယခုအခါ ယနေ့မှစ၍ အကြင်မျှလောက်သော ကာလပတ်လုံး အရဟတ္တဖိုလ်သို့ မရောက်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး ကိလေသာကိုမှီ၍ ငါ၌ ငြူစူခြင်းတို့သည် မဖြစ်စေကုန်သတည်းဟု ဓိဋ္ဌာန်၏။ ထိုအခါမှစ၍ ငြူစူခြင်းမရှိသည်ဖြစ်၏။ ဤအကြောင်းကို ရည်၍ တသ္မာဟံ အနုသူယကောဟူ၍ ဆို၏။

ထိုအခါ၌ ထိုဆတ္တပါဏိကို မင်းသည် အချင်း ဆတ္တပါဏိ အဘယ်အာရုံကိုမြင်၍ ယစ်မျိုးကိုမသောက်သနည်းဟု မေး၏။ ထိုဆတ္တပါဏိသည် ထိုအကြောင်းကို ကြားလိုရကား-

(ခ) မတ္တော အဟံ မဟာရာဇ၊ ပုတ္တမံသာနိ ခါဒယိံ။
တဿ သောကေနာဟံ ဖုဋ္ဌော၊ မဇ္ဇပါနံ ဝိဝဇ္ဇယိံ။

ဟူသော ဤဂါထာကို ဆို၏။

မဟာရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ မတ္တော၊ ယစ်သည်ဖြစ်၍။ ပုတ္တမံသာနိ၊ သား၏အသားတို့ကို။ ခါဒယိံ၊ စားဘူး၏။ အဟံ၊ အကျွန်ုပ်သည်။ တဿ၊ ထိုသေလေသောသားအား။ သောကေန၊ အောက်မေ့ စိုးရိမ်ခြင်းသည်။ ဖုဋ္ဌော၊ နှိပ်စက်အပ်သည်ဖြစ်၍။ မဇ္ဇပါနံ၊ သေသောက်ခြင်းကို။ ဝိဝဇ္ဇယိံ၊ ကြဉ်ရှောင်၏။

မင်းမြတ် အကျွန်ုပ်သည် ရှေး၌ ထိုသို့သဘောရှိသော ဗာရာဏသီမင်းဖြစ်၍ ယစ်မျိုးနှင့်ကင်း၍ ဖြစ်အံ့သောငှါ မစွမ်းနိုင်၊ အမဲမရှိသော ထမင်းကိုလည်း စားအံ့သောငှါ မစွမ်းနိုင်၊ မြို့၌ ဥပုသ်နေ့တို့၌ အသက်သတ်ခြင်းသည် မဖြစ်စေလင့်ဟု စည်ကိုလည်စေ၏။ စားတော်ချက်သည် ပက္ခ၏ တဆယ့်သုံးရက် နေ့၌လျှင် အမဲကိုယူ၍ထား၏။ မကောင်းသဖြင့် ထားအပ်သော ထိုအမဲကို ခွေးတို့သည် စားကုန်၏။ စားတော်ချက်သည် ဥပုသ်နေ့၌ အမဲကိုမရ၍ မင်းအား အထူးထူးအပြားပြား မြတ်သော အရသာရှိသော ဘောဇဉ်ကိုချက်၍ ပြာသာဒ်ထက်သို့တင်၍ ကပ်အံ့သောငှာ မဝံ့ရကား မိဖုယားသို့ ကပ်လေ၍ အရှင်မိဖုယား ယနေ့ အကျွန်ုပ်သည် အမဲကိုမရ၊ အမဲမရှိသော စားတော်မည်သည်ကို အံ့သောငှာ မဝံ့၊ အသို့ ပြုရအံ့နည်းဟု လျှောက်၏။ အမောင်စားတော်ဆက် ငါ၏သားကို မင်းသည် ချစ်လေးမြတ်၏။ နှစ်သက်၏။ ငါ၏သားကိုမြင်၍ မင်းသည် ထိုသားတော်ကိုလျှင် နမ်းတော်မူလျက် ဘက်တော်မူလျက် မိမိ၏ ရှိသည်၏အဖြစ်ကိုလည်း မသိ၊ ငါသည် သားကို တန်ဆာဆင်၍ မင်း၏ပေါင်ပေါ်၌ နေစေအံ့၊ မင်းအား သားတော်နှင့်တကွ မွေ့လျော်ပျော်ပါး ကစားစဉ်ကာလ၌ သင်သည် စားတော်ထမင်းကို တည်လေလော့ဟု ဆို၏။ ထိုမိဖုယားသည် ဤသို့ဆို၍ မိမိ၏သားကို ဆင်အပ်သောတန်ဆာကို ဆင်ယင်၍ မင်း၏ ပေါင်ပေါ်၌ နေစေ၏။ မင်းအား သားတော်နှင့်တကွ ကစားမွေ့လျော်ရွှင်ပျော်စဉ်ကာလ၌ စားတော်ချက်သည် စားတော်ကို တည်၏။ မင်းသည် သုရာယစ်သည်ဖြစ်၍ စားတော်ခွက်၌ အမဲဟင်းလျာကို မမြင်၍ အမဲဟင်းလျာ အဘယ်မှာနည်းဟု မေး၍ မင်းမြတ် ယနေ့ ဥပုသ်နေ့ဖြစ်ရကား အသက်မသတ်စေလင့်ဟု စည်လည်သည်၏အဖြစ်ကြောင့် အမဲကို မရဟု လျှောက်သည်ရှိသော် ငါါဘို့ အမဲမည်သည်ကို ရခဲသလောဟုဆို၍ ပေါင်ပေါ်၌နေသော ချစ်စွာသောသား၏ လည်ကိုလိမ်၍ အသက်ကုန်ခြင်းသို့ရောက်စေ၍ စားတော်ချက်၏ ရှေ့သို့ပစ်လိုက်၍ လျင်မြန်စွာ ပြည့်စုံစေ၍ ဆောင်ခဲ့လော့ဟု ဆို၏။ စားတော်ချက်သည် ထိုမင်း အမိန့်ရှိတိုင်းပြု၏။ မင်းသည် သား၏အသားဖြင့် ထမင်းကို စား၏။ မင်းမှကြောက်ခြင်းကြောင့် ငိုအံ့သောငှါ၎င်း မျက်ရည်ထွက်စိမ့်သောငှါ၎င်း ဆိုအံ့သောငှါ၎င်း စွမ်းနိုင်သော တယောက်သောသူ မည်သည်လည်း မရှိ။

မင်းသည် စားပြီး၍ အိပ်ရာအပြင်၌ အိပ်ပျော်ခြင်းသို့ရောက်၍ မိုးသောက်သောကာလ၌ နိုးလတ်၍ သုရာယစ်ခြင်း ပြေလတ်သော် ငါ၏ သားတော်ကို ဆောင်ခဲ့ကြကုန်လော့ဟု ဆို၏။ ထိုကာလ၌ မိဖုယားသည် ငိုကြွေးလျက် ခြေရင်း၌ ဝပ်၏။ ရှင်မ အသို့နည်းဟု ဆိုသည်ရှိသော် မင်းမြတ် ယမန် နေ့က အရှင်မင်းမြတ်သည် သားကိုသတ်၍ သား၏ အသားဖြင့် စားတော်ထမင်းကို စားအပ်၏ဟု လျှောက်၏။ မင်းသည် စိုးရိမ်ခြင်းကြောင့် မျက်ရည်ယို၍ ငိုကြွေး၍ ငါ့အား ဤဆင်းရဲသည် သေသောက်ခြင်းကို အမှီပြု၍ ဖြစ်၏ဟု သုရာသောက်ခြင်း၌ အပြစ်ကိုမြင်၍ ဤနေ့မှစ၍ အကြင်မျှလောက် အရဟတ္တဖိုလ်သို့ မရောက်သေး၊ ထိုမျှလောက် ဤသို့သဘောရှိသော ပျက်စီးခြင်းကိုပြုတတ်သော သုရာမည်သည်ကို မသောက်အံ့ဟု မြေမှုန့်ကိုယူ၍ မျက်နှာကိုပွတ်၍ အဓိဋ္ဌာန်၏။ ထိုအခါမှစ၍ ယစ်မျိုးမည်သည်ကို မသောက်စဘူး ဤကိုရည်၍ မတ္တော အဟံ မဟာရာဇ အစရှိသော ဂါထာကို ရွတ်၏။

ထိုအခါ၌ ထိုဆတ္တပါဏိကို မင်းသည် အချင်းဆတ္တပါဏိ အဘယ်အာရုံကိုမြင်၍ ချစ်ခြင်းမရှိသနည်းဟု မေး၏။ ထိုဆတ္တပါဏိသည် ထိုအကြောင်းကို ကြားလိုရကား-

(ဂ) ကိတဝါသော နာမဟံ ရာဇ၊ ပုတ္တော ပစ္စေကဗောဓိ မေ။
ပတ္တံ ဘိန္ဒိတွာ စဝိတာ၊ နိသ္နေဟော တဿ ကာရဏာ။

ဟူသော ဂါထာကို ရွတ်၏။

ရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ ပုဗ္ဗေ၊ ရှေး၌။ ဗာရာဏသိယေဝ၊ ဗာရာဏသီပြည်၌သာလျှင်။ ကိတဝါသော နာမ၊ ကိတဝါသ အမည်ရှိသော။ ရာဇာ၊ မင်းဖြစ်ဘူး၏။ တဒါ၊ ထိုအခါ၌။ မေ၊ အကျွန်ုပ်၏။ ပုတ္တော၊ သားသည်။ ပစ္စေကဗောဓိ-ပစ္စေကဗောဓိဿ၊ ပစ္စေကဗုဒ္ဓါ၏။ ပတ္တံ၊ သပိတ်တော်ကို။ ဘိန္ဒိတွာ၊ ခွဲ၍။ စဝိတော၊ စုတေ၏။ တဿ၊ ထိုသား၏။ ကာရဏာ၊ အကြောင်းကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ နိသ္နေဟော၊ ချစ်ခြင်း မရှိ။

မင်းသည် ထိုအကြောင်းကိုကြား၍ သားကိုစွဲ၍ဖြစ်သော စိုးရိမ်ခြင်းသည် နှိပ်စက်အပ်သည်ဖြစ်၍ ငါ့အား ဤစိုးရိမ်ခြင်းသည် ချစ်သောသူကြောင့်ဖြစ်၏။ ချစ်ခြင်းသည် အကယ်၍ မဖြစ်ငြားအံ့၊ စိုးရိမ်ခြင်းသည် မဖြစ်လတ္တံ့ဟု ကြံ၏။ ကြံပြီး၍ ယခုအခါ၌ ဤကာလမှစ၍ သဝိညာဏက၌၎င်း အဝိညာဏက၌၎င်း တစုံတခုသောဝတ္ထု၌ ချစ်ခြင်းမည်သည်ကား ငါ့အား မဖြစ်စေသတည်းဟု အဓိဋ္ဌာန်၏။ ထိုအခါမှစ၍ ချစ်ခြင်းမည်သည်ကား မရှိ ထိုအကြောင်းကို ရည်၍ ကိတဝါသော နာမ အစရှိသော ဂါထာကို ရွတ်၏။

ထိုအခါ၌ မင်းသည် ဆတ္တပါဏိကို အချင်း ဆတ္တပါဏိ အဘယ် အာရုံကိုမြင်၍ အမျက်ထွက်ခြင်း မရှိလေသနည်းဟု မေး၏။ ထို ဆတ္တပါဏိသည် ထိုအကြောင်းကို ကြားလိုရကား-

(ဃ) အရကော ဟုတွာ မေတ္တစိတ္တံ၊ သတ္တဝဿာနိ ဘာဝယိံ။
သတ္တကပ္ပေ ဗြဟ္မလာကေ၊ တသ္မာ အက္ကောဓနော အဟံ။

ဟူသော ဤဂါထာကို ရွတ်၏။

မဟာရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ အရကော၊ အရကအမည်ရှိသော ရသေ့သည်။ ဟုတွာ၊ ဖြစ်၍။ သတ္တဝဿာနိ၊ ခုနစ်နှစ်တို့ပတ်လုံး။ မေတ္တစိတ္တံ၊ မေတ္တာနှင့်ယှဉ်သောစိတ်ကို။ ဘာဝယိံ၊ ပွားစေဘူး၏။ ဘာဝေတွာ၊ ပွားစေသောကြောင့်။ သတ္တကပ္ပေ၊ ခုနစ်ပါးကုန်သော သံဝဋ္ဋ ဝိဝဋ္ဋကပ်တို့ပတ်လုံး။ ဗြဟ္မလောကေ၊ ဗြဟ္မာ့ပြည်၌။ ဝသိံ၊ နေခဲ့၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ အက္ကောဓနော၊ အမျက်ထွက်ခြင်း မရှိ။

ဤသို့ ဆတ္တပါဏိသည် မိမိ၏ လေးပါးကုန်သော အင်္ဂါတို့ကို ဆိုအပ်ကုန်သည်ရှိသော် မင်းသည် ပရိသတ်အား မျက်စိမှိတ်ခြင်း လည်ညိတ်ခြင်း အမှတ်ကိုပေး၏။ ထိုခဏ ၌ပင်လျှင် အမတ် ပုဏ္ဏား သူကြွယ် အစရှိကုန်သော သူတို့သည် ထကုန်၍ ဟယ်... တံစိုးစားတတ်သော ခိုးသူဝှက် သင်သည် တံစိုးကိုမရ၍ ပညာရှိကိုစွပ်စွဲ၍ သေစေလို၏ဟု ကာဠကစစ်သူကြီးကို လက်ခြေတို့၌ ကိုင်ကုန်၍ မင်းအိမ်မှ ချကုန်၍ ကိုင်မိတိုင်း ကိုင်မိတိုင်းသာလျှင် ဖြစ်ကုန်သော ကျောက် ဆောက်ပုတ်တို့ဖြင့် ဦးခေါင်းကို ခွဲကုန်၍ အသက်ကုန်ခြင်းသို့ ရောက်စေကုန်၍ ခြေတို့၌ ကိုင်ကုန်၍ ငင်ကုန်လျက် တံမြက်ချေး အမှိုက်စွန့်ရာအရပ်၌ စွန့်ကုန်၏။ ထိုနေ့မှစ၍ မင်းသည် တရားသဖြင့် မင်းအဖြစ်ကိုပြုလျက် ကံအားလျော်စွာလား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်၍ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကာဠကစစ်သူကြီး ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဆတ္တပါဏိ အမည်ရှိသော ဆတ္တာသည် ဖြစ်ဘူးပြီ၊ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြားမင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဓမ္မဓဇ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သူများမကောင်းကြီး ကိုယ်ပြန်ဘေးဒဏ်ထိ၊ ရှေးထုံးရှိ၊ သတိမူမိစေ

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဓမ္မဓဇဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကာသာဝဝဂ်

၁။ ကာသာဝဇာတ်

ဆင်မင်း နှင့် မုဆိုး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အနိက္ကသာဝေါ ကာသာဝံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ကာသာဝဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည်ကား ရာဇဂြိုဟ်ပြည်၌ ဖြစ်၏။ တပါးသောအခါ၌ တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာသည် ငါးရာကုန်သော ရဟန်းအပေါင်းတို့နှင့်တကွ ဝေဠုဝန်ကျောင်းတော်၌ နေ၏။ ဒေဝဒတ်သည်လည်း မိမိအားလျော်သော သီလမရှိသော ပရိသတ်နှင့်ခြံရံလျက် ဂယာသီသ၌ နေ၏။ ထိုအခါ ရာဇဂြိုဟ်ပြည်၌ နေကုန်သောသူတို့သည် ဆန္ဒကို တပေါင်းတည်း ပြုကုန်၍ အလှူကို စီရင်ကုန်၏။ ထိုအခါ၌ တယောက်သော ကုန်ပြုအံ့သောငှါလာသော ကုန်သည်သည် ဤပုဆိုးကို စွန့်ကုန်၍ ငါ့ကိုလည်း ကုသိုလ်၏အဘို့ရှိသည်ကို ပြုပါကုန်လောဟု များစွာအဘိုးထိုက်သော မွှေးကြိုင်သော သင်္ကန်းလျာပုဆိုးကို ပေး၏။ ပြည်သူတို့သည် အလှူကြီးကို ဖြစ်စေကုန်၏။ အလုံးစုံသော အလှူဝတ္ထုသည် ဆန္ဒတူသောအားဖြင့် စုရုံးအပ်ကုန်သော အသပြာတို့ဖြင့်သာလျှင် ပြီး၏။ ထိုမွှေးသော အနံ့ရှိသောပုဆိုးသည် လွန်ကဲသည်ဖြစ်၏။ လူများသည် စည်းဝေးကုန်၍ မွှေးကြိုင်သောပုဆိုးသည် လွန်ကဲ၏။ အဘယ်အရှင်အား လှူရကုန်အံ့နည်း သာရိပုတ္တရာမထေရ်အားတည်း လှူရကုန်အံ့လော၊ ထိုသို့မဟုတ်မူကား အရှင်ဒေဝဒတ်အားတည်း လှူရကုန်အံ့လောဟု စည်းဝေးတိုင်ပင်ကြကုန်၏။

ထိုအစည်းအဝေး၌ အချို့ကုန်သော သူတို့သည် သာရိပုတ္တရာ မထေရ်အားလှူကုန်အံ့ဟု ဆိုကုန်၏။ တပါးကုန်သော သူတို့သည် သာရိပုတ္တရာမထေရ်သည် နှစ်ရက် သုံးရက်နေ၍ အလိုအလျောက် သွားလိမ့်မည် သတည်း၊ အရှင်ဒေဝဒတ်သည်တမူကား အမြဲငါတို့၏ မြို့ကိုသာလျှင် အမှီပြု၍ နေကုန်လတ္တံ့ သတည်း၊ သေရှင်မှုတို့၌ အရှင်ဒေဝဒတ်သည်သာလျှင် ငါတို့၏ ကိုးကွယ်ရာဖြစ်လတ္တံ့၊ ဒေဝဒတ်အား လှူကုန်အံ့ဟု ဆိုကြကုန်၏။ အကြိမ်များစွာ ဆိုကုန်သော်လည်း အရှင်ဒေဝဒတ်အား လှူကုန်အံ့ဟုဆိုကုန်သော သူတို့သည်သာလျှင် များကုန်၏။ ထိုအခါ၌ ထိုမွှေးကြိုင်သောပုဆိုးကောင်းကို ဒေဝဒတ်အား လှူကုန်၏။ ထိုပုဆိုးကိုဖြတ်၍ စနစ်ကို ချုပ်စေ၍ ဆိုးစေ၍ ရွှေပြားအဆင်းနှင့်တူသော အဆင်းရှိသည်ကိုပြု၍ ရုံ၏။ ထိုကာလ၌ သုံးကျိပ် အတိုင်းအရှည် ရှိကုန်သော ရဟန်းတို့သည် ရာဇဂြိုဟ်မှ ထွက်ကုန်၍ သာဝတ္ထိပြည်သို့ လာလတ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးကုန်၍ ပြုအပ်သော ပျူငှာလောကဝတ် ရှိကုန်သည်ဖြစ်၍ ထိုအကြောင်းကို ကြားကုန်၍ အရှင်ဘုရား ဤသို့ဒေဝဒတ်သည် မိမိအား မလျောက်ပတ်သော ရဟန္တာတို့၏ တံခွန်သဘွယ် ဖြစ်သော သင်္ကန်းကို ရုံ၏ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် မိမိအား မလျောက်ပတ်သော ရဟန္တာတို့၏ တံခွန်သဘွယ်ဖြစ်သော သင်္ကန်းကိုဝတ်သည် မဟုတ်သေး၊ ရှေး၌လည်း ဝတ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာ အရပ်ဝယ် ဆင်မျိုး၌ဖြစ်၍ တောနက်ရာ၌ နေ၏။ ထိုအခါ၌ တယောက်သော ဗာရာဏသီပြည်၌နေသော ဆင်းရဲသောလူသည် ဆင်စွယ်လုပ်ကုန်သောသူတို့၏လမ်းခရီး၌ ဆင်စွယ်တို့ကို ဆင်စွယ်လက်ကောက် အစရှိသည်တို့ကို လုပ်အပ်ကုန်သည်တို့ကိုမြင်၍ အရှင်တို့ ဆင်စွယ်တို့ကို ရကုန်သော် ယူကြကုန်လတ္တံ့ လောဟု မေး၏။ ထိုဆင်စွယ်သွားတို့သည် ယူကြကုန်အံ့ဟု ဆိုကုန်၏။ ထိုဆင်းရဲသောယောက်ျားသည် ကောင်းပြီဟု လက်နက်ကိုယူ၍ ဖန်ရည်စွန်းသော သင်္ကန်းကိုဝတ်လျက် ဗုဒ္ဓအသွင်ကို ယူ၍ ဦးခေါင်းကိုခြုံ၍ ဆင်တို့၏ခရီး၌ရပ်၍ လက်နက်ဖြင့် ဆင်ကိုသတ်၍ အစွယ်တို့ကိုယူ၍ ဗာရာဏသီပြည်၌ ရောင်းလျက် အသက်မွေးခြင်းကို ပြု၏။ ထိုယောက်ျားသည် နောက်အဘို့၌ ဘုရားလောင်း၏ အခြံအရံဖြစ်ကုန်သော ဆင်တို့တွင် အလုံးစုံသောဆင်တို့၏ နောက်ဆုံးဖြစ်သော ဆင်ကိုသတ်အံ့သောငှါ အားထုတ်၏။ ဆင်တို့သည် နေ့တိုင်း နေ့တိုင်း လျော့ကုန်သည်ရှိသော် အဘယ် အကြောင်းကြောင့်လျှင် ဆင်တို့သည် လျော့ကုန်ဘိသနည်းဟု ဘုရားလောင်းအား ကြားလျှောက်ကုန်၏။

ဘုရားလောင်းသည် စုံစမ်းသည်ရှိသော် ပစ္စေကဗုဒ္ဓါ၏ အသွင်ကိုယူ၍ ဆင်တို့သွားရာလမ်းနား၌ ယောက်ျားတယောက်သည် ရှိ၏။ ထိုယောက်ျားသည် သတ်လေသလော၊ ထိုယောက်ျားကို စုံစမ်းအံ့ဟု တနေ့သ၌ အခြံအရံ ဖြစ်ကုန်သော ဆင်တို့ကိုရှေ့ထား၍ မိမိသည် နောက်မှလိုက်၏။ ထိုယောက်ျားသည် ဘုရားလောင်းကိုမြင်၍ လက်နက်ကိုကိုင်၍ ပြေးလာ၏။ ဘုရားလောင်းသည် ပြန်လည်တည့်၍ ကြည့်လျက် ထိုယောက်ျားကို မြေ၌ရိုက်ပုတ်၍ သတ်အံ့ဟု နှာမောင်းကိုဆန့်၍ ထိုယောက်ျားသည် ဝတ်အပ်ကုန်သော သင်္ကန်းတို့ကိုမြင်၍ ဤရဟန္တာတို့၏ တံခွန်ဖြစ်သော သင်္ကန်းတော်ကို ငါသည် အလေးအမြတ် ပြုအံ့သောငှါ သင့်၏ဟု နှာမောင်းကို တဖန် သိမ်းဆည်းပြန်၍ အို ယောက်ျား ဤရဟန္တာတို့၏ တံခွန်ဖြစ်သော သင်္ကန်းတော်သည် သင့်အား မလျောက်ပတ်သည် မဟုတ်တုံလော၊ အဘယ်ကြောင့် ထိုသင်္ကန်းကိုနင် ဝတ်ဘိသနည်းဟုဆို၍-

၁၄၁။ အနိက္ကသာဝေါ ကာသာဝံ၊ ယော ဝတ္ထံ ပရိဒဟိဿတိ။
အပေတော ဒမသစ္စေန၊ န သော ကာသာဝ မရဟတိ။
၁၄၂။ ယော စ ဝန္တကသာဝဿ၊ သီလေသု သုသမာဟိတော။
ဥပေတော ဒမသစ္စေန၊ သ ဝေ ကာသာဝ မရဟတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၄၁။ အမ္ဘော ပုရိသ၊ အို ယောက်ျား။ အနိက္ကသာဝေါ၊ မနှင်ထုတ်အပ်သော တထောင့်ငါးရာ ကိလေသာရှိထသော။ ဒမသစ္စေန၊ ဣန္ဒြေကို ဆုံးမခြင်းဟုဆိုအပ်သော ဒမ, နိဗ္ဗာန်ဟုဆိုအပ်သော ပရမတ္ထသစ္စာမှ။ တနည်းကား ဒမသစ္စေန၊ ဣန္ဒြေကို ဆုံးမခြင်းဟု ဆိုအပ်သော ဒမ, လေးပါး အပြားရှိသော သစ္စာမှ။ အပေတော၊ ကင်းသော။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ကာသာဝံ၊ ဖန်ရည်စွန်းသော။ ဝတ္ထံ၊ သင်္ကန်းတော်ကို။ ပရိဒဟိဿတိ၊ ဝတ်ရုံဘိ၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ကာသာဝံ၊ သင်္ကန်းကို။ န အရဟတိ၊ မဝတ်ရုံထိုက်။

၁၄၂။ ယော စ၊ အကြင် ပုဂ္ဂိုလ်သည်ကား။ ဝန္တကသာဝဿ၊ အန်အပ်ပြီးသော တထောင့်ငါးရာ ကိလေသာရှိသော ပုဂ္ဂိုလ်မြတ်၏။ သီလေသု၊ မဂ်ဖိုလ်သီလတို့၌။ သုသမာဟိတော၊ ကောင်းစွာ ဆောင်ရွက်၍ ထားဘိသကဲ့သို့ တည်၏။ ဒမသစ္စေန၊ ဣန္ဒကို ဆုံးမခြင်းဟု ဆိုအပ်သော ဒမ နိဗ္ဗာန်ဟု ဆိုအပ်သော ပရမတ္ထသစ္စာနှင့်လည်း။ ဥပေတော၊ ပြည့်စုံ၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ဝေ၊ စင်စစ်။ ကာသာဝံ၊ သင်္ကန်းတော်ကို။ အရဟတိ၊ ဝတ်ရုံထိုက်၏။

ဤသို့ ဘုရားလောင်းသည် ထိုယောက်ျားအား ဤအကြောင်းကို ဆို၍ ဤနေ့မှစ၍ ဤအရပ်သို့ မလာလင့်၊ အကယ်၍ လာအံ့၊ သင်၏ အသက်သည် မရှိရလတ္တံ့ဟု ခြိမ်းချောက်၍ ပြေးစေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ဆင်သတ်သော ယောက်ျား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဆင်အပေါင်းတို့၏ အကြီးဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မတန်သည့်ဟာ၊ မသုံးရာ၊ စိတ်မှာခွဲဝေချင့်

ရှေးဦးစွာသော ကာသာဝဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကာသာဝဝဂ်

၂။ စူဠ နန္ဒိယဇာတ်

သနားမဲ့ ပုဏ္ဏား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်ဣဒံ တဒါစရိယဝစော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠနန္ဒိယဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌။ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ စကားကို ချဲ့ဦးအံ့၊ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဒေဝဒတ်သည် ကြမ်းတန်း၏။ ရုန့်ရင်း၏။ နိုင်ထက်ကလူ မူတတ်၏။ မြတ်စွာဘုရား၌ လေးသမားတို့ကို လုံ့လပြုစေ၏။ ကျောက်ဖျာကို လှိမ့်၏။ နာဠာဂိရိဆင်ကို လွှတ်လိုက်၏။ မြတ်စွာဘုရား၌ ထိုဒေဝဒတ်၏ အနည်းငယ်သော သည်းခံခြင်း မေတ္တာ သနားခြင်းသည်လည်းမရှိ၊ ဤသို့ စကားကိုဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ကြမ်းတန်းသည် ရုန့်ရင်းသည် သနားခြင်း မရှိသည် မဟုတ်သေး၊ ရှေး၌လည်း ဒေဝဒတ်သည် ကြမ်းတန်းသည် ရုန့်ရင်းသည် သနားခြင်းမရှိသည် ဖြစ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်၌ မဟာနန္ဒိယ အမည်ရှိသော မျောက်ဖြစ်၏။ ညီငယ်ဖြစ်သော မျောက်သည်ကား စူဠနန္ဒိယမည်၏။ ထိုညီနောင် မျောက်နှစ်ခုတို့သည်လည်း ရှစ်သောင်းသော မျောက် အခြံအရံရှိကုန်သည်ဖြစ်၍ ဟိမဝန္တာအရပ်၌ အမိ မျက်မမြင်ကို မွေးမြူလျှက် နေကုန်၏။ ထိုစူဠနန္ဒိယ, မဟာနန္ဒိယတို့သည် အမိကို နေရာချို့၌ထားခဲ့ကုန်၍ တောသို့ ဝင်ကုန်၍ ချိုမြိန်ကောင်းမြတ်သော သစ်သီးတို့ကို အမိသို့ ပို့စေကုန်၏။ ဆောင်ကုန်သော မျောက်တို့သည် ထိုအမိအား မပေးကုန်၊ မျက်မမြင်ဖြစ်သော မျောက်မသည် ငတ်မွတ်ခြင်း နှိပ်စက်အပ်သည်ဖြစ်၍ အရိုး, အရေမျှသာ ကြွင်းသည် ဖြစ်၏။ ထိုအခါ၌ ထိုအမိကို ဘုရားလောင်းသည် မိခင် သင်တို့ကို ချိုမြိန်မြတ်ကုန်သော သစ်သီးကြီးငယ်တို့ကို ငါတို့ ပို့လာစေကုန်၏။ သင်တို့သည် အဘယ်ကြောင့် ညှိုးနွမ်းရဘိသနည်းဟု ဆို၏။ ချစ်သား ငါသည် မရဟုဆိုသည်ရှိသော် ဘုရားလောင်းသည် ကြံ၏။ အဘယ်သို့ ကြံသနည်းဟူမူကား ငါသည် မျောက်အပေါင်းကို ရွက်ဆောင်သည်ရှိသော် ငါ၏အမိသည် ပျက်စီးလတ္တံ့၊ မျောက်အပေါင်းကို စွန့်၍ အမိကိုသာလျှင် လုပ်ကျွေးအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုဘုရားလောင်းသည် စူဠနန္ဒိယကိုခေါ်၍ ညီထွေး သင်သည် မျောက်အပေါင်းကို ဆောင်လော့၊ ငါသည် အမိကို လုပ်ကျွေးအံ့ဟု ဆို၏။ ထိုစူဠနန္ဒိယသည်လည်း ထိုဘုရားလောင်းကို အစ်ကိုကြီး အကျွန်ုပ်အား မျောက်အပေါင်းကို ဆောင်ခြင်းဖြင့် အမှုသည် မရှိ၊ ကျွန်ုပ်သည်လည်း အမိကိုသာလျှင်ာလုပ်ကျွေးအံ့ဟု ဆို၏။ ဤသို့ ထိုနှစ်ယောက်ကုန်သော ညီနောင်တို့သည်လည်း တူသော ဆန္ဒရှိကုန်ရကား မျောက်အပေါင်းကို စွန့်ခဲ့ပြီးလျှင် အမိကို ဆောင်ယူကုန်လျက် ဟိမဝန္တာမှသက်ကုန်၍ အရပ်စွန်ဖြစ်သော ပညောင် ပင်၌နေကုန်၍ အမိကို လုပ်ကျွေးကုန်၏။

ထိုအခါ ဗာရာဏသီပြည်၌နေသော တယောက်သော ပုဏ္ဏားလုလင်သည် တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခဖြစ်သော ဆရာ၏အထံ၌ ခပ်သိမ်းသောအတတ်တို့ကို သင်ပြီးလျှင် သွားအံ့ဟူ၍ ဆရာကို ပန်၏။ ဆရာသည် အင်္ဂဝိဇ္ဇာ၏ အာနုဘော်အားဖြင့် ထိုပုဏ္ဏားလုလင်၏ ကြမ်းတန်းသည်၏ အဖြစ် ရုန့်ရင်းသည်၏အဖြစ် နိုင်ထက်ကလူ မူတတ်သည်၏ အဖြစ်ကို သိ၍ လုလင် သင်သည် ကြမ်းတန်း၏။ ရုန့်ရင်း၏။ နိုင်ထက်ကလူ မူတတ်၏။ ဤသို့ သဘောရှိသောသူတို့အား အခါခပ်သိမ်း အတူအမျှ သာလျှင် မပြည့်စုံတတ်၊ ကြီးစွာသောပျက်စီးခြင်းသို့ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်လတ္တံ့၊ သင်သည် ကြမ်းတန်းသည် မဖြစ်စေလင့်၊ နောင်တပူပန်ခြင်းကို ပြုတတ်သောအမှုကို မပြုလေလင့်ဟု ဆုံးမ၍ လွှတ်လိုက်၏။ ထိုပုဏ္ဏား လုလင်သည် ဆရာကိုရှိခိုး၍ ဗာရာဏသီပြည်သို့သွား၍ အိမ်ရာထောင်ခြင်းကိုယူ၍ တပါးကုန်သော အတတ်တို့ဖြင့် အသက်မွေးခြင်းကို ပြုအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ လေးအတတ်ကိုမှီ၍ အသက်မွေးအံ့၊ မုဆိုးတို့၏အမှုကိုပြု၍ အသက်မွေးခြင်းကို ပြုအံ့ဟု ဗာရာဏသီပြည်မှ ထွက်၍ အရပ်စွန်ဖြစ်သော ရွာငယ်၌ နေလျက် လေးတောင့်လွယ်လျက် တောသို့ဝင်၍ အထူးထူးသော သားတို့ကိုသတ်၍ အသားကိုရောင်းသဖြင့် အသက် မွေးခြင်းကို ပြု၏။ ထိုပုဏ္ဏားလုလင်သည် တနေ့သ၌ တောဝယ် တစုံတခုကိုမရမူ၍ လာလတ်သည်ရှိသော် အစွန်၌ တည်သော ပညောင်ပင်ကိုမြင်၍ ဤပညောင်ပင်၌ တစုံတခုရှိသည် ဖြစ်ငြားအံ့လည်းမသိဟု ပညောင်ပင်သို့ ရှေးရှုသွား၏။

ထိုခဏ၌ နှစ်ခုကုန်သော မျောက်ညီနောင်တို့သည်လည်း အမိကို သစ်သီးစားစေကုန်၍ ရှေ့မှသွားကုန်၍ သစ်ခွကြား၌ နေကုန်လျက် လာလတ်သောမုဆိုးကို မြင်ကုန်၍ အမိကို အသို့ပြုလတ္တံ့နည်းဟု သစ်ခက်ကြား၌ ပုန်းအောင်းကြကုန်၏။ ထိုနိုင်ထက်ကလူ မူတတ်သော ယောက်ျားသည်လည်း ပညောင်ပင်ရင်းသို့ လာလတ်၍ ထိုမျောက်ညီနောင်တို့၏ အိုသည်ဖြစ်၍ အားနည်းသော ကန်းသော ထိုအမိမျောက်မကို မြင်၍ ငါ့အား လက်ချည်းစည်း သွားသဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ဤမျောက်မကိုပစ်ယူ၍ သွားအံ့ဟု ထိုကြမ်းကြုတ်သော ယောက်ျားသည် ထိုမျောက်မအား ပစ်အံ့သောငှာ လေးကိုကိုင်၏။ ထိုအခြင်းအရာကိုမြင်၍ ဘုရားလောင်းသည် ညီထွေး စူဠနန္ဒိယ ဤယောက်ျားသည် ငါတို့၏အမိကို ပစ်လို၏။ ငါသည် ဇီဝိတဒါနကို လှူအံ့၊ သင်သည် ငါလွန်သဖြင့်

အမိကို လုပ်ကျွေးရစ်လောဟုဆို၍ သစ်ခက်ကြားမှထွက်၍ အို ယောက်ျား သင်သည် ငါ၏အမိကို မပစ်ပါလင့်၊ ဤမျောက်မသည် ကန်းလည်း ကန်း၏။ အိုလည်းအို၏။ အားလည်းနည်း၏။ ငါသည် ထိုမျောက်မအိုအား ဇီဝိတဒါနကို ပေးအံ့၊ သင်သည် ထိုမျောက်မအိုကို မသတ်မူ၍ ငါ့ကို သတ်လော့ဟု ထိုယောက်ျားအား ဝန်ခံခြင်းကိုယူ၍ မြား၏အနီးဖြစ်သော အရပ်၌ နေ၏။ သနားခြင်းမရှိသော ထိုယောက်ျားသည် ဘုရားလောင်းကို ပစ်၍ ကျစေ၍ ထိုဘုရားလောင်း၏ အမိကိုလည်း ပစ်အံ့သောငှါ တဖန် လေးကို တင်ပြန်၏။ စူဠနန္ဒိယသည် ထိုအခြင်းအရာကို မြင်၍ ဤယောက်ျားသည် ငါ၏အမိကို ပစ်လို၏။ တနေ့မျှလည်း ငါ၏အမိသည် အသက်ရှင်လတ်သော် အသက်ကို ရသောမည်သည်သာလျှင် ဖြစ်၏။ ထိုအမိအား ဇီဝိတဒါနကို လှူအံ့ဟု သစ်ခက်ကြားမှထွက်၍ အို ယောက်ျား သင်သည် ငါ၏အမိကို မပစ်ပါလင့်၊ ငါသည် ထိုအမိအား ဇီဝိတဒါနကို လှူအံ့၊ သင်သည် ငါ့ကိုပစ်၍ ငါတို့ညီနောင် နှစ်ခုတို့ကိုယူ၍ ငါတို့၏အမိအား ဇီဝိတဒါနကို ပေးလော့ဟု ထိုယောက်ျားအား ဝန်ခံခြင်းကိုယူ၍ မြား၏ အနီးဖြစ်သော အရပ်၌နေ၏။

ထိုယောက်ျားသည် ထိုစူဠနန္ဒိယကိုလည်းပစ်၍ ကျစေပြီးလျှင် ဤမျောက်မအိုသည် အိမ်၌သူငယ်တို့ကို့ ဖြစ်လတ္တံ့ဟု ထိုမျောက်ညီနောင်တို့၏ အမိကိုလည်း ပစ်၍ ကျစေ၍ မျောက်သုံးခုတို့ကိုလည်း ထမ်းပိုးဖြင့်ထမ်း၍ အိမ်သို့ရှေးရှူသွား၏။ ထိုအခါ ထိုယုတ်မာသော ယောက်ျား၏အိမ်ကို မိုဃ်းကြိုးသည်ကျ၍ မယားကို၎င်း သားငယ် နှစ်ယောက်တို့ကို၎င်း အိမ်နှင့်သာလျှင် တကွလောင်၏။ ခေါင်အုပ်ဝါး၏ဖွဲ့ရာတိုင်မျှသည်ကြွင်း၏။ ထိုအခါ ထိုယောက်ျားအား ရွာတံခါး၌လျှင် တယောက်သော ယောက်ျားသည် မြင်၍ ထိုအကြောင်းကို ကြား၏။ ထိုယောက်ျားသည် သားမယားတို့ကို စွဲ၍ဖြစ်သော စိုးရိမ်ခြင်းသည် နှိပ်စက်အပ်သည်ဖြစ်၍ ထိုအရပ်၌လျှင် အမဲနှင့်တကွသော ထမ်းပိုးကို၎င်း လေးကို၎င်း စွန့်ခဲ့၍ ပုဆိုးကိုပစ်၍ ကိုယ်ချည်းစည်း မောင်းတို့ကိုမြှောက်၍ ငိုကြွေးလျက်သွားလေ၍ အိမ်သို့ဝင်၏။ ထိုအခါ ထိုယုတ်မာသောယောက်ျား၏ ဦးခေါင်း၌ ခေါင်တိုင်တို့သည်လဲ၍ ဦးခေါင်းကိုခွဲ၏။ မြေသည် ဟင်းလင်းသော အခြင်းအရာကို ပေး၏။ အဝီစိမှ မီးလျှံသည် တက်၏။ ထိုယောက်ျားသည် မြေမျိုလတ်သည်ရှိသော် ဆရာ၏အဆုံးအမကို အောက်မေ့၍ စင်စစ် ဤအကြောင်းကိုမြင်၍ ရှေးဆရာဖြစ်သော ပုဏ္ဏားသည် ငါအား အဆုံးအမကို ပေး၏ဟု ငိုကြွေးလိုရကား-

၁၄၃။ ဣဒံ တဒါစရိယဝစော၊ ပါရာသရိယော ဗြဝိ။
မာသု တွံ အကရီ ပါပံ၊ ယံ တွံ ပစ္ဆာ ကတံ တပေ။
၁၄၄။ ယာနိ ကရောတိ ပုရိသော၊ တာနိ အတ္တနိ ပဿတိ။
ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီ စ ပါပကံ။
ယာဒိသံ ဝပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။

ဟူသော ဤဂါထာနှစ်ခုတို့၏အပေါင်းကို ဆို၏။

၁၄၃။ မာဏဝ၊ လုလင်။ တွံ၊ သင်သည်။ ပါပံ၊ မကောင်းမှုကို။ မာ အကရိ၊ မပြုလေလင့်။ ကတံ၊ ပြုအပ်သော မကောင်းမှုသည်။ ပစ္ဆာ၊ နောက်ကာလ၌။ တွံ၊ သင့်ကိုသာလျှင်။ တပေ၊ လောင်ရာ၏။ ဣတိ၊ ဤသို့။ ယံ ဝစနံ၊ အကြင်စကားကို။ ပါရာသရိယော၊ တိုင်းထွာဆင်ခြင် အောက်မေ့မြင်သောပုဏ္ဏားသည်။ အဗြဝိ၊ ဆိုဘူးပေ၏။ ဣဒံ ဝစနံ၊ ဤစကားသည်။ အာစရိယဝစော၊ ဆရာ၏စကားတည်း။

၁၄၄။ ပုရိသော၊ ယောက်ျားသည်။ ယာနိ၊ အကြင်အမှုတို့ကို။ ကရောတိ၊ ပြု၏။ တေသံ၊ ထိုအမှုတို့၏။ ဝိပါကံ၊ အကျိုးကို။ ပဋိလဘန္တော၊ ရလတ်သည်ရှိသော်။ တာနိ၊ ထိုအကျိုးတို့ကို။ အတ္တနိ၊ မိမိ၌။ ပဿတိ၊ မြင်ရ၏။ လောကေ၊ လောက၌။ ယာဒိသံ၊ အကြင်သို့သော သဘောရှိသော။ ဗီဇံ၊ မျိုးစေ့ကို။ ဝပတေ၊ စိုက်ပျိုးအံ့။ တာဒိသံ၊ ထိုသို့ သဘောရှိသော။ ဖလံ၊ အသီးကို။ ဟရတေ ယထာ၊ ဆောင်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ ကလျာဏကာရီ၊ ကုသိုလ်ကောင်းမှုကို ပြုလေ့ရှိသောသူသည်။ ကလျာဏံ၊ ကောင်းကျိုးကို။ အနုဘောတိ၊ ခံစားရ၏။ ပါပကာရီ စ၊ မကောင်းမှုကို ပြုလေ့ရှိသော သူသည်လည်း။ ပါပကံ၊ မကောင်းကျိုးကို။ အနုဘောတိ၊ ခံစားရ၏။

ထိုယောက်ျားသည် ငိုကြွေးလျက် မြေသို့ ဝင်ရလေ၏။ အဝီစိငရဲကြီး၌ ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ကြမ်းတန်းရုန့်ရင်းသည် သနားခြင်းမရှိသည်မဟုတ်သေး၊ ရှေး၌လည်း ကြမ်းတန်းသည် သာလျှင်တည်း၊ ရုန့်ရင်းသည် သာလျှင်တည်း၊ သနားခြင်းမရှိသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ရုန့်ရင်းကြမ်းတန်းသော ယောက်ျား ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဒိသာပါမောက္ခဖြစ်သော ဆရာ ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ စူဠနန္ဒိယ ဖြစ်ဘူးပြီ၊ ယခုအခါ မဟာပဇာပတိ ဂေါတမီသည် ထိုအခါ အမိ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မဟာနန္ဒိယ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အကျိုးဟူက၊ ကံမူလ၊ မုချတူသည်သာ

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော စူဠနန္ဒိယဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကာသာဝဝဂ်

၃။ ပုဋဘတ္တဇာတ်

လင်ချစ်မယား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် နမေ နမန္တဿ ဘဇေ ဘဇန္တံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ပုဋဘတ္တဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ နေသော

တယောက်သော သူကြွယ်သည် ဇနပုဒ်နေဖြစ်သော တယောက်သော သူကြွယ်နှင့်တကွ ကုန်ဘိုးမြီပေးခြင်းကိုပြု၏။ ထိုသာဝတ္ထိမြို့နေ သူကြွယ်သည် မိမိ၏ မယားကိုခေါ်၍ ထိုမြီဆောင်သောသူ၏ အထံသို့သွား၏။ ထိုမြီကို ဆောင်သောသူသည် ပေးအံ့သောငှါ မတတ်နိုင်သေးဟူ၍ တစုံတခုကို မပေး၊ မြီရှင်သည် အမျက်ထွက်၍ ထမင်းကိုမစားမူ၍ ထွက်၏။ ထိုအခါ ခရီးအကြား၌ အလွန်ဆာမွတ်သော ကိုယ်ရှိသော ထိုယောက်ျားကို မြင်ကုန်၍ ခရီးသွားကုန်သော ယောက်ျားတို့သည် မယားအားလည်းပေး၍ စားလောဟု ထမင်းထုပ်ကို ပေးကုန်၏။ ထိုယောက်ျားသည် ထိုထမင်းထုပ်ကိုယူ၍ ထိုမယားအား မပေးလိုသည်ဖြစ်၍ နှမဤအရပ်သည်ကား

ခိုးသူတို့၏ တည်ရာအရပ်တည်း၊ သင်သည် ရှေ့မှသွားလော့ဟု လွှတ်လိုက်၍ အလုံးစုံသောထမင်းကိုစား၍ အချည်းနှီးသော ထမင်းထုပ်ကိုပြ၍ နှမ မကောင်းသော အချည်းနှီးသော ထမင်းကိုသာလျှင် ပေးကြ၏ဟု ဆို၏။ ထိုမိန်းမသည် တယောက်တည်းသာလျှင်ဖြစ်သော ထိုယောက်ျားသည် စားအပ်သည်၏ အဖြစ်ကိုသိ၍ နှလုံးမသာယာခြင်းသို့ ရောက်သည်ဖြစ်၏။ ထိုနှစ်ယောက်ကုန်သော သ္မီးခင်ပွန်းတို့သည်လည်း ဇေတဝန် ကျောင်းတော်၏ နောက်အဘို့ဖြစ်သော ကျောင်းသို့သွားကြလေကုန်သည်ရှိသော် ရေကိုသောက်ကုန်အံ့ဟူ၍ ဇေတဝန်ကျောင်းတော်သို့ ဝင်ကုန်၏။

မြတ်စွာဘုရားလည်း ထိုသ္မီးခင်ပွန်းနှစ်ယောက်တို့၏သာလျှင် လာခြင်းကို ကြည့်တော်မူလျက် ခရီးကိုယူ၍ သမင်ကိုဖမ်းလို၍ စောင့်နေသော မုဆိုးကဲ့သို့ ဂန္ဓကုဋိအရိပ်၌ နေတော်မူ၏။ ထိုနှစ်ယောက်ကုန်သော သ္မီးခင်ပွန်းတို့သည် မြတ်စွာဘုရားကို မြင်ကုန်လျှင် ကပ်ကုန်၍ ရှိခိုးကုန်လျက် နေကုန်၏။ မြတ်စွာဘုရားသည် ထိုဒါယကာ ဒါယိကာမတို့နှင့်တကွ စကားစေ့စပ်ခြင်းကိုပြု၍ ဒါယိကာမ သင်၏လင်သည် သင်၏အစီးအပွားကိုအလိုရှိသလော မရှိသလောဟု မေးတော်မူ၏။ အရှင်ဘုရား အကျွန်ုပ်သည် ထိုယောက်ျားအား အလွန်ချစ်၏။ ဤယောက်ျားသည်ကား အကျွန်ုပ်အား ချစ်ခြင်းမရှိ၊ တပါးသောနေ့တို့ကိုလည်း ထားဘိဦး၊ ယနေ့ ဤယောက်ျားသည် ခရီးအကြား၌ ထမင်းထုပ်ကိုရ၍ အကျွန်ုပ်အား မပေးမူ၍ မိမိချည်းသာလျှင် စား၏ဟု လျောက်၏။ ဒါယိကာမ သင်သည် အခါခပ်သိမ်းလည်း ထိုယောက်ျား၏ အစီးအပွားကို အလိုရှိ၏။ အလွန်ချစ်၏။ ဤယောက်ျားသည်ကား သင့်အား ချစ်ခြင်းမရှိသည်သာတည်း၊ အကြင် အခါ၌ကား ပညာရှိတို့ကိုမှီ၍ သင်၏ကျေးဇူးတို့ကို သိ၏။ ထိုအခါ၌ သင့်အား အလုံးစုံသော စည်းစိမ်ချမ်းသာကို အစိုးရသည်၏အဖြစ်ကို ဆောင်နှင်းဘူး၏ဟု မိန့်တော်မူ၍ ထိုဒါယိကာမသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယိကာမ လွန်လေပြီးသောအခါ၌ ဗာရာဏသီ ပြည်၌ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် အမတ်မျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ထိုဗြဟ္မဒတ်မင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်ဖြစ်၏။ ထိုအခါ၌ မင်းသည် ဤငါ၏ သားတော်သည် ငါ့အား ပြစ်မှားငြားအံ့လည်း မသိဟု သားကိုရွံရှာနိုး၍ နှင်ထုတ်လိုက်၏။ ထိုမင်းသားသည် မိမိ၏မယားကိုယူ၍ မြို့မှထွက်၏။ တခုသော လယ်လုပ်၍ အသက်မွေးကုန်သော သူတို့၏ရွာ၌ နေ၏။ ထိုမင်းသားသည် နောက်အဘို့၌ အဘသေသည်၏အဖြစ်ကိုသိ၍ အမျိုးတို့၏ ဥစ္စာဖြစ်သော မင်းအဖြစ်ကို ယူအံ့ဟူ၍ ဗာရာဏသီပြည်သို့ ပြန်၏။ ထိုအခါ ခရီးအကြား၌ မယားအားလည်းပေး၍ စားလေလော့ဟု ဆို၍ပေးအပ်သော ထမင်းထုပ်ကိုရ၍ ထိုမယားအား မပေးမူ၍ မိမိချည်းသာလျှင် စား၏။ ထိုမိန်းမသည် ဤယောက်ျားသည် ကြမ်းတမ်းရုန့်ရင်းစွတကားဟု နှလုံးမသာသောအဖြစ်သို့ ရောက်၏။ ထိုမင်းသားသည် ဗာရာဏသီပြည်၌ မင်းအဖြစ်ကိုယူ၍ ထိုမယားကို မိဖုယားကြီးအရာ၌ထား၍ ထိုမိန်းမအား ဤမျှသည်ပင်လျှင် သင့်ပြီဟု တပါးသော လာဘသက္ကာရကို၎င်း မြတ်နိုးတနာကို၎င်း မပြု၊ အဘယ်သို့မျှ ရသနည်းဟူ၍လည်း မမေး။

ဘုရားလောင်းသည်ကြံ၏။ အဘယ်သို့ကြံသနည်းဟူမူကား ဤမိဖုယားသည် မင်းအား ကျေးဇူးများ၏။ အလွန်ချစ်၏။ မင်းသည်တမူကား ထိုမိဖုယားကို အနည်းငယ်မျှလည်း မအောက်မေ့၊ ငါသည် ထိုမိဖုယားအား လာဘသက္ကာရကို၎င်း မြတ်နိုးတနာကို၎င်း ပြုစေအံ့ဟုကြံ၏။ ကြီးပြီး၍ ဘုရားလောင်းသည် ထိုမိဖုယားသို့ကပ်၍ ခစားခြင်းကိုပြု၍ မိဖုယားသည် အမောင် အသို့နည်းဟုမေးသည်ရှိသော် စကားကိုဖြစ်စိမ့်သောငှါ ရှင်မိဖုယား အကျွန်ုပ်တို့သည် အရှင်တို့ကို ခစားပါကုန်၏။ သက်ကြီး မိဘတို့အား အဝတ်အထည် ပိုင်းကိုမျှ၎င်း ထမင်းဆုပ်ကိုမျှ၎င်း ပေးအံ့သောငှါ မသင့်လောဟု ဆို၏။ ဘခင် အကျွန်ုပ်သည် မိမိ၏အကျိုးငှါ တစုံတခုကိုမျှ မရပါ၊ သင်တို့အား အဘယ်သို့ ပေးရပါအံ့နည်း၊ ရသောကာလ၌ ပေးအံ့သည် မဟုတ်တုံလော၊ ယခုတမူကား မင်းသည် ငါ့အား တစုံတခုကိုမျှ မပေး၊ တပါးကို ပေးခြင်းကို ထားဘိဦး၊ မင်းအဖြစ်ကို ယူအံ့သောငှါ လာလတ်သည်ရှိသော် ခရီးအကြား၌ ထမင်းထုပ်ကိုရ၍ ထမင်းကိုမျှလည်း ငါ့အားမပေးမူ၍ မိမိချည်းသာလျှင် စား၏ဟု ဆို၏။ အမိ အသို့နည်း၊ မင်း၏အထံ၌ ဤသို့ဆိုအံ့သောငှါ စွမ်းနိုင်အံ့လောဟု ဆိုသည်ရှိသော် အမောင် စွမ်းနိုင်လတ္တံ့ဟု ဆို၏။ အမိ ထိုသို့တပြီးကား ယနေ့ပင်လျှင် ကျွန်ုပ်မင်း၏အထံ၌ တည်စဉ်ကာလ၌ ကျွန်ုပ်မေးလတ်သည်ရှိသော် ဤသို့ဆိုကုန်လော့၊ ယနေ့ပင်လျှင် သင်တို့၏ ကျေးဇူးကိုသိစေအံ့ဟုဆို၍ ဘုရားလောင်းသည် ရှေးဦးစွာသွား၍ မင်း၏အထံ၌ နေ၏။ ထိုမိဖုယားသည် မင်း၏အနီး၌ နေလာ၏။

ထိုအခါ၌ ထိုမိဖုယားကို ဘုရားလောင်းသည် အမိ အရှင်တို့သည်အလွန်လျှင် ရက်ရောကုန်၏။ အဘတို့အား အဝတ်ပိုင်းကိုမျှ၎င်း ထမင်းကိုမျှ၎င်း ပေးပါအံ့သောငှါသင့်သည် မဟုတ်တုံလောဟု ဆို၏။ အမောင် အကျွန်ုပ်သည်ပင် မင်း၏အထံမှ တစုံတခုကိုမရပါ၊ သင်တို့အား အဘယ်ကို ပေးရပါအံ့နည်းဟု ဆိုသည်ရှိသော် အရှင်သည် မိဖုယားမြတ်အရာကို ရသည် မဟုတ်တုံလောဟု ဆို၏။ အမောင် တစုံတခုသော ပူဇော်သက္ကာရကို ရခြင်းသည်မရှိသော် မိဖုယားမြတ်အရာသည် အဘယ်ပြုလတ္တံ့နည်းဟု ဆို၍ ယခုအခါ၌ သင်တို့၏မင်းသည် ငါ့အား အဘယ်ကို ပေးလတ္တံ့နည်း၊ ထိုမင်းသည် ခရီးအကြား၌ ထမင်းထုပ်ကိုရ၍ ထိုထမင်းထုပ်မှ တစုံတခုကိုမျှ မပေးမှု၍ မိမိချည်းသာလျှင် စား၏ဟုဆိုသည် ရှိသော် ဘုရားလောင်းသည် မင်းမြတ် ကြားရသည်ကား ဤသို့ကြားတိုင်းပင် ဟုတ်သလောဟု မေး၏။ မင်းသည်လည်း သည်းခံ၏။ ဘုရားလောင်းသည် ထိုမင်း၏သည်းခံခြင်းကိုသိ၍ အမိ ထိုသို့တပြီးကား မင်းသည် မချစ် မလေးမြတ်သော ကာလမှစ၍ အရှင်တို့အား ဤအရပ်၌ နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လောက၌ မချစ်သောသူတို့နှင့် ပေါင်းဘော်ရခြင်းသည်လည်း ဆင်းရဲ၏။ သင်တို့သည် ဤအရပ်၌ နေသည်ရှိသော် မင်းအားလည်း မချစ်သောသူနှင့် ပေါင်းဘော်ရခြင်းသည် ဖြစ်၏။ ဆင်းရဲခြင်းသည် ဖြစ်လတ္တံ့၊ ဤသတ္တဝါတို့မည်သည်ကား မိမိကို မပေါင်းဘော်သည်၏အဖြစ်ကို သိကုန်၍ တပါးသောအရပ်သို့ သွားအပ်ကုန်၏။ လူတို့နေရာသည် ကျယ်၏ဟု ဆို၍ ဤဂါထာတို့ကို ဆို၏။-

၁၄၅။ နမေ နမန္တဿ ဘဇေ ဘဇန္တံ၊
ကိစ္စာနုကြုဗ္ဗဿ ကရေယျ ကိစ္စံ။
နာနတ္ထကာမဿ ကရေယျ အတ္ထံ၊
အသမ္ဘဇန္တံပိ န သမ္ဘဇေယျ။
၁၄၆။ စဇေ စဇန္တံ ဝနထံ န ကယိရာ၊
အပေတစိတ္တေန န သမ္ဘဇေယျ။
ဒိဇော ဒုမံ ခီဏဖလန္တိ ဉတွာ၊
အညံ သမေက္ခေယျ၊ မဟာ ဟိ ဧသ လောကော။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

၁၄၅။ အမ္မ၊ အမိ။ နမန္တဿ၊ မိမိသို့ညွတ်သော သူအားသာလျှင်။ နမေ၊ ညွတ်တုံ့ ညွတ်ရာ၏။ ဘဇန္တံ၊ မိမိသို့ ဆည်းကပ်သော သူကိုသာလျှင်။ ဘဇေ၊ ဆည်းကပ်ရာ၏။ ကိစ္စာနုကြုဗ္ဗဿ၊ မိမိကိစ္စအမှုကို ဆောင်ရွက်သော သူ၏ သာလျှင်။ ကိစ္စံ၊ ကိစ္စကို။ ကရေယျ၊ ဆောင်ရွက်ရာ၏။ အနတ္ထကာမဿ၊ မိမိအကျိုးစီးပွားကို အလိုမရှိသော သူ၏။ အတ္ထံ၊ အမှုကိစ္စကို။ န ကရေယျ၊ မဆောင်ရွက်ရာ။ အသမ္ဘဇန္တံပိ၊ အတူတကွမဆည်းကပ်သောသူကိုလည်း။ နသမ္ဘဇေယျ၊ အတူတကွ မဆည်းကပ်ရာ။

၁၄၆။ စဇန္တံ၊ မိမိကိုစွန့်သောသူကို။ စဇေ၊ စွန့်ရာ၏။ ဝနထံ၊ မိမိကိုစွန့်သောသူ၌ တပ်စွန်းခြင်းကို။ န ကယိရာ၊ မပြုရာ။ အပေတစိတ္တေန၊ ချစ်ခြင်း ကင်းသော စိတ်ရှိသောသူနှင့်။ န သမ္ဘဇေယျ၊ မပေါင်းတော်ရာ။ ဒိဇော၊ ငှက်သည်။ ဒုမံ၊ သစ်ပင်ကို။ ခီဏဖလန္တိ၊ အသီးကုန်လေပြီဟု။ ဉတွာ၊ သိ၍။ အညံ၊ တပါးသောသစ်ပင်သို့။ သမေက္ခတိ ယထာ၊ ရှာသကဲ့သို့။ ဧဝံ တထာ၊ ထို အတူ။ အညံ၊ တပါးသော အရပ်ကို။ သမေက္ခယျ၊ ရှာရာ၏။ ဟိသစ္စံ၊ မှန်၏။ ဧသ လောကော၊ ဤလူတို့နေရာအရပ်သည်။ မဟာ၊ ကျယ်၏။

သင်တို့သည် အလွန်ချစ်သော တယောက်သောယောက်ျားကို ရကုန်လတ္တံ့ဟု ဆိုသည်ရှိသော် ထိုစကားကိုကြား၍ ဗာရာဏသီမင်းသည် အလုံးစုံသော စည်းစိမ်ကိုပေး၏။ ထိုအခါမှစ၍ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ နေကြကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ လင်မယား နှစ်ယောက်တို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ ဤလင်မယားနှစ်ယောက်တို့သည် ထိုအခါ လင်မယားနှစ်ယောက် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသောအမတ်ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

သူကမချစ်၊ ကိုယ်ကချစ်၊ အသစ်သာရှာ ငှက်ပမာ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ပုဋဘတ္တဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကာသာဝဝဂ်

၄။ ကုမ္ဘိလဇာတ်

မျောက် နှင့် မိချောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယဿေတေ စတုရော ဓမ္မာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုမ္ဘိလဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။-

၁၄၇။ ယဿေတေ စတုရော ဓမ္မာ၊ ဝါနရိန္ဒ ယထာ တဝ။
သစ္စံ ဓမ္မော ဓိတိ စာဂေါ၊ ဒိဋ္ဌံ သော အတိဝတ္တတိ။
၁၄၈။ ယဿ စေ တေ န ဝိဇ္ဇန္တိ၊ ဂုဏာ ပရမ ဘဒ္ဒက။
သစ္စံ ဓမ္မော ဓိတိ စာဂေါ၊ ဒိဋ္ဌံ သော နာတိဝတ္တတိ။

၁၄၇။ ဝါနရိန္ဒ၊ အို မျောက်မင်း။ တဝ၊ သင်မျောက်မင်းအား။ သစ္စံ၊ အမှန်ကိုဆိုခြင်း ဝစီသစ္စာ၎င်း။ ဓမ္မော၊ ပညာ၎င်း။ ဓိတိ၊ အားထုတ်ခြင်း လုံ့လကို၎င်း။ စာဂေါ၊ စွန့်ကြဲခြင်း၎င်း။ ဣတိ၊ ဤသို့။ စတုရော၊ လေးပါးကုန်သော။ ဓမ္မာ၊ တရားရှိသည်။ သန္တိ ယထာ၊ ရှိကုန်၏သို့။ ယဿ၊ အကြင်သူအား။ ဧတေ၊ ထိုလေးပါးကုန်သော တရားတို့သည်။ သန္တိ၊ ရှိကုန်ငြားအံ့။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ အတိဝတ္တတိ ယထာ၊ လွန်၍ ဖြစ်နိုင်၏သို့။ သော၊ ထိုလေးပါးသောတရားရှိသော သူသည်။ ဒိဋ္ဌံ၊ ရန်သူကို။ အတိဝတ္တတိ၊ လွန်၍ ဖြစ်နိုင်၏။

၁၄၈။ ပရမဘဒ္ဒက၊ အလွန်ကောင်းသော မိကျောင်းမင်း။ ယဿ စ၊ အကြင်သူအားကား။ သစ္စံ၊ အမှန်ကိုဆိုခြင်း ဝစီသစ္စာ၎င်း။ ဓမ္မော၊ ပညာ၎င်း။ ဓိတိ၊ အားထုတ်ခြင်းလုံ့လ၎င်း။ စာဂေါ၊ စွန့်ကြဲခြင်း၎င်း။ ဣတိ၊ ဤသို့။ ဧတေ ဂုဏာ၊ ထိုတရားအစုတို့သည်။ န ဝိဇ္ဇန္တိ၊ မရှိကုန်။ သော၊ ထိုသူသည်။ ဒိဋ္ဌံ၊ ရန်သူကို။ နာတိဝတ္တတိ၊ မလွန်မြောက်နိုင်။

ဤကုမ္ဘိလဇာတ်၌ ဇာတ်ပေါင်းနှင့်တကွ ကြွင်းသော အလုံးစုံသောစကားကို အောက်ဖြစ်သော ကုမ္ဘိလဇာတ်၌ ဆိုအပ်ပြီးသောနည်းဖြင့်သာ သိအပ်၏။

( ကုမ္ဘိလသဒ္ဒါနှင့် သုသုမာရသဒ္ဒါသည် မိကျောင်းဟောချည်းဖြစ်၍ ကုမ္ဘိလဇာတ်ဟူသည် သုသုမာရဇာတ်ကို ဆိုလိုသည်။ )

စကားမှန်စွာ၊ ပညာ ဝီရိယ၊ စွန့်စာဂ၊ လေးဝရန်အောင်ကြောင်း

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ကုမ္ဘိလဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကာသာဝဝဂ်

၅။ ခန္တိဝဏ္ဏဇာတ်

အိမ်ရာမှား အမတ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အတ္ထိ မေ ပုရိသော ဒေဝအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤခန္တိဝဏ္ဏဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုကောသလမင်း၏ နန်းတွင်း၌ တယောက်သော ကျေးဇူးများသော အမတ်သည် နန်းတွင်းသူ၌ မှားယွင်း၏။ မင်းသည် ဤသူသည် ငါ့အား ကျေးဇူး များ၏ဟု သိ၍လည်း သည်းခံ၍ မြတ်စွာဘုရားအားလျှောက်၏။ မြတ်စွာဘုရားသည် မင်းမြတ် ရှေးမင်းတို့သည်လည်း ဤကဲ့သို့ သည်းခံသည်လျှင်ကတည်းဟု မိန့်တော်မူ၍ ထိုကောသလမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... မင်းမြတ် လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုလတ်သည်ရှိသော် ထိုဗြဟ္မဒတ်မင်း၏ နန်းတော်တွင်း၌ တယောက်သောအမတ်သည် အိမ်ရာပြစ်မှား၏။ အမတ်ကိုလည်း ခစားသောသူသည် ထိုအမတ်၏အိမ်ရာကို ပြစ်မှား၏။ ထိုအမတ်သည် ထိုယောက်ျား၏အပြစ်ကို သည်းခံအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ထိုယောက်ျားကိုယူ၍ မင်း၏အထံသို့သွား၍ မင်းမြတ် အကျွန်ုပ်၏ တယောက်သော အလုပ်အကျွေးဖြစ်သော အလုံးစုံသောကိစ္စကို ဆောင်ရွက်သော ဤယောက်ျားသည် အိမ်ရာပြစ်မှား၏။ ထိုယောက်ျားအား အသို့ပြုအံ့သောငှါ သင့်သနည်းဟု မေးလိုသည်ဖြစ်၍-

၁၄၉။ အတ္ထိ မေ ပုရိသော ဒေဝ၊ သဗ္ဗကိစ္စေသု ဗျာဝဋော။
တဿ စေကောပရာဓတ္ထိ၊ တတ္ထ တွံ ကိန္တိ မညသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၄၉။ ဒေဝ၊ မင်းမြတ်။ မေ၊ အကျွန်ုပ်အား။ သဗ္ဗကိစ္စေသု၊ ခပ်သိမ်းသော ကိစ္စတို့၌။ ဗျာဝဋော၊ လုံ့လပြုတတ်သော။ ပုရိသော၊ ယောက်ျားသည်။ အတ္ထိ၊ ရှိ၏။ တဿ၊ ထိုယောက်ျားအား။ ဧကော၊ တခုသော။ အပရာဓော၊ အိမ်ရာပြစ်မှားသော အပြစ်သည်။ အတ္ထိ၊ ရှိ၏။ တတ္ထ၊ ထိုအိမ်ရာပြစ်မှားသော အပြစ်ကြောင့်။ ကိန္တိ၊ အပြုအပ်၏ဟူ၍။ တွံ၊ အရှင်မင်းမြတ်သည်။ မညသိ၊ အောက်တော်မူသနည်း။

ထိုစကားကိုကြား၍ မင်းသည်-

၁၅၀။ အမှာကမ္ပတ္ထိ ပုရိသော၊ ဧဒိသော ဣဓ ဝိဇ္ဇတိ။
ဒုလ္လဘော အင်္ဂသမ္ပန္နော၊ ခန္တိ ရမှာက ရုစ္စတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၅၀။ ဘော အမစ္စ၊ အို အမတ်။ အမှာကမ္ပိ၊ ငါတို့အားလည်း။ ဧဒိသော၊ ဤသို့သဘောရှိသော။ ပုရိသော၊ အိမ်ရာပြစ်မှားတတ်သော ယောက်ျားသည်။ အတ္ထိ၊ ရှိ၏။ ဧဒိသော၊ ဤသို့သဘောရှိသော ယောက်ျားသည်။ ဣဓ၊ ဤအရပ်၌ပင်လျှင်။ ဝိဇ္ဇတိ၊ ရှိ၏။ အင်္ဂသမ္ပန္နော၊ ကျေးဇူးအင်နှင့် ပြည့်စုံသောယောက်ျားကို။ ဒုလ္လဘော၊ ရခဲ၏။ တေန၊ ထို့ကြောင့်။ ခန္တီ၊ သည်းခံခြင်းကိုသာ။ အမှာကံ၊ ငါတို့သည်။ ရုစ္စတိ၊ နှစ်သက်၏။

ထိုအမတ်သည် မိမိကိုယ်ကိုရည်၍ မင်းဆိုသည်၏အဖြစ်ကို သိ၍ ထိုအခါမှစ၍ နန်းတွင်း၌ ပြစ်မှားအံ့သောငှာ မဝံ့၊ ထိုအမတ်ကို ခစားသော ယောက်ျားသည်လည်း မင်းအား ကြားသည်၏အဖြစ်ကိုသိ၍ ထိုအခါမှစ၍ ထိုအမှုကို ပြုအံ့သောငှာ မဝံ့။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ မင်းမြတ် ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။ ထိုအမတ်သည် ကောသလမင်းမြတ်စွာဘုရားအား လျှောက်သည်၏အဖြစ်ကို သိ၍ ထိုအခါမှစ၍ ထိုအမှုကို ပြုအံ့သောငှာ မဝံ့။

ကျေးဇူးရှိလေ၊ ထိုသူတွေ၊ မသွေ သည်းခံသင့်

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ခန္တီဝဏ္ဏဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကာသာဝဝဂ်

၆။ ကောသိယဇာတ်

ခင်ပုပ် နှင့် ကျီး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကာလေ နိက္ခမနာ သာဓု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကောသိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောသလမင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ကောသလမင်းသည် ပစ္စန္တရစ်ကို ငြိမ်းစိမ့်သောငှါ အခါမဟုတ်သည်၌ ထွက်၏။ ဝတ္ထုသည် အောက်၌ ဆိုအပ်ပြီးသော နည်းရှိသလျှင်ကတည်း၊ မြတ်စွာဘုရားသည်ကား လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၍ ဟောတော်မူ၏။

အတိတ်ဝတ္ထု... မင်းမြတ် လွန်လေပြီးသောအခါ ဗာရာဏသီမင်းသည် အခါမဟုတ်သည်၌ထွက်၍ ဥယျာဉ်ဝယ် သစ်ခက်တပ်၌ နေ၏။ ထိုကာလ၌ တခုသော ခင်ပုပ်ငှက်သည် ဝါးရုံသို့ဝင်၍ ပုန်းအောင်း၏။ ကျီးအပေါင်းတို့သည် လာလတ်ကုန်၍ ထွက်လာသော ခင်ပုပ်ငှက်ကို ဖမ်းကုန်အံ့ဟူ၍ ခြံရံကုန်၏။ ထိုခင်ပုပ်ငှက်သည် နေဝင်ခြင်းကိုမကြည့်မူ၍ အခါမဲ့၌ သာလျှင်ထွက်၍ ပြေးအံ့သောငှါ အားထုတ်၏။ ထိုအခါ၌ ထိုခင်ပုပ်ငှက်ကို ကျီးတို့သည်ခြံရံကုန်၍ နှုတ်သီးတို့ဖြင့် ထိုးကုန်၍ ကျစေကုန်၏။ မင်းသည် ဘုရားလောင်းကို ခေါ်၍ ပညာရှိ ကျီးတို့သည် ခင်ပုပ်ကို အဘယ်ကြောင့်လျှင် ကျစေဘိသနည်းဟု မေး၏။ ဘုရားလောင်းသည် မင်းမြတ် အခါမဟုတ်သည်၌ မိမိ၏နေရာအရပ်မှ ထွက်ကုန်သောသူတို့သည် ဤသို့သဘောရှိသော ဆင်းရဲကို ခံရကုန်မြဲသာလျှင်တည်း၊ ထို့ကြောင့် အခါမဟုတ်သည်၌ မိမိ၏နေရာအရပ်မှ ထွက်အံ့သောငှာမသင့်ဟု ပြလိုရကား-

၁၅၁။ ကာလေ နိက္ခမနာ သာဓု၊ နာကာလေ သာဓု နိက္ခမော။
အကာလေန ဟိ နိက္ခမ္မ၊ ဧကကမ္ပိ ဗဟုဇ္ဇနော။
န ကိဉ္စ အတ္ထံ ဇောတေတိ၊ ဓင်္ကသေနာဝ ကောသိယံ။
၁၅၂။ ဓီရော ဝိဓိဝိဓာနညူ၊ ပရေသံ ဝိဝရာနုဂူ။
သဗ္ဗာမိတ္တေ ဝသီကတွာ၊ ကောသိယောဝ သုခီ သိယာ။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

၁၅၁။ မဟာရာဇ၊ မင်းမြတ်။ ကာလေ၊ ကာလ၌သာ။ နိက္ခမနာ၊ ထွက်ခြင်း လုံ့လပြုခြင်းသည်။ သာဓု၊ ကောင်း၏။ အကာလေ၊ အခါ မဟုတ်သည်၌။ နိက္ခမော၊ ထွက်ခြင်း လုံ့လပြုခြင်းသည်။ န သာဓု၊ မကောင်း။ ကောစိဟိ၊ တစုံတယောက်သော။ ပုရိသော၊ ယောက်ျားသည်။ အကာလေ၊ အခါမဟုတ်သည်၌။ နိက္ခမ္မ၊ ထွက်၍။ ကိဉ္စိ၊ တစုံတခုသော။ အတ္ထံ၊ အကျိုး စီးပွားကို။ န ဇောတေတိ၊ မထွန်းပစေနိုင်။ အထခေါ၊ စင်စစ်သော်ကား။ ဧကကမ္မိ၊ တယောက်တည်းသော သူကိုလည်း။ ဗဟုဇ္ဇနော၊ များစွာသော ရန်သူသည်။ အကာလေ၊ အခါ မဟုတ်သည်၌။ နိက္ခမန္တော၊ ထွက်လတ်သည် ရှိသော်။ ပရိဝါရေတွာ၊ ခြံရံ၍။ မဟာဝိနာသံ၊ ကြီးစွာသော ပျက်စီးခြင်းသို့။ ပါပေတိ၊ ရောက်စေတတ်၏။ ကိမိဝ၊ အဘယ်ကဲ့သိုနည်း ဟူမူကား။ ဓင်္ကသေနာ၊ ကျီးအပေါင်းတို့သည်။ ကောသိယံ၊ ခင်ပုပ်ကို။ တုဏ္ဍေဟိ၊ နှုတ်သီးတို့ဖြင့်။ ဝိတုဒန္တိ ဣဝ၊ ထိုးကုန်ဘိသကဲ့သို့တည်း။

၁၅၂။ မဟာရာဇ၊ မင်းမြတ်။ ကောသိယော၊ အခါဟုတ်သည်၌သာ ထွက်သော ခင်ပုပ်လိမ္မာသည်။ သုခီ၊ ချမ်းသာခြင်းရှိသည်။ သိယာဝ၊ ဖြစ်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ ဝိဓိဝိဓာနညူ၊ ရှေးပညာရှိတို့သည် ထားအပ်သော ထုံးပဝေဏီ အစီအရင်ကို သိထသော။ ပရေသံ၊ တပါးကုန်သော သူတို့၏။ ဝိဝရာနုဂူ၊ လစ်ဟင်းခြင်းကို သိထသော။ ဓီရော၊ ပညာရှိသည်။ သဗ္ဗာမိတ္တေ၊ ခပ်သိမ်းသော ရန်သူတို့ကို။ ဝသီကတွာ၊ မိမိအလိုသို့ လိုက်သည်ကိုပြု၍။ သုခီ၊ ချမ်းသာခြင်းနှင့်ပြည့်စုံသည်။ သိယာ၊ ဖြစ်ရာ၏။

မင်းသည် ဘုရားလောင်း၏စကားကိုကြား၍ ပြန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ မင်းမြတ် ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသော အမတ်ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အခါမဟုတ်၊ စွမ်းအားထုတ်၊ ခင်ပုပ်ငှက်နှယ်ပ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကောသိယဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကာသာဝဝဂ်

၇။ ဂူထပါဏဇာတ်

ချေးပိုး နှင့် ဆင်ပြောင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သူရော သူရေန သင်္ဂမ္မ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဂူထပါဏဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုကာလ၌ ဇေတဝန် ကျောင်းတော်မှ သုံးဂါဝုတ် ယူဇနာခွဲရှိသော အရပ်၌ တခုသော နိဂုံးရွာသည် ရှိ၏။ ထိုနိဂုံးရွာ၌ များစွာကုန်သော စာရေးတံဆွမ်း လဆန်းပက္ခ လဆုတ်ပက္ခ လှူအပ်သော ဆွမ်းတို့သည် ရှိကုန်၏။ ထိုရွာ၌ တယောက်သော ပြဿနာကို မေးတတ်သော ငတုံးသည် နေ၏။ ထိုငတုံးသည် သလာကဘတ် ပက္ခိကဘတ်တို့၏ အကျိုးငှါ သွားကုန်သော ပဉ္စင်းငယ်တို့ကို၎င်း သာမဏေတို့ကို၎င်း၊ အချို့ကုန်သော ပဉ္စင်းသာမဏေတို့ကို ခဲကုန်စဉ်၊ အချို့ကုန်သော ပဉ္စင်းသာမဏေတို့ကို သောက်ကုန်စဉ်၊ အချို့ကုန်သော ပဉ္စင်းသာမဏေတို့ကို စားကုန်စဉ် ပြဿနာကိုမေး၍ ဖြေအံ့သောငှါ မစွမ်းနိုင်ကုန်သည်ရှိသော် ရှက်စေ၏။ ထိုပဉ္စင်းသာမဏေတို့သည် ငတုံးမှကြောက်ခြင်းကြောင့် သလာကဘတ် ပက္ခိကဘတ်တို့၏ အကျိုးငှါ ထိုရွာသို့ မသွားကြကုန်၊ ထိုအခါ တနေ့သ၌ တပါးသောရဟန်းသည် စာရေးတံချရာသို့သွား၍ အရှင်ဘုရားတို့ ဤအမည်ရှိသောရွာ၌ သလာကဘတ်သည်၎င်း ပက္ခိကဘတ်သည်၎င်း ရှိသလောဟုမေး၍ ငါ့သျှင် ရှိ၏။ ထိုသို့ရှိသော်လည်း ထိုရွာ၌ တယောက်သော ငတုံးသည် ပြဿနာကိုမေးသတတ်၊ ဖြေအံ့သောငှါ မတတ်နိုင်ကုန်သော ရဟန်းသာမဏေတို့ကို ဆဲရေး၏။ ငတုံးမှ ကြောက်သောကြောင့် တစုံတယောက်သော ရဟန်းသာမဏေသည် သွားအံ့သောငှါမဝံ့ဟု ဆိုသည်ရှိသော် အရှင်ဘုရားကို ထိုရွာ၌ဆွမ်းတို့ကို ငါ့သို့ရောက်စေကုန်လော့ ငါသည် ထိုငတုံးကိုဆုံးမ၍ မာနမရှိသည်ကိုပြု၍ ထိုအခါမှစ၍ သင်တို့ကို မြင်၍ ပြေးအောင်ပြုခဲ့အံ့ဟု ဆို၏။ ရဟန်းတို့သည် ကောင်းပြီဟု ဝန်ခံ၍ ထိုရဟန်းသို့ ထိုရွာ၌ ဆွမ်းတို့ကို ရောက်စေကုန်၏။

ထိုရဟန်းသည် ထိုရွာသို့သွား၍ ရွာတံခါး၌ သင်္ကန်းကို ရုံ၏။ ထိုရဟန်းကိုမြင်၍ ငတုံးသည် ကြမ်းသောဆိတ်ကဲ့သို့ လျင်မြန်စွာ ကပ်လာတည့်၍ ရဟန်း ငါ၏ပြဿနာကို ဖြေလော့ဟု ဆို၏။ ဒါယကာ ရွာ၌ ဆွမ်းခံ၍ ယာဂုကိုယူ၍ ဆွမ်းစားစရပ်သို့ အကြင်မျှလောက် လာခြင်းသည်ရှိ၏။ ထိုမျှလောက်သောအခွင့်ကို ပေးဦးလော့ဟု ဆို၏။ ထိုငတုံးသည် ထိုရဟန်းသည် ယာဂုကိုယူ၍ ဆွမ်းစားစရပ်သို့ လာသော်လည်း ထို့အတူသာလျှင်ဆို၏။ ထိုရဟန်းသည်လည်း ထိုငတုံးကို ငါ့အား ယာဂုကို သောက်စိမ့်သောငှါ အခွင့်ပေးဦးလော့၊ ဆွမ်းစားစရပ်ကို တံမြက်လှည်းအံ့သော အခွင့်ပေးဦးလော့၊ စာရေးတံဆွမ်းကို ဆောင်အံ့သောငှါ ငါ့အား အခွင့်ပေးဦးလော့ဟု ဆို၍ စာရေးတံဆွမ်းကို ဆောင်ခဲ့၍ ထိုငတုံးကိုပင်လျှင် သပိတ်ကို ကိုင်စေ၍ လာလော့ ပြဿနာကိုမေးလတ်သော် လျောက်ပတ်သောအခါကို သိသည်ဖြစ်၍ ဖြေအံ့ဟု ရွာတံခါးအပသို့ ဆောင်၍ သင်္ကန်းကို ခေါက်၍ ပခုံး၌တင်၍ ထိုငတုံး၏လက်မှ သပိတ်ကိုယူ၍ ရပ်၏။

ထိုအရပ်၌လည်း ထိုရဟန်းကို ထိုငတုံးသည် ရဟန်း ငါ၏ပြဿနာကို ဖြေလောဟု ဆို၏။ ထိုအခါ၌ ထိုငတုံးကို ထိုရဟန်းသည် သင်၏ ပြဿနာကို ဖြေအံ့ဟု ဆို၍ တချက်တည်းဖြင့်သာလျှင် လဲစေ၍ အရိုးတို့ကို ကြေစေဘိသကဲ့သို့ သတ်ပုတ်၍ ခံတွင်း၌ မစင်ကိုထည့်၍ ယခုအခါ၌ ဤနေ့မှစ၍ ဤရွာသို့လာသော ရဟန်းကို တစုံတခုသော ပြဿနာကို မေးသောကာလ၌ သိစေအံ့ဟု ခြိမ်းချောက်၍ သွား၏။ ထိုငတုံးသည် ထိုအခါမှစ၍ ရဟန်းတို့ကို မြင်လျှင်ပြေး၏။ နောက်အဘို့၌ ထိုရဟန်း၏ ထိုအမူအရာသည် ရဟန်းသင်္ဃာ၌ ထင်ရှားသည် ဖြစ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရား သဘင်ဝယ် ငါ့သျှင်တို့ ဤအမည်ရှိသော ရဟန်းသည် ငတုံး၏ခံတွင်း၌ မစင်ကိုထည့်၍ သွားသတတ်ဟု စကားကို ဖြစ်စေ၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူလတ်သော် ဤ မည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျောက်သည်ရှိသော် ရဟန်းတို့ ထိုရဟန်းသည် ယခုအခါ၌သာလျှင် ထိုငတုံးကို မစင်ကို စားစေသည် မဟုတ်သေး၊ ရှေး၌လည်း စားစေဘူးသလျင်ကတည်းဟုမိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ အင်္ဂတိုင်း မဂဓတိုင်း၌ နေကုန်သော သူတို့သည် တဦးသည် တဦး၏ တိုင်းသွားကုန်လတ်သော် တနေ့သ၌ ထိုတိုင်းနှစ်တိုင်း၏သီမန္တရိက်၌ တခုသောအိုင်ကို မှီကုန်၍ သုရာကို သောက်ကုန်၍ ငါးအမဲကို စားကုန်၍ စောစောကလျင် လှည်းတို့ကို က, ကုန်၍ သွားကုန်၏။ ထိုသူတို့သည် သွားသောကာလ၌ တခုသော မစင်စားသော ပိုးသည် မစင်နံ့နံသောကြောင့် လာလတ်၍ ထိုသူတို့၏ သောက်ရာအရပ်၌ စွန့်အပ်သော သုရာကိုမြင်၍ ချင်ခြင်းကြောင့်သောက်၍ ယစ်သည်ဖြစ်၍ မစင်ပုံသို့ တက်၏။ ထိုပိုးသည် တက်လတ်သော် မစင်စိုသည် အတန်ငယ်ညွတ်၏။ ထိုမစင်ပိုးသည် ငါ့ကို ခံအံ့သောငှာ မစွမ်းနိုင်ဟု ကြုံးဝါး၏။ ထိုခဏ၌သာလျှင် အမုန်ယစ်သော ဆင်ပြောင် တစီးသည် ထိုအရပ်သို့ လာလတ်၍ မစင်နံ့ နံခြင်းကြောင့် စက်ဆုပ်ရွံရှာ၍ ဖဲ၏။ ထိုမစင်ပိုးသည် ထိုဆင်ပြောင်ကြီးကိုမြင်၍ ဤဆင်ပြောင်ကြီးသည် ငါမှ ကြောက်သောကြောင့် ပြေး၏ဟု အမှတ်ရှိသည်ဖြစ်၍ ဤဆင်ပြောင်ကြီးနှင့်တကွ စစ်ထိုးခြင်းကို ပြုအံ့သောငှါသင့်၏ဟု နှလုံးသွင်း၍ခေါ်လိုရကား-

၁၅၃။ သူရော သူရေန သင်္ဂမ္မ၊ ဝိက္ကန္တေန ပဟာရိနာ။
ဧဟိ နာဂ နိဝတ္တဿု၊ ကိံနု ဘီတော ပလာယသိ။
ပဿန္တု အင်္ဂမာဂဓာ၊ မမ တုယှဉ္စ ဝိက္ကမံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၅၃။ ဘော နာဂ၊ အို ဆင်ပြောင်။ သူရော၊ ရဲရင့်သောသင်သည်။ ဝိက္ကန္တေန၊ ကြီးသော လုံ့လရှိထသော။ ပဟာရိနာ၊ စစ်ထိုးခြင်းငှါ စွမ်းနိုင်ထသော။ သူရေန၊ ရဲရင့်သောငါနှင့်။ သဒ္ဓိံ၊ တကွ။ သင်္ဂမ္မ၊ ဆိုင်မိကြ၍။ ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်။ အသင်္ဂါမေတွာ၊ စစ်မထိုးဘဲ။ ဂစ္ဆတိ၊ သွားဘိသနည်း။ ဧကပဟာရောပိ၊ တကြိမ်သော ထိုးခြင်းကိုလည်း။ ဒါတဗ္ဗော နနု၊ ပေးအပ်သည် မဟုတ်လော။ နာဂ၊ ဆင်ပြောင်။ ဧဟိ၊ လာလှည့်ဦး။ နိဝတ္တဿု၊ ပြန်ခဲ့ဦး။ ဘီတော၊ ကြောက်သည်ဖြစ်၍။ ပလာယသိ ကိံနု၊ ပြေးသလော။ မမ စ၊ ငါ၏၎င်း။ တုယှဉ္စ၊ သင်၏၎င်း။ ဝိက္ကမံ၊ လုံ့လကို။ အင်္ဂမာဂဓာ၊ အင်္ဂတိုင်းသား မဂဓတိုင်းသားတို့သည်။ ပဿန္တု၊ မြင်စေကုန်သတည်း။

ထိုဆင်သည် နားထောင်၍ ထိုမစင်ပိုး၏ စကားကို ကြား၍ ထိုမစင်ပိုး၏အထံသို့ သွား၍ ထိုမစင်ပိုးကို ခြိမ်းမောင်းလိုရကား-

၁၅၄။ န တံ ပါဒါ ဝဓိဿာမိ၊ န ဒန္တေဘိ န သောဏ္ဍိယာ။
မီဠှေန တံ ဝဓိဿာမိ၊ ပူတိ ဟညတု ပူတိနာ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၅၄။ ဂူထပါဏ၊ မစင်ပိုး။ တံ၊ သင့်ကို။ ပါဒါ-ပါဒေဟိ၊ ခြေတို့ဖြင့်။ န ဝဓိဿာမိ၊ ငါမသတ်အံ့။ ဒန္တေဘိ၊ အစွယ်တို့ဖြင့်လည်း။ န ဝဓိဿာမိ၊ ငါမသတ်အံ့။ သောဏ္ဍိယာ၊ နှာမောင်းဖြင့်။ န ဝဓိဿာမိ၊ ငါမသတ်အံ့။ မိဠှေန၊ မစင်ဖြင့်သာလျှင်။ တံ၊ သင့်ကို။ ဝဓိဿာမိ၊ သတ်လိုက်အံ့။ ပူတိ၊ မစင်ပိုးသည်။ ပူတိနာ၊ မစင်ဖြင့်။ ဟညတု၊ သေစေသတည်း။

ဤသို့ မစင်ပိုးသည် မစင်ဖြင့်သာလျှင် သေစေသတည်းဟု ဆို၍ ထိုမစင်ပိုး၏ထိပ်ထက်၌ ကြီးစွာသော ထိုမစင်တုံးကို ချလိုက်၍ ကျင်ငယ်ကို စွန့်လိုက်၍ ထိုအရပ်၌လျှင် ထိုမစင်ပိုးကို အသက်ကုန်ခြင်းသို့ ရောက်စေ၍ ကြိုးကြာသံနှင့်တူသော ဆင်သံကို ဟီလျက် တောသို့ဝင်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ငတုံးသည် ထိုအခါ မစင်ပိုးဖြစ်ဘူးပြီ၊ ယခုအခါ ထိုရဟန်းသည် ထိုအခါ ဆင်ပြောင်ကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ထိုအကြောင်းကို မျက်မှောက်ပြုခဲ့ရသော ထိုတောအုပ်၌ နေသောနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အံ့မတုသင့်၊ ဖက်ပြိုင်လင့်၊ ဘေးနှင့် လက်ငင်းတွေ့

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဂူထပါဏဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကာသာဝဝဂ်

၈။ ကာမနီတဇာတ်

လောဘကြီးသောမင်း

ပစ္စုပ္ပန် နှင့် အတိတ်ဝတ္တု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် တယော ဂိရိံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာမနီတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကာမနီတအမည်ရှိသော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထု အတိတ်ဝတ္ထုသည် ဒသကနိပါတ် ကာမဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ အထူးကား နှစ်ယောက်ကုန်သော ထိုမင်းသားတို့တွင် မင်းသားကြီးသည် လာလတ်၍ ဗာရာဏသီပြည်၌ မင်းဖြစ်၏။ မင်းသားငယ်သည် အိမ်ရှေ့မင်း ဖြစ်၏။ ထိုနှစ်ယောက်ကုန်သော မင်း အိမ်ရှေ့မင်းတို့တွင် မင်းသည် ဝတ္ထုကာမ ကိလေသာကာမတို့၌ မရောင့်ရဲ၊ ဥစ္စာ၌ လောဘရှိသည် ဖြစ်၏။ ထိုအခါ ဘုရားလောင်းသည် သိကြား နတ်မင်းဖြစ်၍ ဇမ္ဗူဒိပ်သို့ ကြည့်လတ်သည်ရှိသော် ထိုမင်း၏ နှစ်ပါးကုန်သော ဝတ္ထုကာမ ကိလေသာကာမတို့၌လည်း မရောင့်ရဲသည်၏အဖြစ်ကို သိလျှင် မင်းကိုနှိပ်၍ ရှက်စေအံ့ဟု ပုဏ္ဏားလုလင်၏ အသွင်ဖြင့် လာလတ်၍ မင်းကို ဖူးမြင်၏။ မင်းသည်လည်း လုလင် အဘယ်ကိစ္စကြောင့် လာသနည်းဟု မေးလတ်သည်ရှိသော် မင်းမြတ် အကျွန်ုပ်သည် ဘေးကင်းကုန်သော ဝပြောကုန်သော များစွာသော ဆင်၊ မြင်း၊ ရထား ခြေသည် ဥစ္စာ ရွှေငွေတန်ဆာတို့ဖြင့် ပြည့်ကုန်သော သုံးပြည်ထောင်တို့ကို မြင်ခဲ့၏။ ထိုသုံးပြည်ထောင်တို့ကိုကား အနည်းငယ်မျှသာလျှင်ဖြစ်သော စစ်သည်ဗိုလ်ပါဖြင့် ယူအံ့သောငှါ တတ်ကောင်း၏။ အကျွန်ုပ်တို့သည် အရှင်မင်းမြတ်အား ထိုသုံးပြည်ထောင်တို့ကို ယူ၍ ပေးအံ့သောငှါ လာခဲ့၏ဟု ဆို၏။ လုလင် အဘယ်အခါ၌ သွားအံ့နည်းဟု ဆိုသည်ရှိသော် မင်းမြတ် နက်ဖြန်သွားအံ့ဟုဆို၏။ ထိုသို့တပြီးကား သွားလေဦးလော့၊ စောစောကလျှင် ပြန်လာလှည့်ဦးလော့ဟု ဆိုသည်ရှိသော် မင်းမြတ် ကောင်းပြီဟု ဝန်ခံ၍ လျင်မြန်စွာ ဗိုလ်ပါကို စီရင်ခန့်ထားလော့ဟု ဆို၍ မိမိနေရာ တာဝတိံသာသို့သာလျှင် သွား၏။

မင်းသည် နက်ဖြန်နေ့၌ စည်ကိုလည်စေ၍ ဗိုလ်ပါစီရင်ခြင်းကို ပြုစေ၍ အမတ်တို့ကို ခေါ်စေ၍ ယမန်နေ့က တယောက်သော ပုဏ္ဏားလုလင်သည် ဥတ္တရပဉ္စာမြို့၌၎င်း ဣန္ဒပတ္တမြို့၌၎င်း ကေကကမြို့၌၎င်း ဤသုံးမြို့တို့၌ မင်းအဖြစ်ကို ယူ၍ပေးအံ့ဟု ဆို၏။ ထိုလုလင်ကို ဆောင်ယူ၍ သုံးပြည်ထောင်တို့၌ မင်းအဖြစ်ကို ယူကုန်အံ့၊ လျင်မြန်စွာ ထိုလုလင်ကို ခေါ်ကြကုန်လောဟု ဆိုသည်ရှိသော် မင်းမြတ် ထိုလုလင်အား နေရာကို အဘယ်အရပ်၌ ပေးစေအပ်သနည်းဟု ဆိုကုန်၏။ ထိုလုလင်အား ငါသည် နေရာအိမ်ကို မပေးစေအပ်ဟုဆိုသည်ရှိသော် အဝတ်ရိက္ခာကိုကား ပေးအပ်၏လော ဟုဆိုကြကုန်၏။ ထိုအဝတ်ရိက္ခာကိုလည်း မပေးအပ်ဟု ဆိုသည်ရှိသော် ထိုသို့ မပေးအပ်သည်ရှိသော် ထိုလုလင်ကို အဘယ်မှာ မြင်ရကုန်အံ့နည်းဟု ဆိုကြကုန်၏။ မြို့လမ်းတို့၌ ကြည့်ကြကုန်လော့ဟု ဆိုသည်ရှိသော် ကြည့်၍ မမြင်သောကြောင့် မင်းမြတ် မမြင်ပါကုန်ဟုဆိုကြကုန်၏။ လုလင်ကို မမြင်သောမင်းအား ဤသို့ကြီးစွာသော စည်းစိမ်ချမ်းသာ အစိုးရသည်၏ အဖြစ်မှ ယုတ်၏ဟု ကြီးစွာသော စိုးရိမ်ခြင်းသည်ဖြစ်၏။ ဟဒယဝတ္ထုသည် ပူ၏။ နှလုံးသွေးသည် ပျက်၏။ ဝမ်းသွေးသည် သွန်ခြင်းသည် ဖြစ်၏။ ဆေးသမားတို့သည် ဆေးကုအံ့သောငှာ မစွမ်းနိုင်ကုန်။

ထို့နောင်မှ သုံးလေးရက်လွန်သဖြင့် သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုမင်း၏ ထိုအနာကိုသိ၍ ထိုမင်းကို ဆေးကုအံ့ဟု ပုဏ္ဏားအသွင်ဖြင့်လာလတ်၍ တံခါး၌တည်၍ ဆေးသမား ပုဏ္ဏားသည် အရှင်မင်းမြတ်တို့အား ဆေးကုအံ့သောငှါ လာ၏ဟု ကြားစေ၏။ မင်းသည် ထိုစကားကို ကြား၍ လျင်မြန်စွာ ကြီးမြတ်ကုန်သောမင်း၏ ဆေးသသမားတို့သည် ကုစားအံ့သောငှါ မစွမ်းနိုင်ကုန်၊ ထိုဆေးသမားအား ရိက္ခာကိုပေး၍ လွှတ်လိုက်ကုန်လောဟု ဆို၏။ သိကြားသည် ထိုစကားကို ကြား၍ ငါသည် ဆေးကုအံ့၊ အဝတ်ဖြင့် အလိုမရှိသလျှင်ကတည်း၊ ဆေးခကိုလည်း မယူအံ့၊ တဖန် မင်းသည် ငါ့ကို ရှုစေသတည်းဟု ဆို၏။ မင်းသည် ထိုစကားကို ကြား၍ ထိုသို့တပြီးကား လာစေသတည်းဟု ဆို၏။ သိကြားသည် ဝင်၍ အောင်စေသတည်းဟု ဆို၍ လျောက်ပတ်စွာ ရပ်၏။ မင်းသည် သင်သည် ငါ့ကို ဆေးကုအံ့လော့ဟု မေး၏။ မင်းမြတ် ကုအံ့ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ကုလော့ဟု ဆို၏။ မင်းမြတ် ကောင်းပြီဟူ၍ ယခု အနာ၏လက္ခာကို ဆိုကုန်လော့၊ အဘယ်အကြောင်းကြောင့် ဖြစ်သနည်း ခဲဘွယ်ကို၎င်း သောက်ဘွယ်ကို၎င်း အမှီပြု၍ ဖြစ်သလော၊ ထိုသို့မဟုတ်မူကား မြင်ခြင်းကို၎င်း ကြားခြင်းကို၎င်း အမှီပြု၍ ဖြစ်သလောဟု ဆိုသည်ရှိသော် အရှင်ပုဏ္ဏား ငါ၏အနာသည် သုတကို အမှီပြု၍ ဖြစ်၏ဟုဆို၏။ အရှင်မင်းမြတ်သည် အဘယ်သို့ ကြားသနည်းဟု ဆို၏။ တယောက်သော လုလင်သည် လာလတ်၍ ငါအား သုံးပြည်ထောင်တို့၌ မင်းအဖြစ်ကိုယူ၍ပေးအံ့ဟု ဆို၏။ ငါသည် ထိုလုလင်အား နေရာအရပ်ကို၎င်း အဝတ်ရိက္ခာကို၎င်း မပေးစေမိ၊ ထိုလုလင်သည် ငါ့အား အမျက်ထွက်၍ တပါးသော မင်း၏အထံသို့ သွားလတ္တံ့၊ ထိုသို့သွားသည်ရှိသော် ဤသို့ ကြီးစွာသော စည်းစိမ်ချမ်းသာ အစိုးရသည်၏အဖြစ်မှ ငါယုတ်ရချေလိမ့်သတည်းဟု ကြံသော ငါ့အား ဤအနာသည် ဖြစ်၏ဟုဆို၍ သင်သည် ငါ၏ လောဘနှင့်ယှဉ်သော စိတ်ကိုမှီ၍ဖြစ်သောအနာကို ဆေးကုအံ့သောငှာ အကယ်၍ စွမ်းနိုင်အံ့၊ ကုစားလော့ဟု ထိုအနက်ကိုထင်စွာ ပြလိုရကား-

၁၅၅။ တယော ဂိရိံ အန္တရံ ကာမယာမိ၊
ပဉ္စာလာ ကုရုယော ကေကကေ စ။
တတုတ္တရိံ ဗြာဟ္မဏ ကာမယာမိ၊
တိကိစ္ဆ မံ ဗြာဟ္မဏ ကာမနီတံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၅၅။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တယော ဂီရိံ၊ တုန်လှုပ်စေခြင်းငှာ စွမ်းနိုင်ခဲသည်၏အဖြစ်ကြောင့် တောင်သဘွယ် ဖြစ်ကုန်သော မြို့သုံးလုံးတို့ကို၎င်း။ ပဉ္စာလာ၊ ဥတ္တရပဉ္စာလတိုင်း၎င်း။ ကုရုယော၊ ကုရုတိုင်း၎င်း။ ကေကကေ စ၊ ကေကကတိုင်း၎င်း။ ဣတိ၊ ဤသို့။ အန္တရဉ္စ၊ တိုင်းသုံးတိုင်းကို၎င်း။ ကာမယာမိ၊ လိုချင်၏။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တတုတ္တရိံပိ၊ ထိုဗာရာဏသီမင်း အဖြစ်ထက် အလွန်ဖြစ်သော သုံးပြည်ထောင်ကိုလည်း။ ကာမယာမိ၊ လိုချင်၏။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ကာမနီတံ၊ ဝတ္ထု ကာမ ကိလေသာကာမတို့သည် နှိပ်စက်အပ်သော။ မံ၊ ငါ့ကို။ သစေ သက္ကောသိ၊ အကယ်၍ ကုစားနိုင်အံ့။ တိကိစ္ဆ၊ ကုလော့။

ထိုအခါ၌ ထိုမင်းကို သိကြားမင်းသည် မင်းမြတ် သင်မင်းမြတ်ကို သစ်မြစ်အစရှိသည်တို့ဖြင့် မကုစားကောင်း၊ ဉာဏ်တည်းဟူသော ဆေးဖြင့်သာလျှင် ကုစားအပ်၏ဟု ဆိုလို၍-

၁၅၆။ ကဏှာဟိ ဒဋ္ဌဿ ကရောန္တိ ဟေကေ။
အံမနုဿ ပဝိဋ္ဌဿ သရောန္တိ ပဏ္ဍိတာ။
န ကာမနီတဿ ကရောန္တိ ကေစိ။
ဩက္ကန္တသုက္ကဿ ဟိ ကာ တိကိစ္ဆာ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

မဟာရာဇ၊ မင်းမြတ်။ ဧကေ၊ အချို့ကုန်သော။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ကဏှာဟိ၊ မည်းသော အဆင်းရှိကုန်သော မြွေတို့သည်။ ဒဋ္ဌဿ၊ ခဲအပ်သောသူအား။ တိကိစ္ဆံ၊ ဆေးကုခြင်းကို။ ကရောန္တိ၊ ပြုကုန်၏။ ဧကေ၊ အချို့ကုန်သော။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ အမနုဿပဝိဋ္ဌဿ၊ ဘီလူးဖမ်းစားသောသူအား။ တိကိစ္ဆံ၊ ဆေးကုခြင်းကို။ ကရောန္တိ၊ ပြုကုန်၏။ ကေစိ၊ အချို့ကုန်သော သူတို့သည်။ ကာမနီတဿ၊ ကာမနှိပ်စက်သော သူအား။ တိကိစ္ဆံ၊ ဆေးကုခြင်းကို။ န ကရောန္တိ၊ မပြုနိုင်ကုန်။ ကိံ ကာရဏာ၊ အဘယ့်ကြောင့်။ န ကရောန္တိ၊ မပြုနိုင်ကုန်သနည်း ဟူမူကား။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ ဩက္ကန္တသုက္ကဿ၊ အကုသိုလ်တရားသို့ သက်ဝင်သော သူအား။ မန္တောသဓာဒီဟိ၊ မန္တရား ဆေးဝါး အစရှိသည်တို့ဖြင့်။ ကာ တိကိစ္ဆာ၊ အဘယ်မှာ ကုစားနိုင်တုံအံ့နည်း။ တသ္မာ၊ ထိုကြောင့်။ ကေစိ၊ အချို့ကုန်သော သူတို့သည်။ ကာမနီတဿ၊ ကာမသည် နှိပ်စက်အပ်သော သူအား။ တိကိစ္ဆံ၊ ဆေးကုစားခြင်းကို န ကရောန္တိ၊ မပြုကုန်။

ဤသို့ ထိုမင်းအား ဘုရားလောင်းသည် ဤအကြောင်းကိုပြ၍ အလွန် ဤသို့ဆို၏။ မင်းမြတ် သင်သည် ထိုသုံးပြည်ထောင်တို့ကို အကယ်၍ ရအံ့၊ ဤလေးမြို့တို့၌ မင်းအဖြစ်ကို ပြုလတ်သော် တပြိုင်နက်ခြင်းသာလျှင် လေးထည်ကုန်သော ပုဆိုးအစုံတို့ကို ဝတ်အံ့လော၊ လေးခုကုန်သော ရွှေခွက်တို့၌လည်း တပြိုင်နက်ပင် စားအံ့လော၊ လေးခုကုန်သော မြတ်သောအိပ်ရာတို့၌ တပြိုင်နက်ပင် အိပ်အံ့လော၊ မင်းမြတ် တဏှာအလိုသို့ လိုက်သောမည်သည် ဖြစ်ခြင်းငှါမသင့်၊ ထိုတဏှာမည်သည်ကား ပျက်စီးခြင်း၏ အကြောင်း ဖြစ်၏။ ထိုတဏှာသည် ပွားလတ်သည်ရှိသော် စိုးရိမ်ခြင်းကို ပွားစေ၏။ ထိုတဏှာ၏ တည်ရာဖြစ်သော ပုဂ္ဂိုလ်ကို ရှစ်ထပ်ကုန်သော ငရဲကြီးတို့၌၎င်း ဥဿဒငရဲ တဆယ့်ခြောက်ထပ်တို့၌၎င်း အထူးထူး အပြားပြားဖြင့် များကုန်သော ငရဲမှကြဉ်ကုန်သော အပါယ်တို့၌၎င်း ပစ်ချတတ်၏ဟု ဆို၏။ ဤသို့ ဘုရားလောင်းသည် မင်းကို ငရဲ အစရှိသော ဘေးဖြင့် ခြိမ်းချောက်၍ ဤတရားကို ဟော၏။ မင်းသည်လည်း ထိုဘုရားလောင်း၏ တရားကို နာရ၍ စိုးရိမ်ခြင်းကင်းသည်ဖြစ်၍ ထိုခဏ၌လျင် အနာမရှိသည်၏ အဖြစ်သို့ ရောက်၏။ သိကြားသည်လည်း ထိုမင်းအား အဆုံးအမကိုပေး၍ သီလတို့၌ တည်စေ၍ နတ်ပြည်သို့လျှင် သွား၏။ ထိုမင်းသည်လည်း ထိုအခါမှစ၍ ဒါနအစရှိသည်တို့ကို ပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ကာမနီတ ပုဏ္ဏားသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိကြား ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

တဏှာညွန်နစ်၊ ရောဂါဖြစ်၊ ဆေးမြစ် မစွမ်းနိုင်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကာမနီတဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကာသာဝဝဂ်

၉။ ပလာယိတဇာတ်

စစ်ပြေးမင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဂဇဂ္ဂမေဃေဟိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပလာယိတဇာတ်ကို ဇေတဝန် ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ် ပြေးသောပရိဗိုင်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုပရိဗိုဇ်သည် စကားပြောဆို ပြိုင်ဆိုင်ခြင်းအကျိုးငှာ ဇမ္ဗူကျွန်းအလုံးကို လှည့်လည်၍ တစုံတယောက်သော ပြောဆိုဘက်ကိုမရ၍ အစဉ်သဖြင့် သာဝတ္ထိပြည်သို့ ရောက်၍ ငါနှင့်တကွ ပြောဆိုခြင်းကို ပြုခြင်းငှာ စွမ်းနိုင်သော တစုံတယောက်သောသူသည် ရှိသလောဟု လူတို့ကို မေး၏။ လူတို့သည် ထိုသို့သဘောရှိကုန်သောသူတို့၏ တထောင်နှင့်လည်း တကွ ပြောဆိုခြင်းငှာ စွမ်းနိုင်သော ခပ်သိမ်းသောတရားကို သိတော်မူသော အခြေနှစ်ချောင်းရှိကုန်သောသူတို့ထက် မြတ်သော တရားဖြင့် လူနတ်တို့ကို အစိုးရသော သူတပါးတို့၏ အယူဝါဒကို ဖျက်ဆီးခြင်းငှါ တတ်နိုင်သော မဟာဂေါတမသည် ရှိ၏။ ဇမ္ဗူကျွန်းအလုံး၌လည်း ဖြစ်စေသော တပါးသောဝါဒရှိသော ထိုမြတ်စွာဘုရားကို လွန်အံ့သောငှာ စွမ်းနိုင်သောသူမည်သည် မရှိ၊ ကမ်းနားသို့ ရောက်ကုန်၍ လှိုင်းတံပိုးတို့သည် ပျောက်ကုန်ဘိသကဲ့သို့ ခပ်သိမ်းကုန်သော ဝါဒတို့သည် ထိုမြတ်စွာဘုရား၏ ခြေတော်ရင်းသို့ ရောက်၍ ပျောက်ကုန်၏ဟု ဘုရားကျေးဇူးတော်တို့ကို ဆိုကြကုန်၏။ ပရိဗိုဇ်သည် ထိုဘုရားသည်ကား ယခုအခါ၌ အဘယ်မှာနည်းဟု မေး၍ ဇေတဝန် ကျောင်းတော်မှာတည်းဟု ကြား၍ ယခုအခါ၌ ထိုဘုရားအား အမေးပုစ္ဆာကို တင်အံ့ဟု လူများဖြင့် ခြံရံလျက် ဇေတဝန်ကျောင်းတော်သို့ သွားလတ်သည်ရှိသော် ဇေတမင်းသားသည် ကိုးကုဋေသောဥစ္စာကိုစွန့်၍ ဆောက်အပ်သော ဇေတဝန် ကျောင်းတော် တံခါးမုခ်ကို မြင်၍လျှင် ဤပြာသာဒ်သည်ကား ရဟန်းဂေါတမ၏ နေရာပြာသာဒ်လောဟု မေး၍ ဤပြာသာဒ်သည်ကား တံခါးမုခ်သာတည်းဟု ကြား၍ တံခါးမုခ်သည်ပင် ဤသို့စဉ်ရှိသေး၏။ နေရာကျောင်းတော်သည်ကား အဘယ်သို့ သဘောရှိသည်ဖြစ်လတ္တံ့နည်းဟု ဆို၍ ဂန္ဓကုဋိတော်မည်သည်ကား နှိုင်းယှဉ်ဘွယ် မရှိဟု ဆိုလတ်သော် ဤသို့စဉ်သဘောရှိသော ရဟန်းတို့နှင့်တကွ ပြိုင်ဆိုင်ပြောဆိုခြင်းကို အဘယ်သူ ပြုနိုင်ချေအံ့နည်းဟု ဆို၍ ထိုအရပ်မှလျှင် ပြေးလေ၏။ လူတို့သည် ကြော်ငြာလျက် လိုက်ကုန်၍ ဇေတဝန် ကျောင်းတော်သို့ ဝင်ကုန်၍ မြတ်စွာဘုရားသည် အခါမဲ့၌ အဘယ်ကြောင့်လာကြကုန်သနည်းဟု မိန့်တော်မူသည်ရှိသော် ထိုအကြောင်းကို လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဒါယကာတို့ ဤပရိဗိုင်သည် ယခုအခါ၌သာလျှင် ငါ၏နေရာအရပ်၏ တံခါးမုခ်ကိုမြင်၍ ပြေးသည်မဟုတ်သေး၊ ရှေး၌လည်း ငါ၏နေရာအရပ်၏ တံခါးမုခ်ကိုမြင်၍ ပြေးဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ ထိုဒါယကာတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာတို့ လွန်လေပြီးသောအခါ ဂန္ဓရတိုင်း တက္ကသိုလ်ပြည်၌ ဘုရားလောင်းသည် မင်းပြု၏။ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြု၏။ ထိုဗြဟ္မဒတ်မင်းသည် တက္ကသိုလ်ပြည်ကို ယူအံ့ဟု များစွာသော ဗိုလ်ပါအပေါင်းဖြင့် သွား၍ မြို့မှ မနီးမဝေးသော အရပ်၌ တည်၍ ဤသို့သောအမှတ်ဖြင့် ဆင်တို့ကို စေကုန်လော့၊ ဤသို့သောအမှတ်ဖြင့် မြင်းတို့ကို စေကုန်လော့၊ ဤသို့သောအမှတ်ဖြင့် ရထားတို့ကို စေကုန်လော့၊ ဤသို့သောအမှတ်ဖြင့် ခြေသည်တို့ကို စေကုန်လော့၊ ဤသို့ပြေးကုန်၍ လက်နက်တို့ဖြင့် ထိုးပစ်ကြကုန်လော့၊ တခဲနက်ရွာကုန်သော မိုဃ်းတို့ကဲ့သို့ မြားမိုးကို ရွာစေကုန်လော့ဟု စစ်သည်ကို စီရင်လိုရကား-

၁၅၇။ ဂဇဂ္ဂမေဃေဘိ ဟယဂ္ဂမာလိဘိ၊
ရထူမိဇာတေဘိ သရာဘိဝဿေဘိ။
ထရုဂ္ဂဟာဝဍ္ဍဒဠှပ္ပဟာရိဘိ၊
ပရိဝါရိတာ တက္ကသိလာ သမန္တတော။
၁၅၈။ အဘိဓာဝထ စူပဓာဝထ စ၊
ဝိဝိဓာ ဝိနာဒိတာ ဝဒန္တိဘိ။
ဝတ္တတဇ္ဇ တုမုလော ဃောသော ယထာ၊
ဝိဇ္ဇုလတာ ဇလဓရဿ ဂဇ္ဇတော။

ဟူသော ဤဂါထာနှစ်ခုတို့၏အပေါင်းကို ဆို၏။

၁၅၇။ ဘောန္တော၊ အချင်းတို့။ ဂဇဂ္ဂမေဃေဘိ၊ ကြိုးကြာသံကဲ့သို့သော ဆင်တို့၏ဟီသံကို ဟီကုန်သော အမုန်ယစ်ကုန်သော မြတ်ကုန်သော ဆင်တည်းဟူသော မိုဃ်းတို့ဖြင့်၎င်း။ ဟယဂ္ဂမာလိဘိ၊ မြတ်ကုန်သော သိန္ဓောအမျိုး၌ ဖြစ်ကုန်သော မြင်းကိုစီးကုန်သော သူရဲတို့ဖြင့်၎င်း။ ထရုဂ္ဂဟာဝဍ္ဍဒဠပ္ပဟာရိဘိ၊ ထိုမှဤမှ လှည့်လည်၍ ပြင်းစွာထိုးခုတ်ကုန်သော ရတနာတို့ဖြင့် တန်ဆာဆင်အပ်သော အရိုးတပ်သော သန်လျက်ကို စွဲကိုင်အပ်သော ခြေသည်သူရဲတို့ဖြင့်၎င်း။ သရာဘိဝဿေဘိ၊ တခဲနက်သောမိုဃ်းကို ရွာစေဘိသကဲ့သို့ မြားမိုဃ်းကိုရွာစေကုန်တတ်ထသော။ ရထူမိဇာတေဘိ၊ ကောင်းစွာဖြစ်သော လှိုင်းတံပိုးအဟုန်ရှိကုန်သော သမုဒ္ဒရာရေတို့ကဲ့သို့သော ရထားစီးသူရဲအပေါင်းတို့ဖြင့်၎င်း။ သမန္တတော၊ ထက်ဝန်းကျင်မှ။ တက္ကသိလာ၊ တက္ကသိုလ်ပြည်ကို။ ယထာ၊ အကြင်သို့သော အခြင်းအရာဖြင့်။ ပရိဝါရိတာ၊ ခြံရံအပ်သည်။ ဟောတိ၊ ဖြစ်၏။ တထာ၊ ထိုသို့သောအခြင်းအရာဖြင့်။ သီဃံ၊ လျင်စွာ။ ကရောထ၊ ပြုကြကုန်လော။ ပရိဝါရိတာ၊ ခြံရံကြကုန်သည်။ ဟောထ၊ ဖြစ်ကုန်လော။

၁၅၈။ ဘောန္တော၊ အချင်းတို့။ တုမှေ၊ သင်တို့သည်။ အဘိဓာဝထ စ၊ ရှေးမှလည်း ပြေးကြကုန်လော့။ ဥပဓာဝထစ၊ ချဉ်းလည်း ချဉ်းကပ်ကြကုန်လော။ ဝဒန္တိဘိ၊ ဆင်မြတ် ဆင်ကောင်းတို့နှင့်။ သဒ္ဓိံ၊ တကွ။ ဝိဝိဓာ၊ သေလိတ, ဂဇ္ဇိတ, ဝါဒိတ ဟူသော အထူးထူး အပြားပြားအားဖြင့်။ ဝိနာဒိတာ၊ အသီးသီးသော အသံရှိကုန်သည်။ အတ္ထ၊ ဖြစ်ကုန်လော့။ အဇ္ဇ၊ ယနေ့။ တုမုလော၊ သည်းစွာသော။ ဃောသော ယထာ၊ မိုယ်ကြိုးသံကဲ့သို့။ ဝတ္တတု၊ ဖြစ်စေလော့။ ဂဇ္ဇတော၊ ကြိုးထသော။ ဇလဓရဿ၊ မိုဃ်းတိမ်၏။ မုခတော၊ အဝမှ။ နိဂ္ဂတာ၊ ထွက်ကုန်သော။ ဝိဇ္ဖုလတာ၊ လျှပ်စစ်နွယ်တို့သည်။ စရန္တိ ယထာ၊ ပြေးသွားကုန်ဘိသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဝိစရန္တာ၊ ပြေးသွားကုန်လျက်။ နဂရံ၊ တက္ကသိုလ်ပြည်ကို။ ပရိဝါရေတွာ၊ ဝန်းရံကုန်၍။ ရာဇာနံ၊ မင်းကို။ ဂဏှထ၊ ဖမ်းကြကုန်လော့။

ဤသို့ မင်းသည် ကြုံး၍ စစ်သည်တို့ကိုစီရင်၍ မြို့တံခါး၏ အနီးသို့ရောက်၍ တံခါးမုခ်ကိုမြင်၍ ဤသည်ကား မင်း၏နေရာ နန်းလောဟု မေး၏။ ဤသည်ကား မြို့တံခါးမုခ်သည်သာတည်းဟုဆိုသည်ရှိသော် မြို့တံခါးမုခ်သည်ပင် ဤသို့စဉ် သဘောရှိသည်ဖြစ်၏။ မင်း၏နေရာ နန်းပြာသာဒ်သည်ကား အသို့သဘောရှိသည် ဖြစ်လတ္တံ့နည်းဟု ဆို၍ ဝေဇယပြာသာဒ်နှင့်တူ၏ဟု ကြား၍ ဤသို့အခြံအရံ စည်းစိမ်ချမ်းသာ ဘုန်းကြက်သရေနှင့် ပြည့်စုံသောမင်းနှင့်တကွ စစ်ထိုးအံ့သောငှါ မစွမ်းနိုင်ကုန်အံ့ဟု တံခါးမုခ်ကိုမြင်၍ ပြန်၍ပြေးလေ၍ ဗာရာဏသီပြည်သို့လျင်စွာ သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဒါယကာတို့ ယခုအခါ ပြေးသောပရိဗိုဇ်သည် ထိုအခါ ဗာရာဏသီမင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ တက္ကသိုလ်မင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အသဒိသ၊ ဟူသမျှ၊ တုပ မနိုင်ရာ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ပလာယိတဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကာသာဝဝဂ်

၁၀။ ဒုတိယပလာယိတဇာတ်

စစ်ပြိုင် မင်းနှစ်ပါး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်ဓဇမပရိမိတံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒုတိယပလာယိတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော ပြေးသော ပရိဗိုဇ်ကိုပင်လျှင် အကြောင်းပြု၍ ဟောတော်မူ၏။ ဤဝတ္ထု၌ကား ထိုပရိဗိုဇ်သည် ဇေတဝန်ကျောင်းတော်သို့ ဝင်၏။ ထိုခဏ၌ မြတ်စွာဘုရားသည် လူများဖြင့် ခြံရံအပ်သည်ဖြစ်၍ တန်ဆာဆင်အပ်သော တရားဟောနေရာတော်၌ နေတော်မူလျက် ဆေးဒန်း မြင်းသီလာအပြင်၌ ခြင်္သေ့သံကို ကြွေးကြော်သော ခြင်္သေ့ပျိုကဲ့သို့။ တရားကို ဟောတော်မူ၏။ ပရိဗိုဇ်သည် အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ဗြဟ္မာမင်း၏ ကိုယ်နှင့်တူသော ကိုယ်တော်ကို၎င်း လပြည့်ဝန်းကဲ့သို့ တင့်တယ်ခြင်းရှိသော မျက်နှာတော်ကို၎င်း ရွှေပြားနှင့်တူသော နဖူးတော်ကို၎င်း မြင်၍ ဤသို့သဘောရှိသော ယောက်ျားမြတ်ကို အောင်အံ့သောငှါ အဘယ်သူ တတ်နိုင်ချေအံ့နည်းဟုပြန်၍ ပရိသတ်အတွင်းသို့မဝင်မူ၍ ပြေးလေ၏။

လူများသည် ထိုပရိဗိုဇ်ကိုလိုက်၍ ပြန်၍ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်၏။ မြတ်စွာဘုရားသည် ဒါယကာတို့ ထိုပရိဗိုဇ်သည် ယခုအခါ၌သာလျှင် ငါ၏ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော မျက်နှာကို မြင်၍ ပြေးသည် မဟုတ်သေး၊ ရှေး၌လည်း ငါ၏ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော မျက်နှာကိုမြင်၍ ပြေးဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာတို့ လွန်လေပြီးသောအခါ ဘုရားလောင်းသည် ဗာရာဏသီပြည်၌ မင်းပြု၏။ တက္ကသိုလ်ပြည်၌ တယောက်သော ဂန္ဓာရမင်းသည် မင်းပြု၏။ ထိုဂန္ဓာရမင်းသည် ဗာရာဏသီပြည်ကို ယူအံ့ဟူ၍ အင်္ဂါလေးပါးရှိသော စစ်သည်ဖြင့် လာလတ်၍ မြို့ကိုဝန်းရံ၍ မြို့တံခါး၏ အနီး၌ တည်လျက် မိမိ၏ ဗိုလ်ပါစစ်သည်ကိုကြည့်၍ ဤမျှအတိုင်းအရှည်ရှိသော စစ်သည်အပေါင်းကို အောင်အံ့သောငှါ အဘယ်သူ စွမ်းနိုင်လတ္တံ့နည်းဟု မိမိ၏ စစ်သည်ကို ချီးမွမ်းလို၍-

၁၅၉။ ဓဇမပရိမိတံ အနန္တပါရံ၊ ဒုပ္ပသဟံ ဓင်္ကေဟိ သာဂရံဝ။
ဂိရိမိဝ အနိလေန ဒုပ္ပသယှော၊ ဒုပ္ပသဟော အဟမဇ္ဇ တာဒိသေန။

ဟူသော ရှေးဦးစွာသောဤဂါထာကို ဆို၏။

၁၅၉။ ရထေသု၊ ရထားတို့၌။ မောရစ္ဆဒေ၊ ဒေါင်းတောင်တို့ကို။ ထပေတွာ၊ စိုက်၍။ ဓဇံ-ဓဇမေဝ၊ ထောင်အပ်သော တံခွန်သည်ပင်လျှင်။ အပရိမိတံ၊ မနှိုင်းယှဉ်နိုင်များ၏။ အနန္တပါရံ၊ ဆင်ကားဤမျှမြင်းဤမျှဟု ရေတွက်ခြင်း၏ အပိုင်းအခြားကို လွန်သည်ဖြစ်၍ အဆုံးမရှိသော ကမ်းရှိ၏။ ဓင်္ကေဟိ၊ ကျီးတို့သည်။ သာဂရံ၊ သမုဒ္ဒရာကို။ ဒုပ္ပသဟံ ဣဝ၊ လွှမ်းမိုးခြင်းငှါ မစွမ်းနိုင်ဘိသကဲ့သို့။ မေ၊ ငါ၏။ အယံ ဗလကာယော၊ ဤဗိုလ်ပါအပေါင်းကို။ ဒုပ္ပသဟော၊ ဆန့်ကျင်ဘက်ဖြစ်ကုန်သော ရန်သူတို့သည် နှိပ်စက်လွှမ်းမိုးခြင်းငှါ မစွမ်းနိုင်။ အနိလေန၊ လေသည်။ ဂိရိံ၊ တောင်ကို။ ဒုပ္ပသယှောဣဝ စ၊ တုန်လှုပ်စိမ့်သောငှါ မစွမ်းနိုင်ဘိသကဲ့သို့လည်း။ အဟံ၊ ဤဗိုလ်ပါအပေါင်းနှင့် ပြည့်စုံသော ငါ့ကို။ အဇ္ဇ၊ ယခု။ တာဒိသေန၊ ထိုသို့သဘောရှိသော ဗိုလ်ပါအပေါင်းသည်။ ဒုပ္ပသဟော၊ လွှမ်းမိုးခြင်းငှါ မစွမ်းနိုင်။

ထိုအခါ၌ ထိုဂန္ဓာရမင်းအား ထိုဘုရားလောင်းသည် လပြည့်ဝန်းကဲ့သို့ အသရေရှိသော မိမိ၏မျက်နှာကိုပြ၍ ဟယ်... ငမိုက် သင်သည် မယောင်ယမ်း မမြည်တမ်းလင့်၊ ယခုအခါ၌ အမုန်ယစ်သော ဆင်ပြောင်သည် ကျူးတောကို နင်းဘိသကဲ့သို့ ထို့အတူ သင်၏စစ်သည်အပေါင်းကို ဖျက်ဆီးလိုက်အံ့ဟု ခြိမ်းချောက်၍-

၁၆၀။ မာ ဗာလိယံ ဝိလေပိ န ဟိဿ တာဒိသံ၊
ဝိဍယှသေ န ဟိ လဘသေ နိသေဓကံ။
အာသဇ္ဇသိ ဂဇမိဝ ဧကစာရိနံ၊
ယော တံ ပါဒါ နဠမိဝ ပေါထယိဿတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၆၀။ ဟရေ ဗာလ၊ ဟယ်... ငမိုက်။ တွံ၊ သင်သည်။ အတ္တနော၊ မိမိ၏။ ဗာလိယံ၊ မိုက်သည်၏အဖြစ်ကို။ မာ ဝိလပိ၊ မမြည်တမ်းလင့်။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ တဝ၊ သင်၏။ ဗလကာယော၊ ဗိုလ်ပါအပေါင်းသည်။ တာဒိသံ-တာဒိသော၊ ထိုသို့ သင်ကြံသောအတိုင်း သဘောရှိသည်။ န ဟိဿ၊ မဖြစ်သလျှင်ကတည်း။ တွံ၊ သင့်ကို။ ကေဝလံ၊ စင်စစ်။ ဝိဍယှသေ၊ ရာဂဒေါသ အစရှိသောအပူသည် လောင်အပ်၏။ တွံ၊ သင်သည်။ နိသေဓကံ၊ ငါကဲ့သို့သဘောရှိသော နှိပ်စက်လွှမ်းမိုး၍ တားမြစ်တတ်သော သူကို။ န ဟိ လဘသေ၊ မရသလျှင်ကတည်း။ အာသဇ္ဇသိ၊ ချဉ်းခဲ့လော့။ ဧကစာရိနံ-ဧကစာရီ၊ တစီးတည်းသာ သွားလေ့ရှိသော။ ဂဇံ-၈ဇော၊ ဆင်ပြောင်ကြီးသည်။ နဠံ၊ ကျူတာကို။ ပါဒါ၊ ခြေတို့ဖြင့်။ ပေါထယိ ဣဝ၊ နင်းချိုးသကဲ့သို့။ ဧဝံ-တထာ၊ ထို အတူ။ ယော ရာဇာ၊ အကြင်ဗာရာဏသီမင်းသည်။ တံ၊ သင့်ကို။ ပေါထယိဿတိ၊ နင်းနှိပ်လတ္တံ့။

ဤသို့ခြိမ်းချောက်သော ထိုဘုရားလောင်း၏စကားကို ကြား၍ ဂန္ဓာရမင်းသည် ကြည့်မျှော်လေသည်ရှိသော် ရွှေပြားနှင့်တူသော မြတ်သော နဖူးကိုမြင်၍ မိမိကိုဖမ်းအံ့သည်မှ ကြောက်ရကား ပြန်၍ပြေးလျက် မိမိမြို့သို့သာလျှင်သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဒါယကာတို့ ယခုအခါ ပြေးသော ပရဗိုဇ်သည် ထိုအခါ ဂန္ဓာရမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီဟုဇာတ်ကို ပေါင်းတော်မူ၏။

ငါနဖူးပြင်၊ မြင်ခဲ့ကျင်၊ ခြေလျှင်ပြေးသည်သာ

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဒုတိယပလာယိတဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဥပါဟနဝဂ်

၁။ ဥပါဟနဇာတ်

ဆရာကိုတုသောတပည့်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယထာပိ ကီတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သာ ဤဥပါဟနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဒေဝဒတ်သည် ဆရာဖြစ်သောဘုရားကို စွန့်၍ မြတ်စွာဘုရား၏ ဆန့်ကျင်ဘက် ရန်သူသည်ဖြစ်၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ ငါလာတော်မူသောအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မိန့်တော်မူ၍ အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေး ပါကုန်၏ဟု နားတော်လျောက်သည်ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာ ဆရာဖြစ်သော ငါဘုရားကိုစွန့်၍ ဆန့်ကျင်ဘက်ဖြစ်၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်သည် မဟုတ်သေး၊ ရှေး၌လည်း ရောက်ဘူး သလျှင် ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဆင်ဆရာအမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် ဆင်အတတ်၌ အပြီးသို့ ရောက်၏။ ထိုအခါ ကာသိကရွာ၌နေသော တယောက်သော လုလင်ငယ်သည် လာလတ်၍ ထိုဘုရားလောင်း၏အထံ၌ အတတ်ကို သင်၏။ ဘုရားလောင်းတို့မည်သည်ကား အတတ်ကိုသင်ကုန်သည်ရှိသော် ဆရာကြွင်းထားခြင်းကို မပြုကုန်၊ မိမိတတ်သောအမှတ်ဖြင့် အကြွင်းမရှိသာလျှင် သင်ကုန်၏။ ထို့ကြောင့် ထိုလုလင်သည် ဘုရားလောင်းတတ်သမျှ အတတ်ကို အကြွင်းမရှိသင်၍ ဘုရားလောင်းကို ဆရာ ကျွန်ုပ်သည် မင်းကို ခစားအံ့ဟု ဆို၏။ ဘုရားလောင်းသည် အမောင် ကောင်းပြီဟု ဆို၍ မင်းအား ကြား၏။ အဘယ်သို့ ကြားသနည်းဟူမူကား မြတ်သောမင်းကြီး အကျွန်ုပ်၏တပည့်သည် အရှင်မင်းမြတ်တို့ကို ခံစားအံ့သောငှါ အလိုရှိ၏ဟု ကြား၏။ မင်းသည် ကောင်းပြီ ခစားစေလောဟု ဆို၏။ မင်းမြတ် ထိုသို့တပြီးကား ထိုယောက်ျားအား ရိက္ခာကိုသိတော်မူကုန်လော့ဟု လျှောက်၏။ သင်တို့၏တပည့်သည် သင်တို့နှင့်တူမျှသော ရိက္ခာကို မရလတ္တံ့၊ သင်တို့သည် တရာသောရိက္ခာကို ရကုန်သည်ရှိသော် သင်တို့၏ တပည့်သည် ငါးဆယ်သော ရိက္ခာကို ရလတ္တံ့၊ သင်တို့သည် နှစ်ခုတို့ကို ရကုန်သည် ရှိသော် သင်တို့၏တပည့်သည် တခုကို ရလတ္တံ့ဟု ဆို၏။ ဘုရားလောင်းသည် အိမ်သို့သွား၍ ထိုအကြောင်းကို တပည့်အား ကြား၏။ တပည့်သည် ဆရာ အကျွန်ုပ်သည် သင်တို့နှင့်အမျှ အတတ်ကို တတ်၏။ အမျှသာလျှင်ဖြစ်သော ရိက္ခာကို အကယ်၍ ရအံ့၊ ခစားအံ့၊ အကယ်၍ မရအံ့၊ မခစားအံ့ဟု ဆို၏။ ဘုရားလောင်းသည် ထိုအကြောင်းကို မင်းအား ကြား၏။ မင်းသည် သင်တို့နှင့် အမျှသောဆုလာဘ်ကို ယူလိုသော် သင်တို့နှင့်အမျှသာလျှင်ဖြစ်သော အတတ်ကိုပြအံ့သောငှါ အကယ်၍ စွမ်းနိုင်အံ့၊ အမျှဖြစ်သော ရိက္ခာကို ရလတ္တံ့ဟု ဆို၏။ ဘုရားလောင်းသည် ထိုအကြောင်းကို တပည့်အား ကြား၍ ထိုသို့တပြီးကား ကောင်းပြီ ပြအံ့ဟုဆိုသည်ရှိသော် မင်းအား ကြား၏။ မင်းသည် ထိုသို့တပြီးကား နက်ဖြန် အတတ်ကို ပြကြကုန်လော့ဟု ဆို၏။ ကောင်းပြီ ပြကုန်အံ့ဟု ဆိုသည်ရှိသော် မြို့၌ စည်လည်စေကုန်လော့ဟု ဆို၍ နက်ဖြန်၌ တပည့်သည်၎င်း ဆရာသည်၎င်း နှစ်ယောက်ကုန်သော သူတို့သည် ဆင်အတတ်ကို ပြကုန်လတ္တံ့၊ မင်းယင်ပြင်၌ စည်းဝေးကုန်၍ ရှုလိုကုန်သောသူတို့သည် ရှုစေကုန်သတည်းဟု မင်းသည် စည်လည်စေ၏။

ဆရာသည် ငါ၏တပည့်သည် ငါ၏ဥပါယ်တမျဉ်၌ လိမ္မာသည်၏ အဖြစ်ကို မသိလေဟု ဆင်တစီးကိုယူ၍ တညဉ့်ခြင်းသာလျှင် ဘောက်ပြန်သောအတတ်ကို သင်၏။ ထိုဘုရားလောင်းသည် ထိုဆင်ကို သွားလော့ဟု ဆိုသည်ရှိသော် နောက်သို့ ဆုတ်စိမ့်သောငှါ နောက်သို့ဆုတ်လော့ဟု ဆိုသည်ရှိသော် သွားစိမ့်သောငှာ ရပ်လော့ဟု ဆိုသည်ရှိသော် ဝပ်စိမ့်သောငှာ ဝပ်လော့ဟုဆိုသည်ရှိသော် ရပ်စိမ့်သောငှါ ယူလော့ဟု ဆိုသည် ရှိသော် ထားစိမ့်သောငှာ ထားလော့ဟုဆိုသည်ရှိသော် ယူစိမ့်သောငှါ သင်၍ နက်ဖြန်နေ့၌ ထိုဆင်ကိုစီး၍ မင်းယင်ပြင်သို့ သွား၏။ တပည့်သည် တစီးသော နှစ်သက်ဘွယ်သောဆင်ကို စီး၏။ လူများသည် စည်းဝေး၏။ ဆရာတပည့် နှစ်ယောက်တို့သည်လည်း အမျှအတတ်ကို ပြကုန်၏။ တဖန် ဘုရားလောင်းသည် မိမိဆင်ကို ဘောက်ပြန်သော အတတ်ကို ပြုစေ၏။ ထိုဆင်သည် သွားလော့ဟု ဆိုသည်ရှိသော် နောက်သို့ ဆုတ်၏။ နောက်သို့ ဆုတ်လော့ဟု ဆိုသည်ရှိသော် ရှေ့ သို့ပြေး၏။ ရပ်လော့ဟု ဆိုသည်ရှိသော် ဝပ်၏။ ဝပ်လော့ဟု ဆိုသည်ရှိသော် ရပ်၏။ ယူဟု ဆိုသည်ရှိသော် ချလိုက်၏။ ချလော့ဟု ဆိုသည်ရှိသော် ယူ၏။ လူများသည် ဟယ်... ပြစ်မှားတတ်သော တပည့် သင်သည် ဆရာနှင့်တကွ ပြိုင်ခြင်းကို ပြု၏။ မိမိ၏ ပမာဏကို မသိ၊ ဆရာနှင့်တကွ အမျှဖြစ်သော အတတ်ကို တတ်၏ဟု အမှတ်ရှိ၏ဟု ဆို၍ ခဲ့လှံတံ အစရှိသည်တို့ဖြင့် ပုတ်ခတ်ကုန်၍ ထိုပွဲအလယ်၌သာလျှင် အသက်ကုန်ခြင်းသို့ ရောက်စေ၏။

ဘုရားလောင်းသည် ဆင်မှသက်၍ မင်းသို့ကပ်၍ မြတ်သောမင်းကြီး အတတ်မည်သည်ကို မိမိကိုယ်ကို ချမ်းသာစေခြင်း အကျိုးငှါ သင်၏။ ထိုသို့ မိမိကိုယ်ကို ချမ်းသာစေခြင်း အကျိုးငှါ သင်ငြားသော်လည်း အချို့သောသူအား သင်အပ်သောအတတ်သည် မကောင်းသဖြင့် လုပ်အပ်သော ဘိနပ်ကဲ့သို့ ပျက်စီးခြင်းသို့သာလျှင် ဆောင်ရွက်တတ်၏ဟု ဆို၍-

၁၆၁။ ယထာပိ ကီတာ ပုရိသဿုပါဟနာ၊
သုခဿ အတ္ထာယ ဒုခံ ဥဒဗ္ဗဟေ။
ဃမ္မာဘိတတ္တာ တလသာ ပပီဠိတာ၊
တဿေဝ ပါဒေ ပုရိသဿ ခါဒရေ။
၁၆၂။ ဧဝမေဝ ယော ဒုက္ကုလိနော အနရိယော၊
တမ္မာက ဝိဇ္ဇဉ္စ သုတဉ္စ အာဒိယ။
တမေဝ သော တတ္ထ သုတေန ခါဒတိ၊
အနရိယော ဝုစ္စတိ ပါနဒူပမော။

ဟူသော ဤနှစ်ဂါထာတို့၏အပေါင်းကို ဆို၏။

၁၆၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သုခဿ၊ ချမ်းသာခြင်း၏။ အတ္ထာယ၊ အကျိုးငှါ။ ကီတာ၊ ဝယ်၍။ ပါဒေသု၊ ခြေတို့၌။ ပဋိမုက္ကာ၊ စွပ်အပ်သော။ ဥပါဟနာ၊ မကောင်းသဖြင့် လုပ်အပ်သော ဘိနပ်သည်။ ပုရိသဿ၊ ယောက်ျား၏။ ဒုခံ၊ ဆင်းရဲကို။ ဥဒဗ္ဗဟေ၊ ဆောင်ရာ၏။ ဃမ္မာဘိတတ္တာ၊ အပူသည်နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့်။ တလာသာ စ၊ ခြေဘဝါးအပြင်သည်လည်း။ ပပီဠိတာ၊ ကျင်နာသည်ဖြစ်၍။ ကီတာ၊ ဝယ်၍။ ပါဒေသု၊ ခြေတို့၌။ ပဋိမုက္ကာ၊ စွပ်အပ်ကုန်သော။ ဥပဟနာ၊ ဘိနပ်တို့သည်။ တဿဝ ပုရိသဿ၊ ထိုယောက်ျား၏သာလျှင်။ ပါဒေ၊ ခြေတို့ကို။ ခါဒရေ-ခါဒန္တိယထာ၊ ခဲကုန်သကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ ဒုက္ကုလိနော၊ ယုတ်မာသော အမျိုးရှိသော။ ယော အနရိယော၊ အကြင်မသူတော်သည်။ တမ္မာက တမ္မာကာ၊ ထိုအတတ်ကို သင်ပေးသော ဆရာမှ။ ဝိဇ္ဇဉ္စ၊ အတတ်ကို၎င်း။ သုတဉ္စ၊ အကြားအမြင်ကို၎င်း။ အာဒိယ-အာဒိယတိ၊ သင်ယူ၏။ အာဒိယ၊ သင်ပြီး၍။ သော၊ ထိုမသူတော်သည်။ တတ္ထ၊ ထိုဆရာအထံ၌။ သုတေန၊ အကြားအမြင်ဖြင့်။ တမေဝ၊ ထိုမိမိကိုယ်ကိုသာလျှင်။ ခါဒတိ၊ ခဲ၏။ သော ဒုက္ကုလိနော၊ ထိုအမျိုးယုတ်သော သူကို။ ပါနဒူပမော၊ ခဲတတ်သော ဘိနပ်နှင့်တူသော။ အနရိယော၊ မသူတော်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ တနည်းကား- ပါနဒူပမော၊ ခြေကို ခဲတတ်သော ဘိနပ်ဆိုးရှိသော ယောက်ျားနှင့်တူသော။ အနရိယော၊ မသူတော်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

မင်းသည် နှစ်သက်သည်ဖြစ်၍ ထိုဘုရားလောင်းအား များစွာသောစည်းစိမ်ကို ပေး၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ တပည့် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆရာအံတု၊ ဆန့်ကျင်ပြု၊ မိုက်မှုသေရရွာ

ရှေးဦးစွာသော ဥပါဟနဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဥပါဟနဝဂ်

၂။ ဝီဏာထူဏဇာတ်

ဘို့ရှိလျှင် ဥသဘလော

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဧကစိန္တိတော ယမတ္ထော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝီဏာထူဏဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော သူငယ်မကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တယောက်သော သူဌေးသ္မီးသည် မိမိ၏အိမ်၌ နွားမင်း ဥသဘအား ချီးမြှောက်ခြင်းကို ပြုလတ်သည်ကိုမြင်၍ အမိကို မိခင် ဤသို့ နွားမင်းသည် အချီးအမြှောက်ကို ရ၏။ အဘယ်အမည်ရှိသနည်းဟု မေး၏။ ချစ်သ္မီး နွားမင်းသည် ဥသဘမည်၏ ဟု ဆို၏။ ထိုသူဌေးသီးသည် တနေ့သ၌ ပြာသာဒ်၌ရပ်၍ ခရီးလမ်းလယ်ကို ကြည့်လတ်သည်ရှိသော် တယောက်သော လူကုန်းကို မြင်၍ ဤနွားတို့၏ အလယ်၌ နွားမင်းကြီး၏ ကျောက်ကုန်း၌ လတို့သည်ရှိ၏။ လူမင်းကြီး၏လည်း ကျောက်ကုန်း၌ ထိုလတို့သည် ဖြစ်ရာ၏။ ဤသူသည် လူတို့တွင် ယောက်ျား ဥသဘသည် ဖြစ်လတ္တံ့၊ ငါသည် ထိုယောက်ျား ဥသဘ၏ခြေရင်း၌ အလုပ်အကျွေးဖြစ်ခြင်းငှါ သင့်၏ဟု ကြံ၏။ ကြံပြီး၍ ထိုသူဌေးသ္မီးသည် ကျွန်မကိုစေလိုက်၍ သူဌေးသ္မီးသည်။ သင်နှင့်တကွ သွားလို၏။ ဤမည်သော အရပ်သို့သွား၍ နေနှင့်လောဟု ထိုလူကုန်းအား ကြားစေ၍ မြတ်သောဥစ္စာကိုယူ၍ မထင်ရှားသောအသွင်ဖြင့် ပြာသာဒ်မှဆင်းသက်၍ ထိုလူကုန်းနှင့်တကွ ပြေး၏။ နောက်အခါ ထိုအမှုသည် မြို့သူအပေါင်း၌၎င်း ရဟန်းအပေါင်း၌၎င်း ထင်ရှားသည် ဖြစ်၏။ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို ဤအမည်ရှိသော သူဌေးသီးသည် ငကုန်းနှင့်တကွ ပြေးသတတ်ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခု ငါလာတော်မူသောအခါ၌ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့။ ထိုသူဌေးသ္မီးသည် ယခုအခါ၌သာလျှင်ငကုန်းကို တပ်စွန်းသည် မဟုတ်သေး။ ရှေး၌လည်း တပ်စွန်းဘူးသာလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသောနိဂုံး၌ သူဌေးမျိုး၌ဖြစ်၍ အရွယ်သို့ရောက်၍ အိမ်ထောင်သည်ရှိသော် သားတို့ဖြင့် ပွားလတ်၍ မိမိသား၏ အကျိုးငှါ ဗာရာဏသီသူဌေး၏သ္မီးကိုတောင်း၍ နေ့ကိုမှတ်၏။ သူဌေးသ္မီးသည် မိမိအိမ်၌ နွားမင်းဥသဘအား ကောင်းစွာပြုပြင်ခြင်း မြတ်နိုးတနာပြုခြင်းကို မြင်၍ ဤသူကား အဘယ် အမည်ရှိသနည်းဟု မေး၍ နွားမင်းဥသဘဟု ကြား၍ ခရီးအလယ်ဖြင့် သွားသော တယောက်သော လူကုန်းကိုမြင်၍ ဤယောက်ျားသည် ယောက်ျားဥသဘ ဖြစ်လတ္တံ့ဟု ကြံ၍ မြတ်သောဥစ္စာကိုယူ၍ ထိုလူကုန်းနှင့်တကွ ပြေး၏။ ဘုရားလောင်းသည် သူဌေးသ္မီးကို ဆောင်အံ့ဟူ၍ များစွာသော အခြံအရံဖြင့် ဗာရာဏသီပြည်သို့ သွားသည်ရှိသော်။ ထိုသူဌေးသ္မီး ပြေးလာသော ခရီးသို့လျှင်သွား၏။

ထိုနှစ်ယောက်ကုန်သောသူဌေးသ္မီး, ငကုန်းတို့သည်လည်း တညဉ့်ပတ်လုံး ခရီးကိုသွားကုန်၏။ ထိုအခါ တညဉ့်ပတ်လုံး မအိပ်ရသော ငကုန်း၏ကိုယ်၌ အရုဏ်တက်သောအခါ လေသည် ထ၏။ သည်းစွာသော ဝေဒနာရှိသည် ဖြစ်ကုန်၏။ ထိုငကုန်းသည် သည်းစွာသောဝေဒနာသို့ ရောက်သည်ဖြစ်၍ အညှို့ပြတ်ပြီးသော ကောက်သော အရိုးရှိသော စောင်းကဲ့သို့ ကွေးလျက်အိပ်၏။ သူဌေးသီးသည် ထိုငကုန်း၏ ခြေရင်း၌ နေ၏။ ဘုရားလောင်းသည် သူဌေးသ္မီးကို ငကုန်း၏ ခြေရင်း၌ နေသည်ကိုမြင်၍ သိသည်ရှိသော် ကပ်လေ၍ သူဌေးသ္မီးနှင့်တကွ စကားပြောလို၍-

၁၆၃။ ဧကစိန္တိတော ယမတ္ထော၊ ဗာလော အပရိဏာယကော။
န ဟိ ခုဇ္ဇေန ဝါမေန၊ ဘောတိ သင်္ဂန္တုမရဟသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

၁၆၃။ အမ္မ၊ ချစ်သ္မီး။ အယံ၊ ဤသို့သဘောရှိသော။ အတ္ထော၊ အမှုကို။ ဧက စိန္တိတော၊ တယောက်တည်းသော သင်သည်သာလျှင်ကြံအပ်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဗာလော၊ မိုက်သော ငကုန်းသည်။ အပရိဏာယကော၊ အကြီး အကဲမဟုတ်။ ဘောတိ၊ ရှင်မ။ ဝါမေနံ၊ ကွထသော။ ခုဇ္ဇေန၊ ငကုန်းနှင့်။ သင်္ဂန္တုံ၊ ပေါင်းဘော်အံ့သောငှါ။ တွံ၊ သင်သည်။ န အရဟသိ၊ မထိုက်။

ထိုအခါ ဘုရားလောင်း၏စကားကို ကြား၍ သူဌေးသ္မီးသည်-

၁၆၄။ ပုရိသူသဘံ မညမာနာ၊ အဟံ ခုဇ္ဇမကာမယိ။
သောယံ သံကုဋိကော သေတိ၊ ဆိန္နတန္တိ ယထာထုဏာ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၆၄။ အယျ၊ အရှင်။ အဟံ၊ အကျွန်ုပ်သည်။ ဧကံ၊ တခုသော။ ဥသဘံ၊ နွားမင်းဥသဘကို။ ဒိသွာ၊ မြင်၍။ ဂုန္နံ၊ နွားတို့၏။ ဇေဋ္ဌကဿ၊ အကြီးဖြစ်သောနွားမင်း၏။ ပိဋ္ဌိယံ၊ ကျောက်ကုန်း၌။ ကကုမံ၊ လတို့သည်။ ဟောတိ၊ ရှိသည်ဖြစ်၏။ ဣမဿပိ၊ ဤယောက်ျားအားလည်း။ တံ၊ ထိုလတို့သည်။ အတ္ထိ၊ ရှိ၏။ ဣမိနာ၊ ဤယောက်ျားသည်။ ပုရိသဥသဘေန၊ ယောက်ျား

ဥသဘသည်။ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။ ဣတိ ဧဝံ၊ ဤသို့။ အဟံ၊ အကျွန်ုပ်သည်။ ခုဇ္ဇံ၊ ငကုန်းကို။ ပုရိသူသဘမညမာနာ၊ ယောက်ျားဥသဘဟု ထင်မှတ်မိ၍။ အကာမယိ၊ တပ်စွန်းမိ၏။ သော အယံ၊ ထိုငကုန်းသည်။ ဣဒါနိ၊ ယခုအခါ၌။ ဆိန္နတန္တိ၊ အညှို့ ပြတ်ပြီးသာ။ ထုဏာ ယထာ၊ စောင်းကဲ့သို့။ သံကုဋိကော၊ ကွေးလျက်။ သေတိ၊ အိပ်၏။

ဘုရားလောင်းသည် ထိုသူဌေးသ္မီး၏ မသိ မလိမ္မာသည်၏ အဖြစ်ကြောင့် အိမ်မှထွက်သည်၏အဖြစ်ကို သိ၍ ထိုသူဌေးသ္မီးကို ရေချိုးစေ၍ တန်ဆာဆင်အပ်သော ရထားသို့တင်၍ အိမ်သို့လျှင် သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါခါ သူဌေးသ္မီးသည် ထိုအခါ သူဌေးသ္မီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီသူဌေး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အသိအလိမ္မာ၊ လွန်ကင်းကွာ၊ ကိုယ်သာ ဒုက္ခတွေ့

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဝီဏာထူဏဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဥပါဟနဝဂ်

၃။ ဝိကဏ္ဏကဇာတ်

အရွက်မဲ့မြား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကာမံ ယဟိံ ဣစ္ဆသိ တေန ဂစ္ဆ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝိကဏ္ဏကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တပါးသော ငြီးငွေ့သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တရားသဘင်သို့ ဆောင်အပ်သော ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့ခြင်းရှိသတတ်ဟူသည် မှန်သလောဟု မြတ်စွာဘုရားသည် မေးတော်မူလတ်သည်ရှိသော် အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်၍ အဘယ်ကြောင့် ငြီးငွေ့သနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား ကာမဂုဏ်ဟူသော အကြောင်းကြောင့် ငြီးငွေ့ခြင်းရှိ၏ဟု လျှောက်၏။ ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း ကာမဂုဏ်တို့မည်သည်ကား အရွက်မရှိသော မြှားတို့နှင့် တူကုန်၏။ တကြိမ် နှလုံး၌ တည်ရာကို ရကုန်သော်လည်း အရွက်မရှိသော မြှားကဲ့သို့ စူးကုန်၏။ အရွက်မရှိသော မြှားသည် မိကျောင်းကို သေခြင်းသို့သာလျှင် ရောက်စေဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဘုရားလောင်းသည် ဗာရာဏသီပြည်၌ တရားသဖြင့် မင်းပြုသည်ရှိသော် တနေ့သ၌ ဥယျာဉ်သို့ ထွက်၍ ရေကန်နားသို့ ရောက်၏။ ကခြင်း သီခြင်းတို့၌ လိမ္မာကုန်သော သူတို့သည် ကခြင်း သီခြင်းတို့ကိုသီကုန်၏။ ရေကန်၌ ငါး လိပ်တို့သည် သီချင်းသံ၌ တပ်စွန်းသည်၏အဖြစ်ကြောင့် စည်းဝေးကုန်၍ မင်းနှင့်သာလျှင်တကွ လိုက်ကြကုန်၏။ မင်းသည် ထွန်တုံးပမာဏရှိသော ငါးအပေါင်းကိုမြင်၍ ဤငါးတို့သည် ငါနှင့်တကွ အဘယ့်ကြောင့် လိုက်လာကုန်သနည်းဟု အမတ်တို့ကို မေး၏။ အမတ်တို့သည် အရှင်မင်းကြီး ထိုငါးတို့သည် အရှင်မင်းကြီးကို ခစားကုန်၏ဟု လျောက်ကုန်၏။ မင်းကြီးသည် ငါ့ကို ထိုငါးတို့သည် ခစားကုန်သတတ်ဟု နှစ်သက်၍ ထိုငါးတို့အား ထမင်းဝတ်ကို တည်စေ၏။ နေ့တိုင်း နေ့တိုင်း တအမ္ဗဏမျှသောဆန်ကို ချက်စေ၏။ ထမင်းကျွေးသောကာလ၌ အချို့ကုန်သော ငါးတို့သည် လာကုန်၏။ အချို့ကုန်သော ငါးတို့သည် မလာကုန်၊ ထမင်းသည်ပျက်စီး၏။ မင်းအား ထိုအကြောင်းကို ကြားကုန်၏။ မင်းသည် ဤနေ့မှစ၍။ ထမင်းကျွေးသောအခါ၌ စည်ကိုတီး၍ စည်သံအမှတ်ဖြင့် ငါးတို့သည် စည်းဝေးကုန်သည်ရှိသော် ထမင်းကို ပေးကြကုန်လော့ဟု ဆို၏။ ထိုအခါမှစ၍ အမှုရွက်ဆောင်သော သူတို့သည် စည်ကို တီးစေ၍ စည်းဝေးကုန်သော ငါးတို့အား ထမင်းကို ပေး၏။ ထိုငါးတို့သည်လည်း စည်သံအမှတ်ဖြင့် စည်းဝေးကုန်၍ စားကုန်၏။

ထိုငါးတို့သည် ဤသို့ စည်းဝေးကုန်၍ စားကုန်သည်ရှိသော် တခုသော မိကျောင်းသည် လာလတ်၍ ငါးတို့ကို စားကုန်၏။ ထမင်းကျွေးခြင်းအမှု၌ ရွက်ဆောင်သောသူသည် မင်းအား ကြား၏။ ထိုမင်းသည် ထိုစကားကိုကြား၍ မိကျောင်းကို ငါးတို့ကို စားကုန်သောကာလ၌ အရွက်မတပ်သော မြားဖြင့်ပစ်၍ ဖမ်းလော့ဟု ဆို၏။ ထမင်းကျွေးခြင်းအမှုကို ရွက်ဆောင်သောသူသည် ကောင်းပြီဟု သွားလျက် လှေ၌စီး၍ ငါးတို့ကို စားအံ့သောငှါ လာသော မိကျောင်းကို အရွက်မတပ်သော မြှားဖြင့် ပစ်၏။ မြှားသည် မိကျောင်း၏ ကျောသို့ ဝင်၏။

ထိုမိကျောင်းသည် ဝေဒနာသို့ ရောက်သည်ဖြစ်၍ ထိုမြှားကိုယူ၍လျှင် ပြေး၏။ ထမင်းကျွေးခြင်းအမှုကို ရွက်ဆောင်သောသူသည် ထိုမိကျောင်းကို မြှားစူးသည်၏အဖြစ်ကို သိ၍ ထိုမိကျောင်းကိုခေါ်လျက်-

၁၆၅။ ကာမံ ယဟိံ ဣစ္ဆသိ တေန ဂစ္ဆ၊
ဝိဒ္ဓေါသိ မမမှိ ဝိကဏ္ဏကေန။
ဟတောသိ ဘတ္တေန သုဝါဒိတေန၊
လောလော စ မစ္ဆေ အနုဗန္ဓမာနော။

ဟူသော ရှေးဦးစွာ ဤဂါထာကို ဆို၏။

၁၆၅။ ဟရေ သုသုမာရ၊ ဟယ်... မိကျောင်း။ တွံ၊ သင်သည်။ ကာမံ၊ စင်စစ်။ ယဟိံ၊ အကြင်အရပ်သို့။ ဣစ္ဆသိ၊ ပြေးသွားလို၏။ တေန၊ ထိုအလိုရှိရာ အရပ်သို့။ ဂစ္ဆ၊ သွားလေ။ အသ္မိံ၊ ထိုအရပ်၌။ မမ၊ ငါ၏။ ဝိကဏ္ဏကေန၊ အရွက်မတပ်သော မြားသည်။ တွံ၊ သင့်ကို။ ဝိဒ္ဓေါ၊ စူးလေသည်။ အသိ၊ ဖြစ်၏။ တွံ၊ သင်သည်။ လောလော၊ လျှပ်ပေါ်သည်။ ဟုတွာ၊ ဖြစ်၍။ မစ္ဆေ၊ ထမင်းစားအံ့သောငှါ လာကုန်သော ငါးတို့ကို။ အနုဗန္ဓမာနော၊ စားအံ့သောငှါ လိုက်၏။ တေန စ၊ ထို့ကြောင့်လျှင်။ သုဝါဒိတေန၊ ကောင်းစွာတီးမှုတ်ခြင်းရှိသော။ ဘတ္တေန စ၊ ထမင်းသည်လည်း။ တွံ၊ သင့်ကို။ ဟတော၊ သတ်အပ်သည်။ အသိ၊ ဖြစ်၏။

ထိုမိကျောင်းသည် မိမိနေရာသို့သွား၍ အသက်ကုန်ခြင်းသို့ ရောက်လေ၏။ မြတ်စွာဘုရားသည် ဤအကြောင်းကို ပြတော်မူလျက် ဘုရားဖြစ်တော်မူပြီး၍-

၁၆၆။ ဧဝံ လောကာမိသံ ဩပတန္တော၊
ဝိဟညတိ စိတ္တဝသာနုဝတ္တီ။
သော ဟညတိ ဉာတိသခါနမဇ္ဈေ၊
မစ္ဆာနုဂေါ သောရိဝ သုသုမာရော။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

၁၆၆။ ဘိက္ခဝေ၊ ရဟန်းတို့။ မစ္ဆာနုဂေါ၊ ငါးသို့ အစဉ်လိုက်သော။ သုသုမာရော၊ ထိုမိကျောင်းသည်။ ဟညတိ ဣဝ၊ ပျက်စီးခြင်းသို့ရောက်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ လောကာမိသံ၊ ကာမဂုဏ် ငါးပါးသို့။ ဩပတန္တော၊ ကျသော။ စိတ္တဝသာနုဝတ္တီ၊ ကိလေသာ၏ အစွမ်းအားဖြင့် စိတ်၏အလိုသို့ အစဉ်လိုက်သော သော၊ ထိုပုဂ္ဂိုလ်သည်။ ဉာတိသခါနံ၊ အဆွေ အမျိုး အဆွေခင်ပွန်းတို့၏။ မဇ္ဈေ၊ အလယ်၌။ ဝိဟညတိ၊ ပင်ပန်းရ၏။

ဇာတ်ပေါင်း... ဤသို့ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြသည်၏အဆုံး၌ ငြီးငွေ့သောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ဒေဝဒတ်သည် ထိုအခါ မိကျောင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရား ပရိသတ်တို့သည် ထိုအခါ ငါးတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ရွက်မဲ့မြှားပမာ၊ ကိလေသာ၊ ရှောင်ခွါ ချမ်းသာရ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဝိကဏ္ဏကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဥပါဟနဝဂ်

၄။ အသိတာဘူဇာတ်

မ, လိုက်မင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် တွမေဝ ဒါနိ မကရ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအသိတာဘူဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသော သတိုးသ္မီးကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့၏ တခုသော အလုပ်အကျွေးအိမ်၌ တယောက်သော သတိုးသ္မီးသည် အလွန် အဆင်းလှ၏။ မြတ်သောတင့်တယ်ခြင်းသို့ ရောက်၏။ ထိုသတိုးသ္မီးသည် အရွယ်သို့ရောက်သည်ရှိသော် တူသောအမျိုးရှိသော အိမ်သို့ ရောက်၏။ လင်သည် သတိုးသ္မီးကို တစိုးတစိမျှ မမြတ်နိုး သည်ဖြစ်၍ တပါးသောမိန်းမ၌ စိတ်လိုလိုက်သည်၏ အစွမ်းအားဖြင့် ကျင့်၏။ ထိုသတိုးသ္မီးသည် ထိုယောက်ျား၏ မိမိ၌ ထိုသို့ မရိုမသေကျင့်ခြင်းကို မရေမတွက်မူ၍ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကိုဘိတ်၍ အလှူကိုလှူ၍ တရားကိုနာသည်ရှိသော် သောတာပတ္တိဖိုလ်၌ တည်၏။ ထိုအမျိုးသ္မီးသည် ထိုအခါမှစ၍ မဂ်ဖိုလ်ချမ်းသာဖြင့်လွန်စေလျက် လင်သည်လည်း ငါ့ကိုအလိုမရှိ၊ ငါ့အား အိမ်ရာထောင်ခြင်းဖြင့် အလိုမရှိ၊ ငါသည် ရဟန်းပြုအံ့ဟုကြံ၍ မိဘတို့အား ကြား၍ ရဟန်းပြု၍ ရဟန္တာ အဖြစ်သို့ ရောက်၏။ ထိုအမျိုးသ္မီး၏ ထိုအမူအရာသည် ရဟန်းတို့၌ ထင်ရှားသည် ဖြစ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသော အမျိုးသ္မီးသည် အကျိုးစီးပွားကို ရှာမှီးတတ်၏။ လင်၏အလိုမရှိသည်အဖြစ်ကိုသိ၍ အဂ္ဂသာဝကတို့၏ တရားကိုနာရ၍ သောတာပတ္တိဖိုလ်၌ တည်၍ တဖန် မိဘတို့ကိုပန်၍ ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ ရောက်၏။ ဤသတိုးသ္မီးသည်အကျိုးစီးပွားကို ရှာမှီးတတ်၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုအမျိုးသ္မီးသည် အကျိုးစီးပွားကို ရှာမှီးတတ်သည် မဟုတ်သေး၊ ရှေး၌လည်း အကျိုးစီးပွားကို ရှာမှီးသည်သလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရသေ့ ရဟန်းအဖြစ်သို့ကပ်၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဟိမဝန္တာအရပ်၌ နေ၏။ ထိုအခါ ဗာရာဏသီမင်းသည် မိမိ၏သားဖြစ်သော ဗြဟ္မဒတ်မင်းသား၏ အခြံအရံနှင့် ပြည့်စုံခြင်းကိုမြင်၍ ဖြစ်သောရွံရှာခြင်းသို့ ရောက်၍ မိမိ၏သားကို တိုင်းနိုင်ငံမှ နှင်လိုက်၏။ ထိုဗြဟ္မဒတ်မင်းသားသည် အသိတာဘူအမည်ရှိသော မိမိ၏မိဖုယားကိုယူ၍ ဟိမဝန္တာသို့ဝင်၍ ငါး, အမဲ သစ်သီးငယ် သစ်သီးကြီးတို့ကို စားလျက် သစ်ရွက်မိုးသော ဇရပ်၌ နေ၏။ ထိုဗြဟ္မဒတ်မင်းသားသည် တခုသော ကိန္နရီမကိုမြင်၍ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ ဤကိန္နရီမကို မယားပြုအံ့ဟု အသိတာဘူမိဖုယားကို မရေတွက်မူ၍ ထိုကိန္နရီမ၏ ခြေရာအစဉ်သို့ လိုက်၏။

ထိုအသိတာဘူမိဖုယားသည် ကိန္နရီမသို့ အစဉ်လိုက်သော ထိုဗြဟ္မဒတ်မင်းသားကို မြင်လေ၍ ထိုဗြဟ္မဒတ်မင်းသားသည် ငါ့ကို မရေတွက်မူ၍ ကိန္နရီမသို့ အစဉ်လိုက်၏။ ဤမင်းသားဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်းဟု တပ်စွန်းခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍ ဘုရားလောင်းသို့ ကပ်လေ၍ ရှိခိုး၍ မိမိအား ကသိုဏ်းပရိကံကို ဟောစေ၍ ကသိုဏ်းကိုကျင့်လျက် အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဘုရားလောင်းကို ရှိခိုး၍ လာလတ်၍ မိမိ၏သစ်ရွက်မိုးသော ဇရပ်တံခါး၌ တည်၏။ ဗြဟ္မဒတ်မင်းသားသည်လည်း ကိန္နရီမသို့လိုက်လျက် လှည့်လည်၍ ထိုကိန္နရီမ၏ အစဉ်သွားသောခရီးကိုလည်း မမြင်၍ အာသာပြတ်သည်ဖြစ်၍ သစ်ရွက်ဖြင့်မိုးသော စရပ်သို့သာလျှင် ရှေးရှုလာလတ်၏။ အသိတာဘူမိဖုယားသည် ထိုဗြဟ္မာဒတ်မင်းသား လာသည်ကိုမြင်၍ ကောင်းကင်သို့ ပျံတက်၍ ပတ္တမြားညို အဆင်းနှင့်တူသော အဆင်းရှိသော ကောင်းကင်ပြင်၌ ရပ်လျက် အရှင်သား အရှင်သားကိုမှီ၍ ငါသည် ဤဈာန်ချမ်းသာကို ရပေ၏ဟုဆိုလို၍-

၁၆၇။ တွမေဝ ဒါနိ မကရ၊ ယံ ကာမော ဗျဂမာ တယိ။
သောယံ အပ္ပဋိသန္ဓိကော၊ ခရာ ဆိန္နံဝ ရေနုကံ။

၁၆၇။ အယျပုတ္တ၊ အရှင်သား။ ဒါနိ၊ ယခုအခါ၌။ တွမေဝ၊ သင်သည်ပင်လျှင်။ မမ၊ ငါ၏။ ဣဒံ၊ ဤဈာန်ချမ်းသာကို။ အကရ၊ ပြုပေ၏။ ဒါနိ၊ ယခုအခါ၌။ တယိ၊ သင်၌။ မမ၊ ငါ၏။ အယံ ကာမော၊ တပ်စွန်းခြင်းကာမသည်။ ဗျဂမာ၊ ကင်းလေပြီ။ ခရာ၊ လွှဖြင့်။ ဆိန္နံ၊ ဖြတ်အပ်သော။ ရေနုကံဣဝ၊ ဆင်စွယ်ကဲ့သို့။ သော အယံ၊ ထိုသင်၌ တပ်စွန်းခြင်းကာမသည်။ အပ္ပဋိသန္ဓိကော၊ တဖန်စပ်ခြင်းသဘော မရှိပြီ။

ဤသို့ဆို၍ ထိုဗြဟ္မဒတ်မင်းသား၏ မြင်စဉ်ပင်လျှင် ပျံ၍ တပါးသောအရပ်သို့ သွား၏။ ထိုဗြဟ္မဒတ်မင်းသားသည် ထိုအသိတာဘူမင်းသို့ သွားသောကာလ၌ ငိုကြွေးလျက်-

၁၆၈။ အတြိစ္ဆံ အတိလောဘန၊ အတိလောဘ မဒေန စ။
ဧဝံ ဟာယတိ အတ္ထမှာ၊ အဟဉ္စ အသိတာဘုယာ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၆၈။ အဟံ၊ ငါသည်။ အသိတာဘုယာ၊ အသိတာဘူမင်းသ္မီးမှ။ ဟာယတိ ယထာ၊ ယုတ်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ အတြိစ္ဆံ- အတြိဂစ္ဆာဝသေန၊ ထိုထိုအာရုံ၌ အလိုရှိတတ်သော အဆုံးမရှိသော တဏှာ၏အစွမ်းအားဖြင့်။ အတြိစ္ဆမာနော၊ ထိုထိုအာရုံ၌ လိုချင်မက်မောတတ်သော ပုဂ္ဂိုလ်သည်။ အတိလောဘေန စ၊ အလွန် လောဘကြီးခြင်းကြောင့်၎င်း။ အတိလောဘ မဒေန စ၊ ပုရိသမာန်ကိုလည်း ဖြစ်စေတတ်သော အလွန်လောဘဖြင့်ယစ်ခြင်းကြောင့်၎င်း။ အတ္ထမှာ၊ အကျိုး စီးပွားမှ။ ဟာယတိ၊ ယုတ်၏။

ထိုဗြဟ္မဒတ်မင်းသည် ဤဂါထာဖြင့် ငိုကြွေး၏။ တယောက်အထီး တည်းသာလျှင် တော၌နေ၍ အဘလွန်သဖြင့် သွား၍ မင်းအဖြစ်ကို ယူ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ၌ ဤနှစ်ယောက်ကုန်သော သူတို့သည် ထိုအခါ မင်းသား၎င်း မင်းသ္မီး၎င်း ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ်၏အကျိုး၊ ကိုယ်သည်ပိုး၊ အဘိုးတန်လှသည်

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော အသိတာဘူဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဥပါဟနဝဂ်

၅။ ဝစ္ဆနခဇာတ်

ကာမဘိတ် သူဌေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သုခါ ဃရာ ဝစ္ဆနခ အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤဝစ္ဆနခဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ရောဇမည်သော မလ္လာမင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရောဇအမည်ရှိသော မလ္လာမင်းသည် အရှင်အာနန္ဒာ၏ လူ အဆွေခင်ပွန်း ဖြစ်သတတ်၊ ထိုရောဇမည်သော မလ္လာမင်းသည် တနေ့သ၌ ကြွလာစိမ့်သောငှါ အရှင်အာနန္ဒာမထေရ်အား သတင်းစကားကို မှာကြားလိုက်၏။ အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားကို ပန်၍သွား၏။ ထိုရောဇမည် မလ္လာမင်းသည် အရှင်အာနန္ဒာမထေရ်ကို အထူးထူးသော အရသာရှိသော ဘောဇဉ်ကိုဘုဉ်းပေးစေ၍ တင့်အပ်သောနေရာ၌ နေလျက် မထေရ်နှင့်တကွ ပျူငှာသော လောကဝတ်ကိုပြု၍ အရှင်အာနန္ဒာမထေရ်ကို လူတို့၏ စည်းစိမ်ဖြင့်၎င်း ငါးပါးကုန်သောကာမဂုဏ်တို့ဖြင့်၎င်း ဘိတ်၍ အရှင်အာနန္ဒာ အကျွန်ုပ်၌ များစွာသော အသက်ရှိသော ရတနာသည်၎င်း အသက်မရှိသော ရတနာသည်၎င်း ရှိ၏။ ဤရတနာတို့ကို အလယ်၌ခွဲ၍ အရှင့်အားပေးအံ့၊ လာလှည့်လော့ နှစ်ယောက်ကုန်သော ငါတို့သည် အိမ်၌ နေကြကုန်အံ့ဟု ဆို၏။ အရှင်အာနန္ဒာမထေရ်သည် ထိုရောဇမည်သောမလ္လာမင်းအား ကာမဂုဏ်တို့၌ အပြစ်ကိုဆို၍ နေရာမှထ၍ ကျောင်းသို့သွား၍ အာနန္ဒာ သင်သည် ရောဇမည်သော မလ္လာမင်းကို မြင်ခဲ့၏လောဟု မြတ်စွာဘုရား မေးသည်ရှိသော် အရှင်ဘုရား မြင်ခဲ့ပါ၏ဟု လျှောက်၏။ ထိုရောမမည်သော မလ္လာမင်းကို အသို့ဆိုခဲ့သနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား ထိုရောဇမည်သော မလ္လာမင်းသည် အကျွန်ုပ်အား ဃရာဝါသဖြင့် ဘိတ်၏။ ထိုအခါ ထိုရောဇမည်သော မလ္လာမင်းအား အိမ်ရာထောင်ခြင်းမှ၎င်း ကာမဂုဏ်တို့၌၎င်း အပြစ်ကို ဟောခဲ့၏ဟု လျောက်၏။ မြတ်စွာဘုရားသည် အာနန္ဒာ ရောဇမည်သော မလ္လာမင်းသည် ယခုအခါ၌ သာလျှင် ရဟန်းတို့ကို ဃရာဝါသဖြင့် ဘိတ်သည်မဟုတ်သေး၊ ရှေး၌လည်း ဘိတ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အာနန္ဒာမထေရ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... အာနန္ဒာ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သည်ရှိသော် ထိုအခါ ဘုရားလောင်းသည် တခုသော နိဂုံး၌ ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် ရသေ့ရဟန်းအဖြစ်သို့ကပ်၍ ဟိမဝန္တာအရပ်၌ ကြာမြင့်စွာ နေ၏။ ချဉ်ဆား မှီဝဲအံ့သောငှာ ဗာရာဏသီပြည်သို့ ရောက်၍ မင်း၏ဥယျာဉ်၌ နေ၍ နက်ဖြန်နေ့၌ ဗာရာဏသီပြည်သို့ဝင်၏။ ထိုအခါ ဗာရာဏသီသူဌေးသည် ထိုဘုရားလောင်း၏ ဣရိယာပုထ်၌ ကြည်ညို၍ အိမ်သို့ပင့်ပြီးလျှင် ဆွမ်းကျွေး၍ ဥယျာဉ်၌ နေစိမ့်သောငှါ ဝန်ခံခြင်းကို ယူစေ၍ ထိုဘုရားလောင်းကို လုပ်ကျွေး၍ ဥယျာဉ်၌ နေစေ၏။ ထိုရသေ့, သူဌေးတို့သည် အချင်းချင်းဖြစ်သော ချစ်ခြင်းရှိကုန်၏။ ထိုအခါ တနေ့သ၌ ဗာရာဏသီ သူဌေးသည် ဘုရားလောင်း၌ ချစ်ခြင်း အကျွမ်းဝင်ခြင်း၏အစွမ်းအားဖြင့် ရဟန်းအဖြစ်မည်သည်ကား ဆင်းရဲငြိုငြင်၏။ ငါ၏ အဆွေခင်ပွန်းဖြစ်သော ဝစ္ဆနခပရိဗိုဇ်ကို လူထွက်စေ၍ အလုံးစုံသောစည်းစိမ်ကို အလယ်၌ခွဲ၍ ထိုဝစ္ဆနခပရိဗိုဇ်အား ပေး၍ နှစ်ယောက်ကုန်သော ငါတို့သည်လည်း အညီအညွတ် နေခြင်းကို နေကြကုန်အံ့ဟု ကြံ၏။ ကြံပြီး၍ ထိုဗာရာဏသီ သူဌေးသည် တနေ့သ၌ ဆွမ်းဘုဉ်းပေးခြင်း ကိစ္စ၏အဆုံး၌ ထိုဝစ္ဆနခပရိဗိုဇ်နှင့်တကွ သာယာစွာသော ပျူငှာလောကဝတ် စကားကို ပြောဟောပြီး၍ အရှင်ဝစ္ဆနခ ရဟန်းအဖြစ် မည်သည်ကား ဆင်းရဲငြိုငြင်၏။ အိမ်၌နေခြင်းသည် ချမ်းသာ၏။ အရှင်ဝစ္ဆနခ အရှင်သည် လာလှည့်လော့။ နှစ်ဦးကုန်သော ငါတို့သည် အညီအညွတ် ကာမဂုဏ်တို့ကို သုံးဆောင် ခံစားကုန်လျက် နေကြကုန်အံ့၊ ဤသို့ဆို၍-

၁၆၉။ သုခါ ဃရာ ဝစ္ဆနခ၊ သဟိရညာ သဘောဇနာ။
ယတ္ထ ဘုတွာ ပိဝိတွာ စ၊ သယေယျာထ အနုဿုကော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၆၉။ ဝစ္ဆနခ၊ အရှင်ဝစ္ဆနခ။ ယတ္ထ၊ အကြင်ရတနာခုနစ်ပါး စားဘွယ်ဘောဇဉ်တို့နှင့် ပြည့်စုံသောအိမ်၌။ အနုဿုကော၊ လုံ့လမပြုဘဲ။ ဘုတွာ စ၊ စား၍သော်၎င်း။ ပိဝိတွာ စ၊ သောက်၍ သော်၎င်း။ သယေယျာထ၊ နေလာလှည့်လော့။ သဟိရညာ၊ ရွှေအစရှိသော ရတနာခုနစ်ပါးနှင့် ပြည့်စုံထသော။ သဘောဇနာ၊ စားဘွယ်ဘောဇဉ်နှင့် ပြည့်စုံထသော။ ဃရာ၊ အိမ်၌နေခြင်းသည်သာ။ သုခါ၊ ချမ်းသာ၏။

ထိုအခါ ဘုရားလောင်းသည် ထိုဗာရာဏသီ သူဌေး၏ စကားကို ကြား၍ သူဌေးကြီး သင်သည် မသိသည်၏အဖြစ်ကြောင့် ကာမဂုဏ်၌ မက်မောသည်ဖြစ်၍ အိမ်၌နေခြင်း၏ ကျေးဇူးကို ဆို၏။ သင်အား အိမ်၌ နေခြင်း၏ ကျေးဇူးမဲ့ကို ငါဆိုအံ့၊ ယခုအခါ သင်နာလော့ဟု ဤသို့ဆို၍-

၁၇၀။ ဃရာ နာနီဟမာနဿ၊ ဃရာ နာဘဏတော မုသာ။
ဃရာ နာဒိန္နဒဏ္ဍဿ၊ ပရေသံ အနိကုဗ္ဗဏှာ။
ဧဝံ ဆိဒ္ဒံဒုရဘိသမ္ဘဝံ၊ ကော ဃရံ ပဋိပဇ္ဇတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၇၀။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ အနီဟမာနဿ၊ အစဉ်မပြတ် လယ်ထွန်ခြင်း နွားကျောင်းခြင်း အစရှိသောအမှုဖြင့် လုံ့လမပြုသော သူ၏။ ဃရာ၊ အိမ်မည်သည်ကား။ န တိဋ္ဌတိ၊ မတည်နိုင်။ မုသာ အဘဏတော၊ လယ်ယာ ဥစ္စာ, ရွှေငွေ အစရှိသည်တို့၏ အကျိုးငှါ မုသားမဆိုသော သူ၏လည်း။ ဃရာ၊ အိမ်မည်သည်ကား။ န တိဋ္ဌတိ၊ မတည်နိုင်။ နာဒိန္နဒဏ္ဍဿ၊ ဒဏ် ပေးခြင်းကိုမယူထသော။ ပရေသံ၊ သူတပါးတို့အား။ အနိကုဗ္ဗတော၊ နှိပ်စက်ခြင်းကို မပြုသော သူ၏လည်း။ ဃရာ၊ အိမ်မည်သည်ကား။ န တိဋ္ဌတိ၊ မတည်နိုင်။ ဧဝံ၊ ဤသို့။ ဆိဒ္ဒံ၊ အပေါက်ရှိထသော။ ဒုရဘိသမ္ဘဝံ၊ ဖြစ်နိုင်ခဲသော သဘောရှိထသော။ ဃရံ၊ အိမ်ကို။ ကော၊ အဘယ်သူသည်။ ပဋိပဇ္ဇတိ၊ အုပ်စိုး၍နေချင်ဘိအံ့နည်း။

ဤသို့ ဘုရားလောင်းသည် အိမ်၌ နေခြင်း၏အပြစ်ကိုဆို၍ ဥယျာဉ်သို့သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရောဇမည်သော မလ္လာမင်းသည် ထိုအခါ ဗာရာဏသီသူဌေးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဝစ္ဆနခပရဗိုဇ် ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

လုံ့လမုသား၊ ဒဏ်မထား၊ အိမ်ကား မတည်နိုင်

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ဝစ္ဆနခဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဥပါဟနဝဂ်

၆။ ဗကဇာတ်

ဗျိုင်းသီလကြောင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဘဒ္ဒကော ဝတာယံ ပက္ခီ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သောအံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ မြတ်စွာဘုရားသည် ဆောင်ခဲ့သော ရဟန်းကို မြင်တော်မူ၍ ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သည် မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းသည်အံ့ဘွယ်သရဲကို ဖြစ်စေဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်၌ တခုသောအိုင်ဝယ် ငါးဖြစ်၍ များစွာသော အခြံအရံရှိလျက် နေ၏။ ထိုအခါ တခုသောဗျိုင်းသည် ငါးတို့ကိုစားအံ့ဟု အိုင်၏အနီးဖြစ်သောအရပ်၌ ဦးခေါင်းကိုချ၍ အတောင်ကိုဖြန့်၍ အလွန်သိမ်မွေ့သကဲ့သို့ ငါးတို့ကို ကြည့်လျက် ထိုငါးတို့၏ မေ့လျော့ခြင်းကို ငံ့လျက် ရပ်၏။ ထိုခဏ၌ ဘုရားလောင်းသည် ငါးအပေါင်းခြံရံလျက် အစာကို ယူလတ်သော် ထိုအရပ်သို့ ရောက်၏။ ငါးအပေါင်းသည် ထိုဗျိုင်းကို မြင်၍-

၁၇၁။ ဘဒ္ဒကော ဝတာယံ ပက္ခီ၊ ဒိဇော ကုမုဒသန္နိဘော။
ဝူပသန္တေဟိ ပက္ခေဟိ၊ မန္ဒ မန္ဒောဝ ဈာယတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၇၁။ ဘော၊ အချင်းတို့။ ကုမုဒသန္နိဘော၊ ကြာဖြူအဆင်းနှင့် တူထသော။ ပက္ခီ၊ အတောင်ရှိထသော။ အယံ ဒိဇော၊ ဤငှက်သည်။ ဝူပသန္တေဟိ၊ ငြိမ်းချမ်းကုန်သော။ ပက္ခေဟိ၊ အတောင်တို့ဖြင့်။ ဘဒ္ဒကော ဝတ၊ ကောင်းလေစွ။ မန္ဒမန္ဒောဝ၊ ညံ့ ညံ့ ပျောင်းပျောင်းကဲ့သို့။ ဈာယတိ၊ မှိုင်လျက်နေ၏။

ထိုအခါ ထိုဗျိုင်းကို ဘုရားလောင်းသည် ကြည့်၍-

၁၇၂။ နာဿ သီလံ ဝိဇာနာထ၊ အနညာယ ပသံသထ။
အမှေ ဒိဇော န ပါလေတိ၊ တေန ပက္ခီ န ဖန္ဒတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၇၂။ ဘော၊ အချင်းတို။ တုမှေ၊ သင်တို့သည်။ အဿ၊ ထိုဗျိုင်း၏။ သီလံ၊ သီလကို။ န ဝိဇာနာထ၊ မသိကြကုန်။ အနညာယ၊ မသိကုန်ဘဲလျက်။ ပသံသထ၊ ချီးမွမ်းကြကုန်၏။ အမှေ၊ ငါတို့ကို။ ဒိဇော၊ ဗျိုင်းငှက်သည်။ န ပါလေတိ၊ မစောင့်။ တေန၊ ထိုမစောင့်သောကြောင့်။ ပက္ခီ၊ ဗျိုင်းသည်။ န ဖန္ဒတိ၊ မတုန်မလှုပ်နေ၏။

ဤသို့ဆိုသည်ရှိသော် ငါးအပေါင်းသည် ရေကိုချောက်ချားစေ၍ ပြေး၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါအံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းသည် ထိုအခါ ဗျိုင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ငါးမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အကျင့်ရှိယောင်၊ သီလကြောင်၊ ဗျိုင်းကောင် ပုံပမာ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဗကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဥပါဟနဝဂ်

၇။ သာကေတဇာတ်

မြင်လျှင်မြင်ခြင်း ချစ်ခင်ခြင်း

ပစ္စုပ္ပန်နှင့်အတိတ်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကော နု ခေါ ဘဂဝါ ဟေတု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသာကေတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာကေတအမည်ရှိသော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ ဤသာကေတဇာတ်၌ အတိတ်ပစ္စုပ္ပန်ဖြစ်သော ဝတ္ထုကား အောက် ဧကကနိပါတ်၌ ဆိုအပ်ပြီးသလျှင် ကတည်း၊ မြတ်စွာဘုရားသည် ကျောင်းဦးသို့ ကြွတော်မူသော ကာလ၌ ရဟန်းတို့သည် အရှင်ဘုရား ဤချစ်ခြင်းမည်သည်ကား အဘယ်အကြောင်းကြောင့် တည်သနည်းဟု မေးလိုကုန်သည်ဖြစ်၍-

၁၇၃။ ကော နု ခေါ ဘဂဝါ ဟေတု၊ ဧကစ္ဆေ ဣဓ ပုဂ္ဂလေ။
အတီဝ ဟဒယံ နိဗ္ဗာတိ၊ စိတ္တဉ္စာပိ ပသီဒတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၇၃။ ဘဂဝါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား။ ဣဓ လောကေ၊ ဤလောက၌။ ဧကစ္စေ၊ အချို့သော။ ပုဂ္ဂလေ၊ ပုဂ္ဂိုလ်၌။ ဒိဋ္ဌမတ္တေယေဝ၊ မြင်ကာမျှသာလျှင်။ ဟဒယံ၊ နှလုံးသည်။ အတီဝ၊ အလွန်လျှင်။ နိဗ္ဗာတိ၊ ငြိမ်းချမ်း၏။ စိတ္တဉ္စာပိ၊ စိတ်သည်လည်း။ ပသီဒတိ၊ ကြည်ညို၏။ ဟေတု၊ အကြောင်းကား။ ကောနုခေါ၊ အသို့နည်း။

ထိုအခါ ထိုရဟန်းအား မြတ်စွာဘုရားသည် ချစ်ခြင်း၏ အကြောင်းကို ပြတော်မူလို၍ -

၁၇၄။ ပုဗ္ဗေဝ သံန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေန ဝါ။
ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို မိန့်တော်မူ၏။

(ဤဂါထာ၌ ဝါ နှစ်လုံးကား ရဿ ရောက်သည်။ )

၁၇၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ဥပ္ပလံ ဝါ၊ ကြာသည်၎င်း။ သေသံ၊ ကြာမှကြွင်းသော။ ဇလဇပုပ္ဖံ ဝါ၊ ရေ၌ဖြစ်သောပန်းသည်၎င်း။ ဥဒကေ၊ ရေ၌။ ဇာယ-မာနံ၊ ဖြစ်လတ်သည်ရှိသော်။ ဥဒကဉ္စ၊ ရေကို၎င်း။ ပလ္လလဉ္စ၊ ညွန်ကို၎င်း။ ဣမာနိ ဒွေ ကာရဏာနိ၊ ဤနှစ်ခုသော အကြောင်းတို့ကို။ နိဿာယ၊ မှီ၍။ ဇာယတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ တထာ၊ ထို အတူ။ တံပေမံ၊ ထိုချစ်ခြင်းသည်။ ဇာယမာနံ၊ ဖြစ်လတ်သည်ရှိသော်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ သန္နိဝါသေနဝါ၊ အတူတကွ နေဘူးခြင်းကြောင့်၎င်း။ ပစ္စုပ္ပန္နဟိတေန ဝါ၊ ပစ္စုပ္ပန်ဘဝ၌ အစီးအပွားကို ဆောင်ခြင်းကြောင့်၎င်း။ ဣမေဟိ ဒွီဟိကာရဏေဟိ၊ ဤနှစ်ပါးသော အကြောင်းတို့ကြောင့်။ ဇာယတေ၊ ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ဤနှစ်ယောက်ကုန်သော သူတို့သည် ထိုအခါ ပုဏ္ဏားသည်၎င်း ပုဏ္ဏေးမသည်၎င်း ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ မဘောက်မပြန် ကိုယ်တော်တိုင်သာလျှင် ခပ်သိမ်းသော တရားကိုသိပြီးသော ငါဘုရားသည်သာလျှင် ထိုအခါ သား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အတူနေဘူး၊ ကျေးဇူးဆောင်လင့်၊ မေတ္တာသင့်၊ ရနှင့် ကြာပမာ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သာကေတဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဥပါဟနဝဂ်

၈။ ဧကပဒဇာတ်

စီးပွားရေး ပြဿနာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဣင်္ဃ ဧကပဒံ တာတ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဧကပဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌နေသော တယောက်သော သူကြွယ်သည် ရှိသတတ်၊ ထိုအခါ ထိုသူကြွယ်အား တနေ့သ၌ ရင်ခွင်၌ နေသော သားသည် အကျိုးအကြောင်းကိုမှီသော ပြဿနာကို မေး၏။ ဤပြဿနာသည်ကား ဘုရားအရာတည်း၊ ထိုပြဿနာကို တပါးသော သူသည် ဖြေအံ့သောငှါ မစွမ်းနိုင်လတ္တံ့ဟု ထိုသူကြွယ်သည် သားကိုယူ၍ ဇေတဝန်ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားကို ရှိခိုး၍ အရှင်ဘုရား ဤသူငယ်သည် အကျွန်ုပ်ရင်ခွင်၌ နေလျက် အကျိုးစီးပွား ဖြစ်ခြင်းအကြောင်းကိုမှီသော ပြဿနာကို မေး၏။ အကျွန်ုပ်သည် ထိုပြဿနာကို မသိသည်ဖြစ်၍ အရှင်ဘုရားအထံသို့ လာ၏။ အရှင်ဘုရား ဤပြသနာကိုဖြေတော်မူလော့ဟု လျှောက်၏။ မြတ်စွာဘုရားသည် ဒါယကာ ဤသူငယ်သည် ယခုအခါ၌သာလျှင် အကျိုး စီးပွားကို ရှာသည်မဟုတ်သေး၊ ရှေး၌လည်း အကျိုးစီးပွားကို ရှာသည်သာလျှင်ဖြစ်၍ ပညာရှိတို့ကို မေးဘူး၏။ ရှေးပညာရှိတို့သည်လည်း ထိုသူငယ်အား ဖြေဘူးကုန်၏။ ထိုသို့ မေးဘူး ဖြေဘူးသော်လည်း ဘဝဖုံးလွှမ်းသည်၏ အဖြစ်ကြောင့် မမှတ်မိဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူဌေးမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် အဘလွန်သဖြင့် သူဌေးအရာကိုရ၏။ ထိုအခါထိုသူဌေးအား ငယ်သော ပျိုနုသော သားသည် ရင်ခွင်၌နေ၍ ဘခင် ငါ့အား တခုသောပုဒ်ရှိသော အကျိုးကိုမှီသော အကြောင်းကိုဆိုပါလော့ဟု မေးလိုသည် ဖြစ်၍-

၁၇၅။ ဣင်္ဃ ဧကပဒံ တာတ၊ အနေကတ္ထပဒနိဿိတံ။
ကိဉ္စိ သင်္ဂါဟိကံ ဗြူဟိ၊ ယေနတ္ထေ သာဓယေမသေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၇၅။ တာတ၊ ဘခင်။ ဣင်္ဃ၊ တိုက်တွန်း၏။ ယေန၊ အကြင် များစွာသော အကျိုးကိုမှီသော တခုသောပုဒ်ဖြင့်။ အတ္ထေ၊ အကျိုးတို့ကို။ မယံ၊ အကျွန်ုပ်တို့သည်။ သာဓယေမသေ၊ ပြီးစေကုန်အံ့။ အနေကတ္ထပဒနိဿိတံ၊ များစွာသော အကျိုး အကြောင်းကို ပြတတ်သောပုဒ်ကို မှီထသော။ ကိဉ္စိ သင်္ဂါဟိကံ၊ အလုံးစုံ အနည်းအများဖြစ်သော အကျိုးကို သင်္ဂြိုဟ်ထသော။ ဧကပဒံ၊ တခုသောပုဒ်ကို။ ဗြူဟိ၊ ဟောတော်မူပါလော့။

ထိုအခါ ထိုသူငယ်၏ အဘသည် ဖြေလိုသည်ဖြစ်၍-

၁၇၆။ အက္ခေယျေကပဒံ တာတ၊ အနေကတ္ထပဒနိဿိတံ။
တဉ္စ သီလေန သညုတ္တံ၊ ခန္တိယာ ဥပပါဒိတံ။
အလံ မိတ္တေ သုခါပေတုံ၊ အမိတ္တာနံ ဒုခါယ စ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၇၆။ တာတ၊ ချစ်သား။ ဒက္ခေယျေကပဒံ၊ လာဘ်ကို ဖြစ်စေခြင်း၌ လိမ္မာသောသူ၏အဖြစ်ဟု ဆိုအပ်သော ဉာဏ်နှင့်ယှဉ်သော တခုသော ပုဒ်ရှိထသော။ အနေကတ္ထပဒနိဿိတံ၊ များစွာသော အကျိုးအကြောင်းကို ပြတတ်သောပုဒ်ကို မှီထသော။ တံ၊ ထိုဝီရိယသည်။ သီလေန၊ သီလနှင့်။ သညုတ္တံ၊ ယှဉ်လတ်သော်။ ခန္တိယာ၊ သည်းခံခြင်းနှင့်။ ဥပပါဒိတံ၊ ပြည့်စုံလတ်သည် ရှိသော်။ မိတ္တေ၊ အဆွေ ခင်ပွန်းတို့ကို။ သုခါပေတုံ စ၊ ချမ်းသာ စိမ့်သောငှါ၎င်း။ အမိတ္တာနံ၊ ရန်သူတို့ကို။ ဒုခါယ စ၊ ဆင်းရဲစိမ့်သောငှါ၎င်း။ အလံ၊ စွမ်းနိုင်၏။

ဤသို့ ဘုရားလောင်းသည် သားအား ပြဿနာကို ဖြေ၏။ ထိုသူငယ်သည်လည်း အဘဖြေအပ်သော နည်းဖြင့်သာလျှင် မိမိအကျိုးစီးပွားကိုပြီးစေ၍ ကံအားလျော်စွာလား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြသည်၏ အဆုံး၌ အဘသည်၎င်း သားသည်၎င်း သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ဤသားသည်ပင်လျင် ထိုအခါ သား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီသူဌေး ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ဝီရိယရည်၊ ဉာဏ်ကိုမှီ၊ လီလီချမ်းသာကြောင်း

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဧကပဒဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဥပါဟနဝဂ်

၉။ ဟရိတမဏ္ဍူကဇာတ်

မြွေ နှင့် ဖားညို

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အာသီဝိသမ္ပိ မံ သန္တံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဟရိတမဏ္ဍူကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အဇာတသတ်မင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ကောသလမင်း၏ အဘဖြစ်သော မဟာကောသလမင်းသည် ဗိမ္မိသာရမင်းအား သ္မီးကိုပေးလတ်သည်ရှိသော် သ္မီး၏ ကသယ်မှုန့်ဘိုးအကျိုးငှာ ကာသိကအမည်ရှိသော ရွာငယ်ကိုပေးလိုက်၏။ ထိုမိဖုယားသည် အဇာတသတ်မင်းသည် ပိတုဃာတကကံကို ပြုသည်ရှိသော် မင်းအားချစ်ခြင်းကြောင့် မကြာမြင့်မီလျှင် သေ၏။ အဇာတသတ်မင်းသည် အမိသေလတ်သည်ရှိသော် ထိုကာသိကရွာကို စားသလျှင်ကတည်း၊ ကောသလမင်းသည် အဘသတ်သူခိုးအား ငါ၏ဥစ္စာဖြစ်သော ရွာကို မပေးအံ့ဟု ထိုအဇာတသတ်မင်းနှင့်တကွ စစ်ထိုး၏။ ရံခါ ဦးရီး၏အောင်ခြင်းသည် ဖြစ်၏။ ရံခါ တူ၏ အောင်မြင်ခြင်းသည် ဖြစ်၏။ အကြင်အခါ၌ကား အဇာတသတ်မင်းသည် အောင်၏။ ထိုအခါ၌ ရထား၌ တံခွန်ကိုစိုက်၍ များစွာသောအခြံအရံဖြင့် မြို့သို့ဝင်၏။ အကြင်အခါ၌ ရှုံး၏။ ထိုအခါ နှလုံးမသာယာခြင်းသို့ ရောက်သည်ဖြစ်၍ တစုံတယောက်သောသူကို မသိစေမူ၍သာလျှင် ဝင်၏။ ထိုအခါ တနေ့သ၌ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ အဇာတသတ်မင်းသည် ဦးရီးကို အောင်၍ နှစ်သက်ဝမ်းသာရှိ၏။ ဦးရီးကိုရှုံး၍ နှလုံးမသာယာခြင်းသို့ရောက်၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဤအဇာတသတ်မင်းသည် အောင်၍နှစ်သက်သည်။ ရှုံး၍နှလုံးမသာယာခြင်းသို့ ရောက်သည်မဟုတ်သေး၊ ရှေး၌လည်း ဤအဇာတသတ်မင်းသည် အောင်၍ နှစ်သက်ဝမ်းသာရှိ၏။ ရှုံး၍ နှလုံးမသာယာခြင်းသို့ ရောက်သည်ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဖားညိုအမျိုး၌ ဖြစ်၏။ ထိုအခါ လူတို့သည် မြစ်ချောင်း အစရှိသည်တို့တွင် ထိုထိုအရပ်၌ ငါးကိုဖမ်းအံ့သောငှာ မြှုံးတို့ကို ထောင်ကုန်၏။ တခုသော မြှုံး၌ ငါးတို့သည် ဝင်ကုန်၏။ ထိုအခါ တခုသော ရေမြွေသည် ငါးတို့ကို စားလိုရကား ထိုမြှုံးသို့ ဝင်လေ၏။ များစွာကုန်သော ငါးတို့သည် တပေါင်းတည်း ဖြစ်ကုန်၍ ထိုရေမြွေကို ခဲကုန်၏။ တကိုယ်လုံး သွေးခြင်းခြင်းနီသည်ကို ပြုကုန်၏။ ထိုရေမြွေသည် ကိုးကွယ်ရာမမြင်ရကား သေဘေးမှကြောက်သည်ဖြစ်၍ မြှုံးပေါက်ဝဖြင့်ထွက်၍ ဒုက္ခဝေဒနာသို့ ရောက်သည်ဖြစ်၍ ရေ၏အဆုံး၌ အိပ်၏။ ဖားညိုသည်လည်း ထိုခဏ၌ ခုန်၍ မြှုံးတံ၏ထိပ်၌ ဝပ်၏။ ရေမြွေသည် ဆုံးဖြတ်ရာအရပ်ကို မရသည်ဖြစ်၍ ထိုမြှုံးတံထိပ်၌ ဝပ်သောဖားညိုကို မြင့၍ အဆွေဖားညို ဤငါးတို့၏အမူအရာကို သင်သည် နှစ်သက်သလောဟု မေးလိုသည်ဖြစ်၍-

၁၇၇။ အာသီဝိသမ္ပိ မံ သန္တံ၊ ပဝိဋ္ဌံ ကုမိနာ မုခံ။
ရုစ္စတေ ဟရိတာမာတာ၊ ယံ မံ ခါဒန္တိ မစ္ဆကာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၇၇။ သမ္မ ဟရိတာမာတာ၊ အဆွေ ဖားညို။ ကုမိနာမုခံ၊ မြှုံးဝသို့။ ပဝိဋ္ဌံ၊ ဝင်သော။ အာသီဝိသမ္ပိ၊ ရေမြွေသည်လည်း။ သန္တံ၊ ဖြစ်လတ်သော။ မံ၊ ငါ့ကို။ မစ္ဆကာ၊ ငါးအပေါင်းတို့သည်။ ခါဒန္တိ၊ ခဲကုန်၍။ တေ-တယာ၊ သင်အဆွေသည်။ ယံ၊ အကြင်ခဲခြင်းကို။ ရုစ္စတေ၊ နှစ်သက်၏လော။

ထိုအခါ ရေမြွေကို ဖားညိုသည် အချင်းရေမြွေ ငါသည် နှစ်သက်၏။ အဘယ့်ကြောင့်နည်းဟူမူကား သင်သည် သင်၏နေရာသို့ လာကုန်သော ငါးတို့ကို စား၏။ ငါးတို့သည်လည်း မိမိအရပ်သို့ လာသော သင့်ကို ခဲကုန်၏။ မိမိ၏အရာဖြစ်သော အရပ်၌ မိမိ၏ကျက်စားရာမြေ၌ အားမရှိသောသူ မည်သည်ကား မရှိ၊ ထို့ကြောင့် ငါသည် နှစ်သက်၏ဟု ဆို၍-

၁၇၈။ ဝိလုမ္ပတေ ဝ ပုရိသော၊ ယာဝဿ ဥပကပ္ပတိ။
ယဒါ စညေ ဝိလုမ္ပန္တိ၊ သော ဝိလုတ္တော ဝိလုမ္ပတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သောဤဂါထာကို ဆို၏။

၁၇၈။ သမ္မ၊ အချင်းရေမြွေ။ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ ဝိလုမ္ပတော၊ လုယက်သော။ အဿ၊ ထိုယောက်ျားအား။ ဣဿရိယံ၊ အစိုးရသော အဖြစ်သည်။ ဥပကပ္ပတိ-ဣဇ္ဈတိ၊ ပြည့်စုံ၏။ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။ သော ပုရိသော၊ ထိုယောက်ျားသည်။ အညံ၊ တပါးသောသူကို။ ဝိလုမ္ပတေဝ၊ လုယက် ဖျက်ဆီးသည်သာတည်း။ ယဒါ၊ အကြင်အခါ၌။ အညေ၊ တပါးကုန်သော သူတို့သည်။ ပုရိသဿ၊ ထိုယောက်ျားအား။ ဣဿရာ၊ အစိုးရကုန်သည်။ ဟုတွာ၊ ဖြစ်ကုန်၍။ ဝိလုမ္ပန္တိ၊ လုယက် ဖျက်ဆီးကုန်၏။ အထ၊ ထိုအခါ၌။ သော ဝိလုတ္တော၊ ထိုသူတပါးကို လုယက်ဖျက်ဆီးတတ်သော ယောက်ျားသည်။ ဝိလုမ္ပတိ၊ အစိုးရကုန်သော တပါးကုန်သောသူတို့ကြောင့် ပျက်စီးရ၏။

ဤသို့ ဖျက်ဆီးတတ်သောသူသည် တဖန် ပျက်စီးခြင်းသို့ ရောက်၏ဟု ဘုရားလောင်းသည် ဆုံးဖြတ်သည်ရှိသော် ရေမြွေ၏ အားနည်းသည်၏ အဖြစ်ကိုသိ၍ ရန်သူကို ဖမ်းကုန်အံ့ဟု ငါးအပေါင်းတို့သည် မြှုံးဝမှထွက်ကုန်၍ ထိုအရပ်၌လျှင် ထိုရေမြွေကို အသက်ကုန်ခြင်းသို့ ရောက်စေ၍ ခဲကြကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ အဇာတသတ်မင်းသည် ထိုအခါ ရေမြွေ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဖားညို ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

စည်းလုံးစိတ်တူ၊ ရှိတုံမူ၊ ရန်သူပျက်ယွင်း အောင်ပွဲခင်း

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ဟရိတမဏ္ဍူကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဥပါဟနဝဂ်

၁၀။ မဟာပိင်္ဂလဇာတ်

မတရား မင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သဗ္ဗော ဇနော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာပိင်္ဂလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဒေဝဒတ်သည် မြတ်စွာဘုရား၌ ရန်ငြိုးဖွဲ့ခြင်းကြောင့် ကိုးလလွန်သဖြင့် ဇေတဝန် ကျောင်းတော်တံခါးမုခ်ဦး၌ မြေမျို၏။ ဇေတဝန် ကျောင်းတော်၌နေကုန်သော သူတို့သည်၎င်း တိုင်းအလုံး၌ နေကုန်သော သူတို့သည်၎င်း ဘုရားသခင်၏ ရန်ဆူး ရန်ငြောင့်ဖြစ်သော ဒေဝဒတ်ကိုမြေမျို၏။ ယခု မြတ်စွာဘုရားသည် ပျောက်ကင်းသော ရန်သူရှိ၏ဟု နှစ်သက် ရွှင်လန်းခြင်း ဖြစ်ကုန်၏။ ထိုသူတို့၏ စကားကို အဆင့်ဆင့်သော အသံဖြင့် ကြားကုန်၍ ဇမ္ဗူဒီပါကျွန်းအလုံး၌ နေကုန်သော ဘီးလူး ဘုမ္မစိုဝ်း, ရုက္ခစိုဝ်း နတ်အပေါင်းတို့သည်လည်း နှစ်သက်ရွှင်လန်းကုန်သည်သာလျှင် ဖြစ်ကုန်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဒေဝဒတ်ကို မြေမျိုသည်ရှိသော် ဘုရားသခင်၏ ရန်ဆူးရန်ငြောင့်ဖြစ်သော ဒေဝဒတ်ကို မြေမျို၏ဟု လူများသည် နှစ်သက်သော စိတ်ရှိသည် ဖြစ်၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့်

စည်းဝေးကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဒေဝဒတ်သည် သေသည်ရှိသော် လူအများသည် နှစ်သက် ရွှင်လန်းသည် မဟုတ်သေး၊ ရှေး၌လည်း ဒေဝဒတ်သည် သေသည်ရှိသော် လူများသည် နှစ်သက် ရွှင်လန်းသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတါကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ မဟာပိင်္ဂလအမည်ရှိသော မင်းသည် မတရား မညီညွတ်သဖြင့် မင်းပြု၏။ ချစ်ခြင်းအစရှိသည်တို့၏ အစွမ်းအားဖြင့် မကောင်းမှုကို ပြုလျက် ရာဇဝတ် မင်းဒဏ်ပေးခြင်း အခွန် အတုတ်ယူခြင်း ရွေ့ရှားစေခြင်း အသပြာယူခြင်း အစရှိသည်ကိုပြုသဖြင့် ကြံညှစ်ယန္တရားတို့ဖြင့် ကြံကိုညှစ်ဘိသကဲ့သို့ လူများကို နှိပ်စက်ညှဉ်းဆဲ၏။ ကြမ်းတန်းရုန့်ရင်း၏။ နိုင်ထက်ကလူ မူတတ်၏။ သူတပါးတို့၌ ထိုမဟာပိင်္ဂလမင်း၏ အနည်းငယ်မျှသော သနားခြင်းမည်သည် မရှိ၊ အိမ်၌မိန်းမတို့သည်၎င်း သားသ္မီးတို့သည်၎င်း အမတ် ပုဏ္ဏား သူကြွယ်တို့သည်၎င်း မချစ်မနှစ်သက်အပ်သည် ဖြစ်၏။ မျက်စိ၌ကျသော မြူကဲ့သို့၎င်း ထမင်းဆုပ်၌ကျသော ကျောက်စရစ်ကဲ့သို့၎င်း ဖနောင့်ကို စူး၍ဝင်သော ဆူးကဲ့သို့၎င်း ဖြစ်စေ၏။ ထိုအခါ ဘုရားလောင်းသည် မဟာပိင်္ဂလမင်း၏သား ဖြစ်၏။ မဟာပိင်္ဂလမင်းသည် အခါလေးမြင့် မင်းအဖြစ်ကိုပြု၍ သေ၏ ထိုမဟာပိင်္ဂလမင်းသည် သေသည်ရှိသော် ဗာရာဏသီပြည်၌နေသော သူတို့သည် နှစ်သက်ရွှင်လန်းကုန်သည်ဖြစ်၍ သည်းစွာသော ရယ်ခြင်းကို ရယ်ကုန်၏။ လှည်းအထောင်တို့ဖြင့် မဟာပိင်္ဂလမင်း၏အလောင်းကို သင်္ဂြိုဟ်ကုန်၍ များစွာကုန်သော ရေအိုးအထောင်တို့ဖြင့် သင်းချိုင်းမီးကို ငြိမ်းစေကုန်၍ ဘုရားလောင်းကို မင်းအဖြစ်၌ အဘိသိက် သွန်းကုန်၍ ငါတို့သည် တရားစောင့်သောမင်းကို ရကုန်ပြီဟု နှစ်သက်ရွှင်လန်းကုန်သည် ဖြစ်၍ မြို့၌ ပွဲခံခြင်းကို ပြုကုန်၍ စည်လည်စေ၍ စိုက်အပ်သော တံခွန်ကုက္ကာရှိသည်ဖြစ်၍ မြို့ကိုတန်ဆာဆင်ကုန်၍ တံခါးတိုင်းတံခါးတိုင်း မဏ္ဍပ်ကိုဆောက်စေ၍ ဖရိုဖရဲကြဲအပ်သော ပေါက်ပေါက်ပန်းတို့ဖြင့် တန်ဆာဆင်အပ်သော အပြင်ရှိကုန်သော တန်ဆာဆင်အပ်သောမဏ္ဍပ်တို့၌ နေကုန်၍ ခဲလည်းခဲကုန်၏။ သောက်လည်း သောက်ကုန်၏။

ဘုရားလောင်းသည်လည်း တန်ဆာဆင်အပ်သောပြာသာဒ်၌ စိုက်အပ်သောထီးဖြူရှိသော မြတ်သောပလ္လင်၏အလယ်၌ များစွာသောစည်းစိမ်ကို ခံစားလျက်နေ၏။ အမတ် ပုဏ္ဏား သူကြွယ်တို့သည်၎င်း တိုင်း၌ နေသောသူ တံခါးစောင့်အစရှိသော သူတို့သည်၎င်း မင်းကိုခြံရံ၍ တည်ကုန်၏။ ထိုအခါ တယောက်သော တံခါးစောင့်သည် မဝေးလွန်းသော အရပ်၌တည်၍ ပြင်းစွာသော ထွက်သက်ကို ဖြစ်စေလျက် ပြင်းစွာသောဝင်သက်ကို ဖြစ်စေလျက် ငို၏။ ဘုရားလောင်းသည် ထိုတံခါးစောင့်ကို မြင်၍ ငါ၏အဘသည် သေသည်ရှိသော် ခပ်သိမ်းကုန်သော သူတို့သည် နှစ်သက်ရွှင်လန်းကုန်သည်ဖြစ်၍ ပွဲလမ်းသဘင်ကို ကစားကုန်၏။ သွားလာကုန်၏။ သင်တမူကား ငိုလျက်တည်၏။ ငါ၏ခမည်းတော်ကို သင်သည် ချစ်မြတ်နိုးသလောဟု မေးလိုရကား-

၁၇၉။ သဗ္ဗော ဇနော ဟိံသိတော ပိင်္ဂလေန၊
တသ္မိံ မတေ ပစ္စယာ ဝေဒယန္တိ။
ပိယော နု တေ အာသိ အကဏှနေတ္တော
ကသ္မာ နု တွံ ရောဒသိ ဒွါရပါလ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၇၉။ ဘော ဒွါရပါလ၊ အို တံခါးစောင့်။ ပိင်္ဂလေန၊ ပိင်္ဂလမင်းသည်။ သဗ္ဗော၊ အလုံးစုံသော။ ဇနော၊ လူအပေါင်းကို။ ဟိံသိတော၊ ညှဉ်းဆဲအပ်၏။ တသ္မိံ၊ ထိုပိင်္ဂလမင်းသည်။ မတေ၊ သေသည်ရှိသော်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ညဇနာ၊ လူတို့သည်။ ပစ္စယာ၊ နှစ်သက်ခြင်းတို့ကို။ ဝေဒယန္တိ၊ ခံစားကုန်၏။ တေ၊ သင်သည်ကား။ အကဏှနေတ္တော၊ ကြောင်သောမျက်စိ ရှိသည်၏အဖြစ်ကြောင့် အကဏှနေတ္တဟု ဆိုအပ်သော ပိင်္ဂလမင်းကို။ ပိယော၊ ချစ်သည်။ အာသိ နု၊ ဖြစ်သလော။ တွံ၊ သင်သည်။ ကသ္မာ၊ အဘယ့်ကြောင့်။ ရောဒသိ နု၊ ငိုဘိသနည်း။

ထိုတံခါးစောင့်သည် ထိုဘုရားလောင်း၏ စကားကိုကြား၍ မြတ်သောမင်းကြီး အကျွန်ုပ်သည် သေသောပိင်္ဂလမင်းကို အောက်မေ့၍မငို၊ အကျွန်ုပ်၏ဦးခေါင်းအား ချမ်းသာခြင်းသည် ဖြစ်ပေပြီ၊ ထိုစကားသည် မှန်၏။ ပိင်္ဂလ မင်းသည် ပြာသာဒ်မှ သက်သော်၎င်း တက်သော်၎င်း ပန်းဘဲတို့၏ပေ၌ တူဖြင့်ရိုက်ဘိသကဲ့သို့ အကျွန်ုပ်၏ဦးခေါင်း၌ ရှစ်ချက် ရှစ်ချက် ရိုက်ခြင်းကို ပေး၏။ ထိုပိင်္ဂလမင်းသည် တမလွန်ဘဝ၌ ငရဲသို့လား၍လည်း ငါ၏ဦးခေါင်း၌ ရိုက်ခြင်းကို ပေးဘိသကဲ့သို့ ငရဲစောင့်တို့၏ဦးခေါင်း၌ ရိုက်ခြင်းကိုပေးလတ္တံ့၊ ထိုငရဲထိန်းတို့၏ ဦးခေါင်း၌ ရိုက်ခြင်းကိုပေးလတ်သည်ရှိသော် ထိုပိင်္ဂလမင်းကို ငရဲထိန်းတို့သည် ဤမင်းသည်ကား ငါတို့ကို အလွန်လျှင် ညှဉ်းဆဲ၏ဟု ဤအရပ်သို့သာလျှင် တဖန်ပို့လိုက်ကုန်၍ လွတ်လာရာ၏။ ထိုသို့ လွတ်လာသည်ရှိသော် ထိုပိင်္ဂလမင်းသည် တဖန်လည်း အကျွန်ုပ်၏ ဦးခေါင်း၌ ရိုက်ခြင်းကို ပေးပြန်ရာ၏ဟု ဤသို့ကြောက်သောကြောင့် ငို၏ဟု ဆိုလို၍-

၁၈၀။ န မေ ပိယာ အာသိ အကဏှနေတ္တော။
ဘာယာမိ ပစ္စာဂမနာယ တဿ။
ဣတော ဂတော ဟိံသေယျ မစ္စုရာဇံ၊
သော ဟိံသိတော အာနေယျ ပုန ဣဓ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။

၁၈၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မေ၊ အကျွန်ုပ်သည်။ အကဏှနေတ္တော၊ ပိင်္ဂလမင်းကို။ ပိယော၊ ချစ်အပ်သည်။ န အာသိ၊ မဖြစ်။ သော၊ ထိုပိင်္ဂလမင်းသည်။ ဣတော၊ ဤဘဝမှ။ ဂတော၊ တမလွန်ဘဝသို့ ရောက်လေသည်ရှိသော်။ မစ္စုရာဇံ၊ သေမင်းကို။ ဟိံသေယျ၊ ညှဉ်းဆဲရာ၏။ သော၊ ထိုပိင်္ဂလမင်းသည်။ ဟိံသိတော၊ ညှဉ်းဆဲခြင်းကြောင့်။ တံ၊ ထိုပိင်္ဂလမင်းကို။ ဣဓ၊ ဤအရပ်သို့။ ပုန၊ တဖန်။ မစ္စရာဇာ၊ သေမင်းသည်။ အာနေယျ၊ ပို့ လာပြန်ရာ၏။ တဿ၊ ထိုပိင်္ဂလမင်း၏။ ပစ္စာဂမနာယ၊ တဖန်လာပြန်ခြင်းမှ။ ဘာယာမိ၊ ကြောက်၏။

ထိုအခါ ထိုတံခါးစောင့်ကို ဘုရားလောင်းသည် ထိုပိင်္ဂလမင်းကို ထင်းတို့၏ လှည်းအထောင်တိုက်ဖြင့် သင်္ဂြိုဟ်အပ်လေပြီ၊ သင်္ဂြိုဟ်အပ်ပြီးသော ပိင်္ဂလမင်း၏ သင်းချိုင်းမြေကိုလည်း ထက်ဝန်းကျင်မှ တူးအပ်ပြီ၊ ပြကတေ့အားဖြင့်လည်း တမလွန်ဘဝသို့ သွားကုန်သော သူတို့မည်သည် တပါးသောဘဝ၌ တည်ရာနေရာ ရလေကုန်၏။ တဖန် ထိုကိုယ်ဖြင့်လျှင် မလာနိုင်ကုန်၊ သင်သည် မကြောက်လင့်ဟု တံခါးစောင့်ကို နှစ်သိမ့်စေလျက်-

၁၈၁။ ဒဍ္ဎော ဝါဟသဟဿေဟိ၊ သိတ္တော ဃဋသတေဟိ သော။
ပရိက္ခတာ စသာ ဘူမိ၊ မာ ဘာယိ နာဂမိဿတိ။

ဟူသော ဤဂါထာကို ဆို၏။

၁၈၁။ ဒေါဝါရိက၊ တံခါးစောင့်။ သော၊ ထိုပိင်္ဂလမင်းကို။ ဝါဟသဟဿေဟိ၊ ထင်းလှည်း အထောင်တိုက်တို့ဖြင့်။ ဒဍ္ဎော၊ မီးတိုက်အပ်ပြီး။ ဃဋသတေဟိ၊ ရေအိုးတရာတို့ဖြင့်။ သိတ္တော၊ ရေသွန်းအပ်ပြီ။ သာ စ ဘူမိ၊ ထိုသင်္ချိုင်းရာ မြေကိုလည်း။ ပရိက္ခတာ၊ တူးအပ်ပြီ။ တွံ၊ သင်သည်။ မာ ဘာယိ၊ မကြောက်လင့်။ ပိင်္ဂလော၊ ပိင်္ဂလမင်းသည်။ နာဂမိဿတိ၊ မလာလတ္တံ့။

ထိုအခါမှစ၍ တံခါးစောင့်သည် သက်သာရာကို ရလေ၏။ ဘုရားလောင်းသည်လည်း တရားသဖြင့် မင်းပြု၍ အလှူအစရှိသော ကောင်းမှုတို့ကို ပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ပိင်္ဂလမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပိင်္ဂလမင်း၏သား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

နိုင်ထက်ကလူ၊ ပြုတတ်သူ၊ ဗိုလ်လူမတောင့်တ

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော မဟာပိင်္ဂလဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၁။ သဗ္ဗဒါဌိဇာတ်

ပထဝီဇယမန္တန်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သိင်္ဂါလော မာနတ္တဒ္ဓေါ အစရှိသော ဂါထာ ပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ သဗ္ဗဒါဌဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဒေဝဒတ်သည် အဇာတသတ်မင်းကို ကြည်ညိုစေ၍ ဖြစ်စေအပ်သော လာဘသက္ကာရကို ကြာမြင့်စွာတည်သည်ကို ပြုအံ့သောငှါ မစွမ်းနိုင်၊ နာဠာဂီရိဆင်ဖြင့်တိုက်သောပွဲ၌ တန်ခိုးပြာဋိဟာကို မြင်သောအခါမှစ၍ ထိုဒေဝဒတ်၏ ထိုလာဘသက္ကာရသည် ကွယ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဒေဝဒတ်သည် လာဘသက္ကာရကို ဖြစ်စေ၍ ကြာမြင့်စွာ တည်ခြင်းကိုပြုအံ့သောငှါ မစွမ်းနိုင်ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းကို ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မိန့်တော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် မိမိ၌ ဖြစ်ပြီးသော လာဘသက္ကာရကို ကွယ်စေသည် မဟုတ်သေး၊ ရှေး၌လည်း ကွယ်စေဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ဖြစ်၍ ဗေဒင်သုံးပုံတို့၏၎င်း တဆယ့်ရှစ်ပါးသော အတတ်တို့၏၎င်း ကမ်းတဘက်သို့ရောက်၏။ ထိုပုရောဟိတ် ပုဏ္ဏားသည် ပထဝီဇယအမည်ရှိသော မန္တရားကို တတ်၏။ မြေအပြင်၌ ရန်ကိုလည်စေတတ်သောမန္တရားကို ပထဝီဇယမန္တရားဟု ဆိုအပ်၏။ ထိုအခါ တနေ့သ၌ ဘုရားလောင်းသည် ထိုပထဝီဇယမန္တရားကို သရဇ္ဈာယ်အံ့ဟု တခုသောအပြင်ရှိသော ကျောက်ဖျာ၌ နေ၍ သရဇ္ဈာယ်ခြင်းကို ပြု၏။

ထိုပထဝီဇယမန္တရားကို တပါးသော တည်ကြည်ခြင်းကင်းသောသူကို ကြားစိမ့်သောငှါ မတတ်ကောင်းသတတ်၊ ထို့ကြောင့် ထိုပထဝီဇယမန္တရားကို ထိုပုရောဟိတ်သည် ထိုသို့သဘောရှိသော ကာလ၌ သရဇ္ဈာယ်၏။

ထိုအခါ ပုရောဟိတ် သရဇ္ဈာယ်သောကာလ၌ တခုသော မြေခွေးသည် တခုသောတွင်း၌ ဝပ်လျက် ထိုပထဝီဇယမန္တရားကို ကြား၍ လေ့ကျက်သည်ကို ပြု၏။ ထိုမြေခွေးသည် အခြားမဲ့ဖြစ်၍ လွန်လေပြီးသော ကိုယ်၏အဖြစ်၌ ပထဝီဇယမန္တရားကို လေ့လာသော တယောက်သော ပုဏ္ဏား ဖြစ်ဘူးသတတ်၊ ဘုရားလောင်းသည် သရဇ္ဈာယ်ခြင်းကိုပြု၍ ထ၍ ငါ့အား ဤမန္တရားသည် နှုတ်တက်ပေ၏ဟု ဆို၏။ မြေခွေးသည် တွင်းမှထွက်၍ အို ပုဏ္ဏား၍ မန္တရားသည် သင့်ထက်လည်း ငါ့အားသာလျှင် နှုတ်တက်၏ဟု ဆို၍ ပြေး၏။ ဘုရားလောင်းသည် ဤမြေခွေးသည် များစွာသော အကုသိုလ်ကို ပြုလတ္တံ့၊ ဖမ်းလော့ ဖမ်းလော့ဟုဆို၍ အတန်ငယ် လိုက်၏။ မြေခွေးသည်ပြေး၍ တောသို့ဝင်လေ၏။

ထိုမြေခွေးသည် သွားလေ၍ မြေခွေးမတခုကို အတန်ငယ် ကိုယ်၌ ကိုက်၏။ သခင် အသို့နည်းဟု မေးသည်ရှိသော် သင်သည် ငါ့အား သိ၏လော မသိလောဟု မေး၏။ မြေခွေးမသည် သခင် သိပါ၏ဟု ဆို၏။ ထိုမြေခွေးသည် ပထဝီဇယ မန္တရားကို မန်း၍ များစွာကုန်သော မြေခွေးအရာတို့ကိုစေ၍ ဤအလုံးစုံလည်းဖြစ်ကုန်သော ဆင် မြင်း ခြင်္သေ့ ကျား, ဝက် သမင် အစရှိကုန်သော ခြေလေးချောင်းရှိကုန်သော သတ္တဝါတို့ကို မိမိကို ခြံရံစေ၏။ အခြံအရံပြုပြီး၍ သဗ္ဗဒါဌ အမည်ရှိသော မင်းဖြစ်၍ မြေခွေးမတခုကို မိဖုယားကြီးပြု၍ ဆင်နှစ်စီးတို့၏ ကျောက်ကုန်း၌ ခြင်္သေ့သည် စီးရ၏။ ခြင်္သေ့၏ ကျောက်ကုန်း၌ သဗ္ဗဒါဌ အမည်ရှိသော မြေခွေးမင်းသည် မြေခွေးမမိဖုယားကြီးနှင့်တကွ စီးရ၏။ အခြံအရံများသည် ဖြစ်၏။ ထိုသဗ္ဗဒါဌမြေခွေးသည် အခြံအရံများဖြင့် မာနကို ဖြစ်စေ၏။ ဗာရာဏသီမင်းအဖြစ်ကို ယူအံ့ဟု အလုံးစုံသော အခြေလေးချောင်းရှိသော သားအပေါင်းခြံရံလျက် ဗာရာဏသီပြည်၏ အနီးဖြစ်သော အရပ်သို့ ရောက်လာ၏။ ပရိသတ်တို့သည် တဆယ့်နှစ်ယူဇနာ ရှိကုန်၏။ ထိုသဗ္ဗဒါဌမြေခွေးမင်းသည် အနီး၌တည်လျက်လျှင် မင်းအဖြစ်ကိုတည်း ပေးအံ့လော၊ စစ်ကိုတည်း ထိုးအံ့လောဟု ဗာရာဏသီမင်းအား စေလိုက်၏။ ဗာရာဏသီပြည်၌ နေကုန်သောလူတို့သည် ကြောက်ရွံ့ထိတ်လန့်ကုန်သည်ဖြစ်၍ မြို့တံခါးတို့ကို ပိတ်၍ နေကုန်၏။

ဘုရားလောင်းသည် မင်းသို့ကပ်၍ မြတ်သောမင်းကြီး သဗ္ဗဒါဌမည်သောမြေခွေးနှင့် စစ်ထိုးခြင်းသည် အကျွန်ုပ်၏ ဝန်တည်း၊ အကျွန်ုပ်ကိုထား၍ ထိုသဗ္ဗဒါဌမြေခွေးနှင့်တကွ စစ်ထိုးအံ့သောငှါ စွမ်းနိုင်သောသူမည်သည် မရှိဟုဆို၍ ဘုရားလောင်းသည် မင်းကို၎င်း မြို့သူတို့ကို၎င်း နှစ်သိမ့်စေ၍ အသို့ပြု၍ သဗ္ဗဒါဌသည် မင်းအဖြစ်ကို ယူလတ္တံ့နည်းဟု ရှေးဦးစွာ ထိုသဗ္ဗဒါဌမြေခွေးကို မေးဦးအံ့ဟု ဆို၍ တံခါးပစ္စင်သို့တက်၍ အချင်း သဗ္ဗဒါဌ အသို့ပြု၍ ဤပြည်ကို ယူအံ့နည်းဟု မေး၏။ ခြင်္သေ့ကိုဟောက်စေ၍ လူများကို ခြင်္သေ့သံဖြင့် ထိတ်လန့်စေ၍ ယူအံ့ဟု ဆို၏။ ဘုရားလောင်းသည် ထိုအကြောင်းသည် ရှိ၏ဟု သိ၍ ပစ္စင်မှ ဆင်းသက်၍ အလုံးစုံ တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီပြည်၌ နေကုန်သောလူတို့သည် နားပေါက်တို့ကို ပဲကြီး မုံညက်တို့ဖြင့် ပိတ်စေကုန် သတည်းဟု စည်လည်စေ၏။ လူများသည် စည်သံကိုကြား၍ အယုတ်သဖြင့် ကြောင်တို့ကိုအစပြု၍ အလုံးစုံသော အခြေလေးချောင်းရှိသော သားတို့၏၎င်း မိမိတို့၏၎င်း နားပေါက်တို့ကို အကြင်အခြင်းဖြင့် ဆို့ပိတ်သည်ရှိသော် သူတပါး၏အသံကို ကြားအံ့သောငှါ မတတ်ကောင်း၊ ထိုအခြင်းဖြင့် ပဲကြီးမှုံညက်ဖြင့် ပိတ်၏။

ထိုအခါ ဘုရားလောင်းသည် တဖန် ပစ္စင်သို့တက်၍ သဗ္ဗဒါဌဟု ခေါ်၏။ ပုဏ္ဏား အသို့နည်းဟု ဆိုသည်ရှိသော် ဤပြည်ကို အသို့ပြု၍ ယူအံ့နည်းဟု ဆို၏။ ခြင်္သေ့ကို ဟောက်စေ၍ လူတို့ကို ပျက်စီးစေ၍ အသက်ကုန်ခြင်းသို့ ရောက်စေ၍ ယူအံ့ဟု ဆိုသည်ရှိသော် ခြင်္သေ့ကို ဟောက်စေခြင်းငှါ မစွမ်း နိုင်လတ္တံ့၊ ထိုစကားသည် မှန်၏။ မြတ်သောအမျိုးနှင့် ပြည့်စုံကုန်သော တင့်တယ်စွာသော နီသော လက်ခြေရှိကုန်သော ကေသရာဇာ ခြင်္သေ့မင်းတို့သည် ထိုသို့သဘောရှိသော မြေခွေးအို၏ အာဏာကို မပြုကုန်လတ္တံ့ဟု ဆိုသည်ရှိသော် မြေခွေးသည် မာန်ဖြင့် ခိုင်မာသည်ဖြစ်၍ တပါးကုန်သော ခြင်္သေ့တို့ကို ထားဘိဦး၊ ငါသည် အကြင်ခြင်္သေ့၏ ကျောက်ကုန်း၌ နေ၏။ ထိုခြင်္သေ့ကိုပင်လျှင် ဟောက်စေဦးအံ့ဟု ဆို၏။ အကယ်၍ စွမ်းနိုင်သည်ဖြစ်အံ့၊ ထိုသို့ စွမ်းနိုင်တပြီးကား ဟောက်စေလောဟု ဆိုသည်ရှိသော် ထိုသဗ္ဗဒါဌ မြေခွေးသည် အကြင်ခြင်္သေ့၌ စီး၏။ ထိုခြင်္သေ့အား ဟောက်လော့ဟု ခြေဖြင့် အမှတ်ပေး၏။

ခြင်္သေ့သည် ဆင်ဦးကင်း၌ မျက်နှာကိုမော်၍ သုံးကြိမ်, တားမြစ်ခြင်းငှာ မစွမ်းနိုင်သော ခြင်္သေ့သံကို ဟောက်၏။ ဆင်တို့သည် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ မြေခွေးကို ခြေရင်း၌ ကျစေကုန်၍ ထိုမြေခွေး၏ ဦးခေါင်းကို ခြေဖြင့်နင်းကုန်၍ မှုန့်မှုန့်ညက်ညက်ကြေသည်ကို ပြုကုန်၏။ သဗ္ဗဒါဌမြေခွေးသည် ထိုအရပ်၌လျှင် အသက်ကုန်ခြင်းသို့ ရောက်၏။ ဆင်တို့သည်လည်း ခြင်္သေ့ သံကို ကြားကုန်၍ သေဘေးမှ ကြောက်ကုန်သောကြောင့် အချင်းချင်း တိုးမိကြကုန်၍ ထိုအရပ်၌လျှင် သေခြင်းသို့ ရောက်ကုန်၏။ ခြင်္သေ့တို့ကို ထားကုန်၍ ကြွင်းကုန်သော သမင် ဝက် အစရှိကုန်သော ယုန် ကြောင် အဆုံး ရှိကုန်သော ခပ်သိမ်းကုန်သော အခြေလေးချောင်းရှိကုန်သော သားတို့သည် အသက်ကုန်ခြင်းသို့ ရောက်ကုန်၏။ ခြင်္သေ့တို့သည် ပြေးကုန်၍ တောသို့ ဝင်ကုန်၏။ အသားစုသည် တဆယ့်နှစ်ယူဇနာရှိသည် ဖြစ်၏။

ဘုရားလောင်းသည် ပစ္စင်မှဆင်း၍ မြို့တံခါးတို့ကိုဖွင့်စေ၍ ခပ်သိမ်းကုန်သော ပြည်သူတို့ကို မိမိ၏နားတို့၌ ပဲကြီးမုံညက်တို့ကိုပယ်စေ၍ အသားဖြင့် အလိုရှိကုန်သောသူတို့သည် အသားကို ဆောင်စေကုန်သတည်းဟု မြို့၌ စည်လည်စေ၏။ လူတို့သည် အသားစိုင်ကို စားကုန်၍ ကြွင်းကုန်သော အသားတို့ကို အခြောက်လှန်းကုန်၍ အမဲညှင်းကို ပြုကုန်၏။ ထိုကာလ၌ အမဲညှင်းပြုခြင်းသည် ထင်ရှားသည် ဖြစ်၏ဟု ဆိုကုန်သတတ်၊ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍-

၁၈၂။ သိင်္ဂါလော မာနတ္ထဒ္ဓေါ စ၊ ပရိဝါရေန အတ္ထိကော။
ပါပုဏိ မဟတိံ ဘူမိံ၊ ရာဇာသိ သဗ္ဗဒါဌိနံ။
၁၈၃။ ဧဝမေဝ မနုဿေသု၊ ယော ဟောတိ ပရိဝါရဝါ။
သောဟိ တတ္ထ မဟာ ဟောတိ၊ သိင်္ဂါလော ဝိယ ဒါဌိနံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

၁၈၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ယော သိင်္ဂါလော၊ အကြင်မြေခွေးသည်။ သဗ္ဗဒါဌိနံ၊ အလုံးစုံအစွယ်ရှိကုန်သော သတ္တဝါတို့၏။ ရာဇာ၊ မင်းဖြစ်၍။ မဟတိံ ဘူမိံ၊ ကြီးမြတ်သော စည်းစိမ်ကို။ လဒ္ဓါ၊ ရသည်။ အသိ၊ ဖြစ်၏။ သော သိင်္ဂါလော၊ ထိုမြေခွေးသည်။ မာနတ္တဒ္ဓေါ စ၊ အခြံအရံကိုမှီ၍ ဖြစ်သော မာနဖြင့် ခိုင်မာသည်ဖြစ်၍။ ပရိဝါရေန၊ ရပြီးသော အခြံအရံထက် အလွန်ဖြစ်သော အခြံအရံဖြင့်။ အတ္ထိကော၊ အလိုရှိသည်ဖြစ်၍။ ဝိနာသံ၊ ပျက်စီးခြင်းသို့။ ပါပုဏိ၊ ရောက်၏။

၁၈၃။ ဘိက္ခဝေ၊ ရဟန်းတို့။ သိင်္ဂါလော၊ မြေခွေးသည်။ ဒါဌိနံ၊ အစွယ်ရှိကုန်သော သတ္တဝါတို့ထက်။ မဟာ၊ မြတ်သည်။ ဟောတိ ဝိယ၊ ဖြစ်သကဲ့သို့။ ဝေမေဝ၊ ဤအတူသာလျှင်။ မနုဿေသု၊ လူတို့တွင်။ ယော၊ အကြင်သူသည်။ ပရိဝါရဝါ၊ အခြံအရံနှင့်ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။ သော ဟိ၊ ထိုသူသည်သာလျှင်။ တတ္ထ၊ ထိုလူအပေါင်း၌။ မဟာ၊ မြတ်သည်။ ဟောတိ၊ ဖြစ်၏။ အထ-ပစ္ဆာ၊ ထို့နောင်မှ။ သော၊ ထိုသူသည်။ သိင်္ဂါလော ဝိယ၊ မြေခွေးကဲ့သို့။ ပမာဒံ၊ မေ့လျော့ခြင်းသို့။ အာပဇ္ဇိတွာ၊ ရောက်၍။ တံ ပရိဝါရံ၊ ထိုအခြံအရံကို။ နိဿာယ၊ အမှီပြု၍။ ဝိနာသံ၊ ပျက်စီးခြင်းသို့။ ပါဏာတိ၊ ရောက်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မြေခွေးဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုရောဟိတ်ပုဏ္ဏား ဖြစ်ဘူးပြီဟု ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

မန္တန်တတ်မှု၊ အကြောင်းပြု၊ သားစု သေပျက်ပြုန်း

ရှေးဦးစွာသော သဗ္ဗဒါဌဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၂။ သုနခဇာတ်

ခွေးလိမ္မာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တက္ခသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဗာလော ဝတာယံ သုနခေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုနခဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် နေရာဇရပ်ဝယ် ခွေးစားခွက်၌ ထမင်းကို စားသောခွေးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုခွေးကို မွေးဦးစ ကာလမှစ၍ ရေခပ်ကုန်သောသူတို့သည် ယူကုန်၍ ထိုဇရပ်၌ မွေးကုန်သတတ်၊ နောက်အဘို့၌ ထိုဇရပ်၌ ထမင်းကိုစားလျက် ဆူဖြိုးသောကိုယ်ရှိသည် ဖြစ်၏။ ထိုအခါ တနေ့သ၌ ရွာ၌နေသော ယောက်ျားတို့သည် ထိုဇရပ်သို့ ရောက်လေသော် ခွေးကိုမြင်၍ ရေခပ်ကုန်သောသူတို့အား အပေါ်ရုံပုဆိုးကို၎င်း အသပြာကို၎င်း ပေး၍ တောက်ဖြင့်ဖွဲ့၍ ထိုခွေးကို ယူ၍ သွား၏။ ထိုခွေးသည် ယူဆောင်သည်ရှိသော်မမြည် ပေးတိုင်း ပေးတိုင်းသောအစာကို စားလျက် နောက်မှလိုက်၏။ ထိုအခါ ထိုယောက်ျားသည် ဤခွေးသည် ယခုအခါ ငါ့ကို အကျွမ်းဝင်၏ဟု တောက်ကို ဖြေ၏။ ထိုခွေးသည် လွှတ်တည့်ကာမျှဖြင့် တဟုန်တည်း နေရာဇရပ်သို့လျှင် ပြေးလာ၏။ ရဟန်းတို့သည် ထိုခွေးကို မြင်ကုန်၍ ထိုခွေးသည် ပြုအပ်သော အကြောင်းကို သိကုန်၍ ညချမ်းသောအခါ တရားသဘင်၌ ငါ့သျှင်တို့ နေရာဇရပ်၌ ခွေးသည် အနှောင်အဖွဲ့မှ လွတ်ခြင်း၌ လိမ္မာသည်ဖြစ်၍ လွှတ်တည့်ခြင်းလျှင် တဖန် ပြန်လာ၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ထိုခွေးသည် ယခုအခါ၌သာလျှင် အနှောင်အဖွဲ့မှ လွတ်ခြင်း၌ လိမ္မာသည် မဟုတ်သေး၊ ရှေး၌လည်း လိမ္မာသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်း၌ တဦးသော များသောစည်းစိမ်ရှိသော အမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် အိမ်ရာထောင်ခြင်းကိုယူ၏။ ထိုအခါ ဗာရာဏသီပြည်၌ တယောက်သောလူအား ခွေးသည် ရှိ၏။ ထိုခွေးသည် ထမင်းဆုပ်ကို ရခြင်းကြောင့် ဆူဖြိုးသော ကိုယ်ရှိ၏။ ထိုအခါ တယောက်သော ရွာသားသည် ဗာရာဏသီပြည်သို့ လာသည်ရှိသော် ထိုခွေးကိုမြင်၍ ထိုခွေးရှင်ယောက်ျားအား အပေါ်ရုံပုဆိုးကို၎င်း အသပြာကို၎င်း ပေး၍ ခွေးကိုယူ၍ သားရေလွန်ဖြင့်ချည်၍ လွန်စွန်း၌ကိုင်၍ သွားသည်ရှိသော် တောဝ၌ တခုသောဇရပ်သို့ ဝင်၍ ခွေးကိုချည်၍ ပျဉ်၌လျောင်း၍ အိပ်ပျော်ခြင်းသို့ ရောက်၏။ ထိုအခါ ဘုရားလောင်းသည် တစုံတခုသော ပြုဘွယ်ကိစ္စကြောင့် တောဝသို့ ရောက်သည်ရှိသော် လွန်ဖြင့်ချည်၍ ထားအပ်သောခွေးကို မြင်၍-

၁၈၄။ ဗာလော ဝတာယံ သုနခေါ၊ ယော ဝရတ္တံ န ခါဒတိ။
ဗန္ဓနာ စ ပမုဉ္စေယျ။ အသိတော စ ဃရံ ဝဇေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၈၄။ ယော သုနခေါ၊ အကြင်ခွေးသည်။ ဝရတ္တံ၊ သားရေလွန်ကို န ခါဒတိ၊ မစား။ အယံ သုနခေါ၊ ဤခွေးသည်။ ဗာလော ဝတ၊ မိုက်စွတကား။ ဗန္ဓနာ စ၊ အနှောင်အဖွဲ့မှလည်း။ ပမုဉ္စေယျ၊ လွတ်စေ၍။ အသိတော စ၊ ဝသည်ဖြစ်၍လည်း။ ဃရံ၊ မိမိနေရာအရပ်သို့။ ဝဇေ၊ ပြေးလေလော့။

ထိုစကားကို ကြား၍ ခွေးသည်-

၁၈၅။ အဓိဋ္ဌိတံ မေ မနသ္မိံ မေ၊ အထော မေ ဟဒယေ ကတံ။
ကာလဉ္စ ပဋိကင်္ခါမိ၊ ယာဝ ပဿုပတူ ဇနော။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၈၅။ သာမိ၊ အရှင်။ တုမှေ၊ သင်တို့သည်။ ယံ ဝစနံ၊ အကြင်စကားကို။ ကထေထ၊ ဆိုကုန်၏။ တံ ဝစနံ၊ ထိုစကားကို။ မေ၊ ငါ၏။ မနသ္မိံ၊ စိတ်၌။ မေ၊ ငါသည်။ အဓိဋ္ဌိတံ၊ ဆောက်တည်အပ်၏။ အထော၊ ထိုမြို့။ မေ၊ ငါသည်။ ဟဒယေ၊ နှလုံး၌။ ကတံ ကတော၊ ပြုအပ်သလျှင်ကတည်း။ ဇနော၊ လူများသည်။ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ ပဿုပတု၊ အိပ်စေသတည်း။ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။ နိသီဒိသာမီတိ၊ နေဦးအံ့ဟူ၍။ ကာလဉ္စ၊ ကာလကိုလည်း။ ပဋိကင်္ခါမိ၊ ငံ့လင့်၏။

ထိုခွေးသည် ဤသို့ဆို၍ လူအများသည် အိပ်ပျော်ခြင်းသို့ ရောက်သည်ရှိသော် လွန်ကိုစား၍ ဝသည်ဖြစ်၍ ပြေးလေ၍ မိမိ၏ အရှင်တို့၏ အိမ်သို့လျှင် သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ခွေးသည်သာလျှင် ထိုအခါ ခွေးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိယောက်ျား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ်ရေးကိုယ်တာ၊ လွတ်ကြောင်းရှာ၊ မျက်နှာရွှင်ရွှင်သုံး

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သုနခဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၃။ ဂုတ္တိလဇာတ်

စောင်းဝိဇ္ဇာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သတ္တတန္တိံ သုမဓုရံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂုတ္တိလဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တရားသဘင်၌ ရဟန်းတို့သည် ဒေဝဒတ်ကို ငါ့သျှင်ဒေဝဒတ် မြတ်စွာဘုရားသည် သင်၏ ဆရာတည်း၊ ငါ့သျှင်သည် မြတ်စွာဘုရားကိုမှီ၍ ပိဋကတ်သုံးပုံတို့ကို သင်၏။ လေးပါးကုန်သော ဈာန်တို့ကိုဖြစ်စေ၏။ ဆရာ၏ ရန်သူဖြစ်ခြင်းသည် မသင့်ဟု ဆိုကုန်၏။ ဒေဝဒတ်သည် ငါ့သျှင်တို့ ရဟန်းဂေါတမသည် အဘယ်မှာလျှင် ငါ၏ဆရာ ဟုတ်အံ့နည်း၊ ငါသည် မိမိ၏အစွမ်းအားဖြင့်သာလျှင် ပိဋကတ်သုံးပုံတို့ကို၎င်း လေးပါးကုန်သော ဈာန်တို့ကို၎င်း ဖြစ်စေအပ်သည်ဟု ဆို၍ ဆရာကို စွန့်၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဒေဝဒတ်သည် ဆရာကိုစွန့်၍ ဆရာဖြစ်သော ဘုရား၏ရန်သူဖြစ်၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်သော် အရှင်ဘုရား ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဒေဝဒတ်လည် ယခုအခါ ယခုအခါ၌သာလျှင် ဆရာဖြစ်သော ငါ့ကိုစွန့်၍ ငါ၏ရန်သူဖြစ်၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်သည်မဟုတ်သေး၊ ရှေး၌လည်း ရောက်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် စောင်းသမားအမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်းအား ဂုတ္တိလသတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုဂုတ္တိလသည် အရွယ်သို့ရောက်သည်ရှိသော် စောင်းအတတ်၌ အပြီးသို့ရောက်၍ ဇမ္ဗူကျွန်းအလုံး၌ မြတ်သောစောင်းသမား ဖြစ်၏။ ထိုဂုတ္တိလစောင်းသမားသည် သားမယားမွေးခြင်းကို မပြုမူ၍ မိဘမျက်မမြင်တို့ကို မွေးကျွေး၏။ ထိုအခါ ဗာရာဏသီပြည်သားတို့သည် ကုန်သွယ်အံ့သောငှါ ဥဇ္ဇေနီပြည်သို့ သွားကုန်၍ ပွဲသဘင်ကြွေးကြော်လတ်ကုန်သည်ရှိသော် ဆန္ဒကိုတပေါင်းတည်း ပြည့်ကုန်၍ များစွာသော ပန်း နံ့သာ နံ့သာပျောင်းတို့ကို၎င်း ခဲဘွယ် ဘောဇဉ်အစရှိသည်တို့ကို၎င်း ယူကုန်၍ ကစားရာအရပ်၌ စည်းဝေးကုန်၍ အခဖြင့် တယောက်သော စောင်းသမားကို ဆောင်ချေကုန်လောဟု ဆိုကုန်၏။ ထိုအခါ ဥဇ္ဇေနီပြည်၌ မူသိလအမည်ရှိသော စောင်းသမားကြီးသည် ရှိ၏။ ထိုကုန်သည်တို့သည် မူသိလ စောင်းသမားကို ခေါ်စေကုန်၍ မိမိ၏ စောင်းတီးခြင်းအတတ်ကို ပြုစေကုန်၏။

မူသိလသည် စောင်းကိုတီးလတ်သည်ရှိသော် အမြတ်ဖြစ်သော တီးခြင်းဖြင့်တီး၍ မြည်စေ၏။ ဂုတ္တိလ စောင်းသမား၏ စောင်းသံ၌ ဖြစ်ဘူးသော လေ့ကျက်ခြင်းရှိကုန်သော ထိုကုန်သည်တို့အား ထိုမူသိလ၏ စောင်းသံသည် ဝါးခြမ်းစိပ်အတံ စောင်းကိုတီးသကဲ့သို့ဖြစ်၍ ထင်၏။ တယောက်သော သူသည်မူလည်း ရွှင်သောအခြင်းအရာကို မပြ၊ မူသိလသည် ထိုကုန်သည်တို့သည် နှစ်သက်သောအခြင်းအရာကို မပြကုန်သည်ရှိသော် ငါသည် အလွန်ကြမ်းသည်ကို ပြု၍ တီးမိယောင်တကားဟု အလတ်ဖြစ်သော တီးခြင်းဖြင့်တီး၍ အလတ်ဖြစ်သောအသံကို မြည်စေသည်ရှိသော် ထိုအလတ်ဖြစ်သော အသံတို့၌ လျစ်လျူတည်ကုန်သည်သာလျှင် ဖြစ်ကုန်၏။ ထိုအခါ ထိုမူသိလသည် ဤသူတို့သည် တစုံတခုကို မသိကုန်ယောင်တကားဟု မိမိသည်လည်း မသိသကဲ့သို့ဖြစ်၍ ညှို့တို့ကို လျော့သည်ကိုပြု၍ တီး၏။ ထိုကုန်သည်တို့သည် ထိုသို့တီးရာ၌လည်း တစုံတခုကို မဆိုကုန်၊ ထိုအခါ ထိုကုန်သည်တို့ကို မူသိလသည် အို... ကုန်သည်တို့ ငါသည် စောင်းကို တီးလတ်သော် သင်တို့သည် အဘယ်ကြောင့် မနှစ်သက်ကြကုန်သနည်းဟု မေး၏။ သင်သည် စောင်းကို တီးသလော၊ ငါတို့သည်ကား ဤမူသိလသည် စောင်းကိုတီး၏ ဟူသော အမှတ်ကို မပြုကုန်ဟု ကုန်သည်တို့သည် ဆိုကုန်၏။ သင်တို့သည် ငါ့ထက် လွန်မြတ်သော ဆရာကို သိကုန်သလော၊ ထိုသို့မဟုတ်မူကား မသိမလိမ္မာသည်၏အဖြစ်ကြောင့် မနှစ်သက်ကုန်သလောဟု ဆိုသည်ရှိသော် ကုန်သည်တို့သည် ဗာရာဏသီပြည်၌ ဂုတ္တိလ စောင်းသမား၏ စောင်းသံကို ကြားဘူးကုန်သော ငါတို့အား သင်၏စောင်းသံသည် မိန်းမတို့သည် သူငယ်တို့ကို နှစ်သိမ့်စေသော အသံကဲ့သို့ ထင်ကုန်၏ဟု ဆိုကုန်၏။ ထိုသို့တပြီးကား သင်တို့သည် ငါ့အား ပေးအပ်သောရိက္ခာကို ခံယူကြကုန်လော့။ ငါ့အား ထိုရိက္ခာဖြင့် အလိုမရှိ၊ စင်စစ်သော်ကား ဗာရာဏသီပြည်သို့ သွားကုန်သည်ရှိသော် ငါ့ကိုဆောင်၍ သွားကုန်လော့ဟု မူသိလသည် ဆို၏။ ထိုကုန်သည်တို့သည် ကောင်းပြီဟု ဝန်ခံကုန်၍ သွားသောကာလ၌ ထိုမူသိလကိုခေါ်၍ ဗာရာဏသီပြည်သို့ သွားကုန်၍ ထိုမူသိလအား ဂုတ္တိလ၏ နေရာအရပ်ကား ထိုအရပ်တည်းဟု ကြားကုန်၍ မိမိ မိမိတို့၏ အိမ်သို့ သွားကုန်၏။

မူသိလသည် ဘုရားလောင်း၏ အိမ်သို့ဝင်၍ ဆွဲ၍ထားအပ်သော စောင်းကိုမြင်၍ ယူ၍ တီး၏။ ထိုအခါ ဘုရားလောင်း၏ မိဘတို့သည် စက္ခုအလင်းမရသည်၏ အဖြစ်ကြောင့် ထိုမူသိလကို မမြင်ကုန်သည်ဖြစ်၍ ကြွက်တို့သည် စောင်းကို ကိုက်ကုန်၏ဟု ထင်ကုန်၍ သုသုဟု ဆိုကုန်၏။ ထိုအခါ မူသိလသည် စောင်းကိုထား၍ ဘုရားလောင်း၏ မိဘတို့ကို ရှိခိုး၍ မိခင် ဘခင်တို့-စောင်းတီးသည်ကား ငါတည်းဟု ဆို၍ သင်သည် အဘယ်အရပ်မှ လာသနည်းဟု ဆိုသည်ရှိသော် ဆရာ၏အထံ၌ အတတ်ကို သင်အံ့သောငှါ ဥဇ္ဇေနီပြည်မှ လာ၏ဟုဆို၏။ ထိုဘုရားလောင်း၏ မိဘတို့သည် ကောင်းပြီဟု ဆိုသည်ရှိသော် ဆရာ အဘယ်အရပ်မှာနည်းဟု မေး၍ အမောင် တပါးသို့ သွားသေး၏။ ယခုအခါ ရောက်လတ္တံ့ ဟု ဆိုသောစကားကို ကြား၍ ထိုအရပ်၌ပင်လျှင်နေ၍ ဘုရားလောင်းလာလတ်သည်ကိုမြင်၍ ထိုဘုရားလောင်းသည် ပြုအပ်သော အစေ့အစပ်ရှိသည်ဖြစ်၍ မိမိ၏ လာသောအကြောင်းကို ကြား၏။ ဘုရားလောင်းသည် အင်္ဂဝိဇ္ဇာကို တတ်သည်ဖြစ်၍ ထိုမူသိလ၏ သူတော်မဟုတ်သည်၏ အဖြစ်ကိုသိ၍ ညီထွေး သွားလေ၊ သင့်အတတ်သည် မရှိဟု ပယ်၏။ ထိုမူသိလသည် ဘုရားလောင်း၏ မိဘတို့၏ ခြေတို့ကိုကိုင်၍ ဆုပ်နယ်ခြင်းကို ပြုလျက် ထိုမိဘတို့ကို ကြား၍ အကျွန်ုပ်အား အတတ်ကို ပေးပါစေကုန်လော့ဟု တောင်းပန်၏။ ဘုရားလောင်းအား မိဘတို့သည် အဖန် တလဲလဲ ဆိုအပ်သည်ရှိသော် ထိုမိဘတို့ကို လွန့်အံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ အတတ်ကို ပေး၏။ ထိုမူသိလသည် ဘုရားလောင်းနှင့်တကွ မင်းအိမ်သို့ သွား၏။ မင်းသည် မူသိလကိုမြင်၍ ဆရာ ဤသူကား အဘယ်သူနည်းဟုမေး၏ မြတ်သောမင်းကြီး ဤသူကား အကျွန်ုပ်၏တပည့်တည်းဟု လျောက်၏။ ထိုမူသိလသည် အစဉ်သဖြင့် မင်းအား အကျွမ်းဝင်ခြင်းသည် ဖြစ်၏။ ဘုရားလောင်းသည် ဆရာ၏ လက်ဆုပ်ကို မပြုမူ၍ မိမိသိသောအမှတ်ဖြင့် အလုံးစုံသောအတတ်ကို သင်စေ၍ အမောင် အတတ်သည်ပြီး၏။ ဟု ဆို၏။

ထိုမူသိလသည် ငါသည် အတတ်ကို လေ့လာအပ်ပြီ၊ ဤဗာရာဏသီမြို့သည်လည်း ဇမ္ဗူကျွန်းအလုံး၌ မြတ်သော မြို့တည်း၊ ဆရာသည်လည်း အိုမင်းပြီ၊ ဤဗာရာဏသီမြို့၌လျှင် ငါသည် နေခြင်းငှါ သင့်၏ဟု ကြံ၏။ ကြံပြီး၍ ထိုမူသိလသည် ဆရာကို ဆရာ ကျွန်ုပ်သည် မင်းကိုခစားအံ့ဟုဆို၏။ ဆရာသည် အမောင် ကောင်းပြီ မင်းအား လျောက်ဦးအံ့ဟု ဆို၍ သွားပြီးလျှင် မြတ်သောမင်းကြီး အကျွန်ုပ်၏တပည့်သည် အရှင်မင်းကြီးကို ခစားခြင်းငှါ အလိုရှိ၏။ ထိုသူအား ပေးဘွယ်ဝတ္ထုကို သိတော်မူကုန်လော့ဟု မင်းအား လျှောက်၍ မင်းသည် သင်တို့အား ပေးအပ်သောဝတ္ထုမှ ထက်ဝက်ကို ရလတ္တံ့ဟု ဆိုသည်ရှိသော် ထိုအကြောင်းကို မူသိလအား ကြား၏။ မူသိလသည် ဆရာ ငါသည် သင်တို့နှင့်အမျှသော ဆုလာဘ်ကို ရသည်ရှိသော် ခစားအံ့၊ မရသည်ရှိသော် မခစားအံ့ဟု ဆို၏။ အဘယ်ကြောင့်နည်းဟု ဆိုသည်ရှိသော် ငါသည် ဆရာတတ်သော အလုံးစုံသောအတတ်ကို တတ်သည် မဟုတ်တုံလောဟုဆို၏။ တတ်၏ဟု ဘုရားလောင်းဆိုသည်ရှိသော် ဤသို့ ဆရာနှင့်အမျှတတ်လျက် အဘယ်ကြောင့် ငါ့အား ထက်ဝက်သောဥစ္စာကိုသာ ပေးလတ္တံ့နည်းဟု ဆို၏။ ဘုရားလောင်းသည် မင်းအား ကြား၏။ မင်းသည် ဆရာ ဤသို့ဖြစ်သည်ရှိသော် သင်တို့နှင့်အမျှ အတတ်ကို ပြခြင်းငှါ စွမ်းနိုင်မူကား အမျှဖြစ်သော ဆုလာဘ်ကို ရလတ္တံ့ဟု ဆို၏။ ဘုရားလောင်းသည် မင်း၏စကားကို မူသိလအား ကြား၍ ထိုမူသိလသည် ကောင်းပြီ ပြအံ့ဟု ဆိုသည်ရှိသော် မင်းအား ထိုအကြောင်းကို လျှောက်၍ ဆရာ ကောင်းပြီ ပြစေလော၊ အဘယ်နေ၌ ဆွေးနွေး ပြိုင်ဆိုင်ကြခြင်းသည် ဖြစ်လတ္တံ့နည်းဟု ဆိုသည်ရှိသော် မြတ်သောမင်းကြီး ခုနစ်ရက်မြောက်သော နေ့၌ ဖြစ်စေလော့ဟု လျှောက်၏။

မင်းသည် မူသိလကို ခေါ်စေ၍ မူသိလ သင်သည် ဆရာနှင့်တကွ အတတ်ပညာ ဆွေးနွေးပြိုင်ဆိုင်ခြင်းကို ပြုလတ္တံ့ဟူ၍ကြားရသည်ကား မှန်သလောဟု မေး၍ မှန်ပေ၏ဟု လျောက်သည်ရှိသော် မူသိလ ဆရာနှင့်တကွ ပြိုင်ဆိုင်ခြင်းမည်သည်ကား မအပ်၊ မပြုလင့်ဟု မြစ်သော်လည်း မြတ်သောမင်းကြီး မသင့်၊ အကျွန်ုပ်၏ ဆရာနှင့်တကွ ခုနစ်ရက်မြောက်သောနေ့၌ ပြိုင်ဆိုင်ဆွေးနွေးခြင်းသည် ဖြစ်ပါစေသတည်း၊ ဆရာတပည့်နှစ်ယောက်တို့တွင် တယောက်ယောက် တတ်သည်၏အဖြစ်ကို သိရလတ္တံ့ဟု ဆို၏။ မင်းသည် ကောင်းပြီဟု ဝန်ခံ၍ ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ဆရာဂုတ္တိလသည်၎င်း တပည့်မူသိလသည်၎င်း မင်းအိမ်တံခါး၌ အချင်းချင်း ပြိုင်ကြကုန်၍ အတတ်ကို ပြကုန်လတ္တံ့။ မြို့သူတို့သည် စည်းဝေးကုန်၍ အတတ်ကို ကြည့်ကုန်လော့ဟု စည်လည်စေ၏။ ဘုရားလောင်းသည် ကြံ၏။ အသို့ကြံသနည်း ဟူမူကား ဤမူသိလသည် ငယ်နု ပျိုမျစ်၏။ ငါကား ကြီးရင့်ချေပြီ၊ ငါ့အားအစွမ်း လျော့ချေပြီ၊ သူအို၏ အမူအရာမည်သည်ကား မပြည့်စုံ၊ တပည့်မည်သည်ကား ရှုံးသော်လည်း အထူးမရှိ၊ တပည့်အား အောင်ခြင်းသည် ရှိလတ်သော် ဆရာသည် အရှက်ရချေ၏။ တောဝင်၍ သေခြင်းသည် ကောင်းမြတ်၏ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် တောသို့ဝင်၍ သေရအံ့သည်မှ ကြောက်သောကြောင့် ပြန်၏။ ရှက်ရအံ့သည်မှ ကြောက်သောကြောင့် သွား၏။ ဤသို့ ဘုရားလောင်းသည် သွားခြင်း လာခြင်းကို ပြုစဉ်သာလျှင် ခြောက်ရက်တို့သည် လွန်ကုန်၏။ မြက်တို့သည် သေကုန်၏။ ခြေကြောင်းခရီးသည် ဖြစ်၏။ ထိုခဏ သိကြားမင်း၏နေရာ ကျောက်ဖျာသည် ပူသော အခြင်းအရာကို ပြ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သည်ရှိသော် ထိုအကြောင်းကိုသိ၍ ဂုတ္ထိလစောင်းသမားသည် တပည့်မှ ကြောက်ခြင်းကြောင့် တော၌ ကြီးစွာသောဆင်းရဲကို ခံရ၏။ ငါသည် ထိုဂုတ္တိလစောင်းသမား၏ ကိုးကွယ်ရာ ဖြစ်ခြင်းငှါ သင့်၏ဟု ကြံ၍ လျင်စွာလာလတ်၍ ဘုရားလောင်း၏ ရှေ့မှရပ်၍ ဆရာ ဆရာသည် အဘယ်ကြောင့် တောသို့ဝင်လေသနည်းဟု မေး၍ သင်သည် ဘယ်သူနည်းဟု မေးလတ်သည်ရှိသော် ငါသည် သိကြားမင်းဖြစ်၏ဟု ဆို၏။ ထိုအခါ ထိုသိကြားမင်းကို ဘုရားလောင်းသည် သိကြားမင်း ငါသည်လျှင် တပည့်မှ ရှုံးအံ့သည်ကို ကြောက်ခြင်းကြောင့် တောသို့ ဝင်၏ဟု ဆို၍-

၁၈၆။ သတ္တတန္တိံ သုမဓုရံ၊ ရာမဏေယျံ အဝါစယိံ။
သော မံ ရင်္ဂမှိ အဝှေတိ၊ သရဏံ မေ ဟောဟိ ကောသိယ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၈၆။ ဒေဝရာဇ၊ သိကြားမင်း။ အဟံ၊ ငါသည်။ မူသိလံ နာမ၊ မူသိလမည်သော။ အန္တေဝါသိကံ၊ တပည့်ကို။ သတ္တတန္တိံ၊ ညှို့ခုနစ်ချောင်းရှိထသော။ သုမဓုရံ၊ သုမဓုရ အမည်ရှိတသော။ ရာမဏေယျံ၊ မွေ့လျော်ဘွယ်ရှိထသော။ ဝီဏံ၊ စောင်းကို။ အတ္တနော၊ မိမိ၏။ ဇာနနနိယာမေန၊ သိသော အမှတ်ဖြင့်။ အဝါစယိံ၊ သင်၏။ သော၊ ထိုမူသိလသည်။ မံ၊ ငါ့ကို။ ဣဒါနိ၊ ယခုအခါ၌။ ရင်္ဂမှိ၊ ပွဲသဘင်၏အလယ်သို့။ အဝှေတိ၊ ခေါ်၏။ ကောသိယ၊ ကောသိယအနွယ်ဖြစ်သော သိကြားမင်း။ တွံ၊ သင်သည်။ တဿ-မေ၊ ထိုငါ၏။ သရဏံ၊ ကိုးကွယ်ရာသည်။ ဟောဟိ၊ ဖြစ်ပါလော့။

သိကြားမင်းသည် ထိုဂုတ္တိလ၏ စကားကိုကြား၍ ဆရာ ဆရာသည် မကြောက်လင့်၊ ငါသည် ဆရာ၏ကိုးကွယ်ရာ မှီခိုရာဖြစ်အံ့ဟု ဆို၍-

၁၈၇။ အဟံ တံ သရဏံ သမ္မ၊ အဟမာစရိယ ပူဇကော။
န တံ ဇယိဿတိ သိဿော၊ သိဿမာစရိယ ဇေဿသိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၈၇။ သမ္မ အာစရိယ၊ ကောင်းသောဆရာ။ အဟံ၊ ငါသည်။ တဝ၊ သင်၏။ သရဏံ၊ ကိုးကွယ်ရာဖြစ်၍။ တံ၊ သင့်ကို။ တာယိဿာမိ၊ ကယ်အံ့။ အာစရိယ၊ ဆရာ။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ ပူဇကော၊ ပူဇော်အံ့။ အာစရိယ၊ ဆရာ။ တံ၊ သင့်ကို သိဿော၊ တပည့် မူသိလသည်။ န ဇယိဿတိ၊ မအောင်လတ္တံ့။ အာစရိယ၊ ဆရာ။ တွံ၊ သင်သည်။ သိဿံ၊ တပည့်မူသိလကို။ ဇေဿသိ၊ အောင်လတ္တံ့။

စင်စစ်သော်ကား သင်သည် စောင်းကို တီးလတ်သည်ရှိသော် ညှို့တချောင်းကိုဖြတ်၍ ညှို့ခြောက်ချောင်းတို့ကို တီးလော့၊ သင့်စောင်းသည် ပကတိသော အသံသည် ဖြစ်လတ္တံ့၊ မူသိလသည်လည်း စောင်းညှို့ကို ဖြတ်လတ္တံ့၊ ထိုအခါ ထိုမူသိလ၏စောင်းသံသည် မဖြစ်လတ္တံ့၊ ထိုခဏ၌ ထိုမူသိလသည် ရှုံးခြင်းသို့ ရောက်လတ္တံ့။ ထိုအခါ ထိုမူသိလ၏ ရှုံးသည်၏ အဖြစ်ကို သိ၍ နှစ်ခုမြောက်ဖြစ်သော ညှို့ကို၎င်း သုံးခုမြောက်ဖြစ်သော ညှို့ကို၎င်း လေးခုမြောက်ဖြစ်သော ညှို့ကို၎င်း ငါးခုမြောက်ဖြစ်သော ညှို့ကို၎င်း ခြောက်ခုမြောက်ဖြစ်သော ညှို့ကို၎င်း ခုနစ်ခုမြောက်ဖြစ်သော ညှို့ကို၎င်း ဖြတ်၍ စောင်းရိုးသက်သက်ကိုသာလျှင် တီးလော့၊ ဖြတ်အပ်သော စောင်းညှို့စွန်းတို့မှ အသံသည်ထွက်လတ်၍ အလုံးစုံ တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီမြို့ကို လွှမ်း၍တည်လတ္တံ့ ဟု ဤသို့ဆို၍ သိကြားမင်းသည် ဘုရားလောင်းအား စောင်းသုံးလက်တို့ကို ပေးလိုက်၍ တီးအပ်သော စောင်းသံဖြင့် မြို့အလုံးကို လွှမ်းသည်ရှိသော် ဤစောင်းသုံးလက်မှ စောင်းတလက်ကို ကောင်းကင်သို့ ပစ်လော့၊ ထိုသို့ပစ်သည်ရှိသော် သင်၏ ရှေ့မှ သက်လာကုန်၍ နတ်သ္မီးသုံးရာတို့သည် က, လာကုန်လတ္တံ့၊ ထိုနတ်သီးတို့၏ ကသောကာလ၌ နှစ်ခုမြောက်သော စောင်းလက်ကို ပစ်ဦးလော့၊ ထိုသို့ပစ်သည်ရှိသော် တပါးလည်းဖြစ်ကုန်သော နတ်သ္မီးသုံးရာတို့သည်လည်း သင်၏ စောင်းဦး၌ က, ကုန်လတ္တံ့။ ထို့နောင်မှ သုံးခုမြောက်သော စောင်းလက်ကို ပစ်ဦးလော့၊ ထိုသို့ပစ်သည်ရှိသော် တပါးလည်းဖြစ်ကုန်သော နတ်သ္မီးသုံးရာတို့သည်လည်း သက်လာကုန်၍ ပွဲသဘင်အပြင်၌ က, ကုန်လတ္တံ့၊ ငါသည်လည်း ထိုပွဲသဘင်ကို ရှုကုန်သောသူတို့၏ အထံသို့ လာအံ့၊ သွားလေ မကြောက်လင့်ဟုဆို၏။ ဘုရားလောင်းသည် နံနက်အခါ အိမ်သို့သွား၏။ မြို့သူတို့သည် တံခါး၏အနီး၌ မဏ္ဍပ်ကိုပြုကုန်၍ မင်း၏ နေရာကို ခင်းကုန်၏။ မင်းသည် ပြာသာဒ်မှသက်၍ တန်ဆာဆင်အပ်သော မဏ္ဍပ်ဝယ် ပလ္လင်၏အလယ်၌ နေ၏။ တသောင်းနှစ်ထောင်ကုန်သော တန်ဆာဆင်အပ်ကုန်သော မိန်းမတို့သည်၎င်း အမတ် ပုဏ္ဏား သူကြွယ် အစရှိကုန်သော သူတို့သည်၎င်း မင်းကိုခြံရံကုန်၏။ ခပ်သိမ်းကုန်သော မြို့သူတို့သည် စည်းဝေးကုန်၏။ မင်းယင်ပြင်၌ လှည်းအဆင့်ဆင့်တို့ကို၎င်း ညောင်စောင်းအဆင့်ဆင့်တို့ကို၎င်း ဖွဲ့ကုန်၏။

ဘုရားလောင်းသည် ရေချိုး၍ လျှော်စွာလိမ်းကျံ၍ အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်တို့ကို စား၍ စောင်းကိုယူခဲ့စေ၍ မိမိဘို့ခင်းအပ်သော နေရာ၌နေ၏။ လူများသည် ခြံရံ၏။ သိကြားမင်းသည် မထင်ရှားသောကိုယ်ဖြင့် လာလတ်၍ ကောင်းကင်၌တည်၏။ ဘုရားလောင်းသည်သာလျှင် သိကြားမင်းကိုမြင်၏။ မူသိလသည်သည်း လာလတ်၍ မိမိနေရာ၌ နေ၏။ လူများသည် ခြံရံ၏။ အစမှလျှင် ဆရာတပည့်နှစ်ယောက်တို့သည်လည်း အမျှထပ်တူ တီးကြကုန်၏။ လူအပေါင်းတို့သည်လည်း ဆရာတပည့်နှစ်ယောက်တို့အားလည်း စောင်းတီးခြင်းကို နှစ်သက်သည်ဖြစ်၍ များစွာကုန်သော ကြွေးကြော်ခြင်းတို့ကို ဖြစ်စေ၏။ သိကြားမင်းသည် ကောင်းကင်၌တည်၍ ဘုရားလောင်းကိုသာလျှင် ကြားစေလျက် ညှို့တချောင်းကို ဖြတ်လော့ဟုဆို၏။ ဘုရားလောင်းသည် စောင်းညှို့ကို ဖြတ်၏။ ထိုစောင်းညို့သည် ပြတ်သော်လည်း ပြတ်သောအစွန်းမှ အသံထွက်သလျှင်ကတည်း၊ နတ်စောင်းသံကဲ့သို့ ဖြစ်၏။ မူသိလလည်း စောင်းညှို့ကို ဖြတ်၏။ ထိုဖြတ်အပ်သော စောင်းညှို့မှ အသံသည်မထွက်၊ ဆရာသည် နှစ်ခုမြောက်ဖြစ်သော စောင်းညှို့ကို၎င်း သုံးခုမြောက်ဖြစ်သော စောင်းညှို့ကို၎င်း လေးခုမြောက်ဖြစ်သော စောင်းညှို့ကို၎င်း ငါးခုမြောက်ဖြစ်သော စောင်းညှို့ကို၎င်း ခြောက်ခုမြောက်ဖြစ်သော စောင်းညှို့ကို၎င်း ခုနစ်ခုမြောက်ဖြစ်သော စောင်းညှို့ကို၎င်း ဖြတ်၏။ သက်သက်သော စောင်းရိုးကိုတီးသော ဘုရားလောင်း၏ စောင်းသံသည် ဗာရာဏသီမြို့ကို လွှမ်း၍ တည်၏။ ပုဆိုးပစ်လွှားခြင်း အထောင်တို့ကို၎င်း ကြွေးကြော်ခြင်း အထောင်တို့ကို၎င်း ဖြစ်စေကုန်၏။ ဘုရားလောင်းသည် စောင်းလက်တခုကို ကောင်းကင်သို့ ပစ်၏။ နတ်သ္မီးသုံးရာတို့သည် သက်လာကုန်၍ က, ကုန်၏ ဤအတူ နှစ်ခုမြောက်သော စောင်းလက်ကို၎င်း သုံးခုမြောက်သော စောင်းလက်ကို၎င်း ကောင်းကင်သို့ ပစ်သည်ရှိသော် သုံးရာ သုံးရာကုန်သော နတ်သ္မီးတို့သည် သက်လာကုန်၍ က, ကုန်၏။

ထိုခဏ၌ မင်းသည် လူအပေါင်းအား မျက်စိကိုမှိတ်ခြင်း လည်ကိုညိတ်ခြင်း အမှတ်ကိုပေး၍ လူအပေါင်းသည် ထ၍ သင်သည် ဆရာနှင့်တကွ ဆန့်ကျင်ဘက်ပြု၍ တူမျှသော လာဘသက္ကာရရှိသည်ကို ပြုအံ့ဟူ၍ လုံ့လပြု၏။ ပမာဏကို မသိဟု မူသိလကိုခြိမ်းချောက်၍ ကိုင်မိတိုင်း ကိုင်မိတိုင်းသာလျှင် ဖြစ်ကုန်သော ကျောက်ခဲ လှံတံ အစရှိသည်တို့ဖြင့် မှုန့်မှုန့်ညက်ညက် ကြေစေ၍ အသက်ကုန်ခြင်းသို့ ရောက်စေ၍ ခြေတို့ကိုကိုင်၍ တံမြက်ချေး အမှိုက်စုရာအရပ်၌ စွန့်ပစ်၏။ မင်းသည် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ တခဲနက်သေ မိုဃ်းကို ရွာစေဘိသကဲ့သို့ ဘုရားလောင်းအား များစွာသော ဥစ္စာကို ပေး၏။ ထို့အတူ မြို့သူတို့သည် များစွာသော ဥစ္စာတို့ကို ပေးကုန်၏။ သိကြားမင်းသည်လည်း ဘုရားလောင်းနှင့်တကွ စေ့စပ်ခြင်းကိုပြု၍ ပညာရှိ ငါသည် သင့်ဘို့ အာဇာနည်မြင်းတထောင် က, သော ရထားကိုယူ၍ သွားချေဟု မာတလိ နတ်သားကို စေလိုက်အံ့၊ အာဇာနည်မြင်းတထောင်က, သော ဝေဇယန္တာရထားမြတ်ကိုစီး၍ နတ်ပြည်သို့ လိုက်လာခဲ့လောဟု ဆို၍ ဖဲ၏။

ထိုအခါ၌ သွား၍ ပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌နေသော ထိုသိကြားမင်းကို မြတ်သောမင်းကြီး အရှင်တို့သည် အဘယ်သို့ ကြွကုန်သနည်းဟု နတ်သီးတို့သည် မေးကုန်၏။ သိကြားမင်းသည် ထိုနတ်သ္မီးတို့အား အကြောင်းကို အကျယ်အားဖြင့်ဆို၍ ဘုရားလောင်း၏ သီလကို၎င်း ကျေးဇူးကို၎င်း ချီးမွမ်း၏။ နတ်သ္မီးတို့သည် မြတ်သောမင်းကြီး အကျွန်ုပ်တို့သည်လည်း ဆရာကို ဖူးလိုကုန်၏။ ထိုဆရာကို ဤနတ်ပြည်သို့ ပင့်ဆောင်တော်မူပါကုန်လောဟု လျှောက်ကုန်၏။ သိကြားမင်းသည် မာတလိနတ်သားကို ခေါ်၍ အမောင် မာတလိ နတ်သ္မီးတို့သည် ဂုတ္တိလ စောင်းသမားကို ဖူးလိုကုန်၏။ သွားချေ ထိုဂုတ္တိလ စောင်းသမားကို ဝေဇယန္တာ ရထား၌ စီးစေ၍ ပင့်ဆောင်ချေလော့ဟု ဆို၍ မာတလိ နတ်သားသည် ကောင်းပြီးဟု သွား၍ ဘုရားလောင်းကို ပင့်ဆောင်၏။ သိကြားမင်းသည် ဘုရားလောင်းနှင့်တကွ ဝမ်းမြောက်ဝမ်းသာ ပြောဟော၍ ဆရာ ဆရာ၏စောင်းသံကို နတ်သ္မီးတို့သည် နားထောင်လိုကုန်သတည်းဟု ဆို၏။

မြတ်သောမင်းကြီး အကျွန်ုပ်တို့ စောင်းသမားတို့မည်သည်ကား အတတ်ကို မှီကုန်၍ အသက်မွေးရကုန်၏။ အဘိုးရကုန်သည်ရှိသော် တီးရချေကုန်အံ့ဟု ဆို၏။ ဆရာ တီးလော့၊ သင့်အား အဘိုးကို ပေးအံ့ဟု ဆိုသည်ရှိသော် ငါ့အား တပါးသောအဘိုးဖြင့် အလိုမရှိ၊ ဤနက်သ္မီးတို့သည်ကား မိမိ၏ကောင်းမှုကံကို ဆိုစေကုန်သတည်း၊ ဤသို့ဆိုသည်ရှိသော် ငါသည် တီးအံ့ဟု ဆို၏။ ထိုအခါ ဂုတ္တိလစောင်းသမားကို နတ်သ္မီးတို့သည် ဆရာ ငါတို့သည် ပြုအပ်သော ကောင်းမှုကံကို နောက်မှ သင့်အား ဆိုကုန်အံ့၊ စောင်းကို တီးလော့ဟု ဆိုကုန်၏။ ဘုရားလောင်းသည် ခုနစ်ရက်ပတ်လုံးနတ်တို့၏အကျိုးငှါ စောင်းကိုတီး၏။ ထိုစောင်းသည် နတ်စောင်းကို လွှမ်းမိုး၍ ဖြစ်၏။ ခုနစ်ရက်မြောက်သောနေ့၌ အစမှစ၍ နတ်သ္မီးတို့၏ ကောင်းမှုကံကို မေး၏။ တယောက်သော နတ်သီးသည် ကဿပဘုရား ပွင့်တော်မူသော ကာလ၌ တပါးသော ရဟန်းအား မြတ်သောအဝတ်ကို လှူသောကြောင့် သိကြားမင်း၏ အလုပ်အကျွေးဖြစ်၏။ ဂုတ္တိလစောင်းသမားသည် ထိုနတ်သီးကို နတ်သ္မီး သင်သည် ရှေးဘဝ၌ အဘယ်ကောင်းမှုကို ပြုသောကြောင့် နတ်သ္မီးတထောင် အခြွေအရံကို ဆောင်သော မြတ်သော အဝတ်ရှိသော နတ်သ္မီးဖြစ်သနည်းဟုမေး၏။ ထိုဂုတ္တိလ စောင်းသမား၏ မေးသော အခြင်းအရာသည်၎င်း နတ်သီးတို့၏ ဖြေသော အခြင်းအရာသည်၎င်း ဝိမာနဝတ္ထု၌ လာသလျှင်ကတည်း၊ ထိုစကားသည် မှန်၏။ ထိုဝိမာနဝတ္ထု၌-

အဘိက္ကန္တေန ဝဏ္ဏေန၊ ယာ တွံ တိဋ္ဌသိ ဒေဝတေ။
ဩဘာသန္တိ ဒိသာ သာ၊ ဩသဓီ ဝိယ တာရကာ။
ကေန တေတာဒိသော ဝဏ္ဏော၊ ကေန တေ ဣဓ မိဇ္ဈတိ။
ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ၊ ယေ ကေစိ မနသော ပိယာ။
ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ၊
မနုဿဘူတာ ကိမကာသိ ပုညံ။
ကေနသိ ဧဝံ ဇလိတာနုဘာဝါ၊
ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီတိ။
ဝတ္ထုတ္ထမဒါယိကာ နာရီ၊ ပဝရာ ဟောတိ နရေသု နာရီသု။
ဧဝံ ပိယရူပဒါယိကာ မနာပံ၊ ဒိဗ္ဗံသာ လဘတေ ဥပေစ္စ ဌာနံ။
တဿာ မေ ပဿ ဝိမာနံ၊ အစ္ဆရာ ကာမဝဏ္ဏနီဟမသ္မိ။
အစ္ဆရာသဟဿာဟံ၊ ပဝရာ ပဿ ပုညာနံ ဝိပါကံ။
တေန မေ တာဒိသော ဝဏ္ဏော၊ တေန မေ ဣဓ မိဇ္ဈတိ။
ဥပ္ပဇ္ဇန္တိ စ မေ ဘောဂံ၊ ယေ ကေစိ မနသော ပိယာ။
တေ နမှိ ဧဝံ ဇလိတာနုဘာဝါ၊
ဝဏ္ဏော စ မေ သဗ္ဗာ ဒိသာ ပဘာသတိ။

ဒေဝတေ၊ နတ်သ္မီး။ ယာတွံ၊ အကြင် သင်သည်။ ဩသဓီ၊ ဩသဓီအမည်ရှိသော။ တာရကာ ဝိယ၊ ကြယ်ကဲ့သို့။ သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ ဒိသာ၊ အရပ်မျက်နှာတို့ကို။ ဩဘာသန္တီ၊ ထွန်းပစေလျက်။ အဘိက္ကန္တန၊ အလွန်လှသော။ ဝဏ္ဏေန၊ အဆင်းဖြင့်။ တိဋ္ဌသိ၊ တည်၏။ ကေန၊ အဘယ်ကြောင့်။ တေ၊ သင်၏။ ဝဏ္ဏော၊ အဆင်းသည်။ တာဒိသော၊ ထိုသို့ သဘောရှိသနည်း။

ကေန၊ အဘယ်ကြောင့်။ တေ၊ သင့်အား။ ဣဓ၊ ဤနတ်ပြည်၌။ ဣဇ္စျတိ၊ ပြည့်စုံသနည်း။ ကေန၊ အဘယ့်ကြောင့်။ တေ၊ သင့်အား။ ယေကေစိ၊ ခပ်သိမ်းကုန်သော။ မနသော၊ စိတ်အား။ ပိယာ၊ ချစ်အပ်ကုန်သော။ ဘောဂါ စ၊ စည်းစိမ်တို့သည်လည်း။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်သနည်း။

မဟာနုဘာဝေ၊ ကြီးသောအာနုဘော်ရှိသော။ ဒေဝိ၊ နတ်သ္မီး။ တံ၊ သင့်ကို။ ပုစ္ဆာမိ၊ ငါမေး၏။ မနုဿဘူတာ၊ လူဖြစ်၍ ဖြစ်သော သင်သည်။ ကိံပုညံ၊ အဘယ်ကောင်းမှုကံကို။ အကာသိ၊ ပြုဘူးသနည်း။ တွံ၊ သင်သည်။ ကေန၊ အဘယ်ကောင်းမှုကြောင့်။ ဧဝံ၊ ဤသို့။ ဇလိဟာနုဘာဝါ၊ ထွန်းပသော အာနုဘော်ရှိသည်။ အသိ၊ ဖြစ်သနည်း။ ကေန၊ အဘယ်ကောင်းမှုကြောင့်။ တေ၊ သင်၏။ ဝဏ္ဏော စ၊ အဆင်းသည်လည်း။ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာတို့ကို။ ပကာသတိ၊ ထွန်းပသနည်း။ ဣတိ၊ ဤသို့။ ပုစ္ဆိတေ၊ မေးအပ်သည်ရှိသော်။

ဘန္တေ၊ အရှင်ဘုရား။ နရေသု စ၊ ယောက်ျားတို့တွင်၎င်း။ နာရီသု စ၊ မိန်းမတို့တွင်၎င်း။ ဝတ္ထုတ္ထမဒါယိကာ၊ မြတ်သောအဝတ်ကိုလှူသော။ နာရီ၊ မိန်းမသည်။ ပဝရာ၊ မြတ်သည်။ ဟောတိ၊ ဖြစ်၏။ ဧဝံ၊ ဤသို့။ ပိယရူပဒါယိကာ၊ ချစ်ဘွယ်သော သဘောရှိသော ဝတ္ထုကိုလှူသော။ သာ နာရီ၊ ထိုမိန်းမသည်။ ဌာနံ၊ နတ်ပြည်အရပ်သို့။ ဥပေစ္စ၊ ကပ်၍။ ဒိဗ္ဗံ၊ နတ်၌ ဖြစ်သော။ မနာပံ၊ နှစ်လိုဘွယ်သောဝတ္ထုကို။ လဘတေ၊ ရ၏။

ဘန္တေ၊ အရှင်ဘုရား။ တွံ၊ အရှင်ဘုရားသည်။ တာ မေ၊ ထိုအကျွန်ုပ်၏။ ဝိမာနံ၊ ဗိမာန်ကို။ ပဿ၊ ရှုပါလော့။ အဟံ၊ အကျွန်ုပ်သည်။ ကာမဝဏ်ဏနီ၊ နှစ်လိုဘွယ်သော အဆင်းရှိသည်။ အသ္မိ၊ ဖြစ်၏။ အဟံ၊ အကျွန်ုပ်သည်။ အစ္ဆရာသဟဿ-အစ္ဆရာသဟဿာနံ၊ နတ်သ္မီးတထောင်တို့ထက်။ ပဝရာ၊ မြတ်သော။ အစ္ဆရာ၊ နတ်သ္မီးသည်။ အသ္မိ၊ ဖြစ်၏။ ပုညာနံ၊ ကောင်းမှုရှိ၏။ ဝိပါကံ၊ အကျိုးကို။ ပဿ၊ ရှုတော်မူပါလော့။

ဘန္တေ၊ အရှင်ဘုရား။ တေန၊ ထိုမြတ်သော အဝတ်အလှူကြောင့်။ မေ၊ အကျွန်ုပ်၏။ ဝဏ္ဏော၊ အဆင်းသည်။ တာဒိသော၊ ထိုသို့သဘောရှိ၏။ တေန၊ ထိုမြတ်သောအလှူကြောင့်။ မေ၊ အကျွန်ုပ်အား။ ဣဓ၊ ဤနတ်ပြည်၌။ ဣဇ္ဈတိ၊ ပြည့်စုံ၏။ တေန၊ ထိုမြတ်သော အဝတ်အလှူကြောင့်။ ယေကေစိ၊ ခပ်သိမ်းကုန်သော။ မနသော၊ စိတ်အား။ ပိယာ၊ ချစ်အပ်ကုန်သော။ ဘောဂါ၊ စည်းစိမ်တို့သည်။ မေ၊ အကျွန်ုပ်အား။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်သလျှင်ကတည်း။

တေန၊ ထိုမြတ်သောအဝတ်အလှူကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ဧဝံ၊ ဤသို့။ ဇလိတာနုဘာဝါ၊ ထွန်းပသော အာနုဘော် ရှိသည်။ အမှိ၊ ဖြစ်၏။ မေ၊ အကျွန်ုပ်၏။ ဝဏ္ဏော စ၊ အဆင်းသည်လည်း။ သဗ္ဗာဒိသာ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာတို့ကို။ ပဘာသတိ၊ ထွန်းပ၏။ ဣတိ၊ ဤသို့။ ဝိဿဇ္ဇေတိ၊ ဖြေ၏။

တယောက်သောနတ်သ္မီးသည် ဆွမ်းခံသွားသော ရဟန်းအား ပူဇော်အံ့သောငှါ ပန်းတို့ကို လှူ၏။ တယောက်သော နတ်သ္မီးသည် စေတီ၌ နံ့သာလက်ငါးချောင်းရာကို လှူပါကုန်၏ဟုဆို၍ နံ့သာတို့ကို လှူ၏။ တယောက်သော နတ်သ္မီးသည် ချိုသော အရသာရှိကုန်သော သစ်သီး ကြီးငယ်တို့ကို လှူ၏။ တယောက်သော နတ်သ္မီးသည် မြတ်သောအရသာတို့ကို လှူ၏။ တယောက်သောနတ်သ္မီးသည် ကဿပ မြတ်စွာဘုရား စေတီတော်၌ နံ့သာလက်ငါးချောင်းရာတို့ကို လှူ၏။ တယောက်သောနတ်သ္မီးသည် ဒါယကာအိမ်၌ နားလာ နေကုန်သော ခရီးသွား ရဟန်းယောက်ျား ရဟန်းမိန်းမတို့၏ အထံ၌ တရားကိုနာ၏။ တယောက်သော နတ်သ္မီးသည် လှေ၌ ဆွမ်းဘုဉ်းပေးသော ရဟန်းအား ရေကိုကပ်လှူ၏။ တယောက်သောနတ်သ္မီးသည် အိမ်၏အလယ်၌နေလျက် အမျက်မထွက်သည်ဖြစ်၍ ယောက္ခမ ယောက်ျားသူ့ ယောက္ခမမိန်းမသူတို့၏ ဝတ်ကိုပြု၏။ တယောက်သောနတ်သ္မီးသည် မိမိရသောအဘို့မှ ခွဲခြမ်းဝေဘန်၍ သီလရှိသောပုဂ္ဂိုလ်အား လှူ၏။ တယောက်သောနတ်သ္မီးသည် သူ့အိမ်၌ ကျွန်မဖြစ်၍ အမျက်မာန် မရှိသည်ဖြစ်၍ မိမိရအပ်သောအဘို့မှ ခွဲခြမ်းဝေဘန်၍ ပေးလှူခြင်းကိုပြု၍ သိကြားမင်း၏ အလုပ်အကျွေးအားဖြင့် ဖြစ်၏။

ဤသို့အစရှိသောအပြားအားဖြင့် ဂုတ္တိလဝိမာနဝတ္ထု၌ လာကုန်သော အလုံးစုံသော သုံးကျိပ်ခြောက်ယောက်ကုန်သော နတ်သ္မီးတို့သည် အကြင်အကြင်ကောင်းမှုကိုပြုကုန်၍ ထိုနတ်ပြည်၌ ဖြစ်ကုန်၏။ ထိုအလုံးစုံသော ကောင်းမှုကို ဘုရားလောင်းသည် မေး၏။ နတ်သီးတို့သည်လည်း ထိုဘုရားလောင်းအား မိမိတို့သည် ပြုအပ်သော ကောင်းမှုကို ဂါထာတို့ဖြင့်သာလျှင် ဖြေကုန်၏။ ထိုစကားကိုကြား၍ ဘုရားလောင်းသည် အကြင်ငါသည် ဤနတ်ပြည်သို့ရောက်၍ အနည်းငယ်မျှလည်းဖြစ်သော ကောင်းမှုကြောင့် ရအပ်ကုန်သော စည်းစိမ်တို့ကို ကြားရပေပြီ၊ ထိုငါ၏ လူ၏အဖြစ်ကို ရခြင်းသည်ကား ကောင်းသောရခြင်း ပေတကားဟု ဤအခါမှစ၍ လူ့ပြည်သို့သွား၍ ဒါနအစရှိသော ကုသိုလ်ကံတို့ကိုသာလျှင် ပြုအံ့ဟု ဆို၍ ယခု ငါ၏လာခြင်းသည်ကား ကောင်းသောလာခြင်းပေတကား၊ မိုးသောက်ခြင်းသည်ကား ကောင်းသော မိုးသောက်ခြင်းပေတကား၊ ငါသည် အစ္ဆရာဟု ဆိုအပ်ကုန်သော နှစ်လိုဘွယ် အဆင်းရှိကုန်သော နတ်သ္မီးတို့ကို မြင်ရပေပြီ၊ ဤနတ်သ္မီးတို့၏ တရားကိုနာရ၍ ငါသည်သာ များစွာသော ကုသိုလ်ကို ပြုအံ့၊ သတ္တဝါတို့သည် အကြင်နတ်ပြည်သို့ရောက်ကုန်၍ မစိုးရိမ်ကုန်၊ ထိုငါသည် အလှူပေးသဖြင့်၎င်း ညီညွတ်စွာကျင့်သဖြင့်၎င်း ကိုယ်နှုတ်နှလုံးကို စောင့်ရှောက်ခြင်းဖြင့်၎င်း စက္ခုန္ဒြေ စသည်ကို ဆုံးမသဖြင့်၎င်း နတ်ပြည်သို့ လားရပေအံ့ဟု ဤဥဒါန်းကို ကျူးရင့်၏။

ထိုအခါ ထိုဘုရားလောင်းကို ခုနစ်ရက်လွန်သဖြင့် သိကြားနတ်မင်းသည် မာတလိအမည်ရှိသော နတ်သားကိုခေါ်၍ ရထား၌ စီးစေပြီးသော် ဗာရာဏသီပြည်သို့ ပို့စေ၏။ ဘုရားလောင်းသည် ဗာရာဏသီပြည်သို့ ရောက်၍ နတ်ပြည်၌ မိမိသည် မြင်ခဲ့ရသောအကြောင်းကို လူတို့အား ပြောကြား၏။ ထိုအခါမှစ၍ လူတို့သည် အားထုတ်ခြင်း ရှိကြကုန်၍ ကောင်းမှုတို့ကို ပြုအံ့သောငှာ အောက်မေ့ကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မူသိလစောင်းသမား ဖြစ်ဘူးပြီ။ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြား ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ ဂုတ္တိလစောင်းသမား ဖြစ်ဘူးပြီဟု ဖာတ်ကို ပေါင်းတော်မူ၏။

အတတ်ပညာ၊ သင်ဆရာအား၊ ပညာအန်တု၊ ဖက်ပြိုင်ပြု၊ လူထုရွံကာမုန်း

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဂုတ္တိလဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၄။ ဝိဂတိစ္ဆဇာတ်

ပရိဗိုဇ်ပြေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယံ ပဿတိ တံ န ဣစ္ဆတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သောဤဝိဂတိစ္ဆဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ပြေးသော ပရိဗိုဇ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုပရိဗိုဇ်သည် ဇမ္ဗူကျွန်းအလုံး၌ ပြောဆိုဘက်ကိုမရ၍ သာဝတ္ထိပြည်သို့ လာပြီးသော် ငါနှင့်တကွ ပြောဆိုခြင်းကို ပြုအံ့သောငှါ အဘယ်သူသည် စွမ်းနိုင်အံ့နည်းဟုမေး၍ ဘုရားရှိ၏ဟုကြား၍ လူအများ ခြံရံလျက် ဇေတဝန် ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားကို ပရိသတ်လေးပါးအလယ်၌ တရားကိုဟောစဉ် ပြဿနာကို မေးသတတ်၊ ထိုအခါ မြတ်စွာဘုရားသည် ထိုပရိဗိုဇ်၏ ပြဿနာကို ဖြေတော်မူ၍ တခုမည်သည်ကား အဘယ်နည်းဟု ပြဿနာကို မေး၏။ ထိုပရိဗိုဇ်သည် ပြဿနာကို ဖြေအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ထ၍ ပြေးလေ၏။ စည်းဝေးကုန်သော ပရိသတ်တို့သည် အရှင်ဘုရား အရှင်ဘုရားသည် တပုဒ်တည်းဖြင့်သာလျှင် ပရိဗိုဇ်ကို နှိပ်မိ၏ဟု လျောက်ကုန်၏။ မြတ်စွာဘုရားသည် ဒါယကာတို့ ငါသည် ယခုအခါ၌ သာလျှင် ထိုပရိဗိုဇ်ကို တပုဒ်တည်းဖြင့်သာလျှင် နှိပ်မိသည် မဟုတ်သေး၊ ရှေး၌လည်း နှိပ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ဝတ္ထုကာမ ကိလေသာကာမတို့ကို စွန့်၍ ရသေ့ရဟန်းအဖြစ်သို့ ကပ်၍ ရှည်စွာသော ကာလပတ်လုံး ဟိမဝန္တာ၌ နေ၏။ ထိုဘုရားလောင်းသည် တောင်မှသက်၍ တခုသောနိဂုံးရွာကို အမှီပြု၍ မြစ်ကွေ့၌ သစ်ရွက်မိုးသောသင်္ခမ်း၌ နေ၏။ ထိုအခါ တယောက်သောပရိဗိုဇ်သည် အလုံးစုံသော ဇမ္ဗူဒိပ်၌ ပြောဆိုဘက်ကိုမရ၍ ထိုနိဂုံးသို့ရောက်၍ ငါနှင့်တကွ ပြောဆိုခြင်းငှါ စွမ်းနိုင်သော တစုံတယောက်သောသူသည် ရှိသလောဟုမေး၍ ရှိ၏ဟု ဘုရားလောင်း၏ အာနုဘော်ကို ကြား၍ လူများခြံရံလျက် ထိုဘုရားလောင်း၏ နေရာအရပ်သို့သွား၍ ပဋိသန္ထာရကိုပြု၍ နေ၏။ ထိုအခါ ထိုပရိဗိုဇ်ကို ဘုရားလောင်းသည် အဆင်းအနံ့တို့နှင့် ပြည့်စုံသောပန်းတို့ကို ထုံအပ်သော ဂင်္ဂါရေကို သောက်လတ္တံ့ လောဟု မေး၏။ ပရိဗိုဇ်သည် ဝါဒဖြင့်လွှမ်းမိုး၍ ဂင်္ဂါသဲသည်ကား အဘယ်နည်း၊ ဂင်္ဂါ၏ ဤမှာဘက်ကမ်းကား အဘယ်နည်း၊ ဂင်္ဂါ၏ ထိုမှာဘက်ကမ်းကား အဘယ်နည်းဟု မေး၏။ ဘုရားလောင်းသည်ကား ပရိဗိုဇ် သင်သည် ရေကို၎င်း သဲကို၎င်း ဤမှာဘက်ကမ်းကို၎င်း ထိုမှာဘက်ကမ်းကို၎င်းထား၍ ဂင်္ဂါကို အဘယ်မှာ ရလတ္တံ့နည်း ဟုဆို၏။ ပရိဗိုဇ်သည် ဆိုဘွယ်မဲ့လျှဉ်း ပညာကင်းသည်ဖြစ်၍ ထ၍ ပြေး၏။

ထိုပရိဗိုဇ်သည် ပြေးသည်ရှိသော် ဘုရားလောင်းသည် စည်းဝေးသော ပရိသတ်အား တရားဟောလိုသည်ဖြစ်၍-

၁၈၈။ ယံ ပဿတိ တံ န ဣစ္ဆတိ၊ ယဉ္စ န ပဿတိ တံ တိရိစ္ဆတိ။
မညာမိ စိရံ စရိဿတိ၊ န ဟိ တံ လစ္ဆတိ ယံ သ ဣစ္ဆတိ။
၁၈၉။ ယံ လဘတိ န တေန တုဿတိ၊ ယံ စ ပတ္ထေတိ လဒ္ဓံ ဟီဠေတိ။
ဣစ္ဆာ ဟိ အနန္တဂေါစရာ၊ ဝိဂတိစ္ဆာန နမော ကရောမသေ။

ဟူသောဤဂါထာတို့ကို ဆို၏။

၁၈၈။ ဘော၊ အချင်းတို့။ ယော ပရိဗ္ဗာဇကော၊ အကြင်ပရိဗိုဇ်သည်။ ယံ၊ အကြင် ရေအစရှိသည်ကို။ ပဿတိ၊ မြင်၏။ တံ၊ ထိုရေအစရှိသည်ကို။ န ဣစ္ဆတိ၊ ဂင်္ဂါဟူ၍ အလိုမရှိ။ ယဉ္စ၊ အကြင်ရေ အစရှိသည်တို့မှ လွတ်သော ဝတ္ထုကိုလည်း။ န ပဿတိ၊ မမြင်။ တံ၊ ထိုရေ အစရှိသည်တို့မှ လွတ်သော ဝတ္ထုကို။ ဣတိ ကိရ၊ ဂင်္ဂါဟူ၍ အလိုရှိသတတ်။ အယံ ပရိဗ္ဗာဇကော၊ ဤပရိဗိုင်သည်။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ ဂင်္ဂံ၊ ဂင်္ဂါကို။ ပရိယေသန္တော၊ ရှာလျက်။ စိရံ၊ ကြာမြင့်စွာ။ စရိဿတိ မညာမိ၊ သွားရလတ္တံ့ဟု ထင်မိ၏။ အယံ ပရိဗ္ဗာဇကော၊ ဤပရိဗိုင်သည်။ ဥဒကာဒိဝိနိမုတ္တံ၊ ရေအစရှိသည်မှ လွတ်သော။ ဂင်္ဂံ၊ ဂင်္ဂါကို။ ပရိယေသတိ ယထာ၊ ရှာသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ ရူဂါဒိဝိမုတ္တံ၊ ရုပ်အစရှိသည်မှလွတ်သော။ အတ္တာနံပိ၊ ကိုယ်ကိုလည်း။ ပရိယေသန္တော၊ ရှာလျက်။ သံသာရေ၊ သံသရာ၌။ စိရံ၊ ကြာမြင့်စွာ။ စရိဿတိ မညာမိ၊ ကျင်လည်ရလတ္တံ့ဟုထင်မိ၏။ စိရံ၊ ကြာမြင့်စွာ။ စရန္တောပိ၊ လှည့်ပတ်ကျင်လည်သော်လည်း။ သ-သော၊ ထိုပရိဗိုဇ်သည်။ ယံ၊ အကြင်သို့သဘောရှိသော ဂင်္ဂါအတ္တဘောကို။ ဣစ္ဆတိ၊ အလိုရှိ၏။ တံ၊ ထိုသို့ သဘောရှိသော ဂင်္ဂါအတ္တဘောကို။ နဟိ လစ္ဆတိ၊ မရလတ္တံ့ သလျှင်ကတည်း။

၁၈၉။ ယံ၊ အကြင်သို့ သဘောရှိသော ရေအစရှိသော ဝတ္ထု ရူပါရုံအစရှိသည်ကို။ လဘတိ၊ ရ၏။ တေန၊ ထိုရေအစရှိသောဝတ္ထု ရူပါရုံ အစရှိသည်ဖြင့်။ န တုဿတိ၊ မနှစ်သက်။ ဧဝရူပံ၊ ဤသို့သဘောရှိသော ဝတ္ထုကို။ လဒ္ဓေန၊ ရသဖြင့်။ အတုဿန္တော၊ မနှစ်သက်သောသူသည်။ ယံ၊ အကြင်စည်းစိမ်ကို။ ပတ္ထေတိ၊ တောင့်တ၏။ တံ၊ ထိုစည်းစိမ်ကို။ လဒ္ဓံ၊ ရ၍။ ဧတာယ၊ ထိုစည်းစိမ်ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ ဣတိ၊ ဤသို့။ ဟီဠေတိ၊ မထေမဲ့မြင် အောက်မေ့၏။ ဣစ္ဆာ၊ တဏှာသည်။ အနန္တဂေါစရာ၊ အဆုံးမရှိသော အာရုံရှိသည်။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ ဝိဂတိစ္ဆာန-ဝိဂတိစ္ဆာနံ၊ တဏှာကင်းတော်မူကုန်ပြီးသော ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့အား။ မယံ၊ ငါတို့သည်။ နမော၊ ရှိခိုးခြင်းကို။ ကရောမသေ၊ ပြုကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဒါယကာတို့ ယခုအခါ ပရိဗိုဇ်သည် ထိုအခါ ပရိဗိုဇ်ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မတူတဲ့သူ၊ တုခဲ့မူ၊ ထိုသူ အရှက်ကွဲ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဝိဂတိစ္ဆဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၅။ မူလပရိယာယဇာတ်

မာန်ယစ်ပုဏ္ဏားများ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကာလော ဃသတိ ဘူတာနိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမူလပရိယာယဇာတ်ကို ဥက္ကဋ္ဌတိုင်းကိုအမှီပြု၍ မွေ့လျော်ခြင်းကို ဖြစ်စေတတ်သော တော၌ သီတင်းသုံးနေတော်မူစဉ် ဟောတော်မူအပ်သော မူလပရိယာယသုတ္တန်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအခါ ဗေဒင်သုံးပုံတို့၏ ကမ်းတဘက်သို့ ရောက်ကုန်သော ငါးရာကုန်သော ပုဏ္ဏားတို့သည် သာသနာတော်၌ ရဟန်းပြုကုန်၍ ပိဋကတ်သုံးပုံတို့ကိုသင်ကုန်၍ မာနမာန်ဖြင့် ယစ်ကုန်၍ မြတ်စွာဘုရားသည်လည်း ပိဋကတ်သုံးပုံကို တတ်ကုန်၏။ ငါတို့သည်လည်း ပိဋကတ်သုံးပုံကို တတ်ကုန်၏။ ဤသို့ ဖြစ်သည်ရှိသော် ထိုမြတ်စွာဘုရားသည် ငါတို့နှင့် အဘယ်မှာ ထူးခြားခြင်း ရှိအံ့နည်းဟု ဘုရားအား ခစားခြင်းကို မပြုကုန်၊ ဆန့်ကျင်ဘက် ဖြစ်ကုန်၍ သွားကုန်၏။ ထိုအခါ တနေ့သ၌ မြတ်စွာဘုရားသည် ထိုရဟန်းတို့သည် လာကုန်၍ အထံတော်၌ နေကုန် သည်ရှိသော် ရှစ်ပါးကုန်သော ဘူမိတို့ဖြင့် တန်ဆာဆင်၍ မူလပရိယာယသုတ္တန်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် စိုးစဉ်းမျှ မမှတ်နိုင်ကုန်၊ ထိုအခါ ရဟန်းတို့အား ငါတို့နှင့်တူကုန်သော ပညာရှိတို့သည် မရှိကုန်ဟု ငါတို့သည် မာနကိုပြုကုန်၏။ ယခုအခါ၌ကား တစုံတခုကိုမျှ မသိနိုင်ကုန်၊ ဘုရားရှင်တို့နှင့်တူသော ပညာရှိမည်သည်ကား မရှိ၊ ဘုရားကျေးဇူးတော်တို့သည်အံ့ဘွယ်သရဲရှိကုန်၏ဟု ဤသို့သောအကြံသည်ဖြစ်၏။ ထိုရဟန်းတို့သည် ထိုအခါမှစ၍ ပယ်အပ်သော မာနရှိကုန်သည်ဖြစ်၍ နုတ်အပ်သော အစွယ်ရှိကုန်သော မြွေတိုကဲ့သို့ မာန်ထောင်လွှားခြင်း ကင်းကုန်သည် ဖြစ်၏။ မြတ်စွာဘုရားသည် ဥက္ကဋ္ဌ၌ မွေ့လျော်တော်မူသမျှ နေတော်မူ၍ ဝေသာလီပြည်သို့ ကြွတော်မူပြီးလျှင် ဂေါတမနတ်၏နေရာ၌ ဆောက်အပ်သောကျောင်း၌ ဂေါတမကအမည်ရှိသော သုတ္တန်ကို ဟောတော်မူ၏။ တသောင်းသော လောကဓာတ်သည် တုန်လှုပ်၏။ မူလပရိယာယ သုတ္တန်ကိုကား နာရကုန်၍ ထိုရဟန်းတို့သည် ရဟန္တာအဖြစ်သို့ ရောက်ကုန်၏။ မူလပရိယာယ သုတ္တန်၏အဆုံး၌ကား မြတ်စွာဘုရားသည် ဥက္ကဋ္ဌ၌ နေတော်မူစဉ်လျှင် ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ -ဘုရားရှင်တို့၏ အာနုဘော်တော်သည်အံ့ဘွယ်သရဲရှိစွ၊ ရဟန်းပြုကုန်၍ ထိုထိုသို့သော အခြင်းအရာအားဖြင့် မာန်ယစ်ခြင်းဖြင့် ယစ်ကုန်သော ပုဏ္ဏားတို့ကို ထိုမြတ်စွာဘုရားသည် မူလပရိယာယ ဒေသနာတော်ဖြင့် ပယ်အပ်သော မာနရှိသည်တို့ကို ပြုအပ်ကုန်၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ငါသည် ယခုအခါ၌သာလျှင် ဤသို့ မာန်ထောင်လွှားခြင်း အလေ့ရှိကုန်၍ သွားကုန်သော ဤရဟန်းတို့ကို ပယ်အပ်သော မာနရှိသည်တို့ကို ပြုသည် မဟုတ်သေး၊ ရှေး၌လည်း ငါသည် ဤသို့ မာန်ထောင်လွှားခြင်းအလေ့ရှိကုန်သည် ဖြစ်၍ သွားကုန်သော ရဟန်းတို့ကို ပယ်အပ်သော မာနရှိသည်တို့ကို ပြုဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် ဗေဒင်တို့၏ ကမ်းတဘက်သို့ ရောက်သော ဒိသာပါမောက္ခဆရာဖြစ်၍ လုလင်ငါးရာတို့ကို ဗေဒင်သင်၏။ ထိုငါးရာကုန်သော လုလင်တို့သည် အပြီးသို့ရောက်သော အတတ်ရှိကုန်သည်ဖြစ်၍ အတတ်၌ မေးစိစစ်၍ အကြင်မျှလောက်သော အတတ်ကို ငါတို့တတ်ကုန်၏။ ဆရာသည်လည်း ထိုမျှလောက်သော အတတ်ကိုသာလျှင် တတ်၏။ အထူးမရှိပြီဟု မာနဖြင့် ခိုင်မာကုန်သည်ဖြစ်၍ ဆရာ့အထံသို့ မသွားကုန်၊ ဝတ်ကြီးဝတ်ငယ်ကို မပြုကုန်၊ ထိုငါးရာကုန်သော လုလင်တို့သည် တနေ့သ၌ ဆရာသည် ဆီးပင်ရင်း၌ နေသည်ရှိသော် ဆရာကို ကဲ့ရဲ့လိုကုန်သည်ဖြစ်၍ ဆီးပင်သို့ လက်သီးဖြင့်ခေါက်ကုန်၍ ဤသစ်ပင်သည် အနှစ်မရှိသလျှင် ကတည်းဟု ဆိုကုန်၏။ ဘုရားလောင်းသည် မိမိအား ကဲ့ရဲ့သည်၏အဖြစ်ကိုသိ၍ တပည့်တို့ သင်တို့အား ငါသည် တခုသောပြဿနာကို မေးအံ့ဟု ဆို၏။ တပည့်တို့သည် နှစ်သက် ရွှင်လန်းကုန်၍ မေးကုန်လော့ ဖြေကုန်အံ့ဟု ဆိုကြကုန်၏။ ဆရာသည် ပြဿနာကို မေးလိုသည်ဖြစ်၍-

၁၉၀။ ကာလော ဃသတိ ဘူတာနိ၊ သဗ္ဗာနေဝ သဟတ္တနာ။
ယော စ ကာလဃသော ဘူတာ၊ သ ဘူတပစနိံ ပစိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၉၀။ အန္တေဝါသိကာ၊ တပည့်တို့။ ကာလော၊ ကာလသည်။ အတ္တနာ၊ မိမိနှင့်။ သဟ၊ တကွ။ သဗ္ဗာနေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။ ဘူတာနိ၊ သတ္တဝါတို့ကို။ ဃသတိ၊ စား၏။ ယော စ ဘူတော၊ အကြင် သတ္တဝါသည်ကား။ ကာလဃသော၊ ကာလကို စား၏။ သ သော ဘူတော၊ ထိုသတ္တဝါသည်။ ဘူတပစနိံ၊ သတ္တဝါတို့ကို ကျက်စေတက်သော တဏှာတည်းဟူသော မီးကို။ ပစိ၊ ဉာဏ်တည်းဟူသော မီးဖြင့် လောင်မြိုက်စေ၏။ ကာ၊ အဘယ် သတ္တဝါနည်း။

ဤပြဿနာကို ကြား၍ လုလင်တို့တွင် တယောက်မျှလည်း သိအံ့သောငှာ စွမ်းနိုင်သော သူမည်သည် မရှိ၊ ထိုအခါ လုလင်တို့ကို ဘုရားလောင်းသည် လုလင်တို့ သင်တို့သည် ဗေဒင်သုံးပုံတို့၌ ရှိ၏ဟူသော အမှတ်ကို မပြုကြကုန်လင့်၊ သင်တို့သည် အကြင်အတတ်ကို ဆရာသည်သိ၏။ ထိုအလုံးစုံကို ငါတို့သိကုန်၏ဟူ၍ အောက်ကုန်သည်ဖြစ်၍ ငါ့ကို ဆီးပင်နှင့်တူသည်ကို ပြုကုန်၏။ သင်တို့ထက် တယောက်သောငါ၏ များသောအနက်ကို သိသည်၏အဖြစ်ကို သိရကုန်အံ့၊ သွားကြလေကုန်၊ ခုနစ်ရက်မြောက်သောနေ့၌ ကာလကို ပေး၏။ ဤမျှသောကာလဖြင့် ဤပြဿနာကို ကြံလေကုန်ဟု ဆိုသည်ရှိသော် ထိုလုလင်တို့သည် ဘုရားလောင်းကို ရှိခိုးကုန်၍ မိမိတို့၏ နေရာအရပ်သို့ သွားကုန်၍ ခုနစ်ရက်ပတ်လုံး ကြံကုန်သော်လည်း ပြဿနာ၏ အဆုံးအစကို မမြင်ကုန်သလျှင်ကတည်း၊ ခုနစ်ရက် မြောက်သောနေ့၌ ဆရာ့အထံသို့ သွားကုန်၍ ရှိခိုးလျက် နေကုန်၏။ ကောင်းသော မျက်နှာရှိကုန်သော လုလင်တို့ ပြဿနာကို သိကုန်၏လောဟု မေးသည် ရှိသော် မသိနိုင်ဟု ဆိုကြကုန်၏။ ထိုအခါ ဘုရားလောင်းသည် ထိုလုလင်တို့ကို ကဲ့ရဲ့လိုသည်ဖြစ်၍-

၁၉၁။ ဗဟူနိ နရသီသာနိ၊ လောမသာနိ ဗြဟာနိ စ။
ဂိဝါသု ပဋိမုက္ကာနိ၊ ကောစိဒေဝေတ္ထ ကဏ္ဏဝါ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၉၁။ ဂီဝါသု၊ လည်တို့၌။ ပဋိမုက္ကာနိ၊ စွပ်အပ်ကုန်သော။ ဗြဟာနိ၊ ပွားကုန်သော။ လောမသာနိ၊ အမွေးရှိကုန်သော။ ဗဟူနိ၊ များစွာကုန်သော။ နရသီသာနိ၊ လူတို့၏ ဦးခေါင်းတို့သည်။ ဒိဿန္တိ၊ ထင်ကုန်၏။ ဧတ္ထ၊ ဤဦးခေါင်း အများတို့တွင်။ ကောစိဒေဝ၊ တခုသော ဦးခေါင်းသည်သာလျှင်။ ကဏ္ဏဝါ၊ သိတတ်သော နားရှိ၏။

ထိုလုလင်တို့သည် ကြားကုန်၍ ဆရာမည်သည်အံ့ဘွယ်ရှိစွတကား၊ မြတ်စွတကားဟု ကန်တော့၍ ပယ်အပ်သောမာန် ရှိကုန်သည်ဖြစ်၍ ဘုရားလောင်းကို လုပ်ကျွေးကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်၍ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဤငါးရာကုန်သော ရဟန်းတို့သည် ထိုအခါ လုလင်ငါးရာ ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆရာဟူက၊ ဘယ်တော့မှ၊ မတုပလေရာ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော မူလပရိယာယဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၆။ ဗာလောဝါဒဇာတ်

ကျွေးပြီး ပြစ်တင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဟန္တွာ ဆေတွာ ဝဓိတွာ စ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗာလောဝါဒဇာတ်ကို ဝေသာလီပြည်ကို အမှီပြု၍ စုလစ်မွန်းချွန်တပ်သော ဇရပ်၌ သီတင်းသုံး နေတော်မူစဉ် သီဟစစ်သူကြီးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုသီဟစစ်သူကြီးသည် မြတ်စွာဘုရားကို ကိုးကွယ်ခြင်းကိုပြု၍ ဘိတ်ပြီးလျှင် နက်ဖြန်နေ့၌ သားပြွမ်းဆွမ်းကို လှူ၏။ နိဂဏ္ဌတို့သည် ထိုစကားကိုကြား၍ အမျက် ထွက်၍ နှလုံးမသာယာသည်ဖြစ်၍ မြတ်စွာဘုရားကို ညှဉ်း ဆဲလိုသည်ဖြစ်၍ ရဟန်းဂေါတမသည် သိလျက် ရည်၍ ပြုအပ်သော အသားကိုစား၏ဟု ဆဲရေးကုန်၏။ ရဟန်းတို့သည် နာဋ၏သားဖြစ်သော နိဂဏ္ဌသည် ရဟန်းဂေါတမသည် သိလျက် ရည်၍ပြုအပ်သော အသားကို စား၏ဟု ပရိသတ်နှင့်တကွ ဆဲရေးလျက် လှည့်လည်၏ဟု စကားကို ဖြစ်စေကုန်၏။ ထိုစကားကို ကြားတော်မူ၍ ရဟန်းတို့ နာဋ၏ သားဖြစ်သော နိဂဏ္ဌသည် ယခုအခါ၌သာလျှင် ရည်၍ပြုအပ်သော အသားကို စားသောအားဖြင့် ငါ့ကို ကဲ့ရဲ့သည် မဟုတ်သေး၊ ရှေး၌လည်း ကဲ့ရဲ့ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် ရသေ့ ရဟန်းပြု၍ ချဉ်ဆားမှီဝဲအံ့သောငှါ ဟိမဝန္တာမှ ဗာရာဏသီပြည်သို့သွား၍ နက်ဖြန်နေ့၌ မြို့သို့ဆွမ်းခံအံ့သောငှါ ဝင်၏။ ထိုအခါ တယောက်သော သူကြွယ်သည် ရသေ့ကို ညှဉ်းဆဲအံ့ဟူ၍ အိမ်တွင်းသို့ပင့်၍ ခင်းအပ်သောနေရာ၌ နေစေ၍ ငါးအမဲဖြင့် လုပ်ကျွေး၍ ဆွမ်းဘုဉ်းပေးသော ကိစ္စအဆုံး၌ လျောက်ပတ်သော အရပ်၌နေ၍ ရှင်ရသေ့ သင်တို့ကိုသာလျှင်ရည်၍ သတ္တဝါတို့ကို သတ်၍ ဤအမဲကို ပြုအပ်၏။ ဤအကုသိုလ်သည် ငါတို့အားသာလျှင် မဖြစ်စေလင့်၊ သင်တို့အားလည်း ဖြစ်စေသတည်းဟု ဆို၍-

၁၉၂။ ဟန္တွာ ဆေတွာ ဝဓိတွာ စ၊ ဒေတိ ဒါနံ အသညတော။
ဧဒိသံ ဘတ္တံ ဘုဉ္ဇာနော၊ သပါပေန ဥပလိပ္ပတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၉၂။ တာပသ၊ ရှင်ရသေ့။ အသညတော၊ သီလမရှိသော သူသည်။ ဟန္တွာ စ၊ ပုတ်ခတ်၍၎င်း။ ဆေတွာစ၊ ဖြတ်၍၎င်း။ ဝဓိတွာ စ၊ သတ်၍၎င်း။ ဒါနံ၊ အလှူကို။ ဒေတိ၊ လူ၏။ ဧဒိသံ၊ ဤသို့သဘောရှိသော။ ဘတ္တံ၊ ဆွမ်းကို။ ဘုဉ္ဇာနော၊ စားသော။ သ သော သမဏော၊ ထိုရဟန်းသည်။ ပါပေန၊ မကောင်းမှုဖြင့်။ ဥပလိပ္ပတိ၊ လိမ်းကျံ၏။

ဘုရားလောင်းသည် ထိုစကားကို ကြား၍-

၁၉၃။ ပုတ္တဒါရံပိ စေ ဟန္တွာ၊ ဒေတိ ဒါနံ အသညတော။
ဘုဉ္စမာနောပိ သပ္ပညော၊ န ပါပေန ဥပလိပ္ပတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၉၃။ ဥပါသက၊ ဒါယကာ။ အသညတော၊ သီလမရှိသောသူသည်။ ပုတ္တဒါရံပိ၊ သားမယားကိုသော်လည်း။ ဟန္တွာ၊ သတ်၍။ ဒါနံ၊ အလှူကို။ စေ ဒေတိ၊ အကယ်၍ လှူစေကာမူ။ သပ္ပညော၊ ပညာရှိသောပုဂ္ဂိုလ်သည်။ တံ၊ ထိုဆွမ်းကို။ ဘုဉ္စမာနောပိ၊ စားသော်လည်း။ ပါပေန၊ မကောင်းမှုဖြင့်။ န ဥပလိပ္ပတိ၊ မလိမ်းကျု။

ဤသို့ ထိုဒါယကာအား ဘုရားလောင်းသည် တရားကိုဟော၍ နေရာမှထ၍ ဖဲ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ နာဋ၏ သားဖြစ်သော နိဂဏ္ဌသည် ထိုအခါ သူကြွယ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သူများသက်သတ်၊ ပေးလှူလတ်၍၊ ခံအပ်သူများ၊ အပြစ်များ၊ မလားမကပ်ငြိ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဗာလောဝါဒဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၇။ ပါဒဉ္ဇလိဇာတ်

နှုတ်ခမ်းကိုက်မင်းသား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဒ္ဓါ ပါဒဉ္ဇလီ သဗ္ဗေ အစရှိသော ဂါထာ ပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပါဒဉ္ဇလိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လာဠုဒါယီမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ တနေ့သ၌ နှစ်ပါးကုန်သော သာဝကတို့သည် ပြဿနာကို ဆုံးဖြတ်ကုန်၏။ ရဟန်းတို့သည် ပြဿနာကို ကြားနာရကုန်သည်ဖြစ်၍ မထေရ်တို့ကို ချီးမွမ်းကုန်၏။ လာဠုဒါယီမထေရ်သည်ကား ပရိသတ်တို့၏ အလယ်၌နေလျက် ထိုသာရိပုတ္တရာ မောဂ္ဂလာန်တို့သည် ငါတို့နှင့်အမျှ တတ်ကုန်သလောဟု နှုတ်ခမ်းကို ကိုက်၏။ မထေရ်တို့သည် ထိုလာဠုဒါယီမထေရ်ကို မြင်ကုန်၍ ဖဲကြကုန်၏ ပရိသတ်သည် ပျက်၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ လာဠုဒါယီမထေရ်သည် နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကိုကဲ့ရဲ့၍ နှုတ်ခမ်းကို ကိုက်၏ဟု စကားကို ဖြစ်စေကုန်၏။ ထိုစကားကို ကြားတော်မူ၍ ရဟန်းတို့ ယခုအခါ၌ သာလျှင် လာဠုဒါယီသည် နှုတ် ခမ်းကို ကိုက်ခြင်းကိုထား၍ ထို့ထက်အလွန်ဖြစ်သော တပါးသောအမှုကို မသိသည် မဟုတ်သေး၊ ရှေး၌လည်း လာဠုဒါယီသည် နှုတ်ခမ်းကို ကိုက်ခြင်းကိုထား၍ ထိုထက်အလွန်ဖြစ်သော တပါးသောအမှုကို မသိကုန်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ် မင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်ဖြစ်၏။ မင်း၏ ပါဒဉ္ဇလီ အမည်ရှိသောသားသည် လျှပ်ပေါ်၏။ ညံ့သော လုံ့လရှိ၏။ နောက်အဘို့၌ မင်းသည် သေ၏။ အမတ်တို့သည် မင်း၏သေမှုကို ပြုကုန်၍ အဘယ်သူကို မင်းအဖြစ်၌ အဘိသိက်သွန်းကြကုန်အံ့နည်းဟု တိုင်ပင်ကုန်သည်ရှိသော် ပါဒဉ္ဇလီမင်းသားကို အဘိသိက်သွန်းကုန်အံ့ဟု ဆိုကုန်၏။ ဘုရားလောင်းသည်ကား ဤမင်းသားသည် လျှပ်ပေါ်၏။ ညံ့သောလုံ့လရှိ၏။ စုံစမ်း၍ ထိုမင်းသားကို အဘိသိက် သွန်းကုန်အံ့ဟု ဆို၏။ အမတ်တို့သည် အဆုံးအဖြတ်ကို စီရင်ကုန်၍ မင်းသားကို အနီး၌နေစေကုန်၍ တရားကို ဆုံးဖြတ်ကုန်သည်ရှိသော် ကောင်းစွာ မဆုံးဖြတ်ကုန်၊ ထိုအမတ်တို့သည် အရှင်မဟုတ်သောသူကို အရှင်ပြုကုန်၍ မင်းသား အသို့ သဘောရှိသနည်း၊ အကျွန်ုပ်တို့သည် ကောင်းစွာ ဆုံးဖြတ်ကုန်၏ လောဟု မင်းသားကို မေးကုန်၏။ ထိုပါဒဉ္ဇလီမင်းသားသည် နှုတ်ခမ်းကိုကိုက်၏။ ဘုရားလောင်းသည် ပညာရှိယောင်တကား၊ ထိုမင်းသားသည် ကောင်းစွာ မဆုံးဖြတ်သည်၏ အဖြစ်ကို သိသည် ဖြစ်လတ္တံ့ ဟု အောက်မေ့ သည်ဖြစ်၍-

၁၉၄။ အဒ္ဓါ ပါဒဉ္ဇလီ သဗ္ဗေ၊ ပညာယ အတိရောစတိ။
တထာ ဟိ ဩဋ္ဌ ဘဉ္ဇတိ၊ ဥတ္တရိံ နူန ပဿတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၉၄။ ဘော၊ အချင်းတို့။ ပါဒဉ္ဇလီ၊ ပါဒဉ္ဇလိမင်းသားသည်။ အဒ္ဓါ၊ စင်စစ်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သောသူတို့ကို။ ပညာယ၊ ပညာဖြင့်။ အတိရောစတိ၊ လွန်၍ ထွန်းပ၏။ တထာဟိ၊ ထို့ကြောင့်လျှင်။ ဩဋ္ဌံ၊ နှုတ်ခမ်းကို။ ဘဉ္ဇတိ၊ ကိုက်၏။ ဥတ္တရိံ၊ အလွန်ဖြစ်သောအကြောင်းကို။ ပဿတိ နူန၊ မြင်ယောင်တကား။

အမတ်တို့သည် တပါးသောနေ့၌လည်း အဆုံးအဖြတ်ကို စီရင်ကုန်၍ တရားကို ကောင်းစွာ ဆုံးဖြတ်ကုန်၍ မြတ်သောမင်းကြီး အဆုံးအဖြတ်ကို အဘယ်သို့ သဘောရှိသနည်းဟု မေးကုန်၏။ ထိုပါဒဉ္ဇလိမင်းသားသည် တဖန်လည်း နှုတ်ခမ်းကိုသာလျှင် ကိုက်၏။ ထိုအခါ ထိုပါဒဉ္ဇလိမင်းသား၏ အလွန်မိုက်သည်အဖြစ်ကို သိ၍ ဘုရားလောင်းသည်-

၁၉၅။ နာယံ ဓမ္မံ အဓမ္မံ ဝါ၊ အတ္ထာနတ္ထံ န ဗုဇ္စျတိ။
အညတြ ဩဋ္ဌနိဗ္ဘောဂါ၊ နာယံ ဇာနာတိ ကိဉ္စနံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။

၁၉၅။ ဘော၊ အချင်းတို့။ ပါဒဉ္ဇလီ၊ ဤပါဒဉ္ဇလိမင်းသားသည်။ ဓမ္မံ ဝါ၊ သင့်သော အကြောင်းကို၎င်း။ အဓမ္မံ ဝါ၊ မသင့်သော အကြောင်းကို၎င်း။ အတ္ထာနတ္ထံ ဝါ၊ အကျိုးရှိသည် မရှိသည်ကို၎င်း။ န ဗုဇ္စျတိ၊ မသိ။ အယံ၊ ဤ ပါဒဉ္ဇလိမင်းသားသည်။ ဩဋ္ဌနိဗ္ဘောဂါ၊ နှုတ်ခမ်းကို ကိုက်ခြင်းကို။ အညတြ၊ ကြဉ်၍။ ကိဉ္စနံ၊ တစုံတခုကို။ န ဇာနာတိ၊ မသိ။

အမတ်တို့သည် ပါဒဉ္ဇလိမင်းသား၏ မိုက်သည်၏အဖြစ်ကို သိကုန်၍ ဘုရားလောင်းကို မင်းအဖြစ်၌ အဘိသိက် သွန်းကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ လာဠုဒါယီသည် ထိုအခါ ပါဒဉ္ဇလိမင်းသားဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသော အမတ်ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

နှုတ်ခမ်းကိုက်တာ၊ လွဲ၍သာ၊ ဘယ်ဟာ ဘာမသိ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ပါဒဉ္ဇလိဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၈။ ကိံသုကောပမဇာတ်

မင်းသားလေးယောက် ပေါက်လေးပင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သဗ္ဗေဟိ ကိံသုကော ဒိဋ္ဌော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကိံသုကောပမဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကိံသုကောပမသုတ္တန်ကို အကြောင်းပြု၍ ဟောတော်မူ၏။ လေးယောက်ကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားသို့ကပ်၍ ကမ္မဋ္ဌာန်းကို တောင်းကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းတို့အား ကမ္မ ဋ္ဌာန်းကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် ကမ္မဋ္ဌာန်းကိုယူကုန်၍ မိမိတို့၏ ညဉ့်သန့်ရာ နေ့သန့်ရာအရပ်ကိုကပ်ကုန်၏။ ထိုရဟန်းတို့တွင် တပါးသောရဟန်းသည် ခြောက်ပါးကုန်သော ဖဿာယတနတို့ကို သိမ်းဆည်း၍ ရဟန္တာအဖြစ်သို့ ရောက်၏။ တပါးသောရဟန်းသည် ငါးပါးကုန်သော ခန္ဓာတို့ကို။ တပါးသောရဟန်းသည် လေးပါးကုန်သော မဟာဘုတ်တို့ကို။ တပါးသောရဟန်းသည် တဆယ့်ရှစ်ပါးကုန်သော ဓာတ်တို့ကို သိမ်းဆည်း၍ ရဟန္တာအဖြစ်သို့ ရောက်၏။ ထိုရဟန်းတို့သည် မိမိတို့သည် ရအပ်သော တရားအထူးကို မြတ်စွာဘုရားအား လျောက်ကုန်၏။ ထိုအခါ တပါးသော ရဟန်းအား ဤရဟန်းတို့၏ ကမ္မဋ္ဌာန်းတို့သည် ထူးကုန်၏။ နိဗ္ဗာန်သည် တူ၏။ အဘယ့်ကြောင့် ခပ်သိမ်းကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်ကို ရအပ်သနည်းဟု အကြံသည်ဖြစ်၏။ ထိုရဟန်းသည် မြတ်စွာဘုရားကို လျှောက်၏။ မြတ်စွာဘုရားသည် ရဟန်း ပေါက်ပင်ကို မြင်ဘူးကုန်သော မင်းသားညီနောင် လေးယောက်တို့နှင့်တကွ သင့်အား ထူးသောအဖြစ်သည် အသို့ရှိအံ့နည်းဟု မိန့်တော်မူ၍ အရှင်ဘုရား ဤအကြောင်းကို အကျွန်ုပ်တို့အား ဟောတော်မူပါ ကုန်လောဟု ရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်းအား လေးယောက်ကုန်သော သားတို့သည် ဖြစ်ကုန်၏။ ထိုမင်းသားတို့သည် တနေ့သ၌ ရထားထိန်းကိုခေါ်၍ အချင်း ရထားထိန်း ငါတို့သည် ပေါက်ပင်ကို မြင်လိုကုန်၏။ ငါတို့အား ပေါက်ပင်ကို ပြလော့ဟု ဆိုကုန်၏။ ရထားထိန်းသည် ကောင်းပြီ ပြအံ့ဟုဆို၍ လေးယောက်ကုန်သော မင်းသားတို့အားလည်း တပေါင်းတည်းမပြုမူ၍ မင်းသားကြီးကို ရှေးဦးစွာ ရထား၌ စီးစေ၍ တောသို့ဆောင်၍ ဤသည်ကား ပေါက်ပင်တည်းဟု မည်းသောကာလ၌ ပေါက်ပင်ကို ပြ၏။ တယောက်သော မင်းသားအား ထူသောအရွက်ရှိသောကာလ၌ ပြ၏။ တယောက်သော မင်းသားအား ပွင့်သောကာလ၌ ပြ၏။ တယောက်သော မင်းသားအား သီးသောကာလ၌ ပြ၏။

နောက်အဘို့၌ လေးယောက်ကုန်သော မင်းသားညီနောင်တို့သည်လည်း တပေါင်းတည်း နေကြကုန်လျှက် ပေါက်ပင်မည်သည်ကား အဘယ်သို့ သဘောရှိသနည်းဟု စကားကို ဖြစ်စေကုန်၏။ ထို့နောင်မှ တယောက်သော မင်း သားသည် မီးလောင်ငုတ်ကဲ့သို့ ရှိ၏ဟု ဆို၏။ နှစ်ယောက်မြောက်သော မင်းသားသည် ပညောင်ပင်ကဲ့သို့ ရှိ၏ဟု ဆို၏။ သုံးယောက်မြောက်သော မင်းသားသည် သားတစ်ကဲ့သို့ ရှိ၏ဟု ဆို၏။ လေးယောက်မြောက်သော မင်းသားသည် ကုက္ကိုပင်ကဲ့သို့ ရှိ၏ဟု ဆို၏။ ဤသို့ ထိုမင်းသားတို့သည် အချင်းချင်း စကားဖြင့် မနှစ်သက်ကုန်သည်ဖြစ်၍ အဘ၏ အထံသို့ သွားကုန်၍ ခမည်းတော်မင်းမြတ် ပေါက်ပင်မည် သည်ကား အဘယ်သို့သဘော ရှိသနည်းဟု မေး၍ သင်တို့သည် အသို့ဆိုအပ်သနည်းဟု ဆိုသည်ရှိသော် ဆိုအပ်ကုန်သော အမှတ်ကို မင်းအား လျှောက်ကြကုန်၏။ မင်းသည် လေးယောက်ကုန်သော သင်တို့သည်လည်း ပေါက်ပင်ကို မြင်ဘူးကြကုန်၏။ စင်စစ် သင်တို့သည် ပေါက်ပင်ကို ပြလတ်သည်ရှိသော် ရထားထိန်းကို ဤမည်သောကာလ၌ ပေါက်ပင်သည် အသို့ဘောရှိသနည်း၊ ဤမည်သောကာလ၌ကား အဘယ်သို့ သဘောရှိသနည်းဟု ခွဲခြမ်းဝေဘန်၍ မမေးအပ်၊ ထို့ကြောင့် သင်တို့အား ယုံမှားခြင်းသည် ဖြစ်၏ဟု ဆို၍-

၁၉၆။ သဗ္ဗေဟိ ကိံသုကော ဒိဋ္ဌော၊ ကိံနွေတ္ထ ဝိစိကိစ္ဆထ။
န ဟိ သဗ္ဗေသု ဌာနေသု၊ သာရထိ ပရိပုစ္ဆိတော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၉၆။ တာတ၊ ချစ်သားတို့။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော သင်တို့သည်။ ကိံသုကော၊ ပေါက်ပင်ကို။ ဒိဋ္ဌော၊ မြင်ဘူးကြ၏။ ဧတ္ထ၊ ဤပေါက်ပင်၌။ တေ-တုမှေ၊ ထိုသင်တို့သည်။ ကိံ နု ဝိစိကိစ္ဆထ၊ အဘယ့်ကြောင့် ယုံမှားရှိကုန်သနည်း ဟူမူကား။ တုမှေဟိ၊ သင်တို့သည်။ သဗ္ဗေသု၊ ခပ်သိမ်းကုန်သော။ ဌနေသု၊ အရာတို့၌။ သာရထိ၊ ရထားထိန်းကို။ န ပရိပုစ္ဆတော၊ မမေးအပ်။ တေန၊ ထိုသို့ မမေးအပ်သောကြောင့်။ ဝိစိကိစ္ဆထ၊ ယုံ မှားရှိကုန်၏။

မြတ်စွာဘုရားသည် ဤအကြောင်းကို ပြတော်မူ၍ ရဟန်းတို့ ထိုမင်းသားညီနောင် လေးယောက်တို့သည် ခွဲခြမ်းဝေဘန်ခြင်းကို မပြုကုန်၍ မမေးအပ်သည်၏အဖြစ်ကြောင့် ပေါက်ပင်၌ ယုံမှားခြင်းကို ဖြစ်စေကုန်သကဲ့သို့ ထို့အတူ သင်သည်လည်း ဤတရား၌ ယုံမှားခြင်းကို ဖြစ်စေ၏ဟု မိန့်တော်မူပြီး၍ မြတ်စွာဘုရားသည်-

၁၉၇။ ဧဝံ သဗ္ဗေဟိ ဉာဏေဟိ၊ ယေသံ ဓမ္မာ အဇာနိတာ။
တေ ဝေ ဓမ္မေသု ကင်္ခန္တိ၊ ကိံသုကသ္မိံဝ ဘာတရော။

ဟူသော နှစ်ခုတနု့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

၁၉၇။ ဘိက္ခဝေ၊ ရဟန်းတို့။ ဘာတရော၊ လေးယောက်ကုန်သော မင်းသားညီနောင်တို့သည်။ ကိံသုကသ္မိံ၊ ပေါက်ပင်၌။ ကင်္ခန္တိ ဣဝ၊ ယုံမှားကုန်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ ယေသံ၊ အကြင်သူတို့သည်။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဉာဏေဟိ၊ ဝိပဿနာဉာဏ်တို့ဖြင့်။ ဓမ္မာ၊ ဖဿ အာယတန အစရှိသော တရားတို့ကို။ အဇာနိတာ၊ မသိအပ်ကုန်။ တေ၊ ထိုသူတို့သည်။ ဝေ၊ စင်စစ်။ ဓမ္မေသု၊ ဖဿအာယတန အစရှိကုန်သော တရားတို့၌။ ကင်္ခန္တိ၊ ယုံမှားကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီမင်းဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရည်မှန်းချက်မှာ၊ တူတုံပါလည်း။ လုပ်ရာအမှု၊ ကွဲပြားပြု၍၊ ဘယ်ဟုဘယ်ပင်၊ ပြစ်မတင်သင့်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကိံသုကောပမဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၉။ သာလကဇာတ်

ရှင်ကြီးနှိပ်စက်- ရှင်ငယ်ထွက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဧကပုတ္တကော ဘဝိဿတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသာလကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီ တင်းသုံး နေတော်မူစဉ် မထင်ရှားသော မထေရ်ကြီးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုမထေရ်ကြီးသည် သူငယ်တယောက်ကို ရှင်ပြု၍ နှိပ်စက်လျက် ဇေတဝန် ကျောင်းတော်၌ နေသတတ်၊ သာမဏေသည် နှိပ်စက်ခြင်းကို သည်းမခံနိုင်သည်ဖြစ်၍ လူထွက်၏။ မထေရ်ကြီးသည် သွား၍ သူငယ် သင်၏သင်္ကန်း သင်၏သပိတ်သည် သင့်ဘို့သာလျှင် ဖြစ်လတ္တံ့၊ ငါ၏ဥစ္စာဖြစ်သော သပိတ်သင်္ကန်းသည်လည်း သင့်ဘို့သာလျှင် ဖြစ်လတ္တံ့ ဟု ထိုသူငယ်ကို ဖြားယောင်း၏။ ထိုသူငယ်သည် ရှင်မပြုအံ့ဟု ဆို၍လည်း အဖန်တလဲလဲ ဖြားယောင်းဆိုလတ်သည်ရှိသော် ရှင်ပြုပြန်၏။ ထိုအခါ ထိုသူငယ်ကို ရှင်ပြုသောနေ့မှစ၍ တဖန် မထေရ်ကြီးသည် ညှဉ်းဆဲ၏။ ထိုသာမဏေသည် ညှဉ်းဆဲခြင်းကို သည်းမခံနိုင်သည်ဖြစ်၍ တဖန်ထွက်၍ အကြိမ်များစွာ တောင်းပန်သော်လည်း အရှင်ဘုရား သင်သည် ငါ့ကို သည်းခံသော်လည်း မခံနိုင်သလျှင်ကတည်း၊ ငါနှင့်ကင်း၍ နေအံ့သောငှာလည်း မစွမ်းနိုင်သလျှင်ကတည်း၊ သွားလေ ရှင်မပြုပြီဟု ဆို၍ ရှင်မပြုဘဲနေ၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ စင်စစ်လိမ္မာသောစိတ်ရှိသော ထိုသူငယ်သည် မထေရ်ကြီး၏အလိုကို သိ၍ ရှင်မပြုဘဲ နေ၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ အရှင်ဘုရား ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ဤသူငယ်သည် ယခုအခါ၌သာ လိမ္မာသောစိတ်ရှိသည် မဟုတ်သေး၊ ရှေး၌လည်း လိမ္မာသောစိတ်ရှိသည်ဖြစ်၍သာလျှင် တကြိမ် ထိုသူ၏အပြစ်ကိုမြင်၍ တဖန် မပေါင်းဘော်ပြီဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူကြွယ်မျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် စပါးရောင်းခြင်းဖြင့် အသက်မွေးခြင်းကို ပြု၏။ တယောက်သော အလမ္ပာယ်သည် မျောက်တခုကိုသင်၍ ဆေးကိုကိုင်စေ၍ ထိုမျောက်ကို မြွေကိုကစားစေ၍ အသက် မွေးခြင်းကို ပြု၏။ ထိုအလမ္ပာယ်သည် ဗာရာဏသီပြည်၌ ပွဲလမ်းသဘင် ကြွေးကြော်သည်ရှိသော် ပွဲလမ်းသဘင်ကို ကစားလို၍ ဤမျောက်ကို မမေ့မလျော့ပါလင့်ဟု ဆို၍ ထိုမျောက်ကို စပါးကုန်သည်၏လက်၌ထား၍ ပွဲလမ်းသဘင်ကစား၍ ခုနစ်ရက်မြောက်သောနေ့၌ ထိုစပါးကုန်သည်၏ အထံသို့ သွား၍ မျောက်သည် အဘယ်မှာနည်းဟု မေး၏။

မျောက်သည် အရှင်၏အသံကို ကြား၍လျှင် စပါးစိမှ လျင်မြန်စွာ ထွက်လာ၏။ ထိုအခါ ထိုမျောက်ကို ထိုအလမ္ပာယ်သည် ဝါးခြမ်းပြားနှင့် ကျောက်၌ရိုက်၍ ယူလေပြီးလျှင် ဥယျာဉ်သို့သွား၍ လျောက်ပတ်သော အရပ်၌ချည်၍ အိပ်ပျော်လေ၏။ မျောက်သည် ထိုအလမ္ပာယ် အိပ်ပျော်သည်၏အဖြစ်ကို သိ၍ မိမိ၏အနှောင်အဖွဲ့ကိုဖြေ၍ သရက်ပင်သို့တက်၍ သရက်သီးမှည့်ကိုစားပြီးလျှင် အစေ့တို့ကို အလမ္ပာယ်၏ ကိုယ်ပေါ်သို့ချ၏။ အလမ္ပာယ်သည် နိုး၍ ကြည့်လတ်သည်ရှိသော် မျောက်ကိုမြင်၍ ချိုသာနာဘွယ်သောစကားနှင့် လှည့်ပတ်၍ သရက်ပင်မှသက်စေ၍ ဖမ်းအံ့ဟု ကြံလျှက် ထိုမျောက်ကို ဖြားယောင်းလိုရကား -

၁၉၈။ ဧကပုတ္တကော ဘဝိဿတိ၊
တွဉ္စ နော ဟေဿသိ၊ ဣဿရော ကုလေ။
ဩရောဟ ဒုမသ္မာ သာလက၊
ဧဟိ ဒါနိ ဃရကံ ဝဇေမသေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၉၈။ သာလက၊ သာလက။ တွံ၊ သင်သည်။ နော၊ ငါတို့၏။ ဃရေ၊ အိမ်၌။ ဧကပုတ္တကော၊ တယောက်တည်းသော သားသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ မေ၊ ငါ၏။ ဘောဂါနံ၊ စည်းစိမ်တို့ကို။ ဣဿရော၊ အစိုးရသည်။ ဟေဿသိ၊ ဖြစ်ရလတ္တံ့။ ဒုမသ္မာ၊ သရက်ပင်မှ။ ဩရောဟ၊ ဆင်းခဲ့လော့။ ဒါနိ-ဣဒါနိ၊ ယခုအခါ၌။ အမှာကံ၊ ငါတို့၏။ ဃရကံ၊ အိမ်သို့။ ဝဇေမသေ၊ သွားကြကုန်အံ့။ ဧဟိ၊ လာလော။

မျောက်သည် ထိုစကားကို ကြား၍-

၁၉၉။ နနု မံ သုဟဒယောတိ မညသိ၊
ယဉ္စ ဟနသိ မံ ဝေဠုယဋ္ဌိယာ။
ပက္ကမ္ဗဝနေ ရမာမသေ။
ဂစ္ဆ တွံ ဃရကံ ယထာသုခံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၉၉။ ဘော အဟိတုဏ္ဍိက၊ အိုအလမ္ပာယ်သမား။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ သုဟဒယောတိ မညသိ နနု၊ လိမ္မာသောစိတ်ရှိ၏ဟူ၍ အောက်မေ့သည် မဟုတ်တုံလော။ တွံ၊ သင်သည်။ မံ၊ ကို။ ဝေဠုယဋ္ဌိယာ၊ ဝါးခြမ်းပြားဖြင့်။ ယဉ္စ ဟနသိ၊ အကြင်ကြောင့် ရိုက်၏။ တေန၊ ထို့ကြောင့်။ မယံ၊ ငါတို့သည်။ ပက္ကမ္ဗဝနေ၊ သရက်သီးမှည့်သော တော၌။ ရမာမသေ၊ မွေ့လျော်ကုန်အံ့။ တွံ၊ သင်သည်။ ဃရကံ၊ အိမ်သို့။ ယထာသုခံ၊ အလိုအတိုင်း။ ဂစ္ဆ၊ သွားလေလော့။

ဤသို့ဆို၍ တောသို့ဝင်၏။ အလမ္ပာယ်သည်လည်း နှလုံးမသာသည်ဖြစ်၍ အိမ်သို့ သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ သာမဏေသည် ထိုအခါ မျောက် ဖြစ်ဘူးပြီ၊ ယခုအခါ မဟာထေရ်သည် ထိုအခါ အလမ္ပာယ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ စပါးကုန်သည် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

တကြိမ်ပြစ်မြင်၊ သူမခင်၊ ခုတွင်မက ရှေးဘဝ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော သာလကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၁၀။ ကပိဇာတ်

ရသေ့သွင်မျောက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အယံ ဣသီ ဥပသမသံယမေ ရတော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကပိဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သောအံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုရဟန်း၏အံ့ဘွယ်သရဲကို ဖြစ်စေ သည်၏ အဖြစ်သည် ရဟန်းတို့၌ ထင်ရှားဖြစ်၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသော ရဟန်းသည် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရာဖြစ်သော ဘုရား သခင်၏ သာသနာတော်၌ ရဟန်းပြု၍အံ့ဘွယ်သရဲကို ဖြစ်စေတတ်သော အကြောင်းကို ပြည့်စုံစေ၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျောက်သည်ရှိသော် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင်အံ့ဘွယ်သရဲကို ဖြစ်စေသည် မဟုတ်သေး၊ ရှေး၌လည်း မီးဟူသော အကြောင်းကြောင့် မျောက်ဖြစ်၍အံ့ဘွယ်သရဲ၏အဖြစ်ကို ပြုဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ထိုအခါ ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် သားသည် ရှေးရှူထက်ဝန်းကျင်ပြေး၍ သွားနိုင်သောကာလ၌ ပုဏ္ဏေးမသည် သေလတ်သည်ရှိသော် သားကိုရင်ခွင်ဖြင့်ချီ၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းအဖြစ်အားဖြင့် ရဟန်းပြု၍ ထိုသားငယ်ကိုလည်း ရသေ့ငယ်ပြု၍ သစ်ရွက်မိုးသော သင်္ခမ်း၌နေခြင်းကို ပြု၏။ မိုဃ်းလအခါ အယဉ်မပြတ်စီးသော မိုဃ်းသည် စွေလတ်သည်ရှိသော် မျောက်သည် အချမ်းနှိပ်စက်သည်ဖြစ်၍၊ သွားဖြင့် သွားတို့ကိုခဲလျက် တုန်လှုပ်လျှက် သွား၏။ ဘုရားလောင်းသည်းကြီးစွာသော ထင်းတုံးတို့ကိုဆောင်၍ မီးညှိ၍ ညောင်စောင်း၌ လျောင်း၏။ ထိုဘုရားလောင်း၏ သားငယ်သည်လည်း ထိုဘုရားလောင်း၏ ခြေတို့ကိုဆုပ်နယ်လျက်နေ၏။ ထိုမျောက်သည် တပါးသော သေလေသောရသေ့၏ ဥစ္စာဖြစ်ကုန်သော မျှော်တေသင်္ကန်းတို့ကို ဝတ်ရုံ၍ သစ်နက်ရေကို ပခုံး၌ တင်၍ ထမ်းပိုးကရားကိုယူ၍ ရသေ့အသွင်ဖြင့် လာလတ်၍ သစ်ရွက်မိုးသော သင်္ခမ်းတံခါး၌ မီးဟူသောအကြောင်းကြောင့်အံ့ဘွယ်သရဲသော အမှုကိုပြု၍ ရပ်၏။ ရသေ့ငယ်သည်လည်း မြင်၍ ဘခင် ရသေ့တယောက်သည် အချမ်းနှိပ်စက်အပ်သည်ဖြစ်၍ တုန်လှုပ်လျက် ရပ်၏။ ဤမီးဖိုသို့ ထိုရသေ့ကို ခေါ်ကုန်လော့၊ မီးလှုံလတ္တံ့ဟု အဘကို တောင်းပန်လိုသည်ဖြစ်၍-

၂၀၀။ အယံ ဣသီ ဥပသမသံယမေ ရတော၊
သ တိဋ္ဌတိ သိသိရဘယေန အဋ္ဋိတော။
ဟန္ဒ အယံ ပဝိသတု မံ အဂါရကံ၊
ဝိနေတု သီတံ ဒရထဉ္စ ကေဝလံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

၂၀၀။ တာတ၊ ဘခင်။ ဥပသမသံယမေ၊ ရာဂအစရှိသည်တို့ကို ငြိမ်းစေခြင်း သီလကို ထိန်းသိမ်းခြင်း၌။ ရတော၊ မွေ့လျော်ထသော။ သ-သော အယံ ဣသီ၊ ဤရသေ့သည်။ သိသိရဘယေန၊ လေနှင့်တကွ ရွာသောမိုဃ်းသည် ဖြစ်စေအပ်သော ချမ်းအေးခြင်း ဘေးသည်။ အဋ္ဋိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။ တိဋ္ဌတိ၊ ရပ်၏။ ဟန္ဒ၊ ယခု။ အယံ၊ ဤရသေ့သည်။ ဣမံ အဂါရကံ၊ ဤကျောင်းသို့။ ပဝိသတု၊ ဝင်စေသတည်း။ ကေဝလံ၊ အလုံးစုံသော။ သိတဉ္စ၊ ချမ်းခြင်းကို၎င်း။ ဒရထဉ္စ၊ ဆင်းရဲခြင်းကို၎င်း။ ဝိနေတု၊ ဖျောက်စေသတည်း။

ဘုရားလောင်းသည် သား၏စကားကို ကြား၍ ထ၍ ကြည့်သည် ရှိသော် မျောက်၏အဖြစ်ကို သိ၍-

၂၀၁။ နာယံ ဣသီ ဥပသမသံယမေ ရတော၊
ကပီ အယံ ဒုမဝရသာခဂေါစရော။
သော ဒူသကော ရောသကော စာပိ ဇမ္မော၊
သစေ ဝဇေမံပိ ဒူသေယျဂရံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၂၀၁။ တာတ၊ ချစ်သား။ အယံ၊ ဤသတ္တဝါသည်။ ဥပသမသံယမေ၊ ရာဂအစရှိသည်တို့ကိုငြိမ်းစေခြင်း သီလကိုစောင့်စည်းခြင်း၌။ ရတော၊ မွေ့လျော်သော။ ဣသိ၊ ရသေ့သည်။ ၊ မဟုတ်။ အယံ၊ ဤသတ္တဝါသည်။ ဒုမဝရသာခဂေါစရော၊ မြတ်သော သစ်ပင်တို့၏အခက်၌ ကျက်စားတတ်သော။ ကပီ၊ မျောက်တည်း။ သော၊ ထိုမျောက်သည်။ ဒူသကော စ၊ ဖျက်လည်း ဖျက်ဆီး တတ်၏။ ရောသကော စာပိ၊ ချုတ်လည်း ချုတ်ချယ်တတ်၏။ ဇမ္ဗော စ၊ ယုတ်လည်း ယုတ်မာ၏။ ဣမံပိ၊ ဤကျောင်းသို့လည်း။ သစေ ဝဇေ၊ အကယ်၍ ဝင်ငြားအံ့။ အဂါရံ၊ ကျောင်းကို။ ဒူသေယျ၊ ဖျက် ဆီးရာ၏။

ဤသို့ဆိုပြီးလျှင် ဘုရားလောင်းသည် မီးစကိုကိုင်၍ ထိုမျောက်ကို ချောက်လိုက်၍ ပြေးစေ၏။ ထိုမျောက်သည် ခုန်လွှားကာ တောသို့ဝင်၍ ပြေး၏။ တဖန် ထိုအရပ်သို့ မလာပြီ၊ ဘုရားလောင်းသည် အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ရသေ့ငယ်အား ကသိုဏ်းပရိကံကို ကြား၏။ ထိုရသေ့ငယ်သည်လည်း အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၏။ ထိုနှစ်ဦးသော ရသေ့တို့သည်လည်း မယုတ်သော ဈာန်ရှိကုန်သည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လားကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သည်မဟုတ်၊ ရှေးကာလမှ စ၍လည်း ဤရဟန်းသည်အံ့ဘွယ်သရဲကို ဖြစ်စေသလျှင်ကတည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြသည်၏အဆုံး၌ အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် ရဟန္တာ ဖြစ်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ရဟန်းတို့ ယခုအခါအံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းသည် ထိုအခါ မျောက် ဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ သား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အဘရသေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

ဝါသနာဘာဂီ၊ ထုံဝသီ၊ အညီအံ့ဘွယ်ပြ

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကပိဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-သင်္ကပ္ပဝဂ်

၁။ သင်္ကပ္ပရာဂဇာတ်

ဝတ်လဲလျှော့ပြေ ဈာန်ယာဉ်ကြွေ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သင်္ကပ္ပရာဂ ဓောတေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသင်္ကပ္ပဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းအဖြစ်၌ ငြီးငွေ့သောရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌နေသော တယောက်သော အမျိုးသားသည် သာသနာတော်၌ အသက်ကိုလှူသဖြင့် ရဟန်းပြု၍ တနေ့သ၌ သာဝတ္ထိပြည်ဝယ် ဆွမ်းခံသွားသည်ရှိသော် တန်ဆာဆင်အပ်သော မိန်းမတယောက်ကိုမြင်၍ ကာမရာဂဖြစ်ရကား မမွေ့လျော်သည် ဖြစ်၍ နေသတတ်၊ မမွေ့လျော်သော ထိုရဟန်းကို ဆရာဥပဇ္ဈာယ် အစရှိသည်တို့ သိမြင်၍ မမွေ့လျော်သော အကြောင်းကို မေးပြီးလျှင် ထိုရဟန်း၏ လူထွက်လိုသော အဖြစ်ကိုသိ၍ ငါ့သျှင် ဘုရားမည်သည်ကား ကာမရာဂအစရှိသော ကိလေသာတို့သည် နှိပ်စက်အပ်ကုန်သော သူတို့၏ ကိလေသာတို့ကို ခွဲ၍ သစ္စာတို့ကို ပြတော်မူပြီးလျှင် သောတာပတ္တိဖိုလ် အစရှိသည်တို့ကို ပေးတတ်၏။ လာလော့ သင့်ကို မြတ်စွာဘုရားထံသို့ ဆောင်ကုန်အံ့ဟုဆို၍ ထိုရဟန်းကို ခေါ်၍သွားကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ အလိုမရှိသည်လျှင်ဖြစ်သော ဤရဟန်းကိုခေါ်၍ အဘယ့်ကြောင့် လာကြကုန်သနည်းဟု မေးတော်မူလတ်သော် ထိုအကြောင်းကို ကြား လျှောက်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း သင်ကား ရဟန်းအဖြစ်၌ ငြီးငွေ့သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် အဘယ့်ကြောင့် ငြီးငွေ့သနည်းဟု မေးတော်မူ၏။ ထိုရဟန်းသည် ထိုအကြောင်းကိုနားတော်လျှောက်၏။

ထိုအခါ ထိုရဟန်းကို သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်း မိန်းမတို့မည်သည်ကား ရှေးကာလ၌ ဈာန်၏အာနုဘော်အားဖြင့် ခွဲအပ်ပြီးသော ကိလေသာရှိကုန်သော စင်ကြယ်ကုန်သော သူတို့အားလည်း ကိလေသာကို ဖြစ်စေကုန်ပြီ၊ သင်ကဲ့သို့ အချည်းနှီးသောသူကို အဘယ့်ကြောင့် မညစ်ညူးစေကုန်လတ္တံ့နည်း၊ စင်ကြယ်ကုန်သော သူတို့သည်လည်း ညစ်ညူကုန်သေး၏။ မြတ်သော အကျော်အစောနှင့် ပြည့်စုံကုန်သောသူတို့သည်လည်း အကျော်အစော မဲ့သည်၏အဖြစ်သို့ ရောက်ကုန်သေး၏။ မစင်ကြယ်သော သူတို့သည်ကား အဘယ်ဆိုဘွယ်ရာ ရှိအံ့နည်း၊ မြင်းမိုရ်တောင်ကို လှုပ်စေနိုင်သော လေသည် ဟောင်းလေပြီးသော သစ်ရွက်ခြောက်ကို အဘယ်မူ၍ မလှုပ်စေနိုင်ငြားအံ့နည်း၊ ဗောဓိအပြင်၌နေ၍

သစ္စာတို့ကို သိအံ့သောသူကိုလည်း ဤကိလေသာသည် နှိပ်စက်နိုင်ဘိ၏။ သင်ကဲ့သို့သော သူကိုကား ထိုကိလေသာသည် အဘယ်မူ၍ မနှိပ်စက်နိုင်ကုန်အံ့နည်းဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်ရကား အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော ဗြာဟ္မဏမဟာသာလ အမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ ဗာရာဏသီပြည်သို့ ပြန်၍ သားမယားမွေး၏။ မိဘလွန်သဖြင့် မိဘတို့အား သင်္ဂြိုဟ်ခြင်းကိစ္စကိုပြု၍ ရွှေငွေဥစ္စာတို့ကို ကြည့်လတ်သော် ဤဥစ္စာသည်ကား ထင်၏။ ဤဥစ္စာရှင်တို့သည်ကား မထင်ဟု ဆင်ခြင်လျက် သံဝေဂရ၏။ ကိုယ်မှ ချွေးတို့သည် ယိုကုန်၏ ထိုဘုရားလောင်းသည် လူတို့ဘောင်၌ ကြာမြင့်စွာနေလျက် အလှူပေး၍ ကာမတို့ကို ပယ်ပြီးလျှင် မျက်ရည်စွတ်သော မျက်နှာရှိသော ဆွေမျိုးအပေါင်းတို့ကို စွန့်လျက် ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြုပြီးလျှင် မွေ့လျော်ဘွယ်ရှိသော အရပ်၌ ကျောင်းဆောက်၍ သစ်မြစ် သစ်သီးအစရှိကုန်သော အာဟာရတို့ဖြင့် မျှတလျှက် မကြာမြင့်မီလျှင် အဘိညာဉ်သမာပတ်တို့ကို ဖြစ်စေ၍ ဈာန်ကစားခြင်းကို ကစားလျက် ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှါ လူတို့ပြည်ကို မှီ၍ နေရမူကား ငါ၏ကိုယ်သည်လည်း ခိုင်ခံ့သည် ဖြစ်လတ္တံ့၊ ငါသည် သွားခြင်းဖြင့် ဣရိယာပုထိကို ဆောင်ခြင်းပြုရသည်လည်း ဖြစ်လတ္တံ့၊ အကြင်သူတို့သည် ထိုကဲ့သို့ သီလနှင့်ပြည့်စုံသော ရဟန်းအား ဆွမ်းကိုမူလည်း လှူကုန်လတ္တံ့၊ ရှိခိုးခြင်းအစရှိသည်ကိုလည်း ပြုကုန်လတ္တံ့၊ ထိုသူတို့သည် နတ်ပြည်ကို ပြည့်စေကုန်လတ္တံ့ဟု ကြံ၏။ ဤသို့ ကြံပြီး၍-

ထိုဘုရားလောင်းသည် ဟိမဝန္တာမှ သက်ခဲ့၍ အစဉ်သဖြင့် ဒေသစာရီ သွားလတ်သော် ဗာရာဏသီပြည်သို့ ရောက်၍ နေဝင်သောအခါ၌ နေရာအရပ်ကိုကြည့်လျှင် ဥယျာဉ်ကိုမြင်၍ ဤဥယျာဉ်ကား နေခြင်းငှါ လျောက်ပတ်၏။ ဤဥယျာဉ်၌နေအံ့ဟု ဥယျာဉ်သို့ဝင်၍ တခုသော သစ်ပင် ရင်း၌ နေလျက် ဈာန်ချမ်းသာဖြင့် ညဉ့်ကိုကုန်စေ၍ မိုး သောက်လတ်သော် ကိုယ်လက်သုတ်သင်၍ နံနက်အခါ၌လျှင် ဆံကျစ် သစ်နက်ရေ လျှော်တေ သင်္ကန်းတို့ကို ကောင်းမွန်စွာ ပြုပြင်၍ သပိတ်ကိုပိုက်လျက် ငြိမ်သက်သော ဣန္ဒြေ ငြိမ်သက်သောစိတ် ငြိမ်သက်သော ဣရိယာပုတ်နှင့် ပြည့်စုံစွာ ထမ်းပိုးတပြန်ကြည့်၍ ခပ်သိမ်းသော အခြင်းအရာနှင့် ပြည့်စုံသော မိမိ၏ အဆင်း အသရေဖြင့် လူအပေါင်း၏ မျက်စိတို့ကို ငင်ဘိသကဲ့သို့ မြို့သို့ဝင်၍ ဆွမ်းခံသွားလျက်ပင် မင်းအိမ်တံခါးသို့ ရောက်၏။ မင်းသည် မြတ်သောအပြင်၌ စင်္ကြံသွားလျက် လေသာပြူတင်းပေါက်ဖြင့် ဘုရားလောင်းကို မြင်၍ ဣရိယာပုထ်၌လျှင် ကြည်ညို၍ သူတော်ကောင်းတရားမည်သည် အကယ်၍ ရှိငြားအံ့၊ ဤရသေ့၏ကိုယ်တွင်း၌ ရှိသည်ဖြစ်ရာ၏ဟု ကြံ၍ သွားချေ ရှင်ရသေ့ကို ပင့်ချေဟု တယောက်သော အမတ်ကို စေ၏။ ထိုအမတ်သည် သွား၍ ရှိခိုးလျက် သပိတ်ကို လှမ်း၍ အရှင်ဘုရား အရှင်ဘုရားကို မင်းသည် ပင့်ခေါ်၏ဟု ဆို၏။ ဘုရားလောင်းသည် ဘုန်းတန်ခိုးကြီးသော ဒါယကာ ငါတို့ကို မင်းသည် မသိဟု ဆို၏ အရှင်ဘုရား ထိုသို့တပြီးကား အကြင်မျှလောက်သော ကာလပတ်လုံး လာပါအံ့၊ ထိုမျှလောက်သောကာလပတ်လုံး အရှင်ဘုရားတို့သည် ဤအရပ်၌သာလျှင် နေတော်မူပါကုန်လော့ဟု ဆိုလျက် သွား၍ မင်းအား ကြားလျှောက်၏။ မင်းသည် ငါတို့အားကား ဆရာရသေ့သည် မရှိ၊ သွားချေ ထိုရသေ့ကို ပင့်ဆောင်ချေဆို၍ မိမိသည်လည်း လေသာနန်းတံခါးပေါက်ဖြင့် လက်ကိုဖြန့်လျက် ရှိခိုး၍ အရှင်ဘုရား ဤအရပ်သို့ အရှင်ဘုရား ကြွတော်မူပါကုန်လော့ဟု ဆို၏။ ဘုရားလောင်းသည် အမတ်၏လက်၌ သပိတ်ကိုပေး၍ မြတ်သောပြာသာဒ်အပြင်သို့ တက်၏။

ထိုအခါ မင်းသည် ဘုရားလောင်းကို ရှိခိုးလျက် ရာဇ ပလ္လင်၌ နေစေ၍ မိမိဘို့ ကောင်းစွာ စီရင်အပ်သော ယာဂုခဲဘွယ် ဆွမ်းတို့ဖြင့် လုပ်ကျွေး၍ ဆွမ်းဘုဉ်းပေးပြီးသော် ဘုရားလောင်းကို ပြဿနာမေး၏။ ပြဿနာကို ဖြေသဖြင့် လွန်စွာကြည်ညို၍ ရှိခိုးလျက် အရှင်ဘုရား အရှင်ဘုရားတို့သည် အဘယ်အရပ်၌ သီတင်းသုံး နေကုန်သနည်း၊ အဘယ်အရပ်မှ ကြွလာကုန်သနည်းဟု မေး၏။ မြတ်သောမင်းကြီး ငါတို့သည် ဟိမဝန္တ၌ နေကုန်၏ဟု ပြောဆိုလတ်သော် တဖန် အဘယ့်ကြောင့် ကြွလာကုန်သနည်းဟု မေး၍ မြတ်သော မင်းကြီး မိုဃ်းကာလ၌ အမြဲနေရာမည်သည်ကို ရခြင်းငှါ သင့်၏။ ထို့ကြောင့် လာကုန်၏ဟု ဆိုလတ်သော် အရှင်ဘုရား ထိုသို့တပြီးကား မင်း၏ဥယျာဉ်၌ နေတော်မူပါကုန်လော့၊ အရှင်ဘုရားတို့သည် လေးပါးသော ပစ္စည်းတို့ဖြင့် မပင်မပန်းကုန်လတ္တံ့၊ အကျွန်ုပ်သည်လည်း နတ်ပြည်၌ ဖြစ်စေတတ်သော ကောင်းမှုကို ပွားစေရအံ့ဟု ဆိုလေသဖြင့် ဝန်ခံခြင်းကိုယူ၍ နံနက်စာစားပြီးသော် ဘုရားလောင်းနှင့်တကွ ဥယျာဉ်သို့သွား၍ သစ်ရွက်မိုးသော ကျောင်းစင်္ကြံတို့ကို ဆောက်စေ၍ ညဉ့်သန့် နေ့သန့်ရာအရပ် အစရှိသည်တို့ကို ဖြစ်စေ၍ ရဟန်းတို့၏ ပရိက္ခရာတို့ကို လှူပြီး၍ အရှင်ဘုရား အရှင်ဘုရားတို့သည် ချမ်းသာသဖြင့် နေပါကုန်လော့ ဟုဆို၍ ဥယျာဉ်စောင့်ကို အပ်၏။ ဘုရားလောင်းသည် ထိုအခါမှစ၍ တဆယ်နှစ်နှစ်တို့ပတ်လုံး ထိုဥယျာဉ်၌သာလျှင် နေ၏။

ထိုအခါ တနေ့သ၌ မင်း၏ပစ္စန္တရစ်ကို ခိုးသူတို့သည် ဖျက် ဆီးအပ်၏။ မင်းသည် ပစ္စန္တရစ်ကို ငြိမ်စိမ့်သောငှါ သွားလိုရကား မိဖုယားကို ခေါ်၍ မိဖုယား သင်သည် မြို့၌ နေရစ်ခြင်းငှါ သင့်၏ဟု ဆို၏။ မြတ်သောမင်းကြီး အဘယ်ကိုမှီ၍ ဆိုကုန်သနည်းဟု လျှောက်လတ်သော် မိဖုယား သီလရှိသော ရသေ့ကို မှီ၍ ဆို၏ဟု မင်းသည် ဆို၏။ မြတ်သောမင်းကြီး အကျွန်ုပ်သည်ရှင်ရသေ့၌ မမေ့မလျော့သည် ဖြစ်အံ့ ရှင်ရသေ့အား လုပ်ကျွေးခြင်းသည် အကျွန်ုပ်၏ ဝန်ဖြစ်စေ၊ အရှင်မင်းကြီးတို့သည် ရွံရှာခြင်း ကင်းကုန်သည်ဖြစ်၍ ကြွတော်မူလောဟု မိဖုယားသည် ဆို၏။ မင်းသွားသည်ရှိသော် မိဖုယားသည်လည်း ဘုရားလောင်းကို မင်းဆိုတိုင်းသာလျှင် ရိုသေစွာ လုပ်ကျွေး၏။ ဘုရားလောင်းသည်ကား မင်း၏သွားသောကာလ၌ အမြဲအခါ၌သွား၍ မိမိအလိုရှိသော ကာလ၌ ဆွမ်းစားခြင်းကိစ္စကို ပြု၏။

ထိုအခါ တနေ့သ၌ ဘုရားလောင်းသည် အလွန်ကြာမြင့်လတ်သော် မိဖုယားသည် ခပ်သိမ်းသော ခဲဘွယ်ဘောဇဉ်ကို စီရင်၍ ရေချိုး၍ တန်ဆာဆင်၍ ညောင်စောင်းငယ်ကိုခင်း၍ ဘုရားလောင်း၏ လာခြင်းကို မျှော်လျက် ပြေပြစ်သောအဝတ်ကို အလျော့လျော့ဝတ်၍ အိပ်၏။ ဘုရားလောင်းသည်လည်း အခါကိုမှတ်၍ သပိတ်ကိုယူ၍ ကောင်းကင်ဖြင့်သွား၍ လေ သွန်တံခါးသို့ရောက်၏။ ထိုဘုရားလောင်း၏ လျှော်တေ သင်္ကန်းသံကို ကြား၍ အဆောတလျင်ထသော မိဖုယား၏ ကိုယ်မှ ပြေပြစ်သောအဝတ်သည် လျှောကျ၏။ ဘုရားလောင်းသည် ဝိသဘာဂအာရုံကိုမြင်၍ ဣန္ဒြေကိုဖျက်၍ တင့်တယ်၏ ဟု နှလုံးသွင်းလျက် ကြည့်၏။ ထိုအခါ ဘုရားလောင်းအား ဈာန်၏အစွမ်းအားဖြင့်ငြိမ်သော ကိလေသာသည်လည်း ကြုတ်၌ ထည့်အပ်သော မြွေဟောက်သည် ပါးပျဉ်းထောင်၍ ထသကဲ့သို့၎င်း အစေးရှိသောသစ်ပင်ကို ပဲခွပ်ဖြင့်ပေါက်သော ကာလကဲ့သို့၎င်း ဖြစ်၏။ ကိလေသာဖြစ်သည်နှင့်တကွ ဈာန်အင်္ဂါတို့သည် ကွယ်ကုန်၏။ ဣန္ဒြေတို့သည် မပြည့်စုံသည် ဖြစ်ကုန်၏။ မိမိသည် အတောင်ပြတ်သော ကျီးကဲ့သို့ ဖြစ်၏။

ထိုဘုရားလောင်းသည် ရှေး၌ကဲ့သို့ထိုင်၍ ဆွမ်းဘုဉ်းပေးခြင်းကို ပြုအံ့သောငှါ မတတ်နိုင်၍ ထိုင်ပါလော့ဟု ဆိုငြားသော်လည်း မထိုင်၊ ထိုအခါ မိဖုယားသည် ခပ်သိမ်းသော ခဲဘွယ်ဘောဇဉ်ကို ဘုရားလောင်း၏ သပိတ်၌လျင်ထည့်၏။ ရှေး၌ ဆွမ်းဘုဉ်းပေးခြင်းကိုပြု၍ ခြင်္သေ့ခံသောပြူတင်းပေါက်ကိုဘွင့်၍ ကောင်းကင်၌သာလျင် သွားသကဲ့သို့ ထို့အတူ ထိုနေ့၌ သွားခြင်းငှါ မတတ်နိုင်၊ သပိတ်ကိုယူ၍ စောင်းတန်းမဖြင့်လျှင်သက်၍ ဥယျာဉ်သို့ သွား၏။ မိဖုယားသည်ကား မိမိ၌ ဘုရားလောင်း၏ တပ်စွန်းသောစိတ်ကို သိ၏။ ဘုရားလောင်းသည် ဥယျာဉ်သို့သွား၍ ဆွမ်းကိုမစားမူ၍လျှင် ညောင်စောင်း အောက်၌သာလျှင် သပိတ်ကိုထား၏။ မိဖုယား၏ ဤသို့ သဘောရှိသော လက်တို့သည် တင့်တယ်ကုန်၏။ ခြေတို့သည် တင့်တယ်ကုန်၏။ ဤသို့သဘောရှိသော ခါးသည် တင့်တယ်၏။ ဤသို့သဘောရှိသော ပေါင်တို့သည် တင့်တယ်ကုန်၏။ ဤသို့ အစရှိသည်တို့ကို မြည်တမ်းလျက် ခုနစ်ရက် အိပ်၏။ ဆွမ်းသည်ကား ပုပ်သိုး၏။ ယင်ညိုတို့ဖြင့် ပြည့်၏။ ထိုအခါ မင်းသည် ပစ္စန္တရစ်ကို ငြိမ်စေ၍ ပြန်လာလတ်သော် တန်ဆာဆင်သောမြို့ကို လက်ျာရစ်လှည့်၍ မင်းအိမ်သို့ မသွားမီ ဘုရားလောင်းကို ဖူးအံ့ဟု ဥယျာဉ်သွား၍ အမှိုက်တို့ဖြင့်ပြည့်သော ကျောင်းကိုမြင်၍ အရပ်တပါးသို့ ကြွသည်ဖြစ်လတ္တံ့ဟု ကျောင်းတံခါးကိုဘွင့်၍ ကျောင်းသို့ဝင်လတ်သော် လျောင်း၍ နေသော ဘုရားလောင်းကိုမြင်၍ တစုံတခုသော မချမ်းသာခြင်းရှိလတ္တံ့ ဟု ပုပ်သိုးသောဆွမ်းကို စွန့်စေ၍ ကျောင်းကိုသုတ်သင်စေ၍ အရှင်ဘုရားအား အဘယ်ရောဂါ ရှိသနည်းဟု မေး၏။ မြတ်မင်းကြီး ငါ့ကို ထိုးမိ၏ဟု ဆို၏။ မင်းသည် ငါ၏ရန်သူတို့သည်ကား ငါ့အား အခွင့်မရကုန်၍ ဤရသေ့အား အားနည်းခြင်းကို ပြုကုန်အံ့ဟု လာ၍ ဤရသေ့ကို ထိုး အပ်သည် ဖြစ်လတ္တံ့ဟု အောက်မေ့၍ ကိုယ်ကိုပြစေ၍ စူးရာအရပ်ကို မမြင်လတ်သော် အရှင်ဘုရား အဘယ်၌ ထိုးမိသနည်းဟု မေး၏။ ဘုရားလောင်းသည် မြတ်သောမင်းကြီး ငါ့ကို တပါးသောသူသည် မထိုးပေအပ်၊ ငါသည်သာလျှင် ငါ၏ နှလုံး၌ ငါ၏ကိုယ်ကို ထိုး၏ဟု ဆို၍ ထိုင်လျက်-

။ သင်္ကပ္ပရာဂဓောတေန၊ ဝိတက္ကနိသိတေန စ။
နာလင်္ကတေန ဘဒြေန၊ ဥသုကာရာကတေန စ။
။ န ကဏ္ဏာယတမုတ္တေန၊ နာပိ မောရူပသေဝိနာ။
တေနမှိ ဟဒယေ ဝိဒ္ဓေါ၊ သဗ္ဗင်္ဂ ပရိဒါဟိနာ။
။ အာဝေဓဉ္စ န ပဿာမိ၊ ယတော ရုဟိရမဿဝေ။
ယာဝ အယောနိသော စိတ္တံ၊ သယံ မေ ဒုက္ခမာဘတံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သင်္ကပ္ပရာဂဓောတေန၊ ကာမပိတက်နှင့်ယှဉ်သော ရာဂရေဖြင့် ဆေးအပ်ထသော။ ဝိတက္ကနိသိတေန စ၊ ကာမဝိတက်ဟူသော ကျောက်၌ သွေးအပ်သည်လည်း ဖြစ်ထသော။ ဘဒြေန၊ ကောင်းသော။ နာလင်္ကတေန၊ တန်ဆာဆင်ခြင်းလည်း ကင်းထသော။ ဥသုကာရာကတေန စ၊ မြှားသ္မားတို့သည်လည်း မချွန်အပ်ထသော။ နကဏ္ဏာယတမုတ္တေန၊ လကျ်ာနားစွန်း၌ ဝင်သည်ဖြစ်၍ မလွတ်အပ်ထသော။ နာပိ မောရူပသေဝိနာ၊ ဥဒေါင်း လင်းတတောင် စသည်တို့ဖြင့် မြှားလွှတ်မကပ်အပ်ထသော။ သဗ္ဗင်္ဂပရိဒါဟိနာ၊ ခပ်သိမ်းသော ကိုယ်အင်္ဂါတို့ကို လောင်စွမ်းနိုင်သော။ တေန၊ ထိုကိလေသာသည်။ မေ၊ ငါ၏။ ဟဒယေ၊ စိတ်၌။ ဝိဒ္ဓေါ၊ စူးဝင်သည်။ အမှိ၊ ဖြစ်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယတော အာဝေဓာ၊ အကြင်ကိလေသာများ စူးဝင်ခြင်းကြောင့်။ ရုဟိရံ၊ သွေးသည်။ အဿဝေ၊ ယိုစီးရာ၏။ တံ အာဝေဓဉ္စ၊ ထိုစူးရာ အရပ်ကိုလည်း။ န ပဿာမိ၊ မမြင်။ ယာဝ အတိဝိယ၊ အလွန်လျှင်။ အယောနိသော၊ မသင့်သောအားဖြင့်။ စိတ္တံ၊ ရာဂစိတ်သည်။ ဝဍ္ဎိတံ၊ ပွား၏။ မေ၊ ငါသည်။ သယံ၊ ကိုယ်တိုင်။ ဒုက္ခံ၊ ဆင်းရဲကို။ အာဘတံ၊ ဆောင်မိချေ၏။

ဤသို့ ဘုရားလောင်းသည် ဤဂါထာတို့ဖြင့် မင်းအား တရားဟော၍ မင်းကို ကျောင်းမှ အပသို့ထွက်စေ၍ ကသိုဏ်းပရိကံကိုပြု၍ ပျောက်ပြီးသောဈာန်ကို ဖြစ်စေ၍ ကျောင်းမှ ထွက်လတ်၍ ကောင်းကင်၌ နေလျက် မင်းကိုဆုံးမ၍ မြတ်သောမင်းကြီး ငါသည် ဟိမဝန္တာသို့ သွားတော့အံ့ဟု ဆို၏။ အရှင်ဘုရား ဟိမဝန္တာသို့ သွားခြင်းငှာ မသင့်ဟု ဆိုငြားသော်လည်း မြတ်သောမင်းကြီး ငါသည် ဤအရပ်၌ နေခြင်းကြောင့် ဤသို့သဘောရှိသော ဘောက်ပြန်ခြင်းသို့ ရောက်၏။ ယခု ဤအရပ်၌နေခြင်းငှါ မသင့်ဟု ဆို၍ မင်း၏ တောင်းပန်စဉ်လျှင် ကောင်းကင်၌ပျံ၍ ဟိမဝန္တာသို့ ပြန်သွား၍ အသက်ထက်ဆုံးတည်၍ ဗြဟ္မာ့ပြည်သို့လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ရဟန်းအဖြစ်၌ ငြီးငွေ့သော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။ အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ်ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် ရဟန္တာ ဖြစ်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်ကား ထိုအခါ ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သူတော်သူမြတ်၊ ဖြစ်တုံလတ်လည်း။ မ-ဓာတ်စိတ်ဖက်၊ အကျိုးပျက်၊ လျှောသက် ဈာန်ယာဉ်ကြွေ

ရှေးဦးစွာသော သင်္ကပ္ပဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-သင်္ကပ္ပဝဂ်

၂။ တိလမုဋ္ဌိဇာတ်

နှမ်းတဆုပ် ဒုတ်သုံးချက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဇ္ဇာပိ မေ တံ သရသိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတိလမုဋ္ဌိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီ တင်းသုံး နေတော်မူစဉ် မထင်ရှားသော အမျက်ထွက်တတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ မထင်ရှားသော ရဟန်းတပါးသည် အမျက် ထွက်တတ်၏။ ပင်ပန်းခြင်းများတတ်သော သဘောရှိ၏။ အနည်းငယ် ဆိုငြားသော်လည်း ပြင်းစွာ အမျက်ထွက်တတ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်ငယ် ငါ့သျှင်တို့ ဤမည်သော ရဟန်းသည် အမျက်ထွက်တတ်၏။ ပင်ပန်းခြင်းများသော သဘောရှိ၏။ ခုံလောက်၌ ထည့်အပ်သော ဆားကဲ့သို့ ဖျစ်ဖျစ် မြည်လျက် သွားတတ်၏။ ဤသို့သဘောရှိသော အမျက်ကင်းသော သာသနာတော်၌ ရဟန်းပြုလျက် အမျက်မျှကိုလည်း နှိပ်အံ့သောငှာ မတတ်နိုင်ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုရဟန်းတို့၏ စကားကိုကြား၍ ထိုရဟန်းကို ရဟန်းတပါးအား ခေါ်စေ၍ ရဟန်း သင်သည် အမျက်ထွက်တတ်သောဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင် အမျက်ထွက်တတ်သည် မဟုတ်သေး၊ ရှေး၌လည်း အမျက်ထွက်တတ်သည် သာလျှင်တည်း မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်းအား ဗြဟ္မဒတ္တမည်သော မင်းသားသည် ဖြစ်၏။ ရှေးမင်းတို့သည် မိမိ၏သားတို့ကို ဤသို့စေသည်ရှိသော် မင်းသားတို့သည် မာနကင်းကုန်လတ္တံ့။ အချမ်းအပူကို သည်းခံနိုင်ကုန်လတ္တံ့။ လောကစရိုက်ကိုလည်း သိကုန်လတ္တံ့ဟု မိမိတို့၏ မြို့၌ ဒိသာပါမောက္ခဆရာ ရှိငြားသော်လည်း အတတ်ကို သင်စိမ့်သောငှါ ဝေးစွာသော တိုင်းတပါးသို့ မင်းသားတို့ကို စေကုန်၏။ ထို့ကြောင့် ဗြဟ္မဒတ်မင်းသည် တဆယ့်ခြောက်နှစ်ရှိသော သားကို ခေါ်စေ၍ တလွှာဘိနပ် သစ်ရွက်ထီး အသပြာတထောင်ကို ပေး၍ အမောင် သင်သည် တက္ကသိုလ်ပြည်သို့ သွား၍ အတတ်ကို သင်ချေဟုစေ၏။ ထိုဗြဟ္မဒတ်မင်းသားသည် ကောင်းပြီဟု မိဘတို့ကိုရှိခိုးလျက် ထွက်၍။ အစဉ်သဖြင့် တက္ကသိုလ်ပြည်သို့ ရောက်လျှင် ဆရာ့အိမ်ကို မေး၍ ဆရာသည် တပည့်လုလင်ငယ်တို့အား အတတ်ကို သင်ပြီးလျှင် ထ၍ အိမ်တံခါး၌ စင်္ကြံသွားလျက် နေ၏။ ထိုအိမ်သို့ရောက်၍ အကြင်အရပ်၌ ရပ်လျက် ဆရာကို မြင်၏။ ထိုအရပ် ၌လျှင် ဘိနပ်တို့ကို ချွတ်၍ ထီးကိုပယ်၍ ဆရာကိုရှိခိုး၍ ရပ်၏။ ဆရာလည်း ဗြဟ္မဒတ်မင်းသား၏ ပင်ပန်းလာသောအဖြစ်ကိုသိ၍ ဧည့်သည်တို့အား ချီးမြှောက်ခြင်းကို ပြုစေ၏။ မင်း သားသည် ထမင်းစားပြီးသော် အတန်ငယ် အပင်အပန်းဖြေ၍ ဆရာ့အထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် နေ၏။ အမောင် အဘယ်အရပ်မှ လာသနည်းဟု မေးလတ်သော် ဗာရာဏသီပြည်မှ လာ၏ဟု ဆို၏။ အဘယ်သူ၏ သားနည်းဟု မေးလတ်သော် ဗာရာဏသီမင်း၏ သားတည်းဟု ဆို၏။ အဘယ်ကိစ္စကြောင့် လာသနည်းဟု မေးသည်ရှိသော် အတတ်သင်အံ့သောငှါ လာပါသည်ဟုဆိုလျှင် ဆရာ့အဘို့ကို ဆောင်ခဲ့သလော၊ သို့တည်းမဟုတ်မူ ပညာသင် တပည့် (ဓမ္မန္တေဝါသိက) ခံလိုသလောဟု မေးသည်ရှိသော် အကျွန်ုပ်သည် ဆရာ့အဘို့ကို ဆောင်ခဲ့သတည်းဟု ဆို၍ ဆရာ့ခြေရင်း၌ အသပြာတထောင်ထုပ်ကိုထားလျက် ရှိခိုး၍ လျောက်ပတ်သောအရပ်၌ နေ၏။

ပညာသင်တပည့် (ဓမ္မန္တေဝါသိက) လုလင်တို့သည် နေ့အခါ ဆရာ့အမှုကိုလုပ်၍ ညဉ့်၌ အတတ်ကို သင်ကုန်၏။ ဆရာ့အဘို့ကို ပေးကုန်သော တပည့်လုလင်တို့သည်ကား အိမ်၌ သားကြီးတို့ကဲ့သို့ ဖြစ်၍ အတတ်ကိုသာလျှင် သင်ကုန်၏။ ထို့ကြောင့် ထိုတက္ကသိုလ် ဆရာသည်လည်း အလွယ်တကူသာလျှင် ကောင်းသော နက္ခတ်ဖြင့် ဗြဟ္မဒတ်မင်းသားအား အတတ်ကို သင်စေ၏။ မင်းသားသည်လည်း အတတ်ကိုသင်စဉ် တနေ့သ၌ ဆရာနှင့်တကွ ရေချိုးအံ့သောငှါ သွား၏။ ထိုအခါ တယောက်သော မိန်းမအိုသည် နှမ်းတို့ကို အဖြူချွတ်၍ ဖြန့်ပြီးလျှင် စောင့်လျက် နေ၏။ မင်းသားသည် နှမ်းဖြူတို့ကိုမြင်၍ စားလိုသည်ဖြစ်၍ နှမ်းတဆုပ်ကို ယူ၍ စား၏။ မိန်းမအိုသည်ကား ဤလုလင်သည် ချင်ခြင်းတပ်သောသူ ဖြစ်၏ဟု အောက်မေ့လျက် တစုံတခု မဆို၊ မင်းသားသည် နောက်တနေ့၌လည်း ထိုအချိန်၌ ထို့အတူသာလျှင် ပြု၏။ ထိုမိန်းမအိုသည် ထိုမင်းသားကို တစုံတခုမဆို၊ တပါးသောသူသည် သုံးရက်မြောက်သောနေ့၌လည်း ထို့အတူသာလျှင် ပြု၏။ ထိုအခါ မိန်းမအိုသည် မြင်၍ ဒိသာပါမောက္ခ ဆရာသည် မိမိတပည့်တို့ကို ငါ့ကို လုယက်စေ၏ဟု ဆို၍ လက်တို့ကို မြှောက်၍ ငိုမြည်တမ်း၏။ ဆရာသည် ပြန်၍ မိခင် ဤအမှုကား အသို့နည်းဟု မေး၏။ သခင် အရှင့်တပည့်သည် ယနေ့ နှမ်းတဆုပ်, ယမန်နေ့က နှမ်းတဆုပ် တမြန်နေ့က နှမ်းတဆုပ်ကို စား၏။ ဤသို့ စားသော် အကျွန်ုပ်၏ ဥစ္စာအလုံးကို ကုန်စေလတ္တံ့သည် မဟုတ်လောဟု ဆို၏။ မိခင် မငိုလင့် သင့်အား အဘိုးကို ပေးစေအံ့ဟု ဆို၏။ သခင် အကျွန်ုပ်ကား အဘိုးဖြင့် အလိုမရှိ၊ ဤလုလင်ကို တဖန် ဤသို့ မပြုအောင်သာ ဆုံးမလောဟု မိန်းမအိုသည် ဆို၏။ ဆရာသည် မိခင် ထိုသို့တပြီးကား ကြည့်လော့ဆို၍ ထိုမင်းသားကို နှစ်ယောက်ကုန်သော လုလင်တို့ကို လက်ခြေတို့၌ ကိုင်စေ၍ ဝါးခြမ်းစိတ်ကိုကိုင်၍ တဖန် ဤသို့ မပြုလင့်ဟု သုံးကြိမ် ကျော၌ ရိုက်၏။ မင်းသားသည် အမျက်ထွက်၍ မျက်စိတို့ကို နိစွာပြု၍ ခြေဘမိုးမှ ဆံဖျားတိုင်အောင် ဆရာကို ကြည့်၏။ ဆရာသည် မင်း သား၏ အမျက်ထွက်၍ ကြည့်သောအဖြစ်ကို သိ၏။ မင်းသားသည် အတတ်ကို အပြီးသို့ရောက်စေ၍ ဤဆရာကို ငါသည် သတ်အံ့ဟု ဆရာပြုသောအပြစ်ကို နှလုံး၌ထား၍ သွားသောကာလ၌ ဆရာကို ရှိခိုး၍ ဆရာ အကြင်အခါ၌ အကျွန်ုပ်သည် ဗာရာဏသီမင်း အဖြစ်သို့ ရောက်၍ ဆရာတို့၏အထံသို့ စေလိုက်အံ့၊ ထိုအခါ ဆရာတို့သည် လာကုန်လောဟု ချစ်ခြင်းရှိသကဲ့သို့ ဝန်ခံခြင်းကိုယူ၍ ဖဲသွား၏။

ထိုအခါ မင်းသားသည် ဗာရာဏသီပြည်သို့ ရောက်၍ မိဘတို့ကိုရှိခိုး၍ အတတ်ကိုပြ၏။ မင်းကြီးသည် အသက်ရှင်သဖြင့် သားကို မြင်ရပြီ၊ အသက်ရှင်စဉ် သား၏ မင်းအသရေကို ကြည့်အံ့ဟု မင်းအဖြစ်၌ထား၏။ ထိုဗြဟ္မဒတ်မင်းသည် မင်း၏အသရေကို ခံစားလျက် ဆရာပြုသောအပြစ်ကို အောက်မေ့၍ အမျက်ထွက်သဖြင့် ထိုဆရာကို သတ်အံ့ဟု ခေါ်စိမ့်သောငှာ ဆရာ့ထံသို့ လက်ဆောင်ပဏ္ဏာကာရနှင့်တကွ တမန်ကို စေ၏။ ဆရာသည် ငယ်စဉ်ကာလ၌ ဗာရာဏသီမင်းကို မှတ်စိမ့်သောငှါ မတတ်ကောင်းဟု မသွားမူ၍ ထိုမင်း၏ မဇ္ဈိမအရွယ်၌ ယခုအခါ ထိုမင်းကို သိစိမ့်သောငှါ တတ်ကောင်းပြီဟုသွား၍ မင်းအိမ်တံခါး၌ ရပ်လျက် တက္ကသိုလ် ဆရာ လာ၏ဟု လျှောက်စေ၏ မင်းသည် နှစ်သက်စွာ ပုဏ္ဏားကို ခေါ်စေ၍ မိမိအထံသို့ လာသော ပုဏ္ဏားကိုမြင်လျှင် အမျက်ကို ဖြစ်စေ၍ မျက်စိတို့ကို နီစွာပြု၍ အမတ်တို့ကိုခေါ်၍ အို အမတ်တို့ ယနေ့ထက်တိုင်အောင်လည်း ငါ့အား ဆရာသည် ရိုက်အပ်သောအရာကို နာကျင်အပ်၏။ ယနေ့ဆရာသည် နဖူးပြင်ဖြင့် သေမင်းကိုယူ၍ သေအံ့ဟုလာ၏။ ယနေ့ ဆရာ၏ အသက်သည် မရှိဟု ဆိုလို၍-

။ အပိ မေတံ မနသိ၊ ယံ မံ တွံ တိလမုဋ္ဌိယာ။
ဇာဟာယ မံ ဂဟေတွာန၊ လဋ္ဌိယာ အနုတာဠယိ။
။ နနု ဇီဝိတေန ရမသိ၊ ယေနာသိ ဗြာဟ္မဏာဂတော။
ယံ မံ ဗာဟာ ဂဟေတွာန၊ တိက္ခတ္တုံ အနုတာဠယိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၄။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ တိလမုဋ္ဌိယာ၊ နှမ်းတဆုပ်ကြောင့်။ မံ၊ ငါ့ကို။ ဗာဟာယ၊ မောင်း၌။ ဂဟေတွာန၊ ကိုင်စေ၍။ လဋ္ဌိယာ၊ ဝါးခြမ်းစိတ်ဖြင့်။ မံ၊ ငါ့ကို။ ယံ အနုတာဠယိ၊ အကြင်ရိုက်ခြင်းကိုပြု၏။ တံအနုတာဠနံ၊ ထိုရိုက်ခြင်းကို။ အဇ္ဇာပိ၊ ယနေ့တိုင်အောင်လည်း။ မေ၊ ငါသည်။ မနသိ၊ စိတ်၌အောက်မေ့မိ၏။

၅။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ယေန၊ အကြင်ကြောင့်။ တွံ၊ သင်သည်။ မမ၊ ငါ၏။ သန္တိကံ၊ အထံသို့။ အာဂတော၊ လာသည်။ အသိ၊ ဖြစ်၏။ ယံ၊ အကြင်ကြောင့်။ မံ၊ ငါ့ကို။ ဗာဟာယ၊ မောင်း၌။ ဂဟေတွာန၊ ကိုင်စေ၍။ တိက္ခတ္တုံ၊ သုံးကြိမ်။ အနုတာဠယိ၊ ရိုက်၏။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ သင်သည်။ ဇီဝိတေ၊ အသက်၌။ န ရမသိ နနု၊ မမွေ့ယောင်တကား။

ဤသို့ သေဘေးဖြင့် ခြိမ်းချောက်၍ ဆိုသော စကားကိုကြား၍ ဆရာသည်-

။ အရိယော အနရိယံ ကုဗ္ဗန္တံ၊ ယော ဒဏ္ဍေန နိသေဓတိ။
သာသနံ တံ န တံ ဝေရံ၊ ဣတိ နံ ပဏ္ဍိတာ ဝိဒူ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အရိယော၊ မြတ်သော အကျင့်ရှိသော။ ယော၊ အကြင်သူသည်။ အနရိယံ၊ မမြတ်သောအကျင့်ကို။ ကုဗ္ဗန္တံ၊ ကျင့်သောသူကို။ ဒဏ္ဍေန၊ ဒဏ်ဖြင့်။ နိသေဓတိ၊ တားမြစ်၏။ တံ၊ ထိုတားမြစ်ခြင်းသည်။ သာသနံ၊ အဆုံးအမမည်၏။ တံ၊ ထိုတားမြစ်ခြင်းသည်။ န ဝေရံ၊ ရန်မဟုတ်။ ဣတိ၊ ဤသို့။ နံ၊ ထိုတားမြစ်ခြင်းကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ဝိဒူ၊ သိကုန်၏။

မြတ်သောမင်းကြီး ဤသို့သဘောရှိသောအရာ၌ ရန်ငြိုး ဖွဲ့ခြင်းငှါ မထိုက်၊ မြတ်သောမင်းကြီး သင်မင်းကြီးကို အကယ်၍ အကျွန်ုပ် မဆုံးမငြားအံ့၊ ထို့နောင်ကာလ၌ ပဲကြီးမုန့် နှမ်းဖြင့်ပြုအပ်သောခဲဘွယ် အစရှိသည်တို့ကို၎င်း သစ်သီးကြီးငယ် အစရှိသည်တို့ကို၎င်း လုယက်ခြင်း အစရှိသည်ဖြင့် အိမ်ခြံစပ်ကိုဖြတ်ခြင်း ခရီးသွားတို့ကို လုယက်ခြင်း ရွာနိဂုံးတို့ကို တိုက်ခြင်း အစရှိသည်တို့ကိုပြု၍ မင်း၏ ဆန့်ကျင်ဘက် ခိုးသူတည်းဟု ဥစ္စာနှင့်တကွ ဖမ်း၍ မင်းအားပြလတ်သည်ရှိသော် သွားချေ ထိုခိုးသူအား လျော်သောဒဏ်ကို ဆောင်ကြကုန်ဟု မင်းစေ၍ ဒဏ်ပေးခြင်းသို့ ရောက်ရာ၏။ သင်မင်းကြီးအား အဘယ်မှာ ဤသို့သဘောရှိသော စည်းစိမ်သည် ဖြစ်ရာအံ့နည်း၊ ဆရာဖြစ်သော အကျွန်ုပ်ကိုမှီ၍ ဤစည်းစိမ်ကို သင်မင်းကြီး ရ၏ဟု ဆရာသည် မင်းကို သိစေ၏။ ခြံရံ၍ နေကုန်သော အမတ်တို့သည်လည်း ဆရာ့စကားကို ကြား၍ အရှင်မင်းကြီး အရှင်မင်းကြီး၏ ဤစည်းစိမ်သည် ဆရာ့ဥစ္စာလျှင်တည်းဟု ဆိုကြကုန်၏။ ထိုခဏ၌ မင်းသည် ဆရာ့ကျေးဇူးကို မှတ်နိုင်၍ ဆရာ သင့်အား အလုံးစုံသော စည်းစိမ်ကို ပေး၏ ဟု ဆို၏။ ဆရာသည် မြတ်သောမင်းကြီး အကျွန်ုပ်အား မင်းအဖြစ်ကို အလိုမရှိဟု ပယ်၏။ မင်းသည် တက္ကသိုလ်ပြည်သို့စေ၍ ဆရာ၏ သားမယားကို ဆောင်စေ၍ များစွာသော အခြံအရံစည်းစိမ်တို့ကို ပေး၍ ထိုဆရာကိုလျှင် ပုရောဟိတ်ပြု၍ အဘအရာ၌ထား၍ ဆရာ၏ အဆုံး အမ၌ တည်လျက် ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကိုပြသည်၏ အဆုံး၌ အမျက်ထွက်တတ်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်၏။ များစွာကုန်သော ရဟန်းတို့သည် သောတာပန် သကဒါဂါမ် ဖြစ်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ အမျက် ထွက်တတ်သော ရဟန်းသည် ထိုအခါမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဆရာ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

တပည့်တွက်တာ၊ နောင်ကျိုးရှာလစ်၊ ဆရာဖြစ်လည်း။ ကြောင်းနည်းဆင်ခြင်၊ ရိုက်ပုတ်သင်၊ ရန်လျှင်ဖွဲ့တတ်၏

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော တိလမုဋ္ဌိဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-သင်္ကပ္ပဝဂ်

၃။ မဏိကဏ္ဌဇာတ်

လည်ဆွဲ ပတ္တမြား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် မမန္နပါနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဏိကဏ္ဌဇာတ်ကို အာဠဝီပြည်ကို အမှီပြု၍ အဂ္ဂဠဝစေတီ၌ သီတင်း သုံး နေတော်မူစဉ် ကုဋိကာရသိက္ခာပုဒ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ အာဠဝီတိုင်းသား ရဟန်းတို့သည် ကိုယ်တိုင် အဆောက်အဦတို့ကိုဆောက်၍ ကုဋိတို့ကိုပြုအပ်ကန်သည်ရှိသော် ယောက်ျားကိုပေးကြ ကုန်လော့၊ ယောက်ျားတို့၏ လက်အမှုကို ပေးကြကုန်လော့၊ ဤသို့အစရှိသော စကားတို့ကိုဆိုကုန်လျက် တောင်းခြင်းဝိညတ်များကုန်သည် ဖြစ်လတ်၍ နေကုန်၏။ လူတို့သည် တောင်းခြင်းဝိညတ်နှင့် နှိပ်စက်အပ်ကုန်ရကား ရဟန်းတို့ကိုမြင်၍ ပြေးကုန်၏။ ထိုအခါ ရှင်မဟာကဿပသည် အာဠဝီပြည်သို့ ကြွတော်မူ၍ ဆွမ်းခံဝင်တော်မူ၏။ လူတို့သည် အရှင်မဟာကဿပကို မြင်၍လည်း ရှေးအတူသာလျှင် ကျင့်ကုန်၏။ အရှင်မဟာကဿပမထေရ်သည် ဆွမ်းဘုဉ်း ပေးပြီးသည်ရှိသော် ဆွမ်းခံရွာမှ ဖဲခဲ့၍ ငါ့သျှင်တို့ ဤအာဠဝီပြည်သည် ရှေး၌ ရလွယ်သော ဆွမ်းရှိ၏။ ယခု အဘယ်ကြောင့်ရခဲသော ဆွမ်းရှိသနည်းဟု ရဟန်းတို့ကို မေးလေ၍ ထိုအကြောင်းကို ကြား၍ သဗ္ဗညူမြတ်စွာဘုရားသည် အာဠဝီပြည်သို့ကြွတော်မူ၍ အဂ္ဂါဠဝစတေီ၌ သီတင်း သုံး နေတော်မူသည်ရှိသော် မြတ်စွာဘုရား အထံတော်သို့ ဆည်းကပ်၍ ထိုအကြောင်းကို နားတော်လျှောက်ကြ၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုအခါ၌ ရဟန်းသင်္ဃာတို့ကို စည်းဝေးစေ၍ အာဠဝီတိုင်းသား ရဟန်းတို့ကို သင်တို့သည် ကိုယ်တိုင်တောင်းအပ်သော အဆောက်အဦဖြင့် ကုဋိတို့ကို ပြုကြကုန်သောဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ကို ကဲ့ရဲ့တော်မူ၍ ရဟန်းတို့ ဤတောင်းခြင်းမည်သည်ကို ရတနာခုနစ်ပါးနှင့် ပြည့်စုံသော နဂါးပြည်၌ နေကုန်သော နဂါးမင်းတို့စင်လျက် မနှစ်သက်ကုန်သေး၊ လူတို့အား အဘယ်ဆိုဘွယ်ရာ ရှိအံ့နည်း၊ တသပြာကို ဝါ- တကျပ်ကို ဖြစ်စေကုန်သောသူတို့အား ကျောက်ဖျာမှ ကျောက်ချပ်ကျောက်သားကို ခွါစေသော ကာလကဲ့သို့ **(ကျောက်ဖျာမှ ကျောက်ချပ်ကျောက်သားတို့ ဖဲ့ရသကဲ့သို့ လူတို့သည် တကျပ် တသပြာသော်လည်း အလွန်ရခဲ၏ ဟူလိုသည်။ ) ဖြစ်၏ဟု မိန့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူ၏။ ရဟန်းတို့သည် တောင်းပန်လတ်သော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် များစွာသော စည်းစိမ်ရှိသော ပုဏ္ဏားမျိုး၌ဖြစ်၏။ ဘုရားလောင်းသည် ရှေးရှုထက်ဝန်းကျင် ပြေးသွားနိုင်သောကာလ၌ ဘုန်းရှိသော တပါးသော သတ္တဝါသည်လည်း ဘုရားလောင်း၏ မယ်တော်ဝမ်း၌ ဖြစ်၏။ ထိုနှစ်ယောက်ကုန်သော ညီနောင်တို့သည် အရွယ်သို့ ရောက်ကုန်လတ်သော် မိဘတို့၏ သေလွန်ခြင်းကြောင့် ထိတ်လန့်သော နှလုံးရှိ၍ ရသေ့ရဟန်းပြုလျှက် ဂင်္ဂါမြစ်နား၌ သစ်ရွက်မိုးသောကျောင်းကို ဆောက်လုပ်၍ နေကုန်၏။ ထိုရသေ့ညီနောင်တို့တွင် အစ်ကိုကြီးရသေ့၏ ကျောင်းသည်ကား ဂင်္ဂါ၏အညာ၌ ညီတော်ရသေ့၏ ကျောင်းသည်ကား ဂင်္ဂါဂါ၏အကြေ၌ ရှိ၏။ ထိုအခါ တနေ့သ၌ မဏိကဏ္ဌနဂါးမင်းသည် နဂါးပြည်မှထွက်၍ ဂင်္ဂါကမ်းနား၌ လုလင်၏အသွင်ဖြင့် သွားသည်ရှိသော် ညီတော်ရသေ့၏ ကျောင်းသို့ ရောက်၍ ရှိခိုးလျက် တင့်တယ်စွာနေ၏။ အချင်းချင်း ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သော စကားကို ပြောဆို၍ အကျွမ်းဝင်ကုန်၏။ ကင်း၍ နေအံ့သောငှါ မတတ်နိုင်ကုန်၊

မဏိကဏ္ဌ နဂါးမင်းသည် မပြတ်ညီတော် ရသေ့အထံသို့လာ၍ စကားပြောလျက်နေ၍ သွားသောကာလ၌ ရသေ့အား ချစ်ခြင်းကြောင့် လုလင်ငယ်၏ အတ္တဘောကို စွန့်၍ အခွေတို့ဖြင့် ရသေ့ကိုပတ်လျက် သုံးသပ်၍ ဦးခေါင်းထက်၌ ကြီးစွာသော ပါးပျဉ်းကို ဆောင်း၍ အတန်ငယ်နေ၍ ထိုချစ်ခြင်းကို ဖြေဖျောက်၍ အခွေတို့ကိုဖြေ၍ ရသေ့ကိုရှိခိုး၍ မိမိနေရာသို့လျှင် သွား၏။ ရသေ့သည် မဏိကဏ္ဌနဂါးမှ ကြောက်သောကြောင့် ကြုံလှီ၏။ အဆင်းမလှသည် ဖြစ်၏။ ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိသည်ဖြစ်၏။ အကြောပြိုင်း ပြိုင်းထသော ကိုယ်ရှိသည် ဖြစ်၏။ ထိုညီတော်ရသေ့သည် တနေ့သ၌ နောင်တော် အထံသို့သွား၏။ ထိုနောင်တော် ရသေ့သည် ရှင်ရသေ့ သင်သည် အဘယ်ကြောင့် ကြုံလှီသနည်း၊ အဆင်းမလှသနည်း၊ ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့ခြင်းရှိသနည်း၊ အကြောပြိုင်းပြိုင်း ထသော ကိုယ်ရှိသနည်းဟု မေး၏။ ညီတော်ရသေ့သည်လည်း နောင်တော်ရသေ့အား ထိုအကြောင်းကို ကြား၍ သင်သည် ထိုနဂါး၏လာခြင်းကို အလိုမရှိသလောဟု မေးလတ်သော် အလိုမရှိဟု ဆို၍ သင့်အထံသို့လာသော ထိုနဂါးမင်းသည် အဘယ်တန်ဆာကို ဆင်၍ လာသနည်းဟု မေးလတ်သော် ပတ္တမြားရတနာကိုဆင်၍ လာ၏ဟု ဆို၏။ ထိုသို့တပြီးကား ထိုနဂါးမင်းသည် သင့်အထံသို့လာ၍ မထိုင်မီ ရှေ့မှလာစဉ်လျှင် ထိုနဂါးမင်းအား ပတ္တမြားကို ပေးလော့ဟု တောင်းလော့၊ ဤသို့တောင်းသည်ရှိသော် ထိုနဂါးမင်းသည် အခွေတို့ဖြင့် သင့်ကိုမပတ်မူ၍သာလျှင် သွားလတ္တံ့၊ နက်ဖန်နေ့၌ ကျောင်းတံခါး၌ရပ်၍ လာစဉ်လျင် ပတ္တမြားကို တောင်းလော့၊ သုံးရက်မြောက်သောနေ့၌ ဂင်္ဂါကမ်းနား၌ တည်၍ ရေမှပေါ်စဉ်လျှင် ပတ္တမြားကို တောင်းလော့၊ ဤသို့တောင်းသည်ရှိသော် ထိုနဂါးသည် သင်၏အထံသို့ တဖန် မလာလတ္တံ့ ဟုဆို၏။

ညီတော်ရသေ့သည် ကောင်းပြီဟု ဝန်ခံ၍ မိမိ၏ကျောင်းသို့သွား၍ နက်ဖြန်လာလတ်၍ ရပ်စဉ်လျှင် နဂါးမင်းကို သင်၏ တန်ဆာဖြစ်သော ဤပတ္တမြားကို ငါ့အား ပေးလော့ဟု တောင်း၏။ ထိုနဂါးမင်းသည် မထိုင်မူ၍လျှင် ပြေး၏။ ထို နောက် နှစ်ရက်မြောက်သောနေ့၌ ကျောင်းတံခါး၌ ရပ်၍ လာစဉ်လျှင် ထိုနဂါးမင်းကို ယမန်နေ့က ငါ့အား ပတ္တမြားရတနာကို သင်မပေး၊ ယနေ့ ပေးလော့ဟု ဆို၏။ နဂါးမင်းသည် ကျောင်းသို့မဝင်မူ၍သာလျှင်ပြေး၏။ သုံးရက်မြောက်သောနေ့၌ကား ရေ၌ရပ်၍ ပေါ်စဉ်လျှင် ထိုနဂါးမင်းကို ယနေ့ပတ္တမြားကိုတောင်းသော ငါ့အား သုံးရက်ရှိပြီ၊ ယခု ငါ့အား ထိုပတ္တမြားရတနာကို ပေးလော့ဟု ဆို၏။ နဂါးမင်းသည် ရေ၌ရပ်၍ ရသေ့ကို ပယ်လိုရကား-

။ မမနူပါနံ ဝိပုလံ ဥဠာရံ၊
ဥပ္ပဇ္ဇတီမဿ မဏိဿ ဟေတု။
တံ တေ န ဒဿံ အဘိယာစကောသိ၊
န စာပိ တေ အဿမ မာဂမိဿံ။
။ သုသူ ယထာ သက္ခရဓောတပါဏီ၊
တာသေသိ မံ သေသံ ယာစမာနော။
တန္တေ န ဒဿံ အဘိယာစကောသိ။
န စာပိ တေ အဿမ မာဂမိဿ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၇။ ဘော တာပသ၊ အိုရသေ့။ ဣမဿ မဏိဿ၊ ဤပတ္တမြား၏။ ဟေတု၊ အကြောင်းကြောင့်။ မမ၊ အား။ ဝိပုလံ၊ ပြန့်ပြောသော။ ဥရံ၊ မြတ်သော။ အန္နပါနံ၊ နတ်ထမင်း နတ်အဖျော်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တံ၊ ထိုပတ္တမြားကို။ တေ၊ သင်အား။ န ဒဿံ၊ မပေးအံ့။ တွံ၊ သင်သည်။ အတိယာစကော၊ အလွန်တောင်းတတ်သည်။ အသိ၊ ဖြစ်၏။ တေ၊ သင်၏။ အဿမံ စာပိ၊ ကျောင်းသို့လည်း။ န အာဂမိဿံ၊ ငါမလာ။

၈။ ဘော တာပသ၊ အို ရသေ့။ ယထာ၊ ဥပမာမည်သည်ကား။ သက္ခရဓောတပါဏီ၊ ဆီဖြင့် ကျောက်၌သွေးအပ်သော သန်လျက် လက်၌ရှိသော။ သုသူ၊ လုလင်ပျိုသည်။ တာသေသိ ယထာ၊ ခြိမ်းချောက်သကဲ့သို့။ တထာ၊ ထို အတူ။ ဣမံ သေလံ၊ ဤပတ္တမြားကို။ ယာစမာနော၊ တောင်းသော သင်သည်။ မံ၊ ငါ့ကို။ တာသေသိ၊ ခြိမ်းချောက်ဘိ၏။ အတိယာစကော၊ အလွန်တောင်းတတ်သည်။ အသိ၊ ဖြစ်၏။ တံ၊ ထိုပတ္တမြားကို။ တေ၊ သင့်အား။ န ဒဿံ၊ ငါမပေး။ တေ၊ သင်၏။ အဿမံ စာပိ၊ ကျောင်းသင်္ခမ်းသို့လည်း။ န အာဂမိဿံ၊ မလာပြီ။

ဤသို့ဆို၍ နဂါးမင်းသည် ရေ၌ငုပ်၍ မိမိနေရာ နဂါးဘုံသို့လျှင်သွား၍ တဖန်မလာ၊ ထိုအခါ ထိုရသေ့သည် ရှုဘွယ်ရှိသော ထိုနဂါးမင်းကို မမြင်ရခြင်းကြောင့် လွန်စွာကြုံလှီ၍ အဆင်းမလှသည်ဖြစ်၏။ ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သည် ဖြစ်၏။ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိသည် ဖြစ်၏။ ထိုအခါ နောင်တော်ရသေ့သည် ညီတော်ရသေ့၏ အကြောင်းအရာကို သိရအောင် ညီတော်ရသေ့၏အထံသို့ သွား၏။ လွန်စွာလျှင် ဖြေဖျော့တော့ခြင်းရှိသော ညီတော်ရသေ့ကို မြင်၍ ရှင်ရသေ့ သင်သည် အဘယ်ကြောင့် လွန်စွာဖြေဖျော့တော့ခြင်း ဖြစ်သနည်းဟုဆို၍ ရှုဘွယ်ရှိသော ထိုနဂါးကို မမြင်ရခြင်းကြောင့် လွန်စွာလျှင် ဖျော့တော့ခြင်း ဖြစ်၏ဟူသောစကားကို ကြား၍ ဤရသေ့သည် နဂါးမင်းနှင့် ကင်းအံ့သောငှါလည်း မတတ်နိုင်ဟု မှတ်၍-

။ န တံ ယာစေ ယဿ ပိယံ ဇိဂီသေ။
ဒေဿော ဟောတိ အတိယာစနာယ။
နာဂေါ မဏိံ ယာစိတော ဗြာဟ္မဏေန၊
အဒဿနံယေဝ တဒဇ္စျဂမာ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။
( ယဿကို ယော+အဿဟုပုဒ်ဖြတ် )

၉။ ကနိဋ္ဌ၊ ငါ့ညီ။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ အဿ၊ ထိုပုဂ္ဂိုလ်၏။ ပိယံ၊ ချစ်အပ်သောဥစ္စာကို။ ပိယန္တိ၊ ချစ်အပ်၏ ဟူ၍။ ဇိဂီသေ၊ သိရာ၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ တံ၊ ထိုဥစ္စာကို။ န ယာစေ၊ မတောင်းရာ။ အတိယာစနာယ၊ အလွန်တောင်းခြင်းကြောင့်။ ဒေဿော၊ မုန်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဗြာဟ္မဏေန၊ ညီရသေ့သည်။ မဏိံ၊ ပတ္တမြားကို ယာစိတော၊ တောင်းအပ်သော။ နာဂေါ၊ နဂါးမင်းသည်။ တဒါ၊ ထိုတောင်းသောအခါမှ။ ပဋ္ဌာယ၊ စ၍။ အဒဿနံယေဝ၊ ငါ့ညီရသေ့ မမြင်ရာအရပ်သို့သာလျှင်။ အဇ္ဈဂမာ၊ သွားလေပြီ။

ဤသို့ကား ထိုညီတော်ရသေ့ကိုဆို၍ ယနေ့မှစ၍ ယခု သင်မစိုးရိမ်လင့်ဟု နှစ်သိမ့်စေ၍ နောင်တော်ရသေ့သည် မိမိကျောင်းသို့လျှင် သွား၏။ နောက်အဘို့၌ နှစ်ဦးကုန်သော ညီနောင် ရသေ့တို့သည်လည်း အဘိညာဉ် သမာပတ်တို့ကိုဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော နဂါးဘုံ၌နေကုန်သော ခပ်သိမ်းသော နဂါးတို့စင်လျှက်လည်း တောင်းခြင်းမည်သည်ကို မနှစ်သက်။ လူတို့အားကား အဘယ်ဆိုဘွယ်ရာ ရှိအံ့နည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ညီတော်ရသေ့ ဖြစ်ဘူးပြီ၊ ယခုအခါငါဘုရားသည်သာလျှင် ထိုအခါ နောင်တော်ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ပစ္စည်းရတနာ၊ တောင်းတုံပါ၊ မေတ္တာမဲ့တတ်လှ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော မဏိကဏ္ဌဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-သင်္ကပ္ပဝဂ်

၄။ ကုဏ္ဍကကုစ္ဆိသိန္ဓဝဇာတ်

သိန္ဓောမြင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဘုတွာ တိဏပရိဃာသံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုဏ္ဍကသိန္ဓဝဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အရှင်သာရိပုတ္တရာ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏ ထိုစကားကို ချဲ့ဦးအံ့၊ တရံရောအခါ သဗ္ဗညူမြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ဝါဆိုတော်မူပြီး၍ ဒေသစာရီ ကြွတော်မူ၍ တဖန် ပြန်လာသည်ရှိသော် လူတို့သည် အာဂန္တုကတို့အား ပူဇော်ခြင်းကိုပြုကုန်အံ့ဟု ဘုရားအမှူးရှိသော သင်္ဃာတို့အား အလှူကြီးကိုပေးကြကုန်၏ ကျောင်း၌ တပါးသော ဓမ္မဃောသကရဟန်းကိုထား၏။ ထိုရဟန်းသည် အကြင်အကြင်သူတို့သည် အကြင်မျှလောက်သော ရဟန်းတို့ကို အလိုရှိကုန်၏။ ထိုသူတို့အား ထိုမျှလောက်သော ရဟန်းတို့ကို စီရင်၍ ပေး၏။

ထိုအခါ တယောက်သော ဆင်းရဲစွာသော မိန်းမအိုသည် တပါးစာကို စီရင်၍ ထိုထိုသူတို့အား ရဟန်းတို့ကိုစီရင်၍ ပေးကုန်သည်ရှိသော် နေမြင့်သောအခါ၌ ဓမ္မဃောသက ရဟန်း ၏အထံသို့ သွား၍ အကျွန်ုပ်အား တပါးသော ရဟန်းကို ပေးပါကုန်လော့ဟု ဆို၏။ ထိုရဟန်းသည်ကား ခပ်သိမ်းသော ရဟန်းတို့ကိုစီရင်၍ ပေးအပ်ကုန်ပြီ၊ အရှင်သာရိပုတ္တရာ မထေရ်သည်ကား ကျောင်း၌လျှင်ရှိ၏။ အရှင်သာရိပုတ္တရာအား ဆွမ်းကို လှူချေလော့ဟု ဆို၏။ ထိုမိန်းမအိုသည် ကောင်းပြီဟူ၍ နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ ဇေတဝန် ကျောင်းတော် တံခါးမုခ်၌ ရပ်၍ အရှင်သာရိပုတ္တရာမထေရ် လာသောကာလ၌ ရှိခိုး၍ လက်မှသပိတ်ကိုယူ၍ အိမ်သို့ ပင့်ဆောင်၍ နေစေ၏။ တယောက်သော မိန်းမအိုသည် အရှင်သာရိပုတ္တရာမထေရ်ကို မိမိအိမ်သို့ ပင့်ဆောင်၍ နေစေသတတ်ဟု များစွာကုန်သော သဒ္ဓါတရားနှင့်ပြည့်စုံကုန်သော အမျိုးတို့သည် ကြားကုန်၏။ ထိုအမျိုးတို့တွင် ပသေနဒီကောသလမင်းသည် ထိုအကြောင်းကိုကြား၍ ထိုမိန်းမအိုအား ပုဆိုး ဥစ္စာ ထောင်ထုပ်နှင့်တကွ သိမ်မွေ့ကောင်းမြတ်သော ဘောဇဉ်တို့ကို အရှင်အား လုပ်ကျွေးသည်ရှိသော် ဤအဝတ်ကိုဝတ်၍ ဤအသပြာတို့ကို သုံးဆောင်၍ လုပ်ကျွေးပါဟု ဆို၍ ပို့စေ၏။ ပသေနဒီ ကောသလမင်း ပို့စေသကဲ့သို့ ထို့အတူ မဟာအနာထပိဏ် စူဠအနာထပိဏ် ဝိသာခါ သီတင်းသည်မကြီးတို့သည်လည်း ပို့စေကုန်၏။ တပါးကုန်သော အမျိုးတို့သည် မိမိတို့၏အစွမ်းအားလျော်စွာ တရာ နှစ်ရာစသည်တို့၏ အစွမ်းအားဖြင့် အသပြာတို့ကို ပေးစေကုန်၏။ ဤသို့ တရက်ခြင်းသာလျှင် ထိုမိန်းမအိုသည် တသိန်းသောအသပြာကို ရ၏။ အရှင်သာရိပုတ္တရာသည်ကား ထိုမိန်းမအိုသည် လှူအပ်သော ယာဂုကိုလျှင်သောက်၍ ထိုမိန်းမအိုသည် စီရင်အပ်သော ခဲဘွယ်ဘောဇဉ်ကိုသာလျှင် ဘုဉ်းပေး၍ အနုမောဒနာပြု၍ မိန်းမအိုကို သောတာပတ္တိဖိုလ်၌ တည်စေ၍ ကျောင်းသို့သာလျှင် ကြွသွားတော်မူ၏။

တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ အရှင်သာရိပုတ္တရာ မထေရ်သည် အိုမင်းပြီးသော အိမ်ရှင်မကို ဆင်းရဲမှလွတ်စေ၏။ အိုမင်းပြီးသော အိမ်ရှင်မသည်လှူအပ်သော အာဟာရကို မရွံမရှာ ဘုဉ်းပေးတော်မူ၏ဟု အရှင်သာရိပုတ္တရာမထေရ်၏ ကျေးဇူးစကားကို ပြောဆိုကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေး ပါကုန်၏ဟု နားတော်လျှောက်သည် ရှိသော် ရဟန်းတို့ သာရိပုတ္တရာသည် ယခုအခါ၌သာလျှင် ထိုမိန်းမ၏ကိုးကွယ်ရာ ဖြစ်သည်မဟုတ်၊ ယခုအခါ၌သာလျှင် ထိုမိန်းမအိုသည် ပေးအပ်သော အာဟာရကို မရွံမရှာ စားသည်မဟုတ်၊ ရှေး၌လည်း စားဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဥတ္တရာပထ မြင်းကုန်သည်အမျိုး၌ ဖြစ်၏။ ဥတ္တရာပထဇနပုဒ်မှ ငါးရာကုန်သော မြင်းကုန်သည်တို့သည် မြင်းတို့ကို ဗာရာဏသီပြည်သို့ ဆောင်၍ ရောင်းကုန်၏။ တယောက်သော မြင်းကုန်သည်လည်း မြင်းငါးရာတို့ကိုယူ၍ ဗာရာဏသီပြည်ခရီးသို့ သွား၏။ ဗာရာဏသီပြည်၏ ခရီးအကြားမှ မနီးလွန်း မဝေးလွန်းသော အရပ်ဝယ် တခုသော နိဂုံးသည် ရှိ၏။ ထိုနိဂုံး၌ ရှေးသရောအခါ များစွာသော စည်းစိမ်ရှိသော သူဌေးသည် ဖြစ်ဘူး၏။ ထိုသူဌေး၏ အိမ်သည်ကြီး၏။ အမျိုးသည်တမူကား အစဉ်သဖြင့် ကုန်ခြင်းသို့ရောက်၏။ တယောက်သော မိန်းမအိုသည်သာလျှင် ကြွင်း၏။ ထိုမိန်းမအိုသည် ထိုအိမ်၌ နေ၏။ ထိုအခါ ထိုမြင်းကုန်သည်သည် ထိုနိဂုံးသို့ရောက်၍ အခ ပေးအံ့ဟု ဆို၍ ထိုမိန်းမအို၏အိမ်၌ နေရာကိုယူ၍ မြင်းတို့ကို တင့်အပ်ရာအရပ်၌ထား၏။ ထိုနေ့၌လည်း တခုသောအာ ဇာနည်မြင်းမအား သားဖွားခြင်းသည် ဖြစ်၏။ ထိုမြင်းကုန်သည်သည် နှစ်ရက် သုံးရက်တို့ပတ်လုံး နေ၍ မြင်းတို့ကို အားယူစေ၍ မင်းကို ဖူးမြင်အံ့ဟု မြင်းတို့ကိုယူ၍သွား၏။ ထိုအခါ ထိုမြင်းကုန်သည်ကို မိန်းမအိုသည် အိမ်၌ တည်းနေခကို ပေးလော့ဟု ဆို၍ မိခင် ကောင်းပြီ ပေးအံ့ဟု ဆိုသည်ရှိသော် အမောင် အခပေးသည်ရှိသော် ဤမြင်းငယ်ကို ပေးလော့ဟု ဆို၏။ မြင်းကုန်သည်သည် မိန်းမအိုဆိုတိုင်း မြင်းငယ်ကိုပေး၍ သွား၏။ မိန်းမအိုသည် ထိုမြင်းငယ်၌ သားကဲ့သို့ ချစ်ခြင်းကိုဖြစ်စေ၍ ဆန်ခွဲ ထမင်းချိုး, စားငုတ်မြက်တို့ကို ပေး၍ မြင်းငယ်ကို လုပ်ကျွေး၏။

ထိုအခါ နောက်အဘို့၌ ဘုရားလောင်းသည် မြင်းငါးရာတို့ကို ယူ၍ သွားလတ်သော် ထိုအိမ်၌ တည်နေခြင်းကို ပြု၏။ ဆန်ခွဲစားသော သိန္ဓောမြင်းငယ်၏နေရာ အရပ်မှ အနံ့နံ၏။ တခုသော မြင်းသည်လည်း အိမ်သို့ မဝင်ဝံ့၊ ဘုရားလောင်းသည် မိခင် ဤအိမ်၌ တခုသောမြင်းသည် ရှိသလောဟု မေး၏။ အမောင် တပါးသောမြင်းကား မရှိ၊ ငါသည် သားပြု၍ တခုသော မြင်းငယ်ကိုမွေး၏။ ထိုမြင်းငယ်သည် ရှိ၏ဟု ဆို၏။ မိခင် ထိုမြင်းငယ်သည် အဘယ်မှာနည်းဟု မေး၏။ အမောင် အစာစားအံ့သောငှာ သွား၏ဟု ဆို၏။ မိခင် အဘယ်အခါ၌ လာသနည်းဟု မေးသည်ရှိသော် အမောင် ညချမ်းသောအခါ လာလတ္တံ့ဟု ဆို၏။ ဘုရားလောင်းသည် ထိုမြင်းငယ်၏ လာခြင်းကို မျှော်လျှက် မြင်းတို့ကို အပ၌ထား၍လျှင် နေ၏။ သိန္ဓောမြင်းငယ်သည်လည်း ကျက်စား၍ ညချမ်းအခါ၌လျှင် လာ၏။ ဘုရားလောင်းသည် ဆန်ခွဲကိုစားသော သိန္ဓောမြင်းငယ်ကို မြင်၍ လက္ခဏာတို့ကို ဆင်ခြင်၍ သိန္ဓောမြင်းငယ်သည် အဘိုးမပြတ်နိုင်အောင် ထိုက်သော မြင်းတည်းဟု သိ၍ မိန်းမအိုအား အဘိုးကိုပေး၍ ယူခြင်းငှါ သင့်၏ဟု ကြံ၍ သိန္ဓောမြင်းငယ်သည်လည်း အိမ်သို့ဝင်၍ မိမိနေရာအရပ်၌ နေ၏။ ထိုခဏ၌ ထိုမြင်းတို့သည် အိမ်သို့ဝင်ခြင်းငှာ တတ်နိုင်ကုန်၏။

ဘုရားလောင်းသည် နှစ်ရက် သုံးရက် နေ၍ မြင်းတို့ကို အားယူစေပြီး၍ သွားအံ့ဟု ပြင်ဆင်လတ်သည်ရှိသော် မိခင် မြင်းငယ်၏အဘိုးကို ယူ၍ အကျွန်ုပ်အား မြင်းငယ်ကို ပေးလော့ဟု ဆို၏။ အမောင် မြင်းကုန်သည် သင် အသို့ဆိုသနည်း၊ သားကိုရောင်းစားသော မိန်းမမည်သည် ရှိသလာဟု မိန်းမအိုသည် ဆို၏။ မိခင် သင်သည် ဤမြင်းငယ်ကို အဘယ်အစာကို စားစေ၍ ကျွေးမွေးသနည်းဟု ဘုရားလောင်းသည် မေး၏။ အမောင်မြင်းကုန်သည် ဆန်ခွဲထမင်းချိုး စားငုတ်မြက်တို့ကို စားစေ၍ ဆန်ခွဲယာဂုကို သောက်စေ၍ ကျွေးမွေး၏ဟု မိန်းမအိုဆို၏။ မိခင် ကျွန်ုပ်သည် ဤမြင်းငယ်ကိုရသော် ထမင်းကို စားစေအံ့၊ မြင်းနေရာအထက် ပုဆိုးဗိတာန်ကို ကြက်၍ အင်းပျဉ်အပေါ်၌ ထားအံ့ဟု ဘုရားလောင်းဆို၏။ အမောင်မြင်းကုန်သည် ဤသို့ပြုစုမူကား သားသည် ချမ်းသာခံရလတ္တံ့၊ သားကိုယူ၍ သွားလော့ဟု ဆို၏။ ထိုအခါ ဘုရားလောင်းသည် သိန္ဓောမြင်းငယ်၏ အခြေလေးချောင်း အမြီး နှုတ်သီးတို့၌ ခြောက်ထောင်သော အသပြာတို့ကိုထား၍ မိန်းမအိုကို အဝတ်သစ်ဝတ်စေ၍ သိန္ဓောမြင်းငယ်၏ရှေ့၌ ရပ်စေ၏။ သိန္ဓောမြင်းငယ်သည် မျက်စိတို့ကိုဖွင့်၍ အမိကို ကြည့်လျက် မျက်ရည်ယို၏။ မိန်းမအိုသည်လည်း သိန္ဓောမြင်းငယ်၏ ကျောက်ကို သုံးသပ်၍ ချစ်သား ငါသည် သားမွေးကျိုးကို ရပြီ၊ ငါ့သား လိုက်လေတော့ဟု ဆို၍ ပေး၏။ သိန္ဓောမြင်းငယ်သည် လိုက်၏။ ဘုရားလောင်းသည် နက်ဖြန် သိန္ဓောမြင်းငယ်၏ ထမင်းအစာကို စီရင်၍ သိန္ဓော မြင်းငယ်သည် မိမိ၏ကိုယ်အစွမ်းကို သိသလော၊ ထိုသို့မဟုတ် မသိသလော၊ ထိုသိန္ဓောမြင်းငယ်ကို စုံစမ်းအံ့ဟု မြင်းစားကျင်း၌ ဆန်ခွဲယာဂုကို လောင်း၍ ပေး၏။ သိန္ဓောမြင်းငယ်သည် ထိုဘောဇဉ်ကို ငါမစား၊ ယာဂုကို သောက်ခြင်းငှါ ငါအလိုမရှိဟု ဆို၏။ ဘုရားလောင်းသည် သိန္ဓောမြင်းငယ်အား စုံစမ်းလိုသောအားဖြင့်-

၁၀။ ဘုတွာ တိဏပရိဃာသံ၊ ဘုတွာ အာစာမကုဏ္ဍကံ။
ဧတံ တေ ဘောဇနံ အာသိ၊ ကသ္မာ ဒါနိ န ဘုဉ္ဇသိ။

ဟူသော ပဌမဂါထာကို ဆို၏။

၁၀။ အဿပေါတက၊ မြင်းငယ်။ တွံ၊ သင်သည်။ တိဏပရိဃာသံ၊ စားကြွင်းမြက်ကို။ ဘုတွာ၊ စား၍။ အာစာမကုဏ္ဍကံ၊ ထမင်းချိုး ဆန်ခွဲညှာကို။ ဘုတွာ၊ စား၍။ ဝဍ္ဎိတော၊ ကြီး၏။ ဧတံ၊ ဤဆန်ခွဲယာဂုဘောဇဉ်သည်။ တေ၊ သင်၏။ ဘောဇနံ၊ အစာသည်။ အာသိ၊ ဖြစ်၏။ ကသ္မာ၊ အဘယ်ကြောင့်။ ဒါနိ-ဣဒါနိ၊ ယခု။ ဧတံ၊ ဤဆန်ခွဲယာဂုကို။ န ဘုဉ္စသိ၊ မစားသနည်း။

ဤသို့ဆိုသော ထိုစကားကို ကြား၍ သိန္ဓောမြင်းငယ်သည်-

၁၁။ ယတ္ထ ပေါသံ န ဇာနန္တိ၊ ဇာတိယာ ဝိနယေန ဝါ။
ဗဟု တတ္ထ မဟာဗြဟ္မေ၊ အပိ အာစာမကုဏ္ဍကံ။
၁၂။ တွဉ္စ ခေါမံ ပဇာနာသိ၊ ယာဒိသာယံ ဟယုတ္တမော။
ဇာနန္တော ဇာန မာဂမ္မ၊ န တေ ဘက္ခာမိ ကုဏ္ဍကံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၁။ မဟာဗြဟ္မေ၊ မြတ်သောကုန်သည်ကြီး။ ယတ္ထ၊ အကြင်အရပ်၌။ ဇာတိယာ ဝါ၊ အမျိုးအားဖြင့်၎င်း။ ဝိနယေန ဝါ၊ အကျင့်အားဖြင့်၎င်း။ ပေါသံ၊ မွေးခြင်းငှါ။ ဝါ၊ မွေးအပ်သော ဥစ္စာကို။ န ဇာနန္တိ၊ မသိကုန်။ တတ္ထ၊ ထိုအရပ်၌။ ဗဟု၊ များစွာ။ အာစာမကုဏ္ဍကံ၊ ထမင်းချိုးဆန်ခွဲကို။ အပိ၊ စင်စစ်။ ဘက္ခာမိ၊ ငါစား၏။

၁၂။ ယာဒိသော၊ အကြင်သို့သဘောရှိသော။ အယံ ဟယော၊ ဤမြင်းသည်။ ဥတ္တမော၊ မြင်းမြတ်တည်း။ ဣတိ၊ ဤသိုး။ တွဉ္စ၊ သင်သည်လည်း။ ခေါ၊ စင်စစ်။ မံ၊ ကို။ ပဇာနာသိ၊ သိ၏။ ဇာနန္တော၊ အစွမ်းကိုသိသော ငါသည်။ ဇာနံ၊ အစွမ်းကိုသိသော သင့်ကို။ အာဂမ္မ၊ စွဲ၍။ တေ၊ သင်၏။ ကုဏ္ဍကံ၊ ဆန်ခွဲယာဂုကို။ န ဘက္ခာမိ၊ မစားအံ့။

သင်သည် ဆန်ခွဲယာဂုကို စားစေလိုသဖြင့် အသပြာ ခြောက်ထောင်တို့ကိုပေး၍ ငါ့ကို မဝယ်၊ ဤသို့ဆိုသော် ထိုစကားကို ကြား၍ ဘုရားလောင်းသည် သင့်ကို စုံစမ်းအံ့သောငှါ ငါသည် ထိုအမှုကို ပြု၏။ အမျက်မထွက်လင့်ဟု ဆို၍ ထိုသိန္ဓောမြင်းငယ်ကို ကောင်းသော ဘောဇဉ်ကို စားစေလျက် ယူ၍ မင်းယင်ပြင်ဝယ် တခုသောအရပ်၌ မြင်းငါးရာတို့ကိုထား၍ တခုသောအရပ်၌ ဆန်းကြယ်သော တင်းတိမ်ကို ကာရံ၍ အောက်၌ အခင်းကိုခင်း၍ အထက်၌ ပုဆိုးဗိတာန်ကြက်၍ သိန္ဓောမြင်းငယ်ကိုထား၏။

မင်းသည် လာလတ်၍ မြင်းကိုကြည့်လျက်၍ ဤမြင်းကို အဘယ့်ကြောင့် အသီးထားသနည်းဟု မေး၏။ မြတ်သောမင်းကြီး ဤမြင်းကား သိန္ဓောမြင်းတည်း၊ ဤမြင်းတို့တွင် ထူးသော မြင်းတည်းဟု လျှောက်လတ်သော် အချင်းမြင်းကုန်သည် သိန္ဓောမြင်းသည် ကောင်းသလောဟုမေး၏။ ဘုရားလောင်းသည် မြတ်သောမင်းကြီး ကောင်း၏ဟု ဆို၍ မြင်း၏ လျင်မြန်ခြင်းကို ကြည့်လို၏ဟု ဆိုလတ်သော် ထိုမြင်းကို က၍ တက်စီး၍ မြတ်သောမင်းကြီး ကြည့်တော်မူလော့ဟုဆို၍ လူတို့ကိုရှားစေ၍ မင်းယင်ပြင်၌ မြင်းကို မောင်းနှင်၏။ အလုံးစုံသော မင်းယင်ပြင်သည် မြင်းအစဉ်ဖြင့် ခြံရံဘိသကဲ့သို့ ဖြစ်၏။ တဖန် ဘုရားလောင်းသည် မြတ်သောမင်းကြီး သိန္ဓောမြင်းငယ်၏ လျင်မြန်ခြင်းကို ကြည့်တော်မူလော့ဟု လွှတ်ပြန်၏။ တယောက်သောသူသည်လည်း သိန္ဓောမြင်းငယ်ကို မမြင် သည်ဖြစ်၏။ တဖန် နီသောအဝတ်ကို ရင်၌ပတ်၍ လွှတ်ပြန်၏။ နီသောအဝတ်ကိုသာလျှင် မြင်ကုန်၏။ ထို့နောင်မှ ထိုသိန္ဓောမြင်းကို မြို့တွင်းဝယ် တခုသော ဥယျာဉ်ရေကန် အပြင်၌ လွှတ်၏။ ထိုရေကန်၌ပြေးသော သိန္ဓောမြင်း၏ ခွါဖျားတို့ကိုလည်း ရေတို့သည် မစွတ်ကုန်၊ ပဒုမာကြာရွက်တို့၏ အပေါ်သို့ ပြေးသည်ရှိသော် တခုသောပဒုမာကြာရွက်ကိုလည်း ရေ၌မနစ်စေ၊ ဤသို့ ထိုမြင်း၏ လျင်မြန်ခြင်းနှင့် ပြည့်စုံခြင်းကို ပြပြီး၍ မြင်းမှ ဆင်းသက်၍ လက်ခုပ်တီး၍ လက်ဝါးအပြင်ကိုပြ၏။ မြင်းသည်လာလတ်၍ အခြေ လေးဘက်တို့ကို တပေါင်းတည်းပြု၍ လက်ဝါးအပြင်၌ ရပ်၏။ ထိုအခါ ဘုရားလောင်းသည် မင်းကို မြတ်သောမင်းကြီး ဤမြင်းငယ်သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် လျင်မြန်ခြင်းကို ပြသည်ရှိသော် သမုဒ္ဒရာအဆုံးရှိသော တိုင်းသည် လျင်မြန်ခြင်းအဟုန်ကို ချထားခြင်းငှါ မလောက်ဟု မင်းကို ဆို၏။ မင်းသည် ထိုမြင်း၏ လျင်မြန်ခြင်းကိုမြင်၍ ဘုရားလောင်းအား ထက်ဝက်သော ပြည်ကိုပေး၍ သိန္ဓောမြင်းငယ်ကိုလည်း အဘိသိက်သွန်း၍ မင်္ဂလာမြင်း ပြု၏။

ထိုမင်္ဂလာမြင်းကို မင်းသည် ချစ်မြတ်နိုး၏။ မင်္ဂလာမြင်းအား ပူဇော် သက္ကာရများ၏။ မင်း၏ တန်ဆာဆင်အပ်သော နေရာတိုက်ခန်းကဲ့သို့ မြင်း၏ နေရာသည် ဖြစ်၏။ လေးပါးသော နံ့သာမျိုးတို့ဖြင့် မြေကို လိမ်းကျံကုန်၏။ နံ့သာဆိုင်း ပန်းဆိုင်းတို့ကို ဆွဲကုန်၏။ အထက်၌ ရွှေကြယ်စီ ဗိတာန်ကြက်၏ ထက်ဝန်းကျင်မှ ဆန်းကြယ်သော တင်းတိမ်ဖြင့် ကာရံ၏။ အမြဲ နံ့သာဆီတို့ဖြင့် ဆီမီးကို ထွန်းကုန်၏။ မင်္ဂလာမြင်း၏ ကျင်ကြီးကျင်ငယ်သွားရာ အရပ်၌လည်း ရွှေအိုးကို ခံထားကုန်၏။ အမြဲလျှင် မင်းစားသော ဘောဇဉ်ကိုသာလျှင် စားစေ၏။ ထိုမင်္ဂလာမြင်း ရောက်သောကာလမှစ၍ ဇမ္ဗူဒိပ်အလုံး၌ မင်းအဖြစ်သည် ဗာရာဏသီမင်း၏ လက်သို့ရောက်သည်သာလျှင် ဖြစ်၏။ ဗာရာဏသီမင်းသည် ဘုရားလောင်း၏ အဆုံးအမ၌ တည်၍ အလှူပေးခြင်းအစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြသည်၏အဆုံး၌ များစွာကုန်သော ရဟန်းတို့သည် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်ကြကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ သူအိုမသည် ထိုအခါ သူအိုမဖြစ်ဘူးလေပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ သိန္ဓောမြင်း ဖြစ်ဘူးလေပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးလေပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မြင်းကုန်သည် ဖြစ်ဘူးလေပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အမယ်အိုကပ်၊ ပိဏ္ဍပါတ်၊ ထေရ်မြတ် သုံးဆောင်သည်

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ကုဏ္ဍကသိန္ဓဝဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-သင်္ကပ္ပဝဂ်

၅။ သုကဇာတ်

စားပိုးနင်သောကျေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် ယာဝ သော မတ္တမညာသိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် များစွာစား၍ အစာမကြေခြင်းကြောင့် သေလွန်ရသော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအခါ ထိုရဟန်းသေလွန်သည်ရှိသော် တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဤမည်သောရဟန်းသည် ဝမ်း၏ပမာဏကို မသိမူ၍ များစွာစား၍ အစာ ကြေစိမ့်သောငှါ မတတ်နိုင်ရှိရကား သေလွန်၏ဟု ထိုရဟန်း၏ ကျေးဇူးမဲ့ စကားကို ပြောဆိုကုန်သတတ်၊ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၏။ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤရဟန်းသည် အလွန် စားခြင်းကြောင့် သေသည်မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းသည် အလွန်စားခြင်းကြောင့် သေဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ ဆိတ်ဆိတ် နေတော်မူ၏။ ရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်ဝယ် ကျေးအမျိုး၌ဖြစ်၍ ဟိမဝန္တာအရပ်၌ နေကုန်သော အထောင်မကကုန်သော ကျေးတို့၏ မင်းဖြစ်၏။ ထိုဘုရားလောင်းအား တခုသော သားသည် ရှိ၏။ ထိုသားသည် အားနှင့်ပြည့်စုံလတ်သော် ဘုရားလောင်းသည် မျက်စိအားနည်းသည် ဖြစ်၏။ ကျေးတို့အား လျင်မြန်သော အဟုန်ရှိသတတ်၊ ထို့ကြောင့် ထိုကျေးတို့အား အိုသောကာလ၌ ရှေးဦးစွာ မျက်စိအားနည်းသည်လျှင် ဖြစ်၏။ ဘုရားလောင်း၏သားသည် မိဘတို့ကို အသိုက်၌ထား၍ အစာကိုဆောင်ယူ၍ မွေးမြု၏။ ထိုဘုရားလောင်း၏သားသည် တနေ့သ၌ ကျက်စားရာအရပ်သို့သွား၍ တောင်ထိပ်ဖျား၌ နေ၍ သမုဒ္ဒရာကို ကြည့်လတ်သော် တခုသောကျွန်းငယ်ကို မြင်၏။ ထိုကျွန်းငယ်၌ကား ရွှေအဆင်းနှင့်တူသော အဆင်းရှိသော အသီးနှင့်ပြည့်စုံသော သရက်တောသည် ရှိ၏။ ထိုကျေးသားသည် နက်ဖြန် အစာရှာသောအခါ၌ ပျံ၍ ထိုသရက်တော၌သက်၍ သရက်အရသာကိုခံစား၍ သရက်သီးမှည့်ကိုယူလျက် လာ၍ မိဘတို့အား ပေး၏။ ဘုရားလောင်းသည် ထိုသရက်သီးကို စားလတ်သော်။ အရသာကိုမှတ်မိ၍ အမောင် ဤသရက်သီးမှည့်ကား ဤမည်သော ကျွန်းငယ်၌ သရက်သီးမှည့် မဟုတ်လောဟု ဆို၏။ ဘခင် ဟုတ်၏ဟုဆိုလတ်သော် အမောင် ကျွန်းငယ်သို့ သွားကုန်သော ကျေးတို့မည်သည်ကား ရှည်မြင့်စွာ အသက်ကိုစောင့်နိုင်ကုန်သည် မရှိကုန်၊ သင်သည် တဖန် ထိုကျွန်းငယ်သို့ မသွားလင့်ဟုဆို၏။ ထိုကျေးသားသည် ဘုရားလောင်း၏ စကားကို မယူမူ၍ သွားသည်သာလျှင် ဖြစ်၏။

ထိုအခါ တနေ့သ၌ များစွာသော သရက်သီးရည်ကို သောက်၍ မိဘတို့၏အကျိုးငှာ သရက်သီးအမှည့်ကို ယူ၍ သမုဒ္ဒရာ၏အထက် အပြင်ဖြင့် လာလတ်သည်ရှိသော် အလွန်လေးသည်၏အဖြစ်ကြောင့် ပင်ပန်းသောကိုယ်ရှိသည်ဖြစ်၍ အိပ်ချင်ခြင်း နှိပ်စက်ရကား ငိုက်မျဉ်းလျက်လည်း လာလတ်သည်သာလျှင် ဖြစ်၏။ နှုတ်သီးဖြင့် ချီအပ်သော သရက်သီးမှည့်သည် ကျ၏။ ထိုကျေးသားသည် အစဉ်သဖြင့် လာသောလမ်းခရီးကိုစွန့်၍ ရေအပြင်၌ လာလတ်သော် ရေ၌လျှင် ကျ၍ နစ်၏။ ထိုအခါ တခုသောငါးသည် ထိုကျေးကို ဖမ်း၍ စား၏။ ဘုရားလောင်းသည် ထိုကျေးသားသည် လာချိန်အခါ၌လျှင် မရောက်သည်ရှိသော် သမုဒ္ဒရာသို့ကျ၍ သေသည် ဖြစ်လတ္တံ့ ဟုသိ၏။ ထိုအခါ ထိုကျေးသား၏ မိဘတို့သည်လည်း အာဟာရကို မရကုန်ရကား ခြောက်၍ သေကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် ဤအတိတ်ကို ဆောင်တော်မူ၍-

၁၃။ ယာဝ သော မတ္တမညာသိ၊ ဘောဇနသ္မိံ ဝိဟင်္ဂမော။
တာဝ အဒ္ဓါန မာပါဒိ၊ မာတရဉ္စ အပေါသယိ။
၁၄။ ယတော စ ခေါ ဗဟုတရံ၊ ဘောဇနံ အဇ္စျဝါဟရိ။
တတော တတ္ထေဝ သံသီဒိ၊ အမတ္တညူ ဟိ သော အဟု။
၁၅။ တသ္မာ မတ္တညုတာ သာဓု၊ ဘောဇနသ္မိံ အဂိဒ္ဓတာ။
အမတ္တညူ ဟိ သီဒန္တိ၊ မတ္တညူ စ န သီဒရေ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၁၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ယာဝ၊ အကြင်မျှလောက်။ သော ဝိဟင်္ဂမော၊ ထိုငှက်သည်။ ဘောဇနသ္မိံ၊ အစာ၌။ မတ္တံ၊ အတိုင်း အရှည်ကို။ အညာသိ၊ သိ၏။ တာဝ၊ ထိုမျှလောက်။ အဒ္ဓါနံ၊ အသက်ရှည်သော ကာလကို။ အာပါဒိ၊ ရ၏။ မာတရဉ္စ၊ မိဘကိုလည်း။ အပေါသယိ၊ မွေးမြူရ၏။

၁၄။ ယတော စ ခေါ၊ အကြင်အခါ၌ကား။ သော၊ ထိုငှက်သည်။ ဗဟုတရံ၊ အလွန် များစွာ။ ဘောဇနံ၊ သရက်သီးရည် ဘောဇဉ်ကို။ အဇ္စျဝါဟရိ၊ စား၏။ တတော စ၊ ထိုအခါ၌ကား။ တတ္ထေဝ၊ ထိုသမုဒ္ဒရာ၌သာလျှင်။ သံသီဒိ၊ နစ်၏။ ဟိ၊ ထိုစကား မှန်၏။ အမတ္တညု၊ အတိုင်းအရှည်ကိုမသိသည်။ အဟု၊ ဖြစ်၏။

၁၅။ တသ္မာ၊ ထို့ကြောင့်။ ဘောဇနသ္မိံ၊ ဘောဇဉ်၌။ မတ္တညုတာ၊ အတိုင်းအရှည်ကို သိသည်၏အဖြစ်သည်။ အဂိဒ္ဓတာ၊ မမက်မောသည်၏ အဖြစ်သည်။ သာဓု၊ ကောင်း၏။ ဟိ သစ္စံ၊ ထိုစကားသည် မှန်၏။ အမတ္တညူ၊ ဘောဇဉ်၌ အတိုင်းအရှည်ကို မသိကုန်သော သူတို့သည်။ သီဒန္တိ၊ နစ်ကုန်၏။ မတ္တညူ၊ အတိုင်းအရှည်ကို သိကုန်သော သူတို့ကား။ န သီဒရေ၊ မနစ်ကုန်။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ များစွာကုန်သော ရဟန်းတို့သည် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ၌ ဘောဇဉ်၌ အတိုင်း အရှည်ကို မသိသော ရဟန်းသည် ထိုအခါ ကျေးမင်း၏သား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကျေးမင်းဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အလွန်များစွာ၊ စားတုံပါ၊ ခန္ဓာပျက်ပြုန်းရ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော သုကဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-သင်္ကပ္ပဝဂ်

၆။ ဇရူဒပါနဇာတ်

တွင်းဟောင်းကြီး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဇရူဒပါနံ ခဏမာနာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဇရူဒပါန ဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာဝတ္ထိပြည်၌ နေကုန်သော ကုန်သည်တို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုကုန် သည်တို့သည် သာဝတ္ထိပြည်၌ ဘဏ္ဍာတို့ကိုယူ၍ လှည်းတို့ကို ပြည့်စေ၍ ကုန်သွယ်အံ့သောငှါ သွားအံ့သောကာလ၌ မြတ်စွာဘုရားကို ပင့်ဘိတ်၍ သရဏဂုံတို့ကိုယူ၍ သီလတို့၌တည်၍ မြတ်စွာဘုရားကို ရှိခိုး၍ ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်တို့သည် ကုန်သွယ်သွားအံ့သောငှါ ရှည်စွာသော ခရီးကို သွားပါကုန်အံ့၊ ဘဏ္ဍာကိုရောင်း၍ အပြီးသို့ ရောက်ကုန်သော် ချမ်းသာသဖြင့် ပြန်လာ၍ တဖန် အရှင်ဘုရားတို့ကို ရှိခိုးပါကုန်အံ့ဟု ဆို၍ ခရီးသို့ သွားကြကုန်၏။ ထိုကုန်သည်တို့သည်။ ကန္တာရခရီး၌ ရေတွင်းဟောင်းကိုမြင်၍ ဤရေတွင်း၌ ရေသည် မရှိ၊ ငါတို့သည်လည်း ရေငတ်ကုန်၏။ ထိုရေတွင်းကို တူးကြကုန်အံ့ဟု တူးကုန်လတ်သော် အစဉ်သဖြင့် သလွှဲစင် သလွဲပုပ် ကြေးပုပ် ကြေးနီ ကြောင်မျက်ရွဲအပေါင်းတို့ကို ရကုန်၏။ ထိုသို့ဥစ္စာကိုရသဖြင့်သာလျှင် ရောင့်ရဲကုန်၏။ ထိုရတနာတို့ဖြင့် လှည်းတို့ကို ပြည့်စေ၍ ချမ်းသာသဖြင့် သာဝတ္ထိပြည်သို့ ပြန်လာကြကုန်၏။ ထိုကုန်သည်တို့သည်လည်း ထိုဥစ္စာကိုသိုမှီး၍ ငါတို့သည် အပြီးရောက်ကုန်ရကား ဆွမ်းကိုလှူကုန်အံ့ဟု မြတ်စွာဘုရားကို ဘိတ်၍ အလှူကို လှူ၍ ရှိခိုးကုန်လျက် တင့်အပ်လျောက်ပတ်စွာ နေကုန်၍ မိမိတို့သည် ဥစ္စာရသောအကြောင်းကို မြတ်စွာဘုရားအား ကြားလျှောက်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် သီတင်းသည်ကို သင်တို့သည်ကား ထိုဥစ္စာဖြင့် ရောင့်ရဲကုန်၍ ပမာဏကိုသိကုန်၍ ဥစ္စာကို၎င်း အသက်ကို၎င်း ရကုန်၏။ ရှေးသူဟောင်းတို့သည်ကား အတိုင်းအရှည်ကို မသိကုန်၍ ပညာရှိတို့၏ စကားကိုနားမထောင်ကုန်၍ အသက်ကုန်ခြင်းသို့ ရောက်ကုန်သလျှင်ကတည်းဟု မိန့်တော်မူ၍ ထိုကုန်သည်တို့သည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာတို လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီပြည်ဝယ် ကုန်သည်အမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် လှည်းကုန်သည်မှူးဖြစ်၏။ ထိုဘုရားလောင်းသည် ဗာရာဏသီပြည်၌ ဘဏ္ဍာကိုယူ၍ လှည်းတို့ကို ပြည့်စေ၍ များစွာကုန်သော ကုန်သည်တို့ကိုခေါ်၍ ထိုကန္တာရသို့သာလျှင် သွားလတ်သော် ထိုရေတွင်းကိုလျှင် မြင်၏။ ထိုအရပ်၌ ထိုကုန်သည်တို့သည် ရေသောက်ကုန်အံ့ဟု ထိုရေတွင်းကို တူးကုန်လတ်သော် အစဉ်သဖြင့် များစွာကုန်သော ရတနာတို့ကို ရကုန်၏။ ထိုကုန်သည်တို့သည် များစွာသော ရတနာတို့ကိုလည်းရ၍ ထိုရတနာတို့ဖြင့် မရောင့်ရဲကုန်သည်ဖြစ်၍ ရေတွင်း၌ ဤထက် ကောင်း မြတ်သော တပါးသော ရတနာသည် ရှိလတ္တံ့ဟု အလွန်အားဖြင့် ထိုရေတွင်းကို တူးကြကုန်သည် သာလျှင်တည်း၊ ထိုအခါ ဘုရားလောင်းသည် ထိုကုန် သည်တို့ကို အို ကုန်သည်တို့ ဤလောဘမည်သည်ကား ပျက်စီးခြင်း၏ အကြောင်းတည်း၊ ငါတို့သည် များစွာသောဥစ္စာကို ရအပ်ပေ၏။ ဤမျှဖြင့်သာလျှင် ရောင့်ရဲကြကုန်လော့၊ အလွန်မတူးကြကုန်လင့် ဆို၏။ ဘုရားလောင်းသည် ထိုကုန်သည်တို့ကို မြစ်ကုန်သော်လည်း တူးကြကုန်သည်သာလျှင် ဖြစ်ကုန်၏။

ထိုရေတွင်းကိုလည်း နဂါးသည် သိမ်းဆည်းအပ်၏။ ထိုအခါ ရေတွင်းအောက်၌နေသော နဂါးမင်းသည် မိမိ ၏ဗိမာန် ပျက်လတ်၍ ခဲမြေမုန့် ကျလတ်ကုန်သော် အမျက် ထွက်၍ ဘုရားလောင်းကိုထား၍ ကြွင်းကုန်သော ခပ်သိမ်း သော သူတို့ကိုလည်း နှာခေါင်းလေဖြင့်မှုတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေ၍ နဂါးဘုံမှထွက်၍ လှည်းတို့ကို က၍ ခပ်သိမ်းသောရတနာတို့ဖြင့် ပြည့်စေ၍ ဘုရားလောင်းကို ချမ်းသာစွာသော ယာဉ်ငယ်၌စီးစေ၍ နဂါးလုလင်တို့ကို လှည်းတို့ကိုနှင်စေ၍ ဘုရားလောင်းကို ဗာရာဏသီပြည်သို့ ဆောင်၍ အိမ်သို့ဝင်စေ၍ ထိုဥစ္စာတို့ကို သိုမှီးခဲ့၍ မိမိနေရာ နဂါးဘုံသို့သာလျှင် သွား၏။ ဘုရားလောင်းသည် ထိုဥစ္စာတို့ကို စွန့်ကြဲ၍ အလုံးစုံသောဇမ္ဗူဒိပ်ကို လယ်ထွန်လုပ်ခြင်း မရှိသည်ကိုပြု၍ အလှူပေးလျက် ဥပုသ်သီလ ဆောက်တည်၍ အသက်၏အဆုံး၌ နတ်ပြည်ကို ပြည့်စေ၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သဗ္ဗညူဘုရား ဖြစ်တော်မူပြီး၍-

၁၆။ ဇရူဒပါနံ ခဏမာနာ၊ ဝါဏိဇာ ဥဒကတ္ထိကာ။
အဇ္စျာဂမုံ အယသံ လောဟံ၊ တိပုသီသဉ္စ ဝါဏိဇာ။
ရဇတံ ဇာတရူပဉ္စ၊ မုတ္တာဝေဠုရိယာ ဗဟူ။
၁၇။ တေ စ တေန အသန္တုဋ္ဌာ၊ ဘိယျော ဘိယျော အခါဏိသုံ။
တတ္ထသီဝိသော ဃောရော၊ တေဇသီ တေဇသာ ဟနိ။
၁၈။ တသ္မာ ခဏေ နာတိမဏေ၊ အတိခါတံ ဟိ ပါပကံ။
ခါတေန စ ဓနံ လဒ္ဓံ၊ အဘိခါတေန နာသိတံ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၁၆။ ဥပါသကာ၊ သီတင်းသည်တို့။ ဥဒကတ္ထိကာ၊ ရေဖြင့် အလိုရှိကုန်သော။ ဝါဏိဇာ၊ ကုန်သည်ရှိသည်။ ဇရူဒပါနံ၊ ရေတွင်းဟောင်းကို။ ခဏမာနာ၊ တူးကုန်သော်။ အယသံ၊ မည်းသော အဆင်းရှိသော ကြေးကို၎င်း။ လောဟံ၊ ကြေးနီကို၎င်း။ တိပုသီသဉ္စ၊ သလွဲဖြူ သလွှဲပုပ်ကို၎င်း။ အဇ္စျာဂမုံ၊ ရကုန်၏။ တေ စ ဝါဏိဇာ၊ ထိုကုန်သည်တို့သည်လည်း။ ဗဟူ၊ များစွာကုန်သော။ ရဇတဉ္စ၊ ငွေကို၎င်း။ ဇာတရူပဉ္စ၊ ရွှေကို၎င်း။ မုတ္တာ စ၊ ပုလဲတို့ကို၎င်း။ ဝေဠုရိယာ စ၊ ကျောက်မျက်ရွဲဘိုကို၎င်း။ အဇ္ဈာဂမုံ၊ ရကုန်၏။

၁၇။ တေ ဝါဏိဇာ၊ ထိုကုန်သည်ရှိသည်။ တေန၊ ထိုရအပ်သော ရတနာဖြင့်။ အသန္တုဋ္ဌာ၊ မရောင့်ရဲကုန်သည်ဖြစ်၍။ ဘိယျော ဘိယျော၊ လွန်စွာ လွန်စွာ။ အခါဏိသုံ၊ တူးကြကုန်၏။ တေ၊ ထိုကုန်သည်တို့ကို။ တတ္ထ၊ ထိုတွင်း၌။ အာသီဝိသော၊ လျင်သော အဆိပ်ရှိသော။ ဃောရော၊ ပြင်းသော အဆိပ်ရှိသော။ တေဇသီ၊ အဆိပ်တန်ခိုးနှင့် ပြည့်စုံသော။ နာဂေါ၊ နဂါးသည်။ တေဇသာ၊ အဆိပ်တန်ခိုးဖြင့်။ ဟနိ၊ သတ်ပြီ။

၁၈။ တသ္မာ၊ ထို့ကြောင့်။ ခဏေ၊ လျောက်ပတ်ရုံသာ တူးရာ၏။ နာတိခဏေ၊ လွန်စွာမတူးရာ။ ဟိ-သစ္စံ၊ မှန်၏။ အတိခါတံ၊ အလွန်ကူးခြင်းသည်။ ပါပကံ၊ ယုတ်မာ၏။ ခါတေန စ၊ လျောက်ပတ်ရုံသာ တူးသဖြင့်လည်း။ ဓနံ၊ ဥစ္စာကို။ လဒ္ဓံ၊ ရ၏။ အတိခါတေန၊ အလွန်တူးသဖြင့်။ နာသိတံ၊ သေကြေပျက်စီး၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ သာရိပုတ္တရာသည် ထိုအခါ နဂါးမင်း ဖြစ်ဘူးလေပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ လှည်းကုန်သည်မှူး ဖြစ်ဘူးလေပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

လောဘ လောဘ၊ ကြီးလွန်းက၊ မုချ ဒုက္ခတွေ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဇရူဒပါနဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-သင်္ကပ္ပဝဂ်

၇။ ဂါမဏိ စန္ဒဇာတ်

အမေး ၁၀-ထွေ၊ အဖြေ ၁၀-လွှာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နာယံ ဃရာနံ ကုသလော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂါမဏိစန္ဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပညာတော်ကို ချီးမွမ်းခြင်းကို အကြောင်းပြု၍ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ မြတ်စွာဘုရားသည် ကြီးသော ပညာရှိတော်မူ၏။ မြေကြီးအထုနှင့်တူသော ပညာရှိတော်မူ၏။ ရွှင်သော ပညာရှိတော်မူ၏။ လျင်သောပညာ ရှိတော်မူ၏။ ထက်သောပညာ ရှိတော်မူ၏။ ထိုးထွင်းသော ပညာရှိတော်မူ၏။ နတ်ပြည်နှင့် တကွသော လောကကို ပညာဖြင့် လွှမ်းမိုးတော်မူ၏ဟု သဗ္ဗညူ မြတ်စွာဘုရား၏ ပညာတော်ကို ချီးမွမ်းကုန်လျက် နေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့်စည်းဝေးကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ငါဘုရားသည် ပညာရှိတော်မူသည် မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် ပညာရှိတော်မူသလျှင် ကတည်းဟု မိန့်တော်မူ၍ ဆက်ဆိတ်နေတော်မူ၏။ ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသိပြည်၌ဇနသန္ဓမည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထို ဇနသန္ဓမင်း၏ မိဖုယားကြီး၏ ဝမ်းတိုက်၌ ဖြစ်၏။ ထိုဘုရားလောင်း၏ မျက်နှာသည် ကောင်းစွာပွတ်အပ်သော ရွှေကြေးမုံအပြင်ကဲ့သို့ စင်ကြယ်လှ၏။ အလွန်လျှင် တင့်တယ်ခြင်းအစုသို့ ရောက်လေ၏။ ထို့ကြောင့် ဘုရားလောင်းအား အမည်မှည့်သောနေ့၌ အာဒါသမုခ သတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုအခါ အာဒါသမုခ မင်းသားကို ခုနစ်နှစ်အတွင်း၌လျှင် ခမည်းတော်သည် လောက၌တတ်အပ်သော ဗေဒင်သုံးပုံ အတတ်မျိုး အပေါင်းကို သင်စေ၍ အာဒါသမုခ မင်းသား ခုနစ်နှစ်ရှိသော ကာလ၌ ခမည်းတော် သေလွန်၏။ အမတ်တို့သည် ကြီးစွာသော ပူဇော် သက္ကာရဖြင့် မင်း၏အလောင်းကို သင်္ဂြိုဟ်၍ မတကဒါန အစရှိသည်တို့ကို ပြုပြီး၍ ခုနစ်ရက်မြောက်သောနေ့၌ မင်းယင်ပြင်ဝယ် စည်းဝေး၍ မင်းသားသည် အလွန်ငယ်၏။ မင်းအဖြစ်၌ အဘိသိက်သွန်းအံ့သောငှါ မတတ်ကောင်း၊ မင်းသားကို စုံစမ်း၍ အဘိသိက်သွန်းကြကုန်အံ့ဟု။ တနေ့သ၌ မြို့ကို တန်ဆာဆင်စေ၍ တရားစီရင်ရာအရပ်ကိုလည်း တန်ဆာဆင်၍ ပလ္လင်ကို ခင်းစေ၍ မင်းသား၏ နေရာအရပ်သို့ သွား၍ အရှင်မင်းကြီး တရားစီရင်ရာ အရပ်သို့ လာခြင်းငှါ သင့်၏ဟု လျှောက်ကုန်၏။ မင်းသားသည် ကောင်းပြီဟု များစွာသော အခြံအရံဖြင့်သွား၍ ပလ္လင်ထက်၌ နေ၏။

မင်းသားနေသော ကာလ၌ အမတ်တို့သည် တခုသော အခြေနှစ်ချောင်းတို့ဖြင့် သွားတတ်သော မျောက်ကို အိမ်မြေကိုသိသော ဆရာအသွင်ကို ယူစေ၍ တရားစီရင်ရာအရပ်သို့ ဆောင်၍ အရှင်မင်းမြတ် ဤယောက်ျားကား ခမည်းတော်မင်းကြီး လက်ထက်တော်၌ အိမ်ရာမြေကို သိသော ဆရာတည်း၊ အတတ်၌ လေ့လာပွန်းတီးသော ဆရာတည်း၊ မြေ၏ အတွင်း၌ ခုနစ်တောင်ရှိသော အရပ်၌လည်း အကျိုးအပြစ်ကို သိမြင်သောသူတည်း၊ မင်းမျိုးတို့၏ အိမ်ရာကို ဤဆရာသည်သာလျှင် ယူအပ်၏။ အရှင်မင်းမြတ်သည် ဤဆရာကို ချီးမြှောက်တော်မူ၍ အရာအထူး၌ထားတော်မူပါလော့ဟု လျှောက်ကုန်၏။ မင်းသားသည် ထိုမျောက်ကို အောက်အထက်၌ ကြည့်၍ ဤသတ္တဝါကား လူမဟုတ် ဤသတ္တဝါသည် မျောက်တည်းဟု သိ၍ မျောက်တို့မည်သည်ကား လူတို့ ပြုတိုင်း ပြုတိုင်းကို ဖျက်တတ်ကုန်၏။ မပြုအပ်သေးသည်ကို ပြုခြင်းငှာ၎င်း စီရင်ခြင်းငှါ၎င်း မသိကုန်ဟုကြံ၍ အမတ်တို့အား-

၁၉။ နာယံ ဃရာနံ ကုသလော၊ လောလော အယံ ဝလီမုခေါ။
ကတံ ကတံ ခေါ ဒူသေယျ၊ ဧဝံ ဓမ္မမိဒံ ကုလံ။

ဟူသော ရှေးဦးစွာသောဤဂါထာကို ဆို၏။

၁၉။ ဘော အမစ္စာ၊ အို အမတ်တို့။ အယံ၊ ဤမျောက်သည် ကား။ ဃရာနံ၊ အိမ်တို့ကို။ ဝိစာရေတုံ ဝါ၊ စီရင်အံ့သောငှါ၎င်း။ ကာတုံ ဝါ၊ ပြုအံ့သောငှါ၎င်း။ န ကုသလော၊ မလိမ္မာ။ အယံ၊ ဤမျောက်သည်။ လောလော၊ လျှပ်ပေါ်သော အလေ့ရှိ၏။ ဝလီမုခေါ၊ တွန့်သော မျက်နှာရှိသော မျောက်သည်။ ကတံ ကတံ ခေါ၊ ပြုတိုင်း ပြုတိုင်းကိုသာလျှင်။ ဒူသေယျ၊ ဖျက်ဆီးရာ၏။ ဣဒံ ကုလံ၊ ဤမျောက်မျိုးသည်။ ဧဝံ ဓမ္မံ၊ ဤသို့ပြုတိုင်း ပြုတိုင်းကို ဖျက်ဆီးတတ်သော သဘောရှိ၏။

ဤသို့ ဆိုသောအခါ အမတ်တို့သည် အရှင်မင်းမြတ် အမိန့်တော်ရှိတိုင်း ဖြစ်လတ္တံ့ဟု ဆို၍ ထိုမျောက်ကို ပယ်၍ တရက် နှစ်ရက် လွန်သဖြင့် တဖန် ထိုမျောက်ကိုပင်လျှင် တန်ဆာဆင်၍ တရားစီရင်ရာ အရပ်သို့ ဆောင်၍ အရှင်မင်းမြတ် ဤသူသည် ခမည်းတော်မင်းကြီး လက်ထက်တော်၌ တရားစီရင်သော အမတ်တည်း၊ တရားအဆုံးအဖြတ်၌ လေ့လာပွန်းတီးသော သူတည်း၊ ဤသူကို ချီးမြှောက်တော်မူ၍ တရားဆုံးဖြတ်သော အမှုကို ပြုစေခြင်းငှါ သင့်၏ဟု လျောက်ကုန်၏။ မင်းသားသည် ထိုမျောက်ကိုကြည့်၍ ပညာနှင့်ယှဉ်သော စိတ်ရှိသောသူ၏ အမွေးကား ဤသို့ သဘောရှိသည်မဟုတ်၊ ဤသတ္တဝါကား ပညာနှင့် ယှဉ်သောစိတ် မရှိသော မျောက်တည်း၊ တရား အဆုံးအဖြတ် အမှုကို ပြုခြင်းငှါ မတတ်ကောင်းဟု သိ၍-

၂၀။ န ယိဒံ စိတ္တဝတော လောမံ၊ နာယံ အဿာသိကော မိဂေါ။
သိဋ္ဌံ မေ ဇနသန္ဓေန၊ နာယံ ကိဉ္စိ ဝိဇာနာတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၂၀။ ဘောန္တော အမစ္စာ၊ အို အမတ်တို။ ဣဒံ လောမံ၊ ဤအမွေးသည်ကား။ စိတ္တာဝတော၊ ပညာနှင့်ယှဉ်သော စိတ်ရှိသောသူ၏။ န လောမံ၊ အမွေးမဟုတ်။ အယံ၊ ဤသတ္တဝါသည်ကား။ န အဿာသိကော၊ သက်သာရာ ရစေခြင်းငှါ တတ်နိုင်သော သတ္တဝါမဟုတ်။ မိဂေါ၊ သားတည်း။ ဧဝံ၊ ဤသို့။ မေ၊ ငါ၏။ ဇနသန္ဓေန၊ ခမည်းတော် ဇနသန္ဓ မင်းသည်။ သိဋ္ဌံ၊ ဆုံးမအပ်၏။ အယံ၊ ဤမျောက်သည်။ ကိဉ္စိ၊ တစုံတခုသော အဆုံးအဖြတ်ကို။ န ဝိဇာနာတိ၊ မသိ။

ဤသို့ဆိုသော စကားကိုလည်း ကြား၍ အမတ်တို့သည် အရှင်မင်းမြတ် အမိန့်တော်ရှိတိုင်း ဖြစ်လတ္တံ့ဟု ဆို၍ ထိုမျောက်ကိုပယ်၍ တဖန်လည်း တနေ့သ၌ ထိုမျောက်ကိုပင်လျှင် တန်ဆာဆင်၍ တရားစီရင်ရာ အရပ်သို့ဆောင်၍ အရှင်မင်းမြတ် ဤယောက်ျားသည် ခမည်းတော်လက်ထက်တော်၌ မိဘတို့အား လုပ်ကျွေးသော အမျိုး၌ ကြီးသောသူအား အရို အသေအမှုကို ပြုတတ်သောသူတည်း၊ ဤသူအား ချီးမြှောက်တော်မူခြင်းငှါ သင့်၏ဟု လျောက်ကုန်၏။ မင်းသားသည် ထိုမျောက်ကိုကြည့်၍ မျောက်တို့မည်သည်ကား လျှပ်ပေါ်သော စိတ်ရှိကုန်၏။ ဤသို့သဘောရှိသောအမှုကို ပြုခြင်းငှါ မစွမ်းနိုင်ကုန်ဟု ကြံ၍-

၂၁။ န မာတရံ ပိတရံ ဝါ၊ ဘာတရံ ဘဂိနိံ သကံ။
ဘရေယျ တာဒိသော ပေါသော၊ သိဋ္ဌံ ဒသရထေန မေ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၂၁။ ဘောန္တော အမစ္စာ၊ အို အမတ်တို့။ တာဒိသော၊ ထိုသို့သဘောရှိသော။ ပေါသော၊ ယောက်ျားသည်။ သကံ မာတရံ ဝါ၊ မိမိအမိကို၎င်း။ သကံ ပိတရံဝါ၊ မိမိအဘကို၎င်း။ သကံ ဘာတရံ ဝါ၊ မိမိအစ်ကိုကို၎င်း။ သကံ ဘဂိနိံ ဝါ၊ မိမိနှမကို၎င်း။ န ဘရေယျ၊ မမွေးမြူရာ။ ဧဝံ၊ ဤသို့။ မေ၊ ငါ၏။ ဒသရထေန၊ ခမည်းတော် ဒသရထမင်းကြီးသည်။ သိဋ္ဌံ၊ ဆုံးမအပ်၏။

ထိုအခါ အာဒါသမုခမင်းသား၏ ခမည်းတော်မင်းသည် လေးပါးကုန်သော သင်္ဂဟဝတ္ထုတို့ဖြင့် လူတို့ကို သင်္ဂြိုဟ်တတ်သောကြောင့် ဇနသန္ဓမည်၏။ ဆယ်ခုသောရထားတို့ဖြင့် ပြုအပ်သောကိစ္စကိုရထား တခုဖြင့်သာလျှင် ပြုတတ်သောကြောင့် ဒသရထမည်၏။ ထိုမင်း၏အထံမှ ဤသို့သဘောရှိသော အဆုံးအမကို ကြားဘူးသည်၏အဖြစ်ကြောင့် အာဒါသမုခမင်းသားသည် ဤသို့ဆို၏။ အမတ်တို့သည် အရှင်မင်းမြတ် အမိန့်တော်ရှိတိုင်း ဖြစ်လတ္တံ့ ဟု ဆို၍ မျောက်ကိုပယ်၍ မင်းသားသည် ပညာရှိ၏။ မင်းပြုခြင်းငှါ စွမ်းနိုင်လတ္တံ့ဟု ဘုရားလောင်းကို မင်းအဖြစ်၌ အဘိသိက် သွန်း၍ အာဒါသမုခမင်း၏ အာဏာတည်းဟု မြို့၌ စည်လည်စေကုန်၏။ ထိုအခါမှစ၍ ဘုရားလောင်းသည် တရားသဖြင့် မင်းပြု၏။ ဘုရားလောင်း၏ ပညာရှိသော အဖြစ်သည် အလုံးစုံသော ဇမ္ဗူဒိပ်ကို နှံ့၍သွား၏။ ထိုအခါ ဘုရားလောင်း၏ ပညာရှိသောအဖြစ်ကို ပြအံ့သောငှာ နွား, သား, မြင်း ဒေါင်း ရွှေသမား ရွာစား ပြည့်တန်ဆာမ ပျိုသောမိန်းမ မြွေသမင် ခါ, ရုက္ခစိုးနတ်နဂါး ရသေ့ပုဏ္ဏားလုလင် ဟူကုန်သော တဆဲ လေးပါးကုန်သော ဝတ္ထုတို့ကို ဆောင်ကုန်၏။ ထိုဝတ္ထုတို့၌ ဤဆိုလတ္တံ့သောအစဉ်ဖြစ်သော စကားကို သိအပ်၏။ ဘုရားလောင်းကို မင်းအဖြစ်၌ အဘိသိက်သွန်းသည်ရှိသော် အမည်အားဖြင့် ဂါမဏိစန္ဒမည်သော ဇနသန္ဓမင်း၏ခြေရင်း၌ မြဲစွာသော အမတ်တယောက်သည် အရွယ်တူဖြစ်ကုန်သော မင်းတို့အား ခစားရခြင်းသည် တင့်တယ်၏။ ငါသည်လည်း လူကြီးပြီ၊ ငါသည် သတို့သားကို မခစားအံ့၊ ဇနပုဒ်၌ လယ်ထွန်ခြင်း အမှုကိုပြု၍ အသက်မွေးအံ့ဟု ကြံ၏။ ဤသို့ကြံ၍ ထိုဂါမဏိစန္ဒသည် မြို့မှသုံးယူဇနာ အတိုင်းအရှည်ရှိသော အရပ်သို့ သွား၍ တခုသောရွာငယ်၌ နေ၏။

၁။ ဂါမဏိစန္ဒအား အမှုလုပ်ဆောင်အံ့သောငှါ နွားတို့သည်လည်း မရှိကုန်၊ ဂါမဏိစန္ဒသည် မိုဃ်းရွာလတ်သော် တယောက်သော အဆွေခင်ပွန်းကို နွားနှစ်ခုတို့ကိုတောင်း၍ တနေ့ပတ်လုံးထွန်၍ မြက်ကိုစားစေပြီး၍ နွားရှင်အား အပ်ကုန်အံ့သောငှါ အိမ်သို့သွား၏။ ထိုခဏ၌ နွားရှင်သည် မယားနှင့်တကွ အိမ်၏အလယ်၌ နေ၍ ထမင်းစား၏။ နွားတို့သည်လည်း လေ့ ကျက်မြဲအားဖြင့် အိမ်သို့ ဝင်ကုန်၏။ ထိုနွားတို့သည် ဝင်ကုန်လတ်သော် နွားရှင်သည် ထမင်းခွက်ကို ချီ၏။ မယားသည် ထမင်းခွက်ကို ပယ်၏။ ဂါမဏိစန္ဒသည် ထမင်းဖြင့် ငါ့ကိုဘိတ်ရာ၏ဟု ကြည့်၍ နွားတို့ကိုမအပ်ဘဲလျှင် သွား၏။ ခိုးသူသည် ညဉ့်၌ ခြံကိုဖောက်၍ ထိုနွားတို့ကိုလျှင် ခိုး၏။ နွားရှင်သည် နံနက်စောစောကလျှင် ခြံသို့ဝင်၍ နွားတို့ကို မမြင်သော် ခိုးသူတို့သည် ခိုးယူသောအဖြစ်ကို သိလျက်လည်း ဂါမဏိစန္ဒအား လျော်စေအံ့ဟု ဂါမဏိစန္ဒထံသို့ ချဉ်းကပ်၍ အရှင်ဂါမဏိစန္ဒ နွားတို့ကို ပေးလော့ဟု ဆို၏။ နွားတို့သည် အိမ်သို့ဝင်ကုန်ပြီ မဟုတ်လောဟု ဂါမဏိစန္ဒသည် ဆို၏။ သင်သည် ငါ့အား နွားတို့ကို အပ်ကုန်သလောဟု နွားရှင်သည် ဆို၏။ ငါသည် မအပ်ကုန်ဟု ဂါမဏိစန္ဒ ဆိုသည်ရှိသော် ထိုသို့တပြီးကား ဤကား သင့်အားခေါ်သော မင်းတမန်တည်း၊ လာလော့ဟု နွားရှင်သည် ဆို၏။ ထိုဇနပုဒ်တို့၌ တစုံတခုသော ကျောက်စရစ်ကို၎င်း အိုးခြမ်းခဲကို၎င်း ပစ်ချ၍ ဤကား သင့်အား ခေါ်သော မင်းတမန်တည်း၊ လာလော့ဟု ဆိုသည်ရှိသော် အကြင်သူသည် မသွား၊ ထိုသူအား ရာဇဒဏ်ကို အကြောင်းပြု၏။ ထို့ကြောင့် ထိုဂါမဏိစန္ဒသည် မင်းအမိန့်ဟူသော စကားကိုကြား၍လျှင် ထွက်၏။

၂။ ဂါမဏိစန္ဒသည် နွားရှင်နှင့်တကွ မင်း၏မြို့သို့ သွားလတ်သော် အဆွေခင်ပွန်း၏ နေရာဖြစ်သော တခုသောနိဂုံးသို့ ရောက်၍ အလွန်လျှင် ဆာမွတ်၏။ ရွာသို့ဝင်၍ ထမင်း စား၍ လာသည်တိုင်အောင် ဤအရပ်၌လျှင် နေလင့်ပါဦးဟုဆို၍ မိမိ၏ အဆွေခင်ပွန်း၏ အိမ်သို့ ဝင်လေ၏။ ဂါမဏိစန္ဒ၏ အဆွေခင်ပွန်း ယောက်ျားသည်ကား အိမ်၌ မရှိ၊ ခင်ပွန်း၏ မယားသည် မြင်၍ အရှင်ချက်ပြီးသော ထမင်းသည် မရှိ၊ အတန်ငယ် ငံ့ဦးလော့၊ ယခုပင်လျှင် ချက်၍ ပေးအံ့ဟု ဆို၍ လှေကားဖြင့် လျင်မြန်စွာ ကျီသို့ တက်လတ်သော် မြေသို့ကျ၏။ ထိုခဏ၌လျှင် ထိုမိန်းမ၏ ခုနစ်လရှိသော ကိုယ်ဝန်သည် ကျ၏။ ထိုခဏ၌ ထိုမိန်းမ၏လင်သည် လာ၍ ဂါမဏိစန္ဒကိုမြင်၍ သင်သည် မယားကို ပုတ်ခတ်၍ ကိုယ်ဝန်ကို ကျစေ၏။ ဤကား သင့်အား ခေါ်သော မင်းတမန်တည်း၊ လာလော့ဟု ဂါမဏိစန္ဒကို ခေါ်၍ ထွက်၏။ ထိုအခါမှစ၍ နှစ်ယောက်သော သူတို့သည် ဂါမဏိစန္ဒကို အလယ်၌ထား၍ သွားကုန်၏။

၃။ ထိုအခါ တခုသော ရွာတံခါး၌ တယောက်သောမြင်းထိန်းသည် မြင်းကိုလည်စိမ့်သောငှါ မတတ်နိုင်၊ မြင်းသည်လည်း ဂါမဏိစန္ဒ၏ အထံသို့ သွား၏။ မြင်းထိန်းသည် ဂါမဏိစန္ဒကို မြင်၍ ဦးရီး ဂါမဏိစန္ဒ ထိုမြင်းကို တစုံတခုဖြင့်သာလျှင် ပစ်ခတ်၍ လည်၍ လာပါစေလော့ဟုဆို၏။ ဂါမဏိစန္ဒသည် တခုသောကျောက်ခဲကို ကိုင်၍ပစ်၏။ ကျောက်ခဲသည် မြင်းခြေ၌ ကျ၍ ကြက်ဆူရိုးကို ချိုးဘိသကဲ့သို့ မြင်းခြေကို ချိုး၏။ ထိုအခါ ဂါမဏိစန္ဒကို မြင်းထိန်းသည် ငါ၏မြင်းကို သင်သည်ချိုး၏။ ဤကား သင့်အား ခေါ်သော မင်းတမန်တည်းဟု ဆို၍ ယူ၏။

၄။ ထိုဂါမဏိစန္ဒကိုလည်း ထိုသုံးယောက်သော သူတို့သည် ဆောင်ယူ အပ်သည်ရှိသော် ဤသူတို့သည် ငါ့ကို မင်းအား ပြကုန်လတ္တံ့၊ ငါသည် နွားဘိုးလည်း မပေးနိုင်၊ ကိုယ်ဝန်ကျအလျော်ကို အဘယ်မှာလျှင် ပေးနိုင်အံ့နည်း၊ မြင်းဘိုးကိုကား အဘယ်မှာ ရအံ့နည်း၊ ထို့ကြောင့် သေခြင်းသည်သာလျှင် ကောင်းမြတ်၏ဟု ကြံ၏။ ကြံပြီး၍ သွားသည်ရှိသော် လမ်းခရီးအကြား တောအုပ်ခရီး၏ အနား၌လျှင် တဘက်မှပြတ်သော ကမ်းရှိသော တခုသော တောင်ကို မြင်၏။ ထိုတောင်၏အရိပ်၌ နှစ်ယောက်ကုန်သော ဒေါင်းရွေသမား သားအဘတို့သည် ဖျာရက်ကြကုန်၏။ ဂါမဏိစန္ဒသည် အရှင်တို့ကိုယ်လက် သုတ်သင်လို၏။ အတန်ငယ် ဤ၌လျှင် နေလင့်ကြဦးလော့၊ ပြန်လာအံ့ဟု ဆို၍ တောင်သို့တက်၍ ကမ်းပါးပြတ် နံပါးဖြင့် ဆင်းခုန်လတ်သော် ဒေါင်းရွှေသမား ကျောပေါ်၌ ကျ၏။ ဒေါင်းရွှေသမားသည် ကျသည်နှင့် တပြိုင်နက် အသက်ကုန်ခြင်းသို့ ရောက်၏။ ဂါမဏိစန္ဒသည်ကား ရပ်လျက် နေ၏။ ဒေါင်းရွှေသမားသားသည် သင်ကား ငါ၏အဘသတ် ခိုးသူတည်း၊ ဤကား သင့်အားခေါ်သော မင်းတမန်တည်းဟု ဆို၍ ဂါမဏိစန္ဒကို လက်၌ကိုင်၍ ချုံမှထွက်စေ၍ ဤအမှုကား အသို့နည်းဟု ဆိုသည်ရှိသော် ဤသူသည် ငါ၏ အဘသတ် ခိုးသူတည်းဟု ဆို၏။ ထိုအခါမှစ၍ ဂါမဏိစန္ဒကို အလယ်၌ထား၍ လေးယောက်သော သူတို့သည် ခြံရံ၍ ဆောင်ကုန်၏။ (ဤကား တရားလေးချက်)

၁။ ထိုအခါ တခုသော ရွာတံခါး၌ တယောက်သော ရွာစားသည် ဂါမဏိစန္ဒကိုမြင်၍ ဦးရီး ဂါမဏိစန္ဒ အဘယ်သို့ သွားအံ့နည်းဟု မေး၍ မင်းကို ဖူးမြင်အံ့သောငှါ သွားအံ့ဟု ဆိုသည်ရှိသော် ဦးရီး သင်သည် စင်စစ် မင်းကို ဖူးမြင်လတ္တံ့၊ အကျွန်ုပ်သည် မင်းအား သတင်းစကားကို ပေးလို၏။ ဆောင်ပါလော့ဟု ဆို၏။ ဆောင်အံ့ဟုဆိုသည်ရှိသော် ကျွန်ုပ်သည် ရှေး၌ ပကတိအားဖြင့် အဆင်းလှ၏။ ဥစ္စာရှိ၏။ အခြံအရံနှင့်ပြည့်စုံ၏။ ရောဂါကင်း၏။ ယခုတမူကား ဆင်းရဲသည်လည်း ဖြစ်၏။ ဖျော့တော့သောရောဂါ စွဲသည်မှုလည်း ဖြစ်၏။ ထိုသို့ဖြစ်ရာ၌ အကြောင်း အသို့ရှိကုန်သနည်းဟု မင်းကို မေးပါလော့၊ မင်းသည် ပညာရှိသတတ်၊ သင့်အား ဖြေဆိုလတ္တံ့၊ မင်း၏ သတင်းစကားကို တဖန် ကျွန်ုပ်အား ပြောဆိုပါလော့ဟု ဆို၏။ ဂါမဏိစန္ဒသည် ကောင်းပြီဟု ဝန်ခံ၏။

၂။ ထိုနောင် ရှေ့မှ တခုသော ရွာတံခါး၌ တယောက်သော ပြည့် တန်ဆာမသည် ဂါမဏိစန္ဒကိုမြင်၍ ဦးရီးဂါမဏိစန္ဒ အဘယ်သို့ သွားအံ့နည်းဟု မေး၍ မင်းကို ဖူးမြင်အံ့သောငှါ သွားအံ့ဟု ဆိုသည်ရှိသော် မင်းသည် ပညာရှိသတတ်၊ ကျွန်ုပ်သတင်းစကားကို ဆောင်ပါလော့ဟု ဆို၍ ရှေး၌ ကျွန်ုပ်သည် များစွာသော အခကိုရ၏။ ယခုတမူကား ကွမ်းဘိုးလည်း မရ၊ ကျွန်ုပ်ထံသို့ လာသော တစုံတယောက်သော သူမျှလည်း မရှိ၊ ထိုသို့ဖြစ်ရာ၌ အကြောင်းအသို့နည်းဟု မင်းကို မေး၍ တဖန်ပြန်၍ ကျွန်ုပ်အား ပြောဆိုပါလော့ဟု ဆို၏။

၃။ ထိုနောင် ရှေ့မှ တခုသော ရွာတံခါး၌ တယောက်သော ပျိုသောမိန်းမသည် ဂါမဏိစန္ဒကို မြင်၍ ရှေးအတူသာလျှင် မေး၍ ကျွန်ုပ်သည် လင်၏အိမ်၌ နေခြင်းငှါလည်း မတတ်နိုင်၊ မိဘအိမ်၌ နေခြင်းငှာလည်း မတတ်နိုင်၊ ထိုသို့ ဖြစ်ရာ၌ အကြောင်း အသို့နည်းဟု မင်းကို မေး၍ တဖန်ပြန်၍ ကျွန်ုပ်အား ပြောဆိုပါလော့ဟု ဆို၏။

၄။ ထိုနောင် ရှေ့သို့ သွား၍ ခရီးလမ်းမ၏အနီး တခုသော တောင်ပို့၌နေသော မြွေသည် ဂါမဏိစန္ဒကိုမြင်လေ၍ ဦးရီး ဂါမဏိစန္ဒ အဘယ်သို့ သွားအံ့နည်းဟု မေး၍ မင်းကို ဖူးမြင်အံ့သောငှါ သွားအံ့ဟု ဆိုသည်ရှိသော် မင်းသည် ပညာရှိသတတ်၊ သတင်းစကားကို ဆောင်ပါလော့ဟု ဆို၍ အစာရှာအံ့သောငှာ သွားသောကာလ၌ ဆာမွတ်သောကိုယ် ညှိုးသောကိုယ်ရှိလျက် တောင်ပို့မှထွက်လတ်သော် ကိုယ်သည် တွင်းကို ပြည့်စေ၍ ကိုယ်ကိုငင်လျှင် ငြိုငြင်သဖြင့် ထွက်ရ၏။ အစာစား၍ လာလတ်သော်ကား ဝလင်ပြည့်ဖြိုးသော ကိုယ်ရှိ၍လျှင် တွင်းနံပါးကို မထိစေဘဲ အဆောတ လျင် ဝင်နိုင်၏။ ထိုသို့ဖြစ်ရာ၌ အကြောင်း အသို့နည်းဟု မင်းကိုမေး၍ ကျွန်ုပ်အား ပြောဆိုပါလော့ဟု ဆို၏။

၅။ ထို့နောင်မှ ရှေ့သို့သွား၍ တခုသော သမင်သည် ဂါမဏိစန္ဒကို မြင်၍ ရှေးအတူသာလျှင် မေး၍ ကျွန်ုပ်သည် တပါးသောအရပ်၌ မြက်ကိုစားခြင်းငှာမတတ်နိုင်၊ တခုသော သစ်ပင်ရင်း၌သာလျှင် မြက်တို့ကို စားနိုင်၏။ ထိုသို့ဖြစ်ရာ၌ အကြောင်း အသို့နည်းဟု မင်းကို မေးပါလေလော့ဟု ဆို၏။

၆။ ထို့နောင်မှ ရှေ့သို့ သွားပြီး၍ တခုသော ခါသည် ဂါမဏိစန္ဒကို မြင်၍ ထိုရှေးအတူသာလျှင် မေး၍ ကျွန်ုပ်သည် တခုသော တောင်ပို့ခြေရင်း၌လျှင်နေ၍ တွန်သည်ရှိသော် နှစ်သက်ဘွယ် တွန်ခြင်းငှါ စွမ်းနိုင်၏။ ကြွင်းသော အရပ်တို့၌ နေ၍ တွန်သော်ကား နှစ်သက်ဘွယ် တွန်ခြင်းငှါ မစွမ်းနိုင်၊ ထိုသို့ဖြစ်ရာ၌ အကြောင်းအသို့နည်းဟု မင်းကို မေးပါလေလော့ဟု ဆို၏။

၇။ ထို့နောင်မှ ရှေ့သို့သွား၍ တယောက်သော ရုက္ခစိုး နတ်သည် ဂါမဏိစန္ဒကိုမြင်၍ ဦးရီး ဂါမဏိစန္ဒ အဘယ်သို့ သွားမည်နည်းဟု မေး၍ မင်း၏အထံသို့ သွားအံ့ဟု ဆိုသည်ရှိသော် မင်းသည် ပညာရှိသတတ်၊ ကျွန်ုပ်သည် ရှေး၌ ပူဇော် သက္ကာရကို ရ၏။ ယခုတမူကား ပန်းတဆုပ်ကိုမျှလည်း မရ၊ ထိုသို့ဖြစ်ရာ၌ အကြောင်းအသို့နည်းဟု မင်းကို မေးပါလေလော့ဟု ဆို၏။

၈။ ထိုမှ နောက်အဘို့၌ တခုသောနဂါးမင်းသည် ဂါမဏိစန္ဒကို မြင်၍ ထိုရှေးအတူသာလျှင် မေး၍ မင်းသည် ပညာရှိသတတ်၊ ရှေး၌ ဤရေကန်ဝယ် ရေသည် ကြည်၏။ မြအဆင်းနှင့်တူ၏။ ယခုတမူကား နောက်၏။ မှော်ကြီးမှော်သေး ရှက်၏။ ထိုသို့ဖြစ်ရာ၌ အကြောင်းအသို့နည်းဟု မင်းကို မေးလေလော့ဟု ဆို၏။

၉။ ထို့နောင်မှ ရှေ့သို့သွား၍ မြို့၏အနီးဖြစ်သော တခုသောအရပ်၌ နေကုန်သော ရသေ့တို့သည် ဂါမဏိစန္ဒကို မြင်၍ ထိုရှေးအတူသာလျှင် မေး၍ မင်းသည် ပညာရှိသတတ်၊ ရှေး၌ ဤအရပ်ဝယ် သစ်သီး ကြီးငယ်တို့သည် ချိုကုန်၏။ ယခုတမူကား ဩဇာမရှိသည် ဖြစ်ကုန်၏။ ထိုသို့ဖြစ်ရာ၌ အကြောင်း အသို့နည်းဟု မင်းကို မေးပါလေလော့ဟုဆိုကုန်၏။

၁၀။ ထို့နောင်မှ ရှေ့သို့ သွား၍ မြို့တံခါး၏အနီး တခုသော ဇရပ်၌ ပုဏ္ဏား လုလင်ငယ်တို့သည် ဂါမဏိစန္ဒကို မြင်၍ အရှင်ဂါမဏိစန္ဒ အဘယ်သို့ သွားအံ့နည်းဟု မေး၍ မင်း၏ အထံသို့ သွားအံ့ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ငါတို့၏ စကားကို ယူ၍သွားပါတော့၊ ငါတို့အား ရှေး၌ သင်အပ်သောဗေဒင်သည် ထင်၏။ ယခုမူကား ကွဲသောအိုး၌ ရေမတည်သကဲ့သို့ သင်အပ်သောဗေဒင်သည် မထင်၊ အမိုက်ကဲ့သို့ ဖြစ်၏။ ထိုသို့ဖြစ်ရာ၌ အကြောင်းအသို့နည်းဟုမင်းကို မေးပါလေလော့ဟု ဆို၏။ (ဤကား အမေးဆယ်ထွေ)

ဂါမဏိစန္ဒသည် ဤဆယ်ပါးကုန်သော သတင်းစကားတို့ကိုယူ၍ မင်းအထံသို့ သွား၏။ မင်းသည် တရားဆုံးဖြတ်ရာအရပ်၌ နေ၏။ နွားရှင်သည် ဂါမဏိစန္ဒကို ခေါ်၍ မင်းအထံသို့ ချဉ်းကပ်၏။ မင်းသည် ဂါမဏိစန္ဒကို မြင်လျှင်သိ၍ ဤသူသည် ငါ၏ ခမည်းတော်မင်း၏ အလုပ်အကျွေးတည်း၊ ငါတို့ကိုချီ၍ ရွက်ဆောင်ဘူး၏။ ဤမျှလောက်သော ကာလပတ်လုံး အဘယ်အရပ်၌ နေသနည်းဟု ကြံ၍ အို... ဂါမဏိစန္ဒ ဤမျှလောက်သော ကာလပတ်လုံး အဘယ်၌လျှင် နေလေသနည်း၊ ကြာမြင့်စွာသော ကာလမှစ၍ မထင်. အဘယ်ကိစ္စကြောင့် လာသနည်းဟု ဆို၏။ အရှင်မင်းမြတ် အမိန့်တော်ရှိတိုင်း ဟုတ်မှန်ပေ၏။ အကျွန်ုပ်သည် ခမည်းတော်မင်းကြီး နတ်ရွာလားတော်မူသည်မှစ၍ ဇနပုဒ်သို့သွား၍ လယ်လုပ်၍ အသက် မွေး၏။ ထိုဇနပုဒ်မှ အကျွန်ုပ်ကို ဤယောက်ျားသည် နွားမှုဟူသော အကြောင်းကြောင့် မင်းတမန်ကိုပြု၍ အရှင်မင်းမြတ်တို့၏ အထံတော်သို့ အကျွန်ုပ်ကို ငင်၏ဟု လျှောက်၏။ မငင်အပ်သည်ရှိသော် သင်သည် မလာရာ၊ ငင်သောအဖြစ်သည်လျှင် ကောင်းပေ၏။ ယခုအခါ၌ ငါသည် သင့်ကို မြင်ခြင်းငှါ ရပေ၏။ သင့်ကို ငင်သော ထိုယောက်ျားသည် အဘယ်မှာနည်းဟု မင်းသည် မေး၏။ အရှင်မင်းမြတ် ဤသူလျှင်တည်းဟု ဆို၏။ အချင်းယောက်ျား င့တို့၏ စန္ဒအား တမန်ကို ပြုသောဟူသည် မှန်သလောဟု မေး၏။ အရှင်မင်းကြီး မှန်၏ ဟု လျှောက်၏။ အဘယ်ကြောင့် တမန်ကို ပြုသနည်းဟု မေး၏။

၁။ အရှင်မင်းကြီး ဤစန္ဒသည် အကျွန်ုပ်၏ နွားနှစ်ခုတို့ကို အကျွန်ုပ်အား မပေး၊ ထို့ကြောင့် တမန်ကို ပြု၏ဟု လျှောက်၏။ စန္ဒ မှန်သလောဟု မေး၏။ အရှင်မင်းမြတ် အကျွန်ုပ် တောင်းပန်ပါ၏။ ထိုစကားကို နာတော်မူပါဟုဆို၍ အလုံးစုံသော အကြောင်းကို လျှောက်၏။ ထိုစကားကို ကြား၍ မင်းသည် နွားရှင်ကို အချင်း သင့်အိမ်သို့ ဝင်သောနွားတို့ကို မြင်၏လောဟု မေး၏။ အရှင်မင်းမြတ် မမြင်ဟု လျှောက်၏။ အချင်း ငါ့ကို အာဒသမုခ မင်းမည်၏ဟု ပြောဆိုကြကုန်သော သူတို့၏ စကားကို သင်မကြားဘူးသလော မှန်စွာ ဆိုလော့ဟု ဆို၏။ အရှင်မင်းမြတ် မြင်သည် မှန်ပေ၏ဟု ဆိုပြန်၏။ မင်းသည် စန္ဒ သင်သည် နွားတို့ကို မအပ်သည်၏ အဖြစ်ကြောင့် လျော်ထိုက်၏။ ဤယောက်ျားသည်ကား မြင်လျက်လျှင် မမြင်ဟူ၍ မုသာဝါဒကို ဆို၏။ ထို့ကြောင့် သင်သည်ပင်လျှင် မင်းမှုဆောင်လုပ်၍ ဤယောက်ျားလင်မယား၏ မျက်စိတို့ကိုထုတ်၍ သင်သည် နွားဘိုးနှစ်ဆယ့်လေးသပြာတို့ကို ပေးဟုဆိုလတ်သော် နွားရှင်ကို အပသို့ ထုတ်ကြကုန်၏။ နွားရှင်သည် မျက်စိတို့ကို ထုတ်အပ်ကုန်သည်ရှိသော် နှစ်ဆယ့်လေးသပြာတို့ဖြင့် အဘယ်မူအံ့နည်း၊ ဂါမဏိစန္ဒ၏ခြေရင်းတို့၌ ရှိခိုး၍ အရှင်စန္ဒ နွားဘိုးအသပြာတို့သည် အရှင်ဘို့သာလျှင် ဖြစ်ပါစေကုန်လော့ ဤအသပြာတို့ကိုလည်း ယူပါလော့ဟု တပါးသော အသပြာတို့ကိုလည်း ပေး၍ပြေး၏။

၂။ ထို့နောင်မှ နှစ်ယောက်မြောက်ဖြစ်သော အမှုသည်သည် အရှင်မင်းမြတ် ဤစန္ဒသည် အကျွန်ုပ်၏မယားကိုသတ်၍ ကိုယ်ဝန်ကို ကျစေ၏ ဟု လျောက်၏။ စန္ဒ မှန်သလောဟု မင်းသည် မေး၏။ မြတ်သောမင်းကြီး နာတော်မူလော့ဟု ဆို၍ ထိုအလုံးစုံတို့ကို ချဲ့၍ ဂါမဏိစန္ဒသည် လျှောက်၏။ ထိုအခါ ဂါမဏိစန္ဒကို မင်းသည် သင်သည် ဤသူ၏မယားကို သတ်၍ ကိုယ်ဝန်ကို ကျစေသလောဟု မေး၏။ အရှင်မင်းကြီး မကျပါစေဟု ဂါမဏိစန္ဒသည် လျှောက်၏။ အချင်းယောက်ျား စန္ဒသည် သတ်၍ ကိုယ်ဝန်ကျစေသည် ၏အဖြစ်ကို ပြအံ့သောငှာ သင်သည် တတ်နိုင်သလောဟု မင်းဆို၏။ အရှင်မင်းကြီး မတတ်နိုင်ပါဟု လျောက်၏။ ယခု အသို့ပြုလတ္တံ့နည်းဟုမင်းဆို၏။ အရှင်မင်းကြီး အကျွန်ုပ်သည် သားကို ရခြင်းငှါသင့်၏ဟု လျှောက်၏။ အချင်းစန္ဒ ထိုသို့တပြီးကား သင်သည် ဤသူ၏မယားကို သင့်အိမ်၌ထား၍ အကြင်အခါ၌ သားဖွား၏။ ထိုအခါ၌လျှင် ဆောင်၍ ဤသူအား ပေးလော့ဟု ဆို၏။ ထိုအမှုသည်သည်လည်း ဂါမဏိစန္ဒ၏ ခြေတို့၌ ရှိခိုး၍ အရှင်စန္ဒ အရှင်သည် အကျွန်ုပ် ၏အိမ်ကို မဖျက်ပါလင့်ဟု အသပြာကို ပေး၍ ပြေး၏။

၃။ ထို့နောင် သုံးယောက်မြောက်သော အမှုသည်သည် သွား၍ မြတ်သောမင်းကြီး ဤစန္ဒသည် မြင်း၏ခြေ၌ ပစ်ခတ်၍ မြင်း၏ခြေကို ချိုး၏ ဟု လျှောက်၏။ စန္ဒ မှန်သလောဟု မင်းသည် မေး၏။ မြတ်သောမင်းကြီး နာတော်မူပါလောဟုဆို၍ ဂါမဏိစန္ဒသည် အလုံးစုံသောအကြောင်းကို အကျယ်အားဖြင့်လျှောက်၏။ ထိုစကားကို ကြား၍ မင်းသည် မြင်း ထိန်းကို အချင်း သင်သည် မြင်းကိုပစ်၍ ပြန်လည်ပါစေ ဆိုသလောဟု မေး၏။ အရှင်မင်းကြီး မဆိုဟု လျှောက်၏။ ထိုမင်းကြီးသည် တကြိမ်ထပ်၍ မေးပြန်သော် ဆိုပေ၏ဟု လျှောက်၏။ မင်းသည် ဂါမဏိစန္ဒကိုခေါ်၍ အချင်းစန္ဒ ဤမြင်းထိန်းသည် ဆိုလျက်လည်း မဆိုဟု မုသားဆို၏။ သင်သည် မြင်းထိန်း၏လျှာကို ဖြတ်၍ မြင်းဘိုးကို ငါ၏ဥစ္စာ အသပြာတထောင်ကို ယူ၍ ပေးလော့ဟု ဆို၏။ မြင်းထိန်းသည် အရှင်စန္ဒ အကျွန်ုပ်၏လြာကို မဖြတ်ပါလင့်ဟု ဂါမဏိစန္ဒအား တပါးကုန်သော အသပြာတို့ကိုလည်းပေး၍ ပြေး၏။

၄။ ထို့နောင်မှ ဒေါင်းရွှေသမား၏သားသည် မြတ်သောမင်းကြီး ဤစန္ဒသည် အကျွန်ုပ်၏ အဘသတ် ခိုးသူတည်းဟု လျှောက်၏။ စန္ဒ မှန်သလောဟု မင်းသည် ဆို၏။ အရှင်မင်းကြီး နာတော်မူပါလောဟု ဆို၍ ဂါမဏိစန္ဒသည် ထိုအကြောင်းကိုလည်း အကျယ်အားဖြင့် လျှောက်၏။ ထိုအခါ မင်းသည် ဒေါင်းရွှေသမားကို။ ခေါ်၍ ယခု အသို့ပြုလတ္တံ့နည်းဟု မေး၏။ မြတ်သောမင်းကြီး အကျွန်ုပ်အား အဘကို ရခြင်းငှါ သင့်၏ဟု လျှောက်၏။ အချင်းစန္ဒ ဤသူ၏အဘကို ရခြင်းငှါ သင့်၏။ သေလေပြီးသော သူကိုကား ဆောင်၍ တဖန်ပေးအံ့သောငှါ မတတ်ကောင်း၊ သင်သည် ဤသူ၏အမိကို သင့်အိမ်၌ထား၍ ဤသူ၏ အဘဖြစ်လော့ဟု ဆို၏။ ဒေါင်းရွှေသမားသည် အရှင်စန္ဒ သေလေသော အကျွန်ုပ် အဘ၏ အိမ်ကို အရှင်သည် မဖျက်ပါလင့်ဟု ဂါမဏိစန္ဒအား အသပြာကို ပေး၍ ပြေး၏။ (ဤကား ဆုံးဖြတ်ချက် ၄-ခု)

၁။ ဂါမဏိစန္ဒသည် တရားနိုင်၍ နှစ်သက်သောစိတ်ရှိလျက် မင်းကို မြတ်သောမင်းကြီး မင်းကြီး၏အထံတော်သို့ အချို့သူတို့သည် သတင်း စကားကို မှာလိုက်၏။ ထိုသတင်း စကားကို လျှောက်ပါကုန်အံ့ဟုဆို၏။ စန္ဒ လျှောက်လော့ဟု မင်းသည် ဆို၏။ ဂါမဏိစန္ဒသည် ပုဏ္ဏားလုလင်တို့၏ သတင်း စကားကို အစပြု၍ ပဋိလောမ အစဉ်အားဖြင့် တပါးစီသော စကားကို လျှောက်၏။ မင်းသည် အစဉ်သဖြင့် ဖြေ၏။

အသို့ဖြေသနည်းဟူမူကား ရှေးဦးစွာသော ပဌမ သတင်း စကားကို ကြား၍ ရှေး၌ ထိုပုဏ္ဏားလုလင်တို့၏ နေရာအရပ်၌ အခါကိုသိ၍ တွန်သော ကြက်သည်ရှိ၏။ ထိုပုဏ္ဏားလုလင်တို့သည် ထိုကြက်၏အသံဖြင့် အိပ်ရာမှထ၍ ဗေဒင်တို့ကို သရဇ္ဈာယ်ကုန်စဉ်လျှင် အရုဏ်သည် တက်၏။ ထို့ကြောင့် ထိုပုဏ္ဏားလုလင်တို့အား သင်တိုင်း သင်တိုင်းသော ဗေဒင်တို့သည် မပျောက်၊ ယခုမူကား ထိုပုဏ္ဏားလုလင်တို့၏ နေရာအရပ်၌ အချိန်မဲ့ တွန်တတ်သော ကြက်သည် ရှိ၏။ ထိုကြက်သည် အလွန်စော စောမူလည်း တွန်၏။ အလွန်လင်းမှလည်း တွန်၏။ အလွန်စောစောတွန်သော ကြက်သံဖြင့်ထ၍ ဗေဒင်တို့ကို သရဇ္ဈာယ်ကုန်သော ပုဏ္ဏားတို့သည် အိပ်ချင်ခြင်း နှိပ်စက်အပ်ကုန်သည် ဖြစ်၍ သရဇ္ဈာယ်ခြင်းကို မပြုမူ၍သာလျင် တဖန်ပြန်၍ အိပ်ပြန်ကုန်၏။ အလွန်လင်းမှ တွန်သောကြက်၏ အသံဖြင့် ထ၍ သရဇ္ဈာယ်ခွင့်ကို မရကုန်၊ ထို့ကြောင့် ပုဏ္ဏားလုလင်တို့အား သင့်အပ်သော ဗေဒင်သည် မထင်ဟု ဆို၏။

၂။ ဒုတိယ သတင်းစကားကို ကြား၍ ထိုရသေ့တို့သည် ရှေး၌ ရဟန်းတရားကို ကျင့်ကုန်လျက် ကသိုဏ်းပရိကံ၌ လုံ့လပြုအပ်သည်သာလျှင် ဖြစ်ကုန်၏။ ယခုတမူကား ရဟန်းတရားကိုလွှတ်၍ မပြုအပ်သော အမှုတို့၌ လုံ့လပြုကုန်လျက် အရံ၌ဖြစ်သော သစ်သီးကြီးငယ်တို့ကို ဒါယကာတို့အား ပေး၍ ဆွမ်းပေး၍ အတုံ့ယူခြင်းဟူသော မိစ္ဆာဇီဝဖြင့် အသက်ကို မွေးကြကုန်၏။ ထို့ကြောင့် ထိုရသေ့တို့အား သစ်သီးကြီးငယ်တို့သည် မချိုကုန်၊ ထိုရသေ့တို့သည် ရှေး၌ကဲ့သို့ ရဟန်းတရား၌ လုံ့လပြုကုန်အံ့၊ တဖန် ထိုရသေ့တို့အား သစ်သီးကြီးငယ်တို့သည် ချိုကုန်လတ္တံ့၊ ထိုရသေ့တို့သည် မင်း၏ပညာရှိသော အဖြစ်ကို မသိကုန်၊ ထိုရသေ့တို့အား ရဟန်းတရားကို ကျင့်စိမ့်သောငှါ ဆိုလေလော့ဟု ဆို၏။

၃။ သုံးခုမြောက်ဖြစ်သော သတင်းစကားကို ကြား၍ ထိုနဂါးမင်းတို့သည် အချင်းချင်း ခိုက်ရန်ပြုကြကုန်၏။ ထို့ကြောင့် ထိုနဂါးတို့၏ရေသည် နောက်၏။ ထိုနဂါးတို့သည် ရှေး၌ကဲ့သို့ သင့်တင့်ပြန်ကုန်ငြားအံ့၊ တဖန် ရေသည် ကြည်လတ္တံ့ ဟု ဆို၏။

၄။ လေးခုမြောက်ဖြစ်သော သတင်းစကားကိုကြား၍ ထိုရုက္ခစိုဝ်းနတ်သည် ရှေးအခါ၌ တောအုပ်၌ ခရီးသွားကုန်သော လူတို့ကို စောင့်၏။ ထို့ကြောင့် အထူးထူး အပြားပြားရှိသော ပူဇော်သက္ကာရကို ရ၏။ ယခု တမူကား စောင့်ရှောက်ခြင်းကို မပြု၊ ထို့ကြောင့် ပူဇော်သက္ကာရကို မရ၊ ရှေး၌ကဲ့သို့ စောင့်ရှောက်ခြင်း ပြုပြန်အံ့၊ တဖန် မြတ်သောလာဘ်ကို ရသည် ဖြစ်လတ္တံ့၊ မင်း၏ ပညာရှိသောအဖြစ်ကို ရုက္ခစိုဝ်းနတ် မသိလေ၊ ထိုကြောင့် ထိုရုက္ခစိုဝ်းနတ်ကို တောသို့ ရောက်ကုန်သော လူတို့အား စောင့်ရှောက်ခြင်းကို ပြုစိမ့်သောငှါ ဆိုလေလော့ဟုဆို၏။

၅။ ငါးခုမြောက်သော သတင်းစကားကို ကြား၍ အကြင်တောင်ပို့ ခြေရင်း၌ နေ၍ ထိုခါသည် နှစ်သက်ဘွယ် တွန်၏။ ထိုတောင်ပို့ ခြေရင်း၏အောက်၌ ကြီးစွာကုန်သော ဥစ္စာတို့သည် ရှိကုန်၏။ ထိုဥစ္စာတို့ကို ထုတ်ဘော်၍ သင်ယူလော့ဟုဆို၏။

၆။ ခြောက်ခုမြောက်သော သတင်းစကားကို ကြား၍ အကြင်သစ်ပင်၏အောက်၌ ထိုသမင်သည် မြက်တို့ကို စားခြင်းငှာ တတ်နိုင်၏။ ထိုသစ်ပင်၏အထက်၌ ကြီးစွာသော ပျားသည် ရှိ၏။ ထိုသမင်သည် ပျားလူးမြက်တို့၌ တပ်မက်မော သည်ဖြစ်၍ တပါးသောမြက်တို့ကို စားခြင်းငှာ မတတ်နိုင်၊ သင်သည် ထိုပျားတို့ကိုယူ၍ ပျားဦးကို ငါ့အား ပို့လာလော့၊ ကြွင်းသောပျားကို သင်စားလော့ ဟု ဆို၏။

၇။ ခုနစ်ခုမြောက်ဖြစ်သော သတင်းစကားကို ကြား၍ အကြင်တောင်ပို့၌ မြွေသည် နေ၏။ ထိုတောင်ပို့၏အောက်၌ ကြီးစွာသော ရွှေအိုးသည် ရှိ၏။ ထိုမြွေသည် ထိုရွှေအိုးကို စောင့်လျက်နေရကား ထွက်သောကာလ၌ လောဘအားဖြင့် ကိုယ်ကိုလျော့စွာပြု၍ ကပ်ငြိလျက်ထွက်၏။ အစာစားပြီး၍ကား ဥစ္စာ၌ ချစ်သဖြင့် မကပ်မငြိ လျင်မြန်စွာ ဝင်၏။ ထိုရွှေအိုးတို့ကို ထုတ်ဘော်၍ သင်ယူလေလော့ဟု ဆို၏။

၈။ ရှစ်ခုမြောက်ဖြစ်သော သတင်းစကားကို ကြား၍ ထိုပျိုသော မိန်းမ၏လင်နှင့် မိဘတို့၏ ရွာအကြားဝယ် တခုသောရွာငယ်၌ သယောက်လင်သည် ရှိ၏။ ထိုမိန်းမသည် ထိုသယောက်လင်ကို အောက်မေ့၍ ထိုသယောက်လင်၌ ချစ်သဖြင့် လင်း၏အိမ်၌ နေအံ့သောငှါ မတတ်နိုင်၍ မိဘတို့ကို ဖူးမြင်ချေအံ့ဟုသွား၍ သယောက်လင်၏အိမ်၌ နှစ်ရက်သုံးရက်နေ၍ မိဘတို့၏အိမ်၌ နှစ်ရက်သုံးရက်နေ၍ တဖန် သယောက်လင်ကို အောက်မေ့၍ လင့်အိမ်ကို သွားအံ့ဟု သယောက် လင်၏ အိမ်သို့ သွားပြန်၏။ ထိုမိန်းမအား မင်းရှိသည်၏အဖြစ်ကို ကြား၍ လင်၏အိမ်၌သာ နေစေ၊ သင့်ကို မင်းဖမ်းငြားအံ့၊ သင်၏အသက်သည် မရှိသည်ဖြစ်အံ့၊ ထို့ကြောင့် မမေ့မလျော့ ကြဉ်အံ့သောငှါ သင့်၏ဟု ထိုမိန်းမအား ဆိုလေလော့ဟုဆို၏။

၉။ ကိုးခုမြောက်ဖြစ်သော သတင်းစကားကို ကြား၍ ထိုပြည့်တန်ဆာမသည် ရှေး၌ တယောက်သောသူ၏လက်မှ အခယူ၍ ထိုအခကို မကျေစေဘဲ တပါးသောယောက်ျား ၏လက်မှ အခကိုမယူ။ ထို့ကြောင့် ထိုပြည့် တန်ဆာမအား ရှေး၌ အခသည် များ၏။ ယခုတမူကား မိမိ၏ သဘောကို စွန့်၍ တယောက်သော သူ၏လက်မှ ယူအပ်သောအခကို မကျေစေဘဲလျှင် တပါးသော ယောက်ျား၏လက်မှ အခကို ယူ၏။ ရှေးယောင်္ကျားအား အခွင့်ကို မယူမူ၍ နောက်ယောက်ျားအား အခွင့်ကို ယူ၏။ ထို့ကြောင့် ထိုပြည့်တန်ဆာမအား အခသည် မပြည့်စုံ၊ တစုံတယောက်သော သူတို့သည် ထိုပြည့်တန်ဆာမကို မသွားကုန်၊ မိမိ၏ သဘော၌ အကယ်၍ တည်ငြားအံ့၊ ရှေးရှေးနှင့်တူသည်သာလျှင် ဖြစ်လတ္တံ့၊ မိမိသဘော၌ တည်အောင်ဆိုလေလော့ဟု ဆို၏။

၁၀။ ဆယ်ခုမြောက်ဖြစ်သော သတင်းစကားကို ကြား၍ ရွာစားသည် ရှေး၌ ဟုတ်မှန်သဖြင့် တရားကို ဆုံးဖြတ်၏။ ထို့ကြောင့် လူတို့သည် ချစ်မြတ်နိုး၏။ ချစ်မြတ်နိုးသော ရွာစားအား လူတို့သည် များစွာသော လက်ဆောင်ပဏ္ဏာကို ပေးကုန်၏။ ထို့ကြောင့် အဆင်းလှ၏။ ဥစ္စာများ၏။ အခြံအရံနှင့် ပြည့်စုံ၏။ ယခုတမူကား တံစိုးစား၍ မဟုတ်မမှန်သဖြင့် တရားကို ဆုံးဖြတ်၏။ ထို့ကြောင့် ဆင်းရဲသည် အထီးကျန်သည်ဖြစ်၍ ဖျော့တော့သော ရောဂါသည် နှိပ်စက်၏။ ရှေး၌ ကဲ့သို့ ဟုတ်မှန်သဖြင့် တရားကို ဆုံးဖြတ်ငြားအံ့၊ ရှေးနှင့်တူသည်သာလျှင် ဖြစ်လတ္တံ့၊ ထိုရွာစားသည် မင်းရှိသည်၏ အဖြစ်ကိုမသိ၊ ဟုတ်မှန်သဖြင့် တရားကို ဆုံးဖြတ်စိမ့်သောငှာ ရွာစားအား ဆိုလေလော့ဟု ဆို၏။ (ဤကား အဖြေ ၁၀- လွှာ)

ဤသို့ ထိုဂါမဏိစန္ဒသည် ဤမျှလောက်ကုန်သော သတင်းစကားတို့ကို မင်းအား လျှောက်စေ၏။ မင်းသည် မိမိ၏ပညာဖြင့် အလုံးစုံကုန်သော ထိုသတင်းစကားတို့ကို ဘုရားကဲ့သို့ ဖြေဆိုပြီး၍ ဂါမဏိစန္ဒအား များစွာသော ဥစ္စာကိုပေး၍ ထိုဂါမဏိစန္ဒ၏နေရာ ရွာကို ထိုဂါမဏိစန္ဒအားသာလျှင် မြတ်သော ပေးခြင်းဖြင့်ပေး၍ လွှတ်လိုက်၏။ ထိုဂါမဏိစန္ဒသည် မြို့မှထွက်၍ ဘုရားလောင်းသည် ပေးအပ်သော သတင်းစကားတို့ကို ပုဏ္ဏားလုလင်, ရသေ့, နဂါးမင်း, ရုက္ခစိုဝ်းနတ်တို့အား ကြား၍ ခါ၏နေရာအရပ်၌မှ ဥစ္စာတို့ကိုယူ၍ သမင်၏ မြက်စားရာအရပ်၌ သစ်ပင်မှ ပျားကိုယူ၍ မင်းအား ပျားကိုပို့စေ၍ မြွေတို့၏နေရာအရပ်၌ တောင်ပို့ကိုတူး၍ ဥစ္စာကိုယူ၍ ပျိုသောမိန်းမ, ပြည့်တန်ဆာမ, ရွာစားတို့အား မင်းဆိုသော အမှတ်ဖြင့်လျှင် သတင်းစကားကိုကြား၍ များစွာသော အခြံအာရုံဖြင့် ရွာသို့သွား၍ အသက်ထက်ဆုံးတည်၍ ကံအား လျော်စွာ လား၏။ အာဒါသမုခမင်းသည်လည်း ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ အသက်၏အဆုံး၌ နတ်ပြည်သို့လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်ဘုရားသည် ရဟန်းတို့ ငါဘုရားသည်ကား ယခုအခါ၌သာလျှင် ကြီးသောပညာရှိသည်မဟုတ်သေး၊ ရှေး၌လည်း ပညာရှိသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကိုပြတော်မူသည်၏အဆုံး၌ များစွာကုန်သော ရဟန်းတို့သည် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်ကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ အာနန္ဒာသည် ထိုအခါ ဂါမဏိစန္ဒ ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အာဒါသမုခမင်း ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ဗောဓိလောင်းလျာ၊ ပညဝါ၊ လွန်စွာကြီးကျယ်ဘိ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဂါမဏိစန္ဒဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-သင်္ကပ္ပဝဂ်

၈။ မန္ဓာတုဇာတ်

တဏှာမြစ်ကြီး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်ယာဝတာ စန္ဒိမသူရိယာအစရှိသောဂါထာပတ်ဖြင့် တန်ဆာဆင်အပ်သော ဤမန္ဓာတုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သောရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းသည် သာဝတ္ထိပြည်၌ ဆွမ်းခံဝင်သည်ရှိသော် တယောက်သော တန်ဆာဆင်သော မိန်းမကိုမြင်၍ သာသနာတော်၌ ငြီးငွေ့သတတ်၊ ထိုအခါ ရဟန်းတို့သည် ထိုရဟန်းကို တရားသဘင်သို့ဆောင်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ဤရဟန်းသည် သာသ နာတော်၌ ငြီးငွေ့၏ဟု မြတ်စွာဘုရားအား ပြကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း သင်သည်ကား ငြီးငွေ့သောဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျောက်သည်ရှိသော် ရဟန်း သင်သည် အဘယ်အခါ၌ အိမ်၌နေလျှက် တဏှာကို ပြည့်စေခြင်းငှါ တတ်နိုင်လတ္တံ့နည်း၊ ဤကာမ တဏှာ မည် သည်ကား သမုဒ္ဒရာကဲ့သို့ ပြည့်စေခြင်းငှါ မတတ်ကောင်း၊ ရှေးမင်းတို့သည် ကျွန်းငယ်နှစ်ထောင် အခြံအရံရှိကုန်သော ကျွန်းကြီး လေးကျွန်းတို့၌ စကြဝတေးမင်းအဖြစ်ကိုပြု၍ လူ့အခြံအရံဖြင့်လျှင် စတု မဟာရာဇ်နတ်ပြည်၌ မင်းအဖြစ်ကိုပြု၍ တာဝတိံသာနတ်ပြည်၌ သုံးကျိပ်ခြောက်ယောက်သော သိကြားတို့၏ နေရာအရပ်၌ နတ်မင်း၏အဖြစ်ကိုပြု၍လည်း မိမိ၏ ကာမတဏှာကို ပြည့်စေခြင်းငှါ မတတ်နိုင်ကုန်သည်ဖြစ်၍လျှင် သေကုန်၏။ သင်သည်ကား ကာမတဏှာကို အဘယ်အခါ၌ ပြည့်စေနိုင်လတ္တံ့နည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ကမ္ဘာဦး၌ မဟာသမ္မတမည်သောမင်းသည် မင်းပြုသည် ရှိသော် ထိုမင်း၏သားကား ရောဇမည်၏။ ထိုမင်း၏သားကား ဝရရာဇမည်၏။ ထိုမင်း၏သားကား ကလျာဏမည်၏။ ထိုမင်း၏သားကား ဝရကလျာဏမည်၏။ ထိုမင်း၏သားကား ဥပေါသထမည်၏။ ထိုမင်း၏သားကား မန္ဓာတုမည်၏။ ထိုမန္ဓာတုမည်သော မင်းသည် ရတနာခုနစ်ပါး တန်ခိုးလေးပါးတို့နှင့် ပြည့်စုံလျက် စကြ ဝတေးမင်း၏အဖြစ်ကို ပြု၏။ မန္ဓာတုမင်းသည် လက်ဝဲလက်ကို ခေါ၍ လက်ျာလက်ဖြင့် ခတ်သောကာလ၌ ကောင်းကင်မှ နတ်၌ဖြစ်သော မိုဃ်းကဲ့သို့ ပုဆစ်ပမာဏရှိသော ရတနာခုနစ်ပါးမိုဃ်းကို ရွာစေ၏။ ထိုမန္ဓာတုမင်းသည် ဤသို့သဘောရှိသောအံ့ဘွယ်သရဲသောလူသည် ဖြစ်၏။ ထိုမန္ဓာတုမင်းသည် အနှစ်ရှစ်သောင်း လေးထောင်သော ကာလတို့ပတ်လုံး သူငယ်၏ ကစားခြင်းကို ကစား၏။ အနှစ် ရှစ်သောင်းလေးထောင် အိမ်ရှေ့မင်း၏ အဖြစ်ကိုပြု၏။ အနှစ်ရှစ်သောင်းလေးထောင် စကြဝတေးမင်းအဖြစ်ကို ပြု၏။ အသက်ပမာဏကား အသင်္ချေယျဖြစ်၏။ ထိုမန္ဓာတုမင်းသည် တနေ့သ၌ ကာမတဏှာကို ပြည့်စေခြင်းငှာ မတတ်နိုင်၍ ငြီးငွေ့သော အခြင်းအရာကိုပြ၏။ ထိုအခါ အမတ်တို့သည် မြတ်သောမင်းကြီး အဘယ်ကြောင့် ငြီးငွေ့သနည်းဟု မေးကုန်၏။ ကောင်းမှု အစွမ်းအားဖြင့် ကြည့်သည်ရှိသော် ဤမင်း၏အဖြစ်သည် အဘယ်မူလတ္တံ့နည်း အဘယ်မည်သော အရပ်၌လျှင် မွေ့လျော်ဘွယ် ရှိသနည်းဟု မန္ဓာတုမင်းသည် အမတ်တို့ကို မေး၏။ မြတ်သောမင်းကြီး နတ်ပြည်သည် မွေ့လျာဘွယ် ရှိ၏ဟု လျောက်ကုန်၏။ ထိုမန္ဓာတုမင်းသည် စက်ရတနာကို ရေဖြင့်ဖျန်း၍ ပရိသတ်နှင့်တကွ စာတုမဟာရာဇ်နတ်ပြည်သို့ သွား၏။ ထိုအခါ မန္ဓာတုမင်းအား လေးယောက်ကုန်သော စာတုမဟာရာဇ် နတ်မင်းတို့သည် နတ်ပန်း နတ်နံ့သာတို့ကို လက်စွဲကုန်လျက် ခရီးဦး ကြိုဆိုကုန်၏။ မန္ဓာတုမင်းကို ယူကုန်၍ စာတုမဟာရာဇ်နတ်ပြည်သို့ သွားကုန်၍ နတ်မင်း၏အဖြစ်ကို ပေးကုန်၏။ မိမိပရိသတ်ဖြင့်ခြံရံလျက်လျှင် စာတုမဟာရာဇ်နတ်ပြည်၌ မန္ဓာတ်မင်း မင်းပြုစဉ် ရှည်စွာသောကာလသည် လွန်၏။

ထိုမန္ဓာတုမင်းသည် စာတုမဟာရာဇ် နတ်ပြည်၌လည်း တဏှာကို ပြည့်စေခြင်းငှါ မစွမ်းနိုင်ရကား ငြီးငွေ့သော အခြင်းအရာကိုပြ၏။ စာတုမဟာရာဇ်နတ်မင်းကြီးလေးယောက်တို့သည် မြတ်သောမင်းကြီး အဘယ်ကြောင့် ငြီးငွေ့တော်မူသနည်းဟု မေးကုန်၏။ အဘယ်အရပ်သည်လျှင် စာတုမဟာရာဇ် နတ်ပြည်ထက် သာယာသနည်းဟု စာတုမဟာရာဇ်နတ်မင်းကြီး လေးယောက်တို့ကို မန္ဓာတုမင်းသည် မေး၏။ မြတ်သောမင်းကြီး အကျွန်ုပ်တို့သည် သူတပါးတို့၏ အလုပ်အကျွေး ပရိသတ် ဖြစ်ကုန်၏။ တာဝတိံသာ နတ်ပြည်သည် မွေ့လျော်ဘွယ်ရှိ၏ဟု စာတုမဟာရာဇ်နတ်မင်းကြီး လေးယောက်တို့သည် ဆိုကုန်၏။ မန္ဓာတုမင်းသည် စက်ရတ နာကို ရေဖျန်း၍ မိမိပရိသတ် ခြံရံလျက် တာဝတိံသာသို့ ရှေးရှုသွား၏။ ထိုအခါ မန္ဓာတုမင်းအား သိကြားမင်းသည် နတ်ပန်း နတ်နံ့သာ လက်စွဲလျက် နတ်အပေါင်းခြံရံလျက် ခရီးဦးကြိုဆို၍ မန္ဓာတုမင်းကို လက်၌ကိုင်၍ မြတ်သောမင်းကြီး ဤသို့ ကြွတော်မူလော့ဟု ဆို၏။ နတ်အပေါင်းခြံရံလျက် မန္ဓာတုမင်းသည် သွားစဉ်ကာလ သားကြီးရတနာသည် စကြာရတနာကိုယူ၍ ပရိသတ်နှင့်တကွ လူ့ပြည်သို့သက်၍ မြို့တွင်းသို့ ဝင်၏။ သိကြားမင်းသည် မန္ဓာတုမင်းကို တာဝတိံသာသို့ဆောင်၍ နတ်ပြည်တို့ကို နှစ်စုစု၍ နတ်မင်းကြီး၏အဖြစ်ကို အလယ်၌ ပိုင်း၍ ပေး၏။ ထိုအခါမှစ၍ မင်းနှစ်ပါးတို့သည် မင်းပြုကုန်၏။ ဤသို့ ကာလလွန်လတ်သော် သိကြားမင်းသည် သုံးကုဋေခြောက်သန်းသော နှစ်တို့ကို ကုန်စေ၍ စုတေ၏။ တပါးသော သိကြားသည် ဖြစ်လာ၏။ ထိုသိကြားသည်လည်း နတ်အဖြစ်ကိုပြု၍ စုတေ၏။ ဤသို့သောနည်းဖြင့် သုံးကျိပ်ခြောက်ယောက်သော သိကြားတို့သည် စုတေကုန်၏။ မန္ဓာတုမင်းသည်ကား လူ၏ကိုယ်ဖြင့်လျှင် နတ်မင်း၏အဖြစ်ကို ပြု၏။

ဤသို့ ကာလလွန်လတ်သော် ထိုမန္ဓာတုမင်းအား အတိုင်းထက် အလွန်လျှင် ကာမတဏှာသည် ဖြစ်၏။ ထိုမန္ဓာတုမင်းသည် ထက်ဝက်သော မင်းအဖြစ်ဖြင့် အဘယ်ပြုအံ့နည်း သိကြားကိုသတ်၍ ဧကရာဇ်မင်းအဖြစ်ကို ပြုအံ့ဟု အကြံသည် ဖြစ်၏။ အကြံဖြစ်၍ သိကြားမင်းကို သတ်အံ့သောငှာကား မတတ်နိုင်၍ တဏှာမည်သည်ကား ပျက်စီးခြင်း၏ အကြောင်း ဖြစ်၏။ ထို့ကြောင့် မန္ဓာတုမင်း၏ အာယုသင်္ခါရသည် ဆုတ် ယုတ်၏။ အိုခြင်းတရားသည် ကိုယ်ကိုသတ်၏။ လူတို့၏ ကိုယ်မည်သည်ကား နတ်ပြည်၌ မပျက်စီးကောင်း၊ ထိုအခါ နတ်ပြည်မှ လျောကျ၍ ဥယျာဉ်သို့ သက်၏။ ဥယျာဉ်စောင့်သည် မန္ဓာတုမင်းသည် လာသည်၏ အဖြစ်ကို မင်းမျိုးတို့အား ကြားလျှောက်၏။ မင်းသည် လာလတ်၍ ဤဥယျာဉ်၌လျှင် နေရာကိုခင်းစေ၏။ မန္ဓာတုမင်းသည် မထသော အိပ်ခြင်းဖြင့် အိပ်၏။ အမတ်တို့သည် မြတ်သောမင်းကြီး အရှင်မင်းကြီးတို့၏ နောက်အဘို့၌ အဘယ်သို့ ပြောဆိုရအံ့နည်းဟု မေးကုန်၏။ သင်တို့သည် ငါ၏နောက်ကာလ၌ မန္ဓာတုမင်းသည် ကျွန်းငယ်နှစ်ထောင် အခြံအရံရှိကုန်သော ကျွန်းကြီးလေးကျွန်းတို့၌ စကြဝတေးမင်း၏ အဖြစ်ကို ပြု၍ ရှည်မြင့်စွာသော ကာလပတ်လုံး စာတုမဟာရာဇ်နတ်တို့၌ မင်း၏အဖြစ်ကိုပြု၍ သုံးကျိပ်ခြောက်ယောက်ကုန်သော သိကြားတို့၏ အသက်ပမာဏဖြင့် တာဝတိံသာ နတ်ပြည်၌ မင်းအဖြစ်ကိုပြု၍ တဏှာကို မပြည့်စေနိုင်သည် ဖြစ်၍ စုတေသေလွန်၏ဟု ဤသတင်းစကားကို လူအများအား ပြောဆိုရစ်ကြကုန်လောဟု ဆို၍ ကံအားလျော်စွာ လား၏။

သဗ္ဗညူ မြတ်စွာဘုရားသခင်သည် သဗ္ဗညူမြတ်ကဘုရား ဖြစ်တော်မူသဖြင့် ဤအတိတ်ကို ဆောင်တော်မူ၍-

၂၂။ ယာဝတာ စန္ဒိမသူရိယာ ပရိဟရန္တိ၊ ဒိသာ ဘန္တိ ဝရောစနာ။
သဗ္ဗေဝ ဒါသာ မန္ဓာတု၊ ယေ ပါဏာ ပထဝိဿိတာ။
၂၃။ န ကဟာပဏဝဿေန၊ တိတ္တိ ကာမေသု ဝိဇ္ဇတိ။
အပ္ပသာဒါ ဒုခါ ကာမာ၊ ဣတိ ဝိညာယ ပဏ္ဍိတော။
၂၄။ အပိ ဒိဗ္ဗေသု ကာမေသု၊ ရတိံ သော နာဓိဂစ္ဆတိ။
တဏှာက္ခယရတော ဟောတိ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။

ဟူသော ဂါထာတို့ကို ဟောတော်မူ၏။

၂၂။ ယာဝတာ၊ အကြင်မျှလောက်သော အပိုင်းအခြားဖြင့်။ စန္ဒိမသူရိယာ၊ လ နေတို့သည်။ ပရိဟရန္တိ၊ မြင်းမိုရ်တောင်ကို လှည့်လည်ကုန်၏။ ဝိရောစနာ၊ တင့်တယ်ကုန်သော လ နေတို့သည်။ ဒိသာ၊ အရပ်ဆယ်မျက်နှာတို့ကို။ ဘန္တိ၊ ထွန်းပကုန်၏။ တတ္တကေ၊ ထိုမျှအတိုင်းအရှည်ရှိသော အရပ်၌။ ပထဝိဿိတာ၊ မြေ၌မှီကုန်သော။ ယေ ပါဏာ၊ အကြင်သတ္တဝါတို့သည်။ သန္တိ၊ ရှိကုန်၏။ သဗ္ဗေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။ တေ ပါဏာ၊ ထိုသတ္တဝါတို့သည်။ မန္ဓာတု၊ မန္ဓာတုမင်း၏။ ဒါသာ၊ ကျွန်တို့သည်သာလျှင်။ ဟောန္တိ၊ ဖြစ်ကုန်၏။

၂၃။ ကဟာပဏဝဿေန၊ ရတနာခုနစ်ပါးဟူသော မိုဃ်းကို ရွာစေသဖြင့်။ ကာမေသု၊ ကာမတို့၌။ တိတ္တိ၊ ရောင့်ရဲခြင်းသည်။ န ဝိဇ္ဇတိ၊ မရှိ။ ကာမာ၊ ကာမတို့သည်။ အပ္ပသာဒါ၊ သာယာဘွယ်မရှိကုန်။ ဒုခါ၊ များသောဆင်းရဲခြင်း ရှိကုန်၏။ ဣတိ၊ ဤသို့။ ပဏ္ဍိတော၊ ပညာရှိသော။ သမ္မာသမ္ဗုဒ္ဓသာဝကော၊ သဗ္ဗညူ မြတ်စွာဘုရား တပည့်သားသည်။ ဝိညာယ၊ သိ၍။ သော၊ ထိုသဗ္ဗညူ မြတ်စွာဘုရား တပည့်သည်။ ဒိဗ္ဗေသု ကာမေသု အပိ၊ နတ်၌ ဖြစ်သော ကာမတို့၌လည်း။ ရတိံ၊ မွေ့လျော်ခြင်းသို့။ နာဓိဂစ္ဆတိ၊ မရောက်။ တဏှာက္ခယရတော၊ နိဗ္ဗာန်၌ မွေ့လျော်သည်။ ဟောတိ၊ ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ တပါးသော များစွာကုန်သော ရဟန်းတို့သည်ကား သောတာပတ္တိဖိုလ် အစရှိသည်တို့သို့ ရောက်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မန္ဓာတုမင်း ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ကာမတဏှာ၊ ပြည့်စေရာဟု၊ နှစ်ဖြာလူနတ်၊ အမြတ်ကာမဂုဏ်၊ အာရုံနှင့်ဖြည့်၊ သူမပြည့်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော မန္ဓာတုဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-သင်္ကပ္ပဝဂ်

၉။ တိရီဋဝစ္ဆဇာတ်

ရသေ့နှင့်မင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နယိမဿ ဝိဇ္ဇာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ တိရီဋဝစ္ဆဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အရှင်အာနန္ဒာ မထေရ်အား ကောသလမင်း၏ မိဖုယားငါးရာလက်မှ ပုဆိုးငါးရာ, ကောသလမင်း၏လက်မှ ပုဆိုးငါးရာအားဖြင့် ပုဆိုးတထောင်ရခြင်းဝတ္ထုကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် အောက် ဒုကနိပါတ် သတ္တမမြောက် ဂုဏဇာတ်၌ လာပြီးသလျှင်ကတည်း။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ အမည်မှည့်သောနေ့၌ တိရီဋဝစ္ဆ သတို့သားဟူသော အမည်ကို မှည့်၏။ ထိုတိရီဋဝစ္ဆသတို့သားသည် အစဉ်သဖြင့် အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ အိမ်၌ နေသဖြင့် မိဘတို့သည် သေလွန်ခြင်းကြောင့် သံဝေဂရသောစိတ်ရှိရကား တောထွက်၍ ရသေ့ရဟန်းပြုပြီးလျှင် တောသစ်မြစ် သစ်သီး အာဟာရတို့သည်ဖြစ်၍ နေ၏။ တိရီဋဝစ္ဆရသေ့သည် တော၌နေစဉ် ဗာရာဏသီမင်း၏ ပစ္စန္တရစ်ကို ခိုးသူတို့ ဖျက်ဆီး၏။ ဗာရာဏသီမင်းသည် ပစ္စန္တရစ်သို့ သွား၍ စစ်ထိုးလတ်သော် ရှုံး၏။ သေဘေးမှ ကြောက်ရကား မြတ်သော ဆင်ကျောက်ကုန်း၌စီးလျက် တခုသောအရပ်မျက်နှာဖြင့် ပြေး၍ တော၌ သွားသည်ရှိသော် နံနက်အခါ၌ တိရိဋဝစ္ဆရသေ့၏ သစ်သီးကြီးငယ်အကျိုးငှါ သွားစဉ် ကျောင်းသို့ ဝင်၏။ ထိုမင်းသည် ရသေ့တို့၏ နေရာ အရပ်တည်းဟု ဆင်မှဆင်း၍ လေ, နေပူဖြင့် ပင်ပန်းရကား ရေငတ်သည်ဖြစ်၍ သောက်ရေအိုးကို ကြည့်လတ်သော် မမြင်၍ စင်္ကြံဦး၌ ရေတွင်းကို မြင်၏။ ရေခတ်အံ့သောငှာ ကြိုးအိုးတို့ကို မမြင်၍ ရေငတ်ခြင်းကို သည်းခံအံ့သောငှါ မတတ်နိုင်ရကား ဆင်၏ ဝမ်း၌ ပတ်သော ကြိုးကိုယူပြီး၍ ဆင်ကို ရေတွင်းနား၌ထား၍ ထိုဆင်၏ခြေ၌ ကြိုးကိုဖွဲ့၍ ကြိုးဖြင့် ရေးတွင်းသို့ သက်၍ ကြိုးမမှီလတ်သော် တက်၍ အပေါ်ရုံပုဆိုးကို ကြိုးစွန်းဖြင့် ဆက်၍ တဖန် သက်လေ၏။ ထိုသို့ပြုငြားသော်လည်း မမှီသည်သာလျှင်ဖြစ်၏။ ထိုမင်းသည် ခြေဖျားတို့ဖြင့် ရေကိုထိ၍ အလွန်မွတ်သိပ်ရကား ရေငတ်ခြင်းကို ဖျောက်၍ သေခြင်းသည် ကောင်းသော သေခြင်းဖြစ်၏ဟု ကြံလျက် ရေတွင်းသို့ဆင်း၍ အလိုရှိတိုင်း သောက်၏။ တဖန် တက်အံ့သောငှါ မတတ်နိုင်ရကား ထိုရေတွင်း၌ တည်၏။ ဆင်သည်လည်းကောင်းစွာ သင်အပ်သော ဆင်ဖြစ်သောကြောင့် တပါးသို့ မသွားမူ၍ မင်းကို ကြည့်လျက် နေ၏။ ဘုရားလောင်းသည် ညချမ်းသောအခါ၌ သစ်သီးကြီးငယ်တို့ကို ဆောင်ခဲ့၍ လာလတ်သော် ဆင်ကိုမြင်၍ မင်းလာသည်ဖြစ်လတ္တံ့၊ ချပ်ပိန်ညိုဝတ်သော ဆင်သည်သာလျှင် ထင်၏။ အကြောင်းအသို့နည်းဟု ဆင်၏အနီးသို့ သွား၏။ ဆင်သည်လည်း ဘုရားလောင်း လာသောအဖြစ်ကိုသိ၍ တင့်အပ်လျောက်ပတ်သော အရပ်၌ တည်၏။ ဘုရားလောင်းသည် ရေတွင်း ကမ်းနားသို့ သွား၍ မင်းကို မြင်၍ မြတ်သောမင်းကြီး မကြောက်လင့်ဟု ဆို၍ လှေကားကိုဖွဲ့၍ မင်းကို တက်စေ၍ မင်းကိုယ်ကို ဆုပ်နယ်၍ ဆီဖြင့်လိမ်း၍ သစ်သီးကြီးငယ်တို့ကို စားစေ၍ ဆင်၏ ချပ်တန်ဆာကို ဖြေ၏။ မင်းသည် နှစ်ရက် သုံးရက် အပင်ပန်းဖြေ၍ ဘုရားလောင်းကို မိမိအထံသို့ လာစိမ့်သောငှါ ဝန်ခံစေ၍ သွား၏။ မင်း၏ဗိုလ်တို့သည် မြို့၏အနီး၌ သစ်တပ်တည်၍ နေကုန်လျက် မင်းလာသည်ကိုမြင်၍ ခြံရံ၏။ မင်းသည် မြို့သို့ဝင်၍နေလတ်၏။

ဘုရားလောင်းသည်လည်း လခွဲလွန်သဖြင့် ဗာရာဏသီပြည်သို့ ရောက်၍ ဥယျာဉ်သို့ဝင်၍ နက်ဖြန် ဆွမ်းခံသွားလျက် မင်းအိမ်တံခါးသို့ ရောက်၏။ မင်းသည် လေသွန်တံခါးမကို ဖွင့်၍ မင်းယင်ပြင်သို့ ကြည့်လတ်သော် ဘုရားလောင်းကို မြင်သဖြင့် သိ၍ ပြာသာဒ်မှ ဆင်းလျက် ရှိခိုး၍ ကောင်းစွာ ဆောက်အပ်သော ထီးဖြူရှိသော ရာဇပလ္လင်၌ နေစေ၍ မိမိဘို စီရင်အပ်သော အာဟာရကို ဘုဉ်းပေးစေ၍ မိမိသည်လည်း စား၍ ဥယျာဉ်သို့ ပင့်ဆောင်၍ ဥယျာဉ်၌ ဘုရားလောင်းကို ကျောင်း စင်္ကြံ ညဉ့်သန့်ရာ နေ့သန့်ရာ အရပ်တို့ကို ပြုစေ၍ ခပ်သိမ်းသော ရဟန်း ပရိက္ခရာတို့ကို လှူ၍ ဥယျာဉ်စောင့်ကို အပ်၍ ရှိခိုး၍ ဖဲလေ၏။ ထိုအခါမှစ၍ ဘုရားလောင်းသည် မင်းအိမ်၌သာလျှင် ဆွမ်းစား၏။ များစွာသော လာဘ်ပူဇော်သက္ကာရရှိ၏။

ထိုဘုရားလောင်းကို သည်းမခံနိုင်ကုန်သော အမတ်တို့သည် ဤသို့သဘောရှိသော ပူဇော်သက္ကာရကို ရသည်ရှိသော် အဘယ်မည်သော တယောက်သော သူရဲကောင်းသည်လည်း အဘယ်မည်သောအမှုကို မပြုဘဲရှိအံ့နည်းဟု ဆို၍ အိမ်ရှေ့မင်းသို့ကပ်၍ အရှင်မင်းမြတ် အကျွန်ုပ်တို့၏မင်းသည် တပါးသောရသေ့ကို အလွန်လျှင် မြတ်နိုး၏။ ထိုရသေ့၌ မင်းသည် အဘယ်မည်သောအမှုကို မြင်သနည်း၊ အရှင်တို့သည်လည်း မင်းနှင့် ပြောဆိုပါကုန်ဦးလော့ဟု ဆိုကုန်၏။ အိမ်ရှေ့ မင်းသည် ကောင်းပြီဟု ဝန်ခံ၍ အမတ်တို့နှင့်တကွ မင်းသို့ကပ်၍-

၂၅။ နယိမဿ ဝိဇ္ဇာမယမတ္ထိကိဉ္စိ၊
န ဗန္ဓဝေါ နော ပန တေ သဟာယော။
အထ ကေန ဝဏ္ဏေန တိရီဋဝစ္ဆော၊
တေဒဏ္ဍိကော ဘုဉ္ဇတိ အဂ္ဂပိဏ္ဍံ။

ဟူသော ရှေးဦးစွာသော ဤဂါထာတို့ကို ဆို၏။

၂၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣမဿ၊ ဤတိရီဋဝစ္ဆရသေ့အား။ ကိဉ္စိ၊ တစုံတခုသော။ ဝိဇ္ဇာမယံ၊ အတတ်ဖြင့်ပြီးသော အမှုသည်။ န အတ္ထိ၊ မရှိ။ တေဒဏ္ဍိကော၊ တောင်ဝှေးသုံးခွကိုင်၍ သွားသော။ တိရိဋဝစ္ဆော၊ တိရီဋဝစ္ဆ ရသေ့သည်။ တေ၊ သင်မင်းကြီး၏။ န ဗန္ဓဝေါ၊ အဆွေအမျိုးလည်း မဟုတ်။ တေ၊ သင်မင်းကြီး၏။ နော ပန သဟာယော၊ ကစားဘက် အဆွေခင်ပွန်းလည်း မဟုတ်။ အထ၊ ထိုသို့ဖြစ်လျက်။ ကေန ဝဏ္ဏေန၊ အဘယ်အကြောင်းကြောင့်။ အဂ္ဂပိဏ္ဍံ၊ ထမင်းဦးကို။ ဘုဉ္ဇတိ၊ စားရသနည်း။

ထိုစကားကို ကြား၍ မင်းသည် သားကို ခေါ်၍ အမောင် ပစ္စန္တရစ်သို့သွား၍ စစ်ထိုးရာမှရှုံးသော ငါ၏ နှစ်ရက် သုံးရက် မလာသောအဖြစ်ကို အောက်မေ့မိ၏လောဟု ဆို၍ အောက်မေ့မိ၏ဟု ဆိုလတ်သော် ထိုအခါ ငါသည် ဤရသေ့ကိုမှီ၍ အသက်ကို ရ၏ဟု အလုံးစုံသော အကြောင်းကိုကြား၍ အမောင် ငါ၏ အသက်ကို ပေးသောသူသည် ငါ၏အထံသို့ ရောက်သည်ရှိသော် မင်းအဖြစ်ကို ပေးသော်လည်း ထိုရသေ့ပြုသော ကျေးဇူးအားလျော်စွာ ပေးခြင်းငှါ မတတ်နိုင်သေးဟုဆို၍-

၂၆။ အာပါသု မေ ယုဒ္ဓပရာဇိတဿ၊
ဧကဿ ကတွာ ဝိဝနသ္မိံ ဃောရေ။
ပသာရယီ ကိစ္ဆဂတဿ ပါဏိံ၊
တေနူဒတာရိံ ဒုခသမ္ပရေတော။
၂၇။ ဧတဿ ကိစ္စေန ဣဓာနုပတ္တော၊
ဝေသာယိနော ဝိသယာ ဇီဝလောကေ။
လာဘာရဟော တာတ တိရီဋဝစ္ဆော၊
ဒေထဿ ဘောဂံ ယဇထဉ္စ ယညံ။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

၂၆။ တာတ၊ ချစ်သား။ အာပါသု၊ ဘေးရန်တို့ကြောင့်။ ယုဒ္ဓပရာဇိတဿ၊ စစ်ထိုးခြင်းမှရှုံးသော။ ဧကဿ၊ အဘော်မရှိ တယောက်တည်းသာဖြစ်သော။ ကိစ္စဂတဿ၊ ရေတွင်းသို့ကျ၍ ပင်ပန်းခြင်းသို့ရောက်သော။ မေ၊ ငါ့အား။ အယံ၊ ဤရသေ့သည်။ ဃောရေ၊ ကြမ်းကြုတ်သော။ ဝိဝနသ္မိံ၊ ရေမရှိသောတော၌။ ကတွာ၊ သနားခြင်းကိုပြု၍။ ပါဏိံ၊ ရေတွင်းမှ ဆယ်အံ့သောငှာ ဝီရိယနှင့်ယှဉ်သော လက်ကို။ ပသာရယီ၊ ကောင်းစွာဖြန့်ကမ်း၏။ တေန ကာရဏေန၊ ထိုရှင်ရသေ့လက်လှမ်းခြင်းဟူသော အကြောင်းကြောင့်။ အဟံ၊ ငါသည်။ ဒုခသမ္ပရေတော၊ ဒုက္ခသည် ဝန်းရံအပ်လျက်လည်း။ ဥဒတာရိံ၊ အထက်သို့တက်နိုင်၏။

၂၇။ ဧတဿ၊ ထိုတိရိဋဝစ္ဆ ရသေ့၏။ ကိစ္စေန၊ ထုတ်ဆယ်သော ကိစ္စအာနုဘော်ဖြင့်။ ဝေသာယိနော၊ ယမမင်း၏။ ဝိသယာ၊ နိုင်ငံမှ။ ဣဓ ဇီဝလောကေ၊ ဤလူ့ပြည်သို့။ အနုပတ္တော၊ တဖန် လာရောက်ပြန်သည်။ အမှိ၊ ဖြစ်၏။ တိရိဋဝစ္ဆော၊ တိရီဝစ္ဆရသေ့သည်။ လာဘာရဟော၊ ပစ္စည်းလေးပါးဟူသောလာဘ်ကို ခံထိုက်၏။ အဿ၊ ထိုတိရီဋဝစ္ဆရသေ့အား။ ဘောဂံ၊ အသုံးအဆောင်ကို။ ဒေထ၊ လှူကြကုန်လော့။ ယညဉ္စ၊ ယဇ်ကိုလည်း။ ယဇထ၊ ပူဇော်ကြကုန်လော့။

ဤသို့ မင်းသည် ကောင်းကင်ပြင်၌ လပြည့်ဝန်းကို ထင်စေဘိသကဲ့သို့ ဘုရားလောင်း၏ ဂုဏ်ကျေးဇူးကို ပြသည်ရှိသော် ဘုရားလောင်း၏ ဂုဏ်ကျေးဇူးသည် အလုံးစုံသောသူ၌ ထင်သည်ဖြစ်၏။ ဘုရားလောင်းအား လာဘသက္ကာရသည်လည်း အလွန်များသည် ဖြစ်၏။ ထိုအခါမှစ၍ အမတ်တို့ သည်၎င်း အိမ်ရှေ့မင်းသည်၎င်း တပါးသော အမှတ်မရှိသော သူသည်၎င်း မင်းကိုဆိုခြင်းငှာ မဝံ့သည်ဖြစ်၏။ မင်းသည် ဘုရားလောင်း၏ အဆုံးအမ၌တည်၍ အလှူပေးခြင်းအစရှိကုန်သော ကောင်းမှုတို့ကိုပြုကုန်၍ နတ်ပြည်ကို ပြည့်စေ၏။ ဘုရားလောင်းသည်လည်း အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ရှေးပညာရှိတို့သည်လည်း ကျေးဇူး၏ အစွမ်းအားဖြင့် ပြုဘူးကုန်၏ဟူ၍ ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အသက်သခင်၊ ကျေးဇူးရှင်၊ အစဉ်ပူဇော်ချစ်

ကိုးခု၏ပြည့်ကြောင်းဖြစ်သော တိရိဋဝစ္ဆဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-သင်္ကပ္ပဝဂ်

၁၀။ ဒူတဇာတ်

ဝမ်းဗိုက်တမန်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယသတ္ထာ ဒူရမာယန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒူတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လော်လည်သော ရဟန်းတပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် နဝကနိပါတ် အဋ္ဌမမြောက်စက္ကဝါကဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်တော်မူ၍ ရဟန်း သင်သည် ယခုအခါ၌သာလျှင် လော်လည်သည် မဟုတ်သေး၊ ရှေး၌လည်း လော်လည်ဘူးသလျှင်ကတည်း၊ လော်လည်ခြင်းကြောင့် သန်လျှက်ဖြင့် ဦးခေါင်းဖြတ်ခြင်းကို ပြုလတ်သော် ပညာရှိမင်းကိုမှီ၍ ချမ်းသာရဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏သားဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသောအတတ်ကို သင်၍ အဘလွန်သဖြင့် မင်းအဖြစ်၌တည်၍ စဉ်ကြယ်သော ဘောဇဉ်ရှိသည် ဖြစ်၏။ ထိုအကြောင်းကြောင့် မင်းအား ဘောဇနသုဒ္ဓိက ဟူသော အမည်သည်ဖြစ်၏။ ထိုဘောဇနသုဒ္ဓိကမင်းသည် တခုသော ထမင်းခွက်၌ အဘိုးတသိန်းထိုက်သည်သာလျှင်ဖြစ်သော အစီအရင်ဖြင့် ထမင်းကို စားသတတ်၊ စားသည်ရှိသော်ကား အိမ်တွင်း၌ မစား၊ မိမိစားသော အစီအရင်ကို မြင်သော လူများကို ကုသိုလ်ကောင်းမှု ပြုစေလိုသောကြောင့် မင်းအိမ်တံခါး၌ မဏ္ဍပ်ကို ဆောက်စေ၍ စားသောအခါ၌ ထိုမဏ္ဍပ်ကို တန်ဆာဆင်စေ၍ ဆောင်းအပ်သောထီးရှိသော ရွှေဖြင့်ပြီးသော ရာဇပလ္လင်၌ မင်းတို့သည် ခြံရံလျက် အဘိုးတသိန်းထိုက်သော ရွှေခွက်၌ ခပ်သိမ်းသော အရသာရှိသော ဘောဇဉ်ကို စား၏။ ထိုအခါ တယောက်သော လော်လည်သော ယောက်ျားသည် ထိုမင်း၏ စားသော အစီအရင်ကို ကြည့်၍ ထိုဘောဇဉ်ကို စားလိုသည်ဖြစ်၏။ စားချင်ခြင်းကို သည်းခံအံ့သောငှာ မတက်နိုင်ရကား တခုသော ဥပါယ်သည် ရှိ၏ဟု မြဲမြံစွာဝတ်၍ လက်တို့ကို မြှောက်၍ အို အချင်းတို့ ငါ တမန်တည်းဟု ပြင်းစွာသော အသံကို ပြုလျက် မင်း၏ အထံသို့ သွားလေ၏။ ထိုအခါ ထိုအရပ်၌ တမန်တည်းဟု ဆိုသော် မတားမြစ်၊ ထို့ကြောင့် လူများသည် နှစ်ဖြာကွဲ၍ လမ်းအခွင့်ကို ပေး၏။ ထိုယောက်ျားသည် လျင်မြန်သဖြင့် သွား၍ မင်း၏ခွက်၌ တခုသော ထမင်း ဆုပ်ကိုယူ၍ ခံတွင်း၌ထည့်၏။ ထိုအခါ သန်လျက်စွဲသည် ထိုယောက်ျား၏ ဦးခေါင်းကို ဖြတ်အံ့ဟု သန်လျက်ကိုကိုင်၏။ မင်းသည် မဖြတ်လင့်ဟု တားမြစ်၏။ မကြောက်လင့် စားလော့ဟုဆို၍ လက်ကိုဆေး၍ မင်းသည် ထိုင်၏။ ထိုယောက်ျား စားပြီးသည်၏အဆုံး၌လည်း မိမိသောက်သော ရေကို၎င်း ခွက်ကို၎င်း ပေးစေ၍ အို ယောက်ျား သင်သည် တမန်တည်းဟုဆို၏။ အဘယ်သူ၏တမန်နည်းဟု မေးသည်ရှိသော် မြတ်သောမင်းကြီး အကျွန်ုပ်သည် တဏှာ၏ တမန်တည်း၊ ဝမ်း၏တမန်တည်း၊ တဏှာသည် အကျွန်ုပ်ကို စေခိုင်း၍ သင်သွားလော့ဟု တမန်ပြု၍ စေ၏ဟု ဆိုလိုရကား-

၂၈။ ယသတ္ထာ ဒူရမာယန္တိ၊ အမိတ္တမပိ ယာစိတုံ။
တဿူဒရဿဟံ ဒူတော၊ မာ မေ ကုဇ္ဈိ ရထေသဘ။
၂၉။ ယဿ ဒိဝါ စ ရတ္တော စ၊ ဝသမာယန္တိ မာဏဝါ။
တသူဒရဿဟံ ဒုယူတော၊ မာ မေ ကုဇ္ဈိ ရထေသဘ။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

၂၈။ ရထေသဘ၊ မင်းမြတ်။ ယဿ ဥဒရဿ၊ အကြင်ဝမ်း၏။ အတ္ထာ၊ အကျိုးငှါ။ သတ္တာ၊ သတ္တဝါတို့သည်။ အမိတ္တမပိ၊ ရန်သူကိုလည်း။ ယာစိတုံ၊ တောင်းအံ့သောငှာ။ ဒူရံ၊ ဝေးသော အရပ်သို့လည်း။ အာယန္တိ၊ သွားကုန်၏။ အဟံ၊ အကျွန်ုပ်သည်။ တဿ ဥဒရဿ၊ ထိုဝမ်း၏။ ဒူတော၊ တမန်တည်း။ မေ၊ အကျွန်ုပ်အား။ မာ ကုဇ္ဈိ၊ အမျက်မထွက်လင့်။

၂၉။ ရထေသဘ၊ မင်းမြတ်။ မာဏဝါ၊ သတ္တဝါတို့သည်။ ဒိဝါစ၊ နေ့၌၎င်း။ ရတ္တောစ၊ ညဉ့်၌၎င်း။ ယဿ ဥဒရဿ၊ အကြင်ဝမ်း၏။ ဝသံ၊ အလို့သို့။ အာယန္တိ၊ လိုက်ကုန်၏။ အဟံ၊ အကျွန်ုပ်သည်။ တဿ ဥဒရဿ၊ ထိုဝမ်း၏။ ဒူတော၊ တမန်တည်း။ မေ၊ အကျွန်ုပ်အား။ မာ ကုဇ္စျိ၊ အမျက်မထွက်လင့်။

မင်းသည် ထိုယောက်ျား၏ စကားကို ကြား၍ ထိုစကားသည် မှန်၏။ ဤသတ္တဝါတို့သည် ဝမ်း၏တမန်ဖြစ်ကုန်၍ တဏှာ၏အစွမ်းအားဖြင့် လှည့်လည်ရကုန်၏။ တဏှာသည်သာလျှင် သတ္တဝါတို့ကို စီရင်၏။ ဤယောက်ျားသည် အလွန်နှစ်သက်ဘွယ်သော စကားကို ဆို၏ဟု ထိုယောက်ျားအား နှစ်သက်၍-

၃၀။ ဒဒါမိ တေ ဗြာဟ္မဏ ရောဟိဏီနံ၊
ဂဝံ သဟဿံ သဟ ပုင်္ဂဝေန။
ဒူတော ဟိ ဒူတဿ ကထံ န ဒဇ္ဖံ။
မယမ္ပိ တဿေဝ ဘဝါမ ဒူတာ။

ဟူသော သုံးခုမြောက်ဖြစ်သော ဤဂါထာကိုဆို၏။

၃၀။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တေ၊ သင့်အား။ ပုင်္ဂဝေန၊ ဥသဘနှင့်။ သဟ၊ တကွ ရောဟိဏီနံ၊ နီသော အဆင်းရှိကုန်သော။ ဂဝံ၊ နွားတို့၏။ သဟဿံ၊ တထောင်ကို။ ဒဒါမိ၊ ပေး၏။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ မယမ္ပိ၊ ငါတို့သည်လည်း။ တဿေဝ၊ ထိုဝမ်း၏သာလျှင်။ ဒူတာ၊ တမန်တို့သည်။ ဘဝါမ၊ ဖြစ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဒူတော၊ တမန်သည်။ ဒူတဿ၊ တမန်အား။ ကထံ န ဒဇ္ဇံ၊ အဘယ်မူ၍ မပေးရာသနည်း။ ဒဒေယျဧဝ၊ ပေးရာသလျှင်ကတည်း။

ဤသို့ဆို၍ သင်ကဲ့သို့သော သူသည် မကြားစဘူးသော အကြောင်းကို ဆိုပေ၏ဟု နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ထိုယောက်ျားအား များစွာသော စည်းစိမ်ကို ပေး၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြသည်၏အဆုံး၌ လော် လည်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်၏။ တပါးကုန်သော များစွာကုန်သော ရဟန်းတို့သည် သောတာပန် အစရှိသည် ဖြစ်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ လော်လည်သော ရဟန်းသည် ထိုအခါ လော်လည်သောယောက်ျား ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဘောဇနသုဒ္ဓိကမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သတ္တဝါမှန်၊ တဏှာကျွန်၊ အမှန်ဖြစ်ပေသည်

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဒူတဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ပဒုမဝဂ်

၁။ ပဒုမဇာတ်

ကြာပန်းခိုင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယထာ ကေသာ စ မဿူ စ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပဒုမဇာတ်ကို အာနန္ဒာဗောဓိ၌ ပန်းပူဇော်ခြင်းကို ပြုကုန်သောရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် တေရသကနိပါတ် ခြောက်ခုမြောက် ကာလိင်္ဂဗောဓိဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ထိုဗောဓိသည်ကား အရှင်အာနန္ဒာမထေရ်သည် စိုက်ပျိုးအပ်သည်၏ အဖြစ်ကြောင့် အာနန္ဒာဗောဓိ မည်၏။ အရှင်အာနန္ဒာ မထေရ်သည် ဇေတဝန် ကျောင်းတော် တံခါးမုခ်နား၌ ဗောဓိပင်ကို စိုက်ပျိုးသည် ၏အဖြစ်သည် အလုံးစုံ ဇမ္ဗူဒိပ်၌ပြန့် နှံ့၏။ ထိုအခါ အချို့ကုန်သော ဇနပုဒ်နေရဟန်းတို့သည် အာနန္ဒာဗောဓိ၌ ပန်းပူဇော်ကုန်အံ့ဟု ဇေတဝန် ကျောင်းတော်သို့သွား၍ ဘုရားကို ရှိခိုး၍ နက်ဖြန်နေ့၌ သာဝတ္ထိပြည်သို့ဝင်၍ ကြာရောင်းသောဈေးသို့ သွား၍ ကြာပန်းတို့ကို မရဘဲလာကုန်၍ အရှင်အာနန္ဒာမထေရ်အား အရှင်ဘုရား အကျွန်ုပ်တို့သည် ပန်းပူဇော်ကုန်အံ့ဟု ကြာရောင်းသော ဈေးသို့သွား၍ ပန်းတပွင့်ကိုမျှလည်း မရခဲ့ကုန်ဟု ကြားလျှောတ်ကုန်၏။ အရှင်အာနန္ဒာမထေရ်သည် ငါ့သျှင်တို့ သင်တို့အကျိုးငှါ ဆောင်ယူ ချေအံ့ဟု ကြာရောင်းသောဈေးသို့ သွား၍ ကြာညိုစည်းကို ချီ၍ လာလတ်၍ ထိုရဟန်းတို့အား ပေး၍ ထိုရဟန်းတို့သည် ထိုကြာကိုယူ၍ ဗောဓိအား ပူဇော်ကုန်၏။ ထိုသတင်းစကားကိုကြား၍ တရား သဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဇနပုဒ်နေ ရဟန်တို့သည် ဘုန်းနည်းကုန်၏။ ကြာရောင်းသော ဈေးသို့သွား၍ ပန်းကို မရကုန်၊ အရှင်အာနန္ဒာ မထေရ်သည်ကား သွား၍လျှင် ဆောင် ယူခဲ့၏ဟု အရှင်အာနန္ဒာ၏ ဂုဏ်ကျေးဇူးစကားကို ပြောဆိုကြကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် စကားတတ် လိမ္မာကုန်သော သူတို့သည် ပန်းကို ရကုန်သည်မဟုတ်သေး၊ ရှေး၌လည်း စကားတတ် လိမ္မာကုန်သော သူတို့သည် ပန်းကို ရဘူးကုန်သလျှင် ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူဌေးသား ဖြစ်၏။ မြို့တွင်း၌ တခုသောရေကန်ဝယ် ပဒုမာတို့သည်လည်း ပွင့်ကြကုန်၏။ တယောက်သော နှာခေါင်းပြတ်သော ယောက်ျားသည် ထိုရေကန်ကို စောင့်၏။ ထိုအခါ တနေ့သ၌ ဗာရာဏသီပြည်ဝယ် ပွဲသဘင် ကြွေး ကြော်လတ်သော် ပန်းပန်၍ ပွဲသဘင်ကစားလိုကုန်သော သုံးယောက်ကုန်သော သူဌေးသားတို့သည် နှာခေါင်းပြတ်သောသူအား မဟုတ်မမှန်သဖြင့် ချီးမွမ်း၍ ပန်းကို တောင်းကုန်အံ့ဟု ထိုနှာခေါင်းပြတ်သောသူ၏ ပဒုမာကြာတို့ကိုချီစဉ် ရေကန် အနီးသို့သွား၍ တင့်အပ်သော အရပ်၌ တည်နေကုန်၏။ ထိုသူတို့တွင် တယောက်သော သူဌေးသားသည် ရေကန်စောင့်ကို ခေါ်၍-

၃၁။ ယထာ ကေသာ စ မဿူ စ၊ ဆိန္နံ ဆိန္နံ ဝိရူဟတိ။
ဧဝံ ရုဟတု တေနာသာ၊ ပဒုမံ ဒေဟိ ယာစိတော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၃၁။ ကေသာ စ၊ ဆံတို့သည်၎င်း။ မဿူ စ၊ မုတ်ဆိတ်တို့သည်၎င်း။ ဆိန္နံ ဆိန္နံ၊ ဖြတ်တိုင်း ဖြတ်တိုင်း။ ဝိရူဟတိ ယထာ၊ ပေါက်ပြန်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ တေ၊ သင်၏။ နာသာ၊ နှာခေါင်းသည်။ ရုဟတု၊ တဖန်ပေါက်ပြန် စေသတည်း။ ယာစိတော၊ ငါတောင်းအပ်သော သင်သည်။ ပဒုမံ၊ ကြာကို။ ဒေဟိ၊ ပေးလော့။

ထိုရေကန်စောင့်သည် ထိုသူဌေးသားအားလျှင် အမျက်ထွက်၍ ကြာကို မပေး၊ ထိုအခါ ရေကန်စောင့်အား နှစ်ယောက်မြောက် ဖြစ်သော သူဌေးသားသည်-

၃၂။ ယထာ သာရဒိကံ ဗီဇံ၊ ခေတ္တေ ဝုတ္တံ ဝိရူဟတိ။
ဧဝံ ရုဟတု တေ နာသာ၊ ပဒုမံ ဒေဟိ ယာစိတော။

ဟူသော နှစ်ခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

၃၂။ ခေတ္တေ၊ လယ်၌။ ဝုတ္တံ၊ ပျိုးအပ်သော။ သာရဒိကံ၊ တန်ဆောင်မုန်းလ၌ ယူ၍ထားအပ်သော။ ဗီဇံ၊ မျိုးစေ့သည်။ ဝိရူဟတိ ယထာ၊ ပေါက်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ တေ၊ သင်၏။ နာသာ၊ နှာခေါင်းသည်။ ရုဟတု၊ တဖန် ပေါက်ပါစေသတည်း။ ယာစိတော၊ တောင်းအပ်သော သင်သည်။ ပဒုမံ၊ ကြာကို။ ဒေဟိ၊ ပေးလော့။

ထိုရေကန်စောင့်သည် ထိုသူဌေးသားအားလည်း အမျက်ထွက်၍ ကြာကို မပေး၊ ထိုအခါ ထိုရေကန်စောင့်အား သုံးယောက်မြောက် ဖြစ်သော သူဌေးသားသည်-

၃၃။ ဥဘောပိ ပလပန္တေတေ၊ အပိ ပဒ္မာနိ ဒဿတိ။
ဝဇ္ဇုံ ဝါ တေ န ဝါ ဝဇ္ဇုံ၊ နတ္ထိ နာသာယ ရူဟနာ။
ဒေဟိ သမ္မ ပဒုမာနိ၊ အဟံ ယာစာမိ ယာစိတော။

ဟူသော သုံးခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

၃၃။ သမ္မ၊ အဆွေ။ ဧတေ ဥဘောပိ၊ ဤနှစ်ယောက်သော သူတို့သည်လည်း။ ပဒ္မာနိ၊ ကြာတို့ကို။ အပိ ဒဿတိ၊ ပေးလတ္တံ့ ဟုကြံ၍။ ပလပန္တိ၊ ဆိုယောင်ကုန်၏။ တေ၊ ထိုသူတို့သည်။ ဝဇ္ဇုံ ဝါ၊ ဆိုသည်မူလည်း ဖြစ်စေကုန်။ န ဝဇ္ဇုံ ဝါ၊ မဆိုသည်မူလည်း ဖြစ်စေကုန်။ နာသာယ၊ ပြတ်သောနှာခေါင်း၏။ ရူဟနာ၊ ပေါက်ပြန်ခြင်းမည်သည်။ နတ္ထိ၊ မရှိ။ အဟံ၊ ငါသည်။ ပဒုမာနိ၊ ကြာတို့ကို။ ယာစာမိ၊ တောင်း၏။ ယာစိတော၊ ငါတောင်းအပ်သောသင်သည်။ ဒေဟိ၊ ပေးလော့။

ထိုစကားကိုကြား၍ ရေကန်စောင့်သည် ဤနှစ်ယောက်သော သူတို့ကား မုသာဝါဒကို ဆို၏။ သင်သည် အဟုတ်အမှန်ကို ဆို၏။ သင်အား ပဒုမာကြာတို့သည် လျောက်ပတ်ကုန်၏ဟု ကြီးသော ပဒုမာကြာစီးကို ယူ၍ ထိုသူဌေးသားအား ပေး၍ မိမိကြာကန်သို့လျှင် သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကြာပန်းရသော သူဌေးသား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

နှုတ်ခွန်းချိုသာ၊ လိမ္မာစွာ၊ လိုရာအကျိုးပြီး

ရှေးဦးစွာသော ပဒုမဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ပဒုမဝဂ်

၂။ မုဒုပါဏိဇာတ်

စောင့်ရှောက်ခက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ပါဏိ စေ မုဒုကော စဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမုဒုပါဏိဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ သဗ္ဗညူမြတ်စွာဘုရားသည် တရားသဘင်သို့ ဆောင်ခဲ့သော ထိုရဟန်းကို ရဟန်း သင်သည် သာသနာတော်၌ ငြီးငွေ့သောဟူသည် မှန်သလောဟု မေးတော်မူ၍ မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း မိန်းမမည်သည်ကား ကိလေသာ၏အစွမ်းအားဖြင့် သွားခြင်းမှ စောင့်ရှောက်ခြင်းငှါ မတတ်နိုင်သော သဘောရှိ၏။ ရှေးပညာရှိတို့သည်လည်း မိမိသ္မီးကို စောင့်ရှောက်ခြင်းငှာ မတတ်နိုင်ဘူးကုန်၊ အဘသည် လက်၌ကိုင်ထားသော သ္မီးသည်လျှင် အဘကို မသိစေမူ၍ ကိလေသာ၏ အစွမ်းအားဖြင့် ယောက်ျားနှင့် ပြေးဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ မိဖုယားကြီးဝမ်း၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ ခပ်သိမ်း သော အတတ်တို့ကို သင်၍ အဘလွန်သဖြင့် မင်းအဖြစ်၌ တည်၍ တရားသဖြင့် မင်းပြု၏။ ထိုဘုရားလောင်းသည် သ္မီး, တူ နှစ်ယောက်တို့ကို နန်းတွင်း၌ ကြီးစေလျက် တနေ့သ၌ အမတ်တို့နှင့်တကွနေလျက် ငါလွန်သော် ငါ့တူ မင်းဖြစ်လတ္တံ့၊ သ္မီးသည်လည်း ငါ့တူ၏ မိဖုယားကြီး ဖြစ်ရလတ္တံ့ ဟု ဆို၍ နောက်အဘို့၌ တူအရွယ်သို့ ရောက်သောကာလ၌ တဖန် အမတ်တို့နှင့်တကွ နေလျှက် ငါတူဘို့ တပါးသော မင်းသ္မီးကို ဆောင်ယူကြကုန်အံ့၊ ငါ့သ္မီးကို တပါးသော မင်းမျိုး၌ ပေးကြကုန်အံ့၊ ဤသို့ပြုသော် ဆွေမျိုးများကုန်အံ့ဟု ဆိုပြန်၏။ အမတ်တို့သည် ဝန်ခံကုန်၏။

ထိုအခါ မင်းသည် တူအား နန်းတော်မှအပ၌ အိမ်ကိုပေးစေ၏။ နန်းတွင်းသို့ ဝင်ခြင်းကို မြစ်၏။ ထိုမင်းသ္မီး မင်းသားတို့သည်ကား အချင်းချင်း တပ်စွန်းသော စိတ်ရှိကုန်၏။ မင်းသားသည် အဘယ်ဥပါယ်ဖြင့် မင်းသ္မီးကို အပသို့ ထုတ်ဆောင်ရအံ့နည်းဟု ကြံလတ်သော် ဥပါယ်တခုသည် ရှိ၏ဟု အထိန်းမိန်းမအား တံစိုးပေး၍ အရှင့်သား အဘယ်ကိစ္စနည်းဟု မေးသည်ရှိသော် မိခင် အသို့မူ၍ မင်းသ္မီးကို ပြင်သို့ ထုတ်အံ့သောငှါ အခွင့်ရပါအံ့နည်းဟု ဆို၍ မင်းသ္မီးနှင့်တကွ တိုင် ပင်၍ သိရအံ့ဟု အထိန်းမိန်းမ ဆိုသည်ရှိသော် မိခင် ကောင်းပြီဟု ဆို၏။ ထိုအထိန်းမိန်းမသည် သွား၍ ချစ်သ္မီး လာလော့၊ ခေါင်း၌ သန်းရှာအံ့ဟု မင်းသ္မီးကို နိမ့်သောအင်းပျဉ်၌ နေစေ၍ မိမိသည် မြင့်သောအင်းပျဉ်၌ နေ၍ မင်းသ္မီး၏ ဦးခေါင်းကို မိမိပေါင်၌ထား၍ သန်းကိုယူလျက် မင်းသ္မီးဦးခေါင်းကို လက်သည်းတို့ဖြင့် ထိုးကုန်၏။ မင်းသ္မီးသည် ဤအထိန်းမိန်းမကား မိမိလက်သည်းတို့ဖြင့် မထိုး၊ ငါ့ဦးရီးသား၏ လက်သည်းတို့ဖြင့် ထိုး၏ဟု သိ၍ မိခင် သင်သည် မင်းသားအထံသို့ သွားချေသလောဟု မေး၏။ သွားချေ၏ဟု ဆိုလတ်သော် မင်းသားသည် အဘယ်စကားကို ပြောဆိုသနည်းဟု မေး၏။ ချစ်သ္မီး သင်၏ အပသို့ ရောက်ကြောင်းကို မေး၏ဟု ဆိုလတ်သော် မင်းသီးသည် ပညာရှိမူကား သိလတ္တံ့ဟု-

၃၄။ ပါဏိ စေ မုဒုကော စဿ၊ နာဂေါ စဿ သုကာရိတော။
အန္ဓကာရော စ ဝဿေယျ၊ အဟ နူန တဒါ သိယာ။

ဟူသော ဤဂါထာကို စီကုံး၍ မိခင် ဤဂါထာကို သင်၍ မင်းသားအား လျှောက်ဟု ဆို၏။ ထိုအထိန်းမိန်းမသည် ထိုဂါထာကို သင်၍ မင်းသားအထံသို့သွား၍ မိခင် မင်းသ္မီး အသို့ဆိုလိုက်သနည်းဟု မေးသည်ရှိသော် အရှင့်သား တစုံတခု တပါးသောစကားကို မဆိုမူ၍ ဤဂါထာကို ပို့လာစေ၏ ဟု ပြောဆို၍ ထိုဂါထာကိုရွတ်၏။ မင်းသားသည် ထိုဂါထာ၏ အနက်ကို သိ၍ မိခင် သွားလေလော့ဟုဆို၍ ထိုအထိန်းမကို လွှတ်လိုက်၏။ ထိုဂါထာ၏ အနက်ကား-

၃၄။ ဧကာယ၊ တယောက်သော။ စူဠုပဋ္ဌာကာယ၊ အလုပ် အကျွေး မိန်းမငယ်၏။ ပါဏိ၊ လက်သည်။ မုဒုကော၊ ငါ့လက်ကဲ့သို့ နူးညံ့သည်။ စေ အဿ၊ အကယ်၍ ဖြစ်ငြားအံ့။ သုကာရိတော၊ ကောင်းစွာ သင်အပ်ပြီးသော။ နာဂေါ စ၊ ဆင်သည်လည်း။ စေ အဿ၊ အကယ်၍ ရှိသည် ဖြစ်ငြားအံ့။ အန္ဓကာရော စ၊ အမိုက်မှောင်သည်လည်း။ စေ အဿ၊ အကယ်၍ ဖြစ်ငြားအံ့။ စေ ဝဿေယျ၊ အကယ်၍ မိုဃ်းရွာငြားအံ့။ အထ၊ ထိုသို့ အကြောင်းလေးပါး စုံညီသည်ရှိသော်။ တဒါ၊ ထိုအခါ၌။ တေ၊ သင်၏။ မနောရထဿ၊ နှလုံးအလို၏။ ဂမနံ၊ သွားခြင်းသည်။ မတ္ထကံ၊ အပြီးသို့ရောက်ခြင်းသည်။ သိယာ နူန၊ ဖြစ်ရာ၏။

မင်းသားသည် ထိုအနက်ကို အမှန်အားဖြင့် သိ၍ တယောက်သော အဆင်းလှသော နူးညံ့သောလက်ရှိသော အလုပ်အကျွေး မိန်းမငယ်ကို သညာပေး၍ မင်္ဂလာဆင်ထိန်းအား တံစိုးပေး၍ ဆင်ကို မလှုပ်ရှားအောင် သင်စေ၍ အခါကိုငံ့လျက် နေ၏။ ထိုအခါ လကွယ်ပက္ခ ဥပုသ်နေ့ သန်းခေါင်ယာမ်၏ အခြားမဲ့၌ တခဲနက်မည်းသော မိုဃ်းသည် ရွာ၏။ ထိုမင်းသားသည် ယခုနေ့ကား မင်းသ္မီးငါ့ကို မှာလိုက်သော နေ့တည်းဟု ဆင်ကိုစီး၍ နူးညံ့သော လက်ရှိသော အလုပ် အကျွေး မိန်းမငယ်ကို ဆင်ကျောက်ကုန်း၌ နေစေ၍ သွား၍ မင်းအိမ်၌ ကောင်းကင်ပြင်သို့ မျက်နှာပြုရာအရပ်၌ ဆင်ကို နံရံပကိုမှီ၍ လေသွန်တံခါး၏အနီး၌ မိုဃ်းစွတ်လျှက်လျှင် တည်၏။ မင်းသည်လည်း သ္မီးကို စောင့်ရှောက်ရကား တပါး၌ အိပ်စိမ့်သောငှာမပေး၊ မိမိအထံဝယ်င ယ်သောအိပ်ရာ၌ အိပ်စေ၏။ မင်းသ္မီးသည်လည်း ယနေ့ မင်းသား လာလတ္တံ့ ဟု သိ၍ အိပ်ပျော်ခြင်းသို့ မရောက်ဘဲ လျောင်းလျက် ခမည်းတော် အကျွန်ုပ် ရေချိုးလို၏ဟု ဆို၏။ မင်းသည် ချစ်သ္မီး လာလော့ဟုဆို၍ မင်းသ္မီးကို လက်၌ကိုင်၍ လေသွန် တံခါး၏ အနီးသို့ဆောင်၍ ချစ်သ္မီး ရေချိုးလော့ဟုချီ၍ လေသွန်တံခါး၏ အပ ပဒုမာအခံ၌ ရပ်စေ၍ လက်တဘက်၌ ကိုင်၍ နေ၏။ ရေချိုးစဉ်လျှင် မင်းသားသို့လက်ကို ဆန့်၏။ မင်းသားသည် မင်းသ္မီး၏လက်မှ တန်ဆာတို့ကိုချွတ်၍ အလုပ်အကျွေး မိန်းမငယ်၏လက်၌ ဆင်၍ ထိုအလုပ်အကျွေး မိန်းမငယ်ကို ချီ၍ မင်းသီးကို မှီစေ၍ ပဒုမာအခံ၌ထား၏။ ထိုမင်းသ္မီးသည် ထိုအလုပ်အကျွေး မိန်းမငယ်၏ လက်၌ကိုင်၍ အဘမင်း၏ လက်၌ထား၏။ ထိုမင်းသည် ထိုအလုပ်အကျွေးမိန်းမငယ်၏ လက်ကိုကိုင်၍ သ္မီးလက်ကိုလွှတ်၏။ မင်းသ္မီးသည် လက်တဘက်မှ တန်ဆာတို့ကို ချွတ်၍ ထိုအလုပ်အကျွေး မိန်းမငယ်၏ နှစ်ခုမြောက်ဖြစ်သောလက်၌ ဆင်၍ ခမည်းတော်လက်၌ထား၍ မင်းသားနှင့်တကွ သွား၏။ မင်းသည်လည်း သ္မီးလျှင်တည်းဟူသောအမှတ်ဖြင့် ထိုသူငယ်မကို ရေချိုးပြီးသည်၏ အဆုံး၌ အသရေရှိသော တိုက်ခန်း၌ အိပ်စေ၍ တံခါးပိတ်၍ တံကျဉ်ဖြင့်လျှို့၍ အစောင့်အရှောက်ကို ပေး၍ မိမိအိပ်ရာသို့ သွား၍ အိပ်၏။

ထိုမင်းသည် လင်းလတ်သော် တံခါးကိုဘွင့်၍ ထိုသူငယ် မကို မြင်၍ ဤသို့ဖြစ်ခြင်းကား အသို့နည်းဟု မေး၏။ ထိုသူငယ်မသည် မင်းသ္မီး၏ မင်းသားနှင့်တကွ သွားသည်၏ အဖြစ်ကို မင်းအား လျှောက်၏။ မင်းသည် နှလုံးမသာ၍ ကိုင်၍ထားသော်လည်း မာတုဂါမကို စောင့်ရှောက်ခြင်းငှာ မတတ်နိုင်သည်သာလျှင်တည်း၊ မိန်းမတို့မည်သည်ကား စောင့်ရှောက်ခြင်းငှါ မတတ်ကောင်းသော သဘောရှိ၏ဟု ကြံ၍-

၃၅။ အနလာ မုဒုသမ္ဘာသာ၊ ဒုပ္ပူရာ တာ နဒီသမာ။
သီဒန္တိ နံ ဝိဒိတွာန၊ အာရကာ ပရိဝဇ္ဇယေ။
၃၆။ ယံ ဧတာ ဥပသေဝန္တိ၊ ဆန္ဒသာ ဝါ ဓနေန ဝါ။
ဇာတဝေဒေါဝ သံဌာနံ၊ ခိပ္ပံ အနုဒဟန္တိ နံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၃၅။ တာ၊ ထိုမိန်းမသည်။ အနလာ မုဒုသမ္ဘာသာ၊ နူးညံ့သော စကားဖြင့် ချီးမြှောက်ခြင်းငှါ မတတ်ကောင်းကုန်။ တနည်းကား... အနလာ၊ ယောက်ျားတို့နှင့် အတူတကွနေခြင်းကို မထိုက်ကုန်။ မုဒုသမ္ဘာသာ၊ နှလုံးခိုင်မာလျက် စကားနူးညံ့ကုန်၏။ ဒုပ္ပူရာ၊ ပြည့်နိုင်ခဲကုန်၏။ နဒီသမာ၊ မြစ်နှင့်တူကုန်၏။

၃၆။ သီဒန္တိ၊ ငရဲ၌ နစ်တတ်ကုန်၏။ ဧဝံ၊ ဤသို့။ ဝိဒိတွာန၊ သိ၍။ တာ၊ ထိုမိန်းမတို့ကို။ ပဏ္ဍိတော၊ ပညာရှိသည်။ အာရကာ၊ အဝေးမှ။ ပရိဝဇ္ဇာယေ၊ ကြဉ်ရာ၏။

ဧတော၊ ထိုမိန်းမတို့သည်။ ယံ၊ အကြင်ယောက်ျားကို။ ဆန္ဒသာ ဝါဆန္ဒသာ ဝါ၊ ဆန္ဒတူသဖြင့်၎င်း။ ဓနေန၊ ဥစ္စာဖြင့်၎င်း။ ဥပသေဝန္တိ၊ မှီဝဲကုန်၏။ နံ ပုရိသံ၊ ထိုယောက်ျားကို။ ခိပ္ပံ၊ လျင်စွာ။ အနုဒဟန္တိ၊ လောင်တတ်ကုန်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ဇာတဝေဒေါ၊ မီးသည်။ သံဌာနံ၊ မိမိတည်ရာကို။ အနုဒဟတိ ဣဝ၊ လောင်သကဲ့သို့တည်း။

ဤသို့ဆို၍ ဘုရားလောင်းသည် တူကိုလည်း ငါသည်ပင် မွေးအပ်၏ ဟု များစွာသော စည်းစိမ်ဖြင့် သ္မီးကို တူအား ပေး၍ တူကို အိမ်ရှေ့အရာ၌ထား၏။ တူသည် ဦးရီးလွန်သဖြင့် မင်းအဖြစ်၌ တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

မိန်းမဖြာဖြာ၊ အရာရာ၊ မာယာ များလှဘိ

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော မုဒုပါဏိဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ပဒုမဝဂ်

၃။ စူဠပလောဘနဇာတ်

မိန်းမစွမ်းအား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အဘိဇ္ဇမာနေ ဝါရိသ္မိံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠပလောဘနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာသနာ၌ ငြီးငွေ့သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ သဗ္ဗညူမြတ်စွာဘုရားသည် တရားသဘင်သို့ ဆောင်အပ်သော ထိုရဟန်းကို ရဟန်း သင်သည် သာသနာတော်၌ ငြီးငွေ့သောဟူသည် မှန်သလောဟု မေးတော်မူ၏။ မှန်ပေ၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ - ထိုမိန်းမတို့ မည်သည်ကား စင်ကြယ်ကုန်သော ရှေးသူဟောင်းတို့ကိုလည်း ညစ်ညူးစေကုန်၏ဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် မင်းသည် သားမရှိသည်ဖြစ်၍ မိမိမိန်းမတို့ကို သားဆုတောင်းကြကုန်လော့ဟု ဆို၏။ ထိုမိန်းမတို့သည်လည်း သားဆုကို တောင်းကြကုန်၏။ ဤသို့ သားဆုကို တောင်းသဖြင့် ကာလရှည်လတ်သည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မာ့ပြည်မှ စုတေ၍ မိဖုယားကြီးဝမ်း၌ ဖြစ်၏။ ထိုဘုရားလောင်းကို ဖွားကာမျှလျှင် ရေချိုး၍ နို့တိုက်စိမ့်သောငှါ အထိန်းမိန်းမတို့အား ပေးကုန်၏။ ထိုဘုရားလောင်းသည် နို့တိုက်အပ်သည်ရှိသော် ငို၏။ ထိုအခါ ဘုရားလောင်းကို တပါးသော မိန်းမအား ပေးကုန်၏။ မာတု ဂါမ၏လက်သို့ ရောက်သည်ရှိသော် ဆိတ်ဆိတ် မနေသည်သာလျှင် ဖြစ်၏။ ထိုအခါ ထိုဘုရားလောင်းကို တယောက်သော မင်း၏ ခြေရင်း၌ ခစားသော အမတ်အားပေးကုန်၏။ ထိုအမတ်သည် ယူအပ်သည်ရှိသော်လျှင် ဆိတ်ဆိတ်နေ၏။ ထိုအခါမှစ၍ ယောက်ျားတို့သည်သာလျှင် ထိုဘုရားလောင်းကို ယူ၍ သွားရကုန်၏။ နို့တိုက်သည်ရှိသော်ကား ညှစ်၍ တိုက်ကြကုန်၏။ တင်းတိမ်ကြားဖြင့်မူလည်း နို့ကို ခံတွင်း၌ ထည့်ကြကုန်၏။ ထို့ကြောင့် ထိုဘုရားလောင်းအား အနိတ္ထိဂန္ဓသတို့သား ဟူသောအမည်ကို မှည့်ကြကုန်၏။ ထိုမှဤမှ ပြေးသွားတတ်သော်လည်း ဘုရားလောင်းအား မာတုဂါမမည်သည်ကို မြင်ခြင်းငှါ မတက်ကောင်း၊ ထို့ကြောင့် ဘုရားလောင်းကို မင်းသည် အသီးသာလျှင် ထိုင်ရာအရပ်ရှိသည်တို့ကို၎င်း (ဈာန်)အိမ်ကို၎င်း ဆောက်လုပ်စေ၏။

ထိုမင်းသည် ဘုရားလောင်း၏ တဆယ့်ခြောက်နှစ် ရှိသောအခါ၌ ငါ့အား တပါးသော သားသည် မရှိ၊ ဤမင်းသားကား မာတုဂါမတို့ကို မသုံးဆောင်၊ မင်းအဖြစ်ကိုလည်း အလိုမရှိသည်ဖြစ်လတ္တံ့၊ ငါ့အား သားကိုရခဲ၏ဟု ကြံ၏။ ထိုအခါ ထိုမင်းသားကို ကခြင်း သီခြင်း၌ လိမ္မာသော ယောက်ျားအသွင်ဖြင့် လုပ်ကျွေး၍ မိမိအလိုသို့ လိုက်စေခြင်းငှါ စွမ်းနိုင်သော ပျိုသော ကချေသည်မတယောက်သည် ချဉ်းကပ်၍ အရှင်မင်းကြီး အဘယ်သို့ ကြံသနည်းဟု မေး၏။ မင်းသည် ထိုအကြောင်းကို ကြား၏။ အရှင်မင်းကြီး ထိုသို့ဖြစ်စေကာမူ အကျွန်ုပ်သည် ထိုမင်းသားကို ဖြား ယောင်း၍ ကာမအရသာကို သိစေအံ့ဟု လျှောက်၏။ ထိုအနိတ္ထိဂန္ဓ မည်သော သားကို ဖျားယောင်းအံ့သောငှါ အကယ်၍ သင်စွမ်းနိုင်အံ့၊ ငါ့သားသည် မင်းဖြစ်လတ္တံ့၊ သင်သည် မိဖုယားကြီး ဖြစ်ရအံ့ဟုဆို၏။ ထိုကချေ သည်မသည် အရှင်မင်းကြီး သားတော်ကိုဖြားယောင်းခြင်းသည် အကျွန်ုပ်အဘို့ဖြစ်စေ၊ အရှင်မင်းကြီးတို့သည် ကြံတော် မမူကုန်လင့်ဟု ဆို၍ အစောင့်အရှောက်လူတို့သို့ ချဉ်းကပ်၍ အကျွန်ုပ်သည် မိုးသောက် ထ၍ လာ၍ အရှင့်သား၏ အိပ်ရာအရပ်ဝယ် (ဈာန်) အိမ်၏ အပ၌ရပ်၍ သီချင်းသီလာပါအံ့၊ အရှင့်သားသည် အကယ်၍ အမျက် ထွက်အံ့၊ အကျွန်ုပ်အား ပြောဆိုကြကုန်လော့၊ အကျွန်ုပ် ဖဲသွားအံ့၊ အကယ်၍ အရှင့်သား နားထောင်ငြားအံ့၊ အကျွန်ုပ်အား ပြောဆိုကြပါကုန်လော့ဟု ဆို၏။ ထိုအစောင့် အရှောက်တို့သည် ကောင်းပြီဟု ဝန်ခံကုန်၏။

ထိုကချေသည်မသည်လည်း မိုးသောက်ထကာလ၌ ထိုအရပ်၌ နေ၍ စောင်းသံဖြင့် သီချင်းသံကို။ သီချင်းသံဖြင့် စောင်းသံကို မလွန်စေမူ၍ သာယာစွာသော အသံဖြင့် သီ၏။ မင်းသားသည် နားထောင်လျက် လျောင်း၏။ နက်ဖြန်နေ့၌ အနီး၌တည်၍ သီစိမ့်သောငှါ စေ၏။ တဖန် နက်ဖြန်နေ့၌ (ဈာန်) အိမ်၌တည်၍ သီစိမ့်သော စေ၏။ တဖန် နက်ဖြန်နေ့၌ မိမိအနီး၌တည်၍ သီစိမ့်သောငှါ စေ၏။ ဤသို့အစဉ်သဖြင့် တဏှာကိုဖြစ်စေ၍ လူတို့၏အကျင့်ကိုမှီဝဲ၍ ကာမအရသာကို သိ၍ မာတုဂါမမည်သည်ကို တပါးသောသူတို့အား မပေးအံ့ဟု သန်လျက်ကိုင်၍ ခရီးအလယ်သို့ထွက်၍ ယောက်ျားတို့ကို လိုက်၏။ ထိုအခါ ထိုမင်းသားကို မင်းသည် ဖမ်းစေ၍ ထိုသတို့သ္မီးနှင့်တကွ မြို့မှ နှင်ထုတ်၏။ နှစ်ယောက်သော သူတို့သည်လည်း တောသို့ဝင်၍ ဂင်္ဂါအကြေသို့သွား၍ တဘက်၌ ဂင်္ဂါ၊ တဘက်၌ သမုဒ္ဒရာရှိသည်ကိုပြု၍ ဂင်္ဂါ သမုဒ္ဒရာတို့၏ အကြား၌ ကျောင်းဆောက်၍ နေကုန်၏။ သတို့သီးသည် ကျောင်း၌နေ၍ သစ်ဥသစ်မြစ်တို့ကို ပြုတ်၏။ ဘုရားလောင်းသည် တောမှ သစ်သီးကြီးငယ်တို့ကို ဆောင်၏။ ထိုအခါ တနေ့သ၌ ဘုရားလောင်းသည် သစ်သီးကြီးငယ်အကျိုးငှာ သွားသည်ရှိသော် သမုဒ္ဒရာကျွန်းငယ်၌နေသော တပါးသော ရသေ့သည် ဆွမ်းခံသောအချိန်၌ ကောင်းကင်ဖြင့်လာ၍ မီးခိုးကိုမြင်၍ ကျောင်း၌သက် ဆင်း၏။ ထိုအခါထိုရသေ့ကို ထိုသတို့သီးသည် ကျက်ရုံနေဦးလော့ဟု နေစေ၍ မိန်းမတို့ အမူ အရာဖြင့် ဖြားယောင်း၍ ဈာန်မှယုတ်စေ၍ ရသေ့၏ မြတ်သောအကျင့်ကို ကွယ်စေ၏။ ထိုရသေ့သည် အတောင်ပြတ်သော ကျီးကဲ့သို့ ဖြစ်၏။ ထိုမိန်းမကို စွန့်ခြင်းငှါ မတတ်နိုင်ရကား တနေ့ပတ်လုံး ထိုအရပ်၌လျှင်နေ၍ လာလတ်သော ဘုရားလောင်းကိုမြင်၍ လျင်မြန်သဖြင့် သမုဒ္ဒရာသို့ရှေးရှု ပြေး၏။ ထိုအခါ ထိုရသေ့ကို ထိုဘုရားလောင်းသည် ဤသူကား ငါ၏ရန်သူဖြစ်လတ္တံ့ ဟု သန်လျက်ကိုကိုင်၍ လိုက်၏။ ရသေ့သည် ကောင်းကင်သို့ ပျံအံ့သော အခြင်းအရာကို ပြု၍ သမုဒ္ဒရာ၌ကျ၏။ ဘုရားလောင်းသည် ဤရသေ့ကား ကောင်းကင်ဖြင့် လာသည်ဖြစ်လတ္တံ့၊ ဈာန်မှယုတ်သည်၏ အဖြစ်ကြောင့် သမုဒ္ဒရာ၌ ကျ၏။ ယခု ငါသည် ရသေ့၏ ကိုးကွယ်ရာဖြစ်ခြင်းငှါ သင့်၏ဟု ကြံလျက် သမုဒ္ဒရာကမ်းနား၌ ရပ်၍-

၃၇။ အဘိဇ္ဇမာနေ ဝါရိသ္မိံ၊ သယံ အာဂမ္မ ဣဒ္ဓိယာ။
မိဿီ ဘာဝိတ္ထိယာ ဂန္တွာ၊ သံသီဒသိ မဟေဏ္ဏဝေ။
၃၈။ အာဝဋ္ဋနီ မဟာမာယာ၊ ဗြဟ္မစရိယ ဝိကောပနာ။
သီဒန္တိ နံ ဝိဒိတွာန၊ အာရကာ ပရိဝဇ္ဇယေ။
၃၉။ ယံ ဧတာ ဥပသေဝန္တိ၊ ဆန္ဒသာ ဝါ ဓနေန ဝါ။
ဇာတဝေဒေါဝ သံဌာနံ၊ ခိပ္ပံ အနုဒဟန္တိ နံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၃၇။ အယံ၊ ဤရသေ့သည်။ ဣဒ္ဓိယာ၊ တန်ခိုးဖြင့်။ ဝါရိသ္မိံ၊ ရေကို။ အဘိဇ္ဇမာနေ၊ မလှုပ်စေဘဲ။ အာဂမ္မ၊ လာလတ်၍။ ဣတ္တိယာ၊ မိန်းမနှင့်။ မိဿီဘာဝံ၊ ရောနှောသောအဖြစ်သို့။ ဂန္တွာ၊ ရောက်၍။ မဟဏ္ဏဝေ၊ သမုဒ္ဒရာ၌။ သံသီဒသိ၊ နစ်၏။

၃၈။ ဣတ္ထိယော၊ မိန်းမတို့သည်။ အာဝဋ္ဋနီ၊ လည်စေတတ်ကုန်၏။ မဟာမာယာ၊ များစွာသော မာယာရှိကုန်၏။ ဗြဟ္မစရိယဝိကောပနာ၊ မြတ်သောအကျင့်ကို ဖျက်ဆီးတတ်ကုန်၏။ သီဒန္တိ၊ အပါယ်တို့၌ နစ်မွန်း စေတတ်ကုန်၏။ နံ၊ ထိုအကြောင်းကို။ ဝိဒိတွာန၊ သိ၍။ ဧတာ၊ ထိုမိန်းမတို့ကို။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ အာရကာ၊ အဝေးမှ။ ပရိဝဇ္ဇယေ၊ ကြဉ်ရာ၏။

၃၉။ ဇာတဝေဒေါ၊ မီးသည်။ သံဌာနံ၊ မိမိတည်ရာကို။ အနုဒဟတိဣဝ၊ လောင်သကဲ့သို့။ ဧတာ၊ ထိုမိန်းမတို့သည်။ ယံ၊ အကြင်ယောက်ျားကို။ ဆန္ဒသာ ဝါ၊ ချစ်သဖြင့်၎င်း။ ဓနေန ဝါ၊ ဥစ္စာဖြင့်၎င်း။ ဥပသေဝန္တိ၊ မှီဝဲကုန်၏။ နံ၊ ထိုယောက်ျားကို။ ခိပ္ပံ၊ လျင်စွာ။ အနုဒဟန္တိ၊ လောင်တတ်ကုန်၏။

ဤသို့ဆိုသော ဘုရားလောင်း၏ စကားကို ကြား၍ ရသေ့သည် သမုဒ္ဒရာအလယ်၌လျှင် ပျောက်ပြီးသော ဈာန်ကို တဖန်ဖြစ်စေ၍ ကောင်းကင်ဖြင့် မိမိ၏နေရာသို့သာလျင် သွား၏။ ဘုရားလောင်းသည် ဤရသေ့ကား ဤသို့လေးသော ကိုယ်ရှိလျက် လက်ပံဂွမ်းစိုင်ကဲ့သို့ ကောင်းကင်ဖြင့်လျှင် သွား၏။ ငါသည်လည်း ရသေ့ကဲ့သို့ ဈာန်ကိုဖြစ်စေ၍ ကောင်းကင်၌ သွားခြင်းငှါ သင့်၏ဟု ကြံပြီး၍ ထိုဘုရားလောင်းသည် ကျောင်းသို့သွား၍ ထိုမိန်းမကို လူ့ပြည်သို့ဆောင်၍ သင်သည် သွားလေတော့ဟု လွှတ်လိုက်၏။ တောသို့ဝင်၍ နှစ်သက်ဘွယ်ရှိသော မြေအဘို့၌ ကျောင်းဆောက်၍ ရသေ့ရဟန်းပြု၍ ကသိုဏ်းပရိကံကို စီးဖြန်း၍ အဘိညာဉ် သမာပတ်ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အနိတ္ထိဂန္ဓမင်းသား ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

စင်ကြယ်သူပင်၊ မိန်းမညင်၊ စွန်းထင်မည်စွ ပျက်စီးရ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော စူဠပလောဘနဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ပဒုမဝဂ်

၄။ မဟာပနာဒဇာတ်

ဖြစ်ဟောင်းဘဝ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်ပနာဒေါ နာမ သော ရာဇာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာပနာဒဇာတ်ကို ဂင်္ဂါနား၌ နေတော်မူစဉ် ဘဒ္ဒဇိမထေရ်၏ အာနုဘော်ကို အကြောင်းပြု၍ ဟောတော်မူ၏။ တရံရောအခါ သဗ္ဗညူမြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ ဝင်တော်မူစဉ် ဘဒ္ဒဇိသတို့သားအား သင်္ဂြိုဟ်ခြင်းကိုပြုအံ့ဟု ရဟန်းသင်္ဃာအများ ခြံရံလျက် ဒေသစာရီကြွတော်မူသည်ရှိသော် ဘဒ္ဒိယမြို့သို့ရောက်၍ အလို လိုဖြစ်သောတော၌ ဘဒ္ဒဇိသတို့သား၏ ဉာဏ်ရင့်ခြင်းကို ငံ့တော်မူလျက် သုံးလပတ် လုံး နေတော်မူ၏။ ဘဒ္ဒဇိသတို့သားသည် များစွာသော အခြံအရံရှိ၏။ ကုဋေရှစ်ဆယ်ကြွယ်ဝသော ဘဒ္ဒိယသူဌေး၏ တယောက်တည်းသော သားဖြစ်၏။ ထိုဘဒ္ဒိယသူဌေးသားအား ဥတုသုံးပါးအား လျောက် ပတ်သော ပြာသာဒ်သုံးဆောင်တို့သည် ဖြစ်ကုန်၏။ တဆောင် တဆောင်သော ပြာသာဒ်၌ လေးလ လေးလစီ နေ၏။ တဆောင်သော ပြာသာဒ်၌ နေပြီး၍ ကချေသည်အပေါင်း ခြံရံလျက် များစွာသောအခြံအရံဖြင့် တဆောင်သော ပြာသာဒ်သို့ ပြောင်းသွား၏။ ထိုခဏ၌ သတို့သား၏ စည်းစိမ်ကို ကြည့်ကုန်အံ့ဟု မြို့အလုံးလည်း ချောက်ချား၏။ ပြာသာဒ်တို့၏ အကြား အကြား၌လည်း လှည်းအဆင့်ဆင့် ညောင်စောင်းအဆင့်ဆင့်တို့ကို ဖွဲ့ကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် သုံးလပတ်လုံး နေတော်မူပြီး၍ ငါတို့သွားကုန်အံ့ဟု မြိုသူတို့အား ကြားတော်မူ၏။ မြို့သူတို့သည် ဘုန်းတော်ကြီးသော အရှင်ဘုရား နက်ဖြန် ကြွတော်မူပါဟု သဗ္ဗညူ မြတ်စွာဘုရားကို ပင့်ဘိတ်၍ နှစ်ရက်မြောက်သောနေ့၌ ဘုရားအမှူးရှိသော ရဟန်း သင်္ဃာအား အလှူကြီးကိုစီရင်၍ မြို့လယ်၌ မဏ္ဍပ်ဆောက်၍ တန်ဆာဆင်၍ နေရာခင်း၍ ကာလကိုကြားလောက်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းသင်္ဃာ ခြံရံလျက် ထိုမဏ္ဍာပ်သို့ ကြွတော်မူ၍ နေတော်မူ၏။ လူတို့သည် အလှူကြီးကို ပေးကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်း ပေးတော်မူပြီးသော် သာယာစွာသော အသံတော်ဖြင့် အနုမောဒနာ ပြုတော်မူ၏။ ထိုခဏ၌ ဘဒ္ဒဇိသူဌေးသားသည်လည်း ပြာသာဒ်တဆောင်မှ ပြာသာဒ်တဆောင်သို့ သွား၏။ ထိုဘဒ္ဒဇိသူဌေးသား၏စည်းစိမ်ကို ကြည့်အံ့သောငှါ ထိုနေ့၌ တစုံတယောက်သောသူသည် မလာ၊ မိမိလူတို့သည်သာလျှင် သူဌေးသားကို ခြံရံကုန်၏။ ဘဒ္ဒဇိသူဌေးသားသည် တပါးသောကာလ၌ ငါသည် ပြာသာဒ် တဆောင်မှ ပြာသာဒ်တဆောင်သို့ သွားသော်မြို့အလုံးသည် ချောက်ချား၏။ လှည်းအဆင့်ဆင့် ညောင်စောင်း အဆင့် ဆင့်တို့ကို ဖွဲ့ကုန်၏ ယနေ့ကား ငါ၏ လူတို့ကိုထား၍ တပါးသော တစုံတယောက်သောသူသည် မရှိ၊ အကြောင်း အသို့နည်းဟု လူတို့ကို မေး၏။ အရှင့်သား သဗ္ဗညူ မြတ်စွာဘုရားသည် ဤဘဒ္ဒိယမြို့ကို မှီတော်မူ၍ သုံးလပတ်လုံး နေတော်မူပြီး၍ ယနေ့ပင် ကြွတော်မူအံ့၊ ထိုမြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီး၍ လူများအား တရား ဟောတော်မူ၏။ အလုံးစုံသော မြို့သူတို့သည်လည်း ဘုရား၏ တရားတော်ကို နာကုန်လတ္တံ့ ဟု ဆိုကုန်၏။ ဘဒ္ဒဇိသူဌေးသားသည် အချင်းတို့ ထိုသို့တပြီးကား လာကြကုန်လော့၊ ငါတို့သည် တရားတော်ကို နာကုန်အံ့ဟု ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက်သာလျှင် များစွာသောအခြံအရံဖြင့် ချဉ်းကပ်၍ ပရိသတ်အစွန်း၌တည်၍ နာလျက်လျှင် ခပ်သိမ်းသော ကိလေသာတို့ကို ကုန်စေ၍ အရဟတ္တဖိုလ်သို့ရောက်၏။

သဗ္ဗညူမြတ်စွာဘုရားသည် ဘဒ္ဒိယသူဌေးကို ခေါ်တော်မူ၍ သူဌေးကြီး သင်၏သားသည် တန်ဆာဆင်လျက်သာလျှင် တရားကိုနာသည်ရှိသော် အရဟတ္တဖိုလ်၌တည်၏။ ထို့ကြောင့် ဘဒ္ဒဇိအား ယနေ့လျှင် ရဟန်း ပြုအံ့သောငှါ၎င်း ပရိနိဗ္ဗာန် ပြုအံ့သောငှါ၎င်း သင့်၏ဟု မိန့်တော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်၏သားအား ပရိနိဗ္ဗာန်ပြုခြင်းဖြင့် အလိုမရှိ၊ အကျွန်ုပ်သားကို ရဟန်းပြုပါကုန်၊ ရဟန်းပြုပြီး၍ အကျွန်ုပ်သားကို ခေါ်တော်မူ၍ နက်ဖြန် အကျွန်ုပ်အိမ်သို့ ကြွတော်မူပါကုန်ဟု လျောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ပင့်ဘိတ်ခြင်းကို သည်းခံတော်မူ၍ အမျိုးသားကို ခေါ်တော်မူ၍ ကျောင်းသို့ကြွတော်မူ၍ ရဟန်းပြုစေ၍ ပဉ္စင်းအဖြစ်ကို ပေးတော်မူ၏။ ဘဒ္ဒဇိမထေရ်၏ မိဘတို့သည် ခုနစ်ရက်ပတ် လုံး ကြီးစွာသော ပူဇော်သက္ကာရကို ပြုကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး နေတော်မူ၏။ အမျိုးကောင်းသားကို ခေါ်တော်မူ၍ ဒေသစာရီကြွတော်မူသည်ရှိသော် ကောဋိရွာသို့ ရောက်တော်မူ၏။ ကောဋိရွာ၌ နေကုန်သောသူတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလှူကြီးကို ပေးကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးသော ကိစ္စအဆုံး၌ အနုမောဒနာပြုတော်မူ၏။ အမျိုးကောင်းသားသည် ဘုရားအနုမောဒနာ ပြုသောကာလ၌ ရွာအပသို့သွား၍ ဘုရားကြွတော်မူလာသော ကာလ၌ ဈာန်မှထအံ့ဟု ဂင်္ဂါကမ်းနား၏အနီး တခုသောသစ်ပင်ရင်း၌ ဈာန်ဝင်စား၍နေ၏။ မထေရ်ကြီးတို့သည် လာကုန်သော်လည်း မထမူ၍ ဘုရားကြွလာသောအခါ၌သာလျှင် ဈာန်မှ ထ၏။ ပုထုဇဉ်ရဟန်းတို့ သည်ကား ဤဘဒ္ဒဇိသည် ရှေး၌ ရဟန်းပြုဘိသကဲ့သို့ ယမန်နေ့၌ ရဟန်းပြုလျက် လာကုန်သောမထေရ်တို့ကို မြင်၍လည်း မထဟု အမျက်ထွက်ကုန်၏။

ကောဋိရွာ၌နေကုန်သော သူတို့သည် လှေဖောင်ကို ဘွဲ့ကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လှေဖောင်စီးသော သင်္ဘောအလယ်၌ တည်တော်မူ၍ ဘဒ္ဒဇိသည် ဘယ်မှာနည်းဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား ဤဘဒ္ဒဇိသည် ဤမှာလျှင်တည်းဟု လျောက်ကုန်၏။ ဘဒ္ဒဇိလာလော့ ငါတို့နှင့်အတူ တစင်းတည်းသောလှေကို စီးလော့ဟု မိန့်တော်မူ၏။ ဘဒ္ဒဇိမထေရ်သည်သွား၍ သဗ္ဗညူ မြတ်စွာဘုရားရှင်နှင့်အတူ တစင်းတည်းသော လှေ၌ စီး၏။ ထို့နောင်မှ ထိုဘဒ္ဒဇိမထေရ်ကို ဂင်္ဂါအလယ်သို့ ရောက်သောကာလ၌ သဗ္ဗညူမြတ်စွာဘုရားသည် ဘဒ္ဒဇိ သင်သည် မဟာပနာဒမင်းဖြစ်သောကာလ၌ နေသောပြာသာဒ်သည် အဘယ်မှာနည်းဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား ဤအရပ်၌ နေ၏ဟုလျောက်၏။ ပုထုဇဉ်ရဟန်းတို့သည် ဘဒ္ဒဇိမထေရ်ကား တပါးကို ပြောဆို ၏ဟု ဆိုကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဘဒ္ဒဇိ ထိုသို့တပြီးကား ရဟန်းတို့၏ ယုံမှားခြင်းကို ဖျောက်လော့ဟု မိန့်တော်မူ၏။ ထိုခဏ၌ ဘဒ္ဒဇိမထေရ်သည် သဗ္ဗညူ မြတ်စွာဘုရားကို ရှိခိုး၍ တန်ခိုးအစွမ်းဖြင့်သွား၍ ပြာသာဒ်ထုပိကာကို ခြေချောင်းဖြင့်ညှပ်၍ နှစ်ဆယ့်ငါးယူဇနာရှိသော ပြာသာဒ်ကိုယူ၍ ကောင်းကင်သို့ပျံ၏။ ကောင်းကင်သို့ပျံသော အရှင်ဘဒ္ဒဇိမထေရ်သည် ပြာသာဒ်အောက်၌ တည်ကုန်သောသူတို့အား ပြာဿာဒ်ကိုဘောက်၍ထင်၏။ အရှင်ဘဒ္ဒဇိမထေရ်သည် တယူဇနာ နှစ်ယူဇနာ သုံးယူဇနာ စသည်ဖြင့် ယူဇနာ နှစ်ဆယ်တိုင်အောင် ရေမှ ပြာသာဒ်ကို ချီ၏။ ထိုအခါ အရှင်ဘဒ္ဒဇိမထေရ်၏ ရှေးဘဝ၌ ဆွေမျိုးတို့သည် ပြာသာဒ်၌ တပ်စွန်းသဖြင့် ငါးလိပ် နဂါး ဖားတို့၏အဖြစ်ဖြင့် ထိုပြာသာဒ်၌ ဖြစ်ကုန်၏။ ပြာသာဒ်ကို ချီလတ်သော် ခုန်၍ ရေ၌လျှင် ကျကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ရေ၌ကျကုန်သော ထိုသတ္တဝါတို့ကို မြင်တော်မူ၍ ဘဒ္ဒဇိ သင့်ဆွေမျိုးတို့သည် ပင်ပန်းကုန်၏ဟု မိန့်တော်မူ၍ ဘဒ္ဒဇိမထေရ်သည် ထိုစကားကို ကြား၍ ပြာသာဒ်ကို လွှတ်၏။ ပြာသာဒ်သည် တည်မြဲတိုင်း၌လျှင် တည်၏။ ဂင်္ဂါကမ်းနား၌လျှင် မြတ်စွာဘုရား၏ နေရာတော်ကို ခင်းကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ခင်းအပ်သော မြတ်သော ဘုရားနေရာတော်၌ တက်သစ်သော နေလုလင်ကဲ့သို့ ရောင်ခြည်တော်တို့ကို လွှတ်လျက် နေတော်မူ၏။ ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားကို ရဟန်းတို့သည် ဘုန်းတော်ကြီးသော အရှင်ဘုရား အဘယ်ကာလ၌ ဘဒ္ဒဇိမထေရ်သည် သုံးဆောင်ဘူးပါသနည်းဟု လျောက်ကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် မဟာပနာဒမင်း ဖြစ်သောကာလ၌ ဘဒ္ဒဇိမထေရ်သည် သုံး ဆောင်ဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဝိဒေဟတိုင်း မိထိလာပြည်၌ သုရုစိမည်သော မင်းသည် မင်းပြု၏။ ထိုသုရုစိမင်း၏ သားသည်လည်း သုရုစိမည်သည်သာလျှင်ကတည်း၊ ထိုသုရုစိမင်း၏သားသည် မဟာပနာဒမည်၏။ ထိုမင်းတို့သည် ဤပြာသာဒ်ကို ရဘူးကုန်၏။ ရခြင်းအကျိုးကားလွန်လေပြီးသောအခါ နှစ်ယောက်ကုန်သော သားအဘတို့သည် ကျူထရံ ရေသဖန်းသား သစ်တို့ဖြင့် ပစ္စေကဗုဒ္ဓါ၏ နေရာကျောင်းကို ဆောက်လှူကုန်၏။ ဤဇာတ်၌ အလုံးစုံသော အတိတ်ဝတ္ထုသည် ပကိဏ္ဏကနိပါတ် ခြောက်ခုမြောက် သုရုစိဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ သဗ္ဗညူ မြတ်စွာဘုရားသည် ဤအတိတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၄၀။ ပနာဒေါ နာမ သော ရာဇာ၊ ယဿ ယူပေါ သုဝဏ္ဏမယော။
တိရိယံ သောဠသုဗ္ဗေဓော၊ ဥဒ္ဓမာဟုသဟဿဓာ။
၄၁။ သဟဿ ကဏ္ဍော သတဂေဏ္ဍု၊ ဓဇာလု ဟရိတာမယော။
အနစ္စုံ တတ္ထ ဂန္ဓဗ္ဗာ၊ ဆသဟဿာနိ သတ္ထဓာ။
၄၂။ ဝမေဝ တထာ အာသိ၊ ယထာ ဘာသသိ ဘဒ္ဒဇိ။
သက္ကော အဟံ တဒါ အာသိံ၊ ဝေရာဝစ္စကရော တဝ၊

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၄၀။ ယဿ၊ အကြင်မင်း၏။ ယူပေါ၊ ပြာသာဒ်သည်။ သုဝဏ္ဏမယော၊ ရွှေဖြင့် ပြီး၏။ တိရိယံ၊ အပြန့်အားဖြင့်။ သောဠသုဗ္ဗေဓော၊ တဆယ့်ခြောက်ကဏ္ဍဂမနပြန့်၏။ ဥဒ္ဓံ၊ အရပ်အားဖြင့်။ သဟဿဓာ၊ ကဏ္ဍဂမန တထောင်မြင့်သည်။ အဟု၊ ဖြစ်၏။ သော ရာဇာ၊ ထိုမင်းသည်။ ပနာဒေါ နာမ၊ ပနာဒမည်၏။

ထိုပြာသာဒ်သည် တဆဲ့ငါးယူဇနာ အမြင့်၊ ရှစ်ယူဇနာ အပြင်အကျယ်ရှိသည် ဟူလိုသည်။

၄၁။ သဟဿကဏ္ဍော၊ ကဏ္ဍဂမန တထောင်မြင့်သော ပြာသာဒ်သည်။ သတဂေဏ္ဍု၊ ဘုံဆင့်တရာရှိ၏။ ဓဇာလု၊ များသော တံခွန်ရှိ၏။ ဟရိတာမယော၊ ပတ္တမြားစိမ်းတို့ဖြင့် ပြီး၏။ တတ္ထ၊ ထိုပြာသာဒ်၌။ ဆသဟဿာနိ၊ ခြောက်ထောင်ကုန်သော။ ဂန္ဓဗ္ဗာ၊ ကချေသည်တို့သည်။ သတ္တဓာ၊ ခုနစ်ဌာနတို့၌။ အနစ္စုံ၊ ကကုန်၏။

ဤသို့ ကကုန်သော်လည်း မင်းကို ရွှင်စေခြင်းငှါ မတတ်နိုင်ကုန်၊ ထိုအခါ သိကြားမင်းသည် နတ်ကချေသည်ကို စေလွှတ်၍ သဘင်ပြုစေ၏။ ထိုအခါ မဟာပနာဒမင်းသည် ရွှင်၏။

၄၂။ ဘဒ္ဒဇိ၊ ဘဒ္ဒိဇိ။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ တွံ၊ သင်သည်။ ဘာသသိ၊ ဆို၏။ တထာ၊ ထိုအခြင်းအရာအားဖြင့်။ ဧဝမေဝ၊ ဤသို့ သင်ဆိုတိုင်းသာ လျှင်။ အာသိ၊ ဖြစ်၏။ အဟံ၊ ငါသည်။ တဒါ၊ ထိုအခါ၌။ တဝ၊ သင်၏။ ဝေယျာဝစ္စကရော၊ အမှုကြီးငယ်ကိုဆောင်ရွက်သော။ သက္ကော၊ သိကြားသည်။ အာသိံ၊ ဖြစ်၏။

ဤသို့ ဟောတော်မူသောခဏ၌ ပုထုဇဉ် ရဟန်းတို့သည် ယုံမှားခြင်း ကင်းကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဘဒ္ဒဇိမထေရ်သည် ထိုအခါ မဟာပနာဒမင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိကြားမင်း ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ဒါနဟူက၊ အားကိုးရ၊ ဤမျှတန်ခိုးကြွယ်

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော မဟာပနာဒဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ပဒုမဝဂ်

၅။ ခုရပ္ပဇာတ်

သေဝံ့မှ သူရဲကောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်ဘုရားသည် ဒိသွာ ခုရပ္ပေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤခုရပ္ပဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် လျော့သော ဝီရိယရှိသော ရဟန်းတပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုရဟန်းကို သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းသင်ကား လျော့သော ဝီရိယရှိသောဟူသည် မှန်သလောဟု မေးတော်မူ၏။ မှန်ပေ၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်း အဘယ့်ကြောင့် ဝဋ် ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ ဝီရိယကို လျော့ဘိသနည်း၊ ရှေးပညာရှိတို့သည် ဝဋ်ဆင်းရဲမှ မထွက်မြောက်စေတတ်သောညအရာ၌လည်း ဝီရိယကို ပြုကုန်သလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသော တောအုပ်စောင့် အမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ငါးရာသော အခြံအရံရှိသည်ဖြစ်၍ တော အုပ်စောင့်တို့တွင် အကြီးဖြစ်၍ တောအုပ်ဝယ် တခုသောရွာ၌ နေ၏။ ထိုတောအုပ်စောင့်သည်ကား အခယူ၍ လူတိုင်းကို တောအုပ်ကို လွန်စေ၏။ ထိုအခါ တနေ့သ၌ ဗာရာဏသီပြည်၌နေသော လှည်းကုန် သည်၏သားသည် လှည်းငါးရာတို့ဖြင့် ထိုရွာသို့ရောက်၍ အဆွေ တထောင်သော အသပြာကိုယူ၍ ငါ့အား တောအုပ်ကို လွန်စေလောဟု ဆို၏။ ထိုတော အုပ်စောင့်သည် ကောင်းပြီဟု လှည်းကုန်သည်လက်မှ တထောင်သော အသပြာကို ယူ၏။ အခကိုယူပြီးလျှင် လှည်း ကုန်သည်အား အသက်ကို စွန့်၏။ ထိုတောအုပ်စောင့်သည်လည်း ထိုကုန်သည်ကိုယူ၍ တောအုပ်သို့ ဝင်၏။ တောအုပ်အလယ်၌ ငါးရာကုန်သော ခိုးသူတို့သည် ထကုန်၏။ ခိုးသူတို့ကိုမြင်၍ ဘုရားလောင်းမှ ကြွင်းသောသူတို့သည် ရင်ဖြင့် ဝပ်ကုန်၏။ တောအုပ်စောင့် အကြီးသည်ကား တယောက်တည်းသာလျှင် ဟစ်ကြွေး ကြော်ငြာလျက် ပစ်လွှတ်၍ ငါးရာသော ခိုးသူတို့ကို ပြေးစေ၍ လှည်းကုန်သည်သားကိုလည်း ချမ်းသာသဖြင့် ကန္တာရကို ကူးခပ်စေ၏။

လှည်းကုန်သည်သားသည် ကန္တာရတဘက်၌ လှည်းကိုရပ်စေ၍ တောအုပ်စောင့်အကြီးကို အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်ကိုစားစေ၍ မိမိသည်လည်း နံနက်စာစား၍ ချမ်းသာစွာနေလျက် ထိုတောအုပ်စောင့်အကြီးနှင့်တကွ စကားပြောလတ်သည် ရှိသော် အဆွေ ကြမ်းကြုတ်ကုန်သော ခိုးသူတို့၏ လက်နက်တို့ကိုကိုင်၍ လွှမ်းမိုးသော ကာလ၌ အဘယ်အကြောင်းကြောင့် စိတ်ထိတ်လန့်ခြင်းသည်လည်း မဖြစ်သနည်းဟု မေးလိုရကား-

၄၃။ ဒိသွာ ခုရပ္ပေ ဓနု ဝေဂနုန္နေ၊
ခဂ္ဂေ ဂဟိတေ တိခိဏေ တေလဓောတေ။
တသ္မိံ ဘယသ္မိံ မရဏေ ဝိယူဠှေ၊
ကသ္မာ နု တေနာဟု ဆမ္ဘိတတ္တံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၄၃။ သမ္မ၊ အဆွေ။ ဓနုဝေဂနုန္နေ၊ လေး၏အဟုန်ဖြင့် ပစ်လွှတ်အပ်ကုန်သော။ ခုရပ္ပေ၊ စဉ်းသွားတို့ကို၎င်း။ ဂဟိတေ၊ ကိုင်စွဲအပ်ကုန်သော။ တိခိဏေ၊ ထက်စွာကုန်သော။ တေလဓောတေ၊ ဆီဖြင့်ဆေးအပ်ကုန်သော။ ခဂ္ဂေ၊ သန်လျက်တို့ကို၎င်း။ ဒိသွာ၊ မြင်၍။ ဘယသ္မိံ၊ ကြောက်ဘွယ်ရှိသော။ တသ္မိံ မရဏေ၊ ထိုသေခြင်းသည်။ ဝိယူဠှေ၊ ရွှေရှုထင်လတ်သော်။ ကသ္မာ နု၊ အဘယ်ကြောင့်လျှင်။ တေ၊ သင်အား။ ဆမ္ဘိတတ္တံ၊ ကိုယ်တုန်လှုပ်ခြင်းသည်။ နာဟု၊ မဖြစ်သနည်း။

ထိုစကားကို ကြား၍ တောအုပ်စောင့် အကြီးသည်-

၄၄။ ဒိသွာ ခုရပ္ပေ ဓနုဝေဂနုန္နေ၊
ခဂ္ဂေ ဂဟိတေ တိခိဏေ တေလဓောတေ။
တသ္မိံ ဘယ္မိံ မရဏေ ဝိယူဠှေ၊
ဝေဒံ အလတ္ထံ ဝိပုလံ ဥဠာရံ။
၄၅။ သော ဝေဒဇာတော အဇ္ဈဘဝိံ အမိတ္တေ၊
ပုဗ္ဗေဝ မေ ဇီဝိတ မာသိ စတ္တံ။
န ဟိ ဇီဝိတေ အာလယံ ကုဗ္ဗမာနော၊
သူရော ကယိရာ သူရကိစ္စံ ကဒါစိ။

ဟူသော ဤမှတပါးကုန်သော နှစ်ဂါထာတို့ကို ဆို၏။

၄၄။ သမ္မ၊ အဆွေ။ အဟံ၊ ငါသည်။ ဓနုဝေဂနုန္နေ၊ လေး၏ အဟုန်ဖြင့် ပစ်လွှတ်အပ်ကုန်သော။ ခုရပ္ပေ၊ စဉ်းသွားတို့ကို၎င်း။ ဂဟိတေ၊ ကိုင်စွဲအပ်ကုန်သော။ တိခိဏေ၊ ထက်စွာကုန်သော။ တေလဓောတေ၊ ဆီဖြင့် ဆေးအပ်ကုန်သော။ ခဂ္ဂေ၊ သန်လျက်တို့ကို၎င်း။ ဒိသွာ၊ မြင်၍။ ဘယသ္မိံ၊ ကြောက်မက်ဘွယ်ရှိသော။ တသ္မိံ မရဏေ၊ ထိုသေခြင်းသည်။ ဝိယူဠှေ၊ ရှေ့ရှု ထင်သည်ရှိသော်။ ဝိပုလံ၊ များသော။ ဥဠာရံ၊ မြတ်သော။ ဝေဒံ၊ နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းကို။ အလတ္ထံ၊ ရ၏။

၄၅။ ဝေဒဇာတော၊ နှစ်သက်ခြင်း ဝမ်းမြောက်ခြင်း ရှိသော။ သော အဟံ၊ ထိုငါသည်။ အမိတ္တေ၊ ရန်သူတို့ကို။ အဇ္ဈဘဝိံ၊ လွှမ်းမိုးပြီ။ ပုဗ္ဗေဝ၊ ရှေး၌သာလျှင်။ မေ၊ ငါသည်။ ဇီဝိတံ၊ အသက်ကို။ စတ္တံ၊ စွန့်အပ်သည်။ အာသိ၊ ဖြစ်ပြီ။ ဟိ သစ္စံ၊ မှန်၏။ ဇီဝိတေ၊ အသက်၌။ အာလယံ၊ တပ်စွန်းခြင်းကို။

ကုဗ္ဗ ယမာနော၊ ပြုသော။ သူရော၊ သူရဲသည်။ ကဒါစိ၊ တရံတဆစ်မျှ။ သူရကိစ္စံ၊ သူရဲကိစ္စကို။ န ကယိရာ၊ မပြုနိုင်ရာ။

ဤသို့ ထိုတောအုပ်စောင့် အကြီးသည် သူတပါးအား စွန့်အပ်သော အသက်၌ တပ်စွန်းခြင်းကို လွှတ်သဖြင့် မိမိ၏ သူရဲကိစ္စကို သိစေ၍ လှည်းကုန်သည်သားကို လွှတ်လိုက်၍ မိမိရွာသို့သာလျှင် ပြန်၍ ဒါန အစရှိသော ကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ လျော့သော ဝီရိယရှိသော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ တောအုပ်စောင့် အကြီး ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အသက်ကိုစွန့်၊ မငဲ့တွန့်၊ ရဲဝံ့ အာဇာနည်

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ခုရပ္ပဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ပဒုမဝဂ်

၆။ ဝါတဂ္ဂ သိန္ဓဝဇာတ်

အမူလွန်သော မ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယေနာသိ ကိသိယာ ပဏ္ဍု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝါတဂ္ဂသိန္ဓဝဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာဝတ္ထိပြည်၌ တယောက်သော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ အဆင်းလှသော တယောက်သော မိန်းမသည် အဆင်းလှသော တယောက်သော သူကြွယ်ကိုမြင်၍ တပ်စွန်းသောစိတ်ရှိသတတ်၊ ကိုယ်အလုံးကို မီးလောင်သကဲ့သို့ ထိုမိန်းမ ၏ကိုယ်တွင်း၌ ကိလေသာမီးသည် ဖြစ်၏။ ထိုမိန်းမသည် ကိုယ်၏။ ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်းကို မရ၊ ထမင်းကိုလည်း မစား၊ ညောင်စောင်းပေါင်ကိုလျှင်ကိုင်၍ အိပ်၏။ ထိုအခါ ထိုမိန်းမကို အလုပ်အကျွေးတို့သည်၎င်း အဆွေခင်ပွန်းတို့သည်၎င်း မိခင် သင်သည်၎င်း အဘယ့်ကြောင့်လျှင် တုန်လှုပ်သော စိတ်ရှိသည်ဖြစ်၍ ညောင်စောင်းပေါင်ကိုကိုင်၍ အိပ်သနည်း၊ သင့်အား အဘယ်ရောဂါ ဝေဒနာ ဖြစ်သနည်းဟု မေးကုန်၏။ ထိုသို့ မေးကုန်လတ်သော် အလုပ် အကျွေး အဆွေခင်ပွန်းတို့အား တကြိမ် နှစ်ကြိမ် မေးသောကာလ၌ မပြောမူ၍ အဖန်တလဲလဲ မေးအပ်သည်ရှိသော် ထိုအကြောင်းကို ကြား၏။ ထိုအခါ ထိုမိန်းမကို အလုပ်အကျွေး အဆွေ ခင်ပွန်းဖြစ်ကုန်သော မိန်းမတို့သည် နှစ်သိမ့်စေ၍ ရှင်မ သင်သည် မကြံလင့်၊ ငါတို့သည် ထိုသူကြွယ်ကို ဆောင်ကုန်အံ့ဟု ဆို၍ သွား၍ သူကြွယ်နှင့်တကွ ပြောဆိုကုန်၏။ ထိုသူကြွယ်သည် ငြင်းပယ်၍ အဖန်တလဲလဲ ဆိုအပ်သည်ရှိသော် သည်းခံ၏။ ထိုမိန်းမတို့သည် ဤမည်သောနေ့ ဤမည်သောအချိန် လာလော့ဟု ထိုသူကြွယ်ကို ဝန်ခံခြင်းကိုယူစေ၍ သွား၍ ထိုမိန်းမအား ပြောဆိုကုန်၏။ ထိုမိန်းမသည် မိမိနေရာတိုက်ခန်းကို ပြင်ဆင်၍ ကိုယ်ကိုတန်ဆာဆင်၍ အိပ်ရာအပြင်၌ နေလျက် သူကြွယ်သည် လာ၍ အိပ်ရာတပိုင်း၌နေလတ်သော် ငါသည် ဤသူကြွယ်အား အလေးမပြုမူ၍ ယခုပင်လျှင် အကယ်၍ အခွင့်ပြုချေအံ့၊ ငါ့အား အစိုးရသော အဖြစ်သည် ယုတ်လတ္တံ့၊ လာသောနေ့၌လျှင် အခွင့်ပြုခြင်းမည်သည်ကား မလျော်မသင့်၊ ယနေ့ သူကြွယ်ကို မျက်နှာမသာအောင် ပြုလိုက်၍ တပါးသောနေ့မှ အခွင့်ပြုအံ့ဟု ကြံ၏။ ထိုအခါ လက်ကိုကိုင်ခြင်း အစရှိသည်၏ အစွမ်းအားဖြင့် ကစားအံ့သောငှာ အားထုတ်သော သူကြွယ်ကို လက်၌ကိုင်၍ ဖဲလေ ဖဲလေ ငါ့အား သင်ဖြင့် အလိုမရှိဟု မြစ်၏။ သူကြွယ်သည် နောက်သို့ဆုတ်လျက် ရှက်၍ ထပြီးသော် မိမိအိမ်သို့လျှင်သွား၏။

တပါးကုန်သောမိန်းမတို့သည် ထိုမိန်းမသည် လက်ကိုင်မခံခြင်း အစရှိသောအဖြစ်တို့ကို သိ၍ သူကြွယ်ထွက်သွားသော် ထိုမိန်းမသို့ ချဉ်းကပ်၍ သင်သည် ထိုသူကြွယ်၌ တပ် စွန်းသော စိတ်ရှိသည်ဖြစ်၍ အစာအာဟာရကို ပယ်လျက် အိပ်၏။ ထိုအခါ ငါတို့သည် ထိုသူကြွယ်ကို အဖန်တလဲလဲ တောင်းပန်၍ ဆောင်ကုန်၏။ ထိုသူကြွယ်အား အဘယ်အကြောင်းကြောင့် ခွင့်မပြုသနည်းဟု မေးကုန်၏။ ထိုမိန်းမသည် ထိုအကြောင်းကို ကြား၏။ တပါးသော မိန်းမတို့သည် ထိုသို့တပြီးကား သင်သိလတ္တံ့ဟု ဆို၍ ဖဲကုန်၏။ သူကြွယ်သည် တဖန်ပြန်၍ မကြည့်၊ ထိုမိန်းမသည် ထိုသူကြွယ်ကို မရ၍ အစာစားခြင်း ကင်းသည်ဖြစ်၍ အသက်ကုန်ခြင်းသို့ ရောက်၏။ သူကြွယ်သည် ထိုမိန်းမ၏ သေသောအဖြစ်ကိုသိ၍ များစွာသော ပန်း နံ့သာပျောင်းတို့ကိုယူ၍ ဇေတဝန် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို ပူဇော်၍ တင့်အပ် လျောက် ပတ်စွာ နေ၏။ သဗ္ဗညူမြတ်စွာဘုရားသည် သီတင်းသည် သင်ကား အဘယ်ကြောင့် မထင်လာသနည်းဟု မေးတော်မူ၏။ ထိုအကြောင်းကို ကြားလျှောက်၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား ထိုမျှလောက်သော ကာလပတ်လုံး အကျွန်ုပ်သည် ရှက်၍ အရှင်ဘုရားသို့ ဆည်းကပ်အံ့သောငှါ မလာပေသည်ဟု လျှောက်လတ်သော် သီတင်းသည် ထိုမိန်းမသည် ယခုအခါ၌သာလျှင် ကိလေသာ၏အစွမ်းအားဖြင့် သင့်ကို ခေါ်စေ၍ လာသောကာလ၌ အခွင့်ကိုမပြုဘဲ ရှက်စေသည် မဟုတ်သေး၊ ရှေး၌လည်း ပညာရှိတို့၌ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ ခေါ်စေ၍ လာသောကာလ၌ အခွင့်ကိုမပြုမူ၍ ပင်ပန်းစေ၍ လွှတ်ဘူး၏ဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိန္ဓောမျိုး၌ ဖြစ်၍ ဝါတဂ္ဂသိန္ဓဝမည်သော မင်္ဂလာမြင်း ဖြစ်၏။ မြင်းထိန်းတို့သည် ထိုဝါတဂ္ဂသိန္နဝမြင်းကိုဆောင်၍ ဂင်္ဂါနား၌ ရေချိုးကုန်၏။ ထိုအခါ သိန္ဓောမြင်းကို ဘဒ္ဒလီမည်သော မြည်းမသည် မြင်၍ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ ကိလေသာ၏ အစွမ်းအားဖြင့် တုန်လှုပ်လျက် မြက်ကိုမစား၊ ရေကို မသောက် ခြောက်ကပ်ကြုံလှီ၍ အရိုးအရေမျှ ကြွင်းသည် ဖြစ်၏။ ထိုအခါ သားမြည်းငယ်သည် ခြောက်တပ်ကြုံလှီသော အမိကိုမြင်၍ မိခင် သင်သည် အဘယ်ကြောင့် မြက်ကိုမစား ရေကိုမသောက် ခြောက်ကပ်ကြုံလှီသည်ဖြစ်၍ ထိုထိုသောအရပ်၌ တုန်လှုပ်လျက် အိပ်သနည်း၊ သင့်အား အဘယ်ရောဂါ ဝေဒနာ ဖြစ်သနည်းဟု မေး၏။ ထိုမြည်းမသည် မပြောမဆိုမူ၍သာလျှင် အဖန်တလဲလဲမေးမှ ထိုအကြောင်းကို ပြောဆို၏။ ထိုအခါ မြည်းမကို သားသည်နှစ်သိမ့်စေ၍ မိခင် သင်မစိုးရိမ်လင့်၊ ငါသည် သိန္ဓောမြင်းကို ဆောင်၍ပေးအံ့ဟု ဆို၍ ဝါတဂ္ဂသိန္ဓောမြင်း ရေချိုးအံ့သောငှာ လာသောကာလ၌ ဆည်းကပ်၍ သခင် အကျွန်ုပ်၏အမိသည် သင်တို့၌ တပ်စွန်းသောစိတ်ရှိသည်ဖြစ်၍ အာဟာရစားခြင်းမှ ကင်းလျက် ခြောက်ကပ်၍ သေလတ္တံ့၊ ထိုအမိအား အသက်အလှူကို ပေးပါကုန်လော့ဟု ဆို၏။ ချစ်သား ကောင်းပြီ ပေးအံ့ဟု မြင်းထိန်းတို့သည် ငါ့ကို ရေချိုး၍ အတန်ငယ် ဂင်္ဂါမြစ်ကမ်းနား၌ထား၍ ကျက်စားစိမ့်သောငှါ လွှတ်ကုန်လတ္တံ့၊ သင်သည် အမိကိုခေါ်၍ ထိုအရပ်သို့ လာလော့ဟု သိန္ဓောမြင်း ဆို၏။ မြည်းငယ်သည် သွား၍ အမိကိုဆောင်၍ ထိုအရပ်၌လွှတ်၍ သင့်အပ်သောအရပ်၌ ပုန်းကွယ်လျက် နေ၏။

မြင်းထိန်းတို့သည်လည်း ဝါတဂ္ဂသိန္ဓောမြင်းကို ထိုအရပ်၌ လွှတ်ကုန်၏။ ထိုဝါတဂ္ဂသိန္ဓောမြင်းသည် ထိုမြည်းမကို ကြည့်၍ ချဉ်းကပ်၏။ ထိုအခါ ထိုမြည်းမသည် ဝါတဂ္ဂသိန္ဓော မြင်း ချဉ်းကပ်လာ၍ မိမိကိုယ်ကို နမ်းသည်ရှိသော် ငါသည် အလေးမပြုမူ၍ လာသောခဏ၌လျှင် သိန္ဓောမြင်းအား အခွင့်ကို အကယ်၍ပြုအံ့၊ ဤသို့ပြုသည်ရှိသော် ငါ့အား အခြံအရံ စည်းစိမ်ချမ်းသာသည် ယုတ်လတ္တံ့၊ အလိုမရှိသကဲ့သို့ ဖြစ်ခြင်းငှါ သင့်၏ဟု ကြံ၍ သိန္ဓောမြင်း၏ အောက်မေး၌ ခြေဖြင့်ကျောက်ကန်၍ ပြေး၏။ သိန္ဓောမြင်းအား သွားကျိုးအံ့သကဲ့သို့ ဖြစ်၏။ ဝါတဂ္ဂသိန္ဓောမြင်းသည်လည်း ငါ့အား ထိုမြည်းမဖြင့် အလိုမရှိဟု ရှက်၍ ထိုအရပ်မှ ပြေး၏။ ထိုမြည်းသည် နှလုံးမသာသည်ဖြစ်၍ ထိုအရပ်၌လျှင် လဲ၍ စိုးရိမ်လျက် ဝပ်၏။ ထိုအခါ သားသည် အမိထံသို့ ချဉ်းကပ်၍ မေးလိုရကား-

၄၆။ ယေနာသိ ကိသိယာ ပဏ္ဍု၊ ယေန ဘတ္တံ န ရုစ္စတိ။
အယံ သော အာဂတော ဘတ္တာ၊ ကသ္မာ ဒါနိ ပလာယသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၄၆။ အမ္မ၊ မိခင်။ ယေန၊ အကြင်သိန္ဓောမြင်း၌ တပ်စွန်းသော စိတ်ရှိသောကြောင့်။ တွံ၊ သင်သည်။ ကိသိယာ၊ ကြုံလှီ၏။ ပဏ္ဍု၊ ဖျော့တော့ခြင်းရှိသည်။ အသိ၊ ဖြစ်၏။ ယေန၊ အကြင်သိန္ဓောမြင်း၌ တပ်စွန်းသောစိတ် ရှိသောအကြောင်းကြောင့်။ တယာ၊ သင်သည်။ ဘတ္တံ၊ အစာကို။ န ရုစ္စတိ၊ မနှစ်သက်။ သော အယံ ဘတ္တာ၊ ထိုသိန္ဓောမြင်းသည်။ အာဂတော၊ လာ၏။ ကသ္မာ၊ အဘယ့်ကြောင့်။ ဒါနိ၊ ယခု။ ပလာယသိ၊ ပြေးစေဘိသနည်း။

မြည်းမသည် သား၏စကားကို ကြား၍-

၄၇။ သစေ ပနာဒိကေနေဝ၊ သန္ထဝေါ နာမ ဇာယတိ။
ယသော ဟာယတိ ဣတ္ထီနံ၊ တသ္မာ တာတ ပလာယဟံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၇။ တာတ၊ ချစ်သား။ အာဒိကနေဝ၊ အစ၌သာလျှင်။ သန္ထဝေါနာမ၊ ပေါင်းတော်ခြင်း မည်သည်ကား။ သစေ ပန ဇာယတိ၊ အကယ်၍ ဖြစ်အံ့။ ဣတ္ထီနံ၊ မိန်းမတို့အား။ ယသော၊ စည်းစိမ်ချမ်းသာ အခြံအရံသည်။ ဟာယတိ၊ ယုတ်တတ်၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ တံ၊ ထိုသိန္ဓောမြင်းကို။ ပလာယိံ၊ ပြေးစေ၏။

ထိုမြည်းမသည် သားအား ဤသို့ ပြုခြင်းသည် မိန်းမတို့၏ သဘောတည်းဟု ပြောဆို၏။-

၄၈။ ယသဿိနံ ကုလေ ဇာတံ၊ အာဂတံ ယာ န ဣစ္ဆတိ။
သောစတိ စိရရတ္တာယ၊ ဝါတဂ္ဂမိဝ ဘဒ္ဒလီ။

ဟူသော သုံးခုမြောက်သော ဤဂါထာကိုကား မြတ်စွာဘုရားသည် သစ္စာလေးပါးကို သိတော်မူပြီးသည်ဖြစ်၍ ဟောတော်မူ၏။

၄၈။ ယာ ဣတ္ထိ၊ အကြင်မိန်းမသည်။ အာဂတံ၊ ရောက်လာသော ကုလေ ဇာတံ၊ အမျိုး၌ဖြစ်သော။ ယသဿိနံ၊ စည်းစိမ်နှင့်ပြည့်စုံသော ယောက်ျားကို။ န ဣစ္ဆတိ၊ အလိုမရှိ။ ဘဒ္ဒလီ၊ ဘဒ္ဒလီမည်သော မြည်းမသည်။ ဝါတဂ္ဂံ၊ ဝါတဂ္ဂသိန္ဓောမြင်းကို။ သောစတိ ဣဝ၊ စွဲ၍စိုးရိမ်စေဘိသကဲ့သို့။ သာ ဣတ္ထိ၊ ထိုမိန်းမသည်။ စိရရတ္တာယ၊ အခါလေးမြင့်။ သောစတိ၊ စိုးရိမ်ရ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ထိုမိန်းမသည် ထိုအခါ မြည်းမ ဖြစ်ဘူးလေပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဝါတဂ္ဂသိန္ဓောမြင်း ဖြစ်ဘူးလေပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အမူလွန်ကဲ၊ ချစ်သူလွဲ၊ သေပွဲရောက်တော့သည်

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဝါတဂ္ဂသိန္ဓဝဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ပဒုမဝဂ်

၇။ ကက္ကဋကဇာတ်

မ.သံ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သိင်္ဂီ မိဂေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကက္ကဋ္ဋကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသော မိန်းမကို အကြောင်း ပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တယောက်သော သူကြွယ်သည် မိမိ၏မယားကို ယူ၍ ကြွေးမြီဆပ်အံ့သောငှါ ဇနပုဒ်သို့သွား၍ ကြွေးမြီကိုဆပ်၍ ပြန်လတ်သော် လမ်းအကြား၌ ခိုးသူတို့သည် ဖမ်း၏။ ထိုသူကြွယ်၏ မယားသည်ကား အဆင်းလှ၏။ ကြည်ညိုဘွယ်ရှိ၏။ ခိုးသူကြီးသည် ထိုမိန်းမ၌ ချစ်သဖြင့် သူကြွယ်ကို သတ်အံ့သောငှါ အားထုတ်၏။ ထိုမိန်းမသည်ကား သီလရှိ၏။ အကျင့်နှင့်ပြည့်စုံ၏။ လင်ကို နတ်ကဲ့သို့ ကိုးကွယ် သည်ဖြစ်၍ ထိုမိန်းမသည် ခိုးသူကြီး၏ခြေတို့၌ ရှိခိုး၍ အရှင်ခိုးသူကြီး အကျွန်ုပ်၌ အကယ်၍ ချစ်ခင်ခြင်းရှိငြားအံ့၊ အကျွန်ုပ်လင်ကို မသတ်ပါနှင့်၊ အကယ်၍ သတ်အံ့၊ အကျွန်ုပ်သည် အဆိပ်ကို စား၍၎င်း နှာခေါင်းလေကို ချုပ်၍၎င်း သေအံ့၊ သင်နှင့်အတူ မလိုက်ရအံ့၊ အကျွန်ုပ်၏ လင်ကို အကြောင်းမရှိသဖြင့် မသတ်ပါလင့်ဟု တောင်းပန်၍ လင်ကိုလွှတ်စေ၏။ ထိုလင်မယားနှစ်ယောက်တို့သည်လည်း အသက်ချမ်းသာသဖြင့် သာဝတ္ထိပြည်သို့ရောက်၍ ဇေတဝန် ကျောင်းတော်၏နောက်ဖြစ်သော ကျောင်းအစွန်းသို့ဝင်၍ မြတ်စွာဘုရားကို ရှိခိုးကုန်အံ့ဟု ဂန္ဓကုဋိ ပရိဝုဏ်သွား၍ မြတ်စွာဘုရားကိုရှိခိုး၍ တင့်အပ်လျောက်ပတ်စွာ နေကုန်၏။ ထိုလင်မယား နှစ်ယောက်တို့ကို သီတင်းသည်တို့ အဘယ်သို့ သွားကြကုန်သနည်းဟု မြတ်စွာဘုရားသည်။ မေးတော်မူအပ်သည်ရှိသော် ကြွေးမြီဆပ်အံ့သောငှာ သွားပါကုန်၏ဟု လျောက်ကုန်၏။ ခရီးအကြား၌ ရောဂါမရှိသဖြင့် လာရကုန်၏ လောဟု မေးတော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား ခရီးအကြား၌ အကျွန်ုပ်တို့ကို ခိုးသူတို့သည် ဖမ်းကုန်၏။ အကျွန်ုပ်ကို သတ်လိုသောခိုးသူကြီးကို ဤမိန်းမသည် တောင်းပန်၍ လွှတ်စေ၏။ ဤမိန်းမကိုမှီ၍ အသက်ကို ရ၏ ဟု။ သူကြွယ်သည် လျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် သီတင်းသည် ဤမိန်းမသည် ဤသို့ သင့်အား ယခုအခါ၌ သာလျှင် အသက်ကို ပေးဘူးသည် မဟုတ်၊ ရှေး၌ ပညာရှိတို့အားလည်း အသက်ကို ပေးဘူးသည်သာလျှင်တည်းဟု သဗ္ဗညူ မြတ်စွာဘုရားသည် မိန့်တော်မူ၍ ထိုသူကြွယ်သည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဟိမဝန္တာ၌ ရေကန်ကြီးသည် ရှိ၏။ ထိုရေကန်၌ ရွှေပုဇွန်ကြီးသည် နေ၏။ ရွှေပုဇွန်ကြီး၏ နေရာဖြစ်သောကြောင့် ကုဠီရ ရေကန်ဟု ထင်ရှား၏။ ထိုပုဇွန်ကြီးသည် ကောက်နယ်တလင်းဝန်း ပမာဏ ရှိ၏။ ဆင်တို့သည် ထိုပုဇွန်မှ ကြောက်ခြင်းကြောင့် ထိုရေကန်၌ ကျက်စားအံ့သောငှါ မတတ်နိုင်ကုန်၊ ထိုအခါ ဘုရားလောင်းသည် ထိုကုဠီရရေကန်ကို မှီ၍နေသော ဆင်မင်းကိုစွဲ၍ ဆင်မဝမ်း၌ ပဋိသန္ဓေနေ၏။ ထိုအခါ ထိုဆင်မသည် ကိုယ်ဝန်ကို စောင့်အံ့ဟု တပါးသော အရပ်သို့သွား၍ ကိုယ် ဝန်ကိုစောင့်၍ သားကိုဖွား၏။ ထိုဆင်သည် အစဉ်သဖြင့် လိမ္မာသောအဖြစ်သို့ ရောက်လတ်သော် ကြီးသောကိုယ်ရှိ၏။ အစွမ်းနှင့်ပြည့်စုံ၏။ တင့်တယ်ခြင်းအစုသို့ ရောက်၏။ မျက်စဉ်းတောင်ကဲ့သို့ ဖြစ်၏။ ထိုဆင်သည် တခုသော ဆင်မ၌ ပေါင်းဘော်ခြင်းကိုပြု၍ ပုဇွန်ကိုဖမ်းအံ့ဟု မိမိမယားကို၎င်း အမိကို၎င်းယူ၍ ဆင်အပေါင်းသို့ ချဉ်းကပ်၍ အဘကို ဖူးမြင်၍ ဘခင် အကျွန်ုပ်သည် ပုဇွန်ကို ဖမ်းအံ့ဟု ဆို၏။

ထိုအခါ အဘဆင်သည် ချစ်သား ပုဇွန်ကို ဖမ်းအံ့သောငှါ မတတ်နိုင်၊ မဖမ်းလေလင့်ဟု မြစ်၏။ အဖန်တလဲလဲ ဆိုသည်ရှိသော် သင်သည်လျှင် သိလတ္တံ့ဟု ဆို၏။ ထိုဆင်သည် ကုဠီရရေကန်ကိုမှီ၍နေကုန်သော ခပ်သိမ်းကုန်သော ဆင်တို့ကို စည်းဝေးစေ၍ ခပ်သိမ်းသော ဆင်တို့နှင့် တတူတကွ ရေကန်၏ အနီးသို့ သွား၍ ထိုပုဇွန်သည် တက်သောကာလ၌ ဖမ်းသလော၊ အစာစားသောကာလ၌ ဖမ်းသလောဟု မေး၏။ တက်သောကာလ၌ ဖမ်းသည်ဟု ကြား၍ ထိုသို့တပြီးကား သင်တို့သည် ကုဠီရရေကန်သို့သက်၍ အလိုရှိတိုင်း အစာကိုယူပြီး၍ ရှေးဦးစွာ တက်ကြကုန်၊ ငါသည် နောက်၌ နေရစ်အံ့ဟု ဆို၏။ ဆင်တို့သည် ဘုရားလောင်းဆင် ဆိုတိုင်း ပြုကြကုန်၏။ ပုဇွန်သည် နောက်မှတက်သော ဘုရားလောင်းကို ညှပ်ဖြင့် ပန်းဘဲတို့၏ သံချောင်းကို ညှပ်ဘိသကဲ့သို့ တက်မ နှစ်ခုတို့ဖြင့် ခြေ၌ မြဲစွာကိုင်၏။ ဆင်မသည် ဘုရားလောင်းကို မစွန့်မူ၍ အနီး၌သာလျှင် နေ၏။ ဘုရားလောင်းသည် ဆွဲငင်အပ်သည်ရှိသော် ပုဇွန်ကိုဆောင်အံ့သောငှါ မတတ်နိုင်၊ ပုဇွန်သည်ကား ဘုရားလောင်းကိုငင်လျက် မိမိသို့ ရှေးရှုသည်ကို ပြု၏။ ဘုရားလောင်းသည် သေဘေးမှ ကြောက်သည်ဖြစ်၍ မိသော မြည်ခြင်းကို မြည်၏။ ခပ်သိမ်း သော ဆင်တို့သည် ဘေးမှကြောက်ကုန်ရကား ကြိုးကြာသံနှင့်တူသော အသံကိုမြည်၍ ကျင်ကြီးကျင်ငယ်ကို စွန့်ကုန်လျက် ပြေးကုန်၏။ ဆင်မသည်လည်း ကြောက်ခြင်းကို သည်းခံအံ့သောငှါ မတတ်နိုင်၍ ပြေးအံ့သောငှါ အားထုတ်၏။ ထိုအခါ ထိုဆင်မကို ဘုရားလောင်းသည် မိမိအား ပုဇွန်၏ ညှပ်မိသည်၏အဖြစ်ကို သိစေ၍ ထိုဆင်မကို မပြေးစိမ့်သောငှာ-

၄၉။ သိင်္ဂီမိဂေါ အာယတစက္ခုနေတ္တော၊
အဋ္ဌိတ္တစော ဝါရိသယော အလောမော။
တေနာဘိဘူတော ကပဏံ ရုဒါမိ၊
မာဟေဝ မံ ပါဏသမံ ဇဟေယျ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၄၉။ ကရေဏုကေ၊ ဆင်မ။ သိင်္ဂီမိဂေါ၊ ရွှေပုဇွန်သည်။ အာယတစက္ခုနေတ္တော၊ ရှည်သော မျက်စိရှိ၏။ အဋ္ဌိတ္တစော၊ အရိုးဟူသော အရေရှိ၏။ ဝါရိသယော၊ ရေ၌နေ၏။ အလောမော၊ အမွေးမရှိ။ တေန၊ ထိုရွှေဗုဇွန်သည်။ အဘိဘူတော၊ နှိပ်စက်အပ်သည်ဖြစ်၍။ အဟံ၊ ငါသည်။ ကပဏံ၊ သနားဘွယ်။ ရုဒါမိ၊ ငို၏။ ပါဏသမံ၊ အသက်နှင့်တူသော။ မံ၊ ငါ့ကို။ မာဟေဝ ဇဟေယျ၊ မစွန့်ပါလင့်။

ထိုအခါ ဘုရားလောင်းအား ဆင်မသည် ပြန်၍ နှစ်သိမ့်စေလျက်-

၅၀။ အယျ န တံ ဇဟိဿာမိ၊ ကုဉ္စရံ သဋ္ဌိဟာယနံ။
ပထဗျာ စာတုရန္တာယ၊ သုပိယော ဟောသိ မေ တုံဝံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၅၀။ အယျ၊ အရှင်။ အဟံ၊ ငါသည်။ သဋ္ဌိဟာယနံ၊ အနှစ်ခြောက်ဆယ် ရှိသောကာလ၌ အားယုတ်သော။ ကုဉ္ဇရံ၊ ဆင်မင်း ဖြစ်သော။ တံ၊ သင့်ကို။ န ဇဟိဿာမိ၊ မစွန့်အံ့။ စာတုရန္တာယ စ၊ သမုဒ္ဒရာလေးစင်း အဆုံးရှိသော။ ပထဗျာ၊ မြေ၌။ တုဝံ၊ သင့်ကို။ မေ၊ ငါသည်။ သုပိယော၊ အလွန်ချစ်သည်။ အဟောသိ၊ ဖြစ်၏။

ထိုအခါ ဘုရားလောင်းကို တောင်းပန်၍ အရှင်ယခု သင့်ကို ပုဇွန်နှင့်တကွ အတန်ငယ် စကားပြောဆို၍ လွတ်စေအံ့ဟု ဆို၍ ပုဇွန်ကို တောင်း ပန်လိုရကား-

၅၁။ ယေ ကုဠီရာ သမုဒ္ဒသ္မိံ၊ ဂင်္ဂါယ ယမုနာယ စ။
တေသံ တွံ ဝါရိဇော သေဋ္ဌော၊ မုဉ္စ ရောဒန္တိယာ ပတိံ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၅၁။ အယျ၊ အရှင်ဗုဇွန်။ ဝါရိဇော၊ ရေ၌ဖြစ်သော။ တွံ၊ သင်သည်။ သမုဒ္ဒသ္မိံ၊ သမုဒ္ဒရာ၌၎င်း။ ဂင်္ဂါယ စ၊ ဂင်္ဂါ၌၎င်း။ ယမုနာယ စ၊ ယမုနာ၌၎င်း။ ယေ ကုဠီရာ၊ အကြင်ဗုဇွန်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေသံ၊ ထိုဗုဇွန်တို့ထက်။ သေဋ္ဌော၊ မြတ်၏။ တွံ၊ သင်သည်။ ရောဒန္တိယာ၊ ငိုသော ငါ၏။ ပတိံ၊ လင်ကို။ မုဉ္စ၊ လွှတ်လော့။

ပုဇွန်သည် ဆင်မအသံ၌ မိန်းမသံဟူသော အာရုံကိုယူ၍ မိန်းမသံသည် ငင်အပ်သော စိတ်ရှိသည်ဖြစ်၍ ဆင်ခြေမှ တက်မတို့ကို ဖြေသကဲ့သို့ လျော့စေလျှက် ဤဆင်သည် လျော့သည်ရှိသော် ဤမည်သော အမှုကို ပြုလတ္တံ့ဟု တစုံတခုကို မသိသည်ဖြစ်၏။ ထိုအခါ ဆင်သည် ခြေကိုချီ၍ ပုဇွန်၏ ကျောက်ကုန်း၌ နင်း၏။ ထိုခဏ၌လျှင် အရိုးတို့သည် ကွဲကုန်၏။ ဆင်သည် ဝမ်းမြောက်သောအသံဖြင့် မြည်၏။ ခပ်သိမ်းသော ဆင်တို့သည် စည်းဝေး၍ ပုဇွန်ကိုထုတ်၍ ရေကန် ၏အပဖြစ်သော အပြင်၌ ထားလျက် မှုန့်မှုန့်ညက်ညက် ကြေစေကုန်၏။ ထိုပုဇွန်၏ နှစ်ခုသော တက်မတို့ကို ကိုယ်မှခွဲ၍ လျောက်ပတ်သောအရပ်၌ ထားကုန်၏။ ထိုကုဠီရ ရေကန်သည် ဂင်္ဂါမြစ်နှင့် တစင်တည်းဖြစ်၍ ဂင်္ဂါရေ ပြည့်သောကာလ၌ ရေဖြင့် ပြည့်၏။ ဂင်္ဂါရေ နည်းသည်ရှိသော် ရေကန်မှရေသည် ဂင်္ဂါသို့ ဝင်၏။ ထိုအခါ နှစ်ခုသော ထက်သော တက်မတို့သည်လည်း ဂင်္ဂါ၌ မျောကုန်၏။ တခုသော တက်မသည် သမုဒ္ဒရာသို့ဝင်၍ တခုသော တက်မကိုကား ဒသဘာတိကမင်းတို့သည် ရေကန်၌ ကစားကုန်သော် ရကုန်၍ အာလိင်္ဂမည်သော မရိုးစည်ကို ပြုကုန်၏။ သမုဒ္ဒရာသို့ဝင်သော တက်မကိုကား အသုရာတို့သည် ယူကုန်၍ အာလမ္ဗရမည်သော စည်ကို ပြုကုန်၏။ ထိုအသုရာတို့သည် နောက်ကာလ၌ သိကြားမင်းနှင့် စစ်ထိုးကုန်လတ်သော် ရှုံးကုန်၍ အာလမ္ဗရစည်ကို ပစ်၍ ပြေးကုန်၏။ ထိုအခါ ထိုအာလမ္ဗရစည်ကို သိကြားမင်းသည် မိမိအကျိုးငှါ ယူခဲ့စေ၏။ ထိုစည်ကိုရည်၍ အာလမ္ဗရမိုဃ်းကဲ့သို့ မြည်၏ဟု ဆိုကြကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသခင်သည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ နှစ်ယောက်သော လင်မယားတို့သည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ သီတင်းသည်မသည် ထိုအခါ ဆင်မ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဆင် ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ပညာဉာဏ်ကပ်၊ မိန်းမမြတ်၊ ဖြစ်ရပ်အထူး သက်ကယ်ဘူး

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကက္ကဋ္ဋကဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ပဒုမဝဂ်

၈။ အာရာမဒူသကဇာတ်

ဥယျာဉ်ဖျက်မျောက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တက္ခသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယော ဝေ သဗ္ဗသမေတာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအာရာမဒူသကဇာတ်ကို ဒက္ခိဏဂီရိ ဇနပုဒ်၌ မထင်ရှားသော ဥယျာဉ်စောင့်၏သားကို အကြောင်း ပြု၍ ဟောတော်မူ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဝါကျွတ်ပြီး သည်ရှိသော် ဇေတဝန်ကျောင်းတော်မှ ထွက်၍ ဒက္ခိဏဂိရိဇနပုဒ်သို့ ဒေသစာရီကြွတော်မူသတတ်၊ ထိုအခါ တယောက်သော သီတင်းသည်သည် ဘုရားအမှူးရှိသော ရဟန်းသံဃာကိုဘိတ်၍ ဥယျာဉ်၌ သီတင်းသုံးနေစေ၍ ယာဂုခဲဘွယ်တို့ဖြင့် ရောင့်ရဲစေ၍ အရှင်ကောင်းတို့သည် ဥယျာဉ်၌ လှည့်လည်ကုန်သည်ရှိသော် ဥယျာဉ်စောင့်နှင့်တကွ လှည့်လည်စေကုန်သတည်းဟုဆို၍ အရှင်ကောင်းတို့အား သစ်သီးကြီးငယ်တို့ကိုလည်း လှူရစ်လော့ဟု ဆို၍ ဥယျာဉ်စောင့်ကို စေ၏။ ရဟန်းတို့သည် လှည့်လည်ကုန်သော် တခုသော သစ်ပင်ပြတ်ရာအရပ်ကို မြင်၍ ဤအရပ်ကား သစ်ပင်ပြတ်၏။ ဤအရပ်ကား သစ်ပင်သည် မရောက်၊ အကြောင်း အသို့နည်းဟု မေးကုန်၏။ ထိုအခါ ထိုရဟန်းတို့အား ဥယျာဉ်စောင့်သည် အရှင်ဘုရားတို့ တယောက်သော ဥယျာဉ်စောင့်သားသည် စိုက်ပျိုးအပ်ကုန်သော သစ်ပင်ငယ်တို့၌ ရေလောင်းသည်ရှိသော် အမြစ်ပမာဏဖြင့် ရေလောင်းအံ့ဟု နုတ်၍ အမြစ်ပမာဏဖြင့် ရေကိုလောင်း၏။ ထိုအကြောင်းကြောင့် ဤအရပ်၌ သစ်ပင်ပြတ်၏ဟု လျှောက်၏။ ရဟန်းတို့သည် မြတ်စွာဘုရား အထံသို့သွား၍ ထိုအကြောင်းကို လျောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုသူငယ်သည် ဥယျာဉ်ကို ဖျက်သည်မဟုတ်သေး၊ ရှေး၌လည်း ဥယျာဉ်ကို ဖျက်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဝိဿသေနမည်သော မင်းသည် မင်းပြုသည်ရှိသော် ပွဲသဘင်ကို ကြွေးကြော်သောအခါ၌ ဥယျာဉ်စောင့်သည် ပွဲသဘင်ကစားအံ့ဟု ဥယျာဉ်၌ နေကုန်သော မျောက်တို့ကို ဤဥယျာဉ်သည် သင်တို့အား ကျေးဇူးများ၏။ ငါသည် ခုနစ်ရက် ပွဲသဘင် ကစားချေအံ့၊ သင်တို့သည် ခုနစ်ရက်ပတ်လုံး စိုက် ပျိုးအပ်ကုန်သော သစ်ပင်တို့၌ ရေလောင်းရစ်ကုန်လော့ဟု ဆို၏။ ထိုမျောက်တို့သည် ကောင်းပြီဟု ဝန်ခံကုန်၏။ ထိုဥယျာဉ်စောင့်သည် မျောက်တို့အား ကြိုး အိုးတို့ကိုပေး၍ ဖဲသွား၏။ မျောက်တို့သည် စိုက်ပျိုးအပ်သော သစ်ပင်ငယ်တို့၌ ရေလောင်းကုန်အံ့ဟု ဆို၏။ ထိုအခါ မျောက်အပေါင်းကို မျောက်ကြီးသည် အချင်းတို့ ငံ့ကြဦးလော့၊ ရေမည်သည်ကို အခါခပ်သိမ်း ရခဲ၏။ ထိုရေကို စောင့်ရှောက်အပ်၏။ ထိုဥယျာဉ်၌ သစ်ပင်ငယ်တို့ကို နုတ်၍ အမြစ်ပမာဏကိုသိ၍ ရှည်သော အမြစ်ရှိကုန်သော သစ်ပင်ငယ်တို့၌ များစွာသော ရေကို။ တိုသော အမြစ်ရှိကုန်သော သစ်ပင်တို့၌ အနည်းငယ်သောရေကို လောင်းခြင်းငှါ သင့်၏ဟု ဆို၏။ ထိုမျောက်တို့သည် ကောင်းပြီဟုဝန်ခံ၍လျှင် အချို့ကုန်သော မျောက်တို့သည် သစ်ပင်တို့ကို နုတ်၍ သွားကုန်၏။ အချို့ကုန်သောမျောက်တို့သည် စိုက်ပျိုး၍ ရေလောင်းကုန်၏။

ထိုကာလ၌ ဘုရားလောင်းသည် ဗာရာဏသီပြည်၌ တယောက်သော အမျိုးသားဖြစ်၏။ ထိုဘုရားလောင်းသည် တစုံတခုသော ပြုဘွယ်ကိစ္စဖြင့် ဥယျာဉ်သို့သွား၍ ထိုသို့ပြုကုန်သော ထိုမျောက်တို့ကိုမြင်၍ အဘယ်သူသည် သင်တို့ကို ဤသို့ပြုစေသနည်းဟု မေး၏။ မျောက်ကြီးသည် စီရင်အပ်သောကြောင့် ဤသို့ပြုအပ်၏ဟု ဆိုသည်ရှိသော် မျောက်ကြီးအား ပညာနည်း၏။ သင်တို့အားကား အဘယ်သို့ သဘောရှိလေအံ့နည်းဟု အနက်ကို ပြလိုရကား-

၅၂။ ယော ဝေ သဗ္ဗသမေတာနံ၊ အဟုဝါ သေဋ္ဌသမ္မတော။
တဿာယံ ဧဒိသီ ပညာ၊ ကိမေဝ ဣတရာ ပဇာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၅၂။ သဗ္ဗသမေတာနံ၊ အလုံးစုံတူသော အမျိုး၌ဖြစ်ကုန်သော သတ္တဝါတို့တွင်။ ယော၊ အကြင်သတ္တဝါသည်။ ဝေ၊ စင်စစ်။ သေဋ္ဌသမ္မတော၊ မြတ် သည်ဟု သမုတ်အပ်သည်။ အဟုဝါ၊ ဖြစ်ပြီ။ တဿ၊ ထိုသတ္တဝါ၏။ အယံပညာ၊ ဤပညာသည်။ ဧဒိသီ၊ ဤသို့သဘောရှိ၏။ ဣတရာ၊ ဤမှတပါးသော။ ပဇာ၊ သတ္တဝါသည်ကား။ ကိမေဝ၊ အသို့လျှင် သဘောရှိအံ့နည်း။

ဘုရားလောင်း၏စကားကိုကြား၍ မျောက်တို့သည်-

၅၃။ ဧဝမေဝ တုဝံ ဗြဟ္မေ၊ အနညာယ ဝိနိန္ဒသိ။
ကထံ မူလံ အဒိသွာန၊ ရုက္ခံ ဇညာ ပတိဋ္ဌိတံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၅၃။ ဗြဟ္မေ၊ သူမြတ်။ တုဝံ၊ သင်သည်။ အနညာယ၊ မသိမူ၍။ ဧဝမေဝ၊ ဤအတူသာလျှင်။ အမှေ၊ ငါတို့ကို။ ဝိနိန္ဒသိ၊ ကဲ့ရဲ၏။ မူလံ၊ အမြစ်ကို။ အဒိသွာန၊ မမြင်မူ၍။ ပတိဋ္ဌိတံ၊ တည်သော။ ရုက္ခံ၊ သစ်ပင်ကို။ ကထံ ဧညာ၊ အသို့သိခြင်းငှါ တတ်ကောင်းအံ့နည်း။

ထိုစကားကိုကြား၍ ဘုရားလောင်းသည်-

၅၄။ နာဟံ တုမှေ ဝိနိန္ဒာမိ၊ ယေ စညေ ဝါနရာ ဝနေ။
ဝိဿသေနောဝ ဂါရယှော၊ ယဿတ္ထာ ရုက္ခရောပကာ။

ဟူသော သုံးခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၅၄။ ဝါနရာ၊ မျောက်ဖြစ်ကုန်သော။ ယေ တုမှေ၊ အကြင်သင်တို့သည်။ ဝနေ၊ တော၌။ ဝသန္တိ၊ နေကုန်၏။ တေ တုမှေ၊ ထိုသင်တို့ကို။ အဟံ၊ ငါသည်။ န ဝိနိန္ဒာမိ၊ မ ကဲ့ရဲ့။ အညေ၊ တပါးကုန်သော။ ဧတ္ထ၊ ဤအရပ်၌။ ယဿ၊ အကြင်ဝိဿသေနမင်း၏။ အတ္ထာ-အတ္ထာယ၊ အကျိုးငှါ။ တုမှာဒိသာ၊ သင်တို့ကဲ့သို့ သဘောရှိကုန်သော သူတို့သည်။ ရုက္ခရောပကာ၊ သစ်ပင်ပျိုးကုန်၏။ သော ဝိဿသေနောဝ၊ ထိုဝိဿသေနမင်းကိုသာလျှင်။ ဂါရယှော၊ ကဲ့ရဲ့အပ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဥယျာဉ်ကို ဖျက်သော သူငယ်သည် ထိုအခါ မျောက်ကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသောယောက်ျား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

တမိုက်တထွာ၊ ဉာဏ်နုံချာ၊ လျင်စွာ ဥယျာဉ်ပျက်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော အာရာမဒူသကဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ပဒုမဝဂ်

၉။ သုဇာတဇာတ်

နှုတ်ချိုကျိုး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် န ဟိ ဝဏ္ဏေန သမ္ပန္နာအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုဇာတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အနာထပိဏ်သူဌေး၏ချွေးမ, ဓနဉ္စယသူဌေး၏ သ္မီး, ဝိသာခါ၏ ညီမဖြစ်သော သုဇာတာကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုသုဇာတာသည် များစွာသော အခြံအရံဖြင့် အနာထပိဏ်သူဌေး၏ အိမ်ကိုပြည့်စေလျက် ဝင်သတတ်၊ ငါကား ဆွေကြီး မျိုးကြီး သ္မီးတည်းဟု မာနဖြင့်ခိုင်မာ၏။ အမျက်ထွက်တတ်၏။ ကြမ်းကြုတ်၏။ ယောက္ခမဝတ် လင်ဝတ်တို့ကို မပြု၊ အိမ်သူအိမ်သားကို ခြိမ်းချောက်သည်ဖြစ်၍ ရိုက်ပုတ်လျက် လှည့်လည်၏။ ထိုအခါ တနေ့သ၌ သဗ္ဗညူ မြတ်စွာဘုရားသည် ငါးရာကုန်သော ရဟန်းတို့ဖြင့်ခြံရံလျက် အနာထပိဏ်သူဌေး၏ အိမ်သို့ကြွ၍ နေတော်မူ၏။ အနာထပိဏ်သူဌေးကြီးသည် တရားနာလိုသည်ဖြစ်၍ မြတ်စွာဘုရား အထံတော်သို့ ဆည်းကပ်၍ရှိခိုး၍ နေ၏။ ထိုခဏ၌ သုဇာတာသည် ကျွန်အမှုလုပ်တို့နှင့် ခိုက်ရန်တွေ့၏။ သဗ္ဗညူ မြတ်စွာဘုရားသည် တရားဟောတော်မူ၍လျှင် ဤအသံကား အဘယ်အသံနည်းဟု မိန့်တော်မူ၍ အရှင်ဘုရား တယောက်သော အမျိုး ချွေးမသည် ရိုသေခြင်းရှိ၊ ထိုအမျိုးချွေးမအား ယောက္ခမဝတ် လင်ဝတ်သည် မရှိ၊ သဒ္ဓါကြည်ညိုခြင်းမရှိ၊ နေ့ညဉ့်ပတ်လုံး ခိုက်ရန်ပြုလျက် သွား၏ဟု သူဌေးကြီးသည် နားတော်လျောက်၏။ ထိုသို့ တပြီးကား ထိုအမျိုး ချွေးမကိုခေါ်ကုန်လော့ဟု ဘုရားမိန့်တော်မူ၏။ ထိုအမျိုးချွေးမသည် လာ၍ ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာနေ၏။

ထိုအခါ သုဇာတာကို မြတ်စွာဘုရားသည် သုဇာတာ ယောက်ျား၏ မယားတို့သည် ခုနစ်ယောက် ရှိကုန်၏။ ထိုခုနစ်ယောက်တို့တွင် သင်သည် အဘယ်မယားနည်းဟု မေးတော်မူ၏။ ဘုန်းတော်ကြီး သော အရှင်ဘုရား အကျဉ်းအားဖြင့် ဟောအပ်သော တရား၏အနက်ကို အကျယ်အားဖြင့် အကျွန်ုပ် မသိနိုင်ပါ၊ ဟောတော်မူပါကုန်လော့ဟု လျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုသို့တပြီးကား ချသော နားရှိသည်ဖြစ်၍ နာလော့ဟု မိန့်တော်မူ၏။

၁။ သုဇာတာ အကြင်မယားသည် တပါးသော ယောက်ျားတို့၌ တပ်စွန်းသောစိတ်ရှိသည်ဖြစ်၍ မိမိလင်အား ပြစ်မှားသောစိတ်ရှိ၏။ အကျိုး စီးပွားမဲ့ကို အလိုရှိ၏။ ဥစ္စာဖြင့် ဝယ်အပ်သော ကျွန်ကဲ့သို့ မထေမဲ့မြင်ပြု၏ သတ်အံ့သောငှါ လုံ့လပြု၏။ ဤသို့ သဘောရှိသော ထိုမယားကို သူသတ်နှင့်တူသော မယားဟူ၍ ဆိုအပ်၏။

၂။ အကြင်မယားသည် လယ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းကိုပြု၍ ဥစ္စာရ၏။ ထိုဥစ္စာကို အနည်းငယ်မျှသော်လည်း ခိုးယူခြင်းငှါ မယားသည် အလိုရှိ၏။ ထိုမယားကို ခိုးသူနှင့်တူသော မယားဟူ၍ ဆိုအပ်၏။

၃။ အကြင်မယားသည် အမှုလုပ်လေ့မရှိ ပျင်းရိ၏။ အစားကြူး၏။ ကြမ်းကြုတ်၏။ အမျက်ထွက်တတ်၏။ မကောင်းသဖြင့် ဆိုတတ်၏။ လုပ် ဆောင်ကုန်သော သူတို့ကို နှိပ်စက်၍ ဆိုတတ်၏။ ထိုသို့ သဘောရှိသော မယားကို အရှင်နှင့်တူသော မယားဟူ၍ ဆိုအပ်၏။

၄။ အကြင်မယားသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် လင်၏အကျိုးစီးပွားကို အလိုရှိ၏။ အမိသည် သားကို စောင့်သကဲ့သို့ လင်ကိုစောင့်၏။ လင်သည် ဆည်းပူးသော ဥစ္စာကို စောင့်၏။ ထိုသို့ သဘောရှိသော မယားကို အမိနှင့်တူသော မယားဟူ၍ ဆိုအပ်၏။

၅။ အကြင်မယားသည် နှမကြီး နှမငယ်သည် မောင်၌ ရိုသေခြင်းရှိသကဲ့သို့ မိမိလင်၌ ရိုသေခြင်းရှိ၏။ လင်၏အလိုသို့ လိုက်၏။ ထိုသို့ သဘောရှိသော မယားကို နှမနှင့်တူသော မယားဟူ၍ ဆိုအပ်၏။

၆။ အကြင်မယားသည် လင်ကိုမြင်၍ ကြာမြင့်စွာသော ကာလမှလာသော အဆွေခင်ပွန်းကိုမြင်၍ ဝမ်းမြောက်ဝမ်းသာရှိ၏ ဝမ်းမြောက်၏။ သီလနှင့် ပြည့်စုံ၏။ လင်ကို လုပ်ကျွေးတတ်၏။ ထိုသို့သဘောရှိသော မယားကို အဆွေ ခင်ပွန်းနှင့်တူသော မယားဟူ၍ ဆိုအပ်၏။

၇။ အကြင်မယားသည် မိမိလင်သည် သတ်ခြင်းဒဏ်ဖြင့် ခြိမ်းချောက်အပ်သည်ရှိသော် လင်အား အမျက်မထွက်၊ သည်းခံ၏။ လင်၏အလိုသို့ လိုက်၏။ ထိုသို့သဘောရှိသော မယားကို ကျွန်မနှင့်တူသော မယားဟူ၍ ဆိုအပ်၏။ (ဤကား မယားအပြား ခုနစ်ပါးတည်း)

သုဇာတာ ယောက်ျား၏ မယားတို့သည် ခုနစ်ယောက်တို့တည်း၊ ထိုခုနစ်ယောက်တို့တွင် သူသတ်နှင့်တူသောမယား ခိုးသူနှင့်တူသောမယား အရှင်နှင့်တူသောမယားတို့သည် ငရဲ၌ ဖြစ်ကုန်၏။ ဤမှတပါး လေးယောက်ကုန်သော မယားတို့သည် နိမ္မာနရတိ နတ်ပြည်၌ ဖြစ်ကုန်၏ဟု ဟောတော်မူ၏။ ဤသို့ သဗ္ဗညူမြတ်စွာဘုရားသည် ခုနစ်ယောက်ကုန်သော မယားတို့ကို ပြတော်မူစဉ်လျှင် သုဇာတာသည် သောတာပတ္တိဖိုလ်၌ တည်၏။ သုဇာတာ သင်သည် ဤခုနစ်ယောက်ကုန်သော မယားတို့တွင် အဘယ် မယားနည်းဟု မိန့်တော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်သည် ကျွန်မနှင့်တူသော မယားတည်းဟု မြတ်စွာဘုရားကို ရှိခိုး၍ ကန်တော့၏။ ဤသို့ သဗ္ဗညူမြတ်စွာဘုရားသည် သုဇာတာမည်သော သူဌေးချွေးမကို တကြိမ်တည်းဖြင့်သာလျှင် ဆုံးမတော်မူ၍ ဆွမ်း ဘုဉ်းပေးပြီးသည်ရှိသော် ဇေတဝန် ကျောင်းတော်သို့ကြွတော်မူ၍ ရဟန်းအပေါင်းသည် ဝတ်ကို ပြအပ်သည်ရှိသော် ဂန္ဓကုဋိသို့ ဝင်တော်မူ၏ တရားသဘင်၌လည်း ရဟန်းတို့သည် ငါ့သျှင်တို့ မြတ်စွာဘုရားသည် တကြိမ်တည်းဖြင့်သာလျှင် သုဇာတာမည်သော သူဌေးချွေးမကို ဆုံးမ၍ သောတာပတ္တိဖိုလ်၌ တည်စေတော်မူ၏ဟု မြတ်စွာဘုရား၏ ကျေးဇူးစကားကို ဖြစ်စေကြကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည် ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် သုဇာတာကို တကြိမ်တည်းသော အဆုံးအမဖြင့် ဆုံးမအပ်သည် မဟုတ်သေး၊ ရှေး၌လည်း သုဇာတာကို တကြိမ်တည်းသော အဆုံးအမဖြင့်သာလျှင် ဆုံးမအပ်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီမင်း၏ မိဖုယားကြီး ဝမ်း၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်ကိုသင်၍ အဘလွန်သဖြင့် မင်းအဖြစ်၌တည်၍ တရားသဖြင့် မင်းပြု၏။ ထိုဘုရားလောင်း၏ မယ်တော်သည် အမျက်ထွက်တတ်၏။ ကြမ်းကြုတ်၏။ ဆဲရေးကြိမ်းမောင်းတတ်၏။ ဘုရားလောင်းသည် မယ်တော်အား အဆုံးအမကို ပေးလို၍လည်း အကြောင်းမရှိဘဲ ဆိုခြင်းငှါ မသင့်ဟု နှလုံးသွင်း၍ ထိုမယ်တော်အား ဆုံးမအံ့သောငှာ တခုသော ဥပမာကို ကြည့်လျက်သွား၏။ ထိုအခါ တနေ့သ၌ ဥယျာဉ်သို့ မင်းသွားသည်ရှိသော် မယ်တော်သည်လည်း သားနှင့်အတူလျှင်လိုက်၏။ ထိုအခါ လမ်းအကြား၌ တီတီတွတ်ငှက်သည် မြည်၏။ ဘုရားလောင်း၏ ပရိသတ်တို့သည်လည်း ထိုအသံကိုကြား၍ နားကိုပိတ်၍ အို ကြမ်းကြုတ်သောငှက် ရုန့်ရှင်းသော အသံရှိသောငှက် သင်မမြည်လင့်ဟု ဆိုကြကုန်၏။ ဘုရားလောင်းသည် ကချေသည်အပေါင်း ခြံရံလက် မယ်တော်နှင့်တကွ ဥယျာဉ်သို့ လှည့်လည်သည်ရှိသော် ကောင်းစွာပွင့်သော တခုသော အင်ကြင်းပင်၌နားလျက် တခုသောဥဩသည် သာယာစွာသောအသံဖြင့် မြည်၏။ လူများသည် ထိုဥဩ၏ သာယာစွာသော အသံဖြင့်ဟစ်၍ လက် အုပ်ချီ၍ သိမ်မွေ့သောစကားရှိသောငှက် ပြေပြစ်သော စကားရှိသောငှက် နူးညံ့သော စကားရှိသောငှက် မြည်ဦးလော့ဟု လည်ကိုမော့၍ နားထောင်၍ ကြည့်လျက် ရပ်၏။

ထိုအခါ ဘုရားလောင်းသည် ထိုအကြောင်းနှစ်ပါးကိုမြင်၍ ယခုမယ်တော်ကို သိစေခြင်းငှါ တတ်ကောင်း၏ဟု ကြံ၍ မိခင် လမ်းအကြား၌ တီတီတွတ်ငှက် အသံကိုကြား၍ လူများသည် အသို့နည်း၊ ဤအသံကို မမြည်လင့် ဤအသံကို မမြည်လင့်ဟု နားတို့ကိုပိတ်၏။ ကြမ်းကြုတ်သော စကားမည်သည်ကို တစုံတယောက်သောသူသည် မနှစ်သက်ဟု ဆိုလို၍-

၅၅။ န ဟိ ဝဏ္ဏေန သမ္ပန္နာ၊ မဉ္ဇုကာ ပိယဒဿနာ။
ခရာ ဝါစာ ပိယာ ဟောတိ၊ အသ္မိံ လောကေ ပရမှိ စ။
၅၆။ နနု ပဿသိမံ ကာဠိံ၊ ဒုဗ္ဗဏ္ဏံ တိလကာဟတံ။
ကောကိလံ သဏှဘာဏေန၊ ဗဟူနံ ပါဏိနံ ပိယံ။
၅၇။ တသ္မာ သခိလဝါစဿ၊ မန္တဘာဏီ အနုဒ္ဓတော။
အတ္ထံ ဓမ္မဉ္စ ဒီပေတိ၊ မဓုရံ တဿ ဘာသိတံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၅၅။ အမ္မ၊ မိခင်။ ဝဏ္ဏေန၊ အဆင်းနှင့်။ သမ္ပန္နာ၊ ပြည့်စုံစေကာမူ။ မဉ္ဇုကာ၊ သာယာသောအသံ ဖြစ်စေကာမူ။ ပိယဒဿနာ၊ ချစ်ဘွယ်သောအသံ ဖြစ်စေကာမူ။ ယာ ဝါစာ၊ အကြင်စကားသည်။ ခရာ၊ ကြမ်းသည်။ ဟောတိ၊ ဖြစ်၏။ သာ ဝါစာ၊ ထိုစကားကို။ အသ္မိံ လောကေ စ၊ ဤလောက၌၎င်း။ ပရမှိ စ၊ တမလွန် လောက၌၎င်း။ န ပိယာ၊ မချစ်အပ်။

၅၆။ ကာဠိံ၊ မည်းသော။ ဒုဗ္ဗဏ္ဏံ၊ အဆင်းမလှသော။ တိလကာဟတံ၊ မှဲ့မည်းစွဲသော။ သဏှဘာဏေန၊ သိမ်မွေ့သောတွန်သံကြောင့်။ ဗဟူနံ ပါဏီနံ၊ များစွာကုန်သော သတ္တဝါတို့သည်။ ပိယံ၊ ချစ်အပ်သော။ ဣမံ ကောကိလံ၊ ဤဥဩကို။ ပဿသိ နနု၊ မြင်၏ မဟုတ်လော။

၅၇။ တသ္မာ၊ ထိုကြောင့်။ သခိလဝါစော၊ သိမ်မွေ့သောစကားရှိသည်။ အဿ၊ ဖြစ်ရာ၏။ မန္တဘာဏီ၊ ပညာဖြင့် ဆိုလေ့ရှိသော။ အနုဒ္ဓတော၊ မပျံလွင့်သောသူသည်။ အတ္ထဉ္စ၊ အနက်ကို၎င်း။ ဓမ္မဉ္စ၊ ပါဠိကို၎င်း။ ဒီပေတိ၊ ပြ၏။ တဿ၊ ထိုသူ၏။ ဘာသိတံ၊ စကားသည်။ မဓုရံ၊ ချို၏။

ဤသို့ ဘုရားလောင်းသည် ဤဂါထာတို့ဖြင့် မယ်တော်အား တရား ဟော၍ မယ်တော်ကို သိစေ၏။ ထိုအခါမှစ၍ မယ်တော်သည် အကျင့်နှင့် ပြည့်စုံ၏။ ဘုရားလောင်းသည်လည်း မယ်တော်ကို တကြိမ်တည်းဖြင့်သာလျှင် အဆုံးအမဖြင့် မာနမရှိသည်ကိုပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ သုဇာတာသည် ထိုအခါ ငါ၏မယ်တော် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မင်းဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

နှုတ်ကြမ်းမောက်စွာ၊ မဲ့မေတ္တာ၊ ချိုသာပြေပြစ် လူတိုင်းချစ်

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော သုဇာတဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ပဒုမဝဂ်

၁၀။ ဥလူကဇာတ်

ကျီး, ခင်ပုပ် ရန်စ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သဗ္ဗေဟိ ကိရ ဉာတီဟိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဥလူကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကျီး ခင်ပုပ်တို့၏ ရန်ဖြစ်ခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုကာလ၌ ကျီးတို့သည် နေ့အခါ ခင်ပုပ်တို့ကို ထိုးကုန်၏။ ခင်ပုပ်တို့သည် နေဝင်သောအခါမှစ၍ ထိုထိုအရပ်၌ အိပ်ကုန်သော ကျီးတို့၏ ဦးခေါင်းတို့ကို ဖြတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေကုန်၏။ ထိုအခါ ဇေတဝန် ကျောင်းတော်၏အစွန်း တခုသော ပရိဝုဏ်၌နေသော တပါးသော ရဟန်းသည် တံမြက်လှည်းသော ကာလ၌ သစ်ပင်မှကျကုန်သော ခုနစ်ကွမ်းစား ရှစ်ကွမ်းစားရှိကုန်သော သွေးဖြင့် အလိမ်းလိမ်းကပ်ကုန်သော ကျီးဦးခေါင်းတို့ကို စွန့်အပ်ကုန်၏။ ထိုရဟန်းသည် ထိုအကြောင်းကို ရဟန်းတို့အား လျှောက်၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ ဤမည်သော ရဟန်း၏ နေရာအရပ်၌ နေ့တိုင်း နေ့တိုင်း ဤမျှလောက်ကုန်သော ကျီးဦးခေါင်းတို့ကို စွန့်ရကုန်၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော် မူလတ်၍

ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ကျီး, ခင်ပုပ်တို့သည် ခိုက်ရန် ပြုကြသည် မဟုတ်သေး၊ ရှေး၌လည်း ခိုက်ရန်ပြုကြသည် သာလျှင်တည်းဟု မိန့်တော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား အဘယ်အခါ၌ ကျီး ခင်ပုပ်တို့သည် ခိုက်ရန်ဖြစ်ကြပါသနည်းဟု နားတော် လျှောက်လတ်သော် ကမ္ဘာဦးကစ၍ ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကမ္ဘာဦးလူတို့သည် စည်းဝေး၍ တယောက်သော အဆင်းလှသော တင့် တယ်ခြင်းသို့ ရောက်သော အကျင့်နှင့်ပြည့်စုံသော ခပ်သိမ်း သော အခြင်းအရာနှင့်ပြည့်စုံသော ယောက်ျားကိုယူ၍ မင်းပြုကုန်၏။ အခြေလေးချောင်းတို့သည်လည်း စည်းဝေး၍တခုသောခြင်္သေ့ကို မင်းပြုကြကုန်၏။ မဟာသမုဒ္ဒရာ၌ ငါးတို့သည် အာနန္ဒာ အမည်ရှိသော ငါးကို မင်းပြုကြကုန်၏။ ထို့နောက် ငှက်တို့သည် ဟိမဝန္တာ၌ တခုသော ကျောက်ဖျာ၌ စည်းဝေး၍ လူတို့တွင် မင်းသည် ရှိ၏။ ထို့အတူ အခြေလေးချောင်းတို့၌၎င်း ငါးတို့၌၎င်း မင်းသည် ထင်၏။ ငါတို့၏အတွင်း ၌ကား မင်းသည် မရှိ၊ ရိုသေတုံ့ဝပ်ခြင်းမရှိသော နေခြင်းမည်သည် မသင့်၊ ငါတို့အားလည်း မင်းကိုရခြင်းငှာ သင့်၏။ မင်းအရာ၌ ထားခြင်းငှာ လျောက်ပတ်သော တခုသောငှက်ကို ကြည့်ကြကုန်လောဟု ဆို၍ ထိုသို့ သဘောရှိသောငှက်ကို ကြည့်လတ်သော် တခုသောခင်ပုပ်ကို နှစ်သက်၍ ဤခင်ပုပ်ကို ငါတို့နှစ်သက်၏ဟု ဆို၏။ ထိုအခါ တခုသော ငှက်သည် ခပ်သိမ်းသော ငှက်တို့၏အလိုကို ယူအံ့သောငှါ သုံးကြိမ် ကြားသိစေ၏။ နှစ်ကြိမ် ကြားခြင်းတို့ကို သည်းခံ၍ သုံးကြိမ်ကြားသောအခါ၌ တခုသော ကျီးသည်ထ၍ အမျက်မထွက်သေးသော ဤခင်ပုပ်အား ရာဇအဘိသေကကို ပြုသောကာလ၌ပင် ဤသို့သဘောရှိသော မျက်နှာကို ကြည့်ပါလော့၊ အမျက်ထွက်သော ခင်ပုပ်၏ မျက်နှာသည် အသို့သဘောရှိသည် ဖြစ်လတ္တံ့နည်း၊ ဤခင်ပုပ်သည် အမျက်ထွက်၍ ကြည့်လတ်သည်ရှိသော် ငါတို့သည် ပူစွာသောအိုးကင်း၌ ထည့်အပ်သော ဆားကဲ့သို့ ထိုကြည့်ရာအရပ်၌လျှင် ပျက်စီးကုန်အံ့၊ ဤခင်ပုပ်ကို မင်းပြုအံ့သောငှါ မနှစ်သက်ဟူသော အနက်ကို ပြအံ့သောငှာ-

၅၈။ သဗ္ဗေဟိ ကိရ ဉာတီဟိ၊ ကောသိယော ဣဿရော ကတော။
သစေ ဉာတီဟိ အနိညာတော ဘဏယျာဟံ ဧကဝါစိကံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၅၈။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဉာတီဟိ၊ အဆွေအမျိုးတို့သည်။ ကောသိယော၊ ခင်ပုပ်ကို။ ဣဿရော၊ မင်းကို။ ကတော ကိရ၊ ပြုသတတ်။ ဉာတီဟိ၊ အဆွေအမျိုးတို့သည်။ သစေ အနုညာတော၊ အကယ်၍ ခွင့်ပြုငြားအံ့။ အဟံ၊ သည်။ ဧကဝါစိကံ၊ တခွန်းသော စကားကို။ ဘဏေယျ၊ ဆိုလို၏။

ထိုအခါ ကျီးကို ခွင့်ပြုလိုကုန်သော ငှက်တို့သည်-

၅၉။ ဘဏ သမ္မ အနုညာတော၊ အတ္ထံ ဓမ္မဉ္စ ကေဝလံ။
သန္တိ ဟိ ဒဟရာ ပက္ခီ၊ ပညာဝန္တော ဇုတိန္ဓရာ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။

၅၉။ သမ္မ၊ အဆွေကျီး။ အနုညာတော၊ ငါတို့ခွင့်ပြု၏။ တွံ၊ သင်သည်။ ကေဝလံ၊ သက်သက်သော။ အတ္ထံ၊ အကျိုးကို၎င်း။ ဓမ္မဉ္စ၊ အကြောင်းကို၎င်း။ ဘဏ၊ ဆိုလော။ ဟိ သစ္စံ၊ မှန်၏။ ဒဟရာ၊ ငယ်ကုန်သော။ ပညဝါ၊ ပညာရှိကုန်သော။ ဇုတိန္ဓရာ၊ ထွန်းပခြင်းကို ဆောင်ကုန်သော။ ပက္ခီ၊ ငှက်တို့သည်။ သန္တိ၊ ရှိကုန်၏။

ဤသို့ ခွင့်ပြုအပ်သည်ရှိသော် ထိုကျီးသည်-

၆၀။ န မေ ရုစ္စတိ ဘဒ္ဒံ ဝေါ၊ ဥလူကဿာဘိသေစနံ။
အက္ကုဒ္ဓဿ မုခံ ပဿ၊ ကထံ ကုဒ္ဓေါ ကရိဿတိ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၆၀။ ဝေါ၊ သင်တို့အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်ပါစေ သတည်း။ မေ၊ ငါသည်။ ဥလူကဿ၊ ဤခင်ပုပ်အား။ အဘိသေစနံ၊ အဘိသိက်သွန်းလောင်းခြင်းကို။ န ရုစ္စတိ၊ မနှစ်သက်။ အက္ကုဒ္ဓဿ၊ အမျက်မထွက်သော ခင်ပုပ်၏။ မုခံ၊ မျက်နှာကို။ ပဿ၊ ရှုပါလော့။ ကုဒ္ဓေါ၊ အမျက်ထွက်သော်ကား။ ကထံ ကရိဿတိ၊ အသို့ပြုလတ္တံ့နည်း။

ထိုကျီးသည် ဤသို့ဆို၍ ငါမနှစ်သက် ငါမနှစ်သက်ဟု မြည်လျက် ကောင်းကင်သို့ ပျံ၏။ ခင်ပုပ်ငှက်သည်လည်း ထ၍ ထိုကျီးကို လိုက်၏။ ထိုအခါမှစ၍ အချင်းချင်း ရန်ငြိုးဖွဲ့ကြကုန်၏။ ငှက်တို့သည် ရွှေဟင်္သာကို မင်းပြု၍ ဖဲကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ များစွာသော ရဟန်းတို့သည် သောတာပတ္တိဖိုလ် အစရှိသည်တို့၌ တည်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မင်းအဖြစ်၌ အဘိသိက် သွန်းလောင်းသော ဟင်္သာငယ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ခင်ပုပ်နှင့်ကြီး၊ ရန်စမီး၊ ဖြစ်နည်းမှတ်ပါ ကမ္ဘာဦးခါ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဥလူကဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ဥဒပါနဝဂ်

၁။ ဥဒပါနဒူသကဇာတ်

မြေခွေးညစ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်အာရညိကဿ ဣသိနောအစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဥဒပါနဒူသကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ရေတွင်းကို ဖျက်ဆီးသော တခုသောမြေခွေးကို အကြောင်းပြု၍ ဟောတော်မူ၏။ တခုသော မြေခွေးသည် ရဟန်းသင်္ဃာ၏ သောက်ရေတွင်းကို ကျင်ကြီးစွန့်ခြင်း ကျင်ငယ်စွန့်ခြင်းကိုပြု၍ ဖျက်ဆီး၍သွား၏။ ထိုအခါ တနေ့သ၌ ရေတွင်းအနီးသို့ ရောက်လာသော မြေခွေးကို သာမဏေတို့သည် ခဲ, အုတ်တို့ဖြင့် ပစ်ခတ်၍ ပင်ပန်းစေကုန်၏။ ထိုမြေခွေးသည် ထိုအခါမှစ၍ ထိုအရပ်ကို ပြန်၍မကြည့်ဝံ့၊ ရဟန်းတို့သည် ထိုအကြောင်းကိုသိ၍ တရားသဘင်၌ ငါ့သျှင်တို့ ရေတွင်းကို ဖျက်ဆီးသော မြေခွေးကို သာမဏေတို့သည် ပင်ပန်းစေအပ်သော ကာလမှစ၍ တဖန်ပြန်၍ ထိုအရပ်ကို မကြည့်ဝံ့ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ထိုမြေခွေးသည် ယခုအခါ၌သာလျှင် ဖျက်ဆီးသည် မဟုတ်သေး၊ ရှေး၌လည်း ဖျက်ဆီးဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဤဣသိပတနအရပ်၌ ဤရေတွင်းသည် ဖြစ်၏။ ထိုအခါ ဘုရားလောင်းသည် ဗာရာဏသီပြည်၌ အမျိုးအိမ်၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ရသေ့ ရဟန်းပြု၍ ရသေ့အပေါင်းခြံရံလျက် ဣသိပတနအရပ်၌ နေ၏။ ထိုအခါ တခုသော မြေခွေးသည် ဤရေတွင်းကို ဖျက်ဆီး၍ သွား၏။ ထိုအခါ တနေ့သ၌ ထိုမြေခွေးကို ရသေ့တို့သည် ဝန်းရံ၍ တည်ကုန်လျက် တခုသော ဥပါယ်တမျဉ်ဖြင့် ဖမ်း၍ ဘုရားလောင်း၏ အထံသို့ ဆောင်ခဲ့ကုန်၏။ ဘုရားလောင်းသည် မြေခွေးနှင့်တကွစကားဆိုလိုရကား-

၆၁။ အာရညိကဿ ဣသိနော၊ စိရရတ္တ တပဿိနော။
ကိစ္ဆာကတံ ဥဒပါနံ၊ ကထံ သမ္မ အဝါဟသိ။

ဟူသော ဤဂါထာကို ဆို၏။

၆၁။ သမ္မ၊ အချင်း မြေခွေး။ အာရညိကဿ၊ တော၌နေထသော။ ဣသိနော၊ သီလ အစရှိသော ကျေးဇူးကို ရှာတတ်ထသော။ စိရရတ္တံ၊ ရှည်မြင့်စွာသော ကာလပတ်လုံး။ တပဿိနော၊ ခြိုးခြံသော ရသေ့အပေါင်းသည်။ ကိစ္ဆာကတံ၊ ငြင်သဖြင့် ပြုအပ်သော။ ဥဒပါနံ၊ ရေတွင်းကို။ ကထံ၊ အဘယ့်ကြောင့်။ အဝါဟသိ၊ ကျင်ကြီး ကျင်ငယ်စွန့်သဖြင့် ဖျက်ဆီးဘိသနည်း။

ထိုစကားကို ကြား၍ မြေခွေးသည်-

၆၂။ ဧသ ဓမ္မော သိင်္ဂါလာနံ၊ ယံ ပိတွာ ဩဟဒါမသေ။
ပိတု ပိတာမဟံ ဓမ္မော၊ န တံ ဥဇ္စျာတုမရဟသိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။

၆၂။ သမ္မ တာပသ၊ အချင်းရသေ့။ ယံ၊ အကြင်ရေတွင်းကို။ ပိတွာ၊ သောက်၍။ မယံ၊ ငါတို့သည်။ ဩဟဒါမသေ၊ ကျင်ကြီး ကျင်ငယ်စွန့်ကုန်၏။ ဧသ၊ ဤကျင်ကြီးကျင်ငယ် စွန့်ခြင်းသည်။ သိင်္ဂလာနံ၊ မြေခွေးကို၏။ ဓမ္မော၊ သဘောတည်း။ ပိတုပိတာမဟံ၊ အဘ အဘိုးတို့၏။ ဓမ္မော၊ သဘောတည်း။ တံ၊ ထိုအဘအဘိုးတို့မှ လာသောအကျင့်ကို။ ဥဇ္စျာတုံ၊ စွန့်အံ့သောငှါ။ န အရဟသိ၊ မထိုက်။

ထိုအခါ မြေခွေးအား ဘုရားလောင်းသည်-

၆၃။ ယေသံ ဝေါ ဧဒိသော ဓမ္မော၊ အဓမ္မော ပန ကီဒိသော။
မာ ဝေါ ဓမ္မံ အဓမ္မံ ဝါ၊ အဒ္ဒသာမ ကုဒါစနံ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၆၃။ သိင်္ဂါလ၊ မြေခွေး။ ယေသံ ဝေါ၊ အကြင် သင်တို့၏။ ဓမ္မော၊ အကျင့်သဘောသည်။ ဧဒိသော၊ ဤသို့သဘောရှိ၏။ အဓမ္မော ပန၊ အဓမ္မသည်တမူကား။ ကီဒိသော၊ အဘယ်သို့ သဘောရှိလတ္တံ့နည်း။ ဝေါ၊ သင်တို့၏။ ဓမ္မံ ဝါ၊ သဘောအကျင့်ကို၎င်း။ အဓမ္မံ ဝါ၊ သဘောမဟုတ်သော အကျင့်ကို၎င်း။ မယံ၊ ငါတို့သည်။ ကုဒါစနံ၊ တရံတဆစ်မျှ။ မာ အဒ္ဒသာမ၊ မမြင်လိုကုန်။

ဤသို့ ဘုရားလောင်းသည် ထိုမြေခွေးအား အဆုံးအမကို ပေး၍ တဖန် မလာလင့်ဟု ဆို၍ ထိုမြေခွေးသည် ထိုအခါမှစ၍ တဖန် ပြန်၍မျှလည်း မကြည့်။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ယခုအခါ ဤမြေခွေးသည် ထိုအခါ ရေတွင်းကို ဖျက်ဆီးသော မြေခွေး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့အပေါင်း၏ ဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မြေခွေးဟူပေ့၊ အဓလေ့၊ ကောင်းတွေ့ ဖျက်ဆီးမည်

ရှေးဦးစွာသော ဥဒပါနဒူသကဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ဥဒပါနဝဂ်

၂။ ဗျဂ္ဃဇာတ်

သားရဲထွက် တောပျက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယေန မိတ္တေန သံသဂ္ဂါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗျဂ္ဃဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောကာလိကကို အကြောင်း ပြု၍ ဟောတော်မူ၏။ ကောကာလိကဝတ္ထုသည် တေရသကနိပါတ် ရှစ်ခုမြောက် တက္ကာရိယဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ကောကာလိကသည်ကား သာရိပုတ္တရာ မောဂ္ဂလာန်တို့ကိုယူ၍ သွားအံ့ဟု ကောကာလိကတိုင်းမှ ဇေတဝန်ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားကို ရှိခိုး၍ မထေရ်တို့ကိုကပ်၍ ငါ့သျှင်တို့ ကောကာလိကတိုင်း၌နေကုန်သော သူတို့သည် ငါ့သျှင်တို့ကို ပင့်ခေါ်ကုန်၏။ လာကုန်လော့ သွားကြကုန်အံ့ဟု ဆို၏။ အရှင်သွားကုန်လော့ ငါတို့မသွားကုန်ဟု မထေရ်တို့သည် ပယ်အပ်သည်ရှိသော် ထိုကောကာလိကသည် မိမိသည်သာလျှင် သွား၏။ ထိုအခါ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ကောကာလိကသည် သာရိပုတ္တရာ မောဂ္ဂလာန်တို့နှင့် အတူတကွ နေအံ့သောငှါလည်း မတတ်နိုင်၊ ကင်း၍ နေအံ့သောငှါလည်း မတတ်နိုင်၊ တကွဖြစ်ခြင်းကိုလည်း သည်းမခံနိုင်၊ ကွေကွင်းခြင်းကိုလည်း သည်းမခံနိုင်ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းသု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ကောကာလိကသည် သာရိပုတ္တရာ မောဂ္ဂလာန်တို့နှင့်အတူတကွနေအံ့သောငှါ၎င်း ကင်း၍နေအံ့သောငှါ၎င်း မတတ်နိုင်သည်မဟုတ်သေး၊ ရှေး၌လည်း တကွနေအံ့သောငှါ၎င်း ကင်း၍နေအံ့သောငှါ၎င်း မတတ်နိုင်သလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသော၌ ရုက္ခစိုင်းနတ် ဖြစ်၏။ ထိုရုက္ခစိုဝ်းနတ်၏ ဗိမာန်အနီး၌ တောစိုးသစ်ပင်စောင့် ဖြစ်သော တပါးသော ရုက္ခစိုဝ်းနတ်သည် နေ၏။ ထိုတောအုပ်၌ ခြင်္သေ့, ကျားတို့သည်လည်း နေကုန်၏။ ထိုခြင်္သေ့ ကျားတို့မှ ကြောက်ခြင်းကြောင့် တစုံတယောက်သော သူသည် ထိုတောအုပ်၌ လယ်ကိုမထွန်၊ သစ်ပင်ကိုမဖြတ်၊ ပြန်၍ကြည့်ဝံ့သောသူသည် မရှိ၊ ထိုခြင်္သေ့ ကျားတို့သည်ကား အထူးထူး အပြားပြားကုန်သော သားတို့ကိုသတ်၍ စားကုန်၏။ စားကြွင်းတို့ကို ထိုတောအုပ်၌သာလျှင် စွန့်၍ သွားကုန်၏။ ထိုစားကြွင်း အသားတို့၏အနံ့ဖြင့် ထိုတောအုပ်သည် အပုပ်နံ့ လှိုင်သည်ဖြစ်၏။ ထိုအခါ မထင်ရှားသော အလွန်မိုက်သော ရုက္ခစိုဝ်းသည် အကြောင်းသင့် မသင့်ကို မသိဖြစ်၍ တနေ့သ၌ ဘုရားလောင်းကို အဆွေ ဤခြင်္သေ့၊ ကျားတို့ကိုမှီ၍ ငါတို့၏ ဤတောအုပ်သည် မစင်ကြယ်သော အပုပ်နံ့သည် ဖြစ်၏။ ထိုခြင်္သေ့, ကျားတို့ကို ပြေးစေအံ့ဟု ဆို၏။ ဘုရားလောင်းသည် အဆွေ နှစ်ခုကုန်သော ဤခြင်္သေ့ ကျားတို့ကိုမှီ၍ ငါတို့သည် ဗိမာန်တို့ကို စောင့်အပ်ကုန်၏။ ဤခြင်္သေ့ ကျားတို့သည် ပြေးသွားကုန်သော် ငါတို့၏ ဗိမာန်တို့သည် ပျက်စီးကုန်လတ္တံ့၊ ခြင်္သေ့ ကျားတို့၏ ခြေရာကို မမြင်ကုန်သည်ရှိသော် လူတို့သည် အလုံးစုံသောတောကို ခုတ်ဖြတ်၍ တခုတည်းသော အပြင်ကိုပြု၍ လယ်တို့ကို ထွန်ကုန်လတ္တံ့၊ သင်သည် ခြင်္သေ့ ကျားတို့၏ ပြေးခြင်းကို မနှစ်သက်လင့်ဟုဆိုလို၍-

၆၄။ ယေန မိတ္တေန သံသဂ္ဂါ၊ ယောဂက္ခေမော ဝိဟိယျတိ။
ပုဗ္ဗေဝဇ္စျဘဝံ တဿ၊ ရက္ခေ အက္ခီဝ ပဏ္ဍိတော။
၆၅။ ယေန မိတ္တေန သံသဂ္ဂါ၊ ယောဂက္ခေမော ပဝဍ္ဎတိ။
ကရေယျတ္တသမံ ဝုတ္တိံ၊ သဗ္ဗကိစ္စေသု ပဏ္ဍိတော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၆၄။ သမ္မ၊ အဆွေ။ ယေန မိတ္တေန၊ အကြင် ယုတ်မာသော အဆွေခင်ပွန်းနှင့်။ သံသဂ္ဂါ၊ ပေါင်းသော် ရခြင်းကြောင့်။ ယောဂက္ခေမော၊ ကိုယ်စိတ်ချမ်းသာ ခြင်းသည်။ ဝိဟိယျတိ၊ ဆုတ်ယုတ်၏။ တဿ မိတ္တဿ၊ ထိုအဆွေခင်ပွန်းသည်။ ပုဗ္ဗေဝ၊ ရှေး၌သာလျှင်။ အဇ္ဈဘဝံ၊ နှိပ်စက်အပ်သည်ကို။ ပဏ္ဍိတော၊ ပညာရှိသည်။ အက္ခီဝ၊ မျက်စိကဲ့သို့။ ရက္ခေ၊ စောင့်ရာ၏။

၆၅။ သမ္မ၊ အဆွေ။ ယေန မိတ္တေန၊ အကြင်အဆွေခင်ပွန်းနှင့်။ သံသဂ္ဂါ၊ ပေါင်းဘော်ရသည်ဖြစ်၍။ ယောဂက္ခေမော၊ ကိုယ်စိတ်၏ ချမ်းသာ ခြင်းသည်။ ပဝဍ္ဎတိ၊ ပွား၏။ တဿ၊ ထိုအဆွေခင်ပွန်း၏။ သဗ္ဗကိစ္စေသု၊ ခပ်သိမ်းသော ကိစ္စတို့၌။ ပဏ္ဍိတော၊ ပညာရှိသည်။ အတ္တသမံ၊ မိမိကိစ္စနှင့်အမျှ။ ဝုတ္တိံ၊ ကောင်းသောအကျင့်ကို။ ကရေယျ၊ ပြုရာ၏။

ဤသို့ ဘုရားလောင်းသည် ထိုအကြောင်းကို ဆိုသော်လည်း ထိုမိုက်သောနတ်သည် မဆင်ခြင်မူ၍ တနေ့သ၌ ကြောက်မက်ဘွယ်သော အာရုံကို ပြ၍ ခြင်္သေ့ ကျားတို့ကို ပြေးစေ၏။ လူတို့သည် ခြင်္သေ့ ကျားတို့ကိုမမြင်၍ ခြင်္သေ့ကျားတို့သည် တပါးသောတောသို့ သွားကုန်ပြီဟု သိ၍ တောအုပ်၏ နံပါးတဘက်ကို ဖြတ်ကုန်၏။ ရုက္ခစိုဝ်းနတ်သည် ဘုရားလောင်းနတ်သို့ ချဉ်းကပ်၍ အဆွေ အကျွန်ုပ်သည် အဆွေ့စကားကို မနာယူ၍ ထိုခြင်္သေ့ ကျားတို့ကို ပြေးစေ၏။ ထိုခြင်္သေ့ ကျားတို့သည် သွားသောအဖြစ်ကိုသိ၍ လူတို့သည် တောအုပ်ကို ဖျက်ဆီးကုန်၏။ အဘယ်သို့ ပြုအပ်သနည်းဟု ဆိုသော် ယခု ထိုခြင်္သေ့, ကျားတို့သည် နေသောတောသို့သွား၍ ခြင်္သေ့ကျားတို့ကို ပင့်ဆောင်ချေလောဟု စေသည်ရှိသော် ထိုတောသို့သွား၍ ခြင်္သေ့ , ကျားတို့၏ရှေ့မှ လက်အုပ် ချီ၍-

၆၆။ ဧထ ဗြဂ္ဃါ နိဝတ္တဝှေါ၊ ပစ္စုပေထ မဟာဝနံ။
မာ ဝနံ ဆိန္ဒိ နိဗျဂ္ဃံ၊ ဗြဂ္ဃါ မာ ဟေသု နိဗ္ဗနာ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၆၆။ ဗြဂ္ဃါ၊ ကျား ခြင်္သေ့တို့။ တုမှေ၊ သင်တို့သည်။ ဧထ၊ လာတော်မူကြပါကုန်။ နိဝတ္တဝှေါ၊ ပြန်လည်လာကြကုန်လော့။ မဟာဝနံ၊ တောကြီးသို့။ ပစ္စု ပေထ၊ တဖန် ပြန်ကြကုန်ဦးလော့။ နိဗျဂ္ဃံ၊ ကျား ခြင်္သေ့မရှိသော။ ဝနံ၊ တောကို။ မာ ဆိန္ဒိ၊ မဖျက်စေလင့်။ ဗြဂ္ဃါ၊ ကျား ခြင်္သေ့တို့သည်။ နိဗ္ဗနာ၊ နေရာအရပ်မှ ကင်းကုန်သည်။ မာ ဟေသု၊ မဖြစ်စေကုန်လင့်။

ထိုကျား, ခြင်္သေ့တို့သည် ရုက္ခစိုဝ်းနတ် တောင်းပန်လတ်သော်လည်း သင်သည် သွားလေ၊ ငါတို့သည် မလာကုန်သလျှင်ကတည်းဟု ပယ်ကုန်၏။ ရုက္ခစိုဝ်းနတ်သည် တယောက်တည်းသာလျှင် ထိုတောအုပ်သို့ ပြန် လာ၏။ လူတို့သည်လည်း နှစ်ရက် သုံးရက်ဖြင့်သာလျှင် အလုံးစုံသော တောအုပ်ကိုဖြတ်၍ လယ်ယာလုပ်၍ ထွန်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ကောကာလိကသည် ထိုအခါ ပညာမရှိသော ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ခြင်္သေ့ ဖြစ်ဘူးပြီ၊ ယခုအခါ မေဂ္ဂလ္လာန်သည် ထိုအခါ ကျား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသောရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ပုပ်နံ့ ညှီနံ၊ သည်းမခံ၊ ဗိမာန်တောလုံးပျက်

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဗျဂ္ဃဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ဥဒပါနဝဂ်

၃။ ကစ္ဆပဇာတ်

လိပ်ခဲတန်းလန်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကော နု ဥဒ္ဓိတဘတ္တောဝ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကစ္ဆပဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် ကောသလမင်းကြီး၏ အမတ်ကြီး နှစ်ယောက်ကို ခိုက်ရန်ငြိမ်းခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုကို ဒုကနိပါတ်၌ ဆိုအပ်ပြီးသလျှင်ကတည်း။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွား၍ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ ကာမတို့ကိုပယ်၍ ရသေ့ရဟန်းပြု၍ ဟိမဝန္တာအရပ်ဝယ် ဂင်္ဂါနား၌ ကျောင်းဆောက်၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဈာန်ကစားခြင်းကို ကစားလျှက်နေ၏။ ဤဇာတ် ၌ကား ဘုရားလောင်းသည် အလွန်လျစ်လျူရှုသတတ်၊ ဥပေက္ခာပါရမီကို ဖြည့်သတတ်၊ ထိုဘုရားလောင်းသည် ကျောင်းတံခါး၌နေစဉ် တခုသော သီလမရှိသော ပြစ်မှားတတ်သော မျောက်သည် လာလတ်၍ နားပေါက်တို့၌ အင်္ဂါဇာတ်ကို သွင်းသောအမှုကို ပြု၏။ ဘုရားလောင်းသည် မမြစ်မူ၍ လျစ်လျူရှုလျက် နေ၏။ ထိုအခါ တနေ့သ၌ တခုသော လိပ်သည် ရေမှတက်၍ ဂင်္ဂါနား၌ ခံတွင်းကိုဘွင့်၍ နေပူခံလျက် အိပ်၏။ ထိုလိပ်ကိုမြင်၍ လျှပ်ပေါ်သောမျောက်သည် လိပ်ခံတွင်း၌ အင်္ဂါဇာတ်သွင်းခြင်းကို ပြု၏။ ထိုအခါ လိပ်သည်နိုး၍ မျောက်၏အင်္ဂါဇာတ်ကို ကြုပ်၌ ထည့်ဘိသကဲ့သို့ ကိုက်၏။ ပြင်းစွာသော ဝေဒနာသည် ဖြစ်၏။ ထိုဝေဒနာကို သည်းခံအံ့သောငှါ မတတ်နိုင်ရကား အဘယ်သူသည်သာလျှင် ဤဆင်းရဲမှ ငါ့ကို လွတ်ပါစေအံ့နည်း၊ အဘယ်သူ၏ အထံသို့ သွားရအံ့နည်းဟု ကြံ၍ ရသေ့ကိုထား၍ ငါ့ကို ဤဆင်းရဲမှ လွတ်စေနိုင်သော တပါးသောသူသည် မရှိ။ ငါသည် ရသေ့အထံသို့ သွားခြင်းငှာသင့်၏ဟု လိပ်ကို လက်နှစ်ဘက်တို့ဖြင့် ချီ၍ ဘုရားလောင်း အထံသို့ သွား၏။ ဘုရားလောင်းသည် ထိုသီလမရှိသော မျောက်နှင့်တကွ ပြက်ရယ်ပြုလိုရကား-

၆၇။ ကောနု ဥဒ္ဓိတဘတ္တောဝ၊ ပူရဟတ္ထောဝ ဗြာဟ္မဏော။
ကဟံ နု ဘိက္ခံ အစရိ၊ ကံ ဘတ္တံ ဥပသင်္ကမိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၆၇။ ယော၊ အကြင်သူသည်။ ကတ္တိကမာသေ၊ တန်ဆောင် မုန်းလ၌။ ဝစနကံ၊ မင်္ဂလာရွတ်ရာမှဆွမ်းကို။ လဘိတွာ၊ ရ၍။ ပူရဟတ္ထော၊ ပြည့်သောလက်ရှိသော။ ဗြာဟ္မဏာ ဣဝ၊ ပုဏ္ဏားကဲ့သို့။ ဥဒ္ဓိတဘတ္တောဝ၊ သပိတ်၌ ခူးလောင်းအပ်သော ပွားများသော ဆွမ်းရှိသကဲ့သို့ဖြစ်၍လျှင်။ အာဂစ္ဆတိ၊ လာ၏။ ဧသော၊ ဤသူသည်။ ကော နု၊ အဘယ်သူနည်း။ တွံ၊ သင်သည်။ ကဟံ နု၊ အဘယ်၌လျှင်။ ဘိက္ခ၊ ဆွမ်းကို။ အစရိ၊ ခံချေသနည်း။ သဒ္ဓံ၊ သဒ္ဓါတရားနှင့် ပြည့်စုံသော။ ကံ၊ အဘယ်အမျိုးသ္မီးသို့။ ဥပသင်္ကမိ၊ ဆည်းကပ်ချေသနည်း။

ထိုစကားကိုကြား၍ သီလမရှိသော မျောက်သည်-

၆၈။ အဟံ ကပိသ္မိ ဒုမ္မေဓော၊ အနာမသာနိ အာမသိံ။
တွံ မံ မောစယ ဘဒ္ဒံ တေ၊ မုတ္တော ဂစ္ဆေယျ ပဗ္ဗတံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၆၈။ တေ၊ အရှင်ဘုရားအား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ အဟံ၊ အကျွန်ုပ်သည်။ ဒုမ္မေဓော၊ ပညာမရှိသော။ ကပိ၊ မျောက်သည်။ အသ္မိ၊ ဖြစ်၏။ အဟံ၊ အကျွန်ုပ်သည်။ အနာမသာနိ၊ မသုံးသပ်အပ်သော အရာတို့ကို။ အာမသိံ၊ သုံးသပ်မိ၏။ တွံ၊ အရှင်ဘုရားသည်။ မံ၊ အကျွန်ုပ်ကို။ ဣမမှာ ဒုက္ခာ၊ ဤဆင်းရဲမှ။ မောစယ၊ လွတ်ပါစေလော့။ မုတ္တော၊ လွတ်သည်ရှိသော်။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗတံ၊ တောင်သို့။ ဂစ္ဆေယျ၊ သွားပါအံ့။

ဘုရားလောင်းသည် ထိုမျောက်ကို သနားသဖြင့် လိပ်နှင့်တကွ စကား ဆိုလိုရကား -

၆၉။ ကစ္ဆပါ ကဿပါဟောန္တိ၊ ကောဏ္ဍညာ ဟောန္တိ မက္ကဋာ။
မုဉ္စ ကဿပ ကောဏ္ဍညံ၊ ကတံ မေထုနကံ တယာ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။

၆၉။ ကစ္ဆပါ၊ လိပ်တို့သည်။ ကဿပ၊ ကဿပ အနွယ်ရှိသည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ မက္ကဋာ၊ မျောက်တို့သည်။ ကောဏ္ဍညာ၊ ကောဏ္ဍည အနွယ်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ကဿပ၊ ကဿပအနွယ်ဖြစ်သောလိပ်။ တယာ၊ သင်နှင့်။ မေထုနကံ၊ မေထုန်ကို။ ကတံ၊ ပြုသော။ ကောဏ္ဍညံ၊ ကောဏ္ဍညအနွယ်ဖြစ်သော မျောက်ကို။ မုဉ္စ၊ လွှတ်လော့။

လိပ်သည် ဘုရားလောင်း၏ စကားကိုကြား၍ အကြောင်းအားဖြင့် ကြည်ညိုရကား မျောက်၏အင်္ဂါဇာတ်ကို လွှတ်၏။ မျောက်သည် လွတ်တည့်ခြင်းလျှင် ဘုရားလောင်းကို ရှိခိုး၍ ပြေး၏။ တဖန် ထိုအရပ်ကို ပြန်၍လည်း မကြည့်၊ လိပ်သည် ဘုရားလောင်းကို ရှိခိုး၍မိမိနေရာသို့လျှင် သွား၏။ ဘုရားလောင်းသည် ဈာန်မှ မယုတ်သည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကိုပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ အမတ်နှစ်ယောက်တို့သည် ထိုအခါ မျောက် လိပ်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကာမသော့သွမ်း၊ ထင်တိုင်းရမ်း၊ သေပန်းရှာ၏သို့

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ကစ္ဆပဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ဥဒပါနဝဂ်

၄။ လောလဇာတ်

အမဲမက် ကျီးပျက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကာယံ ဗလာကာ သိခိနီ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤလောလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လျှပ်ပေါ်သော တပါးသောရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် တရား သဘင်သို့ ဆောင်အပ်သော ရဟန်းကို ရဟန်း သင်သည် ယခုမှသာလျှင် လျှပ်ပေါ်သည်မဟုတ်သေး၊ ရှေး၌လည်း လျှပ်ပေါ်သလျှင်ကတည်း၊ လျှပ်ပေါ်သည်၏ အဖြစ်ကြောင့် အသက်ကုန်ခြင်းသို့ ရောက်ဘူးပြီ၊ သင့်ကိုမှီ၍ ရှေးပညာရှိတို့သည် မိမိနေရာအရပ်မှ ယုတ်ဘူးကုန်ပြီဟု အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဗာရာဏသီသူဌေး၏ စဖိုအိမ်၌ စဖိုသည်သည် ကောင်းမှု၏အကျိုးငှါ ခိုတို့၏ အသိုက်တောင်းကိုထား၏။ ထိုအခါ ဘုရားလောင်းသည် ခိုမျိုး၌ဖြစ်၍ ထိုတောင်း၌ နေ၏။ ထိုအခါ တခုသော လျှပ်ပေါ်သောကျီးသည် စဖိုအိမ်အထက်ဖြင့် သွားသည်ရှိသော် အထူးထူး အပြားပြားရှိသော ငါးအမဲခဲဘွယ်ကိုမြင်၍ စားချင်ခြင်းနှိပ်စက်ရကား အဘယ်သူကိုမှီ၍ အခွင့်ကိုရခြင်းငှာ တတ်ကောင်းအံ့နည်းဟု ကြံ၍ ဘုရားလောင်းကိုမြင်၍ ဤခိုကိုမှီ၍ အခွင့်ရခြင်းငှာ တတ်ကောင်း၏ဟု ဘုရားလောင်းခို၏ အစာရှာအံ့သောငှါ တောသို့သွားသောကာလ၌ နောက်မှလိုက်၏။ ထိုအခါ ကျီးကို ဘုရားလောင်းသည် အချင်းကျီး ငါတို့သည်ကား တပါးသော အစာကို စားကုန်၏။ သင်သည်ကား တပါးသောအစာကို စား၏။ အဘယ့်ကြောင့် နောက်သို့ လိုက်သနည်းဟု ဆို၏။ အရှင်သင်တို့၏ အမူ အရာကို ငါနှစ်သက်၏။ ငါသည်လည်း သင်တို့နှင့်တူသော အစာရှိသည်ဖြစ်၍ သင်တို့ကို လုပ်ကျွေးလို၏။ ထို့ကြောင့် သင့်နောက်သို့ လိုက်၏ဟု ဆို၏။ ဘုရားလောင်းသည် ဝန်ခံ၏။ ကျီးသည် ဘုရားလောင်းနှင့်အတူ အစာရှာလျက် ကျက်စားဘိသကဲ့သို့ မြေ၌သက်၍ နွားချေးစုကို ပေါက်၍ ပိုးတို့ကိုစား၍ ဝမ်းကို ပြည့်စေ၍ ဘုရားလောင်းထံသို့ ဆည်း ကပ်၍ အရှင်တို့သည် ဤမျှလောက်သော ကာလပတ်လုံး ကျက်စားကုန်သည် သာလျှင်တည်း။ ဘောဇဉ်မည်သည်ကား ပမာဏကိုသိခြင်းငှါသင့်သည်မဟုတ်လော၊ လာလော မိုးမချုပ်မီ လျင်စွာသွားကြအံ့ဟု ကျီးသည် ဘုရားလောင်းကို ဆို၏။ ဘုရားလောင်းသည် ထိုကျီးကိုခေါ်၍ နေရာအရပ်သို့ သွား၏။ စဖိုသည်သည် ငါတို့ခိုသည် အဘော်ခေါ်၍ လာ၏ဟု ကျီး၏ အလို့ငှါ တခုသော ဖွဲတောင်းကိုထား၏။ ကျီးသည် လေးငါးရက်နေခြင်းတို့ဖြင့်လျှင် နေ၏။

ထိုအခါ တနေ့သ၌ သူဌေးဘို့ များစွာသော ငါးအမဲကို ဆောင်၏။ ကျီးသည် ထိုငါးအမဲကိုမြင်၍ စားချင်ခြင်းနှိပ်စက်ရကား မိုးသောက်ထ ကာလမှစ၍ ညည်းညူလျက် အိပ်၏။ ထိုအခါ ကျီးကို နောက်တနေ့၌ ဘုရားလောင်းသည် အဆွေ လာလော့ အစာရှာသွားကုန်အံ့ဟု ဆို၏။ သင်တို့သည် သွားကုန်လော့ ငါ့အား အစာမကျေသော ရောဂါသည် ရှိ၏ဟု ဆို၏။ အဆွေ ကျီးတို့အား အစာမကျေခြင်းမည်သည် မရှိ၊ သင်တို့၏ ဝမ်း၌ ဆီမီးစာမျှသာလျှင်ဖြစ်သော အနည်းငယ်သော အာဟာရသည် တည်၏။ ကြွင်းသော အာဟာရသည် မျိုထည့်ခြင်းလျှင် ကျေ၏။ ငါ့စကားကို နားထောင်လော့၊ ငါးအမဲအထူးကိုမြင်၍ ဤသို့ မပြုလင့်ဟု ဘုရားလောင်းသည် ဆို၏။ အရှင်အရှင်တို့သည်။ အဘယ်မည်သော စကားကို ဆိုကုန်သနည်း၊ ငါ့အား အစာမကျေသော ရောဂါရှိ၏ဟု ကျီးသည် ဆို၏။ ထိုသို့တပြီးကား မမေ့မလျော့ဖြစ်ရစ်လောဟု ကျီးကိုဆုံးမ၍ ဘုရားလောင်းသည် သွား၏။

စဖိုသည်သည် များစွာကုန်သော ငါးအမဲအထူးကိုစီရင်၍ ကိုယ်မှချွေးကိုသုတ်လျက် စဖိုအိမ်တံခါး၌ ရပ်၏။ ကျီးသည် ယခုအခါ ငါးအမဲကိုစားခြင်းငှာ အချိန်ကာလရောက်၏ဟု ပျံသွား၍ အမဲကိုချက်သော ဟင်းအိုးတို့၏ အထက်၌ နားနေ၏။ စဖိုသည်သည် ကျီးသံကိုကြား၍ ကြည့်လတ်သော် ကျီးကို မြင်၍ ဖမ်းယူပြီးလျှင် စဖိုအိမ်သို့ဝင်၍ ကိုယ်အလုံး၌ အမွေးတို့ကိုနုတ်၍ ထိပ်၌ဦးစွန်းထား၍ ချင်း ငြုတ် စသည်တို့ကို ဖျော်၍ သင်သည် ငါတို့အရှင်၏ ငါးအမဲကို စားကြွင်းကိုပြု ၏ဟု ကျီး၏ကိုယ်အလုံးကိုချင်းငြုတ် အစရှိသည်တို့၏ အရည်ဖြင့်လူး၍ အသိုက်တောင်း၌ ပစ်ချ၏။ သည်းစွာသော ဝေဒနာသည် ဖြစ်၏။ ဘုရားလောင်းသည် ကျက်စားရာအရပ်မှ လာ၍ ညည်းညူသောကျီးကိုမြင်၍ ပြက်ရယ်ပြုလိုကား-

၇၀။ ကာယံ ဗလာကာ သိခိနီ၊ စောရီ လင်္ဃီ ပိတာမဟာ။
ဩရံ ဗလာကေ အာဂစ္ဆ၊ စဏ္ဍော မေ ဝါယသော သခါ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၇၀။ သိခိနီ၊ ဦးစွန်းရှိထသော။ စောရီ၊ နေရာတောင်းကို ခိုးထသော။ လင်္ဃီ ပိတာမဟာ၊ မိုဃ်းဟူသော အဘိုးရှိထသော။ အယံ ဗလာကာ၊ ဤဗျိုင်းသည်။ ကာ၊ အသို့ပြုသနည်း။ ဗလာကေ၊ ဗျိုင်း။ မေ၊ ငါ၏။ သခါ၊ အဆွေ ခင်ပွန်းဖြစ်သော။ ဝါယသော၊ ကျီးသည်။ စဏ္ဍော၊ ကြမ်း၏။ ဩရံ၊ ဤအတွင်းသို့။ အာဂစ္ဆ၊ လာလော့။

ထိုစကားကိုကြား၍ ကျီးသည်-

၇၁။ နာဟံ ဗလာကာ သိခိနီ၊ အဟံ လောလသ္မိ ဝါယသော။
အကတွာ ဝစနံ တုယှံ၊ ပဿ လူနောသ္မိ အာဂတော။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၇၁။ အဟံ၊ ငါသည်။ သိခီနီ၊ ဦးစွန်းရှိသော။ ဗလာကာ၊ ဗျိုင်းသည်။ ၊ မဟုတ်။ အဟံ၊ ငါသည်။ လောလာ၊ လျှပ်ပေါ်သော။ ဝါယသော၊ ကျီးသည်။ အသ္မိ၊ ဖြစ်၏။ တုယှံ၊ သင်၏။ ဝစနံ၊ စကားကို။ အကတွာ၊ မလိုက်နာမူ၍။ လူနော၊ အမွေးကို နုတ်သည်။ အသ္မိ၊ ဖြစ်၏။ အာဂတော၊ ကျက်စားရာအရပ်မှ လာသော သင်သည်။ မံ၊ ငါ့ကို။ ပဿ၊ ရှုလော့။

ထိုစကားကိုကြား၍ ဘုရားလောင်းသည်-

၇၂။ ပုန ပါပဇ္ဇသိ သမ္မ၊ သီလံ ဟိ တဝ တာဒိသံ။
နဟိ မာနုသကာ ဘောဂါ၊ သုဘုဉ္ဇာ ဟောန္တိ ပက္ခိနာ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၇၂။ သမ္မ၊ အဆွေ။ တွံ၊ သင်သည်။ ပုနပိ၊ တဖန်လည်း။ ဧဝရူပံ၊ ဤသို့သဘောရှိသော ဆင်းရဲခြင်းသို့။ အာပဇ္ဇသိ၊ ရောက်လတ္တံ့။ ဟိ-သစ္စံ၊ မှန်၏။ တဝ၊ သင်၏။ သီလံ၊ အလေ့အကျင့်သည်။ တာဒိသံ၊ ထိုဆင်းရဲသို့ ရောက်ခြင်းအား လျော်သောသဘောရှိ၏။ ပက္ခိနာ၊ ငှက်သည်။ မာနုသကာ ဘောဂါ၊ လူတို့၏ အသုံးအဆောင်တို့သည်။ သုဘုဉ္ဇာ၊ သုံးဆောင်လွယ်ကုန်သည်။ န ဟိ ဟောန္တိ၊ မဖြစ်ကုန်သလျှင်ကတည်း။

ဘုရားလောင်းသည် ဤသို့ဆို၍ ယနေ့မှစ၍ ဤအရပ်၌ ငါသည် နေခြင်းငှာ မတတ်ကောင်းဟု ပျံ၍ တပါးသို့ သွား၏။ ကျီးသည်လည်း ညည်းညူလျက်လျှင် ထိုအရပ်၌ သေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သာလျှင် လျှပ်ပေါ်သောရဟန်းသည် အနာဂါမိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ လျှပ်ပေါ်သောရဟန်းသည် ထိုအခါ ကျီးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခို ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အစားငမ်းဘမ်း၊ ထိုကျီးကန်း၊ သေပန်းပွင့်ရှာသည်

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော လောလဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ဥဒပါနဝဂ်

၅။ ရုစိရဇာတ်

ခိုတွဲ-အမဲမျှော်

ပစ္စုပ္ပန် နှင့် အတိတ်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကာယံ ဗလာကာ ရုစိရာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤရုစိရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လျှပ်ပေါ်သောရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ နှစ်ခုကုန်သော ဝတ္ထုတို့သည် ရှေးနှင့် တူကုန်သလျှင်ကတည်း၊ ဂါထာသည်ကား ထူး၏။-

၇၃။ ကာယံ ဗလာကာ ရုစိရာ၊ ကာကနီဠသ္မိမစ္ဆတိ။
စဏ္ဍော ကာကော သခါ မယှံ၊ ယဿ စေတံ ကုလာဝကံ။
၇၄။ န နုမံ သမ္မ ဇာနာသိ၊ ဒိဇ သာမာကဘောဇန။
အကတွာ ဝစနံ တုယှံ၊ ပဿ လူနောသ္မိ အာဂတော။
၇၅။ ပုန ပါပဇ္ဇသိ သမ္မ၊ သီလံ ဟိ တဝ တာဒိသံ။
န ဟိ မာနုသကာ ဘောဂါ၊ သုဘုဉ္ဇာ ဟောန္တိ ပက္ခိနာ။

၇၃။ ရုစိရာ၊ ဖြူစင်သောအဆင်းရှိသော။ အယံ ဗလာကာ၊ ဤဗျိုင်းသည်။ ကာ၊ အဘယ်သို့ သဘောရှိသော ဗျိုင်းနည်း။ ကာကနီဠသ္မိံ၊ ကျီးသိုက်၌။ အစ္ဆတိ၊ နေ၏။ မယှံ၊ ငါ၏။ ယဿာ စ၊ အကြင်အဆွေခင်ပွန်းအားလည်း။ ဧတံ ကုလာဝကံ၊ ဤအသိုက်သည်။ အတ္ထိ၊ ရှိ၏။ ကကော၊ ကျီးဖြစ်သော။ သောအခါ၊ ထိုအဆွေခင်ပွန်းသည်။ စဏ္ဍော၊ ကြမ်း၏။

၇၄။ သာမာကဘောဇန၊ မြက်သီးဟူသော အစာကိုစားသော။ သမ္မ ဒိဇ၊ အဆွေခို။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ ဇာနာသိ နနု၊ သိသည်မဟုတ်လော။ တုယှံ၊ သင်၏။ ဝစနံ၊ စကားကို။ အကတွာ၊ နားမထောင်မူ၍။ အဟံ၊ ငါ့ကို။ လူနော၊ နုတ်အပ်သည်။ အသ္မိ၊ ဖြစ်၏။ အာဂတော၊ ကျက်စားရာအရပ်မှ လာသော သင်သည်။ မံ၊ ကို။ ပဿ၊ ရှုလော့။

၇၅။ သမ္မ၊ အဆွေ။ တွံ၊ သင်သည်။ ပုနပိ၊ တဖန်လည်း။ ဧဝရူပံ၊ ဤသို့သဘောရှိသော ဆင်းရဲသို့။ အာပဇ္ဇသိ၊ ရောက်လတ္တံ့။ ဟိ-သစ္စံ၊ မှန်၏။ တဝ၊ သင်၏။ သီလံ၊ အလေ့အကျင့်သည်။ တာဒိသံ၊ ထိုသို့သဘောရှိသော ဆင်းရဲခြင်းသို့ရောက်အံ့သော သဘောရှိ၏။ ပက္ခိနာ၊ ငှက်သည်။ မာနုသကာ ဘောဂါ၊ လူတို့၏အသုံးအဆောင်တို့သည်။ သုဘုဉ္ဇာ၊ သုံးဆောင်လွယ်ကုန်သည်။ န ဟိ ဟောန္တိ၊ မဖြစ်ကုန်သလျှင်ကတည်း။

ဤဇာတ်၌လည်း ဘုရားလောင်းခိုသည် ယနေ့မှစ၍ ငါသည် ဤအရပ်၌ နေခြင်းငှါ မသင့်ဟု ပျံ၍ တပါးသော အရပ်သို့ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ လျှပ်ပေါ်သော ရဟန်းသည် အနာဂါမိ ဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ လျှပ်ပေါ်သောရဟန်းသည် ထိုအခါ လျှပ်ပေါ်သောကျီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခို ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

လျှပ်ပေါ်သူများ၊ သတိထား၊ ကျီးစား ဥပမာ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ရုစိရဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ဥဒပါနဝဂ်

၆။ ကုရုဓမ္မဇာတ်

အငတ်ပြဿနာ ရှင်းရေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် တဝ သဒ္ဓဉ္စ သီလဉ္စ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုရုဓမ္မဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဟင်္သာသတ်သော ရဟန်းတပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ နေကုန်သော အဆွေ ခင်ပွန်းတို့သည် ရဟန်းပြု၍ ပဉ္စင်းအဖြစ်ကို ရကုန်ပြီးသော် များသောအားဖြင့် တပေါင်းတည်းသာလျှင် သွားလာကုန်၏။ ထိုရဟန်းတို့သည် တနေ့သ၌ အစိရဝတီမြစ်သို့သွား၍ ရေချိုး၍ သဲပြင်၌ နေပူခံကုန်လျက် အသက်ထက်ဆုံး အောက်မေ့အပ်သောစကားကို ပြောဆို၍ နေကြကုန်၏။ ထိုခဏ၌ နှစ်ခုသော ဟင်္သာတို့သည် ကောင်းကင်ပြင်သို့ သွားကုန်၏။ ထိုအခါ တယောက်သော ပဉ္စင်းငယ်သည် ကျောက်စရစ်ကို ကောက်၍ တခုသော ဟင်္သာငယ်၏ မျက်စိကို ပစ်အံ့ဟု ဆို၏။ တယောက်သော ပဉ္စင်းငယ်သည် မတတ်နိုင်လတ္တံ့ ဟု ဆို၏။ ဤဘက်မျက်စိကို ထားဦးလော့၊ ထိုဘက်မျက်စိကိုလည်း ပစ်အံ့ဟု ဆို၏။ ထိုဘက်မျက်စိကိုလည်း မတတ်နိုင်သလျှင်ကတည်းဟု ဆို၏။ ထိုသို့တပြီးကား မှတ်လော့ဟု ဆို၍ ထက်စွာသော ကျောက်စရစ်ကိုကိုင်၍ ဟင်္သာ၏ နောက်အဘို့၌ ပစ်၏။ ဟင်္သားသည် ကျောက်စရစ်သံကြား၍ ပြန်၍ ကြည့်၏။ တခုသော လုံးသော ကျောက်စရစ်ကိုယူ၍ ထိုဘက်မျက်စိ၌ပစ်၍ ဤဘက်မျက်စိမှ ထွက်စေ၏။ ဟင်္သာသည် မြည်လျက် ရဟန်းတို့၏ညခြေရင်း၌သာလျှင် ကျ၏ ထိုထိုအရပ်၌ တည်ကုန်သောရဟန်းတို့သည်မြင်၍ လာလတ်၍ ငါ့သျှင် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော ဘုရားသာသနာတော်၌ ရဟန်းပြု၍ ပါဏာတိပါတကိုပြုသဖြင့် သင်တို့အား မလျောက်ပတ်ဟု ဆို၍ ရဟန်းတို့ကိုယူ၍ မြတ်စွာဘုရားအား ပြကုန်၏။ မြတ်စွာဘုရားသည် ရဟန်း သင်သည် ပါဏာတိပါတကို ပြုသောဟူသည် မှန်သလောဟု မေးတော်မူ၍ မှန်ပေ၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်း အဘယ့်ကြောင့် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ ပါဏာတိပါတကို ပြုဘိသနည်း၊ ရှေးပညာရှိတို့သည် ဘုရားမပွင့်မီ လူ၏ဘောင်၌ နေကုန်လျက် အနည်း ငယ်သော အရာတို့၌လည်း ကုက္ကုစ္စကို ပြုကုန်၏။ သင်သည် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ ကုက္ကုစ္စကိုလည်း မပြု၊ ရဟန်းမည်သည်ကား ကိုယ် နှုတ် စိတ်တို့ကို စောင့်ရှောက်ရသည် မဟုတ်တုံလောဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကုရုတိုင်း ဣန္ဒပတ္ထနဂိုရ်မြို့၌ ဓနဉ္စယကောရဗျမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်း၏ မိဖုယားကြီးဝမ်း၌ ပဋိသန္ဓေ ယူ၍ အစဉ်သဖြင့် အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်၌ ခပ်သိမ်းသော အတက်တို့ကိုသင်၍ အဘသည် အိမ်ရှေ့အရာ၌ ထားအပ်သည်ဖြစ်၍ နောက်အဘလွန်သဖြင့် မင်းအဖြစ်သို့ရောက်၍ ဆယ်ပါးသော မင်းကျင့်တရားတို့ကို မပျက်စေမူ၍ ကုရုဓမ္မ၌ တည်၏။ (ကုရုမ္မဟူသည်ကား ပဉ္စသီလတည်း) ဘုရားလောင်းသည် ပဉ္စသီလကို စင်ကြယ်စွာပြု၍ စောင့်ရှောက်သကဲ့သို့ ထို့အတူ ဘုရားလောင်း၏ မယ်တော် မိဖုယားကြီး, ညီတော် အိမ်ရှေ့မင်း, ပုရောဟိတ်ပုဏ္ဏား, ကြိုးတိုင်းအမတ်, ရထားထိန်း, သူဌေး, တင်းခြင်အမတ်ကြီး, တံခါးစောင့်, ပြည့်တန်ဆာမတို့သည် စင်ကြယ်စွာပြု၍ ပဉ္စ သီလတို့ကို စောင့်ရှောက်ကုန်၏။ မင်းသည် မြို့တံခါး လေး မျက်နှာ, မြို့လယ် နန်းတော်တံခါး ဤခြောက်ဌါနတို့၌ အလှူတင်းကုပ်တို့ကို ဆောက်စေကုန်၍ နေ့တိုင်း နေ့တိုင်း ခြောက်သိန်းသော ဥစ္စာတို့ကိုစွန့်၍ အလုံးစုံသော ဇမ္ဗူဒိပ်ကို လယ် ယာ ထွန်ခြင်း ပြတ်သည်ကိုပြု၍ အလှူပေး၏။ ထိုဘုရားလောင်း၏ အလှူပေးခြင်း၌ မွေ့လျော်သည်၏အဖြစ်သည် အလုံးစုံသော ဇမ္ဗူဒိပ်၌ ပြန့်နှံ၏။

ထိုအခါ ကာလိင်္ဂတိုင်း ဒန္တပူရမြို့၌ ကာလိင်္ဂမင်းသည် မင်းပြု၏။ ထိုမင်း၏တိုင်း၌ မိုဃ်းသည်ကား မရွာ၊ မိုဃ်းမရွာသည်ရှိသော် တိုင်းအလုံး၌ ငတ်မွတ်ခြင်းဘေးသည် ဖြစ်၏။ အာဟာရ ဘောက်ပြန်ခြင်းကြောင့် လူတို့အား ရောဂါသည်လည်း ဖြစ်၏။ မိုဃ်းမရွာသောဘေး ငတ်မွတ်သောဘေး ရောဂါဘေး ဤဘေးသုံးပါးတို့သည် ဖြစ်ကုန်၏။ လူတို့သည် ထွက်ကုန်၍ သူငယ်တို့ကို လက်တို့ကိုင်ကုန်၍ ထိုထိုသောအရပ်သို့ သွားကုန်၏။ တိုင်းအလုံး၌ နေကုန်သော သူတို့သည် တပေါင်းတည်း ဖြစ်ကုန်၍ ဒန္တပူရမြို့သို့သွား၍ မင်းအိမ်တံခါး၌ ကြွေးကြော်ကုန်၏။ မင်းသည် လေသာတံခါးကိုမှီ၍ တည်လျက် ထိုအသံကိုကြား၍ အဘယ့်ကြောင့် ထိုသူတို့သည် ကြွေးကြော်ကုန်သနည်းဟု မေး၏။ မြတ်သောမင်းကြီး အလုံးစုံသောတိုင်း၌ ဘေးသုံးပါးတို့သည် ဖြစ်ကုန်၏။ မိုဃ်းသည် မရွာ၊ ကောက်ပဲတို့သည် မပြည့်စုံကုန်၊ ငတ်မွတ်ခြင်းသည်ဖြစ်၏။ လူတို့သည် မကောင်းသောအစာကို စားခြင်းကြောင့် ရောဂါနှိပ်စက်ကုန်သောလူတို့သည် သားတို့ကို လက်၌ ကိုင်ကုန်၍ ရွာမှထွက်သွားကုန်၏။ မြတ်သောမင်းကြီး မိုဃ်းကို ရွာပါစေလော့ဟု ကြွေးကြော်ကုန်၏ဟု လျောက်ကုန်၏။ ရှေးမင်းတို့သည် မိုဃ်းမရွာသော် အသို့ပြုကုန်သနည်းဟု မေး၏။ မြတ်သောမင်းကြီး ရှေးမင်းတို့သည် မိုဃ်းမရွာသော် အလှူပေး၍ သီလဆောက်တည်၍ ဥပုသ်ကို အဓိဋ္ဌာန်၍ အသရေရှိသော တိုက်ခန်းသို့ဝင်၍ မြေစာမြက်ကိုခင်း၍ အိပ်ကုန်၏။ ထိုအခါ မိုဃ်းသည် ရွာ၏ဟု လျှောက်ကုန်၏။ မင်းသည် ကောင်းပြီဟု ဝန်ခံ၍ ဆိုတိုင်းကို ပြု၏။ ဤသို့ ပြုသော်လည်း မိုဃ်းသည် မရွာ။

ထိုအခါ မင်းသည် အမတ်တို့ကို ငါသည် ပြုအပ်သောကိစ္စကို ပြုပြီ၊ မိုဃ်းသည် မရွာ၊ အသို့ပြုရကုန်အံ့နည်းဟု မေး၏။ မြတ်သောမင်းကြီး ဣန္ဒပတ္ထနဂိုရ်မြို့ ဓနဉ္စယကောရဗျမင်းအား အဉ္ဇနဝဏ္ဏမည်သော မင်္ဂလာဆင်သည် ရှိ၏။ ထိုဆင်ကို ဆောင်ကုန်အံ့၊ ဤသို့ဆောင်သည်ရှိသော် မိုဃ်းသည် ရွာလတ္တံ့ဟု ဆိုကုန်၏။ မင်းသည် ဗိုလ်ပါ ဆင်မြင်းနှင့် ပြည့်စုံ၏။ စစ်ထိုး၍ နှိပ်စက်ခြင်းငှာ ခက်ခဲ၏။ အဘယ်သို့လျှင် ထိုမင်း၏ မင်္ဂလာဆင်ကို ဆောင်ကုန်အံ့နည်းဟု မင်းသည် ဆို၏။ မြတ်သောမင်းကြီး ကောရဗျမင်းနှင့် စစ်ထိုးခြင်းမည်သည်မရှိ၊ ဓနဉ္စယကောရဗျမင်းသည် အလှူဒါန၌ အလွန်မွေ့လျော် သည်ဖြစ်၍ တောင်းသည်ရှိသော် တန်ဆာဆင်သော ဦးခေါင်းကိုလည်း ဖြတ်၍ လှူရာ၏။ ကြည်ခြင်းနှင့် ပြည့်စုံကုန်သော မျက်စိတို့ကိုလည်း ထုတ်၍ လှူရာ၏။ အလုံးစုံသော မင်းအဖြစ်ကိုလည်း ဆောင်နှင်း၍ ပေးရာ၏။ ဆင်၌ကား ဆိုဘွယ် မရှိသည်သာလျှင် ဖြစ်၏။ မချွတ် တောင်းသော် ပေးကုန်လတ္တံ့ဟု အမတ်တို့သည် ဆိုကုန်၏။ အဘယ်သူတို့အားကား ထိုဆင်ကို တောင်းခြင်းငှာ စွမ်းနိုင်ကုန်အံ့နည်းဟု မင်းသည် ဆို၏။ မြတ်သောမင်းကြီး ပုဏ္ဏားတို့သည် စွမ်းနိုင်ကုန်၏ဟု အမတ်တို့သည် ဆိုကုန်၏။ မင်းသည် ပုဏ္ဏားအပေါင်းမှ ရှစ်ယောက်သော ပုဏ္ဏားတို့ကိုခေါ်စေ၍ ချီးမြှောက်ပေးကမ်းခြင်းကိုပြု၍ ဆင်ကို တောင်းစိမ့်သောငှါ စေ၏။ ထိုပုဏ္ဏားတို့သည် ရိက္ခာကိုယူပြီးသော် ခရီးသွားအသွင်ကိုယူ၍ ခပ်သိမ်းသောအရပ်တို့၌ တညဉ့်သာအိပ်သဖြင့် လျင်မြန်စွာသွား၍ နှစ်ရက် သုံးရက်ဖြင့် မြို့တံခါး အလှူတင်းကုပ်၌ စားကုန်၍ ကိုယ်ကို ရောင့်ရဲစေ၍ အဘယ်အခါ၌ မင်းသည် အလှူတင်းကုပ်သို့ လာလတ္တံ့နည်းဟု မေးကုန်၏။ လူတို့သည် ပက္ခ၏ စတုဒ္ဒသီ ပန္နရသီ အဋ္ဌမီဟူကုန်သော သုံးရက်တို့၌ မင်းသည်လာ၏။ နက်ဖြန် ပုဏ္ဏမီနေ့ ဖြစ်၏။ ထို့ကြောင့် နက်ဖြန် လာလတ္တံ့ ဟု ဆိုကြကုန်၏။

ပုဏ္ဏားတို့သည် နက်ဖြန် စောစောကလျင်သွား၍ အရှေ့တံခါး၌ နေကြကုန်၏။ ဘုရားလောင်းသည် စောစောကရေချိုး၍ ကိုယ်ကို နံ့သာဖြင့် လိမ်းကျံ၍ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်၍ တန်ဆာဆင်သော ဆင်ကျောက်ကုန်း၌ စီး၍ များစွာသော အခြံအရံဖြင့် ခြံရံအပ်သည်ဖြစ်၍ အရှေ့တံခါးဖြင့် အလှူတင်းကုပ်သို့သွား၍ ဆင်မှဆင်းသက်၍ ခုနစ်ယောက် ရှစ်ယောက်ကုန်သောသူတို့အား ကိုယ်တိုင်ထမင်းပေး၍ ရှေးနည်းဖြင့်လျှင် လှူကြကုန်လော့ဟု ဆို၍ ဆင်ကိုစီး၍ တောင်တံခါးသို့ သွား၏။ ပုဏ္ဏားတို့သည် အရှေ့တံခါး၌ အစောင့်အရှောက် အားကြီးသည်၏ အဖြစ်ကြောင့် အခွင့်ကိုမရ၍ တောင်တံခါးသို့သာလျှင် သွား၍ လာလတ်သောမင်းကို မျှော်ကုန်လျှက် တံခါးမှ မနီးလွန်းမဝေးလွန်းသော မြင်ရာအရပ်၌တည်၍ မင်းရောက်လာသော် လက်ကိုမြှောက်၍ ဇယတု ဘဝံ မဟာရာဇဟု အောင်ဆုပေးကုန်၏။ မင်းသည် ဝရဇိန်ချွန်းဖြင့် ဆင်ကိုနစ်စေ၍ ထိုပုဏ္ဏားတို့၏ အထံသို့သွား၍ အို ပုဏ္ဏားတို့ သင်တို့သည် အဘယ်ကို အလိုရှိကုန်သနည်းဟု မေး၏။ ပုဏ္ဏားတို့သည် ဘုရားလောင်း၏ ကျေးဇူးကို ချီးမွမ်းလိုရကား-

၇၆။ တဝ သဒ္ဓဉ္စ သီလဉ္စ၊ ဝိဒိတွာန ဇနာဓိပ။
ဝဏ္ဏံ အဉ္ဇနဝဏ္ဏေန၊ ကလိင်္ဂမှိ နိမိမှသေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၇၆။ ဇနာဓိပ၊ လူတို့ကို အစိုးရသော ကောရဗျမင်း။ မယံ၊ ငါတို့သည်။ တဝ၊ သင်မင်းကြီး၏။ သဒ္ဓဉ္စ၊ သဒ္ဓါကို၎င်း။ သီလဉ္စ၊ သီလကို၎င်း။ ဝိဒိတွာန၊ သိ၍။ ကလိင်္ဂမှီ၊ ကာလိင်္ဂရာဇ်၌။ အဉ္ဇနဝဏ္ဏေန၊ အဉ္ဇနဝဏ္ဏ ဆင်တော်ဖြင့်။ ဝဏ္ဏံ၊ ရွှေကို။ နိမိမှသေ၊ လဲလိုကုန်၏။ တနည်း... ကလိင်္ဂမှိ၊ ကာလိင်္ဂမင်း၏ အထံသို့။ အဉ္ဇနဝဏ္ဏေန၊ အဉ္ဇနဝဏ္ဏဆင်ဖြင့်။ တဝ၊ သင်မင်းကြီး၏။ ဝဏ္ဏံ၊ ကျေးဇူးကို။ နိမိမှသေ၊ ချီးမွမ်းကုန်အံ့။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ပုဏ္ဏားတို့ သင်တို့သည် ဤဆင်ကိုရောင်း၍ ဥစ္စာကို ပြုလိုကုန်သည် ဖြစ်အံ့၊ မစိုးရိမ်ကုန်လင့်၊ တန်ဆာဆင်တိုင်းသောဆင်ကို သင်တို့အား ပေးအံ့ဟု နှစ်သိမ့်စေ၍-

၇၇။ အန္နဘစ္စာ စဘစ္စာ စ၊ ယောဓ ဥဒ္ဒိဿ ဂစ္ဆတိ။
သဗ္ဗေ တေ အပ္ပဋိက္ခိပ္ပါ၊ ပုဗ္ဗာစရိယဝစော ဣဒံ။
၇၈။ ဒဒါမိ ဝေါ ဗြာဟ္မဏာ နာဂမေကံ၊
ရာဇာရဟံ ရာဇဘောဂ္ဂံ ယသဿိနံ။
အလင်္ကတံ ဟေမဇာလာဘိဆန္နံ၊
သသာရထိံ ဂစ္ဆထ ယေန ကာမံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၇၇။ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့။ အန္နဘစ္စာ စ၊ ထမင်းကျွေးအပ်ကုန်သော သူတို့သည်၎င်း။ အဘစ္စာ စ၊ ထမင်းမကျွေးအပ်ကုန်သော သူတို့သည်၎င်း။ ဣဓ၊ ဤလောက၌။ သန္တိ၊ ရှိကုန်၏။ တေသု၊ ထိုသူတို့တွင်။ ယော၊ အကြင်သူသည်။ ယံ၊ အကြင်သူကို။ ဥဒ္ဒိဿ၊ ရည်၍။ ဂစ္ဆတိ၊ သွား၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေ၊ ထိုရည်၍ သွားကုန်သော သူတို့ကို။ တေန၊ ထိုသူသည်။ အပ္ပဋိက္ခိပ္ပါ၊ မပယ်အပ်ကုန်။ ဣဒံ၊ ဤစကားသည်။ ပုဗ္ဗာစရိယဝစော၊ လက်ဦးဆရာဖြစ်သော မိဘတို့စကားတည်း။

၇၈။ ဝေါ၊ သင်တို့အား။ ရာဇာရဟံ၊ မင်းအား လျှောက်ပတ်သော။ ရာဇဘောဂ္ဂံ၊ မင်း၏ အသုံးအဆောင်ဖြစ်သော။ ယသဿိနံ၊ အမျိုးငါးရာဟူသော အခြံအရံရှိသော။ အလင်္ကတံ၊ အထူးထူးသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော။ ဟေမဇာလာဘိဆန္နီ၊ ရွှေကွန်ယက်ဖြင့် လွှမ်းအပ်သော။ သသာရထိံ၊ ဆင်ထိန်းနှင့်တကွသော။ ဧတံ နာဂံ၊ ဤဆင်ကို။ ဝေါ၊ သင်တို့အား။ ဒဒမိ၊ ငါပေးအံ့။ ယေန၊ အကြင်အရပ်ဖြင့်။ ကာမံ၊ အလိုရှိ၏။ တေန၊ ထိုအရပ်ဖြင့်။ ဂစ္ဆထ၊ သွားကြကုန်လော့။

ဤသို့ ဘုရားလောင်းသည် မြတ်သော ဆင်ကျောက်ကုန်း၌ စီးလျက်လျှင် စကားဖြင့်လှူပြီး၍ ဆင်ကျောက်ကုန်းမှဆင်းသက်၍ တန်ဆာမဆင်ရာ ရှိငြားအံ့၊ တန်ဆာဆင်၍လျှင် လှူအံ့ဟုဆို၍ သုံးကြိမ် လက်ျာရစ်လှည့်လည်လျက် ကြည့်လတ်သော် တန်ဆာမဆင်ရာ အရပ်ကို မမြင်၍ ထိုဆင်၏နှာမောင်းကို ပုဏ္ဏားတို့၏ လက်၌ထား၍ ရွှေကရားဖြင့် ပန်းနံ့သာ ထုံအပ်သောရေကို သွန်း၍ လှူ၏။ ပုဏ္ဏားတို့သည် အခြံအရံနှင့်တကွသောဆင်ကို အလှူခံ၍ ဆင်ကျောက်ကုန်း၌စီး၍ ဒန္တပူရမြို့သို့သွား၍ မင်းအား ပေးကုန်၏။ ဆင်သည် ရောက်ငြားသော်လည်း မိုဃသည် မရွာ၊ မင်းသည် အကြောင်း အသို့တုံနည်းဟု မေးပြန်၏။ ဓနဉ္စယကောရဗျမင်းသည် ကုရုဓမ္မကို ကျင့်၏။ ထို့ကြောင့် မင်း၏ တိုင်း၌ လခွဲတကြိမ် ဆယ်ရက်တကြိမ် မင်း၏အာနုဘော်ဖြင့် မိုဃ်းသည် ရွာ၏။ ဤတိရစ္ဆာန်အား ကျေးဇူးသည် မရှိကုန်ဟု ကြား၍ ထိုသို့တပြီးကား တန်ဆာဆင်မြဲသာလျှင်ဖြစ်သော အခြံအရံနှင့်တကွ ဆင်ကို မင်းအား ပေးအပ်စေ၍ အကြင်ကုရုဓမ္မကို မင်းသည် စောင့်၏။ ထိုကုရုဓမ္မကို ရွှေပြား၌ရေး၍ ဆောင်ကြကုန်လောဟု ပုဏ္ဏားတို့ကို၎င်း အမတ်တို့ကို၎င်း စေ၏။ ထိုအမတ် ပုဏ္ဏားတို့သည်သွား၍ မင်းအား ဆင်ကိုအပ်နှင်း၍ မြတ်သောမင်းကြီး ဤဆင်သည် ရောက်လာငြားသော်လည်း အကျွန်ုပ်တို့၏ တိုင်း၌ မိုဃမရွာ၊ အရှင်မင်းကြီးတို့သည် ကုရုဓမ္မကို စောင့်ရှောက်ကုန်သတတ်၊ အကျွန်ုပ်တို့၏ မင်းသည်လည်း ထိုကုရုဓမ္မကို စောင့်ရှောက်လိုသည်ဖြစ်၍ ဤရွှေပြား၌ ရေး၍ ဆောင်ကြစေကုန်ဟု စေ၏။ ကျွန်ုပ်တို့အား ကုရုဓမ္မကို ပေးပါကုန်လောဟု လျှောက်ကုန်၏။ အမောင်တို့သည် ထိုကုရုဓမ္မကို စောင့်ရှောက် သည်မှန်၏။ ထိုသို့စောင့်ရှောက်ငြားသော်လည်း ယခုအခါ ထိုကုရုဓမ္မ၌ ငါ့အား ကုက္ကုစ္စရှိ၏။ ထိုကုရုဓမ္မသည် ငါ၏စိတ်ကို မနှစ်သက်စေနိုင်၊ ထိုကြောင့် သင်တို့အား ပေးခြင်းငှာမတတ်နိုင်ဟု မင်းသည် ဆို၏။

အဘယ့်ကြောင့် ထိုသီလသည် မင်းကို မနှစ်သက်စေနိုင်သနည်း ဟူမူကား ထိုအခါ မင်းတို့အား သုံးနှစ်မြောက်လျှင် တန်ဆောင်မုန်းလ၌ ပွဲသဘင်ဖြစ်၏။ ထိုသဘင်ကို ကစားကုန်သော် မင်းတို့သည် ခပ်သိမ်းသော တန်ဆာဖြင့် တန်ဆာဆင်ကုန်လျက် နတ်အသွင်ကိုယူကုန်၍ စိတ္တရာဇာမည်သော နတ်၏အထံ၌ တည်ကုန်၍ အရပ်လေးမျက်နှာတို့သို့ ပန်းတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော ဆန်းကြယ်သောမြားတို့ကို ပစ်လွှတ်ကုန်၏။ ဤကောရဗျမင်းသည်လည်း ထိုပွဲသဘင်ကို ကစားလတ်သော် တခုသော ရေကန်ဝယ် စိတ္တရာဇာနတ်၏ အထံ၌တည်၍ အရပ်လေးမျက်နှာတို့သို့ ဆန်းကြယ်သော မြှားတို့ကို ပစ်လွှတ်၍ ထိုမြားတို့တွင် ကြွင်းကုန်သော အရပ်လေးမျက်နှာတို့သို့ သွားကုန်သော မြှားသုံးစင်းတို့ကို မြင်၍ ရေအပြင်သို့ ပစ်အပ်သော မြှားကိုကားမမြင်၊ ငါပစ်အပ်သောမြားသည် ငါး၏ကိုယ်သို့ ကျလေသလောဟု မင်းအား ကုက္ကုစ္စ ဖြစ်၏။ ဤသို့ ပါဏာတိပါတကံဖြင့် သီလပျက်ခြင်းကို အာရုံပြုသောကြောင့် ထိုသီလသည် မင်းကို မနှစ်သက်စေ၊ ထိုမင်းသည် အမောင်ကို ငါ့အား ကုရုဓမ္မ၌ ကုက္ကုစ္စရှိ၏။ ငါ၏မယ်တော်သည်ကား ကောင်းစွာစောင့်၏။ ထို့ကြောင့် မယ်တော်အထံ၌ ယူကြကုန်လောဟု ဆို၏။ မြတ်သောမင်းကြီး သင်မင်းကြီးတို့အား သတ္တဝါကို သတ်အံ့ဟူသော စေတနာသည် မရှိ၊ စေတနာကိုကြဉ်၍ ပါဏာတိပါတမည်သည် မရှိ၊ ရှင်မင်းကြီးစောင့်ရှောက်သော ကုရုဓမ်မကိုအကျွန်ုပ်တို့အား ပေးပါကုန်လောဟု အမတ်တို့သည် ဆိုကုန်၏။ ထိုသို့တပြီးကား ရေးကြကုန်လောဟုဆို၍ ရွှေပြား၌ သတ္တဝါကို မသတ်အပ်၊ အရှင်မပေးသောဥစ္စာကို မခိုးယူအပ်၊ ကာမတို့၌ မှားသောအကျင့်ကို မကျင့်အပ်၊ မုသာဝါဒကို မဆိုအပ်၊ ယစ် မျိုးကို မသောက်အပ်ဟု ရေးစေ၏။ ရေးစေပြီး၍ကား ဤသို့ စေငြားသော်လည်း ငါ့ကို သီလသည် မနှစ်သက်စေ၊ ငါ၏ မယ်တော်အထံသို့ သွားကြလေကုန်ဟု ဆို၏။

တမန်တို့သည် မင်းကိုရှိခိုး၍ မယ်တော်အထံသို့ သွား၍လျှင် အရှင်မိဖုယား သင်တို့သည် ကုရုဓမ္မကို စောင့်ရှောက်ကုန်သတတ်၊ ထိုကုရုဓမ္မကို အကျွန်ုပ်တို့အား ပေးပါကုန်လောဟု ဆိုကုန်၏။ မယ်တော်မိဖုယားသည် အမောင်တို့ ငါသည် ကုရုဓမ္မကို စောင့်ရှောက်သည်ကား မှန်၏။ ထိုသို့စောင့်ရှောက်ငြားသော်လည်း ထိုကုရုဓမ္မ၌ ယခု ငါ့အား ကုက္ကုစ္စဖြစ်၏။ ထိုကုရုဓမ္မသည် ငါ့အားမနှစ်သက်စေနိုင်၊ ထို့ကြောင့် သင်တို့အား ပေးခြင်းငှာ မတတ်ကောင်းဟု ဆို၏။ ထိုမယ်တော် မိဖုယားအား သားနှစ်ယောက်တို့သည် ရှိကုန်သတတ်၊ သားကြီးသည် မင်းဖြစ်၏။ သားငယ်သည် အိမ်ရှေ့ မင်းဖြစ်၏။ ထိုအခါ မင်းတပါးသည် ဘုရားလောင်းအား အဘိုးတသိန်းထိုက်သော စန္ဒကူးနံ့သာနှစ်၊ အဘိုးတထောင်ထိုက်သော ရွှေပန်းကို ဆက်လာ၏။ ဘုရားလောင်းသည် မယ်တော်ကို ပူဇော်အံ့ဟု ထိုအလုံးစုံကို မယ်တော်အား ပို့စေ၏။ မယ်တော်သည်ကား ငါသည် နံ့သာကိုလည်း မလိမ်း၊ ပန်းကိုလည်းမပန်၊ ချွေးမတို့အား ပေးအံ့ဟု ကြံ၏။ ထိုအခါ မယ်တော်အား ငါ၏ချွေးမကြီးသည် မင်းမိဖုယားကြီးအရာ၌ တည်၏။ ချွေးမကြီးအား ပန်းကိုပေးအံ့၊ ချွေးမငယ်သည် ဆင်းရဲ၏။ ချွေးမငယ်အား စန္ဒကူးနံ့သာနှစ်ကို ပေးအံ့ဟု အကြံဖြစ်၏။ ဤသို့အကြံဖြစ်၍ မင်း၏မယ်တော်သည် မင်း၏ မိဖုယားအား ရွှေပန်းကိုပေး၍ အိမ်ရှေ့မင်းမယားအား စန္ဒကူးနံ့သာနှစ်ကို ပေး၏။ ပေးပြီး၍ကား ငါသည် ကုရုဓမ္မကို စောင့်၏။ ထိုချွေးမတို့၏ အစိုးရသောအဖြစ် ဆင်းရဲသောအဖြစ်သည် ငါအား ပမာဏမဟုတ်၊ အမျိုး၌ ကြီးသောသူတို့အား အရိုအသေပြုခြင်း အမှုကိုသာလျှင် ပြုခြင်းငှါ ငါ့အား လျောက်ပတ်၏။ ငါ့အား မပြုအပ်သည်ကို ပြုခြင်းကြောင့် သီလသည် ပျက်၏ဟု မယ်တော်အား ကုက္ကုစ္စဖြစ်၏။

ထို့ကြောင့် တမန်တို့ကို ဤသို့ဆို၏။ ထိုအခါ မယ်တော်ကို တမန်တို့သည် မိမိဥစ္စာမည်သည်ကို အလိုရှိတိုင်း ပေးအပ်၏။ အရှင်မိဖုယားကြီးတို့သည် ဤမျှဖြင့်လည်း ကုစ္စကိုပြုကုန်၏။ တပါးသော မကောင်းသောအမှုကို အသို့ပြုကုန်အံ့နည်း သီလမည်သည်ကား ဤသို့သောအမှုဖြင့် မပျက်၊ အကျွန်ုပ်တို့အား ကုရုဓမ္မကိုပေးပါကုန်လော့ဟု ဆို၍ မယ်တော်မိဖုယား၏ အထံ၌လည်း ယူ၍ ထိုကုရုဓမ္မတို့ကို ရွှေပြား၌ ရေးကုန်၏။

မယ်တော်မိဖုယားသည် အမောင်တို့ ဤသို့ ပေးငြားသော်လည်း ကုရုဓမ္မသည် ငါ့ကိုမနှစ်သက်စေနိုင်၊ ငါ၏ချွေးမသည်ကား ကောင်းစွာစောင့်၏။ ချွေးမအထံ၌ ယူကြလေကုန်ဟု ဆိုအပ်ကုန်သော် တမန်တို့သည် မိဖုယားကြီးအထံသို့ကပ်၍ ရှေးနည်းဖြင့်သာလျှင် ကုရုဓမ္မကို တောင်းကုန်၏။ မိဖုယားကြီးသည်လည်း ရှေးနည်းဖြင့်သာလျှင် ဆို၏။ ယခု ငါ့ကို သီလသည် မနှစ်သက်စေနိုင်၊ ထို့ကြောင့် သင်တို့အား ငါမပေးဟု ဆို၏။ ထိုမိဖုယားကြီးသည် တနေ့သ၌ ခြင်္သေ့ခံသော လေသာပြတင်းနား၌ ရပ်လျက် မြို့ကို လကျာရစ်လှည့်သော မင်း၏နောက်မှ ဆင်ကျောက်ကုန်း၌စီးသော အိမ်ရှေ့ မင်းကို မြင်၍ လောဘကို ဖြစ်စေ၍ ငါသည် အကယ်၍ အိမ်ရှေ့မင်းနှင့် အဆွေခင်ပွန်းဖွဲ့ငြားအံ့၊ အစ်ကိုလွန်သဖြင့် မင်းအဖြစ်၌ တည်သော အိမ်ရှေ့မင်းသည် ငါ့ကို သိမ်းယူငြားအံ့ဟု ကြံသတတ်၊ ထိုအခါ မိဖုယားအား ကုရုဓမ္မကိုစောင့်သောငါသည် လင်ရှိသည်ဖြစ်လျက် ကိလေသာ၏အစွမ်းအားဖြင့် တပါးသော ယောက်ျားကို ကြည့်မိ၏။ ထို့ကြောင့် သီလပျက်သည် ဖြစ်ရာ၏ဟု ကုက္ကုစ္စဖြစ်၏။ ထို့ကြောင့် ဤသို့ဆို၏။ ထိုအခါ မိဖုယားကြီးကို ထိုတမန်တို့သည် အရှင်မ စိတ်ဖြစ်ကာမျှဖြင့် လွန်ကျူး၍ ကျင့်ခြင်းမည်သည် မဖြစ်၊ သင်တို့သည်လည်း ဤမျှဖြင့်လည်း ကုက္ကုစ္စကို ပြုကုန်၏။ လွန်ကျူးခြင်းကို အသို့လျှင် ပြုကုန်လတ္တံ့နည်း၊ ဤမျှဖြင့် သီလ သည်မပျက်၊ အကျွန်ုပ်တို့အား ကုရုဓမ္မကို ပေးကုန်လော့ဟုဆို၍ မိဖုယားကြီး၏ အထံ၌လည်း ကုရုဓမ္မကို ရွှေပြား၌ ရေးယူကြကုန်၏။

မိဖုယားကြီးသည် အမောင်တို့ ဤသို့ပေးငြားသော်လည်း ငါ့ကို သီလသည် မနှစ်သက်စေ၊ အိမ်ရှေ့မင်းသည် ကောင်းစွာ စောင့်၏။ အိမ်ရှေ့ မင်း၏အထံ၌ ယူကြကုန်လော့ဟု ဆိုအပ်ကုန်သော် တမန်တို့သည် အိမ်ရှေ့မင်း၏ အထံသို့ကပ်၍ ရှေးနည်းဖြင့်သာလျှင် ကုရုဓမ္မကို တောင်းကုန်၏။ ထိုအိမ်ရှေ့ မင်းသည်ကား ညချမ်းသောအခါ မင်း၏အထံသို့ သွားသည်ရှိသော် ရထားဖြင့်လျှင် မင်းယင်ပြင်သို့ရောက်၍ မင်း၏အထံ၌ ခစား၍ မင်း၏အထံ၌ အိပ်လိုသည်ရှိသော် ကြိုးနှင်တံတို့ကို ရထားဦး၌ ထားခဲ့၏။ ထိုအမှတ်ဖြင့် လူများတို့သည်ဖဲ၍ နက် ဖြန် နံနက်စောစော လာလတ်၍ အိမ်ရှေ့မင်း၏ထွက်ခြင်းကို မျှော်လျက်လျှင် တည်၏။ ရထားထိန်းသည်လည်း ရထားကိုစောင့်ရှောက်၍ နက်ဖြန် နံနက် စောစောကလျှင် ရထားကိုယူ၍ မင်းအိမ်တံခါး၌ တည်၏။ ထိုခဏ၌သာလျှင် ထွက်လိုသည်ဖြစ်အံ့ ကြိုးနှင်တံတို့ကို ရထား၏အတွင်း၌သာလျှင် ထားခဲ့၍ မင်းအထံသို့ သွား၏။ လူများတို့သည်ထိုအမှတ်ဖြင့် ယခုလျှင် ထွက်လတ္တံ့ ဟု မင်းအိမ်တံခါး၌သာလျှင် တည်၏။ အိမ်ရှေ့မင်းသည် တနေ့သ၌ ဤသို့ပြု၍ မင်းအိမ်သို့ ဝင်၏။ ဝင်ကာမျှလျှင် မိုဃ်းသည် ရွာ၏။ မင်းသည် မိုဃ်းရွာ၏ဟု အိမ်ရှေ့မင်းအား ထွက်ခြင်းကိုမပေး၊ အိမ်ရှေ့မင်းသည် မင်းအိမ်၌သာလျှင် ခစား၍ အိပ်၏။ လူများသည် ယခုထွက်လတ္တံ့ဟု တညဉ့်ပတ်လုံး မိုဃ်းစွတ်လျှက် တည်၏။ အိမ်ရှေ့မင်းသည် နက်ဖြန်မှထွက်၍ မိုဃ်းစွတ်လျှက်တည်သော လူများကိုမြင်၍ ကုရုဓမ္မကို စောင့်ရှောက်သော ငါသည် ဤမျှလောက်သောလူကို ပင်ပန်းစေပြီ၊ ငါ၏သီလသည် ပျက်စီးရာ၏ဟု ကုက္ကုစ္စဖြစ်၏။ ထိုကြောင့် ထိုတမန်တို့အား ငါသည် ကုရုဓမ္မကို စောင့်ရှောက်သည်ကား မှန်၏။ ထိုသို့ စောင့်ရှောက်သော်လည်း ယခု ငါ့အား ကုက္ကုစ္စရှိ၏။ ထို့ကြောင့် သင်တို့အား ပေးခြင်းငှာ မတတ်ကောင်းဟု ဆို၍ ထိုအကြောင်းကိုကြား၏။ ထိုအခါ အိမ်ရှေ့မင်းကို တမန်တို့သည် အရှင်မင်းမြတ် သင်မင်းကြီးသည် ထိုသူတို့အား ပင်ပန်းစေကုန်သတည်း ဟူသော စိတ်သည်မရှိ၊ စိတ်မရှိသော် ကံမမြောက်၊ ဤအမှုဖြင့်လည်းကုက္ကုစ္စကို ပြုကုန်သေး၏။ အဘယ်မှာလျှင် အရှင်မင်းကြီးတို့အား လွန်ကျူးခြင်း ဖြစ်ကုန်အံ့နည်းဟုဆို၍ အိမ်ရှေ့မင်း၏ အထံမှလည်း သီလကိုယူ၍ ရွှေပြား၌ ရေးကုန်၏။

ဤသို့ ပေးသော်လည်း သီလသည် ငါ့ကို မနှစ်သက်စေနိုင်၊ ပုရောဟိတ်သည်ကား ကောင်းစွာ စောင့်ရှောက်၏။ ပုရောဟိတ်၏အထံ၌ ယူကြကုန်ဟူ၍ ဆိုအပ်ကုန်သော် တမန်တို့သည် ပုရောဟိတ်၏ အထံသို့သွား၍ တောင်းကုန်၏။ ထိုပုရောဟိတ်သည်လည်း တနေ့သ၌ မင်းအား ခစားခြင်းငှာ မင်းအထံသို့ သွားလတ်သော် မင်းတပါးသည် ထိုကောရဗျမင်းအား ဆက်အပ်သော အသစ်ဖြစ်သော ထွန်းပသော အရောင်အဆင်းရှိသော ရထားကို လမ်းအကြား၌မြင်၍ အဘယ်သူ၏ရထားနည်းဟု မေး၍ မင်းအား ဆက်သအပ်သော ရထားတည်းဟုကြား၍ ငါသည် အိုမင်းပြီ၊ မင်းသည် ဤရထားကို ငါ့အား အကယ်၍ ပေးငြားအံ့၊ ငါသည် ဤရထားကိုစီး၍ ချမ်းသာစွာ လှည့်လည်ရရာ၏ဟု ကြံ၍ မင်း၏ အထံသို့ သွား၏။ ထိုပုရောဟိတ်၏ ဇယတု ဘဝံ မဟာရာဇ ဟုဆို၍ တည်သောကာလ၌ မင်းအား ရထားကို ဆက်ကုန်၏။ မင်းသည် မြင်၍ ဤရထားသည် အလွန်လျှင်ကောင်း၏။ ဤရထားကို ဆရာအား ပေးကြကုန်လော့ဟု ဆို၏ ပုရောဟိတ်သည် အလိုမရှိ။ အဖန်တလဲလဲ ဆိုအပ်သော်လည်း အလိုမရှိသည်သာလျှင် ဖြစ်၏။ အဘယ့်ကြောင့် ထိုပုရောဟိတ်အား ဤသို့ အလိုမရှိခြင်းသည် ဖြစ်သနည်းဟူမူကား ကုရုဓမ္မကို စောင့်သောငါသည် သူတပါးဥစ္စာ၌ တပ် စွန်းခြင်းကိုပြု၏။ သီလသည် ပျက်၏။ ဤသို့သော အကြံသည် ဖြစ်၏။ ထို့ကြောင့် အလိုမရှိခြင်းသည် ဖြစ်၏။ ထိုပုရောဟိတ်သည် ထိုအကြောင်းကို ကြား၍ ကုရုဓမ္မ၌ ကုက္ကုစ္စသည် ငါ့အား ရှိ၏။ ငါ့ကို ကုရုဓမ္မသည် မနှစ်သက်စေနိုင်၊ ထို့ကြောင့် ပေးခြင်းငှာ မတတ်ကောင်းဟု ဆို၏။ ထိုအခါ ထိုပုရောဟိတ်ကို တမန့်တို့သည် လောဘဖြစ်ကာမျှနှင့် သီလသည် မပျက်။ သင်တို့သည် ဤမျှဖြင့်လည်း ကုက္ကုစ္စကို ပြုကုန်သေး၏။ အဘယ်မှာ လွန်ကျူးခြင်းကို ပြုကုန်အံ့နည်းဟုဆို၍ ပုရောဟိတ်၏ အထံ၌လည်း သီလကိုယူ၍ ရွှေပြား၌ ရေးကုန်၏။

ဤသိုပေးငြားသော်လည်း ငါ့ကို သီလသည် မနှစ်သက်စေနိုင်၊ ကြိုးတိုင်းအမတ်သည်ကား ကောင်းစွာ စောင့်၏။ ကြိုးတိုင်းအမတ်၏ အထံ၌ ယူကြကုန်လော့ဟု ဆိုကုန်သော် တမန်တို့သည် ကြိုးတိုင်းအမတ်၏ အထံသို့လည်းသွား၍ တောင်းကုန်၏။ ထိုကြိုးတိုင်းအမတ်သည်လည်း တနေ့သ၌ ဇနပုဒ်ဝယ် လယ်ကိုတိုင်းလတ်သည်ရှိသော် ကြိုးစွန်းကို လှံတံ၌ဖွဲ့၍ တခုသောအစွန်းကို လယ်ရှင်ကို ကိုင်စေ၍ တခုသောအစွန်းကို မိမိသည်ကိုင်၏။ ထို့ကြိုးတိုင်းအမတ်သည် ကိုင်အပ်သော ကြိုးစွန်းဖြင့် ဖွဲ့အပ်သော လှံတံသည် တခုသောပုဇွန်တွင်းအလယ်သို့ ရောက်၏။ ထိုကြိုးတိုင်းအမတ်သည် အကယ်၍ လှံတံကို ပုဇွန်တွင်း၌ စိုက်အံ့၊ တွင်း၏ အထဲ၌ ဗုဇွန်သည် ပျက်စီးလတ္တံ့၊ အကယ်၍ တွင်းမှ ထိုမှာဘက်၌ စိုက်အံ့၊ မင်း၏ဥစ္စာသည် ပျက်စီးလတ္တံ့၊ အကယ်၍ တွင်း၏ ဤမှာဘက်၌ စိုက်အံ့၊ သူကြွယ်၏ဥစ္စာသည် ပျက်စီးလတ္တံ့၊ အဘယ်သို့ ပြုအပ်သနည်း ဟူသော အကြံသည် ဖြစ်၏။ ထိုအခါ ထိုကြိုးတိုင်းအမတ်အား တွင်း၌ ပုဇွန်သည် မရှိတန်ရာ၊ အကယ်၍ ရှိငြားအံ့၊ ထင်ရှားရာ၏။ ပုဇွန်တွင်း၌ သာလျှင် လှံတံကို စိုက်အံ့ဟု အကြံသည် ဖြစ်၏။ ဤသို့ အကြံဖြစ်၍ တွင်း၌ လှံတံကို ချ၏။ ပုဇွန်သည် ကိရိဟူသော အသံကို ပြု၏။ ထိုအခါ ကြိုးတိုင်းအမတ်သည် လှံတံသည် ပုဇွန်၏ကျောက်ကုန်း၌ ကျသည် ဖြစ်လတ္တံ့၊ ပုဇွန် သေလတ္တံ့၊ ငါလည်း ကုရုဓမ္မကို စောင့်၏။ ထိုစောင့်သော သီလသည် ပျက်စီးရာ၏ ဟူသော အကြံသည် ဖြစ်၏။ ထိုကြိုးတိုင်းအမတ်သည် ထိုအကြောင်းကိုကြား၍ ထိုကုရုဓမ္မ၌ ငါ့အား ကုက္ကုစ္စသည် ဖြစ်၏။ ထို့ကြောင့် ပေးခြင်းငှာ မတတ်ကောင်းဟု ဆို၏။ ထိုအခါ ထိုကြိုးတိုင်းအမတ်ကို တမန်တို့သည် သင်တို့အား ဗုဇွန်သေစေသတည်း ဟူသော စေတနာသည် မရှိ၊ စေတနာမရှိသော် ကံမည်သည် မဖြစ်သင့်၊ ဤမျှဖြင့်လည်း ကုက္ကုစ္စဖြစ်သေး၏။ အဘယ်မှာလျှင် လွန်ကျူးခြင်းကို ပြုလတ္တံ့နည်းဟုဆို၍ ထိုကြိုးတိုင်းအမတ်၏ အထံ၌လည်း သီလကိုယူ၍ ရွှေပေရေးကုန်၏။

ဤသို့ ပေးငြားသော်လည်း ငါ့ကို သီလသည် မနှစ်သက်စေနိုင်၊ ရထားထိန်းသည်ကား ကောင်းစွာစောင့်ရှောက်၏။ ရထားထိန်း၏အထံ၌ ယူကြလေကုန်ဟု ဆိုအပ်ကုန်သော် တမန်တို့သည် ရထားထိန်းအထံသို့ သွား၍ တောင်းကုန်၏။ ထိုရထားထိန်းသည် တနေ့သ၌ မင်းကိုရထားဖြင့် ဥယျာဉ်သို့ဆောင်၍ မင်းသည် ဥယျာဉ်၌ တနေ့ပတ်လုံးကစား၍ ညချမ်းအခါ၌ ထွက်၍ ရထားစီး၍ မင်း၏မြို့သို့မရောက်မီလျှင် နေဝင်သောအခါ၌ မိုဃ်းသည် တက်၏။ ထိုအခါ ရထားထိန်းသည် မင်းအား မိုဃ်းစွတ်အံ့သည်မှ ကြောက်သောကြောင့် သိန္ဓော မြင်းတို့အား နှင်တံအမှတ်ကို ပေး၏။ သိန္ဓောမြင်းတို့သည် လျင်မြန်သဖြင့် ပြေးသွားကုန်၏။ ထိုအခါမှစ၍ကား ထိုသိန္ဓော မြင်းတို့သည် ဥယျာဉ်သို့ သွားကုန်သော်၎င်း ဥယျာဉ်မှ လာကုန်သော်၎င်း ထိုအရပ်သို့ရောက်လျှင် လျင်မြန်သဖြင့် သွားကုန်, လာကုန်၏။ အဘယ်ကြောင့် လျင်မြန်သဖြင့် သွားကုန်, လာကုန်သနည်းဟူမူကား ဤအရပ်သည် ဘေးရန်ရှိသည်ဖြစ်ရာ၏။ ထို့ကြောင့် ငါတို့အား ရထားထိန်းသည် နှင်တံအမှတ်ကို ပေး၏ဟု သိန္ဓောမြင်းတို့အား အကြံသည် ဖြစ်၏။ ထိုကြောင့် လျင်မြန်သဖြင့် သွားကုန် လာကုန်၏။ ရထားထိန်းလည်း မင်းအား မိုဃ်းစွတ်သော်၎င်း မစွတ်သော်၎င်း အပြစ်မရှိ၊ ငါသည်ကား အရာမဟုတ်သည်တို့၌ သင်အပ်ပြီးသောသိန္ဓောမြင်းတို့အား နှင်တံအမှတ်ကို ပေးမိ၏။ ထို့ကြောင့် ဤသိန္ဓောမြင်းတို့သည် ဤအခါ၌ အကြိမ်ကြိမ် ပြေးသွားရသဖြင့် ပင်ပန်းကုန်၏။ ငါသည် ကုရုဓမ္မကိုစောင့်၏။ ထို့ကြောင့် ငါ့အား သီလပျက်သည် ဖြစ်ရာ၏ဟု အကြံသည် ဖြစ်၏။ ထိုရထားထိန်းသည် ထိုအကြောင်းကို ကြား၍ ကုရုဓမ္မ၌ ငါ့အား ကုက္ကုစ္စသည်ရှိ၏။ ထို့ကြောင့် သင်တို့အား ပေးခြင်းငှာ မတတ်ကောင်းဟု ဆို၏။ ထိုအခါ ထိုရထားထိန်းကို တမန်တို့သည် သိန္ဓောမြင်းတို့အား နှင်တံအမှတ်ကို ပေးကုန်သော် သင်တို့အား ပင်ပန်းစေကုန်သတည်းဟူသော စိတ်သည် မရှိ၊ စိတ်စေတနာမရှိသော် ကံမည်သည် မဖြစ်၊ ဤမျှဖြင့်လည်း သင်တို့သည် ကုက္ကူ၊ စ္စကိုပြုကုန်၏။ အဘယ်သို့လျှင် လွန်ကျူးခြင်းကို ပြုကုန်လတ္တံ့နည်းဟု ဆို၍ ရထားထိန်း၏အထံ၌ သီလကိုယူ၍ ရွှေပြား၌ ရေးကုန်၏။

ဤသို့ ပေးငြားသော်လည်း ထိုသီလသည် ငါ့ကို မနှစ်သက်စေနိုင်၊ သူဌေးသည်ကား ကောင်းစွာ စောင့်ရှောက်၏။ သူဌေး၏အထံ၌ ယူကြလေကုန်ဟူ၍ ဆိုအပ်သော် တမန်တို့သည် သူဌေးအထံသို့သွား၍ တောင်းကုန်၏။ ထိုသူဌေးသည်လည်း တနေ့သ၌ မိမိသလေးလယ်သို့ သွား၍ အဖုံး အလုံးမှ ထွက်သော သလေးနှံကို မဆင်ခြင်၍ အိမ်သို့ ပြန် သည်ရှိသော် ကောက်နှံပန်းကို ပန်အံ့ဟု သလေးတဆုပ်ကို ယူခဲ့စေ၍ ဥသျှောင်၌ ပန်၏။ ထိုအခါ ထိုသူဌေးအား ဤလယ်မှ မင်း၏အဘို့ကို ငါသည် ပေးအပ်၏။ မင်း၏အဘို့ကို မပေးသေးသောလယ်မှ သလေးနှံတဆုပ်ကို ငါသည် ယူအပ်ပြီ၊ ငါသည်လည်း ကုရုဓမ္မကိုစောင့်၏။ ထို့ကြောင့် စောင့်သော သီလသည် ပျက်ရာ၏ဟု အကြံသည် ဖြစ်၏။ ထိုသူဌေးသည် ထိုအကြောင်းကိုကြား၍ ဤအကြောင်းကြောင့် ကုရုဓမ္မ၌ ငါ့အား ကုက္ကုစ္စသည်ရှိ၏။ ထို့ကြောင့် သင်တို့အား ပေးခြင်းငှာ မတတ်ကောင်းဟုဆို၏။ ထိုအခါ ထိုသူဌေးကို တမန်တို့သည် သင်တို့အား ခိုးလိုသော စိတ်သည်မရှိ၊ ခိုးလိုသောစိတ်နှင့်ကင်း၍ အဒိန္နာဒါန်မည်သည် မဖြစ်၊ ဤမျှဖြင့်လည်း ကုက္ကုစ္စကို ပြုကုန်၏။ သူတပါးတို့၏ ဥစ္စာမည်သည်ကို သင်တို့သည် အဘယ်မှာလျှင် ယူကုန်လတ္တံ့နည်းဟုဆို၍ သူဌေး၏အထံ၌ သီလကိုယူ၍ ရွှေပြား၌ ရေးကုန်၏။

ဤသို့ ပေးငြားသော်လည်း ငါ့ကို သီလသည် မနှစ်သက်စေနိုင်၊ တင်းခြင်အမတ်သည်ကား ကောင်းစွာ စောင့်ရှောက်၏။ ထိုအမတ်၏အထံ၌ ယူကြလေကုန်လော့ဟု ဆိုအပ်သော် ကမန်တို့သည် ထိုအမတ်၏အထံသို့ သွား၍ တောင်းကုန်၏။ ထိုအမတ်သည် တနေ့သ၌ စပါးကျီ၏တံခါး၌ ထိုင်၍ မင်း၏ အဘို့ဖြစ်ကုန်သော ကောက်တို့ကို ခြင်လတ်သော် မမြင်အပ်သော စပါးအစုမှ ကောက်တို့ကိုယူ၍ မှတ်စေ၏။ ထိုခဏ၌ မိုဃ်းသည်းစွာရွာ၏။ အမတ်ကြီးသည် အမှတ်တို့ကို ရေတွက်၍ ခြင်ပြီးသော ကောက်တို့သည် ဤမျှရှိကုန်၏ဟု ဆို၍ အမှတ်ကောက်စုကိုကိုင်၍ ခြင်ပြီးသော ကောက်စု၌ တည်စေ၍ လျင်မြန်သဖြင့်သွား၍ တံခါးမုခ်၌ရပ်၏။ ငါသည် အမှတ်မဲ့ ကောက်တို့ကို ကောက်စု၌ထည့်အပ်ကုန်ပြီ။ ခြင်ပြီးသော ကောက်၌ ထည့်အပ်ကုန်သလော၊ မခြင်သေးသော ကောက်စု၌ ထည့်အပ်ကုန်သလောဟု ကြံ၏။ ထိုအခါ အမတ်အား ခြင်ပြီးသောကောက်စု၌ ထည့်အပ်ကုန်ငြားအံ့၊ မသင့်သောအားဖြင့်သာလျှင် မင်း၏ ဥစ္စာကို ပွားစေအပ်၏။ သူကြွယ်တို့၏ ဥစ္စာသည် ပျက်စီး၏။ ငါသည် ကုရုဓမ္မကို စောင့်ရှောက်၏။ ထို့ကြောင့် ငါ၏ သီလသည် ပျက်စီးရာ၏။ ထိုတင်းခြင်အမတ်သည် ထိုအကြောင်းကိုကြား၍ ဤအကြောင်းကြောင့် ကုရုဓမ္မ၌ ငါ့အား ကုက္ကုစ္စသည် ရှိ၏။ ထို့ကြောင့် သင်တို့အား ပေးခြင်းငှါ မတတ်ကောင်းဟု ဆို၏။ ထိုအခါ ထိုတင်းခြင်အမတ်ကို တမန်တို့သည် သင်တို့အား ခိုးလိုသောစိတ်သည် မရှိ၊ ခိုးလိုသောစိတ်နှင့်ကင်း၍ အဒိန္နာဒါန်မည်သည်ကို ပညတ်ခြင်းငှာ မတတ်ကောင်း၊ ဤမျှဖြင့်လည်း ကုက္ကုစ္စကို ပြုကုန်သေး၏။ အဘယ်မှာလျင် သူတပါး၏ဥစ္စာကို ယူလတ္တံ့နည်းဟု ဆို၍ ထိုတင်းခြင်အမတ်၏ အထံ၌လည်း သီလကို ယူ၍ ရွှေပြား၌ ရေးကုန်၏။

ဤသို့ပေးငြားသော်လည်း သီလသည် ငါ့ကို မနှစ်သက်စေနိုင်၊ တံခါးစောင့်သည်ကား ကောင်းစွာ စောင့်ရှောက်၏။ တံခါးစောင့်၏ အထံ၌ ယူကြကုန်လော့ဟု ဆိုအပ်ကုန်သော် တမန်တို့သည် တံခါးစောင့်၏ အထံသို့သွား၍ တောင်းကုန်၏။ ထိုတံခါးစောင့်သည်လည်း တနေ့သ၌ မြို့တံခါးဝယ် ညချမ်းသောအခါ၌ သုံးကြိမ်အသံကို ကြွေးကြော်၏။ ထိုအခါ တယောက်သော သူဆင်းရဲသည် မိမိနှစ်မငယ်နှင့်တကွ ထင်းခွေအံ့သောငှာ တောသို့သွား၍ ပြန်လည်လတ်သော် တံခါးစောင့်၏ အသံကိုကြား၍ နှမကိုခေါ်၍ လျင်မြန်သဖြင့် ရောက်လာ၏။ ထိုအခါ ထိုယောက်ျားကို တံခါး စောင့်သည် မြို့၌မင်းရှိသည်၏အဖြစ်ကို မသိသလော၊ အလုံးစုံသော မြို့တံခါးသည် ပိတ်လတ္တံ့ဟု မသိသလော၊ မိမိမိန်းမကိုခေါ်၍ ကာမ၌ မွေ့ လျော်ကစားခြင်းကို ကစားလျက် တနေ့ပတ်လုံး တော၌ ကျက်စား၏ ဟု ဆို၏။ ထိုအခါ တံခါးစောင့်အား ထင်းခွေယောက်ျားသည် ဤမိန်းမကား ငါ့မယား မဟုတ်၊ နှမတည်းဟု ဆိုလတ်သော် ငါသည်ကား အကြောင်းမဟုတ်သည်၌ ဆို၏။ ငါသည်လည်း ကုရုဓမ္မကို စောင့်ရှောက်၏။ သီလသည် ပျက်စီးရာ၏ဟု အကြံသည် ဖြစ်၏။ ထိုတံခါးစောင့်သည် ထိုအကြောင်းကိုကြား၍ ဤအကြောင်းကြောင့် ကုရုဓမ္မ၌ ငါ့အား ကုက္ကုစ္စသည် ဖြစ်၏။ ထိုကြောင့် သင်တို့အား ပေးခြင်းငှါ မတတ်ကောင်းဟု ဆို၏။ ထိုအခါ ထိုတံခါးစောင့်ကို တမန်တို့သည် သင်တို့သည်ကား ထိုသို့အမှတ်ရှိသဖြင့် ဆိုအပ်၏။ သီလပျက်ခြင်းသည် မရှိ၊ ဤမျှ၌လည်း သင်တို့သည် ကုက္ကုစ္စကို ပြုကုန်သေး၏။ သိလျက်နှင့် မုသားကို အဘယ်မူ၍ ဆိုကုန်လတ္တံ့နည်းဟု ဆို၍ တံခါးစောင့်၏အထံ၌ သီလကိုယူ၍ ရွှေပြား၌ ရေးကုန်၏။

ဤပေးငြားသော်လည်း ငါ့ကို သီလသည် မနှစ်သက်စေနိုင်၊ ပြည့်တန်ဆာမသည်ကား ကောင်းစွာ စောင့်ရှောက်၏။ ပြည့်တန်ဆာမ၏ အထံ၌ ယူလေကုန်ဟု ဆိုအပ်ကုန်သော် တမန်တို့သည် ပြည့်တန်ဆာမအထံသို့သွား၍ တောင်းကုန်၏။ ထိုပြည့်တန်ဆာမသည် ရှေးနည်းဖြင့် သာလျှင် ပယ်၏။ အဘယ့်ကြောင့် ပယ်သနည်းဟူမူကား သိကြားမင်းသည် ပြည့်တန် ဆာမ၏ သီလကို စုံစမ်းအံ့ဟု လုလင်ငယ်၏အသွင်ဖြင့် လာလတ်၍ အကျွန်ုပ်လာပါအံ့ဟုဆို၍ တထောင်သောဥစ္စာကို ပေး၍ နတ်ပြည်သို့လျှင်သွား၍ သုံးနှစ်တို့ပတ်လုံး မလာ၊ မိမိ၏သီလ ပျက်အံ့သည်မှ ကြောက်သောကြောင့် သုံးနှစ်တို့ ပတ်လုံး တပါးသောယောက်ျား၏ လက်မှ ကွမ်းကိုမျှလည်း မယူ၊ ထိုပြည့်တန်ဆာမသည် အစဉ်သဖြင့် ဆင်းရဲသည်ဖြစ်၍ ငါ့အား တထောင်သောဥစ္စာကို ပေး၍သွားသော ယောက်ျားသည် မလာသည်ကား သုံးနှစ် ရှိပြီ၊ ငါသည် ဆင်းရဲ၍ အသက်မွေးခြင်းကို ပြုအံ့သောငှါ မတတ်နိုင်၊ ယခုအခါမှစ၍ တရားဆုံးဖြတ်ကုန်သော အမတ်ကြီးတို့အား အကြောင်း ကြား၍ ရိက္ခာကို ယူခြင်းငှါ သင့်၏ဟု ကြံ၏။ ကြံပြီး၍ ထိုပြည့်တန်ဆာမသည် တရားဆုံးဖြတ်ရာအရပ်သို့ သွား၍ အရှင်ရိက္ခာကိုပေး၍သွားသော ယောက်ျားသည် မလာသည်မှာ သုံးနှစ်ရှိပြီ။ ထိုယောက်ျား၏ သေသောအဖြစ်ကို မသိ၊ အကျွန်ုပ်သည် အသက်မွေးအံ့သောငှါ မတတ်နိုင်၍ အသို့ပြုရအံ့နည်းဟု ဆို၏။ သုံးနှစ်တိုင်အောင် မလာသော် အသို့ပြုရအံ့နည်း၊ ယနေ့မှစ၍ ရိက္ခာကိုယူလော့ဟု တရား စီရင်သော အမတ်ကြီးသည်ဆို၏။ ဤအဆုံးအဖြတ်ကိုရ၍ ဆုံးဖြတ်ရာအရပ်မှ ထွက်ခဲ့သော် ထိုပြည့်တန်ဆာမအား တယောက်သောယောက်ျားသည် တထောင်သောဥစ္စာကို ပေး၏။ ဥစ္စာကို ယူအံ့သောငှါ ထိုပြည့်တန်ဆာမ၏ လက်ကို ဖြန့်သောကာလ၌ သိကြားမင်းသည် ကိုယ်ကို ပြ၏။ ထိုပြည့်တန် ဆာမသည် ငါ့အား သုံးနှစ်အထက်၌ တထောင်သောဥစ္စာကို ပေးသောယောက်ျားသည် လာ၏။ အမောင့်အသပြာတို့ဖြင့် ငါ့အား အလိုမရှိဟုဆို၍ လက်ကို ခွေ၏။ သိကြားမင်းသည် မိမိကိုယ်ကို ဘန်ဆင်း၍လျှင် တက်သစ်သော နေလုလင်ကဲ့သို့ ထွန်းပလျက် ကောင်းကင်၌ တည်၏။ မြို့အလုံး၌ လူများသည် စည်းဝေး၏။ သိကြားမင်းသည် လူများ၏အလယ်၌ ငါသည်ကား ဤမိန်းမအား စုံစမ်းသည်၏အစွမ်းဖြင့် သုံးနှစ်အထက်၌ တထောင်သော ဥစ္စာကိုပေး၏။ သီလစောင့်သော သူတို့မည် သည်ကား ဤသို့ သဘောရှိသည်ဖြစ်၍ စောင့်ကုန်လော့ဟု ပြည့်တန်ဆာမ၏အိမ်ကို ရတနာခုနစ်ပါးတို့ဖြင့် ပြည့်စေ၍ ယနေ့မှစ၍ မမေ့မလျော့ ဖြစ်ဟု ပြည့်တန်ဆာမကို ဆုံးမ၍ နတ်ပြည်သို့လျှင် သွား၏။ ထိုပြည့်တန်ဆာမသည် ယူအပ်ပြီးသောအခကို မကျေစေမူ၍သာလျှင် ယောက်ျားတယောက်သည် ပေးအပ်သောအခကို ယူအံ့သောငှါ လက်ဖြန့်၏။ ဤအကြောင်းကြောင့် သီလသည် ငါ့ကို မနှစ်သက်စေနိုင်၊ ထိုကြောင့် သင်တို့အား ပေးခြင်းငှာ မတတ်ကောင်းဟု ပယ်၏။ ထိုအခါ ပြည့်တန်ဆာမကို တမန်တို့သည် လက်ဖြန့်ကာမျှဖြင့် သီလပျက်ခြင်းမည်သည် မရှိ၊ ဤသီလမည်သည်ကား အလွန်စင်ကြယ်သည် ဖြစ်၏ဟု ဆို၍ ထိုပြည့်တန်ဆာမ၏ အထံ၌ သီလကိုယူ၍ ရွှေပြား၌ ရေးကုန်၏။

ဤသို့ တကျိပ်တယောက်သော သူတို့၏သီလကို ရွှေပြား၌ ရေးကုန်၍ ဒန္တပုရမြို့သို့ သွား၍ ကာလိင်္ဂမင်းအား ရွှေပြားကိုပေး၍ ထိုအကြောင်းကို ကြားကုန်၏။ ကာလိင်္ဂမင်းသည် ထိုကုရုဓမ္မ၌တည်၍ ပဉ္စသီတို့ကို ဖြည့်၏။ ထိုခဏ၌ အလုံးစုံသော ကာလိင်္ဂတိုင်း၌ မိုဃိးသည် ရွာ၏။ ဘေးသုံးပါးတို့သည် ငြိမ်းကုန်၏။ တိုင်းနိုင်ငံသည် ဘေးဘျမ်းမ်းမရှိ၊ ဝပြောသာယာ၏။ ဘုရားလောင်းသည် အသက်ထက်ဆုံး ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ ပရိသတ်နှင့်တကွ နတ်ပြည်ကို ပြည့်စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် ရဟန္တာဖြစ်ကုန်၏ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ ပြည့်တန်ဆာမ ဖြစ်ဘူးပြီ၊ ယခုအခါ ပုဏ္ဏမထေရ်သည် ထိုအခါ တံခါးစောင့် ဖြစ်ဘူးပြီ၊ ယခုအခါ ကစ္စည်းမထေရ်သည် ထိုအခါ ကြိုးတိုင်းအမတ် ဖြစ်ဘူးပြီ၊ ယခုအခါ မောဂ္ဂလ္လာန် မထေရ်သည် ထိုအခါ တင်းခြင်အမတ် ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာ မထေရ်သည် ထိုအခါ သူဌေးဖြစ်ဘူးပြီ၊ ယခုအခါ အနုရုဒ္ဓါမထရျေသည် ထိုအခါ ရထား ထိန်း ဖြစ်ဘူးပြီ၊ ယခုအခါ ကဿပမထေရ်သည် ထိုအခါ ပုဏ္ဏား ဖြစ်သွားပြီ၊ ယခုအခါ နန္ဒပညာရှိသည် ထိုအခါ အိမ်ရှေ့မင်း ဖြစ်ဘူးပြီ၊ အခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ မိဖုယားကြီး ဖြစ်ဘူးပြီ၊ ယခုအခါ မယ်တော်မာယာသည် ထိုအခါ မင်း၏မယ်တော် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကောရဗျမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကုရုဓံငါး၊ ကိုယ်ကျင့်ထား၊ တိုင်းကားပြည်နယ် ဝဖြိုးကြွယ်

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကုရုဓမ္မဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ဥဒပါနဝဂ်

၇။ ရောမကဇာတ်

ခို နှင့် ရသေ့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝဿာနိ ပညာသ သမာဓိကာနိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤရောမကဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မြတ်စွာဘုရားအား သတ်အံ့သောငှါ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည် ထင်ရှားသလျှင်ကတည်း။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ခိုမျိုး၌ဖြစ်၍ များစွာသောခိုတို့ဖြင့် ခြံရံလျက် တောအရပ်ဝယ် တောင်လိုဏ်၌နေ၏။ မထင်ရှားသော သီလရှိသောရသေ့သည် ထိုခိုတို့၏နေရာအရပ်မှ မနီးမဝေးသောအရပ်၌ တခုသော ပစ္စန္တရစ်ရွာကိုမှီ၍ ကျောင်းဆောက်၍ တောင်လိုဏ်၌ နေ၏။ ဘုရားလောင်းသည် ရံခါရံခါ ရသေ့၏ အထံသို့သွား၍ တရားနာ၏။ ရသေ့သည် ထိုအရပ်၌ ကြာမြင့်စွာနေ၍ ဖဲ၏။ ထိုအခါ တပါးသော ကောက်ကျစ်သော ရသေ့သည် လာလတ်၍ ထိုလိုဏ်၌နေ၏ ဘုရားလောင်းသည် ခိုအပေါင်းခြံရံလျက် ထိုရသေ့ကိုဆည်းကပ်၍ ပဋိသန္ထာရ ပြု၍ ကျောင်း၌ကျက်စား၍ တောင်မြောင်ချောက်ကြား၏အနီး၌ အစာယူ၍ ညအခါ မိမိနေရာသို့ သွား၏။ ကောက်ကျစ်သော ရသေ့သည် ထိုအရပ်၌ အနှစ်ငါးဆယ်ကျော် နေ၏။

ထိုအခါ တနေ့သ၌ ပစ္စန္တရစ်ရွာသားတို့သည် ခိုသားကို ကောင်းစွာစီရင်၍ လှူကုန်၏။ ရသေ့သည် ခိုသား၌ ရသတဏှာဖြင့်တပ်စွန်း၍ အဘယ်မည်သော အသားနည်းဟု မေး၍ ခိုသားတည်းဟု ကြား၍ ငါ၏ ကျောင်း၌ များစွာကုန်သော ခိုတို့သည် ကျက်စားလာကုန်၏။ ထိုခိုတို့ကိုသတ်၍ အသားကိုစားခြင်းငှါ သင့်၏ဟု ကြံ၏။ ကြံပြီး၍ ထိုရသေ့သည် ဆန့် ထောပတ် နို့ဓမ်းနို့ရည် ငြုတ်အစရှိသည်တို့ကိုဆောင်၍ လျောက်ပတ်သောအရပ်၌ထား၍ ဆောက်ပုတ်ကို သင်္ကန်းစွန်းဖြင့်ဖုံး၍ ခိုတို့၏လာခြင်းကို မျှော်လျက် ကျောင်းတံခါး၌ နေ၏။ ဘုရားလောင်းသည် ခိုအပေါင်း ခြံရံလျှက် လာ၍ ထိုရသေ့ကောက်၏ ပျက်သောအမူအရာကို မြင်၍ ဤရသေ့ပျက်သည် တပါးသောအခြင်းအရာဖြင့် နေ၏။ ငါတို့၏ ဆွေမျိုးတို့၏အသားကို စားလိုသလော၊ ထိုရသေ့ကို စုံစမ်းအံ့ဟု လေကြေ၌ရပ်၍ ရသေ့၏ ကိုယ်မှ ခိုသားနံ့နံ၍ ဤရသေ့သည် ငါတို့ကိုသတ်၍ အသားကို စားလို၏။ ထိုရသေ့၏အထံသို့ သွားခြင်းငှာမသင့်ဟု ခိုအပေါင်းတို့ကိုခေါ်၍ ဖဲ၏။ ရသေ့သည် ထိုခိုမလာသည်ကို မြင်၍ ခိုတို့နှင့်တကွ သာယာသောစကားကိုဆို၍ အကျွမ်းဝင်သဖြင့် ကပ်လာကုန်သော ခိုတို့ကိုသတ်၍ အသားကို စားခြင်းငှါ သင့်၏ဟု ကြံ၍-

၇၉။ ဝဿာနိ ပညာသ သမာဓိကာနိ၊
ဝသိမှ သေလဿ ဂုဟာယ ရောမက။
အသင်္ခမာနာ အဘိနိဗ္ဗုတတ္တာ၊
ဟတ္ထတ္တမာယန္တိ မမဏ္ဍဇာ ပုရေ။
၈၀။ တေ ဒါနိ ဝက္ကင်္ဂ ကိမတ္ထမုဿုကာ၊
ဘဇန္တိ အညံ ဂိရိကန္ဒရံ ဒိဖာ။
န နူန မညန္တိ မမံ ယထာ ပုရေ။
စိရပ္ပဝုတ္ထာ အထ ဝါ န တေ ဣမေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၇၉။ ရောမက၊ ကောင်းစွာသွေးအပ်သော သန္တာအဆင်းနှင့် တူသော မျက်စိရှိသော ခို။ မယံ၊ ငါတို့သည်။ ပညာသ သမာဓိကာနိ၊ ငါးဆယ် အလွန်ရှိကုန်သော။ ဝဿာနိ၊ နှစ်တို့ပတ်လုံး။ သေလဿ၊ တောင်၏။ ဂုဟာယ၊ လိုဏ်၌။ ဝသိမှ၊ နေကုန်ပြီ။ ပုရ၊ ရှေး၌။ အဏ္ဍဇာ၊ ခိုတို့သည်။ အသင်္ကမာနာ၊ ရွံရှာခြင်း ကင်းကုန်သည်ဖြစ်၍။ အဘိနိဗ္ဗုတတ္တာ၊ ငြိမ်းသောစိတ် ရှိကုန်သည်ဖြစ်၍။ မမ၊ ငါ၏။ ဟတ္ထတ္တံ၊ လက်ဖြင့်မှီသော အရပ်သို့။ အာယန္တိ၊ လာကုန်၏။

၈၀။ ဝက္ကင်္ဂ၊ ခို။ ဣဒါနိ၊ ယခု။ တေ ဒိဇာ၊ ထိုခိုတို့သည်။ ကိမတ္ထံ၊ အဘယ်အကျိုးငှါ။ ဥဿုကာ၊ လုံ့လပြုကုန်သည်ဖြစ်၍။ အညံ၊ တပါးသော။ ဂိရိကန္ဒရံ၊ တောင်ချောက်သို့။ ဘဇန္တိ၊ ပျံကုန်ဘိသနည်း။ မမံ၊ ငါ့ကို။ ဣမေ၊ ဤခိုတို့သည်။ ပုရေယထာ၊ ရှေး၌ကဲ့သို့။ န မညန္တိ နူန၊ မအောက်မေ့ကုန်သည်ထင်၏။ ဣမေ၊ ဤခိုတို့သည်။ စိရပ္ပတ္ထာ၊ ကြာမြင့်စွာ အရပ်တပါး၌ နေကုန်ပြီး၍။ အစ္စယေန၊ ရှည်စွာသောကာလကို လွန်သဖြင့်။ မံ၊ ကို။ န ဇာနန္တိ နူန၊ မသိကြကုန်ယောင်တကား။ အထ ဝါ၊ ထိုသို့တည်း မဟုတ်မူကား။ ဣမေ၊ ဤခိုတို့သည်။ တေ၊ ထိုကြာမြင့်စွာ နေကုန်သော ခိုတို့သည်။ န ဟောန္တိ နူန၊ မဟုတ်လေကုန်သလော။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် နောက်သို့ဆုတ်၍ တည်ပြီးလျှင်-

၈၁။ ဇာနာမ တံ န မယံ သပ္ပမူဠှာ၊
သောယေဝ တွံ တေ မယမသ္မ နာညေ။
စိတ္တဉ္စ တေ အသ္မိံ ဇနေ ပဒုဋ္ဌံ၊
အာဇီဝိကာ တေန တမုတ္တသာမ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သောဤဂါထာကိုဆို၏။

၈၁။ အာဇီဝိကာ၊ အသက်မွေးခြင်းဟူသော အကြောင်းကြောင့် ရဟန်းပြုသော ရှင်ရသေ့ပျက်။ မယံ၊ ငါတို့သည်။ တံ၊ သင့်ကို။ ဇာနာမ၊ သိကုန်၏။ မယံ၊ ငါတို့သည်။ န သမ္ပမူဠှာ၊ မမိုက်မဲ မတွေဝေကုန်။ တွံ၊ သင်သည်သာလျှင်။ သောယေဝ၊ ထိုရှေးက ရသေ့ပင်တည်း။ မယံ၊ ငါတို့သည်။ တေ၊ ထိုကြာမြင့်စွာနေကုန်သော ခိုတို့သည်သာလျှင်။ အသ္မ၊ ဖြစ်ကုန်၏။ အညေ၊ တပါးကုန်သော ခိုတို့သည်။ န အသ္မ၊ မဖြစ်ကုန်။ အသ္မိံ ဇနေ၊ ဤခိုအပေါင်း၌။ တေ၊ သင်၏။ စိတ္တဉ္စ၊ စိတ်သည်ကား။ ပဒုဋ္ဌံ၊ ပြစ်မှား၏။ တေန၊ ထို့ကြောင့်။ တံ၊ သင့်ကို။ မယံ၊ ငါတို့သည်။ ဥတ္တသာမ၊ ထိတ်လန့်ကုန်၏။

ကောက်ကျစ်သော ရသေ့သည် ငါ့ကို ဤခိုတို့သည် သိပြီဟု ဆောက်ပုတ်ကိုလွှတ်၍ အချင်းခို သွားလေတော့ ချွတ် ယွင်းလေ၏ဟု ဆို၏။ ထိုအခါ ရသေ့ကို ဘုရားလောင်းသည် ရှေးဦးစွာ ငါ့ကို ချွတ်ယွင်း၏။ အပါယ်လေးပါးတို့ကိုကား မချွတ်ယွင်း၊ အကယ်၍ ဤကျောင်း၌ နေအံ့၊ ရွာသားတို့အား ဤရသေ့သည် ခိုးသူတည်းဟု အကြောင်းကြား၍ သင့်ကို ဖမ်းစေအံ့၊ လျင်စွာ ပြေးလေလော့ဟု ရသေ့ကို ခြိမ်းချောက်၍ ဖဲလေ၏။ ရသေ့ကောက်သည် ထိုကျောင်း၌နေခြင်းငှါ မတတ်နိုင်၍ တပါးသော အရပ်သို့သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကောက် ကျစ်သော ရသေ့ ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ရှေး၌နေသော သီလရှိသော ရသေ့ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခိုတို့၏အကြီး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

နဂိုစိတ်ထား၊ ပျက်စိတ်ငြား၊ အခြား သူငါသိ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ရောမကဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ဥဒပါနဝဂ်

၈။ မဟိံသရာဇဇာတ်

မျောက်ယုတ်မာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကိမတ္ထ မဘိသန္ဓာယ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟိံသရာဇဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လျှပ်ပေါ်သာ မျောက်တခုကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တဦးသော အမျိုးသားသည် မွေးကပ်သောမျောက်သည် ဆင်တင်းကုပ်သို့သွား၍ သီလရှိသော တခုသောဆင်၏ ကျောက်ကုန်း၌ နေ၍ ကျင်ကြီးကျင်ငယ် စွန့်၏။ ကျောက်ကုန်း၌ စင်္ကြံသွား၏။ ဆင်သည် သီလရှိသည်၏ အဖြစ်ကြောင့် သည်းခံခြင်းဖြင့် အမျက်မထွက်၊ တနေ့သ၌ ထိုဆင်၏နေရာ၌ တပါးသော ကြမ်းသော ဆင်ငယ်သည် နေ၏။ ထိုမျောက်သည် ထိုသီလရှိသောဆင်လျှင်တည်းဟူသော အမှတ်ဖြင့် ကြမ်းသောဆင်၏ ကျောက်ကုန်းသို့ တက်၏။ ထိုအခါ မျောက်ကို ဆင်သည် လျင်မြန်စွာ နှာမောင်းဖြင့်ယူ၍ မြေ၌ချထား၍ ခြေဖြင့်နင်း၍ ကြေစေ၏။ ထိုအကြောင်းသည် ရဟန်း သင်္ဃာ၌ ထင်ရှားစွာ ဖြစ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ လျှပ်ပေါ်သော မျောက်သည် သီလရှိသော ဆင်ဟူသော အမှတ်ဖြင့် ကျောက်ကုန်းသို့ တက်၏။ ထိုအခါ ထိုမျောက်ကို ထိုကြမ်းသောဆင်သည် အသက်ကုန်ခြင်းသို့ ရောက်စေ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မိန့်တော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်လေသည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုမျောက်သည် လျှပ်ပေါ်သည် မဟုတ်သေး၊ ရှေးအခါ ၌လည်း ဤအတူသာလျှင် လျှပ်ပေါ်သည်သာတည်းဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တအရပ်ဝယ် ကျွဲမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် အားနှင့်ပြည့်စုံ၏။ ကြီးသောကိုယ် ရှိ၏။ တောင်ခြေရင်း ချိုင့်ဝှမ်းရာ ခဲယဉ်းသော တောအုပ်တို့၌ ကျက် စားလျက် လှည့်လည်သော် တခုသော ချမ်းသာသော သစ်ပင်ရင်းကိုမြင်၍ အစာကိုယူပြီး၍ နေ့အခါ ထိုသစ်ပင်ရင်း၌ နေ၏။ ထိုအခါ တခုသော လျှပ်ပေါ်သော မျောက်သည် သစ်ပင်မှဆင်းသက်၍ ကျွဲ၏ ကျောက်ကုန်းသို့ တက်၏။ ကျင်ကြီး ကျင်ငယ်စွန့်၍ ချိုတို့ကိုင်၍ တွဲလျားဆွဲလျက် အမြီးတို့၌ ကိုင်၍ ပုခက်လွှဲသကဲ့သို့ပြု၍ ကစား၏။ ဘုရားလောင်းသည် သည်းခံခြင်း ချစ်ခြင်း သနားခြင်းနှင့် ပြည့်စုံသည်၏အဖြစ်ကြောင့် ထိုမျောက်သည် ထိုမရိုမသေ ကျင့်ခြင်းကို နှလုံးမပြု၊ မျောက်သည် အဖန် တလဲလဲ ထို့အတူသာလျှင် ပြုကျင့်၏။ ထိုအခါ တနေ့သ၌ ထိုသစ်ပင်ရင်း၌နေသောနတ်သည် သစ်ခွကြား၌တည်၍ ထိုကျွဲမင်းကို မျောက်ပျက်၏ မထေမဲ့မြင်ပြုခြင်းကို သည်းခံဘိ၏။ ထိုမျောက်ပျက်ကို မြစ်လော့ဟု ဆို၍ ထိုအနက်ကို ပြလိုရကား-

၈၂။ ကိမတ္ထ မဘိသန္ဓာယ၊ လဟုစိတ္တဿ ဒုဗ္ဘိနော။
သဗ္ဗကာမဒဒဿေဝ၊ ဣဒံ ဒုက္ခံ တိတိက္ခသိ။
၈၃။ သိင်္ဂေန နိဟနာဟေတံ၊ ပဒသာ စ အဓိဋ္ဌဟ။
ဘိယျော ဗာလာ ပကုဇ္ဈေယျုံ၊ နော စဿ ပဋိသေဓကော။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

၈၂။ မဟိံသရာဇ၊ ကျွဲမင်း။ သဗ္ဗကာမဒဒဿ၊ အလုံးစုံသော အလိုကို ပေးတတ်သော အရှင်၏။ ဒုက္ခံ၊ ဆင်းရဲကို။ တိတိက္ခသိ ဣဝ၊ သည်းခံသကဲ့သို့။ ကိမတ္တံ၊ အဘယ်အကျိုးကို။ အဘိသန္ဓာယ၊ ရည်၍။ လဟုစိတ္တဿ၊ ပေါ့သောစိတ်ရှိသော။ ဒုဗ္ဘိနော၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်သောမျောက်၏။ ဣဒံ ဒုက္ခံ၊ ဤဆင်းရဲကို။ တိတိက္ခသိ၊ သည်းခံဘိသနည်း။

၈၃။ ဧတံ၊ ထိုမျောက်ကို။ သိင်္ဂေန စ၊ ချိုဖြင့်လည်း။ နိဟနာဟိ၊ သတ်လိုက်ပါလော။ ပဒသာ စ၊ ခွါဖြင့်လည်း။ အဓိဋ္ဌဟ၊ သေအောင် သတ်လော့။ ပဋိသေဓကော၊ တားမြစ်ခြင်းသည်။ နော စဿ၊ မဖြစ်ငြားအံ့။ ဗာလာ၊ မိုက်ကုန်သော သတ္တဝါတို့သည်။ ဘိယျော၊ အဖန်တလဲလဲ။ ပကုဇ္ဈေယျုံ၊ ညှဉ်းဆဲကုန်ရာ၏။

ထိုစကားကို ကြား၍ ဘုရားလောင်းသည် သစ်ပင်စောင့်နတ် ငါသည် ဤမျောက်ထက် အမျိုးအနွယ် အစရှိသည်တို့ဖြင့် လွန်မြတ်သည် ဖြစ်လျက် ဤမျောက်၏အပြစ်ကို အကယ်၍ သည်းမခံအံ့၊ အဘယ်မှာ ငါ၏နှလုံးအလိုသည် ပြီးခြင်းသို့ ရောက်နိုင်အံ့နည်း၊ ဤမျောက်သည်ကား ငါ့ကိုကဲ့သို့ တပါးသောကျွဲကိုလည်း ထင်မှတ်၍ မရိုသေသောအမှုကို ပြုလတ္တံ့၊ ထိုအခါ ကြမ်းကုန်သော ကျွဲတို့သည် ဤမျောက်ကား ဤသို့ပြု၏ဟု သတ်ကုန်လတ္တံ့၊ ထိုသို့သော တပါးသော ကျွဲတို့သည်သတ်၍ ထိုမျောက်၏ သေခြင်းကြောင့် ငါ့အား ဆင်းရဲမှ၎င်း ပါဏာတိပါတမှ၎င်း လွတ်ခြင်းသည် ဖြစ်လတ္တံ့ ဟုဆိုလို၍-

၈၄။ မမေဝါယံ မညမာနော၊ အညေပေဝံ ကရိဿတိ။
တေ နံ တတ္ထ ဝဓိဿန္တိ၊ သာ မေ မုတ္တိ ဘဝိဿတိ။

ဟူသော သုံးခုမြောက်ဖြစ်သောဤဂါထာကို ဆို၏။

၈၄။ ရုက္ခဒေဝတာ၊ ရုက္ခစိုဝ်းနတ်မင်း။ အယံ၊ ဤမျောက်သည်။ မမေဝ၊ ငါ့ကိုကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ မညမာနော၊ အောက်မေ့၍။ အညေပိ၊ တပါးသော ကျွဲတို့ကိုလည်း။ ကရိဿတိ၊ ပြုလတ္တံ့။ တတ္ထ၊ ထိုအရပ်၌။ တေ၊ ထိုကျွဲတို့သည်။ နံ၊ ထိုမျောက်ကို။ ဝဓိဿန္တိ၊ သတ်ကုန်လတ္တံ့။ သာ၊ ထိုသတ်ခြင်းသည်။ မေ၊ ငါ့အား။ မုတ္တိ၊ ဆင်းရဲခြင်း ပါဏာတိပါတဖြစ်ခြင်းမှ လွတ်ခြင်းငှါ။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

နှစ်ရက်သုံးရက်လွန်သဖြင့် ဘုရားလောင်းသည် တပါးသော အရပ်သို့သွား၏။ တပါးသော ကြမ်းသော ကျွဲသည် ထိုအရပ်သို့ လာ၍ နေ၏။ ပျက်ချော်သော မျောက်သည် ဤကျွဲကား ထိုကျွဲကောင်းလျှင်တည်းဟု အမှတ်ရှိသဖြင့် ထိုကျွဲ၏ ကျောက်ကုန်းသို့တက်၍ ထို့အတူသာလျှင် မရိုမသေသောအကျင့်ကို ကျင့်၏။ ထိုအခါ ထိုမျောက်ကို ထိုကျွဲသည် ခါလျက် မြေ၌ကျစေ၍ ချိုဖြင့် ရင်၌ဘောက်၍ ခြေတို့ဖြင့်နင်း၍ ကြေစေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ယခုအခါ ဤကြမ်းသောဆင်သည် ထိုအခါ ကြမ်းသောကျွဲ ဖြစ်ဘူးပြီ၊ ယခုအခါ ဤမျောက်သည် ထိုအခါ ပျက်သောမျောက် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သီလရှိသောကျွဲမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မျိုးဇာတ်နွယ်မှာ၊ တူတုံပါလည်း၊ မှတ်ရာတူဖြင့်၊ မူမကျင့်လင့်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော မဟိံသရာဇဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ဥဒပါနဝဂ်

၉။ သတပတ္တဇာတ်

ရန်သူ မိတ်ထင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယထာ မာဏာဝကော ပန္ထေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသတပတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပဏ္ဍုကလောဟိတက ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဆဗ္ဗဂ္ဂီရဟန်းတို့တွင် မေတ္တိယဘူမဇက ရဟန်းနှစ်ပါးတို့သည် ရာဇဂြိုဟ်ပြည်ကိုမှီ၍ နေကုန်၏။ အဿဇိပုနဗ္ဗသုက ရဟန်းနှစ်ပါးတို့သည် ကီဋာဂိရိကိုမှီ၍ နေကုန်၏။ ဤပဏ္ဍုကလောဟိတက ရဟန်းနှစ်ပါးတို့သည်ကား သာဝတ္ထိပြည်ကိုမှီ၍ ဇေတဝန် ကျောင်းတော်၌ နေကုန်၏။ တရားသဖြင့်ငြိမ်းပြီးသော အဓိကရုဏ်းကို လှန်၍ ဖြစ်စေပြန်ကုန်၏။ အကြင်ရဟန်းတို့သည် ထိုပဏ္ဍုကလောဟိတကတို့၏တကွ မြင်ဘူး ဆည်းကပ်ဘူးသော အဆွေခင်ပွန်း ဖြစ်ကုန်၏။ ထိုရဟန်းတို့အားလည်း ထောက်ပံ့ခိုင်စေကုန်၍ ငါ့သျှင်တို့သည် ထိုရဟန်းတို့နှင့် အမျိုးအားဖြင့်၎င်း အနွယ်အားဖြင့်၎င်း သီလအားဖြင့်၎င်း ဝတ်အစရှိသည်တို့ဖြင့်၎င်း မတူကုန်၊ ထိုရဟန်းတို့သည် ငါ့သျှင်တို့အောက် ယုတ်ကုန်၏။ သင်တို့သည် မိမိအယူကို စွန့်ကုန်ငြားအံ့၊ ထိုရဟန်းတို့သည် သင်တို့ထက် အလွန်ထင်စွာ ဖြစ်ကုန်လတ္တံ့၊ ဤသို့ အစရှိသည်တို့ကိုဆို၍ အယူကို လွတ်စိမ့်သောငှါမပေးကုန်၊ ထိုကြောင့် ခိုက်ရန်ငြင်းခုံခြင်း အထူးထူးအပြားပြား ပြောဆိုခြင်းတို့သည် ဖြစ်ကုန်၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား ထိုအကြောင်းကို ကြားလျှောက်ကုန်၏။ ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် ထိုအရာ၌ ရဟန်းတို့ကို စည်းဝေးစေ၍ ပဏ္ဍုကလောဟိတက ရဟန်းတို့ကိုခေါ်စေ၍ ရဟန်းတို့ သင်တို့သည် မိမိ၏ငြိမ်းလေပြီးသော အဓိကရုဏ်းကို လှန်ကြကုန်သောဟူသည် တပါးကုန်သော ရဟန်းတို့အားလည်း အယူကို စွန့်စိမ့်သောငှာ မပေးကြကုန်သောဟူသည် မှန်သလောဟု မေးတော်မူ၍ မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ သင်တို့၏အမူအရာသည် ခေါက်ရှာငှက်နှင့် လုလင်၏ အမူအရာကဲ့သို့ ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မထင်ရှားသော ကာသိရွာဝယ် တဦးသော အမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် လယ်လုပ်ခြင်း ကုန်သွယ်ခြင်း အစရှိသည်ဖြင့် အသက်မွေးခြင်းကို မပြုမူ၍ ငါးရာကုန်သော ခိုးသူတို့ကိုယူ၍ ထိုခိုးသူတို့၏အကြီးဖြစ်၍ ခရီးသွားတို့ကို လုယက်ခြင်း အိမ်ခြံစပ်ကိုဖြတ်၍ ခိုးယူခြင်း အစရှိသည်တို့ကိုပြု၍ အသက်မွေးခြင်းကို ပြု၏။ ထိုအခါ ဗာရာဏသီပြည်၌ တယောက်သော သူကြွယ်သည် တယောက်သော ဇနပုဒ်သားအား အသပြာတထောင် ပေး၍ တဖန်မယူမူ၍ သေ၏။ ထိုသူကြွယ်၏မယားသည် နောက်အခါ နာ၍ သေရာညောင်စောင်း၌ အိပ်သည်ရှိသော် သားကိုခေါ်၍ ငါ့သား သင့်အဘသည် တယောက်သောသူအား တထောင်သော အသပြာကိုပေး၍ မယူမူ၍လျှင် သေ၏။ ငါသည်လည်း အကယ်၍ သေငြားအံ့၊ ထိုသူသည် သင့်အား မပေးလတ္တံ့၊ သွားချေ အသက်ရှိစဉ်လျှင် ထိုသူကိုပေးစေ၍ ယူချေလောဟုဆို၏။ ထိုလုလင်သည် ကောင်းပြီဟု ထိုဇနပုဒ်သို့သွား၍ အသပြာတို့ကို ရ၏။ ထိုလုလင်၏အမိသည် သေ၍ သား၌ချစ်သဖြင့် သား၏လာရာလမ်း၌ ဥပပါတ်မြေခွေးမ ဖြစ်၏။

ထိုအခါ ထိုခိုးသူကြီးသည် ခရီးသွားတို့ကို လုယက်လျှက် ပရိသက်နှင့်တကွ ထိုခရီး၌နေ၏။ ထိုအခါ ထိုမြေခွေးမသည် သား တောအုပ်ဝသို့ ရောက်သည်ရှိသော် အမောင် တော အုပ်သို့ မသွားလင့်၊ ထိုတောအုပ်၌ ခိုးသူတို့သည် နေကုန်၏။ ထိုခိုးသူတို့သည် သင့်ကိုသတ်၍ အသပြာတို့ကို ယူကုန်လတ္တံ့ဟု အဖန်တလဲလဲ ခရီးသို့ဖြတ်သန်း၍ တား၏။ ထိုလုလင်သည် ထိုအကြောင်းကို မသိ၍ ယုတ်မာသော မြေခွေးမသည် ငါ၏လမ်းကို ဖြတ်သန်း၏ဟု ထိုမြေခွေးမကို ခဲ လှံတံ ကိုင်၍ ပစ်ခတ်၍ ပြေးစေပြီးသော် တောအုပ်သို့သွား၏။ ထိုအခါ တခုသော ခေါက်ရှာငှက်သည် ယောက်ျား၏ လက်၌ အသပြာတထောင်ရှိ၏။ ဤယောက်ျားကိုသတ်၍ အသပြာကို ယူကုန်လော့ဟု မြည်လျှက် ခိုးသူတို့သို့ ရှေးရှုပျံ၏။ လုလင်သည် ထို ခေါက် ရှာငှက် ပြုသောအကြောင်းကိုမသိ၍ ဤငှက်ကား မင်္ဂလာငှက်တည်း၊ ယခု ငါ့အား မင်္ဂလာဖြစ်လတ္တံ့ဟု ကြံ၍ အရှင်မြည်လော့ အရှင်မြည်လော့ဟု ဆို၍ လက်အုပ်ချီ၏။

ဘုရားလောင်းသည် ခပ်သိမ်းသော သတ္တဝါတို့၏ မြည်သံကို သိ၏။ ထိုလုလင်နှင့် ခေါက်ရှာငှက်တို့၏ အမူ အရာကို မြင်၍ ဤမြေခွေးမသည် ဤလုလင်၏အမိ ဖြစ်ရာ၏။ ထိုကြောင့် မြေခွေးမသည် ဤလုလင်ကို သတ်၍ အသပြာတို့ကို ယူလတ္တံ့ဟု ကြောက်၍ လုလင်ကို မြစ်၏။ ဤခေါက်ရှာ ငှက်သည်ကား လုလင်၏ ရန်သူ ဖြစ်ရာ၏။ ထိုကြောင့် ထိုခေါက် ရှာငှက်သည် ဤလုလင်ကို သတ်၍ အသပြာတို့ကို ယူကုန်လော့ဟု ငါတို့အား ကြား၏။ ဤလုလင်သည်ကား ထိုအကြောင်းကို မသိ၍ အကျိုးစီးပွားကို အလိုရှိသောအမိကို ခြိမ်းချောက်၍ပြေးစေ၏။ အကျိုးမဲ့ကိုအလိုရှိသော ခေါက်ရှာ ငှက်အား ငါ၏ အကျိုးကို အလိုရှိ၏ဟုအမှတ်ရှိသဖြင့် လက်အုပ် ချီ၏။ ဤလုလင်သည်ကား မိုက်လေစွဟု ကြံ၏။ ထိုစကားသည် မှန်၏။ ဘုရားလောင်းဖြစ်သော ယောက်ျား မြတ်တို့အားလည်း မညီညွတ်သော ပဋိသန္ဓေယူခြင်း အစရှိသည်တို့၏ အစွမ်းအားဖြင့် ဤသို့ သူတပါးတို့၏ ဥစ္စာကို ခိုးယူခြင်းသည် ဖြစ်၏။ နက္ခတ်အပြစ်ကြောင့် ဖြစ်သည်ဟူ၍လည်း ဆိုကုန်၏။

လုလင်သည် လာလတ်၍ ခိုးသူတို့၏ အပိုင်းအခြားအတွင်းသို့ ရောက်၏။ ဘုရားလောင်းသည် ထိုလုလင်ကို ယူခဲ့စေ၍ အဘယ်အရပ်၌ နေသနည်းဟု မေး၏။ ဗာရာဏသီ ပြည်၌ နေသတည်းဟု ဆို၏။ အဘယ်သို့ သွားသနည်းဟု မေး၏။ တခုသောရွာ၌ ရအပ်သော တထောင်သော အသပြာရှိ၏။ ထိုအရပ်သို့ သွား၏ဟု ဆို၍ သင်သည် ရခဲ့သလောဟု မေးလတ်သော် ရခဲ့၏ဟု ဆို၏။ အဘယ်သူသည် သင့်ကို စေသနည်းဟု မေး၏။ အကျွန်ုပ်အဘ သေသည်ရှိသော် အမိသည်လည်း နာ၏။ ထိုအမိသည် သေလတ်သော် ဤသားသည် မရရစ်လတ္တံ့ ဟုထင်မှတ်၍ အကျွန်ုပ်ကို စေ၏ဟု ဆို၏။ ယခု သင့်အမိ၏ အကြောင်းကို သိ၏လောဟု မေး၏။ အရှင်မသိဟု ဆို၏။ သင့်အမိသည် သင်ထွက်သည် ရှိသော်လျှင် သေ၍ သား၌ချစ်ခြင်းကြောင့် မြေခွေးမဖြစ်၍ သင်၏သေခြင်းမှ ကြောက်သောကြောင့် ခရီးအကြား၌ သင့်လမ်းကို ဖြတ် သန်း၍ သင့်ကို တားမြစ်၏။ သင်သည် ထိုမြေခွေးမကို ခြိမ်းချောက်၍ ပြေးစေ၏။ ခေါက်ရှာငှက်သည်ကား သင်၏ ရန်သူဖြစ်၏။ ထိုခေါက်ရှာငှက်သည် လုလင်ကို သတ်၍ အသပြာတို့ကို ယူကုန်လော့ဟု ငါတို့အား ကြားလာ၏။ သင်သည် မိမိ၏ မိုက်သည်၏ အဖြစ်ကြောင့် အကျိုးစီးပွားကို အလိုရှိသော အမိကို ငါ၏ အကျိုးမဲ့ကို အလိုရှိ၏ဟု ထင်မှတ်၏။ အကျိုးမဲ့ကို အလိုရှိသော ခေါက်ရှာ ငှက်ကို ငါ၏အကျိုးကို အလိုရှိ ၏ဟု ထင်မှတ်၏။ ထို့ကြောင့် သင်တို့အား ပြုအပ်သော ကျေးဇူးမည်သည်မရှိ၊ သင့်အမိ၏ ကျေးဇူးတို့သည်ကား များကုန်၏။ ထိုအမိကျေးဇူးတို့ကိုရည်၍ တထောင်သော အသပြာတို့ကို ယူ၍ သင်သွားလေလော့ဟု လွှတ်လိုက်လေ၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၈၅။ ယထာ မာဏဝကော ပန္ထေ၊ သိင်္ဂါလိံ ဝနဂေါစရိံ၊
အတ္ထကာမံ ပဝေဒေန္တိံ၊ အနတ္ထကာမာတိ မညတိ။
အနတ္ထကာမံ သတပတ္တံ၊ အတ္ထကာမောတိ မညတိ။
၈၆။ ဧဝမေဝ ဣဓေကစ္စော၊ ပုဂ္ဂလော ဟောတိ တာဒိသော။
ဟိတေဘိ ဝစနံ ဝုတ္တော၊ ပဋိဂ္ဂဏှာတိ ဝါမတော။
၈၇။ ယေ စ ခေါ နံ ပသံသန္တိ။ ဘယာ ဥက္ကံသယန္တိ ဝါ။
တဉှိ သော မညတေ မိတ္တံ၊ သတပတ္တံဝ မာဏဝေါ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၈၅။ ပန္ထေ၊ ခရီး၌။ မာဏဝကော၊ လုလင်သည်။ ဝနဂေါစရိံ၊ တော၌ ကျက် စားသော။ အတ္ထကာမံ၊ မိမိအကျိုးကို အလိုရှိ၍။ ပဝေဒေန္တိံ၊ အကျိုးကိုကြားသော။ သိင်္ဂါလိံ၊ မြေခွေးမကို။ အနတ္ထကာမာတိ၊ အကျိုးမဲ့ကို အလို ရှိ၏။ မညတိ ယထာ၊ အောက်မေ့သကဲ့သို့။ အနတ္တကာမံ၊ အကျိုးမဲ့ကိုအလိုရှိသော။ သတပတ္တံ၊ ခေါက်ရှာငှက်ကို။ အတ္ထကာမောတိ၊ အကျိုးကို အလိုရှိ၏ဟူ၍။ မညတိ ယထာ၊ အောက်မေသကဲ့သို့။

၈၆။ ဧဝမေဝ၊ ဤအတူသာလျှင်။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သော။ တာဒိသော၊ ထိုသို့ သဘောရှိသော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်၏။ တာဒိသော၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သည်။ ဟိတေဘိ၊ အစီးအပွားတို့ဖြင့်။ ဝစနံ၊ အဆုံးအမစကားကို။ ဝာတ္တော၊ ဆိုအပ်သည်ရှိသော်။ ဝါမတော၊ အယုတ်အားဖြင့်။ ပဋိဂ္ဂဏှာတိ၊ ယူ၏။

၈၇။ ယေ စ ခေါ၊ အကြင် ပုဂ္ဂိုလ်တို့သည်လည်း။ နံ၊ ထိုပုဂ္ဂိုလ်ကို။ ပသံသန္တိ၊ ချီးမွမ်းကုန်၏။ ဘယာ၊ ဘေးကိုပြသဖြင့်။ ဥက္ကံသယန္တိ ဝါ၊ ချီးမြှောက် သည်မူလည်း ဖြစ်ကုန်၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ တံ ဟိ၊ ထိုပုဂ္ဂိုလ်ကိုသာလျှင်။ မာဏဝေါ၊ လုလင်သည်။ သတပတ္တံ၊ ခေါက်ရှာငှက်ကို။ မိတ္တံ၊ မိတ်ဟူ၍။ မညတေ ဣဝ၊ အောက်မေ့ သကဲ့သို့တည်း။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခိုးသူတို့၏ အကြီး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မိတ်စစ်ကိုပစ်၊ ရန်သူချစ်၊ လူညစ် ထုံးဓလေ့

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော သတပတ္တဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ဥဒပါနဝဂ်

၁၀။ ပုဋဒူသကဇာတ်

အထုပ်ဖျက် မျောက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဒ္ဓါဟိ နူန မိဂရာဇာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပုဋဒူသကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော အထုပ်ကို ဖျက်ဆီးတတ် သူငယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တယောက်သော အမတ်သည် ဘုရားအမှူးရှိသော ရဟန်းသင်္ဃာကို ဘိတ်၍ ဥယျာဉ်၌နေစေ၍ အလှူပေးသည်ရှိသော် ဆွမ်းမဘုဉ်းပေးမီအကြား၌ ဥယျာဉ်၌ လှည့်လည်လိုကုန်သော အရှင်တို့သည် လှည့်လည်စေကုန်သတည်းဟု။ လျှောက်၏။ ရဟန်းတို့သည် ဥယျာဉ်၌ လှည့်လည်ကုန်၏။ ထိုခဏ၌ ဥယျာဉ်စောင့်သည် အရွက်နှင့်ပြည့်စုံသော သစ်ပင်သို့တက်၍ ကြီးကုန် ကြီးကုန်သော အရွက်တို့ကိုခူး၍ ဤအထုပ်ကား ပန်းထုပ် ဖြစ်လတ္တံ့၊ ဤအထုပ်ကား သစ်သီးထုပ်ဖြစ်လတ္တံ့ဟု အထုပ်ကိုပြု၍ သစ်ပင်ရင်းသို့ ချ၏။ ထိုဥယျာဉ်စောင့်၏ သူငယ်သည် ချတိုင်း ချတိုင်းသော အထုပ်တို့ကို ဖျက်ဆီး၏။ ရဟန်းတို့သည် ထိုအကြောင်းကို ဘုရားအား လျှောက်ကြကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဤသူငယ်သည် အထုပ်ကို ဖျက်ဆီးတတ်သည် မဟုတ်သေး၊ ရှေး၌လည်း အထုပ်ကို ဖျက်ဆီးဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီပြည်၌ တဦးသော ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် အိမ်၌နေလျက် တနေ့သ၌ တစုံတခုသော ပြုဘွယ်ကိစ္စကြောင့် ဥယျာဉ်သို့ သွား၏။ ထိုဥယျာဉ်၌ များစွာကုန်သော မျောက်တို့သည် နေကုန်၏။ ဥယျာဉ်စောင့်သည် ဤနည်းဖြင့် သစ်ရွက်ထုပ်တို့ကို ချ၏။ မျောက်ကြီးသည် ချတိုင်းချတိုင်းကုန်သော သစ်ရွက်ထုပ်တို့ကို ဖျက်ဆီး၏။ ဘုရားလောင်းသည် ထိုမျောက်ကြီးကိုခေါ်၍ ဥယျာဉ်စောင့်သည် ချအပ်သော သစ်ရွက်ထုပ်ကို ဖျက်ဆီး၍ တပါးသော အလွန်နှစ်သက်ဘွယ်ရှိသော သစ်ရွက်ထုပ်ကို ပြုလိုယောင်တကားဟုဆို၍-

၈၈။ အဒ္ဓါဟိ နူန မိဂရာဇာ၊ ပုဋကမ္မဿ ကောဝိဒေါ။
တထာ ဟိ ပုဋံ ဒူသေတိ၊ အညံ နူန ကရိဿတိ။

ဟူသော ရှေးဦးကသောဤဂါထာကို ဆို၏။

၈၈။ မိဂရာဇာ၊ မျောက်မင်းသည်။ အဒ္ဓါ ဟိ၊ စင်စစ်လျှင်။ ပုဋကမ္မဿ၊ သစ်ရွက်ထုပ်သောအမှု၌။ ကောဝိဒေါ နူန၊ လိမ္မာ ယောင်တကား။ တထာဟိ၊ ထို့ကြောင့်လျှင်။ ပုဋံ၊ အထုပ်ကို။ ဒူသေတိ၊ ဖျက်ဆီး၏။ အညံ၊ တပါးသော နှစ်သက်ဘွယ်ရှိသော အထုပ်ကို။ ကရိဿတိ နူန၊ ပြုလတ္တံ့လာ။

ထိုစကားကိုကြား၍ မျောက်သည်-

၈၉။ န မေ မာတာ ဝါ ပိတာ ဝါ၊ ပုဋကမ္မဿ ကောဝိဒေါ။
ကတံ ကတံ ခေါ ဒူသေမ၊ ဧဝံ ဓမ္မမိဒံ ကုလံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၈၉။ အမ္ဘော ပုရိသ၊ အို ယောက်ျား။ မေ၊ ငါ၏။ မာတာ ဝါ၊ အမိသည်၎င်း။ ပိတာ ဝါ၊ အဘသည်၎င်း။ ပုဋကမ္မဿ၊ သစ်ရွက်ထုပ်သော အမှု၌။ န ကောဝိဒေါ၊ မလိမ္မာ။ မယံ၊ ငါတို့သည်။ ကတံ ကတံ ခေါ၊ ပြုတိုင်းပြုတိုင်းသော သစ်ရွက်ထုပ်ကိုသာလျှင်။ ဒူသေမ၊ ဖျက်ဆီးကုန်၏။ ဣဒံ ကုလံ၊ ဤမျောက်မျိုးသည်။ ဧဝံ ဓမ္မံ၊ ဤသို့ ဖျက်ဆီးတတ်သော သဘောရှိ၏။

ထိုစကားကိုကြားလျှင် ဘုရားလောင်းသည်-

၉၀။ ယေသံ ဝေါ ဧဒိသော ဓမ္မော အဓမ္မော ပန ကီဒိသော။
မာ ဝေါ ဓမ္မံ အဓမ္မံ ဝါ၊ အဒ္ဒသာမ ကုဒါစနံ။

ဟူသော သုံးခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

၉၀။ မိဂရာဇာ၊ မျောက်မင်း။ ယေသံ ဝေါ၊ အကြင် သင်တို့၏။ ဓမ္မော၊ တရားသည်။ ဧဒိသော၊ ဤသို့ သဘောရှိ၏။ အဓမ္မော ပန၊ တရားမဟုတ်သော အကျင့်မည်သည် တမူကား။ ကီဒိသော၊ အဘယ်သို့ သဘောရှိအံ့နည်း။ ဝေါ၊ သင်တို့၏။ ဓမ္မံ ဝါ၊ တရားကို၎င်း။ အဓမ္မံ ဝါ၊ တရားမဟုတ်သော အကျင့်ကို၎င်း။ ကုဒါစနံ၊ တရံတဆစ်။ မာ အဒ္ဒသာမ၊ ငါတို့မမြင်လိုကုန်။

ဤသို့ဆို၍ မျောက်အပေါင်းကို ကဲ့ရဲ့၍ ဖဲ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အထုပ်ကို ဖျက်ဆီးသော သူငယ်သည် ထိုအခါ မျောက်ကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိယောက်ျား ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

မျောက်သတ္တဝါ၊ ဓမ္မတာ၊ မြင်ရာ တွေ့တိုင်းဖျက်

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ပုဋဒူသကဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၁။ အဗ္ဘန္တရဇာတ်

ကျေးစေတမန်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဗ္ဗန္တရံ နာမ ဒုမော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအဗ္ဘန္တရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် အရှင်သာရိပုတ္တရာ မထေရ်သည် ယသောဓရာထေရီမအား သရက်သီးအရသာပေးခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဓမ္မစကြာတရားကို ဟောတော်မူပြီး၍ ဝေသာလီပြည် ကူဋာဂါရကျောင်းတော်၌ သီတင်းသုံး နေတော်မူသည်ရှိသော် ပဇာပတိဂေါတမီသည် သာကီဝင်မင်းသ္မီး ငါးရာတို့ကိုယူလျက်သွား၍ ရဟန်းအဖြစ်ကိုတောင်းပန်၍ သာမဏေ၏ အဖြစ်ကို၎င်း ပဉ္စင်း၏အဖြစ်ကို၎င်း ရ၏။ နောက်ကာလ၌ ငါးရာကုန်သော ထိုရဟန်းမိန်းမတို့သည် နန္ဒကောဝါဒသုတ်ကိုနာရ၍ အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည်ကား သာဝတ္ထိပြည်ကိုမှီ၍ သီတင်းသုံး နေတော်မူသည်ရှိသော် ရာဟုလာမယ်တော် ဗိမ္မာဒေဝီ မိဖုယားသည် လင်သည်ရဟန်းပြု၍ သဗ္ဗညူဘုရားအဖြစ်သို့ ရောက်ပြီ၊ သားလည်း ရဟန်းပြု၍ ဘုရားအထံတော်၌ နေပြီ၊ ငါသည် အိမ်၌ နေသဖြင့် အဘယ်ပြုအံ့နည်း၊ ငါလည်း ရဟန်းပြု၍ သာဝတ္ထိပြည်သို့ သွား၍ ဘုရားကို၎င်း သားတော်ကို၎င်း မပြတ်ဖူး၍ နေအံ့ဟု ကြံ၍ ရဟန်းမိန်းမတို့၏ ကျောင်းသို့သွား၍ ရဟန်း ပြု၍ ဆရာဥပဇ္ဈာယ်တို့နှင့် တကွ သာဝတ္ထိပြည်သို့သွား၍ ဘုရားကို၎င်း ချစ်စွာသောသားကို၎င်း ဖူးမြင်လျှက် တခုသောရဟန်းမိန်းမတို့၏ကျောင်း၌ နေ၏။ ရာဟုလာ သာမဏေသည် လာ၍ မယ်တော်ကို ဖူးမြင်၏။

ထိုအခါ တနေ့သ၌ ထေရီမအား ဝမ်း၌ လေထ၏။ ထေရီမသည် ဖူးမြင်အံ့သောငှါ လာလတ်သော သားအား ဖူးမြင်ရန်ထွက်အံ့သောငှာ မတတ်နိုင်၊ တပါးကုန်သော ရဟန်းမိန်းမတို့သည်သာလျှင် လာလတ်၍ မချမ်းသာသောအဖြစ်ကို ပြောဆိုကုန်၏။ ရာဟုလာသာမဏေသည် မယ်တော်အထံသို့သွား၍ အဘယ်ကို ရခြင်းငှါ သင့်သနည်းဟု မေး၏။ အမောင် အိမ်၌နေစဉ် အကျွန်ုပ်အား သကာသကြားတို့ဖြင့် ဖျော်သော သရက်သီးရည်ကို သောက်သည်ရှိသော် လေနာသည် ငြိမ်ဘူး၏။ ယခု ဆွမ်းခံ၍ အသက်မွေးရကုန်၏။ အဘယ်မှာလျှင် သကာသကြားတို့ဖြင့် ဖျော်သော သရက်သီးရည်ကို ရအံ့နည်းဟု ဆို၏။ သာမဏေသည် ရသော် ဆောင်ခဲ့အံ့ဟု ဆို၍ ထွက်သွား၏။ ထိုအရှင်ရာဟုလာ၏ ဥပဇ္ဈာယ်ကား အရှင်သာရိပုတ္တရာ မထေရ်တည်း၊ သရဏဂုံဆရာကား အရှင်မောဂ္ဂလာန်မထေရ်တည်း၊ ဘထွေးတော်ကား အရှင်အာနန္ဒာမထေရ်တည်း၊ ခမည်းတော်ကား သဗ္ဗညူ မြတ်စွာဘုရားတည်း၊ အရှင်ရာဟုလာသည် ဤသို့ ကြီးစွာသောပြည့်စုံခြင်းရှိသည် ဖြစ်ငြားသော်လည်း တပါးသောသူ၏ အထံသို့ မသွားမူ၍ ဥပဇ္ဈာယ်ဆရာ၏အထံသို့ သွား၍ ရှိခိုးလျက် မျက်နှာမသာသော အခြင်းအရာဖြင့် ရပ်၏။ ထိုအခါ ထိုရာဟုလာကို အရှင်သာရိပုတ္တရာမထေရ်သည် ရာဟုလာ အဘယ်ကြောင့် မျက် နှာ မသာလျက် ရပ်သနည်းဟု ဆို၏။ အရှင်ဘုရား အကျွန်ုပ် ၏အမိ ထေရီမအား လေနာနှိပ်စက်၏ဟု လျှောက်၏။ အဘယ်ကိုရခြင်းငှါ သင့်သလောဟု မေးသည်ရှိသော် သကာသကြားတို့ဖြင့် ဖျော်သော သရက်သီးရည်ဖြင့် ချမ်းသာ၏ဟု ဆို၏ဟူ၍ အရှင်ရာဟုလာသည် လျောက်၏။ ရာဟုလာ ထိုသို့ဖြစ်စေ, ရအံ့၊ မကြံလင့်ဟု အရှင်သာရိပုတ္တရာသည် မိန့်တော်မူ၏။

အရှင်သာရိပုတ္တရာမထေရ်သည် နက်ဖြန် အရှင်ရာဟု လာကို ခေါ်၍ သာဝတ္ထိပြည်ကိုဝင်၍ သာမဏေကို ဆွမ်းစားဇရပ်၌ နေစေ၍ မင်းအိမ်တံခါးသို့ ကြွ၏။ ကောသလမင်းသည် အရှင်သာရိပုတ္တရာ မထေရ်ကို မြင်၍ နေစေ၏။ ထိုခဏ၌လျှင် ဥယျာဉ်စောင့်သည် ချိုစွာသော သရက်သီးမှည့်အထုပ်ကို ဆက်လာ၏။ မင်းသည် သရက်သီးခွံကိုခွဲ၍ သကာ သကြားကို ထည့်၍ မိမိကိုယ်တိုင်လျှင်နယ်၍ အရှင်သာရိပုတ္တရာ မထေရ်အား သပိတ်ကို ပြည့်စေ၍လှူ၏။ အရှင်သာရိပုတ္တရာမထေရ်သည် မင်းအိမ်မှထွက်၍ ဆွမ်းစားဇရပ်သို့ သွား၍ ရာဟုလာသာမဏေအား ပေး၏။ သာမဏေသည် ထိုသရက်သီးရည်ကို ဆောင်၍ မယ်တော်အား ပေး၏။ ထေရီမအား သုံးဆောင်ကာမျှနှင့် ပင်လျှင် လေနာသည် ငြိမ်း၏။ မင်းသည်လည်း လူတို့ကို မထေရ်သည် ဤ၌နေ၍ သရက်သီးရည်ကို မသုံးဆောင်၊ သွားကြချေ။ တစုံတယောက်သောသူအား ပေးသောအဖြစ်ကို စုံစမ်းကြချေဟု စေ၏။ ထိုလုလင်သည် အရှင်သာရိပုတ္တရာမထေရ်နှင့်တကွသာလျှင် လိုက်၍ ထိုအကြောင်းကိုသိ၍ မင်းအား လျှောက်၏။ မင်းသည် ကြံ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် အကယ်၍ အိမ်၌နေငြားအံ့၊ စကြဝတေးမင်း ဖြစ်လတ္တံ့၊ ရာဟုလာသာမဏေသည် သားကြီးရတနာဖြစ်လတ္တံ့၊ ယသောဓရာထေရီမသည် မိန်းမရတနာဖြစ်လတ္တံ့၊ အလုံးစုံသောစကြဝဠာ၌ မင်းအဖြစ်သည် ဘုရား, သားတော်ရာဟုလာ, ယသောဓရာထေရီတို့အားသာလျှင် ဖြစ်ရာ၏။ ငါတို့သည်ကား ဘုရား, သားတော်ရာဟုလာ ယသောဓရာထေရီတို့၏ အလုပ်အကျွေးဖြစ်ရာ၏။ ယခု ရဟန်းပြု၍ ငါတို့ကိုမှီလျက် နေကုန်သော သဗ္ဗညူ ဘုရားရှင်တို့၌ မေ့လျော့ခြင်းသည် ငါတို့အား မသင့်ချေဟု ကောသလမင်းကြီးကြ၏။ ကြံပြီး၍ ကောသလမင်းသည် ထိုအခါမှစ၍ မပြတ် ထေရီမအား သရက်သီးရည်ကို လှူစေ၏။ အရှင်သာရိပုတ္တရာမထေရ်သည် ဗိမ္ဗာဒေဝီထေရီမအား သရက်သီးရည်ကို လှူသောအဖြစ်သည် ရဟန်းသင်္ဃာအား ထင်ရှား ဖြစ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ အရှင်သာရိပုတ္တရာမထေရ်သည် ဗိမ္ဗာဒေဝီ ထေရီမအား သက်သီးရည်ဖြင့် ရောင့် ရဲ စေသတတ်ဟူ၍ စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ရာဟုလာ မယ်တော်ကို သာရိပုတ္တရာသည် သရက်သီးရည်ဖြင့် ရောင့်ရဲစေသည်မဟုတ်သေး၊ ရှေး၌လည်း ရောင့်ရဲစေဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ အိမ် ထောင်ခြင်းကို ဖြစ်စေပြီး၍ မိဘတို့သည် လွန်လတ်သော် ရသေ့ရဟန်းပြု၍ ဟိမဝန္တာအရပ်၌ အဘိညာဉ်, သမာပတ်တို့ကို ဖြစ်စေ၍ ရသေ့အပေါင်း ခြံရံလျက် ရသေ့အပေါင်းတို့၏ ဆရာဖြစ်၍ ကြာမြင့်သော ကာလလွန်သဖြင့် ချဉ်ဆားမှီဝဲအံ့သောငှ တောင်ခြေရင်းမှ သက်၍ ဒေသစာရီလှည့်လည်လတ်သော် ဗာရာဏသီပြည်သို့ ရောက်၍ ဥယျာဉ်၌ နေ၏။ ထိုအခါရသေ့အပေါင်း၏ သီလတန်ခိုးအားဖြင့် သိကြားနေရာသည် လှုပ်၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကိုသိ၍ ဤရသေ့တို့အား နေရာမရစိမ့်သောငှါ လုံ့လပြုအံ့၊ ထိုအခါ ထိုရသေ့တို့သည် နေရာပျက်သဖြင့် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ စိတ်၏တည်ကြည်ခြင်းကို မရကုန်လတ္တံ့၊ ဤသို့ဖြစ်သည်ရှိသော် ငါ့အား ချမ်းသာခြင်းသည် ဖြစ်လတ္တံ့ဟု ကြံ၏။ အကြောင်းအသို့ရှိသနည်းဟု ဆင်ခြင်လတ်သော် မဇ္ဈိမယာမ်၏အခြားမဲ့၌ မင်းမိဖုယားကြီး၏ ကြက်သရေတိုက်သို့ဝင်၍ ကောင်းကင်၌ရပ်၍ အရှင်မိဖုယားကြီး သင်သည်

အကယ်၍ အဗ္ဘန္တရသရက်သီးမှည့်ကို စားရငြားအံ့၊ သားကို ရလတ္တံ့၊ ထိုသားသည် စကြဝတေးမင်း ဖြစ်လတ္တံ့ဟု ငါဆိုအံ့၊ မိဖုယားကြီးသည်လည်း မင်းအား ထိုအကြောင်းကို ကြားလတ္တံ့၊ မင်းသည် မိဖုယားစကားကို ကြား၍ သရက်သီးမှည့်အကျိုးငှါ ဥယျာဉ်သို့ စေလတ္တံ့၊ ထိုအခါ ငါသည် အရက်သီးကို ကွယ်စေအံ့၊ မင်းအား ဥယျာဉ်၌ သရက်သီးတို့၏ မရှိသော အဖြစ်ကို ကြားလျှောက်လတ္တံ့၊ အဘယ်သူသည် စားကုန်သနည်းဟု မေးလတ်သော်ရသေ့တို့သည် စားကုန်၏ဟု ဆိုလတ္တံ့၊ ထိုစကားကိုကြား၍ ရသေ့တို့ကိုပုတ်ခတ်၍ နှင်ထုတ်စေလတ္တံ့၊ ဤသို့ နှင်ထုတ်စေသည်ရှိသော် ထိုရသေ့တို့သည် ဥပဒ္ဒဝေါရှိသည် ဖြစ်ကုန်လတ္တံ့။ ဤသို့ အကြောင်းကို မြင်၏။ မြင်ပြီး၍ ထိုသိကြားမင်းသည် မဇ္စျိမယာမ်၏ အခြားမဲ့၌ ကြက်သရေတိုက်သို့ဝင်၍ ကောင်းကင်၌ ရပ်လျက် မိမိ၏ သိကြားအဖြစ်ကို သိစေ၍ ထိုမိဖုယားနှင့်တကွ စကား ပြောလိုရကား-

၉၁။ အဗ္ဘန္တရော နာမ ဒုမော၊ ယဿ ဒိဗျမိဒံ ဖလံ။
ဘုတွာ ဒေါဟဠိနီ နာရီ၊ စက္ကဝတ္တိံ ဝိဇာယတိ။
၉၂။ တွံ ဟိ ဘဒ္ဒေ မဟေသီသိ၊ သာ စာ ပိ ပတိနော ပိယာ။
အာဟရိဿတိ တေ ရာဇာ၊ ဣဒံ အဗ္ဘန္တရံ ဖလံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၉၁။ ဘဒ္ဒေ၊ ရှင်မိဖုယား။ ယဿ၊ အကြင်သရက်ပင်၏။ ဒိဗျံ၊ နတ်တို့သည် သုံးဆောင်ခြင်းငှာထိုက်သော။ ဣဒံ ဖလံ၊ ဤအသီးကို။ ဘုတွာ၊ စားရ၍။ ဒေါဟဠိနီ၊ စားချင်ခြင်းရှိသော။ နာရီ၊ မိန်းမသည်။ စက္ကဝတ္တိံ၊ စကြဝတေးမင်းကို။ ဝိဇာယတိ၊ ဖွား၏။ သော ဒုမော၊ ထိုသရက်ပင်သည်။ အဗ္ဘန္တရော နာမ၊ အဗ္ဘန္တရမည်၏။

၉၂။ ဘဒ္ဒေ၊ ရှင်မိဖုယား။ တွံ၊ သင်သည်။ မဟေသီ၊ ရှင်မိဖုယားကြီးသည်။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ အသိ၊ ဖြစ်၏။ သာ စာပိ၊ ထိုသင့်ကိုလည်း။ ပတိနော၊ လင်ဖြစ်သော ဗာရာဏ သီ မင်းသည်။ ပိယာ၊ ချစ်အပ်သည်။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ အသိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ တေ၊ သင်ဘို့။ ရာဇာ၊ မင်းသည်။ ဣဒံ အဗ္ဘန္တရဖလံ၊ ဤအဗ္ဘန္တရသရက်သီးကို။ အာဟရိဿတိ၊ ဆောင်လတ္တံ့။

ဤသို့ သိကြားမင်းသည် မိဖုယားအား ဤနှစ်ဂါထာတို့ကိုဆို၍ သင်သည် မမေ့မလျော့ ဖြစ်လော့၊ ကြာမြင့်ခြင်းကို မပြုလင့်၊ နက်ဖြန် မင်းအား ကြားလျှောက်လော့ဟု ဆုံးမ၍ မိမိနေရာသို့လျှင် သွား၏။ ထိုမိဖုယားသည် နက်ဖြန် နာသောအခြင်းအရာကို ပြု၍ အလုပ်အကျွေးတို့အား အမှတ်ပေး၍ အိပ်၏။ မင်းသည် ကောင်းစွာဆောက်အပ်သော ထီးဖြူရှိသော မြတ်သောနေရာ၌ နေလျက် ကချေသည်တို့ကို ကြည့်လတ်သော် မိဖုယားကို မမြင်၍ မိဖုယား အဘယ်မှာနည်းဟု မေး၏။ အလုပ်အကျွေးတို့သည် ရှင်မင်းကြီး မိဖုယား မကျန်းမမာရှိ၏ဟု လျှောက်ကုန်၏။ မင်းသည် မိဖုယားအထံသို့သွား၍ အိပ်ရာနံပါး၌ထိုင်၍ ကျော၌သုံးသပ်လျက် ရှင်မိဖုယား သင့်အား အဘယ်ရောဂါဝေဒနာ ဖြစ်သနည်းဟု မေး၏။ မြတ်သော မင်းကြီး အကျွန်ုပ်အား တပါးသော ရောဂါဝေဒနာမည်သည် မရှိ၊ အကျွန်ုပ်အား ချင်ခြင်းသည်ဖြစ်၏ဟု လျောက်၏။ ရှင်မိဖုယားသည် အဘယ်ကို အလိုရှိသနည်းဟု မေး၏။ မြတ်သောမင်းကြီး အဗ္ဘန္တရမည်သော သရက်သည် အဘယ်မှာ ရှိသနည်းဟု လျောက်၏။ မိဖုယား အဗ္ဘန္တရ သရက် မည်သည်ကို ငါသည် မသိဟု မင်းသည် ဆို၏။ ထိုအဗ္ဘန္တရမည်သော သရက်၏အသီးကို မရသော် အကျွန်ုပ်သည် သေအံ့ဟု မိဖုယားလျောက်၏။ ထိုသို့တပြီးကား ဆောင်ယူစေအံ့၊ သင် မစိုးရိမ်လင့်ဟု မင်းသည် မိဖုယားကို နှစ်သိမ့်စေ၍ ထသွား၍ ရာဇပလ္လင်၌နေလျက် အမတ်တို့ကို ခေါ်စေ၍ မိဖုယားအား အဗ္ဘန္တရသရက်၌ ချင်ခြင်းသည်ဖြစ်၏။ အသို့ပြုရအံ့နည်းဟု မေး၏။ မြတ်သောမင်းကြီး နှစ်ခုသောသရက်ပင်တို့၏ အကြား၌ တည်သော သရက်သည် အဗ္ဘန္တရသရက်မည်၏။ ဥယျာဉ်သို့ စေလွှတ်၍ နှစ်ခုသော သရက်ပင်တို့၏ အကြား၌ တည်သော သရက်ပင်မှအသီးကို ဆောင်စေ၍ မိဖုယားအား ပေးကုန်လော့ဟု အမတ်တို့သည် လျောက်ကုန်၏။

မင်းသည် ကောင်းပြီဟု ဆို၍ ထိုသို့သဘောရှိသော သရက်သီးကို ဆောင်ကြကုန်လော့ဟု ဥယျာဉ်သို့စေ၏။ သိကြားသည် မိမိအာနုဘော်အားဖြင့် ဥယျာဉ်၌သရက်သီးကို စားအပ်ပြီးသည်နှင့် တူသည်တို့ကိုပြု၍ ကွယ်စေ၏။ သရက်သီးအကျိုးငှါ သွားကုန်သောသူတို့သည် အလုံးစုံသော ဥယျာဉ်ကို လှည့်လည်ကုန်လျက် တလုံးသော သရက်သီးကိုမျှလည်း မရကုန်ဘဲသွားကုန်၍ ဥယျာဉ်၌ သရက်သီးတို့၏ မရှိသောအဖြစ်ကို မင်းအား လျောက်ကုန်၏။ အဘယ်သူတို့သည် သရက်သီးတို့ကို စားကုန်သနည်းဟု မင်းကြီးမေး၏။ မြတ်သောမင်းကြီး ရသေ့တို့သည် စားကုန်၏ဟု လျှောက်ကြကုန်၏။ ရသေ့တို့ကို ဥယျာဉ်မှ ရိုက်ပုတ်၍ နှင်ထုတ်ကြကုန်လော့ဟု မင်းကြီးဆို၏။ လူတို့သည် ကောင်းပြီဟု ဝန်ခံကုန်၏။ သိကြားမင်း၏ နှလုံးအလိုသည် အပြီးသို့ ရောက်၏။ မိဖုယားသည် သရက်သီးအကျိုးငှါ မပြတ်လျှင် အိပ်၏။ မင်းကြီးသည် ပြုအပ်သောကိစ္စကို မမြင်ရကား အမတ် ပုဏ္ဏားတို့ကို စည်းဝေးစေ၍ အဗ္ဘန္တရသရက်သီး၏ ရှိသောအဖြစ်ကို သိအောင် ပြုကြကုန်လော့ဟု ဆို၏။ ပုဏ္ဏားတို့သည် မြတ်သောမင်းကြီး နတ်တို့၏ အသုံးအဆောင်ဖြစ်သော အဗ္ဘန္တရမည်သော သရက်သည် ဟိမဝန္တာဝယ် ရွှေဂူ၏အတွင်း၌ ရှိ၏ဟု အဆင့်ဆင့်အားဖြင့် အကျွန်ုပ်တို့သည် ကြားဘူး၏ဟု လျောက်ကုန်၏။ ထိုအဗ္ဘန္တရ သရက်သီးကို ဆောင်အံ့သောငှါ အဘယ်သူသည် တတ်နိုင်လတ္တံ့နည်းဟု မင်းကြီးမေး၏။ မြတ်သောမင်းကြီး ထိုအရပ်သို့ လူဖြစ်သောသူသည် သွားခြင်းငှာ မတတ်ကောင်း၊ တခုသောကျေးငယ်ကို စေခြင်းငှါသင့်၏ဟု လျှောက်ကုန်၏။

ထိုအခါ၌လည်း မင်းအိမ်၌ မွေးအပ်သော ကျေးငယ်သည် ကြီးသောကိုယ်ရှိ၏။ သူငယ်တို့၏ လှည်းဘီးပုံတောင်း ပမာဏရှိ၏။ အားနှင့်ပြည့်စုံ၏။ ပညာရှိ၏။ ဥပါယ်တမျဉ်၌ လိမ္မာ၏။ မင်းသည် ထိုကျေးကို ဆောင်ယူစေ၍ အမောင်ကျေးငယ် ငါသည် သင့်အား ကျေးဇူးပြု၏။ ရွှေချိုင့်၌ နေစေ၏။ ရွှေခွက်၌ ပျားပေါက်ပေါက်တို့ကို စားစေ၏။ သကြား သကာ အဖျော်ကို သောက်စေ၏။ သင်သည်လည်း ငါတို့၏ တခုသော ကိစ္စကို ဆောင်ရွက်ခြင်းငှါ သင့်၏ဟု ဆို၏။ ရှင်မင်းကြီး ဘယ်ကိစ္စနည်းဟု လျောက်၏။ အမောင် မိဖုယားအား အဗ္ဘန္တရသရက်သီး၌ ချင်ခြင်းဖြစ်၏။ ထိုအဗ္ဘန္တရသရက်သီးသည်လည်း ဟိမဝန္တာ ရွှေတောင်အကြား၌ ရှိ၏။ နတ်တို့၏ အသုံး အဆောင် ဖြစ်၏။ ထိုအရပ်သို့ လူတို့သည် သွားခြင်းငှာ မတတ်ကောင်း၊ သင်သည် သွား၍ သရက်သီးကို ဆောင်ခြင်းငှါ သင့်၏ဟု ဆို၏။ အရှင်မင်းကြီး ကောင်းပါပြီ ဆောင်အံ့ဟုဆို၏။ ထိုအခါ ထိုကျေးကို မင်းသည် ရွှေခွက်၌ ပျားပေါက်ပေါက်တို့ကို စားစေ၍ သကြား သကာ အဖျော်တို့ကို သောက်စေ၍ အကြိမ်တရာ ချက်သောဆီဖြင့် ကျေးသား၏ အတောင်ကြားတို့ကို လိမ်း၍ လက်နှစ်ဘက်တို့ဖြင့် ကိုင်၍ ခြင်္သေ့ခံသော လေသာ ပြူတင်း၌ရပ်၍ ကောင်းကင်သို့ လွှတ်၏။ ထိုကျေးသားသည်လည်း မင်းအား ရိုသေသော အခြင်းအရာကို ပြု၍ ကောင်းကင်သို့ပျံလျက် လူ့ပြည်ကို လွန်၍ ဟိမဝန္တာဝယ် ရှေးဦးစွာသော တောင်၏အကြား၌ နေကုန်သော ကျေးတို့၏ အထံသို့သွား၍ အဗ္ဘန္တရမည်သော သရက်သီးသည် အဘယ်မှာရှိသနည်း၊ ထိုအဗ္ဘန္တရသရက်သီး၏ တည်ရာအရပ်ကို ဆိုကြကုန်လော့ဟု မေး၏။ ငါတို့သည် မသိကုန်၊ နှစ်ခုမြောက်ဖြစ်သော တောင်ကြား၌ နေကုန်သော ကျေးတို့သည် သိကုန်လတ္တံ့ဟု ဆိုကုန်၏။

ထိုကျေးသည် ထိုစကားကိုကြား၍ ထိုပဌမတောင်ကြားမှ ပျံ၍ နှစ်ခုမြောက်သော တောင်ကြားသို့ သွား၏။ ထို့အတူ သုံးခုမြောက်သော တောင်ကြား လေးခုမြောက်သောတောင်ကြား ငါးခုမြောက်သော တောင်ကြား ခြောက်ခုမြောက်သော တောင်ကြားသို့ သွား၏။ ထိုခြောက်ခုမြောက်သော တောင် ကြား၌ နေကုန်သော ကျေးသားတို့သည်လည်း ငါတို့သည် မသိကုန်၊ ခုနစ်ခုမြောက်သော တောင်ကြား၌ နေကုန်သောကျေးသားတို့သည် သိကုန်လတ္တံ့ဟု ထိုကျေးသားကို ဆိုကုန်၏။ ထိုကျေးသားသည် ထိုခုနစ်ခု မြောက်သော တောင် ကြားသို့ သွား၍ အဗ္ဘန္တရမည်သော သရက်ပင်သည် အဘယ်၌ ရှိသနည်းဟုမေး၏။ ဤမည်သောအရပ်ဝယ် ရွှေတောင်ကြား၌ ရှိ၏ဟု ဆိုကုန်၏။ ငါသည် ထိုအဗ္ဘန္တရ သရက်သီး၏ အကျိုးငှာ လာ၏။ ငါ့ကို ထိုအရပ်သို့ဆောင်၍ ငါ့အား ထိုသရက်ပင်မှ အသီးကို ပေးကြကုန်လော့ဟု ဆိုလတ်သော် ထိုကျေးကို ကျေးသားအပေါင်းတို့သည် အဆွေ အဗ္ဘန္တရသရက်ကား ဝေဿဝဏ်နတ်မင်း၏ အသုံးအဆောင်တည်း၊ ချဉ်း ကပ်အံ့သောငှါ မတတ်ကောင်း၊ အလုံးစုံသော အပင်ကို အမြစ်ရင်းမှစ၍ သံကွန်ယက် ခုနစ်ထပ်တို့ဖြင့် ဖုံးလွှမ်းအပ်၏။ တထောင်ကုန်သော ကုမ္ဘဏ်ရက္ခိုသ်တို့သည် စောင့်ကုန်၏။ ထိုကုမ္ဘက်ရက္ခိုသ်တို့သည် မြင်အပ်သော သတ္တဝါအား အသက်မည်သည် မရှိ၊ ကမ္ဘာကိုလောင်သော မီးနှင့်တူသော အရပ်ဖြစ်၏။ အဝီစိငရဲနှင့်တူသော အရပ်ဖြစ်၏။ ထိုအရပ်သို့ သွားခြင်းကို မတောင့်တလင့်ဟု ဆိုကုန်၏။ သင်တို့သည် အကယ်၍မလိုက်ကုန်အံ့၊ ငါ့အား ထိုအရပ်သို့ ကြားကြကုန်ဟု ထိုကျေးသားသည်ဆိုလျှင် ဤမည်သောအရပ်ဖြင့် သွားလေလော့ဟု ကျေးသားတို့သည် ဆိုကုန်၏။ ထိုကျေးသားသည် ထိုကျေးသားတို့ ကြားအပ်သည်၏ အစွမ်းဖြင့် ခရီးကို ကောင်းစွာမှတ်၍ ထိုအရပ်သို့သွား၍ နေ့အခါ၌ ကိုယ်ကိုမပြမူ၍ မဇ္ဈိမယာမ်၏အခြားမဲ့၌ ရက္ခိုသ်တို့၏ အိပ်ပျော်ခြင်းသို့ ရောက်သောအခါ၌ အဗ္ဘန္တရသရက်ပင်သို့သွား၍ တခုသော အမြစ်ကြားမှ သာယာစွာ တက်အံ့သောငှာ အားထုတ်၏။ သံကွန်ယက်သည် ချင်ချင်ဟူသော အသံကို ပြု၏။

ရက္ခိုသ်တို့သည် နိုးကုန်၍ ကျေးသားငယ်ကို မြင်ကုန်၍ ဤကျေးသားကား သရက်သီး ခိုးသူတည်းဟု ဖမ်း၍ ညှဉ်းဆဲခြင်း အစီအရင်ကို ဆိုကုန်၏။ တယောက်သော ရက္ခိုသ်သည်ကား ထိုကျေးသားငယ်ကို ခံတွင်း၌ထည့်၍ မျိုအံ့ဟု ဆို၏။ တယောက်သော ရက္ခိုသ်သည်ကား ထိုကျေးသားကို လက်တို့ဖြင့်နယ်၍ ချေအံ့ဟု ဆို၏။ တယောက်သော ရက္ခိုသ်သည် နှစ်ဖြာခွဲ၍ မီးကျီး၌ကင်၍စားအံ့ဟု ဆို၏။ ထိုကျေး သားသည် ရက္ခိုသ်တို့၏ ညှဉ်းဆဲသော အစီအရင်ကိုကြား၍ မထိတ်မလန့်မူ၍လျှင် ထိုရက္ခိုသ်တို့ကိုခေါ်၍ အရှင်ရက္ခိုသ်တို့ သင်တို့သည် အဘယ်သူတို့၏ လူတို့နည်းဟု မေး၏။ ဝေဿဝဏ်နတ်မင်းကြီး၏ လူတို့တည်းဟု ဆိုကုန်၏။ အရှင်ရက္ခိုသ်တို့ သင်တို့သည် မင်းတယောက်၏ လူဖြစ်ကုန်၏။ ငါသည်လည်း မင်းတယောက်၏ လူဖြစ်၏။ ဗာရာဏသီမင်းသည် ငါ့ကို အဗ္ဘန္တရသရက်သီးအကျိုးငှာ စေ၏။ ငါသည် ဗာရာဏသီ၌လျှင် မင်းအား အသက်ကိုပေး၍ လာ၏။ အကြင်သူသည် မိဘအရှင်တို့၏အကျိုးငှါ အသက်ကို စွန့်၏။ ထိုသူသည် နတ် ပြည်၌လျှင် အကြင်ကြောင့် ဖြစ်၏။ ထို့ကြောင့် ငါသည်လည်း ဤတိရိစ္ဆာန်အမျိုးမှ စုတေ၍ နတ်ပြည်၌ ဖြစ်အံ့ဟု ဆိုလို၍-

၉၃။ ဘတ္တုရတ္တေ ပရက္ကန္တော၊ ယံ ဌာန မဓိဂစ္ဆတိ။
သူရော အတ္တပရိစ္စာဂီ၊ လဘမာနော ဘဝါမဟံ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၉၃။ ဘတ္တုရတ္တေ၊ မိဘအရှင်၏ အမှုကိစ္စ၌။ ပရက္ကန္တော၊ လုံ့လ ပြုသော။ အတ္တပရိစ္စာဂီ၊ ကိုယ်ကိုစွန့်ကြဲသော။ သူရော၊ သူရဲသည်။ ယံဌာနံ၊ အကြင်ချမ်းသာခြင်းအကြောင်းအရာကို။ အဓိဂစ္ဆတိ၊ ရ၏။ တံ ဌနံ၊ ထိုချမ်းသာခြင်းအကြောင်းအရာကို။ အဟံ၊ ငါသည်လည်း။ လဘမာနော၊ ရသည်။ ဘဝါမိ၊ ဖြစ်အံ့။

ဤသို့ ကျေးသားသည် ဤဂါထာဖြင့် ထိုရက္ခိုသ်တို့အားတရား ဟော၏။ ထိုရက္ခိုသ်တို့သည် ထိုကျေးသား၏ တရားကိုနာရ၍ ကြည်ညိုသောစိတ် ရှိကုန်၍ ဤကျေးသားကား တရားစောင့်၏။ သတ်ခြင်းငှါ မတတ်ကောင်း၊ ထိုကျေးသားကို လွှတ်ကြကုန်အံ့ဟုဆို၍ ကျေးသား သင်သည် ငါတို့လက်မှ လွတ်သည်ဖြစ်၍ ချမ်းသာသဖြင့် သွားလေလော့ဟု ဆိုကုန်၏။ အရှင်ရက္ခိုသ်တို့ သင်တို့သည် ငါ၏လာခြင်းကို အချည်းနှီး မပြုကြကုန်လင့်၊ ငါအား တလုံးသော သရက်သီးကို ပေးကြ ကုန်လော့ဟု ကျေးသားဆို၏။ ကျေးသားငယ် သင့်အား တလုံးသော သရက်သီးကို ပေးခြင်းငှါ ငါတို့အား ဝန်မတို၊ ထိုသို့ ဝန်မတိုငြားသော်လည်း ဤသရက်ပင်၌ သရက်သီးတို့ကို ရေတွက်၍ ထားအပ်ကုန်၏။ တလုံးသော သရက်သီးကို မမြင်သည်ရှိသော် ငါတို့အား အသက်သည် မရှိ၊ ဝေဿဝဏ်နတ်မင်းသည် အမျက်ထွက်၍ တကြိမ်ကြည့်သည်ရှိသော် ပူသောအိုးကင်း၌ ထည့်အပ်သော နှမ်းတို့ကဲ့သို့ ကုမ္ဘဏ်တထောင်တို့သည် ကွဲကြေ၍ ဖရိုဖရဲ ရှိကုန်ရာ၏။ ထို့ကြောင့် သင့်အား ငါတို့ မပေးဝံ့ကုန်၊ ရရာအရပ်ကိုကား ကြားကုန်အံ့ဟု ဆိုကုန်၏။ တစုံတယောက်သောသူသည် ပေးသည်ဖြစ်စေ

ငါ့အား အသီးဖြင့် အလိုရှိသည်ဖြစ်၏။ ရရာအရပ်ကို ကြားပါကုန်လော့ဟု ဆို၏။ ဤရွှေတောင်၏အကြား၌ ဇောတိရသမည်သော ရသေ့သည် မီးပူဇော်လျှက် ရွှေတောင်လိုဏ် သစ်ရွက်မိုးသောကျောင်း၌ နေ၏။ ထိုရသေ့သည် ဝေဿဝဏ်နတ်မင်း၏ ဆရာတည်း၊ ဝေဿဝဏ်နတ်မင်းသည် ထိုရသေ့သို့ မပြတ် လေးလုံးသော သရက်သီးတို့ကို ပို့စေ၏။ ထိုရသေ့၏ အထံသို့ သွားလေလော့ဟု ဆိုကုန်၏။

ထိုကျေးသားသည် ကောင်းပြီဟုဝန်ခံ၍ ထိုရသေ့အထံသို့ သွား၍ ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာ နေ၏။ ထိုအခါ ထိုကျေးသားကို ရသေ့သည် အဘယ်မှ လာသနည်းဟု မေး၏။ ဗာရာဏသီမင်း၏ အထံမှ လာ၏ ဟု လျောက်၏။ အဘယ်အကျိုးငှါ လာသနည်းဟု မေး၏။ မြတ်သောရှင်ရသေ့ အကျွန်ုပ်တို့၏ မင်း၏မိဖုယားအား အဗ္ဘန္တရသရက်သီး၌ ချင်ခြင်းသည် ဖြစ်၏။ ထို့ကြောင့် အဗ္ဘန္တရသရက်သီးကို ရစိမ့်သောငှါ လာ၏။ ရက္ခိုသ်တို့သည်ကား အကျွန်ုပ်အား သရက်သီးကို မပေးမူ၍ အရှင်ဘုရားတို့၏အထံသို့ စေကုန်၏ဟု လျှောက်၏။ ထိုသို့တပြီးကား ရလတ္တံ့ဟု ရှင်ရသေ့ ဆို၏။ ထိုအခါ ရသေ့အား ဝေဿဝဏ်နတ်မင်းသည် လေးလုံးသောသရက်သီးတို့ကို ပို့စေ၏။ အရှင်ရသေ့သည် ထိုသရက်သီးလေးလုံးမှ နှစ်လုံးကိုဘုဉ်းပေး၏။ တလုံးသောသရက်သီးကို ကျေးသားငယ်အား စားစိမ့်သောငှာ ပေး၏။ ထိုကျေးသားငယ်သည် ထိုသရက်သီးကို စားလတ်ပြီးသော် တလုံးသော သရက်သီးကို ဆိုင်း၌ထည့်၍ ယခု သွားလေဟု ကျေးသားငယ်ကို လွှတ်၏။ ထိုကျေးသားငယ်သည် ထိုသရက်သီးကို ဆောင်၍ မိဖုယားအား ပေး၏။ ထိုမိဖုယားသည် ထိုသရက်သီးကို စား၍ ချင်ခြင်းကို ငြိမ်းစေ၏။ ထိုသရက်သီးကို စားခြင်းဟူသော အကြောင်းကြောင့် ထိုမိဖုယားအား သားရသောမည်သည် မဖြစ်။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ မိဖုယား ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ကျေးသား ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ သရက်သီးမှည့်ပေးသော ဇောတိရသရသေ့ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဥယျာဉ်၌နေသော ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ်ကျိုးတွက်တာ၊ ကြောင်းခြင်းရာကြောင့်၊ နတ်လာပေးချက်၊ မြင်အိပ်မက်၊ မှန်လျှက် မရှိပါ

ရှေးဦးစွာသော အဗ္ဘန္တရဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၂။ သေယျဇာတ်

အဆိုးမှ အကျိုး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သေယျံသော သေယျသော ဟောတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသေယျဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောလမင်း၏ တယောက်သော အမတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအမတ်သည် များစွာကျေးဇူးပြု၏။ မင်း၏ ခပ်သိမ်းသော အမှုကိစ္စတို့ကို ပြီးစေ၏။ မင်းသည် ဤအမတ်ကား ငါ့အား များစွာကျေးဇူးပြု၏ဟု ထိုအမတ်အား များစွာသော စည်းစိမ်ကို ပေး၏။ ထိုအမတ်ကို သည်းမခံနိုင်ကုန်သော တပါးကုန်သော သူတို့သည် မင်းအားဂုံးတိုက်၍ ဖျက်ဆီးကုန်၏။ မင်းသည် ထိုသူတို့၏ စကားကိုယူ၍ အပြစ်ကိုမဆင်ခြင်မူ၍သာလျှင် သီလရှိသော အပြစ်မရှိသောအမတ်ကို သံခြေကျဉ်းအနှောင်အဖွဲ့ဖြင့် ဖွဲ့စေ၍ နှောင်အိမ်သို့ သွင်းစေ၏။ ထိုအမတ်သည် နှောင်အိမ်၌ တယောက်တည်းလျှင် နေလတ်သော် သီလ၏ ပြည့်စုံခြင်းကိုမှီ၍ စိတ်၏တည်ကြည်ခြင်းကိုရ၍ သင်္ခါရတို့ကိုသုံးသပ်၍ သောတာပတ္တိဖိုလ်ကို ရ၏။ ထိုအခါ မင်းသည် နောက်ကာလ၌ ထိုအမတ်၏ အပြစ်မရှိသော အဖြစ်ကိုသိ၍ သံခြေကျဉ်း အနှောင် အဖွဲ့ကို လွှတ်စေ၍ ရှေးစည်းစိမ်ထက် အလွန်ကြီးမြတ်သော စည်းစိမ်ကို ထိုအမတ်အား ပေး၏။ ထိုအမတ်သည် ဘုရားသခင်ကို ရှိခိုးအံ့ဟု များစွာသော ပန်း, နံ့သာ အစရှိသည်တို့ကိုယူ၍ ကျောင်းသို့ သွား၍ မြတ်စွာဘုရားကို ပူဇော်ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာ နေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုအမတ်နှင့်တကွ ပဋိသန္ထာရပြုတော်မူ၍ သင့်အား အကျိုးမဲ့ ဖြစ်သည်ဟူ၍ ကြားရကုန်၏ဟု မိန့်တော်မူ၏။ ဘုန်းတောကြီးသော အရှင်ဘုရား အကျိုးမဲ့ဖြစ်ချေ၏။ ထိုအကျိုးမဲ့ဖြင့်ကား အကျိုးစီးပွားကို ပြု၏။ နှောင်အိမ်၌နေ၍ သောတာပတ္တိဖိုလ်ကို ရစေ၏ဟု လျှောက်လေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဒါယကာ သင်သည်သာလျှင် အကျိုးမဲ့ဖြင့် အကျိုးကိုဆောင်သည် မဟုတ်သေး၊ ရှေးပညာရှိတို့သည်လည်း အကျိုးမဲ့ဖြင့် အကျိုးစီးပွားကို ဆောင်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ ထိုအမတ်သည် တောင်းပန်အပ်သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ မိဖုယားကြီးဝမ်း၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ အဘလွန်သဖြင့် မင်းအဖြစ်၌ တည်၍ မင်းကျင့်တရားနှင့်ညီစွာ မင်းပြုလျက် အလှူပေး၏။ ပဉ္စသီလ ဆောက် တည်၏။ ဥပုသ်စောင့်၏။ ထိုအခါ ဘုရားလောင်းမင်း၏ တယောက်သော အမတ်သည် နန်းတွင်း၌ ပြစ်မှား၏။ ခြေရင်း၌ များစွာသော အမတ်အစရှိသည်တို့သည်သိ၍ ဤအမည်ရှိသောအမတ်သည် နန်းတွင်း၌ ပြစ်မှား၏ဟု မင်းအား လျှောက်ကုန်၏။ မင်းသည်လည်း စုံစမ်းသည်ရှိသော် အဟုတ်အမှန်အားဖြင့်သိ၍ ခေါ်စေ၍ ယနေ့မှစ၍ ငါ့ကို မခစားလင့်ဟု နှင်ထုတ်ခြင်းကို ပြု၏။ ထိုအမတ်သည်သွား၍ တပါးသော ပြည်နီးချင်းမင်းကို ခစား၏။ အလုံးစုံသော ဝတ္ထုသည် အောက် မဟာသီလဝဇာတ်၌ ဆိုခဲ့ပြီးသည်နှင့် တူသလျှင်ကတည်း၊ ဤဇာတ်၌လည်း ထိုပြည်နီးချင်းမင်းသည် သုံးကြိမ်စုံစမ်း၍ ထိုအမတ်၏စကားကို ယုံကြည်၍ ဗာရာဏသီပြည်ကို ယူအံ့ဟု များစွာသောအခြံအရံဖြင့် ပြည်အပိုင်းအခြားသို့ ရောက် လာ၏။ ဗာရာဏသီမင်း၏ ခုနစ်ရာကုန်သော အမတ်တို့သည် ထိုအကြောင်းကိုသိ၍ မင်းကြီး ဤမည်သောမင်းသည် ဗာရာဏသီပြည်ကို ယူအံ့ဟု ဇနပုဒ်ကိုဖျက်ဆီးလျက် လာသတတ်၊ ထိုမင်းကို ဖမ်းကြကုန်အံ့ဟု ဆိုကုန်၏။ ငါ့အား သူတပါးကိုညှဉ်းဆဲ၍ ရအပ်သောမင်းအဖြစ်ဖြင့် အလိုမရှိ၊ တစုံတခုကို မပြုကြကုန်လင့်ဟု ဆို၏။

ထိုခိုးသူမင်းသည်လာ၍ မြို့ကိုရံ၏။ အမတ်တို့သည် မင်းကိုကပ်၍ မြတ်သောမင်းကြီး ဤသို့သည်းခံခြင်းကို မပြုလင့်၊ အကျွန်ုပ်တို့သည် ထိုမင်းကို ဖမ်းကြကုန်အံ့ဟု ဆိုကုန်၏။ မင်းသည် တစုံတခုကို ပြုခြင်းငှါ မရအပ်၊ မြို့တံခါးတို့ကို ဖွင့်ကြကုန်လောဟု ဆို၍ မိမိသည် အမတ်အပေါင်းခြံရံလျက် မြတ်သောပြာသာဒ်အပြင် ပလ္လင်၌ နေ၏။ ခိုးသူမင်းသည် တံခါးလေးမျက်နှာတို့၌ လူတို့ကိုရိုက်ပုတ်လျက် မြို့သို့ဝင်၍ ပြာသာဒ်သို့ တက်၍ အမတ်ခုနစ်ရာ အခြံအရံရှိသောမင်းကိုဖမ်း၍ သံခြေကျဉ်းတို့ဖြင့် နှောင်ဖွဲ့၍ နှောင်အိမ်သို့ သွင်းစေ၏။ ဗာရာဏသီမင်းသည် နှောင်အိမ်၌နေလျက် ဤခိုးသူမင်းကို မေတ္တာပြု၍ မေတ္တာဈာန်ကို ဖြစ်စေ၏။ ဗာရာဏသီမင်း၏ မေတ္တာအာနုဘော်အားဖြင့် ခိုးသူမင်း၏ကိုယ်၌ ပူခြင်းသည် ဖြစ်၏။ အလုံးစုံသောကိုယ်သည် အစုံသောမီးရှူးတို့ဖြင့် လောင်စေဘိသကဲ့သို့ ဖြစ်၏။ ထိုခိုးသူမင်းသည် ကြီးစွာသောဆင်းရဲဖြင့် နှိပ်စက်ရကား အကြောင်း အသို့တုံနည်းဟု မေး၏။ သင်မင်းကြီးတို့သည် သီလရှိသောမင်းကို နှောင်အိမ်၌ သွင်းကုန်၏။ ထို့ကြောင့် ထိုဆင်းရဲသည် ဖြစ်လတ္တံ့ဟု လျှောက်ကုန်၏။ ထိုခိုးသူမင်းသည် သွား၍ ဘုရားလောင်းကို ကန်တော့၍ ရှင်မင်းကြီးတို့၏ ပြည်သည် ရှင်မင်းကြီးတို့အားသာ ဖြစ်စေဟု မင်းအဖြစ်ကို ဘုရားလောင်းအားသာလျှင် အပ်၍ ယနေ့မှစ၍ ရှင်မင်းကြီးတို့၏ရန်သူသည် အကျွန်ုပ်၏ တာဝန်ဖြစ်စေဟုဆို၍ ပြစ်မှားသော အမတ်အား မင်းအာဏာကို ပြုစေ၍ မိမိ၏မြို့သို့လျှင် သွား၏။ ဘုရားလောင်းသည် တန်ဆာဆင်အပ်သော မြတ်သော ပြာသာဒ်၌ ကောင်းစွာဆောက်အပ်သော ထီးဖြူရှိသော ပလ္လင်၌နေလျက် အမတ်တို့နှင့်တကွ ပြောဆိုလိုရကား-

၉၄။ သေယျံသော သေယျသော ဟောတိ၊ ယော သေယျမုပသေဝတိ။
ဧကန သန္ဓိံ ကတွာန၊ သတံဝဇ္ဈေ အမောစယိံ။
၉၅။ တသ္မာ သဗ္ဗေန လောကေန၊ သန္ဓိံ ကတွာန ဧကတော။
ပေစ္စ သဂ္ဂံ နိဂစ္ဆေယျ၊ ဣဒံ သုဏာထ ကာသိယာ။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

၉၄။ ကာသိယာ၊ ကာသိတိုင်းသား အမတ်တို့။ သေယျံသော၊ မြတ်သောကုသိုလ်တရားဟု ဆိုအပ်သော အဘို့အစုရှိသော။ ယော၊ အကြင်သူသည်။ သေယျံ၊ မြတ်သောကုသိုလ်တရားကို။ ဝါ၊ မြတ်သောပုဂ္ဂိုလ်ကို။ ဥပသေဝတိ၊ မှီဝဲ၏။ သော၊ ထိုသူသည်။ သေယျသော၊ အလွန်မြတ်သည်။ ဟောတိ၊ ဖြစ်၏။ ဧကေန၊ တယောက်သော ခိုးသူမင်းနှင့်။ သန္ဓိံ ကတွာန၊ စေ့စပ်ခြင်းကိုပြု၍။ သတံဝဇ္ဈေ၊ သတ်ထိုက်ကုန်သော ခုနစ်ရာကုန်သောအမတ်တို့ကို။ အမောစယိံ၊ လွတ်စေရပြီ။

၉၅။ တသ္မာ၊ ထို့ကြောင့်။ သဗ္ဗေန၊ ခပ်သိမ်းသော။ လောကေန၊ လောကနှင့်။ ဧကတော၊ တပေါင်းတည်း။ သန္ဓိံ ကတွာန၊ စေ့စပ်ခြင်းကို ပြု၍။ ပေစ္စ၊ တမလွန်ဘဝ၌။ သဂ္ဂံ၊ နတ်ပြည် ဗြဟ္မာ့ပြည်သို့။ နိဂစ္ဆေယျ၊ လားရာ၏။ ဣဒံ၊ ဤစကားကို။ ကာသိယာ၊ ကာသိတိုင်းသားဖြစ်ကုန်သော။ တုမှေ၊ သင်တို့သည်။ သုဏာထ၊ နာကြကုန်လော့။

ဤသို့ ဘုရားလောင်းသည် လူများအား မေတ္တာဘာဝနာ၏ ကျေးဇူးကို ချီးမွမ်း၍ တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏ သီပြည်၌ ထီးဖြူကို စွန့်ပစ်၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်း ပြု၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူ၍-

၉၆။ ဣဒံ ဝတွာ မဟာရာဇာ၊ ကံသော ဗာရာဏသိဂ္ဂဟော။
ဓနုံ ကဏ္ဍဉ္စ နိက္ခိပ္ပ၊ သံယမံ အဇ္ဈုပါဂမိ။

ဟူသော သုံးခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

၉၆။ ဗာရာဏသိဂ္ဂဟော၊ ဗာရာဏသီပြည်ကို သိမ်းပိုက်တော်မူသော။ ကံသော၊ ကံသ အမည်ရှိသော။ မဟာရာဇာ၊ မင်းကြီးသည်။ ဣဒံ၊ ဤဂါထာစကားကို။ ဝတွာ၊ ဆို၏။ ဓနုဉ္စ၊ လေးကို၎င်း။ ကဏ္ဍဉ္စ၊ မြားကို၎င်း။ နိက္ခိပ္ပ၊ ချ၍။ သံယမံ၊ ရသေ့ ရဟန်းအဖြစ်သို့။ အဇ္စျုပါဂမိ၊ ကပ်၏။

ရသေ့ပြုပြီး၍ကား ဈာန်ကိုဖြစ်စေ၍ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်၌ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ခိုးသူမင်း ဖြစ်ဘူးပြီ၊ ယခုအခါငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဘေးရန်နှင့်တွေ့၊ မေတ္တာမွေ့၊ ရန်ငွေ့ပျက်ပြုန်းမည်

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သေယျဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၃။ ဝဍ္ဎကီ သူကရဇာတ်

ဝက်စစ်ဗိုလ်ကြီး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝရံ ဝရံ တွံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝဍ္ဎကီသူကရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဓနုဂ္ဂဟတိဿမည်သော မထေရ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ပသေနဒီ ကောသလမင်း၏ ခမည်းတော် မဟာကောသလ မင်းသည် ဗိမ္ဗိသာရမင်းအား ဝေဒေဟီမည်သောသ္မီးတော်ကိုပေးသည်ရှိသော် မင်းသ္မီးအား ရေချိုးကသယ်မှုန့်ဘိုးပြု၍ အခွန်တသိန်းထွက်သော ကာသိရွာကို ပေးလိုက်၏။ အဇာတသတ် မင်းသည်ကား ခမည်းတော်ကို သတ်သည်ရှိသော် ဝေဒေဟီမိဖုယားသည်လည်း သောကနှိပ်စက်သည်ဖြစ်၍ သေလွန်၏။ ထို့နောင်မှ ပသေနဒီကောသလမင်းသည် အဇာတသတ်မင်းကား အဘကိုသတ်၏။ နှမသည် လင်သေလတ်သော် ထိုသောကဖြင့် နှိပ်စက် သည်ဖြစ်၍ သေ၏။ အဘသတ်ခိုးသူအား ကာသိရွာကို မပေးဟု ကြံ၏။ ကြံပြီး၍ ကောသလမင်းသည် ထိုကာသိကရွာကို အဇာတသတ်မင်းအား မပေး၊ ထိုရွာကို အမှီပြု၍ မင်းနှစ်ပါးတို့အားလည်း ရံခါရံခါ စစ်ထိုးခြင်းသည် ဖြစ်၏။ အဇာတ သတ်သည်ကား ပျို၏။ ပသေနဒီကား အို၏။ ပသေနဒီမင်းသည် မပြတ်လျှင် ရှုံး၏။ ပသေနဒီမင်း၏ လူတို့သည်လည်း ရှုံးကုန်၏။ ထိုအခါ ပသေနဒီမင်းသည် ငါတို့သည် မပြတ်လျှင် ရှုံးကုန်၏။ အသို့လျှင်ပြုကုန်အံ့နည်းဟု အမတ်တို့ကို မေး၏။ မြတ်သောမင်းကြီး အရှင်ကောင်းတို့သည် ပညာရှိကုန်၏။ ဇေတဝန်ကျောင်းတော်၌ ရဟန်းတို့၏စကားကို နားထောင်ခြင်းငှါ သင့်၏ဟု လျှောက်ကုန်၏။ မင်းသည် ထိုသို့တပြီးကား ထိုအခါ၌ ရဟန်းတို့၏စကားကို နားထောင်ကြ ကုန်လောဟု သူလျှို ယောက်ျားတို့ကို စေ၏။ ထိုသူလျှိုယောက်ျားတို့သည် ထိုအခါမှစ၍ မင်းစေတိုင်း ပြုကုန်၏။

ထိုကာလ၌ကား ဒတ္တမထေရ်, ဓနုဂ္ဂဟတိဿမထေရ် ဟူကုန်သော နှစ်ပါးကုန်သော အိုမင်းကုန်သော မထေရ်တို့သည် ကျောင်း၏ အစွန်ဖြစ်သောကျောင်း၌ နေကုန်၏။ ထိုနှစ်ပါးကုန်သော မထေရ်တို့တွင် ဓနုဂ္ဂဟတိဿမထေရ်သည် ပဌမယာမ် မဇ္ဈိမယာမ်၌အိပ်၍ ပစ္ဆိမယာမ်၌နိုး၍ မီးစတို့ကို သုတ်သင်၍ မီးလှုံ၍ ထိုင်လျက် အရှင်ဒတ္တ အိပ်သဖြင့် အဘယ် အကျိုးရှိအံ့နည်း ထ၍ထိုင်လောဟု ဆို၏။ ထိုဒတ္တမထေရ်သည် ထ၍ ထိုင်သည်ရှိသော် ထိုဒတ္တမထေရ်ကို အရှင်ဒတ္တမထေရ် သင်၏ ဝမ်းပိုက်ကြီးသော ကောသလမင်းသည် အိုးစရည်းမျှလောက်သော ထမင်းကိုသာလျှင် ပုပ်သည်ကို ပြုတတ်၏။ တစုံတခုသော စစ်ထိုးခြင်း အစီအရင်ကိုကား မသိ၊ ရှုံး၍သာလျှင် ပြေးရ၏ဟု ဆို၏။ အဘယ်သို့ ပြုခြင်းငှါသင့်သနည်းဟု ဒတ္တမထေရ်သည် မေး၏။ ထိုခဏ၌ ထိုသူလျှိုယောက်ျားတို့သည် ထိုနှစ်ပါးကုန်သော မထေရ်တို့၏ စကားကို နားထောင်လျက် ရပ်ကုန်၏။

ဓနုဂ္ဂဟတိဿမထေရ်သည် စစ်ထိုးခြင်းအစီအရင်ကို ဆို၏။ အရှင်ဘုရား စစ်ထိုးခြင်းမည်သည်ကား ပဒုမဗျူဟာ စစ်ထိုးခြင်း, စက္ကဗျူဟာစစ်ထိုးခြင်း သကဋဗျူဟာစစ်ထိုးခြင်းဟူ၍ သုံးပါးအပြားရှိ၏။ အဇာတသတ်ကို ဖမ်းလိုသော် ဤ မည်သော တောင်ဝှမ်းဝယ် နံရံနှစ်ဘက်တို့၌ လူတို့ကိုထား၍ ရှေ့မှအားနည်းသော စစ်သည်ကိုပြ၍ တောင်ကြားသို့ ဝင်သောအဖြစ်ကို မသိစေမူ၍ ဝင်သောခရီးကို ပိတ်ဆို့၍ ရှေ့ နောက်နှစ်ဘက်ကုန်သော တောင်နံရံတို့၌ ကြော်ငြာကုန်၍ ကွန်၌ထည့်အပ်သော ငါးတို့ကဲ့သို့၎င်း လက်ဆုပ်၌ရှိသော ငုံးငယ်ကဲ့သို့၎င်း ပြု၍ဖမ်းခြင်းငှာ တတ်ကောင်း၏ဟု ဆိုလတ်သော် သူလျှိုယောကျ်ာတို့သည် ထိုသတင်း စကားကို မင်းအား ကြားလျှောက်ကုန်၏။ မင်းသည် ထိုစကားကို ကြား၍ စစ်ထိုးခြင်းစည်ကို လည်စေ၍ သွား၍ သကဋဗျူဟာ စစ်ထိုးခြင်းကို စီရင်၍ အဇာတသတ်မင်းကို အရှင်ဖမ်းစေ၍ မိမိ၏ဝဇိရမည်သော မင်းသ္မီးကို တူအားပေး၍ ကာသိမည်သောရွာကို ဝဇိရမည်သော မင်းသ္မီး၏ ကသယ်မှုန့်ဘိုးပြု၍ ပေး၍ လွှတ်လိုက်၏။ ထိုအကြောင်းသည် ရဟန်းသင်္ဃာ၌ ထင်ရှားစွာ ဖြစ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ ကောသလမင်းသည် ဓနုဂ္ဂဟတိဿမထေရ်၏ အစီအရင်ဖြင့် အဇာတသတ်မင်းကို အောင်ပေ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ငါလာတော်မူသောအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤဓနုဂ္ဂဟတိဿသည် စစ်ထိုးခြင်း အစီအရင်၌ လိမ္မာသည်မဟုတ်သေး၊ ရှေး၌လည်း စစ်ထိုးခြင်း အစီအရင်၌ လိမ္မာသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တော၌ ရုက္ခစိုဝ်းနတ် ဖြစ်၏။ ထိုအခါ ဗာရာဏသီပြည်ကို မှီ၍နေသော လက်သမားရွာမှ တယောက်သောလက်သမားသည် အဆောက်အဦအကျိုးငှါ တောသို့သွား၍ တွင်း၌ကျသော ဝက်ငယ်ကိုမြင်၍ ထိုဝက်ငယ်ကို အိမ်သို့ဆောင်၍ မွေး၏။ ထိုဝက်ငယ်သည် ကြီးလတ်သော် ကြီးသော ကိုယ်ရှိ၏။ ကောက်သော အစွယ်ရှိ၏။ အကျင့်နှင့် ပြည့်စုံ၏။ လက်သမားသည် မွေးအပ်သည်၏ အဖြစ်ကြောင့်ကား ဝဍ္ဎကီသူကရ ဟူ၍လျှင် ထင်ရှား၏။ လက်သမားအား သစ်ရွေသော ကာလ၌ နှုတ်သီးဖြင့် သစ်ကိုလှန်၍ ပေး၏။ နှုတ်သီးဖြင့် ကိုက်၍ ပဲခွပ် ပုဆိန် ဆောက်ပုတ်တို့ကို ဆောင်ယူ၍ ပေး၏။ မျဉ်း ကြိုးစွန်း၌ ကိုက်၏။ ထိုအခါလက်သမားသည် တစုံတယောက်သော သူသည်လျှင် ဤဝက်ကို စားရာ၏ဟု ကြောက်သောကြောင့် ဆောင်၍ တော၌လွှတ်၏။ ထိုဝက်သည်လည်း တောသို့ဝင်၍ ဘေးကင်းရာ ချမ်းသာရာ အရပ်ကိုကြည့်လတ်သော် တောင်ကြား၌ တခုသော ကြီးကျယ်စွာသော တောင်ချောက်ကြားကို မြင်လေ၏။ ထိုတောင်ချောက်ကြား၌ ချမ်းသာသဖြင့် နေကုန်သော များစွာကုန်သော ဝက်တို့ဖြင့်ပြွမ်း၏။ ထိုဝက်တို့သည် ဝဍ္ဎကီသူကရမည်သော ဝက်ကိုမြင်၍ ဝဍ္ဎကီသူကရမည်သော ဝက်၏အထံသို့ သွားကုန်၏။ ထိုဝဍ္ဎကီသူကရ ဝက်သည်လည်း ထိုဝက်တို့ကို ငါသည် သင်တို့ကိုသာလျှင် ကြည့်လျက်သွား၏။ စင်စစ်သော်ကား သင်တို့ကို ငါသည် မြင်အပ်၏။ ဤအရပ်သည် မွေ့လျော်ဘွယ်ရှိ၏။ ဤအရပ်၌သာလျှင် ငါနေအံ့ဟု ဆို၏။ ဤအရပ်သည် မွေ့လျော်ဘွယ်ရှိသည် မှန်၏။ ထိုသို့မွေ့လျော်ဘွယ် ရှိငြားသော်လည်း ဤအရပ်၌ ဘေးရန်ရှိ၏ဟု ဆိုကုန်၏။ ငါလည်း ထိုသင်တို့ကို မြင်၍လျှင် ဤသို့အစာနှင့်ပြည့်စုံသောအရပ်၌ နေကုန်သော ထိုဝက်တို့၏ ကိုယ်တို့၌ အသား အသွေးသည် မရှိဟု အောက်မေ့မိ၏။ ဤအရပ်၌ သင်တို့အား အဘယ်ဘေးရန် ရှိသနည်းဟု မေး၏။ တခုသာကျားသည် စောစောကလျှင် လာလတ်၍ မြင်တိုင်း မြင်တိုင်းသော ဝက်ကိုယူ၍ သွား၏ဟု ဆိုကုန်၏။ ထိုကျားသည် မပြတ်လာ၍ ယူသလော၊ ရံခါ ရံခါလာ၍ ယူသ လောဟု မေး၏။ မပြတ်လာ၍ ယူ၏ဟုဆိုကုန်၏။ ထိုကျားတို့သည် အဘယ်မျှ ရှိကုန်သနည်းဟု မေး၏။ တခုတည်းလျှင်တည်းဟု ဆိုကုန်၏။ ဤမျှလောက်ကုန်သော သင်တို့သည် တခုတည်းသော ကျားအား စစ်ထိုးအံ့သောငှါ မတတ်နိုင်သ လောဟု မေး၏။ မတတ်နိုင်ကုန်ဟု ဆိုကုန်၏။ ထိုကျားကို ငါဖမ်းအံ့၊ ငါ့စကားကို သင်တို့ လိုက်နာကြကုန်လော့၊ ထိုကျားသည် အဘယ်မှာနေသနည်းဟု မေး၏။ ဤတောင်၌ နေ၏ ဟု ဆို၏။

ထိုဝဍ္ဎကီသူကရမည်သော ဝက်သည် ညဉ့်၌လျှင် ဝက်တို့ကို ကျက် စားစေ၍ စစ်ထိုးအံ့သောငှါ အစီအရင်ကို စီရင် သည်ရှိသော် စစ်ထိုးခြင်းမည်သည်ကား ပဒုမဗျူဟာ စက္ကဗျူဟာ သကဋဗျူဟာတို့၏အစွမ်းအားဖြင့် သုံးပါး အပြားရှိ၏ဟု ဆို၍ ပဒုမဗျူဟာ၏ အစွမ်းအားဖြင့် စီရင်၏။ ထိုဝက်သည် မြေ၏ဦးခေါင်းကို သိ၏။ ထို့ကြောင့် ဤအရပ်၌ စစ်ထိုးခြင်းကို စီရင်ခြင်းငှါ သင့်၏ဟု ဝက်တို့၏ ဝက်ငယ်ကလေးတို့ကို၎င်း အမိအဘတို့ကို၎င်း အလယ်၌ထား၏။ ဝက်ငယ်ကလေးနှင့် မိဘတို့ကို ခြံရံ၍ ဝက်မတို့ကိုထား၏။ ဝက်မတို့ကို ခြံရံ၍ ဝက်ငယ်တို့ကိုထား၏။ ဝက်ငယ်တို့ကို ခြံရံ၍ ဝက်အိုတို့ကိုထား၏။ ဝက်အိုတို့ကိုခြံရံ၍ အစွယ်ရှည်ကုန်သော ဝက်တို့ကိုထား၏။ ထိုဝက်တို့ကို ခြံရံ၍ စစ်ထိုးခြင်း၌ စွမ်းနိုင်ကုန်သော အားရှိကုန်သော တဆယ် နှစ်ဆယ် သုံးဆယ်ကုန်သောဝက်တို့ကို ထိုထိုအရပ်၌ အစုအစုပြု၍ထား၏။ မိမိနေရာ၏ရှေ့မှ တခုသော ဝန်းသောတွင်းကို တူးစေ၏။ နောက် မှ တခုသော ဆောင်းသဏ္ဌာန်ရှိသော အစဉ်သဖြင့် ဝှမ်းသာလိုဏ်နှင့်တူသော တွင်းကို တူးစေ၏။ ထိုဝဍ္ဎကီသူကရမည်သော ဝက်၏ ခြောက်ဆယ် ခုနစ်ဆယ်မျှကုန်သော စစ်ထိုးဝက်တို့ကိုယူ၍ ထိုထိုအရပ်၌ မကြောက်ကြကုန်လင့်ဟု အမှုကိုစီရင်စဉ် အရုဏ်သည် တက်၏။

ကျားသည် ထ၍ အချိန်ရောက်ပြီဟုသိ၍ သွား၍ ထိုဝက်တို့၏ရှေ့ တောင်အပြင်၌ရပ်၍ မျက်စိတို့ကို ဖွင့်၍ ဝက်တို့ကို ကြည့်၏။ ထိုဝဍ္ဎကီသူကရမည်သောဝက်သည် ထိုကျားကို အတူကြည့်ကြကုန်လော့ဟု ထိုဝက်တို့အား အမှတ်သညာကိုပေး၏။ ထိုဝက်တို့သည် အတူ ကြည့်ကြကုန်၏။ ကျားသည် မျက်နှာကိုမော်၍ နားထောင်၏။ ဝက်တို့သည်လည်း ထို့အတူပြုကြကုန်၏။ ကျားသည် ကျင်ငယ်ကို စွန့်၏။ ဝက်တို့သည်လည်း ထို့အတူ စွန့်ကုန်၏။ ဤသို့ အကြင် အကြင် အမှုကို ပြု၏။ ထိုထိုအမှုကို ဝက်တို့သည် အတူပြုကုန်၏။ ထိုကျားသည် ရှေး၌ ဝက်တို့သည် ကြည့်သော ကာလ၌ ပြေးကြကုန်၏။ ကြည့်အံ့သောငှါလည်း မတတ်နိုင်ကုန်၊ ယနေ့ကား မပြေးမူ၍ ငါ၏ ဆန့်ကျင်ဘက် ရန်သူ ဖြစ်ကုန်၏။ ပြုတိုင်းလျှင် အတူပြုကုန်၏။ ထိုမြေဦးခေါင်းအရပ်၌ တည်သော ထိုဝက်တို့ကို စီရင်သော တခုသော ဝက်သည် ရှိရာ၏။ ယနေ့ သွားသော် ငါ့အား အောင်ခြင်းသည် မထင်ဟု ကြံ၍ ထိုကျားသည် ပြန်လည်၍ မိမိနေရာအရပ်သို့သာလျှင် သွား၏။ ထိုကျားသည် ယူခဲ့သောအစာကို စားသော တယောက်သော ရသေ့စဉ်းလဲသည် ရှိ၏။ ထိုရသေ့စဉ်းလဲသည် လက်ချည်းစည်း လာသော ထိုကျားကိုလျှင် မြင်၍ တိုကျားနှင့် တကွ စကားပြောဆိုလိုရကား-

၉၇။ ဝရံ ဝရံ တွံ နိဟနံ ပုရေ စရိ၊
အသ္မိံ ပဒေသေ အဘိဘုယျ သူကရေ။
သော ဒါနိ ဧကော ဗျပဂမ္မ ဈာယသိ၊
ဗလံ နု တေ ဗျဂ္ဃ န စဇ္ဇ ဝိဇ္ဇတိ။

ဟူသော ရှေးဦးစွာသော ဤဂါတာကို ဆို၏။

၉၇။ ဗျဂ္ဃ၊ ကျား။ ပုရေ၊ ရှေး၌။ တွံ၊ သင်သည်။ အသ္မိံ ပဒေသေ၊ ဤအရပ်၌။ သူကရေ၊ ဝက်တို့ကို။ အဘိဘုယျ၊ နှိပ်စက်၍။ ဝရံ ဝရံ၊ ကောင်းမြတ်သော ကောင်းမြတ်သော ဝက်ကို။ နိဟနံ၊ သတ်လျက်။ စရိ၊ ကျက်စား၏။ ဒါနိ-ဣဒါနိ၊ ယခုအခါ၌။ သော တွံ၊ ထိုသင်သည်။ ဧကောဝ၊ တယောက်တည်းသာ လျှင်။ အပဂမ္မ၊ တိမ်းရှောင် ထွက်ပြေးခဲ့၍။ ဈာယသိ၊ မှိုင်၏။ ဗျဂ္ဃ၊ ကျား။ တေ၊ သင့်အား။ အဇ္ဇ၊ ယနေ့။ ဗလံ၊ အားသည်။ န ဝိဇ္ဇတိ နု၊ မရှိသလော။

ထိုစကားကိုကြား၍ ကျားသည်-

၉၈။ ဣမေ သုဒံ ယန္တိ ဒိသောဒိသံ ပုရေ။
ဘယဋ္ဋိတာ လေဏဂဝေသိနော ပုထူ။
တေ ဒါနိ သင်္ဂမ္မ ဝသန္တိ ဧကတော၊
ယတ္တဋ္ဌိတာ ဒုပ္ပသဟာဇ္ဇ မေ မယာ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၉၈။ ဣမေ သူကရာ၊ ဤဝက်တို့သည်။ ပုရေ၊ ရှေး၌။ မံ၊ ငါ့ကို။ ဒိသွာ၊ မြင်၍။ ဘယဋ္ဋိတာ၊ ကြောက်ခြင်းဖြင့် နှိပ်စက်အပ်ကုန်သည်ဖြစ်၍။ လေဏဂဝေသိနော၊ ပုန်းအောင်းရာကို ရှာကုန်လျက်။ ပုထူ၊ အသီး အသီးဖြစ်ကုန်၏။ ဒိသောဒိသံ၊ ထိုထိုအရပ်လေးမျက်နှာသို့။ ယန္တိ၊ ပြေးကုန်၏။ ဒါနိ-ဣဒါနိ၊ ယခုအခါခါ၌။ ယတ္ထ၊ အကြင်အရပ်၌။ ဌိတာ၊ တည်ကုန်သော။ တေ၊ ထိုဝက်တို့ကို။ အဇ္ဇ၊ ယနေ့။ မယာ၊ ငါသည်။ ဒုပ္ပသဟာ၊ မအောင်ကုန်။ တတ္ထ၊ ထိုအရပ်၌။ သင်္ဂမ္မ၊ စည်းဝေး၍။ ဧကတော၊ တပေါင်းတည်း။ ဝသန္တိ၊ နေကုန်၏။

ထိုအခါ ကျားအား ရသေ့စဉ်းလဲသည် အားထုတ်ခြင်းကို ဖြစ်စေလို၍ မကြောက်လင့်၊ သွားချေ၊ သင် အသံပြု၍ သွားသည်ရှိသော် ခပ်သိမ်းသော ဝက်တို့သည် ကြောက်ကုန်ရကား ကွဲ၍ ပြေးကုန်လတ္တံ့ဟု ဆို၏။ ကျားသည် ထိုရသေ့စဉ်းလဲ အားထုတ်ခြင်းကို ဖြစ်စေသည်ရှိသော် ရဲသည်ဖြစ်၍ တဖန်သွား၍ တောင်မြင့်၌ရပ်၏။ ဝဍ္ဎကီသူကရမည်သော ဝက်သည် တွင်းနှစ်ခုတို့၏အလယ်၌ နေ၏။ ဝက်တို့သည် အရှင်ခိုးသူ ကြီး လာပြန်၏ဟု ဆိုကုန်၏။ မကြောက်ကြလင့် ယခု ဖမ်းအံ့ဟု ဆို၏။ ကျားသည် မြည်၍ ဝဍ္ဎကီသူကရမည်သော ဝက်၏ အပေါ်သို့ ပြေးလာ၏။ ဝက်သည် ကျား၏ မိမိ၏ အပေါ်သို့ ပြေးလာသောကာလ၌ ပြန်၍ လျင်မြန်သဖြင့် ဖြောင့်စွာ တူးသောတွင်းသို့ သက်၏။ ကျားသည် အဟုန်ကိုချုပ်အံ့သောငှါ မတတ်နိုင်ရကား အထက်အဘို့ဖြင့်သွား၍ ဆောင်းကဲ့သို့ မျက်နှာရှိသည်ဖြစ်၍ ဖီလာတူးအပ်သောတွင်း၏ အလွန်ကျဉ်းသော မျက်နှာဝ၌ကျ၍ လက်အုပ်ချီသကဲ့သို့ နေ၏။ ဝက်သည် တွင်းမှထွက်၍ မိုဃ်းကြီးကဲ့သို့သာ လျင်မြန်ခြင်းဖြင့် သွား၍ ကျား၏ပေါင်ကြား၌ အစွယ်ဖြင့်မြွင်း၍ အညှို့တိုင် အောင်ခွဲ၍ ကောင်းသော အသားငါးပါးတို့ကို အစွယ်ဖြင့်ထွင်း၍ ကျား၏ထိပ်ထက်၌ လှည့်လည်၍ သင်တို့ရန်သူကို ယူကြကုန်လော့ဟု ချီ၍ တွင်းဝသို့ ပစ်ချ၏။ ရှေးဦးစွာ လာကုန်သော ဝက်တို့သည် ကျား၏အသားကို ရကုန်၏။ နောက်မှလာသော ဝက်တို့သည် ကျားသားကား အသို့သဘောရှိသနည်းဟု ကျားသားကို စားသောဝက်တို့၏ နှုတ်သီးကိုနမ်း၍ သွားကုန်၏။

ဝက်တို့သည် ကျားသေကာမျှဖြင့် မနှစ်သက်ကုန်သေး၊ ဝဍ္ဎကီသူကရသည် ထိုဝက်တို့၏ အရိပ်နိမိတ်ကိုမြင်၍ သင်တို့သည် အဘယ့်ကြောင့် မနှစ်သက်ကြကုန်သနည်းဟုဆို၏။ အရှင်စားတတ်သော တခုသော ကျားသေသဖြင့် အဘယ်ပြုအံ့နည်း၊ တပါးကိုစေခိုင်းခြင်းငှါ စွမ်းနိုင်သော ရသေ့စဉ်းလဲ ရှိသလျှင်ကတည်းဟု ဆိုကုန်၏။ အဘယ်မည်သော ရသေ့နည်းဟု မေး၏။ တယောက်သော သီလမရှိသော ရသေ့တည်းဟု ဆိုကုန်၏။ ကျားကိုလျှက်လည်း ငါသည် သတ်အပ်ပြီ၊ ထိုရသေ့ကိုကား အဘယ်မှာ သတ်လောက်အံ့နည်းဟု ဆို၍ လာကြကုန်၊ ထိုရသေ့ကို ဖမ်းကြကုန်အံ့ဟု ထိုဝက်အပေါင်းတို့နှင့်တကွ သွား၏။

ရသေ့စဉ်းလဲသည်လည်း ကျား ကြာမြင့်သည်ရှိသော် ဝက်တို့သည် ကျားကိုဖမ်းလေကုန်သလောဟု ခရီးဦးကြို သွားလတ်သော် လာကုန်သော ထိုဝက်တို့ကိုမြင်၍ မိမိပရိက္ခရာကိုယူ၍ ပြေး၏။ ဝက်တို့သည် လိုက်လတ်သော် ပရိက္ခရာကိုစွန့်၍ လျင်မြန်သဖြင့် ရေသဖန်းပင်သို့ တက်၏။ ဝက်တို့သည် သခင် ယခု ရသေ့ပြေး၍ သစ်ပင်သို့ တက်၏ဟု ဆိုကုန်၏။ အဘယ်သို့သော သစ်ပင်ကို တက်သနည်းဟု မေး၏။ ရေသဖန်းပင်ကို တက်၏ဟု ဆိုကုန်၏။ ထိုဝဍ္ဎကီသူကရသည် ဝက်မတို့သည် ရေကို ဆောင်ကြကုန်၊ ဝက်ငယ်တို့သည် မြေကိုတူးကြကုန်၊ အစွယ်ရှည်ကုန်သော ဝက်တို့သည် အမြစ်ကို ဖြတ်ကြကုန်၊ ကြွင်းသော ဝက်တို့သည် ခြံရံ၍ စောင့်ကြကုန်ဟု စီရင်၍ ထိုဝက်တို့သည် စီရင်တိုင်းပြုကုန်သော် မိမိသည် ရေသဖန်းပင်၏ ဖြောင့်စွာသွားသော အမြစ်ကို ပုဆိန်ဖြင့် ဖြတ်ဘိသကဲ့သို့ တချက်ထည်းဖြင့်လျှင် ဖြတ်၍ ရေသဖန်းပင်ကို လဲစေ၏။ ခြံရံ၍နေကုန်သော ဝက်တို့သည် ရသေ့စဉ်းလဲကို မြေသိုကျစေ၍ အပိုင်းပိုင်းဖြတ်၍ အရိုးတိုင်အောင်စား၍ ဝဍ္ဎကီသူကရမ ည်သောဝက်ကို ရေသဖန်းတုံး၌ နေစေ၍ ရသေ့စဉ်းလဲ၏ အသုံးအဆောင် ခရုသင်းဖြင့် ရေကိုဆောင်၍ အဘိသိက်သွန်း၍ မင်းပြုကုန်၏။ တခုသော ပျိုသောဝက်မကိုလည်း ထိုဝက်မင်း၏ မိဖုယားကြီး ပြုကြကုန်၏။ ထိုကာလမှစ၍ ယနေ့ထက်တိုင် မင်းတို့ကို ရေသဖန်းပျဉ်၌လျှင်နေစေ၍ ခရုသင်းသုံးခုတို့ဖြင့် အဘိသိက် သွန်းကုန်သတည်း၊ ထိုတောအုပ်၌နေသော နတ်သည် ထိုအံ့ဘွယ်သရဲကိုမြင်၍ တခုသော သစ်ခွကြား၌ ဝက်တို့ကို ရှေးရှူသည်ဖြစ်၍-

၉၉။ နမတ္ထု သံဃာန သမာဂတာနံ၊
ဒိသွာ သယံ သချံ ဝဒါမိ အဗ္ဘုတံ။
ဗျဂ္ဃံ မိဂါ ယတ္ထ ဇိနိံသု ဒါဌိနော၊
သာမဂ္ဂိယာ ဒါဌဗလေသု မုစ္စရေ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၉၉။ သမာဂတာနံ၊ ညီညွတ်ကုန်သော။ သံဃာနံ၊ ဝက်အပေါင်းတို့အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေ သတည်း။ အဗ္ဘုတံ၊ ရှေး၌မဖြစ်ဘူးသော။ သချံ၊ မိတ်ခင်ပွန်း ၏အဖြစ်ကို။ သယံ၊ ကိုယ်တိုင်။ ဒိသွာ၊ မြင်၍။ အဟံ၊ ငါသည်။ ဝဒါမိ၊ ဆို၏။ ဒါဌိနော၊ အစွယ်ရှိကုန်သော။ ယတ္ထ၊ အကြင်သို့ သဘောရှိကုန်သော။ မိဂါ၊ ဝက်တို့စင်လျက်။ ဗျဂ္ဃံ၊ ကျားကို။ ဇိနိံသု၊ အောင်ကုန်၏။ ဒါဌဗလေသု၊ အစွယ်အားရှိကုန်သော ဝက်တို့၌။ သာမဂ္ဂိယာ၊ ညီညွတ်ခြင်းဖြင့်။ တေ၊ ထိုဝက်တို့သည်။ မုစ္စရေ၊ သေဘေးမှ လွတ်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဓနုဂ္ဂဟတိဿမထေရ်သည် ထိုအခါ ဝဍ္ဎကီသူကရမည်သော ဝက် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ညီညွတ်သည့်အား၊ ဝက်အများ၊ ကျား, ရသေ့အောင် ဘိသိက်ဆောင်

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဝဍ္ဎကီသူကရဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၄။ သိရိဇာတ်

ကြက်သရေ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် ယံ ဥဿုကာ သင်္ဃရန္တိ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသိရိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ကြက်သရေကို ခိုးသော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ ဤသိရိဇာတ်၌ ပစ္စုပ္ပန်ဝတ္ထုကို အောက် ခရာဒိရဇာတ်၌ ချဲ့အပ်သလျှင်ကတည်း၊ ယခုအခါ၌ကား ထိုအနာထပိဏ်သူဌေးအိမ်၌ လေးခုမြောက်ဖြစ်သော တံခါးမုခ်၌နေသော မိစ္ဆာဒိဋ္ဌိနတ်သည် ဒဏ်အမှုကိုပြုသောအားဖြင့် ငါးဆယ့်လေးကုဋေသော ရွှေတို့ကိုဆောင်၍ ကျီတို့၌ပြည့်စေ၍ သူဌေးနှင့်တကွ အဆွေခင်ပွန်းဖြစ်၏။ ထိုအခါ ထိုနတ်ကို သူဌေးသည် ခေါ်၍ မြတ်စွာဘုရားအထံသို့ ဆောင်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုနတ်အား တရားဟောတော်မူ၏။ ထိုနတ်သည် တရားတော်ကို နာရ၍ သောတာပန် ဖြစ်၏။ ထိုအခါမှစ၍ အနာထပိဏ်သူဌေးအား ရှေး၌ကဲ့သို့ စည်းစိမ်သည် ဖြစ်၏။ ထိုအခါ သာဝတ္ထိပြည်၌နေသော ကြက်သရေလက္ခဏာကိုသိသော တယောက်သောပုဏ္ဏားသည် အနာထပိဏ်ကား ရှေး၌ ဆင်းရဲသည်ဖြစ်၍ ယခု စည်းစိမ်ရှင် ဖြစ်၏။ ငါသည် အနာထပိဏ်ကို ဖူးမြင်လိုသကဲ့သို့ ပြု၍ အနာထပိဏ်၏ အိမ်မှကြက်သရေကို ခိုးယူ၍ လာရမူကား ကောင်း၏ဟု ကြံ၏။ ကြံ၍ ထိုပုဏ္ဏားသည် အနာထပိဏ်အိမ်သို့ သွား၍ အနာထပိဏ်သူဌေးသည် ချီးမြှောက်ပေးကမ်းခြင်းကို ပြုအပ်သည်ဖြစ်၍ တသက်ပတ်လုံး အောက်မေ့အပ်သော စကားကို ပြောဟောပြီး၍ အဘယ်အကျိုးငှါ လာခဲ့သနည်းဟု မေးသည်ရှိသော် အဘယ် ၌လျှင် ကြက်သရေ တည်သနည်းဟု ကြည့်၏။ အနာထပိဏ် သူဌေးအားလည်း ကိုယ်လုံးဖြူသော ပွတ်အပ်သော ခရုသင်း နှင့်တူသော ရွှေချိုင့်၌ထည့်၍ ထားအပ်သော ကြက်သည် ရှိ၏။ ထိုကြက်၏ အမောက်၌ ကြက်သရေတည်၏။ ပုဏ္ဏားသည် ကြည့်လတ်သော် ထိုကြက်၏အမောက်၌ ကြက်သရေ တည်သည်၏အဖြစ်ကို သိ၍ သူဌေးကြီး အကျွန်ုပ်သည် တပည့်လုလင် ငါးရာတို့ကို ဗေဒင်သင်စေ၏။ အချိန်မမှန်တွန်တတ်သော တခုသောကြက်ကို အမှီပြု၍ ထိုတပည့်တို့သည်၎င်း ကျွန်ုပ်တို့သည်၎င်း ပင်ပန်းကုန်၏။ ဤကြက်သည်ကား အချိန် မှန်စွာတွန်တတ်၏။ ဤကြက်၏ အကျိုးငှါ လာ၏။ အကျွန်ုပ်အား ဤကြက်ကိုပေးလောဟု ဆို၏။ ပုဏ္ဏား ယူလော့ သင့်အား ငါပေး၏ဟု ဆိုစဉ်ခဏ၌လျှင် ကြက်သရေသည် ကြက်၏ အမောက်မှ ဖဲ၍ ဦးခေါင်းရင်း၌ ထားအပ်သော ပတ္တမြားတုံး၌ တည်၏။

ပုဏ္ဏားသည် ပတ္တမြား၌ ကြက်သရေ၏ တည်သောအဖြစ်ကို သိ၍ ပတ္တမြားကိုလည်းကောင်း၏။ ပတ္တမြားကိုလည်း ပေး၏ဟု ဆိုစဉ်ခဏ၌လျှင် ကြက်သရေသည် ပတ္တမြားမှဖဲ၍ ဦးခေါင်းရင်း၌ ထားအပ်သော အစောင့်အရှောက်ဖြစ်သော တောင်ဝှေး၌ တည်၏။ ပုဏ္ဏားသည် တောင် ဝှေး၌ ကြက်သရေတည်သောအဖြစ်ကိုသိ၍ တောင်ဝှေးကိုလည်း တောင်း၏။ ယူ၍သွားလော့ဟု ဆိုစဉ် ခဏ၌လျှင် ကြက်သရေသည် တောင်ဝှေးမှဖဲ၍ ပုညလက္ခဏဒေဝီမည်သော မိဖုယား၏ ဦးခေါင်း၌ တည်၏။ ကြက်သရေခိုးပုဏ္ဏားသည် မိဖုယားဦးခေါင်း၌ တည်သည်၏အဖြစ်ကို သိ၍ မိဖုယားသည်ကား မစွန့်အပ်သာ ဥစ္စာဖြစ်၏။ ဤမိဖုယားကို တောင်းအံ့သောငှါ မတတ်ကောင်းဟု ကြံ၍ သူဌေးကြီး အကျွန်ုပ်သည် သင်တို့အိမ်၌ ကြက်သရေကို ခိုး၍ သွားအံ့ဟု လာ၏။ ကြက်သရေသည်ကား ကြက်၏ကမောက်၌ တည်၏။ ထိုကြက်ကို ကျွန်ုပ်အားပေးသည်ရှိသော ကြက်အမောက်မှ ပတ္တမြားတုံး၌ တည်၏။ ပတ္တမြားတုံးကို ပေးသည်ရှိသော် အစောင့်အရှောက်ဖြစ်သော တောင်ဝှေး၌ တည်၏။ တောင်ဝှေးကို ပေးသည် ရှိသော် တောင်ဝှေးမှဖဲ၍ ပုညလက္ခဏဒေဝီ မိဖုယား၏ဦးခေါင်း၌ တည်၏။ ဤဥစ္စာသည်ကား မစွန့်အပ်သော ဥစ္စာတည်း၊ ထို့ကြောင့် ဤဥစ္စာကိုလည်း အကျွန်ုပ် ယူခြင်းငှာ မတတ်ကောင်း၊ သင်၏ ကြက်သရေကို ခိုးခြင်းငှာ မတတ်ကောင်း၊ သင်၏ဥစ္စာသည် သင်တို့သာလျှင် ဖြစ်စေဟု ဆို၏။ ဆိုပြီး၍ နေရာမှထ၍ ဖဲ၏။ အနာထပိဏ်သူဌေးသည် ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်အံ့ဟု ကျောင်းတော်သို့ သွား၍ ဘုရားကို ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာ နေလျက် အလုံးစုံကို ဘုရားအား ကြားလျှောက်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုစကားကို ကြားတော်မူ၍ သူကြွက် ယခုအခါ၌သာလျှင် ကြက်သရေသည် တပါးသို့သွားသည် မဟုတ်သေး၊ ရှေး၌လည်း ဘုန်းနည်းကုန်သော သူတို့သည် ဖြစ်စေအပ်သော ကြက်သရေသည် ဘုန်းရှိကုန်သောသူတို့၏ ခြေ ရင်းသို့ သွားဘူး၏ဟု မိန့်တော်မူ၍ သူဌေးသည် တောင်း ပန်အပ်သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်း ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်သင်၍ အိမ်ရာထောင်သော လူတို့ဘောင်၌နေလျက် မိဘလွန်သဖြင့် သံဝေဂရကား တောထွက်၍ ဟိမဝန္တာ၌ ရသေ့ရဟန်းပြု၍ ငါးပါးသော အဘိ ညာဉ် ရှစ်ပါးသော သမာပတ်တို့ကိုဖြစ်စေ၍ ရှည်မြင့်စွာ ကာလလွန်သဖြင့် ချဉ် ဆားမှီဝဲအံ့သောငှါ ဇနပုဒ်သို့သွား၍ ဗာရာဏသီမင်း၏ ဥယျာဉ်၌နေ၍ နက်ဖြန် ဆွမ်းခံသွားသည်ရှိသော် ဆင်ဆရာ၏ အိမ်တံခါးသို့ ရောက်၏။ ထိုဆင်ဆရာသည် ဘုရားလောင်း၏ ငြိမ်သက်ခြင်း၌ ကြည်ညို၍ ဆွမ်းလှူ၍ ဥယျာဉ်၌ နေစေ၍ အမြဲလုပ်ကျွေး၏။ ထိုအခါ တယောက်သော ထင်းခွေယောက်ျားသည် တောမှထင်းတို့ကို ဆောင်ခဲ့ သည်ရှိသော် အချိန်၌ မြို့တံခါးသို့ ရောက်အံ့သောငှါ မတတ်နိုင်၍ ညအခါ၌ တခုသောနတ်ကွန်းဝယ် ထင်းစည်းကို ဦးခေါင်းရင်း၌ထား၍ အိပ်၏။ နတ်ကွန်း၌ လွှတ်အပ်ကုန်သော များစွာသော ကြက်တို့သည် နတ်ကွန်း၏အနီး တခုသောသစ်ပင်၌ အိပ်ကုန်၏။ ထိုကြက်တို့တွင် အထက်၌အိပ်သော ကြက်သည် မိုးသောက်ထကာလ၌ ကျင်ကြီးကို စွန့်ချသည်ရှိသော် အောက်၌ အိပ်သော ကြက်၏ကိုယ်ပေါ်၌ ကျ၏။ အဘယ်သူသည် ငါ၏ကိုယ်ပေါ်၌ ကျင်ကြီးကို စွန့်ချသနည်းဟု ဆိုသည်ရှိသော် ငါသည် ချ၏ ဟုဆို၏။ အဘယ်ကြောင့် ချသနည်းဟု ဆိုသည်ရှိသော် မဆင်ခြင်မိ၍ ချ၏ ဟုဆို၍ တဖန် ချပြန်၏။ ထိုကြက်နှစ်ခုတို့သည်လည်း အချင်းချင်း ခိုက် ရန်ပြုကုန်လတ်သော် သင့် အစွမ်း အသို့နည်း၊ သင့်အစွမ်း အသို့နည်းဟု ခိုက်ရန်ပြုကြကုန်၏။ ထိုအခါ အောက်၌အိပ်သောကြက်သည် ငါ့ကိုသတ်၍ မီးကျီး ၌ကင်အပ်သော အသားတို့ကိုစားသောသူသည် စောစောကလျှင် အသပြာတထောင်ကို ရ၏ဟု ဆို၏။ အထက်၌ အိပ်သော ကြက်သည် အချင်းကြက် ဤမျှဖြင့် ငါ့ကို မခြိမ်းချောက်လင့်၊ ငါ၏ ကြီး မြတ်သော အသားကို စားသောသူသည် မင်းဖြစ်၏။ အပ၌ အသားကို စားသောသူသည် ယောက်ျားဖြစ်အံ့၊ သေနာပတိအရာကို ရ၏။ မိန်းမဖြစ်အံ့ မိဖုယားအရာကို ရ၏။ အရိုးအသားကို စားသောသူသည် လူဖြစ်အံ့၊ ဘဏ္ဍာစိုးအရာကို ရ၏။ ရဟန်းဖြစ်အံ့ မင်းဆရာအဖြစ်ကို ရ၏ဟုဆို၏။

ထင်းခွေယောက်ျားသည် ထိုကြက်တို့၏ စကားကို ကြား၍ မင်းအဖြစ်သို့ ရောက်သော် တထောင်သောဥစ္စာဖြင့် ကိစ္စသည်မရှိဟု သာယာစွာတက်၍ အထက်၌အိပ်သော ကြက်ကို ဖမ်းပြီးလျှင် သတ်၍ ခါးပိုက်၌ ထည့်၍ မင်းဖြစ်အံ့ဟုဆို၍ ဖွင့်သောတံခါးဖြင့်လျှင် မြို့သို့ဝင်၍ ကြက်ကို အမွေး အတောင်နုတ်၍ ဝမ်းကိုသုတ်သင်၍ ဤကြက်သားကို ကောင်းစွာစီရင်လော့ဟု မယားအားပေး၏။ မယားသည် ကြက်သားကို၎င်း ထမင်းကို၎င်း ကောင်းစွာစီရင်၍ အရှင်စားလော့ဟု လင်အား တည်၏။ လင်သည် ရှင်မ ဤအသားကား အာနုဘော်ကြီး၏။ ဤကြက်သားကို စား၍ ငါမင်းဖြစ်အံ့၊ သင်သည် မိဖုယားဖြစ်လတ္တံ့၊ သင်သည် ထမင်းနှင့် ကြက်သားကိုယူခဲ့၍ ဂင်္ဂါသို့သွား၍ ရေချိုး၍ စားကြကုန်အံ့ဟုဆို၍ ထိုသူတို့သည် ထမင်းတောင်းကို ကမ်းနား၌ထား၍ ရေချိုးအံ့သောငှာ ဆင်း သက်ကုန်၏။ ထိုခဏ၌ လေခတ်ရကား ရေသည်လာ၍ ထမင်းတောင်းကိုယူ၍ သွား၏။ မြစ်၌မျောသော ထိုထမင်းတို့ကိုလည်း အောက်ဆိပ်၌ ဆင်ကိုရေချိုးသော တယောက်သော ဆင်ဆရာအမတ်ကြီးသည် မြင်၍ ဆယ်စေ၍ ဖွင့်စေ၍ အဘယ်နည်းဟု မေး၏။ အရှင်ထမင်းနှင့် ကြက်သားတည်းဟု ဆို၏။ ထိုအမတ်ကြီးသည် ထိုထမင်းတောင်းကို ပိတ်ဖုံးစေ၍ တံဆိပ်ခပ်စေ၍ ငါမရောက်မီ မဖွင့်လင့်ဟု မှာလိုက်၍ မယားထံသို့ပို့ စေ၏။ ထိုထင်းခွေ ယောက်ျားသည်လည်း ခံတွင်းသို့ဝင်သော သဲရေဖြင့် ဖူးဖူးရောင်သော ဝမ်းရှိသည်ဖြစ်၍ ပြေး၏။

ထိုအခါဆင်ဆရာ၏ တပါးသော ဆရာဖြစ်သော ဒိဗ္ဗစက္ခုရှင်ရသေ့သည် ငါ၏ အလုပ်အကျွေးသည် ဆင်ဆရာ၏အရာကိုစွန့်၍ အဘယ်အခါ စည်းစိမ်ကို ရလတ္တံ့နည်းဟု ဒိဗ္ဗစက္ခုဖြင့် ကြည့်လတ်သော် ထိုယောက်ျားကို မြင်၍ ထိုအကြောင်းကိုသိ၍ ရှေးဦးစွာလျှင်သွား၍ ဆင်ဆရာ၏အိမ်၌ နေ၏။ ဆင်ဆရာသည် လာလတ်၍ ရသေ့ကို ရှိခိုး၍ တင့်အပ်လျှောက်ပတ်စွာနေလျက် ထိုထမင်းတောင်းကို ဆောင်ယူခဲ့စေ၍ ရှင်ရသေ့ကို ကြက်သားဆွမ်းဖြင့် လုပ်ကျွေးကြကုန်လောဟု ဆို၏။ ထိုရသေ့သည် ဆွမ်းကိုယူ၍ ကြက်သားကို ကပ်လာသော် မယူမူ၍ ဤကြက်သားကို စီရင်အံ့ဟုဆို၍ စီရင်တော်မူပါကုန်လော့ဟု ဆိုလတ်သော် ကြီးမြတ်သော အသားအစရှိသည်တို့ကို တခုတခုစီ စုစေ၍ ကြီးမြတ်သောအသားကို ဆင်ဆရာအား ပေးစေ၏။ အပဖြစ်သောအသားကို ဆင်ဆရာ၏မယားအား ပေးစေ၏။ ဤအရိုးအသားကို မိမိသည်စား၏။ ထိုရသေ့သည် ဆွမ်းစားပြီး၍ သွားသည်ရှိသော် သင်သည် ယနေ့မှ သုံးရက်မြောက်၌ မင်းဖြစ်လတ္တံ့၊ မမေ့မလျော့လင့်ဟု ဆို၍ သွား၏။ သုံးရက်မြောက်သောနေ့၌ တယောက်သော ပြည်နီးချင်းမင်းသည် လာလတ်၍ ဗာရာဏသီပြည်ကို ဝန်းရံ၏။ ဗာရာဏသီမင်းသည် ဆင်ဆရာကို မင်းအသွင်ကိုယူစေ၍ ဆင်စီး၍ စစ်တိုက်လော့ဟု စေ၏။ မိမိသည် မထင်ရှားသော အသွင်ကိုယူ၍ စစ်သည်၌ စီရင်သည်ရှိသော် ကြီးသောအဟုန်ရှိသော တစင်းသောမြားသည် မှန်၍ ထိုခဏ၌ဘသာလျှင် သေ၏။ ထိုဆင်ဆရာသည် မင်း၏ သေသည်၏ အဖြစ်ကိုသိ၍ များစွာသော အသပြာတို့ကို ထုတ်ယူစေ၍ ဥစ္စာဖြင့်အလိုရှိသောသူတို့သည် ရှေ့၌နေ၍ စစ်တိုးစေကုန်ဟု စည်ကိုလည်စေ၏။ ဗိုတ်ပါ အပေါင်းသည် ခဏချင်းဖြင့် ပြည်နီးချင်းမင်းကို အသက်ကုန်စေ၏။ အမတ်တို့သည် မင်း၏ အလောင်းကို သင်္ဂြိုဟ်၍ အဘယ်သူကို မင်းပြုကုန်အံ့နည်းဟု တိုင်ပင်ကြကုန်သော် ငါတို့မင်းသည် အသက်ရှင်စဉ်လျှင် မိမိ၏ အသွင်ကို ဆင်ဆရာအားပေး၏။ ဆင်ဆရာသည်လျှင် စစ်ထိုး၍ ပြည်ကို ယူ၏။ ထိုဆင်ဆရာအားသာလျှင် မင်းအဖြစ်ကို ပေးကြကုန်အံ့ဟု ဆင်ဆရာကို မင်းအဖြစ်၌ အဘိ သိက်သွန်းကြကုန်၏။ ဆင်ဆရာ၏ မယား မိယားကြီး ပြုကြကုန်၏။ ဘုရားလောင်းသည် မင်းဆရာဖြစ်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ဤအတိတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၁၀၀။ ယံ ဥဿုက္ကာ သင်္ဃရန္တိ၊ အလက္ခိကာ ဗဟုံ ဓနံ။
သိပ္ပဝန္တော အသိပ္ပါ ဝါ၊ လက္ခိဝါ တာနိ ဘုဉ္ဇတိ။
၁၀၁။ သဗ္ဗတ္ထ ကတပုညဿ၊ အကိစ္စညေဝ ပါဏိနော။
ဥပ္ပဇ္ဇန္တိ ဗဟူ ဘာဂါ၊ အပ္ပ နာယတနေသုပိ။

ဟူသော နှစ်ဂါထာတို့ကို ဟောတော်မူ၏။

၁၀၀။ သိပ္ပဝါ၊ အတတ်ရှိသည်လည်းဖြစ်ကုန်သော။ အသိပ္ပ ဝါ၊ အတတ်မရှိသည်လည်း ဖြစ်ကုန်သော။ အလက္ခိကာ၊ ဘုန်း ကံ မရှိကုန်သော သူတို့သည်။ ဥဿုက္ကာ၊ လုံ့လပြုကုန်၍။ ယံ ဗဟုံ ဓနံ၊ အကြင် များစွာသော ဥစ္စာကို။ သင်္ဃရန္တိ၊ ဆည်းပူးကုန်၏။ တာနိ၊ ထိုဥစ္စာတို့ကို။ လက္ခိဝါ၊ ဘုန်းရှိသောသူသည်။ ဘုဉ္ဇတိ၊ ခံစားရ၏။

၁၀၁။ သဗ္ဗတ္ထ၊ ခပ်သိမ်းသောအရပ်၌။ အညေ၊ ဘုန်းမရှိသောသူတို့ကို။ အတိစ္စ ဧဝ၊ လွန်၍လျှင်။ အပ္ပနာတနေသုပိ၊ ရတနာတို့၏ ဖြစ်ရာမဟုတ်သော အရပ်တို့၌လည်း။ ကတပုညဿ၊ ပြုအပ်သော ကောင်းမှုရှိသော။ ပါဏိနော၊ သတ္တဝါအား။ ဗဟူ၊ များစွာကုန်သော။ ဘောဂါ၊ စည်းစိမ်တို့သည်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် ဤဂါထာတို့ကို ဟောတော်မူ၍ သူကြွယ်ဤသတ္တဝါတို့အား ကောင်းမှုနှင့်တူသော တပါးသော တည်ရာမည်သည် မရှိကုန်၊ ကောင်းမှုရှိသော သူတို့အားကား ဖြစ်ရာမဟုတ်သော အရပ်၌လည်း ရတနာတို့သည် ဖြစ်ကုန်သလျှင်ကတည်းဟု မိန့်တော်မူ၏။

ဤကောင်းမှု မည်သည်ကား လူနတ်တို့အား အလုံးစုံသော အလိုကိုပေးတတ်သော ဥစ္စာရွှေအိုးတည်း၊ လူနတ်တို့သည် အကြင်အကြင် ဆုကို တောင့်တကုန်၏။ အလုံးစုံသော ထိုထိုဆုကို ကောင်းမှုဖြင့်လျှင် ရ၏။

အဆင်းကောင်းခြင်း၊ အသံကောင်းခြင်း သဏ္ဌာန်ကောင်းခြင်း၊ အစိုးရခြင်း အခြံအရံများခြင်းဟူသော အလုံးစုံကို ကောင်းမှုကြောင့် ရ၏။

ပဒေသရာဇ် ဧကရာဇ်စည်းစိမ် စကြဝတေးမင်းချမ်းသာ နတ်တို့၌ဖြစ်သော နတ်မင်းချမ်းသာဟူသော အလုံးစုံကို ကောင်းမှုဖြင့် ရ၏။ လူ၌ဖြစ်သော စည်းစိမ် နတ်၌ဖြစ်သော မွေ့လျော်ခြင်း နိဗ္ဗာန်ချမ်းသာဟူသော ဤအလုံးစုံကို ကောင်းမှုဖြင့် ရ၏။

အဆွေခင်ပွန်း၏ ပြည့်စုံခြင်းကိုစွဲ၍ အသင့်အားဖြင့် လုံ့လပြုသော ပုဂ္ဂိုလ်အားဖြစ်သော ဝိဇ္ဇာဝိမုတ္တိဝသီဘော်ဟူသော အလုံးစုံကို ကောင်းမှုဖြင့် ရ၏။

ပဋိသမ္ဘိဒါ ဝိမောက္ခ သာဝကပါရမီဉာဏ် ပစ္စေကဗောဓိဉာဏ် သဗ္ဗညုတဉာဏ်ဟူသော အလုံးစုံကို ကောင်းမှုဖြင့် ရ၏။

ဤသို့ အကြင်ကောင်းမှု၏ ဖြစ်ခြင်းသည် ရှိ၏။ ထိုကောင်းမှု၏ ဖြစ်ခြင်းသည် ကြီးမြတ်သော ပြည့်စုံခြင်းကို ဆောင်၏။ ထို့ကြောင့် တည်ကြည်ကုန်သော ပညာရှိတို့သည် ပြုခဲ့ပြီးသော ကောင်းမှုရှိသောသူ၏အဖြစ်ကို ချီးမွမ်းကုန်၏ ဟု တရားဟောတော်မူ၏။

ယခုအခါ၌ အနာထပိဏ်သူဌေး၏ ကြက်သရေ တည်ရာ ရတနာတို့ကို ပြတော်မူအံ့သောငှါ-

၁၀၂။ ကုက္ကုဋော မဏယော ဒဏ္ဍော၊ ထိယော စ ပုညလက္ခဏာ။
ဥပ္ပဇ္ဇန္တိ အပါပဿ၊ ကတပုညဿ ဇန္တုနော။

ဟူသောဤဂါထာကို ဟောတော်မူ၏။

၁၀၂။ အပါပဿ၊ မကောင်းမှုမရှိသော။ ကတပုညဿ၊ ပြုအပ်ပြီးသော ကောင်းမှုရှိသော။ ဇန္တုနော၊ အနာထပိဏ်သူဌေးအား။ ကုက္ကုဋော စ၊ ကြက်သည်၎င်း။ မဏယော စ၊ ပတ္တမြားတို့သည်၎င်း။ ဒဏ္ဍော စ၊ တောင်ဝှေးသည်၎င်း။ ပုညလက္ခဏာ၊ ပုညလက္ခဏဒေဝီ မည်သော။ ထိယော စ၊ မိန်းမတို့သည်၎င်း။ ဥပ္ပန္တိ၊ ဖြစ်ကုန်၏။

ဇာတ်ပေါင်း... ဤသို့ ဟောတော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မင်း၏ ဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဘုန်းနည်းသူပြု၊ ကြက်သရေမှု၊ တခုမကျန် ဘုန်းရှိထံ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော သိရိဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၅။ မဏိသူကရဇာတ်

ပတ္တမြားဂူ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဒရိယာ သတ္တဝဿာနိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဏိသူကရဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သုန္ဒရီ၏သေခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုအခါ၌ မြတ်စွာဘုရားကို ပူဇော်အပ်သည် အလေးဂရုပြုအပ်သည် ဖြစ်၏။ ပစ္စုပ္ပန်ဝတ္ထုသည် ဥဒါန်း၌လာသလျှင်ကတည်း၊ ဤဇာတ်၌ အကျဉ်းကား ဤသို့တည်း၊ မြတ်စွာဘုရားအား၎င်း ရဟန်းသင်္ဃာအား၎င်း မြစ်ကြီးငါးစင်းတို့၏ ကြီးစွာသော ရေအယဉ်နှင့်တူသော လာဘ သက္ကာရသည် ဖြစ်သည်ရှိသော် သာသနာတော်မှ အပဖြစ်ကုန်သော တိတ္ထိတို့သည်ကား နေထွက်သောအခါ ပိုးစုန်းကြူးတို့ကဲ့သို့ အရောင်အဝါ မရှိကုန်သည်ဖြစ်၍ ရဟန်းဂေါတမ၏ ဖြစ်သောကာလမှစ၍ ငါတို့သည် လာဘသက္ကာရမှ ယုတ်ကုန်၏။ တစုံတယောက်သောသူသည် ငါတို့၏ ရှိသောအဖြစ်ကိုလည်း မသိ၊ အဘယ်သူနှင့် တပေါင်းတည်းဖြစ်၍ ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ကိုဖြစ်စေ၍ ရဟန်းဂေါတမ၏ လာဘသက္ကာရကို ငါတို့ကွယ်စေကုန်ရအံ့နည်းဟု တပေါင်းတည်း စည်းဝေး၍ တိုင်ပင်ကုန်၏။ ထိုအခါ တိတ္ထိတို့အား သုန္ဒရီနှင့် တပေါင်းတည်းဖြစ်၍ ကွယ်စေအံ့ဟု အကြံသည်ဖြစ်၏။

ထိုတိတ္ထိတို့သည် တနေ့သ၌ တိတ္ထိတို့၏အရံသို့ဝင်၍ တည်သော သုန္ဒရီကို စကားမဆိုဘဲ နေကြကုန်၏။ သုန္ဒရီသည် အဖန်တလဲလဲ ဆိုငြားသော်လည်း စကားတုံ့ကိုမဆို၍ အရှင်ကောင်းတို့ကို တစုံတယောက်သော သူသည် ညှဉ်းဆဲသလောဟု မေး၏။ နှမ သင်သည် ငါတို့ကို နှိပ်စက်၍ လာဘသက္ကာရ မရှိသည်ကိုပြု၍ သွားသော ရဟန်းဂေါတမကို မမြင်လောဟု ဆိုကုန်၏။ ဤအရာ၌ အကျွန်ုပ်သည် အဘယ်သို့ ပြုရအံ့နည်းဟု သုန္ဒရီသည် ဆို၏။ နှမ သင်သည် အဆင်းလှ၏။ တင့်တယ်ခြင်းအစုသို့ ရောက်၏။ ရဟန်းဂေါတမအား အကျော်အစောမဲ့ကို တင်၍ လူများကို သင့်စကားကိုယူစေ၍ လာဘသက္ကာရပျောက်အောင် ပြုလော့ဟု တိတ္ထိတို့သည် ဆိုကုန်၏။ သုန္ဒရီသည် ကောင်းပြီဟုဝန်ခံ၍ ရှိခိုး၍ သွား၏။ ထိုအခါမှစ၍ ပန်း နံ့သာ, နံ့သာပျောင်း, ပရုပ် ဆောင်းမေးခါးသီး အစရှိသည်တို့ကို ယူ၍ ညချမ်းအခါ၌ လူများ၏ ဘုရားတရားတော်ကိုနာ၍ မြို့သို့ဝင်သောကာလ၌ ဇေတဝန်ကျောင်းတော်သို့ ရှေးရှုသွား၏။ အဘယ်သို့ သွားသနည်းဟု မေးသည်ရှိသော် ရဟန်းဂေါတမ၏အထံသို့ သွားအံ့၊ ငါသည် ရဟန်းဂေါတမနှင့်အတူ ဂန္ဓကုဋိတိုက်၌ နေချေအံ့ဟုဆို၍ တပါးသော တိတ္ထိတို့၏အရံ၌ အိပ်၍ နံနက်စောစောကလျှင် ဇေတဝန်ကျောင်းတော်ခရီးသို့ သက်၍ မြို့သို့ ရှေးရှူ သွား၏။ သုန္ဒရီ အဘယ်မှ လာသနည်းဟု မေးသည်ရှိသော် ရဟန်းဂေါတမနှင့်အတူ တခုသောဂန္ဓကုဋီ၌နေ၍ ရဟန်းဂေါတမကို ကိလေသာဖြင့် မွေ့လျော်စေ၍ လာခဲ့၏ဟု ဆို၏။

ထိုအခါ နှစ်ရက် သုံးရက် လွန်သဖြင့် သေသောက်ကြူးတို့အား အသပြာပေး၍ သွားကြကုန် သုန္ဒရီကို သတ်၍ ရဟန်းဂေါတမ၏ ဂန္ဓကုဋိအနီး၌ ပန်းအမှိုက်ကြား၌ ပစ်၍ လာကြကုန်ဟု တိတ္ထိတို့သည် ဆိုကုန်၏။ သေသောက်ကြူးတို့သည် တိတ္ထိတိုဆိုတိုင်း ပြုကုန်၏။ ထိုနောက်မှ တိတ္ထိတို့သည် သုန္ဒရီကို မမြင်ကုန်ဟု အုတ်အုတ်ကျက်ကျက်ပြု၍ မင်းအား ကြား၍ အဘယ်အရပ်၌ သင်တို့သည် တွေးတောခြင်းရှိကုန်သနည်းဟု ဆို၍ ဤမည်သောနေ့၌ ဇေတဝန် ကျောင်းတော်၌ နေ၏။ ထိုဇေတဝန် ကျောင်းတော်၌ သုန္ဒရီ၏ အကြောင်းကို ငါတို့မသိကုန်ဟု ဆို၍ ထိုသို့တပြီးကား သွားကြကုန်လော့၊ သုန္ဒရီကို ရှာကြကုန်လောဟု မင်းသည် ခွင့်ပြုအပ်သည်ဖြစ်၍ မိမိတို့၏ အလုပ်အကျွေးတို့ကိုခေါ်၍ ဇေတဝန် ကျောင်းတော်သို့ သွား၍ ရှာကုန်လတ်သော် ပန်းမှိုက်အကြား၌မြင်၍ ညောင်စောင်းသို့တင်၍ မြို့သို့ဝင်၍ အချင်းတို့ ရဟန်းဂေါတမ၏ တပည့်တို့သည် ဆရာပြုသော ထိုမကောင်းမှုကို ဖုံးလွှမ်းလိုကုန်၍ သုန္ဒရီကို သတ်၍ ပန်းမှိုက်အကြား၌ ပစ်ကုန်၏ဟု မင်းအား ကြားလျှောက် စေကုန်၏။ မင်းသည် ထိုသို့တပြီးကား သွားကြကုန်၊ မြို့ကို လှည့်လည်ကြကုန်လော့ဟု ဆို၏။ ထိုတိတ္ထိတို့သည် မြို့လမ်းခရီး၌ သာကီဝင်မင်းသား ရဟန်းတို့၏အမှုကို ကြည့်ကြကုန်လော့ အစရှိသောစကားတို့ကို ဆို၍ တဖန် မင်းအိမ်တံခါးသို့လာကုန်၏။

မင်းသည် သုန္ဒရီ၏အလောင်းကောင်ကို အစိမ်းပစ်ရာ သုသာန်၌ ညောင်စောင်းသို့ တင်၍ စောင့်စေ၏။ အရိယာတပည့်တို့ကိုထား၍ ကြွင်းကုန်သော သာဝတ္ထိပြည်၌နေကုန်သော သူတို့သည် များသောအားဖြင့် သာကီဝင်မင်းသား ရဟန်းတို့၏အမှုကို ကြည့်ကြကုန်လော့၊ ဤသို့အစရှိသောစကားတို့ကို ဆို၍ မြို့တွင်း၌၎င်း မြို့ပ၌၎င်း ရဟန်းတို့ကို ဆဲရေးကုန်၏။ ရဟန်းတို့သည် ထိုအကြောင်းကို ဘုရားသခင်အား ကြားလျှောက်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ထိုသို့တပြီးကား သင်တို့သည် ထိုသူတို့ကို မဟုတ်မမှန် စွပ်စွဲသော သူသည်၎င်း ပြုလျက် မပြုဟု ဆိုသောသူသည်၎င်း ငရဲသို့ ရောက်၏။ တမလွန်၌ ယုတ်မာသော အမှုရှိကုန်သော ထိုသူနှစ်ယောက်တို့သည် တူကြကုန်၏။ ဤသို့ စကားတို့ကို ဆိုကြကုန်လော့ဟု မိန့်တော်မူ၏။ မင်းသည် သုန္ဒရီကို တပါးသောသူတို့သည် သတ်သောအဖြစ်ကို သိအောင်ပြုကြကုန်လော့ဟု အချင်းတို့ကို စေ၏။ ထိုအခါ၌ သေသောက် ကြူးသူတို့သည်လည်း အသပြာတို့ဖြင့်သေသောက်ကုန်လျက် အချင်းချင်း ခိုက်ရန်ဖြစ်ကြကုန်၏။ ထိုသေ သောက်ကြူးတို့တွင် တယောက်သော သေသောက် ကြူးသည် သင်ကား သုန္ဒရီကို တချက်တည်းဖြင့်လျှင် သတ်၍ ပန်းအမှိုက်ကြား၌ ပစ်၍ ရသောအသပြာတို့ဖြင့် သေကို သောက်ရ၏။ သင်တို့ကဲ့သို့သော သူတို့သည် အဘယ်လူ မည်ကုန်သနည်းဟု ဆို၏။ မင်းချင်းယောက်ျားတို့သည် ထိုသေသောက်ကြူးတို့ကို ဖမ်း၍ မင်းအား ပြကြကုန်၏။ ထိုအခါ ထိုသေသောက်ကြူးတို့ကို မင်းသည် သင်တို့ သုန္ဒရီကို သတ်သလောဟု မေး၏။ အရှင်မင်းကြီး သတ်၏ဟု ဆိုကုန်၏။ အဘယ်သူတို့သည် သင်တို့ကို သတ်စေသနည်းဟု မင်းသည် မေး၏။ မြတ်သော မင်းကြီး သာသနာတော်မှ အပဖြစ်ကုန်သော တိတ္ထိတို့သည် သတ်စေ၏ဟု ဆိုကုန်၏။ မင်းသည် တိတ္ထိတို့ကိုခေါ်စေ၍ သုန္ဒရီကို ညောင်စောင်း၌တင်၍ ဤသုန္ဒရီကို ရဟန်းဂေါတမအား ကျေးဇူးမဲ့ကို တင်လိုကုန်သော ငါတို့သည် သတ်စေ၏။ ရဟန်းဂေါတမ၏ တပည့်တို့အား အပြစ်မရှိပေ၊ ငါတို့အားသာလျှင် အပြစ် ရှိ၏ဟု ဆိုကုန်လျှက် မြို့ကိုလှည့်လည်ကြကုန်ဟု ဆို၏။ တိတ္ထိတို့သည် မင်းဆိုတိုင်းပြုကြကုန်၏။ မိုက်သော လူများသည် ထိုအခါမှ ယုံကြည်၏။ တိတ္ထိတို့သည်လည်း လူသတ်ဒဏ်ဖြင့် နှောက်ရှက်ကုန်၏။ ထိုအခါမှစ၍ သဗ္ဗညူ မြတ်စွာဘုရားတို့အား အတိုင်း ထက်အလွန် ကြီးစွာသော လာဘသက္ကာရသည် ဖြစ်၏။

ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် ငါ့သျှင်တို့ တိတ္ထိတို့သည် ဘုရားရှင်တို့၏ မည်းညစ်သည်၏ အဖြစ်ကို ဖြစ်စေကုန်အံ့ဟု အမှုကိုပြုကုန်လျက် မိမိတို့သည်သာ မည်းညစ်သည်၏အဖြစ်သို့ ရောက်၏။ ဘုရားရှင်တို့အားကား ကြီးစွာသော လာဘသက္ကာရသည် ဖြစ်၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့်စည်းဝေးကြပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ဘုရားတို့၏ညစ်နွမ်းခြင်းကို ပြုခြင်းမည်သည်ကား ပတ္တမြား၏ ညစ်နွမ်းခြင်းကို ပြုသည်နှင့်တူ၏။ ရှေးသရော အခါ ဇောတိရသပတ္တမြား၏ ညစ်နွမ်းခြင်းကို ပြုကုန်အံ့ဟု သတ္တဝါတို့သည် လုံ့လပြုကုန်သော်လည်း ညစ်နွမ်းခြင်းကို ပြုအံ့သောငှါ မတတ်နိုင်ကုန်ဟု မိန့်တော်မူ၍ ရဟန်းတို့သည် တောင်းပန်အပ်သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသော်ရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ကာမတို့၌ အပြစ်ကိုမြင်၍ တောထွက်၍ ဟိမဝန္တာအရပ်၌ သုံးခုသော တောင်အရေးတို့ကို လွန်၍ ရသေ့ပြု၍ ကျောင်းဆောက်၍ နေ၏။ ထိုကျောင်း၏အနီး၌ ပတ္တမြားလိုဏ်သည် ရှိ၏။ ထိုပတ္တမြားလိုဏ်၌ သုံးဆယ်ကုန်သော ဝက်တို့သည် နေကုန်၏။ ပတ္တမြားလိုဏ်၏အနီး၌ တခုသောခြင်္သေ့သည် ကျက်စား၏။ ထိုခြင်္သေ့၏အရိပ်သည် ပတ္တမြား၌ ထင်၏။ ဝက်တို့သည် ခြင်္သေ့အရိပ်ကိုမြင်၍ ထိတ်လန့်ကုန်ရကား နည်းသော အသားအသွေး ရှိကုန်၏။ ထိုဝက်တို့သည် ဤပတ္တမြား၏ ကြည်လင်သည်၏ အဖြစ်ကြောင့် ဤအရိပ်သည် ထင်၏။ ဤပတ္တမြားကို ညစ်နွမ်းအောင် ပြုကြကုန်အံ့ဟု ကြံ၍ မနီးမဝေးသောအရပ်ဝယ် တခုသော ရေကန်သို့သွား၍ ညွန်၌ လူး၍ လာလတ်၍ ထိုပတ္တမြားကို ပွတ်ကုန်၏။ ပတ္တမြားသည် ဝက်တို့၏ အမွှေးတို့ဖြင့် ပွတ်အပ်သည်ရှိသော် အတိုင်း ထက်အလွန် ကြည်လင်၏။ ဝက်တို့သည် အကြောင်းကို မမြင်နိုင်ကုန်၍ ပတ္တမြား၏ ညစ်နွမ်းခြင်းကို ပြုတတ်သော အကြောင်းကို ရသေ့ကို မေးကုန်အံ့ဟု ဘုရားလောင်းသို့ ဆည်းကပ်၍ လျောက်ပတ်စွာ တည်ကုန်၍-

၁၀၃။ ဒရိယာ သတ္တ ဝဿာနိ၊ တိံသမတ္တာ ဝသာမသေ။
ဟညာမ မဏိနော အာဘံ၊ ဣတိ နော မန္တနံ အဟု။
၁၀၄။ ယဝတာ မဏိံ ဃံသာမ၊ ဘိယျော ဝေါဒါယတေ မဏိ။
ဣဒဉ္စ ဒါနိ ပုစ္ဆာမ၊ ကိံ ကိစ္စံ ဣဓ မညသိ။

ဟူသော ဤဂါထာတို့ကို ဆိုကုန်၏။

၁၀၃။ ဘော တာပသ၊ အို ရှင်ရသေ့။ ဒရိယာ၊ ပတ္တမြားဂူ၌။ သတ္တဝဿာနိ၊ ခုနစ်နှစ်ပတ်လုံး။ တိံသမတ္တာ၊ သုံးဆယ်ကုန်သော။ မယံ၊ ငါတို့သည်။ ဝသာမသေ၊ နေကုန်၏။ မဏိနော၊ ပတ္တမြား၏။ အာဘံ၊ ရောင်ကို။ ဟညာမ၊ သတ်ကုန်အံ့။ ဣတိ၊ ဤသို့။ နော၊ အကျွန်ုပ်တို့၏။ မန္တနံ၊ တိုင်ပင်ခြင်းသည်။ အဟု၊ ဖြစ်၏။

၁၀၄။ ယာဝတာ၊ အကြင်မျှလောက်သော ညွန်ဖြင့်။ မယံ၊ ငါတို့သည်။ မဏိံ၊ ပတ္တမြားကို။ ဃံသာမ၊ ပွတ်ကုန်၏။ မဏိ၊ ပတ္တမြားသည်။ ဘိယျော၊ လွန်စွာ။ ဝေါဒါယတေ၊ အရောင်ထွက်၏။ ဣဒါနိ၊ ယခုအခါ၌။ တံ၊ ထိုရှင်ရသေ့ကို။ ဣဒံ၊ ဤအကြောင်းကို။ ပုစ္ဆာမ၊ မေးကုန်၏။ ဣဓ၊ ဤအရာ၌။ ကိစ္စံ၊ ငါတို့၏ အမှုကိစ္စကို။ တွံ၊ အရှင်ဘုရားသည်။ ကိံ မညသိ၊ အသို့အောက်မေ့သနည်း။

ထိုအခါ ထိုဝက်တို့အား ကြားလိုရကား ဘုရားလောင်းသည်-

၁၀၅။ အယံ မဏိ ဝေဠုရိယော၊ အကာစော ဝိပုလော သုဘော။
နာဿ သက္ကာ သိရိံ ဟန္တုံ၊ အပက္ကမထ သူကရာ။

ဟူသော သုံးတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၀၅။ သူကရာ၊ ဝက်တို့။ အယံ မဏိ၊ ဤပတ္တမြားသည်။ ဝေဠုရိယော၊ ကြောင်မျက်ရွဲတည်း။ အကာစော၊ မကြမ်း။ ဝိပုလော၊ ပြန့်ပြောသော အရောင်ရှိ၏။ သုဘော၊ တင့်တယ်၏။ အဿ၊ ထိုပတ္တမြား၏။ သိရိံ၊ အရောင်အဝါကို။ ဟန္တုံ၊ ဖျောက်အံ့သောငှာ။ န သက္ကာ၊ မတတ်ကောင်း။ တုမှေ၊ သင်တို့သည်။ အပက္ကမထ၊ ဖဲကြကုန်လော့။

ထိုဝက်တို့သည် ဘုရားလောင်းစကားကို ကြား၍ ဘုရားလောင်းဆိုတိုင်း ဖဲကြကုန်၏။ ဘုရားလောင်းသည် ဈာန်ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မလိုသူတပါး ဂုဏ်များယုက်စေ၊ ပြုလေသူများ သတိထား၊ မြသား အရောင်သစ်

ငါးခု၏ပြည့်ကြောင်းဖြစ်သော မဏိသူကရဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၆။ သာလူကဇာတ်

လက်သုပ်ဟင်းလျာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် မာ သာလူကဿ ပိဟယိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသာလူကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အပျိုကြီးဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည် တေရသကနိပါတ် လေးခုမြောက် စူဠနာရဒဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ မြတ်စွာဘုရားသည် ထိုရဟန်းကိုကား ခေါ်တော်မူ၍ ရဟန်း သင်သည် ငြီးငွေ့သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် သင့်ကို အဘယ်သူသည် ငြီးငွေ့စေသနည်းဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား အပျိုကြီးသည် ငြီးငွေ့စေ၏ဟု နားတော်လျှောက်သည်ရှိသော် သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း ဤမိန်းမသည် သင်၏အကျိုးမဲ့ကို ပြု၏။ ရှေး၌လည်း သင်သည် ထိုမိန်းမအား ထိမ်းမြားသောကာလ၌ လာသောပရိသတ်၏ လက်သုပ်ဟင်းလျာ ဖြစ်ဘူးပြီဟု မိန့်တော်မူ၍ ရဟန်းတို့သည် တောင်းပန်အပ်သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မဟာလောဟိတ မည်သော နွားဖြစ်၏။ ဘုရားလောင်း၏ ညီဖြစ်သော နွားသည်ကား စူဠလောဟိတ မည်၏။ နွားနှစ်ခုတို့သည်လည်း တဦးသောအမျိုး၌ အမှုကိုပြုကုန်၏။ ထိုအမျိုးအား အရွယ်သို့ရောက်သော တယောက်သောအမျိုးသ္မီးသည် ရှိ၏။ ထိုအမျိုးသ္မီးကို တဦးသော အမျိုးသားသည် တောင်း၏။ ထိုအခါ သ္မီးကို အမျိုး၌ ထိမ်းမြားသောကာလ၌ လက်သုတ်ဟင်းလျာ ဖြစ်လတ္တံ့ဟုသာလူက မည်သောဝက်ကို ယာဂုထမင်းဖြင့်မွေး၏။ ထိုသာလူကသည် ညောင်စောင်းအောက်၌ အိပ်ရ၏။ ထိုအခါ တနေ့သ၌ စူဠလောဟိကမည်သော နွားသည် အစ်ကို နောင်တော် ငါတို့သည် ဤအမျိုး၌ အမှုကို ပြုကြကုန်၏။ ငါတို့ကိုမှီ၍ ဤအမျိုးသည် အသက် မွေး၏။ ထိုသို့ဖြစ်လျက်လည်း ဤလူတို့သည် ငါတို့အား မြက် ကောက်ရိုးကိုသာ ပေးကုန်၏။ ဤဝက်ကိုကား ယာဂုထမင်းဖြင့် မွေးကုန်၏။ ညောင်စောင်းအောက်၌ အိပ်စေကုန်၏။ ဤသူတို့သည် အဘယ်သို့ ပြုလေကုန်သနည်းဟု ဆို၏။ မဟာလောဟိတနွားသည် ညီထွေး စူဠလောဟိတ သင်သည် သာလူကဝက်၏ ယာဂုထမင်းကို မတောင့်တလင့်၊ ထိုသတို့သ္မီးကို ထိမ်းမြားသောနေ့၌ သာလူကကို လက်သုပ်ဟင်းလျာပြု၍ အသားပွားများစိမ့်သောငှါ ထိုသူတို့သည် မွေးကုန်၏။ နှစ်ရက် သုံးရက်လွန်သဖြင့် သာလူကကို ညောင် စောင်းအောက်မှ ထုတ်၍ သတ်၍ အပိုင်းပိုင်းဖြတ်၍ ဧည့်သည်တို့၏ အစာလုပ်သည်ကို မြင်ရကုန်အံ့ဟု ဆိုလို၍-

၁၀၆။ မာ သာလူကဿ ပိဟယိ၊ အာတုရန္နာနိ ဘုဉ္ဇတိ။
အပ္ပေါသုက္ကော ဘုသံ ခါဒ၊ ဧတံ ဒီဃာယုလက္ခဏံ။
၁၀၇။ ဣဒါနိ သော ဣဓာဂန္တွာ၊ အတိထိ ယုတ္တသေဝကော။
အထ ဒက္ခသိ သာလူကံ၊ သယန္တံ မုသလုတ္တရံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၀၆။ တာတ၊ ညီထွေး စူဠလောဟိတ။ တွံ၊ သင်သည်။ သာလူကဿ၊ သာလူကဝက်၏။ ဘောဇနံ၊ အစာကို။ မာ ပိဟယိ၊ မချစ်လင့်။ သာလူကော၊ သာလူကသည်။ အာတုရန္နာနိ၊ သေအံ့သော အစာတို့ကို။ ဘုဉ္ဇတိ၊ စား၏။ တွံ၊ သင်သည်။ အပ္ပေါသုက္ကော၊ ကြောင့်ကြမဲ့ဖြစ်၍။ ဘုသံ၊ မြက်ကောက်ရိုးတို့နှင့် ရောသောဖွဲကို။ ခါဒ၊ စားလော့။ ဧတံ၊ ဤအရာသည်။ ဒီဃာယုလက္ခဏံ၊ အသက်ရှည်ခြင်း၏ လက္ခဏာအကြောင်းတည်း။

၁၀၇။ ဣဒါနိ၊ ယခုအခါ၌။ သော၊ ထိုထိမ်းမြားသောယောက်ျားသည်။ ဣဓ၊ ဤအိမ်သို့။ ယုတ္တသေဝကော၊ ယှဉ်လာ မှီဝဲလာသော။ အတိထီ၊ ဧည့်သည်ဖြစ်၍။ အာဂန္တွာ- အာဂတော၊ လာသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ အထ၊ ထိုအခါ၌။ မုသလုတ္တရံ၊ ကျည်ပွေ့နှင့်တူသော အထက်နှုတ်ခမ်း ရှိသော။ သာလူကံ၊ သာလူကကို။ သယန္တံ၊ သတ်အံ့သော အိပ်သည်ကို။ ဒက္ခသိ၊ မြင်ရလတ္တံ့။

ထိုသို့ဆိုသောနေ့မှ နှစ်ရက် သုံးရက် လွန်လတ်၍ ထိမ်းမြားခြင်းသို့ ရောက်သည်ရှိသော် သာလူကကိုသတ်၍ လက်သုပ်ဟင်းလျာ ပြုကုန်၏။ ထိုနွားနှစ်ခုတို့သည် သာလူက၏ ထိုပျက်စီးခြင်းကို မြင်၍ ငါတို့၏ မြက် ကောက်ရိုးဟူသော အစာသည်သာလျှင် ကောင်းမြတ်၏ဟု ကြံကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ထိုအနက်ကိုပြအံ့သောငှါ-

၁၀၈။ ဝိကန္တံ သူကရံ ဒိသွာ၊ သယန္တံ မုသလုတ္တရံ။
ဇရဂ္ဂဝါ ဝိစိန္တသုံ၊ ဝရမှာကံ ဘုသာမိဝ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

၁၀၈။ ဝိကန္တံ၊ ငိုမြည်တမ်းသော။ မုသလုတ္တရံ၊ ကျည်ပွေ့နှင့်တူသော အထက်နှုတ်ခမ်းရှိသော။ သူကရံ၊ ဝက်ကို။ သယန္တံ၊ သတ်အံ့သောငှါ အိပ်သည်ကို။ ဒိသွာ၊ မြင်၍။ ဇရဂ္ဂဝါ၊ နွားအိုတို့သည်။ အမှာကံ၊ ငါတို့၏။ ဘုသံ ဣဝ၊ မြက် ကောက်ရိုးတို့နှင့် ရောသော ဖွဲသည်သာလျှင်။ ဝရံ၊ မြတ်၏ ဟူ၍။ ဝိစိန္တေယုံ၊ ကြံကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ အပျိုကြီးသည် ထိုအခါ အမျိုးသ္မီး ဖြစ်ဘူးပြီ၊ ယခုအခါ ငြီးငွေ့သောရဟန်းသည် ထိုအခါ သာလူကဝက် ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ စူဠလောဟိတနွား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မဟာလောဟိတနွား ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အစားကောင်းကျွေး၊ ဤအရေး၊ ဉာဏ်တွေးထောက်ချင့် စူးစမ်းလင့်

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော သာလူကဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၇။ လာဘဂရဟဇာတ်

လာဘ်များဘို့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တက္ခသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နာနုမ္မတ္တော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤလာဘဂရဟဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်သာရိပုတ္တရာမထေရ်၏ အတူနေတပည့်ကို အကြောင်းပြု၍ ဟောတော်မူ၏။ အရှင်သာရိပုတ္တရာမထေရ်၏ အတူနေတပည့်သည် အရှင်သာရိပုတ္တရာမထေရ်သို့ ဆည်းကပ်၍ ရှိခိုး၍ နေလျက် အရှင်ဘုရား အကျွန်ုပ် လာဘ်ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အကျင့်ကို ဟောတော်မူပါလော့၊ အဘယ်သို့ပြုသောသူသည် သင်္ကန်းအစရှိသော လာဘ်တို့ကို ရသနည်းဟု မေး၏။ ထိုအခါ ထိုရဟန်းအား အရှင်သာရိပုတ္တရာ မထေရ်သည် ငါ့သျှင် လေးပါးသော အင်္ဂါတို့နှင့် ပြည့်စုံသော ရဟန်းအား လာဘသက္ကာရဖြစ်၏။ မိမိကိုယ်တွင်း၌ ဟိရိဩတ္တပ္ပကို ဖျက်၍ ရဟန်းအဖြစ်ကို စွန့်၍ မရူးသော်လည်း ရူးသကဲ့သို့ ဖြစ်ရာ၏။ ပိသုဏဝါစာကို ဆိုရာ၏။ ၊ ကချေသည်နှင့် တူသည် ဖြစ်ရာ၏။ ဖရိုဖရဲသော စကားရှိသည် ဖြစ်ရာ၏။ ဤအကျင့်သည်ကား လာဘ်ဖြစ်ခြင်း၏အကြောင်းဖြစ်သော အကျင့်တည်းဟု ဟော၏။ ထိုရဟန်းသည် ထိုအကျင့်ကိုကဲ့ရဲ့၍ ထ၍ ဖဲသွား၏။ အရှင်သာရိပုတ္တရာမထေရ်သည် မြတ်စွာဘုရားသို့ ဆည်းကပ်၍ ရှိခိုး၍ ထိုအကြောင်းကို ကြား၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းသည် ယခုအခါ၌သာလျှင် လာဘ်ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အကျင့်ကို ကဲ့ရဲ့သည် မဟုတ်သေး၊ ရှေး၌လည်း ကဲ့ရဲ့ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အရှင်သာရိပုတ္တရာမထေရ်သည် တောင်းပန်လတ်သော် အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တဆယ့်ခြောက်နှစ်ကပင်လျှင် ဗေဒင်သုံးပုံ တဆယ့်ရှစ်ပါးသော အတတ်တို့၏ အဆုံးသို့ရောက်၍ ဒိသာပါမေက္ခဆရာဖြစ်၍ လုလင်ငါးရာတို့ကို အတတ်သင်၏။ လုလင်တို့တွင် တယောက်သော လုလင်သည် သီလအကျင့်နှင့် ပြည့်စုံ၏။ ထိုလုလင်သည် တနေ့သ၌ ဆရာသို့ ဆည်းကပ်၍ သတ္တဝါတို့အား အဘယ်အကြောင်းကြောင့် လာဘ်ဖြစ်သနည်းဟု လာဘ်ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အကျင့်ကို မေး၏။ ဆရာသည် အမောင် ဤသတ္တဝါတို့အား လေးပါးကုန်သာ အကြောင်းတို့ဖြင့် လာဘ်သည် ဖြစ်၏ဟု ဆို၍-

၁၀၉။ နာနုမ္မတ္တော နာပိသုဏော၊ နာနဋော နာကုတူဟလော။
မူဠှေသု လဘတေ လာတံ၊ ဧသာ တေ အနုသာသနီ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၀၉။ တာတ၊ အမောင်။ နာနုမ္မတ္တော၊ မရူးဘဲလျက် ရူးသောသူတို့၏ အမူအရာကို ကျင့်သော။ နာပိသုဏော၊ ချောပစ်ကုံးတိုက်တတ်သော အမျိုးမဟုတ်ဘဲလျက် ချောပစ်ကုံးတိုက်သောအကျင့်ကို ကျင့်သော။ နာနဋော၊ ကချေသည် မဟုတ်ဘဲလျက် ကချေသည်တို့၏အမူအရာကို ကျင့်သော။ နာကုတူဟလော၊ ဖရိုဖရဲပြောဆိုတတ်သော အမျိုးမဟုတ်ဘဲလျက် ဖရိုဖရဲ ပြောဆိုတတ်သောသူတို့၏ အမူအရာကို ကျင့်သော။ သတ္တော၊ သတ္တဝါသည်။ မူဠှေသု၊ မိုက်မဲ တွေဝေကုန်သော သူတို့မှ။ ဝါ၊ မိုက်မဲတွေဝေကုန်သော သူတို့ဆီက။ လာဘံ၊ လာဘ်ကို။ လဘတေ၊ ရ၏။ ဧသာ၊ ဤသည်ကား။ တေ၊ သင်အား။ ဒိန္နာ၊ ပေးအပ်သော။ အနုသာသနီ၊ အဆုံး အမတည်း။

တပည့်သည် ဆရာ၏စကားကိုကြား၍ လာဘ်ကို ကဲ့ရဲ့ လိုရကား -

၁၁၀။ ဓိရတ္ထု တံ ယသလာဘံ၊ ဓနလာဘဉ္စ ဗြာဟ္မဏ။
ယာ ဝုတ္တိ ဝိနိပါတေန၊ အဓမ္မစရဏေန ဝါ။
၁၁၁။ အပိ စေ ပတ္တမာဒါယ၊ အနဂါရော ပရိဗ္ဗဇေ။
ဧသာဝ ဇီဝိကာ သေယျော၊ ယာ စာဓမ္မေန ဧသနာ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၁၀။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဝိနိပါတေန ဝါ၊ ကိုယ်ကို ဖျက်ဆီးသဖြင့်၎င်း။ အဓမ္မစရဏေန၊ အဓမ္မကို ကျင့်သဖြင့်၎င်း။ ယာ ဝုတ္တိ၊ အကြင် စည်းစိမ်ဥစ္စာရခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တံ ယသလာဘဉ္စ၊ ထိုစည်းစိမ်ရခြင်းကို၎င်း။ တံ ဓနလာဘဉ္စ၊ ထိုဥစ္စာ ရခြင်းကို၎င်း။ ဓိရတ္ထု၊ ငါ စက်ဆုပ်၏။ အဓမ္မေန၊ အဓမ္မဖြင့်။ ယာ စ ဧသနာ၊ အကြင် ဥစ္စာရှာခြင်းသည်လည်း။ အတ္တိ၊ ရှိ၏။ တတော၊ ထိုအဓမ္မဖြင့် ဥစ္စာရှာခြင်းထက်။ အနာဂါရော၊ နေရာမရှိသည်ဖြစ်၍။ ပတ္တံ၊ သပိတ်ကို။ အာဒါယ၊ ယူ၍။ ပရိဗ္ဗဇေ အပိစေ၊ အကယ်၍ ဆွမ်းခံသွားငြားအံ့။ ဧသာဝ ဇီဝိကာ၊ ဤအသက်မွေးခြင်းသည်။ သေယျာ၊ မြတ်၏။

ဤလုလင်သည် ရဟန်းအဖြစ်၏ ကျေးဇူးကိုဆို၍ တောထွက်၍ ရသေ့ရဟန်းပြု၍ တရားသဖြင့် ဆွမ်းကိုရှာလျက် အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေလျက် ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သညု မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ လာဘ်ရခြင်း၏ အကြောင်းဖြစ်သော အကျင့်ကို ကဲ့ရဲ့ သော ရဟန်းသည် ထိုအခါ လုလင် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ ဆရာဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အရူး, အက၊ အံ့ဘွယ်ပြ၍၊ ပြောကချောပစ်၊ ဤသနစ်၊ စင်စစ် လာဘ်များကြောင်း

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော လာဘဂရဟဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၈။ မစ္ဆုဒ္ဒါနဇာတ်

မျှဝေကျိုး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဂ္ဃ န္တိ မစ္ဆာအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမစ္ဆဒ္ဒါန ဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော စဉ်းလဲသော ကုန်သည်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုကို အောက်၌ ဆိုအပ်ပြီး သလျှင်ကတည်း။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူကြွယ်မျိုး၌ဖြစ်၍ လိမ္မာသောအဖြစ်သို့ ရောက်သည်ရှိသော် ဥစ္စာကိုဖြစ်စေ၏။ ဘုရားလောင်းအား ညီသည်လည်း ရှိ၏။ နောက်ကာလ၌ ထိုညီအစ်ကိုတို့၏ အဘသည် သေလွန်၏။ ထိုညီအစ်ကိုတို့သည် တနေ့သ၌ အဘဥစ္စာကို ကုန်သွယ်ကုန်အံ့ဟု တခုသော ရွာသို့သွား၍ တထောင်သော အသပြာကိုရ၍ လာကုန်လတ်သော် မြစ်ဆိပ်၌ လှေကိုဆိုက်ကုန်၍ ထမင်းစားကြကုန်၏။ ဘုရားလောင်းသည် ထမင်းစားကြွင်းကို ဂင်္ဂါ၌ ငါးတို့အားကျွေး၍ မြစ်စောင့်နတ်အား ဒါနအဘို့ကိုပေး၏။ မြစ်စောင့်နတ်သည် ဒါနအဘို့ကို ဝမ်းမြောက်၍ နတ်စည်းစိမ် အခြံအရံဖြင့် ပွားများ၏။ မိမိစည်းစိမ်ပွားခြင်းကို ဆင်ခြင်လတ်သော် အကြောင်းကို သိ၏။ ဘုရားလောင်းသည်လည်း သဲပြင်၌ အပေါ်ရုံပုဆိုးကိုခင်း၍ လျောင်းလျက် အိပ်ပျော်ခြင်းသို့ ရောက်၏။ ဘုရားလောင်း၏ ညီသည်ကား အတန်ငယ် ခိုးတတ်သော သဘောရှိ၏။ ထိုဘုရားလောင်း၏ ညီသည် ထိုအသပြာတို့ကို ဘုရားလောင်းအား မပေးမူ၍ မိမိချည်းသာ ယူလိုသည်၏ အဖြစ်ကြောင့် အသပြာထုပ်နှင့် တူသော တခုသော ကျောက်စရစ်ထုပ်ကိုပြု၍ နှစ်ခုသော အထုပ်တို့ကိုလည်း တပေါင်းတည်းထား၍ လှေစီး၍ ဂင်္ဂါလယ်သို့ ရောက်သည်ရှိသော် ညီသည် လှေကို လှုပ်စေ၍ ကျောက်ထုပ်ကို ရေ၌ချအံ့ဟု အသပြာတထောင်ထုပ်ကို ရေ၌ချ၍ အစ်ကို အသပြာတထောင်ထုပ်သည် ရေ၌ကျ၏။ အသို့ပြုအံ့နည်းဟု ဆို၏။ ရေ၌ကျသော် အသို့ပြုကုန်အံ့နည်း၊ မစိုးရိမ်လင့်ဟု ဆို၏။ မြစ်စောင့်နတ်သည် ဤသူသည် ပေးအပ်သော ဒါနတို့ကို ဝမ်းမြောက်၍ နတ်စည်းစိမ်ဖြင့် ငါ့အား ပွားများ၏။ ထိုသူ၏ဥစ္စာကို စောင့်အံ့ဟု ကြံ၏။ ကြံပြီး၍ မိမိအာနုဘော်ဖြင့် ထိုဥစ္စာထုပ်ကို ငါးကြီးကိုမျိုစေ၍ မိမိသည် စောင့်၏။ ထိုဥစ္စာခိုး ညီသည်လည်း အိမ်သို့သွား၍ အစ်ကိုကို လှည့်စားအပ်ပြီဟု အထုပ်ကို ဖြေလတ်သော် ကျောက်စရစ်ထုပ်ကို မြင်၍ နှလုံးချောက်ကပ်သည်ဖြစ်၍ ညောင်စောင်းပေါင်ကိုဘက်၍ အိပ်၏။

ထိုအခါ တံငါတို့သည် ငါးဖမ်းအံ့သောငှာ ကွန်ကိုပစ်ကုန်၏။ ထိုငါးသည် နတ်၏ အာနုဘော်အားဖြင့် ကွန်သို့ဝင်၏။ တံငါတို့သည် ငါးကိုယူ၍ ရောင်းအံ့သောငှာ မြို့သို့ဝင်ကုန်၏။ လူတို့သည် ငါးကြီးကိုမြင်ကုန်၍ အဘိုးကိုမေးကုန်၏။ တံငါတို့သည် အသပြာတထောင်နှင့် ခုနစ်ပဲပေး၍ ယူကြ ကုန်လောဟု ဆိုကုန်၏။ လူတို့သည် အသပြာတထောင်ထိုက်သော ငါးကို ငါတိုမမြင်စဘူးဟု ပြက်ရယ်ပြုကြကုန်၏။ တံငါတို့သည် ငါးကိုယူ၍ ဘုရားလောင်း၏ အိမ်တံခါးသို့သွား၍ ငါးဝယ်ကုန်လော့ဟု ဆိုကုန်၏။ ငါးဘိုးအဘယ်မျှနည်းဟု မေး၏။ ခုနစ်ပဲပေး၍ ယူကုန်လော့ဟု ဆိုကုန်၏။ တပါးသော သူတို့အားပေးကုန်သော် အသို့ သင်တို့ ပေးကုန်သနည်းဟု မေး၏။ တပါးသော သူတို့အား အသပြာ တထောင်နှင့် ခုနစ်ပဲတို့ဖြင့် ပေးကုန်၏ဟု ဆိုကုန်၏။ သင်တို့ သည်ကား ခုနစ်ပဲမျှပေး၍ ယူကုန်လော့ဟု တံငါတို့သည် ဆိုကုန်၏။ ဘုရားလောင်းသည် တံငါတို့အား ခုနစ်ပဲပေး၍ ငါးကို မယားထံသို့ ပို့စေ၏။ ဘုရားလောင်း၏ မယားသည် ငါး၏ဝမ်းကိုခွဲ၍ အသပြာ တထောင်ထုပ်ကိုမြင်၍ ဘုရားလောင်းအား ကြား၏။ ဘုရားလောင်းသည် ထိုအသပြာထုပ်ကို မြင်၍ မိမိ၏တံဆိပ်ကိုမြင်၍ မိမိဥစ္စာအဖြစ်ကိုသိ၍ ယခု ဤတံငါတို့သည် ဤငါးကို သူတပါးတို့အား အသပြာတထောင်နှင့် ခုနစ်ပဲတို့ဖြင့် ပေးကုန်၏။ ငါတို့အထံသို့ ရောက်၍ကား အသပြာတထောင်သည် ငါတို့၏ ဥစ္စာဖြစ်သောကြောင့် ခုနစ်ပဲတို့ကိုသာလျှင်ယူ၍ ပေးကုန်၏။ ဤအကြောင်းကို မသိသော တစုံတယောက်သောသူကို ယုံစေခြင်းငှာ မတတ်ကောင်းဟု ကြံ၍-

၁၁၂။ အဂ္ဃန္တိ မစ္ဆာ အဓိကံ သဟဿံ၊
န သော အတ္ထိ ယော ဣမံ သဒ္ဒဟေယျ။
မယှဉ္စ အဿု ဣဓ သတ္တ မာသာ၊
အဟမ္မိ တံ မစ္ဆဒ္ဒါနံ ကိဏေယျံ။

ဟူသော ရှေးဦးသော ဤဂါထာကို ဆို၏။

၁၁၂။ မစ္ဆာ၊ ငါးတို့သည်။ အဓိကံ သဟဿံ၊ ခုနစ်ပဲ အလွန်ရှိသော အသပြာတထောင်ကို။ အဂ္ဃ န္တိ၊ ထိုက်ကုန်၏။ ဣတိ၊ ဤသို့။ ပုစ္ဆိတာ၊ သူတပါးတို့သည် မေးအပ်ကုန်သော။ ကေဝဋ္ဋာ၊ တံငါတို့သည်။ ဝဒန္တိ၊ ဆိုကုန်၏။ ယော၊ အကြင်သူသည်။ ဣမံ၊ ဤစကားကို။ သဒ္ဒဟေယျ၊ ယုံရာ၏။ သော၊ ထိုသူသည်။ န အတ္ထိ၊ မရှိ။ ဣဓ၊ ဤငါးအပေါင်း၌။ မယှဉ္စ၊ ငါ့အားကား။ သတ္တမာသာ၊ ခုနစ်ပဲတို့သည်။ အသု၊ ဖြစ်ကုန်၏။ အဟမ္ပိ၊ ငါသည်လည်း။ တံ မစ္ဆဒ္ဒါနံ၊ ထိုငါးအပေါင်းကို။ ကိဏေယျံ၊ ဝယ်၏။

ဤသို့ဆို၍ အဘယ်ကို အမှီပြု၍လျှင် ငါသည် ထိုအသပြာတို့ကို ရအပ်ကုန်သနည်းဟု ကြံ၏။ ထိုခဏ၌ မြစ်စောင့်နတ်သည် ကောင်းကင်၌ ထင်သောအဆင်းဖြင့် ရပ်လျက် ငါကား ဂင်္ဂါစောင့်နတ်တည်း၊ သင်သည် ငါးတို့အား အကြွင်းဖြစ်သော ထမင်းကိုပေး၍ ငါ့အား ဒါနအဘို့ကို ဝေပေး၏။ ထို့ကြောင့် ငါသည် သင်၏ဥစ္စာကို စောင့်၏ဟု ပြလိုရကား-

၁၁၃။ မစ္ဆာနံ ဘောဇနံ ဒတွား မမ ဒက္ခိဏမာဒိသိ။
တံ ဒက္ခိဏံ သရန္တိယာ၊ ကတံ အပစိတိံ တယာ။

ဟူသော ဤဂါထာကို ဆို၏။

၁၁၃။ မစ္ဆာနံ၊ ငါးတို့အား။ ဘောဇနံ၊ ထမင်းကို။ ဒတွာ၊ ပေး၍။ မမ၊ ငါ့အား။ ဒက္ခိဏံ၊ ဒါနအဘို့ကို။ အဒိသိ၊ သင် ပေးဝေ၏။ တယာ၊ သင်သည်။ ကတံ၊ ပြုအပ်သော။ ဒက္ခိဏံ၊ ဒါနအဘို့ကို ပေးဝေခြင်းဟူသော။ တံ အပစိတိံ၊ ထိုပူဇော်ခြင်းကို။ သရန္တိယာ၊ အောက်မေ့သော ငါသည်။ တဝ၊ သင်၏။ ဓနံ၊ ဥစ္စာကို။ ရက္ခိတံ၊ စောင့်အပ်၏။

ဤစကားကိုဆို၍ ထိုနတ်သားသည် ဘုရားလောင်းအား ညီသည် ပြုအပ်သော စဉ်းလဲသော အမှုအလုံးစုံကိုဆို၍ ဤသူသည် ယခု နှလုံးချောက်ကပ်သဖြင့် အိပ်၏။ ပြစ်မှားသောစိတ်ရှိသောသူအား စီးပွား မည်သည် မရှိ၊ ငါသည်ကား သင်၏ ဥစ္စာသည် မပျက်စီးစေလင့်ဟု ဥစ္စာကို ဆောင်ခဲ့၍ သင့်အား ပေး၏။ ဥစ္စာကို ညီခိုးသူအား မပေးမူ၍ သင်သာလျှင် ယူလော့ဟု ဆိုလို၍-

၁၁၄။ ပဒုဋ္ဌစိတ္တဿ န ဖာတိ ဟောတိ၊
န စာပိ တံ ဒေဝတာ ပူဇယန္တိ။
ယော ဘာတရံ ပေတ္တိကံ သာပတေယျံ၊
အဝဉ္စယိ ဒုက္ကဋကမ္မကာရီ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၁၄။ ဒုက္ကဋကမ္မကာရီ၊ မကောင်းသော အမှုကို ပြုလေ့ရှိသော။ ယော၊ အကြင် သူသည်။ ဘာတရံ၊ အစ်ကိုကို။ ပေတ္တိကံ၊ အဘို့ရှိသော။ သာပတေယျံ၊ ဥစ္စာကို။ အဝဉ္စယိ၊ လှည့်စား၏။ ပဒုဋ္ဌစိတ္တဿ၊ ပြစ်မှားသော စိတ်ရှိသော သူအား။ ဖာတိ၊ အစီးအပွားသည်။ န ဟောတိ၊ မဖြစ်။ တံ၊ ထိုသူကို။ ဒေဝတာ စာပိ၊ နတ်တို့သည်လည်း။ န ပူဇယန္တိ၊ မပူဇော်ကုန်။

ဤသို့ နတ်သည် အဆွေခင်ပွန်း ပြစ်မှားသော ခိုးသူအား အသပြာကို ပေးဝေခြင်းငှါ အလိုမရှိ၍ ဆို၏။ ဘုရားလောင်းသည်ကား ဤသို့ ပြုအံ့သောငှာ မတတ်ကောင်းဟု ညီအားလည်း ငါးရာသော အသပြာတို့ကို ပို့ စေသလျှင်ကတည်း။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ကုန်သည်သည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ စဉ်းလဲသော ကုန်သည်သည် ထိုအခါ ညီ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ အစ်ကို ကုန်သည် ဖြစ်ဘူးပြီ၊ ဤသိုဇာတ်ကို ပေါင်းတော်မူ၏။

လှည့်စားကောက်ကျစ်၊ အကြံညစ်၊ မချစ် နတ်, လူများ

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော မစ္ဆဒ္ဒါနဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၉။ နာနာဆန္ဒဇာတ်

ဆုထူး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နာနာဆန္ဒာ မဟာရာဇ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤနာနာဆန္ဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီ တင်းသုံး နေတော်မူစဉ် အရှင်အာနန္ဒာမထေရ်၏ ဆုရှစ်ပါးရခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည် ဧကာဒသကနိပါတ် နှစ်ခုမြောက် ဇုဏှဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ မိဖုယားကြီးဝမ်း၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ အဘလွန်သဖြင့် မင်းအဖြစ်သို့ ရောက်၏။ ထိုဘုရားလောင်းအား အရာမှပယ်ချအပ်သော အဘ၏ ပုရောဟိတ်သည် ရှိ၏။ ထိုပုရောဟိတ်သည် ဆင်းရဲ၍ တခုသောအိမ်အို၌ နေ၏။ ထိုအခါ တနေ့သ၌ ဘုရားလောင်းသည် မထင်ရှားသော အသွင်ဖြင့် မြို့သို့ စုံစမ်းလျက် လှည့်လည်၏။ ထိုဘုရားလောင်းကို ပြုအပ်ပြီးသော အမှုရှိကုန်သော ခိုးသူတို့သည် တခုသော သေတင်းကုပ်၌ သေသောက်၍ အိုးတို့ကိုယူ၍ မိမိအိမ်သို့ သွားကုန်လတ်သော် လမ်းခရီးအကြား၌ မြင်၍ အချင်း သင်ကား အသူနည်းဟု ဆို၍ ပုတ်ခတ်လတ်၍ အပေါ်ရုံ ပုဆိုးတို့ကိုယူ၍ အိုးကိုထမ်းစေ၍ သွားကြကုန်၏။ ထိုပုဏ္ဏားသည်လည်း ထိုခဏ၌ ထွက်၍ ခရီးလမ်းလယ်၌ရပ်လျက် နက္ခတ်တို့ကိုကြည့်၍ မင်း၏ ရန်သူလက်သို့ ရောက်သောအဖြစ်ကိုသိ၍ ပု ဏ္ဏေးမကိုခေါ်၏။ ထိုပုဏ္ဏေးမသည် အရှင်အဘယ်နည်းဟုဆို၍ လျင်မြန်စွာ ပုဏ္ဏားအထံသို့ သွား၏။ ထိုအခါ ပုဏ္ဏေးမကို ပုဏ္ဏားသည် ရှင်မ တို့မင်းသည် ရန်သူလက်သို့ ရောက်၏ဟု ဆို၏။ အရှင်သင့်အား အဘယ်ပြုအံ့နည်း၊ မင်း၏အထံမှ စည်းစိမ်ကို ရကုန်သောပုဏ္ဏားတို့သည် ဆိုကုန်လတ္တံ့ဟု ပုဏ္ဏေးမဆို၏။

မင်းသည် ပုဏ္ဏား၏အသံကို ကြား၍ အတန်ငယ်လိုက်၍ သေသောက် ကြူးတို့ကို အရှင်တို့ ကျွန်ုပ်လူဆင်းရဲတည်း၊ အပေါ်ရုံကိုယူ၍ အကျွန်ုပ်ကို လွှတ်ကြကုန်လော့ဟု ဆို၏။ သေသောက်ကြူးတို့သည် အဖန်တလဲလဲ ဆိုသော် သနားသဖြင့် လွတ်ကုန်၏။ မင်းသည် ပုဏ္ဏား၏ နေရာအိမ်ကိုမှတ်၍ ပြန်၏။ ထိုအခါ ပုရောဟိတ်ဟောင်းဖြစ်သော ပုဏ္ဏားသည် ရှင်မ တို့မင်းသည် ရန်သူလက်မှလွတ်၏ဟု ဆို၏။ မင်းသည် ထိုစကားကိုလည်းကြား၍ အိမ်ကိုမှတ်၍ ပြာသာဒ်သို့ တက်၏။ မင်းသည် လင်းသောအခါ၌ ပုဏ္ဏားတို့ကို ခေါ်စေ၍ ဆရာတို့ သင်တို့သည် ညဉ့်၌ နက္ခတ်ကို ကြည့်ကြကုန်၏ လောဟု မေး၏။ ရှင်မင်းကြီး ကြည့်ကြကုန်၏ဟု ဆို၏။ ကောင်း၏လောဟု မင်းကြီး မေးလေ၏။ ရှင်မင်းကြီး ကောင်း၏ဟု ဆိုကုန်၏။ တစုံတခုသော အန္တရာယ်သည် မရှိလောဟု မေး၍ ရှင်မင်းကြီး မရှိဟု ဆိုကုန်၏။ မင်းသည် ဤမည်သောအိမ်မှ ပုဏ္ဏားကို ခေါ်စေကုန်ဟု ဆို၍ ပုရောဟိတ်ဟောင်းကို ခေါ်စေ၍ ဆရာ ညဉ့်က နက္ခတ် အသို့နည်း၊ သင် ကြည့်၏ လောဟု မေး၏။ ရှင်မင်းကြီး ကြည့်၏ဟု ဆို၏။ တစုံတခုသော ဘေးရန် ရှိသလောဟု မေး၏။ ရှင်မင်းကြီး ရှိ၏။ ယနေ့ ညဉ့်လျှင် မင်းကြီးတို့သည် ရန်သူလက်သို့ရောက်၍ ခဏခြင်းဖြင့်လျှင် လွတ်၏ဟု ဆို၏။ မင်းသည် နက္ခတ်တတ်သော သူမည်သည်ကား ဤသို့ သဘောရှိသည် ဖြစ်ရာ၏ဟု ဆို၍ ကြွင်းသောပုဏ္ဏားတို့ကို မြို့တွင်းမှနှင်ထုတ်စေ၍ ပုဏ္ဏား သင့်အား ကြည်ညို၏။ ဆုကို ယူလော့ဟု ဆို၏။ မြတ်သောမင်းကြီး သားမယားနှင့်တိုင်ပင်၍ ယူပါအံ့ဟု ဆို၏။ သွားချေ တိုင်ပင်၍ လာလော့ဟု မင်းကြီးဆို၏။

ပုဏ္ဏားသည် သွား၍ ပုဏ္ဏေးမ သား ချွေးမ ကျွန်မတို့ကို ခေါ်စေ၍ မင်းသည် ငါ့အား ဆုကိုပေး၏။ အဘယ်ဆုကို ယူကုန်အံ့နည်းဟု မေးလေ၏။ ပုဏ္ဏေးမသည် ငါ့ဘို့ နွားမတရာကို ဆောင်ခဲ့လောဟု ဆို၏။ ဆတ္တမာဏဝမည်သော သားသည် ငါ့ဘို့ ကုမုဒြာကြာအဆင်းနှင့်တူသော အဆင်းရှိသော သိန္ဓောမြင်းလေးစီးတို့ဖြင့် က, အပ်သော ရထားကို ဆောင် ခဲ့လော့ဟု ဆို၏။ ချွေးမသည် ပတ္တမြားနားဍောင်းကိုအစပြု၍ အလုံးစုံသောတန်ဆာကို ဆောင်ခဲ့လော့ဟု ဆို၏။ ပုဏ္ဏမည်သော ကျွန်မသည် ငါ့ဘို့ ဆုံ, ကျည်ပွေ့ကို၎င်း မန်း(ဗန်း)ကို၎င်း ဆောင်ခဲ့လော့ဟု ဆို၏။ ပုဏ္ဏားသည်ကား မြတ်သောရွာကို ယူလို၏။ ပုဏ္ဏားသည် မင်းအထံသို့သွား၍ ပုဏ္ဏား သင်သည် သားမယားကို မေးခဲ့ပြီလောဟု ဆို၏။ မြတ်သောမင်းကြီး မေးခဲ့ပြီ၊ ထိုသူတို့သည် အထူးထူးသော အလိုရှိကုန်၏ဟု ဆို၍-

၁၁၅။ နာနာဆန္ဒာ မဟာရာဇ၊ ဧကာဂါရေ ဝသာမသေ။
အဟံ ဂါမဝရံ ဣစ္ဆေ၊ ဗြာဟ္မဏီ စ ဂဝံ သတံ။
၁၁၆။ ပုတ္တော စ အာဇညရထံ၊ ကညာ စ မဏိကုဏ္ဍလံ။
ယာ စေသာ ပုဏ္ဏိကာ ဇမ္ဘီ၊ ဥဒုက္ခလံ ဘိကင်္ခတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၁၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ နာနာဆန္ဒာ၊ အထူးထူးသော အလိုရှိကုန်သော။ မယံ၊ အကျွန်ုပ်တို့သည်။ ဧကာဂါရေ၊ တအိမ်တည်း၌။ ဝသာမသေ၊ နေကုန်၏။ အဟံ၊ အကျွန်ုပ်သည်။ ဂါမဝရံ၊ ရွာမြတ်ကို။ ဣစ္ဆေ၊ အလိုရှိ၏။ ဗြာဟ္မဏီ စ၊ ပုဏ္ဏေးမသည်ကား။ ဂဝံသတံ၊ နွားမတရာကို။ အဘိကင်္ခတိ၊ အလိုရှိ၏။

၁၁၆။ ပုတ္တော စ၊ သားသည်ကား။ အာဇညရထံ၊ အာဇာနည်မြင်းက သောရထားကို။ အဘိကင်္ခတိ၊ အလိုရှိ၏။ ကညာ စ၊ ချွေးမသည်ကား။ မဏိကုဏ္ဍလံ၊ ပတ္တမြားနားဍောင်းကို။ အဘိကင်္ခတိ၊ အလိုရှိ၏။ ဇမ္မီ၊ ယုတ်မာသော။ ပုဏ္ဏိကာ၊ ပုဏ္ဏာမည်သော။ ယာ၊ အကြင်ကျွန်မလည်။ အတ္တိ၊ ရှိ၏။ ဧသာ၊ ထိုကျွန်မသည်ကား။ သုပ္ပမုသလေဟိ၊ ဗန်း ကျည်ပွေ့တို့နှင့်။ သဒ္ဓိံ၊ တက္ခ။ ဥဒုက္ခလံ၊ ဆုံကို။ အဘိကင်္ခတိ၊ အလိုရှိ၏။

မင်းသည် ခပ်သိမ်းသောသူတို့အား အလိုရှိတိုင်း အလိုရှိတိုင်းကို ပေးကြကုန်ဟု စေလိုရကား-

၁၁၇။ ဗြာဟ္မဏဿ ဂါမဝရံ၊ ဗြာဟ္မဏိယာ ဂဝံ သတံ။
ပုတ္တဿ အာဇညရထံ၊ သုဏှာယ မဏိကုဏ္ဍလံ။
ယဉ္စေတံ ပုဏ္ဏိကံ ဇမ္မိံ၊ ပဋိပါဒေထုဒုက္ခလံ။

ဟူသော ဤဂါထာကို ဆို၏။

၁၁၇။ ဗြာဟ္မဏဿ၊ ပုဏ္ဏားအား။ ဂါမဝရံ၊ ရွာမြတ်ကို။ ဗြာဟ္မဏိယာ၊ ပုဏ္ဏေးမအား။ ဂဝံသတံ၊ နွားမတရာကို။ ပုတ္တဿ၊ သားအား။ အာဇညရထံ၊ အာဇာနည်မြင်း ကသော ရထားကို။ သုဏှာယ၊ ချွေးမအား။ မဏိကုဏ္ဍလံ၊ ပတ္တမြားနားဍောင်းကို။ ဇမ္မိံ၊ ယုတ်မာသော။ ယဉ္စေတံ ပုဏ္ဏိကံ၊ အကြင်ပုဏ္ဏမာည်သော ကျွန်မကို။ ဥဒုက္ခလံ၊ ဗန်းနှင့် ဆုံကျည်ပွေ့ကို။ ပဋိပါဒေထ၊ ပေးကြလေကုန်။

ဤသို့ မင်းသည် ပုဏ္ဏားသည် တောင့်တအပ်သော တပါးသော များစွာသော စည်းစိမ်ကိုလည်းပေး၍ ဤယနေ့မှစ၍ ငါတို့၏ပြုအပ်သော ကိစ္စတို့၌ လုံ့လပြုလောဟု ဆို၍ ပုဏ္ဏားကို မိမိ၏အထံ၌ နေစေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ပုဏ္ဏားဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အလိုဆန္ဒ၊ ဟူသမျှ၊ မုချမတူ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော နာနာဆန္ဒဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၁၀။ သီလဝီမံသကဇာတ်

သီလစုံစမ်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်သီလံ ကိရေဝ ကလျာဏံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသီလဝီမံသကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သီလကို စုံစမ်းသော တယောက်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုကို၎င်း။ အတိတ်ဝတ္ထုကို၎င်း အောက် ဧကကနိပါတ် သီလဝီမံသကဇာတ်၌ ဆိုအပ်ပြီးသလျှင်ကတည်း၊ ဤသီလဝီမံသကဇာတ်၌ အထူးကား-

အတိတ်ဝတ္ထု... ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်သည် မိမိသီလကို စုံစမ်းအံ့ဟု ရွှေပန်းထိမ်သည်၏ပျဉ်မှ နှစ်ရက်ပတ်လုံး တသပြာ တသပြာကိုယူ၏။ ထိုအခါ သုံးရက်မြောက်သောနေ့၌ ထိုပုရောဟိတ်ကို ခိုးသူတည်းဟု ဖမ်း၍ မင်း၏ အထံသို့ ဆောင်ကုန်၏။ ထိုပုရောဟိတ်သည် ခရီးအကြား၌ မြွေကို ကစားသော အလမ္ပာယ်ကို မြင်ခဲ့၏။ ထိုအခါ မင်းသည် ထိုပုရောဟိတ်ကို အဘယ်ကြောင့် ဤသို့သဘောရှိသောအမှုကို ပြုသနည်းဟု မေး၏။ ပုရောဟိတ်သည် မိမိ၏သီလကို စုံစမ်းလိုသည်၏အဖြစ်ကြောင့် ပြု၏ဟု ဆိုလို၍-

၁၁၈။ သီလံ ကိရေဝ ကလျာဏံ၊ သီလံ လောကေ အနုတ္တရံ။
ပဿ ဃောရဝိသော နာဂေါ၊ သီလဝါတိ န ဟညတိ။
၁၁၉။ သောဟံသီလံ သမာဒိဿံ၊ လောကေ အနုမတံ သိဝံ။
အရိယဝုတ္တိသမာစာရော၊ ယေန ဝုစ္စတိ သီလဝါ။
၁၂၀။ ဉာတီနဉ္စ ပိယာ ဟောတိ၊ မိတ္တေသု စ ဝိရောစတိ။
ကာယဿ ဘေဒါ သုဂတိံ၊ ဥပပဇ္ဇတိ သီလဝါ။

ဟူသောဤဂါထာတို့ကို ဆို၏။

၁၁၈။ လောကေ၊ လောက၌။ သီလံဧဝ၊ သီလသည်သာလျှင်။ ကလျာဏီ ကိရ၊ ကောင်းသတတ်။ သီလံ၊ သီလသည်။ အနုတ္တရံ ကိရ၊ မြတ်သတတ်။ ပဿ၊ ရှုပါလော့။ ဃောရဝိသော၊ ကြမ်းသောအဆိပ်ရှိသော။ နာဂေါ၊ မြွေကို။ သီလဝါတိ၊ သီလရှိ၏ဟူ၍။ န ဟညတိ၊ မညှဉ်းဆဲအပ်။

၁၁၉။ ယေန၊ အကြင် သီလကြောင့်။ အရိယဝုတ္တိသမာစာရော၊ အရိယာတို့၏အကျင့်ကို ကျင့်သောသူကို။ လောကေ၊ လော၌။ သီလဝါ၊ သီလရှိသော သူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ သိဝံ၊ ဘေးမရှိဟူ၍။ အနုမတံ၊ ပညာရှိတို့သည် ဝန်ခံအပ်သော။ တံ သီလံ၊ ထိုသီလကို။ သော အဟံ၊ ထိုငါသည်။ သမာဒိဿံ၊ ဆောက်တည်အံ့။

၁၂၀။ သီလဝါ၊ သီလရှိသော သူကို။ ဉာတီနဉ္စ၊ အဆွေအမျိုးတို့သည်လည်း။ ပိယော၊ ချစ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ သီလဝါ၊ သီလရှိသော သူသည်။ မိတ္တသု စ၊ အဆွေခင်ပွန်းတို့၌လည်း။ ဝိရောစတိ၊ တင့်တယ်၏။ ကာယဿ၊ ကိုယ်၏။ ဘေဒါ၊ ပျက်သည်မှ။ ပရံ၊ နောက်၌။ သုဂတိံ၊ သုဂတိသို့။ ဥပပဇ္ဇတိ၊ ဖြစ်ရ၏။

ဤသို့ ဘုရားလောင်းသည် သုံးဂါထာတို့ဖြင့် သီလ၏ ကျေးဇူးကို ပြလျက် မင်းအား တရားဟော၍ မြတ်သောမင်းကြီး အကျွန်ုပ်၏အိမ်၌ မိဘ၏ဥစ္စာဖြစ်သော ကိုယ်သည်ဖြစ်စေအပ်သော အရှင်မင်းကြီးသည် ပေးအပ်သော များစွာသော ဥစ္စာသည် ရှိ၏။ ဥစ္စာ၏ အဆုံးမည်သည်ကား မထင်၊ အကျွန်ုပ်သည်လည်း သီလကို စုံစမ်းလို၍ ရွှေပန်းထိမ်သည်၏ ပျဉ်မှ အသပြာတို့ကိုယူ၏။ ယခုအခါ အကျွန်ုပ်သည် ဤလောက၌ အမျိုးအနွယ် ဆွေစဉ်မျိုးဆက်တို့၏ ယုတ်သောအဖြစ်ကို၎င်း သီလ၏သာလျှင် မြတ်သောအဖြစ်ကို၎င်း သိရပြီ၊ အကျွန်ုပ်သည် ရဟန်းပြုအံ့၊ အကျွန်ုပ်အား ရဟန်းအဖြစ်ကို ခွင့်ပြုလော့ဟု အခွင့်ပြုစေ၍ မင်းသည် အဖန် တလဲလဲ တောင်းပန်သော်လည်း တောထွက်၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ ရဟန်းပြု၍ အဘိညာဉ်, သမာပတ်တို့ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သီလကို စုံစမ်းတတ်သော ပုရောဟိတ်ပုဏ္ဏား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အမျိုးနွယ်ဇာတ်၊ မမြင့်လတ်၊ အမြတ်သီလသာ

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သီလဝီမံသကဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ကုမ္ဘဝဂ်

၁။ သုရာဃဋဇာတ်

လူမိုက်ခဲ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သဗ္ဗကာမဒဒကုမ္ဘံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုရာဃဋဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အနာထပိဏ် သူဌေး၏တူကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအနာထပိဏ်သူဌေး၏ တူသည် မိဘတို့၏ ဥစ္စာဖြစ်ကုန်သော ကုဋေလေးဆယ်ကုန်သော ရွှေတို့ကို သုရာ သောက်သဖြင့် ဖျက်ဆီး၍ အနာထပိဏ် သူဌေးအထံသို့ သွား၏။ အနာထပိဏ်သူဌေးသည်လည်း တူအား ကုန်သွယ်လော့ဟု တထောင်သော ဥစ္စာကို ပေး၏။ ထိုဥစ္စာကိုလည်း ဖျက်ဆီး၍ တဖန် သွားပြန်၏။ တဖန် ထိုတူအား ငါးရာသော ဥစ္စာတို့ကို ပေး၏။ ထိုဥစ္စာတို့ကိုလည်း ဖျက်ဆီး၍ တဖန် လာသောတူအား နှစ်ထည်သော ပုဆိုးကြီးတို့ကိုပေး၏။ ထိုပုဆိုးကြီးတို့ကိုလည်း ဖျက်ဆီး၍ တဖန် လာသောတူကို လည်၌ ကိုင်စေ၍ နှင်ထုတ်စေ၏။ ထိုသူသည် ကိုးကွယ်ရာမရှိသည်ဖြစ်၍ သူတပါးတိုက်နံရံကိုမှီ၍ သေ၏။ ထိုတူကို ငင်ထုတ်၍ အပ၌စွန့်ပစ်ကုန်၏။ အနာထပိဏ်သူဌေးသည် ကျောင်းတော်သို့သွား၍ တူ၏ ထိုအလုံးစုံသောအကြောင်းကို သဗ္ဗညူမြတ်စွာဘုရားအား ကြားလျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည်လည်း သူဌေး ထိုတူကို အသို့ရောင့်ရဲစေနိုင်အံ့နည်း၊ ရှေးကာလ၌ ငါသည် ခပ်သိမ်းသောအလိုကို ပေးတတ်သော အိုးကိုပေး၍လည်း ရောင့်ရဲစိမ့်သောငှါ မတတ်နိုင်ဟု မိန့်တော်မူ၍ သူဌေးသည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူဌေးမျိုး၌ဖြစ်၍ အဘလွန်သဖြင့် သူဌေးအရာကို ရ၏။ ထိုသူဌေးကို အိမ်၌ မြေမြှုပ်ဥစ္စာ ကုဋေလေးဆယ် ရှိ၏။ ထိုသူအား တယောက်တည်းသာလျှင်ဖြစ်သော သားသည်လည်း ရှိ၏။ ထိုဘုရားလောင်းသည် ဒါနအစရှိသော ကောင်းမှုကို ပြု၍ သေလွန်သော် သိကြားဖြစ်၏။ ထိုဘုရားလောင်း၏ သားသည် ခရီးကို ပိတ်၍ မဏ္ဍပ်ကိုဆောက်လုပ်စေ၍ လူအပေါင်းခြံရံလျက်နေ၍ သေ သောက်အံ့သောငှာ အားထုတ်၏။ ထိုသူဌေးသည် ကျွမ်းထိုးခြင်း ပြေးခြင်း ကခြင်း သီခြင်း အစရှိသည်တို့ကို ပြုကုန်သောသူတို့အား တထောင် တထောင်သော ဥစ္စာကိုပေးလျက် မိန်းမကြူးခြင်း သုရာကြူးခြင်း, အမဲစားကြူးခြင်း အစရှိသောအဖြစ်သို့ ရောက်၍ အဘယ်အရပ်၌ သီ, သနည်း၊ အဘယ်အရပ်၌ က, သနည်း၊ အဘယ်အရပ်၌ တီးမှုတ်သနည်းဟု ပွဲသဘင်ဖြင့် အလိုရှိလျက် မေ့လျော့သည်ဖြစ်၍ လှည့်လည်လတ်သော် မကြာမြင့်မီလျှင် ကုဋေလေးဆယ်သော ဥစ္စာ, အတွင်း အပအသုံးအဆောင် အစရှိသည်တို့ကို ဖျက်ဆီး၍ ဆင်းရဲသော အထီးကျန်သော သူဖြစ်၍ ပုဆိုးနွမ်းကို ဝတ်၍ သွားရ၏။

သိကြားမင်းသည် ဆင်ခြင်လတ်သော် သား၏ ဆင်းရဲသောအဖြစ်ကိုသိ၍ သား၌ချစ်ခြင်းဖြင့် လာလတ်၏။ အလုံးစုံ သောအလိုကို ပေးတတ်သော အိုးကိုပေး၍ အမောင် ထိုအိုးကို မကွဲရအောင် စောင့်ရှောက်လော့၊ ဤအိုးရှိသော် ဥစ္စာ၏ အပိုင်းအခြားမည်သည် မဖြစ်လတ္တံ့၊ မမေ့မလျော့ ဖြစ်ရစ်လော့ဟု ဆုံးမ၍ နတ်ပြည်သို့သာလျှင် သွား၏။ ထိုအခါမှ၍ သေသောက်လျက် သွား၏။ ထိုအခါ တနေ့သ၌ သေယစ်၍ ထိုအိုးကို ကောင်းကင်သိုမြှောက်၍ ခံလတ်သော် တကြိမ်တည်းဖြင့်သာလျှင် ချော်လဲ၍ အိုးသည် မြေ၌ကျ၍ ကွဲ၏။ ထိုအိုးကွဲသောအခါမှစ၍ တဖန်ဆင်းရဲ၍ ပုဆိုးနွမ်းကိုဝတ်၍ ခွက်လက်စွဲ၍ တောင်းစား၍ သူတပါးတို့ တိုက်နံရံကို မှီ၍ သေလေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဤအတိတ်ကိုဆောင်တော်မူ၍-

၁၂၁။ သဗ္ဗကာမဒဒံ ကုမ္ဘံ၊ ကုဋံ လဒ္ဓါန ဓုတ္တကော။
ယာဝ နံ အနုပါလေတိ၊ တာဝ သော သုခမေဓဟိ။
၁၂၂။ ယဒါ မတ္တော စ ဒိတ္တော စ၊ ပမာဒါ ကုမ္ဘမဗ္ဘိဒါ။
တဒါ နဂ္ဂေါ စ ပေါတ္ထော စ၊ ပစ္ဆာ ဗာလော ဝိဟညတိ။
၁၂၃။ ဧဝမေဝ ယော ဓနံ လဒ္ဓါ၊ ပမတ္တော ပရိဘုဉ္ဇတိ။
ပစ္ဆာ တပ္ပတိ ဒုမ္မေဓော၊ ကုဋံ ဘိတွာဝ ဓုတ္တကော။

ဟူသော သုံးဂါထာတို့ကို ဟောတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။

၁၂၁။ ဓုတ္တကော၊ သေသောက်ကြူးသည်။ သဗ္ဗကာမဒဒံ၊ အလုံးစုံသောအလိုရှိတိုင်းပေးတတ်သော။ ကုမ္ဘံ၊ ကုမ္ဘာ့ဟု ဆိုအပ်သော။ ကုဋံ၊ အိုးကို။ လဒ္ဓါန၊ ရ၍။ ယာဝ၊ အကြင်မျှလောက်။ နံ၊ ထိုအိုးကို။ အနုပါလေတိ၊ စောင့်ရှောက်၏။ တာဝ၊ ထိုမျှလောက်။ သော၊ ထိုသေသောက်ကြူးသည်။ သုခံ၊ ချမ်းသာကို။ ဧတိ၊ ရ၏။

၁၂၂။ သော၊ ထိုသေသောက်ကြူးသည်။ ယဒါ၊ အကြင်အခါ၌။ မတ္တော စ၊ ယစ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ ဒိတ္တော စ၊ ဟော့ရမ်း ကြမ်းတန်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ တဒါ၊ ထိုအခါ၌။ ပမာဒါ၊ မေ့လျော့သဖြင့်။ ကုမ္ဘံ၊ အိုးကို။ အဗ္ဘိဒါ၊ ခွဲ၏။ ပစ္ဆာ၊ အိုးကိုခွဲသော နောက်ကာလ၌။ ဗာလော၊ မိုက်စွာသော သေသောက်ကြူးသည်။ နဂ္ဂေါစ၊ ရံခါ အချည်းစည်းဖြစ်၍၎င်း။ ပေါတ္ထော စ၊ ရံခါ ပုဆိုးနွမ်းကို ဝတ်၍၎င်း။ ဝိဟညတိ၊ ပင်ပန်း၏။

၁၂၃။ ဓုတ္တကော၊ သေသောက်ကြူးသည်။ ကုဋံ၊ အိုးကို။ ဘိတွာ၊ ခွဲ၍။ ပစ္ဆာ၊ နောက်၌။ တပ္ပတိ ဣဝ၊ ဆင်းရဲသကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ ယော ဒုမ္မေဓော၊ အကြင် သူမိုက်သည်။ ဓနံ၊ ဥစ္စာကို။ လဒ္ဓါ၊ ရ၍။ ပမတ္တော၊ မေ့လျော့လျက်။ ပရိဘုဉ္ဇတိ၊ သုံးဆောင်၏။ သော ဒုမ္မေဓော၊ ထိုသူမိုက်သည်။ ပစ္ဆာ၊ နောက်၌။ တပ္ပတိ၊ စိုးရိမ်ပူပန်ရ၏။

ဇာတ်ပေါင်း... အဘယ်သို့ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ အနာထပိဏ်သူဌေး၏ တူသည် ထိုအခါ သုရာယစ်၍ အိုးကို ခွဲသော သေသောက်ကြူး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိကြားမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သေးသောက်ကြူးငြား၊ ပျက်ဆုံးပါး၊ သိကြားကိုယ်တိုင်မကယ်နိုင်

ရှေးဦးစွာသော သုရာဃဋဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ကုမ္ဘဝဂ်

၂။ သုပတ္တဇာတ်

ကျီးစစ်ဗိုလ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်ဗာရာဏသျံ မဟာရာဇ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုပတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် ဗိမ္ဗာဒေဝီ ထေရီမအား အရှင်သာရိပုတ္တရာမထေရ်သည် ပေးအပ်သော ငါးကြင်းအရသာကို အသစ်ဖြစ်သော ထောပတ်နှင့် ရောသောသလေးဆွမ်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် အောက် အဗ္ဘန္တရဇာတ်ဝတ္ထုနှင့် တူသည်သာလျှင်ကတည်း၊ ထိုအခါ၌လည်း ဗိမ္မာဒေဝီထေရီမ၏ဝမ်း၌ လေသည် ထ၏။ အရှင်ရာဟုလာသည် အရှင်သာရိပုတ္တရာမထေရ်အား ကြား၏။ အရှင်သာရိပုတ္တရာမထေရ်သည် အရှင်ရာဟုလာကို ဆွမ်းစားဇရပ်၌ နေစေ၍ ကောသလမင်း၏ နန်းတော်သို့သွား၍ ငါးကြင်းသားအရသာကို အသစ်ဖြစ်သော ထောပတ်နှင့်ရောသော သလေးဆွမ်းကို ဆောင်၍ အရှင်ရာဟုလာအား ပေး၏။ အရှင်ရာဟုလာသည် ဆောင်၍ မယ်တော် ထေရီမအား ပေး၏။ ဗိမ္ဗာဒေဝီထေရီမအား စားကာမျှ၌သာလျှင် ဝမ်းလေသည် ငြိမ်း၏။ မင်းသည် မင်းချင်းတို့ကို စုံစမ်းစေ၍ ထိုအခါမှစ၍ ဖိမ္ဗာဒေဝီ ထေရီမအား ထိုသို့သဘောရှိသောဆွမ်းကို လှူ၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ အရှင်သာရိပုတ္တရာ မထေရ်သည် ဗိမ္ဗာဒေဝီ ထေရီမအား ဤသို့သဘောရှိသော ဘောဇဉ်ဖြင့် ရောင့်ရဲစေ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလဒ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သာစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည် ရှိသော် ရဟန်းတို့ သာရိပုတ္တရာသည် ယခုအခါ၌သာလျင် ရာဟုလာမယ်တော်အား တောင့်တအပ်သောဘောဇဉ်ကို ပေးသည်မဟုတ်သေး၊ ရှေး၌လည်း ပေးဘူးသည်သာလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ပြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကျီးအမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် ကျီးရှစ်သောင်းတို့၏ အကြီးအမှူးဖြစ်သော သုပတ္တမည်သော ကျီးမင်းဖြစ်၏။ သုပတ္တမည်သော ကျီးမင်း၏ မိဖုယားကား သုဖဿာမည်၏။ စစ်သူကြီးကား သုမုခ မည်၏။ ထိုကျီးမင်းသည် ကြီးရှစ်သောင်းတို့ဖြင့် ခြံရံလျက် ဗာရာဏသီပြည်ကို မှီ၍ နေ၏။ ထိုကျီးမင်းသည် တနေ့သ၌ သုဖဿာမည်သော ကျီးမိဖုယားကိုခေါ်၍ အစာရှာလတ်သော် ဗာရာဏသီမင်း၏ စဖိုအိမ်အထက်ဖြင့် သွား၏။ စဖိုသည်သည် မင်း၏ အထူးထူးသော ငါးအမဲ၊ ထူးထွေသောအခြံအရံရှိသော ဘောဇဉ်ကို အတန် ငယ် အိုးတို့ကိုဖွင့်၍ အငွေ့ကိုလွှတ်လျက် ရပ်၏။ သုဖဿာ ကျီးမိဖုယားသည် ငါး အမဲအနံ့နံ၍ မင်း၏ဘောဇဉ်ကိုစားလို၍ ထိုနေ့၌ မပြောဆိုမူ၍ နှစ်ရက်မြောက်သောနေ့၌ ရှင်မ လာလော့၊ အစာရှာကုန်အံ့ဟု ဆိုသည်ရှိသော် သင်တို့သည် သွားကုန်လော့၊ ငါ့အား တခုသော ချင်ခြင်းသည် ရှိ၏ဟု ဆို၍ ရှင်မ အဘယ်ချင်ခြင်းနည်းဟု မေးသည်ရှိသော် ငါသည် ဗာရာဏသီမင်း၏ ဘောဇဉ်ကို စားလို၏။ ရှင်မင်းကြီးသည် ထိုဘောဇဉ်ကိုရခြင်းငှါ မတတ်ကောင်းအံ့၊ ထို့ကြောင့် အသက်ကိုစွန့်အံ့ဟု ဆို၏။ ဘုရားလောင်းသည် ကြံလျက်နေ၏။ သုမုခ စစ်သူကြီးသည် လာ၍ မြတ်သောမင်းကြီး အဘယ့်ကြောင့် နှလုံးမသာ ရှိသနည်းဟု မေး၏။ ထိုမင်းသည် ထိုအကြောင်းကို ကြား၏။ ကျီးစစ်သူကြီးသည် မြတ်သောမင်းကြီး မစိုးရိမ်လင့်ဟု ဆို၍ ထိုကျီးမင်း မိဖုယားတို့ကို နှစ်သိမ့်စေ၍ ယနေ့ သင်တို့သည် ဤနေရာ၌သာလျှင် နေကြကုန်လော့၊ အကျွန်ုပ်သည် ထမင်းကို ဆောင်ခဲ့ကုန်အံ့ဟု ဆို၍ ဖဲလေ၏။

ထိုကျီးစစ်သူကြီးသည် ကျီးတို့ကို စည်းဝေးစေ၍ ထိုအကြောင်းကို ဆို၍ လာကြကုန်လော၊ ထမင်းကို ဆောင်ကုန်အံ့ဟု ကျီးတို့နှင့်တကွ ဗာရာဏသီသို့ဝင်၍ စဖိုအိမ်၏အနီး၌ ကျီးတို့ကို အစုအစု နေစေ၍ ထိုထိုအရပ်၌ အစောင့် အရှောက်အကျိုးငှါထား၍ မိမိသည် ကျီးသူရဲရှစ်ခုတို့နှင့်တကွ စဖိုအိမ်အမိုး၌ မင်း၏စားတော်ကို ဆောင်သောကာလကို မျှော်လျက်နေ၏။ ထိုကျီးတို့ကိုလည်း ငါသည် မင်း၏စားတော်ကို ဆောင်ပို့ သည်ရှိသော် ခွက်တို့ကိုကျစေအံ့၊ ခွက်တို့သည် ကျကုန်သော် ငါ၏ အသက်သည် မရှိပြီ၊ လေးယောက်ကုန်သော သင်တို့သည် နှုတ်သီး၌ပြည့်အောင် ထမင်းကိုယူ၍ လေးယောက်ကုန်သော သင်တို့သည်ကား နှုတ်သီး၌ ပြည့်အောင် ငါး အမဲတို့ကိုယူ၍ ကျီးမင်းနှင့်တကွသော သုဖဿာမိဖုယားကို ကျွေးကြလေကုန်၊ စစ်သူကြီးကား အဘယ်မှာနည်းဟု မေးသော် နောက်မှလာအံ့ဟု ဆိုကြလေကုန်ဟူ၍ ဆို၏။ ထိုအခါ စဖိုသည်သည် မင်း၏ ဘောဇဉ်အထူးကို ပြည့်စုံစေ၍ ထမ်းပိုးဖြင့် ယူခဲ့စေ၍ မင်းအိမ်သို့ သွား၏။ စဖိုသည်၏ မင်းယင်ပြင်သို့ ရောက်သောကာလ၌ ကျီးစစ်သူကြီးသည် ကျီးတို့အား အမှတ်ကိုပေး၍ မိမိသည်ပျံ၍ စဖိုသည်၏ရင်၌ နား၍ လက်သည်းချိုင့်ဖြင့်ခတ်၍ သံချောင်းနှင့်တူသော နှုတ်သီးဖြင့် စဖိုသည်၏ နှာခေါင်းဖျားကို ကိုက်လျက် အတောင်နှစ်ဘက်တို့ဖြင့် မျက်နှာကို ပိတ်၏။ မင်းသည် မြတ်သော ပြာသာဒ်အပြင်၌ စင်္ကြံသွားလျက် လေသာတံခါးဖြင့် ကြည့်၍ ထိုကျီး၏ အမူအရာကို မြင်၍ စဖိုသည်အား အသံပေး၍ အချင်း စဖိုသည် ထမင်းချက်တို့ကိုစွန့်၍ ကျီးကိုသာလျှင် ဖမ်းလော့ဟု ဆို၏။ စဖိုသည်သည် ထမင်းခွက်တို့ကိုစွန့်၍ ကျီးကို မြဲစွာဖမ်း၏။ မင်းသည်လည်း ထိုကျီးကို ဤသို့ဆောင်ခဲ့ဟု ဆို၏။

ထိုခဏ၌ ကျီးတို့သည် လာလတ်၍ မိမိတို့သည် ဝအောင်စား၍ အကြွင်းကို စစ်သူကြီးဆိုသော အမှတ်ဖြင့်ယူ၍ သွားကုန်၏။ ထို့နောင်မှ ကြွင်းသောကျီးတို့သည် လာ၍ အကြွင်းကို စားကုန်၏။ ထိုရှစ်ခုသော ကျီးတို့သည်လည်းသွား၍ မိဖုယားနှင့်တကွသော ကျီးမင်းကို ကျွေးကုန်၏။ သုဖဿာ ကျီးမိဖုယားအား ချင်ခြင်းသည် ငြိမ်း၏။ စဖိုသည်သည် ကျီးစစ်သူကြီးကို မင်း၏အထံသို့ ဆောင်၏။ ထိုအခါ ထိုစစ်သူကြီး ကျီးကို မင်းသည် ကျီး သင်သည် ငါ့ကိုလည်းမရှက်၊ စဖိုသည်၏ နှာခေါင်းကိုလည်း ဖြတ်၏။ ထမင်းခွက်တို့ကိုလည်း ခွဲ၏။ မိမိအသက်ကိုလည်း မစောင့်၊ အဘယ့်ကြောင့် ဤသို့သဘောရှိသောအမှုကို ပြုသနည်းဟု မေး၏။ ကျီးသည် မြတ်သောမင်းကြီး အကျွန်ုပ်တို့၏ ကျေးမင်းသည် ဗာရာဏသီပြည်ကိုမှီ၍ နေ၏။ အကျွန်ုပ်သည် ကျီးမင်း၏ စစ်သူကြီးတည်း၊ ထိုကျီးမင်း၏ သုဖဿာမည်သော မိဖုယားသည် သင်မင်းကြီးတို့၏ စားတော်ကို စားလို၏။ ကျီးမင်းသည် ကျီးမိဖုယား၏ချင်ခြင်းကို အကျွန်ုပ်အား ကြား၏။ အကျွန်ုပ်သည် ကျီးမင်းအထံ၌သာလျှင် အသက်ကိုစွန့်၍ လာ၏။ ယခု အကျွန်ုပ်သည် ကျီးမိဖုယား၏ စားဘွယ်ကို ပေးပို့စေအပ်ပြီ၊ အကျွန်ုပ်၏ နှလုံးအလိုသည် အပြီးသို့ရောက်ပြီ၊ ဤအကြောင်းကြောင့် အကျွန်ုပ်သည် ဤသို့သဘောရှိသော အမှုကိုပြု၏ဟု ပြလိုရကား-

၁၂၄။ ဗာရာဏသျံ မဟာရာဇ၊ ကာကရာဇာ နိဝါသကော။
အသီတိယာ သဟဿေဟိ၊ သုပတ္တာ ပရိဝါရိတော။
၁၂၅။ တဿ ဒေါဟဠိနီ ဘရိယာ၊ သုဖဿာ ဘက္ခိတုမိစ္ဆတိ။
ရညော မဟာနသေ ပက္ကံ၊ ပစ္စဂ္ဃံ ရာဇဘောဇနံ။
၁၂၆။ တေသာဟံ ပဟိတော ဒူတော၊ ရညော စမှိ ဣဓာဂတော။
ဘတ္တု အပစိတိံ ကုမ္မိ၊ နာသာယမကရံ ဝဏံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၂၄။ မဟာရာဇ၊ မြတ်သော မင်းကြီး။ ဗာရာဏသျံ၊ ဗာရာဏ သီပြည်၌။ သုပတ္တော၊ သုပတ္တမည်သော။ ကာကရာဇာ၊ ကျီးမင်းသည်။ အသီတိယာ သဟဿေဟိ၊ ရှစ်သောင်းကုန်သော ကျီးတို့ဖြင့်။ ပရိဝါရိတော၊ ခြံရံလျက်။ နိဝါသကော၊ အမြဲနေ၏။

၁၂၅။ တဿ၊ ထိုသုပတ္တကျီးမင်း၏။ သုဖဿာ၊ သုဖဿာမည်သော။ ဘရိယာ၊ မိဖုယားသည်။ ဒေါဟဠိနီ၊ ချင်ခြင်းဖြစ်၏။ ရညော၊ မင်း၏။ မဟာနသေ၊ စဖိုအိမ်၌။ ပက္ကံ၊ ချက်အပ်သော။ ပစ္စဂ္ဃံ၊ အသီးသီး အဘိုးများစွာ ထိုက်သော။ ရာဇဘောဇနံ၊ မင်း၏ဘောဇဉ်ကို။ ဘက္ခိတုံ၊ စားခြင်းငှါ။ ဣစ္ဆတိ၊ အလိုရှိ၏။

၁၂၆။ အဟံ၊ အကျွန်ုပ်သည်။ တေသံ၊ ထိုကျီးမင်း ကျီးမိဖုယားတို့၏။ အတ္ထကာရော၊ အကျိုးစီးပွားကို ပြုတတ်သော။ ဒူတော၊ တမန်တည်း။ ရညော စ၊ ကျီးမင်းသည်လည်း။ ပဟိတော၊ စေအပ်သောသူသည်။ အမှိ၊ ဖြစ်၏။ တသ္မာ၊ ထိုကြောင့်။ ဣဓ၊ ဤအရပ်သို့။ အာဂတော၊ လာ၏။ ဘတ္တု၊ အရှင်ကျီးမင်းအား။ အပစိတိံ၊ ပူဇော်ခြင်းကို။ ကုမ္မိ-ကရောမိ၊ ပြုပေ၏။ နာသာယ၊ စဖိုသည်၏ နှာခေါင်း၌။ ဝဏံ၊ အနာကို။ အကရံ၊ ပြု၏။

ယခု ရှင်မင်းကြီးသည် အကြင်ဒဏ်ကို ပြုလို၏။ ထိုဒဏ်ကို ပြုကုန်လောဟူ၍ ဆို၏။ မင်းသည် ထိုစစ်သူကြီး၏စကားကို ကြား၍ လူဖြစ်ကုန်သော ငါတို့သည် ကြီးစွာသော စည်း စိမ်ကို ပေးကုန်လျှက်လည်း ငါတို့အား ချစ်စိမ့်သောငှာ မတတ်နိုင်ကုန်၊ ရွာအစရှိသည်တို့ကို ပေးကုန်လျှက်လည်း ငါတို့အား အသက်ကိုပေးသောသူကို မရကုန်၊ ဤသူမူကား ကျီးဖြစ်လျှက် မိမိအသက်ကို ကျီးမင်းအား စွန့်၏။ အလွန်လျှင် သူတော်ကောင်း ဖြစ်၏။ သာယာသော အသံရှိ၏။ တရားဟောတတ်၏ဟု ဂုဏ်ကျေးဇူး၌ ကြည်ညို၍ ထိုစစ်သူကြီးကို ထီးဖြူဖြင့်ပူ၏။ ကျီးစစ်သူကြီးသည် မိမိရသောထီးဖြူဖြင့် မင်းကို တဖန်ပူဇော်၍ ဘုရားလောင်း၏ ကျေးဇူးတို့ကို ဆို၏။ မင်းသည် ဘုရားလောင်းကို ခေါ်စေ၍ တရားနာ၍ နှစ်ပါးကုန်သော ကျီးစစ်သူကြီး ကျီးမင်းတို့အားလည်း မိမိစားသောနည်းဖြင့် ထမင်းအစာကို မပြတ်ပေး၏။ ကြွင်းသောကျီးတို့အား နေ့တိုင်း တအမ္ဗဏချက် ထမင်းကို ပေး၏။ မိမိသည်လည်း ဘုရားလောင်း၏ အဆုံးအမ၌တည်၍ ခပ်သိမ်း သော သတ္တဝါတို့အား ဘေးမဲ့ပေး၍ ပဉ္စသီလတို့ကို စောင့်၏။ သုပတ္တကျီးမင်း၏ အဆုံးအမသည်ကား အနှစ်ခုနစ်ရာ တည်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ သုမုခမည်သော ကျီးစစ်သူကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ သုဖဿာမည်သော ကျီးမိဖုယား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သုပတ္တကျီးမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သက်စွန့်ကြိုးပမ်း၊ မှုတော်ထမ်း၊ ခွင့်လမ်း မျိုးဆွေသာ

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သုပတ္တဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ကုမ္ဘဝဂ်

၃။ ကာယနိဗ္ဗိန္ဒဇာတ်

ရွံဘွယ်ကိုယ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဖုဋ္ဌဿ မေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာယနိဗ္ဗိန္ဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသောယောကျ်ားကို အကြောင်း ပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တယောက်သော ယောက်ျားသည် ဖျော့တော့သော ရောဂါ နှိပ်စက်အပ်သည်ဖြစ်၍ ဆေးသွားတို့သည်လည်း ပယ်အပ်သည် ဖြစ်၍ မယားသည်လည်း လုပ်ကျွေးအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ ငါသည် ရောဂါမှ လွတ်သည်ရှိသော် ရဟန်းပြုအံ့ဟု ကြံ၏။ ထိုယောက်ျားသည် နှစ်ရက် သုံးရက်ဖြင့်သာလျှင် တစုံတခု လျောက်ပတ်သင့်တင့်သော ဆေးကိုရ၍ ရောဂါကင်း၍ ဇေတဝန် ကျောင်းတော်သို့သွား၍ သဗ္ဗညူ မြတ်စွာဘုရားကို ရဟန်းအဖြစ်ကို တောင်း ပန်၍ ဘုရားအထံတော်၌ သာမဏေအဖြစ် ပဉ္စင်းအဖြစ်ကိုရ၍ မကြာမြင့်မီပင်လျှင် ရဟန္တာအဖြစ်သို့ ရောက်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤမည်သောသူသည် ဖြေတော့သော အနာစွဲ၍ ဤရောဂါမှ ထ မြောက်လတ်သော် ရဟန်းပြုအံ့ဟု ကြံ၍ ရဟန်းပြု၍ ရဟန္တာအဖြစ်သို့ ရောက်၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤသူသည်သာလျှင်ရောဂါမှ ထ၍ ရဟန်းပြု၍ မိမိစီးပွားကို ပြုသည်မဟုတ်သေး၊ ရှေး၌ ပညာရှိတို့သည်လည်း ဤအတူသာလျှင် ရောဂါမှထ၍ ရဟန်းပြု၍ မိမိစီးပွားကို ပြုဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ ဥစ္စာကိုဖြစ်စေ၍ နေလတ်သော် ဖျော့တော့သောအနာစွဲ၍ ဆေးသ္မားတို့သည်လည်း ကုအံ့သောငှါ မတတ်နိုင်ကုန်၊ သားမယားသည်လည်း နှလုံးမသာယာရှိ၏။ ထိုဘုရားလောင်းသည် ဤရောဂါမှ ထမြောက်လတ်သည်ရှိသော် ရဟန်းပြုအံ့ဟု ကြံ၍ တစုံတခုလျှင်ဖြစ်သော သင့်တင့်လျောက်ပတ်သော ဆေးကိုရ၍ ရောဂါကင်း၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဈာန်ချမ်းသာဖြင့်နေလျက် ဤမျှလောက်သော ကာလပတ်လုံး ဤသို့သဘောရှိသော ဈာန်ချမ်းသာမည်သည်ကို မရစဘူး ရပေပြီဟု ဥဒါန်းကျူးလိုရကား-

၁၂၇။ ဖုဋ္ဌဿ မေ အညတရေန ဗျာဓိနာ၊
ရောဂေန ဗာဠှံ ဒုခိတဿ ရုပ္ပတော။
ပရိသုဿတိ ခိပ္ပမိဒံ ကဠေဝရံ၊
ပုပ္ဖံ ယထာ ပံသုမှိ အာတပေ ကတံ။
၁၂၈။ အဇညံ ဇညသင်္ခါတံ၊ အသုစိံ သုစိသမ္မတံ။
နာနာကုဏပပရိပူရံ၊ ဇညရူပံ အပဿတော။
၁၂၉။ ဓိရတ္ထုမံ အာတုရံ ပူတိကာယံ၊
ဇေဂုစ္ဆိယံ အဿုစိ ဗျာဓိဓမ္မံ။
ယတ္ထပ္ပမတ္တာ အဓိမုစ္ဆိတာ ပဇာ၊
ဟာပေန္တိ မဂ္ဂံ သုဂတူပပတ္တိယာ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၁၂၇။ အညတရေန၊ ကိုးဆယ့်ရှစ်ပါးသော ရောဂါတို့တွင် တပါးဖြစ်ထသော။ ဗျာဓိနာ၊ နှိပ်စက်တတ်သော။ ရောဂေန၊ ရောဂါသည်။ ဗာဠှံ၊ ပြင်းစွာ။ ဖုဋ္ဌဿ၊ နှိပ်စက်အပ်သည်ဖြစ်၍။ ဒုခိတဿ၊ ဆင်းရဲထသော။ ရုပ္ပတော၊ စွန့်အပ်သော။ မေ၊ ငါ၏။ ဣဒံ ကဠေဝရံ၊ ဤအကောင်သည်။ အာတပေ၊ ပူသော။ ပံသုနိ၊ သဲပြင်၌။ ကတံ၊ ပစ်ချအပ်သော။ ပုပ္ဖံ ယထာ၊ သိမ်မွေ့စွာသော ပန်းကဲ့သို့။ ခိပ္ပံ၊ လျင်စွာ။ ပရိသုဿတိ၊ ခြောက်ကပ်၏။

၁၂၈။ ကဠေဝရံ၊ အကောင်သည်။ အဇညံ၊ နှစ်သက်ဘွယ်မရှိ။ ဇညသင်္ခါတံ၊ သူမိုက်တို့သည် နှစ်သက်ဘွယ် ရှိ၏ဟု သမုတ်အပ်၏။ အသုစိံ၊ မစင်ကြယ် ရွံရှာဘွယ်ဖြစ်လျှက်။ သုစိသမ္မတံ၊ သူမိုက်တို့သည် စင်ကြယ်၏ဟု သမုတ်အပ်၏။ နာနာကုဏပပရိပူရံ၊ အထူးထူးသော အပုပ်တို့ဖြင့် ပြည့်၏။ အပဿတော၊ မမြင်သော ပုထုဇဉ် သူမိုက်အား။ ဇညရူပံ၊ နှစ်သက်ဘွယ်သော သဘောရှိ၏။

၁၂၉။ ယတ္ထ၊ အကြင်အကောင်ပုပ်၌။ ပဇာ၊ သတ္တဝါတို့သည်။ ပမတ္တာ၊ မေ့လျော့ကုန်သည်ဖြစ်၍။ အဓိမုစ္ဆိတာ၊ အလွန်တပ် စွန်းကုန်သည်ဖြစ်၍။ သုဂတူပပတ္တိယာ၊ သုဂတိ၌ ဖြစ်ခြင်း၏။ မဂ္ဂံ၊ အကြောင်းကို။ ဟာပေန္တိ၊ ယုတ်စေကုန်၏။ အာတုရံ၊ ကျင်နာထသော။ ဇေဂုစ္ဆိယံ၊ စက်ဆုပ်ဘွယ်ရှိထသော။ အသုစိံ၊ မစင်ကြယ်ထသော။ ဗျာဓိဓမ္မံ၊ ဖျားနာတတ်သော သဘော ရှိထသော။ ဣမံ ပူတိကာယံ၊ ဤကိုယ်ကောင်ပုပ်ကို။ ဓိရတ္ထု၊ စက်ဆုပ်စွ။

ဤသို့ ဘုရားလောင်းသည် ကိုယ်၌ အထူးထူး အပြားပြားအားဖြင့် မစင်ကြယ်သည်၏ အဖြစ်ကို၎င်း အမြဲ နာ သည်၏အဖြစ်ကို၎င်း ဆင်ခြင်လျှက် ငြီးငွေ့၍ အသက် ထက်ဆုံး လေးပါးကုန်သော ဗြဟ္မဝိဟာရတို့ကိုပွားစေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ များစွာကုန်သော ပုထုဇဉ်တို့သည် သောတာပတ္တိဖိုလ် အစရှိသည်တို့ကိုကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်၏။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အနာဗျာဓိ၊ ဆင်ခြင်ဘိ၊ မိမိကောင်းကျိုးကြံ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ကာယနိဗ္ဗိန္ဒဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ကုမ္ဘဝဂ်

၄။ ဇမ္ဗုခါဒကဇာတ်

ကျီး နှင့် မြေခွေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကောယံ ဗိန္ဒုဿရော ဝဂ္ဂု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဇမ္ဗုခါဒကဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ် ကောလိကတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအခါ ဒေဝဒတ်အား လာဘသက္ကာရ ဆုတ်ယုတ်သည်ရှိသော် ကောကာလိကသည် ဒါယကာတို့သို့ ဆည်းကပ်၍ ဒါယကာတို့ ဒေဝဒတ်မည်သော မထေရ်သည် မဟာသမ္မတမင်း၏ အစဉ်အဆက် ဩက္ကာကရာဇ်မင်းမျိုး၌ ဖြစ်၏။ မရောရှက်သော မင်းမျိုး၌ကြီး၏။ ပိဋကတ်သုံးပုံကို ဆောင်၏။ ဈာန်ကို ရ၏။ သာယာစွာသော အသံရှိ၏။ တရား ဟောတတ်၏။ ဒေဝဒတ်အား လှူဒါန်းကြကုန်လော့ဟု ဒေဝဒတ်၏ ကျေးဇူးကို ပြောဆို၏။ ဒေဝဒတ်သည်လည်း ကောကာလိက မထေရ်သည် ဥဒိစ္စပုဏ္ဏားမျိုးမှ တောထွက်၍ ရဟန်းပြုသော သူတည်း၊ ဗဟုသုတရှိ၏။ တရားဟောတတ်၏။ ကောကာလိက မထေရ်အား လှူဒါန်းကြကုန်လော့ဟု ကောကာလိက၏ ကျေးဇူးကို ဆို၏။ ဤသို့ ဒေဝဒတ် ကောကာလိကတို့သည် အချင်းချင်း ကျေးဇူးကိုဆို၍ ဒါယကာတို့၏အိမ်တို့၌ စားကုန်လျက် လှည့်လည်ကုန်၏။ ထိုအခါ တနေ့သ၌ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဒေဝဒတ် ကောကာကာလိကတို့သည် အချင်းချင်း မဟုတ်မမှန်သော ကျေးဇူးစကားကို ဆိုကုန်၍ စားကုန်လျှက် လှည့်လည်ကုန်၏ဟု စကားကို ဖြစ်စေကုန်၏ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုဒေဝဒတ် ကောကာလိကတို့သည် အချင်းချင်း မဟုတ်မမှန်သော ကျေးဇူးကိုဆို၍ စားကုန်သည်မဟုတ်သေး၊ ရှေး၌လည်း စားဘူးကုန်သလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မထင်ရှားသော သပြေတောအုပ်၌ ရုက္ခစိုဝ်းနတ် ဖြစ်၏။ ထိုတောအုပ်၌ တခုသော ကျီးသည် သပြေခက်၌နားလျှက် သပြေသီးမှည့်တို့ကို စား၏။ ထိုအခါ တခုသော မြေခွေးသည် လာလတ်၍ အထက်သို့ ကြည့်လတ်သော် ကျီးကိုမြင်၍ ငါသည် ထိုကျီးအား မဟုတ်မမှန်သော ကျေးဇူးစကားကိုဆိုရသော် သပြေသီးတို့ကို စားရအံ့ဟု ထိုကျီး၏ကျေးဇူးကို ဆိုလိုရကား-

၁၃၀။ ကောယံ ဗိန္ဒုဿရော ဝဂ္ဂု၊ သရဝန္တာန မုတ္တမော။
အစ္စုတော ဇမ္ဗုသာခါယ၊ မောရစ္ဆာပေါဝ ကူဇတိ။

ဟူသော ဂါထာကို ဆို၏။

၁၃၀။ အယံ၊ ဤငှက်သည်။ ဗိန္ဒုဿရော၊ လုံးသောအသံရှိ၏။ ဝဂ္ဂု၊ သာယာသော အသံရှိ၏။ သရဝန္တာနံ၊ အသံနှင့်ပြည့်စုံကုန်သော ငှက်တို့ထက်။ ဥတ္တမော၊ မြတ်၏။ အစ္စုတော၊ ရွေ့လျောခြင်း မရှိ။ ဇမ္ဗုသာခါယ၊ သပြေခက်၌။ မောရစ္ဆာပေါဝ၊ ဥဒေါင်းငယ်ကဲ့သို့။ ကူဇတိ၊ တွန်၏။ ကော၊ အဘယ်ငှက်နည်း။

ထိုအခါ မြေခွေးကို ကျီးသည် ချီးမွမ်းတုံ့ ချီးမွမ်းလိုရကား-

၁၃၁။ ကုလပုတ္တော ပဇာနာတိ၊ ကုလပုတ္တံ ပသံသိတုံ။
ဗျဂ္ဃစ္ဆာပသရီဝဏ္ဏ၊ ဘုဉ္စ သမ္မ ဒဒမီ တေ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၃၁။ ကုလပုတ္တော၊ အမျိုးကောင်းသားသည်။ ကုလပုတ္တံ၊ အမျိုးကောင်းသားကို။ ပသံသိတုံ၊ ချီးမွမ်းအံ့သောငှါ။ ပဇာနာတိ၊ သိ၏။ ဗျဂ္ဃစ္ဆာပသရီဝဏ္ဏ၊ ကျားငယ်နှင့်တူသော ကိုယ်ရှိသော။ သမ္မ၊ အဆွေမြေခွေး။ တေ၊ သင့်အား။ အဟံ၊ ငါသည်။ ဒဒါမိ၊ ပေး၏။ တွံ၊ သင်သည်။ ဘုဉ္စ၊ စားလော့။

ဤသို့ဆို၍ သပြေခက်ကိုလှုပ်၍ သပြေသီးတို့ကို ကျစေ၏။ ထိုအခါ ထိုသပြေပင်၌ နေသောနတ်သည် မဟုတ်မမှန်သော ဂုဏ်ကျေးဇူးကိုဆို၍ သပြေသီးတို့ကိုစားကုန်သော မြေခွေးနှင့် ကျီးတို့ကို မြင်၍-

၁၃၂။ စိရဿံ ဝတ ပဿာမိ၊ မုသာဝါဒီ သမာဂတေ။
ဝန္တာဒံ ကုဏပါဒဉ္စ၊ အညမညံ ပသံသကေ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၃၂။ မုသာဝါဒီ၊ မဟုတ်မမှန်သော စကားကို ဆိုလေ့ရှိကုန်သော။ သမာဂတေ၊ ဆိုင်မိကြကုန်သော။ ဝန္တာဒဉ္စ၊ အန်ဖတ်စား ကျီးလည်းဖြစ်သော။ ကုဏပါဒဉ္စ၊ အကောင်ပုပ်စား ခွေးလည်းဖြစ်သော။ အညမညံ၊ အချင်းချင်း။ ပသံသကေ၊ ချီးမွှမ်းကုန်သော သတ္တဝါတို့ကို။ စိရဿံ၊ ရှည်မြင့်မှ။ ဝတ၊ စင်စစ်။ ပဿာမိ၊ မြင်ရ၏။

ဤဂါထာကို ဆို၍ ထိုနတ်သားသည် ကြောက်မက်ဘွယ်သော အဆင်းကိုပြ၍ ထိုမြေခွေး, ကျီးတို့ကို သပြေပင်မှ ပြေးစေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မြေခွေးဖြစ်ဘူးပြီ၊ ယခုအခါကောကာလိကသည် ထိုအခါ ကျီးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဂုဏ်ရည်မဲ့ချင်း၊ အကဲသွင်း၊ ကြားပြင်း လူတိုင်းကပ်

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဇမ္ဗုခါဒက ဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ကုမ္ဘဝဂ်

၅။ အန္တဇာတ်

ဂုဏ်မဲ့ချင်း ဂုဏ်တင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သောသဗ္ဗညူမြတ်စွာဘုရားသည် ဥသဘဿေဝ တေ ခန္ဓော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအန္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ထိုဒေဝဒတ် ကာလိကတို့ကိုသာလျှင် အကြောင်း ပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည် ရှေးဝတ္ထုနှင့် တူသည်သာလျှင်ကတည်း။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသောရွာ၏ ဥပစာ၌ ကြက်ဆူပင်စောင့်နတ် ဖြစ်၏။ ထိုအခါ တခုသောရွာ၌ သေသောနွားကို ငင်ထုတ်၍ ရွာတံခါး ကြက်ဆူတော၌ စွန့်ကုန်၏။ တခုသော မြေခွေးသည် လာလတ်၍ ထိုနွားအို၏အသားကို စား၏။ တခုသောကျီးသည် လာလတ်၍ ကြက်ဆူပင်၌ နားလတ်သည်ရှိသော် ထိုမြေခွေးကိုမြင်၍ မြေခွေးအား မဟုတ်မမှန်သော ကျေးဇူးကိုဆိုသော် အမဲကို စားရရာ၏ဟု ကြံ၍-

၁၃၃။ ဥသဘဿေဝ တေ ခန္ဓော၊ သီဟဿေဝ ဝိဇမ္ဘိတံ။
မိဂရာဇ နမောတျတ္ထု၊ အပိကဉ္စိ လဘာမသေ။

ဟူသော ဤဂါထာကို ဆို၏။

၁၃၃။ မိဂရာဇ၊ သားမင်း။ တေ၊ သင်၏။ ခန္ဓော၊ ပခုံးသည်။ ဥသဘဿ၊ နွားလားဥသဘ၏။ ခန္ဓော ဣဝ၊ ပခုံးကဲ့သို့။ ဟောတိ၊ ဖြစ်၏။ တေ၊ သင်၏။ ဝိဇမ္ဘိတံ၊ ကိုယ်၏ တင့်တယ်ခြင်းသည်။ သီဟဿ၊ ခြင်္သေ့၏။ ဝိဇမ္ဘိတံ ဣဝ၊ တင့်တယ်ခြင်းကဲ့သို့။ ဟောတိ၊ ဖြစ်၏။ တေ၊ သင့်အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ အပိကိဉ္စိ၊ စိုးစဉ်းအကြွင်းဖြစ်သော အမဲကိုလည်း။ မယံ၊ ငါတို့သည်။ လဘာမသေ၊ ရလိုကုန်၏။

ထိုစကားကို ကြား၍ မြေခွေးသည် -

၁၃၄။ ကုလပုတ္တော ပဇာနာတိ၊ ကုလပုတ္တံ ပသံသိတုံ။
မယူရဂီဝသင်္ကာသ၊ ဣတော ပရိယာဟိ ဝါယသ။

ဟူသော ဂါထာကို ဆို၏။

၁၃၄။ ကုလပုတ္တော၊ အမျိုးကောင်းသားသည်။ ကုလပုတ္တံ၊ အမျိုးကောင်းသားကို။ ပသံသိတုံ၊ ချီးမွမ်းအံ့သောငှါ။ ပဇာနာတိ၊ သိ၏။ မယူရဂီဝသင်္ကာသ၊ ဥဒေါင်း၏ လည်နှင့်တူသော အဆင်းရှိသော။ ဝါယသ၊ ကျီး။ တွံ၊ သင်သည်။ ဣတော၊ ဤအရပ်သို့။ ပရိယာဟိ၊ လာလော့။

ထိုကျီးနှင့် မြေခွေးတို့၏ အမူအရာကို မြင်၍ ရုက္ခစိုဝ်းနတ်သည်-

၁၃၅။ မိဂါနံ သိင်္ဂါလော အန္တော၊ ပက္ခီနံ ပန ဝါယသော။
ဧရဏ္ဍော အန္တော ရုက္ခာနံ၊ တယော အန္တာ သမာဂတာ။

ဟူသော ဤဂါထာကို ဆို၏-

၁၃၅။ မိဂါနံ၊ သားတို့တွင်။ သိင်္ဂါလော၊ မြေခွေးသည်။ အန္တော၊ ယုတ်မာ၏။ ပက္ခီနံ ပန၊ ငှက်တို့တွင်ကား။ ဝါယသော၊ ကျီးသည်။ အန္တော၊ ယုတ်မာ၏။ ရုက္ခာနံ၊ သစ်ပင်တို့တွင်။ ဧရဏ္ဍော၊ ကြက်ဆူပင်သည်။ အန္တော၊ ယုတ်မာ၏။ တယော၊ သုံးခုကုန်သော။ အန္တာ၊ အယုတ်တို့သည်။ သမာဂတာ၊ ပေါင်းဆုံမိကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မြေခွေး ဖြစ်ဘူးပြီ၊ ယခုအခါ ကောကာလိကသည် ထိုအခါ ကျီး ဖြစ်ဘူးပြီ၊ ယခုအခါငါဘုရားသည်သာလျှင် ထိုအခါ ကြက်ဆူပင်စောင့် ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မရှိဂုဏ်ပုဒ်၊ ထင်တိုင်းထုတ်၊ အဟုတ် လူတိုင်းမုန်း

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော အန္တဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ကုမ္ဘဝဂ်

၆။ သမုဒ္ဒဇာတ်

သမုဒ္ဒရာရေ ချွေတာသုံး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည်ကော နာယံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသမုဒ္ဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဥပနန္ဒမထေရ်ကို အကြောင်းပြ၍ ဟောတော်မူ၏။ ဥပနန္ဒမထေရ်သည် အစားကြီး၏။ လောဘကြီး၏။ လှည်းတို့၌ ပြည့်ကုန်သော ပစ္စည်းတို့ဖြင့် ရောင့်ရဲစေခြင်းငှါ မတတ်ကောင်း၊ ဝါဆိုသော ကာလ၌ ကျောင်းနှစ်ကျောင်း သုံးကျောင်းတို့၌ ဝါကပ်၍ တခုသောကျောင်း၌ ဘိနပ်ကိုထား၏။ တခုသောကျောင်း၌ တောင်ဝှေးကိုထား၏။ တခုသောကျောင်း၌ ရေဗူးကိုထား၏။ တခုသောကျောင်း၌ မိမိနေ၏။ ဇနပုဒ်ကျောင်းသို့သွား၍ ကောင်းမြတ်သော ပရိက္ခရာရှိကုန်သော ရဟန်းတို့ကိုမြင်၍ အရိယဝံသတရားကိုဟော၍ ထိုရဟန်းတို့ကို ပံသုကူသင်္ကန်းတို့ကို ဆောင်စေ၍ ထိုရဟန်းတို့၏သင်္ကန်းကိုယူ၍ မြေသပိတ်တို့ကို ဆောင်စေ၍ ထိုရဟန်းတို့၏ နှစ်သက်ဘွယ်ရှိသော သပိတ်ခွက်တို့ကို ယူ၍ လှည်းကို ပြည့်စေ၍ ဇေတဝန်ကျောင်းတော်သို့ လာ၏။ ထိုအခါတနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ သာကီဝင်မင်းသား ဥပနန္ဒသည် အစားကြီး၏။ လောဘရမ္မက်ကြီး၏။ တပါးသော ရဟန်းတို့အား ကျင့်ဝတ်ကိုဟော၍ ရဟန်းတို့၏ ပရိက္ခရာဖြင့် လှည်းကိုပြည့်စေ၍ လာ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်း ဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဥပနန္ဒသည် တပါးကုန်သော ရဟန်းတို့အား အရိယဝံသတရားစကားကို ဟောသဖြင့် မသင့်မလျော်သည်ကိုပြု၏။ ရှေးဦးစွာ မိမိသည် အလိုနည်းသည်ဖြစ်၍ နောက်မှ သူတပါးတို့အား အရိယဝံသကို ဟာသင့်၏ဟု-

အတ္တာနမေဝ ပဌမံ၊ ပတိရူပေ နိဝေသယေ။
အထညမနုသာသေယျ၊ န ကိလိဿေယျ ပဏ္ဍိတော။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

ပဌမံ၊ ရှေးဦးစွာ။ ပဏ္ဍိတော၊ ပညာရှိသည်။ အတ္တာနမေဝ၊ မိမိကိုယ်ကိုသာလျှင်။ ပတိရူပေ၊ လျောက်ပတ်သော တရား၌။ နိဝေသယေ၊ တည်စေရာ၏။ အထ-ပစ္ဆာ၊ ထို နောက်မှ။ အညံ၊ သူတပါးကို။ အနုသာသေယျ၊ ဆုံးမရာ၏။ န ကိလိဿေယျ၊ မပင်ပန်းစေရာသလျှင်ကတည်း။

ဓမ္မပဒ၌လာသော ဤဂါထာကို ပြတော်မူ၍ ဥပနန္ဒကို ကဲ့ရဲ့တော်မူ၍ ရဟန်းတို့ ဥပနန္ဒသည် ယခုအခါ၌သာလျှင် အလိုကြီးသည် မဟုတ်သေး၊ ရှေး၌လည်း မဟာသမုဒ္ဒရာရေကိုလည်း စောင့်ရှောက်အပ်၏ဟု ထင်မှတ်ဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သမုဒ္ဒရာစောင့်နတ် ဖြစ်၏။ ထိုအခါ တခုသော သမုဒ္ဒရာနား၌နေသော ကျီးသည် သမုဒ္ဒရာ၏ အထက်အဘို့၌ သွားလတ်သည်ရှိသော် သမုဒ္ဒရာရေကို အတိုင်းအရှည်အားဖြင့် သောက်ကြကုန်၊ စောင့်ရှောက်သဖြင့် သောက်ကြကုန်ဟု ငါးအပေါင်း ငှက်အပေါင်းတို့ကို မြစ်လျက် သွား၏။ ထိုကျီးကိုမြင်၍ သမုဒ္ဒရာစောင့်နတ်သည်-

၁၃၆။ ကောနာယံ လောဏတောယသ္မိံ၊ သမန္တာ ပရိဓာဝတိ။
မစ္ဆေ မကရေ စ ဝါရေတိ၊ ဦမီသု စ ဝိဟညတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၃၆။ အယံ၊ ဤငှက်သည်။ လောဏတောယသ္မိံ၊ သမုဒ္ဒရာရေ၌။ သမန္တာ၊ ထက်ဝန်းကျင်မှ။ ပရိဓာဝတိ၊ ပြေး၏။ မစ္ဆေ စ၊ ငါးတို့ကို၎င်း။ မကရေ စ၊ မကတို့ကို၎င်း။ ဝါရေတိ၊ မြစ်၏။ ဦမီသု စ၊ လှိုင်းတံပိုးတို့၌လည်း။ ဝိဟညတိ၊ ပင်ပန်း၏။ ကော နု၊ အဘယ်ငှက်နည်း။

ထိုစကားကိုကြား၍ သမုဒ္ဒရာအနီး၌ နေသော ကျီးသည်-

၁၃၇။ အနန္တပါယီ သကုဏော၊ အတိတ္တောတိ ဒိသာသုတော။
သမုဒံ ပါတုမိစ္ဆာမိ၊ သာဂရံ သရိတံ ပတိံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၃၇။ အဟံ၊ ငါသည်။ အတိတ္တာတိ၊ မရောင့်ရဲသော ငှက်ဟူ၍။ ဒိသာသုတော၊ အရပ်မျက်နှာတို့၌ ထင်ရှားသော။ အနန္တပါယီ၊ အဆုံးမရှိသော သမုဒ္ဒရာရေကို သောက်သော။ သကုဏော၊ ငှက်တည်း။ အဟံ၊ ငါသည်။ သာဂရံ၊ ကောင်းမြတ်သော ရတနာတို့၏ တည်ရာဖြစ်သော။ သရိတံ ပတိံ၊ မြစ်တို့၏အကြီးဖြစ်သော။ သမုဒ္ဒံ၊ သမုဒ္ဒရာရေကို။ ပါတုံ၊ သောက်ခြင်းငှာ။ ဣစ္ဆာမိ၊ အလိုရှိ၏။

ထိုစကားကိုကြား၍ သမုဒ္ဒရာစောင့်နတ်သည်-

၁၃၈။ သော အယံ ဟာယတိ စေဝ၊ ပူရတေ စ မဟောဒဓိ။
နဿ နာယတိ ပီတန္တော၊ အပေယျော ကိရ သာဂရော။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၃၈။ သော အယံ မဟောဒဓိ၊ ထိုသမုဒ္ဒရာသည်။ ဟာယတိ စေဝ၊ ယုတ်လည်း ယုတ်၏။ ပူရတေ စ၊ ပြည့်လည်းပြည့်၏။ အဿ၊ ထိုသမုဒ္ဒရာ၏။ နံ၊ ထိုရေကို။ သကလလောကော၊ အလုံးစုံသော လူအပေါင်းသည်။ သစေ ပိဝေယျ၊ အကယ်၍ သောက်ငြားအံ့။ တထာပိ၊ ထိုသို့ပင် သောက်သော်လည်း။ ဣတော၊ ဤသမုဒ္ဒရာမှ။ ဧတ္တကံ နာမ ဥဒကံ၊ ဤမျှသောရေကို။ ပီတံ၊ သောက်အပ်ပြီဟု။ အန္တော၊ အဆုံးသည်။ န နာယတိ၊ မထင်။ သာဂရော၊ သမုဒ္ဒရာသည်။ အပေယျော ကိရ၊ တစုံတယောက်သောသူသည် ရေကိုကုန်စေ၍ သောက်ခြင်းငှာ မတတ်ကောင်းသတတ်။

ဤစကားကိုဆို၍ ထိုနတ်သည် ကြောက်မက်ဘွယ်သော အဆင်းကို ပြ၍ သမုဒ္ဒရာ၏အနီး၌နေသော ကျီးကို ပြေးစေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဥပနန္ဒသည် ထိုအခါ သမုဒ္ဒရာ၏အနီး၌ ကျီးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သမုဒ္ဒရာစောင့်နတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သူများကိုယ်က၊ ကျင့်ပုံပြ၊ ကိုယ်က ထင်ရာလုပ်

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော သမုဒ္ဒဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ကုမ္ဘဝဂ်

၇။ ကာမဝိလာပဇာတ်

ကာမပူ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဥစ္ဆေ သကုဏ ချေမာန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာမဝိလာပဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မယားဟောင်း ဖျားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုကို ပုပ္ဖရတ္တဇာတ်၌ ဆိုအပ်ပြီ၊ အတိတ်ဝတ္ထုသည်ကား အဋ္ဌကနိပါတ် ခုနစ်ခုမြောက် ဣန္ဒြိယဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... ထိုယောက်ျားကိုကား အသက်ရှင်စဉ်လျှင် တံကျင်၌ လျှိုကုန်၏။ ထိုယောက်ျားသည် ထိုတံကျင်၌ နေလျက် ကောင်းကင်ဖြင့် လာသော တခုသော ကျီးကိုမြင်၍ ပြင်းထန်စွာသော ဝေဒနာကိုလည်း မရေတွက်မူ၍ ချစ်စွာသော ယမယားသို့ သတင်းစကားကို ပို့စိမ့်သောငှါ ခေါ်လျက်-

၁၃၉။ ဥစ္စေ သကုဏ ဍေမာန၊ ပတ္တယာန ဝိဟင်္ဂမ။
ဝဇ္ဇာသိ ခေါ တွံ ဝါမူရုံ၊ စိရံ ခေါသာ ကရိဿတိ။
၁၄၀။ ဣဒံ ခေါသာ န ဇာနာတိ၊ အသိံ သတ္တိဉ္စ ဩဍ္ဍိတံ။
သာ စဏ္ဍီ ကာဟတိ ကောဓံ၊ တံ မေ တပတိ နော ဣဒံ။
၁၄၁။ ဧသာ ဥပ္ပလသန္နာဟော၊ နိက္ခဉ္စုဿီသကောဟိတံ။
ကာသိကဉ္စ မုဒုံ ဝတ္ထံ၊ တပွေတု ဓနိကာ ပိယာ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၃၉။ ဥစ္ဆေ၊ မြင့်သော ကောင်းကင်၌။ ဍေမာန၊ ပျံသွားတတ်သော။ ဝိဟင်္ဂမ၊ ကောင်းကင်ပြင်၌ ပျံသွားတတ်သော။ ပတ္တယာန၊ အတောင်ဟူသော ယာဉ်ရှိသော။ သကုဏ၊ အိုကျီး။ တွံ၊ သင်သည်။ ဝါမူရုံ၊ ငှက်ပျောတုံးနှင့်တူသော ပေါင်ရှိသော ငါ၏မိန်းမကို။ ဝဇ္ဇာသိ ခေါ၊ ပြောဆိုပါလေလော့။ သာ၊ ထိုငါ၏ မိန်းမသည်။ စိရံ ခေါ၊ ကြာလေစွဟု။ ကရိသတိ၊ ကြံအောက်လတ္တံ့။

၁၄၀။ ဩဍ္ဍိတံ၊ လျှိုခြင်းငှာ ထောင်အပ်သော။ အသိံ စ၊ သန် လျက်နှင့် တူသည်လည်းဖြစ်သော။ သတ္တိံ စ၊ လှံမနှင့်တူသည်လည်းဖြစ်သော။ ဣဒံ ခေါ၊ ဤတံကျင်ကိုလျှင်။ သာ၊ ထိုမယားသည်။ န ဇာနာတိ၊ မသိရှာလေ။ သာ၊ ထိုမိန်းမသည်။ အတိစိရာယတီတိ၊ အလွန်ကြာလေစွဟူ၍။ မယိ၊ ငါ၌။ စဏ္ဍီ၊ ကြမ်းသောသဘောရှိသော ကောဓံ၊ အမျက်ကို။ ကာဟတိ၊ ပြုလတ္တံ့။ တံ၊ ထိုမိန်းမ၏ အမျက်ထွက်ခြင်းသည်။ မံ၊ ငါ့ကို။ တပတိ၊ ပူပန်စေ၏။ ဣဒံ၊ ဤတံကျင်သည်။ နော တပတိ၊ မပူပန်စေ။

၁၄၁။ ဥပ္ပလသန္နာဟော၊ ကြာနှင့်တူသော တန်ဆာချပ်ကို၎င်း။ နိက္ခဉ္စ၊ ငါးသုဝဏ်အတိုင်းအရှည်ရှိသော ရွှေဖြင့်ဝယ်အပ်သော လက်စွပ်ကို၎င်း။ ကာသိကံ၊ ကာသိတိုင်း၌ ဖြစ်သော။ မုဒုံ၊ နူးညံ့သော။ ဝတ္ထံဉ္စ၊ ပုဆိုးအစုံကို၎င်း။ ဧတ္တကံ၊ ဤမျှသော ဥစ္စာကို။ ဥဿီသကေ၊ ဦးခေါင်းရင်း၌။ ဩဟိတံ၊ ထားအပ်၏။ တံ၊ ထိုဥစ္စာစုကို။ ဓနိကာ၊ ဥစ္စာဖြင့်အလိုရှိသော။ ဧသော ပိယာ၊ ထိုမယားသည်။ ဂဟေတွာ၊ ယူ၍။ တပ္ပေတု၊ ရောင့်ရဲစေသတည်း။

ဤသို့ ထိုယောက်ျားသည် ငိုကြွေးမြည်တမ်းလျှက် သေ၍ ငရဲ၌ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သောရဟန်းသည်သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ မယားသည်သာလျှင် ထိုအခါ မယား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အကြောင်းကို မြင်သောနတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကာမအပူ၊ လောင်မြိုက်မူ၊ ထိုသူပန်းလှသည်

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကာမဝိလာပဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ကုမ္ဘဝဂ်

၈။ ဥဒုမ္ဗရဇာတ်

နေရာဂူလုမျောက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တက္ခသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘရားသည် ဥဒုမ္ဗရာ စိမေ ပက္ကာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဥဒုမ္ဗရဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းသည် ပစ္စန္တရစ်ရွာငယ်၌ ကျောင်းဆောက်၍ နေ၏။ ကျောင်းသည် မွေ့လျော်ဘွယ်ရှိ၏။ ကျောက်ဖျာရင်း၌ တည်၏။ တံမျက်လှည်းရာအရပ် နည်း၏။ ရေဖြင့် ချမ်းသာ၏။ ဆွမ်းခံရွာ မနီးလွန်း မဝေးလွန်းရှိ၏။ လူတို့ ချစ်မြတ်နိုးကုန်လျက် ဆွမ်းကိုလှူကုန်၏။ ထိုအခါ တပါးသော ရဟန်းသည် ဒေသစာရီ သွားလတ်သော် ထိုကျောင်းသို့ ရောက်၏။ ကျောင်းနေရဟန်းသည် ထိုရဟန်းအား အာဂန္တုကဝတ်ကိုပြု၍ နက်ဖြန် အာဂန္တုကရဟန်းကိုခေါ်၍ ရွာသို့ဆွမ်းခံဝင်၏။ လူတို့သည် မွန်မြတ်သော ဆွမ်းကိုလှူ၍ နက်ဖြန်အကျိုးငှါ ဘိတ်ကုန်၏။ ထိုအာဂန္တုက ရဟန်းသည် နှစ်ရက် သုံးရက်စား၍ တခုသောဥပါယ်ဖြင့် ကျောင်းနေရဟန်းကို လှည့်စား၍ နှင်ထုတ်၍ ဤကျောင်းကိုငါယူအံ့ဟု ကြံ၏။ ထိုအခါ မထေရ်ကြီးကို ခစားလာသော ထိုကျောင်းနေရဟန်းကို ငါ့သျှင် သင်ကား ဘုရားအား ဆည်းကပ်ခြင်းကို အဘယ့်ကြောင့် မပြုသနည်းဟု မေး၏။ အရှင်ဘုရား ဤကျောင်းကို စောင့်သောသူမရှိ၊ ထို့ကြောင့် ကျွန်ုပ်သည် ဘုရားအထံတော်သို့ မရောက်မဖူးရဟု ဆို၏။ အကြင်မျှလောက် သင်သည် ဘုရားအထံတော်သို့သွား၍ လာ၏။ ထိုမျှလောက် စောင့်ရစ်အံ့ဟုဆို၏။ အရှင်ဘုရား ကောင်းပြီဟု ကျောင်းနေရဟန်းသည် ငါလာသည့်တိုင်အောင် မထေရ်ကို မမေ့ရစ်ကြကုန်လင့်ဟု လူတို့ကို ဆို၍ သွား၏။

ထိုအခါမှစ၍ အာဂန္တုက ရဟန်းသည် ဤသည် ဤသည်လည်း ထိုကျောင်းနေ ရဟန်း၏အပြစ်တည်းဟု ဆို၍ ထိုလူတို့ကို ဖျက်ဆီး၏။ ကျောင်းနေရဟန်းသည်လည်း ဘုရားကိုရှိခိုး၍ တဖန်ပြန်လာ၏။ ထိုအခါ ကျောင်းနေရဟန်းအား အာဂန္တုကရဟန်းသည် ကျောင်းကိုမပေး၊ ထိုကျောင်းနေရဟန်းသည် တခုသောအရပ်၌နေ၍ နက်ဖြန် ရွာသို့ဆွမ်းခံ ဝင်၏။ လူတို့သည် အရိုအသေအမှုကိုလည်း မပြုကြကုန်၊ ထိုကျောင်းနေ ရဟန်းသည် နှလုံးမသာယာ၍ တဖန် ဇေတဝန် ကျောင်းတော်သို့ သွား၍ ထိုအကြောင်းကို ရဟန်းတို့အား ကြားလျှောက်၏။ ထိုရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤမည်သောရဟန်းသည် ဤမည်သောရဟန်းကို ကျောင်းမှနှင်ထုတ်၍ မိမိသည် ထိုကျောင်း၌ နေ၏ဟု စကားကိုဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုရဟန်းသည် ဤရဟန်းကို နေရာမှ နှင်ထုတ်သည် မဟုတ်သေး၊ ရှေး၌လည်း နေရာမှ နှင်ထုတ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တော၌ ရုက္ခစိုဝ်းနတ် ဖြစ်၏။ ထိုတော၌ မိုဃ်းကာလဝယ် ခုနစ်ရက် ခုနစ်လီ မိုဃ်းရွာ၏။ ထိုအခါ တခုသော နီသော မျက်နှာရှိသော မျောက်ငယ်သည် တခုသော မိုယ်းမစွတ် သော ကျောက်ဂူ၌ နေလတ်သော် တနေ့သ၌ ဂူတံခါး မိုယ်းမစွတ် သောအရပ်၌ ချမ်းသာသဖြင့်နေ၏။ ထိုအရပ်၌ တခုသော မည်းသော မျက်နှာရှိသော မျောက်ကြီးသည် မိုယ်းစွတ်၍ အချမ်းနှိပ်စက်လျှက် လှည့်လည်လတ်သော် ထိုသို့နေသော ထိုမျောက်ငယ်ကိုမြင်၍ ထိုမျောက်ငယ်ကို ဥပါယ်ဖြင့် နှင်ထုတ်၍ ထိုအရပ်၌ နေအံ့ဟုကြံ၍ ဝမ်းကို တွဲလျားကျစေ၍ ဝသောအခြင်းအရာကိုပြ၍ ထိုမျောက်ငယ်၏ ရှေ့၌ ရပ်၍-

၁၄၂။ ဥဒုမ္ဗရာ စိမေ ပက်က်ကာ၊ နိဂြောဓာ စ ကပိတ္ထနာ။
ဧဟိ နိက္ခမ ဘုဉ္စဿု၊ ကိံ ဇိဃစ္ဆာယ မိယျသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

၁၄၂။ ခုဒ္ဒကမက္ကဋ၊ အို မျောက်ငယ်။ ဣမေ ဥဒုမ္ဗရာ စ၊ ဤရေသဖန်းတို့သည်၎င်း။ ဣမေ နိဂြောဓာ စ၊ ဤပညောင်တို့သည်၎င်း။ ဣမေ ကပိတ္ထနာ စ၊ ဤညောင်ချဉ်တို့သည်၎င်း။ ပက္ကာ၊ မှည့်ကုန်၏။ ဧဟိ၊ လာလော့။ နိက္ခမ၊ ထွက်လော့။ ဘုဉ္ဇဿု၊ စားလှည့်လော့။ ဇိဃစ္ဆာယ၊ ငတ်မွတ်သဖြင့်။ ကိံ မိယျသိ၊ အဘယ်ကြောင့် သေလိုဘိသနည်း။

ထိုမျောက်ငယ်သည်လည်း ထိုမျောက်ကြီး၏ စကားကိုကြား၍ ယုံကြည်၍ အသီးတို့ကို စားလိုရကား ထွက်၍ ထိုထိုအရပ်သို့ လှည့်လည်၍ တစုံတခုသောသစ်သီးတို့ကို မရ၍ တဖန်ပြန်လာ၍ ကျောက်ဂူ၏အတွင်းသို့ ဝင်၍နေသော မျောက်ကြီးကိုမြင်၍ ထိုမျောက်ကြီးကို လှည့်စားအံ့ဟု မျောက်ကြီး၏ရှေ့၌ရပ်၍-

၁၄၃။ ဧဝံ သော သုဟိတော ဟောတိ၊ ယော ဝုဍ္ဎ မပစာယတိ။
ယထာဟမဇ္ဇ သုဟိတော၊ ဒုမပက္ကာနိ မာသိတော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၄၃။ အဟံ၊ ငါသည်။ အဇ္ဇ၊ ယနေ့။ ဒုမပက္ကာနိ၊ သစ်သီးမှည့်တို့ကို။ အာသိတော၊ စားရ၍။ သုဟိတော ယထာ၊ ဝသကဲ့သို့။ ဧဝံ၊ ဤအတူ။ ယော၊ အကြင်သူသည်။ ဝုဍ္ဎံ၊ ကြီးသောသူကို။ အပစာယတိ၊ ပူဇော်၏။ သော၊ ထိုသူသည်။ ဟိတော၊ ဝသည်။ ဟောတိ၊ ဖြစ်၏။

ထိုစကားကိုကြား၍ မျောက်ကြီးသည်-

၁၄၄။ ယံ ဝနေဇော ဝနေဇဿ၊ ဝဉ္စေယျ ကပိနော ကပိ။
ဒဟရော ကပိ သဒ္ဓေယျ၊ န ဟိ ဇိဏ္ဏော ဇရာကပိ၊

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၄၄။ ဝနေဇော၊ တော၌ဖြစ်သော။ ကပိ၊ မျောက်သည်။ ဝနေဇဿ၊ တော၌ဖြစ်သော။ ကပိနော၊ မျောက်အား။ ယံ၊ အကြင် စကားကို။ ဝဉ္စေယျ၊ လှည့်စားရာ၏။ တံ၊ ထိုစကားကို။ ဒဟရော ကပိ၊ မျောက်ငယ်သည်။ သဒ္ဓေယျ၊ ယုံရာ၏။ ဇိဏ္ဏော၊ ရင့်ပြီးသော။ ဇရာကပိ၊ မျောက်အိုသည်ကား။ န ဟိ သဒ္ဓေယျ၊ မယုံသလျှင်ကတည်း။

အချင်း မျောက်ငယ် ဟိမဝန္တာ၌ သစ်သီး ကြီးငယ်သည် မိုယ်းစွတ်၍ ကြွေလေပြီ၊ တဖန် သင့်အား ဤနေရာသည် မရှိပြီ၊ သွားလေဟုဆို၏။ ထိုမျောက်ငယ်သည် ထိုအရပ်မှ ဖဲသွားရ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ကျောင်းနေရဟန်းသည် ထိုအခါ မျောက်ငယ် ဖြစ်ဘူးပြီ၊ ယခုအခါ အာဂန္တုက ရဟန်းသည် ထိုအခါ မည်းသောမျောက်ကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရှေးဝါသနာ၊ အထုံပါ၊ လိမ်ကာ လှည့်စားပြီ

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဥဒုမ္ဗရဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ကုမ္ဘဝဂ်

၉။ ကောမာရပုတ္တဇာတ်

ပေါင်းသင်းမှု

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ပုရေ တုဝံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကောမာရပုတ္တဇာတ်ကို ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကစားလေ့ရှိကုန်သော ရဟန်းတို့ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုရဟန်းတို့သည် သဗ္ဗညူ မြတ်စွာဘုရားသည် အထက် ပြာသာဒ်၌ သီတင်းသုံး နေတော်မူသည်ရှိသော် အောက်ပြာသာဒ်၌ မြင်ဘူးကြားဘူးသော စကားအစရှိသည်တို့ကို ပြောဆိုကုန်လျက် ငြင်းခုံခြင်းကို၎င်း ပြောင်လှောင်ခြင်းကို၎င်း ပြုကုန်၍ နေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် မဟာမောဂ္ဂလ္လာန်မထေရ်ကို ခေါ်တော်မူ၍ ထိုရဟန်းတို့ကို ထိတ်လန့်စေလော့ဟု မိန့်တော်မူ၏။ အရှင်မောဂ္ဂလ္လာန်မထေရ်သည် ကောင်းကင်သို့ ပျံတက်တော်မူ၍ ခြေမဖြင့် ပြာသာဒ် ထုပိကာကို ခတ်၍ ရေအဆုံးရှိသည်တိုင်အောင် ပြာသာဒ်ကို လှုပ်စေ၏။ ထိုရဟန်းတို့သည် သေဘေးဖြင့် ကြောက်ကုန်ရကား ထွက်၍ အပ၌တည်ကုန်၏။ ထိုရဟန်းတို့၏ ထိုကစားတတ်သော အလေ့သဘောသည် ရဟန်းတို့၌ ထင်ရှားစွာ ဖြစ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ အချို့ကုန်သော ရဟန်းတို့သည် ဤသို့ သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ ကစားတတ်သော အလေ့ရှိကုန်လျက် နေကုန်၏။ အနိစ္စ, ဒုက္ခ, အနတ္တဟု ဝိပဿနာဉာဏ်ဖြင့် ကမ္မဋ္ဌာန်းကိုမပြုကုန်ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ထိုရဟန်းတို့သည် ယခုအခါ၌သာလျှင် ကစားတတ်သော အလေ့ရှိသည် မဟုတ်ကုန်သေး၊ ရှေး၌လည်း ကစားတတ်သော အလေ့ရှိကုန်သလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသောရွာငယ်၌ ပုဏ္ဏားမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်းကို ကောမာရပုတ္တဟု မှည့်ကုန်၏။ ထိုကောမာရပုတ္တသည် နောက်အဘို့၌ တောထွက်၍ ရသေ့ရဟန်းပြု၍ ဟိမဝန္တာအရပ်၌ နေ၏။ ထိုအခါ တပါးကုန်သော ကစားတတ်သော အလေ့ရှိကုန်သော ရသေ့တို့သည် ဟိမဝန္တာအရပ်၌ ကျောင်းဆောက်၍ နေလာကုန်၏။ ကစားတတ်သော အလေ့ရှိကုန်ရကား ထိုရသေ့တို့အား ကသိုဏ်း ပရိကံသည်လည်း မရှိ၊ တောမှ သစ်သီးကြီးငယ်တို့ကို ဆောင်ကုန်၍ ရယ်ကုန်လျက် အထူး ထူး အပြားပြားအားဖြင့် ကစားသောအလေ့ ရှိကုန်သည်ဖြစ်၍ ကာလကို လွန်စေကုန်၏။ ထိုရသေ့တို့၏အထံ၌ တခုသော မျောက်သည် ရှိ၏။ ထိုမျောက်သည်လည်း ကစားတတ်သောအလေ့ ရှိသလျှင်ကတည်း၊ မျက်နှာဖောက်ပြန်ခြင်း အစရှိသည်တို့ကိုပြုလျက် ရသေ့တို့အား အထူးထူးသော ကစားခြင်းကို ပြုသလျှင်ကတည်း၊ ရသေ့တို့သည် ထိုအရပ်၌ ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှါ သွားကုန်၏။ ထိုရသေ့တို့၏ သွားသောကာလမှစ၍ ဘုရားလောင်းသည် ထိုအရပ်သို့ သွား၍ နေ၏။ မျောက်သည် ထိုရသေ့တို့အား ကစားခြင်းကို ပြုသကဲ့သို့ ထို့အတူ ဘုရားလောင်းအားလည်း ကစားခြင်းကို ပြု၏။

ဘုရားလောင်းသည် လက်ဖျစ်တီး၍ ကောင်းစွာကျင့်သော ရဟန်းတို့၏ အထံ၌နေသော သူမည်သည်ကား အကျင့်နှင့်ပြည့်စုံခြင်း၊ ကိုယ်အစရှိသည်တို့ကို ကောင်းစွာ စောင့်ရှောက်ခြင်း ဈာန်တရားတို့၌ လုံ့လပြုခြင်းငှါ ဖြစ်သင့်၏ ဟု ထိုမျောက်အား အဆုံးအမကို ပေး၏။ ထိုမျောက်သည် ထိုအခါမှစ၍ သီလအကျင့်နှင့် ပြည့်စုံ၏။ ဘုရားလောင်းသည်လည်း ထိုအရပ်မှ တပါးသောအရပ်သို့ သွား၏။ ထိုအခါ ထိုရသေ့တို့သည် ချဉ်ဆားမှီဝဲပြီး၍ ထိုအရပ်သို့ လာကုန်၏။ မျောက်သည် ရှေး၌ကဲ့သို့ ထိုရသေ့တို့အား ကစားခြင်းကို မပြု၊ ထိုအခါ ထိုမျောက်ကို ရသေ့တို့သည် သင်သည် ရှေး၌ငါတို့အား ကစားခြင်းကို ပြု၏။ ယခုကား ကစားခြင်းကို မပြု၊ အဘယ့်ကြောင့် မပြုသနည်းဟု မေးလိုရကား-

၁၄၅။ ပုရေ တုဝံ သီလဝတံ သကာသေ။
ဩက္ကန္တိကံ ကီဠသိ အဿမမှိ။
ကရောဟရေ မက္ကဋိယာနိ မက္ကဋ၊
န တံ မယံ သီလဝတံ ရမာမ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၄၅။ အရေ မက္ကဋ၊ အချင်းမျောက်။ တုဝံ၊ သင်သည်။ ပုရေဝ၊ ရှေး၌ကဲ့သို့။ သီလဝတံ၊ ကစားလေ့ရှိကုန်သောငါတို့၏။ သကာသေ၊ အထံ၌။ ဩက္ကန္တိကံ၊ သက်ဝင်၍ ကစားခြင်းကို။ ကီဠသိ၊ ကစားလော့။ အဿမမှိ၊ ကျောင်း ၌။ မက္ကဋိယာနိ၊ မျောက်၏ မျက်နှာ ဖောက်ပြန်ခြင်းတို့ကို။ ကရောဟိ၊ ပြုဦးလော။ မက္ကဋ၊ အို မျောက်။ တံ သီလဝတံ၊ ထိုရှေး၌ ကစားမြဲဖြစ်သော အကျင့်ကို။ မယံ၊ ငါတို့သည်။ ဧတရဟိ၊ ယခု။ န ရမာမ၊ မမွေ့လျော်ရကုန်။ တွမ္ပိ၊ သင်သည်လည်း။ နော၊ ငါတို့ကို။ န ရမာပေသိ၊ မမွေ့လျော်စေ။ ကိံ၊ အဘယ့်ကြောင့်နည်း။

ထိုစကားကို ကြား၍ မျောက်သည်-

၁၄၆။ သုတာ ဟိ မယှံ ပရမာ ဝိသုဒ္ဓိ၊
ကောမာရပုတ္တဿ ဗဟုဿုတဿ။
မာ ဒါနိ မံ မညိ တုဝံ ယထာ ပုရေ။
ဈာနာနုယုတ္တော ဝိဟရာမိ အာဝုသော။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၄၆။ အာဝုသော၊ ငါ့သျှင်။ မယှံ၊ ငါသည်။ ဗဟုဿုတဿ၊ များသော အကြားအမြင်ရှိသော။ ကောမာရပုတ္တဿ၊ ကောမာရပုတ္တ ရှင်ရသေ့၏။ ပရမာ၊ မြတ်သော။ ဝိသုဒ္ဓိ၊ ဈာန်၏ အထူးသဖြင့် စင်ကြယ်ခြင်းကို။ သုတာ ဟိ-သုတာ ဧဝ၊ ကြားအပ်သည်သာလျှင်တည်း။ ဣဒါနိ၊ ယခု။ မံ၊ ငါ့ကို။ တုဝံ၊ သင်သည်။ ပုရေယထာ၊ ရှေး၌ကဲ့သို့။ မာ မညိ၊ မအောက်မေ့လင့်။ ဣဒါနိ၊ ယခု။ အဟံ၊ ငါသည်။ လဒ္ဓါ၊ ဆရာကောင်းကိုရသည်ဖြစ်၍။ ဈာနာနုယုတ္တော၊ ဈာန်ကိုလုံ့လပြု၍။ ဝိဟရာမိ၊ နေ၏။

ထိုစကားကို ကြား၍ ရသေ့သည်-

၁၄၇။ သစေပိ သေလသ္မိ ဝပေယျ ဗီဇံ၊
ဒေဝေါ စ ဝဿေ န ဟိ တံ ဝိရူဠှေ။
သုတာ ဟိတေသာ ပရမာ ဝိသုဒ္ဓိ၊
အာရာ တုဝံ မက္ကဋ ဈာနဘူမိယာ။

ဟူသော သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၄၇။ မက္ကဋ၊ မျောက်။ သေလသ္မိံ၊ ကျောက်ဖျာ၌။ ဗီဇံ၊ မျိုးစေ့ကို။ သစေပိ ဝပေယျ၊ အကယ်၍ ပျိုးငြားအံ့။ ဒေဝေါ စ၊ မိုဃ်းသည်လည်း။ သစေ ဝဿေ၊ အကယ်၍ ရွာငြားအံ့။ တံ၊ ထိုမျိုးစေ့သည်။ န ဟိ ဝိရူဠှေ၊ မပေါက်ရာသည်သလျှင်ကတည်း။ တေ၊ သင်သည်။ ပရမာ၊ မြတ်သော။ ဝိသုဒ္ဓိ၊ စင်ကြယ်သော။ သာ၊ ထိုဈာန်အကျင့်ကို။ သုတာ ဟိ-သုတာဧဝ၊ ကြားရရုံသာဖြစ်၏။ တုဝံ၊ သင်သည်။ ဈာနဘူမိယာ၊ ဈာန်၏ အရာမှ။ အာရာ၊ ဝေး၏။

သင်သည် ဈာန်ကို ဖြစ်စေခြင်းငှာ မတတ်နိုင်ဟု မျောက်ကို ကဲ့ရဲ့ကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရဟန်းတို့သည် ထိုအခါ ကစားလေ့ရှိကုန်သော ရသေ့တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကောမာရပုတ္တ ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သူတော်ကောင်းနှင့်၊ ပေါင်းဖက်လင့်၊ ကိုယ်ကျင့်ကောင်းမွန်လာ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ကောမာရပုတ္တဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ကုမ္ဘဝဂ်

၁၀။ ဝကဇာတ်

ဝမ်းမဝ သီလစောင့်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ပရပါဏရောဓာ ဇီဝ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အခင်းနှီးအဟောင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည် ဝိနည်း၌ အကျယ်အားဖြင့် လာသလျှင်ကတည်း၊ ဤဇာတ်၌ကား အကျဉ်းအားဖြင့် ဤသို့ သိအပ်၏။ အရှင်ဥပသေနသည် နှစ်ဝါရသည်ရှိသော် တဝါရသော အတူနေတပည့်နှင့်တကွ မြတ်စွာဘုရားအထံတော်သို့ ဆည်းကပ်၍ သဗ္ဗညူ မြတ်စွာဘုရားသည် ကဲ့ရဲ့အပ်သည်ရှိသော် ရှိခိုး၍ ဖဲသွားပြီးလျှင် ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်း၍ အရဟတ္တဖိုလ်သို့ရောက်၍ အလိုနည်းသည်အဖြစ် အစရှိသော ကျေးဇူးနှင့် ယှဉ်သည်ဖြစ်၍ တဆယ့်သုံးပါးသော ဓုတင်တို့ကို ဆောက် တည်၍ ပရိသတ်ကိုလည်း ဓုတင်ကို ဆောက်တည်စေ၍ သဗ္ဗညူ မြတ်စွာဘုရားသည် သုံးလပတ် လုံး ကိုယ်တော်တပါးတည်း ကိန်းအောင်းတော် မူသည်ရှိသော် ပရိသတ်နှင့်တကွ သဗ္ဗညူမြတ်စွာဘုရား အထံတော်သို့ဆည်းကပ်၍ ရှေးဦးစွာ ပရိသတ်ကိုမှီ၍ ကဲ့ရဲ့ခြင်းကိုရ၍ အဓမ္မိကဖြစ်သော ကတိကသို့ အစဉ်မလိုက်သောအရာ၌ ချီးမွမ်းခြင်းကိုရ၍ ဤနေ့မှစ၍ ဓုတင်ကိုဆောင်ကုန်သော ရဟန်းတို့သည် အလိုရှိတိုင်း ဆည်းကပ်လာ၍ ငါဘုရားကို ဖူးမျှော်ကုန်ဟု သဗ္ဗညူမြတ်စွာဘုရားသည် ပြုတော်မူအပ်သော အခွင့်လွှတ်ခြင်းရှိသည်ဖြစ်၍ ထွက်ခဲ့၍ ရဟန်းတို့အား ထိုအကြောင်းကို ကြား၏။ ထိုအခါမှစ၍ ရဟန်းတို့သည် ဓုတင်ကိုဆောင်ကုန်သည်ဖြစ်၍ သဗ္ဗညူ မြတ်စွာဘုရားအား ဖူးမြင်အံ့သောငှာ ဆည်းကပ်ကုန်၍ သဗ္ဗညူ မြတ်စွာဘုရားသည် ကိုယ်တော်တပါးတည်း ကိန်းအောင်းတော်မူရာမှ ထတော်မူသည်ရှိသော် ထိုထိုအရပ်၌ ပံသုကူတို့ကိုစွန့်၍ မိမိသပိတ် သင်္ကန်းတို့ကိုသာလျှင် ယူကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် များစွာကုန်သော ရဟန်းတို့နှင့်တကွ ကျောင်းစဉ်လှည့်လည်တော်မူသည်ရှိသော် ထိုထိုအရပ်၌ စွန့်ပစ်အပ်ကုန်သော ပံသုကူကိုမြင်တော်မူ၍ မေးမြန်းတော်မူ၍ ထိုအကြောင်းကို ကြားတော်မူ၍ ရဟန်းတို့ ဤရဟန်းတို့၏ ဓုတင် ဆောက်တည်ခြင်းမည်သည်ကား ကြာမြင့်စွာ မတည်၊ သစ်ကျုတ်၏ ဥပုသ်ဆောက်တည်ခြင်းနှင့် တူသည်ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိကြားမင်းဖြစ်၏။ ထိုအခါ တခုသော သစ် ကျုတ်သည် ဂင်္ဂါကမ်းနား ကျောက်ဖျာအပြင်၌ နေ၏။ ထိုအခါ ဂင်္ဂါ၌ ဆီးနှင်းရေသည်လာ၍ ထိုကျောက်ဖျာကို ခြံရံ၏။ သစ် ကျုတ်သည် တက်၍ ကျောက်ဖျာအပြင်၌ အိပ်၏။ သစ်ကျုတ်အား ကျက်စားရာသည်မရှိ၊ ကျက်စားရာသို့သွားသော လမ်းသည်လည်း မရှိ၊ ရေသည် ပွားသည်သာလျှင် ဖြစ်၏။ ထိုသစ် ကျုတ်သည် ငါ့အား ကျက်စားရာသည် မရှိ၊ ကျက်စားရာသို့ သွားသောလမ်းသည် မရှိ၊ ထွက်သော ငါ့အား ပျက်စီးခြင်းထက် ဥပုသ်ဆောက်တည်ခြင်းသည် မြတ်၏ဟုကြံ၏။ ကြံပြီး၍ စိတ်ဖြင့်သာလျှင် ဥပုသ်ကိုဓိဋ္ဌာန်၍ သီလတို့ကို ဆောက်တည်၍ အိပ်၏။ ထိုအခါ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုသစ်ကျုတ်၏ အားနည်းစွာသော ထိုသီလ ဆောက်တည်ခြင်းကို သိ၍ ထိုသစ်ကျုတ်ကို ညှဉ်းဆဲအံ့ဟု ဆိတ်၏အသွင်ဖြင့် လာလတ်၍ သစ်ကျုတ်၏အနီး၌ ရပ်၍ ကိုယ်ကိုပြ၏။

သစ်ကျုတ်သည် ထိုဆိတ်ကိုမြင်၍ တပါးသောနေ့၌ ဥပုသ်မှုကို သိအံ့ဟု ထ၍ ထိုဆိတ်ကို ဖမ်းအံ့သောငှာ ပြေးလာ၏။ ဆိတ်သည်လည်း ထိုမှ ဤမှပြေး၍ မိမိကိုယ်ကို ဖမ်းစိမ့်သောငှါ မပေး၊ သစ်ကျုတ်သည် ထိုဆိတ်ကို ဖမ်းအံ့သောငှါ မတတ်နိုင်၍ ပြန်လည်လာလတ်၍ ဥပုသ်အမှုသည် ငါ့အား မပျက်သေးဟု ရှေးအတူသာလျှင် တဖန် အိပ်၏။ သိကြားမင်းသည် သိကြားကိုယ်၏အဖြစ်ဖြင့် ကောင်းကင်၌ရပ်၍ ထိုသို့ သဘောရှိသော အားနည်းသော ကုသိုလ်ဆန္ဒရှိသောသင့်အား ဥပုသ်ဆောက်တည်သဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ သင်သည် ငါ့ကို သိကြားမင်းအဖြစ်ကို မသိ၍သာ ဆိတ်သားကို စားလို၏ဟု ထိုသစ်ကျုတ်ကို နှိပ်စက်ကဲ့ရဲ့၍ နတ်ပြည်သို့သာလျှင်။ သွား၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဤအတိတ်ကိုဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၁၄၈။ ပရပါဏရောဓာ ဇီဝန္တော၊ မံသလောဟိတဘောဇနော။
ဝကော ဝတံ သမာဒါယ၊ ဥပပဇ္ဇိ ဥပေါသထံ။
၁၄၉။ တဿ သက္ကော ဝတညာယ၊ အဇရူပေနုပါဂမိ။
ဝီတတပေါ အဇ္စျပ္ပတ္တော၊ ဘဉ္ဇိ လောဟိတပေါ တပံ။
၁၅၀။ ဧဝမေဝ ဣဓေကစ္စေ၊ သမာဒါနမှိ ဒုဗ္ဗလာ၊
လဟုံ ကရောန္တိ အတ္တာနံ၊ ဝကောဝ အဇကာရဏာ။

၁၄၈။ ပရပါဏရောဓာ၊ သူ့အသက်ကို နှစ်သက်သောအမျိုး၌။ ဇီဝန္တော၊ အသက်ရှင်သော။ မံသလောဟိတဘောဇနော၊ အသားအသွေးကိုစားသော။ ဝကော၊ သစ်ကျုတ်သည်။ ဝတံ၊ သီလကို။ သမာဒါယ၊ ဆောက် တည်၍။ ဥပေါသထံ၊ ဥပုသ်ကို။ ဥပပဇ္ဇိ၊ သုံး၏။

၁၄၉။ သက္ကော၊ သိကြားသည်။ တဿ၊ ထိုသစ်ကျုတ်၏။ ဝတံ၊ အကျင့်ကို။ အညာယ၊ သိသောကြောင့်။ အဇရူပေန၊ ဆိတ်၏ အသွင်ဖြင့်။ ဥပါဂမိ၊ ချဉ်း ကပ်၏။ ဝီတတပေါ၊ ကင်းသော ဥပုသ်ရှိသည်ဖြစ်၍။ ဝကော၊ သစ်ကျုတ်သည်။ တံ၊ ထိုဆိတ်သို့။ အဇ္စျပ္ပတ္တော၊ ကပ်လာ၏။ လောဟိတပေါ၊ သွေးကိုသောက်တတ်သော သစ်ကျုတ်သည်။ တပံ၊ ဥပုသ်ကို။ ဘဉ္ဇိ ယထာ၊ ဖျက်ဆီး၏သို့။

၁၅၀။ ဧဝမေဝ၊ ဤအတူသာလျှင်။ ဣဓ၊ ဤသာသနာတော်၌။ ဧကစ္ဆေ၊ အချို့ကုန်သော သူတို့သည်။ သမာဒါနမှိ၊ ဆောက် တည်အပ်သောကုသိုလ်၌။ ဒုဗ္ဗလာ၊ အားနည်းကုန်သည် ဖြစ်ဘ၍။ အဇကာရဏာ၊ ဆိတ်ဟူသောအကြောင်းကြောင့်။ ဝကောဝ၊ သစ်ကျုတ်ကဲ့သို့။ အတ္တာနံ၊ မိမိကိုယ်ကို။ လဟုံ၊ ပေါ့သည်ကို။ ကရောန္တိ၊ ပြုကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိကြား ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ဝမ်းရေးမလှ၊ စောင့်သီလ၊ ညီမျှသစ်ကျုတ်သာ

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဝကဇာတ်သည် ပြီး၏။

*****

ငါးရာငါးဆယ်ဇာတ်ဝတ္ထု

မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

တတိယတွဲ

စတုက္ကနိပါတ် - ကာလိင်္ဂဝဂ်

၁။ စူဠကာလိင်္ဂဇာတ်

လူဖြစ် လင်၊ ရဟန်းတွင် တပည့်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝိဝရထိမာသံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ စူဠကာလိင်္ဂဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လေးယောက်ကုန်သော ပရိဗိုဇ်မိန်းမတို့၏ ရဟန်းပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝေသာလီပြည်၌ ခုနစ်ထောင့်ခုနစ်ရာ့ ခုနစ်ယောက်ကုန်သော လိစ္ဆဝီမင်းသားတို့သည် နေကုန်သတတ်၊ ထိုခပ်သိမ်းကုန်သော မင်းတို့သည်လည်း မေးခြင်း အတုံ့မေးခြင်းကို နှစ်သက်ကုန်၏။ ထိုအခါ တယောက်သော ဝါဒငါးရာတို့၌ လိမ္မာသော နိဂဏ္ဌသည် ဝေသာလီသို့ ရောက်၏။ ထိုလိစ္ဆဝီမင်းတို့သည် ထိုနိဂဏ္ဌအား ချီးမြှောက်ကုန်၏။ ဤသို့သဘောရှိသော တယောက်သော နိဂဏ္ဌမသည်လည်း ရောက်လာ၏။ လိစ္ဆဝီမင်းတို့သည် နှစ်ယောက်ကုန်သော နိဂဏ္ဌယောက်ျား နိဂဏ္ဌမိန်းမတို့ကိုလည်း မေးခြင်း အတုံ့မေးခြင်း စကားကို ပြောဆိုစေကုန်၏။ နှစ်ယောက်ကုန်သော သူတို့သည်လည်း အစွမ်းသတ္တိ တူသည်သာလျှင် ဖြစ်ကုန်၏။ ထို့နောင် လိစ္ဆဝီမင်းတို့အား ဤနှစ်ယောက်ကုန်သော သူတို့ကို စွဲ၍ဖြစ်သောသားသည် လိမ္မာသည်ဖြစ်လတ္တံ့ဟု အကြံသည်ဖြစ်၏။ အကြံဖြစ်၍ ထိုနှစ်ယောက်ကုန်သော နိဂဏ္ဌမိန်းမ နိဂဏ္ဌ ယောက်ျားတို့အား ထိမ်းမြားခြင်းကို ပြု၍ အတူနေစေကုန်၏။ ထိုအခါ ထိုနိဂဏ္ဌတို့အား သံဝါသကိုစွဲ၍ အစဉ်သဖြင့် သ္မီးလေးယောက် သားတယောက် ဖွား၏။ သ္မီးတို့အား သစ္စကာဟူသောအမည် လောလာဟူသောအမည် အဝဓာရိကာ ဟူသောအမည် ပဋိစ္ဆာဒါ ဟူသောအမည်ကို မှည့်ကုန်၏။ သားအား သစ္စကဟူသော အမည်ကို မှည့်ကုန်၏။ ထိုသားသ္မီး ငါးယောက်တို့သည်လည်း လိမ္မာသောအဖြစ်သို့ ရောက်ကုန် သည်ရှိသော် အမိအထံမှ ဝါဒငါးရာ, အဘအထံမှ ဝါဒငါးရာအားဖြင့် ဝါဒတထောင်ကို သင်ကုန်၏။ မိဘတို့သည် သ္မီးတို့အား တစုံတယောက်သောသူသည် သင်တို့၏ဝါဒကို အကယ်၍ ဖျက်ဆီးနိုင်အံ့၊ ထိုသူ၏ခြေရင်း၌ အလုပ်အကျွေး ဖြစ်ရစ်ကြကုန်လော့၊ ရဟန်းဖြစ်သောသူသည် သင်တို့၏ဝါဒကို ဖျက်ဆီးနိုင်အံ့ ထိုရဟန်း၏အထံ၌ ရဟန်းပြုရစ်ကြကုန်လောဟု ဆုံးမကုန်၏။

နောက်အဘို့၌ မိဘတို့သည် သေလွန်ကုန်၏။ မိဘတို့သည် သေလွန်ကုန်သည်ရှိသော် သစ္စကနိဂဏ္ဌသည် ထိုဝေသာလီပြည်၌ လိစ္ဆဝီမင်းတို့အား အတတ်သင်လျက် နေ၏။ နှမလေးယောက်တို့သည်ကား သပြေခက်ကိုကိုင်၍ ပုစ္ဆာမေးခြင်းအကျိုးငှါ တမြို့မှသည် တမြို့သို့ လှည့်လည်ကုန်လတ်သော် သာဝတ္ထိပြည်သို့ရောက်၍ မြို့တံခါး၌ သပြေခက်ကိုစိုက်ထား၍ အကြင်သူသည် ငါတို့၏ပုစ္ဆာကို ဖြေခြင်းငှါ တတ်ကောင်း၏။ လူဖြစ်စေ ရဟန်းဖြစ်စေ ထိုသူတို့သည် မြေမှုန့်ကို ခြေတို့ဖြင့်ကြဲ၍ ခြေတို့ဖြင့်လျှင် သပြေခက်ကို နင်းစေသတည်းဟု သူငယ်တို့အား ဆိုခဲ့၍ ဆွမ်းခံအံ့သောငှါ မြို့သို့ ဝင်ကုန်၏။ ထိုအခါ အရှင်သာရိပုတ္တရာသည် တံမြက် မလှည်းရသေးသော အရပ်ကို တံမြက်လှည်း၍ ရေမရှိကုန်သော အိုးတို့၌ ရေကိုခပ်၍ နာကုန်သောရဟန်းတို့ကို လုပ်ကျွေး၍ နေမြင့်မှ သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်သည်ရှိသော် ထိုသပြေခက်ကိုမြင်၍ သူငယ်တို့ကိုမေး၍ သူငယ်တို့သည် ထိုအကြောင်းကို ကြားကုန်သည်ရှိသော် အရှင်သာရိပုတ္တရာမထေရ်သည် ထိုသူငယ်တို့ကိုသာလျှင် ဖျက်ဆီးစေ၍ အကြင်သူတို့သည် သစ်ခက်ကို ထားအပ်၏။ ထိုသူတို့သည် ဆွမ်းစားကုန်ပြီးသည်ရှိသော် လာကုန်၍ ဇေတဝန် ကျောင်းတော် တံခါးမုခ်၌ ငါ့ကို ဖူးမြင်ကြစေကုန်ဟု သူငယ်တို့ကို ဆိုခဲ့ပြီး၍ မြို့သို့ဆွမ်းခံဝင်၍ ဆွမ်းစားပြီးလတ်သော် ကျောင်းတံခါးမုခ်၌ နေတော်မူ၏။

ထိုပရိဗိုဇ်မိန်းမတို့သည်လည်း ဆွမ်းခံရာမှလာလတ်၍ သစ်ခက်ကို နင်းသည်ကိုမြင်၍ အဘယ်သူသည် ဤသစ်ခက်ကို နင်းသနည်းဟု မေး၏။ အရှင်သာရိပုတ္တရာ မထေရ်သည် နင်း၏ဟုဆို၍ သင်တို့သည် မေးသောစကားဖြင့် အကယ်၍ အလိုရှိကုန်အံ့၊ ဇေတဝန်ကျောင်း တံခါးမုခ်သို့ သွားကြကုန်လော့ဟု သူငယ်တို့သည် ဆိုကြကုန်သည်ရှိသော် တဖန် မြို့သို့ ဝင်၍ လူများကိုစည်းဝေး၍ ဇေတဝန်ကျောင်း တံခါးမုခ်သို့သွား၍ အရှင်သာရိပုတ္တရာ မထေရ်အား ဝါဒတထောင်ကို မေးကုန်၏။ အရှင်သာရိပုတ္တရာမထေရ်သည် ဝါဒတထောင်ကိုဖြေ၍ ဤဝါဒမှတပါး တစုံတခုကို သိကြကုန်သလောဟု မေး၏။ အရှင်မသိပါကုန်ဟု ဆို၏။ ငါသည်ကား သင်တို့အား တစုံတခုသောပုစ္ဆာကို မေးအံ့ဟု ဆို၍ အရှင်မေးတော်မူလော့၊ သိကုန်သည်ရှိသော် ဖြေပါကုန်အံ့ဟု ဆို၏။

အရှင်သာရိပုတ္တရာ မထေရ်သည် တခုမည်သည်ကား အဘယ်နည်းဟုမေး၏။ ထိုပရိဗိုဇ်မတို့သည် မသိကုန်၊ အရှင်သာရိပုတ္တရာမထေရ်သည် ဖြေ၏။ ထိုပရိဗိုဇ်မိန်းမတို့သည် အရှင်အကျွန်ုပ်တို့အား ရှုံးခြင်း၊ အရှင်ဘုရားအား အောင်ခြင်းသည် ဖြစ်၏ဟု ဆိုကုန်၏။ ယခု အသို့ပြုကုန်လတ္တံ့နည်းဟု အရှင်သာရိပုတ္တရာမထေရ်သည် မိန့်တော်မူ၏။ အရှင်ဘုရား အကျွန်ုပ်တို့၏ မိဘတို့သည် အကြင်သူသည် သင်တို့၏ဝါဒကို အကယ်၍ ဖျက်ဆီးနိုင်အံ့၊ ထိုသူ၏ မယားဖြစ်ရစ်ကြကုန်၊ အကြင် ရဟန်းသည် အကယ်၍ ဖျက်ဆီးနိုင်အံ့၊ ထိုရဟန်း၏ အထံ၌ ရဟန်းပြုရစ်ကြကုန်ဟူ၍ အကျွန်ုပ်တို့အား အဆုံးအမကို ပေးအပ်ကုန်၏။ အကျွန်ုပ်တို့သည် ရဟန်းပြုကုန်အံ့ဟု လျှောက်၏။ အရှင်သာရိပုတ္တရာမထေရ်သည် ကောင်းပြီဟုဆို၍ ဥပ္ပလဝဏ်မထေရ်မ၏အထံ၌ ရဟန်းပြုစေ၏။ အလုံးစုံကုန်သော ရဟန်းမိန်းမတို့သည် မကြာမြင့်မီလျှင် အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ အရှင်သာရိပုတ္တရာ မထေရ်သည် လေးယောက်ကုန်သော ပရိဗိုဇ်မိန်းမတို့၏ ကိုးကွယ်ရာဖြစ်၍ လေးယောက်ကုန်သော ပရိဗိုဇ်မိန်းမတို့ကို အရဟတ္တဖိုလ်သို့ ရောက်စေ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် သာရိပုတ္တရာသည် ထိုမိန်းမတို့၏ ကိုးကွယ်ရာဖြစ်သည် မဟုတ်သေး၊ ရှေး၌လည်း ထိုမိန်းမတို့ကိုးကွယ်ရာ ဖြစ်ဘူး၏။ ယခုအခါ ရဟန်း၏ အဖြစ်ဟူသော အဘိသိက်ကို ပေး၏။ ရှေး၌လည်း မင်းမိဖုယားအရာ၌ ထားဘူး၏ဟု မိန့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူ၏။ ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကာလိင်္ဂတိုင်း ဒန္တပူရမြို့၌ ကာလိင်္ဂမင်းသည် မင်းပြုသည်ရှိသော် အဿကတိုင်း ပါဋလိမြို့၌ အဿကမင်းသည် မင်းပြု၏။ ကာလိင်္ဂမင်းသည် စစ်သည်ဗိုလ်ပါနှင့် ပြည့်စုံ၏။ မိမိသည်လည်း ဆင်ပြောင်အားကို ဆောင်နိုင်၏။ စစ်ထိုးဘက်ကို မမြင်၊ ထိုကာလိင်္ဂမင်းသည် စစ်ထိုးလို၍ အမတ်တို့အား ငါသည် စစ်ထိုးခြင်းငှာ အလိုရှိ၏။ စစ်ထိုးဘက်ကို မမြင်၊ အသို့ပြုရအံ့နည်းဟု ဆို၏။ အမတ်တို့သည် မြတ်သောမင်းကြီး တခုသော အကြောင်းဥပါယ်သည် ရှိ၏။ ရှင်မင်းကြီး လေးယောက်ကုန်သော သ္မီးတို့သည် မြတ်သောအဆင်းကို ဆောင်ကုန်၏။ ထိုလေးယောက်ကုန်သော သ္မီးတို့ကို တန်ဆာဆင်စေ၍ ယာဉ်ပေါင်းချုပ်စီးစေ၍ ဗိုလ်ပါအများခြံရံလျက် ရွာနိဂုံးမင်းနေပြည်တို့ကို လှည့်လည်စေ၍ အကြင်မင်းသည် ထိုမင်းသ္မီးတို့ကို ယူလိုအံ့၊ ထိုမင်းနှင့်တကွ စစ်ထိုးခြင်းကို ပြုကြကုန်အံ့ဟု ဆိုကြကုန်၏။

ကာလိင်္ဂမင်းသည် အမတ်တို့ဆိုတိုင်း ပြုစေ၏။ မင်းသ္မီးတို့သည် ရောက်တိုင်း ရောက်တိုင်းသောအရပ်၌ မင်းတို့သည် ကြောက်ခြင်းကြောင့် မင်းသ္မီးတို့အား မြို့သို့ဝင်စိမ့်သောငှါ မပေးကုန်၊ လက်ဆောင်ကိုသာ ပို့စေ၍ မြို့ပ၌သာလျှင် နေစေကုန်၏။ ဤသို့ အလုံးစုံသော ဇမ္ဗူဒိပ်ကို လှည့်လည်၍ အဿကတိုင်း ပါဋလိမြို့သို့ ရောက်ကုန်၏။ အဿကမင်းသည်လည်း မြို့တံခါးတို့ကို ပိတ်စေ၍ လက်ဆောင်ကို ပို့ စေ၏။ အဿကမင်း၏ နန္ဒိသေနအမည်ရှိသော အမတ်သည် ပညာရှိ၏။ လိမ္မာ၏။ အကြောင်း ဥပါယ်ကို သိ၏။ ထိုနန္ဒိသေနအမတ်သည် ဤမင်းသ္မီးတို့သည် အလုံးစုံသော ဇမ္ဗူဒိပ်ကို လှည့်လည်၍ စစ်ထိုးဘက်ကို မရကုန်၊ ဤသို့ဖြစ်သည်ရှိသော် ဇမ္ဗူဒိပ်သည် အချည်းနှီးမည်သည်ဖြစ်၏။ ငါသည် ကာလိင်္ဂမင်းနှင့်တကွ စစ်ထိုးအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုနန္ဒိသေန အမတ်သည် မြို့တံခါးသို့သွား၍ တံခါးစောင့်ကို ခေါ်၍ ထိုမင်းသ္မီးတို့အား တံခါးကို ဖွင့်စိမ့်သောငှာ-

။ ဝိဝရထိမာသံ ဒွါရံ၊ နဂရံ ပဝိသန္တု အရုဏရာဇဿ။
သီဟေန သုသိဋ္ဌေန၊ သုရက္ခိတံ နန္ဒိသေနေန။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁။ ဣမာသံ၊ ဤမင်းသ္မီးတို့အား။ နဂရံ၊ မြို့သို့။ ပဝိသန္တု၊ ဝင်စေကုန်သတည်း။ အရုဏရာဇဿ၊ အရုဏ မည်သောမင်း၏။ သီဟေန၊ ပုရိသသီဟဖြစ်သော။ သုသိဋ္ဌေန၊ ဆရာတို့သည် ကောင်းစွာဆုံးမအပ်ပြီးသော။ နန္ဒိသေနေန၊ နန္ဒိသေနမည်သော။ မယာ၊ ငါသည်။ ပေသိတာ၊ စေအပ်ကုန်သော။ တုမှေ၊ သင်တို့သည်။ ဒွါရံ၊ တံခါးကို။ ဝိဝရထ၊ ဖွင့်ကြကုန်။

ထိုနန္ဒိသေနသည် ဤသို့ဆို၍ တံခါးကို ဖွင့်စေ၍ ထိုမင်းသ္မီးတို့ကို ယူ၍ အဿကမင်းအားပေး၍ အရှင်မင်းကြီးတို့သည် မကြောက်ကြကုန်လင့်၊ စစ်ထိုးသည်ရှိသော် ကျွန်ုပ်တို့ အောင်စေအံ့၊ ဤမင်းသ္မီးတို့သည် မြတ်သောအဆင်းကို ဆောင်ကုန်၏။ မိဖုယားကြီး ပြုတော်မူပါလောဟု ဆို၍ ထိုမင်းသ္မီးတို့အား အဘိသိက်ကို ပေးစေ၍ မင်းသ္မီးတို့နှင့်တကွ လာကုန်သောသူတို့ကို သင်တို့သည် ပြန်ကြလေကုန်၊ မင်းသ္မီးတို့အား အဿကမင်းသည် မိဖုယားအရာ၌ ထားသောအဖြစ်ကို သင်တို့မင်းအား ကြား လျှောက်ကြလေကုန်ဟု လွှတ်လိုက်၏။ ထိုသူတို့သည် ပြန်သွား၍ ကြား လျှောက်ကုန်၏။ ကာလိင်္ဂမင်းသည် အဿကမင်းကား ငါ့အစွမ်းကို မသိယောင်တကားဟုဆို၍ ထိုခဏ၌လျှင် များစွာသောစစ်သည်ဖြင့် ထွက်၏။ နန္ဒိသေနသည် ကာလိင်္ဂမင်း၏ လာခြင်းကိုသိ၍ မိမိနိုင်ငံအပိုင်းအခြား၌ သာလျှင်နေစေ၊ ငါတိုမင်း၏ နိုင်ငံအပိုင်း အခြားသို့ မကူးစေလင့်၊ မင်းနှစ်ပါးတို့၏ တိုင်းနိုင်ငံအကြား၌ စစ်ထိုးခြင်းသည် ဖြစ်လတ္တံ့ ဟု သတင်းစကားကို ပို့စေ၏။

ကာလိင်္ဂမင်းသည် သတင်းစကားကိုကြား၍ မိမိနိုင်ငံအပိုင်း အခြား၌သာလျှင် နေ၏။ အဿကမင်းသည်လည်း မိမိနိုင်ငံအပိုင်းအခြား၌ နေ၏။ ထိုအခါ ဘုရားလောင်းသည် ရသေ့ပြု၍ ထိုမင်းနှစ်ပါးတို့ တိုင်းအကြား၌ ကျောင်းဆောက်၍ နေ၏။ ကာလိင်္ဂမင်းသည် ရဟန်းမည်သည်ကား စိုးစဉ်းသိတတ်ကုန်၏။ အသို့ဖြစ်အံ့သည်ကို အဘယ်သူ သိနိုင်အံ့နည်း၊ အဘယ်မင်း၏ အောင်ခြင်း အဘယ်မင်း၏ ရှုံးခြင်းသည် ဖြစ်လတ္တံ့နည်းဟု ရသေ့ကို မေးအံ့ဟု မထင်ရှားသောအသွင်ဖြင့် ဘုရားလောင်းသို့ ကပ်၍ ပဋိသန္ထာရပြု၍ အရှင်ဘုရား ကာလိင်္ဂမင်း အဿကမင်းတို့သည် စစ်ထိုးလိုကုန်၍ မိမိတို့၏ နိုင်ငံအပိုင်း အခြား၌ တည်ကုန်၏။ ထိုမင်းတို့တွင် အဘယ်မင်းသည် အောင်လတ္တံ့နည်း၊ အဘယ်မင်းသည် ရှုံးလတ္တံ့နည်းဟု မေး၏။ ဘုန်းတန်းကြီးသော ဒါယကာ ငါသည် ဤအောင်ခြင်း ရှုံးခြင်းအဖြစ်ကို မသိ၊ စင်စစ်သော်ကား သိကြားမင်းသည် ဤသို့ လာ၏။ ထိုသိကြားမင်းကို ငါမေး၍ ဆိုအံ့၊ နက်ဖြန်မှ လာလောဟုဆို၏။ သိကြားမင်းသည်လည်း ဘုရားလောင်း၏အထံသို့လာ၍ နေ၏။ ထိုအခါ ဘုရားလောင်းသည် သိကြားမင်းအား ထိုအကြောင်းကို မေး၏။ အရှင်ဘုရား ကာလိင်္ဂမင်းသည် အောင်လတ္တံ့၊ အသောကမင်းသည် ရှုံးလတ္တံ့၊ ဤသို့သော ပုဗ္ဗနိမိတ်သည်လည်း ထင်လတ္တံ့ဟု သိကြားဆို၏။

ကာလိင်္ဂမင်းသည် နက်ဖြန် လာလတ်၍ မေး၏။ ဘုရားလောင်းသည်လည်း ကာလိင်္ဂမင်းအား ကြား၏။ ထိုကာလိင်္ဂမင်းသည် အဘယ်မည်သော ပုဗ္ဗနိမိတ်ဖြစ်လတ္တံ့နည်းဟု မမေးမူ၍သာလျှင် ငါ အောင်လတ္တံ့ဟု ဝမ်းမြောက်သဖြင့် သွား၏။ ထိုစကားသည် ပြန့်နှံ၏။ ထိုစကားကို ကြား၍ အဿကမင်းသည် နန္ဒိသေနကိုခေါ်၍ ကာလိင်္ဂမင်းသည် အောင်လတ္တံ့၊ ငါတို့သည် ရှုံးကုန်လတ္တံ့၊ အဘယ်သို့ ပြုအံ့နည်းဟု ဆို၏။ နန္ဒိသေနသည် မြတ်သောမင်းကြီး အဘယ်မင်း၏ အောင်ခြင်း အဘယ်မင်း၏ ရှုံးခြင်းသည် ဖြစ်လတ္တံ့ဟု အဘယ်သူ သိအံ့နည်း၊ အရှင်မင်းကြီးတို့သည် မစိုးရိမ်ကုန်လင့်ဟု မင်းကိုနှစ်သိမ့်စေ၍ ဘုရားလောင်းအထံသို့ ဆည်းကပ်၍ ရှိခိုးလျှက် တင့်အပ် လျောက်ပတ်စွာ နေ၏။ အရှင်ဘုရား အဘယ်မင်းသည်အောင်လတ္တံ့ အဘယ်မင်းသည် ရှုံးလတ္တံ့နည်းဟု မေး၏။ ကာလိင်္ဂမင်းသည် အောင်လတ္တံ့ အဿကမင်းသည် ရှုံးလတ္တံ့ဟု ဘုရားလောင်းဆို၏။ အရှင်ဘုရား အောင်အံ့သောမင်း၏ ပုဗ္ဗနိမိတ်သည် အသို့ဖြစ်လတ္တံ့နည်း၊ ရှုံးအံ့သောမင်း၏ ပုဗ္ဗနိမိတ်သည် အသို့ဖြစ်လတ္တံ့နည်းဟု မေး၏။ ဘုန်းတန်းကြီးသော ဒါယကာ အောင်အံ့သော မင်း၏ အစောင့်အရှောက် ဖြစ်သောနတ်သည် အလုံးစုံသော ဥသဘ ဖြစ်လတ္တံ့၊ ရှုံးအံ့သော မင်း၏ အစောင့်အရှောက် နတ်သည် အလုံးစုံမည်းသော ဥသဘ ဖြစ်လတ္တံ့၊ မင်းနှစ်ပါးတို့၏ အစောင့်အရှောက် နတ်တို့သည် စစ်ထိုး၍ အောင်ခြင်း ရှုံးခြင်းကို ပြုကုန်လတ္တံ့ဟု ဘုရားလောင်းသည် ဆို၏။ နန္ဒိသေနသည် ထိုစကားကိုကြားလျှင်ထ၍ သွား၍ မင်း၏ အဆွေခင်ပွန်းဖြစ်ကုန်သော တထောင် အတိုင်း အရှည်ရှိကုန်သော သူရဲကြီးတို့ကိုခေါ်၍ အနီးရှိ တောင်သို့တက်၍ အချင်းတို့ သင်တို့သည် ငါတို့မင်းအား အသက်ကို ပေးအံ့သောငှါ တတ်နိုင်ကုန်လတ္တံ့လောဟု မေး၏။ တတ်နိုင်ပါကုန်အံ့ဟု ဆိုကုန်၏။ ထိုသို့ တပြီးကား ဤတောင်ကမ်းပါးပြတ်၌ ကိုယ်ကို ချကုန်လော့ဟု ဆို၏။ ထိုသူရဲ တထောင်တို့သည် ချခြင်းငှာ အားထုတ်ကုန်၏။ ထိုအခါ ထိုသူရဲတထောင်တို့ကို တားမြစ်၍ ဤတောင်ကမ်းပါးပြတ်၌ ကိုယ်ကိုချသဖြင့် အလိုမရှိပြီဟု ဆို၍ ငါတို့မင်းအား ချစ်သောစိတ်ရှိကုန်လျက် မဆုတ်မနစ်ကုန် သည်ဖြစ်၍ စစ်ထိုးကြကုန်လောဟု ဆို၏။ သူရဲတထောင်တို့သည် ဝန်ခံကုန်၏။

ထိုအခါ စစ်ထိုးခြင်း ဖြစ်လတ်သော် ကာလိင်္ဂမင်းသည် ငါ အောင်အံ့ဟု လုံ့လလျော့သောအဖြစ်သို့ ရောက်၏။ ကာလိင်္ဂမင်း၏ ဗိုလ်ပါတို့သည်လည်းတို့၏မင်းကြီးသည် အောင်အံ့ဟု လုံ့လလျော့သည်၏အဖြစ်သို့ ရောက်ကုန်၍ ဖွဲ့ခြင်းကိုမပြုမူ၍ အစုအစုဖြစ်ကုန်၍ အလိုအလျောက် သွားကြကုန်၏။ ဝီရိယကိုပြုအပ်သော ကာလ၌ ဝီရိယကို မပြုကြကုန်၊ မင်းနှစ်ပါးတို့သည် မြင်းစီး၍ စစ်ထိုးကြကုန်အံ့ဟု တဦးသည် တဦးသို့ ချဉ်းကပ်ကြကုန်၏။ မင်းနှစ်ပါးတို့၏ အစောင့်အရှောက် နတ်တို့သည် ရှေ့မှလာကုန်၍ ကာလိင်္ဂမင်း၏ အစောင့်အရှောက်နက်သည် အလုံးစုံဖြူသော ဥသဘ ဖြစ်၏။ အဿကမင်း၏ အစောင့် အရှောက်နတ်သည် အလုံးစုံမည်းသော ဥသဘ ဖြစ်၏။ ထိုနတ်တို့သည်လည်း တဦးသည် တဦးအား စစ်ထိုးအံ့သောငှါ အခြင်းအရာကို ပြုကုန်လျက် ချဉ်းကပ်ကြကုန်၏။ ထိုဥသဘတို့သည်ကား မင်းနှစ်ပါးတို့အားသာလျှင် ထင်၏။ တပါးသူတို့ကား မထင်ကုန်၊ နန္ဒိသေနသည် အဿကမင်းကို မြတ်သောမင်းကြီး သင်မင်းကြီးအား အစောင့် အရှောက်နတ်သည် ထင်၏လောဟုမေး၏။ ထင်၏ ဟု ဆို၏။ အဘယ်အခြင်းအရာဖြင့် ထင်သနည်းဟု မေး၏။ ကာလိင်္ဂမင်း၏ အစောင့်အရှောက်နတ်သည် အလုံးစုံဖြူသော ဥသဘဖြစ်၍ ထင်၏။ ငါ၏ အစောင့်အရှောက် နတ်သည် အလုံးစုံမည်းသော ဥသဘဖြစ်၍ ထင်၏။ ဤသို့ထင်၍ ညှိုးနွမ်းသည်ဖြစ်၍ တည်၏ဟု ဆို၏။ မြတ်သောမင်းကြီး သင်မင်းကြီးတို့သည် မကြောက်ကုန်လင့် အကျွန်ုပ်တို့ အောင်စေကုန်အံ့၊ ကာလိင်္ဂမင်းသည် ရှုံးလတ္တံ့၊ သင်မင်းကြီးသည် မြင်း၏ကျောက်ကုန်းမှ သက်၍ ဤလှံကိုကိုင်၍ ကောင်းစွာသင်အပ်ပြီးသော သိန္ဓောမြင်းကို ဝမ်း၏နံပါး၌ လက်ဝဲလက်ဖြင့် မြဲစွာဘက်ကိုင်၍ ဤသူရဲတထောင်နှင့်တကွ လျင်မြန်စွာ သွား၍ ကာလိင်္ဂမင်း၏ အစောင့်အရှောက်နတ်ကို လှံဖြင့်ထိုး၍ ကျစေကုန်လော့၊ ထို့နောင်မှ တထောင်ကုန်သော အကျွန်ုပ်တို့သည် လှံတထောင်ဖြင့် ထိုးကုန်အံ့၊ ဤသို့ ထိုးအပ်သည်ရှိသော် ကာလိင်္ဂမင်း၏ အစောင့် အရှောက်နတ်သည် ပျက်စီးလတ္တံ့၊ ထို့နောင်မှ ကာလိင်္ဂမင်းသည် ရှုံးလတ္တံ့၊ အကျွန်ုပ်တို့သည် အောင်ကုန်အံ့ဟု ဆို၏။ အဿကမင်းသည် ကောင်းပြီဟု နန္ဒိသေနပေးသော အမှတ်ဖြင့်သွား၍ လှံဖြင့်ထိုး၏။ သူရဲတထောင် ဖြစ်ကုန်သော အမတ်တို့သည်လည်း လှံတထောင်တို့ဖြင့် ထိုးကုန်၏။ အစောင့်အရှောက်နတ်သည် ထိုအရပ်၌ပင်လျှင် အသက်ကုန်ခြင်းသို့ ရောက်၏။ ထိုခဏ၌ သာလျှင် ကာလိင်္ဂမင်းသည် ရှုံး၍ပြေး၏။ ကာလိင်္ဂမင်း ပြေးသည်ကိုမြင်၍ တထောင်ကုန်သော အမတ်တို့သည် ကာလိင်္ဂမင်း ပြေး၏ဟု ပဲ့တင်ထပ်အောင် ကြေငြာကုန်၏။ ကာလိင်္ဂမင်းသည် သေဘေးဖြင့်ကြောက်၍ ပြေးလတ်သော် ထိုရသေ့ကို ဆဲရေးလိုရကား-

။ ဇယော ကာလိင်္ဂါန မသယှသာဟိနံ၊
ပရာဇယော အနယော အဿကာနံ။
ဣစ္စေဝ တေ ဘာသိတံ ဗြဟ္မစာရိ၊
န ဥဇ္ဇုဘူတာ ဝိတထံ ဘဏန္တိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၂။ ဗြဟ္မစာရိ၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိသောရသေ့။ တေ၊ သင်သည်။ အသယှသာဟိနံ၊ သည်းခံနိုင်ခက်သော အရာတို့ကို သည်းခံခြင်းငှါ စွမ်းနိုင်ကုန်သော။ ကာလိင်္ဂါနံ၊ ကာလိင်္ဂတိုင်းသားတို့အား။ ဇယော၊ အောင်ခြင်းသည်။ အနယော၊ ရောက်အံ့။ အဿကာနံ၊ အဿကတိုင်းသား တို့အား။ ပရာဇယော၊ ရှုံးခြင်းသည်။ အနယော၊ ရောက်အံ့။ ဣစ္စေဝ၊ ဤသို့လျှင်။ ဘာသိတံ၊ ဆိုအပ်၏။ ဥဇ္ဇာဘူတာ၊ ဖြောင့်ကုန်သော သူတို့သည်။ ဝိတတံ၊ ချွတ် ယွင်းသောစကားကို။ န ဘဏန္တိ၊ မဆိုကုန်။

ဤသို့ ထိုကာလိင်္ဂမင်းသည် ရသေ့ကို ဆဲရေးလျက် ပြေး၍ မိမိမြို့သို့ လျင်စွာသွား၏။ ပြန်၍ကြည့်အံ့သောငှာလည်း မဝံ့၊ ထို့နောင်မှ နှစ်ရက်သုံးရက်လွန်သဖြင့် သိကြားသည် ရသေ့အထံသို့ လာ၏။ ရသေ့သည် သိကြားမင်းနှင့်တကွ စကားပြောလိုရကား-

။ ဒေဝါ မုသာဝါဒမုပါတိဝတ္တာ၊
သစ္စံ ဓနံ ပရမံ တေသု သက္က။
တံ တေ မုသာ ဘာသိတံ ဒေဝရာဇ။
ကိံ ဝါ ပဋိစ္စ မဃဝါ မဟိန္ဒ။

ဟူသော သုံးခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

၃။ သက္က၊ သိကြားမင်း။ ဒေဝါ၊ နတ်တို့သည်။ မုသာဝါဒံ၊ မုသာဝါဒကို။ ဥပါတိဝတ္တာ၊ လွန်ကုန်၏မဟုတ်လော။ တေသု၊ ထိုနတ်တို့၌။ သစ္စံ၊ မှန်သောစကားသည်။ ပရမံ၊ မြတ်သော။ ဓနံ၊ ဥစ္စာမည်၏။ ဒေဝရာဇ၊ နတ်မင်း။ တေ၊ သင်သည်။ တံ၊ ထိုစကားကို။ မုသာ၊ မဟုတ်မမှန်သဖြင့်။ ဘာသိတံ၊ ဆိုအပ်၏။ မဃဝါ၊ မဃအနွယ်ဖြစ်သော။ မဟိန္ဒ၊ သိကြားမင်း။ ကိံ ဝါ၊ အဘယ်ကိုမူလည်း။ ပဋိစ္စ၊ စွဲ၍။ မုသာ၊ ချွတ်ယွင်းသောစကား။ တယာ၊ သင်သည်။ ဘာသိတံ၊ ဆိုအပ်သနည်း။

ထိုစကားကိုကြား၍ သိကြားသည်-

။ နနု တေ သုတံ ဗြာဟ္မဏ ဘညမာနေ၊
ဒေဝါ န ဣဿန္တိ ပုရိသပရက္ကမဿ။
ဒမော သမာဓိ မနသော အဘေဇ္ဇော။
အဗျဂ္ဂတာ နိက္ကမနဉ္စ ကာလေ။
ဒဠှဉ္စ ဝီရိယံ ပုရိသပရက္ကမော စ၊
တေနေဝ အာသိ ဝိဇယော အဿကာနံ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၄။ ဗြာဟ္မဏ၊ အရှင်ရသေ့။ ဘညမာနေ၊ ဆိုအပ်သည်ရှိသော်။ ဒေဝါ၊ နတ်တို့သည်။ ပုရိသပရက္ကမဿ၊ ယောက်ျားတို့၏လုံ့လအား။ န ဣဿန္တိ၊ မငြူစူကုန်။ ဣဒံ ဝစနံ၊ ဤစကားကို။ တေ၊ သင်သည်။ သုတံ နနု၊ ကြားဘူးသည် မဟုတ်လော။ အဿကာနံ၊ အဿကတိုင်းသားတို့အား။ ဒမော စ၊ ကိုယ်ကိုဆုံးမခြင်းသည်၎င်း။ မနသော၊ စိတ်၏။ အဘေဇ္ဇော၊ မကွဲမပြိုသော်။ သမာဓိ စ၊ သမာဓိသည်၎င်း။ ကာလေ၊ အဿကမင်း လုံ့လပြုသော ကာလ၌။ အဗျဂ္ဂတာ၊ ပျံလွင့်ခြင်းမရှိသော အဖြစ်ဖြင့်။ နိက္ကမနဉ္စ၊ ထွက်ခြင်းသည်၎င်း။ ပုရိသပရက္ကမော၊ ယောက်ျားတို့၏ အားထုတ်ခြင်းဟု ဆိုအပ်သော။ ဒဠှံ၊ မြဲမြံ တည်ကြည်စွာသော။ ဝီရိယဉ္စ၊ ဝီရိယရှိသည်၎င်း။ အဟောသိ၊ ဖြစ်၏။ တေနေဝ၊ ထို့ကြောင့်သာလျှင်။ အဿကာနံ၊ အဿကမင်းတို့အား။ ဝိဇယော၊ အောင်ခြင်းသည်။ အာသိ၊ ဖြစ်၏။

ကာလိင်္ဂမင်း ပြေးသည်ရှိသော် အဿကမင်းသည် ပျက်စီးသည်ကို ယူခဲ့စေ၍ မိမိမြို့သို့ သွား၏။ နန္ဒိသေနသည် ဤလေးယောက်ကုန်သော မင်းသ္မတို့၏ အမွေအစုကို ပို့လာစေ၊ အကယ်၍ မပို့စေငြားအံ့၊ ပြုအပ်သောအမှုကိုပြုအံ့ဟု ကာလိင်္ဂမင်းသို့ သတင်းကြားစေ၏။ ကာလိင်္ဂမင်းသည် သတင်းစကားကို ကြား၍ အလွန်ကြောက်လန့်ရကား မင်းသ္မီးတို့သည် ရသင့်သောအမွေကို ပို့စေ၏။ ထိုအခါမှစ၍ မင်းနှစ်ပါးတို့သည် ညီညွတ်စွာ နေကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဤရဟန်းမိန်းမငယ်တို့သည် ထိုအခါ ကာလိင်္ဂမင်း၏ သ္မီးတို့ ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါနန္ဒိသေနအမတ်ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဗိုလ်ပါရံရွေ၊ စည်းကမ်းသေ၍၊ စိတ်နေကြံခိုင်၊ သက်စွန့်တိုင်သား၊ လွန် ကြိုးစား၍၊ အောင်သားအောင်သေ၊ သောက်နိုင်ပေရှင့်

ရှေးဦးစွာသော စူဠကာလိင်္ဂဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကာလိင်္ဂဝဂ်

၂။ မဟာအဿာရောဟဇာတ်

မင်း နှင့် တောတွင်းသား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဒေယျေသု ဒဒံ ဒါနံ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာအဿာရောဟဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အရှင်အာနန္ဒာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုကို အောက်၌ဆိုအပ်ပြီ) ဤမဟာအဿာရောဟ ဇာတ်၌လည်း ရှေးပညာရှိတို့သည်လည်း မိမိအား ကျေးဇူးပြုသည်၏ အစွမ်းအားဖြင့်သာလျှင် ကျေးဇူးပြုဘူးကုန်၏ ဟောတော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဘုရားလောင်းသည် ဗာရာဏသီမင်းဖြစ်၍ တရားသဖြင့် မင်းပြု၏။ အလှူပေး၏။ သီလဆောက် တည်၏။ ထိုဗာရာဏသီမင်းသည် ခိုးသူဖျက်ဆီးသော ပစ္စန္တရစ်ကို ငြိမ်းစေအံ့ဟု ဗိုလ်ပါစစ်သည် ခြံရံ၍သွား၏။ စစ်ရှုံးလျှင် မြင်းစီး၍ ပြေးသည်ရှိသော် တခုသော ပစ္စန္တရပ်ရွာသို့ ရောက်၏။ ထိုပစ္စန္တရစ်၌ သုံးကျိပ်ကုန်သော မင်းခစား ယောက်ျားတို့သည် နေကြကုန်၏။ ထိုမင်းခစား ယောက်ျားတို့သည် စောစောကသာလျှင် ရွာလယ်၌ စည်းဝေးကြကုန်၍ ရွာကိစ္စကိုပြုကြကုန်၏။ ထိုခဏ၌မင်းသည် ချပ်မိန်တို့ဖြင့် ဆင်အပ်သော မြင်းကိုစီး၍ တန်ဆာဆင်ယင်လျက် ရွာတံခါးမှ ရွာတွင်းသို့ဝင်၏။ ထိုရွာသားတို့သည် အကြောင်းအသို့တုံနည်းဟု ကြောက်ကုန်ရကား ပြေး၍ မိမိ မိမိတို့၏အိမ်သို့ ဝင်ကြကုန်၏။ ထိုလူတို့တွင် တယောက်သော သူသည်ကား မိမိအိမ်သို့ မသွားမူ၍ မင်းအား ခရီးဦးကြိုဆိုခြင်းကို ပြု၍ ကျွန်ုပ်တို့မင်းသည် ပစ္စန္တရစ်သို့သွားသည်ဟု ကြား၏။ အဆွေသည် အဘယ်သူနည်း မင်းချင်းယောက်ျားလော၊ ခိုးသူယောက်ျားလောဟု မေး၏။ အဆွေ အကျွန်ုပ် မင်းချင်း ယောက်ျားတည်းဟု ဆို၏။ ထိုသို့တပြီးကား လာကုန်လော့ဟု မင်းကို အိမ်သို့ဆောင်၍ မိမိအင်းပျဉ်၌ နေစေ၍ ရှင်မ လာလော့ အဆွေခင်ပွန်း၏ ခြေတို့ကိုဆေးလော့ဟု မယားကိုဆို၍ မင်း၏ခြေတို့ကို ဆေးစေ၍ မိမိ၏အစွမ်းအား လျောက်ပတ်သဖြင့် အာဟာရကိုပေး၍ အတန်ငယ် ပင်ပန်းဖြေကုန်လော့ဟု အိပ်ရာကို ခင်း၏။ မင်းသည် အိပ်၏။ အိမ်ရှင်သည် မြင်း၏ကိုယ်တန်ဆာတို့ကို ဖြေ၍ ထိုမှ ဤမှ သွားစေ၍ ရေသောက်စေ၍ ကျောက်ကိုဆီလူး၍ မြက်ကို ပေး၏။ ဤသို့ သုံးလေးရက် မင်းကိုလုပ်ကျွေး၍ အဆွေ ကျွန်ုပ် သွားအံ့ဟု ဆိုသော် တဖန် မင်းအား၎င်း မြင်းအား၎င်း ပြုအပ်သော အလုံးစုံသောအမှုကို ပြု၏။ မင်းသည်နှစ်သက်၍ သွားသည်ရှိသော် အဆွေ ကျွန်ုပ်သည် မြင်းစီးကြီး မည်၏။ မြို့လယ်၌ ကျွန်ုပ်အိမ်ရှိ၏။ တစုံတခုသော ကိစ္စကြောင့် မြို့သို့လာသော် တောင်တံခါး၌ရပ်၍ တံခါးစောင့်ကိုမေး၍ တံခါးစောင့်ကိုခေါ်၍ လာလော့ဟု ဆို၍ ဖဲသွား၏။

ဗိုလ်ပါအပေါင်းသည်လည်း မင်းကိုမတွေ့၍ မြို့ပ၌ သစ်ခက်တပ်တည်၍ နေလျက် မင်းကိုမြင်၍ ခရီးဦး ကြိုဆို၍ ခြံရံ၏။ မင်းသည် မြို့သို့ဝင်လတ်သော် တံခါးကြား၌ရပ်၍ တံခါးစောင့်ကိုခေါ်၍ လူများကိုဖဲစေ၍ အမောင် တယောက်သော ပစ္စန္တရစ်ရွာသားသည် ငါ့ကို မြင်လိုသည်ဟုလာ၍ မြင်းစီးကြီးအိမ် အဘယ်မှာနည်းဟု မေးလတ္တံ့၊ ထိုပစ္စန္တရစ်ရွာသားကို သင်သည် လက်၌ကိုင်၍ ဆောင်၍ ငါ့ကို ပြလာလှည့်လော့၊ ထိုအခါ သင်သည် တထောင်သော ဥစ္စာကို ရလတ္တံ့ဟု ဆို၏။ ထိုပစ္စန္တရစ်ရွာသားသည် မြို့သို့မလာသည်ရှိသော် မင်းသည် ထိုယောက်ျားနေသောရွာ၌ အခွန်ကိုတောင်း၏။ ဤသို့ အခွန်တောင်းသော်လည်း ထိုယောက်ျားသည် မလာ၊ ဤအတူ နှစ်ကြိမ်သုံးကြိမ် အခွန် တောင်းစေ၏။ ထိုယောက်ျားသည်ကား မလာ၊ ထိုအခါ ထိုယောက်ျားကို ရွာသားတို့သည် စည်းဝေး၍ အရှင်သင်၏ အဆွေခင်ပွန်း မြင်းစီးကြီးလာသော ကာလမှစ၍ အခွန်ဖြင့် နှိပ်စက်သည်ဖြစ်၍ ငါတို့သည် ဦးခေါင်းကို ချီအံ့သောငှါ မတတ်နိုင်ကုန်၊ အရှင်သည် သွားချေ၊ အရှင်၏ အဆွေ ခင်ပွန်း မြင်းစီးကြီးအားဆို၍ ငါတို့အား အခွန်ကို လွှတ်ပါစေလော့ဟု ဆိုကုန်၏။ ထိုယောက်ျားသည် ကောင်းပြီ သွားအံ့၊ အကျွန်ုပ်သည် လက်ချည်းသက်သက် သွားခြင်းငှာ မတတ်ကောင်း၊ အကျွန်ုပ်၏ အဆွေ ခင်ပွန်းအား သားငယ် နှစ်ယောက်တို့သည် ရှိကုန်၏။ ထိုသားငယ်တို့ကို၎င်း၊ အဆွေခင်ပွန်း၏ မယားကို၎င်း၊ အဆွေခင်ပွန်းကို၎င်း၊ အဝတ်အာရုံ တန်ဆာတို့ကို စီရင်ကြကုန်လော့ဟု ဆို၏။ ကောင်းပြီ စီရင်အံ့ဟု ထိုရွာသားတို့သည် အလုံးစုံသော လက်ဆောင်ကို စီရင်ကြကုန်၏။

ထိုယောက်ျားသည် ထိုလက်ဆောင်ကို၎င်း၊ မိမိအိမ်၌ ကြော်အပ်သောမုံ့ကို၎င်း ယူပြီးလျှင် မြို့သို့သွား၍ တောင်တံခါးသို့ ရောက်၍ တံခါးစောင့်ကို အဆွေ တံခါးစောင့် မြင်းစီးကြီးအိမ် အဘယ်မှာနည်းဟု မေး၏။ ထိုတံခါးစောင့်သည် လာလော့ ပြအံ့ဟု ထိုယောက်ျားကို လက်၌ကိုင်၍ မင်းအိမ်တံခါးသို့သွား၍ တံခါးစောင့်သည် တယောက်သော ပစ္စန္တရစ်ရွာသားကိုယူ၍ လာ၏ဟု ကြားလျှောက်စေ၏။ မင်းသည် ထိုစကားကိုကြား၍ နေရာမှထ၍ ငါ၏ အဆွေခင်ပွန်းသည်၎င်း အဆွေခင်ပွန်းနှင့် အတူလာကုန်သော သူတို့သည်၎င်း ဝင်စေကုန်ဟုဆို၍ ခရီးဦးကြိုပြု၍ ချစ်ခြင်းကိုထင်စေ၍ ကျွန်ုပ်၏ အဆွေခင်ပွန်းမသည်၎င်း သူငယ်တို့သည်၎င်း ရောဂါကင်းကြပါကုန်၏လောဟု မေး၍ လက်၌ကိုင်၍ မြတ်သောပြာသာဒ်အပြင်သို့တက်၍ ထီးဖြူအောက် ရာဇပလ္လင်၌နေစေ၍ မိဖုယားကြီးကိုခေါ်စေ၍ ရှင်မိဖုယားကြီး အဆွေခင်ပွန်း၏ ခြေတို့ကို ဆေးလော့ဟုဆို၏။ မိဖုယားသည် ထိုပစ္စန္တရစ်ရွာသား၏ ခြေတို့ကို ဆေး၏။ မင်းသည် ရွှေကရားဖြင့် ရေသွန်း၏။ မိဖုယားသည်လည်း ခြေတို့ကိုဆေး၍ နံ့သာဆီဖြင့် လိမ်း၏။ မင်းသည် အဆွေ တစုံတခု ငါတို့ကို့ ခဲဘွယ်ပါသလောဟု မေး၏။ ထိုယောက်ျားသည် ပါ၏ဟု အိတ်မှ မုံ့တို့ကိုထုတ်၏။ မင်းသည် ရွှေခွက်ဖြင့်ခံ၍ ထိုယောက်ျားအား သင်္ဂြိုဟ်ခြင်းကို ပြုလိုသည်ဖြစ်၍ ငါ၏ အဆွေခင်ပွန်း ဆောင်ခဲ့သော ခဲဘွယ်ကို စားပြဟု မိဖုယားကို၎င်း အမတ်တို့ကို၎င်း စားစေ၍ မိမိလည်းစား၏။ ပစ္စန္တရစ် ရွာသားသည် တပါးသော လက်ဆောင်ကိုလည်း ပြ၏။ မင်းသည် ထိုယောက်ျားအား ချီးမြှောက်အံ့သောငှါ ကာသိကအဝတ်တို့ကိုပယ်၍ ထိုပစ္စန္တရစ်ရွာသားသည် ဆောင်ခဲ့သော ပုဆိုးစုံကို ဝတ်၏။ မိဖုယားသည်လည်း ကာသိကအဝတ်ကို၎င်း တန်ဆာတို့ကို၎င်း ပယ်၍ ထိုပစ္စန္တရစ်ရွာသားသည် ဆောင်ခဲ့သော အဝတ်ကိုဆင်၏။

ထိုအခါ ပစ္စန္တရစ် ရွာသားကို မင်းသည် မင်းအားထိုက်သော ဘောဇဉ်ကိုစားစေ၍ တယောက်သော အမတ်ကို သွားချေ သင်သည် ဤသူအား ငါ့ကို ပြုပြင်သောနည်းဖြင့် မုတ်ဆိတ်ဆံကို ပြုပြင်စေ၍ နံ့သာရေဖြင့် ရေချိုးစေ၍ တသိန်းထိုက်သော ကာသိကအဝတ်ကို ဝတ်စေ၍ မင်း၏ တန်ဆာဖြင့် တန်ဆာဆင်စေ၍ ဆောင်ခဲ့ဟု စေ၏။ ထိုအမတ်သည် မင်းစေတိုင်းပြု၏။ မင်းသည် စည်လည်စေ၍ အမတ်တို့ကို စည်းဝေးစေ၍ ထီးဖြူ၏အလယ်၌ ဟင်္သပြဒါးစစ်ဖြင့်ဆိုးသော မျဉ်းကြိုးကိုချစေ၍ ထက်ဝက်သော မင်းအဖြစ်ကို ပေး၏။ ထိုအခါမှစ၍ ထိုနှစ်ယောက်ကုန်သော မင်းတို့သည် တကွနက်လျှင် စားသောက်ကြကုန်၏။ အိပ်ကြကုန်၏။ အကျွမ်း ဝင်ခြင်းသည် အလွန်မြဲမြံ၏။ တစုံတယောက်သော သူသည်လည်း မဖျက်ဆီးနိုင်၊ ထိုအခါ ထိုယောက်ျား၏ သားမယားတို့ကိုလည်း ခေါ်စေ၍ မြို့တွင်း၌ အိမ်ကို ဆောက်စေ၍ ပေး၏။ ထိုမင်းနှစ်ယောက်တို့သည် အညီ အညွတ် ဝမ်းမြောက်ကုန်သည်ဖြစ်၍ မင်းပြုကုန်၏။

အမတ်တို့သည် အမျက်ထွက်၍ မင်းသားကို အရှင်မင်းသား တယောက်သော သူကြွယ်အား ထက်ဝက်သော မင်းအဖြစ်ကိုပေး၍ ထိုသူကြွယ်နှင့်တကွ စား၏။ သောက်၏။ အိပ်၏။ သူငယ်တို့ကိုလည်း ရှိခိုးစေ၏။ မင်းပြုအပ်သောအမှုကို အကျွန်ုပ်တို့သည် မသိပါကုန်၊ မင်းသည် အသို့ပြုသနည်း၊ အကျွန်ုပ်တို့သည် ရှက်ကုန်၏ဟု သင်မင်းသားသည် မင်းအား ဆိုပါလော့ဟု ဆိုကုန်၏။ မင်းသားသည် ကောင်းပြီဟု ဝန်ခံ၍ ထိုအလုံးစုံသော စကားကို မင်းအားကြား၍ မြတ်သောမင်းကြီး ဤသို့မပြုလင့်ဟု ဆို၏။ အမောင် ငါစစ်ရုံး၍ အဘယ်၌ နေသနည်းဟု စင်စစ် သိကုန်၏ လောဟု ဆို၏။ မြတ်သောမင်းကြီး မသိကုန်ဟု မင်းသားဆို၏။ ငါသည် ထိုယောက်ျား၏ အိမ်၌ နေလျက် ရောဂါကင်း၍ လာ၍ မင်းပြုရ၏။ ဤသို့ ငါ့အား ကျေးဇူးပြုသောသူအား အဘယ်ကြောင့်စည်းစိမ်ကို မပေးဘဲရှိရအံ့နည်းဟု ဆို၍ ဘုရားလောင်းသည် အမောင် အကြင်သူသည် မပေးအပ်သောသူအား ပေး၏။ ပေးအပ်သင့်သောသူအား မပေး၊ ထိုသူသည် ဘေးရန်သို့ရောက်၍ တစုံတခုကျေးဇူးပြုသောသူကိုလည်း မရဟု ပြလိုရကား-

။ အဒေယျေသု ဒဒံ ဒါနံ၊ ဒေယျေသု နပ္ပဝေစ္ဆတိ။
အာပါသု ဗျသနံ ပတ္တော၊ သဟာယံ နာဓိဂစ္ဆတိ။
။ အဒေယျေသု ဒဒံ ဒါနံ၊ ဒေယျေသု ယော ပဝေစ္ဆတိ။
အာပါသု ဗျသနံ ပတ္တော၊ သဟာယမဓိဂစ္ဆတိ။
။ သညောဂ သမ္ဘောဂ ဝိသေသဒဿနံ၊
အနရိယ ဓမ္မေသု သဌေသု နဿတိ။
ကတဉ္စ အရိယေသု စ အဇ္ဇဝေသု၊
မဟပ္ဖလံ ဟောတိ အဏုမ္ပိ တာဒိသု။
။ ယော ပုဗ္ဗေ ကတကလျာဏာ၊
အကာ လောကေ သုဒုက္ကရံ။
ပစ္ဆာ ကယိရာ နဝါ ကယိရာ၊
အစ္စန္တံ ပူဇနာရဟော။

ဟူသော ဤဂါထာတို့ကို ဆို၏။

၅။ တာတ၊ အမောင်။ ယော၊ အကြင်သူသည်။ အဒေယျေသု၊ မပေးအပ်ကုန်သော သူတို့အား။ ဒါနံ၊ အလှူကို။ ဒဒံ၊ ပေးတတ်၏။ ဒေယျေသု၊ ပေးအပ်သော သူတို့အား။ နပ္ပဝေစ္ဆတိ၊ မပေး။ အာပါသု၊ ဘေးရန်ဖြစ်ကုန်လတ်သော်။ သော၊ ထိုသူသည်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ပတ္တော၊ ရောက်သည်ရှိသော်။ သဟာယံ၊ အဆွေခင်ပွန်းကို။ နာဓိဂစ္ဆတိ၊ မရ။

၆။ ယော၊ အကြင်သူသည်။ အဒေယျေသု၊ မပေးအပ်ကုန်သော သူတို့အား။ ဒါနံ၊ အလှူကို။ န ဒဒံ၊ မပေး။ ဒေယျေသု၊ ပေးအပ်ကုန်သော သူတို့အား။ ပဝေစ္ဆတိ၊ ပေး၏။ အာပါသု၊ ဘေးရန်ဖြစ်ကုန်လတ်သော်။ သော၊ ထိုသူသည်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ပတ္တော၊ ရောက်သည်ရှိသော်။ သဟာယံ၊ အဆွေခင်ပွန်းကို။ အဓိဂစ္ဆတိ၊ ရ၏။

၇။ အနရိယဓမ္မေသု၊ မသူတော်တို့၏ အကျင့်ရှိကုန်သော။ သဌေသု၊ စဉ်းလဲကုန်သော သူတို့၌။ ကတံ၊ ပြုအပ်သော။ သညောဂ သမ္ဘောဂ ဝိသေသဒဿနံ၊ အတူတကွ ပေါင်းဘော်ခြင်း အတူတကွ သုံးဆောင်ခြင်း၏ ကျေးဇူးအထူးကို မြင်ရခြင်းသည်။ နဿတိ၊ ပျက်စီး၏။ အရိယေသု၊ မြတ်ကုန်သော။ အဇ္ဇဝေသု၊ ဖြောင့်မတ်ကုန်သော။ တာဒိသု၊ ထိုသို့ သဘောရှိကုန်သော သူတို့၌။ အဏုမ္ပိ၊ အနည်းငယ်လည်း ဖြစ်သော။ ကတံ၊ ပြုအပ်သော ကျေးဇူးသည်။ မဟပ္ဖလံ၊ အကျိုးကြီးသည်။ ဟောတိ၊ ဖြစ်၏။

၈။ ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ ရှေး၌။ ကတကလျာဏော၊ ကျေးဇူးကိုပြု၍။ လောကေ၊ လောက၌။ သုဒုက္ကရံ၊ အလွန်ပြုနြိင်ခဲသောအမှုကို။ အကာ၊ ပြု၏။ သော၊ ထိုသူသည်။ ပစ္ဆာ၊ နောက်ကာလ၌။ ကယိရာ ဝါ၊ ကျေးဇူးပြုသည်မူလည်း ဖြစ်စေ။ န ကယိရာ ဝါ၊ ကျေးဇူးမပြုသည်မူလည်း ဖြစ်စေ။ အစ္စန္တံ၊ စင်စစ်။ ပူဇနာရဟော၊ ပူဇော်ခြင်းကို ခံထိုက်၏။

ဤစကားကို ကြား၍ အမတ်တို့သည်၎င်း မင်းသားသည်၎င်း တစုံတခုသော စကားကို မဆို။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ပစ္စန္တရစ် ရွာသား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးတုံ့မူ၊ ပြုထိုက်သူအား၊ ပြု၍ထား၊ ရန်ကားကြုံပေ့၊ ကယ်သူတွေ့၏

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော မဟာအဿာရောဟဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကာလိင်္ဂဝဂ်

၃။ ဧကရာဇဇာတ်

တရားစောင့်မင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အနုတ္တရေ ကာမဂုဏေ သမိဒ္ဓေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဧကရာဇဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောသလမင်းကို ခစားသော မထင်ရှားသော အမတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုကို အောက် သေယျဇာတ်၌ ဆိုအပ်ပြီ) ဤဧကရာဇဇာတ်၌ကား သဗ္ဗညူမြတ်စွာဘုရားသည် ဒါယကာ သင်သည်သာလျှင် အကျိုးမဲ့ခြင်းဖြင့် အကျိုးကို ဆောင်သည် မဟုတ်သေး၊ ရှေးပညာ ရှိတို့သည်လည်း မိမိအကျိုးမဲ့ခြင်းဖြင့် အကျိုးကိုဆောင်ဘူးကုန်သည် သလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီ မင်း၏ အမတ်သည် နန်းတွင်း၌ ပြစ်မှား၏။ မင်းသည် ပစ္စက္ခအားဖြင့်သာလျှင် ထိုအမတ်၏အပြစ်ကိုမြင်၍ အမတ်ကို တိုင်းနိုင်ငံမှ နှင်ထုတ်စေ၏။ ထိုအမတ်သည် ဒုဗ္ဘိသေနမည်သော ကောသလမင်းကို ခစား၏။ (အလုံးစုံသော စကားကို မဟာသီလဝဇာတ်၌ ဆိုအပ်ပြီးသလျှင်ကတည်း) ဤဧကရာဇဇာတ်၌ကား ဒုဗ္ဘိသေနမင်းသည် မြတ်သော ပြာသာဒ်အပြင်ဝယ် အမတ်တို့၏အလယ်၌ နေသော ဗာရာဏသီမင်းကို ဘမ်း၍ ဆိုင်း၌ ထည့်စေ၍ မြောက်တံခါးခုံ၌ ဦးစောက်ဆွဲစေ၏။ ဗာရာဏသီမင်းသည် ခိုးသူမင်းကို အာရုံပြုလျက် မေတ္တာကိုပွားစေ၍ ကသိုဏ်းပရိကံကိုပြု၍ ဈာန်ကိုဖြစ်စေ၏ အနှောင် အဖွဲ့သည် ပြတ်၏။ ထို နောင် မင်းသည် ကောင်းကင်၌ ထက်ဝယ်ဘွဲ့သဖြင့် နေ၏။ ခိုးသူမင်း၏ကိုယ်၌ ပူပြင်းခြင်းသည်ဖြစ်၍ ပူ၏ ပူ၏ ဟု မြေ၌ ထိုမှဤမှ လူးလဲ၍ အဘယ်အမှုနည်းဟု ဆိုလတ်သော် မြတ်သောမင်းကြီး သင်မင်းကြီးတို့သည် ဤသို့သဘောရှိသော တရား စောင့်သော အပြစ်မရှိသောမင်းကို မြောက်တံခါးခုံ၌ ဦးစောက်ဆွဲစေကုန်၏ဟု ဆိုကြကုန်၏။ ထိုသို့တပြီးကား လျင်စွာသွား၍ လွှတ်ကြကုန်ဟု ဆို၏။ မင်းချင်းယောက်ျားတို့သည် သွား၍ကောင်းကင်၌ ထက်ဝယ်ဘွဲ့သဖြင့် နေသော ဗာရာဏသီမင်းကို မြင်၍ လာ၍ ဒုဗ္ဘိသေနမင်းအား လျှောက်ကုန်၏။ ဒုဗ္ဘိသေနမင်းသည် လျင်မြန်စွာသွား၍ ဗာရာဏသီမင်းကို ရှိခိုး၍ ကန်တော့အံ့သောငှာ-

။ အနုတ္တရေ ကာမဂုဏေ သမိဒ္ဓေ၊
ဘုတွာန ပုဗ္ဗေ ဝသိ ဧကရာဇ။
သော ဒါနိ ဒုဂ္ဂေ နရကမှိ ခိတ္တော၊
နပ္ပဇ္ဇဟေ ဝဏ္ဏဗလံ ပုရာဏံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၉။ ဧကရာဇ၊ ဧရာဇ်မင်း။ သော တွံ၊ ထိုသင်သည်။ ပုဗ္ဗေ၊ ရှေး၌။ အနုတ္တရေ၊ အလွန်မြတ်ကုန်သော။ သမိဒ္ဓေ၊ ပြည့်စုံကုန်သော။ ကာမဂုဏေ၊ ကာမဂုဏ်တို့ကို။ ဘုတွာန၊ ခံစား၍။ ဝသိ၊ နေ၏။ ဒါနိ၊ ယခုအခါ၌။ ဒုဂ္ဂေ၊ မညီညွတ်သော။ နရကမှိ၊ တွင်း၌။ ခိတ္တော၊ ဆွဲထားလျှက်။ ပုရာဏံ၊ ရှေး၌ဖြစ်သော။ ဝဏ္ဏဗလံ၊ အဆင်းအားကို။ နပ္ပဇ္ဇဟေ၊ အဘယ်ကြောင့် မစ္စန့်သနည်း။

ထိုစကားကို ကြား၍ ဘုရားလောင်းသည်-

၁၀။ ပုဗ္ဗေဝ ခန္တီ စ တပေါ စ မယှံ၊
သမ္ပတ္ထိတာ ဒုဗ္ဘိသေန အဟောသိ။
တံ ဒါနိ လဒ္ဓါန ကထံ နု ရာဇ၊
ဇဟေ အဟံ ဝဏ္ဏဗလံ ပုရာဏံ။
၁၁။ သဗ္ဗာ ကိရေဝံ ပရိနိဋ္ဌိတာနိ၊
ယသဿိနံ ပညဝန္တံ ဝိသယှ။
ယသော စ လဒ္ဓါ ပုရိမံ ဥဠာရံ၊
နပ္ပဇ္ဇဟေ ဝဏ္ဏဗလံ ပုရာဏံ။
၁၂။ ပနုဇ္ဇ ဒုက္ခေန သုခံ ဇနိန္ဒ၊
သုခေန ဝါ ဒုက္ခ မသယှသာဟီ။
ဥဘယတ္ထ သန္တော အဘိနိဗ္ဗုတတ္တာ၊
သုခေ စ ဒုက္ခ စ ဘဝန္တိ တုလျာ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၀။ ဒုဗ္ဘိသေန၊ ဒုဗ္ဘိသေနမင်း။ ပုဗ္ဗေဝ၊ ရှေး၌ သာလျှင်။ မယှံ၊ ငါသည်။ ခန္တီ စ၊ သည်းခံခြင်းကို၎င်း။ တပေါ စ၊ ခြိုးခြံသော အကျင့်ကို၎င်း။ သမ္ပတ္ထိတာ၊ တောင့်တသည်။ အဟောသိ၊ ဖြစ်၏။ ရာဇ၊ ဒုဗ္ဘိသေနမင်း။ ဣဒါနိ၊ ယခုအခါ၌။ အဟံ၊ ငါသည်။ တံ၊ ထိုတောင့်တအပ်သောသည်းခံခြင်း ခြိုးခြံခြင်းကို။ လဒ္ဓါန၊ ရ၍။ ပုရာဏံ၊ ရှေး၌ဖြစ်သော။ ဝဏ္ဏဗလံ၊ အဆင်းအားကို။ ကထံ နု၊ အဘယ်အကြောင်းကြောင့်လျှင်။ ဇဟေ၊ စွန့်ရာအံ့နည်း။

၁၁။ သဗ္ဗာ-သဗ္ဗာနိ၊ အလုံးစုံကုန်သော ဒါန သီလ ဘာဝနာ ဥပုသ်သုံးခြင်း ကိစ္စတို့သည်။ ဝေ ပရိနိဋ္ဌိတာနိ ကိရ၊ ဤသို့ ပြီးကုန်သည်သာလျှင် ဖြစ်ကုန်သတတ်။ ယသဿိနံ- ယသဿိ၊ အခြံအရံရှိသော။ ပညဝန္တံ-ပညဝါ၊ ပညာရှိသော။ ဝိသယှ၊ သည်းခံနိုင်ခက်သော အရာ၌ သည်းခံနိုင်သောမင်းကြီး။ ယသော စ၊ စည်းစိမ်ရှိသော သူသည်လည်း။ အပုရိမံ၊ ရှေး၌ မရစဘူးသော။ ဥဠာရံ၊ မြတ်သော ချမ်းသာကို။ လဒ္ဓါ၊ ရ၍။ ပုရာဏံ၊ ရှေး၌ဖြစ်သော။ ဝဏ္ဏဗလံ၊ အဆင်းအားကို။ နပ္ပဇ္ဇဟေ၊ မစွန့်ရာ။

၁၂။ ဇနိန္ဒ၊ ဒုဗ္ဘိသေနမင်း။ ဒုက္ခေန၊ သင်သည် ဖြစ်စေအပ်သော ဆင်းရဲဖြင့်။ သုခံ၊ မင်းချမ်းသာကို။ ပနုဇ္ဇ၊ ပယ်၍။ သုခေန ဝါ၊ ဈာန်ချမ်းသာဖြင့်လည်း။ ဒုက္ခ၊ သင်သည်ဖြစ်စေအပ်သော ဆင်းရဲကို။ ပနုဇ္ဇ၊ ပယ်၍။ အသယှသာဟီ၊ သည်းခံနိုင်ခက်သောအရာကို သည်းခံ၏။ သန္တော၊ သူတော်ကောင်းတို့သည်။ အဘိနိဗ္ဗုတတ္တာ၊ ငြိမ်းသောသဘောရှိကုန်သည်ဖြစ်၍။ ဥဘယတ္ထ၊ နှစ်ပါးစုံသော။ သုခေ စ၊ သုခ ၌၎င်း။ ဒုက္ခေ စ၊ ဒုက္ခ၌၎င်း။ တုလျာ၊ တူကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

ဤစကားကို ကြား၍ ဒုဗ္ဘိသေနမင်းသည် ဘုရားလောင်းကို ကန်တော့၍ သင်မင်းကြီးတို့၏ပြည်ကို သင်မင်းကြီးတို့သည်ပင်လျှင် မင်းပြု ကုန်လော့၊ ကျွန်ုပ်သည် သင်မင်းကြီးတို့၏ ခိုးသူတို့ကို ပယ်ဖျောက်အံ့ဟု ဆို၍ ထိုပြစ်မှားသော အမတ်အား မင်းအာဏာကို ပြု၍ သွား၏။ ဘုရားလောင်းသည်လည်း မင်းအဖြစ်ကို အမတ်တို့အား အပ်နှင်း၍ ရသေ့ရဟန်းပြု၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဒုဗ္ဘိသေနမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာ ဏသီမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

တရားစောင့်သူ၊ လှည့်ပြန်ကူ၊ စောင့်ယူတရား၊ ကူပံ့ငြား၏

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဧကရာဇဇာတ်သည်ပြီး၏။

*****

စတုက္ကနိပါတ် - ကာလိင်္ဂဝဂ်

၄။ ဒဒ္ဒရဇာတ်

မစင်စွန့်မြေ သုံးနှစ်နေ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဣမာနိ မံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒဒ္ဒရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တပါးသော အမျက်ထွက်တတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုကို အောက်၌ ဆိုအပ်ပြီ) ထိုအခါ ရဟန်းတို့သည် တရား သဘင်၌ ထိုရဟန်း၏ အမျက် ထွက်တတ်သော အဖြစ်ကို ပြောဆိုကုန်လတ်သော် သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့်စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားလျှောက်သည်ရှိသော် ထိုရဟန်းကို ခေါ်စေ၍ ရဟန်း သင်သည် အမျက်ထွက်တတ်သော ဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင် အမျက်ထွက်တတ်သည် မဟုတ်သေး၊ ရှေး၌လည်း အမျက်ထွက်တတ် သည်သာလျှင် ဖြစ်၏။ ထိုရဟန်း၏ အမျက်ထွက်သည်၏ အဖြစ်ကြောင့်သာလျှင် ရှေးပညာရှိတို့သည် စင်ကြယ်သော နဂါးမင်း၏ အဖြစ်၌ တည်ကုန်လျက်လည်း သုံးနှစ်တို့ပတ်လုံး ကျင်ကြီးဖြင့်ပြည့်သော မသန့်သောမြေ၌ နေရဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာ အရပ်ဝယ် ဒဒ္ဒရတောင်ခြေရင်း၌ ဒဒ္ဒရမည်သော နဂါးပြည်၌ မင်းပြုသော ဒဒ္ဒရနဂါးမင်း၏ သားမဟာဒဒ္ဒရမည်သော နဂါးဖြစ်၏။ ထိုမဟာဒဒ္ဒရနဂါး၏ ညီသည်ကား စူဠဒဒ္ဒရမည်၏။ စူဠဒဒ္ဒရနဂါးသည် အမျက် ထွက်တတ်၏။ ကြမ်းကြုတ်၏။ နဂါးလုလင်မတို့ကို ဆဲရေး ရိုတ်ပုတ်လျက် သွားတတ်၏။ နဂါးမင်းသည် စူဠဒဒ္ဒရနဂါး၏ ကြမ်းသောအဖြစ်ကိုသိ၍ စူဠဒဒ္ဒရကို နဂါးပြည်မှ နှင်ထုတ်စိမ့်သောငှာ စေ၏။ မဟာဒဒ္ဒရ နဂါးသည်ကား အဘကို သည်းခံစေ၍ တားမြစ်၏။ နှစ်ကြိမ်မြောက်လည်း နဂါးမင်းသည် စူဠဒဒ္ဒရနဂါးအား အမျက်ထွက်၏။ နှစ်ကြိမ်မြောက်လည်း သည်းခံစေ၏။ သုံးကြိမ်မြောက်၌ကား သင်သည် ဤယုတ်မာသော အကျင့်ရှိသော နဂါးကို နှင်ထုတ်သည်ကို တားမြစ်၏။ နှစ်ယောက်ကုန်သော သင်တို့သည် နဂါးပြည်မှထွက်၍ ဗာရာဏသီပြည်၌ မစင်စွန့်ရာမြေ၌ သုံးနှစ်တို့ပတ်လုံး နေကြကုန်ဟု နဂါးပြည်မှ နှင်ထုတ်၏။ ထိုမဟာဒဒ္ဒရ စူဠဒဒ္ဒရနဂါးတို့သည် ထိုအရပ်သို့သွား၍ နေကုန်၏။ ထိုအခါ မစင်စွန့်ရာမြေဝယ် ရေနား၌ အစာရှာကုန်သော ထိုနဂါးတို့ကို ရွာသူသားငယ်တို့ မြင်ကုန်၍ ပုတ်ခတ်ကုန်လျက် လှံတံတို့ကိုပစ်ကုန်လျက် အချင်းတို့ ဖားစိမ်းစား ဖြစ်ကုန်သော ဤရေမြွေတို့သည် ဦးခေါင်းကြီးကုန်၏။ အပ်နှင့်တူသော အမြီးရှိကုန်၏။ ဤသို့အစရှိသော စကားတို့ကိုဆို၍ ဆဲရေးကုန်၏။

စူဠဒဒ္ဒရနဂါးသည် ကြမ်းကြုတ်သည်၏ အဖြစ်ကြောင့် ထိုသူတို့၏ မထေမဲ့မြင်ပြုခြင်းကို သည်းမခံနိုင်သည်ဖြစ်၍ အစ်ကို ဤသူငယ်တို့သည် ငါတို့ကိုပုတ်ခတ်ကုန်၏။ ငါတို့၏ လျင်သော အဆိပ်ရှိသည်၏အဖြစ်ကို မသိကြကုန်၊ ငါသည် ထိုသူငယ်တို့၏ မထေမဲ့မြင်ပြုခြင်းကို သည်းခံခြင်း ငှာ မတတ်နိုင်၊ ထိုသူငယ်တို့ကို နှာခေါင်းလေဖြင့် ပျက်စီးစေအံ့ဟု အစ်တို့နှင့်တကွ ပြောလိုရကား-

၁၃။ ဣမာနိ မံ ဒဒ္ဒရ တာပယန္တိ၊
ဝါစာဒုရုတ္တာနိ မနုဿလောကေ။
မဏ္ဍူကဘက္ခာ ဥဒကန္တသေဝီ၊
အာသီဝိသံ မံ အဝိသာ သပန္တိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၃။ ဘာတိက ဒဒ္ဒရ၊ အစ်ကိုကြီး ဒဒ္ဒရ။ မနုဿလောကေ၊ လူ့ပြည်၌။ ဣမာနိ ဝါစာဒုရုတ္တာနိ၊ ဤမကောင်းသဖြင့် ဆိုအပ်ကုန်သော စကားတို့သည်။ မံ၊ ငါ့ကို။ တာပယန္တိ၊ ဆင်း ရဲ စေကုန်၏။ အဝိသာ၊ အဆိပ်မရှိကုန်သော ရွာသူသားငယ်တို့သည်။ အာသီဝိသံ၊ လျင်သောအဆိပ်ရှိသော။ မံ၊ ငါ့ကို။ မဏ္ဍူကဘက္ခာ၊ ဖားစိမ်းစားတို့ ဟူ၍၎င်း။ ဥဒကန္တသေဝီ၊ ရေနားကို မှီကုန်သောမြွေတို့ဟူ၍၎င်း။ ဝဒန်တာ၊ ဆိုကုန်လျှက်။ သပန္တိ၊ ဆဲရေးကုန်၏။

ထိုစူဠဒဒ္ဒရ နဂါး၏ စကားကို ကြား၍ မဟာဒဒ္ဒရ နဂါးသည်-

၁၄။ သကာ ရဋ္ဌာ ပဗ္ဗာဇိတော၊ အညံ ဇနပဒံ ဂတော။
မဟန္တံ ကောဋ္ဌံ ကယိရာထ၊ ဒုရုတ္တာနံ နိဓေတဝေ။
၁၅။ ယတ္ထ ပေါသံ န ဇာနန္တိ၊ ဇာတိယာ ဝိနယေန ဝါ။
န တတ္ထ မာနံ ကယိရာထ၊ ဝသ မညာတကေ ဇနေ။
၁၆။ ဝိဒေသဝါသံ ဝသတော၊ ဇာတဝေဒ သမေနပိ။
ခမိတဗ္ဗံ သပညေန၊ အပိ ဒါသဿ တဇ္ဇိတံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၄။ သကာ ရဋ္ဌာ၊ မိမိတိုင်းမှ။ ပဗ္ဗာဇိတော၊ နှင်ထုတ်အပ်သည်ဖြစ်၍။ အညံဇနပဒံ၊ တပါးသော ဇနပုဒ်သို့။ ဂတော၊ ရောက်သောသူသည်။ ဒုရုတ္တာနံ၊ မကောင်းသဖြင့် ဆိုအပ်ကုန်သော စကားတို့ကို။ နိဓေတဝေ၊ ချထားခြင်းငှါ။ မဟန္တံ၊ ကြီးစွာသော။ ကောဋ္ဌံ၊ ကျီကို။ ကယိရာထ၊ ပြုရာ၏။

၁၅။ ယတ္ထ၊ အကြင်အရပ်၌။ ပေါသံ၊ ယောက်ျားကို။ ဇာတိယာ ဝါ၊ အမျိုးအားဖြင့်၎င်း။ ဝိနယေန ဝါ၊ သီလအားဖြင့်၎င်း။ န ဇာနန္တိ၊ မသိကုန်။ တတ္တ၊ ထိုအရပ်၌။ မာနံ၊ ငါဟူသော မာန်ကို။ န ကယိရာထ၊ မပြုရာ။ အညာတကေ ဇနေ၊ ဂုဏ်ကျေးဇူးကို မသိသောသူအထံ၌။ ဝသံ၊ နေသောသူသည်။ ခမေယျ၊ သည်းခံရာ၏။

၁၆။ ဝိဒေသဝါသံ၊ အရပ်တပါး၌ နေခြင်းကို။ ဝသတော၊ နေသော။ သပညေန၊ ပညာရှိသည်။ ဒါသဿ အပိ၊ ကျွန်၏လည်း။ ဇာတဝေဒ သမေန ပိ၊ မီးနှင့်တူသဖြင့်လည်း။ တစ္ဆိတံ၊ ခြိမ်းချောက်ခြင်းကို။ ခမိတံ၊ သည်းခံရာ၏။

ဤသို့ ထိုမဟာဒဒ္ဒရ စူဠဒဒ္ဒရ နဂါးတို့သည် ထိုဗာရာ ဏသီပြည်ဝယ် မစင်စွန့်ရာမြေ၌ သုံးနှစ်တို့ပတ်လုံး နေကုန်၏။ သုံးနှစ်ရှိပြီးသောအခါ ထိုနဂါးညီနောင်တို့ကို အဘသည် ခေါ်စေ၏။ ထိုအခါမှစ၍ မာန်ကင်းသည် ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ အမျက်ထွက်တတ်သော ရဟန်းသည် အနာဂါမိ ဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ အမျက်ထွက်သော ရဟန်းသည် ထိုအခါ စူဠဒဒ္ဒရနဂါး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ မဟာဒဒ္ဒရနဂါး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အမျက်သွမ်းသော့၊ ထင်တိုင်းနော့၊ သွားတော့ မစင်မြေ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဒဒ္ဒရဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကာလိင်္ဂဝဂ်

၅။ သီလဝီမံသနဇာတ်

သီလရှိသူ သ္မီးယူ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နတ္ထိ လောကေ ရဟော နာမ အစ ရှိသော ဂါထာပုဒ်ဖြင့် တန် ဆာဆင်အပ်သော ဤသီလဝီမံသနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကိလေသာကို နှိပ်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုသည် ဧကာဒသကနိပါတ် ပါနီယဇာတ်၌ ထင်စွာဖြစ်လတ္တံ့ ) ဤသီလဝီမံသနဇာတ်၌ကား အကျဉ်းဖြစ်သော စကားကို ဤသို့ သိအပ်၏။ ငါးယောက်ကုန်သော ရဟန်းတို့သည် ဇေတဝန် ကျောင်းတော်တွင်း၌ နေကုန်လျက် ညဉ့်သုံးယာမ်အတွင်း၌ ကာမဝိတက်ကို ကြံကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ညဉ့်သုံးယာမ် နေ့သုံးယာမ်ဟူကုန်သော ခြောက်ပါးကုန်သော အဘို့၌လည်း မျက်စိ တဘက်သာရှိသောသူသည် မမေ့မလျော့သဖြင့် မျက်စိကို စောင့်သကဲ့သို့။ သားတယောက်သာ ရှိသောသူသည် မမေ့မလျော့ သားတယောက်ကို စောင့်သကဲ့သို့။ စာမရီသည် မမေ့မလျော့သဖြင့် အမြီးကိုစောင့်သကဲ့သို့။ ထို့အတူ အခါ ခပ်သိမ်း ရဟန်းတို့ကို ကြည့်တော်မူ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ညဉ့်အဘို့၌ ဒိဗ္ဗစက္ခုဖြင့် ဇေတဝန်ကျောင်းကို ကြည့်တော်မူသည်ရှိသော် စကြဝတေးမင်း၏ နန်းတွင်း၌ ဖြစ်သော ခိုးသူတို့ကဲ့သို့ ထိုရဟန်းတို့ကို မြင်တော်မူ၍ ဂန္ဓ ကုဋိကို ဖွင့်တော်မူ၍ အရှင်အာနန္ဒာမထေရ်ကို အာနန္ဒာဟု ခေါ်တော်မူ၍ အသပြာ ကုဋေတို့ကိုခင်း၍ ယူအပ်သော ဇေတဝန် ကျောင်းတော်တွင်း၌ နေကုန်သော ရဟန်းတို့ကို စည်းဝေးစေ၍ ဂန္ဓကုဋိတံခါး၌ နေရာကို ခင်းလော့ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာသည် ဘုရား မိန့်တော်မူတိုင်း ပြု၍ သဗ္ဗညူ မြတ်စွာဘုရားအား ကြားလျောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ခင်းအပ်သောနေရာ၌ နေတော်မူ၍ အလုံးစုံသော ရဟန်းတို့ကို ခေါ်တော်မူသည်၏ အစွမ်းအားဖြင့် ရဟန်းတို့ဟု ခေါ်တော်မူ၍ ရှေးပညာရှိတို့သည် မကောင်းမှုကို ပြုရာ၌ ဆိတ်ကွယ်ရာမည်သည် မရှိဟု မကောင်းမှုကို မပြုကုန်ဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားအမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ဗာရာဏသီပြည်၌ သာလျှင် ဒိသာပါမောက္ခဆရာ၏ အထံ၌ ငါးရာကုန်သော လုလင်တို့၏ အကြီးဖြစ်၍ အတတ်ကို သင်၏။ ဆရာ၌ အရွယ်ရောက်သော သ္မီးသည်ရှိ၏။ ထိုဆရာသည် ဤလုလင်တို့၏ သီလကိုစုံစမ်း၍ သီလနှင့်ပြည့်စုံသော လုလင်အား သ္မီးကိုပေးအံ့ဟု ကြံပြီး၍ ထိုဆရာသည် တနေ့သ၌ လုလင်တို့ကို ခေါ်၍ အမောင်တို့ငါ့အား အရွယ် ရောက်သော သ္မီးသည် ရှိ၏။ သ္မီးအား ထိမ်းမြားခြင်းကို ပြုအံ့၊ အဝတ်တန်ဆာကို ရခြင်းငှါသင့်၏။ သွားကြကုန်၊ မိမိ မိမိတို့၏ ဆွေမျိုးတို့၏ မမြင်ကုန်စဉ်လျှင် ခိုး၍ အဝတ်တန်ဆာတို့ကို ဆောင်ကြချေကုန်၊ တစုံတယောက်သောသူသည် မမြင်သော အဝတ်တန်ဆာကိုသာလျှင် ငါယူမည်၊ ပြ၍ယူခဲ့သော အဝတ်တန်ဆာကို ငါမယူဟု ဆို၏။

တပည့်တို့သည် ကောင်းပြီဟုဝန်ခံ၍ ထိုအခါမှစ၍ ဆွေမျိုးတို့၏ မမြင်ကုန်စဉ် ခိုး၍ အဝတ်တန်ဆာအစရှိသည်တို့ကို ဆောင်ခဲ့ကုန်၏။ ဆရာသည် ဆောင်ခဲ့တိုင်း ဆောင်ခဲ့တိုင်းသော အဝတ်တန်ဆာတို့ကို အသီးအသီးသာလျှင် ထားစေ၏။ ဘုရားလောင်းသည်ကား တစုံတခုသော အဝတ်တန်ဆာကို မဆောင် ခဲ့ချေ။ ထိုအခါ ဘုရားလောင်းကို ဆရာသည် အမောင် သင်သည်ကား တစုံတခုသော ဝတ်စားတန်ဆာကို မဆောင်ခဲ့သလောဟု ဆို၏။ ဆရာ မဆောင်ခဲ့ဟု ဆို၏။ အမောင် အဘယ်ကြောင့် မဆောင်ခဲ့သနည်းဟု မေး၏။ ဆရာ သင်တို့သည် တစုံတယောက်သောသူ မြင်စဉ် ဆောင်ခဲ့ ယူခဲ့သောဝတ်စား တန်ဆာကို မယူကုန်၊ ကျွန်ုပ်သည်ကား မကောင်းမှုကိုပြုခြင်း၌ ဆိတ်ကွယ်ရာ မည်သည်ကို မမြင်၊ ထို့ကြောင့် မဆောင်ခဲ့ဟု ပြလိုရကား-

၁၇။ နတ္ထိ လောကေ ရဟော နာမ၊
ပါပကမ္မံ ပကုဗ္ဗတော။
ပဿန္တိ ဝနဘူတာနိ၊
တံ ဗာလော မညတိ ရဟော။
၁၈။ အဟံ ရဟော န ပဿာမိ၊
သုညံ ဝါပိ န ဝိဇ္ဇတိ။
ယတ္ထ အညံ န ပဿာမိ၊
အသုညံ ဟောတိ တံ မယာ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၇။ လောကေ၊ လောက၌။ ပါပကမ္မံ၊ မကောင်းမှုကို။ ပကုဗ္ဗတော၊ ပြုသောသူအား။ ရဟော နာမ၊ ဆိတ်ကွယ်ရာအရပ် မည်သည်။ နတ္ထိ၊ မရှိ။ ဝနဘူတာနိ၊ တော၌ဖြစ်ကုန်သော နတ်တို့သည်။ ပဿန္တိ၊ မြင်ကုန်၏။ တံ၊ ထိုမကောင်းမှုကို ပြု ခြင်းသည်။ ဗာလော၊ သူမိုက်သည်။ မယာ၊ ငါသည်။ ရဟော၊ ဆိတ်ကွယ်ရာ၌။ ကတံ၊ ပြုအပ်၏ဟူ၍။ မညတိ၊ အောက်မေ့၏။

၁၈။ အဟံ၊ ငါသည်။ ရဟော၊ ဆိတ်ကွယ်ရာ အရပ် ကို။ န ပဿာမိ၊ မမြင်။ ယတ္ထ၊ အကြင်အရပ်၌။ အညံ၊ သတ္တဝါတို့မှ ဆိတ်သော တခြားတပါးကို။ န ပဿာမိ၊ ငါမမြင်။ သုညံ ဝါပိ၊ သတ္တ ဝါတို့မှ ဆိတ်သော အရပ်သည်လည်း။ န ဝိဇ္ဇတိ၊ မရှိ။ မယာ၊ ငါသည်။ ကတံ၊ ပြုအပ်သော။ တံ၊ ထိုမကောင်းမှုသည်။ အသုညံ၊ မဆိတ်သည်။ ဟောတိ၊ ဖြစ်၏။

ဆရာသည် ဘုရားလောင်းအား ကြည်ညို၍ အမောင် အိမ်၌ ဥစ္စာမရှိသည် မဟုတ်၊ ငါသည်ကား သီလနှင့်ပြည့်စုံသော သူအား သ္မီးကို ပေးအံ့ဟူ၍ လုလင်တို့ကို စုံစမ်းလိုရကား ဤသို့ပြု၏။ သင့်အား သ္မီးသည် လျော်၏ဟု သ္မီးကို တန်ဆာ ဆင်စေ၍ ဘုရားလောင်းအား ပေး၏။ ကြွင်းသော လုလင်တို့ကို သင်တို့သည် ဆောင်ခဲ့တိုင်း ဆောင်ခဲ့တိုင်းသော အဝတ်တန်ဆာတို့ကို သင်တို့၏အိမ်သို့ ဆောင်ကြ ကုန်လော့ဟု ဆို၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ထိုသီလမရှိကုန်သော လုလင်တို့သည် မိမိတို့၏ သီလမရှိသည်၏ အဖြစ်ကြောင့် ထိုမိန်းမကို မရကုန်၊ ပညာရှိသောလုလင်သည်ကား သီလနှင့် ပြည့်စုံသည်၏အဖြစ်ကြောင့် ရ၏ဟု မိန့်တော်မူ၍ ဘုရားဖြစ်၍ -

၁၉။ ဒုဇ္ဇစ္စော စ သုဇစ္စော စ၊ နန္ဒော စ သုခဝဍ္ဎိတော။
ဝဇ္ဇော စ အဒ္ဓုဝ သီလော စ၊ တေ ဓမ္မံ ဗဟုမတ္ထိကာ။
၂၀။ ဗြာဟ္မဏော စ ကထံ ဇဟေ၊ သဗ္ဗဓမ္မာန ပါရဂူ။
ယော ဓမ္မမနုပါလေတိ၊ ဓိတိမာ သစ္စနိက္ကမော။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၁၉။ ဒုဇ္ဇစ္စော စ၊ ဒုဇ္ဇစ္စလုလင်၎င်း။ သုဇစ္စော စ၊ သုဇစ္စလုလင်၎င်း။ နန္ဒော စ၊ နန္ဒလုလင်၎င်း။ သုခဝဍ္ဎိတော စ၊ သုခဝဍ္ဎိတလုလင်၎င်း။ ဝဇ္ဇော စ၊ ဝဇ္ဇလုလင်၎င်း။ အဒ္ဓုဝသီလော စ၊ အဒ္ဓုဝသီလလုလင်၎င်း။ တေ၊ ထိုခပ်သိမ်းကုန်သော လုလင်တို့သည်။ အတ္ထိကာ၊ မိန်းမဖြင့် အလိုရှိကုန်သည်ဖြစ်၍။ ဓမ္မံ၊ မိန်းမကို ရခြင်းသဘောကို။ ဇဟုံ၊ စွန့်ကုန်၏။

၂၀။ ယော ဗြာဟ္မဏော၊ အကြင်ပုဏ္ဏားသည်။ သဗ္ဗဓမ္မာနံ၊ ခပ်သိမ်းသော ပဉ္စသီ ဒသသီ သုံးပါးသော သုစရိုက်ဟူကုန်သော ခပ်သိမ်းသော တရားတို့၏။ ပါရဂူ၊ ကမ်းတဘက်သို့ ရောက်၍။ ဓမ္မံ၊ တရားကို။ အနုပါလေတိ၊ စောင့်၏။ ဓိတိမာ၊ တည်ကြည်ခြင်းရှိ၏။ သစ္စနိက္ကမော၊ သစ္စာ, ဝီရိယနှင့် ပြည့်စုံ၏။ သော ဗြာဟ္မဏော၊ ထိုပုဏ္ဏားသည်။ ကထံ၊ အသို့မူ၍။ ဓမ္မံ၊ မိန်းမကို ရခြင်းသဘောကို။ ဇဟေ၊ စွန့်အံ့နည်း။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငါးရာကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဆရာဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသော လုလင် ဖြစ်ဘူးပြီ၊ ဤသို့-ဇာတ်ကို ပေါင်းတော်မူ၏။

မကောင်းသည့်မှု၊ ပြုဘို့ရှု၊ ဆိတ်မှုကွယ်ရာ မရှိပါ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော သီလဝီမံသနဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကာလိင်္ဂဝဂ်

၆။ သုဇာတာဇာတ်

ဘာသီးလဲ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကိမဏ္ဍကာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုဇာတာဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် မလ္လိကာ မိဖုယားကို အကြောင်းပြု၍ ဟောတော်မူ၏။ တနေ့သ၌ ကောသလမင်းအား မလ္လိကာမိဖုယားနှင့်တကွ ကြက်သရေအရာ၌ အငြင်းအခုံ ဖြစ်သတတ်၊ ( အိပ်ရာ၌ အငြင်းအခုံ ဖြစ်၏ဟူ၍လည်း ဆိုကုန်သလျှင်ကတည်း)၊ ကောသလမင်းသည် အမျက်ထွက်၍ မလ္လိကာ၏ ရှိသည်၏အဖြစ်ကို မသိ၊ မလ္လိကာ မိဖုယားသည်လည်း ငါ၏အပေါ်၌ မင်း၏ အမျက်ထွက်သည်၏ အဖြစ်ကို ဘုရား မသိပါလေဟု ကြံ၏။ သဗ္ဗညူ မြတ်စွာဘုရားသည်လည်း သိတော်မူ၍ ဤသူတို့၏ သင့်တင့် ညီညွတ်သော အဖြစ်ကို ပြုအံ့ဟု နံနက်အခါ၌ သင်းပိုင်တော်ကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်၍ ရဟန်းငါးရာ ခြံရံလျှက် သာဝတ္ထိပြည်သို့ ဝင်တော်မူ၍ မင်းအိမ်တံခါးသို့ ကြွတော်မူ၏။

မင်းသည် မြတ်စွာဘုရား၏ သပိတ်ကိုယူ၍ နန်းတွင်းသို့သွင်း၍ ခင်းအပ်သော နေရာ၌နေစေ၍ ဘုရားအမှူးရှိသော ရဟန်းသင်္ဃာတော်တို့အား အလှူရေစက်ကိုချ၍ ယာဂုခဲဘွယ်ကို ဆောင်ခဲ့စေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လက်တော်ဖြင့် သပိတ်တော်ကို ပိတ်၍ မြတ်သောမင်းကြီး မိဖုယားကား အဘယ်မှာနည်းဟု မေးတော်မူ၏။ မင်းသည် ဘုန်းတော်ကြီးသော အရှင်ဘုရား မိမိ၏ စည်းစိမ်အခြံအရံဖြင့် ယစ်သော ထိုမိန်းမဖြင့် အဘယ်ပြုအံ့နည်းဟု လျောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် မြတ်သောမင်းကြီး သင်မင်းကြီးပင်လျှင် စည်းစိမ်ကိုပေး၍ မာတုဂါမကို ချီးမြှောက်၍ ထိုမာတုဂါမသည် ပြုအပ်သော အပြစ်ကို သည်းမခံခြင်းသည် မသင့်ဟု မိန့်တော်မူ၏။ မင်းသည် မြတ်စွာဘုရား၏ အမိန့်တော်ကို နာရ၍ မလ္လိကာ မိဖုယားကို ခေါ်စေ၏။ မလ္လိကာမိဖုယားသည် ဘုရားကို လုပ်ကျွေး၏။ သဗ္ဗညူ မြတ်စွာဘုရားသည် အချင်းချင်း သင့်တင့်ညီညွတ်သည် ဖြစ်ရာ၏ဟု သင့်တင့်ညီညွတ်ခြင်း၏ ကျေးဇူးကိုဟော၍ ကြွတော်မူ၏။ ထိုအခါမှစ၍ မင်း မိဖုယားတို့သည် ညီညွတ်စွာ နေကုန်၏။ ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ သဗ္ဗညူ မြတ်စွာဘုရားသည် တခွန်းတည်းသော စကားဖြင့်ပင်လျှင် မင်း မိဖုယား နှစ်ပါးတို့ကို သင့်တင့် ညီညွတ်အောင်ပြုတော်မူ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် ငါဘုရားသည် ထိုမင်း မိဖုယားတို့ကို တကြိမ်တည်းဖြင့် သင့်တင့် ညီညွတ်အောင် ပြုသည်မဟုတ်သေး၊ ရှေး၌လည်း တကြိမ်တည်းသော အဆုံးအမဖြင့်ပင်လျှင် သင့်တင့်ညီညွတ်အောင် ပြုဘူးပြီဟု မိန့်တော်မူ၍ ရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ် မင်း၏ အကျိုးအကြောင်းကို ဆုံးမသော အမတ် ဖြစ်၏။ ထိုအခါ တနေ့သ၌ မင်းသည် လေသွန်ပြတင်းကို ဖွင့်၍ မင်းယင်ပြင်ကို ကြည့်လျှက် ရပ်၏။ ထိုအခါ တယောက်သော အဆင်းလှသော အရွယ်၌ တည်သော သုဇာတာမည်သော ဟင်းရွက်သည်သ္မီးသည် ဆီးသီးတောင်းကို ရွက်၍ ဆီးသီးဝယ်ကြကုန် ဆီးသီးဝယ်ကြကုန်ဟု ဆိုလျှက် မင်းယင်ပြင်သို့ သွား၏။ မင်းသည် သုဇာတာ၏အသံကို ကြား၍ သုဇာတာ၌ တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ အရှင်မရှိသည်၏ အဖြစ်ကိုသိ၍ ထိုသုဇာတာကိုခေါ်စေ၍ မိဖုယားကြီးအရာ၌ထား၍ ကြီးစွာသော စည်းစိမ်ကို ပေး၏။ ထိုသုဇာတာကို မင်းသည် ချစ်မြတ်နိုး၏။ ထိုအခါ တနေ့သ၌ မင်းသည် ရွှေခွက်၌ထည့်၍ ဆီးသီးတို့ကို စားလျှက် နေ၏။ ထိုအခါ သုဇာကာ မိဖုယားသည် မင်းကြီး ဆီးသီးစားသည်ကို မြင်၍ မြတ်သောမင်းကြီး အရှင်မင်းကြီးတို့သည် အဘယ်မည်သော အသီးကို စားကုန်သနည်းဟု မေးလိုရကား -

၂၁။ ကိမဏ္ဍကာ ဣမေ ဒေဝ၊ နိက္ခိတ္တာ ကံသမလ္လကေ။
ဥပလောဟိတကာ ဝဂ္ဂူ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော ဤဂါထာကို ဆို၏။

၂၁။ ဒေဝ၊ မင်းကြီး။ ဥပလောဟိတကာ၊ နီသော အဆင်းရှိကုန်သော။ ဝဂ္ဂူ၊ အညစ်အကြေးမရှိကုန်ထသော။ ဣမေ ဖလာ၊ ဤအသီးတို့ကို။ ကံသမလ္လကေ၊ ရွှေခွက်၌။ နိက္ခိတ္တာ၊ ထည့်အပ်ကုန်၏။ အဏ္ဍကာ၊ ဥကဲ့သို့လုံးသော အသီးတို့သည်။ ကိံ၊ အဘယ် အသီးတို့နည်း။ ပုစ္ဆိတော၊ မေးအပ်သော အရှင်မင်းကြီးသည်။ မေ၊ အကျွန်ုပ်အား။ တံ ဖလံ၊ ထိုအသီးကို။ အက္ခာဟိ၊ ပြောဆိုပါလော။

မင်းသည် အမျက်ထွက်၍ ဟင်းရွက်သည်အိမ်ရှင်သ္မီး ဆီးသီးသည်မ (ဟင်းရွက်သည်မ) သင်သည်ကား သင့် အဆွေအမျိုးတို့၏ ဥစ္စာဖြစ်သော ဆီးသီးတို့ကိုလည်း မသိလောဟု ဆို၍-

၂၂။ ယာနိ ပုရေ တုဝံ ဒေဝိ၊ ဘဏ္ဍု နန္တကဝါသိနီ။
ဥစ္ဆင်္ဂဟတ္ထာ ပစိနာသိ၊ တဿာ တေ ကောလိယံ ဖလံ။
၂၃။ ဥဍ္ဍယှတေ န ရမတိ၊ ဘောဂါ ဝိပ္ပဇဟန္တိ တံ။
တတ္ထေဝိမံ ပဋိနေထ၊ ယတ္ထ ကောလံ ပစိဿတိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၂၂။ ဒေဝိ၊ မိဖုယား။ တုဝံ၊ သင်သည်။ ပုရေ၊ ရှေး ၌။ ယာနိ၊ အကြင်ဆီးသီးတို့ကို။ ဘဏ္ဍု၊ ဆံကို ဖားရားချသော ဦးခေါင်းရှိသည်ဖြစ်၍။ နန္တကဝါသိနီ၊ အဝတ်နွမ်းကို ဝတ်၍။ ဥစ္သင်္ဂဟတ္တာ၊ ခါးပိုက် ၌ထည့်သော လက်ရှိသည်ဖြစ်၍။ ပစိနာသိ၊ ဆွတ်ချေ၏။ ဣဒံ၊ ဤငါစားသော အသီးသည် ကား။ တဿာ တေ၊ ထိုသင်၏။ ကောလိယံ ဖလံ၊ အမျိုးပေးသော ဆီးသီးတည်း။

၂၃။ အယံ ဇမ္မီ၊ ဤမိန်းမယုတ်သည်။ ရာဇကုလေ၊ မင်းအိမ်၌။ ဝသမာနာ၊ နေသည်ရှိသော်။ ဥဍ္ဍယှတေ၊ ပူ၏။ န ရမတိ၊ မမွေ့လျော်။ ဘောဂါ၊ မင်း၏ စည်းစိမ်တို့သည်။ တံ၊ ထိုမိန်းမယုတ်ကို။ ဝိပ္ပဇဟန္တိ၊ စွန့်ကုန်၏။ ယတ္ထ၊ အကြင် အိမ်၌။ ကောလံ၊ ဆီးသီးကို။ ဝိက္ကိဏန္တံ၊ ရောင်းလျှက်။ ပစိဿတိ၊ အသက်မွေးလတ္တံ့။ တတ္ထေဝ၊ ထိုအိမ်သို့သာ လျှင်။ ဣမံ၊ ဤမိန်းမယုတ်ကို။ ပဋိနေထ၊ ပို့ ဆောင်ကြ ကုန်လော့။

ဘုရားလောင်းသည် ငါ့ကိုထား၍ ငါမှတပါးသောသူသည် ဤမင်း မိဖုယားတို့ကို သင့်တင့် ညီညွတ်အောင်ပြုခြင်းငှာ မတတ်နိုင်လတ္တံ့၊ မင်းကို နှစ်သိမ့်စေ၍ ထိုမိဖုယားအား မနှင်ထုတ်အောင် ပြုအံ့ဟု ကြံ၍-

၂၄။ ဟောန္တိ ဟေတေ မဟာရာဇ၊ ဣဒ္ဓိပ္ပတ္တာယ နာရိယာ။
ခမ ဒေဝ သုဇာတာယ၊ မာဿာ ကုဇ္ဈ ရထေသဘ။

ဟူသော ဤဂါထကို ဆို၏။

၂၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣဒ္ဓိပ္ပတ္တာယ၊ အခြံအရံကျော်စောခြင်းသို့ ရောက်သော။ နာရိယာ၊ မိန်းမ၏။ ဧတေ ပမာဒဒေါသာ၊ ထိုမေ့လျော့ခြင်း အပြစ်တို့သည်။ ဟောန္တိ ဟိ၊ ဖြစ်ကုန်သည်သာလျှင်တည်း။ မဟာရာဇ၊ မြတ်သော မင်းကြီး။ သုဇာတာယ၊ သုဇာတာ မိဖုယားအား။ ခမ၊ သည်းခံပါလော့။ ရထေသဘ၊ ရထားစီးချင်း မင်းတို့ထက် မြတ်သော အရှင်မင်းကြီး။ အဿာ၊ ထိုသုဇာတာ မိဖုယားအား။ မာကုဇ္စျ၊ အမျက် မထွက်ပါလင့်။

မင်းသည် ဘုရားလောင်း၏ စကားဖြင့် မိဖုယား၏ အပြစ်ကို သည်းခံ၍ မိဖုယားကို ထားမြဲတိုင်းသော နေရာ၌ သာလျှင်ထား၏။ ထိုအခါမှစ၍ နှစ်ယောက်ကုန်သော မင်း မိဖုယားတို့သည် ညီညွတ်စွာနေကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ကောသလမင်းသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ယခုအခါ မလ္လိ ကာသည် ထိုအခါ သုဇာတာမိဖုယား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အမတ်ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

စည်းစိမ်မာန်ယစ်၊ နှုတ်ဆိုလှစ်၊ အပြစ်ရောက်တတ်ပေ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော သုဇာတာဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကာလိင်္ဂဝဂ်

၇။ ပလာသဇာတ်

လုပ်ကျွေးကျိုး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အစေတနံ ဗြာဟ္မဏ အဿုဏန္တံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ပလာသဇာတ်ကို ပရိနိဗ္ဗာန်ပြုတော်မူရာ ညောင် စောင်းတော်၌ လျောင်းတော်မူလျက် အရှင်အာနန္ဒာ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ အရှင်အာနန္ဒာမထေရ်သည် မိုးသောက်ထ၌ ဘုရားပရိနိဗ္ဗာန်ပြုတော်မူလတ္တံ့ဟု သိ၍ ငါသည်လည်း ပြုဘွယ်ကိစ္စရှိသော သေက္ခသည်သာလျှင် ဖြစ်၏။ ဘုရားသခင်သည်လည်း ပရိနိဗ္ဗာန်ပြုလတ္တံ့၊ သဗ္ဗညူ ဘုရားရှင်အား ငါသည် နှစ်ဆယ် ငါးနှစ်တို့ပတ်လုံး လုပ်ကျွေးခြင်းသည် အကျိုးမရှိသည် ဖြစ်လတ္တံ့ ဟု သောကနှိပ်စက်၍ ဥယျာဉ်ကျောင်းတိုက်ခန်း၌ တံခါးရွက်အပေါင်ကို ဆွဲ၍ ငိုနေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် အာနန္ဒာကို မြင်တော်မမူသည်ရှိသော် ရဟန်းတို့အား အာနန္ဒာ အဘယ်မှာနည်းဟု မေးတော်မူလတ်၍ ခေါ်တော်မူ၍ ဆုံးမလို၍ အာနန္ဒာ သင်သည် ပြုခဲ့ဘူးသော ကောင်းမှုရှိ၏။ မြတ်သော လုံ့လကို အားထုတ်လော့၊ လျင်စွာ ရဟန္တာဖြစ်လတ္တံ့၊ အာနန္ဒာ မစိုးရိမ်လင့်၊ ယခု သင်သည် ငါ့အား ပြုအပ်သော လုပ်ကျွေးခြင်းသည် အဘယ့်ကြောင့် အကျိုးမရှိ ဖြစ်အံ့နည်း၊ ရှေး ရာဂကိလေ သာနှင့် တကွဖြစ်သော ကာလ ၌လည်း ငါ့အား သင်ပြုအပ်သော လုပ်ကျွေးခြင်းသည် သင့်အား အကျိုးမရှိသည် မဖြစ်ဘူးတကားဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီပြည်မှ မနီးလွန်း မဝေးလွန်းသောအရပ်၌ ပေါက်ပင်စောင့် ရုက္ခစိုဝ်းနတ် ဖြစ်၏။ ထိုအခါ ဗာရာဏသီ ပြည်သားတို့သည် နတ်တို့အား ကိုးကွယ်ကုန်၏။ အမြဲ နတ်ပူဇော်ခြင်းတို့၌ လုံ့လပြုကုန်၏။ ထိုအခါ တယောက်သော ဆင်းရဲသား ပုဏ္ဏားသည် ငါသည်လည်း တပါးသောနတ်ကို လုပ်ကျွေးအံ့ဟု တခုသော မြင့် သောအရပ်၌ တည်သော ကြီးစွာသော ပေါက် ပင်၏ အရင်း၌ ညီညွတ်စွာ မြက်မရှိသည်ကိုပြု၍ သဲကြဲ၍ တံမြက်လှည်း၍ သစ်ပင်ကို နံ့သာလက် ငါးချောင်းရာပေး၍ ပန်းနံ့သာအထုံတို့ဖြင့် ပူဇော်၍ ဆီမီးထွန်း၍ ချမ်းသာစွာ အိပ်ရပါ၏လောဟု ဆို၍ သစ်ပင်ကို လက်ျာရစ်လှည့်၍သွား၏။ နှစ်ရက်မြောက်သောနေ့၌ စောစောက သွား၍ ချမ်းသာစွာ အိပ်ခြင်းကို မေး၏။ တနေ့သ၌ ရုက္ခစိုဝ်းနတ်သည် ပုဏ္ဏားကား အလွန် ငါ့ကို လုပ် ကျွေး၏။ ဤပုဏ္ဏားကို စူးစမ်း၍ အကြင်ကြောင်းကြောင့် ငါ့ကို လုပ်ကျွေး၏။ ထိုအကြောင်းကို ပေးအံ့ဟု ကြံ၏။ ကြံပြီး၍ ရုက္ခစိုဝ်းနတ်သည် ထိုခဏ၌ ပုဏ္ဏားလာ၍ တံမြက် လှည်းသည်ရှိသော် ပုဏ္ဏားအို၏အသွင်ဖြင့် အနီး၌ ရပ်၍-

၂၅။ အစေတနံ ဗြာဟ္မဏ အသုဏန္တိ၊
ဇာနော အဇာနန္တမိမံ ပလာသံ။
အာရဒ္ဓဝီရိယော ဓုဝံ အပ္ပမတ္တော၊
သုခသေယျံ ပုစ္ဆသိ ကိဿ ဟေတု။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၂၅။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်။ တုဝံ၊ သင်သည်။ ဇာနော၊ သိသောသူဖြစ်လျှက်။ အစေတနံ၊ စိတ်မရှိထသော။ အသုဏန္တံ၊ စိတ်မရှိသည်၏ အဖြစ်ကြောင့် မကြားတတ်ထသော။ အဇာနန္တံ၊ မသိတတ်ထသော။ ဣမံ ပလာသံ၊ ဤပေါက်ပင်ကို။ အာရဒ္ဓဝီရိယော၊ အားထုတ်အပ်သော ဝီရိယရှိသည်ဖြစ်၍။ ဓုဝံ၊ အမြဲ။ အပ္ပမတ္တော၊ မမေ့မလျော့သည်ဖြစ်၍။ သုခသေယျံ၊ ချမ်း သာခွာ အိပ်ရခြင်းကို။ ပုစ္ဆသိ၊ မေးသနည်း။

ထိုစကားကို ကြား၍ ပုဏ္ဏားသည်-

၂၆။ ဒူရေ သုတော စေဝ ဗြဟာ စ ရုက္ခော၊
ဒေသေ ဌိတော ဘူတနိဝါသရူပေါ။
တသ္မာ နမဿာမိ ဣမံ ပလာသံ၊
ယေ စေတ္ထ ဘူတာ တေ ဓနသ ဟေတု။

ဟူသော နှစ်ခုမြောက်သောဤဂါထာကို ဆို၏။

၂၆။ ဗြာဟ္မဏ၊ ပုဏ္ဏား။ အယံ ရုက္ခော၊ ဤပေါက်ပင်သည်။ ဒူရေ စ၊ အဝေး၌လည်း။ သုတော၊ ထင်ရှား၏။ ဗြဟာ စ၊ ကြီးလည်းကြီး၏။ ဒေသေ၊ မြင့်သော ညီညွတ်သော မြေအရပ်၌။ ဌိတော၊ တည်၏။ ဘူတနိသရူပေါ၊ နတ်တို့၏ နေရာဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ ဣမံ ပလာသံ၊ ဤပေါက်ပင်ကို။ နမဿာမိ၊ ငါ ရှိခိုး၏။ ဧတ္ထ၊ ဤပေါက်ပင်၌။ ယေ စ ဘူတာ၊ အကြင် ဘုန်း တန်ခိုးကြီးကုန်သော နတ်တို့သည်လည်း။ နိဝုတ္ထာ၊ နေကုန်၏။ တေ စ၊ ထိုနတ်တို့ကိုလည်း။ ဓနဿ ဟေတု၊ ဥစ္စာ၏အကြောင်းကြောင့်။ နမဿာမိ၊ ငါ ရှိခိုး၏။

ထိုစကားကို ကြား၍ ရုက္ခစိုဝ်းနတ်သည် ပုဏ္ဏားအား ကြည်ညို၍ ပုဏ္ဏား ငါသည် ဤပေါက်ပင်၌ဖြစ်သော နတ်တည်း၊ သင် မကြောက်လင့် သင့်အား ဥစ္စာကို ပေးအံ့ဟု ထိုပုဏ္ဏားကို နှစ်သိမ့်စေ၍ မိမိဗိမာန်တံခါး၌ ကြီးစွာသော နတ်၏အာနုဘော်အားဖြင့် ကောင်းကင်၌ ရပ်၍-

၂၇။ သော တေ ကရိဿာမိ ယထာနုဘာဝံ၊
ကတညု တံ ဗြာဟ္မဏ ပေက္ခမာနော။
ကထဉှိ အာဂမ္မ သတံ သကာသေ၊
မောဃာနိ တေ အဿု ပရိဖန္ဒိတာနိ။
၂၈။ ယော တိန္ဒုကရုက္ခဿ ပရော ပိလက္ခော၊
ပရိဝါရိတော ပုဗ္ဗယညော ဥဠာရော။
တဿေသမူလသ္မိံ နိဓိ နိခါတော၊
အဒါယာဒေါ ဂစ္ဆ နံ ဥဒ္ဓရာဟိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၂၇။ ဗြာဟ္မဏ၊ ပုဏ္ဏား။ သော အဟံ၊ ထိုငါသည်။ ကတညုတံ၊ သင်ပြုသောကျေးဇူးကို သိသည် ၏အဖြစ်ကို။ ပေက္ခမာနော၊ ရှုလျက်။ ယထာနုဘာဝံ၊ အစွမ်းသတ္တိအားလျော်စွာ။ တေ၊ သင်အား။ ကရိဿာမိ၊ ကျေးဇူးပြုအံ့။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ သတံ၊ သူတော်ကောင်းတို့၏။ သကာသေ၊ အထံ၌။ ကတံ၊ ကျေးဇူးပြုခြင်းသို့။ အာဂမ္မ၊ ရောက်၍။ တေ၊ သင်၏။ ပရိဖန္ဒိတာနိ၊ ကိုယ်နှုတ်တို့ဖြင့် လုံ့လပြုခြင်းတို့သည်။ မောဃာနိ၊ အချည်းနှီး အကျိုးမရှိကုန်သည်။ ကထံ အဿု၊ အသို့ ဖြစ်ကုန်အံ့နည်း။

၂၈။ သမ္မ ဗြာဟ္မဏ၊ အချင်းပုဏ္ဏား။ တိန္ဒုကရုက္ခဿ၊ တည် ပင်၏။ ပရော၊ နောက်၌တည်သော။ ယော ပိလက္ခော၊ အကြင် ညောင် ကြတ်ပင်သည်။ အတ္ထိ၊ ရှိ၏။ တဿေဝ၊ ထိုညောင် ကြတ်ပင်၏လျှင်။ မူလသ္မိံ၊ အမြစ်ရင်း၌။ ပရိဝါရိတော၊ ညောင်ကြတ်ပင်ကို ဝန်းရံလျှက်။ ပုဗ္ဗယညော၊ ရှေး၌ ယဇ်ဖြစ်ဘူးသော။ ဥဠာရော၊ များစွာသော။ နိခါတော၊ မြှုပ်အပ်သော။ ဧသ- ဧသော နိဓိ၊ ဤရွှေအိုးသည်။ အဒါယာဒေါ၊ ယခု အမွေခံ မရှိပြီ။ ဂစ္ဆ၊ သွားချေ။ နံ၊ ထိုဥစ္စာကို။ ဥဒ္ဓရာဟိ၊ ထုတ်ဘော်၍ ယူချေ။

ဤသို့ ဆိုပြီး၍ ထိုရုက္ခစိုင်းနတ်သည် ပုဏ္ဏား သင်သည် ထိုဥစ္စာအိုးကိုထုတ်၍ ယူသည်ရှိသော် ပင်ပန်းလတ္တံ့၊ သင်သည် သွားလေလော့၊ ငါသည်သာလျှင် ထိုဥစ္စာတို့ကို သင့်အိမ်သို့ ဆောင်၍ ဤမည်သော ဤမည်သော အရပ်၌ မြှုပ်ထားအံ့၊ သင်သည် ထိုဥစ္စာကို အသက်ထက်ဆုံး သုံးဆောင်လျှက် အလှူပေးလော့၊ သီလစောင့်လေလော့ဟု ပုဏ္ဏားအား ဆုံးမ၍ ထိုဥစ္စာကို မိမိအာနုဘော်ဖြင့် ပုဏ္ဏားအိမ်၌ တည်စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ပုဏ္ဏား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သူ့ကို ကိုယ်ပြု၊ ကိုယ်ပါနု၊ ရှုတော့ လာဘ်မိုဃ်းစွေ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ပလာသဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကာလိင်္ဂဝဂ်

၈။ သကုဏဇာတ်

ကျေးစွန့်သောခြင်္သေ့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အကရမှသ တေ ကိစ္စ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသကုဏဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် ဒေဝဒတ်၏ ကျေးဇူး မသိတတ်သော အဖြစ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝ ဒတ်သည် ကျေဇူး မသိတတ်သည် မဟုတ်သေး၊ ရှေး၌လည်း ကျေးဇူး မသိတတ်သည် သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာ၌ သစ်တောက်လောက်ငှက် ဖြစ်၏။ ထိုအခါ အသားကိုစားသော တခုသော ခြင်္သေ့၏ လည်၌ အရိုးသည် ငြိ၏။ လည်သည် ဖူးဖူးယောင်၏။ အစာကို ယူအံ့သောငှါ မတတ်နိုင်၊ ကြမ်းတန်းသော ဝေဒနာသည် ဖြစ်၏။ ထိုအခါ အစာရှာသော ထိုသစ်တောက်လောက် ငှက်သည် ခြင်္သေ့ကိုမြင်၍ သစ်ခက်၌ နားလျက် အဆွေခြင်္သေ့ သင့်အား အဘယ်ဆင်းရဲနည်းဟု မေး၏။ ခြင်္သေ့သည် ထိုအကြောင်းကို ကြား၏။ အဆွေခြင်္သေ့ သင်၏လည်၌ ငြိသော ထိုအရိုးကို ပယ်ငြားအံ့ ငါ့ကိုခဲရာ၏။ သင့်ကို ကြောက်သောကြောင့် သင့်ခံတွင်းကိုဝင်ခြင်းငှာ မဝံ့ဟု သစ်တောက်လောက် ဆို၏။ အဆွေ သစ်တောက်လောက် မကြောက်လင့် သင့်ကို ငါမခဲအံ့၊ ငါ့အား အသက်ကို ပေးလော့ဟု ခြင်္သေ့ ဆို၏။ သစ်တောက်လောက်လည်းကောင်းပြီဟု ခြင်္သေ့ကို လက်ျာနံပါးဖြင့် အိပ်စေ၍ အဘယ်သို့ ဖြစ်အံ့သည်ကို အဘယ်သူ သိနိုင်ချေအံ့နည်းဟု ကြံ၍ ခံတွင်းကို မပိတ်နိုင်အောင် ခြင်္သေ့၏ အောက်နှုတ်ခမ်း၌၎င်း အထက်နှုတ်ခမ်း၌၎င်း လှံတံကို ထောက်၍ ခံတွင်းသို့ဝင်၍ အရိုးစွန်းကို နှုတ်သီးဖြင့် ခတ်၏။ အရိုးသည် ကျ၍ ခြင်္သေ့ခံတွင်းမှ ထွက်လျှက် ထောင်သောလှံတံကို နှုတ်သီးဖြင့် ခတ်၍ ကျစေပြီးသော် ထွက်၍ သစ်ခက်၌ နား၏။ ခြင်္သေ့သည် ရောဂါကင်း၍ တနေ့သ၌ တခုသော တောကျွဲကိုသတ်၍ စား၏။ သစ်တောက်လောက်ငှက်သည် ထိုခြင်္သေ့ကို စုံစမ်းအံ့ဟု ခြင်္သေ့၏ အထက် သစ် ခက်၌ နား၍ ခြင်္သေ့နှင့်တကွ ပြောဟောလိုရ ကား-

၂၉။ အကရမှသ တေ ကိစ္စံ၊ ယံဗလံ အဟုဝမှသေ။
မိဂရာဇ နမောတျတ္တု၊ အပိ ကိဉ္စိ လဘာမသေ။

ဟူသော ရှေးဦးစွာသောဤဂါထာကို ဆို၏။

၂၉။ မိဂရာဇ၊ ခြင်္သေ့မင်း။ တေ၊ သင်အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေ သတည်း။ ယံ ဗလံ၊ အကြင် အစွမ်းသည်။ အမှာကံ၊ ငါတို့အား။ အဟုဝမှသေ-အဟောသိ၊ ဖြစ်၏။ တေန ဗလေန၊ ထိုအစွမ်းဖြင့်။ တေ၊ သင်၏။ ကိစ္စံ၊ ကိစ္စကို။ မယံ၊ ငါတို့သည်။ အကရမှသ၊ ပြုပါကုန်၏။ မယံ၊ ငါတို့သည်။ ကိဉ္စိ အပိ၊ စဉ်းငယ်သော အမဲကိုလည်း။ လဘာမသေ၊ ရပါကုန်အံ့လော။

ထိုစကားကိုကြား၍ ခြင်္သေ့သည်-

၃၀။ မမ လောဟိတဘက္ခဿ၊ နိစ္စံ လုဒ္ဒါနိ ကုဗ္ဗတော။
ဒန္တန္တရဂတော သန္တော၊ တံ ဗဟုံ ယမ္ပိ ဇီဝသိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၃၀။ ဘော သကုဏ၊ အိုငှက်။ ဒန္တန္တရဂတော၊ သွားကြားသို့ ရောက်သည်။ သန္တော၊ ဖြစ်လျှက်။ တွံ၊ သင်သည်။ ယမ္ပိ ဇီဝသိ၊ အကြင် အသက်ရှည်ရခြင်းသည် ဖြစ်၏။ တံ၊ ထိုအသက်ရှည်ခြင်းလည်း။ လောဟိတဘက္ခဿ၊ သွေးကို သောက် စားသော။ နိစ္စံ၊ အမြဲ။ လုဒ္ဒါနိ၊ ကြမ်းကြုတ်သောအမှုတို့ကို။ ကုဗ္ဗတော၊ ပြုသော သင်အား။ မမ၊ ငါ၏။ ဗဟုံ၊ များစွာ ပူဇော်ခြင်းတည်း။

ထိုစကားကိုကြား၍ သစ်တောက်လောက်ငှက်သည်-

၃၁။ အကတညု မကတ္တာရံ၊ ကတဿ အပ္ပဋိကာရကံ။
ယသ္မိံ ကတညုတာ နတ္ထိ၊ နိတ္ထာ တဿ သေဝနာ။
၃၂။ ယဿ သမ္မုခစိဏ္ဏေန၊ မိတ္တဓမ္မော န လဘတိ။
အနုသူယမနက္ကောယံ၊ သဏိကံ တမှာ အပက္ကမေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၃၁။ ယသ္မိံ၊ အကြင်သူ၌။ ကတညုတာ၊ ကျေးဇူး သိသည်၏ အဖြစ်သည်။ နတ္ထိ၊ မရှိ။ တဿ၊ ထိုကျေးဇူး မသိသောသူအား။ သေဝနာ၊ မှီဝဲခြင်းသည်။ နိရတ္ထာ၊ အကျိုးမရှိ။ မိတ္တဓမ္မော၊ ကျေးဇူး ပြုသောသူသည်။ ယဿ၊ အကြင်သူ၏။ သမ္မုခစိဏ္ဏေန၊ မျက်မှောက်ပြုသော ကျေးဇူးဖြင့်။ နလဗ္ဗတိ၊ အကျိုးကို မရ။ ကတဿ၊ ကျေးဇူးပြုသော သူအား။ အကတညုံ၊ ကျေးဇူးကို မသိသော။ အကတ္တာရံ၊ တစုံတခု မပြုသော။ အပ္ပဋိကာရကံ၊ ကျေးဇူးတုံ့ပြန်ခြင်း မရှိသောသူကို။ အနုသူယံ၊ မငြူစူဘဲ။ အနက္ကောသံ၊ မဆဲရေးဘဲ။ တမှာ၊ ထိုကျေးဇူး မသိသောသူမှ။ သဏိကံ၊ ဖြည်းညှင်းသာယာစွာ။ အပက္ကမေ၊ ဖဲခွါရာ၏။

ဤသို့ဆို၍ သစ်တောက်လောက်ငှက်သည် ဖဲ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ခြင်္သေ့ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သစ် တောက်လောက်ငှက် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးရှိသူ၊ ကျေးစွန့်မူ၊ ထိုသူယုတ်မာစွ

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သကုဏဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကာလိင်္ဂဝဂ်

၉။ ဆဝဇာတ်

နေရာကိုရွေး ပညာပေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သဗ္ဗမိဒံ စရိမံ ကတံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဆဝဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုသည် ဝိနည်း၌ အကျယ်အားဖြင့် လာသလျှင်ကတည်း) ဤဆဝဇာတ်၌ကား အကျဉ်းကို သိအပ်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းကို သင်တို့သည် နိမ့်သောနေရာ၌ နေကုန်၍ မြင့်သောနေရာ၌ နေသောသူအား တရားဟောကုန်သောဟူသည် မှန်သလောဟု မေးတော်မူ၍ မှန်ပေ၏ဟု လျှောက်သည်ရှိသော် ဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့တော်မူ၍ ရဟန်းတို့ တရားတော်၌ အရိုအသေ မပြုခြင်းသည် မသင့်၊ ရှေးပညာရှိတို့သည် နိမ့်သောနေရာ၌ နေ၍ ဗေဒင်ကို သင်စေသော သူတို့ကိုလည်း ကဲ့ရဲ့ဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် စဏ္ဍာလမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ဥစ္စာကို ဖြစ်စေ၏။ ဘုရားလောင်း၏ မယားသည် ချင်ခြင်းဖြစ်၍ ဘုရားလောင်းကို အရှင်အကျွန်ုပ်သည် သရက်သီးကို စားခြင်းငှာအလိုရှိ၏ဟု ဆို၏။ ရှင်မ ဤကာလ၌ သရက်သီးသည် မရှိ၊ တပါးသော တစုံတခုသော ချဉ်သောအသီးကို ဆောင်အံ့ဟု ဘုရားလောင်းဆို၏။ အရှင်သရက်သီးကိုရမှ အသက်ရှင်အံ့၊ မရသော် ငါသေအံ့ဟုဆို၏။ ဘုရားလောင်းသည် မိန်းမ၌ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ အဘယ်၌လျှင် သရက်သီးကို ရပါအံ့နည်းဟု ကြံ၏။ ထိုအခါ၌ကား ဗာရာဏသီမင်း၏ ဥယျာဉ်၌ သရက်ပင်သည် မပြတ်သီး၏။ ဘုရားလောင်းသည် ထိုသရက်သီးမှည့်ကို ဆောင်ယူ၍ မိန်းမအား ချင်ခြင်းကို ငြိမ်းစေအံ့ဟု ညဉ့်အခါ၌ ဥယျာဉ်သို့သွား၍ သရက်ပင်ကို တက်၍ပုန်းလျက် အောက်ကိုင်း အထက်ကိုင်း အသီးကိုကြည့်လျက် လှည့်လည်၏။ ဘုရားလောင်း၏ ထိုသို့ပြုစဉ် ညဉ့်သည် လင်းသည်ဖြစ်၏။ ထိုဘုရားလောင်းသည် ယခုအခါ၌လျှင် ဆင်းသက်၍ သွားသော် ငါ့ကိုမြင်၍ ခိုးသူဟု ဖမ်းကုန်လတ္တံ့။ ညဉ့်အခါမှ သွားအံ့ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် ထခုသော အခွသို့တက်၍ ပုန်းလျှက်နေ၏။

ထိုအခါ ဗာရာဏသီမင်းသည် ပုရောဟိတ်၏ အထံ၌ ဗေဒင်တို့ကို သင်အံ့ဟု ဥယျာဉ်သို့ ဝင်၍ သရက်ပင်ရင်းဝယ် မြင့်သော နေရာ၌နေ၍ ဆရာကို နိမ့်သောနေရာ၌ နေစေ၍ ဗေဒင်တို့ကို သင်၏။ ဘုရားလောင်းသည် အထက်၌ ပုန်းလျှက် အကြင်မင်းသည် မြင့်သောနေရာ၌ နေ၍ ဗေဒင်တို့ကို သင်၏။ ဤမင်းသည် တရားမစောင့်၊ အကြင် ပုဏ္ဏားသည် နိမ့်သောနေရာ၌ နေ၍ ဗေဒင်တို့ကို သင်စေ၏။ ဤပုဏ္ဏားသည်လည်း တရားမစောင့်၊ အကြင် ငါသည် မိန်းမအလိုသို့လိုက်၍ ကိုယ့်အသက်ကို မရေမတွက်ဘဲ သရက်သီးကို ခိုး၏။ ထိုငါသည်လည်း တရားမစောင့်ဟု ကြံ၍ ထိုဘုရားလောင်းသည် သရက်ပင်မှ သက်လတ်သော် တခုသော တွဲလျားကျသော နိမ့်သောအခက်ကိုကိုင်၍ မင်း ပုဏ္ဏားနှစ်ပါးတို့၏ အလယ်၌ရပ်၍ မြတ်သောမင်းကြီး ကျွန်ုပ်သည် ပျက်၏။ သင်မင်းကြီးသည် တွေဝေ၏။ ပုရောဟိတ်သည် ရမ္မက်ကြီး၏ဟု ဆို၏။ မင်းသည် အဘယ်အကြောင်းကြောင့် ဤသို့ ဆိုသနည်းဟု မေးအပ်သည်ရှိသော် ထိုဘုရားလောင်းသည်-

၃၃။ သဗ္ဗမိဒံ စရိမံ ကတံ၊ ဥဘော ဓမ္မံ န ပဿရေ။
ဥဘော ပကတိယာ စုတာ၊ ယောစာယံ မန္တေဇ္စျာပေတိ။
ယော စ မန္တံ အဓီယတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၃၃။ သဗ္ဗံ၊ အလုံးစုံသော။ ဣဒံ ကိစ္စံ၊ ဤသုံးယောက်သော ငါတို့ပြုအပ်သော အမှုသည်လည်း။ စရိမံ ကတံ၊ ယုတ်မာသောအမှုဖြစ်၏။ ယော စာယံ၊ အကြင်ပုဏ္ဏားသည်လည်း။ နီစာသနေ၊ နိမ့်သောနေရာ၌။ နိသီဒိတွာ၊ နေ၍။ မန္တေ၊ ဗေ ဒင်တို့ကို။ အဇ္စျာပေတိ၊ သင်အံစေ၏။ ယော စ၊ အကြင် မင်းသည်လည်း။ ဥစ္ဆေ အာသနေ၊ မြင့်သောနေရာ၌။ နိသီဒိတွာ၊ နေ၍။ မန္တံ၊ ဗေဒင်ကို။ အဓီယတိ၊ သင်အံ၏။ ဥဘော၊ နှစ်ပါးကုန်သောမင်း, ပုဏ္ဏားတို့သည်။ ဓမ္မံ၊ တရားကို။ န ပဿရေ၊ မမြင်ကုန်။ ဥဘော၊ နှစ်ပါးကုန်သော မင်းပုဏ္ဏားတို့သည်။ ပကတိယာ၊ တရားမှ။ စုတာ၊ ရွေ့လျောကုန်၏။

ထိုစကားကိုကြား၍ ပုဏ္ဏားသည်-

၃၄။ သာလီနံ ဩဒနံ ဘုဉ္ဇေ၊ သုစိံ မံသူပသေစနံ။
တသ္မာ တေ န သေဝါမိ၊ ဓမ္မံ ဣသီဟိ သေဝိတံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၃၄။ အဟံ၊ ငါသည်။ ရညာ၊ မင်း၏။ သန္တကံ၊ ဥစ္စာဖြစ်သော။ သုစိံ၊ ဖြူစင်စွာသော။ မံသူပသေစနံ၊ သားပြွမ်းဖြစ်သော။ သာလီနံ၊ သလေးတို့၏။ ဩဒနံ၊ ထမင်းကို။ ဘုဉ္ဇေ၊ စားရ၏။ တသ္မာ၊ ထိုကြောင့်။ ဣသီဟိ၊ ဘုရား ပစ္စေကဗုဒ္ဓါတို့သည်။ သေဝိတံ၊ မှီဝဲအပ်သော။ ဧတံ ဓမ္မံ၊ ထိုတရားကို။ န သေဝါမိ၊ ငါမမှီဝဲ။

ထိုစကားကို ကြား၍ ဘုရားလောင်းသည်-

၃၅။ ပရိဗ္ဗဇ မဟာ လောကော၊ ပစန္တညေပိ ပါဏိနော။
မာ တံ အဓမ္မော အာစရိတော၊ အသ္မာ ကုမ္ဘမိဝါဘိဒါ။
၃၆။ ဓိရတ္ထုတံ ယသလာဘံ၊ ဓနလာဘဉ္စ ဗြာဟ္မဏ။
ယာ ဝုတ္တိ ဝိနိပါတေန၊ အဓမ္မစရဏေန ဝါ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၃၅။ ဗြာဟ္မဏ၊ ပုဏ္ဏား။ လောကော နာမ၊ လောက မည်သည်ကား။ မဟာ၊ ကျယ်၏။ ပရိဗ္ဗဇ၊ တပါးသော အရပ်သို့ သွားလေလော့။ အညေပိ ပါဏိနော၊ မင်းမှတပါးသော သတ္တဝါတို့သည်လည်း။ ပစန္တိ၊ ထမင်းချက်ကုန်၏။ အသ္မာ၊ ကျောက်သည်။ ကုမ္ဘံ၊ အိုးကို။ ဘိန္ဒတိ ဣဝ၊ ခွဲသကဲ့သို့။ အာစရိတော၊ ကျင့်အပ်သော။ အဓမ္မော၊ အဓမ္မသည်။ တံ၊ သင့်ကို။ မာ အဘိဒါ၊ မခွဲစေလင့်။

၃၆။ ဗြဟ္မဏ၊ ပုဏ္ဏား။ ဝိနိပါတေန ဝါ၊ အပါယ်သို့ ကျစေသဖြင့်၎င်း။ အဓမ္မစရဏေန ဝါ၊ အဓမ္မကို ကျင့်သဖြင့်၎င်း။ ယာ ဝုတ္တိ၊ အကြင်စည်းစိမ် ချမ်း သာကို ရခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တံ ယသလာဘဉ္စ၊ ထိုစည်းစိမ် ရခြင်းကို၎င်း။ တံ ဓနလာဘဉ္စ၊ ထိုဥစ္စာ ရခြင်းကို၎င်း။ ဓိရတ္ထု-၈ရဟာမ၊ ငါ့တို့ ကဲ့ရဲ့ကုန်၏။

ထိုအခါ ဘုရားလောင်း၏ တရားစကား၌ မင်းသည် ကြည်ညို၍ အချင်း ယောက်ျား သင်သည် အဘယ်အမျိုးနည်းဟု မေး၏။ အရှင်မင်းကြီး အကျွန်ုပ် စဏ္ဍာလတည်းဟု ဆို၏။ အချင်းယောက်ျား အကယ်၍ သင်သည် အမျိုးနှင့်ပြည့်စုံငြားအံ့၊ သင့်အား ငါသည် မင်းအဖြစ်ကို ပေးရာ၏။ ယခုနေ့မှစ၍ကား ငါသည် နေ့အခါ၌ မင်းဖြစ်အံ့၊ သင်သည် ညဉ့်၌ မင်းဖြစ်လော့ဟု ဆို၍ မိမိလည်၌ဆင်သော ပန်းဆိုင်းကို ဘုရားလောင်း၏ လည်၌ ဆင်စေ၍ ဘုရားလောင်းကို မြို့စောင့်အဖြစ်ကို ပြု၏။ ဤသို့ ပန်းဆိုင်းကို လည်၌ဆင်ခြင်းသည်ကား မြို့စောင့်တို့၏ လည်၌ နီသောပန်းပိုင်းကို ဆင်သောအနွယ် ဖြစ်၏။ ထိုအခါမှစ၍ကား မင်းသည် ဘုရားလောင်း၏ အဆုံးအမ၌ တည်၍ ဆရာအား ရိုသေခြင်းကိုပြု၍ နိမ့်သောနေရာ၌ နေ၍ ဗေဒင်တို့ကို သင်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ စဏ္ဍာလသား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

တရားဓမ္မ၊ ဟူတုံက၊ မုချရိုသေလေ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ဆဝဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကာလိင်္ဂဝဂ်

၁၀။ သေယျဇာတ်

ရာထူးမမင် တောချောင်ဝင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သသမုဒ္ဒပရိယာယံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသေယျဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းသည် သာဝတ္ထိပြည်၌ ဆွမ်းခံသွားသည် ရှိသော် တယောက်သော အဆင်းလှသော တန်ဆာဆင်အပ်သော မိန်းမကိုမြင်၍ သာသနာတော်၌ ငြီး ငွေ့၏။ ထိုအခါ ရဟန်းတို့သည် သဗ္ဗညူ မြတ်စွာဘုရားအား လျောက်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း အသို့နည်း၊ သင် ငြီးငွေ့သောဟူသည် မှန်သလောဟု မေးတော်မူ၍ မှန်ပေ၏ဟု လျှောက်၍ အဘယ်သူသည် သင့်ကို ငြီးငွေ့စေသနည်းဟု မိန့်တော်မူသည်ရှိသော် ထိုအကြောင်းကို ကြား လျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း အဘယ့်ကြောင့် သင်သည် ဤသို့သဘောရှိသော ဝဋ် ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ငြီးငွေ့သနည်း၊ ရှေးပညာရှိတို့သည် ပုရောဟိတ်အရာကို ရကုန်လျှက်လည်း ထိုအရာကို ပယ်၍ ရဟန်းပြုကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုရောဟိတ်၏ ပုဏ္ဏေးမဝမ်း၌ ပဋိသန္ဓေယူ၍ မင်း၏ သားနှင့်တကွ တနေ့ချင်း ဖွား၏။ မင်းသည် ငါ၏သားနှင့်တကွ တနေ့ချင်းဖွားသော သူငယ်ရှိသလောဟု အမတ်တို့ကိုမေး၏။ မြတ်သောမင်းကြီး ပုရောဟိတ်သား ရှိ၏ဟု လျှောက်ကုန်၏။ မင်းသည် ပုရောဟိတ်၏သားကို ယူငင်စေ၍ အထိန်းတို့အားပေး၍ မင်းသားနှင့် တကွနက် မွေးမြူစေ၏။ နှစ်ယောက်ကုန်သော သူငယ်တို့အား ဆင်သော တန်ဆာ အဖျော် ဘောဇဉ် အစရှိသည်တို့သည် ထပ်တူသာလျှင် ဖြစ်ကုန်၏။ ထိုသူငယ်တို့သည် အရွယ်သို့ ရောက်ကုန်လတ်သော် တကွနက်သာလျှင် တက္ကသိုလ်ပြည်သို့ သွား၍ ခပ်သိမ်း သော အတတ်တို့ကို သင်၍ ပြန်လာကုန်၏။ မင်းသည် သားအား အိမ်ရှေ့မင်း အဖြစ်ကိုပေး၍ အိမ် ရှေ့မင်းသည် များသော စည်းစိမ် အခြံအရံရှိ၏။ ထိုအခါမှစ၍ ဘုရားလောင်းသည် မင်းသားနှင့် တကွနက် စား၏။ သောက်၏။ အိပ်၏။ အချင်းချင်း အကျွမ်းဝင်ခြင်းသည် မြဲမြံ၏။

နောက်အခါ မင်းသားသည် အဘလွန်သဖြင့် မင်းအဖြစ်၌ တည်၍ ကြီးစွာသော စည်းစိမ်ကို ခံစား၏။ ဘုရားလောင်းသည် ငါ၏ အဆွေ ခင်ပွန်းကား ပြည်ကို ဆုံးမ၏။ သတိရသော ခဏ၌လျှင် ငါ့အား ပုရောဟိတ်အရာကို ပေးလတ္တံ့၊ ငါ့အား အိမ်၌နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်းပြု၍ ဝိဝေကကိုပွားစေအံ့ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် မိဘတို့ကို ရှိခိုး၍ ရဟန်းအဖြစ်ကို ခွင့်ပြုစေ၍ ကြီးစွာသော စည်း စိမ်ကို စွန့်၍ တယောက်ထည်း သာလျှင် တောထွက်၍ ဟိမဝန္တာသို့ဝင်၍ နှလုံးမွေ့လျော်ဘွယ်ရှိသော မြေအဘို့၌ ကျောင်းဆောက်၍ ရသေ့ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဈာန်ကစားခြင်းကို ကစားလျှက် နေ၏။ ထိုအခါ မင်းသည် ဘုရားလောင်းကို အောက်မေ့၍ ငါ၏အဆွေခင်ပွန်းသည် မထင်။ အဘယ်မှာနည်းဟု မေး၏။ အမတ်တို့သည် ဘုရားလောင်း၏ ရဟန်းပြုသော အဖြစ်ကို ကြား၍ မွေ့လျော်ဘွယ်ရှိသော တောအုပ်၌ နေသတတ်ဟု လျောက်ကုန်၏။ မင်းသည် ဘုရားလောင်း၏ နေရာအရပ်ကိုမေး၍ သေယျမည်သော အမတ်ကို သင် သွားချေ၊ ငါ၏ အဆွေခင်ပွန်းကို ခေါ်၍ လာခဲ့လော့၊ ငါ၏ အဆွေခင်ပွန်းအား ပုရောဟိတ် အရာကို ပေးအံ့ဟု ဆို၏။ ထိုသေယျ အမတ်သည် ကောင်းပြီဟု ဝန်ခံ၍ ဗာရာဏသီမှထွက်၍ အစဉ်သဖြင့် ပစ္စန္တရစ်သို့ရောက်၍ ထိုရွာ၌ သစ်ခက်တပ် တည်နေ၍ မုဆိုးတို့နှင့်တကွ ဘုရားလောင်း၏ နေရာအရပ်သို့ သွား၍ ကျောင်းတံခါး၌ ရွှေဆင်းတုကဲ့သို့ ထိုင်၍နေသော ဘုရားလောင်းကို မြင်၍ ရှိခိုး၍ တင့်အပ် လျောက်ပတ်စွာနေ၍ ပဋိသန္ထာရပြု၍ အရှင်ဘုရား မင်းသည် အရှင်ဘုရားအား ပုရောဟိတ် အရာကို ပေးလို၍ အရှင်ဘုရား၏ လာခြင်းကို အလိုရှိ၏ဟု လျောက်၏။

ဘုရားလောင်းသည်ကား ပုရောဟိတ် အရာကို ထားဘိဦး၊ ကာသိတိုင်း ကောသလတိုင်းနှင့် တကွသော ဇမ္ဗူဒီပါမင်း၏အဖြစ်၊ စကြဝတေး မင်း၏ စည်းစိမ်ကိုပင် ရငြားသော်လည်း ငါ မလိုက်၊ ပညာရှိတို့သည် တကြိမ် စွန့်အပ်ပြီးသော ကိလေသာတို့ကို တဖန် မယူကုန်၊ တကြိမ်စွန့်အပ်ပြီးသော ကိလေသာသည် ထွေးအပ်ပြီးသော တံတွေးပေါက်နှင့် တူ၏ဟု ဆို၍-

၃၇။ သသမုဒ္ဒပရိယာယံ၊ မဟိံ သာဂရကုဏ္ဍလံ။
န ဣစ္ဆေ သဟ နိန္ဒာယ၊ ဧဝံ သေယျ ဝိဇာနဟိ။
၃၈။ ဓိရတ္ထု တံ ယသလာဘံ၊ ဓနလာဘဉ္စ ဗြာဟ္မဏ။
ယာ ဝုတ္တိ ဝိနိပါတေန၊ အဓမ္မစရဏေန ဝါ။
၃၉။ အပိ စေ ပတ္တမာဒါယ၊ အနာဂါရော ပရိဗ္ဗဇေ။
သာယေဝ ဇီဝိကာ သေယျာ၊ ယာ စာဓမ္မေန ဧသနာ။
၄၀။ အပိ စေ ပတ္တမာဒါယ၊ အနာဂါရော ပရိဗ္ဗဇေ။
အညံ အဟိံ သယံ လောကေ၊ အပိ ရဇ္ဇေန တံ ဝရံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၃၇။ သေယျံ၊ သေယျအမတ်။ သဟ နိန္ဒာယ၊ ကဲ့ရဲ့ခြင်းနှင့်တကွ ဖြစ်ခြင်းကြောင့်။ သသမုဒ္ဒပရိယာယံ၊ သမုဒ္ဒရာကို ရံ၍တည်သော စကြဝဠာနှင့် တကွသော။ သာဂရကုဏ္ဍလံ၊ သမုဒ္ဒရာ၏ နားဍောင်းသဘွယ်ဖြစ်သော။ မဟိံ၊ မြေကို။ န ဣစ္ဆေ၊ အလိုမရှိ။ ဧဝံ၊ ဤသို့။ ဝိဇာနာဟိ၊ သိလော့။

၃၈။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဝိနိပါတေန၊ အပါယ်သို့ ကျစေသဖြင့်၎င်း။ အဓမ္မစရဏေန ဝါ၊ အဓမ္မကို ကျင့်သဖြင့်၎င်း။ ယာဝုတ္တိ၊ အကြင်စည်းစိမ်ဥစ္စာကို ရခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တံ ယသလာဘဉ္စ၊ ထိုစည်းစိမ်ရခြင်းကို၎င်း။ တံ ဓနလာဘဉ္စ၊ ထိုဥစ္စာရခြင်းကို၎င်း။ ဓိရတ္ထု-၈ရဟာမ၊ ငါတို့ကဲ့ရဲ့ကုန်၏။

၃၉။ အဓမ္မန၊ အဓမ္မဖြင့်။ ယာ စ ဧသနာ၊ အကြင်ဥစ္စာရှာခြင်းသည်။ အတ္ထိ၊ ရှိ၏။ တတော၊ ထို ထက်။ အနာဂါရော၊ နေ ရာမရှိသည်ဖြစ်၍။ ပဗ္ဗဇ္ဇ၊ ရဟန်းပြု၍။ ပတ္တံ၊ သပိတ်ကို။ အာဒါယ၊ ယူ၍။ ပရိဗ္ဗဇေ အပိစေ၊ ဆွမ်းခံသွားငြားအံ့။ သာယေဝ ဇီဝိကာ၊ ထိုအသက်မွေးခြင်းသည်သာ လျှင်။ သေယျာ၊ မြတ်၏။

၄၀။ အနာဂါရော၊ နေရာအရပ် မရှိသည်ဖြစ်၍။ ပဗ္ဗဇ္ဇ၊ ရဟန်း ပြု၍။ ပတ္တံ၊ သပိတ်ကို။ အာဒါယ၊ ယူ၍။ လောကေ၊ လောက၌။ အညံ၊ သူတပါးကို။ အဟိံသယံ၊ မညှဉ်းဆဲဘဲ။ ပရိဗ္ဗဇေ အပိ စေ၊ ဆွမ်းခံသွားငြားအံ့။ တံ၊ ထိုအသက်မွေး ခြင်းသည်။ ရဇ္ဇေန အပိ၊ မင်းအဖြစ်ထက်လည်း။ ဝရံ၊ မြတ်၏။

ဤသို့ ဘုရားလောင်းသည် အဖန် တလဲလဲ တောင်းပန်သော်လည်း ထိုတောင်းပန်ခြင်းကို ပယ်၏။ သေယျအမတ်သည်လည်း ဘုရားလောင်း၏ စိတ်ကို မရ၍ ဘုရားလောင်းကို ရှိခိုး၍ သွား၍ ဘုရားလောင်း၏ မလာသောအဖြစ်ကို မင်းအား ကြားလျှောက်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ တပါးကုန်သော များစွာကုန်သော ရဟန်းတို့သည်လည်း သောတာပတ္တိဖိုလ် အစရှိသည်တို့ကို မျက်မှောက်ပြုကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ သေယျ အမည်ရှိသော အမတ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုရောဟိတ်သား ရသေ့ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

လောကီကိုပယ်၊ လောကုတ်နယ်၊ ကိုးကွယ်ရှာကြသည်

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သေယျဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၁။ ပုစိမန္ဒဇာတ်

တမာပင်ရုက္ခစိုဝ်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဥဋ္ဌေဟိ စောရ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပုစိမန္ဒဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အရှင်မဟာ မောဂ္ဂလ္လာန် မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ အရှင်မဟာမောဂ္ဂလ္လာန် မထေရ်သည် ရာဇဂြိုဟ်ပြည်ကို အမှီပြု၍ တောကုဋိ၌ သီတင်းသုံးနေသည်ရှိသော် တယောက်သော ခိုးသူသည် မြို့တံခါး ရွာဝယ် တခုသောအိမ်၌ အစပ်ကိုဖြတ်၍ ဥစ္စာနှစ်ကို ယူ၍ပြေး၍ အရှင်မဟာမောဂ္ဂလာန် မထေရ်၏ ကုဋိပရိဝုဏ် အရံတွင်းသို့ဝင်၍ ဤ၌ ငါ၏ အစောင့် အရှောက်သည် ဖြစ်လတ္တံ့ဟု အရှင်မဟာမောဂ္ဂလ္လာန် မထေရ်၏ ကျောင်းဦး၌ အိပ်၏။ အရှင်မဟာမောဂ္ဂလ္လာန် မထေရ်သည် ခိုးသူ ကျောင်းဦး၌ အိပ်သောအဖြစ်ကို သိ၍ ထိုခိုးသူ၌ ရွံရွာခြင်းကိုပြု၍ ခိုးသူနှင့်တကွ ရောနှောခြင်းမည်သည်ကား မအပ်ဟု ထွက်၍ ဤကျောင်း၌ မအိပ်လင့်ဟု နှင်ထုတ်၏။ ခိုးသူသည် ထိုကျောင်းမှ ထွက်၍ ခြေရာကိုဖျက်၍ ပြေး၏။ လူတို့သည် မီးရှူးကိုယူ၍ ခိုးသူ၏ခြေရာသို့ လိုက်သဖြင့် ထိုကျောင်းသို့လာ၍ ထိုခိုးသူ၏ လာရာအရပ် ရပ်ရာအပ် ထိုင်ရာအရပ် အိပ်ရာအရပ် အစရှိသည်တို့ကို မြင်၍ ခိုးသူသည် ဤကျောင်းမှ လာ၏။ ဤ၌ ရပ်၏။ ဤ၌ ထိုင်၏။ ဤ၌ အိပ်၏။ ဤအရပ်မှ ပြေး၏။ ငါတို့သည် မမြင်ဟု ထိုမှ ဤမှသွား၍ မမြင်၍လျှင် ပြန်ကုန်၏။ နက်ဖြန် အရှင်မဟာမောဂ္ဂလ္လာန် မထေရ်သည် နံနက်အခါ ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံ၍ ဆွမ်းခံရာမှ ဖဲခဲ့သည်ရှိသော် ဝေဠုဝန် ကျောင်းတော်သို့သွား၍ ထိုအကြောင်းကို မြတ်စွာဘုရားအား ကြားလျှောက်၏။ မောဂ္ဂလ္လာန် သင်သည်လျှင် ရွံရှာအပ်သည် နှင့် ယှဉ်သောသူကို ရွံရှာခြင်းပြုသည် မဟုတ်သေး၊ ရှေးပညာရှိတို့သည်လည်း ရွံရှာခြင်းကို ပြုဘူးကုန်သည် သလျှင်ကတည်းဟု မိန့်တော်မူ၍ အရှင်မဟာ မောဂ္ဂလ္လာန် မထေရ်သည် တောင်း ပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မြို့၏ သုသာန်တော၌ တမာပင်စောင့်နတ် ဖြစ်၏။ ထိုအခါ တနေ့သ၌ မြို့တံခါးရွာ၌ ပြုအပ်ပြီးသော အမှုရှိသော ခိုးသူသည် သုသာန်တောသို့ ဝင်၏။ ထိုအခါ ထိုသုသာန်၌ တမာပင် ညောင်ဗုဒ္ဓဟေပင် ဟူကုန်သော သစ်ပင်ကြီး နှစ်ပင်တို့သည် ရှိကုန်၏။ ခိုးသူသည် တမာပင်ရင်း၌ ဥစ္စာထုပ်ကိုထား၍ အိပ်၏။ ထိုကာလ၌ ခိုးသူတို့ကို ဖမ်း၍ တမာသားတံကျင်၌ လျှိုကုန်၏။ ထိုအခါ တမာပင်စောင့်နတ်သည် ဤအရပ်သို့ လူတို့သည် လာကုန်၍ ဤခိုးသူကို ဖမ်းကုန်သည်ရှိသော် ဤတမာပင်၏ အခက်ကိုဖြတ်၍ တံကျင်ပြု၍ ထိုခိုးသူကို လျှိုကုန်ရာ၏။ ဤသို့ ပြုသည်ရှိသော် တမာပင်သည် ပျက်စီးလတ္တံ့၊ ယခုငါသည် ခိုးသူကို ဤတမာပင်မှ နှင်ထုတ်အံ့ဟု ကြံ၏။ ကြံပြီး၍ ထိုတမာပင်စောင့် နတ်သည် ထိုခိုးသူနှင့်တကွ စကားပြောလိုရကား-

၄၁။ ဥဋ္ဌေဟိ စောရ ကိံ သေသိ၊
ကော အတ္ထော သုပနေန တေ။
မာ တံ ဂဟေသုံ ရာဇာနော၊
ဂါမေ ကိဗ္ဗိသကာရကံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၄၁။ စောရ၊ ခိုးသူ။ ဥဋ္ဌေဟိ၊ ထလော့။ ကိံ၊ အဘယ်ကြောင့်။ သေသိ၊ အိပ်သနည်း။ တေ၊ သင့်အား။ သုပနေန၊ အိပ်ခြင်းဖြင့်။ ကော အတ္ထော၊ အဘယ်အကျိုးရှိအံ့နည်း။ ဂါမေ၊ ရွာ ၌။ ကိဗ္ဗိသကာရကံ၊ ကြမ်းကြုတ်သော အမှုကိုပြုသော။ တံ၊ သင့်ကို။ ရာဇာနော၊ မင်းချင်း ယောက်ျားတို့သည်။ မာ ဂဟေသုံ၊ မဖမ်းစေကုန်လင့်။

ဤသို့ ထိုခိုးသူကိုဆို၍ မင်းချင်းယောက်ျားတို့သည် သင့်ကို မဖမ်းကုန်မီ တပါးသော အရပ်သို့ သွားလေဟု ကြောက်စေ၍ ပြေးစေး၏။ ခိုးသူ ပြေးသည်ရှိသော် ညောင်ဗုဒ္ဓဟေပင်စောင့် နတ်သည်-

၄၂။ ယံ နု စောရံ ဂဟေဿန္တိ၊ ဂါမေ ကိဗ္ဗိသကာရကံ။
ကိံ တတ္ထ ပုစိမန္ဒဿ၊ ဝနေ ဇာတသ တိဋ္ဌတော။

ဟူသော နှစ်ခြမြောက်သောဤဂါထာကို ဆို၏။

၄၂။ ဂါမေ၊ ရွာ၌။ ကိဗ္ဗိသကာရကံ၊ ခိုးသောအမှုကို ပြုသော။ စောရံ၊ ခိုးသူကို။ ယံ ဂဟေဿန္တိ၊ အကြင် ဖမ်းခြင်းကို ပြုကုန်လတ္တံ့။ တတ္ထ၊ ထိုခိုးသူကို ဖမ်းသည်ရှိသော်။ ဝနေ၊ တော၌။ ဇာတဿ၊ ဖြစ်ထသော။ တိဋ္ဌတော၊ တည်ထသော။ ပုစိမန္ဒဿ၊ တမာပင်စောင့် နတ်အား။ ကိံ နု၊ အသို့ ဖြစ်သနည်း။

ထိုစကားကို ကြား၍ တမာပင်စောင့် နတ်သည် -

၄၃။ န တွံ အဿတ္ထ ဇာနာသိ၊ မမ စောရဿ စန္တရံ။
စောရံ ဂဟေတွာ ရာဇာနော၊ ဂါမေ ကိဗ္ဗိသကာရကံ။
အပ္ပေန္တိ နိမ္ဗသူလသ္မိံ၊ တသ္မိံ မေ သင်္ကတေ မနော။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၄၃။ အဿတ္ထ၊ ညောင်ဗုဒ္ဓဟေပင်စောင့်နတ်။ တွံ၊ သင်သည်။ မမ စ၊ ငါ၏၎င်း။ စောရဿ စ၊ ခိုးသူ၏၎င်း။ အန္တရံ၊ တပေါင်းတည်း မနေသင့်သော အကြောင်းကို။ န ဇာနာသိ၊ မသိ။ ဂါမေ၊ ရွာ၌။ ကိဗ္ဗိသကာရကံ၊ ခိုးမှုကို ပြုသော။ စောရံ၊ ခိုးသူကို။ ရာဇာနော၊ မင်းချင်း ယောက်ျားတို့သည်။ ဂဟေတွာ၊ ဖမ်းကုန်၍။ နိမ္ဗသူလသ္မိံ၊ တမာသား တံကျင်၌။ အပ္ပေန္တိ၊ လျှိုကုန်၏။ တသ္မိံ၊ ထိုသို့ပြုခြင်း၌။ မေ၊ ငါ၏။ မနော၊ စိတ်သည်။ သင်္ကတေ၊ ရွံရှာ၏။

ဤသို့ ရုက္ခစိုဝ်းနတ်တို့၏ အချင်းချင်း ပြောဆိုကုန်စဉ်လျှင် ဥစ္စာရှင်တို့သည် မီးရှူးကိုင်ကုန်လျှက် ခြေရာသို့လျှောက်သောအားဖြင့် လာကုန်၍ ခိုးသူ၏အိပ်ရာ အရပ်ကို မြင်ကုန်၍ အချင်းတို့ ယခုပင်လျှင် ခိုးသူထ၍ ပြေး၏။ ငါတို့သည် ခိုးသူကို မရအပ်၊ အကယ်၍ ရကုန်အံ့၊ ဤတမာပင်၏ တံကျင်၌ ခိုးသူကိုလျှို၍ တမာခက်၌ ဆွဲ၍ သွားကြကုန်အံ့ဟု ဆို၍ ထိုမှဤမှလိုက်၍ ခိုးသူကိုမမြင်ရလျှင် သွားကုန်၏။ ထိုသူတို့၏ စကားကိုကြား၍ ညောင်ဗုဒ္ဓဟေပင်စောင့်နတ်သည်-

၄၄။ သင်္ကေယျ သင်္ကိတဗ္ဗာနိ၊
ရက္ခေယျာနာဂတံ ဘယံ။
အနာဂတဘယာ မီရော၊
ဥဘော လောကေ အဝေက္ခတိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၄၄။ ဓီရော၊ ပညာရှိသည်။ သင်္ကိတဗ္ဗာနိ၊ ရွံရှာအပ်သည်တို့ကို။ သင်္ကေယျ၊ ရွံရှာရာ၏။ အနာဂတံ ဘယံ၊ လာလတ္တံ့သော ဘေးကို။ ရက္ခေယျ၊ ကိုတင်၍ စောင့်ရှောက်ရာ၏။ အနာဂတဘယာ၊ လာလတ္တံ့သော ဘေးဖြင့်။ ဥဘော လောကေ၊ နှစ်ပါးသော လောကတို့ကို။ အဝေက္ခတိ၊ ကြည့် မျှော်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ညောင်ဗုဒ္ဓဟေပင်စောင့်နတ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ တမာပင်စောင့်နတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရွှံရှာသင့်သူ၊ ရွံရှာမူ၊ ထိုသူဘေး မရောက်

ရှေးဦးစွာသော ပုစိမန္ဒဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၂။ ကဿပမန္ဒိယဇာတ်

သက်ကြီးသည်းခံ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အပိ ကဿပ မန္ဒိယာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဿပမန္ဒိယ ယဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တပါးသော အသက် ကြီးသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တယောက်သော အမျိုးကောင်းသားသည် ကာမတို့၌ အပြစ်ကိုမြင်၍ သဗ္ဗညူဘုရား အထံတော်၌ ရဟန်းပြု၍ ကမ္မဋ္ဌာန်းကို အားထုတ်သည်ရှိသော် မကြာမြင့်မီလျှင် အရဟတ္တဖိုလ်သို့ရောက်၏။ နောက်အဘို့၌ ထိုရဟန်း၏ အမိသည် သေလွန်၏။ ထိုရဟန်းသည် အမိသေလွန်သည်ရှိသော် အဘနှင့် ညီငယ်ကို ရဟန်းပြုစေ၍ ဇေတဝန် ကျောင်းတော်၌နေ၍ ဝါဆိုခါနီးကာလ၌ သင်္ကန်းပစ္စည်း ရလွယ်သည်၏အဖြစ်ကို ကြား၍ တခုသော ရွာ ကျောင်းသို့ သွား၍ သုံးပါးကုန်သော ရဟန်းတို့သည်လည်း ထိုကျောင်း၌သာလျှင် ဝါဆိုကုန်၍ ဝါကျွတ်ကုန်သော် ဇေတဝန် ကျောင်းတော်သို့လျှင် လာကုန်၏။ ရဟန်းငယ်သည် ဇေတဝန် ကျောင်းတော်၏ အနီးဖြစ်သော အရပ်၌ သာမဏေ သင်သည် မထေရ်ကြီးကို အပင်အပန်း ဖြေစေ၍ ဆောင်ခဲ့လော့၊ ငါသည် ရှေး ဦးစွာ သွားလင့်၍ ကျောင်းကို သုတ်သင်ချေအံ့ဟု ဆို၍ ဇေတဝန်ကျောင်းသို့ ဝင်၏။ အသက်ကြီးသော မထေရ်သည် ဖြည်းဖြည်းသွား၏။ သာမဏေသည် အဖန်တလဲလဲ ဦးခေါင်းဖြင့် နှိပ်ဘိသကဲ့သို့ အရှင်ဘုရား သွားလော့၊ အရှင်ဘုရား သွားလော့ဟု ထိုအသက်ကြီးသော မထေရ်ကို နိုင်ထက်မူသဖြင့် ဆောင်၏။ အသက်ကြီး မထေရ်သည် ငါ့ကို သင်သည် ကိုယ့်အလိုအတိုင်း ဆောင်၏ဟု တဖန်ပြန်၍ အစမှစ၍ သွား၏။ ထိုနှစ်ပါးကုန်သော သားအဘတို့၏ အချင်းချင်း ခိုက်ရန်ပြုကုန်စဉ်လျှင် နေဝင်၍ မှောင်မိုက်၏။

ပဉ္စင်းငယ်သည်လည်း ပရိဝုဏ်ကို တံမြက် လှည်း၍ ရေခပ်၍ ထိုသားအဘတို့၏ လာခြင်းကို မမြင်၍ မီးရှူးကိုင်လျက် ခရီးဦးကြို၍ လာလတ်ကုန်သော ထိုသားအဘကို မြင်၍ အဘယ့်ကြောင့် ကြာမြင့်ကြကုန်သနည်းဟု မေး၏။

အသက်ကြီးရဟန်းအိုသည် ထိုအကြောင်းကို ပြောဆို၏။ ရဟန်းငယ်သည် ထိုနှစ်ပါးကုန်သော ရဟန်းကြီး, သာမဏေတို့ကိုလည်း အပင်ပန်းဖြေစေ၍ ဖြည်းညှင်းစွာ ဆောင်၏။ ထိုနေ့၌ ဘုရားကို ဆည်းကပ်ခွင့်ကို မရ၊ နှစ်ရက်မြောက်သော နေ့၌ ဘုရားအထံတော်သို့ လာ၍ ရှိခိုး၍ နေသော် ထိုရဟန်းကို သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း သင်သည် အဘယ်အခါ၌ လာရောက်သနည်းဟု မေးတော်မူ၏။ ဘုန်းတော်ကြီးလှသော မြတ်စွာဘုရား ယမန်နေ့က ရောက်၏ ဟု လျှောက်၏။ ယမန်နေ့က ရောက်လျက် ယနေ့မှ ငါဘုရားအား ဆည်းကပ်ခြင်းကို ပြုသလောဟု မိန့်တော်မူ၏။ ထိုရဟန်းသည် ဘုန်းတော်ကြီးသော မြတ်စွာဘုရား မှန်ပေ၏ဟု ဆို၍ ထိုအကြောင်းကို ကြား လျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် အသက်ကြီးသော မထေရ်ကို ကဲ့ရဲ့၍ ရဟန်း ဤမထေရ်အိုသည် ယခုအခါ ၌သာလျှင် ဤသို့သဘောရှိသောအမှုကို ပြုသည် မဟုတ်သေး၊ ရှေး၌လည်း ပြုဘူး၏။ ယခုမူကား ထိုရဟန်းအိုသည် သင့်ကို ပင်ပန်းစေ၏။ ရှေး၌ ပညာရှိတို့ကို ပင်ပန်းစေဘူး၏ဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိနိဂုံးဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၏။ ဘုရားလောင်းသည် အရွယ် ရောက်သော ကာလ၌ အမိသည် သေ၏။ ဘုရားလောင်းသည် အမိ၏အလောင်းကိုသင်္ဂြိုဟ်၍ လခွဲ, တလ လွန်လတ်သော် အိမ်၌ရှိသော ဥစ္စာကို အလှူပေး၍ အဘနှင့်ညီငယ်ကိုယူ၍ ဟိမ ဝန္တာအရပ်၌ နတ်ပေးသော လျှော်တေသင်္ကန်းကိုယူ၍ ရသေ့ရဟန်း ပြု၍ သစ်မြစ် သစ်သီးကြီးငယ်တို့ဖြင့် မျှတလျက် မွေ့လျော်ဘွယ်ရှိသော တောအုပ်၌ နေ၏။ ဟိမဝန္တာ၌ကား မိုဃ်းကာလ၌ အစဉ်မပြတ် မိုဃ်းရွာသည်ရှိသော် သစ်မြစ်ကို တူးအံ့သောငှာ မတတ်နိုင်၊ သစ်သီးကြီးငယ် သစ်ရွက်တို့သည်လည်း ကြွေကုန်၏။ ရသေ့တို့သည် များသောအားဖြင့် ဟိမဝန္တာမှ ထွက်၍ လူ့ပြည်၌ နေကုန်၏။ ထိုအခါ ဘုရားလောင်းသည် အဘနှင့် ညီကိုယူ၍ လူ့ပြည်၌နေ၍ တဖန်လည်း ဟိမဝန္တာ၌ များစွာသော အသီးအပွင့်ရှိလတ်သော် အဘနှင့် ညီနှစ်ယောက်တို့ကို ခေါ်၍ ဟိမ ဝန္တာ၌ မိမိကျောင်းသို့ သွား၍ ကျောင်း၏အနီးဝယ် နေဝင်လတ်သော် သင်တို့သည် ဖြည်းဖြည်း လာကြကုန်လော့၊ ငါသည် ရှေးမှ သွားလင့်၍ ကျောင်းကို သုတ်သင်ချေအံ့ဟုဆို၍ သားအဘ နှစ်ယောက်တို့ကို နောက်၌ထားခဲ့၍ သွား၏။ ရသေ့ငယ်သည် ရသေ့ကြီးနှင့်တကွ ဖြည်းဖြည်း သွားလတ်သော် ရသေ့ကြီးကို နှစ်ကြိမ် သုံးကြိမ် ဦးခေါင်းဖြင့် နှိပ်ဘိသကဲ့သို့ သွား၏။ ရသေ့ကြီးသည် ငါ့ကို သင်သည် မိမိအလိုအားဖြင့် ဆောင် ၏ဟု ပြန်၍ အစမှစ၍ လာ၏။ ဤသို့ ထိုရသေ့ကြီး ရသေ့ငယ်တို့၏ ခိုက်ရန်ပြုကုန်စဉ်လျှင် မှောင်မိုက်၏။

ဘုရားလောင်းသည်လည်း ကျောင်းကို တံမြက်လှည်း၍ ရေခပ်၍ မီးရှူးကိုင်လျက် ခရီးဦးကြိုလတ်သော် ထိုရသေ့ငယ် ရသေ့ကြီးတို့ကို မြင်၍ ဤမျှလောက်ကြာအောင် အဘယ်ကို ပြုခဲ့ကြကုန်သနည်းဟု ဆို၏။ ရသေ့ငယ်သည် အဘပြုသောအကြောင်းကို ပြောဆို၏။ ဘုရားလောင်းသည် နှစ်ယောက်ကုန်သော ရသေ့တို့ကိုလည်း ဖြည်းညှင်းစွာ ဆောင်၍ ပရိက္ခရာကို သိုမှီး၍ အဘကို ရေချိုးစေ၍ ခြေဆေးခြင်း၊ ကျောက်ကိုဆုပ်နယ်ခြင်း အစရှိသည်တို့ကို ပြု၍ မီးအိုးကင်းကို ထည့်၍ ပင်ပန်းခြင်းကို ငြိမ်းစေပြီးသော် အဘ၏အနီး၌နေ၍ ခမည်းတော် သူငယ်တို့မည်သည်ကား မြေအိုးနှင့်တူကုန်၏။ တခဏဖြင့်လျှင် ကွဲတတ်ကုန်၏။ ကွဲသောကာလမှစ၍ တဖန် စေ့စပ်ခြင်းငှာ မတတ်နိုင်ကုန်၊ သူငယ်တို့သည် ဆဲဆိုကုန်ငြားသော်လည်း ကြီးသောသူတို့သည် သည်းခံအပ်ကုန်၏ဟုဆို၍ အဘကို ဆုံးမလိုရကား-

၄၅။ အပိ ကဿပမန္ဒိယာ၊ ယုဝါ သပတိ ဟန္တိ ဝါ။
သဗ္ဗံ တံ ခမတေ မီရော၊ ပဏ္ဍိတော တံ တိတိက္ခတိ။
၄၆။ သစေပိ သန္တော ဝိဝဒန္တိ၊ ခိပ္ပံ သန္ဓီယရေ ပုန။
ဗာလာ ပတ္တာဝ ဘိဇ္ဇန္တိ၊ န တေ သမထမဇ္ဈဂူ။
၄၇။ ဧတေ ဘိယျော သမာယန္တိ၊ သန္တိ တေသံ န ဇီရတိ။
ယော စာဓိပန္နံ ဇာနာတိ၊ ယော စ ဇာနာတိ ဒေသနံ။
၄၈။ ဧသောဟိ ဥတ္တရိတရော၊ ဘာရဝဟော ဓုရဒ္ဓရော။
ယာ ပရေသောဓိပန္နာနံ၊ သယံ သန္ဓာတုမရဟတိ။

ဟူသော လေးဂါထာတို့ကို ဆို၏။

၄၅။ ကဿပ၊ ကဿပ။ အပိ၊ စင်စစ်။ မန္ဒိယာ၊ ပညာနုန့် သည်၏အဖြစ်ကြောင့်။ ယုဝါ၊ သူငယ်သည်။ သပတိ ဝါ၊ ဆဲမူလည်း ဆဲ၏။ ဟန္တိ ဝါ၊ ပုတ်ခတ်မူလည်း ပုတ်ခတ်၏။ ဓီရော၊ ပညာရှိသည်။ တံ သဗ္ဗံ၊ ထိုအလုံးစုံကို။ ခမတေ၊ သည်းခံ၏။ ပဏ္ဍိတော၊ ပညာရှိသည်။ တံ၊ ထိုဆဲရေးပုတ်ခတ်ခြင်းကို။ တိတိက္ခတိ၊ သည်းခံ၏။

၄၆။ သန္တော၊ သူတော်ကောင်းတို့သည်။ သစေပိ ဝိဝဒန္တိ၊ အကယ်၍မူလည်း ခိုက်ရန်ဖြစ်ကုန်အံ့။ ပုန၊ တဖန်။ ခိပ္ပံ၊ လျင်စွာ။ သန္ဓီယရေ၊ မိတ်ဖြစ်ပြန်ကုန်၏။ ဗာလာ၊ သူငယ်တို့သည်။ ပတ္တာဝ၊ မြေခွက်တို့ကဲ့သို့။ ဘိဇ္ဇန္တိ၊ ကွဲတတ်ကုန်၏။ တေ၊ ထိုသူငယ်တို့သည်။ သမထံ၊ ပြေငြိမ်းခြင်းသို့။ န အဇ္ဈဂူ၊ မရောက်ကုန်။

၄၇။ ယော စ၊ အကြင်သူသည်လည်း။ အဓိပန္နံ၊ အပြစ်ကို။ ဇာနာတိ၊ သိ၏။ ယော စ၊ အကြင် သူသည်လည်း။ ဒေသနံ၊ အပြစ်ကို ဖြေကြားခြင်းကို။ ဇာနာတိ၊ သိ၏။ ဧတေ၊ ထိုသူတို့သည်။ ဘိယျော၊ တဖန်။ သမာယန္တိ၊ စေ့စပ်ကုန်၏။ တေသံ၊ ထိုသူတို့၏။ သန္ဓိ၊ ချစ်ခြင်းသည်။ န ဇီရတိ၊ မဆွေးမြည့်။

၄၈။ ယော၊ အကြင် သူသည်။ အဓိပန္နာနံ၊ အပြစ်ကို ပြုကုန်သော။ ပရေသံ၊ သူတပါးတို့အား။ သယံ၊ မိမိသည်။ သန္ဓာတုံ၊ စေစပ်ခြင်းငှါ။ အရဟတိ၊ ထိုက်၏ လုံ့လပြု၏။ ဧသော၊ ထိုသူသည်။ တေဟိ၊ ဆိုခဲ့ပြီးသော သူတို့ထက်။ ဥတ္တရိတရော၊ လွန်မြတ်သော။ ဘာရဝဟော ဓုရဒ္ဓရော၊ မိတ်ဟူသော ဝန်ကို ရွက်ဆောင်သောသူ ဖြစ်၏။

ဤသို့ ဘုရားလောင်းသည် အဘအား အဆုံး အမကို ပေး၏။ ထိုအဘသည်လည်း ထိုအခါမှစ၍ ယဉ်ကျေးသည် ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အိုမင်းသော ရဟန်းသည် ထိုအခါ အဘရသေ့ ဖြစ်ဘူးပြီး။ ယခုအခါ သာမဏေသည် ထိုအခါ ရသေ့ငယ် ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အဘအား အဆုံးအမကို ပေးသော ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မိမိပြုငြား၊ သူတပါး၊ အများဆင်းရဲသည်

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကဿပမန္ဒိယဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၃။ ခန္တီဝါဒီဇာတ်

မတုပနိုင်သောခန္တီ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယော တေ ဟတ္ထေ စ ပါဒေ စ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤခန္တီဝါဒီဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တပါးသော အမျက် ထွက်တတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုကို အောက်၌ ဆိုအပ်ပြီ) သဗ္ဗညူ မြတ်စွာဘုရားသည်ကား ထိုရဟန်းကို ရဟန်း အဘယ့်ကြောင့် သင်သည် အမျက်မထွက်အပ်သော ဘုရားသာသနာ၌ ရဟန်းပြု၍ အမျက်ထွက်ခြင်းကို ပြုဘိသနည်း၊ ရှေးပညာရှိတို့သည် ကိုယ်၌အထောင်မျှလောက်သော ပုတ်ခတ်ခြင်းဖြင့် ပုတ်ခတ်ကုန်သော်၎င်း၊ လက်ခြေနားနှာခေါင်းတို့ကို ဖြတ်ကုန်သော်၎င်း၊ သူတပါးအား အမျက်ထွက်ခြင်းကို မပြုကုန်ဟုဆို၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ကလာဗုမည်သော မင်းသည် မင်းပြု၏။ ထိုအခါ ဘုရားလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားမျိုး၌ဖြစ်၍ ကုဏ္ဍလမည်သော လုလင်ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွား၍ ခပ်သိမ်းသော အတတ်ပညာတို့ကိုသင်၍ ဥစ္စာကိုဖြစ်စေ၍ မိဘလွန်သဖြင့် ဥစ္စာစုကိုကြည့်၍ ဤဥစ္စာတို့ကို ငါ၏ ဆွေမျိုးတို့သည် မယူမူ၍သာလျှင် သွားကုန်၏။ ငါသည်ကား ထိုဥစ္စာကို ယူ၍သွားခြင်းငှာ သင့် ၏ဟု ခပ်သိမ်းသော ဥစ္စာတို့ကို ရွေးချယ်စီစစ်သော လှူဒါန်းခြင်း၏ အစွမ်းအားဖြင့် အကြင်သူသည် အကြင်ဥစ္စာကို ဆောင်၏။ ထိုသူအား ထိုဥစ္စာကိုလှူ၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ ရဟန်း ပြု၍ သစ်သီး ကြီးငယ်တို့ဖြင့် မျှတလျက် ကြာမြင့်စွာနေ၍ ချဉ် ဆား မှီဝဲအံ့သောငှါ လူ့ပြည်သို့လာ၍ အစဉ်သဖြင့် ဗာရာဏသီပြည်သို့ ရောက်၍ မင်း၏ ဥယျာဉ်၌နေ၍ နက်ဖြန် မြို့၌ ဆွမ်းခံလတ်သော် စစ်သူကြီးအိမ်တံခါးသို့ ရောက်၏။ စစ်သူကြီးသည် ဘုရားလောင်း၏ ဣရိယာပုထ်တို့၌ ကြည်ညို၍ အိမ်သို့ပင့်၍ မိမိဘို့စီရင်သော ဘောဇဉ်ကို ကျွေး၍ ဝန်ခံခြင်းကို ယူစေ၍ ထိုမင်း၏ ဥယျာဉ်၌သာလျှင် နေစေ၏။

ထိုအခါ တနေ့သ၌ ကလာဗုမင်းသည် သုရာယစ်လျက် လိမ္မာကုန်သော ကချေသည်တို့ဖြင့် ခြံရံလျက် များစွာသော အခြံအရံဖြင့် ဥယျာဉ်သို့သွား၍ မင်္ဂလာကျောက်ဖျာ၌ အိပ်ရာခင်းစေ၍ တယောက်သော ချစ်နှစ်သက်သော မိန်းမ၏ ရင်ခွင်၌ အိပ်၏။ သီချင်း တီးမှုတ်ခြင်း၊ ကခြင်းတို့၌ လိမ္မာကုန်သော ကချေသည် မိန်းမတို့သည် သီချင်း အစရှိသည်တို့ကို ဖြစ်စေကုန်၏။ သိကြား နတ်မင်း၏ စည်းစိမ်ကဲ့သို့ ကြီးစွာသော စည်းစိမ်သည် ဖြစ်၏။ မင်းသည် အိပ်ပျော်ခြင်းသို့ ရောက်၏။ ထိုအခါ ထိုမိန်းမတို့သည် အကြင်မင်း၏အကျိုးငှာ ငါတို့သည် သီချင်း အစရှိသည်တို့ကို ဖြစ်စေကုန်၏။ ထိုမင်းသည် အိပ်ပျော်ခြင်းသို့ ရောက်၏။ သီချင်း တီးမှုတ်ခြင်းတို့ဖြင့် အဘယ်ပြုအံ့နည်းဟု တီးမှုတ်မျိုးတို့ကို ထိုထိုသော အရပ်၌သာလျင် စွန့်၍ ဥယျာဉ်၌ လှည့်လည်ကုန်လျက် အပွင့်အသီး အရွက်နု အစရှိသည်တို့သည် ဖြားယောင်းအပ်ကုန်သည် ဖြစ်၍ ဥယျာဉ်၌ မွေ့ လျော်ကုန်၏။

ထိုအခါ ဘုရားလောင်းသည် ထိုဥယျာဉ်၌ ကောင်းစွာပွင့်သော အင်ကြင်းပင်ရင်း၌ ရဟန်းချမ်းသာဖြင့် လွန်စေလျက် အမုန်ယစ်သော ဆင်ကဲ့သို့ နေ၏ ထိုဥယျာဉ်၌ လှည့်လည်ကုန်သော ထိုမိန်းမတို့သည် ဘုရားလောင်းကို မြင်၍ ရှင်မတို့ ထိုသစ်ပင်ရင်း၌ ရဟန်းသည် နေ၏။ မင်းနိုးသည့်တိုင်အောင် ရဟန်းအထံ၌ တစုံတခုသော တရားကိုနာလျက် နေကုန်အံ့ဟု သွား၍ ရှိခိုး၍ ခြံရံလျက် နေကုန်၍ အကျွန်ုပ်တို့အား ဟောအပ်သော တစုံတခုသောတရားကို ဟောပါလောဟု ဆိုကုန်၏။ ဘုရားလောင်းသည် ထိုမိန်းမတို့အား တရားဟော၏။ ထိုအခါ ထိုချစ်နှစ်သက်သော မိန်းမသည် ကိုယ်ကိုလှုပ်၍ မင်းကို နိုးစေ၏။ မင်းသည် နိုးလတ်သော် ထိုမိန်းမတို့ကို မမြင်၍ ထိုအယုတ်မတို့သည် အဘယ်သို့သွားကုန်သနည်းဟုမေး၏။ မြတ်သောမင်းကြီး ထိုမိန်းမတို့သည်သွား၍ တယောက်သော ရသေ့ကို ခြံရံ၍ နေကုန်၏ဟု ဆိုကုန်၏။ ထိုကလာဗုမင်းသည် အမျက် ထွက်၍ သန်လျက်ကိုကိုင်၍ ထိုရသေ့စဉ်းလဲကို သတ်အံ့ဟု လျင်မြန်စွာ သွား၏။

ထိုအခါ အမျက်ထွက်လျက် လာလတ်သော မင်းကို မြင်၍ ထိုမိန်းမတို့တွင် အလွန်အကျွမ်း ဝင်ကုန်သော မိန်းမတို့သည် သွား၍ မင်း၏ လက်၌ သန်လျက်ကိုယူ၍ မင်းကို အမျက်ငြိမ်းစေကုန်၏။ ထိုကလာဗုမင်းသည် လာလတ်၍ ဘုရားလောင်း၏အထံ၌ တည်၍ ရဟန်း သင်သည် အဘယ်ဝါဒရှိသနည်းဟု ဆို၏။ မြတ်သောမင်းကြီး ခန္တိဝါဒရှိ၏ဟု ဆို၏။ ထိုခန္တိမည်သည်ကား အဘယ်နည်းဟု မေး၏။ ဆဲရေးကုန်သောသူတို့၌၎င်း ပုတ်ခတ်ကုန်သော သူတို့၌၎င်း အမျက်မထွက်သော အဖြစ်သည် ခန္တိမည်၏ဟု ဆို၏။ မင်းသည် ယခု သင့်အား ခန္တိရှိသည်၏ အဖြစ်ကို သိအံ့ဟု ဆို၍ ခိုးသူသတ်ကို ခေါ်စေ၏။ ခိုးသူသတ်သည် မိမိစာရိတ္တအားဖြင့် ပုဆိန် အဆူးတပ်သောကြိမ်ကို ယူ၍ ဖန်ရည်ဆိုးအဝတ်ကို ဝတ်လျက် ပန်းနီပန်လျက် လာ၍ မင်းကို ရှိခိုးလျက် အရှင်မင်းကြီး အဘယ်အမှုကို ပြုရအံ့နည်းဟု ဆို၏။ ဤခိုးသူဖြစ်သော ရသေ့ပျက်ကို ဆွဲငင်၍ မြေ၌လဲစေ၍ အဆူးတပ်သောကြိမ်ကို ကိုင်၍ ရှေ့နောက် နံပါးနှစ်ဘက် ဟူကုန်သော လေးမျက်နှာတို့၌ အချက်နှစ်ထောင် ရိုက်ခြင်းတို့ကို ပေးလော့ဟု ဆို၏။ ခိုးသူသတ်သည် မင်းဆိုတိုင်းပြု၏။ ဘုရားလောင်း၏ အပေါ်ရေ အတွင်းရေ စုတ်၏။ အသားသည် ပြတ်၏။ သွေးသည် ယို စီး၏။

မင်းသည် တဖန် ရဟန်း သင်ကား အဘယ်ဝါဒ ရှိသနည်းဟု ဆို၏။ မြတ်သောမင်းကြီး ခန္တီဝါဒရှိ၏။ သင်မင်းကြီးသည် ငါ၏ ခန္တီကား အရေကြား၌ ရှိ၏ဟု ထင်၏။ ငါ၏ခန္တိသည် အရေးကြား၌ ရှိသည်မဟုတ်၊ သင်မင်းကြီးသည် ခန္တိကို မြင်ခြင်းငှါ မတတ်ကောင်း၊ မြတ်သောမင်းကြီး ငါ၏ခန္တိသည် စိတ်အတွင်း၌ တည်၏ဟု ဆို၏။ ခိုးသူသတ်သည် တဖန် မြတ်သောမင်းကြီး အသို့ ပြုရအံ့နည်းဟု မေး၏။ ဤရသေ့စဉ်းလဲ လက်နှစ်ဘက်တို့ကို ဖြတ်လော့ဟု ဆို၏။ ခိုးသူသတ်သည် ပုဆိန်ကိုယူ၍ စဉ်းတီတုံး၌ လက်နှစ်ဘက်တို့ကို ထားစေ၍ ဖြတ်၏။ ထို့နောက် ခြေတို့ကို ဖြတ်လော့ဟု ဆို၏။ ခြေတို့ကိုလည်း ဖြတ်၏။ ဖြတ်အပ်ကုန်ပြီးသော လက်စွန်း ခြေစွန်းတို့မှ ချိပ်ရည်ကဲ့သို့သော သွေးသည် ယိုစီး၏။ တဖန်လည်း မင်းသည် ရဟန်း သင်သည် အဘယ်ဝါဒ ရှိသနည်းဟု မေး၏။ မြတ်သောမင်းကြီး ငါသည် ခန္တိဝါဒရှိ၏။ သင်မင်းကြီးသည်ကား ငါ၏ခန္တိသည် လက်စွန်း ခြေစွန်းတို့၌ ရှိ၏ဟု ထင်မှတ်၏။ ဤငါ၏ ခန္တိသည် လက်စွန်းခြေစွန်းတို့၌ မရှိ၊ နက်နဲသောအရပ်၌ တည်၏ဟု ဆို၏။ မင်းသည် ရသေ့၏ နား၊ နှာခေါင်းတို့ကို ဖြတ်လော့ဟု ဆို၏။ ခိုးသူသတ်သည် နား, နှာခေါင်းကို ဖြတ်၏။ ကိုယ်အလုံးမှ သွေးယိုစီး၏။ တဖန် ရဟန်း သင်သည် အဘယ်ဝါဒရှိသနည်းဟု မေး၏။ မြတ်သောမင်းကြီး ခန္တိဝါဒရှိ၏ဟု ဆို၏။ သင်မင်းကြီးသည် ရသေ့၏ ခန္တိကား နား, နှာခေါင်းအစွန်းတို့၌ တည်၏ဟု မမှတ်လင့်၊ ငါ၏ခန္တိသည် နက်နဲသော စိတ်အတွင်း၌ တည် ၏ဟု ဆို၏။ မင်းသည် ရသေ့စဉ်းလဲ သင့်ခန္တိကို သင်သည်လျှင် ရွက်ဆောင်၍ နေလော့ဟု ဆို၍ ဘုရားလောင်း၏ရင်ကို ခြေဖြင့်ကျောက်၍ သွား၏။

ထိုမင်းသွားသည်ရှိသော် စစ်သူကြီးသည် ဘုရားလောင်း၏ကိုယ်မှ သွေးကိုသုတ်၍ လက် နား နှာခေါင်းအစွန်းတို့ကို ပုဆိုးအိတ်ထောင်၌ ထည့်၍ ဘုရားလောင်းကို ဖြည်းညှင်းစွာ ထိုင်စေ၍ ရှိခိုးပြီးသော် တင့်အပ်စွာနေ၍ အရှင်ဘုရား အရှင်ဘုရားတို့သည် အမျက်ထွက်လိုကုန် သည်ရှိသော် အရှင်ဘုရားတို့၌ အပြစ်ပြုသော မင်းအား သာလျှင် အမျက်ထွက်ပါ ကုန်လော့၊ တပါးသော တိုင်းသားပြည်သူတို့အား အမျက်မထွက်ပါကုန်လင့်ဟု တောင်းပန်လိုရကား-

၄၉။ ယော တေ ဟတ္ထေ စ ပါဒေ စ၊
ကဏ္ဏနာသဉ္စ ဆေဒယိ။
တဿ ကုဇ္ဈ မဟာဝီရ၊
မာ ရဋ္ဌံ ဝိနသာ ဣဒံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၄၉။ မဟာဝီရ၊ ကြီးသောလုံ့လရှိသော ရှင်ရသေ့။ ယော၊ အကြင်မင်းသည်။ တေ၊ သင်၏။ ဟတ္ထေ စ၊ လက်တို့ကို၎င်း။ ပါဒေ စ၊ ခြေတို့ကို၎င်း။ ကဏ္ဏနာသဉ္စ၊ နားနှာခေါင်းကို၎င်း။ ဆေဒယိ၊ ဖြတ်၏။ တဿ၊ ထိုမင်းအား။ ကုဇ္စျ၊ အမျက်ထွက်လော့။ ဣဒံ ရဋ္ဌံ၊ ဤတိုင်းကို။ မာ ဝိနသာ၊ မဖျက်ဆီးပါလင့်။

ထိုစကားကိုကြား၍ ဘုရားလောင်းသည်-

၅၀။ ယာ မေ ဟတ္ထေ စ ပါဒေ စ၊
ကဏ္ဏနာသဉ္စ ဆေဒယိ။
စိရံ ဇီဝတု သော ရာဇာ၊
န ဟိ ကုဇ္ဈန္တိ မာဒိသာ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၅၀။ ယော ရာဇာ၊ အကြင်မင်းသည်။ မေ၊ ငါ၏။ ဟတ္ထေ စ၊ လက်တို့ကို၎င်း။ ပါဒေ စ၊ ခြေတို့ကို၎င်း။ ကဏ္ဏနာသဉ္စ၊ နား, နှာခေါင်းကို၎င်း။ ဆေဒယိ၊ ဖြတ်၏။ သော ရာဇာ၊ ထိုမင်းသည်။ စိရံ၊ ကြာမြင့်စွာ။ ဇီဝတု၊ အသက်ရှည်စေ သတည်း။ မာဒိသာ၊ ငါနှင့်တူသော ပညာရှိတို့သည်။ န ဟိ ကုဇ္ဈန္တိ၊ အမျက်မထွက်ကုန်သလျှင်ကတည်း။

မင်းသည် ဥယျာဉ်မှထွက်၍ ဘုရားလောင်း၏ မြင်ကောင်းသော အရပ်ကို လွန်သောကာလ၌လျှင် ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိသော ဤမြေကြီးသည် ကစီဖြင့်ဖွဲ့အပ်သော ပုဆိုးကဲ့သို့ ကွဲ၍ အဝီစိမှ မီးလျှံသည် ထွက်၍ မင်းကို အမျိုးပေးသော ကမ္ဗလာနီဖြင့် ရုံဘိသကဲ့သို့ရုံ၍ ယူ၏။ ထို ကလာဗုမင်းသည် ဥယျာဉ်တံခါး၌ သာလျှင် မြေသို့ဝင်၍ အဝီစိငရဲကြီး၌ တည်၏။ ဘုရားလောင်းသည်လည်း ထိုနေ့၌ပင်လျှင် သေလွန်၏။ မင်း၏ ပရိသတ်တို့သည်၎င်း၊ ပြည်သားတို့ သည်၎င်း နံ့သာ, ပန်း အခိုး အထုံ လက်စွဲကုန်လျက် လာလတ်ကုန်၍ ဘုရားလောင်း၏ အလောင်းကို သင်္ဂြိုဟ်ကုန်၏။

အချို့သော ဆရာတို့သည်ကား ဘုရားလောင်းသည် တဖန် ဟိမဝန္တာသို့ သွား၏ဟု ဆို၏။ ထိုစကားသည်ကား မဟုတ်။

သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၅၁။ အဟူ အတီတမဒ္ဓါနံ၊ သမဏော ခန္တိဒီပနော။
တံ ခန္တိယာယေဝ ဌိတံ၊ ကာသိရာဇာ အဆေဒယိ။
၅၂။ တဿ ကမ္မဖရုသဿ၊ ဝိပါကော ကဋုကော အဟု။
ယံ ကာသိရာဇာ ဝေဒေသိ၊ နိရယမှိ သမပ္ပိတော။

ဟူသော နှစ်ဂါထာတို့ကို ဟောတော်မူ၏။

၅၁။ အတီတမဒ္ဓါနံ၊ လွန်လေပြီးသောအခါ၌။ ခန္တိဒီပနော၊ သည်းခံခြင်းနှင့် ပြည့်စုံသော။ သမဏော၊ ရဟန်းသည်။ အဟု၊ ဖြစ်ပြီ။ ခန္တိယာယေဝ၊ သည်းခံခြင်း၌သာလျှင်။ ဌိတံ၊ တည်သော။ တံ၊ ထိုရဟန်းကို။ ကာသိရာဇာ၊ ကာသိမင်းသည်။ အဆေဒယိ၊ ဖြတ်စေ၏။

၅၂။ ကာသိရာဇာ၊ ကာသိမင်းသည်။ ယံ ကမ္မံ၊ အကြင်မကောင်းမှု ကံကို။ အကာသိ၊ ပြု၏။ တဿ ကမ္မဖရုသဿ၊ ထိုကြမ်းကြုတ်သော မကောင်းမှုကံ၏။ ကဋုကော၊ ဆင်းရဲစွာသော။ ဝိပါကော၊ အကျိုးသည်။ အဟု၊ ဖြစ်၏။ ကာသိရာဇာ၊ ကာသိမင်းသည်။ နိရယမှိ၊ ငရဲ၌။ သမပ္ပိတော၊ တည်၍။ ဝေဒေသိ၊ ဆင်းရဲခံစား၏။

အချို့သော ဆရာတို့သည်ကား ဘုရားလောင်း၏ လက် ခြေ, နား, နှာခေါင်းတို့သည် တဖန် စပ်ပြန်ကုန်၏ဟု ဆိုကုန်၏။ ထိုစကားသည်လည်း မဟုတ်သလျှင် ကတည်း။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ အမျက်ထွက်တတ်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်၏။ တပါးကုန်သော များစွာကုန်သောရဟန်းတို့သည် သောတာပတ္တိဖိုလ် အစရှိသည်တို့သို့ ရောက်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကလာဗုမည်သောမင်းဖြစ်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ စစ်သူကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခန္တီဝါဒီရသေ့ ဖြစ်ဘူးပြီဟု ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ဒေါသကိုပယ်၊ သည်းခံကွယ်၊ အေးနယ်ရောက်မည်မှတ်

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ခန္တီဝါဒီဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၄။ လောဟကုမ္ဘီဇာတ်

ဒု, သ, န, သော

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဒုဇ္ဇီဝိတ မဇီဝိမှ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤလောဟ ကုမ္ဘီဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောသလမင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုအခါ ကောသလမင်းသည် ညဉ့်အဘို့၌ လေးယောက်ကုန်သော ငရဲသားတို့၏ အသံကို ကြားသတတ်၊ တယောက်သော ငရဲသားသည် ဒု- အက္ခရာကိုလျှင်ဆို၏။ တယောက်သော ငရဲသားသည် သ- အက္ခရာကိုလျှင် ဆို၏။ တယောက်သော ငရဲ သားသည် န- အက္ခရာကိုဆို၏။ တယောက်သော ငရဲသားသည် သော-အက္ခရာကိုလျှင်ဆို၏။ ထိုငရဲသူတို့သည် လွန်လေပြီးသောဘဝ၌ သာဝတ္ထိပြည်ဝယ် သူတပါးမယားကို ပြစ်မှားတတ်ကုန်သော မင်းသားတို့ ဖြစ်ဘူးကုန်သတတ်၊ ထိုမင်း သားတို့သည် သူတပါးတို့သည် စောင့်ရှောက် ထိန်းသိမ်းအပ်ကုန်သော မိန်းမတို့၌ ချွတ်ယွင်းကုန်၍ စိတ်ကစားခြင်းကို ကစားကုန်၏။ များစွာသော မကောင်းမှုကိုပြု၍ သေမင်း စက်လက်နက်သည် ဖြတ်အပ်ကုန်သည်ရှိသော် သာဝတ္ထိပြည်၏အနီး လေးလုံးကုန်သော လောဟကုမ္ဘီငရဲအိုးတို့၌ ဖြစ်ကုန်၍ အနှစ်ခြောက်သောင်းတို့ပတ် လုံး ထိုလောဟ ကုမ္ဘီငရဲအိုးတို့၌ ခံကုန်၍ တက်ကုန်လတ်သော် လောဟကုမ္ဘီငရဲအိုး မျက်နှာဝအရစ်ကို မြင်၍ အဘယ်အခါမှလျှင် ဤဆင်းရဲမှ လွတ်ပါကုန်အံ့နည်းဟု လေးယောက်ကုန်သော သူတို့သည်လည်း ကြီးစွာသောအသံဖြင့် အစဉ်အတိုင်း ဟစ်ကြွေးကြကုန်၏။ မင်းသည် ထိုငရဲသူတို့၏ အသံကို ကြား၍ သေဘေးမှကြောက်ရကား ထိုင်လျက်သာလျှင် အရုဏ်ကို တက်စေ၏။

အရုဏ်တက်သောအခါ၌ ပုဏ္ဏားတို့သည် လာကုန်၍ မင်းကို ချမ်းသာစွာ အိပ်ရခြင်းကို မေးကုန်၏။ မင်းသည် ဆရာတို့ ငါ့အား အဘယ်မှာ ချမ်းသာစွာသော အိပ်ရခြင်းသည် ဖြစ်အံ့နည်း၊ ယနေ့ ငါသည် ဤသို့ သဘောရှိကုန် ကြောက်မက်ဘွယ်ရှိသော အသံတို့ကို ကြားရ၏ဟုဆို၏။ ပုဏ္ဏားတို့သည် လက်ကိုခါ၍ နေကုန်၏။ ဆရာတို့ အသို့နည်းဟု ဆိုသည်ရှိသော် မြတ်သောမင်းကြီး ကြမ်းကြုတ်သော အသံတို့တည်းဟု ဆိုကုန်၏။ ကုစားအပ်ကုန်သော အသံတို့လော၊ မကုစားအပ်ကုန်သော အသံတို့လောဟု မေး၏။ မြတ်သောမင်းကြီး စင်စစ် မကုစားအပ်သော အသံဖြစ်၏။ ထိုသို့ ဖြစ်ငြားသော်လည်း အကျွန်ုပ်တို့သည်ကောင်းစွာသင်အပ်သော အတတ်ရှိကုန်၏ဟု ဆိုကုန်၏။ အဘယ်သို့ပြု၍ ပယ်ဖျောက်ကြကုန်အံ့နည်းဟု မေး၏။ မြတ်သောမင်းကြီး ကုစားသောအမှုကို များစွာပြုခြင်းငှာ မတတ်ကောင်း၊ အကျွန်ုပ်တို့သည်ကား သဗ္ဗစတုက္က ယဇ်ပူဇော်၍ ကုကုန်အံ့ဟု ဆိုကုန်၏။ ထိုသို့တပြီးကား လျင်စွာ ဆင်လေးစီး မြင်းလေးစီး နွားလေးကောင် လူလေးယောက် ဤသို့စသဖြင့် နှံစုတ်ငှက်တို့ကို အစပြု၍ လေးခု, လေးခုကုန်သော သားတို့ကိုယူ၍ သဗ္ဗစတုက္ကယဇ် ပူဇော်၍ ငါချမ်းသာသည်၏ အဖြစ်ကို ပြုကြကုန်လောဟု ဆို၏။ မြတ်သောမင်းကြီး ကောင်းပြီဟု ဆိုကုန်၍ အကြင်ဝတ္ထုဖြင့် အလိုရှိ၏။ ထိုဝတ္ထုကိုယူ၍ ယဇ်တွင်းကို ဖြစ်စေကုန်၏။ များစွာသော သတ္တဝါတို့ကို ယဇ်တိုင်သို့ဆောင်၍ ထားကုန်၏။ များစွာသော ငါးအမဲကို စားရကုန်အံ့၊ များစွာသောဥစ္စာကို ရကုန်အံ့ဟု အားထုတ်ခြင်းသို့ ရောကါကုန် သည်ဖြစ်၍ မြတ်သောမင်းကြီး ဤဝတ္ထုကိုရခြင်းငှါ သင့်၏။ မြတ်သောမင်းကြီး ဤဝတ္ထုကို ရခြင်းငှါ သင့်၏ဟု အဖန်တလဲလဲ လာကြကုန်၏။

မလ္လိကာ မိဖုယားသည် မင်းသို့ကပ်၍ မြတ်သောမင်းကြီး အဘယ့်ကြောင့် ပုဏ္ဏားတို့သည် အလွန်အားထုတ်ကုန်လျက် လှည့်လည်ကြကုန်သနည်းဟု မေး၏။ မိဖုယား ဤအမှုဖြင့် သင့်အား အဘယ်ပြုအံ့နည်း။ သင်သည် မိမိစည်းစိမ်ဖြင့်သာလျှင် ယစ်၍ မေ့၏။ ငါတို့၏ ဆင်းရဲကို မသိဟု ဆို၏။ မြတ်သောမင်းကြီး အဘယ်ဆင်းရဲနည်းဟု မေး၏။ မိဖုယား ငါသည် ဤသို့သဘော ရှိသော မကြားဘူးသော အသံတို့ကို ကြားအပ်၏။ ဤအသံတို့ကို ကြားခြင်းကြောင့် ငါ့အား အဘယ်သို့ ဖြစ်အံ့နည်းဟု ပုဏ္ဏားတို့ကို မေး၏။ ပုဏ္ဏားတို့သည် မြတ်သောမင်းကြီး သင်မင်းကြီးတို့အား မင်းအဖြစ်၏၎င်း, စည်းစိမ်တို့၏၎င်း, အသက်၏၎င်း အန္တရာယ်သည် ထင်၏။ သဗ္ဗစတုက္ကယဇ်ကိုပူဇော်၍ ချမ်းသာသောအဖြစ်ကို ပြုကုန်အံ့ဟု ဆိုကုန်၏။ ငါသည် ပြုကြကုန်ဟုဆို၏။ ထိုပုဏ္ဏားတို့သည် စကားကိုယူ၍ ယဇ်တွင်းကိုပြု၍ အကြင်အကြင်ဝတ္ထုဖြင့် အလိုရှိ၏။ ထို ထိုဝတ္ထု၏ အကြောင်းကြောင့် လာကုန်၏ဟု ဆို၏။ မြတ်သောမင်းကြီး ဤအသံတို့၏ဖြစ်ခြင်းကို နတ်နှင့်ကကွသော လောက၌ မြတ်သောပုဏ္ဏားကို အရှင်မင်းကြီးတို့သည် မေးကုန်၏ လောဟု ဆို၏။ မိဖုယား နတ်နှင့်တကွသော လောက၌ မြတ်သော ပုဏ္ဏားမည်သည်ကား အဘယ် သူနည်းဟု ဆို၏။ မြတ်သောမင်းကြီး မဟာဂေါတမ ဘုရားရှင်တည်းဟု ဆို၏။ မိဖုယား သဗ္ဗညူကို မမေးဟု ဆို၏။ မြတ်သောမင်းကြီး ထိုသို့တပြီးကား သွား၍ မေးကုန်လော့ဟု ဆို၏။

မင်းသည် မလ္လိကာ မိဖုယား၏ စကားကိုယူ၍ နံနက်စာ စား၍ ရထားစီး၍ ဇေတဝန် ကျောင်းတော်သို့သွား၍ ဘုရားကို ရှိခိုး၍ ဘုန်းတော်ကြီး သော အရှင်ဘုရား ညဉ့်အဘို့၌ အကျွန်ုပ်သည် လေးပါးကုန်သော အသံတို့ကိုကြား၍ ပုဏ္ဏားတို့ကို မေး၏။ ပုဏ္ဏားတို့သည် သဗ္ဗစတုက္ကယဇ်ကို ပူဇော်၍ ချမ်းသာခြင်းကို ပြုကုန်အံ့ဟု ဆို၍ ယဇ်တွင်း၌ အမှုကို ပြုကြကုန်၏။ ထိုအသံတို့ကို ကြားခြင်းကြောင့် အကျွန်ုပ်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု မေး၏။ မြတ်သောမင်းကြီး တစုံတခုသော အန္တရာယ်သည် မဖြစ်၊ ငရဲသားတို့သည် ဆင်းရဲကို ခံကုန်လျက် ဤသို့ ဟစ်ကြွေးကုန်၏ဟု မိန့်တော်မူ၍ ယခုအခါ၌ သင်မင်းကြီးသည်သာလျှင် ဤအသံတို့ကို ကြားအပ်သည် မဟုတ်သေး၊ ရှေးမင်းတို့သည်လည်း ကြားအပ် ကုန်သလျှင်ကတည်း၊ ထိုရှေးမင်းတို့သည်လည်း ပုဏ္ဏားတို့ကိုမေး၍ သတ္တဝါတို့ကို သတ်သော ယဇ်ပူဇော်ခြင်းကို ပြုလိုကုန်သည်ဖြစ်၍ ပညာရှိတို့၏ စကားကို ကြားရ၍ ယဇ်ပူဇော်ခြင်းကို မပြုကုန်၊ ပညာရှိတို့သည် ထိုအသံတို့၏ အကြောင်းကိုဆို၍ များစွာသော သတ္တဝါတို့ကို လွှတ်စေ၍ ချမ်းသာခြင်းကို ပြုဘူးကုန်ပြီဟု မိန့်တော်မူ၍ ကောသလမင်းသည် တောင်းပန်အပ် သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မထင်ရှားသော ကာသိရွာဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ကာမတို့၌ အပြစ်ကိုမြင်၍ ကာမတို့ကိုစွန့်၍ ရသေ့ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဈာန်ကစားခြင်းကို ကစားလျက် ဟိမဝန္တာဝယ် မွေ့လျော်ဘွယ်ရှိသော တောအုပ်၌ နေ၏။ ထိုအခါ ဗာရာဏသီမင်းသည် လေးယောက်ကုန်သော ငရဲသားတို့၏ အသံတို့ကိုကြား၍ ကြောက်လန့်ရကား ဤနည်းဖြင့်လျှင် ပုဏ္ဏားတို့သည် သုံးပါးကုန်သော အန္တရာယ်တို့တွင် တပါးပါးသော အန္တရာယ်သည် ဖြစ်လတ္တံ့၊ ထိုအန္တရာယ်ကို သဗ္ဗစတုက္ကယဇ်ဖြင့် ငြိမ်းစေအံ့ဟု ဆိုသည်ရှိသော် ဝန်ခံ၏။ ပုရောဟိတ်သည် ပုဏ္ဏားတို့နှင့်တကွ ယဇ်တွင်းကို ဖြစ်စေ၏။ များစွာသော သတ္တဝါအပေါင်းတို့ကို ယဇ်တိုင်သို့ ဆောင်၍ထား၏။ ထိုအခါ ဘုရားလောင်းသည် မေတ္တာဘာဝနာကိုရှေ့ထား၍ ဒိဗ္ဗစက္ခုဖြင့် လောကကို ကြည့်လတ်သော် ဤအကြောင်းကို မြင်၍ ယနေ့ ငါသည် သွားခြင်းငှာ သင့်၏။ များစွာသော သတ္တဝါတို့အား ချမ်းသာခြင်းသည် ဖြစ်လတ္တံ့ဟု တန်ခိုးအစွမ်းဖြင့် ကောင်းကင်သို့ပျံ့၍ ဗာရာဏသီမင်း၏ ဥယျာဉ်၌သက်၍ မင်္ဂလာကျောက်ဖျာ၌ ရွှေဆင်းတုကဲ့သို့ နေ၏။ ထိုအခါ ပုရောဟိတ်၏ တပည့်ကြီးသည် ဆရာသို့ ဆည်း ကပ်၍ ဆရာ ကျွန်ုပ်တို့၏ ဗေဒင်တို့၌ သူတပါးကိုသတ်၍ ချမ်းသာကို ပြုခြင်းမည်သည် မရှိသည် မဟုတ်တုံလောဟုဆို၏ သင်ကား မင်း၏ ဥစ္စာကို စောင့်၏။ များစွာသော ငါး အမဲတို့ကို စားရကုန်အံ့၊ ဥစ္စာကို ရကုန်အံ့၊ ဆိတ်ဆိတ်နေလော့ဟု တပည့်ကို မြစ်၏။

တပည့်သည် ဤအမှု၌ ငါအဘော်မပြုဟု ထွက်၍ မင်းဥယျာဉ်သို့ သွား၍ ဘုရားလောင်းကိုမြင်၍ ပုဏ္ဏားသည် ရှိခိုး၍ ပဋိသန္ထာရပြုလျက် တင့်အပ်လျောက်ပတ်စွာ နေ၏။ ဘုရားလောင်းသည် လုလင် မင်းသည် တရားသဖြင့် မင်းပြု၏ လောဟု မေး၏။ အရှင်ဘုရား မင်းသည် တရားသဖြင့် မင်းပြု၏။ ညဉ့်အဘို့၌ကား လေးခုသောသူတို့၏ အသံတို့ကို ကြား၍ ပုဏ္ဏားတို့ကိုမေး၏။ ပုဏ္ဏားတို့သည် သဗ္ဗစတုက္ကယဇ်ကို ပူဇော်၍ ချမ်းသာခြင်းကို ပြုကုန်အံ့ဟု ဆိုကုန်၏။ မင်းသည် သတ္တဝါသတ်သော အမှုကိုပြု၍ ကိုယ်ချမ်းသာသောအဖြစ်ကို ပြုလိုကား များစွာသော သတ္တဝါကို ယဇ်တိုင်သို့ဆောင်၍ထား၏။ အရှင်ဘုရား အရှင်ဘုရားတို့ကဲ့သို့ သီလရှိကုန်သော အရှင်တို့အား ထိုအသံတို့၏ ဖြစ်ခြင်းကိုဆို၍ သတ္တဝါများကို သေခြင်းမှ လွတ်စေခြင်းငှါ သင့်ပါ၏ဟု လျှောက်၏။ လုလင် မင်းသည် ငါ့ကိုမသိ၊ ငါတို့သည်လည်း မင်းကိုမသိ၊ ဤအသံတို့၏ ဖြစ်ခြင်းကိုကား ငါတို့သိကုန်၏။ မင်းသည် ငါတို့ကို အကယ်၍ မေးငြားအံ့၊ မင်းကို ယုံမှားမရှိအောင် ပြု၍ ပြောဆိုအံ့ဟု ဆို၏။ အရှင်ဘုရား ထိုသို့တပြီးကား အကျွန်ုပ်သည် မင်းကို ဆောင်ပါအံ့၊ တခဏမျှ ဤ၌နေပါ ကုန်လော့ဟု လျောက်၏။ လုလင် ကောင်းပြီဟု ဆို၏။ ထိုလုလင်သည် သွား၍ မင်းအား ထိုအကြောင်းကိုကြား၍ မင်းကိုဆောင်၏။

ထိုအခါ မင်းသည် ဘုရားလောင်းကို ရှိခိုး၍ တင့်အပ် လျောက်ပတ်စွာ နေလျှက် ရှင်ဘုရား အရှင်ဘုရားတို့သည် အကျွန်ုပ် ကြားအပ်သောအသံတို့၏ ဖြစ်ခြင်းကို သိကုန်သောဟူသည် မှန်သလောဟု မေး၏။ မြတ်သောမင်းကြီး သိသည် မှန်၏ဟု ဆို၏။ အရှင်ဘုရား ဆိုတော်မူကုန်လော့ဟု လျှောက်၏။ မြတ်သောမင်းကြီး ထိုသူတို့သည် ရှေးဘဝ၌ လူသားတို့သည် စောင့်ရှောက် ထိန်းသိမ်းအပ်သော မိန်းမတို့၌ သွားလာကုန်၍ ဗာရာဏသီ၏အနီး လေးခုကုန်သော လောဟကုမ္ဘီအိုး၌ ဖြစ်ကုန်၍ ကျိုက်ကျိုက်ဆူ သော ဆားရေဖြင့် အမြှုပ်ထလျက် ကျက်ကုန်၍ အနှစ်သုံးသောင်းတို့ပတ်လုံး အောက်သို့သွား၍ ငရဲအိုး အောက်အခြေသို့ ရောက်၍ အထက်သို့ တက်ကုန်သော် အနှစ်သုံးသောင်းဖြင့်လျှင် ငရဲအိုးမျက်နှာဝကို မြင်၍ အပကိုကြည့်၍ လေးယောက်ကုန်သော သူတို့သည် လေးဂါထာတို့ကို ပြည့်စုံစွာ ဆိုလိုကုန်လျှက်လည်း ဆိုအံ့သောငှါ မတတ်နိုင်ကုန်၍ တလုံး, တလုံးသော အက္ခရာကိုသာလျှင် ဆိုကုန်၍ တဖန် လောဟကုမ္ဘီငရဲ၌ သာလျှင် နစ်ပြန်ကုန်၏။ ထိုလေးယောက်ကုန်သော သူတို့တွင် ဒု-အက္ခရာကိုဆို၍ နစ်သော သတ္တဝါသည်-

၅၃။ ဒုဇ္ဇီဝိတမဇီဝိမှ၊ ယေ သန္တေ န ဒဒမှသေ။
ဝိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။

ဟူ၍ ဆိုလို၏။ ဤဂါထာကို ပြည့်စုံစွာပြု၍ မဆိုနိုင်ဟုဆို၍ ဘုရားလောင်းသည် မိမိဉာဏ်ဖြင့် ထိုဂါထာကို ပြည့်စုံစွာပြု၍ ဟော၏။

(ကြွင်းသော ဂါထာတို့၌လည်း ဤနည်းအတိုင်းလျှင် သိအပ်၏။ )

ထိုဂါထာတို့တွင်...

သ-အက္ခရာကို ဆိုသောသူ၏ အလိုဖြစ်သော ဂါထာကား-

၅၄။ သဋ္ဌိဝဿသဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။
နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘဝိဿတိ။

ဟူသည်တည်း။

န-အက္ခရာကို ဆိုသောသူ၏ အလိုဖြစ်သော ဂါထာကား-

၅၅။ နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။
တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသ။

ဟူသည်တည်း။

သော-အက္ခရာကို ဆိုသောသူ၏ အလိုဖြစ်သော ဂါထာကား-

၅၆။ သောဟံ နူန ဣတော ဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။
ဝဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။

ဟူသည်တည်း။

၅၃။ ယေ မယံ၊ အကြင် ငါတို့သည်။ သန္တေ၊ လှူဘွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ်တို့ ထင်ရှားရှိပါလျက်။ န ဒဒမှသေ၊ မပေးမလှူကုန်။ ဒုဇ္ဇီဝိတံ၊ ယုတ်မာသော အသက်မွေးခြင်းကို။ အဇီဝိမှ၊ အသက်မွေးမိကုန်၏။ ဘောဂေသု၊ စည်းစိမ်တို့သည်။ ဝိဇ္ဇမာနေသု၊ ရှိကုန်လျက်။ အတ္တနော၊ မိမိ၏။ ဒီပံ၊ မှီခိုရာကို။ နာကမှ၊ မပြုမိခဲ့ကြကုန်။

၅၄။ နိရယေ၊ ငရဲ၌။ ပစ္စမာနာနံ၊ ခံရကုန်သော ငါတို့အား။ သဗ္ဗသော၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်။ သဋ္ဌိဝဿသဟဿာနိ၊ အနှစ်ခြောက်သောင်းတို့သည်။ ပရိပုဏ္ဏာနိ၊ ပြည့်ကုန်၏။ ကဒါ၊ အဘယ်ခါ၌။ အန္တော၊ အဆုံးသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့နည်း။

၅၅။ မာရိသ၊ ငါနှင့်တူသော အဆွေ။ မမ စ၊ ငါသည်၎င်း။ တုယှဉ္စ၊ သင်သည်၎င်း။ တဒါ ဟိ၊ ထိုအခါ၌ လျှင်။ ပါပံ၊ မကောင်းမှုကို။ ပကတံ၊ များစွာပြုအပ်၏။ အန္တာ၊ အဆုံးသည်။ နတ္ထိ၊ မရှိ။ ကုတော၊ အဘယ်အကြောင်းဖြင့်။ အန္တော၊ အဆုံးသည်။ အတ္ထိ၊ ရှိအံ့နည်း။ အန္တော၊ အဆုံးသည်။ န ပဋိဒိဿတိ၊ မထင်။

၅၆။ သော အဟံ၊ ထိုငါသည်။ ဣတော၊ ဤငရဲမှ။ ဂန္တွာ၊ လွတ်မြောက်သွား၍။ မာနုသိံ ယောနိံ၊ လူ၌ဖြစ်သော အမျိုးဇာတိကို။ လဒ္ဓါန၊ ရသည်ရှိသော်။ ဝဒညူ၊ ကောင်းသောသူတို့၏စကားကို သိသူသည်။ သီလသမ္ပန္နော၊ သီလနှင့်ပြည့်စုံသူသည်။ ဟုတွာ၊ ဖြစ်၍။ နူန၊ စင်စစ်သဖြင့်။ ဗဟုံ၊ များစွာသော။ ကုသလံ၊ ကုသိုလ်ကို။ ကာဟာမိ၊ ပြုပေအံ့။

ဤသို့ ဘုရားလောင်းသည် တခု, တခုစီဖြစ်သော ဂါထာကို ဆို၍ မြတ်သော မင်းကြီး ထိုငရဲသားသတ္တဝါသည် ဤဂါထာကို ပြည့်စုံစွာပြု၍ ဆိုလိုသော်လည်း မိမိမကောင်းမှု ၏ကြီးသည်၏အဖြစ်ကြောင့် ပြည့်စုံစွာ မဆိုနိုင်၊ ထိုငရဲသား သတ္တဝါသည် မိမိကံအကျိုးကို ခံလျက် မြည်တမ်း၏။ သင်မင်းကြီးတို့အား ထိုအသံကို ကြားခြင်းဟူသော အကြောင်းကြောင့် အန္တရာယ်မည်သည် မရှိ၊ သင်မင်းကြီးတို့သည် မကြောက်ကုန်လင့်ဟု ဆို၏။ မင်းသည် များစွာသော သတ္တဝါတို့ကို လွှတ်စေ၍ ရွှေစည်ကိုလည်စေ၍ ယဇ်တွင်းကို ဖျက်စေ၏။ ဘုရားလောင်းသည် များစွာသော သတ္တဝါတို့၏ ချမ်းသာကိုပြု၍ ထိုဥယျာဉ်၌ပင်လျှင် နှစ်ရက်သုံးရက်နေ၍ ဟိမဝန္တာသို့သွား၍ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ ပြည်၌ ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ယခုအခါသာရိပုတ္တရာသည် ထိုအခါ ပုရောဟိတ်၏တပည့်ကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကာမေသုမှု၊ လွန်ကြူးပြု၊ ဒု-သ-န-သော မှတ်

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော လောဟကုမ္ဘီဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၅။ သဗ္ဗမံသလာဘဇာတ်

ခွန်းချိုကျိုးရ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဖရုသာ ဝတ တေ ဝါစာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာ ဆင်အပ်သော ဤသဗ္ဗမံသလာဘဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အရှင်သာရိပုတ္တရာ မထေရ်သည် ဝမ်းကျဆေးသောက်ကုန်သော ရဟန်းတို့အား ပေးအပ်သော အမဲအရသာဆွမ်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုအခါ ဇေတဝန် ကျောင်းတော်၌ အချို့ကုန်သော ရဟန်းတို့သည် ဝမ်းကျဆေးကို သောက်ကုန်သတတ်၊ ထိုရဟန်းတို့အား အမဲအရသာဆွမ်းဖြင့် အလိုရှိ၏။ သူနာလုပ်ကျွေးကုန်သော ရဟန်းတို့သည် အမဲအရသာဆွမ်းကို ဆောင်ကုန်အံ့ဟု သာဝတ္ထိပြည်သို့ ဝင်၍ ထမင်းရောင်းသော အိမ်လမ်း၌ ဆွမ်းခံသွား၍ အမဲအရသာဆွမ်းကို မရကုန်၍လျှင် ပြန်လည်ကုန်၏။ အရှင်သာရိပုတ္တရာမထေရ်သည် နေမြင့်မှ ဆွမ်းခံဝင်သည်ရှိသော် ထိုရဟန်းတို့ကို မြင်၍ ငါ့သျှင်တို့ သင်တို့သည် အဘယ့်ကြောင့် အလွန်စောစောကလျှင် ပြန် လည် လာကြကုန်သနည်းဟု မေး၏။ ထိုရဟန်းတို့သည် ထိုအကြောင်းကို ကြားလျှောက်ကုန်၏။ အရှင်သာရိပုတ္တရာမထေရ်သည် ထိုသို့တပြီးကား လာကြကုန်ဟု ထိုရဟန်းတို့ကို ခေါ်၍ ထိုခရီးလမ်းသို့လျှင် သွား၏။ ထိုလူတို့သည် သပိတ်ကို ပြည့်စေ၍ အမဲအရသာဆွမ်းကို လှူကုန်၏။ သူနာလုပ်ကျွေးကုန်သော ရဟန်းတို့သည် အမဲအရသာဆွမ်းကို ဆောင်၍ သူနာရဟန်းတို့အား ပေးကုန်၏။ သူနာရဟန်းတို့သည် သုံးဆောင်ကုန်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ အရှင်သာရိပုတ္တရာမထေရ်သည် အမဲအရသာဆွမ်းကို မရကုန်ဘဲ ထွက်လာကုန်သော ဝမ်းကျဆေးသောက်ကုန်သော သူနာရဟန်းတို့၏ အလုပ် အကျွေး ရဟန်းတို့ကိုခေါ်၍ ထမင်းရောင်းသော အိမ်လမ်း၌ ဆွမ်းခံ၍ များစွာသော အမဲအရသာဆွမ်းကို ကျောင်းသို့ဆောင်၍ ပို့ စေ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော် မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျောက်သည် ရှိသော် ရဟန်းတို့ ယခုအခါ သာရိပုတ္တရာသည်သာလျှင် အမဲကိုရသည်မဟုတ်သေး၊ ရှေး၌လည်း နူးညံ့သော စကားဖြင့် ချစ်ဘွယ် ဆိုခြင်း၌ လိမ္မာကုန်သော ပညာရှိတို့သည်လည်း ရဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူဌေးသား ဖြစ်၏။ ထိုအခါ တနေ့သ၌ တယောက်သော မုဆိုးသည် များစွာသော အသားကိုရ၍ ယာဉ်ကိုပြည့်စေ၍ ရောင်းအံ့ဟု မြို့သို့လာ၏။ ထိုအခါ ဗာရာဏသီပြည်၌ နေကုန်သော လေးယောက်ကုန်သော သူဌေးသားတို့သည် မြို့မှထွက်၍ တခုသော လမ်း၏ အဆုံ၌ တစုံတခု မြင်ဘူး ကြားဘူးသည်တို့ကို ပြောဆိုကုန်လျက် နေကုန်၏။ ထိုလေးယောက်ကုန်သော သူဌေးသားတို့တွင် တယောက်သော သူဌေးသားသည် အမဲယာဉ်ကို မြင်၍ ထိုအမဲရောင်းသော မုဆိုးကို အမဲတုံးကိုပေးစေအံ့ဟု ဆို၏။ သွားလော့၊ ဆောင်ချေလော့ဟု ဆိုကြကုန်၏။ ထို သူဌေးသားသည် မုဆိုးသို့ကပ်၍ ဟယ်... မုဆိုး ငါ့အား အမဲတုံးကို ပေးလော့ဟု ဆို၏။ မုဆိုးသည် အဆွေ သူတပါးကို တစုံတခု တောင်းသောသူမည်သည်ကား ချစ်ဘွယ်သော စကားကို ဆိုရာ၏။ သင်ဆိုသောစကားအား လျှော်သော အမဲတုံးကိုရလတ္တံ့ ဟု ဆို၍-

၅၇။ ဖရုသာ ဝတ တေ ဝါစာ၊ မံသံ ယာစနကော အသိ။
ကိလောမသဒိသီ ဝါစာ၊ ကိလောမံ သမ္မ ဒမ္မိ တေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၅၇။ သမ္မ၊ အဆွေ။ တွံ၊ သင်သည်။ မံသံ၊ အမဲကို။ ယာစနကော၊ တောင်းသည်။ အသိ၊ ဖြစ်၏။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ ဝတ၊ စင်စစ်။ ဖရုသာ၊ ကြမ်း၏။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ ကိလောမသဒိသီ၊ အမြှေးနှင့် တူ၏။ သမ္မ၊ အဆွေ။ တေ၊ သင့်အား။ ကိလောမံ၊ အမြှေးကို။ ဒမ္မိ၊ ပေးအံ့။

ဤအမြှေးကိုယူလော့၊ သင်၏စကားနှင့် တူသော အမြှေးကို ငါပေး၏ဟု ဆို၍ အသားအသွေးမရှိသော အမြှေးကိုယူ၍ ပေး၏။ ထိုအခါ တယောက်သော သူဌေးသားသည် ထိုသူဌေးသားကို အဘယ်သို့ဆို၍ သင် တောင်းသနည်းဟု မေး၏။ ဟယ်... ဆို၍တောင်း၏ဟု ဆို၏။ ထိုသူဌေးသားသည် ငါလည်း မုဆိုးကို တောင်းအံ့ဟု ဆို၍ သွား၍ အစ်ကိုကြီး ငါ့အား အမဲတုံးကိုပေးလော့ဟု ဆို၏။ မုဆိုးသည် သင့်စကားအား လျှော်သော အမဲတုံးကို ရလတ္တံ့ ဟု ဆို၍-

၅၈။ အင်္ဂမေတံ မနုသာနံ၊ ဘာတာ လောကေ ပဝုစ္စတိ။
အင်္ဂဿ သဒိသီ ဝါစာ၊ အင်္ဂံ သမ္မ ဒဒါမိ တေ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၅၈။ လောကေ၊ လောက၌။ အင်္ဂံ၊ ကိုယ်တည်း။ ဧတံ ဝစနံ၊ ဤစကားကို။ ဘာတာ၊ အစ်ကိုဟူ၍။ မနုဿာနံ၊ လူတို့သည်။ ပဝုစ္စတိ၊ ဆိုအပ်၏။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ အင်္ဂဿ သဒိသီ၊ ကိုယ်နှင့်တူ၏။ သမ္မ၊ အဆွေ။ တေ၊ သင့်အား။ အင်္ဂံ၊ ကိုယ်သားကို။ ဒဒါမိ၊ ပေးအံ့။

ဤသို့ဆို၍ ကိုယ်သားကိုယူ၍ ပေး၏။ ထိုသူဌေးသားကို တယောက်သော သူဌေးသားသည် အဘယ်သို့ဆို၍ သင် တောင်းသနည်းဟု မေး၏။ အစ်ကိုဆို၍ တောင်း၏ဟု ဆို၏။ ထိုသူဌေးသားသည် ငါလည်း မုဆိုးကို အမဲတောင်းအံ့ဟုဆို၍ အဘ ငါ့အား အမဲတုံးကို ပေးလော့ဟု ဆို၏။ မုဆိုးသည် သင့်စကားအား လျော်သော အမဲတုံးကို ရလတ္တံ့ ဟုဆို၍-

၅၉။ တာတာတိ ပုတ္တော ဝဒမာနော၊
ကမ္ပေတိ ဟဒယံ ပိတု။
ဟဒယဿ သဒိသီ ဝါစာ၊
ဟဒယံ သမ္မ ဒမ္မိ တေ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၅၉။ တာတာတိ၊ အဘဟူ၍။ ဝဒမာနော၊ ဆိုသော။ ပုတ္တော၊ သားသည်။ ပိတု၊ အဘ၏။ ဟဒယံ၊ နှလုံးကို။ ကမ္ပေတိ၊ တုန်လှုပ်စေ၏။ သမ္မ၊ အဆွေ။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ ဟဒယဿ သဒိသီ၊ နှလုံးနှင့်တူ၏။ တေ၊ သင့်အား။ ဟဒယံ၊ နှလုံးကို။ ဒမ္မိ၊ ပေးအံ့။

ဤသို့ဆို၍ နှလုံးသားနှင့်တကွ ကောင်းသောအသားကို ယူ၍ ပေး၏။ ထိုသူဌေးသားကို လေးယောက်မြောက်ဖြစ်သော သူဌေးသားသည် အဘယ်သို့ဆို၍ သင် တောင်းသနည်းဟု မေး၏။ အဘဆို၍ တောင်း၏ဟုဆို၏။ ထိုသူဌေးသားသည် ငါလည်း တောင်းအံ့ဟု ဆို၍ အဆွေ ခင် ပွန်း ငါ့အား အမဲတုံးကို ပေးလော့ဟု ဆို၏။ မုဆိုးသည် သင်၏ စကားအား လျော်သော အမဲတုံးကို ရလတ္တံ့ဟု ဆို၍-

၆၀။ ယဿ ဂါမ သခါ နတ္ထိ၊ ယထာရညံ တထေဝ တံ။
သဗ္ဗဿ သဒိသီ ဝါစာ၊ သဗ္ဗံ သမ္မ ဒဒါမိ တေ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၆၀။ ယဿ၊ အကြင်သူအား။ ဂါမေ၊ ရွာ၌။ သခါ၊ အဆွေ ခင်ပွန်းသည်။ နတ္ထိ၊ မရှိ။ အရညံ ယထာ၊ တောကဲ့သို့။ တထေဝ၊ ထို့အတူသာလျှင်။ ဧတံ၊ ထိုအဆွေခင်ပွန်းမရှိသော ရွာသည်။ ဟောတိ၊ ဖြစ်၏။ သမ္မ၊ အဆွေ။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ သဗ္ဗဿ၊ အလုံးစုံသောကိုယ်နှင့်။ သဒိသီ၊ တူ၏။ တေ၊ သင့်အား။ သဗ္ဗံ၊ အလုံးစုံသော အမဲကို။ ဒဒါမိ၊ ပေးအံ့။

ဤသို့ဆို၍ အဆွေ လာလော့၊ အလုံးစုံလျှင်ဖြစ်သော ဤယာဉ်၌တင်သောအမဲကို သင့်အိမ်သို့ ဆောင်အံ့ဟု ဆို၏။ သူဌေးသားသည် မုဆိုးကို ယာဉ်ကိုနှင်စေလျက် မိမိအိမ်သို့ အမဲကို ဆောင်စေခဲ့၍ မုဆိုးအား ပေးကမ်းပူဇော်ခြင်းကိုပြု၍ မုဆိုး၏သားမယားကိုလည်း ခေါ်စေ၍ မုဆိုးအမှုကို ကြဉ်စေ၍ မိမိဥစ္စာအလယ်၌ နေစေလျက် မုဆိုးနှင့်တကွ အဆွေခင်ပွန်းအဖြစ်မှ မကွဲမပျက်သည်ဖြစ်၍ အသက်ထက်ဆုံး ညီညွတ်စွာနေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ မုဆိုး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အလုံးစုံသော အမဲကိုရသော သူဌေးသား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ချစ်ဘွယ်သာယာ၊ ခွန်းကျူလာ၊ များစွာလာဘ်ကြီးတွေ့

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော သဗ္ဗမံသလာဘဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၆။ သသပဏ္ဍိတဇာတ်

သက်စွန့်အလှူ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သတ္တ မေ ရောဟိတာ မစ္ဆာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာ ဆင်အပ်သော ဤသသပဏ္ဍိတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီ တင်းသုံးနေတော်မူစဉ် ခပ်သိမ်းသော ပရိက္ခရာအလှူကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တဦးသော သူကြွယ်သည် ဘုရားအမှူးရှိသော ရဟန်းသံဃာအား ခပ်သိမ်းသော ပရိက္ခရာအလှူကို စီရင်၍ အိမ်တံခါး၌ မဏ္ဍပ် ဆောက်၍ ဘုရားအမှူးရှိသော ရဟန်းသံဃာကိုဘိတ်၍ ကောင်းစွာစီရင်အပ်သော မဏ္ဍပ်ဝယ် ခင်းအပ်သော မြတ်သော ဘုရားနေရာ၌နေစေ၍ အထူးထူးသော မြတ်သော အရသာရှိသော မွန် မြတ်သော အလှူကိုလှူ၍ တဖန် နက်ဖြန်အကျိုးငှါဟု ခုနစ်ရက်ဘိတ်၍ ခုနစ်ရက်မြောက်၌ ဘုရားအမှူးရှိကုန်သော ငါးရာကုန်သော ရဟန်းတို့အား ခပ်သိမ်းသော ပရိက္ခရာတို့ကို လှူ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးသော အဆုံး၌ အနုမောဒနာ ပြုတော်မူသည်ရှိသော် သီတင်းသည် သင်သည် ပီတိသောမနဿကို ပြုခြင်းငှာ သင့်၏။ ဤအလှူမည်သည်ကား ရှေးပညာရှိတို့၏ အနွယ်တည်း၊ ရှေးပညာ ရှိတို့သည် ရောက်လာကုန်သော အလှူခံတို့အား အသက်ကိုစွန့်၍ မိမိ၏အသားကိုလည်း လှူဘူးကုန်၏ဟု မိန့်တော်မူ၍ ထိုသူကြွယ်သည် တောင်းပန်အပ်သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ယုန်မျိုး၌ဖြစ်၍ တော၌ နေ၏။ ထိုအခါ တော၏ တဘက်မှ တောင်ခြေ, တဘက်မှ မြစ်, တဘက်မှ ပစ္စန္တရစ်ရွာသည် ရှိ၏။ ဘုရားလောင်း ယုန်မင်းအား မျောက်, မြေခွေး, ဖျံဟူကုန်သော သုံးခုကုန်သော အဆွေ ခင်ပွန်းတို့သည်လည်း ရှိကုန်၏။ ထိုပညာ ရှိ လေးယောက်တို့သည် အတူတကွနေကုန်လျက် မိမိ မိမိ၏ ကျက်စားရာအရပ်၌ အစာကိုယူကုန်၍ ညချမ်းသောအခါ၌ တကွနက် စည်း ဝေးကုန်၏။ ယုန်ပညာရှိသည် အလှူကို ပေးအပ်၏။ သီလကို ဆောက်တည်အပ်၏။ ဥပုသ်ကို သုံးအပ်၏ဟု သုံးယောက်ကုန်သော အဆွေ ခင်ပွန်းတို့အား ဆုံးမသည်၏ အစွမ်းအားဖြင့် တရား ဟော၏။ ထိုသုံးယောက်ကုန်သော အဆွေ ခင် ပွန်းတို့သည် ယုန်ပညာရှိ၏ အဆုံးအမကို ခံယူ ကုန်၍ မိမိတို့၏နေရာသို့ဝင်၍ နေကုန်၏။ တနေ့သ၌ ဘုရားလောင်းသည် ကောင်းကင်သို့ကြည့်၍ လ, ကိုမြင်၍ နက်ဖြန် ဥပုသ်နေ့ဟုသိ၍ သုံးယောက်ကုန်သော အဆွေ ခင်ပွန်းတို့ကို နက်ဖြန် ဥပုသ်နေ့တည်း သုံးယောက်ကုန်သော သင်တို့သည်လည်း သီလဆောက်တည်၍ ဥပုသ်သုံးခြင်းကို ဖြစ်စေကုန်လော့၊ သီလ၌ တည်၍ လှူအပ်သော အလှူသည် အကျိုးကြီး၏။ ထို့ကြောင့် ရောက်လာကုန်သော အလှူခံတို့အား သင်တို့သည် စားအပ်သော အာဟာ ရမှ အလှူကိုလှူ၍ စားကြကုန်လောဟု ဆို၏။ ထိုသုံးယောက်ကုန်သော အဆွေခင်ပွန်းတို့သည် ကောင်းပြီဟု ဝန် ခံ၍ မိမိ မိမိ၏နေရာ အရပ်တို့၌ နေကုန်၏။

နောက်တနေ့၌ ထိုအဆွေခင်ပွန်းတို့တွင် ဖျံသည် စောစောကလျှင် အစာရှာအံ့ဟု ထွက်၍ ဂင်္ဂါနားသို့သွား၏။ ထိုအခါ တယောက်သော တံငါသည်သည် ငါးကြင်း ခုနစ်ကောင်တို့ကို ဆယ်၍ နွယ်ဖြင့်သီ၍ ဂင်္ဂါကမ်းနား၌ သဲကိုယက်၍ သဲဖုံးလွှမ်း၍ တဘန်ငါးတို့ကို ဖမ်းအံ့သောငှါ ဂင်္ဂါအကြေသို့ သွား၏။ ဖျံသည် ငါးအနံ့နံ၍ သဲကိုယက်၍ ငါးကိုမြင်၍ ထုတ်၍ ထိုငါးတို့၏ အရှင်သည် ရှိသလောဟု သုံးကြိမ် အသံပြု၍ အရှင်ကို မမြင်လတ်သော် နွယ်ကိုကိုက်၍ မိမိနေရာ ချူံ၌ထား၍ မွန်းမတည့်မီ အချိန်၌သာလျှင် စားအံ့ဟု မိမိသီလကို ဆင်ခြင်လျက် ဝပ်၏။ မြေခွေးသည်လည်း နေရာအရပ်မှထွက်၍ အစာရှာလတ်သော် တယောက်သော လယ်စောင့်၏ တဲငယ်၌ တံစို့ဖြင့် သီအပ်သော အမဲတံစို့နှစ်ခု, ဖွတ်ကင်တစ်ခု, နို့ဓမ်းအိုးတစ်ခုကို မြင်၍ ထိုဝတ္ထုတို့၏ အရှင်သည် ရှိသလောဟု သုံးကြိမ်အသံပြု၍ အရှင်ကိုမမြင်၍ နို့ဓမ်းအိုး၌ ဖွဲ့သောကြိုးကို လည်၌သွင်း၍ အမဲတံစို့ နှစ်ခု, ဖွတ်ကင်ကို နှုတ်သီးဖြင့်ကိုက်လျက် ဆောင်ခဲ့၍ မိမိနေရာချုံ၌သာလျှင်ထား၍ မမါန်းမတည့်မီ အချိန်၌ စားအံ့ဟု မိမိသီလကို ဆင်ခြင်လျက် ဝပ်၏။ မျောက်သည်လည်း နေရာမှထွက်၍ တောအုပ်သို့ဝင်၍ သရက်သီးခိုင်ကိုယူ၍ မိမိနေရာ၌ထား၍ မါန်းမတည့်မီ အချိန်၌သာလျှင် စားအံ့ဟု မိမိသီလကို ဆင်ခြင်လျက်ဝပ်၏။

ဘုရားလောင်းသည်ကား အချိန်၌သာလျင် နေရာမှထွက်၍ နေဇာမြက်ကိုစားအံ့ဟု မိမိနေ ရာ ချူံ၌သာလျှင် ဝပ်၍ မိမိသီလကို ဆင်ခြင်လျက် ငါ့အထံသို့ လာကုန်သော အလှူခံပုဂ္ဂိုလ်တို့အား မြက်ကို လှူခြင်းငှါ မတတ်ကောင်းကုန်၊ နှမ်း ဆန် အစရှိသည်တို့သည်လည်း ငါ့အား မရှိကုန်၊ ငါ့အထံသို့ အလှူခံသည် အကယ်၍ လာငြားအံ့၊ ကိုယ့်အသားကို လှူအံ့ ကြံ၏။ ကြံပြီး၍ ဘုရားလောင်း၏ သီလ တန်ခိုးအားဖြင့် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် ပူသောအခြင်းအရာကို ပြ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကိုမြင်၍ ယုန်မင်းကို စုံစမ်းအံ့ဟု ရှေးဦးစွာ ဖျံ၏နေရာသို့ သွား၍ ပုဏ္ဏားအသွင်ဖြင့် ရပ်၏။ ပုဏ္ဏား အဘယ်အကျိုးငှာ ရပ်သနည်းဟု မေးလတ်သော် ပညာရှိ တစုံတခုသော အာဟာရကို ရသော် ဥပုသ်ဆောက်တည်၍ နေအံ့ဟု ရပ်၏ဟူ၍ ဆို၏။ ဖျံသည် ကောင်းပြီ၊ သင့်အား အာဟာရကိုပေးအံ့ဟု သိကြားမင်းနှင့်တကွ စကားပြောလိုရကား-

၆၁။ သတ္ထ မေ ရောဟိတာ မစ္ဆာ၊ ဥဒကာ ထလမုဗ္ဘတာ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊ ဧတံ ဘုတွာ ဝနေ ဝသ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၆၁။ ဗြာဟ္မဏ၊ ပုဏ္ဏား။ မေ၊ ငါ့အား။ ဥဒကာ၊ ရေမှ။ ထလံ၊ ကြည်းကုန်းသို့။ ဥဗ္ဘတာ၊ တံငါသည် ဆယ်တင်အပ်ကုန်သော။ သတ္တ၊ ခုနစ်ကောင်ကုန်သော။ ရောဟိတာ မစ္ဆာ၊ ငါးကြင်းတို့သည်။ သန္တိ၊ ရှိကုန်၏။ ဣဒံ၊ ဤဥစ္စာသည်။ မေ၊ ငါ့အား။ အတ္ထိ၊ ရှိ၏။ တံ၊ ဤဥစ္စာကို။ ဘုတွာ၊ စား၍။ ဝနေ၊ တော၌။ ဝသ၊ နေလော့။

ပုဏ္ဏားသည် ရှိစေဦး စောသေး၏ နောက်မှ သိရအံ့ဟု ဆို၍ မြေခွေး၏ အထံသို့ သွား၏။ မြေခွေးသည်လည်း အဘယ်အကျိုးငှာ ရပ်သနည်းဟု မေးသည်ရှိသော် ထိုရှေးအတူသာလျှင် ဆို၏။ မြေခွေးသည် ကောင်းပြီး လှူအံ့ဟု ထို သိကြားနှင့်တကွ စကားပြောလိုရကား-

၆၂။ ဒုဿ မေ ခေတ္တပါလဿ၊ ရတ္တိဘတ္တံ အပါဘတံ။
မံသသူလာ စ ဒွေ ဂေါဓာ၊ ဧကဉ္စ ဒဓိဝါရကံ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊ ဧတံ ဘုတွာ ဝနေ ဝသ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၆၂။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဒုဿ၊ ဤအမည်ရှိသော။ ခေတ္တပါလဿ၊ လယ်စောင့်၏။ ရတ္တိဘတ္တံ၊ ညဉ့်စာကို။ မေ၊ ငါသည်။ အပါဘတံ၊ ဆောင်ခဲ့အပ်၏။ ဒွေ၊ နှစ်ခုကုန်သော။ မံသသူလာ စ၊ အမဲတံစို့တို့၎င်း။ ဂေါဓာ စ၊ ဖွတ်ကင်တို့၎င်း။ ဧကံ၊ တခုသော။ ဒဓိဝါရကဉ္စ၊ နို့ဓမ်းအိုး၎င်း။ ဣဒံ၊ ဤဥစ္စာသည်။ မေ၊ ငါ့အား။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ထိုဥစ္စာကို။ ဘုတွာ၊ စား၍။ ဝနေ၊ တော၌။ ဝသ၊ နေလော့။

ပုဏ္ဏားသည် ရှိစေဦး၊ စောသေး၏ နောက်မှ သိရအံ့ဟု ဆို၍ မျောက်၏အထံသို့ သွား၏။ မျောက်သည်လည်း အဘယ်အကျိုးငှာ ရပ်လာသနည်းဟု မေးသည်ရှိသော် ထိုရှေးအတူသာလျှင် ဆို၏။ မျောက်သည် ကောင်းပြီ လှူအံ့ဟု သိကြားမင်းနှင့်တကွ စကားပြောလိုရကား-

၆၃။ အမ္ဗပက္ကံ ဒကံ သီတံ၊ သီတစ္ဆာယာ မနောရမာ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊ ဧတံ ဘုတွာ ဝနေ ဝသ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၆၃။ ဗြာဟ္မဏ၊ ပုဏ္ဏား။ မေ၊ ငါ့အား။ အမ္ပပက္ကံ၊ သရက်သီးမှည့်၎င်း။ သီတံ၊ အေးသော။ ဒကံ-ဥဒကံ၊ ဂင်္ဂါရေ၎င်း။ မနောရမာ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော။ သီတစ္ဆာယာ၊ ချမ်းအေးသော အရိပ်၎င်း။ ဣဒံ၊ ဤဆိုအပ်ပြီးသော ဥစ္စာသည်။ မေ၊ ငါ့အား။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ထိုသရက်သီးမှည့် ဂင်္ဂါရေကို။ ဘုတွာ၊ စားသောက်၍။ ဝနေ၊ နှလုံးမွေ့လျော်ဘွယ် အရိပ်ရှိသော တော၌။ ဝသ၊ နေလော့။

ပုဏ္ဏားသည် ရှိစေဦး၊ စောသေး၏။ နောက်မှ သိရအံ့ဟု ဆို၍ ယုန်ပညာရှိအထံသို့ သွား၏။ ယုန်သည်လည်း အဘယ်အကျိုးငှာ ရပ်လာသနည်းဟု မေးသည်ရှိသော် ထိုရှေးအတူသာလျှင် ဆို၏။ ထိုစကားကို ကြား၍ ဘုရားလောင်းသည် ဝမ်းမြောက်ခြင်းသို့ရောက်၍ ပုဏ္ဏား အာဟာရအကျိုးငှါ ငါ့အထံသို့ လာလော သင်သည် ကောင်းသည်ကို ပြုအပ်၏။ ယနေ့ ငါသည် မလှူဘူးသော အလှူကို လှူအံ့၊ သင်သည်ကား သီလရှိ၏။ ပါဏာတိပါတကို မပြုလတ္တံ့၊ ပုဏ္ဏား သွားချေ၊ အထူးထူးသော ထင်းတို့ကို စု၍ မီးကျီးပြု၍ ငါ့အား ကြားလော့၊ ငါသည် ကိုယ်ကိုစွန့်၍ မီး ကျီးစု၌ ဆင်းအံ့၊ ငါ၏ကိုယ်သည် ကျက်လတ်သော် သင်သည် အသားကို စား၍ ရဟန်းတရားကို ကျင့်လောဟု သိကြားနှင့်တကွ စကား ပြောလိုရကား-

၆၄။ န သသဿ တိလာ အတ္ထိ၊ န မုဂ္ဂါ နပိ တဏ္ဍုလာ။
ဣမိနာ အဂ္ဂိနာ ပက္ကံ၊ မမံ ဘုတွာ ဝနေ ဝသ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၆၄။ ဗြာဟ္မဏ၊ ပုဏ္ဏား။ သသဿ၊ ယုန်အား။ တိလာ၊ နှမ်းတို့သည်။ န အတ္ထိ၊ မရှိကုန်။ မုဂ္ဂါ၊ ပဲ နောက်တို့သည်။ န အတ္ထိ၊ မရှိကုန်။ တဏ္ဍုလာ၊ ဆန်တို့သည်။ နပိ အတ္ထိ၊ မရှိကုန်။ ဣမိနာ အဂ္ဂိနာ၊ ဤမီးဖြင့်။ ပက္ကံ၊ ကျက်သော။ မမံ၊ ငါ့ကို။ ဘုတွာ၊ စား၍။ ဝနေ၊ တော၌။ ဝသ၊ နေလော့။

သိကြားမင်းသည် ယုန်၏စကားကို ကြား၍ မိမိအာနုဘော်ဖြင့် မီးကျီးစုကို ဘန်ဆင်း၍ ဘုရားလောင်းအား ကြား၏။ ဘုရားလောင်းယုန်သည် နေဇာမြက်အိပ်ရာမှထ၍ မီးကျီးစုသွား၍ အမွေးကြားတို့၌ ပိုးငယ်တို့သည် ရှိကုန်ငြားအံ့၊ ထိုပိုးငယ်တို့သည် မသေစေကုန်သတည်းဟု သုံးကြိမ် ကိုယ်ကိုခါ၍ အလုံးစုံသောကိုယ်ကို အလှူ၌ ဦးတည်ထား၍ ခုန်လျက် ကြာကန်၌ ဟင်္သာမင်း ကျသကဲ့သို့ ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ မီးကျီးစု၌ ကျ၏။ ထိုမီးသည်ကား ဘုရားလောင်း၏ ကိုယ်၌ အမွေးတွင်းကိုမျှလည်း ပူစေခြင်းငှာ မတတ်နိုင်၊ ဘုရားလောင်းသည် ဆီးနှင်းတိုက်သို့ ဝင်သကဲ့သို့ ဖြစ်၏။ ထိုအခါ သိကြားမင်းကိုခေါ်၍ ပုဏ္ဏား သင်ပြုသောမီးသည် အလွန်အေး၏။ ငါ၏ကိုယ်၌ အမွှေးတွင်းကိုမျှလည်း ပူစေခြင်းငှါ မတတ်နိုင်၊ ဤသို့ ဖြစ်ခြင်းသည်ကား အကြောင်း အသို့နည်းဟု မေး၏။ ယုန်ပညာရှိ ငါကား ပုဏ္ဏား မဟုတ်၊ သိကြားတည်း၊ ငါသည် သင့်အား စုံစမ်းအံ့သောငှါ လာ၏ ဟု ဆို၏။ သိကြား သင့်ကိုထားဘိဦး၊ အလုံးစုံသော လောကသည်လည်း ငါ့ကို အလှူဖြင့် စုံစမ်းငြားအံ့၊ ငါ၏ မလှူလိုသောအဖြစ်ကို မမြင်ရာသလျှင်ကတည်းဟု ဘုရားလောင်းသည် ခြင်္သေ့မင်းကဲ့သို့ ရဲရင့်သော စကားကို ဆို၏။ ထိုအခါ ဘုရားလောင်းကို သိကြားမင်းသည် ယုန်ပညာရှိ သင်၏ကျေးဇူးဂုဏ်သည် ကမ္ဘာပတ် လုံး ထင်ရှားသည် ဖြစ်စေဟု တောင်ကိုညှစ်၍ တောင်ဆီကိုယူ၍ လဝန်း၌ ယုန်ရုပ်အမှတ်ကိုရေး၍ ဘုရားလောင်းကို ဆောင်၍ ထိုတောအုပ် ထိုချုံ ထိုနေဇာမြက်အပြင်၌ အိပ်စေ၍ မိမိနေရာသို့သာလျှင် သွား၏။ လေးဦးသော ပညာရှိတို့သည်လည်း ညီညွတ်စွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်လျက် သီလကိုဖြည့်၍ အလှူကိုပေး၍ ဥပုသ်သုံး၍ ကံအား လျော်စွာ လားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီး၍လျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ခပ်သိမ်းသော ပရိက္ခရာကို လှူသော သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော် မူသနည်းဟူမူကား ယခုအခါ အာနန္ဒာသည် ထိုအခါ ဖျံ ဖြစ်ဘူးပြီ၊ ယခုအခါ မောဂ္ဂလ္လာန်သည် ထိုအခါ မြေခွေး ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ မျောက် ဖြစ်ဘူးပြီ၊ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ယုန်ပညာရှိ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

ဒါနအခင်း၊ ပေးလှူခြင်း၊ ယုန်မင်းဥပမာ

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သသပဏ္ဍိတဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၇။ မတရောဒနဇာတ်

လောကဓံ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် မတံ မတံ ဧဝ ရောဒထအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမတရောဒနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီ တင်းသုံး နေတော်မူစဉ် မထင်ရှားသော သာဝတ္ထိပြည် ၌နေသော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုသူကြွယ်၏ အစ်တို့သည် သေလွန်သတတ်။ ထိုသူကြွယ်သည် အစ်ကိုလွန်သဖြင့် သောကနှိပ်စက်သည်ဖြစ်၍ ရေမချိုး၊ ထမင်းမစား၊ နံ့သာမလိမ်း၊ စောစောကသာလျှင် သုသာန်သို့ သွား၍ သောကနှိပ်စက်လျှက် ငို၏။ သဗ္ဗညူ မြတ်စွာဘုရားသည် မိုးသောက်ထ၍ လောကကို ကြည့်လတ်သည်ရှိသော် ထိုသူကြွယ်၏ သောတာပတ္တိဖိုလ်၏ ဥပနိဿယကို မြင်တော်မူ၍ ဤသူကြွယ်အား လွန်လေပြီးသောအကြောင်းကို ဆောင်ပြီးလျှင် သောကိုငြိမ်းစေ၍ သောတာပတ္တိဖိုလ်ကို ပေးအံ့သောငှါ ငါမှတပါး စွမ်းနိုင်သောသူမည်သည် မရှိ၊ ငါသည် ဤသူကြွယ်၏ ကိုးကွယ်ရာဖြစ်ခြင်းငှါ သင့်၏ဟုကြံတော်မူ၍ နက်ဖြန် ဆွမ်းဘုဉ်းပေး ပြီးသည်ရှိသော် ဆွမ်းခံရာမှ ဖဲခဲ့တော်မူ၍ နောက် လိုက် ရဟန်းကို ခေါ်တော်မူ၍ ထိုသူကြွယ်၏ အိမ်တံခါးသို့ ကြွတော်မူ၍ ဘုရားကြွတော်မူလာ၏ဟု ကြား၍ နေရာကို ခင်းစေပြီးလျှင် အိမ်သို့ဝင်တော်မူပါကုန်လောဟု သူကြွယ် လျောက်အပ်သည်ရှိသော် ဝင်တော်မူ၍ ခင်းအပ်သော နေရာ၌ နေတော်မူ၏။ သူကြွယ်သည်လည်း လာလတ်၍ ဘုရားကို ရှိခိုး၍ တင့်အပ် လျောက်ပတ်စွာ နေ၏။ ထိုအခါ ထိုသူကြွယ်ကို သဗ္ဗညူမြတ်စွာဘုရားသည် သူကြွယ် စိုးရိမ်သလောဟု မိန့်တော်မူ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား အကျွန်ုပ်အဈကို သေသောအခါမှစ၍ စိုးရိမ်၏ဟု လျှောက်၏။ ဒါယကာ ခပ်သိမ်းသော သင်္ခါရတို့သည် အမြဲမရှိကုန်၊ ပျက်စီးအပ်သည်၏ အဖြစ်နှင့်ယှဉ်သော သင်္ခါရတရားသည် ပျက်စီးတတ်၏။ ထိုသင်္ခါရတရား၏ ပျက်စီးခြင်း၌ မစိုးရိမ်အပ်၊ ရှေးပညာရှိတို့သည်လည်း အစ်ကို သေသည်ရှိသော် ပျက်စီးအပ်သည်၏ အဖြစ်နှင့်ယှဉ်သော သင်္ခါရတရားသည် ပျက်စီးတတ်၏ဟု မစိုးရိမ်ကုန်ဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော သူဌေးမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် မိဘတို့သည် သေလွန်၏။ မိဘတို့သည် သေလွန်သည်ရှိသော် ဘုရားလောင်း၏ အစ်တို့သည် ဥစ္စာကိုစီရင်၏။ ထိုဘုရားလောင်းသည် အစ်ကိုကိုမှီ၍ အသက်မွေး၏။ ဘုရားလောင်း၏ အစ်တို့သည် နောက်အခါ နာ၍ သေလွန်၏။ အဆွေအမျိုး အဆွေခင်ပွန်းတို့သည် စည်းဝေးကုန်၍ လက်တို့ကိုမြှောက်ခါငိုကြွေးကြကုန်၏။ တယောက်သော သူသည်လည်း မိမိသဘောအားဖြင့် တည်အံ့သောငှါ မတတ်နိုင်၊ ဘုရားလောင်းသည်ကား မငိုကြွေး။ လူတို့သည် အချင်းတို့ ကြည့်ကြကုန်လော့၊ အစ် ကိုသေလတ်သော် ဤသူအား မျက်နှာတွန့်ခြင်းသည်လည်း မရှိ၊ အလွန်လျှင် နှလုံးခိုင်မာ၏။ နှစ်စုသော ဥစ္စာတို့ကို ငါသာလျှင် ခံစားရအံ့ဟု အစ်တို့၏ သေခြင်းကို အလိုရှိယောင်တကားဟု ဘုရားလောင်းကို ကဲ့ရဲ့ကြကုန်၏။ ဆွေမျိုးတို့သည်လည်း သင်သည် အစ်ကိုသေသော် အဘယ်ကြောင့် မငိုသနည်းဟု ကဲ့ရဲ့ကုန်၏။

ဘုရားလောင်းသည် ထိုသူတို့၏ စကားကိုကြား၍ သင်တို့သည် အလွန်မိုက်သည်၏အဖြစ်ကြောင့် ရှစ်ပါးသော လောကဓံတရားကို မသိကုန်၍ အစ်ကိုသေလတ်သော် ငိုကြွေးကြကုန်၏။ ငါသည်လည်း သေရအံ့၊ ထို့ကြောင့် ငါသည် မငို၊ သင်တို့သည်လည်း သေရကုန်လတ္တံ့၊ ထို့ကြောင့် ငါတို့သည်လည်း သေရကုန်လတ္တံ့ဟု နှလုံးသွင်းကုန်၍ မငိုကြကုန်လင့်၊ ခပ်သိမ်းသော သင်္ခါရတို့သည် မမြဲကုန်၊ ဖြစ်၍ ချုပ်တတ်ကုန်၏။ ထိုသဘောဖြင့် တည်ခြင်းငှါ စွမ်းနိုင်သော တပါးသော သင်္ခါရသည်လည်း မရှိ၊ အလွန်မိုက်ကုန်သော သင်တို့သည် မသိအပ်သော သဘော ရှိသဖြင့် လောကဓံတရား ရှစ်ပါးတို့ကို မသိကုန်၍ ငိုကုန်သော် ငါသည် အဘယ်အကျိုးငှါ ငိုရအံ့နည်းဟု ဆို၍-

၆၅။ မတံ မတံ ဧဝ ရောဒထ၊
န ဟိ တံ ရောဒထ ယော မရိဿတိ။
သဗ္ဗေပိ သရီရဓာရိနော၊
အနုပုဗ္ဗေန ဇဟန္တိ ဇီဝိတံ။
၆၆။ ဒေဝမနုဿာ စတုပ္ပဒါ၊
ပက္ခိဂဏာ ဥရဂါစ ဘောဂိနော။
သမှိ သရီရေ အနိဿရာ၊
ရမမာနာဝ ဇဟန္တိ ဇီဝိတံ။
၆၇။ ဧဝံ စလိတံ အသဏ္ဌိတံ၊
သုခဒုက္ခံ မနုဇေသွ ပေက္ခိယ။
ကန္ဒိတရုဒိတံ နိရတ္ထကံ၊
ကိံ ဝေါ သောကဂဏာ ဘိကီရရေ။
၆၈။ ဓုတ္တာ စ သောဏ္ဍာ အကတာ၊
ဗာလာ သူရာ အယောဂိနော။
ဓီရံ မညန္တိ ဗာလောတိ၊
ယေ ဓမ္မဿ အကောဝိဒါ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၆၅။ တုမှေ၊ သင်တို့သည်။ မတံ မတံဧဝ၊ သေတိုင်း သေတိုင်းသော သူကိုလျှင်။ ရောဒထ၊ ငိုကြကုန်၏။ ယော၊ အကြင်သူသည်။ မရိဿတိ၊ သေလတ္တံ့။ တံ၊ ထိုသေလတ္တံ့သောသူကို။ န ဟိ ရောဒထ၊ မငိုကြကုန်လင့်။ သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ သရီရဓာရိနော၊ ကိုယ်ကိုဆောင်ကုန်သော သူတို့သည်။ အနုပုဗ္ဗေန၊ အစဉ်သဖြင့်။ ဇီဝိတံ၊ အသက်ကို။ ဇဟန္တိ၊ စွန့်ရကုန်၏။

၆၆။ ဘောဂိနော၊ စည်းစိမ်နှင့်ပြည့်စုံကုန်သော။ ဒေဝါ စ၊ နတ်တို့သည်၎င်း။ မနုဿာ စ၊ လူတို့ သည်၎င်း။ စတုပ္ပဒါ စ၊ သားတို့သည်၎င်း။ ပက္ခိဂဏာ စ၊ ငှက်အပေါင်းတို့သည်၎င်း။ ဥရဂါ စ၊ မြွေနဂါးတို့သည်၎င်း။ သမှိ သရီရေ၊ မိမိ ကိုယ်၌။ အနိဿရာ၊ အစိုးမရကုန်သည်ဖြစ်၍။ ရမမာနာဝ၊ ဖြစ်ရာအရပ်၌ မွေ့လျော်ကုန်၍သာလျှင်။ ဇီဝိတံ၊ အသက်ကို။ ဇဟန္တိ၊ စွန့်ရကုန်၏။

၆၇။ မနုဇေသု၊ လူတို့၌။ ဧဝံ၊ ဤသို့။ စလိတံ၊ လှုပ်ထသော။ အသဏ္ဌိတံ၊ မတည်သော သဘောရှိထသော။ သုခဒုက္ခံ၊ ချမ်းသာဆင်းရဲကို။ အပေက္ခိယ၊ ကြည့်၍။ ကန္ဒိတရုဒိတံ၊ ငိုခြင်း မျက်ရည်ယိုခြင်းသည်။ နိရတ္ထကံ၊ အကျိုးမရှိ။ ကိံ၊ အဘယ့်ကြောင့်။ ဝေါ၊ သင်တို့အား။ သောကဂဏာ၊ စိုးရိမ်ခြင်းအပေါင်းတို့သည်။ အဘိကီရရေ၊ နှိပ် စက်ကုန်ဘိသနည်း။

၆၈။ ဓုတ္တာ စ၊ မိန်းမ ကြွေအန်ကြူးသည်လည်း ဖြစ်ကုန်ထသော။ သောဏ္ဍာ စ၊ သောက်ကြူး, စားကြူးသည်လည်း ဖြစ်ကုန်ထသော။ အကတာ၊ အကျင့်ကို မကျင့်ကုန်ထသော။ သူရာ၊ အသင့်အားဖြင့် နှလုံးသွင်းခြင်းတို့၌ ရဲရင့်ကုန်ထသော။ အယောဂိနော၊ အားထုတ်သင့်သော သုစရိုက်တို့၌ အားထုတ်ခြင်း ကင်းကုန်ထသော။ ဓမ္မဿ၊ ရှစ်ပါး အပြားရှိသော လောကဓံတရား ၌။ အကောဝိဒါ၊ မလိမ္မာကုန်ထသော။ ယေ ဗာလာ၊ အကြင်သူမိုက်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေ ဗာလာ၊ ထိုသူမိုက်တို့သည်။ ဓီရံ၊ ဆွေ မျိုးတို့၏ သေခြင်း အစရှိသည်တို့၌ မငိုကြွေးသော ငါကဲ့သို့သော ပညာရှိကို။ ဗာလောတိ၊ သူမိုက်ဟူ၍။ မညန္တိ၊ အောက်မေ့ကုန်၏။

ဤသို့ ဘုရားလောင်းသည် ထိုသူတို့အား တရားဟော၍ ခပ်သိမ်းကုန်သော ထိုသူတို့ကိုလည်း သောကကင်းအောင် ပြု၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည် ၏အဆုံး၌ သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ လူများအား တရား ဟော၍ သောကမရှိအောင်ပြုသော ပညာ ရှိ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ပျက်စီးတတ်လှ၊ သင်္ခါရ၊ မုချပျက်စီးမည်

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော မတရောဒနဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၈။ ကဏဝေရဇာတ်

ကုလားဇလပ်ပန်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယံတံ ဝသန္တ သမယေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဏဝေရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် မဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုသည် အဋ္ဌကနိပါတ်၊ ဣန္ဒြိယဇာတ်၌ ထင်စွာဖြစ်လတ္တံ့) သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း သင်သည် ရှေး၌လည်း ထိုမိန်းမကို အမှီပြု၍ သန်လျက်ဖြင့် ဦးခေါင်းကို ဖြတ်ခြင်းကို ခံရဘူးပြီဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိရွာဝယ် တဦးသော သူကြွယ်၏အိမ်၌ စောရနက္ခတ်ဖြင့်ဖွား၍ အရွယ်သို့ ရောက်လတ်သော် ခိုးသူတို့၏ အမှုကိုပြုလျက် အသက်မွေး၍ လောက၌ ထင်ရှား၏။ ရဲ ရင့်၏။ ဆင်ပြောင်အားကို ဆောင်၏။ တစုံတယောက်သောသူသည် ဖမ်းအံ့သောငှါ မစွမ်းနိုင်၊ ထိုဘုရားလောင်းသည် တနေ့သ၌ တဦးသော သူဌေးအိမ်ဝယ် အစပ်ကိုဖြတ်၍ များစွာသော ဥစ္စာကို ခိုး၏။ မြို့သူတို့သည် မင်းအထံသို့ ဆည်း ကပ်၍ မြတ်သောမင်းကြီး တယောက်သော ခိုးသူကြီးသည် မြို့ကိုလုယက်၏။ ထိုခိုးသူကြီးကို ဖမ်းစေလော့ဟု လျောက်ကုန်၏။ ထိုစကားကို ကြား၍ မင်းသည် ထိုခိုးသူကြီးကို ဖမ်းစိမ့်သောငှါ မြို့စောင့်ကို စေ၏။ မြို့စောင့်သည် ညဉ့်အခါ ထိုထိုအရပ်၌ အစုဖွဲ့သဖြင့် လူတို့ကိုထား၍ ထိုခိုးသူကြီးကို ဥစ္စာနှင့်တကွ ဖမ်းစေ၍ မင်းအား လျောက်၏။ မင်းသည် ခိုးသူကြီး၏ ဦးခေါင်းကို ဖြတ်လော့ဟု မြို့စောင့်ကို စေ၏။ မြို့စောင့်သည် ခိုးသူကြီးကို မြဲစွာ လက် ပြန် နှောင်ဖွဲ့စေ၍ ခိုးသူကြီး၏လည်၌ နီစွာသော ကုလားဇလပ်ပန်းကို ဆွဲပြီးလျှင် ဦးခေါင်း၌ အုတ်မှုန့်ကိုကြဲ၍ ခရီးလေးဆုံတိုင်း ခရီးလေးဆုံတိုင်း ကြိမ်လုံးဖြင့် ရိုက်၍ ကြမ်း သော အသံရှိသောစည်ဖြင့် သတ်ရာသုသာန်သို့ ဆောင်၏။ ဤမြို့၌ ခိုးတတ်သော ခိုးသူကို ဖမ်းမိပြီဟု မြို့အလုံး ချောက်ချား၏။

ထိုအခါ ဗာရာဏသီပြည်၌ တထောင်သောဥစ္စာကို ယူသော သာမာမည်သော ပြည့်တန်ဆာမသည် ရှိ၏။ မင်းနှင့် အကျွမ်းဝင်၏။ ကျွန်မငါးရာ အခြံအရံရှိ၏။ ထိုပြည့်တန် ဆာမသည် ပြာသာဒ်အပြင်၌ လေသာပြတင်းကို ဘွင့်လှစ်၍ ရပ်လျက် ဆောင်ယူသွားသော ထိုခိုးသူကြီးကိုမြင်၏။ ထိုခိုးသူကြီးသည် အလွန်အဆင်းလှ၏။ ကြည်ညိုဘွယ်ရှိ၏။ အလွန်လျှင် မြတ်သော တင့်တယ်ခြင်းသို့ရောက်၏။ နတ်၏အဆင်းကဲ့သို့ ခပ်သိမ်းသော သူတို့အား အလွန်အမြတ်အားဖြင့် ထင်၏။ သာမာသည် ထိုခိုးသူကြီးကို မြင်၍လျှင် တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ အဘယ်မည်သော ဥပါယ်အားဖြင့် ဤယောက်ျားကို ငါ၏ လင် ပြုရအံ့နည်းဟု တောင့်တအပ်သည် ရှိသော် တခုသော ဥပါယ်သည်ရှိ၏ဟု မိမိ၏ အကျိုး စီးပွားကို ဆောင်ရွက်သော တယောက်သော မိန်းမ၏လက်၌ အသပြာတထောင်ကို ပေး၍ မြို့စောင့် ဤခိုးသူသည် သာမာ၏မောင်တည်း။ သာမာကိုထား၍ ထိုခိုးသူအား တပါးသော ကိုး ကွယ်ရာသည် မရှိ၊ သင်တို့သည် ဤအသပြာတထောင်ကို ယူ၍ ထိုခိုးသူကို လွှတ်ပါကုန်လော့ဟု စေ၏။ ထိုမိန်းမသည် သွား၍ သာမာဆိုတိုင်း ပြု၏။ မြို့စောင့်သည် ဤခိုးသူကား မြို့၌ ထင်ရှားသော ခိုးသူတည်း၊ ထိုခိုးသူကို လွှတ်အံ့သောငှါ မတတ်ကောင်း၊ တပါးသော လူကိုရမူကား ဤခိုးသူကို ဖုံးလွှမ်းသော ယာဉ်၌စီးစေ၍ လွှတ်ခြင်းငှါ တတ်ကောင်း ၏ဟု ဆို၏။ ထိုမိန်းမသည် သွား၍ သာမာအား ကြား၏။

ထိုအခါ တယောက်သောသူဌေးသားသည် သာမာ၌ တပ် စွန်းသောစိတ်ရှိ၍ နေ့တိုင်း တထောင်သော ဥစ္စာကိုပေး၏။ ထိုသူဌေးသားသည် ထိုနေ့၌လည်း နေဝင်သောအခါ တထောင်သော ဥစ္စာကိုယူ၍ သာမာ၏အိမ်သို့ သွား၏။ သာမာသည် အသပြာတထောင်ကို ယူ၍ ပေါင်ပေါ်၌ထား၍ ငိုလျက်နေ၏။ အဘယ်အမှုနည်းဟု မေး သည်ရှိသော် အရှင်ဤခိုးသူသည် ငါ့မောင်တည်း၊ ငါသည် နိမ့်သောအမှုကို ပြု၏ဟု ငါအထံသို့ မလာ၊ မြို့စောင့်အား စေသော် တထောင်သော ဥစ္စာကိုရမှ လွှတ်အံ့ဟု မှာလိုက်၏။ ယခု ဤတထောင်သော ဥစ္စာကိုယူ၍ မြို့စောင့်၏ အထံသို့ သွားမည့်သူကို မရဟုဆို၏။ ထိုသူဌေးသားသည် သာမာ၌ တပ်စွန်းသော စိတ်ရှိသည် ၏အဖြစ်ကြောင့် ငါသွားအံ့ဟု ဆို၏။ ထိုသို့တပြီးကား သင်ဆောင်ခဲ့သော ဥစ္စာကိုလျှင် ယူ၍ သွားလော့ဟု ဆို၏။ သူဌေးသားသည် ထိုဥစ္စာကို ယူ၍ မြို့စောင့်၏အိမ်သို့ သွား၏။ မြို့စောင့်သည် သူဌေးသားကို ဖုံးကွယ်ရာအရပ်၌ထား၍ ခိုးသူကို ဖုံးလွှမ်းသောယာဉ်၌ စီးစေ၍ သာမာ၏အထံသို့ ပို့စေ၍ ဤခိုးသူသည် တိုင်းပြည်၌ ထင်ရှားသော ခိုးသူတည်း၊ မှောင်မိုက်စေဦး၊ မှောင်မိုက်၍ လူတို့စကားပြော ဆိတ်သောအခါမှ သတ်အံ့ဟု ယိုးမယ်ဖွဲ့ခြင်းကိုပြု၍ တခဏမျှကို လွန်စေ၍ လူတို့သည် စကားပြောဆိတ်ကုန်လတ်သော် သူဌေးသားကို များစွာသော အစောင့်အရှောက်ဖြင့် သုသာန်သို့ ဆောင်ပြီးလျှင် သန်လျက်ဖြင့် ဦးခေါင်းကိုဖြတ်၍ ကိုယ်ကို တံကျင်ဖြင့်လျှို၍ မြို့သို့ ဝင်၏။

ထိုအခါမှစ၍ သာမာသည် သူတပါးတို့၏ လက်မှ တစုံတခုကိုမယူ၊ ထိုခိုးသူနှင့်လျှင်တကွ မွေ့လျော်လျှက် နေ၏။ ခိုးသူကြီးသည် ဤသာမာကား တပါးယောက်ျား၌ တပ်စွန်းပြန်သည်ရှိသော် ငါ့ကိုလည်း သတ်စေ၍ ထိုတပ်စွန်းသောသူနှင့် မွေ့လျော်ပြန်လတ္တံ့၊ ဤသာမာသည် စင် စစ် အဆွေခင်ပွန်းကို ပြစ်မှားတတ်၏။ ငါသည် သာမာ၏အထံ၌ မနေမူ၍ လျင်မြန်စွာ ပြေးခြင်းငှါ သင့်၏။ ပြေးသည်ရှိသော်ကား လက်ချည်း သက်သက် မသွားမူ၍ သာမာ၌ ဆင်ယင်သော တန်ဆာကို ယူ၍သွားအံ့ဟု ကြံ၏။ ကြံပြီး၍ တနေ့သ၌ သာမာကို နှမ ငါသည် ဆောင်း၌ လှောင်ထားအပ်သော ကြက်ကဲ့သို့ အမြဲ အိမ်၌လျှင် နေ ရ၏။ တနေ့တရက် ဥယျာဉ်ကစားလို၏ဟု ဆို၏။ သာမာသည် ကောင်းပြီဟု ဝန်ခံ၍ ခဲဘွယ်ဘောဇဉ် အစရှိသော အလုံးစုံသော အဆောက် အဦကို စီရင်၍ ခပ်သိမ်းသော တန်ဆာဖြင့် တန်ဆာဆင်ယင်လျက် ခိုးသူကြီးနှင့်အတူ ဖုံး လွှမ်းသောယာဉ်၌စီး၍ ဥယျာဉ်သို့သွား၏။ ခိုးသူကြီးသည် ဥယျာဉ်၌ သာမာနှင့်တကွ ကစားလျက် ယခု ငါ့အား ပြေးခြင်းငှာ သင့်၏ဟု သာမာနှင့်တကွ ကိလေသာနှင့် ယှဉ်သော မွေ့လျော်ခြင်းဖြင့် မွေ့လျော်လိုဘိသကဲ့သို့ တခုသော ကုလားဇလပ်သို့ ဝင်၍ သာမာကို လည်၌ဘက်သကဲ့သို့ နှိပ်၍ မိန်းမောအောင်ပြု၍ ပုတ်ခတ်၍ ခပ်သိမ်းသော တန်ဆာတို့ကို ချွတ်ယူ၍ သာမာ၏ အပေါ်ရုံအဝတ်ဖြင့် ဖွဲ့၍ အထုပ်ကို ပခုံး၌ ထမ်း၍ ဥယျာဉ်စည်းကို ခုန်လွှား၍ ပြေး၏။

သာမာသည်လည်း သတိသညာ ရလတ်သော် ထ၍ အလုပ်အကျွေးတို့၏ အထံသို့သွား၍ အရှင့်သားကား အဘယ်မှာနည်းဟု မေး၏။ အရှင်အကျွန်ုပ်တို့ မသိကုန်ဟု ဆိုကုန်၏။ ငါ့ကို သေပြီဟူသော အမှတ်ဖြင့် ကြောက်၍ ပြေးသည်ဖြစ်လတ္တံ့ဟု နှလုံးမသာယာသည်ဖြစ်၍ ထိုဥယျာဉ်မှသာလျှင် အိမ်သို့သွား၍ ငါ၏ ချစ်စွာသောလင်ကို မမြင်ရသော ကာလမှစ၍လျှင် တန်ဆာဆင်အပ်သော အိပ်ရာ၌ ငါမအိပ်ဟု မြေ၌အိပ်၏။ ထိုအခါမှစ၍ နှစ်သက်ဘွယ်ရှိသောအဝတ်ကို မဝတ်၊ နှစ်သက်ဘွယ်သောထမင်းကို မစား၊ နံ့သာပန်းအစရှိသည်ကို မမှီဝဲ၊ တစုံတခုသော ဥပါယ်ဖြင့် အရှင့်သားကို ရှာ၍ခေါ်စေအံ့ဟု ကချေသည်တို့ကို ခေါ်စေ၍ တထောင်သော ဥစ္စာကိုပေး၏။ ရှင်မ အသို့ပြုရကုန်အံ့နည်းဟု ဆိုသည်ရှိသော် သင်တို့အား မရောက်သော အရပ်မည်သည် မရှိ၊ သင်တို့သည် ရွာနိဂုံး မင်းနေပြည်တို့သို့ လှည့်လည်ကုန်လျက် ပွဲသဘင်ပြု၍ သဘင်အလယ်၌ ရှေးဦးစွာလျှင် ဤသီချင်းကို သီကြကုန်လော့ဟု ကချေသည်တို့ကို သင်လျက် ရှေးဦးစွာသော ဂါထာကိုဆို၍ သင်တို့သည် ဤသီချင်းကို သီသည်ရှိသော် အရှင့် သားသည် ထိုပရိသတ်အတွင်း၌ အကယ်၍ ရှိသည်ဖြစ်အံ့၊ သင်တို့နှင့်အတူ စကားပြောဆိုလတ္တံ့၊ ထိုအခါ အရှင့်သားအား ငါ၏ရောဂါကင်းသော အဖြစ်ကိုဆို၍ အရှင့်သားကိုခေါ်၍ လာကြကုန်လော့၊ အကယ်၍ မလိုက်လာအံ့၊ သတင်းစကား မှာထားလိုက်ကြကုန်လော့ဟု ဆို၍ ရိက္ခာပေး၍ ကချေသည်တို့ကို လွှတ်လိုက်၏။ ကချေသည်တို့သည် ဗာရာဏသီမှ ထွက်၍ ထိုထိုအရပ်၌ ပွဲသဘင်ပြုကုန်လျက် ပစ္စန္တရစ်သို့ သွားကုန်၏။ ခိုးသူကြီးသည်လည်း ပြေး၍ ထိုပစ္စန္တရစ်ရွာ၌ နေ၏။ ထိုကချေသည်တို့သည် ထိုအရပ်၌ ပွဲသဘင်ပြုလျက်-

၆၉။ ယံ တံ ဝသန္တသမယေ၊ ကဏဝေရေသု ဘာဏုသု။
သာမံ ဗာဟာယ ပီဠေသိ၊ သာ တံ အာရောဂျမဗြဝိ။

ဟူသော ရှေးဦးစွာသော သီချင်းကိုလျှင် သီကုန်၏။

၆၉။ ယံ တံ ဝသန္တသမယေ၊ အကြင်ဝသန္တအခါ၌။ ဘာဏုသု၊ နီသော အဆင်းနှင့် ပြည့်စုံကုန်သော။ ကဏဝေရေသု၊ ကုလားဇလပ်ပန်းတို့၌။ သာမံ၊ သာမာကို။ ဗာဟာယ၊ မောင်းဖြင့်။ ပီဠေသိ၊ နှိပ်၏။ သာ၊ ထိုသာမာသည်။ တံ၊ ထိုအရှင့်သားကို။ အာရောဂျံ၊ အနာကင်းသည်၏ အဖြစ်ကို။ အဗြဝိ၊ ကြား၏။

ခိုးသူကြီးသည် ထိုစကားကို ကြား၍ ကချေ သည်သို့ ကပ်၍ သင်သည် သာမာကား ရှင်သေး ၏ဟု ဆို၏။ ငါမယုံဟု ကချေသည်နှင့် စကား ပြောလိုရကား-

၇၀။ အမ္ဘော န ကိရ သဒ္ဓေယျံ၊ ယံ ဝါတော ပဗ္ဗတံ ဝဟေ။
ပဗ္ဗတဉ္စေ ဝဟေ ဝါတော၊ သဗ္ဗမ္ပိ ပထဝိံ ဝဟေ။
ယတ္ထ သာမာ ကာလကတာ၊ သာမံ အာရောဂျမဗြဝိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၇၀။ အမ္ဘော နဋ၊ အို ကချေသည်။ ယတ္ထ သာမာ-ယာ နာမ သာမာ၊ အကြင်သာမာ အမည်ရှိသော မိန်းမသည်။ ကာလကတာ၊ သေ၏။ သာ၊ ထိုသာမာသည်။ မံ၊ ငါ့ကို။ အာရောဂျံ၊ အနာကင်းသည်၏ အဖြစ်ကို။ အဗြဝိ၊ ကြား၏။ ဣဒံ ဝစနံ၊ ဤစကားသည်။ န သဒ္ဓေယျံ ကိရ၊ မယုံကြည်အပ်သော စကား ဖြစ်သတတ်။ ယံ ဝါတော၊ အကြင်လေသည်။ ပဗ္ဗတံ၊ တောင်ကို။ ဝဟေ၊ ဆောင်ရာ၏။ သော ဝါတော၊ ထိုလေသည်။ ပဗ္ဗတဉ္စဝ၊ တောင်ကို၎င်း။ သဗ္ဗမ္ပိ ပထဝိံ၊ အလုံးစုံသောမြေကို၎င်း။ စေ ဝဟေ၊ အကယ်၍ ဆောင်ရာ၏။ ဧတံ ဝစနံ ယထာ၊ ဤစကားကဲ့သို့။ တထာ၊ ထို့အတူ။ န သဒ္ဓေယျံ ကိရ၊ မယုံကြည်အပ်သော စကားဖြစ်သတတ်။

ခိုးသူကြီး၏ စကားကိုကြား၍ ကချေသည်သည်-

၇၁။ န စေဝသာ ကာလကတာ၊ န စသာ အညမိစ္ဆတိ။
ဧကဘတ္တိကိနီ သာမာ၊ တမေဝ အဘိကင်္ခတိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၇၁။ သာ၊ ထိုသာမာသည်။ န စေဝ ကာလကတာ၊ မသေသာလျှင်ကတည်း။ သာ၊ ထိုသာမာသည်။ အညံ၊ တပါးသော လင်ကို။ န စ ဣစ္ဆတိ၊ အလိုမရှိ။ သာမာ၊ သာမာသည်။ ဧကဘတ္တိကိနီ၊ တယောက်သောလင်ကို ဝယ်၏။ တမေဝ၊ ထိုဝယ်သောလင်ကိုသာလျှင်။ အဘိကင်္ခတိ၊ အလိုရှိ၏။

ခိုးသူကြီးသည် ထိုစကားကိုကြား၍ သာမာသည် ရှင်သည်မူလည်း ဖြစ်စေ၊ သေသည်မူလည်းဖြစ်စေ သာမာဖြင့် ငါအလိုမရှိဟု ဆို၍-

၇၂။ အသန္ထုတံ မံ စိရသန္ထုတေန၊
နိမီနိ သာမာ အဓုဝံ ဓုဝေန။
မယာပိ သာမာ နိမိနေယျ အညံ၊
ဣတော အဟံ ဒူရတရံ ဂမိဿံ။

ဟူသော လေးခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

၇၂။ သာမာ၊ သာမာသည်။ အသန္ထုတံ၊ မပေါင်းဘူးသော။ မံ၊ ငါ့ကို။ စိရသန္ထုတေန၊ ကြာမြင့်စွာ ပေါင်းဖော်သော သူဌေးသားဖြင့်။ နိမီနိ၊ လဲလှယ်၍ ယူ၏။ အဓုဝံ၊ မမြဲသော ငါ့ကို။ ဓုဝေန၊ မြဲသောလင်ဖြင့်။ နိမီနိ၊ လဲလှယ်၍ ယူ၏။ သာမာ၊ သာမာသည်။ မယာပိ၊ ငါဖြင့်လည်း။ အညံ၊ တပါးသော လင်ကို။ နိမိနေယျ၊ လဲလှယ်၍ ယူရာ၏။ အဟံ၊ ငါသည်။ ဣတော၊ ဤအရပ်မှ။ ဒူရတရံ၊ အလွန်ဝေးသော အရပ်သို့။ ဂမိဿံ၊ သွားအံ့။

ငါ၏ တပါးသို့ သွားသောအဖြစ်ကို သာမာအား ပြောဆိုကြကုန်ဟု ဆို၍ ထိုကချေသည်တို့၏ မြင်စဉ်လျှင် အလွန်မြဲစွာ ပုဆိုးကိုဝတ်၍ မြန်စွာသော အဟုန်ဖြင့် ပြေး၏။ ကချေသည်တို့သည် သွား၍ ခိုးသူကြီးပြုသော အမူအရာကို ပြောဆိုကုန်၏။ သာမာသည် နှလုံးမသာ၍ မိမိသဘောဖြင့်လျှင် ကာလကိုလွန်စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ သူဌေးသား ဖြစ်ဘူးပြီ၊ ယခုအခါ ဤရဟန်း၏ မယားဟောင်းသည် ထိုအခါ သာမာဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခိုးသူကြီး ဖြစ်ဘူးပြီဟု ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကာမလိုက်စား၊ ကျင့်ဖောက်ပြား၊ မှောက်မှားဒုက္ခတွေ့

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကဏဝေရဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၉။ တိတ္တိရဇာတ်

တယ်-ခါ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သုသုခံ ဝတ ဇီဝါမိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတိတ္တိရဇာတ်ကို ကောသမ္ဗီပြည်ကို အမှီပြု၍ ဆီးတောကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ရာဟုလာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုကို အောက် တိပလ္လတ္ထဇာတ်၌ ချဲ့အပ်ပြီ) ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ အရှင်ရာဟုလာသည် သိက္ခာကို အလို ရှိ၏။ ကုက္ကုစ္စ ပြုတတ်၏။ ဆုံးမခြင်းငှာ ခံ့၏ဟု စကားကိုဖြစ်စေကုန်၏။ ထိုအရှင်ရာဟုလာမထေရ်၏ ကျေးဇူးစကားကို ဖြစ်စေလတ်သည်ရှိသော် သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်း ဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ရာဟုလာသည် ဆုံးမခြင်းငှာ ခံ့သည်မဟုတ်သေး၊ ရှေး၌လည်း ဆုံးမခြင်းငှါ ခံ့သည်သာ လျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွား၍ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ တောထွက်၍ ဟိမဝန္တာ၌ ရသေ့ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဈာန်ကစားခြင်းကို ကစားလျက် မွေ့လျော်ဘွယ်ရှိသော တောအုပ်၌နေ၍ ချဉ်ဆား မှီဝဲအံ့သောငှါ မထင်ရှားသော ပစ္စန္တရစ်ရွာသို့ သွား၏။ ထိုရွာ၌နေသူ လူတို့သည် ဘုရားလောင်းကိုမြင်၍ ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ မထင်ရှားသောတော၌ ကျောင်းဆောက်၍ ပစ္စည်းတို့ဖြင့် လုပ်ကျွေးကုန်လျက် နေစေကုန်၏။ ထိုအခါ ရွာ၌ တယောက်သော ငှက်မုဆိုးသည် တခုသော တိန်ညင်ခါကိုယူ၍ ကောင်းစွာသင်၍ ချိုင့်၌ထား၍ မွေး၏။ ထိုမုဆိုးသည် ထိုခါကို တောသို့ဆောင်၍ ထိုခါ၏ အသံဖြင့် လာတိုင်းကုန်သော ခါတို့ကိုယူ၍ ရောင်း၍ အသက်မွေး၏။ ခါသည် တခုသော ငါ့ကိုမှီ၍ ငါ၏ဆွေမျိုးတို့သည် ပျက်စီးကုန်၏။ ဤမကောင်းမှုကား ငါ၏ မကောင်း မှုတည်းဟု ကြံ၏။ ကြံပြီး၍ အသံမပြု၊ ဆိတ်ဆိတ်နေ၏။ ထိုအခါ မုဆိုးသည် ခါ, ဆိတ်ဆိတ်နေသည်၏အဖြစ်ကိုသိ၍ ဝါးခြမ်းစိတ်ဖြင့် ခါကို ဦးခေါင်း၌ ရိုက်၏။ ခါသည် ဆင်းရဲနှိပ်စက်ခြင်းကြောင့် အသံ ပြု၏။ ဤသို့ ထိုမုဆိုးသည် ထိုခါကိုမှီ၍ ခါတို့ကိုယူ၍ အသက်မွေး၏။ ထိုအခါ ထိုခါသည် ဤ ငါ၏ အဆွေအမျိုးတို့သည် သေစေကုန်သတည်းဟု ငါ့အား စေတနာသည် မရှိ၊ ငါ့ကိုစွဲ၍ကား မုဆိုးသည် ပါဏာတိပါတကံကို ရ၏။ ငါသည် အသံမပြုသော် ထိုခါတို့သည် မလာကုန်၊ အသံကို ပြုသော်သာလျှင် လာကုန်၏။ လာတိုင်း လာတိုင်းကုန်သော ခါတို့ကို ဤမုဆိုးသည် ယူ၍ အသက်ကုန်ခြင်းသို့ ရောက်စေ၏။ ဤအရာ၌ ငါ့အား မကောင်းမှုရှိသလော၊ မရှိသလောဟု ကြံ၏။ ကြံပြီး၍ ထိုခါသည် ထိုအခါမှစ၍ အဘယ်သူသည်လျှင် ငါ၏ ဤယုံမှားခြင်းကို ဖျောက်နိုင်အံ့နည်းဟု ထိုသို့ သဘောရှိသော ပညာရှိကို ဆင် ခြင်လျက် သွား၏။ ထိုအခါ တနေ့သ၌ ထိုငှက် မုဆိုးသည် များစွာကုန်သော ခါတို့ကိုယူ၍ ရေ သောက်အံ့ဟု ဘုရားလောင်း၏ ကျောင်းသို့သွား၍ ထိုချိုင့်ကို ဘုရားလောင်းအထံ၌ထား၍ ရေကိုသောက်၍ သဲအပြင်၌ လျောင်းလျက် အိပ်ပျော်၏။ ခါသည် မုဆိုးအိပ်ပျော်သည်၏ အဖြစ်ကို သိ၍ ငါ၏ယုံမှားခြင်းကို ရသေ့ကို မေးအံ့၊ သိသည်ရှိသော် ငါ့အား ဖြေလတ္တံ့ဟု ချိုင့်၌ နေလျက်လျှင် ဘုရားလောင်းကို မေးလိုရကား-

၇၃။ သုသုခံ ဝတ ဇီဝါမိ၊ လဘာမိ စေဝ ဘုဉ္စိတုံ။
ပရိပန္ထေ စ တိဋ္ဌာမိ၊ ကာနု ဘန္တေ ဂတီ မမ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၇၃။ ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အကျွန်ုပ်သည်။ ဣဒံ သာကုဏိကံ၊ ဤငှက်မုဆိုးကို။ နိဿာယ၊ မှီ၍။ ဝတ၊ စင်စစ်။ သုသုခံ၊ အလွန်ချမ်းသာစွာ။ ဇီဝါမိ၊ အသက်မွေးရ၏။ ဘုဉ္စိတုံ၊ စားခြင်းငှါ။ လဘာမိ စေဝ၊ အလိုအတိုင်းလည်း ရ၏။ အပိ စ ခေါ၊ ထိုသို့ဖြစ်ငြားသော်လည်း။ ပရိပန္ထေ စ၊ ဘေး ရန်၌လည်း။ တိဋ္ဌာမိ၊ တည်ရ၏။ ဘန္တေ၊ အရှင်ဘုရား။ မမ၊ အကျွန်ုပ်၏။ ဂတိ၊ လားရာ ဂတိသည်။ ကာနု၊ အသို့ ဖြစ်လတ္တံ့နည်း။

ထိုအခါ ပြဿနာကို ဖြေလိုရကား ဘုရားလောင်းသည်-

၇၄။ မနော စေ တေ နပ္ပဏမတိ၊ ပက္ခိ ပါပဿ ကမ္မုနော။
အဗျာဝဋဿ ဘဒြဿ၊ န ပါပမုပလိမ္ပတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၇၄။ ပက္ခိ၊ ငှက်။ ပါပသ ကမ္မုနော၊ မကောင်းမှုအကျိုးငှာ။ တေ၊ သင်၏။ မနော၊ စိတ်သည်။ စေ နပ္ပဏမတိ၊ အကယ်၍ မညွတ်အံ့။ အဗျာဝဋဿ၊ လုံ့လမပြုသော။ ဘဒြဿ၊ ကောင်းသည်ဖြစ်သော သင့်အား။ ပါပံ၊ မကောင်းမှုသည်။ န ဥပလိမ္ပတိ၊ မလိမ်းကျံ။

ထိုစကားကိုကြား၍ ခါသည်-

၇၅။ ဉာတကော နော နိသိန္နောတိ၊
ဗဟု အာဂစ္ဆတေ ဇနော။
ပဋိစ္စ ကမ္မ ဖုသတိ၊
တသ္မိံ မေ သင်္ကတေ မနော။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၇၅။ ဘန္တေ၊ အရှင်ဘုရား။ နော၊ ငါတို့၏။ ဉာတကော၊ အဆွေအမျိုးသည်။ နိသိန္နောတိ၊ နေ၏ ဟု။ ဗဟုဇနော၊ များစွာသော ခါသည်။ အာဂစ္ဆတေ၊ လာ၏။ ပဋိစ္စ၊ အကျွန်ုပ်ကိုစှဲ၍။ ကမ္မံ၊ ပါဏာတိပါတ ကံကို။ လုဒ္ဒေါ၊ မုဆိုးသည်။ ဖုသတိ၊ ရ၏။ တသ္မိံ၊ ထိုမုဆိုး၏ မကောင်းမှု၌။ မေ၊ အကျွန်ုပ်၏။ မနော၊ စိတ်သည်။ သင်္ကတေ၊ ငါ၏ မကောင်းမှုပင်လောဟု ယုံမှားမိ၏။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် -

၇၆။ န ပဋိစ္စ ကမ္မံ ဖုသတိ၊ မနော စေ နပ္ပဒုဿတိ။
အပ္ပေါသုက္ကဿ ဘဒြဿ၊ န ပါပမုပလိမ္ပတိ။

ဟူသော လေးခုမြောက်သောဤဂါထာကို ဆို၏။

၇၆။ ပက္ခိ၊ ငှက်။ တေ၊ သင်၏။ မနော၊ စိတ်သည်။ စေ နပ္ပဒုသတိ၊ အကယ်၍ မပြစ်မှားအံ့။ ပဋိစ္စ၊ သင့်ကိုစွဲ၍။ ကမ္မံ၊ မုဆိုးပြုသော ပါဏာတိပါတကံသည်။ န ဖုသတိ၊ သင့်ကို မလိမ်းကျံ။ အပ္ပေါဿုက္ကဿ၊ လုံ့လမပြုသော။ ဘဒြဿ၊ ကောင်းသည် ဖြစ်သော သင့်အား။ ပါပံ၊ မကောင်းမှုသည်။ န ဥပလိမ္မတိ၊ မလိမ်းကျံ မကပ်ငြိ။

ဤသို့ ဘုရားလောင်းသည် ခါကိုသိစေ၏။ ခါသည်လည်း ဘုရားလောင်းကိုမှီ၍ ကုက္ကစ္စ ကင်း၏။ မုဆိုးသည် နိုးလတ်သော် ဘုရားလောင်းကို ရှိခိုး၍ ချိုင့်ကိုယူ၍ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရာဟုလာသည် ထိုအခါ ခါဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

စေတနာကံ၊ အရင်းခံ၊ ရှင်းပြန်သံသယ ကုက္ကုစ္စ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော တိတ္တိရဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၁၀။ သုစ္စဇဇာတ်

အေးတူပူမျှ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သစ္စံ ဝတ နစ္စဇိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုစ္စဇဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုသူကြွယ်သည် ရွာငယ်၌ ကြွေးမြီကို တောင်းအံ့ဟု မယားနှင့်တကွ ထိုရွာသို့သွား၍ ကြွေးမြီကို ပေးဆပ်စေ၍ ပေးဆပ်ပြီးသော ကြွေးမြီကိုယူ၍ နောက်မှ ဆောင်အံ့ဟု တဦးသော အမျိုးထံ၌ ထားခဲ့၍ တဖန် သာဝတ္ထိပြည်သို့ ပြန်လတ်သော် ခရီးအကြား၌ တခုသော တောင်ကို မြင်၏။ ထိုအခါ ထိုသူ ကြွယ်ကို မယားသည် အရှင်ဤတောင်သည် ရွှေဖြစ်ခဲ့သော် ကျွန်ုပ်အား စိုးစဉ်း ပေးပါအံ့လောဟု ဆို၏။ ရှင်မ သင်သည် အဘယ်သို့ သဘောရှိသောမိန်းမနည်း၊ တစုံတခုကို ငါမပေးဟု ဆို၏။ ထိုမယားသည် ဤယောက်ျားကား ဤတောင် ရွှေဖြစ်သော်လည်း ငါ့အား တစုံတခုကို မပေးသည့် တိုင်အောင် နှလုံးခိုင်မာ၏ဟု နှလုံး မသာယာ ရှိ၏။ ထိုနှစ်ယောက်သောသူတို့သည် ဇေတဝန် ကျောင်းတော်၏ အနီးသို့လာ၍ ရေသောက်ကုန်အံ့ဟု ကျောင်းသို့ဝင်၍ ရေသောက်ကုန်၏။

သဗ္ဗညူ မြတ်စွာဘုရားသည်လည်း မိုး သောက်ထ၌လျှင် ထိုနှစ်ယောက်သော သူတို့၏ သောတာပတ္တိဖိုလ်၏ ဥပနိဿယကိုမြင်တော်မူ၍ လာလတ္တံ့သောလမ်းကို မျှော်တော်မူလျက် ဂန္ဓကုဋိပရိဝုဏ်၌ ခြောက်သွယ်သော ရောင်ခြည်တော်တို့ကို လွှတ်လျက် နေတော်မူ၏။ ထိုနှစ်ယောက်သော သူတို့သည်လည်း ရေသောက်ပြီးသော် လာလတ်၍ ဘုရားကို ရှိခိုး၍ နေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုနှစ်ယောက်ကုန်သော သူတို့နှင့်တကွ ပဋိသန္ထာရ ပြုတော်မူ၍ အဘယ်သို့ သွားကြကုန်သနည်းဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ကြွေးမြီကို သုတ် သင်အံ့သောငှါ ရွာငယ်သို့ သွားကုန်၏ဟု လျောက်ကုန်လတ်သော် သီတင်းသည်မ သင်၏ လင်သည် သင်၏ အစီး အပွားကို အလိုရှိ၏ လော၊ သင့်အား ကျေးဇူးပြု၏လောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်သည် ဤယောက်ျား၌ ချစ်၏။ ဤယောက်ျားသည်ကား အကျွန်ုပ်၌ မချစ်၊ ယနေ့ အကျွန်ုပ်သည် တောင်ကိုမြင်၍ ဤတောင်သဘ် ရွှေဖြစ်သော် အကျွန်ုပ်အား စိုးစဉ်းပေးပါအံ့လောဟု ဆိုသည်ရှိသော် သင်သည် အဘယ်သို့ သဘောရှိသော မိန်းမနည်း၊ ငါသည် တစုံတခုကို မပေးဟု ဆို၏။ ဤယောက်ျားသည် ဤသို့ ခိုင်မာသောနှလုံးရှိ၏ဟု လျှောက်၏။ သီတင်း သည်မ ဤယောက်ျားသည် ဤသို့ ဆိုငြားသော်လည်း အကြင်အခါ သင်၏ကျေးဇူးကို အောက်မေ့၏။ ထိုအခါ အလုံးစုံသော စည်းစိမ်ကို ပေးဘူး၏ဟု မိန့်တော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ဟောတော်မူပါဟု ထိုဒါယကာ ဒါယိကာမတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ် မင်း၏ ခပ်သိမ်းသော အမှုကိစ္စကို ဆောင်ရွက်သော အမတ်ဖြစ်၏။ ထိုအခါ တနေ့သ၌ မင်းသည် မိမိအား ခစားအံ့သောငှါလာသော သားတော် အိမ်ရှေ့မင်းကို မြင်၍ ဤမင်းသားသည် ငါ၏နန်းတွင်း၌ ပြစ်မှားရာ၏ဟု အိမ်ရှေ့မင်းကိုခေါ်၍ အမောင် သင်သည် ငါအသက်ရှည်သရွေ့ မြို့၌နေခြင်းငှါ မရ၊ တပါး၌နေ၍ ငါလွန်မှ မင်း ပြုလောဟု ဆို၏။ အိမ်ရှေ့မင်းသည် ကောင်းပြီဟု အဘကိုရှိခိုး၍ မယားကြီးနှင့်တကွ ဗာရာဏ သီပြည်မှ ထွက်၍ ပစ္စန္တရစ်သို့သွား၍ တောသို့ဝင်၍ သစ်ရွက်မိုးသော ဇရပ်ကိုဆောက်၍ တော သစ်မြစ် သစ်သီးတို့ဖြင့် မျှတလျှက် နေ၏။ နောက်အဘို့၌ မင်းသည် သေလွန်၏။ အိမ်ရှေ့ မင်းသည် နက္ခတ်ကိုကြည့်၍ မင်းသေလွန်သည် ၏အဖြစ်ကိုသိ၍ ဗာရာဏသီပြည်သို့ လာလတ်သော် လမ်းအကြား၌ တခုသောတောင်ကို မြင်၏။ ထိုအခါ ထိုမင်းသားကို မယားသည် ရှင်မင်းကြီး ဤတောင်သည် ရွှေဖြစ်သော် အကျွန်ုပ်အား စိုးစဉ်းပေးပါအံ့လောဟု ဆို၏။ သင်သည် အဘယ်မည်သော မိန်းမနည်း၊ တစုံတခုကို ငါမပေးဟု ဆို၏။ ထိုမိန်းမသည် ငါကား ဤယောကျ်ား၌ ချစ်ခြင်းကို မဖြတ်နိုင်၍ တောသို့ဝင်၏။ ဤယောက်ျားသည် ဤသို့ဆို၏။ အလွန်လျှင် ခိုင်မာ သော နှလုံးရှိ၏။ ဤသူသည် မင်းဖြစ်သော်လည်း ငါ့အား အဘယ်ကောင်းသော အမှုကို ပြုလတ္တံ့နည်းဟု နှလုံးမသာရှိ၏။ ထိုမင်းသားသည် လာလတ်၍ မင်းအဖြစ်၌ တည်လတ်သော် ထိုမိန်းမကို မိဖုယားကြီးအရာ၌ ထားခြင်းဟူသော စည်း စိမ်ကိုသာလျှင် ပေး၏။ ထို ထက် အလွန်မြတ်နိုးခြင်း ပေးကမ်းခြင်းသည် မရှိ၊ ထိုမိန်းမ၏ ရှိသည်၏ အဖြစ်ကိုမျှလည်း မသိ။

ဘုရားလောင်းသည် ဤမိဖုယားကား ဤမင်းအား ကျေးဇူးပြု၏။ ဆင်းရဲခံ၍ တော၌နေ၏။ ဤမင်းကား ဤမိဖုယားကို မရေမတွက်မူ၍ တပါးသော မိန်းမတို့နှင့်တကွ မွေ့လျော်၏။ အကြင်သို့ ပြုသည်ရှိသော် ဤမိဖုယားသည် ခပ်သိမ်း သော စည်းစိမ်ကိုရ၏။ ထိုသို့ ငါပြုအံ့ဟု ကြံ၍ တနေ့သ၌ ထိုမိဖုယားသို့ကပ်၍ ရှိခိုး၍ ရှင်မိဖုယား ကျွန်ုပ်တို့သည် အရှင်တို့၏အထံမှ ထမင်းကိုမျှ မရပါကုန်၊ အဘယ့်ကြောင့် ကျွန်ုပ်တို့၌ မေ့လျော့ကုန်သနည်း၊ အလွန်ခိုင်မာသော နှလုံးရှိကုန်သနည်းဟု ဆို၏။ ဘခင် အကျွန်ုပ်သည် အကယ်၍ ရငြားအံ့၊ ဘခင်တို့အားလည်း ပေးပါအံ့၊ မရပါမူကား အဘယ်ကို ပေးရအံ့နည်း၊ မင်းသည်လည်း ကျွန်ုပ်အား ယခု အဘယ်မည်သော ဥစ္စာကို ပေးလတ္တံ့နည်း၊ ထိုမင်းသည် ခရီးအကြား၌ ဤတောင်သည် ရွှေဖြစ်သော် အကျွန်ုပ်အား စိုးစဉ်းပေးပါအံ့လောဟု မေးသည်ရှိသော် သင်သည် အဘယ်မည်သော မိန်းမနည်း၊ ငါသည် တစုံတခုကိုမျှ မပေးဟု ဆို၏။ ထိုမင်းသည် ယခု အဘယ်ကို ကျွန်ုပ်အား ပေးလတ္တံ့နည်းဟု ဆို၏။ ရှင်မိဖုယား သင်တို့သည် မင်း၏ အထံ၌ ဤစကားကို ဆိုခြင်းငှာ စွမ်းနိုင်ပါကုန်အံ့လောဟု ဘုရားလောင်း ဆို၏။ ဘခင် စွမ်းနိုင်၏ ဟု မိဖုယား ဆို၏။ ထိုသို့တပြီးကား အကျွန်ုပ်သည် မင်းအထံ၌နေ၍ မေးအံ့၊ သင်တို့သည် ဆိုကုန်လော့ဟု ဘုရားလောင်း ဆို၏။ မိဖုယားသည် ဘခင် ကောင်းပြီဟု ဆို၏။

ဘုရားလောင်းသည် မင်းအား ခစားအံ့သောငှါ လာ၍ မိဖုယားနေသော ကာလ၌ အရှင်မိဖုယား ကျွန်ုပ်တို့သည် ရှင်မိဖုယားတို့၏ အထံမှ တစုံတခုကို မရပါကုန်ဟု ဆို၏။ ဘခင် ကျွန်ုပ်သည် တစုံတခုကို မရပါဘဲလျက် ဘခင်အား အဘယ်ကို ပေးရပါအံ့နည်း၊ အကြင်မင်းသည် တောမှလာသော ကာလ၌ တခုသော တောင်ကို မြင်၍ ဤတောင်သည် ရွှေဖြစ်သော် ကျွန်ုပ်အား စိုးစဉ်းပေးအံ့လောဟု မေး သည်ရှိသော် သင်သည် အဘယ်မည်သော မိန်းမနည်း၊ ငါသည် တစုံတခုံကိုမျှ မပေးဟု ဆို၍ ပေးလွယ်သော အရာကိုလည်း မပေး၊ ထိုမင်းသည် ယခုအခါ ကျွန်ုပ်အား အဘယ်မည်သော ဥစ္စာကို ပေးလတ္တံ့ နည်း ဟူသော အနက်ကို ပြလို၍-

၇၇။ သုစ္စဇံ ဝတ နစ္စဇိ၊ ဝါစာယ အဒဒံ ဂိရိံ။
ကိံ ဟိ တဿ စဇန္တဿ၊ ဝါစာယ အဒဒ ပဗ္ဗတံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၇၇။ တာတ၊ ဘခင်။ ဂိရိံ၊ တောင်ကို။ ဝါစာယ၊ စကားဖြင့်။ အဒဒံ၊ မပေးသော မင်းသည်။ ဝတ၊ စင်စစ်။ သုစ္စဇံ၊ ပေးစွန့်လွယ်သည့် အရာကို။ နစ္စဇိ၊ မပေး မစွန့်။ မယာ၊ ငါသည်။ ယာစိတဿ၊ တောင်းအပ်သော။ တဿ၊ ထိုအစီးအပွား မဖြစ်သော တောင်ကို။ အစဇန္တဿ၊ မပေးစွန့်ဘဲလျက်။ ကိံ ဟိ စဇေယျ၊ အဘယ်ကိုလျှင် ပေးစွန့်ပါအံ့နည်း။ ပဗ္ဗတံ၊ တောင်ကို။ ဝါစာယ၊ စကားမျှဖြင့်ပင်။ အဒဒံ၊ မပေး။

ထိုစကားကိုကြား၍ မင်းသည်-

၇၈။ ယဉှိ ကယိရာ တဉှိ ဝဒေ၊ ယံ န ကယိရာ န တံ ဝဒေ။
အကရောန္တံ ဘာသမာနံ၊ ပရိဇာနန္တိ ပဏ္ဍိတာ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၇၈။ ပဏ္ဍိသော၊ ပညာရှိသည်။ ယဉှိ၊ ကြင်အမှုကိုလျှင်။ ကယိရာ၊ ပြုရာ၏။ တဉှိ၊ ထိုအမှုကိုလျှင်။ ဝဒေ၊ ဆိုရာ၏။ ယံ၊ အကြင်အမှုကို။ န ကယိရာ၊ မပြုရာ။ တံ၊ ထိုအမှုကို။ န ဝဒေ၊ မဆိုရာ။ ဘာသမာနံ၊ ဆိုလျှက်။ အကရောန္တံ၊ မပြုသောသူကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ပရိဇာနန္တိ၊ သိကုန်၏။

ထိုစကားကို ကြား၍ မိဖုယားသည် မင်းအား လက်အုပ်ချီ၍-

၇၉။ ရာဇပုတ္တ နမော တျတ္ထု၊ သစ္စေ ဓမ္မေ ဌိတော စသိ။
ယဿ တေ ဗျသနံ ပတ္တော၊ သစ္စသ္မိံ ရမတေ မနော။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၇၉။ ရာဇပုတ္တ၊ မင်းသား။ တေ၊ သင်အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ တွံ၊ သင်သည်။ သစ္စေ စ၊ သစ္စာ၌၎င်း။ ဓမ္မေ စ၊ တရား၌၎င်း။ ဌိတော၊ တည်သည်။ အသိ၊ ဖြစ်၏။ ဗျသနံ၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းဟုဆိုအပ်သော ပျက်စီးခြင်းသို့။ ပတ္တော၊ ရောက်လျှက်။ ယဿ တေ၊ အကြင်သင်၏။ မနော၊ စိတ်သည်။ သစ္စသ္မိံ၊ သစ္စာ၌။ ရမတေ၊ မွေ့လျော်၏။

ဤသို့ မင်း၏ ကျေးဇူးကိုဆိုသော မိဖုယား ၏စကားကို ဘုရားလောင်းကြား၍ မိဖုယား၏ ကျေးဇူးကို ဆိုလိုရကား-

၈၀။ ယာ ဒလိဒ္ဒီ ဒလိဒ္ဒဿ၊ အဍ္ဎာ အဍ္ဎဿ ကိတ္တိမ။
သာ ဟိဿ ပရမာ ဘရိယာ၊
သဟိရညဿ ဣတ္ထိယော။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၈၀။ ကိတ္တိမ၊ ကျော်စောခြင်းရှိသော မင်းမြတ်။ ယာ ဘရိယာ၊ အကြင်မယားသည်။ ဒလိဒ္ဒဿ၊ လင်ဆင်းရဲသော ကာလ၌။ ဒလိဒ္ဒီ၊ မိမိလည်း ဆင်းရဲ၏။ အဍ္ဎဿ၊ လင်ကြွယ်ဝသော ကာလ၌။ အဍ္ဎာ၊ မိမိလည်း ကြွယ်ဝ၏။ သာ ဟိ ဘရိယာ၊ ထိုမယားသည်သာလျှင်။ အဿ၊ ထိုယောက်ျား၏။ ပရမာ ဘရိယာ၊ မယားမြတ်တည်း။ သဟိရညဿ၊ ရွှေ ငွေ ဥစ္စာရှိသော သူအား။ ဣတ္ထိယော၊ မိန်းမတို့သည်။ ဟောန္တိယေဝ၊ ဖြစ်ကုန်သလျှင်ကတည်း။ အနစ္ဆရိယာ၊ အံ့ဘွယ် မရှိကုန်။

ဘုရားလောင်းသည် ဤသို့ဆို၍ မြတ်သောမင်းကြီး မိဖုယားသည် ရှင်မင်းကြီး ဆင်းရဲသောကာလ၌ တော၌ နေလျက် အတူ ဆင်းရဲခံ၏။ ဤမိဖုယားအား ချီးမြှောက်ခြင်းကို ပြုသင့်၏ဟု မိဖုယား၏ ကျေးဇူးကိုဆို၏။ မင်းသည် ဘုရားလောင်း၏ စကားဖြင့် မိဖုယား၏ ကျေးဇူးကို အောက်မေ့၍ ပညာရှိ သင့်စကားဖြင့် ငါသည် မိဖုယား ကျေးဇူးကို အောက်မေ့မိပြီဟု ဆို၍ မိဖုယားအား ခပ်သိမ်း သော စည်းစိမ်ကို ပေး၏။ သင်ပညာရှိသည် မိဖုယားကျေးဇူးကို ငါ့ကို အောက်မေ့စေ၏ဟု ဘုရားလောင်းအားလည်း များစွာသော စည်းစိမ်ကို ပေး၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ နှစ်ယောက်ကုန်သော လင်မယားတို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ ဤသူကြွယ်သည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီး၊ ယခုအခါ ဤသီတင်း သည်မသည် ထိုအခါ မိဖုယားဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသောအမတ် ဖြစ်ဘူးပြီဟု ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ဆင်းရဲချမ်းသာ၊ တူမကွာ၊ ကြင်နာ မယားမြတ်

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သုစ္စဇဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၁။ ကုဋိဒူသကဇာတ်

သိုက်ဖျက် မျောက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် မနုဿဿေဝ တေ သီသံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုဋိဒူသကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်မဟာကဿပမထေရ်၏ကုဋိကို မီးတိုက်သော ရဟန်းငယ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ (ဝတ္ထုသည်ကား ရာဇဂြိုဟ်ပြည်၌ဖြစ်၏) ထိုအခါ အရှင်မဟာကဿပမထေရ်သည် ရာဇဂြိုဟ်ပြည်ကို အမှီပြု၍ တောကုဋီ၌ နေသတတ်၊ အရှင်မဟာကဿပ မထေရ်အား နှစ်ယောက်ကုန်သော ရဟန်းငယ်တို့သည် လုပ်ကျွေးကုန်၏။ ထိုရဟန်းငယ်တို့တွင် တယောက်သော ရဟန်းငယ်သည် အရှင်မဟာကဿပ မထေရ်အား ကျေးဇူးပြု၏။ တယောက်သော ရဟန်းငယ်သည် ဆိုနိုင်ခက်၏။ ကျေးဇူးပြုသော ရဟန်းငယ်သည် ပြုတိုင်း ပြုတိုင်းသောအမှုကို မိမိပြုသည်နှင့်အတူ ပြု၏။ ထိုကျေးဇူးကိုပြုသော ရဟန်းငယ်သည် မျက်နှာသစ်ရေ အစရှိသည်တို့ကို တည်အပ်ကုန်သည်ရှိသော် မထေရ်အထံသို့သွား၍ ရှိခိုး၍ အရှင်ဘုရား ရေကို တည်ထားအပ်ပြီ၊ မျက်နှာ သစ်တော်မူပါလော့၊ ဤသို့ အစရှိသည်တို့ကို ဆို၏။ ကျေးဇူးပြုသော ရဟန်းငယ်သည် စောစောကလျှင်ထ၍ မထေရ်၏ပရိဝုဏ်၌ တံမြက်လှည်းသည်ရှိသော် မထေရ်ထွက်သောကာလ၌ ထိုမှဤမှ လှည်းခတ်လျက် အလုံးစုံသော ပရိဝုဏ်ကို မိမိတံမြက်လှည်းသကဲ့သို့ ပြု၏။ ဝတ်နှင့်ပြည့်စုံသော ရဟန်းငယ်သည် ဤဆိုနိုင်ခက်သော ရဟန်းကား ငါပြုတိုင်းပြုတိုင်း မိမိပြု သည်နှင့် တူအောင်ပြု၏။ ထိုရဟန်း၏ ဒုဗ္ဗစအမှုကို ထင်ရှားအောင် ပြုအံ့ဟုကြ၏။

ကြံပြီး၍ ထိုသို့ ဆိုနိုင်ခက်သော ရဟန်းငယ်သည် ရွာတွင်းမှ ဆွမ်းစားပြီးသော် လာ၍ အိပ်စဉ်လျှင် ချိုးရေကို နွှေး၍ ရေချိုးအုံမှအပ၌ထား၍ တမှုတ်မျှသော ရေနွေးကို ခုံလောက်၌ တင်သောအိုး၌ထား၏။ ဆိုနိုင်ခက်သော ရဟန်းငယ်သည် နိုးလတ်သော် သွား၍ အငွေ့ထသည်ကိုမြင်၍ ရေကိုနွှေး၍ ရေချိုးအုံ၌ ထားသည်ဖြစ်လတ္တံ့ဟု မထေရ်အထံသို့သွား၍ အရှင်ဘုရား ရေချိုအုံ၌ ချိုးရေတည်ထားပြီ၊ ရေချိုးတော်မူပါလော့ဟု လျှောက်ထား၏။ မထေရ်သည် ရေချိုးအံ့ဟု ထိုရဟန်းငယ်နှင့်တကွလျှင် လာလတ်၍ ရေချိုးအုံ၌ ရေကိုမမြင်၍ ရေအဘယ်မှာနည်းဟု မေး၏။ ထိုရဟန်းငယ်သည် လျင်မြန်စွာ မီးတင်းကုပ်သို့သွား၍ အချည်းနှီးသောအိုး၌ ရေမှုတ်ကို ချ၏။ ရေမှုတ်သည် အချည်းနှီးသော အိုး၏အပြင်၌ ကျ၍ ခေါက်ခေါက်မြည်၏။ ထိုအခါမှစ၍ ထိုရဟန်းငယ်အား ဥဠုင်္ကသဒ္ဒကဟူသော အမည်သည် ဖြစ်၏။

ထိုခဏ၌ ဝတ်နှင့်ပြည့်စုံသော ရဟန်းငယ်သည် ရေချိုးအုံ၏ အပြင်မှ ရေကိုဆောင်၍ အရှင်ဘုရား ရေချိုးတော်မူပါဟု လျှောက်၏။ မထေရ်သည် ရေချိုး၍ ဆင်ခြင်သည်ရှိသော် ဥဠုင်္ကသဒ္ဒက ရဟန်းငယ်သည် ဆိုနိုင်ခက်သော အဖြစ်ကိုသိ၍ ဥဠုင်္ကသဒ္ဒကကို ညချမ်းသောအခါ မထေရ်အား ဆည်းကပ်အံ့သောငှာ လာလတ်သော် ငါ့သျှင် ရဟန်းမည်သည်ကား မိမိပြုသော အမှုကိုသာလျှင် ပြုသောအမှုဟု ဆိုခြင်းငှါ သင့်၏။ မိမိမပြုသော အမှုကို ငါပြုသော အမှုဟုဆိုသည်ရှိသော် မုသာဝါဒဖြစ်၏။ ယနေ့မှစ၍ ဤသို့ သဘောရှိသောအမှုကို မပြုလင့်ဟု ဆုံးမ၏။ ဥဠုင်္ကသဒ္ဒကသည် မထေရ်အား အမျက်ထွက်၍ နက်ဖြန်နေ့၌ မထေရ်နှင့်တကွ ဆွမ်းခံမဝင်၊ မထေရ်သည် ဝတ်နှင့်ပြည့်စုံသော တပည့်နှင့် အတူတကွ ဆွမ်းခံဝင်၏။ ဥဠုင်္ကသဒ္ဒကသည်လည်း မထေရ်၏ အလုပ်အကျွေးအိမ်သို့ သွား၍ အရှင်ဘုရား မထေရ်ကား အဘယ်မှာနည်းဟု မေးသည်ရှိသော် မချမ်းသာ၍ ကျောင်း၌လျှင် နေ၏ဟု ဆို၍ အရှင်ဘုရား အဘယ်အာဟာရကို ရခြင်းငှါ သင့်သနည်းဟု မေး သည်ရှိသော် ဤမည် ဤမည်သော အာဟာရကို ပေးကြကုန်လော့ဟု ယူ၍ မိမိနှစ်သက်သောအရပ်သို့ သွား၍ စားပြီးသော် ကျောင်းသို့သွား၏။

နက်ဖြန် မထေရ်သည် ထိုအိမ်သို့ သွား၍ နေ၏။ လူတို့သည် အရှင်ဘုရား အရှင်ဘုရားအား အဘယ်ရောဂါ ဖြစ်ပါသနည်း၊ ယမန်နေ့က ကျောင်း၌လျှင် နေသတတ်၊ ဤမည်သော ရဟန်းငယ်၏လက်၌ အကျွန်ုပ်တို့သည် အာဟာရကို ပေးလိုက်ကုန်၏။ အရှင်ဘုရားသည် သုံးဆောင်တော်မူရ၏လောဟု လျှောက်ကုန်သည်ရှိသော် မထေရ်သည် ဆိတ်ဆိတ်နေ၍လျှင် ဆွမ်းဘုဉ်းပေးခြင်းကို ပြု၍ ကျောင်းသို့လာ၏။ ညချမ်းအခါ မထေရ်အား ခစားအံ့သောငှါ လာသော ဥဠုင်္ကသဒ္ဒကကို ခေါ်၍ ငါ့သျှင် ဤမည်သောရွာ ဤမည်သောအိမ်၌ မထေရ်ဘို့ ဤမည် ဤမည်သော အာဟာရကို ရခြင်းငှါ သင့်၏ဟု တောင်း၍ သင်သည် ဆွမ်းကို စားသတတ်ဟု ဆို၍ ဝိညတ်မည်သည်ကား မအပ်၊ တဖန် ဤသို့သဘောရှိသော မကျင့်အပ်သော အကျင့်ကို မပြုလင့်ဟု ဆို၏။ ထိုဥဠုင်္ကသဒ္ဒကသည် ဤမျှဖြင့် မထေရ်၌ ရန်ငြိုးဖွဲ့၍ ဤမထေရ်သည် ယမန်နေ့ကလည်း ရေပူကိုမှီ၍ ငါနှင့်တကွ ခိုက်ရန်ကို ပြု၏။ ယနေ့လည်း ဒါယကာတို့၏အိမ်၌ ငါသည် စားအပ်သော တဆုပ်သောထမင်းကို သည်းမခံနိုင်၍ ခိုက်ရန်ကိုပြု၏။ ပြုအပ်သည်နှင့်ယှဉ်သော အမှုကိုသိအံ့ဟု နက်ဖြန်မထေရ်သည် ဆွမ်းခံဝင်သည်ရှိသော် ဆောက်ပုတ်ကိုကိုင်၍ အသုံး အဆောင်တို့ကိုခွဲ၍ သစ်ရွက်မိုးသော ကုဋိကို မီး တိုက်၍ ပြေး၏။ ထိုဥဠုင်္ကသဒ္ဒကသည် အသက်ရှင်စဉ်လျှင် လူပြိတ္တာဖြစ်၍ ခြောက်တပ်၍ သေလတ်သော် အဝီစိငရဲ၌ ဖြစ်၏။ ထိုဥဠုင်္ကသဒ္ဒကသည် ပြုအပ်သော မကောင်းသော အကျင့်သည် လူများအလယ်၌ ထင်ရှားဖြစ်၏။

ထိုအခါ အချို့ကုန်သော ရဟန်းတို့သည် ရာဇဂြိုဟ်ပြည်မှ သာဝတ္ထိပြည်သို့ သွား၍ အဆွေခင်ပွန်းရှိရာအရပ်၌ သပိတ်သင်္ကန်းတို့ကို သိုမှီး၍ ဘုရားအထံတော်သို့ သွား၍ ရှိခိုးလျက် နေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းတို့နှင့်တကွ ပဋိသန္ထာရပြုတော်မူ၍ အဘယ်မှ လာကြကုန်သနည်းဟု မေးတော်မူ၍ ဘုန်းတော်ကြီးသောအရှင်ဘုရား ရာဇဂြိုဟ်ပြည်မှ လာကုန်၏ဟု လျောက်သည်ရှိသော် ရာဇဂြိုဟ်ပြည်၌ အဆုံးအမပေးသော ဆရာသည် အဘယ် သူနည်းဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မဟာကဿပ မထေရ်တည်းဟု လျှောက်သည်ရှိသော် ရဟန်းတို့ ကဿပအား ချမ်းသာပါ၏လောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသောအရှ င်ဘုရား မထေရ်အား ချမ်းသာပါ၏။ အတူနေ တပည့်သည်ကား အဆုံးအမ ပေးသည်ရှိသော် အမျက်ထွက်၍ မထေရ်၏ ကုဋိကို မီးတိုက်၍ ပြေး၏ဟု လျှောက်ထားသည်ရှိသော် ထိုစကားကို ကြားတော်မူ၍ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ကဿပအား ဤသို့ သဘောရှိသော သူမိုက်နှင့် အတူတကွ ကျင့်ရသောထက် တယောက်တည်း ကျင့်ရခြင်းသည်သာလျှင် မြတ်၏ဟု မိန့်တော်မူ၍-

စရဉ္စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။
ဧကစရိယံ ဒဠှံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတာ။

ဘိက္ခဝေ၊ ရဟန်းတို့။ စရံ၊ ကျင့်သောသူသည်။ အတ္တနော၊ မိမိထက်။ သေယျံ၊ မြတ်သောသူကို၎င်း။ သဒိသံ၊ တူသောသူကို၎င်း။ စေ နာဓိဂစ္ဆေယျ၊ အကယ်၍ မရငြားအံ့။ ဧကစရိယံ၊ တယောက်တည်း ကျင့်ခြင်းကို။ ဒဠှံ၊ မြဲစွာ။ ကယိရာ၊ ပြုရာ၏။ ဗာလေ၊ သူမိုက်၌။ သဟာယတာ၊ အဆွေခင်ပွန်း၏ အဖြစ်သည်။ နတ္ထိ၊ မရှိ။

ဤသို့ ဓမ္မပဒ၌လာသော ဂါထာကို ဟောတော်မူ၏။ ဤသိုမိန့်တော်မူ၍ တဖန်ထိုရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့ ထိုရဟန်းသည် ယခုအခါ၌သာလျှင် ကုဋိကို ဖျက်သည် မဟုတ်သေး၊ ရှေး၌လည်း ကုဋိကို ဖျက်ဘူးသလျှင်ကတည်း၊ ယခုအခါ၌သာလျှင် အဆုံးအမပေးတတ်သော သူအား အမျက်ထွက်သည် မဟုတ်သေး၊ ရှေး၌လည်း အမျက်ထွက်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိင်္ဂိလငှက်မျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် နှစ်သက်ဘွယ်ရှိသော မိုဃ်းမယိုသော အသိုက်ကိုပြု၍ ဟိမဝန္တာ၌နေ၏။ ထိုအခါ တခုသောမျောက်သည် မိုဃ်းကာလ၌ အယဉ်မပြက် မိုဃ်းရွာလတ်သော် အချမ်း နှိပ်စက်၍ သွားချင်းချင်းကိုက်လျက် ဘုရားလောင်း၏ အနီး၌ နေ၏။ ဘုရားလောင်းသည် ပင်ပန်းသော ထိုမျောက်ကို မြင်၍ ထိုမျောက်နှင့်တကွ စကားပြောဆိုလိုရကား-

၈၁။ မနုဿဿေဝ တေ သီသံ၊ ဟတ္ထပါဒါ စ ဝါနရ။
အထ ကေန နုဝဏ္ဏေန၊ အဂါရံ တေ န ဝိဇ္ဇတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၈၁။ ဝါနရ၊ မျောက်။ တေ၊ သင်၏။ သီသံ၊ ဦးခေါင်းသည်။ မနုဿဿ၊ လူ၏။ သီသံ ဣဝ၊ ဦးခေါင်းကဲ့သို့။ ဟောတိ၊ ဖြစ်၏။ ဟတ္ထပါဒါ စ၊ လက်ခြေတို့သည်လည်း။ မနုဿဿ၊ လူ၏။ ဟတ္ထပါဒါ ဣဝ၊ လက်ခြေတို့ကဲ့သို့။ ဟောန္တိ၊ ဖြစ်ကုန်၏။ အထ၊ ထိုသို့ ဖြစ်လျက်။ ကေန နုဝဏ္ဏေန၊ အဘယ်မည်သော အကြောင်းကြောင့်။ တေ၊ သင့်အား။ အဂါရံ၊ အိမ်သည်။ န ဝိဇ္ဇတိ၊ မရှိသနည်း။

ထိုစကားကိုကြား၍ မျောက်သည်-

၈၂။ မနုဿဿေဝ မေ သီသံ၊ ဟတ္ထပါဒါ စ သိင်္ဂိလ။
ယာဟုသေဋ္ဌာ မနုဿေသု၊ သာ မေ ပညာ န ဝိဇ္ဇတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၈၂။ သိင်္ဂိလ၊ သိင်္ဂိလ။ မေ၊ ငါ၏။ သီသံ၊ ဦးခေါင်းသည်။ မနုဿဿ၊ လူ၏။ သီသံ ဣဝ၊ ဦးခေါင်းကဲ့သို့။ ဟောတိ၊ ဖြစ်၏။ ဟတ္ထပါဒါ စ၊ လက်ခြေတို့သည်လည်း။ မနုဿဿ၊ လူ၏။ ဟတ္ထပါဒါ ဝ၊ လက် ခြေတို့ကဲ့သို့။ ဟောန္တိ၊ ဖြစ်ကုန်၏။ မနုဿေသု၊ လူတို့၌။ ယာ ပညာ၊ အကြင်ပညာသည်။ သေဋ္ဌာ၊ မြတ်၏။ ဣတိ၊ ဤသို့။ အာဟု၊ ဆိုကုန်၏။ သာ ပညာ၊ ထိုပညာသည်။ မေ၊ ငါအား။ န ဝိဇ္ဇတိ၊ မရှိ။

ထိုစကားကိုကြား၍ ဘုရားလောင်းသည်-

၈၃။ အနဝဋ္ဌိတစိတ္တသ၊ လဟုစိတ္တဿ ဒုဗ္ဘိနော။
နိစ္စံ အဒ္ဓုဝသီလဿ၊ သုခဘာဝေါ န ဝိဇ္ဇတိ။
၈၄။ သော ကရဿု အာနုဘာဝံ၊ ဝီတိဝတ္တဿု သီလိယံ။
သီတ ဝါတ ပရိတ္တာဏံ၊ ကရဿု ကုဋဝံ ကပိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၈၃။ အနဝိတစိတ္တသ၊ မတည်ကြည်သော စိတ်ရှိသော။ လဟုစိတ္တဿ၊ ပေါ့သော စိတ်ရှိသော။ ဒုဗ္ဘိနော၊ အဆွေ ခင်ပွန်း ပြစ်မှားတတ်သော။ နိစ္စံ၊ အမြဲ။ အဒ္ဓုဝဘီလဿ၊ မမြဲသော သီလရှိသောသူအား။ သုခဘာဝေါ၊ ချမ်းသာသော အဖြစ်သည်။ န ဝိဇ္ဇတိ၊ မရှိ။

၈၄။ ကပိ၊ မျောက်။ သော တွံ၊ ထိုသင်သည်။ အာနုဘာဝံ၊ အစွမ်းကို။ ကရဿု၊ ပြုလော့။ သိလိယံ၊ ဒုဿီလအဖြစ်ဟု ဆိုအပ်သော အလေ့ကို။ ဝီတိဝတ္တဿု၊ ကျော်လွန်ပါလော့။ သီတဝါတပရိတ္တာဏံ၊ အချမ်းလေကို ကွယ်ကာတတ်သော။ ကုဋဝံ၊ အိမ်ကို။ ကရဿု၊ ပြုပါလော့။

မျောက်သည် ဤငှက်ကား မိမိမိုဃိးမစွတ်ရာ၌ နေ သည်၏အဖြစ်ဖြင့် ငါ့ကို ဆဲရေး၏။ ထိုငှက်ကို ဤအသိုက်၌ မနေစေအံ့ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းကို ဖမ်းလိုရကား ပြေးလာ၏။ ဘုရားလောင်းသည် ပျံ၍ တပါးသို့ သွား၏။ မျောက်လည်း အသိုက်ကိုဖျက်၍ မှုန့်မှုန့်ကြေစေ၍ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ကုဋိကိုမီးတိုက်သော ရဟန်းငယ်သည် ထိုအခါ မျောက်ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိင်္ဂီလငှက် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆိုဆုံးမငြား၊ အမျက်ထား၊ ပျက်ပြားဆုံးရှာ ဒုဗ္ဗစာ

လူမိုက်ဆိုလျှင်။ ဆုံးမသင်၊ ကိုယ်ပင်ပျက်စီးမည်

ရှေးဦးစွာသော ကုဋိဒူသကဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၂။ ဒုဒ္ဒုဘဇာတ်

မြေပြိုပြီ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဒုဒ္ဒုဘာယတိ ဘဒ္ဒန္တေအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒုဒ္ဒဘဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာသနာတော်မှ အပဖြစ်သော တိတ္ထိတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ တိတ္ထိတို့သည် ဇေတဝန်ကျောင်းတော်၏အနီး ထိုထိုသို့သော အရပ်၌ ခင်းအပ်ကုန်သော ဆူးအခင်းတို့၌ အိပ်ကုန်သတတ်၊ ပဉ္စာတပ အကျင့်ကို ကျင့်ကုန်သတတ်၊ အထူးထူး အပြားပြားသော မိစ္ဆာအကျင့်ကို ကျင့်ကုန်သတတ်၊ ထိုအခါများစွာကုန်သော ရဟန်းတို့သည် သာဝတ္ထိပြည်၌ ဆွမ်းခံ၍ ဇေတဝန်ကျောင်းတော်သို့ လာကုန်လတ်သော် ခရီးအကြား၌ မိစ္ဆာအကျင့်ကို ကျင့်ကုန်သော တိတ္ထိတို့ကိုမြင်၍ သွား၍ မြတ်စွာဘုရားသို့ ဆည်းကပ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား သာသနာတော်မှ အပဖြစ်ကုန်သော တိတ္ထိတို့သည် ကျင့်အပ်သော အကျင့်၌ အနှစ်သာရရှိသလောဟု မေးလျှောက်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ထိုတိတ္ထိတို့သည် ကျင့်အပ်သော အကျင့်၌ အနှစ်သာရသည်၎င်း အကျိုးထူးသည်၎င်း မရှိ၊ ထိုတိတ္ထိတို့၏ အကျင့်သည် ဆင်ခြင်လတ်သည်ရှိသော် မစင်တို့ဖြင့် လိမ်းကပ်သော လမ်းခရီးနှင့် တူ၏။ ယုန်ငယ်၏ ဒုဒ္ဒုဘ အသံနှင့် တူ၏ဟု မိန့်တော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ယုန်ငယ်၏ ဒုဒ္ဒုဘအသံနှင့် တူသည်၏အဖြစ်ကို အကျွန်ုပ်တို့သည် မသိပါကုန်၊ ဟောတော်မူပါကုန်လော့ဟု ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ခြင်္သေ့မျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တော၌ နေ၏။ ထိုအခါ အနောက်သမုဒ္ဒရာနား၌ ဥသျှစ်ပင်နှင့် ရောသော ထန်းတောသည် ရှိ၏။ ထိုထန်းတော၌ တခုသော ယုန်ငယ်သည် ဥသျှစ်ပင်၏အနီး တခုသော ထန်းပင်ငယ်၏ ထန်းရွက်အောက်၌ နေ၏။ ထိုယုန်ငယ်သည် တနေ့ပတ်လုံး အစာကိုယူ၍ လာလတ်၍ ထန်းရွက်အောက်၌ ဝပ်လျက် ဤမြေသည် ပြိုငြားအံ့၊ အဘယ် သို့လျှင် သွားရပါအံ့နည်းဟု ကြံ၏။ ထိုအခါ တခုသော ဥသျှစ်သီးမှည့်သည် ထန်းရွက်၏ အထက်၌ကျ၏။ ထိုယုန်ငယ်သည် ထိုဥသျှစ်သီး၏အသံဖြင့် မချွတ်လျှင် ဤမြေကြီးသည် ပြို၏ဟု ခုန်၍ နောက်သို့ မကြည့်မူ၍ သာလျှင် ပြေး၏။ သေဘေးမှ ကြောက်၍ လျင်မြန်စွာပြေးသော ထိုယုန်ငယ်ကို တပါးသောယုန်ငယ်သည် မြင်၍ အရှင်အဘယ့်ကြောင့် အလွန်လျှင် ကြောက်၍ပြေးသနည်းဟု မေး၏။ အရှင်မမေးလင့်ဟု ဆို၏။ ထိုယုန်ငယ်သည် အရှင်အဘယ်နည်း၊ အရှင်အဘယ်နည်းဟု မေးလတ်သော် ပြေးသောယုန်ငယ်သည် ပြန်၍ မကြည့်ဘဲလျက်လျှင် ဤအရပ်၌ မြေပြို၏ဟု ဆို၏။ ထိုမေးသော ယုန်ငယ်သည်လည်း ထိုယုန်ငယ်၏နောက်မှ ပြေး၏။ ဤအတူ ထိုယုန်ကို တပါးသော ယုန်သည်မြင်၏။ ထိုယုန်ကိုလည်း တပါးသောယုန်သည် မြင်၏။ ဤသို့သော နည်းအားဖြင့် ယုန်ငယ်တထောင်သည် တပေါင်းတည်းဖြစ်၍ ပြေး၏။ ထိုယုန်တို့ကို တခုသော သမင်သည်မြင်၍ တပေါင်းတည်းဖြစ်၍ ပြေး၏။ တခုသော ဝက်သည် မြင်၍၊ တခုသော စိုင်သည် မြင်၍၊ တခုသောကျွဲသည် မြင်၍၊ တခုသော နွားနောက်သည် မြင်၍၊ တခုသော ကြံ့သည်မြင်၍၊ တခုသော ကျားသည်မြင်၍၊ တခုသော ခြင်္သေ့သည် မြင်၍၊ တခုသော ဆင်သည် မြင်၍၊ အဘယ်နည်းဟုမေး၍ ဤအရပ်၌ မြေပြို၏ ဟု ဆိုလတ်သော် ပြေး၏။ ဤသို့ အစဉ်သဖြင့် ယူဇနာ အတိုင်းအရှည်ရှိသော တိရစ္ဆာန်အပေါင်းတို့သည် ဖြစ်၏။

ထိုအခါ ဘုရားလောင်းသည် ပြေးသောတိရစ္ဆာန်အပေါင်းကို မြင်၍ ဘယ်အမှုတုံနည်းဟု မေး၍ ဤအရပ်၌ မြေပြိုသည်ဟု ကြား၍ မြေပြိုခြင်း မည်သည်ကား တရံတဆစ်မျှ မဖြစ်စဘူး၊ စင်စစ်သဖြင့် ထိုသတ္တဝါတို့သည် တစုံတခုသောအသံကို မကောင်းသဖြင့် ကြားသည် ဖြစ်လတ္တံ့၊ ငါသည် လုံ့လမပြုသော် ခပ်သိမ်းသော သတ္တဝါတို့သည် ပျက်စီးကုန်လတ္တံ့၊ ထိုသတ္တဝါတို့အား အသက်ကိုပေးအံ့ဟု ကြံ၏။ ကြံပြီး၍ ခြင်္သေ့၏ အဟုန်ဖြင့် ရှေ့မှ တောင်ခြေရင်းသို့ သွား၍ သုံးကြိမ် ခြင်္သေ့သံကို ဟောက်၏။ ထိုသတ္တဝါတို့သည် ခြင်္သေ့ဘေးမှ ကြောက်ကုန်ရကား ပြန်၍ပေါင်း၍ တည်ကုန်၏။ ခြင်္သေ့သည် သတ္တဝါတို့၏ အတွင်းသို့ဝင်၍ အဘယ်အကျိုးငှါ ပြေးကြကုန်သနည်းဟု မေး၏။ မြေပြိုသတည်းဟု ဆိုကြကုန်သော် အဘယ်သူသည် မြေပြိုသည်ကို မြင်သနည်းဟု မေး၍ ဆင်တို့သည် သိကုန်၏ဟု ဆို သည်ရှိသော် ဆင်တို့ကိုမေး၏။ ဆင်တို့သည် ငါတို့ မသိကုန်၊ ခြင်္သေ့တို့သည် သိကုန်၏ဟု ဆိုကုန်၏။ ခြင်္သေ့တို့သည်လည်း ငါတို့သည် မသိကုန်၊ ကျားတို့သည် သိကုန်၏ ဟု ဆိုကုန်၏။ ကျားတို့သည်လည်း ကြံ့တို့သည် သိကုန်၏ဟု ဆိုကုန်၏။ ကြံတို့သည်လည်း နွားနောက်တို့သည် သိကုန်၏ဟု ဆိုကုန်၏။ နွားနောက်တို့သည်လည်း ကျွဲတို့သည် သိကုန်၏ဟု ဆိုကုန်၏။ ကျွဲတို့သည်လည်း စိုင်တို့သည် သိကုန်၏ဟု ဆိုကုန်၏။ စိုင်တို့သည်လည်း ဝက်တို့သည် သိကုန်၏ဟု ဆိုကုန်၏။ ဝက်တို့သည်လည်း သမင်တို့သည် သိကုန်၏ဟုဆိုကုန်၏။ သမင်တို့သည်လည်း ငါတို့သည် မသိကုန်၊ ယုန်ငယ်တို့သည် သိကုန်၏ ဟု ဆိုကုန်၏။

ယုန်ငယ်တို့ကို မေးအပ်ကုန်သည်ရှိသော် ဤယုန်ငယ်သည် ပြောဆို၏ဟု ထိုယုန်ငယ်ကို ပြကြကုန်၏။ ထိုအခါထိုယုန်ကို အချင်း မြေပြိုသတတ် ဟူသည် မှန်သလောဟု မေး၏။ အရှင်မှန်၏။ အကျွန်ုပ် မြင်အပ်၏ဟု ဆို၏။ အဘယ်အရပ်၌ နေလျက် မြင်သနည်းဟု မေး၏။ အရှင်အနောက်သမုဒ္ဒရာအနီး ဥသျှစ်ပင်နှင့်ရောသော ထန်းတော၌ နေလျက် မြင်၏။ အကျွန်ုပ်သည် ထိုတော၌ ဥသျှစ်ပင်ရင်း ထန်းပင်ငယ်၏ အောက်၌ အိပ်လျက် မြေပြိုသော် ငါအဘယ်သို့ ပြေးရပါအံ့နည်းဟု ကြံ၏။ ထိုခဏလျှင် မြေပြိုသံကြား၍ ပြေး၏ဟု ဆို၏။ ခြင်္သေ့သည် စင်စစ်သဖြင့် ထန်းရွက်၏အထက်၌ ဥသျှစ်သီးမှည့် ကျ၍ ဒုဒ်ဒုဒ်ဟူသော အသံကိုပြု၏။ ထိုယုန်ငယ်သည် ထိုအသံကိုကြား၍ မြေပြိုသည်ဟူသော အမှတ်ကိုဖြစ်စေ၍ ပြေးသည် ဖြစ်လတ္တံ့၊ အဟုတ်အမှန်အားဖြင့် ထိုအကြောင်းကို သိအောင်ပြုအံ့ဟု ကြံ၏။ ကြံပြီး၍ ခြင်္သေ့သည် ထိုယုန်ငယ်ကိုယူ၍ သားအပေါင်းကို နှစ်သိမ့်စေ၍ ဤယုန်ငယ် မြင်ရာအရပ်၌ မြေပြိုသည်၏အဖြစ် မပြိုသည်၏အဖြစ်ကို အဟုတ်အမှန်အားဖြင့် ငါသိအောင်ပြု၍ လာသည့်တိုင်အောင် သင်တို့သည် ဤ၌ နေကြကုန်ဦးဟု ဆို၍ ဤယုန်ငယ်ကို ကျောက်ကုန်း၌တင်၍ ခြင်္သေ့၏အဟုန်ဖြင့် ပြေး၍ ထန်းတော၌ ယုန်ငယ်ကိုချ၍ အချင်း လာလော့၊ သင်မြင်သောအရပ်ကို ပြလော့ဟု ဆို၏။ သခင် အကျွန်ုပ် မပြဝံ့ဟု ဆို၏။ အချင်း မကြောက်လင့်ဟု ဆိုလတ်သော် ထိုယုန်ငယ်သည် ဥသျှစ်ပင်သို့ ချဉ်းကပ်အံ့သောငှာ မဝံ့ရကား မနီးမဝေး၌ရပ်၍ အရှင်ဤအရပ်သည်ကား ဒုတ်ဒုဒ်မြည်ရာ အရပ်တည်းဟု ဆို၍-

၈၅။ ဒုဒ္ဒဘာယတိ ဘဒ္ဒန္တေ၊ ယသ္မိံဒေသေ ဝသာမဟံ။
အဟမွေတံ န ဇာနာမိ၊ ကိမေတံ ဒုဒ္ဒုဘာယတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၈၅။ သာမိ၊ အရှင်။ တေ၊ သင်အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ယသ္မိံ ဒေသေ၊ အကြင်အရပ်၌။ အဟံ၊ ငါသည်။ ဝသာမိ၊ နေ၏။ တတ္ထ၊ ထိုအရပ်၌။ ဒုဒ္ဒုဘာယတိ၊ ဒုဒ်ဒုဒ်မြည်၏။ ကိံ၊ အဘယ့်ကြောင့်။ ဧတံ-ဧတသ္မိံ ပဒေသေ၊ ထိုအရပ်၌။ ဒုဒ္ဒဘာယတိ၊ ဒုဒ်ဒုဒ်မြည် ၏ဟူ၍။ ဧတံ၊ ထိုအကြောင်းကို။ အဟံ၊ ငါသည်။ န ဇာနာမိ၊ မသိ။

ဤသို့ဆိုလတ်သော် ခြင်္သေ့သည် ဥသျှစ်ပင်ရင်းသို့သွား၍ ထန်းပင်အောက်၌ ယုန်ငယ်၏ အိပ်ရာအရပ်ကို၎င်း၊ တန်းရွက်ထက်၌ကျသော ဥသျှစ်သီးမှည့်ကို၎င်း၊ မြင်၍ မြေမပြိုသည်၏ အဖြစ်ကို အမှန်အားဖြင့်သိ၍ ယုန်ငယ်ကို ကျောက်ကုန်း၌တင်၍ ခြင်္သေ့၏ အဟုန်ဖြင့် လျင်မြန်စွာ သားအပေါင်းတို့၏ အထံသို့သွား၍ အလုံးစုံသော အကြောင်းကိုကြား၍ သင်တို့သည် မကြောက်ကြကုန်လင့်ဟု သားအပေါင်းတို့ကို နှစ်သိမ့်စေ၍ လွှတ်လိုက်၏။ ထိုအခါ ဘုရားလောင်း မရှိငြားအံ့၊ ခပ်သိမ်းသော သားတို့သည် သမုဒ္ဒရာသို့ဝင်၍ ပျက်စီးကုန်ရာ၏။ ဘုရားလောင်းကိုမှီ၍ ခပ်သိမ်းသော သားတို့သည် အသက်ကို ရကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်ပြီး၍-

၈၆။ ဗေလုဝံ ပတိတံ သုတွာ၊ ဒုဒ္ဒုဘန္တိ သသော ဇဝိ။
သသဿ ဝစနံ သုတွာ၊ သန္တတ္တာ မိဂဝါဟိနီ။
၈၇။ အပ္ပတွာ ပဒဝိညာဏံ၊ ပရဃောသာနုသာရိနော။
ပနာဒပရမာ ဗာလာ၊ တေ ဟောန္တိ ပရပတ္တိယာ။
၈၈။ ယေ စ သီလေန သမ္ပန္နာ၊ ပညာယူပသမေရတာ။
အာရကာ ဝိရတာ မီရာ၊ န ဟောန္တိ ပရပတ္တိယာ။

ဟူကုန်သော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

၈၆။ သသော၊ ယုန်သည်။ ဒုဒ္ဒုဘန္တိ၊ ဒုဒ်ဒုဒ်ဟူသော အသံကို ဖြစ်စေလျက်။ ပတိတံ၊ ကျသော။ ဗေလုဝံ၊ ဥသျှစ်သီးမှည့်အသံကို။ သုတွာ၊ ကြား၍။ ဇဝိ၊ ပြေး၏။ မိဂဝါဟိနီ၊ သားအပေါင်းသည်။ သသဿ၊ ယုန်ငယ်၏။ ဝစနံ၊ စကားကို။ သုတွာ၊ ကြား၍။ သန္တတ္တာ၊ ထိတ်လန့်သည်ဖြစ်၍။ ဇဝိ၊ ပြေး၏။

၈၇။ ယေ ဗာလာ၊ အကြင်သူမိုက်တို့သည်။ ပဒဝိညာဏံ၊ သောတဝိညာဉ်အစုသို့။ အပ္ပတွာ၊ မရောက်မူ၍။ ပရဃောသာနုသာရိနော၊ သူတပါးတို့၏စကားကို အစဉ်မှီးကုန်၏။ ပနာဒပရမာ၊ သူတပါးတို့၏ စကားကို အမြတ်ဟူ၍ ထင်မှတ်ကုန်၏။ တေ ဗာလာ၊ ထိုသူမိုက်တို့သည်။ ပရပတ္တိယာ၊ သူတပါး၏စကားကို ယုံကြည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

၈၈။ ယေ ဓီရာ၊ အကြင်ပညာရှိတို့သည်။ သီလေန စ၊ အရိယမဂ်သီလနှင့်လည်း။ သမ္ပန္နာ၊ ပြည့်စုံကုန်၏။ ပညာယ စ၊ အရိယမဂ်ပညာနှင့်လည်း။ သမ္ပန္နာ၊ ပြည့်စုံကုန်၏။ ဥပသမေ၊ ကိလေသာ၏ ငြိမ်းခြင်း၌။ ရတာ၊ မွေ့လျော်ကုန်၏။ အာရကာ၊ မကောင်းမှုကို ပြုခြင်းမှ ဝေးကုန်၏။ ဝိရတာ၊ မကောင်းမှုမှ ကြဉ်ကုန်၏။ တေ ဓီရာ၊ ထိုပညာရှိတို့သည်။ ပရပတ္တိယာ၊ သူတပါးစကားကို ယုံကြည်ကုန်သည်။ န ဟောန္တိ၊ မဖြစ်ကုန်။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခြင်္သေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ပညာကင်းမဲ့၊ တွေးနယ်ချဲ့၊ ကျိုးမဲ့ ဖြစ်တတ်လှ

ယုံသင့်မှယုံ၊ အလုံးစုံ၊ ချင့်ကုန် ဉာဏ်စေား

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဒုဒ္ဒုဘဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၃။ ဗြဟ္မဒတ္တဇာတ်

တောင်းလျှင်မုန်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဒွယံ ယာစနကော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗြဟ္မဒတ္တဇာတ်ကို အာဠဝီပြည်ကိုမှီ၍ အဂ္ဂါဠဝစတေီ၌ သီတင်း သုံးနေတော်မူစဉ် ကုဋိကာရသိက္ခာပုဒ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုသည်ကား အောက် မဏိကဏ္ဌဇာတ်၌လာသလျှင်ကတည်း) ဤဗြဟ္မဒတ္တဇာတ်၌ကား သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ သင်တို့သည် တောင်းခြင်းများကုန်လျှက် ဝိညတ်များကုန်လျက် နေကုန်သောဟူသည် မှန်သလောဟု မိန့်တော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ထိုအာဠဝီရဟန်းတို့ကို ကဲ့ရဲ့တော်မူ၍ ရဟန်းတို့ ရှေးပညာရှိတို့သည် ရေမြေကို အစိုးရသော မင်းသည် ဘိတ်အပ်ကုန်လျှက်လည်း သစ်ရွက်ထီး, တလွှာ ဘိနပ်အစုံကို တောင်းလိုကုန်သည်ရှိသော် ဟိရိဩတ္တပ္ပ ပျက်အံ့သည်မှ ကြောက်ခြင်းကြောင့် လူများအလယ်၌ မဆိုမူ၍ ဆိတ်ကွယ် ရာအရပ်၌ ဆိုကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကပိလတိုင်း ဥတ္တရပဉ္စာလမြို့၌ ဥတ္တရပဉ္စာလ မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် နိဂုံးရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ နောင်အဘို့၌ ရသေ့ရဟန်းပြု၍ ဟိမဝန္တာ၌ ရှာမှီးအပ်သော တောသစ်မြစ် သစ်သီး ကြီးငယ်ဖြင့် မျှတလျက် ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှါ လူ့ပြည်သို့ လှည့်လည်သည်ရှိသော် ဥတ္တရပဉ္စာလမြို့သို့ရောက်၍ မင်း၏ဥယျာဉ်၌နေ၍ နက်ဖြန် ဆွမ်းခံသော် မြို့သို့ဝင်၍ မင်းအိမ်တံခါးသို့ ရောက်၏။ မင်းသည် ဘုရားလောင်း၏ ငြိမ်သက်ခြင်း၌ ကြည်ညို၍ မြတ်သောပြာသာဒ်အပြင်၌ နေ။ စေ၍ မင်းအားထိုက်သော ဘောဇဉ်ကို ဘုဉ်းပေးစေ၍ ဝန်ခံခြင်းကိုယူ၍ ဥယျာ၌လျှင် နေစေ၏။ ဘုရားလောင်းသည် တနေ့မပြတ် မင်းအိမ်၌လျှင် စားလျက်နေ၏။ မိုဃ်းကာလ လွန်လတ်သော် ဟိမဝန္တာသို့သွားလို၍ ခရီးသွားသော ငါ့အား တလွှာဘိနပ်နှင့် သစ်ရွက်ထီးကို ရခြင်းငှာ သင့်၏။ မင်းကို တောင်းအံ့ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် တနေ့သ၌ ဥယျာဉ်သို့ လာ၍ ရှိခိုး၍ နေသော မင်းကို ဘိနပ်, ထီးကို တောင်းအံ့ဟု ကြံ၍ တဖန် သူတပါးကို ဤဥစ္စာကို ပေးပါဟု တောင်းသောသူသည် ငိုသည် မည်၏။ မရှိဟူ၍ဆိုသော ဥစ္စာရှင်သည်လည်း အတူ ငိုသောသူ မည်၏။ ငိုသောငါ့ကို လူများသည် မမြင်စေလင့်၊ အတူငိုသော မင်းကြီးကိုလည်း လူများသည် မမြင်စေလင့် ဆိတ်ကွယ်ရာအရပ်၌ နှစ်ယောက်ကုန်သော ငါတို့သည်လည်း ငို၍ ဆိတ်ဆိတ်ဖြစ်ကြ ကုန်အံ့ဟု ကြံ၏။ ကြံပြီး၍ ထိုအခါ မင်းကို မြတ်သောမင်းကြီး ဆိတ်ကွယ်ခြင်းကို အလိုရှိဟု ဆို၏။

မင်းသည် ထိုစကားကို ကြား၍ မင်းချင်းယောက်ျားတို့ကို ဖဲစေ၏။ ဘုရားလောင်းသည် ငါတောင်းသော် မင်းမပေးအံ့၊ ငါ့အား ချစ်ခြင်းသည် ပျက်လတ္တံ့၊ ထို့ကြောင့် ငါ မတောင်းဟု ထိုနေ့၌ ဘိနပ်၏အမည်ကို ယူခြင်းငှာ မတတ်နိုင်၍ မြတ်သောမင်းကြီး သွားဦးတော့၊ နောက်တနေ့မှ သိရအံ့ဟု ဆို၏။ နောက်တနေ့ မင်းသည် ဥယျာဉ်သို့ လာသောကာလ၌ ထို့အတူလျှင် ဆိုပြန်၏။ တဖန်လည်း ထို့အတူသာလျှင် ဆိုပြန်၏။ ဘုရားလောင်းသည် ဤသို့ တောင်းခြင်းငှာ မတတ်နိုင်ဘဲလျက်လျှင် တဆယ့်နှစ်နှစ်တို့သည် လွန်လေကုန်၏။ ထိုအခါ မင်းသည် ငါ၏အရှင်ကား မြတ်သောမင်းကြီး ဆိတ်ကွယ် ရာအရပ်ကို လို၏ဟုဆို၍ ပရိသတ်ကို ဖဲစေသော် တစုံတခုကို ဆိုခြင်းငှမဝံ့၊ ဆိုခြင်းငှာ အလိုရှိသော ငါ့အရှင်အား တဆယ့်နှစ်နှစ်တို့သည် လွန်ကုန်၏။ ကြာမြင့်စွာသော ကာလပတ်လုံး မြတ်သောအကျင့်ကို ကျင့်သောအရှင်သည် ငြီးငွေ့၍ မင်းစည်းစိမ်တို့ကို ခံစားလို၍ မင်းအဖြစ်ကို တောင့်တယောင်တကား၊ မင်းအဖြစ်၏ အမည်ကိုကား ထုတ်ဖော်အံ့သောငှာ မတတ်နိုင်၍ ဆိတ်ဆိတ် နေလောင်တကား၊ ယနေ့ ငါ၏ အရှင်အား ငါသည် မင်းအဖြစ်ကို အစပြု၍ အကြင်ဝတ္ထုကို အလိုရှိအံ့၊ ထိုဝတ္ထုကို ပေးအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုမင်းသည် ဥယျာဉ်သို့သွား၍ ရှိခိုး၍ နေ၏။

ဘုရားလောင်းသည် ဆိတ်ကွယ်ရာ အရပ်ကို အလို ရှိ၏ဟု ဆိုလတ်သော် ပရိသတ်ကို ဖဲစေ၍ တစုံတခုကို ဆိုခြင်းငှာ မစွမ်းနိုင်သော ဘုရားလောင်းကို အရှင်ဘုရား အရှင်ဘုရားတို့သည် တဆယ့်နှစ်နှစ်တို့ပတ်လုံး ဆိတ်ကွယ်ရာအရပ်ကို အလိုရှိ၏ဟုဆို၍ ဆိတ်ကွယ်ရာကို ရသော်လည်း တစုံတခုကို ဆိုခြင်းငှါ မစွမ်းနိုင်ကုန်၊ အကျွန်ုပ်သည် အရှင်ဘုရားအား မင်းအဖြစ်ကို အစပြု၍ အလုံးစုံကို ဘိတ်၏။ ကြောက်ခြင်း မရှိသည်ဖြစ်၍ အကြင်ဝတ္ထုကို အလိုရှိ၏။ ထိုဝတ္ထုကို တောင်းကုန်လော့ဟု ဆို၏။ မြတ်သောမင်းကြီး အကြင်ဝတ္ထုကို တောင်းအံ့၊ ထိုဝတ္ထုကို ပေးအံ့လောဟု ဆို၏။ အရှင်ဘုရား ပေးအံ့ဟု ဆို၏။ မြတ်သောမင်းကြီး ခရီးသွားသော ငါ့အား တလွှာဘိနပ်ကို၎င်း၊ သစ်ရွက်ထီးကို၎င်း ရခြင်းငှါ သင့်၏။ အရှင်ဘုရား အရှင်ဘုရားတို့သည် ဤမျှလောက်သောဝတ္ထုကို တဆယ့်နှစ်နှစ်တို့ပတ်လုံး တောင်းခြင်းငှာ မစွမ်းနိုင်ကုန်သလောဟုဆို၏။ မြတ်သောမင်းကြီး မစွမ်းနိုင်သည် ဟုတ်၏ဟု ဆို၏။ အရှင်ဘုရား အဘယ့်ကြောင့် ဤသို့ပြုကုန်သနည်းဟု ဆို၏။ မြတ်သောမင်းကြီး ဤမည်သောဝတ္ထုကို ပေးပါလော့ဟု တောင်းသောသူသည် ငိုသည်မည်၏။ မရှိဟူ၍ ဆိုသောသူသည် အတူငိုသည် မည်၏။ တောင်းအပ်သော သင်သည် အကယ်၍ မပေးငြားအံ့၊ ထိုငါ၏ငိုခြင်း၊ သင်မင်းကြီး၏ အတုငိုခြင်း မည်သည်ကို လူများသည် မမြင်စေသ တည်းဟု ဆိတ်ကွယ်ရာကို တောင့်တ၏ဟု ပြလိုရကား-

၈၉။ ဒွယံ ယာစနကော ရာဇ၊ ဗြဟ္မဒတ္တ နိဂစ္ဆတိ။
အလာဘံ ဓနလာဘံ ဝါ၊ ဧဝံဓမ္မာ ဟိ ယာစနာ။
၉၀။ ယာစနံ ရောဒနံ အာဟု၊ ပဉ္စာလာနံ ရထေသဘ။
ယော ယာစနံ ပစ္စက္ခာတိ၊ တမာဟု ပဋိရောဒနံ။
၉၁။ မာ မဒ္ဒသံသု ရောဒန္တံ၊ ပဉ္စာလာ သုသမာဂတာ။
တုဝံ ဝါ ပဋိရောဒန္တံ၊ တသ္မာ ဣစ္ဆာမဟံ ရဟော။

ဟူသော ဤဂါထာတို့ကို ဆို၏။

၈၉။ ဗြဟ္မဒတ္တရာဇ၊ ဗြဟ္မဒတ်မင်း။ ယာစနကော၊ တောင်းသောသူသည်။ အလာဘံ ဝါ၊ ဥစ္စာကိုမရခြင်းကို၎င်း။ ဓနလာဘံ ဝါ၊ ဥစ္စာရခြင်းကို၎င်း။ ဣတိ၊ ဤသို့။ ဒွယံ၊ နှစ်ပါးသော သဘောသို့။ နိဂစ္ဆတိ၊ ရောက်တတ်၏။ ဟိ-သစ္စံ၊ မှန်၏။ ယာစနာ၊ တောင်းခြင်းတို့သည်။ ဧဝံဓမ္မာ၊ ဤသို့ ရခြင်း, မရခြင်း သဘောရှိကုန်၏။

၉၀။ ပဉ္စာလာနံ ရထေသဘ၊ ပဉ္စာလတိုင်း၏ အထွတ် အမြတ်ဖြစ်သော မင်းကြီး။ ယာစနံ၊ တောင်းခြင်းကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ရောဒနံ၊ ငိုခြင်းဟူ၍။ အာဟု၊ ဆိုကုန်၏။ ယော၊ အကြင်သူသည်။ ယာစနံ၊ တောင်းခြင်းကို။ ပစ္စက္ခာတိ၊ ပယ်၏။ တံ၊ ထိုပယ်ခြင်းကို။ ပဏ္ဍိတာ၊ ပညာရှိသည်။ ပဋိရောဒနံ၊ အတူ ငိုခြင်းဟူ၍။ အာဟု၊ ဆိုကုန်၏။

၉၁။ ရောဒန္တံ၊ ငိုသော ငါ့ကို၎င်း။ ပဋိရောဒန္တံ၊ အတူငိုသော။ တုဝံ ဝါ၊ သင့်ကို၎င်း။ သုသမာဂတာ၊ အညီအညွှတ် ကောင်းစွာ လာကုန်သော။ ပဉ္စာလာ၊ ပဉ္စာလတိုင်းသူတို့သည်။ မာ အဒ္ဒသံသု၊ မမြင်စေကုန်သတည်းဟု။ မနသိကရောမိ၊ နှလုံးထား၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ရဟော၊ ဆိတ်ကွယ်ရာအရပ်ကို။ ဣစ္ဆာမိ၊ အလိုရှိ၏။

မင်းသည် ဘုရားလောင်း၏ ရိုသေခြင်းလက္ခဏာ၌ ကြည်ညို၍ ဆုပေးလိုရကား-

၉၂။ ဒဒါမိ တေ ဗြာဟ္မဏ ရောဟိဏီနံ၊
ဂဝံ သဟဿံ သဟ ပုင်္ဂဝေန။
အရိယော ဟိ အရိယဿ ကထံ န ဒဇ္ဇာ၊
သုတွာန ဂါထာ တဝ ဓမ္မယုတ္တာ။

ဟူသော လေးခုမြောက်သောဤဂါထာကို ဆို၏။

၉၂။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုသော ရှင်ရသေ့။ တေ၊ သင့်အား။ ပုင်္ဂဝေန၊ နွားလားနှင့်။ သဟ၊ တကွ။ ရောဟိဏီနံ ဂဝံ၊ နီသော အဆင်းရှိသော နွားမတို့၏။ သဟဿံ၊ တထောင်ကို။ ဒဒါမိ၊ ပေး၏။ ဟိ-သစ္စံ၊ မှန်၏။ တဝ၊ သင်၏။

ဓမ္မယုတ္တာ၊ တရားနှင့်ယှဉ်ကုန်သော။ ဂါထာ၊ စကားတို့ကို။ သုတွာန၊ နာရ၍။ အရိယော၊ မြတ်သောအကျင့်နှင့် ပြည့်စုံသောသူသည်။ အရိယဿ၊ မြတ်သောအကျင့်နှင့် ပြည့်စုံသောသူအား။ ကထံ န ဒဇ္ဇာ၊ အဘယ်ကြောင့် မလှူဘဲ နေအံ့နည်း။

ဘုရားလောင်းသည်ကား မြတ်သောမင်းကြီး ငါသည် ကိလေသာကာမ, ဝတ္ထုကာမတို့၌ အလိုမရှိ၊ အကြင် ထီး, ဘိနပ်ကို ငါသည် တောင်း၏။ ထို ထီး, ဘိနပ်ကိုသာလျှင် ငါ့အား ပေးလော့ဟု ဆို၍ တလွှာဘိနပ် သစ်ရွက်ထီးကိုယူ၍ မြတ်သောမင်းကြီး မမေ့လျော့ ဖြစ်လော့၊ အလှူပေးလော့၊ သီလစောင့်လော့၊ ဥပုသ်ဆောက်တည်လော့ဟု မင်းကို ဆုံးမ၍ မင်းတောင်းပန်စဉ်လျှင် ဟိမဝန္တာသို့ သွား၍ ထိုဟိမဝန္တာ၌ အဘိညာဉ်, သမာပတ်တို့ကို ဖြစ်စေ၍ ဗြဟ္မာပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

တောင်းသူ, ပယ်သူ၊ ငိုသည်ဟူ၊ တောင်းယူများက မုန်းတတ်လှ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဗြဟ္မဒတ္တဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၄။ စမ္မသာဋကဇာတ်

သိုးခွေ့ပရိဗိုဇ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကလျာဏရူပေါ ဝတ ယံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစမ္မသာဋကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် စမ္မသာဋကမည်သော ပရိဗိုဇ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုပရိဗိုဇ်အား သားရေဖြင့်ပြီးသော အဝတ်အာရုံသည် ဖြစ်သတတ်၊ ထိုစမ္မသာဋက ပရိဗိုဇ်သည် တနေ့သ၌ ပရိဗိုဇ်အရံမှ ထွက်၍ သာဝတ္ထိပြည်၌ ဆွမ်းခံသွားသည်ရှိသော် သိုးတို့၏ တိုက်ရာအရပ်သို့ ရောက်၏။ သိုးသည် ပရိဗိုဇ်ကိုမြင်၍ ခတ်လိုရကား နောက်သို့ ဆုတ်၏။ ပရိဗိုဇ်သည် ဤသိုးကား ငါ့အား အရိုအသေ ပြုခြင်းကို ပြ၏ဟု မဆုတ်၊ သိုးသည် လျင်မြန်သောအဟုန်ဖြင့် ပြေးလာ၍ ပေါင်၌ခတ်၍ ပရိဗိုဇ်ကို လဲစေ၏။ စမ္မသာဋက ပရိဗိုဇ်၏ ထိုသူတော်ကောင်း မဟုတ်သော သိုးအား ချီးမြှောက်ခြင်းကို ပြုခြင်းအမှုသည် ရဟန်းသံဃာ၌ ထင်ရှားစွာဖြစ်၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ စမ္မသာဋက ပရိဗိုဇ်သည် သူတော်ကောင်း မဟုတ်သော သိုးအား ချီးမြှောက်ခြင်းကိုပြု၍ ပျက်စီးခြင်းသို့ ရောက်၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော် မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ဤစမ္မသာဋကပရိဗိုဇ်သည် ယခုအခါ၌ သာလျှင် သူတော်ကောင်း မဟုတ်သော သိုးအား ချီးမြှောက်ခြင်းကိုပြု၍ ပျက်စီးခြင်းသို့ရောက်သည် မဟုတ်သေး၊ ရှေး၌လည်း ပျက်စီးခြင်းသို့ ရောက်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တဦးသော ကုန်သည်မျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ကုန်သွယ်ခြင်းကို ပြု၏။ ထိုအခါ တယောက်သော စမ္မသာဋက ပရိဗိုဇ်သည် ဗာရာဏသီပြည်၌ ဆွမ်းခံလတ်သော် နောက်သို့ဆုတ်သော သိုးကိုမြင်၍ ဤသိုးသည် ငါ့ကို ပူဇော်၏ဟု နောက်သို့ မဖဲမူ၍ ဤမျှအတိုင်း အရှည် ရှိကုန်သော လူတို့၏အတွင်း၌ တယောက်သော လူသည်လည်း ကျေးဇူးကိုမသိဟု ထိုသိုးအား လက်အုပ်ချီ၍ ရပ်လျက်-

၉၃။ ကလျာဏ ရူပါ ဝတ ယံ စတုပ္ပဒေါ၊
သုဘဒ္ဒကော စေဝ သုပေသလော စ၊
ယော ဗြာဟ္မဏံ ဇာတိမန္တူပပန္နံ၊
အပစာယတိ မေဏ္ဍဝရော ယသဿီ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၉၃။ ယသဿီ၊ များသောအခြံအရံရှိသော။ ယော မေဏ္ဍဝရော၊ အကြင် သိုးမြတ်သည်။ ဇာတိမန္တူပပန္နံ၊ အမျိုးမြတ်ခြင်း ဗေဒင်တတ်ခြင်းနှင့် ပြည့်စုံသော။ ဗြာဟ္မဏံ၊ ပုဏ္ဏားကို။ အပစာယတိ၊ ပူဇော်၏။ စတုပ္ပဒေါ၊ အခြေလေးချောင်း ရှိသော။ ယော မေဏ္ဍဝရော၊ အကြင် သိုးမြတ်သည်။ ကလျာဏရူပါ ဝတ၊ ကောင်းသော သဘောရှိစွတကား။ သုဘဒ္ဒကော စေဝ၊ အလွန်ကောင်းသော ကျေးဇူးလည်းရှိစွတကား။ သုပေသလော စ၊ အလွန် သီလကို ချစ်စွတကား။

ထိုအရပ်၌နေသော ပညာရှိသော ကုန်သည်သည် ထိုပရိဗိုဇ်ကို တားမြစ်လိုရကား-

၉၄။ မာ ဗြာဟ္မဏ ဣတ္တရဒဿနေန၊
ဝိသာသမာပဇ္ဇိ စတုပ္ပဒဿ။
ဒဠှပ္ပဟာရံ အဘိကင်္ခမာနော၊
အဝသက္ကတီ ဒဿတိ သုပ္ပဟာရံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၉၄။ ဗြာဟ္မဏ၊ ပုဏ္ဏား ပရိဗိုဇ်။ ဣတ္တရဒဿနေန၊ ထိုခဏ၌ မြင်သဖြင့်။ စတုပ္ပဒဿ၊ အခြေလေးချောင်းရှိသော သိုး၏။ ဝိသာသံ၊ အကျွမ်းဝင်ခြင်းသို့။ မာ အာပဇ္ဇိ၊ မရောက်လင့်။ ဒဠှပ္ပဟာရံ၊ ပြင်းစွာ တိုက်ခတ်ခြင်းကို။ အဘိကင်္ခမာနော၊ အလိုရှိသည်ဖြစ်၍။ အဝသက္ကတိ၊ နောက်သို့ ဆုတ်၏။ သော၊ ထိုသိုးသည်။ သုပ္ပဟာရံ၊ ပြင်းစွာ တိုက်ခတ်ခြင်းကို။ ဒဿတိ၊ ပေးလတ္တံ့။

ထိုပညာရှိကုန်သည် ဆိုစဉ်လျှင် ထိုသိုးသည် လျင်စွာသော အဟုန်ဖြင့် ပြေးလာ၍ ပေါင်၌ တိုက်၍ ထိုပရိဗိုဇ်ကို ထိုအရပ်၌လျှင် ဝေဒနာသို့ ရောက်လတ်သည်ကိုပြု၍ လဲစေ၏။ ထိုပရိဗိုဇ်သည် ဝေဒနာသို့ ရောက်လတ်သော် ငိုလျက်အိပ်၏။ သဗ္ဗညူ မြတ်ဘုရားသည် ထိုအကြောင်းကို ပြလိုရကား-

၉၅။ ဦရုဋ္ဌိ ဘဂ္ဂံ ဝဋ္ဋိတော ခါရိဘာရော၊
သဗ္ဗဉ္စ ဘဏ္ဍံ ဗြာဟ္မဏဿ ဘိန္နံ။
ဥဘောပိ ဗာဟာ ပဂ္ဂယှ ကန္ဒတိ၊
အဘိဓာဝထ ဟညတေ ဗြဟ္မစာရီ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဟောတော်မူ၏။

၉၅။ ဗြာဟ္မဏဿ၊ ပရိဗိုဇ်၏။ ဦရုဋ္ဌိ၊ ပေါင်ရိုးသည်။ ဘဂ္ဂံ၊ ကျိုး၏။ ခါရိဘာရော၊ ပရိက္ခရာဖြင့်ပြည့်သော ဝန်ထုပ်သည်။ ဝဋ္ဋိတော၊ ပတ်ချာ လည်လျက် လိမ့်၏။ သဗ္ဗဉ္စ၊ အလုံးစုံလည်းဖြစ်သော။ ဘဏ္ဍံ၊ ဘဏ္ဍာသည်။ ဘိန္နံ၊ ကွဲ၏။ ဗြဟ္မစာရီ၊ ပရိဗိုဇ်ကို။ ဟညတေ၊ ထိုးခတ်၍ သတ်၏။ တုမှေ၊ သင်တို့သည်။ အဘိဓာဝထ၊ ပြေးကြ ကုန်။ ဣတိ၊ ဤသို့ဆိုလျက်။ ဥဘောပိ၊ နှစ်ဘက်လည်းဖြစ်ကုန်သော။ ဗာဟာ၊ မောင်းတို့ကို။ ပဂ္ဂယှ၊ မြှောက်၍။ ကန္ဒတိ၊ မြည် တမ်း၏။

ပရိဗိုဇ်သည်-

၉၆။ ဧဝံ သော နိဟတော သေတိ၊
ယော အပူဇံ ပသံသတိ။
ယထာဟမဇ္ဇ ပဟတော၊
ဟတော မေဏ္ဍေန ဒုမ္မတီ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၉၆။ အဇ္ဇ၊ ယနေ့။ ဒုမ္မတီ၊ ပညာမရှိသော။ အဟံ၊ ငါ့ကို။ မေဏ္ဍေနန၊ သိုးသည်။ ပဟတော၊ တိုက်ခတ်အပ်သည်ဖြစ်၍။ ဟတော ယထာ၊ သေရသကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ ယော၊ အကြင်သူသည်။ အပူဇံ၊ မပူဇော်အပ်သောသူကို။ ပသံသတိ၊ ချီးမွမ်း၏။ သော၊ ထိုသူသည်။ နိဟတော၊ သေ၍။ သေတိ၊ အိပ်ရ၏။

ထိုပရိဗိုဇ်သည် ဤသို့ငိုလျက် ထိုအရပ်၌လျှင် သေလေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ စမ္မသာဋကပရိဗိုဇ်သည် ထိုအခါ စမ္မသာဋကပရိဗိုဇ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိ ကုန်သည်ကြီး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မချီးမြှောက်ထိုက်၊ ချီးမြှောက်လိုက်ငြား၊ ပျက်ဆုံးပါး၊ နောက်ကား နောင်တရတတ်စွ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော စမ္မသာဋကဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၅။ ဂေါဓရာဇဇာတ်

ဖွတ်စားရသေ့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သမဏံ တံ မညမာနော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂေါဓရာဇဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုကို အောက်၌ အပ်ပြီ ) ဤဂေါဓရာဇဇာတ်၌လည်း ထိုရဟန်းကိုဆောင်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ဤရဟန်းသည်အံ့ဘွယ်သရဲကို ဖြစ်စေတတ်၏ဟု ဘုရားသဗ္ဗညူအား ပြကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သည် မဟုတ်သေး၊ ရှေး၌လည်းအံ့ဘွယ်သရဲကို ဖြစ်စေသလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဖွတ်မျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ကိုယ်အားနှင့် ပြည့်စုံ၏။ တော၌နေ၏။ တယောက်သော သီလမရှိသော ရသေ့သည် ထိုဖွတ်၏အနီး၌ ကျောင်းဆောက်၍ နေ၏။ ဘုရားလောင်းသည် အစာရှာထွက်လတ်သော် ထိုရသေ့ကျောင်းကို မြင်၍ သီလရှိသော ရသေ့ကျောင်းဖြစ်လတ္တံ့ဟု ကျောင်းသို့သွား၍ ရသေ့ကို ရှိခိုး၍ မိမိနေရာသို့လျှင် သွား၏။ ထိုအခါ တနေ့သ၌ ထိုရသေ့စဉ်းလဲသည် အလုပ်အကျွေး ဒါယကာအိမ်၌ ကောင်းစွာစီရင်အပ်သော ကောင်းသော တောဖွတ်သားကိုရ၍ ဤအသားကား အဘယ်အသားနည်းဟု မေး၍ ဖွတ်သားတည်းဟု ကြားရ၍ ရသတဏှာသည် နှိပ်စက်အပ်သည်ဖြစ်၍ ငါ၏ ကျောင်းသို့ မပြတ်လာသောဖွတ်ကို သတ်၍ အလိုရှိတိုင်းချက်၍ စားအံ့ဟု ထောပတ် နို့ဓမ်းစသော ဘဏ္ဍာတို့ကိုယူ၍ ကျောင်းသို့သွား၍ ဆောက်ပုတ်တ်ကို ကိုင်၍ သင်္ကန်းဖြင့် ဖုံးလွှမ်း၍ ဘုရားလောင်း၏ လာခြင်းကိုမျှော်လျှက် ကျောင်းတံခါး၌ အလွန်ငြိမ်သက်သကဲ့သို့ နေ၏။ ဘုရားလောင်းသည် လာလတ်၍ ပျက်သော ဣန္ဒြေရှိသော ထိုရသေ့ကိုမြင်၍ ဤရသေ့သည် ငါတို့၏ ဆွေမျိုးအသားကို စားသည်ဖြစ်လတ္တံ့။ ရသေ့ကို စုံစမ်းအံ့ဟု လေကြေ၌ရပ်၍ ကိုယ်နံ့ကိုရ၍ ဖွတ်သားကို စားလတ်သည်၏ အဖြစ်ကိုသိ၍ ရသေ့အထံသို့ မချဉ်းကပ်မူ၍ ဆုတ်၍ သွား၏။ ရသေ့သည်လည်း ဘုရားလောင်းမလာသော အဖြစ်ကိုသိ၍ ဆောက်ပုတ်နှင့်ပစ်၏။ ဆောက်ပုတ်တ်သည် ကိုယ်၌မကျမူ၍ အမြီးဖျားသို့ ရောက်၏။ ရသေ့စဉ်းလဲသည် ဟယ်... ဖွတ်၊ သွားလေလော့ လွဲချော်လေ၏ဟု ဆို၏။ ဘုရားလောင်းသည် ငါ့ကိုကား လွဲချော်လေ၏။ လေးပါးကုန်သော အပါယ်တို့ကိုကား မလွဲဟုဆိုလျက် ပြေး၍ စင်္ကြံဦး၌ရှိသော တောင်ပို့သို့ဝင်၍ တပါးသောအပေါက်မှ ဦးခေါင်းကိုဖေါ်၍ ထိုရသေ့စဉ်းလဲနှင့်တကွ စကားပြောလိုရကား-

၉၇။ သမဏံ တံ မညမာနော၊ ဥပဂစ္ဆိ မသညတံ။
သော မံ ဒဏ္ဍေန ပါဟာသိ၊
ယထာ အဿမဏော တထာ။
၉၈။ ကိံ တေ ဇဋာဟိ ဒုမ္မေဓ၊
ကိံ တေ အဇိနသာဋိယာ။
အဗ္ဘန္တရံ တေ ဂဟနံ၊ ဗာဟိရံ ပရိမဇ္ဇသိ။

ဟူကုန်သော ဤနှစ်ဂါထာတို့ကို ဆို၏။

၉၇။ အဟံ၊ ငါသည်။ အသညတံ၊ ကိုယ်နှုတ်နှလုံးဖြင့် မစောင့်ရှောက်သော။ တံ၊ သင့်ကို။ သမဏံ မညမာနော၊ ရဟန်းထင်၍။ ဥပဂစ္ဆိံ၊ ဆည်းကပ်မိ၏။ ယထာ၊ အကြင်အခြင်းအရာဖြင့်။ အဿမဏော၊ ရဟန်းမဟုတ်သည်။ ဟောတိ၊ ဖြစ်၏။ တထာ၊ ထိုအခြင်းအရာဖြင့်။ သော တွံ၊ ထိုသင်သည်။ မံ၊ ငါ့ကို။ ဒဏ္ဍေန၊ ဆောက်ပုတ်ဖြင့်။ ပါဟာသိ၊ ပစ်၏။

၉၈။ ဒုမ္မေဓ၊ ပညာမဲ့။ တေ၊ သင့်၏။ ဇဋာဟိ၊ ဆံကျစ်တို့ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ တေ၊ သင့်အား။ အဇိနသာဋိယာ၊ သစ်နက်ရေဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ တေ၊ သင်၏။ အဗ္ဘန္တရံ၊ အတွင်း၌။ ဂဟနံ၊ ကိလေသာ ဟူသော တောအုပ်ရှိ၏။ ဗာဟိရံ၊ အပသည်ကား။ ပရိမဇ္ဇသိ၊ ပြေပြစ်၏။

ထိုစကားကို ကြား၍ ရသေ့သည်-

၉၉။ ဧဟိ ဂေါဓ နိဝတ္တဿု၊ ဘုဉ္စ သာလီနမောဒနံ။
တေလံ လောဏဉ္စ မေ အတ္ထိ၊ ပဟူတံ မယှ ပိပ္ဖလိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၉၉။ ဂေါဓ၊ ဖွတ်။ ဧဟိ၊ လာလော့။ နိဝတ္တဿု၊ ပြန်ခဲ့ဦးလော့။ သာလီနံ၊ သလေးတို့၏။ ဩဒနံ၊ ထမင်းကို။ ဘုဉ္စ၊ စားလှည့်လော့။ မေ၊ ငါ့အား။ တေလဉ္စ၊ ဆီသည်၎င်း။ လောဏဉ္စ၊ ဆားသည်၎င်း။ အတ္ထိ၊ ရှိ၏။ မယှံ၊ ငါအား။ ပဟူတံ၊ များစွာသော။ ပိပ္ဖလိ၊ ရှိန်းခို ဇီယာ, ဂျင်း, ကြက်သွန်, ငြုတ်, ပိတ်ချင်းအားဖြင့် စပ်သော ဘဏ္ဍာသည်လည်း။ အတ္ထိ၊ ရှိ၏။

ထိုစကားကို ကြား၍ ဘုရားလောင်းသည်-

၁၀၀။ ဧသ ဘိယျော ပဝေက္ခာမိ၊ ဝမ္မိကံ သတပေါရိသံ။
တေလံ လောဏဉ္စ ကိတ္တေသိ၊ အဟိတံ မယှံ ပိပ္ဖလိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၁၀၀။ ဒုဋ္ဌတာပသ၊ ရသေ့ပျက်။ သော အဟံ၊ ဤငါသည်။ သတပေါရိသံ၊ အသူတရာနက်သော။ ဝမ္မိကံ၊ တောင်ပို့သို့။ ဘိယျော၊ လွန်စွာ။ ပဝေက္ခာမိ၊ ဝင်အံ့။ တွံ၊ သင်သည်။ တေလဉ္စ၊ ဆီကို၎င်း။ လောဏဉ္စ၊ ဆားကို၎င်း။ ကိတ္တေသိ၊ ကြား၏။ မယှံ၊ ငါ့အား။ ပိပ္ဖလိ၊ ပိတ်ချင်းအစရှိသော အစပ်ဘဏ္ဍာသည်။ အဟိတံ၊ မလျှောက်ပတ်။

ဤသို့ဆို၍ ရသေ့စဉ်းလဲ သင်သည် အကယ်၍ ဤ၌နေအံ့၊ သင့်ကို ဆွမ်းခံရွာ၌ လူတို့ကို ဤရသေ့ကား ခိုးသူတည်းဟု ဖမ်းစေ၍ ဖောက်ပြန်ခြင်းသို့ ရောက်စေအံ့၊ လျင်မြန်စွာ ပြေးလေဟု ခြိမ်းချောက်၏။ ရသေ့စဉ်းလဲသည် ထိုအရပ်မှ ပြေး၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဤအံ့ဘွယ်သရဲကို ဖြစ်စေတတ်သောရဟန်းသည် ထိုအခါ စဉ်းလဲသော ရသေ့ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဖွတ်မင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

စဉ်းလဲကောက်လှ၊ ဒုဿီလကား၊ ရသ, ခင်လတ်၊ ဖွတ်ကိုသတ်၏

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ဂေါဓရာဇဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၆။ ကက္ကာရုဇာတ်

နတ်ပန်းခိုင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်ကာယေန ယော နာဝဟရေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကက္ကာရုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ဒေဝဒတ်သည် သံဃာကိုသင်းခွဲ၍ ပရိသတ်သည် အဂ္ဂသာဝကတို့နှင့်တကွ ဖဲခွါလတ်သည်ရှိသော် ဒေဝဒတ်၏ ခံတွင်းမှ ပူသောသွေးသည် အန်၏။ ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဒေဝဒတ်သည် မုသားဆိုခြင်းကိုပြု၍ သံဃာကို သင်းခွဲ၏။ ယခုနာ၍ ကြီးစွာသောဆင်းရဲကို ခံရ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော် လျောက်သည်ရှိသော်

ရဟန်းတို့ ဒေဝဒတ်သည် ယခုသာလျှင် မုသားဆိုသည် မဟုတ်သေး၊ ရှေး၌လည်း မုသားဆိုသလျှင်ကတည်း၊ ယခုသာလျှင် မုသားဆို၍ ကြီးစွာသော ဆင်းရဲကို ခံရသည် မဟုတ်သေး၊ ရှေး၌လည်း ခံရဘူးသလျှင် ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တာဝတိံသာနတ်ပြည်၌ မထင်ရှားသော နတ်သားဖြစ်၏။ ထိုအခါ ဗာရာဏသီပြည်၌ ကြီးစွာသော ပွဲသဘင်သည် ဖြစ်၏။ များစွာကုန်သော နဂါး, ဂဠုန်, ဘုမ္မစိုဝ်းနတ်တို့သည် လာ၍ ပွဲသဘင်ကို ကြည့်ကုန်၏။ တာဝတိံသာ နတ်ပြည်မှလည်း လေးယောက်ကုန်သော နတ်သားတို့သည် ကက္ကာရုမည်သော နတ်ပန်းတို့ဖြင့် ပြုအပ်သော ပန်းကုံးတို့ကိုပန်၍ ပွဲသဘင်ကြည့်အံ့သောငှါ လာကုန်၏။ တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီမြို့သည် ထိုပန်းတို့၏အနံ့ဖြင့် တစပ်တည်းသော အနံ့ရှိ၏။ လူတို့သည် ဤပန်းတို့ကို အဘယ်သူသည် ပန်အပ်ကုန်သနည်းဟု ဆင်ခြင်ကုန်လျက် သွားကုန်၏။ ထိုနတ်သားတို့သည် ငါတို့ကို ထိုလူတို့သည် ဆင်ခြင်ကုန်၏ဟု သိ၍ မင်းယင်ပြင်သို့ ပျံ၍ ကြီးစွာသော နတ်တို့၏ အာနုဘော်ဖြင့် ကောင်းကင်၌ တည်ကုန်၏။ လူများသည် စည်းဝေး၏။ မင်းသည်လည်း အိမ်ရှေ့ မင်းအစရှိကုန်သော သူတို့နှင့်တကွ သွား၏။ ထိုအခါ ထိုနတ်သားတို့ကို အရှင်နတ်သားတို့ အရှင်တို့သည် အဘယ်နတ်ပြည်မှ လာကုန်သနည်းဟု မေးကုန်၏။ တာဝတိံသာနတ်ပြည်မှ လာကုန်၏ဟု ဆိုကုန်၏။ အဘယ်အမှုဖြင့် လာကုန်သနည်းဟု မေးကုန်၏။ ပွဲကြည့်အံ့သောငှါ လာကုန်၏ဟု ဆိုကုန်၏။ ဤပန်းတို့သည်ကား အဘယ်အမည်ရှိကုန်သော ပန်းတို့နည်းဟု မေးကုန်၏။ ကက္ကာရုမည်သော နတ်ပန်းတို့တည်းဟုဆိုကုန်၏။ အရှင်နတ်သားတို့ အရှင်တို့သည် နတ်ပြည်၌ တပါးကုန်သော ပန်းတို့ကို ပန်ဆင်ပါကုန်လော၊ ကျွန်ုပ်တို့အား ဤပန်းတို့ကို ပေးပါကုန်လောဟု တောင်းကုန်၏။ နတ်သားတို့သည် ကက္ကာရုနတ်ပန်းတို့သည်ကား အာနုဘော်ကြီးကုန်၏။ နတ်တို့အားသာလျှင် ထိုက်ကုန်၏။ လူ့ပြည်၌ ယုတ်မာကုန်သော ပညာမရှိကုန်သော ယုတ်မာသော နှလုံးသွင်းရှိကုန်သော သီလမရှိကုန်သော သူတို့အား မထိုက်ကုန်၊ အကြင် လူတို့သည်ကား ဤသို့ သဘောရှိသည်လည်းဖြစ်ကုန်သော ဤသို့သဘောရှိသည်လည်း ဖြစ်ကုန်သော ဂုဏ်တို့နှင့် ပြည့်စုံကုန်၏။ ထိုသူတို့အား ထိုက်ကုန်၏ဟု ဆိုကုန်၏။ ဤသို့ဆိုပြီး၍ ထိုနတ်သားတို့တွင် နတ်သားအကြီးသည်-

၁၀၁။ ကာယေန ယော နာဝဟရေ၊
ဝါစာယ န မုသာ ဘဏေ။
ယသော လဒ္ဓါ န မဇ္ဇေယျ၊
သ ဝေ ကက္ကာရုမရဟတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၀၁။ ယော၊ အကြင်သူသည်။ ကာယေန၊ ကိုယ်ဖြင့်။ နာဝဟရေ၊ သူ့ဥစ္စာကိုမခိုး။ ဝါစာယ၊ နှုတ်ဖြင့်။ မုသာ၊ မဟုတ်မမှန်သော စကားကို။ န ဘဏေ၊ မဆို။ ယသော၊ စည်းစိမ်ကို။ လဒ္ဓါ၊ ရ၍။ န မဇ္ဇေယျ၊ မမေ့မလျော့ရာ။ သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ ကက္ကာရုံ၊ ကရုမည်သောနတ်ပန်းကို။ အရဟတိ၊ ထိုက်၏။

ထိုစကားကိုကြား၍ ပုရောဟိတ်သည် ငါ့အား ဤကျေးဇူးတို့တွင် တခုသော ကျေးဇူးသည်မျှလည်း မရှိ၊ မဟုတ်မမှန်သော စကားကိုဆို၍ ထိုပန်းတို့ကိုယူ၍ ပန်အံ့၊ ဤသို့ ပန်ဆင်သည်ရှိသော် လူများသည် ငါ့ကို ဤပုဏ္ဏားကား ကျေးဇူးဂုဏ်နှင့် ပြည့်စုံသောသူတည်းဟု သိလတ္တံ့ဟု ကြံ၏။ ကြံပြီး၍ ထိုပုရောဟိတ်သည် ကျွန်ုပ်သည် ထိုကျေးဇူးတို့နှင့် ပြည့်စုံ၏ဟုဆို၍ ထိုကက္ကာရုပန်းတို့ကို ပေးစေ၍ ပန်ဆင်၍ နှစ်ယောက်မြောက်သော နတ်သားကို တောင်း၏။ ထိုနတ်သားသည်လည်း-

၁၀၂။ ဓမ္မေန ဝိတ္တမေသေယျ၊
န နိကတျာ ဓနံ ဟရေ။
ဘောဂေ လဒ္ဓါ န မဇ္ဇေယျ၊
သ ဝေ ကက္ကာရုမရဟတိ။

ဟူသော နှစ်ခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

၁၀၂။ ယော၊ အကြင်သူသည်။ ဓမ္မေန၊ တရားသဖြင့်။ ဝိတ္တံ၊ ဥစ္စာကို။ ဧသေယျ၊ ရှာရာ၏။ နိကတျာ၊ စဉ်းလဲသဖြင့်။ ဓနံ၊ ဥစ္စာကို။ န ဟရေ၊ မဆောင်ရာ။ ဘောဂေ၊ စည်းစိမ်တို့ကို။ လဒ္ဓါ၊ ရ၍။ န မဇ္ဇေယျ၊ မမေ့မလျော့ရာ။ သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ ကက္ကာရုံ၊ ကက္ကာရု မည်သော နတ် ပန်းကို။ အရဟတိ၊ ထိုက်၏။

ပုရောဟိတ်သည် အကျွန်ုပ်သည် ဤကျေးဇူးတို့နှင့်ပြည့်စုံ၏ဟု ဆို၍ ထိုပန်းတို့ကို ပေးစေ၍ ပန်ဆင်၍ သုံးယောက်မြောက်သော နတ်သားကို တောင်း၏။ သုံးယောက်မြောက်သော နတ်သားသည်လည်း-

၁၀၃။ ယဿ စိတ္တံ အဟာလိဒ္ဒံ၊
သဒ္ဓါ စ အဝိရာဂိနီ။
ဧကော သာဒုံ န ဘုဉ္ဇေယျ၊
သ ဝေ ကက္ကာရုမရဟတိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၀၃။ ယဿ၊ အကြင်သူ၏။ စိတ္တံ၊ စိတ်သည်။ အဟာလိဒ္ဒံ၊ နနွင်းဆိုးသော အရည်ကဲ့သို့ လျင်မြန်စွာ ပြေတတ်သည် မဟုတ်။ သဒ္ဓါ စ၊ ကံ ကံ၏ အကျိုးကို ယုံကြည်ခြင်းသည်လည်း။ အဝိရာဂိနီ၊ အနည်းငယ်ဖြင့်လျှင် ပြေသည်မဟုတ်။ သာဒုံ၊ သာယာအပ်သော ဘောဇဉ်ကို။ ဧကော၊ တယောက်တည်း။ န ဘုဉ္ဇေယျ၊ မစားရာ။ သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ ကက္ကာရုံ၊ ကက္ကာရုမည်သောနတ်ပန်းကို။ အရဟတိ၊ ထိုက်၏။

ပုရောဟိတ်သည် အကျွန်ုပ်သည် ဤဂုဏ်တို့နှင့် ပြည့်စုံ၏ဟုဆို၍ ထိုပန်းတို့ကို ပေးစေ၍ ပန်ဆင်၍ လေးယောက် မြောက်သော နတ်သားကို တောင်း၏။ ထိုနတ်သားသည်လည်း-

၁၀၄။ သမ္မုခါ ဝါ တိရောက္ခာ ဝါ၊
ယော သန္တေ န ပရိဘာသတိ။
ယထာဝါဒီ တထာကာရီ၊
သ ဝေ ကက္ကာရုမရဟတိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၁၀၄။ ယော၊ အကြင်သူသည်။ သမ္မုခါ ဝါ၊ မျက်မှောက်၌၎င်း။ တိရောက္ခာ ဝါ၊ မျက်ကွယ် ၌၎င်း။ သန္တေ၊ သူတော်ကောင်းတို့ကို။ န ပရိဘာသတိ၊ မဆဲရေး။ ယထာဝါဒီ၊ အကြင်အခြင်းဖြင့် ဆို၏။ တထာကာရီ၊ ထိုအခြင်းဖြင့် ပြုလေ ရှိ၏။ ( ယထာဝါဒီ တထာကာရီ၊ အပြောနှင့်အလုပ် ညီညွတ်၏ ) သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ ကက္ကာရုံ၊ ကက္ကာရုမည်သော နတ်ပန်းကို။ အရဟတိ၊ ထိုက်၏။

ပုရောဟိတ်သည် ပေးလော့ အကျွန်ုပ်သည် ဤဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံ၏ဟုဆို၍ ထိုပန်းတို့ကိုပေးစေ၍ ပန်ဆင်၏။ လေးယောက်သော နတ်သားတို့သည် လေးခုသောပန်းကုံးတို့ကို ပုရောဟိတ်အား ပေး၍ နတ်ပြည်သို့လျှင် သွားကုန်၏။ နတ်သားတို့၏ သွားသောကာလ၌ ပုရောဟိတ်၏ ဦးခေါင်း၌ ကြီးစွာသော ဝေဒနာသညါ ဖြစ်၏။ ဦးခေါင်းသည် ထက်စွာသောအသွားဖျားရှိသော ဆောက်ဖြင့် ဖြတ်ဘိသကဲ့ သို့၎င်း သံပြားဖြင့်နှိပ်ဘိသကဲ့သို့၎င်း ဖြစ်၏။ ထိုပုရောဟိတ်သည် ဝေဒနာသို့ရောက်၍ ထိုမှဤမှ လူးလဲ၍ ကျယ်စွာသောအသံဖြင့် ဟစ်ကြွေး၏။ ထိုအမှုသည် အဘယ်တုံနည်းဟု မေးသည်ရှိသော် ငါသည် ကိုယ်တွင်း၌ မရှိသော ဂုဏ်ကျေးဇူးတို့ကို ရှိ၏ဟု မုသားဆို၍ ထိုနတ်သားတို့ကို တောင်း၏။ ထိုငါသည် ဝေဒနာသို့ရောက်၍ ကိုယ်အလုံး တုန်လှုပ်၏။ ထိုပန်းကုံးတို့ကို ငါ၏ ဦးခေါင်းမှ ပယ်ပါလောဟု ဆို၏။ ထိုပန်းကုံးတို့ကို ပယ်အံ့သောငှါ မတတ်နိုင်ကုန်၊ သံပြားဖြင့် ဖွဲ့အပ်သကဲ့သို့ ဖြစ်ကုန်၏။ ထိုအခါ ထိုပုရောဟိတ်ကို ချီ၍ အိမ်သို့ ဆောင်ကုန်၏။ အိမ်၌ ပုရောဟိတ်အား ဟစ်ကြွေးစဉ် ခုနစ်ရက်တို့သည် လွန်ကုန်၏။ မင်းသည် အမတ်တို့ကိုတိုင်ပင်၍ သီလမရှိသော ပုဏ္ဏားသည် သေလတ္တံ့၊ အဘယ်သို့ ပြုကြကုန်အံ့နည်းဟု ဆိုသည်ရှိသော် မြတ်သောမင်းကြီး တဖန် ပွဲသဘင်ပြုပြန်သည်ရှိသော် နတ်သားတို့သည် တဖန် လာပြန်ကုန်လတ္တံ့ဟု လျှောက်ကုန်၏။ မင်းသည် ပွဲသဘင်ကိုပြုစေ၍ နတ်သားတို့သည် တဖန်လာပြန်ကုန်၏။ မြိုအလုံးကို ပန်းနံ့ဖြင့် တစပ်တည်းသော အနံ့ရှိသည်ကို ပြု၍ ရှေးအတူသာလျှင် မင်းယင်ပြင်၌ ရပ်ကုန်၏။ လူများသည် စည်းဝေး၍ သီလမရှိသော ပုဏ္ဏားကို ဆောင်၍ နတ်သားတို့၏ရှေ့မှ ပက်လက်အိပ်စေ၏။ သီလမရှိသော ထိုပုဏ္ဏားသည် အရှင်နတ်သားတို့ အရှင်တို့သည် အကျွန်ုပ်အား အသက်ကိုပေးပါကုန်ဟု နတ်သားတို့ကို တောင်းပန်၏။ နတ်သားတို့သည် သီလမရှိသော ယုတ်မာသော သဘောရှိသောသင့်အား ဤပန်းတို့သည် မထိုက်မလျော်ကုန်၊ သင်သည်ကား ငါတို့ကို လှည့်စားအံ့ဟု အမှတ်ရှိသည် ဖြစ်၏။ မိမိ၏ မုသာဝါဒအကျိုးကို ရ၏ဟု လူများအလယ်၌ ဒုဿီလပုဏ္ဏားကို ကဲ့ရဲ့၍ ဦးခေါင်းမှပန်းကုံးကိုပယ်၍ လူများအား အဆုံးအမကို ပေး၍ မိမိတို့၏ အရပ်သို့သာလျှင် သွားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ပုဏ္ဏားဖြစ်ဘူးပြီ၊ ယခုအခါ ကဿပသည် ထိုအခါ တယောက်သော နတ်သား ဖြစ်ဘူးပြီ၊ ယခုအခါ မောဂ္ဂလ္လာန်သည် ထိုအခါ တယောက်သော နတ်သား ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ တယောက်သော နတ်သား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ နတ်သားအကြီး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မုသားမနိုင်၊ သင်းနံ့ ကြိုင်၊ ပန်းခိုင်ဆင်မှ ဆင်းရဲရ

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကက္ကာရုဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၇။ ကာကဝတီဇာတ်

မယားခိုး ဂဠုန်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝါတိ စာယံ တတော ဂန္ဓော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာကဝတီဇာတ်ကို ဇေတဝန် ကျောင်းတော် သီတင်း သုံးနေတော်မူစဉ် ငြီးငွေ့သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုအခါ ထိုရဟန်းကို ရဟန်း သင် ငြီးငွေ့သောဟူသည် မှန်သလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် အဘယ်၏ အစွမ်းဖြင့် ငြီးငွေ့သနည်းဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ကိလေ သာ၏ အစွမ်းအားဖြင့် ငြီးငွေ့၏ဟု နားတော် လျောက်သည်ရှိသော် ရဟန်း မိန်းမမည်သည်ကား စောင့်ရှောက်ခြင်းငှါ မတတ်ကောင်း၊ ရှေးပညာရှိတို့သည်လည်း မာတုဂါမကို သမုဒ္ဒရာအလယ် လက်ပံပင်ပျိုဗိမာန်၌ နေစေကုန်လျက် စောင့်ရှောက်ကုန်သော်လည်း စောင့်ရှောက်ခြင်းငှာ မတတ်နိုင်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ် မင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် အဘလွန်သဖြင့် မင်းပြု၏။ ဘုရားလောင်း၏ မိဖုယားကြီးသည် ကာကဝတီမည်၏။ နတ်သ္မီးကဲ့သို့ အလွန် အဆင်းလှ၏။

(ဤကာကဝတီဇာတ်၌ ဤသို့ ဆိုအပ်ပြီးသော အတိတ်ဝတ္ထု စကားသည် အကျဉ်းစကားတည်း၊ အကျယ်အားဖြင့်ကား အတိတ်ဝတ္ထုသည် ကုဏာလဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့)

ထိုအခါ၌ကား တခုသော ဂဠုန်မင်းသည် လူ၏အသွင်ဖြင့် သွား၍ မင်းနှင့်တကွ ကြွေအန် ကစားလတ်သော် ကာကဝတီမိဖုယား၌ တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ ကာကဝတီ မိဖုယားကိုယူ၍ ဂဠုန်ပြည်သို့ဆောင်၍ ထိုမိဖုယားနှင့်တကွ မွေ့လျော်၏။ မင်းသည် မိဖုယားကို မမြင်လတ်သော် နဋကုဝေရမည်သော စောင်းသမားကို မိဖုယားကို စုံစမ်းလော့ဟု ဆို၏။ စောင်းသမားသည် စုံစမ်းလတ်သော် ထိုအကြောင်းကို သိ၍ ဂဠုန်မင်းကိုစီး၍ အတောင်ကြားမှ ထွက်၍ တခုသော ရေအိုင်ဝယ် ပြိတ်တော၌အိပ်၍ ထိုပြိတ်တောမှ ဂဠုန်မင်းသွားသည့်ကာလ အတောင်ကြား၌ စီး၍ ဂဠုန်ပြည်သို့ရောက်၍ အတောင်ကြားမှထွက်၍ ထိုကာကဝတီမိဖုယားနှင့်တကွ ကိလေသာကာမ၏ အစွမ်းအားဖြင့် ရောရှက်ခြင်းကိုပြု၍ တဖန် ဂဠုန်မင်း၏ အတောင်ကြား၌လျှင် စီးလျက်လာ၍ ဂဠုန်မင်းသည် ဗာရာဏသီမင်းနှင့်တကွ ကြွေအန်ကစားသောကာလ၌ စောင်းသမားသည် မိမိစောင်းကိုယူ၍ ကြွေအန်ကစားသောပွဲသို့ သွား၍ မင်း၏အထံ၌ ရပ်လျက် သီချင်း သီသည်၏ အစွမ်းအားဖြင့် -

၁၀၅။ ဝါတိ စာယံ တတော ဂန္ဓော၊
ယတ္ထ မေ ဝသတီ ပိယာ။
ဒူရေ ဣတော ဟိ ကာကဝတီ၊
ယတ္ထ မေ နိရတော မနော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၀၅။ ယတ္ထ၊ အကြင်ဂဠုန်ပြည်၌။ မေ၊ ငါ၏။ ပိယာ၊ မယားသည်။ ဝသတိ၊ နေ၏။ တတော၊ ထိုဂဠုန်ပြည်မှ။ အယံ ဂန္ဓော၊ ဤနတ်နံ့သာကို လိမ်းကျံသော ကာကဝတီ မိဖုယား၏ ကိုယ်နံ့သည်။ ဝါတိ စ၊ လှိုင်သည်သာလျှင်တည်း။ ယတ္ထ၊ အကြင်ကာကဝတီ မိဖုယား၌။ မေ၊ ငါ၏။ မနော၊ စိတ်သည်။ နိရတော၊ မွေ့လျော်၏။ သာ ကာကဝတီ၊ ထိုကာကဝတီ မိဖုယားသည်။ ဣတော၊ ဤဗာရာဏသီပြည်မှ။ ဒူရေ၊ ဝေးသော ဂဠုန်ပြည်၌။ ဝသတိ၊ နေ၏။

ထိုစကားကို ကြား၍ ဂဠုန်မင်းသည်-

၁၀၆။ ကထံ သမုဒ္ဒမတရိ၊ ကထံ အတရိ ကေပုကံ။
ကထံ သတ္တ သမုဒ္ဒါနိ၊ ကထံ သိမ္ဗလိ မာရုဟိ။

ဟူသော နှစ်ခုမြောက်သောဤဂါထာကို ဆို၏။

၁၀၆။ တွံ၊ သင်သည်။ သမုဒ္ဒံ၊ သမုဒ္ဒရာကို။ ကထံ အတရိ၊ အဘယ်သို့ ကူးသနည်း။ ကေပုကံ၊ ကေပုကမည်သော မြစ်ကို။ ကထံ အတရိ၊ အဘယ် သို့ကူးသနည်း။ သတ္တ သမုဒ္ဒါနိ၊ သီဒါ သမုဒ္ဒရာ ခုနစ်တန်တို့ကို။ ကထံ အတိက္ကမိတွာ၊ အဘယ်သို့ လွန်၍။ သိမ္ဗလိံ၊ လက်ပံပင်ကို။ ကထံ အာရုဟိ၊ အဘယ်သိုတက်သနည်း။

ထိုစကားကို ကြား၍ နဋကုဝေရ စောင်းသမားသည်-

၁၀၇။ တယာ သမုဒ္ဒမတရိံ၊ တယာ အတရိံ ကေပုကံ။
တယာ သတ္တ သမုဒ္ဒါနိ၊ တယာ သိမ္ဗလိ မာရုဟိံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၀၇။ အဟံ၊ ငါသည်။ တယာ၊ သင်ဖြင့်။ သမုဒ္ဒံ၊ သမုဒ္ဒရာကို။ အတရိံ၊ ကူးပြီ။ တယာ၊ သင်ဖြင့်။ ကေပုကံ၊ ကေပုကမည်သော မြစ်ကို။ အတရိံ၊ ကူးပြီ။ တယာ၊ သင်ဖြင့်။ သတ္တ သမုဒ္ဒါနိ၊ သီဒါသမုဒ္ဒရာ ခုနစ်တန်တို့ကို။ အတိက္ကမိတွာ၊ လွန်၍။ တယာ၊ သင်ဖြင့်။ သိမ္ဗလိံ၊ လက်ပံပင်ကို။ အာရုဟိံ၊ တက်ပြီ။

ထိုနောက်မှ ဂဠုန်မင်းသည် -

၁၀၈။ ဓီရတ္ထု မံ မဟာကာယံ၊ ဓီရတ္ထု မံ အစေတနံ။
ယတ္ထ ဇာယာယဟံ ဇာရံ၊ အာဝဟာမိ ဝဟာမိ စ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၁၀၈။ ယတ္ထ-ယသ္မာ၊ အကြင့်ကြောင့်။ အဟံ၊ ငါသည်။ ဇာယာယ၊ မယား၏။ ဇာရံ၊ လင်ဖြစ်သော စောင်းသမားကို။ အာဝဟာမိ စ၊ ဂဠုန်ပြည်သို့လည်း ယူ၏။ ဝဟာမိ စ၊ လူ့ပြည်သို့လည်း ပို့ဆောင်၏။ တသ္မာ၊ ထို့ကြောင့်။ မဟာကာယံ၊ ကြီးသောကိုယ်ရှိသော။ မံ၊ ငါ့ကို။ ဓီရတ္ထု၊ ငါ ကဲ့ရဲ့၏ အစေတနံ၊ ပေါ့သည်၏အဖြစ် လေးသည်၏အဖြစ်ကို မသိသော။ မံ၊ ငါ့ကို။ ဓီရတ္ထု၊ ကဲ့ရဲ့၏။

ထိုဂဠုန်မင်းသည်ကား ကာကဝတီ မိဖုယားကို ဆောင်၍ ဗာရာဏသီမင်းအား ပေး၍ တဖန် ဗာရာဏသီမြို့သို့ မလာပြီ။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ နဋကုဝေရမည်သော စောင်းသမား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီမင်းဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

စောင့်ရှောက်ခဲလှ၊ ဣတ္ထိယ၊ မိန့်ဟခါခါ မတွယ်တာနှင့်

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကာကဝတီဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၈။ အနနုသောစိယဇာတ်

မယားသေ စိတ်ထွေ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဗဟူနံ ဝိဇ္ဇတိ ဘောတီ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအနနုသောစိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားသေသော သူကြွယ်တယောက်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုသူကြွယ်သည် မယားသေလွန်သည် ရှိသော် ရေမချိုး မသောက် မလိမ်းကျံ အစာမစား အမှုမလုပ်၊ စင်စစ်သဖြင့် သောကသည် နှိပ်စက်ရကား သုသာန်သို့သွား၍ ငိုလျက်သာလျှင် လှည့်လည်သတတ်၊ အိုး၌ ဆီမီးထွန်းပသကဲ့သို့ သူကြွယ်၏ ကိုယ်အတွင်း၌ သောတာပတ္တိမဂ်၏ ဥပနိဿယသည် ထွန်းပ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် မိုးသောက်ထ ကာလ၌ လောကကို ကြည့်တော်မူသည်ရှိသော် ထိုသူကြွယ်ကို မြင်တော်မူ၍ ငါ့ကိုထား၍ ငါမှတပါး ဤသူကြွယ်အား သောကကိုပယ်၍ သောတာပတ္တိမဂ်ကို ပေးတတ်သော တစုံတယောက်သောသူသည် မရှိ၊ ငါသည် ထိုသူကြွယ်၏ ကိုးကွယ်ရာဖြစ်အံ့ဟု ဆွမ်းဘုဉ်းပေးပြီး သည်မှနောက် ဆွမ်းခံရာမှ ဖဲတော်မူ၍ နောက်လိုက်ရဟန်းကို ခေါ်တော်မူ၍ ထိုသူကြွယ်၏ အိမ်တံခါးသို့ ကြွတော်မူ၍ သူကြွယ်သည် ခရီးဦး ကြိုဆို၍ ပူဇော် သက္ကာရကို ပြုလတ်သော် ခင်းအပ်သောနေရာ၌ နေတော်မူ၍ သူကြွယ်သည် လာလတ်၍ ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာ နေလတ်သော် သီတင်းသည် သင်သည် ဆိတ်ဆိတ် နေသလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား အမိန့်တော်အတိုင်း ဟုတ်၏။ အကျွန်ုပ်မယားသည် သေ၏။ အကျွန်ုပ်သည် သေသောမယားကို စိုးရိမ်လျက် ဆိတ်ဆိတ်နေ၏ဟု နားတော် လျှောက်သည်ရှိသော် သီတင်းသည် ပျက်စီးတတ်သော သဘောမည်သည်ကား ပျက်စီးမြဲဖြစ်၏။ ထိုပျက်စီးခြင်း သဘောတရား၌ စိုးရိမ်ခြင်းငှါ မသင့်၊ ရှေးပညာရှိတို့သည်လည်း မယားသေလွန်သည်ရှိသော် ပျက်စီးတတ်သော သဘောသည် ပျက်စီး၏ ဟု မစိုးရိမ်ကုန်ဟု မိန့်တော်မူ၍ ထိုသူကြွယ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

(အတိတ်ဝတ္ထုသည် ဒသကနိပါတ်၊ စူဠဗောဓိဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ဤအနနုသောစိယဇာတ်၌ ဤသို့ ဆိုလတ္တံ့သော အတိတ်ဝတ္ထုသည်ကား အကျဉ်းတည်း)။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကို သင်၍ မိဘတို့၏ အထံသို့ ပြန်လာ၏။ (ဤအနနုသောစိယဇာတ်၌ ဘုရားလောင်းသည် သူငယ်လက်ထက်မှစ၍ မြတ်သောအကျင့်ကို ကျင့်၏။ ) ထိုအခါ မိဘတို့သည် ဘုရားလောင်းအား မယားကို ရှာကုန်အံ့ဟု ကြားကုန်၏။ ဘုရားလောင်းသည် အိမ်ရာ ထောင်ခြင်းကို ငါအလိုမရှိ၊ ငါသည် မိဘတို့၏ လွန်သောအခါ၌ ရသေ့ရဟန်းပြုအံ့ဟု ဆို၍ တဖန်တလဲလဲ တောင်းပန်အပ်သည်ရှိသော် တခုသော ရွှေရုပ်ကိုလုပ်စေ၍ ဤသို့ သဘောရှိသော သူငယ်မကိုရသော် ယူအံ့ဟု ဆို၏။ ဘုရားလောင်း၏ မိဘတို့သည် ထိုရွှေရုပ်ကို ယာဉ် ပေါင်းချုပ်၌ တင်၍ သွားကြကုန်၊ ဇမ္ဗူဒိပ်အပြင်၌ လှည့်လည်ကုန်လျက် အကြင်အိမ်၌ ဤသို့သဘောရှိသော ပုဏ္ဏေးမငယ်ကို မြင်ကုန်အံ့၊ ထိုအိမ်၌ ဤရွှေရုပ်ကိုပေး၍ ထိုပုဏ္ဏေးမငယ်ကို ဆောင်ခဲ့ကုန်လော့ဟု များစွာသော အခြံအရံဖြင့် လူတို့ကို စေလွှတ်ကုန်၏။

ထိုကာလ၌ကား တယောက်သော ဘုန်းရှိသော သတ္တဝါသည် ဗြဟ္မာပြည်မှစုတေ၍ ကာသိတိုင်း နိဂုံးရွာဝယ် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏား၏အိမ်၌ သူငယ်မ၏ အဖြစ်ဖြင့် ဖြစ်၏။ ထိုသူငယ်မအား သမ္မိလ္လဟာသိနီဟူသော အမည်ကိုမှည့်၏။ ထိုသမ္မိလ္လဟာသိနီသည် တဆဲ့ခြောက်နှစ် ရှိသောကာလ၌ အလွန်အဆင်း လှ၏။ ကြည်ညိုဘွယ်ရှိ၏။ နတ်သ္မီးနှင့်တူ၏။ ခပ်သိမ်းသော လက္ခဏာနှင့် ပြည့်စုံ၏။ ထိုသမ္မိလ္လဟာသိနီမည်သော သူငယ်မအားလည်း ကိလေသာစိတ်မည်သည် မဖြစ်စဘူး၊ သမ္မိလ္လဟာသိနီသည် မြတ်သောအကျင့်ကို ကျင့်၏။ ဤရွှေရုပ်ကိုယူ၍ လှည့်လည်ကုန်သော သူတို့သည် ထိုရွာသို့ ရောက်ကုန်၏။ ထိုရွာ၌ လူတို့သည် ထိုရွှေရုပ်ကို မြင်ကုန်၍ ဤအမည်ရှိသော ပုဏ္ဏားသ္မီး သမ္မိလ္လဟာသိနီသည် အဘယ်ကြောင့် ဤ၌နေသနည်းဟု ဆိုကုန်၏။ လူတို့သည် ထိုစကားကိုကြား၍ ဤပုဏ္ဏားအိမ်သို့သွား၍ သမ္မိလ္လဟာသိနီကို တောင်းကုန်၏။ သမ္မိလ္လဟာသိနီသည် မိဘတို့၏ လွန်သောအခါ ကျွန်ုပ် ရဟန်းပြုပါအံ့၊ ကျွန်ုပ် အိမ်ရာထောင်ခြင်းဖြင့် အလိုမရှိဟု မိဘတို့အား သတင်းစကားကို ပို့ စေ၏။ မိဘတို့လည်း သူငယ်မသည် အဘယ်သို့ ပြုလတ္တံ့နည်းဟု ဆို၍ ရွှေရုပ်ကိုယူ၍ သမ္မိလ္လဟာသိနီကို များစွာသော အခြံအရံဖြင့်ပို့ စေကုန်၏။ နှစ်ဦးကုန်သော သတို့သား, သတို့သ္မီးတို့အား အလိုမရှိကုန်ဘဲလျက် မင်္ဂလာ ပြုကုန်၏။ ထိုနှစ်ယောက်ကုန်သော သူတို့သည် တခုသော တိုက်ခန်း တခုသော အိပ်ရာ၌ နေကုန်လျက်လည်း အချင်းချင်း ကိလေသာ၏ အစွမ်းအားဖြင့် မကြည့်ဘူးကုန်၊ နှစ်ပါးကုန်သောရဟန်း နှစ်ယောက်ကုန်သော ဗြဟ္မာတို့ကဲ့သို့ တနေရာတည်း၌ နေကုန်၏။

နောက်အဘို့၌ ဘုရားလောင်း၏မိဘသည် သေလွန်ကုန်၏။ ဘုရားလောင်းသည် မိဘတို့ကို သင်္ဂြိုဟ်၍ သမ္မိလ္လဟာသိနီကို ခေါ်၍ ရှင်မ သင်သည် မိဘဥစ္စာ ကုဋေရှစ်ဆယ် သင့်မိဘဥစ္စာ ကုဋေရှစ်ဆယ် ဤမျှလောက်သော ဥစ္စာကိုယူ၍ ဥစ္စာကို ဖြစ်စေလော့၊ ငါသည် ရဟန်းပြုအံ့ဟု ဆို၏။ အရှင့်သား အရှင်သည် ရဟန်းပြုသော် ကျွန်ုပ်လည်း ရဟန်းပြုအံ့၊ အရှင့်သားကို စွန့်ခြင်းငှါ။ မတတ်နိုင်ဟု သမ္မိလ္လဟာသိနီဆို၏။ ထိုသို့တပြီးကား လာလော့ဟု ခပ်သိမ်းသောဥစ္စာတို့ကို အလှူဝ၌စွန့်၍ တံတွေးပေါက်ကဲ့သို့ စည်းစိမ်ကိုပယ်၍ ဟိမဝန္တာသို့ဝင်၍ နှစ်ယောက်ကုန်သော သူတို့သည်လည်း ရသေ့ ရဟန်းပြု၍ တောသစ်သီး ဟူသော အာဟာရရှိကုန်သည်ဖြစ်၍ ဟိမဝန္တာ၌ ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှါ ဟိမဝန္တာမှသက်၍ အစဉ်သဖြင့် ဗာရာဏသီသို့ ရောက်၍ မင်း၏ဥယျာဉ်၌ နေကုန်၏။

မင်းဥယျာဉ်၌ နေကုန်သော နှစ်ယောက်ကုန်သော ရသေ့တို့တွင် ဩဇာမရှိသော ရောနှောသော ဆွမ်းကို စားရသော ရသေ့မအား နူးညံ့သိမ်မွေ့သည်၏ အဖြစ်ကြောင့် ဝမ်းသွေးသွန်သော အနာသည် ဖြစ်၏။ ထိုရသေ့မသည် သင့်သောဆေးကို မရ၍ အားနည်း၏။ ဘုရားလောင်းသည် ဆွမ်းခံသောအချိန်၌ ထိုရသေ့မကို ယူခဲ့၍ မြို့တံခါးသို့ ဆောင်ခဲ့၍ တခုသော ဇရပ်ပျဉ်၌အိပ်စေ၍ မိမိသည် ဆွမ်းခံဝင်၍ ဘုရားလောင်း မြို့မှမထွက်မီလျှင် ရသေ့မသည် သေ လွန်၏။ လူများသည် ရသေ့မ၏ တင့်တယ်စွာသော အဆင်းကိုမြင်၍ ခြံရံလျက် ငိုကြွေး မြည် တမ်း၏။ ဘုရားလောင်းသည် ဆွမ်းခံ၍ လာလတ်သော် ထိုရသေ့မ၏ သေသောအဖြစ်ကိုသိ၍ ပျက်စီးတတ်သော သဘောသည် ပျက်စီး၏။ ခပ်သိမ်းကုန်သော သင်္ခါရတို့သည် အမြဲမရှိကုန်သလျှင်ကတည်းဟု ဆို၍ ထိုရသေ့မ လျောင်းသော ပျဉ်၌လျှင် ထိုင်၍ ရောနှောသော ဆွမ်းကိုဘုဉ်းပေး၍ ခံတွင်းကို ဆေး၏။ ခြံရံ၍ တည်သော လူများသည် အရှင်ဘုရား ဤရသေ့မသည် အရှင်ဘုရားနှင့် အဘယ်သို့တော်သနည်းဟု မေး၏။ လူဖြစ်စဉ်က ငါ၏ခြေရင်း၌ အလုပ်အကျွေးတည်းဟု ဆို၏။ အရှင်ဘုရား အကျွန်ုပ်တို့သည်ပင် သဘောအားဖြင့် မတည်နိုင်ကြကုန်၊ ငိုကြွေးမြည်တမ်းကြကုန်၏။ အရှင်ဘုရားသည် အဘယ့်ကြောင့် မငိုသနည်းဟု မေးကုန်၏။ ဘုရားလောင်းသည် ဤမိန်းမကား အသက်ရှင်စဉ်ကပင်လျှင် ငါနှင့် တစုံတခုတော် စပ်သည်မဟုတ်၊ ယခု တမလွန်သို့သွားသော် အဘယ်သို့တော်စပ်အံ့နည်း။ ဤရဟန်းမိန်းမသည် သေမင်းနိုင်ငံသို့ လိုက်သွားပြီ၊ အဘယ်ကြောင့် ငိုအံ့နည်းဟု လူများအား တရားဟောလိုရကား-

၁၀၉။ ဗဟူနံ ဝဇ္ဇတိ ဘောတီ၊ တေဟိ မေ ကိံ ဘဝိဿတိ။
တသ္မာ ဧတံ န သောစာမိ၊ ပိယံ သမ္မိလ္လဟာသိနိံ။
၁၁၀။ တံ တံ စေ အနုသောစေယျ၊ ယံယံ တဿ န ဝိဇ္ဇတိ။
အတ္တာန မနုသောစေယျ၊ သဒါ မစ္စုဝသံ ပတံ။
၁၁၁။ န ဟေဝ ဌိတံ နာသီနံ၊ န သယာနံ န ပဒ္ဓဂုံ။
ယာဝ ဗျာတိ နိမိသတိ၊ တတြာပိ ရသတီ ဝယော။
၁၁၂။ တတ္ထတ္ထနိ ဝတပ္ပဒ္ဓေ၊ ဝိနာဘာဝေ အသံသယေ။
ဘူတံ သေသံ ဒယိတဗ္ဗံ၊ ဝီတံ အနနုသောစိယံ။

ဟူကုန်သော ဤလေးဂါထာတို့ကို ဆို၏။

၁၀၉။ ဘောတီ၊ ပုဏ္ဏေးမသည်။ ဗဟူနံ၊ များစွာကုန်သော သူသေတို့၏။ အန္တရေ၊ အတွင်း၌။ ဝိဇ္ဇတိ၊ ရှိ၏။ တေဟိ၊ ထိုသူသေတို့နှင့်။ သဒ္ဓိံ၊ တကွ။ ဝတ္တမာနာ၊ ဖြစ်သော ပုဏ္ဏေးမသည်။ မေ၊ ငါ့အား။ ကိံ၊ အဘယ်သို့တော်စပ်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့နည်း။ တသ္မာ၊ ထို့ကြောင့်။ ပိယံ၊ မယားဖြစ်သော။ ဧတံ သမ္မိလ္လဟာသိနိံ၊ ထိုသမ္မိလ္လဟာသိနီကို။ န သောစာမိ၊ ငါမစိုးရိမ်။

၁၁၀။ ယံယံ၊ အကြင် အကြင် သေတိုင်း တိုင်းသောသူသည်။ တဿ၊ ထိုစိုးရိမ်သောသူအား။ န ဝိဇ္ဇတိ၊ မရှိ။ တံတံ၊ ထိုသေတိုင်း သေတိုင်းသောသူကို။ စေ အနုသောစေယျ၊ အကယ်၍ စိုးရိမ်ငြားအံ့။ သဒါ၊ အခါခပ်သိမ်း။ မစ္စုဝသံ၊ သေမင်းနိုင်ငံသို့။ ပတံ၊ လိုက်ရသော။ အတ္တာနံ၊ ကိုယ်ကို။ အနုသောစေယျ၊ စိုးရိမ်ရာ၏။

၁၁၁။ ဟေ၊ အို လူများတို့။ ဌိတံဧဝ၊ ရပ်သော သတ္တဝါသို့သာလျှင်။ အာယုသင်္ခါရော၊ အာယုသင်္ခါရသည်။ ၊ လိုက်သည် မဟုတ်သေး။ အာသီနံ ဧဝ၊ ထိုင်သော သတ္တဝါသို့သာလျှင်။ အာယုသင်္ခါရော၊ အာယုသင်္ခါရသည်။ ၊ လိုက်သည်မဟုတ်သေး။ သယာနံဧဝ၊ လျောင်းသော သတ္တဝါသို့ သာလျှင်။ အာယုသင်္ခါရော၊ အာယုသင်္ခါရသည်။ ၊ လိုက်သည်မဟုတ်သေး။ ပဒ္ဓဂုံဧဝ၊ ဘဝါးဖြန့်လှမ်း၍ သွားသောသတ္တဝါသို့သာလျှင်။ အာယုသင်္ခါရော၊ အာယုသင်္ခါရသည်။ ၊ လိုက်သည်မဟုတ်သေး။ ယာဝ၊ အကြင်မျှလောက်။ ဗျာတိ၊ မျက်စိဖွင့်၏။ နိမိသတိ၊ မျက်စိမှိတ်၏။ တတြာပိ၊ ထိုမျက်စိဖွင့်စဉ် မှိတ်စဉ် အချိန်မျှ၌လည်း။ ဝယော၊ သုံးပါးသောအရွယ်သည်။ ရသတိ၊ ဆုတ်ယုတ်၏။

၁၁၂။ တတ္ထ၊ ထိုအရွယ်၏ ဆုတ်ယုတ်သည်ရှိသော်။ ဝတ၊ စင်စစ်။ အတ္တနိ၊ အတ္တဘောသည်။ ပဒ္ဓေ၊ ချို့တဲ့ခြင်း၌၎င်း။ ဝိနာဘာဝေ၊ ကွေကွင်းခြင်း၌၎င်း။ အသံသယေ၊ ယုံမှားမရှိရာ။ သေသံ၊ မသေပျောက်ဘဲ ကြွင်းကျန်သော။ ဘူတံ၊ သတ္တဝါကို။ ဒယိတဗ္ဗံ၊ သနားချစ်ခင်အပ်၏။ ဝီတံ၊ သေလေပြီးသောသတ္တဝါကို။ အနနုသောစိယံ၊ အဖန်တလဲလဲ မစိုးရိမ်အပ်။

ဤသို့ ဘုရားလောင်းသည် လေးဂါထာတို့ဖြင့် အနိစ္စအခြင်းအရာကိုပြလျက် တရားကို ဟော၏။ လူများသည် ပရိဗိုဇ်ရဟန်းမိန်းမကို သင်္ဂြိုဟ်၏။ ဘုရားလောင်းသည် ဟိမဝန္တာသို့သာလျှင် ဝင်၍ ဈာန် အဘိညာဉ်, သမာပတ်တို့ကိုဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ သမ္မိလ္လဟာသိနီ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

အပျက်တရား၊ ပျက်တတ်ငြား၊ အများမှတ်သင့် စိုးရိမ်လင့်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော အနနုသောစိယဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၉။ ကာဠဗာဟုဇာတ်

တောတွင်း မောင်ညို

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယံ အန္နပါနဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာဠဗာဟုဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပျောက်သော လာဘသက္ကာရ ရှိသော ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏ ဒေဝဒတ်သည် ဘုရားအား အရာမဟုတ်သည်၌ ရန်ငြိုးဖွဲ့၍ လေးသ္မားတို့ကို စေလွှတ်ခြင်း, နာဠာဂိရိဆင်ကို လွှတ်ခြင်းဖြင့် ဒေဝဒတ်၏ အပြစ်သည် ထင်ရှားဖြစ်၏။ ထိုအခါ လူတို့သည် ဒေဝဒတ်အား အမြဲတည်အပ်သော ဆွမ်းဝတ်တို့ကို မတည်ကုန်၊ မင်းသည်လည်း ထိုဒေဝဒတ်ကို မကြည်ညို၊ ဒေဝဒတ်သည် ပျောက်သော လာဘသက္ကာရရှိသည်ဖြစ်၍ ဒါယကာတို့၌ တောင်း၍ စားလျက် လှည့်လည်၏။ ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ ဒေဝဒတ်သည် လာဘသက္ကာရကို ဖြစ်စေ၍ ဖြစ်ပြီးသော လာဘသက္ကာရကို အမြဲတည်စိမ့်သောငှာ မတတ်နိုင်ကုန်ဟု စကားကိုဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့်စည်းဝေးကြပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ပျောက်သော လာဘသက္ကာရရှိသည် မဟုတ်သေး၊ ရှေး၌လည်း ပျောက်သော လာဘသက္ကာရရှိသည်သာလျှင် ဖြစ်ဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဓနဉ္စယမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရာဓမည်သော ကျေးဖြစ်၏။ ကြီးသော ပြည့်ဖြိုးသော ကိုယ်ရှိ၏။ ညီတော်သည်ကား ပေါဋ္ဌပါဒ မည်၏။ တယောက်သော မုဆိုးသည် ကျေးညီနောင်တို့ကို ဖမ်းယူ၍ တန်ဆာဆင်၍ ဗာရာဏသီမင်းအား ဆက်၏။ မင်းသည် ကျေးညီနောင်တို့ကို ရွှေချိုင့်၌ထား၍ ရွှေခွက်ဖြင့် ပျားရည်, ပေါက်ပေါက်တို့ကို စားစေလျက် သကြားရည်တို့ကို သောက်စေလျက် မွေး၏။ များမြတ်သော ပူဇော်သက္ကာရသည် ဖြစ်၏။ ထိုအခါ တယောက်သော မုဆိုးသည် ကာဠဗာဟုမည်သော တခုသော မျောက်ညိုကြီးကို ဆောင်၍ ဗာရာဏသီမင်းအား ဆက်၏။ ထိုကာဠဗာဟုမျောက်ညိုကြီးအား နောက်မှလာသည်၏ အဖြစ်ကြောင့် အလွန်များသော လာဘသက္ကာရသည် ဖြစ်၏။ ကျေးသားတို့အား လာဘသက္ကာရသည် ပြတ်၏။ ဘုရားလောင်းသည် သည်းခံခြင်းလက္ခဏာနှင့် ယှဉ်သည်၏ အဖြစ်ကြောင့် တစုံတခုကို မဆို၊ ဘုရားလောင်း၏ ညီသည်ကား သည်းခံခြင်း လက္ခဏာမရှိသည်၏အဖြစ်ကြောင့် မျောက်အားဖြစ်သော လာဘသက္ကာရကို သည်းမခံနိုင်သည်ဖြစ်၍ အစ်ကိုကြီး ဤမင်းအိမ်၌ ကောင်းသော အရသာရှိကုန်သော ခဲဘွယ် အစရှိသည်တို့ကို ရှေး၌ ကျွန်ုပ်တို့အားသာလျှင် ပေးကုန်၏။ ယခု အကျွန်ုပ်တို့သည် မရကုန်၊ ကာဠဗာဟု မျောက်အားသာလျှင် ပေးကုန်၏။ ဓနဉ္စယမင်း၏ အထံမှ လာဘသက္ကာရကို မရကုန်၊ ဤအရပ်၌ ငါတို့သည် အဘယ်သို့ ပြုကုန်အံ့နည်း၊ လာလော့ တောသို့သာလျှင် သွား၍နေကုန်အံ့ဟု ရာဓကျေးနှင့်တကွ စကား ပြောလိုရကား-

၁၁၃။ ယံ အန္နပါနဿ ပုရေ လဘာမ၊
တံ ဒါနိ သာခမိဂမေဝ ဂစ္ဆတိ။
ဂစ္ဆာမ ဒါနိ ဝနမဝေ ရာဓ၊
အသက္ကတာ စသ္မ ဓနဉ္စယာယ။

ဟူသော ရှေးဦးစွာ ဤဂါထာကို ဆို၏။

၁၁၃။ ဘာတိက၊ အစ်ကို။ မယံ၊ ငါတို့သည်။ အဿ၊ ထိုဓနဉ္စယမင်း၏။ သန္တိကာ၊ အထံမှ။ ယံ အန္နပါနံ၊ အကြင် ထမင်းအဖျော်ကို။ ပုရေ၊ ရှေး၌။ လဘာမ၊ ရကုန်၏။ တံ အန္နပါနံ၊ ထိုထမင်း အဖျော်သည်။ ဣဒါနိ၊ ယခုအခါ၌။ သာခါမိဂမေဝ၊ မျောက်သို့သာလျှင်။ ဂစ္ဆတိ၊ ရောက်၏။ ရာဓ၊ အစ်ကိုရာဓ။ မယံ၊ ငါတို့သည်။ ဓနဉ္စယာယ၊ ဓနဉ္စယမင်းမှ။ အသက္ကတာ၊ ပူဇော်သက္ကာရကို မရကုန်သည်။ အသ္မ၊ ဖြစ်ကုန်၏။ ဣဒါနိ၊ ယခုအခါ ၌။ ဝနမဝေ၊ တောသို့သာလျှင်။ ဂစ္ဆာမ၊ သွားကြ ကုန်အံ့။

ထိုစကားကိုကြား၍ ရာဓကျေးသည်-

၁၁၄။ လာဘော အလာဘော ယသော အယသော စ၊
နိန္ဒာ ပသံသာ စ သုခဉ္စ ဒုက္ခံ။
ဧတေ အနိစ္စာ မနုဇေသု ဓမ္မာ၊
မာ သောစိ ကိံ သောစသိ ပေါဋ္ဌပါဒ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၄။ ပေါဋ္ဌပါဒ၊ ညီထွေး ပေါဋ္ဌပါဒ။ မနုဇေသု၊ လူတို့၌။ လာဘော၊ လာဘ်ရခြင်း။ အလာဘော၊ လာဘ်မရခြင်း။ ယသော၊ စည်းစိမ် အခြံအရံများခြင်း။ အယသော၊ စည်းစိမ်အခြံအရံမရှိခြင်း။ နိန္ဒာ၊ ကဲ့ရဲ့ခြင်း။ ပသံသာ စ၊ ချီးမွမ်းခြင်း။ သုခဉ္စ၊ ချမ်းသာခြင်း။ ဒုက္ခံ၊ ဆင်းရဲခြင်း။ ဧတေ ဓမ္မာ၊ ဤလောကဓံတရား ရှစ်ပါးတို့သည်။ အနိစ္စာ၊ အမြဲမရှိကုန်။ မာ သောစိ၊ မစိုးရိမ်လင့်။ ကိံ သောစသိ၊ အဘယ့်ကြောင့် စိုးရိမ်သနည်း။

ထိုစကားကိုကြား၍ ညီငယ်ပေါဋ္ဌပါဒသည် မျောက်၌ ငြူစူခြင်းကို ပယ်ခြင်းငှါ မတတ်နိုင်ရကား-

၁၀၅။ အဒ္ဓါ တုဝံ ပဏ္ဍိတကောသိ ရာဓ၊
ဇာနာသိ အတ္ထာနိ အနာဂတာနိ။
ကထံနု သာခမိဂံ ဒက္ခိဿာမ၊
နိဒ္ဓါဝိတံ ရာဇကုလတောဝ ဇမ္မံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၅။ ရာဓ၊ အစ်ကို ရာဓ။ တုဝံ၊ သင်သည်။ အဒ္ဓါ၊ စင်စစ်။ ပဏ္ဍိတကော၊ ပညာရှိသည်။ အသိ၊ ဖြစ်၏။ အနာဂတာနိ၊ မရောက်လာကုန်သေးသော။ အတ္ထာနိ၊ အကျိုးတို့ကို။ ဇာနာသိ၊ သိ၏။ ကထံနု၊ အဘယ်အကြောင်းဖြင့်။ ဇမ္မံ၊ ယုတ်မာသော။ သာခမိဂံ၊ မျောက်ကို။ ရာဇကုလတောဝ၊ မင်းအိမ်မှလျှင်။ နိဒ္ဓါဝိတံ၊ နှင်ထုတ်စေအပ်သည်ကို။ မယံ၊ ငါတို့သည်။ ဒက္ခိဿာမ၊ မြင်ရကုန်အံ့နည်း။

ထိုစကားကို ကြား၍ နောင်တော်ရာဓသည်-

၁၁၆။ စာလေတိ ကဏ္ဏံ ဘကုဋိံ ကရောတိ၊
မုဟုံ မုဟုံ ဘာယယတေ ကုမာရေ။
သယမေဝ တံ ကာဟတိ ကာဠဗာဟု
ယေနာရကာ ဌဿတိ အန္နပါနာ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၆။ ပေါဋ္ဌပါဒ၊ ပေါဋ္ဌပါဒ။ ကာဠဗာဟု၊ ကာဠဗာဟု မျောက်သည်။ ကဏ္ဏံ၊ နားကို။ စာလေတိ၊ လှုပ် လှက်၏။ ဘကုဋိံ၊ မျက်မှောင် ကြုတ်ခြင်းကို။ ကရောတိ၊ ပြု၏။ မုဟုံ မုဟုံ၊ ရုတ်ချည်း ရုတ်ချည်း။ ကုမာရေ၊ မင်းသားငယ်တို့ကို။ ဘာယယတေ၊ လန့်စေ၏။ ယေန၊ အကြင်အကြောင်းဖြင့်။ အန္နပါနာ၊ ထမင်းအဖျော်မှ။ အာရကာ၊ ဝေးစွာ။ ဌဿတိ၊ တည်လတ္တံ့။ ဧတံ၊ ထိုအကြောင်းကို။ သယံ၊ မိမိသည်။ ကာဟတိ၊ ပြုလတ္တံ့။

ကာဠဗာဟု မျောက်သည်လည်း နှစ်ရက် သုံးရက်လွန်သဖြင့် မင်းသားငယ်တို့၏ ရှေ့မှ နား, နှာခေါင်း လှုပ်ခြင်းအစရှိသည်တို့ကို ပြုလျက် မင်းသားငယ်တို့ကို ချောက်၏။ မင်းသားငယ်တို့သည်လည်း ထိတ်လန့်ကုန်၍ ဟစ်ကြွေးကုန်၏။ မင်းသည် အဘယ် အကြောင်းနည်းဟု မေး၏။ ထိုအကြောင်းကိုကြား၍ ကာဠဗာဟုမျောက်ကို ထုတ်ကြကုန်ဟု နှင်ထုတ်စေ၏။ ကျေးသားတို့အား တဖန် ပကတိ လာဘသက္ကာရသည် ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကာဠဗာဟုမျောက် ဖြစ်ဘူးပြီး၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ပေါဋ္ဌပါဒ ကျေးသား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရာဓကျေးသား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ်၏လာဘ်သပ်၊ ဒေဝဒတ်၊ ကိုယ်ဖြတ် လေတော့သည်

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ကာဠဗာဟုဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၁၀။ သီလဝီမံသဇာတ်

သားတစ်သို့ပုံ ကာမဂုဏ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သီလံ ကိရေဝ ကလျာဏံ အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤသီလဝီမံသဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် သီလကို စုံစမ်းတတ်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ (နှစ်ပါးကုန်သော ပစ္စုပ္ပန်ဝတ္ထု အတိတ်ဝတ္တုတို့ကိုလည်း အောက်၌ ဆိုအပ်ကုန်ပြီ) အထူးကား ဤသီလဝီမံသဇာတ်၌ ဘုရားလောင်းသည် ဗာရာ ဏသီမင်း၏ ပုရောဟိတ် ဖြစ်၏။ ထိုဘုရားလောင်းသည် မိမိသီလကို စုံစမ်းလိုရကား သုံးရက်ပတ်လုံး ရွှေပန်းထိမ်သည်၏ ပျဉ်မှ အသပြာကို ယူ၏။ ဘုရားလောင်းကို ခိုးသူဟု ဖမ်း၍ မင်းအား ပြကုန်၏။ ဘုရားလောင်းသည် မင်း၏အထံ၌ တည်လျက် -

၁၁၇။ သီလံ ကိရေဝ ကလျာဏံ၊
သီလံ လောကေ အနုတ္တရံ။
ပဿ ဃောရဝိသော နာဂေါ၊
သီလဝါတိ န ဟညတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၁၇။ သီလ ဧဝ၊ သီလသည်သာလျှင်။ ကလျာဏံ ကိရ၊ ကောင်းသတတ်။ လောကေ၊ လောက၌။ သီလံ ဧဝ၊ သီလသည်သာလျှင်။ အနုတ္တရံ ကိရ၊ အတူမရှိ မြတ်သတတ်။ ပဿ၊ ရှုပါလော့။ ဃောရဝိသော၊ ပြင်းသော အဆိပ်ရှိသော။ နာဂေါ၊ မြွေကို။ သီလဝါတိ၊ သီလရှိသော မြွေဟူ၍။ န ဟညတိ၊ မညှဉ်းဆဲအပ်။

ဤဂါထာဖြင့် သီလကို ချီးမွမ်း၍ မင်းကို ရဟန်းအဖြစ်ကို ခွင့်ပြုစေ၍ ရဟန်းပြုအံ့သောငှာ သွား၏။ ထိုအခါ တနေ့သ၌ စွန်သည် အမဲဈေးမှ သားတစ်ကိုချီ၍ ကောင်းကင်၌ ပျံ၏။ ထိုစွန်ကို တပါးသော ငှက်တို့သည် ဝန်းရံ၍ ခြေသည်း, နှုတ်သီး အစရှိသည်တို့ဖြင့် ထိုးကုန်၏။ ထိုစွန်ရဲသည် သည်းခံအံ့သောငှါ မတတ်နိုင်၍ သားတစ်ကို စွန့်၏။ တခုသော စွန်သည် ယူလေ၏။ ထိုသားတစ်ကို ယူသော စွန်သည်လည်း တပါးသော ငှက်တို့သည် ညှဉ်းဆဲအပ်သည်ရှိသော် ရှေးအတူ စွန့်၏။ ထိုအခါ တပါးသော စွန်သည်လည်း ယူပြန်၏။ ထိုငှက်တို့တွင် အကြင် အကြင်ငှက်သည် ယူ၏။ ထိုထိုငှက်ကို တပါးသော ငှက်တို့သည် လိုက်ကုန်၏။ အကြင် အကြင် ငှက်သည် စွန့်၏။ ထိုထိုငှက်သည် ချမ်းသာသည်သာလျှင် ဖြစ်၏။ ဘုရားလောင်းသည် ထိုအခြင်းအရာကိုမြင်၍ ဤကာမတို့မည်သည်ကား သားတစ်နှင့် တူကုန်၏။ ဤကာမတို့ကို ယူဆောင်သော သူတို့သာလျှင် ဆင်းရဲဖြစ်၏။ စွန့်သောသူတို့အား ချမ်းသာဖြစ်၏ဟု ကြံလျက်-

၁၁၈။ ယာဝဒေဝဿဟူ ကိဉ္စိ၊ တာဝဒေဝ အခါဒိသုံ။
သင်္ဂမ္မ ကုလလာ လောကေ၊ န ဟိံသန္တိ အကိဉ္စနံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၈။ ယာဝဒေဝ၊ အကြင်မျှလောက်သော ကာလပတ်လုံးသာလျှင်။ အဿ၊ ထိုစွန်အား။ ကိဉ္စိ၊ အနည်းငယ်သော နှုတ်သီးဖြင့် ချီအပ်သောသားတစ်သည်။ အဟု၊ ရှိ၏။ တာဝဒေဝ၊ ထိုမျှလောက်သောကာလပတ်လုံးသာလျှင်။ နံ၊ ထိုစွန်ကို။ လောကေ၊ လောက၌။ ကုလလာ၊ စွန်အပေါင်းတို့သည်။ သင်္ဂမ္မ၊ ကပ်၍။ အခါဒိသုံ၊ ထိုးဆိတ်ကုန်၏။ အကိဉ္စနံ၊ သားတစ်မရှိသော စွန်ကို။ ကုလလာ၊ စွန်အပေါင်းတို့သည်။ န ဟိံသန္တိ၊ မညှဉ်းဆဲကုန်။

ထိုဘုရားလောင်းသည် မြို့မှထွက်၍ ခရီးအကြား၌ တခုသော ရွာဝယ် ညချမ်းသောအခါ တယောက်သော သူ၏ အိမ်၌ အိပ်၏။ ထိုအိမ်၌ ပိင်္ဂလာမည်သော ကျွန်မသည် ဤမည်သောအချိန်၌ လာလော့ဟု ယောက်ျား တယောက်နှင့်တကွ ချိန်းချက်ခြင်းကို ပြု၏။ ထိုပိင်္ဂလာမည်သော ကျွန်မသည် အရှင်တို့၏ ခြေတို့ကိုဆေး၍ အရှင်တို့သည် အိပ်ကုန်လတ်သော် ထိုယောက်ျား၏ လာခြင်းကို မျှော်လျှက် တံခါး၌ ထိုင်၍ ယခုလာလတ္တံ့၊ ယခုလာလတ္တံ့ဟု ပဌမယာမ် မဇ္ဈိမယာမ်တို့ကို လွန်စေ၏။ မိုးသောက် ထ၌ကား ယခု ထိုယောက်ျားသည် မလာပြီဟု အာသာပြတ်လက် လျောင်း၍ အိပ်ပျော်ခြင်းသို့ ရောက်၏။ ဘုရားလောင်းသည် ဤအကြောင်းကိုမြင်၍ ဤကျွန်မသည် ထိုယောက်ျားကား ယခု လာလတ္တံ့ဟူသော အမှတ်ဖြင့် ဤမျှလောက်သော ကာလပတ်လုံး ထိုင်လျက် နေ၏။ ယခုအခါ၌ကား ထိုယောက်ျား၏ မလာအံ့သောအဖြစ်ကို သိ၍ အာသာပြတ်ရကား ချမ်းသာစွာ အိပ်၏။ ကိလေသာတို့၌ တောင့်တခြင်း အာသာမည်သည်ကား ဆင်းရဲ၏။ အာသာမရှိသော အဖြစ်သည်သာလျှင်ချမ်းသာ၏ဟု ကြံ၍-

၁၁၉။ သုခံ နိရာသာ သုပတိ၊ အာသာ ဖလဝတီ သုခါ။
အာသံ နိရာသံ ကတွာန၊ သုခံ သုပတိ ပိင်္ဂလာ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၉။ နိရာသာ၊ အာသာပြတ်၍။ သုခံ၊ ချမ်းသာစွာ။ သုပတိ၊ အိပ်ရ၏။ အာသာ ဖလဝတီ၊ အာသာ၏ အကျိုးကို ရခြင်းသည်။ သုခါ၊ ချမ်းသာ၏။ ပိင်္ဂလာ၊ ပိင်္ဂလာမည်သော ကျွန်မသည်။ အာသံ၊ တောင့်တခြင်း အာသာကို။ နိရာသံ၊ အာသာပြတ်ခြင်းကို။ ကတွာ၊ ပြု၍။ သုခံ၊ ချမ်းသာစွာ။ သုပတိ၊ အိပ်ရ၏။

ထိုဘုရားလောင်းသည် နက်ဖြန် ထိုရွာမှ တောသို့ ဝင်လတ်သော် ဈာန်ဝင်စားသော တပါးသော ရသေ့ကို မြင်၍ ဤပစ္စုပ္ပန်လောက၊ တမလွန်လောက၌ ဈာန်ချမ်းသာထက် လွန်သော ချမ်းသာမည်သည် မရှိဟုကြံ၍-

၁၂၀။ န သမာဓိပရော အတ္ထိ၊ အသ္မိံ လောကေ ပရမှိ စ။
န ပရံ နာပိ အတ္တာနံ၊ ဝိဟိံသတိ သမာဟိတော။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

အသ္မိံ လောကေ စ၊ ဤပစ္စုပ္ပန်လောက၌၎င်း။ ပရမှိ စ၊ တမလွန်လောက၌၎င်း။ သမာဓိပရော၊ သမာဓိထက် မြတ်သော သုခတရားသည်။ န အတ္ထိ၊ မရှိ။ သမာဟိတော၊ ကောင်းသော တည်ကြည်သော သူသည်။ ပရမ္ပိ၊ သူတပါးကိုလည်း။ န ဝိဟိံသတိ၊ မညှဉ်းဆဲ။ အတ္တာနမ္ပိ၊ မိမိကိုယ်ကိုလည်း။ န ဝိဟိံသတိ၊ မညှဉ်းဆဲ။

၁၂၀။ ထိုဘုရားအလောင်းတော်သည် တောဝင်၍ ရသေ့ရဟန်းပြု၍ ဈာန်, အဘိညာဉ်တို့ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုရောဟိတ်ပုဏ္ဏား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သားတစ်ပုံနှယ်၊ ကာမဝယ်၊ တွယ်လျှင် ဒုက္ခကပ်

ပစ္စည်းဥစ္စာ၊ စွဲအာသာ၊ စွန့်ပါချမ်းသာမည်

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သီလဝီမံသဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကောကိလဝဂ်

၁။ ကောကိလဇာတ်

နှုတ်စွာသံချဲ့ အကျိုးမဲ့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယော ဝေ ကာလေ အသမ္ပတ္တေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကောကိလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောကာလိကကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုကို တက္ကာရိယဇာတ်၌ ချဲအပ်ပြီ) သဗ္ဗညူ မြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်းကို ဆုံးမတတ်သော အမတ် ဖြစ်၏။ မင်းသည် စကားများ၏။ ဘုရားလောင်းသည် ထိုမင်း၏ စကားများသောအဖြစ်ကို တားမြစ်အံ့ဟု တခုသော ဥပမာကို ရှာလျက် သွား၏။ ထိုအခါ တနေ့သ၌ မင်းသည် ဥယျာဉ်သို့ သွား၍ မင်္ဂလာ ကျောက်ဖျာ၌ နေ၏။ ကျောက်ဖျာ၏ အထက်၌ သရက်ပင်သည် ရှိ၏။ ထိုသရက်ပင်ဝယ် တခုသော ကျီးသိုက်၌ ဥဩမသည် မိမိ၏ဥကိုထား၍ သွား၏။ ကျီးမသည် ဥဩဥကို စောင့်ရှောက်၏။ နောက်ဘို့၌ ထိုဥမှ ဥဩငယ်သည် ပေါက်၏။ ကျီးမသည် ငါ့သားဟူသော အမှတ်ဖြင့် နှုတ်သီးဖြင့် အစာကို ဆောင်၍ ဥဩငယ်ကို မွေး၏။ အတောင်မရောက်သေးသော ထိုဥဩငယ်သည် အခါမဟုတ်မီကလျှင် ဥဩသံကို မြည်၏။ ကျီးမသည် ဤငှက်ငယ်ကား ယခုကပင်လျှင် တပါးသောအသံကို မြည်၏။ ကြီးသော် အသို့ပြုလတ္တံ့နည်းဟု နှုတ်သီးဖြင့် ထိုးသတ်၍ အသိုက်မှ ချ၏။ ထိုဥဩငယ်သည် မင်း၏ ခြေရင်း၌ ကျ၏။

မင်းသည် ဘုရားလောင်းကို အဆွေ ဤအကြောင်းကား အသို့နည်းဟု မေး၏။ ဘုရားလောင်းသည်ကား မင်းကို မြစ်အံ့သောငှါ တခုသော ဥပမာကိုရှာ၏။ ယခု ထိုဥပမာကို ရပြီဟု ကြံ၍ မြတ်သောမင်းကြီး အလွန် နှုတ်ကြမ်းကုန်သောအခါမဟုတ်သည်၌ စကားများကုန်သော သူတို့သည် ဤသို့သဘောရှိသော ဆင်းရဲကို ရကုန်၏။ မြတ်သောမင်းကြီး ကျီးမသည် မွေးမြူအပ်သည်ဖြစ်၍ အတောင်မပေါက်သေးသော ဤဥဩငယ်သည် အခါမဟုတ်မီကလျှင် ဥဩသံကို မြည်၏။ ထို့ကြောင့် ဤဥဩငယ်ကို ကျီးမသည် ဤငှက်ကား သားမဟုတ်ဟု သိ၍ နှုတ်သီးဖြင့် ထိုးသတ်၍ အသိုက်မှ ချ၏။ လူဖြစ်စေ တိရစ္ဆာန် ဖြစ်စေ အခါမဟုတ်သည်၌ စကားများကုန်သော သူတို့သည် ဤသို့သဘောရှိသော ဆင်းရဲကို ခံရကုန်၏ဟု ဆို၍-

၁၂၁။ ယော ဝေ ကာလေ အသမ္ပတ္တေ၊
အတိဝေလံ ပဘာသတိ။
ဧဝံ သော နိဟတော သေတိ၊
ကောကိလာယိဝ အတြဇော။
၁၂၂။ န ဟိ သတ္ထံ သုနိသိတံ၊
ဝိသံ ဟလာဟလမိဝ။
ဧဝံ နိကဋ္ဌေ ပါတေတိ၊
ဝါစာ ဒုဗ္ဘသိတာ ယထာ။
၁၂၃။ တသ္မာ ကာလေ အကာလေ ဝါ၊
ဝါစာ ရက္ခယျ ပဏ္ဍိတော။
နာတိဝေလံ ပဘာသေယျ၊
အပိ အတ္တသမမှိ ဝါ။
၁၂၄။ ယော စ ကာလေ မိတံ ဘာလေ၊
မတိပုဗ္ဗော ဝိစက္ခဏော။
သဗ္ဗေ အမိတ္တေ အာဒေတိ၊
သုပဏ္ဏော ဥရဂါမိဝ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၂၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော၊ အကြင်သူသည်။ ဝေ၊ စင်စစ်။ ကာလေ၊ ပြောသင့်ရာ ကာလသည်။ အသမ္ပတ္တေ၊ မရောက်မီ။ အတိဝေလံ၊ အပိုင်းအခြားကို လွန်၍လည်း။ ပဘာသတိ၊ ဆို၏။ ကောကိလာယ၊ ဥဩမ၏။ အတြဇော၊ သားသည်။ နိဟတော၊ သေ၍။ သေတိ ဣဝ၊ အိပ်ရသကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ သော၊ ထိုသူသည်။ နိဟတော၊ သေ၍။ သေတိ၊ အိပ်ရ၏။

၁၂၂။ ဒုဗ္ဘာသိတာ၊ မကောင်းသဖြင့် ဆိုအပ်သော။ ဝါစာ၊ စကားသည်။ နိကဋ္ဌေ၊ ခဏခြင်း။ ပါတေတိ ယထာ၊ သတ်သကဲ့သို့။ ဧဝံ-တထာ၊ ထို ယအတူ။ သုနိသိတံ၊ ကောင်းစွာ သွေးအပ်သော။ သတ္ထံ၊ ဓားသည်။ န ပါတေတိ၊ မသတ်တတ်။ ဒုဗ္ဘာသိတာ၊ မကောင်းသဖြင့် ဆိုအပ်သော။ ဝါစာ၊ စကားသည်။ နိကဋ္ဌေ၊ ခဏခြင်း။ ပါတေတိ ဣဝ၊ သတ်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ ဟလာဟလံ၊ လတ်တလော သေစေတတ်သော။ ဝိသံ၊ အဆိပ်သည်။ န ပါတေတိ၊ မသတ်တတ်။

၁၂၃။ တသ္မာ၊ ထို့ကြောင့်။ ပဏ္ဍိတော၊ ပညာရှိသည်။ ကာလေ ဝါ၊ ပြောသင့်ရာ ကာလ၌၎င်း။ အကာလေ ဝါ၊ ကာလမဟုတ်သည်၌၎င်း။ ဝါစံ၊ စကားကို။ ရက္ခေယျ၊ စောင့်ရာ၏။ အပိ၊ စင်စစ်။ အတ္တသမမှိ ဝါ၊ မိမိနှင့်တူသော သူ၌ လည်း။ အတိဝေလံ၊ အပိုင်းအခြားကို လွန်၍။ န ပဘာသေယျ၊ မဆိုရာ။

၁၂၄။ သုပဏ္ဏော၊ ဂဠုန်မင်းသည်။ ဥရဂံ၊ နဂါးကို။ အာဒေတိ ဣဝ၊ ဖမ်းယူသကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ မတိပုဗ္ဗော၊ ပညာရှေ့သွားရှိသော။ ယောစ ဝိစက္ခဏော၊ အကြင် ပညာရှိသည်ကား။ ကာလေ၊ ပြောဖို့ရာ လျောက်ပတ်သောကာလ၌။ မိတံ၊ နှိုင်းယှဉ်အပ်သော စကားကို။ ဘာသေ၊ ဆို၏။ သော ဝိစက္ခဏာ၊ ထိုပညာရှိသည်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ အမိတ္တေ၊ ရန်သူတို့ကို။ အာဒေတိ၊ ဖမ်းယူနိုင်၏။

မင်းသည် ဘုရားလောင်း၏ တရားကိုနာရ၍ ထိုအခါမှစ၍ အတိုင်းအရှည်ရှိသော စကားကို ပြောဆို၏။ ဘုရားလောင်းအား စည်းစိမ်ကိုလည်း ပွားစေ၍ များစွာပေး၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ကောကာလိကသည် ထိုအခါ ဥဩငှက်ငယ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိ အမတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အချိန်မကျ၊ မပြောရ၊ ပြောက ဘေးတွေ့မည်

ရှေးဦးစွာသော ကောကိလဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကောကိလဝဂ်

၂။ ရထလဋ္ဌိဇာတ်

ကိုယ့်အမှား, သူများတင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အပိဟန္တွာ ဟတော ဗြူတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤရထလဋ္ဌိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် ကောသလမင်း၏ ပုရောဟိတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုပုရောဟိတ်သည် ရထားဖြင့် မိမိစားသောရွာသို့ သွားသည်ရှိသော် ကျဉ်းမြောင်းသောခရီး၌ ရထားနှင်လျှင် တဦးသော လှည်းကုန်သည်မှူးကိုမြင်၍ သင်တို့လှည်းကို ဖယ်လော့ဟု ဆို၍ သွား၏။ လှည်းကို မရှောင်လွှဲသည်ရှိသော် အမျက်ထွက်၍ နှင်တံဖြင့် ရှေးဦးလှည်းဝယ် လှည်းနှင်ယောက်ျားအား ရိုက်ခတ်၏။ ထိုနှင်တံသည် ရထားဦး၌ ထိရကား ပြန်၍ ပုရောဟိတ်၏ နဖူးကိုသာလျှင် ခတ်၏။ ထိုခဏ၌သာလျှင် ပုရောဟိတ်၏ နဖူး၌ ဖူးဖူးရောင်၍ ထ၏ ပုရောဟိတ်သည်ပြန်၍ လှည်းနှင်ယောက်ျားတို့သည် ရိုက်၏ဟု မင်းအား လျှောက်၏။ လှည်းနှင်ယောက်ျားတို့ကိုခေါ်စေ၍ စစ်မေးလတ်သည်ရှိသော် ပုရောဟိတ်၏ အပြစ်ကိုသာလျှင် မြင်ကုန်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ မင်း၏ပုရောဟိတ်သည် လှည်းနှင်ယောက်ျားတို့သည် ရိုက်၏ဟု တရားတွေ့ကြလတ်သော် မိမိသာလျှင် ရှုံးသတတ်ဟူ၍ စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်ကဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျောက်သည်ရှိသော် ရဟန်းတို့ ဤ ပုရောဟိတ်သည် ယခုအခါ၌ သာလျှင် ဤသို့ သဘောရှိသော အမှုကို ပြုသည် မဟုတ်သေး၊ ရှေး၌လည်း ဤသို့သဘောရှိသော အမှုကို ပြုသလျှင် ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်း၏ တရားဆုံးဖြတ်သော အမတ်ဖြစ်၏။ ထိုအခါ မင်းပုရောဟိတ်သည် ရထားဖြင့် မိမိစားသော ရွာသို့ သွား၏။ (အလုံးစုံသော စကားသည် ရှေးနှင့်တူပြီ) အထူးကား၏ အတိတ်ဝတ္ထု၌ ပုရောဟိတ် အမတ်သည် မင်းအား ကြားလျှောက်သည်ရှိသော် မင်းသည် ကိုယ်တိုင် တရားဆုံးဖြတ်သောအရာ၌ နေ၍ လှည်းနှင်ယောက်ျားတို့ကို ခေါ်စေ၍ အမှုကို မသုတ်သ င်မစီစစ်မူ၍သာလျှင် သင်တို့သည် ပုရောဟိတ်ကိုရိုက်၍ နဖူး၌ ဖူးဖူးရောင်စေ၏ဟု ဆို၍ ထိုလှည်းနှင့ယောက်ျားတို့၏ အလုံးစုံသော ဥစ္စာတို့ကို သိမ်းဆည်းခြင်းကို ပြုကြကုန်ဟု ဆို၏။ ထိုအခါ ထိုမင်းကို ဘုရားလောင်းသည် မြတ်သောမင်းကြီး သင်မင်းကြီးတို့သည် အမှုကို မသုတ်သင် မစီစစ်မူ၍ လှည်းနှင်ယောက်ျားတို့၏ အလုံးစုံသော ဥစ္စာကို ယူစေကုန်၏။ အချို့သောသူတို့သည် မိမိသည် ပင်လျှင် မိမိကိုယ်ကိုသတ်၍ သူတပါးသတ်သည်ဟု ဆိုကုန်ရာ၏။ ထို့ကြောင့် မစီစစ်မူ၍ ပြုခြင်းငှါ မသင့်၊ မင်းပြုသော သူမည်သည်ကား သုတ်သင်စီစစ်၍ အမှုကို ပြုခြင်းငှါ သင့်၏ ဟု ဆို၍-

၁၂၅။ အပိ ဟန္တွာ ဟတော ဗြူတိ၊
ဇေတွာ ဇိတောတိ ဘာသတိ။
ပုဗ္ဗမက္ခာယိနော ရာဇ၊
အညဒတ္ထု န သဒ္ဒဟေ။
၁၂၆။ တသ္မာ ပဏ္ဍိတဇာတိယော၊
သုဏေယျ ဣတရဿပိ။
ဥဘိန္နံ ဝစနံ သုတွာ၊
ယထာ ဓမ္မော တထာ ကရေ။
၁၂၇။ အလသော ဂိဟီ ကာမဘောဂီ န သာဓု။
အသညတော ပဗ္ဗဇိတော န သာဓု။
ရာဇာ န သာဓု အနိသမ္မကာရီ။
ယော ပဏ္ဍိတော ကောဓနော တံ န သာဓု။
၁၂၈။ နိသမ္မ ခတ္တိယော ကယိရာ၊ နာနိသမ္မ ဒိသမ္မတိ။
နိသမ္မ ကာရိနော ရာဇ၊ ယသော ကိတ္တိ စ ဝဍ္ဎတိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၂၅။ ရာဇ၊ မြတ်သောမင်းကြီး။ ဧကော၊ တယောက်သောသူသည်။ အပိ၊ စင်စစ်။ ဟန္တွာ၊ မိမိကိုယ်ကို မိမိသတ်၍။ ဟတော၊ သူတပါးသတ်၏ ဟု။ ဗြူတိ၊ ဆို၏။ ဇေတွာ၊ မိမိသည် သူတပါးကို အောင်၍။ ဇိနောတိ၊ သူတပါးသည် ငါ့ကို အောင်၏ဟု။ ဘာသတိ၊ ဆို၏။ ပုဗ္ဗမက္ခာယိနော၊ ရှေးဦးစွာ ဆိုသောသူ၏။ ဝစနံ၊ စကားကို။ အညဒတ္တု၊ စင်စစ်သဖြင့်။ န သဒ္ဒဟေ၊ မယုံရာ။

၁၂၆။ တသ္မာ ဟိ၊ ထိုကြောင့်သာလျှင် ပဏ္ဍိတဇာတိယော၊ ပညာရှိသော အမျိုးသားသည်။ ဣတရဿ ပိ၊ တယောက်သော သူ၏လည်း။ ဝစနံ၊ စကားကို။ သုဏေယျ၊ နား ထောင်ရာ၏။ ဥဘိန္နံ၊ နှစ်ဦးသောသူတို့၏။ ဝစနံ၊ စကားကို။ သုတွာ၊ နားထောင်ပြီး၍။ ယထာ၊ အကြင်အခြင်းဖြင့် ဓမ္မော၊ တရားသည်။ ဌိတော၊ တည်၏။ တထာ၊ ထိုအခြင်းဖြင့်။ ကရေ၊ ပြုရာ၏။

၁၂၇။ အလသော၊ ပျင်းသော။ ကာမဘောဂီ၊ ကာမစည်းစိမ်ကို ခံစားသော။ ဂိဟီ၊ လူသည်။ န သာဓု၊ မကောင်း။ အသညတော၊ ကိုယ်နှုတ်နှလုံး မစောင့်စည်းသော။ ပဗ္ဗဇိတော၊ ရဟန်းသည်။ န သာဓု၊ မကောင်း။ အနိသမ္မကာရီ၊ မဆင်ခြင်မူ၍ ပြုလေ့ရှိသော။ ရာဇာ၊ မင်းသည်။ န သာဓု၊ မကောင်း။ ပဏ္ဍိတော၊ ပညာရှိသည်။ ယော ကောဓနော၊ အကြင် အမျက်ထွက်ခြင်းကို ပြုတတ်၏။ တံ၊ ထိုအမျက် ထွက်ခြင်းသည်။ န သာဓု၊ မကောင်း။

၁၂၈။ ခတ္တိယော၊ မင်းသည်။ နိသမ္မ၊ ဆင်ခြင်၍။ ကယိရာ၊ ပြုရာ၏။ ဒိသမ္မတိ၊ မင်းသည်။ အနိသမ္မ၊ မဆင်ခြင်မူ၍။ န ကယိရာ၊ မပြုရာ။ ရာဇ၊ မင်းမြတ်။ သမ္မကာရိနော၊ ဆင်ခြင်၍ ပြုလေ့ရှိသော မင်းအား။ ယသော စ၊ စည်းစိမ်အခြံအရံသည်၎င်း။ ကိတ္တိ စ၊ အကျော်အစောသည်၎င်း။ ဝဍ္ဎတိ၊ ပွား၏။

မင်းသည် ဘုရားလောင်း၏ စကားကို ကြား၍ တရားသဖြင့် ဆုံးဖြတ်သည်ရှိသော် ပုဏ္ဏားအားသာလျှင် အပြစ်သည် ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ပုဏ္ဏားသည် ထိုအခါ ပုဏ္ဏား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသောအမတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မိမိအမှား၊ သူတပါး၊ ပြစ်ကား မတင်သင့်

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ရထလဋ္ဌိဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကောကိလဝဂ်

၃။ ပက္ကဂေါဓဇာတ်

ပြေးပေါ့ ဖွတ်ကင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည်တဒေဝ မေ တွံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပက္ကဂေါဓဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် တယောက်သော သူကြွယ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ (ဝတ္ထုကို အောက်၌ ချဲ့အပ်ပြီ) အထူးကား ဤပက္ကဂေါဓဇာတ်၌ ကြွေးမြီကိုတောင်း၍ လာကုန်သော ထိုသူကြွယ် ဇနီးခင်ပွန်းတို့အား လမ်းအကြား၌ မုဆိုးသည် နှစ်ယောက် စားကြကုန်ဟု တခုသော ဖွတ်ကင်ကို ပေး၏။ ထိုယောက်ျားသည် မယားကို ရေယူစေ၍ အလုံးစုံသော ဖွတ်ကင်ကို စား၍ မယားလာသော ကာလ၌ ရှင်မ ဖွတ်ကင်သည် ပြေး၏ ဟု ဆို၏။ အရှင်ကောင်းပြီ ဖွတ်ကင် ပြေးသော် အဘယ်သို့ ပြုနိုင်တော့အံ့နည်းဟု ဆို၏။ ထိုသို့ ဇနီးခင်ပွန်း နှစ်ယောက်တို့သည် ဇေတဝန် ကျောင်းတော်၌ ရေသောက်၍ မြတ်စွာဘုရားအထံတော်၌ နေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် သီတင်းသည်မ ဤသီတင်းသည်ယောက်ျားသည် သင့်အစီးအပွားကို အလိုရှိ၏ လော၊ သင်အား ချစ်၏ လောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်သည် ဤယောက်ျား၏ အစီးအပွားကို အလိုရှိ၏။ ဤယောက်ျားအား ချစ်၏။ ဤယောက်ျားသည်ကား အကျွန်ုပ်အား မချစ်ဟု ထိုမိန်းမသည် လျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် သီတင်းသည်မ သင်ဆိုတိုင်း ဖြစ်စေ၊ မစိုးရိမ်လင့်၊ ဤယောက်ျားသည် အကယ်၍ ထိုသို့ပြု၏။ ပြုငြားသော်လည်း အကြင်အခါ၌ သင်၏ ကျေးဇူးကို အောက်မေ့၏။ ထိုအခါ၌ သင့်အားသာလျှင် အလုံးစုံသော စည်းစိမ်ကို ပေးဘူးပြီဟု မိန့်တော်မူ၍ ထိုနှစ်ယောက်သော သူတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... (အတိတ်ဝတ္ထုကား အောက်၌ ဆိုအပ်ပြီးသောဝတ္ထုနှင့် တူသည်သာလျှင်တည်း) အထူးကား ဗာရာဏသီပြည်သို့ ပြန်လည်လာကုန်သော မင်းသ္မီး မင်းသားတို့အား လမ်းခရီးအကြား၌ မုဆိုးသည် ပင်ပန်းသောအဖြစ်ကို မြင်၍ နှစ်ယောက်သောသူတို့သည် စားကြကုန်ဟု တခုသော ဖွတ်ကင်ကို ပေး၏။ မင်းသ္မီးသည် ထိုဖွတ်ကင်ကို နွယ်ဖြင့်ဖွဲ့ယူ၍ ခရီးသွား၏။ ထိုမင်းသ္မီး မင်းသားတို့သည် တခုသော ရေကန်ကိုမြင်၍ ခရီးမှဖဲ၍ ညောင်ဗုဒ္ဓဟေပင်ရင်း၌ နေကုန်၏။ မင်းသားသည် ရှင်မ သွားချေ၊ ပဒုမာရွက်ဖြင့် ရေဆောင်ချေ၊ ဖွတ်သားကို စားကြကုန်အံ့ဟု ဆို၏။ မင်းသ္မီးသည် ဖွတ်ကင်ကို ညောင်ခက်၌ဆွဲ၍ ရေယူအံ့သောငှါ သွား၏။

မင်းသားသည် အလုံးစုံသော ဖွတ်ကင်ကိုစား၍ အမြီးဖျားကိုကိုင်၍ မျက်ကွယ်ပြု၍ နေ၏။ မင်းသ္မီးသည် ရေကိုယူ၍ လာလတ်သော် မင်းသားသည် ရှင်မ ဖွတ်သည် ညောင်ခက်မှ ဆင်းသည်ဖြစ်၍ တောင်ပို့သို့ ဝင်၏။ ငါ ပြေး၍ အမြီးဖျားကိုဆွဲ၏။ ဆွဲကိုင်မိရာအရပ်သည် လက်ထဲ၌လျှင် ပြတ်၍ တွင်းသို့ဝင်၏ဟု ဆို၏။ မင်းသ္မီးသည် အရှင်မင်းကြီး ပြေးစေတော့၊ ဖွတ်ကင်ပြေးသော် အဘယ်သို့ပြုနိုင်ကုန်အံ့နည်း၊ လာ သွားကြကုန်အံ့ဟုဆို၍ နှစ်ယောက်သော သူတို့သည် ရေသောက်၍ ဗာရာဏသီပြည်သို့ သွားကုန်၏။ မင်းသားသည် မင်းအဖြစ်သို့ရောက်၍ ထိုမင်းသ္မီးကို မိဖုယားကြီး အရာမျှ၌သာလျှင်ထား၏။ ထိုမိဖုယားကြီးအား ဆုလာဘ်ပေးခြင်း မြတ်နိုးတနာပြုခြင်းသည်ကား မရှိ၊ ဘုရားလောင်းသည် မိဖုယားကြီးအား ဆုလာဘ်ပေးခြင်း မြတ်နိုးတနာ ပြုစေလို၍ မင်း၏အထံ၌ နေ၍ အရှင်မ အကျွန်ုပ်တို့သည် အရှင်မတို့၏ အထံမှ တစုံတခုကို မရပါကုန်၊ အရှင်မတို့သည် ကျွန်ုပ်တို့ကို မကြည့်ကုန်ပြီလောဟု ဆို၏။ ဘခင် ကျွန်ုပ်သည်သာလျှင် မင်း၏အထံမှ တစုံတခုကို မရ၊ ဘခင်အား အဘယ်ကို ပေးပါအံ့နည်း၊ မင်းသည်လည်း ယခု ကျွန်ုပ်အား အဘယ်ကို ပေးလတ္တံ့နည်း၊ တောမှလာသော ကာလ၌ ဖွတ်ကင်ကို တယောက်တည်းသာလျှင် စား၏ဟု ဆို၏။ အရှင်မ ဤသို့ မဆိုလင့်၊ မင်းသည် ဤသို့မပြုပေရာဟု ဘုရားလောင်းဆို၏။ ထိုအခါ ဘုရားလောင်းကို မိဖုယားသည် ဘခင် ထိုကာလ၌ ဖြစ်သောအမှုသည် ဘခင်အား မထင်ရှား၊ ကျွန်ုပ်နှင့် မင်းအားသာလျှင် ထင်ရှား ၏ဟု ဆို၍-

၁၂၉။ တဒေဝ မေ တွံ ဝိဒိတော၊ ဝနမဇ္ဈေ ရထေသဘ။
ယဿ တေ ခဂ္ဂဗဒ္ဓသ၊ သန္နဒ္ဓဿ တိရီဋိနော။
အဿတ္ထဒုမသာခါယ၊ ပက္ကဂေါဓာ ပလာယထ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၂၉။ ရထေသဘ၊ တိုင်းသူတို့၏ အကြီးအမြတ်ဖြစ်သော ရှင်မင်းကြီး။ ဝနမဇ္ဈေ၊ တော၏အလယ်၌။ ခဂ္ဂဗဒ္ဓဿ၊ သန်လျက်ဖွဲ့ထသော။ သန္နဒ္ဓဿ၊ ချပ်ဝတ်တန်ဆာ ဖွဲ့ထသော။ တိရီဋိနော၊ လျော်တေအဝတ် ဝတ်ထသော။ ယဿ တေ၊ အကြင်မင်းကြီး၏။ တဒေဝ၊ ထိုခရီးလာသောအခါ၌ သာလျှင်။ တွံ၊ သင်မင်းကြီးသည်။ မေ၊ အကျွန်ုပ်အား န အဒါသိ၊ မပေး။ အဿတ္ထဒုမသာခါယ၊ ညောင်ဗုဒ္ဓဟေခက်မှ။ ပက္ကဂေါဓာ၊ ဖွတ်ကင်သည်။ ပလာယထ၊ ပြေး၏ဟူ၍။ ဝဒေသိ၊ ဆို၏။ ဧဝံ၊ ဤအဖြစ်ကို။ တယာ၊ သင်မင်းကြီးသည်။ ဝိဒိတော၊ သိအပ်၏။

ဤသို့ မင်းပြုသောအပြစ်ကို လူများအလယ်၌ ထင်စွာပြု၍ မိဖုယားဆို၏။ ဘုရားလောင်းသည် ထိုစကားကို ကြား၍ အရှင်မ မင်း၏ မချစ်သော ကာလမှစ၍ နှစ်ယောက်ကုန်သော သူတို့၏လည်း မချမ်းသာခြင်းကို ပြု၍ အဘယ့်ကြောင့် ဤ၌ နေသနည်းဟု ဆို၍-

၁၃၀။ နမေ နမန္တဿ ဘဇေ ဘဇန္တံ၊
ကိစ္စာနုကုဗ္ဗဿ ကရေယျ ကိစ္စံ။
နာနတ္ထကာမဿ ကရေယျ အတ္ထံ၊
အသမ္ဘဇန္တမ္ပိ န သမ္ဘဇေယျ။
၁၃၁။ စဇေ စဇန္တံ ဝနထံ န ကယိရာ၊
အပေတစိတ္တေန န သမ္ဘဇေယျ။
ဒိဇော ဒုမံ ခီဏဖလန္တိ ဉတွာ၊
အညံ သမေက္ခေယျ မဟာ ဟိ လောကော။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

၁၃၀။ ဒေဝီ၊ မိဖုယား။ နမန္တဿ၊ မိမိသို့ ညွတ်သောသူအား။ နမေ၊ ညွတ်ရာ၏။ ဘဇန္တံ၊ မိမိသို့ ဆည်းကပ်သောသူကို။ ဘဇေ၊ ဆည်းကပ်ရာ၏။ ကိစ္စံ၊ မိမိကိစ္စကို။ အနုကုဗ္ဗဿ၊ အစဉ်ပြုသောသူ၏။ ကိစ္စံ၊ ကိစ္စကို။ ကရေယျ၊ ပြုရာ၏။ အနတ္ထကာမဿ၊ မိမိအကျိုးစီးပွားကို အလိုမရှိသောသူ၏။ အတ္ထံ၊ အကျိုးစီးပွားကို။ န ကရေယျ၊ မပြုရာ။ အသမ္ဘဇန္တမ္ပိ၊ မိမိသို့ မဆည်းကပ်သော သူကိုလည်း။ န သမ္ဘဇေယျ၊ မဆည်းကပ်ရာ။

၁၃၁။ စဇန္တံ၊ မိမိကို စွန့်သောသူကို။ စဇေ၊ စွန့်ရာ၏။ ဝနထံ၊ ချစ်ခြင်းကို။ န ကယိရာ၊ မပြုရာ။ အပေတစိတ္တေန၊ တပ်စွန်းခြင်း ကင်းသောစိတ်ဖြင့်။ န သမ္ဘဇေယျ၊ မဆည်း ကပ်ရာ။ ဒိဇော၊ ငှက်သည်။ ဒုမံ၊ သစ်ပင်ကို။ ခီဏဖလန္တိ၊ အသီးကုန်၏ဟု။ ဉတွာ၊ သိ၍။ အညံ၊ တပါးသောသစ်ပင်ကို။ သမေက္ခေယျ၊ ကြည့်ရာ၏။ ဟိ-သစ္စံ၊ မှန်၏။ လောကော၊ လူတို့၏ နေရာသည်။ မဟာ၊ ကျယ်ဝန်းလှ၏။

မင်းသည် ဘုရားလောင်းဆိုသော်သာလျှင် မိဖုယား၏ ကျေးဇူးကို အောက်မေ့၍ ရှင်မ ဤမျှလောက်သော ကာလပတ်လုံး သင့်ကျေးဇူးကို ငါ မအောက်မေ့မိ၊ ပညာရှိ၏စကားဖြင့် အောက်မေ့မိ၏။ ငါ၏အပြစ်ကို သည်းခံသော သင့်အားသာလျှင် အလုံးစုံသော ဤမင်း၏အဖြစ်ကို ပေး၏ ဟု ဆို၍-

၁၃၂။ သော တေ ကရိဿာမိ ယထာနုဘာဝံ၊
ကတညုတံ ခတ္တိယေ ပေက္ခမာနော။
သဗ္ဗဉ္စ တေ ဣဿရိယံ ဒဒါမိ၊
ယဿိစ္ဆသီ တဿ တုဝံ ဒဒါမိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၁၃၂။ ဒေဝီ၊ မိဖုယား။ ခတ္တိယေ၊ မင်း၌။ ကတညုတံ၊ ကျေးဇူးကို သိသည်၏အဖြစ်ကို။ ပေက္ခမာနော၊ ရှုသော။ သော အဟံ၊ ထိုငါသည်။ တေ၊ သင့်အား။ ယထာနုဘာဝံ၊ အစွမ်းသတ္တိအား လျော်စွာ။ ကရိဿာမိ၊ ပြုအံ့။ ယဿ၊ အကြင်စည်းစိမ်ကို။ တုဝံ၊ သင်သည်။ ဣစ္ဆသိ၊ အလိုရှိ၏။ တဿ၊ ထိုစည်းစိမ်ကို။ ဒဒါမိ၊ ငါ ပေး၏။ တေ၊ သင့်အား။ သဗ္ဗံ၊ အလုံးစုံသော။ ဣဿရိယဉ္စ၊ အစိုးရသည်၏အဖြစ်ကိုလည်း။ ဒဒါမိ၊ ငါပေး၏။

ဤသို့ဆို၍ မင်းသည် မိဖုယားအား အလုံးစုံသော စည်းစိမ်ကို ပေး၏။ ဤပညာရှိသည် မိဖုယား၏ကျေးဇူးကို အောက်မေ့စေ၏ဟု ပညာရှိအားလည်း များစွာသော စည်းစိမ်ကို ပေး၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်ဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ လင်မယား နှစ်ယောက်တို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ လင်မယားတို့သည် ထိုအခါ လင်မယား ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသောအမတ် ဖြစ်ဘူးပြီဟု ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

သူပြုသမျှ၊ သတိရ၊ နှိမ်ချဂုဏ်တင် စည်းစိမ်ရှင်

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ပက္ကဂေါဓဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကောကိလဝဂ်

၄။ ရာဇောဝါဒဇာတ်

ခေါင်းဆောင်ကောင်း၊ အပေါင်းချမ်းသာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဂဝံ စေ တရမာနာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤရာဇောဝါဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မင်းအား ဆုံးမခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ (ဝတ္ထုသည် တေသကုဏဇာတ်၌ ထင်စွာဖြစ်လတ္တံ့) အထူးကား ဤရာဇောဝါဒဇာတ်၌ သဗ္ဗညူ မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ရှေးမင်းတို့သည်လည်း ပညာ ရှိတို့၏ စကားကိုကြား၍ တရားသဖြင့် မင်းပြုကုန်လျက် နတ်ပြည်ကို ပြည့်စေကုန်၏ဟု မိန့်တော်မူ၍ မင်းသည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ ခပ်သိမ်းသော အတတ်တို့ကို သင်၍ ရသေ့ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ မွေ့လျော်ဘွယ်ရှိသော ဟိမဝန္တာအရပ်၌ တောသစ်မြစ် သစ်သီးကြီးငယ်ဟူသော အာဟာရရှိသည်ဖြစ်၍ နေ၏။ ထိုအခါ မင်းသည် ကျေးဇူးမဲ့ကို ရှာတတ်သော သဘောရှိသည်ဖြစ်၍ ငါ၏ကျေးမဲ့ကို ပြောဆိုသော တစုံတယောက်သောသူ ရှိသလောဟု ရှာသည်ရှိသော် အတွင်းလူများ၌၎င်း၊ အပြင်လူများ၌၎င်း၊ မြို့တွင်း၌၎င်း၊ မြို့ပ၌၎င်း မိမိ၏ကျေးဇူးမဲ့ကို ဆိုသောသူကို မမြင်၍ ဇနပုဒ်သားတို့သည် ဆိုကုန်သလောဟု မထင်ရှားသော အသွင်ဖြင့် ဇနပုဒ်ကို လှည့်လည်၏။ ထိုဇနပုဒ်၌လည်း ကျေးဇူးမဲ့ကို ဆိုသောသူကို မမြင်သည်ဖြစ်၍ မိမိကျေးဇူး

စကားကိုသာလျှင် ကြားရ၍ ဟိမဝန္တာ၌ ကျေးဇူး မဲ့ကို ဆိုကုန်သလောဟု တောသို့ဝင်၍ လှည့်လည်သော် ဘုရားလောင်း၏ ကျောင်းသို့ ရောက်၍ ဘုရားလောင်းကို ရှိခိုး၍ ပြုအပ်သော ပဋိသန္ထာရရှိသည်ဖြစ်၍ တင့်အပ်လျှောက်ပတ်စွာ နေ၏။

ထိုအခါ ဘုရားလောင်းသည် တောမှ ပညောင်သီးမှည့်တို့ကို ဆောင်၍ သုံးဆောင်၏။ ထိုပညောင်သီးမှည့်တို့သည် ချိုကုန်၏။ ဩဇာရှိကုန်၏။ သကြားမှုန့်နှင့် တူကုန်၏။ ဘုရားလောင်းသည် မင်းကိုခေါ်၍ ဘုန်းကြီးသော ဒါယကာ ဤပညောင်သီးမှည့်ကို စား၍ ရေကို သောက်လောဟု ဆို၏။ မင်းသည် ဘုရားလောင်းဆိုတိုင်း ပြု၍ ဘုရားလောင်းကို အရှင်ဘုရား ဤပညောင်သီးမှည့်သည် အဘယ့်ကြောင့် အလွန်ချိုသနည်းဟု မေး၏။ ဘုန်းကြီးသော ဒါယကာ မင်းသည် တရားသဖြင့် မင်းပြု၏။ ထို့ကြောင့် ထိုပညောင်သီးမှည့်သည် ချို၏ဟု ဆို၏။ အရှင်ဘုရား မင်း တရားမစောင့်သောကာလ၌ မချိုခြင်းသည် ဖြစ်သလောဟု မေး၏။ ဘုန်းကြီးသော ဒါယကာ ဆိုတိုင်း ဟုတ်မှန်၏။ မင်းတို့သည် တရားမစောင့်ကုန်သည် ရှိသော် ဆီ, ပျား, တင်လဲ အစရှိသည်တို့သည်၎င်း၊ သစ်မြစ် သစ်သီးတို့သည်၎င်း မချိုကုန်၊ ဩဇာမရှိကုန်၊ အလုံးစုံသော တိုင်းသည်လည်း ဩဇာမရှိသည် ဖြစ်၏။ မင်းတို့သည် တရားစောင့်ကုန်သည်ရှိသော် ခပ်သိမ်းသော အာဟာရတို့သည် ချိုကုန်၏ ဩဇာရှိကုန်၏။ အလုံးစုံသော တိုင်းသည်လည်း ဩဇာရှိသည်ဖြစ်၏ဟု ဆို၏။ မင်းသည် အရှင်ဘုရား အမိန့်တော်ရှိတိုင်း ဖြစ်လတ္တံ့ဟု ဆို၍ မိမိ၏ မင်းအဖြစ်ကို မသိစေမူ၍သာလျှင် ဘုရားလောင်းကို ရှိခိုး၍ ဗာရာဏသီပြည်သို့ သွား၍ ရသေ့၏စကားကို စုံစမ်းအံ့ဟု အဓမ္မဖြင့် မင်းပြု၍ ယခု သိရအံ့ဟု အနည်းငယ်သောကာလကို လွန်စေ၍ တဘန် ထိုကျောင်းသို့သွား၍ ထိုဘုရားလောင်းကို ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာ နေ၏။

ဘုရားလောင်းသည်လည်း မင်းအား ရှေးအတူသာလျှင် ဆို၍ ပညောင်သီးမှည့်ကို ပေး၏။ ထိုပညောင်သီးမှည့်သည် ခါးသော အရသာရှိ၏။ မင်းသည် မချို၊ အရသာမရှိဟု တံတွေးနှင့်တကွ ထွေး၍ အရှင်ဘုရား ခါး၏ဟု ဆို၏။ ဘုရားလောင်းသည် ဘုန်းကြီးသော ဒါယကာ မင်းသည် တရားမစောင့်သည် ဖြစ်လတ္တံ့၊ မင်းတို့ တရားမစောင့်သောကာလ၌ တော သစ်သီး ကြီးငယ်ကို အစပြု၍ အလုံးစုံသည် မချို၊ ဩဇာမရှိခြင်းသည် ဖြစ်၏ဟု ဆို၍-

၁၃၃။ ဂဝံ စေ တရမာနာနံ၊ ဇိမှံ ဂစ္ဆတိ ပုင်္ဂဝေါ။
သဗ္ဗာ တာ ဇိမှံ ဂစ္ဆန္တိ၊ နေတ္တေ ဇိမှံ ဂတေ သတိ။
၁၃၄။ ဧဝမေဝ မနုဿေသု၊
ယော ဟောတိ သေဋ္ဌသမ္မတာ။
သော စေ အဓမ္မံ စရတိ၊ ပဂေဝ ဣတရာ ပဇာ။
သဗ္ဗံ ရဋ္ဌံ ဒုခံ သေတိ၊
ရာဇာ စေ ဟောတိ အဓမ္မိကော။
၁၃၅။ ဂဝံ စေ တရမာနာနံ၊ ဥဇုံ ဂစ္ဆတိ ပုင်္ဂဝေါ။
သဗ္ဗာ ဂါဝီ ဥဇုံ ယန္တိ၊ နေတ္တေ ဥဇုံ ဂတေ သတိ။
၁၃၆။ ဧဝမေဝ မနုဿသု၊
ယော ဟောတိ သေဋ္ဌသမ္မတော။
သော သစေ ဓမ္မံ စရတိ၊ ပဂေဝ ဣတရာ ပဇာ။
သဗ္ဗံ ရဋ္ဌံ သုခံ သေတိ၊
ရာဇာ စေ ဟောတိ ဓမ္မိကော။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၃၃။ မဟာပုည၊ ဘုန်းကြီးသော ဒါယကာ။ တရမာနာနံ၊ မြစ်ကိုကူးကုန်သော။ ဂဝံ၊ နွားတို့တွင်။ ပုင်္ဂဝေါ၊ ရှေ့ဆောင်နွားလားသည်။ ဇိမှံ၊ ကောက်စွာ။ စေ ဂစ္ဆတိ၊ အကယ်၍ သွားအံ့။ နေတ္တေ၊ ရှေ့ဆောင်နွလားသည်။ ဇိမှံ၊ ကောက်စွာ။ ဂတေ၊ သွားသည်။ သတိ၊ ရှိသော်။ သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ တာ၊ ထိုနွားမတို့သည်။ ဇိမှံ၊ ကောက်စွာ။ ဂစ္ဆန္တိ၊ သွားကုန်၏။

၁၃၄။ ဧဝမေဝ၊ ဤအတူသာလျှင်။ မနုဿေသု၊ လူတို့တွင်။ ယော၊ အကြင်မင်းသည်။ သေဋ္ဌသမ္မတော၊ အမြတ်ဟူ၍ သမုတ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုမင်းသည်။ အဓမ္မံ၊ အဓမ္မကို။ စေ စရတိ၊ အကယ်၍ ကျင့်အံ့။ ဣတရာ၊ ဤ မင်းမှ တပါးကုန်သော။ ပဇာ၊ သတ္တဝါတို့သည်။ ပဂေဝ၊ အဘယ်ဆိုဘွယ်ရာ ရှိအံ့နည်း။ ရာဇာ၊ မင်းသည်။ အဓမ္မိကော၊ အဂတိတရား လေးပါးသို့ လိုက်သောအားဖြင့် တရားမစောင့်သည်။ စေ ဟောတိ၊ အကယ်၍ ဖြစ်အံ့။ သဗ္ဗံ၊ အလုံးစုံသော။ ရဋ္ဌံ၊ တိုင်းသည်။ ဒုခံ၊ ဆင်းရဲစွာ။ သေတိ၊ အိပ်ရ၏။ ဝါ၊ နေထိုင်ရ၏။

၁၃၅။ တရမာနာနံ၊ မြစ်ကိုကူးကုန်သော။ ဂဝံ၊ နွားတို့တွင်။ ပုင်္ဂဝေါ၊ ရှေ့ဆောင်နွားလားသည်။ ဥဇုံ၊ ဖြောင့်စွာ။ စေ ဂစ္ဆတိ၊ အကယ်၍ သွားအံ့။ နေတ္တေ၊ ရှေ့ဆောင်နွားလားသည်။ ဥဇုံ၊ ဖြောင့်စွာ။ ဂတေ၊ သွားသည်။ သတိ၊ ရှိသော်။ သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ ဂါဝီ၊ နွားမတို့သည်။ ဥဇုံ၊ ဖြောင့်စွာ။ ယန္တိ၊ သွားကုန်၏။

၁၃၆။ ဧဝမေဝ၊ ဤအတူသာလျှင်။ မနုဿေသု၊ လူတို့တွင်။ ယော၊ အကြင် မင်းသည်။ သေဋ္ဌသမ္မတော၊ အမြတ်ဟူ၍ သမုတ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုမင်းသည်။ ဓမ္မံ၊ တရားကို။ သစေ စရတိ၊ အကယ်၍ ကျင့်အံ့။ ဣတရာ၊ မင်းမှတပါးကုန်သော။ ပဇာ၊ သတ္တဝါတို့သည်။ ပဂေဝ၊ အဘယ် ဆိုဘွယ်ရာရှိအံ့နည်း။ ရာဇာ၊ မင်းသည်။ ဓမ္မိကော၊ တရားစောင့်သည်။ စေ ဟောတိ၊ အကယ်၍ ဖြစ်အံ့။ သဗ္ဗံ၊ အလုံးစုံသော။ ရဋ္ဌံ၊ တိုင်းသည်။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ အိပ်ရ၏။ ဝါ၊ နေထိုင်ရ၏။

မင်းသည် ဘုရားလောင်း၏ စကားကိုကြား၍ မိမိ၏ မင်း၏အဖြစ်ကို သိစေ၍ အရှင်ဘုရား ရှေး၌ ပညောင်သီးမှည့်ကို အကျွန်ုပ်သည်သာလျှင် ချိုအောင်ပြု၍ ခါးအောင်ပြုပြီ၊ ယခု ချိုအောင်ပြုအံ့ဟု ဆို၍ ဘုရားလောင်းကို ရှိခိုး၍ပြည်သို့ သွား၍ တရားသဖြင့် မင်းပြု၏။ ပညောင်သီးမှည့်သည် ပကတိ ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

တရားသဖြင့်၊ မင်းပြုလင့်က၊ တိုင်းနှင့်ပြည်သူ၊ ဝပြောဆူ၏

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ရာဇောဝါဒဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကောကိလဝဂ်

၅။ ဇမ္ဗုကဇာတ်

မာန်ဟုန်ပြင်း ဆင်နင်းသေ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဗြဟာ ပဝဍ္ဎကာယော သော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဇမ္ဗုကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် ဒေဝဒတ်၏ ဘုရားအတုပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုသည် အောက်၌ ချဲ့အပ်ပြီ၊ ) အထူးကား ဤဇမ္ဗုကဇာတ်၌ ဤသို့ အကျဉ်းကိုသိအပ်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် သာရိပုတ္တရာ ဒေဝဒတ်သည် သင်တို့ကို မြင်၍ အဘယ်သို့ ပြုသနည်းဟု မေးတော်မူသည်ရှိသော် အရှင်သာရိပုတ္တရာ မထေရ်သည် ဘုန်းတော်ကြီးသော အရှင်ဘုရား အရှင်ဘုရားတို့၏ အတုကိုပြုလျက် အကျွန်ုပ်လကျ၌ ယပ်ကိုပေး၍ အိပ်၏။ ထိုအခါ ဒေဝဒတ်ကို ကောကာလိကသည် ရင်၌ ဒူးပုဆစ်ဖြင့် ခတ်၏။ ဤသို့ ထိုဒေဝဒတ်သည် အရှင်ဘုရားတို့၏ အတုကိုပြု၍ ဆင်းရဲကို ခံရ၏ဟု လျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုစကားကို ကြား၍ သာရိပုတ္တရာ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ငါ၏အတုကိုပြု၍ ဆင်းရဲကို ခံရသည် မဟုတ်သေး၊ ရှေး၌လည်း ဆင်းရဲကို ခံရဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အရှင်သာရိပုတ္တရာ မထေရ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည် ရှိသော် ဘုရားလောင်းသည် ခြင်္သေ့မျိုး၌ ဖြစ်၍ ဟိမဝန္တာလိုဏ်၌ နေသည်ရှိသော် တနေ့သ၌ ကျွဲကိုသတ်၍ အသားကိုစား၍ ရေသောက်၍ လိုဏ်သို့ လာ၏။ တခုသောမြေခွေးသည် ခြင်္သေ့ကိုမြင်၍ ပြေးခြင်းငှာ မတတ်နိုင်ရကား ရင်ဖြင့် ဝပ်၏။ မြေခွေး အသို့ပြုသနည်းဟု ဆိုသည်ရှိသော် အရှင့်ကို အကျွန်ုပ် ခစားလို၏ဟု ဆို၏။ ခြင်္သေ့သည် ထိုသို့တပြီးကား လာလော့ဟု ထိုမြေခွေးကို မိမိနေရာအရပ်သို့ ဆောင်၍ နေ့တိုင်း နေ့တိုင်း အမဲကို ဆောင်ယူပေး၍ ကျွေးမွေး၏။ ခြင်္သေ့ စားကြွင်းဖြင့် ဆူဖြိုးသော ကိုယ်ရှိသည်၏အဖြစ်သို့ ရောက်သော် ထိုမြေ ခွေးအား တနေ့သ၌ မာနသည် ဖြစ်၏။ ထိုမြေ ခွေးသည် ခြင်္သေ့ကိုကပ်၍ အရှင်အကျွန်ုပ်သည် အခါခပ်သိမ်း အရှင်တို့၏ အလုပ်အကျွေးကို ခံ၏။ အရှင်တို့သည် အခါခပ်သိမ်း အမဲကို ဆောင်ယူ၍ အကျွန်ုပ်ကို ကျွေးမွေးကုန်၏။ ယနေ့ အရှင်သည် ဤနေရာ၌လျှင် နေလော့၊ အကျွန်ုပ်သည် တခုသောဆင်ကို သတ်၍ အသားကိုစား၍ အရှင်ဘို့ ဆောင်ခဲ့အံ့ဟုဆို၏။ ခြင်္သေ့သည် မြေခွေး သင်သည် ထိုအမှုကို မနှစ်သက်လင့်၊ သင်သည် ဆင်ကိုသတ်၍ အသားကိုစားသောမျိုး၌ မဖြစ်၊ ငါသည် သင့်အား ဆင်ကိုသတ်၍ ပေးအံ့၊ ဆင်မည်သည်ကား ကြီးသောကိုယ်ရှိ၏။ သင်သည် ဆင်ကို မဖမ်းလင့်၊ ငါ့စကားကို နားထောင်လော့ဟု ဆို၍-

၁၃၇။ ဗြဟာ ပဝဍ္ဎကာယော သော၊ ဒီဃဒါဌော စ ဇမ္ဗူက။
န တွံ တတ္ထ ကုလေ ဇာတော၊ ယတ္ထ ဂဏှန္တိ ကုဉ္စရံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၃၇။ ဇမ္ဗုက၊ မြေခွေး။ သော ကုဉ္စရော၊ ထိုဆင်သည်။ ဗြဟာ၊ ကြီး၏။ ပဝဍ္ဎကာယော၊ မြင့်သောကိုယ်ရှိ၏။ ဒီဃဒါဌော စ၊ ရှည်သော အစွယ်လည်း ရှိ၏။ ယတ္ထ၊ အကြင်ခြင်္သေ့ မျိုး၌။ ကုဉ္စရံ၊ ဆင်ကို။ ဂဏှန္တိ၊ ဖမ်းကုန်၏။ တွံ၊ သင်သည်။ တတ္ထ ကုလေ၊ ထိုခြင်္သေ့ မျိုး၌။ န ဇာတော၊ မဖြစ်။

မြေခွေးသည် ခြင်္သေ့တားမြစ်လျက်လျှင် လိုဏ်မှထွက်၍ သုံးကြိမ် ခွေးသံကိုမြည်၍ တောင်ထိပ်၌ ရပ်လျက် တောင်ခြေရင်းကို ကြည့်လတ်သော် တောင်ခြေရင်းဖြင့် လာလတ်သော တခုသော မည်းသော ဆင်ကိုမြင်၍ ထိုဆင်၏ ဦးကင်း၌ ကျအံ့ဟု ခုန်၍ လိမ့်၍ ဆင်၏ ခြေရင်း၌ ကျ၏။ ဆင်သည် ရှေ့ခြေနှစ်ဘက်ကို ကြွ၍ မြေခွေး၏ ဦးခေါင်းကို နင်း၏။ ဦးခေါင်းကွဲ၍ မှုန့်မှုန့်ကြေ၏။ မြေခွေးသည် ထိုအရပ်၌လျှင် ညည်းညူလျက် အိပ်၏။ ဆင်သည် ကြိုးကြာသံနှင့်တူသော အသံကို မြည်လျက် ဖဲသွား၏။ ဘုရားလောင်းသည် သွား၍ တောင်ထိပ်၌ရပ်လျက် ပျက်စီးခြင်းသို့ ရောက်သော ထိုမြေခွေးကို မြင်၍ မိမိမာနကို မှီ၍ မြေခွေးသည် ပျက်စီး၏ဟု-

၁၃၈။ အသီဟော သီဟမာနေန၊
ယော အတ္တာနံ ဝိကုဗ္ဗတိ။
ကောတ္ထူဝ ဂဇမာသဇ္ဇ၊
သေတိ ဘုမျာ အနုတ္ထုနံ။
၁၃၉။ ယသဿိနော ဥတ္တမပုဂ္ဂလဿ၊
သဉ္ဇာတခန္ဓဿ မဟဗ္ဗလဿ။
အသမေက္ခိယ ထာမဗလူပပတ္တိံ၊
သ သေတိ နာဂေန ဟတောယံ ဇမ္ဗုကော။
၁၄၀။ ယော စီဓ ကမ္မံ ကုရုတေ ပမာယ၊
ထာမဗ္ဗလံ အတ္တနိ သံဝိဒိတွာ။
ဇပ္ပေန မန္တေန သုဘာသိတေန၊
ပရိက္ခဝါ သော ဝိပုလံ ဇိနာတိ။

ဟူကုန်သော ဤသုံးဂါထာတို့ကို ဆို၏။

၁၃၈။ ကောတ္ထု၊ မြေခွေးသည်။ ဂဇံ၊ ဆင်သို့။ အာသဇ္ဇ၊ ရောက်၍။ အနုတ္ထနံ၊ ညည်းညူလျက်။ ဘုမျာ၊ မြေ၌။ သေတိ ဣဝ၊ အိပ်ရသကဲ့သို့။ ယော၊ အကြင်သူသည်။ အသီဟော၊ ခြင်္သေ့ မဟုတ်ဘဲလျက်။ သိဟမာနေန၊ ခြင်္သေ့မာန်ဖြင့်။ အတ္တာနံ၊ ကိုယ်ကို။ ဝိကုဗ္ဗတိ၊ ဘောက်ပြန်၍ ပြု၏။ သော၊ ထိုသူသည်။ ဧဝရူပေါ၊ ဤမြေခွေးကဲ့သို့ သဘော ရှိသည်။ ဟောတိ၊ ဖြစ်၏။

၁၃၉။ သ-သော အယံ ဇမ္ဗုကော၊ ထိုမြေခွေးသည်။ ယသဿိနော၊ အစိုးရခြင်းရှိသော။ ဥတ္တမပုဂ္ဂလဿ၊ မြတ်သော ပုဂ္ဂိုလ်ဖြစ်သော။ သဉ္ဇာတခန္ဓဿ၊ ကောင်းစွာတည်သော ကြီးသောပခုံးရှိသော။ မဟဗ္ဗလဿ၊ ခွန်အားကြီးသော ခြင်္သေ့မင်း၏။ ထာမဗလူပပတ္တိံ၊ အစွမ်းအား အမျိုးဇာတ်အားဖြင့် ဖြစ်ခြင်းကို။ အသမေက္ခိယ၊ မဆင်ခြင်မူ၍။ နာဂေန၊ ဆင်သည်။ ဟတော၊ သတ်အပ်သည်ဖြစ်၍။ သေတိ၊ သေလျက် အိပ်ရ၏။

၁၄၀။ ဣဓ လောကေ၊ ဤလောက၌။ ပရိက္ကဝါ၊ ရင့်ကျက်သော ပညာရှိသော။ ယော စ၊ အကြင် သူသည်လည်း။ ပမာယ၊ နှိုင်းယှဉ်၍။ အတ္တနိ၊ မိမိ၌။ ထာမဗ္ဗလံ၊ ကိုယ်အား ဉာဏ်အားကို။ သံဝိဒိတွာ၊ သိ၍။ ဇပ္ပေန၊ မန္တရားဖြင့်၎င်း။ မန္တေန၊ ပညာရှိတို့နှင့် တိုင်ပင်သဖြင့်၎င်း။ သုဘာသိတေန၊ ကောင်းစွာဆိုအပ်သော စကားဖြင့်၎င်း။ ကမ္မံ၊ အမှုကို။ ကုရုတေ၊ ပြု၏။ သော၊ ထိုသူသည်။ ဝိပုလံ၊ များစွာသော အကျိုးကို။ ဇိနာတိ၊ အောင်၏။

ဤသို့ ဘုရားလောင်းသည် ဤသုံးဂါထာတို့ဖြင့် ဤလောက၌ ပြုအပ်သည်နှင့် ယှဉ်သော အမှုကို ဆို၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မြေခွေး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခြင်္သေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မတူဘဲတု၊ ဘက်ပြိုင်ပြု၊ ဇမ္ဗုကပမာ ပျက်စီးမှာ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ဇမ္ဗုကဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကောကိလဝဂ်

၆။ ဗြဟာဆတ္တဇာတ်

ပညာဆောင်း စီးပွားပြန်ရ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် တိဏံ တိဏန္တိ လပသိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗြဟာဆတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုကို ဆိုအပ်ပြီ)။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ် မင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်ဖြစ်၏။ ဗာရာဏသီမင်းသည် များစွာသော စစ်သည်ဖြင့် ကောသလမင်းကို စစ်ထိုးအံ့သောငှာသွား၍ သာဝတ္ထိပြည်သို့ရောက်၍ စစ်ထိုးခြင်းဖြင့် မြို့တွင်းသို့ဝင်၍ မင်းကို ဖမ်း၏။ ကောသလမင်းအားကား ဆတ္တမည်သော သားသည် ရှိ၏။ ထိုသားသည် မထင်ရှားသောအသွင်ဖြင့် ထွက်ပြေး၍ တက္ကသိုလ်ပြည်သို့ သွား၍ ဗေဒင်သုံးပုံ တဆယ့်ရှစ်ပါးသော အတတ်တို့ကို သင်၍ တက္ကသိုလ်ပြည်မှ ထွက်ခဲ့၍ ခပ်သိမ်း သော အတတ်ပညာတို့ကိုသင်လျက် တခုသော ပစ္စန္တရစ်ရွာသို့ ရောက်၏။ ထိုပစ္စန္တရစ်ရွာကို မှီ၍ ငါးရာသော ရသေ့တို့သည် တောဝယ် သစ်ရွက်မိုးသော ကျောင်းတို့၌ နေကုန်၏။ ဆတ္တမင်းသား

သည် ငါးရာသော ရသေ့တို့ကို ဆည်းကပ်၍ ဤရသေ့တို့၏ အထံ၌လည်း တစုံတခုသော အတတ်ကို သင်အံ့ဟု ရဟန်းပြု၍ အကြင်အတတ်ကို ရသေ့တို့သည် တတ်ကုန်၏။ ထိုအလုံးစုံသော အတတ်ကိုသင်၍ နောက်အဘို့၌ ဂိုဏ်းဆရာဖြစ်၏။

ထိုအခါ တနေ့သ၌ ရသေ့အပေါင်းကို ခေါ်၍ အရှင်ဘုရားတို့ အရှင်တို့သည် အဘယ့်ကြောင့် မဇ္ဈိမဒေသသို့ မသွားကုန်သနည်းဟု မေး၏။ ငါ့သျှင် မဇ္ဈိမဒေသ၌ လူတို့မည်သည်ကား ပညာရှိကုန်၏။ ထိုလူတို့သည် ပြဿနာကို မေးကုန်လတ္တံ့၊ အနုမောဒနာကို ပြုစေကုန်လတ္တံ့၊ မင်္ဂလာကို ရွတ်စေကုန်လတ္တံ့၊ မတတ်နိုင်ကုန်သောသူတို့ကို ကဲ့ရဲ့ကုန်လတ္တံ့၊ ကျွန်ုပ်တို့သည် ထိုသို့ သဘောရှိသော ဘေးကြောင့် မသွားကုန်ဟု ဆိုကုန်၏။ အရှင်ဘုရားတို့သည် မကြောက်ကြကုန်လင့်၊ ထိုအလုံးစုံကို ကျွန်ုပ်ပြုအံ့ဟု ဆတ္တမင်း သား ဆို၏။ ထိုသို့ဖြစ်လျှင် သွားကြကုန်အံ့ဟု ခပ်သိမ်းသော ရသေ့တို့သည် မိမိ မိမိတို့၏ အထူးထူးသော ပရိက္ခရာကိုယူ၍ အစဉ်သဖြင့် ဗာရာဏသီပြည်သို့ ရောက်ကုန်၏။ ဗာရာဏသီ မင်းသည်လည်း ကောသလ မင်းကို မိမိလက်သို့ ရောက်သည်ကိုပြု၍ သာဝတ္ထိပြည်၌ မင်းချင်းယောက်ျားတို့ကို ထားခဲ့၍ မိမိသည်ကား သာဝတ္ထိပြည်၌ရှိသော ဥစ္စာကိုယူ၍ ဗာရာဏသီပြည်သို့ သွား၍ ဥယျာဉ်၌ ကြေးအိုးတို့ကိုပြည့်စေ၍ မြှုပ်၍ ထိုဗာရာဏသီ ပြည်၌သာလျင် နေ၏။ ထိုအခါ ရသေ့တို့သည် မင်း၏ ဥယျာဉ်ဝယ် ညဉ့်၌နေ၍ နက်ဖြန်နံနက် ဗာရာဏသီမြို့သို့ ဆွမ်းခံဝင်၍ မင်းအိမ်တံခါးသို့ ရောက်ကုန်၏။ မင်းသည် ထိုရသေ့တို့၏ ဣရိယာပုထ်တို့၌ ကြည်ညို၍ ပင့်ခေါ်စေ၍ မြတ်သော ပြာသာဒ်အပြင်၌ နေစေ၍ ရသေ့တို့အား ယာဂု ခဲဘွယ်ကိုလှူ၍ ဆွမ်းဘုဉ်းပေးသော ကာလတိုင်အောင် ထိုထိုပြဿနာကိုမေး၏။ ဆတ္တမင်းသားသည်သာလျှင် မင်း၏စိတ်ကို နှစ်သက်စေလျက် ခပ်သိမ်းသော ပြဿနာတို့ကို ဖြေ၍ ဆွမ်းဘုဉ်း ပေးပြီးသော အဆုံး၌ ဆန်းကြယ်သော အနုမောဒနာကို ပြု၏။ မင်းသည် အတိုင်းထက် အလွန် ကြည်ညို၍ ဝန်ခံခြင်းကိုယူ၍ အလုံးစုံသော ရသေ့တို့ကိုလည်း ဥယျာဉ်၌ နေစေ၏။

ဆတ္တမင်းသားသည် ဥစ္စာအိုးကို ထုတ်အော်သော မန္တရားကို တတ်၏။ ထိုဆတ္တမင်းသားသည် ဥယျာဉ်၌ နေလျက် အဘယ်၌လျှင် ဤဗာရာဏသီမင်းသည် အဘဥစ္စာကို မြှုပ်သနည်းဟု မန္တရားကိုမန်း၍ ကြည့်လတ်သော် ဥယျာဉ်၌ မြှုပ်သည်၏အဖြစ်ကို သိ၍ ဤဥစ္စာကိုယူ၍ ငါ၏ ပြည်ကို ငါယူအံ့ဟုကြံ၍ ရသေ့တို့ကိုခေါ်၍ အရှင်ဘုရားတို့ အကျွန်ုပ်ကား ကောသလမင်း၏ သားတည်း၊ ဗာရာဏသီမင်းသည် အကျွန်ုပ်တို့ပွည်ကို ယူသည်ရှိသော် မထင်ရှားသော အသွင်ဖြင့် ထွက်၍ ဤမျှလောက်သော ကာလပတ်လုံး ကိုယ့်အသက်ကို စောင့်ရ၏။ ယခု အကျွန်ုပ် အဘဥစ္စာကို ရအပ်ပြီ၊ အကျွန်ုပ်သည် ထိုဥစ္စာကိုယူ၍ သွား၍ ကိုယ့်နိုင်ငံကို ယူအံ့၊ အရှင်ဘုရားတို့သည် အဘယ်သို့ ပြုကြကုန်အံ့နည်းဟု မေး၏။ အကျွန်ုပ်တို့သည်လည်း အရှင်နှင့် အတူတကွသာလျှင် လိုက်ကုန်အံ့ဟု ဆိုကုန်၏။ ဆတ္တမင်းသားသည် ကောင်းပြီဟု တိုင်ပင်၍ ကြီးစွာကုန်သော သားရေအိတ်တို့ကို လုပ်စေ၍ ညဉ့်အဘို့၌ မြေကိုတူး၍ ဥစ္စာအိုးတို့ကို ထုတ်ဘော်၍ သားရေအိတ်တို့၌ ထည့်၍ အိုးတို့ကို မြက်ဖြင့် ပြည့်စေ၍ ငါးရာသော ရသေ့တို့ကို၎င်း တပါးကုန်သောလူတို့ကို၎င်း ဥစ္စာကိုဆောင်ယူစေ၍ ပြေးလျက် သာဝတ္ထိပြည်သို့ ရောက်၍ ခပ်သိမ်းသော မင်းချင်းယောက်ျားတို့ကို ဖမ်းစေ၍ သာဝတ္ထိပြည်ကိုယူ၍ တံတိုင်း ပစ္စင် အစရှိသော အလုံးစုံကို ပြုပြင်စေ၍ တဖန် ရန်သူမင်းသည် စစ်ထိုးသဖြင့် မယူနိုင်အောင်ပြု၍ သာဝတ္ထိပြည်၌ နေ၏။ ထိုအခါ ဗာရာဏသီမင်းအား ရသေ့တို့သည် ဥယျာဉ်မှ ဥစ္စာကိုယူ၍ ပြေးကုန်၏ဟု ကြား လျှောက်ကုန်၏။ ဗာရာဏသီမင်းသည် ဥယျာဉ်သို့ သွား၍ အိုးတို့ကိုဖွင့်စေ၍ မြက်ကိုသာလျှင် မြင်၏။ ဗာရာဏသီမင်းအား ဥစ္စာကိုအမှီပြု၍ ကြီးစွာသော စိုးရိမ်ခြင်းသည် ဖြစ်၏။ ဗာရာဏသီမင်းသည် မြို့သို့သွား၍ မြက်သာ လျှင်တည်း၊ မြက်သာလျှင်တည်းဟု မြည်လျှက်သွား၏။ ထိုမင်း၏ သောကကို ငြိမ်းစိမ့်သောငှါ တစုံတယောက်သောသူသည် မတတ်နိုင်။

ဘုရားလောင်းသည် မင်းကား ကြီးစွာသော စိုးရိမ်ခြင်းရှိ၍ မြည်တမ်းလျှက် သွား၏။ ငါ့ကိုထား၍ ငါမှတပါး တစုံတယောက်သောသူသည် ဤမင်း၏ စိုးရိမ်ခြင်းကို ပယ်အံ့သောငှါ မတတ်နိုင်၊ ငါသည် မင်းအား စိုးရိမ်ခြင်း မရှိသည်ကို ပြုအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုဘုရားလောင်းသည် တနေ့သ၌ မင်းနှင့်တကွ ချမ်းသာစွာနေလျက် မင်းသည် မြည်တမ်းသောကာလ၌-

၁၄၁။ တိဏံ တိဏန္တိ လပသိ၊ ကော နု တေ တိဏမာဟရိ။
ကိံ နု တေ တိဏကိစ္စတ္ထိ၊ တိဏမေဝ ပဘာသသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၄၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တိဏံ တိဏန္တိ၊ မြက်သာလျှင်တည်း, မြက်သာလျှင်တည်းဟု။ လပသိ၊ ယောင်ယမ်းမြည်တမ်း၏။ တေ၊ သင်မင်းကြီး၏။ တိဏံ၊ မြက်ကို။ ကော နု၊ အဘယ် သူသည်သာလျှင်။ အာဟရိ၊ ဆောင်သနည်း။ တေ၊ သင်မင်းကြီးအား။ တိဏကိစ္စံ၊ မြက်ဖြင့်ပြုအပ်သောကိစ္စသည်။ အတ္ထိ ကိံ နု၊ ရှိသလော။ တိဏမေဝ၊ မြက်ကိုသာလျှင်။ ပဘာသသိ၊ မြည် တမ်းပြောဆို၏။

ထိုစကားကို ကြား၍ မင်းသည်-

၁၄၂။ ဣဓာဂမာ ဗြဟ္မစာရီ၊ ဗြဟာ ဆတ္တော ဗဟုသုတော။
သော မေ သဗ္ဗံ သမာဒါယ၊ တိဏံ နိက္ခိပ္ပ ဂစ္ဆတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၄၂။ ပဏ္ဍိတ၊ ပညာရှိ။ ဗြဟ္မစာရီ၊ မြတ်သောအကျင့်ကို ကျင့်သော။ ဗြဟာ၊ မြင့်သော။ ဗဟုဿုတော၊ များသော အကြားအမြင်ရှိသော။ ဆတ္တော၊ ဆတ္တသည်။ ဣဓ၊ ဤဗာရာဏသီသို့။ အာဂမာ၊ လာ၏။ သော၊ ထိုဆတ္တသည်။ မေ၊ ငါ၏။ သဗ္ဗံ၊ အလုံးစုံသော ဥစ္စာကို။ သမာဒါယ၊ ယူ၍။ တိဏံ၊ မြက်ကို။ နိက္ခိပ္ပ၊ ထည့်၍။ ဂစ္ဆတိ၊ သွား၏။

ထိုစကားကို ကြား၍ ဘုရားလောင်းသည်-

၁၄၃။ ဧဝေတံ ဟောတိ ကတ္တဗ္ဗံ၊ အပ္ပေန ဗဟုမိစ္ဆတာ။
သဗ္ဗံ သကဿ အာဒါနံ၊ အနာဒါနံ တိဏဿ စ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၄၃။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အပ္ပေန၊ အနည်းငယ်သော မြက်ဖြင့်။ ဗဟုံ၊ များစွာသော ဥစ္စာကို။ ဣစ္ဆတာ၊ အလိုရှိသော ဆတ္တသည်။ သကဿ၊ မိမိဥစ္စာ၏။ သဗ္ဗံ၊ အလုံးစုံကို။ အာဒါနဉ္စ၊ ယူခြင်းသည်၎င်း။ တိဏဿ၊ မြက်ကို။ စာဋီသု၊ အိုးတို့၌။ ပက္ခိပိတွာန၊ ထည့်၍။ အနာဒါနံ၊ မယူခြင်းသည်၎င်း။ ဧဝံ၊ ဤသို့။ ဧတံ၊ ထိုအမှုကို။ ကတ္တဗ္ဗံ၊ ပြုအပ်သည်။ ဟောတိ၊ ဖြစ်၏။ တတ္ထ၊ ထိုအမှုကိုပြုခြင်း၌။ ပရိဒေဝနာ၊ မြည်တမ်းခြင်းသည်။ ကာ၊ အဘယ်အကျိုးရှိအံ့နည်း။

မင်းသည် ထိုစကားကို ကြား၍-

၁၄၄။ သီလဝန္တော န ကုဗ္ဗန္တိ၊ ဗာလော သီလာနိ ကုဗ္ဗတိ။
အနိစ္စသီလံ ဒုဿီလျံ၊ ကိံ ပဏ္ဍိစ္စံ ကရိဿတိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၁၄၄။ ပဏ္ဍိတ၊ ပညာရှိ။ သီလဝန္တော၊ သီလရှိကုန်သောသူတို့သည်။ ဧဝရူပံ၊ ဤသို့သဘောရှိသောအမှုကို။ န ကုဗ္ဗန္တိ၊ မပြုကုန်။ ဗာလော၊ သူမိုက်သည်။ သီလာနိ၊ မကောင်းသော အလေ့အကျက်တို့ကို။ ကုဗ္ဗတိ၊ ပြု၏။ အနိစ္စသီလံ၊ မမြဲသောသီလရှိသော။ ဒုဿီလျံ၊ သီလမရှိသောသူကို။ ပဏ္ဍိစ္စံ၊ ပညာရှိသောအဖြစ်သည်။ ကိံ ကရိဿတိ၊ အဘယ်သို့ပြုလတ္တံ့နည်း။

ဆတ္တမင်းသားကို ကဲ့ရဲ့လျက်ဆို၍ ဘုရားလောင်းသည် ဆိုအပ်ပြီးသော စကားဖြင့် သောကကင်းသည်ဖြစ်၍ မင်းသည် တရားသဖြင့် မင်းပြု၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါအံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းသည် ထိုအခါ ဗြဟာဆတ္တ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသော အမတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ပညာကျွမ်းကျင်၊ စည်းစိမ်ရှင်၊ ပြည်ခွင် သိမ်းတော့သည်

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဗြဟာဆတ္တဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကောကိလဝဂ်

၇။ ပီဌဇာတ်

ကိုယ့်အလွဲ၊ သူ့စွဲ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် န တေ ပီဌ မဒါယိမှ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပီဌဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းသည် ဇနပုဒ်မှ ဇေတဝန် ကျောင်းတော်သို့ သွား၍ သပိတ်သင်္ကန်းကို သိုမှီး၍ ဘုရားကို ရှိခိုး၍ သာမဏေ ပဉ္စင်းငယ်တို့ကို သင်တို့ သာဝတ္ထိပြည်၌ အာဂန္တုကရဟန်းတို့အား အဘယ်သူတို့သည် ကျေးဇူးပြုကုန်သနည်းဟုမေး၍ အရှင်ဘုရား အနာထပိဏ်မည်သော သူဌေးကြီး ဝိသာခါ မည်သော သီတင်းသည်မကြီးတို့သည် ရဟန်းသံဃာအား ကျေးဇူးပြုကုန်၏။ ရဟန်းသံဃာတို့၏ မိဘအရာ၌ တည်ကုန်၏ဟု ဆိုကုန်၏။ ထိုရဟန်းသည် ကောင်းပြီဟု နက်ဖြန် နံနက်စောစော တပါးသော ရဟန်း၏လည်း မဝင်မီကလျှင် အနာထပိဏ်သူဌေး၏ အိမ်တံခါးသို့ သွား၏။ အလွန်စောစော လာသည်၏အဖြစ်ကြောင့် ထိုရဟန်းကို တစုံတယောက်သော သူသည်လည်း မကြည့်၊ ထိုရဟန်းသည် အနာထပိဏ်သူဌေးအိမ်မှ တစုံတခုကို မရမူ၍ ဝိသာခါ၏ အိမ်တံခါးသို့သွား၏ ဝိသာခါ၏ အိမ်၌လည်း အလွန်စောစောလာသည်၏အဖြစ်ကြောင့် တစုံတခုကိုမရ၊ ထိုရဟန်းသည် ထိုထို အိမ်သို့သွားလျှက် တဖန်ပြန်လျှက် ယာဂုကုန်လတ်သော် ရောက်လာ၏။ တဖန်လည်း ထိုထိုအိမ်သို့သွား၍ ဆွမ်းကုန်လတ်သော် ရောက်လာ၏။ ထိုရဟန်းသည် ကျောင်းသို့ သွား၍ နှစ်ပါးကုန်သော အမျိုးတို့သည်လည်း သဒ္ဓါတရား မရှိကုန်၊ ကြည်ညိုခြင်း မရှိကုန်၊ ဤရဟန်းတို့သည် သဒ္ဓါတရားရှိကုန်၏။ ကြည်ညိုခြင်းရှိကုန်၏ဟု ဆိုကုန်၏။ ထိုအမျိုးတို့သည် အဘယ်မူကုန်အံ့နည်းဟု ရှုတ်ချကဲ့ရဲ့လျက် သွား၏။

ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသော ဇနပုဒ်ရဟန်းသည် အလွန်စောစောကလျှင် ဒါယကာတို့၏ အိမ်တံခါးသို့သွား၍ ဆွမ်းကိုမရလတ်သော် ဒါယကာတို့ကို ရှုတ်ချကဲ့ရဲ့လျက် သွား၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟုမေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ထိုရဟန်းကို ခေါ်တော်မူ၍ ရဟန်း သင်သည် ဆွမ်းမရ၍ ဒါယကာတို့ကို ရှုတ်ချကဲ့ရဲ့သောဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော် လျောက်သည်ရှိသော် ရဟန်း အဘယ်ကြောင့် အမျက် ထွက်သနည်း၊ ဘုရားမဖြစ်မီ ရှေး၌ ရသေ့တို့သည်လည်း ဒါယကာ အိမ်တံခါးသို့ ရောက်၍ ဆွမ်းမရ၍ အမျက်မထွက်ကုန်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သည် ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ နောက်အဘို့၌ ရသေ့ရဟန်းပြု၍ ဟိမ ဝန္တာ၌ ကြာမြင့်စွာနေ၍ ချဉ်ဆား မှီဝဲအံ့သောငှါ ဗာရာဏသီပြည်သို့ သွား၍ ဥယျာဉ်၌ နေ၍ နက်ဖြန် မြို့သို့ ဆွမ်းခံဝင်၏။ ထိုအခါ ဗာရာဏသီသူဌေးသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ကြည်ညိုခြင်းရှိ၏။ ဘုရားလောင်းသည် အဘယ်သူ့အိမ်သည် သဒ္ဓါတရား ရှိသနည်းဟု မေး၍ သူဌေးအိမ်သည် သဒ္ဓါတရားရှိ၏ဟု ကြား၍ သူဌေးအိမ် တံခါးသို့ သွား၏။ ထိုခဏ၌ သူဌေးသည် မင်းခစားအံ့သောငှာ သွား၏။ လူတို့သည်လည်း ဘုရားလောင်းကို မမြင်ကုန်၊ ဘုရားလောင်းသည် ပြန်၍သွား၏။ ထိုအခါ သူဌေးသည် မင်းအိမ်မှ ပြန်လတ်သော် ဘုရားလောင်းကို မြင်၍ ရှိခိုး၍ သပိတ်ကိုယူ၍ အိမ်သို့ ပင့်ဆောင်နေစေ၍ ခြေဆေးခြင်း ဆီလိမ်းခြင်း ယာဂုခဲဘွယ်ကပ်ခြင်း အစရှိသည်တို့ဖြင့် ရောင့်ရဲစေ၍ ဆွမ်းမဘုဉ်းပေးမီ စိုးစဉ်းသော အကြောင်းကိုမျှ မမေးမူ၍ ဆွမ်းဘုဉ်းပေးပြီးသော် ဘုရားလောင်းကို ရှိခိုး၍ တင့်အပ်လျောက် ပတ်စွာ နေလျက် အရှင်ဘုရား အကျွန်ုပ်တို့၏ အိမ်တံခါးသို့ ရောက်လာကုန်သော သူတောင်း စားတို့သည်၎င်း တရားစောင့်ကုန်သော ရဟန်းပုဏ္ဏားတို့သည်၎င်း ပူဇော်သက္ကာရကို မရကုန်မူ၍ သွားရဘူးသော မည်သည်မရှိ၊ အရှင်တို့ကိုကား ယနေ့ အကျွန်ုပ်တို့၏ သူငယ်တို့သည် မမြင်သည်၏အဖြစ်ကြောင့် နေရာကို၎င်း သောက် ရေကို၎င်း ခြေဆေးခြင်းကို၎င်း ယာဂုဆွမ်းကို၎င်း အရှင်ဘုရားတို့သည် မရကုန်မူ၍သာလျှင် သွားကုန်၏။ ဤသို့ မရခြင်းသည် အကျွန်ုပ်တို့၏ အပြစ်တည်း၊ ထိုအကျွန်ုပ်တို့အပွဈကို သည်းခံတော်မူခြင်းငှါ သင့်၏ဟု ဆို၍-

၁၄၅။ န တေ ပီဌမဒါယိမှ၊ န ပါနံ နပိ ဘောဇနံ။
ဗြဟ္မစာရီ ခမဿု မေ၊ ဧတံ ပဿာမိ အစ္စယံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၄၅။ ဗြဟ္မစာရီ၊ မြတ်သော အကျင့်ကို ကျင့်သော အရှင်ဘုရား။ တေ၊ အရှင်ဘုရားအား။ ပီဌံ၊ နေရာကို။ န အဒါယိမှ၊ မပေးကုန်။ ပါနံ၊ ရေကို။ န အဒါယိမှ၊ မပေးကုန်။ ဘောဇနံ၊ ဆွမ်းကို။ န အဒါယိမှ၊ မပေးမလှူကုန်။ ဧတံ အစ္စယံ၊ ထိုအပြစ်ကို။ ပဿာမိ၊ မြင်၏။ မေ၊ အကျွန်ုပ်၏။ ဧတံ၊ ထိုအပြစ်ကို။ တွံ၊ အရှင်ဘုရားသည်။ ခမဿု၊ သည်းခံတော်မူပါလော။

ထိုစကားကို ကြား၍ ဘုရားလောင်းသည်-

၁၄၆။ နေဝါဘိသဇ္ဇာမိ န စာပိ ကုပ္ပေ၊
န စာပိ မေ အပ္ပိယမာသိ ကိဉ္စိ။
အထောပိ မေ အာသိ မနောဝိတက္ကော၊
ဧတာဒိသော နူနု ကုလဿ ဓမ္မော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၄၆။ သေဋ္ဌိ၊ သူဌေး။ အဟံ၊ ငါသည်။ နေဝါဘိသဇ္ဇာမိ၊ မငြိမစွန်းသလျှင်ကတည်း။ န စာပိ ကုပ္ပေ၊ အမျက်လည်း မထွက်သလျှင်ကတည်း။ မေ၊ ငါအား။ ကိဉ္စိ၊ တစုံတခုသော။ အပ္ပိယံ စာပိ၊ မုန်းခြင်းသည်လည်း။ န အာသိ၊ မဖြစ်။ အထောပိ၊ စင်စစ်သော်ကား။ ကုလဿ၊ အမျိုး၏။ ဧတာဒိသော၊ ဤသို့သဘောရှိသော။ ဓမ္မော၊ အလေ့သည်။ ဘဝိဿတိ နူန၊ ဖြစ်လေယောင်တကားဟု။ မေ၊ အား။ ကိဉ္စိ၊ တစုံတခုသော။ မနောဝိတက္ကော၊ စိတ်အကြံသည်။ အာသိ၊ ဖြစ်၏။

ထိုစကားကို ကြား၍ သူဌေးသည်-

၁၄၇။ ဧသသ္မာကံ ကုလေ ဓမ္မော၊
ပိတု ပိတာမဟော သဒါ။
အာသနံ ဥဒကံ ပဇ္ဇံ၊ သဗ္ဗေတံ နိပဒါမသေ။
၁၄၈။ ဧသသ္မာကံ ကုလေ ဓမ္မော၊
ပိတု ပိတာမဟော သဒါ။
သက္ကစ္စံ ဥပတိဋ္ဌာမ၊ ဥတ္တမံ ဝိယ ဉာတကံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၄၇။ ဗြဟ္မစာရီ၊ မြတ်သော အကျင့်ကို ကျင့်သော ရှင်ရသေ့။ မယံ၊ အကျွန်ုပ်တို့သည်။ အာသနံ၊ နေရာ။ ဥဒကံ၊ ခြေဆေးရေ။ ပဇ္ဇံ၊ ခြေနယ်ဆီ။ ဧတံ သဗ္ဗံ၊ ဤအလုံးစုံကို။ နိပဒါမသေ၊ အလွန်လှူကုန်၏။ ဧသ၊ ဤအလေ့သည်။ အသ္မာကံ၊ အကျွန်ုပ်တို့၏။ ကုလေ၊ အမျိုး၌။ သဒါ၊ အခါ ခပ်သိမ်း။ ပိတုပိတာမဟော၊ အဘအဘိုးတို့၏ ဥစ္စာဖြစ်သော။ ဓမ္မော၊ အလေ့တည်း။

၁၄၈။ ဗြဟ္မစာရီ၊ မြတ်သောအကျင့်ကို ကျင့်သော အရှင်ဘုရား။ မယံ၊ အကျွန်ုပ်တို့သည်။ ဥတ္တမံ၊ မြတ်သော။ ဉာတကံ ဝိယ၊ မိဘကဲ့သို့။ သမဏဗြာဟ္မဏံ၊ ရဟန်းပုဏ္ဏားကို။ သက္ကစ္စံ၊ ရိုသေစွာ။ ဥပတိဋ္ဌာမ၊ လုပ်ကျွေးကုန်၏။ ဧသ၊ ဤအလေ့သည်။ အသ္မာကံ၊ အကျွန်ုပ်တို့၏။ ကုလေ၊ အမျိုး ၌။ သဒါ၊ အခါခပ်သိမ်း။ ပိတုပိတာမဟော၊ အဘအဘိုးတို့၏ ဥစ္စာဖြစ်သော။ ဓမ္မော၊ အလေ့တည်း။

ဘုရားလောင်းသည်ကား နှစ်ရက် သုံးရက် ဗာရာဏသီသူဌေးအား တရားဟောလျက် ဗာရာဏသီ၌နေ၍ တဖန် ဟိမဝန္တာသို့သာလျှင် သွား၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော် မူသည်၏ အဆုံး၌ ထိုရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီသူဌေး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ရဟန်းဖြစ်ငြား၊ သူတပါး၊ မျက်ပွား မသင့်ပေ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ပီဌဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကောကိလဝဂ်

၈။ ထုသဇာတ်

သက်ပေး ဂါထာ

ပစ္စုပ္ပန်ဝတ္ထု... နက်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝိဒိတံ ထုသံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာအပ်သော ဤထုသဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အာတသတ်မင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအဇာတသတ်မင်းသည် အမိဝေဒေဟီ မိဖုယားဝမ်း၌ ပဋိသန္ဓေ နေသည်ရှိသော် ကောသလမင်း၏ သ္မီးတော်, အဇာတသတ်မင်း၏ မယ်တော် ဝေဒေဟီမိဖုယားအား ဗိမ္မိသာရမင်း၏ လက်ျာပုဆစ်ဒူးသွေးကို သောက်လိုသော ချင်ခြင်းရှိသည်ဖြစ်၍ ဖျော့တော့သော အဆင်းရှိသည် ဖြစ်၏။ ထိုဝေဒေဟီ မိဖုယားသည် အလုပ် အကျွေးတို့သည် မေးအပ်သည်ရှိသော် ထိုအလုပ် အကျွေးတို့အား ထိုအကြောင်းကို ကြား၏။ မင်းသည်လည်း ကြား၍ နိမိတ်ဘတ်တတ်ကုန်သော သူတို့ကို ခေါ်စေ၍ မိဖုယားအား ဤသို့ သဘော ရှိသော ချင်ခြင်းသည် ဖြစ်သတတ်၊ ထိုချင်ခြင်း၏ အကျိုးသည် အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု မေး၏။ ထိုနိမိတ်ဘတ်တက်ကုန်သော သူတို့သည် မိဖုယား၏ ဝမ်း၌ဖြစ်သော သားသည် အရှင်မင်းကြီးတို့ကို သတ်၍ မင်းအဖြစ်ကို ယူလတ္တံ့ဟု ဆိုကုန်၏။ မင်းသည် ဤငါ၏သားသည် ငါ့ကိုသတ်၍ မင်းအဖြစ်ကို အကယ်၍ ယူငြားအံ့၊ ထိုသို့ယူရာ၌ ငါ့အား အဘယ်အပြစ်ရှိအံ့နည်းဟု လကျ်ာပုဆစ်ကို ဓားဖြင့်ခွဲစေ၍ သွေးကို ရွှေခွက်ဖြင့်ခံယူစေ၍ မိဖုယားကို သောက်စေ၏။ မိဖုယားသည် ဝမ်း၌ဖြစ်သော သားသည် အဘကို အကယ်၍ သတ်ငြားအံ့၊ ထိုသားဖြင့် ငါ့အား အဘယ်ပြုအံ့နည်းဟု ကြံ၍ ကိုယ်ဝန်ကို ကျစိမ့်သောငှါ ဝမ်းကို နယ်စေ၏။

ဗိမ္ဗိသာရမင်းသည် သိ၍ မိဖုယားကို ခေါ်စေ၍ ရှင်မ ငါ၏သားသည် ငါ့ကိုသတ်၍ မင်းအဖြစ်ကို ယူလတ္တံ့၊ ငါသည် မအို မသေပဲ မနေရ၊ သားမျက်နှာကို ကြည့်စိမ့်သောငှါ ငါ့အား ပေးလော့၊ ယနေ့မှစ၍ ဤသို့သဘောရှိသော အမှုကို မပြုလင့်ဟု ဆို၏။ မိဖုယားသည် ထိုအခါမှစ၍ ဥယျာဉ်သို့သွား၍ ဝမ်းကို နယ်စေ၏။ မင်းသည် သိ၍ ထိုအခါမှစ၍ ဥယျာဉ်သို့ သွားခြင်းကို မြစ်၏။ မိဖုယားသည် ပြည့်သော ကိုယ်ဝန်ရှိသည်ဖြစ်၍ သားကို ဖွား၏။ အမည်မှည့်အံ့သောနေ့၌ မင်းသားအား မဖွားမီကသာလျှင် အဘ၏ရန်သူ ဖြစ်ခြင်းကြောင့် အဇာတသတ်ဟူသော အမည်ကို မှည့်ကုန်၏။ မင်းသည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို မြတ်သော ခဲဘွယ်ဘောဇဉ်ဖြင့် လုပ်ကျွေး၍ ဘုရားကိုရှိခိုး၍ တရားကိုနာလျက် နေ၏။ ထိုအခါ မင်းသားကို တန်ဆာဆင်၍ မင်းအား ပေးကုန်၏။ မင်းသည် အားကြီးစွာသော ချစ်ခြင်းဖြင့် သားကိုယူ၍ ပေါင်ပေါ်၌နေစေ၍ သား၌ဖြစ်သော ချစ်ခြင်းဖြင့် သားကိုသာလျှင် မြတ်နိုးရကား တရားကို မနာနိုင်၊ သဗ္ဗညူ မြတ်စွာဘုရားသည် မင်း၏ မေ့လျော့သောအဖြစ်ကို သိ၍ မြတ်သောမင်းကြီး ရှေးမင်းတို့သည် သား၌ ရွံရှာကုန်လတ်သော် ပုန်းကွယ်ရာအရပ်၌ ထားကုန်၍ ငါလွန်မှ ထုတ်ဆောင်၍ မင်းအဖြစ်၌ ထားကြကုန်လောဟု စေကုန်၏ဟု မိန့်တော်မူ၍ ဗိမ္ဗိသာရမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခဆရာဖြစ်၍ များစွာကုန်သော မင်းသား ပုဏ္ဏားသားတို့ကို အတတ် သင်၏။ ဗာရာဏသီမင်း၏ သားသည်လည်း တဆယ့်ခြောက်နှစ် ရှိသောကာလ၌ ဘုရားလောင်းအထံသို့သွား၍ ဗေဒင်သုံးပုံ၊ အလုံးစုံသော အတတ်တို့ကို သင်၍ ပြည့်စုံသော အတတ်ရှိသည်ဖြစ်၍ ဆရာကို ပန်၏။ ဆရာသည် အင်္ဂါ ဝိဇ္ဇာ၏အစွမ်းအားဖြင့် မင်းသားကို ကြည့်လတ်သော် ဤမင်းသားအား သားကိုအမှီပြု၍ အန္တရာယ်သည် ထင်၏။ ငါသည် မိမိအာနုဘော်အားဖြင့် ထိုအန္တရာယ်ကို ပယ်အံ့ဟုကြံ၍ လေးဂါထာတို့ကိုဖွဲ့၍ မင်းသားအား ပေး၏။ ဤသို့လည်း ထိုမင်းသားကို မှာ၏။ အမောင် ရှေးဦးစွာသော ဂါထာကို မင်းအဖြစ်၌တည်၍ သင်မင်းသား၏ သားသည် တဆယ့်ခြောက်နှစ်ရှိသော် ထမင်း စားစဉ်လျှင် ရွတ်လေလော့၊ နှစ်ခုမြောက်သောဂါထာကို ကြီးစွာခစားသော ကာလ၌ ရွတ်လလော့၊ သုံးခုမြောက်သော ဂါထာကို ပြာသာဒ်သို့တက်လတ်သော် စောင်းတန်းဦး၌ ရပ်၍ ရွတ်လေလော့၊ လေးခုမြောက်သော ဂါထာကို အိပ်ရာကျက်သရေတိုက်သို့ ဝင်လတ်သော် တံခါးခုံ၌ရပ်၍ ရွတ်လေလော့ဟု မှာ၏။ မင်းသားသည် ကောင်းပြီဟု ဝန်ခံ၍ ဆရာကို ရှိခိုး၍ သွားသော် အိမ်ရှေ့မင်းအဖြစ်၌ တည်၍ အဘလွန်သဖြင့် မင်းအဖြစ်၌ တည်၏။ ထိုမင်း၏ သားသည် တဆယ့်ခြောက်နှစ်ရှိသောကာလ၌ ဥယျာဉ်ကစားခြင်း အစရှိသည်တို့၏ အကျိုးငှာ ထွက်သွားသော် မင်း၏အသရေ စည်းစိမ်ကို မြင်၍ အဘကိုသတ်၍ မင်းအဖြစ်ကို ယူလိုသည်ဖြစ်၍ မိမိ အလုပ်အကျွေးတို့အား ပြောဆို၏။ ထိုအလုပ်အကျွေးတို့သည် ရှင်မင်းသား ကောင်းပြီ၊ အိုသောကာလ၌ ရအပ်သော စည်းစိမ်ဖြင့် အဘယ် အကျိုးရှိအံ့နည်း တစုံတခုသော ဥပါယ်ဖြင့် မင်းကိုသတ်၍ မင်းအဖြစ်ကိုယူခြင်းငှာ သင့်၏ဟု ဆိုကုန်၏။ မင်းသားသည် အဆိပ်ကို စားစေ၍ သေစေအံ့ဟု အဘနှင့် တကွ ညစာစားစဉ် အဆိပ်ကိုကိုင်၍ နေ၏။ မင်းသည် ထမင်းခွက်၌ ထမင်းကို စားအံ့သောငှါ လက်နှင့်မထိမီလျှင်-

၁၄၉။ ဝိဒိတံ ထုသံ ဥန္ဒုရာနံ၊ ဝိဒိတံ ပန တဏ္ဍုလံ။
ထုသံ ထုသံ ဝိဝဇ္ဇေတွာ၊ တဏ္ဍုလံ ပန ခါဒရေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ရွတ်၏။

၁၄၉။ ဥန္ဒုရာနံ၊ ကြွက်တို့အား။ ထုသံ-ထုသော၊ ဖွဲသည်။ အန္ဓကာရေပိ၊ အမိုက်မှောင်၌လည်း။ ဝိဒိတံ-ဝိဒိတော၊ ဖွဲ၏ အဖြစ်ဖြင့် ထင်ရှား၏။ တဏ္ဍုလံ ပန-တဏ္ဍုလော စ၊ ဆန်သည်လည်း။ ဝိဒိတံ-ဝိဒိတော၊ ဆန်၏အဖြစ်ဖြင့် ထင်ရှား၏။ ထုသံ-ထုသံ၊ ဖွဲတိုင်း ဖွဲတိုင်းကို။ ဝိဝဇ္ဇေတွာ၊ ကြဉ်၍။ တဏ္ဍုလံ ပန၊ ဆန်ကိုသာလျှင်။ ခါဒရေ၊ စားကုန်၏။

မင်းသားသည် သိချေပြီဟု ကြောက်၍ ထမင်းခွက်၌ အဆိပ်ကို ချအံ့သောငှါ မဝံ့သည်ဖြစ်၍ ထ၍ မင်းကို ရှိခိုး၍ ထိုအရပ်မှ ပြေး၏။ ထိုအကြောင်းကို မိမိအလုပ်အကျွေးတို့အား ကြားလေ၍ ယနေ့ သိချေပြီ၊ ယခုအခါ အဘယ်သို့ သတ်ရအံ့နည်းဟု မေး၏။ ထိုအလုပ်အကျွေးတို့သည် ထိုအခါမှစ၍ ဥယျာဉ်၌ ပုန်းကွယ်ကုန်၍ နားရင်း၌ ပြောဆိုသည်၏ အစွမ်းအားဖြင့် တိုင်ပင်ကုန်လျက် တခုသော အကြောင်းသည် ရှိ၏။ သန်လျက်ကိုဖွဲ့၍ ကြီးစွာသော ခစားခြင်းသို့ရောက်သော ကာလ၌ အမတ်တို့၏အတွင်း၌ နေ၍ မင်း၏ မွေ့လျော်သော အဖြစ်ကိုသိ၍ သန်လျက်ဖြင့် သတ်၍ သေစေခြင်းငှါ သင့်၏ဟု မှတ်စေကုန်၏။ မင်းသားသည် ကောင်းပြီဟု ဝန်ခံ၍ ကြီးစွာခစားသော ကာလ၌ ဖွဲ့အပ်သော သန်လျက်ရှိသည်ဖြစ်၍ သွား၍ ထိုမှဤမှ လှည့်လည်လျက် သတ်ခွင့်ကို စုံစမ်း၏။ ထိုခဏ၌ မင်းသည်-

၁၅၀။ ယာ မန္တနာ အရညသ္မိံ၊ ယာ စ ဂါမေ နိကဏ္ဏကာ။
ယဉ္စေတံ ဣတိ စီတိ စ၊ ဧတမ္ပိ ဝိဒိတံ မယာ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ရွတ်၏။

၁၅၀။ အရညသ္မိံ စ၊ ဥယျာဉ်၌၎င်း။ ဂါမေ စ၊ ရွာ၌၎င်း။ နိကဏ္ဏိကာ၊ နားရင်း၌ တိုင်ပင်ခြင်းဟူသော။ ယာ မန္တနာ စ၊ အကြင် တိုင်ပင်ခြင်းသည်၎င်း။ ဣတိ၊ ဤသို့တိုင်ပင်တိုင်း ငါ့အား သတ်အံ့သောငှါ။ ယဉ္စေတံ ဣတိ စီတိ စ၊ ယခုအခါ အကြင်ငါ့ကို ထိုမှဤမှ သတ်အံ့သောအခွင့်ကို ရှာခြင်းသည်၎င်း။ အတ္ထိ၊ ရှိ၏။ ဧတမ္ပိ၊ ထိုအလုံးစုံကိုလည်း။ မယာ၊ ငါသည်။ ဝိဒိတံ၊ သိအပ်၏။

မင်းသားသည် ခမည်းတော်မင်းကား ငါ၏ ရန်သူအဖြစ်ကို သိ၏ဟု ထိုအရပ်မှ ပြေး၍ အလုပ်အကျွေးတို့အား ကြားလေ၏။ အလုပ် အကျွေးတို့သည် ခုနစ်ရက် ရှစ်ရက် လွန်လတ်သော် အရှင်မင်းသား အရှင်မင်းသား၏ ခမည်းတော်သည် အရှင်မင်းသား၏ ရန်သူအဖြစ်ကိုမသိ၊ ကြံခြင်းဖြင့် အရှင်မင်းသားသည် ဤသို့ အမှတ်ရှိ၏။ ခမည်းတော်ကို သတ်လော့ဟု ဆိုကုန်၏။ မင်းသားသည် တနေ့သ၌ သန်လျက်ကို ကိုင်ယူ၍ စောင်းတန်းဦး၌ ရပ်၏။ မင်းသည် စောင်းတန်းဦး၌ ရပ်လျက်-

၁၅၁။ ဓမ္မေန ကိရ ဇာတဿ၊ ပိတာ ပုတ္တဿ မက္ကဋော။
ဒဟရဿေဝ သန္တဿ၊ ဒန္တေဟိ ဖလမစ္ဆိဒါ။

ဟူသော သုံးခုမြောက်သော ဤဂါထာကိုရွတ်၏။

၁၅၁။ ပိတာ၊ အဘဖြစ်သော။ မက္ကဋော၊ မျောက်သည်။ ဇာတဿ၊ မိမိမှဖြစ်သော။ ပုတ္တဿ၊ သားမျောက်ငယ်၏။ ဖလံ၊ မျိုးစေ့ကို။ ဓမ္မေန၊ သဘောအားဖြင့်။ ဒဟရဿေဝ၊ ငယ်သည်သာလျှင်။ သန္တဿ၊ ဖြစ်စဉ်။ ဒန္တေဟိ၊ သွားတို့ဖြင့်။ အစ္ဆိဒါ၊ ဖြတ်၍။ ပုရိသဘာဝံ၊ ယောက်ျားအဖြစ်ကို။ နာသေတိ၊ ဖျက်ဆီး၏။

မင်းသားသည် ငါ့ကို ခမည်းတော် ဖမ်းလို၏ဟု ကြောက်ရကား ပြေး၍ ခမည်းတော်သည် ငါ့ကို ခြိမ်းချောက်၏ဟု အလုပ်အကျွေးတို့အား ကြားလေ၏။ အလုပ်အကျွေးတို့သည် လခွဲလွန်လတ်သော် အရှင်မင်းသား မင်းသည် အကယ်၍ သိငြားအံ့၊ ဤမျှလောက်သောကာလ၌ ဖျက်ဆီးရာ၏။ အကြံအားဖြင့် အရှင့် သားသည် ဆိုအပ်၏။ မင်းကို သတ်လော့ဟု ဆိုကုန်၏။ မင်းသားသည် တနေ့သ၌ သန်လျက်ကိုယူ၍ ပြာသာဒ်ထက်ဝယ် အသရေရှိသောအိပ်ရာသို့ ဝင်၍လာစဉ်လျှင် ထိုမင်းကို သတ်အံ့ဟု ပလ္လင်အောက်၌ နေ၏။ မင်းသည် ညစာစားပြီးသော် ပရိသတ်ကို လွှတ်လိုက်၍ အိပ်အံ့ဟု အသရေရှိသော တိုက်ခန်းသို့ ဝတ်လတ်သော် တံခါးခုံ၌ ရပ်၍-

၁၅၂။ ယမေတံ ပရိသပ္ပေသိ၊ အဇကာဏောဝ သာသပေ။
ယောပါယံ ဟေဋ္ဌတော သေတိ၊ ဧတမ္ပိ ဝိဒိတံ မယာ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ရွတ်၏။

၁၅၂။ တွံ၊ သင်သည်။ သာသပေ၊ မုန်ညင်းခင်းသို့ ဝင်သောကာလ၌။ အဇကာဏောဝ၊ ဆိတ်ကန်းကဲ့သို့။ ဘယေန၊ ကြောက်ခြင်းကြောင့်။ ယမေတံ ပရိသပ္ပေသိ၊ အကြင် ထိုမှ ဤမှ လှုပ်ရှား၏။ ဣဒါနိ၊ ယခုအခါ၌။ မာရေဿာမီတိ၊ သတ်အံ့ဟူ၍။ ဟေဋ္ဌတော၊ ပလ္လင်အောက်၌။ ယော ပါယံ သေတိ၊ အကြင် အိပ်နေခြင်းကိုမူလည်း ပြု၏။ ဧတမ္ပိ၊ ထိုအလုံးစုံကိုလည်း။ မယာ၊ ငါသည်။ ဝိဒိတံ၊ သိအပ်၏။

ဤသို့ မသိသည်သာလျှင်ဖြစ်သော မင်း၏ ထိုဂါထာသည် မင်းသားအား ထိုထိုအနက်ကို ပြ၏။ မင်းသားသည် ခမည်းတော် ငါ့ကို သိပြီ၊ ယခု ငါ့ကို ဖျက်ဆီးလတ္တံ့ ဟု ကြောက်၍ ပလ္လင်အောက်မှ ထွက်၍ သန်လျက်ကို မင်း၏

ခြေရင်း၌ချ၍ မြတ်သောမင်းကြီး အကျွန်ုပ်အား သည်းခံပါလော့ဟု ခြေရင်း၌ ရင်ဖြင့်ဝပ်၏။ မင်းသည် သင်ကား ငါ့အမှုကို အဘယ်သူသိအံ့နည်းဟု ကြံ၏ဟု မင်းသားကို ခြိမ်းချောက်၍ သံခြေကျဉ်း အနှောင်အဖွဲ့ဖြင့် ဖွဲ့စေ၍ နှောင်အိမ်သို့ သွင်းစေ၍ အစောင့်အရှောက်ထား၏။ ထိုအခါ မင်းသည် ဘုရားလောင်း၏ ကျေးဇူးကို မှတ်မိ၏။ နောက်အဘို့၌ ထိုမင်းသည် သေလွန်၏။ မင်း၏အလောင်းကို သင်္ဂြိုဟ်ခြင်းကိစ္စကို ပြု၍ မင်းသားကို နှောင်အိမ်မှ ထုတ်၍ မင်းအဖြစ်၌ တည်စေကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သားမှဖြစ်လတ်၊ ဘေးဥပဒ်ကြောင့်၊ ထိပ်ခတ်နှောင်ထား၊ ငါလွန်ငြား၊ ထင်ရှား စည်းစိမ်နှင်း

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ထုသဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကောကိလဝဂ်

၉။ ဗာဝေရုဇာတ်

ကျီး နှင့် ဒေါင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်အဒဿနေန မောရဿအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဗာဝေရုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် ပျောက်သော လာဘသက္ကာရ ရှိကုန်သော တိတ္ထိတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုတိတ္ထိတို့သည် ဘုရားမဖြစ်မီ လာဘ်ရကုန်၏။ ဘုရားဖြစ်တော်မူသည် ရှိသော်ကား ပျောက်သော လာဘသက္ကာရ ရှိကုန်သည်ဖြစ်၍ နေထွက်သောအခါ၌ ပိုးစုန်းကြူးတို့ကဲ့သို့ ဖြစ်ကုန်၏။ ထိုတိတ္ထိတို့၏ ထိုအကြောင်းကိုစွဲ၍ ရဟန်းတို့သည် တရားသဘင်၌ စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော် လျောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဂုဏ်ရှိသောသူတို့သည် မဖြစ်ကုန်မီ ဂုဏ်မရှိသောသူတို့သည် မြတ်သောလာဘ် မြတ်သောအခြံအရံကို ရကုန်၍ ဂုဏ်ရှိသောသူတို့သည် ဖြစ်ကုန်လတ်သော် ပျောက်သော လာဘသက္ကာရရှိကုန်သည် မဟုတ်ကုန်သေး၊ ရှေး၌လည်း ဂုဏ်ရှိသောသူတို့ မဖြစ်ကုန်မီသာ မြတ်သောလာဘ် မြတ်သောအခြံအရံကို ရကုန်၍ ဂုဏ်ရှိသောသူတို့သည် ဖြစ်ကုန်လတ်သော် ဂုဏ်မရှိကုန်သောသူတို့သည် ပျောက်သော လာဘသက္ကာရရှိသည် ဖြစ်ကုန်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ဥဒေါင်းမျိုး၌ဖြစ်၍ ကြီးခြင်းသို့ ရောက်လတ်သော် မြတ်သော တင့်တယ်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ တော၌ ကျက်စား၏။ ထိုအခါ အချို့သော ကုန်သည်တို့သည် ဒိသာကာက (ပင်လယ်သမုဒ္ဒရာ၌ အရပ်မျက်နှာကို ပြတတ်သော) ကျီးကိုယူ၍ လှေဖြင့် ဗာဝေရုတိုင်းသို့ သွားကုန်၏။ ထိုအခါ ဗာဝေရုတိုင်း၌ ငှက်မည်သည်ကား မရှိသည်ဖြစ်၏။ လာတိုင်းလာတိုင်းကုန်သော တိုင်းသားတို့သည် ချိုင့်၌နေသော ဒိသာကာကကျီးကို မြင်၍ ဤငှက်၏ လည်အဆုံးရှိသော အရောင်အဆင်း၊ နှုတ်သီး၊ ပတ္တမြားလုံးနှင့်တူကုန်သော မျက်စိတို့ကို ကြည့်ပါကုန်လော့ဟု ကျီးကိုလျှင် ချီးမွမ်း၍ ထိုကုန်သည်တို့ကို အရှင်တို့ သင်တို့သည် ဤငှက်ကို ငါတို့အား ပေးကုန်လော့၊ ငါတို့အား ဤငှက်ဖြင့် အလိုရှိ၏။ သင်တို့သည် မိမိတို့၏တိုင်း၌ တပါးသောငှက်ကို ရပါကုန်လတ္တံ့ဟု ဆိုကုန်၏။ ထိုသို့တပြီးကား အဘိုးဖြင့် ယူကြကုန်လော့ဟု ကုန်သည်တို့သည် ဆိုကုန်၏။ တသပြာဖြင့် ငါတို့အား ပေးကုန်လော့ဟု တိုင်းသားတို့သည် ဆိုကုန်လတ်သော် မပေးကုန်ဟု ဆိုကုန်၏။ အစဉ်သဖြင့် ပွား၍ အသပြာတရာဖြင့် ပေးကုန်လော့ဟု ဆိုလတ်သည်ရှိသော် ဤငှက်သည် ငါတို့အား ကျေးဇူးများ၏။ သင်တို့နှင့် ချစ်ခြင်းသည် ဖြစ်စေသတည်းဟု အသပြာ တရာကိုယူ၍ ပေးကုန်၏။ ရွှေချိုင့်၌ထည့်၍ အထူးထူး အပြားပြားသော ငါး အမဲ သစ်သီး ကြီးငယ်တို့ဖြင့် ကျွေးမွေးကုန်၏။ တပါးကုန်သော ငှက်တို့၏ မရှိရာအရပ်၌ ဆယ်ပါးကုန်သေ မသူတော်တို့၏ အကျင့်နှင့် ပြည့်စုံသော ကျီးသည် မြတ်သောလာဘ် မြတ်သော အခြံအရံ အကျော်အစောကိုရ၏။

နောက်တကြိမ် ထိုကုန်သည်တို့သည် တခုသော ဥဒေါင်းမင်းကို ဖမ်းယူ၍ လက်ဖျစ်တွက်သံဖြင့် တွန်အောင် လက်ခုပ်သံဖြင့် က, အောင် သင်၍ ဗာဝေရုတိုင်းသို့ သွားကုန်၏။ ထိုဥဒေါင်းမင်းသည် လူအများစည်းဝေးလတ်သော် လှေဦး၌ရပ်၍ အတောင်တို့ကိုခါ၍ သာယာသော အသံကို တွန်၍ က, ၏။ လူတို့သည် ဥဒေါင်းမင်းကိုမြင်၍ ဝမ်းမြောက်ခြင်း ဖြစ်ကုန်၍ အရှင်တို့ မြတ်သော တင့်တယ်ခြင်းနှင့် ပြည့်စုံသော ကောင်းစွာ သင်အပ်ပြီးသော ဤငှက်မင်းကို ငါတို့အား ပေးပါကုန်လော့ဟု ဆိုကုန်၏။ ငါတို့သည် ရှေးဦးစွာ ကျီးကို ဆောင်အပ်၏။ ထိုကျီးကိုလည်း ယူကုန်ပြီ၊ ယခုအခါ ငါတို့သည် တခုသော ဥဒေါင်းကို ဆောင်ခဲ့ကုန်၏။ ထိုဥဒေါင်းမင်းကိုလည်း တောင်းပြန်ကုန်၏။ သင်တို့တိုင်းသို့ ငှက်ကိုယူ၍ လာခြင်းငှာ မတတ်ကောင်း ဖြစ်ခဲ့ပြီဟု ကုန်သည်တို့သည် ဆိုကုန်၏။ သင်တို့ ဆိုသည့်အတိုင်းဖြစ်စေ၊ မိမိတို့၏တိုင်း၌ တပါးသော ငှက်ကို ရကုန်လတ္တံ့။ ဤငှက်ကို ငါတို့အား ပေးပါကုန်လော့ဟု အဘိုးကိုပွားစေ၍ သပြာတထောင်ဖြင့် ယူကုန်၏။ ထိုအခါ ထိုဥဒေါင်းမင်းကို ရတနာ ခုနစ်ပါးတို့ဖြင့် ဆန်း ကြယ်သော ချိုင့်၌ထား၍ ငါးအမဲ သစ်သီးကြီးငယ် ပျားပေါက်ပေါက် သကြား အဖျော်စသည်တို့ဖြင့် ကျွေးမွေးကုန်၏။ ဥဒေါင်းမင်းသည် မြတ်သောလာဘ် မြတ်သော အခြံအရံ အကျော်အစောနှင့်ပြည့်စုံ၏။ ဥဒေါင်းမင်းသည် ရောက်သောကာလမှစ၍ ကျီးအား လာဘသက္ကာရသည် ယုတ်၏။ တစုံတယောက်သော သူသည်လည်း ထိုကျီးကို ကြည့်ခြင်းငှါ အလိုမရှိ၊ ကျီးသည် ခဲဘွယ်ဘောဇဉ်ကို မရလတ်သော် ကာကာဟု မြည်လျက် ပျံသွား၍ မစင်စွန့်ရာမြေ၌သက်၍ အစာကိုယူ၏။

သဗ္ဗညူ မြတ်စွာဘုရားသည် နှစ်ပါးသော ဝတ္ထုတို့ကိုစပ်၍ ဘုရားဖြစ်တော်မူပြီး၍-

၁၅၃။ အဒဿနေန မောရဿ၊ သိခိနော မဉ္ဇုဘာဏိနော။
ကာကံ တတ္ထ အပူဇေသုံ၊ မံသေန စ ဖလေန စ။
၁၅၄။ ယဒါစ သရသမ္ပန္နော၊ မောရော ဗာဝေရုမာဂမာ။
အထ လာဘော စ သက္ကာရော၊
ဝါယသဿ အဟာယထ။
၁၅၅။ ယာဝ နုပ္ပဇ္ဇတိ ဗုဒ္ဓေါ၊ မမ္မရာဇာ ပဘင်္ကရော။
တာဝ အညေ အပူဇေသုံ၊ ပုထူ သမဏဗြာဟ္မဏေ။
၂၅၆။ ယဒါ စ သရသမ္ပန္နော၊ ဗုဒ္ဓေါ ဓမ္မံ အဒေသယိ။
အထ လာဘော စ သက္ကာရော၊
တိတ္ထိယာနံ အဟာယထ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၁၅၃။ သိခိနော၊ ဦးစွန်းနှင့်ပြည့်စုံသော။ မဉ္ဇုဘာဏိနော၊ သာယာသော အသံရှိထသော။ မောရဿ၊ ဥဒေါင်းကို။ အဒဿနေန၊ မမြင်ရခြင်းကြောင့်။ တတ္ထ၊ ထိုဗာဝေရုတိုင်း၌။ ကာကံ၊ ကျီးကို။ မံသေန စ၊ အမဲဖြင့်၎င်း။ ဖလေန စ၊ သစ်သီးကြီးငယ်ဖြင့်၎င်း။ အပူဇေသုံ၊ ပူဇော်ကုန်၏။

၁၅၄။ ယဒါ စ၊ အကြင်အခါ၌ကား။ သရသမ္ပန္နော၊ အသံနှင့်ပြည့်စုံသော။ မောရော၊ ဥဒေါင်းသည်။ ဗာဝေရုံ၊ ဗာဝေရုတိုင်းသို့။ အာဂမာ၊ ရောက်လာ၏။ အထ၊ ထိုအခါ၌။ ဝါယသဿ၊ ကျီးအား။ လာဘော စ၊ လာဘ်သည်၎င်း။ သက္ကာရော စ၊ ပူဇော် သက္ကာရသည်၎င်း။ အဟာယထ၊ ယုတ်၏။

၁၅၅။ ယာဝ၊ အကြင်မျှလောက်သော ကာလပတ် လုံး။ ဓမ္မရာဇာ၊ ကိုးပါးသော လောကုတ္တရာတရားဖြင့် ပရိသတ်ကို နှစ်သက်စေတတ်သော။ ပဘင်္ကရော၊ လောကသုံးပါးတို့၌ အရောင်အဝါကို ပြုတတ်သော။ ဗုဒ္ဓေါ၊ ဘုရားသည်။ နုပ္ပဇ္ဇတိ၊ မဖြစ်သေး။ တာဝ၊ ထိုမျှလောက်။ အညေ၊ တပါးကုန်သော။ ပုထူ၊ များစွာကုန်သော။ သမဏဗြာဟ္မဏေ၊ ရဟန်းပုဏ္ဏားတို့ကို။ အပူဇေသုံ၊ ပူဇော်ကုန်၏။

၁၅၆။ ယဒါ စ၊ အကြင်အခါ၌ကား။ သရသမ္ပန္နော၊ ဗြဟ္မာမင်း၏အသံနှင့်တူသော အသံနှင့်ပြည့်စုံသော။ ဗုဒ္ဓေါ၊ ဘုရားသည်။ ဓမ္မံ၊ သစ္စာလေးပါးတရားကို။ အဒေသယိ၊ ဟော၏။ အထ၊ ထိုအခါ ၌။ တိတ္ထိယာနံ၊ တိတ္ထိတို့အား။ လာဘော စ၊ လာဘ်သည်၎င်း။ သက္ကာရော စ၊ ပူဇော် သက္ကာရသည်၎င်း။ အဟာယထ၊ ယုတ်၏။

ဇာတ်ပေါင်း... ဤလေးဂါထာတို့ကို ဟောတော်မူပြီး၍ ယခုအခါ နိဂဏ္ဌနာဋပုတ္တသည် ထိုအခါ ကျီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဥဒေါင်းမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဂုဏ်ရှိသူရောက်၊ ဂုဏ်မဲ့ပျောက်၊ ဒေါင်းရောက် ကျီးပမာ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ဗာဝေရုဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကောကိလဝဂ်

၁၀။ ဝိသယှဇာတ်

အလှူကြီး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဒါသိ ဒါနာနိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဝိသယှဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အနာထပိဏ်သူဌေးကို အကြောင်းပြု၍ ဟောတော်မူ၏။ (ဝတ္ထုကို အောက် ခဒိရင်္ဂါရဇာတ်၌ ချဲ့အပ်ပြီ) ဤဝိသယှဇာတ်၌ကား သဗ္ဗညူ မြတ်စွာဘုရားသည် အနာထပိဏ်သူဌေးကို ခေါ်တော်မူ၍ သူကြွယ် ရှေးပညာရှိတို့သည်လည်း အလှူကို မလှူလင့်ဟု ကောင်းကင်၌ ရပ်၍ တားမြစ်သော သိကြားမင်းကို ပယ်၍ အလှူကို လှူကုန်သလျှင်ကတည်းဟု မိန့်တော်မူ၍ အနာထပိဏ် သူဌေးသည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော ဝိသယှမည်သော သူဌေးဖြစ်၍ ပဉ္စသီတို့နှင့်ပြည့်စုံ၏။ အလှူပေးခြင်း၌ အလိုရှိ၏။ အလှူပေးခြင်း၌ မွေ့လျော်၏။ ထိုဝိသယှသူဌေးသည် မြို့တံခါး လေးမျက်နှာ၊ မြို့လယ်၊ မိမိအိမ်တံခါး၊ ဤခြောက်ဌာနတို့၌ အလှူတင်းကုပ်တို့ကို ဆောက်၍ အလှူကို လှူ၏။ နေ့တိုင်းနေ့တိုင်း အသပြာ ခြောက်သိန်းတို့ကို ထုတ်၍ ပေး၏။ ဘုရားလောင်း၏ ထမင်းနှင့် အလှူခံ သူတောင်းစားတို့၏ ထမင်းသည် ထပ်တူမျှသည်သာလျှင် ဖြစ်၏။ ဇမ္ဗူဒိပ်ကို လယ်ယာထွန်ခြင်း ပြတ်သည်ကိုပြု၍ အလှူပေးသော ဝိသယှသူဌေး၏ ဒါနအာနုဘော်ကြောင့် သိကြားမင်း၏ ဘုံဗိမာန်သည် တုန်လှုပ်၏။ သိကြားမင်း၏ ပဏ္ဍုကမ္ဗလာသည် ပူသောအခြင်းအရာကိုပြ၏။ သိကြားမင်းသည် ငါ့ကို အဘယ်သူသည်လျှင် တည်ရာမှ ရွေ့လျောစေလိုသနည်းဟု ဆင်ခြင်လတ်သော် သူဌေးကြီးကိုမြင်၍ ဤဝိသယှသူဌေးသည် အလွန်လျှင် ပြန့်နှံ့စေ၍ အလုံးစုံသော ဇမ္ဗူဒိပ်ကို လယ်ယာထွန်ခြင်းပြတ်သည်ကို ပြုလျက် အလှူကို ပေး၏။ ဤအလှူဖြင့် ငါ့ကို တည်ရာမှ ရွေ့စေ၍ မိမိသည် သိကြားဖြစ်လိုယောင်တကား၊ ထိုဝိသယှသူဌေး၏ ဥစ္စာကို ဖျက်ဆီး၍ ထိုဝိသယှသူဌေးကို ဆင်းရဲအောင်ပြု၍ အလှူမပေးနိုင်အောင် ပြုအံ့ဟုကြံ၍ အလုံးစုံသော ဥစ္စာ, စပါး, ဆီ, ပျား, တင်လဲ, သကာ, သကြား အစရှိသည်တို့ကို အယုတ်သဖြင့် ကျွန်အမှုလုပ်သော ယောက်ျားအပေါင်းကို ကွယ်စေ၏။

ထိုအခါ အလှူပေးခြင်း၌ လုံ့လပြုကုန်သော သူတို့သည် လာလတ်၍ အရှင်အလှူတင်းကုပ်၌ ပြုအပ်သော ဝတ္ထုအပေါင်းသည် ပြတ်၏။ ထားတိုင်းထားတိုင်းသော အရပ်၌ တစုံတခုသော လှူဘွယ်ဝတ္ထုကို မမြင်ကုန်ဟု ကြား လျှောက်ကုန်၏။ သင်တို့သည် ဤအိမ်မှရိက္ခာကို ဆောင်ကြကုန်၊ အလှူကို မဖြတ်ကုန်လင့်ဟု မယားကိုခေါ်စေ၍ ရှင်မ အလှူကို ပေးလော့ဟု ဆို၏။ မယားသည် အလုံးစုံသောအိမ်၌ ရှာ၍ ပဲဝက်သော ဥစ္စာကိုမျှလည်း မမြင်၍ အရှင်ငါတို့ ၏ကိုယ်၌ ဝတ်သော အဝတ်ကိုထား၍ တပါးသော တစုံတခုသော ဥစ္စာကိုမမြင်၊ အိမ်အလုံးသည် အချည်းနှီးဖြစ်၏ဟု ဆို၏။ ရတနာခုနစ်ပါး ထားသော တိုက်တို့၌ တံခါးကိုဖွင့်စေ၍ ကြည့်သော်လည်း တစုံတခုသောဥစ္စာကို မမြင်၊ သူဌေးကို၎င်း သူဌေးမယားကို၎င်းထား၍ တပါးကုန်သော ကျွန်အမှုလုပ်ယောက်ျားတို့သည်လည်း မထင်ကုန်၊ တဖန် ဘုရားလောင်းသည် မယားကို ခေါ်၍ ရှင်မ အလှူကို ဖြတ်ခြင်းငှာ မတတ်နိုင်၊ အလုံးစုံသောအိမ်ကို ရှာ၍ တစုံတခုသော ဥစ္စာကို ကြည့်လော့ဟု ဆို၏။ ထိုခဏ၌ တယောက်သော မြက်ရိတ်ယောက်ျားသည် တစဉ်, ထမ်းပိုး မြက်စည်းကြိုးကို တံခါးကြား၌ စွန့်ပစ်၍ ပြေး၏။ သူဌေးမယားသည် ထိုတံစဉ် ထမ်းပိုး, မြက်စည်း ကြိုးကို မြင်၍ အရှင်ဤဝတ္ထုကိုထား၍ တပါးသောဥစ္စာကို မမြင်ဟု ယူဆောင်၍ ပေး၏။ ဘုရားလောင်းသည် ရှင်မ ငါသည် ဤမျှလောက်သော ကာလပတ်လုံးမြက်မည်သည်ကို မရိတ်စဘူး၊ ယနေ့မှစ၍ မြက်ရိတ်၍ ဆောင်၍ ရောင်း၍ ရသည်အားလျော်စွာ အလှူကို ပေးအံ့ဟု ဆို၍ အလှူပြတ်အံ့သည်မှ ကြောက်သောကြောင့် တံစဉ်, ထမ်းပိုး, ကြိုးကိုယူ၍ မြို့မှထွက်၍ မြက်ခင်းသို့ သွား၍ မြက်ကိုရိတ်၍ ဤမျှလောက်သော မြက်သည် ငါတို့ကို့ ဖြစ်လတ္တံ့၊ ဤမျှလောက်ကို အလှူပေးအံ့ဟု နှစ်စည်းကုန်သော မြက်တို့ကိုဖွဲ့၍ ထမ်းပိုး၌ဆွဲ၍ ထမ်းယူ သွား၍ မြို့တံခါး၌ရောင်း၍ တပဲသော အသပြာတို့ကိုရ၍ တဘို့သောဥစ္စာကို သူတောင်းစားအား လှူ၏။ သူတောင်းစားတို့သည် များကုန်၏။ ငါ့အား ပေးလော့၊ ငါ့အား ပေးလော့ဟု ဆိုကုန်သော သူတောင်းစားတို့အား တပါးသော အဘို့ကိုလည်း ပေး၍ ထိုနေ့ကို မယားနှင့်တကွ အာဟာရကင်းလျက် လွန်စေ၏။ ဤနည်းဖြင့် ခြောက်ရက်တို့သည် လွန်ကုန်၏။

ထို့နောက် ခုနစ်ရက်မြောက်သောနေ့၌ ခုနစ်ရက် အာဟာရပြတ်သော အလွန်သိမ်မွေ့သော မြက်ကိုထမ်းသော ထိုဝိသယှသူဌေး၏ နဖူး၌ နေပူဖြင့် ထိတွေ့ကာမျှ၌ မျက်စိတို့သည် လည်ကုန်၏။ ဝိသယှသူဌေးသည် သတိကို ဖြစ်စေခြင်းငှာ မတတ်နိုင်ရကား မြက်ကိုဖိ၍ လဲ၏။ ထိုအခါ သိကြားသည် ထိုသို့ပြုသော သူဌေးကိုစုံစမ်းလိုရကား ထိုခဏ၌လျှင် လာလတ်၍ ကောင်းကင် ၌ရပ်၍-

၁၅၇။ အဒါသိ ဒါနာနိ ပုရေ ဝိသယှ။
ဒဒတော စ တေ ခယဓမ္မော အဟောသိ။
ဣတော ပရံ စေ န ဒဒေယျ ဒါနံ၊
တိဋ္ဌေယျုံ တေ သံယမန္တဿ ဘောဂါ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၅၇။ ဝိသယှ၊ ဝိသယှ သူဌေး။ တွံ၊ သင်သည်။ ပုရေ၊ ရှေး၌။ ဒါနာနိ၊ အလှူတို့ကို။ အဒါသိ၊ လှူ၏။ ဒဒတော၊ လှူသော။ တေ၊ သင့်အား။ ဘာဂါနဉ္စ၊ စည်းစိမ်တို့၏လည်း။ ခယဓမ္မော၊ ကုန်သော သဘောသည်။ အဟောသိ၊ ဖြစ်၏။ ဣတော၊ ဤကာလမှ။ ပရံ၊ နောက်၌။ ဒါနံ၊ အလှူကို။ စေ န ဒဒေယျ၊ အကယ်၍ မလှူငြားအံ့။ သံယမန္တဿ၊ စောင့်ရှောက်သော။ တေ၊ သင်၏။ ဘောဂါ၊ စည်းစိမ်တို့သည်။ တိဋ္ဌေယျုံ၊ တည်ကုန်ရာ၏။

ဘုရားလောင်းသည် သိကြားမင်း၏ စကားကို ကြား၍ သင်သည် အဘယ်သူနည်းဟု မေး၏။ ငါသည် သိကြားတည်းဟု ဆို၏။ ဘုရားလောင်းသည် သိကြားမင်း၏ စကားကို ကြား၍ သိကြားမင်း သိကြားမည်သည်ကား ကိုယ်တိုင် အလှူ ပေး၍ သီလဆောက်တည်၍ ဥပုသ်သုံးခြင်းကို ပြု၍ ခုနစ်ပါးသော ကျင့်ဝတ်ကို ဖြည့်၍ သိကြားအဖြစ်သို့ ရောက်၏။ သင်သည်ကား မိမိ၏ အစိုး ရခြင်းကို ပြုတတ်သော အလှူပေးခြင်းကို တား မြစ်၏။ ယုတ်မာသောအမှုကို ပြု၏ဟုဆိုလို၍-

၁၅၈။ အနရိယမရိယေန သဟဿေနေတ္တ၊
သုဒုဂ္ဂတေနာပိ အကိစ္စမာဟု။
မာ ဝေါ ဓနံ တံ အဟု ဒေဝရာဇာ၊
ယံ ဘောဂဟေတု ဝိဇဟေမု သဒ္ဓံ။
၁၅၉။ ယေန ဧကော ရထော ယာတိ၊
ယာတိ တေန ပရော ရထော။
ပေါရာဏံ နိဟိတံ ဝတ္တံ၊ ဝတ္တတညေဝ ဝါသဝ။
၁၆၀။ ယဒိ ဟေဿတိ ဒဿာမ၊
အသန္တေ ကိံ ဒဒါမသေ။
ဧဝံဘူတာပိ ဒဿာမ၊ မာ ဒါနံ ပမဒမှသေ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၁၅၈။ သဟဿေနေတ္တ၊ သိကြားမင်း။ အရိယေန၊ စင်ကြယ်သော အကျင့်ရှိသော။ သုဒုဂ္ဂတေနာပိ၊ အလွန်ဆင်းရဲသော သူသည်လည်း။ အနရိယံ၊ ယုတ်မာသော အလှူမပေးခြင်းအမှုကို။ အကိစ္စံ၊ မပြုအပ်ဟူ၍။ အရိယာ၊ ဘုရားအစရှိကုန်သော အရိယာတို့သည်။ အာဟု၊ ဆိုကုန်၏။ ဒေဝရာဇ၊ နတ်မင်း။ ယံ ဘောဂဟေတု၊ အကြင် ဥစ္စာစည်းစိမ်၏ အကြောင်းကြောင့်။ မယံ၊ ငါတို့သည်။ သဒ္ဓါ၊ သဒ္ဓါတရားကို။ ဝိဇဟေမု၊ စွန့်ရာကုန်ငြားအံ့။ တံ ဓနံ၊ ထိုဥစ္စာသည်။ မာ အဟု၊ မဖြစ်စေသတည်း။ (ဝေါ-ကား နိပါတ်မျှသာ)

၁၅၉။ ဝါသဝ၊ သိကြားမင်း။ ယေန မဂ္ဂေန၊ အကြင်ခရီးဖြင့်။ ဧကာ ရထော၊ တခုသော ရထားသည်။ ယာတိ၊ သွား၏။ တေန မဂ္ဂေန၊ ထိုခရီးဖြင့်။ အပရော ရထော၊ နောက်ဖြစ်သော ရထားသည်။ ယာတိ၊ သွား၏။ မယာ၊ ငါသည်။ ပေါရာဏံ၊ ရှေး၌ဖြစ်သော။ ယံ ဝတ္တံ၊ အကြင်ကျင့်ဝတ်ကို။ နိဟိတံ၊ ဆောက်တည်အပ်၏။ တံဝတ္တံ၊ ထို ငါဆောက်တည်သော ကျင့်ဝတ်သည်။ ဝတ္တတညေဝ၊ ဖြစ်သည်သာလျှင်တည်း။ သော တွံ၊ ထိုသင်သည်။ မာ တိဋ္ဌတု၊ မတည်ပါလင့်။

၁၆၀။ ယဒိ ဟေဿတိ၊ အကယ်၍ ဥစ္စာဖြစ်ငြားအံ့။ ဒဿာမ၊ လူကုန်အံ့။ အသန္တေ၊ ဥစ္စာမရှိသော်။ ကိံ ဒဒါမသေ၊ အဘယ့်ကြောင့် လှူနိုင်ကုန်အံ့နည်း။ ဧဝံဘူတာပိ၊ ဤသို့ မြက်ရိတ်ရကုန် ငြားသော်လည်း။ ဒဿာမ၊ လှူကုန်အံ့။ ဒါနံ၊ အလှူပေးခြင်းကို။ မာ ပမဒမှသေ၊ မမေ့ကုန်။

သိကြားမင်းသည် ဘုရားလောင်းကို တားမြစ်အံ့သောငှါ မတတ်နိုင်ရကား အဘယ်အကျိုးငှါ အလှူပေးသနည်းဟု မေး၏။ ဘုရားလောင်းသည် ငါကား သိကြားမင်းအဖြစ်ကို တောင့်တ၍လည်း အလှူမပေး၊ ဗြဟ္မာမင်းအဖြစ်ကို တောင့် တ၍လည်း အလှူမပေး၊ သဗ္ဗညုတဉာဏ်ကိုကား တောင့်တ၍ အလှူပေး၏ဟု ဆို၏။ သိကြားမင်းသည် ဘုရားလောင်း၏ စကားကို ကြား၍ နှစ်သက်၍ လက်ဖြင့် ကျောက်ကုန်းကို ဆုပ်နယ်၍ ထိုခဏ၌လျှင် စားရဘိသကဲ့သို့ ဘုရားလောင်း၏ ကိုယ်အလုံးသည် ပြည့်၏။ သိကြား အာနုဘော်အားဖြင့်လည်း ဘုရားလောင်း၏ အလုံးစုံသော စည်းစိမ် အခြံအရံသည်လည်း ပကတိသာလျှင် ဖြစ်၏။ သိကြားမင်းသည် သူဌေးကြီး သင်သည် ယနေ့မှစ၍ နေ့တိုင်း နေ့တိုင်း တသန်းနှစ်သိန်းကုန်သော အသပြာတို့ကို စွန့်လျှက် အလှူကို ပေးလောဟုဆို၍ ဘုရားလောင်း၏အိမ်၌ အတိုင်းအရှည်မရှိသော ဥစ္စာကိုပြု၍ ဘုရားလောင်းကို လွှတ်လိုက်၍ မိမိနေရာသို့သာလျှင် သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ သူဌေးမယား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဝိသယှသူဌေး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဗောဓိသတ္တ၊ လှူဒါန၊ မုချပြုသည်သာ

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဝိသယှဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - စူဠကုဏာလဝဂ်

၁။ ကဏ္ဍရီဇာတ်

နရာန မာရာမကရာသု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဏ္ဍရီဇာတ်၏ အကျယ်စကားသည် အသီတိနိပါတ် ကုဏာလဇာတ်၌ ထင်ရှားဖြစ်လတ္တံ့။

ရှေးဦးစွာသော ကဏ္ဍရီဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - စူဠကုဏာလဝဂ်

(ကျမ်းညွှန်းများ အနည်းငယ်လွဲနေသည်)

၂။ ဝါနရဇာတ်

နှလုံးသား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်အသက္ခိံ ဝတ အတ္တာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝါနရဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် ဒေဝဒတ်သည် သဗ္ဗညူ မြတ်စွာဘုရားအား သတ်အံ့သောငှါ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ (ဝတ္ထုကို အောက် သုသုမာရဇာတ်၌ ချဲ့အပ်ပြီ) သဗ္ဗညူ မြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာဝယ် မျောက်အမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ဂင်္ဂါနား၌ နေ၏။ ထိုအခါ ဂင်္ဂါမြစ်အတွင်း၌ တခုသော မိကျောင်းမသည် ဘုရားလောင်း၏ နှလုံးသား၌ ချင်ခြင်းကို ဖြစ်စေ၍ မိကျောင်းဖို ပြောဆို၏။ မိကျောင်းဖိုသည် ဘုရားလောင်းမျောက်ကို ရေ၌ နှစ်သတ်၍ နှလုံး သားကိုယူ၍ မိကျောင်းမအား ပေးအံ့ဟုကြံ၍ ဘုရားလောင်းကို အဆွေ လာလော့၊ မြစ်၏ အလယ် ကျွန်းငယ်၌ သစ်သီးကြီးငယ်တို့ကို စားအံ့သောငှါ သွားကုန်အံ့ဟု ဆို၏။ အဆွေ အသို့သွားရအံ့နည်းဟု ဘုရားလောင်း ဆို၏။ ငါသည် ကျောက်ကုန်း၌ သင့်ကို စီးစေ၍ ဆောင်အံ့ဟု မိကျောင်း ဆို၏။ ဘုရားလောင်းသည် မိကျောင်းစိတ်ကို မသိရကား ခုန်၍ မိကျောင်း ကျောက် ကုန်း၌ စီး၏။ မိကျောင်းသည် အတန်ငယ်သွား၍ ရေ၌ငုပ်အံ့သောငှါ အားထုတ်၏။ ထိုအခါ မိကျောင်းကို ဘုရားလောင်းသည် အဆွေ အဘယ်ကြောင့် ငါ့ကို ရေ၌ နှစ်သနည်းဟု ဆို၏။ ငါသည် သင့်ကိုသတ်၍ သင့်နှလုံးသားကို မယားအား ပေးအံ့ဟု မိကျောင်း ဆို၏။ ပညာနည်းသောမိကျောင်း သင်သည် ငါ့နှလုံးသားသည် ရင်၌ရှိ၏ဟု သင်ထင်မှတ်၏ဟု ဘုရားလောင်းဆို၏။ ရင်၌ နှလုံးမရှိသည်ရှိသော် အဘယ်မှာ သင် ထားသနည်းဟု မိကျောင်းမေး၏။ ရေသဖန်းပင်၌ ဆွဲ၍ ထားအပ်သော ထိုနှလုံးသားကို သင်ညမမြင်လောဟု ဘုရားလောင်းဆို၏။ မြင်၏။ သင် ငါ့အား ပေးလတ္တံ့ လောဟု မိကျောင်း မေး၏။ ပေးအံ့ဟု ဘုရားလောင်းဆို၏။ မိကျောင်းသည် နုန့်နှေးသော ပညာရှိသည်၏အဖြစ်ကြောင့် ဘုရားလောင်းကို ယူ၍ မြစ်ကမ်းနား ရေသဖန်းပင်ရင်းသို့ သွား၏။ ဘုရားလောင်းသည် မိကျောင်း ကျောက်ကုန်းမှ ခုန်၍ ရေသဖန်းပင်၌ နေလျက်-

၁၆၁။ အသက္ခိံ ဝတ အတ္တာနံ၊ ဥဒ္ဓါတုံ ဥဒကာ ထလံ။
န ဒါနာဟံ ပုန တုယှံ၊ ဝသံ ဂစ္ဆာမိ ဝါရိဇ။
၁၆၂။ အလမေတေဟိ အမ္ဗေဟိ၊ ဇမ္ဗူဟိ ပနသေဟိ စ၊
ယာနိ ပါရံ သမုဒ္ဒဿ၊ ဝရံ မယှံ ဥဒုမ္ဗရော။
၁၆၃။ ယော စ ဥပ္ပတိတံ အတ္ထံ၊ န ခိပ္ပမနုဗုဇ္စျတိ။
အမိတ္တဝသ မနွေတိ၊ ပစ္ဆာ စ အနုတပ္ပတိ။
၁၆၄။ ယော စ ဥပ္ပတိတံ အတ္ထံ၊ ခိပ္ပမေဝ နိဗောဓတိ။
မုစ္စတေ သတ္တု သမ္မာဓာ၊ န စ ပစ္ဆာနုတပ္ပတိ။

ဟူသော လေးဂါထာတို့ကို ဆို၏။

၁၆၁။ ဝါရိဇ၊ မိကျောင်း။ အဟံ၊ ငါသည်။ ဥဒကာ၊ ရေမှ။ ထလံ၊ ကြည်းသို့။ အတ္တာနံ၊ ကိုယ်ကို။ ဥဒ္ဓါတုံ၊ ထုတ်အံ့သောငှါ။ အသက္ခိံ ဝတ၊ မတတ်နိုင်စွတကား။ ဒါနိ၊ ယခု။ ပုန၊ တဖန်။ အဟံ၊ ငါသည်။ တုယှံ၊ သင်၏။ ဝသံ၊ အလိုသို့။ န ဂစ္ဆာမိ၊ မလိုက်အံ့။

၁၆၂။ သမုဒ္ဒဿ၊ မြစ်၏။ ပါရံ၊ တဘက်သို့။ ဂန္တွာ၊ သွား၍။ ခါဒိတဗ္ဗာနိ၊ စားအပ်ကုန်သော။ ယာနိ၊ အကြင် သရက် သပြေ ပိန္နဲသီးတို့သည်။ သန္တိ၊ ရှိကုန်၏။ ဧတေဟိ အမ္ဗေဟိ စ၊ ထိုသရက်သီးတို့ဖြင့်၎င်း။ ဧတေဟိ ဇမ္ဗူဟိ စ၊ ထိုသပြေသီးတို့ဖြင့်၎င်း။ ဧတေဟိ ပနသေဟိ စ၊ ထိုပိန္နဲသီးတို့ဖွင့်၎င်း။ မယှံ၊ ငါအား။ အလံ၊ အလိုမရှိ။ မယှံ၊ ငါ့အား။ ဥဒုမ္ဗရော၊ ရေသဖန်းသီးသည်။ ဝရံ၊ မြတ်၏။

၁၆၃။ ယော စ၊ အကြင်သူသည်လည်း။ ဥပ္ပတိတံ၊ ဖြစ်သော။ အတ္ထံ၊ အမှုကို။ ခိပ္ပံ၊ လျင်စွာ။ န အနုဗုဇ္စျတိ၊ မသိ။ သော၊ ထိုသူသည်။ အမိတ္တဝသံ၊ ရန်သူနိုင်ငံသို့။ အနွေတိ၊ လိုက်ရ၏။ ပစ္ဆာ စ၊ နောက်၌လည်း။ အနုတပ္ပတိ၊ စိုးရမ် ပူပန်ရ၏။

၁၆၄။ ယော စ၊ အကြင် သူသည်လည်း။ ဥပ္ပတိတံ၊ ဖြစ်သော။ အတ္ထံ၊ အမှုကို။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ နိဗောဓတိ၊ သိ၏။ သော၊ ထိုသူသည်။ သတ္တုသမ္ဗာဓာ၊ ရန်သူတို့၏ နှိပ်စက်ခြင်းမှ။ မုစ္စတေ၊ လွတ်၏။ ပစ္ဆာ စ၊ နောက်၌လည်း။ န အနုတပ္ပတိ၊ မပူပန်ရ။

ဤသို့ ဘုရားလောင်းသည် လေးဂါထာတို့ဖြင့် လူ၏ ကိစ္စတို့၏ ပြီးခြင်း၏အကြောင်းကို ဆို၍ တောအုပ်သို့သာလျှင် ဝင်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည်ဤ ဓမ္မဒေသနာကိုဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မိကျောင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မျောက်မင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ပညာဉာဏ်သာ၊ အရာရာ၊ သာယာ လွတ်ကြောင်းမှတ်

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဝါနရဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - စူဠကုဏာလဝဂ်

၃။ ကုန္တိနီဇာတ်

ကြိုးကြာမ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဝသိမှ တဝါဂါရေအစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုန္တိနီဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်း၏ နန်းတော်၌ နေသော ကြိုးကြာငှက်မကို အကြောင်းပြု၍ ဟောတော်မူ၏။ ထို့ကြိုးကြာငှက်မသည် မင်း၏ တမန်အမှုကို ဆောင်ရွက်၏။ ထိုကြိုးကြာမအား သားငယ်နှစ်ခုတို့သည်လည်း ရှိကုန်၏။ မင်းသည် ကြိုးကြာငှက်မကို မင်းတပါး၏အထံသို့ မှာစာကိုဆောင်၍ သွားစေ၏။ ထိုကြိုးကြာမ၏ သွားသောကာလဝယ် မင်း၏အိမ်၌ သူငယ်တို့သည် သားငယ်နှစ်ခုတို့ကို လက်တို့ဖြင့် နှိပ်နယ်ကုန်လျက် သတ်ကုန်၏။ ကြိုးကြာမသည် လာလတ်၍ ထိုသားငယ်တို့ကို မမြင်သည်ရှိသော် အဘယ်သူသည် ငါ့သားကို သတ်အပ်ကုန်သနည်းဟု မေး၏။ ဤမည်သောသူသည်၎င်း၊ ဤမည်သောသူသည်၎င်း သတ်အပ်၏ဟု ဆိုကုန်၏။ ထိုကာလ မင်း၏အိမ်၌ မွေးသော ကျားသည် ရှိ၏။ ကြမ်းကြုတ်ရုန့်ရင်း၏။ အနှောင် အဖွဲ့၏ အစွမ်းအားဖြင့် တည်၏။ ထိုအခါ ထိုသူငယ်တို့သည် ထိုကျားကို ကြည့်အံ့သောငှာ သွားကုန်၏။ ထိုကြိုးကြာမသည်လည်း ထိုသူငယ်တို့နှင့် အတူတကွ သွား၍ ဤသူငယ်တို့သည် ငါ့သားတို့ကို သတ်အပ်ကုန်သကဲ့သို့ ထို့အတူသာလျှင် ထိုသူငယ်တို့ကို ငါပြုအံ့ဟု ကြံ၍ ထိုသူငယ်တို့ကို ယူ၍ ကျား၏ခြေရင်း၌ထား၏။ ကျားသည် ကျွပ်ကျွပ်မည်စေ၍ စား၏။ ထိုကြိုးကြာမသည် ဤယခု ငါ၏ နှလုံးအလိုသည် ပြည့်ပြီဟု ပျံ၍ ဟိမဝန္တာသို့သာလျှင် သွား၏။ ထိုအကြောင်းကိုကြား၍ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ မင်းအိမ်၌ ဤအမည်ရှိသော ကြိုးကြာမသည် မိမိသားငယ်တို့ကို သတ်ကုန်သော သူငယ်တို့ကို ကျား၏ခြေရင်း၌ထား၍ သေစေ၍ ဟိမဝန္တာသို့သာလျှင် သွား၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဤကြိုးကြာမသည် မိမိသားငယ်တို့ကို သတ်ကုန်သော သူငယ်တို့ကို ယူ၍ ကျား၏ ခြေရင်း၌ထား၍ ဟိမဝန္တာသို့ သွားသည်မဟုတ်သေး၊ ရှေး၌လည်း ဤအတူသာလျှင် သွားဘူး၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဘုရားလောင်းသည် တရားသဖြင့် မင်းပြု၏။ ထိုမင်း၏ နန်းတော်၌ တခုသော ကြိုးကြာမသည် တမန်တို့သည် ပြုအပ်သောအမှုကို ရွက်ဆောင်၏။ (အလုံးစုံသောစကားသည် ရှေးနှင့်တူသလျှင်ကတည်း၊ ဤဆိုလတ္တံ့သည်ကား အထူးတည်း) ဤကြိုးကြာမသည် ကျားကို သူငယ်တို့ကို သတ်စေပြီး၍ ယခုအခါ ငါသည် ဤအရပ်၌ နေခြင်းငှာ မတတ်ကောင်း၊ သွားအံ့၊ သွားသော် မင်းအား မကြားမူ၍ မသွားအံ့၊ မင်းအား ကြား၍သာလျှင် သွားအံ့ဟု ကြံပြီး၍ ထိုကြိုးကြာမသည် မင်းကို ဆည်းကပ်၍ ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာ ရပ်လျက် အရှင်အရှင်တို့၏ မေ့လျော့သဖြင့် အကျွန်ုပ်၏ သားငယ်တို့ကို သူငယ်တို့သည် သတ်ကုန်ပြီ၊ အကျွန်ုပ်သည် အမျက်ဒေါသ အလိုသို့ လိုက်၍ ထိုသူငယ်တို့ကို တဘန် သတ်စေပြီ၊ ယခု အကျွန်ုပ်သည် ဤအရပ်၌ နေခြင်းငှါ မတတ်ကောင်းဟု ဆို၍-

၁၆၅။ အဝသိမှ တဝါဂရေ၊ နိစ္စံ သက္ကတပူဇိတာ။
တွမေဝ ဒါနိ မကရိ၊ ဟန္ဒ ရာဇ ဝဇာမဟံ။

ဟူသော ရှေးဦးစွာသောဤဂါထာကို ဆို၏။

၁၆၅။ ရာဇ၊ မင်းကြီး။ မယံ၊ အကျွန်ုပ်တို့သည်။ တဝ၊ သင်မင်းကြီး၏။ အဂါရေ၊ အိမ်၌။ နိစ္စံ၊ အမြဲ။ သက္ကတပူဇိတာ၊ အရိုအသေပြုအပ် ပူဇော်အပ်ကုန်သည်ဖြစ်၍။ အဝသိမှ၊ နေကုန်ပြီ။ ဣဒါနိ၊ ယခု။ တွမေဝ၊ သင်မင်းကြီးသည်လျှင်။ မမ၊ အကျွန်ုပ်၏။ ဒေါမနဿကာရဏံ၊ နှလုံးမသာယာခြင်း၏ အကြောင်းကို။ အကရိ၊ ပြုပြီ။ ဟန္ဒ၊ လွှတ်လော့။ အဟံ၊ အကျွန်ုပ်သည်။ ဝဇာမိ၊ သွားတော့အံ့။

ထိုစကားကို ကြား၍ မင်းသည်-

၁၆၆။ ယော ဝေ ကတေ ပဋိကတေ၊
ကိဗ္ဗိသေ ပဋိကိဗ္ဗိသေ။
ဧဝံ တံ သမ္မတိ ဝေရံ၊ ဝသ ကုန္တိနိ မာဂမ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၆၆။ ကုန္တိနိ၊ ကြိုးကြာမ။ ယော၊ အကြင်သူသည်။ ဝေ၊ စစ်စစ်။ ပရေန၊ သူတပါးသည်။ ကိဗ္ဗိသေ၊ သားငယ်ကို သတ်ခြင်းအစရှိသော ကြမ်းကြုတ်သောအမှုကို။ ကတေ၊ ပြုအပ်သည်ရှိသော်။ အတ္တနာ၊ မိမိသည်။ ပဋိကိဗ္ဗိသေ၊ အစားသတ်ခြင်း အစရှိသော ကြမ်းကြုတ်သောအမှုကို။ ပဋိကတေ၊ အစားပြုအပ်သည်ရှိသော်။ မယာ၊ ငါသည်။ ပဋိကတံ၊ လက်စား ချေအပ်ပြီ။ ဣတိ၊ ဤသို့။ ဇာနာတိ၊ သိ၏။ ဧဝံ၊ ဤမျှဖြင့်။ တံ ဝေရံ၊ ထိုရန်သည်။ သမ္မတိ၊ ငြိမ်း၏။ တွံ၊ သင်သည်။ ဝသ၊ နေလော့။ မာဂမ၊ မသွားလင့်။

ထိုစကားကို ကြား၍ ကြိုးကြာမသည်-

၁၆၇။ န ကတဿ စ ကတ္တာ စ၊ မေတ္တိ သန္ဓိယတေ ပုန။
ဟဒယံ နာနုဇာနာတိ၊ ဂစ္ဆညေဝ ရထေသဘ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၆၇။ ရထေသဘ၊ ရထားစီးခြင်း မင်းတကာတို့ထက် မြတ်သော မင်းကြီး။ ကတဿ စ၊ နှိပ်စက်အပ်သော သူအား၎င်း။ ယော၊ အကြင်သူသည်။ ကတ္တာ၊ နှိပ်စက်တတ်၏။ တဿ စ၊ ထိုနှိပ်စက်တတ်သော သူအား၎င်း။ မေတ္တိ၊ ချစ်ခြင်းသည်။ ပုန၊ တဖန်။ န သန္ဓိယတေ၊ မစပ်။ မမ၊ အကျွန်ုပ်၏။ ဟဒယံ၊ စိတ်သည်။ နာနုဇာနာတိ၊ မနှစ်သက်။ ဂစ္ဆညေဝ၊ သွားအံ့သလျှင်ကတည်း။

မင်းသည် ထိုစကားကို ကြား၍-

၁၆၈။ ကတဿ စေဝ ကတ္တာ စ၊ မေတ္တိ သန္ဓိယတေ ပုန။
ဓီရာနံ နောစ ဗာလာနံ၊ ဝသ ကုန္တိနိ မာဂမ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၁၆၈။ ကုန္တိနိ၊ ကြိုးကြာမ။ ကတဿ စေဝ၊ နှိပ်စက်အပ်သော သူအား၎င်း။ ယော၊ အကြင်သူသည်။ ကတ္တာ၊ နှိပ်စက်တတ်၏။ တဿ စ၊ ထိုနှိပ်စက်တတ်သော သူအား၎င်း။ ဘိန္နာ၊ ကွဲသည်ရှိသော်။ ဓီရာနံ၊ ပညာရှိတို့အား။ ပုန၊ တဖန်။ မေတ္တိ၊ ချစ်ခြင်းသည်။ သန္ဓိယတေ၊ စပ်၏။ ဗာလာနံ၊ သူ မိုက်တို့အား။ နော စ သန္ဓီယတေ၊ မစပ်။ တွံ၊ သင်သည်။ ဝသ၊ နေလော့။ မာဂမ၊ မသွားလင့်။

ကြိုးကြာမသည် အရှင်မင်းကြီး ဤသို့ဖြစ်ငြားသော်လည်း အကျွန်ုပ်သည် ဤအရပ်၌ နေခြင်းငှါ မတတ်ကောင်းဟု မင်းကို ရှိခိုး၍ ပျံ၍ ဟိမဝန္တာသို့ သာလျှင် သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ကြိုးကြာမသည် ထိုအခါ ကြိုးကြာမ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မေတ္တာတုံ့ပြန်၊ တသက်ပန်၊ ဆက်ဆံ နေတော့ပါ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ကုန္တိနီဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - စူဠကုဏာလဝဂ်

၄။ အမ္ဗဇာတ်

ရသေ့နှင့် မိန်းမပျိုများ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယော နိလိယံ မဏ္ဍယတိ အစ ရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအမ္ဗဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သရက်ဥယျာဉ်ကို စောင့်သော

တပါးသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုမထေရ်သည် အိုသောကာလ၌ ရဟန်းပြု၍ ဇေတဝန် ကျောင်းတော် အစွန်းဝယ် သရက်ဥယျာဉ်၌ ကျောင်းဆောက်၍ သရက်ဥယျာဉ်ကို စောင့်လျက် ကြွေကုန်သော သရက်သီးမှည့်တို့ကို စားလျက်နေ၏။ မိမိအထံသို့ ရောက်လာကုန်သော လူတို့အားလည်း သရက်သီးကို ပေး၏။ ထိုမထေရ် ဆွမ်းခံဝင်စဉ် သရက်သီးခိုးသော သူတို့သည် သရက်သီးကို ကြွေစေကုန်၍ စား၍၎င်း ယူ၍၎င်း သွားကုန်၏။ ထိုခဏ၌ လေးယောက်ကုန်သော သူဌေးသ္မီးတို့သည် အစီရဝတီမြစ်၌ ရေချိုး၍ လှည့်လည်ကုန်လျက် သရက်ဥယျာဉ်သို့လျှင် ဝင်ကုန်၏။ ရဟန်းကြီးသည် ထိုသူဌေးသီးတို့ကို မြင်၍ သင်တို့သည် ငါ၏သရက်သီးတို့ကို စားကုန်၏ဟု ဆို၏။ အရှင်ဘုရား အကျွန်ုပ်တို့သည် ယခုပင်လျှင် လာရောက်ကုန်၏။ အရှင်ဘုရားတို့၏ သရက်သီးတို့ကို မစားကုန်ဟု ဆိုကုန်၏။ ထိုသို့တပြီးကား ကျိန်ကြကုန်လောဟု ရဟန်းကြီးသည် ဆို၏။ အရှင်ဘုရား ကျိန်ပါကုန်အံ့ဟုဆို၍ သူဌေးသ္မီးတို့သည် ကျိန်ကုန်၏။ ရဟန်းကြီးသည် သူဌေးသ္မီးတို့ကိုကျိန်စေ၍ အရှက်ရစေ၍ လွှတ်လိုက်၏။ ထိုရဟန်းကြီး၏ ထိုအမှုကို ကြားကုန်၍ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသော ရဟန်းကြီးသည် မိမိနေရာ သရက်ဥယျာဉ်သို့ ဝင်ကုန်သော သူဌေးသ္မီးတို့ကို ကျိန်စေ၍ အရှက်ရစေ၍ လွှတ်လိုက်၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ဤရဟန်းကြီးသည် ယခုအခါ၌သာလျှင် သရက်ဥယျာဉ်စောင့်ဖြစ်၍ လေးယောက်ကုန်သော သူဌေးသ္မီးတို့ကို ကျိန်စေ၍ အရှက်ခွဲ၍ လွှတ်လိုက်သည် မဟုတ်သေး၊ ရှေး၌လည်း ကျိန်စေ၍ အရှက်ခွဲ၍ လွှတ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိကြားဖြစ်၏။ ထိုအခါ စဉ်းလဲသော ရသေ့သည် ဗာရာဏသီပြည်ကို အမှီပြု၍ မြစ်နား သရက်ဥယျာဉ်၌ ကျောင်းဆောက်၍ သရက်သီးတို့ကို စောင့်လျက် သရက်ပင်မှ ကြွေကုန်သော သရက်သီးမှည့်ကို စားလျက် ရောက်လာကုန်သော လူတို့အား ပေးလျက် အထူးထူးအပြားပြား မှားသော အသက်မွေးခြင်းဖြင့် အသက်မွေးလျက် နေ၏။ ထိုအခါ သိကြားမင်းသည် လူ့ပြည်၌ အဘယ်သူသည် အမိအဘတို့ကို လုပ်ကျွေးကုန်သနည်း၊ အမျိုး၌ ကြီးသောသူတို့အား အရို အသေအမှုကို ပြုကုန်သနည်း၊ အလှူပေးကုန်သနည်း၊ သီလစောင့်ကုန်သနည်း၊ ဥပုသ်ကို စောင့်ကုန်သနည်း၊ အဘယ်ရဟန်းတို့သည်ကား မကျင့်အပ်သောအကျင့်ကို ကျင့်ကုန်သနည်းဟု လူ့ပြည်ကို ကြည့်လတ်သော် သရက်ဥယျာဉ်ကို စောင့်လျက် မကျင့်အပ်သောအကျင့်ကို ကျင့်လျက်နေသော ရသေ့စဉ်းလဲကို မြင်၍ ဤရသေ့စဉ်းလဲကား ကသိုဏ်းပရိကံ အစရှိသော မိမိ၏ ရဟန်းတရားကို ပယ်၍ သရက်ဥယျာဉ်ကို စောင့်လျက် နေ၏။ ထိုရသေ့စဉ်းလဲကို ထိတ်လန့်စေအံ့ဟု ရသေ့သည် ရွာသို့ ဆွမ်းခံအံ့သောငှာ ဝင်သောကာလ၌ သိကြား၏အာနုဘော်ဖြင့် သရက်သီးတို့ကို ကြွေစေ၍ ခိုးသူတို့သည် ခိုးဘိသကဲ့သို့ ပြု၏။

ထိုအခါ ဗာရာဏသီပြည်မှ လေးယောက်ကုန်သော သူဌေးသ္မီးတို့သည် ထိုသရက်ဥယျာဉ်သို့ ဝင်ကုန်၏။ ရသေ့စဉ်းလဲသည် ထိုသူဌေးသ္မီးတို့ကို မြင်၍ သင်တို့သည် ငါ၏သရက်သီးတို့ကို စားကုန်၏ဟု ဆို၏။ အရှင်ဘုရား အကျွန်ုပ်တို့သည် ယခုပင်လျှင် လာပါကုန်၏။ အရှင်ဘုရား၏ အရက်သီးတို့ကို မစားပါကုန်ဟု ဆို၏။ ထိုသို့တပြီးကား ကျိန်ကြကုန်လော့ဟု ဆို၏။ အရှင်ဘုရား ကျိန်၍ သွားခွင့်ကို ရပါကုန်အံ့လောဟု ဆိုကုန်၏။ အေး၊ ရကုန်လတ္တံ့ ဟု ဆိုသည်ရှိသော် အရှင်ဘုရား ကောင်းပြီဟု ဆို၍ ထိုသူဌေးသ္မီးတို့တွင် အကြီးဆုံးဖြစ်သော သူဌေးသ္မီးသည် ကျိန်ဆိုခြင်းကို ပြုလိုရကား-

၁၆၉။ ယော နီလိယံ မဏ္ဍယတိ၊ သဏ္ဍာသေန ဝိဟညတိ။
တဿသာ ဝသမနွေတု၊ ယာ တေ အမ္ဗေ အဝါဟရိ။

ဟူသော ရှေးဦးစွာသောဤဂါထာကို ဆို၏။

၁၆၉။ ဘန္တေ၊ အရှင်ဘုရား။ ယာ၊ အကြင်မိန်းမသည်။ တေ၊ အရှင်ဘုရား၏။ အမ္ဗေ၊ သရက်သီးတို့ကို။ အဝါဟရိ၊ ခိုး၏။ သာ၊ ထိုမိန်းမသည်။ ယော၊ အကြင်ယောက်ျားသည်။ နီလိယံ၊ ညို သောဆံကို။ မဏ္ဍယတိ၊ တန်ဆာဆင်၏။ ပလိတံ၊ ညိုသောဆံပင်တို့၏အကြား၌ ရောက်သော ဆံဖြူကို။ သဏ္ဍာသေန၊ မွေးညှပ်ဖြင့်။ ဥဒ္ဓရန္တော၊ နုတ်လျက်။ ဝိဟညတိ၊ ပင်ပန်း၏။ တဿ၊ ထိုယောက်ျားအို၏။ ဝသံ၊ အလိုသို့။ အနွေတု၊ လိုက်ရစေသတည်း။

ရသေ့စဉ်းလဲသည် ထိုသူဌေးသ္မီးကို သင်ကား သင့်တင့်ရာအရပ်၌ နေလော့ဟုဆို၍ နှစ်ယောက်မြောက်သော သူဌေးသ္မီးကို ကျိန်စေ၏။ ထိုသူဌေးသ္မီးသည် ကျိန်သည်ရှိသော်-

၁၇၀။ ဝီသံ ဝါ ပဉ္စဝီသံ ဝါ၊ ဦနတိံသံ ဝ ဇာတိယာ။
တာဒိသာ ပတိ မာ လဒ္ဓါ၊ ယာ တေ အမ္ဗေ အဝဟရိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၇၀။ ဘန္တေ၊ အရှင်ဘုရား။ ယာ၊ အကြင်မိန်းမသည်။ တေ၊ အရှင်ဘုရား၏။ အမ္ဗေ၊ သရက်သီးတို့ကို။ အဝဟရိ၊ ခိုး၏။ သာ၊ ထိုမိန်းမသည်။ ဇာတိယာ၊ မွေးဖွားသည်မှ။ ဝီသံ ဝါ၊ နှစ်ဆယ်သို့၎င်း။ ပဉ္စဝီသံ ဝါ၊ နှစ်ဆယ့်ငါးနှစ်သို့၎င်း။ ဦနတိံသံ ဝါ၊ နှစ်ဆယ့်ကိုးနှစ်သို့၎င်း။ ပတွာ၊ ရောက်၍။ တာဒိသာ၊ ထိုသို့ ရင့်သောအရွယ်သို့ ရောက်သော သဘောရှိလျှက်။ ပတိ၊ လင်ကို။ မာ လဒ္ဓါ၊ မရစေသတည်း။

ထိုသူဌေးသ္မီးသည်လည်း ကျိန်ပြီး၍ တင့်အပ် လျောက်ပတ်သော အရပ်၌နေသော် သုံးယောက်မြောက်သော သူဌေးသ္မီးသည်-

၁၇၁။ ဒီယံ ဂစ္ဆတု အဒ္ဓါနံ၊ ဧကိကာ အဘိသာရိကာ။
သင်္ကတေ ပတိ မာ အဒ္ဒ၊ ယာ တေ အမ္ဗေ အဝဟရိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၇၁။ ဘန္တေ၊ အရှင်ဘုရား။ ယာ၊ အကြင်မိန်းမသည်။ တေ၊ အရှင်ဘုရား၏။ အမ္ဗေ၊ သရက်သီးတို့ကို။ အဝဟရိ၊ ခိုး၏။ သာ၊ ထိုမိန်းမသည်။ အဘိသာရိကာ၊ လင်ကို တောင့်တလျှက် လင်၏ အထံသို့ သွားသည်၏ အဖြစ်ကြောင့် အဘိ

သာရိကာမည်သော မိန်းမဖြစ်၍။ ဧကိကာ၊ တယောက်တည်း၊ ဒီယံ၊ ရှည်စွာသော။ အဒ္ဓါနံ၊ တဂါဝုတ် နှစ်ဂါဝုတ်ရှိသောခရီးသို့။ ဂစ္ဆတု၊ သွားရစေသတည်း။ သင်္ကတေ၊ ဤမည်သော အရပ်သို့ လာလော့ဟု လင်ချိန်းချက်ရာ အရပ်၌။ ပတိ၊ လင်ကို။ မာ အဒ္ဒ၊ မမြင်ရစေသတည်း။

ထိုသူဌေးသ္မီးသည်လည်း ကျိန်ပြီး၍ တင့်အပ် လျောက်ပတ်ရာ အရပ်၌ နေသည်ရှိသော် လေးယောက်မြောက်သော သူဌေးသ္မီးသည်-

၁၇၂။ အလင်္ကတာ သုဝသနာ၊ မာလိနီ စန္ဒနုဿဒါ။
ဧကိကာ သယနေ သေတု၊ ယာ တေ အမ္ဗေ အဝဟရိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၁၇၂။ ဘန္တေ၊ အရှင်ဘုရား။ ယာ၊ အကြင်မိန်းမသည်။ တေ၊ အရှင်ဘုရား၏။ အမ္ဗေ၊ သရက်သီးတို့ကို။ အဝဟရိ၊ ခိုး၏။ သာ၊ ထိုမိန်းမသည်။ အလင်္ကတာ၊ တန်ဆာဆင်လျက်။ သုဝသနာ၊ ကောင်းစွာဝတ်လျက်။ မာလိနီ၊ ပန်းပန်လျက်။ စန္ဒနုဿဒါ၊ စန္နကူးနံ့သာ လိမ်းကျံလျက်။ ဧကိကာ၊ တယောက်ထီးတည်း။ သယနေ၊ အိပ်ရာ၌။ သေတု၊ အိပ်ရစေသတည်း။

ရသေ့စဉ်းလဲသည် သင်တို့ကား အလွန်ဝန်လေးကုန်သော ကျိန်ဆိုခြင်းတို့ကို ကျိန်၏။ တပါးသော သူတို့သည် သရက်သီးတို့ကို စားသည် ဖြစ်ကုန်ရာ၏။ သင်တို့သည် ယခု သွားကြကုန်လော့ဟု သူဌေးသ္မီးတို့ကို လွှတ်လိုက်၏။ သိကြားမင်းသည် ကြောက်မက်ဘွယ်သော အာရုံကိုပြ၍ ရသေ့စဉ်းလဲကို ထိုအရပ်မှ ပြေးစေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ သရက်ဥယျာဉ်စောင့်သော ဤရဟန်းကြီးသည် ထိုအခါ ရသေ့စဉ်းလဲ ဖြစ်ဘူးပြီ၊ ယခုအခါ လေးယောက်ကုန်သော သူဌေးသ္မီးတို့သည်သာလျှင်။ ထိုအခါ လေးယောက်ကုန်သော သူဌေးသ္မီးတို့ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိကြားမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရဟန်းဖြစ်ငြား၊ ကျင့်တရား၊ ထင်ရှား ရှိစေသင့်

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော အမ္ဗဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - စူဠကုဏာလဝဂ်

၅။ ရာဇကုမ္ဘဇာတ်

ပျင်းလွန်းသူ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝနံ ယဒဂ္ဂိ ဒဟတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤရာဇကုမ္ဘဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပျင်းရိသော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းသည် သာဝတ္ထိပြည်၌ နေသော အမျိုးသားဖြစ်၍ သာသနာတော်၌ အသက်ကို စွန့်၍ ရဟန်းပြု၍လည်း ပျင်းရိသတတ်၊ ပါဠိသင်ခြင်း အဋ္ဌကထာသင်ခြင်း အသင့်အားဖြင့် နှလုံးသွင်းခြင်း ဝတ်ကြီး ဝတ်ငယ်ပြုခြင်း အစရှိသည်တို့မှ အပပြု၍ နီဝရဏသည် နှိပ်စက်အပ်၏။ ထိုင်ခြင်း ရပ်ခြင်းအစရှိသော ဣရိယာပုထ်တို့၌ ပျင်းရိသည်သာလျှင် ဖြစ်၏။ ထိုရဟန်း၏ ထိုပျင်းရိသည့်အဖြစ်ကို အကြောင်းပြု၍ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤမည်သော ရဟန်းသည် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ ပျင်းရိလျက် နီဝရဏသည် နှိပ်စက်အပ်လျက် နေ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌ သာလျှင် ပျင်းရိသည် မဟုတ်သေး၊ ရှေး၌လည်း ပျင်းရိသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်း၏ အမတ်ဖြစ်၏။ ဗာရာဏသီ မင်းသည် ပျင်းရိသော သဘောရှိ၏။ ဘုရားလောင်းသည် မင်းကို သိစေအံ့ဟု တခုသော ဥပမာကို ရှာလျက် သွား၏။ ထိုအခါ တနေ့သ၌ မင်းသည် ဥယျာဉ်သို့သွား၍ အမတ်အပေါင်းခြံရံလျက် ဥယျာဉ်၌ လှည့်လည်သည်ရှိသော် ရာဇကုမ္ဘမည်သော ပျင်းရိသော သူတယောက်ကို မြင်၏။ တနေ့ပတ်လုံး သွားငြားသော်လည်း လက်တသစ် နှစ်သစ်မျှသာလျှင် သွား၏။ ဤသို့ ပျင်းရိသော သဘောရှိ၏။ မင်းသည် ထိုလူပျင်းကိုမြင်၍ အဆွေ ဤသူကား အဘယ်မည်သော သူနည်းဟု ဘုရားလောင်းကို မေး၏။ ဘုရားလောင်းသည် မြတ်သောမင်းကြီး ဤသူကား ရာဇကုမ္ဘမည်၏။ ပျင်းရိသော သဘောရှိ၏။ တနေ့ပတ်လုံး သွားသော်လည်း လက်တသစ် နှစ်သစ်မျှသာလျှင် သွား၏။ ဤသို့ ပျင်းရိသော သဘောရှိ၏ဟု ဆို၍ ထိုသူပျင်းနှင့်တကွ စကား ပြောလိုရကား အချင်း ရာဇကုမ္ဘ သင်တို့၏ သွားခြင်းသည် နှေးလှစွာ၏။ ဤတောကို တောမီးလောင်သည်ရှိသော် သင်တို့သည် အဘယ်သို့ ပြုကုန်မည်နည်းဟု ဆို၍-

၁၇၃။ ဝနံ ယဒဂ္ဂိ ဒဟတိ၊ ပါဝကော ကဏှဝတ္တနီ။
ကထံ ကရောသိ ပစလက၊ ဧဝံ ဒန္ဓပရက္ကမော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၇၃။ ပစလက၊ အစဉ်တစိုက် ပျင်းရိသောသူ။ တွံ၊ သင်သည်။ ဧဝံ၊ ဤသို့။ ဒန္ဓပရက္ကမော၊ နုန့်သော လုံ့လရှိ၏။ ယဒါ၊ အကြင်အခါ၌။ ပါဝကော၊ ရောက်တတ်သော။ ကဏှဝတ္တနီ၊ မည်းသော သွားရာခရီး ရှိသော။ အဂ္ဂိ၊ မီးသည်။ ဝနံ၊ တောကို။ ဒဟတိ၊ လောင်အံ့။ တဒါ၊ ထိုအခါ၌။ တွံ၊ သင်သည်။ ကထံ ကရောသိ၊ အသို့ပြုအံ့နည်း။

ထိုစကားကိုကြား၍ ရာဇကုမ္ဘသည်-

၁၇၄။ ဗဟူနိ ရုက္ခဆိဒ္ဒါနိ၊ ပထဗျာ ဝိဝရာနိ စ။
တာနိ စေ နာဘိသမ္ဘောမ၊
ဟောတိ နော ကာလပရိယာယော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၇၄။ ဗဟူနိ၊ များစွာကုန်သော။ ရုက္ခဆိဒ္ဒါနိ၊ သစ်ခေါင်းပေါက်တို့သည်၎င်း။ ပထဗျာဝိဝရာနိ စ၊ ထူးတွင်းပေါက်တို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ တာနိ၊ ထိုသစ်ခေါင်းပေါက် ထူးတွင်းပေါက်တို့သို့။ မယံ၊ ငါတို့သည်။ စေ နာဘိသမ္ဘောမ၊ အကယ်၍မရောက်နိုင်ကုန်အံ့။ နော၊ ငါတို့အား။ ကာလပရိယာယော၊ သေခြင်းသည်သာလျှင်။ ဟောတိ၊ ဖြစ်အံ့။

ထိုစကားကို ကြား၍ ဘုရားလောင်းသည်-

၁၇၅။ ယော ဒန္ဓကာလေ တရတိ၊ တရဏီယေ စ ဒန္ဓတိ။
သုက္ခပဏ္ဏံဝ အက္ကမ္မ၊ အတ္ထံ ဘဉ္ဇတိ အတ္တနော။
၁၇၆။ ယော ဒန္ဓကာလေ ဒန္ဓေတိ၊ တရဏီယေ စ တာရယိ။
သသီဝ ရတ္တိံ ဝိဘဇံ၊ တဿတ္ထော ပရိပူရတိ။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

၁၇၅။ ယော၊ အကြင်သူသည်။ ဒန္ဓကာလေ၊ ဖြည်းဖြည်းညှင်းညှင်း ပြုအပ်သောကာလ၌။ တရတိ၊ လျင်မြန်စွာပြု၏။ ကရဏီယေ စ၊ လျင်မြန်စွာ ပြုအပ်သော ကာလ၌လည်း။ ဒန္ဓတိ၊ ဖြည်း ညှင်းစွာ ပြု၏။ သော၊ ထိုသူသည်။ သုက္ခပဏ္ဏံ၊ ထန်းရွက်ခြောက်ကို။ အက္ကမ္မ၊ နင်း၍။ ဘဉ္ဇတိ ဣဝ၊ ဖျက်ဆီး သကဲ့သို့။ အတ္တနော၊ မိမိ၏။ အတ္ထံ၊ အကျိုးစီးပွားကို။ ဘဉ္ဇတိ၊ ဖျက်ဆီး၏။

၁၇၆။ ယော၊ အကြင်သူသည်။ ဒန္ဓကာလေ၊ ဖြည်း ညှင်းစွာပြုအပ်သောကာလ၌။ ဒန္ဓတိ၊ ဖြည်းညှင်းစွာပြု၏။ တရဏီယေ စ၊ လျင်မြန်စွာ ပြုအပ်သော ကာလ၌လည်း။ တာရယိ၊ လျင်မြန်စွာပြု၏။ သသီ၊ ဆန်းသစ်သော လ, သည်။ ရတ္တိံ၊ တညဉ့်မှ တညဉ့်သို့။ ဝိဘဇံ-ဝိဘဇန္တော၊ ကပ်ရောက်လျက်။ ဒိဝသေ ဒိဝသေ၊ နေ့တိုင်း နေ့တိုင်း။ ပရိပူရတိ ဣဝ၊ ပြည့်သကဲ့သို့။ တဿ၊ ထိုသူ၏။ အတ္တော၊ အကျိုး စီးပွားသည်။ ပရိပူရတိ၊ ပြည့်၏။

မင်းသည် ဘုရားလောင်းစကားကို ကြား၍ ထိုအခါမှစ၍ မပျင်းမရှိသည် ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ပျင်းရိသော ရဟန်းသည် ထိုအခါ ရာဇကုမ္ဘဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသောအမတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အပျင်းမွေးငြား၊ လူအများ၊ ပျက်ပြားလေစွ ကျိုးဖလ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ရာဇကုမ္ဘဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - စူဠကုဏာလဝဂ်

၆။ ကေသဝဇာတ်

ကျွမ်းဝင်သူပေး ရောဂါဝေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် မနုဿိန္ဒံ ဇဟိတွန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကေသဝဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဝိဿာသဘောဇနကို အကြောင်း ပြု၍ ဟောတော်မူ၏။ အနာထပိဏ်သူဌေး၏ အိမ်၌ ငါးရာကုန်သော ရဟန်းတို့အား မပြတ် ဆွမ်းလုပ် ကျွေးသတတ်၊ သူဌေးအိမ်သည် အခါ ခပ်သိမ်း ရဟန်းသံဃာ၏ ရေတွင်းရေကန်သဘွယ် ဖြစ်၏။ သင်္ကန်းရောင်ဖြင့် ပြောင်ပြောင်ထွန်း ပ၏။ ရဟန်းတို့၏ ကွေးခြင်း ဆန့်ခြင်း အစရှိသည်တို့ကြောင့်ဖြစ်သော လေသည် ခတ်အပ်၏။ ထိုအခါ တနေ့သ၌ မင်းသည် မြို့ကို လက်ျာရစ် လှည့်လတ်သော် သူဌေးအိမ်၌ ရဟန်းသံဃာတို့ကိုမြင်၍ ငါသည်လည်း အရိယာသံဃာအား မပြတ် ဆွမ်းလှူအံ့ဟု ကျောင်းသို့သွား၍ ဘုရားကိုရှိခိုး၍ ငါးရာကုန်သော ရဟန်းတို့အား မပြတ် ဆွမ်းလုပ်ကျွေးရခြင်းကို တောင်းပန်၏။ ထိုအခါမှစ၍ မင်းအိမ်၌ မပြတ်လျှင် သုံးနှစ်သိမ်းထားအပ်သော မွှေးသော မွန်မြတ်သော သလေးဘောဇဉ် ဆွမ်းကို လှူ၏။ အကျွမ်းဝင်ခြင်း ချစ်ခင်လေးမြတ်ခြင်းဖြင့် မိမိလက်ဖြင့်လှူသော သူတို့သည်ကား မရှိကုန်၊ မင်းချင်း ယောက်ျားတို့ကို လှူစေကုန်၏။ ရဟန်းတို့ မင်း၏အိမ်၌ နေ၍ စားခြင်းငှာ အလိုမရှိကုန်၊ အထူးထူးသော မြတ်သော အရသာရှိသော ဆွမ်းကိုယူ၍ မိမိတို့၏ အလုပ်အကျွေးအိမ်သို့သွား၍ ထိုဆွမ်းကို အလုပ်အကျွေးတို့အားပေး၍ အလုပ်အကျွေးတို့သည် လှူအပ်သော ရုန့်ရင်းသည်၎င်း မွန်မြတ်သည်၎င်း ဖြစ်သော ဆွမ်းကို စားကုန်၏။

ထိုအခါ တနေ့သ၌ မင်းအား များစွာသော သစ်သီးကြီးငယ်ကို ဆက်ကုန်၏။ မင်းသည် ထိုသစ်သီးကြီးငယ်ကို သံဃာအား လှူကုန်လော့ဟု ဆို၏။ လူတို့သည် ဆွမ်းဘုဉ်း ပေးရာ တင်းကုပ်သို့သွား၍ တပါးသော ရဟန်းကိုလည်း မမြင်၍ မရှိဟု မင်းကြားကုန်၏။ အချင်းတို့ ဆွမ်းဘုဉ်းပေးသောအခါ မဟုတ်လောဟုဆို၏။ ရှင်မင်းကြီး ဆွမ်းဘုဉ်း ပေးသောအခါ ဟုတ်၏။ ရဟန်းတို့ သည်ကား ရှင်မင်းကြီး၏ နန်းတော်၌ ဆွမ်းကိုယူ၍ မိမိ မိမိတို့၏ အကျွမ်းဝင်ရာ အလုပ် အကျွေးတို့၏ အိမ်သို့သွား၍ အလုပ်အကျွေးတို့အား ပေး၍ ထိုအလုပ်အကျွေးတို့သည် ပေးအပ်သော ရုန့်ရင်းသော ဆွမ်းကို၎င်း မွန်မြတ်သော ဆွမ်းကို၎င်း စားကုန်၏ ဟု လျောက်ကုန်၏။ မင်းကြီးသည် ငါတို့၏ဆွမ်းကား ကောင်းမြတ်၏။ အဘယ်ကြောင့် မစားမူ၍ တပါးသော ဆွမ်းကို စားကုန်သနည်း၊ ဘုရားကို မေးလျှောက်အံ့ဟု ကြံ၍ ကျောင်းသို့သွား၍ ဘုရားကိုရှိခိုး၍ မေးလျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ဘောဇဉ် မည်သည်ကား အကျွမ်းဝင်သောသူတို့သည် ပေးအပ်သောဘောဇဉ်သည် မြတ်၏။ သင်မင်းကြီးတို့၏ အိမ်၌ အကျွမ်းဝင်ခြင်းကို ဖြစ်စေ၍ ချစ်သောအားဖြင့် ပေးတတ်သောသူတို့၏ မရှိခြင်းကြောင့် ရဟန်းတို့သည် ဆွမ်းကို ယူ၍ မိမိ မိမိတို့၏ အကျွမ်းဝင်ရာအရပ်၌ စားကုန်၏။ မြတ်သောမင်းကြီး အကျွမ်းဝင်ခြင်းနှင့်တူသော တပါးသော အရသာမည်သည် မရှိ၊ ထိုစကားမှန်၏။ အကျွမ်းမဝင်သောသူသည် ပေးအပ်သော စတုမဓုသည်လည်း အကျွမ်းဝင်သောသူသည် ပေးအပ်သော မြက်သီးဆန် ဆွမ်းလောက်မျှ မထိုက်၊ ရှေးပညာရှိတို့သည်လည်း ရောဂါဖြစ်လတ်သည်ရှိသော် မင်းသည် ငါးယောက်ကုန်သော ဆေးသမားတို့ကို ခေါ်၍ ဆေးကုစေလျက် ရောဂါ မငြိမ်းသည်ရှိသော် အကျွမ်းဝင်သောသူတို့၏ အထံသို့သွား၍ ဆားမခတ်သော ကြိတ်ဆန် မြက်သီးဆန် ယာဂုကို၎င်း ဆားမခတ်သောရေဖြင့် ပြုတ်ဖြောအပ်သော သစ်ရွက်ကို၎င်း စားသုံး၍ ရောဂါ ကင်းဘူးကုန်၏ဟု မိန့်တော်မူ၍ ကောသလမင်းသည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၏။ ဘုရားလောင်းအား ကပ္ပသတို့သားဟူသော အမည်ကို မှည့်ကုန်၏။ ကပ္ပလုလင်သည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကို သင်၍ နောက်အဘို့၌ ရသေ့ရဟန်း ပြု၏။ ထိုအခါ ကေသဝမည်သော ရသေ့သည် ရသေ့ငါးရာ ခြံရံလျက် ဂိုဏ်းဆရာဖြစ်၍ ဟိမဝန္တာ၌ နေ၏။ ဘုရားလောင်းသည် ကေသဝရသေ့အထံသို့ သွား၍ ငါးရာကုန်သော တပည့်တို့၏ အကြီးတပည့်ဖြစ်၍ နေ၏။ ကေသဝရသေ့သည် ကပ္ပရသေ့၏ အစီးအပွားကို အလိုရှိ၏။ ကပ္ပရသေ့အား ချစ်မြတ်နိုး၏။ ထိုဆရာတပည့် ရသေ့တို့သည် အချင်းချင်း အလွန်လျှင် အကျွမ်းဝင်ကုန်၏။ နောက်အဘို့၌ ကေသဝရသေ့သည် တပည့်တို့ကို ခေါ်၍ ချဉ်ဆား မှီဝဲအံ့သောငှါ လူ့ပြည်သို့ သွား၍ ဗာရာဏသီပြည်သို့ ရောက်၍ မင်း၏ဥယျာဉ်၌ နေ၍ နက်ဖြန် မြို့သို့ ဆွမ်းခံအံ့သောငှာ ဝင်၍ မင်းအိမ်တံခါးသို့ ရောက်၏။ မင်းသည် ရသေ့အပေါင်းကို မြင်၍ ပင့်စေ၍ နန်းတွင်း၌ ဆွမ်းကျွေး၍ ဝန်ခံခြင်းကိုယူ၍ ဥယျာဉ်၌ နေစေ၏။ ထိုအခါ မိုးကာလ လွန်သည်ရှိသော် ကေသဝရသေ့သည် မင်းကို ပန်၏။ မင်းသည် အရှင်ဘုရား အရှင်ဘုရားတို့သည် အိုမင်းကုန်၏။ အကျွန်ုပ်တို့ကို မှီ၍ နေကုန်လော့၊ ရသေငယ်တို့ကိုသာလျှင် ဟိမဝန္တာသို့ စေလွှတ်ကုန်လော့ဟု ဆို၏။ ကေသဝရသေ့သည် ကောင်းပြီဟု တပည့်ကြီးနှင့်တကွ ထိုရသေ့ငယ်တို့ကို ဟိမဝန္တာသို့ သွားစေ၍ မိမိတယောက်တည်းလျှင် နေရစ်၏။ ကပ္ပရသေ့သည် ဟိမဝန္တာသို့ သွား၍ ရသေ့တို့နှင့်တကွ နေ၏။

ကေသဝရသေ့သည် ကပ္ပရသေ့နှင့် ကင်းကွာသော် ငြီးငွေ့၍ ကပ္ပရသေ့ကို မြင်လိုသည်ဖြစ်၍ အိပ်ပျော်ခြင်းကို မရသည်ရှိသော် အစာအာဟာရသည် ကောင်းစွာ မကျေ၊ ဝမ်းသွေးသွန်သော အနာသည် ဖြစ်၏။ သည်းစွာကုန်သော ဝေဒနာတို့သည် ဖြစ်ကုန်၏။ မင်းသည် ငါးယောက်ကုန်သော ဆေးသမားတို့ကိုခေါ်၍ ရသေ့အား ကုစေ၏။ ရောဂါသည် မငြိမ်း၊ ရသေ့သည် မင်းကို မြတ်သောမင်းကြီး သင်မင်းကြီးတို့သည် ငါ၏ သေခြင်းကို အလိုရှိကုန်သလော၊ ထိုသို့မဟုတ်မူ ငါ၏ ရောဂါကင်းခြင်းကို အလိုရှိကုန်သလောဟု ဆို၏။ အရှင်ဘုရား ရောဂါကင်းသော အဖြစ်ကို အလိုရှိကုန်၏ဟု မင်းသည် လျှောက်၏။ ထိုသို့တပြီးကား ငါ့ကို ဟိမဝန္တာသို့ ပို့ကုန်လော့ဟု ရသေ့သည် ဆို၏။ မင်းသည် အရှင်ဘုရား ကောင်းပြီဟု နာရဒမည်သော အမတ်ကိုခေါ်၍ နာရဒ ငါတို့၏ဆရာကို ဆောင်ယူ၍ မုဆိုးတို့နှင့်တကွ ဟိမဝန္တာသို့ သွားလေလော့ဟု စေ၏။

နာရဒသည် ဟိမဝန္တာသို့ ပို့ဆောင်၍ တဖန် ပြန်လာ၏ ကေသဝရသေ့၏ စိတ်ကိုမှီသော ရောဂါသည် ကပ္ပရသေ့ကိုမြင်ကာမျှ၌လျှင် ငြိမ်းကုန်၏။ ငြီးငွေ့ခြင်းသည် ပြေ၏။ ထိုအခါ ကေသဝရသေ့အား ကပ္ပရသေ့သည် ဆားမခတ်သောရေဖြင့် ပြုတ်ဖြောအပ်သော သစ်ရွက်နှင့်တကွ မြက်သီးဆန် ကြိတ်ဆန် ယာဂုကိုပေး၏။ ထိုခဏ၌လျှင် ကေသဝရသေ၏ ဝမ်းသွေးသွန်သော အနာသည် ငြိမ်း၏။

တဖန် မင်းသည် နာရဒအမတ်ကို သင်သွားချေ၊ ကေသဝ ရှင်ရသေ့၏ အကြောင်းကို သိအောင်ပြုချေဟု စေ၏။ နာရဒအမတ်သည် သွား၍ ရောဂါကင်းသော ကေသဝရသေ့ကို မြင်၍ အရှင်ဘုရား ဗာရာဏသီ မင်းသည် ငါးယောက်ကုန်သော ဆေးသမားတို့ကိုယူ၍ ကုမလျက် အရှင်ဘုရားတို့၏ ရောဂါကို ကင်းစိမ့်သောငှါ မတတ်နိုင်၊ ကပ္ပရသေ့သည် အရှင်ဘုရားအား အဘယ်သို့ ကုစားသနည်းဟု ဆို၍ -

၁၇၇။ မနုဿိန္ဒ ဇဟိတွာန၊ သဗ္ဗကာမသမိဒ္ဓိနံ။
ကထံ နု ဘဂဝါ ကေသီ၊ ကပ္ပဿ ရမတိ အဿမေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၇၇။ ဘဂဝါ၊ ဘုန်းတော်ကြီးသော။ ကေသီ၊ ကေသဝ ရှင်ရသေ့သည်။ သဗ္ဗကာမသမိဒ္ဓိနံ၊ အလုံးစုံသော လိုဘွယ်ဝတ္ထုနှင့် ပြည့်စုံသော။ မနုဿိန္ဒ၊ ဗာရာဏသီမင်းကို။ ဇဟိတွာန၊ စွန့်၍။ ကပ္ပဿ၊ ကပ္ပရသေ့၏။ အဿမေ၊ ကျောင်း ၌။ ကထံ နု ရမတိ၊ အဘယ်ကြောင့် မွေ့လျော်သနည်း။

ဤသို့ သူတပါးတို့နှင့်တကွ စကားပြောဘိသကဲ့သို့ ကေသဝရသေ့၏ မွေ့လျော်သော အကြောင်းကို မေး၏။ ထိုစကားကို ကြား၍ ကေသဝ ရသေ့သည်-

၁၇၈။ သာဒုနိ ရမဏီယာနိ၊ သန္တိ ဝက္ခာ မနောရမာ။
သုဘာသိတာနိ ကပ္ပဿ၊ နာရဒ ရမယန္တိ မံ။

ဟူသော နှစ်ခုမြောက်သောဤဂါထာကို ဆို၏။

၁၇၈။ နာရဒ၊ နာရဒအမတ်။ ကပ္ပဿ၊ ကပ္ပရသေ့၏။ အဿမေ၊ ကျောင်း၌။ သာဒူနိ၊ ကောင်းကုန်သော။ ရမဏီယာနိ၊ မွေ့လျော်ဘွယ် ရှိသည်၎င်း။ မနောရမာ၊ နှလုံးမွေ့လျော်ဘွယ် ရှိကုန်သော။ ဝက္ခာ၊ သစ်ပင်တို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ ကပ္ပ၊ ကပ္ပရသေ့၏။ သုဘာသိတာနိ၊ ကောင်းစွာဆိုအပ်ကုန်သော စကားတို့သည်။ မံ၊ ငါ့ကို။ ရမယန္တိ၊ မွေ့ လျော်စေကုန်၏။

ဤသို့ဆို၍ ဤသို့ ငါ့ကို မွေ့လျော်စေသော ကပ္ပရသေ့သည် ဆားမခတ်သောရေဖြင့် ပြုတ် ဖြောအပ်သော သစ်ရွက်၊ မြက်သီးဆန် ကြိတ်ကန်ယာဂုကို သောက်စေ၏။ ထိုယာဂုကို သောက်သဖြင့် ငါ၏ကိုယ်၌ ရောဂါသည် ငြိမ်း၏ ဟု ဆို၏ ထိစကားကို ကြား၍ နာရဒအမတ်သည်-

၁၇၉။ သာလီနံ ဩဒနံ ဘုဉ္ဇေ၊ သုစိံ မံသူပသေစနံ။
ကထံ သာမာကနီဝါရံ၊ အလောဏံ ဆာဒယန္တိ တံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၇၉။ ဘန္တေ၊ အရှင်ဘုရား။ တွံ၊ အရှင်ဘုရားသည်။ သာလီနံ၊ သလေးတို့၏။ သုစိံ၊ စင်ကြယ်စွာသော။ မံသူပသေစနံ၊ သားပြွမ်းဖြစ်သော။ ဩဒနံ၊ ဆွမ်းကို။ ဘုဉ္ဇေ၊ စား၏။ ကထံ၊ အသို့မူ၍။ တံ၊ အရှင်ဘုရားကို။ အလောဏံ၊ ဆားမခတ်သော။ သာမာကနီဝါရံ၊ မြက်သီးဆန် ကြိတ်ဆန် အာဟာရသည်။ ဆာဒယန္တိ၊ နှစ်သက်စေကုန်သနည်း။

ထိုစကားကိုကြား၍ ကေသဝရသေ့သည်-

၁၈၀။ သာဒုံ ဝါ ယဒိ ဝါ သာဒုံ၊ အပ္ပံ ဝါ ယဒိ ဝါ ဗဟုံ။
ဝိဿတ္ထော ယတ္ထ ဘုဉ္ဇေယျ၊ ဝိဿသ ပရမာ ရသာ။

ဟူသော လေးခုမြောက်သော ဤဂါထာကိုဆို၏။

၁၈၀။ နာရဒ၊ နာရဒအမတ်။ ယတ္ထ၊ အကြင်နေရာ၌။ ဝိဿတ္ထော၊ အကျွမ်းဝင်သည်ဖြစ်၍။ သာဒုံ ဝါ၊ သာယာအပ်သော ဘောဇဉ်ကို၎င်း။ ယဒိ၊ ထို့မြို့။ အသာဒုံ ဝါ၊ မသာယာအပ်သော ဘောဇဉ်ကို၎င်း။ အပ္ပံ ဝါ၊ အနည်းငယ်သောဘောဇဉ်ကို၎င်း။ ယဒိ၊ ထိုမြို့။ ဗဟုံ ဝါ၊ များစွာသော ဘောဇဉ်ကို၎င်း။ ဘုဉ္ဇေယျ၊ စားရာ၏။ တတ္ထ၊ ထိုနေရာ၌။ ဧဝံ၊ ဤသို့။ ဘုတ္တံ၊ စားအပ်သော ဘောဇဉ်သည်။ သာဒု၊ ချိုမြိန်၏။ ကသ္မာ၊ အဘယ့်ကြောင့်။ သာဒု၊ ချိုမြိန်သနည်းဟူမူကား။ ယသ္မာ၊ အကြင့်ကြောင့်။ ရသာ၊ အရသာသည်။ ဝိဿာသပရမာ၊ အကျွမ်းဝင်ခြင်းလျှင် အမွန်အမြတ်ရှိသည်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ သာဒု၊ ချို မြိန်၏။

နာရဒအမတ်သည် ကေသဝ ရသေ့၏ စကားကိုကြား၍ မင်း၏အထံသို့သွား၍ ကေသဝရသေ့သည် ဤမည်သော စကားကို ဆို၏ဟု ကြား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ နာရဒအမတ် ဖြစ်ဘူးပြီ၊ ယခုအခါ ဗကဗြဟ္မာသည် ထိုအခါ ကေသဝ ရသေ့ ဖြစ်ဘူးပြီ၊ အခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကပ္ပရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ချစ်သူ ခင်သူ၊ ပြုစုမူ၊ ထိုသူရောဂါပျောက်

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကေသဝဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - စူဠကုဏာလဝဂ်

၇။ အယကူဋဇာတ်

သံတူစွဲ ဘီလူး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သဗ္ဗာ ယသံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအယကူဋဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လောက၏ အကျိုးစီးပွားအလို့ငှါ ကျင့်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ (ဝတ္ထုသည် ဒွါဒသကနိပါတ်၊ မဟာကဏှဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့) သဗ္ဗညူ မြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ မိဖုယားကြီးဝမ်း၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် သင်အပ်ပြီးသော အလုံးစုံသော အတတ်ရှိသည်ဖြစ်၍ အဘလွန်သဖြင့် မင်းအဖြစ်၌ တည်၍ တရားသဖြင့် မင်းပြု၏။ ထိုအခါ လူတို့သည် နတ်တို့ကို ကိုးကွယ်ကုန်၍ များစွာကုန်သော ဆိတ်မြန်မာ ဆိတ်ကုလား အစရှိသည်တို့ကို သတ်၍ နတ်တို့အား ပူဇော်ခြင်းကို ပြုကုန်၏။ ဘုရားလောင်းသည် သတ္တဝါကို မသတ်လင့်ဟု စည်လည်စေ၏။ ဘီလူးတို့သည်။ ပူဇော်ခြင်းကို မရကုန်လတ်သော် ဘုရားလောင်းအား အမျက်ထွက်၍ ဟိမဝန္တာ၌ ဘီလူးအစည်းအဝေးသို့သွား၍ ဘုရားလောင်းကို သတ်စိမ့်သောငှာ ကြမ်းကြုတ်သော ဘီလူးတယောက်ကို စေကုန်၏။ ထိုဘီလူးသည် တောင်ထွတ်မျှလောက် ကြီးစွာသော ပြောင်ပြောင်တောက်သော သံတူကိုယူ၍ ဤသံတူဖြင့် ဘုရားလောင်းကို ပုတ်ခတ်၍ သတ်အံ့ဟု လာလတ်၍ မဇ္ဈိမယာမ်၏ အခြားမဲ့၌ ဘုရားလောင်း၏ အိပ်ရာအထက်၌ ရပ်၏။ ထိုခဏ၌ သိကြားမင်း၏ နေရာသည် ပူသော အခြင်းအရာကို ပြ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ဤအကြောင်းကိုသိ၍ ဝရဇိန်လက်နက်ကို ယူ၍ သွား၍ ဘီလူးအထက်၌ ရပ်၏။ ဘုရားလောင်းသည်ဘီလူးကိုမြင်၍ ဤဘီလူးသည် ငါ့ကို စောင့်ရှောက် လိုသည်ဖြစ်၍ တည်သလော ထိုသို့မဟုတ်မူ သတ်လိုသည်ဖြစ်၍ တည်သလောဟု ထိုဘီလူးနှင့်တကွ စကားပြောလိုရကား-

၁၈၁။ သဗ္ဗာယသံ ကူဋမတိပ္ပမာဏံ၊
ပဂ္ဂယှ ယော တိဋ္ဌသိ အန္တလိက္ခေ။
ရက္ခာယ မေ တွံ ဝိဟိတော နုသဇ္ဇ၊
ဥဒါဟု မေ စေတယသေ ဝဓာယ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၈၁။ ရက္ခသ၊ ရက္ခိုသ်။ ယော တွံ၊ အကြင်သင်သည်။ အတိပ္ပမာဏံ၊ အလွန်ဖြစ်သော ပမာဏရှိသော။ သဗ္ဗာယသံ ကူဋံ၊ အလုံးစုံသော သံဖြင့်ပြီးသောတူကို။ ပဂ္ဂယှ၊ ကိုင်၍။ အန္တလိက္ခေ၊ ကောင်းကင်၌။ တိဋ္ဌသိ၊ တည်၏။ အဇ္ဇ၊ ယနေ့။ တွံ၊ သင်သည်။ မေ၊ ငါ့အား။ ရက္ခာယ၊ စောင့်ရှောက်အံ့သောငှါ။ ဝိဟိတော၊ စီရင်သည်။ အသိ နု၊ ဖြစ်သလော။ ဥဒါဟု၊ ထိုသို့မဟုတ်မူကား။ မေ၊ ငါ့အား။ ဝဓာယ၊ သင်အံ့သောငှါ။ စေတယသေ၊ လုံ့လပြုသလော။

ဘုရားလောင်းသည် ဘီလူးကိုသာလျှင် မြင်၏။ သိကြားမင်းကို မမြင်၊ ဘီလူးသည် သိကြားမင်းကို ကြောက်သောကြောင့် ဘုရားလောင်းကို ပုတ်ခတ်ခြင်းငှာ မဝံ့၊ ထိုဘီလူးသည် ဘုရားလောင်း၏ စကားကိုကြား၍ မြတ်သောမင်းကြီး ကျွန်ုပ်သည် သင်မင်းကြီးကို စောင့်ရှောက်အံ့သောငှါ မတည်။ ဤပြောင်ပြောင် တောက်သော သံတူဖြင့် ပုတ်ခတ်၍ သင်မင်းကြီးကို သတ်အံ့ဟု လာ၏။ သိကြားမင်းကို ကြောက်သောကြောင့် သင်မင်းကြီးကို ပုတ်ခတ်အံ့သောငှါ မဝံ့ဟု အကြောင်းကို ပြလိုရကား-

၁၈၂။ ဒုတော အဟံ ရာဇိဓ ရက္ခသာနံ၊
ဝဓာယ တုယှံ ပဟိတောဟမသိ။
ဣန္ဒော စ တံ ရက္ခတိ ဒေဝရာဇာ၊
တေ နုတ္တမင်္ဂံ န တေ ဖာလယာမိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၈၂။ ရာဇ၊ မင်းကြီး။ ဣဓ၊ ဤအရပ်၌။ အဟံ၊ ငါသည်။ ရက္ခသာနံ၊ ရက္ခိုသ်တို့၏။ ဒူတော၊ တမန်တည်း။ အဟံ၊ ငါ့ကို။ တုယှံ၊ သင့်အား။ ဝဓာယ၊ သတ်စိမ့်သောငှါ။ ပဟိတော၊ စေအပ်သည်။ အသ္မိ၊ ဖြစ်၏။ ဒေဝရာဇာ၊ နတ်တို့၏မင်းဖြစ်သော။ ဣန္ဒော စ၊ သိကြားမင်းသည်လည်း။ တံ၊ သင်မင်းကြီးကို။ ရက္ခတိ၊ စောင့်၏။ တေန၊ ထိုကြောင့်။ တေ၊ သင်၏။ ဥတ္တမင်္ဂံ၊ ဦးခေါင်းကို။ အဟံ၊ ငါသည်။ န ဖာလယာမိ၊ မခွဲ။

ထိုစကားကို ကြား၍ ဘုရားလောင်းသည်-

၁၈၃။ သစေ စ မံ ရက္ခတိ ဒေဝရာဇာ၊
ဒေဝါနမိန္ဒော မဃဝါ သုဇမ္ပတိ။
ကာမံ ပိသာစာ ဝိနဒန္တု သဗ္ဗေ
န သန္တသေ ရက္ခသိယာ ပဇာယ။
၁၈၄။ ကာမံ ကန္ဒန္တု ကုမ္ဘဏ္ဍာ၊ သဗ္ဗေ ပံသုပိသာစကာ။
နာလံ ပိသာစာ ယုဒ္ဓါယ၊ မဟတီသာ ဝိဘိံသိကာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၈၃။ ရက္ခသ၊ ဘီလူး။ ဒေဝါနံ၊ နတ်တို့ကို။ ဣန္ဒော၊ အစိုးရသော။ မဃဝါ၊ မဃအနွယ် ဖြစ်သော။ သုဇမ္ပတိ၊ သူဇာ၏ လင်ဖြစ်သော။ ဒေဝရာဇာ စ၊ သိကြားမင်းသည်လည်း။ မံ၊ ကို။ သစေ ရက္ခတိ၊ အကယ့်၍ စောင့်သည်မူလည်းဖြစ်စေ။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ပိသာစာ၊ ဘီလူးတို့သည်။ အာဝိ၊ ထင်စွာ။ ကာမံ ဝိနဒန္တု၊ အကယ်၍ ကြော်ငြားကုန်သည် မူလည်းဖြစ်စေ။ ရက္ခသိယာ ပဇာယ၊ ဘီလူးဟူသော သတ္တဝါမှ။ အဟံ၊ ငါသည်။ န သန္တသေ၊ မထိတ်လန့်သလျှင်ကတည်း။

၁၈၄။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ကုမ္ဘဏ္ဍာ၊ အိုး အတိုင်းအရှည်ရှိသော လျှို့ဝှက်အပ်သော အင်္ဂါရှိကုန်သော။ ပံသုပိသာစကာ၊ တံမြက်ခြေးစုရာ အရပ်၌ နေကုန်သော ဘီလူးတို့သည်။ ကာမံ၊ စင်စစ်။ ကန္ဒန္တု၊ ဖြတ်စေကုန်။ ပိသာစာ၊ ဘီးလူးတို့သည်။ ယုဒ္ဓါယ၊ စစ်ထိုးအံ့သော။ နာလံ၊ မစွမ်းနိုင်ကုန်။ မဟတီ၊ ကြီးစွာသော။ သာ ဝိဘိံသိကာ၊ ထိုကြောက်မက်ဘွယ် ပြုခြင်းသည်သာ လျှင်။ သိယာ၊ ဖြစ်ရာ၏။ အဟံ၊ ငါသည်။ န ဘာယာမိ၊ မကြောက်။

သိကြားမင်းသည် ဘီလူးကိုပြေးစေ၍ ဘုရားလောင်းကို ဆုံးမ၍ မြတ်သောမင်းကြီး မကြောက်လင့်၊ ယနေ့မှစ၍ သင်မင်းကြီးအား ငါတို့ စောင့်ရှောက်ကုန်အံ့ဟု ဆို၍ မိမိနေရာသို့သာလျှင် သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြားမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

လောကအကျိုး၊ သည်ဆောင်ပိုး၊ နတ်မျိုးဣန္ဒ စောင့်ရှောက်ရ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော အယကူဋဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - စူဠကုဏာလဝဂ်

၈။ အရညဇာတ်

မိတ်ဆွေစစ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်ဘုရားသည်အရညာ ဂါမမာဂမ္မ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအရညဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အပျိုကြီးဖျားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ (ဝတ္ထုသည် စူဠနာရဒကဿပဇာတ်၌ ထင်စွာဖြစ်လတ္တံ့) သဗ္ဗညူ မြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ မယားသေလွန်လတ်သည်ရှိသော် သားကိုယူ၍ ရသေ့ရဟန်းပြု၍ ဟိမဝန္တာ၌နေလျက် သားကို ကျောင်း၌ ထားခဲ့၍ မိမိသည် သစ်သီးကြီးငယ် အကျိုးငှာ သွား၏။ ထိုအခါ ခိုးသူတို့သည် ပစ္စန္တရစ်ရွာကို လုယက်ကုန်၍ သုံ့ ပန်းတို့ကို ယူငင်၍ သွားကြကုန်သည်ရှိသော် တယောက်သော သတို့သ္မီးသည် ပြေး၍ ထိုကျောင်းသို့ ရောက်လာ၍ ရသေ့ငယ်ကို ဖျားယောင်း၍ သီလပျက်ခြင်းသို့ရောက်စေ၍ လာလော့၊ သွားကြကုန်အံ့ဟု ဆို၏။ ရသေ့ငယ်သည် အဘ လာစေဦး၊ အဘကို ဖူးမြင်၍လျှင် သွားအံ့ဟု ဆို၏။ ထိုသို့တပြီးကား အဘကိုဖူးမြင်၍ လာကုန်လောဟု ဆို၍ ကျောင်းမှထွက်၍ လမ်းအကြား၌ ငံ့နေ၏။ ရသေ့ငယ်သည်လည်း အဘ လာသည်ရှိသော်-

၁၈၅။ အရညာဂါမမာဂမ္မ၊ ကိံ သီလံ ကိံ ဝတံ အဟံ။
ပုရိသံ တာတ သေဝေယျံ၊
တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော ရှေးဦးစွာသောဤဂါထာကိုဆို၏။

၁၈၅။ တာတ၊ ဘခင်။ အဟံ၊ ငါသည်။ အရညာ၊ တောမှ။ ဂါမံ၊ ရွာသို့။ အာဂမ္မ၊ သွား၍။ ကိံ သီလံ၊ အဘယ်သီလရှိသော။ ကိံ ဝတံ၊ အဘယ်သို့အကျင့်ရှိသော။ ပုရိသံ၊ ယောက်ျားကို။ သေဝေယျံ၊ မှီဝဲရအံ့နည်း။ ပုစ္ဆိတော၊ မေးအပ်သော။ တွံ၊ သင်သည်။ မေ၊ ငါ့အား။ တံ၊ ထိုအကြောင်းကို။ အက္ခာဟိ၊ ကြားလော့။

ထိုအခါ ရသေ့ငယ်အား အဘသည် အဆုံး အမကို ပေးလို၍-

၁၈၆။ ယော တံ ဝိဿာသယေ တာတ၊
ဝိဿာသဉ္စ ခမေယျ တေ။
သုဿူသီစ တိတိက္ခီ စ၊
တံ ဘဇေဟိ ဣတော ဂတော။-
၁၈၇။ ယဿ ကာယေန ဝါစာယ၊
မနသာ နတ္ထိ ဒုက္ကဋံ။
ဥရသီဝ ပတိဋ္ဌာယ၊
တံ ဘဇေဟိ ဣတော ဂတော။-
၁၈၈။ ဟလိဒ္ဒိရာဂံ ကပိစိတ္တံ၊
ပုရိသံ ရာဂဝိရာဂိနံ။
တာဒိသံ တာတ မာ သေဝိ၊
နိမ္မနုဿမ္ပိ စေ သိယာ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၁၈၆။ တာတ၊ ချစ်သား။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ တံ၊ သင့်ကို။ ဝိသာသယေ၊ အကျွမ်းဝင်ရာ၏။ တေ၊ သင်၏။ ဝိသာသဉ္စ၊ အကျွမ်းဝင်ခြင်းကိုလည်း။ ခမေယျ၊ နှစ်သက်ရာ၏။ သုဿူသီ စ၊ အကျွမ်းဝင်သော စကားကို နားထောင်လိုသည်၎င်း။ တိတိက္ခီ စ၊ အပြစ်ကို သည်းခံသည်၎င်း။ ဘဝေယျ၊ ဖြစ်ရာ၏။ ဣတော၊ ဤအရပ်မှ။ ဂတော၊ သွားသည်ရှိသော်။ တံ ပုရိသံ၊ ထိုယောက်ျားကို။ ဘဇေဟိ၊ မှီဝဲလေလော့။

၁၈၇။ ယဿ ပုရိသဿ၊ အကြင်ယောက်ျားအား။ ကာယေန၊ ကိုယ်ဖြင့်၎င်း။ ဝါစာယ၊ စကားဖြင့်၎င်း။ မနသာ၊ စိတ်ဖြင့်၎င်း။ ဒုက္ကဋံ၊ မကောင်းမှုကို ပြုခြင်းသည်။ နတ္ထိ၊ မရှိ။ ဣတော၊ ဤအရပ်မှ။ ဂတော၊ သွားသည်ရှိသော်။ တံ ပုရိသံ၊ ထိုယောက်ျားကို ဥရသိ၊ ရင်၌။ ပတိဋ္ဌာယ၊ တည်၍။ ဝဍ္ဎိတော ဣဝ၊ ကြီးသောသားကဲ့သို့။ ဘဇေဟိ၊ ဆည်းကပ်လေလော့။

၁၈၈။ တာတ၊ ချစ်သား။ ဟလိဒ္ဒိရာဂံ၊ နနွင်းဆိုး ရည်ကဲ့သို့ မမြဲသောစိတ်ရှိသော။ ကပိစိတ္တံ၊ မျောက်ကဲ့သို့ လျင်မြန်သော စိတ်ရှိသော။ ရာဂဝိရာဂီနံ၊ ခဏခြင်းဖြင့်လျှင် ချစ်ခြင်း မုန်းခြင်းဖြစ်တတ်သော။ တာဒိသံ၊ ထိုသို့ သဘောရှိသော။ ပုရိသံ၊ ယောက်ျားကို။ သကလံ၊ အလုံးစုံသော။ ဇမ္ဗူဒီပတလံ၊ ဇမ္ဗူဒိပ်အပြင်သည်။ နိမ္မနုဿမ္ပိ၊ လူမရှိသည်လည်း။ စေ သိယာ၊ အကယ်၍ ဖြစ်ငြားအံ့။ တွံ၊ သင်သည်။ မာ သေဝိ၊ မမှီဝဲလေလင့်။

ထိုစကားကို ကြား၍ ရသေ့ငယ်သည် ဘခင် ကျွန်ုပ်သည် ဤကျေးဇူးတို့နှင့် ပြည့်စုံသော ယောက်ျားကို အဘယ်မှာ ရနိုင်အံ့နည်း၊ မသွားအံ့၊ သင်တို့၏အထံ၌ သာလျှင် နေအံ့ဟု ဆို၍ ရွာသို့ သွားခြင်းမှ နစ်၏။ ထိုအခါ ရသေ့ငယ်အား အဘသည် ကသိုဏ်းပရိကံကို ကြား၏။ သားအဘ နှစ်ယောက်တို့သည်လည်း ဈာန်မှ မယုတ်ကုန်သည် ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အပျိုကြီးနှင့် ရဟန်းတို့သည်သာလျှင် ထိုအခါ ရသေ့ငယ် သတို့သ္မီးငယ်တို့သည် ဖြစ်ဘူးကုန်၏။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အဘရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

စိတ်မတည်ငြား၊ လူအများ၊ ရှောင်ရှားလေသင့် မှီဝဲနှင့်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော အရညဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - စူဠကုဏာလဝဂ်

၉။ သန္ဓိဘေဒဇာတ်

ဂုံးချောမြေခွေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်နေဝ ဣတ္ထီသု သာမညံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသန္ဓိဘေဒဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပေသုညသိက္ခာပုဒ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ အခါတပါး၌ သဗ္ဗညူ မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဂုံးတိုက်သောစကားကို ဆောင်ကုန်၏ဟု ကြားတော်မူ၍ ဆဗ္ဗဂ္ဂီရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့ သင်တို့သည် အငြင်းအခုံ ခိုက်ရန်ဖြစ်ကြကုန်သော အထူးထူးအပြားအပြား ပြောဆိုကုန်သော ရဟန်းတို့အား ဂုံးတိုက်သော စကားကို ဆောင်ကုန်သတတ်၊ ထို့ကြောင့် မဖြစ်ကုန် သေးသော ခိုက်ရန်အစရှိသည်တို့သည်လည်း ဖြစ်ကုန်၏။ ဖြစ်ကုန်ပြီးသော ခိုက်ရန် အစရှိသည်တို့သည်လည်း အတိုင်းထက်အလွန် ပွား များကုန်၏ ဟူသည် မှန်သလောဟု မေးတော်မူလျှင် မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့တော်မူ၍ ရဟန်းတို့ ဂုံးတိုက်သော စကားမည်သည်ကား ထက်စွာသော သန်လျက်ဖြင့် ထိုးခုတ်သည်နှင့် တူ၏။ ရှည်မြင့်စွာသော ကာလ၌ဖြစ်သော အကျွမ်းဝင်ခြင်းသည်လည်း ထိုဂုံးတိုက်သော စကားဖြင့် လျင်မြန်စွာ ပျက်စီးတတ်၏။ ထိုဂုံးတိုက်သောစကားကို ယူ၍ မိမိ၏အချစ်ပျက်ခြင်းကို ပြုတတ်သောသူသည် ခြင်္သေ့ ဥသဘတို့နှင့် တူ၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ သားဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ အဘလွန်လတ်သော် တရားသဖြင့် မင်းပြု၏။ ထိုအခါ တယောက်သော နွားကျောင်း သားသည် တောဝယ် နွားခြံတို့၌ နွားတို့ကို စောင့်ရှောက်၍ လာလတ်သော် တခုသော ကိုယ်ဝန်ရှိသော နွားမကို မမှတ်မိရကား စွန့်၍ လာ၏။ ထိုနွားမအား တခုသော ခြင်္သေ့မနှင့်တကွ အကျွမ်းဝင်ခြင်းသည် ဖြစ်၏။ နှစ်ခုကုန်သား နွားမ, ခြင်္သေ့ မတို့သည်လည်း မြဲမြံစွာ မိတ်ဖြစ်ကုန်၍ အတူတကွ ကျက်စားကုန်၏။ နောက်အဘို့၌ နွားမသည် နွားငယ်ကို မွေးဖွား၏။ ခြင်္သေ့မသည်လည်း ခြင်္သေ့ငယ်ကို မွေးဖွား၏။ ထိုနွား, ခြင်္သေ့နှစ်ခုတို့သည်လည်း အမျိုးမှလာသော မိတ်အားဖြင့် မြဲမြံစွာသော အဆွေခင်ပွန်းဖြစ်ကုန်၍ အတူတကွ ကျက်စားကုန်၏။ ထိုအခါ တယောက်သော မုဆိုးသည် တောသို့ဝင်၍ ထိုနွား, ခြင်္သေ့တို့၏ အကျွမ်းဝင်ခြင်းကို မြင်၍ တော၌ဖြစ်သော ဘဏ္ဍာကိုယူ၍ ဗာရာဏ သီသို့ သွား၍ မင်းအားဆက်၍ အချင်းမုဆိုး သင်သည် တော၌ တစုံတခုသောအံ့ဘွယ်သရဲကို မြင်ခဲ့သလောဟု မင်းမေးသည်ရှိသော် အရှင်မင်းကြီး တပါးသော တစုံတခုသောအံ့ဘွယ်သရဲကိုမမြင်၊ တခုသော ခြင်္သေ့, တခုသော ဥသဘ ဤတိရစ္ဆာန်တို့သည်ကား အချင်းချင်း အကျွမ်းဝင်ကုန်၍ အတူတကွ ကျက်စားကြသည်ကို မြင်၏ဟု လျှောက်၏။ ခြင်္သေ့, ဥသဘတို့အား သုံးယောက်မြောက်သော အဖော်သည် ဖြစ်လတ်သော် ဘေးသည် ဖြစ်လတ္တံ့၊ အကြင်အခါ၌ ထိုခြင်္သေ့ ဥသဘတို့၏ သုံးယောက်မြောက်သော အဖော်ကို မြင်အံ့၊ ထိုအခါ ငါ့အား ကြားလော့ဟု ဆို၏။ ထိုမုဆိုးသည် ကောင်းပြီဟု ဝန်ခံ၏။

မုဆိုးသည် ဗာရာဏသီသို့ သွားသည်ရှိသော် တခုသောမြေခွေးသည် ခြင်္သေ့ကို၎င်း ဥသဘကို၎င်း ခစား၏။ မုဆိုးသည် တောသို့ သွား၍ ထိုမြေခွေးကိုမြင်၍ သုံးယောက်မြောက်ဖြစ်သော အဘော်၏အဖြစ်ကို မင်းအား လျောက်အံ့ဟု မြို့သို့သွား၏။ မြေခွေးသည်လည်း ငါသည် ခြင်္သေ့ အသားကို၎င်း၊ နွားလားဥသဘအသားကို၎င်း၊ ထား၍ မစားဘူးသော တပါးသော အသားမည်သည် မရှိ၊ ဤခြင်္သေ့ နွားလားတို့ကို အချစ်ပျက်စေ၍ ဤခြင်္သေ့ နွားလားတို့၏ အသားကို စားအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုမြေခွေးသည် သင့်ကို ဤဥသဘသည် ဤသို့ဆို၏။ သင့်ကို ဤခြင်္သေ့သည် ဤသို့ဆို၏ဟု နှစ်ခုကုန်သော အဆွေခင်ပွန်းတို့ကို အချင်းချင်း ကွဲစေ၍ မကြာမြင့်မီလျှင် ခိုက်ရန်ပြုစေ၍ သေခြင်းသို့ရောက်အောင် ပြု၏။ မုဆိုးသည်လည်း သွား၍ မင်းအား အရှင်မင်းကြီး ထိုခြင်္သေ့, ဥသဘတို့အား သုံးယောက်မြောက်သော အဆွေခင်ပွန်းသည် ဖြစ်၏ဟု လျှောက်၏။ ထိုအဆွေခင်ပွန်းသည် အဘယ်သူနည်းဟု မေး၏။ မြတ်သောမင်းကြီး မြေခွေးတည်းဟု လျှောက်၏။ မင်းသည် နှစ်ခုသော အဆွေခင်ပွန်းတို့ကို မြေခွေးသည် အချစ်ပျက်၍ သတ်စေလတ္တံ့၊ ငါတို့သည် ခြင်္သေ့, နွားလားတို့၏ သေသောကာလ၌ ရောက်ကုန်အံ့ဟု ဆို၍ ရထားစီး၍ ခရီးညွှန် မုဆိုးနှင့်တကွ လာလတ်သော် ထိုခြင်္သေ့, နွားလားတို့သည် အချင်းချင်း ခိုက်ရန်ပြု၍ အသက်ကုန်လတ်သော် ရောက်၏။ မြေခွေးသည်ကား ရွှင်လန်းနှစ်သက်စွာ ခြင်္သေ့ သားကို တကြိမ်စား၏။ ဥသဘသားကို တကြိမ်စား၏။ မင်းသည် အသက်ကုန်ခြင်းသို့ ရောက်သော ခြင်္သေ့, ဥသဘတို့ကိုမြင်၍ ရထားစီးလျက် ရထားထိန်းနှင့်တကွ စကားပြောလိုရကား -

၁၈၉။ နေဝ ဣတ္ထီသု သာမညံ၊ နာပိ ဘက္ခေသု သာရထိ။
အထဿ သန္ဓိဘေဒဿ၊ ပဿ ယာဝ သုစိန္တိတံ။
၁၉၀။ အသိ တိက္ခောဝ မံသမှိ၊ ပေသုညံ ပရိဝတ္တတိ။
ယတ္ထူသဘဉ္စ သီဟဉ္စ၊ ဘက္ခယန္တိ မိဂါဓမာ။
၁၉၁။ ဣမံသော သယနံ သေတိ၊ ယမိမံ ပဿသိ သာရထိ။
ယော ဝါစံ သန္ဓိဘေဒသ၊ ပိသုဏဿ နိဗောဓတိ။
၁၉၂။ တေ ဇနာ သုမေဓန္တိ၊ နရာ သဂ္ဂဂတာရိဝ။
ယေ ဝါစံ သန္ဓိဘေဒဿ၊ နာဝဗောဓန္တိ သာရထိ။

ဟူကုန်သော ဤလေးဂါထာတို့ကို ဆို၏။

၁၈၉။ သာရထိ၊ ရထားထိန်း။ ဣမေသံ၊ ဤခြင်္သေ့, နွားလားတို့အား။ ဣတ္ထိသု၊ မိန်းမတို့၌။ သာမညံ၊ ဆက်ဆံခြင်းသည်။ နေဝ အတ္ထိ၊ မရှိသလျှင်ကတည်း။ ဘက္ခေသုပိ၊ အစာတို့၌လည်း။ သာမညံ၊ ဆက်ဆံခြင်းသည်။ န အတ္ထိ၊ မရှိသလျှင်ကတည်း။ အထ၊ ထိုသို့ဖြစ်လျက်။ အဿ သန္ဓိဘေဒဿ၊ ထိုမိတ်ကိုဖျက်တတ်သော မြေခွေး၏။ ယာဝ၊ အလွန်လျင်။ သုစိန္တိတံ၊ ကောင်းသောအကြံကို။ ပဿ၊ ရှုလော့။

၁၉၀။ ယတ္ထ၊ အကြင် ဂုံးတိုက်ခြင်းသည်။ ပရိဝတ္တမာနေ၊ ဖြစ်သည်ရှိသော်။ အဓမာ၊ ယုတ်မာကုန်သော။ မိဂါ၊ မြေခွေးရှိသည်။ ဥသဘဉ္စ၊ နွားလားကို၎င်း။ သီဟဉ္စ၊ ခြင်္သေ့ကို၎င်း။ ဘက္ခယန္တိ၊ စားကုန်၏။ မံသမှိ၊ အသား၌။ တိက္ခော၊ ထက်သော။ အသိဝ၊ သန်လျက်ကဲ့သို့။ တံ ပေသုညံ၊ ထိုဂုံးတိုက်ခြင်းသည်။ မိတ္တဘာဝံ၊ မိတ်ဆွေ၏ အဖြစ်ကို။ ဆိန္ဒန္တမေဝ၊ ဖြတ်လျက် သာလျှင်။ ပရိဝတ္တတိ၊ ဖြစ်၏။

၁၉၁။ သာရထိ၊ ရထားထိန်း။ ယမိမံ၊ အကြင်နှစ်ခုသော သတ္တဝါတို့၏ သေလျက် အိပ်ခြင်းကို။ ပဿတိ၊ မြင်၏။ ယော၊ အကြင်သူသည်။ သန္ဓိဘေဒဿ၊ မိတ်ကိုဖျက်ဆီးတတ်သော။ ပိသုဏဿ၊ ဂုံးတိုက်တတ်သောသူ၏။ ဝါစံ၊ စကားကို။ နိဗောဓတိ၊ ယူ၏။ သော၊ ထိုသူသည်။ ဣမံ သယနံ၊ ဤသေလျက်အိပ်ခြင်းကို။ သေတိ၊ အိပ်ရ၏။

၁၉၂။ သာရထိ၊ ရထားထိန်း။ ယေ ဇနာ၊ အကြင်လူတို့သည်။ သန္ဓိဘေဒဿ၊ ဂုံးတိုက်တတ်သောသူ၏။ ဝါစံ၊ စကားကို။ နာဝဗောဓန္တိ၊ မယူကုန်။ တေဇနာ၊ ထိုလူရှိသည်။ သဂ္ဂဂတာ၊ နတ်၏ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကုန်သော။ နရာ ဣဝ၊ လူတို့ကဲ့သို့။ သုခံ၊ ချမ်းသာကို။ ဧဓန္တိ၊ ရကုန်၏။

မင်းသည် ဤဂါထာတို့ကိုဆို၍ ခြင်္သေ့၏ လည်ဆံ အရေ ခြေသည်း လက်သည်း အစွယ်တို့ကို ယူခဲ့စေ၍ မြို့သို့သာလျှင် သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ချစ်ခင်သူများ၊ ဂုံးစကား၊ ယုံစား မုန်းကြမည်

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်ဖြစ်သော သန္ဓိဘေဒဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - စူဠကုဏာလဝဂ်

၁၀။ ဒေဝတာပဉှဇာတ်

ဟန္တိ ဟတ္ထေဟိ ပါဒေဟိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သောဤ ဒေဝတာပဉှဇာတ်သည် မဟာနိပါတ်၊ ဥမင်္ဂဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဒေဝတာပဉှဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၁။ မဏိကုဏ္ဍလဇာတ်

ကောသလနှင့် ဗာရာဏသီမင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွ လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဇိနော ရထဿံ မဏိကုဏ္ဍလေစ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဏိကုဏ္ဍလဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်း၏ နန်းတွင်း၌ ပြစ်မှားအမတ်ကို မကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုကို အောက် ပဗ္ဗတူပတ္ထရဇာတ်၌ ချဲ့အပ်ပြီ။

အတိတ်ဝတ္ထု... ဤမဏိကုဏ္ဍလဇာတ်၌လည်း ဘုရားလောင်းသည် ဗာရာဏသီမင်းဖြစ်၏။ ပြစ်မှားသောအမတ်သည် ကောသလမင်းကို ဆောင်၍ ကာသိတိုင်းကို ယူစေ၍ ဗာရာဏသီမင်းကို နှောင်ဖွဲ့စေ၍ နှောင်အိမ်၌ ထားစေ၏။ မင်းသည် ဈာန်ကိုဖြစ်စေ၍ ကော်းကင်၌ ထက်ဝယ်ဖွဲ့သဖြင့် နေ၏။ ခိုးသူမင်း၏ ကိုယ်၌ ပူခြင်းသည် ဖြစ်၏။ ခိုးသူမင်းသည် ဗာရာဏသီမင်းအထံသို့ ဆည်းကပ်၍-

။ ဇီနော ရထဿံ မဏိကုဏ္ဍလေ စ၊
ပုတ္တေ စ ဒါရေ စ တဒေဝ ဇီနော။
သဗ္ဗေသု ဘောဂေသု အသေသကေသု၊
ကာ နု သန္တပ္ပသိ သောကကာလေ။

ဟူသော ရှေးဦးသော ဂါထာကို ဆို၏။

၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တွံ၊ သင်မင်းကြီးသည်။ တဒေဝ၊ ထိုအခါ၌လျှင်။ ရထသံ၊ ရထားမြင်းကိုလည်းကောင်း။ မဏ္ဍိကုဏ္ဍလေ စ၊ ပတ္တမြား နားတောင်းတို့ကို လည်းကောင်း။ ဇီနော၊ စွန့်သည်။ အသိ၊ ဖြစ်၏။ ပုတ္တေစ၊ သားတို့ကိုလည်းကောင်း။ ဒါရေ စ၊ မယားတို့ကိုလည်းကောင်း။ ဇီနော၊ စွန့်သည်။ အသိ၊ ဖြစ်၏။ အသေသကေသု၊ အကြွင်းမရှိကုန်သော။ သဗ္ဗေသု၊ ခပ်သိမ်းကုန်သေခ။ ဘောဂေသု၊ စည်းစိမ်တို့၌။ ဇီနော၊ ရှုံးသည်။ အသိ၊ ဖြစ်၏။ ကသ္မာ၊ အဘယ့်ကြောင့်။ သောကကာလေ၊ သောက ဖြစ်ကောင်းသော ကာလ၌။ န သန္တပ္ပသိ၊ မပူပန်သနည်း။

သောကကင်းဝေး နေနိုင်ရေး

ထိုစကားကိုကြား၍ ဘုရားလောင်း သည်-

။ ပုဗ္ဗေဝ မစ္စံ ဝိဇဟန္တိ ဘောဂါ၊
မစ္စော ဝါ တေ ပုဗ္ဗတရံ ဇဟာတိ။
အသဿတာ ဘောဂိနော ကာမကာမိ၊
တသ္မာ န သောစာမဟံ သောကကာလေ။
။ ဥဒေတိ အာပူရတိ ဝေတိ စန္ဒော၊
အန္ဓံ တပေတွာန ပလေတိ သူရှိလား။
ဝိဒိတာ မယာ သတ္တုက လောကဓမ္မာ၊
တသ္မာ န သောစာမဟံ သောကကာလေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂။ ကာမကာမိ၊ ကာမဂုဏ်တို့ကို အလိုရှိသောမင်း။ ဘောဂါ၊ စည်းစိမ်တို့သည်မူလည်း။ မစ္စံ၊ သတ္တဝါကို။ ပုဗ္ဗေဝ၊ ရှေးဦးစွာလျှင်။ ဝိဇဟန္တိ၊ စွန့်ကုန်၏။ မစ္စော ဝါ၊ သတ္တဝါသည်မူလည်း။ တေ၊ ထိုဥစ္စာတို့ကို။ ပုဗ္ဗတရံ၊ ရှေးဦးစွာ။ ဇဟာတိ၊ စွန့်၏။ ဘောဂိနော၊ စည်းစိမ်ရှင်တို့သည်။ အသဿတာ၊ မမြဲကုန်။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ သောကကာလေ၊ သောကဖြစ်ကောင်းသော ကာလ၌။ န သောစာမိ၊ မစိုးရိမ်။

၃။ သတ္တုက၊ ရန်သူဖြစ်သော ကောသလမင်း။ လောကဓမ္မာ၊ လောကဓံတို့ကို။ မယာ၊ ငါသည်။ ဝိဒိတ၊ သိအပ်ကုန်၏။ စန္ဒော၊ လသည်။ ဥဒေတိ၊ တက်၏။ အာပူရတိ၊ ပြည့်၏။ ဝေတိ၊ ဝင်၏ -ချုပ်၏-ကုန်၏။ သူရိယော၊ နေသည်။ အန္ဓံ၊ အမိုက်မှောင်ကို။ (ဓမေန္တော၊ ဖျက်စီးလျက်။ ) တပေတွာန၊ ထွန်းတောက်စေ၍။ ပလေတိ၊ ဝင်၏။ (ဧဝမေဝ၊ ဤအတူလျှင်။ ဘောဂါ၊ စည်းစိမ်တို့သည်။ ဥပ္ပဇ္ဇန္တိ စ၊ ဖြစ်လည်း ဖြစ်ကုန်၏။ နဿန္တိ စ၊ ပျက်လည်းပျက်ကုန်၏။ ) တသ္မာ၊ ထိုကြောင့်။ အဟံ၊ ငါသည်း။ သောကကာလေ၊ သောကဖြစ်ကောင်းသော ကာလ၌။ န သောစာမိ၊ စိုးရိမ်။

ဤသို့ ဘုရားလောင်းသည် ခိုးသူမင်းအား တရားဟော၍ ယခုအခါ၌ ထိုခိုးသူမင်းကိုလျှင် နာယူစေလိုရကား-

။ အလသော ဂိဟီ ကာမဘောဂီ န သာဓု။
အသညတော ပဗ္ဗဇိတော န သာဓု။
ရာဇာ န သာဓု အနိသမ္မကာရီ၊
ယော ပဏ္ဍိတော ကောဓနော တံ န သာဓု။
။ နိသမ္မ ခတ္တိယော ကယိရာ၊ နာနိသမ္မ ဒိသမ္ပတိ။
နိသမ္မကာရိနော ရာဇ၊ ယသော ကိတ္တိ စ ဝဍ်ဎတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

မကောင်းသောအရာများ

၄။ ကာမကာမိ၊ ကာမဂုဏ်တို့ကို အလိုရှိသောမင်းကြီး။ အလသော၊ ပျင်းသော။ ကာမဘောဂီ၊ ကာမချမ်းသာကို ခံစားသော။ ဂိဟိ၊ လူသည်။ န သာဓု၊ မကောင်း။ အသညတော၊ မစောင့်ရှောက်သော။ ပဗ္ဗဇိတော၊ ရဟန်းသည်။ န သာဓု၊ မကောင်း။ အနိသမ္မကာရီ၊ မစုံစမ်း, မဆင်ခြင် ပြုလေ့ရှိသော။ ရာဇာ၊ မင်းသည်။ န သာဓု၊ မကောင်း။ ပဏ္ဍိတော၊ ပညာရှိသည်။ ယော ကောဓနော၊ အကြင် မျက်ထွက်ခြင်းကို ပြု၏။ တံ၊ ထိုအမျက်ထွက်ခြင်းသည်။ န သာဓု၊ မကောင်း။

အရာရာမှာဆင်ခြင်ပါ

၅။ ခတ္တိယော၊ မင်းသည်။ နိသမ္မ၊ စုံစမ်း, ဆင်ခြင်၍။ ကယိရာ၊ ပြုရာ၏။ ဒိသမ္ပတိ၊ မင်းသည်။ အနိသမ္မ၊ မစုံစမ်း, မဆင်ခြင်မူ၍။ န ကယိရာ၊ မပြုရာ။ ရာဇ၊ မင်းကြီး။ နိမ္မကရိနော၊ စုံစမ်းဆင်ခြင်၍ ပြုလေ့ရှိသော မင်းအား။ ယသော စ၊ စည်းစိမ်အခြံအရံသည်လည်းကောင်း။ ကိတ္တိ စ၊ ကျော် စောခြင်းသည်လည်းကောင်း။ ဝဍ္ဎတိ၊ ပွား၏။

ခိုးသူမင်းသည် ဘုရားလောင်းကို ကန်တော့၍ မင်းအဖြစ်ကို အပ်နှင်း၍ မိမိဇနပုဒ်သို့လျှင် သွား၏။

ဇာတ်ပါင်း

သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ၌ အာနန္ဒာသည် ထိုအခါ ကောသလမင်း ဖြစ်ပြီ၊ ယခုအခါခါ ငါဘုရားသည်လျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

စူးစမ်းဆင်ခြင် ဉာဏ်နှင့်ယှဉ်၊ မြဲပင်မင်းကျင့်ရာ

ရှေးဦးစွာသော မဏိ ကုဏ္ဍလဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၂။ သုဇာတဇာတ်

သားလိမ္မာကြောင့် အဖချမ်းသာ

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကိံ နု သန္တရမာနောဝ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုဇာတဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အသော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုသူကြွယ်သည် အဘသေလွန်လတ်သော် သောကကို ဖျောက်အံ့သောငှာ မတတ်နိုင်သဖြင့် ငိုကြွေးလျက် သွားသတတ်။ သဗ္ဗညူမြတ်ဘုရားသည် ထိုသူကြွယ်၏ သောတာပတ္တိဖိုလ်၏ ဥပနိဿကို မြင်တော်မူ၍ သာဝတ္ထိပြည်သို့ ဆွမ်းခံကြွတော်မူ၍ ခင်းအပ်သောနေရာ၌ နေတော်မူလျက် ရှိခိုး၍နေသော ထိုသူကြွယ်ကို ရတနာသုံးပါးသို့ ဆည်းကပ်တတ်သော ဒါယကာ-သင် စိုးရိမ်သလော ဟု မိန့်တော်မူ၍ ဘုန်းတော်ကြီးအရှင်ဘုရား... စိုးရိမ်၏ ဟု နားတော်လျှောက်သည်ရှိသော် ဒါယကာ... ရှေးပညာရှိတို့သည် ပညာရှိတို့၏ စကားကိုကြားရ၍ အဘသေလွန်သည်ရှိသော် မစိုးရိမ်ကုန်ဟု မိန့်တော်မူ၍ ထိုသူကြွယ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို အောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူကြွယ်အိမ်၌ ဖြစ်၏။ ဘုရားလောင်းအား သုဇာတ သတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ သူဇာတသည် အရွယ် ရောက်လတ်သော် အဘိုးသည် သေလွန်၏။ ထိုအခါ သုဇာတ၏ အဖသည် အဖသေလွန်သော ကာလမှစ၍ သောကသည် နှိပ်စက်အပ်သည်ဖြစ်၍ သုသာန်မှ အရိုးတို့ကို ဆောင်၍ မိမိဥယျာဉ်၌ မြေစေတီတည်၍ ထိုးမြေစေတီ၌ ထိုအရိုးတို့ကိုမြှုပ်၍ ရောက်တိုင်း ရောက်တိုင်းသောအခါ၌ စေတီကို ပန်းတို့ဖြင့် ပူဇော်၍ ဆင်ခြင်လျက် ငို၏။ ရေမချိုး၊ မလိမ်းမကျွံ၊ မစားမသောက်၊ အမှုတို့ကို မစီရင်။

သောကကို ဖျောက်ခြင်း

ဘုရားလောင်းသည် ထိုအဘကိုမြင်၍ ငါ့အဖသည် ငါအဘိုးသေသော ကာလမှစ၍ သောကနှိပ်စက်လျက် သွား၏။ ငါ့ကိုထား၍ ငါမှတစ်ပါး ငါအဖကြိ သိစိမ့်သောငှာ စွမ်းနိုင်သောသူသည် မရှိ၊ ငါသည် ငါ့အဖကို တခုသော ဥပါယ်ဖြင့် သောကကင်းအောင် ပြုအံ့ဟု ရွာပ၌ နွားသေကိုမြင်၍ မြက်ကိုလည်းကေခင်း, ရေကိုလည်းကောင်း ဆောင်၍ ထိုနွားသေ၏ ရှေ့၌ထား၍ စားလော့၊ သောက်လော့ဟု ဆို၏။ လာတိုင်း လာတိုင်းသော သူတို့သည် ထိုဘုရားလောင်းကိုမြင်၍ အချင်း သုဇာတ သင်သည် နွားသေအား မြက် ရေကို ပေး၏။ အဘယ့်ကြောင့် ရူးသနည်း ဟု ဆိုကုန်၏။ သုဇာတသည် တစ်စုံတစ်ခုသော စကားကို မဆို။ ထိုအခါ သုဇာတ၏ အဘအထံသို့သွား၍ သင့်သားသည် ရူး၏။ နွားသေအား မြက်၊ ရေကို ပေး၏ဟု ဆိုကုန်၏။ ထိုစကားကိုကြား၍ သူကြွယ်အား အဖ၌ စိုးရိမ်ခြင်းသည် ပြေ၍ သား၌ စိုးရိမ်ခြင်းသည် တည်၏။ သူကြွယ်သည် လျင်မြန်စွာသွား၍ သုဇာတ သင်သည် ပညာရှိမဟုတ်လော၊ အဘယ်ကြောင့် နွားသေအား မြက် ရေကို ပေးသနည်းဟု ဆိုလို၍-

။ ကိံ နု သန္တရမာနောဝ၊ လာယိတာ ဟရိတံ တိဏံ။
ခါဒ ခါဒတိ လပသိ၊ ဂတသန္တံ ဇရဂ္ဂဝံ။
။ န ဟိ အန္နေန ပါနေန၊ မတော ဂေါဏော သမုဋ္ဌဟေ။
တွဉ္စ တုစ္ဆံ ဝိလပသိ၊ ယထာ တံ ဒုမ္မတီ တထာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၆။ သုဇာတ၊ သုတ။ တွံ၊ သင်သည်။ ဂတသန္တံ၊ သေပြီးသော။ ဇရဂ္ဂဝံ၊ နွားအိုကို။ သန္တရမာနောဝ၊ အဆောတလျင်ကဲ့သို့ ဖြစ်၍။ ဟရိတံ၊ စိမ်းသော။ တိဏံ၊ မြက်ကို။ လာယိတွာ၊ ရိတ်၍။ ခါဒ ခါဒတိ၊ စားလော့ စားလော့ ဟူ၍။ ကိံ နု လပသိ၊ အဘယ်ကြောင့်ဆိုသုနည်း။

၇။ အန္နေန၊ အစာပေးသဖြင့် လည်းကောင်း။ ပါနေန၊ ရေပေးသဖြင့် လည်းကောင်း။ မတော ဂေါဏော၊ သေသည်။ န ဟိ သမုဋ္ဌဟေ၊ မထသလျှင်ကတည်း။ ဒုမ္မတီ၊ ပညာမရှိသောသူသည်။ တံ၊ ထိုစကားကို။ ဝိလပေယျ ယထာ၊ ဆိုရာသကဲ့သို့။ တာ၊ ထို့အတူ။ တွဉ္စ၊ သင်သည်လည်း။ တုစ္ဆံ၊ အချည်းနှီးသော စကားကို။ ဝိလပသိ၊ ဆို၏။

ထိုနောက်မှ ဘုရားလောင်းသည်-

။ တထေဝ တိဋ္ဌတိ သီသံ၊ ဟတ္ထပါဒါ စ ဝါဠဓိ၊
သော တာတ တထေဝ တိဋ္ဌတိ၊
မညေ ဂေါဏော သမုဋ္ဌဟေ။
။ နေဝယျကဿ သီသဉ္စ၊ ဟတ္ထပါဒါ စ ဒိဿရေ။
ရုဒံ မတ္တိကထူပသ္မိံ၊ နနု တွညေဝ ဒုမ္မတီ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၈။ တာတ၊ ဖခင်။ သီသံ၊ ဦးခေါင်းသည်။ တထေဝ၊ ထိုရှေးအတူ သာလျှင်။ တိဋ္ဌတိ၊ တည်၏။ ဟတ္ထပါဒါ စ၊ လက်ခြေတို့သည်လည်း။ တထေဝ၊ ထို့အတူသာလျှင်။ တိဋ္ဌန္တိ၊ တည်ကုန်၏။ ဝါဠဓိ၊ အမြီးသည်။ တထေဝ၊ ထိုရှေးအတူသာလျှင်။ တိဋ္ဌတိ၊ တည်၏။ သော ဂေါဏော၊ ထိုနွားသည်။ တထေဝ၊ ထို့အတူသာလျှင်။ တိဋ္ဌတိ၊ တည်၏။ တသ္မာ၊ ထို့ကြောင့် သော ဂေါဏော၊ ထိုနွားသည်။ သမုဋ္ဌဟေ၊ ထ, ရာ၏ဟူ၍။ မညေ၊ ငါ အောက်မေ့၏။

၉။ အယျကဿ၊ အဘိုး၏။ သီသဉ္စ၊ ဦးခေါင်းသည်လည်းကောင်း။ ဟတ္ထပါဒါ စ၊ လက်ခြေတို့သည်လည်းကောင်း။ နေဝ ဒိဿရ၊ မထင်ကုန်သလျှင်ကတည်း။ တသ္မာ၊ ထိုကြောင့်။ မတ္တိကထူပသ္မိံ၊ မြေစေတီ၌။ ရုဒံ၊ ငိုသော။ တွညေဝ၊ သင်သည်သာလျှင်။ ဒုမ္မတိ နနု၊ ပညာမရှိသည်မဟုတ်တုံလော။

ထိုစကားကိုကြား၍ ဘုရားလောင်း၏ အဘသည် ငါ့သားကား ပညာရှိ၏။ ပစ္စုပ္ပန်လောက တမလွန်လောက၌ ကိစ္စကို သိ၏။ ငါ့ကိုမှတ်စိမ့်သာငှာ ထိုအမှုကို ပြု၏ဟု ကြံ၍ အမောင် သုဇာတ သင်သည် ပညာရှိ၏။ ခပ်သိမ်းသော သင်္ခါရတို့သည် အမြဲမရှိကုန်ဟူ၍ ငါသည် မှတ်မိပြီ၊ ယနေ့မှစ၍ ငါသည် မစိုးရိမ်အံ့၊ အဖ၏ သောကကို ပယ်သော သားမည်သည်ကား သင်ကဲ့သို့ ဖြစ်ရာ၏ဟု ဆို၍ သားအား ချီးမွမ်းလိုရကား-

၁၀။ အာဒိတ္တံ ဝတ မံ သန္တံ၊ ဃတသိတ္တံဝ ပါဝကံ၊
ဝါရိနာ ဝိယ ဩသိဉ္စိ၊ သဗ္ဗံ နိဗ္ဗာပယေ ဒရံ။
၁၁။ အဗ္ဘူဠံ ဝတ မေ သလ္လံ၊ ယမာသိ ဟဒယဿိတံ။
ယော မေ သောကပရေတဿ၊ ပိတု သောကံ အပါနုဒိ။
၁၂။ သောဟံ အဗ္ဘူဠသလ္လောသ္မိ၊ ဝီတ သောကော အနာဝိလော။
န သောစာမိ န ရောဒါမိ၊ တဝ သုတွာန မာဏဝ။
၁၃။ ဧဝံ ကရောန္တိ သပ္ပညာ၊ ယေ ဟောန္တိ အနုကမ္ပကာ။
ဝိနိဝတ္တေန္တိ သောကမှာ၊ သုဇာတော ပိတရံ ယထာ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၁၀။ ဃတသိတ္တံ၊ ထောပတ်ဖြင့် သွန်းအပ်သော။ ပါဝကံ၊ မီးကို။ ဝါရိနာ၊ ရေဖြင့်။ ဩသိဉ္စိ ဝိယ၊ သွန်းဘိသကဲ့သို့။ အာဒိတ္တံ၊ သောကမီးဖြင့် ပြောင်ပြောင် တောက်သည်။ သန္တံ၊ ဖြစ်သော။ မံ၊ ငါ့ကို။ (သုဇာတော၊ သုဇာတသည်။) နိဗ္ဗာပယေ ဝတ၊ ငြိမ်းလေစွတကား။ သဗ္ဗံ၊ အလုံးစုံသော။ ဒရံ၊ သောကကို။ နိဗ္ဗာပယေ၊ ငြိမ်းစေ၏။

၁၁။ ယော သုဇာတော၊ အကြင်သုဇာတသည်။ သောက ပရေတဿ၊ သောကနှိပ်စက်သော။ မေ၊ ငါ၏။ ပိတုသောကံ၊ အဖ၌ စိုးရိမ်ခြင်းကို။ အပါနုဒိ၊ ပယ်၏။ မေ၊ ငါ့အား ဟဒယဿိတံ၊ နှလုံး၌မှီသော။ ယံ သလ္လံ၊ အကြင်သောကငြောင့်သည်။ အာသိ၊ ဖြစ်၏။ တံ သလ္လံ၊ ထိုသောကငြောင့်ကို။ တေန သုဇာတေန၊ ထိုသုဇာတသည်။ ဝတ၊ စင်စစ်။ အဗ္ဘူဠံ၊ နုတ်အပ်၏။ မာဏဝ၊ လုလင်ငယ်။ တဝ၊ သင်၏။ ဝစနံ၊ စကားကို။ သုတွာန၊ ကြား၍လျှင်။ သွာဟံ၊ ထိုငါသည်။ အဗ္ဘူဠသလ္လော၊ နုတ်အပ်ပြီးသောငြောင့်ရှိသည်။ အသ္မိ၊ ဖြစ်၏။ ဝီတသောကော၊ စိုးရိမ်ခြင်းကင်း၏။ အနာဝိလော၊ စိတ်နောက်ခြင်းကင်း၏။ န သောစာမိ၊ မစိုးရိမ်။ န ရောဒါမိ၊ မငို။

၁၃။ သုဇာတော၊ သုဇာတသည်။ ပိတရံ၊ အဖကို။ သောကမှာ၊ စိုးရိမ်ခြင်းမှ။ နိဝတ္တေတိ ယထာ၊ နစ်စေသကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ အနုကမ္ပကာ၊ သနားတတ်ကုန်သော။ ယေ နရာ၊ အကြင်လူတို့သည်။ သပ္ပညာ၊ ပညာရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ နရာ၊ ထိုသူတို့သည်။ ကရောန္တိ၊ ပြုကုန်၏။ ဓသာကမှာ၊ သောကမှ။ ဝိနိဝတ္တေန္တိ၊ နစ်စေကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သုဇာတဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

စိုးရိမ်ပူပန်၊ မရှိရန်၊ မြင်မှန်လိုအပ်စွာ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သုဇာတဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၃။ ဝေနသာခဇာတ်

ကြမ်းကြုတ်သဖြင့် အစိုးရခြင်း၏ ပျက်စီးခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်ဘုရားသည် န ယိဒံ နိစ္စံ ဘဝိတဗ္ဗံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝေနသာခဇာတ်ကို ဘဂ္ဂတိုင်း သံသုမာရဂီရိပြည်ကိုမှီ၍ ဘေသကာဠာတော၌ သီတင်းသုံး နေတာ်မူစဉ် ဗောဓိမင်းသားကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဗောဓိမင်းသားသည် ဥတေနမင်း၏ သားတည်း။ ထိုကာလ၌ သံသုမာရဂိရိမြို့၌ နေသော ဗောဓိမင်းသားသည် အပြီးတိုင် အတတ်တတ်သော တစ်ယောက်သော လက်သမားကိုခေါ်စေ၍ တစ်ပါးသောမင်းတို့နှင့် မတူသည်ကိုပြု၍ ကောကနဒမည်သော ပြာသာဒ်ကို ဆောက်လုပ်စေ၏။ ဆောက်လုပ်စေပြီး၍ကား ဤလက်သမားသည် တစ်ပါးသော မင်းအား ဤသို့သဘောရှိသော ပြာသာဒ်ကိုလည်း ဆောက်လုပ်ရာ၏ဟု ဝန်တို့သည်ဖြစ်၍ ထိုလက်သမား၏ မျက်စိတို့ကို ထုတ်စေ၏။ ဗောဓိမင်းသားသည် ထိုလက်သမား၏ မျက်စိတို့ကို ထုတ်သောအဖြစ်သည် ရဟန်းသံဃာ၌ ထင်ရှားဖြစ်၏။ ထို့ကြောင့် တရားသဘင်၌ ရဟန်းတို့သည် ငါ့ရှင်တို့... ဗောဓိမင်းသားသည် ထိုသို့သဘောရှိသော လက်သမားတို့၏ မျက်စိကို ထုတ်စေသဘတ်၊ ကြမ်းကြုတ်ရုန့်ရင်းစွာ နိုင်ထက်ကလူ မူတတ်စွဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာမူလတ်၍ ရဟန်းတို့ ... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့... ဤဗောဓိမင်းသားသည် ယခုအခါ၌သာလျှင် ကြမ်းကြုတ်ရုန့်ရင်းသည် နိုင်ထက်ကလူ မူတတ်သည် မဟုတ်သေး၊ ရှေး၌လည်း မင်းတစ်ထောင်တို့၏ မျက်စိကို ထုတ်စေ၍ သတ်၍ ထိုမင်းတို့၏ အသားတို့ဖြင့် နတ်ပူဇော်ခြင်းကို ပြုစေဖူး၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခ ဆရာဖြစ်၏။ ဇမ္ဗူဒိပ်အပြင်၌ မင်းသားလုလင် ပုဏ္ဏားသား လုလင်တို့သည် ဘုရားလောင်း၏ အထံ၌သာလျှင် အတတ်ကို သင်ကုန်၏။ ဗာရာဏသီမင်း၏ ဗြဟ္မဒတ်မည်သော မင်းသားသည် ဘုရားလောင်းထံ၌ ဗေဒင်သုံးပုံကို သင်၏။ ဗြဟ္မဒတ်မင်းသားသည် ပကတိအားဖြင့် ကြမ်းကြုတ် ရုန့်ရင်း၏။ နိုင်ထက်ကလူ မူတတ်၏။

ပါမောက္ခ၏ ဆုံးမစကား

ဘုရားလောင်းသည် အင်္ဂဝိဇ္ဇာ၏ အစွမ်းအားဖြင့် ထိုမင်းသား၏ ရုန့်ရင်းကြမ်းကြုတ်သော နိုင်ထက်ကလူ မူတတ်သော အဖြစ်ကို သိ၍ အမောင်... သင်သည် ကြမ်းကြုတ်ရုန့်ရင်း၏။ နိုင်ထက်ကလူ မူတတ်၏။ ကြမ်းကြုတ်သဖြင့် ရသောစည်းစိမ်သည် အရှည်မတည်၊ အစိုးရခြင်းသည် ပျက်စီးတတ်၏။ ထိုကြမ်းကြုတ်သော သူသည် သမုဒ္ဒရာ၌ လှေပျက်သောသူကဲ့သို့ တည်ရာကို မရသည် ဖြစ်၏။ ထိုကြောင့် ဤသို့ ကြမ်းကြုတ်ရုန့်ရင်းသည် မဖြစ်လင့် ဟု ထိုမင်းသားကို ဆုံးမလိုရကား-

၁၄။ န ယိဒံ နိစ္စံ ဘဝိတဗ္ဗံ ဗြဟ္မဒတ္တ၊
ခေမံ သုဘိက္ခံ သုခတာ စ ကာယေ။
အတ္ထစ္စယေ မာ အဟု သမ္ပမူဠော၊
ဘိန္နပ္လဝေါ သာဂရဿေဝ မဇ္ဈေ။
၁၅။ ယာနိ ကရောတိ ပုရိသော၊ တာနိ အတ္တနိ ပဿတိ။
ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီ စ ပါပကံ။
ယာဒိသံ ဝပတ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၄။ ဗြဟ္မဒတ္တ၊ ဗြဟ္မဒတ်မင်းသား။ ခေမံ၊ ဘေးကင်းသည်၏ အဖြစ်သည်လည်းကောင်း။ သုဘိက္ခံ၊ ဝပြောခြင်းသည်လည်းကောင်း။ သုခတာစ၊ ချမ်းသာခြင်း၏ အဖြစ်သည်လည်းကေဝင်း။ ကာယေ၊ ကိုယ်၌။ ဣဒံသဗ္ဗံ၊ ဤအလုံးစုံသည်။ နိစ္စံ၊ မြဲသည်။ န ဘဝိတဗ္ဗ၊ မဖြစ်ရာ။ အတ္ထစ္စယေ၊ အစိုးရခြင်း ကင်းသည်ရှိသော်။ သာဂရဿ၊ သမုဒ္ဒရာ၏။ မဇ္ဈေ၊ အလယ်၌။ ဘိန္နပ္လဝေါ ဝ၊ လှေပျက်သောသူကဲ့သို့။ သမ္ပမူဠော၊ တွေဝေသည်။ မာ အဟု၊ မဖြစ်လင့်။

၁၅။ ပုရိသော၊ ယောကျ်ားသည်။ ယာနိ၊ အကြင်အမှုတို့ကို။ ကရောတိ၊ ပြု၏။ တေသံ၊ ထိုအမှုတို့၏။ ဖလံ၊ အကျိုးကို။ ဝိန္ဒန္ဒော၊ ရသည်ရှိသော်။ တနိ၊ ထိုအမှုတို့ကို။ အတ္တနိ၊ မိမိကိုယ်၌။ ပဿတိ၊ မြင်ရ၏။ ကလျာဏကာရီ၊ ကောင်းမှုကို ပြုလေ့ရှိသော သူသည်။ ကလျာဏံ၊ ကောင်းသည်ကို။ ပဿတိ၊ မြင်ရ၏။ ပါပကာရီ၊ မကောင်းမှုကို ပြုလေ့ရှိသောသူသည်။ ပါပကံ၊ မကောင်းမှုကို။ ပဿတိ၊ မြင်ရ၏။ ယာဒိသံ၊ အကြင်သို့သဘောရှိသော။ ဗီဇံ၊ မျိုးစေ့ကို။ ဝပတေ၊ စိုက်ပျိုး၏။ တာဒိသံ၊ ထိုသို့သဘောရှိသော။ ဖလံ၊ အသီးကို။ ဟရတေ၊ ဆောင်၏။

လောဘကြီးသော ပုရောဟိတ်

ထိုဗြဟ္မဒတ်မင်းသားသည် ဆရာကိုရှိခိုး၍ ဗာရာဏသီပြည်သို့သွား၍ အဖအး အတတ်ကိုပြ၍ - အိမ်ရှေ့မင်းသားအဖြစ်၌တည်၍ အဖသေလွန်လတ်သော် မင်းအဖြစ်သို့ ရောက်၏။ ထိုမင်းအား ပိင်္ဂလမည်သော ပုရောဟိတ်သည် ရှိ၏။ ကြမ်းကြုတ်ရုန့်ရင်းသော နိုင်ထက်ကလူမူတတ်သော ထိုပိင်္ဂလပုရောဟိတ်သည် စည်းစိမ်၌ တပ်မက်သဖြင့် ငါသည် ဤဗြဟ္မဒတ်မင်းကို အလုံးစုံသော ဇမ္ဗူဒိပ်၌ အလုံးစုံသော မင်းတို့ကို ဖမ်း၍ ယူစေရမူကား။ ကောင်း၏။ ဤသို့ ဖမ်းယူသည်ရှိသော ဤဗြဟ္မဒတ်မင်းသည် ဧကရာဇ်ဖြစ်လတ္တံ့၊ ငါသည်လည်း မြတ်သော ပုရောဟိတ် ဖြစ်လတ္တံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုပုရောဟိတ်သည် ဗြဟ္မဒတ်မင်းကို လိုက်နာစေ၍ ဗြဟ္မဒတ်မင်းသည် များစွာသော စစ်သည်တို့ဖြင့် မြို့မှထွက်၍ တစ်ယောက်သောမင်း၏ မြို့ကိုဝန်းရံ၍ ထိုမင်းကို ဖမ်း၏။ ဤနည်းဖြင့် အလုံးစုံသော ဇမ္ဗူဒိပ်၌ ပြည်ကိုယူ၍ မင်းတစ်ထောင် ခြံရံလျက် တက္ကသိုလ်ပြည်၌ မင်းအဖြစ်ကို ယူအံ့ဟုသွား၍ ဘုရားလောင်းသည် မြို့ကိုပြုပြင်၍ သူတစ်ပါးတို့ မဖျက်ဆီးနိုင်သည်ကို ပြု၍ထား၏။

မင်းတစ်ထောင်ဖြင့် ယဇ်ပူဇော်

ဗာရာဏသီမင်းသည် ဂင်္ဂါမြစ်နားဝယ် ကြီးစွာသော ပညောင်ပင်၏ အရင်း၌ တင်းတိမ်ကာရံ၍ အထက်၌ ဗိတာန်ကို ကြက်စေ၍ အိပ်ရာကို ခင်းစေ၍ နေ၏။ ထိုဗာရာဏသီမင်းသည် ဇမ္ဗူဒိပ်အပြင်၌ မင်းတစ်ထောင်တို့ကို ယူ၍ စစ်ထိုးငြားသော်လည်း တက္ကသိုလ်ပြည်ကို ယူအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ ပုရောဟိတ်ကို ဆရာ... ငါတို့သည် ဤမျှကုန်သော မင်းတို့နှင့် တကွလာ၍လည်း တက္ကသိုလ်ပြည်ကို ယူအံ့သောငှာ မတတ်နိုင်ကုန်၊ အဘယ်သို့ ပြုအပ်သနည်း ဟု မေး၏။ မြတ်သောမင်းကြီး... မင်းကြီး မင်းတစ်ထောင်တို့၏ မျက်စိတို့ကို ထုတ်၍ သတ်၍ ဝမ်းကိုခွဲ၍ ကောင်းမြတ်သော အသားကိုယူ၍ ဤပညောင်ပင်စောင့်နတ်အား ပူဇော်ခြင်းကိုပြု၍ အူတို့ဖြင့် ပညောင်ပင်ကိုရစ်၍ သွေး လက်ငါးချောင်းရာ ပေးခြင်းတို့ကို ပြုကြကုန်အံ့၊ ဤသို့ပြုသည်ရှိသော် အကျွန်ုပ်တို့ အလျင်မြန်လျှင် အောင်ခြင်းသည် ဖြစ်လတ္တံ့ ဟု ပုရောဟိတ်သည် လျှောက်၏။ မင်းသည် ကောင်းပြီ ဟု ဝန်ခံ၍ တင်းတိမ်တွင်း၌ ကြီးကုန်သော လက်ပမ်းသည်တို့ကိုထား၍ တစ်ယောက် တစ်ယောက်သော မင်းကို ခေါ်စေ၍ နှိမ်စေသဖြင့်လျှင် မိန်းမောအောင်ပြုစေ၍ မျက်စိတို့ကို ထုတ်၍ အသားကိုယူ၍ ကိုယ်ကို ဂင်္ဂါမြစ်၌ မျော၍ ဆိုအပ်ပြီးသော အပြားရှိသော နတ်ပူဇော်ခြင်းကိုပြု၍ စစ်ထိုးစည်ကို တီးစေ၍ စစ်ထိုးအံ့သောငှာ သွား၏

ဗာရာဏသီမင်း မျက်စိပျက်ပြီ

ထိုအခါ ပြအိုးတွင်းမှ တစ်ယောက်သော ဘီလူးသည် လာလတ်၍ ဗာရာဏသီမင်း၏ လက်ယာမျက်စိကို ထုတ်၍ သွား၏။ ထိုအခါ ဗာရာဏသီမင်းအား ကြီးစွာသော ဝေဒနာသည် ဖြစ်၏။ ထိုမင်းသည် ဝေဒနာသို့ ရောက်လတ်သော် လာလတ်၍ ပညောင်ပင်ရင်းဝယ် ခင်းအပ်သောနေရာ၌ ပက်လက်အိပ်၏။ တစ်ခုသော လင်းတသည် ထက်စွာသော အစွန်းရှိသော တစ်ခုသောအရိုးကိုယူ၍ ထိုညောင်ပင်၌ နားလျက် အသားကိုစား၍ အရိုးကို စွန့်ပစ်၏။ အရိုးစွန်းသည် လာလတ်၍ မင်း၏ လက်ဝဲ မျက်စိ၌ သံတံကျင်တို့ဖြင့် ထိုးဘိသကဲ့သို့ကျ၍ မျက်စိပေါက်၏။ ထိုခဏ၌ ဘုရားလောင်း၏ စကားကို မှတ်မိ၏။

ဗာရာဏသီမင်း ငိုကြွေးခြင်း

ထိုမင်းသည် ဤသတ္တဝါတို့သည် မျိုးစေ့အားလျော်စွာ အသီးဖြစ်သကဲ့သို့ ကံအားလျှော်သော အကျိုးကို ခံစားရကုန်၏ ဟု ဆိုသော ငါတို့ဆရာသည် ဤငါ့ကိုမြင်၍ ဆိုယောင်တကား ဟု ဆို၍ -

၁၆။ ဣဒံ တဒါစရိယဝစော၊ ပေါရာဏာစရိယော မဗြဝိ။
မာ သု တွံ အကရိ ပါပံ၊ ယံ တွံ ပစ္ဆာ ကတံ တပေ။
၁၇။ အယမေဝ သောပိ ဘိယျော ဝေနသာခေါ၊
ယမှိ ဃာတယိံ ခတ္တိယာနံ သဟဿံ။
အလင်္ကတေ စန္ဒနသာရာနုလိတ္တေ၊
တမေဝ ဒုက္ခံ ပစ္ဆာဂတံ မမံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၆။ ဗြဟ္မဒတ္တ၊ ဗြဟ္မဒတ်။ တယာ၊ သင်သည်။ ကတံ၊ ပြုအပ်သော။ ယံ ပါပံ၊ အကြင် မကောင်းမှုသည်။ ပစ်ဆာ၊ နောက်၌။ တပေ၊ ပူပန်စေရာ၏။ တံ ပါပံ၊ ထိုမကောင်းမှုကို။ တွံ၊ သင်သည်။ မာ သု အကရိ၊ မပြုလင့်။ ဣဒံ တံ ဝစနံ၊ ဤစကားသည်။ အာစရိယဝစော၊ ဆရာစကားတည်း။ ဣဒံ တံ ဝစနံ၊ ဤစကားကို။ ပေါရာဏာစရိယော၊ ရှေးအတီ ထုံးပဝေဏီကို မှတ်မိသော ငါတို့ဆရာသည်။ မံ၊ ငါ့ကို။ အဗြဝိ၊ ဆိုပြီ။

၁၇။ ယမှိ၊ အကြင် ပညောင်ပင်၌။ ခတ္တိယာနံ၊ မင်းတို့၏။ သဟဿံ၊ တစ်ထောင်ကို။ ဃာတယိံ၊ သတ်ပြီ။ အလင်္ကတေ၊ တန်ဆာဆင်အပ်ကုန်သော။ စန္ဒနသာရာနုလိတ္တေ၊ စန္ဒကူးနှစ်တို့ဖြင့် လိမ်းကျံသော မင်းတို့ကို။ ဃာတယိံ၊ သတ်ပြီ။ ဘိယျော၊ လွန်စွာ။ ဝေနသာခေါ၊ ပြန့်သောအခက်ရှိသာ။ သောပိ၊ ထိုပညောင်ပင်သည်လည်း။ အယမေဝ၊ ဤသစ်ပင်သည်ပင်လျှင်တည်း။ မယာ၊ ငါသည်။ ယံ ဒုက္ခံ၊ အကြင်ဆင်းရဲကို။ ကတံ၊ ပြုအပ်ပြီ။ တမေဝ ဒုက္ခံ၊ ထိုဆင်းရဲသည်လျှင်။ မမံ၊ ငါသို့။ ပစ္စာဂတံ၊ တစ်ဖန်ပြန်၍ လာပြန်၏။

မိဖုရားကို တမ်းတပုံ

ထိုမင်းသည် ဤသို့ ငိုကြွေးလျက် မိဖုရားကြီးကိုအောက်မေ့၍-

၁၈။ သာမာ စခေါ စန္ဒနလိတ္တဂတ္တာ၊
လဋ္ဌီဝ သောဘဉ္ဇနကဿ ဥဂ္ဂတာ။
အဒိသွာ ကာလံ ကရိဿာမိ ဥဗ္ဗရိံ၊
တံ မေ ဣတော ဒုက္ခတရံ ဘဝိဿတိ-

ဟူသောဤဂါထာကိုဆို၏။

၁၈။ ဥဗ္ဗရိ၊ ငါ၏မိဖုရားသည်။ သာမာ စ ခေါ၊ ရွှေသောအဆင်း ရှိသလျှင်ကတည်း။ စန္ဒနလိတ္တဂတ္တာ၊ စန္ဒကူးလိမ်းကျံသော ကိုယ်ရှိ၏။ သောဘဉ္ဇနကဿ၊ ဒန့်သလွန်ပင်၏။ ဥဂ္ဂတာ၊ အထက်သို့တက်သော၊ လဋ္ဌီဝ၊ ညင်းညင်းသော လေသည် ခတ်သည်ဖြစ်၍ တုန်လှုပ်သော အခက်ကဲ့သို့။ သောဘတိ၊ တင့်တယ်၏။ အဟံ၊ ငါသည်။ တံ ဥဗ္ဗရိံ၊ ထိုမိဖုရားကို။ အဒိသွာ၊ မမြင်မူ၍။ ကာလံ ကရိဿာမိ၊ သေအံ့၊ တံ၊ ထိုမိဖုရားကို မမြင်ရခြင်းသည်။ မေ၊ ငါ့အား။ ဣတော၊ ဤသေခြင်းထက်၊ ဒုက္ခတရံ။ အလွန်ဆင်းရဲသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

ထိုမင်းသည် ဤသို့ မြည်တမ်းစဉ်လျှင် သေ၍ ငရဲ၌ ဖြစ်၏။ အစိုးရခြင်း၌ မက်မောသော ပုရောဟိတ်သည် ထိုမင်းကို ကွယ်ကာအံ့သောငှာ မတတ်နိုင်၊ မိမိအစိုးရသော အဖြစ်သည် မိမိကို ကွယ်ကာအံ့သောငှာ မတတ်နိုင်၊ ထိုမင်းသည် သေလတ်သော်လျှင် ဗိုလ်ပါအပေါင်းသည် ကွဲပြို၍ ပြေးကြ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စုခဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဗောဓိမင်းသားသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဖူးပြီ၊ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ပိင်္ဂလပုရောဟိတ် ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဒိသာပါမောက္ခဆရာကြီး ဖြစ်ဖူးပြီ ဟု ဇာတ်ကိုပေါင်းတော်မူ၏။

ကြမ်းကြုတ်မှုများ၊ ပြုသူအား။ စီးပွားပျက်ကြောင်းသာ

သုံးခုတို့၏ပြည့်ကျောင်းဖြစ်သော ဝေနသခဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၄။ ဥဂရဇာတ်

သေသူကို တ၍ မငိုကြသူငါးဦး

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဥရဂေါဝ တစံ ဇိဏ္ဏံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဥရဂဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သားသေသော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် မယားသေသောသူ၏ ဝတ္ထု၊ အဖသေသော သူ၏ဝတ္တုနှင့် တူသလျှင်ကတည်း၊ ဤဥရဂဇာတ်၌လည်း သဗ္ဗညူ မြတ်စွာဘုရားသည် ရှေးအတူသာလျှင် ထိုသားသေသော သူကြွယ်၏အိမ်သို့ ကြွတော်မူ၍ လာ၍ ရှိခိုးလျက်နေသော ထိုသူကြွယ်ကို ဒါယကာ... သင်သည် စိုးရိမ်သလောဟုမေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... အမိန့်တော်အတိုင်း မှန်ပေ၏။ သားသေသော ကာလမှစ၍ အကျွန်ုပ်စိုးရိမျ၏ဟု လျောက်သည် ရှိသော် ဒါယကာ... ကွဲပြိုတတ်သော သဘောရှိသော ဝတ္ထုမည်သည်ကား ကွဲပြိုသည်သာလျှင် ဖြစ်၏။ ပျက်စီးတတ်သော သဘောရှိသော ဝတ္ထုမည်သည်ကား ပျက်စီးတတ် သည်သလျှင် ဖြစ်၏။ ထိုသို့ ပျက်စီးခြင်းသည်လည်း တစ်အိမ်တည်း၌သာလျှင် ဖြစ်သည်မဟုတ်။ စင်စစ်သဖြင့်ကား အတိုင်းအရှည် မရှိကုန်သော စကြဝဠာတို့ဝယ် ဘုံသုံးပါးတို့၌ မသေတတ်သော သဘောရှိသောသူ မည်သည်မရှိ၊ ထိုသဘောဖြင့်လျှင် တည်ခြင်းငှာ စွမ်းနိုင်သော တစ်ခုသာသင်္ခါရသည်လည်း မရှိ၊ ခပ်သိမ်းသော သတ္တဝါတို့သည် သေခြင်း သဘောရှိကုန်၏။ ရှေးပညာရှိတို့သည်လည်း သားသေသည်ရှိသော် သေတတ်သော သဘောရှိသော ဝတ္ထုသည် သေမြဲသာလျှင် ဖြစ်၏။ ပျက်စီးတတ်သော သဘောရှိသော ဝတ္ထုသည် ပျက်စီးမြဲသာလျှင် ဖြစ်၏ဟု မစိုးရိမ်ကုန် ဟု မိန့်တော်မူ၍ ထိုသူကြွယ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီပြည်၏ တံခါးရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ ဥစ္စာကို ဖြစ်စေ၍ လယ်လုပ်သောအမှုဖြင့် အသက်မွေး၏။

အိမ်သား ၆-ယောက်

ဘုရားလောင်းအား သားတစ်ယောက်, သမီးတစ်ယေက် ဤနှစ်ယောက်သော သူငယ်တို့သည် ဖြစ်ကုန်၏။ ထိုဘုရားလောင်းသည် အရွယ်ရောက်သော သားအား တူသောအမျိုးမှ သူငယ်မကို ဆောင်၍ ပေး၏။ ဤသို့ ဘုရားလောင်းတစ်ယောက်, မယားတစ်ယောက်, သားတစ်ယောက်, သမီးတစ်ယောက်, ချွေးမတစ်ယောက်, ကျွန်မတစ်ယောက်အားဖြင့် ထိုသူတို့သည် ခြောက်ယောက်ဖြစ်ကုန်၏။ ထိုခြောက်ယောက်သော သူတို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ချစ်စွာသော နေခြင်းဖြင့် နေကုန်၏။

သူတော်ကောင်းကျင့်ဝတ်

ဘုရားလောင်းသည် ငါးယောက်ကုန်သော သူတို့အား သင်တို့သည် အကြင် အကြင် ရအပ်သောအမှတ်ဖြင့်လျှင် အလှူကို ပေးကုန်လော့, သီလကို စောင့်ရှောက်ကုန်လော့, ဥပုသ်သုံးသော အမှုကို ပြုကြကုန်လော, သေခြင်း၌ အောက်မေ့ခြင်းကို ပြုကြကုန်လော့၊ သင်တို့၏ သေရအံ့သော အဖြစ်ကို မှတ်တ်ကြကုန်လော့၊ ဤသတ္တဝါ အပေါင်းတို့အား သေရခြင်းသည် မြဲ၏။ အသက်ရှင်ခြင်းသည် မမြဲ၊ ခပ်သိမ်းသော သင်္ခါရတို့သည် အနိစ္စဖြစ်ကုန်၏။ ကုန်ခြင်း ပျက်ခြင်း သဘောရှိကုန်၏။ ညဉ့်၌လည်းကောင်း နေ့၌ လည်းကောင်း မမေ့မလျော့ ဖြစ်ကြကုန်လော့ ဟု အဆုံး အမကို ပေး၏။ ထိုငါးယောက်သော သူတို့သည် ကောင်းပြီ ဟု အဆုံးအမကို ဝန်ခံ၍ မမေ့မလျော့ ဖြစ်ကြကုန်လျက် “မရဏဿတိ”ကို ပွားစေကုန်၏။

သားကလေး သေဆုံးပြီ

ထိုအခါ တစ်နေ့သ၌ ဘုရားလောင်းသည် သားနှင့်တကွ လယ်သို့သွား၍ ထွန်၏။ ဘုရားလောင်း၏ သားသည် အမှိုက်ကိုစု၍ မီးတိုက်၏။ ထိုအမှိုက်စု၏အနီး တစ်ခုသော တောင်ပို့၌ လျင်သော အဆိပ်ရှိသော မြွေသည် နေ၏။ မီးခိုးသည် ထိုမြွေ၏မျက်စိကိုခတ်၍ ထိုမြွေသည် ဤသူကိုမှီ၍ ငါ့အား ဘေးဖြစ်၏ ဟု အမျက်ထွက်ရကား၊ တောင်ပို့မှထွက်၍ အစွယ်လေးချောင်းတို့ကို လွှတ်၍ ထိုယောက်ျားကို ကိုက်၏။ ထိုယောကျ်ားသည် ပြန်၍လဲ၏။ ဘုရားလောင်းသည် ပြန့၍လဲသော သားကို မြင်၍ နွားတို့ကိုထား၍ လာသည်ရှိသော် သား၏သေသောအဖြစ်ကိုသိ၍ ချီ၍ တစ်ခုသော သစ်ပင်ရင်း၌ အိပ်စေ၍ မျက်ရည်မယို, မငို။ ပျက်စီးတတ်သော သဘောရှိသော ဝတ္ထုသည်ကား ပျက်စီး၏။ သေတတ်သော သဘောရှိသော ဝတ္ထုသည်ကား သေ၏။ ခပ်သိမ်းသော သင်္ခါရတို့သည် အနိစ္စ ဖြစ်ကုန်၏။ သေခြင်းလျှင် အပြီးရှိကုန်၏ ဟု အနိစ္စအဖြစ်ကိုသာလျှင် မှတ်၍ လယ်ထွန်၏။

တစ်အိမ်သားလုံး မငိုကြ

ထိုဘုရားလောင်းသည် လယ်၏အနီးဖြင့် သွားသော တစ်ယောက်သော အိမ်နီးချင်း ယောကျ်ားကိုမြင်၍ အမောင်... သင်သည် အိမ်သို့ သွားအံ့လော ဟု မေး၍ သွားအံ့ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ငါတို့အိမ်သို့လည်း သွား၍ ပုဏ္ဏေးမကို ယနေ့ ရှေး၌ကဲ့သို့ နှစ်ယောက်စာ ထမင်းကို မဆောင်ခဲ့မူ၍ တစ်ယောက်စာထမင်းကိုသာလျှင် ဆောင်ခဲ့ကုန်လော့၊ ရှေးကဲ့သို့ ကျွန်မတစ်ယောက်တည်းသာလျှင် အာဟာရကိုယူ၍ မလာမူ၍ ယနေ့ လေးယောက်သော သူတို့သည်လည်း စင်ကြယ်သောအဝတ်တို့ကို ဝတ်ကုန်၍ နံ့သာလက်စွဲကုန်၍ လာကုန်လော့ ဟု ပြောဆိုပါလေ ဟူ၍ ဆို၏။ ထိုအိမ်နီးချင်း ယောက်ျားလည်းကောင်းပြီ ဟု သွား၍ ပုဏ္ဏေးမအား ဘုရားလောင်းမှာတိုင်းလျှင် သွား၍ ပြောဆို၏။ အမောင်... အဘယ်သူသည် သင့်အား ဤသတင်းစကားကို မှာလိုက်သနည်း ဟု ပုဏ္ဏေးမသည် မေး၏။ ရှင်မ... ပုဏ္ဏားသည် မှာလိုက်၏ဟု ဆိုသည်ရှိသော် ပု ဏ္ဏေးမသည် “ငါသား သေပြီ ဟု သိ၏။ ပုဏ္ဏေးမအား တုန်လှုပ်ခြင်းမျှသည်လည်း မဖြစ်။ ဤသို့ ကောင်းစွာ ပွားစေအပ်သောစိတ်ရှိသော စင်ကြယ်သော အဝတ်ကိုဝတ်သော နံ့သာလက်စွဲသော ပုဏ္ဏေးမသည် ကျွန်မကို အာရကို ယူခဲ့စေ၍ ကြွင်းသောသူနှင့်တကွ လယ်သို့သွား၏။ တစ်ယောက်သောသူအားလည်း မျက်ရည်ယိုခြင်းမည်သည် မဖြစ်။ ဘုရားလောင်းသည် သားကို အိပ်စေသော အရိပ်၌လျှင် ထိုင်၍ စား၏။ စားပြီးသော် ခပ်သိမ်းသော သူတို့သည်လည်း ထင်းတို့ကို ယူဆောင်ကုန်၍ သေသောသူကို ထင်းပုံသို့တင်၍ နံ့သာ, ပန်းတို့ဖြင့် ပူဇော်၍ မီးသင်္ဂြိုဟ်ကုန်၏။ တစ်ယောက်သောသူလည်း တစ်စက်သော မျက်ရည်ပေါက်မျှလည်း မကျ။ ခပ်သိမ်းသော သူတို့သည် ကောင်းစွာ ပွားစေအပ်သော “မရဏဿတိသာ” ရှိကုန်၏။

အဖ မငိုခြင်း အကြောင်း

ထိုသူတို့၏ သီလတန်ခိုးအားဖြင့် သိကြားမင်း၏ နေရာသည် ပူသောအခြင်းအရာကို ပြ၏။ သိကြားမင်းသည် ငါ့ကို အဘယ်သူသည်လျှင် နေရာမှ ရွေ့စေလိုသနည်း ဟု ဆင်ခြင်လတ်သော် ထိုသူတို့၏ ကျေးဇူးတန်ခိုးအားဖြင့် ပူသော အခြင်းအရာကိုပြ၏ ဟု သိ၍ ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ ငါသည် ထိုသူတို့၏ အထံသို့သွား၍ ခြင်္သေ့သံနှင့်တူသော အသံကိုဆိုစေ၍ ခြင်္သေ့သံနှင့်တူသော အသံကို ဆိုသည်၏ အဆုံး၌ ထိုသူတို့၏ အိမ်ဝယ် ရတနာခုနစ်ပါးဖြင့် ပြည့်သည်ကိုပြု၍ လာခြင်းငှာ သင့်၏ဟု လျင်မြန်သဖြင့် ထိုသူတို့၏ အထံသို့သွား၍ သုသာန်အနားရပ်၍ အမောင်တို့ သင်တို့သည် အဘယ်အမှုကို ပြုကုန်သနည်း ဟု ဆို၏။ တစ်ယောက်သော လူကို သင်္ဂြိုဟ်ကုန်၏ ဟု ဆိုသည်ရှိသော် သင်တို့သည် လူကို မသင်္ဂြိုဟ်ကုန်၊ တစ်ခုသော သမင်ကိုသတ်၍ မီးဖုတ်ကုန်ယောင် တကား ဟု ဆို၏။

အရှင်... သမင်ဖုတ်သော အမှုမဟုတ်၊ လူကိုလျှင် ငါတို့ သင်္ဂြိုဟ်ကုန်၏ ဟု ဆိုသည်ရှိသော ထိုသို့တပြီးကား သင်တို့၏ရန်သူ ဖြစ်လတ္တံ့ဟု ဆို၏။ ထိုအခါ ဘုရားလောင်းသည် အရှင်... ရင်၌ဖြစ်သော သားတည်း၊ ရန်သူမဟုတ် ဟု ဆို၏။ ထိုသို့တပြီးကား၊ သင်တို့သည် မချစ်သောသား ဖြစ်လတ္တံ့ ဟု သိကြားမင်းသည် ဆိုလေ၏။ အရှင်... အလွန်လျှင် ချစ်သောသားတည်း ဟု ဘုရားလောင်းသည် ဆို၏။ ထိုသို့ အလွန်ချစ်သော သားဖြစ်လျှက် အဘယ်ကြောင့် မငိုသနည်း ဟု သိကြားမင်းဆိုသည်ရှိသော် မငိုခြင်း၏ အကြောင်းကို ဆိုလိုသော ဘုရားလောင်းသည် -

၁၉။ ဥရဂေါဝ တစံ ဇိဏ္ဏံ၊ ဟိတွာ ဂစ္ဆတိ သံတနုံ။
ဧဝံ သရီရေ နိဗ္ဘောဂေ၊ ပေတေ ကာလင်္ကတေ သတိ။
၂၀။ ဍယှမာနော န ဇာနာတိ၊ ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ၊ ဂတော သော တဿ ယာ ဂတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာတို့ကို ဆို၏။

၁၉။ သာမိ၊ အရှင်။ ဥရဂေါ၊ မြွေသည်။ တစံဇိဏ္ဏံ၊ အရေဟောင်းကို။ ဟိတွာ၊ စွန့်၍။ ဂစ္ဆတိ ဣဝ၊ သွားသကဲ့သို့။ တထာ၊ ထို့အတူ။ မမ ပုတ္တော၊ ငါသားသည်။ သံတနုံ၊ မိမိကိုယ်ကို။ ဟိတွာ၊ စွန့်၍။ ဂစ္ဆတိ၊ သွား၏။ ဧဝံ၊ ဤသို့။ သရီရေ၊ ကိုယ်သည်။ နိဗ္ဘောဂေ၊ ခံစားခြင်း မရှိသည်။ ပေတေ၊ တမလွန်ဘဝသို့ လားသည်။ ကာလင်္ကတေ၊ သေလွန်သည်။ သတိ၊ ရှိသော်။ ဍယှမာနော၊ မီးသင်္ဂြိုဟ်အပ်သော သားသည်။ ဉာတီနံ၊ အဆွေအမျိုးတို့၏။ ပရိဒေဝိတံ၊ ငိုကြွေးခြင်းကို။ န ဇာနာတိ၊ မသိ။ တဿ၊ ထိုသား၏။ ယာ ဂတိ၊ အကြင်ဂတိသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုဂတိသို့။ သော၊ ထိုသားသည်။ ဂတော၊ သွား၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ဧတံ၊ ထိုသားကို။ န သောစာမိ၊ မစိုးရိမ်။

အမိ မငိုခြင်း အကြောင်း

သိကြားမင်းသည် ဘုရားလောင်း၏ စားကိုကြား၍ ပုဏ္ဏေးမကို မိခင် သေသောသူသည် သင်နှင့် အဘယ်သို့တော်သနည်းဟု မေး၏။ အရှင်- ဆယ်လပတ်လုံး ဝမ်းဖြင့်လွယ်၍ နို့တိုက်၍ လက်ခြေတို့ကို ကောင်းစွာပြုပြင်၍ ကြီးစေသော သားတည်း ဟု ပုဏ္ဏေးမ ဆို၏။ မိခင်... အဖသည် ယောက်ျားဖြစ်သောကြောင့် မငိုသည်ဖြစ်စေ၊ အမိနှလုံးသည်ကား နူးညံ့၏။ သင်သည် အဘယ်ကြောင့်မငိုသနည်းဟု မေးသည်ရှိသော် မငိုခြင်း၏ အကြောင်းကို ဆိုလိုသော ပုဏ္ဏေးမသည်-

၂၁။ အနဝှိတော တတော အာဂါ၊ နာနုညာတော ဣတော ဂတော။
ယထာ ဂတော တထာ ဂတော၊ တတ္ထ ကာ ပရိဒေဝနာ။
၂၂။ ဍယှမာနော န ဇာနာတိ၊ ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ၊ ဂတော သော တဿ ယာ ဂတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာတို့ကို ဆို၏။

၂၁။ သာမိ၊ အရှင်။ မမ၊ ငါ၏။ ပုတ္တော၊ သားသည်။ အနဝှိတော၊ မခေါ်ဘဲ။ တတော၊ ထိုဘဝတစ်ပါးမှ။ အမှာကံ၊ ငါတို့၏။ ဂေဟံ၊ အိမ်သို့။ အာဂါ၊ လာ၏။ နာနုညာတော၊ ခွင့်မလွှတ်ဘဲ။ ဣတော၊ ဤလူ့ပြည်မှ။ ဂတော၊ ဘဝတစ်ပါးသို့ သွား၏။ အာဂတော ယထာ၊ အလိုအလျောက် လာသကဲ့သို့။ တထာ၊ ထို့အတူ။ ဂတော၊ အလို အလျောက် သွား၏။ တတ္ထ၊ ထိုအလိုအလျောက် ဘဝတစ်ပါး လားရာ၌ ပရိဒေဝနာ၊ ငိုကြွေးခြင်းသည်ကား။ ကာ၊ အဘယ်အကျိုးရှိအံ့နည်း။

၂၂။ ဍယှမာနော၊ မီးဖုတ်အပ်သော သားသည်။ ဉာတီနံ၊ ဆွေမျိုးတို့၏။ ပရိဒေဝိတံ၊ ငိုကြွေးခြင်းကို။ န ဇာနာတိ၊ မသိ။ တသ္မာ၊ ထို့ကြောင့်။ ဧတံ၊ ထိုသားကို။ န သောစာမိ၊ မစိုးရိမ်။ တဿ၊ ထိုသး၏။ ယာ ဂတိ၊ အကြင်ဂတိသည်။ အတ္ထိ၊ ရှိ၏။ သော၊ ထိုသားသည်။ တံ၊ ထိုဂတိသို့။ ဂတော၊ လား၏။

နှမ မငိုခြင်း အကြောင်း

သိကြားမင်းသည် ပုဏ္ဏေးမ၏စကားကို ကြား၍ သေသောသူ၏နှမကို မိခင်... သေသောသူသည် သင်နှင့် အဘယ်သို့တော်သနည်းဟု မေး၏။ အရှင်... သေသောသူသည် အကျွန်ုပ်မောင်တည်း ဟု ဆို၏။ မိခင်... နှမတို့သည်ကား မောင်တို့၌ ချစ်တတ်ကုန်၏။ သင်သည် အဘယ်ကြာင့် မငိုသနည်းဟု သိကြားမင်းသည် မေး၏။ သေသောသူ၏နှမသည် မငိုခြင်း၏အကြောင်းကို ဆိုလိုရကား-

၂၃။ သစေ ရောဒေ ကိသာ အဿ၊ တဿာ မေ ကိံ ဖလံ သိယာ။
ဉာတိမိတ္တသုဟဇ္ဇာနံ၊ ဘိယျော နော အရတီ သိယာ။
၂၄။ ဍယှမာနော န ဇာနာတိ၊ ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ၊ ဂတော သော တဿ ယာ ဂတိ။

ဟူသော သုံးခုမြောက်သော ဤဂါထာတို့ကို ဆို၏။

၂၃။ သာမိ၊ အရှင်။ သစေ ရောဒေ၊ အကယ်၍ငိုငြားအံ့။ ကိသာ၊ ကြုံလှီသည်။ အဿံ၊ ဖြစ်ရာ၏။ တဿာ မေ၊ ထိုကျွန်ုပ်အား။ ကိံ ဖလံ၊ အဘယ်အကျိုးသည်။ သိယာ၊ ဖြစ်ရာသနည်း။ နော၊ အကျွန်ုပ်တို့၏။ ဉာတိမိတ္တသုဟဇ္ဇာနံ၊ အဆွေ အမျိုး, အဆွေခင်ပွန်း, ချစ်ကျွမ်းဝင်ကုန်သောသူတို့အား။ ဘိယျော၊ လွန်စွာ။ အရတီ၊ မမွေ့မလျော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

၂၄။ ဍယှမာနော၊ မီးဖုတ်အပ်သော မောင်သည်။ ဉာတီနံ၊ အဆွေအမျိုးတို့၏။ ပရိဒေဝိတံ၊ ငိုကြွေးခြင်းကို။ န ဇာနာတိ၊ မသိ။ တသ္မာ၊ ထို့ကြောင့်။ ဧတံ၊ ထိုသေသော မောင်ကို။ အဟံ၊ ငါသည်။ န သောစာမိ၊ မစိုးရိမ်။ တဿ၊ ထိုမောင်၏။ ယာ ဂတိ၊ အကြင်ဂတိသည်။ အတ္ထိ၊ ရှိ၏။ သော၊ ထိုမောင်သည်။ တံ၊ ထိုဂတိသို့။ ဂတော၊ လား၏။

မယား မငိုခြင်း အကြောင်း

သိကြားမင်းသည် နှမစကားကို ကြား၍ မယားကို မိခင်... ထိုသေသောသူသည် သင်နှင့် အဘယ်သို့တော်သနည်း ဟု မေး၏။ အရှင်... အကျွန်ုပ်၏ လင်တည်း ဟု ဆို၏။ မိခင် မိန်းမတို့သည်ကား လင်သေလတ်သော် ကိုးကွယ်ရာမရှိကုန်၊ မုဆိုးမဖြစ်ကုန်၏။ သင်သည် အဘယ့်ကြောင့် မငိုသနည်း ဟု သိကြားမင်းသည် မေး၏။ ထို မယားသည်လည်း သိကြားမင်းအား မငိုခြင်း၏အကြောင်းကို ဆိုလိုရကား-

၂၅။ ယထာပိ ဒါရကော စန္ဒံ၊ ဂစ္ဆန္တ မနုရောဒတိ။
ဧဝံ သမ္ပဒမေဝေတံ၊ ယော ပေတ မနုသောစတိ။
၂၆။ ဍယှမာနော န ဇာနာတိ၊ ဉာတီနံ ပရိဒေဝိတံ၊
တသ္မာ ဧတံ န သောစာမိ၊ ဂတော သော တဿ ယာ ဂတိ။

ဟူသော လေးခုမြောက်သော ဤဂါထာတို့ကို ဆို၏။

၂၅။ သာမိ၊ အရှင်။ ယော၊ အကြင်သူသည်။ ပေတံ၊ သေသောသူကို။ အနုသောစတိ၊ စိုးရိမ်၏။ တဿ၊ ထိုသူ၏။ ဧတံ၊ ထိုစိုးရိမ်ခြင်းသည်။ ဒါရကော၊ သူငယ်သည်။ ဂစ္ဆန္တံ၊ သွားသော။ စန္ဒံ၊ လပြည့်ဝန်းကို။ ဒိသွာ၊ မြင်၍။ အနုရောဒတိ ယထာပိ၊ လကို ပေးလော့, ပေးလော့ဟု ငိုသကဲ့သို့လည်း။ ဧဝံ သမ္ပဒမေဝ၊ ဤသို့ဖြစ်ခြင်းသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။

၂၆။ ဍယှမာနော၊ မီးဖုတ်အပ်သော လင်သည်။ ဉာတီနံ၊ ဆွေမျိုးတို့၏။ ပရိဒေဝိတံ၊ ငိုကြွေးခြင်းကို။ န ဇာနာတိ၊ မသိ။ တသ္မာ၊ ထို့ကြောင့်။ တံ၊ ထိုလင်ကို။ အဟံ၊ သည်။ န သောစာမိ၊ မစိုးရိမ်။ တဿ၊ ထိုလင်၏။ ယာ ဂတိ၊ အကြင်ဂတိသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုဂတိသို့။ သော၊ ထိုလင်သည်။ ဂတော၊ လား၏။

ကျွန်မ မငိုခြင်း အကြောင်း

သိကြားမင်းသည် မယား၏စကားကိုကြား၍ ကျွန်မကို မိခင် ထိုသေသောသူသည် သင်နှင့် အဘယ်သို့တော်သနည်းဟု မေး၏။ သခင်... ထိုသေသောသူသည် အကျွန်ုပ်၏ အရှင်တည်း ဟု ဆို၏။ ဤသေသောသူသည် သင့်ကို နှိပ်စက်ရိုက်ပုတ်၍ ညှဉ်းဆဲအပ်သည် ဖြစ်လတ္တံ့၊ ထိုသေသောသူမှ ငါသည် ကောင်းစွာလွတ်ပြီဟု သင် မငိုသည် မဟုတ်လော ဟု သိကြားမင်းသည် ဆို၏။ သခင်-ဤသို့ မဆိုလင့်၊ သခင့်စကားသည် သေသောသူအား မလျောက်ပတ်၊ အကျွန်ုပ် အရှင့်သားသည် ခန္တီ၊ မေတ္တာ၊ ကရုဏာနှင့် ပြည့်စုံ၏။ ရင်၌ကြီးသော သားသကဲ့သို့ ဖြစ်၏ ဟု ဆို၏။ ထိုသို့ဖြစ်လျက် အဘယ့်ကြောင့် သင် မငိုသနည်းဟု သိကြားမင်းသည် မေး၏။ ထိုကျွန်မသည်လည်း မငိုခြင်း၏ အကြောင်းကိုဆိုလိုရကား-

၂၇။ ယထာပိ ဥဒကကုမ္ဘော၊ ဘိန္နော အပ္ပဋိသန္ဓိယော။
ဧဝံ သမ္ပဒမေဝေတံ၊ ယော ပေတ မနုသောစတိ။
၂၈။ ဍယှမာနော န ဇာနာတိ၊ ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ၊ ဂတော သော တဿ ယာ ဂတိ။

ဟူသော ငါးခုမြောက်သော ဤဂါထာတို့ကို ဆို၏။

၂၇။ သာမိ၊ အရှင်။ ယော၊ အကြင်သူသည်။ ပေတံ၊ သေသောသူကို။ အနုသောစတိ၊ စိုးရိမ်၏။ တဿ၊ ထိုသူ၏။ ဧတံ၊ ထိုစိုးရိမ်ခြင်းသည်။ ဘိန္နော၊ ကွဲသော။ ဥဒကကုမ္ဘော၊ ရေအိုးသည်။ အပ္ပဋိသန္ဓိယော ယထာပိ၊ တစ်ဖန် မစပ်ပြန်သကဲ့သို့လည်း။ ဧဝံ သမ္မဒမေဝ၊ ဤသို့ဖြစ်ခြင်းသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။

၂၈။ ဍယှမာနော၊ မီးဖုတ်အပ်သော အရှင့်သားသည်။ ဉာတီနံ၊ ဆွေမျိုးတို့၏ ပရိဒေဝိတံ၊ ငိုကြွေးခြင်းကို။ န ဇာနာတိ၊ မသိ။ တသ္မာ၊ ထို့ကြောင့်။ ဧတံ၊ ထိုသေသော အရှင့်သားကို။ အဟံ၊ ငါသည်။ န သောစာမိ၊ မစိုးရိမ်။ တဿ၊ ထိုအရှင့်သား၏။ ယာ ဂတိ၊ အကြင်ဂတိသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုဂတိသို့။ သော၊ ထိုအရှင့်သားသည်။ ဂတော၊ လား၏။

သိကြားမင်း မ, စ, ခြင်း

သိကြားမင်းသည် ထိုအလုံးစုံသော သူတို့၏ တရားစကားကိုကြား၍ ကြည်ညိုခြင်း ရှိသောကြောင့် သင်တို့သည် မမေ့မလျော့ မရဏဿတိကို ပွားစေကုန်လော့၊ သင်တို့သည် ယနေ့မှစ၍ မိမိလက်ဖြင့် အမှုကို မပြုကုန်လင့်၊ သိကြား နတ်မင်းဖြစ်သော ငါသည် သင်တို့အိမ်၌ ရတနာ ခုနစ်ပါးတို့ကို အတိုင်းအရှည် မရှိသည်တို့ကို ပြုအံ့၊ သင်တို့သည် အလှူကို ပေးကုန်လော့၊ သီလကို စောင့်ကုန်လော့၊ ဥပုသ်သုံးသော အမှုကို ပြုကုန်လော့၊ မမေ့မလျော့ ဖြစ်ကုန်လော့ ဟု ထိုသူတို့အား အဆုံးအမကိုပေး၍ အိမ်၌ အတိုင်းအရှည်မရှိ ဥစ္စာဖြင့် ပြည့်သည်ကို ပြု၍သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သူကြွယ်သည် သောတာပတ္တိဖိုလ်၌တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ခုဇ္ဇုတ္တရာသည် ထိုအခါ ကျွန်မဖြစ်ဖူးပြီ၊ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ သမီး ဖြစ်ဖူးပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ သားဖြစ်ဖူးပြီ၊ ယခုအခါ ခေမာသည် ထိုအခါ အမိပုဏ္ဏေးမ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုဏ္ဏားဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သေခြင်းတရား၊ မပြတ်ပွား၊ စိတ်ထားခိုင်တည်မည်

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဥရဂဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၅။ ဃဋဇာတ်

မေတ္တာစျာန်ကြောင့် ရန်သူပူပန်ရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အညေ သောစန္တိ ရောဒန္တိ-အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဃဋဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်း၏ တစ်ယောက်သော အမတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုကား အောက်၌ ဆိုအပ်ပြီးသော ဝတ္ထုနှင့်တူသလျှင်ကတည်း။

အရှုံးထဲကအမြတ်

ဤဃဋဇာတ်၌ ကောသလမင်းသည် မိမိအား ကျေးဇူးပြုသော အမတ်အား များသော စည်းစိမ်ကိုပေး၍ ရန်တိုက်တတ်ကုန်သော သူတို့၏ စကားကိုယူ၍ နှောင်ဖွဲ့စေ၍ နှောင်အိမ်၌ သွင်းစေ၏။ ထိုအမတ်သည် နှောင်အိမ်၌ နေလျက်လျှင် သောတာပတ္တိဖိုလ်ကို ဖြစ်စေ၏။ ကောသလမင်းသည် ထိုအမတ်၏ကျေးဇူးကို မှတ်မိ၍ လွှတ်စေ၏။ ထိုအမတ်သည် နံ့သာ, ပန်းကိုယူ၍ မြတ်စွာဘုရား အထံတော်သို့ သွား၍ ဘုရားကိုရှိခိုး၍ နေ၏။ ထိုအခါ ထိုအမတ်ကို မြတ်စွာဘုရားသည် ဒါ ယကာ... သင့်အား အကျိုးမဲ့ ဖြစ်သလော ဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... အကျိုးမဲ့ဖြစ်၏။ အကျိုးမဲ့ဖြင့်ကား အကျွန်ုပ်အား အကျိုးသည် ရောက်၏။ သောတာပတ္တိမဂ်ကို အကျွန်ုပ်သည် ဖြစ်စေ၏ ဟု နားတော်လျှောက်သည်ရှိသော် ဒါယကာ... သင်သည်သာလျှင် အကျိုးမဲဖြင့် အကျိုးကို ဆောင်သည် မဟုတ်သေး၊ ရှေးပညာရှိတို့သည်လည်း အကျိုးမဲ့ဖြင့် အကျိုးကို ဆောင်ဖူးကုန်၏ ဟု မိန့်တော်မူ၍ ထိုအမတ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ မိဖုရားဝမ်း၌ ဖြစ်၏။ ဃဋသတို့သား ဟူသောအမည်ကို မှည့်ကုန်၏။ ထိုဃဋမင်းသားသည် နောက်အခါ၌ တက္ကသိုလ်ပြည်၌ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ တရားသဖြင့် မင်းပြု၏။ ထိုဃဋမင်း၏ နန်းတွင်း၌ တစ်ယောက်သော အမတ်သည် ပြစ်မှား၏။ ဃဋမင်းသည် ထိုအပြစ်ကို မျက်မှောက်အားဖြင့်သိ၍ ထိုအမတ်ကို တိုင်းပြည်နှင်ထုတ်စေ၏။

အာဃာတထားခြင်း

ထိုအခါ သာဝတ္ထိပြည်၌ ဓင်္ကမည်သော မင်းသည်မင်းပြု၏။ ထိုတိုင်းနိုင်ငံမှ နှင်ထုတ်သော အမတ်သည် ဓင်္ကမင်း၏ အထံသို့သွား၍ ခစား၏။ အောက်၌ ဆိုအပ်ပြီးသောနည်းဖြင့် ထိုအမတ်သည် ဓင်္ကမင်းကို မိမိစကားကို ယူစေ၍ ဗာရာဏသီပြည်ကို ယူ၏။ ထိုဓင်္ကမင်းသည်လည်း ပြည်ကိုယူ၍ ဘုရားလောင်းကို သံခြေကျဉ်းတို့ဖြင့် နှောင်ဖွဲ့စေ၍ နှောင်အိမ်သို့ သွင်းစေ၏။ ဘုရားလောင်းသည် ဈာန်ကိုဖြစ်စေ၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့သဖြင့် နေ၏။ ဓင်္ကမင်း၏ ကိုယ်၌ ပူခြင်းသည် ဖြစ်၏။

အဘယ့်ကြောင့် မစိုးရိမ်သနည်း

ဓင်္ကမင်းသည် သွား၍ ဘုရားလောင်း၏ ရွှေကြေးမုံနှင့်တူသော, ပွင့်သော ပဒုမာကဲ့သို့ အသရေရှိသော မျက်နှာကိုမြင်၍ ဘုရားလောင်းကို မေးလိုရကား-

၂၉။ အညေ သောစန္တိ ရောဒန္တိ၊ အညာ အဿုမုခါ ဇနာ။
ပသန္နမုခဝဏ္ဏောသိ၊ ကသ္မာ ဃဋ န သောစသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၂၉။ ဃဋ၊ ဃဋမင်း။ အညေ၊ တစ်ပါးသော သူတို့သည်။ သောစန္တိ၊ စိုးရိမ်ကုန်၏။ ရောဒန္တိ၊ ငိုကုန်၏။ အညာ၊ တစ်ပါးကုန်သော။ ဇနာ၊ လူတို့သည်။ အဿုမုခါ၊ မျက်ရည်စွတ်သော မျက်နှာရှိကုန်၏။ တွံ၊ သင်သည်။ ပသန္နမုခဝဏ္ဏော၊ ကြည်သောမျက်နှာ အဆင်းရှိသည်။ အသိ၊ ဖြစ်၏။ ကသ္မာ၊ အဘယ်ကြောင့်။ န သောစသိ၊ မစိုးရိမ်သနည်း။

စိုးရိမ်နေက ကျိုးမရ

ထိုအခါ ဓင်္ကမင်းအား ဘုရားလောင်းသည် မစိုးရိမ်သော အကြောင်းကို ဆိုလိုရကား-

၃၀။ နာဗ္ဘတီတဟရော သောကော၊ နာနာဂတ သုခါဝဟော။
တသ္မာ ဓင်္က န သောစာမိ၊ နတ္ထိ သောကော ဒုတီယတာ။
၃၁။ သောစံ ပဏ္ဍု ကိသော ဟောတိ၊ ဘတ္တဉ္စဿ န ရုစ္စတိ။
အမိတ္တာ သုမနာ ဟောန္တိ၊ သလ္လဝိဒ္ဓဿ ရုပ္ပတော။
၃၂။ ဂါမေ ဝါ ယဒိ ဝါ ရညေ၊ နိန္နေ ဝါ ယဒိ ဝါ ထလေ။
ဌိတံ မံ နာဂမိဿတိ၊ ဧဝံ ဒိဋ္ဌပဒေါ အဟံ။
၃၃။ ယသတ္ထာ နာလမေကောဝ၊ သဗ္ဗကာမရသာဟရော။
သဗ္ဗာပိ ပထဝီ တဿ၊ န သုခံ အာဝဟိဿတိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၃၀။ ဓင်္က၊ ဓင်္ကမင်း။ သောကော၊ စိုးရိမ်ခြင်းသည်။ နာဗ္ဘတီတဟရော၊ လွန်လေပြီးသော ချမ်းသာကိုမဆောင်။ နာ နာဂတသုခါဝဟော၊ လာလတ္တံ့သော ချမ်းသာကို မဆောင်။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ န သောစာမိ၊ မစိုးရိမ်။ ဒုတီယတာ၊ ဈာန်ဟူသောအဖော်ကြောင့်။ သော ကော၊ စိုးရိမ်ခြင်းသည်။ နတ္ထိ၊ မရှိ။

၃၁။ သောစံ၊ စိုးရိမ်သောသူသည်။ ပဏ္ဍု၊ ဖျော့တော့ရှိသည်။ ဟောတိ၊ ဖြစ်၏။ ကိသော၊ ကြုံလှီသည်။ ဟောတိ၊ ဖြစ်၏။ အဿ၊ ထိုစိုးရိမ်သောသူသည်။ ဘတ္တဉ္စ၊ အစာကိုလည်း။ န ရုစ္စတိ၊ မနှစ်သက်။ သလ္လဝိဒ္ဓဿ၊ စိုးရိမ်ခြင်းတည်းဟူသော ငြောင့်သည် စူးဝင်၍။ ရုပ္ပတော၊ ဖောက်ပြန်သောသူအား။ အမိတ္တာ၊ ရန်သူတို့သည်။ သုမနာ၊ ဝမ်းမြောက်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

၃၂။ ဂါမေ ဝါ၊ ရွာ၌လည်းကောင်း။ ယဒိ၊ ထိုမြို့။ အရညေ ဝါ၊ တော၌လည်းကောင်း။ နိန္နေ ဝါ၊ ချိုင့်ဝှမ်းရာ အရပ်၌ လည်းကောင်း။ ယဒိ၊ ထိုမြို့။ ထလေ ဝါ၊ ကုန်းကြည်း၌ လည်းကောင်း။ ဌိတံ၊ တည်သော။ မံ၊ ငါ့ကို။ ( တံ၊ ထိုစိုးရိမ်ခြင်း အရင်းရှိသော ပျက်စီးခြင်းသည်။ ) န အာဂမိဿတိ၊ မလာလတ္တံ့။ အဟံ၊ ငါသည်။ ဧဝံ၊ ဤသို့။ ဒိဋ္ဌပဒေါ၊ မြင်အပ်သောစျာန်ရှိ၏။

၃၃။ ယဿ၊ အကြင်မင်းအား။ အတ္ထာ၊ အကျိုး စီးပွားကို ဆောင်ကုန်သော အဆွေခင်ပွန်းတို့သည်။ သန္တိ၊ ရှိကုန်၏။ တေသု၊ ထိုအဆွေ ခင်ပွန်းတို့တွင်။ ဧကော စ၊ တစ်ယောက်သား အဆွေခင်ပွန်းသည်လည်း။ သဗ္ဗကာမရသာဟရော၊ ဈာန်ချမ်းသာဟု ဆိုအပ်သော အလုံးစုံ လိုအပ်သော အရသာကို ဆောင်ခြင်းငှာ။ အလံ၊ စွမ်းနိုင်သည်။ ၊ မဟုတ်။ သဗ္ဗာပိ ပထဝီ၊ အလုံးစုံသော မြေသည်လည်း။ တဿ၊ ထိုမင်းအား။ သုခံ၊ ဈာန်ချမ်းသာကို။ န အာဝဟိဿတိ၊ မဆောင်လတ္တံ့။

ဓင်္ကမင်းသည် ဤလေးဂါထာတို့ကို နာရ၍ ဘုရားလောင်းကို ကန်တော့၍ မင်းအဖြစ်ကို အပ်နှင်း၍ သွား၏။ ဘုရားလောင်းသည်လည်း အမတ်တို့အား မင်းအဖြစ်ကို အပ်နှင်းခဲ့၍ ဟိမဝန္တာသို့ သွား၍ ရသေ့ရဟန်း ပြု၍ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဓင်္ကမင်း ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဃဋမင်း ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

စိုးရိမ်ပူဆွေး၊ ဒုက္ခပေး၊ ငိုကြွေးမနေရာ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဃဋဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၆။ ကောရဏ္ဍိယဇာတ်

အလိုမရှိသူကို ပေးခြင်းဖြင့် ပစ္စည်းတန်ဖိုးလျော့ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်ဘုရားသည် ဧကော အရညေ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကရဏ္ဍိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်သာရိပုတ္တရာ ဓဓထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏

ပစ္စုပ္ပန်ဝတ္ထု... အရှင်သာရိပုတ္တရာ မထေရ်သည် လာတိုင်း လာတိုင်းကုန်သော မုဆိုး တံငါအစရှိကုန်သော ဒုဿီလတို့အား မြင်တိုင်းမြင်တိုင်းလျှင် သီလကိုယူကုန်လော့၊ သီလကို ယူကုန်လော့ ဟု ဆို၍ သီလကိုပေး၏။ ထိုသူတို့သည် မထေရ်အား ခန့်ညားသည်၏ အဖြစ်ကြောင့် စကားကို ဖျက်ဆီးအံ့သောငှာ မဝံ့၍ သီလကိုယူကုန်၏။ ယူပြီး၍ သီလကို မစောင့်ရှောက်ကုန်၊ မိမိတို့၏။ အမှုတို့ကိုသာလျှင် ပြုကုန်၏။ မထေရ်သည် အတူနေတပည့်တို့ကိုခေါ်၍ ငါ့ရှင်တို့... ဤမည်သောလူတို့သည် ငါ့ထံ၌ သီလကို ယူကုန်၏။ ယူပြီး၍ သီလကို မစောင့်ရှောက်ကုန် ဟု ဆို၏။

အရှင်ဘုရား... အရှင်ဘုရားတို့သည် ထိုလူတို့အား အလိုမရှိဘဲလျက် သီလကို ပေးကုန်၏။ ထိုလူတို့သည် အရှင်ဘုရားတို့၏ စကားကို ဖျက်ဆီးအံ့သောငှာ မဝံ့၍ သီလကိုယူကုန်၏။ အရှင်ဘုရားတို့သည် ယနေ့မှစ၍ ဤသို့ သဘောရှိသော သူတို့အား သီလကို မပေးပါကုန်လင့် ဟု တပည့်တို့က လျောက်ကုန်၏။ မထေရ်သည် မနှစ်သက်သည် ဖြစ်၏။ ထိုအကြောင်းကို ကြား၍ တရားသဘင်၌ ရဟန်းတို့သည် ငါ့ရှင်တို့... အရှင်သာရိပုတ္တရာသည် မြင်တိုင်း မြင်တိုင်းသော လူတို့အားလျှင် သီလကိုပေး၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်ဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့- သာရိပုတ္တရာသည် ယခုအခါ၌သာလျှင် မြင်တိုင်း မြင်တိုင်းသောအရပ်၌ မတောင်းကုန်သော သူတို့အား သီလကို ပေးသည် မဟုတ်သေး၊ ရှေး၌လည်း မြင်တိုင်း မြင်တိုင်းသော အရပ်တို့၌ မတောင်းကုန်သော သူတို့အား သီလကို ပေးဖူး၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်ပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားအမျိုး၌ဖြစ်၍ အမည်အားဖြင့် ကောရဏ္ဍိယမည်၏။ ထိုကောရဏ္ဍိယသည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ဒိပါမောက္ခဆရာ၏ တပည့်ကြီး ဖြစ်၏။

လူတိုင်းကို သီလပေးခြင်း

ထိုအခါ ဒိသာပါမောက္ခဆရာသည် မြင်တိုင်းမြင်တိုင်းသော အရပ်၌ မတောင်းကုန်သော သူတို့အား သီလကိုယူကုန်လော့၊ သီလကိုယူကုန်လော့ ဟု သီလကို ပေး၏။ ထိုသူတို့သည် ယူပြီး၍လည်း မစောင့်ရှောက်ကုန်။ ဆရာသည် ထိုအကြောင်းကို တပည့်တို့အား ကြားလေ၏။ တပည့်တို့သည် ဆရာ... ဆရာတို့သည် ထိုသူတို့အား အလိုမရှိဘဲလျက် သီလကိုပေးကုန်၏။ ထို့ကြောင့် ထိုသူတို့သည် ဖျက်ဆီးကုန်၏။ ယနေ့မှစ၍ တောင်းကုန်သော သူတို့အားသာလျှင် သီလကို ပေးကုန်လော့။ မတောင်းကုန်သောသူတို့အား မပေးပါကုန်လင့် ဟု ဆိုကုန်၏။ ဒိသာပါမောက္ခဆရာလည်း နှလုံးမသာခြင်းသည် ဖြစ်၏။ ဤသို့ ဖြစ်သော်လည်း မြင်တိုင်း မြင်တိုင်းသော အရပ်တို့၌ သီလကို ပေးသည်သာလျှင်ဖြစ်၏။

ဆရာ့အကျင့်ကို ပျောက်စေခြင်း

ထိုအခါ တစ်နေ့သ၌ လူတို့သည် လာလတ်ကုန်၍ ပုဏ္ဏားတို့အား မင်္ဂလာရွတ်စိမ့်သောငှာ ဆရာကိုပင့်ဖိတ်ကုန်၏။ ဒိသာပါမောက္ခဆရာသည် ကောရဏ္ဍိယ လုလင်ကိုခေါ်၍ အမောင် မင်္ဂလာရွတ်ရာသို့ ငါမသွား၊ သင်သည် ပုဏ္ဏားလုလင် ငါးရာတို့ကိုခေါ်၍ မင်္ဂလာရွတ်ရာသို့သွားလော့၊ မင်္ဂလာရွတ်ခြင်း၏ ပူဇော်သက္ကာရ အလှူဝတ်ကိုခံ၍ ငါတို့၏ အစုကို ဆောင်ခဲ့လော့ ဟု ဆို၏။ ကောရဏ္ဍိယလုလင်သည် ကောင်းပြီ ဟု သွား၍ ပြန်လတ်သော် လမ်းအကြား၌ တစ်ခုသော ချောက်ကိုမြင်၍ ငါတို့ ဆရာသည် မြင်တိုင်းမြင်တိုင်းသော အရပ်တို့၌ မတောင်းကုန်သော သူတို့အား သီလကို ပေး၏။ ယနေ့မှစ၍ တောင်းသော သူတို့အားသာလျှင် သီလကို ပေးအောင် ငါပြုအံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုကောရဏ္ဍိယ လုလင်သည် တစ်ပါးသောလုလင်တို့ ချမ်းသာစွာ နေကုန်စဉ် ထ၍ ကြီးစွာသော ကျောက်ကိုချီ၍ ချောက်ထဲသို့ အဖန်တလဲလဲလျှင် ချ၏။

ဆရာတပည့် အချေအတင်

ထိုအခါ ကောရဏ္ဍိယ လုလင်ကို တစ်ပါးသောလုလင်တို့သည် ဆရာ.အဘယ့်ကြောင့် ဤသို့ပြုသနည်း ဟု ဆို၏။ ကောရဏ္ဍိယ လုလင်သည်။ တစ်စုံတစ်ခုသော စကားတို့ကို မဆို။ ထိုလုလင်တို့သည် လျင်မြန်စွာသွား၍ ဆရာအား ကြားကုန်၏။ ဆရာသည့ လာလတ်၍ ကောရဏ္ဍိယလုလင်နှင့်တကွ စကားပြောလိုရကား-

၃၄။ ဧကော အရညေ ဂိရိကန္ဒရာယံ၊
ပဂ္ဂယှ ပဂ္ဂယှ သေလံ ပဝေစ္ဆသိ။
ပုနပ္ပုနံ သန္တရမာနရူပေါ၊
ကောရဏ္ဍိယ ကောနု တဝ ယိဓတ္ထော။

ဟူသော ရှေးဦးစွာ ဤဂါထာကိုဆို၏။

၃၄။ ကောရဏ္ဍိယ၊ ကောရဏ္ဍိယ။ တွံ၊ သင်သည်။ အရညေ၊ တော၌။ ဧကော၊ တစ်ယောက်ထီး တည်း။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ သန္တရမာနရူပေါ၊ လျင်မြန်သော သဘောရှိသည်ဖြစ်၍။ သေလံ၊ ကျောက်ကို။ ပဂ္ဂယှ ပဂ္ဂယှ၊ ယူ၍ ယူ၍။ ဂိရိကန္ဒရာယံ၊ တောင်ချောက်၌။ ပဝေစ္ဆသိ၊ ချ၏။ ဣဓ၊ ဤချောက်ကိုဖို့ရာ၌။ တဝ၊ သင်အား။ ကော အတ္ထော နု၊ အဘယ်အကျိုးရှိသနည်း။

ကောရဏ္ဍိယ လုလင်သည် ထိုစကားကိုကြား၍ ဆရာကို သိစေလိုရကား-

၃၅။ အဟဉှိ မံ သာဂရသေဝိတန္တံ၊
သမံ ကရိဿာမိ ယထာပိ ပါဏိ။
ဝိကိရိယ သာနူနိ စ ပဗ္ဗတာနိ စ၊
တသ္မာ သေလံ ဒရိယာ ပက္ခိပါမိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၃၅။ အာစရိယ၊ ဆရာ။ သာဂရသေဝိတန္တံ၊ မြစ် သမုဒ္ဒရာတို့သည် မှီဝဲရာဖြစ်သော။ ဣမံ ပထဝိံ၊ ဤမြေကို။ သာနူနိ စ၊ မြေတောင်တို့ကို လည်းကောင်း။ ပဗ္ဗတာနိ စ၊ ကျောက်တောင်တို့ကိုလည်းကောင်း။ ဝိကိရိယ၊ ဖြို၍။ ပါဏိ ယထာပိ၊ လက်ဝါးပြင်ကဲ့သို့လည်း။ သမံ၊ ညီညွတ်သည်ကို။ ကရိဿာမိ၊ ပြုအံ့။ တသ္မာ ဟိ၊ ထို့ကြောင့်လျှင်။ အဟံ၊ ငါသည်။ သေလံ၊ ကျောက်ကို။ ဒရိယာ၊ ချောက်၌။ ပက္ခိပါမိ၊ ချ၏။

ထိုစကားကိုကြား၍ ဆရာပုဏ္ဏား သည်-

၃၆။ န ယိမံ မဟိံ အရဟတိ ပါဏိကမ္မံ၊
သမံ မနုဿော ကရဏာယ မေကော။
မညာမိ မညေဝ ဒရိံ ဇိဂီသံ၊
ကောရဏ္ဍိယ ဟဟသိ ဇီဝလောကံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၃၆။ ကောရဏ္ဍိယ၊ ကောရဏ္ဍိယ။ ဧကော၊ တစ်ယောက်သော။ မနုဿော၊ လူသည်။ ဣမံမဟိံ၊ ဤမြေကြီးကို။ ပါဏိကမ္မံ၊ လက်ဝါးပြင်ကဲ့သို့လုပ်၍။ သမံ၊ ညီညွတ်စွာ။ ကရဏာယ၊ ပြုခြင်းငှာ။ န အရဟတိ၊ မတတ်ကောင်း။ ဣမညေဝ ဒရိံဇိဂီသံ၊ ဤချောက်ကို ပြည့်စေခြင်းငှာ ကျောက်တို့ကို ရှာစဉ်လျှင်။ တွံ၊ သင်သည်။ ဣမံ ဇီဝလောကံ၊ ဤလူ့ပြည်ကို ဟာဟသိ၊ စွန့်ရအံ့ဟူ၍။ မညာမိ၊ ငါ ထင်၏။

ထိုစကားကို ကြား၍ ကောရဏ္ဍိယ လုလင်သည်-

၃၇။ သစေ အဟံ ဘူတဓရံ န သက္ကာ၊
သမံ မနုဿော ကရဏာယ မေကော။
ဧဝမေဝ တွံ ဗြဟ္မေ ဣမေ မနုဿေ၊
နာနာဒိဋ္ဌိကေ နာနယိဿသိ တေ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၃၇။ ဗြဟ္မေ၊ ဆရာပုဏ္ဏား။ ဧကော၊ တစ်ယောက်သော။ မနုဿော၊ လူဖြစ်သော။ အဟံ၊ အကျွန်ုပ်သည်။ ဘူတဓရံ၊ မြေကြီးကို။ သမံကရဏာယ၊ ညီညွတ်စွာပြုခြင်းငှာ။ သစေ န သက္ကာ၊ အကယ်၍ မတတ်နိုင်ငြားအံ့။ ဧဝမေဝ၊ ဤအတူလျှင်။ တွံ၊ သင်ဆရာသည်။ နာနာဒိဋ္ဌိကေ၊ အထူးထူးသော အယူရှိကုန်သော။ ဣမေ မနုဿေ၊ ဤလူတို့ကို။ န အာနယိဿသိ၊ မိမိ၏အလိုသို့ ဆောင်ခြင်းငှာ မတတ်နိုင်လတ္တံ့။

ထိုစကားကိုကြား၍ ဆရာသည် ကောရဏ္ဍိယ... သင်သည်ကား သင့်သောစကားကို ဆို၏။ ငါသည် ဤသို့ သဘောရှိသော အမှုကို မပြုအံ့ ဟု မိမိ ချွတ်ယွင်းသော အဖြစ်ကိုသိ၍-

၃၈။ သံခိတ္တရူပေန တုဝံ မမတ္ထံ၊
အက္ခာသိ ကောရဏ္ဍိယ ဧဝမေတံ၊
ယထာ န သက္ကာ ပထဝီ သမာယံ၊
ကတုံ မနုဿေန တထာ မနုဿာ-

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၃၈။ ကောရဏ္ဍိယ၊ ကောရဏ္ဍိယ လုလင်။ တွံ၊ သင်သည်။ မမ၊ ငါ့အား။ သံခိတ္တရူပေန၊ အကျဉ်းချုံးသော ဥပမာဖြင့်။ အတ္ထံ၊ အကျိုးကို။ အက္ခာသိ၊ ဆို၏။ ဧတံ၊ ထိုသင့်စကားသည်။ ဧဝံ၊ သင်ဆိုတိုင်းမှန်၏။ အယံ ပထဝီ၊ ဤမြေကို။ သမံ၊ ညီညွတ်စွာ။ ကာတုံ၊ ပြုခြင်းငှာ။ န သက္ကာ ယထာ၊ မတတ်ကောင်းသကဲ့သို့။ တထာ၊ ထို့အတူ။ မနုဿေန၊ လူသည်။ မနုဿာ၊ လူတို့ကို။ သမံ၊ ညီညွတ်သည်ကို။ ကာတုံ၊ ပြုခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။

ဤသို့ ဆရာသည် လုလင်အား ချီးမွမ်းခြင်းကိုပြု၏။ ပြုပြီး၍ တပည့်ဆိုသောအနက်ကို သိ၍ အိမ်သို့ ဆောင်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဟောတော်မူ၍ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဆရာပုဏ္ဏား ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကောရဏ္ဍိယ လုလင် ဖြစ်ဖူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

မြေတိုင်းမညီ၊ လူတိုင်းသည်။ မညီကြနိုင်ပေ

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကောရဏ္ဍိယဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၇။ လဋုကိကဇာတ်

အားနည်းသောသူကို နိုင်ထက်ကလူ မမူအပ်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဝန္ဒာမိ တံ ကုဉ္ဇရ သဋ္ဌိဟာယနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤလဋုကိကဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့ ဒေဝဒတ်သည် ကြမ်းကြုတ်ရုန့်ရင်း၏။ နိုင်ထက်ကလူ မူတတ်၏။ ဒေဝဒတ်အား သတ္တဝါတို့၌ သနားခြင်းသည်လည်း မရှိ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ... ဒေဝဒတ်သည် ယခုအခါ၌ သာလျှင် ကရုဏာမရှိသည် မဟုတ်သေး၊ ရှေး၌လည်း ကရုဏာ မရှိသည်သာလျှင်တည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဆင်မျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ကြည်ညိုဖွယ်ရှိ၏။ ကြီးသောကိုယ် ရှိ၏။ ဆင်ရှစ်သောင်း ခြံရံလျက် ဆင်မင်းဖြစ်၍ ဟိမဝန္တာ၌ နေ၏။

ငှက်မလေး တောင်းပန်၍လွတ်ပြီ

ထိုအခါ တစ်ခုသော နှံစုတ်ငှက်မသည် ဆင်တို့၏ သွားလာရာ အရပ်၌ အဥတို့ကိုထား၏။ အဥတို့သည် ရင့်ကုန်လတ်သော် ငှက်ငယ်တို့သည် ပေါက်ကုန်၏။ ထိုငှက်ငယ်တို့သည် အတောင်မရောက်ကုန်သေးသည်ဖြစ်၍ ပျံခြင်းငှာ မစွမ်းနိုင်မီလျှင် ဘုရားလောင်းသည် ဆင်ရှစ်သောင်း ခြံရံလျက် အစာရှာအံ့သောငှာ ထိုအရပ်သို့ ရောက်၏။ ထိုဘုရားအလောင်းကို နှံစုတ်ငှက်မသည် မြင်၍ ဤဆင်မင်းသည် ငါ့သားငယ်တို့ကို နင်း၍ သတ်လတ္တံ့၊ ယခု သားငယ်တို့၏ အရံအတားအကျိုးငှာ ဆင်မင်းကို တရားနှင့်ညီလျော်သော အစောင့်အရှောက်ကို တောင်းအံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုနှံစုတ်ငှက်မသည် အတောင်နှစ်ဖက်တို့ကို ယှက်၍ ဆင်မင်း၏ရှေ့၌ ရပ်၍ -

၃၉။ ဝန္ဒာမိ တံ ကုဉ္ဇရ သဋ္ဌိဟာယနံ၊
အာရညကံ ယူထပတိံ ယသဿိံ။
ပက္ခေဟိ တံ ပဉ္စလိကံ ကရောမိ၊
မာ မေ ဝဓိ ပုတ္တကေ ဒုဗ္ဗလာယ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၃၉။ ကုဉ္ဇရ၊ ဆင်မင်း။ သဋ္ဌိဟာယနံ၊ အနှစ်ခြောက်ဆယ်ရှိသောကာလ၌ အားယုတ်သော။ အာရညကံ၊ တော၌ကျတ်စားသော။ ယူထပတိံ၊ ဆင်အပေါင်း၏ မင်းဖြစ်သော။ ယသဿိံ၊ များသောအခြံအရံရှိသော။ တံ၊ သင့်ကို။ အဟံ၊ ငါသည်။ ဝန္ဒာမိ၊ ရှိခိုးပါ၏။ ပက္ခေဟိ၊ အတောင်တို့ဖြင့်။ ပဉ္ဇလိကံ၊ လက်အုပ်ချီခြင်းကို။ ကရောမိ၊ ပြု၏။ ဒုဗ္ဗလာယ၊ အားနည်းသော။ မေ၊ ငါ၏။ ပုတ္တကေ၊ သားငယ်တို့ကို။ မာ ဝဓိ၊ မသတ်ပါလင့်။

ဘုရားအလောင်းသည် နှံစုတ်ငှက်မငယ်... သင် မစိုးရိမ်လင့်၊ ငါသည် သင့်သားတို့ကို စောင့်ရှောက်အံ့ ဟုဆို၍ ငှက်ငယ်တို့၏ အထက်၌ ရပ်၍ ရှစ်သောင်းသော ဆင်တို့သည် သွားကုန်ပြီးသော် နှံစုတ်ငှက်မကိုခေါ်၍ နှံစုတ်ငှက်မငယ်... ငါတို့နောက်၌ တစ်စီးတည်းသော ဆင်သည် လာလတ္တံ့၊ ထိုဆင်သည် ငါတို့စကားကို နားမထောင်လတ္တံ့၊ ထိုဆင်လာလတ်သော် ထိုဆင်ကိုလည်း တောင်းပန်၍ သားငယ်တို့၏ ချမ်းသာခြင်းကို ပြုရစ်လော့ ဟု ဆို၍ သွား၏။

တောင်းပန်သော်လည်း ဒုက္ခပေး

နှံစုတ်ငှက်မငယ်သည်လည်း ထိုဆင်မင်းအား ခရီးဦး ကြိုဆို၍ အတောင်နှစ်ဖက်တို့ဖြင့် လက်အုပ် ချီ၍-

၄၀။ ဝန္ဒာမိ တံ ကုဉ္ဇရ ဧကစာရိံ၊
အာရညကံ ပဗ္ဗတသာနုဂေါစရံ။
ပက္ခေဟိ တံ ပဉ္ဇလိကံ ကရောမိ၊
မာ မေ ဝဓိ ပုတ္တကေ ဒုဗ္ဗလာယ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၀။ ကုဉ္ဇရ၊ ဆင်မင်း။ ဧကစာရိံ၊ တစ်စီးတည်းသာ ကျက်စားလေ့ရှိသော။ အာရညကံ၊ တော၌နေသော။ ပဗ္ဗတသာနုဂေါစရံ၊ ကျောက်တောင် မြေတောင်တို့၌ အစာကိုရှာသော။ တံ၊ သင့်ကို ပက္ခေဟိ၊ အတောင်တို့ဖြင့်။ အဟံ၊ ငါသည်။ ပဉ္ဇလိကံ၊ လက်အုပ်ချီခြင်းကို။ ကရောမိ၊ ပြု၏။ ဒုဗ္ဗလာယ၊ အားနည်းသော။ မေ၊ ငါ၏။ ပုတ္တကေ၊ သားငယ်တို့ကို။ မာ ဝဓိ၊ မသတ်ပါလင့်။

ထိုဆင်သည် နှံစုတ်ငှက်မငယ်၏ စကားကိုကြား၍-

၄၁။ ဝဓိဿာမိ တေ လဋုကိကေ ပုတ္တကာနိ၊
ကိံ မေ တုဝံ ကာဟသိ ဒုဗ္ဗလာသိ။
သတံ သဟဿာနိပိ တာဒိသီနံ၊
ဝါမေန ပါဒေန ပပေါထယေယျံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၄၁။ လဋုကိကေ၊ နှံစုတ်ငှက်မငယ်။ တေ၊ သင်၏။ ပုတ္တကာနိ၊ သားငယ်တို့ကို။ ဝဓိူာမိ၊ ငါသတ်အံ့။ တွံ၊ သင်သည်။ ဒုဗ္ဗလာ၊ အားနည်းစွာသည်။ အသိ၊ ဖြစ်၏။ တွံ၊ သင်သည်။ မေ၊ ငါ့အား။ ကိံ ကာဟသိ၊ အသို့ပြုနိုင်လတ္တံ့နည်း။ တာဒိသီနံ၊ သင်ကဲ့သို့ သဘောရှိကုန်သော။ သတသဟဿာနိပိ၊ တစ်သိန်းသော ငှက်မတို့ကိုလည်း။ ဝါမေန ပါဒေန၊ လက်ဝဲခြေဖြင့်သာ။ ပပေါထယေယျံ၊ ငါသတ်အံ့။

ဤသို့ဆို၍ ထိုဆင်သည် နှံစုတ်ငှက်မငယ်၏ သားငယ်တို့ကို ခြေဖြင့်နင်းချေ၍ ကျင်ငယ်ဖြင့် မျောစေ၍ မြည်ဟည်းလျက် ဖဲ၏။

နှံပြည်စုတ်ငှက်ကြိမ်းမောင်းသံ

နှံစုတ်ငှက်မငယ်သည် သစ်ခက်၌နား၍ ယခု သင်သည် မြည်ဟည်းလျက် သွား၏။ နှစ်ရက် သုံးရက်ဖြင့် ငါ့အမှုကို မြင်ရလတ္တံ့၊ ကိုယ်အားထက် ဉာဏ်အားကြီးသော အဖြစ်ကို သင်မသိနိုင်သည် ဖြစ်စေဦး၊ သင့်ကို သိစေအံ့ ဟု ခြိမ်းခြောက်၍လျှင်-

၄၂။ န ဟေဝ သဗ္ဗတ္ထ ဗလေန ကိစ္စံ၊
ဗလံ ဟိ ဗာလဿ ဝဓာယ ဟောတိ၊
ကရိဿာမိ တေ နာဂရာဇ အနတ္ထံ၊
ယော မေ ဝဓိ ပုတ္တကေ ဒုဗ္ဗလာယ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၄၂။ နာဂရာဇ၊ ဆင်မင်း။ သဗ္ဗတ္ထ၊ အလုံးစုံသောအရာ၌။ ဗလေန၊ အားဖြင့်။ ကိစ္စံ၊ ပြုအပ်သည်။ န ဟေဝ၊ မဟုတ်သလျှင်တည်း။ ဟိသစ္စံ၊ မှန်၏။ ဗလံ၊ ကိုယ်အားသည်။ ဗာလဿ၊ လူမိုက်အား။ ဝဓာယ၊ သတ်ခြင်းငှာ။ ဟောတိ၊ ဖြစ်၏။ ယော တွံ၊ အကြင်သင်သည်။ ဒုဗ္ဗလာယ၊ အားနည်းသော။ မေ၊ ငါ၏။ ပုတ္တကေ၊ သားငယ်တို့ကို။ ဝဓိ၊ သတ်၏။ တေ၊ သင်၏။ အနတ္ထံ၊ အကျိုးမဲ့ကို။ ကရိဿာမိ၊ ငါပြုအံ့။

မိတ်ဆွေဖွဲ့၍ အကူအညီတောင်းပုံ

နှံစုတ်ငှက်မငယ်သည် ဤသို့ဆို၍ နှစ်ရက်သုံးရက် တစ်ခုသောကျီးကို ခစား၍ ထိုကျီးသည် နှစ်သက်သဖြင့် သင်၏ အဘယ် အမှုကို ငါပြုရအံ့နည်း ဟု မေးလတ်သော် အရှင်... အကျွန်ုပ်အား တပါးသော ပြုဖွယ်ကိစ္စမရှိ၊ တစ်ခုသော ဧကစာရဆင်၏ မျက်စိတို့ကို အရှင်တို့သည် နှုတ်သီးဖြင့်ထိုး၍ ဖောက်ခြင်းတို့ကို အကျွန်ုပ် တောင့်တ၏ ဟု ဆို၏။ ကျီးသည် ကောင်းပြီ ဟု ဝန်ခံ၏။

တစ်ခုသော ယင်မမဲရိုင်းကို ခစား၏။ ထို ယင်မမဲရိုင်းသည်လည်း ငါသည် အဘယ်မည်သော သင့်ကိစ္စကို ပြုရအံ့နည်း ဟု မေးလတ်သော် ဤအကြောင်းကြောင့် ဧကစာရဆင်၏ မျက်စိတို့သည် ပေါက်ကုန်လတ်သော် ထိုမျက်စိတို့၌ အရှင်တို့သည် ပိုးလောက်ကို ချစိမ့်သောငှာ အကျွန်ုပ်အလိုရှိ၏ ဟု ဆို၍ ထိုယင်မမဲရိုင်းသည်လည်းကောင်းပြီဟု ဆိုလတ်သော် တစ်ခုသေ ဖားသို့ ခစား၍ ဖားသည် သင်၏ အဘယ်အမှုကို ပြုရအံ့နည်း ဟု မေးလတ်သော် အကြင်အခါ၌ ထိုဧကစာရဆင်သည် ကန်းသည်ဖြစ်၍ ရေကို ရှာလတ္တံ့။ ထိုအခါ တောင်ထိပ်၌ နေ၍ အသံပြုလော့။ ထိုဆင်သည် တောင်ထိပ်သို့ တက်လတ်သော် ဆင်းသက်၍ ချောက်ကမ်းပါးပြတ်၌ အသံပြုလော့၊ အကျွန်ုပ်သည် အရှင်တို့ထံမှ ထိုအမှုကို တောင့်တ၏ ဟု ဆို၏။ ဖားသည် ကောင်းပြီ ဟုဝန်ခံ၏။

ဆင်မိုက်ကြီးသေရပြီ

ထိုအခါ တစ်နေ့သ၌ ကျီးသည် ဆင်၏ မျက်စိနှစ်ဖက်တို့ကို နှုတ်သီးဖြင့် ဖောက်၏။ ယင်မမဲရိုင်းသည် ပိုးလောက်တို့ကို လွှတ်၏။ ဆင်သည် ပိုးလောက်ကိုက်၍ ဝေဒန၁သို့ရောက်လျက် ရေငတ်သည်ဖြစ်၍ ရေရှာသွား၏။ ထိုအခါ ဖားသည် တောင်ထိပ်၌နေ၍ အသံပြု၏။ ဆင်သည် ထိုအရပ်၌ ရေရှိသည် ဖြစ်လတ္တံ့ဟု တောင်ထိပ်သို့တက်၏။ ထိုအခါ ဖားသည် ဆင်းသက်၍ တောင်ကမ်းပါး၌ တည်၍ အသံပြု၏။ ဆင်သည် ထိုအရပ်၌ ရေရှိသည် ဖြစ်လတ္တံ့ ဟု ကမ်းပါးပြတ်သို့ ရှေးရှုလာလတ်သော် ကျ၍ သေ၏။

နှံစုတ်ငှက်မငယ်သည့် ဆင်သေသည်၏ အဖြစ်ကို သိ၍ ရန်သူ၏ ပျက်စီးခြင်းကို မြင်ရပြီ ဟု နှစ်သက်ဝမ်းသာ ဆင်ကျောက်ကုန်း၌ လူးလာသွား၍ ကံအားလျော်စွာ လား၏။

ရန်မဖြစ်ကြနှင့်

သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ ... ရန်မည်သည်ကို တစ်စုံတစ်ယောက်သော သူနှင့်တကွ မပြုအပ်၊ ဤသို့လျှင် အားနှင့်ပြည့်စုံသောဆင်ကို လေးခုကုန်သော သတ္တဝါတို့သည် တစ်ပေါင်းတည်း ဖြစ်ကုန်၍ အသက်ကုန်ခြင်းသို့ ရောက်စေကုန်၏ ဟု ပြတော်မူအံ့သောငှာ-

၄၃။ ကာကဉ္စ ပဿ လဋုကိကံ၊ မဏ္ဍူကံ နီလမက္ခိကံ။
ဧတေ နာဂံ အဃာတေသုံ၊ ပဿ ဝေရဿ ဝေရိနံ။
တသ္မာ ဟိ ဝေရံ န ကယိရာထ၊ အပ္ပိယေနပိ ကေနစိ-

ဟူသော ဤဂါထာကို ဟောတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။

၄၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ကာကဉ္စ၊ ကျီးကိုလည်းကောင်း။ လဋုကိကဉ္စ၊ နှံစုတ်ငှက်မကိုလည်းကောင်း။ မဏ္ဍူကဉ္စ၊ ဖားကိုလည်းကောင်း။ နီလမက္ခိကဉ္စ၊ ယင်မမဲရိုင်းကို လည်းကောင်း။ ပဿ၊ ရှုလော့။ ဧတေ၊ ထိုလေးခုသော သတ္တဝါတို့သည်။ နာဂံ၊ ဆင်ကို။ အဃာတေသုံ၊ သတ်နိုင်ကုန်ပြီ။ ဝေရီနံ၊ ရန်သူတို့၏။ ဝေရဿ၊ ရန်၏။ ဂတိံ၊ ဖြစ်ခြင်းကို။ ပဿ၊ ရှုလော့။ တသ္မာဟိ၊ ထို့ကြောင့်လျှင်။ အပ္ပိယေန၊ မချစ်အပ်သော။ ကေနစိပိ၊ တစ်စုံတစ်ယောက်သော သူနှင့်လည်း။ သဒ္ဓိံ၊ တကွ။ ဝေရံ၊ ရန်ကို။ န ကယိရာထ၊ မပြုရာ။

ဇာတ်ပေါင်း... အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ဒေဝဒတ်သည် ထိုအခါ ဧကစာရီဆင် ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဆင်မင်း ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကျီး, ယင်, ငှက်, ဖား၊ လေးဦးသား၊ စိတ်အားညီနေ ဆင်ကြီးသေ

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော လဋုကိကဇာတ်သည်ပြီး၏။

*****

ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၈။ စူဠဓမ္မပါလဇာတ်

လက်ခြေကို ဖြတ်သော်လည်း မငိုကြွေးသော ဘုရားအလောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အဟမေဝ ဒူသိယာ ဘူနဟတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠဓမ္မပါလဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်သည် သဗ္ဗညူမြတ်စွာဘုရားအား သတ်အံ့သောငှာ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

တစ်ပါးသောဇာတ်တို့၌ ဒေဝဒတ်သည် ဘုရားလောင်းကို ထိတ်လန့်စေခြင်းကိုလည်း ပြုအံ့သောငှာ မတတ်နိုင်၊ ဤစူဠဓမ္မပါလဇာတ်၌ကား ဘုရားလောင်း၏ ခုနစ်လရှိသောကာလ၌ လက်ခြေ ဦးခေါင်းတို့ကို ဖြတ်စေ၍ သန်လျက်ပန်း မည်သည်ကို ပြုစေ၏။ ဒဒ္ဒရဇာတ်၌လည်း လည်ကိုကိုင်၍ သတ်၍ ခုံလောက်၌ အသားကို ချက်၍ စား၏။ ခန္တိဝါဒီ ဇာတ်၌လည်း နှစ်ခုသော ကြိမ်တို့ဖြင့် အချက်တစ်ထောင် ရိုက်ခတ်ခြင်းတို့ဖြင့် ရိုက်ခတ်၍ လက် ခြေ, နား နှာခေါင်းတို့ကို ဖြတ်စေ၍ မောင်းတို့၌ ကိုင်စေ၍ ငင်ထုတ်စေ၍ ပက်လက်အိပ်၍ ရင်၌ ခြေဖြင့်ကျောက်၍ သွား၏။ ဘုရားလောင်းသည် ထိုနေ့၌ အသက်ကုန်ခြင်းသို့ရောက်၏။ စူဠနန္ဒိယဇာတ်၌လည်းကောင်း၊ မဟာကပိဇာတ်၌လည်းကောင်း ဘုရားလောင်းကို သေစေ၏။ ဤအတူလျှင် ဘုရားဖြစ်သောကာလ၌လည်း အခါလေးမြင့် သတ်အံ့သောငှာ လုံ့လပြု၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအခါ ရဟန်းတို့သည် တစ်နေ့သတရားသဘင်ဝယ် ငါ့ရှင်တို့ ဒေဝဒတ်သည် ဘုရားအား သတ်အံ့သောငှာလျှင် လုံ့လပြု၏။ ဘုရားကိုသတ်အံ့ဟု လေးသမားတို့ကို စေ၏။ ကျောက်ကိုလှိမ့်၏။ နာဠာဂိရိဆင်ကို လွှတ်၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည် ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌ သာလျှင် ငါ့အား သတ်အံ့သောငှာ လုံ့လပြုသည်မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုသည်သာလျှင်ကတည်း၊ ယခုအခါ၌ကား ထိတ်လန့်ခြင်းမျှကိုလည်း ပြုအံ့သောငှာ မတတ်နိုင်၊ ရှေး ဓမ္မပါလမင်းသား ဖြစ်သောကာလ၌ မိမိသားဖြစ်သော ငါ့ကို အသက်ကုန်ခြင်းသို့ ရောက်စေ၍ သန်လျက်ပန်း ပြုဖူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗရာဏသီပြည်၌ မဟာပတာပ မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်း၏ စန္ဒာဒေဝီအမည်ရှိသော မိဖုရားကြီးဝမ်း၌ ဖြစ်၏။ ဓမ္မပါလ ဟူသော အမည်ကို မှည့်၏။ ထိုဓမ္မပါလမင်းသားကို ခုနစ်လရှိသော ကာလ၌ မယ်တော်သည် နံ့သာရေဖြင့် ရေချိုး၍ ကစားစေလျက် နေ၏။ မင်းသည် မိဖုရားနေရာ အရပ်သို့ သွား၏။ မိဖုရားသည် သားကို ကစားစေလျက် သား၌ ချစ်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ မင်းကိုမြင်၍လည်း နေရာမှ မထ။ မင်းသည် မိဖုရားကား ယခုကပင်လျှင် သားကိုမှီ၍ မာနကိုပြု၏။ ငါ့ကို တစ်စုံတစ်ခုမျှ မမှတ်၊ သားကြီးသည်ရှိသော်ကား ငါ၌ လူဟူသော အမှတ်ကိုမျှ မပြုလတ္တံ့၊ ယခုပင်လျှင် ထိုမင်းသားကို သတ်အံ့ဟု ကြံပြီး၍ မင်းသည် ပြန်လည်၍ မင်း၏နေရာ၌ နေ၍ မိမိ အစီအရင်ဖြင့် လာစေ ဟု ခိုးသူသတ်ကို ခေါ်စေ၏။

ခိုးသူ သတ်သည် ဖန်ရည်စွန်းသောအဝတ်ကို ဝတ်လျက် နီသောပန်းကို ပန်လျက် ပုဆိန်ကို ပခုံး၌ထား၍ စဉ်းတီတုံးကိုယူ၍ မင်းအထံသို့ လာ၍ မင်းကိုရှိခိုး၍ အရှင်မင်းကြီး အဘယ်ကို ပြုရအံ့နည်းဟုဆို၍ ရပ်၏။ အသရေရှိသော အိပ်ရာတိုက်ခန်းသို့သွား၍ ဓမ္မပါလကို ဆောင်ချေဟု ဆို၏။ မိဖုရားသည်လည်း မင်းသည် အမျက်ထွက်၍ ပြန်လည်သော အဖြစ်ကိုသိ၍ ဘုရားလောင်းကို ရင်၌အိပ်စေ၍ ငိုလျက်နေ၏။ ခိုးသူသတ်သည် သွား၍ မိဖုရားကို ကျောက်၌ ပုတ်ခတ်၍ လက်မှ မင်းသားကိုယူ၍ မင်း၏အထံသို့ သွား၍ အရှင်မင်းကြီး... အဘယ်သို့ ပြုရအံ့နည်းဟု ဆို၏။ မင်းသည် တစ်ခုသောပျဉ်ကို ဆောင်စေ၍ ရှေ့မှချ၍ ပျဉ်၌ ဓမ္မပါလကို အိပ်စေလော့ဟု ဆို၏။ စန္ဒာဒေဝီသည် သား၏နောက်မှ ငိုလျက် လိုက်၏။ တစ်ဖန် ခိုးသူသတ်သည် အရှင်မင်းကြီး... အသို့ပြုရအံ့နည်း ဟု ဆို၏။ ဓမ္မပါလ၏ လက်တို့ကို ဖြတ်လော့ ဟု ဆို၏။ စန္ဒာဒေဝီသည် မြတ်သောမင်းကြီး ခုနစ်လလျှင်ရှိသော ငယ်သေးသော ကျွန်ုပ်သားသည် တစ်စုံတစ်ခုကို မသိ၊ သားအား အပြစ်သည် မရှိ၊ ထိုအပြစ်သည် ဖြစ်လတ်သော် အကျွန်ုပ်သာ ဖြစ်ရာ၏။ ထိုကြောင့် အကျွန်ုပ်၏ လက်တို့ကို ဖြတ်လော့ဟု ပြလိုရကား-

၄၄။ အဟမဝ ဒူသိယာ ဘူနဟတာ၊ ရညော မဟာပတာပဿ။
ဧတံ မုဉ္စတု ဓမ္မလံ၊ ဟတ္ထေ မေ ဒေဝ ဆေဒေဟိ။

ဟူသော ရှေးဦးသော ဤဂါထာကို ဆို၏။

၄၄။ အဟမေဝ၊ အကျွန်ုပ်သည်သာလျှင် မဟာပတာပဿ ရညော၊ မဟာပတာပမင်း၏။ ဒူသိယာ၊ အပြစ်ကိုပြု၏။ ဘူန ဟတာ၊ အစီးအပွားကို ဖျက်ဆီး၏။ ဒေဝ၊ မင်းကြီး။ ဧတံ ဓမ္မပါလံ၊ ဤဓမ္မပါလကို။ မုဉ္စတု၊ လွှတ်လော့။ မေ၊ အကျွန်ုပ်၏။ ဟတ္ထေ၊ လက်တို့ကို။ ဆေဒေဟိ၊ ဖြတ်စေလော့။

မင်းသည် ခိုးသူသတ်ကို ကြည့်၏။ မြတ်သော မင်းကြီး... အဘယ်သို့ ပြုရအံ့နည်း ဟု ခိုးသူသတ်သည် ဆို၏။ ကြာမြင့်ခြင်းကို မပြုမူ၍ လက်တို့ကို ဖြတ်လော့ ဟု ဆို၏။ ထိုခဏ၌ ခိုးသူသတ်သည် ထက်စွာသော ပုဆိန်ကိုယူ၍ မင်းသား၏ လက်နှစ်ဖက်ကို နုစွာသောဝါးမှ ပေါက်သော အညှောက်တို့ကိုကဲ့သို့ ဖြတ်၏။ မင်းသားသည် လက်တို့ကို ဖြတ်အပ်ကုန်သည်ရှိသော် မျက်ရည်မယို၊ မငိုမူ၍လျှင် ခန္တီမေတ္တာကို ရှေ့ထား၍ သည်းခံ၏။ စန္ဒာဒေဝီသည်ကား ဖြတ်အပ်သော လက်စွန်းကိုယူ၍ ခါးပိုက်၌ထား၍ သွေးလိမ်းသည်ဖြစ်၍ ငိုလျက်သွား၏။ တစ်ဖန် သူသတ်သည် မြတ်သောမင်းကြီး ... အဘယ်သို့ ပြုရအံ့နည်းဟု မေး၏။ ခြေနှစ်ဖက်တို့ကို ဖြတ်လော့ ဟု ဆို၏။ ထိုစကားကို ကြား၍ စန္ဒဒေဝီသည်-

၄၅။ အဟမေဝ ဒူသိယာ ဘူနဟတာ၊ ရညော မဟာပတာပဿ။
ဧတံ မုဉ္စတု ဓမ္မပါလံ၊ ပါဒေ မေ ဒေဝ ဆေဒေဟိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၅။ ဒေဝ၊ မင်းကြီး။ အဟမေဝ၊ အကျွန်ုပ်သည်သာလျှင်။ မဟာပတာပဿ ရညော၊ မဟာပတာပမင်း၏။ ဒူသိယာ၊ အပြစ်ကိုပြု၏။ ဘူနဟတာ၊ အစီးအပွားကို ဖျက်ဆီး၏။ ဧတံ ဓမ္မပါလံ၊ ဤဓမ္မပါလကို။ မုဉ္စတု၊ လွှတ်လော့။ မေ၊ အကျွန်ုပ်၏။ ပါဒေ၊ ခြေတို့ကို။ ဆေဒေဟိ၊ ဖြတ်စေလော့။

မင်းသည်လည်း တစ်ဖန် ခိုးသူသတ်ကို စေ၏။ ခိုးသူ သတ်သည် ခြေနှစ်ဖက်တို့ကိုလည်း ဖြတ်၏။ စန္ဒာဒေဝီသည် ခြေတို့ကိုလည်း ခါးပိုက်၌ထား၍ သွေးလိမ်းကျံသည် ဖြစ်၍ ငိုလျက် အရှင်မဟာတာပမင်း လက်ခြေပြတ်ကုန်သော သားတို့ကို အမိသည် လုပ်ကျွေးအပ်ကုန်၏။ ကျွန်ုပ်သည် အခစားပြု၍ ကျွန်ုပ်သားကို လုပ်ကျွေးအံ့၊ ကျွန်ုပ်အား ဤသားကို ပေးလော့ဟု ဆို၏။ ခိုးသူသတ်သည် မင်းကြီး အကျွန်ုပ်ကိစ်စ ပြီးပြီလောဟု မေး၏။ မပြီးသေး ဟု ဆို၏။ မြတ်သောမင်းကြီး- အဘယ်သို့ ပြုရအံ့နည်းဟု ဆို၏။ ဓမ္မပါလ၏ ဦးခေါင်းကို ဖြတ်လော့ဟု ဆို၏။ ထိုစကားကိုကြား၍ စန္ဒာဒေဝီသည်-

၄၆။ အဟမေဝ ဒူသိယာ ဘူနဟတာ၊ ရညော မဟာပတာပဿ။
ဧတံ မုဉ္စတု ဓမ္မပါလံ၊ သီသံ မေ ဒေဝ ဆေဒေဟိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၄၆။ ဒေဝ၊ မင်းကြီး။ အဟမေဝ၊ အကျွန်ုပ်သည်သာလျှင်။ မဟာပတာပဿ ရညော၊ မဟာပတာပ မင်း၏။ ဒူသိယာ၊ အပြစ်ကိုပြု၏။ ဘူနဟတာ၊ အစီးအပွားကို ဖျက်ဆီး၏။ ဧတံ ဓမ္မပါလံ၊ ဤဓမ္မပါလကို။ မုဉ္စတု၊ လွှတ်လော့။ မေ၊ အကျွန်ုပ်၏။ သီသံ၊ ဦးခေါင်းကို။ ဆေဒေဟိ၊ ဖြတ်စေလော့။

မယ်တော်ငိုပွဲ နှလုံးကွဲ

ဤသို့ဆိုပြီး၍လည်း မိမိ၏ဦးခေါင်းကို ညွှတ်၍ ခံ၏။ တစ်ဖန် ခိုးသူသတ်သည် မြတ်သောမင်းကြီး၊ အဘယ်သို့ ပြုရအံ့နည်းဟု ဆို၏။ သန်လျက်သွားဖြင့် ဓမ္မပါလကို ခံ၍ သန်လျက်ပန်း မည်သည်ကို ပြုလော့ဟု ဆို၏။ ခိုးသူသတ်သည် မင်းသားကိုယ်ကို ကောင်းကင်သို့ပစ်၍ သန်လျက်သွားဖြင့် ခံ၍ သန်လျက်ပန်း မည်သည်ကိုပြု၍ မြတ်သော ပြာသာဒ်အပြင်၌ ဖရိုဖရဲ ကြဲ၏။ စန္ဒာဒေဝီ မိဖုရားသည် ဘုရားလောင်း၏ အသားကို ခါးပိုက်၌ထား၍ မြတ်သောပြာသာဒ်အပြင်၌ ငိုလျက်-

၄၇။ န ဟိ နူနိမဿ ရညော၊ မိတ္တာမစ္စာ စ ဝိဇ္ဇရေ သုဟဒါ။
ယေ န ဝဒန်တိ ရာဇာနံ၊ မာ ဃာတယိ ဩရသံ ပုတ္တံ။
၄၈။ န ဟိ နူနိမဿ ရညော၊ ဉာတီမိတ္တာ စ ဝိဇ္ဇရေ သုဟုဒါ။
ယေ န ဝဒန်တိ ရာဇာနံ၊ မာ ဃာတယိ အတြဇံ ပုတ္တံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၄၇။ ယေ ဇနာ၊ အကြင် အဆွေခင်ပွန်း အမှူး အမတ် နှလုံးနူးညံ့ကုန်သော သူတို့သည်။ ရာဇာနံ၊ မင်းကို။ ဒေဝ၊ မင်းကြီး။ ဩရသံ ပုတ္တံ၊ ရင်၌ ဖြစ်သော သားကို။ မာ ဃာတယိ၊ မသတ်လင့်ဟူ၍။ န ဝဒန္တိ၊ မဆိုမမြစ်ကြကုန်။ ဣမဿ ရညော၊ ဤမဟာပတာပ မင်းအား။ မိတ္တာ၊ မြဲမြံသော အဆွေခင်ပွန်းလည်း ဖြစ်ကုန်သော။ အမစ္စာ စ၊ အမတ်လည်းဖြစ်ကုန်သော။ သုဟဒါ စ၊ နူးညံ့သော နှလုံးရှိသည်လည်း ဖြစ်ကုန်သော။ တေ ဇနာ၊ထိုလူတို့သည်။ န ဟိ ဝိဇ္ဇရေ နူန၊ မရှိကုန်ယောင်တကား။

၄၈။ ယေ ဇနာ၊ အကြင် အဆွေခင်ပွန်း အဆွေ အမျိုး နှလုံးနူးညံ့ကုန်သော သူတို့သည်။ ရာဇာနံ၊ မင်းကို။ ဒေဝ၊ မင်းကြီး အတြဇံ၊ မိမိမှဖြစ်သော။ ပုတ္တံ၊ သားကို။ မာ ဃာတယိ၊ မသတ်လင့် ဟူ၍။ န ဝဒန္တိ၊ မဆိုမမြစ်ကြကုန်။ ဣမဿ ရညော၊ ဤ မဟာပတာပမင်းအား။ မိတ္တာ စ၊ အဆွေခင်ပွန်းလည်း ဖြစ်ကုန်သော။ ဉာတီ စ၊ အဆွေမျိုးလည်း ဖြစ်ကုန်သော။ သုဟဒါ စ၊ နူးညံသော နှလုံးရှိသည်လည်း ဖြစ်ကုန်သော။ တေ ဇနာ၊ ထိုလူတို့သည်။ န ဟိ ဝိဇ္ဇရေ နူန၊ မရှိကုန်ယောင်တကား။

စန္နာဒေဝီသည် ဤနှစ်ဂါထာတို့ကို ဆိုပြီး၍ လက်နှစ်ဖက်တို့ဖြင့် ရင်သားကို မ, လျက်-

၄၉။ စန္ဒနသာရာနုလိတ္တာ၊ ဗာဟာ ဆိဇ္ဇန္တိ ဓမ္မပါလဿ။
ဒါယာဒဿ ပထဗျာ။ ပါဏာ မေ ဒေဝ ရုဇ္ဈန္တိ။

ဟူသော ဤဂါထာကို ဆို၏။

၄၉။ ပထဗျာ၊ အဘဥစ္စာဖြစ်သော မြေအပြင်၌။ ဒါယာဒဿ၊ အမွေခံဖြစ်သော။ ဓမ္မပါလဿ၊ ဓမ္မပါလ၏။ စန္ဒနသာရာနုလိတ္တာ၊ စန္ဒကူးနှစ်ဖြင့် လိမ်းကျံအပ်ကုန်သော။ ဗာဟာ၊ မောင်းတို့သည်။ ဆိဇ္ဇန္တိ၊ ပြတ်ကုန်၏။ ဒေဝ၊ မင်းကြီး။ မေ၊ အကျွန်ုပ်၏။ ပါဏာ-ပါဏံ၊ အသက်သည်။ ရုဇ္စျန္တိ- ရုဇ္စျတိ၊ ချုပ်၏။

ဤသို့ ငိုကြွေးသော စန္ဒာဒေဝီမိဖုရား၏ နှလုံးသည် မီးလောင်သော ဝါးတော၌ ဝါးကဲ့သို့ ကွဲ၏။ ထိုမိဖုရားသည် ထိုအရပ်၌ပင်လျင် အသက်ကုန်ခြင်းသို့ ရောက်၏။

မင်းကြီးမြေမျိုခံရ

မင်းသည်လည်း ပြဿဒ်အမြင့်မှ မြေသို့ကျ၏။ ထိုနောက်မှ ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိသော မြေသည် မဟာပတာပမင်း၏ ကျေးဇူးမဲ့ကို ဆောင်အံ့သောငှာ မတတ်နိုင်ရကား နှစ်ဖြာကွဲ၍ ဟင်းလင်းအပြင်ကို ပေး၏။ အဝီစိမှ မီးလျှံသည် တက်၍ အမျိုးပေးသော ကမ္ဗလာဖြင့် ခြုံသကဲ့သို့ပြု၍ မဟပတပမင်းကိုယူ၍ အဝီစိ၌ ပစ်ချ၏။

စန္ဒာဒေဝီမိဖုရားနှင့် ဘုရားလောင်း၏ အလောင်းကို သင်္ဂြိုဟ်ကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မဟာပတာပမင်းဖြစ်ဖူးပြီ၊ ယခုအခါ မဟာပဇာပတိဂေါတမီသည် ထိုအခါ စန္ဒာဒေဝီမိဖုရား ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဓမ္မပါလမင်းသား ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကာမကိုစွဲ၊ သားကိုမဲ၊ အလွဲပြုမိ အဝီစီ

ရှစ်တို့၏ ပြည့်ကြောင်းဖြစ်သော စူဠဓမ္မပါလဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၉။ သုဝဏ္ဏမိဂဇာတ်

လင်၏ အသက်ကို မိမိအသက်နှင့် လဲခြင်း

ဟောတော်မူရာဋ္ဌာန

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝိက္ကမ ရေ ဟရိပါဒ အစရှိသော ဂါထပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုဝဏ္ဏမိဂဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ယောက်သော အမျိုးသမီးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအမျိုးသမီးသည် သာဝတ္ထိပြည်၌ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့၏ အလုပ်အကျွေးဖြစ်သော အမျိုးသမီးဖြစ်သတည်း၊ သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ရတနာသုံးပါးအား ကြည်ညို၏။ ဘုရားကို မြတ်နိုး၏။ တရားကို မြတ်နိုး၏။ သံဃာကို မြတ်နိုး၏။ အကျင့်နှင့်ပြည့်စုံ၏။ ပညာရှိ၏။ ဒါန အစရှိသော ကောင်းမှု၌ မွေ့လျော်၏။

ဗုဒ္ဓဘာသာအမျိုးသမီး

ထိုအမျိုးသမီးကို သာဝတ္ထိပြည်၌လျှင် အမျိုးမတူသော မိစ္ဆာဒိဋ္ဌိအမျိုးသည် တောင်း၏။ ထိုအခါ အမျိုးသမီး၏ မိဘတို့သည် ငါတို့သမီးကား သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ရတနာသုံးပါးအား ကြည်ညို၏။ ရတနသုံးပါးတို့ကိုလည်း မြတ်နိုး၏။ ဒါနအစရှိသော ကောင်းမှု၌ မွေ့လျော်၏။ သင်တို့သည် မိစ္ဆာ အယူရှိကုန်၏။ ဤသတို့သမီးအား အလိုရှိတိုင်း အလှူပေးစိမ့်သောငှာ လည်းကောင်း၊ တရားနာစိမ့်သောငှာ လည်းကောင်း၊ ကျောင်းသို့ သွားစိမ့်သောငှာ လည်းကောင်း၊ သီလကို စောင့်ရှောက်စိမ့်သောငှာ။ လည်းကောင်း၊ ဥပုသ်သုံးသောအမှုကို ပြုစိမ့်သောငှာ လည်းကောင်း မပေးကုန်လတ္တံ့၊ ငါတို့သည် ငါတို့သမီးကို သင်တို့အား မပေးကုန်။ သင်တို့သည် မိမိတို့အား တူသော မိစ္ဆာအယူရှိသော အမျိုးသမီးကို ယူကြကုန်လော့ ဟု ဆိုကုန်၏။ မိစ္ဆာဒိဋ္ဌိ အမျိုးတို့သည် ပယ်အပ်ကုန်သည်ရှိသော် သင်တို့၏သမီးသည် ငါတို့အိမ်သို့ရောက်၍ အလိုရှိတိုင်း သင်တို့ဆိုသော အလုံးစုံသောကုသိုလ် ကောင်းမှုကို ပြုစေသတည်း၊ ငါတို့ မမြစ်ပါကုန်၊ သင်တို့သမီးကို ငါတို့အား ပေးကုန်ပါလော့ဟု ဆို၏။ ထိုသို့တပြီးကား ယူကြကုန်လော့ဟု ဆိုအပ်ကုန်သည်ရှိသော် ကောင်းသောနက္ခတ်ဖြင့် မင်္ဂလာပြု၍ ထိုအမျိုးသမီးကို မိမိတို့၏အိမ်သို့ ဆောင်ကုန်၏။

ဘာသာခြားလင်ကို အယူပြောင်းစေပုံ

ထိုအမျိုးသမီးသည် ဝတ်အကျင့်နှင့် ပြည့်စုံ၏။ လင်ကို နတ်ကဲ့သို့ လုပ်ကျွေး၏။ ယောက္ခမယောကျ်ားသူ, ယောက္ခမမိန်းမသူ, လင်တို့၏ ဝတ်အစရှိသည်တို့ကို ပြု၏။ ထိုအမျိုးသမီးသည် တစ်နေ့သ၌ လင်ကို အရှင့်သား... အကျွန်ုပ်တို့၏ ဆရာမထေရ်တို့အား အလှူ ပေးခြင်းငှာ အကျွန်ုပ် အလိုရှိ၏ ဟု ဆို၏။ ရှင်မ... ကောင်းပြီ အလိုရှိတိုင်း ပေးလော့ ဟု ဆို၏။ ထိုအမျိုးသမီးသည် မထေရ်တို့ကို ပင့်ဖိတ်စေ၍ ကြီးစွာသော ပူဇော်သက္ကာရကို ပြု၍ မြတ်သော ဘောဇဉ်တို့ကို ဘုဉ်းပေးစေ၍ တင့်အပ်လျောက်ပတ်စွာ နေ၍ အရှင်ဘုရားတို့ မိစ္ဆာအယူ ရှိသော သဒ္ဓါတရားမရှိသောအမြိုးသည် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို မသိ၊ အကျွန်ုပ် တောင်းပန်၏။ အရှင်ကောင်းတို့သည် ဤအမျိုးတို့သည် ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို သိသည့်ကာလတိုင်အောင် ဤအိမ်၌လျှင် ဆွမ်းကို ခံပါကုန်လော့ ဟု လျှောက်၏။ မထေရ်တို့သည် သည်းခံ၍ ထိုအိမ်၌ မပြတ် ဆွမ်းဘုဉ်းပေးကုန်၏။ တစ်ဖန် လင်ကို အရှင့်သား... မထေရ်တို့သည် အိမ်သို့ မပြတ်ကြွလာကုန်၏။ အဘယ့်ကြောင့် သင်တို့သည် မဖူးကုန်သနည်း ဟုဆို၏။ ကောင်းပြီ၊ ဖူးမြင်အံ့ ဟု လင်သည်ဆို၏။ ထိုအမျိုးသမီးသည် နက်ဖြန် မထေရ်တို့သည် ဆွမ်းဘုဉ်းပေးပြီးသော် လင်အား အကြောင်းကြား၏။ လင်သည် ဆည်းကပ်၍ မထေရ်တို့နှင့်တကွ ပဋိသန္ထာရပြု၍ လျောက်ပတ်စွာ နေ၏။

မဂ်ဖိုလ်ရပြီ

ထိုအခါ ထိုယောကျ်ားအား အရှင်သာရိပုတ္တရာသည် တရားဟော၏။ ထိုယောက်ျားသည် အရှင်သာရိပုတ္တရာ၏ တရားစကား၌ လည်းကောင်း, ဣရိယာပုထ်တို့၌လည်းကောင်း ကြည်ညို၍ ထိုအခါမှစ၍ မထေရ်တို့အား နေရာကို ခင်း၏။ သောက်ရေကို စစ်၏။ ဆွမ်းဘုဉ်းပေးစဉ် ကာလအကြား၌ တရားကိုနာ၏။ ထိုယောကျ်ားအား နောက်အဖို့၌ မိစ္ဆာအယူသည်ပျက်၏။ ထိုအခါ တစ်နေ့သ၌ မထေရ်သည် နှစ်ယောက်ကုန်သော လင်မယားတို့အားလည်း တရားဟောလျက် သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ နှစ်ယောက်ကုန်သော လင်မယားတို့သည်လည်း သေတာပတ္တိဖိုလ်၌ တည်ကုန်၏။ ထိုအခါမှ စ၍ ထိုယောကျ်ား၏ အမိအဘတို့ကို အစပြု၍ အယုတ်သဖြင့် ခပ်သိမ်းကုန်သော ကျွန် အမှုလုပ်ဖြစ်ကုန်သော သူတို့သည်လည်း မိစ္ဆာအယူကို ဖျက်၍ ဘုရား, တရား, သံဃာကိုသာလျှင် မြတ်နိုးကုန်၏။ ထိုအခါ တစ်နေ့သ၌ အမျိုးသမီးသည် လင်ကို အရှင့်သား... အကျွန်ုပ်တို့အား အိမ်၌နေခြင်းဖြင့် အလိုမရှိ၊ ရဟန်းပြုခြင်းငှာ အလိုရှိ၏ ဟု ဆို၏။ ထိုယောက်ျားသည် ရှင်မကောင်းပြီ၊ ငါလည်းပြုအံ့ဟု များစွာသော အခြံအရံဖြင့် အမျိုးသမီးကို ရဟန်းမိန်းမတို့၏ ကျောင်းသို့ပို့၍ မိမိသည်လည်း ဘုရားအထံတော်သို့ ကပ်၍ ရဟန်းအဖြစ်ကို တောင်း၏။ ထိုယောက်ျားကို မြတ်စွာဘုရားသည် ရဟန်း ပြုစေ၏။ ထိုနှစ်ယောက်ကုန်သော သူတို့သည်လည်း ဝိပဿနာကို ပွားစေ၍ မကြာမြင့်မီလျှင် အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။

ထိုအခါ တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့... ဤမည်သော ရဟန်းမိန်းမငယ်သည် မိမိ၏ လည်းကောင်း, လင်၏ လည်းကောင်း အထောက်အပံ့ ဖြစ်၏။ မိမိသည် ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ရောက်၍ လင်ကို နိဗ္ဗာန်သို့ ရောက်စေ၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့... ထိုရဟန်းမိန်းမငယ်သည် ယခုအခါ၌သာလျှင် လင်ကို ရာဂကျော့ကွင်းမှ လွတ်စေသည် မဟုတ်သေး၊ ရှေးပညာရှိတို့ကိုလည်း သေခြင်းဟူသော ကျော့ကွင်းမှ လွတ်စေဖူး၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသို့ပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သမင်မျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် အဆင်းလှ၏။ ကြည်ညိုဖွယ်ရှိ၏။ ချိပ်ရည်တို့ဖြင့် အပြေအပြစ်ပြအပ်ကုန်သကဲ့သို့သော လက်ခြေတို့နှင့်လည်းကောင်း, ငွေစိုင်နှင့်တူကုန်သော ဦးချိုတို့နှင့်လည်းကောင်း၊ ပတ္တမြားလုံးနှင့်တူကုန်သော မျက်စိတို့နှင့်လည်းကောင်း, ကမ္ဗလာနီ အဆင်းနှင့်တူသော မျက်နှာတို့နှင့် လည်းကောင်း ပြည့်စုံ၏။ ထိုဘုရားလောင်း၏ မယားသည်လည်း ပျိုနု၏။ အဆင်းလှ၏။ ရှုချင်ဖွယ် ရှိ၏။ ထိုလင်မယားတို့သည် သင့်တင့် ညီညွတ်စွာ နေခြင်းဖြင့် နေကုန်၏။ ရှစ်သောင်းကုန်သော ဆန်းကြယ်ကုန်သော သမင်တို့သည် ဘုရားလောင်းကို ခစားကုန်၏။

သမင်မင်း ကျော့ကွင်းမိ

ထိုအခါ မုဆိုးတို့သည် သမင်တို့၏ လမ်းခရီးတို့၌ ကျော့ကွင်းကို ထောင်ကုန်၏။ ထိုအခါ တစ်နေ့သ၌ ဘုရားလောင်းသည် သမင်တို့၏ ရှေ့မှ သွားလတ်သော် ခြေ၌ ကျော့ကွင်းမိ၍ ကျော့ကွင်းကို ဖြတ်အံ့ ဟု ငင်၏။ အရေသည် ပြတ်၏။ တစ်ဖန် ငင်လတ်သော် အသားသည် ပြတ်၏။ တစ်ဖန်ငင်လတ်သော် အကြောသည် ပြတ်၏။ ကျော့ကွင်းသည် အရိုးသို့ဆိုက်၍ တည်၏။ ဘုရားလောင်းသည် ကိုက်ဖြတ်အံ့သောငှာ မတတ်နိုင်ရကား သေဘေးကိုကြောက်၍ ကျော့ကွင်းမိသော မြည်ခြင်းကို မြည်၏။

ထိုအသံကိုကြား၍ သမင်အပေါင်းသည် ပြေး၏။ ဘုရားလောင်း၏ မယားသည်ကား ပြေးပြီး၍ သမင်တို့၏ အတွင်း၌ ကြည့်လတ်သော် ဘုရားလောင်းကို မမြင်၍ ဤဘေးသည် ငါ၏ ချစ်သော လင်အား ဖြစ်သောဘေးသည် ဖြစ်ရာ၏ ဟု လျင်မြန်သဖြင့် ဘုရားလောင်း၏ အထံသို့ သွား၍ မျက်ရည်စွတ်သော မျက်နှာရှိသည်ဖြစ်၍ ငိုလျက် အရှင်သည်လည်း အားကြီး၏။ ဤကျော့ကွင်းသည် သင့်ကို ခံအံ့သောငှာ မတတ်နိုင်လတ္တံ့၊ အဟုန်ကိုဖြစ်စေ၍ ထိုကျော့ကွင်းကိုဖြတ်လော့ဟု အားထုတ်ခြင်းကို ဖြစ်စေလိုရကား -

၅၀။ ဝိက္ကမ ရေ ဟရိပါဒ၊ ဝိက္ကမ ရေ မဟာမိဂ၊
ဆိန္ဒ ဝါရတ္တိကံ ပါသံ၊ နာဟံ ဧကာ ဝနေ ရမေ။

ဟူသော ရှေးဦးစွာ ဤဂါထာကို ဆို၏။

၅၀။ ရေ ဟရိပါဒ၊ အို ရွှေအဆင်းနှင့်တူသော ခြေရှိသော။ မဟာမိဂ၊ သမင်မြတ်။ ဝိက္ကမ၊ ငင်လော့။ ရေ ဟရိပါဒ၊ အို ရွှေအဆင်းနှင့်တူသော ခြေရှိသော။ မဟာမိဂ၊ သမင်မြတ်။ ဝိက္ကမ၊ ငင်လော့။ ဝါရတ္တိကံ ပါသံ၊ သားရေလွန် ကျော့ကွင်းကို။ ဆိုန္ဒ၊ ဖြတ်လော့။ အဟံ၊ အကျွန်ုပ်သည်။ ဧကာ၊ တစ်ယောက်တည်း။ ဝနေ၊ တော၌။ န ရမေ၊ မမွေ့လျော်နိုင်။

ထိုစကားကိုကြား၍ ဘုရားလောင်းသမင်သည်-

၅၁။ ဝိက္ကမာမိ န ပါရေမိ၊ ဘူမိံ သုမ္ဘာမိ ဝေဂသာ။
ဒဠှော ဝါရတ္တိကော ပါသော။ ပါဒံ မေ ပရိကန္တတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၅၁။ ဘဒ္ဒေ၊ ရှင်မ။ အဟံ၊ ငါသည်။ ဝိက္ကမာမိ၊ ငင်၏။ န ပါရေမိ၊ ကျော့ကွင်းကို ပြတ်စိမ့်သောငှာ မတတ်နိုင်။ ဝေဂသာ၊ အဟုန်အားဖြင့်။ ဘူမိံ၊ မြေကို။ သုမ္ဘာမိ၊ ကျောက်ကန်၏။ ဝါရတ္တိကော ပါသော၊ သားရေလွန် ကျော့ကွင်းသည်။ ဒဠှော၊ မြဲမြံလှ၏။ မေ၊ ငါ၏။ ပါဒံ၊ ခြေကို။ ပရိကန္တတိ၊ ထက်ဝန်းကျင်ဖြတ်၏။

မိဖုရားသမင်မ တောင်းပန်

ထိုအခါ ဘုရားလောင်းကို သမင်မသည် အရှင်မကြောက်လင့်၊ အကျွန်ုပ်သည် ကိုယ့်အစွမ်းဖြင့် မုဆိုးကို တောင်းပန်၍ အရှင့်အသက်ကို ဆောင်ယူအံ့၊ တောင်းပန်အံ့သောငှာ အကယ်၍ မတတ်နိုင်လတ္တံ့၊ အကျွန်ုပ် အသက်ကိုလည်း ပေး၍ အရှင့်အသက်ကို ဆောင်ယူအံ့ ဟု ဘုရားလောင်းကို နှစ်သိမ့်စေ၍ သွေးလိမ်းကျံသော ဘုရားလောင်းကို မိမိကိုယ်၌ မှီစေ၍ ရပ်၏။

မုဆိုးသည်လည်း သန်လျက်, လှံကိုယူ၍ ကမ္ဘာကိုလောင်သော မီးထသကဲ့သို့ လာ၏။ သခင်မသည် မုဆိုးကိုမြင်၍ အရှင်... မုဆိုးသည် လာ၏။ ကျွန်ုပ်သည် ကိုယ့်အစွမ်းကို ပြုအံ့၊ အရှင်သည် မကြောက်လင့် ဟု သမင်မင်းကို နှစ်သိမ့်စေ၍ မုဆိုးအား ခရီးဦးကြို၍ လျောက်ပတ်စွာ ရပ်နေ၍ မုဆိုးကို ရှိခိုး၍ အရှင်... အကျွန်ုပ်၏လင် ရွှေအဆင်းနှင့်တူသော သမင်မင်းသည် အကျင့်သီလနှင့် ပြည့်စုံ၏။ ရှစ်သောင်းသော သမင်တို့၏ မင်းဖြစ်၏ ဟု ဘုရားလောင်း၏ ဂုဏ်ကျေးဇူးကိုဆို၍ သမင်မသည် စင်းလျက် မိမိအား သတ်ခြင်းငှာ တောင်းပန်လို၍-

၅၂။ အတ္ထရဿု ပလာသာနိ၊ အသိံ နိဗ္ဗာဟ လုဒ္ဒက။
ပဌမံ မံ ဝဓိတွာန၊ ဟန ပစ္ဆာ မဟာမိဂံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၅၂။ လုဒ္ဒက၊ မုဆိုး။ တွံ၊ သင်သည်။ ပလာသာနိ၊ ပေါက်ဖက်တို့ကို။ အတ္ထရဿု၊ ခင်းလော့။ အသိံ၊ သန်လျက်ကို။ နိဗ္ဗာဟ၊ အိမ်မှုထုတ်လော့။ ပဌမံ၊ ရှေးဦးစွာ။ မံ၊ ငါ့ကို။ ဝဓိတွာန၊ သတ်၍။ ပစ္ဆာ၊ နောက်မှ။ မဟာမိဂံ၊ သမင်ကြီးကို။ ဟန၊ သတ်လော့။

မုဆိုးလွှတ်ပြီး ဆေးကုပေး

ထိုစကားကို ကြား၍ မုဆိုးသည် လူဖြစ်သော မိန်းမသည်လည်း လင်၏အကျိုးငှာ ကိုယ့်အသက်ကို မစွန့်၊ ဤ သမင်မသည်ကား တိရစ္ဆာန်ဖြစ်လျက် အသက်ကို စွန့်၏။ လူ၏ ဘာသာဖြစ်သော သာယာသော အသံဖြင့်လည်း ပြောဆို၏။ ယနေ့ ငါသည် ဤသမင်မအားလည်းကောင်း သမင်မ၏ လင်အားလည်းကောင်း အသက်ကို ပေးအံ့ဟု-

၅၃။ န မေ သုတံ ဝါ ဒိဋ္ဌံ ဝါ၊ ဘာသန္တိံ မာနုသိံ မိဂိံ။
တွဉ္စ ဘဒ္ဒေ သုခီ ဟောဟိ၊ ဧသော စာပိ မဟာမိဂေါ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၅၃။ ဘဒ္ဒေ၊ ကောင်းမြတ်လိမ္မာသော သခင်မ။ မေ၊ ငါသည်။ ဣတော၊ ဤကာလမှ။ ပုဗ္ဗေ၊ ရှေး၌။ မာနုသိံ၊ လူ့စကားကို။ ဘာသန္တိံ၊ ဆိုသော။ မိဂိံ၊ သမင်မကို။ သုတံ ဝါ၊ ကြားဖူးခြင်းသည်လည်းကောင်း။ ဒိဋ္ဌံ ဝါ၊ မြင်ဖူးခြင်းသည်လည်းကောင်း။ ၊ မရှိ။ တွဉ္စ၊ သင်သည်လည်း။ သုခီ၊ ချမ်းသာသည်။ ဟောဟိ၊ ဖြစ်လော့။ ဧသော စာပိ မဟာမိဂေါ၊ ဤသမင်ကြီးသည်လည်း။ သုခီ၊ ချမ်းသာသည်။ ဟောတု၊ ဖြစ်စေသတည်း။

ထိုသို့ သမင်မကို နှစ်သိမ့်စေ၍ မုဆိုးသည် ဘုရားလောင်း၏ အထံသို့သွား၍ သားရေလွန်ကို ပဲခွပ်ဖြင့်ဖြတ်၍ ခြေ၌ငြိသော သားရေလွန်ကို ဖြည်းညင်းသာယာစွာ ထုတ်၍ အကြောကို အကြောချင်း, အသားကို အသားချင်း, အရေကို အရေချင်း စပ်၍ ခြေကို လက်ဖြင့် ဆုပ်၏။ ထိုခဏ၌ ဘုရားလောင်း၏ ဖြည့်အပ်သော ပါရမီ အာနုဘော်အားဖြင့် လည်းကောင်း, မုဆိုး၏ မေတ္တာ အာနုဘော်အားဖြင့် လည်းကောင်း၊ သခင်မ၏ အဆွေခင်ပွန်း၌ စောင့်ရှောက်သော တရား၏ အာနုဘော်အားဖြင့် လည်းကောင်း အကြော အသားအရေတို့သည် အချင်းချင်းစပ်ကုန်၏။ ဘုရားလောင်းသည် ချမ်းသာလျက် ဆင်းရဲကင်းလျက် ရပ်၏။

သမင်မ ဆုပေး

သမင်မသည် ချမ်းသာသော ဘုရားလောင်းကိုမြင်၍ ဝမ်းမြောက်ခြင်းဖြစ်၍ မုဆိုးအား အနုမောဒနာပြုလို၍-

၅၄။ ဧဝံ လုဒ္ဒက နန္ဒဿု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
ယထာဟ မဇ္ဇ နန္ဒာမိ၊ မုတ္တံ ဒိသွာ မဟာမိဂံ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၅၄။ လုဒ္ဒက၊ မုဆိုး။ အဇ္ဇ၊ ယနေ့။ အဟံ၊ ငါသည်။ မုတ္တံ၊ လွတ်သော။ မဟာမိဂံ၊ သမင်မင်းကို။ ဒိသွာ၊ မြင်၍။ နန္ဒာမိ ယထာ၊ နှစ်သက်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ တွံ၊ သင်သည်။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဉာတိဘိ၊ အဆွေ အမျိုးတို့နှင့်။ သဟ၊ တကွ။ နန္ဒဿု၊ နှစ်သက်စေသတည်း။

သမင်မင်း တရားဟောခြင်း

ဘုရားလောင်းသည် ဤမုဆိုးကား ငါ၏ ကိုးကွယ်ရာ ဖြစ်ပြီ၊ ငါသည်လည်း မုဆိုး၏ ကိုးကွယ်ရာ ဖြစ်သင့်၏ ဟုကျက်စားရာမြေ၌ မြင်အပ်သော တစ်ခုသော ပတ္တမြားတုံးကို မုဆိုးအားပေး၍ အဆွေ... ယနေ့မှစ၍ ပါဏာတိပါတ အစရှိသည်ကို မပြုလင့်၊ ဤပတ္တမြားဖြင့် ဥစ္စာကို ဖြစ်စေ၍ သား မယားတို့ကို မွေးလျှက် ဒါန သီလအစရှိကုန်သော ကောင်းမှုတို့ကို ပြုလော့ ဟု မုဆိုးအား အဆုံးအမကို ပေး၍ တောသို့ဝင်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဆန္နသည် ထိုအခါ မုဆိုးဖြစ်ဖူးပြီ၊ ယခုအခါ ရဟန်းမိန်းမငယ်သည် ထိုအခါ သမင်မ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သမင်မင်း ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

လိမ္မာမယား၊ ရတုံငြား၊ လင်အား ချမ်းသာရာ

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော သုဝဏ္ဏမိဂဇာတ် ပြီး၏။

*****

ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၁၀။ သုယောနန္ဒီဇာတ်

မိန်းမကို စောင့်ရှောက် ထိန်သိမ်းခြင်းငှာ မတတ်နိုင်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဝါတိ ဂန္ဓော တိမိရာနံအစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤသုယောနန္ဒီဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း... သင်သည် ငြီးငွေ့သောဟူသည် မှန်သလော ဟု မေးတော်မူ၍ မှန်ပေ၏နားတော်လျှောက်သည်ရှိသော် အဘယ်ကို မြင်၍ ငြီးငွေ့သနည်း မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား တန်ဆာဆင်အပ်သော မိန်းမကို မြင်၍ ငြီးငွေ့၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း... မိန်းမတို့ကို စောင့်ရှောက်ခြင်းငှာ မတတ်ကောင်း၊ ရှေးပညာရှိတို့သည် ဂဠုန်ပြည်၌ မိန်းမကိုထား၍ စောင့်ရှောက်ကုန်သော်လည်း စောင့်ရှောက်ခြင်းငှာ မတတ်နိုင်ကုန် ဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ တမ္ဗမည်သော မင်းသည် မင်းပြု၏။ ထိုမင်းအား သုယောနန္ဒီမည်သော မိဖုရားကြီးသည် ရှိ၏။ ထိုမိဖုရားသည် မြတ်သောအ ဆင်းကို ဆောင်၏။

ဂဠုန်မင်း မိဖုရားကို ခိုးပြေးခြင်း

ထိုအခါ ဘုရားလောင်းသည် ဂဠုန်မျိုး၌ ဖြစ်၏။ ထိုကာလ၌ နာဂဒီပကျွန်းသည် သေဒုမကျွန်း မည်၏။ ဘုရားလောင်းသည် သေဒုမကျွန်း ဂဠုန်ပြည်၌ နေ၏။ ထိုဘုရားလောင်းသည် ဗာရာဏသီသို့သွား၍ တမ္ဗမင်းနှင့်တကွ လုလင်၏ အသွင်ဖြင့် ကြွေအန်ကစား၏။ ဘုရားလောင်း၏ ရုပ်သဏ္ဌာန်ကို မြင်၍ အလုပ်အကျွေးတို့သည် အကျွန်ုပ်တို့၏ မင်းနှင့်တကွ ဤသို့ သဘောရှိသော လုလင်ငယ်သည် ကြွေအန်ကစာ၏ ဟု သုယောနန္ဒီ မိဖုရားအား လျှောက်ကုန်၏။ ထိုမိဖုရားသည် ထိုလုလင်ကို မြင်လို၍ တစ်နေ့သ၌ တန်ဆာဆင်၍ ကစားရာ ပွဲအပြင်သို့သွား၍ အလုပ်အကျွေးတို့၏ အတွင်း၌ ရပ်လျက် ထိုဘုရားလောင်းကို ကြည့်၏။ ဘုရားလောင်းသည်လည်း မိဖုရားကိုကြည့်၏။ နှစ်ယောက်သော သူတို့သည်လည်း အချင်းချင်း တပ်စွန်းသော စိတ်ရှိကုန်၏။ ဂဠုန်မင်းသည် မိမိ၏ အာနုဘော်အားဖြင့် ဗာရာဏသီမြို့၌ လေလာခြင်းကို ဖြစ်စေ၏။ နန်းပြိုအံ့သည်မှ ကြောက်သောကြောင့် မင်းအိမ်မှ လူတို့သည် ထွက်ကုန်၏။ ဂဠုန်မင်းသည် မိမိအာနုဘော်အားဖြင့် အမိုက်မှောင်ကိုပြု၍ မိဖုရားကိုယူ၍ ကောင်းကင်ဖြင့် သေဒုမကျွန်းဝယ် မိမိဗိမာန်သို့ ဝင်၏။ သုယောနန္ဒီမိဖုရား ရောက်ရာအရပ်ကို သိသောသူတို့သည် မရှိကုန်၊ ထိုဂဠုန်မင်းသည် သုယောနန္ဒီမိဖုရားနှင့်တကွ မွေ့လျော်လျက် ဗာရာဏသီသို့သွား၍ မင်းနှင့်တကွ ကြွေအန် ကစား၏။

စောင်းသမားသဂ္ဂ ဂဠုန်ပြည်ရောက်ပြီ

တမ္ဗမင်းအား သဂ္ဂမည်သော စောင်းသမားသည် ရှိ၏။ တမ္ဗမင်းသည် မိဖုရား၏ ရောက်ရာအရပ်ကို မသိရကား ထိုစောင်းသမားကို ခေါ်၍ အမောင်... သွားချေ၊ အလုံးစုံသော ကြည်းကြောင်းခရီး ရေကြောင်းခရီးသို့ သွား၍ မိဖုရား၏ ရောက်ရာအရပ်ကို ကြည့်ချေ ဟု စေလွှတ်၏။

ထိုစောင်းသမားသည် ရိက္ခတို့ကိုယူ၍ ရွာတံခါးမှစ၍ စုံစမ်းလျက် ကုရုကစ္ဆ သင်္ဘောဆိပ်သို့ရောက်၏။ ထိုအခါ ကုန်သည်တို့သည် ကုရုကစ္ဆ သင်္ဘောဆိပ်မှ လှေဖြင့် သုဝဏ္ဏဘူမိသို့ သွားကုန်၏။ ထိုစောင်းသမားသည် ထိုကုန်သည်တို့ကို ကပ်၍ အရှင်တို့... အကျွန်ုပ်သည် စောင်းသမားတည်း၊ လှေခပိုင်းခြား၍ အရှင်တို့အား စောင်းတီးခြင်းကို ပြုပါအံ့၊ အကျွန်ုပ်ကိုလည်း ဆောင်ပါကုန် ဟု ဆို၏။ ကုန်သည်တို့သည် ကောင်းပြီဟု လှေသို့တင်၍ လှေကို လွှတ်ကုန်၏။ ထိုကုန်သည်တို့သည် လှေ၌ နားထောင်လိုသည်၏ အဖြစ်ဖြင့် ထိုစောင်းသမားကို ခေါ်၍ ငါတို့ နားထောင်ကုန်အံ့၊ စောင်းတီးလော့ဟု ဆိုကုန်၏။ အကျွန်ုပ်သည် အကယ်၍ စောင်းကို တီးငြားအံ့၊ ငါးတို့သည် လှုပ်ကုန်လတ္တံ့။ ထိုအခါ သင်တို့၏ လှေသည် ပျက်စီးလတ္တံ့ဟု ဆို၏။ လူတို့၏ အထံ၌ စောင်းတီးသည်ရှိသော် ငါးတို့၏ လှုပ်ခြင်းမည်သည်မရှိ၊ စောင်းတီးခြင်းကို ပြုလော့ဟု ကုန်သည်တို့သည် ဆိုကုန်၏။ ထိုသို့တပြီးကား အကျွန်ုပ်အား သင်တို့သည် အမျက်မထွက်ကြလင့် ဟု ဆို၍ စောင်းကိုလွှတ်၍ စောင်းသံနှင့်သီချင်းသံ, သီချင်းသံနှင့် စောင်းသံကို မလွန်စေမူ၍ စောင်းကိုတီး၏။ ထိုအသံဖြင့် လွန်စွာယစ်ကုန်၍ ငါးတို့သည် လှုပ်ကုန်၏။ ထိုအခါ တစ်ခုသော မကာရ်းသည် ခုန်၍ လှေတွင်းသို့ ကျရကား လေသည် ကွဲပျက်၏။ သဂ္ဂမည်သော စောင်းသမားသည် ပျဉ်ချပ်၌ အိပ်၍ လေအားလျော်စွာ သွားသည်ရှိသော် သေဒုမကျွန်း၌ ဂဠုန်မင်း၏ ဗိမန်ဖြစ်သော ပညောင်ပင်၏ အနီးသို့ ရောက်၏။

စောင်းသမားနှင့်သုဿာနန္ဒီ

သုယောနန္ဒီမိဖုရားသည် ဂဠုန်မင်း ကြွေအန် ကစားအံ့သောငှာ သွားသောကာလ ဗိမာန်မှဆင်းသက်၍ ကမ်းနား၌ လှည့်လည်လတ်သော် သဂ္ဂမည်သော စောင်းသမားကိုမြင်၍ ထိုစောင်းသမားကို သိ၍ သင် အဘယ်သို့ လာသနည်း ဟု မေး၏။ စောင်းသမားသည် အလုံးစုံသောအကြောင်းကို ပြော၏။ ထိုသို့တပြီးကား သင် မကြောက်လင့် ဟု စောင်းသမားကို နှစ်သိမ့်စေ၍ လက်မောင်းနှစ်ဖက်တို့ဖြင့် ပိုက်ချီ၍ ဗိမာန်သို့တင်၍ အိပ်ရာအပြင်၌ အိပ်စေ၍ အပင်အပန်း ပြေသော ကာလ၌ နတ်တို့၏ဘောဇဉ်ကို ပေး၍ နတ်နံ့သာရေဖြင့် ရေချိုးစေ၍ နတ်၌ဖြစ်သော အဝတ်ကို ဝတ်စေ၍ နံ့သာပန်းတို့ဖြင့် တန်ဆာဆင်၍ တစ်ဖန် နတ်အိပ်ရာ၌ အိပ်စေ၏။ ဤသို့ နေ့၌ ချီးမြှောက်၍ ဂဠုန်မင်းလာသောကာလ၌ ဖုံးလွှမ်း၍၊ သွားသောကာလ၌ စောင်းသမားနှင့်တကွ ကိလေသာ၏ အစွမ်းအားဖြင့် မွေ့လျော်၏။

မိဖုရားကြီးကိုတွေ့ခဲ့ပြီ

ထို့နောင်မှ လခွဲတစ်လ လွန်လတ်သော် ဗာရာဏသီ၌ နေကုန်သော ကုန်သည်တို့သည် ထင်းရေယူအံ့သောငှာ ထိုသေဒုမကျွန်း ပညောင်ပင်ရင်းသို့ ရောက်ကုန်၏။ ထိုစောင်းသမားသည် ကုန်သည်တို့နှင့်တကွ လှေစီး၍ ဗာရာဏသီပြည်သို့ သွား၍ မင်းကိုမြင်၍ ကြွေအန်ကစားသော ကာလ၌ စောင်းကိုယူ၍ မင်း၏အထံ၌ စောင်းတီးလျက် -

၅၅။ ဝါတိ ဂန္ဓော တိမိရာနံ၊ ကုသမုဒ္ဒေါ စ ဃောသဝါ။
ဒူရေ ဣတော သုယောနန္ဒီ၊ တမ္ဗ ကာမာ တုဒန္တိ မံ။

ဟူသော ရှေးဦးသော ဤဂါထာကို ဆို၏။

၅၅။ တမ္ဗ၊ တမ္ဗမင်းကြီး။ ဣတော၊ ဤဗာရာဏသီပြည်မှ။ ဒူရေ၊ ဝေးသော ဂဠုန်ပြည်၌။ သုယောနန္ဒီ၊ သုယောနန္ဒီ မိဖုရားသည်။ ဝသတိ၊ နေ၏။ တတ္ထ၊ ထိုမိဖုရားနေရာ အရပ်၌။ တိမိရာနံ၊ ပညောင်ပင်ကို ခြံရံ၍ ပေါက်ကုန်သော ကြည်းပန်းတို့၏။ ဂန္ဓော၊ အနံ့သည်။ ဝါတိ၊ လှိုင်၏။ ကု သမုဒ္ဒေါ စ၊ သမုဒ္ဒရာငယ်သည်လည်း။ ဃောသဝါ၊ သည်းစွာမြည်၏။ မံ၊ အကျွန်ုပ်ကို။ ကာမာ၊ ကာမတို့သည်။ တုဒန္တိ၊ ထိုးကျင့်ကုန်၏။

ဂဠုန်မင်းနှင့် စောင်းသမား

ထိုစကားကိုကြား၍ ဂဠုန်မင်းသည်-

၅၆။ ကထံ သမုဒ္ဒ မတရိ၊ ကထံ အဒ္ဒက္ခိ သေဒုမံ၊
ကထံ တဿာ စ တုယှဉ္စ၊ အဟု သဂ္ဂသမာဂမော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၅၆။ သဂ္ဂ၊ သဂ္ဂ။ တွံ၊ သင်သည်။ ကထံ၊ အဘယ်သို့။ သမုဒ္ဒံ၊ သမုဒြာကို။ အတရိ၊ ကူးသနည်း။ ကထံ၊ အဘယ်သို့။ သေဒုမံ၊ သေဒုမကျွန်းကို။ အဒ္ဒက္ခိ၊ မြင်သနည်း။ ကထံ၊ အဘယ်သို့။ တဿာ စ၊ ထိုသုယောနန္ဒီ၏ လည်းကောင်း။ တုယှဉ္စ၊ သင်၏လည်းကောင်း။ သမာဂမော၊ ပေါင်းဖော်ရခြင်းသည်။ အဟု၊ ဖြစ်သနည်း။

ထိုဘနောင်မှ သဂ္ဂမည်သော စောင်းသမားသည်-

၅၇။ ကုရုကစ္ဆာ ပယာတာနံ၊ ဝါဏိဇာနံ ဓနေသိနံ၊
မကရေဟိ အဘိဒါ နာဝါ၊ ဖလကေနာဟမပ္လဝိံ။
၅၈။ သာ မံ သဏှေန မုဒုနာ၊ နိစ္စ စန္ဒနဂန္ဓိနီ။
အင်္ဂေန ဥဒ္ဓရိ ဘဒ္ဒါ၊ မာတာ ပုတ္တံဝ ဩရသံ။
၅၉။ သာ မံ အန္နေန ပါနေန၊ ဝတ္ထေန သယနေန စ။
အတ္တနာပိ စ မန္ဒက္ခီ၊ ဧဝံ တမ္မ ဝိဇာနာဟိ။

ဟူကုန်သော ဤသုံးဂါထာတို့ကို ဆို၏။

၅၇။ တမ္ဗ၊ တမ္ဗမင်းကြီး။ ကုရုကစ္ဆာ၊ ကုရုကစ္ဆ သင်္ဘောဆိပ်မှ။ ပယာတာနံ၊ သွားကုန်သော။ ဓနေသိနံ၊ ဥစ္စကိုရှာကုန်သော။ ဝါဏိဇာနံ၊ ကုန်သည်တို့၏။ နာဝါ၊ လှေသည်။ မက ရေဟိ၊ မကာရ်းတို့ကြောင့်။ အဘိဒါ၊ ကွဲ၏။ အဟံ၊ အကျွန်ုပ်သည်။ ဖလကေန၊ ပျဉ်ချပ်ဖြင့်။ အပ္လဝိံ၊ ကူး၏။

၅၈။ တမ္ဗ၊ တမ္မမင်းကြီး။ နိစ္စံ၊ အမြဲ။ စန္ဒနဂန္ဓိနီ၊ စန္ဒကူးနံ့သာလိမ်းသော။ ဘဒ္ဒါ၊ ရှုဖွယ် ကြည်ညိုဖွယ်သော။ သုယောနန္ဒီ၊ ထိုသုယောနန္ဒီ မိဖုရားသည်။ မံ၊ အကျွန်ုပ်ကို။ သဏှေန၊ သိမ်မွေ့သော။ မုဒုနာ၊ နူးညံ့သောစကားဖြင့်။ သမဿာသေတွာ၊ နှစ်သိမ့်စေ၍။ မာတာ၊ အမိသည်။ ဩရသံ၊ ရင်၌ ဖြစ်သော။ ပုတ္တံ၊ သားကို။ ဥဒ္ဓရိ ဣဝ၊ ချီသကဲ့သို့။ အင်္ဂေန၊ လက်မောင်းနှစ်ဖက်ဖြင့်။ ဥဒ္ဓရိ၊ ချီ၏။

၅၉။ တမ္ဗ၊ တမ္ဗမင်းကြီး။ မန္ဒက္ခီ၊ နူးညံ့သော အခြင်းအရာဖြင့် ကြည့်လေ့ရှိသော။ သာ၊ ထိုသုယောနန္ဒီ မိဖုရားသည်။ မံ၊ အကျွန်ုပ်ကို။ အန္နေန စ၊ ထမင်းဖြင့်လည်းကောင်း။ ပါနေန စ၊ အဖျော်ဖြင့် လည်းကောင်း။ ဝတ္ထေန စ၊ အဝတ်ဖြင့်လည်းကောင်း။ သယနေန စ၊ အိပ်ရာဖြင့် လည်းကောင်း။ အတ္တနာပိ စ၊ ကိုယ်ဖြင့်လည်းကောင်း။ သန္တပ္ပေသိ၊ ရောင့်ရဲစေ၏။ တွံ၊ သင် မင်းကြီးသည်။ ဧဝံ၊ ဤသို့။ ဝိဇာနာဟိ၊ သိလော့။

မိဖုရားကိုပြန်ပို့ခြင်း

ဂဠုန်မင်းသည် စောင်းသမားဆိုစဉ်လျှင် နှလုံးမသာယာသည်ဖြစ်၍ ငါသည် ဂဠုန်ပြည်၌ နေလျက်လည်း ထိုမိန်းမကို စောင့်ခြင်းငှာ မတတ်နိုင်၊ သီလမရှိသော ထိုမိန်းမဖြင့် အဘယ်ပြုအံ့နည်း ဟု ထိုမိန်းမကို ဆောင်၍ မင်းအား ပေး၍ ဖဲသွား၏။ ထိုအခါမှစ၍ တစ်ဖန် မလာပြီ။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဂဠန်မင်း ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မိန်းမတို့အား၊ ထိန်းသိမ်းငြား၊ ဖောက်ပြားဓမ္မတာ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သုယောနန္ဒီဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၁။ ဝဏ္ဏာရောဟဇာတ်

ကုန်းချောသော မြေခွေးအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝဏ္ဏာရောဟေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝဏ္ဏာရောဟဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကို အကြောင်း ပြု၍ ဟောတော်မူ၏။

မထေရ်နှစ်ပါး ကုန်းချောခံရပုံ

ပစ္စုပ္ပန်ဝတ္ထု... အခါတစ်ပါး၌ နှစ်ပါးကုန်သော မထေရ်တို့သည် ဤဝါတွင်းကာလပတ်လုံး ဆိုတ်ငြိမ်ရာ အရပ်၌ စီးဖြန်းအပ်သော ဘာဝနာကို ပွားစေကုန်အံ့ ဟု သဗ္ဗညူ မြတ်ဘုရားကိုပန်၍ အခြံအရံကို ပယ်၍ ကိုယ်တိုင်လျှင် သပိတ်သင်္ကန်းတို့ကိုယူ၍ ဇေတဝန်ကျောင်းတော်မှ ထွက်၍ တစ်ခုသော ပစ္စန္တရစ်ရွာကိုမှီ၍ တစ်ခုသောတော၌ နေကုန်၏။ တစ်ယောက်သော စားကြွင်းစားသည် မထေရ်တို့ထံ ခစားလျက် ထိုတောဝယ် တင့်အပ်ရာ အရပ်၌ နေ၏။ ထိုစားကြွင်းစားသည် မထေရ်တို့၏ ညီညွတ်သော နေခြင်းကိုမြင်၍ ဤမထေရ်တို့သည် အလွန်လျှင် ညီညွတ်ကုန်လျက် နေကုန်၏။ ဤမထေရ်တို့ကို အချင်းချင်း ကွဲပြားစိမ့်သောငှာ တတ်ကောင်းအံ့ဟု ကြံ၍ ရှင်သာရိပုတ္တရာ မထေရ်၏ အထံသို့ ဆည်းကပ်၍ အရှင်ဘုရား... အရှင်ဘုရားတို့အား အရှင်မဟာမောဂ္ဂလာန်မထေရ်နှင့် တစ်စုံ တစ်ခု ရန်ဖြစ်ဖူးခြင်းသည် ရှိသလော ဟု မေး၏။ ဒါယကာ အသို့နည်းဟု အရှင်သာရိပုတ္တရာ ဆို၏။ အရှင်ဘုရား... အရှင်မဟာမောဂ္ဂလာန် မထေရ်သည် အကျွန်ုပ်လာသောကာလ၌ သာရိပုတ္တရာသည် ဇာတ်, အရွယ်, အမျိုး, အဆက်ဆက်တို့ဖြင့် လည်းကောင်း၊ အကြား အမြင်၊ ကျမ်းဂန်အသင် အကြား၊ တရားကို သိခြင်း၊ တန်ခိုးဈာန်တို့ဖြင့် လည်းကောင်း၊ အဘယ်မှာ ထူးအံ့နည်း ဟု အရှင်ဘုရားတို့၏ ကျေးဇူးမဲ့ ကိုလျှင် ဆို၏။ ဟု ဆို၏။ အရှင်သာရိပုတ္တာမထေရ်သည် ပြုံး၍ ဒါယကာ... သင်သွားလော့ ဟု မိန့်တော်မူ၏။

ကုန်းတိုက်သူ ပြေးရပြီ

နောက်အခါ တစ်နေ့သ၌ အရှင်မဟာမောဂ္ဂလာန် မထေရ်၏ အထံသို့ ဆည်းကပ်၍ ထို့အတူလျှင် ဆို၏။ အရှင်မဟာမောဂ္ဂလာန် မထေရ်သည်လည်း ပြုံး၍ ဒါယကာ- သင်သွားလော့” ဟု ဆို၍ အရှင်သာရိပုတ္တရာ မထေရ်၏ အထံသို့ ဆည်းကပ်၍ ငါ့ရှင် ဤစားကြွင်းစားသည် အရှင်ဘုရားတို့၏ အထံ၌ တစ်စုံတစ်ခုသော စကားကို ဆိုသလော ဟု မေး၏။ ငါ့ရှင် ဆို၏ ဟု မိန့်တော်မူ၏။ အကျွန်ုပ် အထံ၌လည်း ဆို၏။ ဤစားကြွင်းစားကို နှင်ထုတ်ခြင်းငှာ သင့်၏ ဟု အရှင်မဟာမောဂ္ဂလာန် မထေရ်သည် မိန့်တော်မူ၍ ငါ့ရှင် ကောင်းပြီ၊ နှင်ထုတ်လော့ ဟု ဆိုသည်ရှိသော် အရှင်မဟာမောဂ္ဂလာန်မထေရ်သည် ဒါယကာ... သင်သည် ဤ၌မနေလင့် ဟု လက်ဖျစ် တီး၍ စားကြွင်းစားကို နှင်ထုတ်၏။

နှစ်ပါးကုန်သော မထေရ်တို့သည်လည်း ညီညွတ်စွာနေ၍ မြတ်စွာဘုရားအထံတော်သို့ သွား၍ ဘုရားကိုရှိခိုး၍ နေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ပဋိသန္ထာရ ပြုတော်မူ၍ ချမ်းသာသဖြင့် နေရကုန်၏လော ဟု မေးတော်မူ၍ ဘုန်းတော်ကြီး အရှင်ဘုရား... တစ်ယောက်သော စားကြွင်းစားသည် အကျွန်ုပ်တို့ကို ကွဲပြားစေလိုသည်ဖြစ်၍ ကွဲပြားစိမ့်သောငှာ မတတ်နိုင်၍ ပြေး၏ ဟု နားတော် လျှောက်သည်ရှိသော် သာရိပုတ္တရာ... ထိုစားကြွင်းစားသည် ယခုအခါ၌သာလျှင် သင်တို့ကို ကွဲပြားစေအံ့ ဟု ကွဲပြားစိမ့်သောငှာ မတတ်နိုင်သည်ဖြစ်၍ ပြေးသည်မဟုတ်သေး၊ ရှေး၌လည်း ပြေးဖူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အရှင်သာရိပုတ္တရာမထေရ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တော၌ ရုက္ခစိုးနတ်ဖြစ်၏။ ထိုအခါ ခြင်္သေ့, ကျားတို့သည် ထိုတောဝယ် တောင်လိုဏ်၌ နေကုန်၏။

ကျားနှင့်ခြင်္သေ့ ကုန်းတိုက်ခံရပုံ

တစ်ခုသောမြေခွေးသည် ထိုခြင်္သေ့, ကျားတို့ကို ခစားလျက် ခြင်္သေ့, ကျားတို့၏ စားကြွင်းကိုစား၍ ကြီးသောကိုယ်ရှိသည်ဖြစ်၍ တစ်နေ့သ၌ ငါသည် ခြင်္သေ့, ကျား၏ အသားကို မစားရစဖူး၊ ငါသည် ဤခြင်္သေ့, ကျားတို့ကို အချစ်ပျက်စိမ့်သောငှာ သင့်၏။ အချစ်ပျက်ခြင်းကြောင့် ခိုက်ရန်ပြု၍ သေကုန်သော ခြင်္သေ့, ကျားတို့၏ အသားကို စားအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုမြေခွေးသည် ခြင်္သေ့အထံသို့ကပ်၍ အရှင်... အရှင့်အား ကျားနှင့် တစ်စုံတစ်ခု ခိုက်ရန်ဖြစ်ဖူးခြင်းသည် ရှိသလောဟု မေး၏။ အချင်းမြေခွေး... ခိုက်ရန်မဖြစ်စဖူး ဟု ခြင်္သေ့သည် ဆို၏။ အရှင်... ဤကျားသည် အကျွန်ုပ်လာသော ကာလ၌ ခြင်္သေ့သည် ကိုယ်အဆင်းအားဖြင့်လည်းကောင်း၊ အလုံး အရပ်အားဖြင့် လည်းကောင်း၊ အမျိုးအား, လုံ့လဝီရိယအားဖြင့်လည်းကောင်း ငါ၏ တစ်ဆယ့်ခြောက်စိတ်တွင် တစ်စိတ်သော အဖိုကိုမျှလည်း မမီဟု အရှင်တို့၏ ကျေးဇူးမဲ့ကိုလျှင် ဆို၏ ဟု ဆို၏။ ထိုအခါမြေခွေးကို ခြင်္သေ့သည် သင် သွားတော့၊ ထိုကျားသည် ဤသို့ မဆိုထိုက်တန်ဟု ဆို၏။ ကျားအထံသို့ ဆည်းကပ်၍ ဤနည်းဖြင့်လျှင် ဆို၏။

ကျားနှင့်ခြင်္သေ့ တိုင်ပင်ကြပြီ

ထိုစကားကိုကြား၍ ကျားသည်လည်း ခြင်္သေ့အထံသို့ ဆည်းကပ်၍ အဆွေခင်ပွန်း... သင်သည် ဤသို့ ဆိုသလောဟု မေးလိုရကား-

၆၀။ ဝဏ္ဏာရောဟေန ဇာတိယာ၊ ဗလနိက္ကမနေန စ။
သုဗာဟု န မယာ သေယျော၊ သုဒါဌ ဣတိ ဘာသသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၆၀။ သုဒါဌ၊ ခြင်္သေ့မင်း။ သုဗာဟု၊ ကျားသည်။ ဝဏ္ဏာရောဟေန၊ အဆင်း, အလုံး, အရပ်အားဖြင့်လည်းကောင်း။ ဇာတိယာ၊ အမျိုးဖြင့်လည်းကောင်း။ ဗလနိက္ကမနေန စ၊ အား, လုံ့လအားဖြင့် လည်းကောင်း။ မယာ၊ ငါ့ထက်။ န သေယျော၊ မလွန် မမြတ်။ ဣတိ၊ ဤသို့။ တွံ၊ သင်သည် ဘာသသိ၊ ဆိုသလော။

ထိုစကားကို ကြား၍ခြင်္သေ့သည်-

၆၁။ ဝဏ္ဏာရောန ဇာတိယာ၊ ဗလနိက္ကမနေန စ။
သုဒါဌော န မယာ သေယျော၊ သုဗာဟု ဣတိ ဘာသသိ။
၆၂။ ဧဝံ စေ မံ ဝိဟရန္တံ၊ သုဗာဟု သမ္မ ဒုဗ္ဘသိ။
န ဒါနာဟံ တယာ သဒ္ဓိံ၊ သံဝါသ မဘိရောစယေ။
၆၃။ ယော ပရေသံ ဝစနာနိ၊ သဒ္ဒဟေယျ ယထာတထံ။
ခိပ္ပံ ဘိဇ္ဇေထ မိတ္တသ္မိံ၊ ဝေရဉ္ဇ ပသဝေ ဗဟုံ။
၆၄။ န သော မိတ္တော ယော သဒါ အပ္ပမတ္တော။
ဘေဒါသင်္ကီ ရန္ဓမေဝါနုပဿီ။
ယသ္မိံ စ သေတီ ဥရသီဝ ပုတ္တော
သ ဝေ မိတ္တော ယော အဘေဇ္ဇော ပရေဟိ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၆၁။ သုဒါဌော၊ ခြင်္သေ့သည်။ ဝဏ္ဏာရာဟေန၊ အဆင်း အလုံး အရပ်အားဖြင့် လည်းကောင်း။ ဇာတိယာ၊ အမျိုးအားဖြင့်လည်းကောင်း။ ဗလနိက္ကမနေန စ၊ အား လုံ့လအားဖြင့်လည်းကောင်း။ မယာ၊ ငါ့ထက်။ န သေယျော၊ မလွန်မမြတ်။ ဣတိ၊ ဤသို့။ သုဗာဟု၊ ကျားမင်းသည်။ ဘာသသိ၊ ဆိုသလော။

၆၂။ သမ္မ သုဗာဟု၊ အရွယ်တူဖြစ်သော အဆွေကျား။ ဧဝံ၊ ဤသို့။ ဝိဟရန္တံ၊ သင်နှင့် အညီ အညွတ် နေသော။ မံ၊ ငါ့ကို။ သိင်္ဂါလဿ၊ မြေခွေး၏။ ကထံ၊ စကားကို။ ဂဟေတွာ၊ ယူ၍။ တွံ၊ သင်သည်။ စေ ဒုဗ္ဘသိ၊ အကယ်၍ ပြစ်မှားအံ့။ အဟံ၊ ငါသည်။ ဣဒါနိ၊ ယခုအခါ၌။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ သံဝါသံ၊ နေခြင်းကို။ နာဘိရောစယေ၊ မနှစ်သက်။

၆၃။ ယော၊ အကြင်သူသည်။ ပရေသံ၊ သူတစ်ပါးတို့၏။ ဝစနာနိ၊ စကားတို့ကို။ ယထာတထံ၊ အဟုတ်အမှန်အားဖြင့်။ သဒ္ဒဟေယျ၊ ယုံကြည်ရာ၏။ အသ္မိံ၊ ထိုသူမိုက်၌။ မိတ္တံ၊ မိတ်သည်။ ခိပ္ပံ၊ လျင်စွာ။ ဘိဇ္ဇေထ၊ ပျက်ရာ၏။ ဗဟုံ၊ များစွာ။ ဝေရဉ္ဇ၊ ရန်သည်လည်း။ ပသဝေ၊ ပွားရာ၏။

၆၄။ ယော၊ အကြင်သူသည်။ သဒါ၊ အခါခပ်သိမ်း။ အပ္ပမတ္တော၊ မမေ့မလျော့သည် ဖြစ်၍။ မိတ္တဿ၊ မိတ်၏။ ဝိနာသံ၊ ပျက်စီးခြင်းကို။ န ဒေတိ၊ မပေး။ ဘေဒါသင်္ကီ၊ မိတ်၏ ပျက်စီးခြင်းကိုလျှင် ရွံရှာ၏။ ရန္ဓမေဝ၊ အခွင့်အပေါက်ကိုလျှင်။ အနုပဿီ၊ အစဉ်ရှု၏။ သော၊ ထိုသူသည်။ မိတ္တော၊ မိတ်မည်၏။ ပုတ္တော၊ သားသည်။ ဥရသိ၊ အမိရင်ခွင်၌။ သေတိဝ၊ ရွံရှာခြင်းကင်းလျက် အိပ်သကဲ့သို့။ ယသ္မိံ စ၊ အကြင် သူ၌လည်း။ သေတိ၊ ရွံရှာခြင်းကင်းလျက် အိပ်၏။ ယော စ၊ အကြင် သူသည်လည်း။ ပရေဟိ၊ သူတစ်ပါးတို့ကြောင့်။ အဘေဇ္ဇော၊ မကွဲမပြား။ သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ မိတ္တော၊ မိတ်မည်၏။

မြေခွေး ထွက်ပြေးရပြီ

ဤသို့ လေးဂါထာတို့ဖြင့် ခြင်္သေ့သည် မိတ်၏ ကျေးဇူးကို ဆိုသည်ရှိသော် ကျားသည် ငါ့အား အပြစ်ရှိ၏ ဟု ခြင်္သေ့ကို ကန်တော့၏။ ထိုကျား, ခြင်္သေ့တို့သည် ရှေးအတူသာလျှင် ညီညွတ်သော နေခြင်းဖြင့် နေကုန်၏။ မြေခွေးသည်ကား ပြေး၍ တစ်ပါးသို့သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ စားကြွင်းစားသည် ထိုအခါ မြေခွေး ဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ခြင်္သေ့ ဖြစ်ဖူးပြီ၊ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ ကျား ဖြစ်ဖူးပြီး၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ထိုအကြောင်းကို မျက်မှောက်အားဖြင့် မြင်သော ထိုတော၌ ရုက္ခစိုးနတ် ဖြစ်ဖူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကုန်းတိုက်ပြောဆို၊ မိတ်ဆွေကို။ ကြည်ညိုမပျက်ရာ

ရှေးဦးစွာသော ဝဏ္ဏာရောဟဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၂။ သီလဝီမံသဇာတ်

ဗဟုသုတပညာထက် သီလကမြတ်ခြင်းအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သီလံ သေယျော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသီလဝီမံသဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သီလကို စုံစမ်းသော တစ်ယောက်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... မင်းသည် ဤပုဏ္ဏားကား သီလနှင့် ပြည့်စုံ ၏ဟု ထိုပုဏ္ဏားကို တစ်ပါးကုန်သော ပုဏ္ဏားတို့ထက် မြတ်သည်ကိုပြု၍ ကြည့်၏။ ထိုပုဏ္ဏားသည် မင်းကား သီလနှင့်ပြည့်စုံ၏ဟု ငါ့ကို တစ်ပါးသော ပုဏ္ဏားတို့ထက် မြတ်သည်ကို ပြု၍ ကြည့်သလော၊ ထိုသို့မဟုတ်မူ အကြားအမြင်ကို ဆောင်ခြင်းနှင့် ယှဉ်၏ဟူ၍ ငါ့ကို တစ်ပါးသော ပုဏ္ဏားတို့ထက် မြတ်သည်ကိုပြု၍ ကြည့်သလော၊ သီလ၏ လည်းကောင်း၊ အကြားအမြင်၏ လည်းကောင်း မြတ်သောအဖြစ်ကို စုံစမ်းဦးအံ့ ဟု ကြံ၏။ ကြံပြီး၍ တစ်နေ့သ၌ ရွှေပန်းထိမ်သည်၏ အထံမှ အသပြာကိုယူ၏။ ရွှေပန်းထိမ်

သည်လည်း အလေးအမြတ် ပြုအပ်သည်၏ အဖြစ်ကြောင့် တစ်စုံတစ်ခုသော စကားကိုမဆို၊ နှစ်ကြိမ်ယူသော်လည်း တစ်စုံတစ်ခုသော စကားကိုမဆို၊ သုံးကြိမ်မြောက်၌ကား လုယက်၍ စားသူတည်း ဟု ဖမ်းယူစေ၍ မင်းအား ပြ၏။

ဗဟုသုတထက် သီလမြတ်ကြောင်း

ပုဏ္ဏားသည် အဘယ်ကို ပြုသနည်း ဟု မေးသည်ရှိသော် ဥစ္စာကို လုယက်၏ ဟု ဆို၏။ ပုဏ္ဏား... မှန်သလော ဟု မေးသည်ရှိသော် မြတ်သောမင်းကြီး... အကျွန်ုပ်သည် ဥစ္စာကို မလုယက်၊ အကျွန်ုပ်အားကား သီလသည်တည်း မြတ်သလော, အကြားအမြင်သည်တည်း မြတ်သလောဟု ကုက္ကုစ္စသည်ဖြစ်၏။ ထိုအကျွန်ုပ်သည် သီလ, အကြားအမြင်၊ ဤနှစ်ပါးတို့တွင် အဘယ်သည်လျှင် မြတ်သနည်း ဟု စုံစမ်းလို၍ သုံးကြိမ် အသပြာကို ယူ၏။ ထိုအကျွန်ုပ်ကို ရွှေပန်းထိမ်သည်သည် နှောင်ဖွဲ့၍ အရှင်မင်းကြီးတို့အား ပြ၏။ ယခု အကျွန်ုပ်သည် အကြား အမြင်ထက် သီလ၏ မြတ်သည်၏အဖြစ်ကို သိအပ်ပြီ၊ အကျွန်ုပ်အား အိမ်၌နေခြင်းဖြင့် အလိုမရှိ၊ အကျွန်ုပ်သည် ရဟန်းပြုအံ့ ဟု ရဟန်းအဖြစ်ကို ခွင့်ပြုစေ၍ အိမ်တံခါးကို မကြည့်မူ၍လျှင် ဇေတဝန် ကျောင်းတော်သို့ သွားပြီး၍ မြတ်စွာဘုရားအား ရဟန်းအဖြစ်ကို တောင်း၏။ မြတ်စွာဘုရားသည် ထိုပုဏ္ဏားအား သာမဏေအဖြစ် ပဉ္စင်းအဖြစ်ကို ပေးတော်မူ၏။ ထိုပုဏ္ဏားသည် ပဉ္စင်းဖြစ်၍ မကြမြင့်မီ ဝိပဿနာကို ပွားစေ၍ အရဟတ္တဖိုလ်၌ တည်၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ ဤမည်သော ပုဏ္ဏားသည် မိမိ၏သီလကို စုံစမ်း၍ ရဟန်း ပြု၍ ဝိပဿနာကို စီးဖြန်း၍ အရဟတ္တဖိုလ်၌ တည်၏ ဟု စကားကိုဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ ဤပုဏ္ဏားသည်သာလျှင် သီလကိုစုံစမ်း၍ ရဟန်း ပြု၍ မိမိ၏တည်ရာကို ပြုသည်မဟုတ်သေး၊ ရှေး၌ ပညာရှိတို့သည်လည်း သီလကို စုံစမ်း၍ ရဟန်းပြု၍ မိမိ၏ တည်ရာကို ပြုဖူးကုန်သလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်သင်၍ ဗာရာဏသီပြည်သို့လာ၍ မင်းကို ဖူးမြင်၏။ မင်းသည် ဘုရားလောင်းအား ပုရောဟိတ်အရာကို ပေး၏။ ဘုရားလောင်းသည် ပဉ္စသီတို့ကို စောင့်ရှောက်၏။ မင်းသည်လည်း ဘုရားလောင်းကို သီလရှိသော သူတည်းဟု အလေးအမြတ်ပြု၍ ကြည့်၏။ ဘုရားလောင်းသည်ကား သီလနှင့် ပြည့်စုံ၏ဟု ငါ့ကို ကြည့်သလော၊ ထိုသို့မဟုတ်မူ အကြားအမြင်ကို ဆောင်ခြင်းနှင့်ယှဉ်သော သူတည်းဟု အလေးအမြတ်ပြု၍ ငါ့ကို ကြည့်သလော ဟု ကြံ၏။ အလုံးစုံသော စကားသည် ပစ္စုပ္ပန်ဝတ္ထုနှင့် တူသည်သာလျှင် ဖြစ်၏။

သီလ မွန်မြတ်ပုံ

ဤသီလဝီမံသဇာတ်၌ကား ပုဏ္ဏားသည် ယခု အကျွန်ုပ်သည် အကြားအမြင်ထက် သီလ၏ မြတ်သောအဖြစ်ကို သိအပ်ပြီဟု ဆို၍ -

၆၅။ သီလံ သေယျော သုတံ သေယျော၊
ဣတိ မေ သံသယော အဟု။
သီသမေဝ သုတာ သေယျော၊
ဣတိ မေ နတ္ထိ သံသယော။
၆၆။ မောဃာ ဇာတိ စ ဝဏ္ဏော စ၊ သီလမေဝ ကိရုတ္တမံ။
သီလေန အနုပေတဿ၊ သုတေနတ္ထော န ဝိဇ္ဇတိ၊
၆၇။ ခတ္တိယော စ အဓမ္မဋ္ဌော၊ ဝေဿော စာဓမ္မနိဿိတော။
တေ ပရိစ္စဇ္ဇုဘော လောကေ၊ ဥပပဇ္ဇန္တိ ဒုဂ္ဂတိံ။
၆၈။ ခတ္တိယာ ဗြာဟ္မဏာ ဝေဿာ၊ သုဒ္ဓါ စဏ္ဍာလ ပက္ကုသာ။
ဣဓ ဓမ္မံ စရိတွာန၊ ဘဝန္တိ တိဒိဝေ သမာ။
၆၉။ န ဝေဒါ သမ္ပရာယာယ၊ န ဇာတိ နာပိ ဗန္ဓဝါ။
သကဉ္စ သီလံ သံသုဒ္ဓံ၊ သမ္ပရာယာယ သုခါယ စ။

ဟူသော ဤငါးဂါထာတို့ကို ဆို၏။

၆၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မေ၊ အကျွန်ုပ်အား။ သီလံ၊ သီလသည်တည်း။ သေယျော၊ မြတ်သလော။ သုတံ၊ သုတသည်တည်း။ သေယျော၊ မြတ်သလော။ ဣတိ၊ ဤသို့။ သံသယော၊ ယုံမှားခြင်းသည်။ အဟု၊ ဖြစ်၏။ ဣဒါနိ၊ ယခုအခါ၌။ သီလမေဝ၊ သီလသည်လျှင်။ သုတာ၊ အကြား အမြင်ထက်။ သေယျော၊ မြတ်၏။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်သည်။ ဉာတော၊ သိအပ်ပြီ။ မေ၊ အကျွန်ုပ်အား။ သံသယော၊ ယုံမှားခြင်းသည်။ နတ္ထိ၊ မရှိ။

သီလမရှိ အသုံးမဝင်

၆၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဇာတိ စ၊ အမျိုးသည်လည်းကောင်း။ ဝဏ္ဏော စ၊ အဆင်းသည်လည်းကောင်း။ မောဃာ၊ အကျိုးမရှိကုန်။ သီလမေဝ၊ သီလသာလျှင်။ ဥတ္တမံ ကိရ၊ မြတ်သတတ်။ သီလေန၊ သီလနှင့်။ အနုပေတဿ၊ မပြည့်စုံသောသူအား။ သုတေန၊ အကြားအမြင်ဖြင့်။ အတ္ထော၊ အကျိုးသည်။ န ဝိဇ္ဇတိ၊ မရှိ။

၆၇။ အဓမ္မဋ္ဌော၊ တရားနှင့်မပြည့်စုံသော။ ခတ္တိယော စ၊ မင်းလည်းကောင်း။ အဓမ္မနိဿိတော၊ အဓမ္မကို မှီသော။ ဝေဿော စ၊ ကုန်သည်လည်းကောင်း။ တေ ဥဘော၊ ထို နှစ်ယောက်ကုန်သော သူတို့သည်။ လောကေ၊ လူ့ပြည် နတ်ပြည်တို့ကို။ ပရိစ္စဇ္ဇ၊ စွန့်ကုန်၍။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိ၌။ ဥပပဇ္ဇန္တိ၊ ဖြစ်ကုန်၏။

သီလရှိမူ အတူတူ

၆၈။ ခတ္တိယာ စ၊ မင်းတို့သည်လည်းကောင်း။ ဗြာဟ္မဏာ စ၊ ပုဏ္ဏားတို့သည်လည်းကောင်း။ ဝေဿာ စ၊ ကုန်သည်တို့သည်လည်းကောင်း။ သုဒ္ဓါ စ၊ သူဆင်းရဲတို့သည်လည်းကောင်း။ စဏ္ဍာလ ပက္ကုသာစ၊ သူသေကောင်ကို စွန့်သော စဏ္ဍာလ, ပန်းမှိုက်သွန်မျိုးတို့သည်လည်းကောင်း။ ဧဝံ၊ ဤသို့။ ဣဓ၊ ဤပစ္စုပ္ပန်ဘဝ၌။ ဓမ္မံ၊ တရားကို။ စရိတွာန၊ ကျင့်၍။ တိဒိဝေ၊ နတ် ပြည်၌။ သမာ၊ တူကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

နောင်ဘဝတွက်သာ သီလသာ

၆၉။ ဝေဒါ၊ ဗေဒင်တို့သည်။ သမ္ပရာယာယ၊ တမ လွန်၌ စည်းစိမ်ချမ်းသာ ပေးခြင်းငှာ။ န ဟောန္တိ၊ မဖြစ်ကုန်။ ဇာတိပိ၊ အမျိုးတို့သည်လည်း။ သမ္ပရာယာယ၊ တမလွန်ဘဝ၌ စည်းစိမ်ချမ်းသာကို ပေးခြင်းငှာ။ န ဟောန္တိ၊ မဖြစ်ကုန်။ ဗန္ဓဝါပိ၊ အဆွေအမျိုးတို့သည်လည်း။ သမ္ပရာယာယ၊ တမလွန်၌ စည်းစိမ်ချမ်းသာကို ပေးခြင်းငှာ။ န ဟောန္တိ၊ မဖြစ်ကုန်။ သံသုဒ္ဓံ၊ စင်ကြယ်သော။ သကဉ္စ သီလံ၊ မိမိသီလသည်သာလျှင်။ သမ္ပရာယာယ သုခါယ၊ တမလွန်၌ ဖြစ်သော ချမ်းသာအကျိုးငှာ။ ဟောတိ စ၊ ဖြစ်သလျှင်ကတည်း။

ဤသို့ ဘုရားလောင်းသည် သီလကျေးဇူးတို့ကို ချီးမွမ်း၍ မင်းကိုပြော၍ ရဟန်းအဖြစ်ကို ခွင့်ပြုစေ၍ ထိုနေ့၌လျှင် ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သီလကို စုံစမ်းသော ရသေ့ရဟန်းပြုသော ပုဏ္ဏားဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဗဟုသုတ၊ မြောက်များစွာ့၊ သီလ ထို့ထက်သာ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သီလဝီမံသဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၃။ ဟိရီဇာတ်

အဆွေခင်ပွန်းယုတ် အကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဟိရိံ တရန္တံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဟိရီဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အနာထပိဏ်သူဌေး၏ အဆွေခင်ပွန်းဖြစ်သော ပစ္စန္တရစ်နေ သူဌေးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... နှစ်ပါးကုန်သော ဝတ္ထုတို့ကိုလည်း ဧကကနိပါတ်၊ နဝမဝဂ်၏ အဆုံးဇာတ်၌ ချဲ့အပ်ကုန်ပြီးသလျှင်ကတည်း။

အတိတ်ဝတ္ထု... ဤ ဟိရီဇာတ်၌ကား-ပစ္စန္တရစ်အရပ်နေ သူဌေး၏ လူတို့သည် လုယက်အပ်သော အလုံးစုံသော ဥစ္စာရှိကုန်သည်ဖြစ်၍ ပြေးကုန်၏ဟု ဗာရာဏသီသူဌေးအား ကြား လျှောက်သည် ရှိသော် ဗာရာဏသီသူဌေးသည် မိမိအထံသို့ လာကုန်သောသူတို့အား ပြုအပ်သောအမှုကို မပြုကုန်သော သူတို့မည်သည်ကား ကျေးဇူးတုံ့ပြန်တတ်သော သူတို့ကို မရကုန်ဟု ဆို၍-

၇၀။ ဟိရိံ တရန္တံ ဝိဇိဂုစ္ဆမာနံ၊
တဝါဟမသ္မိ ဣတိ ဘာသမာနံ။
သေယျာနိ ကမ္မာနိ အနာဒိယန္တံ၊
နေသော မမန္တိ ဣတိ နံ ဝိဇညာ။
၇၁။ ယဉှိ ကယိရာ တဉှိ ဝဒေ၊ ယံ န ကယိရာ န တံ ဝဒေ။
အကရောန္တံ ဘာသမာနံ၊ ပရိဇာနန္တိ ပဏ္ဍိတာ။
၇၂။ န သော မိတ္တော ယော သဒါ အပ္ပမတ္တော၊
ဘေဒါသင်္ကီ ရန္ဓမေဝါနုပဿီ။
ယသ္မိံ စ သေတိ ဥရသီဝ ပုတ္တော၊
သ ဝေ မိတ္တော ယော အဘေဇ္ဇော ပရေဘိ။
၇၃။ ပါမောဇ္ဇကရဏံ ဌာနံ၊ ပသံသာဝဟနံ သုခံ၊
ဖာနိသံသော ဘာဝေတိ၊ ဝဟန္တော ပေါရိသံ ဓုရံ။
၇၄။ ပဝိဝေကရသံ ပိတွာ၊ ရသံ ဥပသမဿ စ။
နိဒ္ဒရော ဟောတိ နိပ္ပါပေါ၊ ဓမ္မပ္ပီတိရသံ ပိဝံ။

ဟူသော ဤငါးဂါထာတို့ကို ဆို၏။

နှုတ်သက်သက်ကား မိတ်ဆွေမဟုတ်

၇၀။ ဟိရိံ၊ ရှက်ခြင်းကို။ တရန္တံ၊ လွန်သော။ ဝိဇိဂုစ္ဆမာနံ၊ မိတ်ဆွေခင်ပွန်း၏ အဖြစ်ကို စက်ဆုပ်အပ်သော။ အဟံ၊ ငါကား။ တဝ၊ သင်၏။ မိတ္တော၊ အဆွေခင်ပွန်းသည်။ အသ္မိ၊ ဖြစ်၏။ ဣတိ၊ ဤ သို့။ ဘာသမာနံ၊ စကားမျှကိုသာလျှင် ဆိုသော။ သေယျာနိ၊ မြတ်ကုန်သော။ ကမ္မာနိ၊ အမှုတို့ကို အနာဒိယန္တံ၊ မပြုသော နံ၊ ထိုသူကို။ ဧသော၊ ဤသူသည်။ မမ၊ ငါ၏။ န မိတ္တော၊ အဆွေ ခင်ပွန်းမဟုတ်။ ဣတိ၊ ဤသို့။ ဝိဇညာ၊ သိရာ၏။

၇၁။ ယံ ဟိ၊ အကြင်အမှုကိုလျှင်။ ကယိရာ၊ ပြုရာ၏။ တံဟိ၊ ထိုအမှုကိုလျှင်။ ဝဒေ၊ ဆိုရာ၏။ ယံ၊ အကြင်အမှုကို။ န ကယိရာ၊ မပြုရာ။ တံ၊ ထိုအမှုကို။ န ဝဒေ၊ မဆိုရာ။ ဘာသမာနံ၊ ဆိုလျက်။ အကရောန္တံ၊ မပြုသောသူကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ပရိဇာနန္တိ၊ သိကုန်၏။

လက်ပါပါမှ မိတ်ဆွေစစ်

၇၂။ ယော၊ အကြင်သူသည်။ သဒါ၊ အခါခပ်သိမ်း။ အပ္ပမတ္တော၊ မမေ့လျော့သည်ဖြစ်၍။ မိတ္တဿ၊ မိတ်၏။ ဝိနာသံ၊ ပျက်စီးခြင်းကို။ န ဒေတိ၊ မပေး။ ဘေဒါသင်္ကီ၊ မိတ်၏ ပျက်စီးခြင်းကိုလျှင် ရွံရှာ၏။ ရန္ဓမေဝ၊ မိတ်ပျက်ခြင်း၏ အကြောင်းကိုလျှင်။ အနုပဿီ၊ အစဉ်ရှု၏။ သော၊ ထိုသူသည်။ မိတ္တော၊ မိတ်မည်၏။ ပုတ္တော၊ သားသည်။ ဥရသိ၊ အမိရင်ခွင်၌။ နိရာသင်္ကော၊ ရွံရှာခြင်းကင်းလျက်။ သေတိဣဝ၊ အိပ်သကဲ့သို့။ ယသ္မိံ စ၊ အကြင်သူ၌လည်း။ မိတ္တော၊ အဆွေခင်ပွန်းသည်။ နိရာသင်္ကော၊ ရွံရှာခြင်း ကင်းသည်ဖြစ်၍။ သေတိ၊ အိပ်၏။ ယော စ၊ အကြင်သူသည်လည်း။ ပရေဘိ၊ သူတစ်ပါးတို့ကြောင့်။ အဘေဇ္ဇော၊ မကွဲမပြား။ သ-သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ မိတ္တော၊ အဆွေခင်ပွန်း မည်၏။

မိတ်ဆွေ တာဝန် ၄-ပါး

၇၃။ ဖလာနိသံသော၊ အကျိုးအာနိသင်ကို မြင်သော။ ပေါရိသံ၊ ယောကျ်ားတို့သည်ဆောင်အပ်သော။ ဓုရံ၊ ဒါန သီလ ဘာဝနာ မိတ်ဖွဲ့သည်၏ အဖြစ်ဟု ဆိုအပ်သော လေးပါး အပြားရှိသော ဝန်ကို။ ဝဟန္တော၊ ရွက်ဆောင်သောသူသည်။ ပါမောဇ္ဇကရဏံ၊ မိတ်ဖွဲ့သည်၏အဖြစ်ဟု ဆိုအပ်သော ဝမ်းမြောက်ခြင်းကို ပြုတတ်သော။ ဌာနံ၊ အကြောင်းကို လည်းကောင်း။ ပသံသာဝဟနံ၊ ချီးမွမ်းခြင်းကို ရွက်ဆောင်တတ်သော။ သုခံ၊ ချမ်းသာကို လည်းကောင်း။ ဘာဝေတိ၊ ပွားစေ၏။

အမြိုက်ရသာ ၃-ပါး

၇၄။ ပဝိဝေကံရသံ၊ ကာယဝိဝေက, စိတ္တဝိဝေက, ဥပဓိဝိဝေကတို့ကို မှီ၍ဖြစ်သော ဝမ်းမြောက်ဝမ်းသာခြင်းဟူသော ရသကို။ ပိတွာ၊ သောက်၍။ ဥပသမဿ၊ ကိလေသာ ငြိမ်းခြင်း၏။ ဝသေန၊ အစွမ်းဖြင့်။ လဒ္ဓံ၊ ရအပ်သော။ ရသံ ဝါ၊ ဝမ်း မြောက် ဝမ်းသာခြင်းဟူသော ရသကိုလည်း။ ပိတွာ၊ သောက်၍။ ဓမ္မပ္ပီတိရသံ၊ ဓမ္မပီတိဟု ဆိုအပ်သော ဝိမုတ္တိရသကို။ ပိဝံ၊ သောက်သောသူသည်။ နိဒ္ဒရော၊ ကိလေသာဟူသော ပူပန်ခြင်းမရှိသည်။ နိပ္ပါပေါ၊ အကုသိုလ်မရှိသည်။ ဟောတိ၊ ဖြစ်၏။

ဤသို့ ဘုရားလောင်းသည် ယုတ်မာသော အဆွေ ခင်ပွန်းနှင့် ပေါင်းမိခြင်းကြောင့် ထိတ် လန့်ခြင်းဖြစ်၍ ပဝိဝေက၏ အစွမ်းအားဖြင့် အမြိုက်နိဗ္ဗာန်သို့ ရောက်စေ၍ ဒေသနာ၏ အထွတ်ကို ယူ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဗာရာဏ သီသူဌေး ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

မိတ်ဆွေ ယုတ်မြတ်၊ ခွဲခြားမှတ်၊ ပေါင်းအပ်သင့်ပေသည်

သုံးခုတို့၏ ပြည့် ဖြစ်သော ဟိရီဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၄။ ခဇ္ဇောပနကဇာတ်

ကော နု သန္တမှိ ပဇ္ဇောတေ - အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ခဇ္ဇောပနကပဉှာသည် မဟာဥမင်္ဂဇာတ်၌ အကျယ်အားဖြင့် ဖြစ်လတ္တံ့။

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ခဇ္ဇောပနကဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၅။ အဟိတုဏ္ဍိကဇာတ်

မျောက်ကိုမွေးသော အလမ္ပာယ်အကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်ဘုရားသည် “ဓုတ္တောမှိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအဟိတုဏ္ဍိကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ယောက်သော ရဟန်းကြီးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုကို အောက် သာလူကဇာတ်၌ ချဲ့အပ်ပြီ။ ဤအဟိတုဏ္ဍိကဇာတ်၌လည်း ထိုရဟန်းကြီးသည် ဤမည်သော ရွာသူသားငယ်ကို ရဟန်းပြု၍ ဆဲရေး ရိုက်ပုတ်၏။ သာမဏေငယ်သည် ပြေး၍ လူထွက်၏။ နှစ်ကြိမ်မြောက်လည်း ထိုသူငယ်ကို ရှင်ပြုစေ၍ ရှေးအတူလျှင် ပြု၏။ သုံးကြိမ်မြောက်လည်း လူထွက်၍ တစ်ဖန် တောင်းပန်အပ်သည်ရှိသော် ကြည့်ခြင်းငှာလည်း အလိုမရှိ၊ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့- ဤအမည်ရှိသော ရဟန်းကြီးသည် မိမိသာမဏေနှင့် အတူတကွ နေခြင်းငှာ မတတ်နိုင်၊ ကင်း၍ နေခြင်းငှာလည်း မတတ်နိုင်၊ သာမဏေသည် ထိုရဟန်းကြီး၏ အပြစ်ကိုမြင်၍ ပြန်၍ ကြည့်ခြင်းငှာလည်း အလိုမရှိ၊ သာမဏေသည် စိတ်လိမ္မာ၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်လတ်သော် ရဟန်းတို့... ယခုအခါ၌ သာလျှင်ဤသာမဏေငယ်သည် စိတ်လိမ္မာသည်ဖြစ်၍ တစ်ကြိမ်တစ်ခါ အပြစ်ကိုမြင်၍ တစ်ဖန်ပြန်၍ ကြည့်အံ့သောငှာ အလိုရှိသည် မဟုတ်သေး၊ ရှေး၌လည်း အလိုမရှိသည် သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် စပါးရောင်းသော ကုန်သည်မျိုး၌ ဖြစ်၍ စပါးရောင်းသဖြင့် အသက်မွေး၏။

အလမ္ပာယ်မျောက်

ထိုအခါ တစ်ယောက်သော အလမ္ပာယ်သည် မျောက်ကိုယူ၍ အတတ်သင်၍ မြွေကို ကစားစေ၍ ဗာရာဏသီပြည်၌ ပွဲသဘင် ကြွေးကြော်လတ်သော် ထိုမျောက်ကို စပါးရောင်းကုန်သည်၏ အထံ၌ထား၍ မြွေကိုကစားလျက် ခုနစ်ရက်ပတ်လုံး လှည့်လည်၏။ ထိုကုန်သည်သည်လည်း မျောက်အား ခဲဖွယ်ဘောဇဉ်ကို ပေး၏။ အလမ္ပာယ်သည် ခုနစ်ရက်မြောက်သောနေ့၌ ပွဲသဘင်ကစားရာမှ လာ၍ ထိုမျောက်ကို ဝါးခြမ်းစိတ်ဖြင့် သုံးကြိမ်ရိုက်၍ မျောက်ကိုယူ၍ ဥယျာဉ်သို့သွား၍ နှောင်ဖွဲ့၍ အိပ်ပျော်ခြင်းသို့ရောက်၏။

မျောက်ထွက်ပြေးပြီ

မျောက်သည် အနှောင်အဖွဲ့ကို ဖြေ၍ သရက်ပင်သို့တက်၍ သရက်သီးတို့ကို စား၍နေ၏။

မြှောက်ပင့်ခေါ်ခြင်း

အလမ္ပာယ်လည်း နိုး၍ သရက်ပင်၌ မျောက်ကို မြင်၍ ထိုမျောက်ကို ငါသည် ဖျားယောင်း၍ ယူခြင်းငှာ သင့်၏။ ဟု ထိုမျောက်နှင့်တကွ စကားပြောလိုရကား-

၈၀။ ဓုတ္တောမှိ သမ္မ သုခုမ၊ ဇူတေ အက္ခပရာဇိတော။
ဟရေဟိ အမ္ဗပက္ကာနိ၊ ဝီရိယံ တေ ဘက္ခယာမသေ။

ဟူ သော ရှေးဦးစွာ ဤဂါထာကို ဆို၏။

၈၀။ သမ္မ သုခုမ၊ ကောင်းသော မျက်နှာရှိသော အချင်းမျောက်။ အဟံ၊ ငါသည်။ ဇူတေ၊ ကြွေ အန်ကစားခြင်း၌။ ဓုတ္တော၊ ကြူးသည်။ အမှိ၊ ဖြစ်၏။ အက္ခပရာဇိတော၊ ကြွေအန်တို့မှ ရှုံး၏။ အမ္ဗပက္ကာနိ၊ သရက်သီးမှည့်တို့ကို။ ဟရေဟိ၊ ချလော့။ တေ၊ သင်၏။ ဝီရိယံ၊ ဝီရိယနှင့်ဖြစ်သော သရက်သီးမှည့်ကို။ ဘက္ခယာမသေ၊ စားကုန်အံ့၊

ရန်သူမိတ်ဆွေ သိပြီလေ

ထိုစကားကိုကြား၍ မျောက်သည်-

၈၁။ အလီကံ ဝတ မံ သမ္မ၊ အဘူတေန ပသံသသိ။
ကော တေ သုတော ဝါ ဒိဋ္ဌော ဝါ၊ သုမုခေါ နာမ မက္ကဋော။-
၈၂။ အဇ္ဇာပိ တေ မံ သရသိ၊ ယံ မံ တွံ အဟိတုဏ္ဍိက။
ဓညာပဏံ ပဝိသိတွာ၊ မုတ္တော ဆာတံ ဟနာသိ မံ၊-
၈၃။ တာဟံ သရံ ဒုက္ခသေယျံ၊ အပိ ရဇ္ဇမ္ပိ ကရယေ။
နေဝါဟံ ယာစိတော ဒဇ္ဇံ၊ တထာ ဟိ ဘယတဇ္ဇိတော။-
၈၄။ ယဉ္စ ဇညာ ကုလေ ဇာတံ၊ ဂဗ္ဘေ တိတ္တံ အမစ္ဆရိံ။
တေန သခိဉ္စ မိတ္တဉ္စ၊ ဓီရော သန္ဓာတုမရဟတိ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၈၁။ သမ္မ အဟိတုဏ္ဍိက၊ အချင်း အလမ္ပာယ်။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ အဘူတေန၊ မဟုတ်မမှန်သော စကားဖြင့်။ ပသံသသိ၊ ချီးမွမ်း၏။ တဝ၊ သင်၏။ ဝစနံ၊ စကားသည်။ အလီကံ ဝတ၊ ချွတ် ယွင်းစွတကား။ တေ၊ သင်သည်။ ကော၊ အဘယ် ၌။ သုမုခေါ နာမ၊ ကောင်းသောမျက်နှာရှိသည်မည်သော။ မက္ကဋေယ၊ မျောက်ကို။ သုတော ဝါ၊ ကြားမူလည်း ကြဖူးပါသနည်း။ ဒိဋ္ဌော ဝါ၊ မြင်မူလည်း မြင်ဖူးပါသနည်း။

၈၂။ အဟိတုဏ္ဍိက၊ အလမ္ပာယ်။ တွံ၊ သင်သည်။ ဓညာပဏံ၊ စပါးဈေးသို့။ ပဝိသိတွာ၊ ဝင်၍။ မံ၊ ငါ့ကို။ မုတ္တော၊ လွှတ်၍။ ဆာတံ၊ ငတ်မွတ်ဆာ လောင်သော။ မံ၊ ငါ့ကို။ ယံ ဟနာသိ၊ အကြင် ရိုက်ခြင်းကိုပြု၏။ တေ၊ သင်၏။ ဣမံ၊ ဤရိုက်ခြင်းကို။ တွံ၊ သင်သည်။ အဇ္ဇာပိ၊ ယခုလည်း။ သရသိ၊ အောက်မေ့လော့။

၈၃။ အဟံ၊ ငါသည်။ တံ ဒုက္ခသေယျံ၊ ထိုဆင်းရဲသဖြင့် အိပ်ရခြင်းကို။ သရံ၊ အောက်မေ့၏။ တယာ၊ သင်သည်။ မံ၊ ငါ့ကို။ ဘယတဇ္ဇိတော၊ ဘေးဖြင့် ခြိမ်းခြောက်၏။ တထာဟိ၊ ထို့ကြောင့်လျှင်။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ ရဇ္ဇမ္ပိ၊ မင်း အဖြစ်သို့လည်း။ ကာရယေ အပိ၊ ပြုငြားအံ့။ ယာစိတော၊ သင်တောင်းအပ်သော။ အဟံ၊ ငါသည်။ တေ၊ သင့်အား။ နေဝ ဒဇ္ဇံ၊ မပေးသလျှင်ကတည်း။

၈၄။ ကုလေ၊ အမျိုး၌။ ဇာတံ၊ ဖြစ်သော။ ဂဗ္ဘေ၊ ကိုယ်ဝန်၌။ တိတ္တံ၊ ရောင့်ရဲသော။ အမစ္ဆရိံ၊ ဝန်မတိုသော။ ယဉ္စ၊ အကြင်သူကိုလည်း။ ဇညာ၊ သိရာ၏။ ဓီရော၊ ပညာရှိသည်။ တေန၊ ထိုသူနှင့်။ သခိဉ္စ၊ အဆွေခင်ပွန်း၏ အဖြစ်ကိုလည်းကောင်း။ မိတ္တဉ္စ၊ မိတ်၏အဖြစ်ကိုလည်းကောင်း။ သန္ဓာတုံ၊ စေ့စပ်အံ့သောငှာ။ အရဟတိ၊ ထိုက်၏။

ဇာတ်ပေါင်း... ဤသို့လျှင်ဆို၍ မျောက်သည် တောသို့ လျင်မြန်စွာ ဝင်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရဟန်းကြီးသည် ထိုအခါ အလမ္ပာယ် ဖြစ်ပြီ၊ ယခုအခါ သာမဏေသည် ထိုအခါ မျောက်ဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ စပါးကုန်ရောင်းသောသူဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

မြှောက်စားခြောက်စား၊ ထိုသူအား၊ ရှောင်ရှားဝေးဝေးခွာ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော အဟိတုဏ္ဍိကဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၆။ ဂုမ္ဗိယဇာတ်

အဆိပ်ခတ်သော ဘီလူးအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်ဘုရားသည် မဓုဝဏ္ဏံ မဓုရသံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂုမ္ဗိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ငြီးငွေ့သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းကို သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း သင်သည် ငြီးငွေ့သောဟူသည် မှန်သလော ဟု မေးတော်မူ၍ ဘုန်းတော်ကြီး သော အရှင်ဘုရား... မှန်ပေ၏ ဟု နားတော်လျောက်သည်ရှိသော် အဘယ်ကိုမြင်၍ သင်ငြီးငွေ့သနည်း ဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... တန်ဆာဆင်သော မိန်းမကိုမြင်၍ ငြီးငွေ့၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း... ဤငါးပါးသော ကာမဂုဏ်တို့မည်သည်ကား ဂုမ္ဗိယမည်သော တစ်ယောက်သော ဘီလူးသည် လတ်တလော သေတတ်သော အဆိပ်ကိုထည့်၍ ခရီး၌ထားအပ်သော ပျားအရသာနှင့် တူကုန်၏ ဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် လှည်းကုန်သည် အမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် ဗာရာဏသီပြည်မှ လှည်းငါးရာတို့ဖြင့် ဘဏ္ဍာကိုယူ၍ ကုန်ရောင်းအံ့သောငှာ သွား၍ တောအုပ်ကြီးအဝသို့ ရောက်၍ လှည်းကုန်သည်တို့ကို စည်းဝေးစေ၍ အချင်းတို့... ဤခရီး၌ အဆိပ်ရှိကုန်သော အရွက် အပွင့် အသီး အစရှိသည်တို့ ရှိကုန်၏။ ဘီလူးတို့သည်လည်း အဆိပ်ကိုထည့်၍ ထမင်းထုပ်, ပျား, သစ်သီးတို့ကို ခရီး၌ ထားအပ်ကုန်၏။ ထိုအရွက် အပွင့် အသီး အစရှိသည်တို့ကို မစားဘူးဘဲ စားလိုသည်ရှိသော် ငါ့ကို မပန်မူ၍ မစားကြ ကုန်လင့် ဟု ဆုံးမ၍ ခရီးသို့သွား၏။

အစာကို အရမ်းမစားရ

ထိုအခါ ဂုမ္ဗိယမည်သော တစ်ယောက်သော ဘီလူးသည် တောအုပ်၏ အလယ်ခရီး၌ သစ်ရွက်တို့ကိုခင်း၍ လတ်တလော သေစေတတ်သော အဆိပ်နှင့်ယှဉ်ကုန်သော ပျားလပို့ခဲတို့ကိုထား၍ မိမိသည် ခရီး၏အနီး၌ ပျားကို ယူသကဲ့သို့လည်းကောင်း, သစ်ပင်တို့ကို ပေါက်သကဲ့သို့ လည်းကောင်း လှည့်လည်၏။ မသိကုန်သော သူတို့သည် ကောင်းမှုအကျိုးငှာ ထားအပ် ကုန်သည် ဖြစ်လတ္တံ့ဟု စား၍ အသက်ကုန်ခြင်းသို့ ရောက်ကုန်၏။ ဘီလူးတို့သည် လာလတ်ကုန်၍ ထိုလူသေတို့ကို စားကုန်၏။

ဘုရားလောင်း၏ လှည်းကုန်သည်တို့သည် ထားအပ်သော ပျားတို့ကိုမြင်၍ လျှပ်ပေါ်သော သဘောရှိကုန်သော အချို့သောသူတို့သည် သည်းခံအံ့သောငှာ မတတ်နိုင်ကုန်၍ စားကုန်၏။ ပညာရှိကုန်သောသူတို့သည် ဘုရားအလောင်းကို မေး၍ စားကုန်အံ့ ဟု ယူ၍ ရပ်ကုန်၏။ ဘုရားလောင်းသည် ထိုလူတို့ကိုမြင်၍ လက်၌ရှိကုန်သော ပျားတို့ကို စွန့်စေ၏။ အကြင် သူတို့သည် ရှေးဦး စားကုန်၏။ ထိုသူတို့သည် သေကုန်၏။ အကြင်သူတို့သည်လည်း ထက်ဝက်စားကုန်၏။ ထိုသူတို့အား အော့အန်စေတတ်သော ဆေးတို့ကိုပေး၍ အော့အန်သော ကာလ၌ စတုမဓုကို ပေး၏။ ဤသို့ ထိုသူတို့သည် ဘုရားလောင်း၏ အာနုဘော်အားဖြင့် အသက်ကို ရကုန်၏။ ဘုရားလောင်းသည် ချမ်းသာသဖြင့် လိုရာအရပ်သို့ သွား၍ ဘဏ္ဍာကိုရောင်း၍ မိမိအိမ်သို့လျှင် သွား၏။

သဗ္ဗညူမြတ်စွာဘုရားသည် ဤအတိတ်ကိုဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၈၅။ မဓုဝဏ္ဏံ မဓုရသံ၊ မဓုဂန္ဓံ ဝိသံ အဟု။
ဂုမ္ဗိယော ဃာသမေသာနော၊ အရညေ ဩဒဟီ ဝိသံ။
၈၆။ မဓု ဣတိ မညမာနာ၊ ယေ တံ ဝိသ မခါဒိသုံ။
တေသံ တံ ကဋုကံ အာသိ၊ မဏဏံ တေနုပါဂမုံ။
၈၇။ ယေ စ ခေါ ပဋိသင်္ခါယ၊ ဝိသံ တံ ပရိဝဇ္ဇယုံ။
တေ အာတုရေသု သုခိတာ၊ ဍယုမာနေသု နိဗ္ဗုတာ။
၈၈။ ဧဝမေဝ မနုဿသု၊ ဝိသံ ကာမာ သမောဟိတာ။
အာမိသံ ဗန္ဓနဉ္စေတံ၊ မစ္စုဝေသော ဂုဟာသယော။
၈၉။ ဧဝမေဝ ဣမေ ကာမေ၊ အာတုရာ ပရိစာရိကေ၊
ယေ သဒါ ပရိဝဇ္ဇန္တိ၊ သင်္ဂံ လောကေ ဥပစ္စဂုံ။

ဟူသော ဤဂါထာတို့ကိုတော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။

၈၅။ မဓုဝဏ္ဏံ၊ ပျားအဆင်းရှိသော။ မဓုရသံ၊ ပျားအရသအရှိသော။ မဓုဂန္ဓံ၊ ပျားအနံ့ရှိသော။ ဝိသံ၊ အဆိပ်သည်။ အဟု၊ ဖြစ်၏။ ဃာသံ၊ အစာကို။ ဧသာနော၊ ရှာသော။ ဂုမ္ဗိယော၊ ဂုမ္ဗိယဘီလူးသည်။ အရညေ၊ တော၌။ ဝိသံ၊ ဆိုအပ်ပြီးသော အဆိပ်ကို။ ဩဒဟိ၊ ထား၏။

၈၆။ ယေ၊ အကြင်သူတို့သည်။ တံ ဝိသံ၊ ထိုအဆိပ်ကို။ မဓု ဣတိ မညမာနာ၊ ပျားဟုထင်မှတ်သည်ဖြစ်၍။ အခါဒိသုံ၊ စားကုန်၏။ တေသံ၊ ထိုသူတို့အား။ တံ၊ ထိုအဆိပ်သည်။ ကဋုကံ၊ ထက်သည်။ အာသိ၊ ဖြစ်၏။ တေန၊ ထို့ကြောင့်။ မရဏံ၊ သေခြင်းသို့။ ဥပါဂမုံ၊ ရောက်ကုန်၏။

၈၇။ ယေ စ ခေါ၊ အကြင်သူတို့သည်လည်း။ ပဋိသင်္ခါယ၊ ဆင်ခြင်၍။ တံ ဝိသံ၊ ထိုအဆိပ်ကို။ ပရိဝဇ္ဇယုံ၊ ကြဉ်ကုန်၏။ တေ၊ ထိုသူတို့သည်။ အာတုရေသု၊ သေကုန်သောသူတို့၌။ သုခိတာ၊ ချမ်းသာကုန်၏။ ဍယှမာနေသု၊ အဆိပ်လောင်ကုန်သော သူတို့၌။ နိဗ္ဗုတာ၊ ငြိမ်းကုန်၏။

ကာမဂုဏ် အဆိပ်များကို ရှောင်

၈၈။ ဧဝမေဝ၊ ဤအတူလျှင်။ မနုဿေသု၊ လူတို့၌။ ကာမာသမောဟိတာ၊ ကာမဂုဏ်ငါးပါးတို့၏ အပေါင်းတို့သည်။ ဝိသံ၊ အဆိပ်မည်၏။ ဧတံ၊ ထိုထာမဂုဏ်ငါးပါးဟူသော အဆိပ်သည်။ အာမိသဉ္စ၊ အာမိသသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဗန္ဓနဉ္စ၊ အနှောင်အဖွဲ့သည်လည်း။ ဟောတိ၊ ဖြစ်၏။ ဂုဟာသယော၊ ကိုယ်တည်းဟူသော လိုဏ်၌ အောင်းတတ်သော။ မစ္စုဝေသော၊ သေမင်းအသွင်သည်။ ဝါ၊ သေမင်းနှင့် တူသည်။ ဟောတိ၊ ဖြစ်၏

၈၉။ ဧဝမေဝ၊ ဤအတူလျှင်။ ယေ၊ အကြင်သူတို့သည်။ ပရိစာရိကေ၊ ကိလေသာဖြင့် လုပ်ကျွေးတတ်ကုန်သော။ ဣမေ ကာမေ၊ ဤကာမတို့ကို။ အာတုရာ၊ ကြင်နာကြောက်ရွံ့ခြင်း ရှိကုန်သည်ဖြစ်၍။ သဒါ၊ အခါခပ်သိမ်း။ ပရိဝဇ္ဇန္တိ၊ ကြဉ်ကုန်၏။ တေ၊ ထိုသူတို့သည်။ လောကေ၊ လောက၌။ သင်္ဂံ၊ ကိလေသာကို။ ဥပစ္စဂုံ၊ လွန်ကုန်၏။

သစ္စာကို ပြသည်၏အဆုံး၌ ငြီးငွေ့သေရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ လှည်းကုန်သည်ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကာမဂုဏ်ငါး၊ အဆိပ်လား၊ လျဉ်လျား သေတတ်စွာ

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဂုမ္ဗိယဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၇။ သာဠိယဇာတ်

သူများမနာလို ကိုယ့်အကျိုးမရှိကြောင်း

ဟောတော်မူရာဌာန... နှင့် ပစ္စုပ္ပန်ဝတ္ထု

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်ဘုရားသည် ယွာယံ သာဠိယဆာပေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသာဠိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ငါ့ရှင်တို့... ဒေဝဒတ်သည် သဗ္ဗညူ မြတ်စွာဘုရားအား ထိတ်လန့်ခြင်းကို ဖြစ်စိမ့်သောငှာ မတတ်နိုင် ဟူသော ရဟန်းတို့၏စကားကို အကြောင်းပြု၍ ဟောတော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရွာငယ်၌ သူကြွယ်မျိုး၌ဖြစ်၍ ငယ်သောကာလ မြေမှုန့်ကစားဖက်ဖြစ်သော သူငယ်တို့နှင့်တကွ ရွာတံခါး၏အနီး ပညောင်ပင်ရင်း၌ ကစား၏။

သူ့မကောင်းကြံ ကိုယ်ဘေးဒဏ်ထိ

ထိုအခါ တစ်ယောက်သော အားနည်းသော ဆေးသမားသည် ရွာ၌ တစ်စုံ စ်ခုသောအမှုကို မရဘဲ ထွက်လတ်သော် ထိုအရပ်သို့ ရောက်၍ သစ်ခွကြားမှ ဦးခေါင်းကိုထုတ်၍ အိပ်သော မြွေကိုမြင်၍ ငါသည် တစ်ခုသာရွာ၌လည်း တစ်စုံ တစ်ခုကို မရ၊ ဤသူငယ်တို့ကို လှည့်စား၍ မြွေကိုက်စေ၍ ဆေးကု၍ တစ်စုံတစ်ခုကိုလျှင် ယူအံ့ ဟု ကြံ၍ ဘုရားလောင်းကို အမောင်... ဆက်ရက်ငယ်ကို မြင်သော် ယူအံ့လော့ဟု ဆို၏။ ယူအံ့ဟု ဆိုလတ်သော် ကြည့်လော့၊ ထိုဆက်ရက်ငယ်သည် သစ်ခွကြား၌ အိပ်၏ဟု ဆို၏။ ဘုရားလောင်းသည် မြွေ၏အဖြစ်ကို မသိရကား သစ်ပင်သို့ တက်၍ ထိုမြွေကို လည်၌ ဆုပ်ကိုင်၍ မြွေ ဟုသိ၍ ဆုတ်နစ်စိမ့်သောငှာ မပေးမူ၍ ကောင်းစွာကိုင်၍ လျင်မြန်သော အဟုန်ဖြင့်ပစ်၏။ ထိုမြွေသည် ဆေးသမား၏ လည်၌ ကျ၍ လည်ကိုရစ်၍ ကရ ကရ ဟု ခဲ၍ ထိုအရပ်၌လျှင် ထိုဆေးသများကို လဲစေ၍ ပြေး၏။ လူတို့သည် ခြံရံကုန်၏။

ဘုရားလောင်းသည် ရောက်လာသော ပရိသတ်အား တရားဟောလိုရကား-

၉၀။ ယွာယု သာဠိယဆာပေါတိ၊ ကဏှသပ္ပံ အဂါဟယိ။
တေန သပ္ပေနယံ ဒဋ္ဌော၊ ဟတော ပါပါနုသာသကော။
၉၁။ အဟန္တာရ မဟန္တာရံ၊ ယော နရော ဟန္တုမိစ္ဆတိ၊
ဧဝံ သော နိဟတော သေတိ၊ ယထာယံ ပုရိသော ဟတော။
၉၂။ အဟန္တာရမဃာတေန္တံ၊ ယော နရော ဟန္တုမိစ္ဆတိ၊
ဧဝံ သော နိဟတော သေတိ၊ ယထာယံ ပုရိသာ ဟတော။
၉၃။ ယထာ ပံသုမုဋ္ဌိံ ပုရိသော၊ ပဋိဝါတံ ပဋိက္ခိပေ။
တမေဝ သော ရဇော ဟန္တိ၊ တထာယံ ပုရိသော ဟတော။
၉၄။ ယော အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ၊
သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ။
တမေဝ ဗာလံ ပစ္စေတိ ပါပံ၊
သုခုမော ရဇော ပဋိဝါတံဝ ခိတ္တော။

ဟူသော ဤဂါထာတို့ကို ဆို၏။

၉၀။ ယွာယံ၊ အကြင်ဆေးသမားသည်။ ကဏှသပ္ပံ၊ မြွေ ဟောက်ကို။ သာဠိယဆာပေါတိ၊ ဆက်ရက်ငယ်ဟူ၍။ အဂါဟယိ၊ ယူစေ၏။ ပါပါနုသာသကော၊ မကောင်းသည်ကို ဆုံးမတတ်သော။ အယံ၊ ဤဆေးသမားသည်။ တေန သပွေန၊ ထိုမြွေဟောက်သည်။ ဒဋ္ဌော၊ ခဲအပ်သည်ဖြစ်၍။ ဟတော၊ သေ၏။

၉၁။ ယော နရော၊ အကြင်သူသည်။ အဟန္တာရံ၊ ညှဉ်းဆဲခြင်းငှာ မထိုက်သော။ အဟန္တာရံ၊ သတ်ခြင်းငှာ မထိုက်သောသူကို။ ဟန္တုံ၊ သတ်ခြင်းငှာ။ ဣစ္ဆတိ၊ အလိုရှိ၏။ အယံ ပုရိသော၊ ဤဆေး သမားယောက်ျားသည်။ ဟတော ယထာ၊ သေ၍ အိပ်ရသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ သော နရော၊ ထိုသူသည်။ နိဟတော၊ သေ၍။ သေတိ၊ အိပ်ရ၏။

၉၂။ ယော နရော၊ အကြင်သူသည်။ အဟန္တာရံ၊ ညှဉ်းဆဲခြင်းငှာမထိုက်သော။ အဃာတေန္တံ၊ သတ်ခြင်းငှာ မထိုက်သောသူကို။ ဟန္တုံ၊ ညှဉ်းဆဲသတ်ဖြတ်ခြင်းငှာ။ ဣစ္ဆတိ၊ အလို ရှိ၏။ အယံ ပုရိသော၊ ဤဆေးသမား ယောက်ျားသည်။ ဟတော ယထာ၊ သေ၍ အိပ်ရသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ သော နရော၊ ထိုသူသည်။ နိဟတော၊ သေ၍။ သေတိ၊ အိပ်ရ၏။

၉၃။ ပုရိသော၊ ယောက်ျားသည်။ ပသုမုဋ္ဌိံ၊ မြေမှုန့်ဆုပ်ကို။ ပဋိဝါတံ၊ လေညာသို့။ ပဋိက္ခိပေ၊ ပစ်လွှတ်ငြားအံ့။ သောရဇော၊ ထိုမြူသည်။ တမေဝ၊ ထိုယောကျ်ားကိုသာလျှင်။ ဟန္တိ ယထာ၊ ညှဉ်းဆဲသကဲ့သို့။ တထာ၊ ထို့အတူ။ အယံ ပုရိသော၊ ဤဆေးသမားယောက်ျားသည်။ ဟတော၊ မိမိသည်လျှင် မိမိကိုယ်ကို သတ်အပ်သည်ဖြစ်၍။ သေတိ၊ အိပ်ရ၏။

၉၄။ ယော နရော၊ အကြင်သူသည်။ အပ္ပဒုဋ္ဌဿ၊ မပြစ်မှားအပ်သော။ သုဒ္ဓဿ၊ စင်ကြယ်သော။ ပေါသဿ၊ သတ္တဝါဖြစ်သော။ အနင်္ဂဏဿ၊ အပြစ်မရှိသော။ နရဿ၊ လူ အား။ ဒုဿတိ၊ ပြစ်မှား၏။ ပဋိဝါတံ၊ လေညာသို့။ ခိတ္တော၊ ပစ်အပ်သော။ သုခုမော ရဇော ဣဝ၊ သိမ်မွေ့သော မြူကဲ့သို့။ တမေဝ ဗာလံ၊ ထိုလူမိုက်သို့သာလျှင်။ ပါပံ၊ မကောင်း မှုသည်။ ပစ္စေတိ၊ တစ်ဖန်လာ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ဆေးသမားဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိသောသူငယ် ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ့်ရှူးအတတ်၊ ကိုယ့်ကိုခတ်၊ ကိုယ့်ပတ်စူးတတ်သည်

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သာဠိယဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၈။ တစသာရဇာတ်

သေဘေးနှင့်တွေ့သော်လည်း မစိုးရိမ်အပ်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်ဘုရားသည် “အမိတ္တဟတ္ထတ္ထဂတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတစသာရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပညာပါရမီကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့... ယခုအခါ၌သာလျှင် ငါဘုရားသည် ပညာရှိသည် ဥပါယ်၌ လိမ္မာသည် မဟုတ်သေး၊ ရှေး၌လည်း ပညာရှိသည်, ဥပါယ်၌ လိမ္မာသည်သာလျှင် ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရွာငယ်၌ သူကြွယ်အမျိုး၌ ဖြစ်၏။ အလုံးစုံသောစကားကို ရှေး သာဠိယဇာတ်၌ ဆိုအပ်ပြီးသော နည်းဖြင့်လျှင် ဆိုအပ်၏။ ဤတစသာရဇာတ်၌ကား- ဆေးသမား သေသည်ရှိသော် ရွာ၌ နေကုန်သော လူတို့သည် ထိုသူငယ်တို့ကို လူသတ်လူငယ်တို့ဟူ၍ တောက်တို့ဖြင့် နှောင် ဖွဲ့၍ မင်းအား ပြကုန်အံ့ ဟု ဗာရာဏသီသို့ ဆောင်ကုန်၊ ဘုရားလောင်းသည် ခရီးအကြား၌ သာလျှင် ကြွင်းသော သူငယ်တို့အား သင်တို့သည် မကြောက်ကုန်လင့်၊ မင်းကိုမြင်၍တည်း မကြောက်ကုန်ဘဲ နှစ်သက်ဖွယ်သော ဣန္ဒြေရှိကုန်သည် ဖြစ်ကုန်လော့၊ မင်းသည် သင်တို့နှင့်တကွ ရှေးဦးစွာ စကားကို ဆိုလတ္တံ့။ ထိုအခါမှစ၍ ငါသည် ပြောအံ့ဟု အဆုံးအမကို ပေး၏။ ထိုသူငယ်တို့သည် ကောင်းပြီဟု ဝန်ခံ၍ ဘုရားလောင်းဆိုတိုင်း ပြုကြကုန်၏။

ဘာကြောင့် မကြောက်ကြသလဲ

မင်းသည် မကြောက်ကုန်သော နှစ်သက်ဖွယ်သော ဣန္ဒြေရှိကုန်သော ထိုသူငယ်တို့ကိုမြင်၍ ဤသူငယ်တို့သည် စက်ဆုပ်ဖွယ်သော တောက်ဖြင့်ဖွဲ့ကုန်၍ ဆောင်အပ်ကုန်သည်ဖြစ်၍ ဤသို့ သဘောရှိသော ဆင်းရဲသို့ ရောက်ကုန်လျက်လည်း မကြောက်ကုန်၊ နှစ်သက်ဖွယ် ဣန္ဒြေရှိသည်လျှင် ဖြစ်ကုန်၏။ ထိုသူငယ်တို့၏ မစိုးရိမ်သော အကြောင်းသည် အသို့နည်းဟု ထိုသူငယ်တို့ကို မေးလိုရကား-

၉၅။ အမိတ္တဟတ္ထတ္ထဂတာ၊ တစသာရ သမပ္ပိတာ။
ပသန္ဒမုခဝဏ္ဏာတ္ထ၊ ကသ္မာ တုမှေ န သောစထ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၉၅။ ဒါရကာ၊ သူငယ်တို့။ တုမှေ၊ သင်တို့သည်။ အမိတ္တဟတ္ထတ္ထဂတာ၊ ရန်သူတို့၏လက်သို့ ရောက်ကုန်လျက်။ တစသာရ သမပ္ပိတာ၊ ဝါးလုံးတို့ဖြင့် နှောင်ဖွဲ့အပ်ကုန်လျက်။ ပသန္နမုခဝဏ္ဏာ၊ ကြည်လင်သော မျက်နှာအဆင်းရှိကုန်သည်။ အတ္ထ၊ ဖြစ်ကုန်၏။ ကသ္မာ၊ အဘယ့်ကြောင့်။ န သောစထ၊ မစိုးရိမ်ကြကုန်သနည်း။

စိုးရိမ်ငိုကြွေး ဒုက္ခပေး

ထိုစကားကို ကြား၍ ဘုရားလောင်းသည် -

၉၆။ န သောစနာယ ပရိဒေဝနာယ၊
အတ္ထောဝ လဗ္ဘော အပိ အပ္ပကောပိ။
သောစန္တမေနံ ဒုခိတံ ဝိဒိတွာ၊
ပစ္စတ္ထိကာ အတ္တမနာ ဘဝန္တိ။
၉၇။ ယတော စ ခေါ ပဏ္ဍိတော အာပဒါသု၊
န ဝေဓတိ အတ္ထဝိနိစ္ဆယညူ။
ပစ္စတ္ထိကာဿ ဒုခိတာ ဘဝန္တိ၊
ဒိသွာ မုခံ အဝိကာရံ ပုရာဏံ။
၉၈။ ဇပ္ပေန မန္တေန သုဘာသိတေန၊
အနုပ္ပဒါနေန ပဝေဏိယာ ဝါ။
ယထာ ယထာ ယတ္ထ လဘေထ အတ္တံ၊
တထာ တထာ တတ္ထ ပရက္ကမေယျ။
၉၉။ ယတော စ ဇာနေယျ အလဗ္ဘနေယျော
မယာ ဝ အညေန ဝါ ဧသ အတ္ထော။
အသာစမာနော အဓိဝါသယေယျ၊
ကမ္မံ ဒဠှံ ကိန္တိ ကရောမိ ဒ့နိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၉၆။ မဟာရာဇ၊ မြတ်သော မင်းကြီး။ သောစနာယ စ၊ စိုးရိမ်သဖြင့်လည်းကောင်း။ ပရိဒေဝနာယ စ၊ ငိုကြွေးသဖြင့် လည်းကောင်း။ အပ္ပကောပိ အတ္ထော၊ အနည်းငယ်သော အကျိုးကိုလည်း။ အပိ၊ စင်စစ်။ န လဗ္ဘော၊ မရအပ်။ ဧနံ၊ ထိုသူကို။ သောစန္တံ၊ စိုးရိမ်သည်ကို။ ဒုခိတံ၊ ဆင်းရဲသည်ကို ဝိဒိတွာ၊ သိ၍။ ပစ္စတ္ထိကာ၊ ရန်သူတို့သည်။ အတ္တမနာ၊ ဝမ်းမြောက်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

၉၇။ ယတော စ၊ အကြင်အခါ၌လည်း။ အာပဒါသု၊ ဘေးရန်တို့သည်။ ဥပ္ပန္နာသု၊ ဖြစ်ကုန်သည်ရှိသော်။ အတ္ထဝိနိစ္ဆယညူ၊ အကျိုး၏အဆုံးအဖြတ်ကို သိသော။ ပဏ္ဍိတော၊ ပညာရှိသည်။ န ဝေဓတိ၊ မတုန်လှုပ်။ အဝိကာရံ၊ ဖောက် ပြန်ခြင်း မရှိသော။ ပုရာဏံ၊ ရှေးအတိုင်း ဖြစ်သော။ မုခံ၊ မျက်နှာကို။ ဒိသွာ၊ မြင်၍။ တေ ပစ္စတ္ထိကာ၊ ထိုရန်သူတို့သည်။ ဒုခိတာ၊ ဆင်းရဲကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

ပြဿနာပြေကြောင်း ၅-ပါး

၉၈။ ဇပ္ပေန၊ မန္တရားမန်းသဖြင့်လည်းကောင်း။ မန္တေန စ၊ ပညာရှိတို့နှင့် တိုင်ပင်သဖြင့မလည်းကောင်း။ သုဘာသိတေန၊ ကောင်းစွာဆိုသော စကားဖြင့်လည်းကောင်း။ အနုပ္ပဒါနေန၊ တရား စီရင်သော အမတ်တို့အား တံစိုးပေးသဖြင့်လည်းကောင်း။ ပဝေဏိယ ဝါ၊ ဆွေမျိုးစဉ်ဆက်ကို ပြဆိုသဖြင့်လည်းကောင်း။ ပစ္စတ္ထိကာ၊ ရန်သူတို့ကို။ ဇိနိတဗ္ဗာ၊ အောင်အပ်ကုန်၏။ ဣမေသု ပဉ္စသု ကာရဏေသု၊ ဤငါးပါးသော အကြောင်းတို့တွင်။ ယထာ ယထာ၊ အကြင်အကြင် အကြောင်းဖြင့်။ ယတ္ထ၊ အကြင်အမှု၌။ အတ္ထံ၊ အကျိုးကို။ လဘေထ၊ ရရာ၏။ တထာ တထာ၊ ထိုထိုအကြောင်းဖြင့်။ တတ္ထ၊ ထိုအမှု၌။ ပရက္ကမေယျ၊ လုံ့လပြုရာ၏။

၉၉။ ယတော စ၊ အကြင်အခါ၌လည်း။ ဧသ အတ္ထော၊ ဤအကျိုးကို။ မယာ စ၊ ငါသည်လည်းကောင်း။ အညေန ဝါ၊ တစ်ပါးသော သူသည်လည်းကောင်း။ အလဗ္ဘနေယျော၊ မရအပ်ဟူ၍။ ဇာနေယျ၊ သိရာ၏။ တတော၊ ထိုအခါ၌။ အသောစမာနော၊ မစိုးရိမ်သည်ဖြစ်၍။ ကမ္မံ၊ ကံသည်။ ဒဠှံ၊ မြဲမြံ၏။ ဣဒါနိ၊ ယခု။ ကိန္တိ ကရောမိ၊ အသို့ ပြုနိုင်အံ့နည်းဟု။ အဓိဝါသယေယျ၊ သည်းခံရာ၏။

ခရီးသွားယောက်ျား ရာထူးရ

မင်းသည် ဘုရားလောင်း၏ တရားစကားကို ကြား၍ အမှုကို သုတ်သင်၍ အပြစ်မရှိသော အဖြစ်ကိုသိ၍ တောက်တို့ကို ပယ်စေ၍ ဘုရားလောင်းအား ကြီးစွာသော စည်းစိမ်ကိုပေး၍ မိမိ၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်အရာကို ပေး၏။ ကြွင်းသော သူငယ်တို့အားလည်း စည်းစိမ်ကိုပေး၍ အရာအထူးကို ပေး၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဖူးပြီ၊ ယခုအခါ ထေရ်ကြီး ထေရ်ငယ်တို့သည် ထိုအခါ သူငယ်များ ဖြစ်ကုန်ပြီ။ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိသော သူငယ် ဖြစ်ဖူးပြီဟု ဇာတ်ကို ပေါင်းတတ်၏။

ဘေးရန်နှင့်ကြိမ်၊ မစိုးရိမ်၊ တည်ငြိမ်ဖြေရှင်းရာ

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော တစသာရဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၉။ မိတ္တဝိန္ဒကဇာတ်

အလိုရမ္မက်ကြီးသဖြင့် သင်ခုန်စက်သို့ ရောက်ရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကျာဟံ ဒေဝါန မကရံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမိတ္တဝိန္ဒကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆိုနိုင်ခက်သော ရဟန်းတစ်ပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုသည် မဟာမိတ္တဝိန္ဒကဇာတ်၌ ထင်စွာဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... ဤမိတ္တဝိန္ဒကသည် သမုဒ္ဒရာ၌ ပစ်ချအပ်သည်ရှိသော် အလွန် အလိုရမ္မက်ကြီးသည်ဖြစ်၍ ငရဲသူ သတ္တဝါတို့၏ ကျက်ရာ ဥဿဒငရဲကို တစ်ခုသော မြို့တည်းဟူသော အမှတ်ဖြင့်ဝင်၍ သင်ဓုန်းစက်သို့ ရောက်၏။ ထိုအခါ ဘုရားလောင်းသည် နတ်သားဖြစ်၍ ဥဿဒငရဲကို လှည့်လည်၏။

ဘာကြောင့် သင်ဓုန်းစက်အောက်ရောက်

မိတ္တဝိန္ဒကသည် ဘုရားလောင်းကို မြင်၍ မေးလိုရကား-

၁၀၀။ ကျာဟံ ဒေဝါနမကရံ၊ ကိံ ပါပံ ပကတံ မယာ။
ယံ မေ သိရသ္မိံ ဩဟစ္စ၊ စက္ကံ ဘမတိ မတ္ထကေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၀၀။ သာမိ ဒေဝပုတ္တ၊ အရှင်နတ်သား။ အဟံ၊ အကျွန်ုပ်သည်။ ဒေဝါနံ၊ နတ်တို့အား။ ကိံ၊ အဘယ့အမှုကို။ အကရံ၊ ပြုမိသနည်း။ ယံ ယေန ပါပေန၊ အကြင်မကောင်းမှုဖြင့်။ မေ၊ အကျွန်ုပ်၏။ သိရသ္မိံ၊ ဦးခေါင်းထက်၌။ ဩဟစ္စ၊ နှိပ်၍။ စက္ကံ၊ သင်ဓုန်းစက်သည်။ မတ္ထကေ၊ ဦးခေါင်းထက်၌။ ဘမတိ၊ လည်၏။ မယာ၊ အကျွန်ုပ်သည်။ ကိံ ပါပံ၊ အဘယ်မည်သော မကောင်းမှုကို။ ပကတံ၊ ပြုအပ်သနည်း။

ထိုစကားကို ကြား၍ ဘုရားလောင်းသည်-

၁၀၁။ အတိက္ကမ္မ ရမဏကံ၊ သဒါမတ္တဉ္စ ဒူဘကံ။
ဗြဟ္မတ္တရဉ္စ ပါသာဒံ၊ ကေနတ္ထေန ဣဓာဂတော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကိုဆို၏။

၁၀၁။ မိတ္တဝိန္ဒက၊ မိတ္တဝိန္ဒက။ တွံ၊ သင်သည်။ ရမဏကံ၊ ဖလ်ဖြင့်ပြီးသော။ ပါသာဒံ၊ ပြာသာဒ်ကိုလည်းကောင်း။ သဒါမတ္တံ၊ ငွေဖြင့်ပြီးသော။ ပါသာဒံ၊ ပြာသာဒ်ကိုလည်းကောင်း။ ဒူဘကံ၊ ပတ္တမြားဖြင့်ပြီးသော။ ပါသာဒဉ္စ၊ ပြာသာဒ်ကိုလည်းကောင်း။ ဗြဟ္မတ္တရံ၊ ရွှေဖြင့်ပြီးသော။ ပါသာဒဉ္စ၊ ပြာသာဒ်ကိုလည်းကောင်း။ အတိက္ကမ္မ၊ လွန်၍။ ကေနတ္ထေန၊ အဘယ်အကြောင်းကြောင့်။ ဣဓ၊ ဤငရဲသို့။ အာဂတော၊ လာသနည်း။

ပိုများကောင်းမလား

မိတ္တဝိတသည် -

၁၀၂။ ဣတော ဗဟုတရာ ဘောဂါ၊ အတြ မညေ ဘဝိဿရေ။
ဣတိ ဧတာယ သညာယ၊ ပဿ မံ ဗျသနံ ဂတံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကိုဆို၏။

၁၀၂။ သာမိ ဒေဝပုတ္တ၊ အရှင်နတ်သား။ ဣတော၊ ဤလေးခုသော ပြာသာဒ်တို့၌ စည်းစိမ်ချမ်းသာတို့ထက်။ အတြ၊ ထိုအရပ်၌။ ဗဟုတရာ၊ အလွန်များကုန်သော။ ဘောဂါ၊ စည်း စိမ်တို့သည်။ ဘဝိဿရေ မညေ၊ ရှိကုန်ယောင်တကား။ ဣတိ ဧတယ သညာယ၊ ဤသို့သော အမှတ်ဖြင့်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ဂတံ၊ ရောက်သော။ မံ၊ ငါ့ကို။ ပဿ၊ ရှုပါလော့။

လောဘက တို့အရဆိုး

ထိုနောင်မူ ဘုရားလောင်းသည် -

၁၀၃။ စတုဗ္ဘိ အဋ္ဌဇ္စျဂမာ၊ အဋ္ဌာဟိပိ စ သောဠသ။
သောဠသာဟိစ ဗာတ္တိံသ၊ အတြိစ္ဆံ စက္ကမာသဒေါ။
ဣစ္ဆာဟတဿ ပေါသဿ၊ စက္ကံ ဘမတိ မတ္ထကေ။
၁၀၄။ ဥပရိဝိသာလာ ဒုပ္ပူရာ၊ ဣစ္ဆာ ဝိသဋဂါမိနီ။
ယေ စ တံ အနုဂိဇ္ဈန္တိ၊ တေ ဟောန္တိ စက္ကဓာရိနော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၀၃။ မိတ္တဝိန္ဒက၊ မိတ္တဝိန္ဒက။ တွံ၊ သင်သည်။ စတဗ္ဘိ၊ လေးယောက်သော နတ်သမီးတို့မှ။ အဋ္ဌ၊ ရှစ်ယောက်သော နတ်သမီးတို့ကို။ အဇ္ဈဂမာ၊ ရ၏။ အဋ္ဌာဟိပိ စ၊ ရှစ်ယောက်သေ နတ်သ္မီးတို့မှလည်း။ သောဠသ၊ တစ်ကျိပ်ခြောက်ယောက်သော နတ်သမီးတို့ကို။ အဇ္စျဂမာ၊ ရ၏။ သောဠသာဟိ စ၊ တစ်ကျိပ်ခြောက်ယောက်သော နတ်သမီးတိုမှလည်း။ ဗာတ္တိံသ၊ သုံးကျိပ်နှစ်ယောက်သော နတ်သမီးတို့ကို။ အဇ္စျဂမာ၊ ရ၏။ အတြိစ္ဆံ၊ အလွန် အလိုကြီးသော သင်သည်။ စက္ကံ၊ သင်ဓုန်းစက်သို့။ အသဒေါ၊ ရောက်၏။ ဣစ္ဆာဟတဿ၊ အထိုရမ္မက်သည် နှိပ်စက်အပ်သော။ ပေါသဿ၊ ယောက်ျားဖြစ်သော သင်၏။ မတ္ထကေ၊ ထိပ်ထက်၌။ စက္ကံ၊ သင်ဓုန်းစက်သည်။ ဘမတိ၊ လည်၏။

၁၀၄။ မိတ္တဝိန္ဒက၊ မိတ္တဝိန္ဒက။ ဣစ္ဆာ၊ တဏှာသည်။ ဥပရိဝိသာလာ၊ အထက်၌ ကျယ်ခြင်းသို့။ ဒုပ္ပူရာ၊ ပြည့်စုံနိုင်ခဲခြင်းသို့။ ဂတာ၊ ရောက်၏။ ဝိသဋဂါမိနီ၊ ပြန့်ခြင်းသို့ရောက်၏။ ယေ စ၊ အကြင်ယောက်ျားတို့သည်လည်း။ တံ၊ ထိုတဏှာကို။ အနုဂိဇ္ဈန္တိ၊ အဖန်တလဲလဲ တပ်စွန်း၍ယူကုန်၏။ တေ၊ ထိုယောက်ျားတို့သည်။ စက္ကဓာရိနော၊ သင်ဓုန်းစက်ကို ဆောင်ရကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

မိတ္တဝိန္ဒကကို စကားပြောစဉ်လျှင် ကြိတ်သော ထိုသင်ဓုန်းစက်သည် လည်လျက် လှည့်၏။ ထို့ကြောင့် မိတ္တဝိန္ဒကသည် တစ်ဖန် ပြောဆိုအံ့သောငှာ မတတ်နိုင်။ နတ်သားသည် မိမိနေရာသို့လျှင် သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်ဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဆိုနိုင်ခက်သော ရဟန်းသည် ထိုအခါ မိတ္တဝိန္ဒက ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ နတ်သားဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

အလိုရမ္မက်၊ ကြီးသူတွက်၊ အပျက်နှင့်သာ တွေ့ရမည်

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ် မိတ္တဝိန္ဒကဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၁၀။ ပလာသဇာတ်

ရွံရှာအပ်သည်ကို မရွံရှာခြင်းကြောင့် ဘေးတွေ့ရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်ဘုရားသည် ဟံသော ပလာသမဝစ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပလာသဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကိလေသာကို နှိပ်စက်ခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုသည် ပညာသဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ ဤပလာသဇာတ်၌ကား-သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့... ကိလေသာမည်သည်ကို အနည်းငယ် ဖြစ်ငြားသော်လည်း ရွံရှာအပ်၏။ ကိလေသာ မည်သည်ကား ပညာင်ပင်ကဲ့သို့ ပျက်စီးခြင်းသို့ ရောက်စေတတ်၏။ ရှေးပညာရှိတို့သည်လည်း ရွံရှာအပ်သည်တို့ကို ရွံရှာကုန်သလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရွှေဟင်္သာမျိုး၌ ဖြစ်၍ စိတ္တကုဋ်တောင်ဝယ် ရွှေဂူ၌နေလျက် ဟိမဝန္တာဝယ် ဇာတဿရအိုင်၌ အလိုလိုဖြစ်သော သလေးကိုစား၍ သွားလာ၏။ ထိုဘုရားလောင်း၏ သွားလာရာခရီး၌ ပေါက်ပင်ကြီးသည် ရှိ၏။ ထိုဘုရားလောင်းသည် ပေါက်ပင်ကြီး၌ နား၍ သွား၏။ လာသော်လည်း ပေါက်ပင်ကြီး၌ နား၍ လာ၏။ ထိုအခါ ဘုရားလောင်းအား ထိုပေါက်ပင်၌ ရုက္ခစိုးနတ်နှင့် အကျွမ်းဝင်သည်ဖြစ်၍ နောက်အခါ တစ်ခုသောငှက်မသည် တစ်ခုသော ပညောင်ပင်၌ ပညောင်သီးမှည့်ကို စား၍ ထိုပေါက်ပင်သို့ သွား၍ နား၏။ အခွ၌ ကျင်ကြီးကို ချ၏။ ထိုပေါက်ပင်၌ ပညောင်ပင်ငယ်သည် ပေါက်၏။ ပညောင်ပင်ငယ်သည်လည်း လက် လေးသစ်မျှ ရှိသောကာလ၌ နီသော အညွန့်အရွက်ရှိသောအားဖြင့် တင့်တယ်၏။

အန္တရာယ် လွယ်မထားနှင့်

ဟင်္သာမင်းသည် ထိုပညောင်ပင်ငယ်ကို မြင်၍ ရုက္ခစိုးနတ်ကို ခေါ်၍ အဆွေပေါက်ပင်စောင့်နတ် ပညောင်ပင်မည်သည်ကားကြီးသည်ရှိသော် ရောက်ရာသစ်ပင်ကို ဖျက်ဆီးလေ၏။ ဤပညောင်ပင်ငယ်ကို ကြီးစိမ့်သောငှာ မပေးလင့်၊ သင့်ဗိမာန်ကို ဖျက်ဆီးလတ္တံ့၊ မဆွကလျှင် ပညောင်ပင်ကိုနုတ်၍ စွန့်ပစ်လော့၊ ရွံရှာအပ်သည်နှင့် ယှဉ်သော ဝတ္ထုမည်သည်ကို ရွံရှာခြင်းငှာ သင့်၏ ဟု ပေါက်ပင်စောင့် နတ်နှင့်တကွ သိစေလိုရကား-

၁၀၅။ ဟံသော ပလာသမဝစ၊ နိဂြောဓော သမ္မ ဇာယတိ။
အင်္ကသ္မိံ တေ နိသိန္နောဝ၊ သော တေ မမ္မာနိ ဆေဇ္ဇတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၀၅။ ဟံသော၊ ရွှေဟင်္သာသည်။ ပသာသံ၊ ပေါက် ပင်စောင့်နတ်ကို။ အဝစ၊ ဆို၏။ ကိံ အဝစ၊ အဘယ်သို့ ဆိုသနည်းဟူမူကား။ သမ္မ၊ အဆွေပေါက်ပင်စောင့်နတ်။ တေ၊ သင်၏။ အင်္ကသ္မိံ၊ အခွ၌။ နိသိန္နောဝ၊ တည်လျက်လျှင်။ နိဂြောဓော၊ ပညောင်ပင်သည်။ ဇာယတိ၊ ပေါက်၏။ သော၊ ထိုပညောင်ပင်သည်။ တေ၊ သင်၏။ မမ္မာနိ၊ အသက်တို့ကို။ ဆေဇ္ဇတိ၊ ဖြတ်လတ္တံ့။ ဣတိ၊ ဤသို့။ အဝေါစ၊ ဆို၏။

ညောင်ပင်ကြီး လဲနေလိုက်ရုံပေါ့

ထိုစကားကိုကြား၍ ရွှေဟင်္သာ၏စကားကို မယူလိုသည်ဖြစ်၍ ပေါက်ပင်စောင့်နတ်သည်-

၁၀၆။ ဝဍ္ဎတာမဝေ နိဂြောဓော၊ ပတိဋ္ဌဿ ဘဝါမဟံ။
ယထာ ပိတာစ မာတာစ၊ ဧဝံ မေ သော ဘဝိဿတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၀၆။ နိဂြောဓော၊ ပညောင်ပင်သည်။ ဝဍ္ဎတာမေဝ၊ ကြီးခြင်းသို့လျှင်။ ဂစ္ဆတု၊ ရောက်စေ။ ပိတာ စ၊ အဖသည်လည်းကောင်း။ မာတာ စ၊ အမိသည်လည်းကောင်း။ ပုတ္တာနံ၊ သားတို့၏။ ပတိဋ္ဌာ၊ တည်ရာတို့သည်။ ဟောန္တိ ယထာ၊ ဖြစ်ကုန်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ အဟံ၊ ငါသည်။ အဿ၊ ထိုပညောင်ပင်၏။ ပတိဋ္ဌာ၊ တည်ရာသည်။ ဘဝါမိ၊ ဖြစ်အံ့။ ဧသော၊ ဤပညောင်ပင်သည်။ မေ၊ ငါ၏။ ပတိဋ္ဌာ၊ တည်ရာသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

ဟင်္သာမင်းသွားပြီ

ထို့နောင်မှု ဟင်္သာမင်းသည် -

၁၀၇။ ယံ တွံ အင်္ကသ္မိံ ဝဍ္ဎေသိ၊ ခီရရုက္ခံ ဘယာနကံ၊
အာမန္တ ခေါ တံ ဂစ္ဆာမ၊ ဝုဍ္ဎိမဿ န ရုစ္စတိ။

ဟူသော သုံးခုမြောက်သာ ဤဂါထာကို ဆို၏။

၁၀၇။ ဒေဝ၊ နတ်။ ယံ-ယသ္မာ၊ အကြင်ကြောင့်။ တွံ၊ သင်သည်။ ဘယာနကံ၊ ကြောက်မက်ဖွယ်ရှိသော။ ခီရရုက္ခံ၊ ပညောင်ပင်ငယ်ကို။ အင်္ကသ္မိံ၊ သစ်ခွ၌။ ဝဍ္ဎေသိ၊ ကြီးပွားစေ၏။ တသ္မာ၊ ထို့ကြေနာင့်။ တံ၊ သင့်ကို။ အာမန္တ ခေါ၊ သိစေ၍လျှင်။ မယံ၊ ငါတို့သည်။ ဂစ္ဆာမ၊ သွားကုန်အံ့။ အဿ၊ ထိုပညောင်ပင်၏။ ဝုဍ္ဎိံ၊ ကြီးပွားခြင်းကို။ အမှေဟိ၊ ငါတို့သည်။ န ရုစ္စတိ၊ မနှစ်သက်။

ဤသို့ဆို၍ ဟင်္သာမင်းသည် အတောင်တို့ကို ဖြန့်၍ စိတ္တကုဋ်တောင်သို့သာလျှင် သွား၏။ ထိုမှစ၍ တစ်ဖန် မလာ။

ညောင်ပင်စောင့်နတ်

နောက်အဖို့၌ ပညောင်ပင်သည်ကြီး၏။ ထိုပညောင် ပင်၌ တစ်ဦးသော ရုက္ခစိုးသည် ဖြစ်၏။

ရုက္ခစိုး ငိုရပြီ

ပညောင်ပင်သည် ကြီးလတ်သော် ပေါက်ပင်ကို ဖျက်ဆီး၏။ အခက်တို့နှင့် တကွလျှင် ရုက္ခစိုး နတ်၏ ဗိမာန်သည် ကျ၏။ ရုက္ခစိုးနတ်သည် ထိုကာလမှ ဟင်္သာမင်း၏ စကားကို မှတ်၍ ဤလာလတ္တံ့သော ဘေးကိုမြင်၍ ဟင်္သာမင်းသည် ဆို၏။ ငါသည် ဟင်္သာမင်း၏ စကားကို မလိုက်နာမိ ဟု ငိုကြွေးလိုရကား-

၁၀၈။ ဣဒါနိ ခေါ မံ ဘာယေတိ၊ မဟာနေရု နိဒဿနံ။
ဟံသဿ အနဘိညာယ၊ မဟာ မေ ဘယမာဂတံ။

ဟူသော လေးခုမြေဇက်လေ။ ဤဂါထာကို ဆို၏။

၁၀၈။ ဣဒါနိ ခေါ၊ ယခုအခါ၌လျှင်။ မံ၊ ငါ့ကို။ နိဂြောဓော၊ ပညောင်ပင်သည်။ ဘာယေတိ၊ ကြောက်စေ၏။ ဟံသဿ၊ ဟင်္သာမင်း၏။ မဟာနေရုနိဒဿနံ၊ မြင်းမိုရ်တောင်နှင့်တူသော။ ဝစနံ၊ စကားကို။ အနဘိညာယ၊ မသိ၍။ မေ၊ ငါ့အား။ မဟာဘယံ၊ ကြီးစွာသောဘေးသည်။ အဂတံ၊ လာ၏။

သဗ္ဗညူမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူ၍-

၁၀၉။ န တဿ ဝုဍ္ဎိ ကုသလပ္ပသတ္ထာ၊
ယော ဝဍ္ဎမာနော ဃသတေ ပတိဋ္ဌံ။
တဿူပရောဓံ ပရိသင်္ကမာနော၊
ပတာရယိ မူလဝဓာယ ဓီရော။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဟောတော်မူ၏။

၁၀၉။ ဘိက္ခဝေ၊ ရဟန်းတို့။ ယော ဓမ္မော၊ အကြင်တရားသည်။ ဝဍ္ဎမာနော၊ ပွားသည်ရှိသော်။ အတ္တနော၊ မိမိ၏။ ပတိဋ္ဌံ၊ တည်ရာကို။ ဃသတေ၊ ဖျက်ဆီး၏။ တဿ၊ ထိုတရား၏။ ဝုဍ္ဎိ၊ ပွားခြင်းကို။ န ကုသလပ္ပသတ္ထာ၊ ပညာရှိတို့သည် မချီးမွမ်းအပ်။ တဿ၊ ထိုတရား၏။ ဥပရောဓံ၊ ဖျက်ဆီးခြင်းကို။ ပရိသင်္ကမာနော၊ ရွံရှာသော။ ဓီရော၊ ပညာရှိသည်။ မူလဝဓာယ၊ အမြစ်ကိုဖြတ်အံ့သောငှာ။ ပတာရယိ၊ လုံ့လပြု၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စတို့ကို ပြသည်၏ အဆုံး၌ ငါးရာကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရွှေဟင်္သာမင်း ဖြစ်ပြီ ဟု ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ညောင်ပင်ငယ်များ၊ ကပ်လာငြား၊ ပယ်ရှားပစ်ရမည်

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ပလာသဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - အဒ္ဓဝဂ်

၁။ ဒီဃီတိကောသလဇာတ်

မိဘတို့၏ စကားကို နားထောင်အပ်ကြောင်း

ဟောတော်မူရာဋ္ဌာန

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဧဝံ ဘူတဿ တေ ရာဇ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒီဃီတိကောသလဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတဉ်မူစဉ် ကောသမ္ဗီပြည်သား ဖြစ်ကုန်သော ခိုက်ရန်ဖြစ်ကြကုန်သော ရဟန်းတို့ကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုကောသမ္ဗီရဟန်းတို့သည် ဇေတဝန် ကျောင်းတော်သို့ လာ၍ ကန်တော့သောကာလ၌ သဗ္ဗညူမြတ်စွာဘုရားသည် ထိုကောသမ္ဗီရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့... သင်တို့သည် ငါ၏ရင်မှဖြစ်သော သားဖြစ်ကုန်၏။ သားတို့မည်သည်ကား အဖသည် ပေးအပ်သော အဆုံး အမကို ဖျက်ဆီးခြင်းငှာ မသင့်၊ သင်တို့သည်ကား ငါ၏ အဆုံးအမကို မလိုက်နာကုန်၊ ရှေးပညာရှိတို့သည် မိမိ၏ မိဘတို့ကို သတ်၍ ပြည်ကိုယူ၍ တည်ကုန်သော, တော၌ မိမိလက်သို့ ရောက်သော ရန်သူတို့ကိုလည်း မိဘတို့သည် ပေးအပ်သော အဆုံးအမကို ဖျက်ဆီးအံ့သောငှာ မသင့်၊ အဆုံး အမကို မဖျက်ဆီးကုန်အံ့ဟု နှလုံးသွင်း၍ မဖျက်ဆီးကုန် ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... (ဤဒီသီတိာသူလဇာတ်၌ကား နှစ်ပါးကုန်သော ပစ္စုပ္ပန်ဝတ္ထု, အတိတ်ဝတ္ထုတို့သည်လည်း သံဃဘေဒကက္ခန္ဓက၌ အကျယ်အားဖြင့် ထင်ဖြစ်လတ္တံ့)

မိဘစကား နားထောင်ပုံ

ထိုဒီဃာဝုမင်းသားသည် တော၌ မိမိပေါင်ပေါ်၌ အိပ်သော ဗာရာဏသီမင်း၏ ဦးသျှောင်ကိုကိုင်၍ ယခု မိဘကိုသတ်သော ရန်သူ၏ ဥသျှောင်၌ ဆွဲကိုင်၍ အပိုင်းပိုင်းပြု၍ ဖြတ်အံ့ ဟု သန်လျက်ကို မိုးလတ်သော် ထိုခဏ၌ မိဘတို့သည် ပေးအပ်သော အဆုံးအမကို အောက်မေ့၍ အသက်ကို စွန့်ရသော်လည်း မိဘတို့၏ အဆုံးအမကို မဖျက်အံ့၊ စင်စစ်မူကား မင်းကို ခြိမ်းခြောက်အံ့ ဟု ကြံ၍-

၁၁၀။ ဧတံ ဘူတဿ တေ ရာဇ၊ အာဂတဿ ဝသေ မမ။
အတ္ထိ နု ကောစိ ပရိယာယော၊ ယော တံ ဒုက္ခာ ပမောစယေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၁၀။ ရာဇ၊ မင်းကြီး။ မမ၊ ငါ၏။ ဝသေ-ဝသံ၊ နိုင်ငံလက်တွင်းသို့။ အာဂတဿ၊ ရောက်သော။ ဧဝံ ဘူတဿ၊ ဤသို့ဖြစ်သော။ တေ၊ သင်မင်းကြီးအား။ ယော၊ အကြင်အကြောင်းသည်။ တံ၊ သင်မင်းကြီးကို။ ဒုက္ခာ၊ ဆင်းရဲမှ။ ပမောစယေ၊ လွတ်စေရာ၏။ ကောစိ၊ တစ်စုံတစ်ခုသော။ သော ပရိယာယော၊ ထိုအကြောင်းသည်။ အတ္တိ နု၊ ရှိသလော။

ထို့နောင်မှ မင်းသည် -

၁၁၁။ ဧဝံ ဘူတဿ မေ တာတ၊ အာဂတဿ ဝသေ တဝ။
နတ္ထိ နော ကောစိ ပရိယာယော၊ ယော မံ ဒုက္ခာ ပမောစယေ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၁။ တာတ၊ အမောင်။ တဝ၊ သင်၏။ ဝသေ- ဝသံ၊ နိုင်ငံလက်တွင်းသို့။ အာဂတဿ၊ ရောက်သော။ ဧဝံ ဘူတဿ၊ ဤသို့ဖြစ်သော။ မေ၊ ငါ့အား။ ယော၊ အကြင်အကြောင်းသည်။ မံ၊ ငါ့ကို။ ဒုက္ခာ၊ ဆင်းရဲမှ။ ပမောစယေ၊ လွတ်စေရာ၏။ ကောစိ၊ တစ်စုံတစ်ခုသော။ သော ပရိယာယော၊ ထိုအကြောင်းသည်။ နတ္ထိ၊ မရှိ။

ရန်ကိုရန်ချင်း မတုံ့နှင်းလင့်

ထို့နောင်မှ ဘုရားလောင်းသည်-

၁၁၂။ နာညံ သုစရိတံ ရာဇ၊ နာညံ ရာဇ သုဘာသိတံ။
တာယတေ မရဏကာလေ၊ ဧဝမေဝိတရံ ဓနံ။
၁၁၃။ အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ န သမ္မတိ။
၁၁၄။ အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသူပသမ္မတိ။
၁၁၅။ န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၁၂။ ရာဇ၊ မင်းကြီး။ မရဏာလေ၊ သေအံ့သော ကာလ၌။ ဧဝမေဝ၊ ဤသို့လျှင်။ ဣတရံ၊ ဤအဆုံးအမမှ တစ်ပါးသော။ ဓနံ၊ ဥစ္စာသည်။ တာယတေ၊ စောင့်၏။ သုစရိတံ၊ မိဘတို့သည် ပေးအပ်သော အဆုံးအမဟူသော သုစရိုက်ကို။ ထပေတွာ၊ ထား၍။ အညံ၊ တစ်ပါးသော။ တံ ဓနံ၊ ထိုဥစ္စာကို။ န ပဿာမိ၊ ငါ မမြင်။ သုဘာသိတံ၊ မိဘတို့သည် ပေးအပ်သော အဆုံးအမဟူသော ကောင်းသော စကားကို။ ဌပေတွာ၊ ထား၍။ အညံ၊ တစ်ပါးသော။ တံ ဓနံ၊ ထိုဥစ္စာကို။ န ပဿာမိ၊ ငါမမြင်။

၁၁၃။ မံ၊ ငါ့ကို။ အက္ကောစ္ဆိ၊ ဆဲရေးပြီ။ မံ၊ ငါ့ကို။ အဝဓိ၊ ညှဉ်းဆဲပြီ။ မံ၊ ငါ့ကို။ အဇိနိ၊ အောင်ပြီ။ မေ၊ ငါ၏။ သန္တကံ၊ ဥစ္စာကို။ အဟာသိ၊ ဆောင်ပြီ။ ဣတိ၊ ဤသို့။ ယေ စ၊ အကြင် သူတို့သည်လည်း။ တံ ဝေရံ၊ ထိုရန်ကို။ ဥပနယှန္တိ၊ ဖွဲ့ကုန်၏။ တေသံ၊ ထိုသူတို့အား။ ဝေရံ၊ ရန်သည်။ န သမ္မတိ၊ မငြိမ်း။

၁၁၄။ မံ၊ ငါ့ကို။ အက္ကောစ္ဆိ၊ ဆဲရေးပြီ။ မံ၊ ငါ့ကို။ အဝဓိ၊ ညှဉ်း ဆဲပြီ။ မံ၊ ငါ့ကို။ အဇိနိ၊ အောင်ပြီ။ မေ၊ ငါ၏။ သန္တကံ၊ ဥစ္စာကို။ အဟာသိ၊ ဆောင်ပြီ။ ဣတိ၊ ဤသို့။ ယေစ၊ အကြင် သူတို့သည်လည်း။ တံ၊ ထိုရန်ကို။ န ဥပနယှန္တိ၊ မဖွဲ့ကုန်။ တေသံ၊ ထိုသူတို့အား။ ဝေရံ၊ ရန်သည်။ ဥပသမ္မတိ၊ ငြိမ်း၏။

၁၁၅။ ဟိ သစ္စံ၊ မှန်၏။ ဣဓ လောကေ၊ ဤလောက၌။ ဝေရေန၊ ရန်တုံ့မူသဖြင့်။ ဝေရာနိ၊ ရန်တို့သည်။ ကုဒါစနံ၊ တစ်ရံတစ်ဆစ်မျှ။ န သမ္မတိ၊ မငြိမ်းကုန်။ အဝေရေန စ၊ ရန်တုံ့ မပြုသဖြင့်ကား။ ဝေရာနိ၊ ရန်တို့သည်။ သမ္မန္တိ၊ ငြိမ်းကုန်၏။ ဧသဓမ္မော၊ ဤရန်မပြုသဖြင့်လည်း ရန်ငြိမ်းခြင်း သဘောသည်။ သနန္တနော၊ ရှေး၌ဖြစ်သော သဘောတည်း။

သမီးပေး၍ မင်းမြှောက်ပြီ

ဘုရားလောင်းသည် ဤသို့ဆိုပြီး၍ မြတ်သော မင်းကြီး... အကျွန်ုပ်သည် သင်မင်းကြီး၌ မပြစ်မှား၊ သင်မင်းကြီးသည် အကျွန်ုပ်ကို သတ်မည်လောဟု မေး၍ သန်လျက်ကို ပေး၏။ မင်းသည်လည်း အမောင်... ငါသည်လည်း သင်၌ မပြစ်မှားအံ့ ဟု ကျိန်စာရွက်ခြင်းကိုပြု၍ ဘုရားလောင်းနှင့်တကွ မြို့သို့သွား၍ အမတ်တို့အားပြ၍ ဤသူသည် သေလေသော ကောလမင်း၏သား ဒီဃာဝုမင်းသား မည်၏။ ဤဒီဃာဝုမင်းသားသည် ငါ့အား အသက်ကို ပေး၏။ ဤဒီဃာဝုမင်းသားအား တစ်စုံတစ်ခုပြုခြင်းငှာ မရအပ်ဟု ဆို၍ မိမိသမီးကိုပေး၍ အဖဥစ္စာဖြစ်သော မင်းအဖြစ်၌ တည်စေ၏။ ထိုအခါမှစ၍ နှစ်ပါးကုန်သော မင်းတို့သည်လည်း ညီညွတ်ကုန်သည် ဖြစ်၍ မင်းအဖြစ်ကို ပြုကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ မြတ်သော မင်းမျိုးတို့သည် ထိုအခါ မယ်တော် ခမည်းတော်တို့ ဖြစ်ကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဒီဃာဝုမင်းသား ဖြစ်ပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရန်ကို ရန်ချင်း၊ မတုံနှင်း၊ ငြိမ်းခြင်း ရမြဲသာ

ရှေးဦးစွာသော ဒီဃီတိကောသလဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - အဒ္ဓဝဂ်

၂။ မိဂပေါတကဇာတ်

သေခြင်းတရားကို အောက်မေ့သင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် “အဂါရာ ပစ္စုပေတဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမိဂပေါတကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ပါးသော ရဟန်းကြီးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းကြီးသည် တစ်ယောက်သော သူငယ်ကို သာမဏေ ပြုသတတ်။ သာမဏေသည် ထိုရဟန်းကြီးကို ရိုသေစွာ လုပ်ကျွေး၍ နောက်အဖို့၌ မချမ်းသာသဖြင့် သေ၏။ သာမဏေ သေလွန်လတ်သော် ရဟန်းကြီးသည် သောက၌ တည်သည်ဖြစ်၍ သည်းစွာသောအသံဖြင့် ငိုကြွေးလျက် လှည့်လည်၏။

ရဟန်းတို့သည် မှတ်စိမ့်သော မတတ်နိုင်ကုန်သည် ဖြစ်၍ တရားသဘင်ဝယ် ငါ့ရှင်တို့ ... ဤမည်သော ရဟန်းကြီးသည် သာမဏေသည် သေခြင်းကြောင့် ငိုကြွေးလျက် လှည့်လည်၏။ ဤရဟန်းကြီးသည် မရဏဿတိကို ပွားစေခြင်းမှ အပဖြစ်သော ရဟန်းဖြစ်လတ္တံ့ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ဤမည်သော။ စကားဖြင့် စည်းဝေပါကုန်၏ဟု နားတော် လျှောက်သည် ရှိသော် ရဟန်းတို့ ... ယခုအခါ၌ သာလျှင် ဤရဟန်းသည် သာမဏေ သေလွန်လတ်သော် ငိုကြွေးလျက်သွားသည် မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းသည် ဤသာမဏေ သေလွန်လတ်သော် ငိုကြွေးလျက် သွားဖူးသလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိကြားဖြစ်၏။

ရသေ့ သမင်လေးသေ၍ ငိုခြင်း

ထိုအခါ တစ်ယောက်သာ ကာသိတိုင်း၌ နေသော ပုဏ္ဏားသည် ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြု၍ သစ်သီး ကြီးငယ်တို့ဖြင့် မျှတ၏။ ထိုရသေ့သည် တစ်နေ့သ၌ တောဝယ် အမိသေသော တစ်ခုသော သမင်ငယ်ကို မြင်၍ ကျောင်းသို့ဆောင်၍ အစာကိုပေး၍ မွေး၏။ သမင်ငယ်သည် ကြီးလတ်သော် အဆင်းလှ၏။ မြတ်သော တင့်တယ်ခြင်းနှင့် ပြည့်စုံ၏။ ထိုသမင်ငယ်ကို ရသေ့သည် မိမိသားပြု၍ ဆောင်၏။ တစ်နေ့သ၌ သမင်ငယ်သည် များစွာသောမြက်ကိုစား၍ အစာမကျေသဖြင့် သေ၏။ ရသေ့သည် သားသေ၏ဟု ငိုကြွေးလျက် လှည့်လည်၏။

ထိုအခါ သိကြားမင်းသည် လောကကိုကြည့်လတ်သော် ထိုရသေ့ကိုမြင်၍ ထိုရသေ့ကို သံဝေဂ ရစေအံ့ ဟု လာလတ်၍ ကောင်းကင်၌ ရပ်လျက်-

၁၁၆။ အဂါရာ ပစ္စုပေတဿ၊ အနာဂါရဿ တေ သတော။
သမဏဿ န တံ သ-ဓု၊ ယံ ပေတ မနုသောစသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၁၆။ တာပသ၊ ရှင်ရသေ့။ တွံ၊ သင်သည်။ ပေတံ၊ သေသောသူကို။ ယံ အနုသောစသိ၊ အကြင်စိုးရိမ်ခြင်းကို ပြု၏။ တံ၊ ထိုစိုးရိမ်ခြင်းသည်။ အဂါရာ၊ အိမ်မှ။ ပစ္စုပေတဿ၊ ကင်း၍။ အနာဂါရဿ၊ အိမ်ရာထောင်သော လူတို့၏ ကိစ္စမရှိသော။ သမဏဿ၊ ရဟန်းသည်။ သတော၊ ဖြစ်သော။ တေ၊ သင့်အား။ န သာဓု၊ မကောင်း။

အောက်မေ့လှပါသည်

ထိုစကားကိုကြား၍ ရသေ့သည်-

၁၁၇။ သံဝါသေန ဟဝေ သက္က၊ မနုဿဿ မိဂဿ ဝါ။
ဟဒယေ ဇာယတေ ပေမံ၊ နတံ သက္ကာ အသောစိတုံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၇။ သက္က၊ သိကြား။ သံဝါသေန၊ ပေါင်းဖော်ခြင်းကြောင့်။ မနုဿဿ ဝါ၊ လူ၏လည်းကောင်း။ မိဂဿ ဝါ၊ သား၏ လည်းကောင်း။ ဟဒယေ၊ နှလုံး၌။ ပေမံ၊ ချစ်ခြင်းသည်။ ဟဝေ၊ စင်စစ်။ ဇာယတေ၊ ဖြစ်၏။ တံ၊ ထိုချစ်အပ်သောသူကို။ အသောစိတုံ၊ မစိုးရိမ်အံ့သောငှာ။ န သက္ကာ၊ မတတ်ကောင်း၊

သေမှ ငို၍မရပြီ

ထို့နောင်မှ သိကြားမင်းသည်-

၁၁၈။ မတံ မရိဿံ ရောဒန္တိ၊ ယေ ရုဒန္တိ လပန္တိ စ။
တသ္မာ တွံ ဣသိ မာ ရောဒိ၊ ရောဒိတံ မောဃ မာဟု သန္တော။
၁၁၉။ ရောဒိတေန ဟဝေ ဗြဟ္မေ၊ မတော ပေတာ သမုဋ္ဌဟေ။
သဗ္ဗေ သင်္ဂမ္မ ရောဒါမ၊ အညမညဿ ဉာတကေ။

ဟူသော ဤနှစ်ဂါတို့ကို ဆို၏။

၁၁၈။ ဣသိ၊ ရသေ့။ ယေ၊ အကြင်သူတို့သည်။ မတံ စ၊ သေပြီးသော သူကိုလည်းကောင်း။ မရိဿံ စ၊ သေအံ့သောသူကိုလည်းကောင်း။ ရောဒန္တိ၊ မျက် ရည် ယိုကုန်၏။ လပန္တိ၊ ဆိုမြည်တမ်းကုန်၏။ တေသံ၊ ထိုသူတို့ အား။ အဿုပစ္ဆိဇ္ဇဒိဝသော နာမ၊ မျက်ရည်ပြတ်သာ နေ့မည်သည်။ နတ္ထိ၊ မရှိ။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ သင်သည်။ မာ ရောဒိ၊ မငိုလင့်။ ရောဒိတံ၊ ငိုခြင်းကို။ အမောဃံ၊ အကျိုးမရှိဟူ၍။ သန္တော၊ သူတော်ကောင်းတို့သည်။ အာဟု၊ ဆိုကုန်၏။ တသ္မာ၊ ထိုကြောင့်။ တွံ၊ သင်သည်။ မာ ရောဒိ၊ မလင့်။

၁၁၉။ ဗြဟ္မေ၊ ရှင်ရသေ့။ ဟဝေ၊ စင်စစ်။ ရောဒိတေန၊ ငိုသဖြင့်။ ပေတော၊ ပစ္စုပ္ပန်ဘဝမှကင်းသော။ မတော၊ သေသောသူသည်။ သမုဋ္ဌဟေ၊ ထငြားအံ့။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော ငါတို့သည်။ သင်္ဂမ္မ၊ စည်းဝေး၍။ အညမညဿ၊ အချင်းချင်း၏။ ဉာတကေ၊ ဆွေမျိုးတို့ကို။ ရောဒါမ၊ ငိုကုန်အံ့။

ကျေးဇူးတင်ပါသည်

ရသေ့သည် ဤသို့ သိကြားမင်းဆိုစဉ် ငိုခြင်းသည် အကျိုးမရှိဟု မှတ်၍ သိကြားအား ချီးမွမ်းလိုရကား-

၁၂၀။ အာဒိတ္တံ ဝတ မံ သန္တံ၊ ဃတသိတ္တံဝ ပါဝကံ၊
ဝါရိနာ ဝိယ ဩသိဉ္စံ၊ သဗ္ဗံ နိဗ္ဗာပယေ ဒရံ။
၁၂၁။ အဗ္ဗဟိ ဝတ မေ သလ္လံ၊ ယ မာသိ ဟဒယဿိတံ။
ယော မေ သောကပရေတဿ၊ ပုတ္တသောကံ အပါနုဒိ။
၁၂၂။ သောဟံ အဗ္ဗူဠှသလ္လောသ္မိ၊ ဝီတသောကော အနာဝိလော။
န သောစာမိ န ရောဒါမိ၊ တဝ သုတွာန ဝါသဝ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၁၂၀။ ဃတသိတ္တံ၊ ထောပတ်ဖြင့် သွန်းလောင်းအပ်သော။ ပါဝကံ၊ မီးကို။ ဝါရိနာ၊ ရေဖြင့်။ ဩသိဉ္စံ ဝိယ၊ သွန်းလောင်း ဘိသကဲ့သို့။ ဝတ၊ စင်စစ်။ အာဒိတ္တံ၊ သောကမီးဖြင့် ပြောင်ပြောင် တောက်သည်။ သန္တံ၊ ဖြစ်သော။ မံ၊ ငါ့ကို။ နိဗ္ဗာပယေ၊ ငြိမ်းစေ၏။ သဗ္ဗံ၊ အလုံးစုံသော။ ဒရံ၊ စိုးရိမ်ခြင်းကို။ နိဗ္ဗာပယေ၊ ငြိမ်းစေ၏။

၁၂၁။ ယော တွံ၊ အကြင် သင်သိကြားမင်းသည်။ သောကပရေတဿ၊ သောကဖြင့် နှိပ်စက်အပ်သော။ မေ၊ ငါ၏။ ပုတ္တ သောကံ၊ သား၌စိုးရိမ်ခြင်းကို။ အပါနုဒိ၊ ပယ်၏။ မေ၊ ငါ့အား။ ဟဒယဿိတံ၊ နှလုံး၌မှီသော။ ယံ သလ္လံ၊ အကြင်သောကတည်းဟူသော ငြောင့်သည်။ အာသိ၊ ဖြစ်ပြီ။ တံ သလ္လံ၊ ထိုသောကတည်းဟူသော ငြောင့်ကို။ တေ- တယာ၊ သင်သည်။ အဗ္ဗဟိ ဝတ၊ နုတ်အပ်စွတကား။

၁၂၂။ ဝါသဝ၊ သိကြားမင်း။ တဝ၊ သင်၏။ ဝစနံ၊ စကားကို။ သုတွာန၊ နာရ၍။ သော အဟံ၊ ထိုငါသည်။ အဗ္ဗူဠှသလ္လော၊ နုတ်အပ်ပြီးသော သောကတည်းဟူသော ငြောင့်ရှိသည်။ အသိ၊ ဖြစ်၏။ ဝီတသောကော၊ ကင်းသော စိုးရိမ်ခြင်းရှိ၏။ အနာဝိလော၊ စိတ် နောက်ခြင်းမရှိပြီ။ ဣဒါနိ၊ ယခုအခါ၌။ န သောစာမိ၊ မစိုးရိမ်။ န ရောဒါမိ၊ မငိုကြွေး။

သိကြားမင်းသည် ရသေ့အား ဆုံးမ၍ မိမိနေရာသို့လျှင် သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရဟန်းကြီးသည် ထိုအခါ ရသေ့ဖြစ်ပြီ၊ ယခုအခါ သာမဏေငယ်သည် ထိုအခါ သမင်ဖြစ်ပြီး၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သိကြားဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

သေပြီးသောသူ၊ တ, ငိုမူ၊ ထိုသူ ပြန်မလာ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော မိဂပေါတကဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - အဒ္ဓဝဂ်

၃။ မူသိကဇာတ်

ဆရာ့စကားနားထောင်၍ သေဘေးမှလွတ်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတောမူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကုဟိံ ဂတာ ကတ္ထ ဂတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမူသိကဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အဇာတသတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုကို အောက် ထုသဇာတ်၌ ချဲ့အပ်ပြီးသလျှင်ကတည်း။ ဤမူသိကဇာတ်၌လည်း သဗ္ဗညူ မြတ်စွာဘုရားသည် ရှေးအတူသာလျှင် ဗိမ္ဗိသာရမင်းကို တစ်ကြိမ် သားနှင့်တကွ ကစားလျက်, တစ်ကြိမ် တရားနာလျက်နေသည်ကို မြင်တော်မူ၍ သားကိုအမှီပြု၍ ဗိမ္ဗိသာရမင်းအား ဘေးဖြစ်အံ့သည်ကို သိတော်မူ၍ မြတ်သော မင်းကြီး ရှေးမင်းကြီးတို့သည် ရွံရှာအပ်ကုန်သည်ကို ရွံရှာကုန်လျှက် မိမိ သားကို ငါသေသောကာလ မင်း ပြုရစ်စေ ဟု တင့်အပ် လျောက်ပတ်သော အရပ်၌ ထားဖူးကုန်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တက္ကသိုလ်ပြည်ဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ ဒိသာပါမောက္ခဆရာ ဖြစ်၏။ ဘုရားလောင်း၏ အထံ၌ ဗာရာဏသီမင်း၏ ယဝမည်သော မင်းသားသည် ခပ်သိမ်းသော အတတ်တို့ကို သင်၍ စိစစ်ခြင်းကိုပေး၍ သွားလိုသည်ဖြစ်၍ ဆရာကို ပန်၏။ ဆရာသည် သားကို အမှီပြု၍ ယဝမင်းသားအား အန္တရာယ်ဖြစ်အံ့သည်ကို အင်္ဂါ ဝိဇ္ဇာ၏ အစွမ်းအားဖြင့်သိ၍ ယဝမင်းသား၏ ထိုအန္တရာယ်ကို ပယ်အံ့ဟု တစ်ခုသော ဥပမာကို ဆောင်အံ့သောငှာ အားထုတ်၏။

အသက်ကယ် ပထမဂါထာ

ထိုအခါ ဘုရားလောင်းအား တစ်ခုသောမြင်းသည် ရှိ၏။ ထိုမြင်း၏ခြေ၌ အမာသည် ပေါက်၏။ ထိုအမာကို စောင့်ရှောက်အံ့သောငှာ မြင်းကို အိမ်၌ထားကုန်၏။ ထိုအခါ တစ်ခုသောကြွက်သည် အိမ်မှထွက်၍ မြင်း၏ ခြေ၌ အမာကိုခဲ၏။ ၊ မြင်းသည် သည်းခံအံ့သောငှာ မတတ်နိုင်။ တစ်နေ့သ၌ ဝေဒနာကို သည်းခံအံ့သောငှာ မတတ်နိုင်သော ထိုမြင်းသည် ခဲအံ့သောငှာ လာသော ထိုကြွက်ကို ခြေဖြင့်ခတ်၍ ရေတွင်း၌ ကျစေ၏။ မြင်းထိန်းတို့သည် ကြွက်ကို မမြင်ကုန် သည်ရှိတစ်ပါးသော နေ့တို့၌ ကြွက်သည် လာလတ်၍ အမာကိုခဲ၏။ ယခုမထင်၊ အဘယ်သို့ သွားသနည်း ဟု ဆိုကုန်၏။ ဘုရားလောင်းသည် ထိုအကြောင်းကို မျက်မှောက်ပြု၍ တစ်ပါးသောသူတို့သည် မသိရကား ကြွက်သည် အဘယ်သို့ သွားသနည်းဟု ဆိုကုန်၏။ ကြွက်ကိုသတ်၍ ရေတွင်း၌ချသည်၏အဖြစ်ကို ငါသာ လျှင်သိ၏ဟု ကြံ၍ ထိုဘုရားလောင်းသည် ယခု ဤအကြောင်းကိုလျှင် ဥပမာပြု၍ ပထမဂါထာကိုဖွဲ့၍ မင်းသားအား ပေးအံ့ဟု ဂါထာဖွဲ့၍ ပေး၏။

ဒုတိယဂါထာ

ထိုဘုရားလောင်းသည် တစ်ပါးသော ဥပမာကိုလည်း ရှာလတ်သော် အမာသည် အသားနု တက်၍ ထွက်၍ တစ်ခုသော မုယောင်းသို့သွား၍ မုယောကို စားအံ့ဟု စောင်ရန်းပေါက်ဖြင့် နှုတ်သီးကို သွင်းကာ ထိုမြင်းကိုလျှင် မြင်၍ ထိုအကြောင်းကိုလျှင် ဥပမာပြု၍ ဒုတိယဂါထာကို ဖွဲ့၍ ယဝမင်းသားအား ပေး၏။

တတိယဂါထာ

တတိယဂါထာကား မိမိပညာအစွမ်းဖြင့်လျှင် ဖွဲ့၍ပေး၏။ အမောင် သင်သည် မင်းအဖြစ်၌ တည်၍ ညအခါ ရေချိုအံ့သောငှာ ရေကန်သို့ သွားလတ်သော် စောင်းတန်းဦးတိုင်အောင် ပထမဂါထာကို ရွတ်လျက် သွားလေလော့၊ သင်၏ နေရာပြာသာဒ်သို့ ဝင်သည်ရှိသော် စောင်းတန်း ခြေရင်းတိုင်အောင် ဒုတိယဂါထာကို ရွတ်လျက် သွားလေလော့ဟု မှာ၍ လွှတ် လိုက်၏။

သားကသတ်ရန်ကြံ

မင်းသားသည် သွား၍ အိမ်ရှေ့မင်းဖြစ်၍ အဖလွန်သဖြင့် မင်းပြု၍ ထိုယဝမင်း တစ်ယောက်သော သားသည် ဖွား၏။ ထိုသားသည် တစ်ဆယ့်ခြောက်နှစ်ရှိသော ကာလ၌ မင်းအဖြစ်၌ တပ်စွန်းသဖြင့် အဖကို သတ်အံ့ဟုကြံ၍ အလုပ် အကျွေးတို့ကို ငါ၏အဖသည် ပျို၏။ ငါသည် အဖသေသော ကာလကို မျှော်လျက် နေသည်ရှိသော် အိုမင်းအံ့၊ အိုမင်းသော ကာလ၌ ရအပ်သော မင်းအဖြစ်ဖြင့် အဘယ်အကျိုး ရှိအံ့နည်း ဟု ဆို၏။ ထိုအလုပ်အကျွေးတို့သည် အရှင်မင်းသား.ပစ္စန္တရစ်သို့ သွား၍ ခိုးသူတို့၏ အမှုကို ပြုအံ့သောငှာ မတတ်ကောင်း၊ အရှင်မင်းသား၏ ခမည်းတော်ကို တစ်စုံတစ်ခုသော ဥပါယ်ဖြင့် သတ်၍ မင်းအဖြစ်ကိုယူလော့ ဟု ဆိုကုန်၏။ ထိုမင်းသားသည် “ကောင်းပြီ ဟု နန်းတွင်းတွင် ညအခါ မင်း၏ ရေချိုးရာ ရေကန်အနီးသို့ သွား၍ ထိုအရပ်၌ မင်းကိုသတ်အံ့ဟု သန်လျက်ကို ကိုင်၍ ရပ်၏။

မင်းသည် ညချမ်းအခါ၌ မူသိကာမည်သော ကျွန်မကို သင် သွား၍ ရေကန်အပြင်၌ သုတ်သင်၍ လာလော့၊ ငါ ရေချိုအံ့ ဟု သန် လျက်ကို ကိုင်၍ သွားစေ၏။ မူသိကာသည် သွား၍ ရေကန် အပြင်၌ သုတ်သင်သည်ရှိသော် မင်းသားကို မြင်၏။ မင်းသားသည် မိမိအမှု ထင်ရှားဖြစ်အံ့သည်မှ ကြောက်သောကြောင့် မူသိကာကို နှစ်ပိုင်းဖြတ်၍ ရေကန်၌ ချ၏။

ပထမဂါထာကို ရွတ်ပြီ

မင်းသည် ရေချိုအံ့သောငှာ သွား၏။ ကြွင်းသော သူအပေါင်းသည် ယနေ့ မူသိကာမည်သော ကျွန်မသည် တစ်ဖန် မလာ၊ အဘယ်သို့ သွားသနည်း ဟု ဆို၏။ မင်းသည်-

၁၂၃။ ကုဟိံ ဂတာ ကတ္ထ ဂတာ၊ ဣတိ လာလပ္ပတီ ဇနော။
အဟမေဝေကော ဇာနာမိ၊ ဥဒပါနေ မူသိကာ ဟတာ။

ဟူသော ပထမဂါထာကို ရွတ်လျက် ရေကန်နားသို့ သွား၏။

၁၂၃။ မူသိကာ၊ မူသိကာသည်။ ကုဟိံ၊ အဘယ်သို့။ ဂတာ၊ သွားသနည်း။ ကတ္ထ၊ အဘယ်၌။ ဂတာ၊ သွားသနည်း။ ဣတိ၊ ဤသို့။ ဇနော၊ လူများသည်။ လာလပ္ပတိ၊ မြည်တမ်း၏။ မူသိကာ၊ မူသိကာကို။ ဥဒပါနေ၊ ရေကန်၌။ ဟတာ၊ သတ်၍ ချအပ်၏ဟု။ ဧကော၊ တစ်ယောက်တည်း။ အဟမေဝ၊ ငါသည်လျှင်။ ဇာနာမိ၊ သိ၏။

မင်းသားသည် ငါပြုသော အမှုကို ငါ၏ အဖသည် သိအပ်ပြီဟု ပြေး၍ ထိုအကြောင်းကို အလုပ်အကျွေးတို့အား ကြား၏။

ဒုတိယဂါထာကို ရွတ်ပြီ

ထိုအလုပ်အကျွေးတို့သည် ခုနစ်ရက်လွန်လတ်သော် တစ်ဖန် ထိုမင်းသားကို “ရှင်မင်းသား... မင်းသည် အကယ်၍ သိအံ့၊ ဆိတ်ဆိတ်မနေရာ၊ သင်မင်းသားအား ကြံ၍ ဆိုသည် ဖြစ်လတ္တံ့၊ ခမည်းတော်ကို သတ်လော့ ဟု ဆိုကုန်၏။ မင်းသားသည် တစ်ဖန် တစ်နေ့သ၌ သန်လျက်ကိုစွဲလျက် စောင်းတန်းခြေရင်း၌ ရပ်၍ မင်းသည် လာသောကာလ၌ ထိုမှဤမှ သတ်ခွင့်ကို ကြည့်၏။ မင်းသည်-

၁၂၄။ ယဝေ တွံ ဣတိစီတိ စ၊ ဂဒြဘောဝ နိဝတ္တသိ။
ဥဒပါနေ မူသိကံ ဟန္တွာ၊ ယဝံ ဘက္ခေတု မိစ္ဆသိ။

ဟူသော ဤဂါထာကို ရွတ်လျက် သွား၏။

၁၂၄။ တွံ၊ သင်သည်။ ယဝေ၊ ယဝမင်း၌။ ဣတိစီတိ စ၊ ထိုမှဤမှ သတ်ခွင့်ကို ကြည့်လျက်လည်း။ ယဝေ၊ မုယောခင်း၌။ ဂဒြဘောဝ၊ မြည်းကဲ့သို့။ နိဝတ္တသိ၊ ထိုမှဤမှ ကြည့်၏။ ဥဒပါနေ၊ ရေကန်။ ၌။ မူသိကံ၊ မူသိကာကို။ ဟန္တွာ၊ သတ်၍။ ယဝံ၊ ယဝမင်းကို။ ဘက္ခေတုံ၊ သတ်အံ့သောငှာ။ ဣစ္ဆသိ၊ အလိုရှိ၏။

တတိယဂါထာကို ရွတ်ပြီ

မင်းသားသည် ခမည်းတော်သည် ငါ့ကို မြင်ပြီ ဟု ထိတ်လန့်၍ ပြေး၏။ မင်းသားသည် တစ်ဖန် လခွဲကို လွန်စေ၍ မင်းကို ယောက်မဖြင့် ရိုက်သတ်အံ့ ဟု ရှည်သော အရိုးရှိသော တစ်ခုသော ယောက်မကို ကိုင်၍ ရပ်၏။ မင်းသည် -

၁၂၅။ ဒဟရော စာသိ ဒုမ္မေဓ၊ ပဌမုပ္ပတ္တိကော သုသု။
ဒီဃဉ္စေတံ သမာသဇ္ဇ၊ န တေ ဒဿာမိ ဇီဝိတံ။

ဟူသော ဤ တတိယဂါထာကို ရွတ်လျက် စောင်းတန်းထိပ်သို့ ထွက်၏။

၁၂၅။ ဒုမ္မေဓ၊ ပညာမရှိသော မင်းသား။ တွံ၊ သင်သည်။ ဒဟရော၊ ငယ်သည်။ ပဌမုပ္ပတ္တိကော၊ ပထမအရွယ်၌ တည်သည်။ သုသု၊ ပျိုသည်။ အသိ၊ ဖြစ်၏။ ဒီယံ၊ ရှည်သော အရိုးရှိသော။ ဧတဉ္စ၊ ထိုယောက်မကိုလည်း။ သမာသဇ္ဇ-၈ဟေတွာ၊ ကိုင်၍။ ဩလမ္ဗေတွာ၊ ထောက်၍။ ဋ္ဌိတော၊ တည်သည်။ အသိ၊ ဖြစ်၏။ တေ၊ သင်အား။ ဇီဝိတံ၊ အသက်ကို။ န ဒဿာမိ၊ ငါ မပေးအံ့။

မင်းသား တောင်းပန်ရပြီ

ထိုမင်းသားသည် ထိုနေ့၌ ပြေးအံ့သောငှာ မတတ်နိုင်၍ မြတ်သောမင်းကြီး၊ အကျွန်ုပ်အား အသက်ကို ပေးပါလော့ ဟု မင်း၏ ခြေရင်း၌ ဝပ်၏။ မင်းသည် မင်းသားကို ခြိမ်းခြောက်၍ သံခြေကျဉ်းတို့ဖြင့် နှောင်ဖွဲ့ပြီးလျှင် နှောင် အိမ်၌ သွင်းစေ၍ ထီးဖြူအောက်ဝယ် တန်ဆာဆင်အပ် မင်း၏နေရာ၌ နေ၍ ငါတို့ဆရာ ဒိသာပါမောက္ခ ပုဏ္ဏားသည် ငါ၏ အန္တရာယ်ကိုမြင်၍ ဤသုံးဂါထာတို့ကို ဆို၏ဟု ရွှင်လန်းနှစ်သက်၍ ဥဒါန်းကြူးလိုကား-

၁၂၆။ နာန္တလိက္ခဘဝနေန၊ နာင်္ဂပုတ္တပိနေန ဝါ။
ပုတ္တေန ဟိ ပတ္ထယိတော၊ သိလောကေဟိ ပမောစိတော။
၁၂၇။ သဗ္ဗံ သုတ မဓီယေထ၊ ဟီနမုက္ကဋ္ဌမဇ္ဈိမံ။
သဗ္ဗဿ အတ္ထံ ဇာနေယျ၊ န စ သဗ္ဗံ ပယောဇယေ။
ဟောတိ တာဒိသကော ကလော၊ ယတ္ထ အတ္ထာဝဟံ သုတံ။

ဟူသော ဤနှစ်ဂါထာခွဲတို့ကို ဆို၏။

၁၂၆။ ပုတ္တေန ဟိ၊ သားသည်လျှင်။ ပတ္ထပိတော၊ သတ်အံ့သောငှာ တောင့်တအပ်သော ငါသည်။ အန္တလိက္ခဘဝနေန၊ ကောင်းကင် ဗိမာန်၌ နေသဖြင့်။ မရဏတော၊ သေဘေးမှ။ န ပမောစိတော၊ မလွတ်။ အင်္ဂပုတ္တပီနေန ဝါ၊ ကိုယ်အင်္ဂါနှင့်တူသော သား၏ နှစ်သက်ခြင်းဖြင့်လည်း။ န ပမောစိတော၊ မလွတ်။ သိလောကေဟိ၊ ဆရာဖွဲ့၍ ပေးအပ်ကုန်သော ဂါထာတို့ဖြင့်။ ပမောစိတော၊ သုံးဘေးမှ လွတ်၏။

၁၂၇။ သဗ္ဗံ၊ အလုံးစုံသော။ ဟီနမုက္ကဋ္ဌမဇ္ဈိမံ၊ အယုတ် အလတ် အမြတ် ဖြစ်သော။ သုတံ၊ သုတကို။ အဓီယေထ၊ သင်ရာ၏။ သဗ္ဗဿ၊ အလုံးစုံသော သုတ၏။ အတ္ထံ၊ အကျိုးကို။ ဇာနေယျ၊ သိရာ၏။ သဗ္ဗံ၊ အယုတ် အလတ် အမြတ် ဖြစ်သော အလုံးစုံသော သုတကို။ န စ ပယောဇယေ၊ မယှဉ်ရာသလျှင်ကတည်း။ ယတ္ထ၊ အကြင်ကာလ ၌။ သုတံ၊ သုတသည်။ အတ္ထာဝဟံ၊ အကျိုးကိုဆောင်၏။ တာဒိသကော၊ ထိုသို့ သဘောရှိသော။ ကာလော၊ ကာလသည်။ ဟောတိ၊ ဖြစ်၏။

နောက်အဖို့၌ မင်းလွန်သည်ရှိသော် မင်းသားသည် မင်းအဖြစ်၌ တည်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဒိသာ ပါမောက္ခဆရာ ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ပညာရှိလျှင်။ ဉာဏ်မြော်မြင်၊ ကြိုတင်သိကြသည်

သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော မူသိကဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - အဒ္ဓဝဂ်

၄။ စူဠဓနုဂ္ဂဟဇာတ်

သူခိုး ဓားရိုးကမ်းခြင်း အကြောင်း

ဟောတော်မူရာဋ္ဌာန

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သဗ္ဗံ ဘဏ္ဍံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော စူဠဓနုဂ္ဂဟ ဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မယားဟောင်း ဖြားယောင်းသောရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းသည် ဘုန်းတော်ကြီးသော အရှင်ဘုရား၊ မယားဟောင်းသည် အကျွန်ုပ်ကို ငြီးငွေ့စေ၏ ဟု နားတော်လျှောက်သည် ရှိသော် သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း... ဤမိန်းမသည် သင်၏အကျိုးမဲ့ကို ပြုလေ့ရှိ၏။ ရှေး၌လည်း ဤမိန်းမှုကို မှီ၍ သေဖူးပြီ၊ ဦးခေါင်းကို သန်လျက်ဖြင့် ဖြတ်ဖူးပြီ ဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိကြား ဖြစ်၏။ ထိုအခါ ဗာရာ ဏသီပြည်၌ နေသော တစ်ယောက်သော ပုဏ္ဏားသည် တက္ကသိုလ်ပြည်၌ ခပ်သိမ်း သော အတတ်တို့ကို သင်၍ လေးအမှု၌ အပြီးသို့ ရောက်၏။ စူဠဓနုဂ္ဂဟ ပညာရှိ ဟူသော အမည်သည် ဖြစ်၏။

ပါမောက္ခမှ သမီးပေး

ထိုအခါ စူဠဓနုဂ္ဂဟ ပညာရှိအား ဤသူသည် ငါနှင့်တူစွာ အတတ်ကို သင်၏ ဟု ဆို၍ ဆရာသည် မိမိသမီးကို ပေး၏။ စူဠနုဂ္ဂဟသည် ထို သတို့သမီးကိုယူ၍ ဗာရာဏ သီပြည်သို့ သွားအံ့ ဟု ခရီးသို့သွား၏။

သူခိုး ဓားရိုးကမ်း

လမ်းအကြား၌ တစ်ခုသော ဆင်သည် တစ်ခုသော အရပ်ကို ဆိတ်ညံ့သည်ကို ပြု၏။ ထိုအရပ်ကို တစ်စုံ တစ်ယောက် သောသူသည် သွားအံ့သောငှာ မဝံ့။ စူဠဓနုဂ္ဂဟ ပညာရှိသည် လူတို့သည် မြစ်ကုန်စဉ်လျှင် မယားကိုယူ၍ ထိုတောအုပ်သို့ သွား၏။ ထိုအခါ စူဠဓနုဂ္ဂဟ ပညာရှိအား တောအုပ်အလယ်၌ ဆင်သည် လိုက်၏။ စူဠဓနုဂ္ဂဟ ပညာရှိသည် ထိုဆင်ကို ဦးကင်း၌ မြားဖြင့်ပစ်၏။ မြားသည် ဖောက်ထွင်း၍ နောက်အဖို့၌ ထွက်၏။ ဆင်သည် ထိုအရပ်၌လျှင် လဲ၏။

စူဠဓနုဂ္ဂဟ ပညာရှိသည် ထိုအရပ်ကို ဘေးမရှိသည်ကိုပြု၍ ရှေ့မှု တစ်ခုသော တောအုပ်သို့ ရောက်၏။ ထိုတောအုပ်၌လည်း ငါးကျိပ်ကုန်သော ခိုးသူတို့သည် ခရီးသွား လူများကို လုယက်နှိပ်စက်ကုန်၏။ စူဠဓနုဂ္ဂဟ ပညာရှိကို လူတို့သည် တားမြစ်အပ်လျက် ထိုတောအုပ်သို့လည်း သက်ဝင်၍ သားတို့ကိုသတ်၍ ခရီးအနီး၌ အသားကို ကင်၍ စားကုန်သော ခိုးသူတို့၏ တည်ရာ အရပ်သို့ ရောက်၏။

ခိုးသူတို့သည် တန်ဆာဆင်အပ်သော မယားနှင့်တကွ လာသော ထိုစူဠဓနုဂ္ဂဟ ပညာရှိကို မြင်၍ ထိုသူကို ဖမ်းကုန်အံ့ဟု အားထုတ်ခြင်းကို ပြုကုန်၏။ ခိုးသူကြီးသည် ပုရိသလက္ခဏာ၌ လိမ္မာ၏။ ထိုခိုးသူကြီးသည် စူဠဓနုဂ္ဂဟ ပညာရှိကိုကြည့်၍လျှင် ဤယောကျ်ားကား မြတ်သော ယောက်ျားတည်းဟု သိ၍ တစ်ယေက်သော သူအားလည်း ထစိမ့်သောငှာ မပေး။ စူဠဓနုဂ္ဂဟ ပညာရှိသည် သွားချေ၊ ငါတို့ဖို့ တစ်ခုသော အမဲတံစို့ကို ပေးကုန်လော့ ဟု ဆို၍ အမဲကို ဆောင်ချေဟု ခိုးသူတို့၏အထံသို့ မယားကို စေ၏။ မယားသည် သွား၍ တစ်ခုသော အမဲတံစို့ကို ပေးကုန်လော့ဟု ဆို၏။ ခိုးသူကြီးသည် အနဂ္ဃ ယောက်ျားတည်းဟု အမဲတံစို့ကို ပေးစေ၏။ ခိုးသူတို့သည် ငါတို့ကား ကျက်သောအမဲကို စားကုန်အံ့ဟု မကျက်သော အမဲတံစို့ကို ပေးကုန်၏။ စူဠဓနုဂ္ဂဟ ပညာရှိသည် မိမိကိုယ်ကို ချီးမွမ်း၍ ငါ့အား မကျက်သော အမတံစို့ကို ပေးကုန်၏ဟု ခိုးသူတို့အား အမျက်ထွက်၏။ ခိုးသူတို့သည် ဤယောက်ျားကား တစ်ယောက်တည်းသာလျှင်တည်း၊ အဘယ်သို့ ပြုနိုင်လတ္တံ့နည်း၊ ငါတို့သည် မိန်းမ မဟုတ်ကုန်ဟု ခြိမ်း၍ ထကုန်၏။ စူဠဓနုဂ္ဂဟ ပညာရှိသည် လေးဆယ့်ကိုးစင်းသော မြားတို့ဖြင့်ပစ်၍ လဲစေ၏။ ခိုးသူကြီးကို ပစ်အံ့သောငှာ မြားမရှိသည်ဖြစ်၏။ စူဠဓနုဂ္ဂဟ ပညာရှိ၏ မြားကျည်၌ ငါးဆယ်ကုန်သော မြားတို့သည်သာလျှင် ရှိကုန်၏။ ထိုမြားတို့တွင် တစ်စင်းသောမြားဖြင့် ဆင်ကို ပစ်၏။ ကြွင်းသောမြားတို့ဖြင့် လေးကျိပ်ကိုးယောက်ကုန်သော ခိုးသူတို့ကို ပစ်ပြီးလျှင် ခိုးသူကြီးကို လဲစေ၍ ခိုးသူကြီး၏ရင်၌ တက်စီးလျက် ထိုသူ၏ ဦးခေါင်းကို ဖြတ်အံ့ဟု မယား၏လက်မှ သန် လျက်ကို ပေးစေ၏။ မယားသည် ထိုခဏ၌လျှင် မြင်သော ခိုးသူကြီးကို တပ်စွန်း၍ ခိုးသူလက်၌ အရိုးကို, လင်၏လက်၌ အသွားကိုထား၏။ ခိုးသူသည် သန်လျက်ရိုးကိုကိုင်၍ သန်လျက်ကို ထုတ်၍ စူဠဓနုဂ္ဂဟ ပညာရှိ၏ ဦးခေါင်းကို ဖြတ်၏။

လင်ပစ်မ၏ သောက

ခိုးသူကြီးသည် စူဠဓနုဂ္ဂဟ ပညာရှိကို သတ်၍ မိန်းမကိုယူသည်ရှိသော် အမျိုးကို မေး၏။ ထိုမိန်းမသည် ကျွန်ုပ်က တက္ကသိုလ်ပြည်၌ ဒိသာ ပါမောက္ခဆရာ၏ သမီးတည်းဟုဆို၏။ သင့်ကို ဤယောက်ျားသည် ဘယ်အကြောင်းအားဖြင့် ရသနည်းဟု မေး၏။ ကျွန်ုပ်၏အဖသည် ဤယောက်ျားကား ငါနှင့်တူစွာ အတတ်ကို သင်၏ ဟု နှစ်သက်၍ ဤယောက်ျားအား အကျွန်ုပ်ကို ပေး၏။ ကနွြုပဩညြ သင်၌ချစ်၍ တစ်ဖန် ပေးစားသော လင်ကို သတ်စေ၏ဟု ဆို၏။ ခိုးသူကြီးသည်ဤမိန်းမကား အဖပေးစားသော လင်ကိုစင်လျက် သတ်သေး၏။ တစ်ပါးသောလင်ကိုမြင်၍ ငါ့ကိုလည်း ဤအတူလျှင် ပြုလတ္တံ့၊ ဤမိန်းမကို စွန့်ခြင်းငှာ သင့်၏ဟု ကြံ၍ သွားလတ်သော် လမ်းအကြားတွင် ထိုခဏ၌ လာ၍ ရေပြည့်သော တိမ်သော တစ်ခုသော မြစ်ကိုမြင်၍ ရှင်မ ဤမြစ်၌ မိကျောင်းရဲ၏။ ကြမ်းကြုတ်၏။ အသို့ပြုရကုန်အံ့နည်းဟု ဆို၏။ ထိုမိန်းမသည်လည်း အရှင်... အလုံးစုံသော တန်ဆာဥစ္စာကို ကွှနြုပအြပေါရြုံဖှင့ြ ထုပ်၍ ကမ်းတစ်ဖက်သို့ ပို့ဆောင်၍ တစ်ဖန်လာ၍ ကျွန်ုပ်ကိုယူ၍ သွားလော့ ဟု ဆို၏။ ထိုခိုးသူကြီးသည် ကောင်းပြီဟု အလုံးစုံသော တန်ဆာဥစ္စာကိုယူ၍ မြစ်သို့ဆင်း၍ ကူးသကဲ့သို့ တစ်ဖက်ကမ်းသို့ ရောက်၍ ထိုမိန်းမကို စွန့်ပစ်၍ သွား၏။ ထိုမိန်းမသည် ထိုခိုးသူကြီးကိုမြင်၍ အရှင်... အဘယ့်ကြောင့် ငါ့ကို စွန့်ပစ်၍ သွားသနည်း၊ အဘယ့်ကြောင့် ဤသို့ပြုသနည်း၊ လာလော့၊ ငါ့ကိုလည်း ယူ၍သွားလော့ဟု ထိုခိုးသူကြီးနှင့်တကွ စကား ပြောလိုရကား-

၁၂၈။ သဗ္ဗံ ဘဏ္ဍံ သမာဒါယ၊ ပါရံ တိဏ္ဏောသိ ဗြာဟ္မဏ။
ပစ္စာဂစ္ဆ လဟုံ ခိပ္ပံ၊ မမ္ပိ တာရေဟိ ဒါနိတော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၂၈။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ သဗ္ဗံ၊ အလုံးစုံသော။ ဘဏ္ဍံ၊ ဥစ္စာကို။ သာမာဒါယ၊ ယူ၍ ပါရံ၊ ကမ်းတစ်ဖက်သို့။ တိဏ္ဏော၊ ကူးသည်။ အသိ၊ ဖြစ်၏။ လဟုံ၊ လျင်စွာ။ ပစ္စာဂစ္ဆ၊ တစ်ဖန်လာလော့။ ဣဒါနိ၊ ယခု။ ဣတော၊ ဤဘက်မှ။ ခိပ္ပံ၊ လျင်စွာ။ မမ္ပိ၊ ငါ့ကိုလည်း။ တာရေဟိ၊ ဆောင်လော့။

ခိုးသူသည် ထိုစကားကိုကြား၍ တစ်ဖန် ကမ်းနား၌ ရပ်လျက်ပင်-

၁၂၉။ အသန္ထုတံ မံ စိရသန္ထုတေန၊
နိမီနိ ဘောတီ အဒ္ဓုဝံ ဓုဝေန။
မယာပိ ဘောတီ နိမိနေယျ အညံ၊
ဣတော အဟံ ဒူရတရံ ဂမဿံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၂၉။ ဘောတီ၊ ပုဏ္ဏေးမ။ တွံ၊ သင်သည်။ စီရသန္ထုတေန၊ ကြာမြင့်စွာပေါင်းသော လင်ဖြင့်။ အသန္ထုတံ၊ မပေါင်းဖော်ဖူးသော။ မံ၊ ငါ့ကို။ နိမီနိ၊ လဲ လှယ်၍ ယူ၏။ ဓုဝေန၊ အမြဲဖြစ်သော လင်ဖြင့်။ အဒ္ဓုဝံ၊ မမြဲသော ငါ့ကို။ နိမီနိ၊ လဲလှယ်၍ ယူ၏။ ဘောတီ၊ ပုဏ္ဏေးမ။ တွံ၊ သင်သည်။ မယာပိ၊ ငါဖြင့်လည်း။ အညံ၊ တစ်ပါးသောလင်ကို။ နိမိနေယျ၊ လဲလှယ်၍ ယူရာ၏။ အဟံ၊ ငါသည်။ ဣတော၊ ဤအရပ်မှ။ ဒူရတရံ၊ အလွန်ဝေးသောအရပ်သို့။ ဂမိဿံ၊ ပြေးသွားတော့အံ့။

ခိုးသူကြီးသည်ကား သင် နေရစ်လော့ ဟုဆို၍ ထိုမိန်းမ ငိုကြွေးစဉ်လျှင် ထမ်းဆောင်သော ဘဏ္ဍာထုပ်ကိုယူ၍ ပြေး၏။

ငါးစိမ်းမြင် ငါးကင်ပစ်

မိုက်စွာသော ထိုမိန်းမသည် အလွန် အလိုကြီးသည်၏ အဖြစ်ကြောင့် ဤသို့ သဘောရှိသော ပျက်စီးခြင်းသို့ ရောက်လျက် ကိုးကွယ်ရာမရှိ၍ အနီး၌ တစ်ခုသော သမန်း မြက်ချုံသို့ ကပ်၍ ငိုလျက်နေ၏။ ထိုခဏ၌ သိကြားမင်းသည် လူ့ပြည်ကို ကြည့်လတ်သော် အလွန် အလိုကြီးသည်၏ အဖြစ်ကြောင့် လင်မှယုတ်၍ ငိုသော ထိုမိန်းမကိုမြင်၍ ထိုမိန်းမကိုနှိပ်၍ ရှက်စေ၍ လာအံ့ဟု မာတလိနတ်သား ပဉ္စသီခ နတ်သားတို့ကို ခေါ်၍ ထိုအရပ်သို့သွား၍ မြစ်နား၌ရပ်၍ မာတလိ သင်သည် ငါးဖြစ်လော့၊ ပဉ္စသီခ သင်သည် ငှက်ဖြစ်လော့၊ ငါကား မြေခွေးဖြစ်၍ နှုတ်သီးဖြင့် အမဲတုံးကိုချီ၍ ထိုမိန်းမ၏ ရှေးရှုဖြစ်သော အရပ်သို့ ရောက်လတ်သော် သင်သည် ရေမှခုန်၍ ငါ၏ရှေ့၌ ကျလော့၊ ငါသည် နှုတ်သီးဖြင့်ချီသော အမဲတုံးကိုစွန့်၍ ဖမ်းအံ့သောငှာ ပြေးလာအံ့၊ ထိုခဏ၌ ပဉ္စသီခ- သင်သည် ထိုအမဲတုံးကို ချီ၍ ကောင်းကင်သို့ ပျံလော့၊ မာတလိ- သင်သည် ရေသို့ကျလော့ဟု စေ၏။

ရှင်မင်းကြီး... ကောင်းပြီ ဟု မာတလိသည် ငါးဖန်ဆင်း၏။ ပဉ္စသီခသည် ငှက်ဖန်ဆင်း၏။ သိကြားမင်းသည် မြေခွေး ဖန်ဆင်း၍ အမဲတုံးကို နှုတ်သီးဖြင့်ချီ၍ ထိုမိန်း၏ ရှေးရှုအရပ်သို့ လာ၏။ ငါးသည် ရေမှခုန်တက်၍ မြေခွေး၏ရှေ့၌ ကျ၏။ မြေခွေးသည် နှုတ်သီးဖြင့်ချီသော အမဲတုံးကိုစွန့်၍ ငါးကိုဖမ်းအံ့သောငှာ ပြေး၏။ ငါးသည် ခုန်၍ ရေသို့ကျ၏။ ငှက်သည် အမဲတုံးကိုချီ၍ ကောင်းကင်သို့ ပျံ၏။ မြေခွေးသည် ငါး, အမဲတုံး နှစ်ခုတို့ကိုလည်း မရ၍ သမန်းမြက်ချုံကိုကြည့်လျက် မျက်နှာမသာသည်ဖြစ်၍ နေ၏။

လင်ပစ်မလေး ငိုရာမှ ရယ်ခြင်း

ထိုမြေခွေးကို မြင်၍ လွန်စွာသော အလို ရမ္မက်သည် နှိပ်စက်အပ်သော ဤမြေခွေးသည် အမဲတုံးလည်းမရ၊ ငါးလည်းမရ ဟု အိုးကို ခွဲဘိသကဲ့သို့ သည်းစွာသော ရယ်ခြင်းကို ရယ်၏။

ဟဲ့- ဘယ်သူ ရယ်သလဲ

ထိုရယ်သံကိုကြား၍ မြေခွေးသည်-

၁၃၀။ ကာ ယံ ဧဠဂဏဂုမ္ဗေ၊ ကရောတိ အဟု ဟာသိယံ။
နယီဓ နစ္စဂီတံ ဝါ၊ တာဠံ ဝါ သုသမာဟိတံ။
အနမှကာလေ သုသောဏိ၊ ကိံနု ဇဂ္ဃသိ သောဘနေ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၃၀။ ဧဠဂဏဂုမ္ဗေ၊ သမန်းမြက်ချုံ၌။ အယံ၊ ဤမိန်းမသည်။ ဟာသိယံ၊ ကြီးစွာသော ရယ်ခြင်းကို။ ကရောတိ၊ ပြု၏။ ကာ၊ အဘယ်မိန်းမသည်။ အဟု၊ ဖြစ်သနည်း။ ဣဓ၊ ဤအရပ်၌။ နိစ္စဂီတံ ဝါ၊ ကခြင်းသီခြင်းသည်လည်းကောင်း။ သုသမာဟိတံ၊ ကောင်းစွာပြုအပ်သော။ တာဠံ ဝါ၊ တီးမှုတ်ခြင်းသည်လည်းကောင်း။ ၊ မရှိခဲ့။ သုသောဏိ၊ ကောင်းသော ခါးရှိသော။ သောဘနေ၊ တင့်တယ်သော ရှင်မ။ တွံ၊ သင်သည်။ အနမှိကာလေ၊ ငိုသင့်သော ကာလ၌။ ကိံနု၊ အဘယ့်ကြောင့်။ ဇဂ္ဃသိ၊ သည်းစွာ ရယ်ဘိသနည်း။

မိုက်လှချည်လား

ထိုစကားကိုကြား၍ ထိုမိန်းမသည်-

၁၃၁။ သိင်္ဂါလ ဗာလ ဒုမ္မေဓ၊ အပ္ပပညောသိ ဇမ္ဗုက။
ဇီနော မစ္ဆဉ္စ ပေသိဉ္စ၊ ကပဏေ ဝိယ ဈာယသိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၁၃၁။ ဗာလ၊ မိုက်သော။ ဒုမ္မေဓ၊ ပညာမရှိသော။ ဇမ္ဗုက၊ အစားကြီးသော။ သိင်္ဂါလ၊ မြေခွေး။ တွံ၊ သင်သည်။ အပ္ပပညော၊ ပညာမရှိသည်။ အသိ၊ ဖြစ်၏။ မစ္ဆဉ္စ၊ ငါးကိုလည်းကောင်း။ ပေသိဉ္စ၊ အမဲကိုလည်းကောင်း။ ဇီနော၊ ရှုံးသည် ဖြစ်၍။ ကပဏော ဝိယ၊ ဥစ္စာတစ်ထောင်ရှုံးသော အထီး ကျန်သောသူကဲ့သို့။ ဈာယသိ၊ မှိုင်၏။

သင်က ပိုမိုက်သည်

ထို့နောင်မှ မြေခွေးသည်-

၁၃၂။ သုဒဿံ ဝဇ္ဇမညေသံ၊ အတ္တနော ပန ဒုဒ္ဒသံ။
ဇီနာ ပတိဉ္စ ဇာရဉ္စ၊ မညေ တွညေဝ ဈာယသိ။

ဟူသော ငါးခုမြောက် ဤဂါထာကို ဆို၏။

၁၃၂။ ပါပဓမ္မေ၊ ယုတ်မာသော အကျင့်ရှိသော။ ဒုဿီလေ၊ သီလမရှိသော မိန်းမ။ အညေသံ၊ သူတစ်ပါး၏။ ဝဇ္ဇံ၊ အပြစ်ကို။ သုဒဿံ၊ မြင်လွယ်၏။ အတ္တနော၊ မိမိ၏။ ဝဇ္ဇံ ပန၊ အပြစ်ကိုမူကား။ ဒုဒ္ဒသံ၊ မြင်ခဲ၏။ တွညေဝ၊ သင်သည်သာလျှင်။ ပတိဉ္စ၊ အဖပေးစားသော လင်ကိုလည်းကောင်း။ ဇာရဉ္စ၊ သယောက်လင်ကိုလည်းကောင်း။ ဇီနာ၊ ရှုံးသည်ဖြစ်၍။ ဈယသိ မညေ၊ ငါ့ထက် မှိုင်ယောင်တကား။

နောင်တရပါပြီ

ထိုမိန်းမသည် မြေခွေးစကားကို ကြား၍-

၁၃၃။ ဧဝမေဝ မိဂရာဇ၊ ယထာ ဘာသသိ ဇမ္ဗုက။
ယံနူနာဟံ ဣတော ဂန္တွာ၊ ဘတ္တု ဟေဿံ ဝသာနုဂါ။

ဟူသော ဤဆဋ္ဌဂါထာကို ဆို၏။

၁၃၃။ မိဂရာဇ၊ သားတို့၏ မင်းဖြစ်သော။ ဇမ္ဗုက၊ မြေခွေးမင်း။ တွံ၊ သင်သည်။ ဘာသသိ ယထာ၊ ဆိုသကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ ဟောမိ၊ ဖြစ်ချေ၏။ အဟံ၊ ငါသည်။ ဣတော၊ ဤအရပ်မှ။ ဂန္တွာ၊ သွား၍။ ပုန၊ တဖန်။ ယံ ဘတ္တာရံ၊ အကြင်လင်ကို။ လဘိတွာ၊ ရ၍။ နူန-ဧကန္တေနေဝ၊ စင်စစ်သဖြင့်လျှင်။ တဿ ဘတ္တု၊ ထိုလင်၏။ ဝသာနုဂါ၊ အလိုသို့လိုက်၍ ကျင့်သည်။ ဟေဿံ၊ ဖြစ်အံ့။

ခြံခုန်စရှိ ခုန်တော့မှာပဲ

ထိုအခါ သီလမရှိသော ထိုမိန်းမ၏ စကားကို ကြား၍ သိကြားမင်းသည်-

၁၃၄။ ယော ဟရေ မတ္တိကံ ထာလံ၊ ကံသထာလမ္ပိ သော ဟရေ။
ကတံ စေဝ တယာ ပါပံ၊ ပုနပေဝံ ကရိဿသိ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

၁၃၄။ အနာစာရေ၊ ယုတ်မာသော အကျင့်ရှိသော မိန်းမ။ တွံ၊ သင်သည်။ ကိံ ကထေသိ၊ အသို့ဆိုသနည်း။ ယော၊ အကြင် သူသည်။ မတ္တိကံ ထာလံ၊ မြေခွက်ကို။ ဟရေ၊ ခိုး၏။ သော၊ ထိုမြေခွက်ကိုမျှ ခိုးတတ်သောသူသည်။ ကံသထာလမ္ပိ၊ ရွှေခွက် ငွေခွက် အစရှိသော ခွက်ကိုလည်း။ ဟရေ၊ ခိုးအံ့စင်းစင်းတည်း။ တယာ၊ သင်သည်။ ဣဒံ ပါပံ၊ ဤမကောင်းမှုကို။ ကတဉ္စေဝ၊ ပြုအပ်ပြီးသလျှင်ကတည်း။ ပုနပိ၊ တဖန်လည်း။ တွံ၊ သင်သည်။ ဧဝံ၊ ဤအတူ။ ကရိဿသိ၊ ပြုပြန်လတ္တံ့။

ဤသို့ သိကြားမင်းသည် ထိုမိန်းမကို ရှက်စေ၍ ဖောက်ပြန်သော အခြင်းအရာသို့ ရောက်စေ၍ မိမိနေရာသို့ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ စူဠဓနုဂ္ဂဟ ပညာရှိ ဖြစ်ဖူးပြီ၊ ယခုအခါ ငြီးငွေ့သော ရဟန်း၏ မယားဟောင်းသည် ထိုအခါ စူဠဓနုဂ္ဂဟ ပညာရှိ၏ မယား ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သိကြမင်း ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ချောင်းကိုပစ်၍၊ မြစ်ကိုရှာ၊ ရေသာများ၍ ငါးမတွေ့

လေးခုတို့၏ ပြည့်ကြင်းဖြစ်သော စူဠဓနုဂ္ဂဟဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - အဒ္ဓဝဂ်

၅။ ကပေါတဇာတ်

လျှပ်ပေါ်လော်လည်ခြင်းကြောင့် ပျက်စီးရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဣဒါနိ ခေါမှိအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကပေါတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ယောက်သော လျှပ်ပေါ်သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... လျှပ်ပေါ်သော ရဟန်းဝတ္ထုကို များစွာ ချဲ့အပ်ပြီးသလျှင်တည်း။ ထိုရဟန်းကိုကား သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်း... သင်သည် လျှပ်ပေါ်သောဟူသည် မှန်သလော ဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်း... သင်သည် ယခုအခါ၌သာ လျှပ်ပေါ်သည် မဟုတ်သေး၊ ရှေး၌လည်း လျှပ်ပေါ်သည်သလျှင်ကတည်း၊ လျှပ်ပေါ်သည်၏ အဖြစ်ကြောင့် အသက်ကုန်ခြင်းသို့ ရောက်ဖူး၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ခိုမျိုး၌ ဖြစ်၍ ဗာရာဏသီ သူဌေး၏ စားဖိုအိမ် အသိုက်တောင်း၌ နေ၏။

ဟင်းခိုးစားသော ကျီးမိုက်ဒုက္ခ

ထိုအခါ တစ်ခုသော ကျီးသည် ငါးအမဲ၌ တပ် စွန်း၍ ထိုခိုနှင့် မိတ်ဖွဲ့၍ ထိုအသိုက်တောင်း၌လျှင် နေ၏။ ထိုကျီးသည် တစ်နေ့သ၌ များစွာသော ငါးအမဲကိုမြင်၍ ငါးအမဲကို စားအံ့ ဟု အလွန်ညည်းညူလျက် အသိုက်တောင်း၌လျှင် အိပ်နေ၏။ ခိုသည် အဆွေကျီး... လာလော့၊ အစာရှာအံ့သောငှာ သွားကုန်အံ့ ဟု ဆိုသော်လည်း ငါသည် အစာမကျေခြင်းကြောင့် အိပ်၏။ သင်သည် သွားလေလော့ ဟု ဆို၍ အစာရှာ မသွားမူ၍ ထိုခိုသွားသည်ရှိသော် ငါ၏ ဆူးငြောင့်ဖြစ်သော ရန်သူသည် သွားပြီ၊ ယခုအခါ ငါသည် အလိုရှိတိုင်း ငါးအမဲကို စားအံ့ ဟု ကြံလျက်-

၁၃၅။ ဣဒါနိ ခေါမှိ သုခိတော အရောဂေါ၊
နိက္ကဏ္ဋကော နိပ္ပတိတော ကပေါတော။
ကာဟာမိ ဒါနိ ဟဒယဿ တုဋ္ဌိံ၊
တထာဟိ မံ မံသသာကံ ဗလေတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၃၅။ အဟံ၊ သည်။ ဣဒါနိ ခေါ၊ ယခုအခါ၌လျှင်။ သုခိတော၊ ချမ်းသာသည်။ အရောဂေါ၊ ရောဂါမရှိသည်။ နိက္ကဏ္ဋကော၊ ဆူးငြောင့်မရှိသည်။ အမှိ၊ ဖြစ်၏။ ကပေါတော၊ ခိုသည်။ နိပ္ပတိတော၊ ထွက်သွားလေပြီ။ ဣဒါနိ၊ ယခုအခါ၌။ ဟဒယဿ၊ နှလုံး၏။ တုဋ္ဌိံ၊ နှစ်သက်သော အမှုကို။ ကာဟာမိ၊ ပြုအံ့။ တထာဟိ၊ ထို့ကြောင့်လျှင်။ မံသသာကံ၊ အမဲ, အမဲဟင်းမှ ကြွင်းသော ဟင်းသည်။ မံ၊ ငါ၏။ ဗလေတိ-ဗလံ ကရောတိ၊ အား, လုံ့လကိုပြု၏။

စားဖိုသည်သည် ငါးအမဲကိုချက်၍ စားဖိုအိမ်မှထွက်၍ ကိုယ်မှချွေးကို သုတ်လျက်နေ၏။ ကျီးသည် တောင်းမှထွက်၍ အမဲကို ဝမ်းပြည့်အောင်စား၍ အမဲကိုထားသော တောင်း၌နား၍ ကိရိ ကိရိ ဟု အသံကို ပြု၏။ စားဖိုသည်သည် လျင် မြန်သဖြင့် လာလတ်၍ ကျီးကိုဖမ်း၍ အလုံးစုံသော အတောင်တို့ကို နုတ်၍ စိုသော ချင်း၊ မုန်ညင်းစေ့တို့ကိုရော၍ ပုပ်သော ရက်တက်ရည်ဖြင့် နယ်၍ အလုံးစုံသောကိုယ်ကို လိမ်း၍ တစ်ခုသော အိုးခြမ်းကို သွေး၍ ချည်ကြိုးဖြင့် ထိုကျီး၏ လည်၌ ဖွဲ့ဆွဲ၍ အသိုက်တောင်း၌လျှင်ထား၍ သွား၏။

ခို၏လှောင်ပြောင်သံ

ခိုသည်လာလတ်၍ ထိုကျီးကိုမြင်၍ ဗျိုင်းသည် အဆွေ ကျီး၏ တောင်း၌အိပ်၏။ အဘယ်ဗျိုင်းနည်း၊ အဆွေ ခင်ပွန်းဖြစ်သော ကျီးသည် ကြမ်းကြုတ်၏။ လာလတ်၍ သင့်ကို ညှဉ်းဆဲရာ၏ ဟု ပြက်ရယ်ပြုလိုရကား-

၁၃၆။ ကာယံ ဗလကာ သိခိနီ၊ စောရီ လင်္ဃီ ပိတာမဟာ။
ဩရံ ဗလာကေ အာဂစ္ဆ၊ စဏ္ဍော မေ ဝါယသော သခါ။

ဟူသော နှစ်ခုမြောက်သာ ဤဂါထာကို ဆို၏။

၁၃၆။ သိခိနီ၊ ဦးစွန်းရှိသော။ စောရီ၊ နေရာတောင်းကို ခိုးသော။ လင်္ဃီ ပိတာမဟာ၊ မိုးဟူသော အဘိုးရှိသော။ အယံ ဗလာကာ၊ ဤဗျိုင်းအောက်မသည်။ ကာ၊ အဘယ်ဗျိုင်းအောက်မနည်း။ ဗလာကေ၊ ဗျိုင်းအောက်မ။ ဩရံ၊ ဤအတွင်းသို့။ အာဂစ္ဆ၊ လာလော့။ မေ၊ ငါ၏။ သခါ၊ အဆွေ ခင်ပွန်းဖြစ်သော။ ဝါယသော၊ ကျီးသည်။ စဏ္ဍော၊ ကြမ်း၏။

မလှောင်ပါနဲ့ ခိုလေးရယ်

ထိုစကားကိုကြား၍ ကျီးသည်-

၁၃၇။ အလံ ဟိ တေ ဇဂ္ဃိတာယေ၊ မမံ ဒိသွာန ဧဒိသံ။
ဝိလူနံ သူဒပုတ္တေန၊ ပိဋ္ဌမဏ္ဍေန မက္ခိတံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၃၇။ သမ္မ၊ အဆွေ။ သူဒပုတ္တေန၊ စားဖိုသည်သည်။ ဝိလူနံ၊ အမွှေးအတောင်ကို နုတ်၍။ ပိဋ္ဌမဏ္ဍေန၊ ချင်း, မုန်ညင်းမှုန့်ဖျော်သော ရက်တက်ရည်ကြည်ဖြင့်။ မက္ခိတံ၊ လိမ်းကျံအပ်သော။ ဧဒိသံ၊ ဤသို့သဘောရှိသော ဆင်းရဲခြင်းရှိသော။ မမံ၊ ငါ့ကို။ ဒိသွာန၊ မြင်၍။ တေ၊ သင့်အား။ ဇဂ္ဃိတာယေ၊ ပြက်ရယ်ပြုခြင်းငှာ။ အလံ၊ မသင့်သလျှင်ကတည်း။

သင့်မှာလဲ ပြင်လို့ ဆင်လို့

ခိုသည် ပြက်ရယ်ပြုလို၍လျှင် တဖန်-

၁၃၈။ သုနှာတော သုဝိလိတ္တောသိ၊ အန္နပါနေန တပ္ပိတော။
ကဏ္ဌေစ တေ ဝေဠုရိယော၊ အဂမာ နု ကဇင်္ဂလံ။

ဟူသော လေးခုမြောက်သော ဤဂါထာကိုဆို၏။

၁၃၈။ သမ္မ၊ အဆွေ။ တွံ၊ သင်သည်။ သုနှာတော၊ ကောင်းစွာ သုတ်သင်အပ်သည်။ သုဝိလိတ္တော၊ ကေင်းစွာ လိမ်းကျံအပ်သည်။ အန္နပါနေန၊ ထမင်း အဖျော်ဖြင့်။ တပ္ပိတော၊ ရောင့်ရဲသည်။ အသိ၊ ဖြစ်၏။ တေ၊ သင်၏။ ကဏ္ဌေ စ၊ လည်၌ လည်း။ ဝေဠုရိယော၊ ဝေဠုရိယပတ္တမြားကို ဆင်ယင်အပ်၏။ တွံ၊ သင်သည်။ ကဇင်္ဂလံ၊ ဗာရာဏသီပြည်တွင်းသို့။ အဂမာ နု၊ သွားချေသလော။

ထိုနောက်မှ ကျီးသည်-

၁၃၉။ မာ တေ မိတ္တော အမိတ္တော ဝါ၊ အဂမာသိ ကဇင်္ဂလံ။
ပိဉ္ဆာနိ တတ္ထ လာယိတွာ၊ ကဏ္ဌေ ဗန္ဓန္တိ ဝဋ္ဋနံ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

ငါဒုက္ခရောက်ပြီ

၁၃၉။ ပါရာဝတ၊ ခို။ တေ၊ သင်၏။ မိတ္တော ဝါ၊ အဆွေခင်ပွန်းသည်လည်းကောင်း။ အမိတ္တော ဝါ၊ အဆွေခင်ပွန်းမဟုတ်သော ငှက်သည်လည်းကောင်း။ ကဇင်္ဂလံ၊ ဗာရာဏသီမြို့တွင်းသို့။ မာ အဂမာသိ၊ မသွားစေလင့်။ တတ္ထ၊ ထိုဗာရာဏသီမြို့တွင်း၌။ ပိဉ္ဆာနိ၊ အမွေးအတောင်တို့ကို။ လာယိတွာ၊ နုတ်၍။ ကဏ္ဌေ၊ လည်၌။ ဝဋ္ဋနံ၊ အိုးခြမ်းကို။ ဗန္ဓန္တိ၊ ဖွဲ့ချည်တတ်ကုန်၏။

အကောင်းစားချင်ဦး

ထိုစကားကိုကြား၍ ခိုသည်-

၁၄၀။ ပုနပါပဇ္ဇသီ သမ္မ၊ သီလံ ဟိ တဝ တာဒိသံ။
န ဟိ မနုသကာ ဘောဂါ၊ သုဘုဉ္ဇာ ဟောန္တိ ပက္ခနော။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

၁၄၀။ သမ္မ၊ အဆွေ။ တွံ၊ သင်သည်။ ပုနပိ၊ တဖန်လည်း။ ဧဝရူပံ၊ ဤသို့ သဘောရှိသော ဆင်းရဲသို့။ အာပဇ္ဇသိ၊ ရောက်လတ္တံ့။ ဟိ သစ္စံ၊ မှန်၏။ တဝ၊ သင်၏။ သီလံ၊ အလေ့သည်။ တာဒိသံ၊ ထိုသို့သဘောရှိ၏။ မနုသကာ ဘောဂါ၊ လူ၌ဖြစ်ကုန်သော အသုံးအဆောင်တို့သည်။ ပက္ခိနော၊ ငှက်အား။ သုဘုဉ္ဇာ၊ သုံးဆောင်လွယ်ကုန်သည်။ န ဟောန္တိ၊ မဖြစ်ကုန်သလျှင်ကတည်း။

ဤသို့ ဘုရားလောင်းသည် ထိုကျီးကိုဆုံးမ၍ ထိုအိမ်၌ မနေမူ၍ အတောင်တို့ကိုဖြန့်၍ တစ်ပါးသောအရပ်သို့ ပျံ သွား၏။ ကျီးသည်လည်း ထိုအိမ်၌ပင် အသက်ကုန်ခြင်းသို့ ရောက်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်ဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြသည်၏ အဆုံး၌ လျှပ်ပေါ်သော ရဟန်းသည် အနာဂါမိ ဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ လျှပ်ပေါ်သော ရဟန်းသည် ထိုအခါ ကျီးဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခိုဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ်နှင့်မထိုက်၊ လိုချင်လိုက်၊ ကျီးမိုက် သေရပြီ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကပေါတဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - အဝါရိယဝဂ်

၁။ အဝါရိယဇာတ်

လူကို ယုတ်မြတ် မသိတတ်ခြင်းအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် မာသု ကုဇ္ဈ ဘူမိပတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အဝါရိယဇာတ်ကို ဇေတဝန်ကျောင်းဘော်၌ သီတင်းသုံး နေတော်မူစဉ် ကူးတို့ဆိပ်၌ တစ်ယောက်သော ကူးတို့သည်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုကူးတို့သည်သည် မိုက်သည် ဖြစ်သတတ်၊ ဘုရားအစရှိကုန်သော ရတနာတို့၏ ကျေးဇူးကိုလည်း မသိ၊ တစ်ပါးကုန်သော ပုဂ္ဂိုလ်တို့၏ ကျေးဇူးကိုလည်း မသိ၊ ကြမ်းတမ်း ရုန့်ရင်း၏။ နိုင်ထက်မူတတ်၏။

ရဟန်းကို ညှဉ်းဆဲပုံ

ထိုအခါ ဇနပုဒ်၌နေသော ရဟန်းတစ်ပါးသည် ဘုရားကို ဖူးမြင်အံ့ ဟု လာလတ်သော် ညဉ့်အခါ၌ အစိရဝတီ မြစ်ဆိပ်သို့ ရောက်၍ ထိုကူးတို့သည်ကို ဒါယကာ ထိုမှာဘက်သို့ သွားအံ့၊ ငါ့အား လှေကိုပေးပါလော့ဟု ဆို၏။ အရှင်ဘုရား... ယခု အချိန်မဟုတ်ပြီ၊ တစ်ခုသော အရပ်၌ နေဦးလော့ ဟု ဆို၏။ ဒါယကာ ဤအရပ်တွင် အဘယ်၌ နေရအံ့နည်း၊ ငါ့ကို ယူ၍ သွားလော့ ဟု ဆို၏။ ကူးတို့သည်သည် အမျက် ထွက်၍ အချင်းရဟန်း... လာလော့ ဟု မထေရ်ကို လှေသို့တင်၍ ဖြောင့်စွာမသွားမှု၍ လှေကို အောက်သို့ဆောင်၍ မြစ်၌ လှေကိုလှုပ်၍ ထိုရဟန်း၏ သပိတ်သင်္ကန်းကို စွတ်စိုစေ၍ ပင်ပန်းစေ၍ မှောင်မိုက်သောအခါမှ လွှတ်လိုက်၏။ ထိုအခါ ထိုရဟန်းသည် ကျောင်းသို့သွား၍ ထိုနေ့၌ ဘုရားအား ခစားခြင်း၏ အခွင့်ကို မရ၍ နက်ဖြန်နေ့၌ မြတ်စွာဘုရားသို့ ကပ်၍ ရှိခိုး၍ တင့်အပ်သောအရပ်၌ နေ၏။ မြတ်စွာဘုရားသည် ပြုအပ်သော ပဋိသန္ထာရရှိသည်ဖြစ်၍ “အဘယ်အခါ၌ လာသနည်း ဟု မေးတော်မူသည်ရှိသော် “အရှင်ဘုရား... ယမန်နေ့က လာ၏ နားတော်လျှောက်၏။ ယမန်နေ့က လာသည်ဖြစ်လျက် အဘယ်ကြောင့် ယနေ့မှ ငါဘုရားအား ဖူးမြင်အံ့သောငှာ လာသနည်း ဟု မေးတော်မူသည်ရှိသော် ထိုအကြောင်းကို လျှောက်၏။ ထိုအကြောင်းကို ကြား၍ မြတ်စွာဘုရားသည် ရဟန်း... ဤကူးတို့သည်သည် ယခုအခါ၌ သာလျှင် ကြမ်းတမ်းရုန့်ရင်းသည်။ နိုင်ထက်မူတတ်သည် မဟုတ်သေး၊ ရှေး၌လည်း ဤကူးတို့ သည်သည် ပညာရှိတို့ကို ပင်ပန်းစေ၏ ဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းကုန်သော အတတ်တို့ကိုသင်၍ ရသေ့ရဟန်း ပြု၍ ရှည်မြင့်စွာသော ကာလပတ်လုံး ဟိမဝန္တာ၌ သစ်သီးကြီးငယ်ဖြင့် မျှ၍ ချဉ်ဆား မှီဝဲအံ့သောငှာ ဗာရာဏသီပြည်သို့ ရောက်၍ မင်း၏ ဥယျာဉ်၌ နေ၍ နက်ဖြန်နေ့၌ ဆွမ်းခံအံ့ငှာ မြို့သို့ဝင်၏။

မင်းကိုးကွယ်သော ရသေ့

ထိုအခါ မင်းသည် မင်းရင်ပြင်သို့ ရောက်လာသော ထိုရသေ့ကို မြင်၍ ထိုရသေ့၏ ဣရိယာပုထ်၌ ကြည်ညို၍ နန်းတွင်းသို့ပင့်၍ ဆွမ်းကျွေး၍ ဝန်ခံခြင်းကို ယူ၍ မင်း၏ ဥယျာဉ်၌ နေစေ၍ တစ်နေ့ တစ်ကြိမ် ခစားအံ့သောငှာ လာ၏။ ဘုရားလောင်းရသေ့သည် ထိုမင်းကို မြတ်သော

မင်းကြီး... မင်းမည်သည် လေးပါးသော အဂတိသို့ လိုက်ခြင်းတို့ကို ကြဉ်၍ မမေ့မလျော့သာလျှင် သည်းခံခြင်း, မေတ္တာ, ကရုဏာနှင့် ပြည့်စုံ သည်ဖြစ်၍ မင်းပြုအပ်၏ ဟု ဆို၍ နေ့တိုင်း ဆုံးမလိုကား -

။ မာသု ကုဇ္ဈ ဘူမိပတိ၊ မာသု ကုဇ္ဈ ရထေသဘ။
ကုဒ္ဓံ အပ္ပဋိကုဇ္ဈန္တော၊ ရာဇာ ရဋ္ဌဿ ပူဇိတော။
။ ဂါမေ ဝါ ယဒိ ဝါ ရညေ၊ နိန္နေ ဝါ ယဒိ ဝါ ထလေ။
သဗ္ဗတ္ထ အနုသာသာမိ၊ မာသု ကုဇ္ဈ ရထေသဘ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟော၏။

၁။ ဘူမိပတိ၊ မြေကို အစိုးရသော မင်းကြီး။ တွံ၊ သင်မင်းကြီးသည်။ မာသု ကုဇ္စျ၊ အမျက်မထွက်လင့်။ ရထေသဘ၊ ရထားစီးချင်း မင်းတို့ထက် မြတ်သော မင်းကြီး။ တွံ၊ သင်မင်းကြီးသည်။ မာသု ကုဇ္စျ၊ အမျက်မထွက်လင့်။ ကုဒ္ဓံ၊ အမျက် ထွက်သောသူကို။ အပ္ပဋိကုဇ္ဈန္တော၊ အတုံ အမျက် မထွက်သော။ ရာဇာ၊ မင်းကို။ ရဋ္ဌဿ၊ တိုင်းနိုင်ငံသူသည်။ ပူဇိတော၊ ပူဇော်အပ်၏။

၂။ ရထေသဘ၊ ရထားစီးချင်း မင်းတို့ထက် မြတ်သော မင်းကြီး။ ဂါမေ ဝါ၊ ရွာ၌လည်းကောင်း။ ယဒိ၊ ထိုမြို့။ အရညေ ဝါ၊ တော၌လည်းကောင်း။ နိန္နေ ဝါ၊ ချိုင့်ဝှမ်းရာအရပ်၌ လည်းကောင်း။ ယဒိ၊ ထိုမြို့။ ထလေ ဝါ၊ ကြည်း၌လည်းကောင်း။ သဗ္ဗတ္ထ၊ အလုံးစုံသော အရပ်၌။ မာသု ကုဇ္စျ၊ အမျက်မထွက်လင့်။ ဣတိ၊ ဤသို့။ အနုသာသာမိ၊ ငါ ဆုံးမ၏။

ဤသို့ ဘုရားလောင်းသည် မင်းအား လာတိုင်း လာတိုင်းသောနေ့၌ ဤဂါထာတို့ကိုဆို၏။ မင်းသည် ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ ဘုရားလောင်းအား အခွန်တစ်သိန်းထွက်သော ရွာမြတ်ကို ပေး၏။ ဘုရားလောင်းသည် ပယ်၏။

ကူးတို့သူကြီးမိုက်

ဤသို့ ဘုရားလောင်းသည် ထိုမင်း၏ ဥယျာဉ်၌လျှင် တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး နေ၍ အလွန်ကြာမြင့်စွာ နေအပ်ပြီ ဟု ဇနပုဒ်သို့ လှည့်လည်ခြင်းကို ရှေးဦးစွာ လှည့်လည်၍ လာအံ့ ဟု မင်း မပြောမဆိုမူ၍ ဥယျာဉ်စောင့်ကို ခေါ်၍ ဒါယကာ... ငါသည် ငြီးငွေ့သော သဘော ရှိ၏။ ဇနပုဒ်ကို လှည့်လည်၍ လာအံ့၊ သင်သည် သွား၍ မင်းအား ပြောဆိုချေ ဟု ဆို၍ ဖဲသည်ရှိသော် ဂင်္ဂါကူးတို့ဆိပ်သို့ ရောက်၏။ ထိုကူးတို့ ဆိပ်၌ ကူးတို့သည်သည် အဝါရိယ၏ အဖမည်၏။ ထိုကူးတို့သည်သည် မိုက်၏။ ကျေးဇူးရှိကုန်သော သူတို့၏ ကျေးဇူးကို မသိ၊ မိမိ၏ အကြောင်း ဥပါယ်ကို မသိ၊ ဂင်္ဂါသို့ ကူးလိုသော လူတို့ကို ရှေးဦးစွာ ကူးစေ၍ နောက်မှ အခကို တောင်းလေ့ရှိ၏။ အခကို မပေးကုန်သော သူတို့နှင့်တကွ ခိုက်ရန်ပြုလျက် ဆဲရေးခြင်း သတ် ပုတ်ခြင်းသာလျှင် အလွန်များ၏။ နည်းသော လာဘ်ရှိ၏။

ဤသို့ သဘောရှိသော အလွန်မိုက်သော ကူးတို့သည်ကို ရည်၍ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

။ အဝါရိယ ပိတာနာမ၊ အဟု ဂင်္ဂါယ နာဝိကော။
ပုဗ္ဗေ ဇနံ တာရေတွာန၊ ပစ္ဆာ ယာစတိ ဝေတနံ။
တနဿ ဘဏ္ဍနံ ဟောတိ၊ န စ ဘောဂေဟိ ဝဍ္ဎတိ။

ဟူသော သုံးခုမြောက်သော ဤဂါထဒကို ဟောတော်မူ၏။

၃။ ဂင်္ဂါယ၊ ဂင်္ဂါ၌။ နာဝိကော၊ ကူးတို့သည်သည်။ အဝါရိယ ပိတာ နာမ၊ အာရိယ၏ အဖမည်သည်။ အဟု၊ ဖြစ်၏။ သော၊ ထိုကူးတို့သည်သည်။ ပုဗ္ဗေ၊ ရှေးဦး၌။ ဇနံ၊ ကူးတို့စီးသူ လူအပေါင်းကို။ တာရေတွာန၊ ကူးစေ၍။ ပစ္ဆာ၊ နောက် မှ။ ဝေတနံ၊ အခကို။ ယာစတိ၊ တောင်း၏။ တေန၊ ထိုကြောင့်။ အဿ၊ ထိုသူအား။ ဘဏ္ဍနံ၊ ခိုက်ရန်သည်။ ဟောတိ၊ ဖြစ်၏။ ဘောဂေဟိ၊ စည်းစိမ်တို့ဖြင့်။ န စ ဝဍ္ဎတိ၊ မပွားသလျှင်ကတည်း။

ကူးတို့ပိုပြီး အခတောင်းသော်

ဘုရားလောင်းသည် ထိုကူးတို့သူကြီးကို ကပ်၍ ဒါယာ ငါ့ကို ထိုမှာဘက်သို့ ပို့လော့ ဟု ဆို၏။ ထိုစကားကို ကြား၍ ထိုကူးတို့သည်သည် ရဟန်း... ငါ့အား အခပေးလတ္တံ့လောဟု ဆို၏။ ဒါယကာ စည်းစိမ်၏ ပွားများခြင်းအကြောင်းမည်သော စကားကို သင့်အား ငါဆိုအံ့ ဟု ဆို၏။ ထိုစကားကိုကြား၍ ကူးတို့သည်သည် ဤဟန်းသည် ငါ့အား တစ်စုံတစ်ခုကို မချွတ်ပေးလတ္တံ့ ဟု ထိုရသေ့ကို ထိုမှာဘက်သို့ဆောင်၍ “ငါ့အား အခပေးလော့ ဟု ဆို၏။

စည်းစိမ်ပွားကြောင်းတရား

ထိုရသေ့သည် ဒါယကာ... ကောင်းပြီ ဟု ဆို၍ ရှေးဦးစွာ စည်းစိမ်၏ ပွားများခြင်း၏ အကြောင်းဖြစ်သော စကားကို ဆိုလိုရကား-

။ အတိဏ္ဏံယေဝ ယာစဿု၊ အပါရံ တာတ နာဝိက။
အညော ဟိ တိဏ္ဏဿ မနော၊ အညော ဟောတိ ပါရေသိနော။

ဟူသော ဤဂါထာကို ဆို၏။

၄။ တာတ နာဝိက၊ အမောင် ကူးတို့သူကြီး။ အပါရံ၊ ကမ်းတစ်ဖက်သို့။ အတိဏ္ဏံယေဝ၊ မကူးမီလျှင်။ ယာစဿု၊ အခကိုတောင်းလော့။ ဟိ သစ္စံ၊ မှန်၏။ တိဏ္ဏဿ၊ ကူးပြီးသောသူ၏။ မနော၊ စိတ်သည်။ အညော၊ တပါးသည်။ ဟောတိ၊ ဖြစ်၏။ ပါရေသိနော၊ ကူးလိုသော သူ၏။ မနော၊ စိတ်သည်။ အညော၊ တပါးသည်။ ဟောတိ၊ ဖြစ်၏။

လူမှုရေးတရား

ထိုစကားကိုကြား၍ ကူးတို့သည်သည် ဤရသေ့ကား ငါ့အား ရှေးဦးစွာ အဆုံးအမပေးသည် ဖြစ်လတ္တံ့၊ ယခုအခါ၌ ဤအဆုံးအမမှတပါး တစ်စုံတစ်ခုကို ငါ့အား ပေးလတ္တံ့ ဟု ကြံ၏။ ထို့နောင် ဘုရားလောင်းသည် ထိုကူးတို့သည်ကို ဒါယကာ- သင့်အား စည်းစိမ်၏ ပွားများခြင်း၊ အကြောင်းဖြစ်သော ဤစကားကို ဆိုအပ်ပြီ၊ ယခုအခါ အကျိုးအကြောင်း၏ ပွားများခြင်း အကြောင်းဖြစ်သော စကားကို နာလော့ ဟု ဆို၍ ဆုံးမလိုကား-

။ ဂါမေ ဝါ ယဒိ ဝါ ရညေ၊ နိန္နေ ဝါ ယဒိ ဝါ ထလေ။
သဗ္ဗတ္ထ အနုသာသာမိ၊ မာသု ကုဇ္ဈိတ္ထ နာဝိက-

ဟူသော ဤဂါထာကို ဆို၏။

၅။ နာဝိက၊ ကူးတို့သူကြီး။ ဂါမေ ဝါ၊ ရွာ၌လည်းကောင်း။ ယဒိ၊ ထို့မြို့။ အရညေ ဝါ၊ တော၌ လည်းကောင်း။ နိန္နေ ဝါ၊ ချိုင့်ဝှမ်းရာ အရပ်၌ လည်းကောင်း။ ယဒိ၊ ထိုမြို့။ ထလေ ဝါ၊ ကြည်း ၌လည်းကောင်း။ သဗ္ဗတ္ထ၊ အလုံးစုံသောအရပ်၌။ မာသု ကုဇ္စျိတ္ထ၊ အမျက်မထွက်လင့်။ ဣတိ၊ ဤ သို့။ အနုသာသာမိ၊ ငါ ဆုံးမ၏။

ရဟန်းကို ရိုက်နှက်ပြီ

ဤသို့ ကူးတို့သည်အား ဤဂါထာဖြင့် အကျိုး အကြောင်း၏ ပွားများခြင်း အကြောင်းဖြစ်သော စကားကို ဆို၍ သင့်အား ဆိုအပ်သော ဤစကားသည် အကြောင်းအကျိုးကို ပွားစေတတ်သော စကားတည်း ဟု ဆို၏။

ထိုယုတ်မာသော ယောက်ျားသည် ထိုအဆုံး အမကို တစ်စုံတစ်ခု အရိုအသေ ပြုအပ်သည်ကို မအောက်မေ့သည်ဖြစ်၍ ရဟန်း-ဤသည်ကား သင်သည် ငါ့အား ပေးအပ်သော လှေခလော ဟု ဆို၏။ ဒါယကာ- ဟုတ်၏ ဟု ဆိုသည်ရှိသော် ဤစကားဖြင့် ငါ့အား အလိုမရှိ၊ ငါ့အား တပါးသော ဝတ္ထုကို ပေးလော့ ဟု ဆို၏။ ဒါယကာ... ငါ့အား တပါးသော ဝတ္ထုသည် မရှိ ဟု ဆို၏။ ထိုသို့ မရှိဘဲလျက် အဘယ့်ကြောင့် လှေကို စီးသနည်း ဟု ရသေ့ကို ဂင်္ဂါနား၌ လှဲ၍ ရင်၌ ကိုင်၍ ထိုရသေ့၏ မျက်နှာကိုလျှင် ပုတ်ခတ်၏။

လူတိုင်းကို မဆုံးမအပ်

သဗ္ဗညူ မြတ်ဘုရားသည် ရဟန်းတို့ ဤသို့လျှင် အကြင်ဆုံးမခြင်းကို ထိုရသေ့သည် ပေး၍ မင်း၏အထံမှ ရွာမြတ်ကို ရ၏။ ထိုအဆုံးအမကိုလျှင် အလွန်မိုက်သော ကူးတို့သည်အား ဆို၍ မျက်နှာ၌ ပုတ်ခတ်ခြင်းကို ရ၏။ ထိုကြောင့် အဆုံးအမပေးသောသူသည် သင့်သောသူအားသာလျှင် ပေးအပ်၏။ မသင့်သောသူအား မပေးအပ် ဟု မိန့်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍ ထိုဂါထာကို ဟောတော်မူသည်၏ အခြား မဲ့၌-

။ ယာယေဝါနုသာသနိယာ၊ ရာဇာ ဂါမဝရံ အဒါ။
တာယေဝါနုသာသနိယာ၊ နာဝိကော ပဟရိ မုခံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၆။ ယာယေဝါနုသာသနိယာ၊ အကြင် အဆုံးအမဖြင့်လျှင်။ ရာဇာ၊ မင်းသည်။ ဂါမဝရံ၊ ရွာမြတ်ကို။ အဒါ၊ ပေး၏။ တာယေဝါနုသာသနိယာ၊ ထိုအဆုံးအမဖြင့်လျှင်။ နာဝိကော၊ ကူးတို့သည်သည်။ မုခံ၊ မျက်နှာကို။ ပဟရိ၊ ပုတ်ခတ်၏။

မင်းဒဏ်ခံရပြီ

ကူးတို့သည်သည် ရသေ့ကို ပုတ်ခတ်စဉ်လျှင် ကူးတို့သည်၏ မယားသည် ထမင်းယူ၍ လာလတ်သော် ထိုယုတ်မာသော ယောက်ျားကို မြင်၍ အရှင်.ဤရသေ့သည်ကား မင်း၏ ဆရာဖြစ်၏။ မသတ်ပုတ်လင့်ဟု ဆို၏။ ကူးတို့သည်သည် တစ်ဖန် အမျက်ထွက်၍လျှင် သင်သည် ငါ့အား ဤရသေ့စဉ်းလဲကို သတ်ပုတ်စိမ့်သောငှာ မပေး ဟု ထ၍ ထိုမိန်းမကို သတ်ပုတ်၍ လဲစေ၏။ ထိုအခါ ထမင်းခွက်သည် ကျ၍ကွဲ၏။ မိန်းမ၏လည်း လေးသော ကိုယ်ဝန်ရှိသည်၏ အဖြစ်ကြောင့် ကိုယ်ဝန်သည် မြေ၌ ကျ၏။ ထိုအခါ ထိုယောကျ်ားကို လူတို့သည် ခြံရံ၍ သူသတ်၊ ခိုးသူတည်းဟု ဖမ်း၍ နှောင်ဖွဲ့၍ မင်းအား ပြကုန်၏။ မင်းသည် ဆုံးဖြတ်၍ ထိုကူးတို့သည်အား မင်းဒဏ်ကို ပြုစေ၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ထို အကြောင်းကို ပြတော်မူလိုရကား-

။ ဘတ္တံ ဘိန္နံ ဟတာ ဘရိယာ၊ ဂဗ္ဗော စ ပတိတော ဆမာ။
မိဂေါဝ ဇာတရူပေန၊ န တေနတ္ထံ အဗန္ဓိသု။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

၇။ ဘတ္တံ၊ ထမင်းခွက်သည်။ ဘိန္နံ၊ ကွဲ၏။ ဘရိယာ၊ မယားကို။ ဟတာ၊ သတ်ပုတ်အပ်၏။ ဂဗ္ဘော စ၊ ကိုယ်ဝန်သည်လည်း။ ဆမာ၊ မြေ၌။ ပတိတော၊ ကျ၏။ မိဂေါ၊ သမင်သည်။ ဇာတရူပေန၊ ရွှေ ငွေဖြင့်။ အတ္တနော၊ မိမိ၏။ အတ္ထံ၊ ကျိုးစီးပွားကို။ နိဗ္ဗတ္တေတုံ၊ ဖြစ်စေခြင်းငှာ။ န သက္ကောတိ ဣဝ၊ မစွမ်းနိုင်သကဲ့သို့။ သော ဗာလော၊ ထိုသူမိုက်သည်။ တေန၊ ထိုအဆုံးအမဖြင့်။ အတ္တနော၊ မိမိ၏။ အတ္ထံ၊ အကျိုး စီးပွားကို။ န အဗန္ဓိ၊ မဖြစ်စေနိုင်။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူ ယခုအခါ ကူးတို့သည်ပင်လျှင် ထိုအခါ ကူးတို့သည်ပင်ဖြစ်၏။ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆိုးသွမ်းယုတ်မာ၊ ဆုံးမပါ၊ ကိုယ့်မှာအကျိုးယုတ်

ရှေးဦးစွာသော အဝါရိယဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - အဝါရိယဝဂ်

၂။ သေတကေတုဇာတ်

မမှန်သောအကျင့်ဖြင့်အံ့ဖွယ်ကိုဖြစ်စေခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် မာ တာတ ကုဇ္ဈိ၊ န ဟိ သာဓု ကောဓော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသေတကေတုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်အံ့ဖွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... (ပစ္စုပ္ပန်ဝတ္ထုသည် ဥဒ္ဒါလဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ )

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ၌ကား ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီပြည်၌ ဒိသာ ပါမောက္ခဆရာဖြစ်၍ ငါးရာကုန်သော လုလင်တို့ကို ဗေဒင်သင်၏။

မာနကြီးသောလုလင်

ထိုလုလင်တို့၏ အကြီးဖြစ်သော သေတကေတုမည်သော လုလင်သည် ဥဒိစ္စပုဏ္ဏားမျိုး၌ ဖြစ်၍ အမျိုးကိုမှီ၍ ထိုသေတကေတု လုလင်အား မာနကြီး၏။ ထိုသေတကေတု လုလင်သည် တစ်နေ့သ၌ တစ်ပါးကုန်သော လုလင်တို့နှင့်အတူ မြို့မှထွက်၍ မြို့သို့ဝင်သော စဏ္ဍာလကိုမြင်၍ သင်သည် အဘယ်သူနည်း ဟု မေး၍ စဏ္ဍာလတည်း ဟု ဆိုသည်ရှိသော် ထိုစဏ္ဍာလ၏ ကိုယ်၌ ခတ်၍လာသော လေသည် မိမိကိုယ်၌ ခတ်မိသည်မှ ကြောက်သောကြောင့် သင်သည် စဏ္ဍာလယုတ်တည်း၊ လေညာ၌ မနေလင့် ဟု ဆို၍ လျင်စွာ ထိုသူ၏ လေညာသို့သွား၏။ စဏ္ဍာလသည် လျင်မြန်စွာသွား၍ သေတကေတု၏ လေညာ၌ ရပ်၏။ ထိုအခါ ထိုစဏ္ဍာလကို သူယုတ် ပျက်စီးလေလော့ဟု လွန်စွာဆဲရေး၏။

စဏ္ဍာလအောက် ကျရပြီ

စဏ္ဍာလသည် “သင်ကား အဘယ် အမည်ရှိသနည်း ဟု မေး၏။ ငါသည် ပုဏ္ဏားလုလင် ဖြစ်၏ ဟု ဆို၏။ ပုဏ္ဏားလုလင် ဖြစ်စေ၊ ငါမေးသော ပြဿနာကို ဖြေနိုင်လတ္တံ့လောဟု မေး၏။ ဖြေနိုင်၏ဟု ဆို၏။ သေတကေတုသည် မိမိကိုယ်ကို ကြံ၍ လှည့်လော့ ဟု ဆို၏။ စဏ္ဍာလသားသည် သေတကေတု၏ စကားကို ပရိသတ်ကို မှတ်စေ၍ ပုဏ္ဏားလုလင် အရပ်မည်သည် အဘယ်နည်း ဟု မေး၏။ အရပ်မည်သည် အရှေ့အရပ် အစရှိကုန်သော အရပ်လေးမျက်နှာတည်း ဟု ဆို၏။ စဏ္ဍာလသားသည် ငါသည် ဤအရပ်ကို မမေး၊ သင်သည် ဤမျှလောက်ကိုမျှ မသိဘဲလျက် ငါ၏ ကိုယ်၌ ခတ်အပ်သောလေကို စက်ဆုပ်၏ ဟု ပုဏ္ဏားလုလင်ကို လည်ကုပ်၌ကိုင်၍ မိမိခြေကြား၌ ထားသဖြင့် လှည့်၏။

လုလင်တို့သည် ထိုအကြောင်းကို ဆရာအား ကြားကုန်၏။ ဆရာသည် အမောင်သေတကေတု စဏ္ဍာလသားသည် ခြေကြား၌ထား၍ လှည့်၏ဟူသည် မှန်သလော ဟုမေး၏။ ဆရာ... မှန်၏ ထိုစဏ္ဍာလသားသည် အကျွန်ုပ်ကို အရပ်မျက်နှာမျှကိုလည်း မသိဟု မိမိခြေကြား၌ထား၍ လှည့်၏။ ကျွန်ုပ်သည် ယခုမြင်၍ ပြုအပ်သည်ကို သိအံ့ ဟု ဆို၍ အမျက်ထွက်၍ စဏ္ဍာလသားကို ဆဲရေး၏။

အရပ်မျက်နှာများ

ထိုအခါ သေတကေတုကို ဆရာသည် “အမောင် သေတကေတု-ထိုစဏ္ဍာလသားအား အမျက်မထွက်လင့်၊ စဏ္ဍာလသားသည် ပညာ ရှိ၏။ ဤသို့သဘောရှိသော အရှေ့ အရပ် အစရှိသော အရပ်ကိုမမေး၊ တစ်ပါးသော အရပ်ကို မေး၏။ သင်သည် မြင်အပ် ကြားအပ် သိအပ်သောတရားထက် မမြင်အပ် မကြားအပ်သော တရားသာလျှင် အလွန်များ၏ ဟု ဆို၍ ဆုံးမလိုကား-

။ မာ တာတ ကုဇ္ဈိ န ဟိ သာဓု ကောဓော၊
ဗဟုံပိ တေ အဒိဋ္ဌ မဿုတဉ္စ။
မာတပိတာ ဒိသတာ သေတကေတု၊
အာစရိယမာဟု ဒိသတံ ပသတ္ထာ။
။ အဂါရိနော အန္နပါနဝတ္ထဒါ၊
အဝှါယိကာ တမ္ပိ ဒိသံ ဝဒန်တိ။
ဧတဒိသာ ပရမာ သေတကေတု၊
ယံ ပတွာ ဒုက္ခီ သုခိနော ဘဝန္တိ။

ဟူသော ဤနှစ်တို့ကို ဆို၏။

၈။ တာတ သေတကေတု၊ အမောင်သေတကေတု။ မာ ကုဇ္စျိ၊ အမျက်မထွက်လင့်။ ကောဓော၊ အမျက်သည်။ န ဟိ သာဓု၊ မကောင်း။ တေ၊ သင်သည်။ အဒိဋ္ဌဉ္စ၊ မမြင်အပ်သော တရားသည်လည်းကောင်း။ အဿုတဉ္စ၊ မကြားအပ်သော တရားသည်လည်းကေင်း။ ဗဟုံပိ-ဗဟုတရံ၊ များစွာ၏။ မာတာပိတာ၊ မိဘတို့သည်။ ဒီသတာ၊ အရှေ့အရပ်မျက်နှာမည်ကုန်၏။ အာစရိယံ၊ ဆရာကို။ ဒီသတံ၊ တောင်အရပ်မျက်နှာဟူ၍။ ပသတ္ထာ၊ ချီးမွမ်းအပ်ကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့သည်။ အာဟု၊ ဆိုကုန်၏။

၉။ အန္နပါနဝတ္ထဒါ၊ ထမင်း အဖျော် အဝတ်ကို လှူတတ်ကုန်သော။ အဂါရိနော၊ အိမ်၌နေကုန်သော လူတို့သည်။ ဓမ္မိကသမဏဗြာဟ္မဏံ၊ တရားစောင့်သော ရဟန်းပုဏ္ဏားကို။ အဝှါယိကာ၊ ပင့်ခေါ်ကုန်၏။ တံပိ၊ ထိုဓမ္မိကသမဏ ဗြဟ္မဏကိုလည်း။ ဒိသံ၊ အထက်အရပ်မျက်နှာဟူ၍။ ဝဒန္တိ၊ ဆိုကုန်၏။ သေတကေတု၊ သေတကေတု။ ယံ၊ အကြင်နိဗ္ဗာန်သို့။ ပတွာ၊ ရောက်၍။ ဒုက္ခီ၊ ဆင်းရဲကုန်သော သူတို့သည်။ သုခိနော၊ ချမ်းသာခြင်းရှိကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဧတာ ဒိသာ၊ ဤသို့သဘောရှိကုန်သော နိဗ္ဗာန် အရပ်သည်သာလျှင်။ ပရမာ၊ လွန်မြတ်သော။ ဒိသာ၊ အရပ်မည်၏။

သေတကေတု ရသေ့ပြုပြီ

ဤသို့ ဘုရားလောင်းသည် သေတကေတုလုလင်အား အရပ်မျက်နှာကို ပြောဆို၍ သေတကေတုသည်ကား စဏ္ဍာလသည် ခြေကြားဖြင့် လှည့်အပ်၏ဟု ထိုအရပ်၌ မနေမူ၍ တက္ကသိုလ်ပြည်သို့ သွား၍ ဒိသာပါမောက္ခဆရာ့အထံ၌ ခပ်သိမ်းသောအတတ်တို့ကို သင်၍ ဆရာသည် ခွင့်ပြုအပ်သဖြင့် တက္ကသိုလ်ပြည်မှထွက်၍ ခပ်သိမ်းကုန်သော အတတ်တို့ကိုသင်လျက် လှည့်လည်၏။ ထိုသေတကေတုသည် တစ်ခုသော ပစ္စန္တရစ်ကိုမှီ၍ နေကုန်သော ငါးရာကုန်သော ရသေ့တို့ကိုမြင်၍ ထိုရသေ့တို့၏အထံ၌ ရသေ့ရဟန်းပြု၍ ထိုရသေ့တို့သည် အကြင်ဗေဒင်ကိုလည်းကောင်း, အကြင်မန္တရားကျမ်းကို လည်းကောင်း မတတ်နိုင်ကုန်၊ ထိုဗေဒင်, မန္တရားကျမ်းကို သင်၍ ဂိုဏ်း၏ဆရာဖြစ်၍ ထိုရသေ့တို့ဖြင့် ခြံရံလျက် ဗာရာဏသီပြည်သို့ရောက်၏။ နက်ဖြန်နေ့၌ ဆွမ်းခံသွားသည်ရှိသော် မင်းရင်ပြင်သို့ရောက်၏။

ရသေ့တို့ အချင်းများ

မင်းသည် ရသေ့တို့၏ ဣရိယာပုထ်၌ ကြည်ညို၍ နန်းတွင်း၌ ဆွမ်းကျွေး၍ ရသေ့တို့ကို မိမိဥယျာဉ်၌ နေစေ၏။ မင်းသည် တစ်နေ့သ၌ ရဟန်းတို့ကို ဆွမ်းလုပ်ကျွေး၍ ယနေ့ ညနေချမ်းအခါ၌ ဥယျာဉ်သို့သွား၍ အရှင်တို့ကို ရှိခိုးအံ့ ဟု ဆို၏။ သေတကေတု ရသေ့သည် ဥယျာဉ်သို့သွား၍ ရသေ့တို့ကို စည်းဝေးစေလျက် အချင်းရသေ့တို့... ယနေ့ မင်းလာလတ္တံ့၊ မင်းမည်သည်ကို တစ်ကြိမ်နှစ်သက်စေ၍ အသက် ထက်ဆုံး ချမ်းသစွာ အသက်မွေးခြင်းငှာ တတ်ကောင်း၏။ ယနေ့ အချို့ကုန်သော ရသေ့တို့သည် ဆူးပေါ်၌ခင်းသော သားရေ၌ အိပ်ခြင်းကို ပြုကြကုန်လော့၊ အချို့ကုန်သော ရသေ့တို့သည် ဆောင့်ကြောင့်ထိုင်ခြင်း လုံ့လကို အားထုတ်ကြကုန်လော့။ အချို့ကုန်သော ရသေ့တို့သည် ရေ၌ဆင်းသောအမှုကို ပြုကြကုန်လော့၊ အချို့ကုန်သော ရသေ့တို့သည် ဗေဒင်ကို သရဇ္ဈာယ်ကြကုန်လော့ ဟု စီရင်၍ မိမိသည် ကျောင်းတံခါးဝယ် အမှီရှိသော အင်းပျဉ်၌နေ၍ ငါးပါးသော အဆင်းရှိသော ဆိုးရည်ဖြင့် ထွန်းပသော တစ်တောင် အတိုင်းအရှည်ရှိသော တစ်ခုသော ပုရပိုက်ကို ဆန်းကြယ်သော အဆင်းရှိသောအခင်း၌ထား၍ ကောင်းစွာသင်ပြီးသော လေးယောက်ကုန် လုလင်တို့သည် မေးအပ်ကုန်သော အနက်တို့ကို ပြောဆို၏။

မင်းမကြည်ညိုပြီ

ထိုခဏ၌ မင်းသည် လာလတ်၍ မိစ္ဆာအကျင့်ကို ကျင့်ကုန်သော ထိုရသေ့တို့ကို မနှစ်သက်သည်ဖြစ်၍ သေတကေတု ရသေ့ကိုကပ်၍ ရှိခိုး၍ တင့်အပ်သော အရပ်၌ နေလျက် ပုရောဟိတ်နှင့်တကွ စကားပြောလိုသည်ဖြစ်၍-

၁၀။ ခရာဇိနာ ဇဋိလာ ပင်္ကဒန္တာ၊
ဒုမ္မက္ခရူပါ ယေ မေ ဇပ္ပန္တိ မန္တေ။
ကစ္စိ နု တေ မာနုသကေ ပယောဂေ၊
ဣဒံ ဝိဒူ ပရိမုတ္တာ အပါယာ။

ဟူသော သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။

၁၀။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ခရာဇိနာ၊ ခွါနှင့်တကွသော သစ်နက်ရေကို ဆောင်ကုန်သော။ ဇဋိလာ၊ ဆန်ကျစ်ထုံးကုန်သော။ ပင်္ကဒန္တာ၊ အညစ် အကြေး ကပ်ငြိသော သွားရှိကုန်သော။ ဒုမ္မက္ခရူပါ၊ ညစ်နွမ်းသော သဘောရှိကုန်သော။ ယေ ဣမေ၊ အကြင်ရသေ့တို့သည်။ မန္တေ၊ ဗေဒင်တို့ကို။ ဇပ္ပန္တိ၊ သရဇ္စျာယ်ကုန်၏။ မာနုသကေ၊ လူတို့သည် ပြု အပ်ကုန်သော။ ပယောဂေ၊ ပယောဂ၌။ ဌိတာ၊ တည်ကုန်သော။ ဧတေ ဣသယော၊ ထိုရသေ့တို့သည်။ ဣဒံ၊ ဤလောကကို။ ဝိဒူ၊ သိကုန်၍။ အပါယာ၊ အပါယ်မှ။ ပရိမုတ္တာ ကစ္စိ နု၊ လွတ်ကုန်သလော။

ထိုစကားကိုကြား၍ ပုရောဟိတ်သည်-

၁၁။ ပါပါနိ ကမ္မာနိ ကတွာန ရာဇ၊
ဗဟုဿုတော စေ န စရေယျ ဓမ္မံ။
သဟဿဝေဒေါပိ န တံ ပဋိစ္စ၊
ဒုက္ခာ ပမုဉ္စေ စရဏံ အပတွာ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၁၁။ ရာဇ၊ မင်းမြတ်။ ပါပါနိ ကမ္မာနိ၊ မကောင်းမှုတို့ကို။ ကတွာန၊ ပြု၍။ ဗဟုဿုတော၊ များသော အကြားအမြင်ရှိသော သူသည်လည်း။ ဓမ္မံ၊ တရားကို။ စေ န ကရေယျ၊ အကယ်၍ မကျင့်ငြားအံ့။ တံ၊ ထိုဗေဒင်ကို။ ပဋိစ္စ၊ စွဲ၍။ စရဏံ၊ သီလသမာပတ်သို့။ အပတွာ၊ မရောက်မူ၍။ သဟဿဝေဒေါပိ၊ ဗေဒင်တစ်ထောင်တတ်သော သူသည်လည်း။ ဒုက္ခာ၊ ဆင်းရဲမှ။ န ပမုဉ္စေ၊ မလွတ်ရာ။

ဗေင်တို့သာမြတ်သည်

ထိုစကားကိုကြား၍ မင်းသည် ရသေ့တို့၌ ကြည်ညိုခြင်းကို ပယ်၏။ ထို့နောင်မှ သေတကေတု ရသ့သည် ဤမင်းအား ရသေ့တို့၌ ကြည်ညိုခြင်းကို ဖြစ်စေ၍ ထိုကြည်ညိုခြင်းကို ပုရောဟိတ်သည် ပဲခွပ်ဖြင့်ခုတ်၍ ဖြတ်သကဲ့သို့ ဖြစ်၏။ ငါသည် ထိုပုဏ္ဏားနှင့်တကွ စကားကို ဆိုခြင်းငှာ သင့်၏ ဟု သေတကေတုသည် ပုဏ္ဏားနှင့်တကွ ပြောဆိုလိုသည်ဖြစ်၍-

၁၂။ သဟဿဝေဒေါပိ န တံ ပဋိစ္စ၊
ဒုက္ခာ ပမုဉ္စေ စရဏံ အပတွာ။
မညာမိ ဝေဒါ အဖလာ ဘဝန္တိ၊
သသံယမံ စရဏမေဝ သစ္စံ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၁၂။ သဟဿဝေဒေါပိ၊ ဗေဒင်တစ်ထောင်ကို တတ်သောသူသည်လည်း။ တံ၊ ထိုဗေဒင်ကို။ ပဋိစ္စ၊ စွဲ၍။ စရဏံ၊ သီလ သမာပတ်သို့။ အပတွာ၊ မရောက်မူ၍။ ဒုက္ခာ၊ ဆင်းရဲမှ။ န ပမုဉ္စေ၊ မလွတ်နိုင်စေငြားအံ့။ သသံယမံ၊ သီလနှင့်တကွသော။ စရဏမေဝ၊ သမာပတ်သည်သာလျှင်။ သစ္စံ၊ မှန်သည်။ စေ ဘဝေယျ၊ အကယ်၍ ဖြစ်ငြားအံ့။ ဝေဒါ၊ ဗေဒင်တို့သည်။ အဖလာ၊ အကျိုးမရှိကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့။ မညာမိ၊ အောက်မေ့၏။

သမာပတ်သည်သာမြတ်၏

ထိုစကားကိုကြား၍ ပုရောဟိတ်သည်-

၁၃။ န ဟေဝ ဝေဒါ အဖလာ ဘဝန္တိ၊
သသံယမံ စရဏမေဝ သစ္စံ။
ကိတ္တိံ ဟိ ပပ္ပေါတိ အဓိစ္စ ဝေဒေ၊
သန္တိံ ပုဏေတိ စရဏေန ဒန္တော။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၃။ ဝေဒါ၊ ဗေဒင်တို့သည်။ အဖလာ၊ အကျိုးမရှိကုန်သည်။ န ဟေဝ ဘဝန္တိ၊ မဖြစ်ကုန်သလျှင်ကတည်း။ သသံယမံ၊ သီလနှင့်တကွသော။ စရဏမေဝ၊ သမာပတ်သည်သာလျှင် သစ္စံ၊ မှန်၏။ ဝေဒေ၊ ဗေဒင်တို့ကို။ အဓိစ္စ၊ စွဲ၍။ ကိတ္တိံဟိ၊ ကျော် စောခြင်းသို့လျှင်။ ပပ္ပေါတိ၊ ရောက်၏။ စရဏေန၊ သီလ သမာပတ်ဖြင့်။ ဒန္တော၊ ဆုံးမအပ်သော သူသည်။ သန္တိံ၊ နိဗ္ဗာန်သို့။ ပုဏေတိ၊ ရောက်၏။

ရသေ့တို့ လူထွက်ကြရပြီ

ဤသို့ ပုရောဟိတ်သည် သေတကေတု၏ ဝါဒကို ဖျက်၍ ခပ်သိမ်းကုန်သော ရသေ့တို့ကို လူထွက်စေ၍ ဓားလက်နက်တို့ကို ကိုင်စေ၍ မဟန္တ တရကမည်သော မင်းခစားတို့ကို ပြုစေ၍ မင်း၏ အလုပ်အကျွေးတို့ကို ပြုစေ၏။ ဤအနွယ်သည် မဟန္တတရကတို့၏ အနွယ်ဖြစ်သတတ်။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါအံ့ဖွယ်သရဲကို ဖြစ်စေသော ရဟန်းသည် ထိုအခါ သေတကေတု ရသေ့ဖြစ်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ စဏ္ဍာလဖြစ်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ပြီး၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပုရောဟိတ် ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

သိက္ခာသီလ၊ စရဏ၊ ရောက်ရ နိဗ္ဗာန်တိုင်

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သေတကေတုဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - အဝါရိယဝဂ်

၃။ ဒရီမုခဇာတ်

သူတော်ကောင်းတို့၏ ဆုံးမခြင်းကို နာယူခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ပင်္ကော စ ကာမာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒရီမုခဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မြတ်သော တောထွက်တော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... (ပစ္စုပ္ပန်ဝတ္ထုကို ဆိုအပ်ပြီး သလျှင်ကတည်း)

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ၌ ရာဇဂြိုဟ်ပြည်၌ မဂဓမင်းသည် မင်းပြု၏။ ထိုအခါ ဘုရားလောင်းသည် ထိုမဂဓမင်း၏ မိဖုရားကြီးဝမ်း၌ ဖြစ်၏။ ဗြဟ္မဒတ္တကုမာရ ဟူသော အမည်ကို မှည့်ကုန်၏။ ထိုဘုရားလောင်း၏ ဖွားသောနေ့၌လျှင် ပုရောဟိတ်အားလည်း သားသည် ဖွား၏။ ပုရောဟိတ်သား၏ မျက်နှာသည် ရွှေအဆင်းကဲ့သို့ တင့် တယ်၏။ ထို့ကြောင့် ပုရောဟိတ်သားအား ဒရီမုခဟူသော အမည်ကို မှည့်ကုန်၏။ ထိုနှစ်ယောက်ကုန်သော မင်းသား ပုရောဟိတ်သားတို့သည်လည်း မင်းအိမ်၌သာလျှင် ကြီးကုန်၏။ ထိုနှစ်ယောက်ကုန်သောသူတို့သည် အချင်းချင်း ချစ်သော အဆွေခင်ပွန်း ဖြစ်ကုန်၏။

မင်းသား မင်းဖြစ်ပြီ

တစ်ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွား၍ ခပ်သိမ်းကုန်သော အတတ်တို့ကိုသင်၍ ခပ်သိမ်းကုန်သော သမယအတတ်ပညာကိုလည်း သင်ကုန်အံ့၊ ဒေသအကျင့်ကိုလည်း သိရကုန်အံ့ဟု နိဂုံးအစရှိသည်တို့၌ လှည့်လည်ကုန်သည်ရှိသော် ဗာရာ ဏသီပြည်သို့ ရောက်၍ နတ်ကွန်း၌နေ၍ နက် ဖြန်နေ့၌ ဗာရာဏသီပြည်သို့ ဆွမ်းခံဝင်ကုန်၏။ ထိုဗာရာဏသီပြည်၌ တစ်ဦးသောအမျိုး၌ ပုဏ္ဏားတို့ကို ဆွမ်းကျွေး၍ မင်္ဂလာရွတ်သောအလှူကို လှူကုန်အံ့ဟု ဃနာဆွမ်းကိုချက်၍ နေရာတို့ကို ခင်းကုန်၏။ လူတို့သည် ဆွမ်းအလို့ငှာ သွားကုန်သော နှစ်ယောက်ကုန်သော ထိုသူတို့ကိုမြင်၍ ပုဏ္ဏားတို့သည် လာကုန်၏။ အိမ်သို့သွင်း၍ နေကြကုန်လော့ ဟု ဆို၍ ဘုရားလောင်း၏နေရာ၌ ဖြူစင်သော အဝတ်ကို ခင်းကုန်၏။ ဒရီမုခနေရာ၌ ကမ္ဗလာနီကို ခင်းကုန်၏။ ဒရီမုခသည် ထိုနိမိတ်ကိုမြင်၍ ယနေ့ ငါ၏ အဆွေ ခင်ပွန်းသည် ဗာရာဏသီမင်း ဖြစ်လတ္တံ့၊ ငါသည် စစ်သူကြီးဖြစ်လတ္တံ့ ဟု သိ၏။ ထိုနှစ်ယောက်သော သူတို့သည် ထိုအိမ်၌ ဆွမ်းစား၍ မင်္ဂလာရွတ်သော အလှူ ဝတ်ကိုယူ၍ မင်္ဂလာကိုရွတ်၍ ထွက်၍ မင်း၏ဥယျာဉ်သို့ သွားကုန်၏။ ထိုဥယျာဉ်၌ ဘုရားလောင်းသည် မင်္ဂလာကျောက်ဖျာ၌ အိပ်၏။ ဒရီမုခသည်ကား ဘုရားလောင်း၏ ခြေတို့ကို ဆုပ်နယ်လျက်နေ၏။

ထိုအခါ ဗာရာဏသီမင်းသည် သေ၍ ခုနစ်ရက်ရှိသည်ဖြစ်၍ ပုရောဟိတ်သည်၎င်း၏ အလောင်းကို သင်္ဂြိုဟ်ခြင်းကိုပြု၍ သားမရှိသောပြည်၌ ခုနှစ်ရက်မြောက်သောနေ့၌ ဖုဿရထားကို လွှတ်၏။ (ဖုဿရထား၏ ကိစ္စသည် မဟာဇနကဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ ) ဖုဿရထားသည် မြို့မှထွက်၍ အင်္ဂါလေးပါးရှိသော စစ်သည်ဖြင့် ခြံရံကုန်လျက် များစွာသော အတီးအမှုတ်တို့ဖြင့် တီးမှုတ်ကုန်သဖြင့် ဥယျာဉ်တံခါးသို့ ရောက်၏။ ဒရီမုခသည် တူရိယာသံကိုကြား၍ အဆွေဖို့ ဖုဿရထားသည် ရောက်လာ၏။ ဤအဆွေသည် ယနေ့ မင်းဖြစ်၍ ငါ့အား စစ်သူကြီးအရာကို ပေးလတ္တံ့၊ ငါ့အား အိမ်၌နေ၍ အဘယ်အကျိုးရှိအံ့နည်း၊ တောထွက်၍ ရဟန်းပြုအံ့ ဟု ဘုရားလောင်းကို မတိုင်ပင်မူ၍ တင့်အပ်သောအရပ်သို့သွား၍ ပုန်းကွယ်ရာ၌နေ၏။

ပုရောဟိတ်သည် ဥယျာဉ်တံခါး၌ ရထားကိုထား၍ ဥယျာဉ်သို့ဝင်သည်ရှိသော် မင်္ဂလာကျောက်ဖျာ၌ အိပ်သော ဘုရားလောင်းကိုမြင်၍ ခြေတို့၌ လက္ခဏာတို့ကို ကြည့်ရှု၍ ဤသူသည် ဘုန်းရှိသောသူတည်း။ ကျွန်းငယ် နှစ်ထောင် အခြံအရံရှိကုန်သော ကျွန်းကြီး လေးကျွန်းတို့၌ မင်းအဖြစ်ကိုပြုခြင်းငှာ စွမ်းနိုင်၏။ တဖန် ထိုသူ၏ တည်ကြည်ခြင်းသည်ကား အသို့သဘောရှိအံ့နည်း ဟု ခပ်သိမ်းသော အတီး အမှုတ်မျိုးကို တီးမှုတ်စေ၏။

ဘုရားလောင်းသည် နိုး၍ မျက်နှာမှ ပုဆိုးကိုပယ်၍ လူများကိုကြည့်ရှု၍ တဖန် ပုဆိုးဖြင့် မျက်နှာကိုဖုံးလွှမ်း၍ အတန်ငယ်အိပ်၍ ငြိမ်းသော ပူပန်ခြင်းရှိသည်ဖြစ်၍ ထ၍ ကျောက်ဖျာ၌ ထက်ဝယ်ဖွဲ့လျက် နေ၏။ ပုရောဟိတ်သည် ပုဆစ်ဖြင့်ရပ်၍ ရှင်မင်းကြီး ရှင်မင်းကြီးတို့အား မင်း အဖြစ်သည် ရောက်၏ ဟု ဆို၏။ အချင်း. မင်း၏သားသည် မရှိသလော ဟု မေး၏။ အရှင်မင်းကြီး မရှိ ဟု ဆို၏။ ထိုသို့တပြီးကား ကောင်းပြီဟု ဝန်ခံ၍ ဘုရားလောင်းအား ဥယျာဉ်၌လျှင် အဘိသိက် သွန်းကြ ကုန်၏။ ဘုရားလောင်းသည် အခြံအရံများသည်၏ အဖြစ်ကြောင့် ဒရီမုခကို မအောက်မေ့မူ၍လျှင် ရထားကိုစီးလျက် လူအပေါင်းခြံရံလျက် မြို့သို့ဝင်၍ လက်ယာရစ် လှည့်သည်ကိုပြု၍ မင်းအိမ်တံခါး၌ ရပ်လျက်လျှင် အမတ်တို့အား အရာ အထူးတို့ကိုစီရင်၍ ပြာသာဒ်သို့ တက်၏။

ဒရီမုခ ပစ္စေကဗုဒ္ဓါ ဖြစ်ပြီ

ထိုခဏ၌ ဒရီမုခသည် ယခု ဥယျာဉ်သည် ဆိတ်ပြီဟု လာလတ်၍ မင်္ဂလာကျောက်ဖျာ၌ နေ၏။ ထိုအခါ ဒရီမုခ၏ရှေ့၌ ဖက်ရွက်လျော်သည် ကျ၏။ ဒရီမုခသည် ထိုဖက်ရွက်လျော်၌လျှင် ကုန်ခြင်း ပျက်ခြင်းသဘောကို နှလုံးထား၍ လက္ခဏာယဉ်သုံးပါးကို သုံးသပ်၍ မြေကို ပဲ့တင် ထပ်စေလျက် ပစ္စေကဗောဓိဉာဏ်ကို ဖြစ်စေ၏။ ထိုဒရီမုခအား ထိုခဏ၌လျှင် လူ့အသွင်ကွယ်၍ တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းသည် ကောင်းကင်မှကျ၍ ကိုယ်၌ ရောက်၏။ ထိုခဏ ၌လျှင် ရှစ်ပါးသော ပရိက္ခရာကို ဆောင်သော ဣရိယာပုထ်ဖြင့် ပြည့်စုံသော ဝါခြောက်ဆယ် ရပြီးသော မထေရ်ကဲ့သို့ဖြစ်၍ တန်ခိုးဖြင့် ကောင်းကင်သို့ ပျံ၍ ဟိမဝန္တာအရပ်၌ နန္ဒမူလိုဏ်သို့ သွား၏။

မိတ်ဆွေကိုသတိရပြီ

ဘုရားလောင်းသည် တရားသဖြင့် မင်းပြု၍ အခြံအရံများသည်၏ အဖြစ်ကြောင့်ကား အခြံအရံဖြင့် မွေ့လျော် သည်ဖြစ်၍ အနှစ်လေးဆယ်တို့ပတ်လုံး ဒရီမုခကို မအောက်မေ့မိ။ အနှစ်လေးဆယ် လွန်သောအခါ၌ ဘုရားလောင်းသည် ဒရီမုခကို အောက်မေ့၍ ငါ၏ အဆွေ ခင်ပွန်းဖြစ်သော ဒရီမုခသည် ရှိ၏။ ထိုဒရီမုခသည် အဘယ်မှာနည်း၊ ထိုဒရီမုခကို မြင်လိုသည်ဖြစ်၍ ဘုရားလောင်းသည် ထိုအခါမှစ၍ နန်းတွင်း၌လည်းကောင်း။ ပရိသတ်၏အလယ်၌ လည်းကောင်း။ အဘယ်မှာလျှင် ငါ၏ အဆွေ ခင်ပွန်းဖြစ်သော ဒရီမုခသည် ရှိသနည်း၊ ယခု ငါ့အား ဒရီမုခ၏ နေရာအရပ်ကို ဆိုသောသူအား ကြီးစွာသော စည်းစိမ်ကို ပေးအံ့ ဟု ဆို၏။ ဤသို့ ထိုဒရီမုခကို အဖန်တလဲလဲ အောက်မေ့စဉ်လျှင် ထိုမင်းအား တပါးကုန်သော ဆယ်နှစ်တို့သည် လွန်ကုန်၏။

မိတ်ဆွေ ပစ္စေကဗုဒ္ဓါကို ဖူးမြင်ရပြီ

ဒရီမုခ ပစ္စေကဗုဒ္ဓါသည်လည်း အနှစ်ငါးဆယ် လွန်သဖြင့် ဆင်ခြင်သည်ရှိသော် “ငါ့ကို အဆွေသည် အောက်မေ့၏ ဟု သိ၍ ယခု အဆွေသည် အိုပြီ၊ သား သမီး အစရှိသည်တို့ဖြင့် ပွားခြင်းသို့ ရောက်ပြီ၊ သွား၍ တရားဟော၍ အဆွေကို ရဟန်းပြုစေအံ့ ဟု ဒရီခ ပစ္စေကဗုဒ္ဓါသည် တန်ခိုးဖြင့် ကောင်းကင်မှ ဥယျာဉ်သို့သက်၍ ရွှေဆင်းတုကဲ့သို့ ကျောက်ဖျာ၌ နေ၏။ ဥယျာဉ်စောင့်သည် ဒရီမုခကို မြင်၍ ကပ်၍ အရှင်ဘုရားသည် အဘယ်အရပ်မှ လာသနည်း ဟု မေး၏။ နန္ဒမူလိုဏ်မှ လာသည် ဟု ဆို၏။ အရှင်ဘုရားတို့သည် အဘယ် အမည်ရှိသနည်း ဟု မေး၏။ ဒါယကာ... ငါသည် ဒရီမုခ ပစ္စေကဗုဒ္ဓါမည်၏ဟု ဆို၏။ အရှင်ဘုရား အကျွန်ုပ်တို့၏ မင်းကို သိကုန်သလော ဟုမေး၏။ လူဖြစ်သောကာလ၌ ငါတို့၏ အဆွေခင်ပွန်းဖြစ်၍ သိ၏ ဟု ဆို၏။ အရှင်ဘုရား မင်းသည် ဖူးမြင်ခြင်းငှာ အလို ရှိ၏။ အရှင်ဘုရား လာသောအဖြစ်ကို မင်းအား ကြားအံ့ဟု ဆို၏။ သွား၍ ပြောဆိုချေ ဟု ဆို၏။ ထိုဥယျာဉ်စောင့်သည် သွား၍ ဒရီမုခ ပစ္စေကဗုဒ္ဓါ၏ ကျောက်ဖျာ၌ နေသောအဖြစ်ကို မင်းအား ပြောဆို၏။ မင်းသည် ငါ၏ အဆွေ ခင်ပွန်းကို ဖူးမြင်ရအံ့ ဟု ရထားစီး၍ များသောအခြံအရံဖြင့် ဥယျာဉ်သို့သွား၍ ပစ္စေကဗုဒ္ဓါကို ရှိခိုး၍ ပဋိသန္ထာရကိုပြု၍ လျောက်ပတ်စွာနေ၏။

ရဟန်းပြုရန် တိုက်တွန်းပုံ

ထိုအခါ မင်းကို ပစ္စေကဗုဒ္ဓါသည် ဗြဟ္မဒတ် မင်းသည် တရားသဖြင့် မင်းပြုပါ၏လော၊ အဂ တိသို့ လားခြင်းသို့ မလိုက်သလော၊ ဥစ္စာ၏ အကျိုးငှာ လူတို့ကို မနှိပ်စက်သလော၊ အလှူ အစရှိသော ကောင်းမှုတို့ကို ပြုပါ၏လော ဤသို့ အစရှိသည်တို့ကို ဆိုလျှက် ပဋိသန္ထာရပြု၍ ဗြဟ္မဒတ်မင်း ယခုအခါ၌ အသက်ကြီးပြီ၊ သင်မင်းကြီးသည် ကာမတို့ကိုစွန့်၍ ရဟန်းပြုချိန်တန်ပြီ ဟု ဆို၍ မင်းအား တရားဟောလိုရကား-

၁၄။ ပင်္ကော စ ကာမာ ပလိကော စ ကာမာ၊
ဘယဉ္စ မေတံ တိမူလံ ပဝုတ္တံ။
ရဇော စ ဓူမော စ မယာ ပကာသိတာ၊
ဟိတွာ တုဝံ ပဗ္ဗဇ ဗြဟ္မဒတ္တ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၄။ ဗြဟ္မဒတ္တ၊ ဗြဟ္မဒတ်မင်း။ ကာမာ၊ ကာမဂုဏ်တို့သည်။ ပင်္ကော စ၊ မြက်, မှော်, ကြာ အစရှိသည်နှင့်လည်း တူ၏။ ကမာ၊ ကာမဂုဏ်တို့သည်။ ပလိပေါ စ၊ ကြီးစွာသော ညွန်နှင့်လည်းတူ၏။ ဧတံ၊ ဤကာမကို။ တိမူလံ၊ အမြစ်သုံးခု ရှိသကဲ့သို့သော။ ဘယဉ္စ၊ ဘေးဟူ၍လည်း။ ပဝုတ္တံ၊ ဟောတော်မူအပ်၏။ ရဇော စ၊ မြူဟူ၍ လည်းကောင်း။ ဓူမော စ၊ အခိုးဟူ၍လည်းကောင်း။ မယာ၊ ငါသည်။ ပကာသိတော၊ ပြအပ်၏။ တုဝံ၊ သင်သည်။ ဟိတွာ၊ ကာမဂုဏ်တို့ကိုစွန့်၍။ ပဗ္ဗဇ၊ ရဟန်းပြုလော့။

ရဟန်းမပြုနိုင်သေးပါ

ထိုစကားကိုကြား၍ မင်းသည် မိမိအား ကိလေသာတို့သည် နှောင်ဖွဲ့သည်၏အဖြစ်ကို ဆိုလို၍-

၁၅။ ဂဓိတော စ ရတ္တော စ အဓိမုစ္ဆိတော စ၊
ကာမေသွဟံ ဗြဟ္မဏ ဘိံသရူပံ။
တံ နုဿဟေ ဇီဝိကတ္ထော ပဟာတုံ၊
ကာဟာမိ ပုညာနိ အနပ္ပကာနိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၅။ ဗြဟ္မဏ၊ မကောင်းမှုကို အပပြုသော ရှင်ရဟန်း။ အဟံ၊ အကျွန်ုပ်သည်။ ကာမေသု၊ ကာမ ဂုဏ်တို့၌။ ဂဓိတော စ၊ ကပ်ငြိသည်လည်း။ ဟောမိ၊ ဖြစ်၏။ ရတ္တော စ၊ တပ်စွန်းသည်လည်း။ ဟောမိ၊ ဖြစ်၏။ အဓိမုစ္ဆိတော စ၊ အလွန် မက်မောသည်လည်း။ ဟောမိ၊ ဖြစ်၏။ ဇီဝိကတ္ထော၊ ဤသို့ သဘောရှိသော အသက်မွေးခြင်းဖြင့် အလိုရှိသော။ အဟံ၊ ငါသည်။ ဘိံသရူပံ၊ ကြောက်မက်ဖွယ် အလွန်အားသန်သော သဘောရှိသော။ တံ၊ ထိုကာမကို။ ပဟာတုံ၊ ပယ်ခြင်းငှာ။ အနုဿဟေ၊ မစွမ်းနိုင်။ အနပ္ပကာနိ၊ များစွာကုန်သော။ ပုညာနိ၊ ကောင်းမှုတို့ကို။ ကာဟာမိ၊ ပြုပါအံ့။

သန္ဓေယူရသော ဆင်းရဲ

ဒရီမုခပစ္စေကဗုဒ္ဓါသည် ဘုရားလောင်းသည် ရဟန်း ပြုအံ့သောငှာ မတတ်နိုင် ဟူ၍ ဆိုသည်ရှိသော်လည်း ဝန်ချခြင်းကိုမပြု၍ အလွန်လျှင်လည်း ဆုံးမလို၍-

၁၆။ ယော အတ္ထကာမဿ ဟိတာနုကမ္ပိနော၊
ဩဝဇ္ဇမာနော န ကရာတိ သာသနံ။
ဣဒမေဝ သေယျော ဣတိ မညမာနော၊
ပုနပ္ပုနံ ဂဗ္ဘမုပေတိ မန္ဒော။
၁၇။ သော ဃောရရုပံ နိရယံ ဥပေတိ၊
သုဘာသုဘံ မုတ္တကရီသပူရံ။
သတ္တာ သကာယေ န ဇဟန္တိ ဂိဒ္ဓါ၊
ယေ ဟောန္တိ ကာမေသူ အဝီတရာဂါ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၆။ ယော၊ အကြင်သူသည်။ အတ္ထကာမဿ၊ အကျိုးစီးပွားကို အလိုရှိသော။ ဟိတာနုကမ္ပိနော၊ အစီးအပွားကို စောင့်ရှောက်သောသူသည်။ ဩဝဇ္ဇမာနော၊ ဆုံးမသည်ရှိသော်။ သာသနံ၊ အဆုံးအမကို။ န ကရောတိ၊ မလိုက်နာ။ ဣဒမေဝ၊ ဤငါ၏ အယူသည်သာလျှင်။ သေယျော၊ မြတ်၏။ ဣတိ၊ ဤသို့။ ညမာနော၊ အောက်မေ့၏။ သော မန္ဒော၊ ထိုပညာနည်းသောသူသည်။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ဂဗ္ဘံ၊ ပဋိသန္ဓေ နေရခြင်းသို့။ ဥပေတိ၊ ရောက်၏။

၁၇။ သော၊ ထိုပဋိသန္ဓေနေခြင်းသို့ ရောက်သောသူသည်။ ဃောရရူပံ၊ ကြမ်းကြုတ်သော သဘော ရှိသော။ သုဘာသုဘံ၊ သူတော်ကောင်းဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် အသုဘဟူ၍ ရှုအပ်သော။ မုတ္တကရီသပူရံ၊ ကျင်ကြီး ကျင်ငယ်ဖြင့် ပြည့်သော။ နိရယံ၊ အမိဝမ်းဟူသော ငရဲသို့။ ဥပေတိ၊ ကပ်ရ၏။ ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ သကာယေ၊ မိမိကိုယ်၌။ ဂိဒ္ဓါ၊ မက်မောကုန်သည်ဖြစ်၍။ နဇဟန္တိ၊ မစွန့်နိုင်ကုန်။ တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ ကာမေသု၊ ကာမဂုဏ်တို့၌။ အဝီတရာဂါ၊ ရာဂမကင်းကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

ဤသို့လျှင် ဒရီမုခ ပစ္စေကဗုဒ္ဓါသည် အမိဝမ်းသို့ သက်ခြင်း အရင်းရှိသော ဆင်းရဲကိုလည်းကောင်း၊ အမိသည် ဝမ်းဖြင့်ဆောင်ခြင်း အရင်းရှိသော ဆင်းရဲကိုလည်းကောင်း ပြပြီး၍ ယခုအခါ ကိုယ်ဝန်ဖွားခြင်း အရင်းရှိသော ဆင်းရဲကို ပြအံ့သောငှာ-

၁၈။ မီဠနေ လိတ္တာ ရုဟိရနေ မက္ခိတာ၊
သမှေနေ လိတ္တာ ဥပနိက္ခမန္တိ။
ယံ ယံ ဟိ ကာယနေ ဖုသန္တိ တာဝဒေ၊
သဗ္ဗံ အသာတံ ဒုခမဝေ ကဝေလံ။
၁၉။ ဒိသွာ ဝဒါမိ န ဟိ အညတော သဝံ၊
ပုဗ္ဗေနိဝါသံ ဗဟုကံ သရာမိ။

ဟူသော အခွဲနှင့်တကွ ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

၁၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣမေ သတ္တာ၊ ဤသတ္တဝါတို့သည်။ မီဠေန၊ ကျင်ကြီးဖြင့်။ လိတ္တာ၊ လိမ်းကျံ အပ်ကုန်သည် ဖြစ်၍။ ရုဟိရေန၊ သွေးဖြင့်။ မက္ခိတာ၊ လိမ်းကျံအပ်သည်ဖြစ်၍။ သေမှေန၊ သလိပ်ဖြင့်။ လိတ္တာ၊ လိမ်းကျံအပ်ကုန်သည်ဖြစ်၍။ ဥပနိက္ခမန္တိ၊ ဖွားရကုန်၏။ ဟိ သစ္စံ၊ မှန်၏။ တာဝဒေ၊ ထိုအခါ၌။ ယံ၊ အကြင် ကျင်ကြီးအစရှိသောဝတ္တုကို။ ကာယေန၊ ကိုယ်ဖြင့်။ ဖုသန္တိ၊ ထိကုန်၏။ သဗ္ဗံ၊ အလုံးစုံသော ကျင်ကြီးအစရှိသော ဝတ္ထုသည်။ အသာတံ၊ မသာယာအပ်သည်ဖြစ်၍။ ကေဝလံ၊ သက်သက်။ ဒုခမေဝ၊ ဆင်းရဲသော သဘော ရှိသလျှင်ကတည်း။

၁၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အဟံ၊ ငါသည်။ ဧတ္တကံ၊ ဤမျှအတိုင်းအရှည်ရှိသော စကားကို။ ဒိသွာ၊ ကိုယ်တိုင် မြင်၍။ ဝဒါမိ၊ ဟော၏။ အညတော၊ တစ်ပါးသောသူ၏ အထံမှ။ သဝံ၊ ကြားရ၍။ န ဝဒါမိ၊ ငါ မဟော။ အဟံ၊ ငါသည်။ ဗဟုကံ၊ များစွာသော။ ပုဗ္ဗေနိဝါသံ၊ ပုဗ္ဗေနိဝါသဉာဏ်ကို။ သရာမိ၊ အောက်မေ့နိုင်၏။

မိတ်ဆွေ ပစ္စေကဗုဒ္ဓါ ပြန်ကြွပြီ

ယခုအခါ သဗ္ဗညူမြတ်စွာဘုရားသည် ဘုရားဖြစ်ပြီး၍ ဤသို့ ဒရီမုခ ပစ္စေကဗုဒ္ဓါသည် မင်းကို ကောင်းစွာ ဆိုအပ်သောစကားဖြင့် ချီးမြှောက်၍ ဟု မိန့်တော်မူ၍ အဆုံး၌-

၁၉။ စိတြာဟိ ဂါထာဟိ သုဘာသိတာဟိ၊
ဒရီမုခေါ နိဇ္စျာပယိ သုမေဓံ။

ဟူသော ထက်ဝက်သော ဤဂါထာကို ဟောတော်မူ၏။

၁၉။ ဒရီမုခေါ၊ ဒရီမုခ ပစ္စေကဗုဒ္ဓါသည်။ သုဘာသိတာဟိ၊ ကောင်းစွာဆိုအပ်ကုန်သော။ စိတြာဟိ၊ ဆန်းကြယ်ကုန်သော။ ဂါထာဟိ၊ ဂါထာတို့ဖြင့်။ သုမေဓံ၊ ကောင်းသောပညာရှိသော မင်းကို။ နိဇ္ဈာပယိ၊ သိစေ၏။

ဒရီမုခ ပစ္စေကဗုဒ္ဓါသည် ကာမတို့၌ အပြစ်ကိုပြ၍ မိမိစကားကို ယူစေ၍ မြတ်သောမင်းကြီး ယခုအခါ၌လျှင် ရဟန်းပြုသည် မူလည်းဖြစ်စေ၊ မပြုသည်မူလည်းဖြစ်စေ ငါသည်ကား သင့်အား ကာမတို့၌ အပြစ်ကိုလည်းကောင်း။ ရဟန်းပြုခြင်း၌ အကျိုးကိုလည်းကောင်း။ ဟောအပ်ပြီ၊ သင်သည် မမေ့မလျော့ ဖြစ်ရစ်လော့ ဟု ဆို၍ ရွှေဟင်္သာမင်းကဲ့သို့ ကောင်းကင်၌ ပျံ၍ တိမ် တိုက်ကို နင်းလျက် နန္ဒမူလိုဏ်သို့သာလျှင် သွား၏။

မင်းကြီးရဟန်းပြုခြင်း

ဘုရားလောင်းသည် ဆယ်ခုသော လက်သည်းအပေါင်းတို့၏ အရောင်ဖြင့် ထွန်းပသော လက်အုပ်ကို ဦးခေါင်း၌ထား၍ ရှိခိုးလျှက်လျှင် ပစ္စေကဗုဒ္ဓါသည် မြင်ကောင်းသော အရပ်ကို လွန်သည်ရှိသော် သားတော်အကြီးကိုခေါ်၍ ပြည်ကိုအပ်နှင်း၍ လူများ၏ ငိုကြွေးစဉ် ကာမတို့ကိုစွန့်၍ ဟိမဝန္တာသို့ဝင်၍ ကျောင်းဆောက်၍ မကြာမြင့်မီလျှင် အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်သို့ လား၏

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ များကုန်သော ရဟန်းတို့သည် သောတာပန် အစရှိသည်တို့သည် ဖြစ်ကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား-ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မင်းဖြစ်ပြီ။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

တရားကိုနာ၊ ကျင့်ကောင်းစွာ၊ ချမ်းသာကြရပြီ

သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဒရီမုခဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - အဝါရိယဝဂ်

၄။ နေရုဇာတ်

ဂုဏ်ကျေးဇူးကို မသိရာအရပ်၌ မနေအပ်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်ကာကောလာ ကာကသံဃာစ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤနေရုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုဟန်းသည် သဗ္ဗညူ မြတ်စွာဘုရား အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ တစ်ခုသော ပစ္စန္တရစ်အရပ်သို့ သွား၏။ လူတို့သည် ထိုရဟန်း၏ ဣရိယာပုထ်၌ ကြည်ညိုကုန်၍ ထိုရဟန်းကို ဆွမ်း လုပ်ကျွေး၍ ဝန်ခံခြင်းကိုယူ၍ တော၌ ကျောင်းဆောက်၍ ထိုကျောင်း၌ နေစေကုန်၏။ ထိုရဟန်းအား ပူဇော်သက္ကာရကို အလွန်လျှင် ပြုကြကုန်၏။ ထိုအခါ သဿတ အယူရှိကုန်သော သူတို့သည် လာကုန်၏။ ထိုသူတို့သည် သဿတအယူရှိကုန်သော သူတို့၏ စကားကိုကြား၍ မထေရ်ကို စွန့်ကုန်၍ သဿတအယူတို့ကို ယူကုန်၍ ထိုသဿတ အယူရှိသော သူတို့အားလျှင် ပူဇော်သက္ကာရကို ပြုကုန်၏။ ထို့နောင်မှ ဥစ္ဆေဒ အယူရှိကုန်သော သူတို့သည် လာကုန်၏။ ထိုလူတို့သည် သဿတဝါဒကို စွန့်ကုန်၍ ဥစ္ဆေဒဝါဒကိုလျှင် ယူကုန်၏။ ထို့နောင်မှ တစ်ပါးကုန်သော အစေလကတို့သည် လာကုန်၏။ ထိုလူတို့သည် ဥစ္ဆေဒဝါဒကို စွန့်ကုန်၍ အစေလက ဝါဒကို ယူကုန်၏။

ထိုရဟန်းသည် ကျေးဇူးရှိ-မရှိကို မသိကုန်သော ထိုလူတို့၏ အထံ၌ ဆင်းရဲသဖြင့်နေ၍ ဝါကျွတ်သည်ရှိသော် ပဝါရဏာပြု၍ သဗ္ဗညူ မြတ်စွာဘုရား အထံတော်သို့ သွား၍ ပြုအပ်သောပဋိသန္ထာရ ရှိသည်ဖြစ်၍ ရဟန်း အဘယ် အရပ်၌ ဝါဆိုသနည်း ဟု မေးတော်မူ၍ အရှင်ဘုရား... ပစ္စန္တရစ်ရွာကိုမှီ၍ ဝါဆိုပါ၏ ဟု နားတော်လျှောက်သည်ရှိသော် ချမ်းသာစွာ နေရ ၏လော ဟု မေးတော်မူအပ်သည်ဖြစ်၍ အရှင်ဘုရား... ကျေးဇူး ရှိ-မရှိကို မသိကုန်သော သူတို့၏ အထံ၌ ဆင်းရဲစွာ နေရ၏ ဟု လျှောက်၏။ ရဟန်း ရှေးပညာရှိတို့သည် တိရစ္ဆာန်အမျိုး၌ ဖြစ်ကုန်သော်လည်း ကျေးဇူး ရှိ-မရှိ မသိကုန်သော သူတို့နှင့်တကွ တစ်နေ့မျှလည်း မနေကုန်။ သင်သည် မိမိ၏ ကျေးဇူး ရှိ-မရှိကို မသိရာအရပ်၌ အဘယ်ကြောင့် နေသနည်း ဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တင်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသေယ် ဘုရားလောင်းသည် ရွှေဟင်္သာမျိုး၌ ဖြစ်၏။ ဘုရားလောင်းအား ညီသည်လည်းရှိ၏။ ထိုဟင်္သာ ညီနောင်တို့သည် စိတ္တကုဋ်တောင်၌ နေကုန်လျက် ဟိမဝန္တာအရပ်၌ အလိုလိုဖြစ်သော သလေးကို စားကုန်၏။ ထိုဟင်္သာညီနောင်တို့သည် တစ်နေ့သ၌ ထိုအရပ်၌ ကျက်စား၍ စိတ္တကုဋ်တောင်သို့ လာကုန်လတ်သော် လမ်းအကြား၌ တစ်ခုသော နေရုအမည်ရှိသော ရွှေတောင်ကိုမြင်၍ ထိုတောင်ထိပ်၌ နားကုန်၏။

ရွှေတောင်နား ရွှေကျေး

ထိုတောင်ကိုမှီ၍ နေကုန်သော ငှက်အပေါင်းတို့သည်လည်းကောင်း။ အခြေလေးချောင်းရှိကုန်သော သားတို့သည်လည်းကောင်း။ ကျက်စားရာမြေ၌ အထူးထူးသော အဆင်းရှိကုန်၏။ တောင်သို့ဝင်သော ကာလမှစ၍ ခပ်သိမ်းကုန်သော ထိုသတ္တဝါတို့သည် တောင်၏အရောင်နှင့် ရွှေအဆင်းရှိကုန်၏။ ထိုအဆင်းကို မြင်၍ ဘုရားလောင်း၏ ညီသည် အကြောင်းကို မသိ၍ ဤတောင်၌ အကြောင်း အသို့နည်း ဟု အစ်တို့နှင့်တကွ ပြောဟောလိုသည်ဖြစ်၍-

၂၀။ ကာကောလာ ကကသံဃာ စ၊ မယဉ္စ ပတတံ ဝရာ။
သဗ္ဗေဝ သဒိသာ ဟောမ၊ ဣမံ အာဂမ္မ ပဗ္ဗတံ၊
၂၁။ ဣဓ သီဟာ စ ဗြဂ္ဃါ စ၊ သိင်္ဂါလာ စ မိဂါဓမာ။
သဗ္ဗေဝ သဒိသာ ဟောန္တိ၊ အယံ ကောနာမ ပဗ္ဗတော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၀။ ဘာတိက၊ နောင်တော် ဟင်္သာမင်း။ ဣမံ ပဗ္ဗတံ၊ ဤတောင်သို့။ အာဂမ္မ၊ ရောက်ကုန်၍။ ကာကောလာ စ၊ တောကျီးတို့သည်လည်းကောင်း။ ကာကသံဃာ စ၊ ပကတိ ကျီးအပေါင်းတို့သည်လည်းကောင်း။ ပတတံ၊ ငှက်တို့တွင်။ ဝရာ၊ မြတ်ကုန်သော။ မယဉ္စ၊ ငါတို့သည်လည်းကောင်း။ သဗ္ဗေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော ငှက်တို့သည်။ သူဒိသာ၊ အဆင်းတူမျှကုန်သည်။ ဟောမ၊ ဖြစ်ကုန်၏။

၂၁။ ဣဓ၊ ဤတောင်၌။ သီဟာ စ၊ ခြင်္သေ့တို့သည်လည်းကောင်း။ ဗြဂ္ဃါစ၊ ကျားတို့သည်လည်းကောင်း။ မိဂါဓမာ၊ သားတကာတို့အောက် အယုတ်ဆုံး ဖြစ်ကုန်သော။ သိင်္ဂါလာ စ၊ မြေခွေးတို့သည်လည်းကောင်း။ သဗ္ဗေဝ၊ အလုံးစုံကုန်သော သားတို့သည်လျှင်။ သဒိသာ၊ အဆင်းတူမျှကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ အယံ ပဗ္ဗတော၊ ဤတောင်သည်။ ကော နာမ၊ အဘယ်အမည်ရှိသော တောင်နည်း။

ထိုစကားကိုကြား၍ ဘုရားလောင်းသည်-

၂၂။ ဣမံ နေရူတိ ဇာနန္တိ၊ မနုဿာ ပဗ္ဗတုတ္တမံ။
ဣဓ ဝဏ္ဏေန သမ္ပန္နာ၊ ဝသန္တိ သဗ္ဗပါဏိနော

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၂၂။ ဣဓ၊ ဤတောင်၌။ သဗ္ဗပါဏိနော၊ ခပ်သိမ်း သော သတ္တဝါတို့သည်။ ဝဏ္ဏေန၊ ရွှေအဆင်းနှင့်။ သမ္ပန္နာ၊ ပြည့်စုံကုန်သည်ဖြစ်၍။ ဝသန္တိ၊ နေကုန်၏။ ဥတ္တမံ၊ မြတ်သော။ ဣမံ ပဗ္ဗတံ၊ ဤတောင်ကို။ နေရူတိ၊ နေရုတောင်ဟူ၍။ မနုဿာ၊ လူတို့သည်။ ဇာနန္တိ၊ သိကုန်၏။

မနေအပ်သော နေရာများ

ထိုစကားကိုကြား၍ ညီတော် ဟင်္သာမင်းသည်-

၂၃။ အမာနနာ ယတ္ထ သိယာ၊ သန္တာနံ ဝါ ဝိမာနနာ။
ဟီနသမ္မာနနာ ဝါပိ၊ န တတ္ထ ဝသတိံ ဝသေ။
၂၄။ ယတ္ထာလသောစ ဒက္ခောစ၊ သူရော ဘီရုစ ပူဇိယာ။
န တတ္ထ သန္တော ဝသန္တိ၊ အဝိသေသကရေ နရေ။
၂၅။ နာယံ နေရု ဝိဘဇတိ၊ ဟိန မုက္ကဋ္ဌ မဇ္ဈိမေ။
အဝိသေသကရော နေရု၊ ဟန္ဒ နေရုံ ဇဟာမသေ။

ဟူကုန်လော ကြွင်းသော ဤဂါထာတို့ကို ဆို၏။

၂၃။ ယတ္ထ၊ အကြင်အရပ်၌။ သန္တာနံ ဝါ၊ သူတော်ကောင်းတို့အားလည်း။ အမာနနာ၊ ရိုသေခြင်း ပူဇော်မြတ်နိုးခြင်း မရှိသည်။ သိယာ၊ ဖြစ်ရာ၏။ ဝိမာနနာ၊ မထီမဲ့မြင်ပြုခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။ ဟီနသမ္မာနနာ ဝါပိ၊ ယုတ်မာသောသူတို့အား ရိုသေခြင်း ပူဇော်မြတ်နိုးခြင်းရှိသည်လည်း။ သိယာ၊ ဖြစ်ရာ၏။ တတ္ထ ဝသတိံ- အသ္မိံ နိဝါသေ၊ ထိုအရပ်၌။ န ဝသေ၊ မနေရာ။

၂၄။ ယတ္ထ၊ အကြင်အရပ်၌။ အလသော စ၊ ပျင်းသော အတတ်ပညာမရှိသော သူသည်လည်းကောင်း။ ဒက္ခော စ၊ လိမ္မာသောသူသည်လည်းကောင်း။ သူရော စ၊ ရဲရင့်သောသူသည်လည်းကောင်း။ ဘီရု စ၊ ကြောက်တတ်သော သူသည်လည်းကောင်း။ ပူဇိယာ၊ တူမျှသော ပူဇော်ခြင်းကို ရကုန်၏။ နရေ၊ လူတို့ကို။ အဝိသေသကရေ၊ အထူးကို မပြု တတ်ကုန်။ တတ္ထ၊ ထိုအရပ် ၌။ သန္တော၊ သူတော်ကောင်းတို့သည် န ဝသန္တိ၊ မနေကုန်။

၂၅။ အယံ နေရု၊ ဤနေရုတောင်သည်။ ဟီနမုက္ကဋ္ဌမဇ္ဈိမေ၊ အယုတ်အမြတ် အလတ်ဖြစ်ကုန်သော သူတို့ကို။ န ဝိဘဇတိ၊ အထူးမပြု။ နေရု၊ နေရုအမည်ရှိသော တောင်သည်။ အဝိသေသကရော၊ အထူးပြုခြင်းမှ ကင်း၏။ နေရုံ၊ နေရုတောင်ကို။ ဟန္ဒ၊ လွတ်လွတ်။ ဇဟာမသေ၊ စွန့်ကြကုန်အံ့။

ဤသို့ဆို၍ ဟင်္သာညီနောင်တို့သည် ပျံ၍ စိတ္တကုဋ်တောင်သို့လျှင် သွားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ထိုရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ အာနန္ဒာသည် ထိုအခါ ညီဟင်္သာ ဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အစ်ကိုဟင်္သာ ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ခွဲခြားမမြင်၊ ထိုရပ်တွင်၊ ခုပင်မနေရာ

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော နေရုဇာတ်သည်ပြီး၏။

*****

ဆက္ကနိပါတ် - အဝါရိယဝဂ်

၅။ အာသင်္ကာဇာတ်

ကာမဂုဏ်ကြောင့် ဆင်းရဲရခြင်းအကြောင်း

ဟောတော်မူရာဌာန... နက်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အာသာဝတီ နာမ လတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအာသင်္ကာဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတေမူစဉ် မယားဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... (ပစ္စုပ္ပန်တ္ထုသည် ဣန္ဒြိယဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ )

ဤအာသင်္ကာဇာတ်၌ကား မြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်တော်မူ၍ ရဟန်း... သင်သည် ငြီးငွေ့၏ ဟူသည် မှန်သလောဟု မေးတော်မူလတ်၍ အရှင်ဘုရား... မှန်ပေ၏ ဟု နားတော် လျှောက်သည်ရှိသော် အဘယ်သူသည် ငြီးငွေ့စေသနည်း ဟု မိန့်တော်မူ၍ အရှင်ဘုရား... မယားဟောင်းသည် ငြီးငွေ့စေအပ်၏ ဟု နားတော်လျောက်သည်ရှိသော် ရဟန်း... ဤမိန်းမသည် သင်၏ အကျိုးမဲ့ကို ပြုလေ့ရှိ၏။ သင်သည် ရှေး၌လည်း ဤမိန်းမကိုမှီ၍ စစ်အင်္ဂါလေးပါးနှင့် ယှဉ်၍ ဟိမဝန္တာအရပ်၌ ကြီးစွာသော ဆင်းရဲကို ခံလျက် သုံးနှစ်ပတ်လုံး နေရဖူးပြီ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ ရသေ့ရဟန်းပြု၍ တောသစ်မြစ် သစ်သီး အာဟာရရှိသည်ဖြစ်၍ အဘိညာဉ်တို့ကို လည်းကောင်း၊ သမာပတ်တို့ကိုလည်းကောင်း ဖြစ်စေ၍ ဟိမဝန္တာအရပ်၌နေ၏။

သံသေဒဇမယ်

ထိုအခါ ဘုန်းနှင့်ပြည့်စုံသော တစ်ယောက်သော သတ္တဝါသည် တာဝတိံသာနတ်ပြည်မှ စုတေ၍ ထိုဟိမဝန္တာအရပ်၌ ပဒုမာကန်ဝယ် တစ်ခုသော ပဒုမာတိုက်၌ သူငယ်မအဖြစ်ဖြင့် ဖြစ်၏။ ကြွင်းကုန်သော ပဒုမာတို့သည် ဟောင်းသည်၏ အဖြစ်သို့ ရောက်၍ ကြွေကုန်သော်လည်း ဤပဒုမာသည် ကြီးသောအငုံဖြစ်၍ တည်သည်သာတည်း၊ ရသေ့သည် ဤအကြောင်းကား အသို့နည်း ဟု ကြံ၍ ရေသနုပ်ကိုဝတ်၍ ကူးသွားပြီးလျှင် ထိုပဒုမာကိုဖွင့်၍ ထိုသူငယ်မကို မြင်လတ်သော် သမီး ဟူသောအမှတ်ကို ဖြစ်စေ၍ ကျောင်းသို့ဆောင်၍ မွေး၏။ ထိုသူငယ်မသည် နောက်အဖို့၌ တစ်ဆယ့်ခြောက်နှစ်အရွယ် ရှိသည်ဖြစ်၍ အလွန်အဆင်းလှ၏။ မြတ်သော အဆင်းကို ဆောင်၏။ လူတို့၏ အဆင်းကို လွန်၏။ နတ်တို့၏အဆင်းကိုကား မမီတတ်။

ဖလ်ပြာသာဒ်ပေါ် နေရပြီ

ထိုအခါ သိကြားမင်းသည် ဘုရားလောင်းအား ခစားအံ့သောငှာ လာ၏။ သိကြားမင်းသည် ထိုသတို့သမီးကိုမြင်၍ ဤ သတို့သမီးကို အဘယ်မှရသနည်း ဟု မေး၏။ ငါသည် ပဒုမာအိုင်မှ ရ၏ ဟူသော စကားကို ကြား၏။ ဤမိန်းမအား အဘယ်ကိုရခြင်း သင့်သနည်း ဟု မေး၏။ နေရာကိုလည်းကောင်း, အဝတ်တန်ဆာ ဘောဇဉ်အစီအရင်ကိုလည်းကောင်း ရခြင်းငှာ သင့်၏ ဟု ဆို၏။ သိကြားမင်းသည် အရှင်ဘုရား... ကောင်းပြီ ဟု ထိုရသေ့၏ ကျောင်းအနီး၌ ဖလ်ပြာဿဒ်ကို ဖန်ဆင်း၍ နတ်၌ဖြစ်သော အဝတ်တန်ဆာ နတ်၌ဖြစ်သော ထမင်း အဖျော်တို့ကို ဖန်ဆင်း၏။ ထိုပြာဿဒ်သည် ထိုသတို့သမီး၏ ကိုယ်လက်သုတ်သင်သော ကာလ၌ သက်၍ မြေ၌ တည်၏။ တက်သောကာလ၌ ပျံတက်၍ ကောင်းကင်၌ တည်၏။

မုဆိုးတွေ့၍ မင်းအားလျှောက်သော်

ထိုသတို့သမီးသည် ဘုရားလောင်းအား ဝတ်ကြီး ဝတ်ငယ်ကို ပြုလျက် ပြာသာဒ်၌ နေ၏။ ထိုသတို့သမီးကို တစ်ယောက်သော တောသွားမုဆိုးသည်မြင်၍ အရှင်ဘုရား... ဤသတို့သမီးသည် အရှင်ဘုရားနှင့် အဘယ်သို့တော်သနည်း ဟု မေး၍ ငါ၏ သမီးတည်း ဟူသော စကားကိုကြား၍ ဗာရာဏသီပြည်သို့သွား၍ အရှင်မင်းကြီး... အကျွန်ုပ်သည် ဟိမဝန္တာအရပ်၌ ဤသို့သဘောရှိသော တစ်ယောက်သော ရသေ့သမီးကို မြင်ခဲ့၏ဟု မင်းအား ကြား၏။

မင်းကြီးလာ၍တောင်းခြင်း

ဗာရာဏသီမင်းသည် ကြားခြင်းဟူသော နှီးနှောခြင်းဖြင့်ဖွဲ့အပ်သည်ဖြစ်၍ မုဆိုးကို ခရီးညွှန်ပြု၍ စစ်အင်္ဂါ လေးပါးဖြင့် ထိုအရပ်သို့သွား၍ သစ်တပ်တည်၍ မုဆိုးကိုခေါ်၍ အမတ်အပေါင်း ခြံရံလျက် ကျောင်းသို့ဝင်၍ ရဟန်းတို့အား ဝတ်ကိုပြု၍ အရှင်ဘုရား မိန်းမတို့ မည်သည်ကား မြတ်သောအကျင့်ကို ကျင့်သော ရသေ့ရဟန်းအား မလျောက်ပတ်၊ အရှင်ဘုရားတို့၏ သမီးကို အကျွန်ုပ် လုပ်အံ့ ဟုဆို၏။ ဘုရားလောင်းသည်ကား ဤပဒုမာ၌ အဘယ်နည်းဟု တွေးတောခြင်း ရှိသည်ဖြစ်၍ ရေသို့သက်၍ ဆောင်အပ်သည်၏ အဖြစ်ကြောင့် သတို့သမီးအား အာသင်္ကာ ဟူသော အမည်ကို မှည့်၏။

နာမည်ကို ပြောနိုင်လျှင် ယူသွားလေ

ဘုရားလောင်းသည် မြတ်သော မင်းကြီး. ဤသတို့ သမီးကို ယူ၍သွားလော့ ဟု ဖြောင့်စွာ မဆိုမူ၍ မြတ်သော မင်းကြီး ဤသတို့သမီးအား လျှို့ဝှက်အပ်သော သိမ်မွေ့သော အမည်ရှိ၏။ အမည်ကို သိသည်ရှိသော် ယူသွားလေလော့ ဟု ဆို၏။ အရှင်ဘုရား... အရှင်ဘုရားတို့သည် ဆိုအပ်ကုန်သည်ရှိသော် သိရကုန်အံ့ ဟု ဆို၏။ ငါသည် သင်မင်းကြီးအားမဆို၊ သင်မင်းကြီးသည် အမည်ကိုသိလျှင် ယူ၍ သွားလေလော့ ဟု ဆို၏။ ဗာရာဏသီ မင်းသည်လည်းကောင်းပြီ ဟု ဝန်ခံ၍ ထိုနေ့မှစ၍ အမတ်တို့နှင့်တကွ ဤသတို့သမီးသည် ဘယ်အမည် ရှိသနည်း ဟု အမည်ကို ဆင်ခြင်၏။ ထိုဗြဟ္မဒတ်မင်းသည် သိနိုင်ခဲကုန်သော အကြင်အမည်တို့သည် ရှိကုန်၏။ ထိုအမည်တို့ကို ကြား၍ ဤအမည်ရှိသည် ဖြစ်လတ္တံ့ဟု ဆိုသည်ရှိသော် ဘုရားလောင်းသည် ဤအမည်မဟုတ် ဟု ဆို၏။ မင်းအားလည်း အမည်ကို ဆင်ခြင်စဉ် တစ်နှစ်လွန်၏။ ဆင် မြင်း လူ သူတို့ကို ခြင်္သေ့ အစရှိကုန်သော သတ္တဝါတို့သည် ဖမ်းကုန်၏။ မြွေတို့သည် နှိပ်စက်ကုန်၏။ များစွာကုန်သော လူတို့သည် ပင်ပန်းကုန်သည်ဖြစ်၍ သေကုန်၏။ မင်းသည် ဤမိန်းမဖြင့် အဘယ်အကျိုး ရှိအံ့နည်း ဟု ဘုရားလောင်းအား ဆို၍ သွား၏။ အာသင်္ကာ သတို့သမီးသည် ဖလ်လေသာပြတင်းကို ဖွင့်၍ ရပ်၏။

နတ်မိမယ် စကားကိုဆို

မင်းသည် ထိုအာသင်္ကာ သတို့သမီးကို မြင်၍ ငါတို့သည် သင်၏အမည်ကို သိအံ့သောငှာ မတတ်နိုင်ကုန်၊ သင်သည် ဟိမဝန္တာအရပ်၌ သာလျှင် နေရစ်လော့၊ ငါတို့သည် သွားကုန်အံ့ ဟု ဆို၏။ မြတ်သောမင်းကြီး သွားသည်ရှိသော် ငါကဲ့သို့သော မိန်းမကို အဘယ်မှာ ရလတ္တံ့နည်း၊ တာဝတိံသာ နတ်ပြည်၌ စိတ္တလတာဥယျာဉ်၌ အာသာဝတီမည်သော နွယ်သည်ရှိ၏။ ထိုအာသာဝတီနွယ်၏ အသီး၏ အတွင်း၌ နတ်အဖျော်သည် ဖြစ်၏။ ထိုနတ်အဖျော်ကို တစ်ကြိမ် သောက်သည်ရှိသော် လေးလတို့ပတ်လုံး ယစ်ကုန်၍ နတ်၏အိပ်ရာ၌ အိပ်ကုန်၏။ ထိုအာသာဝတီနွယ်၏ အသီးသည်ကား အနှစ်တစ်ထောင် ရှိသဖြင့် သီး၏။ သူရာကြူးကုန်သော နတ်သားတို့သည် ဤအာသာဝတီနွယ်မှ နတ်၏ အဖျော်ဖြစ်သော အသီးကို ရလတ္တံ့ဟု ချင်ခြင်းကိုသည်းခံ၍ အနှစ်တစ်ထောင်ပတ်လုံး မပြတ်သွား၍ ထိုအာသာဝတီနွယ်ကို ရောဂါကင်းပါ၏လောဟု ကြည့်ကုန်၏။ သင်မင်းကြီးသည် တစ်နှစ်ဖြင့်သာလျှင် ငြီးငွေ့၏။ တောင့်တ ခြင်း၏ အကျိုးကို ရခြင်းမည်သည် ချမ်းသာ၏။ မငြီးငွေ့ လင့် ဟု ဆို၍-

၂၆။ အာသာဝတီ နာမ လတာ၊ ဇာတာ စိတ္တလတာဝနေ။
တဿာ ဝဿသဟဿေန၊ ဧကံ နိဗ္ဗတ္တတေ ဖလံ။
၂၇။ တံ ဒေဝါ ပယိရုပါသန္တိ၊ တာဝ ဒုရဖလံ သတိံ။
အာသိသေဝ တုဝံ ရာဇ၊ အာသာ ဖလဝတီ သုခါ။

ဟူကုန်သော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ စိတ္တလတာဝနေ၊ စိတ္တလတာဥယျာဉ်၌။ အာသာဝတီ နာမ၊ အာသာဝတီမည်သော။ လတာ၊ နွယ်သည်။ ဇာတာ၊ ဖြစ်၍။ တဿာ၊ ထိုအာသာဝတီနွယ်အား။ ဝဿသဟဿေန၊ အနှစ်တစ်ထောင်ရှိသဖြင့်။ ဧကံ၊ တစ်လုံးသော။ ဖလံ၊ အသီးသည်။ နိဗ္ဗတ္တတေ၊ ဖြစ်၏။

၂၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တာဝ၊ ရှေး ဦးစွာ။ ဒုရဖလံ သတိံ၊ ဝေးသာ အသီးရှိသည်ဖြစ်လျက်။ တံ၊ ထိုအာသာဝတီနွယ်ကို။ ဒေဝါ၊ နတ်တို့သည်။ ပယိရုပါသန္တိ၊ အကြိမ်များစွာ အဖန် တလဲလဲ ဆည်းကပ်ကုန်၏။ ရာဇ၊ မင်းကြီး။ တုဝံ၊ သင်မင်းကြီးသည်။ အာသိသေဝ၊ တောင့် တ, ရာသလျှင်ကတည်း။ အာသာဖလဝတီ၊ တောင့်တ ခြင်း၏ အကျိုးကို ရခြင်းသည်။ သုခါ၊ ချမ်းသာ၏။

မင်းကြီး စိတ်ပျက်ပြန်

မင်းသည် ထိုအာသင်္ကာ မင်း သမီး၏ စကားဖြင့်ကပ်ငြိ၍ တဖန် အမတ်တို့ကို စည်းဝေးစေ၍ ဖွဲ့ခြင်းကို ပြုစေ၍ အမည်ကိုရှာလျက် တဖန် တစ်နှစ်ပတ်လုံးလည်း နေ၏။ ထိုသတို့သမီး၏ အမည်ကား အဘယ်သို့နည်းဟု မေး၍ ဤအမည်ရှိဟု ဆိုသည်ရှိသော် ဘုရားလောင်းသည်ပယ်သလျှင်ကတည်း။ တဖန် မင်းသည် ငါ့အား ဤမိန်းမဖြင့် အဘယ်အကျိုးရှိအံ့နည်း ဟု ဆို၍ သွား၏။ ထိုသတို့ သမီးသည်လည်း ပြတင်း၌ ရပ်၍ ကိုယ်ကို ပြ၏။ ဗာရာဏ သီမင်းသည် သင်သည် နေရစ်လော့ ငါတို့သည် သွားကုန်အံ့ ဟု ဆို၏။

နတ်မိမယ်စကားဆို

မြတ်သောမင်းကြီး အဘယ်ကြောင့် သွားအံ့နည်းဟု ဆို၏။ သင်၏အမည်ကို သိခြင်းငှာ မတတ်နိုင်ဟု ဆို၏။ မြတ်သောမင်းကြီး အဘယ့်ကြောင့် အမည်ကို မသိလတ္တံ့နည်း၊ တောင့် တခြင်း ဟူသည်ကား မပြည့်စုံသောမည်သည် မရှိ၊ တစ်ခုသောဗျိုင်းသည် တောင်ထိပ်၌တည်လျက် မိမိတောင့်တအပ်သည်ကို ရ၏။ သင်မင်းကြီးသည် အဘယ့်ကြောင့် မရလတ္တံ့ ရှိအံ့နည်း။ မြတ်သောမင်းကြီး... သည်းခံဦးလော့ ဟုဆို၍ မြတ်သောမင်းကြီး တစ်ခုသောဗျိုင်းသည် တစ်ခုသော ပဒုမာအိုင်၌ အစာကိုယူ၍ တောင် ထိပ်၌ နား၏။ ထိုဗျိုင်းသည် တစ်နေ့သ၌ ထို တောင်ထိပ်၌လျှင် နေ၍ နက်ဖြန်နေ့၌ ငါသည် ဤတောင်ထိပ်၌ ချမ်းသာစွာ နေလျက် ဤတောင်ထိပ်မှ မသက်မူ၍ ဤအရပ်၌ နေလျက်လျှင် အစာကိုယူ၍ ရေကိုသောက်၍ ဤနေ့ပတ်လုံး နေရမူကား ကောင်း၏ဟု ကြံ၏။ ထိုအခါ ထိုနေ့၌လျင် သိကြားမင်းသည် အသုရာတို့ကို နှိပ်နင်း၍ တာတိံသာနတ်ပြည်၌ နတ်စည်း စိမ်ကို ခံစားလျက် ငါ၏ နှလုံးအလိုသည် အပြီးသို့ ရောက်ပြီ။ တစ်ပါးသော တစ်စုံ တစ်ယောက်သော နှလုံးအလိုမပြည့်သော သူသည် ရှိလေသေးသလောဟု ကြံ၏။ ကြံပြီး၍ သိကြားမင်းသည် ဆင်ခြင်သည်ရှိသော် ထိုဗျိုင်းကိုမြင်၍ ဤဗျိုင်း၏ နှလုံးအလိုကို အပြီးသို့ရောက်စေအံ့ဟု ဗျိုင်း၏နေရာမှ မနီးမဝေးသော အရပ်၌ မြစ်တစ်ခုသည် ရှိ၏။ ထိုမြစ်ကို သိကြားသည် ရေအလျဉ်ဖြင့် ပြည့်သည်ကိုပြု၍ တောင်ထိပ်သို့ စီးစေ၏။ ဗျိုင်းသည် ထိုတောင်ထိပ်သို့ စီးသောမြစ်၌ နေလျက်လျင် ငါးတို့ကိုစား၍ ရေကိုသောက်၍ ထိုနေ့ပတ်လုံး ထိုတောင်ထိပ်သို့ စီးသော မြစ်၌လျှင် နေ၏။ ရေသည်လည်း လျှောကျ၍ သွား၏။ မြတ်သောမင်းကြီး.ဤသို့ ဗျိုင်းသည်လျက်လည်း ရှေးဦးစွာ တောင့်တခြင်း အကျိုးကို ရ၏။ သင် မင်းကြီးသည် အဘယ့်ကြောင့် မရလတ္တံ့နည်း ဟု ဆို၍-

၂၈။ အာသီသေတေဝ သော ပက္ခီ၊ အာသိသေတေဝ သော ဒိဇော။
တဿ စာသာ သမိဇ္စျတိ၊ တာဝ ဒူရဂတာ သတိ၊
အာသိသေဝ တုဂဝံ ရာဇ၊ အာသာ ဖလဝတီ သုခံ

ဟူသော ဤဂါထာကို ဆို၏။

၂၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တာဝ၊ ရှေး ဦးစွာ။ ဒုရဂတာ သတိ၊ ဝေးစွာသော အဖြစ်သည် ဖြစ်လျက်။ သော ပက္ခီ၊ ထိုဗျိုင်းငှက်သည်။ အာသိသေတေဝ၊ တောင့်တသလျင်ကတည်း။ သော ဒိဇော၊ ထိုဗျိုင်းငှက်သည်။ အာသိသေတေဝ၊ တောင့်တသလျှင်ကတည်း။ တဿ စ၊ ထိုဗျိုင်းငှက်အားလည်း။ အာသာ၊ တောင့်တခြင်း၏ အကျိုးသည်။ သမိဇ္စျတိ၊ ပြည့်စုံသေး၏။ ရာဇ၊ မင်းကြီး တုဝံ၊ သင်မင်းကြီးသည်။ အာသိသေဝ၊ တောင့်တရာသလျှင်ကတည်း။ အာသာဖလဝတီ၊ တောင့်တခြင်း၏ အကျိုးကို ရခြင်းသည်။ သုခါ၊ ချမ်းသာ၏။

မင်းကြီးစိတ်ပျက်ပြန်ခြင်း

မင်းသည် သတို့သမီး၏ စကားကိုကြား၍ အဆင်း၌ တပ်စွန်း၍ စကားဖြင့်ကပ်ငြိ၍ သွားအံ့ငှာ မတတ်နိုင်၍ အမတ်တို့ကို စည်းဝေးစေ၍ အမည်တစ်ရာကို ပြုစေ၏။ အမည်တစ်ရာ၏ အစွမ်းအားဖြင့် ရှာလျက်လည်း မင်းအား တစ်ဖန် တစ်နှစ်သည် လွန်ပြန်၏။ မင်းသည် သုံးနှစ်လွန်သဖြင့် ဘုရားလောင်းသို့ ကပ်၍ အမည်တစ်ရာ၏ အစွမ်းအားဖြင့် ဤအမည်ရှိသည် ဖြစ်လတ္တံ့ဟု မေး၏။ မြတ်သောမင်းကြီး သင်သည် မသိဟု ဆို၏။ မင်းသည် ယခု ငါတို့သည် သွားကုန်အံ့ဟု ဘုရားလောင်းကို ရှိခိုး၍ သွား၏။

အာသင်္ကာ သတို့သမီးသည်လည်း ဖလ်လေသာပြတင်းကိုမှီ၍ ရပ်၏။ မင်းသည် ထိုသတို့သမီးကိုမြင်၍ သင်သည် နေရစ်တော့၊ ငါတို့သည် သွားကုန်အံ့ဟု ဆို၏။ မြတ်သောမင်းကြီး အဘယ်ကြောင့်သွားအံ့နည်းဟု ဆို၏။ သင်သည် ငါ့အား စကားဖြင့်သာလျှင် ရောင့်ရဲစေ၏။ ကာမနှင့်ယှဉ်သော မွေ့လျော်ခြင်းဖြင့် မရောင့်ရဲစေ၊ သင်၏ သာယာသော စကားဖြင့် ကပ်ငြိ၍နေသော ငါ့အား သုံးနှစ်တို့သည် လွန်ကုန်ပြီ၊ ယခုအခါ သွားအံ့ဟု ဆို၍-

၂၉။ သမ္ပေသိ ခေါ မံ ဝါစာယ၊ န စ သမ္ပေသိ ကမ္မုနာ။
မာလာ သေရေယျကဿေဝ၊ ဝဏ္ဏဝန္တာ အဂန္ဓိကာ။
၃၀။ အဖလံ မဓုရံ ဝါစံ၊ ယော မိတ္တေသု ပကုဗ္ဗတိ။
အဒဒံ အဝိဿဇံ ဘေါဂံ၊ သန္ဓိ တေနဿ ဇီရတိ။
၃၁။ ယဉှိ ကယိရာ တဉှိ ဝဒေ၊ ယံ န ကယိရာ န တံ ဝဒေ။
အကရောန္တံ ဘာသမာနံ၊ ပရိဇာနန္တိ ပဏ္ဍိတာ။
၃၂။ ဗလဉ္စ ဝတ မေ ခီဏံ၊ ပါထေယျဉ္စ န ဝိဇ္ဇတိ။
သင်္ကေ ပါဏူပရောဓာယ၊ ဟန္ဒ ဒါနိ ဝဇာမဟံ။

ဟူကုန်သော ဤဂါထာတို့ကို ဆို၏။

၂၉။ ဘဒ္ဒ၊ ရှင်မ။ သေရေယျကဿ၊ လိပ်ဆူးရွှေ၏။ ဝဏ္ဏဝန္တာ၊ အဆင်းရှိသော။ အာဂန္ဓိကာ၊ အနံ့ မရှိသော။ မာလာ ဣဝ၊ ပန်းကဲ့သို့။ တွံ၊ ရှင်မသည်။ မံ၊ ငါ့ကို။ ဝါစယ ခေါ၊ စကားဖြင့်သာလျှင်။ သမ္ပေသိ၊ ရောင့်ရဲစေ၏။ ကမ္မုနာ၊ အမှုဖြင့်ကား။ နေဝ သမ္ပေသိ၊ မရောင့်ရဲစေ။

၃၀။ ဘဒ္ဒေ၊ ရှင်မ။ ယော၊ အကြင်သူသည်။ မိတ္တေသု၊ အဆွေခင်ပွန်းတို့၌။ ဘောဂံ၊ စည်းစိမ်ကို။ အဒဒံ၊ မပေးဘဲလျက်။ အဝိဿဇံ၊ မစွန့်လွှတ်ပဲလျှက်။ အဖလံ၊ အကျိုးမရှိသော။ မဓုရံ၊ သာယာသော။ ဝါစံ၊ စကားကို။ ပကုဗ္ဗတိ၊ ပြောဆို၏။ တေန၊ ထိုသူနှင့်။ သဒ္ဓိံ၊ တကွ၊ အဿ၊ ထိုအဆွေ ခင်ပွန်း၏။ သန္ဓိ၊ မိတ်ဖွဲ့ခြင်းသည်။ ဇီရတိ၊ ပျက်၏။

၃၁။ ဘဒ္ဒ၊ ရှင်မ။ ယံ၊ အကြင်အမှုကို။ ကယိရာ၊ ပြုရာ၏။ တံ ဟိ၊ ထိုအမှုကိုလျှင်။ ဝဒေ၊ ဆိုရာ၏။ ယံ၊ အကြင်အမှုကို။ န ကယိရာ၊ မပြုရာ။ တံ၊ ထိုအမှုကို။ န ဝဒေ၊ မဆိုရာ။ ဘာသမာနံ၊ ဆိုလျက်။ အကရောန္တံ၊ ပြုသောသူကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ပရိဇာနန္တိ၊ သိကုန်၏။

၃၂။ ဘဒ္ဒ၊ ရှင်မ။ ဝတ၊ စင်စစ်။ မေ၊ ငါ့အား။ ဗလဉ္စ၊ ဗိုလ်ပါသည်လည်း။ ခီဏံ၊ ကုန်ပြီ။ ပါထေယျဉ္စ၊ ရိက္ခာသည်လည်း။ န ဝိဇ္ဇတိ၊ မရှိ။ ပါဏူပရောဓာယ၊ အသက်၏ ပျက်စီးခြင်း၌။ သင်္ကေ၊ ယုံမှား၏။ ဟန္ဒ ဒါနိ၊ ယခု။ အဟံ၊ ငါသည်။ ဝဇာမိ၊ သွားအံ့။

နတ်မိမယ် နာမည်ကိုပြောပြီ

အသင်္ကာ သတို့သမီးသည် မင်း၏စကားကို ကြား၍ မြတ်သောမင်းကြီး... သင်မင်းကြီးသည် ငါအမည်ကို မသိဟုဆို၏။ သင်မင်းကြီးသည် ငါ၏ အမည်ကို ဆိုအပ်သလျှင်ကတည်း၊ ဤအမည်သည်ကား ငါ၏အမည်တည်း၊ အဘအား ပြောဆို၍ ငါ့ကိုယူသွားလော့ ဟု ဆို၍ မင်းနှင့်တကွ စကားပြောလိုရကား-

၃၃။ ဧတဒေဝ ဟိ မေ နာမံ၊ ယံ နာမသ္မိ ရထေသဘ။
အာဂမေဟိ မဟာရာဇ၊ ပိတရံ အာမန္တ ယာမဟံ။

ဟူသော ဤဂါထာကို ဆို၏။

၃၃။ ရထေသဘ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်သော။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မေ၊ အကျွန်ုပ်၏။ ယံနာမံ၊ အကြင်အာသင်္ကာဟူသော အမည်သည်။ အသ္မိ၊ ဖြစ်၏။ ဧတဒေဝ ဟိ နာမံ၊ ထိုအာသင်္ကာဟူသော အကျွန်ုပ်၏ အမည်ကိုလျှင်။ တုဝံ၊ သင် မင်းကြီးသည်။ ဝဒသိ၊ ဆို၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အာဂမေဟိ၊ ငံ့ဦးလော့။ အဟံ၊ အကျွန်ုပ်သည်။ ပိတရံ၊ အဖကို။ အာမန္တယာမိ၊ တိုင်ပင်ဦးအံ့။

အာသင်္ကာကို ရပေပြီ

မင်းသည် ဘုရားလောင်း၏ အထံသို့ သွား၍ အရှင်ဘုရား... အရှင်ဘုရားတို့၏သမီးသည် အာသင်္ကာမည်၏ ဟုဆို၏ မြတ်သောမင်းကြီး အမည်ကိုသိသော ကာလမှစ၍ ယူ၍သွားလော့ ဟုဆို၏။ မင်းသည် ဘုရားလောင်းကို ရှိခိုး၍ ဖလ်ဗိမာန်တံခါးသို့သွား၍ ရှင်မ... သင့်အဖသည် ငါ့အား သင့်ကိုပေးအပ်ပြီ၊ လာလော့ ယခုသွားအံ့ ဟု ဆို၏။ မင်းကြီး ငံ့ဦးလော့၊ အကျွန်ုပ်သည် အဘကို တိုင်ပင်ဦးအံ့ ဟု ပြာသာဒ်မှ သက်၍ ဘုရားလောင်းကို ရှိခိုး၍ ကန်တော့၍ မင်း၏အထံသို့ လာ၏။ မင်းသည် အာသင်္ကာ သတို့သမီးကိုယူ၍ ဗာရာဏသီပြည်သို့သွား၍ သားသမီးတို့ဖြင့် ပွားလတ်၍ ချစ်စွာသော နေခြင်းဖြင့်နေ၏။ ဘုရားလောင်းသည် မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်၌ ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ မယားဟောင်းသည် ထိုအခါ အာသင်္ကာသတို့သမီး ဖြစ်ဖူးပြီ။ ယခုအခါ ငြီးငွေ့သောရဟန်းသည် ထိုအခါ မင်းဖြစ်ပြီ။ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မိန်းမတို့မှာ၊ ချစ်သောခါ၊ လိုရာပေးတတ်သည်

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော အာသင်္ကာဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - အဝါရိယဝဂ်

၆။ မိဂါလောပဇာတ်

ပညာရှိတို့စကားကိုမနာယူ၍ ပျက်စီးရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် န မေ ရုစ္စိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမိဂါလောပဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆိုနိုင်ခက် သော တစ်ယောက်သော ရဟန်းကို အကြာင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သဗ္ဗညူမြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်တော်မူ၍ ရဟန်း... သင်သည် ဆိုနိုင်ခက်သတတ်ဟူသည် မှန် သလော ဟု မေးတော်မူ၍ အရှင်ဘုရား... မှန်ပေ၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်း... သင်သည် ယခုအခါ၌ သာလျှင် ဆိုနိုင်ခက်သည် မဟုတ်သေး၊ ရှေး၌လည်း ဆိုနိုင်ခက်ဖူးပြီ၊ ဆိုနိုင်ခက်သည်၏ အဖြစ်ကို မှီ၍ ပညာရှိတို့စကားကို နားမထောင်မူ၍ ဝေရမ္ဘလေဝ၌ ပျက်စီးခြင်းသို့ ရောက်ဖူးပြီ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် လင်းတမျိုး၌ဖြစ်၍ အပနန္ဒအမည်ရှိ၏။ ထိုအပနန္ဒ လင်တမင်းသည် လင်းတအပေါင်း ခြံရံလျက် ဂိဇ္ဈကုဋ်တောင်၌ နေ၏။

အလွန်မြင့်စွာ ပျံလျှင်

ထိုအပနန္ဒ လင်းတမင်း၏သားသည် မိဂါလောပ မည်၏။ အားအစွမ်းနှင့် ပြည့်စုံ၏။ ထိုမိဂါလောပ လင်းတသည် တစ်ပါးကုန်သော လင်းတတို့၏ အပိုင်းအခြားကို လွန်၍ အလွန်မြင့်စွာပျံ၏။ လင်းတတို့သည် သင်၏ သားသည် အလွန်မြင့်စွာပျံ၏ ဟု လင်းတမင်းအား ကြားကုန်၏။

ပျက်စီးတတ်သည်

လင်းတမင်းသည် သားကိုခေါ်၍ အမောင် သင်သည် အလွန်မြင့်စွာ ပျံသတတ်၊ အလွန်မြင့်စွာပျံသော လင်းတသည် အသက်ကုန်ခြင်းသို့ ရောက်လတ္တံ့ ဟု ဆိုလို၍ -

၃၄။ န မေ ရုစ္စတိ မိဂါလောပ၊ ယဿ တေ တာဒိသီ ဂတိ၊
အတုစ္စံ တာတ ပတသိ၊ အဘူမိံ တာတ သေဝသိ။
၃၅။ စတုက္ကဏ္ဏံဝ ကေဒါရံ၊ ယဒါ တေ ပထဝီ သိယာ။
တတော တာတ နိဝတ္တဿု၊ မာဿု ဧတ္တော ပရံ ဂမိ။
၃၆။ သန္တိ အညေပိ သကုဏာ၊ ပတ္တယာနာ ဝိဟင်္ဂမာ။
အက္ခိတ္တာ ဝါတဝေဂေန၊ နဋ္ဌာ တေ သဿတီသမာ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၃၄။ တာတ မိဂါလောပ၊ ချစ်သား မိဂါလောပ။ တွံ၊ သင်သည်။ အတုစ္စံ၊ အလွန်မြင့်စွာ။ ပတတိ၊ ပျံ၏။ တာတ မိဂါလောပ၊ ချစ်သား မိဂါလောပ။ တွံ၊ သင်သည်။ အဘူမိံ၊ အရာမဟုတ်သည်ကို။ သေဝသိ၊ မှီဝဲ၏။ ယဿ တေ၊ အကြင်သင်၏။ တာဒိသီ၊ ထိုသို့သဘောရှိသော။ ဂတီ၊ အလွန်မြင့်စွာ ပျံခြင်းကို။ မေ၊ ငါသည်။ န ရုစ္စိ၊ မနှစ်သက်။

၃၅။ တာတ မိဂါလောပ၊ ချစ်သားမိဂါလောပ။ ယဒါ၊ အကြင် အခါ၌။ တေ၊ သင့်အား။ ပထဝီ၊ မြေသည်။ စတုက္ကဏ္ဏံ၊ လေးထောင့်ရှိသော။ ကေဒါရံဝ၊ လယ်ကဲ့သို့။ သိယာ၊ ထင် သည်ဖြစ်အံ့။ တတော၊ ထိုအရပ်မှ။ နိဝတ္တဿု၊ ပြန်ခဲ့လော့။ ဧတ္တော၊ ဤထက်။ ပရံ၊ လွန်စွာ။ မာဿု ဂမိ၊ မပျံလင့်။ အညေပိ၊ သင်မှတစ်ပါးလည်း ဖြစ်ကုန်သော။ ဝိဟင်္ဂမာ၊ ကောင်းကင်သို့ ပျံကုန်သော။ ပတ္တယာနာ၊ အတောင်ဟူသော ယာဉ်ရှိကုန်သော။ သကုဏာ၊ လင်းတတို့သည်။ သန္တိ၊ ရှိကုန်၏။ သဿတီသမာ၊ မိမိကိုယ်ကို အမြဲတည်သော မြေ တောင် အစရှိသည်တို့နှင့်အတူ ထင်ကုန်သော။ တေ၊ ထိုလင်းတတို့သည်။ ဝါတဝေဂေန၊ လေ၏အဟုန်ဖြင့်။ အက္ခိတ္တာ၊ လွှင့်အပ် ကုန်သည်ဖြစ်၍။ နဋ္ဌာ၊ မိမိ အနှစ်တစ်ထောင်ရှိသော အသက် အတိုင်းအရှည်ကို မပြည့်စေမူ၍ ပျက်စီးကုန်၏။

တန်ဆေးလွန်ဘေး

မိဂါလောပ လင်းတသည် အဆုံးအမကို မခံသည်၏ အဖြစ်ကြောင့် အဖစကားကို နားမထောင်မူ၍ ပျံသဖြင့် အဖသည် ကြားအပ်သော အပိုင်းအခြားကိုမြင်၍ ထိုအပိုင်းအခြားကို လွန်၍ ကာလလေသို့ ရောက်၏။ ထိုကာလလေကိုလည်း လွန်၍ ပျံသည်ရှိသော် ဝေရမ္ဘ လေဝသို့ ရောက်၏။ ထိုအခါ ထိုမိဂါလောပ လင်းတကို ဝေရမ္ဘလေတို့သည် ခတ်ကုန်၏။ မိဂါလောပ လင်းတသည် ဝေရမ္ဘ လေတို့သည် ခတ်ကာမျှ ၌လျှင် အပိုင်းအပိုင်းပြတ်၍ ကင်းကင်၌ ကွယ် ပျောက်လေ၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၃၇။ အကတွာ အပနန္ဒဿ၊ ပိတု ဝုဒ္ဓဿ သာသနံ။
ကာလဝါတေ အတိက္ကမ္မ၊ ဝေရမ္ဘာနံ ဝသံ အဂါ။
၃၈။ တဿ ပုတ္တာ စ ဒါရာ စ၊ ယေ စညေ အနုဇီဝိနော။
သဗ္ဗေ ဗျသနမာပါဒုံ၊ အနောဝါဒကရေ ဒိဇေ။
၃၉။ ဧဝမ္ပိ ဣဓ ဝုဒ္ဓါနံ၊ ယော ဝါကျံ နာဝဗုဇ္စျတိ။
အတိသီမစရော ဒိတ္တော၊ ဂိဇ္ဈောဝါတီတသာသနော။
သဗ္ဗေ ဗျသနံ ပပ္ပေါန္တိ၊ အကတွာ ဝုဒ္ဓသာသနံ။

ဟူကုန်သော ဤဂါထာတို့ကို ဟောတော်မူ၏။

၃၇။ ဘိက္ခဝေ၊ ရဟန်းတို့။ မိဂါလောပေါ၊ မိဂါလောပ လင်းတသည်။ ဝုဒ္ဓဿ၊ ကြီးသော။ ပိတု၊ အဖဖြစ်သော။ အပနန္ဒဿ၊ အပနန္ဒ၏။ သာသနံ၊ အဆုံးအမကို။ အကတွာ၊ နားမထောင်မူ၍။ ကာလဝါတေ၊ ကာလလေတို့ကို။ အတိက္ကမ္မ၊ လွန်၍။ ဝေရမ္ဘာနံ၊ ဝေရမ္ဘလေတို့၏။ ဝသံ၊ နိုင်ငံသို့။ အဂါ၊ ရောက်၏။

၃၈။ တဿ၊ ထိုမိဂါလောပ လင်းတ၏။ ပုတ္တာ စ၊ သားတို့သည်လည်းကောင်း။ ဒါရာ စ၊ မယားတို့သည်လည်းကောင်း။ အညေ၊ တပါးကုန်သော။ အနုဇီဝိနော၊ မိဂါလောပ လင်းတကိုမှီ၍ အသက်မွေးကုန်သော။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော ယေ စ၊ အကြင်လင်းတတို့သည်လည်းကောင်း။ ဒိဇေ၊ မိဂါလောပ လင်းတသည်။ အနောဝါဒကရေ၊ အဆုံးအမကို နားမထောင်သည်ရှိသော်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ အာပါဒုံ၊ ရောက်ကုန်၏။

၃၉။ ဧဝမ္ပိ၊ ဤအတူလည်း။ ဣဓ၊ ဤသာသနာတော်၌။ ဝုဒ္ဓါနံ၊ ကြီးသောသူတို့၏။ ဝါကျံ၊ စကားကို။ ယော၊ အကြင်သူသည်။ နာဝ ဗုဇ္စျတိ၊ မသိသလျှင်ကတည်း။ အတိသီမစရော၊ အပိုင်း အခြားကို လွန်၍ ကျင့်၏။ ဒိတ္တော၊ ကြမ်း တမ်း၏။ အတီတသာသနော၊ အဆုံးအမကို လွန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေ၊ ထိုသူတို့သည်။ ဝုဒ္ဓသာသနံ၊ ကြီးသောသူတို့၏ အဆုံးအမကို။ အကတွာ၊ နားမထောင်မူ၍။ ဂိဇ္ဈောဝ၊ မိဂါလောပ လင်းတကဲ့သို့။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ပပ္ပေါန္တိ၊ ရောက်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်ဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အပနန္ဒမည်သော လင်းတမင်း ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကြီးသူဆုံးမ၊ လွန်ပါက၊ မုချပျက်စီးရာ

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော မိဂါလောပဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - အဝါရိယဝဂ်

၇။ သိရီကာဠကဏ္ဏီဇာတ်

ကောင်းသောအကျင့်သီလသည် ကျက်သရေမည်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကာနု ကာဠေန ဝဏ္ဏေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသိရီကာဠကဏ္ဏီဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အနထပိဏ်သူဌေးကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအနာထပိဏ်သူဌေးသည် သောတာပတ္တိဖိုလ်၌ တည်သောကာလမှစ၍ ပဉ္စသီတို့ကို မကျိုးမပျက်သည်တို့ကိုပြု၍ စောင့်၏။ အနာထပိဏ်သူဌေး၏ မယားသည်လည်းကောင်း၊ သားသမီးတို့သည်လည်းကောင်း၊ အခကိုယူ၍ အမှုတို့ကိုလုပ်ကုန်သော ခပ်သိမ်းကုန်သော သူတို့သည်လည်းကောင်း စောင့်ကုန်သလျှင်တည်း။ ထိုအခါ တစ်နေ့သ၌ ရဟန်းတို့သည် ငါ့ရှင်တို့ အနာထပိဏ်သူဌေးသည် စင်ကြယ်၏။ စင်ကြယ်သော အခြံအရံရှိသည်ဖြစ်၍ သွား၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ ပညာရှိတို့သည်သာလျှင် စင်ကြယ်ကုန်သည် စင်ကြယ်သော အခြံအရံရှိကုန်သည် မဟုတ်ကုန်သေး၊ ရှေးပညာရှိတို့သည်လည်း စင်ကြယ်ကုန်သည် စင် ကြယ်သော အခြံအရံရှိကုန်သည် ဖြစ်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူဌေးဖြစ်၍ အလှူပေး၏။ သီလဆောက်တည်၏။ ဥပုသ်ဆောက်တည်၏။ ထိုသူဌေး၏ မယားသည်လည်းကောင်း၊ သားသမီးတို့သည်လည်းကောင်း၊ ကျွန်အမှုလုပ်ယောက်ျားတို့သည်လည်းကောင်း၊ ပဉ္စသီတို့ကို စောင့်ကုန်၏။ ထိုသူဌေးသည် သုစိပရိဝါရ သူဌေးဟူ၍ ထင်ရှား၏။

သီလရှိသူကို ကိုးကွယ်မည်

ထိုသူဌေးသည် ငါ့ထက် သီလဖြင့်စင်ကြယ်သော တစ်စုံတစ်ယောက်သော သူသည် အကယ်၍ လာသည်ဖြစ်အံ့၊ ထိုသူအား ငါ၏ပလ္လင်၌ အိပ်ရာနေရာကို ပေးအံ့သောငှာ မလျော်၊ မသုံးဆောင်သေးသော နေရာကို ငါသည် ပေးခြင်းငှာ သင့်၏ ဟု မိမိနေရာ အရပ်၌လျှင် နံပါးတစ်ဖက်၌ မသုံးဆောင်သေးသော ပလ္လင်ကိုလည်းကောင်း၊ မသုံး ဆောင်သေးသော အိပ်ရာကိုလည်းကောင်း ခင်းစေ၏။

အနဝတတ်အိုင်

ထိုအခါ စတုမဟာရာဇ်နတ်ပြည်မှ ဝိရူပက္ခနတ်မင်းကြီး၏ ကာဠကဏ္ဏီ မည်သော သမီးသည်လည်းကောင်း၊ ဓတရဋ္ဌနတ်မင်းကြီး၏ သိရီမည်သော သမီးသည်လည်းကောင်း၊ နှစ်ယောက်ကုန်သော နတ်သမီးတို့သည် များစွာကုန်သော ပန်းတို့ကို ယူကုန်၍ အနဝတတ် အိုင်၌ ကစားကုန်အံ့ ဟု အနဝတတ်အိုင်သို့ သွားကြကုန်၏။ ထိုအနဝတက်အိုင်၌ များစွာကုန်သော ရေဆိပ်တို့သည် ရှိကုန်၏။ ထိုဆိပ်တို့တွင် သဗ္ဗညူ မြတ်ဘုရားတို့၏ဆိပ်၌ သဗ္ဗညူ မြတ်စွာဘုရားတို့သည်သာလျှင် ရေချိုးကုန်၏။ ပစ္စေကဗုဒ္ဓါတို့၏ဆိပ်၌ ပစ္စေကဗုဒ္ဓါတို့သည်သာလျှင် ရေချိုးကုန်၏။ ရဟန်းတို့၏ဆိပ်၌ ရဟန်းတို့သည်သာလျှင် ရေချိုးကုန်၏။ ရသေ့တို့၏ဆိပ်၌ ရသေ့တို့သည်သာလျှင် ရေချိုးကုန်၏။ စာတုမဟာရာဇ် အစရှိကုန်သော ကာမာဝစရနတ်ပြည် ခြောက်ထပ်၌ နေကုန်သော နတ်သားတတို့၏ဆိပ်၌ နတ်သားတို့သည်သာလျှင် ရေချိုးကုန်၏။ နတ်သမီးတို့၏ ဆိပ်၌ နတ်သမီးတို့သည်သာလျှင် ရေချိုးကုန်၏။

နတ်သမီး၂-ပါး အငြင်းပွားပုံ

ထိုဆိပ်သို့ လာလတ်၍ နှစ်ယောက်ကုန်သော နတ် သမီးတို့သည် ငါသည် ရှေးဦးစွာ ရေချိုးအံ့၊ ငါသည် ရှေးဦး ရေချိုးအံ့ ဟု ရေချိုးဆိပ်၌ ငြင်း ခုံခြင်းကို ပြုကုန်၏။ ကာဠကဏ္ဏီ နတ်သမီးသည် ငါသည် လောကကို စီရင်၏။ ထိုကြောင့် ငါသည် ရှေးဦးစွာ ရေချိုးခြင်းငှာ သင့်၏ ဟုဆို၏။ သိရီနတ်သမီးသည် ငါသည် လူအများအား အစိုးရခြင်းကို ပေးတတ်သောအကျင့်၌ တည်၏။ ထို့ကြောင့် ငါသည် ရှေးဦးစွာ ရေချိုးအံ့သောငှာ သင့်၏ ဟု ဆို၏။ ထိုနတ်သမီးတို့သည် ငါတို့သည် ရှေးဦးစွာ ရေချိုအံ့သောငှာ သင့်သောသဘောကို နတ်မင်းကြီးလေးယောက်တို့သည် သိကုန်လတ္တံ့ ဟု ထိုနတ်မင်းကြီးတို့၏ အထံသို့ သွား၍ ငါတို့တွင် အဘယ်သူသည် ရှေးဦးစွာ အနဝတတ်အိုင်၌ ရေချိုးခြင်းငှာ သင့်သော သဘောရှိသနည်း ဟု မေးကုန်၏။ ဓတရဋ္ဌနတ်မင်း ဝိရူပက္ခနတ်မင်းတို့သည် ငါတို့သည် ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်ကုန် ဟု ဝိရူဠက

နတ်မင်း, ကုဝေရ နတ်မင်းတို့၏ ဝန်ကို ပြုကုန်၏။ ဝိရူဠကနတ်မင်း ကုဝေရနတ်မင်းတို့သည်လည်း မတတ်နိုင်ကုန်၊ သိကြားမင်း၏ ခြေရင်းသို့ စေကုန်အံ့ဟု ထိုနတ်သမီးတို့ကို သိကြားမင်းအထံသို့ စေကုန်၏။ သိကြားမင်းသည် နတ်သမီးတို့၏ စကားကို ကြား၍ ဤနှစ်ယောက်ကုန်သော နတ်သမီးတို့၏ တရားကို ငါဆုံးဖြတ်ခြင်းငှာ မတတ်ကောင်း ဟု ကြံ၏။

သိကြမင်း ညွှန်ကြားပုံ

ထိုအခါ သိကြားမင်းသည် ဗာရာဏသီပြည်၌ သုစိပရိဝါရသူဌေးသည် ရှိ၏။ အိမ်၌ မသုံး ဆောင်သေးသော နေရာကို ခင်းအပ်၏။ အကြင် နတ်သမီးသည် ထိုအိမ်၌ ထိုင်ခြင်းကိုလည်းကောင်း အိပ်ခြင်းကိုလည်းကောင်း ရ၏။ ထိုနတ်သမီးသည် ရှေးဦး ရေချိုးခြင်းငှာ သင့်သော သဘောရှိ၏ ဟု ဆို၏။

ကဠကဏ္ဏီ သူဌေးအိမ် သွားပြီ

ထိုစကားကိုကြား၍ ထိုကာဠကဏ္ဏီ နတ်သမီးသည် ထိုခဏ၌လျှင် ညိုသော အဝတ်ကိုဝတ်၍ ညိုသော နံ့သာ ပျောင်းကို လိမ်း၍ ညိုသော ပတ္တမြားတန်ဆာကိုဆင်၍ ယန္တရား၌ ထားအပ်သော ကျောက်ကဲ့သို့ နတ်ပြည်မှ သက်၍ မဇ္ဈိမယာမ်၏ အတွင်း၌ သူဌေးပြာသာဒ်၏ ထွက်ဝင်ရာ တံခါး၌ အိပ်ရာ၏ အနီးဖြစ်သော အရပ်၌ ညိုသောအရောင်ကိုလွှတ်၍ ကောင်းကင်၌ တည်၏။

သင် ဘယ်သူလဲ

သူဌေးသည် ကြည့်လတ်သော် ထိုနတ်သမီးကို မြင်၏။ မြင်ကာမျှဖြင့်လျှင် ထိုနတ်သမီးအား မချစ်မနှစ်သက်ခြင်းသည် ဖြစ်၏။ သူဌေးသည် ထိုနတ်သမီးနှင့်တကွ စကား ပြောလိုရကား-

၄၀။ ကာနု ကာဠေန ဝဏ္ဏေန၊ န စာပိ ပိယဒဿနာ။
ကာ ဝါ တွံ ကဿ ဝါ ဓီတာ၊ ကထံ ဇာနေမု တံ မယံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၄၀။ ဘဒ္ဒေ၊ ရှင်မ။ တွံ၊ ရှင်မသည်။ ကာဠေန၊ မည်းသော။ ဝဏ္ဏေန၊ အဆင်းဖြင့်။ ပိယဒဿနာ၊ ချစ်အပ်သော အဆင်းရှိသည်။ န စာပိ အသိ၊ မဖြစ်သလျှင်ကတည်း။ တွံ၊ သင်သည်။ ကာ နု၊ အဘယ်အမည်ရှိသနည်း။ ကာ ဝါ၊ အဘယ် သူနည်း။ ကဿ ဝါ၊ အဘယ်သူ၏မူလည်း။ ဓီတာ၊ သမီးနည်း။ မယံ၊ ငါတို့သည်။ ကထံ၊ အသို့မူ၍။ တံ၊ သင့်ကို။ ဇာနေမု၊ သိရကုန်အံ့နည်း။

ကာဠကဏ္ဏီ နတ်သမီးပါ

ထိုစကားကိုကြား၍ ကာဠကဏ္ဏီ နတ်သမီးသည်-

၄၁။ မဟဝရာဇဿဟံ ဓီတာ၊ ဝိရူပက္ခဿ စဏ္ဍိယာ။
အဟံ ကာဠီ အလက္ခိကာ၊ ကာဠကဏ္ဏီတိ မံ ဝိဒူ။
ဩကာသံ ယာစိတော ဒေဟိ၊ ဝသေမု တဝ သန္တိကေ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၁။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ အဟံ၊ ငါသည်။ ဝိရူပက္ခဿ၊ ဝိရူပက္ခ အမည်ရှိသော။ မဟာရာဇဿ၊ မဟာရာဇ်နတ်မင်း၏။ စဏ္ဍိယာ၊ ကြမ်းသော။ ဓီတာ၊ သမီးတည်း။ အဟံ၊ ငါသည်။ အလက္ခိကာ၊ သီလ, ပညာ မရှိသော။ ကာဠီ၊ ကာဠီမည်သော နတ်သမီးတည်း။ မံ၊ ငါ့ကို။ ကာဠကဏ္ဏီတိ၊ ကာဠကဏ္ဏီဟူ၍။ ဝိဒူ၊ သိကုန်၏။ တဝ၊ သင်၏။ သန္တိကေ၊ အထံ၌။ ဝသေမု၊ နေလိုကုန်၏။ ယာစိတော၊ တောင်းပန်အပ်သော သင်သည်။ မေ၊ ငါ့အား။ ဩကာသံ၊ နေခွင့်ကို။ ဒေဟိ၊ ပေးလော့။

ဘယ်လိုယောက်ျားကို သဘောကျသနည်း

ထို့နောင်မှ ဘုရားလောင်းသည်-

၄၂။ ကိံသီလေ ကိံသမာစာရေ၊ ပုရိသေ နိဝိသသေ တုဝံ။
ပုဋ္ဌာ မေ ကာဠိ အက္ခာဟိ၊ ကထံ ဇာနေမု တံ မယံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၄၂။ ကာဠိ၊ ကာဠီနတ်သမီး။ တုဝံ၊ သင်သည်။ ကိံသီလေ၊ အဘယ်သီလရှိသော။ ကိံသမာစာရေ၊ အဘယ်အကျင့်ရှိသော။ ပုရိုသေ၊ ယောက်ျား၌။ နိဝိသသေ၊ စိတ်ဖြင့်ဝင်၍ နေသနည်း။ ပုဋ္ဌာ၊ မေးအပ်သော သင်နတ်သမီးသည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။ မယံ၊ ငါတို့သည်။ ကထံ၊ အသို့မူ၍။ တံ၊ သင့်ကို။ ဇာနေမှ၊ သိရကုန်အံ့နည်း။

လူမိုက်ကို သဘောကျသည်

ထို့နောင်မှ ကာဠီနတ်သမီးသည် မိမိ၏ ကျေးဇူးကို ဆိုလိုရကား-

၄၃။ မက္ခီ ပဠာသီ သာရမ္ဘီ၊ ဣဿုကီ မစ္ဆရီ သဌော။
သော မယှံ ပုရိသော ကန္တော၊ လဒ္ဓံ ယဿ ဝိနဿတိ။
၄၄။ ကောဓနော ဥပနာဟီ စ၊ ပိသုဏော ဝိဘေဒကော။
ကဏ္ဍကဝါစော ဖရုသော၊ သော မေ ကန္တတရော တတော။
၄၅။ အဇ္ဇ သုဝေတိ ပုရိသော၊ သဒတ္ထံ နာဝ ဗုဇ္ဈတိ။
ဩဝဇ္ဇမာနော ကုပ္ပတိ၊ သေယျံ သော အတိမညတိ။
၄၆။ ဒဝပ္ပလုဒ္ဓေါ ပုရိသော၊ သဗ္ဗမိတ္တေဟိ ဓံသတိ။
သော မယှံ ပုရိသော ကန္တော၊ တသ္မိံ ဟောမိ အနာမယာ။

ဟူကုန်သော ဤဂါထာတို့ကို ဆို၏။

၄၃။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ မက္ခီ၊ ကျေးဇူးကို ချေတတ်၏။ ပဠာသီ၊ အပြိုင်ပြုတတ်၏။ သာရမ္ဘီ၊ အလွန်ကိုပြုတတ်၏။ ဣဿုကီ၊ ငြူစူတတ်၏။ မစ္ဆရီ၊ ဝန်တိုတတ်၏။ သဌော၊ စဉ်းလဲတတ်၏။ ယဿ၊ အကြင်သူ၏။ လဒ္ဓံ၊ ရအပ်သော စည်းစိမ်ဥစ္စာကို။ ဝိနဿတိ၊ ဖျက်ဆီးတတ်၏။ သော ပုရိသော၊ ထိုယောက်ျားကို။ မယှံ၊ ငါသည်။ ကန္တော၊ နှစ်သက်၏။

၄၄။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ ကောဓနော၊ အမျက်ထွက်တတ်၏။ ဥပနာဟီ စ၊ ရန်ငြိုးလည်း ဖွဲ့တတ်၏။ ပိသုဏော၊ ချောပစ်သောစကားကို ဆိုတတ်၏။ ဝိဘေဒကော၊ အဆွေခင်ပွန်းကိုလည်း ဖျက်တတ်၏။ ကဏ္ဍက ဝါစော၊ ဒေါသရှိသော စကားကို ဆိုတတ်၏။ ဖရုသော၊ ကြမ်းကြုတ်၏။ သော ပုရိသော၊ ထိုယောက်ျားကို။ မေ၊ ငါသည်။ တတော၊ ထိုရှေးဆိုအပ်ပြီးသော ယောက်ျားထက်။ ကန္တတရော၊ လွန်၍ချစ်၏။

၄၅။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ အဇ္ဇ၊ ယနေ့ပြုအပ်သော အမှု။ သုဝေ၊ နက်ဖြန်ပြုအပ်သောအမှု။ ဣတိ၊ ဤသို့။ သဒတ္ထံ၊ မိမိကိစ္စကို။ နာဝ ဗုဇ္စျတိ၊ မသိသလျှင်ကတည်း။ ဩဝဇ္ဇမာနော၊ ဆိုဆုံးမအပ်သည်ရှိသော်။ ကုပ္ပတိ၊ အမျက်ထွက်၏။ သောပုရိသော၊ ထိုယောကျ်ားသည်။ သေယျံ၊ မြတ်သောသူကို။ အတိမညတိ၊ မထီမဲ့မြင် ပြုတတ်၏။

၄၆။ ဒဝပ္ပလုဒ္ဓေါ၊ ကာမဂုဏ်တို့၌ မပြတ် မက်မောတတ်၏။ သဗ္ဗမိတ္တေဟိ၊ ခပ်သိမ်းသော အဆွေ ခင်ပွန်းတို့မှ။ ဓံသတိ၊ ယုတ်၏။ မယှံ၊ ငါသည်။ သော ပုရိသော၊ ထိုယောက်ျားကို။ ကန္တော၊ ချစ်၏။ တသ္မိံ ပုရိသေ၊ ထိုယောကျ်ား၌။ အနာမယာ၊ ဆင်းရဲခြင်း စိုးရိမ်ခြင်း ကင်းသည်ဖြစ်၍။ အဟံ၊ ငါသည်။ ဟောမိ၊ ဖြစ်၏။

နင်ပြန်တော့

ထိုအခါ နတ်သမီးကို ကဲ့ရဲလိုသည်ဖြစ်၍ ဘုရားလောင်းသည်-

၄၇။ အပေဟိ ဧတ္တော တွံ ကာဠိ၊ နေတံ အမှေသု ဝိဇ္ဇတိ။
အညံ ဇနပဒံ ဂစ္ဆ၊ နိဂမေ ရာဇဓာနိယော။

ဟူသော ဤဂါထာကို ဆို၏။

၄၇။ ကာဠိ၊ ကာဠီအမည်ရှိသော နတ်သမီး။ တွံ၊ သင်သည်။ ဧတ္တော၊ ဤအရပ်မှ။ အပေဟိ၊ ဖဲလေလော့။ အမှေသု၊ ငါတို့၌။ ဧတံ၊ ဤကျေးဇူးချေခြင်း အစရှိသောအမှုသည်။ န ဝိဇ္ဇတိ၊ မရှိ။ တွံ၊ သင်သည်။ နိဂမေ စ၊ နိဂုံး၌လည်းကောင်း။ ရာဇဓာနိယေ စ၊ မင်းနေပြည်၌ လည်းကောင်း။ အညံ၊ တပါးသော။ ဇနပဒံ၊ ဇနပုဒ်သို့။ ဂစ္ဆ၊ သွားလေလော့။

ထိုစကားကို ကြား၍ ကာဠကဏ္ဏီနတ်သမီးသည် ရှက်နိုးသည်ဖြစ်၍-

၄၈။ အဟမ္ပိ ခေါ တံ ဇာနာမိ၊ နေတံ တုမှေသု ဝိဇ္ဇတိ။
သန္တိ လောကေ အလက္ခိကာ၊ သင်္ဃရန္တိ ဗဟုံ ဓနံ။
အဟံ ဒေဝေါ စ မေ ဘာတာ၊ ဥဘော နံ ဝိဓမာမသေ။

ဟူသော အခြားမဲ့သော ဤဂါထာကို ဆို၏။

၄၈။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ အဟမ္ပိ ခေါ၊ ငါသည်လည်း။ တုမှေသု၊ သင်တို့၌။ ဧတံ၊ ထိုကျေးဇူးချေခြင်း အစရှိသောအမှုသည်။ န ဝိဇ္ဇတိ၊ မရှိဟူ၍။ တံ၊ ထိုအကြောင်းကို။ ဇာနာမိ၊ သိ၏။ လောကေ၊ လောက၌။ အလက္ခိကာ၊ သီလ ပညာ မရှိကုန်သော သူတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ၊ ထိုသူတို့သည်လည်း။ ဗဟုံဓနံ၊ များစွာသော ဥစ္စာကို။ သင်္ဃရန္တိ၊ ပေါင်းစုကုန်၏။ နံ၊ ထိုဥစ္စာကို။ အဟဉ္စ၊ ငါသည်လည်းကောင်း။ မေ၊ ငါ၏။ ဘာတာ၊ မောင်ဖြစ်သော။ ဒေဝေါ စ၊ ဒေဝအမည်ရှိသော နတ်သားသည်လည်းကောင်း။ ဥဘော၊ နှစ်ယောက်ကုန်သော မောင်နှမဖြစ်ကုန်သော ငါတို့သည်။ ဝိဓမာမသေ၊ ဖျက်ဆီးကုန်၏။

သိရီနတ်သမီး သူဌေးအိမ်ရောက်ခြင်း

ဤသို့ဆို၍ ဖဲ့လေ၏။ ထိုကဠကဏ္ဏီ နတ် သမီး ဖဲသောကာလ၌ သိရီနတ်သမီးသည် ရွှေအဆင်းရှိကုန်သော အဝတ်, နံ့သာပျောင်းတို့ဖြင့် ရွှေသောအဆင်းရှိသော တန်ဆာဖြင့်လျှင် တန်ဆာဆင်လျက် သွား၍ ထွက်ဝင်ရာ တံခါး၌ ရွှေသောအရောင်ကို လွှတ်လျက် ညီညွတ်သော

ခြေတို့ဖြင့် ညီညွတ်စွာ မြေ၌တည်၍ ရိုသေခြင်းနှင့်တကွ ရပ်၏။

သင်ဘယ်သူလဲ

ထိုသိရီနတ်သမီးကို မြင်၍ ဘုရားလောင်းသည်-

၄၉။ ကာနု ဒိဗ္ဗေန ဝဏ္ဏေန၊ ပထဗျာ သုပတိဋ္ဌိတော။
ကာ ဝါ တွံ ကဿ ဝါ ဓီဘာ၊ ကထံ ဇာနေမု တံ မယံ။

ဟူသော ရှေးဦးသော ဤဂါထာကိုဆို၏။

၄၉။ ဘဒ္ဒေ၊ ရှင်မ။ တွံ၊ သင်သည်။ ဒိဗ္ဗေန၊ နတ်၌ ဖြစ်သော။ ဝဏ္ဏေန၊ အဆင်းဖြင့်။ ပထဗျာ၊ မြေ၌။ သုပတိဋ္ဌိတော၊ ကောင်းစွာ တည်၏။ တွံ၊ သင်သည်။ ကာ နု၊ အဘယ် အမည်ရှိသနည်း။ ကာ ဝါ၊ အဘယ်သူနည်း။ ကဿ ဝါ၊ အဘယ်သူ၏မူလည်း။ ဓီတာ၊ သမီးနည်း။ မယှံ၊ ငါတို့သည်။ ကထံ၊ အသို့မူ၍လျှင်။ တံ၊ သင့်ကို။ ဇာနေမု၊ သိရကုန်အံ့နည်း။

ဘုရားလောင်း၏စကားကို ကြား၍ သိရီနတ်သမီး သည်-

၅၀။ မဟာရာဇဿဟံ ဓီတာ၊ ဓတရဋ္ဌဿ သိရီမတော။
အဟံ သိရီ စ လက္ခီ စ၊ ဘူရိပညာတိ မံ ဝိဒူ။
ဩကာသံ ယာစိဆော ဒေဟိ၊ ဝသေမု တဝ သန္တိကေ။

ဟူသော ဤဂါထာကိုဆို၏။

၅၀။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ အဟံ၊ ငါသည်။ သိရီမတော၊ ပညာရှိသော။ ဓတရဋ္ဌဿ၊ ဓတရဋ္ဌအမည်ရှိသော။ မဟာရာဇဿ၊ မဟာရာဇ်နတ်မင်း၏။ ဓိတာ၊ သမီးတည်း။ အဟံ၊ ငါသည်။ သိရီ စ၊ သိရီလည်းမည်၏။ လက္ခီ စ၊ လက္ခီလည်း မည်၏။ မံ၊ ငါ့ကို။ ဘူရိပညာတိ၊ မြေကြီးနှင့်တူသော ကြီးသော ပညာရှိသော နတ်သမီးဟူ၍။ ဝိဒူ၊ သိကုန်၏။ တဝ၊ သင်၏။ သန္တိကေ၊ အထံ၌။ ဝသေမု၊ နေလိုကုန်၏။ ယာစိတော၊ တောင်းပန်အပ်သော သင်သည်။ မေ၊ ငါ့အား။ ဩကာသံ၊ အခွင့်ကို။ ဒေဟိ၊ ပေးလော့။

သင် ဘယ်လိုယောကျ်ားကို သဘောကျသနည်း

နတ်သမီး၏ စကားကိုကြား၍ ဘုရားလောင်းသည် -

၅၁။ ကိံသီလေ ကိံသမာစာရေ၊ ပုရိသေ နိဝိသေ တုဝံ။
ပုဋ္ဌာ မေ လက္ခီ အက္ခာဟိ၊ ကထံ ဇာနေမု တံ မယံ။

ဟူသော ဤဂါထာကို ဆို၏။

၅၁။ လက္ခီ၊ လက္ခီမည်သော နတ်သမီး။ တုဝံ၊ သင်သည်။ ကိံသီလေ၊ အဘယ်သို့ သီလရှိသော။ ကိံသမာစာရေ၊ အဘယ်သို့ အကျင့်ရှိသော။ ပုရိသေ၊ ယောကျ်ား၌။ နိဝိသေ၊ စိတ် နှလုံး သက်ဝင်၍ နေသနည်း။ ပုဋ္ဌာ၊ မေးအပ်သော သင်နတ် သမီးသည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားလော့။ မယံ၊ ငါတို့သည်။ ကထံ၊ အသို့မူ၍လျှင်။ တံ၊ သင့်ကို။ ဇာနေမု၊ သိရကုန်အံ့နည်း။

သူတော်ကောင်းကို သဘောကျသည်

ဘုရားလောင်း၏ စကားကိုကြား၍ သိရီနတ်သမီးသည်-

၅၂။ ယောစာပိ သီတေ အထ ဝါပိ ဥဏှေ၊
ဝါတာတပေ ဍံသသရီသပေစ။
ခုဓံ ပိပါသံ အဘိဘုယျ သဗ္ဗံ၊
ရတ္တိန္ဒိဝံ ယော သတံ နိယုတ္တော။
၅၃။ ကာလာဂတဉ္စ န ဟာပေတိ အတ္ထ့၊
သောမေ မနာပေါ နိဝိသေ စ တမှိ။
အက္ကောဓနော မိတ္တ ဝါ စာဂဝါ စ၊
သီလူပပန္နော အသဌော ဇုဘူတော။
၅၄။ သင်္ဂါဟကော သခိလော သဏှဝါစော၊
မဟတ္တပတ္တောပိ နိဝါတဝုတ္တိ။
တသ္မိံဟံ ပေါသ ဝိပုလာ ဘဝါမိ၊
ဦမိ သမုဒ္ဒဿ ယထာပိ အဏ္ဏဝံ။
၅၅။ ယောစာပိ မိတ္တေ အထဝါ အမိတ္တေ၊
သေဋ္ဌေ သရိက္ခေ အထဝါပိ ဟီနေ။
အတ္ထံ စရန္တံ အထဝါ အနတ္ထံ၊
အာဝီ ရဟော သင်္ဂဟမေဝ ဝတ္တေ။
၅၆။ ဝါစံ န ဝဇ္ဇာ ဖရုသံ ကဒါစိ၊
မတဿ ဇီဝဿ စ တဿ ဟောမိ။
ဧတေသံ ယော အညတရံ လဘိတွာ၊
ကန္တာ သိရီ မဇ္ဈတိ အပ္ပပညော။
တံ ဒိတ္တရူပံ ဝိသမံ စရန္တံ၊ ကရီသဌာနံဝ ဝိဝဇ္ဇယာမိ။
၅၇။ အတ္တနာ ကုရုတေ လက္ခိံ၊ အလက္ခိံ ကုရုတေတ္တနာ။
န ဟိ လက္ခိံ အလက္ခိံ ဝါ။ အညော အညဿ ကာရကော။

ဟူသော ဤဂါထာတို့ကို ဆို၏။

၅၂။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ သီတေ စာပိ၊ ချမ်းသော်လည်းကောင်း။ အထ၊ ထို မြို့။ ဥဏှေ စာပိ၊ ပူသော်လည်းကောင်း။ ဝါတာတပေ စ၊ လေ, နေပူရှိသော်လည်းကောင်း။ ဍံသသရီသပေ စ၊ မှက်, ခြင် မြွေ ကင်း သန်းရှိသော်လည်းကောင်း။ နိယုတ္တော၊ လုံ့လပြု၏။ ယော စ ပုရိသော၊ အကြင်ယောက်ျားသည်လည်း။ သဗ္ဗံ၊ အလုံးစုံသော။ ခုဓံ ပိပါသံ၊ ဆာလောင် ငတ်မွတ်ခြင်းကို။ အဘိဘုယျ၊ နှိပ်စက်၍။ ရတ္တိန္ဒိံဝံ၊ ညဉ့်နေ့ပတ်လုံး။ သတတံ၊ မပြတ်။ နိယုတ္တော၊ လုံ့လ ပြု၏။

၅၃။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ ကာလာဂတံ၊ ကာလ၌ရောက်သော။ အတ္ထဉ္စ၊ အကျိုးကိုလည်း။ န ဟာပေတိ၊ မယုတ်စေ။ သော ပုရိသာ၊ ထိုယောကျ်ားကို။ မေ၊ ငါသည်။ မနာပေါ၊ နှစ်သက်၏။ တမှိ၊ ထိုယောကျ်ား၌။ အဟံ၊ သည်။ နိဝိသေ စ၊ စိတ်ဖြင့်ဝင်၍ နေသလျှင်ကတည်း။ ယော ပုရိသော၊ အကြင်ယောကျ်ားသည်။ အက္ကောဓနော၊ အမျက်မထွက်တတ်။ မိတ္တဝါ စ၊ အဆွေ ခင်ပွန်းကောင်းလည်း ရှိ၏။ စာဂဝါ စ၊ စွန့်ကြဲခြင်းလည်းရှိ၏။ သီလူပပန္နော၊ သီလနှင့် ပြည့်စုံ၏။ အသဌော၊ မစဉ်းလဲ။ ဥဇုဘူတော၊ ဖြောင့်စွာဖြစ်၏။

၅၄။ သင်္ဂါဟကော၊ သင်္ဂြိုဟ်ခြင်းကို ပြုတတ်၏။ သခိလော၊ ပြေပြစ်၏။ သဏှဝါစော၊ သိမ်မွေ့သော စကားရှိ၏။ မဟတ္တပတ္တောပိ၊ ကြီးမြတ်သော အဖြစ်သို့ ရောက်သော်လည်း။ နိဝါတဝုတ္တိ၊ နှိမ့်ချသော ဖြစ်ခြင်းရှိ၏။ သမုဒ္ဒဿ၊ သမုဒ္ဒရာ၏။ ဝဏ္ဏံ၊ အဆင်းကို။ ဩလောကေန္တီ၊ ကြည့် သည်ရှိသော်။ ဦမိ၊ အဆင့်ဆင့်သော လှိုင်းတံပိုးသည်။ ပညာယတိ ယထာပိ၊ ထင်သကဲ့သို့လည်း။ ဧဝံ တထာ၊ ထို့အတူ။ အဟံ၊ ငါသည်။ တသ္မိံ ပေါသေ၊ ထိုယောက်ျား၌။ ဝိပုလာ၊ ပီတိအဟုန်ဖြင့် ပြန့်ပြောသည်။ ဘဝါမိ၊ ဖြစ်၏။

၅၅။ ယော စာပိ၊ အကြင်ယောကျ်ားသည်လည်း။ မိတ္တေ စ၊ အဆွေခင်ပွန်း၌ လည်းကောင်း။ အထဝါ၊ ထိုမြို့။ အမိတ္တေ စာပိ၊ အဆွေခင်ပွန်း မဟုတ်သော သူ၌လည်းကောင်း။ သေဋ္ဌေ စ၊ မြတ်သောသူ၌ လည်းကောင်း။ အထဝါ၊ ထိုမြို့။ သရိက္ခေ စ၊ တူသောသူ၌လည်းကောင်း။ ဟီနေပိ၊ ယုတ်သော သူ၌လည်းကောင်း။ အတ္ထံ၊ အကျိုးကို။ စရန္တံ၊ ကျင့်သောသူ၌ လည်းကောင်း။ အာဝိ၊ မျက်မှောက်၌လည်းကောင်း။ ရဟော၊ မျက်ကွယ်၌ လည်းကောင်း။ သင်္ဂဟမေဝ၊ သင်္ဂြိုဟ်ခြင်းကိုသာလျှင်။ ဝတ္တေ၊ ကျင့်၏။

၅၆။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ ကဒါစိ၊ တစ်ရံတစ်ဆစ်၌။ ဖရုသံ၊ ကြမ်းသော။ ဝါစံ၊ စကားကို။ န ဝဇ္ဇာ၊ မဆို။ မတဿ စ၊ သေသော်လည်းကောင်း။ ဇီဝဿ စ၊ အသက်ရှင်သော်လည်းကောင်း။ တဿ၊ ထိုသူ၏။ မိတ္တံ၊ အဆွေခင်ပွန်းသည်။ ဟောမိ၊ ဖြစ်၏။ ဧတေသု၊ ထိုသို့ဆိုအပ်ပြီးသော ယောကျ်ားတို့တွင်။ ယော၊ အကြင်သူသည်။ ကန္တိံ၊ နှစ်သက်ဖွယ်သော။ သိရိံ၊ အသရေကို။ လဘိတွာ၊ ရ၍။ အညတရံ၊ တစ်ပါးပါးသော ဂုဏ်ကျေးဇူးကို။ သမိဇ္ဈတိ၊ ပြည့်စုံစေ၏။ တဿ ပုရိသဿ၊ ထိုယောကျ်ား၏။ မိတ္တံ၊ အဆွေခင်ပွန်းသည်။ ဟောမိ၊ ဖြစ်၏။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ အပ္ပပညော၊ နည်းသောပညာရှိ၏။ ဒိတ္တရူပံ၊ ကြမ်းကြုတ်သော သဘောရှိသော။ ဝိသမံ၊ မညီမညွတ်သော အကျင့်ကို။ စရန္တံ၊ ကျင့်သော။ တံ ပုရိသံ၊ ထိုယောက်ျားကို။ အဟံ၊ ငါသည်။ ကရီသဌာနံဝ၊ ကျင်ကြီးစွန့်ရာ အရပ်ကိုကဲ့သို့။ ဝိဝဇ္ဇယာမိ၊ ကြဉ်၏။

၅၇။ လက္ခိံ၊ သီလပညာကို။ အတ္တနာ၊ မိမိသည်။ ကုရုတေ၊ ပြု၏။ အလက္ခိံ၊ သီလပညာ မရှိခြင်းကို။ အတ္တနာ၊ မိမိသည် ကုရုတေ၊ ပြု၏။ ဟိ သစ္စံ၊ မှန်၏။ အညော၊ တစ်ယေက်သောသူသည်။ အညဿ၊ တစ်ယောက်သောသူ၏။ လက္ခိံ ဝါ၊ သီလပညာကိုလည်းကောင်း။ အလက္ခိံ ဝါ၊ သီလပညာမရှိခြင်းကိုလည်းကောင်း။ န ကာရကော၊ မပြုနိုင်။

ဤနေရာတွင်ထိုင်လေ

ဤသို့ဆိုသည်ရှိသော် ဘုရားလောင်းသည်လည်း သိရီ နတ်သမီး၏ စကားကို နှစ်သက်၍ မသုံးဆောင်သေးသော ဤနေရာသည် သင်သာလျှင် လျှောက်ပတ်၏။ နိသီဒိုင်၌ ထိုင် ဟု ဆို၏။

သိရီနတ်သမီးသည် ထိုအိပ်ရာ၌နေ၍ မိုး သောက်ကာလ၌ ထွက်၍ စာတုမဟာရဇ် နတ်ပြည်သို့သွား၍ အနဝတတ်အိုင်၌ ရှေးဦးစွာ ရေချိုးခြင်းကိုလည်း ရ၏။ အိပ်ရာသည် သိရီနတ်သမီးသည် သုံးဆောင်သည်၏ အဖြစ်နှင့် သိရီသယန မည်၏။ ဤအနွယ်သည် သိရီသယန၏ အနွယ်တည်း၊ ဤသို့သော အကြောင်းဖြင့် ယနေ့ထက်တိုင်အောင်လည်း သိရီသယန ဟူ၍ ဆိုအပ်၏။

ဇာတ်ပေါင်း... မြတ်ဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ သိရီနတ်သမီး ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သုစိပရိဝါရ သူဌေးဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

အကျင့်သိက္ခာ၊ ရှိသူသာ၊ သင့်ရာ မြတ်နေရာ

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သိရီကာဠကဏ္ဏီဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - အဝါရိယဝဂ်

၈။ ကုက္ကုဋဇာတ်

မိန်းမတို့၏ ဖျားယောင်းခြင်းသို့ မလိုက်ပါသင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သုစိတ္တပတ္တဆဒန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုက္ကုဋဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း... အဘယ့်ကြောင့် ငြီးငွေ့သနည်း ဟု မေးတော်မူလတ်၍ အရှင်ဘုရား တန်ဆာဆင်အပ်သော မိန်းမတစ်ယောက်ကိုမြင်၍ ကိလေ သာ၏ အစွမ်းဖြင့် ငြီးငွေ့၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း... မိန်းမတို့သည် လှည့်ပတ်ဖြားယောင်း၍ မိမိအလိုသို့ ရောက်သောကာလ၌ ပျက်စီးခြင်းသို့ ရောက်စေကုန်၏။ လျှပ်ပေါ်သော ကြောင်မကဲ့သို့ဖြစ်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကြက် အမျိုး၌ဖြစ်၍ များစွာသော ကြက်အပေါင်းခြံရံလျက် တော၌ နေ၏။ အနီး၌ တစ်ခုသော ကြောင်မသည်လည်း နေ၏။ ထိုကြောင်မသည် ဘုရားလောင်းကိုထား၍ ကြွင်းသော ကြက်တို့ကို ဥပါယ်ဖြင့် လှည့်ပတ်၍ စား၏။ ဘုရားလောင်းသည် ထိုကြောင်မ၏ လာခြင်းကို အလိုမရှိ။

ကြောင်မ သွေးဆောင်ပုံ

ထိုကြောင်မသည် ဤကြက်သည် အလွန်လျှင် လိမ္မာ၏။ ငါ၏ ဥပါယ်၌ လိမ္မာသည်၏ အဖြစ်ကို မသိ၊ ငါသည် ဤကြက်ကို “သင်၏ မယားဖြစ်အံ့” ဟု ဖျားယောင်း၍ မိမိအလိုသို့ လိုက်သောကာလ၌ စားခြင်းငှာ သင့်၏ ဟု ထိုကြောင်မသည် ဘုရားလောင်းနေသော သစ်ပင်ရင်း သို့သွား၍ ချီးမွမ်းခြင်း၊ ရှေးရှိသော စကားဖြင့် ဘုရားလောင်းကိုတောင်းပန်လိုရကား-

၅၈။ သုစိတ္တပတ္တဆဒန၊ တမ္ဗစူဠဝိဟင်္ဂမ။
ဩရောဟ ဒုခသာခါယ၊ မုဓာ ဘရိယာ ဘဝါမိ တေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၅၈။ သုစိတ္တပတ္တဆဒန၊ အလွန်ဆန်းကြယ်သော အတောင်တို့ဖြင့် ဖုံးလွှမ်းအပ်သော။ တမ္ဗစူဠဝိဟင်္ဂမ၊ နီသော ဦးစွန်းရှိသောငှက်။ ဒုမသယခါယ၊ သစ်ခက်မှ။ ဩရောဟ၊ သက်ခဲ့လော့။ မုဓာ၊ အချည်းနှီးဖြင့်သာ။ တေ၊ သင်၏။ ဘရိယာ၊ မယားသည်။ ဘဝါမိ၊ ဖြစ်အံ့။

မျိုးတူလင်ကိုရှာလော့

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ဤကြောင်မသည် ငါ၏ ခပ်သိမ်းကုန်သော အဆွေအမျိုးတို့ကို စားအပ်ပြီ၊ ယခုအခါ ငါ့ကို ဖြားယောင်း၍ စားလို၏။ ထိုကြောင်မကို လွှတ် လိုက်အံ့ ဟု ကြံ၍-

၅၉။ စတုပ္ပဒီ တွံ ကလျာဏိ၊ ဒွိပဒါဟံ မနောရမေ၊
မိဂီ ပက္ခီ အသညုတ္တာ၊ အညံ ပရိယေသ သာမိကံ။

ဟူသော နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဤဂါထာ ကိုဆို၏။

၅၉။ ကလျာဏိ၊ ကောင်းသော။ မနောရမေ၊ နှလုံးကို မွေ့လျော်စေတတ်သော။ မိဂီ၊ ကြောင်မ။ တွံ၊ သင်သည်။ စတုပ္ပဒီ၊ အခြေလေးချောင်းရှိ၏။ အဟံ၊ ငါသည်။ ဒွိပဒေါ၊ အခြေနှစ်ချောင်းရှိ၏။ တွံ၊ သင်သည်။ မိဂီ၊ ကြောင်မတည်း။ အဟံ၊ ငါသည်။ ပက္ခီ၊ ကြက်တည်း။ တေသံ၊ ထိုကြောင်, ကြက်တို့၏။ အသညုတ္တာ၊ လင်မယားဖြစ်ခြင်းငှာ မလျော်။ အညံ၊ တစ်ပါးသော၊ သာမိကံ၊ လင်ကို။ ပရိယေသ၊ ရှာလေလော့။

ကျွန်ခံပါ့မယ်

ထိုစကားကိုကြား၍ ထိုကြောင်မသည် ဤကြက်သည် အလွန်လိမ္မာ၏။ တစ်စုံတစ်ခုသော အကြောင်းဖြင့် လှည့်ပတ်၍ စားအံ့ဟု ကြံ၍-

၆၀။ ကောမာရိကာ တေ ဟေဿာမိ၊ မဉ္ဇုကာ ပိယဘာဏိနီ။
ဝိန္ဒ မံ အရိယေန ဝေဒေန၊ သာဝယ မံ ယဒိစ္ဆသိ။

ဟူသော သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၆၀။ ကုက္ကုဋ၊ ကြက်။ အဟံ၊ ငါသည် တေ၊ သင်၏။ ကောမာရိကာ၊ သူငယ်မစင်စစ် အပျိုကညာစင်ဖြစ်သော။ မဉ္ဇုကာ၊ သာယာသော အသံရှိသော။ ပိယဘာဏိနီ၊ ချစ်ဖွယ် သော စကားကို ဆိုတတ်သောမယားသည်။ ဟောမိ၊ ဖြစ်အံ့။ တွံ၊ သင်သည်။ အရိယေန၊ အပြစ်ကင်းသော။ ဝေဒေန၊ ရခြင်းဖြင့်။ မံ၊ ငါ့ကို။ ဝိန္ဒ၊ ရလော့။ မံ၊ ငါ့ကို။ ယဒိစ္ဆသိ၊ ကျွန်အဖြစ်ဖြင့် ကြားခြင်းငှာ အလိုရှိသည်ဖြစ်အံ့။ သာဝယ၊ တစ်ဆယ့်နှစ်ယူဇနာရှိသာ ဗာရာဏသီပြည်၌ ကျွန်အဖြစ်ကို ကြားလော့။

ဟဲ့-ကြက်သူခိုး

ထို့နောင်မှ ဘုရားလောင်းသည် ကြောင်မကို ခြိမ်းခြောက်၍ ပြေးစိမ့်သောငှာ သင့်၏ ဟု ကြံ၍-

၆၁။ ကုဏပါဒီနိ လောဟိတပေ၊ စောရိ ကုက္ကုဋပေါထိနိ။
န တွံ အရိယေန ဝေဒေန၊ မမံ ဘတ္တာရ မိစ္ဆသိ။

ဟူသော လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။

၆၁။ ကုဏပါဒီနိ၊ အကောင်ပုပ် အစရှိသည်တို့ကို စားလေ့ရှိသော။ လောဟိတပေ၊ သွေးကို သောက်တတ်သော။ ကုက္ကူပေါထိနိ၊ ကြက်တို့ကို သတ်တတ်သော။ စောရိ၊ ခိုးသူမ။ တွံ၊ သင်သည်။ အရိယေန၊ အပြစ်ကင်းသော။ ဝေဒေန၊ ရခြင်းဖြင့်။ မံ၊ ငါ့ကို။ ဘတ္တာရံ၊ မိမိလင်ကို။ ကာတုံ၊ ပြုအံ့သောငှာ။ န ဣစ္ဆသိ၊ အလိုမရှိလင့်။

နှုတ်ချိုသူကို သတိထား

ထိုကြောင်မသည် ပြေး၍လျှင် သွား၏။ တဖန် ပြန်၍ ကြည့်အံ့သောငှာ မဝံ့။ ဤအတိတ်ကို ဆောင်တော်မူ၍ သဗ္ဗညူ မြတ်စွာဘုရားသည်-

၆၂။ ဧဝမ္ပိ စတုရာ နာရီ၊ ဒိသွာန သဓနံ နရံ။
နေန္တိ သဏှာဟိ ဝါစာဟိ၊ ဗိဠာရီ ဝိယ ကုက္ကုဋံ၊
၆၃။ ယော စ ဥပ္ပတိတံ အတ္ထံ၊ န ခိပ္ပမနုဗုဇ္စျတိ။
အမိတ္တဝသမနွေတိ၊ ပစ္ဆာ စ အနုတပ္ပတိ။
၆၄။ ယော စ ဥပ္ပတိတံ အတ္ထံ၊ ခိပ္ပမေဝ နိဗောဓတိ။
မုစ္စတေ သတ္တုသမ္မာဓာ၊ ကုက္ကုဋောဝ ဗိဠာရိယာ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၆၂။ ကုက္ကုဋံ၊ ကြက်ကို။ နေန္တီ၊ ဆောင်သော။ ဗိဠာရီ ဝိယ၊ ကြောင်မကဲ့သို့။ ဧဝံပိ၊ ဤအတူလည်းကောင်း။ စာတုရာ၊ တင့်တယ်ခြင်းနှင့် ပြည့်စုံကုန်သော။ နာရီ၊ မိန်းမတို့သည်။ သဓနံ၊ ဥစ္စာကုံလုံသော။ နရံ၊ ယောကျ်ားကို။ ဒိသာန၊ မြင်၍။ သဏှာဟိ၊ သိမ်မွေ့နူးညံ့ကုန်သော။ ဝါစာဟိ၊ စကားတို့ဖြင့်။ နေန္တိ၊ ဆောင်ကုန်၏။

၆၃။ ယော စ၊ အကြင်သူသည်လည်း။ ဥပ္ပတိတံ၊ ဖြစ်လာသော။ အတ္ထံ၊ အကျိုးကို။ ခိပ္ပံ၊ လျင်စွာ။ န အနုဗုဇ္စျတိ၊ မသိ။ သော၊ ထိုသူသည်။ အမိတ္တဝသံ၊ ရန်သူ့နိုင်ငံသို့။ အနွေတိ၊ လိုက်ရ၏။ ပစ္ဆာ စ၊ နောင်မှလည်း။ အနုတပ္ပတိ၊ ပူပန်ရ၏။

၆၄။ ယော စ၊ အကြင်သူသည်လည်း။ ဥပ္ပတိတံ၊ ဖြစ်လာသော။ အတ္ထံ၊ အကျိုးကို။ ခိပ္ပမေဝ၊ လျင်စွာလျှင်။ နိဗောဓတိ၊ သိ၏။ ဗိဠာရိယာ၊ ကြောင် မမှ။ မုတ္တော၊ လွတ်သော။ ကုက္ကုဋောဝ၊ ကြက်မင်းကဲ့သို့။ သတ္တုသမ္ဗာဓာ၊ ရန်တို့သည် ဖြစ်စေအပ်သော ကျဉ်းမြောင်းခြင်းမှ။ မုစ္စတေ၊ လွတ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောပတ္တိဖိုလ်၌တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား- ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကြက်မင်းဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

နှုတ်ချိုသူအား၊ သတိထား၊ စဉ်းစားပြုသင့်ပါ

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကုက္ကုဋဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - အဝါရိယဝဂ်

၉။ ဓမ္မဓဇဇာတ်

သူတော်ယောင် ကျီးမိုက်အကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဓမ္မံ စရထ ဉာတယော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဓမ္မဓဇဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်အံ့ဖွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းကိုအကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအခါ သဗ္ဗညူ မြတ်ဘုရားသည် ရဟန်းတို့... ဤရဟန်းသည် ယခုအခါ၌သာလျှင်အံ့ဖွယ် သရဲကို ဖြစ်စေသည် မဟုတ်သေး၊ ရှေး၌လည်းအံ့ဖွယ်သရဲကို ဖြစ်စေသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ငှက်အမျိုး၌ ဖြစ်၍ အရွယ်ရောက်သည်ရှိသော် ငှက်အပေါင်းခြံရံလျက် သမုဒ္ဒရာ၏ အလယ် ကျွန်းငယ်၌ နေ၏။ ထိုအခါ ကာသိတိုင်း၌ နေကုန်သော ကုန်သည်တို့သည် ဒိသာကာက ကျီးကိုယူ၍ လှေဖြင့် သမုဒ္ဒရာသို့ သွားကုန်၏။

ကျီးငှက်သူတော်ယောင်ဆောင်၍

သမုဒ္ဒရာအလယ်၌ လှေပျက်သည်ရှိသော် ဒိသာကာကကျီးသည် ထိုကျွန်းငယ်၌ ရောက်၍ ဤငှက်အပေါင်းသည် များ၏။ ငါသည်အံ့ဖွယ် သရဲသော အမှုကိုပြု၍ ထိုငှက်တို့၏ အဥတို့ကိုလည်းကောင်း, သားငှက်တို့ကိုလည်းကောင်း စားခြင်းငှာသင့်၏ဟု ကြံ၏။ ကြံပြီး၍ ထိုကျီးသည် သက်၍ ငှက်အပေါင်း၏ အလယ်၌ ခံတွင်းကိုဖွင့်၍ ခြေတစ်ဖက်ဖြင့်သာ မြေ၌ရပ်၏။ အရှင်အရှင်သည် အဘယ်အမည်ရှိသနည်းဟု ငှက်တို့သည် မေးအပ်သည်ရှိသော် “ငါသည် ဓမ္မိကမည်၏”ဟု ဆို၏။ အဘယ်ကြောင့် ခြေတစ်ဖက်ဖြင့်သာ ရပ်သနည်း ဟု မေး၏။ ငါသည် နှစ်ခုမြောက် ခြေတို့ကို ချသည်ရှိသော် မြေသည် ဆောင်အံ့သောငှာ မတတ်နိုင်ကုန်လတ္တံ့ ဟု ဆို၏။ အဘယ့်ကြောင့် ခံတွင်းကို ဖွင့်၍ ရပ်သနည်းဟု မေး၏။ ငါသည် တစ်ပါးသော အစာကို မစား၊ လေကိုသာလျှင် စား၏ ဟု ဆို၏။

ဤသို့ဆိုပြီးသော ထိုငှက်တို့ကို ခေါ်၍ သင်တို့အား အဆုံးအမကို ပေးအံ့။ ထိုအဆုံးအမကို နားထောင်ကြကုန်လော့ဟု အဆုံးအမကို ပေးသည်၏ အစွမ်းအားဖြင့်-

၆၅။ ဓမ္မံ စရထ ဉာတယော၊ ဓမ္မံ စရထ ဘဒ္ဒံ ဝေါ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိစ။

ဟူသော ရှေးဦးစွာ ဤဂါထာကို ဆို၏။

၆၅။ ဉာတယော၊ အဆွေအမျိုးဖြစ်ကုန်သော ငှက်တို့။ တုမှေ၊ သင်တို့သည်။ ဓမ္မံ၊ ကာယသုစရိုက် အစရှိသော တရားကို။ စရထ၊ ကျင့်ကြကုန်လော့။ ဓမ္မံ၊ ကာယသုစရိုက် အစရှိသော တရားကို။ စရထ၊ အဖန်တလဲလဲ ကျင့်ကြကုန်လော့။ ဝေါ၊ သင်တို့အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဓမ္မစာရီ၊ တရားကို ကျင့်သောသူသည်။ အသ္မိံ လောကေ စ၊ ဤလောက၌ လည်းကောင်း။ ပရမှိ လောကေ စ၊ တမလွန်ဘဝ၌လည်းကောင်း။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ အိပ်ရ၏။

ငှက်တို့ ယုံကြည်ကြပြီ

ငှက်တို့သည် ဤကျီးသည်အံ့ဖွယ်သရဲကို ပြုသဖြင့် အဥတို့ကို စားအံ့သောငှာ ဤသို့ဆို၏ဟု မသိ၍ ထိုကျီးကို ချီးမွမ်းကြကုန်သည်ဖြစ်၍-

၆၆။ ဘဒ္ဒကော ဝတ ယံ ပက္ခီ၊ ဒိဇော ပရမဓမ္မိကော။
ဧကပါဒေန တိဋ္ဌန္တော၊ ဓမ္မမေဝါနူသာသတိ။

ဟူသော နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၆၆။ ဒိဇော၊ နှစ်ကြိမ်ဖြစ်သော။ အယံ ပက္ခီ၊ ဤကျီးသည်။ ဘဒ္ဒကောဝ တ၊ ကောင်းစွတကား။ ပရမ ဓမ္မိကော၊ မြတ်သော အကျင့်သဘောရှိစွတကား။ ဧကပါဒေန၊ ခြေတစ်ဖက်ဖြင့်။ တိဋ္ဌန္တော၊ ရပ်လျက်။ ဓမ္မမေဝ၊ တရားကိုသာလျှင်။ အနုသာသတိ၊ ပြောဆို ဆုံးမပေ၏။

ကျီးယုတ် ငှက်ဥတို့ကိုစားခြင်း

ငှက်တို့သည် သီလမရှိသော ထိုကျီအား ယုံကြည်၍ ထိုကျီးကို အရှင်... အရှင်သည် တပါးသော အစာကို မယူသတတ်၊ လေကိုသာလျှင် စားသတတ်။ ထို့ကြောင့် ငါတို့၏ အဥကိုလည်းကောင်း၊ သားငယ်တို့ကိုလည်းကောင်း ကြည့်ရစ်လော ဟူ၍ အစာရှာ သွားကုန်၏။ ယုတ်မာသောကျီးသည် ငှက်တို့သွားသောကာလ၌ အဥတို့ကိုလည်းကောင်း, သားငယ်တို့ကိုလည်းကောင်း ဝမ်းပြည့်အောင်စား၍ ထိုငှက်တို့ လာသောကာလ၌ ငြိမ်သက်သည်ဖြစ်၍ ခံတွင်းကိုဖွင့်၍ ခြေတစ်ဖက်ဖြင့် ရပ်၏။ ငှက်တို့သည် လာကုန်၍ သားငယ်ကို မမြင်ကုန်လတ်သော် အဘယ်သူ စားသနည်းဟု ကျယ်သော အသံဖြင့် မြည်ကုန်၏။ ဤကျီးသည် တရားစောင့်၏ ဟု တွေးတောခြင်းကိုမျှလည်း မပြုကုန်။

ငှက်မင်း တွေးပြီ

ထိုအခါ တစ်နေ့သ၌ ဘုရားလောင်းသည် ဤအရပ်ဝယ် ရှေး၌ တစ်စုံတစ်ခုသော ဘေးရန်သည် မရှိ၊ ဤကျီး၏ လာသောကာလမှစ၍ ဖြစ်၏။ ထိုကျီးကို စုံစမ်းခြင်းငှာ သင့်၏ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် ငှက်တို့နှင့်အတူ အစာရှာအံ့သောငှာ သွားသကဲ့သို့ ပြု၍ ပြန်၍ ပုန်းကွယ်ရာ အရပ်၌ တည်၏။ ကျီးသည်လည်း ငှက်တို့ကို ရွံရှားခြင်း ကင်းသည်ဖြစ်၍ အဥတို့ကိုလည်းကောင်း, သားငယ်တို့ကို လည်းကောင်း စား၍ တစ်ဖန်သွား၍ ခံတွင်းဝကိုဖွင့်၍ ခြေတစ်ဖက်ဖြင့် ရပ်၏။

ကျီးယုတ်ကို ထိုးသတ်ကြ

ငှက်မင်းသည် ငှက်တို့ လာကုန်လတ်သော် ခပ်သိမ်းကုန်သော ငှက်တို့ကို စည်းဝေးစေ၍ ငါသည် သင်တို့ သားငယ်တို့၏ ရန်သူကို စုံစမ်း သည်ရှိသော် ဤယုတ်မာသော ကျီးသည် စားသည်ကို မြင်၏။ ထိုကျီးကို သတ်ကြကုန်လော့ ဟု ငှက်အပေါင်းတို့ကို ခေါ်၍ ထိုကျီးကို ခြံရံစေ၍ အကယ်၍ ပြေးအံ့၊ ထိုကျီးကို ဖမ်းကြကုန် ဟု ဆို၍-

၆၇။ နာဿ သီလံ ဝိဇာနာထ၊ အနညာယ ပသံသထ။
ဘုတွာ အဏ္ဍဉ္စ ပေါတဉ္စ၊ ဓမ္မောဓမ္မောတိ ဘာသတိ။
၆၈။ အညံ ဘဏတိ ဝါစာယ၊ အညံ ကာယေန ကုဗ္ဗတိ၊
ဝါစာယ နော စ ကာယေန၊ န တံ ဓမ္မံ အဓိဋ္ဌိတော။
၆၉။ ဝါစာယ သခိလော မနော ဝိဒုဂ္ဂေါ၊
ဆန္နော ကူပသယောဝ ကဏှသပ္ပေါ။
ဓမ္မဓဇော ဂါမနိဂမာသု သာဓု၊
ဒုဇ္ဇာနော ပုရိသေန ဗာလိသေန။
၇၀။ ဣမံ တုဏ္ဍေဟိ ပက္ခေဟိ၊ ပါဒါ စိမံ ဝိဟေဌထ။
ဆဝဉှိမံ ဝိနာသေထ၊ နာယံ သံဝါသနာရဟော။

ဟူကုန်သော ဤဂါထာတို့ကို ဆို၏။

၆၇။ ဘော သကုဏာ၊ အိုငှက်တို့။ တုမှေ၊ သင်တို့သည်။ အဿ၊ ထိုကျီး၏။ သီလံ၊ သီလကို။ န ဝိဇာနာထ၊ မသိကြကုန်။ အနညာယ၊ မသိသည်ဖြစ်၍။ ပသံသထ၊ ချီးမွမ်းကြကုန်၏။ အဏ္ဍဉ္စ၊ အဥကိုလည်းကောင်း။ ပေါတဉ္စ၊ သားငယ်ကိုလည်းကောင်း။ ဘုတွာ၊ စား၍။ ဓမ္မောဓမ္မောတိ၊ တရား တရားဟူ၍။ ဘာသတိ၊ ဆို၏။

၆၈။ ဝါစာယ၊ နှုတ်ဖြင့်။ အညံ၊ တစ်ပါးကို။ ဘဏတိ၊ ဆို၏။ ကာယေန၊ ကိုယ်ဖြင့်။ အညံ၊ တစ်ပါးကို။ ကုဗ္ဗတိ၊ ပြု၏။ ဝါစာယ၊ နှုတ်ဖြင့်။ ဓမ္မံ၊ တရားကို။ ကရောတိ၊ ကျင့်၏။ ကာယေန စ၊ ကိုယ်ဖြင့်ကား။ နော စ ကရောတိ၊ မကျင့်။ တံ ဓမ္မံ-တသ္မိံ ဓမ္မေ၊ ထိုတရား၌။ န အဓိဋ္ဌိတော၊ မတည်။

၆၉။ ဝါစာယ၊ စကားဖြင့်။ သခိလော၊ ပြေပြစ်၏။ မနော၊ စိတ်ဖြင့်။ ဝိဒုဂ္ဂေါ၊ ဝင်နိုင်ခက်၏။ ဆန္နော၊ တွင်းသည် ဖုံးလွှမ်းအပ်သော။ ကူပသယော၊ တွင်း၌တည်သော။ ကဏှသပ္ပေါဝ၊ မြွေဟောက်ကဲ့သို့။ ဓမ္မဓဇော၊ ဓမ္မဓဇသည်။ ဂါမနိဂမာသု၊ ရွာ နိဂုံး အစရှိသည်တို့၌။ သာဓု၊ သူတော်ကောင်း ဟူ၍။ သမ္ဘာဝိတော၊ ထင်ရှားဖြစ်၏။ အယံ၊ ယုတ်မာသော ဤငှက်ကို။ ဗာလိသေန၊ မိုက်သော။ ပုရိသေန၊ ယောကျ်သည်။ ဒုဇ္ဇာနော၊ သိနိုင်ခဲ၏။

၇၀။ ဣမံ၊ ဤကျီးကို။ တုဏ္ဍေဟိ စ၊ နှုတ်သီးတို့ဖြင့်လည်းကောင်း။ ပက္ခေဟိ စ၊ အတောင်တို့ဖြင့်လည်းကောင်း။ ပါဒါ စ၊ မိမိ ခြေတို့ဖြင့်လည်းကောင်း။ ဝိဟေဌထ၊ ညှဉ်းဆဲကြကုန်လော့။ ဣမံ ဆဝံ၊ ဤယုတ်မာသော ကျီးကို။ ဝိနာသေထ၊ ဖျက်ဆီးကြကုန်လော့ ဟိ သစ္စံ၊ မှန်၏။ အယံ၊ ဤကျီးသည်။ သံဝါသံ၊ ငါတို့နှင့် အတူတကွ နေခြင်းကို၊ န အရဟော၊ မထိုက်။

ကျီးယုတ် သေရပြီ

ဤသို့ဆို၍လည်း ငှက်မင်းသည် မိမိသည်လျှင် ခုန်၍ ထိုကျီး၏ ဦးခေါင်ကို နှုတ်သီးဖြင့် ထိုး၏။ ကြွင်းကုန်သာ ငှက်တို့သည် နှုတ်သီး ခြေ အတောင်တို့ဖြင့် ခတ်ကုန်၏။ ထိုကျီးသည် ထိုအရပ်၌လျှင် အသက်ကုန်ခြင်းသို့ ရောက်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါအံ့ဖွယ်သရဲကို ဖြစ်စေသော ရဟန်းသည် ထိုအခါ ကျီးဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ငှက်မင်းဖြစ် ဟု ဇာတ်ကို ပေါင်းတော်မူ၏။

နှုတ်ကတရား၊ လက်ကားရား၊ မှောက်မှားပျက်တတ်သည်

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ဓမ္မဓဇဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - အဝါရိယဝဂ်

၁၀။ နန္ဒိယမိဂရာဇဇာတ်

မိဘကို အသက်နှင့်လဲ၍ လုပ်ကြွေးခြင်းအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်သစေ ဗြာဟ္မဏ ဂစ္ဆသိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤနန္ဒိယမိဂရာဇဇတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အမိကိုလုပ်ကျွေးသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း... သင်သည် လူတို့ကို လုပ်ကျွေးသတတ်ဟူသည် မှန်သလောဟု မေးတော်မူလတ်၍ အရှင်ဘုရား... မှန်ပေ၏ ဟု လျှောက်သည်ရှိသော် သင်သည် အဘယ်သူတို့ကို လုပ်ကျွေးသနည်း ဟု မေးတော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား... အမိအဘတို့ကို လုပ်ကျွေးပါ၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်း... ကောင်းစွ၊ ကောင်းစွ၊ ရှေးပညာရှိတို့၏ အနွယ်ကို စောင့်ပေ၏။ ရှေးပညာရှိတို့သည် တိရစ္ဆာန်အမျိုး၌ ဖြစ်၍လည်း မိဘတို့အား အသက်ကို ပေးဖူးကုန်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကောသလတိုင်း သာကေတမြို့၌ ကောသလမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သမင်အမျိုး၌ ဖြစ်၏။ အရွယ်သို့ ရောက်လတ်သော် နန္ဒိယမိဂဟူသော အမည်ရှိသည်ဖြစ်၍ သီလ အကျင့်နှင့်ပြည့်စုံ သည်ဖြစ်၍ မိဘတို့ကိုမွေး၏။ ထိုအခါ ကောသလမင်းသည် သမင်ကို နှစ်သက်တတ်၏။ လူတို့အား လယ်လုပ်ခြင်းအမှု အစရှိသည်တို့ကို ပြုစိမ့်သောငှာ မပေးမူ၍ များစွာသော အခြံအရံရှိသည်ဖြစ်၍ နေ့တိုင်း သမင်သတ်အံ့သောငှာ သွား၏။

သမင်တို့ကို ခြံသွင်းခြင်း

လူတို့သည် စည်းဝေးကုန်၍ အရှင်တို့ ဤမင်းသည်တို့အား အမှုပြတ်ခြင်းကိုပြု၏။ အိမ်၌ အမှုသည် ပျက်စီး၏။ ငါတို့သည် ဖောက်ကြံ့တော ဥယျာဉ်ကိုခြံရံ၍ တံခါးကိုယှဉ်၍ ရေကန်တူး၍ မြက်တို့ကို ရောက်စေ၍ လှံတံ ဆောက် ပုတ် အစရှိသည်ကို လက်စွဲကုန်လျက် တောသို့ဝင်၍ ချုံတို့ကိုခတ်ကုန်၍ သမင်တို့ကိုထုတ်ကုန်၍ နွားတို့ကို ခြံသို့သွင်းကုန်သကဲ့သို့ ဥယျာဉ်သို့သွင်း၍ တံခါးကိုပိတ်၍ မင်း အားကြား၍ မိမိတို့အမှုကို အကယ်၍ ပြုရကုန်ငြားအံ့၊ ကောင်း၏ ဟု တိုင်ပင်ကုန်၏။ ထိုအခါ ထိုအကြောင်းကို သိ၍ ခပ်သိမ်းကုန်သော လူတို့သည် အလိုတူကြကုန်၍ ဥယျာဉ်ကို စီရင်၍ တောသို့ဝင်၍ တစ်ယူဇနာ အတိုင်း အရှည်ရှိသော အရပ်ကို ခြံရံကုန်၏။ ထိုခဏ၌ နန္ဒိယသမင်သည် တစ်ခုသောချုံ၌ မိဘတို့ကိုယူ၍ မြေ၌ဝပ်၏။ လူတို့သည် အထူးထူးသော ကာ, လက်နက် စွဲကိုင်ကုန်လျက် များစွာ နှိပ်စက်ကုန်၍ ချုံတို့ကိုရိုက်ကုန်၏။ ထိုအခါ အချို့ကုန်သော သူတို့သည် သမင်ကိုလျှင် ကြည့် ကုန်လျက် ထိုချုံသို့ ဝင်ကုန်၏။ နန္ဒိယသမင်မင်းသည် လူကိုမြင်၍ ယနေ့ ငါသည် အသက်ကိုစွန့်၍ မိဘတို့အား အသက်ကို ပေးအံ့သောငှာ သင့်၏ ဟု ကြံ၍ ထ၍ အမိအဘတို့ကို ရှိခိုးလျက် မိခင်ဖခင်တို့ လူတို့သည် ဤချုံသို့ဝင်၍ သုံးခုကုန်သော ငါတို့ကို သတ်ကုန်လတ္တံ့၊ သင်တို့သည် တစ်ခုသော အကြောင်းဖြင့် အသက်ရှည်ခြင်းသည် မြတ်၏။ ငါသည် သင်တို့အား အသက်အလှူကို လှူ၍ လူတို့သည် ချုံစွန်း၌ ရပ်၍ ဤချုံတို့၌ ခတ်ကုန်သည်ရှိသော်လျှင် ထွက်အံ့၊ ထိုအခါ လူတို့သည် ဤချုံငယ်၌ သမင်တစ်ခုသည်သာလျှင် ဖြစ်လတ္တံ့ဟု အောက်မေ့ကုန်၍ ချုံသို့ မဝင်ကုန်လတ္တံ့၊ သင်တို့သည် မမေ့မလျော့ ဖြစ်ကြကုန်လော့ ဟုမိဘတို့ကို ကန်တော့၍ သွားအံ့သောငှာ အစီအရင်ရှိလျက် ရပ်၏။ ထိုနန္ဒိယသမင်သည် လူတို့သည် ချုံစွန်း၌ရပ်၍ ပဲ့တင်ထပ်စေ၍ ချုံကိုခတ်ခါမျှ၌လျှင် ချုံမှထွက်၏။ လူတို့သည် ဤချုံ၌ သခင်တစ်ခုတည်း ဖြစ်လတ္တံ့ဟု ချုံသို့ မဝင်ကုန်။ ထိုအခါ နန္ဒိယသမင်သည် သွား၍ သမင်တို့၏ အတွင်းသို့ဝင်၏။ လူတို့သည် ခြံရံ၍ ခပ်သိမ်း သော သမင်တို့ကို ဥယျာဉ်သို့သွင်း၍ တံခါးကိုပိတ်၍ မင်းအားကြား၍ မိမိနေရာတို့ကို သွားကုန်၏။

မိဘတို့ သားကို တွေ့လိုကြောင်း

ထိုအခါမှစ၍ မင်းသည် ကိုယ်တိုင်မှူလည်းသွား၍ တစ်ခုသော သမင်ကိုပစ်၍ ယူ၍ သွား၏။ စေ၍မူလည်း ယူစေ၏။ သမင်တို့သည် အလှည့်ကို ထားကုန်၏။ အလှည့်ရောက်သော သမင်သည် သင့်အပ် လျောက်ပတ်သော အရပ်၌ နေ၏။ ထိုသမင်ကို ပစ်၍ယူ၏။ နန္ဒိယ သမင်သည် ရေကန်၌ ရေကိုသောက်၏။ မြက်တို့ကို စား၏။ ထိုနန္ဒိယ သမင်သည် အလှည့်မရောက်သေး၊ ထိုအခါ များစွာကုန်သော နေ့တို့သည် လွန်သဖြင့် ထိုနန္ဒိယ သမင်မင်း၏ မိဘတို့သည် ထိုနန္ဒိယသမင်မင်းကို မြင်လိုကုန်သည်ဖြစ်၍ ငါတို့၏ သားဖြစ်သော ဆင်ပြောင်နှင့်တူသော အားရှိသောအစွမ်းနှင့် ပြည့်စုံသော နန္ဒိယသမင်သည် အကယ်၍ အသက်ရှင်သည်ဖြစ်အံ့၊ စောင်ရန်းကိုခုန်၍ ငါတို့အား ဖူးမြင်အံ့သောငှာ မချွတ်လာလတ္တံ့၊ ထိုနန္ဒိယ သမင်အား သတင်း စကားကို စေကုန်အံ့ ဟု ကြံ၍ ခရီး၏အနီး၌ ရပ်၍ ပုဏ္ဏားတစ်ယောက်ကိုမြင်၍ အရှင်အဘယ်သို့သွားအံ့နည်းဟု လူတို့၏စကားဖြင့် မေး၍ သာကေတမြို့သို့ သွားအံ့ ဟု ဆိုသည်ရှိသော် သားအား သတင်းစကားကို မှာလိုသည်ဖြစ်၍-

၇၁။ သစေ ဗြာဟ္မဏ ဂစ္ဆေသိ၊ သာကေတေ အဇ္ဇုနံ ဝနံ။
ဝဇ္ဇာသိ နန္ဒိယံ နာမ၊ ပုတ္တံ အသ္မာကမောရသံ။
မာတာ ပိတာ စ တေ ဝုဒ္ဓါ၊ တေ တံ ဣစ္ဆန္တိ ပဿိတုံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၇၁။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ သာကေတံ၊ သာကေတမြို့သို့။ သစေ ဂစ္ဆေသိ၊ အကယ်၍ သွားသည် ဖြစ်အံ့။ သာကေတေ၊ သာကေတမြို့ ၌။ အဇ္ဇုနံ ဝနံ၊ ဖောက်ကြံ့တော ဥယျာဉ်သည်။ အတ္ထိ၊ ရှိ၏။ တတ္ထ၊ ထိုဥယျာဉ်၌။ အသ္မာကံ၊ ငါတို့၏။ ဩရသံ၊ ရင်၌ဖြစ်သော။ နန္ဒိယံ နာမ၊ နန္ဒိယမည်သော။ ပုတ္တံ၊ သားကို။ တေ၊ သင်၏။ မာတာပိတာ စ၊ မိဘတို့သည်လည်း။ ဝုဒ္ဓါ၊ ကြီးကုန်ပြီ။ တေ၊ ထိုမိဘတို့သည်။ တံ၊ သင့်ကို။ ပဿိတုံ၊ မြင်ခြင်းငှာ။ ဣစ္ဆန္တိ၊ အလို ရှိကုန်၏။ ဣတိ၊ ဤသို့။ ဝဇ္ဇာသိ၊ ဆိုပါလေ။

အားလုံးချမ်းသာမှ လာမည်

ထိုပုဏ္ဏားသည် ကောင်းပြီဟု ဝန်ခံ၍ သာကေတမြို့သို့ရောက်၍ နက်ဖြန်နေ့၌ ဥယျာဉ်သို့ဝင်၍ နန္ဒိယမည်သော သမင်သည် အဘယ်သမင်နည်းဟု မေး၏။ နန္ဒိယသမင်သည် ထိုပုဏ္ဏား၏ အနီး၌ရပ်၍ ငါတည်း ဟု ဆို၏။ ပုဏ္ဏားသည် ထိုအကြောင်းကို ကြား၏။ နန္ဒိယသမင်သည် ထိုစကားကိုကြား၍ ပုဏ္ဏား ငါသည် စောင်ရမ်းကို ခုန်၍ မသွားနိုင်သည် မဟုတ်၊ သွားနိုင်သည်သာလျှင်တည်း၊ ငါသည်ကား မင်း၏ ဥစ္စာဖြစ်သော ရိက္ခာ အစာရေစာကို စား၏။ ထိုအခါ ငါ့အား မြီအရာ၌ တည်၏။ ဤသမင်အပေါင်းတို့၏ အလယ်၌ ကြာမြင့်စွာ နေသည်ဖြစ်၏။ မင်း၏လည်းကောင်း။ ထိုသမင်တို့၏ လည်းကောင်း၊ ချမ်းသာသောအဖြစ်ကို မပြုမူ၍ မိမိအစွမ်းကိုပြ၍ သွားခြင်းမည်သည် ငါ့အားမသင့်၊ မိမိလည်း အလှည့်ရောက်သည်ရှိသော် ငါသည် ထိုသမင်တို့အား ချမ်းသာသော အဖြစ်ကိုပြု၍ ချမ်းသာစွာ လာရအံ့ဟု ဆို၏။ ထိုအကြောင်းကို ပြလိုသည်ဖြစ်ရကား-

၇၂။ ဘုတ္တ မယာ နိဝါပါနိ၊ ရာဇိနော ပါနဘောဇနံ။
တံ ရာဇပိဏ္ဍံ အဝဘောတ္တုံ၊ နာဟံ ဗြာဟ္မဏ မုဿဟေ။
၇၃။ ဩဒဟိဿာမဟံ ပဿံ၊ ခုရပ္ပါနိူ ရာဇိနော။
တဒါဟံ သုခိတော မုတ္တာ၊ အပိ ပဿေယျ မာတရံ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။

၇၂။ ဗြာဟ္မဏ၊ ပုဏ္ဏား။ မယာ၊ ငါသည်။ ရာဇိနော၊ မင်း၏။ နိဝါပါနိ၊ ရိက္ခာတို့ကို။ ဘုတ္တာ၊ စားအပ်ကုန်၏။ ပါနဘောဇနံ၊ ရေမြက်အစာကို။ ဘုတ္တံ၊ စားအပ်၏။ ရာဇပိဏ္ဍံ၊ မင်းသည် စုအပ်သော။ တံ၊ ထိုအစာကို။ အဝဘောတ္တုံ၊ မကောင်းသဖြင့် စားခြင်းကို ပြုခြင်းငှာ။ န ဥဿဟေ၊ မဝံ့။

၇၃။ ဗြာဟ္မဏ၊ ပုဏ္ဏား။ အဿ ရာဇိနော၊ ထိုမင်း၏။ ခုရပ္ပါနိ၊ စဉ်းသွားတို့ကို။ အဟံ၊ ငါသည်။ ပဿံ-ပဿေန၊ လက် ယာနံပါးဖြင့်။ ဩဒဟိဿာမိ၊ ခံအံ့။ တဒါ၊ ထိုအခါ၌။ အဟံ၊ ငါသည်။ သုခိတော၊ ချမ်းသာသည်ဖြစ်၍။ မုတ္တော၊ သေ ဘေးမှ လွတ်သည်ဖြစ်၍။ မာတရံ၊ အမိကို။ အပိ ပဿေယျံ၊ ဖူးမြင်ရအံ့လည်း မသိ။

သမင်မင်းကို မြားမထိ

ထိုစကားကိုကြား၍ ပုဏ္ဏားသည် သွား၏။ နောက်အဖို့၌ ထိုနန္ဒိယသမင်မင်း၏ အလှည့်ရောက်သောနေ့၌ မင်းသည် များစွာသော အခြံအရံဖြင့် ဥယျာဉ်သို့ လာ၏။ ဘုရားလောင်းသည် တင့်အပ်သော နေရာ၌နေ၏။ မင်းသည် သမင်ကို ပစ်အံ့ဟု စဉ်းကိုဖွဲ့၏။ ဘုရားလောင်းသည် တစ်ပါးကုန်သော သမင်တို့သည် သေဘေးဖြင့်ကြောက်၍ ပြေးကုန်သကဲ့သို့ မပြေးမူ၍ ကြောက်ခြင်း မရှိသည်ဖြစ်၍ မေတ္တာကို ရှေ့ထားသည်ကိုပြု၍ လက်ယာနံပါးဖြင့်ခံ၍ မတုန်မလှုပ်လျှက်လျှင် နေ၏။ မင်းသည် ထိုသမင်မင်း၏ မေတ္တာ အာနုဘော်ကြောင့် မြားကိုလွှတ်အံ့သောငှာ မတတ်နိုင်။ ဘုရားလောင်းသည် မြတ်သော မင်းကြီး မြားကို အဘယ်ကြောင့် မလွှတ်သနည်း၊ လွှတ်လော့ ဟု ဆို၏။ သမင်မင်း၊ ငါသည် မြားကို လွှတ်အံ့သောငှာ မတတ်နိုင် ဟု ဆို၏။ မြတ်သောမင်းကြီး ထိုသို့တပြီးကား ဂုဏ်ရှိကုန်သော သူတို့၏ ကျေးဇူးကို သိလော့ ဟု ဆို၏။

ဘေးမဲ့ ပေးရပြီ

ထိုအခါ မင်းသည် ဘုရားလောင်း၌ ကြည်ညို၍ လေးကိုစွန့်၍ စိတ်မရှိသော ဤမြားသည်လျက် ရှေးဦးစွာ သင်၏ ကျေးဇူးကို သိ၏။ ငါသည် စိတ်ရှိသောလူ ဖြစ်လျက်လည်း သင်၏ ကျေးဇူးကိုမသိ၊ သမင် ငါ့အား သည်းခံပါလော့၊ သင့်အား ဘေးမဲ့ကို ပေး၏ဟု ဆို၏။ မြတ်သော မင်းကြီး... ငါ့အား ရှေးဦးစွာ ဘေးမဲ့ပေး၏။ ဥယျာဉ်၌ သမင်အပေါင်းတို့ကိုကား အသို့ပြုလတ္တံ့နည်း ဟု ဆို၏။ ထိုသမင်အပေါင်းတို့အားလည်း ဘေးမဲ့ကို ပေး၏ဟု ဆို၏။

တရားဟောခြင်း

ဤသို့ ဘုရားလောင်းသည် နိဂြောဓဇာတ်၌ ဆိုအပ်ပြီးသောနည်းဖြင့် ခပ်သိမ်းကုန်သော တော၌နေကုန်သော သားအပေါင်းကိုအားလည်းကောင်း၊ ကောင်းကင်၌ သွားကုန်သော ငှက်အပေါင်းတို့အားလည်းကောင်း, ရေ၌ နေကုန်သော ငါးအပေါင်းတို့အားလည်းကောင်း ဘေးမဲ့ကိုပေးစေ၍ မင်းကို ပဉ္စသီတို့၌ တည်စေ၍ မြတ်သောမင်းကြီး- မင်းမည်သည် အဂတိလိုက်ခြင်းကိုပယ်၍ ဆယ်ပါးသော မင်းကျင့်တရားနှင့်ညီစွာ မင်းပြုခြင်းငှာ သင့်၏ ဟု ဆိုလို၍... -

ဒါန သီလံ ပရိစ္စာဂံ၊ အဇ္ဇဝံ မဒ္ဒဝံ တပံ။
အက်က်ကောဓံ အဝိဟိံသဉ္စ၊ ခန္တိံ စ အဝိရောဓနံ။
ဣစ္ဆေတေ ကုသလေဓမ္မေ၊ ဌိတေ ပဿာမိ အတ္တနိ။
တတော မေ ဇာယတေ ပီတိ၊ သောမနသဉ္စနပ္ပကံ။

မိဘတို့ထံ ဖူးမြင်လာ

ဤသို့ ဟောအပ်ကုန်သော မင်းကျင့်တရား ဆယ်ပါးတို့ကို သမင်မင်းသည် ဂါထာဖွဲ့သဖြင့်သာလျှင် ပြ၍ နှစ်ရက်သုံးရက် မင်း၏ အထံ၌ နေ၍ မြို့၌ ခပ်သိမ်းကုန်သော သတ္တဝါတို့အား ဘေးမဲ့ပေးခြင်းကို ပြုအံ့သောငှာ ရွှေစည်ကိုလှည့်စေ၍ မြတ်သောမင်းကြီး... မမေ့မလျော့သည် ဖြစ်လော့ ဟုဆို၍ မိဘတို့အား ဖူးမြင်အံ့သောငှာ သွား၏။

ဤအတိတ်ကို ဆောင်တော်မူ၍ သဗ္ဗညူ မြတ်စွာဘုရားသည်-

၇၄။ မိဂရာဇာ ပုရေ အာသိံ၊ ကောသလသ နိကေတနေ၊
နန္ဒိယောနာမ နာမေန၊ အဘိရူပေါ စတုပ္ပဒေါ။
၇၅။ တံ မံ ဝဓိတုမာဂစ္ဆိ၊ ဒါယသ္မိံ အဇ္ဇုနေ ဝနေ။
ဓနုံ အာရဇ္ဇံ ကတွာန၊ ဥသုံ သန္နယှ ကောသလော။
၇၆။ တဿာဟံ ဩဒဟိံ ပဿံ၊ ခုရပ္ပါနိူ ရာဇိနော၊
တဒါဟံ သုခိတော မုတ္တော၊ မာတရံ ဒဋ္ဌုမာဂတော။

ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

၇၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ပုရေ၊ ရှေး၌။ ကောသလဿ၊ ကောသလမင်း၏။ နိကေတနေ၊ နေပြည်၌။ အဘိရူပေါ၊ အလွန်အဆင်းလှသော။ စတုပ္ပဒေါ၊ အခြေလေးချောင်းရှိသော။ နာမေန၊ အမည်အားဖြင့်။ နန္ဒိယော နာမ၊ နန္ဒိယအမည်ရှိသော။ မိဂရာဇာ၊ သမင်မင်းသည်။ အာသိံ၊ ဖြစ်ဖူးပြီ။

၇၅။ ဘိက္ခဝေ၊ ရဟန်းတို့။ ကောသလော၊ ကောသလမင်းသည်။ အဇ္ဇုနေ ဝနေ၊ ဖောက်ကြံ့ ပင်များသည်ဖြစ်၍ အဇ္ဇုနဝန် အမည်ရှိသော။ ဒါယသ္မိံ၊ ဥယျာဉ်၌။ တံ မံ၊ ထိုငါ့ကို။ ဝဓိတုံ၊ သတ်အံ့သောငှာ။ ဓနုံ၊ လေးကို။ အာရဇ္ဇံ၊ ညှို့နှင့်တကွ ဖွဲ့သည်ကို။ ကတွာန၊ ပြု၍။ ဥသုံ၊ မြားကို။ သန္နယှ၊ ဖွဲ့၍။ အာဂစ္ဆိ၊ လာ၏။

၇၆။ အဟံ၊ ငါသည်။ တဿ၊ ထိုကောသလမင်းအား။ ပဿံ၊ လက်ယာနံပါးကို။ ဩဒဟိံ၊ ခံ၏။ အဿ ရာဇိနော၊ ထိုကောသလမင်း၏။ ခုရပ္ပါနိ၊ စဉ်းသွားတို့ကို။ ဩဒဟိံ၊ ခံ၏။ တဒါ၊ ထိုအခါ၌။ အဟံ၊ ငါသည်။ သုခိတော၊ ချမ်းသာသည်ဖြစ်၍။ မုတ္တော၊ သေဘေးမှ လွတ်သည်ဖြစ်၍။ မာတရံ၊ အမိကို။ ဒဋ္ဌုံ၊ ဖူးမြင်အံ့သောငှာ။ အာဂတော၊ လာ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ အမိကို လုပ် ကျွေးသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ပေါင်းတော်မူသနည်းဟူမူကား- ယခုအခါ မြတ်သော မင်းမျိုးတို့သည် ထိုအခါ မိဘတို့သည် ဖြစ်ကုန်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ပုဏ္ဏားဖြစ်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ နန္ဒိယ သမင်မင်း ဖြစ်ပြီ ဟု ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

တိရစ္ဆာန်လျက်၊ မိဘတွက်၊ အသက်စွန့်ဖူးရှာ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော နန္ဒိယမိဂရာဇဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၁။ ခရပုတ္တဇာတ်

မိန်းမအလိုသို့ မလိုက်သင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သစ္စံ ကိရေဝ မာဟံသု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤခရပုတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းကို သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း သင်သည် ငြီးငွေ့သတတ်ဟူသည် မှန်သလော ဟု မေးတော်မူလတ်၍ အရှင်ဘုရား... မှန်ပေ၏ ဟု နားတော်လျှောက်သည်ရှိသော် အဘယ်သူသည် ငြီးငွေ့စေအပ်သနည်း။ “ ဟု မေးတော်မူလတ်၍ “ဘုန်းတော်ကြီးသော အရှင်ဘုရား... မယားဟောင်းသည် ငြီးငွေ့စေအပ်၏ ဟု နားတော် လျှောက်လတ်သော် ရဟန်း ဤမိန်းမသည် သင်၏အကျိုးမဲ့ကို ပြုတတ်၏။ ရှေး၌လည်း သင်သည် ဤမိန်းမကိုမှီ၍ မီးသို့ဝင်၍ သေအံ့သည်ရှိသော် ပညာရှိတို့ကိုမှီ၍ အသက်ကိုရဖူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ သေနကမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိကြားဖြစ်၏။ ထိုအခါ သေနကမင်းသည် တစ်ယောက်သော နဂါးမင်းနှင့်တကွ အဆွေခင်ပွန်း ဖွဲ့၏။ ထိုနဂါးမင်းသည် နဂါးပြည်မှထွက်၍ ကြည်း၌ အစာရှာလျက် သွား၏။

နဂါးမင်းကိုကယ်ခြင်း

ထိုအခါ ထိုနဂါးမင်းကို ရွာသူသားငယ်တို့သည် မြင်ကုန်၍ ဤသည်ကား မြွေတည်း ဟု ခဲ စသည်တို့ဖြင့် ပစ်ခတ်ကုန်၏။ ထိုအခါ မင်းသည် ဥယျာဉ်ကစားအံ့သောငှာ သွားသည်ရှိသော် ဤသူငယ်တို့သည် အဘယ်ကိုပြုကြကုန်သနည်း ဟု မေး၍ တစ်ခုသော မြွေကို ပစ်ခတ်ကြကုန်၏ ဟု ကြား၍ ပစ်ခတ်ခြင်းကို မပေးကြကုန်လင့်၊ ထိုလူငယ်တို့ကို ပြေးစေကုန်ဟု ထိုသူငယ်တို့ကို ပြေးစေ၏။

ကျေးဇူးဆပ်ပြီ

နဂါးမင်းသည် အသက်ကိုရ၍ နဂါးပြည်သို့သွား၍ များစွာကုန်သော ရတနာတို့ကိုယူ၍ သန်းခေါင်ယံအခါ၌ မင်း၏ တိုက်ခန်းသို့ဝင်၍ ထိုရတနာတို့ကိုပြ၍ မြတ်သောမင်းကြီး အကျွန်ုပ်သည် အရှင်မင်းကြီးတို့ကိုမှီ၍ အသက်ကို ရပေ၏ ဟု မင်းနှင့်တကွ အဆွေခင်ပွန်းဖွဲ့၍ အဖန်တလဲလဲ၍ မင်းကိုဖူးမြင်၏။ ထိုနဂါးမင်းသည် မိမိ၏နဂါးလုလင်မငယ်တို့တွင် ကာမဂုဏ်တို့၌ ရောင့်ရဲခြင်းမရှိသော နဂါးလုလင်မငယ် တစ်ယောက်ကို စောင့်ရှောက်စိမ့်သောငှာ သေနကမင်း၏ အထံ၌ထား၍ အကြင်အခါ၌ ထိုနဂါးမကို မမြင်၊ ထိုအခါ ဤမန္တရားကို ရွတ်လော့ ဟု ဆို၍ တစ်ခုသော မန္တရားကိုပေး၏။

နဂါးမ ဖောက်ပြားခြင်း

သေနကမင်းသည် တစ်နေ့သ၌ ဥယျာဉ်သို့သွား၍ နဂါးလုလင်မငယ်နှင့်တကွ ရေကန်၌ ရေကစား၏။ နဂါးမငယ်သည် တစ်ခုသော ရေမြွေကိုမြင်၍ အတ္တဘောကိုစွန့်၍ ထိုရေမြွေနှင့်တကွ မေထုန်မှီဝဲ၏။ မင်းသည် နဂါးမငယ်ကို မမြင်၍ အဘယ်သို့သွားသနည်းဟု မန္တရားကို မန်းလတ်သော် မေထုန်အကျင့်ကို ကျင့်သည်ကို မြင်၍ ဝါးခြမ်းစိတ်ဖြင့်ရိုက်၏။

နဂါးမ ကုန်းတိုက်ပြီ

နဂါးလုလင်မငယ်သည် အမျက်ထွက်၍ ထိုဥယျာဉ်မှ နဂါးပြည်သို့သွား၍ အဘယ့်ကြောင့် လာသနည်း ဟု မေးလတ်သော် “သင်မင်းကြီးတို့၏ အဆွေ ခင်ပွန်းဖြစ်သော မင်းသည် “မိမိ၏ စကားကို မယူ” ဟု ငါ့ကို ကျောက်ကုန်း၌ ရိုက်၏ ဟု ရိုက်ရာကိုပြ၏။

နဂါးမင်းစိတ်ဆိုး

နဂါးမင်းသည် အဟုတ် အမှန်ဖြင့် မသိ၍လျှင် လေးယောက်ကုန်သော နဂါးလုလင်တို့ကိုခေါ်၍ သွားကြကုန်လော့၊ သေနကမင်း၏ အိပ်ရာတိုက်ခန်းသို့ဝင်၍ နှာခေါင်းလေဖြင့် ဖွဲကိုကဲ့သို့ ဖျက်ဆီးကြချေကုန်လော့ ဟုဆို၏။ ထိုနဂါးလုလင်တို့သည် သွား၍ မင်း၏ ကျက်သရေရှိသော အိပ်ရာတိုက်ခန်း၌ အိပ်သောကာလ ဝင်ကုန်၏။

မန္တရား ရခြင်း

ထိုနဂါးလုလင်တို့၏ ဝင်သောကာလ၌လျှင် မင်းသည် မိဖုရားကို ရှင်မိဖုရား. နဂါးလုလင်မငယ်၏ အရပ်ကို သိ၏လော ဟု ဆို၏။ ရှင်မင်းကြီး မသိ ဟု ဆိုသည်ရှိသော် ယနေ့ ထိုနဂါးမငယ်သည် ငါတို့၏ ရေကန်၌ ရေကစားသောကာလ၌ အတ္တဘောကိုစွန့်၍ တစ်ခုသော ရေမြွေနှင့်တကွ မေထုန်အကျင့်ကို ကျင့်၏။ ထို့ကြောင့် ငါသည် ထိုနဂါးမငယ်ကို ဤသို့မပြုလင့်ဟု မှတ်စိမ့်သောငှာ ဝါးခြမ်းစိတ်ဖြင့် ရိုက်၏။ ထိုနဂါးမငယ်သည် နဂါးပြည်သို့သွား၍ အဆွေ ခင်ပွန်းအား တစ်စုံတစ်ခုသောစကားကို ဆို၍ ချစ်ခြင်းကိုဖျက်ရာ၏။ ဤသို့ ချစ်ခြင်းပျက်လတ်သော် ငါ့အား တစ်စုံတစ်ခုသော ဘေးဖြစ်လတ္တံ့ ဟုဆို၏။

ထိုစကားကိုကြား၍ နဂါးလုလင်တို့သည် ထိုသေနကမင်း၏ တိုက်ခန်းမှပြန်၍ နဂါးပြည်သို့သွား၍ နဂါးမင်းအား ထိုအကြောင်းကို ကြားကုန်၏။ နဂါးမင်းသည် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ ထိုခဏ၌လျှင် မင်း၏ အိပ်ရာတိုက် ခန်းသို့ သွား၍ ထိုအကြောင်းကိုကြား၍ ကန် တော့၍ ဤအမှုသည် အကျွန်ုပ်၏ ဒဏ်အမှုတည်း ဟု “သဗ္ဗရုတညု ဇာနန” မည်သော မန္တရားကိုပေး၍ မြတ်သေမင်းကြီး... ဤမန္တရားသည် အဖိုးမဖြတ်နိုင်၊ ဤမန္တရားကို တစ်ပါးသောသူအား အကယ်၍ပေးအံ့၊ ပေးပြီးလျှင် မီးသို့ဆင်း၍ သေရအံ့ ဟု ဆို၏။ မင်းသည် ကောင်းပြီ ဟု ဝန်ခံ၍ ထိုသေနကမင်းသည် ထိုအခါမှစ၍ ပိုးရွတို့၏အသံကိုလည်းသိ၏။ ထိုသေနကမင်းသည် တစ်နေ့သ၌ ပြာသာဒ်အပြင်၌ နေ၍ တင်လဲတို့ဖြင့် ခဲဖွယ်မုန့်ကိုစားစဉ် တစ်ခုသော ပျားပေါက်, တစ်ခုသော တင်လဲပေါက်, တစ်ခုသော မုန့်ပိုင်းသည် မြေ၌ကျ၏။ တစ်ခုသောပိုးရွသည် ပျားတင်လဲ မုန့်ပိုင်းကို မြင်၍ မင်း၏ ပြာသာဒ်အပြင်၌ ပျားအိုးသည်လည်း ကွဲ၏။ တင်လဲလှည်း, မုန့်လှည်းသည်လည်း မှောက်၏။ တင်လဲကိုလည်းကောင်း၊ မုန့်ကိုလည်းကောင်း စားလှည့်ကြကုန်လော့ ဟု မြည်လျက်သွား၏။

တိရစ္ဆာန်တို့စားကိုသိခြင်း

ထိုအခါ မင်းသည် ထိုပိုးရွ၏ အသံကိုကြား၍ ရယ်၏။ မင်း၏အနီး၌ တည်သော မိဖုရားသည် အဘယ်ကိုမြင်၍လျှင် မင်းသည် ရယ်သနည်းဟု ကြံ၏။ မင်းကြီးသည် ခဲဖွယ်ကိုစား၍ ရေချိုး၍ ပလ္လင်၌ နေသည်ရှိသော် တစ်ခုသော ယင်ဖိုသည် ရှင်မ လာလော့၊ မွေ့လျော်ကြကုန်အံ့ ဟု ယင်မကိုဆို၏။ ထိုအခါ ယင်ဖိုကို ယင်မသည် သခင် သည်းခံဦးလော့၊ ယခုမင်းအား နံ့သာတို့ကို ပို့လာကုန်လတ္တံ့၊ မင်းသည် နံ့သာလိမ်းသည်ရှိသော် ခြေရင်း၌ နံ့သာမှုန့်သည် ကျလတ္တံ့၊ ငါသည် ထိုနံ့သာမှုန့်၌ လူးလည်း၍ နံ့သာ အနံ့ ရှိသည်ဖြစ်အံ့၊ ထို့နောင်မှ မင်၏ကျောက်၌ မွေ့လျော်အံ့ ဟု ဆို၏။ မင်းသည် ထိုအသံကိုကြား၍လည်း ရယ်၏။ မိဖုရားသည် အဘယ်ကိုမြင်၍ ရယ်သနည်းဟု ကြံ၏။ တစ်ဖန် မင်းသည် ညစာစားစဉ် ထမင်းတစ်လုံးသည် မြေ၌ ကျ၏။ ပိုးရွသည် မင်းအိမ်၌ ထမင်းလှည်း ကျိုး၏။ လာ၍ စားကြကုန်လော့ ဟု မြည်၏။ ထိုစကားကိုကြား၍ မင်းသည် တစ်ဖန်လည်း ရယ်ပြန်၏။

မိဖုရားအား ဝန်ခံမိပြီ

မိဖုရားသည် ရွှေယောက်မကိုကိုင်၍ လုပ် ကျွေးသော ငါ့ကိုမြင်၍ မင်းသည် ရယ်သလောဟု ကြံ၏။ ကြံပြီး၍ မိဖုရားသည် မင်းနှင့်တကွ အိပ်ရာသို့တက်၍ အိပ်သောကာလ၌ အရှင်မင်းကြီး... အဘယ်ကြောင့်ရယ်သနည်း ဟု မေး၏။ မင်းသည် ငါရယ်သောအကြောင်းဖြင့် သင့်အား အဘယ်ပြုအံ့နည်းဟု ဆိုသည်ရှိသော် ထိုမိဖုရားသည် အဖန်တလဲလဲ နှိပ်၍မေး၏။ မင်းသည် ပြောဆို၏။ ထိုအခါ မင်းကို မိဖုရားသည် သင်တို့သိသော မန္တရားကို ငါ့အား ပေးကုန်လော့ ဟု ဆို၏။ ပေးအံ့သောငှာ မတတ်

ကောင်း ဟု ပယ်သည်ကိုသာလျှင် အဖန် တလဲလဲ နှိပ်၍ တောင်း၏။ ငါသည် မန္တရားကို သင့်အားပေးသည်ရှိသော် သေအံ့ဟု မင်းကြီး ဆို၏။ ရှင်မင်းကြီး... သေသော်လည်း အကျွန်ုပ်အား ပေးလော့ ဟု ဆို၏။ မင်းသည် မာတုဂါမ၏ နိုင်ငံသို့လိုက်၍ ကောင်းပြီဟု ဝန်ခံ၍ မိဖုရားအား မန္တရားကိုပေး၍ မီးသို့ဝင်အံ့ဟု ရထားဖြင့် ဥယျာဉ်သို့သွား၏။

သိကြားမင်း ဆုံးမခြင်း

ထိုခဏ၌ သိကြားမင်းသည် လောကကိုကြည့်လတ်သော် ဤအကြောင်းကိုမြင်၍ ဤမင်းမိုက်သည် မာတု ဂါမကို မှီ၍ မီးသို့ဝင်အံ့ဟု သွား၏။ ထိုမင်းအား အသက် အလှူကို ပေးအံ့ ဟု သုဇာတာမည်သော အသုရာနတ်မင်းကြီး၏ သမီးကိုခေါ်၍ ဗာရာဏသီပြည်သို့သွား၍ ထိုသုဇာတာကို ဆိတ်မပြု၍ မိမိသည် ဆိတ်ဖိုပြု၍ လူများသည် မမြင်စေသတည်း ဟု အဓိဋ္ဌာန်၍ မင်း၏ရှေ့၌ တည်၏။ ထိုဆိတ်ကို မင်းသည်လည်းကောင်း၊ ရထား၌ကသော သိန္ဓောမြင်းတို့သည်လည်းကောင်း မြင်ကုန်၏။ တစ်ပါးသော တစ်စုံတစ်ယောက်သော သူသည်ကား မမြင်။ ထိုဆိတ်သည် စကားဖြစ်စိမ့်သောငှာ ရထားရှေ့မှ ဆိတ်မနှင့်တကွ မေထုန်မှီဝဲသကဲ့သို့ ဖြစ်၏။ ထိုဆိတ်ကို ရထား၌ကသော တစ်ခုသော သိန္ဓောမြင်းသည် မြင်၍... အဆွေဆိတ်မင်း... ဆိတ်တို့သည် မိုက်ကုန်သ တတ်၊ အရှက်မရှိကုန်သတတ်ဟု ငါတို့သည် ရှေး၌ ကြားဖူးကုန်၏။ ယခုမှလျှင် ကိုယ်တိုင်မြင်ရကုန်၏။ သင်သည်ကား ဆိတ်ကွယ်ရာအရပ်၌ ပြုအပ်သော မေထုန်အကျင့်ကို ဤမျှလောက်သော ငါတို့၏ မြင်ကုန်စဉ်လျှင်ပြု၏။ အရှက်မရှိဟု ငါ့တို့ရှေး၌ ကြားဖူးသောစကားသည် ဤမြင်ခြင်းနှင့် ညီသလျှင်ကတည်းဟု ဆိုလို၍ -

၇၇။ သစ္စံ ကိရေဝ မာဟံသု၊ ဝသ္တံ ဗာလောတိ ပဏ္ဍိတာ။
ပဿ ဗာလာ ရဟောကမ္မံ၊ အာဝိ ကုဗ္ဗံ န ဗုဇ္ဈတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၇၇။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ဝသ္တံ-အဇံ၊ ဆိတ်ကို။ ဗာလောတိ၊ မိုက်၏ဟူ၍။ အာဟံသု၊ ဆိုကုန်၏။ ဧဝံ၊ ဤသို့ဆိုခြင်းသည်။ သစ္စာ ကရ၊ မှန်ပေသတတ်။ ပဿ၊ ရှုလော့။ အာဝိ၊ မျက်မှောက်၌။ ကုဗ္ဗံ-ကုဗ္ဗန္တော၊ ပြုသော။ ဗာလော၊ ဆိတ်မိုက်သည်။ ဧတံ၊ ထိုအမှုကို။ ရဟော၊ ဆိတ်ကွယ်ရာအရပ်၌။ ကမ္မံ၊ ပြုအပ်သော အမှုဟူ၍။ န ဗုဇ္စျတိ၊ မသိ။

ထိုစကားကိုကြား၍ ဆိတ်သည်-

၇၈။ တွံ ခေါပိ သမ္မ ဗာလောသိ၊ ခရပုတ္တ ဝိဇာနဟိ။
ရဇ္ဇုယာဟိ ပရိက္ခိတ္တော၊ ဝင်္ကောဋ္ဌော ဩဟိတော မုခေါ။
၇၉။ အပရမ္ပိ သမ္မ တေ ဗာလျံ၊ ယော မုတ္တော န ပလာယသိ။
သော စ ဗာလတရော သမ္မ၊ ယံ တွံ ဝဟသိ သေနကံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၇၈။ ခရပုတ္တ၊ မြည်း၏သားဖြစ်သော။ သမ္မ သိန္ဓဝ၊ အဆွေ သိန္ဓောမြင်း။ ရဇ္ဇုယာဟိ၊ ကြိုးတို့ဖြင့်။ ပရိက္ခိတ္တော၊ ထမ်းပိုးနှင့်တကွ လည်၌ရစ်အပ်သော။ ဝင်္ကောဋ္ဌော၊ ကောက်သော နှုတ်ခမ်းရှိသော။ ဩဟိတော မုခေါ၊ အောက်သို့ချသော မျက်နှာရှိသော။ တွံ ခေါ၊ သင်သည်သာလျှင်။ မယာပိ၊ ငါ့ထက်လည်း။ ဗာလော၊ မိုက်သည်။ အသိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ဝိဇာနာဟိ၊ သိလေလော့။

၇၉။ သမ္မ သိန္ဓဝ၊ အဆွေ သိန္ဓောမြင်း။ ယော တွံ၊ အကြင် သင်သည်။ မုတ္တော၊ ရထားမှုလွတ်သည် ရှိသော်။ န ပလာယသိ၊ မပြေး။ အယမ္ပိ၊ ဤမပြေးခြင်းသည်လည်း။ တေ၊ သင်၏။ ဗာလျံ၊ မိုက်သောအဖြစ်တည်း။ သမ္မသိန္ဓဝ၊ အဆွေ သိန္ဓောမြင်း။ တွံ၊ သင်သည်။ ယံ သေနကံ၊ အကြင် သေနကမင်းကို။ ဝဟသိ၊ ရွက်ဆောင်၏။ သောဝ၊ ထိုသေနကမင်းသည်လျှင်။ ဗာလတရော၊ သင်ထက် အလွန်မိုက်၏။

မင်းသည် မြင်း ဆိတ်တို့၏စကားကို သိ၏။ ထို့ကြောင့် ထိုစကားကို နားထောင်လျက် ရထားကို ဖြည်းဖြည်း နှင်စေ၏။ သိန္ဓောမြင်းသည်လည်း ထိုဆိတ်၏ စကားကို ကြား၍-

၈၀။ ယံ နု သမ္မ အဟံ ဗာလော၊ အဇရာဇ ဝိဇာနဟိ။
အထ ကေန သေနကော ဗာလော၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၈၀။ သမ္မ အဇရာဇ၊ အဆွေဆိတ်မင်း။ နု၊ ကြားရသည်ကား။ အဟံ၊ ငါသည်။ ယံ၊ အကြင်တိရစ္ဆာန် ဖြစ်ခြင်းကြောင့်။ ဗာလော၊ မိုက်၏ဟူ၍။ တွံ၊ သင်သည်။ ဝိဇာနဟိ၊ သိခြင်းငှာ တတ်ကောင်းပေ၏။ ကေန၊ အဘယ့်ကြောင့်။ အယံ သေနကော၊ ဤသေနကမင်းသည်။ ဗာလော၊ မိုက်သနည်း။ တံ၊ ထိုအကြောင်းကို။ ပုစ္ဆိတော၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။

ထိုစကားကိုကြား၍ ဆိတ်မင်းသည် ကြားလိုရကား-

၈၁။ ဥတ္တမတ္ထံ လဘိတွာန၊ ဘရိယာယ န ပဒဿတိ။
တေန ဇဟိဿတတ္တာနံ၊ သာ စေဝဿ န ဟေဿတိ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၈၁။ ယော၊ အကြင် သေနကမင်းသည်။ ဥတ္တမတ္ထံ၊ မြတ်သော အကျိုးရှိသော သဗ္ဗရုတညုဇာနနမန္တန်ကို။ လဘိတွာန၊ ရ၍။ ဘရိယာယ၊ မယားအား။ ပဒဿတိ၊ ပေးလတ္တံ့။ တေန၊ ထိုပေးခြင်းကြောင့်။ အတ္တာနံ၊ ကိုယ်ကို။ ဇဟိဿတိ၊ စွန့်ရလတ္တံ့။ သာစေဝ၊ ထိုမိဖုရားသည်လည်း။ တဿ၊ ထိုသေနကမင်း၏။ ဘရိယာ၊ မယားသည်။ န ဟေဿတိ၊ မဖြစ်ရလတ္တံ့။

မိမိကိုယ်သာ ချစ်အပ်စွာ

ထို့နောင်မှ မင်းသည် ဆိတ်၏စကားကို ကြား၍ ဆိတ်မင်း... ငါတို့၏ ချမ်းသာကို ပြုသည်ရှိသော် သင်သည်လျှင် ပြုလတ္တံ့၊ ရှေးဦးစွာ ငါတို့အား ပြုအပ်သည်နှင့်ယှဉ်သော အမှုကို ဆိုပါလော့ ဟု ဆို၏။ ထိုအခါ သေနကမင်းကို ဆိတ်မင်းသည် မြတ်သောမင်းကြီး... ဤသတ္တဝါတို့အား ကိုယ်ထက် တစ်ပါးသော ချစ်သောသူမည်သည် မရှိ၊ တစ်ခုသော ချစ်အပ်သော ဘဏ္ဍာကိုမှီ၍ ကိုယ်ကို ဖျက်ဆီးအံ့သောငှာ ရအပ်သော စည်းစိမ်ကို စွန့်အံ့သောငှာ မသင့်ဟု ဆို၍-

၈၂။ န ဝေ ပိယမ္မေတိ ဇနိန္ဒ တာဒိသော၊
အတ္တံ နိရံကတွာ ပိယာနိ သေဝတိ။
အတ္တာဝ သေယျော ပရမာစ သေယျော၊
လဗ္ဘာ ပိယာ ဩစိတတ္ထေန ပစ္ဆာ၊

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၈၂။ ဇနိန္ဒ၊ လူတို့ကို အစိုးရသောမင်းကြီး။ တာဒိသော၊ သင်ကဲ့သို့ သဘောရှိသော သူသည်။ မေ၊ ငါသည်။ ဣဒံ ဘဏ္ဍံ၊ ဤဘဏ္ဍာကို။ ပိယံ၊ ချစ်အပ်၏။ ဣတိ၊ ဤသို့။ အတ္တံ-အတ္တာနံ၊ မိမိကိုယ်ကို။ နိရံကတွာ၊ စွန့်၍။ ပိယာနိ၊ ချစ်အပ်ကုန်သော ဘဏ္ဍာတို့ကို။ န သေဝတိ၊ မမှီဝဲရာ။ အတ္တာဝ၊ ကိုယ်သည်သာလျှင်။ သေယျော၊ မြတ်ဘ၏။ ပရမာ စ သေယျော၊ အလွန်မြတ်၏။ ဩစိတတ္ထေန၊ ဥစ္စာစည်းစိမ်နှင့် ပြည့်စုံသော ယောကျ်ားသည်။ ပစ္ဆာ၊ နောက်၌။ ပိယာ၊ မယားကို။ လဗ္ဘာ စ၊ ရသလျှင်ကတည်း။

ကြိမ်ဒဏ်ခံမှ သင်ပေးမည်

ဤသို့ ဘုရားလောင်းသည် မင်းအား အဆုံး အမကို ပေး၏။ မင်းသည် နှစ်သက်၍ ဆိတ်မင်း အဘယ်အရပ်မှ လာသနည်းဟု မေး၏။ မြတ်သော မင်းကြီး။ ငါသည် သိကြားတည်း၊ သင်မင်းကြီးအား သနားသဖြင့် သင်မင်းကြီးကို သေဘေးမှ လွတ်စိမ့်သောငှာ လာ၏ ဟု ဆို၏။ သိကြားမင်း... ထိုမိန်းမအား မန္တရားကို ပေးအံ့ ဟု ဆို၏ အဘယ်ကဲ့သို့ ပြုရအံ့နည်းဟု ဆို၏။ မြတ်သောမင်းကြီး နှစ်ယောက်ကုန်သော သင်မင်းကြီးတို့အား ပျက်စီးခြင်းဖြင့် ကိစ္စမရှိ၊ အတတ်၏ ပူဇော်ခြင်းကို ပြုအံ့ဆို၍ ထိုမိဖုရားကို နှစ်ချက်သုံးချက် ရိုက်လော့၊ ဤသို့သောအကြောင်းဖြင့် မယူလတ္တံ့ ဟု ဆို၏။ မင်းသည် ကောင်းပြီ ဟု ဝန်ခံ၏။ ဘုရားလောင်းသည် မင်းအား ဆုံးမပြီး၍ မိမိနေရာ တာဝတိံသာ နတ်ပြည်သို့လျှင် သွား၏။ သေနကမင်းသည် ဥယျာဉ်သို့သွား၍ မိဖုရားကို ခေါ်စေ၍ ရှင်မိဖုရား... မန္တန်ကို ယူလတ္တံ့လောဟု မေး၏။ ရှင်မင်းကြီး ယူအံ့ဟု ဆို၏။ ထိုသို့တပြီးကား ပူဇော်ခြင်းကို ပြုလော့ဟု ဆို၏။ ပူဇော်ခြင်းသည် အဘယ်သို့နည်းဟု မေး၏။ ကျောက် ကုန်း၌ အချက်တစ်ရာ ရိုက်သည်ရှိသော်လည်း အသံပြုခြင်းငှာ မသင့်ဟု ဆို၏။ မိဖုရားသည် မန္တန်၌ တပ်စွန်းသဖြင့် ကောင်းပြီ ဟု ဝန်ခံ၏။ မင်းသည် ခိုးသူသတ်တို့ကို ခေါ်စေ၍ ကြိမ်တို့ကို ယူစ၍ နံပါးနှစ်ဖက်တို့၌ ရိုက်စေ၏။ မိဖုရားသည် နှစ်ချက်သုံးချက် ရိုက်ခြင်းတို့ကို သည်းခံ၍ ထိုထက်အလွန် ရိုက် သည်ရှိသော် မန္တန်ဖြင့် အလိုရှိ ဟု ဆို၏။ ထိုအခါ မိဖုရားကို မင်းသည် သင်သည် ငါ့ကိုသတ်၍ မန္တန်ကို ယူလို၏ ဟု ကျောက်၌ အရေမရှိသည်ကိုပြု၍ လွှတ်စေ၏။ မိဖုရားသည် ထိုအခါမှစ၍ တဖန်ဆိုခြင်းငှာ မတတ်နိုင်။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ငြီးငွေ့သော ဆုရဟန်းသည် ထိုအခါ သေနကမင်း ဖြစ်ပြီ။ ယခုအခါ မယားဟောင်းသည် ထိုအခါ မိဖုရားဖြစ်ပြီး၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ မြင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည် ထိုအခါ သိကြားဖြစ်ပြီ။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကတိဝန်ခံ၊ မြဲမြဲမြံ၊ တရံတဆစ် မဖျက်ရာ

ရှေးဦးစွာသော ခရပုတ္တဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၂။ သူစိဇာတ်

ပညာ၏အစွမ်းဖြင့် အလိုဆန္ဒပြည့်ဝခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်ဘုရားသည် အကက္ကသံ အဖရုသံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသူစိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပညာပါရမီကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် မဟာဥမင်္ဂဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ ထိုအခါ၌ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့ ... ယခုအခါ၌သာလျှင် ငါဘုရားသည် ပညာရှိ၍ အကြောင်း၌ လိမ္မာသည် မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် ပညာရှိသည်ဖြစ်၍ အကြောင်း၌ လိမ္မာသည်သာလျှင်တည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်း၌ ပန်းပဲအမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် အပြီးတိုင် တတ်အပ်ပြီးသော အတတ်ရှိသည် ဖြစ်၏။ မိဘတို့သည် ဆင်းရဲကုန်၏။ ထိုပန်းပဲတို့၏ ရွာမှ အနီး၌ အိမ်ခြေတစ်ထောင်ရှိသော ပန်းပဲရွာသည် ရှိ၏။

ပန်းပဲကြီးသမီး အလှမယ်

ထိုရွာ၌ ပန်းပဲတစ်ထောင်တို့၏ အကြီးဖြစ်သော ပန်းပဲသူကြီးသည် မင်းနှင့် အကျွမ်းဝင်၏။ ကြွယ်ဝ၏။ များသောဥစ္စာရှိ၏။ ထိုပန်းပဲသူကြီး ၏သမီးသည် မြတ်သော အဆင်းကို ဆောင်၏။ နတ်သမီးနှင့်တူ၏။ ဇနပဒကလျာဏီ၏ လက္ခဏာတို့နှင့် ပြည့်စုံ၏။ ထက်ဝန်းကျင်သော ရွာတို့၌ လူတို့သည် ပဲခွပ် ပုဆိန် ခက်ရင်း ထွန်သွား အစရှိသည်တို့ကို ပြုအံ့သောငှာ ထိုရွာသို့သွား၍ များသောအားဖြင့် သတို့ သမီးကို မြင်ကုန်၏။ ထိုလူတို့သည် မိမိတို့ရွာသို့ သွားကုန်၍ နေရာအရပ် အစရှိသည်တို့၌ ထိုသတို့သမီး၏ အဆင်းကို ချီးမွမ်းကုန်၏

ပန်းပဲလုလင် အပ်ရောင်း

ဘုရားလောင်းသည် ထိုစကားကို ကြား၍လျှင် ကြားချင်းဟူသော နှီးနှောခြင်းဖြင့် ဖွဲ့အပ်သည်ဖြစ်၍ သတို့ သမီးကို အလုပ်အကျွေးပြုအံ့ ဟု အမျိုးမြတ်သော သံကိုယူ၍ တစ်ခုသော သိမ်မွေ့စွာသော အပ်ကိုပြု၍ နားတို့ကို ထွင်း၍ ရေပေါ်အောင်ပြု၍ ထိုသို့သဘောရှိသည်လျှင်ဖြစ်သော တစ်ပါးလည်းဖြစ်သော အပ်အိမ်ကိုပြု၍ နားကိုထွင်း၏။ ဤသို့သောနည်းဖြင့် ထိုအပ်၏ ခုနစ်ခုကုန်သော အိမ်တို့ကို ပြု၏။

အသို့ပြုခြင်းငှာ တတ်နိုင်လတ္တံ့နည်းဟု ဆိုခြင်းငှာ မတတ်ကောင်း၊ ဘုရားလောင်းတို့အား ဉာဏ်ကြီးသည်၏ အဖြစ်ကြောင့် ပြုခြင်းသည် ပြည့်စုံသလျှင်ကတည်း။

ဘုရားလောင်းသည် ထိုအပ်ကို အပ်ကျည်၌ ထည့်၍ ခါးပိုက်၌ထား၍ ထိုရွာသို့သွား၍ ပန်းပဲသူကြီး၏နေရာ အိမ်လမ်းကိုမေး၍ ထိုအိမ်သို့သွား၍ တံခါး၌ရပ်၍ ငါ၏လက်မှ ဤသို့သဘောရှိသော အပ်ကို အဖိုးဖြင့် အဘယ်သူသည် ဝယ်ခြင်းငှာ အလိုရှိသနည်း ဟု အပ်ကို ချီးမွမ်းလျက် ပန်းပဲသူကြီး၏ အိမ်တံခါးသို့ သွား၍-

၈၃။ အကက္ကသံ အဖရုသံ၊ ခရဓောတံ သုပါသိယံ။
သုခုမံ တိခိဏဂ္ဂဉ္စ၊ ကော သူစိံ ကေတုမိစ္ဆတိ။

ဟူသော ရှေးဦးသော ဤဂါထာကို ဆို၏။

၈၃။ အကက္ကသံ၊ အကာမရှိထသော။ အဖရုသံ၊ မကြမ်းထသော။ ခရဓောတံ၊ သွေးကျောက်ဖြင့် ပွတ်အပ်ထသော။ သုပါသိယံ၊ ကောင်းစွာ နဖား ထွင်းအပ်သော။ သုခုမံ၊ သိမ် မွေ့ထသော။ တိလိဏဂ္ဂဉ္စ၊ ထက်သော အဖျားရှိသည်လည်းဖြစ်သော။ သူစိံ၊ အပ်ကို။ ကော၊ အဘယ်သူသည်။ ကေတုံ၊ ဝယ်ခြင်းငှာ။ ဣစ္ဆတိ၊ အလိုရှိသနည်း။

ဤသို့ဆို၍လည်း တစ်ဖန် ထိုအပ်ကို ချီးမွမ်းပြန်လိုရကား-

၈၄။ သုမဇ္ဇဉ္စ သုပါသဉ္စ၊ အနုပုဗ္ဗံ သုဝဋ္ဋိတံ။
ဃနဃာတိမံ ပဋိထဒ္ဓံ၊ ကော သုစိံ ကေတုမိစ္ဆတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၈၄။ သုမဇ္ဇဉ္စ၊ ကုရုဝိန္ဒကမည်သော ကျောက်မှုန့်ဖြင့် ကောင်းစွာ ပွတ်အပ်သည်လည်း ဖြစ်ထသော။ သုပါသဉ္စ၊ ကောင်းစွာနဖားထွင်းအပ်သည်လည်း ဖြစ်ထသော။ အနုပုဗ္ဗံ၊ အစဉ်သဖြင့်။ သုဝဋ္ဋိတံ၊ ကောင်းစွာ လုံးသည်လည်း ဖြစ်သော။ ဃနဃာတိမံ၊ တူဖြင့်ခတ်အပ်သည်ရှိသော် ပေကို ထုတ် ချင်း ထွင်းထသော။ ပဋိထဒ္ဓံ၊ အလွန်မာသော။ သူစိံ၊ အပ်ကို။ ကော၊ အဘယ်သူသည်။ ကေတုံ၊ ဝယ်ခြင်းငှာ။ ဣစ္ဆတိ၊ အလိုရှိသနည်း။

ပန်းပဲရွာ အပ်လာမရောင်းနှင့်

ထိုခဏ၌ သတို့သမီးသည် နံနက်စာစားပြီးသော် ပူပန်ခြင်းကို ငြိမ်းစေခြင်းငှာ အိပ်ရာငယ်မှာ လျောင်းသော အဖကို ထန်းရွက်ယပ်ဖြင့် ယပ်ခတ်လျက် ဘုရားလောင်း၏ သာယာသော အသံကိုကြား၍ စိုသောအသားစိုင်ဖြင့် နှလုံး၌ ခတ်ဘိသကဲ့သို့ လည်းကောင်း၊ ရေအိုးတစ်ထောင်ဖြင့် ရေကိုသွန်းလောင်း၍ ငြိမ်းစေအပ်သော ပူပန်ခြင်းရှိသကဲ့သို့ လည်းကောင်း ဖြစ်၍ ဤသူသည် သာယာသောအသံဖြင့် ပန်းပဲ၏ရွာ၌ အပ်ကိုရောင်း၏။ အဘယ်သူနည်း၊ အဘယ် အမှုဖြင့် လာသနည်း၊ ထိုသူကို မေးအံ့ ဟု ထန်းရွက်ယပ်ကိုချ၍ အိမ်မှထွက်၍ အပဖြစ်သော အိမ်ဦး၌ ရပ်၍ သင်သည် တစ်နေ့ပတ်လုံး အပ်၏ ကျေးဇူးကို အကယ်၍ ဆိုငြားအံ့၊ သင်၏ လက်မှ တစ်စုံတစ်ယောက်သောသူသည် အပ်ကိုမဝယ်လတ္တံ့ ဟု ဘုရားလောင်းနှင့်တကွ ပြောဆို၏။ ဘုရားလောင်းတို့အား တောင့်တခြင်းမည်သည် ပြည့်စုံ၏။ ဘုရားလောင်းသည် ထိုသတို့သမီး၏ အကျိုးငှာသာလျှင် ထိုရွာသို့ လာ၏။ ထိုသတို့သမီးသည်လည်း ဘုရားလောင်းနှင့်တကွ စကားပြောဆို၍ လုလင်... တိုင်းအလုံး၌ နေကုန်သော သူတို့သည် အပ်အစရှိသည်တို့၏ အကျိုးငှာ ဤရွာသို့လာကုန်၏။ သင်သည် မိုက်သည်၏ အဖြစ်ကြောင့် ပန်းပဲတို့၏ရွာ၌ အပ်ကိုရောင်းခြင်းငှာ အလို ရှိ၏။ တစ်နေ့ပတ်လုံးလည်း အပ်၏ကျေးဇူးကို အကယ်၍ ဆိုငြားအံ့၊ တစ်စုံတစ် ယောက်သောသူသည် သင်၏လက်မှအပ်ကို မဝယ်လတ္တံ့၊ သင်သည် အဖိုးကိုရခြင်းငှာ အကယ်၍ အလိုရှိအံ့၊ တစ်ပါးသော ရွာသို့ သွားလေလော့ ဟု ဆိုလို၍-

၈၅။ ဣတော ဒါနိ ပတာယန္တိ၊ သူစိယော ဗဠိသာနိ စ။
ကောယံ ကမ္မာရဂါမသ္မိံ၊ သူစိံ ဝိက္ကေတုမိစ္ဆတိ။
၈၆။ ဣတော သတ္ထာနိ ဂစ္ဆန္တိ၊ ကမ္မန္တာ ဝိဝိဓာ ပုထူ။
ကောယံ ကမ္မာရဂါမသ္မိံ၊ သူစိံ ဝိက္ကေတုမိစ္ဆတိ။

ဟူသော ဤနှစ်ဂါတို့ကို ဆို၏။

၈၅။ မာဏဝ၊ လုလင်။ ဣဒါနိ၊ ယခုအခါ၌။ ဣတော၊ ဤရွာမှ။ သူစိယော၊ အပ်တို့သည်လည်းကောင်း။ ဗဠိသာနိ စ၊ သံကောက်တို့သည်လည်းကောင်း။ ပတာယန္တိ၊ ထွက်ကုန်၏။ ကမ္မာရဂါမသ္မိံ၊ ဤသို့သဘောရှိသော ပန်းပဲတို့ရွာ၌။ ယော၊ အကြင်သူသည်။ သူစိံ၊ အပ်ကို။ ဝိက္ကေတုံ၊ ရောင်းအံ့သောငှာ။ ဣစ္ဆတိ၊ လိုရှိ၏။ အယံ၊ ဤသူကား။ ကော၊ အဘယ်သို့သော သူနည်း။

၈၆။ မာဏဝ၊ လုလင်။ ဣတော၊ ဤရွာမှ။ သတ္ထာနိ စ၊ တစည်း, စူး, ဆောက်စသော ဘဏ္ဍာအပေါင်း ရောင်းဝယ် ဖောက်ကားသော ကုန်သည်တို့သည်လည်းကောင်း။ ဝိဝိဓာ၊ အထူးထူး အပြားပြားရှိကုန်သော။ ကမ္မန္တာ၊ အမှုလုပ်ကုန်သော။ ပုထူ၊ များစွာကုန်သော သူတို့သည်လည်းကောင်း။ နိဂစ္ဆန္တိ၊ ထွက်ကုန်၏။ ကမ္မာရဂါမသ္မိံ၊ ဤသို့သဘောရှိသော ပန်းပဲတို့ရွာ၌။ ယော၊ အကြင်သူသည်။ သူစိံ၊ အပ်ကို။ ဝိက္ကေတုံ၊ ရောင်းအံ့သောငှာ။ ဣစ္ဆတိ၊ အလို ရှိ၏။ အယံ၊ ဤသူကား။ ကော၊ အဘယ်သို့ သဘောရှိသောသူနည်း။

ပန်းပဲမှ ပိုသိကုန်တော့မပေါ့

ဘုရားလောင်းသည် သတို့သမီး၏ စကားကို ကြား၍ နှမ- သင်သည် မသိ၊ မသိသော အကြောင်းကြောင့် ဤသို့ဆို၏ ဟူ ဆို၍-

၈၇။ သူစိံ ကမ္မာရဂါမသ္မိံ၊ ဝိက္ကေတဗ္ဗာ ပဇာနတာ။
အာစရိယာဝ ဇာနန္တိ၊ ကမ္မံ သုကတဒုက္ကဋံ။
၈၈။ ဣမဉ္စေ တေ ပိတာ ဘဒ္ဒေ၊ သုစိံ ဇညာ မယာ ကတံ။
တယာ စ မံ နိမန္တေယျ၊ ယဉ္စတ္ထညံ ဃရေ ဓနံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၈၇။ ဘဒ္ဒေ၊ နှမ။ ပဇာနတာ၊ ပညာရှိသော ယောက်ျားသည်။ သူစိံ၊ အပ်ကို။ ကမ္မာရဂါမသ္မိံ၊ ပန်းပဲတို့၏ ရွာ၌သာလျှင်။ ဝိက္ကေတဗ္ဗာ၊ ရောင်းအပ်၏။ သုကတဒုက္ကဋံ ကမ္မံ၊ ကောင်းစွာပြုအပ်သော အမှု၊ မကောင်းသဖြင့် ပြုအပ်သောအမှုကို။ အာစရိယာဝ၊ ပန်းပဲဆရာတို့သည်သာလျှင်။ ဇာနန္တိ၊ သိကုန်၏။

၈၈။ ဘဒ္ဒေ၊ နှမ။ မယာ၊ ငါသည်။ ကတံ၊ ပြုအပ်သော။ ဣမံ သူစိံ၊ သတ္တိအထူးရှိသော ဤအပ်ကို။ တေ၊ သင်၏။ ပတာ၊ အဖသည်။ စေ ဇာ၊ အကယ်၍ သိငြားအံ့။ တယာ စ၊ သင်ဖြင့်လည်း။ မံ၊ ငါ့ကို။ နိမန္တေယျ၊ ဖိတ်ရာ၏။ ဧတ္ထ ဃရေ၊ ဤအိမ်၌။ အညံ၊ သင်မှ တစ်ပါးသော။ ယံ ဓနံ၊ အကြင်ဥစ္စာသည်။ အတ္ထိ၊ ရှိ၏။ တေန စ၊ ထိုဥစ္စာဖြင့်လည်း။ မံ၊ ငါ့ကို။ နိမန္တေယျ၊ ဖိတ်ရာ၏။

ပန်းပဲများ လက်ဖျားခါကြရပြီ

ဤသို့ ဘုရားလောင်းသည် ဤဂါထာဖြင့် မိမိကျေးဇူးကို ချီးမွမ်း၏။ ပန်းပဲသူကြီးသည် ထိုသူတို့၏ အလုံးစုံသောစကားကိုကြား၍ အမိ ဟု သမီးကိုခေါ်၍ အဘယ်သူနှင့် စကားပြောသနည်း ဟု မေး၏။ ဖခင်... တစ်ယောက်သောသူသည် အပ်ရောင်းလာ၏။ ထိုသူနှင့် စကား ပြော၏ ဟု ဆို၏။ ထိုအပ်ရောင်းသော ယောက်ျားကို ခေါ်ခဲ့လော့ ဟု ဆို၏။ ထိုသတို့ သမီးသည် သွား၍ခေါ်၏။ ဘုရားလောင်းသည် အိမ်သို့ဝင်၍ ပန်းပဲသူကြီးကို ရှိခိုး၍ တင့်အပ် လျောက်ပတ်သော အရပ်၌ နေ၏။ ထိုအခါ ဘုရားလောင်းကို အဘယ်သားနည်းဟု မေး၏။ ဤမည်သော ရွာသား ဟုဆို၏။ အဘယ် သူ၏သားနည်းဟု မေး၏။ ဤမည်သောသူ၏ သားဟု ဆို၏။ အဘယ်ကြောင့် ဤအရပ်ကို လာသနည်းဟု မေး၏။ အပ်ရောင်းအံ့သောငှာ လာ၏ ဟု ဆို၏။ သင့်အပ်ကို ကြည့်အံ့ဟု ဆိုသည်ရှိသော် ဘုရားလောင်းသည် မိမိ၏ ကျေးဇူးကို ခပ်သိမ်းကုန်သော လူတို့၏ အလယ်၌ ပြလိုသည်ဖြစ်၍ တစ်ယောက်တည်းသာ မကြည့်အပ်၊ တစ်ယောက်တည်း ကြည့်ခြင်းထက် ခပ်သိမ်းကုန်သော လူတို့၏ အလယ်၌ ကြည့်ခြင်းသည် အလွန်မြတ်၏ဟု ဆို၏။ ပန်းပဲသူကြီးသည် အမောင် ကောင်းပြီ ဟု ခပ်သိမ်း သော ပန်းပဲတို့ကို စည်းဝေးစေ၍ ထိုပန်းပဲတို့ဖြင့် ခြံရံအပ်သည်ဖြစ်၍ ငါတို့သည် ကြည့်ကုန်အံ့၊ သင်၏အပ်ကို ထုတ်လော့ ဟု ဆို၏။ ဆရာ တစ်ခုသော ပေကိုလည်းကောင်း ရေဖြင့်ပြည့်သော ကြေးခွက်ကိုလည်းကောင်း ဆောင်စေကုန်လော့ ဟုဆို၏။ ပန်းပဲသူကြီးသည် ဆောင်စေ၏။ ဘုရားလောင်းသည် ခါးပိုက်မှ အပ်ကျည်ကိုထုတ်၍ ပေး၏။ ပန်းပဲသူကြီးသည် အပ်ကျည်မှ အပ်ကိုထုတ်၍ အမောင် ဤကား အပ်လော” ဟု မေး၏။ ဤကား အပ်မဟုတ်၊ အပ်ကျည်တည်း ဟု ဆို၏။ ပန်းပဲသူကြီးသည် စုံစမ်း သည်ရှိသော် အဆုံးကိုလည်းကောင်။ အစွန်းကိုလည်းကောင်း မမြင်သလျှင်ကတည်း။ ဘုရားလောင်းသည် ယူ၍ အစဉ်သဖြင့် လက်သည်းဖြင့် အပ်အိမ်ကိုပယ်၍ ဤကား အပ်အိမ်တည်း ဟု လူများအားပြ၍ အပ်အိမ်ကို ဆရာခြေရင်း၌ထား၏။ တစ်ဖန် ပန်းပဲသူကြီးသည် “ဤကား အပ်ဖြစ်ယောင်တကားဟု ဆိုသည်ရှိသော် ဤလည်း အပ်အိမ်တည်း ဆို၍ လက်သည်းဖြင့်ခွာလျက် အစဉ်သဖြင့် ခြောက်ခုကုန်သော အပ်အိမ်တို့ကို ပန်းပဲသူကြီး၏ ခြေရင်း၌ထား၍ ဤကား အပ်တည်း ဟု ပန်းပဲသူကြီး၏လက်၌ထား၏။ ပန်းပဲတစ်ထောင်တို့သည် လက် ချောင်းကို ခါကုန်၏။ ပုဆိုးဦးရစ် ပစ်ခြင်းတို့ကို ဖြစ်စေကုန်၏။

အပ်၏ စွမ်းအင်ကြီးလှပုံ

ထိုအခါ ဘုရားလောင်းကို ပန်းပဲသူကြီးသည် အမောင် ဤအပ်ဖြင့် အဘယ်အစွမ်းသတ္တိ ရှိသနည်းဟု မေး၏။ ဆရာ... အားရှိသော ယောကျ်ားကို ပေကိုချီစေ၍ ပေအောက်၌ ရေဖြင့်ပြည့်သော ကြေးခွက်ကိုထား၍ ပေ၏ အလယ်၌ ဤအပ်ကိုခတ်ကုန်လော့ ဟု ဆို၏။ ပန်းပဲသူကြီးသည် ဘုရားလောင်း ဆိုတိုင်းပြုစေ၍ ပေ၏ အလယ်၌ အပ်ဖျားဖြင့် ခတ်၏။ ထိုအပ်သည် ပေကိုဖောက်၍ ရေအပြင်၌ ဆံခြည်ဖျားမျှလည်း အထက်သို့လည်း မတက်၊ အောက်သို့လည်း မနစ်သည်ဖြစ်၍ ဖီလာတည်၏။ ခပ်သိမ်းကုန်သော ပန်းပဲတို့သည် ငါတို့သည် ဤမျှလောက်သော ကာလပတ်လုံး ပန်းပဲတို့မည်သည် ဤသို့သဘောရှိသည် ဖြစ်ကုန်၏ဟု စကားကိုမျှလည်း မကြားစဘူးကုန် ဟု လက်ချောင်းတို့ကို ခါကုန်၏။ ဦးရစ် ပစ်ခြင်းတို့ကို ဖြစ်စေကုန်၏။

အမျိုးသမီးကိုရပြီ

ပန်းပဲသူကြီးသည် သမီးကိုခေါ်၍ ထိုပရိသတ် အလယ်၌လျှင် သတို့သမီးသည် သင့်အားသာလျှင် လျောက်ပတ်၏ ဟု ရေသို့ သွန်ချ၍ ပေး၏။ ဘုရားလောင်းသည် နောက်အခါ ပန်းပဲသူကြီး ကွယ်လွန်သဖြင့် ထိုရွာ၌သာလျှင် ပန်းပဲသူကြီးဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ ပန်းပဲသူကြီး၏ သမီးဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပန်းပဲသမား ပညာရှိ ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ပဏ္ဍိတ်ကိုမှ၊ ပညာပြ၊ မုချထင်ပေါ်မည်

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သူစိဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၃။ တုဏ္ဍိလဇာတ်

ရဲရင့်ခြင်းကြောင့် သေဘေးမှလွတ်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် နဝဆန္နကေ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတုဏ္ဍိလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သေဘေးကို ကြောက်တတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းသည် သာဝတ္ထိပြည်၌နေသော အမျိုးသားသည် ဖြစ်သတတ်။ ထိုအမျိုးသားသည် ရဟန်းပြု၍ သေဘေးကို ကြောက်တတ်၏။ အနည်းငယ်လည်းဖြစ်သော သစ်ခက်လှုပ်ခြင်း လှင်ကန်ကျခြင်းကိုလည်းကောင်း, ငှက်သံ အခြေလေးချောင်းရှိသော သားတို့၏အသံကိုလည်းကောင်း၊ ထိုသို့သဘောရှိသော တစ်ပါးသောအသံကိုလည်းကောင်း ကြား၍ သေဘေးကို ကြောက်သည်ဖြစ်၍ ဝမ်းသို့ဝင်သကဲ့ကို တုန်လှုပ်လျက် သွား၏။ ရဟန်းတို့သည် တရား သဘင်၌ ငါ့ရှင်တို့ ဤမည်သော ရဟန်းသည် အနည်းငယ်လည်းဖြစ်သော အသံကိုကြား၍ မြည်တမ်းလျက် ပြေး၏။ ဤသတ္တဝါတို့အား သေခြင်းသည်သာလျှင် မြဲ၏။ အသက်သည် မမြဲ၊ အသင့်အားဖြင့် နှလုံးသွင်းခြင်းကို ပြုအပ်သည် မဟုတ်တုံလော ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာလတ်တော်မူ၍ ရဟန်းတို့ ... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်း ဟု မေးတော်မူလတ်၍ ဤ မည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ထိုရဟန်းကို ခေါ်တော်မူ၍ ရဟန်း သင်သည် သေဘေးကို ကြောက်တတ်သောဟူသည် မှန်သလော ဟု မေးတော်မူလတ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... မှန်ပေ၏ ဟု ထိုရဟန်းသည် ဝန်ခံသည်ရှိသော် ရဟန်းတို့... ဤရဟန်းသည် ယခုအခါ၌သာလျှင် သေဘေးကို ကြောက်တတ်သည် မဟုတ်သေး၊ ရှေး၌လည်း သေဘေးကို ကြောက်တတ်သည်သာလျှင်တည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဝက်မဝမ်း၌ ပဋိသန္ဓေယူ၍ ဝက်မသည် ကိုယ်ဝန်ရင့်လတ်သော် နှစ်ခုကုန်သော ဝက်ငယ်တို့ကို ဖွား၏။ ထိုဝက်မသည် တစ်နေ့သ၌ သားငယ်တို့ကိုယူ၍ တစ်ခုသော ချုံအတွင်း၌ ဝပ်၏။

ဝက်ငယ် နှစ်ကောင်

ထိုအခါ ဗာရာဏသီ မြို့တံခါး၌နေသော တစ်ယောက်သော မိန်းမအိုသည် ဝါခင်းမှ တောင်းပြည့်အောင် ဝါကိုယူ၍ တောင်ဝှေးဖြင့် မြေကိုထောက်၍ လာ၏။ ဝက်မသည် ထိုအသံကိုကြား၍ သေဘေးကိုကြောက်သဖြင့် သားငယ်နှစ်ခုတို့ကို စွန့်၍ပြေး၏။ မိန်းမအိုသည် ဝက်ငယ်တို့ကိုမြင်၍ သားအမှတ်ကိုပြု၍ တောင်း၌ထည့်၍ အိမ်သို့ ဆောင်၍ အကြီးအား မဟတုဏ္ဍိလ ဟူသော အမည်, အငယ်အား စူဠတုဏ္ဍိလ ဟူသောအမည်ကို မှည့်၍ ထိုဝက်ငယ်တို့ကို သားငယ်ကဲ့သို့ မွေး၏။ ထိုဝက်ငယ်တို့သည် နောက်အဖို့၌ ကြီးကုန်၍ ပြည့်ဖြိုးသော ကိုယ်ရှိကုန်၏။

ဝက်ငယ်ကို ရောင်းပြီ

ဤဝက်တို့ကို ငါတို့အား အဖိုးဖြင့် ပေးကုန်လော့ ဟု ဆိုသည်ရှိသော် မိန်းမအိုသည် ဤဝက်တို့သည် ငါ၏သားငယ်တို့တည်းဟု ဆို၍ တစ်စုံတစ်ယောက်သောသူအား မပေး။ ထိုအခါ တစ်ခုသော ပွဲသဘင်ကာလ၌ သေသောက် ကြူးသူတို့သည် သေကိုသောက်ကုန်၏။ အသားကုန်သည်ရှိသော် အသားကို ဘယ်မှာရှာရလတ္တံ့နည်းဟု စုံစမ်းကုန်လတ်သော် သူအိုမ၏အိမ်၌ ဝက်တို့ရှိသောအဖြစ်ကို သိ၍ အဖိုးကိုယူ၍ အိမ်သို့သွား၍ မိခင် အဖိုးကိုယူ၍ ငါတို့အား တစ်ခုသောဝက်ကို ပေးပါ ဟု ဆိုကုန်၏။ ထိုသူအိုမသည် အမောင်တို့ ဤဝက်တို့သည် ငါ့သားတို့တည်း။ အဖိုးဖြင့် အလိုမရှိ ဟု ပယ်၏။ သေ သောက် ကြူးတို့သည် မိခင် ဝက်တို့မည်သည်ကား လူတို့၏သား မဖြစ်ကုန်၊ ထိုဝက်တို့ကို ပေးလော့ ဟု အဖန်တလဲလဲ တောင်းသော်လည်း မရ၍ သူအိုမကို သေသောက်စေ၍ ယစ်သောကာလ၌ မိခင်... ဝက်တို့ဖြင့် အသို့ပြုအံ့နည်း၊ အဖိုးကိုယူ၍ ရိက္ခာပြုလော့ ဟု သူအိုမ၏ လက်၌ အသပြာတို့ကို ထားကုန်၏။ သူအိုမသည် အသပြာတို့ကိုယူ၍ အမောင်တို့ မဟာတုဏ္ဍိလကို ပေးခြင်းငှာ မတတ်ကောင်း၊ စူဠတုဏ္ဍိလကို ယူကြကုန်လော့ ဟု ဆို၏။

ကြောက်၍ အဖမ်းမခံ

ထိုစူဠတုဏ္ဍိလသည် အဘယ်မှာနည်း ဟု မေး၏။ တစ်ခုသော ချုံ၌ ရှိ၏ ဟု ဆို၍ သေ သောက်ကြူးသူတို့သည် အဖိုးဖြင့် ထမင်းခွက်ကို ဆောင်စေကုန်၏။ သူအိုမသည် အဖိုးဖြင့် ထမင်းကို ယူ၍ တံခါးဝ၌ တည်သော ဝက်စားကျင်းကို ပြည့်စေ၍ စားကျင်းအနီး၌ တည်၏။ သုံးကျိပ် အတိုင်းအရှည်ရှိသော သေသောက်ကြူးတို့သည်လည်း ကျော့ကွင်းလက်စွဲကုန်လျက် ထိုအရပ်၌လျှင် တည်ကုန်၏။ သူအိုမသည် ချစ်သားစူဠတုဏ္ဍိလ၊ လာလော့ဟု စူဠတုဏ္ဍိလအား အသံပြု၏။ မဟာတုဏ္ဍိလသည် ထိုအသံကြား၍ ဤမျှလောက်သော ကာလပတ်လုံး ငါ၏ အမိသည် စူဠတုဏ္ဍိလအား အသံမပေးစဖူး၊ ငါ့ကိုသာလျှင် ရှေးဦးစွာ ခေါ်၏။ ယနေ့ ငါတို့အား မချွတ် သေဘေးဖြစ်လတ္တဟု သိ၍ မဟာတုဏ္ဍိလသည် ညီကိုခေါ်၍ ညီထွေး စူဠတုဏ္ဍိလ... အမိသည် သင့်ကိုခေါ်၏။ သွားချေ။ ရှေးဦးစွာ စုံစမ်းချေလော့ ဆို၏။ စူဠတုဏ္ဍိလသည် ချုံမှထွက်၍ ထမင်းစားကျင်း၏ အနီး၌ လူတို့၏ တည်သောအဖြစ်ကို သိ၍ ယနေ့ ငါ့အား သေဘေး ရောက်ပြီဟု ဘေးဖြင့် ကြောက်သည်ဖြစ်၍ တုန်လှုပ်လျက် အစ်ကိုအထံသို့ လာ၍ ခိုင်ခံ့စွာ တည်အံ့သောငှာ မတတ်နိုင်၍ တုန်လှုပ်လျက်လဲ၏။ မဟာတုဏ္ဍိလသည် စူဠတုဏ္ဍိလကိုမြင်၍ ညီထွေး စူဠတုဏ္ဍိလ... သင်သည် ယခု လဲ၏။ ပြေးဝင်ရာအရပ်ကို ကြည့်၏။ အဘယ်အကြောင်းကြောင့် ထိုအမှုကို ပြုသနည်း ဟု မေး၏။ စူဠတုဏ္ဍိလသည် မိမိမြင်သော အကြောင်းကို ဆိုလို၍-

၈၉။ နဝဆန္နကေဒါနိ ဒိယျတိ၊
ပုဏ္ဏာ ယံ ဒေါဏိ သုဝါမိနီ ဌိတာ။
ဗဟုကေ ဇနေ ပါသပါဏိကေ၊
နော စ ခေါ မေ ပဋိဘာတိ ဘုဉ္ဇိတုံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၈၉။ ဘာတိက၊ နောင်တော်။ ဣဒါနိ၊ ယခုအခါ၌။ နဝဆန္နကေ၊ သစ်သော အစာတို့ဖြင့်ပြည့်သော ဝက်စားကျင်းကို။ ဒိယျတိ၊ ပေးအပ်၏။ အယံ ဒေါဏိ၊ ဤစားကျင်းသည်။ ပုဏ္ဏာ၊ စင်ကြယ်သော အစာတို့ဖြင့်ပြည့်၏။ သုဝါမိနီ၊ ငါတို့၏ အမိသည်လည်း။ ဌိတာ၊ စားကျင်း၏အနီး၌ တည်၏။ ပါသပါဏိကေ၊ လက်၌ ကျော့ကွင်းရှိသော။ ဗဟုကေ၊ များစွာသော။ ဇနေ၊ လူအပေါင်းသည်လည်း။ ဌိတော၊ စားကျင်း၏ အနီး၌ တည်၏။ ဣဒံ ဘတ္တံ၊ ဤအစာကို။ ဝါ၊ ဤအစာသည်။ ဘုဉ္ဇိတုံ၊ စားခြင်းငှာ။ မေ၊ ငါအား။ နော စ ခေါ ပဋိဘာတိ၊ နှစ်သက်ခြင်းကို မဖြစ်စေ။

သီလကို ဆောက်တည်ပါ

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ညီထွေး စူဠတုဏ္ဍိလ ဤအရပ်၌လျှင် ဝက်တို့ကိုမွေးသော ငါတို့၏ အမိသည် အကြင်အကျိုးငှာ မွေး၏။ ထိုအကျိုးသည် ယနေ့ အပြီးသို့ ရောက်ပြီ၊ သင်သည် မစိုးရိမ်လင့် ဟု သာယာသော အသံဖြင့် ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် တရားဟောလိုသည်ဖြစ်၍-

၉၀။ တသသိ ဘမသိ လေဏမိစ္ဆသိ၊
အတ္တာဏောသိ ကုဟိံ ဂမိဿသိ။
အပ္ပေါသုက္ကော ဘုဉ္ဇ တုဏ္ဍိလ၊
မံသတ္ထာယ ဟိ ပေါသိတာမှသေ။
၉၁။ ဩဂဟ ရဟဒံ အကဒ္ဒမံ၊
သဗ္ဗံ သေဒမလံ ပဝါဟယ။
ဂဏှာဟိ နဝံ ဝိလေပနံ၊
ယဿ ဂန္ဓော န ကဒါစိ ဆိဇ္ဇတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၉၀။ တာတ တုဏ္ဍိလ၊ ညီထွေး စူဠတုဏ္ဍိလ။ တွံ၊ သင်သည်။ တသသိ၊ လန့်၏။ ဘမသိ၊ လည်၏။ လေဏံ၊ ပုန်းအောင်းရာကို။ ဣစ္ဆသိ၊ အလိုရှိ၏။ အတ္တာဏော၊ ကိုးကွယ်ရာမရှိသည်။ အသိ၊ ဖြစ်၏။ ကုဟိံ၊ အဘယ်သို့။ ဂမိဿသိ၊ သွားလတ္တံ့နည်း။ အပ္ပေါသုက္ကော၊ ကြောင့်ကြမဲ့။ ဘုဉ္ဇ၊ စားလော့။ မံသတ္ထာယ ဟိ၊ အသား၏အကျိုးငှာသာလျှင်။ ပေါသိတာမှသေ၊ မွေးအပ်ကုန်၏။

၉၁။ အကဒ္ဒမံ၊ ညွန်မရှိသော။ ရဟဒံ၊ ရေကန်သို့။ ဩဂဟ၊ သက်လော့။ သဗ္ဗံ၊ အလုံးစုံသာ။ သေဒမလံ၊ အညစ်အကြေးကို။ ပဝါဟယ၊ ဆေးလော့။ ယဿ၊ အကြင် နံ့သာပျောင်း၏။ ဂန္ဓော၊ အနံ့သည်။ ကဒါစိ၊ တစ်ရံတစ်ဆစ်၌။ န ဆိဇ္ဇတိ၊ မပြတ်။ နဝံ၊ အသစ်ဖြစ်သော။ တံ ဝိလေပနံ၊ ထိုနံ့သာပျောင်းကို။ ဂဏှာဟိ၊ ယူလော့။

ဆယ်ပါးသော ပါရမီတို့ကို ဆင်ခြင်၍ မေတ္တာပါရမီကို ရှေ့ထား၍ ရှေးဦးစွာ ဂါထာပုဒ်ဖြင့် ရွတ်သည်သာလျှင် ဖြစ်သော ဘုရားလောင်း၏ အသံသည် အလုံးစုံ တစ်ဆယ့်နှစ်ယူဇာရှိသော ဗာရာဏသီပြည်ကို လွှမ်း၍သွား၏။ ကြားတိုင်း ကြားတိုင်သော ခဏပင်လျှင် အိမ်ရှေ့မင်း အစရှိကုန်သော သူတို့ကို အစပြု၍ ဗာရာဏသီပြည်၌ နေကုန်သော သူတို့သည် လာကုန်၏။ မလာကုန်သော သူတို့သည်လည်း အိမ်၌နေလျက်သာလျှင် နာကုန်၏။ မင်း၏ ပရိသတ်တို့သည် ချုံတို့ကို ဖျက်ဆီး၍ မြေကိုညီညွတ်စွာပြု၍ သဲတို့ကို ကြဲကုန်၏။ သေသောက်ကြူးတို့အား သုရာယဇ်ခြင်းသည် ပြေ၏။ ကျော့ကွင်းတို့ကို စွန့်ကုန်၍ တရားနာကုန်လျက်သာလျှင် တည်ကုန်၏။ သူအိုမအားလည်း သုရာယစ်ခြင်းသည် ပြေ၏။ ဘုရားလောင်းသည် လူအပေါင်း၏ အလယ်၌ စူဠတုဏ္ဍိလအား ဓမ္မဒေသနာကို အားထုတ်၏။

ထိုစကားကိုကြား၍ စူလတုဏ္ဍိလသည် ငါ့အစ်တို့သည် ဤသို့ဆို၏။ ငါတို့၏အနွယ်၌ ရေကန်သို့သက်၍ ကိုယ်မှ ချွေးအညစ်အကြေးကို လျှော်ခြင်းသည်လည်းကောင်း၊ နံ့သစ်ကို ယူခြင်းသည်လည်းကောင်း တစ်စုံ တစ်ခုသော ကာလသည် မရှိ၊ အဘယ်ကိုရည်၍ အစ်တို့သည် ငါ့ကို ဤသို့ ဆိုသနည်းဟု မေးလိုရကား-

၉၂။ ကတမော ရဟဒေါ အကဒ္ဒမော၊
ကိံသု သေဒမလန္တိ ဝုစ္စတိ။
ကတမဉ္စ နဝံ ဝိလေပနံ၊
ယဿ ဂန္ဓော န ကဒါစိ ဆိဇ္ဇတိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၉၂။ အကဒ္ဒမော၊ ညွန်မရှိသော။ ရဟဒေါ၊ ရေကန်ဟူသည်။ ကတမော၊ အဘယ်နည်း။ ကိံသု၊ အဘယ်ကိုလျှင်။ သေဒမလန္တိ၊ ချွေး အညစ်အကြေး ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်သနည်း။ ယဿ၊ အကြင်နံ့သာပျောင်း၏။ ဂန္ဓော၊ အနံ့သည်။ ကဒါစိ၊ တစ်ရံတစ်ဆစ်၌။ န ဆိဇ္ဇတိ၊ မပြတ်။ နဝံ၊ အသစ်ဖြစ်သော။ တံ ဝိလေပနံ၊ ထိုနံသာပျေားင်းသည်။ ကတမံ၊ အဘယ်နည်း။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ညီထွေး စူဠတုဏ္ဍိလ... ထိုသို့တပြီးကား ချသော နားရှိသည်ဖြစ်၍ နာလော့ ဟု ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် တရားဟောလိုရကား-

၉၃။ ဓမ္မော ရဟဒေါ အကဒ္ဒမော၊
ပါပံ သေဒမလန္တိ ဝုစ္စတိ။
သီလဉ္စ နဝံ ဝိလေပနံ၊
တဿ ဂန္ဓော န ကဒါစိ ဆိဇ္ဇတိ။
၉၄။ နန္ဒန္တိ သရီရဃာတိနော၊
န စ နန္ဒန္တိ သရီရဓာရိနော။
ပုဏ္ဏယ စ ပုဏ္ဏမာသိယာ၊
ရမမာနာဝ ဇဟန္တိ ဇီဝိတံ။

ဟူသော ဤဂါထာတို့ကို ဟော၏။

၉၃။ တာတ စူဠတုဏ္ဍိလ၊ ညီထွေး စူဠတုဏ္ဍိလ။ ဓမ္မော၊ နိဗ္ဗာန်တရားကို။ အကဒ္ဒမော၊ ကိလေသာ ညွန်မရှိသော။ ရဟဒေါ၊ ရေကန်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ပါပံ၊ မကောင်းမှုကို။ သေဒမလန္တိ၊ ချွေး အညစ်အကြေး ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ သီလဉ္စ၊ သီလကိုလည်း။ နဝံ၊ အသစ်ဖြစ်သော။ ဝိလေပနံ၊ နံ့သာပျောင်းဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ တဿ၊ ထိုသီလ၏။ ဂန္ဓော၊ အနံ့သည်။ ကဒါစိ၊ တစ်ရံတစ်ဆစ်၌။ န ဆိဇ္ဇတိ၊ မပြတ်။

၉၄။ သရီရဃာတိနော၊ သတ္တဝါကို သတ်ကုန်သော သူတို့သည်။ နန္ဒန္တိ၊ နှစ်သက်ကုန်၏။ သရီရဓာရိနော၊ ကိုယ်ကို ဆောင်ကုန်သော သူတို့သည်။ န စ န္ဒန္တိ၊ မနှစ်သက်ကုန်။ ပုဏ္ဏာယ၊ ပြည့်ထသော။ ပုဏ္ဏမာသိယာ၊ လပြည့်နေ့၌။ ရမမနာဝ၊ မွေ့လျော် ကုန်လျက်လျှင်။ သီလာစာရသမ္ပန္နာ၊ သီလအကျင့်နှင့် ပြည့်စုံသော သူတို့သည်။ ဇီဝိတံ၊ အသက်ကို။ ဇဟန္တိ၊ စွန့်ကုန်၏။

ဤသို့ ဘုရားလောင်းသည် သာယာသော အသံဖြင့် သဗ္ဗညူ ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် တရားဟော၏။ လူအပေါင်းတို့သည် လက်ချောင်းတို့ကို ခါကုန်၏။ ပုဆိုး ဦးရစ်ပစ်ခြင်းတို့ကို ဖြစ်စေကုန်၏။ ကောင်းချီးပေးသော အသံသည် ကောင်းကင်၌ ပြည့်၏။

မင်းကြီး ကယ်မပြီ

ဗာရာဏသီမင်းသည် ဘုရားလောင်းအား မင်းအဖြစ်ဖြင့် ပူဇော်၍ သူအိုမအား စည်းစိမ်ကိုပေး၍ ဝက်နှစ်ခုတို့ကိုလည်း ယူ၍ နံ့သာရေဖြင့်ချိုး၍ နံ့သာ အစရှိသည်တို့ဖြင့် လိမ်း၍ လည်တို့၌ ပတ္တမြားရတနာတို့ကို ဆင်၍ မြို့သို့ ဆောင်၍ သားအရာ၌ထား၍ များစွာသော အခြံအရံဖြင့် လုပ်ကျွေး၏။ ဘုရားလောင်းဝက်မင်းသည် ပဉ္စသီတို့ကိုပေး၏။ ခပ်သိမ်းကုန်သော ဗာရာဏသီပြည်၌ နေကုန်သော သူတို့သည်လည်း ပဉ္စသီတို့ကို စောင့်ကုန်၏။ ဘုရားလောင်းသည်လည်း ထိုသူတို့အား ပက္ခနေ့တို့၌ တရား ဟော၏။ တရားဆုံးဖြတ်ရာ အရပ်၌နေ၍ တရားဆုံးဖြတ်၏။ ထိုဘုရားလောင်းသည် ထင်ရှားရှိစဉ် ကောက်ကျစ် စဉ်းလဲသော တရားကို ပြုသောသူတို့မည်သည် မဖြစ်ကုန်။ နောက်အဖို့၌ မင်းသည် သေ၏။ ဘုရားလောင်းသည် ထိုမင်း၏ အလောင်းကို ပူဇော်ခြင်း၊ သင်္ဂြိုဟ်ခြင်းကို ပြုစေ၍ အဆုံးအဖြတ်တို့ကို ပေ၌ရေးစေ၍ ဤစာကိုကြည့်၍ တရား ဆုံးဖြတ်ကြလော့ ဟု ဆို၍ လူအများအား တရား ဟော၍ မမေ့မလျော့ခြင်းဖြင့် ဆုံးမ၍ ခပ်သိမ်းကုန်သောလူတို့၏ ငိုကုန်စဉ် စူဠတုဏ္ဍိလနှင့်တကွ တောသို့ ဝင်၏။ ထိုအခါ ဘုရားလောင်း၏ အဆုံးအမသည် အနှစ်ခြောက်သောင်း တည်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သေဘေးကို ကြောက်တတ်သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ပြီ၊ ယခုအခါ သေဘေးကို ကြောက်တတ်သော ရဟန်းသည် ထိုအခါ စူဠတုဏ္ဍိလဖြစ်ပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ပရိသတ် ဖြစ်ကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မဟာတုဏ္ဍိလ ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ညွန်မရှိမှန်၊ ထိုရေကန်၊ နိဗ္ဗာန်အမည်သာ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော တုဏ္ဍိလဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၄။ သုဝဏ္ဏကက္ကဋကဇာတ်

ကျေးဇူးသိသော ရွှေပုစွန်အကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သိင်္ဂီ မိဂေါအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုဝဏ္ဏကက္ကဋကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်အာနန္ဒာ မထေရ်သည် သဗ္ဗညူ မြတ်စွာဘုရား၏ အကျိုးငှာ အသက်ကိုစွန့်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုကို လေးသမားတို့ကို လွှတ်သည့်တိုင်အောင် ခဏ္ဍဟာလဇာတ်၌ ဆိုအပ်၏။ ဓနပါလဆင်ကို လွှတ်ခြင်းကို စူဠဟံသ မဟာဟံသဇာတ်၌ ဆိုအပ်၏။ ထိုအခါ တရားသဘင်၌ ရဟန်းတို့သည် ငါ့ရှင်တို့... တရားဘဏ္ဍာစိုးဖြစ်သော အာနန္ဒာမထေရ်သည် ပဋိသမ္ဘိဒါသို့ ရောက်သော သေက္ခဖြစ်၍ ဓနပါလဆင် လာသည်ရှိသော် သဗ္ဗညူမြတ်စွာဘုရားအား အသက်ကို စွန့်၏ ဟု စကားကို ဖြစ်စေကြကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားလည်း ကြွလာတော်မူလတ်၍ ရဟန်းတို့... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူ၍ ဤ မည်သော စကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့... အာနန္ဒာသည် ယခုအခါ၌သာလျှင် ငါ့အား အသက်ကို စွန့်သည် မဟုတ်သေး၊ ရှေး၌လည်း ငါ့အား အသက်ကို စွန့်ဖူးသည်သာလျှင် ကတည်း ဟု မိန့်တော်မူလတ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ သေနကမင်းသည် မင်းပြုသည်ရှိသော် ထိုဗာရာ ဏသီပြည်၏ အရှေ့မျက်နှာ၌ သာလိဒ္ဒိယမည်သော ပုဏ္ဏားရွာသည် ရှိ၏။ ထိုအခါ ဘုရားလောင်းသည် ထိုရွာ၌ လယ်လုပ်သော ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်သည်ရှိသော် ဥစ္စာကို ဖြစ်စေ၍ ထိုရွာ၏ အရှေ့မြောက်အရပ်ဖြစ်သော တစ်ခုသော ဂါမခေတ်၌ ပယ်တစ်ထောင် အတိုင်းအရှည်ရှိသော လယ်ကို ထွန်စေ၏။ ဘုရားလောင်းသည် တစ်နေ့သ၌ လူတို့နှင့်တကွ လယ်တောသို့သွား၍ အမှုကို ပြုကြကုန်လော့ ဟုစေ၍ မျက်နှာသစ်အံ့သောငှာ လယ်၏ အစွန်း၌ ကြီးစွာသော ထုံးအိုင်သို့ ကပ်၏။

ပုစွန်နှင့် မိတ်ဆွေဖြစ်ပုံ

ထိုထုံးအိုင်၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော တစ်ခုသော ပုစွန်သည် နေ၏။ အလွန် အဆင်းလှ၏။ ကြည်ညိုဖွယ် ရှိ၏။ ဘုရားလောင်းသည် တံပူစား၍ ထိုထုံးအိုင်သို့ သက်၏။ ဘုရားလောင်းမျက်နှာသစ်သော ကာလ၌ ပုစွန်သည် ဘုရားလောင်း အထံသို့ လာ၏။ ထိုအခါ ဘုရားလောင်းသည် ပုစွန်ကိုချီ၍ မိမိ၏ အပေါ်ရုံပုဆိုးကြား၌ အိပ်စေ၍ ယူ၍ လယ်၌ပြုအပ်သော ကိစ္စကိုပြု၍ သွားသော် ထိုထုံးအိုင်၌ ပုစွန်ကိုထား၍ အိမ်သို့သွား၏။

ထိုအခါမှစ၍ လယ်သို့လာသည်ရှိသော် ရှေး ဦးစွာ ထိုထုံးအိုင်သို့သွား၍ ပုစွန်ကို အပေါ်ရုံပုဆိုး၌ အိပ်စေ၍ နောက်မှ အမှုကို စီရင်၏။ ဤသို့လျှင် ထိုသူတို့အား အချင်းချင်း အကျွမ်းဝင်ခြင်းသည် မြဲ၏။ ဘုရားလောင်းသည် လယ်သို့ မပြတ်လာ၏။ ဘုရားလောင်း၏ မျက်စိတို့သည် ငါးပါးသောကြည်ခြင်း ရှိ၏။ သုံးပါးသော အဝန်းရှိ၏။ စင်ကြယ်ကုန်သည်ဖြစ်၍ ထင်ကုန်၏။

ပုဏ္ဏားမျက်စိကို စားချင်

ထိုအခါ လယ်၏အစွန်း၌ တစ်ခုသော ထန်း ပင်ဖျား၌ ကျီးသိုက်ဝယ်နေသော ကျီးမသည် ထိုပုဏ္ဏားမျက်စိတို့ကို မြင်၍ စားလိုသည်ဖြစ်၍ ကျီးဖိုကို သခင်... ချင်ခြင်းသည်ဖြစ်၏ဟု ပြော၏။ အဘယ်မည်သော ချင်ခြင်းနည်းဟု မေး၍ ထိုပုဏ္ဏား၏ မျက်စိတို့ကို စားလို၏ ဟု ဆို၏။ သင်၏ချင်ခြင်းသည် ခက်ခဲသော ချင်ခြင်းတည်း၊ ထိုမျက်စိတို့ကို အဘယ်သူသည် ဆောင်ခြင်းငှာ တတ်နိုင်လတ္တံ့နည်း ဟု ဆိုသည်ရှိသော် သင် မတတ်နိုင်သလော ဟု မေး၏။ မတတ်နိုင် ဟု ဆို၏။ ငါသည် ထိုအကြောင်းကို သိ၏။ ထန်းပင်၏အနီးဖြစ်သော ဤတောင် ပို့၌ အကြင်မြွေဟောက်သည် နေ၏။ ထိုမြွေ ဟောက်ကို ခစားလော့၊ ထိုမြွေဟောက်သည် ထိုပုဏ္ဏားကို ကိုက်၍ သတ်စေလတ္တံ့။ ထိုအခါ ပုဏ္ဏား၏မျက်စိတို့ကို ထုတ်၍ ဆောင်ခဲ့လော့ ဟု ဆို၏။ ကျီးဖိုသည် ကောင်းပြီ ဟု ဝန်ခံ၍ ထိုအခါမှစ၍ မြွေဟောက်ကို ခစား၏။

မြွေကိုကိုက်စေ

ဘုရားလောင်းသည်လည်း ပျိုးသော ကောက်တို့၏ ဖုံးလုံးသောကာလ၌ ပုစွန်သည်ကြီး၏။ ထိုအခါ တစ်နေ့သ၌ မြွေသည် ကျီးကို အဆွေကျီး သင်သည် အဘယ်အကြောင်းကြောင့် မပြတ် ငါ့ကို ခစားသနည်း၊ သင်၏ အဘယ်ကိစ္စကို ပြုရအံ့နည်းဟု ဆို၏။ အရှင်... သင်တို့၏ ကျွန်မအား တစ်ယောက်သော လယ်ရှင်၏ မျက်စိတို့၌ ချင်ခြင်းသည် ဖြစ်၏။ ထို့ကြောင့် ငါသည် သင်တို့၏ အာနုဘော်အားဖြင့် ထိုပုဏ္ဏား၏ မျက်စိတို့ကို ရလို၏ ဟု ဆို၏။ မြွေသည် ထိုသို့ဖြစ်စေ၊ ဤအမှုသည် ဝန်မလေး၊ ရလတ္တံ့ဟု ထိုကျီးအား သက်သာရာရစေ၍ နက်ဖြန်နေ့၌ ပုဏ္ဏားလာရာလမ်း၌ လယ်ကန်သင်းကိုမှီ၍ မြက်တို့ဖြင့် ဖုံးလွှမ်း၍ ပုဏ္ဏား၏လာခြင်းကို မျှော်လျက်အိပ်၏။ ဘုရားလောင်းသည် လာလတ်သော် ရှေးဦးစွာ ထုံးအိုင်သို့သက်၍ မျက်နှာ သစ်၍ ချင်ခြင်းကိုဖြစ်စေ၍ ရွှေပုစွန်ကိုခေါ်၍ အပေါ်ရုံပုဆိုးကြား၌ အိပ်စေ၍ လယ်သို့ဝင်၏။ မြွေသည် လာသော ဘုရားလောင်းကို မြင်၍ လငွစြါာပှေး၍ ဖနောင့်သား၌ ကိုက်၍ ထိုအရပ်၌လျှင် လဲစေ၍ တောင်ပို့ကိုရည်၍ ပြေး၏။

ကျီးလာ၍ မျက်စိဖောက်

ဘုရားလောင်း၏ လဲကျခြင်းသည်လည်းကောင်း၊ ပုစွန်၏ ပုဆိုးကြားမှ ခုန်ချခြင်းသည်လည်းကောင်း၊ ကျီးလာ၍ ဘုရားလောင်း၏ရင်၌ နားခြင်းသည်လည်းကောင်း မရှေးမနှောင်းဖြစ်၏။ ကျီးသည်နား၍ မျက်စိတို့ကို နှုတ်သီးဖြင့် ထိုး၏။

ပုစွန်က ကျီး၏လည်ပင်းညှပ်

ပုစွန်သည် ဤကျီးကိုမှီ၍ အဆွေခင်ပွန်းအား ဘေးဖြစ်၏။ ထိုကျီးကို ဖမ်းသည်ရှိသော် မြွေသည် လာလတ္တံ့ဟု ညှပ်ဖြင့်ညှပ်သကဲ့သို့ ကျီး၏ လည်၌ လက်မဖြင့် မြဲစွာညှပ်၍ ပင်ပန်းစေ၍ အတန်ငယ် လျှော့၏။

မြွေကိုခေါ်

ကျီးသည်အဆွေမြွေ... ငါ့ကိုစွန့်၍ အဘယ်ကြောင့် ပြေးသနည်း၊ တစ်ခုသော ပုစွန်သည် ငါ့ကို လွန်စွာညှဉ်းဆဲ၏။ အကြင်မျှလောက် မသေသေး၊ ထိုမျှလောက်လျှင် လာလော့ဟု မြွေကို ခေါ်လိုရကား-

၉၅။ သိင်္ဂီမိဂေါ အယတစက္ခုနေတ္တော။
အဋ္ဌိတ္တစော ဝါရိသယော အလောမော။
တေနာဘိဘူတော ကပဏံ ရုဒါမိ၊
ဟရေ သခါ ကိဿ နု မံ ဇဟာသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၉၅။ ဟရေ သခါ၊ အိုအဆွေ။ အာယတစက္ခုနေတ္တော၊ ပြူးပြူး ရှည်စွာထွက်သော စက္ခုဟုဆိုအပ်သော မျက်စိရှိသော။ အဋ္ဌိတ္တစော၊ အရိုးဟူ သော အရေရှိသော။ ဝါရိသယော၊ ရေ၌အိပ်သော။ အလောမော၊ အမွေးမရှိသော။ သိင်္ဂီမိဂေါ၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ပုစွန်သည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုပုစွန်သည်။ အဘိဘူတော၊ နှိပ်စက်အပ်သည်ဖြစ်၍။ အဟံ၊ ငါသည်။ ကပဏံ၊ ဆင်းရဲစွာ အထီးကျန်၍။ ရုဒါမိ၊ ငိုရ၏။ တွံ၊ သင်သည်။ ကိဿ နု၊ အဘယ့်ကြောင့်လျှင်။ မံ၊ ငါ့ကို။ ဇဟာသိ၊ စွန့်ဘိသနည်း။

မြွေကိုပါ ဖမ်းပြီ

မြွေသည် ထိုစကားကိုကြား၍ ကြီးစွာသော ပါးပျဉ်းကိုပြု၍ ကျီးကို သက်သာရာ ရစေ၍ လာ၏။ ထိုအကြောင်းကို ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီး၍-

၉၆။ သော ပဿသန္တော မဟတာ ဖဏေန၊
ဘုဇင်္ဂမော ကက္ကဋမဇ္စျပတ္တော။
သခါ သခါရံ ပရိတာယမာနော၊
ဘုဇင်္ဂမံ ကက္ကဋကော ဂဟေသိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဟောတော်မူ၏။

၉၆။ သော ဘုဇင်္ဂမော၊ ထိုမြွေသည်။ မဟာတာ၊ ကြီးစွာသော။ ဖဏေန၊ ပါးပျဉ်းဖြင့်။ ပဿသန္တော၊ ထွက်သက်ကိုဖြစ်စေ၍။ ကက္ကဋကံ၊ ပုစွန်ထံသို့။ အဇ္ဈပတ္တော၊ ရောက်လာ၏။ သခါ၊ အဆွေခင်ပွန်းဖြစ်သော။ ကက္ကဋကော၊ ပုစွန်သည်။ သခါရံ၊ မိမိ၏ အဆွေခင်ပွန်းဖြစ်သော ဘုရားလောင်းကို။ ပရိတာယမာနော၊ စောင့်ရှောက်လိုသော။ ဘုဇင်္ဂမံ၊ မြွေကို။ ဂဟေသိ၊ ဖမ်း၏

အဘယ်ကြောင့် ဖမ်းသနည်း

ထိုအခါ မြွေသည် ပုစွန်တို့မည်သည်ကား ကျီးသားကိုလည်း မစားကုန်သလျှင်ကတည်း၊ မြွေသားကိုလည်း မစားကုန်သလျှင်ကတည်း၊ ထိုသို့ဖြစ်လျက် အဘယ့်ကြောင့် ငါတို့ကို ဤပုစွန်သည် ဖမ်သနည်း ဟု ကြံ၏။ ကြံပြီး၍ ပုစွန်ကို မေးလိုရကား-

၉၇။ န ဝါယသံ နော ပန ကဏှသပ္ပံ၊
ဃာသတ္ထိကော ကက္ကဋကော အဒေယျ။
ပုစ္ဆာမိ တံ အာယတစက္ခုနေတ္တ၊
အထ ကိဿ ဟေတုမှ ဥဘော ဂဟိတာ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၉၇။ အာယတစက္ခုနေတ္တ၊ ရှည်သော စက္ခုဟု ဆိုအပ်သော မျက်စိရှိသော ပုစွန်။ ကက္ကဋကော၊ ပုစွန်မည်သည်။ ဃာသတ္ထိကော၊ စားလိုသည်ဖြစ်၍။ ဝါယသံ၊ ကျီးကို။ န အဒေယျ၊ မဖမ်းရာ။ ကဏှသပ္ပံ၊ မြွေဟောက်ကို။ နော ပန အဒေယျ၊ မယူရာသလျှင်ကတည်း။ အထ၊ ထိုသို့ဖြစ်လျက်။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်။ ဥဘော၊ နှစ်ခုကုန်သော ငါတို့ကို။ ဂဟိတာ၊ ဖမ်းအပ်ကုန်သနည်း။ တံ၊ သင့်ကို။ ပုစ္ဆမိ၊ ငါမေး၏။

ထိုစကားကိုကြား၍ ပုစွန်သည် ဖမ်းအပ်သော အကြောင်းကို ဆိုလို၍-

၉၈။ အယံ ပုရိသော မမ အတ္ထကာမော၊
ယော မံ ဂဟေတွာန ဒကာယ နေတိ။
တသ္မိံ မတေ ဒုက္ခမနပ္ပကံ မေ၊
အဟဉ္စ ဧသော စ ဥဘော န ဟောမ။
၉၉။ မမ္မဉ္စ ဒိသွာန ပဝဒ္ဓကာယံ၊
သဗ္ဗော ဇနော ဟိံသိတုမေဝ မိစ္ဆေ။
သာဒုဉ္စ ထူလဉ္စ မုဒုဉ္စ မံသံ၊
ကာကာပိမံ ဒိသွာန ဝိဟေဌယေယျံ။

ဟူကုန်သော ဤဂါထာတို့ကို ဆို၏။

ပုဏ္ဏားကို ဆေးကုပါ

၉၈။ ကဏှသပ္ပ၊ မြွေဟောက်။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ မံ၊ ငါ့ကို။ ဂဟေတွန၊ ယူ၍။ ဒကာယ၊ ရေအိုင်သို့။ နေတိ၊ ဆောင်၏။ အယံ ပုရိသော၊ ဤယောက်ျားသည်။ မမ၊ ငါ၏ အတ္ထကာမော၊ အကျိုးကို အလိုရှိ၏။ တသ္မိံ၊ ထိုယောက်ျားသည်။ မတေ၊ သေသည်ရှိသော်။ မေ၊ ငါ့အား။ အနပ္ပကံ၊ များစွာသော၊ ဒုက္ခံ၊ ဆင်းရဲသည်။ ဟောတိ၊ ဖြစ်၏။ အဟဉ္စ၊ ငါသည်လည်းကောင်း။ ဧသော စ၊ ဤယောက်ျားသည်လည်းကောင်း။ ဣတိ၊ ဤသို့။ ဥဘော၊ နှစ်ယောက်ကုန်သော ငါတို့သည်။ န ဟောမ၊ မဖြစ်ကုန်အံ့။

၉၉။ ပဝဒ္ဓကာယံ၊ ကြီးသောကိုယ်ရှိသော။ မမဉ္စ၊ ငါ့ကိုလည်း။ ဒိသွာန၊ မြင်၍။ သဗ္ဗော၊ ခပ်သိမ်းသော။ ဇနော၊ လူသည်။ ဟိံသိတုမေဝ၊ ညှဉ်းဆဲခြင်းငှာသာလျှင်။ ဣစ္ဆေ၊ အလိုရှိရာ၏။ သာဒုဉ္စ မံသံ၊ ကောင်းသောအသား ရှိသည်လည်းဖြစ်သော။ ထူလဉ္စ မံသံ၊ ဆူသော အသားရှိသည်လည်းဖြစ်သော။ မုဒုဉ္စ မံသံ၊ နူးညံ့သော အသားရှိသည်လည်း ဖြစ်သော။ မံ၊ ငါ့ကို။ ကာကာပိ၊ ကျီးတို့သည်လည်း။ ဒိသွာ၊ မြင်ကုန်၍။ ဝိဟေဌယယျံ၊ ညှဉ်းဆဲကုန်ရာ၏။

ငါတို့နှစ်ဦးကို လွှတ်ပါ

ထိုစကားကိုကြား၍ မြွေသည် တစ်ခုသော ဥပါယ်ဖြင့်ဤပုစွန်ကိုလှည့်စား၍ ကျီးကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း လွှတ်စေအံ့ဟု ကြံ၏။ ကြံပြီး၍ ပုစွန်ကို လှည့် စားအံ့သောငှာ-

၁၀၀။ သစေ တသ ဟေတုမှ ဥဘော ဂဟိတာ၊
ဥဋ္ဌာတု ပေါသော ဝိသမာဝမာမိ။
မမဉ္စ ကာကဉ္စ ပမုဉ္စ ခိပ္ပံ၊
ပုရေ ဝိသံ ဂါဠှမုပေတိ မစ္စံ။

ဟူသော ခြေက်ခုမြောက် ဤဂါထာကို ဆို၏။

၁၀၀။ တဿ၊ ထိုယောကျ်ား၏။ ဟေတုမှိ၊ အကြောင်းကြောင့်။ ဥဘော၊ နှစ်ခုကုန်သော ငါတို့ကို။ သစေ ဂဟိတာ၊ အကယ်၍ ဖမ်းကုန်သည် ဖြစ်အံ့။ ပေါသော၊ ယောက်ျားသည်။ ဥဋ္ဌာတု၊ ထစေသတည်း။ အဟံ၊ ငါသည်။ ဝိသံ၊ အဆိပ်ကို။ အဝမာမိ၊ ငင်အံ့။ မစ္စံ၊ ယောက်ျားကို။ ဝိသံ၊ အဆိပ်သည်။ ဂါဠှံ၊ ပြင်းစွာ။ ပုရေ ဥပေတိ၊ မရောက်မီ။ မမဉ္စ၊ ငါ့ကို လည်းကောင်း။ ကာကဉ္စ၊ ကျီးကိုလည်းကောင်း။ ခိပ္ပံ၊ လျင်စွာ။ ပမုဉ္စ၊ လွှတ်လော့။

မြွေဆိပ်ကို စုပ်ရပြီ

ထိုစကားကို ကြား၍ ပုစွန်သည် ဤမြွေသည် တစ်ခုသောအကြောင်းဖြင့် နှစ်ခုကုန်သော သတ္တဝါတို့ကို လွှတ်စေ၍ ပြေးလို၏။ ငါ၏ ဥပါယ်၌ လိမ္မာသောအဖြစ်ကို မသိ၊ ယခု ဤမြွေသည် အကြင်သို့သော အခြင်းအရာအားဖြင့် ပြုသည်ရှိသော် ငင်ခြင်းငှာ စွမ်းနိုင်၏။ ထိုသို့သော အခြင်းအရာအားဖြင့် လက်မကို လျှော့အံ့၊ ကျီးကိုလည်း မလွှတ်အံ့ဟု ကြံ၏။ ကြံပြီး၍-

၁၀၁။ သပ္ပံ ပမောက္လာမိ န တာဝ ကာကံ၊
ပဋိဗန္ဓကော ဟောဟိတိ တာဝ ကာကော။
ပုရိသဉ္စ ဒိသွာန သုခိံ အရောဂံ၊
ကာကံ ပမောက္ခာမိ ယထေဝ သပ္ပံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၀၁။ သပ္ပံ၊ မြွေကို။ ပမောက္ခာမိ၊ လွှတ်အံ့။ တာဝ၊ ရှေးဦးစွာ။ ကာကံ၊ ကျီးကို။ န ပမောက္ခာမိ၊ မလွှတ်သေး။ ကာကော၊ ကျီးသည်။ တာဝ၊ ရှေး ဦးစွာ။ ပဋိဗန္ဓကော၊ ဝန်ခံသူသည်။ ဟောတိ၊ ဖြစ်၏။ ပုရိသဉ္စ၊ ယောက်ျားကိုလည်း။ သုခိံ၊ ချမ်း သာသည်ကို။ အရောဂံ၊ အနာမရှိသည်ကို။ ဒိသွာန၊ မြင်ရသည်ရှိသော်။ သပ္ပံ၊ မြွေကို။ ပမောက္ခာမိ ယထေဝ၊ လွှတ်သကဲ့သို့လျှင်။ အဟံ၊ ငါသည်။ ကာကံ၊ ကျီးကို။ ပမောက္ခာမိ၊ လွှတ်အံ့။

ပုစွန်က မြွေနှင့်ကျီးကို သတ်လိုက်ခြင်း

ဤသို့ဆို၍ အဆိပ်ကို ငင်စိမ့်သောငှာ မြွေကိုညှပ်သော လက်မကို လျော့စွာပြု၏။ မြွေသည် အဆိပ်ကို ငင်၍ ဘုရားလောင်း၏ ကိုယ်ကို အဆိပ်မရှိသည်ကို ပြု၏။ ဘုရားလောင်းသည် ဆင်းရဲကင်းလတ်သော် ထ၍ ပကတိသော အဆင်းဖြင့်လျှင် ရပ်၏။ ပုစွန့်သည် ဤနှစ်ခုကုန်သော သတ္တဝါတို့သည်လည်း အကယ်၍ ရောဂါကင်းသည် ဖြစ်အံ့၊ ငါ့အဆွေအား အစီး အပွားမည်သည် မဖြစ်လတ္တံ့၊ ထိုသတ္တဝါတို့ကို ဖျက်ဆီးအံ့ဟု ကြံ၍ ကတ်ကြေးဖြင့် ကြာငုံကို ဖြတ်သကဲ့သို့ နှစ်ခုကုန်သော သတ္တဝါတို့၏ ဦးခေါင်းကို လက်မဖြင့်ဖြတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေ၏။ ကျီးမသည်လည်း ထိုအရပ်မှ ပြေး၏။ ဘုရားလောင်းသည် မြွေ၏ကိုယ်ကို လှံကန်ဖြင့်ရစ်၍ တောင်ပို့သို့ချ၏။ ရွှေပုစွန်ကို ထိုအိုင်၌လွှတ်၍ ညအခါ ရွာသို့လျှင် သွား၏။ ထိုအခါမှစ၍ ရွှေပုစွန်နှင့်တကွ အတိုင်းထက် အလွန် အကျွမ်းဝင်ခြင်းသည် ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်တ်ကို ပေါင်းတော်မူလိုရကား-

၁၀၂။ ကာကော တဒါ ဒေဝဒတ္တော အဟောသိ။
မာရော ပန ကဏှသပ္ပေါ အဟောသိ။
အာနန္ဒော ဘဒြော ကက္ကဋကော အဟောသိ။
အဟံ တဒါ ဗြာဟ္မဏော ဟောမိ သတ္ထာ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

၁၀၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧတရဟိ၊ ယခုအခါ၌။ ဒေဝဒတ္တော၊ ဒေဝဒတ်သည်။ တဒါ၊ ထိုအခါ၌။ ကာကော၊ ကျီးသည်။ အဟောသိ၊ ဖြစ်ပြီ။ ဧတရဟိ၊ ယခုအခါ၌။ မာရော၊ မာရ်သည်။ တဒါ၊ ထိုအခါ၌။ ကဏှသပ္ပေါ၊ မြွေဟောက်သည်။ အဟောသိ၊ ဖြစ်ပြီ။ ဧတရဟိ၊ ယခုအခါ၌။ အာနန္ဒော၊ အာနန္ဒာသည်။ တဒါ၊ ထိုအခါ၌။ ဘဒြော၊ ကောင်းသော။ ကက္ကဋကော၊ ပုစွန်သည်။ အဟောသိ၊ ဖြစ်ပြီ။ ဧတရဟိ၊ ယခုအခါ၌။ သတ္ထာ၊ နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော။ အဟံ၊ ငါသည်။ တဒါ၊ ထိုအခါ၌။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ ဟောမိ၊ ဖြစ်ပြီ။

သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ များစွာသော ရဟန်းတို့သည် သောတာပန် အစရှိသည် ဖြစ်ကုန်၏။ ကျီးမကိုကား ဤဂါထာ၌ မဆိုအပ်၊ ထိုကျီးမသည် စိဉ္စမာဏဝိကာ ဖြစ်၏။ ဤသို့ မှတ်အပ်၏။

ချစ်သောမိတ်ဆွေ၊ ကူညီလေ၊ မိတ်ဆွေကပ်ပါးအလကား

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော သုဝဏ္ဏကက္ကဋကဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၅။ မယှကဇာတ်

လှူသောအခါ စေတနာသုံးတန် ညီသင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သကုဏော မယှကော နာမ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ် ဤမယှကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အာဂန္တုက သူဌေးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သာဝတ္ထိပြည်၌ အာဂန္တုကမည်သော သူဌေးသည် ကြွယ်ဝ၏။ များစွာသော ဥစ္စာရှိ၏။ ထိုသူဌေးသည် ထိုဥစ္စာတို့ကို မိမိလည်း မသုံး ဆောင်၊ သူတစ်ပါးတို့အားလည်း မပေး။ အထူး ထူးသော မြတ်သော အရသာရှိသော ဘောဇဉ်တို့ကို ဆောင်အပ်သည်ရှိသော် ထိုမြတ်သော ဘောဇဉ်တို့ကို မသုံးဆောင်၊ ပအုန်းရည်လျှင် အဖော်ရှိသော ဆန်ကွဲထမင်းကိုသာလျှင် စား၏။ အမွှေးအကြိုင်ဖြင့် ထုံအပ်သော ကာသိတိုင်း၌ ဖြစ်သော အဝတ်ကို ဆောင်အပ်သည်ရှိသော် ထိုအဝတ်တို့ကိုပယ်၍ ရုန့်ရင်းသော အဝတ်တို့ကိုသာလျှင်ဝတ်၏။ အာဇာနည်မြင်းကသော ပတ္တမြား, ရွှေတို့ဖြင့် ဆန်းကြယ်သော ရထားကို ဆောင်အပ်သည်ရှိသော် ထိုရထားကိုပယ်၍ သစ်သားရထားဖြင့် သွား၏။ ရွှေထီးတို့ကို ဆောင်းအပ်သည်ရှိသော် ထိုရွှေထီးကိုပယ်၍ သစ်ရွက်ထီးကို ဆောင်းသဖြင့် သွား၏။

ထိုအာဂန္တုက သူဌေးသည် အသက်ထက်ဆုံး အလှူ အစရှိသော ကောင်းမှုတို့တွင် တစ်ခုသော ကောင်းမှုမျှကိုလည်း မပြုဘဲ သေ၍ ရောရုဝငရဲ၌ ဖြစ်၏။ ထိုသူဌေး၏ ဥစ္စာသည် သားမရှိသောဥစ္စာတည်းဟု မင်းအိမ်သို့ ခုနစ်နေ့ ခုနစ်ရက်တို့ဖြင့် သွင်း၏။ ထိုဥစ္စာကို သွင်းပြီးသည်ရှိသော် မင်းသည် နံနက်စာ စားပြီးသောအခါ၌ ဇေတဝန် ကျောင်းတော်သို့ သွား၍ ဘုရားကို ရှိခိုးလျက်နေ၏။ မြတ်သောမင်းကြီး... ငါဘုရားအား ခစားခြင်းကို အဘယ့်ကြောင့်မပြုသနည်း ဟု မေးသည်ရှိသော် အရှင်ဘုရား သာဝတ္ထိမြို့၌ အာဂန္တုက အမည်ရှိသော သူဌေးသည်သေ၍ အရှင်မရှိသော ဥစ္စာတို့ကို အကျွန်ုပ်တို့၏အိမ်သို့ ဆောင်သော အကျွန်ုပ်အား ခုနစ်နေ့ ခုနစ်ရက်တို့သည် လွန်ကုန်၏။ ထိုသူဌေးသည် ဤဥစ္စာတို့ကိုရ၍ မိမိလည်း မသုံး ဆောင်၊ သူတစ်ပါးအားလည်း မပေး၊ ထိုသူဌေး၏ ဥစ္စာသည် ရက္ခိုသ်စောင့်သော ရေကန်နှင့် တူ၏။ ထိုသူဌေးသည် တစ်နေ့မှလည်း မြတ်သော ဘောဇဉ် အစရှိသည်တို့၏ အရသာကို မခံစားမူ၍လျှင် သေမင်း၏ ခံတွင်းသို့ဝင်၏။ ဤသို့ ဝန်တိုသော, နည်းသော ဘုန်းရှိသော သတ္တဝါသည် အဘယ်ကို ပြု၍လျှင် ဤမျှလောက်သော ဥစ္စာကို ရသနည်း၊ အဘယ်ကြောင့်ကား ထိုသူဌေး၏ စိတ်သည် စည်းစိမ်တို့၌ မမွေ့လျော်သနည်း ဟု မြတ်စွာဘုရားကို လျှောက်၏။ သဗ္ဗညူမြတ်စွာဘုရားသည် မြတ်သောမင်းကြီး... ဥစ္စာရခြင်းကိုလည်းကောင်း, ဥစ္စာရ၍ မသုံးဆောင်ရသော အဖြစ်ကိုလည်းကောင်း ထိုသူဌေးသည်လျှင် ပြု၏ဟု မိန့်တော်မူ၍ ကောသလမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ၁

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဗာရာ ဏသီသူဌေးသည် သဒ္ဓါခြင်းမရှိ၊ ဝန်တို့၏။ တစ်စုံ တစ်ယောက်သောသူအား တစ်စုံ တစ်ခုသော ဝတ္ထုကိုမပေး၊ တစ်စုံတစ်ယောက်သော သူ၏ အလိုကို မလိုက်။

ဗုဗ္ဗ မုဉ္စစေတနာ

ထိုသူဌေးသည် မင်းအား ခစားအံ့သောငှာ သွားသည်ရှိသော် ဆွမ်းအလို့ငှာ လာသော တဂ္ဂရသိခီမည်သော ပစ္စေကဗုဒ္ဓါကို မြင်၍ ရှိခိုး၍ အရှင်ဘုရား... ဆွမ်းရပါ၏လော ဟု မေး၍ သူဌေးကြီး ရလတ္တံ့ဟူ၍ လှည့်လည်၏ ဟု ဆိုသည်ရှိသော် အချင်းယောက်ျားကို သွားစေ၍ ဤပစ္စေကဗုဒ္ဓါကို ငါတို့ အိမ်သို့ပင့်၍ ငါ၏ ပလ္လင်၌ နေစေ၍ ငါတို့ဖို့ စီရင်အပ်သော ထမင်းဖြင့် သပိတ်ကိုပြည့်စေ၍ လှူချေလော့ ဟု စေလေ၏။ ထိုယောက်ျားသည် ပစ္စေကဗုဒ္ဓါကို ထိုအိမ်သို့ပင့်၍ နေစေ၍ သူဌေးမယားအား ကြား၏။ သူဌမယားသည် အထူးထူး မြတ်သော အရသာရှိသော ဆွမ်းဖြင့် သပိတ်ကိုပြည့်စေ၍ တဂ္ဂရသိခီ ပစ္စေကဗုဒ္ဓါအားလှူ၏။

အပရစေတနာ

ပစ္စေကဗုဒ္ဓါသည် ဆွမ်းကိုယူ၍ သူဌေးအိမ်မှထွက်၍ ခရီးအလယ်၌ သွား၏။ သူဌေးသည် မင်းအိမ်မှ ပြန်သည်ရှိသော် ပစ္စေကဗုဒ္ဓါကိုမြင်၍ ရှိခိုး၍ အရှင်ဘုရား... ဆွမ်းရပါ၏လောဟု လျှောက်၏။ သူဌေးကြီး ရ၏ ဟု ဆို၏။ သူဌေးကြီးသည် ဆွမ်းကိုကြည့်၍ စိတ်ကို ကြည်ညိုစေခြင်းငှာ မတတ်နိုင်။ ငါသည် ဤထမင်းကို ကျွန်တို့ကို လည်းကောင်း, အမှုလုပ်သောသူတို့ကို လည်းကောင်း စားစေရသည်ရှိသော် ခဲခက်သော အမှုကိုလည်း ပြုကုန်ရာ၏။ ငါ့အား ရှုံးစွတကား ဟု အပရစေတနာကို ပြည့်စုံစွာ ပြုအံ့သောငှာ မတတ်နိုင်။

စေတနာသုံးတန် ပြည့်ဝမှ

ထိုစကားသည် မှန်၏။ အလှူမည်သည်ကား သုံးပါးသော စေတနာကို ပြုအံ့သောငှာ တတ်နိုင်သောသူအားသာလျှင် အကျိုးကြီး၏။ အလှူကို မလှူမီ ရှေး၌လျှင် ကောင်းသောစိတ် ရှိသည်ဖြစ်ည၍ လှူရာ၏။ လှူစဉ် စိတ်ကို ကြည်ညိုခြင်းကို ဖြစ်စေရာ၏။ လှူပြီး၍ ဝမ်းမြောက်ခြင်းကို ဖြစ်စေရာ၏။ ဤသည်ကား ကောင်းမှု၏ ပြည့်စုံခြင်းတည်း။

စေတနာမစုံ၍ အကျိုးမစုံ

မြတ်သောမင်းကြီး အာဂန္တုကသူဌေးသည် တဂ်ဂရသိခီပစ္စေကဗုဒ္ဓါအား လှူသော အကြောင်းကြောင့် များသောဥစ္စာကိုရ၏။ အပရစေတနာကို ပြုအံ့သောငှာ မစွမ်းနိုင်သည်၏အဖြစ်နှင့် စည်းစိမ်ကို သုံးဆောင်အံ့သောငှာ မတတ်နိုင် ဟု ဟောတော်မူ၏။

ဘုန်းတော်ကြီးသော အရှင်ဘုရားသားကိုကား အဘယ့်ကြောင့် မရသနည်း ဟု လျှောက်၏။ သဗ္ဗညူမြတ်စွာဘုရားသည် မြတ်သောမင်းကြီး... သားမရခြင်း၏ အကြောင်းကိုလည်း ထိုသူပင်လျှင် ပြုအပ်၏ မိန့်တော်မူ၍ ကောသလမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု ၂...

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော သူဌေးမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် မိဘတို့လွန်သဖြင့် ညီကို သင်္ဂြိုဟ်ထောက်ပံ၍ ဥစ္စာကိုစီရင်၍ အိမ်တံခါး၌ အလှူတင်းကုပ် ဆောက်၍ အလှူကို ဖြစ်စေလျက် အိမ်၌ နေ၏။

အစ်ကိုတောထွက်ပြီ

ထိုအခါ ဘုရားလောင်းအား တစ်ယောက်သော သားကို ဖွား၏။ ဘုရားလောင်းသည် ထိုသား ခြေဖြင့်သွားတတ်သောကာလ၌ ကာမတို့၏ အပြစ်ကိုလည်းကောင်း၊ တောထွက်ခြင်း၌ အကျိုးကိုလည်းကောင်း မြင်၍ သား, မယားတို့ကိုလည်းကောင်း၊ အလုံးစုံသော အိမ်၌ရှိသော ဥစ္စာတို့ကိုလည်းကောင်း ဆောင်နှင်း၍ မမေ့မလျော့ အလှူကို ဖြစ်စေလော့ဟု ဆုံးမ၍ ရသေ့ရဟန်းပြု၍ အဘိညာဉ်တို့ကို လည်းကောင်း၊ သမာပတ်တို့ကို လည်းကောင်း ဖြစ်စေ၍ ဟိမ ဝန္တာ အရပ်၌နေ၏။

ညီက တူကိုသတ်ခြင်း

ဘုရားလောင်း၏ ညီသည်လည်း သားတစ်ယောက်ကိုရ၏။ ထိုသူဌေးသည် သားကြီးသည်ကိုမြင်၍ ငါ့အစ်ကိုသားသည် အသက်ရှည်သည်ရှိသော် ဥစ္စာကို နှစ်စုခွဲရသည် ဖြစ်လတ္တံ့၊ အစ်ကို၏ သားကို သတ်အံ့ ဟု ကြံ၏။ ကြံပြီး၍ အစ်ကို၏ သားကို တစ်နေ့သ၌ မြစ်၌ နှစ်၍ သတ်၏။ ရေချိုးလာသော ထိုသူဋ္ဌေးကို အစ်ကို့မယားသည် ငါ့သား အဘယ်မှာနည်းဟု မေး၏။ မြစ်၌ ရေကစား၏။ ထိုအခါ သူငယ်ကို ရှာသည်ရှိသော် မမြင် ဟု ဆို၏။ အစ်တို့၏ မယားသည် ငိုကြွေးမြည်တမ်း၍ ဆိတ်ဆိတ်နေ၏။

အစ်ကိုရသေ့ကြီး တရားပြ

ဘုရားလောင်းသည် ထိုအကြောင်းကိုသိ၍ ဤအမှုကို ထင်စွာပြုအံ့ဟု ကောင်းကင်ဖြင့် လာ၍ ဗာရာဏသီပြည်၌ သက်၍ ကောင်းစွာ ဝတ်ရုံအပ်သည်ဖြစ်၍ ထိုသူဌေးအိမ်တံခါး၌ ရပ်၍ အလှူတင်းကုပ်ကိုလည်း ဤသူယုတ်သည် ဖျက်ဆီးအပ်၏ ဟု ကြံ၏။ ညီသည်လည်း ဘုရားလောင်း လာသောအဖြစ်ကို သိ၍ လာလတ်၍ ဘုရားလောင်းကိုရှိခိုး၍ ပြာသာဒ်သို့တင်၍ ကောင်းသော ဘောဇဉ်ကို ကျွေး၏။

ဘုရားလောင်းသည် ဆွမ်းစားပြီးသော ကိစ္စအဆုံး၌ ချမ်းသာသော စကားဖြင့် နေလျက် သူငယ်သည် မထင်၊ သူငယ်သည် အဘယ်သို့ သွားသနည်း ဟု မေး၏။ အရှင်ဘုရား... သေ၏ ဟု ဆိုသည်ရှိသော် အဘယ်အကြောင်းကြောင့် သေသနည်းဟု မေး၏။ ရေကစားရာ၌ ဤမည်သော အကြောင်းကြောင့် သေသည်ဟူ၍ မသိ ဟု ဆို၏။ ယုတ်မာသော ယောက်ျား... သင်သည် အဘယ်မှာ သိလတ္တံ့နည်း၊ သင်ပြုအပ်သော အမှုသည် ငါ့အား ထင်သည်မဟုတ်လော၊ သင်သည် ဤမည်သော အကြောင်းကြောင့် ထိုသူငယ်ကို သတ်သည်မဟုတ်လော၊ သင်သည် မင်းအစရှိသည်တို့၏ အစွမ်းအားဖြင့် ဖျက်ဆီးအပ်သော ဥစ္စာကို စောင့်ရှောက်ခြင်းငှာ တတ် နိုင်လတ္တံ့လော၊ မယှကငှက်၏ လည်းကောင်း၊ သင်၏လည်းကောင်း ထူးသော အကြောင်းသည် အသို့ရှိသနည်းဟု ဆို၍ ထိုနောက်မှ ဘုရားလောင်းသည် ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် ထိုသူဋ္ဌေးအား တရားဟောလိုသည်ဖြစ်၍-

၁၀၃။ သကုဏော မယှကော နာမ၊ ဂိရိသာနုဒရီစရော။
ပက္ကံ ပိပ္ဖလိ မာရုယှ၊ မယှံ မယှန္တိ ကန္ဒတိ။
၁၀၄။ တဿေဝံ ဝိလပန္တဿ၊ ဒိဇသံဃာ သမာဂတာ။
ဘုတွာန ပိပ္ဖလိံ ယန္တိ၊ ဝိလပတွေဝ သော ဒိဇော၊
၁၀၅။ ဧဝမေဝ ဣဓေကစ္စော၊ သင်္ဃရိတွာ ဗဟုံ ဓနံ။
နေဝတ္တနော န ဉာတီနံ၊ ယထောဓိံ ပဋိပဇ္ဇတိ။
၁၀၆။ န သော အစ္ဆာဒနံ ဘတ္တံ၊ န မာလံ န ဝိလေပနံ။
နာနုဘောတိ သကိံ ကိဉ္စိ၊ န သင်္ဂဏှာတိ ဉာတကေ။
၁၀၇။ တဿေဝံ ဝိလန္တဿ၊ မယှံ မယှန္တိ ရက္ခတော။
ရာဇာနော အထဝါ စောရာ၊ ဒါယာဒါယေဝ အပ္ပိယာ။
ဓနမာဒါယ ဂစ္ဆန္တိ၊ ဝိလပတွေဝ သော နရော။
၁၀၈။ ဓီရော ဘောဂေ အဓိဂမ္မ၊ သင်္ဂဏှာတိ စ ဉာတကေ။
တေန သော ကိတ္တိံ ပပ္ပေါတိ၊ ပေစ္စသဂ္ဂေ ပမောဒတိ။

ဟူကုန်သော ဤဂါထာတို့ကို ဆို၏။

၁၀၃။ ဂိရိသာနုဒရီစရော၊ တောင်လျဉ် တောင်ဝှမ်းချောက်ကြား၌ ကျက်စားသော။ မယှကော နာမ၊ မယှက အမည်ရှိသော။ သကုဏော၊ ငှက်သည်။ ပက္ကံ၊ မှည့်သော။ ပိပ္ဖလိံ၊ ညောင်ကြတ်ပင်သို့။ အာရုယှ၊ တက်၍။ မယှံ မယှန္တိ၊ ငါ့ဥစ္စာ - ငါ့ဥစ္စာ ဟူ၍။ ကန္ဒတိ၊ မြည်၏။

၁၀၄။ တဿ၊ ထိုငှက်၏။ ဝိလပန္တဿ ဧဝ၊ မြည် တမ်းစဉ်လျှင်။ ဒိဇသံဃာ၊ ငှက်အပေါင်းတို့သည်။ သမာဂတာ၊ စည်းဝေးကုန်၍။ ပိပ္ဖလိံ၊ ညောင် ကြတ်သီးကို။ ဘုတွာ၊ စား၍။ ယန္တိ၊ ပျံကြကုန်၏။ သော ဒိဇော၊ ထိုငှက်သည်။ ဝိလပတွေဝ၊ မြည် တမ်းသလျှင်ကတည်း။

၁၀၅။ ဧဝမေဝ၊ ဤအတူလျှင်။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သော သူသည်။ ဗဟုံ၊ များစွာသော။ ဓနံ၊ ဥစ္စာကို။ သင်္ဃရိတွာ၊ စုရုံး၍။ အတ္တနော၊ မိမိ၏။ အတ္ထာယ၊ အကျိုးငှာ။ နေဝ ဟောတိ၊ မဖြစ်သလျှင်ကတည်း။ ဉာတီနံ၊ ဆွေမျိုးတို့အား။ ယထောဓိံ၊ အစုအလျှောက်။ န ပဋိပဇ္ဇတိ၊ မကျင့်။

၁၀၆။ သော၊ ထိုသူသည်။ အစ္ဆာဒနံ၊ အဝတ်အာရုံကို။ နာနုဘောတိ၊ မသုံးဆောင်။ ဘတ္တံ၊ ထမင်းကို။ နာနုဘောတိ၊ မသုံးဆောင်။ မာလံ၊ ပန်းကို။ နာနုဘောတိ၊ မသုံးဆောင်။ ဝိလေပနံ၊ နံ့သာပျောင်းကို။ နာနုဘောတိ၊ မသုံးဆောင်။ သကိံ၊ တစ်ကြိမ်မျှလည်း။ ကိဉ္စိ၊ တစ်စုံတစ်ခုကို။ န အနုဘောတိ၊ မသုံးဆောင်။ ဉာတကေ၊ ဆွေမျိုးတို့ကို။ န သင်္ဂဏှာတိ၊ မထောက်ပံ့။

၁၀၇။ ဧဝံ၊ ဤသို့။ မယှံ မယှန္တိ၊ ငါ့ဥစ္စာ ငါ့ဥစ္စာ ဟူ၍။ ဝိပန္တ ဿ၊ မြည်တမ်းလျက်။ ရက္ခတော၊ စောင့်သော။ တဿ၊ ထိုသူ၏။ ဓနံ၊ ဥစ္စာကို။ အပ္ပိယာ၊ မချစ်အပ်ကုန်သော။ ယေဝါ ဒါယာဒါ၊ အကြင်အမွေခံတို့သည်လည်းကောင်း။ ရာဇာနော ဝါ၊ မင်းတို့သည်လည်းကောင်း။ အထ၊ ထိုမြို့။ စောရာ ဝါ၊ ခိုးသူတို့သည်ထည်းကောင်း။ ဓနံ၊ ဥစ္စာကို။ အာဒါယ၊ ယူ၍။ ဂစ္ဆန္တိ၊ သွားကုန်၏။ သော နရော၊ ထိုသူသည်။ ဝိလပတွေဝ၊ မြည် တမ်းရုံသာလျှင်ကတည်း။

၁၀၈။ ဓီရော၊ ပညာရှိသော။ နရော၊ လူသည်။ ဘောဂေ၊ ဥစ္စာတို့ကို။ အဓိဂမ္မ၊ ရ၍။ ဉာတကေ စ၊ ဆွေမျိုးတို့ကိုလည်း။ သင်္ဂဏှာတိ၊ ထောက်ပံ့၏။ တေန၊ ထိုထောက်ပံ့ခြင်းဟူသော အကြောင်းကြောင့်။ သော၊ ထိုပညာရှိသည်။ ကိတ္တိံ၊ ကျော် စောခြင်းသို့။ ပပ္ပေါတိ၊ ရောက်၏။ ပေစ္စ၊ တမ လွန် ဘဝ၌။ သဂ္ဂေ၊ နည်ပြည်၌။ ပမောဒတိ၊ မွေ့လျော်ရ၏။

ဤသို့ ဘုရားလောင်းသည် သူဌေးအား တရားဟော၍ အလှူကို ပကတိရှိသည်ကို ပြုစေ၍ ဟိမဝန္တာ အရပ်သို့သာလျှင် သွား၍ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လားလေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ မြတ်သောမင်းကြီး... ဤသို့လျှင် အာဂန္တုကသူဌေးသည် အစ်တို့၏ သားအား သတ်အပ်သည်၏ အဖြစ်ကြောင့် ဤမျှလောက်သော ကာလပတ်လုံး သားသမီးကို မရ ဟု မိန့်တော်မူ၍ ယခုအခါ အာဂန္တုကသူဌေးသည် ထိုအခါ ညီဖြစ်ပြီး၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အစ်ကိုဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

မယှကငှက်၊ မပေးရက်၊ ကိုယ့်တွက်ကျိုးမထင်

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော မယှကဇာတ်သည်ပြီး၏။

*****

ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၆။ ဝိဇ္ဇာဓရဇာတ်

မှားသောအယူကို ပယ်ဖျောက်ခြင်းအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဒုဗ္ဗဏ္ဏရူပံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝိဇ္ဇာဓရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လောက၏ အကျိုးငှာ ကျင့်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် မဟာကဏှဇာတ်၌ ထင်ရှားစွာ ဖြစ်လတ္တံ့။ ထိုအခါ၌ သဗ္ဗညူမြတ်ဘုရားသည် ရဟန်းတို့... ငါဘုရားသည် ယခုအခါ၌ သာလျှင် လောက၏ အကျိုးငှာ ကျင့်ခြင်းကို ကျင့်သည်မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် လောက၏အကျိုးငှာ ကျင့်ခြင်းကို ကျင့်ဖူးသလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိကြားဖြစ်၏။

ဝိဇ္ဇာဓိုရ် မတရားကျင့်

ထိုအခါ ဝိဇ္ဇာဓိုရ်တစ်ယောက်သည် မန္တရားကိုမန်း၍ သန်းခေါင်ယံ၌ လာလတ်၍ ဗာရာဏသီမင်း၏ မိဖုရားနှင့်တကွ မွေ့လျော်၏။ မိဖုရား၏ အလုပ်အကျွေးတို့သည် သိကုန်၏။ ထိုမိဖုရားသည် မိမိအလိုလိုသာလျှင် မင်းသို့ကပ်၍ အရှင်မင်းကြီး... တစ်ယောက်သော ယောက်ျားသည် သန်းခေါင်ယံအခါ၌ ကျက်သရေတိုက်ခန်းသို့ ဝင်၍ အကျွန်ုပ်ကို ဖျက်ဆီး၏ ဟု ဆို၏။ တစ်စုံတစ်ခုသော အမှတ်ကို ပြုအံ့သောငှာ တတ်နိုင်လတ္တံ့လောဟု မေး၏။ အရှင်မင်းကြီး တတ်နိုင်၏ ဟု ဆို၍ ထိုမိဖုရားလည်း ဟင်းသပြဒါးစစ်ခွက်ကို ဆောင်စေ၍ ညဉ့်အခါ၌လာ၍ မွေ့လျော်၍ သွားသော ယောက်ျား၏ကျော၌ လက်ငါးချောင်းရာပေး၍ စောစောကလျှင် မင်းကိုကြား၏။ မင်းသည် လူတို့အား သွားကြကုန်လော့၊ အရပ်တို့၌ကြည့်၍ ဟင်းသပြဒါး လက်ငါးချောင်းရာရှိသော ယောက်ျားကို ဖမ်းကြကုန်လော့ဟူ စေ၏။

ရဟန်းယောင်ဆောင်

ဝိဇ္ဇာဓိုရ်သည်လည်း ညဉ့်အခါ၌ လွန်ကျူးသော အကျင့်ကိုကျင့်၍ နေ့အခါ၌ သုသာန်၌ နေကိုရှိခိုးလျက် ခြေတစ်ဖက်ဖြင့် ရပ်၍ နေ၏။ မင်းချင်းတို့သည် ထိုဝိဇ္ဇာရ်ကိုမြင်၍ ခြံရံကုန်၏။ ဝိဇ္ဇာဓိုရ်သည် ငါ၏ အမှုသည် ထင်သည် ဖြစ်၏ ဟု မန္တရားကိုမန်း၍ ကောင်းကင်သို့ ပျံ့၍ သွား၏။ မင်းသည် ထိုလူတို့ကို မြင်၍ ရောက်လာသော ယောက်ျားတို့ကို မြင်ကြကုန်၏လောဟု မေး၏။ မြင်ကုန်၏ဟု ဆို၏။ ထိုသူကား အဘယ်အမည်ရှိသော သူနည်းဟု မေး၏။ ရှင်မင်းကြီး ရဟန်းတည်း၊ ထိုရဟန်းသည် ညဉ့်အခါ၌ လွန်ကျူးသော အကျင့်ကို ကျင့်၍ နေ့အခါ ရဟန်းအသွင်ဖြင့် နေ၏ ဟု ဆို၏။

ရဟန်းများကို နိုင်ငံမှနှင်

မင်းသည် ရဟန်းတို့သည် နေ့အခါ ရဟန်းအသွင်ဖြင့်ကျင့်၍ ညဉ့်အခါ လွန်ကျူးသောအကျင့်ကို ကျင့်ကြကုန်၏ ဟု ရဟန်းတို့အား အမျက်ထွက်၍ မှားသော အယူကိုယူ၍ ငါ၏ နိုင်ငံမှ ခပ်သိမ်းကုန်သော ဤရဟန်းတို့သည် ပြေးစေကုန်သတည်း၊ မြင်တိုင်း မြင်တိုင်းသော အရပ်၌ မင်းဒဏ်ပြုကုန်လတ္တံ့ ဟု စည်လည်စေ၏။ ခပ်သိမ်းကုန်သော ရဟန်းတို့သည် ယူဇနာသုံးရာ အတိုင်းအရှည်ရှိသော ကာသိတိုင်းမှ ပြေးကုန်၍ တစ်ပါးသော မင်းနေပြည်သို့ သွားကြကုန်၏။ အလုံးစုံသော ကာသိတိုင်း၌ နေကုန်သော လူတို့အား အဆုံးအမကို ပေးတတ်သော၊ တရားစောင့်သော၊ တစ်ယောက်သော ရဟန်းပုဏ္ဏားမျှလည်း မရှိသည်ဖြစ်၏။ အဆုံး အမကို မခံကုန်သောလူတို့သည် ကြမ်း ကြုတ်ကုန်သည် ဖြစ်ကုန်၏။ အလှူ, သီလတို့မှ လွတ်ကုန်၏။ သေတိုင်း သေတိုင်းကုန်သော လူတို့သည် များသောအားဖြင့် အပါယ်တို့၌ ဖြစ်ကုန်၏။

သိကြားမင်း ရဟန်းနှင့်လာ

နတ်ပြည်၌ဖြစ်သော သူတို့မည်သည် မရှိကုန်။ သိကြားမင်းသည် အသစ်ဖြစ်ကုန်သော နတ်သားတို့ကို မမြင်၍ အကြောင်း အသို့နည်း ဟု ဆင်ခြင်လတ်သော် ဝိဇ္ဇာဓိုရ်ကို မှီ၍ ဗာရာ ဏသီမင်းသည် အမျက်ထွက်သဖြင့် မှားသောအယူကို ယူ၍ ရဟန်းတို့အား တိုင်းနိုင်ငံမှ နှင် ထုတ်သည်၏ အဖြစ်ကို သိ၍ ငါ့ကိုထား၍ ငါမှတစ်ပါး ဤမင်း၏ မှားသောအယူကို ဖျက်ဆီးအံ့သောငှာ စွမ်းနိုင်သောသူ မည်သည်ညမရှိ၊ မင်း၏လည်းကောင်း၊ တိုင်းနိုင်ငံသူတို့၏လည်းကောင်း ကိုးကွယ်ရာဖြစ်အံ့ဟု ကြံ၍ နန္ဒမူ လိုဏ်၌ ပစ္စေကဗုဒ္ဓါတို့၏ အထံသို့သွား၍ ရှိခိုး၍ အရှင်ဘုရားတို့... အကျွန်ုပ်အား တစ်ပါးသော သံဃာ့ထေရ်ဖြစ်သော ပစ္စေကဗုဒ္ဓကို ပေးပါကုန်လော့၊ ကာသိတိုင်းကို ကြည်ညိုစေအံ့ ဟု ဆို၍ သိကြားမင်းသည် သံဃာ့ထေရ်ကိုလျှင်ရ၍ သွား၏။ ထိုအခါ ထိုပစ္စေကဗုဒ္ဓါ၏ သပိတ်သင်္ကန်းကိုယူ၍ ပစ္စေကဗုဒ္ဓါကို ရှေ့မှကြွစေ၍ မိမိသည် နောက်မှလိုက်၍ ဦးခေါင်း၌ လက်အုပ်ကိုထား၍ ပစ္စေကဗုဒ္ဓါကို ရှိခိုးလျက် မြတ်သောအဆင်းကို ဆောင်သော လုလင်ငယ်ဖြစ်၍ မြို့၏ထိပ်ဖြင့် သုံးကြိမ်လှည့်၍ မင်းအိမ်တံခါးသို့ သွား၍ ကောင်းကင်၌ရပ်၏။

သင်မည်သူနည်း

အမတ်တို့သည် မြတ်သောမင်းကြီး... အလွန်အဆင်း လှသော လုလင်ငယ်သည် ရဟန်းတစ်ပါးကိုပင့်၍ မင်းအိမ်တံခါးဝယ် ကောင်းကင်၌ ရပ်၏ ဟု မင်းအား ကြားကုန်၏။ မင်းသည် နေရာမှထ၍ ခြင်္သေ့ခံသော ပြတင်း၌ရပ်၍ လုလင် သင်သည် အလွန် အဆင်းလှသည်ဖြစ်လျက် အဘယ့်ကြောင့် အဆင်းမလှသော ထိုရဟန်း၏ သပိတ်သင်္ကန်းကို ယူ၍ ရှိခိုးလျက် တည်သနည်း ဟု သိကြားမင်းနှင့်တကွ စကားပြောလိုရကား-

၁၀၉။ ဒုဗ္ဗဏ္ဏရူပံ တုဝမရိယဝဏ္ဏီ၊
ပုရက္ခတွာ ပဉ္ဇလိကော နမဿသိ။
သေယျော နု တေ သော ဥဒဝါ သရိက္ခော၊
နာမံ ပရဿတ္တနော စာပိ ဗြူဟိ။

ဟူသော ရှေးဦးသော ဤဂါထာကို ဆို၏။

၁၀၉။ မာဏဝ၊ လုလင်။ တွံ၊ သင်သည်။ အရိယဝဏ္ဏီ၊ ကောင်းသော အဆင်းရှိသည်ဖြစ်လျက်။ ဒုဗ္ဗဏ္ဏရူပံ၊ အဆင်းမလှသော ရဟန်းကို။ ပုရက္ခတွာ၊ ရှေ့ထား၍။ ပဉ္ဇလိကော၊ လက်အုပ်ချီလျက်။ နမဿသိ၊ ရှိခိုး၏။ သော၊ ထိုရဟန်းသည်။ တေ၊ သင့်ထက်။ သေယျာ နု၊ မြတ်သလော။ ဥဒဝါ၊ ထိုသို့မဟုတ်မူကား။ သရိက္ခကော နု၊ တူသလော။ ပရဿ စာပိ၊ တစ်ပါးသော ရဟန်း၏ လည်းကောင်း။ အတ္တနော စာပိ၊ မိမိ၏လည်းကောင်း။ နာမံ၊ အမည်ကို။ ဗြူဟိ၊ ဆိုပါလော့။

ငါသိကြားမင်း

ထိုအခါ ထိုမင်းကြီးကို သိကြားမင်းသည် မြတ်သောမင်းကြီး ရဟန်းမည်သည်ကား အရို အသေပြုအပ်သော အရာ၌ တည်၏။ အကြင် အမည်ဖြင့် ခေါ်ဝေါ်ခြင်းငှာ မရ၊ ငါ့အား အကြင်အမည်သည် ရှိ၏။ ထိုအမည်ကို သင့်အားဆိုအံ့ ဟု ဆိုလို၍-

၁၁၀။ န နာမ ဂေါတ္တံ ဂဏှန္တိ ရာဇ၊
သမ္မဂ္ဂတာနုဇ္ဇုဂတာန ဒေဝ။
အဟဉ္စ တေ နာမဓေယျံ ဝဒါမိ၊
သက္ကော ဟမသ္မိံ တိဒသာနမိန္ဒော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကိုဆို၏။

၁၁၀။ ရာဇ၊ မင်းမြတ်။ သမ္မဂ္ဂတာနံ၊ အရဟတ္တဖိုလ်သို့ ရောက်ကုန်ပြီးသော။ ဥဇ္ဇုဂတာနံ၊ အဋ္ဌင်္ဂိကမဂ်ဖြင့် နိဗ္ဗာန်သို့ ဖြောင့်စွာ ရောက်ကုန်ပြီးသော ဝိသုဒ္ဓိနတ်တို့၏။ နာမဂေါတ္တံ၊ အမည် အနွယ်ကို။ ဒေဝါ၊ ဥပပတ္တိနတ်တို့သည်။ န ဂဏှန္တိ၊ မယူကုန်။ အဟဉ္စ၊ ငါသည်လည်း။ နာမဓေယျံ၊ ငါ၏ အမည်ကို။ တေ၊ သင့်အား။ ဝဒါမိ၊ ဆိုအံ့။ အဟံ၊ ငါသည်။ တိဒသာနံ၊ တာဝတိံသာနတ်တို့ကို။ ဣန္ဒော၊ အစိုးရသော။ သက္ကော၊ သိကြားသည်။ အသ္မိ၊ ဖြစ်၏။

ဘုရားရှိခိုး ဘာအကျိုးရှိ

၁၁၁။ ယော ဒိသွာ ဘိက္ခုံ စရဏူပပန္နံ၊
ပုရက္ခတွာ ပဉ္ဇလိကော နမဿတိ။
ပုစ္ဆာမိ တံ ဒေဝရာဇေတမတ္တံ၊
ဣတော စုတော ကိံ လဘတေ သုခံ သော။

ဟူသော သုံးခုမြောက်သော ဤဂါထာဖြင့် ရဟန်းတို့အား ရှိခိုးခြင်း၏ အကျိုးကို မေး၏။

၁၁၁။ ဒေဝရာဇ၊ သိကြားမင်း။ ယော၊ အကြင်သူသည်။ စရဏူပပန္နံ၊ သီလအကျင့်နှင့်ပြည့်စုံသော။ ဘိက္ခုံ၊ ရဟန်းကို။ ဒိသွာ၊ မြင်၍။ ပုရက္ခတွာ၊ ရှေ့ထား၍။ ပဉ္ဇလိကော၊ လက် အုပ်ချီလျက်။ နမဿတိ၊ ရှိခိုး၏။ သော၊ ထိုသူသည် ဣတော၊ ဤဘဝမှ။ စုတော၊ စုတေသည်ရှိသော်။ ကိံ သုခံ၊ အဘယ်ချမ်းသာကို။ လဘတေ၊ ရသနည်း။ အဟံ၊ ငါသည်။ ဧတမတ္ထံ၊ ထိုအကြောင်းကို။ တံ၊ သင့်ကို။ ပုစ္ဆာမိ၊ မေး၏။

မျက်မှောက် ချီးမွမ်းခံ၊ သေလွန် နတ်ပြည်ရောက်

သိကြားမင်းသည်-

၁၁၂။ ယော ဒိသွာ ဘိက္ခုံ စရဏူပပန္နံ၊
ပုရက္ခတွာ ပဉ္ဇလိကော နမဿတိ။
ဒိဋ္ဌေဝ ဓမ္မေ လဘတေ ပသံသံ၊
သဂ္ဂဉ္စ သော ယာတိ သရီရဘေဒါ။

ဟူသော လေးခုမြောက်သော ဤဂါထာဖြင့် ရှိခိုးခြင်း၏ အကျိုးကို ဆို၏။

၁၁၂။ ရာဇ၊ မင်းမြတ်။ ယော၊ အကြင်သူသည်။ စရဏူပပန္နံ၊ သီလအကျင့်နှင့် ပြည့်စုံသော။ ဘိက္ခုံ၊ ရဟန်းကို။ ပုရက္ခတွာ၊ ရှေ့ထား၍။ ပဉ္ဇလိကော၊ လက်အုပ်ချီလျက်။ နမဿတိ၊ ရှိခိုး၏။ သော၊ ထိုသူသည်။ ဒိဋ္ဌေဝ ဓမ္မေ၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌လျှင်။ ပသံသံ၊ ချီးမွမ်းခြင်းကို။ လဘတေ၊ ရ၏။ သရီရဘေဒါ၊ ခန္ဓာကိုယ်ပျက်သည်မှ။ ပရံ၊ နောက်၌။ သဂ္ဂဉ္စ၊ နတ်ပြည်သို့လည်း။ ယာတိ၊ ရောက်၏။

ကောင်းမှုပြုတော့မည်

(ကျမ်းညွှန်းများ အနည်းငယ်လွဲနေသည်)

မင်းသည် သိကြားမင်း၏စကားကို ကြား၍ မိမိ၏ မှားသောအယူကို ဖျက်၍ နှစ်သက်သော စိတ်ရှိရကား-

၁၁၂။ လက္ခီ ဝတ မေ ဥဒပါဒိ အဇ္ဇ၊
ယံ ဝါသဝံ ဘူတပတိဒ္ဒသာမ။
ဘိက္ခုဉ္စ ဒိသွာန တုဝဉ္စ သက္က၊
ကာဟာမိ ပုညာနိ အနပ္ပကာနိ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၂။ သက္က၊ သိကြားမင်း။ အဇ္ဇ၊ ယခု။ ဝတ၊ စင်စစ်။ မေ၊ ငါ့အား။ လက္ခီ၊ ဘုန်းကျက်သရေသည်။ ဥဒပါဒိ၊ ရှားဖြစ်၏။ ဘူတပတိံ၊ နတ်တို့ကို အစိုးရသော။ ယံ ဝါသဝဉ္စ၊ အကြင်သိကြားမင်းကိုလည်း။ အဒ္ဒဿာမ၊ မြင်ရကုန်၏။ ဘိက္ခုဉ္စ၊ ရဟန်းကို လည်းကောင်း။ တုဝဉ္စ၊ သင်သိကြားမင်းကိုလည်းကောင်း။ ဒိသာန၊ မြင်၍။ အဟံ၊ ငါသည်။ အနပ္ပကာနိ၊ များစွာကုန်သော။ ပုညာနိ၊ ကောင်း မှုတို့ကို။ ကာဟာမိ၊ ပြုအံ့။

ဘုရင်ချီးမွမ်းခံရ

ထိုစကားကိုကြား၍ သိကြားမင်းသည် ပညာရှိသော မင်းကို ချီးမွမ်းလိုရကား-

၁၁၃။ သဒ္ဓါ ဟဝေ သေဝိတဗ္ဗာ သပ္ပညာ၊
ဗဟုဿုတာ ယေ ဗဟုဌာနစိန္တိနော။
ဘိက္ခုဉ္စ ဒိသွာန မမဉ္စ ရာဇ၊
ကရောဟိ ပုညာနိ အနပ္ပကာနိ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၃။ ရာဇ၊ မင်းမြတ်။ ဟဝေ၊ စင်စစ်။ သဒ္ဓါ၊ သဒ္ဓါခြင်း ရှိကုန်သော။ သပ္ပညာ၊ ပညာရှိကုန်သော။ ဗဟုဿုတာ၊ များစွာသော အကြားအမြင် ရှိကုန်သော။ ဗဟုဌာနစိန္တိနော၊ များစွာကုန်သော အကြောင်းတို့ကို ကြံခြင်းငှာ စွမ်းနိုင်ကုန်သော သူတို့ကို။ သေဝိတဗ္ဗာ၊ မှီဝဲအပ်ကုန်၏။ ဘိက္ခုဉ္စ၊ ရဟန်းကိုလည်းကောင်း။ မမဉ္စ၊ ငါ့ကိလည်းကောင်း။ ဒိသွာန၊ မြင်၍။ အနပ္ပကာနိ၊ များစွာကုန်သော။ ပုညာနိ၊ ကောင်း မှုတို့ကို။ ကရောဟိ၊ ပြုလော့။

ကိုးကွယ်ပါမည်

ထိုစကားကိုကြား၍ မင်းသည်-

၁၁၄။ အက္ကောဓနော နိစ္စပသန္နစိတ္တော၊
သဗ္ဗာတိထီ ယာစယောဂေါ ဘဝိတွာ။
နိဟစ္စ မာနံ အဘိဝါဒယိဿံ၊
သုတွာန ဒေဝိန္ဒ သုဘာသိတာနိ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

၁၁၄။ ဒေဝိန္ဒ၊ သိကြားမင်း။ သုဘာသိတာနိ၊ ကောင်းစွာ ဆိုအပ်ကုန်သော သိကြားမင်း၏ စကားတို့ကို။ သုတွာန၊ နာရ၍။ အက္ကောဓနော၊ အမျက်မထွက်သည် ဖြစ်၍။ နိစ္စပသန္နစိတ္တော၊ အမြဲ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ သဗ္ဗာတိထီယာစယောဂေါ၊ ခပ်သိမ်းကုန်သော ဧည့်သည် အာဂန္တုတို့၏ တောင်းအပ်သောအဖြစ်နှင့် ယှဉ်သည်။ ဘဝိတွာ၊ ဖြစ်၍။ နိဟစ္စ မာနံ၊ မထိပါးသော စိတ်ရှိသည်ဖြစ်၍။ ဝါ၊ တနည်းကား။ မာနံ၊ မာနကို။ နိဟစ္စ၊ ချ၍။ အဘိဝါဒယိဿံ၊ ရှိခိုးအံ့။

ပစ္စေကဗုဒ္ဓါ၏ ဩဝါဒ

ဤသို့ဆို၍လည်း ပြာသဒ်မှသက်၍ ပစ္စေကဗုဒ္ဓါကို ရှိခိုး၍ တင့်အပ်သောအရပ်၌ နေ၏။ ပစ္စေကဗုဒ္ဓါသည် ကောင်းကင်၌ ထက်ဝယ်ဖွဲ့သဖြင့်နေ၍ မြတ်သောမင်းကြီး... ညဉ့်အခါ သင်၏နန်းတွင်း၌ ဖြစ်ပွားသောသူသည် ဝိဇ္ဇာဓိုရ်တည်း၊ ရဟန်းမဟုတ်၊ သင်သည် ဤနေ့မှစ၍ လောကသည် အချည်းနှီးမဟုတ်၊ တရားစောင့်ကုန်သော ရဟန်းပုဏ္ဏားတို့သည် ရှိကုန်၏ဟု သိ၍ အလှူဘပေးလော့၊ သီလ ဆောက်တည်လော့၊ ဥပုသ်သုံးလော့ ဟု မင်းကို ဆို၏။

အားလုံး ကောင်းပြီ

သိကြားမင်းသည်လည်း သိကြား၏ အာနုဘော်ဖြင့် ကောင်းကင်၌ ရပ်၍ ဤနေ့မှစ၍ မမေ့မလျော့ ဖြစ်ကြ ကုန်လော့ဟု မြို့သူတို့အား အဆုံးအမကိုပေး၍ ပြေးကုန်သော ရဟန်းပုဏ္ဏားတို့အား လာစေကုန်သတည်းဟု စည် လည်စေ၏။ ထိုအခါ နှစ်ပါးကုန်သော ပစ္စေကဗုဒ္ဓါ သိကြားတို့သည်လည်း မိမိနေရာသို့လျှင် သွားကုန်၏။ မင်းသည် ပစ္စေကဗုဒ္ဓါ၏ အဆုံး အမ၌တည်၍ အလှူအစရှိသော ကောင်းမှုတို့ကို ပြု၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ထိုအခါ ပစ္စေကဗုဒ္ဓါသည် ပရိနိဗ္ဗာန် စံတော်မူပြီ။ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သိကြားမင်းဖြစ်ပြီ ဟု ဇတ်ကိုပေါင်းတော်မူ၏။

ရဟန်းသံဃာ၊ စိစစ်ကာ၊ ကောင်းစွာ ကိုးကွယ်သင့်

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဝိဇ္ဇာဓရဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၇။ သိင်္ဃာပုပ္ဖဇာတ်

ဆုံးမလွယ်သော သူကိုသာ ဆုံးမထိုက်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယမေတံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသိင်္ဃပုပ္ဖဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းသည် ဇေတဝန်ကျောင်းတော်မှ ထွက်၍ ကောသလတိုင်း၌ တစ်ခုသော တောကိုမှီ၍ နေသည်ရှိသော် တစ်နေ့သ၌ ပဒုမာအိုင်သို့သက်၍ ကောင်းစွာပွင့်သော ပဒုမာကိုမြင်၍ လေကြေ၌ရပ်၍ အနံ့ကိုခံ၏။ ထိုအခါ ထိုရဟန်းကို ထိုတော၌စောင့်သော နတ်သမီးသည် ဆင်းရဲကင်းသော ရှင်ရဟန်း... ဤသို့သော အကျင့်သည် အနံ့ကိုခိုးသော အကျင့်တည်း ဟု ထိတ်ဘလန့်စေ၏။ ထိုရဟန်းသည် ထိုနတ်သမီးသည် ထိတ်လန့်စေအပ်သည်ရှိသော် တစ်ဖန် ဇေတဝန် ကျောင်းတော်သို့လာ၍ သဗ္ဗညူမြတ်ဘုရားကို ရှိခိုး၍ နေလျက် ရဟန်း- အဘယ်၌ နေသနည်း ဟု မေးတော်မူသည်ရှိသော် ဤအမည်သော အရပ်၌ နေ၏။ ထိုအရပ်၌လျှင် နတ်သမီးသည် ဤသို့ ထိတ်လန့်စေ၏ ဟု လျှောက်၏။ ထိုအခါ ထိုရဟန်းကို သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း ပန်းကိုနမ်းသော သင်ရဟန်းကိုသာလျှင် နတ်သမီးသည် ထိတ် လန့်စေသည် မဟုတ်သေး၊ ရှေးပညာရှိတို့ကိုလည်း ထိတ်လန့်စေဖူး၏ ဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တစ်ခုသော ကာသိကရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ နောက်အဖို့၌ ရသေ့ရဟန်းပြု၍ တစ်ခုသော ပဒုမာအိုင်ကိုမှီ၍ နေသည်ရှိသော် တစ်နေ့သ၌ ရေအိုင်သို့သက်၍ ကောင်းစွာပွင့်သော ပဒုမာကို နမ်းလျက် ရပ်၏။

နံ့သာခိုး ရဟန်း

ထိုအခါ ဘုရားလောင်းကို တစ်ယောက်သော နတ်သမီးသည် သစ်ပင် ပင်စည်၏အကြား၌ ရပ်လျက် ထိတ်လန့်စေလိုသည်ဖြစ်၍-

၁၁၅။ ယမေတံ ဝါရိဇံ ပုပ္ဖံ၊ အဒိန္ဒံ ဥပသိင်္ဃသိ။
ဧကင်္ဂမေတံ ထေယျာနံ၊ ဂန္ဓထေနောသိ မာရိသ။

ဟူထော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၁၅။ မာရိသ၊ ရှင်ရဟန်း။ တွံ၊ သင်သည်။ ဝါရိဇံ၊ ရေ၌ဖြစ်သော။ ဧတံ ပုပ္ဖံ၊ ဤကြာပန်းကို။ အဒိန္နံ၊ အရှင်မပေးဘဲ။ ယံ ဥပသိင်္ဃသိ၊ အကြင် နမ်းခြင်းကိုပြု၏။ ဧတံ၊ ဤသို့ အရှင်မပေးသော ကြာပန်းကို နမ်းခြင်းသည်။ ထေယျာနံ၊ ခိုးခြင်းတို့တွင်။ ဧကင်္ဂံ၊ တစ်ခုသော အဖို့အစုတည်း။ တွံ၊ သင်သည်။ ဂန္ဓထေနော၊ နံ့သာခိုးသည်။ အသိ၊ ဖြစ်၏။

ငါလည်း မချိုး မခိုးရပါလား

ထို့နောင်မှ ဘုရားလောင်းသည်-

၁၁၆။ န ဟရာမိ န ဘဉ္ဇာမိ၊ အာရာ သိင်္ဃာမိ ဝါရိဇံ။
အထ ကေန နု ဝဏ္ဏေန၊ ဂန္ဓထေနောတိ ဝုစ္စတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၆။ ဒေဝမီတေ၊ နတ်သမီး။ တေ၊ သင်၏။ ဝါရိဇံ၊ ကြာပန်းကို။ န ဟရာမိ၊ မဆောင်။ န ဘဉ္ဇာမိ၊ မချိုး။ အာရာ၊ အဝေးမှ။ သိင်္ဃာမိ၊ နမ်း၏။ အထ၊ ထိုသို့ဖြစ်လျက်။ ကေန ဝဏ္ဏေန၊ အဘယ် အကြောင်းကြောင့်။ ဂန္ဓထေနောတိ၊ နံ့သာခိုးဟူ၍။ ဝုစ္စတိ နု၊ ဆိုအပ်သနည်း။

ဟိုလူကို မဆိုဘူးလား

ထိုခဏ၌ တစ်ယောက်သော ယောကျ်ားသည် ထိုအိုင်၌ ကြာစွယ်တို့ကိုလည်း တူး၏။ ပုဏ္ဍရိက်တို့ကိုလည်း ချိုး၏။ ဘုရားလောင်းသည် ထိုယောကျ်ားကိုမြင်၍ မယူမူ၍ အဝေးမှ ရပ်လျက် နမ်းသော ငါ့ကို ခိုးသူဟူ၍ သင်သည်ဆို၏။ ထိုယောက်ျားကို အဘယ်ကြောင့် မဆိုသနည်း ဟု ထိုနတ်သမီးနှင့်တကွ ပြောဆိုလို သည်ဖြစ်၍-

၁၁၇။ ယောယံ ဘိသာနိ ခဏတိ၊ ပုဏ္ဍရီကာနိ ဘဉ္ဇတိ။
ဧဝံ အာကိဏ္ဏကမ္မန္တော၊ ကသ္မာ ဧသော န ဝုစ္စတိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၇။ ဒေဝဓီတေ၊ နတ်သမီး။ ယော အယံ ပုရိသော၊ အကြင်ယောက်ျားသည်။ ဘိသာနိ၊ ကြာဘစွယ်တို့ကို။ ခဏသိ၊ တူး၏။ ပုဏ္ဍရိကာနိ၊ ပုဏ္ဍရိက်တို့ကို။ ဘဉ္ဇတိ၊ ချိုး၏။ ဧဝံ၊ ဤသို့။ အာကိဏ္ဏကမ္မန္တော၊ ကြမ်းကြုတ်သော အမှုကို ပြုသော။ ဧသော ပုရိသော၊ ထိုယောကျ်ားကို။ ကသ္မာ၊ အဘယ့်ကြောင့်။ တယာ၊ သင်သည်။ န ဝုစ္စတိ၊ မဆိုသနည်း။

ပြောဖို့မလိုပါဘူးဘုရား

ထိုယောကျ်ားအား မဆိုသော အကြောင်းကို ကြလိုသော နတ်သမီးသည်-

၁၁၈။ အာကိဏ္ဏလုဒ္ဒေါ ပုရိသော၊ ဓာတိစေလံဝ မက္ခိတော။
တသ္မိံ မေ ဝစနံ နတ္ထိ၊ တဉ္စာရဟာမိ ဝတ္တဝေ။
၁၁၉။ အနင်္ဂဏဿ ပေါသဿ၊ နိစ္စံ သုစိဂဝေသိနော။
ဝါလဂ္ဂမတ္တံ ပါပဿ၊ အဗ္ဘာမတ္တံဝ ခါယတိ။

ဟူကုန်သော စတုတ္ထဂါထာ ပဉ္စမဂါထာတို့ကို ဆိုကုန်၏။

၁၁၈။ မာရိသ၊ ရှင်ရဟန်း။ အာကိဏ္ဏလုဒ္ဒေါ၊ ကြမ်းဘကြုတ်သောအမှုဖြင့်ပြွမ်းသော။ ပုရိသာ၊ ယောကျ်ားသည်။ ဓာတိစေလံဝ၊ တံတွေးနှင့် ကျင်ငယ်ကျင်ကြီးဖြင့် လိမ်းကျံသော နို့ထိန်းကျွန်မ ဝတ်သော အဝတ်ကဲ့သို့။ မက္ခိတော၊ မကောင်းမှုဖြင့် လိမ်းကျံ၏။ တသ္မိံ၊ ထိုသူ၌။ မေ၊ ငါ၏။ ဝစနံ၊ ဆိုဖွယ်သည်။ နတ္ထိ၊ မရှိ။ တဉ္စ၊ သင့်ကိုကား။ ဝတ္တဝေ၊ ဆိုခြင်းငှာ။ အရဟာမိ၊ ထိုက်၏။

၁၁၉။ အနင်္ဂဏဿ၊ အပြစ်မရှိသော။ နိစ္စံ၊ အမြဲ။ သုစိ ဂဝေသိနော၊ စင်ကြယ်ခြင်းကို ရှာလေ့ရှိသော။ ပေါသဿ၊ ယောကျ်ားအား။ ပါပဿ၊ မကောင်း မှု၏။ ဝါလဂ္ဂမတ္တံ၊ သားမြီးဖျားမျှသည်လည်း။ အဗ္ဘာမတ္တံဝ၊ တိမ်တိုက်ပမာဏရှိသကဲ့ သို့။ ခါယတိ၊ ထင်၏။

နောက်လည်းပြောပါ

ထိုနတ်သမီးသည် ထိတ်လန့်စေအပ်သည်ရှိသော် ဘုရားလောင်းသည် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍-

၁၂၀။ အဒ္ဓါ မံ ယက္ခ ဇာနာသိ၊ အထော မံ အနုကမ္ပသိ။
ပုနပိ ယက္ခ ဝဇ္ဇာသိ၊ ယဒါ ပဿသိ ဧဒိသံ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၂၀။ ယက္ခ၊ နတ်သမီး။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ အဒ္ဓါ၊ မချွတ်။ ဇာနာသိ၊ သိ၏။ အထော၊ ထိုသို့ သိသည်သာမက။ မံ၊ ငါ့ကို။ အနုကမ္ပသိ၊ ရင်ဝယ်သားကဲ့သို့ သနားသဖြင့် စောင့်ရှောက် မ, စပေ၏။ ယက္ခ၊ နတ်သမီး။ တွံ၊ သင်သည်။ ယဒါ၊ အကြင်အခါ၌။ ဧဒိသံ၊ ဤသို့သဘောရှိသော အပြစ်ကို။ ပဿသိ၊ မြင်၏။ တဒါ၊ ထိုအခါ၌။ ပုနပိ၊ တစ်ဖန်လည်း။ မံ၊ ငါ့ကို။ ဝဇ္ဇာသိ၊ ဆိုပါလော့။

ကိုယ့်အလုပ် ကိုယ်ကြည့်လုပ်

ထို့နောင်မှု ဘုရားလောင်းအား နတ်သမီးသည်-

၁၂၁။ နေဝ တံ ဥပဇီဝါမိ၊ နပိ တေ ဘတကာမှသေ။
တွမေဝ ဘိက္ခု ဇာနေယျ၊ ယေန ဂစ္ဆေယျ သုဂ္ဂတိံ။

ဟူးသာ ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၂၁။ မာရိသ၊ ရှင်ရဟန်း။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ နေဝ ဥပဇီဝါမိ၊ မှီ၍ အသက်မမွေး။ တေ၊ သင်၏။ နပိ ဘတကာမှသေ၊ သူရင်းငှား အမှုလုပ်လည်း မဟုတ်။ ယေန၊ အကြင်ကောင်းမှုဖြင့်။ သုတိံ၊ သုဂတိသျု့။ ဂစ္ဆေယျ၊ လားရာ၏။ ဘိက္ခု၊ ရဟန်း။ တံ၊ ထိုကောင်းမှုကို။ တွမေဝ၊ သင်သည်သာလျှင်။ ဇာနေယျ၊ သိလော့။

ဤသို့ နတ်သမီးသည် ဘုရားလောင်းအား အဆုံးအမကို ပေး၍ မိမိဗိမာန်၌လျှင် တည်၏။ ဘုရားလောင်းသည်လည်း ဈာန်ကိုဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ထိုရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ နတ်သမီးဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ့်ကိုယ်ကိုယ်သာ၊ အားကိုးပါ၊ ဆရာမရှာနှင့်

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သိင်္ဃာပုပ္ဖဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၈။ ဝိဃာသာဒဇာတ်

လှူပြီးမှ စားသုံးခြင်းသည် နတ်ရွာသုဂတိလားကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သုသုခံဝတ ဇီဝန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဝိဃာသာဒဇာတ်ကို ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကစားလေ့ရှိကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းတို့ကို ရှင်မောဂ္ဂလာန်မထေရ်သည် ပြာသာဒ်ကို လှုပ်၍ ထိတ်လန့်စေအပ်သည်ရှိသော် တရားသဘင်၌ ထိုရဟန်းတို့၏ ကျေးဇူးမဲ့စကားကို ပြောဆိုလျက် နေကြကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့... ဤရဟန်းတို့သည် ယခုအခါ၌သာလျှင် ကစားလေ့ရှိသည် မဟုတ်သေး၊ ရှေး၌လည်း ကစားလေ့ ရှိသလျင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိကြားမင်း ဖြစ်၏။ မထင်ရှားသော ကာသိရွာ၌ ခုနစ်ယေက်ကုန်သော ညီ နောင်တို့သည် ကာမဂုဏ်တို့၌ အပြစ်ကိုမြင်၍ တောထွက်၍ ရသေ့ရဟန်းပြု၍ တော၏အလယ်၌ နေလျက် ကမ္မဋ္ဌာန်းစီးဖြန်းခြင်း၌ လုံလကိုမပြုမူ၍ ကိုယ်ဆူဖြိုးခြင်းကို ပြုခြင်းများကုန်သည်ဖြစ်၍ အထူးထူး အပြားပြားသော ကစားခြင်းတို့ကို ကစားလျက် သွားကုန်၏။

စားကြွင်းစားက မွန်မြတ်

သိကြားမင်းသည် ဤရသေ့တို့ကို ထိတ်လန့်စေအံ့ ဟု ကျေးသားယောင်ဆောင်၍ ထိုသူတို့နေရာအရပ်သို့ သွား၍ တစ်ခုသော သစ်ပင်၌ နား၍ ရသေ့တို့ကို ထိတ်လန့်စေလိုရကား-

၁၂၂။ သုသုခံ ဝတ ဇီဝန္တိ၊ ယေ ဇနာ ဝိဃာသာဒိနော။
ဒိဋ္ဌေဝဓမ္မေ ပါသံသာ၊ သမ္ပရာယေ စ သုဂ္ဂတိံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၂၂။ ယေ ဇနာ၊ အကြင်သူတို့သည်။ ဝိဃာသဒိနော၊ စားကြွင်းစား ဖြစ်ကုန်၍။ သုသုခံ ဝတ၊ ချမ်းသာစွာလျှင်။ ဇီဝန္တိ၊ အသက်မွေးကုန်၏။ တေ ဇနာ၊ ထိုသူတို့သည်။ ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက် ကိုယ်၏အဖြစ်၌လည်း။ ပါသံသာ၊ ချီး မွမ်းထိုက်ကုန်၏။ သမ္ပရာယေ စ၊ တမလွန်၌ လည်း။ သုဂ္ဂတိံ၊ သုဂတိ၌။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်။

တို့တစ်တွေကို ချီးမွမ်းနေ

ထိုအခါ ရသေ့တို့တွင် တစ်ယောက်သော ရသေ့သည် ကျေးသား၏ စကားကို ကြား၍ ကြွင်းသော ရသေ့တို့ကို ခေါ်၍-

၁၂၃။ သုကဿ ဘာသမာနဿ၊ န နိသာမေထ ပဏ္ဍိတာ။
ဣဒံ သုဏာထ သောဒရိယာ၊ အမှေဝါယံ ပသံသတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၂၃။ သောဒရိယာ၊ တမိဝမ်းပေါက်ဖြစ်ကုန်သော။ ပဏ္ဍိတာ၊ ပညာရှိတို့။ ဘာသမာနဿ၊ လူ၏ ဘာသာဖြင့်ဆိုသော။ သုကဿ၊ ကျေးသား၏။ ဝစနံ၊ စကားကို။ တုမှေ၊ သင်တို့သည်။ န နိသာမေထ၊ မကြားကြကုန်သလော။ ဣဒံ၊ ဤကျေးသားစကားကို။ သုဏာထ၊ နာကြကုန်လော့။ အယံ၊ ဤကျေးသားသည်။ အမှေဝ၊ ငါတို့ကိုသာလျှင်။ ပသံသတိ၊ ချီးမွမ်း၏။

စွန့်သော စားကြွင်းကို

ထိုအခါ ရသေ့တို့ကို ပယ်လိုသည်ဖြစ်၍ ကျေးသားသည်-

၁၂၄။ နာဟံ တုမှေ ပသံသာမိ၊ ကုဏပါဒါ သုဏာထ မေ။
ဥစ္ဆိဋ္ဌဘောဇိနော တုမှေ၊ န တုမှေ ဝိဃာသာဒိနော။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၂၄။ အဟံ၊ ငါသည်။ တုမှေ၊ သင်တို့ကို။ န ပသံသာမိ၊ မချီးမွမ်း။ ကုဏပါဒါ၊ သားကောင်ပုပ်တို့ကို စားကုန်သော ရသေ့တို့။ တုမှေ၊ သင်တို့သည်။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏာထ၊ နား ထောင်ကြကုန်လော့။ တုမှေ၊ သင်တို့သည်။ ဥစ္ဆိဋ္ဌဘောဇိနော၊ တစ်ပါးသော သတ္တဝါတို့ စားကြွင်းကို စားကုန်၏။ တုမှေ၊ သင်တို့သည်။ န ဝိဃာသာဒိနော၊ ဝိဃာသာဒ မဟုတ်ကုန်။

စားနေသူများ

အလုံးစုံဖြစ်ကုန်သော ထိုရသေ့တို့သည် ကျေးသား၏ စကားကို ကြားကုန်၍-

၁၂၅။ သတ္တဝဿာ ပဗ္ဗဇိတာ၊ မဇ္စျာရညေ သိခဏ္ဍိနော။
ဝိဃာသေနေဝ ယာပေန္တာ၊ မယဉ္စေ ဘောတော ဂါရယှာ။
ကေ နု ဘောတော ပသံသိယာ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၁၂၅။ ပဗ္ဗဇိတွာ၊ ရဟန်းပြုကုန်၍။ သတ္တဝဿာ၊ ခုနစ်နှစ်ရှိကုန်သော။ သိခဏ္ဍိနော၊ ဦးစွန်းရှိကုန်သော ငါတို့သည်။ မဇ္စျာရညေ၊ တော၏အလယ် ၌။ ဝိဃာသေနေဝ၊ ခြင်္သေ့၏ စားကြွင်း ကျားစားကြွင်းဖြင့်သာလျှင်။ ယာပေန္တာ၊ မျှကုန်၏။ ဘောတော၊ အရှင်သည်။ မယံ၊ ငါတို့ကို။ စေ ဂါရယှာ၊ အကယ်၍ ကဲ့ရဲ့ကုန်ငြားအံ့။ ဘောတော၊ အရှင်သည်။ ကေ၊ အဘယ်သူတို့ကို။ ပသံသိယာ နု၊ ချီးမွမ်းအပ်ကုန်သနည်း။

မမွန်မြတ်ပေ

ထိုရသေ့တို့ကို ရှက်စေလိုသည်ဖြစ်၍ ဘုရားလောင်းသည်-

၁၂၆။ တုမှေ သီဟာနံ ဗြဂ္ဃါနံ၊ ဝါဠာနဉ္စာ ဝသိဋ္ဌကံ။
ဥစ္ဆိဋ္ဌေနေဝ ယာပေန္တာ၊ မညိဝေါ ဝိဃာသာဒိနော။

ဟူသော ငါးခုမြောက်သာ ဤဂါထာကို ဆို၏။

၁၂၆။ တုမှေ၊ သင်တို့သည်။ သီဟာနဉ္စ၊ ခြင်္သေ့တို့၏ လည်းကောင်း။ ဗြဂ္ဃါနဉ္စ၊ ကျားတို့၏လည်းကောင်း။ ဝါဠာနဉ္စ၊ ကြွင်းသော သားရဲတို့၏ လည်းကောင်း။ အဝသိဋ္ဌကံ၊ စားကြွင်းကို။ ဘုဉ္ဇန္တာ၊ စားကုန်လျက်။ ဥစ္ဆိဋ္ဌေနေဝ၊ သုံးအပ်ပြီးသော အစာဖြင့်လျှင်။ ယာပေန္တာ၊ မျှကုန်လျက်။ ဝိဃာသာဒိနော၊ စားကြွင်းကို စားကုန်၏ဟူ၍။ မညိဝှေါ၊ မှတ်ကြကုန်သလော။

လှူပြီး အကြံကိုစားမှ မြတ်သည်

ထိုစကားကိုကြား၍ ရသေ့တို့သည် ငါတို့သည် စားကြွင်းစား မဟုတ်ကုန်သော် အဘယ်သူတို့သည် စားကြွင်းစား ဖြစ်ကုန်သနည်း ဟု မေးကုန်၏။ ထို့နောင်မှ ရသေ့တို့အား ထိုအကြောင်းကို ကြားလိုသည်ဖြစ်၍ ဘုရားလောင်းသည်-

၁၂၇။ ယေ ဗြာဟ္မဏဿ သမဏသ၊ အညဿ ဝါ ဝနိဗ္ဗိနော။
ဒတွာန သေသံ ဘုဉ္ဇန္တိ၊ တေ ဇနာ ဝိဃာသာဒိနော။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၂၇။ ယေ ဇနာ၊ အကြင်သူတို့သည်။ ဗြာဟ္မဏဿ ဝါ၊ ပုဏ္ဏားအားလည်းကောင်း။ သမဏဿ ဝါ၊ ရဟန်းအားလည်းကောင်း။ အညဿ၊ တစ်ပါးသော။ ဝနိဗ္ဗိနော ဝါ၊ တောင်းစားသော သူအားလည်းကောင်း။ ဒတွာန၊ ပေးလှူ၍။ သေသံ၊ အကြွင်းကို။ ဘုဉ္ဇန္တိ၊ စားကုန်၏။ တေ ဇနာ၊ ထိုသူတို့သည်။ ဝိဃာသာဒိနော၊ စားကြွင်းစားမည်ကုန်၏။

ဤသို့ ရသေ့တို့ကို ရှက်စေ၍ ဘုရားလောင်းသည် မိမိနေရာ တာဝတိံသာသို့လျှင် သွား၏

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ကစားတတ်ကုန်သော ရဟန်းတို့သည် ထိုအခါ ညီနောင်ခုနစ်ယောက်တို့ ဖြစ်ကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သိကြားဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

လှူပြီးမှသာ၊ စားအစာ၊ စားပါ မွန်မြတ်သည်

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဝိဃာသာဒဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၉။ ဝဋ္ဋကဇာတ်

ရသမျှနှင့် ရောင့်ရဲခြင်းသည် ချမ်းသာကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ပဏီတံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝဋ္ဋကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လျှပ်ပေါ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း... သင်သည် လျှပ်ပေါ်တတ်၏ဟူသည် မှန်သ လော ဟု မေးတော်မူလတ်၍ မြတ်စွာဘုရား... မှန်ပါ၏ ဟု လျှောက်ထားသည်ရှိသော်ရဟန်း. သင်သည် ယခုအခါ၌သာ လျှပ်ပေါ်သည် မဟုတ်သေး၊ ရှေး၌လည်း သင်သည် လျှပ်ပေါ်ဖူးသလျှင်ကတည်း၊ လျှပ်ပေါ်သည်၏အဖြစ်ကြောင့် ဗာရာ ဏသီပြည်၌ ဆင်ကောင် နွားကောင် လူကောင်တို့ဖြင့် မရောင့်ရဲသည်ဖြစ်၍ ဤထက်အလွန်ကို ရလတ္တံ့ဟု တောသို့ဝင်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ငုံးမျိုး၌ ဖြစ်၍ တော၌ ခြောက် သော မြက်သီးအာဟာရ ရှိသည်ဖြစ်၍ နေ၏။ ထိုအခါ ဗာရာဏသီပြည်၌ တစ်ခုသော လျှပ်ပေါ်သောကျီးသည် ဆင်ကောင် အစရှိသည်တို့ဖြင့် မရောင့်ရဲသည်ဖြစ်၍ ဤထက်အလွန်ကို ရလတ္တံ့ဟု တောသို့ဝင်၍ သစ်သီးကြီးငယ်တို့ကို စားလျက် ဘုရားလောင်းကိုမြင်၍ ဤငုံးသည် အလွန်လျှင် ဆူဖြိုးသော ကိုယ်ရှိ၏။ ကောင်းသော အစာကိုမေး၍ ထိုအစာကိုစား၍ ဆူဖြိုးသောကိုယ် ရှိသည်ဖြစ်အံ့ ဟုကြံ၍ ဘုရားလောင်း၏ အထက်သစ်ခက်၌ နား၏။ ဘုရားလောင်းသည် ထိုကျီးနှင့်တကွ ပဋိသန္ထာရကို ပြုလိုရကား-

အဘယ်ကြောင့် ပိန်နေသနည်း

၁၂၈။ ပဏီတံ ဘုဉ္ဇသေ ဘတ္တံ၊ သပ္ပိ တေလဉ္စ မာတုလ။
အထ ကေန နု ဝဏ္ဏေန၊ ကိသော တွမသိ ဝါယသ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

၁၂၈။ မာတုလ၊ ဦးရီးဖြစ်သော။ ဝါယသ၊ ကျီး။ တွံ၊ သင်သည်။ ပဏီတံ၊ မွန်မြတ်သော။ ဘောဇနံ၊ လူတို့အစာဖြစ်သော။ ဘတ္တဉ္စ၊ ထမင်းကိုလည်းကောင်း။ သပ္ပိတေလဉ္စ၊ ထောပတ်ဆီကိုလည်းကောင်း။ ဘုဉ္စသေ၊ စားရသည်မဟုတ်လော။ အထ၊ ထိုသို့ဖြစ်လျက်။ ကေန ဝဏ္ဏေန၊ အဘယ်အကြောင်းကြောင့်။ ကိသော၊ ကြုံလှီသည်။ အသိ နု၊ ဖြစ်သနည်း။

အမြဲထိတ်လန့်နေရ၍

ဘုရားလောင်း၏စကားကို ကြား၍ ကျီးသည် -

၁၂၉။ အမိတ္တမဇ္ဈေ ဝသတော၊ တေသု အာမိသမေသတော။
နိစ္စံ ဥဗ္ဗိဂ္ဂဟဒယဿ၊ ကုတော ကာကဿ ဒဠှိယံ။
၁၃၀။ နိစ္စံ ဥဗ္ဗေဂိနော ကာကာ၊ ဓင်္ကာ ပါပေန ကမ္မုနာ။
လဒ္ဓေါ ပိဏ္ဍော န ပီဏေတိ၊ ကိသော တေနသ္မိ ဝဋ္ဋက။
၁၃၁။ လူခါနိ တိဏဗီဇာနိ၊ အပ္ပသ္နေဟာနိ ဘုဉ္စသိ။
အထ ကေန နု ဝဏ္ဏေန၊ ထူလော တွမသိ ဝဋ္ဋက။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၁၂၉။ ဝဋ္ဋက၊ ငုံး။ အမိတ္တမဇ္ဈေ၊ ရန်သူတို့၏ အလယ်၌။ ဝသတော၊ နေရသော။ တေသု၊ ထိုရန်သူတို့၌။ အာမိသံ၊ အာမိသကို။ ဧသတော၊ ရှာရသော။ နိစ္စံ၊ အမြဲ။ ဥဗ္ဗိဂ္ဂဟဒယဿ၊ ထိတ်လန့်သော နှလုံးရှိသော။ ကာကဿ၊ ကျီးဖြစ်သော ငါ့အား။ ဒဠှိယံ၊ ဆူဖြိုးသော အဖြစ်သည်။ ကုတော အတ္ထိ၊ အဘယ်မှာရှိအံ့နည်း။

၁၃၀။ ဝဋ္ဋက၊ ငုံး။ ဓင်္ကာ၊ ဓင်္ကမည်ကုန်သော။ ကာကာ၊ ကျီးတို့သည်။ နိစ္စံ၊ အမြဲ။ ဥဗ္ဗေဂိနော၊ ထိတ် လန့်သောစိတ် ရှိကုန်၏။ ပါပေန၊ ယုတ်မာသော။ ကမ္မုနာ၊ လူတို့ အစာကိုလုယက်သော အမှုဖြင့်။ လဒ္ဓေါ၊ ရအပ်သော။ ပိဏ္ဍော၊ အစာသည်။ န ပီဏေတိ၊ မနှစ်သက် မရောင့်ရဲစေ။ တေန၊ ထို့ကြောင့်။ ကိသော၊ ကြုံလှီသည်။ အသ္မိ၊ ဖြစ်၏။

အဘယ့်ကြောင့် ဝနေသနည်း

၁၃၁။ ဝဋ္ဋက၊ ငုံး။ တွံ၊ သင်သည်။ လူခါနိ၊ ခြောက်ကုန်သော။ အပ္ပသ္နေဟာနိ၊ နုံ့သော အဆီဩဇာရှိကုန်သော။ တိဏ ဗီဇာနိ၊ မြက်သီးတို့ကို။ ဘုဉ္ဇသိ၊ စား၏။ အထ၊ ထိုသို့ဖြစ်လျက်။ ကေန ဝဏ္ဏေန၊ အဘယ် အကြောင်းကြောင့်။ ထူလော၊ ဆူဖြိုးသော ကိုယ်ရှိသည်။ အသိ နု၊ ဖြစ်သနည်း။

ရရသမျှနှင့် ရောင့်ရဲ၍

ထိုစကားကိုကြား၍ ဘုရားလောင်းသည် မိမိဆူဖြိုးသောအကြောင်းကို ဆိုလို၍-

၁၃၂။ အပ္ပိစ္ဆာ အပ္ပစိန္တာယ၊ အဒူရဂမနေန စ။
လဒ္ဓါလဒ်ဓနေ ယာပေန္တော၊ ထူလော တေနသ္မိ ဝါယသ။
၁၃၃။ အပ္ပိစ္ဆဿ ဟိ ပေါသဿ၊ အပ္ပစိန္တသုခဿ စ။
သုသင်္ဂဟိတမာနဿ၊ ဝုတ္တိ သုသမုဒါနယာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၃၂။ ဝါယသ၊ ကျီး။ အပ္ပိစ္ဆာ စ၊ အလိုနည်းသည်၏ အဖြစ်ဖြင့်လည်းကောင်း။ အပ္ပစိန္တာယ စ၊ အာဟာ ရ၌ အကြံနည်းသည်၏ အဖြစ်ဖြင့်လည်းကောင်း။ အဒူရဂမနေန စ၊ အဝေးသို့ မသွားခြင်းဖြင့်လည်းကောင်း။ လဒ္ဓါလဒ်ဓနေ၊ ရတိုင်း ရတိုင်းသော အာဟာရဖြင့်။ ယာပေန္တော၊ မျှစေ၏။ တေန၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ထူလော၊ ဆူဖြိုးသော ကိုယ်ရှိသည်။ အသ္မိ၊ ဖြစ်၏။

၁၃၃။ ဟိ သစ္စံ၊ မှန်၏။ အပ္ပိစ္ဆဿ၊ အလိုနည်းသော။ အပ္ပစိန္တသုခဿ၊ နည်းသောအကြံရှိသဖြင့် ချမ်း သာခြင်းရှိသော။ သုသင်္ဂဟိတမာနဿ၊ ကောင်းစွာ သိမ်းဆည်းဆင်ခြင်အပ်သော အစာအာဟာရ အတိုင်းအရှည်ရှိသော။ ပေါသဿ၊ ယောက်ျား၏။ ဝုတ္တိ၊ အသက်မွေးခြင်းသည်။ သုသမုဒါနယာ၊ ချမ်းသာသဖြင့် ဖြစ်လွယ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ လျှပ်ပေါ်သောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား... ယခုအခါ လျှပ်ပေါ်သော ရဟန်းသည် ထိုအခါ ကျီးဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ငုံးဖြစ်ပြီ ဟု ဇာတ်ကိုပေါင်းတော်မူ၏။

ရရသမျှ၊ တင်းတိမ်မှ၊ သုခမည်သာ

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဝဋ္ဋကဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၁၀။ ပါရာဝတဇာတ်

ရသမျှနှင့် မရောင့်ရဲ မတင်းတိမ်၍ ကျက်စီးရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် စိရဿံ ဝတ ပဿာမိ အစရှိသော ဂါထာပုဒ်ဖြင့် တန် ဆာဆင်အပ်သော ဤပါရာဝတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လျှပ်ပေါ်သော ရဟန်းတစ်ပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် အောက်၌ ဆိုအပ်သော နည်းရှိသည် ဖြစ်၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ခိုမျိုး၌ ဖြစ်၏။ ဗာရာဏသီသူဌေး၏ စားဖိုအိမ်ဝယ် အသိုက်တောင်း၌ နေ၏။ ကျီးသည်လည်း ဘုရားလောင်းနှင့်တကွ အကျွမ်းဝင်ခြင်းကိုပြု၍ ထိုတောင်း၌လျှင်နေ၏။ အလုံးစုံသောစကားကို အောက်၌ ချဲ့အပ်၏။

ကျီးမိုက် ဖမ်းခံရ

စားဖိုသည်သည် ကျီးတောင်တို့ကိုနုတ်၍ မုန့်ညက်ဖြင့် ကျီးကို လိမ်းကျံ၍ တစ်ခုသာ အိုးခြမ်းကိုဖောက်၍ လည်၌ ဆွဲ၍ တောင်း၌ ထည့်၏။

မုတ်ဆိတ်ကျင်စွယ် ပယ်လို့ပါလား

ဘုရားလောင်းသည် တောမှလာသည်ရှိသော် ကျီးကိုမြင်၍ ပြက်ရယ်ပြုလိုရကား-

၁၃၄။ စိရဿံ ဝတ ပဿာမိ၊ သဟာယံ မဏိဓာရိနံ။
သုကတာ မဿု ကုတ္တိယာ၊ သောဘတေ ဝတ မေ သခါ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

၁၃၄။ သမ္မ ဝါယသ၊ အဆွေကျီး။ သဟာယံ၊ အဆွေကို။ မဏိဓာရိနံ၊ ပတ္တမြားလည်ဆွဲ ရွဲဆွဲသည်ကို။ စိရဿံ ဝတ၊ ကြာမြင့်မှလျှင်။ ပဿာမိ၊ မြင်ရ၏။ မဿု ကုတ္တိယာ၊ မုတ်ဆိတ်ကို ပြုပြင်ခြင်းဖြင့်။ သုကတာ၊ ကောင်းစွာပြုပြင်အပ်သော။ မေ၊ ငါ၏။ သခါ၊ ခင်ပွန်းသည်။ သောဘတေ ဝတ၊ တင့်တယ်ပေစွတကား။

ခုမှပဲ ဆတ္တာသည်တွေ့ရ

ထိုစကားကိုကြား၍ ကျီးသည်-

၁၃၅။ ပရူဠှကစ္ဆနခလောမော၊ အဟံ ကမ္မေသု ဗျာဝဋော။
စိရဿံ နှာပိတံ လဒ္ဓါ၊ လောမံ တံ အဇ္ဇ ဟာရယိံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကိုဆို၏။

၁၃၅။ သမ္မ ပါရာဝတ၊ အဆွေခို။ အဟံ၊ ငါသည်။ ကမ္မေသု၊ အမှုတို့၌။ ဗျာဝဋော၊ လုံ့လပြုရသည်ဖြစ်၍။ ဩကာသံ၊ အခွင့်ကို။ အလဘန္တေန၊ မရသဖြင့်။ ပရူဠှဂစ္ဆာ၊ ချုံကဲ့သို့ စည်ပင်သာ။ နခါ လောမာ၊ ခြေသည်းအမွေးရှိသည်။ အဟောသိ၊ ဖြစ်၏။ စိရဿံ၊ ကြာမြင့်မှ။ နှာပိတံ၊ ဆေတ္တာ သည်ကို။ လဒ္ဓါ၊ ရ၍။ အဇ္ဇ၊ ယခု။ တံလောမံ၊ ထိုအမွေးကို။ ဟာရယိံ၊ နုတ်စေရ၏။

လည်ဆွဲနဲ့ပါလား

ထို့နောင်မှ ဘုရားလောင်းသည်-

၁၃၆။ ယံ နု လောမံ အဟာရေသိ၊ ဒုလ္လဘံ လဒ္ဓ ကပ္ပကံ။
အထ ကိဉ္စရဟိ တေ သမ္မ၊ ကဏ္ဌေ ကိဏိကိဏာယတိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၃၆။ သမ္မ ဝါယသ၊ အဆွေကျီး။ နု၊ စင်စစ်။ ဒုလ္လဘံ၊ ရခဲစွာသော။ ယံ ကပ္ပကံ၊ အကြင်ဆတ္တာ သည်ကို။ လဒ္ဓါ၊ ရ၍။ လောမံ၊ အမွေးကို။ အဟံ၊ ငါသည်။ အဟာရေသိ၊ နုတ်စေ၏။ အထ၊ ထိုမှ တစ်ပါး။ သမ္မ၊ အဆွေ။ တေ၊ သင်၏။ ကဏ္ဌေ၊ လည်၌။ ဣဒံ၊ ဤပတ္တမြားသည်။ ကိံ၊ အဘယ့်ကြောင့်။ ကိဏိကိဏာယတိ၊ ကိဏ်ကိဏ်မြည်သနည်း။

လည်ဆွဲ လိုချင်လို့လား

ထို့နောင်မှ ကျီးသည်-

၁၃၇။ မနုဿ သုခုမာလာနံ၊ မဏိ ကဏ္ဌေသု လမ္ဗတိ။
တေသာဟံ အနုသိက္ခာမိ၊ မာ တွံ မညိ ဒဝါ ကတံ။
၁၃၈။ သစေပိ မံ ပိဟယသိ၊ မဿုကုတ္တိံ သုကာရိတံ။
ကာရယိဿာမိ တေ သမ္မ၊ မဏိဉ္စာပိ ဒဒါမိ တေ။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

၁၃၇။ သမ္မ ပါရာဝတ၊ အဆွေခို။ မနုဿသုခုမာလာနံ၊ သိမ်မွေ့ နူးညံ့ကုန်သောလူတို့၏။ ကဏ္ဌေသု၊ လည်တို့၌။ မဏိံ၊ ပတ္တမြားကို။ လမ္ဗတိ၊ ဆွဲ၏။ အဟံ၊ ငါသည်။ တေသံ၊ ထိုလူတို့၏။ အနုသိက္ခာမိ၊ အတုပြု၏။ ဣတိ၊ ဤသို့။ တွံ၊ သင်သည်။ မာ မညိ၊ မအောက်မေ့လင့်။ မနုဿေဟိ၊ လူသရော်တို့သည်။ ဒဝါ၊ ရယ်မြူးလိုသဖြင့်။ ကတံ၊ ပြုအပ်၏။

၁၃၈။ သမ္မ ပါရာဝတ၊ အဆွေခို။ တွံ၊ သင်သည်။ ဣမံ မဿုကုတ္တိံ သုကာရိတံ၊ ဤမုတ်ဆိတ်, ဆံကို အတူပြုပြင်ခြင်းဖြင့် ကောင်းစွာ ပြုပြင်ခြင်းကို။ သစေပိ ပိဟာယသိ၊ အကယ်၍ နှစ်သက်မြတ်နိုးသည် ဖြစ်အံ့။ သမ္မ၊ အဆွေ။ တေ၊ သင့်အား။ ကာရယိဿာမိ၊ ပြုပြင်စေအံ့။ တေ၊ သင့်အား။ မဏိဉ္စာပိ၊ ပတ္တမြားကိုလည်။ ဒဒါမိ၊ ငါပေးအံ့။

ရှိပါစေ အဆွေ

ထိုစကားကို ကြား၍ ဘုရားလောင်းသည် -

၁၃၉။ တွညေဝ မဏိနာ ဆန္နော၊ သုကတာယ စ မဿုယာ။
အာမန္တ ခေါ တံ ဂစ္ဆာမိ၊ ပိယံ မေ တဝ ဒဿနံ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၃၉။ သမ္မ ဝါယသ၊ အဆွေကျီး။ မဏိနာ စ၊ ပတ္တ မြားအားလည်း။ တွညေဝ၊ သင်သည်သာလျှင်။ ဆန္နော၊ လျောက်ပတ်၏။ သုကတာယ၊ ကောင်းစွာ ပြုပြင်အပ်သော။ မဿုယာ စ၊ မုတ်ဆိတ်အားလည်း။ တွညေဝ၊ သင်သည်သာလျှင်။ ဆန္နော၊ လျောက်ပတ်၏။ မေ၊ ငါသည်။ တဝ၊ သင့်အား။ ဒဿနံ ဧဝ၊ ကြည့်ခြင်းမျှကိုလျှင်။ ပိယံ၊ ချစ်မြတ်နိုးအပ်လှပေပြီ။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ အာမန္တ ခေါ၊ သိစေ၍လျှင် ပန်ကြား၍ လျှင်။ ဂစ္ဆာမိ၊ သွားအံ့။

ဤသို့ဆို၍ ဘုရားလောင်းသည် ပျံ၍ တစ်ပါးသော အရပ်သို့ သွား၍ ကျီးသည် ထိုအရပ်၌လျှင် အသက်ကုန်ခြင်းသို့ ရောက်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ လျှပ်ပေါ်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူ- လျှပ်ပေါ်သော ရဟန်းသည် ထိုအခါ ကျီးဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည် ထိုအခါ ခိုဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

လောလည်လျှပ်ပေါ်၊ သူပျက်ချော်၊ မလျော် ပျက်စီးရာ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ပါရာဝတဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ကုက္ကုဝဂ်

၁။ ကုက္ကုဇာတ်

တရားသဖြင့်သာ မင်းပြုအပ်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဒိယဍ္ဎ ကုက္ကု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုက္ကုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မင်းအား ဆုံးမခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် တေသကုဏဇာတ်၌ ထင်စွာဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ အကျိုး အကြောင်းကို ဆုံးမတတ်သော အမတ် ဖြစ်၏။

မင်းကြီး မိုက်မှားနေ၍

ဗြဟ္မဒတ်မင်းသည် မလားအပ်သော အရာ၌ တည်၍ မတရားသဖြင့် မင်းပြု၏။ ဇနပုဒ်ကိုနှိပ်စက်၍ ဥစ္စာကိုသာလျှင် ယူ၏။

အထွတ်က ဘာလို့ မြဲနေသလဲ

ထိုအခါ ဘုရားလောင်းသည် မင်းကို ဆုံးမလိုသည်ဖြစ်၍ တစ်ခုသောဥပမာကို စုံစမ်းလျက် သွား၏။ မင်းဥယျာဉ်၌ နေရာအိမ်သည် မပြီးသေးသည်ဖြစ်၏။ မပြီးသေးသော အမိုးရှိသည် ဖြစ်၏။ အထွတ်ကိုတင်၍ အခြင်တို့ကို သွင်းကာမျှသာလျှင် ဖြစ်ကုန်၏။ မင်းသည်လည်း ကစားအံ့သောငှာ ဥယျာဉ်သို့သွား၍ ထိုဥယျာဉ်၌ လှည့်လည်၍ ထိုအိမ်သို့ဝင်၍ မော်၍ကြည့်လတ်သော် အထွတ်ဝန်းကိုမြင်၍ မိမိအထက်၌ကျအံ့သည်မှ ကြောက်သောကြောင့် ထွက်၍ အပ၌ရပ်လျက် တစ်ဖန်ကြည့်၍ အဘယ်ကိုမှီ၍ အထွတ်သည် တည်သနည်း။ အဘယ်ကိုမှီ၍ အခြင်တို့သည် တည်သနည်း ဟု ကြံ၍ ဘုရားလောင်းကို မေးလိုရကား-

။ ဒိယဍ္ဎကုက္ကူ ဥဒယေန ကဏ္ဏိကာ၊
ဝိဒတ္ထိယော အဋ္ဌ ပရိက္ခိပန္တိ နံ။
သာ သိံသပါ သာရမယာ အဖေဂ္ဂုကာ၊
ကုဟိံ ဌိတာ ဥပရိတော န ဓံသတိ-

ဟူသော ရှေးဦးစွာသော ဤဂါထကို ဆို၏။

၁။ ဘော သဟာယ၊ အိုအဆွေ။ ယာ ကဏ္ဏိကာ၊ အကြင်ထွတ်သည်။ ဥဒယေန၊ အစောက်အား ဖြင့်။ ယဍ္ဎကုက္ကူ၊ တစ်ထောင့်ထွာ အတိုင်းရှည်ရှိ၏။ နံ၊ ထိုအထွတ်ကို။ အဋ္ဌဝိဒတ္ထိယော၊ ရှစ်ထွာသော အပြင်တို့သည်။ ပရိက္ခိပန္တိ၊ ထက် ဝန်းကျင် ရံကုန်၏။ သာရမယာ၊ အနှစ်ဖြင့်ပြီးသော။ အဖေဂ္ဂုကာ၊ အကာမရှိသော။ သိံသပ၊ ရင်းတိုက်နှစ်ဖြင့် ပြုအပ်သော။ သာ ကဏ္ဏိကာ၊ ထိုအထွတ်သည်။ ကုဟိံ၊ အဘယ်၌။ ဌိတာ၊ တည်သည်ဖြစ်၍။ ဥပရိတော၊ အထက်မှ။ န ဓံသတိ၊ မကျသနည်း။

အသိုင်းအဝိုင်းကြောင့်

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ယခု ငါသည် မင်းအား ဆုံးမအံ့သောငှာ ဥပမာကို ရပြီဟု ကြံ၍-

။ ယာ တိံသတိ သာရမယာ အနုဇ္ဇုကာ၊
ပရိကိရိယ ဂေါပါနသိယော သမံ ဌိတာ။
တာဟိ သုသင်္ဂဟိတာ ဗလသာ ပီဠိတာ၊
သမံ ဌိတာ ဥပ္ပရိတော န ဓံသတိ။
။ ဧဝမ္ပိ မိတ္တေဟိ ဒဠှေဟိ ပဏ္ဍတော၊
အဘေဇ္ဇရူပေဟိ သုစီဟိ မန္တိဘိ။
သုသင်္ဂဟိတော သိရိယာ န ဓံသတိ၊
ဂေါပါနသီ ဘာရဝဟာဝ ကဏ္ဏိကာ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တိံသတိ၊ သုံးဆယ်ကုန်သော။ သာရမယာ၊ အနှစ်ဖြင့်ပြီးကုန်သော။ အနုဇ္ဇုကာ၊ အကာမရှိကုန်သော။ ယာ ဂေါပါနသိယော၊ အကြင်အခြင်တို့သည်။ ပရိကိရိယ၊ ထက်ဝန်းကျင်မှ ရံကုန်သည်ဖြစ်၍။ သမံ ဌိတာ၊ မျှသောအဖို့ဖြင့် တည်ကုန်၏။ ဗလသာ၊ အားအစွမ်းဖြင့်။ ပီဠိတာ၊ ညှပ်နှိပ်၍။ သုသင်္ဂဟိတာ၊ ကောင်းစွာ ထောက်ပံ့အပ်သည်ဖြစ်၍။ သာ ကဏ္ဏိကာ၊ ထိုအထွတ်သည်။ သမံဌိတာ၊ မျှသောအဖို့ဖြင့် တည်သည်ဖြစ်၍။ ဥပရိတော၊ အထက်မှ။ န ဓံသတိ၊ မကျ။

၃။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမ္ပိ၊ ဤအတူလည်း။ ပဏ္ဍိတော၊ ပညာရှိသော မင်းသည်။ ဒဠှေဟိ၊ မြဲမြံကုန်သော။ အဘေဇ္ဇရူပေဟိ၊ မကွဲသော သဘောရှိကုန်သော။ သုစီဟိ၊ စင် ကြယ်ကုန်သော။ မန္တိဘိ၊ တိုင်ပင်ခြင်း၌ လိမ္မာကုန်သော။ မိတ္တေဟိ၊ အဆွေခင်ပွန်းတို့သည်။ သုသင်္ဂဟိတော၊ ကောင်းစွာ ထောက်ပံ့သည်ဖြစ်၍။ ဂေါပါနသီဘာရဝဟာ၊ အခြင်ဟူသော ဝန်ကို ရွက်ဆောင်သော။ ကဏ္ဏိကာဝ၊ အထွတ်ကဲ့သို့။ သိရိယာ၊ အသရေမှ။ န ဓံသတိ၊ မကျ။

မင်းသည် ဘုရားလောင်းဆိုတိုင်းလျှင် မိမိအမူအရာကို မှတ်၍ အထွတ်မရှိသော် အခြင်တို့သည် မတည်ကုန်၊ အခြင်တို့သည် မထောက် ပံ့ အပ်ကုန်သည်ရှိသော် အထွတ်သည် မတည်။ အခြင်တို့သည် ပျက်စီးကုန်သည်ရှိသော် အထွတ်သည် ကျ၏။ ဤအတူလျှင် တရားမစောင့်သော မင်းသည် မိမိအဆွေခင်ပွန်း ဖြစ်ကုန်သော အမတ်တို့ကိုလည်းကောင်း ဗိုလ်ပါတို့ကိုလည်းကောင်း ပုဏ္ဏား သူကြွယ်တို့ကိုလည်းကောင်း မထောက်ပံ့သည်ရှိသော် ထိုသူတို့ ပျက်စီးလတ်သော် ထိုသူတို့မထောက်ပံအပ်သည်ဖြစ်၍ အစိုး ရခြင်းမှ ယုတ်ရာ၏။ မင်းမည်သည်တရားစောင့်သည် ဖြစ်ရာ၏ ဟု ကြံ၏။

ရွှောက်သီးကို မခါးစေနှင့်

ထိုအခါ မင်းအား ထိုခဏ၌ လက်ဆောင်အကျိုးငှာ ရှောက်သီးကို ဆက်ကုန်၏။ မင်းသည် အဆွေ... ဤရှောက်သီးကို စားလော့ ဟု ဘုရားလောင်းအား ပေး၏။

ဘုရားလောင်းသည် ရှောက်သီးကို ယူ၍ မြတ်သောမင်းကြီး ဤရှောက်သီးကို စားအံ့သောငှာ မသိကုန်သော သူတို့သည် ခါးသည်ကိုမူလည်း ပြုကုန်၏။ ချဉ်သည်ကိုမူလည်း ပြုကုန်၏။ သိကုန်သော ပညာရှိတို့သည်မူကား အခါးကိုပယ်၍ အချဉ်ကို မထုတ်မှု၍ ရှောက်သီး၏ အရ သာကို မပျက်စီးစေမူ၍လျှင် စားကုန်၏ ဟု ဆို၍ မင်းအား ဥပမာဖြင့် ဥစ္စာစုခြင်း၏ အကြောင်းကို ပြလို၍ -

။ ခရတ္တစံ ဗေလ္လံ ယထာပိ သတ္ထဝါ၊
အနာမသန္တောပိ ကရောတိ တိတ္တကံ။
သမာဟရံ သာဒုံ ကရောတိ ပတ္ထိဝ၊
အသာဒုံ ကယိရာ တနုဗန္ဓမုဒ္ဓရံ။
။ ဧဝမ္ပိ ဂါမနိဂမေသု ပဏ္ဍိတော၊
အသာဟသံ ရာဇဓနာနိ သင်္ဃရံ။
ဓမ္မာနုဝတ္တီ ပဋိပဇ္ဇမာနော၊
သ ဖာတိ ကယိရာ အဝိဟေဌယံ ပရံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၄။ ပတ္ထိဝ၊ မင်းမြတ်။ သတ္ထဝါ၊ ဓားငယ်လက်၌ ရှိသောသူသည်။ ခရတ္တစံ၊ ကြမ်းသောအခွံရှိသော။ ဗေလ္လံ၊ ရှောက်သီးကို။ အနာမသန္တောပိ၊ အခွံမနွှေး (နွှာ)မူ၍လည်း။ တိတ္တကံ၊ ခါးသည်ကို။ ကရောတိ၊ ပြု၏။ ဗန္ဓံ၊ အခွံကို။ တနု၊ ပါးစွာ။ ဥဒ္ဓရံ-ဥဒ္ဓရန္တော၊ နွှေး (နွှာ) သောသူသည်။ အသာဒုံ၊ မကောင်းသည်ကို။ ကယိရာ၊ ပြုရာ၏။ သမာဟရံ၊ ကောင်းစွာ အခွံနွှေးသောသူသည်။ သာဒုံ၊ ကောင်းသည်ကို။ ကရောတိ ယထာပိ၊ ပြုသကဲ့ သို့လည်း။ ဧဝမ္ပိ၊ ဤအတူလည်း။ ရာဇ၊ မင်းမြတ်။ ပဏ္ဍိတော၊ ပညာရှိသောမင်းသည်။ ဂါမနိဂမေသု၊ ရွာနိဂုံးတို့၌။ အသာဟသံ၊ တဏှာ၏အလိုသို့ မလိုက်သည်ဖြစ်၍။ ဓမ္မာနုဝတ္တီ ပဋိပဇ္ဇမာနော၊ မင်းကျင့်တရား ဆယ်ပါးသို့ လိုက်လျက်ကျင့်၍။ ဓနာနိ၊ ဥစ္စာတို့ကို။ သင်္ဃရံ-သင်္ဃရန္တော၊ စုလျက်။

၅။ သ- သော ရာဇာ၊ ထိုမင်းသည်။ ပရံ၊ သူတစ်ပါးကို။ အဝိဟေဌယံ-အဝိဟေဌယန္တော၊ မညှဉ်းဆဲမူ၍။ ဖာတိံ၊ ပွားခြင်းအမှုကို။ ကယိရာ၊ ပြုရာ၏။

ကြာပွင့်မှာ ညွန်မရှိ

မင်းသည် ဘုရားလောင်းနှင့်တကွ တိုင်ပင်လျက် ရေကန်နားသို့ သွား၍ ရေကန်၌ ကောင်းစွာပွင့်သော နေလုလင်ကဲ့သို့သော အဆင်းရှိသော ရေဖြင့်မလိမ်းကျံသော ပဒုမာကိုမြင်၍ အဆွေ.ဤပဒုမာသည် ရေ၌ဖြစ်လျက်လျှင် ရေမလိမ်းကျံသည်ဖြစ်၍ တည်၏ ဟု ဆို၏။

အကုသိုလ်ကို ရှောင်ပါ

ထိုအခါ မင်းကို ဘုရားလောင်းသည် မြတ်သော မင်းကြီး... မင်းမည်သည် ဤသို့ သဘောရှိသည် ဖြစ်ရာ၏ ဟု ဆုံးမလိုရကား... -

။ ဩဒါတမူလံ သုစိဝါရိသမ္ဘဝံ၊
ဇာတံ ယထာ ပေါက္ခရဏီသု အမ္ဗုဇံ။
ပဒုမံ ယထာ အဂ္ဂိနိကာသိဖာလိမံ၊
န ကဒ္ဒမော န ရဇော န ဝါရိ လိမပတိ။
။ ဧဝမ္ပိ ဝေါဟာရသုစိံ အသာဟသံ။
ဝိသုဒ္ဓကမ္မန္တ မပေတပါပကံ
န လိမ္ပတိ ကမ္မကိလေသ တာဒိသော၊
ဇာတံ ယထာ ပေါက္ခရဏီသု အမ္ဗုဇံ။

ဟူသော ဤဂါထတို့ကို ဆို၏။

၆။ ပေါက္ခရဏီသု၊ ရေကန်တို့၌။ ဇာတံ၊ ဖြစ်သော။ ဩဒ တမူလံ၊ ဖြူစင်သောအမြစ်ရှိသော။ သုစိဝါရိသမ္ဘဝံ၊ စင်ကြယ်သော ရေ၌ဖြစ်သော။ အမ္ဗုဇံ၊ အမ္ဗုဇမည်သော။ အဂ္ဂိနိကာသိဖာလိမံ၊ နေအရောင်ကြောင့် ပွင့်သော။ ပဒုမံ၊ ပဒုမာသည်။ ကဒ္ဒမော-ကဒ္ဒမေ၊ ညွန်၌။ န လိမ္ပတိ ယထာ၊ မလိမ်းကျံသကဲ့သို့။ ရဇော-ရဇေ၊ မြူ၌။ န လိမ္ပတိ ယထာ၊ မလိမ်းကျံသကဲ့သို့။ ဝါရိ-ဝါရိမှိ၊ ရေ၌။ န လိမ္ပတိ ယထာ၊ မလိမ်းကျံသကဲ့သို့။

၇။ ဧဝမ္ပိ၊ ဤအတူလည်း။ ဝေါဟာရသုစိံ၊ တရား စောင့်ကုန်သော ရှေးမင်းတို့သည် ထားအပ်သော တရားတို့၌ စင်ကြယ်ထသော။ အသာဟသံ၊ နိုင်ထက်မူခြင်း ကင်းထသော။ ဝိသုဒ္ဓကမ္မန္တံ၊ စင် ကြယ်သော အမှုရှိသော။ အပေတပါပကံ၊ မ ကောင်းမှုမှ ကင်းထသော။ တံ၊ ထိုမင်းကို။ ကမ္မကိလေသော၊ ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရ, မုသာဝါဒ ဟူသော ဤကမ္မကိလေသမည်သော အကုသိုလ်တရားသည်။ န လိမ္ပတိ၊ မလိမ်းကျံ။ တာဒိသော၊ ထိုသို့သဘောရှိသော မင်းသည်။ ပေါက္ခရဏီသု၊ ရေကန်တို့၌။ ဇာတံ၊ ဖြစ်သော။ အမ္ဗုဇံ၊ ကြာသည်။ အနုပလိတ္တံ ယထာ၊ ရေ အစရှိသည်တို့ဖြင့် မလိမ်းကျံသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ အနုပလိတ္တော နာမ၊ ကမ္မကိလေသမည်သော အကုသိုလ်တို့သည် မလိမ်းကျံသော မင်းမည်၏။

မင်းသည် ဘုရားလောင်း၏ စကားကိုကြား၍ ထိုအခါမှစ၍ မင်းကျင့်တရား ဆယ်ပါးဖြင့် မင်းပြု၍ အလှူအစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိ အမတ်ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

အဂတိရှောင်ရှား၊ မင်းကျင့်အား၊ မင်းများကျင့်အပ်စွာ

ရှေးဦးစွာသော ကုက္ကုဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ကုက္ကုဝဂ်

၂။ မနောဇဇာတ်

ယုတ်မာသောမိတ်ဆွေကို ပေါင်းမိ၍ ပျက်စီးရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယထာ စာပေါ နိန္နမတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမနောဇဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆန့်ကျင်ဘက်ဖြစ်သော အဆွေခင်ပွန်းကို မှီဝဲသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုကိုကား အောက် မဟိလာမုခဇာတ်၌ ချဲ့အပ်ပြီးသလျှင်ကတည်း။ ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့... ယခုအခါ၌သာလျှင် ဤရဟန်းသည် ဆန့်ကျင်ဘက်ဖြစ်သော အဆွေခင်ပွန်းကို မှီဝဲသည်မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းသည် ဆန့်ကျင် ဘက်ဖြစ်သော အဆွေခင်ပွန်းကို မှီဝဲဖူးသလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ခြင်္သေ့ဖြစ်၍ ခြင်္သေ့မနှင့်တကွ နေလျက် သားသမီးနှစ်ခုကို ရ၏။ သားအား မနောဇ ဟူသော အမည်ကို မှည့်၏။ ထိုမနောဇသည် အရွယ်သို့ရောက်လတ်သော် တစ်ခုသော ခြင်္သေ့မငယ်ကို ယူ၏။ ဤသို့ ထိုခြင်္သေ့တို့သည် ငါးခု ဖြစ်ကုန်၏။ မနောဇသည်ကား ကျွဲအစရှိသည်တို့ကို သတ်၍ အသားကို ဆောင်၍ မိဘတို့ကိုလည်းကောင်း၊ နှမကိုလည်းကောင်း၊ မယားကိုလည်းကောင်း မွေး၏။

မြေခွေးကို မွေးစားခြင်း

ထိုမနာဇသည် တစ်နေ့သ၌ ကျက်စားရာမြေ၌ ပြေးအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ ရင်ဖြင့်ဝပ်သော ဂိရိယမည်သော မြခွေးကိုမြင်၍ အဆွေ အသို့နည်း ဟု မေး၍ သခင်... ခစားလို၏ ဟု ဆိုသည်ရှိသော် ကောင်းပြီ... ခစားလော့ ဟု ဆို၍ ထိုမြေခွေးကို မိမိနေရာဂူသို့ ဆောင်၏။

မြေခွေးကို မပေါင်းနှင့်

ဘုရားလောင်းသည် မြေခွေးကိုမြင်၍ ချစ်သား မနောဇ မြေခွေးတို့မည်သည် သီလမရှိကုန်၊ ယုတ်မာသောအကျင့် ရှိကုန်၏။ ကိစ္စမဟုတ်သည်၌ ယှဉ်စေတတ်ကုန်၏။ ထိုမြေခွေးကို မိမိအထံ၌ မနေစေလင့် ဟု မြစ်သော်လည်း မြစ်အံ့သောငှာ မတတ်နိုင်။ ထိုအခါ တစ်နေ့၌ မြေခွေးသည် မြင်းသားကို စားလိုသည်ဖြစ်၍ မနောဇကို သခင်... ငါတို့သည် မြင်းသားကိုထား၍ မစားဘူးသော အသားမည်သည် မရှိ၊ မြင်းကို ဖမ်းကြ ကုန်အံ့ ဟု ဆို၏။ အဆွေ ထိုသို့တပြီးကား မြင်းတို့သည် အဘယ်မှာ ရှိကုန်သနည်း ဟု မေး၏။ ဗာရာဏသီပြည် မြစ်နား၌ ရှိကုန်၏ ဟု ဆို၏။ မနောဇသည် မြေခွေး၏ စကားကိုယူ၍ မြေခွေးနှင့်တကွ မြစ်၌ မြင်းတို့ကို ရေချိုးသောအခါ၌ သွား၍ တစ်ခုသော မြင်းကိုဖမ်း၍ ကျောက်၌တင်၍ လျစွာ မိမိ၏လိုဏ်သို့လျှင် လာ၏။

မြင်းကို မဖမ်းနှင့်

ထိုအခါ မနောဇ၏အဖသည် မြင်းသားကိုစား၍ ချစ်သား မနောဇ မြင်းတို့မည်သည် မင်း၏ ယာဉ်တည်း၊ မင်းတို့သည်လည်း များသောမာယာတို့၌ လိမ္မာကုန်သော လေးသမားတို့ကို ပစ်စေတတ်ကုန်၏။ မြင်းသားကို စားသော ခြင်္သေ့တို့မည်သည် အသက်မရှည်ကုန်၊ ဤနေ့မှစ၍ မြင်းကို မဖမ်းလင့် ဟု ဆို၏။ မနောဇသည် အဖစကားကို နားမထောင်မူ၍ ဖမ်းသည်သာ လျှင်တည်း၊ ခြင်္သေ့သည် မြင်းကိုဖမ်း၏ဟု ကြား၍ မြို့တွင်း၌လျှင် ရေကန်ကို တူးစေ၏။ ထိုရေကန်မှလည်း လာ၍ ယူသလျှင်ကတည်း။ မင်းသည် မြင်းတင်းကုပ်ကို ပြုစေ၍ မြင်းတင်း ကုပ်၏ အတွင်း၌လျှင် မြက် ရေတို့ကို ပေးစေ၏။ ခြင်္သေ့သည် တံတိုင်းထိပ်ဖြင့် သွား၍ မြင်းတင်း ကုပ်တွင်း၌လည်း ယူသလျှင်ကတည်။

မြားပစ်ခံရပြီ

မင်းသည် တစ်ယောက်သော အက္ခဏဝေဓိ လေးသမားကို ခေါ်၍ ခြင်္သေ့ကို ပစ်အံ့သောငှာ တတ်နိုင်လတ္တံ့လော ဟု မေး၏။ လေးသမားသည် တတ်နိုင်၏ဟု ဆို၍ တံတိုင်းကိုမှီ၍ ခြင်္သေ့လာရာခရီး၌ စင်ဆောက်၍တည်၏။ ခြင်္သေ့သည် လာ၍ အပသုသာန်၌ မြေခွေးကို ထားခဲ့၍ မြင်းကို ယူအံ့သောငှာ မြို့သို့ပြေးဝင်၏။ လေးသမားသည် လာသောကာလ၌ အဟုန်သည် အလွန်လျင်မြန်၏ ဟု ခြင်္သေ့ကို မပစ်မူ၍ မြင်းကိုယူ၍ လာသောကာလ၌ ဝန်လေးသည်၏ အဖြစ်ကြောင့် နှေးသော အဟုန်ရှိသော ကာလ၌ ခြင်္သေ့ကို ထက်သောမြားဖြင့် နောက်အဖို့၌ ပစ်၏။ မြားသည် ရှေ့ကိုယ်ဖြင့်ထွက်၍ ကောင်းကင်သို့ ပြေး၏။ ခြင်္သေ့သည် ငါ့ကို မြားစူး၏ဟု မြည်၏။ လေး သမားသည် ခြင်္သေ့ကိုပစ်၍ မိုးကြိုးသံကဲ့သို့ လေးညှို့ကို ခတ်၏။

မြေခွေး ထွက်ပြေးခြင်း

မြေခွေးသည် ခြင်္သေ့၏လည်းကောင်း၊ လေးညှို့၏ လည်းကောင်း အသံကိုကြား၍ ငါ့အဆွေခင်ပွန်းသည် လေးသမားသည် ပစ်၍ သေသည်ဖြစ်လတ္တံ့၊ သူသေနှင့်တကွ အကျွမ်းဝင်ခြင်းမည်သည် မရှိ၊ ယခု ငါသည် ပကတိအစွမ်းအားဖြင့် နေရာတောအရပ်သို့လျှင် သွားအံ့ ဟု

မိမိဘာသာပင်လျှင် စကားပြောလိုသည်ဖြစ်၍-

။ ယထာ စာပေါ နိန္နမတိ၊ ဇိယာစာပိ နိကူဇတိ။
ဟညတေ နူန မနောဇော၊ မိဂရာဇာ သခါ မမ။
။ ဟန္ဒဒါနိ ဝနန္တာနိ၊ ပက္ကမာမိ ယထာသုခံ။
နေ တာဒိသာ သခါ ဟောန္တိ၊ လဗ္ဘာ မေ ဇီဝတော သခါ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၈။ ယထာ၊ အကြင်သို့သော အကြောင်းဖြင့်။ စာပေါ၊ လေးသည်။ နိန္နမတိ၊ ညွတ်၏။ ဇိယာဝါပိ၊ လေးညှို့သည်လည်း။ နိကူဇတိ၊ မည်၏။ မမ၊ ငါ၏။ သခါ၊ အဆွေခင်ပွန်းဖြစ်သော။ မနာဇော၊ မနာဇအမည်ရှိသော။ မိဂရာဇာ၊ သားမင်းကို။ ဟညတေ နူန၊ သတ်ယောင်တကား။

၉။ ဟန္ဒဒါနိ၊ ယခုအခါ၌။ အဟံ၊ ငါသည်။ ယထာသုခံ၊ အလိုအလျောက်။ ဝနန္တာနိ၊ တောတို့သို့။ ပက္ကမာမိ၊ သွားအံ့။ ဧတာဒိသော၊ ဤသို့သဘောရှိသော သူသေတို့မည်သည်။ သခါ၊ အဆွေခင်ပွန်းတို့သည်။ န ဟောန္တိ၊ မဖြစ်ကုန်။ ဇီဝတော၊ အသက် ရှင်သော။ မေ၊ ငါသည်။ သခါ၊ အဆွေ ခင်ပွန်းတို့ကို။ လဗ္ဘာ၊ ရရာ၏။

ဆွေမျိုးတို့ ငိုကြရပြီ

ခြင်္သေ့သည် တစ်ဟုန်တည်းဖြင့် သွား၍ မြင်းကို လိုဏ်တံခါး၌ချ၍ မိမိသည်လည်း လဲ၍ သေ၏။ ထိုအခါ မနောဇ၏ အဆွေအမျိုးတို့သည် ထွက်ကုန်၍ မြားမှန်ရာအဝမှ ယိုသောသွေးရှိသော သွေးအလိမ်းလိမ်း ကပ်သော မနောဇကို မြင်၍ ယုတ်မာသော အဆွေခင်ပွန်းကို မှီဝဲခြင်းကြောင့် အသက်ကုန်ခြင်းသို့ရောက်သော မနောဇကို မြင်ကုန်၏။ မြင်ကုန်၍လည်း မနာဇ၏ အမိအဘ နှမ မယားတို့သည်-

၁၀။ န ပါပဇနသံသေဝီ၊ အစ္စန္တံ သုခမေဓတိ။
မနောဇံ ပဿ သေမာနံ၊ ဂိရိယဿာနုသာသနီ။
၁၁။ န ပါပသမ္ပဝင်္ကေန၊ မာတာ ပုတ္တေန နန္ဒတိ။
မနောဇံ ပဿ သေမာနံ၊ အစ္ဆန္နံ သမှိ လောဟိတေ။
၁၂။ ဧဝမာပဇ္ဇတေ ပေသော၊ ပါပိယော စ နိဂစ္ဆတိ။
ယော ဝေ ဟိတာနံ ဝစနံ၊ န ကရောတိ အတ္ထဒဿိနံ။
၁၃။ ဧဝဉ္စ သော ဟောဟိ တတော စ ပါပိယော၊
ယော ဥတ္တမော အဓမဇနူပသေဝီ၊
ပဿုတ္တမံ အဓမဇနူပသေဝိတံ၊
မိဂါဓိပံ သရဝရဝေဂနိဒ္ဓုတံ။

ဟူသော ဤဂါထာတို့ကို အစဉ်သဖြင့် ဆိုကုန်၏။

၁၀။ ပါပဇနသံသေဝီ၊ ယုတ်မာသော အဆွေ ခင်ပွန်းကို မှီဝဲသော သူသည်။ အစ္စန္တံသုခံ၊ စင်စစ် ချမ်းသာကို။ န ဧဓတိ၊ မရ။ ဂိရိယဿ၊ ဂိရိယမည်သော မြေခွေး၏။ အနုသာသနီ၊ အဆုံးအမကိုယူ၍။ သေမာနံ၊ အိပ်သော။ မနောဇံ၊ မနောဇကို။ ပဿ၊ ရှုလော့။

မိတ်ဆွေယုတ်အကျိုး

၁၁။ ပါပသမ္ပဝင်္ကေန၊ ယုတ်မာသော အဆွေ ခင်ပွန်းကို မှီဝဲခြင်းကြောင့်။ မာတာ၊ အမိသည်။ ပုတ္တေန၊ သားဖြင့်။ န နန္ဒတိ၊ မနှစ်သက်ရ။ သမှိ လောဟိတေ၊ မိမိသွေး၌။ အစ္ဆန္နံ နိမုဂ္ဂံ၊ နစ်မွန်းလျက်။ သေမာနံ၊ အိပ်သော။ မနောဇံ၊ မနောဇကို။ ပဿ၊ ရှုပါလော့။

မိဘစကား နားမထောင်၍

၁၂။ ယော ပေါသော၊ အကြင်ယောက်ျားသည်။ ဝေ၊ စင်စစ်။ အတ္ထဒဿီနံ၊ အကျိုးကိုမြင်ကုန်သော။ ဟိတာနံ၊ အကျိုး စီးပွားကို အလိုရှိကုန်သောသူတို့၏။ ဝစနံ၊ စကားကို။ န ကရောတိ၊ နားမထောင်။ သော ပေါသော၊ ထိုယောက်ျားသည်။ ဧဝံ၊ ဤသို့ ဆင်းရဲခြင်းသို့။ အာပဇ္ဇတေ၊ ရောက်၏။ ပါပိယော စ၊ ပါဏာတိပါတ စသော ယုတ်မာသော မကောင်းမှုကိုလည်း။ နိဂစ္ဆတိ-ဝိန္ဒတိ၊ ရလေ၏။

၁၃။ ဥတ္တမော၊ မြတ်သော။ ယော ပုရိသော၊ အကြင်ယောကျ်ားသည်။ အဓမဇနူပသေဝီ၊ ယုတ်မာသော အကျင့်ရှိသော သူကို မှီဝဲ၏။ သော ပုရိသော၊ ထိုယောကျ်ားသည်။ ဧဝဉ္စ၊ ဤသို့ ဆင်းရဲခြင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ တတော စ၊ ထို့ထက်လည်း။ ပါပိယော၊ ယုတ်မာ၏။ ဥတ္တမံ၊ ကြီးမြတ်သော ခွန်အားရှိသော။ အဓမဇနူပသေဝိတံ၊ ယုတ်မာသော အကျင့်ရှိသောသူကို မှီဝဲသော။ သရဝရဝေဂနိဒ္ဓုတံ၊ မြား၏အဟုန်သည် ဖောက်ထွင်းသော။ တံ မိဂါဓိပံ၊ ထိုမနောဇခြင်္သေ့ကို။ ပဿ၊ ရှုပါလော့။

မိမိထက် သာသူကိုပေါင်းပါ

ဘုရားသခင်သည် ယုတ်မာသောသူတို့နှင့် ပေါင်းဖက်၍ ပျက်စီးတတ်ကြောင်း၊ ပညာရှိတို့ကို ပေါင်းဖော်ဆည်းကပ် အပ်လှသည်၏ အဖြစ်ကို ဟောတော်မူလိုရကား-

၁၄။ နိဟီယတိ ပုရိသော နိဟီနသေဝီ၊
န စ ဟာယေထ ကဒါစိ တုလျသေဝီ။
သေဋ္ဌမုပဂမံ ဥဒေတိ ခိပ္ပံ။
တသ္မာတ္တနော ဥတ္တရိတရံ ဘဇေထ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

၁၄။ ဘိက္ခဝေ၊ ရဟန်းတို့။ နိဟီနသေဝီ၊ ယုတ်မာသောသူကို မှီဝဲသော။ ပုရိသော၊ ယောကျ်ားသည်။ နိဟီယတိ၊ ယုတ်မာ၏။ တုလျသေဝီ၊ တူသော သူကိုမှီဝဲသော။ ပုရိသော၊ ယောက်ျားသည်။ ကဒါစိ၊ တစ်ရံတစ်ဆစ်၌။ န စ ဟာယေထ၊ မယုတ်မာရာ။ သေဋ္ဌံ၊ မြတ်သောသူကို။ ဥပဂမံ-ဥပဂမန္တော၊ ဆည်းကပ်သော သူသည်။ ခိပ္ပံ၊ လျင်စွာ။ ဥဒေတိ၊ သီလအစရှိသော ကျေးဇူးတို့ဖြင့် ပွား၏။ တသ္မာ၊ ထို့ကြောင့်။ အတ္တနော၊ မိမိထက်။ ဥတ္တရိတရံ၊ သီလစသည်ဖြင့် လွန်မြတ်သောသူကို။ ဘဇေထ၊ ဆည်းကပ်မှီဝဲကြကုန်လော့။

သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ဆန့်ကျင်ဘက်ဖြစ်သော အပေါင်း အဖော်ကို မှီဝဲသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား... ယခုအခါ ဒေဝဒတ်သည် ထိုအခါ မြေခွေးဖြစ်ပြီ၊ ယခုအခါ ဆန့်ကျင်ဘက်ဖြစ်သော အဆွေခင်ပွန်းကို မှီဝဲသော ရဟန်းသည် ထိုအခါ မနောဇခြင်္သေ့ ဖြစ်ပြီ၊ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ နှမဖြစ်ပြီ၊ ယခုအခါ ခေမာဘိက္ခုနီမသည် ထိုအခါ မယားဖြစ်ပြီး၊ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ အမိဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အဖခြင်္သေ့မင်းဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ယုတ်မာသောသူ၊ ပေါင်းသင်းမူ၊ ထိုသူပျက်စီးရာ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော မနောဇဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ကုက္ကုဝဂ်

၃။ သုတနုဇာတ်

မိဘကို လုပ်ကျွေးသင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ရာဇာ တေ ဘတ္တံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုတနုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အမိကိုလုပ်ကျွေးသော ရဟန်းတစ်ပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် သာမဇာတ်၌ ထင်စွာဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဆင်းရဲသော အမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်းအား သုတနု ဟူသော အမည်ကို မည့်ကုန်၏။ ထိုဘုရားလောင်းသည် အရွယ်သို့ရောက်လတ်သော် သူရင်းငှား လုပ်၍ မိဘတို့ကို မွေး၍ အဖသည် သေသည်ရှိသော် အမိကို မွေး၏။

မင်းကြီးတာကထွက်

ထိုအခါ၌ကား ဗာရာဏသီမင်းသည် သမင်သတ်ခြင်းကို အလိုရှိ၏။ တစ်နေ့သ၌ များစွာသောအခြံအရံဖြင့် ယူဇနာတစ်ရာ အတိုင်း အရှည်ရှိသော တောသို့ဝင်၍ အကြင်သူ၏ တည်ရာအရပ်၌ သမင်ပြေး၏။ ထိုသူအား ဤ မည်သောဒဏ်သည် ဖြစ်စေ ဟု ခပ်သိမ်းကုန်သော သူတို့အား ကြားစေ၏။ အမတ်တို့သည် မင်းဆိုတိုင်းသော ခရီးဖြင့် အစုကိုဝေ၍ ပေးကုန်၏။ လူတို့သည် သားတို့၏ နေရာအရပ်တို့ကို ခြံရံ၍ ပဲ့တင်ထပ်ကုန်သဖြင့် ထစေအပ်ကုန်သော သားတို့တွင် တစ်ခုသော ဧဏီမည်သော သားသည် မင်း၏ နေရာအရပ်သို့ ပြေး၏။ မင်းသည် ထိုဧဏီမည်သောသားကို ပစ်အံ့ ဟု မြားကိုလွှတ်၏။ သင်အပ်ပြီးသော မာယာရှိသော သားသည် မြား လက်ယာနံပါးသို့ ရှေးရှုလာသည်ကိုသိ၍ ပြန်၍ မြားစူးသကဲ့သို့ လဲ၏။ မင်းသည် သမင်ကိုစူးပြီ ဟု ဖမ်းအံ့သောငှာ ပြေး၏။ သမင်သည် ထ၍ လေကဲ့သို့ လျင်မြန်သော အဟုန်ဖြင့် ပြေး၏။ အမတ်အစရှိသော သူတို့သည် မင်းကို ပြက်ရယ် ပြုကုန်၏။

ဘီလူးဖမ်းခံရပြီ

မင်းသည် သမင်ကိုလိုက်၍ ပင်ပန်းသောကာလ၌ သန်လျက်ဖြင့်ပိုင်း၍ တစ်ခုသော လှံကန်၌ဆွဲ၍ ထမ်းပိုး၌ ဆောင်၍ လာလတ်သော် အတန်ငယ် အပင်ပန်းဖြေအံ့ ဟု ခရီး၏ အနီး၌ တည်သော ပညောင်ပင်သို့ဝင်၍ လျောင်းလတ်သော် အိပ်ပျော်ခြင်းသို့ရောက်၏။ ထိုပညောင်ပင်၌ စောင့်သော မဃဒေဝမည်သော ဘီလူးသည် ထိုပညောင်ပင်သို့ ဝင်ကုန်သောသူတို့ကို ဝေဿဝဏ်နတ်မင်းကြီး၏ အထံမှ စားခြင်းငှာ ရ၏။ ထိုဘီလူးသည် ထ၍ သွားသော မင်းကြီးကိုမြင်၍ ရပ်လော့၊ ငါ့အစာဖြစ်ပြီဟု လက်၌ကိုင်၏။ သင်သည် အဘယ်အမည်ရှိသနည်း ဟု မေး၏။ ငါသည် ပညောင်ပင်၌ စောင့်သော ဘီလူးတည်း၊ ဤအရပ်သို့ ဝင်သောသူတို့ကို စားအံ့သောငှာ ရ၏ ဟု ဆို၏။

နေ့တိုင်း ထမင်းထုပ်ပို့ပါမည်

မင်းသည် သတိကိုဖြစ်စေ၍ သင်သည် ယနေ့လျှင် စားလတ္တံ့လော၊ မပြတ် စားလတ္တံ့လော ဟု မေး၏။ ရသော် မပြတ်စားအံ့ ဟု ဆို၏။ မင်းသည် ယနေ့ ဤသမင်ကိုစား၍ ငါ့ကိုလွှတ်လော့၊ ငါသည် သင့်ဖို့ နက်ဖြန်မှစ၍ တစ်ခုသောထမင်းချက်နှင့်တကွ တစ်ယောက်သောသူကို ပို့စေအံ့ဟု ဆို၏။ ထိုသို့တပြီးကား မမေ့မလျော့ဖြစ်လော့၊ မပို့လာသောနေ့၌ သင့်ကို လာ၍စားအံ့ ဟု ဆို၏။ ငါသည် ဗာရာဏသီ မင်းတည်း၊ ငါ မရှိသောမည်သည် မရှိ ဟု ဆို၏။ ဘီလူးသည် ဝန်ခံခြင်းကိုယူ၍ မင်းကို လွှတ်၏။

ထမင်းပို့ ဆင်းရဲသားသွားပုံ

မင်းသည် မြို့သို့ဝင်၍ ထိုအကြောင်းကို အမတ်တစ်ယောက်အား ကြား၍ ယခု အသို့ပြုအံ့နည်း ဟု မေးသည်ရှိသော် ရှင်မင်းကြီး နေ့အပိုင်းအခြားကို ပြုခဲ့၏လော ဟု မေး၏။ မပြုခဲ့ဟု ဆို၏။ သင်မင်းကြီးသည် မသင့်သည်ကို ပြုသော်လည်း မကြံလင့်၊ နှောင်အိမ်တို့၌ လူတို့သည် များစွာ ရှိကုန်၏ ဟု ဆို၏။ ထိုသို့တပြီးကား သင်သည် ဤအမှုကိုပြုလော့၊ ငါ့အား အသက်ကို ပေးလော့ဟု ဆို၏။ အမတ်သည် ကောင်းပြီ ဟု ဝန်ခံ၍ နေ့တိုင်း နှောင်အိမ်မှ လူကိုထုတ်၍ ထမင်းခွက်ကို ယူစေ၍ ဘီလူးထံသို့ ပို့စေ၏။ ဘီလူးသည် ထမင်းကို စားပြီးသော် လူကိုစား၏။ နောက်အဖို့၌ နှောင်အိမ်၌ လူတို့သည် ကုန်ကုန်၏။ မင်းသည် ထမင်းပိုအံ့သောသူကို မရ၍ သေဘေးဖြင့် တုန်လှုပ်၏။ ထိုအခါ မင်းကို အမတ်သည် နှစ်သိမ့်စေ၍ အရှင်မင်းကြီး... အသက်၌ တပ်စွန်းခြင်းထက် ဥစ္စာ၌ တပ် စွန်းခြင်းသည် အလွန်အားရှိ၏။ ဆင်ကျောက် ကုန်း၌ ဥစ္စာထောင်ထုပ်ကိုတင်၍ “အဘယ်သူသည် ဤဥစ္စာကိုယူ၍ ဘီလူးသို့ ထမင်းပို့လတ္တံ့နည်း” ဟု စည်လည်စေလော့ ဟု ဆို၍ အမတ်ကြီးဆိုတိုင်း ပြုစေ၏။ ထိုအခါ ထိုစကားကိုကြား၍ ဘုရားလောင်းသည် အခစားလုပ်သဖြင့် ပဲဝက် ပဲဝက်သော ဥစ္စာကို စုရုံး၍ ငြိုငြင်သဖြင့် အမိကိုမွေးရ၏။ ဤဥစ္စာကိုယူ၍ အမိအားပေး၍ ဘီလူးအထံသို့ သွားအံ့၊ ဘီလူးကို ဆုံးမခြင်းငှာ အကယ်၍ စွမ်းနိုင်အံ့၊ ဤသို့ စွမ်းနိုင်သည်ရှိသော် အပြစ်မရှိ။ အကယ်၍ မတတ်နိုင်အံ့၊ ငါ့အမိသည် ချမ်းသာစွာ အသက်မွေးရလတ္တံ့ဟု ကြံ၏။ ကြံပြီး၍ ထိုအကြောင်းကို အမိအား ကြား၍ အမောင် မသင့်၊ ငါ့အား ဥစ္စာဖြင့် အလိုမရှိ ဟု နှစ်ကြိမ်မြောက်ပယ်၍ သုံးကြိမ်မြောက်၌ အမိကို မပန်မူ၍လျှင် အရှင်တို့ ဥစ္စာတစ်ထောင်ကို ဆောင်ခဲ့ကြကုန်လော့၊ ငါ ထမင်းကို ပို့အံ့ ဟု ဥစ္စာတစ်ထောင်ကို ယူ၍ အမိအားပေး၍ မိခင် မကြံလင့်၊ ငါသည် ဘီလူးကိုဆုံးမ၍ လူအများအား ချမ်းသာခြင်းကို ပြုအံ့၊ ယနေ့လျှင် မျက်ရည်စွတ်သော မျက်နှာကို ရွှင်စေလျက် လာအံ့ ဟု ဆို၍ အမိကိုရှိခိုး၍ မင်းချင်းယောကျ်ားနှင့်တကွ မင်း၏အထံသို့ သွား၍ ရှိခိုး၍ ရပ်၏။

ထို့နောင်မှ မင်းသည် မောင် သင်သည် ထမင်းကိုပိုလတ္တံ့လော ဟု ဆိုသည်ရှိသော် အရှင်မင်းကြီး ပို့ပါမည် ဟု ဆို၏။ သင့်အား အဘယ်ကိုရခြင်းငှာ သင့်သနည်း ဟု မေးသည်ရှိသော် အရှင်မင်းကြီး... အရှင်မင်းကြီးတို့၏ ရွှေခြေနင်းကိုရခြင်းငှာ သင့်၏ ဟု ဆို၏။ အဘယ့်ကြောင့်နည်း ဟုမေးသည်ရှိသော် အရှင်မင်းကြီး ထိုဘီလူးသည် သစ်ပင်ရင်း၌ရပ်သော သူတို့ကိုသာ စားခြင်းငှာ ရ၏။ အကျွန်ုပ်သည် ဘီလူး၏ ဥစ္စာဖြစ်သာမြေ၌ မရပ်မူ၍ ခြေနင်းတို့၌သာ ရပ်အံ့ ဟုဆို၏။

ဤမှတစ်ပါး အဘယ်ကို ရခြင်းငှာ သင့်သနည်းဟု မေး၏။ အရှင်မင်းကြီး အရှင်မင်းကြီးတို့၏ထီးကို ရခြင်းငှာ သင့်၏ ဟု ဆို၏။ ဤထီးကို အဘယ်အကျိုးငှာနည်း ဟု မေးသည်ရှိသော် အရှင်မင်းကြီး - ဘီလူးသည် မိမိသစ်ပင်ရိပ်၌ တည်သော သူတို့ကိုသာ စားခြင်းငှာ ရ၏။ အကျွန်ုပ်သည် ထိုဘီလူး၏ သစ် ပင်ရိပ်၌ မရပ်မူ၍ ထီးရိပ်၌ရပ်အံ့ ဟုဆို၏။ ဤမှတစ်ပါး အဘယ်ကို ရခြင်းငှာ သင့်သနည်း ဟု မေးသည်ရှိသော အရှင်မင်းကြီးတို့၏ သန်လျက်ကို ရခြင်းငှာ သင့်၏ ဟု ဆို၏။ ဤသန်လျက်ဖြင့် အဘယ်အကျိုးရှိသနည်း ဟု မေးသည်ရှိသော် “အရှင်မင်းကြီး ဘီလူးတို့လည်း လက်နက်စွဲကုန်သော သူတို့အား ကြောက်တတ်ကုန်သလျှင်ကတည်း ဟု ဆို၏ ဤမှတစ်ပါး အဘယ်ကို အလိုရှိသနည်းဟု မေး၏။ အရှင်မင်းကြီး... အရှင်မင်းကြီးတို့၏ ရွှေခွက်ကိုယူ၍ အရှင်မင်းကြီး၏ စားတော်ထမင်းကို ပြည့်စေ၍ ပေးကုန်လော့ ဟု ဆို၏။ အမောင်... အဘယ့်ကြောင့်နည်းဟု မေးသည်ရှိသော် အရှင်မင်းကြီး... အကျွန်ုပ်ကဲ့သို့ ပညာရှိသော ယောကျ်ားအား မြေခွက်ဖြင့် ရုန့်ရင်းသော ဘောဇဉ်ကို ဆောင်အံ့သောငှာ မလျောက်ပတ်ဟု ဆို၏။ အမောင် ကောင်းပြီ ဟု မင်းသည် အလုံးစုံကိုပေး၍ ဘုရားလောင်းကို ဝေယျာဝစ္စပြုသော သူတို့ကို စီရင်စေ၏။ ဘုရားလောင်းသည် မြတ်သောမင်းကြီး ကြောက်တော်မမူလင့်၊ ယနေ့ အကျွန်ုပ်သည် ဘီလူးကိုဆုံးမ၍ အရှင်မင်းကြီးတို့အား ချမ်းသာခြင်းကိုပြု၍ လာအံ့ ဟုဆို၍ မင်းကိုရှိခိုး၍ အဆောက်အဦကို ကိုင်ခဲ့စေ၍ ထိုအရပ်သို့သွား၍ လူတို့ကို သစ်ပင်၏အနီး၌ ထားခဲ့၍ ရွှေခြေနင်း ကိုစီး၍ သန်လျက်ကိုဖွဲ့၍ ထီးဖြူကိုဆောင်း၍ ရွှေခွက်ဖြင့် ထမင်းကိုယူ၍ ဘီလူးအထံသို့ သွား၏။ ဘီလူးသည် ခရီးကို ကြည့်သည်ရှိသော် ဘုရားလောင်းကိုမြင်၍ ဤယောကျ်ားသည် တစ်ပါးကုန်သောနေ့တို့၌ လာသောနည်းဖြင့် မလာ၊ အကြောင်းကား ဘယ်သို့နည်း ဟု ကြံ၏။ ဘုရားလောင်းသည်လည်း သစ်ပင်အနီးသို့ သွား၍ သန်လျက်နှင့် ထမင်းခွက်ကို အရိပ်အတွင်း၌ထား၍ အရိပ်အစွန်း၌ ရပ်လျက်-

၁၅။ ရာဇာ တေ ဘတ္တံ ပါဟေသိ၊ သုစိံ မ့သူပသေစနံ။
မဃဒေဝသ္မိံ အဓိဝတ္တေ၊ ဧဟိ နိက္ခမ ဘုဉ္ဇဿု။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၅။ မဃဒေဝသ္မိံ၊ ပညောင်ပင်၌။ အဓိဝတ္တေ၊ စောင့်သောနတ်။ တေ၊ သင့်ဖို့။ ရာဇာ၊ မင်းသည်။ သုစိံ၊ စင်ကြယ်သော။ မံသူပသေစနံ၊ သားပြွမ်းဖြစ်သော။ ဘတ္တံ၊ ထမင်းကို။ ပါဟေသိ၊ ပို့စေ၏။ ဧဟိ၊ လာလော့။ နိက္ခမ၊ ထွက်လော့။ ဘုဉ္ဇဿု၊ စားလော့။

ဘီလူးခေါ်သံ

ထိုစကားကိုကြား၍ ဘီလူးသည် လှည့်စား၍ အရိပ်အတွင်းသို့ဝင်သော ဤယောကျ်ားကို စာအံ့ဟု ကြံ၍-

၁၆။ ဧဟိ မာဏဝ ဩရေန၊ ဘိက္ခမာဒါယ သူပိတံ။
တွဉ္စ မာဏဝ ဘိက္ခာစ၊ ဥဘော ဘက္ခာ ဘဝိဿထ။

ဟူသော နှစ်ခုမြောက်သောဤဂါထာကို ဆို၏။

၁၆။ မာဏဝ၊ လုလင်။ သူပိတံ၊ ဟင်းနှင့်ပြည့်စုံသော။ ဘိက္ခံ၊ ငါ့အား အမြဲ ဝတ်တည်သော ထမင်းကို။ အာဒါယ၊ ယူ၍။ ဩရေန၊ ဤမှာဘက်သို့။ ဧဟိ၊ လာလော့။ မာဏဝ၊ လု လင်။ တွဉ္စ၊ သင်သည်လည်း။ ဘိက္ခာ စ၊ ငါ့အစာပင် မဟုတ်လော။ ဥဘော၊ ထမင်းနှင့်သင် နှစ်ပါးတို့သည်။ ဘက္ခာ၊ ငါ့အစာတို့သည်။ ဘဝိဿထ၊ ဖြစ်ကုန်လတ္တံ့။

အကျိုးအကြောင်း ရှင်းပြ

ထို့နောင်မှ ဘုရားလောင်းသည်-

၁၇။ အပ္ပကေန တုဝံ ယက္ခ၊ ထုလ္လမတ္တံ ဇဟိဿသိ။
ဘိက္ခံ တေ နာဟရိဿန္တိ၊ ဇနာ မရဏသညိနော။
၁၈။ လဒ္ဓါယံ ယက္ခ တဝ နိစ္စဘတ္တံ။
သုစိံ ပဏီတံ ရသသာ ဥပေတံ။
ဘိက္ခဉ္စ တေ အာဟရိယော နရော ဣဓ၊
သုဒုလ္လဘော ဟေဟိတိ ဘက္ခိတေ မယိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၇။ ယက္ခ၊ ဘီလူး။ တွံ၊ သင်သည်။ အပ္ပကေန၊ အနည်းငယ်သော အကြောင်းဖြင့်။ ထုလ္လံ၊ ကြီးစွာသော။ အတ္ထံ၊ အကျိုးကို။ ဇဟိဿသိ၊ စွန့်ရလတ္တံ့။ ဇနာ၊ လူတို့သည်။ မရဏသညိနော၊ သေရအံ့ဟု အမှတ်ရှိကုန်သည်ဖြစ်၍။ တေ၊ သင့်အား။ ဘိက္ခံ၊ ထမင်းကို။ နာဟရိဿန္တိ၊ မပို့ဆောင်ကုန်လတ္တံ့။

၁၈။ ယက္ခ၊ ဘီလူး။ တဝ၊ သင့်ဖို။ သုစိံ၊ စင်ကြယ်သော။ ပဏီတံ၊ မြတ်သော။ ရသသာ၊ အရသာနှင့်။ ဥပတံ၊ ပြည့်စုံသော။ နိစ္စဘတ္တံ၊ အမြဲဝတ်တည်သော ထမင်းကို။ လဒ္ဓါ၊ ရ၍။ အယံ၊ ဤ ငါ၏ လာခြင်းသည်။ ဟောတိ၊ ဖြစ်၏။ မယိ၊ ငါ့ကို။ ဘက္ခိတေ၊ စားသည်ရှိသော်။ တေ၊ သင်၏။ ဘိက္ခဉ္စ၊ ထမင်းကိုလည်း။ အာဟရိယော၊ ဆောင်ဝံ့သော။ နရော၊ လူကို။ ဣဓ၊ ဤဗာရာဏသီပြည် ၌။ သုဒုလ္လဘော၊ အလွန်ရခဲသည်။ ဟေဟိတိ၊ ဖြစ်လတ္တံ့။

ငါ့မှာ သန်လျက်သည်

အဘယ်ကြောင့် ဖြစ်လတ္တံ့နည်းဟူမူကား- ဗာရာဏသီပြည်၌ ငါနှင့်တူသော ပညာရှိသောသူမည်သည် မရှိ၊ ငါ့ကိုစားသည်ရှိသော် သုတနုကိုစင်လျက်လည်း ဘီလူးသည် စားအပ်၏။ တစ်ပါးသော တစ်စုံတစ်ယောက်သူအား ထိုဘီလူးသည် အဘယ်မှာ ရှက်လတ္တံ့နည်းဟု ထမင်းပို့အပ်သော သူကို မရလတ္တံ့၊ ထိုသို့ဖြစ် သည်ရှိသော် သင့်အား ဤနေ့မှစ၍ ထမင်းကို ရခဲသည်ဖြစ်လတ္တံ့၊ ငါတို့၏မင်းကိုလည်း ဖမ်းအံ့သောငှာ မရလတ္တံ့၊ အဘယ့်ကြောင့်နည်းဟူမူကား. သစ်ပင်မှ အပဖြစ်သောကြောင့်တည်း၊ ဤထမင်းကိုစား၍ ငါ့ကို အကယ်၍ လွှတ်လိုက်အံ့၊ ငါသည် မင်းအားပြောဆို၍ အမြဲဖြစ်သော ထမင်းကို ပို့လာစေအံ့၊ သင့်အား ငါ့ကိုလည်း စားအံ့သောငှာ မပေးလတ္တံ့၊ ငါသည် သင်၏ ဥစ္စာ ဖြစ်သော အရပ်၌ မရပ်၊ ခြေနင်းတို့၌ ရပ်၏။ သင်၏ သစ်ပင်ရိပ်၌လည်း မရပ်၊ ထီးရိပ်၌လျှင် ရပ်၏။ ငါနှင့်တကွ အကယ်၍ စစ်ထိုးအံ့၊ သင့်ကို သန်လျက်နှင့် နှစ်ပိုင်းဖြတ်အံ့။ ငါသည် ထိုအကျိုးငှာလျှင် စီရင်၍ လာ၏ ဟု ဘီလူးကို ဘုရားလောင်းသည် ခြိမ်းခြောက်၏။

မင်းတော်တယ် ပြန်နိုင်ပြီ

ဘီလူးသည် ဤလုလင်ကား သင့်သော သဘောကို ဆို၏ ဟု မှတ်၍ ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍-

၁၉။ မမေဝ သုတနော အတ္ထော၊ ယထာ ဘာသသိ မာဏဝ။
မယာ တွံ သမနုညာတော၊ သောတ္ထိံ ပဿာဟိ မာတရံ။
၂၀။ ခဂ္ဂံ ဆတ္တဉ္စ ပါတိဉ္စ၊ ဂစ္ဆ မာဒါယ မာဏဝ။
သောတ္ထိံ ပဿတု တေ မာတာ၊ တွဉ္စ ပဿာဟိ မာတရံ-

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၉။ သုတနော၊ သုတနမည်သော။ မာဏဝ၊ လုလင်။ တွံ၊ သင်သည်။ ယထာ၊ အကြင်အခြင်းဖြင့်။ ဘာသသိ၊ ဆို၏။ တထာ၊ ထိုသို့ဆိုသော အခြင်းအရာဖြင့်။ ဘာသိတော၊ ဆိုအပ်သော။ အတ္ထော၊ အကျိုးသည်။ မမေဝ၊ ငါ၏သာလျှင်။ အတ္ထော၊ အကျိုးတည်း။ မယာ၊ ငါသည်။ တွံ၊ သင့်ကို။ သမနုညာတော၊ ခွင့်ပြုအပ်၏။ သောတ္ထိံ၊ ချမ်းသာစွာ။ မာတရံ၊ အမိကို။ ပဿာဟိ၊ ရှုလေလော့။

၂၀။ မာဏဝ၊ လုလင်။ ခဂ္ဂဉ္စ၊ သန်လျက်ကိုလည်းကောင်း။ ဆတ္တဉ္စ၊ ထီးကိုလည်းကောင်း။ ပါတိဉ္စ၊ ရွှေခွက်ကိုလည်းကောင်း။ အာဒါယ၊ ယူ၍။ ဂစ္ဆ၊ သွားလျှင်းလေလော့။ တေ၊ သင်၏။ မာတာ၊ အမိသည်။ သောတ္ထိံ၊ ချမ်းသာစွာ။ ပဿတု၊ ရှုစေ သတည်း။ တွဉ္စ၊ သင်သည်လည်း။ မာတရံ၊ အမိကို။ ပဿာဟိ၊ ရှုလေလော့။

ဘီလူးကို ပသခံစေပြီ

ဘီလူးစကားကိုကြား၍ ဘုရားလောင်းသည် “ငါ၏ အမှုသည် ပြီးပြီ။ ငါသည် ဘီလူးကို ဆုံးမအပ်ပြီ၊ များစွာသော ဥစ္စာကိုလည်း ရအပ်ပြီ၊ မင်း၏စကားကို ပြုအပ်ပြီ ဟု နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ဘီလူးအား အနုမောဒနာကို ပြုလိုရကား-

၂၁။ ဧဝ ယက္ခ သုခီ ဟောဟိ၊ သဟသဗ္ဗေဟိ ဉာတိဘိ။
ဓနဉ္စ မေ အဓိဂတံ၊ ရညော စ ဝစနံ ကတံ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကိုဆို၏။

၂၁။ ယက္ခ၊ ဘီလူး။ မေ၊ ငါသည်။ ဓနဉ္စ၊ ဥစ္စာကိုလည်း။ အဓိဂတံ၊ ရပြီ။ ရညော၊ မင်း၏။ ဝစနဉ္စ၊ စကားကိုလည်း။ ကတံ၊ ပြုအပ်ပြီ။ ဧဝံ တထာ၊ ထို့အတူ။ တွံ၊ သင်သည်။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဉာတိဘိ၊ အဆွေအမျိုးတို့နှင့်။ သဟ၊ တကွ။ သုခီ၊ ချမ်းသာခြင်းသည်။ ဟောဟိ၊ ဖြစ်လော့။

ဤသို့ဆို၍ ဘီလူးကိုခေါ်၍ အဆွေ... သင်သည် ရှေး၌ အကုသိုလ်ကံကို ပြု၍ ရုန့်ရင်းကြမ်းကြုတ်သည်။ သူတပါးတို့၏ အသားအသွေးကို စားတတ်သည်ဖြစ်၏။ ဤနေ့မှစ၍ ပါဏာတိပါတ အစရှိသည်တို့ကို မပြုလင့် ဟု သီလ၏ အကျိုးကိုလည်းကောင်း။ သီလမရှိခြင်း၌ အပြစ်ကိုလည်းကောင်း ဆို၍ ပဉ္စသီတို့၌ တည်စေ၍ သင့်အား ဟောနေသဖြင့် ဘယ်အကျိုးရှိအံ့နည်း၊ လာလော့၊ မြို့တံခါး၌ သင့်ကိုနေစေ၍ ထမင်းဦးရခြင်းကို ပြုအံ့ ဟု ဘီလူးနှင့်တကွ ထွက်၍ သန်လျက် အစရှိသည်တို့ကို ဘီလူးကို ကိုင်စေ၍ ဗာရာဏသီပြည်သို့ လာ၏။

စစ်သူကြီးဖြစ်ရခြင်း

သုတနုလုလင်သည် ဘီလူးကိုခေါ်၍ လာ၏ ဟု မင်းအား ကြားကုန်၏။ မင်းသည် အမတ်အပေါင်းခြံရံလျက် ဘုရားလောင်းအား ခရီးဦးကြို၍ ဘီလူးကို မြို့တံခါး၌ နေစေ၍ ထမင်းဦး အစရှိသည်တို့ကို ရခြင်းကိုပြု၍ မြို့သို့ဝင်၍ စည်လည်စေ၍ မြို့သူမြို့သားတို့ကို စည်းဝေးစေ၍ ဘုရားလောင်း၏ ကျေးဇူးကိုဆို၍ စစ်သူ ကြီးအရာကို ပေး၏။ မိမိလည်း ဘုရားလောင်း၏ အဆုံးအမ၌ တည်၍ အလှူအစရှိသော ကောင်း မှုတို့ကိုပြု၍ နတ်ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်ဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ အမိကိုလုပ်ကျွေးသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဤဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ အင်္ဂုလိမာလသည် ထိုအခါ မဃဒေဝဘီလူးဖြစ်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည် ထိုအခါ သုတနုလုလင်ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မိဘအရေး၊ အသက်ပေး၊ ကျွေးမွေးပြုစုရာ

သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော သုတနုဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ကုက္ကုဝဂ်

၄။ ဂိဇ္ဈဇာတ်

မိဘတို့၏ ဂုဏ်ကျေးဇူးကြောင့် သေဘေးမှလွတ်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသခင်သည် တေ ကထံ နု ကရိဿန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂိဇ္စျဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အမိကိုလုပ်ကျွေးသော ရဟန်းတစ်ပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် သာမဇာတ်၌ ထင်စွာဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် လင်းတမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ကြီးကုန်သော ယုတ်သော မျက်စိရှိကုန်သော မိဘတို့ကို လင်းတဂူ၌ထား၍ နွားသား အစရှိသည်တို့ကို ဆောင်ယူ၍ မွေး၏။

မိဘကျေးမွေးသော လင်းတ

ထိုအခါ ဗာရာဏသီပြည်၏အနီး သုသာန်၌ တစမယောက်သော မုဆိုးသည် မမှတ်မူ၍ လင်းတတို့၏ ကျရာအရပ်၌ ကျော့ကွင်းကို ထောင်၏။

ကျော့ကွင်းမိ၍ ငိုပုံ

ထိုအခါ တစ်နေ့သ၌ ဘုရားလောင်းသည် နွားသား အစရှိသည်တို့ကို ရှာလျက် သုသာန်သို့ ဝင်သည်ရှိသော် ကျော့ကွင်း၌မိ၍ မိမိအကျိုးငှာ မအောက်မေ့။ ကြီးကုန်သော ယုတ်သော မျက်စိရှိကုန်သော မိဘတို့ကိုသာ အောက်မေ့၍ ငါ၏ မိဘတို့သည် အသို့လျှင် မျှကုန်လတ္တံ့နည်း၊ ငါ့အား ကျော့ကွင်းမိသည်၏ အဖြစ်ကိုလည်း မသိကုန်၊ ကိုးကွယ်ရာ အထောက်အပံ့ မရှိကုန်သည်ဖြစ်၍ တောင်လိုဏ်၌လျှင် ခြောက်၍ သေကုန်ယောင်တကား ဟု မြည်တမ်းလိုရကား-

၂၂။ တေ ကထံ နု ကရိဿန္တိ၊ ဝုဒ္ဓါ ဂိရိဒရီသယာ။
အဟံ ဗဒ္ဓေါသ္မိ ပါသေန၊ နိလီယဿ ဝသံ ဂတော။

ဟူသော ရှေးဦးစွာ ဤဂါထာကိုဆို၏။

၂၂။ အဟံ၊ ငါ့ကို။ ပါခသန၊ ကျော့ကွင်းသည်။ ဗဒ္ဓေါ၊ မိသည်။ အသ္မိ၊ ဖြစ်၏။ အဟံ၊ ငါသည်။ နိလီယဿ၊ နိလီယမည်သော မုဆိုး၏။ ဝသံ၊ နိုင်ငံ့သို့။ ဂတော၊ လိုက်ရ၏။ ဝုဒ္ဓါ၊ ကြီးကုန်သော။ ဂိရိဒရီသယာ၊ တောင်လိုဏ်၌ နေကုန်သော။ တေ၊ ထိုမိဘတို့သည်။ ကထံ နု၊ အသို့လျှင်။ ကရိဿန္တိ၊ ပြုကုန်လတ္တံ့နည်း။

ငှက်ငိုတာ မမြင်ဘူးပါ

ထိုအခါ မုဆိုးသည် လင်းတမင်းငိုသံကို ကြား၍-

၂၃။ ကိံ ဂိဇ္ဈ ပရိဒေဝေသိ၊ ကာ နု တေ ပရိဒေဝနာ။
န မေ သုတော ဝါ ဒိဋ္ဌော ဝါ၊ ဘာသန္တော မာနုသိံ ဒိဇော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကိုဆို၏။

၂၃။ ဂိဇ္ဈ၊ လင်းတ။ တွံ၊ သင်သည်။ ကိံ၊ အသို့။ ပရိဒေဝေသိ၊ ငိုကြွေးသနည်း။ တေ၊ သင်၏။ ပရိဒေဝနာ၊ ငိုကြွေးခြင်းသည်။ ကာ နု၊ အသို့နည်း။ မာနုသိံ၊ လူတို့၏စကားကို။ ဘာသန္တော၊ ဆိုသော။ ဒိဇော၊ ငှက်ကို။ မေ၊ ငါသည်။ န ဒိဋ္ဌော ဝါ၊ မြင်လည်းမမြင်စဘူး။ န သုတော ဝါ၊ ကြားလည်း မကြားစဘူး။

မိဘတို့အတွက် စိုးရိမ်ပါသည်

ထို နောင်မှ လင်တမင်းသည် -

၂၄။ ဘရာမိ မာတာ ပိတရော၊ ဝုဒ္ဓေ ဂိရိဒရီသယေ။
တေ ကထံ နု ကရိဿန္တိ၊ အဟံ ဝသံ ဂတော တဝ။

ဟူသော ဤဂါထာကိုဆို၏။

၂၄။ နေသာဒ၊ မုဆိုး။ အဟံ၊ ငါသည်။ ဝုဒ္ဓေ၊ ကြီးကုန်သော။ ဂိရိဒရီသယေ၊ တောင်လိုဏ်၌နေကုန်သော။ မာတာပိတရော၊ မိဘတို့ကို။ ဘရာမိ၊ မွေး၏။ အဟံ၊ ငါသည်။ တဝ၊ သင်၏။ ဝသံ၊ နိုင်ငံသို့။ ဂတော၊ လိုက်ရသည်ရှိသော်။ တေ၊ ထိုမိဘတို့သည်။ ကထံ နု၊ အသို့လျှင်။ ကရိဿန္တိ၊ ပြုကုန်လတ္တံ့နည်း။

ကျော့ကွင်းကို မမြင်ဘူးလား

ထို့နောင်မှ မုဆိုးသည်-

၂၅။ ယံ နု ဂိဇ္ဈော ယောဇနသတံ၊ ကုဏပါနီ အဝေက္ခတိ။
ကသ္မာ ဇာလဉ္စ ပါသဉ္စ၊ အာသဇ္ဇာပိ န ဗုဇ္ဈသိ။

ဟူသော ဤဂါထာကို ဆို၏။

၂၅။ ဂိဇ္ဈော၊ လင်းတသည်။ ယောဇနသတံ၊ ယူဇနာ တစ်ရာကို။ အတိက္ကမ္မ၊ လွန်၍။ ဌိတာ၊ တည်ကုန်သော။ ကုဏပါနီ၊ အကောင်တို့ကို။ အဝေက္ခတိ၊ မြင်၏။ ဣတိ၊ ဤသို့။ ယံ နု ဝစနံ၊ အကြင်စကားကို။ လောကေ၊ လောက၌။ ကထီယတိ၊ ဆိုအပ်၏။ အထ၊ ထိုသို့ဖြစ်လျက်။ ကသ္မာ၊ အဘယ့်ကြောင့်။ တွံ၊ သင်သည်။ ဇာလဉ္စ၊ ကွန်သို့လည်းကောင်း။ ပါသဉ္စ၊ ကျော့ကွင်းသို့လည်းကောင်း။ အာသဇ္ဇာပိ၊ ရောက်၍လည်း။ န ဗုဇ္စျသိ၊ မသိသနည်း။

ပျက်စီးလိုလျှင် ဘာမှမမြင်

ထို နောင်မှ လင်းတမင်းသည် -

၂၆။ ယဒါ ပရာဘဝေါ ဟောတိ၊ ပေါသော ဇီဝိတသင်္ခယေ။
အထ ဇာလဉ္စ ပါသဉ္စ၊ အာသဇ္ဇာပိ န ဗုဇ္ဈတိ။

ဟူသော ဤဂါထာကို ဆို၏။

၂၆။ နေသာဒ၊ မုဆိုး။ ပေါသော၊ သတ္တဝါသည်။ ဇီဝိတသင်္ခယေ၊ အသက်ကုန်လိုခြင်းကြောင့်။ ယဒါ၊ အကြင်အခါ၌။ ပရာဘဝေါ၊ ပျက်စီးလိုသည်။ ဟောတိ၊ ဖြစ်၏။ အထ၊ ထိုအခါ၌။ ဇာလဉ္စ၊ ကွန်သို့လည်းကောင်း။ ပါသဉ္စ၊ ကျော့ ကွင်းသို့လည်းကောင်း။ အာသဇ္ဇာပိ၊ ရောက်၍လည်း။ န ဗုဇ္စျတိ၊ မသိ။

ငါပြန်လွှတ်ပါတယ်

မုဆိုးသည် ဘုရားလောင်း၏ တရားစကားကို နာရ၍ ပညာရှိသော လင်းတမင်းသည် ငိုကြွေးသော်လည်း မိမိအကျိုးငှာ မငိုကြွေး၊ မိဘတို့၏ အကျိုးငှာသာ ငိုကြွေး၏။ ဤလင်းတမင်းကို သတ်အံ့သောငှာ မသင့်ဟု လင်းတမင်းအား နှစ်သက်၍ -

၂၇။ ဘရဿု မာတာပိတရော၊ ဝုဒ္ဓေ ဂိရိဒရီသယေ။
မယာ တွံ သမနုညာတော၊ သောတ္ထိံ ပဿာဟိ ဉာတကေ။

ဟူသော ဤခြောက်ခုမြောက်သော ဂါထာကို ဆို၏။

၂၇။ ဂိဇ္စျရာဇ၊ လင်းတမင်း။ တွံ၊ သင်သည်။ ဝုဒ္ဓေ၊ ကြီးကုန်သော။ ဂိရိဒရီသယေ၊ တောင်လိုဏ်၌နေကုန်သော။ မာတာပိတရော၊ မိဘတို့ကို။ ဘရဿု၊ မွေးလေလော့။ မယာ၊ ငါသည်။ တွံ၊ သင့်ကို။ သမနု ညာတော၊ ခွင့်ပြုအပ်၏။ ဉာတကေ၊ ဆွေမျိုးတို့ကို။ သောတ္ထိံ၊ ချမ်းသာစွာ။ ပဿာဟိ၊ ရှုလေလော့။

မုဆိုးကြီး ချမ်းသာပါစေ

ဤသို့ဆို၍ ချစ်သောစိတ်၊ နူးညံ့သောစိတ်ဖြင့် ကျော့ကွင်းကို ဖြေ၏။ သေမင်းခံတွင်းမှ လွတ်၍ ချမ်းသာခြင်းရှိသော ဘုရားလောင်းသည် မုဆိုးအား အနုမောဒနာ ပြုလိုသည်ဖြစ်၍-

၂၈။ ဧဝံ လုဒ္ဒက နန္ဒဿု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
ဘရိဿံ မာတာပိတရော၊ ဝုဒ္ဓေ ဂိရိဒရီသယေ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

၂၈။ လုဒ္ဒက၊ မုဆိုး။ ဧဝံ၊ ဤအတူ။ တွံ၊ သင်သည်။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဉာတိဘိ၊ အဆွေ အမျိုးတို့နှင့်။ သဟ၊ တကွ။ နန္ဒဿု၊ နှစ်သက်လေလော့။ အဟံ၊ ငါသည်။ ဝုဒ္ဓေ၊ ကြီးကုန်သော။ ဂိရိဒရီသယေ၊ တောင်လိုဏ်၌ နေကုန်သော။ မာတာ ပိဘရော၊ မိဘတို့ကို။ ဘရိဿံ၊ မွေးပါအံ့။

ဤသို့ဆို၍ ခံတွင်းပြည့်အောင် အသားကိုယူ၍ မိဘတို့အား ပေး၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ အမိကို လုပ်ကျွေးသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား... ယခုအခါ ဆန္နသည် ထိုအခါ မုဆိုးဖြစ်ပြီး၊ ယခုအခါ မြတ်သောမင်းမျိုးတို့သည် ထိုအခါ မိဘတို့ဖြစ်ကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ လင်းတမင်း ဖြစ်ပြီ။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ပျက်စီးဖို့ဖန်၊ သေချိန်တန်၊ ဘေးရန်မမြင်ရာ

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဂိဇ္ဈဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ကုက္ကုဝဂ်

၅။ ဒဗ္ဘပုပ္ဖဇာတ်

ငြင်းခုံခြင်းကြောင့် ဆုံးရှုံးရခြင်းအကြာင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသခင်သည် အနုတီရစာရိ ဘဒ္ဒန္တေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒဗ္ဘပုပ္ဖဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာကီဝင်မင်းသားဖြစ်သော ဥပနန်မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ရှင်ဥပနန် လောဘကြီးပုံ

ထိုဥပနန်မထေရ်သည် သာသနာတော်၌ ရဟန်းပြု၍ အပ္ပိစ္ဆတာ- အစရှိသော ကျေးဇူးတို့ကိုပယ်၍ တပ်စွန်းကြီးကြီးသည်ဖြစ်၏။ ဝါဆိုသောအခါ၌ နှစ်ကျောင်း သုံးကျောင်းတို့ကို သိမ်း ဆည်း၍ တစ်ကျောင်း၌ ထီးကိုလည်းကောင်း၊ တစ်ကျောင်း၌ ဖိနပ်ကိုလည်းကောင်း၊ တစ်ကျောင်း၌ သပိတ်ကိုလည်းကောင်း တစ်ကျောင်း၌ တောင်ဝှေးကိုလည်းကောင်း၊ တစ်ကျောင်း၌ ရေဘူးကိုလည်းကောင်းထား၍ တစ်ကျောင်း၌ မိမိနေ၏။ ထိုဥပနန်မထေရ်သည် တစ်ခုသော ဇနပုဒ်ကျောင်း၌ ဝါကပ်၍ ရဟန်းတို့မည်သည် အလိုနည်းသည်ဖြစ်အပ်၏ဟု ကောင်းကင်၌ လ-ကိုထင်စေဘိသကဲ့သို့ ရဟန်းတို့အား ပစ္စည်းရောင့်ရဲခြင်းကို ပြုတတ်သော အရိယဝံသပဋိပတ်ကို ဟော၏။ ရဟန်းတို့သည် ထိုတရားကိုကြား၍ နှစ်သက်ဖွယ်ရှိကုန်သော သပိတ်သင်္ကန်းတို့ကို စွန့်၍ မြေသပိတ်တို့ကိုလည်းကောင်း၊ ပံ့သကူသင်္ကန်းတို့ကိုလည်းကောင်း ယူကုန်၏။

ဝိနည်းဓိုရ် အကောင်းယူ

အရှင်ဥပနန်သည် တစ်ပါးသောဝတ္ထုတို့ကို မိမိနေရာအရပ်၌ထား၍ ဝါကျွတ်သည်ရှိသော် ပဝါရဏာပြု၍ ယာဉ်ငယ်ကိုပြည့်စေ၍ ဇေတဝန်ကျောင်းသို့ သွားသည်ရှိသော် ခရီးအကြား၌ တစ်ခုသောကျောင်း၏နောက်၌ ခြေ၌ နွယ်သည် ငြိ၏။ စင်စစ် ဤကျောင်း၌ တစ်စုံတစ်ခုကို ရအပ်သည် ဖြစ်လတ္တံ့ဟု ထိုကျောင်းသို့ဝင်၏။ ထိုကျောင်း၌ နှစ်ပါးကုန်သော အသက်ကြီးရဟန်းတို့သည် ဝါဆိုကုန်၏။ ထိုရဟန်းကြီးတို့သည် နှစ်ထည်ကုန်သော ရုန့်ရင်းသော သင်္ကန်းလျာ ပုဆိုးတို့ကိုလည်းကောင်း၊ တစ်ခုသော သိမ်မွေ့သော ကမ္ဗလာကိုလည်းကောင်းရ၍ ခွဲဝေအံ့သောငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ အရှင်ဥပနန်ကိုမြင်၍ မထေရ်သည် ငါတို့အား ခွဲဝေလတ္တံ့ ဟု နှစ်သက်သောစိတ် ရှိကုန်သည်ဖြစ်၍ အရှင်ဘုရား၊ အကုန်ုပျတို့သည် ဝါဆိုသင်္ကန်းကို ခွဲဝေအံ့သောငှာ မတတ်နိုင်ကုန်၊ ဤသင်္ကန်းကိုမှီ၍ အကျွန်ုပ်တို့အား ငြင်းခုံခြင်းသည် ဖြစ်၏ ဤသင်္ကန်းကို အကျွန်ုပ်တို့အား ခွဲဝေ၍ ပေးပါလော့ ဟု ဆို၏။ အရှင်ဥပနန်သည် ကောင်းပြီ ခွဲဝေအံ့ ဟု ရုန့် ရင်းကုန်သော နှစ်ထည်ကုန်သော သင်္ကန်းလျာ ပုဆိုးတို့ကို နှစ်ပါးကုန်သော ရဟန်းကြီးတို့အားပေး၍ ဤကမ္ဗလာသည်ကား ဝိနည်းဓိုရ်ဖြစ်သော ငါ့အား လျောက်ပတ်၏ဟု ကမ္ဗလာကိုယူ၍ ဖဲ၏။

ရဟန်းတို့ ကဲ့ရဲကြခြင်း

ထိုရဟန်းကြီးတို့သည်လည်း ကမ္ဗလာ၌ တပ်စွန်းကုန်သည်ဖြစ်၍ အရှင်ဥပနန်နှင့်တကွ ဇေတဝန်ကျောင်းတော်သို့ သွား၍ ရဟန်းတို့အား အကြောင်းကိုကြား၍ အရှင်ဘုရားတို့. ဝိနည်းကို ဆောင်ကုန်သော ရဟန်းတို့အား ဤသို့ လု ယက်၍ စားခြင်းငှာ အပ်သလော ဟု လျှောက်ကုန်၏။ ရဟန်းတို့သည် ဥပနန်မထေရ်သည် ဆောင်ခဲ့အပ်ကုန်သော သပိတ်သင်္ကန်းတို့ကို မြင်၍ အရှင်ဥပနန်ကို ငါ့ရှင်... သင်သည် ဘုန်း တန်ခိုးကြီး၏။ များစွာကုန်သော သပိတ်သင်္ကန်းတို့ကို ရ၏ဟု ဆိုကုန်၏။ အရှင်ဥပနန်သည် ငါ့ရှင်တို့ အဘယ်မှာ ဘုန်းတန်ခိုးရှိအံ့နည်း၊ ဤသို့သော အကြောင်းကြောင့် ဤသပိတ်သင်္ကန်းကို ရ၏ ဟု အလုံးစုံသောအကြောင်းကို ပြောဆို၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ သာကီဝင်မင်းသားဖြစ်သော အရှင်ဥပနန်သည် ကြီးသော တပ်စွန်းခြင်းရှိ၏။ ကြီးသော လောဘရှိ၏ ဟု စကားကို ဖြစ်စေကြကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ... ယခုအခါ အဘယ်စကားဖြင့် စည်း ဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဤ မည်သော စကားဖြင့် စည်းဝေးကြကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့... ဥပနန်သည် အကျင့်အား လျောက်ပတ်သည်ကို မိမိမပြု၊ သူတစ်ပါးအား အကျင့်ကို ဟောသော ရဟန်းမည်သည်ကား ရှေးဦးစွာ မိမိသည် လျောက်ပတ်စွာ ကျင့်၍ နောက်မှ သူတပါးကို ဆုံးမရာ၏။-

အဋ္ဌာနမေဝ ပဌမံ၊ ပတိရူပေ နိဝေသယေ။
အထညမနုသာသေယျ၊ န ကိလိဿေယျ ပဏ္ဍိတော။

ဟူသော ဓမ္မပဒ၌လာသော ဤဂါထာပုဒ်ဖြင့် တရားဟော၍ ရဟန်းတို့ ဥပနန်သည် ယခုအခါ၌သာလျှင် ကြီးသော တပ်စွန်းခြင်းရှိသည် ကြီးသောလောဘ ရှိသည်မဟုတ်သေး၊ ရှေး၌လည်း ကြီးသော တပ်စွန်းခြင်း ကြီးသော လောဘ ရှိသည်သာလျှင်တည်း။ ယခုအခါ၌သာလျင် ဤရဟန်းတို့၏ဥစ္စာကို လုယက်သည် မဟုတ်သေး၊ ရှေး၌လည်း လုယက်ဖူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မြစ်နား၌ ရုက္ခစိုးနတ် ဖြစ်၏။

ဖျံ ငါးကိုမဆွဲနိုင်

ထိုအခါ တစ်ခုသော မြေခွေးသည် မာယာဝီမည်သော မယားကိုယူ၍ မြစ်နား၌ တစ်ခုသောအရပ်၌နေ၏။ ထိုအခါ တစ်နေ့သ၌ မြေခွေးမသည် သခင် ငါ့အား ချင်ခြင်း ဖြစ်၏။ စိုသော ငါးကြင်းသားကို စားခြင်းငှာ အလိုရှိ၏ ဟု မြေခွေးဖိုကို ဆို၏။ မြေခွေးဖိုသည်ကြောင့် ကြမဲ့သည်ဖြစ်လော့၊ သင့်ဖို့ ဆောင်ချေအံ့ ဟု ဆို၍ မြစ်နားသို့လှည့်လည်သည်ရှိသော် ခြေ၌ နွယ်ငြိ၍ မြစ်နားသို့လျှောက်၍ သွား၏။ ထိုခဏ၌ ရေနက်သို့သွားသော ဖျံ, မြစ်နားသို့ လျှောက်၍ သွားသောဖျံ, ဤနှစ်ခုကုန်သော ဖျံတို့သည် ငါးတို့ကို ရှာကုန်လျက် ကမ်းနား၌ ရပ်ကုန်၏။ နှစ်ခုကုန်သော ဖျံတို့တွင် ရေနက်သို့သွားသော ဖျံသည် ကြီးစွာသော ငါးကြင်းကိုမြင်၍ လျင်စွာ ရေသို့ငုပ်၍ အမြီး၌ ကိုက်၏။ အားကြီးသော ငါးသည် ငင်လျက် သွား၏။

အကူအညီ ဖျံကိုခေါ်

ရေနက်သို့သွားသော ဖျံသည် အဆွေခင်ပွန်း ဖျံ ငါးသည်ကြီး၏။ နှစ်ခုကုန်သော ငါတို့၏အဖို့သည် ဖြစ်လတ္တံ့၊ လာလော့၊ ငါ၏အဖော် ဖြစ်လော့ ဟု မြစ်နားသို့လျှောက်၍ သွားသော ဖျံနှင့်တကွ စကားပြောလိုရကား-

၂၉။ အနုတီရစာရီ ဘဒ္ဒန္တေ၊ သဟာယမနုဓာဝ မံ။
မဟာ မေ ဂဟိတော မစ္ဆော၊ သော မံ ဝဟရတိ ဝေဂသာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၂၉။ အနုတီရစာရီ၊ ကမ်းနားသို့ လျှောက်၍သွားသော ဖျံ။ တေ၊ သင့်အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ မေ၊ ငါသည်။ ဂဟိတော၊ ယော မစ္ဆော၊ အကြင် ငါးကြင်းသည်။ မဟာ၊ ကြီး၏။ သော၊ ထိုငါးကြင်းသည်။ မံ၊ ငါ့ကို။ ဝေဂသာ၊ အဟုန်ဖြင့်။ ဟရတိ၊ ဆောင်၏။ သဟာယံ၊ အဆွေဖြစ်သော။ မံ၊ ငါ့ကို။ အနုဓာဝ၊ အမြီး၌ကိုင်၍ ငင်လော့။

ကူညီဆွဲတင်ပေးမယ်

ထိုစကားကိုကြား၍ မြစ်နားသို့လျှောက်သွားသော ဖျံသည်-

၃၀။ ဂမ္ဘီရစာရီ ဘဒ္ဒန္တေ၊ ဒဠှံ ဂဏှာဟိ ထာမသာ။
အဟံ တံ ဥဒ္ဓရိဿာမိ၊ သုပဏ္ဏော ဥရဂမိဝ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၃၀။ ဂမ္ဘီရစာရီ၊ ရေနက်သို့သွားတတ်သော ဖျံ။ တေ၊ သင့်အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ထာမသာ၊ အစွမ်းအားဖြင့်။ ဒဠှံ၊ မြဲစွာ။ ဂဏှာဟိ၊ ကိုင်လော့။ သုပဏ္ဏော၊ ဂဠုန်သည်။ ဥရဂံ၊ နဂါးကို။ ဥဒ္ဓရတိ ဣဝ၊ ထုတ်ဆောင်သကဲ့သို့။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ ဥဒ္ဓရိဿာမိ၊ ထုတ်ဆောင်အံ့။

အဝေမတည့်ကြ

ထိုအခါ ထိုဖျံနှစ်ခုတို့သည်လည်း တပေါင်းတည်း ဖြစ်ကုန်၍ ငါးကြင်းကို ထုတ်၍ ကမ်းနား၌ထား၍ သတ်၍ သင် ဝေလော့၊ သင် ဝေလော့ ဟု ငြင်းခုံခြင်းကိုပြု၍ ဝေအံ့သောငှာ မတတ်နိုင်သည်ရှိသော် ထား၍နေကြကုန်၏။

မြေခွေးကို ဆရာတင်

ထိုအခါ မြေခွေးသည် ထိုအရပ်သို့ရောက်သည် ရှိသော် ဖျံတို့သည် မြေခွေးကိုမြင်၍ ခရီးဦး ကြိုဆို၍ အဆွေ မြေခွေး ဤငါးကြင်းကို ငါတို့ တပေါင်းတည်းဖြစ်ကုန်၍ ထုတ်ဆောင်အပ်ကုန်၏။ ထိုငါးကို ဝေအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ ငါတို့အား ငြင်းခုံခြင်းသည် ဖြစ်၏။ ငါတို့အား အဖို့ကို တူမျှစွာ ဝေ၍ပေးလော့ ဟု ဆိုလို၍-

၃၁။ ဝိဝါဒါ နော သမုပ္ပန္နော၊ ဒဗ္ဘပုပ္ဖ သုဏောဟိ မေ။
သမေဟိ မေဓဂံ သမ္မာ၊ ဝိဝါဒေါ ဝူပသမ္မတံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၃၁။ ဒဗ္ဘပုပ္ဖ၊ သမန်းမြက်ပွင့် အဆင်းရှိသော အဆွေမြေခွေး။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နားလော့။ နော၊ ငါတို့အား။ ဝိဝါဒေါ၊ ငြင်းခုံခြင်းသည်။ သမုပ္ပန္နော၊ ဖြစ်၏။ မေဓဂံ၊ ငြင်းခုံခြင်းကို။ သမေဟိ၊ ငြိမ်းစေလော့။ ဝိဝါဒေါ၊ ငြင်းခုံခြင်းသည်။ ဝူပသမ္မတံ-ဝူပသမ္မတု၊ ငြိမ်းစေသတည်း။

ငါ ဝေပေးမယ်

ထိုစကားကို ကြား၍ မြေခွေးသည် မိမိ၏ အစွမ်းကိုပြလိုရကား -

၃၂။ ဓမ္မဋ္ဌောဟံ ပုရေ အာသိံ၊ ဗဟူ အဍ္ဍ မေ တီရိတာ။
သမေမိ မေဓဂံ သမ္မာ၊ ဝိဝါဒေါ ဝူပသမ္မတံ။

ဟူသော ဤဂါထာကို ဆို၏။

သမ္မ၊ အဆွေဖျံ။ အဟံ၊ ငါသည်။ ပုရေ၊ ရှေး၌။ ဓမ္မဋ္ဌော၊ တရားဆုံးဖြတ်သော အမတ်ကြီးသည်။ အာသိံ၊ ဖြစ်ပြီ။ မေ၊ ငါသည်။ ဗဟူ၊ များစွာကုန်သော။ အဍ္ဍာ၊ တရားတို့ကို။ တီရိတာ၊ ဆုံးဖြတ်အပ် ကုန်ပြီ။ ဝေါ၊ သင်တို့၏။ သဗ္ဗံ၊ အလုံးစုံသော။ မေဓဂံ၊ ငြင်းခုံခြင်းကို။ သမေမိ၊ ငြိမ်းစေအံ့။ ဝိဝါဒေါ၊ ငြင်းခုံခြင်းသည်။ ဝူပသမ္မတံ-ဝူပသမ္မတု၊ ငြိမ်းစေသတည်း။

ငါ့အဖို့ အလယ်သား

ဤဂါထာကို ဆို၍ ဝေလိုရကား-

၃၃။ အနုတီရစာရိ နင်္ဂုဋ္ဌံ၊ သီသံ ဂမ္ဘီရစာရိနော။
အစ္စာယံ မဇ္ဈိမော ခဏ္ဍော၊ ဓမ္မဋ္ဌဿ ဘဝိဿတိ။

ဟူသော ဤဂါထာကို ဆို၏။

၃၃။ အနုတီရစာရီ၊ ရေနားသို့ လျှောက်၍သွားသော ဖျံ။ တွံ၊ သင်သည်။ နင်္ဂုဋ္ဌံ၊ အမြီးပိုင်းကို။ ဂဏှ၊ ယူလော့။ သီသံ၊ ဦးခေါင်းပိုင်းကို။ ဂမ္ဘီရစာရိနော၊ ရေနက်သို့ လျှောက်၍ သွားသော ဖျံအား။ ဟောတု၊ ဖြစ်စေ။ အစ္စ၊ ခေါင်း, အမြီးနှစ်ပိုင်းကို လွန်၍ တည်သော။ အယံ မဇ္ဈိမော ခဏ္ဍော၊ ဤအလယ်ပိုင်းသည်။ ဓမ္မဋ္ဌဿ၊ တရားဆုံးဖြတ်သော ငါ့အား။ ဘဝိဿတိ၊ ဉာဏ်ပူဇော်ခ ဖြစ်လတ္တံ့။

ဤသို့ဆို၍ ထိုငါးကိုဝေ၍ သင်တို့သည် ငြင်းခုံခြင်းကို မပြုမူ၍ အမြီးကိုလည်းကောင်း, ဦးခေါင်းကိုလည်းကောင်း စားကြကုန်လော့ ဟု ဆို၍ အလယ်ပိုင်းကို ထိုဖျံတို့ မြင်ကုန်စဉ်လျှင် ချီ၍ပြေး၏။ ဖျံနှစ်ခုတို့သည် ဥစ္စာတစ်ထောင်

ရှုံးသော ယောက်ျားကဲ့သို့ မျက်နှာမသာ နေကြကုန်၍-

ငါတို့ငြင်းနေကြလို့

၃၄။ စိရမ္ပိ ဘက္ခော အဘဝိဿ၊ သစေ န ဝိဝဒေမသေ။
အသီသကံ အနင်္ဂုဋ္ဌံ၊ သိင်္ဂါလော ဟရတိ ရောဟိတံ။

ဟူသော ဤဂါထာကို ဆို၏။

၃၄။ မယံ၊ ငါတို့သည်။ သစေ န ဝိဝဒေမသေ၊ အကယ်၍ ငြင်းခုံခြင်းကို မပြုကုန်ငြားအံ့။ စိရမ္ပိ၊ နှစ်ရက်သုံးရက်လည်း။ ဘက္ခော၊ စားရသည်။ အဘဝိဿ၊ ဖြစ်ရာ၏။ အသီသကံ၊ ဦးခေါင်းမဟုတ်သော။ အနင်္ဂုဋ္ဌံ၊ အမြီးမဟုတ်သော။ ရောဟိတံ၊ အလယ်ဝမ်းပျဉ်းနှင့်တကွသော ငါးကြင်းသားကို။ သိင်္ဂါလော၊ မြေခွေးသည်။ ဟရတိ၊ ဆောင်လေ၏။

မြေခွေးမယား ဝမ်းသာခြင်း

မြေခွေးသည်လည်း ယနေ့ မယားအား ငါးကြင်းသားကို စားစေအံ့ဟု နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ မြေခွေးမ၏အထံသို့ သွား၏။ မြေခွေးမသည် လာသော မြေခွေးဖိုကိုမြင်၍ နှစ်သက်သည်ဖြစ်၍-

၃၅။ ယထာပိ ရာဇာ နန္ဒေယျ၊ ရဇ္ဇံ လဒ္ဓါန ခတ္တိယော။
ဧဝါဟမဇ္ဇ နန္ဒာမိ၊ ဒိသွာ ပုဏ္ဏမုခံ ပတိံ။

ဟူသော ဤဂါထာကို ဆို၏။

၃၅။ ခတ္တိယော ရာဇာ၊ မင်းသည်။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ လဒ္ဓါန၊ ရ၍။ နန္ဒေယျ ယထာ၊ နှစ်သက်ရာသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ အဟံပိ၊ ငါသည်လည်း။ အဇ္ဇ၊ ယနေ့။ ပုဏ္ဏမုခံ၊ ခံတွင်းပြည့်သော။ ပတိံ၊ လင်ကို။ ဒိသွာ၊ မြင်၍။ နန္ဒာမိ၊ နှစ်သက်၏။

ငါးကြီးဘယ်လိုရခဲ့သလဲ

ဤဂါထာကိုဆို၍ ရခြင်း၏အကြောင်းကို မေးလိုရကား-

၃၆။ ကထံနု ထလဇော သန္တော၊ ဥဒကေ မစ္ဆံ ပရာမသိ။
ပုဋ္ဌော မေ သမ္မ အက္ခာဟိ၊ ကထံ အဓိကတံ တယာ။

ဟူသော ဤဂါထာကို ဆို၏။

၃၆။ သမ္မ၊ သခင်မြေခွေး။ ထလဇော သန္တော၊ ကြည်း၌ နေသည်ဖြစ်လျက်။ ဥဒကေ၊ ရေ၌။ မစ္ဆံ၊ ငါးကို။ ကထံ နု၊ အသို့လျှင်။ ပရာမသိ၊ ယူသနည်း။ ပုဋ္ဌော၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။ တယာ၊ သင်သည်။ ကထံ၊ အသို့မူ၍။ အဓိဂတံ၊ ရဘိသနည်း။

ဝေပေးလို့ ရခဲ့သည်

မြေခွေးဖိုသည် မြေခွေးမအား ရခြင်း၏ အကြောင်းကို ကြားလိုသည် ဖြစ်၍-

၃၇။ ဝိဝါဒေန ကိသာ ဟောန္တိ၊ ဝိဝါဒေန ဓနက္ခယာ။
ဇီနာ ဥဒ္ဒါ ဝိဝါဒေန၊ ဘုဉ္စ မာယာဝိ ရောဟိတံ။

ဟူသော ဤဂါထာကို ဆို၏။

၃၇။ မာယာဝိ၊ မာယာဝီ။ ဝိဝါဒေန၊ ငြင်းခုံခြင်းကြောင့်။ ကိသာ၊ ကြုံလှီကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဝိဝါဒေန၊ ငြင်းခုံခြင်းကြောင့်။ ဓနက္ခယာ၊ ဥစ္စာကုန်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဥဒ္ဒါ၊ နှစ်ခုကုန်သော ဖျံတို့သည်။ ဝိဝါဒေန၊ ငြင်းခုံခြင်းကြောင့်။ ဇီနာ၊ ငါးကြင်း အလယ်ပိုင်းမှ ရှုံးကုန်၏။ မာယာဝိ၊ မာယာဝီ။ ရောဟိတံ၊ ဤငါးကြင်းသားကို။ ဘုဉ္ဇ၊ စားလော့။

ဤသို့ အတိတ်ကို ဆောတော်မူ၍ သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၃၈။ ဧဝမေဝ မနုဿေသု၊ ဝိဝါဒေါ ယတ္ထ ဇာယတိ။
ဓမ္မဋ္ဌံ ပဋိဓာဝန္တိ၊ သော ဟိ နေသံ ဝိနာယကော။
ဓနာပိ တတ္ထ ဇီယန္တိ၊ ရာဇကေသာ ပဝဍ္ဎတိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၃၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ မနုဿေသု၊ လူတို့၌။ ယတ္ထ၊ အကြင်အရပ်၌။ ဝိဝါဒေါ၊ ငြင်းခုံခြင်းသည်။ ဇာယတိ၊ ဖြစ်၏။ တတ္ထ၊ ထိုအရပ်၌။ ဓမ္မဋ္ဌံ၊ တရားဆုံးဖြတ်သော သူကို။ ပဋိဓာဝန္တိ၊ ဆည်းကပ်ရကုန်၏။ ဟိ သစ္စံ၊ မှန်၏။ သော၊ ထိုတရားဆုံးဖြတ်သော သူသည်။ နေသံ၊ ထိုငြင်းခုံခြင်းကို ပြုကုန်သော သူတို့၏။ ဝိနာယကော၊ အငြင်းအခုံကို ငြိမ်းစေတတ်သော ကိုးကွယ်ရာသည်။ ဟောတိ၊ ဖြစ်၏။ တတ္ထ၊ ထိုတရားဆုံးဖြတ် သူ၏အထံ၌။ ဓနာပိ၊ ဥစ္စာမှလည်း။ ဇီယန္တိ၊ ရှုံးကုန်၏။ ရာဇကောသော၊ မင်း၏ ဥစ္စာတိုက်သည်။ ပဝဍ္ဎတိ၊ ပွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဥပနန်သည် ထိုအခါ မြေခွေးဖြစ်ပြီ၊ ယခုအခါ ရဟန်းကြီးနှစ်ပါးတို့သည် ထိုအခါ နှစ်ခုသော ဖျံတို့သည် ဖြစ်ကုန်၏။ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အကြောင်းကို မျက်မှောက်ပြုရသော ရုက္ခစိုးနတ် ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

အချင်းချင်းလျှင်။ မခံချင်၊ ပြင်သူအကျိုးရှိ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဒဗ္ဘပုပ္ဖဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ကုက္ကုဝဂ်

၆။ ပဏ္ဏကဇာတ်

ကြီးကျယ်သောရောဂါကို ပညာဖြင့်ကုစားခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ပဏ္ဏကံ တိခိဏဓာရံ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပဏ္ဏကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သဗ္ဗညူမြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့သတတ်ဟူသည် မှန်သလော ဟု မေးတော်မူလတ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... မှန်ပေ၏ဟု နားတော်လျောက်သည်ရှိသော် “အဘယ်သူသည် ငြီးငွေ့စေအပ်သနည်း ဟု မေးတော်မူ၍ မယားဟောင်းသည် ငြီးငွေ့စေအပ်၏ ဟု နားတော်လျောက်သည်ရှိသော် “ရဟန်း... ဤမိန်းမသည် သင်၏ အကျိုးမဲ့ကို ပြုတတ်၏။ ရှေး၌လည်း သင်သည် ဤမိန်းမကိုမှီ၍ စိတ်၌မှီသော ရောဂါသည် နှိပ်စက်အပ်သည်ရှိသော် ပညာရှိတို့ကိုမှီ၍ အသက်ကိုရအပ်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ မဒ္ဒဝမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်းအား သေနကကုမာရဟူသော အမည်ကိုမည့်၏။ ထိုဘုရားလောင်းသည် အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းကုန်သော အတတ်တို့ကို သင်၍ ဗာရာဏသီပြည်သို့ တစ်ဖန်ပြန်၍ မဒ္ဒဝမင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်ဖြစ်၏။ သေနကပညာရှိသည် ပညာရှိ၏ ဟူ၍ မြို့အလုံး၌ လ, ကဲ့သို့လည်းကောင်း နေ, ကဲ့သို့လည်းကောင်း ထင်ရှား၏။

မိဖုရားကိုပေးလိုက်ပြီ

ထိုအခါ မဒ္ဒဝမင်း၏ ပုရောဟိတ်သားသည် မင်းအား ခစားအံ့သောငှာ လာလတ်သော် ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော မြတ်သောအဆင်းကို ဆောင်သော မင်း၏ မိဖုရားကိုမြင်၍ တပ်သောစိတ် ရှိသည်ဖြစ်၍ အိမ်သို့သွား၍ အာဟာရကို ဖြတ်၍ အိပ်၏။ အဆွေခင်ပွန်းတို့သည် မေးအပ်သည်ရှိသော် ထိုအကြောင်းကိုကြား၏။ မင်းသည်လည်း ပုရောဟိတ်သားသည် မထင်၊ ထိုပုရောဟိတ်သားသည် အဘယ်မှာနည်း ဟု မေးလတ်သော် ထိုအကြောင်းကိုကြား၍ ပုရောဟိတ်သားကို ခေါ်စေ၍ ငါသည် သင့်အား ဤမိဖုရားကို ခုနစ်ရက်ပတ်လုံး ပေးအံ့။ ခုနစ်ရက် သင့်အိမ်၌ထား၍ ရှစ်ရက်မြောက်၌ ဆောင်ခဲ့လော့ဟု ဆို၏။ ပုရောဟိတ်သားသည် ကောင်းပြီဟု ဝန်ခံ၍ မိဖုရားကို အိမ်သို့ဆောင်၍ ထိုမိဖုရားနှင့်တကွ မွေ့လျော်၍ အချင်းချင်း တပ်သောစိတ် ရှိသည်ဖြစ်၍ တစ်စုံတစ်ယောက်သောသူကို မသိစေမူ၍ မြတ်သောတံခါးဖြင့် ပြေး၍ တစ်ပါးသောမင်း၏ နိုင်ငံသို့ သွားကြကုန်၏။ တစ်စုံတစ်ယောက်သော သူသည် သွားရာအရပ်ကိုမသိ၊ လှေသွားသော လမ်းကဲ့သို့ဖြစ်၏။

ဘုရင်ရောဂါရ

မင်းသည် မြို့၌ စည်လည်စေ၍ အထူးထူး အပြားပြားသော အခြင်းအရာအားဖြင့် ရှာစေသော်လည်း မိဖုရား၏ သွားရာအရပ်ကို မသိ။ ထိုအခါ ထိုမင်းအား မိဖုရားကိုမှီ၍ စိုးရိမ်ခြင်း ကြီးစွာဖြစ်၏။ ပူသောနှလုံး ရှိသည်ဖြစ်၍ သွေးယို၏။ ထိုအခါမှစ၍ ထိုမင်း၏ဝမ်းမှ သွေးထွက်၏။ ကြီးစွာသော အနာဖြစ်၏။ ကြီးမြတ်ကုန်သော မင်း၏ ဆေးသမားတို့သည် ဆေးကုအံ့သောငှာ မတတ်နိုင်ကုန်။

ဇာတ်လမ်းဖြင့်ဆေးကုပုံ

ဘုရားလောင်းသည် ဤမင်းအား အနာမရှိ၊ မယားကို မမြင်ရခြင်းကြောင့် စိတ်၌မှီသော ရောဂါသည် ဖြစ်၏။ ထိုမင်းကို ဥပါယ်ဖြင့်ကုအံ့ ဟု အာယုရမည်သော အမတ်, ပုက္ကုသမည်သော အမတ်ပညာရှိတို့ကိုခေါ်၍ မင်းအား မိဖုရားကို မမြင်ရခြင်းကြောင့်ဖြစ်သော စိတ်၌မှီသော ရောဂါကိုထား၍ တစ်ပါးသောရောဂါသည် မရှိ။ စင်စစ် ငါတို့အား ကျေးဇူးများ၏။ ထို့ကြောင့် ထိုမင်းကို ကုကြကုန်အံ့၊ မင်းရင်ပြင်၌ ပွဲသဘင်ပြု၍ သန်လျက်ကို မျိုခြင်းငှာ တတ်ကုန်သော သူတို့ကို သန်လျက်မျိုစေ၍ မင်းကို ခြင်္သေ့ခံသော လေသာပြတင်း၌ထား၍ ပွဲကိုကြည့်စေကုန်အံ့၊ မင်းသည် သန်လျက်မျိုးသောသူကို မြင်၍ သန် လျက်မျိုခြင်းထက် တစ်ပါးသော အလွန်ခက်ခဲသော အမှုသည် ရှိသေးသလောဟု ပြဿနာကို မေးလတ္တံ့။ အဆွေအာယုရ... သင်သည် ဤအမည်ရှိသာဥစ္စာကိုပေအံ့ဟု ဆိုခြင်းသည် ဤသန်လျက်ကို မျိုခြင်းထက် ခဲခက်၏ဟု ဖြေလော့၊ ထို့နောင်မှ အဆွေပုက္ကုသ... သင့်ကိုမေးလတ္တံ့၊ ထိုအခါ မင်းအား မြတ်သောမင်းကြီး ထိုဥစ္စာကို ပေးအံ့ဟုဆို၍ မပေးသောသူ၏ ထိုစကားသည် အကျိုးမရှိသည် ဖြစ်၏။ အချို့ကုန်သော သူတို့သည် ထိုစကားကိုမှီ၍ အသက်မမွေးကုန်၊ အကြင်သူတို့သည် ထိုစကားအား လျောက် ပတ်သည်ကို ပြုကုန်၏။ ဝန်ခံတိုင်းသော ဥစ္စာကို ပေးကုန်၏။ ဤသို့ပေးခြင်းသည် ထိုပေးအံ့ဟု ဆိုသောစကားထက် အလွန်ခက်ခဲ၏ ဟု ဖြေလော့၊ ဤထက်အလွန် ပြုအပ်သောအမှုကို ငါသိအံ့ဟု ဆို၍ သဘင်ကိုပြုစေ၏။

ဘုရင်ပွဲတော်ကြည့်

ထိုနောက်မှ ထိုသုံးယောက်ကုန်သော ပညာရှိတို့သည်လည်း မင်း၏အထံသို့ သွား၍ မြတ်သော မင်းကြီး... မင်းရင်ပြင်၌ ပွဲသဘင်သည် ဖြစ်၏။ ထိုပွဲသဘင်ကို ကြည့်ကုန်သော သူတို့အား ဒုက္ခသည်လည်း သုခဖြစ်၏။ ကြွတော်မူလော့၊ သွားကုန်အံ့ ဟု မင်းကိုဆောင်၍ ခြင်္သေ့ခံသော လေသာပြတင်းကိုဖွင့်၍ ပွဲသဘင်ကို ကြည့်စေကုန်၏။ များစွာကုန်သော လူတို့သည် မိမိတို့သည် တတ်သောအတတ်ကို ပြကုန်၏။ တစ်ယောက်သော ယောကျ်ားသည်ကား သုံးဆယ့်သုံးလက်သစ်ရှိသော ထက်စွာသော အသွားရှိသော သန်လျက်ကို မျို၏။

သန်လျက်ကို မျိုဖိုခက်

မင်းသည် ထိုယောက်ျားကိုမြင်၍ ဤယောက်ျားသည် သန်လျက်ကိုမျို၏။ ဤသန်လျက်ကို မျိုခြင်းထက် ခက်ခဲသော အမှုသည် ရှိသေးသလောဟု ပညာရှိတို့ကို မေးအံ့ ဟု ကြံ၍ အာယုရကို မေးလိုရကား-

၃၉။ ပဏ္ဏကံ တိခိဏဓာရံ၊ အသိံ သမ္ပန္နပါယိနံ။
ပရိသာယံ ပုရိသော ဂိလတိ၊ ကိံ ဒုက္ကရတရံ တတော။
ယဒညံ ဒုက္ကရံ ဌာနံ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော ရှေးဦးစွာ ဤဂါထာကို ဆို၏။

၃၉။ ပဏ္ဍိတ၊ ပညာရှိ။ ပဏ္ဏကံ၊ ပဏ္ဏကတိုင်း၌ဖြစ်သော။ တိခိဏဓာရံ၊ ထက်စွာသော အသွားရှိသော။ သမ္ပန္နပါယိနံ၊ သူတစ်ပါတို့၏သွေးကို သောက်တတ်သော။ အသိံ၊ သန်လျက်ကို။ ပုရိသော၊ ယောက်ျားသည်။ ပရိသာယံ၊ ပရိသတ်တို့၏ အလယ်၌။ ဂိလတိ၊ မျို၏။ တတော၊ ထိုသန်လျက်ကို မျိုခြင်းထက်။ ဒုက္ကရတရံ၊ အလွန်ခက်ခဲသော အကြောင်းသည်။ အတ္ထိ ကိံ၊ ရှိသလော။ အညံ၊ တစ်ပါးသော။ ဒုက္ကရံ၊ ခက်ခဲသော။ ယံဌာနံ၊ အကြင်အကြောင်းသည်။ အတ္ထိ၊ ရှိအံ့။ တံဌာနံ၊ ထိုအကြောင်းကို။ ပုစ္ဆိတော၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့၊

ပေးမယ်ပြောတာ ပိုခက်

ထိုအခါ မင်းအား အာယုရအမတ်သည် ထိုအကြောင်းကို ဖြေလိုသည်ဖြစ်၍-

၄၀။ ဂိလေယျ ပုရိသော လောဘာ၊ အသိံ သမ္ပန္နပါယိနံ။
ယော စ ဝဇ္ဇာ ဒဒါမီတိ၊ တံ ဒုက္ကတရံ တတော။
သဗ္ဗညံ သုကရံ ဌာနံ၊ ဧဝံ ဇာနာဟိ မဒ္ဒဝ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၀။ မဒ္ဒဝ၊ မဒ္ဒဝ အနွယ်ဖြစ်သော မင်းကြီး။ ပုရိသော၊ ယောကျ်ားသည်။ လောဘာ၊ လောဘကြောင့်။ သမ္ပန္နပါယိနံ၊ သူတစ်ပါးတို့၏သွေးကို သောက်တတ်သော။ အသိံ၊ သန်လျက်ကို။ ဂိလေယျ၊ မျိုရာ၏။ ယော စ၊ အကြင်သူသည်လည်း။ ဒဒါမီတိ၊ ပေးအံ့ဟူ၍။ ဝဇ္ဇာ၊ ဆိုရာ၏။ တံ၊ ထိုပေးအံ့ဟုဆိုသောစကားသည်။ တတော၊ ထိုသန်လျက်ကို မျိုခြင်းထက်။ ဒုက္ကရတရံ၊ အလွန်ခက်ခဲ၏။ အညံ၊ တစ်ပါးသော။ သဗ္ဗံ၊ အလုံးစုံသော။ ဌာနံ၊ အကြောင်းသည်။ သုကရံ၊ လွယ်၏။ ဧဝံ၊ ဤသို့။ ဇာနာဟိ၊ သိတော်မူလော့။

အာယုရ ပညာရှိ စကားကိုကြား၍ သန် လျက်ကို မျိုခြင်းထက် ဤအမည်ရှိသော ဥစ္စာကို ပေးအံ့ ဟု ဆိုခြင်းသည် ခဲခက်၏။ ငါသည်လည်း ပုရောဟိတ်သားအား မိဖုရားကို ပေးအံ့ဟု ဆို၏။ စင်စစ် ငါသည် အလွန် ခဲခက်သည်ကို ပြုအပ်၏ ဟု စုံစမ်းဆင်ခြင်လျှင် မင်း၏နှလုံး၌ စိုးရိမ်ခြင်းသည် အတန်ငယ် ခေါင်းပါးခြင်းသို့ ရောက်၏။

မင်းသည် ထို့နောင်မှ သူတစ်ပါးအား ဤဥစ္စာကို ပေးအံ့ဟု ဆိုသောစကားထက် အလွန် ခဲခက်သော တစ်ပါးသော အမှု ရှိသေးသလောဟုကြံ၍ ပုက္ကုသ ပညာရှိနှင့် တကွ စကားပြောလိုရကား-

၄၁။ ဗျာကာသိ အယုရော ပဉှံ၊ အတ္ထံ ဓမ္မဿ ကောဝိဒေါ။
ပုက္ကုသံ ဒါနိ ပုစ္ဆာမိ၊ ကိံ ဒုက္ကရတရံ တတော။
ယဒညံ ဒုက္ကရံ ဌာနံ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၄၁။ ဓမ္မဿ၊ တရား၌။ ကောဝိဒေါ၊ လိမ္မာသော။ အာယုရော၊ အာယုရသည်။ ပဉှံ-ပဉှဿ၊ ပြဿနာ၏။ အတ္ထံ၊ အနက်ကို။ ဗျာကာသိ၊ ဖြေ၏။ ဒါနိ၊ ယခု။ ပုက္ကုသံ၊ ပုက္ကုသကို။ ပုစ္ဆာမိ၊ မေးအံ့။ တတော၊ ထိုပေးအံ့ဟုဆိုအပ်သော စကားထက်။ ဒုက္ကရတရံ၊ အလွန်ခဲ့ခက်သော အကြောင်းသည်။ အတ္ထိ ကိံ၊ ရှိသလော။ အညံ၊ တပါးသော။ ဒုက္ကရံ၊ ခဲခက်သော။ ယံ ဌာနံ၊ အကြင် အကြောင်းသည်။ အတ္ထိ၊ ရှိအံ့။ တံ ဌာနံ၊ ထိုအကြောင်းကို။ ပုစ္ဆိတော၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။

အပိုင်ပေးတာ သာပြီးခက်

ထိုအခါ မင်းအားဖြေလိုသည်ဖြစ်၍ ပုက္ကုသ ပညာရှိသည်-

၄၂။ န ဝါစမုပဇီဝန္တိ၊ အဖလံ ဂိရမုဒီရိတံ။
ယော စ ဒတွာ အဝါကယိရာ၊ တံ ဒုက္ကရတရံ တတော။
သဗ္ဗညံ သုကရံ ဌာနံ၊ ဧဝံ ဇာနာဟိ မဒ္ဒဝ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၄၂။ မဒ္ဒဝ၊ မဒ္ဒဝအနွယ်ဖြစ်သော မင်းကြီး။ ယေ၊ အကြင်သူတို့သည်။ အဖလံ၊ အကျိုးမရှိသော ဂိရံ၊ မြွက်အပ်သော။ ဥဒီရိတံ၊ ဆိုအပ်သော။ ဝါစံ၊ စကားကို။ န ဥပဇီဝန္တိ၊ မှီ၍ အ သက်မမွေးကုန်။ ယော စ၊ အကြင်သူသည်လည်း။ ဒတွာ၊ ပေးပြီး၍။ အဝါကယိရာ၊ မတပ်စွန်းရာ။ တံ၊ ထိုပေးခြင်းသည်။ တတော၊ ထိုဥစ္စာကို ပေးအံ့ဟု ဆိုသော စကားထက်။ ဒုက္ကရတရံ၊ အလွန်ခဲခက်၏။ အညံ၊ တစ်ပါးသော။ သဗ္ဗံ၊ အလုံးစုံသော။ ဌာနံ၊ အကြောင်းသည်။ သုကရံ၊ လွယ်၏။ ဧဝံ၊ ဤသို့။ ဇာနာဟိ၊ သိတော်မူလော့။

ထိုစကားကိုကြား၍ ငါသည် ပုရောဟိတ်သားအား မိဖုရားကို ပေးအံ့ဟု ရှေးဦးစွာ ဆိုသည်နှင့်လျော်စွာ မိဖုရားကို ပေး၏။ စင်စစ် ငါသည် အလွန် ခက်ခဲသည်ကို ပြု၏ ဟု ကြံသောမင်းအား စိုးရိမ်ခြင်းသည် အလွန်ခေါင်းပါး၏။

ဘယ်ကိစ္စ ခဲယဉ်းသလဲ

ထို့နောင်မှ သေနက သုခမိန်မှတစ်ပါး အလွန် ပညာရှိသောသူမည်သည် မရှိ၊ ဤပြဿနာကို သေနတသုခမိန်အား မေးအံ့ဟု မင်းအား အကြံသည် ဖြစ်၏။ ထို နောင်မှ သေနကသုခမိန်ကို မေးလိုရကား-

၄၃။ ဗျာကာသိ ပုက္ကုသော ပဉှံ၊ အတ္ထံ ဓမ္မဿ ကောဝိဒေါ။
သေနကံ ဒါနိ ပုစ္ဆာမိ၊ ကိံ ဒုက္ကရတရံ တတော။
ယဒညံ ဒုက္ကရံ ဌာနံ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၄၃။ ဓမ္မဿ၊ တရား၌။ ကောဝိဒေါ၊ လိမ္မာသော။ ပုက္ကုသော၊ ပုက္ကုသသည်။ ပဉှံ-ပဉှဿ၊ ပြဿနာ၏။ အတ္ထံ၊ အနက်ကို။ ဗျာကာသိ၊ ဖြေ၏။ ဒါနိ၊ ယခု။ သေနကံ၊ သေနကကို။ ပုစ္ဆာမိ၊ ငါမေးအံ့။ တတော၊ ထိုသန်လျက်ကိုမျိုခြင်း, ပေးအံ့ဆိုခြင်း, ပေးခြင်းထက်။ ဒုက္ကရတရံ၊ အလွန်ခဲခက်သော အကြောင်းသည်။ အတ္ထိ ကိံ၊ ရှိသလော။ အညံ၊ တစ်ပါးသော။ ဒုက္ကရံ၊ ခက်ခဲသော။ ယံ ဌာနံ၊ အကြင်အကြောင်းသည်။ အတ္ထိ၊ ရှိအံ့။ တံ ဌာနံ၊ ထိုအကြောင်းကို။ ပုစ္ဆိတော၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။

ပေးပြီးမှ နောင်တမဖြစ်စေလင့်

ထိုအခါ မင်းအား ဖြေလိုသည်ဖြစ်၍ သေနကအမတ်သည်-

၄၄။ ဒဒေယျ ပုရိသော ဒါနံ၊ အပ္ပံ ဝါ ယဒိ ဝါ ဗဟုံ။
ယော စ ဒတွာ နာနုတပ္ပေ၊ တံ ဒုက္ကရတရံ တတော။
သဗ္ဗညံ သုကရံ ဌာနံ၊ ဧဝံ ဇာနာဟိ မဒ္ဒဝ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၄။ မဒ္ဒဝ၊ မဒ္ဒဝအနွယ်ဖြစ်သောမင်းကြီး။ ပုရိသော၊ ယောကျ်ားသည်။ အပ္ပံ ဝါ၊ နည်းသည်လည်းဖြစ်သော။ ယဒိ၊ ထိုမြို့။ ဗဟုံ ဝါ၊ များသည်လည်းဖြစ်သော။ ဒါနံ၊ အလှူကို။ ဒဒေယျ၊ လှူရာ၏။ ယော စ၊ အကြင်သူသည်လည်း။ ဒတွာ၊ လှူပြီး၍။ နာနုတပ္ပေ၊ နောင်တ တစ်ဖန် မပူပန်။ တံ၊ ထိုနောင်တတစ်ဖန် မပူပန်ခြင်းသည်။ တတော၊ ထိုပေးခြင်းထက်။ ဒုက္ကရတရံ၊ အလွန်ခဲခက်၏။ အညံ၊ တစ်ပါးသော။ သဗ္ဗံ၊ အလုံးစုံသော။ ဌာနံ၊ အကြောင်းသည်။ သုကရံ၊ လွယ်၏။ ဧဝံ၊ ဤသို့။ ဇာနာဟိ၊ သိတော်မူလော့။

မင်းကြီးရောဂါ ပျောက်လေပြီ

မင်းသည် ဘုရားလောင်း၏စကားကိုကြား၍ “ငါသည် မိမိစိတ်ဖြင့်လျှင် ပုရောဟိတ်သားအား မိဖုရားကိုပေးပြီး၍ မိမိစိတ်ကို ခိုင်စိမ့်သောငှာ မတတ်နိုင်၊ စိုးရိမ်ပင်ပန်း၏။ ငါ့အား ဤသို့ စိုးရိမ်ပင်ပန်းခြင်းသည် မလျောက်ပတ်၊ ထိုမိဖုရားသည် ငါ၌ ချစ်ခြင်းသည် အကယ်၍ဖြစ်အံ့၊ ဤစည်းစိမ်ကို စွန့်၍မပြေးရာ၊ ငါ၌ ချစ်ခြင်းကိုမပြုမူ၍ ပြေးသော မိဖုရားဖြင့် ငါ့အား အဘယ်ပြုအံ့နည်းဟု ကြံသော မင်းအား ပဒုမာရွက်မှ ရေပေါက်ကဲ့သို့ အလုံးစုံသော စိုးရိမ်ခြင်းသည် လျှောကျ၍ကင်း၏။ ထိုခဏ၌လျှင် မင်း၏ ဝမ်းသွေးသွန်ခြင်းသည် ရပ်၏။ မင်းသည် ရောဂါမရှိ ချမ်းသာသည်ဖြစ်၍ ဘုရားလောင်းအား ချီးမွမ်းလိုသည်ဖြစ်၍-

၄၅။ ဗျာကာသိ အယုရော ပဉှံ၊ အထော ပုက္ကုသ ပေါရိသော။
သဗ္ဗေ ပဉှေ အတိဘောတိ၊ ယထာ ဘာသတိ သေနကော။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

၄၅။ အာယုရော၊ အာယုရ အမတ်သည်။ ပဉှံ၊ ပြဿနာကို။ ဗျာကာသိ၊ ဖြေ၏။ အထော၊ ထို့နောင်မှ။ ပုက္ကုသပေါရိသော၊ ပုက္ကုသယောက်ျားသည်။ ပဉှံ၊ ပြဿနာကို။ ဗျာကာသိ၊ ဖြေ၏။ ဘာသိတော၊ သေနကပညာရှိဆိုသောစကားသည်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ပဉှေ၊ ပြဿနာတို့ကို။ အတိဘောတိ၊ လွှမ်းမိုး၍တည်၏။ ယထာ၊ အကြင်အခြင်းဖြင့်။ သေနကော၊ သေနက ပညာရှိသည်။ ဘာသတိ၊ ဆို၏။ တထေဝ၊ ထိုအခြင်းဖြင့်လျှင်။ ဟောတိ၊ ဖြစ်၏။

ဘုရားလောင်းအား ဤဂါထာဖြင့် ချီးမွမ်း၍ နှစ်သက်သည် ဖြစ်၍ များစွာသော ဥစ္စာကို ပေး၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ထိုရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းဆောင်မူသနည်း ဟူမူကား- ယခုအခါ မယားဟောင်းသည် ထိုအခါ မိဖုရားကြီး ဖြစ်ပြီ။ ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ မင်းဖြစ်ပြီ၊ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ အာယုရ ပညာရှိဖြစ်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ပုက္ကုသပညာရှိ ဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သေနက ပညာရှိဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

စိတ်ကြောင့်ဖြစ်လာ၊ ထိုရောဂါ၊ ကုပါ စိတ်နှင့်ပင်

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ပဏ္ဏကဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ကုက္ကုဝဂ်

၇။ သတ္တုဘသ္တဇာတ်

သူတစ်ပါး၏အသက်ကို ပညာဖြင့် ကယ်ဆယ်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝိဗ္ဘန္တ စိတ္တော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသတ္တုဘသ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပညာပါရမီကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် မဟာဥမင်္ဂဇာတ်၌ ထင်ရှားစွာဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလေ၏။

သေနကအမတ်

ထိုအခါ ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်းအား သေနက သတို့သားဟူသော အမည်ကို မှည့်ကြကုန်၏။ ထိုသေနက သတို့သားသည် အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသောအတတ်တို့ကို သင်၍ ဗာရာဏသီပြည်သို့ တဖန်ပြန်၍ မင်းကို ဖူးမြင်၏။ မင်းသည် သေနက သတို့သားကို အမတ် အရာ၌ထား၏။ ထိုသေနက အမတ်အား ကြီးစွာသော စည်းစိမ်ကို ပေး၏။ ထိုသေနက အမတ်သည် မင်းအား အကျိုးအကြောင်းကို ဆုံးမ၏။ သာယာသော စကားရှိ၏။ ဓမ္မကထိက ဖြစ်၍ မင်းကို ပဉ္စသီတို့၌တည်စေ၍ အလှူပေးခြင်း၌လည်းကောင်း, ဥပုသ်ဆောက်တည်ခြင်း၌ လည်းကောင်း၊ ဆယ်ပါးသော ကုသလ ကမ္မပထတို့၌လည်းကောင်း ဤသို့ ကောင်းသော အကျင့်၌ တည်စေ၏။ တိုင်းအလုံး၌ ဘုရားပွင့်သော ကာလကဲ့သို့ ဖြစ်၏။ ပက္ခနေ့တို့၌ မင်းသည်လည်းကောင်း အိမ်ရှေ့မင်း အစရှိသော ခပ်သိမ်း သော မင်းတို့သည်လည်းကောင်း စည်းဝေစေ၍ တရားသဘင်ကို စီရင်ကုန်၏။ ဘုရားလောင်းသည် စီရင်အပ်သော တရားသဘင်ဝယ် ရတနာပလ္လင်ထက်၌ နေ၍ ဘုရာကဲ့သို့သော တင့် တယ်ခြင်းဖြင့် တရားဟော၏။ ဘုရားလောင်း၏ တရားစကားသည် သဗ္ဗညူ ဘုရားတို့၏ တရားစကားနှင့်တူ၏။

မယားလင်ငယ်နေ

ထိုအခါ တစ်ယောက်သော ပုဏ္ဏားအိုသည် ဥစ္စာကို အလှူခံသွားသည်ရှိသော် ဥစ္စာတစ်ထောင်ကိုရ၍ တစ်ဦးသော ပုဏ္ဏားမျိုး၌ အပ်ထား၍ တစ်ဖန် အလှူခံသွားအံ့ ဟု သွား၏။ ထိုပုဏ္ဏားကြီး သွားသောကာလ၌ ထိုပုဏ္ဏားသည် အသပြာတို့ကို သုံးဆောင်၏။ ထိုပုဏ္ဏားကြီးသည် လာလတ်၍ အသပြာတို့ကို ဆောင်စေ၏။ ပုဏ္ဏားသည် အသပြာတို့ကို ပေးအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ မိမိတို့သမီးကို ပုဏ္ဏားကြီး ခြေရင်း၌ အလုပ်အကျွေးပြု၍ ပေး၏။ ပုဏ္ဏားကြီးသည် ထိုသူတို့၏သမီးကိုယူ၍ ဗာရာဏသီပြည်မှ အနီးဖြစ်သော တစ်ခုသော ပုဏ္ဏားရွာ၌ နေ၏။ ထိုအခါ ပုဏ္ဏားကြီး၏ မယားသည် ငယ်သည်၏ အဖြစ်ကြောင့် ကာမတို့၌ မရောင့်ရဲသည်ဖြစ်၍ တစ်ယောက်သော ပုဏ္ဏားနှင့်တကွ လွန်ကျူးသော အကျင့်ကို ကျင့်၏။

မရောင့်ရဲသော ပုဂ္ဂိုလ် ၁၆-ဦး

မရောင့်ရဲသော ဝတ္ထုတို့မည်သည်ကား တစ်ဆယ့်ခြောက်ပါးတို့တည်း၊ တစ်ဆယ့်ခြောက်ပါးဟူသည် အဘယ်နည်းဟူမူကား-

၁။ မုဒ္ဒရာသည် ခပ်သိမ်းသော မြစ်ရေတို့ဖြင့် မရောင့်ရဲခြင်း။

၂။ မီးသည် မီးစာဖြင့် မရောင့်ရဲခြင်း၊

၃။ မင်းသည် တိုင်းပြည်ဖြင့် မရောင့်ရဲခြင်း၊

၄။ မိုက်သောသူသည် ယုတ်မာသောအကျင့်ဖြင့် မရောင့်ရဲခြင်း၊

၅။ မိန်းမသည် မေထုန်အကျင့်ဖြင့် လည်းကောင်း, တန်ဆာဆင်ခြင်းဖြင့် လည်းကောင်း, သားဖွားခြင်းဖြင့်လည်းကောင်း မရောင့်ရဲခြင်း၊

၆။ ပုဏ္ဏားသည် ဗေဒင်ဖြင့် မရောင့်ရဲခြင်း၊

၇။ ဈာန်ရပုဂ္ဂိုလ်သည် သမာပတ်ဖြင့် မရောင့်ရဲခြင်း၊

၈။ သေက္ခပုဂ္ဂိုလ်သည် နိဗ္ဗာန်ဖြင့် မရောင့်ရဲခြင်း၊

၉။ အလိုနည်းသပုဂ္ဂိုလ်သည် ဓုတင်ကျေးဇူးဖြင့် မရောင့်ရဲခြင်း၊

၁၀။ အားထုတ်ခြင်း လုံလရှိသော ပုဂ္ဂိုလ်သည် လုံလဖြင့်မရောင့်ရဲခြင်း၊

၁၁။ တရားဟေးပုဂ္ဂိုလ်သည် ဆွေးနွေးခြင်းဖြင့် မရောင့်ရဲခြင်း၊

၁၂။ ရဲရင့်သော ပုဂ္ဂိုလ်သည် ပရိသတ်ဖြင့် မရောင့်ရဲခြင်း၊

၁၃။ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်သည် သံဃာကို လုပ်ကျွေးခြင်းဖြင့် မရောင့်ရဲခြင်း၊

၁၄။ အလှူပေးတတ်သော ပုဂ္ဂိုလ်သည် စွန့်ကြဲခြင်းဖြင့် မရောင့်ရဲခြင်း၊

၁၅။ ပညာရှိသော ပုဂ္ဂိုလ်သည် တရားနာခြင်းဖြင့် မရောင့်ရဲခြင်း၊

၁၆။ လေးပါးကုန်သော ပရိသတ်တို့သည် မြတ်ဘုရားကိုဖူးမြင်ခြင်းဖြင့် မရောင့်ရဲခြင်း၊

ဤတစ်ဆယ့်ခြောက်ပါးတို့တည်း။

ပုဏ္ဏားကြီး ကျွန်ရှာသွား

ထိုပုဏ္ဏေးမငယ်သည်လည်း မေထုန်အကျင့်ဖြင့် မရောင့်ရဲသည်ဖြစ်၍ ထိုပုဏ္ဏားကြီးကို ထုတ်၍ လွတ်လွတ် ယုတ်မာသောအကျင့်ကို ကျင့်လိုသည်ဖြစ်၍ တစ်နေ့သ၌ မျက်နှာမသာသဖြင့် အိပ်သည်ရှိသော် ရှင်မ အဘယ်နည်း ဟု မေးလတ်၍ ပုဏ္ဏား ငါသည် သင့်အိမ်၌ အမှုကို ပြုအံ့သောငှာ မတတ်နိုင်၊ ကျွန်မိန်းမ ကျွန်ယောက်ျားကို ဆောင်ချေလော့ ဟု ဆို၏။ ရှင်မ ငါ့အား ဥစ္စာသည် မရှိ၊ အဘယ်ကိုပေး၍ ဆောင်ရအံ့နည်းဟု ဆို၏။ အလှူခံလှည့်လည်၍ ဥစ္စာကိုရှာ၍ ဆောင်ခဲ့လော့ ဟု ဆို၏။ ရှင်မ ထိုသို့တပြီးကား ငါ့ဖို့ ရိက္ခာကို ဖွဲ့စီရင်လော့ဟု ဆို၏။ ပုဏ္ဏေးမသည် ပုဏ္ဏားအို၏ သားရေအိတ်၌ အဆုပ်ဖွဲ့အပ်သော မုန့်တို့ဖြင့်လည်းကောင်း၊ အဆုပ်မဖွဲ့အပ်သော မုန့်တို့ဖြင့် လည်းကောင်း ပြည့်စေ၍ ပေး၏။ ပုဏ္ဏားသည် ရွာ, နိဂုံး မင်းနေပြည်တို့၌ လှည့်လည်သည်ရှိသော် အသပြာ ခုနစ်ရာတို့ကိုရ၍ ဤမျှသော ဥစ္စာသည် ကျွန်မိန်းမ ကျွန်ယောကျ်ားအဖို့ လောက်ပြီ ဟု ပြန်၍ မိမိရွာသို့ လာလတ်သော် တစ်ခုသော ရေချမ်းသာရာအရပ်၌ အိတ်ကိုဖြေ၍ မုန့်ကိုစားပြီးလျှင် အိတ်ကိုမဖွဲ့မူ၍ ရေသောက်အံ့သောငှာ သက်၏။

သင်နှင့်မယား သေလိမ့်မည်

ထိုအခါ တစ်ခုသော သစ်ပင်ခေါင်း၌ မြွေ ဟောက်သည် မုန့်နံ့ နံ၍ အိတ်၌ဝင်၍ ခွေလျက် မုန့်ကိုစားလျက် အိပ်၏။ ပုဏ္ဏားသည် လာ၍ အိတ်၏အတွင်းကို မကြညှိမူ၍လျင် အိတိကိုဖွဲ့၍ ပခုံး၌ထား၍ သွား၏။ တစ်ခုသော သစ်ပင်၌ ရုက္ခစိုးနတ်သည် သစ်ခွ၌တည်၍ ပုဏ္ဏား... ခရီးအကြား၌ အကယ်၍နေအံ့၊ သင်သည် သေလတ္တံ့၊ ယနေ့ အိမ်သို့ ရောက်အောင်သွားအံ့၊ မယား သေလတ္တံ့ဟု ဆို၍ ကွယ်၏။

ပုဏ္ဏားကြီး တရားနာလိုက်သွား

ထိုပုဏ္ဏားသည် ကြည့်လတ်သော် နတ်ကိုမမြင်မူ၍ ကြောက်သည်ဖြစ်၍ သေဘေးဖြင့် ထိတ်လန့်သည်ဖြစ်၍ ငို ကြွေးလျက် ဗာရာဏသီပြည် တံခါးသို့ ရောက်၏။ ထိုအခါ၌လည်း ပန္နရသီဥပုသ်နေ့သည်ဖြစ်၏။ တန်ဆာဆင်အပ်သော တရားဟောပလ္လင်၌နေ၍ တရားဟောအပ်သော သေနက သုခမိန်ထံ၌ တရားနာခြင်းငှာ သွားသောသူတို့ကိုမြင်၍ အဘယ်သို့ သွားကြကုန်အံ့နည်းဟု မေး၍ ပုဏ္ဏား... ယနေ့ သေနက ပညာရှိသည် သာယာသော အသံဖြင့် ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် တရားဟော၏။ သင်သည် မသိသလောဟု ဆိုသည်ရှိသော် ပုဏ္ဏားလည်း ပညာရှိသည် တရားဟောသ တတ်၊ ငါသည်လည်း သေဘေးဖြင့် ထိတ်လန့်၏။ ပညာရှိတို့သည်ကား ကြီးစွာသော စိုးရိမ်ခြင်းကို ပယ်အံ့သောငှာ တတ်နိုင်၏။ ငါသည် ထိုပညာရှိအထံသို့ သွား၍ တရားနာအံ့သောငှာ သင့်၏ဟု ကြံ၏။ ကြံပြီး၍ ပုဏ္ဏားသည် ထိုသူတို့နှင့်တကွ ပညာရှိအထံသို့သွား၍ ဘုရားအလောင်းကို ခြံရံ၍နေသော မင်းနှင့်တကွသော ပရိသတ်အစွန်း၌ ပခုံး၌ အိတ်ကို လွယ်လျက် တရား ဟောပလ္လင်အနီး၌ သေဘေးဖြင့် ထိတ်လန့်သည် ဖြစ်၍ ငိုလျက်ရပ်၏။ ဘုရားလောင်းသည် ရေတံခွန်ကျသကဲ့သို့ တရားကိုဟော၏။ လူများသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်လျက် ကောင်းချီးပေး၍ တရားကို နာ၏။

ဘာဖြစ်လို့

ပညာရှိတို့မည်သည် အရပ်လေးမျက်နှာတို့ကို ဖွင့်၍ ထက်ဝန်းကျင်မှ ပရိသတ်ကို ကြည့်မြဲဖြစ်၍ ကြည့်လတ်သော် ထိုပုဏ္ဏားကိုမြင်၍ ဤမျှ အတိုင်းအရှည်ရှိကုန်သော ပရိသတ်တို့သည် ဖြစ်သော ဝမ်းမြောက်ခြင်းရှိကုန်၍ ကောင်းချီး ပေးကုန်၍ တရားကို နာကုန်၏။ တစ်ယောက်သော ဤပုဏ္ဏားသည် နှလုံးမသာယာခြင်းသို့ ရောက် သည်ဖြစ်၍ ငို၏။ ဤပုဏ္ဏား၏ ကိုယ်တွင်း၌ မျက်ရည်ကိုဖြစ်စေခြင်းငှာ စွမ်းနိုင်သော စိုးရိမ်ခြင်းသည် ဖြစ်ရာ၏။ ကြေးနီ၏ အညစ် အကြေးကို ချဉ်ဖြင့် ပယ်ပစ်သကဲ့သို့လည်းကောင်း၊ ပဒုမာရွက်မှ ရေပေါက်ကို ကျစေဘိသကဲ့သို့လည်းကောင်း၊ ထို့အတူသောကကိုနစ်စေ၍ သောကမရှိ နှစ်သက်သောစိတ် ရှိသည်ကိုပြု၍ တရားဟောအံ့ ဟု ထိုပုဏ္ဏားကိုခေါ်၍ ပုဏ္ဏား... သေနက ပညာရှိမည်သည် ငါပင်တည်း၊ ယခု သင့်အား စိုးရိမ်ခြင်း မရှိသည်ကို ပြုအံ့၊ ရွံရှာခြင်းကင်းသည်ဖြစ်၍ ဆိုလော့ ဟု ပုဏ္ဏားနှင့်တကွ စကားပြောလိုရကား-

၄၆။ ဝိဗ္ဘန္တစိတ္တော ကုပိတိန္ဒြိယောသိ၊
နေတ္တေဟိ တေ ဝါရိဂဏာ သဝန္တိ။
ကိန္တေ နဋ္ဌံ ကိံ ပန ပတ္ထယာနော၊
ဣဓာဂမာ ဗြာဟ္မေ တဒိင်္ဃ ဗြူဟိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၄၆။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တံ၊ သင့်ကို။ ဣင်္ဃ၊ ငါတိုက်တွန်း၏။ တွံ၊ သင်သည်။ ဝိဗ္ဘန္တစိတ္တော၊ မတည်မတံ့ တုန်လှုပ်သော စိတ်ရှိသည်။ အသိ၊ ဖြစ်၏။ ကုပိတိန္ဒြိယော၊ ပျက်သောမျက်စိ ဣန္ဒြေရှိသည်။ အသိ၊ ဖြစ်၏။ တေ၊ သင်၏။ နေတ္တေဟိ၊ မျက်စိတို့မှ။ ဝါရိဂဏာ၊ မျက်ရည်ပေါက်တို့သည်။ သဝန္တိ၊ ယိုကုန်၏ တေ၊ သင့်အား။ ကိံ၊ အဘယ်ဥစ္စာသည်။ နဋ္ဌံ၊ ပျောက်သည်ဖြစ်၍။ ကိံ၊ အဘယ်ကို။ ပတ္ထယာနော၊ တောင့်တသည်ဖြစ်၍။ ဣဓ၊ ဤအရပ်သို့။ အာဂမာ၊ လာသနည်း။ ဗြူဟိ၊ ဆိုလော့။

နတ်က သေမည်ဆိုလို့

ထိုအခါ ဘုရားလောင်းအား မိမိ၏ စိုးရိမ်ခြင်း၏ အကြောင်းကို ဆိုလိုသည်ဖြစ်၍ ပုဏ္ဏားသည်-

၄၇။ မိယျေထ ဘရိယာ ဝဇတော မမဇ္ဇ၊
အဂစ္ဆတော မရဏမာဟ ယက္ခော
ဧတေန ဒုက္ခေန ပဝေဓိတောသ္မိ။
အက္ခာဟိ မေ သေနက ဧတမတ္ထံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၆။ ဗြာဟ္မဏ၊ ပုဏ္ဏား။ အဇ္ဇ၊ ယနေ့။ ဥဘော၊ နှစ်ယောက်ကုန်သော။ တုမှေ၊ သင်တို့သည်။ မိယျေထ၊ သေကုန်ရာ၏။ ဝဇတော၊ အိမ်သို့သွားသည်ရှိသော်။ ဘရိယာ၊ မယား၏။ မရဏံ၊ သေခြင်းသည်။ ဟောတိ၊ ဖြစ်အံ့။ အဂစ္ဆတော၊ မသွားသည်ရှိသော်။ မမ၊ ငါ၏။ မရဏံ၊ သေခြင်းသည်။ ဟောတိ၊ ဖြစ်အံ့။ ဣတိ၊ ဤသို့။ ယက္ခော၊ ရုက္ခစိုး နတ်သည်။ အာဟ၊ ဆို၏။ အဟံ၊ ငါသည်။ တေန ဒုက္ခေန၊ ထိုဆင်းရဲဖြင့်။ ပဝေဓိတော၊ တုန်လှုပ်သည်။ အသ္မိ၊ ဖြစ်၏။ သေနက၊ သေနကပညာရှိ။ မေ၊ ငါ့အား။ ဧတမတ္ထံ၊ ထို အကြောင်းကို။ အက္ခာဟိ၊ ကြားလော့။

သေနကအမတ် စဉ်းစားပုံ

ဘုရားလောင်းသည် ပုဏ္ဏား၏စကားကို ကြား၍ သမုဒ္ဒရာ၏ အထက်၌ ကွန်ရက်ကို။ ဖြန့်သကဲ့သို့ ဉာဏ်ကွန်ရက်ကို ဖြန့်၍ သတ္တဝါတို့အား သေခြင်း၏အကြောင်းသည် များကုန်၏။ သမုဒ္ဒရာ၌ ငုပ်ကုန်သော သူတို့သည်လည်း သေရကုန်၏။ ထိုသမုဒ္ဒရာ၌ ငါးရဲတို့သည် ဖမ်းအပ်သည်၏ အဖြစ်ကြောင့်လည်း သေရကုန်၏။ ထိုဂင်္ဂါ၌ ကူးကုန်၍လည်း သေရကုန်၏။ ထိုဂင်္ဂါ၌ မိကျောင်းသည် ဖမ်းအပ်သည်၏ အဖြစ်ကြောင့်လည်း သေရကုန်၏။ သစ်ပင်မှကျ၍လည်း သေရကုန်၏။ ဆူးစူး၍လည်းကောင်း, အထူး ထူးသော လက်နက်တို့ဖြင့် သတ်ပုတ်အပ်သည်ဖြစ်၍ လည်းကောင်း၊ အဆိပ်ကိုစား၍ လည်းကောင်း, သေဆွဲမူ၍လည်းကောင်း, ကမ်းပါးပြတ်မှကျ၍ လည်းကောင်း၊ အချမ်းအစရှိကုန်သော အထူးထူး အပြားပြားကုန်သော ရော ဂါတို့သည် နှိပ်စက်အပ်ကုန်သည် ဖြစ်၍ လည်းကောင်း၊ သေရကုန်သလျှင်ကတည်း၊ ဤသို့ များစွာကုန်သော သေခြင်းတို့တွင် အဘယ်အကြောင်းကြောင့် ယနေ့ ဤပုဏ္ဏားသည် ခရီးအကြား၌ နေသည်ရှိသော် မိမိသေလတ္တံ့နည်း၊ အိမ်သို့သွားသည်ရှိသော် မသေအံ့နည်း ဟု ကြံ၏။ ကြံစဉ်လျှင် ပုဏ္ဏား၏ပခုံး၌ အိတ်ကိုမြင်၍ ဤအိတ်၌ တစ်ခုသောမြွေသည် ဝင်သည်ဖြစ်လတ္တံ့၊ ပုဏ္ဏားသည်လည်း ရေသောက်၍ လာသည်ရှိသော် မြွေဝင်သည်၏အဖြစ်ကို မသိ၍ အိတ်ကိုဖွဲ့၍ ယူ သွားသည် ဖြစ်လတ္တံ့၊ မိမိသည် ခရီးအကြား၌ နေလတ်သော် အိတ်၌ မုန့်ကိုစားအံ့ဟု အိတ်ကိုဖြေ၍ လက်ကိုသွင်းလတ္တံ့၊ ထိုအခါ ပုဏ္ဏားကို မြွေသည် လက်ကိုကိုက်၍ အသက်ကုန်ခြင်းသို့ ရောက်စေလတ္တံ့၊ ဤအကြောင်းသည်ကား ခရီးအကြား၌နေသော ပုဏ္ဏားသေခြင်း၏ အကြောင်းတည်း။ အနမ်သို့ အကယ်၍ သွားငြားအံ့၊ အိတ်သည် မယားလက်သို့ ရောက်လတ္တံ့၊ မယားသည် အိတ်တွင်း၌ ဥစ္စာကို ကြည့်အံ့ဟု အိတ်ကိုဖြေ၍ လက်ကိုသွင်းလတ္တံ့၊ ထိုအခါ ထိုပုဏ္ဏေးမကို မြွေသည် အသက်ကုန်ခြင်းသို့ ရောက်စေလတ္တံ့၊ ဤအကြောင်းသည်ကား ယနေ့ ပုဏ္ဏားအိမ်သို့ ရောက်သည်ရှိသော် မယားသေခြင်း၏ အကြောင်းတည်းဟု အကြောင်းဥပါယ်၌ လိမ္မာသော ဉာဏ်ဖြင့်လျှင် သိ၏။ ထိုအခါ ဘုရားလောင်းအား ဤမြွေဟောက်သည် ရဲရင့်သည် ကြောက်ခြင်းမရှိသည် ဖြစ်ရာ၏။ ဤမြွေသည် နံပါးကြီးကို

ထိခိုက်သော်လည်း အိတ်၌ မိမိ၏ စဉ်းငယ်လှုပ်ခြင်းကိုမျှ မပြု၊ ဤသို့သဘောရှိသော ပရိသတ်၏ အလယ်၌ မိမိရှိသည်၏အဖြစ်ကို မပြ၊ ထို့ကြောင့် ဤမြွေသည် ရဲရင့်သည်။ ကြောက်ခြင်းမရှိသည်ဖြစ်ရာ၏ ဟု ကြံ၏။

သင့်အိတ်ထဲ မြွေရှိနေပြီ

ကြံပြီး၍ ဘုရားလောင်းသည် ဥပါယ်၌ လိမ္မာသော ဉာဏ်ဖြင့်လျှင် ဒိဗ္ဗစက္ခုဖြင့် မြင်သကဲ့သို့ ဤမြွေကိုသိ၍ ဤသို့ မင်းနှင့်တကွသော ပရိသတ်၏ အလယ်၌ အိတ်သို့ဝင်သောမြွေကို မြင်၍ တည်သောယောကျ်ားကဲ့သို့ ဘုရားလောင်းသည် အကြောင်းဥပါယ်၌ လိမ္မာသော ဉာဏ်ဖြင့်လျှင် ပိုင်းခြား၍ ပုဏ္ဏား၏ပြဿနာကို ဖြေလိုရကား-

၄၈။ ဗဟူနိ ဌာနာနိ ဝိစိန္တယိတွာ၊
ယမေတ္ထ ဝက္ခာမိ တဒေဝ သစ္စံ။
မညာမိ တေ ဗြာဟ္မဏ သတ္တုဘသ္တံဖ
အဇာနတော ကဏှသပ္ပေါ ပဝိဋ္ဌော။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၄၈။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဗဟူနိ၊ များစွာကုန်သော။ ဌာနာနိ၊ အကြောင်းတို့ကို။ ဝိစိန္တယိတွာ၊ ကြံ၍။ ဧတ္ထ၊ ဤအကြောင်းတို့တွင်။ ယံ၊ အကြင်အကြောင်းကို။ အဟံ၊ ငါသည်။ ဝက္ခာမိ၊ ဆိုအံ့။ တဒေဝ၊ ထိုငါဆိုသော အကြောင်းသည်လျှင်။ သစ္စံ၊ မှန်၏ဟူ၍။ မညာမိ၊ အောက်မေ့၏။ အဇာနတော၊ မသိစဉ်။ တေ၊ သင်၏။ သတ္တုဘသ္တံ၊ မုန့်အိတ်သို့။ ကဏှသပ္ပေါ၊ မြွေဟောက်သည်။ ပဝိဋ္ဌော၊ ဝင်၏ဟူ၍။ မညာမိ၊ အောက်မေ့၏။

ဤသို့ဆိုပြီးလျှင် ပုဏ္ဏား... သင့်အိတ်၌ မုန့်ရှိသလော မေး၏။ ပညာရှိ ရှိ၏ ယနေ့နံနက်စာ စားသောအခါ၌ မုန့်ကိုစားသလော ဟု မေး၏။ ပညာရှိ စား၏ဟု ဆို၏။ အဘယ်အရပ်၌နေ၍ စားသနည်း ဟု မေး၏။ ပညာရှိ... တော၌ သစ်ပင်ရင်း၌နေ၍ စား၏ဟု ဆို၏။ ပုဏ္ဏား မုန့်စားပြီး၍ ရေသောက်သွားသည်ရှိသော် အိတ်ဝကို ဖွဲ့သလော၊ မဖွဲ့သလော ဟု မေး၏။ ပညာရှိ... မဖွဲ့မိ ဟု ဆို၏။ ရေသောက်၍ လာလတ်သော် အိတ်ကို ကြည့်၍ ဖွဲ့၏လော” ဟု မေး၏။ ပညာရှိ မကြည့်မူ၍ ဖွဲ့၏ ဟု ဆို၏။ ပုဏ္ဏား သင် ရေသောက်သွားသော ကာလ၌ မသိစဉ်လျှင် မုန့်နံ့နံခြင်းကြောင့် အိတ်တွင်းသို့ မြွေဝင်နေသည် ဟု ငါထင်၏။

အိတ်ကိုဖွင့်၍မြွေကိုရှာ

ဤအရာ၌ ထိုထင်ခြင်းသည်ကား မှန်၏။ ထို့ကြောင့် အိတ်ကိုချ၍ ပရိသတ်တို့၏ အလယ်၌ထား၍ အိတ်ဝကို ဖြေ၍ ဖဲ၍ တည်စေလျက် တစ်ခုသော လှံကန်ကိုကိုင်၍ အိတ်ကို ပုတ်ခတ်လော့၊ ထို့နောင်မှ ပါးပျဉ်းထောင်၍ ရှူးရှူးဟူသော အသုံပြု၍ ထွက်သော မြွေ ဟောက်ကိုမြင်၍ ယုံမှားကင်းသည် ဖြစ်လတ္တံ့-

၄၉။ အာဒါယ ဒဏ္ဍံ ပရိသုမ္ဘ ဘသ္တံ၊ ပဿေဠမူဂံ ဥရဂံ ဒုဇိဝှံ။
ဆိန္ဒဇ္ဇ ကင်္ခံ ဝိစိကိစ္ဆိတာနိ၊ ဘုဇင်္ဂမံ ပဿ ပမုဉ္စ ဘသ္တံ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၄၉။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဒဏ္ဍံ၊ လှံကန်ကို။ အာဒါယ၊ ကိုင်၍။ ဘသ္တံ၊ မုန့်အိတ်ကို။ ပရိသုမ္ဘ၊ ပုတ် ခတ်လော့။ ဧဠမူဂံ၊ တံတွေးထွေးသော ခံတွင်းရှိသော။ ပ။ ဒုဇိဝှံ၊ လျှာနှစ်ခွရှိသော။ ဥရဂံ၊ မြွေကို။ ပဿ၊ ရှုလော့။ အဇ္ဇ၊ ယနေ့။ ကင်္ခံ၊ ယုံမှားခြင်းကို။ ဝိစိကိစ္ဆိတာနိ၊ အဖန်တလဲလဲသော ယုံမှားခြင်းတို့ကို။ ဆိန္ဒ၊ ဖြတ်လော့။ ဘသ္တံ၊ မုန့်အိတ်ကို။ ပမုဉ္စ၊ ဖြေလော့။ ဘုဇင်္ဂမံ၊ မြွေကို။ ပဿ၊ ရှုလော့။

မြွေဟောက်ထွက်လာပြီ

ပုဏ္ဏားသည် ဘုရားလောင်း၏ စကားကိုကြား၍ ထိတ် လန့်ခြင်းသို့ ရောက်၍ ဘုရားလောင်းဆိုတိုင်း ပြု၏။ မြွေသည်လည်း အိတ်ကို လှံကန်ဖြင့် ခတ်သည်ရှိသော် အိတ်ဝမှထွက်၍ လူများကို ကြည့်လျက် တည်၏။ ထိုအကြောင်းကို ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၅၀။ သံဝိဂ္ဂရူပေါ ပရိသာယ မဇ္ဈေ၊
သော ဗြာဟ္မဏော သတ္တုဘသ္တံ ပမုဉ္စိ။
အထ နိက္ခမိ ဥရဂေါ ဥဂ္ဂတေဇော၊
အာသီဝိသော သပ္ပေါ ဖဏံ ကရိတွာ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဟောတော်မူ၏။

၅၀။ ဘိက္ခဝေ၊ ရဟန်းတို့။ သံဝိဂ္ဂရူပေါ၊ ထိတ်လန့်သော သဘောရှိသော။ သော ဗြာဟ္မဏော၊ ထိုပုဏ္ဏားသည်။ ပရိသာယ မဇ္ဈေ၊ ပရိသတ်၏ အလယ်၌။ သတ္တု ဘသ္တံ၊ မုန့်အိတ်ကို။ ပမုဉ္စိ၊ ဖြေ၏။ အထ၊ ထိုအခါ၌။ ဥရဂေါ၊ ရင်ဖြင့် သွားတတ်သော။ ဥဂ္ဂတေဇော၊ ထက်သာတန်ခိုးရှိသော။ အာသီဝိသော၊ လျင်သော အဆိပ်ရှိသော။ သပ္ပေါ၊ မြွေသည်။ ဖဏံ၊ ပါးပျဉ်းကို။ ကရိတွာ၊ ထောင်၍။ နိက္ခမိ၊ ထွက်၏။

ပညာစွမ်းအင်

ပါးပျဉ်းကိုထောင်၍ မြွေထွက်သောကာလ၌ ဘုရားလောင်း၏ ဖြေခြင်းသည် သဗ္ဗညူ မြတ်စွာဘုရား၏ ဖြေခြင်းကဲ့သို့ ဖြစ်၏ဟု ဘုရားလောင်းအား လူများသည် ပုဆိုး ဦးရစ်ပစ်ခြင်း အထောင်တို့ကို ဖြစ်စေ၏။ လက်ချောင်း ခါခြင်း အထောင်တို့ကိုလည်း ခါကုန်၏။ တခဲနက်သော မိုးသည်ရွာသကဲ့သို့ ရတနာ ခုနှစ်ပါးမိုးသည် ရွာ၏။ ကောင်းချီးပေးခြင်း အထောင်တို့သည်ဖြစ်ကုန်၏။ မြေကြီးကွဲသော အသံကဲ့သို့ ဖြစ်၏။ ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် ဤပြဿနာကို ဖြေခြင်းမည်သည်ကား အမျိုး၏ အစွမ်းလည်းမဟုတ်၊ အနွယ်အဆက်၏ အစွမ်းလည်းမဟုတ်၊ ဤပြဿနာကို ဖြေခြင်းသည် အဘယ် အစွမ်းနည်းဟူမူကား ပညာ၏ အစွမ်းတည်း။ ထိုစကားသည် မှန်၏။ ပညရှိသောယောက်ျားသည် ဝိပဿနာကို ပွားစေ၍ အရိယမဂ်တံခါးကိုဖွင့်၍ အမြိုက်နိဗ္ဗာန်သို့ ဝင်၏။ သာဝကပါရမီဉာဏ် ပစ္စေကဗောဓိဉာဏ် သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၌ သိ၏။ အမြိုက်နိဗ္ဗာန်သို့ ရောက်စေတတ်ကုန်သော တရားတို့တွင် ပညာသည်လျှင် မြတ်၏။ ကြွင်းကုန်သောတရားတို့သည် ပညာ၏အခြံအရံတို့သည်သာလျှင်ဖြစ်ကုန်၏။ ထို့ကြောင့်-

ပညာဟိ သေဋ္ဌာ ကုသလာ ဝဒန္တိ၊ နက္ခတ္တရာဇာရိဝ တာရကာနံ။

သီလံ သိရီစာပိ သတဉ္စ ဓမ္မော၊ အနွာယိကာ ပညဝတော ဘဝန္တိ

ဟူသော ဤဂါထာကို ဟောတော်မူ၏။

ဤသို့ ဘုရားလောင်း ပြဿနာကို ဖြေသည်ရှိသော် တစ်ယောက်သော အလမ္ပာယ်သည် မြွေ၏ခံတွင်းကို ဖွဲ့ခြင်းကိုပြု၍ မြွေကိုယူ၍ တော၌လွှတ်၏။ ပုဏ္ဏားသည် မင်းသို့ကပ်၍ အောင်စေသတည်း ဟု လက်အုပ်ချီ၍

မင်းအား ချီးမွမ်းခြင်းကို ပြုလိုရကား-

၅၁။ သုလဒ္ဓလာဘော ဇနကဿ ရညော
ယော ပဿတီ သေနကံ သာဓုပညံ။

ဟူသော ထက်ဝက်သော ဤဂါထာကို ဆို၏။

၅၁။ ယော၊ အကြင်ဇနကမင်းသည်။ သာဓုပညံ၊ ကောင်းသော ပညာရှိသော။ သေနကံ၊ သေနကအမတ်ကို။ ပသတိ၊ ဖူးမြင်ရ၏။ ဇနကဿ၊ ဇနကမည်သော။ တဿ ရညော၊ ထိုမင်း၏။ လာဘော၊ ပညာရှိအား ဖူးမြင်ခြင်းကို ရခြင်းသည်။ သုလဒ္ဓလာဘော၊ ကောင်းသောရခြင်းမည်၏။

ပုဏ္ဏားကြီး ကန်တော့ခြင်း

ပုဏ္ဏားသည် မင်းအား ချီးမွမ်းပြီး၍ အိတ်မှ အသပြာ ခုနစ်ရာတို့ကိုယူ၍ ဘုရားလောင်းအား ချီးမွမ်း၍ နှစ်သက်သော ပေးကမ်းခြင်းကို ပေးလိုရကား-

၅၂။ ဝိဝဋ္ဋဆဒ္ဒေါ နုသိ သဗ္ဗဒဿီ၊
ဉာဏံ နု တေ ဗြာဟ္မဏ ဘိံသရူပံ။
ဣမာနိ မေ သတ္တသတာနိ အတ္ထိ၊
ဂဏှာဟိ သဗ္ဗာနိ ဒဒါမိ တုယံ။
တယာ ဟိ မေ ဇီဝိတမဇ္ဇ လဒ္ဓံ၊
အထောပိ ဘရိယာယ မကာသိ သောတ္ထိံ။

ဟူသော အခွဲနှင့်တကွ ဤဂါထာကို ဆို၏။

၅၂။ ဗြဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ ဝိဝဋ္ဋဆဒ္ဒေါ၊ ကိလေသာဟူသော အဖုံးအလွှမ်းကင်းသော။ သဗ္ဗဒဿီ၊ ခပ်သိမ်းသောတရားကို မြင်သော သဗ္ဗညူမြတ်စွာဘုရားသခင်သည်။ အသိနု၊ ဖြစ်သလော။ တေ၊ သင်၏။ ဉာဏံ၊ ဉာဏ်သည်။ ဘိံသရူပံ၊ အလွန်လျှင်အံ့ဖွယ်သရဲ ရှိသော သဗ္ဗညုတဉာဏ်ကဲ့သို့ အားရှိသည်။ အသိ နု၊ ဖြစ်သလော။ မေ၊ ငါ့အား။ သတ္တသတနိ၊ ခုနစ်ရာကုန်သော။ ဣမာနိ၊ ဤဥစ္စာတို့သည်။ အတ္ထိ-သန္တိ၊ ရှိကုန်၏။ ဂဏှာဟိ၊ ယူလော့။ သဗ္ဗာနိ၊ ခပ်သိမ်းကုန်သော ဥစ္စာတို့ကို။ တုယှံ၊ သင့်အား။ ဒဒါမိ၊ ပေး၏။ ဟိ သစ္စံ၊ မှန်၏။ တယာ၊ သင်သည်။ ဒိန္နတ္တာ၊ ပေးအပ်သည်၏အဖြစ်ကြောင့်။ မေ၊ အကျွန်ုပ်သည်။ အဇ္ဇ၊ ယနေ့။ ဇီဝိတံ၊ အသက်ကို။ လဒ္ဓံ၊ ရအပ်၏။ အထောပိ၊ ထိုမြို့လည်း။ ဘရိယာယ၊ မယား၏။ သောတ္ထိံ၊ ချမ်းသာခြင်းကို။ တွမေဝ၊ သင်သည်သာလျှင်။ အကာသိ၊ ပြုပေ၏။

ပုဏ္ဏားသည် ဤသို့ဆို၍ အကျွန်ုပ်သည် တစ်ဖန် အလှူ ခံပြန်ငြားအံ့၊ ဤမျှသောဥစ္စာသည် ကျွန်ုပ်အား ဖြစ်ရာ၏။ ကျွန်ုပ်သည် ဤဥစ္စာကို ပေးသလျှင်ကတည်း၊ ကျွန်ုပ်၏ ခုနစ်ရာသော ဥစ္စာတို့ကို ယူပါ ဟု အဖန်တလဲလဲ ဘုရားလောင်းကို တောင်းပန်၏။

ငွေသုံးရာ လက်ဆောင်

၅၃။ န ပဏ္ဍိတာ ဝေတန မာဒိယန္တိ၊
စိတြာဟိ ကထာဟိ သုဘာသိတာဟိ၊
ဣတောပိ တေ ဗြာဟ္မေ ဒဒန္တု ဝိတ္တံ၊
အာဒါယ တွံ ဂစ္ဆ သကံ နိကေတံ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၅၃။ ဗြာဟ္မဏ၊ ပုဏ္ဏား။ စိတြာဟိ၊ ဆန်းကြယ်ကုန်သော။ သုဘာသိတာဟိ၊ ကောင်းစွာ ဆိုအပ်ကုန်သော။ ကထာဟိ၊ စကားတို့ဖြင့်။ ပဏ္ဍိတာ၊ ပညာ ရှိတို့သည်။ ဝေတနံ၊ အခကို။ န အာဒိယန္တိ၊ မယူကုန်။ ဗြဟ္မေ၊ ပုဏ္ဏား။ တေ၊ သင့်အား။ ဣတော၊ ဤငါ၏ခြေရင်းမှလည်း။ ဝိတ္တံ၊ သုံးရာသော ဥစ္စာကို။ ဒဒန္တု၊ ပေးအပ်ကုန်သတည်း။ တွံ၊ သင်သည်။ အာဒါယ၊ ယူ၍။ သကံ နိကေတံ၊ မိမိအိမ်သို့။ ဂစ္ဆ၊ သွားလော့။

အိမ်ဝင် အမှာ

ဤသို့ဆို၍ ဘုရားလောင်းသည် ပုဏ္ဏားအား တစ်ထောင်ကို ပြည့်စေ၍ အသပြာတို့ကို ပေး၍ ပုဏ္ဏား... အဘယ်သူသည် သင့်ကို ဥစ္စာရှာစေအပ်သနည်းဟု မေး၏။ ပညာရှိ မယားသည် ရှာစေအပ်၏ဟု ဆို၏။ မယားသည်ကား အသက်ကြီးသလော၊ ငယ်သလော ဟု မေး၏။ ပညာရှိ ငယ်၏ဟု ဆို၏။ ထိုသို့တပြီးကား ပုဏ္ဏေးမငယ်သည် တစ်ပါးသောသူနှင့် လွန်ကျူးခြင်းကို ပြုသည်ရှိသော် ကြောက်ခြင်းမရှိသဖြင့် ပြုအံ့ဟုကြံ၍ သင့်ကို စေ၏။ ဤအသပြာတို့ကို အကယ်၍ ဆောင်အံ့၊ ထိုပုဏ္ဏေးမငယ်သည် ဆင်းရဲသဖြင့် ရအပ်သော အသပြာတို့ကို မိမိသယောက်လင်အား ပေးလတ္တံ့၊ ထို့ကြောင့် ထိုဥစ္စာကို ဖြောင့်စွာ အိမ်သို့မယူဘဲ သစ်ပင်ရင်း၌ လည်းကောင်း၊ အမှတ်မရှိ တစ်ခုသောအရပ်၌ လည်းကောင်း အသပြာတို့ကိုထား၍ ဝင်လေလော့ ဟု ဆို၍ ပုဏ္ဏားကို လွှတ်လိုက်၏။

ငွေတစ်ထောင် ပျောက်ပြီ

ပုဏ္ဏားသည် ရွာ၏အနီးသို့ရောက်၍ တစ်ခုသောသစ်ပင်ရင်း၌ အသပြာတို့ကိုထား၍ ညအခါ၌ အိမ်သို့ သွား၏။ ပုဏ္ဏား၏မယားသည်လည်း ထိုခဏ၌ သယောက် လင်နှင့်တကွ နေ၏။ ပုဏ္ဏားသည် တံခါး၌ရပ်၍ ရှင်မဟု ခေါ်၏။ ပုဏ္ဏေးမငယ်သည် ပုဏ္ဏားအသံကိုမှတ်၍ ဆီမီးတိုင်ကို ငြိမ်းစေ၍ တံခါးကိုဖွင့်၍ ပုဏ္ဏား အိမ်တွင်းသို့ဝင်သည်ရှိသော် သယောက် လင်ကို ထုတ်လျက် တံခါးရင်း၌ထား၍ အိမ်သို့ဝင်၍ အိတ်၌ တစ်စုံတစ်ခုကို မမြင်၍ ပုဏ္ဏား သင်သည် အလှူခံ၍ အဘယ်မျှသော ဥစ္စာကို ရခဲ့သနည်း ဟု မေး၏။ ရှင်... ငါသည် တစ်ထောင်သော ဥစ္စာကို ရခဲ့၏ ဟု ဆို၏။ ထိုဥစ္စာသည် အဘယ်မှာနည်း ဟု မေးလတ်သော် ဤမည်သော အရပ်၌ ထားခဲ့၏။ ထိုဥစ္စာကို နက်ဖြန်နံနက်လျှင် ဆောင်ချေအံ့၊ မကြောင့်ကြလင့် ဟု ဆို၏။ ပုဏ္ဏေးမငယ်သည် သွား၍ သယောက်လင်အား ကြား၍ ထိုသယောက်လင်သည် ထွက်၍ မိမိထားသော ဥစ္စာကဲ့သို့ ယူ၏။

တိုင်ကြားခြင်း

ပုဏ္ဏားသည် နက်ဖြန်နေ့၌ သွား၍ အသပြာတို့ကို မမြင်သည်ရှိသော် ဘုရားလောင်း အထံသို့ သွား၍ ပုဏ္ဏား... အဘယ်နည်းဟု မေးသည်ရှိသော် ပညာရှိ... အသပြာတို့ကို မမြင် ဟု ဆို၏။ သင်သည် မယားအား ကြားသလော ဟု မေး၏။ ပညာရှိ ကုယး၏ဟု ဆိုသည်ရှိသော် ဘုရားလောင်းလည် မယားသည် သယောက် လင်အား ကြားသောအဖြစ်ကိုသိ၍ ပုဏ္ဏား သင့်မယားအား ဆရာပုဏ္ဏားသည် ရှိသလော ဟု မေး၏။ ပညာရှိ... ရှိ၏ဟု ဆို၏။

စစ်ဆေးပုံ

ထိုအခါ ပုဏ္ဏားအား ဘုရားလောင်းသည် ခုနှစ်ရက် ရိက္ခာကိုပေး၍ သွားလော့၊ ရှေးဦးစွာသောနေ့၌ သင်၏ ဆရာပုဏ္ဏားခုနစ်ယောက် သင့်မယား၏ ဆရာပုဏ္ဏားခုနစ်ယောက် ဤတစ်ဆယ့်လေးယောက်ကုန်သော ပုဏ္ဏားတို့ကို ဖိတ်၍ ကျွေးလေလော့၊ နက်ဖြန်မှစ၍ တစ်ယောက်တစ်ယောက်ကို ယုတ်စေ၍ ခုနစ်ရက်မြောက်သောနေ့၌ သင်၏ဆရာ ပုဏ္ဏားတစ်ယောက် သင်၏ မယားဆရာ ပုဏ္ဏားတစ်ယောက် ဤနှစ်ယောက်တို့ကိုဖိတ်၍ သင်၏ မယားသည် ခုနစ်ရက်ပတ်လုံး ဖိတ်အပ်သော ပုဏ္ဏား၏ မပြတ်လာသည်၏ အဖြစ်ကိုသိ၍ ငါ့အား ကြားလော့ဟု ဆို၏။ ထိုပုဏ္ဏားသည် ဘုရားလောင်း ဆိုတိုင်းပြု၍ ပညာရှိ အကျွန်ုပ်သည် မပြတ်လာ၍ စားသော ပုဏ္ဏားကို မှတ်အပ်၏ ဟု ဘုရားလောင်းအား ကြား၏။

ဘုရားလောင်းသည် ထိုပုဏ္ဏားနှင့်တကွ မင်းချင်းတို့ကိုစေ၍ ထိုပုဏ္ဏားကို ဆောင်စေ၍ ဤမည်သော သစ်ပင်ရင်းမှ သင်သည် ဤမည်သောပုဏ္ဏား၏ ဥစ္စာဖြစ်သော အသပြာတစ်ထောင်ကို ယူသလောဟု မေး၏။ ပညာရှိ... မယူ ဟု ဆို၏။ ဘုရားလောင်းသည် ပုဏ္ဏား ငါ့အား သေနက သုခမိန်ဖြစ်သည့်အဖြစ်ကို မသိသလော၊ ထိုအသပြာကို ဆောင်စေအံ့ဟု ဆို၏။ ထိုပုဏ္ဏားသည် ကြောက်သည်ဖြစ်၍ အကျွန်ုပ်သည် ယူအပ်၏ ဟု ဝန်ခံ၏။ သင်သည် အဘယ်မှာ ထားသနည်း ဟု မေး၏။ ပညာရှိ ထိုအရပ်၌လျှင် ထားအပ်၏ ဟု ဆို၏။ ဘုရားလောင်းသည် ပုဏ္ဏားကြီးကို ပုဏ္ဏားကြီး... သင်သည် ထိုပုဏ္ဏေးမကိုပင်လျှင် မယားဖြစ်စေလိုသလော၊ ထိုသို့မဟုတ်မူကား တစ်ပါးသောမိန်းမကို ယူလိုသလော ဟု မေး၏ ပညာရှိ... ထိုပုဏ္ဏမငယ်သည်ပင်လျှင် အကျွန်ုပ်၏မယား ဖြစ်စေလိုသည် ဟု ဆို၏။

လင်ငယ်ကို ထိန်းသိမ်းထားပြီ

ဘုရားလောင်းသည် လူတို့ကိုစေ၍ ပုဏ္ဏား၏ အသပြာတို့ကိုလည်းကောင်း၊ ပုဏ္ဏေးမငယ်ကိုလည်းကောင်း ဆောင်စေ၍ ခိုးသူပုဏ္ဏား၏လက်မှ အသပြာတို့ကို ပုဏ္ဏားကြီးအား ပေးစေ၍ ခိုးသူပုဏ္ဏားအား မင်းဒဏ်ကို ပြုစေ၍ မြို့၌ စည်လည်စေ၍ ပုဏ္ဏေးမအားလည်း မင်းအာဏာကို ပြစေ၍ ပုဏ္ဏားအား ကြီးစွာသော အခြံအရံတို့ကိုပေး၍ မိမိအထံ၌လျှင် နေစေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ များစွာကုန်သော ရဟန်းတို့သည် သောတာပတ္တိဖိုလ် အစရှိသည်တို့ကို မျက်မှောက်ပြုကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ အာနန္ဒာသည် ထိုအခါ ပုဏ္ဏားဖြစ်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ရုက္ခစိုးနတ်ဖြစ်ပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ပရိသတ် ဖြစ်ကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သေနက ပညာရှိဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ပညာရှိအား၊ ပေါင်းသင်းငြား၊ အများချမ်းသာမည်

ခုနှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သတ္တုဘသ္တဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ကုက္ကုဝဂ်

၈။ အဋ္ဌိသေနဇာတ်

သူတော်ကောင်းတို့သည် မတောင်းအပ်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်ဘုရားသခင်သည် “ယေ မေ အဟံ န ဇာနာမိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အဋ္ဌိသေနဇာတ်ကို အာဠဝီပြည်ကိုမှီ၍ အဂ္ဂါဠဝစတေီ၌ သီတင်း သုံးနေတော်မူစဉ် ကုဋိကာရသိက္ခာပုဒ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုကို အောက် မဏိကဏ္ဌဇာတ်၌ ဆိုအပ်ပြီးသလျှင်ကတည်း။ အထူးကား- သဗ္ဗညူမြတ်စွာဘုရားသည် ထိုရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့... ဘုရား မဖြစ်မီ သာသနာပ၌ ရဟန်းပြုကုန်သော ရဟန်းတို့သည် ဖိတ်ကုန်လျက်လည်း တောင်းခြင်းမည်သည်ကား သူတစ်ပါးတို့သည် မချစ် မနှစ်သက်အပ်ဟု နှလုံးပြု၍ မတောင်းကုန်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တစ်ခုသောနိဂုံးဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်းအား အဋ္ဌိသေန သတို့သား ဟူသောအမည်ကို မှည့်ကုန်၏။

ရသေ့ဝတ်ခြင်း

ထိုသတို့သားသည် အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကို သင်၍ နောက်အဖို့၌ ကာမတို့၌ အပြစ်ကိုမြင်၍ အိမ်မှထွက်၍ ရသေ့ရဟန်းပြု၍ ဈာန်အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဟိမဝန္တာအရပ်၌ ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှာ လူ့ပြည်သို့သက်၍ အစဉ်သဖြင့် ဗာရာဏသီပြည်သို့ ရောက်၍ မင်းဥယျဉ်၌နေ၍ နက်ဖြန်နေ့၌ ဆွမ်းခံသွားသည်ရှိသော် မင်းရင်ပြင်သို့ ရောက်၏။

မင်းကိုးကွယ်ခြင်း

မင်းသည် ဘုရားလောင်း၏ အကျင့်ဣရိယာပုထ်တို့၌ ကြည်ညို၍ ဘုရားလောင်းကိုဖိတ်၍ ပြာသာဒ်အပြင်၌ ခင်းအပ်သော ပလ္လင်၌ နေစေ၍ ကောင်းသော ဘောဇဉ်ကိုကျွေး၍ ဆွမ်းစားပြီးသောအဆုံး၌ အနုမောဒနာကို နာရ၍ ကြည်ညို သည်ဖြစ်၍ မင်း၏ဥယျာဉ်၌ အမြဲနေစိမ့်သောငှာ တောင်းပန်၍ မင်းသည် ဝန်ခံခြင်းကိုယူ၍ ဘုရားလောင်းကို မင်း၏ဥယျာဉ်၌ နေစေ၍ နေ့တိုင်းလည်း နှစ်ကြိမ် သုံးကြိမ် ခစားအံ့သော သွား၏။ မင်းသည် တစ်နေ့သ၌ တရားစကားဖြင့် ကြည်ညို၍ မင်းအဖြစ်ကို အစပြု၍ အရှင်ဘုရားအား အကြင်ဝတ္ထုဖြင့် အလိုရှိ၏။ ထိုဝတ္ထုကို အရှင်ဘုရားသည် ဆိုပါလော့ဟု ဖိတ်၏။

ဘုရားလောင်းသည် ငါ့အား ဤဝတ္ထုကို ပေးလော့မဆို၊ တစ်ပါးကုန်သော သူတောင်းစားတို့ သည်ကား ဤဝတ္ထုကိုပေးလော့၊ ဤဝတ္ထုကိုပေးလော့ဟု အလိုရှိတိုင်း အလိုရှိတိုင်းသော ဝတ္ထုကို တောင်းကုန်၏။ မင်းသည် ငြိတွယ်ခြင်းမရှိသည်ဖြစ်၍ ပေးသလျှင်ကတည်း။

အဘယ့်ကြောင့် မတောင်းသနည်း

မင်းသည် တစ်နေ့သ၌ တစ်ပါးကုန်သော သူတောင်းစားတို့သည် ဤမည်သော ဝတ္ထုကို ငါတို့အား ပေးလော့ဟု တောင်းကုန်၏။ အရှင်အဋ္ဌိသေနသည်ကား ဖိတ်သောကာလမှစ၍ တစ်စုံ တစ်ခုသော ဝတ္ထုကိုမျှ မတောင်း၊ ဤအရှင်ဘုရားကား ပညာရှိသလျှင်ကတည်း၊ ဥပါယ်၌ လိမ္မာသလျှင်ကတည်း၊ ထိုအကြောင်းကို မေးအံ့ဟု ကြံ၏။ ကြံပြီး၍ မင်းသည် တစ်နေ့သ၌ နံနက်စာစားပြီးသော် သွား၍ ရှိခိုး၍ တင့်အပ်သောအရပ်၌ နေလျက် တစ်ပါးကုန်သော သူတို့၏ တောင်းသော အကြောင်းကိုလည်းကောင်း၊ ရှင်ရသေ့၏ မတောင်းသော အကြောင်းကိုလည်းကောင်း မေးလိုသည်ဖြစ်၍-

၅၄။ ယေ မေ အဟံ န ဇာနာမိ၊ အဋ္ဌိသေန ဝနိဗ္ဗကေ။
တေ မံ သင်္ဂမ္မ ယာစန္တိ၊ ကသ္မာ မံ တွံ န ယာစသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၅၄။ အဋ္ဌိသေန၊ အရှင်အဋ္ဌိသေန။ ယေမေ ဝနိဗ္ဗကေ၊ အကြင် သူတောင်းစားတို့ကို။ အဟံ၊ အကျွန်ုပ်သည်။ န ဇာနာမိ၊ မသိ။ တေ၊ ထိုသူတို့သည်။ မံ၊ အကျွန်ုပ်သို့။ သင်္ဂမ္မ၊ အညီအညွှတ် လာလတ်၍။ ယာစန္တိ၊ တောင်းကုန်၏။ ကသ္မာ၊ အဘယ့်ကြောင့်။ တွံ၊ သင်သည်။ မံ၊ အကျွန်ုပ်ကို။ န ယာစသိ၊ မတောင်းသနည်း။

တောင်းလျှင် မုန်းတတ်သည်

ထိုစကားကိုကြား၍ ဘုရားလောင်းသည်-

၅၅။ ယာစကော အပ္ပိယော ဟောတိ၊ ယာစံ အဒဒမပ္ပိယော။
တသ္မာဟံ တံ န ယာစာမိ၊ မာ မေ ဝိဒဿနာ အဟု။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၅၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယာစကော၊ တောင်းတတ်သောသူကို။ ဒါယကဿ၊ ပေးတတ်သောသူသည်။ အပ္ပိယော၊ မချစ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ ယာစံ၊ တောင်းသောဝတ္ထုကို။ အဒဒံ၊ မပေးသောသူကို။ ယာစကဿ၊ တောင်းသောသူသည်။ အပ္ပိယော၊ မချစ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ မေ၊ ငါ့အား။ ဝိဒေဿနာ၊ မုန်းခြင်းသည်။ မာ အဟု၊ မဖြစ်စေသတည်းဟု၊ အဟံ၊ ငါသည်။ တံ၊ သင်မင်းကြီးကို။ န ယာစာမိ၊ မတောင်း၊

အလိုရှိရာ တောင်းပါ

ထိုအခါ ဘုရားလောင်း၏ စကားကိုကြား၍ မင်းသည်-

၅၆။ ယော စ ယာစနဇီဝါနော၊ ကာလေ ယာစံ န ယာစတိ၊
ပရဉ္စ ပုညံ ဓံသေတိ၊ အတ္တနာပိ န ဇီဝတိ။
၅၇။ ယော စ ယာစနဇီဝါနော၊ ကာလေ ယာစံ ဟိ ယာစတိ။
ပရဉ္စ ပုညံ လဗ္ဘေတိ၊ အတ္တနာပိ စ ဇီဝတိ။
၅၈။ န ဝိဒေဿန္တိ သပ္ပညာ၊ ဒိသွာ ယာစက မာဂတေ။
ဗြဟ္မစာရီ ပိယော မေသိ၊ ဝဒ တွံ ဘညမိစ္ဆသိ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၅၆။ အယျအဋ္ဌိသေန၊ အရှင်အဋ္ဌိသေန။ ယာစနဇီဝါနော၊ တောင်း၍ အသက်မွေးသော။ ယော စ၊ အကြင်ရဟန်းပုဏ္ဏားသည်လည်း။ ကာလေ၊ တောင်းသင့်သောကာလ၌။ ယာစံ၊ တောင်းအပ်သော ဝတ္ထုကို။ န ယာစတိ၊ မတောင်း။ သော၊ ထိုရဟန်းပုဏ္ဏားည်။ ပရဉ္စ၊ သူတစ်ပါးကိုလည်း။ ပုညံ၊ ကောင်းမှုကို။ ဓံသတိ၊ ယုတ်စေ၏။ အတ္တနာပိ၊ မိမိသည်လည်း။ န ဇီဝတိ၊ ချမ်းသာစွာ အသက်မမွေးရ။

၅၇။ အယျအဋ္ဌိသေန၊ အရှင်အဋ္ဌိသေန။ ယာစနဇီဝါနော၊ တောင်း၍ အသက်မွေးသော။ ယော စ၊ အကြင်ရဟန်း ပုဏ္ဏားသည်လည်း။ ကာလေ၊ တောင်းသင့်သောကာလ၌။ ယာစနံ၊ တောင်းအပ်သော ဝတ္ထုကို။ ယာစတိ၊ တောင်း၏။ သော၊ ထိုရဟန်းပုဏ္ဏားသည်။ ပရဉ္စ၊ သူတစ်ပါးကိုလည်း။ ပုညံ၊ ကောင်းမှုကို။ လဗ္ဘေတိ၊ ရစေ၏။ အတ္တနာပိ စ၊ မိမိသည်လည်း။ ဇီဝတိ၊ ချမ်းသာစွာ အသက်မွေးရ၏။

၅၈။ အယျ အဋ္ဌိသေန၊ အရှင်အဋ္ဌိသေန။ သပ္ပညာ၊ ဒါန ဒါနဖလကို သိကုန်သော ပညာရှိတို့သည်။ ယာစက မာဂတေ၊ လာကုန်သော ယာစကာတို့ကို။ ဒိသွာ၊ မြင်၍။ န ဝိဒေဿန္တိ၊ အမျက်မထွက် ကုန်။ မေ၊ အကျွန်ုပ်သည်။ ဗြဟ္မစာရီ၊ မြတ်သောအကျင့်ရှိသော အရှင်ဘုရားကို။ ပိယော၊ ချစ်အပ်သည်။ အသိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ အရှင်ဘုရားသည်။ ဘညံ-ဘဏိတဗ္ဗဝစနံ ယံကိဉ္စိ ဝတ္တဗ္ဗံ၊ တစ်စုံ တစ်ခု ဆိုဖွယ်စကားကို။ ဣစ္ဆသိ၊ အလိုရှိအံ့။ ဝဒ၊ ဆိုသာဆိုတော်မူ။ သဗ္ဗဉ္စ ရဇ္ဇမ္ပိ၊ ပြည်အလုံးကိုလည်း။ တေ၊ အရှင်ဘုရားအား။ တံ၊ ထိုဆုကို။ ဒဿမိယေဝ၊ ပေးအံ့မချွတ်တည်း။

ဤသို့ မင်းသည် မင်းအဖြစ်ဖြင့် ဖိတ်အပ်သော်လည်း တစ်စုံတစ်ခုသော ဝတ္ထုကို မတောင်းသလျှင်ကတည်း။

မြတ်သော တောင်းခြင်း

မင်းသည် ဤသို့ မိမိအလိုကို ဆိုသည်ရှိသော် ဘုရားလောင်းသည် ရဟန်းတို့၏အကျင့်ကို ပြအံ့သောငှာ မြတ်သောမင်းကြီး ဤတောင်းခြင်းမည်သည်ကား ကာမစည်းစိမ်ကို ခံစားကုန်သောလူတို့၏ အလေ့အကျင့်တည်း၊ ရဟန်းပြုကုန်သော သူတို့၏ အလေ့အကျင့်မဟုတ်၊ ရဟန်းသည် ရဟန်းပြုသော ကာလမှစ၍ လူတို့နှင့်မတူသော စင်ကြယ်သော အသက်မွေးခြင်းရှိသည် ဖြစ်ရာ၏ ဟု ရဟန်း၏အကျင့်ကို ပြလိုရကား-

၅၉။ န ဝေ ယာစန္တိ သပ္ပညာ၊ ဓီရော စ ဝေဒိတုမရဟတိ။
ဥဒ္ဒိဿ အရိယာ တိဋ္ဌန္တိ၊ ဧသာ အရိယာန ယာစနာ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၅၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဝေ၊ စင်စစ်။ သပ္ပညာ၊ ဘုရားအစရှိကုန်သော ပညာရှိတို့သည်။ န ယာစန္တိ၊ မတောင်းကုန်။ ၊ ထိုသို့ပင် မတောင်းငြားသော်လည်း။ ဓီရော၊ ပညာရှိသော ဒါယကာသည်။ ဝေဒိတုံ၊ အလိုလိုသာလျှင် သိခြင်းငှာ။ အရဟတိ၊ ထိုက်၏။ အရိယာ၊ ဘုရားအစရှိကုန်သော အရိယာသူတော်ကောင်းတို့သည်။ ဥဒ္ဒိဿ၊ ရည်၍။ တိဋ္ဌန္တိ၊ ရပ်ကုန်၏။ ဧသာ၊ ဤသိုရည်၍ ရပ်ခြင်းသည်။ အရိယာနံ၊ ဘုရားအစရှိကုန်သော အရိယာတို့၏။ ယာစနာ၊ တောင်းခြင်းမည်၏။

နွားအုပ်တစ်ထောင်ကို လှူခြင်း

မင်းသည် ဘုရားလောင်း၏စကားကိုကြား၍ အရှင်ဘုရား... ပညာရှိသော အလုပ်အကျွေးသည် မိမိသည်လျှင် သိ၍ ဆရာအား လှူအပ်သော ဝတ္ထုကို အကယ်၍ လှူငြားအံ့၊ အကျွန်ုပ်သည်လည်း အရှင်ဘုရားတို့အား ဤမည်သောဝတ္ထုကို လှူအံ့ဟု ဆိုလိုရကား-

၆၀။ ဒဒါမိ တေ ဗြာဟ္မဏ ရောဟိဏီနံ၊
ဂဝံ သဟဿံ သဟ ပုင်္ဂဝေန။
အရိယော ဟိ အရိယဿ ကထံ န ဒဇ္ဇာ၊
သုတွာန ဂါထာ တဝ ဓမ္မယုတ္တာ။

ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကိုဆို၏။

၆၀။ ဗြာဟ္မဏ၊ ရှင်ရဟန်း။ တေ၊ အရှင်ဘုရားအား။ ပုင်္ဂဝေန၊ နွားလားနှင့်။ သဟ၊ တကွ။ ရောဟိဏိနံ၊ နီသောအဆင်းရှိကုန်သော။ ဂဝံ၊ နွားမတို့၏။ သဟဿံ၊ တစ်ထောင်ကို။ ဒဒါမိ၊ ပေးအံ့။ တဝ၊ အရှင်ဘုရား၏။ ဓမ္မယုတ္တာ၊ တရားနှင့်ယှဉ်ကုန်သော။ ဂါထာ၊ ဂါထာတို့ကို။ သုတွာန၊ နာရ၍။ အရိယော၊ မြတ်သော အကျင့်ရှိသော အကျွန်ုပ်သည်။ အရိယဿ၊ မြတ်သောအကျင့်ရှိသော အရှင်ဘုရား။ ကထံ န ဒဇ္ဇာ၊ အဘယ့်ကြောင့် မလှူဘဲရှိအံ့နည်း။

ရသေ့ အလှူမခံ

ဤသို့ဆိုသည်ရှိသော် ဘုရားလောင်းသည် မြတ်သောမင်းကြီး... ငါသည် ပလိဗောဓမရှိသော ရဟန်းတည်း၊ ငါ့အား နွားမတို့ဖြင့် အလိုမရှိဟု ပယ်၏။ မင်းသည် ဘုရားလောင်း၏ အဆုံးအမ၌တည်၍ အလှူအစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့ လား၏။ ဘုရားလောင်းသည်လည်း မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်၌ ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ များစွာကုန်သော ရဟန်းတို့သည် သောပတ္တိဖိုလ် အစရှိသည်တို့၌ တည်ကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အဋ္ဌိသေန ရသေ့ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

တောင်းလျှင်လည်းမုန်း၊ မပေးမုန်း၊ နောက်ဆုံးမိတ်ဆွေပျက်

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော အဋ္ဌိသေနဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ကုက္ကုဝဂ်

၉။ ကပိဇာတ်

ပညာရှိစကားကို နားမထောင်၍ ပျက်စီးရခြင်း

ဟောတော်မူရာဌာန... နှင့် ပစ္စုပ္ပန်ဝတ္ထု

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်ယတ္ထ ဝေရီ နိဝိသတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကပိဇာတ်ကို ဇေတဝန်။ ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်ကို မြေမျိုသည်ရှိသော် တရားသဘင်၌ “ငါ့ရှင်တို့... ဒေဝဒတ်သည် ပရိသတ်နှင့်တကွ ပျက်စီး၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့.ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ပရိသတ်နှင့်တကွ ပျက်စီးသည် မဟုတ်သေး၊ ရှေး၌လည်း ပျက်စီးဖူးသလျှင်ကတည်းဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မျောက်မျိုး၌ဖြစ်၍ မျောက်အပေါင်းငါးရာ ခြံရံလျက် မင်း၏ ဥယျာဉ်၌ နေ၏။ ဒေဝဒတ် အလောင်းသည်လည်း မျောက် အမျိုး၌ဖြစ်၍ မျောက်အပေါင်းငါးရာ ခြံရံလျက် ထိုဥယျာဉ်၌ပင် နေ၏။

မျောက်၏ မိုက်မဲမှု

ထိုအခါ တစ်နေ့သ၌ ပုရောဟိတ်သည် ဥယျာဉ်သို့သွား၍ ရေချိုး၍ တန်ဆာဆင်၍ ထွက်လတ်သော် လျှပ်ပေါ်သော မျောက်တစ်ခုသည် ရှေးဦးစွာ သွားလင့်၍ မင်း၏ ဥယျာဉ်တံခါး တုရိုင်တိုင်ထိပ်၌ နေ၍ ပုဏ္ဏား၏ ထိပ်၌ ကျင်ကြီးတို့ကို ချ၍ တစ်ဖန် မော်၍ကြည့်သော ပုဏ္ဏား၏ မျက်နှာ၌ ချပြန်၏။

ပုဏ္ဏား ရန်ငြိုးဖွဲ့ပြီ

ပုဏ္ဏားသည် ပြန်၍ သို့ဖြစ်စေဦး၊ သင်တို့အား ပြုအပ်သော အမှုကို သိအံ့ဟု မျောက်တို့ကို ရန်ငြိုးဖွဲ့၍ ခြိမ်းခြောက်၍ တစ်ဖန် ရေချိုး၍ ဖဲ၏။

မျောက်လိမ္မာတို့ ပြောင်းရွှေ့ကြ

ပုဏ္ဏားသည် ရန်ငြိုးဖွဲ့၍ ခြိမ်းခြောက်သည်၏ အဖြစ်ကို ဘုရားလောင်းအား ကြားကုန်၏။ ဘုရားလောင်းသည် ရန်သူတို့၏ နေရာအရပ်၌ နေခြင်းမည်သည် မသင့်၊ အလုံးစုံသော မျောက်အပေါင်းသည်လည်း တစ်ပါးသောအရပ်သို့ သွားစေသတည်းဟု မျောက်တစ်ထောင်တို့အား ကြားစေကုန်၏။ ဆိုနိုင်ခက်သော မျောက်သည် မိမိအခြံအရံမျောက်တို့ကိုယူ၍ နောက်မှ သိအံ့ဟု ထိုဥယျာဉ်၌လျှင် နေ၏။ ဘုရားလောင်းသည် မိမိအခြံအရံကိုယူ၍ တောသို့ဝင်၏။

ဆင်တို့ အနာပေါက်

ထိုအခါ တစ်နေ့သ၌ စပါးထောင်းသော ကျွန်မတစ်ယောက်သည် နေပူလှန်းအပ်သော စပါးကိုစားသော တစ်ခုသော ဆိတ်သည် မီးစဖြင့် ပုတ်ခတ်ခြင်းကိုရ၍ မီးလောင်သော ကိုယ်ရှိသည်ဖြစ်၍ ပြေးလျက် ဆင်တင်းကုပ်ကို မှီ၍ တည်သော တစ်ခုသော မြက်ကုဋီ၏နံရံ၌ ကိုယ်ကို ပွတ်၏။ ထိုမီးသည် မြက်ကုဋိကို လောင်၏။ ထိုမြက်ကုဋိမှ ဆင်တင်းကုပ်ကို လောင်၏။ ဆင်တင်းကုပ်ကို လောင်လတ်သော် ဆင်တို့၏။ ကျောက်ကုန်းကို လောင်၏။ ဆင်ဆရာတို့သည် ဆင်တို့အား ကုစားအံ့သောငှာ မတတ်နိုင်ကုန်။ ပုရောဟိတ်သည်လည်း မျောက်တို့ကို ဖမ်းအံ့သောငှာ အကြောင်းကိုစုံစမ်းလျက် သွား၏။

မျောက်မိုက်များ သေကြရ

ထိုအခါ မင်းအား ခစားအံ့သောငှာ လာသော ပုဏ္ဏားကိုမြင်၍ မင်းသည် ဆရာ များစွာကုန်သော ဆင်အပေါင်းကတို့သည် အနာပေါက်ကုန်၏။ ဆင်ဆရာတို့သည် ကုအံ့သောငှာ မတတ်နိုင်ကုန်။ တစ်စုံတစ်ခုသောဆေးကို သိသလောဟု မေး၏။ ပုရောဟိတ်သည်လည်း အရှင်မင်းကြီး... မျောက်မှဖြစ်ကုန်သော ဆေးတို့သည် ရှိကုန်၏ ဟု ဆို၏။ ဆရာ... မျောက်မှဖြစ်သော ဆေးဟူသည် အဘယ်နည်း ဟု မေး၏။ ရှင်မင်းကြီး မျောက်ဆီတည်း ဟု ဆို၏။ ဆရာ အဘယ်မှာ ရအံ့နည်း ဆိုသော် ရှင်မင်းကြီး၏ ဥယျာဉ်၌ များစွာကုန်သော မျောက်တို့သည် ရှိသည်မဟုတ်လော ဟု ဆို၏။ မင်းသည် ဥယျာဉ်၌ မျောက်တို့ကိုသတ်၍ အဆီကို ဆောင်ကြကုန်လော့ ဟု ဆို၏။ လေးသမားတို့သည် ငါးရာသော မျောက်တို့ကို ပစ်စေ၍ သတ်ကုန်၏။

မျောက်လိမ္မာ၏ တရားစကား

တစ်ခုသော မျောက်အကြီးအကဲသည်ကား ပြေးသည်ရှိသော် ပစ်ချက်ဒဏ်ကို ရ၍လည်း ထိုအရပ်၌လျှင် မလဲမူ၍ ဘုရားလောင်း၏ နေရာအရပ်သို့ရောက်၍ လဲ၏။ မျောက်တို့သည် ငါတို့၏ နေရာအရပ်သို့ရောက်၍ သေ၏ဟု ထိုမျောက်၏ ပစ်ချက်ဒဏ်ကို ရသည်၏အဖြစ်ကို လည်းကောင်း၊ သေသည်၏ အဖြစ်ကိုလည်းကောင်း ဘုရားလောင်းအား ကြားကုန်၏။

ဘုရားလောင်းသည် သွား၍ မျောက်အပေါင်း၏ အလယ်၌နေလျက် ပညာရှိတို့ အဆုံးအမကို နားမထောင်မူ၍ ရန်သူတို့၏ အရပ်၌နေသော သူတို့မည်သည် ဤသို့ ပျက်စီးကုန်၏ဟု မျောက်အပေါင်းတို့အား ဆုံးမလိုသည်၏ အစွမ်းအားဖြင့် -

၆၁။ ယတ္ထ ဝေရီ နိဝိသတိ၊ န ဝသေ တတ္ထ ပဏ္ဍိတော။
ဧကရတ္တံ ဒွိရတ္တံ ဝါ၊ ဒုက္ခံ ဝသတိ ဝေရိသု။
၆၂။ ဒိသော ဝေ လဟုစိတ္တဿ၊ ပေါသဿာနုဝိဓီယတော။
ဧကဿ ကပိနော ဟေတု၊ ယူထဿ အနယော ကတော။
၆၃။ ဗာလောဝ ပဏ္ဍိတမာနီ၊ ယူထဿ ပရိဟာရကော။
သစိတ္တဿ ဝသံ ဂန္တွာ၊ သယေထာယံ ယထာ ကပိ။
၆၄။ န သာဓု ဗလဝါ ဗာလော၊ ယူထဿ ပရိဟာရကော။
အဟိတော ဘဝတိ ဉာတီနံ၊ သကုဏာနံဝ စေတကော။
၆၅။ ဓီရောဝ ဗလဝါ သာဓု၊ ယူထဿ ပရိဟာရကော။
ဟိတော ဘဝတိ ဉာတီနံ၊ တိဒသာနံဝ ဝါသဝေါ။
၆၆။ ယော စ သီလဉ္စ ပညဉ္စ၊ သုတဉ္စတ္တနိ ပဿတိ။
ဥဘိန္နမတ္ထံ စရတိ၊ အတ္တနော စ ပရဿ စ။
၆၇။ တသ္မာ တုလေယျ မတ္တာနံ၊ သီလပညာသုတာမိဝ။
ဂဏံ ဝါ ပရိဟရေ ဓီရော၊ ဧကော ဝါပိ ပရိဗ္ဗဇေ။

ဟူသော ဤဂါထာတို့ကို ဆို၏။

ရန်သူရှိရာ မနေအပ်

၆၁။ ယတ္ထ၊ အကြင်အရပ်၌။ ဝေရီ၊ ရန်သူသည်။ နိဝိသတိ၊ နေ၏။ တတ္ထ၊ ထိုအရပ်၌ ပဏ္ဍိတော၊ ပညာရှိသည်။ ဧကရတ္တံ ဝါ၊ တစ်ရက်မျှလည်းကောင်း။ ဒွိရတ္တံ ဝါ၊ နှစ်ရက်မျှ လည်းကောင်း။ န ဝသေ၊ မနေရာ။ ဝေရီသု၊ ရန်သူဘောင်တို့၌။ ဒုက္ခံ၊ ဆင်းရဲစွာ။ ဝသတိ၊ နေရ၏။

၆၂။ ဝေ၊ စင်စစ်။ လဟုစိတ္တဿ၊ ပေါ့သောစိတ်ရှိသော။ အနုဝိဓီယတော၊ ပေါ့သော စိတ်ရှိသောသူ၏ အတုကိုကျင့်သော။ ပေါသဿ၊ ယောက်ျားအား။ ဒိသော၊ ရန်သူသည်။ ဟောတိ၊ ဖြစ်၏။ ဧကဿ၊ တစ်ခုသော။ ကပိနော၊ မျောက်၏။ ဟေတု၊ အကြောင်းကြောင့်။ ယူထဿ၊ မျောက်အပေါင်းအား။ အနယော၊ ပျက်စီးခြင်းကို။ ကတော၊ ပြုအပ်၏။

၆၃။ ဗာလောဝ၊ မိုက်သည်ဖြစ်လျှက်။ ပဏ္ဍိတမာနီ၊ ပညာရှိဟု ထင်မှတ်၍။ ယူထဿ၊ မျောက်အပေါင်းကို။ ပရိဟာရကော၊ ဆောင်သောသူသည်။ သစိတ္တဿ၊ မိမိစိတ်၏။ ဝသံ၊ အလိုသို့။ ဂန္တွာ၊ လိုက်၍။ မတသယန၊ သေ၍ အိပ်ရသည်ကို။ သယိတော ယထာ၊ အိပ်ရသကဲ့သို့။ အယံ ကပိ၊ ဤမျောက်သည်။ မတော၊ သေသည်ဖြစ်၍။ သယေထ၊ အိပ်ရ၏။

လူမိုက်ခေါင်းဆောင်လျှင် ပျက်မည်

၆၄။ ဗလဝါ၊ အားရှိသော။ ယူထဿ၊ မျောက်အပေါင်းကို။ ပရိဟာရကော၊ ဆောင်သော။ ဗာလော၊ သူမိုက်သည်။ န သာဓု၊ မကောင်း။ သကုဏာနံ၊ ငှက်တို့၏။ စေတကောဝ၊ တိမ်ညင်ကဲ့ သို့။ ဉာတီနံ၊ ဆွေမျိုးတို့၏။ အဟိတော၊ အစီးအားကို မဆောင်သည်။ ဘဝတိ၊ ဖြစ်၏။

၆၅။ ဗလဝါ၊ အားရှိသော။ ယူထဿ၊ မျောက်အပေါင်းကို။ ပရိဟာရကော၊ ဆောင်သော။ ဓီရောဝ၊ ပညာရှိသည်သာလျှင်။ သာဓု၊ ကောင်း၏။ တိဒသာနံ၊ တာဝတိံသာ နတ်တို့၏။ ဝါသဝေါဝ၊ သိကြားကဲ့သို့။ ဉာတီနံ၊ ဆွေမျိုး၏။ ဟိတော၊ အစီးအပွားကို ဆောင်သည်။ ဘဝတိ၊ ဖြစ်၏။

သီလ-ပညာ-ဗဟုသုတ

၆၆။ ယော စ၊ အကြင်သူသည်လည်း။ အတ္တနိ၊ မိမိ ၌။ သီလဉ္စ၊ သီလကို ယလည်းကောင်း။ ပညဉ္စ၊ ပညာကိုလည်းကောင်း။ သုတဉ္စ၊ အကြား အမြင်ကိုလည်းကောင်း။ ပဿတိ၊ မြင်၏။ သော၊ ထိုသူသည်။ အတ္တနော စ၊ မိမိ၏ လည်းကောင်း။ ပရဿ စ၊ သူတစ်ပါး၏လည်းကောင်း။ ဥဘိန္နံ၊ နှစ်ပါးကုန်သောသူတို့၏။ အတ္ထံ၊ အကျိုးကို။ စရတိ၊ ကျင့်နိုင်၏။

၆၇။ တသ္မာ၊ ထို့ကြောင့်။ သီလပညာသုတာ ဣဝ၊ သီလပညာသုတတို့ကဲ့သို့။ အတ္တာနံ၊ မိမိကိုယ်ကို။ သီလံ-သီလေစ၊ သီလ၌လည်းကောင်း။ ပညာ-ပညေ စ၊ ပညာ၌ လည်းကောင်း။ သုတာ- သုတေ စ၊ အကြားအမြင်၌ လည်းကောင်း။ တုလေယျ၊ နှိုင်းချိန်ပြီး၍။ ဓီရော၊ ပညာရှိသည်။ ဂဏံ ဝါ၊ အပေါင်းကိုလည်း။ ပရိဟရေ၊ ဆောင်ရာ၏။ ဧကော ဝါပိ၊ တစ်ယောက်တည်းလည်း။ ပရိဗ္ဗဇေ၊ ကျင့်ရာ၏။

ဤသို့ ဘုရားလောင်းသည် မျောက်မင်းဖြစ်လျက်လည်း ဝိနည်းပရိယာယဖြင့် ဟော၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ဆိုနိုင်ခက်သော မျောက်ဖြစ်ပြီ၊ ယခုအခါ ဒေဝဒတ်၏ ပရိသတ်တို့သည် ထိုအခါ ဆိုနိုင်ခက်သောမျောက်၏ ပရိသတ်တို့သည် ဖြစ်ကုန်ပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ပညာရှိမျောက်မင်း၏ ပရိသတ်ဖြစ်ကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိမျောက်မင်း ဖြစ်ပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

လူမိုက်ခေါင်းဆောင်၊ ဤလူ့ဘောင်၊ များမြောင်ပျက်စီးမည်

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကပိဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ကုက္ကုဝဂ်

၁၀။ ဗကဇာတ်

သူတစ်ပါးအသက်ကို ကယ်ခြင်းကြောင့် အသက်ရှည်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဒွါသတ္တတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဗကဗြဟ္မာကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုဗကဗြဟ္မာအား ဤတရားသည် မြဲ၏။ စုတေခြင်း သဘောမရှိ၊ ဤတရားမှ တစ်ပါးသော ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော နိဗ္ဗာန်မည်သည် မရှိ ဟု ဤသို့စသော အယူသည် ဖြစ်၏။ ထိုဗကဗြဟ္မာသည် အောက်ဈာန်ဖြင့် ဖြစ်ခြင်း၌ ယှဉ်၏။ ဤဗကဗြဟ္မာသည် ရှေး၌ ဈာန်ကိုပွားစေ၍ ဝေဟပ္ဖိုလ်ဘုံ၌ ဖြစ်၏။ ထိုဝေဟပ္ဖိုလ်ဘုံ၌ မဟာကပ်ငါးရာ အတိုင်း အရှည်ရှိသော အသက်ကိုကုန်စေ၍ သုဘကိဏ်ဘုံ၌ ဖြစ်၏။ ခြောက်ဆယ့်လေးကပ်တို့ကို ကုန်စေ၍ သုဘကိဏ်ဘုံမှ စုတေ၍ မဟာကပ် ရှစ်ကပ် အသက်ရှည်ကုန်သော အာဘဿရဗြဟ္မာ့ဘုံ၌ ဖြစ်၏။

အယူမမှန်နိုင်ပုံ

ထိုအာဘဿရဘုံ၌ ထိုဗြဟ္မာအား ဤသို့သဘောရှိသော အယူသည် ဖြစ်၏။ ထိုဗကဗြဟ္မာသည် အထက်ဗြဟ္မာ့ပြည်မှ စုတိကို မအောက်မေ့နိုင်၊ ထိုဗြဟ္မာ့ပြည်၌ ပဋိသန္ဓေကို မအောက်မေ့နိုင်၊ ထိုနှစ်ပါးသော စုတိ, ပဋိသန္ဓေကို မမြင်သည်ဖြစ်၍ ဤသို့သဘောရှိသော အယူကို ယူ၏။

ဗြဟ္မာ့ပြည်သို့ ဘုရားကြွပြီ

သဗ္ဗညူ မြတ်စွာဘုရားသည် ထိုဗကဗြဟ္မာ၏ စိတ်အကြံကို သိ၍ ဥပမာမည်သည်ကား အားရှိသော ယောကျ်ားသည် ခွေသောမောင်းကို ဆန်သကဲ့သို့ လည်းကောင်း၊ ဆန့်သောမောင်းကို ခွေသကဲ့သို့ လည်းကောင်း ထို့အတူလျှင် ဇေတဝန် ကျောင်းတော်မှ ကွယ်၍ ဗြဟ္မာပြည်၌ ထင်ရှားဖြစ်၏။

ခရီးဦးကြို ဝါဒကိုလျှောက်

ဗကဗြဟ္မာသည် သဗ္ဗညူမြတ်စွာဘုရားကို မြင်၍ ဆင်းရဲကင်းသော အရှင်ဘုရား ကြွတော်မူပါလော့၊ ဆင်းရဲကင်းသော အရှင်ဘုရား၏ လာခြင်းသည် ကောင်းသော လာခြင်းတည်း။ ဆင်းရဲကင်းသော အရှင်ဘုရား ဗြဟ္မာ့ပြည်သို့ လာခြင်း၏ အကြင်အလှည့်သည် ရှိ၏။ ထိုအလှည့်ကို ကြမြင့်မှလျှင် အရှင်ဘုရားသည် ပြု၏။ ဆင်းရဲကင်းသော အရှင်ဘုရား... ဤတရားသည် မြဲ၏။ ဤတရားသည် မချွတ်မလွဲ တည်၏။ ဤတရားသည် အမြဲတည်၏။ ဤတရားသည် ခိုင်ခံ၏။ ဤတရားသည် မအို၊ ဤတရားသည် မစုတေ၊ ဤတရားသည် တစ်ဖန်မဖြစ်၊ ဤတရားထက် တစ်ပါးသော အလွန်ဖြစ်သော ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော တရားသည် မရှိ ဟု ဆို၏။

မိုက်လုံးကြီးလှဘိ

ဤသို့ဆိုလတ်သော် သဗ္ဗညူ မြတ်စွာဘုရားသည် ဗကဗြဟ္မာကို ဤသို့ မိန့်တော်မူ၏။ အချင်းတို့-ဗကဗြဟ္မာသည် အဝိဇ္ဇာနှင့် ပြည့်စုံစွတကား။ အချင်းတို့ ဗကဗြဟ္မာသည် အဝိဇ္ဇာနှင့် ပြည့်စုံစွတကား၊ အကြင်ဗကဗြဟ္မာသည် အနိစ္စသာလျှင်ဖြစ်လျက် နိစ္စဟု ဆို၏။ တစ်ပါးသော ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော တရားရှိသည်ဖြစ်လျက် တစ်ပါးသော ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော တရားမရှိဟု ဆို၏ဟု မိန့်တော်မူ၏။

ကျွန်ုပ်အသက်ရှည်၏

ထိုစကားကိုကြား၍ ဗကဗြဟ္မာသည် သင်သည် ဤသို့ဆို၏။ သင်သည် ဤသို့ ဆို၏ ဟုဆို၍ ငါ့ကို ရဟန်းဂေါတမသည် စိစစ်လျက် လိုက်အံ့ ဟု ကြံ၍ ဥပမာ မည်သည်ကားအား နည်းသော ခိုးသူသည် နှစ်ချက်သုံးချက်သော ပုတ်ခတ်ခြင်းကိုရ၍ ငါသည်သာလျှင် ခိုးသူလော၊ ဤမည်သောသူသည်လည်း ခိုးသူတည်း၊ ဤအမည်ရှိသော သူသည်လည်း ခိုးသူတည်းဟု ခပ်သိမ်းသော အဖော်တို့ကိုလည်း ကြားသကဲ့သို့ ထို့အတူလျှင် မြတ်စွာဘုရား၏ စိစစ်ခြင်းမှ ကြောက်သောကြောင့် တစ်ပါးလည်းဖြစ်ကုန်သော မိမိအပေါင်း အဖော်တို့ကို ကြားလိုရကား-

၆၈။ ဒွါသတ္တတိ ဂေါတမ ပုညကမ္မာ၊
ဝသဝတ္တိနော ဇာတိဇရံ အတီတာ။
အယမန္တိမာ ဝေဒဂူ ဗြဟ္မပတ္တိ၊
အသ္မာဘိဇပ္ပန္တိ ဇနာ အနေကာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၆၈။ ဂေါတမ၊ အို ရှင်ဂေါတမ။ ဒွါသတ္တတိ၊ ခုနစ်ကျိပ် နှစ်ယောက်ကုန်သော။ ပုညကမ္မာ၊ ကုသိုလ်ကောင်းမှုရှိကုန်သော ငါတို့သည်။ ဝသဝတ္တိနော၊ မိမိအလိုကို ဖြစ်စေကုန်၏။ ဇာတိဇရံ၊ ပဋိသန္ဓေ နေခြင်း အိုခြင်းကို။ အတီတာ၊ လွန်ကုန်၏။ ဝေဒဂူ၊ ပညာရှိတို့သည် ရောက်အပ်သော။ အယံဗြဟ္မပတ္တိ၊ ဤဗြဟ္မာ့ပြည်၌ ဖြစ်ခြင်းသည်။ အန္တိမာ၊ အဆုံးဖြစ်သော ဖြစ်ခြင်းတည်း။ အသ္မာ-အမှေ၊ ငါတို့ကို။ အနေကာ၊ များစွာကုန်သော။ ဇနာ၊ လူတို့သည်။ အဘိဇပ္ပန္တိ၊ တောင့်တကုန်၏။

ဒါ မပြောစလောက်

ထိုဗြဟ္မာမင်း၏ စကားကို ကြား၍ သဗ္ဗညူ မြတ်စွာဘုရားသည်-

၆၉။ အပ္ပံ ဟိ ဧတံ န ဟိ ဒီဃမာယု၊
ယံ တွံ ဗက မညသိ ဒီဃမာယုံ။
သတံ သဟဿာနိ နိရဗ္ဗုဒါနံ၊
အာယုံ ပဇာနာမိ တဝါဟ ဗြဟ္မေ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၆၉။ ဗက၊ ဗကဗြဟ္မာ။ တွံ၊ သင်သည်။ ယံ အာယုံ၊ အကြင်အသက်ကို။ ဒီဃံ၊ ရှည်၏ဟူ၍။ မညသိ၊ အောက်မေ့၏။ ဧတံ အာယု၊ ထိုအသက်သည်။ အပ္ပံ၊ နည်းသည်။ အသိ၊ ဖြစ်၏။ ဒီဃံ၊ ရှည်သည်။ န ဟိ၊ မဟုတ်သည်သာလျှင်တည်း။ ဗြဟ္မေထ၊ ဗြဟ္မာ။ အဟံ၊ ငါသည်။ တဝ၊ သင်၏။ အာယုံ၊ အသက်ကို။ နိရဗ္ဗုဒါနံ၊ နိရဗ္ဗုဒဟု ဆိုအပ်သော ဂဏန်းတို့၏။ သတံ သဟဿာနိ၊ တစ်သိန်း အတိုင်း အရှည်ရှိသော ဂဏန်းသည်။ အဟဟံ နာမ၊ အဟဟမည်၏။ ဧတ္တကံ၊ ဤမျှ အသက်အတိုင်းအရှည်သာ ကြွင်း၏ဟူ၍။ ပဇာနာမိ၊ သိ၏။

ကျွန်ုပ်၏ရှေးဘဝ ပြောပါ

ထိုစကားကိုကြား၍ ဗကဗြဟ္မာသည်-

၇၀။ အနန္တဒဿီ ဘဂဝါဟသ္မိ၊
ဇာတိဇ္ဇရံ သောက မုပါတိဝတ္တော။
ကိံ မေ ပုရာဏံ ဝတ သီလဝတ္တံ၊
အာစိက္ခ မေ တံ ယမယံ ဝိဇညံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၇၀။ ဂေါတမ၊ အိုရှင်ဂေါတမ။ တုမှေ၊ သင်တို့သည်။ အဟံ၊ ငါကား။ အနန္တဒဿီ၊ အဆုံးမရှိသော တရားကိုမြင်သော။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အသ္မိ၊ ဖြစ်၏။ ဇာတိဇ္ဇရဉ္စ၊ ပဋိသန္ဓေနေခြင်း အိုခြင်းကိုလည်းကောင်း။ သောကဉ္စ၊ စိုးရိမ်ခြင်းကိုလည်းကောင်း။ ဥပါတိဝတ္တော၊ လွန်၏။ ဣတိ၊ ဤသို့။ ဝဒန္တိ၊ ဆိုကုန်၏။ ဧဝံသန္တေ၊ ဤသို့ ဖြစ်လတ်သော်။ မေ၊ ငါ၏။ ပုရာဏံ၊ ရှေး၌ ဖြစ်သော။ တံ ဝတ သီလဝတ္တံ၊ ထိုအကျင့်သီလဝတ်သည်။ ကိံ၊ အဘယ်နည်း။ ယံ၊ အကြင် အကျင့်သီလဝတ်ကို။ အဟံ၊ သည်။ ဝိဇညံ၊ သိရာ၏။ တံ၊ ထိုအကျင့်သီလဝတ်ကို။ မေ၊ ငါ့အား။ အာစိက္ခ၊ ကြားလော့။

အတိတ်ဝတ္ထု... ထိုအခါ ဗကဗြဟ္မာအား မြတ်စွာဘုရားသည် အတိတ်ဝတ္ထုကို ဆောင်၍ ကြားလိုရကား-

၇၁။ ယံ တွံ အပါယေသိ ဗဟူ မနုဿေ၊
ပိပါသိတေ ဃမ္မနိ သမ္ပရေတေ။
တံ တေ ပုရာဏံ ဝတသီလဝတ္တံ၊
သုတ္တပ္ပဗုဒ္ဓေါဝ အနုဿရာမိ။

ဟူသော ဤဂါထာကို ဆို၏။

၇၁။ ဗြဟ္မေ၊ ဗြဟ္မာ။ တွံ၊ သင်သည်။ ဗဟူ၊ များစွာကုန်သော။ ပိပါသိတေ၊ ရေငတ်ကုန်သော။ ဃမ္မနိသမ္ပရေတေ၊ အလွန်လျှင် နှိပ်စက်အပ်သော နေပူ၌ပင်ပန်းကုန်သော။ မနုဿေ၊ လူတို့ကို။ ယံ အပါယေသိ၊ အကြင်ရေသောက်စေ၏။ တေ၊ သင်၏။ ပုရာဏံ၊ ရှေး၌ဖြစ်သော။ တံ ဝတသီလဝတ္တံ၊ ထိုအကျင့်သီလဝတ်ကို။ အဟံ၊ ငါသည်။ သုတ္တပ္ပဗုဒ္ဓေါဝ၊ နံနက်အခါ၌ အိပ်မက်မြင်၍ အိပ်ရာမှနိုးသော ယောက်ျားကဲ့သို့။ အနုဿရာမိ၊ အောက်မေ့နိုင်၏။

ရေလှူခဲ့ခြင်း

ထိုဗကဗြဟ္မာသည် တစ်ခုသောကမ္ဘာ၌ ရသေ့ဖြစ်၍ သဲကန္တာရ၌ နေလျက် သဲကန္တာရသို့ သွားကုန်သော များစွာကုန်သော သူတို့အား ရေကိုဆောင်၍ ပေး၏။ ထိုအခါ တစ်နေ့သ၌ တစ်ဦးသော လှည်းကုန်သည်သည် ငါးရာကုန်သော လှည်းတို့ဖြင့် သဲကန္တာရသို့ သွား၏။ လူတို့သည် အရပ်မျက်နှာတို့ကို မှတ်ခြင်းငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ ခုနစ်ရက်တို့ပတ်လုံး အာဟာရပြတ်ကုန်၍ အပူဖြင့် နှိပ်စက်ကုန်၍ ယခု ငါတို့အား အသက်သည် မရှိ ဟု လှည်းတို့ကိုလည်၍ နွားတို့ကို ချွတ်၍ လှည်းအောက်တို့၌ အိပ်ကုန်၏။ ထိုအခါ ရသေ့သည် ဆင်ခြင်လတ်သော် ထိုလှည်းကုန်သည်တို့ကို မြင်၍ ငါ၏မြင်စဉ်ဝယ် မပျက်စီးစေကုန်သတည်းဟု မိမိ၏ တန်ခိုး အာနုဘော်အားဖြင့် ဂင်္ဂါ ရေအပေါ်သို့ ပြန်စေ၍ လှည်းကုန်သည်တို့သို့ ရှေးရှုပြု၏။ အနီး၌လည်း တစ်ခုသော တောအုပ်ကို ဖန်ဆင်း၏။ လူတို့သည် ရေကို သောက်ချိုး၍ နွားတို့ကို ရောင့်ရဲစေ၍ တောအုပ်မှ မြက်တို့ကို ရိတ်၍ ထင်းတို့ကိုယူ၍ အရပ်ကိုမှတ်၍ ရောဂါကင်းကုန်သည် ဖြစ်၍ ကန္တာရကို လွန်ကုန်၏။

ဓားပြများရန်မှ ကယ်တင်ခြင်း

ထို့နောက် အတိတ်ဝတ္ထု တစ်ခုကို ရည်၍-

၇၂။ ယံ ဧဏိကူလသ္မိံ ဇနံ ဂဟိတံ၊
အမောစယိ ဂယှက နိယျမာနံ၊
တံ တေ ပုရာဏံ ဝတသီလဝတ္တံ၊
သုတ္တပ္ပဗုဒ္ဓေါဝ အနုဿရာမိ။

ဟူသော ဤဂါထာကို ဆို၏။

၇၂။ ဗြဟ္မေ၊ ဗြဟ္မာ။ ဧဏိကူလသ္မိံ၊ ဧဏီမြစ်နား၌။ ဂဟိတံ၊ ဖမ်းအပ်သော။ ဂယှက နိယျမာနံ၊ သုံ့ရဖမ်းယူ၍ ဆောင်အပ်သော။ ဇနံ၊ လူကို။ ယံ အမောစယိ၊ အကြင်လွတ်စေပြီ။ တေ၊ သင်၏ ပုရာဏံ၊ ရှေး၌ဖြစ်သော။ တံ ဝတသီလဝတ္တံ၊ ထိုအကျင့်သီလဝတ်ကို။ အဟံ၊ ငါသည်။ သုတ္တပ္ပ ဗုဒ္ဓေါဝ၊ အိပ်မက်မြင်၍ အိပ်ရာမှနိုးသော ယောက်ျားကဲ့သို့။ အနုဿရာမိ၊ အောက်မေ့နိုင်၏။

ထိုရသေ့သည် နောက်ကာလ၌ တစ်ခုသော ပစ္စန္တရစ်ကို မှီ၍ မြစ်နားဝယ် တောအုပ်၌ နေ၏။ ထိုအခါ တစ်နေ့သ၌ တောင်မှ ခိုးသူတို့သည် သက်ကုန်၍ ထိုရွာကို လုယက်၍ လူများကို ဖမ်း၍ တောင်သို့တက်စေ၍ ခရီးအကြား၌ သူလျှိုတို့ကိုထား၍ တောင်ခေါင်းသို့ဝင်၍ ထမင်းကို ချက်ကုန်လျက် နေကုန်၏။ ရသေ့သည် နွား ကျွဲ အစရှိသည်တို့၏ လည်းကောင်း၊ သူငယ်ယောကျ်ား သူငယ်မိန်းမ အစရှိသည်တို့၏ ကြီးစွာသော ညည်းညူးသံကို လည်းကောင်းကြား၍ ငါမြင်စဉ် မပျက်စီးစေသတည်း ဟု တန်ခိုး အာနုဘော်ဖြင့် အတ္တဘောကို စွန့်၍ အင်္ဂါလေးပါး ရှိသော

စစ်သည်ဖြင့် ခြံရံလျက် မင်းဖြစ်၍ စစ်ထိုးစည်ကို တီးစေလျက် ထိုအရပ်သို့သွား၏။ သူလျှိုတို့သည် မြင်ကုန်၍ ခိုးသူတို့အား ကြားကုန်၏။ ခိုးသူတို့သည် မင်းနှင့်တကွ စစ်ထိုးခြင်းမည်သည် မသင့် ဟု အလုံးစုံ ယူတိုင်းသော ဥစ္စာကိုစွန့်၍ ထမင်းကိုမစားဘဲလျှင် ပြေးကုန်၏။ ရသေ့သည် ထိုအလုံးစုံသော သူတို့ကိုဆောင်၍ မိမိတို့ရွာ၌လျှင် တည်စေ၏။

နဂါးရန်မှ ကာကွယ်ခြင်း

ထို့နောင် အတိတ်ဝတ္ထု တစ်ခုကို ရည်၍-

၇၃။ ဂင်္ဂါယ သောတသ္မိံ ဂဟိတနာဝံ၊
လုဒ္ဒေန နာဂေန မနုူကပျပါ။
အမောစယိ တွံ ဗလသာ ပသယှ၊
တံ တေ ပုရာဏံ ဝတသီလဝတ္တံ။
သုတ္တပ္ပဗုဒ္ဓေါဝ အနုဿရာမိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၇၃။ ဗြဟ္မေ၊ ဗြဟ္မာ။ ဂင်္ဂါယ၊ ဂင်္ဂါ၏။ သောတသ္မိံ၊ အယဉ်၌။ လုဒ္ဒေန၊ ကြမ်းသော။ နာဂေန၊ နဂါးသည်။ မနုူကပျပါ၊ လူတို့ကို ပျက်စီးစေလိုခြင်းကြောင့်။ ဗလသာ၊ အားဖြင့်။ ပသယှ၊ နှိပ်စက်၍။ ဂဟိတနာဝံ၊ ဖမ်းအံ့သောလှေကို။ အမောစယိ၊ လွတ်စေပြီ။ တေ၊ သင်၏။ ပုရာဏံ၊ ရှေး၌ဖြစ်သော။ တံ ဝတသီလဝတ္တံ၊ ထို အကျင့်သီလဝတ်ကို။ အဟံ၊ ငါသည်။ သုတ္တပ္ပဗုဒ္ဓေါဝ၊ နံနက်အခါ၌ အိပ်မက်မြင်၍ နိုးသော ယောက်ျားကဲ့သို့။ အနုဿရာမိ၊ အောက်မေ့နိုင်၏။

ထိုအခါ ဤရသေ့သည် ဂင်္ဂါမြစ်နား၌ နေ၏။ ထိုအခါ လူတို့သည် နှစ်စင်းသုံးစင်းကုန်သော လှေဖောင်တို့ကို ဖွဲ့၍ ဖောင်အထက်၌ ပန်းမဏ္ဍပ်ကိုပြု၍ ဖောင်၌နေ၍ သေအရက် ထမင်းငါး အမဲ စသည်တို့ကို ခဲကုန်သောက်ကုန်လျက် ကမ်းတစ်ဖက်သို့ သွားကုန်၏။ ထိုလူတို့သည် သောက်ကြွင်းဖြစ်သော သေကိုလည်းကောင်း၊ စားကြွင်းဖြစ်သော ထမင်း ငါး အမဲ ကွမ်းအစရှိသည်တို့ကို လည်းကောင်း ဂင်္ဂါ၌လျှင် ချကုန်၏။ ဂင်္ဂါ၌နေသော နဂါးမင်းသည် ဤလူတို့သည် စားကြွင်းတို့ကို ငါ၏အထက်၌ ချကုန်၏ ဟု အမျက်ထွက်၍ ခပ်သိမ်းသော လူတို့ကို ဖမ်း၍ ဂင်္ဂါ၌နှစ်အံ့ဟု ပိန်းကောကြီး ပမာဏရှိသော အတ္တဘောကို ဖန်ဆင်း၍ ရေကိုခွဲ၍ ပါးပျဉ်းကိုထောင်လျက် ထိုလူတို့သို့ ရှေးရှုသွား၏။ လူတို့သည် နဂါးမင်းကို မြင်၍ သေအံ့သောဘေးမှု ကြောက်၍ တစ်ပြိုင်နက်ပင်လျှင် သည်းစွာသောအသံကို ပြုကုန်၏။ ရသေ့သည် ထိုသူတို့၏ ငိုကြွေးသံကိုကြား၍ နဂါးမင်း၏ အမျက်ထွက်သည်၏ အဖြစ်ကို သိ၍ ငါသည် မြင်စဉ် မပျက်စီးစေကုန်သတည်းဟု အလွန်လျင်မြန်စွာ ဈာန်အာရုံကိုရှုသဖြင့် မိမိအာနုဘော်ဖြင့် လျင်စွာ ဂဠုန်သဏ္ဌာန် ကိုယ်ကိုဖန်ဆင်း၍ သွား၏။ နဂါးသည် ဂဠုန်ကိုမြင်၍ သေဘေးမှ ကြောက် သည်ဖြစ်၍ ရေ၌ငုပ်၏။ လူတို့သည် ချမ်းသာခြင်းသို့ ရောက်၍ သွားကုန်၏။

ရှင်ရသေ့ ပြုခဲ့ခြင်း

ထို့နောင် အတိတ်ဝတ္ထု တစ်ခုကို ရည်၍-

၇၄။ ကပ္ပေါ စ တေ ပဒ္ဓစရော အဟောသိ၊
သမ္ဗုဒ္ဓိမန္တံ ဝတိနံ အမညံ။
တံ တေ ပုရာဏံ ဝတသီလဝတ္တံ၊
သုတ္တပ္ပဗုဒ္ဓေါဝ အနုဿရာမိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၇၄။ ဗြဟ္မေ၊ ဗြဟ္မာ။ အဟံ၊ ငါသည်။ တေ၊ သင်၏။ ကပ္ပေါ၊ ကပ္ပမည်သော။ ပဒ္ဓစရော၊ တပည့်သည်။ အဟောသိ၊ ဖြစ်၏။ သမ္ဗုဒ္ဓိမန္တံ၊ ပညာနှင့်ပြည့်စုံသည်လည်းဖြစ်သော။ ဝတိနံ၊ အကျင့်နှင့်ပြည့်စုံသည်လည်းဖြစ်သော။ တာပသော၊ ရသေ့တည်း။ ဣတိ၊ ဤသို့။ တံ၊ သင့်ကို။ အမညံ၊ မအောက်မေ့မိ။ အဟံ၊ ငါသည်။ တေ၊ သင်၏။ ပုရာဏံ၊ ရှေး၌ဖြစ်သော။ တံ ဝတသီလဝတ္တံ၊ ထိုအကျင့်သီလဝတ်ကို။ သုတ္တပ္ပဗုဒ္ဓေါဝ၊ အိပ်မက် မြင်၍ အိပ်ရာနိုးသော ယောကျ်ားကဲ့သို့။ အနုဿရာမိ၊ အောက်မေ့နိုင်၏။

ဤစကားဖြင့် အဘယ်ကို ပြသနည်းဟူမူကား-ဗြဟ္မာကြီး... ငါသည် သင်ကေသဝရသေ့ ဖြစ်သောကာလ၌ ကပ္ပမည်သော အမှုကြီးငယ်ကို ရွက်ဆောင်သော တပည့်ဖြစ်၍ နာရဒမည်သော အမတ်သည် ဗာရာဏသီပြည်မှ ဟိမဝန္တာသို့ ဆောင်အပ်သော သင့်အား ရောဂါကို ငြိမ်းစေ၏။ ထိုအခါ ကေသဝရသေ့ကို နာဒအမတ်သည် နှစ်ကြိမ်မြောက် လာလတ်၍ ရောဂါကင်းသည်ကို မြင်၍-

မနုဿိန္ဒံ ဇဟိတွာန၊ သဗ္ဗကာမ သမိဒ္ဓိနံ။
ကထံ နု ဘဂဝါ ကေသိ၊ ကပ္ပဿ ရမတိ အဿမေ။

ဟူသော ဤဂါထာကို ဆို၏။

ဘဂဝါ၊ ဘုန်းတော်ကြီးသော။ ကေသိ၊ ကေသီရှင်ရသေ့၊ သဗ္ဗကာမသမိဒ္ဓိနံ၊ အလုံးစုံ လိုဖွယ်ဝတ္ထုနှင့်ပြည့်စုံသော။ မနုဿိန္ဒံ၊ လူမင်းကို။ ဇဟိတွာန၊ စွန့်၍။ ကထံ နု၊ အဘယ်ကြောင့်လျှင်။ ကပ္ပသ၊ ကပ္ပရှင်ရသေ့၏။ အဿမေ၊ ကျောင်း၌၊ ရမတိ၊ မွေ့လျော်လနည်း။

ထိုအခါ နာရဒအမတ်ကို ကေသဝရသေ့သည် -

သာဒူနိ ရမဏီယာနိ၊ သန္တိ ဝက္ခာ မနောရမာ။
သုဘာသိတာနိ ကပ္ပဿ၊ နာရဒ ရမယန္တိ မံ။

ဟူသော ဤဂါထာကို ဆို၏။

နာရဒ၊ နာရဒအမတ်။ ကပ္ပသ၊ ကပ္ပရသေ့၏။ အဿမေ၊ ကျောင်း၌။ သာဒူနိ၊ ကောင်းကုန်သော။ ရမဏီယာနိ၊ နှလုံးမွေ့လျော်ဖွယ်တို့သည်။ သန္တိ၊ ရှိကုန်၏။ မနောရမာ၊ နှလုံး မွေ့လျော်ဖွယ် ရှိကုန်သော။ ဝက္ခာ၊ ပြောဆိုခြင်းတို့သည်။ သန္တိ၊ ရှိကုန်၏။ ကပ္ပဿ၊ ကပ္ပရသေ့၏။ သုဘာသိတာနိ၊ ကောင်းစွာဆိုအပ်သော စကားတို့သည်။ မံ၊ ငါ့ကို။ ရမယန္တိ၊ မွေ့လျော်စေကုန်၏။

ဤသို့ သဗ္ဗညူ မြတ်စွာဘုရားသည် မိမိသည် ကေသဝရသေ့၏ တပည့်ဖြစ်၍ ရောဂါကို ငြိမ်းစေသည်၏အဖြစ်ကို ပြတော်မူ၏။ ဤသို့ ပြတော်မူသော သဗ္ဗညူ မြတ်ဘုရားသည် ထိုဗကဗြဟ္မာသည် လူ့ပြည်၌ ပြုအပ်သော အလုံးစုံသောကောင်းမှုကံကို ဗကဗြဟ္မာကြီးကို မှတ်စေလျက် ဟော၏။

အသိတရားရပြီ

ဗကဗြဟ္မာသည် မြတ်စွာဘုရား စတားတော်ဖြင့် မိမိသည် ပြုအပ်သော ကောင်းမှုကို အောက်မေ့၍ မြတ်စွာဘုရားအား ချီးမွမ်းလိုရကား-

၇၅။ အဒ္ဓါ ပဇာနာသိ မမေတမာယုံ၊
အညမ္ပိ ဇာနာသိ တထာ ဟိ ဗုဒ္ဓေါ။
တထာဟိ တာယံ ဇလိတာနုဘာဝေါ၊
ဩဘာသယံ တိဋ္ဌတိ ဗြဟ္မလောကံ။

ဟူသော အဆုံးဖြစ်သောဤဂါထာကို ဆို၏။

၇၅။ ဘောဂါတမ၊ အို အရှင်ဂေါတမ။ တွံ၊ သင်သည်။ မမ၊ ငါ၏။ ဧတံ အာယုံ၊ ထိုအသက် အတိုင်းအရှည်ကို။ အဒ္ဓါ၊ စင်စစ်။ ပဇာနာသိ၊ သိ၏။ အညမ္ပိ၊ တစ်ပါးသော တရားကိုလည်း။ ဇာနာသိ၊ သိ၏။ တထာဟိ၊ ထိုသို့ သိသောကြောင့်လျှင်။ ဗုဒ္ဓေါ၊ ဘုရားဖြစ်တော်မူ၏။ တထာ ဟိ၊ ထိုသို့ ဘုရားဖြစ်တော်မူသောကြောင့်လျှင်။ တေ၊ အရှင်ဘုရား၏။ အယံ ဇလိတာနုဘာဝေါ၊ ဤထွန်းပသော ကိုယ်ရောင်အာနုဘော်သည်။ ဗြဟ္မလောကံ၊ ဗြဟ္မာ့ပြည်ကို။ ဩဘာသယံ-ဩဘာသယန္တော၊ ထွန်းပစေလျက်။ တိဋ္ဌတိ၊ တည်၏။

ဤသို့ မြတ်စွာဘုရားသည် ကိုယ်တော်၏ ကျေးဇူးကို သိစေလျက် တရားဟော၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ရောက်လာကုန်သော တစ်သောင်းကုန်သော ဗြဟ္မာတို့၏ စိတ်တို့သည် တဏှာမာနဒိဋ္ဌိတို့သည် မစွဲလမ်းအပ်သည်ဖြစ်၍ အာသဝတို့မှ လွတ်ကုန်၏။

ဇာတ်ပေါင်း... ဤသို့ သဗ္ဗညူ မြတ်စွာဘုရားသည် များစွာကုန်သော ဗြဟ္မာတို့၏ ကိုးကွယ်ရာ ဖြစ်၍ ဗြဟ္မာ့ပြည်မှ ဇေတဝန်တော်သို့ ကြွတော်မူ၍ ထိုဗြဟ္မာ့ပြည်၌ ဟောတော်မူသော နည်းဖြင့်လျှင် ထိုဓမ္မဒေသနာကို ရဟန်းတို့အား ဟောတော်မူ၍ “ယခုအခါ ဗကဗြဟ္မာသည် ထိုအခါ ကေသဝရသေ့ဖြစ်ပြီး၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ

ကပ္ပရသေ့ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဗကဗြဟ္မာ၊ ယူမိစ္ဆာ၊ မြတ်စွာ ပယ်ဖျောက်ရှင်း

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဗကဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၁။ ဂန္ဓာရဇာတ်

ရသေ့ရဟန်းတို့သည် ပစ္စည်းကို မသိုမှီးအပ်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဟိတွာ ဂါမသဟဿာနိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂန္ဓာရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘေသဇ္ဇသန္နိဓိကာရ သိက္ခာပုဒ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုသည်ကား ရာဇဂြိုဟ်ပြည်၌ ဖြစ်၏။ အရှင်ပိလိန္ဒဝစ္ဆမထေရ်သည် အာရာမ်စောင့်အမျိုးကို လွတ်စိမ့်သောငှာ မင်း၏ နန်းတော်သို့သွား၍ ဗိမ္ဗိသာရမင်းကြီး၏ ပြာသာဒ်ကို တန်ခိုးအစွမ်းဖြင့် ရွှေဖြင့်ပြီးသည်ကို ပြုသည်ရှိသော် လူတို့သည် ကြည်ညို၍ ပိလိန္ဒဝစ္ဆမထေရ်အား ငါးပါးသောဆေးတို့ကို လှူကုန်၏။ ပိလိန္ဒဝစ္ဆ မထေရ်သည် ထိုဆေးတို့ကို ပရိသတ်အား စွန့်၏။ ထိုအရှင်ပိလိန္ဒဝစ္ဆမထေရ်၏ ပရိသတ်သည်ကား များသောပစ္စည်းပရိက္ခရာရှိ၏။ ရတိုင်းရတိုင်းသော ဆေးကို ဖျဉ်းအိုး၌လည်းကောင်း၊ အိုးစရည်း၌ လည်းကောင်း၊ သပိတ်အိတ်၌ လည်းကောင်း ပြည့်စေ၍ သိုမှီး၏။ လူတို့သည် မြင်ကုန်၍ သာကီဝင်မင်းသား ဖြစ်ကုန်သော ဤရဟန်းတို့သည် အလိုကြီးကုန်၏။ အတွင်း၌ ကျီကျရှိကုန်၏ ဟု ကဲ့ရဲ့ကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုအကြောင်းကိုကြား၍ ယာနိ ခေါပန တာနိ ဘေသဇ္ဇာနိ ဂိလာနာနံ ဘိက္ခူနံ အစရှိသော သိက္ခာပုဒ်ကို ပညတ်၍ ရဟန်းတို့ ရှေးပညာရှိတို့သည် ဘုရားမဖြစ်မီ သာသနာတော်ပ၌ ရသေ့ရဟန်း ပြုကုန်၍ ပဉ္စသီမျှကို စောင့်ကုန်လျက်လည်း ဆားမျှကို နက်ဖြန်အကျိုးငှာ သိုမှီးသည်ကို ကဲ့ရဲ့ကုန်၏။ သင်တို့သည် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက် မြောက်စေတတ်သော ဘုရားသာသနာတော်၌ ရဟန်းပြု၍ နက်ဖြန် သန်ဘက် အစရှိသော နေ့ အကျိုးငှာ သိုမှီးခြင်းကို ပြုကုန်လျက် မသင့်သည်တို့ကို ပြုကုန်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဂန္ဓာရတိုင်း၌ ဘုရားလောင်းသည် ဂန္ဓာရမင်းသားဖြစ်၍ အဖလွန်သဖြင့် မင်းအဖြစ်၌ တည်၍ တရားသဖြင့် မင်း ပြု၏။ မဇ္ဈိမဒေသ ဝိဒေဟတိုင်း ၌လည်း ဝိဒေဟမည်သောမင်းသည် မင်းပြု၏။ ထိုနှစ်ယောက်ကုန်သော မင်းတို့သည်လည်း မမြင်ဘူးသော အဆွေခင်ပွန်းဖြစ်ကုန်၍ အချင်းချင်း အကျွမ်း ဝင်ကုန်သည်ဖြစ်ကုန်သတတ်။ ထိုအခါ လူတို့သည် အသက်ရှည်ကုန်၏။ အနှစ်သုံးသောင်း အသက်ရှည်ကုန်၏။

လကြတ်ခြင်း

ထိုအခါ ရံခါ ဂန္ဓာရမင်းသည်လည်း လပြည့်ဥပုသ်နေ့၌ ဆောက်တည်သော သီလရှိသည်ဖြစ်၍ ပြာသာဒ်အပြင်ဝယ် ခင်းအပ်သော မြတ်သော ပလ္လင်အလယ်၌ နေလျက် ဖွင့်အပ်သော လေသာပြတင်းဖြင့် အရှေ့လောကဓာတ်ကို ကြည့်လျက် အမတ်တို့အား တရားနှင့်ယှဉ်သော စကားကို ပြောဆိုလျက် နေ၏။ ထိုခဏ၌ ကောင်းကင်အပြင်ကို ခုန်ဘိသကဲ့သို့ ပြည့်သောလဝန်းကို ရာဟုဖမ်း၏။ လရောင်သည် ကွယ်၏။ အမတ်တို့သည် လရောင်ကို မမြင်ကုန် သည်ရှိသော် ရာဟုဖမ်းသည်၏အဖြစ်ကို မင်းအား ကြားကုန်၏။

ဂန္ဓာရမင်း ရသေ့ဝတ်

မင်းသည် လကိုကြည့်စဉ်၌ ဤလသည် အာဂန္တုကဖြစ်သော အညစ်အကြေးဖြင့် ညစ်နွမ်း၍ အရောင်မရှိသည်ဖြစ်၏။ ငါ့အားလည်း ဤမင်း၏အခြံအရံသည် အညစ် အကြေးဖြစ်၏။ ထိုငါသည် ရာဟုဖမ်းသော လကဲ့သို့ အရောင်မရှိသည် ဖြစ်ရာ၏။ ငါ့အား ထိုသို့ဖြစ်ခြင်းသည် မလျှောက်ပတ်၊ စင်ကြယ်သော ကောင်းကင်ပြင်၌ ထွန်းပလော လဝန်းကဲ့သို့ မင်းအဖြစ်ကိုစွန့်၍ ရဟန်းပြုအံ့၊ ငါ့အား သူတစ်ပါးတို့ကို ဆုံးမသဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ အမျိုး၌လည်းကောင်း၊ အခြွေအရံ၌လည်းကောင်း ငြိတွယ်ခြင်း မရှိသည်ဖြစ်၍ ကိုယ်ကိုသာလျှင် ဆုံးမလျက် သွားအံ့၊ ဤအကျင့်သည် ငါ့အား လျောက်ပတ်၏ ဟု ကြံ၍ အကြင်သူကို အလိုရှိကုန်၏။ ထိုသူကို မင်းမြှောက်ကြကုန်လော့ ဟု မင်းအဖြစ်ကို အမတ်တို့အား အပ်နှင်း၏။ အပ်ပြီး၍ ထိုမင်းသည် နှစ်ပါးကုန်သော ကသ္မီရ ဂန္ဓာရတိုင်းတို့၌လည်း မြတ်သော မင်းအဖြစ်ကို စွန့်၍ ရသေ့ရဟန်းပြု၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ ဈာန်၌ မွေ့လျော်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ ဟိမဝန္တာအရပ်၌ နေ၏။

ဝိဒေဟမင်း ရသေ့ဝတ်

ဝိဒေဟမင်းသည်လည်း ငါ့အဆွေခင်ပွန်း ချမ်းသာပါ၏လော ဟု ကုန်သည်တို့ကိုမေး၍ ဂန္ဓာရမင်း၏ ရဟန်းပြုသည်၏ဘအဖြစ်ကို ကြား၍ အဆွေ ရဟန်းပြုသည်ရှိသော် ငါသည်လည်း မင်းအဖြစ်ဖြင့် အဘယ်ပြုအံ့နည်း ဟု ခုနစ်ယူဇနာ အတိုင်းအရှည်ရှိသော မိထိလာပြည် ယူဇနာသုံးရာ အတိုင်းအရှည်ရှိသော ဝိဒေဟတိုင်း၌ တစ်သောင်း ခြောက်ထောင်သော ရွာတို့၌ ပြည့်ကုန်သော ကျီတို့ကို လည်းကောင်း တစ်သောင်း ခြောက်ထောင်သော ကချေသည် မိန်းမတို့ကိုလည်းကောင်း စွန့်၍ သားသမီးတို့ကို နှလုံးမထားမူ၍ ဟိမန္တေသို့ဝင်၍ ရသေ့ရဟန်း ပြု၍ အလိုလိုဖြစ်သော သစ်သီးအစာရှိသည်ဖြစ်၍ ကောင်းစွာဖြစ်သော နေခြင်းကို နေလျက် ကျင့်၏။

အချင်းချင်းမသိကြ

ထိုနှစ်ပါးသော ရသေ့တို့သည် ကောင်းစွာကျင့်သော အကျင့်ကို ကျင့်လျက် နောက်အဖို့၌ ပေါင်းမိကြကုန်၏။ အချင်းချင်းကား မသိကုန်၊ ဝမ်းမြောက်ကုန်သည်ဖြစ်၍ တစ်ပေါင်းတည်းသာလျှင် ကောင်းစွာဖြစ်သော အကျင့်ကို ကျင့်ကုန်၏။

ထိုအခါ ဝိဒေဟ ရသေ့သည် ဂန္ဓာရရသေ့အား ခစား၏။ ထိုရသေ့တို့၏ တစ်ခုသော လပြည့်နေ့၌ မထင်ရှားသော သစ်ပင်ရင်း၌ နေ၍ အကြောင်းအကျိုးနှင့်ယှဉ်သော စကားကို ပြောညဆိုကုန်စဉ် ကောင်းကင်ပြင်၌ ထွန်းပသော လဝန်းကို ရာဟုဖမ်း၏။ ဝိဒေဟ ရသေ့သည် အဘယ့်ကြောင့် လရောင် ပျောက်သနည်း ဟု ကြည့်လတ်သော် ရာဟုဖမ်းသော လကို မြင်၍ ဆရာ ဤသူသည် လကိုဖမ်း၍ အရောင်မရှိသည်ကို ပြု၏။ အဘယ်သူနည်း ဟု မေး၏။ တပည့်- ဤသူသည် ရာဟုမည်၏။ လ၏ တစ်ခုသော အညစ်အကြေးတည်း၊ လအား ထွန်းပစိမ့်သောငှာ မပေး၊ ငါသည်လည်း ရာဟုဖမ်းသော လဝန်းကို မြင်၍ စင်ကြယ်သော လဝန်းအား အာဂန္တုကဖြစ်သော အညစ်အကြေးဖြင့် အရောင်မရှိခြင်းသည် ဖြစ်၏။ ငါအားလည်း ဤမင်းအဖြစ်သည် အညစ်အကြေးဖြစ်၏။ အကြင်မျှလောက်သော ကာလပတ်လုံး လကို ရာဟုဖမ်းသကဲ့သို့ ငါ့ကိုယ်၌ ဤအညစ်အကြေးသည် အရောင်မရှိသည်ကို မပြုသေး၊ ထိုမျှလောက်သော ကာလ၌ ရဟန်းပြုအံ့ ဟု ကြံ၍ ထိုခဏလျှင် ဤမင်းအဖြစ်ကား အရောင်အဝါမဲ့ကို ပြုတတ်၏ဟု ရာဟုဖမ်းသော လဝန်းကို အာရုံပြု၍ မြတ်သောမင်းအဖြစ်ကို စွန့်၍ ရဟန်းပြု၏ဟု ဆို၏။

ခင်မင်ကြပြီ

ဆရာ... သင်သည် ဂန္ဓာရမင်းလော ဟု မေး၏။ ငါဂန္ဓာရမင်း ဟုတ်၏ ဟု ဆိုလတ်သော် ဆရာ... အကျွန်ုပ်သည် ဝိဒေဟတိုင်း မိထိလာပြည်၌ ဝိဒေဟမင်းတည်း။ အကျွန်ုပ်တို့သည် အချင်းချင်း မမြင်ဖူးသော အဆွေခင်ပွန်း မဟုတ်လောဟု ဆို၏။ သင်သည် အဘယ်ကို အာရုံပြုသနည်း ဟု မေး၏။ အကျွန်ုပ်သည် အရှင်တို့သည် ရဟန်းပြုကုန်ကြပြီဟု ကြား၍ စင်စစ် ရဟန်းအဖြစ်၌ ကြီးစွာသော ကျေးဇူးကို မြင်၏ဟု အရှင်တို့ကိုသလျှင် အာရုံပြု၍ မင်းအဖြစ်ကို စွန့်၍ ရဟန်းပြု၏ဟု ဆို၏။ ထိုနှစ်ပါးကုန်သော ရသေ့တို့သည် ထိုအခါမှစ၍ အလွန်လျှင် ညီညွတ်ကုန်သည် ဝမ်းမြောက်ကုန်သည် အလိုလိုဖြစ်သော သစ်သီးအစာရှိကုန်သည်ဖြစ်၍ ကျင့်၏။

ဝိဒေဟရသေ့ ဆားကိုဆောင်ထားခြင်း

ဟိမဝန္တာ၌ ရှည်မြင့်စွာနေ၍ ချဉ်ဆား မှီဝဲအံ့သောငှာ ဟိမဝန္တာမှသက်၍ တစ်ခုသော ပစ္စန္တရစ်ရွာသို့ ရောက်ကုန်၏။ လူတို့သည် ထိုရသေ့တို့၏ ဣရိယာပု၌ ကြည်ညို၍ ဆွမ်းလှူအံ့ဟု ဝန်ခံခြင်းကို ယူစေ၍ တော၌ ညဉ့်သန့်ရာ နေသရာအရပ် အစရှိသည်တို့ကို ဖန်ဆင်း၍ နေစေကုန်၏။ ခရီးအကြား၌လည်း ထိုရသေ့တို့အား ဆွမ်းစားခြင်းကိစ္စကို ပြုစိမ့်သောငှာ ချမ်းသာရာအရပ်၌ ဇရပ်ကို ဆောက်ကုန်၏။ ထိုရသေ့တို့သည် ပစ္စန္တရစ်ရွာ၌ ဆွမ်းခံ၍ ထိုဇရပ်၌ နေ၍ ဆွမ်းစား၍ မိမိတို့၏ နေရာအရပ်သို့ သွားကုန်၏။ ထိုလူတို့သည်လည်း ရသေ့တို့အား အာဟာရကို လှူကုန်သည်ရှိသော် ရံခါ ခွက်၌ ဆားကိုထည့်၍ လှူကုန်၏။ ရံခါ သစ်ရွက်၌ ဆားကိုထုပ်၍ လှူကုန်၏။ ရံခါ ဆားမရှိသော အာဟာရကိုလျှင် လှူကုန်၏။ လူတို့သည် တစ်နေ့သ၌ သစ်ရွက်ထုပ်၌ များစွာသော ဆားကိုယူ၍ လှူကုန်၏။ ဝိဒေဟရသေ့သည် ဆားကိုယူ၍ လာလတ်၍ ဘုရားလောင်းအား ဆွမ်းအား လျောက်ပတ်သော ဆားကို ပေး၍ မိမိဖို့လည်း အတိုင်းအရှည်နှင့် ယှဉ်သော ဆားကိုယူ၍ ကြွင်းသောဆားကို သစ်ရွက်ဖြင့်ထုပ်၍ ဆားမရှိသောနေ့တို့၌ ဖြစ်လတ္တံ့ဟု သက်ကယ်မိုးအကြား၌ထား၏။ ထိုအခါ တစ်နေ့သ၌ ဆားမရှိသော အာဟာရကို ရသည်ရှိသော် ဝိဒေဟရသေ့သည် ဂန္ဓာရရသေ့အား ခွက်ကိုပေး၍ သက်ကယ်မိုးအကြားမှ ဆားကိုဆောင်၍ ဆရာဆားယူလော့ဟု ဆို၏။ ယနေ့ လူတို့သည် ဆားမလှူအပ်၊ အဘယ်မှာ ရသနည်းဟု မေး၏။ ဆရာ... ရှေးနေ့၌ လူတို့သည် များစွာသောဆားကို လှူကုန်၏။ ထိုအခါ အကျွန်ုပ်သည် ဆားမရှိသော နေ့တို့၌ ဖြစ်လတ္တံ့ဟု ကြွင်းသောဆားကိုထား၏ ဟု ဆို၏။

ဆာကို မက်မောသလား

ထိုအခါ ဝိဒေဟရသေ့ကို ဘုရားလောင်းသည် မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သောယောက်ျား ယူဇနာသုံးရာရှိသော ဝိဒေဟတိုင်းကြီးကို စွန့်၍ ရဟန်းပြု၍ ပလိဗောဓ မရှိသည်၏ အဖြစ်သို့ ရောက်လျက် ယခုအခါ၌ ဆားကို တပ်စွန်းခြင်းကို ဖြစ်စေ၏ ဟု ခြိမ်းခြောက်၍ ဆုံးမလိုရကား-

၇၆။ ဟိတွာ ဂါမသဟဿာနိ၊ ပရိပုဏ္ဏာနိ သောဠသ။
ကောဋ္ဌာဂါရာနိ ဖီတာနိ၊ သန္နိဓိံ ဒါနိ ကုဗ္ဗသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၇၆။ ဝိဒေဟ၊ ဝိဒေဟရသေ့။ တွံ၊ သင်သည်။ ပရိပုဏ္ဏာနိ၊ ပြည့်ကုန်သော။ သောဠသဂါမသဟဿာနိ စ၊ ရွာမ တစ်သောင်းခြောက်ထောင်တို့ကိုလည်းကောင်း။ ဖီတာနိ၊ ပြည့်ကုန်သော။ ကောဋ္ဌာဂါရာနိ စ၊ ရတနာကျီ ပုဆိုးကျီ စပါးကျီတို့ကိုလည်းကောင်း။ ဟိတွာ၊ စွန့်၍။ ဣဒါနိ၊ ယခုအခါ၌။ လောဏမတ္တံ၊ ဆားမျှကို။ သန္နိဓိံ၊ သိုမှီးခြင်းကို။ ကုဗ္ဗသိ၊ ပြု၏။

ဆုံးမစရာမလိုဘူး

ဝိဒေဟရသေ့သည် ဤကဲ့သို့ ကဲ့ရဲ့အပ်သည်ရှိသော် ကဲ့ရဲ့ခြင်းကို သည်းမခံနိုင်၍ ဆန့်ကျင် ဘက်ဖြစ်၍ ဆရာ... သင်တို့သည် မိမိအပြစ်ကို မမြင်မူ၍ ကျွန်ုပ်၏ အပြစ်ကိုသာလျှင် မြင်ကုန်ဘ၏။ ဆရာတို့သည် ငါ့အား သူတစ်ပါးတို့ကို ဆုံးမခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ကိုယ့်ကိုသာလျှင် ဆုံးမအံ့ဟု မင်းအဖြစ်ကိုစွန့်၍ ရဟန်း ပြုသည်မဟုတ်လော၊ ယခုအခါ အဘယ့်ကြောင့် အကျွန်ုပ်ကို ဆုံးမကုန်သနည်းဟု စောဒနာ လိုရကား -

၇၇။ ဟိတွာ ဂန္ဓာရဝိသဟံ၊ ပဟူတဓနဓာရိယံ။
ပသာသနတော နိက္ခန္တော၊ ဣဓ ဒါနိ ပသာသသိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၇၇။ အာစရိယ၊ ဆရာ။ ပဟူတဓနဓာရိယံ၊ များသောဥစ္စာကိုဆောင်သော။ ဂန္ဓာရဝိသယံ၊ ဂန္ဓာရတိုင်းကို။ ဟိတွာ၊ စွန့်၍။ ပသာသနတော၊ သူ တစ်ပါးကို ဆုံးမခြင်းမှ။ နိက္ခန္တော၊ ထွက်ပြီးလျက်။ ဣဒါနိ၊ ယခုအခါ၌။ ဣဓ၊ ဤတော အရပ်၌။ ကသ္မာ၊ အဘယ့်ကြောင့်။ မံ၊ အကျွန်ုပ်ကို။ ပသာသသိ၊ ဆုံးမပြန်သနည်း။

တရားသဘော ပြောခြင်းသာ

ထိုစကားကို ကြား၍ ဘုရားလောင်းသည် -

၇၈။ ဓမ္မံ ဘဏာမိ ဝေဒေဟ၊ အဓမ္မော မေ န ရုစ္စတိ။
ဓမ္မံ မေ ဘာသမာနဿ၊ န ပါပ မုပလိမ္ပတိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၇၈။ ဝေဒေဟ၊ ဝိဒေဟ ရှင်ရသေ့။ အဟံ၊ ငါသည်။ ဓမ္မံ၊ တရားသဘောကိုသာလျှင်။ ဘဏာမိ၊ ဆို၏။ မယာ၊ ငါသည်။ အဓမ္မော၊ တရားသဘော မဟုတ်သည်ကို။ န ရုစ္စတိ၊ မနှစ်သက်။ ဓမ္မံ၊ တရားသဘော ဟုတ်သည်ကို။ ဘာသမာနဿ၊ ဆိုသော။ မေ၊ ငါ့အား။ ပါပံ၊ မကောင်းမှုသည်။ န ဥပလိမ္ပတိ၊ မလိမ်းကျံ။

အပြောကြမ်းက မခံသာ

ဝိဒေဟ ရသေ့သည် ဘုရားလောင်း၏ စကားကိုကြား၍ ဆရာ အကျိုးကိုမှီသော စကားကို ဆိုသောသူသည်လည်း သူတစ်ပါးကို ထိခိုက်ချုပ်ချယ်၍ ဆိုခြင်းငှာ မသင့်၊ ငါ့ကိုထက်သော ဓားငယ်ဖြင့် ဖြတ်ဘိသကဲ့သို့ အလွန်ကြမ်းသောစကားကို ဆို၏ဟု ဆိုလို၍-

၇၉။ ယေန ကေနစိ ဝဏ္ဏေန၊ ပရော လဘတိ ရုပ္ပနံ။
မဟတ္ထိယမ္ပိ စေ ဝါစံ၊ န တံ ဘာသေယျ ပဏ္ဍိတော။

ဟူသော လေးခုမြောက်ခု ဤဂါထာကို ဆို၏။

၇၉။ အာစရိယ၊ ဆရာ။ ယေန ကေနစိ ဝဏ္ဏေန၊ တစ်စုံ တစ်ခုသော အကြောင်းဖြင့်။ ပရော၊ သူတစ်ပါးသည်။ ရုပ္ပနံ၊ အမျက်ထွက်ခြင်းကို။ လဘတိ၊ ရ၏။ စေ၊ အကယ်၍။ မဟတ္ထိယမ္ပိ၊ များစွာသော အကျိုးကို မှီငြားသော်လည်း။ တံ ဝါစံ၊ ထိုစကားကို။ ပဏ္ဍိတော၊ ပညာရှိသည်။ န ဘာသေယျ၊ မဆိုရာ။

အကျိုးရှိရာ နားထောင်

ထိုအခါ ဝိဒေဟရသေ့အား ဘုရားလောင်းသည်-

ဝ။ ကာမံ ရုပ္ပတု ဝါ မာ ဝါ၊ ဘုသံဝ ဝိကိရိယျတု။
ဓမ္မံ မေ ဘဏမာနဿ၊ န ပါပ မုပလိမ္ပတိ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၈၀။ ဝိဒေဟ၊ ဝိဒေဟ ရှင်ရသေ့။ ဩဝဒိယမာနော၊ ဆုံးမအပ်သောသူသည်။ ကာမံ၊ စစ်စစ်။ ရုပ္ပတု ဝါ၊ အမျက်ထွက် သည်မူလည်း ဖြစ်စေ။ မာ ဝါ၊ အမျက်မထွက်သည်မူလည်းဖြစ်စေ။ ဘုသံဝ၊ ဖွဲကဲ့သို့။ ဝိကိရိယျတု ဝါ၊ လွှင့်သည်မူလည်းဖြစ်စေ။ ဓမ္မံ၊ တရားသဘောကို။ ဘဏမာနဿ၊ ဆိုသော။ မေ၊ ငါ့အား။ ပါပံ၊ မကောင်းမှုသည်။ န ဥပလိမ္ပတိ၊ မလိမ်းကျံ။

ဤသို့ဆို၍လည်း အာနန္ဒာ... အိုးထိန်းသည်သည် စိုကုန်သောမြေတို့ကို နှိပ်၍ လုံ့လပြုသကဲ့သို့ ထို့အတူ ငါသည် လုံ့လပြုအံ့၊ အာနန္ဒာ ငါဘုရားသည် ဆိုအံ့-အကြင်အနှစ်သည် ရှိ၏။ ထိုအနှစ်သည် တည်လတ္တံ့၊ ဤသို့လာသော မြတ်စွာဘုရား အဆုံးအမလျော်သော အကျင့်၌ တည်၍ အိုးထိန်းသည်သည် အိုးတို့၌ အဖန် တလဲလဲခတ်၍ စိမ်းသောအိုးတို့ကို မယူမူ၍ ကောင်းစွာ ကျက်သည်သာလျှင် ဖြစ်သော အိုးကို ယူသကဲ့သို့ ထို့အတူ အဖန် တလဲလဲ ဆုံးမ၍ နှိပ်၍ ကျက်သောအိုးနှင့်တူသော ပုဂ္ဂိုလ်ကို ယူအပ်၏ဟု ပြအံ့သောငှာ ဝိဒေဟ ရသေ့ကို တစ်ဖန် ဆုံးမလိုကကား-

၈၁။ နောစေ အဿ သကာဗုဒ္ဓိ၊ ဝိနယောဝါ သုသိက္ခိတော။
ဝနေ အန္ဓမဟိံသောဝ၊ စရေယျ ဗဟုကော ဇနော။
၈၂။ ယသ္မာ စ ပနိဓေကစ္စေ၊ အာစေရမှိ သုသိက္ခိတာ။
တသ္မာ ဝိနီတဝိနယာ၊ စရန္တိ သုသမာဟိတာ။

ဟူသော ဤနှစ် ဂါထာတို့ကို ဆို၏။

၈၁။ ဝေဒေဟ၊ ဝိဒေဟ ရှင်ရသေ့။ ဣမေသံ သတ္တာနံ၊ ဤသတ္တဝါတို့အား။ သကာဗုဒ္ဓိ၊ မိမိဥစ္စာဖြစ်သော ပညာသည်လည်းကောင်း။ ဝိနယော၊ ဆုံးမတတ်သော ပညာရှိကိုမှီ၍ သင်အပ်သော။ သုသိက္ခိတော ဝါ၊ ကောင်းသော အကျင့်သည်လည်းကောင်း။ နော စေ အဿ၊ ကယ်၍ မရှိသည်ဖြစ်ငြားအံ့။ ဗဟုကော၊ များစွာသော။ ဇနော၊ လူအပေါင်းသည်။ ဝနေ၊ တော၌။ အန္ဓမဟိံသော ဝ၊ ကန်းသော ကျွဲကဲ့သို့။ စရေယျ၊ ဖောက်လွဲဖောက်ပြန် ကျင့်ရာ၏။

၈၂။ ယသ္မာ စ ပန၊ အကြင်ကြောင့်ကား။ ဣဓ၊ ဤလောက၌။ ဧကစ္စေ၊ အချို့ကုန်သော သူတို့သည်။ အာစေရမှိ၊ ဆရာ့အထံ၌။ သုသိက္ခိတာ၊ ကောင်းစွာ သင်အပ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဝိနီတဝိနယာ၊ ဆုံးမအပြီးသော ဝိနည်းရှိကုန် သည်ဖြစ်၍။ သုသမာဟိတာ၊ ကောင်းစွာ တည် ကြည်ကုန်သည် ဖြစ်၍။ စရန္တိ၊ မတိမ်းမစောင်း ကောင်းစွာ ကျင့်နိုင်ကုန်၏။

ကျွန်ုပ်မှားပါပြီ

ထိုစကားကိုကြား၍ ဝိဒဟရသေ့သည် ဆရာ ဤနေ့မှ စ၍ အကျွန်ုပ်ကို ဆုံးမပါလော့၊ အဖန်တလဲလဲ ဆုံးမပါလော့၊ ကျွန်ုပ်သည် သည်းမခံတတ်သော သဘောရှိသည် အဖြစ်ဖြင့် ဆရာတို့နှင့်တကွ ဆိုမိ၏။ အကျွန်ုပ်၏ ထိုအပြစ်ကို သည်းခံပါလော့ဟု ရှိခိုး၍ ဘုရားလောင်းကို ကန်တော့၏။

ထိုနှစ်ပါးကုန်သော ရသေ့တို့သည် ညီညွတ်စွာနေ၍ တစ်ဖန် ဟိမဝန္တာသို့လျှင် သွားကုန်၏။ ထိုဟိမဝန္တာ၌ ဘုရားလောင်းသည် ဝိဒေဟရသေ့အား ကသိုဏ်းပရိကံကို ဟော၏။ ထိုဝိဒေဟ ရသေ့သည် ထိုပရိကံကိုပြု၍ အဘိ ညာဉ်တို့ကိုလည်းကောင်း၊ သမာပတ်တို့ကိုလည်းကောင်း၊ ဖြစ်စ၏။ ဤသို့ ထိုနှစ်ပါးကုန်သော ရသေ့တို့သည်လည်း မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဝိဒေဟမင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဂန္ဓာရမင်းဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ပစ္စည်းပစ္စယ၊ သိမ်းဆည်းကြ၊ သောကရောက်ကြောင်းသာ

ရှေးဦးစွာသော ဂန္ဓာရဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၂။ မဟာကပိဇာတ်

အမျိုးသားတို့အတွက် အသက်ကိုမငဲ့ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အတ္တာနံ သင်္ကမံ ကတွာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ မဟာကပိဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဆွေတော်မျိုးတော်တို့၏ အကျိုးငှာ ကျင့်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် ဘဒ္ဒသာလဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ ထိုအခါ၌ကား တရားသဘင်၌ ရဟန်းတို့သည် ငါ့ရှင်တို့ သဗ္ဗညူ မြတ်စွာဘုရားသည် ဆွေတော်မျိုးတော်တို့၏ အကျိုးကို ကျင့်တော်မူ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့... ယခုအခါ၌သာလျှင် ငါဘုရားသည် ဆွေတော်မျိုးတော်တို့၏ အကျိုးကို ကျင့်သည်မဟုတ်၊ ရှေး၌လည်း ငါဘုရားသည် ဆွေတော်မျိုးတော်တို့၏ အကျိုးကို ကျင့်ဖူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မျောက်အမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် အလုံး အရပ်နှင့် ပြည့်စုံ၏။ အစွမ်းနှင့်ပြည့်စုံ၏။ ဆင်ငါးစီးအားကို ဆောင်၏။ မျောက်ရှစ်သောင်း အခြံအရံရှိသည်ဖြစ်၍ ဟိမဝန္တာ၌ နေ၏။

အဗ္ဘန္တရ သရက်သီး

ထိုဟိမဝန္တာ၌ ဂင်္ဂါကမ်းနားကိုမှီ၍ အခက်အခွနှင့် ပြည့်စုံသော အေးမြသော အရိပ်ရှိသော ထူသောအရွက်ရှိသော တောင်ထွတ်ကဲ့သို့သော ကောငြးစွာတကဩော သရက်ပင်သည် ရှိ၏။ (ပညောင်ပင်ဟူ၍လည်း ဆိုကုန်၏။ ) ထိုသရက်ပင်အား နတ်၌ဖြစ်သော အနံ့အရသာ နှင့် တူကုန်သော အနံ့အရသာ ရှိကုန်သော ကြီးကုန်သော အိုးစရည်းပမာဏ ရှိကုန်သော ချိုကုန်သော အသီးတို့သည် ရှိကုန်၏။ ထိုသရက်ပင်၏ တစ်ခုသောအခက်မှ အသီးတို့သည် ကြည်း၌ ကျကုန်၏။ တစ်ခုသော အခက်မှ အသီးတို့သည် ဂင်္ဂါရေ၌ ကျကုန်၏။ နှစ်ကုန်သော အကိုင်းတို့၏ အလယ်ဖြစ်သော အသီးတို့သည် သစ်ပင်ရင်း၌ ကျကုန်၏။ ဘုရားလောင်းသည် မျောက်အပေါင်းကို ယူ၍ ထိုသရက်ပင်၌ အသီးတို့ကိုစားလျက် တစ်ခုသောကာလ၌ ဤသရက်ပင်၏ ရေ၌ကျသော အသီးကိုမှီ၍ ငါတို့အား ဘေးဖြစ်လတ္တံ ဟု ရေအထက်၌ အခက်မှ တစ်လုံးသော အသီးကိုမျှလည်း မကြွင်းစေမူ၍ ပွင့်သောကာလမှစ၍ စားလည်း စားစေ၏။ ချလည်း ချစေ၏။

ဘုရင်သိပြီ

ဤသို့ ပြုငြားသော်လည်း ရှစ်သောင်းကုန်သော မျောက်တို့သည် မမြင်သော ပိုးရွတို့သည် ပြုပ်သော သစ်ရွက်ထုပ်ဖြင့် ဖုံးလွှမ်းသော တစ်လုံးသော သရက်သီးမှည့်သည် မြစ်၌ကျ၍ ဂင်္ဂါမြစ်၏ အကြေသို့ အစဉ်လျှောက်၍ မျောလေသော အထက်၌လည်းကောင်း၊ အောက်၌ လည်းကေင်း ကွန်ကိုဖွဲ့၍ ရေ စားခြင်းကို ကစားသော ဗာရာဏသီမင်း၏ အထက်ကွန်၌ ငြိ၏။ မင်းသည် တစ်နေ့ပတ်လုံး ကစား၍ ညဉ့်အခါ၌ တံငါတို့သည် ကွန်ကို ချီကုန်သည်ရှိသော် ထိုသရက်သီးကိုမြင်၍ ဤမည်သော အသီးဟု မသိကုန်သည်ဖြစ်၍ မင်းအား ပြကုန်၏။ မင်းသည် ဤအသီးကား အဘယ်အသီးနည်းဟု မေး၏။ အရှင်မင်းကြီး... မသိကုန်ဟု ဆိုကုန်၏။ အဘယ် သူတို့သည် သိကုန်လတ္တံ့နည်းဟု မေး၏။ အရှင်မင်းကြီး မုဆိုးတို့သည် သိကုန်လတ္တံ့ဟု ဆိုကုန်၏။ မင်းသည် မုဆိုးတို့ကို ခေါ်စေ၍ မေး၍ မုဆိုးတိုအထံမှ သရက်သီးမှည့်ဟု ကြား၍ ဓားငယ်ဖြင့်ခွဲ၍ ရှေးဦးစွာ မုဆိုးတို့ကို စားစေ၍ နောက်မှ မိမိသည် စား၏။ မောင်းမအပေါင်းကိုလည်းကောင်း အမတ်တို့ကိုလည်းကောင်း စားစေ၏။ သရက်သီးမှည့်၏ အရသာသည် မင်း၏ ကိုယ်အလုံး နှံ့၍ တည်၏။ မင်းသည် ရသတဏှာဖြင့် ဖွဲ့အပ်သည်ဖြစ်၍ ထိုသရက်ပင်တည်ရာ အရပ်ကို မုဆိုးတို့အား မေး၏။ မုဆိုးတို့သည် ဟိမဝန္တာအရပ်ဝယ် မြစ်နား၌ရှိ၏ ဟု ဆိုသည်ရှိသော် များစွာသော လှေဖောင်တို့ကို ဖွဲ့စေ၍ မုဆိုးတို့သည် ညန့်အပ်သောခရီးဖြင့် အညာသို့ သွား၏။ ဤမျှသော နေ့တို့ပတ်လုံး သွား၏ဟု အပိုင်းအခြားကို မဆိုအပ်။ အစဉ်သဖြင့်ကား ထိုအရပ်သို့ရောက်၍ အရှင်မင်းကြီး ဤသစ်ပင်တည်းဟု မုဆိုးတို့သည် မင်းအား ကြားကုန်၏။

မင်းသည် လှေတို့ကို မြစ်၌ထားခဲ့၍ များစွာသော လူအပေါင်း ခြံရံလျက် ခြေဖြင့် ထိုအရပ်သို့ သွား၍ သရက်ပင်၌ အိပ်ရာကိုခင်းစေ၍ သရက်သီးမှည့်တို့ကို စား၍ အထူးထူးသော အရသာရှိသော ဘောဇဉ်ကိုစား၍ အိပ်၏။

မျောက်များကို သတ်စေ

ခပ်သိမ်းသော အရပ်မျက်နှာတို့၌ အစောင့် အရှောက်ထား၍ မီးကိုညှိကုန်၏။ ဘုရားလောင်းသည် လူတို့သည် အိပ်ပျော်ခြင်းသို့ ရောက်ကုန်လတ်သော် သန်းခေါင်းအခါ၌ ပရိသတ်နှင့်တကွ သွား၏။ ရှစ်သောင်းကုန်သော မျောက်တို့သည် သစ်ခက်တစ်ခုမှ သစ်ခက်တစ်ခုသို့ သွားကုန်လျက် သရက်သီးတို့ကို စားကုန်၏။ မင်းသည် နိုး၍ မျောက်အပေါင်းကို မြင်၍ လူတို့ကိုထစေ၍ လေးသမားတို့ကို ခေါ်စေ၍ အကြင် အခြင်းဖြင့် ဝန်းရံသည်ရှိသော် သရက်သီးကို စားကုန်သော ထိုမျောက်တို့သည် မပြေးကုန်၊ ထိုအခြင်းဖြင့် ထိုအရပ်ကို ခြံရံ၍ နက်ဖြန် သရက်သီးတို့ကိုလည်းကောင်း မျောက်သားတို့ကို လည်းကောင်း စားကုန်အံ့ဟု ဆို၏။ လေးသမားတို့သည် ကောင်းပြီ ဟု ဝန်ခံ၍ သရက်ပင်ကို ခြံရံ၍ မြားတို့ကိုဖွဲ့၍ တည်ကုန်၏။ ထိုမျောက်တို့သည် မြင်ကုန်၍ သေဘေးမှ ကြောက်ကုန်သည်ဖြစ်၍ ပြေးအံ့သောငှာ မတတ်နိုင်ကုန်ရကား ဘုရားလောင်းသို့ ကပ်ကုန်၍ အရှင်... ပြေးကုန်သော မျောက်တို့ကို ပစ်အံ့ဟု သရက်ပင်ကိုခြံရံ၍ လေးသမားတို့သည် တည်ကုန်၏။ အသို့ ပြုကုန်အံ့နည်းဟု မေး၍ တုန်လှုပ်ကုန်လျက် တည်ကုန်၏။

မျောက်မင်း ကယ်ဆယ်ပုံ

ထိုအခါ ဘုရားလောင်းသည် မကြောက်ကြကုန်လင့်၊ ငါသည် သင်တို့အား အသက်ကိုပေးအံ့ ဟု မျောက် အပေါင်းတို့ကို နှစ်သိမ့်စေ၍ ဖြောင့်စွာတက်သော သစ်ပင်သစ်ခက်ကို တက်၍ ဂင်္ဂါသို့ ရှေးရှုသွား၍ ထိုသစ်ခက်စွန်းမှခုန်၍ လေးအပြန်တစ်ရာ အတိုင်းအရှည်ရှိသော အရပ်ကို လွန်၍ ဂင်္ဂါနား၌ တစ်ခုသော ချုံအထက်၌ ကျ၍ ထိုချုံမှသက်၍ ငါ၏ လာရာအရပ်သည် ဤမျှရှိသည် ဖြစ်လတ္တံ့ ဟု ကောင်ကင်ဖြင့် ပိုင်းခြား၍ တစ်ခုသော ကြိမ်နွယ်ကိုဖြတ်၍ ဤမျှသော အရပ်သည် သစ်ပင်၌ ဖွဲ့သည်ဖြစ်လတ္တံ့၊ ဤမျှသောအရပ်သည် ကောင်းကင်၌တည်သည် ဖြစ်လတ္တံ့ဟု နှစ်ပါးသော အရပ်တို့ကို မှတ်၍ မိမိခါး၌ ဖွဲ့ရာအရပ်ကိုကား မမှတ်မိ၊ ဘုရားလောင်းသည် ထိုနွယ်ကိုယူ၍ တစ်ခုသော အစွန်းကို ဂင်္ဂါနားဝယ် တည်သောသစ်ပင်၌ ဖွဲ့၍ တစ်ခုသော အခွန်းကို မိမိခါး၌ဖွဲ့၍ လေကြောင့်ပြတ်သော တိမ်ကဲ့သို့ လေအဟုန်ဖြင့် လေးအပြန်တစ်ရာ အတိုင်းအရှည်ရှိသော အရပ်ကိုခုန်၍ ခါး၌ ဖွဲ့ရာအရပ်ကို မမှတ်မိသည်၏ အဖြစ်ကြောင့် သစ်ပင်သို့ ရောက်အံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ လက်နှစ်ဖက်တို့ဖြင့် သရက်ခက်ကို မြဲစွာကိုင်၍ မျောက်အပေါင်းအား အမှတ် ပေး၏။ လျင်စွာ ငါ၏ကျောက်ကို နင်းကုန်လျက် ကြိမ်နွယ်ဖြင့် ချမ်းသာစွာ သွားခြင်းကို သွားကုန်လော့ ဟု ဆို၏။ ရှစ်သောင်းကုန်သော မျောက်တို့သည် ဘုရားလောင်းကို ရှိခိုးကုန်၍ ကန်တော့ကုန်၍ ဘုရားလောင်း ဆိုတိုင်း သွားကြကုန်၏။

မျောက်ယုတ်မာ

ထိုအခါ ဒေဝဒတ်သည်လည်း မျောက်ဖြစ်၍ ထိုမျောက်တို့၏ အတွင်း၌ ဖြစ်၏။ ဒေဝဒတ်အလောင်း မျောက်သည် ဤအခါသည်ကား ငါ၏ရန်သူ ပျက်စီးခြင်းကို မြင်ရအံ့သောအခါတည်းဟု မြင့်သော အကိုင်းသို့ တက်၍ အဟုန်ကို ဖြစ်စေ၍ ဘုရားလောင်း၏ ကျောက်၌ ကျစေ၏။ ဘုရားလောင်း၏ နှလုံးသည် ကွဲ၏။ ပြင်းစွာသောဝေဒနာသည် ဖြစ်၏။ ထိုဒေဝဒတ်အလောင်း မျောက်သည်လည်း ဘုရားလောင်းကို ဝေဒနာသို့ ရောက်သည်ကို ပြု၍ ဖဲ၏။ ဘုရားလောင်းသည် အဖော်မရှိသည်လျှင် ဖြစ်၏။

မင်းကြီး မေးခြင်း

ဗာရာဏသီမင်းသည် မအိပ်ဘဲ မျောက်တို့သည်လည်းကောင်း ဘုရားလောင်းသည်လည်းကောင်း ပြုအပ်သော အလုံးစုံသော အမူအရာကိုမြင်၍ ဤမျောက်သည် တိရစ္ဆာန်ဖြစ်လျက် မိမိအသက်ကို မရေတွက်မူ၍ ပရိသတ်၏ ချမ်းသာ သော အဖြစ်ကိုသာလျှင် ပြု၏ ဟု ကြံလျက် အိပ်၏။ မင်းသည် နံနက်လင်းလတ်သော် ဘုရားလောင်းကို နှစ်သက်၍ မျောက်မင်းကို ဖျက်ဆီးအံ့သောငှာ မသင့်၊ ဥပါယ်ဖြင့် ထိုမျောက်ကို သက်စေ၍ လုပ်ကျွေးအံ့ဟု ဂင်္ဂါအတွင်း၌ လှေဖောင်ကိုထား၍ ထိုဖောင်၌ ငြမ်းဖွဲ့၍ ဖြည်းညင်းသာယာစွာ ဘုရားလောင်းကို သက်စေ၍ ကျောက်၌ ဖန်ရည်စွန်းသော အဝတ်ကို ဖြန့်စေ၍ ဂင်္ဂါရေဖြင့် ချိုးစေ၍ တင်လဲရေကို သောက်စေ၍ ခြောက်သောကိုယ်ကို အကြိမ်တစ်ထောင်ချက်သော ဆီဖြင့်နယ်၍ အိပ်ရာအပြင်၌ သိုးရေကို ခင်းစေ၍ ဖြည်းညင်းသာယာစွာ သိုးရေအခင်း၌ အိပ်စေ၍ မိမိသည် နိမ့်သောနေရာ၌နေ၍ -

၈၃။ အတ္တာနံ သင်္ကမံ ကတွာ၊
ယော သောတ္ထိံ သမတာရယိ။
ကိံ တွံ တေသံ ကိမေ တုယှံ၊
ဟောန္တိ ဧတေ မဟာကပိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၈၃။ မဟာကပိ၊ မျောက်ကြီး။ ယော တွံ၊ အကြင်သင်သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ သင်္ကမံ ကတွာ၊ တံတားပြု၍။ ဣမေ ဝါနရေ၊ ဤမျောက်တို့ကို။ သောတ္ထိံ သမတာရယိ၊ ဘေးမရှိသည်ကို ပြု၍ ကူးစေ၏။ တွံ၊ သင်သည်။ တေသံ၊ ထိုမျောက်တို့အား။ ကိံ အဟောသိ၊ အသို့တော်သနည်း။ ဧတေ၊ ထိုမျောက်တို့သည်လည်း။ တုယှံ၊ သင့်အား။ ကိံ ဟောန္တိ၊ အသို့တော်ကုန်သနည်း။

မျောက်မင်း အဖြေတရား

ထိုစကားကိုကြား၍ ဘုရားလောင်းသည် မင်းကို ဆုံးမလိုသည်ဖြစ်၍-

၈၄။ ရာဇာဟံ ဣဿရော တေသံ၊
ယူထဿ ပရိဟာရကော။
တေသံ သောကပရေတာနံ၊
ဘီတာနံ တေ အရိန္ဒမ။
၈၅။ ဥလ္လိင်္ဃယိတွာ အတ္တာနံ၊ ဝိဿဋ္ဌဓနုနော သတံ။
တတော အပရပါဒေသု၊ ဒဠှံ ဗန္ဓံ လတာဂုဏံ။
၈၆။ ဆိန္နဗ္ဘမိဝ ဝါတေန၊ နုဏ္ဏော ရုက္ခံ ဥပါဂမိ။
သောဟံ အပ္ပဘဝံ တတ္ထ၊
သာခံ ဟတ္ထေဟိ အဂ္ဂဟိံ။
၈၇။ တံ မံ ဝိယာယတံ သန္တံ၊ သာခါယ စ လတာယ စ။
သမနုက္ကမန္တာ ပါဒေဟိ၊ သောတ္ထိံ သာခါမိဂါ ဂတာ။
၈၈။ တံ မံ န တပတေ ဗန္ဓော၊
မတော မေ န တပေဿတိ။
သုခမာဟရိတံ တေသံ၊ ယေသံ ရဇ္ဇမကာရယိံ။
၈၉။ ဧသာ တေ ဥပမာ ရာဇ၊ တံ သုဏောဟိ အရိန္ဒမ။
ရညာ ရဋ္ဌဿ ယောဂ္ဂဿ၊ ဗလဿ နိဂမဿ စ။
သဗ္ဗေသံ သုခမေဋ္ဌဗ္ဗံ၊ ခတ္တိယေန ပဇာနတော။

ဟူသော ဤဂါထာတို့ကို ဆို၏။

၈၄။ အရိန္ဒမ၊ ရန်သူတို့ကို ဆုံးမတတ်သော မင်းကြီး။ အဟံ၊ ငါသည်။ ယူထဿ၊ မျောက်အပေါင်းကို။ ပရိဟာရကော၊ ဆောင်သော။ ဣဿရော၊ အစိုးရသော။ တေသံ၊ ထိုရှစ်သောင်းသော မျောက်တို့၏။ ရာဇာ၊ မင်းတည်း။ တေ- တယာ၊ သင်မင်းကြီးမှ။ ဘီတာနံ၊ ကြောက်ကုန်သော။ သောကပရေတာနံ၊ သောကသည် နှိပ် စက်အပ်ကုန်သော။ တေသံ၊ ထိုမျောက်တို့၏။ အတ္ထာယ၊ အကျိုးငှာ။

၈၅။ အတ္တာနံ၊ မိမိကိုယ်ကို။ ဝိဿဋ္ဌဓနုနော၊ ညှို့မှလွှတ်သောလေး၏။ သတံ၊ အပြန်တစ်ရာ အတိုင်းအရှည်ရှိသော အရပ်ကို။ ဥလ္လိင်္ဃယိတွာ၊ ကောင်းစွာခုန်၍။ တတော၊ ထိုအရပ်မှ။ အပရပါဒေသု၊ နောက်ခြေတို့၌။ လတာဂုဏံ၊ ယူအပ်သော နွယ်ကို။ ဒဠှံ၊ မြဲစွာ။ ဗန္ဓံ၊ ဖွဲ့၍။

၈၆။ ဆိန္နဗ္ဘမိဝ၊ လေကြောင့်ပြတ်သော တိမ်ကဲ့သို့။ ဝါတေန၊ မိမိအဟုန်ကြောင့်ဖြစ်သောလေသည်။ နုဏ္ဏော၊ လွှင့်အပ်သည်ဖြစ်၍။ ရုက္ခံ၊ သရက်ပင်သို့။ ဥပါဂမိ၊ ကပ်၏။ သောဟံ၊ ထိုငါသည်။ တတ္ထ၊ ထိုကောင်းကင်ပြင်၌။ အပ္ပဘဝံ၊ ဤသရက်ပင်သို့ ရောက်အံ့သောငှာ မစွမ်းနိုင်သည်ဖြစ်၍။ သာခံ၊ သရက်ခက်ကို။ ဟတ္တေဟိ၊ လက်နှစ်ဖက်တို့ဖြင့်။ အဂ္ဂဟိံ၊ ကိုင်ဆွဲ၏။

၈၇။ အာယတံ ဝိယ၊ စောင်း၌ သီအပ်သော စောင်းညှို့ကဲ့သို့။ သာခါယ စ၊ သရက်ခက်သည်လည်းကောင်း။ လတာယ စ၊ နွယ်သည်လည်းကောင်း။ အယတံ၊ ငင်အပ်သည်။ သန္တံ၊ ဖြစ်သော။ တံ မံ၊ ထိုငါ့ကို။ သာခါမိဂါ၊ မျောက်အပေါင်းတို့သည်။ ပါဒေဟိ၊ ခြေတို့ဖြင့်။ သမနုက္ကမန္တာ၊ ရိုသေစွာ နင်းကုန်လျက်။ သောတ္ထိံ၊ ချမ်းသာစွာ။ ဂတာ၊ သွားကုန်၏။

၈၈။ ယသ္မာ၊ အကြင်ကြောင့်။ အဟံ၊ ငါသည်။ ယေယံ၊ အကြင်မျောက်တို့၏။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ အကာရယိံ၊ ပြု၏။ မယာ၊ ငါသည်။ တေသံ၊ ထိုမျောက်တို့၏။ သုခံ၊ ချမ်းသာကို။ အာဟရိတံ၊ ဆောင်အပ်၏။ တသ္မာ၊ ထိုကြောင့်။ ဗန္ဓော၊ ကြိမ်နွယ်ဖြင့် နှောင်ဖွဲ့ခြင်းသည်။ တံ မံ၊ ထိုငါ့ကို။ န တပတေ၊ မပူပန်စေ။ မေ၊ ငါ့အား။ မရဏံ၊ သေခြင်းသည်။ န တပေဿတိ၊ မပူပန် စေလတ္တံ့။

၈၉။ အရိန္ဒမ၊ ရန်သူတို့ကို ဆုံးမတတ်သော။ ရာဇ၊ မင်းမြတ်။ တေ၊ သင်မင်းမြတ်အား။ ဧသာဥပမာ၊ ဤဥပမာကို။ ကထိတာ၊ ဆိုအပ်၏။ တံ၊ ထိုဥပမာဖြင့် နှီးနှော၍ဆိုသော စကားကို။ သုဏောဟိ၊ နာလော့။ ရညာ၊ မင်းသည်။ ရဋ္ဌဿ စ၊ တိုင်းနိုင်ငံသူ၏လည်းကောင်း။ ယောဂ္ဂဿ စ၊ ရထား အစရှိသော ယာဉ်စီသူရဲ၏လည်းကောင်း။ ဗလဿ စ၊ ဗိုလ်ပါ၏လည်းကောင်း။ နိဂမဿ စ၊ နိဂုံးသူ အပေါင်း၏ လည်းကောင်း။ သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော သူတို့၏။ သုခံ၊ ချမ်းသာကို။ ဧတဗ္ဗံ၊ ရှာအပ်၏။ ခတ္တိယေန၊ မင်းမည်သည်။ ပဇာနတာ၊ ဉာဏ်နှင့်ပြည့်စုံသည်။ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။

မီးသင်္ဂြိုဟ် ပူဇော်ခြင်း

ဤသို့ ဘုရားလောင်းသည် မင်းကိုဆုံးမလျက်လျှင် သေ၏။ မင်းသည် အမတ်တို့ကိုခေါ်စေ၍ ဤမျောက်မင်း၏ အလောင်းကို သင်္ဂြိုဟ်ခြင်းကိစ္စကို မင်းတို့၏ အလောင်းကို သင်္ဂြိုဟ်သကဲ့သို့ ပြုကြကုန်လော့ဟု ဆို၍ မင်းမောင်းမအပေါင်းကိုလည်း သင်တို့သည် နီသောအဝတ်ကို ဝတ်ကုန်လျက် ဖရိုဖရဲကြဲသော ဆံရှိကုန် သည်ဖြစ်၍ ဆီမီးတိုင် လက်စွဲကုန်လျက် မျောက်မင်းကို ခြံရံ၍ သုသာန်သို့ လိုက်ကြကုန်လော့ ဟု စေ၏။ အမတ်တို့သည် ထင်းအစည်းတစ်ရာတို့ဖြင့် ထင်းပုံကို ပြုကုန်၏။ ဘုရားလောင်း၏ အလောင်းကို သင်္ဂြိုဟ်ခြင်းကိစ္စကို မင်းတို့အား သင်္ဂြိုဟ်ခြင်းကို ပြုအပ်သောနည်းဖြင့်လျှင် ပြု၍ ဦးခေါင်းခွံကို ယူ၍ မင်း၏အထံသို့ သွားကုန်၏။ မင်းသည် ဘုရားလောင်း၏ သင်္ချိုင်း၌ စေတီတည်၍ ဆီမီးညှိထွန်း၍ နံ့သာပန်း စသည်တို့ဖြင့် ပူဇော်၍ ဦးခေါင်းခွံကို ရွှေမွမ်းမံ၍ လှံဖျား၌ထား၍ ရှေ့မှဆောင်စေ၍ နံ့သာပန်း စသည်တို့ဖြင့် ပူဇော်လျက် ဗာရာဏသီသို့ရောက်၍ လှံကို မင်းအိမ်တံခါး၌ထား၍ မြို့အလုံးကို တန်ဆာဆင်စေ၍ ခုနစ်ရက်ပတ်လုံး (အရိုး)ဓာတ်အား ပူဇော်ခြင်းကို ပြု၍ ထို့နောင်မှ ထိုဓာတ်ကိုယူ၍ စေတီတည်၍ အသက်ထက်ဆုံး ပန်း နံ့သာတို့ဖြင့် ပူဇော်၍ ဘုရားလောင်း အဆုံးအမ၌ တည်၍ အလှူအစရှိသော ကောင်းမှုတို့ကိုပြု၍ တရားသဖြင့် မင်းပြု၍ နတ်ပြည်သို့လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ပြီ၊ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ပြစ်မှားသော မျောက်ဖြစ်ပြီ၊ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ မျောက်မင်း၏ ပရိသတ်ဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မျောက်မင်းဖြစ်ဟု ဇာတ်ကို ပေါင်းတော်မူ၏။

မင်းမည်သည်ကား၊ လူအများ၊ စီးပွားဆောင်ရွက်ရာ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော မဟာကပိဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၃။ ကုမ္ဘကာရဇာတ်

ကိလေသာတို့၏ အလိုသို့ မလိုက်သင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အမ္ဗာဟမဒ္ဒံ ဝနမန္တရသ္မိံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုမ္ဘကာရဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကိလေသာအား နှိပ်စက်ခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် ပညာသဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။ ထိုအခါ၌ကား သာဝတ္ထိပြည်၌ ငါးရာကုန်သော အဆွေ ခင်ပွန်းတို့သည် ရဟန်းပြုကုန်၍ ဇေတဝန်ကျောင်းတော် အတွင်း၌ နေကုန်လျက် သန်းခေါင်ယံအခါ၌ ကာမဝိတက်ကို ကြံကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကိုယ်တော်၏ သာဝကတို့ကို ညဉ့်သုံးကြိမ် နေ့သုံးကြိမ် ဤသို့ ညဉ့်နေ့ ခြောက်ကြိမ် သာဝကတို့ကို ကြည့်လျက် ယစ်မသည် အဥကို စောင့်သကဲ့သို့။ စာမရီသည် အမြီးကို စောင့်သကဲ့သို့။ အမိသည် ချစ်စွာသောသားကို စောင့်သကဲ့သို့။ မျက်စိတစ်ဖက်သာ ရှိသော ယောက်ျားသည် မျက်စိတစ်ဖက်ကို စောင့်သကဲ့သို့ ထိုခဏ၌ဖြစ်သော ကိလေသာရှိသော ရဟန်းတို့ကို နှိပ်၏။

ထိုမြတ်စွာဘုရားသည် ထိုနေ့ သန်းခေါင်ယံ အခါ၌ ဇေတဝန် ကျောင်းတော်ကို စုံစမ်းလျက် ထိုရဟန်းတို့၏ အတွင်း၌ ဤကိလေသာသည် ပွားသည်ရှိသော် အရဟတ္တဖိုလ်၏ အကြောင်းကို ဖျက်လတ္တံ့၊ ယခုအခါ၌လျှင် ထိုရဟန်းတို့အား ကိလေသာကိုနှိပ်၍ အရဟတ္တဖိုလ်ကို ပေးအံ့ ဟု ဂန္ဓကုဋိမှ ထွက်တော်မူ၍ အာနန္ဒာမထေရ်ကို ခေါ်တော်မူ၍ အာနန္ဒာ- ဇေတဝန် ကျောင်းတော်အတွင်း၌ နေကုန်သော ရဟန်းတို့ကို စည်းဝေးစေလော့ ဟု စည်းဝေးစေ၍ ခင်းအပ်သော ဘုရားနေရာ၌ နေတော်မူ၍ အတွင်း၌ဖြစ်သော ကိလေသာတို့၏ အလိုသို့ လိုက်ခြင်းငှာ မသင့်၊ ကိလေသာသည် ပွားလတ်သော် ရန်သူကဲ့သို့ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်စေတတ်၏။ ရဟန်းမည်သည် အနည်းငယ်လည်းဖြစ်သော ကိလေသာကို နှိပ်ခြင်းငှာ သင့်၏။ ပညာရှိတို့သည် အနည်းငယ်သောအာရုံကိုမြင်၍ အတွင်း၌ဖြစ်သော ကိလေသာကိုနှိပ်၍ ပစ္စေကဗောဓိဉာဏ်ကို ဖြစ်စေကုန်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီ မြို့တံခါးရွာ၌ အိုးထိန်းသည်အမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် ဥစ္စာကိုဖြစ်စေ၍ တစ်ယောက်သော သားနှင့် သမီးကိုရ၍ အိုးထိန်းသည်တို့၏ အမှုကိုမှီ၍ သားမယားတို့ကို မွေး၏။

ကလိင်္ဂမင်း သရက်ပင် သံဝေဂ

ထိုအခါ ကလိင်္ဂတိုင်း ဒန္တပူရမြို့၌ ကရဏ္ဍကမည်သောမင်းသည် များစွာသော အခြံအရံဖြင့် ဥယျာဉ်သို့ သွားသည်ရှိသော် ဥယျာဉ်တံခါး၌ အသီးဝန်ကိုဆောင်သော ချိုသော အသီးရှိသော သရက်ပင်ကိုမြင်၍ မြတ်သော ဆင်ကျောက် ကုန်းထက်၌ နေလျက်လျှင် လက်ကိုဆန့်၍ သရက်ခိုင်ကို ဆွတ်၍ ဥယျာဉ်သို့ဝင်၍ မင်္ဂလာကျောက်ဖျာ၌ နေလျက် ပေးအပ်သည်နှင့် ယှဉ်သောသူတို့ပေး၍ သရက်သီးကို စား၏။ မင်းသည် ယူအပ်သော ကာလမှ စ၍ ကြွင်းသောသူတို့မည်သည် ယူအပ်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် အမတ်တို့သည်လည်းကောင်း၊ ပုဏ္ဏားသူကြွယ် အစရှိသော သူတို့သည်လည်းကောင်း သရက်သီးတို့ကို ကျစေ၍ စားကုန်၏။ နောက်မှ လာကုန်သောသူတို့သည် သစ်ပင်သို့တက်၍ ဆောက်ပုတ်တို့ဖြင့် ချွေ၍ အခက်စနောင့်စနင်းရှိသည်ကိုပြု၍ စိမ်းသော သရက်သီးကိုလည်း မကြွင်းမကျန်စေမူ၍ စားကုန်၏။

မင်းသည် တစ်နေ့ပတ်လုံး ဥယျာဉ်၌ကစား၍ ညအခါ တန်ဆဆင်သော မြတ်သော ဆင်ကျောက်ကုန်း၌ နေ၍ သွားသည်ရှိသော် ထိုသရက်ပင်ကို မြင်၍ ဆင်းသက်၍ သရက်ပင်ရင်းသို့ သွား၍ သရက်ပင်ကို ကြည့်၍ ဤသရက်ပင်သည် နံနက် အခါ၌လျှင် ကြည့်ကုန်သော သူတို့အား မရောင့်ရဲခြင်းကို ပြု၏။ အသီးဝန်ကို ဆောင်၏။ တင့်တယ်စွာ တည်၏။ ယခုအခါ ယူအပ်သော အသီးရှိသည်ဖြစ်၍ အခက် စနောင့် စနင်း ရှိ၏။ မတင့်တယ်သည်ဖြစ်၍ တည်၏ ဟု ကြံ၍ တစ်ဖန် တစ်ပါးသောအရပ်သို့ ကြည့်လတ်သော် အသီးမရှိသော သရက်ပင်ကိုမြင်၍ ဤသရက်ပင်သည် မိမိ၏ အသီးမရှိသည်၏ အဖြစ်ကြောင့် ပတ္တမြားတောင်ကဲ့သို့ တင့်တယ်စွာတည်၏။ ဤသရက်ပင်သည် အသီးရှိသည်၏ အဖြစ်ကြောင့် ဤသို့ ပျက်စီးခြင်းသို့ ရောက်ရ၏။ ဤအိမ်၏အလယ်၌ နေခြင်းသည်လည်း အသီးရှိသော သရက်ပင်နှင့် တူ၏။ ရဟန်းအဖြစ်သည် အသီးမရှိသော သရက်ပင်နှင့် တူ၏။ ဥစ္စာရှိသော သူအားသာလျှင် ဘေးရှိ၏။ ဥစ္စာမရှိသောသူကား ဘေးမရှိ။ ငါသည်လည်း အသီးမရှိသော သရက်ပင်ကဲ့သို့ ဖြစ်ရာ၏ ဟု အသီးရှိသော သရက်ပင်ကို အာရုံပြု၍ သရက်ပင်ရင်း၌ တည်လျက်လျှင် လက္ခဏာရေး သုံးပါးတို့ကို မှတ်၍ ဝိပဿနာကို ပွားစေ၍ ပစ္စေကဗောဓိဉာဏ်ကို ဖြစ်စေ၍ ယခု ငါသည် အမိဝမ်းဟူသော ကုဋိကို ဖျက်ဆီးအပ်ပြီ၊ ဘုံသုံးပါးတို့၌ ပဋိသန္ဓေကို ဖျက်ဆီးအပ်ပြီ၊ သံသရာဟူသော မစင်မြေကို သုတ်သင်အပ်ပြီ၊ ငါသည် မျက်ရည်သမုဒ္ဒရာကို ခြောက်စေအပ်ပြီ၊ အရိုးတံတိုင်းကို ချိုးဖျက်အပ်ပြီ၊ ငါအား တစ်ဖန် ပဋိသန္ဓေသည် မရှိ ဟု ဆင်ခြင်လျက် ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် တည်၏။

ထိုအခါ မင်းကို အမတ်တို့သည် မြတ်သောမင်းကြီး ရပ်နေတော်မူသည်ကား ကြာမြင့်ပြီ ဟု ဆိုကုန်၏။ အမတ်တို... ငါသည် မင်းမဟုတ်ပြီ၊ ငါတို့သည် ပစ္စေကဗုဒ္ဓါ မည်ကုန်၏ ဟု ဆို၏။ အရှင်မင်းကြီး... ပစ္စေကဗုဒ္ဓါတို့မည်သည် သင်မင်းကြီးတို့ကဲ့သို့ မဖြစ်ကုန်ဟု ဆိုကုန်၏။ ထိုသို့ မဖြစ်ကုန်သော် အဘယ်သို့ သဘောရှိကုန်သနည်း ဟု ဆို၏။ အရှင်မင်းကြီး... ပစ္စေကဗုဒ္ဓါတို့သည် ချအပ်သော ဆံမုတ်ဆိတ်ရှိကုန်၏။ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ကုန်၏။ အမျိုး ၌လည်းကောင်း အခြွေအရံ၌ လည်းကောင်း ငြိတွယ်ခြင်း မရှိကုန်သည်ဖြစ်၍ လေကြောင့်ပြတ်သော တိမ်နှင့်တူကုန်၏။ ရာဟုခံတွင်းမှ လွတ်သော လနှင့် တူကုန်၏။ ဟိမဝန္တာဝယ် နန္ဒမူ လိုဏ်၌ နေကုန်၏။ အရှင်မင်းကြီး ပစ္စေကဗုဒ္ဓါတို့သည် ဤသို့ သဘောရှိကုန်၏ ဟု ဆိုကုန်၏။ ထိုခဏ၌ မင်းသည် လက်ကိုချီ၍ ဦးခေါင်းကို သုံးသပ်၏။ ထိုခဏ၌ မင်းအား လူ့အသွင်သည် ကွယ်၏။ ရဟန်းအသွင်သည် ထင်ရှား ဖြစ်၏။ သင်္ကန်းသုံးထည် သပိတ် ပဲခွပ် အပ် ခါးပန်း ရေစစ်နှင့်တကွ ရှစ်ပါးကုန်သော ထိုပရိက္ခရာတို့သည် ကမ္မဋ္ဌာန်းစီးဖြန်းခြင်းနှင့်ယှဉ်သော ရဟန်းအား လျောက်ပတ်ကုန်၏။ ဤသို့ ဆိုအပ်ကုန်သော ရဟန်းတို့၏ ပရိက္ခရာတို့သည် ကိုယ်၌ ရောက်ကုန်သည်သာလျှင် ဖြစ်ကုန်၏။ ထိုပစ္စေကဗုဒ္ဓါသည် ကောင်းကင်၌ရပ်၍ လူအများအား အဆုံး အမကိုပေး၍ ကောင်းကင်ခရီးဖြင့် ဟိမဝန္တာဝယ် နန္ဒမူ လိုဏ်သို့လျှင် သွား၏။

ဂန္ဓာရမင်း လက်ကောက်သံ သံဝေဂ

ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်၌လည်း နဂ္ဂဇိမည်သော မင်းသည် အထက်ပြာသာဒ်ဝယ် မြတ်သော ပလ္လင်အလယ်၌ နေလျက် လက်တစ်ဖက် တစ်ဖက်၌ တစ်ခုတစ်ခုသော ပတ္တမြားလက်ကောက်ကို ဝတ်၍ အနီး၌နေ၍ နံ့သာသွေးသော မိန်းမတစ်ယောက်ကိုမြင်၍ ဤလက် ကောက်တို့သည် တစ်ခုတစ်ခုစီ၏ အဖြစ်ဖြင့် အချင်းချင်း မထိကုန်၊ မမြည်ကုန် ဟု ကြည့်လျက်နေ၏။ ထို့နောင်မှ ထိုမိန်းမသည် လက် ယာလက်မှ လက်ကောက်ကို လက်ဝဲ၌လျင် ဝတ်၍ လက်ယာလက်ဖြင့် နံ့သာကိုငင်၍ သွေးအံ့သောငှာ အားထုတ်၏။ လက်ဝဲလက်၌ ပတ္တ မြားလက်ကောက်သည် အဖော်ကိုစွဲ၍ ထိခိုက်လျက် အသံကိုပြု၏။ မင်းသည် ထိုလက် ကောက် နှစ်ခုတို့သည် အချင်းချင်းထိကုန်၍ မြည်ကုန်သည်တို့ကို မြင်၍ ဤလက်ကောက်သည် တစ်ခုတစ်ခုသော ကာလ၌ မထိ၊ အဖော်ကိုစွဲ၍ ထိ၏။ အသံကိုပြု၏။ ဤအတူလျှင် သတ္တဝါတို့သည် တစ်ယောက်အထီးတည်း နေကုန်သော် မထိကုန်၊ ခိုက်ရန် မဖြစ်ကုန်၊ နှစ်ယောက် သုံးယောက်ဖြစ်ကုန်၍ အချင်းချင်းထိကုန်၏။ ငါသည် ဤဂန္ဓာရတိုင်း၌ နှစ်ပြည် ထောင်တို့၌ နေကုန်သော သူတို့ကို စီရင်၏။ ငါသည်လည်း တစ်ခုသောလက်ကောက်နှင့် တူသည်ဖြစ်၍ သူတစ်ပါးကို မစီရင်မူ၍ မိမိကိုယ်ကိုသာလျှင် စီရင်သဖြင့် နေခြင်းငှာ သင့်၏ ဟု ထိသော လက်ကောက်ကို အာရုံပြု၍ ထိုင်မြဲတိုင်းဖြင့်သာလျှင် လက္ခဏာရေး သုံးပါးတို့ကိုမှတ်၍ ဝိပဿနာကို ပွားစေ၍ ပစ္စေကဗောဓိဉာဏ်ကို ဖြစ်စေ၏။ (ကြွင်းသောစကားသည် ရှေးနှင့် တူသလျှင်တည်း။ )

ဝိဒေဟမင်း သားတစ်သံဝေဂ

ဝိဒေဟတိုင်း မိထိလာပြည်၌ နိမိမည်သောမင်းသည် နံနက်စာစားပြီးသော် အမတ်အပေါင်း ခြံရံလျက် ဖွင့်သော လေသာပြတင်းဖြင့် ခရီးအကြားကို ကြည့်လျက် ရပ်၏။ ထိုအခါ တစ်ခုသောစွန်သည် အမဲဈေးမှ သားတစ်ကိုယူ၍ ကောင်းကင်သို့ပျံ၏။ ထိုစွန်ကို ထိုမှဤမှ လင်းတ အစရှိကုန်သော ငှက်တို့သည် ခြံရံ၍ အာဟာရဟူသော အကြောင်းကြောင့် နှုတ်သီးဖြင့် ထိုးကုန်လျက် အတောင်တို့ဖြင့် ခတ်ကုန်လျက် ခြေဖြင့် နင်းကုန်လျက် လိုက်ကုန်၏။ ထိုသားတစ်ကိုယူသော စွန်သည် မိမိအား ညှဉ်းဆဲခြင်းကို သည်းမခံနိုင်သည်ဖြစ်၍ ထိုသားတစ်ကို စွန့်၏။ တစ်ခုသော ငှက်သည် ယူ၏။ ထိုငှက်တို့သည် သားတစ်ကိုစွန့်သော ငှက်ကို လွှတ်၍ သားတစ်ကိုယူသော ငှက်ကို လိုက်ကုန်၏။ ထိုငှက်သည် စွန့်အပ်သော သားတစ်ကို တစ်ပါးသောငှက်သည် ယူပြန်၏။ ထိုငှက်တို့သည်လည်း ထို့အတူလျှင် ညှဉ်းဆဲကုန်၏။ မင်းသည် ထိုငှက်တို့ကို မြင်၍ အကြင်ငှက်သည် သားတစ်ကိုယူ၏။ ထိုငှက်အားသာလျှင် ဆင်းရဲ၏။ အကြင် အကြင်ငှက်သည် လွှတ်၏။ ထိုထိုငှက်အားသာလျှင် ချမ်းသာ၏။ ဤငါးပါးကုန်သော ကာမဂုဏ်တို့ကိုလည်း အကြင်အကြင်သူသည် ယူ၏။ ထိုထိုသူသည် ဆင်းရဲ၏။ မယူသော သူအားသာလျှင် ချမ်းသာ၏။ ဤကာမဂုဏ်တို့သည် များစွာကုန်သော သူတို့အား ဆက်ဆံကုန်၏။ ငါ့အားကား တစ်သောင်း ခြောက်ထောင်ကုန်သော မောင်းမတို့သည် ရှိကုန်၏။ စွန်သည် နှုတ်သီးမှ သားတစ်ကို လွှတ်သကဲ့သို့ ငါသည် ငါးပါးကုန်သော ကာမဂုဏ်တို့ကို စွန့်၍ ချမ်းသာစွာ ပြုခြင်းငှာ သင့်၏ ဟု ကြံ၏။ ကြံပြီး၍ မင်းသည် အသင့်အားဖြင့် နှလုံးသွင်းလျက် တည်မြဲတိုင်းလျှင် လက္ခဏာရေး သုံးပါးတို့ကို မှတ်၍ ဝိပဿနာကိုပွားစေ၍ ပစ္စေကဗောဓိဉာဏ်ကို ဖြစ်စေ၏။ (ကြွင်းသောစကားသည် ရှေးဝတ္ထုနှင့် တူသလျှင်တည်း။ )

ပဉ္စာလမင်း ကိလေသာသံဝေဂ

ဥတ္တရပဉ္စာလတိုင်း ကပိလမြို့၌ ဒုမ္မုခ မည်သောမင်းသည် နံနက်စာ စားပြီးသော် ခပ်သိမ်း သော တန်ဆာတို့ဖြင့်တန်ဆာဆင်ပြီးလျှင် အမတ်အပေါင်း ခြံရံလျက် ဖွင့်အပ်သော လေသာပြတင်းဖြင့် မင်းရင်ပြင်ကို ကြည့်လျက်တည်၏။ ထိုခဏ၌ နွားခြံတံခါးကို ဖွင့်ကုန်၏။ ဥသဘတို့သည် ခြံမှထွက်ကုန်၍ ကိလေသာ၏ အစွမ်းဖြင့် တစ်ခုသော နွားမသို့ လိုက်ကုန်၏။ ထိုဥသဘတို့တွင် တစ်ခုသော ထက်သော ဦးချိုရှိသော ဥသဘကြီးသည် လာလတ်သော် တစ်ပါးသော ဥသဘကိုမြင်၍ ကိလေသာ၌ ဝန်တိုခြင်းဖြင့် နှိပ်စက်သည်ဖြစ်၍ ထက်သော ဦးချိုဖြင့် ပေါင်ကြား၌ ဝှေ့၏။ ထိုဥသဘအား ဝှေ့ရာမှ အအူတို့သည် ထွက်ကုန်၏။ ထိုဥသဘသည် ထိုအရပ်၌လျှင် အသက်ကုန်ခြင်းသို့ ရောက်၏။ မင်းသည် ထိုဥသဘကိုမြင်၍ ဤသတ္တဝါတို့သည် တိရစ္ဆာန်တို့ကို အစပြု၍ ကိလေသာ၏ အစွမ်းဖြင့် ဆင်းရဲခြင်းသို့ရောက်၏။ ဤဥသဘသည် ကိလေသာကိုမှီ၍ အသက်ကုန်ခြင်းသို့ ရောက်၏။ တစ်ပါးသော သတ္တဝါတို့သည်လည်း ကိလေသာ၏ အစွမ်းအားဖြင့် တုန်လှုပ်၏။ ငါသည် ဤသတ္တဝါတို့ကို တုန်လှုပ်စေတတ်သော ကိလေသာတို့ကို ပယ်အံ့သောငှာ သင့်၏ဟု ကြံ၏။ ကြံပြီး၍ မင်းသည် ရပ်လျက်လျှင် လက္ခဏာရေး သုံးပါးတို့ကို မှတ်၍ ဝိပဿနာကို ပွားစေ၍ ပစ္စေကဗောဓိဉာဏ်ကို ဖြစ်စေ၏။ (ကြွင်းစကားသည် ရှေးနှင့် တူသလျှင်ကတည်း။ )

ထိုအခါ တစ်နေ့သ၌ လေးဆူကုန်သော ပစ္စေကဗုဒ္ဓါတို့သည် ဆွမ်းခံအခါကို မှတ်၍ နန္ဒမူလိုဏ်မှ ထွက်၍ အနဝတတ်အိုင်၌ နာဂလတာ မည်သော တံပူကိုစား၍ ပြု အပ်ပြီးသော ကိုယ်လက်သုတ်သင်ခြင်း ရှိကုန်သည်ဖြစ်၍ ဆေးဒန်း မြင်းသီလာဖြင့်ပြီးသော ကျောက်ဖျာအပြင်၌ သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူ၍ တန်ခိုးဖြင့် ကောင်းကင်သို့ ပျံ၍ ငါးပါးသော အဆင်းရှိသော တိမ်တိုက်တိုက် နင်းကုန်လျက် သွားကုန်၍ ဗာရာဏသီမြို့ တံခါးရွာ၏ အနီး၌ သက်၍ တစ်ခုသော ချမ်းသာရာအရပ်၌ သင်္ကန်းရုံ၍ သပိတ်ကိုယူ၍ ရွာသို့ဝင်၍ ဆွမ်းအလို့ငှာ သွားကုန်လတ်သော် ဘုရားလောင်း၏ အိမ်တံခါးသို့ ရောက်ကုန်၏။

အိုးထိန်းသည် တရားနာရပုံ

ဘုရားလောင်းသည်လည်း ထိုပစ္စေကဗုဒ္ဓါတို့ကို မြင်၍ နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ အိမ်သို့သွား၍ ခင်းအပ်သော နေရာ၌ နေစေ၍ အလှူရေစက်ကို လှူ၍ မြတ်သောခဲဖွယ်ဖြင့် လုပ်ကျွေး၍ တင့်အပ်သောအရပ်၌ နေ၍ သံဃာ့ထေရ်ကို ရှိခိုး၍ အရှင်ဘုရား အရှင်ဘုရားတို့၏ ရဟန်း

အဖြစ်သည် အလွန်လျှင် တင့်တယ်၏။ အရှင်ဘုရားတို့၏ ဣန္ဒြေသည် အထူးသဖြင့် ကြည် လင်ကုန်၏။ အရေအဆင်းတို့သည် စင်ကြယ်ကုန်၏။ အဘယ်အာရုံကို မြင်၍လျှင် အရှင်ဘုရားတို့သည် ဤဆွမ်းခံသော အကျင့်ရှိသော ရဟန်းအဖြစ်သို့ ကပ်ကုန်သနည်း ဟု မေး၏။ သံဃာ့ထေရ်ကိုသကဲ့သို့ ထို့အတူ ကြွင်းကုန်သော ပစ္စေကဗုဒ္ဓါတို့သို့ ကပ်၍လည်း မေး၏။ ထိုအခါ ဘုရားလောင်းအား ထိုလေးဆူကုန်းသာ ပစ္စေကဗုဒ္ဓါတို့သည် ဤမည်သောမြို့၌ ဤမည်သောတိုင်း၌ ဤမည်သော မင်းဖြစ်၏ ဤသို့ အစရှိသော နည်းဖြင့် မိမိတို့၏ တောထွက်ခြင်း ဝတ္ထုတို့ကို ဆိုလို၍ အစဉ်သဖြင့်-

၉၀။ အမ္မာဟ မဒ္ဒံ ဝနမန္တရသ္မိံ၊
နီလောဘာသံ ဖလိတံ သံဝိရူဠှံ။
တမဒ္ဓသံ ဖလဟေတု ဝိဘဂ္ဂံ၊
တံ ဒိသွာ ဘိက္ခာစရိယံ စရာမိ။
၉၁။ သေလံ သုမဋ္ဌံ နရဝီရနိဋ္ဌိတံ၊
နာရီ ယုဂံ ဓာရယိ အပ္ပသဒ္ဒံ။
ဒုတိယဉ္စ အာဂမ္မ အဟောသိ သဒ္ဒေါ၊
တံ ဒိသွာ ဘိက္ခာစရိယံ စရာမိ။
၉၂။ ဒိဇော ဒိဇံ ကုဏပ မာဟရန္တံ၊
ဧကံ သမာနံ ဗဟုကာ သမေစ္စ။
အာဟာရဟေတု ပရိပါတယိံသု၊
တံ ဒိသွာ ဘိက္ခာစရိယံ စရာမိ။
၉၃။ ဥသဘာဟ မဒ္ဒံ ယူထဿ မဇ္ဈေ၊
စလက္ကကုံ ဝဏ္ဏဗလူပပန္နံ။
တမဒ္ဒသံ ကာမဟေတု ဝိတုန္နံ၊
တံ ဒိသွာ ဘိက္ခာစရိယံ စရာမိ။

ဟူသော ဤတစ်ဂါထာ တစ်ဂါထာစီတို့ကို ရွတ်ကုန်၏။

၉၀။ အဟံ၊ ငါသည်။ ဝနမန္တရသ္မိံ၊ သရက်တာ၏ အလယ်၌။ နီလောဘာသံ၊ ညိုသောအရောင်ရှိသော။ ဖလိတံ၊ အသီးနှင့်ပြည့်စုံသော။ သံဝိရူဠှံ၊ စည်ပင်ပြန့်ပွားသော။ အမ္ဗံ၊ သရက်ပင်ကို။ အဒ္ဒံ၊ ဥယျာဉ်သို့အဝင် လက်ဦးမြင်၏။ ဖလဟေတု၊ အသီးဟူသော အကြောင်းကြောင့်။ ဝိဘဂ္ဂံ၊ ပျက်စီးသော။ တံ၊ ထိုသရက်ပင်ကိုပင်။ အဒ္ဒသံ၊ အထွက်၌ တစ်ဖန် မြင်ပြန်၏။ တံ၊ ထိုသရက်ပင်ကို။ ဒိသွာ၊ မြင်၍။ ဘိက္ခာစရိယံ၊ ဆွမ်းခံသော အကျင့်ကို။ စရာမိ၊ ကျင့်၏။

၉၁။ နာရီ၊ မိန်းမသည်။ သေလံ၊ ပတ္တမြားဖြင့်ပြီးသော။ သုမဋ္ဌံ၊ အလွန်ပြေပြစ်သော။ နရဝီရနိဋ္ဌိတံ၊ ပညာရှိသော လူတို့သည် စီရင်အပ်သော။ အပ္ပသဒ္ဒံ၊ အသံမရှိသော။ ယုဂံ၊ တစ်ဖက်တစ်ဖက်၌ တစ်ခုတစ်ခုသော လက်ကောက်အစုံကို။ ဓာရယိ၊ ဆောင်၏။ ၊ ဆက်၍ဆိုအံ့။ ဒုတိယံ၊ လက် ယာဘက်မှ လက်ဝဲဘက်သို့ ပေါင်း၍ ဆင်ယင်သော နှစ်ခုမြောက် အဖော်ဖြစ်သော လက် ကောက်ကို။ အာဂမ္မ၊ စွဲ၍။ သဒ္ဒေါ၊ အသံသည်။ အဟောသိ၊ ဖြစ်၏။ တံ၊ ထိုလက် ကောက်ကို။ ဒိသွာ၊ မြင်၍။ အဟံ၊ သည်။ ဘိက္ခာစရိယံ၊ ဆွမ်းခံသော အကျင့်ကို။ စရာမိ၊ ကျင့်၏။

၉၂။ ကုဏပံ၊ သားတစ်ကို။ အာဟရန္တံ၊ ဆောင်သည်။ သမာနံ၊ ဖြစ်သော။ ဧကံ ဒိဇံ၊ ငှက်တစ်ခုကို။ ဗဟုကာ၊ များကုန်သော။ ဒိဇာ၊ ငှက်တို့သည်။ သမေစ္စ၊ အညီအညွတ် စည်းဝေး၍။ အာဟာရဟေတု၊ အာဟာရဟူသော အကြောင်းကြောင့်။ ပရိပါတယိံသု၊ ထိုးဆွ၍ လိုက်ကုန်၏။ တံ၊ ထိုငှက်ကို။ ဒိသွာ၊ မြင်၍။ အဟံ၊ ငါသည်။ ဘိက္ခာစရိယံ၊ ဆွမ်းခံသောအကျင့်ကို။ စရာမိ၊ ကျင့်၏။

၉၃။ ယူထဿ၊ နွားအပေါင်း၏။ မဇ္ဈေ၊ အလယ်၌။ စလက္ကကုံ၊ လှုပ်သော လဘို့ရှိသော။ ဝဏ္ဏဗလူပပန္နံ၊ အဆင်းအားဖြင့်ပြည့်စုံသော။ ဥသဘံ၊ ဥသဘကို။ အဟံ၊ ငါသည်။ အဒ္ဒံ၊ မြင်၏။ ကာမဟေတု၊ ကာမဟူသော အကြောင်းကြောင့်။ ဝိတုန္နံ၊ နှိပ်စက်အပ်သော။ တံ၊ ထိုဥသဘကို။ အဒ္ဒသံ၊ မြင်ပြန်၏။ တံ၊ ထိုဥသဘကို။ ဒိသွာ၊ မြင်၍။ အဟံ၊ ငါသည်။ ဘိက္ခာစရိယံ၊ ဆွမ်းခံသောအကျင့်ကို။ စရာမိ၊ ကျင့်၏။

ရဟန်းပြုလို၍ မယားကို မှာပြီ

ဘုရားလောင်းသည် တစ်ခုတစ်ခုသော ဂါထာကို နာရ၍ အရှင်ဘုရားတို့- ကောင်းစွ ကောင်းစွ၊ ထိုအာရုံသည် အရှင်ဘုရားတို့အားသာလျှင် လျှောက်ပတ်၏ ဟု တစ်ဆူ တစ်ဆူသော ပစ္စေကဗုဒ္ဓါအား ချီးမွမ်းခြင်းကိုပြု၏။ လေးဆူကုန်သော ပစ္စေကဗုဒ္ဓါတို့သည် ဟောအပ်သော ထိုဓမ္မဒေသနာကို နာရ၍ အိမ်၌နေခြင်းဖြင့် အလိုမရှိသည်ဖြစ်၍ ပစ္စေကဗုဒ္ဓါတို့သည် ဖဲကုန်လတ်သော် နံနက်စာစားပြီး၍ ချမ်း သာစွာနေလျက် မယားကို ခေါ်၍ ရှင်မ ဤလေးဆူကုန်သော ပစ္စေကဗုဒ္ဓါတို့သည် မင်းအဖြစ်ကို စွန့်၍ ရဟန်းပြု၍ ပလိဗောဓ မရှိကုန်သည် ဖြစ်၍ ချမ်းသာသဖြင့် လွန်စေကုန်၏။ ငါသည်ကား အခစားသဖြင့် အသက်ကို မွေး၏။ ငါ့အား အိမ်၌နေသဖြင့် အဘယ်မူအံ့နည်း။ သင်သည် သားငယ်တို့ကို သင်္ဂြိုဟ်၍သာ အိမ်၌ နေရစ်လော့ ဟု ဆိုလို၍-

၉၄။ ကရဏ္ဍကော ကလိင်္ဂါနံ၊ ဂန္ဓာရာနဉ္စ နဂ္ဂဇိ။
နိမိရာဇာ ဝိဒေဟာနံ၊ ပဉ္စာလာနဉ္စ ဒုမ္မုခေါ။
ဧတေ ရဋ္ဌာနိ ဟိတွာန၊ ပဗ္ဗဇိံသု အကိဉ္စနာ။
၉၅။ သဗ္ဗပိမေ ဒေဝသမာ သမာဂတာ၊
အဂ္ဂိယထာ ပဇ္ဇလိတော တထေဝိမေ။
အဟမ္ပိ ဧကော စရိဿာမိ ဘဂ္ဂဝိ၊
ဟိတွာန ကာမာနိ ယထောဓိကာနိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၉၄။ ဘဂ္ဂဝိ၊ အိုးထိန်းသည်မ။ ကာလိင်္ဂါနံ၊ ကလိင်္ဂတိုင်းသူတို့၏။ ကရဏ္ဍကော၊ ကရဏ္ဍကမင်းလည်းကောင်း။ ဂန္ဓာရာနံ၊ ဂန္ဓာရတိုင်းသူတို့၏။ နဂ္ဂဇိ စ၊ နဂ္ဂဇိမင်းလည်းကောင်း။ ဝိဒေဟာနံ၊ ဝိဒေဟတိုင်းသူတို့၏။ နိမိရာဇာ စ၊ နိမိမင်းလည်းကောင်း။ ပဉ္စာလာနံ၊ ပဉ္စာလတိုင်းသူတို့၏။ ဒုမ္မုခေါ စ၊ ဒုမ္မုခမင်းလည်းကောင်း။ ဧတေ၊ ထိုလေးပါးကုန်သော မင်းတို့သည်။ ရဋ္ဌာနိ၊ တိုင်းတို့ကို။ ဟိတွာန၊ စွန့်၍။ အကိဉ္စနာ၊ ပလိဗောဓ မရှိကုန် သည်ဖြစ်၍။ ပဗ္ဗဇိံသု၊ ရဟန်းပြုကုန်၏။

၉၅။ ဘဂ္ဂဝိ၊ အိုးထိန်းသည်မ။ သဗ္ဗေပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။ ဣမေ၊ ဤပစ္စေကဗုဒ္ဓါတို့သည်။ ဒေဝသမာ၊ ဝိသုဒ္ဓိနတ်ဖြစ်ကုန်သော ရှေးပစ္စေကဗုဒ္ဓါတို့နှင့် တူကုန်၏။ သမာဂတာ၊ ရှေးပစ္စေကဗုဒ္ဓါတို့နှင့် အတူတကွလာကုန်၏။ အဂ္ဂိ၊ မီးသည်။ ပဇ္ဇလိတော ယထာ၊ တောက်ပသကဲ့သို့။ တထေဝ၊ ထို့အတူလျှင်။ ဣမေ၊ ဤပစ္စေကဗုဒ္ဓါတို့သည်။ ပဇ္ဇလန္တိ၊ တောက်ပကုန်၏။ ဘဂ္ဂဝိ၊ အိုးထိန်းသည်မ။ အဟမ္ပိ၊ ငါသည်လည်း။ ယထောဓိကာနိ၊ အကြင် အကြင် ရူပါရုံ အစရှိသော အပိုင်းအခြားအားဖြင့် တည်ကုန်သော။ ကာမာနိ၊ ဝတ္ထုကာမတို့ကို။ ဟိတွာန၊ စွန့်၍။ ပဗ္ဗဇိတွာ၊ ရဟန်း ပြုပြီး၍။ ဧကော၊ တစ်ယောက်ထီးတည်း။ စရိဿာမိ၊ ကျင့်အံ့။

မယား ရသေ့မဝတ်

မယားသည် ဘုရားလောင်း၏ စကားကိုကြား၍ သခင် ကျွန်ုပ်၏လည်း ပစ္စေကဗုဒ္ဓါတို့၏ တရားစကားကို နာရသော ကာလမှစ၍ အိမ်၌ စိတ်သည် မတည် ဟု ဆိုလို၍-

၉၆။ အယမေဝ ကာလော န ဟိ အညော အတ္ထိ၊
အနုသာသိတာ မေ န ဘဝေယျ ပစ္ဆာ။
အဟမ္ပိ ဧကာ စရိဿာမိ ဘဂ္ဂဝ၊
သကုဏီဝ မုတ္တာ ပုရိသဿ ဟတ္ထာ။

ဟူသော ဤဂါထာကို ဆို၏။

၉၆။ ဘဂ္ဂဝ၊ အိုးထိန်းသည်။ ယသ္မာ၊ အကြင့်ကြောင့်။ မေ၊ ငါ့အား။ ပစ္ဆာ၊ နောက်ကာလ၌။ အနုသာသိတာ၊ ဆုံးမအပ်သည်။ န ဘဝေယျ၊ မဖြစ်ရာ။ တသ္မာ၊ ထို့ကြောင့်။ အယမေဝ၊ ဤအခါသည်သာလျှင်။ ကာလော၊ ရဟန်းပြုအံ့သောအခါတည်း။ အညော၊ တစ်ပါးသော ရဟန်းပြုအံ့သော ကာလသည်။ န ဟိ အတ္ထိ၊ မရှိသလျှင်ကတည်း။ ပုရိသဿ၊ ငှက်ခတ်သော ယောကျ်ား၏။ ဟတ္ထာ၊ လက်မှ။ မုတ္တော၊ လွတ်သော။ သကုဏီဝ၊ ငှက်မကဲ့သို့။ အဟမ္ပိ၊ ငါသည်လည်း။ ဧကာ၊ တစ်ယောက်ထီတည်း။ စရိဿာမိ၊ ကျင့်အံ့။

အိုးထိန်းသည် ရသေ့ဝတ်

ဘုရားလောင်းသည် မယား၏စကားကိုကြား၍ ဆိတ်ဆိတ်နေ၏။ ထိုမယားသည်ကား ဘုရားလောင်းကို လှည့်စား၍ ရှေးဦးစွာ ရဟန်းပြုလိုသည်ဖြစ်၍ သခင်ရေခပ်ဆိပ်သို့ သွားအံ့၊ သူငယ်တို့ကို ကြည့်ရစ်လော့ ဟု အိုးကိုယူ၍ ရေခပ်သွားသကဲ့သို့ ပြုလျက် ပြေး၍ မြို့အနီးဝယ် ရသေ့မတို့၏ ကျောင်းသို့သွား၍ ရဟန်း ပြု၏။ ဘုရားလောင်းသည် မယား၏ မလာခြင်းကိုသိ၍ မိမိသည် သူငယ်တို့ကို မွေး၏။ နောက်အဖို့၌ ထိုသူငယ်တို့သည် အတန်ငယ်ကြီး၍ မိမိတို့၏ ချမ်းသာဆင်းရဲကို သိခြင်းငှာ စွမ်းနိုင်သော အရွယ်သို့ ရောက်ကုန်သည်ရှိသော် ထိုသူငယ်တို့ကို စုံစမ်းအံ့သောငှာ တစ်နေ့သ၌ ထမင်းကို ချက်သည်ရှိသော် အနည်းငယ် မနပ်သည်ကိုပြု၍ ချက်၏။ တစ်နေ့သ၌ အတန်ငယ် ပျော့သည်ကိုပြု၍ ချက်၏။ တစ်နေ့သ၌ ကောင်းစွာ ကျက်သည်ကိုပြု၍ ချက်၏။ တစ်နေ့သ၌ အလွန်ပျော့စွာပြု၍ ချက်၏။ တစ်နေ့သ၌ ဆားပေါ့သည်ကို ပြု၍ ချက်၏။ တစ်နေ့သ၌ ဆားငန်သည်ကို ပြု၍ ချက်၏။

သူငယ်တို့သည် ဖခင်... ယနေ့ ထမင်းသည် မနပ်၊ ယနေ့ ထမင်းသည် ပျော့၏။ ယနေ့ ကျက်၏။ ယနေ့ ထမင်းသည် အလွန်ပျော့၏။ ယနေ့ ဆားပေါ့၏။ ယနေ့ ဆားငန်၏ ဟု ဆို၏။ ထိုစကားကိုကြား၍ ဘုရားလောင်းသည် အမောင်တို့ ဟုတ်ပေ၏ ဟု ဆို၍ သူငယ်တို့သည် ယခုအခါ၌ စိမ်းကုန် ကျက်ကုန် ငန်ကုန် ပေါ့ကုန် သည်တို့ကို သိကုန်၏။ မိမိတို့၏ ဓမ္မတာအားဖြင့် အသက်ရှည်အံ့သောငှာ တတ်နိုင်ကုန်လတ္တံ့၊ ငါသည် ရဟန်းပြုခြင်းငှာ သင့်၏ ဟု ကြံ၏။ ကြံပြီး၍ ထိုသူငယ်တို့ကို ဆွေမျိုးတို့အား ပေး၍ အပ်နှင်း၍ အို မိခင် ဖခင်တို့... ဤသူငယ်တို့ကို ကောင်းစွာ မွေးကျွေးလော့ ဟု ဆို၍ ဘုရားလောင်းသည် ဆွေမျိုးတို့၏ ငိုကြွေးကုန်စဉ်လျှင် မြို့မှထွက်၍ ရသေ့ရဟန်းပြု၍ မြို့အနီး၌လျှင် နေ၏။

ရသေ့မကို ဆုံးမခြင်း

တစ်နေ့သ၌ ဗာရာဏသီပြည်သို့ ဆွမ်းခံသွားသော ထိုဘုရားလောင်းကို ပရိဗိုဇ်မသည်မြင်၍ ရှိခိုး၍ အရှင်ဘုရား သူငယ်တို့ကို အရှင်ဘုရားသည် ဖျက်ဆီးအပ်ကုန်ယောင်တကား ဟု ဆို၏။ ဘုရားလောင်းသည် ငါသည် ဤသူငယ်တို့ကို မဖျက်ဆီး၊ ထိုသူငယ်တို့သည် မိမိတို့၏ ချမ်းသာဆင်းရဲကို သိသောကာလ၌ ရဟန်း ပြု၏။ သင်သည် ထိုသူငယ်တို့အား မအောက်မေ့မူ၍ ရဟန်းအဖြစ်၌ မွေ့လျော်လော့ ဟုဆိုလို၍-

၉၇။ အာမံ ပက္ကဉ္စ ဇာနန္တိ၊ အထော လောဏံ အလောဏကံ။
တမဟံ ဒိသွာန ပဗ္ဗဇိံ၊ စရေဝ တွံ စရာမဟံ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

၉၇။ ဘဂိနိ၊ နှမ။ အာမံပက္ကဉ္စ၊ အစိမ်း အကျက်ကို လည်းကောင်း။ အထော၊ ထိုမြို့။ လောဏဉ္စ၊ ဆားငန်သည်ကို လည်းကောင်း။ အလောဏကဉ္စ၊ ဆားပေါ့သည်ကိုလည်းကောင်း။ ဒရာ၊ သူငယ်တို့သည်။ ဇာနန္တိ၊ သိကုန်၏။ အဟံ၊ ငါသည်။ တံ၊ ထိုသူငယ်တို့၏ အမူအရာကို။ ဒိသွာန၊ မြင်၍။ ပဗ္ဗဇ္ဇိံ၊ ရဟန်းပြု၏။ တွံ၊ သင်သည်။ စရေဝ၊ ဆွမ်းခံအပ်သောအကျင့်ကိုသာလျှင် ကျင့်လော့။ အဟမ္ပိ၊ ငါသည်လည်း။ စရာမိ၊ ကျင့်အံ့၊

ဤသို့ ဘုရားလောင်းသည် ပရိဗိုဇ်မကို ဆုံးမ၍ လွှတ်လိုက်၏။ ပရိဗိုင်မသည်လည်း အဆုံးအမကိုယူ၍ ဘုရားလောင်းကို ရှိခိုး၍ အလိုရှိရာအရပ်သို့ သွား၏။ ထိုနေ့ကိုထား၍ တစ်ဖန် ထိုရဟန်းယောက်ျား, ရဟန်းမိန်းမတို့သည် အချင်းချင်း မမြင်ကုန်။ ဘုရားလောင်းသည်လည်း ဈာန် အဘိညာဉ်တို့ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စတို့ကို ပြတော်မူသည်၏ အဆုံး၌ ထိုငါးရာကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏။ ဇာတ်ကို အဘယ်ကဲ့သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ သမီးဖြစ်ပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ သားဖြစ်ပြီ၊ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ ပရိဗိုဇ် ရဟန်းမ ဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပရိဗိုဇ်ရဟန်းဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သံဝေဂယူ၊ တောထွက်မူ၊ ထိုသူ ချမ်းသာရာ

သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကုမ္ဘကာရဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၄။ ဒဠှဓမ္မဇာတ်

ပြုဖူးသောကျေးဇူးကို သိသင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သာ သဗ္ဗညူ မြတ်စွာဘုရားသခင်သည် အဟံ စေ ဒဠှဓမ္မဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒဠှဓမ္မဇာတ်ကို ကောသမ္ဗီပြည်ကိုမှီ၍ ဃောသိဘာရုံကျောင်း၌ သီတင်းသုံး နေတော်မူစဉ် ဥတေနမင်း၏ ဘဒ္ဒဝတီ ဆင်မကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုဆင်မ၏ ရအပ်သော အစီအရင်သည်လည်းကောင်း၊ ဥတေနမင်း၏ မင်းနွယ်သည်လည်းကောင်း မာတင်္ဂဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။

ဘဒ္ဒဝတီဆင်မ လျှောက်ပုံ

တစ်နေ့သ၌ ထိုဆင်မသည် နံနက် အခါ၌လျှင် အရိယာအပေါင်း ခြံရံလျက် နှိုင်းယှဥ်စရာ ဥပမာမရှိသော ဘုရားအသရေတော်ဖြင့် မြို့သို့ ဆွမ်းအလို့ငှာ ဝင်သော သဗ္ဗညူမြတ်စွာဘုရားကို မြင်၍ သဗ္ဗညူမြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်၍ ဘုန်းတော်ကြီးသော ခပ်သိမ်းသောတရားကို သိတော်မူသော လောကကို ဝဋ်ဆင်းရဲမှ ထုတ်တော်မူသော အရှင်ဘုရား ဥတေနမင်းသည် အကျွန်ုပ်ကို ပျိုသောကာလ အမှုကို လုပ် ဆောင်ခြင်းငှာ စွမ်းနိုင်သောကာလ၌ ဤဆင်မကိုမှီ၍ ငါသည် အသက်ကိုလည်းကောင်း၊ ပြည်ကိုလည်းကောင်း, မိဖုရားကိုလည်းကောင်း ရအပ်၏ ဟု ချစ်သနား၍ ကြီးစွာသော ပူဇော် သက္ကာရကို ပေး၏။ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်၍ တည်ရာအရပ်၌ နံ့သာဖြင့် လိမ်းကျံ၍ အထက်၌ ရွှေကြယ်ဗိတာန်ကိုဖွဲ့၍ ထက်ဝန်းကျင်မှ ဆန်းကြယ်သော တင်းတိမ်ကို ကာ၍ ဆီမီးကိုထွန်း၍ အခိုး အထုံအိုးကိုထား၍ ကျင်ကြီးစွန့်ရာအရပ်၌ ရွှေအိုးကိုတည်စေ၍ အကျွန်ုပ်ကို ဆန်းကြယ်သော အခင်းရှိသော အင်းပျဉ်၌ထား၏။ အကျွန်ုပ်အား မင်းအားသာထိုက်သော အထူးထူးသော အရသာရှိသော ဘောဇဉ်ကို ပေး၏။ ယခုအခါ အကျွန်ုပ်အား အိုသောကာလ၌ အမှုကို လုပ်ဆောင်အံ့သောငှာ မစွဲမ်းနိုင်သော ကာလ၌ အလုံးစုံသော ပူဇော် သက္ကာရကို ဖြတ်၏။ ကိုးကွယ်ရာ ထောက်ပံ့ရာ မရှိသည်ဖြစ်၍ တော၌ ဆတ်သွားတို့ကို စားလျက် အသက်မွေးရ၏။ အကျွန်ုပ်အား တစ်ပါးသော ကိုးကွယ်ရာသည် မရှိ၊ ဘုန်းတော်ကြီးသော အရှင်ဘုရား... အရှင်ဘုရားတို့သည် ဥတေနမင်းအား အကျွန်ုပ်၏ကြေးဇူးကို မှတ်စေ၍ ရှေး၌ဖြစ်သော ပူဇော်သက္ကာရကို ပကတိရှိသည်ကို ပြုတော်မူပါကုန်လော့ဟု ငိုကြွေးလျက် မြတ်စွာဘုရားကို တောင်းပန်၏။

မြတ်စွာဘုရား ဆုံးမခြင်း

သဗ္ဗညူမြတ်စွာဘုရားသည် သင်သွားလော့၊ ငါသည် ဥတေနမင်းအား သင်၏ကျေးဇူးကို ဟော၍ စည်းစိမ်အခြံအရံကို ပကတိရှိသည်ကိုပြုအံ့ ဟု ဆို၍ မင်း၏ နန်းတော်တံခါးသို့ ကြွတော်မူ၍ မင်းသည် သဗ္ဗညူမြတ်စွာဘုရားကို နန်းတော်တွင်းသို့ သွင်း၍ ဘုရားအမှူးရှိသော သံဃာတော်အား အလှူကိုဖြစ်စေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဆွမ်းစားပြီးသော ကိစ္စအဆုံး၌ အနုမောဒနာကိုပြု၍ မြတ်သော မင်းကြီး... ဘဒ္ဒဝတီသည် အဘယ်မှာနည်းဟု မေးတော်မူ၏။ အရှင်ဘုရား... မသိ ဟု လျှောက်လတ်သော် မြတ်သောမင်းကြီး... ကျေးဇူးများကုန်သော သူတို့အား အခြံအရံကိုပေး၍ အိုသောကာလ၌ အခြံအရံကို သိမ်းယူသောမည်သည် မသင့်၊ သူ့ကျေးဇူးကို သိတတ်သည် ဆပ်တတ်သည် ဖြစ်ခြင်းငှာ သင့်၏။ ဘဒ္ဒဝတီသည် ယခုအခါ ကြီးရင့်အိုမင်းပြီ၊ ကိုးကွယ်ရာ မရှိသည်ဖြစ်၍ တော၌ ဆတ်သွားတို့ကိုစားလျက် အသက်ကို မွေးရ၏။ အိုသောကာလ၌ ကိုးကွယ်ရာမရှိသည်ကို ပြုအံ့သောငှာ သင်မင်းကြီးတို့အား မသင့်ဟု ဘဒ္ဒဝတီ၏ ကျေးဇူးကို ဟော၍ ရှေး၌ဖြစ်သော အလုံးစုံသော ပူဇော်သက္ကာရကို ပကတိရှိသည်ကို ပြုလော့ဟု မိန့်တော်မူ၍ ဖဲတော်မူ၏။

ဥတေနမင်းသည် မြတ်စွာဘုရား မိန့်တော်မူတိုင်း ပြု၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဘဒ္ဒဝတီ၏ကျေးဇူးကို ဟောတော်မူ၍ ရှေး၌ဖြစ်သော စည်းစိမ်အခြံအရံကို ပကတိရှိသည်ကို ပြုတော်မူ၏ ဟု မြို့အလုံးသည် နှံ၏။ ရဟန်း သံဃာ၌လည်း ထိုအကြောင်းသည် ထင်ရှား၏။ ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ သဗ္ဗညူမြတ်စွာဘုရားသည် ဘဒ္ဒဝတီ၏ကျေးဇူးကို ဟောတော်မူ၍ ရှေး၌ဖြစ်သော စည်းစိမ်အခြံအရံကို ပကတိရှိသည်ကို ဖြစ်စေ၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ငါဘုရားသည် ဤဆင်မ၏ ကျေးဇူးကို ဖော်၍ ပြောလတ်ပြီးသော် စည်းစိမ်အခြံအရံကို ပကတိအတိုင်း ရစေသည်ကို ပြုသည်မဟုတ်သေး၊ ရှေး၌လည်း ပြုဖူး သလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဒဠှဓမ္မမင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ထိုမင်း၏အထံမှ ကြီးစွာသော စည်းစိမ်ကိုရ၍ အမတ်အရာ၌ တည်၏။

ဆင်မတော်

ဒဠှဓမ္မမင်းအား အစွမ်းအားနှင့်ပြည့်စုံသော ခွန်အားကြီးသော တစ်ခုသော ဩဋ္ဌဗျာဓိမည်သော ဆင်မသည် ရှိ၏။ တစ်နေ့ချင်း ယူဇနာတစ်ရာကို သွားနိုင်၏။ တမန်သည်တို့ ဆောင်အပ်သော ကိစ္စကို ပြု၏။ စစ်ထိုးရာ၌ စစ်ထိုးခြင်းကို ပြု၏။ ရန်သူတို့ကို နှိမ်နင်းခြင်းကို ပြု၏။ မင်းသည် ဤဩဋ္ဌဗျာဓိသည် ငါ့အား ကျေးဇူးများ၏ဟု ဩဋ္ဌဗျာဓိအား အလုံးစုံသော တန်ဆာကို ပေး၍ ဥတေနမင်းကြီးသည် ဘဒ္ဒဝတီ ဆင်မင်းအား ပေးအပ်သည်နှင့်တူသော အလုံးစုံသော စည်းစိမ်အခြံအရံကို ပေး၏။

အရာကျပြီ

ထိုအခါ ထိုဩဋ္ဌဗျာဓိ၏ အိုသော အားနည်းသောကာလ၌ မင်းသည် အလုံးစုံသော စည်းစိမ်အခြံအရံကို ယူ၏။ ထိုဩဋ္ဌဗျာဓိသည် ထိုအခါမှစ၍ ကိုးကွယ်ရာ မရှိသည်ဖြစ်၍ တော၌ မြက်သစ်ရွက်တို့ကို စားလျက် အသက်ကို မွေးရ၏။ ထိုအခါ တစ်နေ့သ၌ မင်းအိမ်၌ အိုးတို့သည် မလောက်ကုန်သည်ရှိသော် မင်းကြီးသည် အိုးထိန်းကို ခေါ်စေ၍ အိုးတို့သည် မလောက်ကုန်သတတ် ဟု ဆိုလေ၏။ အရှင်မင်းကြီး နွားချေးဆောင်သော ယာဉ်၌ ကအံ့သောငှာ နွားတို့ကို မရဟု ဆို၏။ မင်းသည် အိုးထိန်း၏ စကားကို ကြား၍ ငါ၏ ဩဋ္ဌဗျာဓိသည် အဘယ်မှာနည်းဟုမေး၏။ အရှင်မင်းကြီး... မိမိဓမ္မတာအားဖြင့် လှည့်လည်၏ဟု ဆို၏။ မင်းသည် ဤနေ့မှစ၍ ဩဋ္ဌဗျာဓိကို က၍ နွားချေးတို့ကို ဆောင်လော့ဟု ဩဋ္ဌဗျာဓိကို အိုးထိန်းသည်အား ပေး၏။ အိုးထိန်းသည်လည်း အရှင်မင်းကြီး ကောင်းပြီဟု ဆို၍ မင်းဆိုတိုင်း ပြု၏။

ပညာရှိအမတ်ကို တိုင်ပုံ

ထိုအခါ တစ်နေ့သ၌ ဩဋ္ဌဗျာဓိသည် မြို့မှထွက်၍ ညအခါ မြို့သို့ဝင်သော ဘုရားလောင်းကို မြင်၍ ရှိခိုး၍ ဘုရားလောင်း၏ ခြေရင်း၌ ဝပ်၍ ငိုကြွေးလျက် အရှင်မင်းကြီးသည် အကျွန်ုပ်ကို ပျိုသောကာလ၌ ကျေးဇူးများ၏ ဟု မှတ်၍ ကြီးစွာသော စည်းစိမ် အခြံအရံကို ပေး၍ ယခု အိုသောကာလ၌ အလုံးစုံသော စည်းစိမ်အခြံအရံကို ဖြတ်၍ အကျွန်ုပ်၌ စိတ်ကိုမျှတည်း မပြု၊ အကျွန်ုပ်သည် ကိုးကွယ်ရာ မရှိဖြစ်၍ တော၌ မြက်သစ်ရွက်တို့ကို စားလျက် အသက်မွေးရ၏။ ဤသို့ ဆရဲခြင်းသို့ရောက်သော အကျွန်ုပ်ကို ယခုအခါ ယာဉ်၌ ကစိမ့်သောငှာ အိုးထိန်းသည်အား ပေးပြန်၏။ အရှင်တို့ကိုထား၍ အကျွန်ုပ်အား တစ်ပါးသော ကိုးကွယ်ရာသည် မရှိ။ မင်းအား အကျွန်ုပ်ပြုသော ကျေးဇူးကို အရှင်တို့သည် သိပါစေကုန်လော့၊ အကျွန်ုပ် တောင်းပန်ပါ၏။ ယခုအခါ အကျွန်ုပ်အား ပျောက်သောစည်းစိမ်ကို ပကတိရှိသည်ကို ပြုကုန်လော့ဟု ဆို၍-

၉၈။ အဟံ စေ ဒဠှဓမ္မဿ၊ ဝဟန္တီ နာဘိရာဓယိံ၊
ဓရန္တိ ဥရသိ သလ္လံ၊ ယုဒ္ဓေ ဝိက္ကန္တစာရိနီ။
၉၉။ နူန ရာဇာ န ဇာနာတိ၊ မမ ဝိက္ကမပေါရိသံ။
သင်္ဂါမေ သုကတန္တာနိ၊ ဒူတ ဝိပ္ပဟိတာနိ စ။
၁၀၀။ သာ နူနာဟံ မရိဿာမိ၊ အဗန္ဓု အပရာယိနီ။
တဒါ ဟိ ကုမ္ဘကာရဿ၊ ဒိန္နာ ဆကဏဟာရိကာ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၉၈။ သာမိ၊ အရှင်။ အဟံ၊ အကျွန်ုပ်သည်။ ဝဟန္တီ၊ ထိုထိုကိစ္စကို ရွက်ဆောင်လျက်။ ဥရသိ၊ ရင်၌။ သလ္လံ၊ ဖွဲ့အပ်သော သန်လျက်ကို။ ဓရန္တီ၊ ရှေးရှုဆောင်လျက်။ ယုဒ္ဓေ၊ စစ်ထိုးရာ၌။ ဝိက္ကန္တစာရိနီ၊ အောင်စေတတ်သော စစ်ထိုးခြင်းဖြင့် လုံလကို ဆောင်သွားလျက်။ ဒဠှဓမ္မဿ၊ ဒဠှဓမ္မမင်း၏။ စိတ္တံ၊ စိတ်ကို။ စေ နာဘိရာဓယိံ၊ အကယ်၍ မနှစ်သက်စေနိုင်သည် ဖြစ်အံ့။ ကော၊ အဘယ်သူသည်။ တဿ၊ ထိုမင်း၏။ စိတ္တံ၊ စိတ်ကို။ အာရာဓယိဿတိ၊ နှစ်သက်စေလတ္တံ့နည်း။

၉၉။ မမ၊ အကျွန်ုပ်၏။ ဝိက္ကမပေါရိသံ၊ အားထုတ်ခြင်းဟူသော ယောကျ်ားတို့၏ အမှုကိုလည်းကောင်း။ သင်္ဂါမေ၊ စစ်ထိုးရာ၌။ သုကတန္တာနိ၊ ကောင်းစွာ ပြုအပ်ကုန်သော ကိစ္စတို့ကိုလည်းကောင်း။ ဒုတဝိပ္ပဟိတာနိ စ၊ လည်၌ စာခွေကိုဖွဲ့၍ ဤမည်သောမင်းအား ပေးလော့ဟု စေအပ်သည်ရှိသော် အကျွန်ုပ်သည် တစ်နေ့ချင်းလျှင် ယူဇနာ တစ်ရာရှိသော အရပ်သို့သွား၍ တမန်သည်တို့ ဆောင်အပ်သော အမှုကို ဆောင်ခြင်းတို့ကိုလည်းကောင်း။ ရာဇာ၊ ဒဠှဓမ္မမင်းသည်။ န ဇာနာတိ နူန၊ မသိယောင်တကား။

၁၀၀။ သာ အဟံ၊ ထိုအကျွန်ုပ်သည်။ အဗန္ဓု၊ အဆွေ ခင်ပွန်း မရှိသည်ဖြစ်၍။ အပရာယိနီ၊ ကိုးကွယ်ရာ မရှိသည်ဖြစ်၍။ မရိဿာမိ နူန၊ သေရယောင်တကား။ တဒါ ဟိ၊ ထို့ကြောင့်လျှင်။ ဆကဏဟာရိကာ၊ နွားချေးဆောင်သော အမူကို။ ကတွာ၊ ပြု၍။ ရဇာ၊ မင်းသည်။ ကမ္ဘကာရဿ၊ အိုးထိန်းအား။ ဒိန္နာ၊ ငါ့ကို ပေးအပ်၏။

မင်းကြီးအား လျှောက်ခြင်း

ဘုရားလောင်းသည် ဩဋ္ဌဗျာဓိ၏ စကားကိုကြား၍ သင်သည် မစိုးရိပ်လင့်၊ ငါသည် မင်းအားဆို၍ သင့်အား စည်းစိမ်အခြံအရံကို ပကတိရှိသည်ကို ပြုအံ့ ဟု ဩဋ္ဌဗျာဓိကို နှစ်သိမ့်စေ၍ မြို့သို့ဝင်၍ နံနက်စာ စားပြီးသော် မင်း၏အထံသို့ သွား၍ စကားကို ဖြစ်စေ၍ မြတ်သော မင်းကြီး... ဤအမည်ရှိသော ဩဋ္ဌဗျာဓိသည် ဤမည်သော အရပ်၌, ရင်၌ မြား လှံကိုဖွဲ့၍ စစ်ထိုးခြင်းအမှုကို ထုတ်ဆောင်၏။ ဤမည်သော နေ့၌ကား လည်၌ စာကိုဖွဲ့၍ စေလွှတ်၍ ယူဇနာတစ်ရာရှိသော အရပ်သို့ သွား၏။ အရှင်မင်းကြီးတို့သည်လည်း ထိုဩဋ္ဌဗျာဓိအား ကြီးစွာသော စည်းစိမ်အခြံအရံကို ပေးကုန်၏။ ထိုဩဋ္ဌဗျာဓိသည် ယခု အဘယ်မှာနည်းဟု မေး၏။ ထိုဩဋ္ဌဗျာဓိကို ငါသည် နွားချေးဆောင်စိမ့်သောငှာ အိုးထိန်းသည်အား ပေး၏ ဟု ဆို၏။ ထိုအခါ မင်းကို ဘုရားလောင်းသည် မြတ်သော မင်းကြီး ရှင်မင်းကြီးတို့သည် ပြုအပ်သော အမှုသည် မလျောက်ပတ်၊ အိုးထိန်းအား ယာဉ်၌ က, စိမ့်သောငှာ ပေးတော်မူခြင်းသည် မလျောက် ပတ်သည်သာလျှင်ကတည်းဟု ဆို၍ မင်းအား ဆုံးမလိုသည်၏ အစွမ်းအားဖြင့်-

၁၀၁။ ယာဝတာ သီသတီ ပေါသော၊ တဝဒေဝ ပဝီဏတိ။
အတ္ထာပါယေ ဇဟန္တိ နံ၊ ဩဋ္ဌဗျာဓိံဝ ခတ္တိယော။
၁၀၂။ ယော ပုဗ္ဗေ ကတကလျာဏော၊ ကတတ္ထော နာဝ ဗုဇ္စျတိ။
အတ္ထာ တဿ ပလုဇ္ဇန္တိ၊ ယေ ဟောန္တိ အဘိပတ္ထိတာ။
၁၀၃။ ယော ပုဗ္ဗေ ကတကလျာဏော၊ ကတတ္ထော မနု ဗုဇ္ဈတိ၊
အတ္ထာ တဿ ပဝဍ္ဎန္တိ၊ ယေ ဟောန္တိ အဘိပတ္ထိတာ။
၁၀၄။ တံ ဝေါ ဝဒါမိ ဘဒ္ဒန္တေ၊ ယာဝန္တေတ္ထ သမာဂတာ။
သဗ္ဗ ကတညုနော ဟောထ၊ စိရံ သဂ္ဂမှိ ဌဿထ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၁၀၁။ ပေါသော၊ ယောက်ျားသည်။ ယံ ပုရိသံ၊ အကြင်ယောက်ျားကို။ ယာဝတာ၊ အကြင်မျှလောက်သော ကာလပတ်လုံး အာသီသတိ၊ တောင့်တ၏။ တာဝဒေဝ၊ ထိုမျှလောက်သော ကာလပတ်လုံးလျှင်။ တံ ပုရိသံ၊ ထိုယောက်ျားကို။ ပဝီဏတိ၊ ဆည်းကပ်၏။ ခတ္တိယော၊ မင်းသည်။ ဩဋ္ဌဗျာဓိံ၊ ဩဋ္ဌဗျာဓိမည်သော ဆင်မကို။ ဇဟတိ ဣဝ၊ စွန့်သကဲ့သို့။ အတ္ထာပါယေ၊ အကျိုး စီးပွား ကင်းသည်ရှိသော်။ နံ၊ ထိုယောကျ်ားကို။ ဇဟန္တိ၊ စွန့်ကုန်၏။

ကျေးဇူးမသိ ပျက်စီးတတ်

၁၀၂။ ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ ရှေး၌။ ကတကလျာဏော၊ ပြုအပ်သော ကျေးဇူးရှိသည်ဖြစ်၍။ ကတတ္ထော၊ သူတစ်ပါးပြီးစေအပ်သော အမှုကိစ္စရှိသည် ဖြစ်လျက်။ နာဝ ဗုဇ္စျတိ၊ မသိတတ်။ တဿ၊ ထိုသူသည်။ ယေ အတ္ထာ၊ အကြင် ကျိုးတို့ကို။ အဘိပတ္ထိတာ၊ တောင့်တအပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ အတ္ထာ၊ ထိုအကျိုးတို့သည်။ ပလုဇ္ဇန္တိ၊ ပျက်စီးကုန်၏။

၁၀၃။ ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ ရှေး၌။ ကတကလျာဏော၊ ပြုအပ်သော ကျေးဇူးရှိသည်ဖြစ်၍။ ကတတ္ထော၊ သူတစ်ပါးပြီးစေအပ်သော အမှုကိစ္စရှိသည်ဖြစ်၍။ အနုဗုဇ္စျတိ၊ ကျေးဇူးသိ၏။ တဿ၊ ထိုသူသည်။ ယေ အတ္ထာ၊ အကြင်အကျိုးတို့ကို။ အဘိပတ္တိတာ၊ တောင့်တအပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ အတ္ထာ၊ ထိုအကျိုးတို့သည်။ ပဝဍ္ဎန္တိ၊ ပွားကုန်၏

၁၀၄။ ဘဒ္ဒန္တေ၊ အရှင်တို့။ တံ-တေန ကာရဏေန၊ ထိုအကြောင်းကြောင့်။ အဟံ၊ ငါသည်။ ဝေါ၊ သင်တို့ကို။ ဝဒါမိ၊ ဆို၏။ ဧတ္ထ။ ဤအရပ်၌။ ယာဝန္တာ၊ အကြင်မျှလောက်ကုန်သော။ သမာဂတာ၊ စည်းဝေးကုန်သော။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တုမှေ၊ သင်တို့သည်။ ကတညုနော၊ သူ့ကျေးဇူးကို သိကုန်သည်။ ဟောထ၊ ဖြစ်ကုန်၏။ စိရံ၊ ကြာမြင့်စွာ၊ သဂ္ဂမှိ၊ နတ်ပြည်၌။ ဌဿထ၊ နေရကုန်အံ့။

ရာထူးပြန်ခန့်

ဤသို့ ဘုရားလောင်းသည် မင်းကို အစပြုကုန်၍ စည်းဝေးကုန်သော ခပ်သိမ်ကုန်သော သူတို့အား အဆုံးအမကို ပေး၏။ ထိုစကားကို ကြား၍ မင်းသည် ဩဋ္ဌဗျာဓိအား စည်းစိမ်အခြံအရံကို ပကတိ ရှိသည်ကို ပြု၏။ ဘုရားလောင်း၏ အဆုံး အမ၌လည်း တည်၍ ကြာမြင့်စွာ အလှူအစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဘဒ္ဒဝတီသည် ထိုအခါ ဩဋ္ဌဗျာဓိ ဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အမတ်ဖြစ်ဖူးပြီဟု ဇတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးရှိငြား၊ သိသူအား၊ ကျိုးများဖြစ်ထွန်းရာ

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဒဠှဓမ္မဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၅။ သောမဒတ္တဇာတ်

သေ၍ငိုခြင်းသည် အကျိုးမရှိကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယော မံ ပုရေ ပစ္စုဋ္ဌေတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသောမဒတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတေဉ်မူစဉ် မထင်ရှားသော ရဟန်းကြီးကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းကြီးသည် တစ်ယောက်သော သာမဏေကို ရှင်ပြုစေသတတ်။ ထိုသာမဏေသည် ထိုရဟန်းကြီးအား ကျေးဇူးပြုသည်ဖြစ်၍ ထိုသို့သဘောရှိသော ရောဂါဖြင့် သေ၏။ ထိုရဟန်းကြီးသည် ထိုသာမဏေ သေသည်ရှိသော် ငိုကြွေးမြည်တမ်းလျက်သွား၏။ ထိုရဟန်းကြီးကို မြင်၍ ရဟန်းတို့သည် တရားသဘင်၌ ဤအမည်ရှိသော ရဟန်းကြီးသည် သာမဏေ၏ သေခြင်းနှင့် ငိုကြွေး မြည်တမ်းလျက် သွား၏။ မရဏဿတိ ကမ္မဋ္ဌာန်းမှ ကင်းယောင်တကားဟု စကားကိုဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤရဟန်းထည် ဤသာမဏေ သေသည်ရှိသော် ငိုကြွေး သည်မဟုတ်သေး၊ ရှေး၌လည်း ငိုဖူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တာဝတိံသာ နတ်ပြည်၌ သိကြားဖြစ်၏။

ပုဏ္ဏား ရသေ့ဝတ်ခြင်း

ထိုအခါ တစ်ယောက်သော ကာသိနိဂုံးရွာ၌ နေသော ပုဏ္ဏားသည် များသော ဥစ္စာရှိ၏။ ကာမကိုစွန့်၍ ဟိမဝန္တာသို့ ဝင်၍ ရသေ့ရဟန်းပြု၍ ဆွမ်းခံသွားသဖြင့်လည်းကောင်း၊ တောသစ်မြစ် သစ်သီးတို့ဖြင့်လည်းကောင်း မျှလျက် နေခြင်းကို ပြု၏။

ဆင်ငယ်ကို မွေးစား၍

တစ်နေ့သ၌ သစ်သီးကြီးငယ် အကျိုးငှာ သွားသည်ရှိသော် တစ်ခုသော ဆင်ငယ်ကို မြင်၍ မိမိကျောင်းသို့ ဆောင်၍ သားအရာ၌ထား၍ ထိုဆင်အား သောမဒတ် ဟူသော အမည်ကိုမှည့်၍ မြက်သစ်ရွက်တို့ကို စားစေလျက် မွေး၏။ ထိုဆင်သည် အရွယ်ရောက်လတ်သော် ကြီးသောကိုယ် ရှိသည်ဖြစ်၍ တစ်နေ့သ၌ များသောအစာကိုယူ၍ အစာမကျေခြင်းကြောင့် အားနည်းသည် ဖြစ်၏။ ရသေ့သည် ထိုဆင်ကို ကျောင်း၌ထား၍ သစ်သီးကြီးငယ် အလို့ငှာ သွား၏။ ထိုရသေ့မရောက်မီလျှင် ဆင်ငယ်သည် သေ၏။

သေသောအခါ ငိုကြွေးပုံ

ရသေ့သည် သစ်သီးကြီးငယ်ကို ယူ၍ လာလတ်သော် တစ်ပါးကုန်သော နေ့တို့၌ ငါတို့၏ သားသည် ခရီးဦး ကြိုဆိုခြင်းကို ပြု၏။ ယနေ့မထင်၊ အဘယ်သို့လျှင် သွားသနည်း ဟု ငိုကြွေးလိုသည်ဖြစ်၍-

၁၀၅။ ယော မံ ပုရေ ပစ္စုဋ္ဌေတိ၊
အရညေ ဒူရမာယတော။
သော န ဒိဿတိ မာတသင်္ဂေါ၊
သောမဒတ္တော ကုဟိံ ဂတော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၀၅။ အာယတော၊ အလုံးအရပ်နှင့် ပြည့်စုံသော။ သောမဒတ္တော၊ သောမဒတ္တ အမည်ရှိသော။ ယော မာတင်္ဂေါ၊ အကြင်ဆင်သည်။ မံ၊ ငါ့ကို။ ပုရေ၊ ရှေးကာလ၌။ အရညေ၊ တော၌။ ဒူရံ၊ ဝေးစွာ။ ပစ္စုဋ္ဌေတိ၊ ခရီးဦးကြိုဆို၏။ သော မာတင်္ဂေါ၊ ထိုဆင်သည်။ န ဒိဿတိ၊ ယခုမထင်ခဲ့။ ကုဟိံ၊ အဘယ်သို့။ ဂတော၊ သွားသနည်း။

ဤသို့ ငိုကြွေးလျက် လာလတ်သော် စင်္ကြံဦး၌ လဲသော ဆင်ကိုမြင်၍ လည်၌ဖက်၍ ငိုကြွေးလျက်-

၁၀၆။ အယံ ဝါ သော မတော သေတိ၊ အလ္လသိင်္ဂံဝ ဝစ္ဆိတော။
ဘူမျာ နိပတိတော သေတိ၊ အမရာ ဝတ ကုဉ္ဇရော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကိုဆို၏။

၁၀၆။ ယော ကုဉ္ဇရော၊ အကြင်ဆင်သည်။ မတော သေတိ၊ သေ၍ အိပ်၏။ ဧသော ကုဉ္ဇရော၊ ထိုဆင်သည်။ အယံ၊ ဤ သောမဒတ္တ ဆင်လျှင်တည်း။ အညော၊ တစ်ပါးသော ဆင်သည်။ ၊ မဟုတ်။ အလ္လသိင်္ဂံ၊ မာလောနွယ်၏ ကြီးသော အညွန့်ကို။ ဝစ္ဆိတော၊ လက်သည်းဖြင့်ဖြတ်၍။ ဘူမျာ၊ မြေ၌။ နိပတိတော ယထာ၊ ချသကဲ့သို့။ ဧဝံ တထာ၊ ထို အတူ။ ကုဉ္ဇရော၊ သောမဒတ္တဆင်သည်။ ဘူမျာ၊ မြေ၌။ သေတိ၊ အိပ်၏။ အမရာ ဝတ၊ ဪ-သေလေပြီတကား။

သိကြားမင်းသတိပေးခြင်း

သိကြားမင်းသည် ထိုခဏ၌ လောကကိုကြည့်လတ်သော် ထိုရသေ့ကိုမြင်၍ ဤရသေ့သည် သားမယားကို စွန့်၍ ရဟန်းပြု၏။ ယခုအခါ ဆင်ငယ်၌ သားအမှတ်ကိုပြု၍ ငိုကြွေး၏။ ထိုရသေ့ကို သံဝေဂကို ဖြစ်စေ၍ သတိကို ရစေအံ့ဟု ထိုရသေ့၏ ကျောင်းသို့သွား၍ ကေင်းကင်၌ တည်လျက်လျှင်-

၁၀၇။ အနဂါရိယုပေတဿ၊ ဝိပ္ပမုတ္တဿ တေ သတော။
သမဏဿ န တံ သာဓု၊ ယံ ပေတ မနုသောစသိ။

ဟူသော သုံးခုမြောက်သော ဤဂါထာ ကိုဆို၏။

၁၀၇။ ပေတံ၊ သေသော သတ္တဝါကို။ ယံ အနုသောစသိ၊ အကြင် စိုးရိမ်၏။ တံ၊ ထိုသို့စိုးရိမ်ခြင်းသည်။ အနဂါရိယုပေတဿ၊ ရဟန်းအဖြစ်နှင့် ပြည့်စုံသော။ ဝိပ္ပမုတ္တဿ၊ လူ့ အဖြစ်မှလွတ်သော။ သမဏဿ၊ ရဟန်းသည်။ သတော၊ ဖြစ်သော။ တေ၊ သင်အား။ န သာဓု၊ မကောင်း။

ချစ်၍စိုးရိမ်မိသည်

ထိုအခါ သိကြားမင်း၏စကားကို ကြား၍ ရသေ့သည်-

၁၀၈။ သံဝါသေန ဟဝေ သက္က၊ မနုဿဿ မိဂဿ ဝါ။
ဟဒယေ ဇာယတေ ပေမံ၊ တံ န သက္ကာ အသောစိတုံ။

ဟူသော လေးခုမြောက်သော ဤဂါထာကိုဆို၏။

၁၀၈။ သက္က၊ သိကြားမင်း။ ဟဝေ၊ စင်စစ်။ မနုဿဿ ဝါ၊ လူ၏လည်းကောင်း။ မိဂဿ ဝါ၊ တိရစ္ဆာန်၏ လည်းကောင်း။ သံဝါသေန၊ ပေါင်းဖော်ခြင်းနှင့်။ ဟဒယေ၊ နှလုံး၌။ ပေမံ၊ ချစ်ခြင်းသည်။ ဇာယတေ၊ ဖြစ်၏။ တံ ပိယံ၊ ထိုချစ်သော သတ္တဝါကို။ အသောစိတုံ၊ မစိုးရိမ်ခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။

အမြဲငိုနေရလိမ့်မယ်

ထို့နောင်မှ ရသေ့ကို ဆုံးမလိုသည်ဖြစ်၍ သိကြားမင်းသည်၁-

၁၀၉။ မတံ မရိဿံ ရောဒန္တိ၊ ယေ ရုဒန္တိ လပန္တိ စ။
တသ္မာ တွံ ဣသိ မာ ရောဒိ၊
ရောဒိတံ မောဃ မာဟု သန္တာ။-
၁၁၀။ ကန္ဒိတေန ဟဝေ ဗြဟ္မေ၊ မတော ပေတော သမုဋ္ဌဟေ။
သဗ္ဗေ သင်္ဂမ္မ ရောဒါမ၊ အညမညဿ ဉာတကေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၀၉။ ဣသိ၊ ရသေ့။ ယေ၊ အကြင်သူတို့သည်။ မတံ စ၊ သေဆဲသေပြီးသူကိုလည်းကောင်း။ မရိဿံ စ၊ သေအံ့သောသူကိုလည်းကောင်း။ ရောဒန္တိ၊ ငိုကုန်၏။ ရုဒန္တိ၊ မျက်ရည်ယိုကုန်၏။ လပန္တိ၊ မြည် တမ်းကုန်၏။ တေသံ၊ ထိုသူတို့အား။ အဿုပစ္ဆိဇ္ဇဒိဝသော နာမ၊ မျက်ရည်ပြတ်သော နေ့မည်သည်။ နတ္ထိ၊ မရှိ။ ရောဒိတံ၊ ငိုခြင်းကို။ မောဃံ၊ အကျိုး မရှိဟူ၍။ သတ္တော၊ သူတော်ကောင်းတို့သည်။ အာဟု၊ ဆိုကုန်၏။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ သင်သည်။ မာ ရောဒိ၊ မငိုလင့်။

၁၁၀။ ဗြဟ္မေ၊ ရှင်ရသေ့။ ဝေ၊ စင်စစ်။ ကန္ဒိတေန၊ ငိုသဖြင့်။ ပေတော၊ ပစ္စုပ္ပန်ဘဝမှ ကင်းကွာသော။ မတော၊ သေသောသူသည်။ သမုဋ္ဌဟေ၊ ရှင်ပြန်သဖြင့် ထငြားအံ့။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော ငါတို့သည်။ သင်္ဂမ္မ၊ စည်းဝေး၍။ အညမညဿ၊ အချင်းချင်း၏။ ဉာတကေ၊ ဆွေမျိုးတို့ကို။ ရောဒါမ၊ ငိုကုန်အံ့။

ကျေးဇူးတင်ပါတယ် အရှင်

ရသေ့သည် သိကြားမင်း၏စကားကို ကြား၍ သတိရ၍ ကင်းသော သောကရှိသည်ဖြစ်၍ မျက်ရည်တို့ကို သုတ်၍ သိကြားမင်းအား ချီးမွှမ်းလိုသည်၏ အစွမ်းအားဖြင့်-

၁၁၁။ အာဒိတ္တံ ဝတ မံ သန္တံ၊ ဃတသိတ္တံဝ ပါဝကံ။
ဝါရိနာ ဝိယ ဩသိဉ္စံ၊ သဗ္ဗံ နိဗ္ဗာပယေ ဒရံ။
၁၁၂။ အဗ္ဗဟီဝတ မေ သလ္လံ၊ ယမာသိ ဟဒယဿိတံ။
ယော မေ သောကပရေတဿ၊ ပုတ္တသောကံ အနုဒိ။
၁၁၃။ သောဟံ အဗ္ဗူဠသလ္လေသ္မိ၊ ဝီတသောကော အနာဝိလော။
န သောစာမိ န ရောဒါမိ၊ တဝ သုတွာန ဝါသဝ။

ဟူသော ကြွင်းကုန်သော ဤဂါထာတို့ကို ဆို၏။

၁၁၁။ ဃတသိတ္တံ၊ ထောပတ်ဖြင့် သွန်းလောင်းသော။ ပါဝကံ၊ မီးကို။ ဝါရိနာ၊ ရေဖြင့်။ ဩသိဉ္စံ ဝိယ၊ သွန်းလောင်းဘိသကဲ့သို့။ ဝတ၊ စင်စစ်။ အာဒိတ္တံ၊ သောကမီးဖြင့် ပြောင်ပြောင်တောက်သည်။ သန္တံ၊ ဖြစ်သော။ မံ၊ ငါ့ကို။ နိဗ္ဗာပယေ၊ ငြိမ်းစေ၏။ သဗ္ဗံ၊ အလုံးစုံသော။ ဒရံ၊ စိုးရိမ်ခြင်းကို။ နိဗ္ဗာပယေ၊ ငြိမ်းစေ၏။

၁၁၂။ ယော တွံ၊ အကြင်သင်သည်။ သောကပရေတဿ၊ သောကသည် နှိပ်စက်အပ်သော။ မေ၊ ငါ၏။ ပုတ္တသောကံ၊ သား၌စိုးရိမ်ခြင်းကို။ အပါနုဒိ၊ ပယ်၏။ မေ၊ ငါ့အား။ ဟဒယဿိတံ၊ နှလုံး၌မှီသော။ ယံ သလ္လံ၊ အကြင်သောကတည်းဟူသော ငြောင့်သည်။ အာသိ၊ ဖြစ်ပြီ။ တံ သလ္လံ၊ ထိုသောက တည်းဟူသော ငြောင့်ကို။ တေ-တယာ၊ သင်သည်။ အဗ္ဗဟီဝတ၊ နုတ်အပ်စွတကား။

၁၁၃။ ဝါသဝ၊ သိကြားမင်း။ တဝ၊ သင်၏။ ဝစနံ၊ စကားကို။ သုတွာန၊ နာရ၍။ သော အဟံ၊ ထိုငါသည်။ အဗ္ဗူဠသလ္လော၊ နုတ်အပ်သော မြားငြောင့်ရှိသည်။ အသ္မိ၊ ဖြစ်၏။ ဝီတသောကော၊ ကင်းသော စိုးရိမ်ခြင်းရှိ၏။ အနာဝိလော၊ စိတ်နောက်ခြင်း မရှိ။ န သောစာမိ၊ မစိုးရိမ်။ န ရောဒါမိ၊ မငိုကြွေး။

ဤသို့ သိကြားမင်းသည် ရသေ့အား ဆုံးမ၍ မိမိနေရာသို့ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ သာမဏေသည် ထိုအခါ ဆင်ငယ်ဖြစ်ပြီ၊ ယခုအခါ ရဟန်းကြီးသည် ထိုအခါ ရသေ့ဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သိကြားဖြစ်ပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သေသူတမ်းတ၊ ငိုကြွေးကြ၊ သောက ဖြစ်ရုံသာ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော သောမဒတ္တဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၆။ သုသီမဇာတ်

မင်းစည်းစိမ်ကိုစွန့်၍ ထွက်ခြင်းအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကာဠာနိ ကေသာနိ ပုရေ အဟေသုံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုသီမဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မြတ်သော တောထွက်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအခါ ရဟန်းတို့သည် တရားသဘင်၌နေ၍ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါ၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ငါဘုရားသည် ယခုအခါ၌ များစွာကုန်သော ကမ္ဘာ ကုဋေအသိန်းတို့ပတ်လုံး ဖြည့်အပ်ပြီးသော ပါရမီရှိသည်ဖြစ်၍ မြတ်သော တောထွက်ခြင်းဖြင့် တောထွက်တော်မူသည်ကို မအံ့အပ်သေး၊ ရှေး၌လည်း ငါဘုရားသည် သုံးယူဇနာရှိသော ကာတိုင်း၌ မင်းအဖြစ်ကို စွန့်၍ တောထွက်ဖူးသည်သာလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်၏ မယားဝမ်း၌ ဖြစ်၏။ ထိုဘုရားလောင်း၏ ဖွားနေ့၌လျှင် ဗာရာဏသီမင်းအားလည်း သား ဖွား၏။ ထိုသူငယ်တို့၏ အမည်မှည့်အံ့သောနေ့၌ ဘုရားလောင်းအား သုသီမ သတို့သားဟူသာ အမည်ကို မှည့်ကုန်၏။ မင်းသားအားလည်း ဗြဟ္မဒတ္တသတို့သားဟူ သော အမည်ကို မှည့်ကုန်၏။ ဗာရာဏသီမင်းသည် သားနှင့်အတူတကွ တစ်နေ့တည်း ဖွား၏ဟု ဘုရားလောင်းကို ယူစေ၍ နိုထိန်းတို့ကိုပေး၍ သားနှင့်အတူတကွ ကြီးစေ၏။

သူငယ်ချင်း နှစ်ယောက်

ထိုနှစ်ယောက်ကုန်သော သူငယ်တို့သည်လည်း အရွယ်ရောက်လတ်သော် အလွန် အဆင်း လှကုန်၏။ နတ်အဆင်း နှင့် တူသည်ဖြစ်ကုန်၍ တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကို သင်ကုန်၍ တစ်ဖန် ပြန်လာကုန်၏။ မင်းသားသည် အိမ်ရှေ့မင်းဖြစ်၍ ဘုရားလောင်းနှင့် တကွ

တစ်ပေါင်းတည်း စားလျက် နေလျက်, အိပ်လျက် အဘလွန်သဖြင့် မင်းအဖြစ်သို့ ရောက်၍ ဘုရားလောင်းအား ကြီးစွာသော စည်းစိမ်ကိုပေး၍ ပုရောဟိတ်အရာ၌ထား၏။ တစ်နေ့သ၌ မြို့ကို တန်ဆာဆင်စေ၍ သိကြားမင်းကဲ့သို့ တန်ဆာဆင်ခြင်းဖြင့် တန်ဆာဆင်အပ်သော ဧရာဝဏ်ဆင်နှင့်တူသော အမုန်ယစ်သော မြတ်သော ဆင်ကျောက်ကုန်း၌နေ၍ ဘုရားလောင်းကို နောက်၌ ခင်းအပ်သော ဆင်ကျောက်ကုန်း၌ နေစေ၍ မြို့ကို လက်ယာရစ် လည်သည်ကို ပြု၏။

မယ်တော် ချစ်နာကျ

အမိသည် ချစ်စွာသော သားကိုကြည့်အံ့ဟု ခြင်္သေ့ခံသော လေသာပြတင်း၌ ရပ်သည်ရှိသော် မြို့ကို လက်ယာရစ် လည်၍လာသော မင်း၏ နောက်မှ နေသော ပုရောဟိတ်သားကိုမြင်၍ တပ်သောစိတ် ရှိသည်ဖြစ်၍ အိပ်ရာတိုက်ခန်းသို့ ဝင်၍ ဤပုရောဟိတ်သားကို မရသည်ရှိသော် အိပ်ရာ၌လျှင် သေအံ့ ဟု အာဟာရကို ဖြတ်၍ အိပ်၏။ မင်းသည် မယ်တော်ကို မမြင်သည်ရှိသော် ငါ၏ မယ်တော်သည် အဘယ်မှာနည်း ဟု မေး၍ နာ၏ ဟု ကြား၍ မယ်တော်အထံသို့ သွား၍ ရှိခိုး၍ မိခင်... အဘယ်မည်သော ရောဂါ ဖြစ်သနည်းဟု မေးလတ်သော် ထိုမယ်တော်သည် ရှက်သည်၏ အဖြစ်ကြောင့် ထိုစကားကို မဆို။ မင်းသည် သွား၍ မင်း၏ ပလ္လင်၌နေ၌ မိမိ၏ မိဖုရားကြီးကို ခေါ်၍ သွားချေ၊ မယ်တော်၏ မချမ်းသာခြင်းကို သိအောင်ပြုချေ ဟု စေ၏။ မိဖုရားသည်လည်း သွား၍ ကျောက်ကို ဆုပ်နယ်လျက် မေး၏။ မိန်းမတို့မည်သည် မိန်းမတို့အား လျှို့ဝှက်အပ်သောအမှုတို့ကို မလျှို့ဝှက်ကုန်၊ ထိုမယ်တော်သည် မိဖုရားအား ထိုအကြောင်းကို ကြား၏။ မိဖုရားသည်လည်း ထိုစကားကို ကြား၍ မင်းအား ကြား၏။ မင်းသည် ထိုသို့ဖြစ်စေ၊ သွားချေ၊ မယ်တော်ကို နှစ်သိမ့်စေလော့ ဟု ပုရောဟိတ်ကို မင်းပြု၍ မယ်တော်ကို ပုရောဟိတ်၏ မိဖုရား ပြုအံ့ဟု ဆို၏။ မိဖုရားလည်း လာလတ်၍ မယ်တော်ကို နှစ်သိမ့်စေ၏။

နိုင်ငံအပ်၍ မယ်တော်နှင့် ထိမ်းမြား

မင်းသည်လည်း ပုရောဟိတ်ကိုခေါ်စေ၍ ထိုအကြောင်းကို ကြား၍ အဆွေပုရောဟိတ်... ငါ့အမိအား အသက်ကို ပေးလော့၊ သင်သည် မင်းဖြစ်လတ္တံ့၊ ထိုအမိသည် မိဖုရားဖြစ်လတ္တံ၊ ငါသည် အိမ်ရှေ့မင်း ဖြစ်လတ္တံ့ ဟု ဆို၏။ ထိုပုရောဟိတ်သည် ဤသို့ ပြုအံ့သောငှာ မတတ်ကောင်းဟု ပယ်၍ အဖန်တလဲလဲ တောင်းပန်အပ်သော် ဝန်ခံ၏။ မင်းသည် ပုရောဟိတ်ကို မင်းပြု၍ မိမိသည် အိမ်ရှေ့မင်းပြု၏။ ထိုသူတို့၏ ညီညွတ်စွာနေကုန်စဉ် နောက်အဖို့၌ ဘုရားလောင်းသည် အိမ်ရှေ့အလယ်၌ ငြီးငွေ့သည်ဖြစ်၍ ကာမတို့ကို စွန့်၍ ရသေ့ရဟန်းပြုအံ့သောငှာ ညွတ်သောစိတ်ရှိသည်ဖြစ်၍ ကိလေသာနှင့်ယှဉ်သော မွေ့လျော်ခြင်း၌ မတပ်စွန်းသည်ဖြစ်၍ တစ်ယောက်တည်းသာလျှင် ရပ်၏။ ထိုင်၏။ အိပ်၏။ နှောင်အိမ်၌ နှောင်ဖွဲ့အပ်သကဲ့သို့ လည်းကောင်း ချိုင့်၌ ထားအပ်သော ကြက်ကဲ့သို့ လည်းကောင်း ဖြစ်၏။

သူငယ်ချင်းမင်း သံဝေဂရပုံ

ထိုအခါ ထိုမင်း၏ မိဖုရားကြီးသည် ဤမင်းသည် ငါနှင့်တကွ မမွေ့လျော်၊ တစ်ယောက် တည်းသာလျှင် ရပ်၏။ ထိုင်၏။ အိပ်ခြင်းကို ပြု၏။ ဤမင်းသည်ကား ငယ်၏။ နုပျို၏။ ငါကား ကြီးရင့်၏။ ငါ၏ဦးခေါင်း၌ ဆံဖြူတို့သည် ထင်ကုန်၏။ အကယ်၍ ငါသည် ရှင်မင်းကြီး၏ ဦးခေါင်း၌ တစ်ခုသောဆံဖြူသည် ထင်၍ဟု မုသားဆို၍ တစ်ခုသော ဥပါယ်ဖြင့် မင်းကိုသိစေ၍ ငါနှင့်တကွ မွေ့လျော်ရစေမူကား ကောင်းစွ ဟု ကြံ၍ တစ်နေ့သ၌ မင်း၏ဦးခေါင်း၌ သန်းတို့ကို ရှာသကဲ့သို့ပြု၍ အရှင်မင်းကြီး- သင်မင်းကြီးသည် အိုပြီ၊ အရှင်မင်းကြီး၏ဦးခေါင်း၌ တစ်ခုသော ဆံဖြူသည် ထင်၏ဟု ဆို၏။ ရှင်မ ထိုသို့တပြီးကား ထိုဆံဖြူကို နုတ်၍ ငါ၏ လက်၌လျှင် ထားလော့ဟု ဆို၏။ မိဖုရားသည် မင်း၏ဦးခေါင်းမှ တစ်ခုသော မည်းသောဆံပင်ကို နုတ်၏။ ထိုဆံပင်ကိုစွန့်၍ မိမိဦးခေါင်းမှ ဆံဖြူကိုယူ၍ အရှင်မင်းကြီး ဤသည်ကား ရှင်မင်းကြီး၏ ဆံတည်းဟု မင်း၏လက်၌ထား၏။ ထိုဆံဖြူကို မြင်၍ ထိတ်လန့်သော စိတ်ရှိသော ဘုရားလောင်း၏ ရွှေပြားနှင့်တူသောနဖူးမှ ချွေးတို့သည် ထွက်ကုန်၏။

ထိုဘုရားလောင်းသည် မိမိကိုယ်ကို ဆုံးမလျက် သုသီမ... သင်သည် အိုပြီ၊ ဤမျှလောက်သော ကာလပတ်လုံး မစင်ညွန်၌ ငုပ်သော ဝက်ကဲ့သို့ ကာမညွန်၌ငုပ်၍ ထိုကာမညွန်ကို စွန်အံ့သောငှာ မတတ်နိုင်၊ ကာမတို့ကိုစွန့်၍ ဟိမဝန္တာသို့ဝင်၍ ရဟန်းပြု၍ သင့်အား မြတ်သောအကျင့်ဖြင့် နေအပ်သောအခါတည်းဟု ကြံ၍-

၁၁၄။ ကာဠာနိ ကေသာနိ ပုရေ အဟေသုံ၊
ဇာတာနိ သီသမှိ ယထာပဒေသေ။
တာနဇ္ဇ သေတာနိ သုသီမ ဒိသွာ၊
ဓမ္မံ စရ ဗြဟ္မစရိယဿ ကာလော။

ဟူ သော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၁၄။ သုသီမ၊ သုသီမ။ ပုရေ၊ ရှေး၌။ သီသမှိ၊ ဦး ခေါင်း၌။ ယထာပဒေသေ၊ လျော်သောအရပ်၌။ ဇာတာနိ၊ ရောက်ကုန်သော။ ကာဠာနိ၊ မည်းညိုသောအဆင်း ရှိကုန်သော။ ကေသာနိ၊ ဆံတို့သည်။ အဟေသုံ၊ ဖြစ်ကုန်၏။ အဇ္ဇ၊ ယခု။ သေတာနိ၊ ဖွေးဖွေးဖြူကုန်သော။ တာနိ၊ ထိုဆံတို့ကို။ ဒိသွာ၊ မြင်၍။ ဓမ္မံ၊ ကုသလကမ္မပထ တရားဆယ်ပါးကို။ စရ၊ ကျင့်လော့။ ဗြဟ္မစရိယဿ၊ မြတ်သော အကျင့်ကို ကျင့်ခြင်း၏။ ကလော၊ အခါတန်ပြီ။

မအိုသေးပါဘုရား

ဤသို့ ဘုရားလောင်းသည် မြတ်သောအကျင့်ဖြင့် နေခြင်း၏ ကျေးဇူးတို့ကို ချီးမွမ်းသည်ရှိသော် မိဖုရားသည် ငါသည် ဤမင်းအား ငြိစွန်းခြင်းကို ပြုအံ့ဟုကြံလျက် ငြိစွန်းခြင်း၏ ပြေခြင်းကိုလျှင် ပြုမိ၏ ဟု ထိတ်လန့်သည်ဖြစ်၍ ယခုအခါ ထိုမင်းအား ရဟန်းမပြုစိမ့်သောငှာ ကိုယ်အဆင်းကို ချီးမွမ်းအံ့ဟု ကြံ၍-

၁၁၅။ မမေဝ ဒေဝ ပလိတံ တုယှံ၊
မမေဝ သီသံ မမ ဥတ္တမင်္ဂံ၊
အတ္ထံ ကရိဿန္တိ မုသာ အဘာဏိံ၊
ဧကာပရာဓံ ခမ ရာဇသေဋ္ဌ။
၁၁၆။ ဒဟရော တုဝံ ဒဿနီယောသိ ရာဇ၊
ပဌမုဂ္ဂတော ဟောတိ ယထာ ကဠီရော၊
ရဇ္ဇဉ္စ ကာရေဟိ မမဉ္စ ပဿ၊
မာ ကာလိကံ အနုဓာဝိ ဇနိန္ဒ။

ဟူသော ဤနှစ်ဂါတို့ကို ဆို၏။

၁၁၅။ ဒေဝ၊ အရှင်မင်းကြီး။ မမေဝ၊ အကျွန်ုပ်၏ လျှင်။ ပလိတံ၊ ဆံဖြူတည်း။ တုယှံ၊ သင်မင်းကြီး၏။ ပလိတံ၊ ဆံဖြူသည်။ ၊ မဟုတ်။ မမေဝ၊ အကျွန်ုပ်၏လျှင်။ သီသံ၊ ဦးခေါင်း၌ ရောက်သော ဆံဖြူတည်း။ မမ၊ ကျွန်ုပ်၏။ ဥတ္တမင်္ဂံ၊ ဦးခေါင်း ၌ရောက်သော ဆံဖြူတည်း။ အဟံ၊ အကျွန်ုပ်သည်။ အတ္ထံ၊ အကျိုးကို။ ကရိဿန္တိ၊ ပြုကုန်အံ့ဟု။ မုသာ၊ မုသားသို့။ အဘာဏိံ၊ ဆိုမှား၏။ ရာဇသေဋ္ဌ၊ မင်းမြတ်။ ဧကာပရာဓံ၊ အကျွန်ုပ်၏ တစ်ခုသော အပြစ်ကို။ ခမ၊ သည်းခံပါလော့။

၁၁၆။ ရာဇ၊ မင်းမြတ်။ ပဌမုဂ္ဂတော၊ ပေါက်သစ်စဖြစ်သော။ ကဠီရော၊ အညှောက်သည်။ ဒဿနီယော၊ ရှုချင်ဖွယ်ရှိသည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ တုဝံ၊ သင်မင်းကြီးသည်။ ဒဟရော၊ ပျိုနုသည်ဖြစ်၍။ ဒဿနီယော၊ ရှုချင်ဖွယ်ရှိသည်။ အသိ၊ ဖြစ်၏။ ရဇ္ဇဉ္စ၊ မင်းအဖြစ်ကိုလည်း။ ကာရေဟိ၊ ပြုလော့။ မမဉ္စ၊ အကျွန်ုပ်ကိုလည်း။ ပဿ၊ ရှုပါလော့။ ဇနိန္ဒ၊ မင်းကြီး။ ကာလိကံ၊ နောက်မှ အကျိုးကိုပေးတတ်သော ရဟန်းအဖြစ်သို့။ မာ အနုဓာဝိ၊ မကပ်လင့်။

နောက်တော့ အိုကြရမှာပဲ

ဘုရားလောင်းသည် မိဖုရားစကားကို ကြား၍ ရှင်မ... သင်ဆိုတိုင်းဖြစ်ရာ သလျှင်ကတည်း၊ ငါ၏ အရွယ်ရင့်သည်ရှိသော် ဤမည်းညိုသော ဆံတို့သည် ဖောက်ပြန်၍ ပိုက်ဆန်လျှော်တို့ကဲ့သို့ ဖြူကုန်သည် ဖြစ်ရာ၏။ အရွယ်ရင့် အိုခြင်းသို့ ရောက်ကုန်သော် ကြာညိုအစရှိကုန်သော ပန်းဆိုင်းနှင့်တူကုန်သော သူငယ်တို့ကို လည်းကောင်း၊ ရွှေအဆင်းနှင့်တူကုန်သော မြတ်သောအရွယ် တင့်တယ်ခြင်းနှင့် ပြည့်စုံကုန်သော မင်းသမီး အစရှိသည်တို့၏ လည်းကောင်း၊ အဆင်းဖောက်ပြန်ခြင်းကိုလည်းကောင်း၊ ကိုယ်၏ ပျက်စီးခြင်းကိုလည်းကောင်း ငါသည် မြင်ရ၏။ ရှင်မ... ဤသို့ ဤသတ္တလောကသည် ပျက်စီးခြင်း အဆုံးရှိ၏ ဟု ဆို၍ ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် ဟောလိုရကား-

၁၁၇။ ပဿာမိ ဝေါဟံ ဒဟရိံ ကုမာရိံ၊
သာမဋ္ဌ ပဿံ သုတနုံ သုမဇ္စျံ၊
ကာဠပ္ပဝါဠာဝ ပဝေလ္လမာနာ။
ပလောဘယန္တီဝ နရေသု ဂစ္ဆတိ။
၁၁၈။ တမေန ပဿာမိ ပရေန နာရိံ၊
အာသီတိကံ နာဝုတိကံဝ ဇစ္စာ။
ဒဏ္ဍံ ဂဟေတွာန ပဝေဓမာနံ၊
ဂေါပါနသီ ဘောဂ္ဂသမံ စရန္တိ။

ဟူသော ဤနှစ်ဂါထာတို့၏အပေါင်းကို ဆို၏။

၁၁၇။ ဘဒ္ဒေ၊ ရှင်မ။ အဟံ၊ ငါသည်။ သာမဋ္ဌပဿံ၊ အလုံးစုံ အပြင်တို့၌ ပြေပြစ်သော အရောင်အဆင်းရှိသော။ သုတနုံ၊ ကောင်းသော ကိုယ်ရှိသော။ သုမဇ္စျံ၊ ကောင်းသော ခါးရှိသော။ ဒဟရိံ၊ ပျိုနုသော။ ကုမာရိံ၊ သတို့သမီးကို။ ပဿာမိ၊ မြင်၏။ ပဝေလ္လမာနာ၊ ညှင်းညှင်းသော လေသည် ခတ်အပ်သည်ရှိသော် ထိုမှဤမှတုန်လှုပ်သော။ ကာဠပ္ပဝါဠာဝ၊ သန္တာနက်ကဲ့သို့ အရွက်ရှိသော မည်းသောနွယ်ကဲ့သို့။ သာဣတ္ထီ၊ ထိုမိန်းမသည်။ နရေသု၊ ယောကျ်ားတို့၏အနီး၌။ ပလောဘယန္တိဝ၊ ကိလေသာ၏ အစွမ်းအားဖြင့် ဖြားယောင်းသကဲ့သို့။ ဂစ္ဆတိ၊ သွား၏။

၁၁၈။ အပရေန သမယေန၊ နောက်အခါ၌။ ဇစ္စာ၊ မွေးဖွားသည်မှ။ အသီတိကဉ္စ၊ အသက်ရှစ်ဆယ်ရှိသည်လည်းဖြစ်သော။ နာဝုတိကဉ္စ၊ အသက်ကိုးဆယ်ရှိသည်လည်းဖြစ်သော။ တမေနံ နာရိံ၊ ထိုမိန်းမကို။ ဒဏ္ဍံ၊ တောင်ဝှေးကို။ ဂဟေတွာန၊ ကိုင်၍။ ပဝေဓမာနံ၊ တုန်လှုပ်လျက်။ ဂေါပါနသီဘောဂ္ဂသမံ၊ အခြင်ကဲ့သို့ ကိုင်းညွှတ်သော ကိုယ်ရှိသည်ဖြစ်၍။ စရန္တိံ၊ သွားသည်ကို။ ပဿာမိ၊ မြင်ရ၏။

မောင်တော် တောထွက်တော့မည်

ဘုရားလောင်းသည် ပထမဂါထာဖြင့် ရုပ်၌ အဿာဒကိုဆိုပြီး၍ ဒုတိယဂါထာဖြင့် ရုပ်၏ အပြစ်ကို ပြပြီး၍ ယခုအခါ အိမ်၏အလယ်၌ မိမိ မမွေ့လျော်ခြင်းကို ပြလိုသည်ဖြစ်၍-

၁၁၉။ သောဟံ တမေဝါနုဝိစိန္တယန္တော၊
ဧကော ပဿာမိ သာနဿ မဇ္ဈေ။
အဟမ္ပိ ဧဝံ ဣတိ ပေက္ခမာနော၊
န ဂေဟေ ရမေ ဗြဟ္မစရိယဿ အကာလော။
၁၂၀။ ရဇ္ဇုဝါ လမ္ဗနီ စေသာ၊
ယာ ဂေဟေ ဝသတော ရတိ။
ဧတမ္ပိ ဆေတွာန ဝဇန္တိ ဓီရာ၊
အနပေက္ခိနော ကာသုခံ ပဟာယ။

ဟူသော ဤနှစ်ဂါထာတို့၏ အပေါင်းကို ဆို၏။

၁၁၉။ သော အဟံ၊ ထိုငါသည်။ တမေဝ၊ ထိုရုပ်တို့၏ အဿာဒ, အာဒီနဝကိုလျှင်။ အနုဝိစိန္တယန္တော၊ အဖန်ဖန်ကြံလျက်။ သယနဿ၊ အိပ်ရာ၏။ မဇ္ဈ၊ အလယ်၌။ ဧကော၊ တစ်ယောက်တည်း။ ပဿာမိ၊ ရှု၏။ အဟံ၊ ငါသည်လည်း။ ဧဝံ တထာ၊ ထို့အတူ။ ဘဝိဿာမိ၊ ဖြစ်အံ့။ ဣတိ၊ ဤသို့။ ပေက္ခမာနော၊ ရှုလျက်။ ဂေဟေ၊ အိမ်၌။ န ရမေ၊ မမွေ့လျော်။ ဗြဟ္မစရိယဿ၊ မြတ်သောအကျင့်ကို ကျင့်ခြင်း၏။ ကလော၊ အခါတည်း။

၁၂၀။ ဂေဟ၊ အိမ်၌။ ဝသတော၊ နေသောသူ၏။ ယာ ရတိ၊ အကြင်မွေ့လျော်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဧသာ ရတိ၊ ထိုမွေ့လျော်ခြင်းသည်။ အာလမ္ဗနီ၊ ဆွဲလှမ်းရာဖြစ်သော။ ရဇ္ဇုဝ၊ ကြိုးကဲ့သို့။ ဟောတိ၊ ဖြစ်၏။ ဓိရာ၊ ပညာရှိတို့သည်။ ဧတမ္ပိ၊ ဤကာမတို့၌ မွေ့လျော်ခြင်းကိုလည်း။ ဆေတွာန၊ ဖြတ်၍။ ကာမသုခံ၊ ကာမချမ်းသာကို။ ပဟာယ၊ ပယ်၍။ အနပေက္ခိနော၊ ငဲ့ကွက်ခြင်းမရှိကုန်သည်ဖြစ်၍။ ဝဇန္တိ၊ သွားကုန်၏။

ဤသို့ ဘုရားလောင်းသည် ကာမတို့၌ အဿာဒကို လည်းကောင်း၊ အာဒီနဝကိုလည်းကောင်း ပြလျက် ဘုရားကဲသို့သော တင့်တယ်ခြင်းဖြင့် တရားဟော၍ အဆွေ ခင်ပွန်းဖြစ်သော ဗြဟ္မဒတ်မင်းကို ခေါ်စေ၍ မင်းအဖြစ်ကို အပ်နှင်း၍ အဆွေအမျိုး အဆွေခင်ပွန်း နှလုံး အကျွမ်းဝင်ကုန်သော သူတို့၏ ငိုကြွေးကုန်စဉ်လျှင် အသရေစည်းစိမ်ကိုစွန့်၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြု၍ ဈာန်အဘိညာဉ်ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်ဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ များစွာကုန်သော လူတို့ကို အမြိုက်အဖျော်တို့ကို တိုက်တော်မူ၍ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ မိဖုရားကြီးဖြစ်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ အဆွေခင်ပွန်း မင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သုသီမမင်းဖြစ်ပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆံဖြူကိုမြင်၊ သံဝေတင်၊ တောတွင်ပျော်မွေ့မည်

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သုသီမဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၇။ ကောဋသိမ္ဗလိဇာတ်

အရာရာ၌ သည်းမခံသင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အဟံ ဒသသတံ ဗျာမံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကောဋသိမ္ဗလိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကိလေသာကို နှိပ်စက်ခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည်ကား ပညာသဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ ဤကောဋသိမ္ဗလိဇာတ်၌လည်း သဗ္ဗညူမြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်အတွင်း၌ ကာမဝိတက်တို့သည် နှိပ်စက်အပ်ကုန်သော ငါးရာကုန်သော ရဟန်းတို့ကို မြင်တော်မူ၍ ရဟန်းသံဃာကို စည်းဝေးစေ၍ ရဟန်းတို့ ရွံရှာအပ်သည်နှင့် ယှဉ်သည်ကို ရွံရှာခြင်းငှာ သင့်၏။ ကိလေသာတို့မည်သည် ပွားကုန်သည်ရှိသော် ပညောင်ပင် အစရှိသည်တို့သည် သစ်ပင်ကို လွှမ်းမိုးသကဲ့သို့ လွှမ်းမိုးတတ်ကုန်၏။ ထို့ကြောင့်လျှင် ရှေး၌လည်း ကြီးစွာသော လက်ပံပင်၌ဖြစ်သော နတ်သည် ပညောင်စေ့တို့ကို စား၍ မိမိသစ်ပင်၏ အခွကြား၌ ကျင်ကြီးကိုချသော တစ်ခုသောငှက်ကို မြင်၍ ဤကျင်ကြီးမှ ငါဗိမာန်၏ ပျက်စီးခြင်းသည် ဖြစ်လတ္တံ့ဟု ကြောက်ခြင်းသို့ ရောက်သည်ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကြီးစွာသော လက်ပံပင်စောင့် နတ်အဖြစ်ဖြင့် ဖြစ်၏။

နဂါးကို ဂဠုန်သုတ်

ထိုအခါ တစ်ခုသော ဂဠုန်သည် ယူဇနာ တစ်ရာ့ငါးဆယ်ရှိသော အတ္တဘောကိုဖန်ဆင်း၍ အတောင်လေတို့ဖြင့် မဟာသမုဒ္ဒရာ၌ ရေကို နှစ်ဖြာပြု၍ တစ်ခုသော အလံတစ်ထောင် အလျားရှည်သော နဂါးမင်းကို အမြီး၌ယူ၍ ထိုနဂါးအား ခံတွင်းဖြင့် ယူအပ်သော အစာကို စွန့်စေ၍ ကြီးစွာသော လက်ပံပင်ကို ရည်၍ တောအထက်ဖြင့် သွား၏။ နဂါးမင်းသည် တွဲလျားဆွဲလျက် ကိုယ်ကိုလွတ်အံ့ဟု ပညောင်ပင်၌ အခွေကိုသွင်း၍ ပညောင်ပင်ကို ရစ်၍ဆွဲ၏။ ဂဠုန်မင်း၏ အားရှိသည်၏အဖြစ်နှင့် ပညောင်ပင်သည် ကျွတ်၍ ပါ၏။ နဂါးမင်းသည် မလွတ်သလျှင်ကတည်း၊ ဂဠုန်မင်းသည် ပညောင်ပင်နှင့်တကွ နဂါးမင်းကိုယူ၍ ကြီးစွာသော လက်ပံပင်သို့ရောက်၍ နဂါးမင်းကို ပင်စည် အပြင်၌ အိပ်စေ၍ ဝမ်းကိုခွဲ၍ နဂါးဆီကိုစား၍ ကြွင်းသောအကောင်ကို သမုဒ္ဒရာ၌ စွန့်၏။

နတ်မင်းတုန်လှုပ်

ထိုပညောပင်၌ကား တစ်ခုသော ငှက်မသည် ရှိ၏။ ထိုငှက်မသည် ပညောင်ပင်ကို လွတ်သည်ရှိသော် ပျံ၍ လက်ပံပင်၏ အခွကြား၌ နေ၏။ လက်ပံပင်စောင့်နတ်သည် ထိုငှက်မကိုမြင်၍ ဤငှက်မသည် ငါ၏သစ်ပင်ခွ၌ ကျင်ကြီးကိုချလတ္တံ့၊ ထိုကျင်ကြီးမှ ပညောင်ပင်ငယ်သည်လည်းကောင်း, ညောင်ကြတ်ပင်ငယ်သည်လည်းကောင်း အလုံးစုံသော လက်ပံပင်ကို လွှမ်း၍ ဖျက်ဆီးလတ္တံ့။ ထိုအခါ ငါ၏ဗိမာန်သည် ပျက်စီးလတ္တံဟု ထိတ်လန့်သည်ဖြစ်၍ တုန်လှုပ်၏။ ထိုနတ်၏ တုန်လှုပ်သည်၏ အဖြစ်ကြောင့် ကြီးစွာသော လက်ပံပင်သည် အမြစ်တိုင်အောင် လှုပ်၏။

အဘယ်ကြောင့် တုန်လှုပ်သနည်း

ဂဠုန်မင်းသည် တုန်လှုပ်သော နတ်ကိုမြင်၍ အကြောင်းကို မေးလိုရကား-

၁၂၁။ အဟံ ဒသသတံ ဗျာမံ၊ ဥရဂမာဒါယ အာဂတော။
တဉ္စ မဉ္စ မဟာကာယံ၊ ဓာရယံ နပ္ပဝေဓသိ။
၁၂၂။ အထိမံ ခုဒ္ဒကံ ပက္ခိံ၊ အပ္ပမံသတရံ မယာ။
ဓာရယံ ဗျာထသိ ဘီတာ၊ ကမတ္ထံ ကောဋသိမ္ဗလိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၂၁။ ကောဋသိမ္ဗလိ၊ ကြီးသော လက်ပံပင်ကိုစောင့်သောနတ်။ အဟံ၊ ငါသည်။ ဒသသတံဗျာမံ၊ အလံ တစ်ထောင်ရှိသော။ ဥရဂံ၊ နဂါးကို။ အာဒါယ၊ သုတ်ယူ၍။ အာဂတော၊ လာ၏။ မဟာကာယံ၊ ကြီးစွာသော ကိုယ်ရှိသော။ တဉ္စ၊ ထိုနဂါးကိုလည်းကောင်း။ ဓာရယံ၊ ဆောင်ခဲ့သော။ မဉ္စ၊ ငါ့ကိုလည်းကောင်း။ ဒိသွာ၊ မြင်၍။ တွံ၊ သင်သည်။ နပ္ပဝေဓသိ၊ မတုန်လှုပ်။

၁၂၂။ အထ၊ ထိုသို့ဖြစ်လျက်။ မယာ၊ ငါသည်။ ဓာရယံ၊ ဆောင်ခဲ့သော။ အပ္ပမံသတရံ၊ အလွန်နည်းသော အသားရှိသော။ ဣမံ ခုဒ္ဒကံ ပက္ခိံ၊ ဤငှက်မငယ်ကို။ ဒိသွာ၊ မြင်၍။ ကမတ္ထံ၊ အဘယ်အကျိုးကို။ သမ္ပဿမာနာဝ၊ မြင်၍လျှင်။ ဘီတာ၊ ကြက်လျက်။ ဗျာဟသိ၊ တုန်လှုပ်သနည်း။

သူက ငါဗိမာန်ကို ဖျက်ဆီးမှာ

ထိုအခါ ဂဠုန်မင်းအား အကြောင်းကိုဆိုလို၍ ရုက္ခစိုးနတ်သည်-

၁၂၃။ မံသဘက္ခော တုဝံ ရာဇ၊ ဖလဘက္ခော အယံဒိဇော။
အယံ နိဂြောဓဗီဇာနိ၊ ပိလက္ခုဒုမ္ဗရာနိ စ။
အသတ္ထာနိ စ ဘက္ခိတွာ၊ ခန္ဓေ မေ ဩဟဒိဿတိ။
၁၂၄။ တေ ရုက္ခာ သံဝိရူဟန္တိ၊ မမ ပဿေ နိဝါတဇာ။
တေ မံ ပရိသောနန္ဓိဿန္တိ၊ အရုက္ခံ မံ ကရိဿရေ။
၁၂၅။ သန္တိ အညေပိ ရုက္ခာသေ၊ မူလိနော လန္ဓိနော ဒုမာ။
ဣမိနာ သကုဏဇာတေန၊ ဗီဇမာဟရိတာ ဟတာ၊
၁၂၆။ အဇ္စျာရူဟာဘိဝဍ္ဎန္တိ၊ ဗြဟန္တမ္ပိ ဝနပျပတိံ။
တသ္မာ ရာဇ ပဝေဓာမိ၊ သမ္ပဿံနာဂတံ ဘယံ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၁၂၃။ ရာဇ၊ ဂဠုန်မင်း။ တုဝံ၊ သင်သည်။ မံသဘက္ထော၊ အသားကို စား၏။ အယံ ဒိဇော၊ ဤငှက်သည်။ ဖလဘက္ခော၊ အသီးကိုစား၏။ အယံ၊ ဤငှက်သည် နိဂြောဓဗီဇာနိ စ၊ ပညောင်စေ့တို့ကိုလည်းကောင်း။ ပိလက္ခုဒုမ္ဗရာနိ စ၊ ညောင်ကြတ်စေ့, ရေသဖန်းစေ့တို့ကိုလည်းကောင်း။ အသတ္ထာနိ စ၊ ညောင်ဗုဒ္ဓဟေစေ့တို့ကိုလည်းကောင်း။ ဘက္ခိတွာ၊ စား၍။ မေ၊ ငါ၏။ ခန္ဓေ၊ ပင်စည်၌။ ဩဟဒိဿတိ၊ ကျင်ကြီးစွန့်လတ္တံ့။

၁၂၄။ မမ၊ ငါ၏။ ပဿေ၊ အနီး၌။ နိဝါတဇာ၊ လေတိတ်ရာအရပ်၌ ဖြစ်ကုန်သော။ တေ ရုက္ခာ၊ ထိုသစ်ပင်တို့သည်။ သံဝိရူဟန္တိ၊ ကြီးပွားကုန်အံ့။ တေ ရုက္ခာ၊ ထိုပညောင်ပင်အစရှိသော သစ်ပင်ရှိသည်။ မံ၊ ငါ့ကို။ ပရိယောနန္ဓိဿန္တိ၊ မြှေးယှက်ကုန်လတ္တံ့။ မံ၊ ငါ့ကို။ အရုက္ခံ၊ သစ်ပင်မရှိသည်ကို။ ကရိဿရေ၊ ပြုကုန်ရာ၏။

၁၂၅။ ဗီဇံ၊ မျိုးစေ့ကို။ အာဟရိတာ၊ ဆောင်ကုန်၍။ ဣမိနာ သကုဏဇာတေန၊ ဤငှက်မှဖြစ်သော ပညောင်ပင် အစရှိသော သစ်ပင်သည်။ ဟတာ၊ သတ်အပ်ကုန်သော။ ရုက္ခာသေ၊ တောင်မြေအစရှိသည်တို့၌ ရောက်ကုန်သော။ အညေပိ၊ တစ်ပါးလည်းဖြစ်ကုန်သော။ မူလိနော၊ အမြစ်နှင့်ပြည့်စုံကုန်သော။ ခန္ဓိနော၊ ပင်စည်နှင့် ပြည့်စုံကုန်သော။ ဒုမာ၊ သစ်ပင်တို့သည်။ သန္တိ၊ ရှိကုန်၏။

၁၂၆။ အဇ္စျာရူဟာ၊ အခက်အခွ၌ ရောက်သော ပညောင်ပင် အစရှိကုန်သော သစ်ပင်တို့သည်။ ဗြဟန္တံ၊ ကြီးစွာသော။ ဝနပ္ပတိံပိစ၊ တောစိုး သစ်ပင်ကိုလည်း။ အဘိဝဍ္ဎန္တိ၊ လွန်၍ ကြီးကုန်၏။ ရာဇ၊ ဂဠုန်မင်း။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ အနာဂတံ၊ လာလတ္တံ့သော။ ဘယံ၊ ဘေးကို။ သမ္ပဿံ၊ မြင်သည်ဖြစ်၍။ ပဝေဓာမိ၊ တုန်လှုပ်၏။

ငှက်မကို ပြေးစေပြီ

ရုက္ခစိုးနတ်မင်း၏ စကားကို ကြား၍ ဂဠုန်မင်းသည်-

၁၂၇။ သင်္ကေယျ သင်္ကိတဗ္ဗာနိ၊ ရက္ခေယျာနာဂတံ ဘယံ။
အနာဂတဘယာ ဓီရော၊ ဥဘော လောကေ အဝေက္ခတိ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

၁၂၇။ သင်္ကိတဗ္ဗာနိ၊ ရွံရှာအပ်သည်တို့ကို။ သင်္ကေယျ၊ ရွံရှားရာ၏။ အနာဂတံ၊ လာလတ္တံ့သော။ ဘယံ၊ ဘေးကို။ ရက္ခေယျ၊ စောင့်ရာ၏။ ဓီရော၊ ပညာရှိသည်။ အနာဂတဘယာ၊ လာလတ္တံ့သော ဘေးအားဖြင့်။ ဥဘောကေ၊ နှစ်ပါးကုန်သော ပစ္စုပ္ပန်လောက, တမလွန်လောကတို့ကို။ အဝေက္ခတိ၊ ရှု၏။

ဤသို့ဆို၍လည်း ဂဠုန်မင်းသည် မိမိ၏ အာနုဘော်အားဖြင့် ထိုငှက်မကို ထိုလက်ပံပင်မှ ပြေးစေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရွံရှာအပ်သည်နှင့် ယှဉ်သည်ကို ရွံရှားခြင်းငှာ သင့်၏ ဟု မိန့်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငါးရာကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား- ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဂဠုန်မင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရုက္ခစိုးနတ်ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

လာလတ္တံ့ဘေး၊ ရှုမျှော်တွေး၊ ကြောက်ရေးပြုအပ်စွာ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကောဋသိမ္ဗလိဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၈။ ဓူမကာရီဇာတ်

မိတ်ဟောင်းကိုပစ်၍ မိတ်သစ်ကို မချီးမြှောက်သင့်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ရာဇာ အပုစ္ဆိ ဝိဓူရံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဓူမကာရီဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်း၏ အာဂန္တုကတို့အား သင်္ဂြိုဟ်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုကောသလမင်းသည် တစ်ပါးသောအခါ၌ အစဉ်အဆက် လာကုန်သော သူရဲဟောင်းတို့အား သင်္ဂြိုဟ်ခြင်းကို မပြုမူ၍ အသစ်ရောက်လာကုန်သော အာဂန္တုကတို့အားသာလျှင် ပူဇော်မြတ်နိုးခြင်းကို ပြု၏။ ထိုအခါ ကောသလမင်း၏ ပစ္စန္တရစ်ရွာကို ခိုးယူဖျက်ဆီးသည်ရှိသော် စစ်ထိုးအံ့သောငှာ သွားသော ကောသလမင်းအား အာဂန္တုက သူရဲတို့သည် ရအပ်သော ပူဇော် သက္ကာရ ရရှိကုန်၍ စစ်ထိုးလတ္တံ့ ဟု သူရဲဟောင်းတို့သည် စစ်မထိုးကုန်။ သူရဲဟောင်းတို့သည် စစ်ထိုးကုန်လတ္တံ့ ဟု အာဂန္တုကသူရဲတို့သည်လည်း စစ်မထိုးကုန်။ ခိုးသူတို့သည် မင်းကို အောင်ကုန်၏။ အာဂန္တုက သူရဲတို့အား သင်္ဂြိုဟ်ခြင်း၏ အပြစ်ကြောင့် မိမိရှုံးသည်၏ အဖြစ်ကိုသိ၍ သာဝတ္ထိပြည်သို့ ပြန်၍ ငါသည်သာလျှင် ဤသို့ပြု၍ ရှုံးသလော၊ ထိုသို့မဟုတ်မူကား တစ်ပါးကုန်သော မင်းတို့သည်လည်း ရှုံးသလော ဟု သဗ္ဗညူမြတ်ဘုရားကို လျှောက်အံ့ ဟု နံနက်စာ စားပြီးသော် ဇေတဝန် ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားကို ရှိခိုး၍ ထိုအကြောင်းကို လျှောက်၏။ မြတ်သော မင်းကြီး... သင်မင်းကြီးသာလျှင် အာဂန္တုကတို့အား သင်္ဂြိုဟ်ခြင်းကိုပြု၍ ရှုံးသည် မဟုတ်သေး၊ ရှေးမင်းတို့သည်လည်း အာဂန္တုကတို့အား သင်္ဂြိုဟ်ခြင်းကိုပြု၍ ရှုံးကုန်၏ ဟု မိန့်တော်မူ၍ ကောသလမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကုရုတိုင်း ဣန္ဒပတ္ထနဂိုရ်မြို့၌ ယုဓိဋ္ဌိလ အနွယ်ဖြစ်သော ဓနဉ္စယမည်သော ကောရဗျမင်းသည် မင်းပြု၏

ဝိဓုရ ပညာရှိ

ထိုအခါ ဘုရားလောင်းသည် ပုရောဟိတ်အမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ ဣန္ဒပတ္ထနဂိုရ်မြို့သို့ တစ်ဖန်ပြန်၍ အဖလွန်သဖြင့် ပုရောဟိတ်အရာကိုရ၍ မင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်ဖြစ်၏။ ထိုအမတ်အား။ ဝိဓုရပညာရှိဟူသော အမည်ကို မှည့်ကုန်၏။

အပြင်လူကို ချီးမြှောက်၍ စစ်ရှုး

ထိုအခါ နေဉ္စယမင်းသည် သူရဲဟောင်းတို့ကို မရေတွက်မူ၍ အာဂန္တုက သူရဲတို့အားသာလျှင် သင်္ဂြိုဟ်ခြင်းကို ပြု၏။ ထိုကောရဗျမင်း၏ ပစ္စန္တရစ်ရွာကို ခိုးသူ လုယက် သည်ရှိသော် စစ်ထိုးအံ့သောငှာ သွားသော ကောရဗျမင်းအား အာဂန္တုက သူရဲကောင်းတို့သည် သိကုန်လတ္တံ့ ဟု သူရဲဟောင်းတို့သည် စစ်မထိုးကုန်။ သူရဲဟောင်းတို့သည် သိကုန်လတ္တံ့ဟု အာဂန္တုက သူရဲတို့သည်လည်း စစ်မထိုးကုန်။ မင်းသည် ရှုံး၍ ဣန္ဒပတ္ထနဂိုရ်မြို့သို့လျှင် ပြန်၍ အာဂန္တုကတို့အား သင်္ဂြိုဟ်ခြင်းကို ပြုသည်၏အဖြစ်ကြောင့် ရှုံး၏ဟု ကြံ၏။ ထိုကောရဗျမင်းသည် တစ်နေ့သ၌ ငါသည်သာလျှင် အာဂန္တုကတို့အား သင်္ဂြိုဟ်ခြင်းကို ပြု၍ ရှုံးသလော၊ ထိုသို့ မဟုတ်မူကား ရှုံးဖူးကုန်သော တစ်ပါးကုန်သော မင်းတို့သည် ဤသို့ ရှိကုန်သလောဟု ဝိဓုရပညာရှိကို မေးအံ့ဟု ကြံ၍ မင်းအား ခစားအံ့သောငှာ လာ၍နေသော ထိုဝိဓုရပညာရှိကို ထိုအကြောင်းကိုမေး၏။

ဝိဓုရ ဖြေကြားပုံ ဘုရားဟော

ထိုအခါ၌ ထိုကောရဗျမင်း၏ မေးသော အခြင်းအရာကို ထင်စွာပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၂၈။ ရာဇာ အပုစ္ဆိ ဝိဓုရံ၊ ဓမ္မကာမော ယုဓိဋ္ဌိလော။
အပိ ဗြာဟ္မဏ ဇာနာသိ၊ ကော ဧကော ဗဟုသောစတိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၁၂၈။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဧကော၊ တစ်ယောက်သော။ ကော၊ အဘယ်သူသည်။ ဗဟု၊ များစွာ။ သောစတိ၊ စိုးရိမ်ရသနည်း။ တွံ၊ သင်သည်။ ဇာနာသိ အပိ၊ သိ၏လော။ ဣတိ၊ ဤသို့။ ယုဓိဋ္ဌိလော၊ ယုဓိဋ္ဌိလအနွယ်ရှိသော။ ဓမ္မကာမော၊ သုစရိုက်တရားကိုချစ်သော။ ရာဇာ၊ ကောရဗျမင်းသည်။ ဝိဓုရံ၊ ဝိဓူရပညာရှိကို။ အပုစ္ဆိ၊ မေး၏။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် မြတ်သောမင်းကြီး... သင်မင်းကြီးတို့၏ စိုးရိမ်ခြင်းသည် အဘယ်စိုးရိမ်ခြင်း မည်သနည်။ ရှေး၌ ဓူမကာရီ အမည်ရှိသော ဆိတ်ထိန်းပုဏ္ဏားသည် ဆိတ်အပေါင်းကို ယူ၍ တော၌ ခြံကိုပြု၍ ထိုခြံ၌ ဆိတ်တို့ကိုထား၍ မီးကိုလည်းကောင်း အခိုးကိုလည်းကောင်း ပြု၍ ဆိတ်အပေါင်းကို ကျောင်းလျက် နို့ရည် အစရှိသည်တို့ကို သုံးဆောင်၍ နေ၏။ ထိုဓူမကာရီ ပုဏ္ဏားသည် ထိုအရပ်သို့ လာကုန်သော ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်သော သရဘမည်ကုန်သော သားတို့ကိုမြင်၍ ထိုသားတို့၌ ချစ်ခြင်းကိုပြု၍ ဆိတ်တို့ကို မရေတွက်မူ၍ ဆိတ်တို့အား ချီးမြှောက်ခြင်းကို သရဘမည်သော သားတို့အားပြု၍ တန်ဆောင် မုန်းလ အခါ၌ သရဘမည်သော သားတို့သည် ပြေးကုန်၍ ဟိမဝန္တာသို့ သွားကုန်လတ်သော် ဆိတ်တို့သည်လည်း ပျက်စီးကုန်လတ်သော် သရဘမည်သော သားတို့ကို မမြင်သည်ဖြစ်၍ စိုးရိမ်ခြင်းဖြင့် ဖျော့တော့သော အနာရှိသည်ဖြစ်၍ အသက်ကုန်ခြင်းသို့ ရောက်၏။ ဤဓူမကာရီ ပုဏ္ဏားသည် အာဂန္တုကအား သင်္ဂြိုဟ်ခြင်းကိုပြု၍ သင်တို့ထက် အဆ အရာအားဖြင့် လည်းကောင်း, အဆ အထောင်အားဖြင့် လည်းကောင်း စိုးရိမ်ပင်ပန်း၍ ပျက်စီးခြင်းသို့ ရောက်၏ ဟု ဥဒါဟရုဏ်ကို ဆောင်၍ ပြလိုရကား-

၁၂၉။ ဗြာဟ္မဏော အဇယူထေန၊ ပဟူတေဇော ဝနေ ဝသံ။
ဓူမံ အကာသိ ဝါသေဋ္ဌော၊ ရတ္တိန္ဒိဝမတန္ဒိတော။
၁၃၀။ တဿ တံ ဓူမဂန္ဓေန၊ သရဘာ မကသဍ္ဍိတာ။
ဝဿာဝါသံ ဥပဂစ္ဆုံ၊ ဓူမကာရိဿ သန္တိကေ။
၁၃၁။ သရေဘေသု မနံ ကတွာ၊ အဇာ သော နာဝဗုဇ္ဈထ။
အာဂစ္ဆန္တီ ဝဇန္တီ ဝါ၊ တဿ တာ ဝိနသုံ အဇာ၊
၁၃၂။ သရဘာ သရဒေ ကာလေ၊ ပဟီနမကသေ ဝနေ။
ပါဝိသုံ ဂိရိဒုဂ္ဂါနိ၊ နဒီနိ ပဘဝါနိ စ။
၁၃၃။ သရဘေ စ ဂတေ ဒိသွာ၊ အဇာ စ ဝိဘဝံ ဂတာ။
ကိသော စ ဝိဝဏ္ဏော စာသိ၊ ပဏ္ဍုရောဂီ စ ဗြာဟ္မဏော။
၁၃၄။ ဧဝံ ယောသံ နိရံကတွာ၊ အာဂန္တုံ ကုရုတေ ပိယံ။
သော ဧကော ဗဟု သောစတိ၊ ဓူမကာရီဝ ဗြဟ္မဏော။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၂၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဝါသေဋ္ဌော၊ ဝါသေဋ္ဌအနွယ်ဖြစ်သော။ ဗြဟ္မဏော၊ ဓူမကာရီပုဏ္ဏားသည်။ အဇယူထေန၊ ဆိတ်အပေါင်းနှင့်။ သဒ္ဓိံ၊ တကွ။ ပဟုတေဇော၊ များစွာသော မီးစာရှိသည်ဖြစ်၍။ ဝနေ၊ တော၌။ ဝသံ၊ နေလျက်။ ရတ္တိန္ဒိဝံ၊ နေ့ညဉ့်ပတ်လုံး။ အတန္ဒိတော၊ မပျင်းမရိသည်ဖြစ်၍။ ဓူမံ၊ အခိုးကို။ အကာသိ၊ ပြု၏။

၁၃၀။ တဿ၊ ထိုဓူမကာရီပုဏ္ဏား၏။ တေန ဓူမဂန္ဓေန၊ ထိုအခိုးအနံ့ကြောင့်။ မကသဍ္ဍိတာ၊ မှက်ခြင်တို့သည် နှိပ်စက်အပ်ကုန်သည်ဖြစ်၍။ သရဘာ၊ သရဘမည်ကုန်သော သားတို့သည်။ ဓူမကာရိဿ၊ ဓူမကာရီပုဏ္ဏား၏။ သန္တိကေ၊ အထံ၌။ ဝဿာဝါသံ၊ မိုးလပတ်လုံး နေခြင်းသို့။ ဥပဂစ္ဆုံ၊ ကပ်ကုန်၏။

၁၃၁။ သော၊ ထိုဓူမကာရီပုဏ္ဏားသည်။ သရဘေသု၊ သရဘမည်သော သားတို့၌။ မနံ၊ ချစ်ခြင်းကို။ ကတွာ၊ ပြု၍။ အဇာ၊ ဆိတ်တို့သည်။ အာဂစ္ဆန္တီ ဝါ၊ လာကုန်သည်တို့ကို လည်းကောင်း။ ဝဇန္တီ ဝါ၊ သွားကုန်သည်တို့ကိုလည်းကောင်း။ နာဝ ဗုဇ္ဈထ၊ မသိသလျှင်ကတည်း။ တဿ၊ ထိုဓူမကာရီ ပုဏ္ဏား၏။ တာ အဇာ၊ ထိုဆိတ်တို့သည်။ ဝိနသုံ၊ ပျက်စီးကုန်၏။

၁၃၂။ သရဘာ၊ သရဘအမည်ရှိကုန်သော သားရှိသည်။ သရဒေ ကာလေ၊ တန်ဆောင်မုန်းလအခါ၌။ ဝနေ၊ တောသည်။ ပဟီနမကသေ၊ ခြင်မှက် ကင်းသည်ရှိသော်။ ဂိရိဒုဂ္ဂါနိ စ၊ တောင်ဟူသော ခဲယဉ်းသဖြင့် သွားအပ်သော အရပ်တို့ကို လည်းကောင်း။ နဒီနဉ္စ၊ မြစ်တို့၏လည်းကောင်း။ ပဘဝါနိ၊ အမွန်အဦးတို့သို့။ ပါဝိသုံ၊ ဝင်ကုန်၏။

၁၃၃။ ဗြာဟ္မဏော၊ ဓူမကာရီ ပုဏ္ဏားသည်။ ဂတေ၊ သွားကုန်သော။ သရဘေ စ၊ သရဘမည်သော သားတို့ကို လည်းကောင်း။ ဝိဘဝံ၊ ပျက်စီးခြင်းသို့။ ဂတာ၊ ရောက်ကုန်သော။ အဇာ စ၊ ဆိတ်တို့ကို လည်းကောင်း။ ဒိသွာ-ဇာနိတွာ၊ သိ၍။ ကိသော စ၊ ကြုံလှီသည်လည်းကောင်း။ ဝိဝဏ္ဏော စ၊ အဆင်းမရှိသည်လည်းကောင်း။ ပဏ္ဍုရောဂီ စ၊ ဖျော့တော့သော ရောဂါရှိသည်လည်းကောင်း။ အာသိ၊ ဖြစ်၏။

၁၃၄။ ဧဝံ၊ ဤသို့။ ယော၊ အကြင်သူသည်။ သံ- သကံ-အဇ္ဈတ္တိကံ ဇနံ၊ အတွင်းသားကို။ နိရံကတွာ၊ အပပြု၍။ အာဂန္တုံ၊ အာဂန္တုကို။ ပိယံ၊ ချစ်သည်ကို။ ကုရုတေ၊ ပြု၏။ သော၊ ထိုသူသည်။ အယံ- ဓူမကာရီ ဗြာဟ္မဏောဝ၊ ဤ ဓူမကာရီ ပုဏ္ဏားကဲ့သို့။ ဧကော၊ တစ်ယောက်ထီးတည်း။ ဗဟူ၊ များစွာ။ သောစတိ၊ စိုးရိမ်ရ၏။

အတွင်းလူသို့ ချီးမြှောက်ပြီ

ဤသို့ ဘုရားလောင်းသည် မင်းကို မှတ်စေလျက် ဆို၏။ ထိုမင်းသည်လည်းကောင်းစွာ သိသောအဖြစ်သို့ ရောက်၍ ဝိဓုရပညာရှိအား များစွာသော ဥစ္စာကိုပေး၏။ ထိုအခါမှစ၍ အတွင်း သားကို သင်္ဂြိုဟ်ခြင်းကိုလျှင် ပြုလျက် အလှူအစရှိကုန်သော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာန္ဒာသည် ထိုအခါ ကောရဗျမင်း ဖြစ်ပြီ၊ ယခုအခါ ပသေနဒီ ကောသလမင်းသည် ထိုအခါ ဓူမကာရီပုဏ္ဏား ဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဝိဓုရ ပညာရှိဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

အတွင်းလူအား၊ ချီးမြှောက်စား၊ ကျိုးများဖြစ်ထွန်းမည်

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဓူမကာရီဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၉။ ဇာဂရဇာတ်

နိုးကြားထကြွ လုံ့လကိုပြုသင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကောဓ ဇာဂရတံ သုတ္တော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဇာဂရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသော သီတင်းသည်ကို အကြောင်း ပြု၍တော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သောတာပန်ဖြစ်သော ဘုရားတပည့်ဖြစ်သော ထိုသီတင်းသည်သည် သာဝတ္ထိပြည်မှ လှည်းငါးရာနှင့်တကွ ကန္တရခရီးသို့ သွား၏။ လှည်းကုန်သည်တို့သည် ထိုကန္တာရဝယ် တစ်ခုသော ရေချမ်းသာရာအရပ်၌ လှည်းငါးရာတို့ကို ချွတ်စေ၍ ခဲဖွယ်ဘောဇဉ်တို့ကို စီရင်၍ နေ၏။ လူတို့သည် ထိုထိုအရပ်၌ လျောင်း၍အိပ်ကုန်၏။ သီတင်းသည်သည်ကား လှည်းအပေါင်း၏အနီး တစ်ခုသော သစ်ပင်ရင်း၌ စင်္ကြံသွားခြင်းကို ဆောက်တည်၏။

နိုးကြားခြင်းအကျိုး

ထိုအခါ ထိုလှည်းတို့ကို လုယက်လိုကုန်သော ငါးရာသော ခိုးသူတို့သည် အထူးထူးကုန်သော လက်နက်တို့ကိုယူ၍ လှည်းကို ခြံရံ၍ တည်ကုန်၏။ ထိုခိုးသူတို့သည် စင်္ကြံသွားသော ထိုသီတင်းသည်ကို မြင်ကုန်၍ ဤသူ၏ အိပ်သောလ၌ လုယက်ကုန်အံ့ဟု ထိုအရပ်၌ တည်ကုန်၏။ ထိုသီတင်းသည်လည်း ညဉ့်သုံးယံပတ်လုံး စင်္ကြံသွားသလျှင်ကတည်း၊ ခိုးသူတို့သည် မိုးသောက်သောကာလ၌ ကိုင်တိုင်းကိုင်တိုင်းသော ကျောက်ဆောက်ပုတ် အစရှိသည်တို့ကို စွန့်ကုန်၍ အို လှည်းကုန်သည် ... မမေ့

မလျော့သဖြင့် စောင့်ရှောက်သော ဤယောက်ျားကိုမှီ၍ အသက်ကိုရ၍ သင်သည် မိမိ၏ ဥစ္စာရှင်ဖြစ်၏။ ထိုသူအား ပူဇော်သက္ကာရကို ပြုလော့ဟုဆို၍ ဖဲကုန်၏။ လူတို့သည် စောစောကလျှင် ထ၍ ခိုးသူတို့သည် စွန့်အပ်ကုန်သော ကျောက်ဆောက်ပုတ် အစရှိသည်တို့ကို မြင်ကုန်၍ ဤသူကိုမှီ၍ ငါတို့သည် အသက်ကို ရအပ်၏ဟု သီတင်းသည်အား ပူဇော်သက္ကာရကို ပေးကုန်၏။ သီတင်းသည်သည်လည်း အလိုရှိရာ အရပ်သို့သွား၍ ပြုအပ်သောကိစ္စ ပြီးလတ်သော် တစ်ဖန် သာဝတ္ထိပြည်သို့ပြန်၍ ဇေတဝန် ကျောင်းတော်သို့ သွား၍ မြတ်ဘုရားကို ရှိခိုးပူဇော်၍ နေလျက် သီတင်းသည် အဘယ့်ကြောင့် မထင်သနည်း ဟု မိန့်တော်မူသည်ရှိသော် ထိုအကြောင်းကို လျှောက်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် သီတင်းသည်... သင်သည်သာလျှင် မအိပ်ဘဲ စောင့်ရှောက်၍ ကျေးဇူးအထူးကို ရသည်မဟုတ်သေး၊ ရှေးပညာရှိတို့သည်လည်း နိုးကြားကုန်သည်ဖြစ်၍ ထူးသော ကျေးဇူးကို ရဖူးကုန်ပြီ” ဟု မိန့်တော်မူ၍ သီတင်းသည်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်ကိုသင်၍ တစ်ဖန်ပြန်၍ အိမ်၏ အလယ်၌ နေလျက် နောက်အဖို့၌ တောထွက်၍ ရသေ့ရဟန်းပြုလျက် မကြမြင့်မီလျှင် ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ ဟိမဝန္တာအရပ်၌ ရပ်ခြင်း သွားခြင်း ဣရိယာပုတ်နှင့် ယှဉ်သည်ဖြစ်၍ နေလျက် မအိပ်မူ၍ အလုံးစုံသော ညဉ့်ပတ်လုံး စင်္ကြံသွား၏။

နိုးကြားသူနှင့် အိပ်မောကျသူ

ထိုအခါ ဘုရားလောင်း၏ စင်္ကြံဦး၌ဖြစ်သော ရုက္ခစိုး နတ်သမီးသည် နှစ်သက်၍ သစ်ပင်ခွ၌ ရပ်၍ ပြသနာကို မေးလိုရကား-

၁၃၅။ ကောဓ ဇာဂတံ သုတ္တော၊ ကောဓ သုတ္တေသု ဇာဂရော။
ကော မမေတံ ဝိဇာနာတိ၊ ကော တံ ပဋိဘဏာတိ မေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၃၅။ တာပသ၊ ရှင်ရသေ့။ ဣဓ၊ ဤလောက၌။ ကော၊ အဘယ်သူသည်။ ဇာဂရတံ၊ နိုးကုန်သော သူတို့၏။ အန္တရေ၊ အတွင်း၌။ သုတ္တော၊ အိပ်သောသူ မည်သနည်း။ တာပသ၊ ရှင်ရသေ့။ ဣဓ၊ ဤလောက၌။ ကော၊ အဘယ်သူသည်။ သုတ္တေသု၊ အိပ်သော သူတို့၌။ ဇာဂရော၊ နိုးသောသူ မည်သနည်း။ ကော၊ အဘယ်သူသည်။ မမ၊ ငါ၏။ ဧတံ၊ ထိုပြသနာကို။ ပဋိဘဏာတိ၊ ဖြေခြင်းငှာ စွမ်းနိုင်သနည်း။

ဘုရားလောင်းသည် ရုက္ခစိုးနတ် စကားကို ကြား၍-

၁၃၆။ အဟံ ဇာဂရတံ သုတ္တော၊ အဟံ သုတ္တေသု ဇာဂရော။
အဟမေတံ ဝိဇာနာမိ၊ အဟံ ပဋိဘဏာမိ တေ။

ဟူသော ဤဒုတိယဂါထာကို ဆို၏။

၁၃၆။ ဒေဝဓီတေ၊ ရုက္ခစိုးနတ်သမီး။ အဟံ၊ ငါသည်။ ဇာဂရတံ၊ နိုးကုန်သော ရဟန္တကြီးတို့၏။ အန္တရေ၊ အတွင်း၌။ သုတ္တော၊ အိပ်သောသူ မည်၏။ အဟံ၊ ငါသည်။ သုတ္တေသု၊ အိပ်သောသူတို့၌။ ဇာဂရော၊ နိုးသော သူမည်၏။ အဟံ၊ ငါသည်။ ဧတံ၊ ထိုပြဿနာကို ဝိဇာနာမိ၊ သိ၏။ အဟံ၊ ငါသည်။ တေ၊ သင်၏။ ပဉှံ၊ ပြဿနာကို။ ပဋိဘဏာမိ၊ ဖြေခြင်းငှာစွမ်းနိုင်၏။

ဤဂါထာကို ဆိုသည်ရှိသော် နတ်သမီးသည် တစ်ဖန် မေးပြန်လို၍-

၁၃၇။ ကထံ ဇာဂရတံ သုတ္တော၊ ကထံ သုတ္တေသု ဇာဂရော။
ကထံ ဧတံ ဝိဇာနာသိ၊ ကထံ ပဋိဘဏာသိ မေ။

ဟူသော ဤတတိယဂါထာကို ဆို၏။

၁၃၇။ တာပသ၊ ရှင်ရသေ့။ တွံ၊ သင်သည်။ ဇာဂရတံ၊ နိုးကုန်သောသူတို့၏။ အန္တရေ၊ အတွင်း၌။ ထထံ၊ အသို့လျှင်။ သုတ္တော၊ အိပ်သောသူ မည်သနည်း။ ကထံ၊ အသို့လျှင်။ သုတ္တေသု၊ အိပ်သော သူတို့၌။ ဇာဂရော၊ နိုးသောသူ မည်သနည်း။ တပသ၊ ရှင်ရသေ့။ တွံ၊ သင်သည်။ ကထံ၊ အသို့လျှင်။ မေ၊ ငါ၏။ ဧတံ၊ ထိုပြဿနာကို။ ဝိဇာနာသိ၊ သိသနည်း။ ကထံ၊ အသို့လျှင်။ မေ၊ ငါ၏။ ပဉှံ၊ ပြဿနာကို။ ပဋိဘဏာသိ၊ ဖြေခြင်းငှာ စွမ်းနိုင်သနည်း။

ဘုရားလောင်းသည် ထိုအနက်ကို ဖြေလိုသည်ဖြစ်၍-

၁၃၈။ ယေ ဓမ္မံ နပ္ပဇာနန္တိ၊ သံယမောတိ ဒမောတိ စ။
တေသု သုပ္ပမာနေသု၊ အဟံ ဇဂ္ဂါမိ ဒေဝတေ။
၁၃၉။ ယေသံ ရာဂေါစ ဒေါသောစ၊ အဝိဇ္ဇာစ ဝိရာဇိတာ။
တေသု ဇာဂရမာနေသု၊ အဟံ သုတ္တောသ္မိ ဒေဝတေ။
၁၄၀။ ဧဝံ ဇာဂရတံ သုတ္တော၊ ဧဝံ သုတ္တေသု ဇာဂရော။
ဧဝမေတံ ဝိဇာနာမိ၊ ဧဝံ ပဋိဘဏာမိ တေ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၁၃၈။ ဒေဝတ၊ နတ်သမီး။ ယေ၊ အကြင်သူတို့သည်။ သံယမောတိ စ၊ မဂ်ဖြင့်လာသော သီလဟူ၍လည်းကောင်း။ ဒမောတိ စ၊ ဣန္ဒြိယ သံဝရသီလဟူ၍ လည်းကောင်း။ ဓမ္မံ၊ ကိုးပါးသော လောကုတ္တရာတရားကို။ နပ္ပဇာနန္တိ၊ မသိကုန်။ သုပ္ပမာနေသု၊ ကိလေသာဟူသော အိပ်ပျော်ခြင်း၏ အစွမ်းအားဖြင့် မေ့လျော့ကုန်သော။ တေသု၊ ထိုသူတို့၌။ အဟံ၊ ငါသည်။ ဇဂ္ဂါမိ၊ နိုး၏။

၁၃၉။ ယေသံ၊ အကြင်ရဟန္တာတို့အား။ ရာဂေါ စ၊ ရာဂသည်လည်းကောင်း။ ဒေါသော စ၊ ဒေါသသည်လည်းကောင်း။ အဝိဇ္ဇာ စ၊ အဝိဇ္ဇာသည်လည်းကောင်း။ ဝိရာဇိတာ၊ ကင်းကုန်၏။ ဇာဂရမာနေသု၊ နိုးအပ်ကုန်သော။ တေသု၊ ထိုရဟန္တာကြီးတို့၌။ အဟံ၊ ငါသည်။ သုတ္တော၊ အိပ်ပျော်သော သူမည်သည်။ အသ္မိ၊ ဖြစ်၏။

၁၄၀။ ဧဝံ၊ ဤသို့။ ဇာဂရတံ၊ နိုးကုန်သော ရဟန္တာကြီးတို့၏။ အန္တရေ၊ အတွင်း၌။ အဟံ၊ ငါသည်။ သုတ္တော၊ အိပ်ပျော်၏။ ဧဝံ၊ ဤသို့။ သုတ္တေသု၊ အိပ်ပျော်သူတို့၌။ အဟံ၊ ငါသည်။ ဇာဂရော၊ နိုး၏။ အဟံ၊ ငါသည်။ ဧဝံ၊ ဤသို့။ ဧတံ၊ ထိုပြဿနာကို။ ဝိဇာနာမိ၊ သိ၏။ ဧဝံ၊ ဤသို့။ အဟံ၊ ငါသည်။ တေ၊ သင်၏။ ပဉှံ၊ ပြသနာကို။ ပဋိဘဏာမိ၊ ဖြေခြင်းငှာ စွမ်းနိုင်၏။

ဤသို့ ဘုရားလောင်းသည် ပြဿနာကို ဖြေသည်ရှိသော် ရုက္ခစိုး နတ်သမီးသည် နှစ်သက်အပ်သည်ဖြစ်၍ ဘုရားလောင်းအား ချီးမွမ်းလိုရကား-

၁၄၁။ သာဓု ဇာဂရတံ သုတ္တော၊ သာဓု သုတ္တေသု ဇာဂရော။
သာဓု မေတံ ဝိဇာနသိ၊ သာဓု ပဋိဘဏာသိ မေ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

၁၄၁။ တာပသ၊ ရှင်ရသေ့။ သာဓု၊ ကောင်းပေစွ။ တွံ၊ သင်သည်။ ဇာဂရတံ၊ နိုးကုန်သော ရဟန္တာကြီးတို့၏။ အန္တရေ၊ အတွင်း၌။ သုတ္တော၊ အိပ်ပျော်၏။ တာပသ၊ ရှင်ရသေ့။ သာဓု၊ ကောင်းပေစွ။ တွံ၊ သင်သည်။ သုတ္တေသု၊ အိပ်သောသူတို့၌။ ဇာဂရော၊ နိုးသူမည်၏။ တာပသ၊ ရှင်ရသေ့။ တွံ၊ သင်သည်။ သာဓု၊ ကောင်းစွ။ မေ၊ ငါ၏။ ဧတံ၊ ထိုပြဿနာကို။ ဝိဇာနာသိ၊ သိ၏။ တာပသ၊ ရှင်ရသေ့။ သာဓု၊ ကောင်းစွ။ တွံ၊ သင်သည်။ မေ၊ ငါ၏။ ပဉှံ၊ ပြသနာကို။ ပဋိဘဏာသိ၊ ဖြေခြင်းငှာ စွမ်းနိုင်၏။

ဤသို့ နတ်သမီးသည် ဘုရားလောင်းအား ချီးမွှမ်းခြင်းကိုပြု၍ ဗိမာန်သို့လျှင် ဝင်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ နတ်သမီးဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ထကြွနိုးကြား၊ ရှိသူကား၊ ကောင်းစားရမည်မှတ်

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ဇာဂရဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၁၀။ ကုမ္မာသပိဏ္ဍိဇာတ်

အနည်းငယ်ကို စွန့်လှူရုံဖြင့် ဘုရင့်စည်းစိမ်ကို ရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် န ကိရတ္ထိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုမ္မာသပိဏ္ဍိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မလ္လိကာမိဖုရားကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုမလ္လိကာမိဖုရားသည် သာဝတ္ထိပြည်၌ တစ်ဦးသော ပန်းသည်ကြီး၏ သမီးတည်း။ မြတ်သော အဆင်းကို ဆောင်၏။ ပညာကြီး၏။ တစ်ဆယ့်ခြောက်နှစ်။ ရှိသောအခါ တစ်နေ့သ၌ သူငယ်မတို့နှင့်တကွ ပန်းဥယျာဉ်သို့ သွားလတ်သော် သုံးဆုပ်သော မုယောမုန့်တို့ကို ယူ၍ ပန်းတောင်း၌ ထည့်၍ သွား၏။ ထိုမလ္လိကာသည် မြို့မှ ထွက်သာကာလ၌ ကိုယ်ရောင်ကိုလွှတ်လျက် ရဟန်းအ ပေါင်း ခြံရံလျက် မြို့သို့ဝင်သော မြတ်စွာဘုရားကိုမြင်၍ မုယောမုန့်တို့ကို လှူ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် စာတုမဟာရာဇ် နတ်မင်းတို့သည် လှူအပ်သော သပိတ်တော်ကို ညွတ်၍ ခံတော်မူ၏။ ထိုမလ္လိကာသည်လည်း မြတ်စွာဘုရားခြေတော်ကို ဦးဖြင့်ရှိခိုး၍ ဘုရားလျှင် အာရုံရှိသော ပီတိကိုယူ၍ လျောက်ပတ်သော အရပ်၌ တည်၏။

ဘုရားအား မုန့်လှူ၍

သဗ္ဗညူ မြတ်စွာဘုရားသည် ထိုမလ္လိကာကိုကြည့်၍ ပြုံးခြင်းကို ပြု၏။ အရှင်အာနန္ဒာသည် မြတ်စွာဘုရား၏ ပြုံးတော်မူခြင်း၌ အကြောင်းကား အဘယ်နည်း၊ အထောက်အပံ့ကား အဘယ်နည်းဟု ကြံ၍ သဗ္ဗညူမြတ်စွာဘုရားကို မေးလျှောက်၏။ ထိုအခါ အာနန္ဒာမထေရ်အား သဗ္ဗညူ မြတ်စွာဘုရားသည် အာနန္ဒာ-ဤသတို့သမီးသည် ဤမုယောမုန့်တို့ကို လှူခြင်း၏ အကျိုးအားဖြင့် ယနေ့လျှင် ကောသလမင်း၏ မိဖုရားကြီး ဖြစ်လတ္တံ့ ဟု ပြုံးတော်မူသော အကြောင်းကို မိန့်တော်မူ၏။ သတို့သမီးသည်လည်း ပန်းအာရာမ်သို့ သွား၏။

မိဖုရားကြီးဖြစ်ပြီ

ထိုနေ့၌လျှင် ကောသလမင်းသည် အဇာ တသတ်မင်းနှင့်တကွ စစ်ထိုး၍ စစ်ရှုံးသည်ရှိသော် ပြေး၍ မြင်းကို စီး၍ လာလတ်သော် ထိုမလ္လိကာ၏ သီချင်းသံကို ကြား၍ တပ်သောစိတ် ရှိသည်ဖြစ်၍ မြင်းကို ဥယျာဉ်သို့ ရှေးရှုနှင်၏။ ဘုန်းနှင့်ပြည့်စုံသော သတို့သမီးသည် မင်းကိုမြင်၍ မပြေးမူ၍လျှင် လာလတ်၍ မြင်းကို နှာခေါင်း၌ ကိုင်၏။ မင်းသည် မြင်းကျောက်ကုန်း၌ နေ၍လျှင် အရှင်ရှိသလောဟု မေး၏။ အရှင်မရှိသည်၏အဖြစ်ကို သိ၍ မြင်းမှသက်၍ လေ, နေပူကြောင့် ပင်ပန်းသည်ဖြစ်၍ ထိုမလ္လိကာ၏ ရင်ခွင်၌ အိပ်လျက် တစ်ခဏမျှ အပန်းဖြေ၍ ထိုမလ္လိကာကို မြင်းကျောက်ကုန်း၌ နေစေ၍ ဗိုလ်ပါအပေါင်း ခြံရံလျက် မြို့သို့ဝင်၍ မလ္လိကာကို မိမိ၏ မိဘအိမ်သို့ဝင်စေ၍ ညဉ့်အခါ ယာဉ်ကို က, စေ၍ များစွာသော ပူဇော်မြတ်နိုးခြင်းဖြင့် မိဘအိမ်မှယူစေ၍ ရတနာအစု၌ထား၍ အဘိသိက် ပေး၍ မိဖုရားကြီးပြု၏။

ထိုအခါမှစ၍ မင်းသည် ချစ်နှစ်သက်၏။ ရှေးဦး ထခြင်း အစရှိသော ကောင်းသော ကျေးဇူးတို့နှင့် ပြည့်စုံ၏။ လင်ကို နတ်ကဲ့သို့ လုပ်ကျွေး၏။ ဘုရားတို့အားလည်း အကျွမ်းဝင်၏။ ထိုမလ္လိကာသည် မြတ်စွာဘုရားအား သုံးဆုပ်သော မုန့်တို့ကိုလှူ၍ ထိုစည်းစိမ်ကို ရသောအဖြစ်သည် မြို့အလုံးနှံ့၍ သွား၏။ ထိုအခါ တစ်နေ့သ၌ တရားသဘင်၌ ရဟန်းတို့သည် ငါ့ရှင်တို့ မလ္လိကာဒေဝီသည် မြတ်စွာဘုရားအား သုံးဆုပ်သော မုယောမုန့်တို့ကိုလှူ၍ ထိုကုသိုလ်၏ အကျိုးအားဖြင့် ထိုနေ့၌လျှင် အဘိသိက် သွန်းခြင်းကိုရ၏။ ဘုရားရှင်၏ မြတ်သောကျေးဇူး ရှိသည်၏အဖြစ်သည်အံ့ဖွယ်ရှိစွဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ မလ္လိကာသည် တစ်ဆူသော သဗ္ဗညူ မြတ်စွာဘုရားအား သုံးဆုပ်ကုန်သော မုယောမုန့်တို့ကို လှူ၍ ကောသလမင်း၏ မိဖုရားကြီးအဖြစ်ကို ရခြင်းသည် မအံ့လောက်သေး၊ အဘယ့်ကြောင့်နည်းဟူမူကား သဗ္ဗညူ ဘုရားရှင်တို့၏ ကျေးဇူး များမြတ်သည်၏ အဖြစ်ကြောင့်တည်း။ ရှေးပညာရှိတို့သည်ကား ပစ္စေကဗုဒ္ဓါတို့အားတင်လဲ မခတ်သော အစေးမရှိသော မုယာမုန့်တို့ကိုလှူ၍ ထိုအလှူ၏အကျိုးဖြင့် နှစ်ခုမြောက်သော အတ္တဘော၌ ယူဇနာ သုံးရာရှိသော ကာသိတိုင်း၌ မင်း၏စည်းစိမ် အသရေကို ရဖူးကုန်၏ ဟုမိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူဆင်းရဲမျိုး၌ ဖြစ်၍ အရွယ် ရောက်လတ်သော် တစ်ဦးတည်းသော သူဌေးကိုမှီ၍ အခဖြင့် အမှုကိုပြုလျက် အသက်မွေး၏။

မုယောမုန့်အလှူ

ထိုဘုရားလောင်းသည် တစ်နေ့သ၌ ငါအား နံနက်စာ အကျိုးငှာ ဖြစ်လတ္တံ့ဟု အိမ်ဈေးမှု လေးဆုပ်သော မုယောမုန့်တို့ကို ယူ၍ အမှုလုပ်ရာသို့ သွားသည်ရှိသော် ဆွမ်းခံအံ့သောငှာ ဗာရာဏသီသို့ ရှေးရှုလာကုန်သော လေးဆူကုန်သော ပစ္စေကဗုဒ္ဓါတို့ကိုမြင်၍ ပစ္စေကဗုဒ္ဓါတို့သည် ဆွမ်းကိုရည်၍ ဗာရာဏသီသို့ သွားကုန်၏။ ငါ့အားလည်း လေးဆုပ်သော မုယောမုန့်တို့သည် ရှိကုန်၏။ အကယ်၍ ဤမုယောမုန့်တို့ကို လှူရသော်ကား ကောင်းစွဟု ကြံ၍ ပစ္စေကဗုဒ္ဓါတို့ကို ကပ်၍ အရှင်ဘုရားတို့... အကျွန်ုပ်၏လကျ၌ လေးဆုပ်သော မုယောမုန့်တို့သည် ရှိကုန်၏။ ဤမုန့်တို့ကို အကျွန်ုပ်သည် အရှင်ဘုရားတို့အား လှူအံ့၊ အရှင်ဘုရားတို့ကို တောင်းပန်ပါ၏။ အကျွန်ုပ်၏မုန့ျတို့ကို ခံပါကုန်လော့။ ဤသို့ခံသည်ရှိသော် ဤကောင်းမှုသည် အကျွန်ုပ်အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားချမ်းသာ အကျိုးငှာ ဖြစ်လတ္တံ့ ဟု လျှောက်၍ ထိုပစ္စေကဗုဒ္ဓါတို့၏ သည်းခံခြင်းကို သိ၍ သဲကိုစု၍ နေရာလေးခုတို့ကိုခင်း၍ ထိုသဲစုတို့၏ အထက်၌ ချိုးအပ်ကုန်သော သစ်ရွက်တို့ကိုခင်း၍ ပစ္စေကဗုဒ္ဓါတို့ကို အစဉ်သဖြင့်နေစေ၍ သစ်ရွက်တို့ဖြင့် ရေကိုဆောင်၍ အလှူရေစက်ကို ကျစေ၍ လေလုံးကုန်သော သပိတ်တို့၌ လေးဆုပ်ကုန်သော မုန့်တို့ကိုထည့်ပြီး၍ ရှိခိုး၍ အရှင်တို့... ထိုမုယောမုန့်တို့၏ အကျိုးဆက်ဖြင့် ကျွန်ုပ်အား သူဆင်းရဲအိမ်၌ ဖြစ်ခြင်းမည်သည် မဖြစ်စေသတည်း၊ သဗ္ဗညုတဉာဏ်ကို သိခြင်း၏ အကြောင်းသည် ဖြစ်စေသတည်းဟု ဆို၏။ ပစ္စေကဗုဒ္ဓါတို့သည် ဆွမ်းဘုဉ်းပေး၍ ဘုဉ်းပေးပြီးသော အဆုံး၌ အနုမောဒနာကိုပြု၍ နန္ဒမူ လိုဏ်သို့လျှင် ကြွကုန်၏။

ဘုရင်ဖြစ်ရခြင်း

ဘုရားလောင်းသည် လက်အုပ်ချီ၍ ပစ္စေကဗုဒ္ဓါတို့၌ဖြစ်သော ပီတိကိုယူ၍ ထိုပစ္စေကဗုဒ္ဓါတို့သည် မျက်စိဖြင့် မြင်ကောင်းသော ခရီးကို လွန်ကုန်သော် မိမိ၏ အမှုလုပ်ရာသို့ သွား၍ အသက်ထက်ဆုံး အောက်မေ့၍ စုတေ၍ ထိုကောင်းမှု၏အကျိုးဖြင့် ဗာရာဏသီမင်း၏ မိဖုရားကြီး ဝမ်း၌ ဖြစ်၏။ ထိုမင်းသားအား ဗြဟ္မဒတ္တသတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုဗြဟ္မဒတ္တမင်းသားသည် မိမိခြေဖြင့် သွားတတ်သော ကာလမှစ၍ ငါသည် ဤဗာရာဏသီမြို့၌လျှင် သူရင်းငှားဖြစ်၍ အမှုလုပ်အံ့သောငှာ သွားသည်ရှိသော် ပစ္စေကဗုဒ္ဓါတို့အား လေးဆုပ်ကုန်သော မုခယာမုန့်တို့ကို လှူ၍ ထိုအလှူ၏အကျိုးဖြင့် မင်းမျိုး၌ ဖြစ်၏ဟု ကြည် သော ကြေးမုံ၌ မျက်နှာရိပ်ကဲ့သို့ ရှေးဘဝ၌ဖြစ်သော အလုံးစုံသော အမူအရာကို ဇာတိဿရဉာဏ်ဖြင့် ထင်သည်ဖြစ်၍ ရှု၏။ ဗြဟ္မဒတ် မင်း သားသည် အရွယ်သို့ ရောက်လတ်သော် တက္က သိုလ်ပြည်သို့ သွား၍ အလုံးစုံသော အတတ်တို့ကို သင်၍ တစ်ဖန် ပြန်၍ သင်အပ်သော အတတ်တို့ကို အဖအားပြ၍ အဖသည် နှစ်သက်သဖြင့် အိမ်ရှေ့အရာ၌ထား၍ အဖလွန်သဖြင့် မင်းအဖြစ်၌ တည်၏။ ထိုအခါ ဗြဟ္မဒတ်မင်းအား ကောသလမင်း၏ မြတ်သောအဆင်းရှိသော သမီးကိုဆောင်၍ မိဖုရားကြီးပြုကုန်၏။ ဗြဟ္မဒတ်မင်း၏ ထီးဖြူမင်္ဂလာပြုသောနေ့၌ မြို့ အလုံးကို နတ်မြို့ကဲ့သို့ တန်ဆာဆင်ကုန်၏။

စည်းစိမ်ကိုရကြောင်းသီချင်း

ဗြဟ္မဒတ်မင်းသည် မြို့ကို လက်ယာရစ် လှည့်သည်ကိုပြု၍ တန်ဆာဆင်သော ပြာသာဒ်သို့တက်၍ ပြာသာဒ်အပြင်၏ အလယ်၌ ကောင်းစွာ ဆောက်အပ်သော ထီးဖြူရှိသော ပလ္လင်သို့ တက်၍နေလတ်သော် ခြံရံ၍ တည်ကုန်သော တစ်ဖက်မှ အမတ်တို့ကို, တစ်ဖက်မှ အထူးထူးသော စည်းစိမ်ရှိကုန်သော အသရေ၏ တင့် တယ်ခြင်းဖြင့် ထွန်းပကုန်သော ပုဏ္ဏား သူကြွယ် အစရှိကုန်သော သူတို့ကို, တစ်ဖက်မှ အထူးထူး အပြားပြား လက်ဆောင် လက်စွဲကုန်သော မြို့သူတို့ကို, တစ်ဖက်မှ တန်ဆာဆင်ကုန်သော နတ် သမီးနှင့်တူကုန်သော တစ်သောင်း ခြောက်ထောင်ကုန်သော ကချေသည် မိန်းမအပေါင်းတို့ကို ဤသို့ အလွန် နှလုံးမွေ့လျော်ဖွယ်ရှိသော ဤအသရေ စည်းစိမ်ကို ကြည့်လျက် မိမိ၏ ရှေးကောင်းမှုကံကို အောက်မေ့၍ ရွှေအချက်ရှိသော ရွှေပန်းရှိသော ဤထီးဖြူသည်လည်းကောင်း၊ အထောင်မကသော ဤဆင်ယာဉ် မြင်းယာဉ်တို့သည်လည်းကောင်း၊ ပတ္တမြားပုလဲ အစရှိသည်တို့ဖြင့် ပြည့်ကုန်သော တိုက်တို့သည်လည်းကောင်း၊ အထူးထူးသော စပါးမျိုးဖြင့်ပြည့်သော မြေကြီးသည်လည်းကောင်း၊ နတ်သမီးနှင့်တူကုန်သော မိန်းမတို့သည်လည်းကောင်း၊ ဤသို့ အလုံးစုံသော ငါ၏ အသရေစည်းစိမ်သည် တစ်ပါးသောသူ၏ဥစ္စာမဟုတ်၊ လေးဆူကုန်သော ပစ္စေကဗုဒ္ဓါတို့အား လှူအပ်သော လေးဆုပ်သော မုယောမုန့်အလှူ၏သာလျှင် ဥစ္စာတည်း။ ထိုမုယာမုန့်အလှူကို မှီ၍ ဤစည်းစိမ်ကိုရ၏ ဟု ပစ္စေကဗုဒ္ဓါတို့၏ ကျေးဇူးကို အောက်မေ့၍ မိမိကုသိုလ်ကံကို ထင်သည်ကိုပြု၍ ထိုကောင်းမှုကို အောက်မေ့သော ထိုဗြဟ္မဒတ်မင်း၏ ကိုယ်အလုံးသည် ပီတိဖြင့်စွတ်သော နှလုံးရှိသည်ဖြစ်၍ လူအပေါင်း၏ အလယ်၌ ဝမ်း မြောက်သော သီချင်းတို့ သီလိုသည်ဖြစ်၍-

၁၄၂။ န ကိရတ္ထိ အနောမဒဿီသု၊
ပါရိစရိယာ ဗုဒ္ဓေသု အပ္ပိကာ။
သုက္ခာယ အလောဏိကာယ စ၊
ပဿ ဖလံ ကုမ္မာသပိဏ္ဍိယာ။
၁၄၃။ ဟတ္ထိဂဝါဿာ စိမေ ဗဟူ၊
ဓနဓညံ ပထဝီ စ ကေဝလာ။
နာရိယော စိမာ အစ္ဆရူပမာ၊
ပဿ ဖလံ ကုမ္မာသပိဏ္ဍိယာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၄၂။ မနောမဒဿီသု၊ မြတ်သော ပစ္စေကဗောဓိဉာဏ် အမြင်ရှိကုန်သော။ ဗုဒ္ဓေသု၊ ပစ္စေကဗုဒ္ဓါတို့၌။ ပါရိစရိယာ၊ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အစရှိသည် အပြားရှိသော အရိုအသေပြုခြင်း တစ်လုံးသော သစ်သီး တစ်နပ်သောဆွမ်းကို ပေးလှူခြင်းသည်။ အပ္ပိကာ၊ နည်းသော အကျိုးရှိသောမည်သည်။ န အတ္ထိ ကိရ၊ မရှိသတတ်။ သုက္ခာယ၊ အစေးမရှိသော။ အလောဏိကာယ၊ တင်လဲမခတ်သော။ ကုမ္မာသပိဏ္ဍိယာ၊ မုယောမုန့်စိုင်၏။ ဖလံ၊ အကျိုးကို။ ပဿ၊ ရှုပါလော့။

၁၄၃။ ကုမ္မာသပိဏ္ဍိယာ၊ မုယောမုန့်စိုင်၏။ ဗဟူ၊ များစွာကုန်သော။ ဣမေ ဟတ္ထိဂဝါဿာ စ၊ ဤဆင်နွားမြင်းတို့လည်းကောင်း။ ဓနဓညဉ္စ၊ ပတ္တမြား အစရှိသောဥစ္စာ, ခုနစ်ပါးသော စပါးမျိုးလည်းကောင်း။ ကေဝလာ၊ အလုံးစုံသော။ ပထဝီ စ၊ မြေကြီးလည်းကောင်း။ အစ္ဆရူပမာ၊ နတ်သမီးနှင့်တူကုန်သော။ ဣမာ နာရိယော စ၊ ဤမိန်းမတို့လည်းကောင်း။ ဣတိ၊ ဤသို့။ ဣဒံ ဖလံ၊ ဤအကျိုးကို။ ပဿ၊ ရှုပါလော့။

နန်းတွင်းသူများ ဆိုကြပြီ

ဘုရားလောင်းသည်လည်း မိမိ၏ ထီးဖြူမင်္ဂလာ ပြုသောနေ့၌ ဖြစ်သော ပီတိပါမောဇ္ဇ ရှိသည်ဖြစ်၍ ဤဂါထာတို့ဖြင့် ဥဒါန်းသီချင်းကို သီ၏။ ထိုနေ့မှစ၍ မင်းသည် ချစ်သော သီချင်းတည်း ဟု ဘုရားလောင်း၏ မောင်းမအပေါင်းတို့သည်လည်းကောင်း၊ ကချေသည် သဘင်သည် စသော နန်းတွင်းသူတို့သည်လည်းကောင်း၊ မြို့တွင်းမြို့ပ၌ နေကုန်သော သူတို့သည်လည်းကောင်း၊ ပွဲသဘင်မဏ္ဍပ်တို့၌လည်းကောင်း၊ ငါတို့ အရှင်မင်းကြီးသည် ချစ်အပ်သော သီချင်းတည်း ဟု ထိုသီချင်းကိုသာလျှင် သီကုန်၏။

သီချင်းအဓိပ္ပာယ်ကိုမေးသော်

ဤသို့ ရှည်စွာသောကာလသည် ရောက်လတ်သော် မိဖုရားကြီးသည် ထိုဂါထာ၏အနက်ကို သိလိုသည်ဖြစ်၏။ ဘုရားလောင်းကို မေးအံ့သေးငှာ မဝံ့။ ထိုအခါ မိဖုရားအား တစ်ခုသောကျေးဇူး၌ ကြည်ညို၍ တစ်နေ့သ၌ မင်းလည်း ရှင်မ... သင့်အား ငါသည် ဆုကိုပေးအံ့၊ ဆုကို ယူလော့ဟု ဆို၏။ မိဖုရားသည် အရှင်မင်းကြီး ကောင်းပြီ၊ ဆုကိုယူအံ့ ဟု ဆို၏။ သင့်အား ဆင်မြင်း အစရှိသည်တို့တွင် အဘယ်ကို ပေးရအံ့နည်း ဟု ဆို၏။ အရှင်မင်းကြီး... အရှင်မင်းကြီးတို့ကို မှီ၍ အကျွန်ုပ်အား မပြည့်စုံခြင်းမည်သည် မရှိ၊ အကျွန်ုပ်အား ထိုဆင်မြင်း အစရှိသည်တို့ဖြင့် အလိုမရှိ။ အကယ်၍ ပေးလိုကုန်အံ့၊ သင်မင်းကြီးတို့သည် သီအပ်သော သီချင်း၏ အနက်ကို ဆို၍ ပေးကုန်လော့ ဟု ဆို၏။ ရှင်မ... ရှင်မအား ဤဆုဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ တစ်ပါးသောဆုကို ယူလော့ဟု ဆို၏။ ရှင်မင်းကြီး... ကျွန်ုပ်အား တစ်ပါးသောဆုဖြင့် အလိုမရှိ၊ ထိုဆုကိုသာ ယူအံ့ဟု ဆို၏။ ရှင်မကောင်းပြီ ဆိုအံ့၊ တစ်ယောက်တည်းသော သင့်အား ဆိတ်ကွယ်ရာအရပ်၌ မဆိုအံ့၊ တစ်ဆယ့် နှစ်ယူဇနာရှိသော ဗာဆဏသီမြို့၌ စည်လည်စေ၍ မင်းအိမ်တံခါး၌ ရတနာမဏ္ဍပ်ကို ပြုစေ၍ ရတနာပလ္လင်ကို ခင်းစေ၍ အမတ်ပုဏ္ဏား အစရှိကုန်သော မြို့သူတို့ဖြင့်လည်းကေင်း၊ တစ်သောင်းခြောက်ထောင်သော မိန်းမတို့ဖြင့်လည်းကောင်း ခြံရံလျက် ထိုသူတို့၏ အလယ် ရတနာပလ္လင်၌နေ၍ ဟောအံ့ ဟု ဆို၏။ အရှင်မင်းကြီး ကောင်းပြီ ဟု ဝန်ခံ၏။ မင်းသည် ထိုသို့ဆိုတိုင်းပြုစေ၍ အမတ် အပေါင်းခြံရံသော သိကြားနတ်မင်းကဲ့သို့ များစွာသော လူအပေါင်းခြံရံလျက် ရတနာပလ္လင်၌ နေ၏။ မိဖုရားသည်လည်း ခပ်သိမ်းသော တန်ဆာဖြင့် ဆင်အပ်သည်ဖြစ်၍ ရွှေအင်းပျဉ်ကို ခင်းစေ၍ တင့်အပ်သော အရပ်၌ မျက်စောင်းဖြင့်ကြည့်၍ ထိုသို့သဘောရှိသော အရပ်၌နေ၍ သင်မင်းကြီးတို့သည် နှစ်သက်၍ သီအပ်သော မင်္ဂလာသီချင်းကိုသီ၍ အနက်ကို အကျွန်ုပ်အား ရှေးဦးစွာ ကောင်းကင်ပြင်၌ လပြည့်ဝန်းကို ထင်စေဘိသကဲ့သို့ ထင်သည်ကိုပြု၍ ဟောပါကုန်ဟု ဆိုလို၍-

၁၄၄။ အဘိက္ခဏံ ရာဇကုဉ္ဇရ၊
ဂါထာ ဘာသသိ ကောသလာဓိပ။
ပုစ္ဆာမိ တံ ရဋ္ဌဝဍ္ဎန၊ ဗာဠံ ပီတိမနော ပဘာသသိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၄၄။ ကောသလာဓိပ၊ ကောသလတိုင်းကို အစိုးရသော။ ရဋ္ဌဝဍ္ဎန၊ တိုင်းနိုင်ငံကို ပွားစေတတ်သော။ ရာဇကုဉ္ဇရ၊ မင်းမြတ်။ အဘိက္ခဏံ၊ မပြတ်။ ဂါထာ၊ ဂါထာတို့ကို။ တွံ၊ သင်မင်းကြီးသည်။ ဘာသသိ၊ ဆို၏။ ဗာဠှံ ပီတိမနော၊ အလွန်လျှင် ပီတိနှင့်ယှဉ်သော စိတ်ရှိသည်ဖြစ်၍။ ပဘာသသိ၊ ဆို၏။ တံ၊ ထိုဂါထာ၏ အနက်ကို။ ပုစ္ဆာမိ၊ မေး၏။

ဘုရင်မင်းကြီး ဖြေကြားပြီ

ထိုအခါ မိဖုရားအား ဂါထာတို့၏အနက်ကို ထင်စွာပြလိုသော ဘုရားလောင်းသည်-

၁၄၅။ ဣမသ္မိံယေဝ နဂရေ၊ ကုလေ အညတရေ အဟုံ။
ပရကမ္မက ကရော အာသိံ၊ ဘတကော သီလသံဝုတော။
၁၄၆။ ကမ္မာယ နိက္ခမန္တောဟံ၊ စတုရော သမဏေဒ္ဒသံ။
အာစာရသီလသမ္ပန္နေ၊ သီတိဘူတေ အနာသဝေ။
၁၄၇။ တေသု စိတ္တံ ပသာဒေတွာ၊ နိသီဒေတွာ ပဏ္ဏသန္ထတေ။
အဒံ ဗုဒ္ဓါနံ ကုမ္မာသံ၊ ပသန္နော သေဟိ ပါဏိဘိ။
၁၄၈။ တဿ ကမ္မဿ ကုသလဿ၊ ဣဒံ မေ ဧဒိသံ ဖလံ။
အနုဘောမိ ဣဒံ ရဇ္ဇံ၊ ဖီတံ ဓရဏိမုတ္တမံ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၁၄၅။ ဘဒ္ဒေ၊ ရှင်မ။ အဟံ၊ ငါသည်။ ဣမသ္မိံယေဝ နဂရေ၊ ဤဗာရာဏသီမြို့၌လျှင်။ အညတရေ၊ မထင်ရှားသော။ ကုလေ၊ သူဆင်းရဲအမျိုး၌။ အဟုံ၊ ဖြစ်ပြီ။ ပရကမ္မကရော၊ သူတစ်ပါးအလုပ်ကိုလုပ်သော။ ဘတကော၊ သူရင်းငှားဖြစ်လျက်။ သီလသံဝုတော၊ သီလကိုစောင့်သည်။ အသိံ၊ ဖြစ်ပြီ။

၁၄၆။ ဘဒ္ဒေ၊ ရှင်မ။ အဟံ၊ ငါသည်။ ကမ္မာယ၊ အမှုလုပ်အံ့သောငှာ။ နိက္ခမန္တော၊ ထွက်သည်ရှိသော်။ အာစာရသီလသမ္ပန္နေ၊ မဂ်ဖိုလ်တို့မှ လာသော အကျင့်သီလ အာစာရနှင့် ပြည့်စုံကုန်သော။ သီတိဘူတေ၊ ငြိမ်းသည်ဖြစ်၍ ဖြစ်ကုန်သော။ အနာသဝေ၊ ကာမာသဝ အစရှိကုန်သော အာသဝမရှိကုန်သော။ စတုရော၊ လေးပါးကုန်သော။ သမဏေ၊ ပစ္စေကဗုဒ္ဓါတို့ကို။ အဒ္ဒသံ၊ မြင်၏။

၁၄၇။ ဘဒ္ဒေ၊ ရှင်မ။ အဟံ၊ ငါသည်။ တေသု၊ လေးဆူကုန်သော ထိုပစ္စေကဗုဒ္ဓါတို့၌။ စိတ္တံ၊ စိတ်ကို။ ပသာဒေတွာ၊ ကြည်စေ၍။ ပဏ္ဏသန္ထတေ၊ သစ်ရွက်အခင်း၌။ နိသီဒေတွာ၊ နေစေ၍။ ပသန္နော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ သေဟိ ပါဏိဘိ၊ မိမိလက်တို့ဖြင့်။ ဗုဒ္ဓါနံ၊ ပစ္စေကဗုဒ္ဓါတို့အား။ ကုမ္မာသံ၊ မုယောမုန့်ကို။ အဒံ၊ လှူဖူး၏။

၁၄၈။ ဘဒ္ဒေ၊ ရှင်မ။ မေ၊ ငါ၏။ ဧဒိသံ၊ ဤသို့သဘောရှိသော။ ဣဒံဖလံ၊ ဤအကျိုးသည်။ ကုသလဿ၊ ကုသိုလ်ဖြစ်သော။ တသ ကမ္မဿ၊ ထိုကံ၏။ ဖလံ၊ အကျိုးတည်း။ ဖီတံ၊ ပြည့်စုံသော။ ဥတ္တမံ၊ မြတ်သော။ ဓရဏိံ၊ မြေကိုအစိုးရသော။ ဣမံ ရဇ္ဇံ၊ ဤမင်းအဖြစ်ကို။ အနုဘောမိ၊ ခံစားရ၏။

မိဖုရား ကျေနပ်ခြင်း

ဤသို့လည်း မိမိကောင်းမှုကို ချဲ့၍ဟောသော ဘုရားလောင်း၏ စကားကို ကြား၍ ကြည်ညို၍ မိဖုရားသည်လည်း မြတ်သောမင်းကြီး ဤသို့ ပစ္စက္ခအားဖြင့် ဒါနအကျိုးကို သိကုန်၏။ ဤနေ့မှစ၍ တစ်ခုသော ထမင်းဆုပ်ကိုရ၍ တရားစောင့်သော ရဟန်းပုဏ္ဏားတို့အား လှူ၍လျှင် သုံးဆောင်ကုန်ရာ၏။ မမေ့မလျော့ကုန်ရာဟု ဆို၍ ဘုရားလောင်းအား ချီးမွမ်းခြင်းကို ပြုလိုရကား-

၁၄၉။ ဒဒံ ဘုဉ္ဇ မာစ ပမာဒေါ၊ စက္ကံ ဝတ္တယ ကောသလာဓိပ။
မာ ရာဇ အဓမ္မိကော အဟု၊ ဓမ္မံ ပါလယ ကောသလာဓိပ။

ဟူသော ဤဂါထာကို ဆို၏။

၁၄၉။ ကောသလာဓိပ၊ ကုသိုလ်ကိုအလိုရှိသော။ ရာဇ၊ မင်းမြတ်။ ဒဒံ၊ လှူ၍သာလျှင်။ ဘုဉ္ဇ၊ စားလော့။ မာ ပမာဒေါ၊ ဒါနအစရှိသည်၌ မမေ့လျော့လင့်။ စက္ကံ၊ ပဋိရူပဒေသဝါသ အစရှိသော စက်လေးပါးကို။ ဝတ္တယ၊ ဖြစ်စေလော့။ ကောသလာဓိပ၊ ကုသိုလ်ကို အလိုရှိသောမင်း။ အဓမ္မော၊ တရားမစောင့်သည်။ မာ အဟု၊ မဖြစ်လင့်။ ဓမ္မံ၊ တရားကို။ ပါလယ၊ စောင့်လော့။

မင်းကြီး ဝန်ခံပုံ

ဘုရားလောင်းသည် မိဖုရားစကားကို ဝန်ခံလိုသည်ဖြစ်၍-

၁၅၀။ သောဟံ တဒေဝ ပုနပ္ပုနံ၊
ဝဋ္ဋုမံ အာစရိဿာမိ သောဘနေ။
အရိယာစရိတံ သုကောသလေ၊
အရဟန္တော မေ မနာပါဝ ပဿိတုံ။

ဟူသော ဤဂါထာကို ဆို၏။

၁၅၀။ သောဘနေ၊ တင့်တယ်သော။ သုကောသလေ၊ ကောင်းသော ကောသလမင်း၏သမီး။ သော အဟံ၊ ထိုငါသည်။ အရိယာစရိတံ၊ အရိယာတို့သည် လေ့ကျက်အပ်သော။ တဒေဝ ဝဋ္ဋုမံ၊ ထိုဒါနဟူသော လမ်းခရီးကိုလျှင်။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ အာစရိဿမိ၊ သွားအံ့။ မေ၊ ငါသည်။ အရဟန္တော၊ ရဟန္တာတို့ကို။ ပဿိတုံ၊ ဖူးမြင်အံ့သောငှာ။ မနာပါဝ၊ နှစ်သက်သလျှင်ကတည်း။

မိဖုရား၏ ရှေးဘဝ

ဤသို့ဆို၍လည်း မင်းသည် မိဖုရား၏ စည်းစိမ်ကို ကြည့်၍ ရှင်မ... ငါသည် ရှေးဘဝ၌ မိမိ၏ ကုသိုလ်ကံကို ချဲ့၍ ဆိုအပ်ပြီ၊ ဤမိန်းမတို့၏ အလယ်၌ အဆင်းဖြင့်လည်းကောင်း၊ တင့်တယ် စံပယ်ခြင်းတို့ဖြင့်လည်းကောင်း သင်နှင့်တူသော တစ်ယောက်သော မိန်းမသည် မရှိ၊ ထိုသင်သည် အဘယ်ကောင်းမှုကို ပြု၍ ဤစည်းစိမ်ကို ရသနည်းဟု မေးလိုရကား-

၁၅၁။ ဒေဝီ ဝိယ အစ္ဆရူပမာ၊
မဇ္ဈေ နာရိဂဏဿ သောဘတိ။
ကိံ ကမ္မမကာသိ ဘဒ္ဒကံ၊
ကေနာသိ ဝဏ္ဏဝတီ သုကောသလေ။

ဟူသောဤဂါထာကို ဆို၏။

၁၅၁။ သုကောသလေ၊ ကောင်းသော ကောသလ မင်း၏သမီး။ တွံ၊ သင်သည်။ အစ္ဆရူပမာ၊ နတ် သမီးနှင့် တူ၏။ နာရီဂဏဿ၊ မိန်းမအပေါင်း၏။ မဇ္ဈေ၊ အလယ်၌။ ဒေဝီ ဝိယ၊ သိကြားမင်း၏ မိဖုရားကဲ့သို့။ သောဘတိ၊ တင့်တယ်၏။ ကိံ ကမ္မံ ဘဒ္ဒကံ၊ အဘယ်ကောင်းမှုကံကို။ အကာသိ၊ ပြုဖူးသနည်း။ ကေန၊ အဘယ်ကောင်းမှုကြောင့်။ ဝဏ္ဏဝတီ၊ ကောင်းသော အဆင်းရှိသည်။ အသိ၊ ဖြစ်သနည်း။

ထိုအခါ ဘုရားလောင်းအား မိဖုရားသည် ရှေးဘဝ၌ ပြုအပ်သော ကောင်းမှုကံကို ဆိုလို သည်ဖြစ်၍-

၁၅၂။ အမ္ဗဋ္ဌကုသဿ ခတ္တိယ၊
ဒါသျာဟံ ပရပေသိယာ အဟုံ။
သညတာ စ ဓမ္မဇီဝိနီ၊
သီလဝတီ စ အပါပဒဿနာ။
၁၅၃။ ဥဒ္ဓဋဘတ္တံ အဟံ တဒါ၊
စရမာနဿ အဒါသိ ဘိက္ခုနော။
ဝိတ္တာ သုမနာ သယံ အဟံ၊
တဿ ကမ္မဿ ဖလံ မမေဒိသံ။

ဟူသော ကြွင်းသော ဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

(ထိုမိဖုရားသည်လည်း ရှေးအဖြစ်ကို အောက်မေ့နိုင်သည်သာလျှင် ဖြစ်သတတ်၊ ထိုကြောင့် မိမိ၏ ဇာတိဿရဉာဏ်ဖြင့် ပိုင်းခြား၍လျှင် ဆို၏။ )

၁၅၂။ ခတ္ထိယ၊ မင်းမြတ်။ ပုဗ္ဗေ၊ ရှေး၌။ အဟံ၊ အကျွန်ုပ်သည်။ အမ္ဗဋ္ဌကုလဿ၊ သူကြွယ်မျိုး၏။ ဒါသီ၊ ကျွန်မဖြစ်၏။ ပရပေသိယာ၊ သူတစ်ပါးတို့၏ အစေအပါးဖြစ်လျက်။ သညတာ စ၊ စောင့်ရှောက်သည်လည်းကောင်း။ ဓမ္မဇီဝိနီ စ၊ တရားနှင့်ယှဉ်သော အသက်မွေးခြင်းရှိသည်လည်းကောင်း။ သီလဝတီ စ၊ သီလနှင့်ပြည့်စုံသည်လည်းကောင်း။ အပါပဒဿနာ စ၊ မြတ်သော ရှုဖွယ်ရှိသည်လည်းကောင်း။ အဟုံ၊ ဖြစ်၏။

၁၅၃။ ခတ္တိယ၊ မင်းမြတ်။ တဒါ၊ ထိုအခါ၌။ အဟံ၊ အကျွန်ုပ်သည်။ စရမာနဿ၊ ဆွမ်းခံသွားသော။ ဘိက္ခုနော၊ ဖျက်ဆီးပြီးသော ကိလေသာရှိသော ပစ္စေကဗုဒ္ဓါအား။ ဥဒ္ဓဋဘတ္တံ၊ ဝေ၍ အဖို့ရအပ်သော ထမင်းကို။ အဒါသိံ၊ လှူဖူး၏။ အဟံ၊ အကျွန်ုပ်သည်။ သယံ၊ ကိုယ်တိုင်။ ဝိတ္တာ-တုဋ္ဌာ၊ နှစ်သက်၏။ သုမနာ၊ ဝမ်းမြောက်၏။ မမ၊ အကျွန်ုပ်၏။ ဤဒိသံ၊ ဤသို့သဘောရှိသော။ ဖလံ၊ အကျိုးသည်။ တဿ ကမ္မဿ၊ ထိုကောင်း မှုကံ၏။ ဖလံ၊ အကျိုးတည်း။

ကုသိုလ်ကို ပြုကြပြီ

ဤသို့ ဤမင်းမိဖုရား နှစ်ပါးတို့သည်လည်း မိမိတို့၏ ကောင်းမှုကံကို အကျယ်အားဖြင့် ဆိုပြီး၍ ထိုအခါမှစ၍ မြို့တံခါး လေးမျက်နှာတို့၌လည်းကောင်း၊ မြို့လယ်၌လည်းကောင်း၊ နန်းတော်တံခါး၌ လည်းကောင်း ဤခြောက်ဌာနတို့၌ ခြောက်ဆောင်သော အလှူတင်းကုပ်တို့ကို ဆောက်၍ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းကို ထွန်ပလပ်သည်ကို ပြု၍ ကြီးစွာသော အလှူကိုဖြစ်စေ၍ သီလကိုစောင့်၍ ဥပုသ်သုံးခြင်း အမှုကို ပြု၍ အသက်၏အဆုံး၌ နတ်ပြည်သို့ လားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ မိဖုရားဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မင်းဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

နည်းများမဟူ၊ ပေးလှူမူ၊ ထိုသူ ချမ်းသာရာ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကုမ္မာသပိဏ္ဍိဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၁၁။ ပရန္တပဇာတ်

မကောင်းမှုသည် မကောင်းကျိုးကို ပေးတတ်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အာဂမိဿတိ မေ ပါပံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပရန္တပဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားအား သတ်အံ့သောငှာ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအခါ တရားသဘင်၌ ရဟန်းတို့သည် ငါ့ရှင်တို့ ဒေဝဒတ်သည် မြတ်စွာဘုရားအား သတ်အံ့သောငှာသာလျှင် လုံ့လပြု၏။ လေးသမားတို့ကို လွှတ်၍ ကျောက်ကို လှိမ့်၏။ နာဠာဂီရိဆင်ကို လွှတ်စေ၏။ မြတ်စွာဘုရား၏ ပျက်စီးခြင်းငှာသာလျှင် အကြောင်းကိုပြု၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤဒေဝဒတ်သည် ငါ့အား သတ်အံ့သောင်ာ လုံ့လပြုသည် မဟုတ်သေး၊ ရှေး၌လည်း ဤဒေဝဒတ်သည် ငါ့အား သတ်အံ့သောငှာ လုံ့လပြုဖူး၏။ ထိတ်လန့်ခြင်းကိုလည်း ပြုအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ မိမိသည်လျှင် ဆင်းရဲခြင်းကို ခံရ၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝမ်း၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကို သင်၏။ သဗ္ဗရုတဇာနန မန္တရားကိုလည်း သင်၏။

အိမ်ရှေ့မင်းကို သေစေလို

ဘုရားလောင်းသည် ဆရာအား ထိုက်သော အဖိုးကိုပေး၍ ဗာရာဏသီပြည်သို့ ပြန့၍ အဖသည် ထိုဘုရားလောင်းကို အိမ်ရှေ့အရာ၌ထား၏။ အိမ်ရှေ့အရာ၌ အကယ်၍ ထားသော်လည်း ထိုဘုရားလောင်းကို သတ်ခြင်းငှာ အလိုရှိသည်ဖြစ်၍ မြင်ခြင်းငှာလည်း အလိုမရှိ။

မြေခွေးမ၏ ဆိုစကား

ထိုအခါ တစ်ခုသော မြေခွေးမသည် နှစ်ခုကုန်သော သားငယ်တို့ကို ယူ၍ ညဉ့်၌ လူတို့ အိပ်ကုန်စဉ် ပြွန်ပေါက်ဖြင့် မြို့သို့ဝင်၏။ ဘုရားလောင်း၏ ပြာသာဒ် အိပ်ရာတိုက်ခန်း အနီး၌ တစ်ခုသော ဇရပ်သည် ရှိ၏။ ထိုဇရပ်၌

တစ်ယောက်သော ခရီးသွားလူသည် ဖိနပ်ကိုချွတ်၍ ခြေရင်းဝယ် မြေ၌ထား၍ တစ်ခုသောပျဉ်၌ အိပ်၏။ အိပ်၍မပျော်မီ မြေခွေးမ၏ သားငယ်တို့သည် ငတ်မွတ်ကုန်ရကား မြည်ကုန်၏။ ထိုအခါ အမိ မြေခွေးမသည် အမောင်တို... အသံကို မပြုကြကုန်လင့်၊ ထိုဇရပ်၌ တစ်ဦးသောလူသည် ဖိနပ်တို့ကိုချွတ်၍ မြေ၌ထား၍ ပျဉ်၌ အိပ်၏။ မပျော်သေး၊ ထိုသူ၏ ပျော်သောကာလ၌ ထိုဖိနပ်တို့ကို ဆောင်၍ သင်တို့ကို စားစေကုန်အံ့ ဟု မိမိဘာသာဖြင့် ဆို၏။ ဘုရားလောင်းသည် မန္တရား၏ အာနုဘော်အားဖြင့် ထိုမြေခွေးမ၏ ဘာသာကိုသိ၍ အိပ်ရာ တိုက်ခန်းမှထွက်၍ ပြတင်းကို ဖွင့်၍ ဤအရပ်၌ အဘယ် သူနည်း ဟု မေး၏။ ခရီးသွားသွားသည် ရှင်မင်းကြီး အကျွန်ုပ် ခရီးသွားလူတည်း ဟု ဆို၏။ သင်၏ ဖိနပ်တို့သည် အဘယ်မှာနည်းဟု မေး၏။ “အရှင်မင်းကြီး မြေ၌ထား၏ ဟုဆို၏။ မြှောက်၍ ဆွဲထားလော့ဟု ဆို၏။

ထိုစကားကို ကြား၍ မြေခွေးမသည် ဘုရားလောင်းအား အမျက်ထွက်၏။

တစ်ဖန် တစ်နေ့သ၌ ထိုမြေခွေးမသည် ထို့အတူလျှင် မြို့သို့ ဝင်၏။ ထိုအခါ တစ်ယောက်သော ယစ်သောလူသည် ရေသောက်အံ့ဟု ရေကန်သို့ သက်သည်ရှိသော် ရေ၌ နစ်မွန်း၍ ထွက်သက်ဝင်သက်ပြတ်၍ သေ၏။ ထိုယောက်ျားအား ဝတ်ကုန်သော နှစ်ထည်ကုန်သော ပုဆိုးတို့သည်လည်းကောင်း၊ ပုဆိုး၌ အသပြာတစ်ထောင်တို့သည်လည်းကောင်း၊ လက်ချောင်း၌ လက်စွပ်သည်လည်းကောင်း ရှိ၏။ ထိုအခါ၌၎င်းမြေခွေးမသည် ငတ်မွတ်ကုန်၏ဟု မြည်ကုန်သော သားငယ်တို့ကို အမောင်တို့ အသံကို မပြုကြကုန်လင့်၊ ထိုရေကန်၌ လူသည် သေ၏။ ဤမည်သော ဥစ္စာသည်လည်း ရှိ၏။ ထိုလူသည် သေ၍ စောင်း တန်း၌လျှင် အိပ်၏။ သင်တို့အား ထိုလူကို စားစေအံ့ဟု ဆို၏ ဘုရားလောင်းသည် ထိုစကားကို ကြား၍ လေသွန်ပြတင်းကို ဖွင့်၍ ဇရပ်၌ အဘယ်သူရှိသနည်း ဟု ဆို၍ တစ်ယောက်သော ယောက်ျားသည် ထ၍ အရှင်မင်းကြီး အကျွန်ုပ်ရှိ၏ဟု ဆိုလတ်သော် သွားချေ၊ ထိုရေကန်၌ သေသောသူ၏ ပုဆိုးတို့ကိုလည်းကောင်း, အသပြာ တစ်ထောင်တို့ကိုလည်းကောင်း, လက်စွပ်ကိုလည်းကောင်း ယူ၍ ထိုသူ၏အလောင်းကို အကြင်သို့သော အခြင်းအရာအားဖြင့် ပြုသည်ရှိသော် ရေ၌မပေါ်၊ ထိုသို့သော အခြင်းအရာအားဖြင့် ရေ၌နှစ်လော့ ဟု ဆို၏။ ထိုယောက်ျားသည် ဘုရားလောင်း ဆိုတိုင်း ပြု၏။

ထိုမြေခွေးမသည် တစ်ဖန်လည်း အမျက် ထွက်၏။ ရှေ့နေ့၌ သားငယ်တို့အား ဖိနပ်ကို စားစိမ့်သောငှာ မပေး၊ ယနေ့လည်း သူသေကို စားစိမ့်သောငှာ မပေး၊ ထိုသို့ဖြစ်စေ၊ ဤနေ့မှ သုံးရက်မြောက်သောနေ့၌ တစ်ယောက်သော ပြည်နီးချင်းမင်းသည် လာလတ်၍ မြို့ကို ခြံရံလတ္တံ့။ ထိုအခါ သင့်ကို အဖသည် စစ်ထိုးစိမ့်သောငှာ စေလတ္တံ့၊ ထိုစစ်ထိုးရာ၌ သင်၏ဦးခေါင်းကို ဖြတ်ကုန်လတ္တံ့၊ ထိုအခါ သင်၏ လည်ချောင်းသွေးကို သောက်၍ ရန်တုံ့ကို ဖြေအံ့၊ သင်သည် ငါနှင့်တကွ ရန်ကိုဖွဲ့၏။ သိရအံ့ဟု မြည်၍ ဘုရားလောင်းကို ခြိမ်းခြောက်၍ သားငယ်တို့ကိုယူ၍ ထွက်၏။

စစ်တိုက်သွားခိုင်းပုံ

သုံးရက်မြောက်သောနေ့၌ တစ်ယောက်သော ပြည်နီးချင်းမင်းသည် လာလတ်၍ မြို့ကိုရံ၏။ မင်းသည် ဘုရားလောင်းကို အမောင် သွားချေ။ ထိုမင်းနှင့်တကွ စစ်ထိုးချေလော့ဟု ဆို၏။ အရှင်မင်းကြီး... အကျွန်ုပ်သည် မြင်အပ်သော နိမိတ်ရှိ၏။ သွားအံ့သောငှာမဝံ့၊ အသက်၏ အန္တရာယ်ကို ကြောက်၏ ဟု ဆို၏။ သင် သေသော်လည်းကောင်း၊ မသေသော်လည်းကောင်း ငါ့အား အဘယ်ပြုအံ့နည်း၊ သင်သည် သွားလေလော့ဟု ဆို၏။ ရှင်မင်းကြီး ကောင်းပြီဟု ထိုဘုရားလောင်းသည် ပရိသတ်ကိုယူ၍ ပြည်နီးချင်းမင်း၏ တည်ရာတံခါးဖြင့် မထွက်မူ၍ တစ်ပါးသော တံခါးကိုဖွင့်၍ ထွက်၏။

ထိုဘုရားလောင်းသည် ထွက်သည်ရှိသော် မြို့အလုံးသည် အချည်းနှီးကဲ့သို့ ဖြစ်၏။ ခပ်သိမ်းကုန်သော လူတို့သည် ဘုရားလောင်းနှင့်တကွ ထွက်ကုန်၏။ ဘုရားလောင်းသည် တစ်ခုသော သင့်တင့်ရာ အရပ်၌ သစ်တပ်တည်၍ နေ၏။

မင်းကြီးထွက်ပြေး

မင်းသည် အိမ်ရှေ့မင်းကား မြို့ကို အချည်း နှီးပြု၍ ဗိုလ်ပါကိုယူ၍ ပြေး၏။ ပြည်နီးချင်း မင်းသည်လည်း မြို့ကိုခြံရံ၍ တည်၏။ ယခု ငါ၏ အသက်ကို စောင့်အံ့ဟု ကြံ၏။ ကြံပြီး၍ မိဖုရားကိုလည်းကောင်း ပုရောဟိတ်ကိုလည်းကောင်း, ပရန္တပမည်သော တစ်ယောက်သော ခြေရင်း၌ မြဲစွဲသော ကျွန်ကိုလည်းကောင်း ယူ၍ ညဉ့်အဖို့၌ မထင်ရှားသော အသွင်ဖြင့် ပြေး၍ တောသို့ ဝင်ဘ၏။

နိုင်ငံသိမ်း

ဘုရားလောင်းသည် မင်းပြေးသော အဖြစ်ကိုသိ၍ မြို့သို့ဝင်၍ ရန်သူကိုပြေးစေ၍ ပြည်ကို ယူ၏။

မိဖုရားကြီး လင်ငယ်နေ

ဘုရားလောင်း၏ အဖသည်လည်း တစ်ခုသော မြစ်နား၌ သစ်ရွက်မိုးသော ဇရပ်ကိုဆောက်၍ သစ်သီးကြီးငယ်ဖြင့် မျှတလျက် နေ၏။ မင်းသည်လည်းကောင်း, ပုရောဟိတ်သည်လည်းကောင်း၊ သစ်သီကြီးငယ် အကျိုးငှာ သွားသည်ရှိသော် ပရန္တပကျွန်သည် မိဖုရားနှင့်တကွ သစ်ရွက်မိုးဇရပ်၌လျှင် နေ၏။ ထိုတော၌လည်း မင်းကိုစွဲ၍ မိဖုရား၏ဝမ်း၌ ကိုယ်ဝန်သည် တည်၏။ ထိုမိဖုရားသည် မပြတ် ပေါင်းဖော် သည်၏ အစွမ်းအားဖြင့် ပရန္တပကျွန်နှင့်တကွ အလွန် အကျွမ်းဝင်၏။ မိဖုရားသည် တစ်နေ့သ၌

မင်းသည် သိသည်ရှိသော သင်၏အသက်သည် မရှိရာသလျှင်ကတည်း၊ ငါ၏အသက်လည်း မရှိရာသလျှင်ကတည်း၊ ထို့ကြောင့် ထိုမင်းကို သတ်လော့ဟု ဆို၏။ အသို့ သတ်ရအံ့နည်းဟု ဆိုသည်ရှိသော် ဤမင်းသည် သင့်အား သန်လျက်ကိုလည်း ပေး၍ ရေသနုပ်ကိုလည်း ယူစေ၍ ရေချိုးအံ့သောငှာ သွား၏။ ထိုရေချိုးအိမ်၌ ထိုမင်း၏ မေ့လျော့ခြင်းကို သိ၍ သန် လျက်ဖြင့် ဦးခေါင်းကိုဖြတ်၍ ကိုယ်ကို အပိုင်း ပိုင်းပြု၍ မြေ၌မြုပ်လော့ဟု ဆို၏။ ပရန္တပသည် ကောင်းပြီဟု ဝန်ခံ၏။

ထိုအခါ တစ်နေ့သ၌ ပုရောဟိတ်သည်သာလျှင် သစ်သီးကြီးငယ် အကျိုးငှာ သွား၍ မင်း၏ ရေချိုးဆိပ်၏ အနီးဖြစ်သော အရပ်၌ တစ်ခုသော သစ်ပင်သို့တက်၍ သစ်သီးကြီးငယ်ကို ယူ၏။ မင်းသည် ရေချိုအံ့ဟု ပရန္တပကို သန်လျက်ကိုလည်းကောင်း, ရေသနုပ်ကိုလည်းကောင်း ယူစေ၍ မြစ်နားသို့ သွား၏။ ထိုမြစ်နား၌ ရေချိုးသော ကာလ၌ မေ့လျော့ခြင်းသို့ ရောက်လတ်သော် မင်းကိုသတ်အံ့ဟု ပရန္တပသည် လည်ကိုကိုင်၍ သန်လျက်ကို ချီ၏။

မင်းအား သတ်ဖြတ်

ထိုမင်းသည် သေခြင်းမှ ကြောက်သောကြောင့် ဟစ်ကြွေး၏။ ပုရောဟိတ်သည် ထိုအသံကိုကြား၍ ကြည့်လတ်သော် မင်းကိုသတ်သော ပရန္တပကို မြင်၍ ထိတ်လန့်သည် ဖြစ်၍ သစ်ခက်ကိုလွှတ်၍ ဆင်းသက်၍ တစ်ခုသော ချုံသို့ဝင်၍ ပုန်း၏။ ပရန္တပသည် ပုရောဟိတ်လွှတ်သော သစ်ခက်သံကို ကြား၍ မင်းကိုသတ်၍ မြေ၌မြှုပ်၍ ဤအရပ်၌ သစ်ခက်ကိုလွှတ်သော အသံသည် ဖြစ်၏။ ဤအရပ်၌ အဘယ်နည်းဟု စုံစမ်းသည်ရှိသော် တစ်စုံတစ်ခုကို မမြင်၍ ရေချိုး၍ သွား၏။ ထိုပရန္တပ၏ လာသော ကာလ၌ ပုရောဟိတ်သည် ပုန်းရာအရပ်မှထွက်၍ မင်းအား အပိုင်းပိုင်းဖြတ်၍ တွင်း၌မြှုပ်သော အဖြစ်ကိုသိ၍ ရေချိုး၍ မိမိအား သတ်ခြင်းမှ ကြောက်သောကြောင့် သူကန်း၏ အသွင်ကိုယူ၍ သစ်ရွက်မိုးသော ဇရပ်သို့သွား၏။ ထိုပုဏ္ဏားကိုမြင်၍ ပရန္တပသည် ပုဏ္ဏား သင့်အား အဘယ်အန္တရာယ် ဖြစ်သနည်းဟု ဆို၏။ ပုဏ္ဏားသည် မသိသကဲ့သို့ “အရှင်မင်းကြီး အကျွန်ုပ်၏ မျက်စိတို့သည် ပျက်စီး၍ လာ၏။ အဆိပ်ပြန့်ပြောသော မြွေရှိသောတော၌ တစ်ခုသော တောင်ပို့နား၌ နေ၏။ ထိုတောင်ပို့၌ တစ်ခုသော မြွေဟောက်သည် နှာခေါင်းလေကို လွှတ်သည် ဖြစ်လတ္တံ့ဟု ဆို၏။ ပရန္တပသည်ပုဏ္ဏားသည် ငါ့ကို မသိသည်ဖြစ်၍ မင်းကြီးဟု ဆို၏။ ပုဏ္ဏားကို နှစ်သိမ့်စေအံ့ဟု ကြံ၍ ပုဏ္ဏား... မစိုးရိမ်လင့်၊ ငါသည် သင့်ကို လုပ်ကျွေးအံ့ဟု နှစ်သိမ့်စေ၍ သစ်သီးကြီးငယ်တို့ကိုပေး၍ ရောင့်ရဲစေ၏။

ထိုအခါမှစ၍ ပရန္တပကျွန်သည် သစ်သီးကြီးငယ်ကို ဆောင်၏။ မိဖုရားသည်လည်း သား ဖွား၏။ မိဖုရားအား သားသည် ကြီးလတ်သော် တစ်နေ့သ၌ မိုးသောက်ထသောအခါ ချမ်းသာစွာနေလျက် ဖြည်းညင်းစွာ ပရန္တပကျွန်ကို မင်းကိုသတ်သော သင့်ကို တစ်စုံတစ်ယောက်သောသူသည် မြင်သလောဟု မေး၏။ ငါ့ကို တစ်စုံ တစ်ယောက်သော သူသည် မမြင်၊ စင်စစ်သော်ကား သစ်ခက်ကိုလွှတ်သော အသံကို ကြား၏။ ထိုသစ်ခက်ကို လူသည်လည်းကောင်း တိရစ္ဆာန်သည်လည်းကောင်း လွှတ်သည်၏ အဖြစ်ကို မသိ၊ တစ်ရံတစ်ဆစ် ငါအား ဘေးရောက်လတ္တံ့၊ အကြင်သူ သစ်ခက်ကို လွှတ်၍ သွား၏။ ထိုသူမှ ရောက်လတ္တံ့ဟု ထိုမိဖုရားနှင့် ပြောလိုရကား-

မိဖုရားနှင့် စကားပြောဆို

၁၅၄။ အာဂမိဿတိ မေ ပါပံ၊ အာဂမိဿတိ မေ ဘယံ။
တဒါဟိ စလိတာ သာခါ၊ မနုဿေန မိဂေနဝါ။

ဟူသော ရှေးဦးစွာသော ဂါထာကို ဆို၏။

၁၅၄။ ဘဒ္ဒေ၊ ရှင်မ။ ယဒါ၊ အကြင်အခါ၌။ သာခါ၊ သစ်ခက်သည်။ စလိတာ၊ လှုပ်၏။ တဒါ၊ ထိုအခါ ၌။ မနုဿေန ဝါ၊ လူကြောင့်လည်းကောင်း။ မိဂေန ဝါ၊ သားကြောင့်လည်းကောင်း။ စလိတာ၊ လှုပ်၏ဟူ၍။ န ပညာယတိ၊ မထင်။ တသ္မာ၊ ထို့ကြောင့်။ တတော၊ ထိုသစ်ခက်လှုပ်ရာမှ။ မေ၊ ငါ၏။ ပါပံ၊ မကောင်းကျိုးသည်။ အာဂမိဿတိ၊ ရောက်လတ္တံ့။ မေ၊ ငါ့အား။ ဘယံ၊ ဘေးသည်။ ဘဝိဿတိ၊ ရောက်လတ္တံ့၊

ထိုပရန္တပကျွန်နှင့် မိဖုရားတို့သည် ပုရောဟိတ် အိပ်ပျော်၏ဟူ၍ အောက်မေ့ကုန်၏။ ထိုပုရောဟိတ်သည် မပျော်သည်ဖြစ်၍ ထိုသူတို့၏ စကားကိုကြား၏။ တစ်နေ့ သ၌ ပုရောဟိတ်သည် ပရန္တပကျွန်သည် သစ်သီးကြီးငယ် အကျိုးငှာ သွားသည်ရှိသော် မိမိပုဏ္ဏေးမကို အောက်မေ့၍ မြည်တမ်းသကဲ့သို့-

ပုရောဟိတ် မြည်တမ်း

၁၅၅။ ဘီရုယာ နူန မေ ကာမော၊ အဝိဒူရေ ဝသန္တိယာ။
ကရိဿတိ ကိသံ ပဏ္ဍုံ၊ သာဝ သာခါ ပရန္တပံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၅၅။ သာ သာခါ၊ ထိုသစ်ခက်သည်။ ပရန္တပံ၊ ပရန္တပကျွန်ကို။ ကိသံ၊ ကြုံလှီသည်ကို။ ပဏ္ဍုံ၊ ဖျော့တော့သည်ကို။ ကရောတိ ဣဝ၊ ပြုသကဲ့သို့။ အဝိဒူရေ၊ နှစ်ယူဇနာ သုံးယူဇနာ အထက်ဟူသော မဝေးလွန်းသောအရပ်၌။ ဝသန္တိယာ၊ နေသော။ ဘီရုယာ၊ ပုဏ္ဏေးမ၌။ မေ၊ ငါ၏။ ကာမော၊ တပ် စွန်းခြင်း ကာမသည်။ မံ၊ ငါ့ကို။ ကိသံ၊ ကြုံလှီသည်ကို။ ပဏ္ဍုံ၊ ဖျော့တော့သည်ကို။ ကရိဿတိ နူန၊ ပြုလတ္တံ့ ယောင်တကား။

ပုဏ္ဏားသည် ဂါထာကိုသာလျှင် ဆို၏။ အနက်ကိုကား မဆို။ ထို့ကြောင့် ဤဂါထာ၏ ကိစ္စသည် မိဖုရားအား မထင်။ ထိုအခါ ပုဏ္ဏားကို ပုဏ္ဏား... အသို့ ဆိုသနည်းဟု ဆိုသည်။ ပုဏ္ဏားသည် ထိုအနက်ကို ချွတ်ယွင်းသဖြင့် မှတ်စေ၏။ တစ်ဖန် တစ်နေ့သ၌-

၁၅၆။ သောစယိဿတိ မံ ကန္တာ၊ ဂါမေ ဝသ မနိန္ဒိတာ။
ကရိဿတိ ကိသံ ပဏ္ဍုံ၊ သာဝ သာခါ ပရန္တပံ။

ဟူသော သုံးခုမြောက် ဂါထာကိုဆို၏။

၁၅၆။ သာ သာခါ၊ ထိုသစ်ခက်သည်။ ပရန္တပံ၊ ပရန္တပကို။ ကိသံ၊ ကြုံလှီသည်ကို။ ပဏ္ဍုံ၊ ဖျော့တော့သည်ကို။ ကရောတိဣဝ၊ ပြုသကဲ့သို့။ ဂါမေ၊ ရွာ၌။ ဝသံ၊ နေသော။ အနိန္ဒိတာ၊ မကဲ့ရဲ့အပ်သော မြတ်သောအဆင်းကို ဆောင်သော။ ကန္တာ၊ နှစ်သက်ဖွယ်ရှိသော မယားသည်။ မံ၊ ငါ့ကို။ သောစယိဿတိ၊ စိုးရိမ်ခြင်းကို ဖြစ်စေသဖြင့် ခြောက်ကပ်စေလတ္တံ့။ ကိသံ၊ ကြုံလှီသည်ကို။ ပဏ္ဍုံ၊ ဖျော့တော့သောအဆင်းရှိသည်ကို။ ကရိဿတိ၊ ပြုလတ္တံ့။

တစ်နေ့သ၌-

၁၅၇။ တယာ မံ အသိတာပင်္ဂိ၊ သိတာနိ ဘဏိတာနိစ။
ကိသံ ပဏ္ဍုံ ကရိဿန္တိ၊ သာဝ သာခါ ပရန္တပံ။

ဟူသော လေးခုမြောက်သော ဂါထာကို ဆို၏။

၁၅၇။ သာ သာခါ၊ ထိုသစ်ခက်သည်။ ပရန္တပံ၊ ပရန္တပကို။ ကိသံ၊ ကြုံလှီသည်ကို။ ပဏ္ဍုံ၊ ဖျော့တော့သည်ကို။ ကရိဿတိ ဣဝ၊ ပြုသကဲ့သို့။ အသိတာပင်္ဂိ၊ မျက်စဉ်းတို့ဖြင့် သားအပ်သော မည်းညိုသောမျက်တောင်ရှိသောရှင်မ တယာ၊ သင်ပုဏ္ဏေးမသည်။ ပဝတ္တိတာနိ၊ ဖြစ်စေအပ်ကုန်သော။ သိတာနိ စ၊ ပြုံးခြင်းတို့သည်လည်းကောင်း။ ဘဏိတာနိ စ၊ သာယာသော စကားတို့သည်လည်းကောင်း။ မံ၊ ငါ့ကို။ ကိသံ၊ ကြုံလှီသည်ကို။ ပဏ္ဍုံ၊ ဖျော့တော့သည်ကို။ ကရိဿန္တိ၊ ပြုကုန်လတ္တံ့။

ဖခင်အမှန် သိရဟန်

နောက်အဖို့၌ မင်းသားသည် အရွယ်သို့ ရောက်သည်ဖြစ်၍ တစ်ဆယ့်ခြောက်နှစ် အရွယ် ရှိ၏။ ထိုအခါ မင်းသားကို ပုဏ္ဏားသည် တောင် ဝှေးကို ကိုင်စေ၍ ရေချိုးဆိပ်သို့ သွား၍ မျက်စိတို့ကိုဖွင့်၍ ကြည့်၏။ မင်းသားသည် ပုဏ္ဏား သင်သည် ကန်းသည်မဟုတ်လောဟု ဆို၏။ ပုဏ္ဏားသည် ငါသည် မကန်း၊ ဤအမည်ရှိသော အကြောင်းကြောင့် အသက်ကိုစောင့်၏ဟု ဆို၍ သင့်အဖကို သိ၏လောဟု ဆို၏။ ဤပရန္တပသည် ငါ၏အဖဟု ဆိုသည်ရှိသော် ဤပရန္တပသည် သင့်အဖမဟုတ်၊ သင့်အဖသည်ကား ဗာရာဏသီမင်းတည်း၊ ဤပရန္တပသည် သင်တို့ကျွန်တည်း၊ သင့်အမိသည် ချွတ်ယွင်း၍ ဤ အရပ်၌ သင်၏အဖကို သတ်၍ မြှုပ်စေ၏ဟု အရိုးတို့ကို ထုတ်၍ပြ၏။ မင်းသားအား ကြီးစွာသော စိုးရိမ်ခြင်းသည် ဖြစ်၏။ ထိုအခါ ပုဏ္ဏားကို ယခု အသို့ ပြုအံ့နည်းဟု မေး၏။

သန်လျက်ကိုင်စေ လက်စားချေ

ထိုပရန္တပသည် ဤဆိပ်၌လျှင် သင့်အဖအား အကြင်အမှုကို ပြု၏။ ထိုအမှုကို ပြုလော့ဟု အလုံးစုံသော အကြောင်းကိုကြား၍ မင်းသားကို နှစ်ရက် သုံးရက် သန်လျက်ကိုင်ခြင်းကို သင်စေ၏။ ထိုအခါ တစ်နေ့သ၌ သန်လျက်ကိုလည်းကောင်း ရေသနုပ်ကိုလည်းကောင်း ယူ၍ ရေချိုးအံ့သောငှာ သွားကုန်အံ့ဟု ဆို၏။ ပရန္တပသည် ချစ်သား ကောင်းပြီဟု မင်းသားနှင့်တကွ သွား၏။ ထိုပရန္တပ၏ ရေချိုးအံ့သောငှာ သက်သောကာလ၌ လက်ယာလက်ဖြင့် သန် လျက်ကို လက်ဝဲလက်ဖြင့် ဥသျှောင်ကိုကိုင်၍ သင်သည် ဤဆိပ်၌လျှင် ငါ့အဖကို ဦးသျှောင်ကို ကိုင်၍ ဟစ်ကြွေးစဉ် သတ်သတတ်၊ ငါသည်လည်း သင့်ကို ထို့အတူပြုအံ့ဟု ဆို၏။ ထိုပရန္တပသည် သေဘေးမှ ကြောက်ရကား ငိုကြွေးလျက်-

၁၅၈။ အာဂမာနူန သော သဒ္ဒေါ၊ အသံသိနူန သော တဝ။
အက္ခာတံနူန တံ တေန၊ ယော တံ သာခမကမ္ပယိ။
၁၅၉။ ဣဒံ ခေါ တံ သမာဂမ္မ၊ မမ ဗာလဿ စိန္တိတံ။
တဒါဟိ စလိတာ သာခါ၊ မနုဿေန မိဂေန ဝါ။

ဟူကုန်သော နှစ်ဂါထာတို့ကို ဆို၏။

၁၅၈။ သော သဒ္ဒေါ၊ ထိုသစ်ခက်ကို လှုပ်သော အသံသည်။ အာဂမာ နူန၊ သင်သို့ လာချေပြီတကား။ သော သဒ္ဒေါ၊ ထိုသစ်ခက် လှုပ်သောအသံသည်။ တဝ၊ သင့်အား။ အသံသိ နူန၊ ကြားယောင်တကား။ ယော၊ အကြင်သူသည်။ တံ သာခံ၊ ထိုသစ်ခက်ကို။ အကမ္ပယိ၊ လှုပ်၏။ တေန၊ ထိုလှုပ်သောသူသည်။ တံ၊ ထိုအကြောင်းကို။ အက္ခာတံ နူန၊ ကြားယောင်တကား။

၁၅၉။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ ယဒါ၊ အကြင်အခါ၌။ သာခါ၊ သစ်ခက်သည်။ စလိတာ၊ လှုပ်၏။ တဒါ၊ ထိုအခါ၌။ မနုဿေန ဝါ၊ လူကြောင့်လည်းကောင်း။ မိဂေန ဝါ၊ သားကြောင့်လည်းကောင်း။ စလိတာတိ၊ လှုပ်၏ဟူ၍။ န ပညာယတိ၊ ငါမထင်။ တသ္မာ၊ ထို့ကြောင့်။ ဗာလဿ၊ မိုက်သော။ မမ၊ ငါ့အား။ ဘယံ၊ ဘေးသည်။ ဥပ္ပဇ္ဇိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့။ စိန္တိတံ၊ အကြံသည်။ ဟောတိ၊ ဖြစ်၏။ ဣဒံ ခေါ၊ ဤဘေးသည်လျှင်။ တံသမာဂမ္မ-တယာသမာဂတံ၊ သင်နှင့်တကွ လာ၏။

ထို့နောင်မှ မင်းသားသည်-

၁၆၀။ တထေဝ တွံ အဝေဒေသိ၊ အဝဇ္ဈိ ပိတရံ မမ။
ဟန္တွာ သာခါဟိ ဆာဒေန္တော၊ အာဂမိဿတိ တေ ဘယံ။

ဟူသော အဆုံးဖြစ်သော ဂါထာကို ဆို၏။

၁၆၀။ ပရန္တပ၊ ပရန္တပ။ တထေဝ၊ ထို့အတူလျှင်။ တွံ၊ သင်သည်။ အဝေဒေသိ၊ သိ၏။ မမ၊ ငါ၏။ ပိတရံ၊ အဖကို။ အ ဝဇ္ဈိ၊ သတ်ပြီ။ ဟန္တွာ၊ သတ်ပြီး၍။ သာခါဟိ၊ သစ်ခက်တို့ဖြင့်။ ဆာဒေန္တော၊ ဖုံးလွှမ်း၏။ တေ၊ သင်အား။ ဘယံ၊ ဘေးသည်။ အာဂမိဿတိ၊ ရောက်လတ္တံ့။

ဤသို့ဆို၍ ထိုအရပ်၌လျှင် အသက်ကုန်ခြင်းသို့ ရောက်စေ၍ မြှုပ်၍ သစ်ခက်တို့ဖြင့် ဖုံးလွှမ်း၍ သန်လျက်ကိုဆေး၍ ရေချိုး၍ သစ်ရွက်မိုးသော ဇရပ်သို့သွား၍ ထိုပရန္တပအား သတ်သောအဖြစ်ကို ပုရောဟိတ်အားကြား၍ အမိကိုဆဲရေး၍ ဤအရပ်၌ အဘယ်ပြုကြကုန်အံ့နည်းဟု သုံးယောက်သော သူတို့သည် ဗာရာဏသီပြည်သို့သာလျှင် ပြန်ကြကုန်၏။ ဘုရားလောင်းသည် ညီအား အိမ်ရှေ့အဖြစ်ကို ပေး၍ အလှူအစရှိသော ကောင်းမှုတို့ကို ပြု၍ နတ်ပြည်ကို ပြည့်စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ အဖမင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မင်း ဖြစ်ပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

တစ်ဆယ့်တစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ပရန္တပဇာတ်သည် ပြီး၏။

*****

အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၁။ ကစ္စာနီဇာတ်

မိဘတို့အား လုပ်ကျွေးသင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသခင်သည် ဩဒါတဝတ္ထာ သုစိ အလ္လကေသာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကစ္စာနီဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသော အမိကိုလုပ်ကျွေးသော သီတင်းသည်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုသီတင်းသည်သည် သာဝတ္ထိပြည် ၌နေသော အကျင့်နှင့်ပြည့်စုံသော အမျိုးသားငယ် ဖြစ်သတတ်။ ထိုအမျိုးသားငယ်သည် အဖသေလွန်သော် အမိအား နတ်ကဲ့သို့ လုပ်ကျွေးသောသူ ဖြစ်ရကား မျက်နှာသစ်ရေပေးခြင်း တံပူပေးခြင်း ချိုးရေတည်ခြင်း ခြေဆေးရေပေးခြင်း အစရှိသော ဝေယျာဝစ္စအမှုဖြင့်လည်းကောင်း၊ ယာဂု ထမင်း အစရှိသည်တို့ဖြင့်လည်းကောင်း အမိကိုလုပ်ကျွေး၏။ ထိုအခါ ထိုအမျိုးသားငယ်ကို အမိသည် အမောင် သင့်အား တစ်ပါးကုန်သော ဃရာဝါသ ကိစ္စတို့သည်လည်း ရှိကုန်၏။ သင်သည် တစ်ယောက်သော အမျိုးသမီးကိုယူလော့။ ထိုသတို့သမီးသည် ငါ့ကို လုပ်ကျွေးလတ္တံ့။ သင်သည်လည်း မိမိအမှုကို ပြုရလတ္တံ့ဟုဆို၏။ မိခင် အကျွန်ုပ်သည် မိမိကိုယ်၏ စီးပွားချမ်းသာကို မတောင့်တ၊ မိခင်တို့ကိုသာ လုပ်ကျွေးလို၏။ ငါမှတစ်ပါးသော အဘယ် သူသည် ဤသို့ လုပ်ကျွေးလတ္တံ့နည်းဟုဆို၏။ အမောင် အမျိုးကိုပွားစေသော အမှုမည်သည်ကို ပြုခြင်းငှာ သင့်၏ဟု အမိသည်ဆို၏။ မိခင် အကျွန်ုပ်အား ဃရာဝါသဖြင့် အလိုမရှိ၊ အကျွန်ုပ်သည် သင်တို့ကိုလုပ်ကျွေး၍ သင်တို့သည် သေလွန်သောကာလ၌ ရဟန်းပြုအံ့ ဟု သားသည် ဆို၏။ ထိုအခါ အမိသည် သားအား အဖန်တလဲလဲ တောင်းပန်သော်လည်း သား၏စိတ်ကို မရလတ်သော် သား၏စကားကို မယူမူ၍ အမျိုးတူဖြစ်သော သတို့သမီးကို ဆောင်၏။ ထိုသတို့သားသည် အမိကိုလုပ်ကျွေး၍ ထိုအမျိုးသမီးနှင့်တကွ နေ၏။ ထိုအမျိုးသူမီးသည်လည်း ငါ၏လင်သည် ကြီးစွာသော အားထုတ်ခြင်းဖြင့် အမိကိုလုပ်ကျွေး၏။ ငါသည်လည်း လင်၏အမိကို လုပ်ကျေးအံ့။ ဤသို့ လုပ် ကျွေးသော် ငါ့ကို လင်သည် ချစ်လတ္တံ့ ဟုကြံ၍ လင်၏အမိကို ရိုသေစွာ လုပ်ကျွေး၏။

အထင်လွဲမြင်

ထိုသီတင်းသည်သည် ဤမိန်းမကား ငါ၏ အမိကို ရိုသေစွာ လုပ်ကျွေး၏ဟု ထိုကာလမှစ၍ ရတိုင်း ရတိုင်းကုန်သော ကောင်းသော ခဲဖွယ် အစရှိသည်တို့ကို မယားအားသာလျှင် ပေး၏။ ထိုမယားသည် နောက်အဖို့၌ ဤယောက်ျားကား ရတိုင်း ရတိုင်းကုန်သော ခဲဖွယ် အစရှိသည်တို့ကို ငါအားသာလျှင် ပေး၏။ မချွတ် အမိကို နှင်ထုတ်လိုသည် ဖြစ်လတ္တံ့။ ငါသည် လင်အား အမိကိုနှင်ထုတ်ခြင်းအကြောင်းကို ပြုအံ့ဟု မသင့်သောအားဖြင့် နှလုံးသွင်း၍ တစ်နေ့သ၌ လင်ကို အရှင်သင်သည် အပသို့ထွက်သည်ရှိ သင်၏အမိသည် ငါ့ကို ဆဲရေး၏ဟုဆို၏။ ထိုသီတင်းသည်သည် ဆိတ်ဆိတ် နေ၏။ ထိုမိန်းမသည် ဤသက်ကြီးအိုမကို သားကို အယုတ်အားဖြင့် အောက်မေ့စေ၍ သား၏ဆန့်ကျင်ဘက်ဖြစ်အောင် ပြုအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုအခါမှစ၍ ယာဂုကို ပေးသည်ရှိသော် အလွန်ပူသည်ကိုလည်းကောင်း အလွန်အေးသည်ကိုလည်းကောင်း အလွန်ဆားငန်သည်ကိုလည်းကောင်း မခတ်သည်ကို လည်းကောင်း ပြု၍ ပေး၏။ ချစ်သမီး အလွန်ပူ၏ဟူ၍ လည်းကောင်း၊ အလွန်ဆားငန်၏ဟူ၍ လည်းကောင်း ဆိုသည်ရှိသော် ခွက်ကိုပြည့်စေ၍ ရေချမ်းကိုခပ်၍ လောင်း၏။ တစ်ဖန် ချစ်သမီး အလွန်အေး၏ မခတ်ဟု ဆို သည်ရှိသော် ယခုပင်လျှင် အလွန်ပူ၏။ အလွန် ဆားငန်၏ဟု ဆို၍ တစ်ဖန် အလွန်အေး၏ ဆားမခတ်ဟု ဆိုပြန်၏။ အဘယ်သူသည် သင့်ကို နှစ်သိမ့်စေအံ့သောငှာ တတ်နိုင်အံ့နည်းဟု ကျယ်စွာသောအသံကို ပြု၏။ ချိုးရေကိုလည်း ပူသည်ကိုပြု၍ ကျောက်ကုန်း၌ လောင်း၏။ ချစ်သမီး ငါ၏ ကျောက်ကုန်းသည် ပူလောင်၏ဟူ၍ ဆိုသည်ရှိသော် တစ်ဖန် ပြည့်စေ၍ အလွန်အေးသော ရေကိုထည့်၏။ ချစ်သမီး အလွန်အေးဟု ဆိုသည်ရှိသော် ယခုပင်လျှင် အလွန်ပူ၏ဟု ဆို၍ ယခုပင်လျှင် အလွန်အေး၏ဟု ဆိုပြန်၏။

အဘယ်သူသည် ဤသက်ကြီးအိုမ၏ မထီ မဲ့မြင် ပြုခြင်းကို သည်းခံအံ့သောငှာ တတ်နိုင်အံ့နည်း ဟု အိမ်နီးချင်းတို့အား ပြောဆို၏။ ချစ်သမီး ညောင်စောင်း၌ ကြမ်းပိုးတို့သည် များကုန်၏ ဟု ဆိုသည်ရှိသော် ညောင်စောင်းကိုထုတ်၍ ထိုညောင်စောင်းအထက်၌ မိမိ ညောင် စောင်းကို ခါ၍ ငါသည် ညောင်စောင်းကို ခါအပ်ပြီဟု သွင်း၍ ခင်း၏။ ထိုသီတင်းသည်၏ အမိသည် ကြမ်းပိုးတို့သည် ကိုက်ခဲအပ်သည်ဖြစ်၍ ခပ်သိမ်းသော ညဉ့်ကို ထိုင်လျက်သာလျှင် လွန်စေ၍ ချစ်သမီး တစ်ညဉ့်ပတ်လုံး ငါ့ကို ကြမ်းပိုးတို့သည် ကိုက်ခဲကုန်၏ဟု ဆို၏။ ချွေးမသည် ယမန်နေ့ကပင် သင်တို့၏ ညောင်စောင်းကို ခါအပ်ပြီ၊ အဘယ်သူသည် သက်ကြီးအိုမ၏ကိစ္စကို ဆောင်ရွက်အံ့သောငှာ တတ်နိုင်အံ့နည်း ဟုဆို၍ ယခု သက်ကြီးအိုမအား သားကို ကဲ့ရဲစေအံ့ဟု ထိုထိုသောအရပ်၌ တံတွေး နှပ် အစရှိသည်တို့ကို ကြဲ၍ အလုံးစုံသော ဤအိမ်ကို မသန့်ရှင်းအောင်ပြု၏ဟု သီတင်းသည် ဆိုသည်ရှိသော် သင့်အမိသည် ဤသို့ပြု၏။ မပြုလင့်ဟု ဆို သည်ရှိသော် ခိုက်ရန်ပြု၏။

အမေကိုချစ်၍ မယားကိုနှင်

အကျွန်ုပ်သည် ဤသို့သဘောရှိသော သူယုတ်မာနှင့် အတူတကူ တစ်အိမ်တည်း၌ နေအံ့သောငှာ မတတ်နိုင်၊ ဤသက်ကြီးအိုမကိုမူလည်း အိမ်၌မနေစေလင့်၊ ငါ့ကိုမူလည်း အိမ်၌ မနေစေလင့်ဟု ဆို၏။ ထိုသီတင်းသည်သည် မယား၏ စကားကိုကြား၍ ရှင်မ... သင်သည် ငယ်သေး၏။ အမှတ်မရှိသော အရပ်သို့သွား၍ အသက်မွေးခြင်းငှာ တတ်နိုင်၏။ ငါ၏ အမိသည်ကား အားနည်း၏။ ငါသည်သာလျှင် အမိ၏ ကိုးကွယ်ရာဖြစ်၏။ သင်သည် ထွက်၍ မိမိ၏ မိဘအိမ်သို့ သွားလော့ဟု ဆို၏။ ထိုမိန်းမသည် လင်၏စကားကို ကြား၍ ငါသည် ဤယောက်ျားကို အမိ၏အတွင်း၌ ဖျက်ဆီးခြင်းငှာ မတတ်နိုင်ကောင်း၊ စင်စစ်သဖြင့် ဤယောက်ျားသည် အမိကို ချစ်၏။ ငါသည် မိဘအိမ်သို့ အကယ်၍ သွားအံ့၊ မုဆိုးမ၏ နေခြင်းကို နေရ၍ ဆင်းရဲသည်ဖြစ်အံ့၊ ရှေးနည်းဖြင့်သာလျှင် ယောက္ခမအား နှစ်သက်စေ၍ လုပ်ကျွေးအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုမိန်းမသည် ထိုအခါမှစ၍ ရှေးနည်းအတူသာလျှင် ထိုယောက္ခမကို လုပ် ကျွေး၏။

ထိုအခါ တစ်နေ့သ၌ ထိုသီတင်းသည်သည် တရားနာအံ့သောငှာ ဇေတဝန် ကျောင်းတော်သို့သွား၍ ဘုရားကိုရှိခိုး၍ လျောက်ပတ်စွာ နေ၏။ သီတင်းသည် ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ ဖြစ်၏လော၊ အမိကို လုပ်ကျွေးသော အမှုကို ဖြည့်၏လော ဟု မိန့်တော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား အမိန့်အတိုင်း ဖြည့်ပါ၏။ အမိသည်ကား အကျွန်ုပ်ကို အလိုမရှိဘဲလျှင် တစ်ယောက်သော အမျိုးသမီးကို ဆောင်၏။ ထိုမိန်းမသည်ကား ဤသို့ ဤသို့ မကျင့်အပ်သော အမှုကိုပြု၏ ဟု အလုံးစုံသော အကြောင်းကို ဘုရားသခင်အား ကြားလျှောက်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... ထိုမိန်းမသည် အကျွန်ုပ်ကို အမိ၏အတွင်း၌ ဖျက်ဆီးအံ့သောငှာ မတတ်နိုင်၍ ယခု အကျွန်ုပ်၏အမိကို ရိုသေစွာ လုပ်ကျွေးပြန်၏ဟု လျှောက်၏။ သဗ္ဗညူ မြတ်ဘုရားသည် ထိုသီတင်းသည်၏ စကားကို ကြား၍ သီတင်းသည် ယခု သင်သည် ထိုမိန်းမ၏စကားကို မလိုက်နာ၊ ရှေး၌ကား ထိုမိန်းမ၏စကားဖြင့် သင်၏အမိကို နှင်ထုတ်၍ ငါ့ကိုမှီ၍ တစ်ဖန် အိမ်သို့ဆောင်၍ လုပ်ကျွေးဖူး၏ ဟု မိန့်တော်မူ၍ ထို သီတင်းသည်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် မထင်ရှားသော အမျိုး၏သားသည် အဖလွန်သည်ရှိသော် အမိအား နတ်ကဲ့သို့ လုပ်ကျွေးသောသူဖြစ်၍ ဆိုအပ်ပြီးသော နည်းဖြင့်လျှင် အမိကို လုပ်ကျွေး၏။ (အလုံးစုံသောစကားကို ဆိုအပ်ပြီးသော နည်းဖြင့်လျှင် ချဲ့အပ်၏။ )

မိန်းမစကားအရ အမေကိုနှင်ချ

အရှင်... အကျွန်ုပ်သည် ဤသို့သဘောရှိသော သူယုတ်မနှင့် အတူတကွ နေခြင်းငှာ မတတ်နိုင်၊ ဤသက်ကြီးအိုကိုမူလည်း အိမ်၌ မနေစေလင့်၊ အကျွန့်ကိုမူလည်း အိမ်၌ မနေစေလင့် ဟု ဆိုသည်ရှိသော် ထိုမိန်းမ၏ စကားကို ယူ၍ အမိအားသာလျှင် အပြစ်ရှိ၏ဟူ၍ အမိကို မိခင်... သင်သည် ဤအိမ်၌ အမြဲလျှင် ခိုက်ရန်ကိုပြု၏။ အိမ်မှထွက်၍ အလိုရှိရာအရပ်၌ နေလော့ ဟု ဆို၏။

အမေ သုသာန်သွား

ထိုအမိသည် ကောင်းပြီဟု ငိုကြွေးလျက် ထွက်သွား၍ တစ်ဦးသော ကြွယ်ဝသောအမျိုးတို့၏ အခစားအမှုကိုပြု၍ ဆင်းရဲသဖြင့် အသက် မွေး၏။ ယောက္ခမသည် အိမ်မှထွက်သော ကာလ၌ ချွေးမအား ကိုယ်ဝန်သည် တည်၏။ ထိုချွေးမသည် သူယုတ်ဖြစ်သော သက်ကြီးအိုမသည် အိမ်၌နေသည်ရှိသော် ငါ၌ ကိုယ်ဝန်ကိုလည်း မရ၊ ယခု ငါသည် ကိုယ်ဝန်ကို ရပြီဟု လင်အားလည်းကောင်း၊ အိမ်နီးချင်းအားလည်းကောင်း ပြောဆိုလျက် သွား၏။ နောက်အဖို့၌ သားကိုဖွား၍ လင်ကို အရှင်သင့်အမိသည် အိမ်၌နေသည်ရှိသော် သားကိုမရ၊ ယခု ငါသည် သားကို ရအပ်ပြီ၊ ဤအကြောင်းကြောင့် ထိုသက်ကြီးအိုမ၏ သူယုတ်မာ၏ အဖြစ်ကို သိလော့ဟု ဆို၏။

ယောက္ခမသည် ငါ့ကို အိမ်မှ နှင်ထုတ်သော ကာလ၌ သားကို ရ၏ဟု ကြား၍ မချွတ်လျှင် ဤလောက၌ တရားသေသည် ဖြစ်လတ္တံ့။ တရားသည် အကယ်၍ မသေအံ့၊ အမိကို သတ်ပုတ် ငင်ထုတ်၍ သားကို မရရာ၊ ချမ်းသာသည်ဖြစ်၍ အသက်မရှည်ရာ၊ ငါသည် တရားသေဆွမ်းကို လှူအံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုယောက္ခမသည် တစ်နေ့သ၌ နှမ်းမှုန့်ကိုလည်းကောင်း၊ ဆန်ကို လည်းကောင်း၊ ချက်ရန် အိုးကို လည်းကောင်း၊ ထင်းကို လည်းကောင်း၊ ယောက်မကိုလည်းကောင်း ယူ၍ သုသာန်သို့သွား၍ သုံးခုကုန်သော လူဦးခေါင်းခွံတို့ကို ခုံလောက် ပြု၍ မီးညှိ၍ မြေသို့ ဆင်းသက်၍ ဦးခေါင်းလျှော်၍ အဝတ်ကိုဝတ်၍ ခုံလောက်တည်ရာ အရပ်သို့လာ၍ ဆံထုံးကို ဖြေ၍ ဆန်ကို ဆေးအံ့သောငှာ အားထုတ်၏။

သိကြားမင်း ပုဏ္ဏားမေး

ထိုအခါ ဘုရားလောင်းသည် သိကြားမင်း ဖြစ်၏။ ဘုရားလောင်းတို့မည်သည် မမေ့မလျော့ ဖြစ်ကုန်၏။ ထိုသိကြားမင်းသည် ထိုခဏ၌ လောကကို ကြည့်လတ်သော် တရားသေပြီ ဟူသော အမှတ်ဖြင့် တရားသေဆွမ်းကို လှူလိုသော ဆင်းရဲခြင်းသို့ရောက်သော ထိုမိန်းမကို မြင်၍ ယနေ့ ငါသည် ငါ၏ အစွမ်းကို ပြအံ့ဟု ပုဏ္ဏားအသွင်ဖြင့် ခရီးမကို သွားသောသူကဲ့သို့ ဖြစ်၍ ထိုမိန်းမကိုမြင်၍ ခရီးမှဖဲ၍ ထိုမိန်းမ၏ အထံ၌ ရပ်၍ မိခင် သုသာန်၌ အာဟာရကို ချက်သောသူသည် မရှိ၊ သင်သည် ဤသုသာန်၌ ချက်အပ်သော နှမ်းထမင်းဖြင့် အဘယ်ပြုအံ့နည်း ဟု စကားကို ဖြစ်စေလိုရကား-

။ ဩဒါတဝတ္ထာ သုစိ အလ္လကေသာ၊
ကစ္စာနိ ကိံ ကုမ္ဘိမဓိဿယိတွာ။
ပိဋ္ဌာ တိလာ ဓောဝသိ တဏ္ဍုလာနိ၊
တိလောဒနော ဟေဟိတိ ကိဿဟေတု။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁။ ကစ္စာနီ၊ ကစ္စည်း အနွယ်ယ်ဖြစ်သော ရှင်မ။ တွံ၊ သင်သည်။ ဩဒါတဝတ္ထာ၊ ဖြူသောအဝတ်ကို ဝတ်လျက်။ သုစိ၊ စင်ကြယ်သည်ဖြစ်၍။ အလ္လကေသာ၊ စွတ်စိုသော ဆံရှိလျက်။ ကုမ္ဘိံ၊ ထမင်း အိုးကို။ အဓိဿယိတွာ၊ လူတို့၏ ဦးခေါင်းခွံ ဖြစ်သော ခုံလောက်သို့တင်၍။ တိလာ ပိဋ္ဌာ၊ နှမ်းမှုန့်တို့ကိုယူလျက်။ တဏ္ဍုလာနိ၊ ဆန်တို့ကို။ ကိံ ဓောဝသိ၊ အဘယ့်ကြောင့် ဆေးသနည်း။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်။ တိလောဒနော၊ နှမ်းထမင်းသည်။ ဟောဟိတိ၊ ဖြစ်လတ္တံ့နည်း။

တရားသေလို့ သပိတ်သွတ်မယ်

ထိုအခါ သိကြားမင်းအား ထိုမိန်းမသည် ကြားလို၍-

။ န ခေါ အယံ ဗြာဟ္မဏ ဘောဇနတ္ထာ၊
တိလောဒနော၊ ဟေဟိတိ သာဓုပက္ကော။
ဓမ္မော မတော တဿ ပဟုတ္တမဇ္ဇ၊
အဟံ ကရိဿာမိ သုသာနမဇ္ဈေ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၂။ ဗြာဟ္မဏ၊ ပုဏ္ဏား။ သာဓုပက္ကော၊ ကောင်းစွာ ချက်အပ်သော။ အယံ ခေါ တိလောဒနော၊ ဤနှမ်းထမင်းသည်။ ဘောဇနတ္ထာယ၊ စားအံ့သောငှာ။ န ဟေဟိတိ၊ မဖြစ်လတ္တံ့။ ဓမ္မော၊ တရားသည်။ မတော၊ သေ၏။ အဇ္ဇ၊ ယနေ့။ အဟံ၊ ငါသည်။ သုသာနမဇ္ဈေ၊ သုသာန်အလယ်၌။ တဿ၊ ထိုတရား၏။ ပဟုတ္တံ၊ သေဆွမ်းကို။ ကရိဿာမိ၊ ပြုအံ့။

ငါ မသေပါလား

ထို့နောင်မှ သိကြားမင်းသည်-

။ အနုဝိစ္စ ကစ္စာနိ ကရောဟိ ကိစ္စံ၊
ဓမ္မော မတော ကော နု တဝေဝ သံသိ။
သဟဿေနေတ္တော အတုလာနုဘာဝေါ၊
န မီယတိ ဓမ္မဝရော ကဒါစိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၃။ ကစ္စာနိ၊ ကစ္စည်း အနွယ်ဖြစ်သော ရှင်မ။ တွံ၊ သင်သည်။ အနုဝိစ္စ၊ စိစစ်၍။ ကိစ္စံ၊ ကိစ္စကို။ ကရောဟိ၊ ပြုလော့။ ဓမ္မော၊ ဇေဋ္ဌပစာယနတရား သုစရိတတရားသည်။ မတော၊ သေ၏။ ဧဝံ၊ ဤသို့။ တဝ၊ သင်အား။ ကော နု၊ အဘယ်သူသည်လျှင် သံသိ၊ ပြောကြားသနည်း။ အတုလာနုဘာဝေါ၊ အတုမရှိသော အာနုဘော်ရှိသော။ ဓမ္မဝရော၊ တရားမင်းမြတ် ဖြစ်သော။ သဟဿေနေတ္တော၊ မျက်စိတစ်ထောင် အမြင်ဆောင်သော သိကြားသည်။ ကဒါစိ၊ တစ်ရံ တစ်ဆစ်၌။ န မီယတိ၊ မသေ။

တရားသူ ဒုက္ခရောက်

ထိုစကားကို ကြား၍ ထိုမိန်းမသည်-

။ ဒဠှပ္ပမာနံ မမ ဧတ္ထ ဗြဟ္မေ၊
ဓမ္မော မတော နတ္ထိ မမေတ္ထ ကင်္ခါ။
ယေ ယေဝ ဒါနိ ပါပါ ဘဝန္တိ၊
တေ တေဝ ဒါနိ သုခိတာ ဘဝန္တိ။
။ သုဏိဿာ ဟိ မယှံ ဝဉ္ဈာ အဟောသိ။
သာ မံ ဝဓိတွာန ဝိဇာယိ ပုတ္တံ။
သာ ဒါနိ သဗ္ဗဿ ကုလဿ ဣဿရာ။
အဟံ ပနမှိ အပဝိဒ္ဓါ ဧကိကာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၄။ ဗြဟ္မေ၊ ပုဏ္ဏားကြီး။ ဧတ္ထ၊ ဤတရားသေရာ၌။ မမ၊ ငါ၏။ ပမာဏံ၊ ယုံမှာကင်းခြင်းသည်။ ဒဠှံ၊ မြဲ၏။ ဓမ္မော၊ တရားသည်။ မတော၊ သေပြီ။ ဧတ္ထ၊ ဤတရားသေရာ၌။ မမ၊ ငါ့အား။ ကင်္ခါ၊ ယုံမှားခြင်းသည်။ နတ္ထိ၊ မရှိ။ ဣဒါနိ၊ ယခုအခါ၌။ ယေ ယေဝ၊ အကြင်အကြင်သူတို့သည်သာလျှင်။ ပါပါ၊ ယုတ်မာသော အကျင့်ရှိကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဣဒါနိ၊ ယခုအခါ၌။ တေ တေဝ၊ ထိုထိုသူတို့သည်သာလျှင်။ သုခိတာ၊ ချမ်းသာကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

၅။ ဟိ သစ္စံ၊ ထိုစကားသည် မှန်၏။ မယံ၊ ငါ၏။ သူဏိသာ၊ ချွေးမသည်။ ဝဉ္ဈာ၊ မြုံသည်။ အဟောသိ၊ ဖြစ်၏။ သာ၊ ထိုချွေးမသည်။ မံ၊ ငါ့ကို။ ဝဓိတွာန၊ ရိုက်ပုတ်ငင်ထုတ်၍။ ပုတ္တံ၊ သားကို။ ဝိဇာယိ၊ ဖွား၏။ ဣဒါနိ၊ ယခုအခါ၌။ သာ၊ ထိုချွေးမသည်။ သဗ္ဗဿ၊ အလုံးစုံသော။ ကုလဿ၊ အမျိုးကို။ ဣသရာ၊ အစိုးရ၏။ အဟံ ပန၊ ငါသည်ကား။ အပဝိဒ္ဓါ၊ စွန့်ပစ်အပ်သည်ဖြစ်၍။ ဧကိကာ၊ တစ်ယောက်ထီးတည်း။ အမှိ၊ ဖြစ်၏။

နင့်ချွေးမနှင့်သားကို သတ်လိုက်မယ်

ထို့နောင်မှ သိကြားမင်းသည်-

။ ဇီဝါမိ ဝေါဟံ န မတောဟမသိ၊
တဝေဝ အတ္ထာယ ဣဓာဂတောသ္မိ။
ယာ တံ ဝဓိတွာန ဝိဇာယိ ပုတ္တံ၊
သဟာဝ ပုတ္တေန ကရောမိ ဘသ္မံ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၆။ ကစ္စာနိ၊ ကစ္စည်း အနွယ်ဖြစ်သော ရှင်မ။ အဟံ၊ သည်။ ဇီဝါမိ၊ ရှင်၏။ အဟံ၊ ငါသည်။ မတော၊ သေသည်။ န အသ္မိ၊ မဖြစ်။ တဝေဝ၊ သင်၏သာလျှင်။ အတ္ထာယ၊ အကျိုးငှာ။ ဣဓ၊ ဤအရပ်သို့။ အာဂတော၊ လာသည်။ အသ္မိ၊ ဖြစ်၏။ ယာ၊ အကြင်ချွေးမသည်။ တံ၊ သင့်ကို။ ဝဓိတွာန၊ ရိုက်ပုတ်ငင်ထုတ်၍။ ပုတ္တံ၊ သားကို။ ဝိဇာယိ၊ ဖွားသည်ဖြစ်အံ့။ သာ၊ ထိုချွေးမကို။ ပုတ္တေန၊ သားနှင့်။ သဟာဝ၊ တကွသာလျှင်။ ဘသ္မံ၊ ပြာကဲ့သို့ လွင့်ပျောက်ပျက်စီးသည်ကို။ ကရောမိ၊ ငါပြုအံ့။

မြေးကို မသေစေချင်

ထိုမိန်းမသည် ထိုစကားကိုကြား၍ မျက်စိတစ်ထောင် အမြင်ဆောင်သော သိကြားမင်း အဘယ်သို့ ဆိုသနည်း။ ငါ့မြေး မသေခြင်းအကြောင်းကို ပြုအံ့ ဟု-

။ ဧဝဉ္စ တေ ရုစ္စတိ ဒေဝရာဇ၊
မမေဝ အတ္ထာယ ဣဓာဂတောသိ။
အဟဉ္စ ပုတ္တော သုဏိသာ စ နတ္တာ၊
သမ္မောဒမာနာ ဃရမာဝသေမ။

ဟူသော ခုနစ်ခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

၇။ ဒေဝရာဇ၊ နတ်မင်း။ တေ၊ သင်နတ်မင်းသည်။ ဧဝဉ္စ၊ ဤသို့လည်း။ ရုစ္စတိ၊ နှစ်သက်သည် ဖြစ်အံ့။ မမေဝ၊ ငါ၏လျှင်။ အတ္ထာယ၊ အကျိုးငှာ။ ဣဓ၊ ဤအရပ်သို့။ အာဂတော၊ လာသည်။ အသိ၊ ဖြစ်ပါအံ့။ အဟဉ္စ၊ ငါလည်းကောင်း။ ပုတ္တော စ၊ သားလည်းကောင်း။ သုဏိသာ စ၊ ချွေးမလည်းကောင်း။ နတ္တာ စ၊ မြေးလည်းကောင်း။ ဧတေ မယံ၊ ထိုငါတို့သည်။ သမ္မောဒမာနာ၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်၍။ ဃရံ၊ အိမ်၌။ အာဝသေမ၊ နေလိုကုန်၏။

ချွေးမနှင့် သင့်အောင်လုပ်ပေးမယ်

ထိုအခါ ထိုမိန်းမအား သိကြားမင်းသည်-

။ ဧဝဉ္စ တေ ရုစ္စတိ ကာတိယာနိ။
ဟတာပိ သန္တော န ဇဟာသိ ဓမ္မံ။
တုဝဉ္စ ပုတ္တော သုဏိသာ စ နတ္တာ၊
သမ္မောဒမာနာ ဃရမာသေထ။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၈။ ကာတိယာနိ၊ ကစ္စည်းအနွယ်ဖြစ်သော ရှင်မ။ ဧဝဉ္စ၊ ဤသို့လျှင်။ တေ၊ သင်သည်။ ရုစ္စတိ၊ နှစ်သက်အံ့။ ဟတာ၊ ရိုက်ပုတ်နှင်ထုတ်အပ်သည်။ သန္တာပိ၊ ဖြစ်ငြားသော်လည်း။ ဓမ္မံ၊ သူငယ်တို့၌ မေတ္တာတရားကို။ တွံ၊ သင်သည်။ န ဇဟာသိ၊ မစွန့်အံ့။ တုဝဉ္စ၊ သင်လည်းကေင်း။ ပုတ္တော စ၊ သားလည်းကောင်း။ သုဏိသာ စ၊ ချွေးမလည်းကောင်း။ နတ္တာ စ၊ မြေးလည်းကောင်း။ တေ တုမှေ၊ ထိုသင်တို့သည်။ သမ္မောဒမာနာ၊ ဝမ်း မြောက် ဝမ်းသာကုန်သည်ဖြစ်၍။ ဃရံ၊ အိမ်၌။ အာဝသေထ၊ နေကြကုန်လော့။

သားနှင့်ချွေးမတို့ ကန်တော့ခြင်း

ဤသို့ဆို၍ တန်ဆာဆင်အပ်သော သိကြားမင်းသည် မိမိ၏ အာနုဘော်အားဖြင့် ကောင်းကင်၌ ရပ်၍ ကစ္စည်းအနွယ်ဖြစ်သော ရှင်မ၊ သင် မကြောက်လင့်၊ သား, ချွေးမတို့သည် ငါ၏ အာနုဘော်အားဖြင့် လာလတ်ကုန်၍ ခရီးအကြား၌ သင့်ကို ကန်တော့၍ ယူ၍ သွားကုန်လတ္တံ့၊ မမေ့မလျော့ ဖြစ်လော့ ဟု ဆို၍ မိမိနေရာသို့လျှင် သွား၏။ ထိုသား, ချွေးမတို့သည်လည်း သိကြားမင်း၏ အာနုဘော်အားဖြင့် အမိကျေးဇူးကို အောက်မေ့၍ ငါတို့အမိသည် အဘယ်မှာနည်းဟု ရွာတွင်း၌ လူတို့ကိုမေး၍ သုသာန်သို့ သွား၏ဟူသော စကားကိုကြား၍ မိခင် မိခင် ဟု ခေါ်၍ သုသန်ခရီးသို့သွား၍ အမိကို မြင်၍ ခြေရင်း၌ဝပ်၍ မိခင် သင်သည် ငါတို့၏ အပြစ်ကို သည်းခံပါလော့ဟု ကန်တော့ကုန်၏။ အမိသည်လည်း မြေးကို ချီ၏။ ဤသို့ ထိုသူတို့သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်၍ အိမ်သို့သွား၍ ထိုအခါမှစ၍ ညီညွတ်စွာ နေခြင်းကို နေကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

။ သာ ကာတိယာနိ သုဏိသာယ သဒ္ဓိံ၊
သမ္မောဒမာနာ ဃရမာဝသိတ္ထ။
ပုတ္တော စ နတ္တာစ ဥပဋ္ဌဟိံသု၊
ဒေဝါနမိန္ဒေန အဓိဂ္ဂဟိတာ။

ဟူ၍ ဟောတော်မူ၏။

၉။ ဘိက္ခဝေ၊ ရဟန်းတို့။ သာ ကာတိယာနိ၊ ထိုကစ္စည်းအနွယ်ဖြစ်သော မိန်းမသည် သုတိသာယ၊ ချွေးမနှင့်။ သဒ္ဓိံ၊ တကွ။ သမ္မောဒမာနာ၊ ဝမ်းမြောက်ကုန်သည်ဖြစ်၍။ ဃရံ၊ အိမ်၌။ အာဝသိတ္ထ၊ နေ၏။ ဒေဝါနမိန္ဒေန၊ သိကြားမင်းသည်။ အဓိဂ္ဂဟိတာ၊ ချီးမြှောက်အပ်သည်ဖြစ်၍။ ပုတ္တော စ၊ သားသည်လည်းကောင်း။ နတ္တာ စ၊ မြေးသည်လည်းကောင်း။ တေ ဥဘော၊ ထိုနှစ်ယောက်ကုန်သော သူတို့သည်။ ဥပဋ္ဌဟိံသု၊ လုပ်ကျွေးကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ထိုသီတင်းသည်သည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ အမိကို လုပ်ကျွေးသော သီတင်းသည်သည် ထိုအခါ အမိကို လုပ်ကျွေးသောသူ ဖြစ်ဖူးပြီ၊ ယခုအခါ သီတင်းသည်၏ မယားသည် ထိုအခါ အမိကို လုပ်ကျွေးသောသူ၏ မယားဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိကြားမင်း ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးသိငြား၊ သမီးသား၊ ကြီးပွားချမ်းသာရာ

ရှေးဦးစွာသော ကစ္စာနီ ဇာတ်သည် ပြီး၏။

*****

အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၂။ အဋ္ဌသဒ္ဒဇာတ်

အရာရာ၌ အကြောင်းအကျိုးကို ဆင်ခြင်သင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဣဒံ ပုရေ နိန္ဒမာဟုအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအဋ္ဌသဒ္ဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်းသည် သန်းခေါင်ယံ၌ ကြားအပ်သော ကြောက်မက်ဖွယ်ရှိသော မခွဲခြမ်း မဝေဖန်နိုင်သော အသံကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုသည်ကား အောက် လောဟကုမ္ဘီဇာတ်၌ ဆိုအပ်ပြီးသော ဝတ္ထုနှင့် တူသလျှင်ကတည်း။

ဤအဋ္ဌသဒ္ဒဇာတ်၌ကား ကောသလမင်းကြီးသည် ဘုန်းတော်ကြီးသော အရှင်ဘုရားဤအသံတို့ကို ကြားခြင်းကြောင့် အကျွန်ုပ်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု နားတော် လျှောက်သည်ရှိသော် မြတ်သောမင်းကြီး... မကြောက်လင့်၊ ဤအသံတို့ကို ကြားခြင်းကြောင့် သင်မင်းကြီးအား တစ်စုံတစ်ခုသော အန္တရာယ်သည် မဖြစ်လတ္တံ့၊ မြတ်သောမင်းကြီး ဤသို့ သဘောရှိသော ကြောက်မက်ဖွယ်ရှိသော မခွဲခြား မဝေဖန်နိုင်သော အသံကို သင်မင်းကြီး တစ်ယောက်တည်းသာလျှင် ကြားသည် မဟုတ်သေး၊ ရှေးမင်းတို့သည်လည်း ဤသို့ သဘောရှိသော အသံကိုကြား၍ ပုဏ္ဏားတို့၏ စကားကိုယူ၍ သဗ္ဗစတုက္ကယဇ်ကို ပူဇော်လိုကုန်၏။ နောက်မှ ပညာရှိတို့၏ စကားကို နာရ၍ ယဇ် ပူဇော်ခြင်းကို ပယ်အံ့သောငှာ ဖမ်းယူန်သော သတ္တဝါတို့ကို လွှတ်စေ၍ မြို့၌ အသက်မသတ်ကုန်လင့်ဟူသော စည်ကို လည်စေကုန်၏ဟု မိန့်တော်မူ၍ ထိုမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ မိဘလွန်လတ်သော် ရတနာတို့ကိုကြည့်၍ အလုံးစုံသော စည်းစိမ်ဥစ္စာကို အကုန်စွန့်လှူ၍ ကာမကိုပယ်၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြု၍ ဈာန် အဘိဉာဏ်တို့ကို ဖြစ်စေ၍ နောက်အဖို့၌ ချဉ်ဆား မှီဝဲအံ့သောငှာ လူ့ပြည်သို့ သွားလတ်သော် ဗာရာဏသီပြည်သို့ရောက်၍ မင်းဥယျာဉ်၌ နေ၏။

အသံကြီး ဂ-ခုကြားရ

ထိုအခါ ဗာရာဏသီမင်းသည် အသရေရှိသော အိပ်ရာ၌ နေလျက် သန်းခေါင်ယံ၌ ရှစ်ခွန်းသော အသံတို့ကို ကြား၏။ ရှေးဦးစွာ မင်း၏ အိမ်အနီး ဥယျာဉ်၌ တစ်ခုသော ဗျိုင်းသည် အသံကိုပြု၏။ နှစ်ကြိမ်မြောက် ထိုအသံပြုစဉ်လျှင် ဆင်တင်းကုပ် တုရိုဏ်တိုင်ဝယ်နေသော တစ်ခုသော ကျီးမသည် အသံကိုပြု၏။ သုံးကြိမ်မြောက် မင်းအိမ်ဝယ် အထွတ်၌ နေသော ဃုဏမည်သော ပိုးသည် အသံကိုပြု၏။

လေးကြိမ်မြောက်သော် မင်းအိမ်၌ မွေးထားသော ဥဩမသည် အသံကိုပြု၏။ ငါးကြိမ်မြောက် မင်းအိမ်၌ မွေးထားသော သမင်သည် အသံကိုပြု၏။ ခြောက်ကြိမ်မြောက် မင်းအိမ်၌ မွေးထားသော မျောက်သည် အသံကို ပြု၏။ ခုနစ်ကြိမ်မြောက် မင်းအိမ်၌ မွေးထားသော ကိန္နရာသည် အသံကို ပြု၏။ ရှစ်ကြိမ်မြောက် ထိုအသံသည် မပြတ်စဲစဉ်လျှင် မင်းအိမ်၏အထက်ဖြင့် ဥယျာဉ်သို့ ကြွသွားသော ပစ္စေကဗုဒ္ဓါသည် တစ်ခုသော ဥဒါန်းကို ကျူးရင့်လျက် အသံကို ပြု၏။

ယဇ်နတ်ပူဇော်ရမည်

ဗာရာဏသီမင်းသည် ရှစ်ခွန်းကုန်သော အသံတို့ကို ကြား၍ အလွန် ထိတ်လန့်ရကားး နက်ဖြန်နေ့၌ ပုဏ္ဏားတို့ကို မေး၏။ ပုဏ္ဏားတို့သည် မြတ်သောမင်းကြီး... သင်မင်းကြီးအား အန္တ ရာယ်ဖြစ်လတ္တံ့၊ သဗ္ဗစတုက္ကယဇ်ကို ပူဇော်ကုန်အံ့ ဟုဆို၍ မင်းသည် အလိုအတိုင်း ပြုကြကုန်လော့ ဟု ခွင့်ပြုအပ်ကုန်သည်ဖြစ်၍ အလွန် ရွှင်လန်းကုန်လျက် မင်းအိမ်မှထွက်၍ ယဇ်အမှုကို အားထုတ်ကုန်၏။

တပည့်လုလင် တားမြစ်

ထိုအခါ ထိုပုဏ္ဏားတို့၏ အကြီးဖြစ်သော ယဇ်အမှုကိုစီရင်သော ပုဏ္ဏား၏တပည့် လုလင်သည် ပညာရှိ၏။ လိမ္မာ၏။ ထိုလုလင်သည် ဆရာ... ဤသို့ သဘောရှိသော ကြမ်းကြုတ်ရုန့်ရင်းသော မသာယာအပ်သော များစွာကုန်သော သတ္တဝါတို့၏ ပျက်စီးခြင်းကို ပြုတတ်သောအမှုကို မပြုလင့် ဟု ဆရာကို ဆို၏။ ဆရာသည် အမောင် သင်သည် အဘယ်ကို သိသနည်း၊ ယဇ်သည် တစ်စုံတစ်ခု အကျိုးမရှိသော်လည်း ငါးအမဲကို များစွာ စားရလတ္တံ့ဟု ဆို၏။ တပည့်သည် ဆရာ... သင်တို့လည်း ဝမ်းကိုမှီ၍ ငရဲ၌ ဖြစ်စေတတ်သော အမှုကို မပြုကုန်လင့်ဟု ဆို၏။ ပုဏ္ဏားတို့သည် ထိုစကားကိုကြား၍ ဤလုလင်သည် ငါတို့၏လာဘ် အန္တ ရာယ်ကို ပြု၏ဟု ထိုလုလင်အား အမျက်ထွက်ကုန်၏။

ပစ္စေကဗုဒ္ဓါတွေ့

လုလင်သည် ပုဏ္ဏားတို့မှ ကြောက်ခြင်းကြောင့် ထိုသို့တပြီးကား သင်တို့သည်သာလျှင် ငါး၊ အမဲ စားရခြင်း၏ အကြောင်းကို ပြုကုန်လော့ ဟု ထွက်၍ မြို့ပ၌ မင်းကို တားမြစ်ခြင်းငှာ စွမ်းနိုင်သော တရားစောင့်သော ရဟန်းပုဏ္ဏားတို့ကို ရှာလျက် မင်း၏ဥယျာဉ်သို့သွား၍ ဘုရားလောင်းကိုမြင်လျှင် ရှိခိုး၍ အရှင်ဘုရား အရှင်ဘုရားတို့အား သတ္တဝါတို့၌ သနားခြင်းသည် အဘယ့်ကြောင့် မရှိသနည်း၊ မင်းသည် များစွာကုန်သော သတ္တဝါတို့ကို သတ်၍ ယဇ် ပူဇော်စေ၏ဟု ဆို၏။ ဘုရားလောင်းသည် လုလင် မင်းသည် ငါတို့ကို မသိကုန်၊ ငါတို့သည်လည်း မင်းကို မသိကုန် အရှင်ဘုရား... အရှင်ဘုရားတို့သည် ကြားအပ်သော အသံတို့၏ ဖြစ်ခြင်းကို သိပါကုန်၏လော ဟု မေး၏။ သိကုန်၏ ဟု ဘုရားလောင်းဆို၏။ သိပါကုန်လျက် မင်အား အဘယ့်ကြောင့် မဆိုကုန်သနည်း ဟု လုလင်သည် ဆို၏။ လုလင်... ငါသိ၏ဟု နဖူး၌ ဦးချိုဖွဲ့၍ လှည့်လည်ခြင်းငှာ အဘယ်မှာ စွမ်းနိုင်အံ့နည်း၊ အကယ်၍ မင်းသည် ဤဥယျာဉ်သို့လာ၍ ငါ့အားမေးသော် ဖြေအံ့ ဟု ဆို၏။

ရှင်းပြဟောကြား

လုလင်သည်လည်း လျင်မြန်သဖြင့် မင်းအိမ်သို့သွား၍ အမောင်... အဘယ်သို့နည်း ဟု ဆို သည်ရှိသော် မြတ်သောမင်းကြီး... သင်တို့သည် ကြားအပ်ကုန်သော အသံတို့၏ ဖြစ်ခြင်းကိုသိသော ရသေ့သည် သင်မင်းကြီး၏ ဥယျာဉ်ဝယ် မင်္ဂလာကျောက်ဖျာ၌ နေ၏။ ငါ့ကိုမေးသော် ငါဖြေအံ့ဟု ဆို၏။ သွား၍ ထိုရသေ့ကို မေးခြင်းငှာ သင့်၏ဟု ဆို၏။ မင်းကြီးသည် လျင်မြန်သဖြင့် ဥယျာဉ်သို့သွား၍ ရသေ့ကိုရှိခိုး၍ ပဋိသန္ခာရပြုလျက် ထိုင်၍ အရှင်ဘုရား အကျွန်ုပ်သည် ကြားအပ်ကုန်သော အသံတို့၏ ဖြစ်ခြင်းကို အရှင်ဘုရားတို့သည် သိကုန်သောဟူသည် မှန်သလောဟု မေး၏။ မြတ်သော မင်းကြီး... မှန်၏ဟု ဆို၏။ အရှင်ဘုရား... ထိုသို့တပြီးကား အကျွန်ုပ်အား ပြောပါလော့ဟု ဆို၏။

ဗျိုင်းသံနိမိတ်

ထိုအခါ ဘုရားလောင်းသည် မင်းသည် ကြားသော အသံတို့ကို ပြောလို၍ မြတ်သောမင်းကြီး... သင်မင်းကြီးအား ထိုအသံတို့ကို ကြားခြင်းဟူသော အကြောင်းကြောင့် တစ်စုံတစ်ခုသော အန္တရာယ်သည် မရှိ၊ သင်မင်းကြီး၏ ဥယျာဉ်ဟောင်း၌ကား တစ်ခုသောဗျိုင်းသည် ရှိ၏။ ထိုဗျိုင်းသည် အစာကို မရရကား ဆာမွတ်ခြင်းသည် နှိပ်စက်အပ်သည်ဖြစ်၍ ရှေးဦးစွာသော အသံကို ပြု၏ ဟု ဗျိုင်း၏ ကိရိယာကို မိမိဉာဏ်ဖြင့် ပိုင်းခြား၍-

၁၀။ ဣဒံ ပုရေ နိန္နမာဟု၊ ဗဟုမစ္ဆံ မဟောဒကံ။
အာဝါသော ဗကရာဇဿ၊ ပေတ္တိကံ ဘဝနံ မမ။
တျဇ္ဇ ဘေကေန ယာပေမ၊ ဩကံ န ဝိဇဟာမသေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၀။ ဣဒံ၊ ဤမင်္ဂလာရေကန်သည်။ ပုရေ၊ ရှေး၌။ နိန္နံ၊ ချိုင့်ဝှမ်းသည်။ အာဟု၊ ဖြစ်၏။ ဗဟုမစ္ဆံ၊ များသောငါး ရှိ၏။ မဟောဒကံ၊ ရေပြွန်ဖြင့် ရေသွင်းအပ်သည်ဖြစ်၍ များသော ရေရှိ၏။ ဗကရာဇဿ၊ ဗျိုင်းမင်း၏။ အာဝါသော၊ နေရာဖြစ်၏။ မမ၊ ငါ၏။ ပေတ္တိကံ၊ အဖဥစ္စာ ဖြစ်သော။ ဘဝနံ၊ နေရာဖြစ်၏။ တေမယံ၊ ထိုငါတို့သည်။ အဇ္ဇ၊ ယခု။ ဘေကေန၊ ဖားမျှဖြင့်။ ယာပေမ၊ မျှရကုန်၏။ ဧဝံ၊ ဤသို့ ငတ်မွတ်အပ်ခြင်းဖြင့် နှိပ်စက်ကုန်သော်လည်း။ ဩကံ၊ နေရာကို။ န ဝိဇဟာမသေ၊ မစွန့်နိုင်ကုန်။

မြတ်သောမင်းကြီး ထိုဗျိုင်းသည် ငတ်မွတ်ခြင်း နှိပ်စက်အပ်သည်ဖြစ်၍ ဤသို့သောအသံကို ပြု၏။ ငတ်မွတ်ခြင်းမှ လွတ်စေလိုငြားအံ့၊ ထိုဥယျာဉ်ကို သုတ်သင်၍ ရေကန်ကို ရေဖြင့်ပြည့်စေ၍ ထားလော့ဟု ဘုရားလောင်းသည် ဆို၏။ မင်းသည် ဘုရားလောင်းဆိုတိုင်း ပြုစိမ့်သောငှာ တစ်ယောက်သော အမတ်ကို စေ၏။

ကျီးသံနိမိတ်

မြတ်သောမင်းကြီး... ဆင်တင်းကုပ်၏ တုရိုဏ်တိုင်၌ တစ်ခုသော ကျီးမသည် နေ၏။ ထိုကျီးမသည် မိမိသား၌ စိုးရိမ်ခြင်းကြောင့် နှစ်ခုမြောက်သော အသံကိုပြု၏။ ထိုအသံကြောင့်လည်း သင်မင်းကြီးအား ဘေးသည် မရှိဟု ဆို လို၍ ဘုရားလောင်းသည် -

၁၁။ ကော ဒုတိယံ အသီလိဿ၊ ဗန္ဓရဿက္ခိ ဘေစ္ဆတိ။
ကော မေ ပုတ္တေ ကုလာဝကံ၊ မဉ္စ သောတ္ထိံ ကရိဿတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၁။ အသီလိဿ၊ သီလမရှိသော။ ဗန္ဓရဿ၊ ဗန္ဓရ၏။ ဒုတိယံ၊ နှစ်ခုမြောက်ဖြစ်သော။ အက္ခိ၊ မျက်စိကို။ ကော၊ အဘယ်သူသည်။ ဘေစ္ဆတိ၊ ဖောက်ပါအံ့နည်း။ ကော၊ အဘယ်သူသည်။ မေ၊ ငါ၏။ ပုတ္တေ စ၊ သားတို့ကိုလည်းကောင်း။ ကုလာဝကဉ္စ၊ အသိုက်ကိုလည်းကောင်း။ မဉ္စ၊ ငါ့ကိုလည်းကောင်း။ သောတ္ထိံ၊ ချမ်းသာခြင်းကို။ ကရိဿတိ၊ ပြုပါအံ့နည်း။

ဆင်သံနိမိတ်

ဤသို့ဆိုပြီး၍ မြတ်သော မင်းကြီး- သင်မင်းကြီး၏ ဆင်တင်းကုပ်၌ ဆင်ထိန်းသည် အဘယ်အမည်ရှိသနည်းဟု မေး၏။ အရှင်ဘုရား ဗန္ဓရမည်၏ဟု မင်းသည် လျှောက်၏။ မြတ်သောမင်းကြီး ထိုဗန္ဓရသည် မျက်စိတစ်ဖက်သာ ရှိသလောဟု ဘုရားလောင်းသည် မေး၏။ အရှင်ဘုရား... အမိန့်တော်အတိုင်း မှန်ပေ၏ ဟု မင်းသည် လျှောက်၏။ မြတ်သောမင်းကြီး- သင်မင်းကြီး၏ ဆင်တင်းကုပ်တံခါး တုရိုဏ် တိုင်၌ တစ်ခုသော ကျီးမသည် အသိုက်လုပ်၍ အဥတို့ကို ထားအပ်ကုန်၏။ အဥတို့သည် ရင့်ကုန်၍ အကောင်ငယ်တို့သည် ပေါက်ကုန်၏။ ဆင်ထိန်းသည် ဆင်ကိုစီး၍ ဆင်တင်းကုပ်မှ ထွက်သော်လည်းကောင်း, ဆင်တင်းကုပ်သို့ ဝင်သော်လည်းကောင်း ကျီးမတို့၏ သားတို့ကိုလည်းကောင်း အသိုက်ကို လည်းကောင်း ပုတ် ခတ်၏။ ထိုကျီးမသည် ထိုဆင်းရဲခြင်းဖြင့် ပင်ပန်း၍ ထိုဆင်ထိန်း ဗန္ဓရ၏မျက်စိ ပျက်စီးခြင်းကို တောင့်တလျက် ဤသို့ ဆို၏။ ကျီးမ၌ သင်မင်းကြီးသည် မေတ္တာစိတ်သည် ရှိအံ့၊ ထိုဗန္ဓရကို ခေါ်စေ၍ အသိုက်ကို ဖျက်ဆီးခြင်းမှ မြစ်လော့ဟု ဘုရားလောင်းသည်ဆို၏။ မင်းသည် ထိုဗန္ဓရကို ခေါ်စေ၍ ဆဲရေး ရိုက်ပုတ်၍ တစ်ပါးသောသူအား ဆင်ကို ပေး၏။

ပိုးကောင်သံနိမိတ်

ဘုရားလောင်းသည် မြတ်သောမင်းကြီး... သင်မင်းကြီး၏ ပြသာဒ်အထွတ်၌ တစ်ခုသော ဃုဏမည်သော ပိုးသည် နေ၏။ ထိုပိုးသည် ထိုထိုအရပ်၌လျှင် အကာကိုစား၍ အကာကုန်လတ်သည်ရှိသော် အနှစ်ကို စားခြင်းငှာ မတတ်နိုင်။ ထိုပိုးသည် အစာကိုမရ၍ ထွက်အံ့သောငှာလည်း မတတ်နိုင်ရကား ငိုကြွေးလျက် သုံးခုမြောက်ဖြစ်သော အသံကို ပြု၏။ ထိုအသံကြောင့်လည်း သင်မင်းကြီးအား ဘေးသည် မရှိဟု ဆို၍ ထိုပိုး၏ ကိရိယာကို မိမိဉာဏ်ဖြင့် ပိုင်းခြား၍-

၁၂။ သဗ္ဗာ ပရိက္ခယာ ဖေဂ္ဂု၊ ယာဝ တဿာ ဂတီ အဟု။
ခီဏဘက္ခော မဟာရာဇ၊ သာရေ နရမတေ ဃုဏော။

ဟူသော သုံးခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

၁၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တဿာ၊ ထိုအကာ၏။ ယဝတာ၊ အကြင်မျှလောက်သော။ ဂတိ၊ ဖြစ်ခြင်းသည်။ အဟု၊ ထင်၏။ သဗ္ဗာ၊ ခပ်သိမ်းသော။ ဖေဂ္ဂု၊ အကာသည်။ ပရိက္ခယာ၊ စား၍ကုန်လေပြီ။ ခီဏဘက္ထော၊ ကုန်ပြီးသော အစာရှိသော။ ဃဏာ ဃ, ဃုဏမည်သော ပိုးသည်။ သာရေ၊ အနှစ်၌။ န ရမတေ၊ မမွေ့လျော်။

ဘုရားလောင်းသည် မြတ်သောမင်းကြီး ထိုပိုးသည်ကား ထိုအရပ်မှထွက်၍ သွားရာအရပ်သို့လည်း မမြင်ရကား ငိုကြွေး၏။ ထိုပိုးကို ထုတ်စေလော့ ဟု ဆို၏။ မင်းသည် တစ်ယောက်သော ယောက်ျားကိုစေ၍ ဥပါယ်အားဖြင့် ထိုပိုးကို ထုတ်စေ၏။

ဘုရားလောင်းသည် မြတ်သောမင်းကြီး... သင်မင်းကြီး၏ အိမ်၌ မွေးအပ်သော တစ်ခုသော ဥဩမသည် ရှိသလော ဟု မေး၏။ အရှင်ဘုရား ရှိ၏ဟု လျှောက်၏။ မြတ်သောမင်းကြီး ထိုဥဩမသည် မိမိနေဖူးသော တော အုပ်ကို အောက်မေ့ရကား ငြီးငွေ့၍ အဘယ်နံရောအခါလျှင် ဤချိုင့်မှလွတ်၍ မွေ့လျော်ဖွယ်ရှိသော တောအုပ်သို့ သွားရပါအံ့နည်းဟု လေးခုမြောက်သော အသံကို ပြု၏။ ထိုအသံကြောင့်လည်း သင်မင်းကြီးအား ဘေးသည်မရှိ ဟု ဆိုလို၍-

၁၃။ သာ နူနာဟံ ဣတော ဂန္တွာ၊ ရညော မုတ္တာ နိဝေသနာ။
အတ္တာနံ ကမယိဿာမိ၊ ဒုမသာခနိ ကေတိနီ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၁၃။ သာ အဟံ၊ ထိုငါသည်။ ရညော၊ သင်မင်းကြီး၏။ ဣတော နိဝေသနာ၊ ဤနန်းတော်မှ။ မုတ္တာ၊ လွတ်လျက်။ ဂန္တွာ၊ သွား၍။ ဒုမသာခနိကေတိနီ၊ သစ်ခက်တို့၌ မိမိအသိုက်လျှင် နေရာရှိသည်ဖြစ်၍။ အတ္တာနံ၊ ငါ၏ကိုယ်ကို။ ရမယိဿာမိ နူန၊ အဘယ်နံရောအခါမှ မွေ့လျော်စေရအံ့နည်း။

ဘုရားလောင်းသည် ဤသို့ဆို၍ မြတ်သောမင်းကြီး... ဥဩမသည် ငြီးငွေ့၏။ ထိုဥဩမကို လွှတ်လော့ဟု ဆို၏။ မင်းသည် ဘုရားလောင်းဆိုတိုင်း ပြုစေ၏။

သမင်သံနိမိတ်

ဘုရားလောင်းသည် မြတ်သောမင်းကြီး သင်မင်းကြီး၏ နန်းတော်၌ မွေးအပ်သော တစ်ခုသော သမင်သည် ရှိသလောဟု မေး၏။ “အရှင်ဘုရား ရှိ၏ဟု လျှောက်၏။ မြတ်သောမင်းကြီး ထိုသမင်ကား မိမိ၏မယား သမင်မကို အောက်မေ့၍ ကိလေသာ၏ အစွမ်းအားဖြင့် ငြီးငွေ့၍ ငါးခုမြောက်သော အသံကို ပြု၏။ ထိုအသံကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိဟု ဆိုလို၍-

၁၄။ သော နူနာဟံ ဣတော ဂန္တွာ၊ ရညော မုတ္တော နိဝေသနာ။
အဂ္ဂေါဒကနိ ပိဿာမိ၊ ယူထဿ ပုရတော ဝဇံ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၁၄။ သော အဟံ၊ ထိုငါသည်။ ရညော၊ မင်း၏။ ဣတော နိဝေသနာ၊ ဤနန်းတော်မှ။ မုတ္တော၊ လွတ်လျက်။ ဂန္တွာ၊ သွား၍။ ယူထဿ၊ သမင်အပေါင်း၏။ ပုရတော၊ ရှေ့မှ။ ဝဇံ၊ သွားလျက်။ အဂ္ဂေါဒကာနိ၊ ရေဦးတို့ကို။ ပိဿာမိ နူန၊ အဘယ်နံရောအခါမှ သောက်ရပါအံ့နည်း။

ဘုရားလောင်းသည် ထိုသမင်ကိုလည်း လွှတ်စေ၏။

မျောက်သံနိမိတ်

ဘုရားလောင်းသည် မြတ်သောမင်းကြီး သင်မင်းကြီး၏ နန်းတော်၌ မွေးသော မျောက်သည် ရှိသလော ဟု မေး၏။ အရှင်ဘုရား ရှိ၏ဟု မင်းသည် လျှောက်၏။ မြတ်သောမင်းကြီး- ထိုမျောက်သည်လည်း ဟိမဝန္တာ၌ မျောက်မနှင့်တကွ ကာမ၌ မက်မောသည်ဖြစ်၍ သွားစဉ် ဘဒ္ဒကမည်သော မုဆိုးသည် ဤအရပ်သို့ ဆောင်ခဲ့၏။ ယခု ငြီးငွေ့၍ ထိုဟိမဝန္တာသို့လျှင် သွားလို၍ ခြောက်ခုမြောက်သောအသံကို ပြု၏။ ထိုအသံကြောင့်လည်း သင်မင်းကြီးအား ဘေးသည် မရှိဟု ဆိုလို၍-

၁၅။ တံ မ ကာမေဟိ သမ္မတ္တံ၊ ရတ္တံ ကာမေသု မုစ္ဆိတံ။
အာနယိ ဝနတော လုဒ္ဒေါ၊ ဗာဟိကော ဘဒ္ဒ မတ္ထု တေ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကိုဆို၏။

၁၅။ ကာမေဟိ၊ ကာမတို့ဖြင့်။ သမ္မတ္တံ၊ လွန်စွာယစ်သော။ ကာမေသု၊ ကာမတို့၌။ ရတ္တံ၊ တပ် စွန်းသော။ ကာမေသု၊ ကာမတို့၌။ မုစ္ဆိတံ၊ တွေဝေသော။ တံ မံ၊ ထိုငါ့ကို။ ဗာဟိကော၊ တိုင်းပသားဖြစ်သော။ လုဒ္ဒေါ၊ မုဆိုးသည်။ ဝနတော၊ တောအရပ်မှ။ အာနယိ၊ ဆောင်ခဲ့၏။ တေ၊ သင့်အား။ ဘဒ္ဒံ၊ မင်္ဂလာသည်။ အတ္ထု၊ ဖြစ်စေသတည်း။

ဘုရားလောင်းသည် ထိုမျောက်ကိုလည်း လွှတ်စေ၏။

ကိန္နရာသံနိမိတ်

ဘုရားလောင်းသည် မြတ်သောမင်းကြီး... သင်မင်းကြီး၏ နန်းတော်၌ မွေးသော ကိန္နရာသည် ရှိသလော ဟု မေး၏။ အရှင်ဘုရား ရှိ၏ဟု လျှောက်သည်ရှိသော် မြတ်သောမင်းကြီး ထိုကိန္နရာသည် မိမိ၏မယား ကိန္နရီမသည် ပြုအပ်သောကျေးဇူးကို အောက်မေ့၍ ကိလေသာဖြင့် နာကျင်သည်ဖြစ်၍ အသံကိုပြု၏။ ထိုကိန္နရာသည် ထိုကိန္နရီမနှင့်တကွ တစ်နေ့သ၌ မြင့်သောတောင်ထွတ်သို့ တက်၍ ထိုတောင်ထွတ်၌ ထိုကိန္နရာတို့သည် အဆင်း အနံ့ အရသာနှင့်ပြည့်စုံသော အထူးထူးသော ပန်းတို့ကို ဆွတ်ကုန် ပန်ကုန်, ပျော်မြူးကုန် သည်ဖြစ်၍ နေဝင်သည်ကို မမှတ်ကုန်။ နေဝင်လတ်သော် ဆင်းသက်ကုန်သော ကိန္နရာတို့အား အမိုက်မှောင်သည် ဖြစ်၍ ထိုအခါ ကိန္နရီမသည် အရှင်... အမိုက်မှောင်သည်ဖြစ်၏။ မချော်မချွတ်စေဘဲ မမေ့မလျော့သဖြင့် ဆင်းသက်လော့ဟု ဆို၍ လက်ဖြင့် ကိုင်၍ ဆင်းသက်စေ၏။ ထိုကိန္နရာသည် ထိုကိန္နရီမ၏ စကားကို အောက်မေ့၍ အသံကိုပြု၏။ ထိုအသံကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိဟုဆို၍ ထိုအကြောင်းကို မိမိဉာဏ်ဖြင့် ပိုင်းခြား၍ ထင်စွာပြုလျက် -

၁၆။ အန္ဓကာရတိမိသာယံ၊ တုင်္ဂေ ဥပရိပဗ္ဗတေ။
သာ မံ သဏှေန မုဒုနာ၊ မာ ပါဒံ ခလိ ယသ္မနိ။

ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၆။ သာ၊ ထိုကိန္နရီမသည်။ မံ၊ ငါ့ကို။ အန္ဓကာရတိမိသာယံ၊ မမြင်သည်၏အဖြစ်ကို ပြုတတ်သော အမိုက်မှောင်၌။ တုင်္ဂေ၊ ထက်သော။ ဥပရိပဗ္ဗတေ၊ တောင်ထွတ်၌။ သဏှေန၊ သိမ်မွေ့သော။ မုဒုနာ၊ နူးညံ့သော။ ဝစနေန၊ စကားဖြင့်။ သာမိ၊ သခင်။ အသ္မနိ၊ ကျောက်၌။ ပါဒံ၊ ခြေကို။ မာခလိ၊ မချော်စေလင့်။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ ဟတ္ထေန၊ လက်ဖြင့်။ ဂဟေတွာ၊ ကိုင်၍။ ဩတာရေသိ၊ သက်စေ၏။

ဤသို့ ဘုရားလောင်းသည် ကိန္နရာဆိုသော အကြောင်းကို ဆို၍ ကိန္နရာကို လွှတ်စေ၏။

ပစ္စေကဗုဒ္ဓါ၏ ဥဒါန်းနိမိတ်

မြတ်သောမင်းကြီး... ရှစ်ခုမြောက်သော အသံသည် ဥဒါန်းကျူးရင့်သော အသံတည်း။ နန္ဒမူလိုဏ်၌ တစ်ဆူသော ပစ္စေကဗုဒ္ဓါသည် မိမိ၏ အာယုသင်္ခါရကုန်ခြင်းကို သိ၍ လပြည့်နေ့၌ ဗာရာဏသီပြည်သို့ ကြွလာ၍ မင်း၏ ဥယျာဉ်၌ ပရိနိဗ္ဗာန်ပြုအံ့၊ လူတို့သည် ငါ၏ အလောင်းကို သင်္ဂြိုဟ်ခြင်းကိုပြု၍ သာဓုကီဠနမည်သော ကစားခြင်းကို ကစား၍ ပူဇော်ခြင်းကိုပြု၍ နတ် ပြည်ကို ပြည့်စေကုန်လတ္တံ့ဟု အာနုဘော်ဖြင့် ကောင်းကင်၌ သွားလျက် သင်မင်းကြီး၏ ပြာသာဒ် အထက်သို့ ရောက်သောကာလ၌ ခန္ဓာ ဝန်ကိုချ၍ နိဗ္ဗာန်ပြည်သို့ ဝင်ခြင်းကို ပြတတ်သော ဥဒါန်းကို ကျူးရင့်၏ဟု ပစ္စေကဗုဒ္ဓါသည် ဆိုအပ်သော-

၁၇။ အသံသယံ ဇာတိခယန္တဒဿီ၊
န ဂဗ္ဘသေယျံ ပုနရာဝဇိဿံ။
အယမန္တိမာ ပစ္ဆိမာ ဂဗ္ဗသေယျာ၊
ခီဏော မေ သံသာရော ပုနဗ္ဘဝါယ။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၇။ ဇာတိခယန္တဒဿီ၊ နိဗ္ဗာန်ကို မြင်သော။ အဟံ၊ ငါသည်။ အသံသယံ၊ မချွတ်။ ပုန၊ တစ်ဖန်။ ဂဗ္ဘသေယျံ၊ အမိဝမ်း၌ ပဋိသန္ဓေနေခြင်းသို့။ န အဝဇိဿံ၊ မရောက်ရအံ့။ အယံဇာတိ၊ ဤအဖြစ်သည်။ အန္တိမာ၊ အဆုံးစွန်သော။ ဇာတိ၊ အဖြစ်တည်း။ အယံ၊ ဤပဋိသန္ဓေ နေခြင်းသည်။ ပစ္ဆိမာ ဂဗ္ဘသေယျာ၊ အဆုံးစွန်ဖြစ်သော ပဋိသန္ဓေ နေခြင်းတည်း။ မေ၊ ငါ့အား။ ပုနဗ္ဘဝါယ၊ တစ်ဖန် ဘဝသစ်၌ဖြစ်ခြင်းငှာ။ သံသာရော၊ ခန္ဓာအစဉ်သည်။ ခီဏော၊ ကုန်ပြီ။

ဘုရားလောင်းသည် မြတ်သောမင်းကြီး ထို ပစ္စေကဗုဒ္ဓါသည် ဥဒါန်းကိုရွတ်၍ ဤပြည်၌ ဥယျဉ်သို့လာ၍ ကောင်းစွာပွင့်သော တစ်ခုသော အင်ကြင်းပင်ရင်း၌ ပရိနိဗ္ဗာန်ပြု၏။ လာလော့၊ ပစ္စေကဗုဒ္ဓါ၏ အလောင်းအား သင်္ဂြိုဟ်ခြင်းကိစ္စကို ပြုကြကုန်အံ့ဟု မင်းကို ခေါ်၍ ပစ္စေကဗုဒ္ဓါ၏ ပရိနိဗ္ဗာန် ပြုရာအရပ်သို့ ဆောင်၍ ထိုအလောင်းကို ပြ၏။

မင်းသည် ပစ္စေကဗုဒ္ဓါ၏ အလောင်းတော်ကို ဗိုလ်ပါနှင့်တကွ နံ့သာပန်း အစရှိသည်တို့ဖြင့် ပူဇော်၍ ဘုရားလောင်း၏ စကားကိုမှီ၍ ယဇ် ပူဇော်ခြင်းကို ပယ်၍ ခပ်သိမ်းသော သတ္တဝါတို့အား အသက်အလှူကိုပေး၍ သူ့အသက်ကို မသတ်စေလင့် ဟူသော စည်ကို လည်စေ၍

ခုနစ်ရက်ပတ်လုံး သာဓုကီဠနမည်သော ကစားခြင်းကို ကစား၍ အလုံးစုံ နံ့သာဖြင့်ပြီးသော ထင်းပုံသို့တင်၍ ကြီးစွာသော ပူဇော်သက္ကာရဖြင့် ပစ္စေကဗုဒ္ဓါ၏အလောင်းတော်ကို သင်္ဂြိုဟ်၍ ခရီးမလေးဆုံ၌ ဓာတ်တော်တို့ကို ဌာပနာ၍ စေတီ တည်စေ၏။

ဘုရားလောင်းသည်လည်း မင်းအား တရား ဟော၍ မြတ်သောမင်းကြီး... သင်မင်းကြီးသည် မမေ့မလျော့ ဖြစ်လော့ဟု ဆုံး၍ ဟိမဝန္တာသို့လျှင် ဝင်၍ ဗြဟ္မဝိဟာရတို့၌ လုံ့လပြု၍ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ မြတ်သောမင်းကြီး သင်မင်းကြီးအား ထိုအသံကို ကြားခြင်းဟူသော အကြောင်းကြောင့် တစ်စုံတစ်ခုသော အန္တရာယ်သည် မရှိ၊ ယဇ်ပူဇော်ခြင်းကိုပယ်၍ များစွာသော သတ္တဝါတို့၏အသက်ကို ပေးလော့ဟု ဇီဝိတ ဒါနကို ပေးစေ၍ မြို့၌ တရားစည်ကို လည်စေ၍ တရားဟောတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား-"ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ လုလင်ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ယဇ်နတ်ရှင်ကိုး၊ ပူဇော်မျိုး၊ အကျိုးမရှိပြီ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော အဋ္ဌသဒ္ဒဇာတ်သည် ပြီး၏။

*****

အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၃။ သုလသာဇာတ်

ယောကျ်ားသာမဟုတ် မိန်းမလည်း ပညာရှိကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဣဒံ သုဝဏ္ဏ ကာယူရံ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုလသာဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အနာထပိဏ်သူဌေး၏ တစ်ယောက်သော ကျွန်မကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုကျွန်မသည် ပွဲသဘင်ခံသော် တစ်နေ့သ၌ ကျွန်မအပေါင်းနှင့်တကွ ဥယျာဉ်သို့ သွားလိုရကား မိမိ၏ ပုညလက္ခဏဒဝီ အမည်ရှိသော သခင်မကို ဆင်ယင်သော တန်ဆာကို တောင်း၏။ ပုညလက္ခဏဒေဝီမည်သော သူဌေးမသည် ထိုကျွန်မအား အဖိုးတစ်သိန်းထိုက်သော တန် ဆာကို ပေး၏။ ထိုကျွန်မသည် အဖိုးတစ်သိန်းထိုက်သော ထိုတန်ဆာကို ဆင်ယင်၍ ကျွန်မအပေါင်းနှင့်တကွ ဥယျာဉ်သို့ ဝင်၏။

သူခိုး အကြံ

ထိုအခါ တစ်ယောက်သော ခိုးသူသည် ထိုကျွန်မ၏ တန်ဆာ၌ တပ်စွန်းခြင်း လောဘကို ဖြစ်စေ၍ ဤကျွန်မကိုသတ်၍ တန်ဆာကို ဆောင်အံ့ဟု ထိုကျွန်မနှင့်တကွ စကားပြောလျက် ဥယျာဉ်သို့ သွား၍ ထိုကျွန်မအား ငါး အမဲ သုရာ အစရှိသည်တို့ကို ပေး၏။ ထိုကျွန်မသည် ကိလေသာ၏ အစွမ်းအားဖြင့် ပေး၏ဟု ထင် မှတ်၍ ငါးအမဲ သုရာ အစရှိသည်တို့ကို ယူလေ၍ ဥယျာဉ်ကစားခြင်းကို ကစား၍ စုံစမ်းအံ့သောငှာ ညချမ်းအခါ၌ ကျွန်မအပေါင်း အိပ်သည်ရှိသော် ထ၍ ခိုးသူ၏အထံသို့ ကပ်၏။ ခိုးသူသည် ရှင်မ ဤအရပ်ကား ပုန်းကွယ်သော အရပ်မဟုတ်၊ အတန်ငယ် ရှေ့သို့ သွားကုန်အံ့ဟု ဆို၏။

ကျွန်မ ပညာ

ကျွန်မသည် ထိုစကားကိုကြား၍ ဤအရပ်၌ လျှို့ဝှက်သောအမှုကို ပြုခြင်းငှာ တတ်ကောင်း၏။ ဤယောက်ျားကား မချွတ်လျှင် ငါ့ကိုသတ်၍ တန်ဆာကို ဆောင်လိုသည် ဖြစ်လတ္တံ့၊ ထိုသို့ဖြစ်စေကာမူ ထိုယောက်ျားကို ဆုံးမအံ့ ဟု ကြံ၍ အရှင်... သူရာယဇ်ခြင်းကြောင့် ငါ၏ ကိုယ်သည် ချောက်ချား၏။ ငါ ရေသောက်ပါရစေလော့ ဟုဆို၍ တစ်ခုသော ရေတွင်းသို့ဆောင်၍ ဤရေတွင်းမှ ငါ့ဖို့ သောက်ရေကို ဆောင်လော့ ဟု ကြိုးနှင့်အိုးကို ပေး၏။ ခိုးသူသည် ကြိုးကို တွင်း၌ချ၏။ ထိုအခါ ကိုယ်ကိုညွတ်၍ ရေကိုငင်သော် ထိုခိုးသူကို ခွန်အားကြီးသော ထိုကျွန်မသည် လက်နှစ်ဖက်တို့ဖြင့် တင်သား၌ တွန်း၍ တွင်း၌ကျစေ၍ သင်သည် ဤမျှဖြင့် သေလတ္တံ့ဟု တစ်ခုသော ကြီးစွာသော အုတ်ခဲကို ခိုးသူ၏ ဦးခေါင်းပေါ်၌ ချ၏။ ခိုးသူသည် ထိုတွင်း၌လျင် အသက်ကုန်ခြင်းသို့ ရောက်၏။ ထိုကျွန်မသည်လည်း မြို့သို့ဝင်၍ အရှင်အား တန် ဆာကိုပေး၍ ယနေ့ ကျွန်ုပ်သည် ထိုတန်ဆာကိုမှီ၍ သေလု၏ဟုဆို၍ အလုံးစုံသော အကြောင်းကို ကြား၏။

အနာထပိဏ်သူဌေးသည် မြတ်စွာဘုရားအား ကြားလျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် သူကြွယ် ထိုကျွန်မသည် ယခုအခါ၌သာလျှင် ခဏချင်းဖြစ်သော ပညာနှင့် ပြည်စုံဖူးသည် မဟုတ်သေး၊ ရှေး၌လည်း ခဏချင်းဖြစ်သော ပညာနှင့် ပြည့်စုံဖူးသလျှင်ကတည်း၊ ထိုခိုးသူကို ယခုအခါ၌သာလျင် ထိုကျွန်မသည် သတ်သည်မဟုတ်သေး၊ ရှေး၌လည်း သတ်ဖူးသလျှင်ကတည်း ဟု မိန့်တော်မူ၍ အနာထပိဏ် သူဌေးသည် တောင်းပန် အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ပြည့် တန်ဆာမငါးရာ အခြံအရံရှိသော သုလသာ အမည်ရှိသော ပြည့်တန်ဆာမသည် ဖြစ်၏။ အသပြာတစ်ထောင်ဖြင့် ညဉ့်၌ သွားရကုန်၏။

သတ္တုက ခိုးသူ

ဗာရာဏသီပြည်၌ပင်လျှင် ဆင်ပြောင်အားကို ဆောင်သော သတ္တုကမည်သော ခိုးသူသည် ဖြစ်၏။ ထိုခိုးသူသည် ညဉ့်အဖို့၌ မင်းတို့၏ အိမ်သို့ဝင်၍ အလိုရှိတိုင်း ခိုးယူ၏။ ပြည်သူတို့သည် စည်းဝေး၍ မင်းအား ကြားလျှောက်ကုန်၏။

သုလာ၏ လင်ဖြစ်ရ

မင်းသည် မြို့ကို စောင့်စေ၍ ထိုထိုအရပ်၌ လူစုကိုထား၍ ခိုးသူကိုဖမ်း၍ ခိုးသူ၏ ဦးခေါင်းကို ဖြတ်ကုန်လော့ ဟု ဆို၏။ မြို့စောင့်သည် ထိုခိုးသူကိုဖမ်း၍ လက်ပြန်နှောင်ဖွဲ့၍ ခရီးလေးဆုံတိုင်း ကြိမ်လုံးဖြင့်ခတ်၍ ထိုခိုးသူကို သုသာန်သို့ ဆောင်၏။ ထိုခိုးသူကို ဖမ်းမိ၏ဟု မြို့အလုံးသည် ချောက်ချား၏။ ထိုအခါ သုလသာသည် လေသွန်ပြတင်း၌ ရပ်၍ ခရီးအလယ်ကို ကြည့်လတ်သော် ထိုခိုးသူကို မြင်၍ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ ခိုးသူဟု ဆိုအပ်သော ဤယောက်ျားကို ငါသည် အကယ်၍ လွှတ်နိုင်စေအံ့၊ ဤပြည့်တန်ဆာမတို့၏ အမူအရာဟူ သော ညစ်ညူးသောအမှုကို မပြုမူ၍ ဤခိုးသူနှင့်တကွလျှင် ညီညွတ်သောနေခြင်းကို နေအံ့ဟု ကြံ၍ အောက် ကဏဝေရ ဇာတ်၌ ဆိုအပ်ပြီးသော နည်းဖြင့်လျှင် မြို့စောင့်အား တစ်ထောင်သော အသပြာကို ပို့စေ၍ ခိုးသူကို လွှတ်စေ၍ ခိုးသူနှင့်တကွ ဝမ်းမြောက်ဝမ်းသာ အညီအညွတ် နေခြင်းကို နေ၏။ ခိုးသူသည် သုံးရက် လေးရက် လွန်လတ်သော် ဤအရပ်၌ နေခြင်းငှာ မတတ်နိုင်၊ လက်ချည်း သက်သက် ပြေးအံ့သောငှာလည်း မတတ်နိုင်၊ သုလာ၏ တန်ဆာသည် အဖိုး တစ်သိန်းထိုက်၏။

ခိုးသူ၏ အလှည့်အပတ်

သုလာကို သတ္တုကမည်သော ခိုးသူသည် ရှင်မ ထိုအခါ၌ မင်းချင်းယောက်ျားတို့သည် သတ်အံ့သောငှာ ဆောင်အပ်သော ငါသည် ဤအမည်ရှိသော တောင်၌ ရုက္ခစိုးနတ်အား ပူဇော်အံ့ဟု ဝန်ခံ၏။ ထိုရုက္ခစိုးသည် ပူဇော်ခြင်းကို မရ၍ ငါ့ကို ခြိမ်းခြောက်၏။ ထိုရုက္ခစိုးနတ်အား ပူဇော်ခြင်းကို ပြုအံ့ဟု ဆို၏။ သုလသာသည် အရှင်ကောင်းပြီ၊ ပူဇော်ဖွယ်ကို စီရင်၍ ပို့စေလော့ဟု ဆို၏။ ရှင်မ-ပို့စေခြင်းငှာ မသင့်။ နှစ်ယောက်ကုန်သော ငါတို့သည်လည်း ခပ်သိမ်းကုန်သော တန်ဆာတို့ဖြင့် ဆင်ယင်ကုန်လျက် များစွာသော အခြံအရံဖြင့် သွား၍ ပူဇော်ဖွယ်ကို ပေးကုန်အံ့ဟု သတ္တုကမည်သော ခိုးသူသည် ဆို၏။ သုလသာသည် အရှင်ကောင်းပြီ၊ အရှင်ဆိုတိုင်းပြုလော့ဟု ဆို၏။

သုလသာ ခံရပြီ

ထိုအခါ သုလသာကို သတ္တုကမည်သော ခိုးသူသည် မိမိဆိုတိုင်း ပြုစေ၍ တောင်ခြေရင်းသို့ ရောက်သောကာလ၌ ရှင်မ... ရုက္ခစိုးနတ်သည် လူများကိုမြင်သော် ပူဇော်သက္ကာရကို မခံကုန်၊ နှစ်ယောက်ကုန်သော ငါတို့သည်သာ တက်၍ ပူဇော်သက္ကာရကို ပေးကုန်အံ့ဟု ဆို၏။ သုလသာသည် ကောင်းပြီဟု ဝန်ခံလတ်သော ပူဇော်ဖွယ်ခွက်ကို ရွက်စေ၍ မိမိသည်ကား ငါးပါးသော လက်နက်တို့ဖြင့် ဖွဲ့အပ်လျက် တောင် ထိပ်သို့ တက်လျက် အသူတစ်ရာနက်သော တောင်ကမ်းပါးပြတ်ကိုမှီ၍ ရောက်သော သစ်ပင်ရင်း၌ ပူဇော်ခွက်ကို ချစ၍ ရှင်မ... ငါသည် နတ်ကိုပူဇော်အံ့သောငှာ မလာ၊ သင့်ကို သတ်၍ သင့်တန်ဆာကိုယူ၍ သွားအံ့သောငှာ လာ၏။ သင့်တန်ဆာကိုချွတ်၍ အပေါ်ရုံပုဆိုးဖြင့် ထုပ်လော့ ဟု ဆို၏။

တောင်းပန်ခြင်း

အရှင်... အဘယ်ကြောင့် အကျွန်ုပ်ကို သတ်အံ့နည်း ဟု ဆိုလတ်သော် ဥစ္စာဟူသော အကြောင်းကြောင့် သတ်အံ့ဟု ဆို၏။ အရှင်... အကျွန်ုပ်သည် ပြုအပ်သော ကျေးဇူးကို အရှင်သည် အောက်မေ့လော့၊ နှောင်ဖွဲ့၍ ဆောင်အပ်သော အရှင့်ကို အကျွန်ုပ်သည် သူဌေးသားဖြင့်လဲ၍ များစွာသော ဥစ္စာတို့ကိုပေး၍ အသက်ကို ရစေပြီ၊ နေ့တိုင်းနေ့တိုင်း တစ်ထောင်သော အသပြာကို ရလျက်လည်း တစ်ပါးသော ယောကျ်ားတို့ကို အကျွန်သည် မကြည့်၊ အရှင့်အား အကျွန်ုပ်သည် ဤသို့ ကျေးဇူးကိုပြု၏။ အကျွန်ုပ်ကို မသတ်လင့်၊ အရှင့်အား အကျွန်ုပ်သည် များသော ဥစ္စာကိုလည်း ပေးအံ့၊ အကျွန်ုပ်သည် သင်၏ ကျွန်မိန်းမလည်း ဖြစ်အံ့ဟု တောင်းပန်လိုရကား-

၁၈။ ဣဒံ သုဝဏ္ဏကာယူရံ၊ မုတ္တာ ဝေဠုရိယာ ဗဟူ။
သဗ္ဗံ ဟုရဿု ဘဒ္ဒန္တေ၊ မဉ္စ ဒါသီတိ သာဝယ။

ဟူသော ရှေးဦးသော ဤဂါထာကို ဆို၏။

၁၈။ သာမိ၊ အရှင်။ တေ၊ သင့်အား။ ဘဒ္ဒံ၊ ကောင်း မြတ်သော မင်္ဂလာသည်။ ဘဝတု၊ ဖြစ်ပါစေ။ တွံ၊ သင်သည်။ ဣဒံ သုဝဏ္ဏကာယူရံ၊ ဤရွှေဖြင့်ပြီးသော လည်ရွဲတန်ဆာကိုလည်းကောင်း။ ဗဟူ၊ များစွာကုန်သော။ မုတ္တာ ဝေဠုရိယာ၊ ပုလဲ ကြောင်မျက်ရွဲတို့ကိုလည်းကောင်း။ သဗ္ဗံ၊ အလုံးစုံသော တန်ဆာကို။ ဟရဿု၊ ဆောင်ယူလော့။ မဉ္စ၊ အ ကျွန်ုပ်ကိုလည်း။ ဒါသီတိ၊ ကျွန်းမိန်းမတည်းဟု။ မဟာဇနမဇ္ဈေ၊ လူများအလယ်၌။ သာဝယ၊ သိကြားစေ၍။ ဂဏှ၊ ယူလော့။

အဝတ်အစား အကုန်ချွတ်

ထိုနောက်မှ သတ္တုကသည်-

၁၉။ ဩရောပယဿု ကလျာဏိ၊ မာ ဗာဠှံ ပရိဒေဝသိ။
န စာဟံ အဘိဇာနာမိ၊ အဟန္တွာ ဓနမာဘတံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၉။ ကလျာဏိ၊ ကောင်းသော လက္ခဏာနှင့် ပြည့်စုံသော ရှင်မ။ တွံ၊ သင်သည်။ ဩရောပယဿု၊ ဆင်ယင်သော တန်ဆာတို့ကို ချွတ်လော့။ ဗာဠှံ၊ ပြင်းစွာ။ မာ ပရိဒေဝသိ၊ မငိုကြွေးလင့်။ အဟံ၊ ငါသည်။ အဟန္တွာ၊ ဥစ္စာရှင်ကို မသတ်မူ၍။ ဓနံ၊ ဥစ္စာကိုသာ။ အာဘတံ၊ ဆောင် ယူဖူးသည်ကို။ န စ အဘိဇာနာမိ၊ မသိစဖူး။

ချစ်ပူဇော်ပါရစေ

သုလသာသည် ခဏခြင်းဖြစ်သော သတ်ရန်နည်းကိုရ၍ ဤခိုးသူသည် ငါ့အား အသက်ကို မပေးလတ္တံ့၊ ထိုသူကို ရှေးဦးစွာ ကမ်းပါး ပြတ်၌ ကျစေ၍ အသက်ကုန်ခြင်းသို့ ရောက်စေအံ့ဟု ကြံ၍-

၂၀။ ယတော သရာမိ အတ္တာနံ၊ ယတော ပတ္တောသ္မိ ဝိညုတံ။
န စာဟံ အဘိဇာနာမိ၊ အညံ ပိယတရံ တယာ။
၂၁။ ဧဟိ တံ ဥပဂူဟိဿံ၊ ကရိဿံ စ ပဒက္ခိဏံ။
န ဟိ ဒါနိ ပုန အတ္ထိ၊ မမ တုယှဉ္စ သင်္ဂမော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၀။ သာမိ၊ အရှင်။ အဟံ၊ ငါသည်။ ယတော၊ အကြင်အခါမှ စ၍။ အတ္တာနံ၊ ကိုယ်ကို။ သရာမိ၊ အောက်မေ့၏။ ယတာ၊ အကြင်အခါမှစ၍။ ဝိညုတံ၊ လိမ္မာသောအဖြစ်သို့။ ပတ္တော၊ ရောက်သည်။ အသ္မိ၊ ဖြစ်၏။ တတော၊ ထိုအခါမှစ၍။ တယာ၊ သင့်ထက်။ ပိယတရံ၊ အလွန်ချစ်သော။ အညံ၊ တစ်ပါးသော လင်ကို။ န စ အဘိဇာနာမိ၊ မသိစဘူး။

၂၁။ သာမိ၊ အရှင်။ ဧဟိ၊ လာလော့။ တံ၊ သင့်ကို။ ဥပဂုဟိဿံ၊ ပွေ့ပိုက် ဖက်ရမ်းပါအံ့။ ပဒက္ခိဏဉ္စ၊ လက်ယာရစ် လှည့်ခြင်းကိုလည်း။ ကရိဿံ၊ ပြုအံ့။ ဣဒါနိ၊ ယခု။ ပုန၊ တစ်ဖန်။ မမ စ၊ ငါ၏ လည်းကောင်း။ တုယှဉ္စ၊ သင်၏ လည်းကောင်း။ သင်္ဂမော၊ ပေါင်းဖော်ခြင်းသည်။ န ဟိ အတ္ထိ၊ မရှိသလျှင်ကတည်း။

သူခိုးကို တွန်းချပြီ

သတ္တုကသည် သုလသာ၏အလိုကို မသိ၍ ရှင်မ ကောင်းပြီ၊ လာလော့၊ ငါ့ကို ဖက်လော့ ဟု ဆို၏။ သုလသာသည် သတ္တုကကို သုံးကြိမ် လက်ယာရစ်လှည့်၍ ပွေ့ဖက်၍ အရှင်... ယခု သင့်ကို နံပါးလေးဖက်တို့၌ ရှိခိုးအံ့ ဟုဆို၍ ခြေဖမိုး၌ ဦးတင်၍ သတ္တုက၏ မောင်းတို့ကို ရှိခိုး၍ နောက်သို့သွား၍ ရှိခိုးသကဲ့သို့ပြု၍ ဆင်ပြောင်အားကို ဆောင်သော ပြည့်တန်ဆာမသည် ခိုးသူနောက်မှ ခြေနှစ်ဖက်တို့ကို ကိုင်၍ ဦးစောက်ထား၍ အသူတစ်ရာနက်သော ချောက်၌ ချ၏။ ခိုးသူသည် ချောက်၌လျှင် မှုန့်မှုန့်ညက်ညက် ကြေ၍ သေ၏။

တောစောင့်နတ် ချီးမွမ်းခြင်း

ထိုအမူအရာကိုမြင်၍ တောင်ထိပ်၌နေသော နတ်သည်-

၂၂။ န ဟိ သဗ္ဗေသု ဌာနေသု၊ ပုရိသော ဟောတိ ပဏ္ဍိတော။
ဣတ္ထီပိ ပဏ္ဍိတာ ဟောတိ၊ တတ္ထ တတ္ထ ဝိစက္ခဏာ။
၂၃။ န ဟိ သဗ္ဗေသု ဌာနေသု၊ ပုရိသော ဟောတိ ပဏ္ဍိတော။
ဣတ္ထီပိ ပဏ္ဍိတာ ဟောတိ၊ လဟုံ အတ္ထံ ဝိစိန္တိကာ။
၂၄။ လဟုဉ္စ ဝတ ခိပ္ပဉ္စ၊ နိကဋ္ဌေ သမ စေတယိ။
မိဂံ ပုဏ္ဏာယတေနေဝ၊ သုလသာ သတ္တုကံ ဝဓိ။
၂၅။ ယောဓ ဥပ္ပတိတံ အတ္ထံ၊ န ခိပ္ပမနုဗုဇ္စျတိ။
သော ဟညတိ မန္ဒမတိ၊ စောရောဝ ဂိရိဂဗ္ဘရေ။
၂၆။ ယောဓ ဥပ္ပတိတံ အတ္ထံ၊ ခိပ္ပမေဝ နိဗောဓတိ။
မုစ္စတေ သတ္တုသမ္ဗာဓာ၊ သုလသာ သတ္တုကာမိဝ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၂၂။ သဗ္ဗေသု၊ ခပ်သိမ်းသော။ ဌာနေသု၊ အရာတို့၌။ ပုရိသော၊ ယောကျ်ားသည်သာလျှင်။ ပဏ္ဍိတော၊ ပညာရှိသည်။ န ဟိ ဟောတိ၊ မဟုတ်။ ဣတ္ထီပိ၊ မိန်းမသည်လည်း။ ပဏ္ဍိတာ၊ ပညာရှိသည်။ ဟောတိ၊ ဖြစ်၏။ တတ္ထ တတ္ထ၊ ထိုထိုအရာ၌။ ဝိစက္ခဏာ၊ အထူးသဖြင့် မြင်တတ်၏။

မိန်းမ ပညာရှိ

၂၃။ သဗ္ဗေသု၊ ခပ်သိမ်းကုန်သော။ ဌာနေသု၊ အရာတို့၌။ ပုရိသော၊ ယောက်ျားသည်သာလျှင်။ ပဏ္ဍိတော၊ ပညာရှိသည်။ န ဟိ ဟောတိ၊ မဟုတ်။ ဣတ္ထီပိ၊ မိန်းမသည်လည်း။ ပဏ္ဍိတာ၊ ပညာရှိသည်။ ဟောတိ၊ ဖြစ်၏။ လဟုံ၊ လျင်မြန်စွာ။ အတ္ထံ၊ အကျိုးကို။ ဝိစိန္တိကာ၊ ကြံနိုင်၏။

ဖြတ်ထိုးဉာဏ်သုံးရန်

၂၄။ နိကဋ္ဌေ၊ သေခြင်း၏အနီး၌။ ဌိတာဝ၊ တည်လျက်လျှင်။ ဝတ၊ စင်စစ်။ တဿ၊ ထိုသူခိုး၏။ မရဏူပါယံ၊ သေခြင်း၏ အကြောင်းကို။ လဟုဉ္စ၊ လျင်စွာလည်းကောင်း။ ခိပ္ပဉ္စ၊ မြန်စွာလည်းကောင်း။ သမစေတယိ၊ ကြံနိုင်၏။ ပုဏ္ဏာယတေန၊ မြားပြည့်သော လေးဖြင့်။ မိဂံ၊ သမင်ကို။ ဝဓိ ဣဝ၊ သတ်သကဲ့သို့။ တထာ၊ ထို့အတူ။ သုလသာ၊ သုလာသည်။ သတ္တုကံ၊ သတ္တုကို။ ဝဓိ၊ သတ်၏။

အ, ရင် ခံရမည်

၂၅။ ဣဓ၊ ဤလောက၌။ ယော၊ အကြင်သူသည်။ ဥပ္ပတိတံ၊ ဖြစ်သော။ အတ္ထံ၊ ကိစ္စကို။ ခိပ္ပံ၊ လျင်စွာ။ န အနုဗုဇ္စျတိ၊ မသိ။ မန္ဒမတီ၊ နုံသောပညာ ရှိသော။ သော၊ ထိုသူသည်။ ဂိရိဂဗ္ဘရေ၊ တောင်ကမ်းပါးပြတ်၌။ စောရောဝ၊ ခိုးသူကဲ့သို့။ ဟညတိ၊ သတ်၏။

၂၆။ ဣဓ၊ ဤလောက၌။ ယော စ၊ အကြင်သူသည်ကား။ ဥပ္ပတိတံ၊ ဖြစ်သော။ အတ္ထံ၊ ကိစ္စကို။ ဓိပ္ပမေဝ၊ လျင်စွာသာလျှင်။ နိဗောဓတိ၊ သိ၏။ သော၊ ထိုသူသည်။ သတ္တုကာ၊ သတ္တုကမှ။ သုလသာ၊ သုလသာသည်။ မုစ္စတိ ဣဝ၊ လွတ်သကဲ့သို့။ သတ္တုသမ္ဗာဓာ၊ ရန်သူဘေးမှ။ မုစ္စတေ၊ လွတ်၏။

ဤသို့ သုလသာသည် ခိုးသူကိုသတ်၍ တောင်မှဆင်း၍ မိမိပရိသတ်၏ အထံသို့ သွား၍ “အရှင့်သား အဘယ်မှာနည်းဟု မေးအပ်သည်ရှိသော် အရှင့်သားကို မမေးကြကုန်လင့် ဟုဆို၍ ရထားစီး၍ မြို့သို့လျှင် ဝင်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဤနှစ်ယောက်ကုန်သော သူတို့သည် ထိုအခါ နှစ်ယောက်ကုန်သော သူတို့လျှင် ဖြစ်ကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ တောင်စောင့်နတ် ဖြစ်ဖူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဖြစ်မည့်အရေး၊ ဉာဏ်မြင်သေး၊ သေဘေးကြုံမည်သာ

သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော သုလသာဇာတ်သည် ပြီး၏။

*****

အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၄။ သုမင်္ဂလဇာတ်

အစိုးရမင်းသည် အမျက်ကို သိမ်းဆည်းသင့်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဘုသမ္ပိ ကုဒ္ဓေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုမင်္ဂလဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ရာဇောဝါဒသုတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအခါ၌ကား သဗ္ဗညူ မြတ်စွာဘုရားသခင်သည်ကောသလမင်း တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝမ်း၌ဖြစ်၍ အရွယ်ရောက်လတ်သော် အဖလွန်သဖြင့် မင်းပြု၏။ အလှူကြီးကို ဖြစ်စေ၏။ ထိုဗြဟ္မဒတ်မင်းအား သုမင်္ဂလမည်သော ဥယျာဉ်စောင့်သည် ဖြစ်၏။

ပစ္စေကဗုဒ္ဓါကို ကိုးကွယ်

ထိုအခါ တစ်ဦးသော ပစ္စေကဗုဒ္ဓါသည် နန္ဒမူ လိုဏ်မှထွက်၍ ဒေသစာရီ ကြွသွားသည်ရှိသော် ဗရာဏသီပြည်သို့ရောက်၍ မင်း၏ဥယျာဉ်၌ နေ၍ မြို့သို့ ဆွမ်းခံအံ့သောငှာ ဝင်၏။ ထိုပစ္စေကဗုဒ္ဓါကို မင်းသည် မြင်၍ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍ ပြာသာဒ်သို့တင်၍ မင်းအိမ်၌ နေစေ၍ အထူးထူးသော မြတ်သောအရသာရှိသော ခဲဖွယ်ဘောဇဉ်တို့ဖြင့် လုပ်ကျွေး၍ အနုမောဒနာကို နာရ၍ ကြည်ညိုသည်ဖြစ်၍ မိမိဥယျာဉ်၌ နေစိမ့်သောငှာ ပဋိညာဉ်ကိုယူ၍ ဥယျာဉ်သို့ ပို့စေ၍ မိမိသည်လည်း နံနက်စာ စားပြီးသော် ဥယျာဉ်သို့သွား၍ ညဉ့်သန့်ရာ နေ့သန့်ရာအရပ် အစရှိသည်တို့ကို စီရင်၍ သုမင်္ဂလမည်သော ဥယျာဉ်စောင့်ကို အမှုကြီးငယ် ရွက်ဆောင်တတ်သောသူကို ပြု၍ မြို့တွင်းသို့ ဝင်၏။

ဥယျာဉ်မှူး လေးဖြင့်ပစ်ပုံ

ပစ္စေကဗုဒ္ဓါသည် ထိုအခါမှစ၍ မပြတ် မင်းအိမ်၌ ဆွမ်းဘုဉ်းပေးလျက် ထိုဥယျာဉ်၌ ကြာမြင့်စွာ နေ၏ သုမင်္ဂလသည်လည်း ရိုသေစွာ လုပ် ကျွေး၏။ ထိုအခါ တစ်နေ့သ၌ ရှင်ပစ္စေကဗုဒ္ဓါသည် သုမင်္ဂလကိုခေါ်၍ ငါသည် နှစ်ရက် သုံးရက် ဤအမည်ရှိသော ရွာကို အမှီပြု၍ နေလျက် ပြန်လာအံ့။ မင်းအား လျှောက်လော့ ဟုဆို၍ ကြွ၏။ သုမင်္ဂလသည် မင်းအား လျှောက်၏။ ပစ္စေကဗုဒ္ဓါသည် နှစ်ရက် သုံးရက် ထိုရွာ၌ နေ၍ ညချမ်းအခါ နေဝင်လတ်သော် ထိုဥယျာဉ်သို့ တစ်ဖန် ရောက်လာ၏။ သုမင်္ဂလသည် ပစ္စေကဗုဒ္ဓါ၏ လာသောအဖြစ်ကို မသိသည်ဖြစ်၍ မိမိအိမ်သို့ သွား၏။ ပစ္စေကဗုဒ္ဓါသည်လည်း သင်္ကန်းကို သိုမှီ၍ အတန်ငယ် စင်္ကြံသွား၍ ကျောက်ဖျာ၌ ထိုင်၏။ ထိုနေ့၌ ဥယျာဉ်စောင့်၏ အိမ်သို့ ဧည့်သည်တို့သည် ရောက်ကုန်၏။ ဥယျာဉ်စောင့်သည် ဧည့်သည်တို့၏ ဟင်းလျာအကျိုးငှာ ဥယျာဉ်၌ ဘေးမဲ့ကိုရသော သမင်ကို သတ်အံ့ ဟု လေးကိုယူ၍ ဥယျာဉ်သို့သွား၍ သမင်ကို ကြည့်လတ်သော် ပစ္စေကဗုဒ္ဓါကို မြင်၍ သမင်ကြီး ဖြစ်လတ္တံ့ ဟူသော အမှတ်ဖြင့် မြားကိုဖွဲ့၍ ပစ်၏ ပစ္စေကဗုဒ္ဓါသည် ဦးခေါင်းကိုဖွင့်၍ သုမင်္ဂလဟု ခေါ်၏။ သုမင်္ဂလသည် ကြောက်ခြင်းသို့ ရောက်၍ ရှိခိုး၍ အရှင်ဘုရား... အကျွန်ုပ်သည် အရှင်ဘုရား၏ လာသောအဖြစ်ကို မသိရကား သမင်ဟူသော အမှတ်ဖြင့် ပစ်၏။ အရှင်ဘုရားတို့သည် အကျွန်ုပ်အား သည်းခံတော်မူပါကုန်လော့ဟု ဆို၍ သုမင်္ဂလ ပစ်မိသည်ဖြစ်စေ၊ ယခု အဘယ်သို့ ပြုအံ့နည်း၊ လာလော့၊ မြားကို နုတ်၍ ယူလော့ ဟု ဆိုသည်ရှိသော် သုမင်္ဂလသည် ရှိခိုး၍ မြားကို နုတ်၏။ ပစ္စေကဗုဒ္ဓါအား အားကြီးသော ဝေဒနာသည် ဖြစ်၏။ ပစ္စေကဗုဒ္ဓါသည် ထိုအရပ်၌လျှင် ပရိနိဗ္ဗာန်ပြု၏။

ဥယျာဉ်မှူးထွက်ပြေး

ဥယျာဉ်စောင့်သည် အကယ်၍ မင်း သိငြားအံ့၊ ပျက်စီးလတ္တံ့ဟု သားမယားကို ယူ၍ ထိုအရပ်မှ ထွက်ပြေး၏။ ထိုခဏ၌လျှင် ပစ္စေကဗုဒ္ဓါသည် ပရိနိဗ္ဗာန်ပြုတော်မူ၏ ဟု နတ်တို့၏ အာနုဘော်အားဖြင့် မြို့အလုံးသည် တစ်ပြိုင်နက် အုတ်အုတ်ကျက်ကျက် ဖြစ်၏။ နက်ဖြန် လူတို့သည် ဥယျာဉ်သို့သွား၍ ပစ္စေကဗုဒ္ဓါကိုမြင်၍ ဥယျာဉ်စောင့်သည် ပစ္စေကဗုဒ္ဓကို သတ်၍ ပြေး၏ဟု မင်းအား ကြားလျှောက်ကုန်၏။

သုံးနှစ်ကြာသော်

မင်းသည် များသော အခြံအရံဖြင့် ဥယျာဉ်သို့သွား၍ ခုနစ်ရက်ပတ်လုံး အလောင်းအား ပူဇော်ခြင်းကိုပြု၍ ကြီးစွာသော ပူဇော်သက္ကာရဖြင့် မီးသင်္ဂြိုဟ်၏။ ဓာတ်တော်တို့ကိုယူ၍ စေတီတည်ထား ပူဇော်ပြီးလျှင် တရားသဖြင့် မင်းပြု၏။ သုမင်္ဂလသည်လည်း တစ်နှစ်ကို လွန်စေ၍

မင်း၏စိတ်ကို သိအံ့ဟု လာလတ်၍ တစ်ယောက်လော အမတ်ကိုစေ၍ အမတ်သည် မင်း၏အထံ၌ သုမင်္ဂလ ကျေးဇူးကို ဆို၏။ မင်းသည် မကြားသကဲ့သို့ နေ၏။ အမတ်သည် တစ်စုံတစ်ခုသောစကားကို မဆိုမူ၍ မင်း၏

မနှစ်သက်သောအဖြစ်ကို သုမင်္ဂလအား ပြောဆို၏။ သုမင်္ဂလသည် နှစ်နှစ်မြောက်၌ လာ၍ စုံစမ်းစေ၏။ မင်းသည် ရှေးအတူသာလျှင် ဆိတ်ဆိတ်နေ၏။ သုံးနှစ်မြောက်၌ လာလတ်သော် သားမယားကို ယူ၍လျှင် လာ၏။ အမတ်သည် မင်း၏ စိတ်နူးညံ့သော အဖြစ်ကို သိ၍ သုမင်္ဂလကို မင်းအိမ်တံခါး၌ ထားခဲ့၍ သုမင်္ဂလ၏ လာသော အဖြစ်ကို မင်းအား လျှောက်၏။ မင်းသည် သုမင်္ဂလကို ခေါ်စေ၍ ပဋိသန္ထာရပြု၍ သုမင်္ဂလ အဘယ့်ကြောင့် သင်သည် ငါ၏ ကောင်းမှုစိုက်ရာ လယ်ယာဖြစ်သော အရှင်ပစ္စေကဗုဒ္ဓါကို သတ်သနည်း ဟု မေး၏။ သုမင်္ဂလသည် မြတ်သောမင်းကြီး... အကျွန်ုပ်သည် အရှင်ပစ္စေကဗုဒ္ဓါကို မသတ်၊ စင်စစ်သဖြင့်ကား ဤမည်သော အကြောင်းကြောင့် ဤမည်သောအမှုကို ပြု၏ ဟု ထို အကြောင်းကို လျှောက်၏။ ထိုအခါ သုမင်္ဂလကို မင်းသည် ထိုသို့တပြီးကား သင်သည် မကြောက်လင့်ဟု နှစ်သိမ့်စေ၍ တစ်ဖန် ဥယျာဉ်စောင့် ပြုမြဲပြုစေ၏။

မင်းကျင့်တရားများ

ထိုအခါ ထိုမင်းကို ထိုအမတ်သည် မြတ်သောမင်းကြီး... အဘယ့်ကြောင့် သင်မင်းကြီးတို့သည် နှစ်ကြိမ်တိုင်တိုင် သုမင်္ဂလ၏ သတင်း စကားကို ကြား၍ တစ်စုံတစ်ခုသောစကားကို မဆိုကုန်သနည်း၊ သုံးကြိမ်မြောက်၌ အဘယ့်ကြောင့် သုမင်္ဂလ၏ သတင်းစကားကို ကြား၍ ခေါ်စေ၍ သနားတော်မူကုန်သနည်း ဟု မေး၏။ မင်းသည် အမောင် မင်းမည်သည်ကား အမျက်ထွက်သဖြင့် အဆောတလျင် တစ်စုံ တစ်ခုသော အမှုကို ပြုခြင်းငှာ မသင့်၊ ထို့ကြောင့် ငါသည် ရှေး၌ ဆိတ်ဆိတ်နေ၍ သုံးကြိမ်မြောက်၌ သုမင်္ဂလအား ငါ၏ စိတ်နူးညံ့သည်၏ အဖြစ်ကို သိ၍ သုမင်္ဂလကို ခေါ်စေ၏ဟု ဆိုလိုရကား-

၂၇။ ဘုသမှိ ကုဒ္ဓေါတိ အဝေက္ခိယာန၊
န တာဝ ဒဏ္ဍံ ပဏယေယျ ဣဿရော။
အဋ္ဌာနသော အပ္ပတိရူပမတ္တနော။
ပရဿ ဒုက္ခာနိ ဘုသံ ဥဒီရယေ။
၂၈။ ယတော စ ဇာနေယျ ပသာဒမတ္တနော၊
အတ္ထံ နိယုဉ္ဇေယျ ပရဿ ဒုက္ကဋံ။
တဒါယမတ္ထောတိ သယံ အဝေက္ခိယ၊
အထဿ ဒဏ္ဍံ သဒိသံ နိဝေသယေ။
၂၉။ န စာပိ ဈာပေတိ ပရံ န အတ္တနံ၊
အမုစ္ဆိတော ယော နယတေ နယာနယံ။
ယော ဒဏ္ဍဓာရော ဘဝတီဓ ဣဿရော။
သဝဏ္ဏဂုတ္တော သိရိယာ န ဓံသတိ၊
၃၀။ ယေ ခတ္တိယာ သေ အနိသမ္မကာရိနော၊
ပဏေန္တိ ဒဏ္ဍံ သဟသာ ပမုစ္ဆိတာ။
အဝဏ္ဏသံယုတာ ဇဟန္တိ ဇီဝိတံ။
ဣတော ဝိမုတ္တာပိ စ ယန္တိ ဒုဂ္ဂတိ။
၃၁။ ဓမ္မေ စ ယေ အရိယပ္ပဝေဒိတေ ရတာ၊
အနုတ္တရာ တေ ဝစသာ မနသာ ကမ္မုနာ စ။
တေ သန္တိ သောရစ္စသမာဓိသဏ္ဌိတာ၊
ဝဇန္တိ လောကံ ဒုဘယံ တထာဝိဓာ။
၃၂။ ရာဇာဟမသ္မိ နရပမဒါနမိဿရော၊
သစေပိ ကုဇ္စျာမိ ဌပေမိ အတ္တနံ။
နိသေဓယန္တော ဇနတံ တထဝိဓံ၊
ပဏေမိ ဒဏ္ဍံ အနုကမ္ပ ယောနိသော။

ဟူသော ဤဂါထာတို့ကို ဆို၏။

၂၇။ တာတ၊ အမောင်။ ဣဿရော၊ မင်းမည်သည်။ အဟံ၊ ငါကား။ ဘုသံပိ၊ ပြင်းစွာလည်း။ ကုဒ္ဓေါ၊ အမျက်ထွက်သည်။ အမှိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ အဝေက္ခိယာန၊ သိ၍။ တာဝ၊ ရှေးဦးစွာ။ ဒဏ္ဍံ၊ ဒဏ်ကို။ န ပဏယေယျ-နပ္ပဝတ္တေယျ၊ မဖြစ်စေရာ။ အဋ္ဌာနသော၊ အကြောင်းမဟုတ်သောအား ဖြင့်။ အတ္တနော၊ မိမိအား။ အပ္ပတိရူပံ၊ မလျောက် ပတ်သော ဒဏ်ကို။ ကရောထ၊ ပြုကြကုန်လော့။ ဣတိ၊ ဤသို့။ ပရဿ၊ သူတစ်ပါး၏။ ဘုသံ၊ ပြင်း ပြစွာ။ ဒုက္ခာနိ၊ ဆင်းရဲခြင်းတို့ကို။ ဥဒီရယေ၊ ဆိုရာ၏။

၂၈။ ယတော စ၊ အကြင်အခါ၌လည်း။ အတ္တနော၊ မိမိ၏။ ပသာဒံ၊ ကြည်ခြင်းကို။ ဇာနေယျ၊ သိရာ၏။ ပရဿ၊ သူတစ်ပါး၏။ ဒုက္ကဋံ၊ အပြစ်ကိုလည်းကောင်း။ အတ္ထံ၊ အကျိုးကိုလည်းကောင်း။ နိယုဉ္ဇေယျ၊ ဆင်ခြင်ရာ၏။ တဒါ၊ ထိုအခါ၌။ အယံ အတ္တော၊ ဤမည်သော အကျိုးတည်း။ အယံ ဒေါသော၊ ဤမည်သောအပြစ်တည်း။ ဣတိ၊ ဤသို့။ သယံ၊ ကိုယ်တိုင်။ အဝေက္ခိယ၊ ရှု၍။ အထ၊ ထို နောင်မှ။ အဿ၊ ထိုအပြစ်ကို ပြုသောသူအား။ ဒဏ္ဍံ သဒိသံ၊ အပြစ်အားလျော်သော ဒဏ်ကို။ နိဝေသယေ၊ ဖြစ်စေရာ၏။

၂၉။ ဣဓ၊ ဤလောက၌။ ယော ဣဿရော၊ အကြင်မင်းသည်။ အမုစ္ဆိတော၊ ဆန္ဒာဂတိ အစရှိသော ကိလေသာတို့သည် မနှိပ်စက်အပ်သည်ဖြစ်၍။ နယာနယံ၊ သင့်-မသင့်ကို။ နယတေ၊ ဆင်ခြင်၏။ သော ဣဿရော၊ ထိုမင်းသည်။ ပရံပိ၊ သူတစ်ပါးကိုလည်းကောင်း။ အတ္တာနံပိ၊ မိမိကိုယ်ကိုလည်းကောင်း။ န ဈာပေတိ၊ မလောင်စေ။ ယော ဣဿရော၊ အကြင်မင်းသည်။ ဒဏ္ဍဓာရော၊ အပြစ်အားလျော်သော ဒဏ်ကိုဆောင်သည်။ ဘဝတိ၊ ဖြစ်၏။ သော ဣဿရော၊ ထိုမင်းသည်။ သဝဏ္ဏဂုတ္တော၊ ကျေးဇူးအခြံအရံ အကျော်အစောသည် စောင့်ရှောက်အပ်သည်ဖြစ်၍။ သိရိယာ၊ အသရေမှ။ န ဓံသတိ၊ မယုတ်။

၃၀။ ယေ ခတ္တိယာ၊ အကြင်မင်းတို့သည်။ အနိသမ္မကာရိနော၊ မဆင်မခြင် ပြုလေ့ရှိကုန်၏။ ပမုစ္ဆိတာ၊ ဆန္ဒာဂတိ အစရှိသော ကိလေသာတို့သည် နှိပ်စက် အပ်ကုန်သည်ဖြစ်၍။ သဟသာ၊ အဆော တလျင်။ ဒဏ္ဍံ၊ ဒဏ်ကို။ ပဏေန္တိ၊ ဖြစ်စေကုန်၏။ တေ ခတ္တိယာ၊ ထိုမင်းတို့သည်။ အဝဏ္ဏသံယုတာ၊ ကျေးဇူးမဲ့နှင့် ယှဉ်ကုန်သည်ဖြစ်၍။ ဇီဝိတံ၊ အသက်ကို။ ဇဟန္တိ၊ စွန့်ရကုန်၏။ ဣတော၊ ဤပစ္စုပ္ပန်ဘဝမှ။ ဝိမုတ္တာပိ စ၊ လွတ်ကင်းကုန်သော်လည်း။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝသို့။ ယန္တိ၊ လားရကုန်၏။

၃၁။ ယေ ခတ္တိယာ၊ အကြင်မင်းတို့သည်။ အရိယပ္ပဝေဒိတေ၊ ကောင်းသော အကျင့်ရှိသော ရှေးမင်းတို့သည် သိအပ်သော။ ဓမ္မေ၊ ဆယ်ပါးအပြားရှိသော မင်းကျင့်တရား၌။ ရတာ၊ မွေ့လျော်ကုန်၏။ တေ ခတ္တိယာ၊ ထိုမင်းတို့သည်။ ဝစသာ စ၊ ဝစီဒွါရဖြင့်လည်းကောင်း။ မနသာ စ၊ မနောဒွါရဖြင့်လည်းကောင်း။ ကမ္မုနာ စ၊ ကာယဒွါရဖြင့်လည်းကောင်း။ အနုတ္တရာ၊ ကြီးမြတ်ကုန်၏။ သန္တိသောရစ္စသမာဓိသဏ္ဌိတာ၊ ငြိမ်းချမ်းခြင်း, သီလ, သမာဓိ၌ တည်ကုန်သော။ တထာဝိဓာ၊ ထိုသဘောရှိကုန်သော။ တေ ခတ္တိယာ၊ ထိုမင်းတို့သည်။ ဥဘယံ၊ နှစ်ပါးသော။ လောကံ၊ လူ့ ပြည် နတ်ပြည်သို့။ ဝဇန္တိ၊ ရောက်ကုန်၏။

၃၂။ အဟံ၊ ငါသည်။ နရပမဒါနံ၊ ယောက်ျားမိန်းမတို့ကို။ ဣဿရော၊ အစိုးရသော။ ရာဇာ၊ မင်းသည်။ အသ္မိ၊ ဖြစ်၏။ သစေ ကုဇ္စျာမိ၊ အကယ်၍ တစိုးတစိ အမျက်ထွက်မိအံ့။ အတ္တာနံ၊ ကိုယ်ကို။ နိသေဓယန္တော၊ မြစ်လျက်။ ဌပေမိ၊ ထားအံ့။ ယောနိသော၊ အသင့်အားဖြင့်။ တထာဝိဓံ၊ ထိုသို့သဘောရှိသော။ ဇနတံ၊ လူအပေါင်းကို။ အနုကမ္ပ၊ သနား၍။ ဒဏ္ဍံ၊ ဒဏ်ကို။ ပဏေမိ၊ ဖြစ်စေ၏။

ဤသို့ ခြောက်ဂါထာတို့ဖြင့် မင်းသည် မိမိကျေးဇူးကို ဆိုလတ်သော် ခပ်သိမ်းသော မင်း၏ ပရိသတ်သည်လည်း နှစ်သက်သည်ဖြစ်၍ သီလအကျင့်ဂုဏ်နှင့် ပြည့်စုံခြင်းသည် အရှင်မင်းကြီးတို့အားသာလျှင် လျောက်ပတ်၏ ဟု မင်း၏ ကျေးဇူးကိုကို ဆို၏။

ဥယျာဉ်မှူး ကန်တော့ခြင်း

သုမင်္ဂလသည်ကား မင်း၏ကျေးဇူးတို့ကို ဆိုသည်၏ အဆုံး၌ ထ၍ မင်းကို ရှိခိုး၍ လက် အုပ် ချီ၍ မင်းကို ချီးမွမ်းလိုရကား-

၃၃။ သိရီ စ လက္ခ စ တထေဝ ခတ္တိယ၊
ဇနာဓိပ မာ ဝိဇဟိ ကုဒါစနံ။
အက္ကောဓနော နိစ္စပသန္နစိတ္တော၊
အနီဃော တုဝံ ဝဿသတာနိ ပါလယ။
၃၄။ ဂုဏေဟိ ဧတေဟိ ဥပေတ ခတ္တိယ၊
ဌိတမရိယဝတ္တီ သုဝစော အကောဓနော။
သုခီ အနုပ္ပီဠ ပသာသ မေဒနိံ၊
ဣတော ဝိမုတ္တောပိ စ ယာဟိ သုဂ္ဂတိံ။
၃၅။ ဧဝံ သုနီတေန သုဘာသိတေန၊
ဓမ္မေန ဉာယေန ဥပါယသော နယံ။
နိဗ္ဗာပယေ သင်္ခုဘိတံ မဟာဇနံ၊
မဟာဝ မေဃော သလိလေန မေဒနိံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၃၃။ ဇနာဓိပ၊ လူတို့ကို အစိုးရသော။ ခတ္တိယ၊ မင်းမြတ်။ တဝေဝ၊ သင်မင်းကြီးကိုသာလျှင်။ သိရီ စ၊ အခြံအရံ၏ ပြည့်စုံခြင်းသည်လည်းကောင်း။ လက္ခီ စ၊ ဘုန်းပညာသည်လည်းကောင်း။ ကုဒါစနံ၊ တစ်ရံတစ်ဆစ်။ မာ ဝိဇဟိ၊ မစွန့်စေသတည်း။ တုဝံ၊ သင်မင်းကြီးသည်။ အက္ကောဓနော၊ အမျက်မထွက်သည်ဖြစ်၍။ နစ္စပသန္နစိတ္တော၊ အမြဲ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ အနီဃော၊ ဆင်းရဲမရှိသည် ဖြစ်၍။ ဝဿသတာနိ၊ အနှစ်တစ်ရာတို့ပတ်လုံး။ ပါလယ၊ စောင့်စေသတည်း။

၃၄။ ခတ္တိယ၊ မင်းမြတ်။ တုဝံ၊ သင်မင်းမြတ်သည်။ ဧတေဟိ ဂုဏေဟိ၊ ထိုအထူးထူးကျေးဇူးတို့နှင့်။ ဥပေတာ၊ ပြည့်စုံသည်ဖြစ်၍။ ဌိတမရိယဝတ္တီ၊ တည်သော မင်းကျင့်တရား ရှိသည်ဖြစ်၍။ သုဝစော၊ ဆိုလွယ်သည်ဖြစ်၍။ အကောဓနော၊ အမျက် မထွက်သည် ဖြစ်၍။ သုခီ၊ ချမ်းသာသည်ဖြစ်၍။ ပသာသမေဒိနိံ၊ မိမိဥစ္စာဖြစ်သော မြေနှင့်တကွသော သတ္တဝါကို။ အနုပ္ပီဠ၊ မနှိပ်စက်မူ၍။ ဣတော၊ ဤဘဝမှ။ ဝိမုတ္တောပိ စ၊ လွတ်ကင်းသော်လည်း။ သုဂ္ဂတိံ၊ သုဂတိသို့။ ယာဟိ၊ လားလော့။

၃၅။ မဟာမေဃော၊ ကြီးစွာသော မိုးသည်။ သလိလေန၊ ရေဖြင့်။ မေဒိနိံ၊ မြေကို။ နိဗ္ဗာပေတိ ဣဝ၊ ငြိမ်းစေသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ သုနီတေန၊ ကောင်းစွာ ဆောင်အပ်သော အကြောင်းဖြင့်။ သုဘာသိတေန၊ ကောင်းစွာ ဆိုအပ်သော စကားဖြင့်။ ဓမ္မေန၊ ဆယ်ပါးသော ကုသလကမ္မပထ တရားဖြင့်။ ဉာယေန၊ အသင့်အားဖြင့်။ ဥပါယသော၊ အကြောင်း၌ လိမ္မာသဖြင့်။ နယံ-နယန္တော၊ ဆုံးမလျက်။ သင်္ခုဘိတံ၊ ကာယိကဒုက္ခ, စေတသိကဒုက္ခဖြင့် ချောက်ချားလောက်သည်ဖြစ်သော။ မဟာဇနံ၊ လူများကို။ နိဗ္ဗာပယေ၊ ငြိမ်းစေလော့၊

ဇာတ်ပေါင်း... ကောသလမင်းအား ဆုံးမသည်၏ အစွမ်းအားဖြင့် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ထိုအခါ ပစ္စေကဗုဒ္ဓါသည် ပရိနိဗ္ဗာန်ပြုပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ သုမင်္ဂလ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မင်းဖြစ်ဖူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မင်းကျင့်တရား၊ ကျင့်ပါငြား၊ မင်းကားကြီးပွားမည်

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော သုမင်္ဂလဇာတ်သည် ပြီး၏။

*****

အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၅။ ဂင်္ဂမာလဇာတ်

တဏှာလောဘ၏ အလိုသို့ မလိုက်သင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အင်္ဂါရဇာတာ အစရှိသော ဂါထပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂင်္ဂမာလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဥပုသ်သုံးသောအမှုကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... တစ်နေ့သ၌ သဗ္ဗညူမြတ်စွာဘုရားသည် ဥပုသ်သုံးကုန်သော သီတင်းသည်တို့ကို ခေါ်တော်မူ၍ သီတင်းသည်တို့ သင်တို့ ဥပုသ်သုံးကုန်သဖြင့် ကောင်းသောသဘောကို ပြုအပ်၏။ အလှူကို ပေးအပ်၏။ သီလကို စောင့်ရှောက်အပ်၏။ အမျက်ထွက်ခြင်းကို မပြုအပ်၊ မေတ္တာကို ပွားစေအပ်၏။ ဥပုသ်ကို သုံးအပ်သော ရှေးပညာရှိတို့သည် ဥပုသ်သီလကိုအမှီပြု၍ ကြီးစွာသော စည်းစိမ်ကို ရဖူးကုန်၏ဟု မိန့်တော်မူ၍ ထိုသီတင်းသည်တို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဗာရာ ဏသီမြို့၌ သုစိပရိဝါရမည်သော ကုဋေရှစ်ဆယ်ကြွယ်ဝသော ဒါနအစရှိသော ကောင်းမှု၌ မွေ့ လျော်သော သူဌေးသည် ဖြစ်၏။

ဥပုသ်စောင့်သော သူဌေးအိမ်

ထိုသူဌေး၏ သားမယားတို့သည်လည်းကောင်း၊ အယုတ်သဖြင့် ထိုအိမ်၌ နွားကျောင်း သားတို့သည်လည်းကောင်း ခပ်သိမ်းသော သူတို့သည် အမာဝါသီ, အဋ္ဌမီ, ဧကဒသီဟူ၍ သုက္ကပက္ခ၌ သုံးရက်။ ထို့အတူ ကဏှပက္ခ၌ သုံးရက်အားဖြင့် တစ်လ၌ ခြောက်ရက်သော ဥပုသ်သီလကို ဆောက်တည်ကုန်၏။

ဆင်းရဲသား အလုပ်ရ

ထိုအခါ ဘုရားလောင်းသည် တစ်ဦးသော သူဆင်းရဲမျိုး၌ ဖြစ်၍ အခစားပြု၍ ဆင်းရဲငြိုငြင်သဖြင့် အသက်မွေးရ၏။ ထိုဘုရားလောင်းသည် သူရင်းငှားအမှုကို လုပ်အံ့ဟု ထိုသူဌေး၏ အိမ်သို့သွား၍ ရှိခိုး၍ တင့်အပ် လျောက်ပတ်စွာ နေ၏။ အဘယ်အကျိုးငှာ လာသနည်း ဟု မေးသည်ရှိသော် အရှင်တို့... ဤအိမ်၌ အခဖြင့် အမှုလုပ်အံ့သောငှာ လာ၏ဟု ဆို၏။ သူဌေးသည် တစ်ပါးသော သူရင်းငှားတို့အား လာသော နေ့၌လျှင် အမှုကိုလုပ်ကုန်လျက် သီလကို စောင့်ရှောက်စေ၏။ သီလကို စောင့်ရှောက်ခြင်းငှာ စွမ်းနိုင်သည်ရှိသော် အမှုကို လုပ်ကုန်လော့ ဟု ဆို၏။ ဘုရားလောင်းအားကား သူဌေးသည် သီလကို စောင့်ရှောက်ခြင်း၌ အမှတ်သညာပေးခြင်းကို မပြုမူ၍ အမောင် ကောင်းပြီ၊ မိမိအခကိုသိ၍ အမှုကိုပြုလော့ ဟု ဆို၏။ ဘုရားလောင်းသည် ထိုအခါမှစ၍ ဆိုဆုံးမလွယ်သည်ဖြစ်၍ အသက်ကိုစွန့်၍ မိမိ၏ ပင်ပန်းခြင်းကို မရေတွက်မူ၍ ထိုသူဌေး၏ အလုံးစုံသော ကိစ္စတို့ကိုပြု၏။ စောစောကလျှင် အမှုလုပ်ရာသွား၍ ညမှပြန်၏။

အိမ်သားတို့ ဥပုသ်စောင့်

ထိုအခါ တစ်နေ့သ၌ မြို့ဝယ် ပွဲသဘင်ကို ကြွေးကြော်ကုန်၏။ သူဌေးကြီးသည် ကျွန်မကိုခေါ်၍ ယနေ့ ဥပုသ်နေ့တည်း၊ အိမ်၌ အမှုလုပ်ကုန်သော သူတို့အား စောစောကလျှင် ထမင်း ချက်၍ပေးလော့၊ စောစောကလျှင် စား၍ ဥပုသ်ဆောက်တည်ကုန်ကြကုန်လတ္တံ့ ဟုဆို၏။ ဘုရားလောင်းသည် စောစေကလျှင် ထ၍ အမှုလုပ်ရာသို့ သွား၏။ ယနေ့ ဥပုသ်ဆောက်တည်ရာ၏ ဟု ဘုရားလောင်းအား တစ်စုံတစ်ယောက်သာသူသည် မဆိုမကြား၊ ကြွင်းသောအမှုလုပ်တို့သည် စောစောကလျှင် စား၍ ဥပုသ် ဆောက် တည်ကုန်၏။

သူဌေးသည်လည်း သားမယားအခြံအရံနှင့်တကွ ဥပုသ်သီလကို ဆောက်တည်လေ၏။ ဤသို့ အလုံးစုံသော သူတို့သည်လည်း ဥပုသ်ဆောက်တည်ကုန်လျက် မိမိ မိမိတို့၏ နေရာသို့သွား၍ သီလကို ဆင်ခြင်ကုန်လျက် နေ၏။

သူရင်းငှား သေ၍

ဘုရားလောင်းသည် တစ်နေ့ပတ်လုံး အမှုလုပ်၍ နေဝင်သောအခါ အိမ်သို့ပြန်၍ ယနေ့ အသံမရှိ၊ အဘယ်သို့ သွားကြကုန်သနည်းဟူ မေး၏။ ခပ်သိမ်းသောသူတို့သည် ဥပုသ်ဆောက်တည်၍ မိမိ မိမိတို့၏ နေရာအရပ်သို့ သွားကုန်၏ ဟူသော စကားကိုကြား၍ ဘုရားလောင်းသည် ဤမျှ သီလရှိကုန်သော သူတို့၏ အတွင်း၌ ငါသည် တစ်ယောက်တည်း သီလမရှိသည်ဖြစ်၍ မနေအံ့၊ ယခု ဥပုသ်အင်္ဂါတို့ကို ဆောက်တည်အပ်ကုန်သည်ရှိသော် ငါ့အား ဥပုသ်သုံးသော အမှုသည် ဖြစ်အံ့လော၊ မဖြစ်အံ့လော ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် သွား၍ သူဌေးကို မေး၏။ ထိုအခါ ဘုရားလောင်းကို သူဌေးသည် အမောင်... စောစောကလျှင် မဆောက်တည်သည်၏ အဖြစ်ကြောင့် အလုံးစုံသော နေ့တို့ပတ်လုံး ဥပုသ်သုံးသော အမှုသည် မဖြစ်၊ ထက်ဝက်သောနေ့၌ ဥပုသ်သုံးသော အမှု သည်ကား ဖြစ်၏ ဟု ဆို၏။ ဘုရားလောင်းသည် ဤမျှသော ဥပုသ်သီလသည်လည်း ဖြစ်စေသတည်း ဟု သူဌေး၏အထံ၌ ကောင်းစွာယူအပ်သော သီလရှိသည်ဖြစ်၍ ဥပုသ်သုံးသောအမှုကို ပြု၍ မိမိနေရာအရပ်သို့ ဝင်၍ သီလကို ဆင်ခြင်လျက်အိပ်၏။ ထိုအခါ တစ်နေ့ပတ်လုံး အာဟာရကို မသုံးဆောင်ရသည်၏ အဖြစ်ကြောင့် ပစ္ဆိမယာမ်အတွင်း၌ ထိုဘုရားလောင်းအား သတ္ထကလေတို့သည် ထကုန်၏။ သူဌေးသည် အထူးထူးသော ဆေးတို့ကို ဆောင်၍ စားလော့ ဟု ဆိုငြားသော်လည်း ဥပုသ်ကို မဖျက်အံ့ဟု အသက် အဆုံးရှိသည်ကို ပြု၍ ဥပုသ်ကို ဆောက်တည်၏ဟု ဆို၏။ ဘုရားလောင်းအား သည်းစွာသော ဝေဒနာသည် ဖြစ်၏။ အရုဏ် တက်သောအခါ၌ သတိကို ဖြစ်စေခြင်းငှာ မတတ်နိုင်။ ထိုအခါ ဘုရားလောင်းကို ယခု သေလတ္တံ့ဟု နေရာမှထုတ်၍ အိမ်၏အပ၌ အိပ်စေကုန်၏။

ဥဒယမင်းကြီးဖြစ်

ထိုခဏ၌ ဗာရာဏသီမင်းသည် မြတ်သောရထားကို စီးလျက် များစွာသော အခြံအရံဖြင့် မြို့ကို လက်ယာရစ် လှည့်ပတ်သော် ထိုအရပ်သို့ရောက်၍ ဘုရားလောင်းသည် ထိုဗာရာဏသီမင်း၏ အသရေကို မြင်၍ လောဘကို ဖြစ်စေ၍ မင်းအဖြစ်ကို တောင့်တ၏။ ထိုဘုရားလောင်းသည် စုတေ၍ ထက်ဝက်သော ကာလ၌ သုံးအပ်သော ဥပုသ်သီလ၏ အကျိုးဆက်အားဖြင့် ဗာရာ ဏသီမင်း၏ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေကိုယူ၏။ ထိုမိဖုရားသည် ကိုယ်ဝန် အစောင့်အရှောက်ကို ရလျက် ဆယ်လလွန်သဖြင့် သားကိုဖွား၏။ ထိုမင်းသားအား ဥဒယကုမာရ ဟူသော အမည်ကို မှည့်ကုန်၏။ ထိုဥဒယမင်းသားသည် အရွယ်သို့ ရောက်လတ်သည်ရှိသော် ခပ်သိမ်းသော အတတ်တို့၌ အပြီးသို့ရောက်၏။ ဇာတိဿရဉာဏ်ဖြင့် ရှေးကောင်းမှုတို့ကို အောက်မေ့၍ ဤအကျိုးသည်ကား၏ အနည်းငယ်သော ကောင်းမှုကံ၏ အကျိုးတည်းဟု မပြတ်လျှင် ဥဒါန်းကျူးရင့်၏။ ထိုဥဒယမင်းသားသည် အဖလွန်လတ်သော် မင်းအဖြစ်သို့ ရောက်၍လည်း မိမိ၏ ကြီးစွာသော အသရေစည်းစိမ်ကိုကြည့်၍ ထိုဥဒါန်းကိုသာလျှင် ကျူးရင့်၏။

ရေသည်

ထိုအခါ တစ်နေ့သ၌ မြို့ဝယ် ပွဲသဘင်ခံကုန်၏။ လူအများသည် ကစားခြင်း၌ အားထုတ်၏။ ထိုအခါ ဗာရာဏသီပြည်၏ မြောက်တံခါး၌နေသော တစ်ယောက်သော အခစား ယောက်ျားသည် ရေခပ်အခစားအမှုကို ပြု၍ ရအပ်သော ပဲဝက်သော အသပြာကို တံတိုင်းအုတ်ကြား၌ထား၍ ရေခပ်အခစားအမှုကိုပြု၍ အသက်မွေးသော ဆင်းရဲသော မိန်းမတစ်ယောက်နှင့်တကွ သင့်နေခြင်းကို ပြု၏။

မိန်းမခိုင်း၍

ထိုမိန်းမသည် ထိုယောက်ျားကို အရှင်မြို့၌ ပွဲသဘင် ခံ၏။ သင့်အား တစ်စုံတစ်ခုသော ဥစ္စာသည်ရှိအံ့၊ ငါတို့သည်လည်း ပွဲသဘင် ကစားကုန်အံ့ ဟု ဆို၏။ ရှိ၏ဟု လင်သည် ဆို၏။ အရှင်အဘယ်မျှ ရှိသနည်းဟု မယားသည် မေး၏။ ပဲဝက်ရှိ၏ဟု ဆို၏။ ထိုဥစ္စာသည် အဘယ်မှာနည်းဟု မယားသည် မေး၏။ မြောက်တံခါး၏ တံတိုင်းအုတ်ကြား၌ ထားအပ်၏။ ဤအရပ်မှ တစ်ဆယ်နှစ်ယူဇနာ အတွင်း၌ ပဲဝက်သော ဥစ္စာကိုထားအပ်၏။ ရှင်မ၏ လက်၌ကား တစ်စုံတစ်ခု ရှိသလော ဟု လင်သည် ဆို၏။ ရှိ၏ ဟု မယားသည်ဆို၏။ အဘယ်မျှ ရှိသနည်း ဟု မေး၏။ ပဲဝက်လျှင် ရှိ၏ဟု ဆို၏။ ဤသို့ သင်၏ဥစ္စာပဲဝက် ငါ၏ဥစ္စာ ပဲဝက်အားဖြင့် တစ်ပဲသောဥစ္စာသည်လျှင် ရှိ၏။ ထိုဥစ္စာမှ တစ်ဖို့ဖြင့် ပန်းကို, တစ်ဖို့ဖြင့် နံ့သာကို, တစ်ဖို့ဖြင့် သေကို, ဝယ်၍ ပွဲသဘင် ကစားကုန်အံ့၊ ထိုပဲဝက် ဥစ္စာကို ယူချေလော့ဟု မယားသည် ဆို၏။

နေပူထဲသွားသော်

ထိုရေထမ်းယောက်ျားသည် “ငါသည်ကား မယား၏ အထံမှ စကားကိုရပေ၏ ဟု အလွန် ရွှင်လန်းသည်ဖြစ်၍ ရှင်မ မစိုးရိမ်လင့်၊ ထိုဥစ္စာကို ဆောင်ချေအံ့ဟု ဆို၍ သွား၏။ ဆင်ပြောင်နှင့်တူသော အားရှိသော ရေထမ်းယောကျ်ားသည် ခြောက်ယူဇနာကိုလွန်၍ မွန်းတည့်သောအခါ၌ မီးကျီးအခင်းကဲ့သို့ ပူသော သဲကို နင်းလျက် ဥစ္စာလောဘဖြင့် အလွန် ရွှင်လန်းလျက် ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်လျက် နား၌ ထန်းရွက်နားတောင်းကို ဝတ်လျက် တစ်ခုသော အပေါ်ရုံပုဆိုးဖြင့် သီချင်း သီဆိုလျက် မင်းရင်ပြင်ဖြင့် သွား၏။

မင်းကမေးပြီ

ဥဒယမင်းသည်လည်း ခြင်္သေ့ခံသော လေ သွန်ပြတင်းဖြင့် ဖွင့်၍ရပ်လျက် ထိုသို့သော အခြင်းအရာအားဖြင့် သွားသော ထိုရေထမ်းယောက်ျားကို မြင်၍ ဤယောက်ျားသည် ဤသို့သဘောရှိသော သဲပူကို မရေတွက်မူ၍ နှစ်သက်ရွှင်လန်းစွာ အဘယ်ကြောင့် သီချင်းသီလျက် သွားသနည်းဟု ယောက်ျားကို မေးအံ့ဟု ခေါ်၍ မေးအံ့သောငှာ တစ်ယောက်သော မင်းချင်းယောက်ျားကို စေ၏။ ထိုယောက်ျားသည် သွား၍ သင့်ကို မင်းခေါ်၏ဟု ဆိုသည်ရှိသော် မင်းသည် ငါနှင့် အဘယ်သို့တော်သနည်။ ငါသည် မင်းကိုမသိဟု ဆို၍ သွား၏။ ဗလက္ကာရအားဖြင့် ဆောင်အပ်သည်ဖြစ်၍ မင်း၏အထံ၌ တင့်အပ် လျောက်ပတ်စွာ နေ၏။ ထိုအခါ မင်းသည် ထိုရေထမ်းယောကျ်ားကို မေးလိုရကား-

၃၆။ အင်္ဂါရဇာတာ ပထဝီ၊ ကုက္ကုဠာနုဂတာ မဟီ။
အထ ဂါယသိ ဝတ္ထာနိ၊ န တံ တပတိ အာတပေါ။
၃၇။ ဥဒ္ဓံ တပတိ အာဒိစ္စော၊ အဓော တပတိ ဝါလုကာ။
အထ ဂါယသိ ဝတ္ထာနိ၊ န တံ တပတိ အာတပေါ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

သင်မပူဘူးလား

၃၆။ အမ္ဘော ပုရိသ၊ အိုယောက်ျား။ ပထဝီ၊ မြေကြီးသည်။ အင်္ဂါရဇာတာ၊ မီးကျီးကဲ့သို့ ပူသည်ဖြစ်၏။ မဟီ၊ မြေကြီးသည်။ ကုက္ကုဠာနုဂတာ၊ ပြာပူသဖွယ်ဖြစ်သော သဲပူနှင့်တကွ ဖြစ်၏။ အထ၊ ထိုသို့ဖြစ်လျက်။ တွံ၊ သင်သည်။ ဝတ္ထာနိ၊ အာယောဂပတ် ပုဆိုးတို့ကို။ အာရောပေတွာ၊ တင်၍။ ဂါယသိ၊ သီ၏။ တံ၊ သင့်ကို။ အာတပေါ၊ အပူသည်။ န တပတိ၊ မပူလောင်သလော။

၃၇။ ဥဒ္ဓံ၊ အထက်၌။ အာဒိစ္စော၊ နေသည်။ တပတိ၊ ပူ၏။ အဓော၊ အောက်၌။ ဝါလုကာ၊ သဲသည်။ တပတိ၊ ပူပြင်း၏။ အထ၊ ထိုသို့ပူလျက်။ တွံ၊ သင်သည်။ ဝတ္ထာနိ၊ အာယောဂပတ် ပုဆိုးတို့ကို။ အာရောပေတွာ၊ တင်၍။ ဂါယသိ၊ သီ၏။ တံ၊ သင့်ကို။ အာတပေါ၊ အပူသည်။ န တပတိ၊ မပူလောင်သလော။

ကိုယ်တွင်းပူကြောင့် မပူပါ

ထိုရေထမ်းယောက်ျားသည် မင်း၏စကားကိုကြား၍-

၃၈။ မံ တပတိ အာတပေါ၊ အာတပါ တပယန္တိ မံ၊
အတ္ထာ ဟိ ဝိဝိဓာ ရာဇ၊ တေ တပန္တိ န အတပေါ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၃၈။ ရာဇ၊ မင်းမြတ်။ မံ၊ အကျွန်ုပ်ကို။ အာတပေါ၊ နေပူမြေပူသည်။ န တပတိ၊ မပူစေ။ မံ၊ အကျွန်ုပ်ကို။ အာတပါ၊ ဝတ္ထု မ, ကိလေသာကာမတို့သည်။ တပယန္တိ၊ ပူစေကုန်၏။ အတ္ထာ၊ ဝတ္ထုကာမ ကိလေသာကာမတို့ကိုမှီ၍ ဖြစ်ကုန်သော အမှုကိစ္စတို့သည်။ ဝိဝိဓာ၊ အထူးထူး အပြားပြားများကုန်၏။ တေ၊ ထိုကိစ္စတို့သည်။ မံ၊ အကျွန်ုပ်ကို။ တပန္တိ၊ ပူစေကုန်၏။ အာတပေါ၊ နေပူမြေပူသည်။ မံ၊ အကျွန်ုပ်ကို။ န တပတိ၊ မပူစေ။

ဘာကိစ္စသွားတာလဲ

ထိုအခါ ထိုရေထမ်းယောက်ျားကို မင်းသည် သင်၏ အမှုကိစ္စကား အဘယ်ကိစ္စနည်း ဟု မေး၏။ ထိုရေထမ်းယောက်ျားသည် မြတ်သောမင်းကြီး... အကျွန်ုပ်သည် တောင်တံခါး၌ ဆင်းရဲစွာသော မိန်းမနှင့် သင့်၍နေ၏။ ထိုမိန်းမသည် အကျွန်ုပ်ကို ပွဲသဘင်ကစားကုန်အံ့၊ သင်၏ လက်၌ တစ်စုံတစ်ခုသော ဥစ္စာသည် ရှိသလော ဟု မေး၏။

ဥစ္စာယူရန်

ထိုအခါ ထိုမိန်းမကို အကျွန်ုပ်သည် မြောက်တံခါး တံတိုင်းအုတ်ကြား၌ ထားအပ်သော ဥစ္စာသည် ရှိ၏ဟု ဆို၏။ ထိုအခါ ထိုမိန်းမသည် အကျွန်ုပ်ကို သင်သည် သွား၍ ထိုဥစ္စာကို ဆောင်ချေ။ နှစ်ယောက်ကုန်သော ငါတို့သည်လည်း ပွဲသဘင်ကစားကုန်အံ့ဟု စေ၏။ ထိုမိန်းမ၏ ထိုစကားသည် အကျွန်ုပ်၏ နှလုံးကို မစွန့်၊ အောက်မေ့သော ထိုကာမအပူပြင်းသည် အကျွန်ုပ်ကိုပူ၏။ အကျွန်ုပ်၏ အမှုကိစ္စကား ထိုအမှုကိစ္စတည်းဟု ဆိုလေ၏။

ပျော်ရွှင်နေသောအကြောင်း

ထိုအခါ ဤသို့သဘောရှိသော လေနေပူတို့ကို မရေတွက်မူ၍ အကြင်နှစ်သက်ခြင်း၏ အကြောင်းဖြင့် သင်သည် သီလျက်သွား၏။ သင်၏ ထိုနှစ်သက်ခြင်း၏ အကြောင်းကား အဘယ်နည်းဟု ရေထမ်းယောကျ်ားကို မင်းသည် မေး၏။ မြတ်သောမင်းကြီး... သိုမှီး၍ထားအပ်သော ထိုဥစ္စာကို ဆောင်ယူ၍ ထိုမိန်းမနှင့် မွေ့ လျော်ရအံ့၊ ဤသို့သော အကြောင်းဖြင့် အကျွန်ုပ်သည် နှစ်သက် ရွှင်လန်းသည်ဖြစ်၍ သီ၏ဟု ရေထမ်း ယောက်ျားသည် လျှောက်၏။

ဥစ္စာဘယ်လောက်များသလဲ

အချင်းယောက်ျား သင့်အား မြောက်တံခါး၌ ထားအပ်သော တစ်သိန်းမျှသော ဥစ္စာသည် ရှိသလောဟ မင်းသည် မေး၏။ မြတ်သောမင်းကြီး... မရှိဟု ဆို၏။ မင်းသည် ထိုသို့တပြီးကား ငါးသောင်းသော ဥစ္စာသည် ရှိသလော၊ လေးသောင်းသော ဥစ္စာသည်ရှိသလော၊ သုံးသောင်းသော ဥစ္စာသည်ရှိသလော၊ နှစ်သောင်းသော ဥစ္စာသည် ရှိသလော၊ တစ်သောင်းသော ဥစ္စာသည် ရှိသလော၊ တစ်ထောင်သော ဥစ္စာသည် ရှိသလော၊ ငါးရာသော ဥစ္စာသည် ရှိသလော၊ လေးရာသော ဥစ္စာသည် ရှိသလော၊ သုံးရာသောဥစ္စာသည် ရှိသလော၊ နှစ်ရာသော ဥစ္စာသည် ရှိသလော၊ တစ်ရာသော ဥစ္စာသည် ရှိသလော၊ ငါးဆယ်သော ဥစ္စာသည် ရှိသလော၊ လေးဆယ်သော ဥစ္စာသည် ရှိသလော၊ သုံးဆယ်သောဥစ္စာသည် ရှိသလော၊ နှစ်ဆယ်သောဥစ္စာသည် ရှိသလော၊ တစ်ဆယ်သောဥစ္စာသည် ရှိသလော၊ ငါးသပြာသော ဥစ္စာသည် ရှိသလော၊ လေးသပြာသော ဥစ္စာသည် ရှိသလော၊ သုံးသပြာသောဥစ္စာသည် ရှိသလော၊ နှစ်သပြာသော ဥစ္စာသည် ရှိသလော၊ တစ်သပြာသော ဥစ္စာသည် ရှိသလော၊ သပြာဝက်သော ဥစ္စာသည်ရှိသလော၊ တစ်မတ်သော ဥစ္စာသည် ရှိသလော၊ လေးပဲသော ဥစ္စာသည် ရှိသလော၊ သုံးပဲသော ဥစ္စာသည် ရှိသလော၊ နှစ်ပဲသော ဥစ္စာသည် ရှိသလော၊ တစ်ပဲသောဥစ္စာသည် ရှိသလော ဟု မေး၏။

၂-ပြားသော ပိုက်ဆံ

အလုံးစုံသော အမေးကို ပယ်၍ ပဲဝက်သောဥစ္စာသည် ရှိသလောဟု မေးသည်ရှိသော် မြတ်သော မင်းကြီး အမိန့်တော်အတိုင်း မှန်၏။ ဤမျှအတိုင်းအရှည်ရှိသော အကျွန်ုပ်၏ ထိုဥစ္စာကို အကျွန်ုပ်သည် ဆောင်၍ ထိုမိန်းမနှင့်တကွ မွေ့လျော်အံ့ဟု အကျွန်ုပ်သည် သွား၏။ ထိုပီတိသောမနဿကြောင့် အကျွန်ုပ်ကို ဤလေပူနေပူသည် မပူ ဟု ရေထမ်းယောက်ျားသည် လျှောက်၏။

မသွားလင့် နိုင်ငံထက်ဝက်ယူ

ထိုအခါ ထိုယောက်ျားကို မင်းသည် အချင်းယောကျ်ား ဤသိုသဘောရှိသော နေပူ၌ ထိုအရပ်သို့ မသွားလေလင့်၊ ငါသည် သင့်အား ပဲဝက်သောဥစ္စာတို့ကို ပေးအံ့ဟု ဆို၏။ မြတ်သောမင်းကြီး အကျွန်ုပ်သည် အရှင်မင်းကြီးတို့၏ အမိန့်တော်၌ တည်၍ ပေးတော်မူအပ်သော ဥစ္စာကိုလည်း ယူပါအံ့၊ ထိုဥစ္စာကိုလည်း မစွန့်ပါ။ အကျွန်ုပ်၏ သွားခြင်းကို မယုတ်စေမူ၍ ထိုအရပ်သို့လည်း သွားပါအံ့ဟုဆို၏။ အချင်းယောကျ်ား မသွားလေလင့်၊ သင့်အား တစ်ပဲသောဥစ္စာကို ငါ ပေးအံ့၊ နှစ်ပဲသောဥစ္စာကိုလည်း ပေးအံ့၊ ဤသို့၍ ကုဋေအရာတိုင်အောင် မရေ တွက်နိုင်သော ဥစ္စာကို ပေးအံ့၊ မသွားလေလင့် ဟု ဆိုသော်လည်း မြတ်သောမင်းကြီး ပေးတော်မူသော ဥစ္စာကိုယူ၍ ထိုဥစ္စာကိုလည်း ယူပါအံ့ ဟု ဆို၏။ ထို့နောင်မှ သူဌေးအရာ အစရှိသော အရာထူးတို့ဖြင့် ဖြားယောင်း၍ အိမ်ရှေ့ မင်းအရာ တိုင်အောင် ပေးသော်လည်း ထို့အတူသာလျှင် ဆို၍ သင့်အား ထက်ဝက်သော မင်းအဖြစ်ကို ပေးအံ့၊ မသွားလေလင့်ဟု ဆိုသည်ရှိသော် ဝန်ခံ၏။ မင်းသည် သွားကြကုန်၊ အဆွေ ခင်ပွန်းအား ဆံမုတ်ဆိတ်တို့ကို ပြုပြင်၍ ရေချိုး၍ တန်ဆာဆင်၍ အဆွေခင်ပွန်းကို ဆောင်ခဲ့ကြကုန်လော့ဟု အမတ်တို့ကို စေ၏။ အမတ်တို့သည် မင်းဆိုတိုင်း ပြုကြကုန်၏။ မင်းသည် ပြည်ကို ထက်ဝက်ခွဲ၍ ထိုယောက်ျားအား ထက် ဝက်သာ မင်းအဖြစ်ကို ပေး၏။

ထိုယောကျ်ားသည်ကား ထက်ဝက်သော ပြည်ကိုယူ၍လည်း ပဲဝက်သော အသပြာရှိသော မြောက်မျက်နှာသို့လျှင် သွား၍ ယူသည်သာတည်း ဟု ဆိုကုန်၏။ ထိုမင်းသည် အဍ္ဎမာသကမင်း မည်၏။

အဍ္ဎမာသက ဘုရင်ကြီးမလုပ်လို

ထိုမင်းနှစ်ပါးတို့သည် ညီညွတ်စွာ ဝမ်း မြောက် ဝမ်းသာ ဖြစ်ကုန်လျက် မင်းပြုစဉ် တစ်နေ့သ၌ ဥယျာဉ်သို့ သွားကုန်၏။ ဥယျာဉ်ကစား၍ ဥဒယမင်းသည် အဍ္ဎမာသကမင်း၏ ပေါင်ပေါ်၌ ဦးခေါင်းအုံး၍ အိပ်၏။ ဥဒယမင်းသည် အိပ်ပျော်ခြင်းသို့ ရောက်လတ်သော် အခြံအရံ လူတို့သည် ကစားလိုသည်၏ အစွမ်းအားဖြင့် ထိုထိုအရပ်သို့ သွားကုန်၏။ အဍ္ဎမာသကမင်းသည် ငါ့အား အခါခပ်သိမ်း ထက်ဝက်သော မင်းအဖြစ်ဖြင့် အဘယ်ပြုအံ့နည်း၊ ဥဒယမင်းကို သတ်၍ ငါသည်သာလျှင် အလုံးစုံသော မင်းအဖြစ်ကို ပြုအံ့ ဟု သန်လျက်ကိုထုတ်၍ ဥဒယမင်းကို သတ်အံ့ဟု ကြံ၍ ဤမင်းသည် အလွန်ဆင်းရဲသောသူ ဖြစ်သော ငါ့ကို မိမိနှင့်အတူပြု၍ ကြီးစွာသောစည်းစိမ်၌ တည်စေ၏။ ဤသို့သဘောရှိသော စည်းစိမ်ကို ပေးတတ်သော မင်းကို သတ်၍ မင်းပြုအံ့ဟု ငါ့အား အလိုရမ္မက်သည် ဖြစ်၏။ ငါ၏အမှုသည် စင်စစ်မသင့်ဟု သတိရ၍ သန်လျက်ကို အိမ်သို့ သွင်း၏။ ထိုအခါ အဍ္ဎမာသကမင်းအား နှစ်ကြိမ်မြောက် လည်းကောင်း သုံးကြိမ်မြောက် လည်းကောင်း ထို့အတူလျှင် စိတ်သည်ဖြစ်၏။ ထို့နောင်မှ ဤစိတ်သည် အဖန်တလဲလဲ ဖြစ်လတ်သော် ငါ့ကို မကောင်းမှု၌ ယှဉ်လေရာ၏ ဟု ကြံ၏။ ကြံပြီး၍ ထိုအဍ္ဎမာသကမင်းသည် သန်လျက်ကို မြေသို့ချ၍ ဥဒယမင်းကို ထစေ၍ မြတ်သောမင်းကြီး... သင်မင်းကြီးသည် သည်းခံလော့ဟု ခြေ၌ ဝပ်၏။ ယခု ငါ၏ အတွင်း၌ သင့်အား အပြစ်မရှိသည် မဟုတ်လော ဟု ဥဒယမင်းသည် ဆို၏။ မြတ်သောမင်းကြီး ရှိ၏။ အကျွန်ုပ်သည် ဤမည်သောအမှုကို ပြု၏ဟု အဍ္ဎမာသကမင်းသည် ဆို၏။ အဆွေ ထိုသို့တပြီး သင့်အား ငါသည် သည်းခံ၏။ သင် အလိုရှိသော် မင်းပြုလော့၊ ငါသည် အိမ်ရှေ့မင်းဖြစ်၍ သင့်ကို ခစားအံ့ ဟု ဆို၏။

ဥဒါန်းကျူး၍

အဍ္ဎမာသကမင်းသည်မြတ်သောမင်းကြီး... အကျွန်ုပ်အား မင်းအဖြစ်ဖြင့် အလိုမရှိ၊ ဤတဏှာသည် အကျွန်ုပ်ကို အပါယ်တို့၌ ဖြစ်စေလတ္တံ့၊ သင်မင်းကြီး၏ မင်းအဖြစ်ကို သင်မင်းကြီးသာလျှင် ယူလော့၊ အကျွန်ုပ်သည် ရသေ့ရဟန်း ပြုအံ့၊ ကာမ၏အပြစ်ကို အကျွန်ုပ်သည် မြင်အပ်ပြီ၊ ဤကမသည် ကြံသောသူအား အကြံအားဖြင့် ပွား၏။ ယခုအခါမှစ၍ ထိုကမကို မကြံအံ့ ဟု ဥဒါန်းကျူးလို၍ -

၃၉။ အဒ္ဒသံ ကာမ တေ မူလံ၊ သင်္ကပ္ပါ ကာမ ဇာယသိ။
န တံ သင်္ကပ္ပယိဿာမိ၊ ဧဝံ ကာမ န ဟေဟိသိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၃၉။ ကာမ၊ ကာမ။ တေ၊ သင်၏။ မူလံ၊ အမြစ်ကို။ အဒ္ဒသံ၊ ငါမြင်ပြီ။ ကာမ၊ ကာမ။ တွံ၊ သင်သည်။ သင်္ကပ္ပါ၊ ကြံခြင်းကြောင့်။ ဇာယသိ၊ ဖြစ်၏။ ကာမ၊ ကာမ။ တံ၊ သင့်ကို။ န သင်္ကပ္ပယိဿာမိ၊ မကြံတော့အံ့။ ဧဝံ၊ ဤသို့ မကြံသည်ရှိသော်။ မမန္တရေ၊ ငါ၏ အတွင်း၌။ တွံ၊ သင်သည်။ န ဟေဟိသိ၊ ဖြစ်လတ္တံ့။

တရားဟောခြင်း

ဤသို့ဆို၍ တစ်ဖန် ကာမတို့၌ လုံ့လပြုသော လူများအား တရားဟောလိုရကား-

၄၀။ အပ္ပါပိ ကမာ န အလံ၊ ဗဟူဟိပိ န တပ္ပတိ။
အသာတာ ဗာလလပနာ၊ ပရိဝဇ္ဇေထ ဇဂ္ဂတော။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၄၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အပ္ပါပိ ကာမာ၊ အနည်းငယ်ဖြစ်ကုန်သော ဝတ္ထုကာမ ကိလေသာကာမတို့သည်လည်း။ မဟာဇနဿ၊ လူများအား။ န အလံ၊ မလောက်ကုန်။ ဗဟူဟိပိ၊ များစွာကုန်သော ကာမတို့ဖြင့်လည်း။ မဟာဇနော၊ လူများသည်။ န တပ္ပတိ၊ မရောင့်ရဲ။ ကာမာ၊ ကာမတို့သည်။ အသာတာ၊ မသာယာအပ်ကုန်။ ကာမာ၊ ကာမတို့သည်။ ဗာလလပနာ၊ သူမိုက်တို့ကို ငါ့ဥစ္စာ, ငါ့ဥစ္စာဟု ဆိုစေတတ်ကုန်၏။ ဣမေ၊ ဤကာမတို့ကို။ ဇဂ္ဂတော-ဇဂ္ဂန္တော၊ ဗောဓိပက္ခိယတရားတို့၌ ပွားခြင်းကို လုံ့လပြုသော အမျိုးသားတို့သည်။ ပရိဝဇ္ဇေထ၊ ပယ်နိုင်ရာ၏။

ရသေ့ရဟန်းပြုသွားပြီ

ဤသို့ ဤအဍ္ဎမာသကမင်းသည် လူများအား တရားဟော၍ ဥဒယမင်းအား မင်းအဖြစ်ကို အပ်နှင်း၍ မျက်ရည်စွတ်သော မျက်နှာရှိလျက် ငိုသောလူများကိုစွန့်လျက် ဟိမဝန္တာသို့ဝင်၍ ရဟန်းပြု၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ နေ၏။

ဥဒယမင်း၏ ဥဒါန်း

အဍ္ဎမာသကမင်း၏ ရဟန်းဖြစ်သော ကာလ၌ ဥဒယမင်းသည် ဥဒါန်းကို အပြည့်အစုံပြု၍ ကျူးရင့်လိုရကား-

၄၁။ အပ္ပဿ ကမ္မဿ ဖလံ မမေဒံ၊
ဥဒယော အဇ္စျာဂမာ မဟတ္တပတ္တံ။
သူလဒ္ဓလာဘော ဝတ မာဏဝဿ၊
ယော ပဗ္ဗဇိ ကာမရာဂံ ပဟာယ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၁။ မမ၊ ငါ၏။ ဣဒံ ဖလံ၊ ဤအကျိုးသည်။ အပ္ပဿ ကမ္မဿ၊ အနည်းငယ်သော ကောင်းမှုကံ၏။ ဖလံ၊ အကျိုးတည်း။ ဥဒယော၊ ဥဒယမင်းသည်။ မဟတ္တပတ္တံ၊ မြတ်သောအဖြစ်သို့ ရောက်သော စည်းစိမ်ကို။ အဇ္စျာဂမာ၊ ရ၏။ ယော မာဏဝေါ၊ အကြင်လုလင်သည်။ ကာမရာဂံ၊ ကာမရာဂကို။ ပဟာယ၊ ပယ်၍။ ပဗ္ဗဇိ၊ ရဟန်း ပြု၏။ တဿ မာဏဝဿ၊ ထိုလုလင်အား။ ဝတ၊ စင်စစ်။ သုလဒ္ဓလာဘော၊ လူ့အဖြစ်ကို ရခြင်းသည် ကောင်းသောရခြင်း ဖြစ်၏။

ဆတ္တာသည်အား ဆုပေးလို

ဤဂါထာ၏ အနက်ကို တစ်စုံတစ်ယောက်သောသူသည် မသိ။ ထိုအခါ ဥဒယမင်းကို မိဖုရားကြီးသည် တစ်နေ့သ၌ ဂါထာ၏အနက်ကို မေး၏။ မင်းသည် မပြောမဆို။ ဥဒယမင်းအား ဂင်္ဂမာလမည်သော မင်္ဂလာဆတ္တာသည်သည် ရှိ၏။ ထိုဆတ္တာသည်သည် မင်း၏ ဆံမုတ်ဆိတ်တို့ကို ပြုပြင်သည်ရှိသော် ရှေးဦးစွာ ဆံရိတ်ခြင်း အမှုကိုပြု၍ နောက်မှ ညှပ်ဖြင့် မုတ်ဆိတ်တို့ကို နှုတ်၏။ ဆံရိတ်ခြင်းအမှုကို ပြုသောအခါ မင်းအား ချမ်းသာရခြင်းသည် ဖြစ်၏။ မုတ်ဆိတ်နုတ်သောကာလ၌ ဆင်းရဲခြင်းသည် ဖြစ်၏။ ဥဒယမင်းသည် ဆတ္တာသည်အား ရှေးဦးစွာ ဆုပေးလို၏။ နောက်၌ ဦးခေါင်းကို ဖြတ်လို၏။

မိဖုရား ဥဒါန်းအဓိပ္ပာယ် သိလို

ထိုအခါ တစ်နေ့သ၌ မင်းသည် မိဖုရားအား ရှင်မ... ဂင်္ဂမာလ ဆတ္တာသည်သည် မိုက်၏ ဟု ထိုအကြောင်းကို ပြောဆိုလေ၏။ မြတ်သောမင်းကြီး အဘယ်သို့ ပြုခြင်းငှာ သင့်သနည်း ဟု ဆိုသည်ရှိသော် ရှေးဦးစွာ ညှပ်ဖြင့် မုတ်ဆိတ်တို့ကို နုတ်၍ နောက်၌ ဆံရိတ်သော အမှုတို့ကိုပြုသင့်၏ ဟု ဆို၏။ မိဖုရားသည် ဆတ္တာသည်ကိုခေါ်၍ အမောင်... ယခု မင်း၏ ဆံမုတ်ဆိတ်တို့ကို ပြုပြင်သောနေ့၌ ရှေးဦးစွာ မုတ်ဆိတ်တို့ကို နုတ်၍ နောက်မှ ဆံရိတ်သော အမှုကိုပြုလော့ မင်းသည်လည်း ဆုကိုယူလော့ဟု ဆို သည်ရှိသော် မြတ်သောမင်းကြီး. အကျွန်ုပ်အား တစ်ပါးသောဆုဖြင့် အလိုမရှိ၊ အရှင်မင်းကြီး၏ ဥဒါန်းဂါထာ၏ အနက်ကို ကြားပါကုန်လော့ဟု ဆိုပါလော့၊ ငါသည် သင့်အား များစွာသော ဥစ္စာတို့ကိုပေးအံ့ဟု ဆိုလေ၏။

ထိုဆတ္တာသည်သည် ကောင်းပြီ ဟု ဝန်ခံ၍ ဆံမုတ်ဆိတ်တို့ကို ပြုပြင်သောနေ့၌ ရှေးဦးစွာ ညှပ်ကိုကိုင်၏။ အချင်းဂင်္ဂမာလ... အဘယ့်ကြောင့် သင်သည် မပြုဘူးသော အသစ်ဖြစ်သော အမှုကို ပြုသနည်းဟု မေးသည်ရှိသော် မြတ်သောမင်းကြီး.ဆတ္တာသည်တို့ မည်သည်ကား မပြုဘူးသော အမှုတို့ကိုလည်း ပြုကုန်၏ ဟု ဆို၍ ရှေးဦးစွာ မုတ်ဆိတ်တို့ကိုနုတ်၍ နောက်မှ ဆံရိတ်သော အမှုကို ပြုကုန်၏။ မင်းသည် ဆုကို ယူလော့ ဟု ဆို၏။ မြတ်သော မင်းကြီး အကျွန်ုပ်သည် တစ်ပါးသောဆုကို အလိုမရှိ၊ အရှင်မင်းကြီး၏ ဥဒါန်းဂါထာ၏ အနက်ကို ဟောပါကုန်လော့ဟု ဆို၏။ မင်းသည် မိမိဆင်းရဲသောကာလ၌ ပြုအပ်သည်ကို ဆိုအံ့သောငှာ ရှက်ရကား အမောင်... သင့်အား ဤဆုဖြင့် အဘယ် အကျိုးရှိအံ့နည်း၊ တစ်ပါးသောဆုကို ယူလော့ဟု ဆို၏။ မြတ်သောမင်းကြီး ထိုဆုကိုသာလျှင် ပေးတော်မူလော့ ဟု ဆတ္တာသည်သည် ဆို၏။

ဥဒယမင်းသည် မုသာဝါဒမှ ကြောက်သောကြောင့် ကောင်းပြီဟု ဝန်ခံ၍ ကုမ္မာသပိဏ္ဍိဇာတ်၌ ဆိုအပ်သောနည်းဖြင့် အလုံးစုံကိုလည်း မယုတ်စေမူ၍ ရတပလ္လင်၌ နေ၍ ဂင်္ဂမာလ... ငါသည် ရှေးဘဝ၌ ဤဗာရာဏသီပြည်၌လျှင် ဖြစ်၏ ဤသို့ အစရှိသော အလုံးစုံသောစကားကို ရှေးနည်းဖြင့် ကြား၍ ဤအကြောင်းဖြင့် ထက်ဝက်သော ဂါထာကိုဆို၍ အဆွေ ခင်ပွန်းသည်ကား ရဟန်းပြု၏။ ငါသည်ကား မေ့လျော့၍ မင်းပြု၍နေ၏။ ဤအကြောင်းဖြင့် နောက်မှ ထက်ဝက်သော ဂါထာကို ဆို၏ဟု ဥဒါန်းဂါထာ၏ အနက်ကို ဟော၏။

ဆတ္တာသည် ပစ္စေကဗုဒ္ဓါဖြစ်

ထိုစကားကိုကြား၍ ဆတ္တာသည်သည် ထက်ဝက်သောကာလ၌ စောင့်ရှောက်အပ်သော ဥပုသ်ကုသိုလ်ကံဖြင့် မင်းသည် ဤစည်းစိမ်ကို ရ၏။ ကုသိုလ်မည်သည်ကို ပြုအပ်သည်သာလျှင်ဖြစ်၏။ ငါသည် ရဟန်းပြု၍ မိမိ၏ တည်ရာကို ပြုရကား ကောင်း၏ ဟု ကြံ၍ ဆွေမျိုးစဉ်ဆက်မှလာသော စည်းစိမ်ဥစ္စာတို့ကိုစွန့်၍ မင်းကို ရဟန်းပြုခြင်းကို ခွင့်ပြုစေ၍ ဟိမ ဝန္တာသို့ သွား၍ ရသေ့ရဟန်းပြု၍ လက္ခဏာယာဉ် သုံးပါးသို့ တင်၍ ဝိပဿနာကို ပွားစေ၍ ပစ္စေကဗုဒ္ဓါအဖြစ်သို့ ရောက်၍ တန်ခိုးဖြင့် ဖြစ်သော သပိတ်သင်္ကန်း ရှိသည်ဖြစ်၍ ဂန္ဓမာဒန တောင်၌ ငါးနှစ်ခြောက်နှစ် နေ၍ ဗာရာဏသီမင်းကို ကြည့်အံ့ဟု ကောင်းကင်ဖြင့် လာ၍ ဥယျာဉ်ဝယ် မင်္ဂလာကျောက်ဖျာ၌ နေ၏။ ဥယျာဉ်စောင့်သည် မင်းအိမ်သို့သွား၍ မြတ်သောမင်းကြီး... ဂင်္ဂမာလသည် ပစ္စေကဗုဒ္ဓါဖြစ်၍ ကောင်းကင်ဖြင့် လာ၍ နေ၏ဟု မင်းအား ကြားလျှောက်၏။ မင်းသည် ထိုစကားကိုကြား၍ ပစ္စေကဗုဒ္ဓါကို ရှိခိုးအံ့ဟု လျင်မြန်စွာ ထွက်၏။ မင်း၏ မယ်တော်သည်လည်း သားနှင့်တကွ ထွက်၏။ မင်းသည် ဥယျာဉ်သို့ ဝင်၍ ပစ္စေကဗုဒ္ဓါကို ရှိခိုး၍ ပရိသတ်နှင့်တကွ တင့်အပ်လျှောက်ပတ်စွာ နေ၏။

မင်းကိုဆုံးမသော်

ပစ္စေကဗုဒ္ဓါသည် မင်းနှင့်တကွ ပဋိသန္ထာရ ပြုသည်ရှိသော် ဗြဟ္မဒတ် သင် မမေ့မလျော့မူ၍ တရားသဖြင့် မင်းပြု၏လော၊ ဒါန အစရှိသော ကောင်းမှုတို့ကို ပြုလော့ ဟု မင်းကို အမျိုးအမည်အားဖြင့် ခေါ်၍ ပဋိသန္ထာရကို ပြု၏။

မယ်တော် ဒေါသဖြစ်

ထိုစကားကိုကြား၍ မင်း၏မယ်တော်သည် ဤ အမျိုးယုတ်သော အညစ်အကြေးကို သုတ် သင်သော ဆတ္တာသည့်သားသည် ကိုယ်ကိုမသိ၊ ရေမြေ့ရှင်ဖြစ်သော ငါ့သားကို ဗြဟ္မဒတ်ဟု အမည်အားဖြင့် ခေါ်၏ ဟု အမျက် ထွက်၍-

၄၂။ တပသာ ပဇဟန္တိ ပါပကမ္မံ၊
တပသာ နှာပိတကုမ္ဘကာရဘာဝံ။
တပသာ အဘိဘုယျ ဂင်္ဂမာလ၊
နာမေနာလပသဇ္ဇ ဗြဟ္မဒတ္တ။

ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၂။ ဂင်္ဂမာလ၊ ဂင်္ဂမာလ။ သတ္တာ၊ သတ္တဝါတို့သည်။ တပသာ၊ အကျင့်ဖြင့်။ ပါပကမ္မံ၊ ယုတ်မာသောအမှုကို။ ပဇဟန္တိ၊ စွန့်ကုန်၏။ သတ္တာ၊ သတ္တဝါတို့သည်။ တပသာ၊ အကျင့်ဖြင့်။ နှာပိတကုမ္ဘကာရဘာဝံ၊ ဆတ္တာသည်, အိုးလုပ်သည်ကို ပြုတတ်သောအဖြစ်ကို။ ပဇဟန္တိ၊ စွန့်ကုန်၏။ ဂင်္ဂမာလ၊ ဂင်္ဂမာလ။ တွံ၊ သင်သည်။ အဇ္ဇ၊ ယခု။ တပသာ၊ အကျင့်ဖြင့်။ မမပုတ္တံ၊ ငါ့သားကို။ အဘိဘုယျ၊ နှိပ်စက်၍။ ဗြဟ္မဒတ္တ၊ ဗြဟ္မဒတ်။ ဣတိ၊ ဤသို့။ နာမေန၊ အမည်အားဖြင့်။ အာလပသိ၊ ခေါ်သင့်သလော။

ပစ္စေကဗုဒ္ဓါ၏ ဂုဏ်ကျေးဇူးများ

မင်းသည် မယ်တော်ကိုမြစ်၍ ပစ္စေကဗုဒ္ဓါ၏ ဂုဏ်ကျေးဇူးကို ပြလိုရကား-

၄၃။ သန္ဒိဋ္ဌိကမေဝ အမ္မ ပဿထ၊
ခန္တိသောရစ္စဿ အယံ ဝိပါကော။
ယော သဗ္ဗဇနဿ ဝန္ဒိတောဟု၊
တံ ဝန္ဒာမ သရာဇိကာ သမစ္စာ။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၃။ အမ္မ၊ မိခင်။ ယော ဝိပါကော၊ အကြင်ခန္တိ, သီလ၏ အကျိုးသည်။ အဟု၊ ဖြစ်၏။ သော ဝိပါကော၊ ထိုအကျိုးသည်။ သဗ္ဗဇနဿ၊ ခပ်သိမ်း သောသူ၏။ ဝန္ဒိတော၊ ရှိခိုးခြင်းကို ခံရသည်။ အဟု၊ ဖြစ်၏။ သရာဇိကာ၊ မင်းနှင့်တကွကုန်သော။ သမစ္စာ၊ အမတ်နှင့်တကွကုန်သော။ မယံ၊ ငါတို့သည်။ တံ၊ ထိုပစ္စေကဗုဒ္ဓါကို။ ဝန္ဒာမ၊ ရှိခိုးကုန်အံ့။ ခန္တိသောရစ္စဿ၊ သည်းခံခြင်းတရား သီလတရား၏။ သန္ဒိဋ္ဌိကမေဝ၊ မျက်မှောက်၌လျှင် ဖြစ်သောအကျိုးကို။ တုမှ၊ သင်တို့သည်။ ပသထ၊ ရှုကုန်လော့။

မင်းသည် မယ်တော်ကို မြစ်သည်ရှိသော် ကြွင်းသော လူများသည် ထ၍ “အရှင်မင်းကြီး အရှင်မင်းကြီးအား ဤသို့သဘောရှိသော အမျိုးယုတ်သော သူသည် အမည်အားဖြင့် ခေါ်ခြင်းသည် မသင့် ဟု ဆို၏။ မင်းသည် လူများကိုလည်း မြစ်၍ ပစ္စေကဗုဒ္ဓါ၏ ကျေးဇူးစကား ဆိုအံ့သောငှာ-

၄၄။ မာ.ကိဉ္စိ အဝစုတ္ထ ဂင်္ဂမာလံ၊
မုနိနံ မောနပထေသု သိက္ခမာနံ။
ဧသော ဟိ အတရိ အဏ္ဏဝံ၊
ယံ တရိတွာ စရန္တိ ဝိတသောကာ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကိုဆို၏။

၄၄။ အမ္ဘော၊ အချင်းတို့။ တုမှေ၊ သင်တို့သည်။ မုနီနံ၊ အဂါရိက အနဂါရိက သေက္ခ အသေက္ခ, ပစ္စေက မုနိတို့၏။ မောနပထေသု၊ သုံးပါးသောသိက္ခာ သုံးဆယ့်ခုနစ်ပါးသော ဗောဓိပက္ခိယတရားဟု ဆိုအပ်ကုန်သော ရဟန်းတို့၏ အကျင့်တို့၌။ သိက္ခမာနံ၊ ကျင့်သော။ ဂင်္ဂမာလံ၊ ဂင်္ဂမာလကို။ ကိဉ္စိ၊ တစ်စုံတစ်ခုသော စကားကိုမျှ။ မာ အဝစုတ္ထ၊ မဆိုကြကုန်လင့်။ ဝီတသောကာ၊ စိုးရိမ်ခြင်း ကင်းကုန်သော အရိယာတို့သည်။ ယံ၊ အကြင်သံသရာတည်းဟူသော သမုဒ္ဒရာကို။ တရိတွာ၊ ကူး၍။ စရန္တိ၊ သွားကုန်၏။ ဧသော၊ ဤဂင်္ဂမာလသည်။ တံ အဏ္ဏဝံ၊ ထိုသံသရာတည်းဟူသော သမုဒ္ဒရာကို။ အတရိ ဟိ၊ ကူးပြီးသလျှင်ကတည်း။

ဂန္ဓမာဒနတောင်သို့ ကြွသွားပြီ

ဤသို့ဆိုပြီး၍ မင်းသည် ပစ္စေကဗုဒ္ဓါကို ရှိခိုး၍ အရှင်ဘုရား အကျွန်ုပ်အမိအား အရှင်ဘုရားတို့သည် သည်းခံပါကုန်လော့ ဟု ဆို၏။ မြတ်သောမင်းကြီး သည်းခံ၏ ဟု ပစ္စေကဗုဒ္ဓါသည် ဆို၏။ မင်းသည် ပရိသတ်တို့ကို ကန် တော့စေ၏။ မင်းသည် မိမိကိုမှီ၍ နေစိမ့်သောငှာ ပဋိညာဉ်ကို တောင်း၏။ ပစ္စေကဗုဒ္ဓါသည် မပေးမူ၍ မင်းနှင့်တကွ ပရိသတ်မြင်စဉ်လျှင် ကောင်းကင်၌ ရပ်၍ မင်းအား အဆုံးအမကိုပေး၍ ဂန္ဒမာဒနတောင်သို့လျှင် သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သီတင်းသည်တို့ ဤသို့လျှင် ဥပုသ်သုံးခြင်းမည်သည်ကို သုံးခြင်းငှာ သင့်သလျှင်ကတည်း ဟု မိန့်တော်မူ၍ ထိုအခါ ပစ္စေကဗုဒ္ဓါသည် ပရိနိဗ္ဗာန်ပြုပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ အဍ္ဎမာသကမင်း ဖြစ်ဖူးပြီ၊ ယခုအခါ ရာဟုလမယ်တော်သည် ထိုအခါ မိဖုရားကြီးဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဥဒယမင်းဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဥပုသ်နေ့ဝက်၊ စောင့်သည့်တွက်၊ ကျိုးဆက်မင်းဖြစ်လာ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဂင်္ဂမာလဇာတ်သည် ပြီး၏။

*****

အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၆။ စေတိယဇာတ်

မမှန်သောစကားကိုပြော၍ မြေမျိုခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဓမ္မော ဟဝေ ဟတော ဟန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစေတိယဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်အား မြေမျိုခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ဒေဝဒတ်သည် မုသာဝါဒကိုဆို၍ မြေမျို၏။ ဒေဝဒတ်သည် အဝီစိသို့ လားရ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဒေဝဒုတ်ကို မြေမျိုသည် မဟုတ်သေး၊ ရှေး၌လည်း ဒေဝဒတ်ကို မြေမျိုဖူးသလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကမ္ဘာဦး၌ အသင်္ချေယျ အသက်ရှည်သော မဟာသမ္မတမည်သော မင်းသည်ရှိ၏။ ထိုမင်း၏သားကား ရောဇမည်၏။ ထိုမင်း၏သားကား ဝရရော ဇမည်၏။ ထိုမင်း၏ သားကား ကလျာဏ မည်၏။ ထိုမင်း၏ သားကား ဝရကလျာဏ မည်၏။ ထိုမင်း၏သားကား ဥပေါသထမည်၏။ ထိုမင်း၏သားကား ဝရဥပေါ

သထမည်၏။ ထိုမင်း၏သားက မန္ဓာတုမည်၏။ ထိုမင်း၏သားကား ဝရမန္ဓာတုမည်၏။ ထိုမင်း၏ သားကား ဝရ မည်၏။ ထိုမင်း၏သားကား ဥပဝရ မည်၏။ ဥပရိဝရ ဟူသော အမည်သည်လည်း ထိုဥပဝရမင်း၏ အမည်လျှင်ကတည်း။

စေတိယမင်း

ထိုဥပဝရမင်းသည် စေတိယတိုင်း သောတ္ထိယမြို့၌ မင်းပြု၏။ လေးပါးကုန်သော မင်း၏ တန်ခိုးတို့နှင့် ပြည့်စုံ၏။ ကောင်းကင်သို့ သွားနိုင်၏။ လေးယောက်ကုန်သော နတ်သားတို့သည် လေးမျက်နှာတို့၌ သန်လျက်ကို လက်၌စွဲကုန်လျက် စောင့်ကုန်၏။ ကိုယ်မှ စန္ဒကူးနံ့ လှိုင်၏။ ခံတွင်းမှ ကြာညိုနံ့ လှိုင်၏။

ထိုမင်းအား ကပိလမည်သော ပုရောဟိတ်ပုဏ္ဏားသည် ဖြစ်၏။ ကပိလပုဏ္ဏား၏ ညီကား ကောရကလမ္ဗ မည်၏။ မင်းနှင့်တကွ တစ်ဦးသော ဆရာမျိုး၌ အတတ်သင်ဘက် သူငယ်ချင်း အဆွေခင်ပွန်း ဖြစ်၏။ ထိုမင်းသည် ကောရကလမ္ဗအား ငယ်စဉ်ကာလ၌လျှင် ငါသည် မင်းအဖြစ်သို့ ရောက်သော် သင့်အား ပုရောဟိတ်အရာကို ပေးအံ့ဟု ဝန်ခံလေ၏။

ပုရောဟိတ် ရသေ့ဝတ်

ထိုမင်းသည် မင်းအဖြစ်သို့ရောက်၍ အဖ၏ ပုရောဟိတ်ဖြစ်သော ကပိလပုဏ္ဏားကို ပုရောဟိတ်အရာမှ ရွေ့စိမ့်သောငှာ မတတ်နိုင်။ မင်းသည် မိမိအား ခစားအံ့သောငှာ လာသည်ရှိသော် ထိုပုရောဟိတ်၌ ရိုသသဖြင့် ပူဇော်သော အခြင်းအရာကို ပြ၏။ ပုဏ္ဏားသည် ထိုအခြင်းအရာကို မှတ်၍ မင်းသည်ကား အရွယ်တူတို့နှင့် တကွ ချမ်းသာကို ဆောင်လျက် တင့်တယ်၏။ ငါသည် မင်းကိုပန်၍ ရဟန်းပြုအံ့ဟု ကြံ၍ မြတ်သော မင်းကြီး အကျွန်ုပ်သည် အိုပြီ၊ အိမ်၌ သားသူငယ်သည် ရှိ၏။ ထိုသားကို ပုရောဟိတ် ပြုလော့၊ အကျွန်ုပ်သည် ရဟန်းပြုအံ့ဟု မင်းကိုခွင့်တောင်း၍ သားကို ပုရောဟိတ်အရာ၌ တည်စေ၍ မင်း၏ ဥယျာဉ်သို့ဝင်၍ ရသေ့ရဟန်းပြု၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ သားကိုမှီ၍ ထိုဥယျာဉ်၌လျှင် နေ၏။

ရာထူးပေးချင်၍

ကောရကလမ္ဗ ပုဏ္ဏားသည်လည်း ဤကပိလပုဏ္ဏားကား ရဟန်းပြုသော်လည်း ငါ့အား အရာထူးကို မပေး ဟု အစ်ကို၌ ရန်ငြိုးဖွဲ့၍ တစ်နေ့သ၌ ချမ်းသာသော စကားဖြင့် နေသောအခါ မင်းသည်ကောရကလမ္ဗ သင်သည် ပုရောဟိတ်အရာကို မပြုလာဟု မေးသည်ရှိသော် အမိန့်တော်အတိုင်း အကျွန်ုပ်သည် ပုရောဟိတ်အရာကို မပြုရ ဟု ဆို၏။ အဘယ့်ကြောင့် မပြုရသနည်း ဟု မေးသည်ရှိသော် မြတ်သောမင်းကြီး... အကျွန်ုပ်အဈတို့သည် ပုရောဟိတ် ပြု၏ ဟု ဆို၏။ သင့်အစ်တို့သည် ရဟန်းပြုပြီ မဟူတ်လော ဟု ဆိုသည်ရှိသော် အမိန့်တော်အတိုင်း ရဟန်းပြု၏။ အရာအထူးကို သားအား ပေး၏ ဟု ဆို၏။ ထိုသို့တပြီးကား သင်သည် ပုရောဟိတ်ပြုလော့ ဟု ဆို၏။ မြတ်သောမင်းကြီး အနွယ်အဆက်မှ လာသော အရာအထူးကိုခံသော အကျွန်ုပ်အဈကိုကို ပယ်၍ အကျွန်ုပ်သည် ပုရောဟိတ်ပြုခြင်းငှာ မတတ်ကောင်း ဟု ကောရကလမ္ဗသည် ဆို၏။ ဤသို့ဖြစ်သည်ရှိသော် ငါသည် သင့်ကို အစ်ကိုပြု၍ သင်အစ်ကိုကို ညီပြုအံ့ဟု မင်းသည်ဆို၏။ မြတ်သောမင်းကြီး အဘယ်အကြောင်းဖြင့် ပြုအံ့နည်းဟု ကောရကလမ္ဗသည် ဆို၏။ မုသာဝါဒကိုဆို၍ ပြုအံ့ဟု မင်းသည် ဆို၏။

မုသားဆိုမည်

မြတ်သော မင်းကြီး... အရှင်မင်းကြီးတို့သည် သိတော်မမူကုန်သလော၊ အကျွန်ုပ် အစ်တို့သည် ကြီးစွာသောအံ့ဖွယ်သရဲ ကျေးဇူးနှင့် ပြည့် စုံ၏။ အတတ်ကိုဆောင်၍ ထိုအစ်တို့သည်အံ့ဖွယ်သရဲဖြစ်သော ကျေးဇူးဖြင့် အရှင်မင်းကြီးတို့ကို လှည့်စားလတ္တံ့၊ နတ်သားလေးယောက်တို့ကို ကွယ်သကဲ့သို့ ပြုအံ့၊ ကိုယ်မှလည်းကောင်း ခံတွင်းမှလည်းကောင်း ကောင်းသောအနံ့ကို မကောင်းအနံ့ကဲ့သို့ ပြုလတ္တံ့၊ ကောင်းကင်မှကျ၍ မြေ၌တည်သကဲ့သို့ ရှင်မင်းကြီးတို့ကို ပြုလတ္တံ့၊ အရှင်မင်းကြီးတို့သည် မြေသို့ ဝင်ကုန်လတ္တံ့။ ထိုအခါ အရှင်မင်းကြီးတို့သည် အရှင်မင်းကြီးတို့၏ စကား၌ တည်းခြင်းငှာ မတတ်နိုင်ကုန်လတ္တံ့ ဟု ကောရကလမ္မသည် ဆို၏။ သင်သည် ဤသို့သော အမှတ်ကိုမပြုလင့်၊ ငါသည် ပြုခြင်းငှာ တတ်နိုင်လတ္တံ့ဟု မင်းသည် ဆို၏။ မြတ်သော မင်းကြီး... အရှင်မင်းကြီးတို့သည် အဘယ်အခါ၌ ပြုကုန်လတ္တံ့နည်းဟု ကောရကလမ္ဗသည် မေ၏။ ယနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ပြုကုန်အံ့ဟု မင်းသည် ဆို၏။ ထိုစကားသည် မြို့အလုံး၌ ထင်ရှား၏။

လူအများ ကြည့်နေကြ

မင်းသည် မုသားဆို၍ အကြီးကို အငယ်၊ အငယ်ကို အကြီးပြုလတ္တံ့၊ အရာအထူးကို အငယ်အား ပေးလတ္တံ့၊ မုသာဝါဒမည်သည်ကား အဘယ်သို့ သဘောရှိသနည်း၊ ညိုသော အဆင် ရှိသလော၊ ထိုသို့မဟုတ်မူ ရွှေသော အဆင်း အစရှိသည်တို့တွင် တစ်ပါးပါးသော အဆင်းရှနသလော။ ဤသို့ လူများအား အကြံသည် ဖြစ်သတတ်။ ထိုအခါ လူများအပေါင်းသည် မှန်သော စကားကိုသာ ဆိုသောကာလ ဖြစ်သတတ်။ လူတို့သည် မုသာဝါဒကား ဤသို့သဘော ရှိကုန်၏ဟု မသိကုန်၊ ပုရောဟိတ်၏

သားသည်လည်း ထိုစကားကိုကြား၍ အဖထံသို့ သွား၍ ခမည်းတော်... မင်းသည် မုသာဝါဒကိုဆို၍ သင့်ကို အငယ်ပြု၍ သင်တို့၏ အရာအထူးကို အကျွန်ုပ်၏ ဘထွေးအား ပေးလတ္တံ့ဟု ဆို၏။ အမောင်... မင်းသည် မုသာဝါဒကို ဆို၍လည်း ငါတို့၏ အရာအထူးကို ပေးအံ့သောငှာ မတတ်နိုင်လတ္တံ့၊ အဘယ်နေ့၌ကား မုသာဝါဒကို ဆိုခြင်းကိုပြုလတ္တံ့နည်းဟု ကပိလရသေ့သည် မေး၏။ ယနေ့မှ ခုနစ်ရက်မြောက် ဖြစ်သောနေ့၌ ပြုလတ္တံ့ဟု သားသည် ဆို၏။ ထိုသို့တပြီးကား- ထိုအခါ ငါ့အား အမြန်လာ၍ ကြားလော့ ဟု ကပိလရသေ့သည် ဆို၏။ ခုနစ်ရက်မြောက် ဖြစ်သောနေ့၌ လူတို့သည် မုသာဝါဒကို ကြည့်ကုန်အံ့ဟု မင်းရင်ပြင်၌ စည်းဝေး၍ ညောင်စောင်း အဆင့်ဆင့်တို့ကို ဖွဲ့၍ တည်ကုန်၏။ ပုရောဟိတ်သားသည် အဖအား ကြား၏။

မုသား မဆိုလင့်

မင်းသည် တန်ဆာဆင်ယင်လျက် ထွက်၍ လူများအလယ် မင်းရင်ပြင်ကောင်းကင်၌ ရပ်၏။ ရသေ့သည် ကောင်းကင်ဖြင့်လာ၍ မင်း၏ရှေ့မှ နိသီဒိုင် သားရေကိုခင်း၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့သဖြင့် နေ၍ မြတ်သောမင်းကြီး... သင်သည် မုသာဝါဒကို ဆို၍ အငယ်ကို အကြီးပြု၍ အငယ်အား အရာအထူးကို ပေးလိုသောဟူသည် မှန်သလာဟု ဆို၏။ ဆရာ-မှန်၏။ ဤသို့ ငါဆို၏ ဟု မင်းသည် ဆို၏။ ထိုအခါ ရသေ့သည် ထိုမင်းကို မြတ်သောမင်းကြီး-မုသဝါဒ မည်သည်ကား အပြစ်လေး၏။ ဂုဏ်ကျေးဇူးကို ဖျက်ဆီးတတ်၏။ အပယ်လေးပါးတို့၌ ဖြစ်စေတတ်၏။ မင်းမည်သည်ကား မုသာဝါဒကို ဆိုသည်ရှိသော် တရားကို သတ်သည်မည်၏။ တရားကိုသတ်သော် မိမိသည်လျှင် မိမိကိုယ်ကို သတ်သည်မည်၏ ဟု ဆုံးမလိုရကား-

၄၅။ ဓမ္မော ဟဝေ ဟတော ဟန္တိ၊ နာဟတော ဟန္တိ ကိဉ္စနံ။
တသ္မာဟိ ဓမ္မံ န ဟနေ၊ မာ တွံ ဓမ္မော ဟတော ဟနိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၄၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဟဝေ၊ စင် စစ်။ ဟတော၊ သတ်အပ်သော။ ဓမ္မော၊ ကြီးသောသူတို့အား အရိုအသေပြုခြင်း တရားသည်။ ဟန္တိ၊ မိမိကိုယ်ကို သတ်၏။ အဟတော၊ မသတ်အပ်သော တရားသည်။ ကိဉ္စနံ၊ တစ်စုံတစ်ယောက်သောသူကို။ န ဟန္တိ၊ မသတ်။ တသ္မာ ဟိ၊ ထိုကြောင့်သာလျှင်။ ဓမ္မံ၊ တရားကို။ န ဟနေ၊ မသတ်ရာ။ ဟတော၊ သတ်အပ်သော။ ဓမ္မော၊ တရားသည်။ တွံ၊ သင့်ကို။ မာ ဟနိ၊ မသတ်စေလင့်။

ပါးစပ် ပုပ်တတ်သည်

ထို့နောင်မှာ ထိုမင်းကို မြတ်သောမင်းကြီး သင်မင်းကြီးသည် မုသားဆိုခြင်းကို အကယ်၍ ပြုလတ္တံ့၊ သင်မင်းကြီး၏ လေးပါးကုန်သော တန်ခိုးတို့သည် ကွယ်ကုန်လတ္တံ့ဟုဆို၍ အလွန်အားဖြင့် ဆုံးမလိုရကား-

၄၆။ အလိကံ ဘာသမာနဿ၊ အပက္ကမန္တိ ဒေဝတာ။
ပူတိကဉ္စ မုခံ ဝါတိ၊ သကဋ္ဌာနာ စ ဓံသတိ။
ယော ဇာနံ ပုစ္ဆိတော ပဉှံ၊ အညထာ နံ ဝိယာကရေ။

ဟူသော နှစ်ခုမြောက်ာ ဤဂါထာကို ဆို၏။

၄၆။ မဟာရာဇ၊ မြတ်သော မင်းကြီး။ ပဉှံ၊ ပြဿနာကို။ ပုစ္ဆိတော၊ မေးအပ်သော။ ယော၊ အကြင်မင်းသည်။ ဇာနံ၊ သိလျက်။ နံ၊ ထိုပြဿနာကို။ အညထာ၊ တစ်ပါးသော အခြင်းအရာအားဖြင့်။ ဝိယာကရေ၊ ဖြေ၏။ အလိကံ၊ မဟုတ်မမှန်သော စကားကို။ ဘာသမာနဿ၊ ဆိုသော။ တဿ၊ ထိုမင်း။ ဒေဝတာ၊ စောင့်ကုန်သော နတ်သားလေးယောက်တို့သည်။ အပက္ကမန္တိ၊ ဖဲကုန်၏။ မုခဉ္စ၊ ခံတွင်းသည်လည်း။ ပူတိကံ၊ အပုပ်အတိလျှင်။ ဝါတိ၊ လှိုင်၏။ သကဋ္ဌာနာ စ၊ မိမိ တည်ရာ ကောင်းကင်မှလည်း။ ဓံသတိ၊ မြေသို့ကျ၏။

ပထမ မုသားဆို

ထိုစကားကို ကြား၍ မင်းသည် ကြောက်ရကား ကောရကလမ္ဗကို ကြည့်၏။ ထိုအခါ မင်းကို ကောရကလမ္ဗသည် မြတ်သောမင်းကြီး မကြောက်လင့်၊ အကျွန်ုပ်သည် ရှေးမဆွကလျှင် အရှင်မင်းကြီးတို့အား ထိုစကားကို ဆိုအပ်ပြီ မဟုတ်လောဟု ဆို၏။ မင်းသည် ကပိလရသေ့စကားကို ကြားရသော်လည်း မယူမူ၍ မိမိသည် ဆိုအပ်သော စကားကိုသာလျှင် ရှေးရှုပြု၍ ဆိုလိုရကား အရှင်ဘုရား... သင်သည် ညီတည်း၊ ကောရကလမ္ဗသည် အစ်ကိုတည်း ဟူ၍ ဆို၏။

ထိုမုသာဝါဒကို ဆိုခြင်းကြောင့် လေးယောက်ကုန်သော နတ်သားတို့သည် ထိုသို့သဘောရှိသော မုသာဝါဒကို ဆိုသော မင်းအား စောင့်ရှောက်ခြင်းကို မပြုကုန်အံ့ ဟု သန်လျက်တို့ကို ထိုမင်း၏ ခြေရင်း၌ စွန့်ပစ်၍ ကွယ်ကုန်၏။ ခံတွင်းသည် ကြက်ဥပုပ်ကဲ့သို့ ကိုယ်သည် ဖွင့်အပ်သော ဝစ္စကုဋိကဲ့သို့ မကောင်းသော အနံ့သည် လှိုင်၏။ ကောင်းကင်မှလည်း ကျ၍ မြေ၌ တည်၏။ ဤလေးပါးကုန်သော တန်ခိုးတို့သည်လည်း ကွယ်ကုန်၏။ ထိုအခါ ထိုမင်းကို မဟာပုရောဟိတ်သည် မြတ်သော မင်းကြီး မကြောက်လင့်၊ မှန်သောစကားကို အကယ်၍ ဆိုငြားအံ့၊ အသင်မင်းကြီးအား ထိုအလုံးစုံသော တန်ခိုးတို့ကို ပတိပြုအံ့ ဟု ဆိုလို၍-

၄၇။ သစေဟိ သစ္စံ ဘဏသိ၊ ဟောဟိ ရာဇ ယထာ ပုရေ။
မုသာ စေ ဘာသသေ ရာဇ၊ ဘူမိယံ တိဋ္ဌ စေတိယ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၄၇။ စေတိယ၊ စေတိယအမည်ရှိသော။ ရာဇ၊ မင်းမြတ်။ သစ္စံ၊ မှန်သောစကားကို။ သစေ ဟိ ဘဏသိ၊ အကယ်၍ ဆိုငြားအံ့။ ပုရေယထာ၊ ရှေး၌ ကဲ့သို့။ ဟောဟိ၊ ဖြစ်လော့။ စေတိယ၊ စေတိယမည်သော။ ရာဇ၊ မင်းမြတ်။ မုသာ၊ မမှန်သောစကားကို။ စေ ဘာသသေ၊ အကယ်၍ ဆိုငြားအံ့။ ဘူမိယံ၊ မြေ၌။ တိဋ္ဌ၊ တည်လော့။

ဒုတိယမုသားဆို

ထိုပုရောဟိတ်သည် မြတ်သောမင်းကြီး... သင်သည် ရှုလော့၊ ရှေးဦးစွာ မုသားဆိုခြင်းကြောင့်လျှင် သင်မင်းကြီး၏ တန်ခိုးလေးပါးတို့သည် ကွယ်ကုန်၏။ မှတ်လော့၊ ယခုလည်း ပကတိပြုအံ့သောငှာ တတ်ကောင်း၏ ဟု ရှင်ရသေ့သည် ဆိုသော်လည်း ဆိုတိုင်းမပြုမူ၍ သင်တို့သည် ငါ့ကို လှည့်စားလိုကုန်၏ ဟု နှစ်ကြိမ်မြောက်လည်း မုသာဝါဒကိုဆို၍ ဖမျက်တိုင် အောင် မြေသို့ဝင်၏။

မိုးမကောင်းတတ်

ထိုအခါ ထိုမင်းကို တစ်ဖန်လည်း ပုဏ္ဏားကြီးသည် မြတ်သောမင်းကြီး မှတ်လော့၊ ယခုလည်း ပကတိ ပြုအံ့သောငှာ တတ်ကောင်းသေး၏ ဟု ပြလို၍-

၄၈။ အကာလေ ဝဿတိ တဿ၊
ကာလ တဿ န ဝဿတိ။
ယော ဇာနံ ပုစ္ဆိတော ပဉှံ၊ အညထာ နံ ဝိယာကရေ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၄၈။ မဟာရာဇ၊ မြတ်မင်းကြီး။ ယော၊ အကြင်သူသည်။ ပဉှံ၊ ပြသနာကို။ ပုစ္ဆိတော၊ မေးအပ်သည်ရှိသော်။ ဇာနံ၊ သိလျက်။ နံ၊ ထိုပြသနာကို။ အညထာ၊ တစ်ပါးသော အပြားအားဖြင့်။ ဝိယာကရေ၊ ဖြေ၏။ တဿ၊ ထိုမင်း၏။ ရဋ္ဌေ၊ တိုင်းနိုင်ငံ၌။ အကာလေ၊ အကာလ၌။ ဝဿတိ၊ မိုးရွာ၏။ တဿ၊ ထိုမင်း၏။ ရဋ္ဌေ၊ တိုင်းနိုင်ငံ၌။ ကာလေ၊ ကာလ၌။ န ဝဿတိ၊ မိုးမရွာ။

ထိုအခါ ထိုမင်းကို တစ်ဖန်လည်း မုသာဝါဒ၏ အစွမ်းအားဖြင့် ဖမျက်တိုင်အောင် မြေမျို။ ပုရောဟိတ်ကြီးသည် မြတ်သောမင်းကြီး... မှတ်လော့ ဟု ဆို၍-

၄၉။ သစေ ဟိ သစ္စံ ဘဏသိ၊
ဟောဟိ ရာဇ ယထာ ပုရေ။
မုသာ စေ ဘာသသေ ရာဇ၊ ဘူမိံ ပဝိသ စေတိယ။

ဟူသော ငါးခုမြောက်သော ဤဂါထာကိုဆို၏။

၄၉။ စေတိယ၊ စေတိယအမည်ရှိသော။ ရာဇ၊ မင်းမြတ်။ သစ္စံ၊ မှန်သောစကားကို။ သစေ ဟိ ဘဏသိ၊ အကယ်၍ ဆိုငြားအံ့။ ပုရေ ယထာ၊ ရှေး၌ ကဲ့သို့။ ဟောတိ၊ ဖြစ်လော့။ စေတိယ၊ စေတိယ အမည်ရှိသော။ ရာဇ၊ မင်းမြတ်။ မုသာ၊ မမှန်စကားကို။ စေ ဘာသသေ၊ အကယ်၍ဆိုအံ့။ ဘူမိံ၊ မြေသို့။ ပဝိသ၊ ဝင်လော့။

တတိယမုသား

ထိုမင်းသည် သုံးကြိမ်မြောက်လည်း အရှင်ဘုရား... သင်ကား ညီတည်း၊ ကောရကလမ္မကား အစ်ကိုတည်း ဟု မုသာဝါဒကိုလျှင် ဆို၍ ပုဆစ်တိုင်အောင် မြေသို့ဝင်၏။

လျှာနှစ်ခွဖြစ်တတ်

ထိုအခါ ထိုမင်းကို တစ်ဖန်လည်း ပုရောဟိတ်ကြီးသည် မြတ်သောမင်းကြီး မှတ်လော့ ဟု ဆို၍-

၅၀။ ဇိဝှာ တဿ ဒွဓာ ဟောတိ၊ ဥရဂဿေဝ ဒိသမ္ပတိ။
ယော ဇာနံ ပုစ္ဆိတော ပဉှံ၊ အညထာ နံ ဝိယာကရေ။
၅၁။ သစေ ဟိ သစ္စံ ဘဏသိ၊
ဟောတိ ရာဇ ယထာ ပုရေ။
မုသာ စေ ဘာသသေ ရာဇ၊ ဘိယျော ပဝိသ စေတိယ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၍ ယခု ပကတိပြုအံ့သောငှာ တတ်ကောင်းသေး၏ ဟု ဆို၏။

၅၀။ ယော၊ အကြင်မင်းသည်။ ပဉှံ၊ ပြဿနာကို။ ပုစ္ဆိတော၊ မေးအပ်သည်ရှိသော်။ ဇာနံ၊ သိလျက်။ နံ၊ ထိုပြဿနာကို။ အညထာ၊ တစ်ပါးသော အပြားအားဖြင့်။ ဝိယာကရေ၊ ဖြေ၏။ ဒိသမ္ပတိ၊ အရပ်မျက်နှာတို့ကို အစိုးရသော အရှင်မင်းကြီး။ ဥရဂဿ၊ မြွေ၏။ ဇိဝှါ ဣဝ၊ လျှာကဲ့သို့။ တဿ၊ ထိုမုသားဆိုသော မင်း၏။ ဇိဝှာ၊ လျှာသည်။ ဒွိဓာ၊ နှစ်ခွ။ ဟောတိ၊ ဖြစ်၏။

၅၁။ စေတိယ၊ စေတီယအမည်ရှိသော။ ရာဇ၊ မင်းမြတ်။ သစ္စံ၊ မှန်သောစကားကို။ သစေ ဘဏသိ၊ အကယ်၍ ဆိုငြားအံ့။ ပုရေ ယထာ၊ ရှေး၌ကဲ့သို့။ ဟောဟိ၊ ဖြစ်လော့။ စေတိယ၊ စေတိယအမည်ရှိသော။ ရာဇ၊ မင်းမြတ်။ မုသာ၊ မမှန်သောစကားကို။ စေ ဘာသသေ၊ အကယ်၍ ဆိုငြားအံ့။ ဘိယျော၊ အလွန်။ ပဝိသ၊ မြေသို့ဝင်လော့။

စတုတ္ထမုသားဆို

မင်းသည် ထိုပုရောဟိတ်ကြီး၏စကားကို ကြားလျက် မယူမူ၍ အရှင်ဘုရား. သင်ကား ညီတည်း၊ ကောရကလမ္ဗက အစ်ကိုတည်း ဟု လေးကြိမ်မြောက်လည်း မုသာဝါဒကိုဆို၍ ခါး တိုင်အောင် မြေသို့ဝင်၏။

လျှာပြတ်ကျတတ်

ထိုအခါ ထိုမင်းကို ပုရောဟိတ်ကြီးသည် မြတ်သောမင်းကြီး... သင်သည် မှတ်လော့ဟု ဆို၍-

၅၂။ ဇိဝှာ တဿ န ဘဝတိ၊ မိစ္ဆဿေဝ ဒိသမ္ပတိ။
ယော ဇာနံ ပုစ္ဆိတော ပဉှံ၊ အညထာ နံ ဝိယာကရေ။
၅၃။ သစေ ဟိ သစ္စံ ဘဏသိ၊
ဟောဟိ ရာဇ ယထာ ပုရေ။
မုသာ စေ ဘာသသေ ရာဇ၊ ဘိယျော ပဝိသ စေတိယ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၅၂။ ဒိသမ္ပတိ၊ အရပ်မျက်နှာတို့၏ အရှင်ဖြစ်သော မင်းကြီး။ ယော၊ အကြင်မင်းကြီးသည်။ ပဉှံ၊ ပြ ဿနာကို။ ပုစ္ဆိတော၊ မေးအပ်သည်ရှိသော်။ ဇာနံ၊ သိလျက်။ နံ၊ ထိုပြဿနာကို။ အညထာ၊ တစ် ပါးသော အပြားအားဖြင့်။ ဝိယာကရေ၊ ဖြေ၏။ မစ္ဆဿ၊ ငါးအား။ ဇိဝှာ၊ လျှာသည်။ န ဘဝတိ၊ မဖြစ်သကဲ့သို့။ တဿ၊ ထိုမုသားဆိုသော မင်းအား။ ဇိဝှာ၊ လျှာသည်။ န ဘဝတိ၊ မဖြစ်။

၅၃။ စေတိယ၊ စေတိယအမည်ရှိသော မြတ်သောမင်းကြီး။ သစ္စံ၊ မှန်သောစကားကို။ သစေ ဘဏသိ၊ အကယ်၍ ဆိုငြားအံ့။ ပုရေယထာ၊ ရှေး၌ကဲ့သို့။ ဟောတိ၊ ဖြစ်လော့။ စေတိယ၊ စေတိယ အမည်ရှိသော။ ရာဇ၊ မင်းမြတ်။ မုသာ၊ မမှန်သောစကားကို။ စေ ဘာသသေ၊ အကယ်၍ ဆိုငြားအံ့။ ဘိယျော၊ အလွန်။ ပဝိသ၊ မြေသို့ဝင်လော့။

ပဉ္စမမုသားဆို

ထိုမင်းသည် ငါးကြိမ်မြောက်လည်း အရှင်ဘုရား... သင်ကား ညီတည်း၊ ကောရကလမ္ဗကား အစ်ကိုတည်း ဟု ဆို၍ ချက်တိုင်အောင် မြေသို့ ဝင်၏။

သားယောက်ျားမရတတ်

ထိုအခါ ထိုမင်းကို ပုရောဟိတ်ပုဏ္ဏားသည် တစ်ဖန်လည်း မြတ်သောမင်းကြီး မှတ်လော့ ဟု ဆို၍-

၅၄။ ထိယောဝ တဿ ဇာယန္တိ၊
န ပုမာ ဇာယရေ ကုလေ။
ယော ဇာနံ ပုစ္ဆိတော ပဉှံ၊ အညထာ နံ ဝိယာကရေ။
၅၅။ သစေ ဟိ သစ္စံ ဘဏသိ၊
ဟောဟိ ရာဇ ယထာ ပုရေ။
မုသာ စေ ဟာသသေ ရာဇ၊ ဘိယျာ ပဝိသ စေတိယ။

ဟူသော ဤနှစ်ဂါထာတို့ကိုဆို၏။

၅၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော၊ အကြင်မင်းသည်။ ပဉှံ၊ ပြဿနာကို။ ပုစ္ဆိတော၊ မေးအပ်သည်ရှိသော်။ ဇာနံ၊ သိလျက်။ နံ၊ ထိုပြဿနာကို။ အညထာ၊ တစ်ပါးသော အပြားအားဖြင့်။ ဝိယာကရေ၊ ဖြေ၏။ တဿ၊ ထိုမုဆိုသောမင်း၏။ ကုလေ၊ အမျိုး၌။ ထိယောဝ၊ သမီးမိန်းမတို့သည်သာလျှင်။ ဇာယန္တိ၊ ဖွားကုန်၏။ ပုမာ၊ သားယောကျ်ားတို့သည်။ န ဇာယရေ၊ မဖွားကုန်။

၅၅။ စေတိယ၊ စေတိယအမည်ရှိသော။ ရာဇ၊ မင်းမြတ်။ သစ္စံ၊ မှန်သောစကားကို။ သစေ ဟိ ဘဏသိ၊ အကယ်၍ ဆိုသည်ဖြစ်အံ့။ ပုရယထာ၊ ရှေး၌ ကဲ့သို့။ ဟောဟိ၊ ဖြစ်လော့။ စေတိယ၊ စေတိယအမည်ရှိသော။ ရာဇ၊ မင်းမြတ်။ မုသာ၊ မမှန်သောစကားကို။ စေ ဘာသသေ၊ အကယ်၍ ဆိုသည်ဖြစ်အံ့။ ဘိယျာ၊ လွန်စွာ။ ပဝိသ၊ မြေသို့ဝင်လော့။

ဆဋ္ဌမမုသားဆို

မင်းသည် ထိုပုရောဟိတ်စကားကို မယူမူ၍ ခြောက်ကြိမ်မြောက် ရှေးအတူလျှင် မုသားဆို၍ သားမြတ်တိုင်အောင် မြေသို့ဝင်၏။ ထိုအခါ ထိုမင်းကို တစ်ဖန်လည်း ပုရောဟိတ်ကြီးသည် မြတ်သောမင်းကြီး... မှတ်လော့ ဟု ဆို၍ -

၅၆။ ပုတ္တာ တဿ န ဘဝန္တိ၊ ပက္ကမန္တိ ဒိသောဒိသံ။
ယော ဇာနံ ပုစ္ဆိတော ပဉှံ၊ အညထာ နံ ဝိယာကရေ။
၅၇။ သစေ ဟိ သစ္စံ ဘဏသိ၊
ဟောဟိ ရာဇ ယထာ ပုရေ။
မုသာ စေ ဘာသသေ ရာဇ၊ ဘိယျာ ပဝိသ စေတိယ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၅၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော၊ အကြင်မင်းသည်။ ပဉှံ၊ ပြဿနာကို။ ပုစ္ဆိတော၊ မေးအပ်သည်ရှိသော်။ ဇာနံ၊ သိလျက်။ နံ၊ ထိုပြဿနာကို။ အညထာ၊ တစ်ပါးသော အပြားဖြင့်။ ဝိယာကရေ၊ ဖြေ၏။ တဿ၊ ထိုမုသားဆိုသော မင်းအား။ ပုတ္တာ၊ သားတို့သည်။ န ဘဝန္တိ၊ မဖြစ်ကုန်။ ဘဝန္တာပိ၊ ဖြစ်ကုန်ငြားသော်လည်း။ မာတာပိတူနံ၊ မိဘတို့အား။ အနုပကာရကာ၊ ကျေးဇူးမပြုကုန်သည် ဖြစ်၍။ ဒိသောဒိသံ၊ ထိုထိုအရပ်မျက်နှာသို့။ ပက္ကမန္တိ၊ ပြေးကုန်၏။

၅၇။ စေတိယ၊ စေတိယအမည်ရှိသော။ ရာဇ၊ မင်းမြတ်။ သစ္စံ၊ မှန်သောစကားကို။ သစေ ဟိ ဘဏသိ၊ အကယ်၍ ဆိုငြားအံ့။ ပုရေ ယထာ၊ ရှေး၌ ကဲ့သို့။ ဟောဟိ၊ ဖြစ်လော့။ စေတိယ၊ စေတိယ အမည်ရှိသော။ ရာဇ၊ မင်းမြတ်။ မုသာ၊ မမှန်သော စကားကို။ စေ ဘာသသေ၊ အကယ်၍ ဆိုငြားအံ့။ ဘိယျာ၊ အလွန်။ ပဝိသ၊ မြေသို့ဝင်လော့။

သတ္တမ မုသားဆို

ထိုမင်းသည် ယုတ်မာသော အဆွေခင်ပွန်းနှင့် ပေါင်းဖက်ခြင်းဟူသော အပြစ်ကြောင့် ပုရောဟိတ်၏ စကားကို မယူမူ၍ ခုနစ်ကြိမ်မြောက်လည်း ရှေးအတူလျှင် မုသားဆို၏။

မြေမျိုခံရပြီ

ထိုအခါ ထိုမင်းအား မြေသည် ဟင်းလင်းသော အပြင်ကို ပေး၏။ အဝီစိမှ မီးလျံသည် တက်၍ယူ၏။ သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၅၈။ သ ရာဇာ ဣသိနာ သတ္တော၊ အန္တလိက္ခစရော ပုရေ။
ပါဝေက္ခိ ပထိံ ဇစ္စော၊ ဟီနတ္ထော ပတွပရိယာယံ။
၅၉။ တသ္မာ ဟိ ဆန္ဒာဂမနံ၊ နပ္ပသံသန္တိ ပဏ္ဍိတာ။
အဒုဋ္ဌစိတ္တော ဘာသေယျ၊ ဂိရံ သစ္စူပသံဟိတံ။

၅၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ဇစ္စော၊ အမျိုးမြတ်သော။ သ သော ရာဇာ၊ ထိုစေတိယမင်းသည်။ ပုရေ၊ ရှေး၌။ အန္တလိက္ခစရော၊ ကောင်းကင်၌ သွားသည်ဖြစ်လျက်။ ပစ္ဆာ၊ နောက်မှ။ ဣသိနာ၊ ရသေ့ကို။ သတ္တော-အဘိသတ္တော၊ ဆဲရေး၍။ ဟီနတ္တော၊ ယုတ်သော သဘောရှိသည်ဖြစ်၍။ ပတ္တပရိယာယံ၊ မိမိသေလှည့်ရောက်၍။ ပထဝိံ၊ မြေသို့။ ပါဝေက္ခိ၊ ဝင်ဖူးပြီ။

အဂတိ မလိုက်စားအပ်

၅၉။ တသ္မာဟိ၊ ထို့ကြောင့်လျှင်။ ပဏ္ဍိတာ၊ ပညာ ရှိတို့သည်။ ဆန္ဒာဂမနံ၊ ဆန္ဒာဂတိလားခြင်းကို။ နပ္ပသံသန္တိ၊ မချီးမွမ်းကုန်။ အဒုဋ္ဌစိတ္တော၊ ဆန္ဒာဂတိ အစရှိသည်သည် မဖျက်ဆီးအပ်သော စိတ်ရှိသည်ဖြစ်၍။ သစ္စူပသံဟိတံ၊ သစ္စာနှင့်စပ်သော။ ဂိရံ၊ စာကို။ ဘသေယျ၊ ဆိုရာ၏။

မြို့သစ်များ တည်ခြင်း

လူများသည် စေတိယမင်းကား ရသေ့ကို ဆဲရေး၍ မုသာဝါဒကို ဆို၍ အဝီစိသို့ရောက်၏ ဟု ထိတ်လန့်ခြင်းသို့ ရောက်၏။ မင်း၏ သားငါးယောက်တို့သည် လာ၍ ဘုရားလောင်း၏ ခြေတို့၌ဝပ်၍ အကျွန်ုပ်တို့၏ ကိုးကွယ်ရာ ဖြစ်ပါလော့ဟု ဆိုကုန်၏။ ဘုရားလောင်းသည် အမောင်တို့ သင်တို့အဖသည် တရားကို ဖျက် ဆီး၍ မုသားဆို၍ ရသေ့ကို ဆဲရေး၍ အဝီစိ၌ ဖြစ်၏။ ဤတရားမည်သည်ကား မိမိကို သတ်သောသူကို သတ်တတ်၏။ သင်တို့သည် ဤအရပ်၌ နေခြင်းငှာ မတတ်ကောင်း ဟု ဆို၍ ထိုမင်းသားတို့တွင်-

အကြီးဆုံးဖြစ်သော မင်းသားကို အမောင်... သင်သည် လာလော့၊ အရှေ့တံခါးဖြင့်ထွက်၍ ဖြောင့်စွာသွား၍ အလုံးစုံဖြူသော ဆင်ရတနာကို မြင်လတ္တံ့၊ ထိုအမှတ်ဖြင့် ထိုအရပ်၌ မြို့တည်၍ နေလော့၊ ထိုမြို့သည် ဟတ္ထိပုရမြို့ ဖြစ်လတ္တံ့ ဟု ဆို၏။

နှစ်ယောက်မြောက်ဖြစ်သော မင်းသားကို ခေါ်၍ အမောင်... သင်သည် တောင်တံခါးဖြင့်ထွက်၍ ဖြောင့်စွာသွားသည်ရှိသော် အလုံးစုံသော မြင်းရတနာကို မြင်ရလတ္တံ့၊ ထိုအမှတ်ဖြင့် ထိုအရပ်၌ မြို့တည်၍ နေလော့၊ ထိုမြို့သည် အဿပုရမည်သောမြို့ ဖြစ်လတ္တံ့ဟု ဆို၏။

သုံးယောက်မြောက်သော မင်းသားကိုခေါ်၍ အမောင်... သင်သည် အနောက်တံခါးဖြင့် ထွက်၍ ဖြောင့်စွာ သွားသည်ရှိသော် ကေသရရာဇာ ခြင်္သေ့ကို မြင်လတ္တံ့၊ ထိုအမှတ်ဖြင့် ထိုအရပ်၌ မြို့တည်၍ နေလော့။ ထိုမြို့သည် သီဟပုရ မည်သောမြို့ ဖြစ်လတ္တံ့ ဟု ဆို၏။

လေးယောက်မြောက်ဖြစ်သော မင်းသားကို ခေါ်၍ အမောင် သင်သည် မြောက်တံခါးဖြင့် ထွက်၍ ဖြောင့်စွာ သွားသည်ရှိသော် အလုံးစုံသော ရတနာဖြင့်ပြည့်သော ရထားလှည်းအိမ်ကို မြင်လတ္တံ့၊ ထိုအမှတ်ဖြင့် ထိုအရပ်၌ မြို့တည်၍ နေလော့၊ ထိုမြို့သည် ဥတ္တရပဉ္စာလမည်သောမြို့ ဖြစ်လတ္တံ့ဟု ဆို၏။

ငါးယောက်မြောက်ဖြစ်သော မင်းသားကို ခေါ်၍ အမောင်... သင်သည် ဤအရပ်၌ နေခြင်းငှာ မတတ် ကောင်း၊ ဤမြို့၌ ကြီးစွာသော စေတီကို တည်၍ ဤမြို့မှထွက်၍ အနောက် မြောက် အရပ်သို့ ဖြောင့်စွာ သွားသည်ရှိသော် အချင်းချင်း ခတ်၍ ခတ်၍ ဒဒ္ဒရဟူသော အသံကို ပြုကုန်သော တောင်နှစ်ခုကို့ကို မြင်လတ္တံ့၊ ထိုအမှတ်ဖြင့် ထိုအရပ်၌ မြို့တည်၍ နေလော့၊ ထိုမြို့သည် ဒဒ္ဒပုရ မည်သောမြို့ ဖြစ်လတ္တံ့ဟု ဆို၏။

ထိုငါးယောက်ကုန်သော မင်းသားတို့သည် ထိုအမှတ်သညာဖြင့် သွား၍ ထိုထိုအရပ်၌ မြို့တို့ကို တည်၍ နေကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ... ဒေဝဒတ်သည် ယခုအခါ၌ သာလျှင် မုသားဆို၍ မြေမျိုသည် မဟုတ်သေး၊ ရှေး၌လည်း မုသားဆို၍ မြေမျိုးဖူးသလျှင်ကတည်းဟု မိန့်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ စေတိယမင်း ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကပိလပုဏ္ဏားဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ်နှင့်ခံတွင်း၊ ပုပ်နံခြင်း၊ လိမ်ခြင်း မုသားအကျိုးတည်း

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော စေတိယဇာတ်သည် ပြီး၏။

*****

အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၇။ ဣန္ဒြိယဇာတ်

ကာမဂုဏ်တို့၏ အလိုသို့ မလိုက်သင့်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယော ဣန္ဒြိယာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဣန္ဒြိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖျားယောင်းသော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သာဝတ္ထိပြည်၌ တစ်ယောက်သော အမျိုး သားသည် သဗ္ဗညူ မြတ်ဘုရား၏ တရားတော်ကို နာရ၍ စင်စစ် ပြည့်စုံသော, စင်စစ် ဖြူစင်သော မြတ်သော အကျင့်ကို အိမ်ရာထောင်သော လူ၏ဘောင်၌နေသဖြင့် ကျင့်အံ့သောငှာ မတတ် ကောင်း၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သဗ္ဗညူ မြတ်စွာဘုရား သာသနာတော်၌ ရဟန်းပြု၍ ဆင်းရဲ၏ အဆုံးကိုပြုအံ့ဟု အိမ်ရာ စည်းစိမ် ဥစ္စာကို သားမယားတို့အား ဆောင်နှင်း၍ သဗ္ဗညူ မြတ်စွာဘုရားအား ရဟန်းအဖြစ်ကို တောင်းသတတ်။ သဗ္ဗညူ မြတ်စွာဘုရားသည်လည်း ထိုအမျိုးသားအား ရဟန်းအဖြစ်ကို ပေးစေတော်မူ၏။

ဆွမ်းခံမရ၍

ဆရာဥပဇ္ဈာယ်တို့နှင့်တကွ ဆွမ်းခံအပ်သော ထိုရဟန်းအား သီတင်းသိက္ခာ ငယ်သည်အဖြစ်ကြောင့်လည်းကောင်း၊ ရဟန်းတို့ များသည်၏ အဖြစ်ကြောင့်လည်းကောင်း ဒါယကာတို့၏ အိမ် ၌လည်းကောင်း၊ ဆွမ်းစားဇရပ်၌လည်းကောင်း နေရာသို့ မရောက်။ သံဃာတို့၏ အစွန်၌ အင်း ပျဉ်သို့လည်းကောင်း၊ ပျဉ်ချပ်သို့လည်းကောင်း ရောက်၏။ အာဟာရ၌လည်း ယောက်မအပြင်ဖြင့် ခပ်အပ်သော ကြေကွဲသော ထမင်းလုံးရှိသော ပအုံးရည်သည်လည်းကောင်း၊ ယာဂုသည်လည်းကောင်း ပုပ်သိုးသော ခြောက်သော ခဲဖွယ်သည်လည်းကောင်း၊ ချိုးကပ်သော ခြောက်သော ဆွမ်းသည်လည်းကောင်း ရောက်၏။ မျှလောက် ရုံမျှလျှင် မရောက်။

မယားဟောင်းထံသွား

ထိုရဟန်းသည် မိမိရသော အာဟာရကိုယူ၍ မယားဟောင်း အထံသို့သွား၏။ ထိုအခါ ထိုရဟန်း၏ သပိတ်ကို မယားဟောင်းသည် ယူ၍ ရှိခိုး၍ သပိတ်မှဆွမ်းကို ထုတ်၍ ကောင်းစွာ စီရင်အပ်ကုန်သော ယာဂု ဆွမ်း ဟင်းလျာတို့ကို ပေး၏။ ရဟန်းကြီးသည် ရသတဏှာဖြင့် ဖွဲ့အပ်သည်ဖြစ်၍ မယားဟောင်းကို စွန့်အံ့သောငှာ မတတ်နိုင်။ ထိုမိန်းမသည် ဤရဟန်းကို နှောင်ဖွဲ့အပ်သည်လော၊ မဖွဲ့အပ်သည်လော၊ စုံစမ်းအံ့ဟု တစ်နေ့သ၌ ဇနပုဒ်သား လူကို မြေဖြူ၊ မြေညက်ဖြင့် ရေချိုးစေ၍ အိမ်၌နေစေ၍ ထိုလူ၏ အခြံအရံဖြစ်ကုန်သော နှစ်ယောက် သုံးယောက်ကုန်သော လူတို့ကို ခေါ်စေ၍ အတန် ငယ် အတန်ငယ် သောက်ဖွယ် စားဖွယ်တို့ကို ပေးစေ၏။ ထိုလူတို့သည် ခဲကုန် စားကုန်လျက် နေကုန်၏။ အိမ်တံခါးဝယ် လှည်းတို့၌ နွားတို့ကို က, စေ၍ တစ်ခုသော လှည်းကိုလည်း ထားစေ၏။ မိမိသည်ကား အိမ်မှ နောက်ဖြစ်သော တိုက်ခန်း၌နေ၍ မုန့်တို့ကို ကြော်၏။ ရဟန်းကြီးသည် လာ၍ အိမ်တံခါး၌ ရပ်၏။

လှည့်စားခံရ

ထိုရဟန်းကြီးကိုမြင်၍ တစ်ယောက်သော ကြီးသော ယောက်ျားသည် ရှင်မ မဟာထေရ်တစ်ပါးသည် အိမ်တံခါး၌ ရပ်၏ ဟု ဆို၏။ ရှိခိုး၍ ကျွန်ုပ်တို့၏ အိမ်မှထွက်၍ တစ်ပါးသောအိမ်၌ ဆွမ်းခံပါလော ဟု လျောက်လော့ဟု မိန်းမသည် ဆို၏။ အရှင်ဘုရား တစ်ပါးသော

အိမ်၌ ဆွမ်းကို ခံပါဟု အဖန်တလဲလဲ ဆို၍လည်း မသွားသော ထိုရဟန်းကြီးကို ယောကျ်ားအိုသည် မြင်၍ ရှင်မမထေရ်သည် တစ်ပါးသို့ မကြွဟု ဆို၏။ ထိုမိန်းမသည် လာလတ်၍ တင်းတိမ်ကို ပင့်၍ ကြည့်လျက် အိုဖခင်... ငါတို့၏ လင်တည်းဟု ဆို၍ ထွက်၍ သပိတ်ကိုယူ၍ အိမ်သို့သွင်း၍ ဆွမ်းကိုလုပ်ကျွေး၍ ဆွမ်းစားပြီးသည်၏ အဆုံး၌ ရှိခိုး၍ အရှင်... အရှင်ဘုရားတို့သည် ဤသာဝတ္ထိပြည်၌လျှင် ပရိနိဗ္ဗာန် ပြုရစ်ကုန်လော့၊ အကျွန်ုပ်တို့သည် ဤမျှသောကာလ၌ တစ်ပါးသောအမျိုးကို ယူကုန်အံ့၊ လင်မရှိသောအိမ်၌ အိမ်ထောင်သည် မတည်နိုင်၊ အကျွန်ုပ်တို့သည် တစ်ပါးသော အမျိုးကို ကုန်အံ့၊ ဝေးသေဇနပုဒ်သို့ သွားကုန်အံ့၊ အရှင်ဘုရားတို့သည် မမေ့မလျော့ ဖြစ်ရစ်ကြကုန်လော့၊ အကျွန်ုပ်အား အပြစ်ဒေါသသည် အကယ်၍ ရှိငြားအံ့၊ ထိုအပြစ်ကို သည်းခံပါကုန်လော့ ဟု ဆို၏။ ရဟန်းကြီး၏ နှလုံးသည် ကွဲသော ကာလကဲ့သို့ ဖြစ်၏။

လူထွက်တော့မည်

ထိုအခါ ထိုရဟန်းကြီးသည် ထိုမိန်းမကို ငါသည် သင့်ကိုစွန့်ခြင်းငှာ မတတ်နိုင်၊ မသွားလေလင့် လူထွက်အံ့၊ ဤမည်သောအရပ်၌ ငါ့အား ပုဆိုးကို ပေးလာလော့၊ ငါသည် သပိတ်သင်္ကန်းကို ဆရာဥပဇ္ဈာယ်တို့အားအပ်၍ လာအံ့ ဟု ဆို၏။ ထိုမိန်းမသည် ကောင်းပြီဟု ဝန်ခံ၏။

ဘုရားရှင်ထံရောက်

ရဟန်းကြီးသည် ကျောင်းသို့သွား၍ ဆရာဥပဇ္ဈာယ်တို့အား သပိတ်သင်္ကန်းကို အပ်၏။ ငါ့ရှင် အဘယ့်ကြောင့် ဤသို့ပြုသနည်း ဟု မေးသည်ရှိသော် မယားဟောင်းကို စွန့်အံ့သောငှာ မတတ်နိုင်၊ လူထွက်အံ့ဟု ဆို၏။ ထိုအခါ ထိုရဟန်းကြီးကို အလိုမရှိဘဲလျက်လျှင် ဆရာဥပဇ္စျာယ်တို့သည် ဘုရားအထံသို့ ဆောင်၍ ရဟန်းတို့. အဘယ့်ကြောင့် အလိုမရှိသည်လျှင်ဖြစ်သော ဤရဟန်းကို ဆောင်ခဲ့ကုန်သနည်း ဟု မိန့်တော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား... ဤရဟန်းကြီးသည် ငြီးငွေ့၍ လူထွက်လို၏ ဟု လျှောက်ကုန်၏။ ထိုအခါ ထိုရဟန်းကြီးကို သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်း... ငြီးငွေ့သော ဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား... မှန်ပေ၏ဟု နားတော်လျှောက်၏။ အဘယ်သူသည် သင့်ကို ငြီးငွေ့စေသနည်း ဟု မိန့်တော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား... မယား၊ ဟောင်းသည် ငြီးငွေ့စေ၏ဟု နားတော်လျှောက်သည် ရှိသော် ရဟန်း... ထိုမိန်းမသည် ယခုအခါ၌ သာလျှင် သင်၏ အကျိုးမဲ့ကိုပြုသည် မဟုတ်သေး၊ ရှေး၌လည်း သင်၏အကျိုးမဲ့ကို ပြုဖူးသလျှင်ကတည်း၊ သင်သည် ထိုမိန်းမကိုမှီ၍ လေးပါးသောဈာန်မှ ယုတ်၍ ကြီးစွာသော ဆင်းရဲသို့ရောက်၍ ငါ့ကိုမှီ၍ ထိုဆင်းရဲမှလွတ်၍ ပျောက်သောဈာန်ကို တစ်ဖန် ရဖူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ကို စွဲ၍ ပုရောဟိတ်၏ ပုဏ္ဏေးမဝမ်း၌ ဖြစ်၏။ ဘုရားလောင်း၏ ဖွားသောနေ့၌လည်း မြို့အလုံး၌ လက်နက်တို့သည် ထွန်းပကုန်၏။ ထို့ကြောင့် ဘုရားလောင်းအား ဇောတိပါလဟူသော အမည်ကို မှည့်ကုန်၏။

သရဘင်္ဂရသေ့

ထိုဇောတိပါလ လုလင်သည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်း သော အတတ်တို့ကို သင်၍ မင်းအား အတတ်ကိုပြ၍ စည်းစိမ်ကိုပယ်၍ တစ်စုံတစ်ယောက်သော သူကို မသိစေမူ၍ မြတ်သော တံခါးဖြင့်ထွက်၍ တောသို့ဝင်၍ သိကြားပေးသော ကဝိဋ္ဌကမည်သော ကျောင်း၌ ရသေ့ရဟန်းပြု၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၏ ထိုကဝိဋ္ဌကကျောင်း၌ သီတင်းသုံးနေသော ဘုရားအလောင်းကို များစွာကုန်သော ရသေ့အရာတို့သည် ခြံရံကုန်၏။ များစွာသော အစည်းအဝေးသည်ဖြစ်၏။ တပည့်ကြီး ခုနစ်ယောက်တို့သည် ရှိကုန်၏။

တပည့်ရသေ့များ

ထိုတပည့်ကြီးတို့တွင် သာလိဿရမည်သော ရသေ့သည် မိမိကျောင်းမှထွက်၍ အရှေ့ဇနပုဒ်၌ သတောဒိကမည်သော မြစ်၏အနား၌ အထောင်မကသော ရသေ့တို့သည် ခြံရံအပ်သည်ဖြစ်၍ နေ၏။

မေဏ္ဍိဿရမည်သော ရသ့သည် ပဉ္စာလမင်းနိုင်ငံ၌ ကလဗ္ဗစူဠကမည်သော နိဂုံးကိုမှီ၍ အထောင်မကသော ရသေ့တို့သည် ခြံရံအပ်သည်ဖြစ်၍နေ၏။

ပဗ္ဗတအမည်ရှိသော ရသေ့သည် တစ်ခုသော တောအုပ် ဇနပုဒ်ကိုမှီ၍ အထောင်မကသော ရသေ့တို့သည် ခြံရံအပ်သည်ဖြစ်၍နေ၏။

ကာဠဒေဝိလမည်သော ရသေ့သည် အဝန္တိဒက္ခိဏာပထ၌ တစ်ခဲနက်သော တောင်ကို အမှီ ပြု၍ အထောင်မကသော ရသေ့တို့သည် ခြံရံအပ်ကုန်သည်ဖြစ်၍ နေ၏

ကိသဝစ္ဆမည်သော ရသေ့သည် တစ်ယောက် တည်းသာလျှင် ဒဏ္ဍကီမင်း၏ ကုမ္ဘဝတီမြို့ကိုမှီ၍ ဥယျာဉ်၌ နေ၏။

အနုပိယရသေ့သည်ကား ဘုရားလောင်းအား လုပ်ကျွေးလျက် ဘုရားလောင်း၏အထံ၌ နေ၏။

နာရဒရသေ့ ငြီးငွေ့

ကာဒေဝိလရသေ့၏ ညီဖြစ်သော နာရဒရသေ့သည်ကား မဇ္ဈိမဒေသ၌ အာရဉ္ဇရဂိရိမည်သော တောင်ကွန်ရက်အကြား၌ တစ်ပါးတည်းသာလျင် တစ်ခုသာလိုဏ်၌ နေ၏။ အာရဉ္ဇရဂိရိတောင်၏ အနီး၌ တစ်ခုသော ပြွမ်းသော လူရှိသော နိဂုံးသည် ရှိ၏။ အာရဉ္ဇရဂိရိတောင်နိဂုံး၏ အကြား၌ ကြီးသောမြစ်သည် ရှိ၏။ ထိုမြစ်ကို များစွာကုန်သော လူတို့သည် ကူးကုန်၏။ မြတ်သောအဆင်းကို ဆောင်ကုန်သော ပြည့်တန်ဆာမတို့သည်လည်း ယောက်ျားတို့ကို ဖျားယောင်းကုန်လျက် ထိုမြစ်ကမ်း၌ နေကုန်၏။ နာရဒရသေ့သည် ထိုပြည့်တန်ဆာမတို့တွင် တစ်ယောက်သော ပြည့်တန်ဆာမကိုမြင်၍ တပ်စွန်းသေးစိတ် ရှိသည်ဖြစ်၍ ဈာန်ကိုကွယ်စေ၍ အာဟာရကို မသုံးဆောင်ဘဲ ခြောက်ကပ်သော ကိုယ်ရှိသည်ဖြစ်၍ ကိလေသာ၏ အလိုသို့လိုက်၍ ခုနစ်ရက်ပတ်လုံး လျောင်း၍ အိပ်၏။ ထိုနာရဒရသေ့၏ အစ်ကိုဖြစ်သော ကာဠဒေဝိလရသေ့သည် ဆင်ခြင်လတ်သော် ထိုအကြောင်းကို သိလေ၍ ကောင်းကင်ဖြင့်လာ၍ လိုဏ်သို့ဝင်၏။ နာရဒရသေ့သည် ကာဠဒေဝီလရသေ့ကို မြင်၍ အဘယ်ကြောင့် အရှင်လာသနည်း ဟု မေး၏။ အရှင်သည် မချမ်းသာ၊ အရှင့်ကို ကုစားအံ့သောငှာ လာ၏ဟု ဆို၏။ ထိုအခါ ကာဠဒေဝီလရသေ့ကို နာရဒရသေ့သည် အရှင်သည် မဟုတ်မမှန်သောစကားကို ဆို၏ဟု မုသာဝါဒဖြင့် နှိပ်လေ၏။ ကာဠဒေဝိလ ရသေ့သည် နာရဒရသေ့ကို စွန့်ခြင်းငှာ မသင့်ဟု သာလိဿရ ရသေ့ကို ပင့်ဆောင်၏။ မဏ္ဍိဿရ ရသေ့ကိုလည်း ပင့်ဆောင်၏။ ပဗ္ဗတ ရသေ့ကိုလည်း ပင့်ဆောင်လေ၏။ သုံးပါးကုန်သော ရသေ့တို့ကိုလည်း မုသာဝါဒဖြင့် နှိပ်လေ၏။ ကာဠဒေဝိလ ရသေ့သည် သရဘင်္ဂဆရာကို ပင့်ဆောင်အံ့ဟု ကောင်းကင်ဖြင့် သွားပြီး၍ သရဘင်္ဂဆရာကို ပင့်ဆောင်၏။

ကာမသည် ဆင်းရဲစေ၏

သရဘင်္ဂဆရာသည် လာလတ်၍လျှင် နာရဒရသေ့ကိုမြင်၍ ဣန္ဒြေတို့၏ အလိုသို့ လိုက်၏ ဟု သိ၍ နာရဒ... သင်သည် ဣန္ဒြေ၏အလိုသို့ လိုက်သလောဟု မေး၏။ နာရဒရသေ့သည် ထိုစကားကို ကြား၍လျှင် ထ၍ ရှိခိုး၍ ဆရာ... အကျွန်ုပ်သည် ဣန္ဒြေတို့၏အလိုသို့ လိုက်၏ဟုဆိုသည်ရှိသော် နာရဒ ဣန္ဒြေတို့၏ အလိုသို့ လိုက်သောသူမည်သည်ကား ဤကိုယ်၏အဖြစ်၌ ခြောက်ကပ်ကုန်လျက် ဆင်းရဲကိုခံရကုန်၍ နှစ်ခုမြောက်သော ကိုယ်၏ အဖြစ်၌ ငရဲ၌ဖြစ်ကုန်၏ ဟု ဆိုလို၍ -

၆၀။ ယော ဣန္ဒြိယာနံ ကာမေန၊ ဝသံ နာရဒ ဂစ္ဆတိ။
သော ပရိစ္စဇ္ဇုဘော လောကေ၊ ဇိဝန္တောဝ ဝိသုဿတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

၆၀။ နာရဒ၊ နာရဒ။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ ကာမေန၊ ကိလေသာကာမ၏ အစွမ်းအားဖြင့်။ ဣန္ဒြိယာနံ၊ ဣန္ဒြေတို့၏။ ဝသံ၊ အလိုသို့။ ဂစ္ဆတိ၊ လိုက်မှား၏။ သော၊ ထိုယောကျ်ားသည်။ ဥဘော လောကေ၊ နှစ်ပါးကုန်သော လူ့ပြည်နတ်ပြည်တို့ကို။ ပရိစ္စဇ္ဇ၊ စွန့်၍။ နိရယာဒီသု၊ ငရဲအစရှိသည်တို့၌။ နိဗ္ဗတ္တတိ၊ ဖြစ်၏။ ဇီဝန္တောဝ၊ အသက်ရှင်စဉ်လျှင်။ ဝိသုဿတိ၊ ကြီးစွာသော ဆင်းရဲခြင်းသို့ရောက်၏။

ကာမဆင်းရဲပုံ

ထိုစကားကိုကြား၍ နာရဒရသေ့သည် ဆရာ ကာမကို မှီဝဲခြင်းမည်သည်ကား ချမ်း သာ၏။ ဤသို့သဘောရှိသော ချမ်းသာကို ဆရာသည် အဘယ်ကိုရည်၍ ဆင်းရဲ၏ဟု ဆိုသနည်း ဟု မေး၏။ ထိုအခါ နာရဒရသေ့အား သရဘင်္ဂဆရာသည် နာရဒ ထိုသို့ထးတပြီးကား နာလော့ဟု -

၆၁။ သုခဿာနန္တရံ ဒုက္ခံ၊ ဒုက္ခဿာနန္တရံ သုခံ၊
သောသိ ပတ္တော၊ သုခံဒုက္ခံ၊ ပါဋိကင်္ခ ဝရံ သုခံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကိုဆို၏။

၆၁။ နာရဒ၊ နာရဒ။ သတ္တာ၊ သတ္တဝါတို့သည်။ သုခဿ၊ ကာမသုခ၏။ အနန္တရံ၊ အခြားမဲ့၌။ ဒုက္ခံ၊ ငရဲအစရှိသည်တို့၌ ဆင်းရဲခြင်းသို့။ ပါပုဏန္တိ၊ ရောက်ကုန်၏။ ဒုက္ခဿ၊ သီလကိုစောင့်ရှောက်သော ဆင်းရဲ၏။ အနန္တရံ၊ အခြားမဲ့၌။ သုခံ၊ လူ့ပြည် နတ်ပြည်၌ဖြစ်သော ချမ်းသာ, နိဗ္ဗာန်ချမ်းသာသို့။ ပါပုဏန္တိ၊ ရောက်ကုန်၏။ သတ္တော၊ သတ္တဝါဖြစ်သော။ သော တွံ၊ ထိုသင်သည်။ ဈာနသုခံ၊ ဈာန်ချမ်းသာကို။ နာသေတွာ၊ ဖျက်ဆီး၍။ သုခါ၊ ဈာန်ချမ်းသာမှ။ ဒုက္ခံ၊ ကာမကိုမှီသော စိတ်၏ဆင်းရဲခြင်းသို့။ ပတ္တော၊ ရောက်သည်။ အသိ၊ ဖြစ်၏။ ဝရံ၊ မြတ်သော။ သုခံ၊ ဈာန်ချမ်းသာကို။ ပါဋိကင်္ခ၊ အလိုရှိလော့။ တောင့်တလော့။

ဆင်းရဲကိုသည်းခံ

နာရဒရသေ့သည် ဆရာ ဤဆင်းရဲကား သည်းခံနိုင်ခဲ၏။ အကျွန်ုပ် သည်းခံအံ့သောငှာ မတတ်နိုင် ဟု ဆို၏။ ထိုအခါ နာရဒရသေ့ကို ဘုရားလောင်းသည် နာရဒ ဖြစ်လာသော ဆင်းရဲမည်သည်ကို သည်းခံအပ်သလျှင်ကတည်းဟု ဆိုလို၍-

၆၂။ ကိစ္ဆကာလေ ကိစ္ဆသဟော၊ ယော ကိစ္ဆံ နာတိဝတ္တတိ။
သ ကိစ္ဆန္တံ သုခံ ဓီရော၊ ယောဂံ သမဓိဂစ္ဆတိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၆၂။ နာရဒ၊ နာရဒ။ ယော ဓီရော၊ အကြင်ပညာရှိသည်။ ကိစ္ဆကာလေ၊ ဆင်းရဲဖြစ်သောကာလ၌။ ကိစ္စသဟော၊ ဆင်းရဲကိုပယ်ခြင်း၏ အကြောင်းကိုပြုလျက် ဆင်းရဲကို သည်းခံသည်ဖြစ်၍ ကိစ္ဆံ၊ ဆင်းရဲကို။ နာတိဝတ္တတိ၊ အလိုမလိုက်။ သော ဓီရော၊ ထိုပညာရှိသည်။ ကိစ္ဆန္တံ၊ ဆင်းရဲ၏အဆုံးဟု ဆိုအပ်သော။ ယောဂံ၊ ယောဂဟု ဆိုအပ်သော။ သုခံ၊ ချမ်းသာကို။ သမဓိဂစ္ဆတိ၊ ရ၏။

တရားကို မဖျက်ဆီးအပ်

နာရဒ ရသေ့သည် ဆရာ... ကာမသုခ မည်သည်ကား မြတ်သော ချမ်းသာဖြစ်၏။ ထိုမြတ်သောချမ်းသာကို အကျွန်ုပ်သည် စွန့်အံ့သောငှာ မတတ်နိုင်ဟု ဆို၏။ ထိုအခါ နာရဒရသေ့ကို ဘုရားလောင်းသည် နာရဒ တရားမည်သည်ကို တစ်စုံတစ်ခုသော အကြောင်းဖြင့် မဖျက်ဆီးအပ်ဟု ဆို၍-

၆၃။ န ဟေဝ ကာမာန ကာမာ၊ နာနတ္ထာ နာနတ္ထကာရဏာ။
န ကတဉ္စ နိရင်္ကတွာ၊ ဓမ္မာ စဝိတု မရဟသိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၆၃။ နာရဒ၊ နာရဒ။ ကာမာနံ၊ ဝတ္ထုကာမတို့ကို။ ကာမာ၊ တောင့်တသဖြင့်။ ဓမ္မာ၊ တရားမှ။ စဝိတုံ၊ ရွေ့လျှောခြင်းငှာ။ န အရဟသိ၊ မထိုက်။ အနတ္ထာ၊ အကျိုးမဲ့ဖြစ်သဖြင့်။ ဓမ္မာ၊ တရားမှ။ စဝိတုံ၊ ရွေ့လျှောခြင်းငှာ၊ န အရဟသိ၊ မထိုက်။ အတ္ထကာရဏာ၊ ဤမည်သောအကျိုးသည် ဖြစ်လတ္တံ့ဟု အကျိုးစီးပွားကို လိုခြင်းဟူသော အကြောင်းကြောင့်လည်း။ ဓမ္မာ၊ တရားမှ။ စဝိတုံ၊ ရွေ့လျှောခြင်းငှာ။ န အရဟသိ၊ မထိုက်။ ကတဉ္စ၊ ဖြစ်စေအပ်ပြီးသော ဈာန်ကိုလည်း။ နိရင်္ကတွာ၊ ဖျက်ဆီး၍။ ဓမ္မာ၊ တရားမှ။ စဝိတုံ၊ ရွေ့ လျှောခြင်းငှာ၊ န အရဟသိ၊ မထိုက်။

အကောင်း ၄-ချက်

ဤသို့ သရဘင်္ဂဆရာသည် လေးဂါထာတို့ဖြင့် တရားဟောပြီးသည်ရှိသော် ကာဠဒေဝိလရသေ့သည် မိမိ ညီကို ဆုံးမလိုရကား-

၆၄။ ဒက်ခံ ဂဟပတီ သာဓု၊ သံဝိဘဇ္ဇဉ္စ ဘောဇနံ။
အဟာသော အတ္ထလာဘေသု၊ အတ္ထဗျာပတ္ထိ အဗျာထော။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၆၄။ နာရဒ၊ နာရဒ။ ဂဟပတီ-ဂဟပတီနံ၊ အိမ်ရှင်တို့၏။ ဒက်ခံ၊ မပျင်းမရိ လိမ္မာသည်၏ အဖြစ်သည်။ သာဓု၊ ကောင်း၏။ သံဝိဘဇ္ဇဉ္စ၊ တရား စောင့်ကုန်သော ရဟန်းပုဏ္ဏားတို့နှင့်တကွ ဝေဖန်၍။ ဘောဇနဉ္စ၊ သုံးဆောင်ခြင်းသည်လည်း။ သာဓု၊ ကောင်း၏။ အတ္ထလာဘေသု၊ စည်းစိမ်ဥစ္စာတို့ကို ရသောကာလတို့၌။ အဟာသော၊ မမေ့မလျော့သည်၏ အစွမ်းအားဖြင့် မပေါ်မလွင် မရွှင်မလန်းသည်၏ အဖြစ်သည်။ သာဓု၊ ကောင်း၏။ ယဒါ၊ အကြင်အခါ၌။ အတ္ထဗျာပတ္တိ၊ အကျိုးစီးပွား၏ ပျက်စီးခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တဒါ၊ ထိုအခါ၌။ အဗျာထော၊ မပင်မပန်းခြင်းသည်။ သာဓု၊ ကောင်း၏။

ကာဠဒေဝိလရသေ့သည် နာရဒရသေ့အား ဆိုဆုံးမ သည်၏ အဖြစ်ကို သိတော်မူ၍ သဗ္ဗညူ မြတ်စွာဘုရားသခင်သည် ဘုရားဖြစ်တော်မူပြီး၍ တစ်ဖန်-

၆၅။ ဧတ္တာဝတေတံ ပဏ္ဍိစ္စံ၊ အပိ သော ဒေဝိလော ဗြဝိ။
န ယိတော ကိဉ္စိ ပါပိယော၊ ဣနြိယာနံ ဝသံ ဝဇေ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဟောတော်မူ၏။

၆၅။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧတ္တာဝတာ၊ ဤမျှဖြင့်။ ဧတံ ပဏ္ဍိစ္စံ၊ ထိုပညာရှိကို။ အပိ၊ စင်စစ်။ သော ဒေဝိလော၊ ထိုဒေဝီလရသေ့သည်။ အဗြဝိ၊ ဆို၏။ ယော၊ အကြင်သူသည်။ ဣန္ဒြိယာနံ၊ ဣန္ဒြေတို့၏။ ဝသံ၊ အလိုသို့။ ဝဇေ၊ လိုက်၏။ ဣတော၊ ဤသူ့အောက်။ ပါပိယော၊ အထူးသဖြင့် ယုတ်မာသော။ ကိဉ္စိ၊ တစ်စုံတစ်ယောက်သောသူသည်။ နတ္ထိ၊ မရှိ။

ထိုအခါ နာရဒရသေ့ကို သရဘင်္ဂဆရာရသေ့သည် ခေါ်၍ နာရဒ... ရှေးဦးစွာသော ဤစကားကို နားထောင်ဦးလော့၊ အကြင်သူသည် မဆွကပင်လျှင် ပြုအပ်သည်နှင့်ယှဉ်သော အမှုကို မပြု၊ ထိုသူသည် တောသို့ ဝင်သော လု သကဲ့သို့ စိုးရိမ်ရ၏။ ငိုကြွေးရ၏ ဟု ဆို၍ အတိတ်ကို ဆောင်တော်မူ၏။

သက်သေဝတ္ထု

လွန်လေပြီးသောအခါ တစ်ခုသော ကာသိနိဂုံး၌ အဆင်းလှသော တစ်ယောက်သော ပုဏ္ဏားလုလင်သည် ဖြစ်၏။ အားနှင့်ပြည့်စုံ၏။ ဆင်ပြောင်းကို ဆောင်နိုင်၏။

လူပြိတ္တာကြီး

ထိုလုလင်သည် ငါအား လယ်လုပ်ခြင်းအမှု အစရှိသည်တို့ကို ပြု၍ မိဘတို့အား လုပ်ကျွေးခြင်းတို့ဖြင့် အဘယ်ပြုအံ့နည်း၊ သားမယားဖြင့် အဘယ်ပြုအံ့နည်း၊ ဒါန အစရှိသော ကောင်းမှုတို့ဖြင့် အဘယ်ပြုအံ့နည်း၊ တစ်စုံ တစ်ယောက်သောသူကို မမွေးမူ၍ တစ်စုံတစ်ခုသော ကောင်းမှုကို မပြုမူ၍ တောသို့ဝင်၍ သမင်တို့ကိုသတ်၍ ကိုယ်ကိုသာလျှင် မွေးအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုလုလင်သည် ငါးပါးသော လက်နက်တို့ကို ဖွဲ့လျက် ဟိမဝန္တာသို့ သွား၍ အထူးထူးသော သားတို့ကို သတ်၍ စားလျက် ဟိမဝန္တာဝယ် ဝိဓဝါမည်သော မြစ်ကမ်းနား၌ တောင်တို့သည် ခြံရံအပ်သော ကြီးသော တောင်ကွန်ရက်သို့ ရောက်၍ တောင်ကွန်ရက်၌ သားတို့ကိုသတ်၍ မီးကျီး၌ ကင်အပ်သော အသားတို့ကို စားလျက်နေ၏။ ထိုလုလင်သည် ငါကား အခါခပ်သိမ်း ခွန်အားနှင့်ပြည့်စုံသည် မဖြစ်လတ္တံ့၊ အားနည်းသောကာလဝယ် တော၌ လှည့်လည်အံ့သောငှာ မတတ်နိုင်လတ္တံ့၊ ယခုလျှင် အထူးထူးသော အမျိုးရှိကုန်သော သားတို့ကို တောင်ကွန်ရက်သို့ သွင်း၍ တံခါးကိုယှဉ်၍ တော၌ မလှည့်လည်မူ၍ အလိုအတိုင်း သားတို့ကိုသတ်၍ စားအံ့ဟု ကြံ၏။ ကြံပြီး၍ ကြံတိုင်းပြု၏။

ထိုအခါ လုလင်အား ကာလလွန်သည်ရှိသော် ထိုမကောင်းမှုကံသည် အထွတ်အထိပ်သို့ ရောက်၍ မျက်မှောက်သော ကိုယ်၏အဖြစ်၌ အကျိုးကိုပေး၏။ ထိုလုလင်သည် မိမိ၏လက်ခြေတို့ကို မရ၊ ထိုမှဤမှ ရွေ့ရှားအံ့သောငှာ မတတ်နိုင်၊ တစ်စုံတစ်ခုသော ခဲဖွယ်ဘောဇဉ် သောက်ရေကို မမြင်၊ ကိုယ်သည် ညှိုး၏။ လူပြိတ္တာဖြစ်၏။ နွေအခါ မြေကြီးကဲ့သို့ ကိုယ်သည် ကွဲ၍ အရေးတို့သည် ထင်၏။ ထိုလုလင်သည် မကောင်းသောအဆင်း မကောင်းသောသဏ္ဌာန် ရှိလျက် ကြီးစွာသော ဆင်းရဲကို ခံရ၏။

သိဝိမင်းကြီး တောလိုက်ထွက်

ဤသို့ မြင့်ရှည်ကာလသို့ ရောက်သည်ရှိသော် သိဝိတိုင်း၌ သိဝိမည်သောမင်းသည် တောဝယ် မီးကျီး၌ကင်အပ်သော အမဲကို စားအံ့ ဟု အမတ်တို့အား ပြည်ကို ဆောက်ခဲ့၍ ငါးပါးသောလက်နက်တို့ကို ဖွဲ့လျက် တောသို့ဝင်၍ သားတို့ကိုသတ်၍ အသားကိုစားလျက် အစဉ်သဖြင့် ထိုတောင်ကွန်ရက် အရပ်သို့ရောက်၍ ထိုယောက်ျားကိုမြင်၍ ကြေက်လျက်လျှင် သတိကိုဖြစ်စေ၍ အချင်းယောက်ျား သင်သည် အဘယ် အမည်ရှိသော သူနည်းဟု မေး၏။ အရှင်... အကျွန်ုပ်သည် လူပြိတ္တာတည်း၊ မိမိမကောင်းမှုကံ၏ အကျိုးကို ခံစားရ၏။ အရှင်သည် အဘယ် သူနည်းဟု မေး၏။ ငါသည် သိဝိမင်းတည်း ဟု ဆို၏။ ထိုသို့ မင်းဖြစ်လျက် အဘယ်ကြောင့် ဤအရပ်သို့ လာသနည်း ဟု မေး၏။ သမင်သားကို စားအံ့သောငှာ လာ၏ဟု ဆို၏။

လူပြိတ္တာ၏ ဖြစ်အင်

ထိုအခါ သိဝိမင်းအား လူပြိတ္တာသည် မြတ်သော မင်းကြီး... အကျွန်ုပ်သည် ဤသမင်သားကို စားလိုခြင်းဟူသော အကြောင်းကြောင့်လျှင် လာလတ်၍ လူပြိတ္တာ ဖြစ်ရ၏ဟု အလုံးစုံသော အကြောင်းကို အကျယ်အားဖြင့်ဆို၍ မိမိ၏ ဆင်းရဲသောအဖြစ်ကို မင်းအား ကြားလိုရကား-

၆၆။ အမိတ္တာနံဝ ဟတ္ထတ္ထံ၊ သိဝိ ပပ္ပေါတိ မာမိဝ။
ကမ္မံ ဝိဇ္ဇဉ္စ ဒက္ခေယျံ၊ ဝိဝါဟံ သီလမဒ္ဒဝံ။
ဧတေစ ယသေ ဟာပေတွာ၊ နိဗ္ဗတ္တော သေဟိ ကမ္မေဟိ။
၆၇။ သောတံ သဟဿဇီနောဝ၊ အဗန္ဓု အပရာယဏော။
အရိယဓမ္မာ အပက္ကန္တော၊ ယထာ ပေတော တထေဝ ဟံ။
၆၈။ သုခကာမေ ဒုက္ခာပေတွာ၊ အာပန္နောသ္မိ ပဒံ ဣမံ။
သော သုခံ နာဓိဂစ္ဆာမိ၊ ဌိတော ဘာကုမတာမိဝ။

ဟူသော ကြွင်းသော ဤဂါထာတို့ကို ဆို၏။

စည်းစိမ်ရကြောင်းများ

၆၆။ သိဝိ၊ သိဝိမင်းကြီး။ မာမိဝ၊ ငါကဲ့သို့သောသူသည်။ အမိတ္တာနံ၊ ရန်သူတို့၏။ ဟတ္ထတ္ထံ၊ လက်၌ ပျက်စီးခြင်းကို။ ပပ္ပေါတိ ဣဝ၊ ရောက်သကဲ့သို့။ ဝိနာသံ၊ ပျက်စီးခြင်းသို့ ပါပုဏာတိ၊ ရောက်၏။ ကမ္မဉ္စ၊ လယ်လုပ်ခြင်း အစရှိသော အသက်မွေးခြင်းကို ပြီးစေတတ်သော အမှုလည်းကောင်း။ ဝိဇ္ဇဉ္စ၊ ဆင်စီးခြင်း အစရှိသော အတတ်လည်းကောင်း။ ဒက္ခေယျဉ္စ၊ စည်းစိမ်ကိုဖြစ်စေခြင်း၌ လိမ္မာသည်၏ အဖြစ်ကို လည်းကောင်း။ ဝိဝါဟဉ္စ၊ ထိမ်းမြားခြင်း လည်းကောင်း။ သီလမဒ္ဒဝဉ္စ၊ ငါးပါးသောသီလ နူးညံ့သောစကားကို ဆိုတတ်သော အဆွေခင်ပွန်းကို ပေါင်းဖော်ရခြင်း လည်းကောင်း။ ဧတေ စ ယသေ၊ ဤစည်းစိမ်ကိုပေးတတ်ကုန်သော သဘာတို့ကို။ ဟာပေတွာ၊ ယုတ်စေ၍။

၆၇။ သေဟိ ကမ္မေဟိ၊ မိမိဥစ္စာ ဖြစ်ကုန်သော မကောင်းမှုကံတို့ကြောင့်။ နိဗ္ဗတ္တော၊ လုပြိတ္တာ ဖြစ်၏။ သော အဟံ၊ ထိုအကျွန်ုပ်သည်။ သဟဿဇီနောဝ၊ ဥစ္စာတစ်ထောင် ရှုံးသောသူကဲ့သို့။ အဗန္ဓု၊ အဆွေခင်ပွန်း မရှိသည်။ အပရာယဏော၊ လဲလျောင်းရာ မရှိသည်။ ဟုတွာ၊ ဖြစ်၍။ အဟံ၊ အကျွန်ုပ်သည်။ အရိယဓမ္မာ၊ သူမြတ်တို့၏ အကျင့်မှ။ အပက္ကန္တော၊ ဖဲခဲ့၍။ ယထာ၊ အကြင်အခြင်းဖြင့်။ မတော၊ သေသောသူသည်။ ပေတော၊ ပြိတ္တာဖြစ်သည်။ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏။ တထေဝ၊ ထိုအခြင်းဖြင့်လျှင်။ အဟံ၊ အကျွန်ုပ်သည်။ ပေတော၊ ရှင်လျှက် လူပြိတ္တာဖြစ်၏။

၆၈။ သုခကာမေ၊ ချမ်းသာကို အလိုရှိကုန်သော သတ္တဝါတို့ကို။ ဒုက္ခာပေတွာ၊ ဆင်းရဲစေ၍။ ဣမံ ပဒံ၊ ဤသို့သဘောရှိသော ဆင်းရဲအစုသို့။ အာပန္နော၊ ရောက်သည်။ အသ္မိ၊ ဖြစ်၏။ သော အဟံ၊ ထိုအကျွန်ုပ်သည်။ ဘာဏုမတာမိဝ၊ မီးကျီးတို့ဖြင့် ထက်ဝန်းကျင်မှ ရံဘိသကဲ့သို့။ ဌိတော၊ အပူလောင်သဖြင့် တည်လျက်။ သုခံ၊ ချမ်းသာကို။ နာဓိဂစ္ဆာမိ၊ မရ။

ဤသို့ဆို၍ မြတ်သေမင်းကြီး အကျွန်ုပ်သည် ချမ်းသာကို လိုလျက် သူတစ်ပါးကို ဆင်းရဲစေ၍ မျက်မှောက်သော ကိုယ်၏ အဖြစ်၌လျှင် လူပြိတ္တာ ဖြစ်၏။ ထို့ကြောင့် သင်မင်းကြီးသည် မကောင်းမှုကို မပြုလင့်၊ မိမိမြို့သို့ သွား၍ ဒါန အစရှိသော ကောင်းမှုတို့ကို ပြုလော့ဟု ဆို၏။

မင်းသည် မြို့သို့ ပြန်၍ လူပြိတ္တာ ဆိုတိုင်းပြု၍ နတ်ပြည်ကို ပြည့်စေ၏။ သရဘင်္ဂဆရာသည် ဤအကြောင်းကိုဆောင်၍ နာရဒရသေ့ကို မှတ်စေ၏။

နာရဒရသေ့ သံဝေဂရပြီ

နာရဒရသေ့သည် သရဘင်္ဂဆရာ၏ တရားစကားဖြင့် သံဝေဂရ၍ သရဘင်္ဂဆရာကို ရှိခိုး၍ ကန်တော့၍ ကသိုဏ်းပရိကံကို စီးဖြန်း၍ ပျောက်သောဈာန်ကို တစ်ဖန် ပကတိ ရှိအောင်ပြု၏။ သရဘင်္ဂဆရာသည် နာရဒ ရသေ့အား ထိုလိုဏ်၌ နေစိမ့်သောငှာ မပေးမူ၍ နာရဒရသေ့ကိုခေါ်၍ မိမိကျောင်းသို့ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား- ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ နာရဒရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ မယားဟောင်းသည် ထိုအခါ ပြည့်တန်ဆာမ ဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ သာလိဿရ ရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ ကဿပသည် ထိုအခါ မဏ္ဍိဿရရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ ပဗ္ဗတရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ ကစ္စည်းမထေရ်သည် ထိုအခါ ကာဠဒေဝီလရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ အနုပိယရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ အရှင်မဟာမောဂ္ဂလာန်သည် ထိုအခါ ကိသဝစ္ဆရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သရဘင်္ဂဆရာရသေ့ ဖြစ်ဖူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဣန္ဒြေလိုလိုက်၊ ငရဲဆိုက်၊ လူ၌ ဆင်းရဲစွာ

ခုနှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဣန္ဒြိယဇာတ်သည် ပြီး၏။

*****

အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၈။ အာဒိတ္တဇာတ်

အလှူဒါနကို ရွေးချယ်၍ လှူသင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ် သဗ္ဗညူ မြတ်စွာဘုရားသည် အာဒိတ္တသ္မိံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအာဒိတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အသဒိသဒါနကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအသဒိသဒါနကို မဟာဂေါဝိန္ဒသုတ် အဋ္ဌကထာအားဖြင့် အကျယ်ချဲ့၍ ဆိုအပ်၏။

ထိုအသဒိသဒါနကို လှူသောနေ့မှ ခုနစ်ရက်မြောက်နေ့၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ ... ကောသလမင်းသည် စိစစ် ရွေးချယ်၍လျှင် ကောင်းမှု၏ စိုက်ပျိုးရာလယ်မြေကိုသိ၍ ဘုရားအမှူးရှိသော အရိယာသံဃာအား အသဒိသ ဒါနကို လှူ၏ဟု စကားကို ဖြစ်ကြကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ... ကောသလမင်းသည် စိစစ်ရွေး ချယ်၍ အတုမရှိ မြတ်သော ကောင်းမှုမှာ စိုက်ပျိုးရာ လယ်ယာမြေသဖွယ် ဖြစ်တော်မူသော ဘုရားအမှူးရှိသော သံဃာ၌ အလှူပေးခြင်းသည်အံ့ဖွယ်မရှိသေး၊ ရှေးပညာရှိတို့သည်လည်း စိစစ်ရွေးချယ်၍ အလှူကြီးကို ပေးလှူကုန်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ သိဝိတိုင်း ရောရုဝမည်သော မင်းကြီးသည် ဆယ်ပါးသော မင်းကျင့်တရားတို့ကို မပျက်စေမှူ၍ လေးပါးကုန်သော သင်္ဂဟဝတ္ထုတို့ဖြင့် လူများကို သင်္ဂြိုဟ်ထောက်ပံ့လျက် လူများ၏ မိဘအရာ၌တည်၍ ဆင်းရဲသောသူ ခရီးသွား ဖုန်းတောင်းယာစကာတို့အား အလှူကြီးပေးခြင်းကို ဖြစ်စေ၏။ ထိုရောရုဝမင်းကြီး၏ မိဖုရားသည် သမုဒ္ဒဝိဇယာမည်၏။ ပညာရှိ၏။ ဉာဏ်နှင့် ပြည့်စုံ၏။ ထိုရောရုဝမင်းကြီးသည် တစ်နေ့သ၌ အလှူ တင်းကုပ်ကို ကြည့်လျက် ငါ၏အလှူကို သီလမရှိကုန်သော လျှပ်ပေါ်လော်လည်ကုန်သော သူတို့သည် စားကုန်၏။ ထိုအလှူသည် ငါ့ကို မနှစ်သက်စေ၊ ငါသည်ကား သီလရှိကုန်သော ပစ္စေကဗုဒ္ဓါတို့အား အလှူကို ပေးလို၏။ ထိုပစ္စေကဗုဒ္ဓါတို့သည်လည်း ဟိမဝန္တာ အရပ်၌ နေကုန်၏။ အဘယ်သူသည် ထိုပစ္စေကဗုဒ္ဓါတို့ကို ပင့်ဖိတ်၍ ဆောင်ပါလတ္တံ့နည်း၊ အဘယ်သူ့ကို စေရအံ့နည်း ဟု ကြံ၍ ထိုအကြောင်းကို မိဖုရားအား ကြား၏။ ထိုအခါ ထိုရောရုဝမင်းကို မိဖုရားသည် မြတ်သော မင်းကြီး.စိုးရိမ်တော်မမူပါလင့်၊ အကျွန်ုပ်တို့၏ လှူအပ်သော အလှူ၏အာနုဘော် သီလ၏အာနုဘော် သစ္စာ၏ အာနုဘော်ဖြင့် ပန်းတို့ကိုစေ၍ ပစ္စေကဗုဒ္ဓါတို့ကို ပင့်ဖိတ်စေ၍ ပစ္စေကဗုဒ္ဓ့တို့သည် ကြွရောက်လာသောအခါ အလုံးစုံသောအလှူကို ပေးကုန်အံ့ ဟု ဆို၏။

ပစ္စေကဗုဒ္ဓါတို့ကို ပင့်ဖိတ်ပုံ

မင်းသည် ကောင်းပြီ ဟု ဝန်ခံ၍ အလုံးစုံသောမြို့၌ နေကုန်သော သူတို့သည် သီလကို ဆောက်တည်စေကုန် ဟု မြို့၌ စည်လည်စေ၍ မိမိသည်လည်း ပရိသတ်နှင့်တကွ ဥပုသ်ဆောက် တည်၍ ကြီးစွာသော လှူဖွယ်ဝတ္ထုတို့ကို ဖြစ်စေ၍ မုလေးပန်းတို့ဖြင့်ပြည့်သော ရွှေအုပ်ကို ယူစေ၍ ပြာသာဒ်မှသက်၍ မင်းရင်ပြင်၌ရပ်၍ ငါးပါးသော အင်္ဂါတို့ကို မြေ၌တည်စေ၍ အရှေ့ မျက်နှာသို့ ရှေးရှုရှိခိုး၍ အရှေ့မျက်နှာ၌ ရဟန္တာတို့ကို ရှိခိုး၍ အကျွန်ုပ်တို့၌ တစ်စုံတစ်ခုသော ကျေးဇူးသည် အကယ်၍ ရှိငြားအံ့၊ အကျွန်ုပ်တို့၌ သနားတော်မူ၍ အကျွန်ုပ်တို့ ဆွမ်းကို ခံပါကုန်လော့ ဟုဆို၍ အရှေ့အရပ်မျက်နှာသို့ ပန်းခုနစ်ဆုပ်တို့ကို ပစ်၏။ အရှေ့အရပ်မျက်နှာ၌ ပစ္စေကဗုဒ္ဓါတို့၏ မရှိခြင်းကြောင့် နက်ဖြန်နေ့၌ မကြွလာကုန်၊ နှစ်ရက်မြောက်သောနေ့၌ တောင်အရပ် မျက်နှာကို ရှိခိုး၏။ ထိုအရပ်မှလည်း ပစ္စေကဗုဒ္ဓါတို့သည် မကြွလာကုန်။ သုံးရက်မြောက်သောနေ့၌ အနောက်အရပ်မျက်နှာကို ရှိခိုး၏။ ထိုအနောက် အရပ်မျက်နှာမှလည်း ပစ္စေကဗုဒ္ဓတို့သည် မကြွလာကုန်၊ လေးရက်မြောက်သော နေ့၌ မြောက်အရပ်မျက်နှာကို ရှိခိုး၏။ ရှိခိုးပြီး၍လည်း မြောက်ဟိမဝန္တာအရပ်၌ သီတင်းသုံး နေတော်မူကုန်သော ပစ္စေကဗုဒ္ဓါတို့သည် အကျွန်ုပ်တို့၏ ဆွမ်းကို ခံတော်မူစေကုန်သတည်းဟု ပန်းခုနှစ်ဆုပ်တို့ကို ပစ်လွှတ်၏။ ပန်းတို့သည် သွား၍ နန္ဒမူလိုဏ်၌ ခုနစ်ဆူကုန်သော ပစ္စေကဗုဒ္ဓါတို့၏ အပါး၌ ကျကုန်၏။ ထိုပစ္စေကဗုဒ္ဓါတို့သည် ဆင်ခြင်ကုန်လတ်သော် မင်းသည် မိမိတို့အား ပင့်ဖိတ်သည်၏ အဖြစ်ကိုသိ၍ နက်ဖြန် သံဃာ့ထေရ်သည် ထိုပဈစကဗေုဒျဓါတို့ကိုခေါြ၍ ဆင်းရဲကင်းသော အရှင်တို့ အရှင်တို့အား ရောရုဝ မင်းသည် ပင့်ဖိတ်၏။ အရှင်တို့သည် ရောရုဝမင်းအား သင်္ဂြိုဟ်ထောက်ပံ့ခြင်းကို ပြုကြကုန်လော့ဟု ဆို၏။ ခုနစ်ဆူကုန်သော ပစ္စေကဗုဒ္ဓတို့သည် ကောင်းကင်ဖြင့်ကြွလာ၍ မင်းအိမ်တံခါး၌ ဆင်းသက်ကုန်၏။ ထိုပစ္စေကဗုဒ္ဓါတို့ကို မင်းသည်မြင်၍ ဝမ်းမြောက်ခြင်းဖြစ်လျက် ရှိခိုး၍ ပြာသာဒ်သို့တင်၍ ကြီးစွာသော ပူဇော် သက္ကာရကို ပြု၍ အလှူပေး၍ ဆွမ်းဘုဉ်းပေးပြီး အဆုံး၌ နက်ဖြန်အကျိုးငှာ, နက်ဖြန်အကျိုးငှာဟူ၍ ဤသို့ ခြောက်ရက်ပတ်လုံး ပင့်ဖိတ်၍ ခုနစ်ရက်မြောက်သောနေ့၌ အလုံးစုံသော ပရိက္ခရာအလှူကို စီရင်၍ ရတနာခုနစ်ပါးဖြင့်စီရင်အပ်သော ညောင်စောင်း အင်းပျဉ် အစရှိသည်တို့ကို ခင်းစေ၍ သင်္ကန်း ထီး အစရှိကုန်သော ခပ်သိမ်းသော ရဟန်း အသုံးအဆောင်တို့ကို ခုနစ်ပါးကုန်သော ပစ္စေကဗုဒ္ဓါတို့၏ အထံတော်၌ထား၍ အကျွန်ုပ်တို့သည် ဤအလုံးစုံသော ပရိက္ခရာတို့ကို အရှင်ဘုရားတို့အား လှူပါကုန်၏ ဟု ဆို၍ ထိုပစ္စေကဗုဒ္ဓါတို့၏ ဆွမ်းဘုဉ်း ပေးပြီးသည်၏ အဆုံး၌ မင်းမိဖုရား နှစ်ပါးတို့သည် ရှိခိုးကုန်လျက် တည်ကုန်၏။

သံဃာ့ထေရ်တရားဟော

ထိုအခါ မင်းမိဖုရားနှစ်ပါးတို့အား အနုမောဒနာ ပြုလိုရကား သံဃာ့ထေရ်သည်-

၆၉။ အာဒိတ္တသ္မိံ အဂါရသ္မိံ၊ ယံ နီဟရတိ ဘာဇနံ။
တံ တဿ ဟောတိ အတ္ထာယ၊ နော စ ယံ တတ္ထ ဍယှတိ။
၇၀။ ဧဝမာဒီပိတော လောကော၊ ဇရာယ မရဏေန စ။
နီဟရထေဝ ဒါနေန၊ ဒိန္နံ ဟောတိ သုနီဟတံ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၆၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အာဒိတ္တသ္မိံ၊ မီးလောင်၍ ပြောင်ပြောင်တောက်သော။ အဂါရသ္မိံ၊ အိမ်၌။ ယံ ဘာဇနံ၊ အကြင်အသုံးအဆောင်ကို။ နီဟရတိ၊ ထုတ်ဆောင်၏။ တတ္ထ၊ ထိုအိမ်၌။ ယံ ဘာဇနံ၊ အကြင် အသုံးအဆောင်ကို။ နေဝ ဍယှတိ၊ မီးမလောင်။ တံ ဘာဇနံ၊ ထိုအသုံး အဆောင်သည်။ တဿ၊ ထိုအိမ်ရှင်၏။ အတ္ထာယ၊ အကျိုးငှာ။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။

၇၀။ ဧဝံ တထာ၊ ထို့အတူ။ လောကေ၊ လောက၌။ ဇရာယ စ၊ အိုခြင်းမီးသည်လည်းကောင်း။ မရဏေန စ၊ သေခြင်းမီးသည်လည်းကောင်း။ အာဒီပိတော၊ ပြောင်ပြောင်တောက်လောင်၏။ ဒါနေန၊ ဒါနစေတနာဖြင့်။ နီဟရထေဝ၊ အသုံး အဆောင်ကို ထုတ်ဆောင်ရာ သလျှင်ကတည်း။ ယံ ဒါနံ၊ အကြင်အလှူဝတ္ထုကို။ ဒိန္နံ၊ လှူသည်။ ဟောတိ၊ ဖြစ်၏။ တံ၊ ထိုအလှူဝတ္ထုသည်သာလျှင်။ သုနီဟတံ၊ ကောင်းစွာ ထုတ်ဆောင်အပ်သော ဥစ္စာမည်သည်။ ဟောတိ၊ ဖြစ်၏။

ဤသို့ သံဃာ့မထေရ်သည် အနုမောဒနာပြု၍ မြတ်သောမင်းကြီး... မမေ့မလျော့ ဖြစ်လော့ ဟု မင်းအား အဆုံးအမကို ပေး၍ ကောင်းကင်သို့ ပျံ၍ ပြာသာဒ်အထွတ်ကို နှစ်ဖြာခွဲ၍ နန္ဒမူလိုဏ်၌ သက်၏။ ထိုသံဃာ့ထေရ်၏ ပရိက္ခရာတို့သည် သံဃာ့ထေရ်နှင့်တကွ ပျံ၍နန္ဒမူ လိုဏ်၌လျှင် သက်၏။ မင်းနှင့် မိဖုရား၏ ကိုယ်အလုံးသည် ပီတိဖြင့်ပြည့်၏။

ပစ္စေကဗုဒ္ဓါတို့ တရားတော်

ဤသို့ သံဃာ့ထေရ် ကြွပြီးသည်ရှိသော် ကြွင်းသော ပစ္စေကဗုဒ္ဓါတို့သည်-

၇၁။ ယော ဓမ္မလဒ္ဓဿ ဒဒတိ ဒါနံ၊
ဥဋ္ဌာနဝီရိယာဓိဂတဿ ဇန္တု။
အတိက္ကမ္မ သော ဝေတ္တရဏိံ ယမဿ၊
ဒိဗ္ဗာနိ ဌာနာနိ ဥပေတိ မစ္စော။
၇၂။ ဒါနဉ္စ ယုဒ္ဓဉ္စ သမာနမာဟု၊
အပ္ပါပိ သန္တာ ဗဟုကေ ဇိနန္တိ။
အပ္ပမ္ပိ စေ သဒ္ဒဟာနော ဒဒါတိ၊
တေနေဝ သော ဟောတိ သုခီပရတ္ထ။
၇၃။ ဝိစေယျ ဒါနံ သုဂတပ္ပသတ္ထံ၊
ယေ ဒက္ခိဏေယျာ ဣဓ ဇီဝလောကေ။
ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ၊
ဗီဇာနီ ဝုတ္တာနိ ယထာ သုခေတ္တေ။
၇၄။ ယော ပါဏဘူတာနိ အဟေဌယံ စရံ၊
ပရူပဝါဒါ န ကရောတိ ပါပံ။
ဘီရုံ ပသံသန္တိ န တတ္ထ သူရံ၊
ဘယာဟိ သန္တော ကရောတိ ပါပံ။
၇၅။ ဟီနေန ဗြဟ္မစရိယေန၊ ခတ္တိယေ ဥပပဇ္ဇတိ။
မဇ္ဈိမေန စ ဒေဝတ္တံ၊ ဥတ္တမေန ဝိသုဇ္စျတိ။
၇၆။ အဒ္ဓါ ဟိ ဒါနံ ဗဟု ပသတ္ထံ၊
ဒါနာ စ ခေါ ဓမ္မပဒံဝ သေယျော။
ပုဗ္ဗေဝ ဟိ ပုဗ္ဗတရေဝ သန္တော၊
နိဗ္ဗာနမေဝဇ္စျဂမုံ သပညာ။

ဟူကုန်သော ဤဂါထာတို့ဖြင့် အနုမောဒနာပြု၍ သံဃာ့ထေရ်ကဲ့သို့လျှင် ပရိက္ခရာတို့နှင့်တကွ ကြွကုန်၏။

၇၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဇန္တု၊ သတ္တဝါဖြစ်သော။ ယော မစ္စော၊ အကြင်သူသည်။ ဓမ္မလဒ္ဓဿ၊ ရဟန္တာကို အစပြု၍ ဝိပဿနာ စီးဖြန်းသော ယောဂါဝစရ ပုဂ္ဂိုလ်တိုင်အောင် ရအပ်ပြီးသော တရားရှိသောသော ပုဂ္ဂိုလ်အား။ ဥဋ္ဌာနဝီရိယာဓိဂတဿ၊ လုံ့လပြုသဖြင့် ရအပ်သော ဝတ္ထု၏။ အဂ္ဂံ၊ အဦးကို။ ဂဟေတွာ၊ ယူ၍။ ဒါနံ၊ အလှူကို။ ဒဒါတိ၊ လှူ၏။ သော မစ္စော၊ ထိုသူသည်။ ယမဿ၊ ယမမင်း၏။ ဝေတရဏိံ၊ ငရဲကြီးရှစ်ထပ် ဥဿဒငရဲ တစ်ဆယ့်ခြောက်ထပ်ကို။ အတိက္ကမ္မ၊ လွန်၍။ ဒိဗ္ဗာနိ၊ နတ်တို့၏ နေရာဖြစ်ကုန်သော။ ဌာနာနိ၊ အရပ်တို့သို့။ ဥပေတိ၊ ရောက်၏။

အလှူနှင့် စစ်

၇၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဒါနဉ္စ၊ အလှူ ပေးခြင်းကိုလည်းကောင်း။ ယုဒ္ဓဉ္စ၊ စစ်ထိုးခြင်းကိုလည်းကောင်း။ သမာနံ၊ တူ၏ဟူ၍။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ အာဟု၊ ဆိုကုန်၏။ အပ္ပါပိ၊ အနည်းငယ်သော စစ်သည်တို့သည်လည်း။ သန္တာ၊ ဖြစ်ကုန်လျက်။ ဗဟုကေ၊ များစွာကုန်သော စစ်သည်တို့ကို။ ဇိနန္တိ ယထာ၊ အောင်ကုန်၏သို့။ အပ္ပါပိ၊ အနည်းငယ်ဖြစ်ကုန်သော မုဉ္စစေတနာတို့သည်လည်း။ သန္တာ၊ ဖြစ်ကုန်လျက်။ ဗဟုကေ၊ များစွာကုန်သော ဝန်တိုခြင်း အစရှိကုန်သော ကိလေသာတို့ကို။ ဇိနန္တိ၊ အောင်ကုန်၏။ အပ္ပမ္ပိ၊ အနည်းငယ်သော ဝတ္ထုကိုလည်း။ သဒ္ဒဟာနော၊ ကံ ကံ၏အကျိုးကို ယုံကြည်လျက်။ စေ ဒဒါတိ၊ အကယ်၍ လှူအံ့။ တေနေဝ၊ ထိုအလှူကြောင့်လျှင်။ သော၊ ထိုသူသည်။ ပရတ္ထ၊ တမလွန်ဘဝ၌။ သုခီ၊ ချမ်းသာခြင်းနှင့် ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။

စိစစ်၍လှူ

၇၃။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဝိစေယျ၊ အလှူဝတ္ထု အလှူခံတို့ကို စိစစ်ရွေးချယ်၍။ ဒိန္နံ၊ လှူအပ်သော။ ဒါနံ၊ အလှူကို။ သုဂတပ္ပသတ္ထံ၊ ဘုရားတို့သည် ချီးမွမ်းအပ်၏။ ဣဓ ဇီဝလောကေ၊ ဤလူ့ပြည်၌။ ဒက္ခိဏေယျာ၊ အကြင်ဘုရား အစရှိကုန်သော အလှူခံပုဂ္ဂိုလ်တို့သည်။ သန္တိ၊ ရှိကုန်၏။ ဧတေသု၊ ထိုဘုရား အစရှိကုန်သော အလှူ ခံတို့၌။ ဒိန္နာနိ၊ လှူအပ်ကုန်သော အလှူတို့သည်။ သုခေတ္တေ၊ ကောင်းသော လယ်ယာ၌။ ဝုတ္တာနိ၊ ပျိုးအပ်ကုန်သော။ ဗီဇာနိ ယထာ၊ မျိုးစေ့တို့ကဲ့သို့။ မဟပ္ဖလာနိ၊ အကျိုး ကြီးကုန်၏။

၇၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ပါဏဘူတာနိ၊ ပါဏဟု ဆိုအပ်ကုန်သော သတ္တဝါတို့ကို။ အဟေဌယံ၊ သနားသဖြင့် မညှဉ်းဆဲဘဲ။ စရံ၊ ကျင့်သော သူသည်။ ပရူပဝါဒါ၊ သူစွပ်စွဲအံ့သည်မှ ကြောက်သောကြောင့်။ ပါပံ၊ မကောင်းမှုကို။ န ကရောတိ၊ မပြု။ ဘီရုံ၊ သူစွပ်စွဲခြင်းမှ ကြောက်သောသူကို။ သန္တော၊ သူတော်ကောင်းတို့သည်။ ပသံသန္တိ၊ ချီးမွမ်းကုန်၏။ တတ္ထ၊ ထိုသူတစ်ပါး၏ စွပ်စွဲခြင်း၌။ သူရံ၊ ရဲရင့်သောသူကို။ နပ္ပသံသန္တိ၊ မချီးမွမ်းကုန်။ ဘယာဟိ၊ သူတစ်ပါးတို့၏ စွပ်စွဲခြင်းမှ ကြောက်သောကြောင့်သာလျှင်။ သန္တော၊ သူတော်ကောင်းတို့သည်။ ပါပံ၊ မကောင်းမှုကို။ န ကရာန္တိ၊ မပြုကုန်။

ဒါန ၃-မျိုး၊ အကျိုး ၃-ရပ်

၇၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဟီနေန၊ ယုတ်သော။ ဗြဟ္မစရိယေန၊ တိတ္ထိတို့၏ ကျောင်း၌ မေထုန်မှကြဉ်ခြင်း, သီလသာသနာတော်၌ ကာမချမ်းသာကို တောင့်တ၍ ကျင့်သော သီလရှိသောပုဂ္ဂိုလ်၏ သီလဟူသော ဗြဟ္မစရိယဖြင့်။ ခတ္တိယေ၊ မင်းမျိုး၌။ ဥပပဇ္ဇတိ၊ ဖြစ်၏။ မဇ္စျိမေန၊ တိတ္ထိတို့၏ကျောင်း၌ ဈာန်၏ ဥပစာရ, သာသနာတော်၌ စင်ကြယ်သော သီလရှိသော ပုဂ္ဂိုလ်၏ ဈာန်သမာပတ်ကို ဖြစ်စေခြင်းဟုဆိုအပ်သော အလတ်ဖြစ်သော ဗြဟ္မစရိယဖြင့်။ ဒေဝတ္တံ၊ နတ်ဗြဟ္မာတို့၏အဖြစ်သို့။ ဥပပဇ္ဇတိ၊ ရောက်၏။ ဥတ္တမေန၊ တိတ္ထိတို့၏ကျောင်း၌ ရှစ်ပါးသော သမာပတ်, သာသနာတော်၌ ဝိပဿနာကို ပွားစေ၍ အရဟတ္တဖိုလ်ကိုဖြစ်စေခြင်း ဟူသော မြတ်သော ဗြဟ္မစရိယဖြင့်။ ဝိသုဇ္စျတိ၊ ကာမမှ စင်ကြယ်ခြင်း, ဝဋ်ဆင်းရဲမှ စင်ကြယ်ခြင်း ဖြစ်၏။

သမထဝိပဿနာ

၇၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဒါနံ၊ ဒါနကို။ အဒ္ဓါဟိ၊ စင်စစ်သဖြင့်လျှင်။ ဗဟုဓာ၊ များသောအပြားဖြင့်လျှင်။ ပသတ္ထံ၊ ချီးမွမ်းအပ်၏။ ဒါနာ စခေါ၊ ဒါနထက်လျှင်။ ဓမ္မပဒံဝ၊ သမထ ဝိပဿနာဟု ဆိုအပ်သော တရားအစုသည်သာလျှင်။ သေယျော၊ မြတ်၏။ ဟိ သစ္စံ၊ ထိုစကားသည်မှန်၏။ ပုဗ္ဗေဝ၊ ဤဘဒ္ဒကမ္ဘာ၏ ရှေးဦး၌လျှင်။ သန္တော၊ ကဿပဘုရား အစရှိကုန်သော သူတော်ကောင်းဖြစ်ကုန်သော။ သပညာ၊ ပညာရှိတို့သည်လည်းကောင်း။ ပုဗ္ဗတရေဝ၊ ရှေးထက်ရှေး၌လျှင်။ သန္တော၊ ဝေဿဘူဘုရား အစရှိကုန်သော သူတော်ကောင်း ဖြစ်ကုန်သော။ သပညာ စ၊ ပညာရှိတို့သည်လည်းကောင်း။ တေ၊ ထိုပညာရှိ သူတော်ကောင်းတို့သည်။ သမထဝိပဿနံ၊ သမထဝိပဿနာကို။ ဘာဝေတွာ၊ ပွားစေ၍။ နိဗ္ဗာနမေဝ၊ နိဗ္ဗာန်သို့သာလျှင်။ အဇ္စျဂမုံ၊ ရောက်ကုန်ပြီ။

ဤသို့ ခုနစ်ဆူကုန်သော ပစ္စေကဗုဒ္ဓါတို့သည် မင်းအား မြတ်သော အမြိုက်နိဗ္ဗာန်ကို ဟော၍ မင်းကို မမေ့မလျော့ခြင်းကို ဆုံးမ၍ ဆိုအပ်ပြီးသောနည်းဖြင့်လျှင် မိမိတို့၏ နေရာသို့ ကြွကုန်၏။ မင်းသည်လည်း မိဖုရားနှင့်တကွ အလှူ ပေး၍ အသက်ထက်ဆုံးတည်၍ မင်းအဖြစ်မှ စုတေ၍ နတ်ပြည်ကို ပြည့်စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ... ဤသို့လျှင် ရှေး၌လည်း ပညာရှိတို့သည် စိစစ်ရွေးချယ်၍ အလှူပေးဖူးကုန်၏ဟု မိန့်တော်မူ၍ ပစ္စေကဗုဒ္ဓါတို့သည် ထိုအခါ ပရိနိဗ္ဗာန်ကို ပြုကုန်ပြီ၊ ယခုအခါ ရာဟုလမယ်တော်သည် ထိုအခါ သမုဒ္ဒဝိဇယာမိဖုရား ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မဟာရောရုဝမင်း ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

အလှူခံမြတ်၊ ပေးလှူလတ်၊ ရောက်အပ်နတ်တို့ရွာ

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော အာဒိတ္တဇာတ်သည် ပြီး၏။

*****

အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၉။ အဋ္ဌာနဇာတ်

မိန်းမတို့ ကျေးဇူးမသိတတ်ခြင်းအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဂင်္ဂါ ကုမုဒိနီ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအဋ္ဌာနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းကို သဗ္ဗညူမြတ်ဘုရားသည် ရဟန်း သင်သည် ငြီးငွေ့သောဟူသည် မှန်သလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... မှန်ပေ၏ ဟု နားတော် လျှောက်သည်ရှိသော် အဘယ်ကြောင့် ငြီးငွေ့သနည်း ဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ကိလေသာ၏ အစွမ်းအားဖြင့် ငြီးငွေ့၏ ဟု လျှောက်သည်ရှိသော် ရဟန်း... မိန်းမတို့မည်သည်ကား ကျေးဇူးကို မသိတတ်၊ အဆွေ ခင်ပွန်းကို ပြစ်မှားတတ်၏။ အကျွမ်းမဝင်အပ်။ လွန်လေပြီးသောအခါ ပညာရှိတို့သည် နေ့တိုင်းနေ့တိုင်း အသပြာတစ်ထောင်ကို ပေးကုန်လျက် မာတုဂါမကို နှစ်သက်စိမ့်သောငှာ မတတ်နိုင်ကုန်။ ထိုမိန်းမသည် တစ်နေ့မျှ၌ အသပြာတစ်ထောင်ကို မရ၍ လည်၌ကိုင်စေ၍ ငင်ထုတ်စေဖူး၏။ ဤသို့ မိန်းမသည် ကျေးဇူးကို မသိတတ်၊ ထိုမိန်းမ၏အကြောင်းနှင့် ကိလေသာ၏ အလိုသို့ မလိုက်လင့် ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဗြဟ္မ ဒတ်မင်း၏ ဗြဟ္မဒတ္တမည်သော သတို့သား, ဗာရာ ဏသီ သူဌေး၏ မဟာဓနမညမသော သတို့သား, ဤနှစ်ယောက်ကုန်သော သူငယ်တို့သည် တကွ မြေမှုန့်ကစားဘက် အဆွေခင်ပွန်းဖြစ်ကြ ကုန်၏။ တစ်ဦးသော ဆရာမျိုး၌လျှင် အတတ်ကိုသင်ကြကုန်၏။ မင်းသားသည် အဖလွန်လတ် မင်းအဖြစ်၌ တည်၏။ သူဌေးသားသည်လည်း မင်း၏အထံ၌သာလျှင် နေ၏။

သူဌေးသားနှင့် ပြည့်တန်ဆာမ

ဗာရာဏသီပြည်၌လည်း တစ်ယောက်သော အဆင်းလှသော ပြည့်တန်ဆာမသည် ရှိ၏။ ထိုပြည့်တန်ဆာမသည် မြတ်သော တင့်တယ်ခြင်းသို့ ရောက်၏။ သူဌေးသားသည် နေ့တိုင်းနေ့တိုင်း တစ်ထောင်သော အသပြာကိုပေး၍ ထိုပြည့်တန်ဆာမနှင့် တကွလျှင် မွေ့လျော်လျက် အဖလွန်သဖြင့် သူဌေးအရာကို ရ၍လည်း ထိုပြည့်တန်ဆာမကို မစွန့်၊ ရှေးအတူသာလျှင် နေ့တိုင်းနေ့တိုင်း တစ်ထောင်သော အသပြာကို ပေး၍ မွေ့လျော်၏။

သူဌေးသား နှင်ထုတ်ခံရ

သူဌေးသားသည် တစ်နေ့သုံးကြိမ် မင်းခစားအံ့သောငှာ သွား၏။ ထိုအခါ တစ်နေ့သ၌ မင်း၏ အထံသို့ သွားသော ထိုသူဌေးသားအား မင်းနှင့်တကွ စကားပြောစဉ်လျှင် နေဝင်၍ အမိုက်သည် ဖြစ်၏။ သူဌေးသားသည် မင်းအိမ်မှထွက်၍ ယခု အိမ်သို့သွား၍ လာအံ့သော အချိန်မရှိပြီ၊ ပြည့်တန်ဆာမအိမ်သို့ သွားအံ့ဟု အလုပ် အကျွေးတို့ကို လွှတ်လိုက်၍ တစ်ယောက်တည်းသာလျှင် ပြည့်တန်ဆာမအိမ်သို့ ဝင်၏။ ထိုအခါ သူဌေးသားကို ပြည့်တန်ဆာမသည် မြင်၍ အရှင့်သား... သင်သည် အသပြာတစ်ထောင်ကို ဆောင်ခဲ့၏လော ဟု မေး၏။ ရှင်မ ယနေ့သည်လျှင် အလွန်မိုးချုပ်၏။ ထို့ကြောင့် ငါသည် အိမ်သို့မသွားမူ၍လျှင် လူတို့ကို လွှတ်လိုက်၍ တစ်ယောက်တည်းသာလျှင် ရှင်မအိမ်သို့ဝင်၏။ နက်ဖြန်မှ သင့်အား အသပြာနှစ်ထောင်ကို ပေးအံ့ဟု ဆို၏။ ပြည့်တန်ဆာမသည် ယနေ့ ငါသည် အကယ်၍ အခွင့်ပြုအံ့၊ သူဌေးသားသည် တစ်ပါးသော နေ့တို့၌လည်း လက်ချည်း သက်သက်လျှင် လာလတ္တံ့၊ ဤသို့လာလတ်သော် ငါ့အား ဥစ္စာယုတ်လတ္တံ့၊ ယခု ဤသူဌေးသားအား ငါသည် အခွင့်မပြုအံ့ဟု ကြံပြီး၍ ထိုအခါ သူဌေးသားကို အရှင်... အကျွန်ုပ်တို့သည် ပြည့်တန်ဆာမ မည်ကုန်၏။ အကျွန်ုပ်တို့အား အသပြာတစ်ထောင် မပေးမူ၍ မွေ့လျော်ခြင်းမည်သည် မရှိ၊ အသပြာ တစ်ထောင်ကို ဆောင်ချေလော့ဟု ဆို၏။ ရှင်မ နက်ဖြန် အသပြာနှစ်ထောင်ကို ဆောင်ခဲ့အံ့ဟု အဖန် တလဲလဲ သူဌေးသားသည် တောင်းပန်၏။ ပြည့်တန်ဆာမသည် ကျွန်မတို့ကို ထိုသူဌေးသားအား ဤအိမ်၌ ရပ်၍ ကြည့်စိမ့်သောငှာ ခွင့်မပေးလင့်၊ လည်၌ကိုင်၍ ငင်ထုတ်ပြီးလျှင် တ့ခါးကို ပိတ်ကြကုန်လော့ဟု ဆို၏။ ထိုစကားကိုကြား၍ ကျွန်မတို့သည် ပြည့်တန်ဆာမဆိုတိုင်း ပြုကြကုန်၏။

ရသေ့ဝတ်သွားပြီ

ထိုအခါ သူဌေးသားသည် ငါသည် ဤမိန်းမနှင့်တကွ ကုဋေရှစ်ဆယ်သော ဥစ္စာကို စားပြီ၊ ဤမိန်းမသည် ငါ့ကို တစ်နေ့မျှ လက်ချည်းလာသည်ကို မြင်၍ လည်၌ကိုင်၍ ငင်ထုတ်စေ၏။ မိန်းမမည်သည်ကား ယုတ်မာစွ၊ အရှက်မရှိ၊ ကျေးဇူးကို မသိ၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်၏ ဟု ကြံ၏။ ကြံပြီး၍ သူဌေးသားသည် မိန်းမ၏ ကြေးဇူးမွဲကို အောက်မေ့လျက် တပ်ခွန်းခြင်းကင်း၏။ စက်ဆုပ်ရွံရှာဖွယ်ဟူသော သညာကို ရ၏။ အိမ်ရာထောင်ခြင်း၌လည်း ငြီးငွေ့၏။ ငါ့အား အိမ်ရာထောင်ခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ယနေ့လျှင် တောထွက်၍ ရဟန်းပြုအံ့ ဟု တစ်ဖန် အိမ်သို့မသွားမူ၍ မင်းကို မဖူးမြင်မူ၍ မြို့မှထွက်၍ တောသို့ဝင်၏။ ဂင်္ဂါနား၌ ကျောင်းဆောက်၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ တောသစ်မြစ် တောသစ်သီးဟူ သော အာဟာရရှိသည်ဖြစ်၍ ထိုအရပ်၌ နေ၏။

ပြည့်တန်ဆာမ လိုက်ပင့်ခြင်း

မင်းသည် သူဌေးသားကို မမြင်သည်ရှိသော် အဆွေ ခင်ပွန်းသည် အဘယ်မှာနည်းဟု မေး၏။ ပြည့်တန်ဆာမသည် ပြုအပ်သော အမှုသည် မြို့အလုံး၌ ထင်ရှား၏။ ထိုကြောင့် ထိုအခါ ထိုမင်းအား ထိုအကြောင်းကို ကြား၍ မြတ်သောမင်းကြီး အရှင်မင်းကြီး၏ အဆွေ ခင်ပွန်းသည် ရှက်ခြင်းနှင့် အိမ်သို့လည်း မလာမူ၍ တောသို့ဝင်၍ ရဟန်းပြုသည် ဖြစ်လတ္တံ့ဟု ဆိုကုန်၏။ မင်းသည် ထိုစကားကိုကြား၍ ပြည့်တန်ဆာမကို ခေါ်စေ၍ သင်သည် တစ်နေ့သ၌ တစ်ထောင်သော အသပြာကိုမရ၍ အဆွေ ခင်ပွန်းကို လည်၌ငင်၍ ထုတ်စေသာဟူသည် မှန်သလော ဟု မေး၏။ မြတ်သောမင်းကြီး မှန်ပေ၏ဟု လျှောက်၏။ ယုတ်မာစွာသော ကျွန်မ... လျင်မြန်စွာ အဆွေခင်ပွန်း ရှိရာအရပ်သို့ သွား၍ အဆွေခင်ပွန်းကို ဆောင်ချေ။ အကယ်၍ သင်မဆောင်အံ့၊ သင်၏ အသက်သည် မရှိရာ ဟု မင်းသည် ဆို၏။ ပြည့်တန်ဆာမသည် မင်းစကားကိုကြား၍ ကြောက်ရကား ရထားစီး၍ များစွာသော အခြံအရံဖြင့် မြို့မှထွက်၍ သူဌေး၏ နေရာအရပ်ကိုရှာလျက် နားထောင်သည်၏ အစွမ်းဖြင့် နေရာအရပ်ကို ကြား၍ ထိုအရပ်သို့သွား၍ ရှိခိုး၍ အရှင်ဘုရား အကျွန်ုပ်သည် အလွန်မိုက်သည်၏ အဖြစ်ကြောင့် ပြုအပ်သော အပြစ်ကို အရှင်ဘုရားတို့သည် သည်းခံတော်မူပါကုန်၊ အကျွန်ုပ်သည် တစ်ဖန် ဤကဲ့သို့မပြုပါဟု တောင်းပန်လျှင် ကောင်းပြီ သင့်အား သည်းခံ၏။ သင်၌ ငါသည် ရန်ငြိုးဖွဲ့ခြင်းသည် မရှိဟု ဆိုသည်ရှိသော် အရှင်ဘုရာ... အရှင်ဘုရားတို့သည် အကယ်၍ သည်းခံတော်မူကုန်အံ့၊ အကျွန်ုပ်နှင့်တကွ ရထားစီး၍ ကြွတော်မူကုန်လော့၊ မြို့သို့ရောက်သောကာလ အကျွန်ုပ်အိမ်၌ရှိသော အလုံးစုံသောဥစ္စာကို အရှင်ဘုရားတို့အား ပေးအံ့ ဟုဆို၏။

ရသေ့ မလိုက်ပြီ

သူဌေးသားသည် ထိုပြည့်တန်ဆာမ၏ စကားကို ကြား၍ ရှင်မ ယခု ငါသည် သင်နှင့်တကွ သွားအံ့သောငှာ မတတ်ကောင်း၊ အကြင်အခါ၌ ဤလောက၌ မဖြစ်ရာသော ဝတ္ထုသည် ဖြစ်ငြားအံ့၊ ထိုအခါ လာနိုင်အံ့လည်း မသိ ဟု ဆိုလို၍-

၇၇။ ဂင်္ဂါ ကုမုဒိနီ သန္တာ၊ သင်္ခဝဏ္ဏာ စ ကောကိလာ။
ဇမ္ဗူ တာလဖလံ ဒဇ္ဇာ၊ အထ နူန တဒါ သိယာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၇၇။ ဘဒ္ဒေ၊ နှမ ယဒါ၊ အကြင်အခါ၌။ ဂင်္ဂါ၊ မြစ်တို့သည်။ ကုမုဒိနီ၊ ကုမုဒြာကြာတို့ဖြင့် ဖုံးလွှမ်းကုန်လျက်။ သန္တာ၊ မစီးမသွား ငြိမ်သက်စွာ တည်ကုန်သည်။ သိယုံ၊ ဖြစ်ကုန်ရာ၏။ ကောကိလာစ၊ ဥဩတို့သည်လည်း။ သင်္ခဝဏ္ဏာ၊ ခရုသင်းကဲ့သို့ ဖြူသောအဆင်း ရှိကုန်သည်။ သိယုံ၊ ဖြစ်ကုန်ရာ၏။ ဇမ္ဗူ စ၊ သပြေပင်သည်လည်း။ တာလဖလံ ဒဇ္ဇာ၊ ထန်းသီး သီးရာ၏။ အထ၊ ထိုသို့ ဖြစ်လတ်သော်။ တဒါ၊ ထိုအခါ၌။ အမှာကံ၊ ငါတို့၏။ သမာဂမော၊ ပေါင်းဖော်ခြင်းသည်။ သိယာ နူနု၊ ဖြစ်ငြားအံ့လည်းမသိ။

ဘယ်တော့မှ မလိုက်ပြီ

ဤသို့ ဆို၍လည်း တစ်ဖန် ပြည့်တန်ဆာမသည် အရှင်ဘုရား လာလော့၊ သွားကုန်အံ့ဟု ဆိုသည်ရှိသော် သွားကုန်အံ့ဟု ဆို၍ အဘယ်အခါ၌ သွားကုန်အံ့နည်း ဟု မေးသောအခါ “ဤ မည်သောအခါ၌ သွားကုန်အံ့ ဟု ဆိုလို၍ -

၇၈။ ယဒါ ကစ္ဆပလောမာနံ၊ ပါဝါရော တိဝိဓော သိယာ။
ဟေမန္တိကံ ပါဝုရဏံ၊ အထ နူန တဒါ သိယာ။
၇၉။ ယဒါ မကသပါဒါနံ၊ အဋ္ဋာလော သုကတော သိယာ။
ဒဠှော စ အဝိကမ္ပိ စ၊ အထ နူန တဒါ သိယာ။
၈၀။ ယဒါ သသဝိသာဏာနံ၊ နိဿေဏီ သုကတာ သိယာ။
သဂ္ဂဿာရောဟနတ္ထာယ၊ အထ နူန တဒါ သိယာ။
၈၁။ ယဒါ နိဿေဏိ မာရုယှ၊ စန္ဒံ ခါဒေယျုံ မူသိကာ။
ရာဟုဉ္စ ပရိပါတေယျုံ၊ အထ နူန တဒ့သိယာ။
၈၂။ ယဒါ သုရာဃဋံ ပိတွာ၊ မက္ခိကာ ဂဏစာရိနီ။
အင်္ဂါရေ ဝါသံ ကပ္ပယျုံ၊ အထ နူန တဒါ သိယာ။
၈၃။ ယဒါ ဗိမ္ဗောဋ္ဌသမ္ပန္နော၊ ဂဒြဘော သုမုခေါ သိယာ။
ကုသလော နိစ္စဂီတဿ၊ အထ နူန တဒါ သိယာ။
၈၄။ ယဒါ ကာကာ ဥလူကာ စ၊ မန္တယေယျုံ ရဟောဂတာ။
အညမညံ ပိဟယေယျုံ၊ အထ နူန တဒါ သိယာ။
၈၅။ ယဒါ မုဠာလပတ္တာနံ၊ ဆတ္တံ ထိရတရံ သိယာ။
ဝဿဿ ပဋိဃာတာယ၊ အထ နူန တဒါ သိယာ။
၈၆။ ယဒါ ကုလကော သကုဏော၊ ပဗ္ဗတံ ဂန္ဓမာဒနံ။
တုဏ္ဍေနာဒါယ ဂစ္ဆေယျ၊ အထ နူန တဒါ သိယာ။
၈၇။ ယဒါ သာမုဒ္ဒိကံ နာဝံ၊ သယန္တံ သဝဋာကရံ။
စေဋော အာဒါယ ဂစ္ဆေယျ၊ အထ နူန တဒါ သိယာ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၇၈။ ဘဒ္ဒေ၊ နှမ။ ယဒါ၊ အကြင်အခါ၌။ ကစ္ဆပလောမာနံ၊ လိပ်မွေးတို့၏။ တိဝိဓော၊ သုံးပါးအပြားရှိသော။ ပါဝါရော၊ လိပ်မွေးပန်းပွင့်ဖြင့် ရက်အပ်သောအာရုံ, လိပ်မွေးသက်သက်ဖြင့်သာ ရက်အပ်သောအာရုံ, ထိုဆိုအပ်ခဲ့ပြီးသော နှစ်ပါးစုံဖြင့် ရက်အပ်သော အာရုံသည်။ သိယာ၊ ဖြစ်ရာ၏။ ဟေမန္တိကံ ပါဝုရဏံ၊ ဆောင်းကာလ၌ ခြုံခြင်းငှာ တက်ကောင်းသည်။ သိယာ၊ ဖြစ်ရာ၏။ အထ၊ ထိုသို့ဖြစ်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ မမ၊ ငါ၏။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ နူန ဧကံသေန၊ စင်စစ်သဖြင့်။ သံသဂ္ဂေါ၊ ပေါင်းဖော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

၇၉။ ဘဒ္ဒေ၊ နှမ။ ယဒါ၊ အကြင်အခါ၌။ မကသပါဒါနံ၊ မှက်ခြင်တို့၏ခြေတို့ဖြင့်။ သုကတော၊ တက်၍စစ်ထိုးခြင်းငှာ ခံအောင် ကောင်းစွာပြုအပ်သော။ အဋ္ဋာလော၊ ပြအိုးပစ္စင်သည်။ ဒဠှော စ၊ ခိုင်ခံ့သည်လည်းကောင်း။ အဝိကမ္ပိ စ၊ မတုန်မလှုပ်ခြင်းသည်လည်းကောင်း။ သိယာ၊ ဖြစ်ရာ၏။ အထ၊ ထိုသို့ဖြစ်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ မမ၊ ငါ၏။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ နူန ဧကံသေန၊ စင်စစ်သဖြင့်။ သံသဂ္ဂေါ၊ ပေါင်းဖော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

၈၀။ ဘဒ္ဒေ၊ နှမ။ ယဒါ၊ အကြင်အခါ၌။ သဂ္ဂဿ၊ နတ်ပြည်သို့။ အာရောဟနတ္ထာယ၊ တက်အံ့သောငှာ။ သသဝိသာဏာနံ၊ ယုန်ချိုတို့ဖြင့်။ နိဿေဏီ၊ စောင်းတန်းလှေကားကို။ သုကတာ၊ ကောင်းစွာ ပြုအပ်သည်။ သိယာ၊ ဖြစ်ရာ၏။ အထ၊ ထိုသို့ဖြစ်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ မမ၊ ငါ၏။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ နူန ဧကံသေန၊ စင်စစ်သဖြင့်။ သံသဂ္ဂေါ၊ ပေါင်းဖော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

၈၁။ ဘဒ္ဒေ၊ နှမ။ ယဒါ၊ အကြင်အခါ၌။ မူသိကာ၊ ကြွက်တို့သည်။ နိဿေဏိံ၊ ယုန်ချို စောင်းတန်း လှေကားသို့။ အာရုယှ၊ တက်၍။ စန္ဒံ၊ လကို။ ခါဒေယျုံ၊ ခဲကုန်ရာ၏။ ရာဟု၊ ရာဟုကိုလည်း။ ပရိပါတေယျုံ၊ ပြေးစေကုန်ရာ၏။ အထ၊ ထိုသို့ဖြစ်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ မမ၊ ငါ၏။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ နူန ဧကံသေန၊ စင်စစ်သဖြင့်။ သံသဂ္ဂေါ၊ ပေါင်းဖော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

၈၂။ ဘဒ္ဒေ၊ နှမ။ ယဒါ၊ အကြင်အခါ၌။ ဂဏစာရိနီ၊ တစ်ပေါင်းတစ်စုတည်း ကျက်စားကုန်သော။ မက္ခိကာ၊ ယင်တို့သည်။ သုရာဃဋံ၊ တစ်လုံးတစ်လုံးစီသော သေအိုးကို။ ပိတွာ၊ သောက်၍။ မဒ္ဒါ၊ ယစ်ကုန်သည်ဖြစ်၍။ အင်္ဂါရေ၊ မီးကျီး၌။ ဝါသံ၊ နေခြင်းကို ကပ္ပေယျုံ၊ ပြုနိုင်ကုန်ရာ၏။ အထ၊ ထိုသို့ဖြစ်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ မမ၊ ငါ၏။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ နူန ဧကံသန၊ စင်စစ်သဖြင့်။ သံသဂ္ဂေါ၊ ပေါင်းဖော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

၈၃။ ဘဒ္ဒေ၊ နှမ။ ယဒါ၊ အကြင်အခါ၌။ ဗိမ္မောဋ္ဌသမ္ပန္နော၊ ကျီးအာသီးမှည့်နှင့်တူသော နှုတ်ခမ်းနှင့်ပြည့်စုံသော။ သုမုခေါ၊ ကောင်းသော မျက်နှာရှိသော။ ဂဒြဘော၊ မြည်းသည်။ နစ္စဂီတဿ၊ ကခြင်းသီခြင်း၌။ ကုသလော၊ လိမ္မာသည်။ သိယာ၊ ဖြစ်ရာ၏။ အထ၊ ထိုသို့ဖြစ်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ မမ၊ ငါ၏။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ နူန ဧကံသေန၊ စင်စစ်သဖြင့်။ သံသဂ္ဂေါ၊ ပေါင်းဖော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

၈၄။ ဘဒ္ဒေ၊ နှမ။ ယဒါ၊ အကြင်အခါ၌။ ကာကာ စ၊ ကျီးတို့သည်လည်းကောင်း။ ဥလူကာ စ၊ ခင်ပုပ်တို့သည်လည်းကောင်း။ ရဟောဂတာ၊ ဆိတ် ကွယ်ရာအရပ်သို့ ကပ်ကုန်၍။ မန္တယေယျုံ၊ တိုင် ပင်ကုန်ရာ၏။ အညမညံ၊ အချင်းချင်း။ ပိဟယေယျ၊ ချစ်ကုန်ရာ၏။ အထ၊ ထိုသို့ဖြစ်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ မမ၊ ငါ၏။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ နူန ဧကံသေန၊ စင်စစ်သဖြင့်။ သံသဂ္ဂေါ၊ ပေါင်းဖောင်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

၈၅။ ဘဒ္ဒေ၊ နှမ။ ယဒါ၊ အကြင်အခါ၌။ ဝဿဿ၊ မိုးကို။ ပဋိဃာတာယ၊ ကွယ်အံ့သောငှာ။ မူဠာလပတ္တာနံ၊ ကြာရွက်တို့၏။ ဆတ္တံ၊ ထီးသည်။ ထိရတရံ၊ အလွန်ခိုင်ခံ့သည်။ သိယာ၊ ဖြစ်ရာ၏။ အထ၊ ထိုသို့ဖြစ်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ မမ၊ ငါ၏။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ၊ နူန ဧကံသေန၊ စင်စစ်သဖြင့်။ သံသဂ္ဂေါ၊ ပေါင်းဖော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

၈၆။ ဘဒ္ဒေ၊ နှမ။ ယဒါ၊ အကြင်အခါ၌။ ကုလကော၊ အမျိုးငယ်သော။ သကုဏော၊ ငှက်သည်။ ဂန္ဓမာဒနပဗ္ဗတံ၊ ဂန္ဓမာဒနတောင်ကို။ တုဏ္ဍေန၊ နှုတ်သီးဖြင့်။ အာဒါယ၊ ချီ၍။ ဂစ္ဆေယျ၊ ပျံသွားရာ၏။ အထ၊ ထိုသို့ဖြစ်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ မမ၊ ငါ၏။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ နူန ဧကံသေန၊ စင်စစ်သဖြင့်။ သံသဂ္ဂေါ၊ ပေါင်းဖော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

၈၇။ ဘဒ္ဒေ၊ နှမ။ ယဒါ၊ အကြင်အခါ၌။ စေဋော၊ သူငယ်သည်။ သာမုဒ္ဒိကံ၊ သမုဒ္ဒရာ၌ပြေးသော။ သယန္တံ၊ ယန္တရားနှင့် တကွသော။ သဝဋာကရံ၊ တံခွန်နှင့်တကွ ခပ်သိမ်းသော အဆောက်အဦနှင့် ယှဉ်သော။ နာဝံ၊ လှေကြီးကို။ အာဒါယ၊ လက်ဖြင့်ယူ၍။ ဂစ္ဆေယျ၊ သွားနိုင်ရာ၏။ အထ၊ ထိုသို့ဖြစ်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ မမ၊ ငါ၏။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ နူနံ ဧကံသေန၊ စင်စစ်သဖြင့်။ သံသဂ္ဂေါ၊ ပေါင်းဖော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

ဤသို့ ဘုရားလောင်းသည် မဖြစ်နိုင်ရာသည်ကို ကြံ၍ ဤတစ်ဆယ့်တစ်ဂါထာတို့ကို ဆို၏။ ထိုစကားကိုကြား၍ ပြည့်တန်ဆာမသည် ဘုရားလောင်းကို ကန်တော့၍ မြို့သို့သွား၍ မင်းအား ထိုအကြောင်းကိုကြား၍ မိမိ၏ အသက်ကို တောင်းယူ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့.မာတုဂါမတို့မည်သည်ကား ဤသို့ ကျေးဇူးကို မသိဘတ်၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်၏ ဟု မိန့်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည် အဆုံး၌ ငြီးငွေ့သောရဟန်းသည် သောတာတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား- ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဖူးပြီ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ဝိပဿနာ၊ တရားသာ၊ ရောက်ရာနိဗ္ဗူတာ

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော အဋ္ဌာနဇာတ်သည် ပြီး၏။

*****

အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၁၀။ ဒီပိဇာတ်

အပြစ်ရှာသူတို့ထံ၌ သာယာသောစကားသည် အကျိုးမရှိ

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ခမနီယံ ယာပနီယံ အစရှိသော ဂါထာပုဒ်ဖြင့် တန် ဆာဆင်အပ်သော ဤဒီပိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တစ်ခုသော ဆိတ်ကုလားမကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... တစ်ပါးသောအခါ၌ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် တောင်တို့သည် ခြံရံအပ်သော တစ်ခုသောတံခါးရှိသော ဂိရိဗ္ဗဇကျောင်း၌ သီတင်းသုံးနေတော်မူစဉ် တံခါး၏ အနီး၌ စင်္ကြံသည် ရှိ၏။

ယောက်ျားတို့အမှုဖြင့်

ထိုအခါ ဆွတ်ကုလားတို့သည် ဤအရပ်၌ ကျက်စားကုန်၏ဟု ဆိတ်ကျောင်းတို့သည် ဆိုတ်ကုလားအပေါင်းကို တောင်ခြံအတွင်းသို့ သွင်း၍ ကစားလျက် နေကုန်၏။ ထိုဆိတ်ကျောင်းတို့သည် တစ်နေ့သ၌ ညချမ်းအခါ လာလတ်၍ ဆိတ်ကုလားတို့ကိုလိုက်၍ သွားကုန် သည်ရှိသော် တစ်ခုသော ဆိတ်ကုလားမသည် အဝေး၌ ကျက်စားရကား ထွက်ကုန်သော ဆိတ်ကုလားတို့ကို မမြင်၍ ကျန်ရစ်၏။ နောက် မှ ထွက်သော ထိုဆိတ်ကုလားမကို တစ်ခုသော သစ်သည် မြင်၍ ထိုဆိတ်ကုလားမကို စားအံ့ ဟု တောင်ခြံတံခါး၌ ရပ်၏။ ထိုဆိတ်ကုလားမသည်လည်း ထိုမှဤမှ ကြည့်လတ်သော် ထိုသစ်ကိုမြင်၍ ဤသစ်သည် ငါ့ကိုသတ်၍ စားလိုသည်၏အဖြစ်ကြောင့် ရပ်၏။ ငါသည်လည်း ပြေးအံ့၊ ငါ၏အသက်သည် မရှိပြီ၊ ယနေ့ ငါသည် ယောကျ်ားတို့ပြုအပ်သောအမှုကို ပြုခြင်းငှာ သင့်၏ဟု ကြံ၍ ဦးချိုတို့ကို ချီမြောက်၍ သစ်ရှိရာသို့ ရှေးရှု လျင်မြန်သော အဟုန်ဖြင့် ပြေး၍ သစ်သည် ဤမှ ဖမ်းအံ့၊ ဤမှ ဖမ်းအံ့ဟု လုံ့လ ပြုစဉ်လျင် တောသို့ဝင်၍ လျင်မြန်သောအဟုန်ဖြင့် ပြေး၍ ဆိတ်ကုလားတို့၏ အတွင်းသို့ ဝင်၏။

အန္တရာယ်ကင်းပြီ

ထိုအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် ထိုဆိတ်ကု လားမ သစ်တို့၏အမှုကို မြင်၍ နက်ဖြန်သွား၍ သဗ္ဗညူ မြတ်စွာဘုရားအား လျောက်၏။ ဘုန်းတော်ကြီးသောအရှင်ဘုရား ဤသို့ ထိုဆိတ်ကုလားမသည် အကြောင်း၌ လိမ္မာသည်၏အဖြစ်ကြောင့် သစ်မှ လွတ်၏ ဟု ဆို၏။ သဗ္ဗညူ မြတ်စွာဘုရားသည် မောဂ္ဂလာန် ထိုသစ်သည် ယခုအခါ၌ကား ထိုဆိတ်ကုလားမကို ဖမ်းအံ့သောငှာ မတတ်နိုင်။ ရှေး၌ကား မြည်တမ်းစဉ်လျှင် စားဖူး၏ ဟု မိန့်တော်မူ၍ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် တောင်း ပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ မဂဓတိုင်း၌ ဘုရားလောင်းသည် တစ်ခုသော ရွာဝယ် များသော စည်းစိမ်ရှိသောအမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ကာမတို့ကိုပယ်၍ ရသေ့ရဟန်းပြု၍ ဈာန်အဘိညာဉ်ကို ဖြစ်စေ၍ ကြာမြင့်စွာ ဟိမ ဝန္တာ၌နေ၍ ချဉ်ဆားမှီဝဲအံ့သောငှာ ရာဇဂြိုဟ်ပြည်သို့သွား၍ ထိုဂိရိဗ္ဗဇ၌လျှင် သစ်ရွက်မိုးသောကျောင်းကို ဆောက်၍ နေ၏။ ရှေးနည်းဖြင့်လျှင် ဆိတ်ကျောင်းသားတို့သည် ဆိတ်ကုလားတို့ကို ကျောင်းကုန်လတ်သော် တစ်နေ့သ၌ ဤအတူလျှင် နောက်မှ ထွက်လာသော တစ်ခုသော ဆိတ်ကုလားမကို သစ်သည် စားအံ့ ဟု တံခါး၌ ရပ်၏။

ရန်သူကို ချော့မော့

ထိုဆိတ်ကုလားမသည် ထိုသစ်ကိုမြင်၍ ယနေ့ ငါ့ အသက်သည် မရှိရာ။ စင်စစ် ငါသည် အသက်အကျိုးငှာ လုံ့လပြုခြင်းငှာ သင့်၏။ တစ်ခုသောဥပါယ်ဖြင့် ဤသစ်နှင့်လျှင် သာယာစွာသော ပဋိသန္ထာရကို ပြု၍ ထိုသစ်၏ နှလုံးနူးညံ့ခြင်းကို ဖြစ်စေ၍ အသက်ကို စောင့်ရှောက်အံ့ ဟု ကြံ၍ အဝေးမှလျှင် ထိုသစ်နှင့်တကွ ပဋိသန္ထာရကို ပြုလျက်လာ၍ -

၈၈။ ခမနီယံ ယာပနီယံ၊ ကစ္စိ မာတုလ တေ သုခံ။
သုခံ တေ အမ္မာ အဝစ၊ သုခကာမာဝ တေ မယံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၈၈။ မာတုလ၊ ဦရီး။ တေ၊ သင့်အား။ ခမနီယံ ကစ္စိ၊ ကျန်းခံ့၏လော။ ယာပနိယံ ကစ္စိ၊ မျှတ၏လော။ သုခံ ကစ္စိ၊ ချမ်းသာ၏လော။ အမ္မာ၊ အကျွန်ုပ်အမိသည်။ တေ၊ သင်၏။ သုခံ၊ ချမ်းသာကို။ ဣစ္ဆေယျာမိ၊ အလိုရှိ၏ဟူ၍။ အဝစ၊ ဆို၏။ မယံ၊ အကျွန်ုပ်တို့သည်။ တေ၊ သင်၏။ သုခကာမာဝ၊ ချမ်းသာကို အလိုရှိသည်သာလျှင် ဖြစ်ကုန်၏။

အပြစ်ရှာ

ထိုစကားကိုကြား၍ သစ်သည် ဤဆိတ် ကုလားမသည် ငါ့ကို ဦးရီးဟူသော စကားဖြင့် လှည့်စားလို၏။ ငါ၏ ကြမ်းကြုတ်သော အဖြစ်ကို မသိ ဟု ကြံ၍-

၈၉။ နင်္ဂုဋ္ဌံ မေ အဝက္ကမ္မ၊ ဟေဌယိတွာန ဧဠိကေ။
သာဇ္ဇ မာတုလဝါဒေန၊ မုဉ္စိတဗ္ဗာ နု မညသိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၈၉။ ဧဠိကေ၊ ဆိတ်ကုလားမ။ တွံ၊ သင်သည်။ မေ၊ ငါ၏။ နင်္ဂုဋ္ဌံ၊ အမြီးကို။ အဝက္ကမ္မ၊ နင်း၍။ ဟေဌယိတွာန၊ ပုတ်ခတ်၍။ အာဂစ္ဆသိ၊ လာ၏။ သာ တွံ၊ ထိုသင်သည်။ အဇ္ဇ၊ ယနေ့။ မာတုလဝါဒေန၊ ဦးရီးဟု ခေါ်ဝေါ်သဖြင့်။ မုဉ္စိတဗ္ဗာ၊ လွတ်ရာ၏ ဟူ၍။ မညသိ နု၊ အောက်မေ့သလော။

သင့်အမြီး ငါမနင်း

ထိုစကားကိုကြား၍ ဆိတ်ကုလားမသည် ဦးရီး ဤသို့ မဆိုလင့် ဟု-

၉၀။ ပုရတ္ထာမုခေါ နိသိန္နာသိ၊ အဟံ တေ မုခမာဂတာ။
ပစ္ဆတော တုယှံ နင်္ဂုဋ္ဌံ၊ ကထံ ခွါဟံ အဝက္ကမိံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကိုဆို၏။

၉၀။ မာတုလ၊ ဦးရီး။ တွံ၊ သင်သည်။ ပုရတ္ထာမုခေါ၊ အရှေ့သို့ မျက်နှာပြု၍။ နိသိန္နော၊ နေသည်။ အသိ၊ ဖြစ်၏။ အဟံ၊ ငါသည်။ တေ၊ သင်၏။ မုခံ၊ ရှေ့မျက်နှာသို့။ အဂတာ၊ လာ၏။ အဟံ၊ ငါသည်။ တုယှံ၊ သင်၏။ ပစ္ဆတော၊ နောက်မှ။ ဌိတံ၊ တည်သော။ နင်္ဂုဋ္ဌံ၊ အမြီးကို။ ကထံ ခေါ အဝက္ကမိံ၊ အသို့လျှင် နင်းအံ့နည်း။

ငါ့အမြီး အလွန်ရှည်

ထိုအခါ ထိုဆိတ်ကုလားမကို သစ်သည် ဆိတ်ကုလားမ သင်သည် အဘယ်သို့ ဆိုသနည်း၊ ငါ့အမြီး၏ မတည်ရာ အရပ်မည်သည်ကား မရှိဟု ဆိုလို၍-

၉၁။ ယာဝတာ စတုရော ဒီပါ၊ သသမုဒ္ဒါ သပဗ္ဗတာ။
တာဝတာ မယှံ နင်္ဂုဋ္ဌံ၊ ကထံ ခေါ တွံ ဝိဝဇ္ဇယိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၉၁။ ဧဠိကေ၊ ဆိတ်ကုလားမ။ ယာဝတာ၊ အကြင် မျှလောက်ကုန်သော။ သသမုဒ္ဒါ၊ သမုဒ္ဒရာနှင့် တကွကုန်သော။ သပဗ္ဗတာ၊ တောင်နှင့်တကွကုန်သော။ စတုရော ဒီပါ၊ ကျွန်းကြီး လေးကျွန်းတို့သည်။ သန္တိ၊ ရှိကုန်၏။ တာဝတာ တတ္တကံ ဌာနံ၊ ထိုမျှလောက်သော အရပ်ကို။ မယှံ၊ ငါ၏။ နင်္ဂုဋ္ဌံ၊ အမြီးသည်။ ပရိက္ခိပိတွာ၊ ရံ၍။ ဂတံ၊ တည်၏။ တွံ၊ သင်သည်။ ကထံ ခေါ၊ အသို့လျှင်။ ဝိဝဇ္ဇယိ၊ ရှောင်ကြဉ်အံ့နည်း။

ငါက ကောင်းကင်ကလာတာ

ဆိတ်ကူလားမသည် ထိုစကားကိုကြား၍ ယုတ်မာစွာသော ဤသစ်သည် သာယာသော စကား၌ မကပ်ငြိ၊ ဆန့်ကျင်ဘက် ဖြစ်၍ ထိုသစ်အား ဆိုအံ့ဟု-

၉၂။ ပုဗ္ဗေဝ မေ တမက္ခိံသု၊ မာတာ ပိတာ စ ဘာတရော။
ဒီဃံ ဒုဋ္ဌဿ နင်္ဂုဋ္ဌံ၊ သာမှိ ဝေဟာယသာ ဂတာ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၉၂။ ပုဗ္ဗေဝ၊ ရှေး၌လျှင်။ မာတာ စ၊ အမိသည်လည်းကောင်း။ ပိတာ စ၊ အဘသည်လည်းကောင်း။ ဘာတရော စ၊ မောင်တို့သည်လည်းကောင်း။ ဒုဋ္ဌဿ၊ ပြစ်မှားသောသစ်၏။ နင်္ဂုဋ္ဌံ၊ အမြီးသည်။ ဒီဃံ၊ ရှည်၏ဟူ၍။ ဧတံ ဝစနံ၊ ထိုစကားကို။ မေ၊ ငါအား။ အက္ခိံသု၊ ပြောကြားဖူးကုန်၏။ သာ အဟံ၊ ထိုငါသည်။ ဝေဟာယသံ၊ ဝေဟာယသေန၊ ကောင်းကင်ဖြင့်။ အာဂတာ၊ လာသည်။ အမှိ၊ ဖြစ်၏။

ငါ့အစာတွေ ထွက်ပြေးကြ

ထိုအခါ ဆိတ်ကုလားမ ကောင်းကင်ဖြင့်လာသော သင့်ကိုမြင်၍ သားအပေါင်းတို့သည် ပြေးလေပြီ၊ သင်သည် ငါ၏ အစာကို ဖျက်ဆီးအပ်၏ဟု-

၉၃။ တဉ္စ ဒိသွာန အာယန္တိံ၊ အန္တလိက္ခသ္မိ ဧဠိကေ။
မိဂသံဃော ပလာယိတ္ထ၊ ဘက္ခော မေ နာသိတော တယာ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကိုဆို၏။

၉၃။ ဧဠိကေ၊ ဆိတ်ကုလားမ။ အန္တလိက္ခသ္မိံ၊ ကေင်းကင်၌။ အာယန္တိံ၊ လာသာ။ တဉ္စ၊ သင့်ကိုလျှင်။ ဒိသွာန၊ မြင်၍။ မိဂသံဃော၊ သားအပေါင်းသည်။ ပလာယိတ္ထ၊ ပြေးပြီ။ တယာ၊ သင်သည်။ မေ၊ ငါ၏။ ဘက္ခော၊ အစာကို။ နာသိတော၊ ဖျက်ဆီးအပ်၏။

အစားခံရပြီ

ဆိတ်ကုလားမသည် ထိုစကားကိုကြား၍ သေဘေးဖြင့် ကြောက်၍ တစ်ပါးသော အကြောင်းကို ဆောင်အံ့သောငှာ မတတ်နိုင်ရကား

ဦးရီး... ဤသို့သဘောရှိသော ကြမ်းကြုတ်သော အမှုကို မပြုလင့်၊ ငါ့အား အသက်ကိုပေးလော့ဟု မြည်တမ်း၏။ သစ်သည်လည်း ထိုဆိတ်ကုလားမ မြည်တမ်းစဉ်လျှင် လည်၌ ကိုက်သတ်၍ စား၏။

သဗ္ဗညူမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ရဟန်းတို့အား ဆုံးမလိုရကား-

၉၄။ ဣစ္စေဝံ ဝိလပန္တိယာ၊ ဧဠကိယာ ရုဟဂ္ဃသော။
ဂလကံ အနွာဝမဒ္ဒိ၊ နတ္ထိ ဒုဋ္ဌေ သုဘာသိတံ။
၉၅။ နေဝ ဒုဋ္ဌေ နယော အတ္ထိ၊ န ဓမ္မော န သုဘာသိတံ။
နိက္ကမံ ဒုဋ္ဌေ ယုဉ္ဇေထ၊ သော စ သဗ္ဘိံ န ရဉ္ဇတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

၉၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ရုဟဂ္ဃသော၊ သတ္တဝါတို့၏ အသွေးအသားကို သောက်စားတတ်သော။ ဒီပိ၊ သစ်သည်။ ဣစ္စေဝံ၊ ဤသို့။ ဝိလပန္တိယာ၊ မြည်တမ်းစဉ်။ ဧဠကိယာ၊ ဆိတ်ကုလားမ၏။ ဂလကံ၊ လည်ကို။ အနွာဝမဒ္ဒိ၊ ကိုက်ဝါး၏။ ဒုဋ္ဌေ၊ ပြစ်မှားတတ်သောသူ၌။ သုဘာသိတံ၊ စကားဆိုကျိုးသည်။ နတ္ထိ၊ မရှိ။

၉၅။ ဒုဋ္ဌေ၊ ပြစ်များတတ်သောသူ၌။ နယော၊ အကြောင်းသည်။ နေဝ အတ္ထိ၊ မရှိသလျှင်ကတည်း။ ဓမ္မော၊ သဘောသည်။ န အတ္ထိ၊ မရှိသလျှင်ကတည်း။ သုဘာသိတံ၊ စကားကောင်းသည်။ န အတ္ထိ၊ မရှိသလျှင်ကတည်း။ ဒုဋ္ဌေ၊ ပြစ်မှာတတ်သောသူ၌။ နိက္ကမံ၊ လုံ့လကို။ ယုဉ္ဇေထ၊ အားထုတ်ရာ၏။ သော စ၊ ထိုပြစ်မှားတတ်သော သူသည်ကား။ သဗ္ဘိံ၊ စကားကောင်းကို။ န ရဉ္ဇတိ၊ မချစ်။

ရသေ့သည် ထိုဆိတ်ကုလားမ သစ်တို့၏ အမူအရာအလုံးစုံကို မြင်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်ဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဆိတ်ကုလားမသည် ထိုအခါ ဆိတ်ကုလားမ ဖြစ်ဖူးပြီ၊ ယခုအခါ သစ်သည် ထိုအခါ သစ်ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

အပြစ်ရှာနေ၊ သူ့ထံဖြေ၊ ဆင်ခြေမဆိုရာ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဒီပိဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၁။ ဂိဇ္စျဇာတ်

မိဘစကားကို နားမထောင်၍ ပျက်စီးရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ပရိသင်္ကုပထော နာမ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂိဇ္စျဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆိုနိုင်ခက်သော ရဟန်းတစ်ပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... တစ်ဦးသော အမျိုးသားဖြစ်သော ရဟန်းသည် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ အကျိုးစီးပွားကို အလိုရှိသော ဆရာဥပဇ္ဈာယ်တို့သည်လည်းကောင်း၊ သီတင်းသုံးဖော်တို့သည်လည်းကောင်း သင်သည် ဤသို့ တက်အပ်၏။ ဤသို့ ဆုတ်အပ်၏။ ဤသို့ တူရူကြည့်အပ်၏။ ဤသို့ တစောင်းကြည့်အပ်၏။ ဤသို့ ကွေးအပ်၏။ ဤသို့ ဆန့်အပ်၏။ ဤသို့ ဝတ်အပ်၏။ ဤသို့ ရုံအပ်၏။ ဤသို့ သပိတ်ကို ကိုင်အပ်၏။ မျှလောက် ရုံသော ဆွမ်းကိုခံ၍ ပစ္စဝေက္ခဏာ ဆင်ခြင်၍။ လျှင် သုံးဆောင်အပ်၏။ ဣန္ဒြေတို့၌ စောင့်ရှောက်သော ဒွါရရှိသည် ဖြစ်ရာ၏။ ဘောဇဉ်၌ အတိုင်းအရှည်ကို သိသည်ဖြစ်ရာ၏။ နိုးခြင်း၌ လုံ့လပြုသည် ဖြစ်ရာ၏။ ဧည့်သည် အာဂန္တုကဝတ် မည်သည်ကို သိရာ၏။ ဓမ္မိကဝတ် မည်သည်ကို သိရာ၏။ ဤဝတ်တို့သည်ကား တစ်ဆယ့်လေးပါးကုန်သော ခန္ဓာကဝတ် ရှစ်ဆယ်ကုန်သော ဝတ်ကြီးတို့တည်း၊ ထိုဝတ်တို့၌ သင်သည် ကောင်းစွာကျင့်အပ်၏။ ဤဓုတင်တို့မည်သည် တစ်ဆယ့်သုံးပါးတို့တည်း၊ ထိုတစ်ဆယ့်သုံးပါးသော ဓုတင်တို့ကို ကောင်းစွာ ဆောက် တည်၍ ကျင့်အပ်၏ ဟု ဆုံးမအပ်သည်ရှိသော် ဆိုနိုင်ခက်၏။ သည်းမခံ၊ အဆုံးအမကို ရိုသေသဖြင့် မယူ။ ငါသည် သင်တို့ကို မဆို၊ ငါ့ကို သင်တို့သည် မဆိုကုန်လင့်။ ငါသည်သာလျှင် ငါ၏ အကျိုးစီးပွားကိုလည်းကောင်း၊ အကျိုးမဲ့ကိုလည်းကောင်း ပြုအံ့ဟု မိမိကိုယ်ကို ဆုံးမအပ်သည်ကိုပြု၏။ ထိုအခါ ထိုရဟန်း၏ ဆုံးမခက်သည်၏အဖြစ်ကို သိ၍ ရဟန်းတို့သည် တရား သဘင်၌ ထိုရဟန်း ကျေးဇူးမဲ့စကားကို ဆိုလျက် နေကုန်၏။ သဗ္ဗညူ မြတ်ဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ထိုရဟန်းကို ခေါ်တော်မူစေ၍ ရဟန်း... သင်သည် ဆိုနိုင်ခက်သောဟူသည် မှန်သလော ဟု မေးတော်မူ၍ မှန်ပေ၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း... အဘယ့်ကြောင့် သင်သည် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ အကျိုးစီးပွားကို အလိုရှိကုန်သော သူတို့၏စကားကို နားမထောင်လေသနည်း၊ သင်သည် ရှေး၌လည်း ပညာရှိတို့၏ စကားကို နားမထောင်မူ၍ ဝေရမ္ဘလေဦး၌ မှုန့်မှုန့်ညက်ညက် ကြေဖူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဂိဇ္ဈကုဋ်တောင်၌ ဘုရားလောင်းသည် လင်းတမျိုး၌ ဖြစ်၏။ ဘုရားလောင်း၏ သားသည် သုပတ္တမည်သော လင်းတမင်းတည်း။ ထိုလင်းတမင်းသည် အထောင်မကသော လင်းတအခြံအရံ ရှိ၏။ အားနှင့် ပြည့်စုံ၏။ မိဘတို့ကို မွေး၏။ အားနှင့် ပြည့်စုံသည်၏ အဖြစ်ကြောင့် အလွန်ဝေးသောအရပ်သို့ ပျံ၏။

မိဘစကား နားမထောင်

ထိုအခါ သုပတ္တလင်းတကို အဘသည် အမောင် ဤမည်သော အရပ်ကိုလွန်၍ မသွားအပ်ဟု ဆုံးမ၏။ ထို သုပတ္တလင်းတသည်လည်းကောင်းပြီဟု ဝန်ခံ၍ တစ်နေ့သ၌ မိုးရွာပြီးသည်ရှိသော် လင်းတတို့နှင့်တကွ ပျံ၍ ကြွင်းသောလင်းတတို့ကိုထား၍ အလွန်မြင့်သော အရပ်သို့ ပျံသွား၍ ဝေရမ္ဘလေဦးသို့ ရောက်၍ မှုန့်မှုန့်ညက်ညက် ကြေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုအကြောင်းကို ပြတော်မူလိုရကား ဘုရား ဖြစ်တော်မူပြီး၍ -

။ ပရိသင်္ကုပထော နာမ၊ ဂိဇ္ဈပန္ထော သနန္တနော။
တတြာသိ မာတာပိတရော၊ ဂိဇ္ဈော ပေါသေသိ ဇိဏ္ဏကေ။
တေသံ အဇဂရမေဒံ၊ အစ္စဟာသိ ဗဟုတ္တသော။
။ ပိတာ စ ပုတ္တံ အဝစ၊ ဇာနံ ဥစ္စံ ပပါတိနံ။
သုပတ္တံ ထာမသမ္ပန္နံ၊ တေဇဿိံ ဒူရဂါမိနံ။
။ ပရိပ္လဝန္တံ ပထဝိံ၊ ယဒါ တာတ ဝိဇာနဟိ။
သာဂရေန ပရိက္ခိတ္တံ၊ စက္ကံဝ ပရိမဏ္ဍလံ။
တတော တာတ နိဝတ္တဿု၊ မာဿု ဧတ္တော ပရံ ဂမိ။
။ ဥဒပတ္တောသိ ဝေဂေန၊ ဗလီ ပက္ခီ ဒိဇုတ္တမော။
ဩလောကယန္တော ဝက္ကင်္ဂေါ၊ ပဗ္ဗတာနိ ဝနာနိ စ။
။ အဒ္ဒဿ ပထဝိံ ဂိဇ္ဈော၊ ယထာ သာသိ ပိတုဿုတံ။
သာဂရေန ပရိက္ခတ္တံ၊ စက္ကံဝ ပရိမဏ္ဍလံ။
။ တဉ္စ သော သမတိက္ကမ္မ၊ ပရမေဝစ္စဝတ္တထ။
တဉ္စ ဝါတသိခါ တိက္ခာ၊ အစ္စဟာသိ ဗလိံ ဒိဇံ။
။ နာသက္ခာတိ ဂတော ပေါသော၊ ပုနဒေဝ နိဝတ္တိတုံ။
ဒိဇော ဗျသနမာပါဒိ၊ ဝေရမ္ဘာနံ ဝသံ ဂတော။
။ တဿ ပုတ္တာ စ ဒါရာ စ၊ ယေ စညေ အနုဇီဝိနော။
သဗ္ဗေ ဗျသနမာပါဒုံ၊ အနောဝါဒကရေ ဒိဇေ။
။ ဧဝမ္ပိ ဣဓ ဝုဍ္ဎာနံ၊ ယော ဝါကျံ နာဝ ဗုဇ္ဈတိ။
အတိသီမစရော ဒိတ္တော၊ ဂိဇ္ဈော ဝါတီတသာသနော။
သ ဝေ ဗျသနံ ပပ္ပေါတိ၊ အကတွာ ဝုဍ္ဎသာသနံ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၁။ သနန္တနော၊ ရှေး၌ဖြစ်သော။ ပရိသင်္ကုပထော နာမ၊ ပရိသင်္ကုပထ မည်သော။ ဂိဇ္ဈပန္ထော၊ ဂိဇ္ဈတောင်ထိပ်၌ ခရီးသည်။ အတ္ထိ၊ ရှိ၏။ တတြ၊ ထိုဂိဇ္ဈာင်ထိပ် သင်္ကုမည်သော ခရီး၌။ ဂိဇ္ဈော၊ တစ်ခုသောလင်းတသည်။ အာသိ၊ ဖြစ်၏။ သော၊ ထိုလင်းတသည်။ ဇိဏ္ဏကေ၊ အိုကုန်သော။ မာတာပိတရော၊ မိဘတို့ကို။ ပေါပေသိ၊ မွေး၏။ သော၊ ထိုလင်းတသည်။ တေသံ၊ ထိုမိဘတို့၏။ အတ္ထာယ၊ အကျိုးငှာ။ အဇဂရမေဒံ၊ စပါးကြီးမြွေအဆီကို။ ဗဟုတ္တသော၊ များသောအားဖြင့်။ အစ္စာဟာသိ၊ အလွန်ဆောင်၏။

၂။ ပိတာ စ၊ အဖသည်လည်း။ ပုတ္တံ၊ သားကို။ ဥစ္စံ ပပါတိနံ၊ မြင့်စွာ ပျံသည်ကို။ ဇာနံ၊ သိလတ်၍။ သုပတ္တံ၊ သုပတ္တမည်သော။ ထာမသမ္ပန္နံ၊ အားနှင့်ပြည့်စုံသော။ တေဇဿိံ၊ ယောက်ျားတို့၏ အစွမ်းနှင့် ပြည့်စုံသော။ ဒုရဂါမိနံ၊ အဝေးသို့ သွားတတ်သော သားကို။

၃။ တာတ၊ အမောင်။ တွံ၊ သင်သည်။ ယဒါ၊ အကြင်အခါ၌။ ပထဝိံ၊ မြေကြီးကို။ ပရိပ္လဝန္တံ၊ ကြံရွက်ကဲ့သို့ ရေ၌ပေါ်သည်ကို။ ဝိဇာနာဟိ၊ သိအံ့။ သာဂရေန၊ သမုဒ္ဒရာသည်။ ပရိက္ခိတ္တံ၊ ထက်ဝန်း ကျင်မှ ခြံရံအပ်သော မြေကြီးကို။ ပရိမဏ္ဍလံ၊ ဝန်းသော။ စက္ကံဝ၊ စက်ကဲ့သို့။ ဝိဇာနဟိ၊ သိအံ့။ တတ၊ အမောင်။ တတော၊ ထိုအရပ်မှ။ နိဝတ္တ ဿု၊ ပြန်ခဲ့လော့။ ဧတ္တော၊ ထိုအရပ်ထက်။ ပရံ၊ အလွန်။ မာဿု ဂမိ၊ မပျံလင့်။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။

၄။ ဗလီ၊ အားနှင့်ပြည့်စုံသော။ ပက္ခီ၊ အတောင်ရှိသော။ ဒိဇုတ္တမော၊ လင်းတငှက်မင်းသည်။ ဝေဂေန၊ လျင်သောအဟုန်ဖြင့်။ ဥဒပတ္တော၊ အဖသည် ကြားအပ်သော အရပ်သို့ ရောက်သည်။ အသိ၊ ဖြစ်၏။ ဝက္ကင်္ဂေါ၊ လင်းတငှက်မင်းသည်။ ဩလောကယန္တော၊ အောက်သို့ ကြည့်လတ်သော် ပဗ္ဗတာနိ စ၊ တောင်တို့ကိုလည်းကောင်း။ ဝနာနိ စ၊ တောတို့ကိုလည်းကောင်း။ အဒ္ဒသ၊ မြင်၏။

၅။ ဂိဇ္ဈော၊ လင်းတသည်။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ ပိတုဿုတံ၊ အဖ၏ ဥစ္စာဖြစ်သော အဆုံးအမစကားကို ကြားသည်။ အသိ၊ ဖြစ်၏။ တထာ၊ ထိုသို့သော အခြင်းအရာအားဖြင့်။ သာဂရေန၊ သမုဒ္ဒရာသည်။ ပရိက္ခိတ္တံ၊ ခြံရံအပ်သော။ ပထဝိ့။ မြေကြီးကို။ ပရိမဏ္ဍလံ၊ ဝန်းသော၊ စက္ကဝ၊ စက်ကဲ့သို့။ အဒ္ဒသ၊ မြင်၏။

ဝေရမ္ဘလေ

၆။ သော၊ ထိုလင်းတမင်းသည်။ တဉ္စ၊ ထိုအရပ်ကိုလည်း။ သမတိက္ကမ္မ၊ လွန်၍။ ပရမေဝ၊ အထက်သို့သာလျှင်။ ပဝတ္တထ၊ ပျံ၏။ ဗလိံ၊ အားနှင့်ပြည့်စုံသော။ တဉ္စ ဒိဇံ၊ ထိုလင်းတငှက်မင်းကို။ တိက္ခာ၊ ထက်စွာသော။ ဝါတသိခါ၊ ဝေရမ္ဘလေညွန့်သည်။ အစ္စဟာသိ၊ မှုန့်မှုန့်ညက်ညက် ကြေစေလျက် ဆောင်၏။

၇။ အတိဂတော၊ အလွန်ပျံသွားသော။ ပေါသော၊ လင်းတငှက်မင်းသည်။ ပုနဒေဝ၊ တစ်ဖန်လျှင်။ နိဝတ္တိတုံ၊ ပြန့်လာအံ့သောငှာ။ နာသက္ခိ၊ မတတ်နိုင်။ ဝေရမ္ဘာနံ၊ ဝေရမ္ဘလေတို့၏။ ဝသံ၊ နိုင်ငံသို့။ ဂတော၊ ရောက်သော။ ဒိဇော၊ လင်းတငှက်မင်းသည်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ အာပါဒိ၊ ရောက်၏။

၈။ ဒိဇေ၊ လင်းတငှက်မင်းသည်။ အနောဝါဒကရေ၊ အဆုံးအမကို မလိုက်နာသည်ရှိသော်။ တဿ၊ ထိုလင်းတငှက်မင်း၏။ ပုတ္တာ စ၊ သားတို့သည်လည်းကောင်း။ ဒါရာ စ၊ မယားတို့သည်လည်းကောင်း။ အနုဇီဝိနော၊ မှီ၍ အသက်မွေးကုန်းသော။ အညေ၊ တစ်ပါးကုန်သော။ ယေ စ၊ အကြင်လင်းတတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော လင်းတတို့သည်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ အာပါဒုံ၊ ရောက်ကုန်၏။

၉။ အတီတသာသနော၊ အဆုံးအမကို လွန်သော။ ဂိဇ္ဈောဝ၊ လင်းတကဲ့သို့။ ဧဝမ္ပိ၊ ဤအတူလည်း။ ဣဓ၊ ဤသာသနာတော်၌။ ယော၊ အကြင်သူသည်။ အတိသီမစရော၊ အပိုင်းအခြားကို လွန်လျက် ကျင့်သည်ဖြစ်၍။ ဒိတ္တော၊ ကြမ်း ကြုတ်သည်ဖြစ်၍။ ဝုဍ္ဎာနံ၊ အကျိုးစီးပွားကို အလိုရှိကုန်သော ကြီးသာသူတို့၏။ ဝါကျံ၊ ဆုံးမစကားကို။ နာဝ ဗုဇ္စျတိ၊ မသိ။ သ-သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ ဝုဍ္ဎသာသနံ၊ အကျိုးစီးပွားကို အလိုရှိကုန်သော ကြီးသောသူတို့၏ အဆုံးအမကို။ အကတွာ၊ မလိုက်နာမူ၍။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ပပ္ပေါတိ၊ ရောက်၏။

ဆုံးမစကား လိုက်နာကြ

ရဟန်း... ထိုသို့ဖြစ်သောကြောင့် သင်သည် လင်းတနှင့်တူသည် မဖြစ်လင့်၊ အကျိုးစီးပွားကို အလိုရှိကုန်သော သူတို့၏ စကားကို နားထောင်လော့ဟု သဗ္ဗညူမြတ်စွာဘုရားသည် ဆုံးမတော်မူ၏။ ထိုရဟန်းသည် ဘုရားဆုံးမတော်မူသော ကာလမှစ၍ ဆိုဆုံးမလွယ်သည်ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ထိုဆုံးမခက်သော ရဟန်းသည် ထိုအခါ ဆုံးမခက်သော လင်းတဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဆုံးမခက်သော လင်းတ၏အဖ ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

အကျိုးလိုလား၊ ဆုံးမငြား၊ မှတ်သားလိုက်နာပါ

ရှေးဦးစွာသော ဂိဇ္စျဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၂။ ကောသမ္ဗိယဇာတ်

ငြင်းခုံခိုက်ရန် မပြုသင့်ခြင်းအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ပုထုသဒ္ဒေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကောသမ္ဗိယဇာတ်ကို ကောသမ္ဗီပြည်ကို အမှီပြု၍ ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောသမ္ဗီပြည်၌ ခိုက် ရန်ဖြစ်ခြင်းကို ပြုကုန်သော ရဟန်းတို့ကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုသည်ကား ကောသမ္ဗကက္ခန္ဓက၌ လာသလျှင်ကတည်း။

အာပတ်သင့်မသင့်

ဤကောသမ္ဗီဇာတ်၌ကား အကျဉ်းကို ဤသို့သိအပ်၏။ ထိုအခါ ဝိနည်းကိုဆောင်သောရဟန်း၊ သုတ္တန်ကိုဆောင်သောရဟန်း ဤရဟန်းနှစ်ပါးတို့သည်လည်း တစ်ခုသောကျောင်း၌ နေကုန်သတတ်။ ထိုနှစ်ပါးကုန်သော ရဟန်းတို့တွင် သုတ္တန်ကိုဆောင်သော ရဟန်းသည် တစ်နေ့သ၌ ကိုယ်လက်သုတ်သင်ခြင်းကိုပြု၍ သန့်သက်အိမ်ဝယ် သန့်သက်ကြွင်းကို သန့်သက်ခွက်၌ထား၏။ နောက်မှ ဝိနည်းကို ဆောင်သောရဟန်းသည် သန့်သက်အိမ်သို့ဝင်၍ ထိုရေကိုမြင်၍ ထိုအိမ်မှထွက်၍ သုတ္တန်ကို ဆောင်သော ရဟန်းကို ငါ့ရှင်... သင်သည် သန့်သက်ရေကြွင်းကို ထားခဲ့သလောဟု မေး၏။ ငါ့ရှင် ထားခဲ့၏ဟု သုတ္တန်ကိုဆောင်သော ရဟန်းသည် ဆို၏။ ငါ့ ရှင် သင်သည် ဤ သန့်သက်ခွက်ဝယ် သန့်သက် ရေကြွင်းကို ထားရာ၌ အာပတ်သင့်သည်၏ အဖြစ်ကို မသိသလောဟု ဝိနည်းကို ဆောင်သောရဟန်းသည် မေး၏။ ငါ့ရှင်ငါသည် မသိ ဟု သုတ္တန်ကိုဆောင်သော ရဟန်းသည် ဆို၏။ ငါ့ရှင် မ သိသည်ဖြစ်စေ၊ ဤသန့်သက် ရေကြွင်း ထားရာ၌ အာပတ်သည် ရှိ၏ဟု ဝိနည်းကို ဆောင်သော ရဟန်းသည် ဆို၏။ ငါ့ရှင်... ထိုသို့တပြီးကား ထိုအာပတ်ကို ငါကုအံ့ဟု သုတ္တန်ကို ဆောင်သော ရဟန်းသည် ဆို၏။ ငါ့ရှင်... သင့်အား စေတနာမရှိသည်ဖြစ်၍ သတိလွတ်သဖြင့် ပြုငြားအံ့၊ အာပတ်သည် မရှိ ဟု ဝိနည်းကိုဆောင်သော ရဟန်းသည် ဆို၏။

ရဟန်းတို့ ကွဲကြပြီ

သုတ္တန်ကိုဆောင်သော ရဟန်းသည် ထိုအာပတ်၌ အနာပတ္တိဟု အယူရှိ၏။ ဝိနည်းကိုဆောင်သော ရဟန်းသည်လည်း မိမိတပည့်တို့အား ဤသုတ္တန္တိကရဟန်းသည် အာပတ်သင့်လျက်လည်း မသိ ဟု ပြောဆို၏။ ဝိည်းကိုဆောင်သော ရဟန်း၏ တပည့်တို့သည် သုတ္တန်ကို ဆောင်သော ရဟန်း၏ တပည့်တို့ကိုမြင်၍ သင်တို့၏ ဥပဇ္ဈာယ်သည် အာပတ်သင့်၍ အာပတ်သင့်မှန်း မသိဟု ဆိုကုန်၏။ သုတ္တန်ကိုဆောင်သော ရဟန်း၏ တပည့်တို့သည် မိမိတို့၏ ဥပဇ္ဈာယ်အား ကြားလျှောက်ကုန်၏။ သုတ္တန်ကို ဆောင်သော ရဟန်းသည် ဤဝိနည်းဓိုရိကား ရှေး၌ အနာပတ္တိဟုဆို၍ ယခုမှ အာပတ်ဟု ဆိုပြန်၏။ ဝိနည်းဓိုရ်သည် မုသားဆို၏ဟု တပည့်တို့အား ကြား၏။ သုတ္တန်ကိုဆောင်သော ရဟန်း၏ တပည့်တို့သည် သွား၍ သင်တို့၏ ဥပဇ္ဈာယ်သည် မုသားဆို၏ဟု ဆိုကုန်၏။ ဤသို့ အချင်းချင်း ခိုက်ရန်ပြုကုန်၏။ ထို့နောင်မှ ဝိနည်းဓိုရ်သည် အခွင့်ကိုရ၍ သုတ္တန္တိက ရဟန်းအား အာပတ်ကို မရှုသောအားဖြင့် ဥက္ခေပနီယကံကို ပြု၏။ ထိုအခါမှစ၍ ထိုနှစ်ပါးကုန်သော ရဟန်းတို့၏ ပစ္စည်း ဒါယကာတို့သည်လည်း နှစ်စုကွဲကုန်၏။ အဆုံးအမကို ခံကုန်သော ရဟန်းမိန်းမတို့သည်လည်း နှစ်စုကွဲကုန်၏။ စောင့်ရှောက်ကုန်သော နတ်တို့သည်လည်း နှစ်စုကွဲကုန်၏။ ထိုနတ်တို့၏ သန္ဒိဋ္ဌ သမ္ဘတ္တ အဆွေ ခင်ပွန်းဖြစ်ကုန်သော ဗြဟ္မာပြည့်တိုင်အောင် ကောင်းကင်၌ တည်ကုန်သော ပုထုဇဉ်ဖြစ်သော အလုံးစုံသော နတ်တို့သည်လည်း နှစ်စုကွဲကုန်၏။ အကနိဋ္ဌဗြဟ္မာ့ပြည်တိုင်အောင် ဤကောလာ ဟလသည်လည်း ရောက်၏။

ဘုရားသော်မှ ဟောမရ

ထိုအခါ တစ်ပါးသော ရဟန်းသည် မြတ်စွာဘုရားသို့ ဆည်းကပ်၍ ဥက္ခေပနီယကံကို ပြုကုန်သော ရဟန်းတို့၏ ဤသုတ္တန္တိက ရဟန်းတို့ကို ဓမ္မိကဖြစ်သော ကံဖြင့်သာလျှင် ဥက္ခိတ္တကံ ပြုအပ်၏ ဟူသောအယူ၊ ဥက္ခိတ္တာနုဝတ္တက ရဟန်းတို့၏ သုတ္တန္တိက ရဟန်းတို့ကို အဓမ္မိကကံဖြင့် ဥက္ခိတ္တကံ ပြုအပ်၏ဟူသော အယူ၊ ဥက္ခေပနီယကံကိုပြုကုန်သော ရဟန်းတို့သည် တားမြစ်အပ်ကုန်လျက်လည်း ဥက္ခိတ္တာနုဝတ္တက ရဟန်းတို့ ခြံရံ၍ သွားသည်၏အဖြစ်ကို သဗ္ဗညူ မြတ်စွာဘုရားအား ကြားလျှောက်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ညီညွတ် သင့် တင့်ကြကုန် ဟု နှစ်ကြိမ်စေတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... ညီညွတ်ခြင်းငှာ အလိုမရှိကြကုန်ဟူသော စကားကိုကြား၍ သုံးကြိမ်မြောက်၌ သံဃာကွဲ၏ဟု ထိုရဟန်းတို့၏ အထံသို့ ကြွတော်မူ၍ ဥက္ခေနီယကံကို ပြုကုန်သောရဟန်းတို့အား ကံပြုခြင်း၌ အပြစ်ကို။ ဥက္ခိတ္တက ရဟန်းတို့အား အာပတ်ကိုမရှုခြင်း၌ အပြစ်ကို ဟောတော်မူ၍ ဖဲတော်မူ၏။ တစ်ဖန် ထိုကာသမ္ဗီပြည်၌လျှင် တစ်ခုတည်းသော သိမ်၌ ဥပုသ်အစရှိသည်တို့ကို ပြုကုန်၍ ယခုအခါ၌လည်း ငြင်းခုံကုန်လျက် နေကုန်၏ ဟု ကြား၍ ထိုအရပ်သို့ သဗ္ဗညူ မြတ်ဘုရားသည် ကြွတော်မူ၍ ရဟန်းတို့ မသင့်၊ ခိုက်ရန် မဖြစ်စေလင့် ဤသို့ အစရှိကုန်သော စကားတို့ကို မိန့်တော်မူ၍ ဓမ္မဝါဒီဖြစ်သော မထင်ရှားသော ရဟန်းတစ်ပါးသည် သဗ္ဗညူ မြတ်စွာဘုရားရှင်၏ ပင်ပန်းခြင်းကို အလိုမရှိသဖြင့် ဘုန်းတော်ကြီးသော အရှင်ဘုရား တရားအရှင်ဖြစ်သော သဗ္ဗညူမြတ်စွာဘုရားသည် ငံ့တော်မူပါဦးလော့၊ အရှင်ဘုရား ဘုန်းတော်ကြီးသော အရှင်ဘုရားသည် ကြောင့်ကြမဲ့ နေတော်မူပါလော့၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသစွာနေခြင်းကို အားထုတ်တော်မူလျက် နေတော်မူပါ၊ အကျွန်ုပ်တို့သည် ထိုခိုက်ရန် အငြင်းအခုံဖြင့် ထင်ရှားပါကုန်လတ္တံ့ ဟု နားတော်လျောက်သည်ရှိသော် ရဟန်းတို့ ရှေး၌ဖြစ်ဖူးသည်ကို ငါဟောအံ့။

အတိတ်ဝတ္ထု... ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော ကာသိကမင်းသည် ဖြစ်ဖူး၏။ ဗြဟ္မဒတ်မင်းသည် ပြည်ကိုလုယူ၍ မထင်ရှားသော အသွင်ဖြင့်နေသော ဒီဃီတိ ကောသလမင်းအား သတ်သည်၏ အဖြစ်ကိုလည်းကောင်း, ဒီဃာဝုမင်းသားသည် မိမိအား အသက်ကို ပေးသည်ရှိသော် ထိုအခါမှစ၍ ဗြဟ္မဒတ်မင်း ဒီဃာဝုမင်းသားတို့၏ သင့် တင့် ညီညွတ်သည်၏ အဖြစ်ကိုလည်းကောင်း ဟောတော်မူ၍ ရဟန်းတို့ စွဲကိုင်သော လက် နက်ရှိကုန်သော ထိုမင်းတို့အား စဉ်လျက်လည်း ဤသို့သဘောရှိသော သည်းခံခြင်းနှင့် မွေ့လျော်ခြင်းသည် ဖြစ်တုံသေး၏။ သင်တို့သည်ကား ဤသို့ ကောင်းစွာဟောအပ်သော ဤသာသနာတော်၌ အကြင့်ကြောင့် ရဟန်းပြုကုန်၏။ ထိုကြောင့် စင်စစ်သဖြင့် နားထောင်ရာ၏ဟု ဆုံးမတော်မူ၏။

ငြိမ်းချမ်းရေးတရားတော်

နှစ်ကြိမ်မြောက်လည်းကောင်း, သုံးကြိမ်မြောက်လည်းကောင်း ရဟန်းတို့ မသင့်၊ ခိုက် ရန် မဖြစ်စေလင့် ဟု မြစ်တော်မူ၍ မကျင့်ကုန်သော ရဟန်းတို့ကို မြင်တော်မူ၍ ဤမဂ်ဖိုလ်မှ အချည်းနှီးဖြစ်ကုန်သော ရဟန်းတို့သည် အကု သိုလ်စိတ်ရှိကုန်သော သဘောရှိကုန်၏။ ဤမဂ်ဖိုလ်မှ အချည်းနှီးဖြစ်ကုန်သော ယောကျ်ားတို့သည် မှတ်စိမ့်သောငှာ မလွယ်ကုန် ဟု ဖဲတော်မူ၍ နက်ဖြန် ဆွမ်းခံရွာမှ ကြွတော်မူ၍ ဂန္ဓကုဋိတော်၌ အတန်ငယ် အပင်အပန်း ဖြေတော်မူ၍ ကျောင်းအိပ်ရာ နေရာကို သိုမှီးတော်မူ၍ ကိုယ်တော်၏ သပိတ်သင်္ကန်းကို ယူတော်မူ၍ သံဃာ့အလယ် ကောင်းကင်၌ ရပ်တော်မူ၍ -

၁၀။ ပုထုသဒ္ဒေါ သမဇနော၊ န ဗာလော ကောစိ မညထ။
သံဃသ္မိံ ဘိဇ္ဇမာနသ္မိံ၊ နာညံ ဘိယျော အမညရုံ။
၁၁။ ပရိမုဋ္ဌာ ပဏ္ဍိတာဘာသာ၊ ဝါစာဂေါစရဘာဏိနော။
ယာဝိစ္ဆန္တိ မုခါယာမံ၊ ယေန နီတာ န တံ ဝိဒူ။
၁၂။ အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ န သမ္မတိ။
၁၃။ အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသူပသမ္မတိ။
၁၄။ န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။
၁၅။ ပရေ စ န ဝိဇာနန္တိ၊ မယမေတ္ထ ယမာမသေ။
ယေ စ တတ္ထ ဝိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။
၁၆။ အဋ္ဌိစ္ဆိန္နာ ပါဏဟရာ၊ ဂဝါဿ ဓနဟာရိနော။
ရဋ္ဌံ ဝိလုမ္ပမာနာနံ၊ တေသမ္ပိ ဟောတိ သင်္ဂတိ။
ကသ္မာ တုမှာက နော သိယာ။
၁၇။ သစေ လဘေထ နိပကံ သဟာယံ၊
သဒ္ဓိံစရံ သာဓုဝိဟာရိ ဓီရံ။
အဘိဘုယျ သဗ္ဗာနိ ပရိဿယာနိ၊
စရေယျ တေနတ္တမနော သတိမာ။
၁၈။ နော စေ လဘေထ နိပကံ သဟာယံ၊
သဒ္ဓိံစရံ သာဓုဝိဟာရိ ဓီရီ။
ရာဇာဝ ရဋ္ဌံ ဝိဇိတံ ပဟာယ၊
ဧကော စရေ မာတင်္ဂရညေဝ နာဂေါ။
၁၉။ ဧကသာ စရိတံ သေယျော၊
နတ္ထိ ဗာလေ သဟာယတာ။
ဧကော စရေ န ပါပါနိ ကယိရာ၊
အပ္ပေါသုက္ကော မာတင်္ဂရညေဝ နာဂေါ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၁၀။ သမဇနော၊ သဘော ထပ်တူထပ်မျှ ဖြစ်သော ရဟန်းအပေါင်း။ သည်။ ပုထုသဒ္ဒေါ၊ ကျယ်သောအသံ ရှိ၏။ ကောစိ၊ တစ်စုံ တစ်ယောက်သော ရဟန်းသည်လည်း။ ဗာလော၊ ငါမိုက်၏ဟူ၍။ န မညထ၊ မအောက်မေ့။ သံဃသ္မိံ၊ သံဃာသည်။ ဘိယျော၊ လွန်စွာ။ ဘိဇ္ဇမာနသ္မိံ၊ ကွဲသည်ရှိသော်။ အညံ၊ ငါ့ကြောင့် သံဃာကွဲ၏ဟူသော တစ်ပါးသော အကြောင်းကို။ န အမညရုံ၊ မအောက်မေ့တတ်။

၁၁။ ပရိမုဋ္ဌာ၊ လွတ်သော သတိရှိကုန်သော။ ပဏ္ဍိတာဘာသာ၊ ပညာရှိယောင်ပြုကုန်သော။ ဝါစာဂေါစရာ၊ သတိပဋ္ဌာန်စသော အရိယာဓမ္မကို အာရုံပြုသော စကားကိုသာ အာရုံပြုသော ရဟန်းတို့သည်။ ယာဝ၊ အကြင်မျှလောက်။ မုခါယာမံ၊ ခံတွင်းဆန့်ခြင်းကို။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ တာဝ၊ ထိုမျှလောက်။ ပသာရေတွာ၊ ဆန့်၍။ ဘာဏိနော၊ ဆိုကုန်၏။ ယေန၊ အကြင်ခိုက်ရန်သည်။ နီတာ၊ အရှက်မရှိသည်၏ အဖြစ်ကို ဆောင်တတ်ကုန်၏။ တံ၊ ထိုခိုက်ရန်ကို။ န ဝိဒူ၊ ဤသို့ အပြစ်ရှိ၏ဟု မသိကုန်။

ရန်တုံ့မမူသင့်

၁၂။ ယေ စ၊ အကြင်သူတို့သည်လည်း။ မံ၊ ငါ့ကို။ အက္ကောစ္ဆိ၊ ဆဲရေးပြီ။ မံ၊ ငါ့ကို။ အဝဓိ၊ ညှဉ်းဆဲပြီ။ မံ၊ ငါ့ကို။ အဇိနိ၊ အောင်ပြီ။ မေ၊ ငါ၏။ သန္တကံ၊ ဥစ္စာကို။ အဟာသိ၊ ဆောင်ပြီ။ ဣတိ၊ ဤသို့။ တံ အာကာရံ၊ ထိုအခြင်းအရာကို။ ဥပနယှန္တိ၊ အငြိုး ဖွဲ့ကုန်၏။ တေသံ၊ ထိုသူတို့အား။ ဝေရံ၊ ရန်သည်။ န သမ္မတိ၊ မငြိမ်း၊

ရန်မလို ရန်ပြို

၁၃။ ယေ စ၊ အကြင်သူတို့သည်လည်း။ မံ၊ ငါ့ကို။ အက္ကောစ္ဆိ၊ ဆဲရေပြီ။ မံ၊ ငါ့ကို။ အဝဓိ၊ ညှဉ်းဆဲပြီ။ မံ၊ ငါ့ကို။ အဇိနိ၊ အောင်ပြီ။ မေ၊ ငါ၏။ သန္တကံ၊ ဥစ္စာကို။ အဟာသိ၊ ဆောင်ပြီး။ ဣတိ၊ ဤသို့။ တံ အာကာရံ၊ ထိုအခြင်းအရာကို။ နုပနယှန္တိ၊ မဖွဲ့ကုန်။ တေသံ၊ ထိုသူတို့အား။ ဝေရံ၊ ရန်သည်။ ဥပသမ္မတိ၊ ငြိမ်း၏။

၁၄။ ဟိသစ္စံ၊ မှန်၏။ ဣဓ၊ ဤလောက၌။ ဝေရေန၊ ရန်တုံ့မူသဖြင့်။ ဝေရာနိ၊ ရန်တို့သည်။ ကုဒါစနံ၊ တစ်ရံတစ်ဆစ်။ န သမ္မန္တိ၊ မငြိမ်းကုန်။ အဝေရေန စ၊ ရန်တုံ့မမူသဖြင့်ကား။ သမ္မန္တိ၊ ငြိမ်းကုန်၏။ ဧသဓမ္မော၊ ဤတရားသည်။ သနန္တနော၊ ရှေး၌ဖြစ်၏။

၁၅။ ပရေ၊ သူမိုက်တို့သည်။ ဧတ္ထ၊ ဤသံဃာ့အလယ်၌။ ကလဟံ၊ ခိုက်ရန်တွေ့ခြင်းကို။ ကရောန္တာ၊ ပြုကုန်လျက်။ မယံ၊ ငါတို့သည်။ ယမာမသေ၊ ယမမင်းနိုင်ငံသို့ လိုက်ရအံ့ဟု။ န စ ဝိဇာနန္တိ၊ မသိကုန်။ တတ္ထ၊ ထိုရဟန်းတို့တွင်။ ယေ စ၊ အကြင်ရဟန်းတို့သည်ကား။ ဝိဇာနန္တိ၊ ယမမင်းနိုင်ငံသို့ လိုက်ရကုန်အံ့ဟု သိကုန်၏။ တတော၊ ထို့ကြောင့်။ မေဓဂါ၊ ရန်တို့သည်။ သမ္မန္တိ၊ ငြိမ်းကုန်၏။

၁၆။ ယေ ရာဇာနာ၊ အကြင်မင်းရှိသည်။ အဋ္ဌိစ္ဆိန္နာ၊ ဖြတ်အပ်သော မိဘတို့၏ အရိုးရှိကုန်၏။ ပါဏဟရာ၊ သတ်အပ်သော မိဘတို့၏ အသက်ရှိကုန်၏။ ဂဝါဿဓနဟာရိနော၊ ဆောင်အပ်သော နွား, မြင်း, ဥစ္စာ ရှိကုန်၏။ ရဋ္ဌံ၊ တိုင်းနိုင်ငံကို။ ဝိလုမ္ပမာနာနံ၊ လုယက်ကုန်သော။ တေသမ္ပိ၊ ထိုမင်းတို့အားလည်း။ သင်္ဂတိ၊ ပေါင်းဖော်ခြင်းသည်။ ဟောတိ၊ ဖြစ်သေး၏။ တုမှာကံ၊ သင်တို့အား။ ကသ္မာ၊ အဘယ့်ကြောင့်။ သင်္ဂတိ၊ ပေါင်းဖော်ခြင်းသည်။ နော သိယာ၊ မဖြစ်သနည်း။

၁၇။ နိပကံ၊ ပညာရှိသော။ သဒ္ဓိံစရံ၊ အတူတကွ ကျင့်ဘက်ဖြစ်သော။ သာဓုဝိဟာရိ၊ ကောင်းစွာ နေလေ့ရှိသော။ ဓီရံ၊ တည်ကြည်သော။ သဟာယံ၊ အဆွေခင်ပွန်းကို။ သစေ လဘေထ၊ အကယ်၍ရငြားအံ့။ သဗ္ဗာနိ၊ ခပ်သိမ်းကုန်သော။ ပရိဿယာနိ၊ ဘေးရန်တို့ကို။ အဘိဘုယျ၊ နှိပ် စက်၍။ တေန၊ ထိုအဆွေခင်ပွန်းနှင့်။ သဒ္ဓိံ၊ တကွ။ အတ္တမနော၊ ဝမ်းမြောက် ဝမ်းသာသည်ဖြစ်၍။ သတိမာ၊ သတိနှင့် ပြည့်စုံသည်ဖြစ်၍။ စရေယျ၊ ကျင့်ရာ၏။

၁၈။ နိပကံ၊ ပညာရှိသော။ သဒ္ဓိံစရံ၊ တကွ ကျင့်ဘက်ဖြစ်သော။ သာဓုဝိဟာရိံ၊ ကောင်းစွာနေလေ့ရှိသော။ ဓီရံ၊ တည်ကြည်သော။ သဟာယံ၊ အဆွေခင်ပွန်းကို။ နော စေ လဘေထ၊ အကယ်၍ မရငြားအံ့။ ရာဇာ၊ မာဇနကမင်း, အရိန္ဒမမင်းသည်။ ဝိဇိတံ၊ အောင်မြင်ရာ ဖြစ်သော။ ရဋ္ဌံ၊ တိုင်းနိုင်ငံကို။ ပဟာယ၊ စွန့်၍။ ဧကော၊ တစ် ယောက်တည်း။ စရေ ဣဝ၊ ကျင့်သကဲ့သို့လည်းကောင်း။ မာတင်္ဂနာဂေါ၊ အမိကို လုပ်ကျွေးသော သီလဝဆင်ပြောင်ကြီး, ပါလိလေယျက ဆင်ပြောင်ကြီးသည်။ အရညေ၊ တော၌။ ဧကော၊ တစ်စီးတည်း။ စရေ ဣဝ၊ ကျင့်သကဲ့သို့လည်းကောင်း။ ဧဝံ-တထာ၊ ထို့အတူ။ ဧကော၊ တစ်ယောက်တည်း။ စရေ၊ ကျင့်ရာ၏။

လူမိုက်နှင့် မပေါင်းရာ

၁၉။ ဧကဿ စရိတံ၊ တစ်ယောက်တည်း ကျင့်ခြင်းသည်။ သေယျော၊ မြတ်၏။ ဗာလေ၊ သူမိုက်၌။ သဟာယတာ၊ အဆွေခင်ပွန်း၏ အဖြစ်သည်။ နတ္ထိ၊ မရှိ။ အရညေ၊ တော၌။ မာတင်္ဂနာဂေါဝ၊ ဆင်ပြောင်ကြီးကဲ့သို့။ အပ္ပေါသုက္ကော၊ ကြောင့်ကြမဲ့။ ဧကော၊ တစ်ယောက် တည်း။ စရေ၊ ကျင့်ရာ၏။ ပါပါနိ၊ မကောင်းမှုတို့ကို။ န ကယိရာ၊ မပြုရာ။

သဗ္ဗညူမြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၍ ထိုရဟန်းတို့ကို ညီညွတ်စွာ ပြုအံ့သောငှာ မတတ်နိုင်ရကား ပါလိလေယျကရွာသို့ ကြွတော်မူ၍ ဘဂုမထေရ်အား တစ်ယောက်တည်း နေ သည်၏အဖြစ်၌ အကျိုးဆက်ကို ဟောတော်မူပြီး၍ ထိုရွာမှ သုံးယောက်ကုန်သော အမျိုးကောင်းသားတို့၏ နေရာအရပ်သို့သွား၍ အမျိုးကောင်းသားတို့အား ညီညွတ်သင့်တင့်သည်၏ အဖြစ်၌ အကျိုးဆက်ကို ဟောတော်မူ၍ ထိုအရပ်မှ ပါလိလေယျက တောအုပ်သို့ ကြွတော်မူ၍ ထိုတောအုပ်၌ သုံးလပတ်လုံးနေတော်မူ၍ တစ်ဖန် ကောသမ္ဗီပြည်သို့ မကြွမူ၍ သာဝတ္ထိပြည်သို့လျှင် ကြွတော်မူ၏။ ကောသမ္ဗီပြည်သား သီတင်းသည်တို့သည် ဤ ကောသမ္ဗီပြည်သား ရဟန်းဖြစ်ကုန်သော အရှင်တို့ကား ငါတို့၏ များစွာသော အကျိုးမဲ့ကို ပြုကုန်၏။ အရှင်တို့သည် နှိပ်စက်အပ်သည်ဖြစ်၍ ဘုရားသဗ္ဗညူသည် ကြွသွားတော်မူ၏။ ဤကောသမ္ဗီပြည်သားရဟန်းဖြစ်ကုန်သော အရှင်တို့အား ရှိခိုးခြင်းအစရှိသည်တို့ကို မပြုကုန်အံ့၊ ဆွမ်းကို မလှကြကုန်အံ့၊ ဤသို့ ပြုသည်ရှိသော် ဤရဟန်းတို့သည် ဖဲမူလည်း ဖဲကုန်လတ္တံ့၊ ရန်ဖြစ်ခြင်းမှမူလည်း ကြဉ်ကုန်လတ္တံ့။ ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားကို ဤရဟန်းတို့သည် ကြည်ညိုစေကုန်လတ္တ ဤသို့ တိုင်ပင်၍ တိုင်ပင်တိုင်း ပြုကုန်၏။ ထိုရဟန်းတို့သည် ထိုဒဏ်အမှုဖြင့် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ သာဝတ္ထိပြည်သို့သွား၍ သဗ္ဗညူမြတ်စွာဘုရားအား ကန်တော့ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဇာတ်ကို ပေါင်းမူ၏။ အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား- ယခုအခါ သိရီသုဒ္ဓေါဒနမင်းကြီးသည် ထိုအခါ အဖဖြစ်ပြီ၊ ယခုအခါ မဟာမာယာသည် ထိုအခါ အမိဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဒီဃာဝုမင်းသားဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ရဟန်းများစွာ၊ ကွဲပြားရာ၊ ဒကာစောင့်ထိန်းရာ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကောသမ္ဗိယဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၃။ မဟာသုဝဇာတ်

ဆင်းရဲသော်လည်း အဆွေခင်ပွန်းကို မစွန့်ထိုက်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဒုမော ယဒါ ဟောတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာသုဝဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းသည် မြတ်စွာဘုရားအထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ ကောသလဇနပုဒ်၌ မထင်ရှားသော ပစ္စန္တရွာကို အမှီပြု၍ တော၌ နေသတတ်။ ထိုပစ္စန္တရွာသားတို့သည် ထိုရဟန်းအား မွန်မြတ်သော ဆွမ်းကိုလှူခြင်းငှာ မတတ်နိုင်ကုန်၊ ထိုရဟန်းအား လျောက်ပတ်သော ကျောင်းကို ရလျက်လည်း ဆွမ်းဖြင့် ပင်ပန်းရကား မဂ်ကိုလည်းကောင်း, ဖိုလ်ကိုလည်းကောင်း ဖြစ်စိမ့်သောငှာ မတတ်နိုင်။ ထိုအခါ သုံးလလွန်သဖြင့် သဗ္ဗညူမြတ်စွာဘုရားအား ရှိခိုးအံ့သောငှာ လာသော ထိုရဟန်းကို သဗ္ဗညူ မြတ်စွာဘုရားသည် ပဋိသန္ထာရကို ပြုတော်မူ၍ ရဟန်း-ဆွမ်းဖြင့် မပင်မပန်းဘဲ ရှိပါ၏လော၊ လျောက်ပတ်သော ကျောင်းကို ရ၏လောဟု မေးတော်မူ၏။ ထိုရဟန်းသည် ထိုအကြောင်းကို ကြားလျှောက်၏။

ရသမျှဖြင့် ရောင့်ရဲလေ

သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းအား လျောက်ပတ်သော ကျောင်းရှိသည်၏အဖြစ်ကို သိတော်မူ၍ ရဟန်း ရဟန်းမည်သည်ကား လျှောက်ပတ်သော ကျောင်းကို ရသည်ရှိသော် လောဘ၏ အစွမ်းအားဖြင့် ကျင့်ခြင်းကိုပယ်၍ တစ်စုံတစ်ခု ရတိုင်းသော ပစ္စည်းကိုသာလျှင် သုံးဆောင်၍ ရောင့်ရဲခြင်းဖြင့် ရဟန်းတရားကို ပြုသင့်၏။ ရှေးပညာရှိတို့သည် တိရစ္ဆာန်အမျိုး၌ ဖြစ်ကုန်သော်လည်း မိမိနေရာ သစ်ပင်ခြောက်လတ်သော် အမှုန့်ကိုစားကုန်လျက် လောဘ၏ အစွမ်းအားဖြင့် ကျင့်ခြင်းကိုပယ်၍ ရောင့်ရဲကုန်သည်ဖြစ်၍ အဆွေခင်ပွန်းတို့၏ တရားကို မဖျက်ဆီးမူ၍ တစ်ပါးသို့ မသွားကုန်။ သင်သည်ကား အဘယ့်ကြောင့် ဆွမ်းကို သုံးဆောင်လျက် ထိုဆွမ်းကိုကြမ်း၏ဟူ၍ လျောက်ပတ်သောကျောင်းကို စွန့်ဘိသနည်း ဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဟိမဝန္တာဝယ် ဂင်္ဂါနား၌ တစ်ခုသော ရေသဖန်းပင်ဝယ် အရာမကကုန်သော ကျေးတို့သည် နေကြကုန်၏။ ထိုကျေးတို့တွင် တစ်ခုသာ ကျေးမင်းသည် မိမိနေသော ရေသဖန်းပင်၏ အသီးတို့သည် ကုန်ကုန်လတ်သော် အကြင် အညွန့် အရွက် အခွံ အပွေးသည် ကြွင်း၏။ ထိုအကြွင်းကိုစား၍ ဂင်္ဂါ၌ ရေကိုသောက်၍ အလွန်မြတ်သော အလိုနည်းခြင်းဖြင့် ရောင့်ရဲသည်ဖြစ်၍ တစ်ပါးသော အရပ်သို့ မသွား။ ထိုကျေးမင်း၏ အလိုနည်းသည်၏အဖြစ် ရောင့်ရဲလွယ်သည်၏ အဖြစ်ဟူသော ဂုဏ်ကျေးဇူးကြောင့် သိကြားမင်း၏ နေရာသည် တုန်လှုပ်၏။

ရောင့်ရဲလွယ်သောကျေး

သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုကျေးမင်းကို မြင်၍ ထိုကျေးမင်းအား စုံစမ်းအံ့သောငှာ မိမိ၏အာနုဘော်ဖြင့် ထိုသစ်ပင်ကို ခြောက်စေ၏။ ရေသဖန်းပင်သည် အငုတ်မျှသာ ရှိ၏။ အပေါက်ကြီး အပေါက်ငယ် ရှိလျက် လေခတ်အပ်သည်ရှိသော် တီးမှုတ်ဘိသကဲ့သို့ မြည်၏။ ထိုရေသဖန်းပင် အပေါက်တို့မှ အမှုန့်တို့သည် ထွက်ကုန်၏။ ကျေးမင်းသည် ထိုအမှုန့်တို့ကိုစား၍ ဂင်္ဂါ၌ ရေသောက်၍ တစ်ပါးသောအရပ်သို့ မသွားမူ၍ လေနေပူတို့ကို မရေမတွက်မူ၍ ရေသဖန်းပင်ငုတ်၌ နေ၏။

သစ်ပင်သေနေပြီ

သိကြားမင်းသည် ထိုကျေးမင်း၏ အလိုနည်းသောအဖြစ်ကို သိ၍ အဆွေခင်ပွန်းတို့၏ တရားကျေးဇူးကို ဟေစေ၍ ကျေးမင်းအား ဆုပေး၍ ရေသဖန်းပင်ကို အမြိုက်အသီး ရှိသည်ကိုပြု၍ လာအံ့ဟု တစ်ခုသော ဟင်္သာမင်းဖြစ်၍ သုဇာမည်သော အသုရာနတ်၏သမီးကို ရှေ့၌ထား၍ ရေသဖန်းပင်တောသို့ သွား၍ အနီး၌ တစ်ခုသောသစ်ပင်၏ အခက်၌နား၍ ထိုကျေးမင်းနှင့်တကွ စကားကို ဖြစ်စေလိုရကား-

၂၀။ ဒုမော ယဒါ ဟောတိ ဖလူပပန္နော၊
ဘုဉ္ဇန္တိ နံ ဝိဟင်္ဂမာ သမ္ပတန္တာ။
ခီဏန္တိ ဉတွာန ဒုမံ ဖလစ္စယေန၊
ဒိသောဒိသံ ယန္တိ တတော ဝိဟင်္ဂမာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

၂၀။ သုဝရာဇ၊ ကျေးမင်း။ ဒုမော၊ သစ်ပင်သည်။ ယဒါ၊ အကြင်အခါ၌။ ဖလူပပန္နော၊ အသီးနှင့်ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။ တဒါ၊ ထိုအခါ၌။ ဝိဟင်္ဂမာ၊ ငှက်တို့သည်။ နံ၊ ထိုသစ်ပင်ကို။ သမ္ပတန္တာ၊ တစ်ခက်မှသည် တစ်ခက်သို့ ပြောင်းသွားကုန်လျက်။ ဘုဉ္ဇန္တိ၊ စားကုန်၏။ ခီဏန္တိ၊ အသီးကုန်၏ဟူ၍။ ဉတွာန၊ သိ၍။ ဒုမံ ဖလစ္စယေန၊ သစ်ပင် အသီးကုန်သဖြင့်။ ဝိဟင်္ဂမာ၊ ငှက်တို့သည်။ တတော၊ ထိုသစ်ပင်မှ။ ဒိသောဒိသံ၊ ထိုထိုအရပ်သို့။ ယန္တိ၊ ပျံသွားကုန်၏။

ဤသို့ဆိုပြီး၍ ထို့နောင်မှ ထိုကျေးမင်းကို တိုက်တွန်းအံ့သောငှာ-

၂၁။ စရ စာရိကံ လောဟိတတုဏ္ဍ မာ မရိ၊
ကိံ တွံ သုဝခ သုက္ခဒုမမှိ ဈာယသိ။
တဒိင်္ဃ မံ ဗြူဟိ ဝသန္တ သန္နိဘ၊
ကသ္မာ သုဝ သုက္ခဒုမံ န ရိဉ္ဇသိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၂၁။ လောဟိတတုဏ္ဍ၊ နီသော နှုတ်သီးရှိသော။ သုဝ၊ ကျေးသား။ စာရိကံ၊ အရပ်တစ်ပါးသို့ သွားခြင်းကို။ စရ၊ သွားလော့။ မာ မရိ၊ မသေလင့်။ တွံ၊ သင်သည်။ ကိံ၊ အဘယ့်ကြောင့်။ သုက္ခဒုမမှိ၊ ခြောက်သော သစ်ပင်၌။ ဈာယသိ၊ မှိုင်သနည်း။ ဝသန္တသန္နိဘ၊ မိုးတွင်းကာလ၌ စိမ်းညိုသော တောအုပ်နှင့်တူသော အဆင်းရှိသော။ သုဝ၊ ကျေးသား။ တံ၊ သင့်ကို။ ဣင်္ဃ၊ တိုက်တွန်း၏။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ ဗြူဟိ၊ ဆိုလော့။ ကသ္မာ၊ အဘယ့်ကြောင့်။ သုက္ခဒုမံ၊ ခြောက်သော သစ်ပင်ကို။ န ရိဉ္ဇသိ၊ မစွန့်သနည်း။

မိတ်ဆွေကို မစွန့်ကောင်း

ထို့နောင်မှ သိကြားကို ကျေးမင်းသည် ငါကား ကျေးဇူးကို သိတတ်သည်၏ အဖြစ်ကြောင့် ဤသစ်ပင်ကို မစွန့် ဟု ဆိုလို၍-

၂၂။ ယေ ဝေ သခိနံ သခါရော ဘဝန္တိ၊
ပါဏစ္စဇေ ဒုက္ခသုခေသု ဟံသ။
ခီဏံ အခီဏမ္ပိ န တံ ဇဟန္တိ၊
သန္တော သတံ ဓမ္မမနုဿရန္တော။
၂၃။ သောဟံ သတံ အညတရောသ္မိ ဟံသ၊
ဉာတီ စ မေ ဟောတိ သခါ စ ရုက္ခော။
တံ နုဿဟေ ဇီဝိကတ္ထော ပဟာတုံ၊
ခီဏန္တိ ဉတွာန န ဟေသ ဓမ္မော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၂။ ဟံသ၊ ဟင်္သာမင်း။ သခီနံ၊ အဆွေခင်ပွန်းတို့၏။ ယေ သခါရော၊ အကြင်အဆွေခင်ပွန်းတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သော၊ ထိုအဆွေ ခင်ပွန်းသည်။ ဒုက္ခသုခေသု၊ ဆင်းရဲချမ်းသာတို့၌။ ပါဏစ္စဇေ၊ အသက်ကို စွန့်ရာ၏။ သတံ၊ သူတော်ကောင်းတို့၏။ ဓမ္မံ၊ တရားကို။ အနုဿရန္တာ၊ အောက်မေ့ကုန်လျက်။ သန္တာ၊ သူတော်ကောင်းတို့သည်။ တံ၊ ထိုအဆွေခင်ပွန်းကို။ ခီဏမ္ပိ၊ စည်းစိမ်ဥစ္စာ ကုန်ပြီဟူ၍လည်းကောင်း။ အခိဏမ္ပိ၊ စည်းစိမ်ဥစ္စာ မကုန်သေးဟူ၍လည်းကောင်း။ န ဇဟန္တိ၊ မစွန့်ကုန်။

၂၃။ ဟံသ၊ ဟင်္သာမင်း။ သော အဟံ၊ ထိုငါသည်။ သတံ၊ သူတော်ကောင်းတို့တွင်။ အညတရော၊ တစ်ယောက်သည်။ အသ္မိ၊ ဖြစ်၏။ ရုက္ခော၊ ရေသဖန်းပင်သည်။ မမ၊ ငါ၏။ ဉာတီ စ၊ အဆွေ အမျိုးသည်လည်းကောင်း။ သခါ စ၊ အဆွေ ခင်ပွန်းသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။ ဇီဝိကတ္ထော၊ အသက်မွေးခြင်းကို အလိုရှိသော ငါသည်။ ခီဏန္တိ၊ အသီးကုန်ပြီဟူ။ ဉတွာန၊ သိ၍။ တံ၊ ထိုရေသဖန်းပင်ကို ပဟာတုံ၊ စွန့်အံ့သောငှာ။ နုဿဟေ၊ မတတ်နိုင်။ ဧသ- ဧသော၊ ထိုစွန့်ခြင်းသည်။ န ဓမ္နော၊ သူတော်ကောင်းတို့၏ တရား မဟုတ်။

ငါဆုပေးမည်

သိကြားမင်းသည် ကျေး၏ စကားကိုကြား၍ နှစ်သက်သည်ဖြစ်၍ ချီးမွမ်း၍ ဆုပေးလိုရကား-

၂၄။ သာဓု သက္ခိကတံ ဟောတိ၊ မေတ္တိသံသတိ သန္ထဝေါ။
သစေ တံ ဓမ္မံ ရောစေသိ၊ ပါသံသောသိ ဝိဇာနတံ။
၂၅။ သော တေ သုဝ ဝရံ ဒမ္မိ၊ ပတ္တယာန ဝိဟင်္ဂမ။
ဝရံ ဝရဿု ဝက္ကင်္ဂ၊ ယံကိဉ္စိ မနသိစ္ဆသိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၄။ သုဝ၊ ကျေးမင်း။ သက္ခိ ကတံ၊ အဆွေ ခင်ပွန်း၏ အဖြစ်သည်။ သာဓု၊ ကောင်းသည်။ ဟောတိ၊ ဖြစ်၏။ မေတ္တိသံသတိ၊ အဆွေခင်ပွန်းဖြစ်၍ တကွ နေခြင်းသည်။ သန္ထဝေါ၊ ပေါင်းဖော်ခြင်းသည်။ သမဓု၊ ကောင်းသည်။ ဟေတိ၊ ဖြစ်၏။ တွံ၊ သင်သည်။ တံ ဓမ္မံ၊ ထိုချစ်ခင်လေးမြတ် ပေါင်းဖက်အပ်သော မိတ်ဆွေ ခင်ပွန်းသဘောကို။ သစေ ရောစေသိ၊ အကယ်၍ နှစ်သက်အံ့။ ဝိဇာနတံ၊ ပညာရှိတို့သည်။ ပါသံသော၊ ချီးမွမ်းထိုက်သည်။ အသိ၊ ဖြစ်၏။

၂၅။ ပတ္တယာန၊ အတောင်ဟူသော ယာဉ်ရှိသော။ ဝိဟင်္ဂမ၊ ကောင်းကင်ဖြင့် သွားတတ်သော။ ဝက္ကင်္ဂ၊ ကောက်သော လည်ရှိသော။ သုဝ၊ ကျေး သား။ တွံ၊ သင်သည်။ ယံကိဉ္စိ၊ အမှတ်မရှိသောဆုကို။ မနသာ၊ စိတ်ဖြင့်။ ဣစ္ဆသိ၊ အလိုရှိအံ့။ သော အဟံ၊ ထိုငါသည်။ တေ၊ သင့်အား။ ဒမ္မိ၊ ပေးအံ့။ ဝရံ၊ လိုသောဆုကို။ ဝရဿု၊ တောင်းလော့။

ဤသစ်ပင် ပြန်ရှင်ပါစေ

ထိုစကားကိုကြား၍ ကျေးမင်းသည် ဆုယူလိုရကား-

၂၆။ ဝရဉ္စေ မေ ဟံသ ဘဝံ ဒဒေယျ၊
အယဉ္စ ရုင်ခော ပုနရာယုံ လဘေထ။
သော သာခဝါ ဖလိမာ သံဝိရူဠှော၊
မဓုတ္ထိကော တိဋ္ဌတု သောဘမာနော။

ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၂၆။ ဟံသ၊ ဟင်္သာမင်း။ ဘဝံ၊ အရှင်သည်။ မေ၊ အား။ ဝရံ၊ ဆုကို။ စေ ဒဒေယျ၊ အကယ်၍ ပေးငြအံ့။ အယဉ္စ ရုက္ခော၊ ဤရေသဖန်းပင်သည်လည်း။ ပုန၊ တစ်ဖန်။ အာယုံ၊ အသက်ကို။ လဘေထ၊ ရစေသတည်း။ သော၊ ထိုရေသဖန်းပင်သည်။ သာခဝါ၊ အခက်နှင့် ပြည့်စုံသည်ဖြစ်၍။ ဖလိမာ၊ အသီးနှင့်ပြည့်စုံသည်ဖြစ်၍။ သံဓိရူဠှော၊ ထက်ဝန်းကျင်မှ စည်ပင်ပေါက် ရောက်သော အရွက်နုရှိသည် ဖြစ်၍။ မဓုတ္ထိကော၊ ယင်ပျငယ်ကဲ့သို့ ချိုသော အသီးရှိသည်ဖြစ်၍။ သောဘမာနော၊ တင့်တယ်သည်ဖြစ်၍။ တိဋ္ဌတု၊ တည်စေသတည်း။

ရေသဖန်းပင် ပြန်စည်ပင်

ထိုအခါ ထိုကျေးမင်းအား သိကြားမင်းသည် ဆုပေးလိုရကား-

၂၇။ တံ ပဿ သမ္မ ဖလိမံ ဥဠာရံ၊
သဟာဝ တေ ဟောတု ဥဒုမ္ဗရေန။
သော သာခဝါ ဖလိမာ သံဝိရူဠှော။
မဓုတ္ထိကော တိဋ္ဌတု သောဘမာနော။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၂၇။ သမ္မ သုဝရာဇ၊ ကောင်းသော ကျေးမင်း။ ဖလိမံ၊ အသီးနှင့်ပြည့်စုံသော။ ဥဠာရံ၊ မြတ်သော။ တံ၊ ထိုရေသဖန်းပင်ကို။ တွံ၊ သင်သည်။ ပဿ၊ ရှုလော့။ တေ၊ သင့်အား။ ဥဒုမ္ဗရေန၊ ရေသဖန်း ပင်နှင့်။ သဟာဝ၊ တကွလျင်။ ဝါသော၊ နေခြင်းသည်။ ဟောတု၊ ဖြစ်စေ။ သော၊ ထိုရေသဖန်းပင်သည်။ သာခဝါ၊ အခက်နှင့် ပြည့်စုံသည်ဖြစ်၍။ ဖလိမာ၊ အသီးနှင့် ပြည့်စုံသည်ဖြစ်၍။ သံဝိရူဠှော၊ ထက်ဝန်းကျင်မှ စည်ပင်ပေါက်ရောက်သော အရွက်နုရှိသည်ဖြစ်၍။ မဓုတ္ထိကော၊ ယင်ပျားငယ်ကဲ့သို့ ချိုသော အသီးရှိသည်ဖြစ်၍။ သောဘမာနော၊ တင့်တယ်သည်ဖြစ်၍။ တိဋ္ဌတု၊ တည်စေသတည်း။

ဤသို့ဆို၍ ထိုဟင်္သာမင်း၏ အတ္တဘောကိုစွန့်၍ မိမိ၏ လည်းကောင်း၊ သုဇာ၏လည်းကောင်း အာနုဘော်ကိုပြ၍ ဂင်္ဂါမှ လက်ဖြင့်ရေကိုယူ၍ ရေသဖန်းပင်ငုတ်ကို သွန်းလောင်း၍ သုံးသပ်၏။ ထိုခဏ၌လျှင် အခက်အခွတို့ဖြင့် ကောင်းစွာ ဖုံးလွှမ်းလျက် ချိုသော အသီးရှိသော သဖန်းပင်သည် တက်၍ အတွယ်မရှိသော ပတ္တမြားတောင်ကဲ့သို့ တင့်တယ်ခြင်းနှင့် ပြည့် စုံသည်ဖြစ်၍ တည်၏။

ချမ်းသာကြပါစေ

ကျေးမင်းသည် ထိုရေသဖန်းပင်ကိုမြင်၍ ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဖြစ်၍ သိကြားမင်းအား ချီးမွမ်းလိုရကား-

၂၈။ ဧဝံ သက္က သုခီ ဟောဟိ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
ယထာဟမဇ္ဇ သုခိတော၊ ဒိသွာန သဖလံ ဒုမံ။

ဟူသော ကိုးခုမြောက်သော ဤဂါထာကို ဆို၏။

၂၈။ သက္က၊ သိကြားမင်း။ အဇ္ဇ၊ ယနေ့။ အဟံ၊ ငါသည်။ သဖလံ၊ အသီးနှင့် ပြည့်စုံသော။ ဒုမံ၊ သဖန်းပင်ကို။ ဒိသွာန၊ မြင်၍။ သုခိတော ယထာ၊ ချမ်းသာသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ တွံ၊ သင်သည်။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဉာတိဘိ၊ ဆွေမျိုးတို့နှင့်။ သဟ၊ တကွ။ သုခီ၊ ချမ်းသာသည်။ ဟောဟိ၊ ဖြစ်စေသတည်း။

သိကြားမင်းသည်လည်း ဆုပေး၍ ရေသဖန်း ပင်ကို အမြိုက်အသီးနှင့် ပြည့်စုံသည်ကို ပြု၍ သုဇာနှင့်တကွ မိမိနေရာသို့သာလျှင် သွား၏။ ထိုအနက်ကို ပြုအံ့သောငှာ သဗ္ဗညူမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၂၉။ သုဝဿ စ ဝရံ ဒတွာ၊ ကတွာန သဖလံ ဒုမံ။
ပက္ကာမိ သဟ ဘရိယာယ၊ ဒေဝါနံ နန္ဒနံ ဝနံ။

ဟူသော ဤအဆုံးဂါထာကို ဟောတော်မူ၏။

၂၉။ ဘိက္ခဝေ၊ ရဟန်းတို့။ သက္ကော၊ သိကြားသည်။ သုဝဿ စ၊ ကျေးအားလည်း။ ဝရံ၊ ဆုကို။ ဒတွာ၊ ပေး၍။ ဒုမံ၊ ရေသဖန်းပင်ကို။ သဖလံ၊ အသီးရှိသည်ကို။ ကတွာန၊ ပြု၍။ ဘရိယာယ၊ မယားနှင့်။ သဟ၊ တကွ။ ဒေဝါနံ၊ တာဝတိံသာနတ်တို့၏။ နန္ဒနံ ဝနံ၊ နန္ဒဝန်ဥယျာဉ်သို့။ ပက္ကာမိ၊ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်း ရှေးပညာရှိတို့သည် ဤတိရစ္ဆာန်အမျိုး၌ ဖြစ်ကုန်လျှက်လည်း လောဘ၏ အစွမ်းအားဖြင့် သွားခြင်းမရှိကုန်သည် ဖြစ်ကုန်၏။ သင်သည် အဘယ့်ကြောင့် ဤသို့သဘောရှိသော သာသနာတော်၌ ရဟန်း ပြု၍ လောဘ၏ အစွမ်းအားဖြင့် သွားခြင်းကို သွားဘိသနည်း၊ သွားလေ... ထိုအရပ်၌လျှင် နေလော့ဟု မိန့်တော်မူ၍ ထိုရဟန်းအား ကမ္မဋ္ဌာန်းကို ဟောတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ထိုရဟန်းသည် ထိုအရပ်သို့သွား၍ ဝိပဿနာ စီးဖြန်းလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား- ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြားမင်း ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကျေးမင်းဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရောင့်ရဲသည်းခံ၊ ချမ်းသာမှန်၊ ဧကန်ရမည်သာ

သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော မဟာသုဝဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၄။ စူဠသုဝဇာတ်

လောဘနိုင်ငံသို့ မလိုက်သင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သန္တိ ရုက္ခာအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠသုဝဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဝေရဉ္ဇကဏ္ဍကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သဗ္ဗညူမြတ်စွာဘုရားသည် ဝေရဉ္ဇာ၌ ဝါဆိုတော်မူ၍ အစဉ်သဖြင့် သာဝတ္ထိမြို့သို့ ရောက်တော်မူသည်ရှိသော် ရဟန်းတို့သည် တရား သဘင်၌ “ငါ့ရှင်တို့... သဗ္ဗညူမြတ်စွာဘုရားသည် နူးညံ့သိမ်မွေ့သော မင်းမျိုးဖြစ်လျက် နူးညံ့သိမ်မွေ့သော ဘုရားဖြစ်လျက် ကြီးစွာသော တန်ခိုး အာနုဘော်အားဖြင့် ပြည့်စုံတော်မူလျက် ဝေရဉ္ဇပုဏ္ဏားသည် ဖိတ်အပ်သည်ဖြစ်၍ ဝါတွင်းသုံးလပတ်လုံး မာရမသည် မြှေးယှက်အပ်သည်ဖြစ်၍ ဝေရဉ္ဇပုဏ္ဏား၏ အထံ၌ တစ်ရက်မျှလည်း ဆွမ်းကိုမရမူ၍ လောဘ၏ အစွမ်းအားဖြင့် သွားခြင်းကို ပယ်တော်မူ၍ ဝါတွင်းသုံးလပတ်လုံး တစ်ကွမ်းစားသော ကြိတ်အပ်သော မုယောဆွမ်းဖြင့် မျှတစေတော်မူလျက် တစ်ပါးသောအရပ်ကို ကြွသွားတော်မူ၊ သဗ္ဗညူ မြတ်စွာဘုရားတို့၏ အလိုတော် နည်းသည်၏ အဖြစ် ရောင့်ရဲလွယ်သည်၏ အဖြစ်သည်အံ့ဖွယ်ရှိစွဟု စကားကို ဖြစ်စေကုန်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျောက်သည်ရှိသော် ရဟန်းတို့... ယခုအခါ၌ ငါဘုရား၏ လောဘ၏ အစွမ်းအားဖြင့် သွားခြင်းကို ပယ်ခြင်းသည်အံ့ဖွယ်မရှိသေး၊ တိရစ္ဆာန်အမျိုး၌ ဖြစ်လျက်လည်း ငါသည် လောဘ၏ အစွမ်းအားဖြင့် သွားခြင်းကို ပယ်ဖူး၏ ဟု မိန့်တော်မူ၍ ရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... အလုံးစုံသောဝတ္ထုကို ရှေးနည်းဖြင့်လျှင် ဆိုအပ်၏။-

၃၀။ သန္တိ ရုက္ခာ ဟရိပတ္တာ၊ ဒုမာ နေကဖလာ ဗဟူ။
ကသ္မာ နံ သုက္ခေ ကောဠာပေ၊ သုဝဿ နိရတော မနော။
၃၁။ ဖလဿ ဥပဘုဉ္ဇိမှာ၊ နေကဝဿဂဏေ ဗဟူ။
အဖလမ္ပိ ဝိဒိတွာန၊ သာဝ မေတ္တိ ယထာ ပုရေ။
၃၂။ သုက္ခဉ္စ ရုက္ခံ ကောဠာပံ၊ ဩပတ္တမဖလံ ဒုမံ။
ဩဟာယ သကုဏာ ယန္တိ၊ ကိံဒေါသံ ပဿသေ ဒိဇ။
၃၃။ ယေ ဖလတ္ထာ သမ္ဘဇန္တိ၊ အဖလာတိ ဇဟန္တိ နံ။
အတ္တတ္ထပညာ ဒုမ္မေဓာ၊ တေ ဟောန္တိ ပက္ခပါတိနော။
၃၄။ သာဓု သက္ခိကတံ ဟောတိ၊ မေတ္တိ သံသတိ သန္ထဝေါ။
သစေတံ ဓမ္မံ ရောစေသိ၊ ပါသံသောသိ ဝိဇာနတံ။
၃၅။ သော တေ သုဝ ဝရံ ဒမ္မိ၊ ပတ္တယာန ဝိဟင်္ဂမ။
ဝရံ ဝံရဿု ဝက္ကင်္ဂ၊ ယံ ကိဉ္စိ မနသိစ္ဆသိ။
၃၆။ အပိနာမ နံ ပဿေယျံ၊ သပတ္တံ သဖလံ ဒုမံ။
ဒလိဒ္ဒေါဝ နိဓိံ လဒ္ဓါ၊ နန္ဒေယျာဟံ ပုနပ္ပုနံ။
၃၇။ တတော အမတမာဒါယ၊ အဘိသိဉ္စိ မဟီရုဟံ။
တဿ သာခါ ဝိရူဟိံသု၊ သီတစ္ဆာယာ မနောရမာ။
၃၈။ ဧဝံ သက္က သုခီ ဟောဟိ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
ယထာဟမဇ္ဇ သုခိတော၊ ဒိသွာန သဖလံ ဒုမံ၊
၃၉။ သုဝဿ စ ဝရံ ဒတွာ၊ ကတွာန သဖလံ ဒုမံ။
ပက္ကာမိ သဟ ဘရိယာယ၊ ဒေဝါနံ နန္ဒနံ ဝနံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၃၀။ ဟရိပတ္တာ၊ စိမ်းညိုသော အရွက်တို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော။ ဒုမာ၊ မြေတောင်တို့၌ ရောက်ကုန်သော။ အနေကဖလာ၊ များသော အသီးရှိကုန်သော။ ဗဟူ၊ များစွာကုန်သော။ ရုက္ခာ၊ သစ်ပင်တို့သည်။ သန္တိ၊ ရှိကုန်လျက်။ သုက္ခေ၊ ခြောက်သော။ ကောဠာပေ၊ လေခတ်သည်ရှိသော် တီးမှုတ်သော အသံကဲ့သို့ မြည်သော။ ရုက္ခေ၊ ရေသဖန်းပင်၌။ သုဝဿ၊ ကျေး၏။ မနော၊ စိတ်သည်။ ကသ္မာ၊ အဘယ့်ကြောင့်။ နိရတော နု၊ အမြဲမွေ့လျော်သနည်း။

၃၁။ နေကဝဿဂဏေ၊ တစ်ပါးမက ရေတွက်အပ်သော နှစ်ရှိကုန်သော။ ဗဟု၊ မြားစွာကုန်သော ကာလပတ်လုံး။ မယံ၊ ငါတို့သည်။ အဿ၊ ထိုရေသဖန်းပင်၏။ ဖလံ၊ အသီးကို။ ဥပဘုဉ္ဇိမှာ၊ စားကုန်ပြီ။ အဖလမ္ပိ၊ အသီးမရှိပြီဟူ၍လည်း။ ဝိဒိတွာ၊ သိ၍။ ပုရေ ယထာ၊ ရှေး၌ကဲ့သို့။ သာဝ မေတ္တိ၊ ထိုချစ်ခြင်းသည်လျှင်။ ဟောတိ၊ ဖြစ်၏။

၃၂။ သုက္ခဉ္စ၊ ခြောက်သည်လည်းဖြစ်သော။ ကောဠာပံ၊ လေခတ်သည်ရှိသော် တီးမှုတ်သော အသံကဲ့သို့ မြည်သော။ ဩပတ္တံ၊ အရွက်မရှိသော။ ဖလံ၊ အသီးမရှိသော။ ဒုမံ၊ မြေ၌ရောက်သော။ ရုက္ခံ၊ ရေသဖန်းပင်ကို။ ဒီဇာ၊ နှစ်ကြိမ်ဖြစ်ကုန်သော။ သကုဏာ၊ ငှက်တို့သည်။ ဩဟာယ၊ စွန့်၍။ ယန္တိ၊ သွားကုန်၏။ သုဝရာဇ၊ ကျေးမင်း။ တွံ၊ သင်သည်။ ဂမနေ၊ စွန့်၍သွားခြင်း၌။ ကိံဒေါသံ၊ အဘယ်အပြစ်ကို။ ပဿသေ၊ မြင်သနည်း။

၃၃။ ဟံသရာဇ၊ ဟင်္သာမင်း။ ယေ၊ အကြင်ငှက်တို့သည်။ ဖလတ္ထာ၊ အသီးဟူသော အကြောင်းကြောင့်။ သမ္ဘဇန္တိ၊ ထိုအရပ်သို့ ဆည်းကပ်ကုန်၏။ နံ၊ ထိုရေသဖန်းပင်ကို။ အဖလောတိ၊ အသီး မရှိဟု။ ဇဟန္တိ၊ စွန့်ကုန်၏။ တေ သကုဏာ၊ ထိုငှက်တို့သည်။ အတ္တတ္ထပညာ၊ မိမိအကျိုးငှာသာ ပညာရှိကုန်သည် ဖြစ်၍။ ဒုမ္မေဓာ၊ သူတစ်ပါးတို့၏ အကျိုးငှာ ပညာမရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ပက္ခပါတိနော၊ မိမိကိုယ်အဖို့၌သာ ကျကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

အဆွေခင်ပွန်းကို မစွန့်၍

၃၄။ သုဝရာဇ၊ ကျေးမင်း။ သက္ခိကတံ၊ အဆွေ ခင်ပွန်းတို့၌ဖြစ်သော မေတ္တာသည်။ သာဓု၊ ကောင်းသည်။ ဟောတိ၊ ဖြစ်၏။ မေတ္တိသံသတိ၊ အဆွေခင်ပွန်း၏အဖြစ်ဖြင့် ပေါင်းဖော်ခြင်းသည်။ သန္တဝေါ၊ မိတ်ဖြစ်ခြင်းသည်။ သာဓု၊ ကောင်းသည်။ ဟောတိ၊ ဖြစ်၏။ တံ ဓမ္မံ၊ ထိုတရားကို။ သစေ ရောစေသိ၊ အကယ်၍နှစ်သက်အံ့။ ဝိဇာနတံ၊ ပညာရှိတို့သည်။ ပါသံသော၊ ချီးမွမ်းအပ်သည်သာလျှင်။ အသိ၊ ဖြစ်၏။

ဆုပေးမည်

၃၅။ ပတ္တယာန၊ အတောင်ဟူသော ယာဉ်ရှိသော။ ဝိဟင်္ဂမ၊ ကောင်းကင်ဖြင့်သွားသော။ ဝက္ကင်္ဂ၊ ကောက်သော လည်ရှိသော။ သုဝ၊ ကျေးမင်း။ တေ၊ သင်အား။ သော အဟံ၊ ထိုငါသည်။ ဝရံ၊ ဆုကို။ ဒမ္မိ၊ ပေးအံ့။ တွံ၊ သင်သည်။ ယံကိဉ္စိ၊ အမှတ်မရှိသောဆုကို။ မနသာ၊ စိတ်ဖြင့်။ ဣစ္ဆသိ၊ အလိုရှိအံ့။ တံ ဝရံ၊ ထိုဆုကို။ ဝရဿု၊ တောင်းလော့။

သစ်ပင် ရှင်ပါစေ

၃၆။ ဟံသရာဇ၊ ဟင်္သာမင်း။ အဟံ၊ ငါသည်။ နံ ဒုမံ၊ ထိုရေသဖန်းပင်ကို။ သပတ္တံ၊ အရွက်ရှိသည်ကို။ သဖလံ၊ အသီးရှိသည်ကို။ အပိ နာမ ပဿေယျံ၊ အကယ်၍ မြင်ရငြားအံ့။ ဒလိဒ္ဒေါ၊ သူဆင်းရဲသည်။ နိဓိံ၊ ရွှေအိုးကို။ လဒ္ဓါ၊ ရသည်ဖြစ်၍။ နန္ဒတိ ဣဝ၊ နှစ်သက်သကဲ့သို့။ နံ၊ ထိုရေသဖန်းပင်ကို။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ အဟံ၊ ငါသည်။ နန္ဒေယျံ၊ နှစ်သက်ရာ၏။

၃၇။ တတော၊ ထို့နောင်မှ။ သက္ကော၊ သိကြားသည်။ အမတံ၊ အမြိုက်ရေကို။ အာဒါယ၊ ယူ၍။ မဟီရုဟံ၊ ရေသဖန်းပင်ကို။ အဘိသိဉ္စိ၊ သွန်း၏။ တဿ၊ ထိုရေသဖန်းပင်၏။ သာခါ၊ အခက်တို့သည်။ ဝိရူဟိံသု၊ စည်ပင်ကုန်၏။ သီတစ္ဆာယာ၊ အေးသော အရိပ်ရှိ၏။ မနောရမာ၊ နှလုံးမွေ့ လျော်ဖွယ်ရှိ၏။

အသင်လည်း ချမ်းသာပါစေ

၃၈။ သက္က၊ သိကြားမင်း။ အဇ္ဇ၊ ယနေ့။ အဟံ၊ ငါသည်။ သဖလံ၊ အသီးရှိသော။ ဒုမံ၊ ရေသဖန်းပင်ကို။ ဒိသွာန၊ မြင်၍။ သုခိတော ယထာ၊ ချမ်းသာသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ တွံ၊ သင်သည်။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဉာတိဘိ၊ အဆွေ အမျိုးတို့နှင့်။ သဟ၊ တကွ။ သုခီ၊ ချမ်းသာသည်။ ဟောဟိ၊ ဖြစ်စေသတည်း။

၃၉။ သက္ကော၊ သိကြားသည်။ သုဝဿ စ၊ ကျေး သားအားလည်း။ ဝရံ၊ ဆုကို။ ဒတွာ၊ ပေး၍။ ဒုမံ၊ ရေသဖန်းပင်ကို။ သဖလံ၊ အသီးရှိသည်ကို။ ကတွာန၊ ပြု၍။ ဘရိယာယ၊ မယားနှင့်။ သဟ၊ တကွ။ ဒေဝါနံ၊ တာဝတိံသာနတ်တို့၏။ နန္ဒနံ ဝနံ၊ နန္ဒဝန်ဥယျာဉ်သို့။ ပက္ကာမိ၊ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်ဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြားဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကျေးမင်းဖြစ်ပြီ ဟူ၍ ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးကြီးမား၊ နေရာများ၊ ရှောင်ရှားပြုရာ

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော စူဠသုဝဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၅။ ဟရိတစဇာတ်

ကာမသည် ပညာရှိကို ဖျက်ဆီးတတ်သည်

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သုတမေတံ မဟာဗြဟ္မေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဟရိတစဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် ငြီးငွေ့သော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... တန်ဆာဆင်သော မာတုဂါမကိုမြင်၍ ငြီးငွေ့ရကား ရှည်သော ဆံ, လက်သည်း ခြေသည်း, အမွေးရှိသော လူထွက်လိုသော ထိုရဟန်းကို ဆရာဥပဇ္ဈာယ်တို့သည် အလိုမရှိဘဲလျက်လျှင် ဘုရားအထံတော်သို့ ဆောင်အပ်သည်ရှိသော် သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်း... သင် ငြီးငွေ့သတတ်ဟူသည် မှန်သလော ဟု မေးတော်မူ၏။ ဘုန်းတော် အလွန်ကြီးသော အရှင်ဘုရား မှန်ပေ၏ ဟု နားတော် လျှောက်သည်ရှိသော် အဘယ့်ကြောင့် ငြီးငွေ့သနည်း ဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား တန်ဆာဆင်အပ်သော မိန်းမကိုမြင်၍ ကိလေသာ၏ အစွမ်းအားဖြင့် ငြီးငွေ့၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း ကိလေသာမည်သည်ကား ဂုဏ်ကျေးဇူးကို ဖျက်ဆီးတတ်၏။ ကြည်ညိုဖွယ်မရှိ၊ ငရဲ၌ ဖြစ်စေတတ်၏။ ဤကိလေသာသည် သင်ကဲ့သို့သော သူကို အဘယ့်ကြောင့် မညစ်ညူးစေဘဲ ရှိလတ္တံ့နည်း၊ မြင်းမိုရ်တောင်ကို လဲအောင်တိုက်သော လေကြီးသည် ဟောင်းလေပြီးသော သစ်ရွက်ခြောက်အား မရှက်သည်သာလျှင် ဖြစ်၏။ ဤကိလေသာကို အမှီပြု၍ သဗ္ဗညုတဟူသော အကျိုးငှာ ရှေးဘုရားလောင်းတို့၏ လမ်းဟောင်းအစဉ်ကို သွားကုန်သော ငါးပါးသော အဘိညာဉ် ရှစ်ပါးသော သမာပတ်ကို ရကုန်သော ယောက်ျားမြတ်တို့သည်လည်း သတိကိုဖြစ်စေခြင်းငှာ မတတ်နိုင်ကုန်၊ ဈာန်ကို ကွယ်စေကုန်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာဆုဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တစ်ခုသော နိဂုံးဝယ် ကုဋေရှစ်ဆယ်ကြွယ်ဝသော ပုဏ္ဏားမျိုး၌ ဖြစ်၏။

ဟရိတစရသေ့

ရွှေနှင့်တူသော အဆင်းအသရေရှိသည်၏ အဖြစ်ကြောင့် ဘုရားလောင်းအား ဟရီတစ သတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုဟရိတစ သတို့သားသည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်သို့သွား၍ အတတ်တို့ကိုသင်၍ ဥစ္စာတို့ကိုဖြစ်စေ၍ အမိအဘတို့၏ လွန်လေပြီးသောအခါ၌ ဥစ္စာကိုကြည့်၍ ဥစ္စာသည်သာလျှင် ထင်၏။ ဥစ္စာကို ဖြစ်စေတတ်ကုန်သော သူတို့သည် မထင်ကုန်၊ ငါသည်လည်း သေမင်းခံတွင်း၌ မှုန့်မှုန့်ညက်ညက် ကြေသည်ဖြစ်ရာ၏ ဟု သေဘေးမှကြောက်၍ အလှူကြီးကိုပေး၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြု၍ ခုနစ်ရက်မြောက်လတ်သော် ငါးပါးသောအဘိညာဉ် ရှစ်ပါးသော သမာပတ်တို့ကို ဖြစ်စေ၍ ဟိမဝန္တာ၌ ကြာမြင့်စွာ သစ်မြစ်သစ်သီး အာဟာရရှိလျက် မျှ၍ ချဉ်ဆားမှီဝဲအံ့သောငှာ တောင်မှသက်၍ အစဉ်သဖြင့် ဗာရာဏသီသို့ရောက်၍ မင်း၏ဥယျာဉ်၌ နေ၍ နက်ဖြန် ဗာရာဏသီပြည်၌ ဆွမ်းခံလတ်သော် မင်းအိမ်တ့ခါးသို့ ရောက်၏။

မင်းကိုးကွယ်ခံရ

မင်းသည် ထိုဟရိတစ ရသေ့ကိုမြင်၍ ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ ပင့်ခေါ်စေ၍ ကောင်းစွာ ဆောက်အပ်သော ထီးဖြူရှိသော မင်း၏ပလ္လင်၌ နေစေ၍ အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်ကိုဘုဉ်းပေးစေ၍ တရားအနုမောဒနာ ပြုသည်၏အဆုံး၌ အတိုင်း ထက်အလွန် ကြည်ညို၍ အရှင်ဘုရား အရှင်ဘုရားတို့သည် အဘယ်အရပ်၌ သီတင်းသုံး နေတော်မူသနည်း ဟု မေးတော်မူ၏။ မြတ်သောမင်းကြီး နေရာအရပ်ကို ရှာကုန်၏ ဟု ဆိုသည်ရှိသော် အရှင်ဘုရား ကောင်းပြီ ဟု နံနက်စာ စားပြီးသော် ထိုဟရိတစ အရှင်ရသေ့ကို ပင့်ဆောင်၍ ဥယျာဉ်သို့သွား၍ ညဉ့်သန့်ရာနေရာ နေ့သန့်ရာနေရာတို့ကို ပြုစေ၍ ဥယျာဉ်စောင့်ကို အလုပ်အကျွေး ပြုစေ၍ ရှိခိုး၍ ထွက်ခဲ့၏။

မိဖုရားနှင့် မှားယွင်းပြီ

ဘုရားလောင်းသည် ထိုအခါမှစ၍ အမြဲ မင်းအိမ်၌ ဆွမ်းဘုဉ်းပေးလျက် တစ်ဆယ့်နှစ်နှစ်ပတ်လုံး ထိုဥယျာဉ်၌ နေ၏။ ထိုအခါ တစ်နေ့သ၌ မင်းသည် ခိုးသူဖျက်ဆီးသော ပစ္စန္တရစ်ကို ငြိမ်းစိမ့်သောငှာ သွားသည်ရှိသော် ငါတို့၏ ကောင်းမှု၏ စိုက်ပျိုးရာလယ်မြေကို မမေ့မလျော့လင့် ဟုဆို၍ မိဖုရားအား ဘုရားလောင်းကို အပ်၍သွား၏။ ထိုအခါမှစ၍ မိဖုရားသည် ဘုရားလောင်းကို မိမိလက်ဖြင့် လုပ်ကျွေး၏။ ထိုအခါ တစ်နေ့သ၌ မိဖုရားသည် ဘောဇဉ်ကို ပြည့်စုံစေ၍ ဘုရားလောင်း ကြာမြင့်လတ်သော် နံ့သာရေဖြင့် ချိုး၍ သိမ်မွေ့ပြေပြစ်သော အဝတ်ကိုဝတ်၍ ခြင်္သေ့ခံသော လေသွန်နန်းတံခါးတို့ကို ဖွင့်၍ ကိုယ်၌ လေကိုခတ်စေလျက် ညောင် စောင်း ငယ်၌ လျောင်း၏။

ဘုရားလောင်းသည် ကောင်းစွာ ဝတ်ရုံလျက် သပိတ်ကို ပိုက်လျက် ကောင်းကင်ဖြင့်လာ၍ ခြင်္သေ့ခံသော လေသွန်နန်းတံခါးသို့ ရောက်၏။ ထိုအခါ မိဖုရားသည် ဘုရားလောင်း၏ လျှော် တေသင်္ကန်းသံကို ကြား၍ ထလိုက်သော် မိဖုရားမှ သိမ်မွေ့ပြေပြစ်သော ကိုယ်ဝတ်သည် လျှော ကျ၏။ ဝိသဘာဂ အာရုံသည် ဘုရားလောင်း၏ မျက်စိအား ထင်ခြင်းသို့ ရောက်၏။ ထိုအခါ များလှစွာသော နှစ်ကုဋေအသိန်း အရေအတွက်ရှိသော ကာလဝယ် ကိုယ်တွင်း၌ ငြိမ်ဝပ်စွာနေသော ကိလေသာသည် ကြုတ်၌အိပ်သော မြွေဟောက်ကဲ့သို့ ထ၍ ဘုရားလောင်း၏ ဈာန်ကို ကွယ်စေ၏။ ဘုရားလောင်းသည် သတိကို ဖြစ်စေခြင်းငှာ မတတ်နိုင်ရကား မိဖုရားလက်ကို ဆွဲကိုင်၏။ ထိုခဏ၌လျှင် တင်းတိမ်ကို ကာရံကုန်၏။ ဘုရားလောင်းသည် မိဖုရားနှင့်တကွ လူတို့၏အကျင့်ကို မှီဝဲ၍ ဆွမ်းစား၍ ဥယျာဉ်သို့ သွား၏။ ထိုအခါမှစ၍ နေ့တိုင်း ထို့အတူလျှင် ပြု၏။ ဟရိတစရသေ့၏ မိဖုရားနှင့်တကွ လူတို့၏ အကျင့်ကို မှီဝဲခြင်းသည် မြို့အလုံး၌ ထင်ရှားစွာ ဖြစ်၏။

အမတ်တို့ တိုင်ခြင်း

အမတ်တို့သည် မြတ်သောမင်းကြီး ဟရိတစ ရသေ့သည် ဤသို့ပြု၏ဟု မင်းအား လျှောက် စာ ဆက်ကုန်၏။

မင်းကြီးမေးခြင်း

မင်းသည် ဟရိတစရသေ့ကို ဖျက်ဆီးလိုကုန်၍ ဤသို့ ဆို၏ဟု မယုံကြည်၍ ပစ္စန္တရစ်ကို ငြိမ်းစေ၍ ဗာရာဏသီမြို့သို့ ပြန်၍ မြို့ကို လက်ယာရစ်လည်၍ မိဖုရား၏အထံသို့သွား၍ ငါ၏ ဟရိတစ ရသေ့သည် သင်နှင့်တကွ လူတို့၏ အကျင့်ကို မှီဝဲဟူသည် မှန်သလောဟု မေး၏။ မြတ်မင်းကြီး မှန်ပေ၏ ဟု ဆိုသည်ရှိသော် မင်းသည် မိဖုရား၏စကားကိုလည်း မယုံကြည်၍ ရသေ့ကိုလျှင် မေးဦးအံ့ဟု ဥယျာဉ်သို့သွား၍ တင့်အပ်လျောက်ပတ်စွာ နေ၍ ဟရိတစ ရသေ့ကို မေးလိုရကား-

၄၀။ သုတံ မေတံ မဟာဗြဟ္မေ၊ ကာမေ ဘုဉ္ဇတိ ဟာရိတော။
ကစ္စေတံ ဝစနံ တုစ္ဆံ၊ ကစ္စိ သုဒ္ဓေါ ဣရိယျသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာအား ဆို၏။

၄၀။ မဟာဗြဟ္မေ၊ ဗြဟ္မာကြီးသဖွယ်ဖြစ်သော အရှင်ဘုရား။ ဟာရိတော၊ ဟရိတစ ရှင်ရသေ့သည်။ သုဒ္ဓေါ၊ စင်ကြယ်သည်ဖြစ်၍။ ဣရိယျသိ၊ နေ၏လော။ ကာမေ၊ ကာမတို့ကို။ ဘုဉ္ဇတိ၊ ခံစား၏။ ဧတံဝစနံ၊ ဤစကားကို။ မေ၊ အကျွန်ုပ်သည်။ သုတံ၊ ကြားအပ်၏။ တံဝစနံ၊ ထိုစကားသည်။ တုစ္ဆံ ကစ္စိ၊ မမှန်သော စကားလော။ ကစ္စိ၊ အသို့နည်း။ တွံ၊ အရှင်ဘုရားသည်။ သုဒ္ဓေါ၊ စင်ကြယ်သည်ဖြစ်၍။ ဣရိယျသိ၊ နေ၏လော။

ဟုတ်ကြောင်းဝန်ခံ

ဟရိတစ ရသေ့သည် ငါကား ကာမကို မခံစားဟု ဆိုအပ်သည်ရှိသော်လည်း ဤမင်းသည် ငါ၏စကားကို ယုံအံ့သလျှင်ကတည်း၊ ဤလော က၌ သစ္စာနှင့်တူသော ကိုးကွယ်ရာမည်သည် မရှိ၊ သစ္စာကို စွန့်ကုန်သော သူတို့သည် ဗောဓိပင်ရင်း၌ နေ၍လည်း သဗ္ဗညုတဉာဏ်တော်သို့ ရောက်အံ့သောငှာ မတတ်နိုင်ကုန်၊ ငါသည် မှန်သောစကားကို ဆိုခြင်းငှာသာလျှင် သင့်၏ ဟု ကြံ၏။ ထိုစကားသည် မှန်၏။ ဘုရားလောင်းအား အချို့ကုန်သော ပါဏာတိပါတ, အဒိန္နာဒါန်တို့သည် ဖြစ်ကုန်၏။ ကာမေသုမိစ္ဆာစာရသည်လည်း ဖြစ်၏။ သုရာမေရယမဇ္ဇပါနသည်လည်း ဖြစ်သည်သာလျှင်တည်း။ အကျိုးစီးပွားကို ပျက်စီးစေတတ်သော ချွတ်ယွင်းခြင်းကို ဖြစ်စေတတ်သော စေတနာကို အကြီးပြု၍ မုသားဆိုခြင်းမည်သည်ကား မဖြစ်။ ထို့ကြောင့် မှန်သောစကားကိုသာလျှင် ဆိုလိုရကား-

၄၁။ ဧဝမေတံ မဟာရာဇ၊ ယထာ တေ ဝစနံ သုတံ။
ကုမ္မဂ္ဂံ ပဋိပန္နောသ္မိ၊ မောဟနေယျသု မုစ္ဆိတော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တေ၊ သင်မင်းကြီးသည်။ ဝစနံ၊ စကားကို။ သုတံ ယထာ၊ ကြားသကဲ့သို့။ ဧတံ၊ ထိုစကားသည်။ ဧဝံ၊ ဤသို့ ကြားတိုင်းမှန်၏။ အဟံ၊ ငါသည်။ မောဟနေယျသု၊ မိုက်စေတတ်ကုန်သော ကာမဂုဏ်တို့၌။ မုစ္ဆိတော၊ မက်မောသည်ဖြစ်၍။ ကုမ္မဂ္ဂံ၊ မှားသော ခရီးသို့။ ပဋိပန္နော၊ ရောက်သည်။ အသ္မိ၊ ဖြစ်၏။

ရာဂကိုငြိမ်းစေလော့

မင်းသည် ထိုစကားကို ကြား၍-

၄၂။ အဒု ပညာ ကိမတ္ထိယာ၊ နိပုဏာ သဓုစိန္တိနီ။
ယာယ ဥပ္ပတိတံ ရာဂံ၊ ကိံ မနော န ဝိနောဒယေ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၄၂။ ဘန္တေ၊ အရှင်ဘုရား။ ယာယ၊ အကြင်ပညာဖြင့်။ မနော၊ စိတ်သည်။ ဥပ္ပတိတံ၊ ဖြစ်သော။ ရာဂံ၊ ရာဂကို။ ကိံ၊ အဘယ့်ကြောင့်။ န ဝိနောဒယေ၊ ဖျောက်ခြင်းငှာ မတတ်နိုင်သနည်း။ ဧဝံ သတိ၊ ဤသို့ဖျောက်ခြင်းငှာ မတတ်နိုင်သည်ရှိသော်။ နိပုဏာ၊ သိမ်မွေ့သော။ သာဓုစိန္တိနီ၊ ကောင်းသောအကျိုးတို့ကို ကြံတတ်သော။ ပညာ၊ ပညာသည်။ ကိမတ္ထိယာ၊ အဘယ် အကျိုးရှိအံ့နည်း။

ထိုအခါ ဟရိတစ ရသေ့သည် မင်းအား ကိလေသာ၏ အစွမ်းကို ပြလို၍ -

၄၃။ စတ္တာရောမေ မဟာရာဇ၊ လောကေ အတိဗလာ ဘုသာ။
ရာဂေါ ဒေါသော မဒေါ မောဟော၊ ယတ္ထ ပညာ န ဂါဓတိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

အားကြီးသော တရား ၄-ပါး

၄၃။ မဟာရာဇ၊ မြတ်သော မင်းကြီး။ လောကေ၊ လောက၌။ ယတ္ထ၊ အကြင်ရာဂ အစရှိကုန်သော လေးပါးကုန်သော တရားတို့၌။ ပညာ၊ ပညာသည်။ န ဂါဓတိ၊ တည်ရာကို မရ။ ရာဂေါ၊ ရာဂလည်းကောင်း။ ဒေါသော၊ ဒေါသလည်းကောင်း။ မဒေါ၊ ယစ်ခြင်းလည်းကောင်း။ မောဟော၊ မောဟလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရော၊ လေးပါးကုန်သော။ ဣမေ ဓမ္မာ၊ ဤတရားတို့သည်။ အတိဗလာ၊ အလွန် အားကြီးကုန်၏။ ဘုသာ၊ ပြင်းထန်ကုန်၏။

မင်းကြီးသည် ထိုစကားကို ကြား၍-

၄၄။ အရဟာ သီလသမ္ပန္နော၊ သုဒ္ဓေါ စရတိ ဟာရိတော။
မေဓာဝီ ပဏ္ဍိတော စေဝ၊ ဣတိ နော သမ္မတော ဘဝံ။

ဟူသော ငါးခုမြောက် ဤဂါထာကို ဆို၏။

၄၄။ ဟာရိတော၊ ဟရိတစ ရှင်ရသေ့သည်။ အရဟာ၊ ပစ္စည်းလေးပါးဖြင့် ပူဇော်ခြင်းကို ခံထိုက်၏။ သီလသမ္ပန္နော၊ သီလနှင့် ပြည့်စုံ၏။ သုဒ္ဓေါ၊ စင်ကြယ်စွာ။ စရတိ၊ ကျင့်၏။ မေဓာဝီ၊ ကိလေသာတို့ကို ဖျက်ဆီးတတ်သော ပညာလည်း ရှိ၏။ ပဏ္ဍိတော စေဝ၊ အကျိုးအကြောင်းကို သိသော ပညာလည်းရှိ၏။ ဣတိ၊ ဤသို့။ နော၊ ငါတို့သည်။ ဘဝံ၊ အရှင့်ကို။ သမ္မတော၊ သမုတ်အပ်၏။

ထို့နောင်မှ ပရိတစ ရှင်ရသေ့သည်-

၄၅။ မေဓာဝိနမ္ပိ ဟိံသန္တိ၊ ဣသိံ ဓမ္မဂုဏေ ရတံ။
ဝိတက္ကာ ပါပကာ ရာဇ၊ သုဘာ ရာဂူပသံဟိတာ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၅။ ရာဇ၊ မင်းကြီး။ ပါပကာ၊ ယုတ်မာကုန်သော။ သုဘာ၊ တင့်တယ်၏ဟု အာရုံကို ယူခြင်း၌ဖြစ်ကုန်သော။ ရဂူပသ့ဟိတာ၊ ရာဂနှင့်စပ်ကုန်သော။ ဝိတက္ကာ၊ ဝိတက်တို့သည်။ ဣသိံ ဓမ္မဂုဏေ၊ ရသေ့တို့ တရားကျေးဇူး၌။ ရတံ၊ မွေ့လျော်ကုန်သော။ မေဓာဝီနမ္ပိ၊ ပညာရှိတို့အားလည်း။ ဟိံသန္တိ၊ ညှဉ်းဆဲကုန်၏။

ထိုအခါ မင်းသည် ဟရိတစ ရှင်ရသေ့ကို ကိလေသာကို ပယ်ခြင်၌ အားထုတ်ခြင်းကို ဖြစ်စေလို၍-

၄၆။ ဥပ္ပန္နာယံ သရီရဇော၊ ရာဂေါ ဝဏ္ဏဝိဒူသနော တဝ။
တံ ပဇဟ ဘဒ္ဒမတ္ထု တေ၊ ဗဟုန္နာသိ မေဓာဝိသမ္မတော။

ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၆။ ဘန္တော၊ အရှင်ဘုရား။ တဝ၊ အရှင်ဘုရားအား။ သရီရဇော၊ ကိုယ်မှဖြစ်သော။ ဝဏ္ဏဝိဒူသနော၊ အဆင်းကျေးဇူးကို ဖျက်ဆီးတတ်သော။ အယံ ရာဂေါ၊ ဤရာဂသည်။ ဥပ္ပန္နော၊ ဖြစ်၏။ တံ၊ ထိုရာဂကို။ တွံ၊ အရှင်ဘုရားသည်။ ပဇဟ၊ ပယ်လော့။ တေ၊ အရှင်ဘုရားအား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ တွံ၊ အရှင်ဘုရားကို။ ဗဟုန္နံ၊ မြားစွာကုန်သော လူအပေါင်းတို့သည်။ မေဓာဝိသမ္မတော၊ ပညာရှိ၏ ဟူ၍ သမုတ်အပ်သည်။ အာသိ၊ ဖြစ်၏။

သတိရ၍ တရားကျင့်ပြီ

ထို့နောင်မှ ဘုရားလောင်းသည် သတိရ၍ ကာမတို့၌ အပြစ်ကိုမှတ်၍-

၄၇။ တေ အန္ဓကာရကေ ကာမေ၊ ဗဟုဒုကျခေ မဟာဝိသေ။
တေသံ မူလံ ဂဝေသိဿံ၊ ဆေစ္ဆံ ရာဂံ သဗန္ဓနံ။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၇။ မဟာ ရာဇ၊ မြတ်သောမင်းကြီး။ အန္ဓကာရကေ၊ ကန်းသည်၏အဖြစ်ကို ပြုတတ်ကုန်သော။ ဗဟုဒုက္ခေ၊ များစွာသော ဆင်းရဲရှိကုန်သော။ မဟာဝိသေ၊ ကိလေသာဟူသော များစွာသော အဆိပ်ဖြစ်ကုန်သော။ တေ ကာမေ၊ ထိုကာမတို့ကို။ အဟံ၊ ငါသည်။ ပဇပာာမိ၊ ပယ်အံ့။ တေသံ၊ ထိုကာမတို့၏။ မူလံ၊ မသင့်သောအားဖြင့် နှလုံးသွင်းခြင်းဟူသော အမြစ်ကို။ ဂဝေသိဿံ၊ ရှာအံ့။ သဗန္ဓနံ၊ အနှောင်အဖွဲ့နှင့် တကွသော။ ရာဂံ၊ ရာဂကို။ ဆေစ္ဆံ၊ ဖြတ်အံ့။

ဤစကားကိုဆို၍ မြတ်သောမင်းကြီး ငါ့အား ခွင့်ပြုဦးလော့ ဟု အခွင့်ပြုစေ၍ ကျောင်းသို့ဝင်၍ ကသိုဏ်းဝန်းကိုကြည့်၍ တစ်ဖန် ပျောက်သာဈာန်ကို ဖြစ်စေ၍ ကျောင်းမှထွက်၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့သဖြင့် နေ၍ မင်းအား တရားဟော၍ မြတ်သောမင်းကြီး ငါသည် မနေအပ်သောအရပ်၌ နေခြင်းကြောင့် လူများအလယ်၌ ကဲ့ရဲ့အပ်သော အဖြစ်သို့ ရောက်၏။ သင်မင်းကြီးသည် မမေ့မလျော့ ဖြစ်ရစ်လော့၊ ငါသည်ကား ယခုတစ်ဖန် မိန်းမနံ့ မနံသော တော အုပ်သို့လျှင် သွားအံ့ ဟု ဆို၍ မင်းသည် ငိုကြွေးစဉ်လျှင် ဟိမဝန္တာသို့သွား၍ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လား၏။

သဗ္ဗညူမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ထိုအကြောင်းကို ပြအံ့သောငှာ-

၄၈။ ဣဒံ ဝတွာန ဟာရိတော၊ ဣသိ သစ္စပရက္ကမော။
ကာမရာဂံ ဝိရာဇေတွာ၊ ဗြဟ္မလောကူပဂေါ အဟု။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၄၈။ ဘိက္ခဝေ၊ ရဟန်းတို့။ သစ္စပရက္ကမော၊ မှန် သောစကားကို ဆိုခြင်း၌ အားထုတ်သော။ ဟာရိတော ဣသိ၊ ဟရိတစ ရသေ့သည်။ ဣဒံ၊ ဤစကားကို။ ဝတွာန၊ ဆို၍။ ကာမရာဂံ၊ ကာမရာဂကို။ ဝိရာဇေတွာ၊ ခွာ၍။ ဗြဟ္မလောကူပဂေါ၊ ဗြဟ္မာ့ပြည်သို့ လားသည်။ အဟု၊ ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဂါထာကို ဟောတော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သောရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ပြီး၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဟရိတစရသေ့ ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကာမဂုဏ်များ၊ မက်မောငြား၊ လမ်းမှားရောက်တတ်စွ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဟရိတစဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၆။ ပဒကုသလမာဏဝဇာတ်

သူတစ်ပါးပညာကို လှည့်စားခြင်းကြောင့်သေရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဗဟုသုတံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပဒကုသလမာဏဝဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တစ်ယောက်သော သူငယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သာဝတ္ထိပြည်၌ သူကြွယ်သားဖြစ်သော ထိုသူငယ်သည် ခုနစ်နှစ်ရှိသော ကာလ၌လျှင် ခြေရာ၌ လိမ္မာသည် ဖြစ်သတတ်။

ခြေရာခံအတတ်

ထိုအခါ ထိုသူငယ်၏အဖသည် ဤသူငယ်ကို စုံစမ်းအံ့ဟု ထိုသူငယ်သည် မသိစဉ်လျှင် အဆွေခင်ပွန်းအိမ်သို့ သွား၏။ သူငယ်သည် အဖသွားရာ အရပ်ကို မမေးမူ၍လျှင် ထိုအဖ၏ခြေရာကို အစဉ်မှီးသဖြင့်သွား၍ အဖအထံ၌ နေ၏။ ထိုအခါ ထိုသူငယ်ကို အဖသည် တစ်နေ့သ၌

အမောင်... ငါသည် သင့်ကို မသိစေမူ၍လျက်လည်း ငါ၏ နေရာအရပ်ကို သင်သည် အဘယ့်ကြောင့် သိသနည်း ဟု မေး၏။ ကျွန်ုပ်သည် အဖ၏ခြေရာကို သိ၏။ ခြေရာ၌ လိမ္မာ၏ဟု သူငယ်သည် ဆို၏။ ထိုအခါ သူငယ်အား အဖသည် စုံစမ်းအံ့သောငှာ နံနက်စာစားပြီးတော် အိမ်မှထွက်၍ အခြားမဲ့ဖြစ်သော အိမ်နီးချင်း အိမ်သို့သွား၍ ထိုအိမ်မှ နှစ်ခုမြောက် ထိုအိမ်မှ သုံးခုမြောက်ဖြစ်သော အိမ်သို့ဝင်၍ သုံးခုမြောက်ဖြစ်သော အိမ်မှထွက်၍ တစ်ဖန် မိမိအိမ်သို့လာ၍ မိမိအိမ်မှ မြောက်တံခါးမှထွက်၍ ဇေတဝန်ကျောင်းသို့သွား၍ ဘုရားကိုရှိခိုး၍ တရားတော်ကိုနာလျက် နေ၏။ သူငယ်သည် အဖသည် အဘယ်သို့သွားသနည်း ဟု မေး၏။ ငါတို့မသိကုန် ဟု ဆိုလတ်သော် အဖ၏ ခြေရာကို အစဉ်လျောက်သဖြင့် အိမ်နီးချင်း၏အိမ်ကို အစပြု၍ အဖသွားသောခရီးဖြင့်လျှင် ဇေတဝန် ကျောင်းတော်သို့ သွား၍ ဘုရားကိုရှိခိုး၍ အဖအထံ၌ နေ၏။

အဖသည် အမောင် ငါသည် ဤသို့လာသောအဖြစ်ကို သင် အဘယ်သို့ သိသနည်း ဟု မေးသည်ရှိသော် အကျွန်ုပ်သည် အဖ၏ခြေရာကိုသိ၍ ခြေရာကို လျောက်သဖြင့် လာ၏ဟု ဆို၏။ သဗ္ဗညူမြတ်စွာဘုရားသည် သီတင်းသည် သင် အဘယ်သို့ဆိုသနည်းဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ဤသူငယ်သည် ခြေရာ၌ လိမ္မာ၏။ အကျွန်ုပ်သည် ဤသူငယ်ကို စုံစမ်းလို၍ ဤမည်သော အကြောင်းဖြင့် လာ၏။ ဤသူငယ်သည်လည်း အကျွန်ုပ်၏ခွရောကို လျှောက်သဖြင့် လာ၏ဟု နားတော်လျှောက်သည်ရှိသော် သီတင်းသည်... မြေ၌ ခြေရာကိုသိခြင်းသည်အံ့ဖွယ်မရှိသေး၊ ရှေးပညာရှိတို့သည် ကောင်းကင်၌ ခြေရာကိုသိဖူးကုန်၏ ဟု မိန့်တော်မူ၍ ထိုသီတင်းသည်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဗြဟ္မဒတ်မင်း၏ မိဖုရားသည် လွန်ကျူးသော အကျင့်ကိုကျင့်၍ မင်းသည် မေးအပ်သည်ရှိသော် မြတ်သောမင်းကြီး အကျွန်ုပ်သည် အကယ်၍ အရှင်မင်းကြီးတို့ကို လွန်ကျူး၍ ကျင့်အံ့၊ အဿမုခီ ဘီလူးမ ဖြစ်စေသတည်း ဟု ကျိန်၍ ထိုကိုယ်၏အဖြစ်မှ စုတေသေလွန်၍ တစ်ခုသောတောင်ခြေရင်း၌ အဿမုခီ ဘီလူးမဖြစ်၍ တည်သောလိုဏ်ဂူ၌ နေလျက် တောအုပ်ကြီး၌ အရှေ့ အစွန်းမှသည် အနောက်သို့ သွားကုန်သော လူတို့ကို ဖမ်း၍စားကုန်၏။

ဘီလူးမနှင့်လူသားလင်

ထိုအဿမုခီဘီလူးမသည် သုံးနှစ်ပတ်လုံး ဝေဿဝဏ် နတ်မင်းကို ခစား၍ အများအားဖြင့် ယူဇနာသုံးဆယ် အနံအားဖြင့် ငါးယူဇနာရှိသော အရပ်၌ လူကိုစားခြင်းငှာ အခွင့်ရသတတ်၊ ထိုအခါ တစ်နေ့သ၌ ကြွယ်ဝသော များသော ဥစ္စာစည်းစိမ်ရှိသော အဆင်းလှသော ပုဏ္ဏားတစ်ယောက်သည် များစွာသောလူတို့ဖြင့် ခြံရံလျက် ထိုခရီးသို့ထွက်သွား၏။ အဿမုခီဘီလူးမသည် ထိုပုဏ္ဏားကိုမြင်၍ နှစ်သက်၍ ပြေးလာ၏။ ထိုအဿမုခီဘီလူးမကိုမြင်၍ ပုဏ္ဏား၏အခြံအရံဖြစ်သော လူတို့သည် ထွက်ပြေးကုန်၏။ အဿမုဘီလူးမသည် လေကဲ့သို့ လျင်မြန်သော အဟုန်ဖြင့် လာလတ်၍ ပုဏ္ဏားကို ဖမ်းယူ၍ ကျောက်၌ တင်၍ အိပ်စေ၍ လိုဏ်သို့သွားလတ်သော် ယောကျ်ား၏အတွေ့ကိုရ၍ ကိလေသာ၏ အစွမ်းအားဖြင့် ထိုပုဏ္ဏားကို ချစ်ခြင်းကိုဖြစ်စေ၍ ထိုပုဏ္ဏားကို မစားမူ၍ မိမိလင်ပြု၏။ ထိုနှစ်ယောက်သော သူတို့သည်လည်း ညီညွတ်သင့်တင့်စွာ နေခြင်းကို နေကုန်၏။ ထိုအခါမှစ၍ ဘီလူးမသည် လူတို့ကိုဖမ်း၍ ယူလတ်သော် အဝတ် ဆန် ဆီ အစရှိသည်တို့ကိုယူ၍ ပုဏ္ဏားအား အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်တို့ကိုပေး၍ မိမိသည် လူသားကို စား၏။ သွားသောကာလ ပုဏ္ဏားပြေးအံ့သည်မှ ကြောက်သောကြောင့် ကြီးစွာသောကျောက်ဖြင့် လိုဏ်တံခါးကို ပိတ်၍သွား၏။ ထိုနှစ်ယောက်သော သူတို့သည် ဝမ်းမြောက်ဝမ်းသာ နေကုန်လတ်သော် ဘုရားလောင်းသည် ဖြစ်ရာအရပ်မှ စုတေ၍ ပုဏ္ဏားကိုစွဲ၍ အဿမုခီဘီလူးမဝမ်း၌ ပဋိသန္ဓေ နေ၏။

သားတစ်ယောက်ရပြီ

အဿမုခိဘီလူးမသည် ဆယ်လလွန်သဖြင့် သားကိုဖွား၍ သား၌လည်းကောင်း, ပုဏ္ဏား၌ လည်းကောင်း ကြီးစွာသော ချစ်ခြင်းသည်ဖြစ်၍ နှစ်ယောက်ကုန်သော သူတို့ကိုလည်း မွေးမြု၏။ အဿမုခီ ဘီလူးမသည် နောက်အဖို့၌ သားသည် ကြီးခြင်းသို့ ရောက်လတ်သော် အဖနှင့်တကွ လိုဏ်တွင်းသို့သွင်း၍ တံခါးကိုပိတ်၏။ ထိုအခါ တစ်နေ့သ၌ ဘုရားလောင်းသည် ဘီလူးမ၏ သွားသောကာလကိုသိ၍ ကျောက်ဖျာကိုပယ်၍ အဖကို လိုဏ်အပ၌ထား၏။ ထိုဘီလူးမသည် လာလတ်၍ အဘယ်သူသည် ဤ ကျောက်ဖျာကို ပယ်သနည်း ဟု ဆို၍ မိခင် ကျွန်ုပ်သည် ပယ်၏။ အမိုက်၌နေခြင်းငှာ မတတ်နိုင် ဟု သားက ဆိုသည်ရှိသော် သားကိုချစ်ခြင်းဖြင့် တစ်စုံတစ်ခုသောစကားကို မဆို။ ထိုအခါ တစ်နေ့သ၌ ဘုရားလောင်းသည် အဖအား ဖခင် အဘယ်အကြောင်းကြောင့် ကျွန်ုပ်အမိ၏ မျက်နှာသည် အခြားတစ်ပါး၊ သင်၏ မျက်နှာသည် အခြားတစ်ပါးဖြစ်သနည်းဟု မေး၏။ အမောင် သင့်အမိသည် လူသားစား ဘီလူးမတည်း၊ ငါတို့နှစ်ယောက်မူကား လူတည်း ဟု အဘသည် ပြောဆို၏။

ထွက်ပြေးကြခြင်း

ဖခင် အဘယ့်ကြောင့် ဤအရပ်၌ နေကုန်အံ့နည်း၊ လာလော့၊ လူ့ပြည်သို့ သွားကြကုန်အံ့ ဟု သားသည် ဆို၏။ အမောင်... ငါတို့သည် အကယ်၍ ပြေးကုန်အံ့၊ နှစ်ယောက်ကုန်သော ငါတို့ကိုလည်း သင်၏အမိသည် စားလတ္တံ့ ဟု အဖသည် ဆို၏။ ဘုရားလောင်းသည် ဖခင်... မကြောက်လင့်၊ လူ့ပြည်သို့ဆောင်ခြင်းသည် အကျွန်ုပ်ဝန်တည်း ဟု အဘကို နှစ်သိမ့်စေ၍ နက်ဖြန် အမိသည်သွားလတ်သော် အဖကိုယူ၍ ပြေး၏။ ဘီလူးမသည် လာလတ်၍ ထိုသားအဖတို့ကို မမြင်၍ လေကဲ့သိုသော လျင်မြန်ခြင်းအဟုန်ဖြင့် ပြေး၍ ထိုသားအဖတို့ကို ဖမ်း၍ ပုဏ္ဏား... အဘယ့်ကြောင့် ပြေးသနည်း၊ ဤအရပ်၌ အဘယ်ဝတ္ထုသည် မရှိသနည်းဟု ဆို၍ ရှင်မ... ကျွန်ုပ်ကို မမေးလင့်၊ သင့်သားသည် ကျွန်ုပ်ကိုယူ၍ ပြေး၏ ဟု ဆိုသည်ရှိသော် သား၌ချစ်ခြင်းဖြင့် တစ်စုံတစ်ခုသော စကားကိုမဆိုမူ၍ ထိုသားအဖတို့ကို နှစ်သိမ့်စေ၍ မိမိနေရာသို့လျှင် သွား၍ ထို့အတူ တစ်ဖန်လည်း နှစ်ရက်သုံးရက် ရောက်လတ်သော် ပြေးကုန်သော သားအဖတို့ကို ဆောင်၏။ ဘုရားလောင်းသည် ငါ့အမိ၏ အရပ်သည် အပိုင်းအခြားရှိသည် ဖြစ်ရာ၏။ ငါသည် အမိ၏အာဏာဖြစ်ရာ အရပ်ကို အမိကိုမေး၍ ထို့နောင်မှ ထိုအာဏာဖြစ်ရာအရပ်ကို လွန်၍ ပြေးရမူကား ကောင်း၏ဟု ကြံ၏ ကြံပြီး၍ ထိုဘုရားလောင်းသည် တစ်နေ့သ၌ အမိကိုခေါ်၍ တင့်အပ်လျှောက်ပတ်သော အရပ်၌ နေလတ်သော် မိခင် အမိ၏ ဥစ္စာမည်သည် သားတို့အား ရောက်၏။ မိမိ၏ဥစ္စာဖြစ်သော မြေ၏ အပိုင်းအခြားကို မိခင်သည် ကျွန်ုပ်အား ကြားလော့ ဟုဆို၏။

ဘီလူးမသည် ခပ်သိမ်းသော အရပ်မျက်နှာတို့၌ တောင်, မြစ်, အပိုင်းအခြား အမှတ်အသား အစရှိသည်တို့ကိုဆို၍ အလျားအားဖြင့် ယူဇနာသုံးဆယ်, အနံအားဖြင့် ငါးယူဇနာရှိသော အရပ်ကို သားအားပြောဆို၍ ချစ်သား... ဤအရပ်ကို အမောင် မှတ်လော့ ဟု ဆို၏။ ဘုရားလောင်းသည် နှစ်ရက် သုံးရက်တို့ကို လွန်စေ၍ အမိသည် တောအရပ်သို့သွားသော ကာလ၌ အဖကို ပခုံး၌ တင်၍ အမိသည် ပေးအပ်သော အမှတ်အားဖြင့် လေကဲ့သို့သော လျင်မြန်ခြင်းအဟုန်ဖြင့် ပြေးလျက် အပိုင်းအခြားဖြစ်သော မြစ်ကမ်းနားသို့ ရောက်၏။ အဿမုခိဘီလူးမသည်လည်း လာလတ်၍ ထိုသားအဖတိုညကို မမြင်လတ်သော် လိုက်၏။ ဘုရားလောင်းသည် အဖကိုယူ၍ မြစ်လယ်သို့သွား၏။ အဿမုခိဘီလူးမသည် လာလတ်၍ မြစ်ကမ်းနား၌ရပ်၍ မိမိ အပိုင်း အခြားကို လွန်သည်၏ အဖြစ်ကို သိ၍ ထိုမြစ် ကမ်းနား၌လျှင် ရပ်၍ အမောင် အဖကိုယူ၍ လာလော့၊ ငါ့အား အဘယ်အပြစ်ရှိသနည်း၊ ငါ့ကိုမှီ၍ အဘယ်အလိုသည် မပြည့်စုံသနည်း၊ အရှင်တို့သည် ပြန်ခဲ့ကြကုန်လော့ ဟု သားကိုလည်းကောင်း လင်ကိုလည်းကောင်း တောင်းပန်၏။

မန္တရားသင်ပေးခြင်း

ထိုအခါ ပုဏ္ဏားသည် မြစ်ကိုကူး၏။ အဿမုခီဘီလူးမသည် သားကိုသာလျှင် တောင်းပန်လျက် အမောင်... ဤသို့မပြုသင့်၊ ပြန်ခဲ့လော့ ဟုဆို၏။ မိခင်... ကျွန်ုပ်တို့သည် လူဖြစ်ကုန်၏။ မိခင်သည်ကား ဘီလူးမဖြစ်၏။ အခါခပ်သိမ်း သင်၏အထံ၌ နေခြင်းငှာ မတတ်ကောင်း ဟု သားသည် ဆိုလေ၏။ အမောင် သင်သည် မပြန်ပြီလော ဟု ဘီလူးမသည် မေး၏။ မိခင်... ကျွန်ုပ်မပြန်ပြီ ဟု ဘုရားလောင်းသည် ဆို၏။ အမောင်... သင် အကယ်၍ မပြန်ငြားအံ့၊ လူ့ ပြည်၌ အသက်မွေးခြင်းမည် သည်ကား ဆင်းရဲ ငြိုငြင်၏။ အတတ်ကို မတတ်ကုန်သော သူတို့သည် အသက်မွေးခြင်းငှာ မတတ်နိုင်ကုန်၊ ငါသည် စိန္တာမဏိမည်သော မန္တရားကို တတ်၏။ ထိုမန္တရား၏ အာနုဘော်ဖြင့် တစ်ဆယ့်နှစ်နှစ် အထက်၌ ခိုးဆောင်သော ဥစ္စာကိုလည်း ခြေရာအစဉ်ကို လျှောက်၍ သိခြင်းငှာ တတ်နိုင်၏။ ဤစိန္တာမဏိ မန္တရားသည် သင့်အား အသက်မွေးဖို့ ဖြစ်လတ္တံ့၊ အမောင် သင်သည် အနဂ္ဃဖြစ်သော ဤမန္တရားကို သင်လော့ ဟု ဆို၍ ထိုသို့သဘောရှိသော ဆင်းရဲသည် နှိပ်စက်ငြားသော်လည်း သား၌ချစ်ခြင်းဖြင့် မန္တရားကိုပေးလေ၏။ ဘုရားလောင်းသည် မြစ်၌ရပ်လျက်လျှင် အမိကိုရှိခိုး၍ အလွန်ရိုသေစွာ နာ၍ မန္တရားကို သင်၍ အမိကိုရှိခိုး၍ မိခင်... သင်သွားလော့ဟု ဆို၏။

ဘီလူးမ သေပြီ

အမောင်... သင်တို့သည် မပြန်ကုန်သည်ရှိသော် ငါ့အား အသက်မရှိပြီ ဟု ဆိုလို၍-

ဧဟိ ပုတ္တ နိဝတ္တဿု၊ မာ အနာထံ ကရောဟိ မေ။

အဇ္ဇပုတ္တံ အပဿန္တီ၊ ယက္ခိနီ မရဏံ ဂတာ။

ဟူသော ဤဂါထာကို ဆို၏။

ပုတ္တ၊ ချစ်သား။ တွံ၊ သင်သည်။ ဧဟိ၊ လာလော့။ နိဝတ္တဿု၊ ပြန်ခဲ့လော့။ မေ၊ ငါ့အား။ အနာထံ၊ ကိုးကွယ်ရာမရှိသည်ကို။ မာ ကရောဟိ၊ မပြုလင့်။ ယက္ခိနီ၊ ဘီလူးမသည်။ အဇ္ဇ၊ ယနေ့။ ပုတ္တံ၊ သားကို။ အပဿန္တီ၊ မမြင်ရသည်ရှိသော်။ မရဏံ၊ သေခြင်းသို့။ ဂတာ၊ ရောက်အံ့။

သားအဖ မင်းထံခစား

ဘီလူးမလည်း ရင်ကိုခတ်၍ ထိုခဏ၌လျှင် သား၌ စိုးရိမ်သဖြင့် နှလုံးကွဲ၏။ ထိုဘီလူးမသည် သေ၍ ထိုအရပ်၌လျှင် လဲ၏။ ဘုရားလောင်းသည် ဘီလူးမ၏ သေသော အဖြစ်ကိုသိ၍ အဖကိုခေါ်၍ အမိအထံသို့သွား၍ ထင်းပုံကိုပြု၍ သင်္ဂြိုဟ်ခြင်းကိုပြု၍ အထူးထူးသော အဆင်းရှိကုန်သော ပန်းတို့ဖြင့် ပူဇော်၍ ရှိခိုး၍ ငိုကြွေး၍ အဖကိုယူ၍ ဗာရာဏသီပြည်သို့သွား၍ မင်းအိမ်တံခါး၌ ရပ်၍ ခြေရာ၌ လိမ္မာသော လုလင်သည် တံခါး၌ရပ်၏ ဟု မင်းအား လျှောက်စေ၍ ထိုသို့တပြီးကား လာစေသတည်း ဟု မင်းသည် ဆိုသည်ရှိသော် လုလင်သည် ဝင်၍ မင်းကိုရှိခိုး၍ အမောင် သင်သည် အဘယ်အတတ်ကို တတ်သနည်း ဟု မေးသည်ရှိသော် မြတ်သောမင်းကြီး အကျွန်ုပ်သည် တစ်ဆယ့်နှစ်နှစ် အထက်၌ ခိုးယူအပ်သော ဥစ္စာကို ခြေရာအစဉ်ကိုလျှောက်၍ ယူခြင်းကို သိ၏ ဟု ဆို၏။ ထိုသို့တပြီးကား ငါ့ကို လုပ်ကျွေးလော့ ဟု မင်းကြီးက ဆိုသည်ရှိသော် မြတ်သောမင်းကြီး နေ့တိုင်း နေ့တိုင်း တစ်ထောင်သော ဥစ္စာကို ရသည်ရှိသော် လုပ်ကျွေးအံ့ ဟု ဘုရားလောင်း သည်ဆိုလေ၏။ အမောင် ကောင်းပြီ၊ လုပ် ကျွေးလော့ ဟု ဆို၍ မင်းသည် နေ့တိုင်းနေ့တိုင်း တစ်ထေင်သောဥစ္စာကို ပေး၏။

ခြေရာခံအတတ်ကို စမ်းကြည့်သော်

ထိုအခါ တစ်နေ့သ၌ ပုရောဟိတ်သည် မင်းကို မြတ်သောမင်းကြီး... အကျွန်ုပ်တို့သည် ထိုလုလင်၏ အတတ်အာနုဘော်အားဖြင့် တစ်စုံ တစ်ခုသော အမှုကို မပြုအပ်သည်၏ အဖြစ်ကြောင့် ထိုအတတ်ရှိသည်ကိုလည်းကောင်း မရှိသည်ကိုလည်းကောင်း မသိကုန်၊ ထိုလုလင်ကို စုံစမ်းကြကုန်အံ့ ဟု ဆို၏။ မင်းသည် ကောင်းပြီ ဟု ဝန်ခံ၍ နှစ်ယောက်သော သူတို့သည်လည်း ရတနာကို စောင့်ကုန်သော သူတို့အား အမှတ်သညာကို ပေး၍ ရတနာဥစ္စာနှစ်ကို ယူ၍ ပြာသာဒ်မှ ဆင်းသက်၍ မင်းအိမ်တံခါး၌ သုံးကြိမ်လှည့်၍ လှေကားထောင်၍ တံတိုင်း အထက်ဖြင့် အပသို့ ဆင်းသက်၍ တရားစီရင်ရာ တင်းကုပ်ဝင်၍ ထိုတင်းကုပ်၌နေ၍ တစ်ဖန်သွား၍ လှေကား ထောင်၍ တံတိုင်းအထက်ဖြင့် ဆင်းသက်၍ နန်းတွင်း ရေကန်နားသို့ သွား၍ ရေကန်ကို သုံးကြိမ် လက်ယာနရစ်လည်၍ ဆင်းသက်၍ ရေကန်တွင်း၌ ဥစ္စာထုပ်ကိုထား၍ ပြာသာဒ်သို့ တက်ကုန်၏။ နက်ဖြန်နေ့၌ မင်းအိမ်မှ ရတနာကို ခိုးကုန်၏ဟု တစ်ပြိုင်နက် အုတ်အုတ် ကျက်ကျက်သည် ဖြစ်၏။ မင်းသည် မသိသကဲ့သို့ပြု၍ ဘုရားလောင်းကို ခေါ်စေ၍ အမောင် မင်းအိမ်မှ များစွာသော ရတနဥစ္စာကို ခိုးယူလေ၏။ ယခု ထိုဥစ္စာကို ရှာခြင်းငှာ သင့်၏ ဟုဆိုလျှင် မြတ်သောမင်းကြီး တစ်ဆယ့်နှစ်နှစ် အထက်၌ ခိုးယူအပ်သော ဥစ္စာကို ခြေရာအစဉ်သို့လိုက်၍ ဆောင်ခြင်းငှာ စွမ်းနိုင်သော အကျွန်ုပ်အား ယနေ့ခိုးယူသော ဥစ္စာကို ဆောင်ခြင်းဖြင့် ခဲယဉ်းဖွယ်မရှိ၊ အကျွန်ုပ် တတ်နိုင်လတ္တံ့၊ အရှင်မင်းကြီးတို့သည် စိုးရိမ်တော်မမူ လင့်ဟု ဘုရားလောင်းသည် ဆို၏။ ထိုသို့တပြီးကား ဆောင်လော့ဟု မင်းသည် ဆို၏။

အားလုံးကိုဖော်ထုတ်နိုင်၍

ဘုရားလောင်းသည် မြတ်မင်းကြီး ကောင်းပြီဟု ဆို၍ အမိကိုရှိခိုး၍ မန္တရားကိုမန်း၍ ပြသာဒ်အပြင်၌ ရပ်လျက်လျှင် မြတ်သောမင်းကြီး နှစ်ယောက်သော ခိုးသူတို့၏ ခြေရာသည် ထင်၏ ဟု ဆို၍ မင်း၏လည်းကောင်း, ပုရောဟိတ်၏လည်းကောင်း, ခြေရာကို အစဉ်လျှောက်သဖြင့် အသရေရှိသော တိုက်ခန်းသို့ဝင်၍ ထိုတိုက်ခန်းမှထွက်၍ ပြာသာဒ်မှသက်၍ မင်းအိမ်တံခါး၌ သုံးကြိမ်လှည့်လည်၍ ခြေရာသို့ အစဉ်လျှောက်သဖြင်လျှင် တံတိုင်းအနီးသို့သွား၍ တံတိုင်း၌ရပ်၍ မြတ်သောမင်းကြီး ဤအရပ်၌ တံတိုင်းမှလွတ်၍ ကောင်းကင်၌ ခြေရာသည် ထင်၏။ စောင်းတန်းလှေကားကို ပေးကုန်လော့ ဟု ဆို၍ လှေကားကို ထောင်စေ၍ တံတိုင်းအထက်ဖြင့် ဆင်းသက်၍ ခြေရာကို လျှောက်သဖြင့်သာလျှင် တရားစီရင်ရာ တင်း ကုပ်သို့သွား၍ တစ်ဖန် မင်းအိမ်သို့လာ၍ လှေကားကို ထောင်စေ၍ တံတိုင်းအထက်ဖြင့် ဆင်းသက်၍ ရေကန်သို့သွား၍ သုံးကြိမ်လက်ယာရစ် လှည့်၍ မြတ်မင်းကြီး ခိုးသူတို့သည် ဤရေကန်သို့ ဆင်းသက်ကုန်၏ ဟု ဆို၍ မိမိသည် ထားအပ်သော ဘဏ္ဍာကဲ့သို့ ဥစ္စာထုပ်ကိုယူ၍ မင်းအားပေး၍ မြတ်သောမင်းကြီး... ဤခိုးသူနှစ်ယောက်တို့သည် ထင်ရှားကုန်သော ခိုးသူကြီးတို့တည်း၊ ဤခိုးသူတို့သည် ဤခရီးဖြင့် မင်းအိမ်သို့ တက်ကုန်၏ ဟု ဆို၏။

လူများဝမ်းမြောက်ကြပြီ

လူများတို့သည် အလွန်နှစ်သက်ကုန်၍ လက်ချောင်းတို့ကို ခါကုန်၏။ ပုဆိုး, ဦးရစ်ပစ်ခြင်းတို့ကို ဖြစ်စေကုန်၏။

သူခိုးကိုဖမ်းစေခြင်း

မင်းသည် ဤလုလင် ခြေရာသို့လျှောက်သဖြင့် သွား၍ ခိုးသူတို့သည် ထားအပ်သော ဥစ္စာရှိရာအရပ်ကိုလျှင် သိ၏။ ခိုးသူတို့ကား ဖမ်းခြင်းငှာ မတတ်နိုင်ဟု ကြံ၏။ ကြံပြီး၍ ထိုအခါ ထိုလုလင်ကိုက မောင် သင်သည် ခိုးသူတို့သည် ခိုးယူအပ်သော ဥစ္စာကို ငါတို့အား ဆောင်ယူ၍ ပေးအပ်ပြီ။ ခိုးသူတို့ကိုကား မဆောင်အပ်သေး ဟူ၍ ဆို၏။

မပြောရက်၍ ပရိယာယ်ဆိုပုံ

မြတ်သောမင်းကြီး ခိုးသူတို့ကိုဆောင်သဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ခိုးသူတို့သည် ဤအရပ်၌ ရှိကုန်၏။ အဝေး၌ မရှိကုန် ဟု ဆို၏။ အမောင် အဘယ်သူသည်လည်းကောင်း, အဘယ် သူသည်လည်းကောင်း ဥစ္စာခိုးသူတို့တည်းဟု ညွှန်လော့ ဟု မင်းသည် ဆို၏။ မြတ်သောမင်းကြီး အကြင်သူသည် အလိုရှိ၏။ ထိုသူသည်လျှင် ခိုးသူဖြစ်၏။ အရှင်မင်းကြီးတို့အား ဥစ္စာကိုရသော ကာလမှစ၍ ခိုးသူကို ဖမ်းယူသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရှင်မင်းကြီးတို့သည် မမေ့ကုန်လင့် ဟု ဘုရားလောင်းသည် ဆို၏။ အမောင် ငါသည် သင့်အား နေ့တိုင်း ယနေ့တိုင်း တစ်ထောင်သော ဥစ္စာကို ပေး၏။ ခိုးသူကိုဖမ်း၍ ပေးလော့ဟု မင်းသည် ဆို၏။ မြတ်သော မင်းကြီး... ဥစ္စာကိုရပြီးသော် ခိုးသူတို့ဖြင့် အဘယ်ပြုအံ့နည်း ဟု ဘုရားလောင်းသည်ဆို၏။ အမောင် ဥစ္စာထက်လည်း ခိုးသူတို့ကို ရခြင်းငှာ သင့်၏ ဟု မင်းသည် ဆို၏။ မြတ်သောမင်းကြီး ထိုသို့တပြီးကား ဤသူတို့တည်း ဟု ရှင်မင်းကြီးတို့အား အကျွန်ုပ်သည် မဆိုအံ့၊ လွန်လေပြီးသောအခါ၌ဖြစ်သော အကြောင်း ဥဒါဟရုဏ်ကို အရှင်မင်းကြီးအား အကျွန်ုပ်သည်ဆောင်အံ့၊ ရှင်မင်းကြီးတို့သည် အကယ်၍ ပညာရှိကုန်အံ့၊ ထိုအကြောင်းကို သိကုန်လော့ ဟု ဆို၍ ဘုရားလောင်းသည် အတိတ် ဥဒါ ဟရုဏ်ကို ဆောင်၏။

ပုံပြင်ဝတ္ထု- ၁

လွန်လေပြီးသောအခါ ဗာရာဏသီပြည်မှ မနီးမဝေးသော မြစ်နား၌ ပါဋလိမည်သော သဘင်သည်သည် နေ၏။ ထိုသဘင်သည်သည် ပွဲသဘင်ခံသောနေ့၌ မယားကိုယူ၍ ဗာရာဏသီပြည်သို့ ဝင်ပြီးလျှင် က, ၍ စောင်းတီး၍ သီ၍ ဥစ္စာကိုရလျက် ပွဲသဘင်ပြီးလတ်သော် များစွာသော သုရာ, ထမင်းကိုယူ၍ မိမိရွာသို့ သွားလတ်သော် မြစ်ကမ်းနားသို့ ရောက်၍ ရေအသစ်တိုးပွား၍ လာသည်ကို မြင်လျှင် ထမင်းစားလျက် နေ၍ သေကိုသောက်၍ ယစ်လတ်သော် မိမိအစွမ်းကို မသိရကား စောင်းကြီးကို လည်၌ ဖွဲ့၍ မြစ်သို့ ဆင်းသက်၍ သါားအံ့ဟု မယားကိုယူ၍ မြစ်သို့ သက်၏။ စောင်းပေါက်တို့ကို ရေသည် ဝင်၏။ ထိုအခါ ထိုစောင်းသည် ထိုသဘင်သည်ကို ရေ၌နစ်စေ၏။ သဘင်သည်၏ မယားသည် လင်, ရေ၌နစ်သည်၏ အဖြစ်ကိုသိ၍ လင်ကိုလွှတ်၍ မြစ်မှတက်၍ ကမ်းနား၌ ရပ်၏။ သဘင်သည် ပါဋလိသည် တစ်ကြိမ်ပေါ်၍ တစ်ကြိမ်နစ်၏။ ရေသည် ဝင်၍ ဖူးဖူးရောင်သော ဝမ်းသည် ရှိ၏။ ထိုအခါ သဘင်သည်၏ မယားသည် ငါ၏လင်ကား ယခု သေလတ္တံ့၊ တစ်ခုသော သီချင်းကိုတောင်း၍ ပရိသတ်အလယ်၌ ထိုသီချင်းကို သီလျက် အသက်မွေးခြင်းကို ငါပြုအံ့ ဟု ကြံ၏။ ကြံပြီး၍ အရှင်သင်သည် ရေ၌ နစ်မွန်း၏။ ငါ့အား တစ်ခုသော သီချင်းဖြင့် သက်မွေးခြင်းကို ပြုအံ့၊ သီချင်းကို ပေးလော့ဟု ဆိုလို၍ -

၄၉။ ဗဟုဿုတံ စိတ္တကထံ၊ ဂင်္ဂါ ဝဟတိ ပါဋလိံ။
ဝုယှမာနက ဘဒ္ဒန္တေ၊ ဧကံ မေ ဒေဟိ ဂါထကံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၄၉။ ဗဟုဿုတံ၊ များသော အကြားအမြင်ရှိသော။ စိတ္တကထံ၊ ဆန်းကြယ်သော စကားကိုဆိုတတ်သော။ ပါဋလိံ၊ ပါဋလိကို။ ဂင်္ဂါ၊ ဂင်္ဂါရေသည်။ ဝဟတိ၊ မျှော၏။ ဝုယှမာနက၊ မြစ်၌မျှောအပ်သော။ ပါဋလိ၊ ပါဋလိ။ တေ၊ သင့်အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ မေ၊ ငါ့အား။ ဧကံ၊ တစ်ခုသော။ ဂါထကံ၊ သီချင်းငယ်ကို။ တွံ၊ သင်သည်။ ဒေဟိ၊ ပေးလော့။

ထိုအခါ မယားကို ပါဋလိမည်သော သဘင် သည်သည် ရှင်မ ငါသည် သင့်အား အဘယ်သို့ သီချင်းကို ပေးရအံ့နည်း၊ ယခု ငါ့ကို လူအများတို့၏ ကိုးကွယ်ရာဖြစ်သော ရေသည် သတ်၏ ဟု ဆိုလို၍-

၅၀။ ယေန သိဉ္စန္တိ ဒုက္ခိတံ၊ ယေန သိဉ္စန္တိ အာတုရံ။
တဿ မဇ္ဈေ မရိဿာမိ၊ ဇာတံ သရဏတော ဘယံ။

ဟူသော ဤဒုတိယဂါထာကို ဆို၏။

၅၀။ ဘဒ္ဒေ၊ ရှင်မ။ ဒုက္ခိတံ၊ ဆင်းရဲသောသူကို။ ယေန၊ အကြင်ရေဖြင့်။ သိဉ္စန္တိ၊ သွန်းလောင်းကုန်၏။ အာတုရံ၊ ကျင်နာသော သူကို။ ယေန၊ အကြင်ရေဖြင့်။ သိဉ္စန္တိ၊ သွန်းလောင်းကုန်၏။ အဟံ၊ ငါသည်။ တဿ၊ ထိုရေ၏။ မဇ္ဈေ၊ အလယ်၌။ မရိဿာမိ၊ သေအံ့။ မေ၊ ငါ့အား။ သရဏတော၊ ကိုးကွယ်ရာဖြစ်သော ရေမှ။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။

ဘုရားလောင်းသည် ဤဂါထာကို ရွတ်၍ မြတ်သောမင်းကြီး ရေသည် လူများ၏ကိုးကွယ်ရာ ဖြစ်သကဲ့သို့ ထို့အတူ မင်းတို့သည်လည်း လူများ၏ ကိုးကွယ်ရာ ဖြစ်ကုန်၏။ မင်း၏အထံမှ ဘေးသည် ဖြစ်လတ်သော် ထိုဘေးကို အဘယ် သူသည် ကွယ်လတ္တံ့နည်း ဟုဆို၍ မြတ်သောမင်းကြီး ဤဖုံးလွှမ်းသော အကြောင်းကို အကျွန်ုပ်သည် ပညာရှိတို့ သိအပ်သည်ကို ပြု၍ ဆိုအပ်ပြီ၊ မြတ်သောရှင်မင်းကြီး သင်မင်းကြီးသည် သိတော်မူလော့ ဟု ဆို၏။ အမောင်... ငါသည် ဤသို့ သဘောရှိသော ဖုံးလွှမ်းအပ်သော စကားကို မသိ၊ ငါ့အား ခိုးသူတို့ကို ဖမ်း၍ ပေးလော့ ဟု မင်းသည် ဆို၏။

ပုံပြင်ဝတ္ထု-၂

ထိုအခါ မင်းအား ဘုရားလောင်းသည် မြတ်သောမင်းကြီး ထိုသို့တပြီးကား ဤအကြောင်းကို သိတော်မူလော့ ဟု ဆို၍ တစ်ပါးသော အကြောင်းကိုလည်း ဆောင်၏။

မြတ်သောမင်းကြီး... လွန်လေပြီးသောအခါ ဤဗာရာဏသီပြည် တံခါးရွာ၌လျှင် တစ်ယောက်သော အိုးထိန်းသည်သည် အိုးလုပ်အံ့သောငှာ မြေကို ယူသည်ရှိသော် တစ်ခုသော အရပ်၌သာလျှင် မပြတ်ယူ၍ အတွင်း၌ လိုဏ် ခေါင်းရှိသော ကြီးစွာသော တွင်းကိုတူး၏။ ထိုအခါ တစ်နေ့သ၌ ထိုအိုးထိန်းသည်သည် မြေကိုတူးစဉ် အခါမဲ့မိုးကြီးသည် တက်လတ်၍ မိုးကြီးသည်းစွာ ရွာ၏။ လွှမ်းမှီး၍လာသော ရေသည် ထိုတွင်းကို ပြိုစေ၏။ အိုးထိန်းသည်၏ ဦးခေါင်းကို မြေသည် ဖောက်ခွဲ၏။ အိုးထိန်း သည်သည် ငိုကြွေးလျက်-

၅၁။ ယတ္ထ ဗီဇာနိ ရူဟန္တိ၊ သတ္တာ ယတ္ထ ပတိဋ္ဌိတာ။
သာ မေ သီသံ နိပီဠေတိ၊ ဇာတံ သရဏတော ဘယံ။

ဟူသော ဤတတိယဂါထာကို ဆို၏။

၅၁။ ယတ္ထ၊ အကြင်မြေကြီး၌။ ဗီဇာနိ၊ မျိုးစေ့တို့သည်။ ရူဟန္တိ၊ ရောက်ကုန်၏။ ယတ္ထ၊ အကြင်မြေကြီး၌။ သတ္တာ၊ သတ္တဝါတို့သည်။ ပတိဋ္ဌိတာ၊ တည်ကုန်၏။ သာ၊ ထိုမြေကြီးသည်။ မေ၊ ငါ၏။ သီသံ၊ ဦးခေါင်းကို။ နိပီဠေတိ၊ ဖောက်ခွဲဘိ၏။ မေ၊ ငါ့အား။ သရဏတော၊ ကိုးကွယ်ရာဖြစ်သော မြေကြီးမှ။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။

ဘုရားလောင်းသည် ဤဂါထာကိုဆို၍ မြတ်သောမင်းကြီး လူများ၏ ကိုးကွယ်ရာဖြစ်သော မြေကြီးသည် အိုးထိန်းသည်၏ ဦးခေါင်းကို ဖောက်ခွဲသကဲ့သို့ ထို့အတူ မြေကြီးသဖွယ်ဖြစ်သော ခပ်သိမ်းသော လူအပေါင်း၏ ကိုးကွယ်ရာဖြစ်သော မင်းကြီးသည် ထ၍ ခိုးမှုပြုသည်ရှိသော် အဘယ်သူသည် တားမြစ်နိုင်လတ္တံ့နည်း ဟုဆို၍ မြတ်သောမင်းကြီး ဤသို့ ဖုံးလွှမ်း၍ ဆိုအပ်သော ခိုးသူကို သင်မင်းကြီးသည် သိခြင်းငှာ စွမ်းနိုင်လတ္တံ့ ဟု ဆို၏။ မင်းသည် အမောင် ငါ့အား ဖုံးကွယ်သော စကားဖြင့် အလိုမရှိ၊ ဤသူသည် ခိုး သူတည်းဟု ခိုးသူကိုဖမ်း၍ ငါ့အား ပေးလော့ဟု ဆို၏။

ပုံပြင်ဝတ္ထု- ၃

ဘုရားလောင်းသည် မင်းကို စောင့်ရှောက်လိုရကား သင်မင်းကြီးသည် ခိုးသူတည်းဟု မဆိုမူ၍ တစ်ပါးသော ဥဒါဟရုဏ်ကိုလည်း ဆောင်၏။ မြတ်သောမင်းကြီး... ဤဗာရာဏသီပြည်၌လျှင် တစ်ယောက်သော ယောက်ျား၏ အိမ်ကို မီးလောင်၏။ ထိုယောက်ျားသည် အိမ်တွင်းသို့ဝင်၍ ဥစ္စာကို ထုတ်လော့ဟု တစ်ပါးသောသူကို စေ၏။ ထိုယောက်ျားသည် ဝင်၍ ဥစ္စာကိုထုတ်ယူသည်ရှိသော် အိမ်တံခါးသည် ပိတ်၏။ ထိုယောက်ျားသည် မီးခိုးမွှန်၍ ထွက်ရာလမ်းကို မရရကား ကြီးစွာသော ဆင်းရဲဖြစ်၍ အိမ်တွင်း၌ ရပ်၍ ငိုကြွေးလျက်-

၅၂။ ယေန ဘတ္တာနိ ပစ္စန္တိ၊ သီတံ ယေန ဝိဟညတိ။
သော မံ ဍဟတိ ဂတ္တာနိ၊ ဇာတံ သရဏတော ဘယံ။

ဟူသော ဤစတုတ္ထဂါထာကို ဆို၏။

၅၂။ ဘတ္တာနိ၊ ထမင်းတို့ကို။ ယေန၊ အကြင်မီးဖြင့်။ ပစ္စန္တိ၊ ချက်ကုန်၏။ သီတံ၊ အချမ်းကို။ ယေန၊ အကြင်မီးဖြင့်။ ဝိဟညတိ၊ ဖျောက်၏။ သော၊ ထိုမီးသည်။ မံ-မမ၊ ငါ၏။ ဂတ္တာနိ၊ ကိုယ်တို့ကို။ ဍဟတိ၊ လောင်၏။ မေ၊ ငါ့အား။ သရဏတော၊ ကိုးကွယ်ရာဖြစ်သော မီးမှ။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။

ဘုရားလောင်းသည် ဤဂါထာကို ဆို၍ မြတ်သောမင်းကြီး... မီးကဲ့သို့ လူအများ၏ ကိုးကွယ်ရာဖြစ်သော တစ်ယောက်သောသူသည် ရတနာထုပ်ကို ခိုး၏။ အကျွန်ုပ်ကို သင်မင်းကြီးသည် ခိုးသူကို မမေးလင့် ဟု ဆို၏။ မင်းသည် အမောင် ငါ့အား ခိုးသူကို ပေးလောဟု ဆို၏။

ပုံပြင်ဝတ္ထု-၄

ဘုရားလောင်းသည် မင်းကို သင်မင်းကြီးပင် ခိုးသူတည်းဟု မဆိုမူ၍ တစ်ပါးသော ဥဒါဟ ရုဏ်ကို ဆောင်၏။

မြတ်သောမင်းကြီး... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌လျှင် တစ်ယောက်သော ယောက်ျားသည် အလွန် များစွာစား၍ အစာကြေစိမ့်သောငှာ မတတ်နိုင်ရကား ဝေဒနာသို့ရောက်၍ ငိုကြွေးလျက်-

၅၃။ ယေန ဘတ္တေန ယာပေန္တိ၊ ပုထူ ဗြာဟ္မဏခတ္တိယာ၊
သော မံ ဘုတ္တော ဗျာပါဒေတိ၊ ဇာတံ သရဏတာ ဘယံ။

ဟူသော ဤပဉ္စမ ဂါထာကို ဆို၏။

၅၃။ ပုထူ၊ များစွာကုန်သော။ ဗြဟ္မဏခတ္တိယာ၊ ပုဏ္ဏားမင်းတို့သည်။ ယေန ဘတ္တန၊ အကြင်ထမင်းဖြင့်။ ယာပေန္တိ၊ မျှကုန်၏။ ဘုတ္တော၊ စားအပ်သော။ သော၊ ထိုထမင်းသည်။ မံ၊ ငါ့ကို။ ဗျာပါဒေတိ၊ သတ်၏။ မေ၊ ငါ့အား။ သရဏတော၊ ကိုးကွယ်ရာဖြစ်သော ထမင်းမှ။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။

ဘုရားလောင်းသည် ဤဂါထာကို ဆို၍ မြတ်သောမင်းကြီး ထမင်းကဲ့သို့ လူများ၏ ကိုးကွယ်ရာဖြစ်သော တစ်ယောက်သော သူသည် ဥစ္စာကိုခိုး၏။ သင်မင်းကြီးသည် ထိုဥစ္စာကို ရပြီးသော် ထိုခိုးသူကို အဘယ့်ကြောင့် တောင့် တသနည်း ဟု ဆို၏။ မင်းသည် “အမောင် သင်သည် စွမ်းနိုင်သော် ငါ့အား ခိုးသူကို ပေးလော့”ဟု ဆို၏။

ပုံပြင်ဝတ္ထု-၅

ဘုရားလောင်းသည် တစ်ပါးသော ဥဒါဟ ရုဏ်ကိုလည်း ဆောင်၏။

မြတ်သောမင်းကြီး... လွန်လေပြီးသောအခါ၌လည်း ဤဗာရာဏသီပြည်၌လျှင် တစ်ယောက်သောသူ၏ ကိုယ်ကို လေသည် ထ၍ ဖျက်ဆီး၏။ ထိုသူသည် ငိုကြွေးလျက်-

၅၄။ ဂိမာနံ ပစ္ဆိမေ မာသေ၊ ဝါတမိစ္ဆန္တိ ပဏ္ဍိတာ။
သော မံ ဘဉ္စတိ ဂတ္တာနိ၊ ဇာတံ သရဏတော ဘယံ။

ဟူသော ဤဆဋ္ဌမ ဂါထာကို ဆို၏။

၅၄။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ဂိမှာနံ၊ နွေဥတုတို့၏။ ပစ္ဆိမေ၊ နောက်ဖြစ်သော။ မာသေ၊ လ၌။ ဝါတံ၊ လေကို။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ သော၊ ထိုလေသည်။ မံ-မမ၊ ငါ၏။ ဂတ္တာနိ၊ ကိုယ်တို့ကို။ ဘဉ္ဇတိ၊ ချိုးဖျက်၏။ မေ၊ ငါ့အား။ သရဏတော၊ ကိုးကွယ်ရာလေမှ။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။

ဘုရားလောင်းသည် ဤဂါထာကို ဆို၍ မြတ်သောမင်းကြီး ကိုးကွယ်ရာမှ ဘေးသည်ဖြစ်၏ဟု အကြောင်းကို သိလော့ဟု ဆို၏။ မင်းသည် အမောင် ငါ့အား ခိုးသူကို ပေးလော့ဟု ဆို၏။

ပုံပြင်ဝတ္ထု-၆

ဘုရားလောင်းသည် မင်းကြီးအား သိစိမ့်သောငှာ တစ်ပါးသာ ဥဒါဟရုဏ်ကိုလည်း ဆောင်၏။

မြတ်သောမင်းကြီး လွန်လေပြီးသောအခါ ဟိမဝန္တာ အရပ်၌ အခက်အခွနှင့် ပြည့်စုံသော သစ်ပင်ကြီးသည် ဖြစ်၏။ ထိုသစ်ပင်ကြီးသည် အပွင့်အသီးနှင့် ပြည့်စုံ၏။ ငှက်တို့၏နေရာ ဖြစ်၏။ ထိုသစ်ပင်ကြီး၏ နှစ်ခုသော အခက်တို့သည် အချင်းချင်း ကြိတ်ကုန်၏။ ထိုသစ်ခက်တို့မှ မီးခိုးသည်ထွက်၏။ မီးမှုန်တို့သည် ကျကုန်၏။ ထိုမီးကိုမြင်၍ ငှက်မင်းသည်-

၅၅။ ယံ နိဿိတာ ဇဂတိရုဟံ၊ သွာယံ အဂ္ဂိံ ပမုဉ္စတိ။
ဒိသာ ဘဇထ ဝက္ကင်္ဂါ၊ ဇာတံ သရဏတော ဘယံ။

ဟူသော ဤသတ္တမဂါထာကို ဆို၏။

၅၅။ ယံ ဇဂတိရုဟံ၊ အကြင်သစ်ပင်ကို။ နိဿိတာ၊ ငှက်တို့သည် မှီကုန်၏။ သွာယံ၊ ထိုသစ်ပင်သည်။ အဂ္ဂိံ၊ မီးကို။ ပမုဉ္ဇတိ၊ လွှတ်၏။ ဝက္ကင်္ဂါ၊ ငှက်တို့။ တုမှေ၊ သင်တို့သည်။ ဒိသာ၊ အရပ်မျက်နှာတို့သို့။ ဘဇထ၊ ဆည်းကပ်ကြကုန်လော့။ နော၊ ငါတို့အား။ သရဏတော၊ ကိုးကွယ်ရာမှ။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။

ဘုရားလောင်းသည် ဤဂါထာကို ဆို၍ မြတ်သောမင်းကြီး... သစ်ပင်သည် ငှက်တို့၏ ကိုးကွယ်ရာ ဖြစ်သကဲ့သို့ ထို့အတူ မင်းသည်လည်း လူအများ၏ ကိုးကွယ်ရာ ဖြစ်၏။ ထိုမင်းသည် ခိုးမှုကို ပြုသည်ရှိသော် အဘယ်သူသည် တားနိုင်လတ္တံ့နည်း၊ မြတ်သောမင်းကြီ... မှတ်တော်မူလော့ ဟု ဆို၏။ မင်းသည် အမောင် ငါ့အား ခိုးသူကိုသာ ပေးလော့ဟု ဆို၏။

ပုံပြင်ဝတ္ထု-၇

ထိုအခါ ဘုရားလောင်းသည် ထိုမင်းအား တစ်ပါးသော ဥဒါဟရုဏ်ကို ဆောင်၏။

မြတ်သောမင်းကြီး တစ်ခုသော ကာသိကရွာ၌ တစ်ဦးသောအမျိုး၏ အိမ်၏အနောက်၌ ကြမ်းကြုတ်သော မိကျောင်းသည် ရှိ၏။ ထိုအမျိုးအား တစ်ယောက်တည်းသာ ဖြစ်သော သားသည် ရှိလေ၏။ ထိုသား၏ အဖသည် သေ လွန်လတ်သော် ထိုသားသည် အမိကို လုပ်ကျွေး၍ နေ၏။ ထိုသား၏ အမိသည် သား၏ အလိုမရှိဘဲလျက်လျှင် တစ်ယောက်သော အမျိုးသမီးကို သားဖို့ဆောင်၏။ ထိုချွေးမသည် ရှေးအဖို့၌ ယောက္ခမကို ချစ်၍ နောက်အဖို့၌ သားသမီးတို့ဖြင့် ပွားများလတ်သည်ရှိသော် ထိုယောက္ခမကို နှင်ထုတ်လို၏။ ထိုချွေးမ၏ အမိသည်လည်း ထိုအိမ်၌လျှင် နေ၏။ ထိုချွေးမသည် လင်၏အထံ၌ ယောက္ခမ၏ အထူးထူး အပြားပြားသော အပြစ်ကိုဆို၍ ဖျက်ဆီး၍ ငါသည် သင်၏ အမိကို မွေးအံ့သောငှာ မတတ်နိုင်၊ သင့်အမိကို သတ်လော့ ဟု ဆို၍ ရှင်မ လူကို သတ်ခြင်းမည်သည် ဝန်လေးလှ၏။ အဘယ်သို့ ငါသတ်အံ့နည်း ဟု ဆိုသည်ရှိသော် “အိပ်ပျော်ခြင်းသို့ ရောက်သောအခါကာလ၌ သင့်အမိကို ညောင်စောင်းငယ်ဖြင့်လျှင် ယူ၍ မိကျောင်းရဲသော မြစ်၌ ပစ်ချကုန်အံ့၊ ထိုအခါ သင့်အမိကို မိကျောင်းတို့သည် ခဲကုန်လတ္တံ့ ဟု ဆို၏။ လင်သည် သင့်အမိ အဘယ်မှာနည်းဟု မေး၏။ မယားသည် သင့်အမိ၏ အထံ၌လျှင် ငါ့အမိသည် အိပ်၏ ဟု ဆို၏။ ထိုသို့တပြီးကား သင် သွားချေ၊ အမိ၏ အိပ်ရာ ညောင်စောင်း၌ ကြိုးဖွဲ့၍ အမှတ်သညာကို ပြုချေလော့ ဟု ဆို၏။

ထိုမိန်းမသည် လင်ဆိုတိုင်းပြု၍ ငါသည် အမှတ်ကို ပြုအပ်ပြီဟု ဆို၏။ လင်သည် အတန်ငယ် နေဦးလော့၊ လူတို့သည် အိပ်စေကုန်ဦးလော့ဟု ဆို၍ အိပ်ပျော်သကဲ့သို့ လျောင်း၍ ထသွား၍ ထိုကြိုးကို မယား၏ အမိအိပ်ရာညောင်စောင်း၌ ဖွဲ့၍ မယားကိုနှိုး၍ လင်မယား နှစ်ယောက်တို့သည်လည်း သွား၍ ထိုမယား၏အမိကို ညောင်စောင်းနှင့် တကွလျင် ချီ၍ မြစ်နား၌ ပစ်ချကုန်၏။ ထိုမြစ်တွင်း၌ ပစ်ချအပ်သော မယာ၏ အမိကို မိကျောင်းတို့သည် စားကုန်၏။ ထိုမယားသည် မနက်ဖြန်၌ အမိအား လဲလှယ်၍ သတ်အပ်သည်၏ အဖြစ်ကိုသိ၍ အရှင်ငါ့အမိကိုသတ်ပြီး၍ ယခု သင့်အမိကိုသတ်ဦးလော့ ဟု ဆို၍ ထိုလင်သည် ကောင်းပြီ ဟု ဆိုလတ်သော် သုသာန်၌ ထင်းပုံပြီးလျှင် မီးတိုက်၍ သတ်ကြကုန်အံ့ဟု ဆို၏။ ထိုအခါ လင်၏အမိကို လင်မယား နှစ်ယောက်တို့သည်လည်း သုသာန်သို့ဆောင်၍ ထားကုန်၏။ သုသာန်၌ လင်သည် မယားကို “ရှင်မ... သင်သည် မီးကို ဆောင်ခဲ့၏လော”ဟု မေး၏။ အရှင်ငါသည် မေ့၏ ဟု မယားသည် ဆို၏။ ထိုသို့တပြီးကား သွား၍ ဆောင်ချေလော့ ဟု လင်သည် ဆို၏။ အရှင်ငါသည် သွားအံ့သောငှာလည်း မတတ်နိုင်၊ သင်သွားသည်ရှိသော် နေရစ်အံ့သောငှာလည်း မတတ်နိုင်၊ နှစ်ယောက်ကုန်သော ငါတို့သည် သွားကြကုန်အံ့ ဟု မယားသည် ဆိုလေ၏။ ထိုလင်မယားနှစ်ယောက်တို့သည် မီးယူအံ့သောငှာ သွားကြကုန်သည်ရှိသော် အမိအိုသည်လည်း ချမ်းသောလေသည် ခတ်၍ နိုးသဖြင့် သုသာန်၏အဖြစ်ကိုသိ၍ ဤသူတို့သည် ငါ့ကို သတ်လိုကုန်၍ မီးယူအံ့သော သွားကုန်၏ဟု ဆင်ခြင်၍ ဤသူတို့သည် ငါ၏အစွမ်းကို မသိကုန်ဟု တစ်ခုသော ထင်းတုံးကိုယူ၍ အပေါ်၌ ပုဆိုးနွမ်းဖြင့် ဖုံးလွှမ်းခဲ့ပြီးလျှင် ပြေးသွား၍ ထိုသုသာန်၌ တစ်ခုသာလိုဏ်သို့ ဝင်၏။ လင်မယားတို့သည်လည်း မီးကိုဆောင်ခဲ့၍ သက်ကြီးအိုမတည်းဟူသော အမှတ်ဖြင့် ထင်းတုံးကို မီးတိုက်၍ သွားကုန်၏။ တစ်ယောက်သော ခိုးသူသည် ထိုလိုဏ်၌ ဥစ္စာထုပ်ကိုထား၍ ထိုခိုးသူသည် ထိုဥစ္စာထုပ်ကို ယူအံ့ဟု လာ၍ သက်ကြီးအိုမကို မြင်၍ တစ်ယောက်သော ဘီလူးမသည် ဖြစ်လတ္တံ့၊ ငါ၏ ဥစ္စာထုပ်ကို ဘီလူးမသည် သိမ်းဆည်း၏ဟု တစ်ယောက်သော ဆေးသမားကို ခေါ်၍ လာ၏။ ဆေးသမားသည် မန္တရားမန်းလျက် လိုဏ်သို့ဝင်၏။ ထိုအခါ ထိုဆေးသမားကို ထိုသက်ကြီးအိုမသည် ငါ ဘီလူးမ မဟုတ်၊ သင် လာလော့၊ နှစ်ယောက်ကုန်သော ငါတို့သည်လည်း ဤဥစ္စာထုပ်ကို ဝေဖန်ကုန်အံ့ ဟု ဆို၏။

ဆေးသမားသည် အဘယ်သို့လျှင် သင့်စကားကိုယုံကြည်ရအံ့နည်းဟု ဆိုလတ်သော် သင်၏လျှာကို ငါ့လျှာပေါ်၌ တင်ထားလော့ ဟု သက်ကြီးအိုမသည် ဆို၏။ ဆေးသမားသည် ဆိုတိုင်းပြု၏။ ထိုအခါ သက်ကြီးအိုမသည် ဆေးသမား၏ လျှာကို ကိုက်၍ လဲစေ၏။ ဆေး သမားသည် စင်စစ်လျှင် ဤမိန်းမကား ဘီလူးမသာတည်း ဟု သွေးယိုစီးသော လျှာဖြင့် ဟစ်ကြွေး၍ ပြေး၏။ သက်ကြီးအိုမသည်လည်း မိုးသောက်လတ်သော် သိမ်မွေ့ပြေပြစ်သော အဝတ်ကိုဝတ်၍ အထူးထူးသော ရတနာကို ထုတ်ယူ၍ ထိုအိမ်သို့လျှင် သွား၏။ ချွေးမသည် ထိုယောက္ခမကိုမြင်၍ မိခင် သင်သည် အဘယ် သို့ပြုသဖြင့် ဥစ္စာကို ရအပ်သနည်းဟု မေး၍ သမီး ထိုသုသာန်ဝယ် ထင်းပုံ၌ မီးတိုက်သဖြင့် ဤသို့သဘောရှိသော ဥစ္စာကိုရ၏ ဟု ယောက္ခမသည် ဆို၏။ မိခင် အကျွန်ုပ်သည်လည်း ရခြင်းငှာ တတ်ကောင်း၏ ဟု မေး၏။ သမီး... ငါကဲ့သို့ဖြစ်သော် ရလတ္တံ့ဟု ယောက္ခမသည် ဆို၏။ ထိုချွေးမသည် ဥစ္စာရခြင်း၌ တပ်သောလောဘဖြင့် လင်အားဆို၍ သုသာန်၌ မိမိကိုယ်ကို မီးတိုက်စေ၏။ ထိုအခါ ထိုမိန်းမကို နက်ဖြန်နေ့၌ လင်သည် မမြင်လတ်သော် မိခင် ဤအခါ၌လည်း သင့်ချွေးမသည် မလာဟု ဆို၏။ အမိသည် ဟယ် ယောကျ်ားယုတ် သေသောမိန်းမမည်သည် အဘယ့်ကြောင့် လာလတ္တံ့နည်း ဟု ခြိမ်းခြောက်လို၍-

၅၆။ ယမာနယိံ သောမနဿံ၊ မာလိနိံ စန္ဒနုဿဒံ။
သာ မံ ဃရာ နိစ္ဆုဘတိ၊ ဇာတံ သရဏတော ဘယံ။

ဟူသော ဤဂါထာကို ဆို၏။

၅၆။ ယံ၊ အကြင်မိန်းမကို။ သောမနဿံ၊ ဝမ်း မြောက်ခြင်းကို။ ဥပ္ပါဒတွော၊ ဖြစ်စေ၍။ မာလိနိံ၊ ပန်းပန်၍။ စန္ဒနုဿဒံ၊ စန္ဒကူးလိမ်းကျံ၍။ အာနယိံ၊ ဆောင်၏။ သာ၊ ထိုမိန်းမသည်။ မံ၊ ငါ့ကို။ ဃရာ၊ အိမ်မှ။ နိစ္ဆုဘတိ-နီဟရတိ၊ နှင်ထုတ်၏။ မေ၊ ငါ့အား။ သရဏတော၊ ကိုးကွယ်ရာမှ။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။

ဘုရားလောင်းသည် ဤဂါထာကိုဆို၍ မြတ်သောမင်းကြီး... ချွေးမသည် ယောက္ခမ၏ ကိုးကွယ်ရာ ဖြစ်သကဲ့သို့ ထို့အတူ မင်းသည် လူအများ၏ ကိုးကွယ်ရာဖြစ်၏။ မင်းမှ ဘေးဖြစ်သည်ရှိသော် မြစ်အံ့သောငှာ အဘယ်သူ တတ်နိုင်အံ့နည်း၊ ဤသို့ မှတ်တော်မူလော့ဟုဆို၏။ မင်းသည် အမောင် ငါသည် သင်ဆောင်အပ်သော အကြောင်းတို့ကို မသိ၊ ငါ့အား ခိုးသူကို ပေးလော့ဟု ဆို၏။

ပုံပြင်ဝတ္ထု-၈

ဘုရားလောင်းသည် မင်းကို စောင့်ရှောက်အံ့ဟု တစ်ပါးသော ဥဒါဟရုဏ်ကိုလည်း ဆောင်၏။

မြတ်သောမင်းကြီး... လွန်လေပြီးသောအခါ ဤဗာရာဏသီပြည်၌လျှင် တစ်ယောက်သော ယောက်ျားသည် ဆုတောင်းခြင်းကိုပြု၍ သားကိုရ၏။ ထိုယောက်ျားသည် သားဖွားသော ကာလ၌ ငါသည် သားကိုရပြီ ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်၏။ ထိုယောက်ျားသည် ထိုသားကိုမွေး၍ အရွယ်သို့ ရောက်လတ်သောကာလ၌ မယားနှင့် ယှဉ်စေ၍ နောက်အဖို့၌ အိုခြင်းသို့ရောက်၍ အမှုလုပ်အံ့သောငှာ မတတ်နိုင်။ ထိုအခါ ထိုအဖကို သားသည် အဖ သင်သည် အမှုလုပ်အံ့သောငှာ မတတ်နိုင်၊ ဤအိမ်မှ ထွက်လော့ ဟု အိမ်မှ နှင်ထုတ်၏။ ထိုအဖသည် ဆင်းရဲငြိုငြင်သဖြင့် အသက်မွေးရကား ငိုကြွေးလျက်-

၅၇။ ယေန ဇာတေန နန္ဒိဿံ၊ ယဿ စ ဘဝမိစ္ဆိသံ။
သော မံ ဃရာ နိစ္ဆုဘတိ၊ ဇာတံ သရဏတော ဘယံ။

ဟူသော ဤဂါထာကို ဆို၏။

၅၇။ ဇာတေန၊ ဖွားသော။ ယေန၊ အကြင်သားဖြင့်။ နန္ဒိဿံ၊ နှစ်သက်ခြင်းသည် ဖြစ်၏။ ယဿ စ၊ အကြင်သား၏လည်း။ ဘဝံ၊ ဖြစ်ခြင်းကို။ ဣစ္ဆိသံ၊ အလိုရှိ၏။ သော၊ ထိုသားသည်။ မံ၊ ငါ့ကို။ ဃရာ၊ အိမ်မှ။ နိစ္ဆုဘတိ-နီဟရတိ၊ နှင်ထုတ်၏။ မေ၊ ငါ့အား။ သရဏတော၊ ကိုးကွယ်ရာမှ။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။

ဘုရားလောင်းသည် ဤဂါထာကို ဆို၍ မြတ်သောမင်းကြီးသူအိုကို စွမ်းနိုင်သောသားသည် စောင့်ရှောက် အပ်သကဲ့သို့ ထို့အတူ ခပ်သိမ်းသော ဇနပုဒ်တို့ကို မင်းသည်လည်း။ ကောင်း, ပုရောဟိတ်သည်လည်းကောင်း စောင့်ရှောက်အပ်ကုန်၏။ ဤဘေးသည် သတ္တဝါတို့ကို စောင့်ရှောက်သော မင်း၏အထံမှ ဖြစ်၏။ ဤအကြောင်းဖြင့် ဤအမည်ရှိသော သူသည် ခိုးသူတည်းဟု ရှင်မင်းကြီးသည် သိတော်မူလော့ ဟု ဆို၏။ အမောင်... ငါသည် အကြောင်းကို မသိ၊ ခိုးသူကိုလျှင် ငါ့အား ပေးလော့ ဟု ဆို၍ မင်းသည် အဖန်ဖန်တလဲလဲ လုလင်ကို တိုက်တွန်း၏။

ပရိသတ်ရှေ့မှာ သူခိုးဖမ်းပုံ

ထိုအခါ ထိုမင်းကို ဘုရားလောင်းသည် မြတ်သောမင်းကြီး အရှင်မင်းကြီးသည် စင်စစ်သဖြင့် ခိုးသူကို ဖမ်းပေးခြင်းကို နှစ်သက်တော်မူပါသလောဟု ဆို၏။ အမောင်ဆိုတိုင်း ဟုတ်မှန်၏ ဟု မင်းသည် ဆို၏။ မြတ်သော မင်းကြီး ထိုသို့တပြီးကား ဤမည်သော သူသည် ခိုးသူတည်းဟု ပရိသတ်အလယ်၌ ပြအံ့ ဟု ဆို၏။ အမောင်... ဤသို့ ပြလော့ဟု မင်းသည် ဆို၏။ ဘုရားလောင်းသည် မင်းကြီး၏ စကားကိုကြား၍ ဤမင်းသည် မိမိကိုယ်ကို စောင့်ရှောက်စိမ့်သောငှာ မပေး၊ ခိုးသူကို ဖမ်းအံ့ဟု စည်းဝေးကုန်သော ဇနပုဒ်သားတို့ကို တိုင်ကြားလို၍-

၅၈။ သုဏန္တု မေ ဇနပဒါ၊ နေဂမာ စ သမာဂတာ။
ယတောဒကံ တဒါဒိတ္တံ၊ ယတော ခေမံ တတော ဘယံ။
၅၉။ ရာဇာ ဝိလုမ္ပတေ ရဋ္ဌံ၊ ဗြာဟ္မဏော စ ပုရောဟိတော။
အတ္တဂုတ္တာ ဝိဟရထ၊ ဇာတံ သရဏတော ဘယံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၅၈။ သမာဂတာ၊ စည်းဝေးကုန်သော။ ဇနပဒါ စ၊ ဇနပုဒ်သူတို့သည်လည်းကောင်း။ နေဂမာ စ၊ နိဂုံးသူတို့သည်လည်းကောင်။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏန္တု၊ နားထောင်ကုန်လော့။ ယတောဒကံ၊ အကြင်ရေသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုရေသည်။ အာဒိတ္တံ၊ မီးတောက်၏။ ယတော၊ အကြင်မင်းမှ။ ခေမံ၊ ဘေးမရှိ။ တတော၊ ထိုမင်းမှ။ ဘယံ၊ ဘေးဖြစ်၏။

၅၉။ ရာဇာ စ၊ မင်းသည်လည်းကောင်း။ ပုရောဟိတော၊ ပုရောဟိတ်ဖြစ်သော။ ဗြာဟ္မဏော စ၊ ပုဏ္ဏားသည်လည်းကောင်း။ ရဋ္ဌံ၊ တိုင်းနိုင်ငံကို။ ဝိလုမ္ပတေ၊ လုယက်၏။ တုမှေ၊ သင်တို့သည်။ အတ္တဂုတ္တာ၊ ကိုယ်ကိုစောင့်ကုန်၍။ ဝိဟရထ၊ နေကြကုန်လော့။ သရဏတော၊ ကိုးကွယ်ရာမှ။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။

မင်းသည်ကား လူများ၏ ကိုးကွယ်ရာဖြစ်၏။ ထိုမင်းမှ သင်တို့အား ဘေးသည်ဖြစ်၏။ မင်းသည်လည်းကောင်း, ပုရောဟိတ်သည်လည်းကောင်း ခိုးယူ၏။ သင်တို့သည် ခိုးသူတို့ကို ဖမ်းလိုကုန်အံ့၊ ဤမင်း, ပုဏ္ဏားတို့ကိုဖမ်း၍ ပြုအပ်သော အမှုကို ပြုကြကုန်လော့ဟု ဘုရားလောင်းသည် ဆို၏။

မင်းနှင့်ပုရောဟိတ်တို့ သေကြရပြီ

စည်းဝေးကုန်သော သူတို့သည် ဘုရားလောင်း၏ စကားကိုကြား၍ ဤမင်းသည် စောင့်ရှောက်အပ်သည်ဖြစ်လျက်လည်း ယခု သူတစ်ပါး၏အပေါ်၌ အပြစ်ကို တင်၍ မိမိဥစ္စာတို့ကို မိမိသည်လျှင် ရေကန်၌ထား၍ ခိုးသူကို ရှာစေ၏။ ယခုအခါမှစ၍ တစ်ဖန် ခိုးမှုကို မပြုစိမ့်သောငှာ ဤမင်းယုတ်ကို သတ်ကြကုန်အံ့ ဟု ကြံကုန်၍ စည်းဝေးသောသူတို့သည် တောင်ဝှေး ဆောက်ပုတ် အစရှိသည်တို့ကို ကိုင်လျက် ထကုန်၍ မင်းကိုလည်းကောင်း, ပုရောဟိတ်ကိုလည်းကောင်း ဖမ်း၍ အသက်ကုန်ခြင်းသို့ ရောက်စေကုန်၏။ ဘုရားလောင်းကို အဘိသိက် သွန်းကုန်၍ မင်းအဖြစ်၌ တည်စေကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သီတင်းသည်... မြေ၌ ခြေရာကိုသိခြင်းသည်အံ့ဖွယ်မရှိသေး၊ ရှေးပညာရှိတို့သည် ကောင်းကင်၌ ခြေရာကို သိဖူးကုန်၏ ဟု မိန့်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သီတင်းသည်သည်လည်းကောင်း၊ သီတင်းသည်၏ သားသည်လည်းကောင်းသောတာပတ္တိဖိုလ်၌ တည်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ကဿပသည် ထိုအခါ ပဒကုသလ လုလင်၏ အဘဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပဒကုသလ လုလင်ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကိုးကွယ်ရာမှ၊ ဘေးဖြစ်က၊ မုချကြောက်ဖွယ်ရာ

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ပဒကုသလမာဏဝ ဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၇။ လောမသကဿပဇာတ်

ဘုရားလောင်းများပင် မိန်းမကြောင့် မေ့လျော့ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသခင်သည် အဿ ဣန္ဒသမော ရာဇ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤလောမသကဿပဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း... သင်သည် ငြီးငွေ့သောဟူသည် မှန်သလော ဟု မေးတော်မူ၍ “မှန်ပေ၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း မြင်းမိုရ်တောင်ကို လှုပ်စေနိုင်သော လေကြီးသည် အဘယ်မူ၍ ဟောင်းလေပြီးဖြစ်သော သစ်ရွက်တို့ကို မလှုပ်စေနိုင်ဘဲ ရှိလတ္တံ့နည်း၊ အကျော်အစောနှင့် ပြည့်စုံကုန်သော သူတို့သည် ကိလေသာကို အမှီပြု၍ အကျော်အစော မရှိသည်၏အဖြစ်သို့ ရောက်ကုန်၏။ ကိလေသာတို့မည်သည်ကား စင်ကြယ်ကုန်သော သတ္တဝါတို့ကိုလည်း ညစ်ညူးခြင်းကို ပြုတတ်ကုန်၏။ သင်ကဲ့သို့သော သူကိုကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း ဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိုတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသောအခါ ဗြဟ္မဒတ် မင်း၏သား ဗြဟ္မဒတ္တ, ပုရောဟိတ်၏သား လောမသကဿပ၊ ဤနှစ်ယောက်ကုန်သော သူတို့သည် အဆွေခင်ပွန်းဖြစ်ကုန်၍ တစ်ဦးသော ဆရာအမျိုး၌ ခပ်သိမ်းသော အတတ်တို့ကို သင်ကုန်၏။ နောက်အဖို့၌ ဗြဟ္မဒတ်မင်းသားသည် အဖလွန်သဖြင့် မင်းအဖြစ်၌ တည်၏။

ပုရောဟိတ်သား ရသေ့ဝတ်

ကဿပသည် ငါ၏ အဆွေခင်ပွန်းသည် မင်းဖြစ်၏။ ယခုအခါ ငါ့အား များစွာသော စည်း စိမ်တို့ကို ပေးလတ္တံ့၊ ငါ့အား စည်းစိမ်ဖြင့် အဘယ်ပြုအံ့နည်း၊ ငါသည် မိဘတို့ကိုလည်းကောင်း၊ မင်းကိုလည်းကောင်း ပန်၍ ရဟန်းပြုအံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုကဿပသည် မင်းကိုလည်းကောင်း၊ မိဘတို့ကိုလည်းကောင်း ပန်၍ ဟိမဝန္တာသို့ ဝင်ပြီးလျှင် ရသေ့ရဟန်းပြု၍ ခုနစ်ရက်မြောက်သောနေ့၌ ငါးပါးသော အဘိညာဏ် ရှစ်ပါးသော သမာပတ်တို့ကို ဖြစ်စေ၏။ ဆွမ်းခံသွားသဖြင့် မျှလျက်နေ၏။ ရသေ့အမည်ကိုကား လောမသကဿပဟူ၍ သိကုန်၏။

ရသေ့ကို ပျက်စီးစေရန်

လောမသကဿပသည် ငြိမ်းချမ်းသော ဣန္ဒြေရှိ၏။ ပြင်းထန်သာ အကျင့်ရှိ၏။ ထိုအကျင့်၏ တန်ခိုးကြောင့် သိကြားမင်း၏ နေရာသည် တုန်လှုပ်၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုလောမသကဿပကို မြင်၍ ထိုရသေ့သည် အလွန်လျှင် ပြင်းထန်သော အကျင့်ရှိ၏။ သိကြားနေရာကိုလည်း တုန်လှုပ်စေနိုင်၏။ ငါသည် ဗာရာဏသီမင်းနှင့်တကွ တစ်ပေါင်းတည်းဖြစ်စေ၍ ရသေ့၏ သီလကို ဖျက်ဆီးအံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုသိကြားသည် သိကြား၏ အနုဘော်ဖြင့် သန်းခေါင်ယံအခါ ဗာရာဏသီမင်း၏ ကျက်သရေတိုက်ခန်းသို့ဝင်၍ အလုံးစုံသော တိုက်ခန်းကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းစေ၍ မင်း၏အထက် ကောင်းကင်၌ တည်လျက် မြတ်သောမင်းကြီး ထလော့ ဟု မင်းကိုနှိုး၏။ သင်သည် အဘယ်သူနည်း ဟု မေးအပ်သည်ရှိသော် သိကြားတည်း ဟု ဆို၏။ အဘယ်အကျိုးငှာ လာသနည်းဟု မေးအပ်သည်ရှိသော် မြတ်သောမင်းကြီး သင်မင်းကြီးသည် အလုံးစုံသော ဇမ္ဗူဒိပ်၌ ဧကရာဇ်အဖြစ်ကို အလိုရှိ၏လော ဟု မေး၏။ အဘယ်ကြောင့် အလိုမရှိအံ့နည်းဟု ဆိုသည်ရှိသော် ထိုအခါ၌ ဗာရာဏသီမင်းကို သိကြားသည် မြတ်သောမင်းကြီး ထိုသို့တပြီးကား လောမသကဿပကို ပင့်ဆောင်၍ အခြေလေးချောင်းတို့ကို သတ်၍ ယဇ်ပူဇော်ခြင်းကို ပူဇော်စေလော့၊ သိကြားနှင့် တူသည်ဖြစ်၍ မအိုမသေ နေရသည်ဖြစ်၍ အလုံးစုံသော ဇမ္ဗူဒိပ်မင်းအဖြစ်ကို ပြုရလတ္တံ့ ဟု ဆိုလို၍-

၆၀။ အဿ ဣန္ဒသမော ရာဇ၊ အစ္စန္တံ အဇရာမရော။
သစေ တွံ ယညံ ယာဇေယျ၊ ဣသိံ လောမသကဿပံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၆၀။ ရာဇ၊ မင်းကြီး။ တွံ၊ သင်သည်။ လောမသကဿပံ ဣသိံ၊ လောမသကဿပ ရသေ့ကို။ အာနေတွာ၊ တောမှ ပင့်ဆောင်၍။ ယညံ၊ ယဇ်ကို။ သစေယျ ယာဇေယျ၊ အကယ်၍ ပူဇော်စေငြားအံ့။ အစ္စန္တံ၊ စင်စစ်။ ဣန္ဒသမော၊ သိကြားနှင့်တူသည် ဖြစ်၍။ အဇရာ၊ မအိုသည်။ အမရော၊ မသေသည်။ အဿ၊ ဖြစ်ရာ၏။

ယဇ်ပူဇော်ဖို့ ပင့်ခြင်း

သိကြား၏စကားကို ကြား၍ မင်းသည် ကောင်းပြီ ဟု ဝန်ခံ၏။ သိကြားသည် ထိုသို့တပြီးကား ကြာမြင့်ခြင်းကို မပြုလင့် ဟု ဆို၏။ မင်းသည် နက်ဖြန်နေ့၌ သေယျမည်သော အမတ်ကို ခေါ်၍ အချင်းအမတ် ငါ၏ ချစ်စွာသော အဆွေခင်ပွန်းဖြစ်သော လောမသကဿပ ရသေ့၏အထံသို့ သွား၍ ငါ့စကားဖြင့် ဗာရာဏသီမင်းသည် သင့်ကို အခြေလေးချောင်းတို့ကို သတ်စေ၍ ယဇ်ပူဇော်ခြင်းကို ပူဇော်စေ၍ အလုံးစုံသော ဇမ္ဗူဒိပ်၌ ဧကရာဇ်ဖြစ်လတ္တံ့၊ သင်တို့အားလည်း အလိုရှိတိုင်းသော အရပ်ကို ပေးကုန်အံ့၊ အကျွန်ုပ်နှင့်တကွ ယဇ်ပူဇော်အံ့သောငှာ လာကုန်လော့ ဟု ဆိုချေ၏ ဟု စေ၏။ သေယျ အမတ်သည် မြတ်သောမင်းကြီး... ကောင်းပြီ ဟု ရသေ့နေရာ အရပ်ကို သိအံ့သောငှာ မြို့၌ စည်လည်စေ၍ တစ်ယောက်သော မုဆိုးသည် ငါသိ၏ ဟု ဆိုလတ်သော် ထိုမုဆိုးကို ရှေ့သွားပြု၍ များစွာသော အခြံအရံဖြင့် ထိုအရပ်သို့သွား၍ ရသေ့ကို ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာ နေလျက် ထိုသတင်းစကားကို ကြား၏။

ရသေ့ငြင်းပယ်သော်

ထိုအခါ သေယျအမတ်ကို လောမသကဿပ ရသေ့သည် ငါ့အား အဘယ်မည်သော အမှုကို သင်ပြုသနည်း ဟု ဆို၍ ပယ်လိုရကား-

၆၁။ သသမုဒ္ဒ ပရိယာယံ၊ မဟိံ သာဂရကုဏ္ဍလံ။
န ဣစ္ဆေ သဟ နိန္ဒာယ၊ ဧဝံ သေယျ ဝိဇာနဟိ။
၆၂။ မီရတ္ထု တံ ယသလာဘံ၊ ဓနလာဘဉ္စ ဗြာဟ္မဏ။
ယာ ဝုတ္တိ ဝိနိပါတေန၊ အဓမ္မ စရဏေန ဝါ။
၆၃။ အပိ စေ ပတ္တမာဒါယ၊ အနာဂါရော ပရိဗ္ဗဇေ။
သာယေဝ ဇီဝိကာ သေယျော၊ ယာစာဓမ္မန ဧသနာ။
၆၄။ အပိ စေ ပတ္တမာဒါယ၊ အနာဂါရော ပရိဗ္ဗဇေ။
အညံ အဟိံသယံ လောကေ၊ အပိ ရဇ္ဇေန တံ ဝရံ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၆၁။ သေယျ၊ သေယျ။ အဟံ၊ ငါသည်။ နိန္ဒာယ၊ ကဲ့ရဲခြင်းနှင့်။ သဟ၊ တကွ။ ပဝတ္တံ၊ ဖြစ်သော။ သသမုဒ္ဒ ပရိယာယံ၊ သမုဒ္ဒရာအခြံအရံနှင့် တကွသော။ သာဂရကုဏ္ဍလံ၊ သမုဒ္ဒရာဟူသော နားတောင်းနှင့် ပြည့်စုံသော။ မဟိံ၊ မြေကို။ န ဣစ္ဆေ၊ အလိုမရှိ။ ဧဝံ၊ ဤသို့။ ဝိဇာနာဟိ၊ သိလော့။

၆၂။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဝိနိပါတေန ဝါ၊ ငရဲသို့ ကျစေတတ်သောအမှုဖြင့် လည်းကောင်း။ အဓမ္မစရဏေန ဝါ၊ အဓမ္မကို ကျင့်သဖြင့်လည်းကောင်း။ ဓနလာဘဉ္စ၊ ဥစ္စာရခြင်းကိုလည်းကောင်း။ ယသလာဘဉ္စ၊ အကျော်အစောရခြင်းကိုလည်းကောင်း။ ယာ ဝုတ္တိ၊ အကြင်ပွားများခြင်းသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုအလုံးစုံကို။ ဓီရတ္ထု၊ စက် ဆုပ်၏။

၆၃။ အဓမ္မေန၊ အဓမ္မဖြင့်။ ယာ စ ဧသနာ၊ အကြင်ဥစ္စာရှာခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏။ တတော၊ ထို့ထက်။ အနာရော၊ ရဟန်းသည်။ ဟုတွာ၊ ဖြစ်၍။ ပတ္တံ၊ သပိတ်ကို။ အာဒါယ၊ ယူ၍။ အပိ စေ ပရိဗ္ဗဇေ၊ အကယ်၍ ဆွမ်းခံသွားလျက် ရဟန်းတရားကို ကျင့်ငြားအံ့။ သာယေဝ ဇီဝိကာ၊ ထိုအသက်မွေးခြင်းသည်သာလျှင်။ သေယျော၊ မြတ်၏။

၆၄။ လောကေ၊ လောက၌။ အညံ၊ တစ်ပါးသောသူကို။ အဟိံသယံ၊ မညှဉ်းဆဲဘဲ။ အနဂါရော၊ ရဟန်းသည်။ ဟုတွာ၊ ဖြစ်၍။ ပတ္တံ၊ သပိတ်ကို။ အာဒါယ၊ ယူ၍။ အပိ စေ ပရိဗ္ဗဇေ၊ အကယ်၍ ဆွမ်းခံသွားလျက် ရဟန်းတရားကို ကျင့်ငြားအံ့။ တံ၊ ထိုဆွမ်းခံသွားလျက် ရဟန်းတရားကို ကျင့်ခြင်းသည်။ ရဇ္ဇေန အပိ၊ မင်းအဖြစ်ထက်လည်း။ ဝရံ၊ မြတ်၏။

မင်းသမီးနှင့်မျှား၍ ယဇ်ပူဇော်စေခြင်း

သေယျအမတ်သည် လောမသကဿပ ရသေ့၏ စကားကို ကြား၍ ဗာရာဏသီသို့ သွား၍ မင်းအား ကြားလျှောက်၏။ မင်းသည် မလာသော် အဘယ်ပြုနိုင်အံ့နည်း ဟု ဆိတ်ဆိတ်နေ၏။ သိကြားသည် တစ်ဖန် သန်းခေါင်ယံအခါ၌ လာလတ်၍ ကောင်းကင်၌ရပ်၍ မြတ်သော မင်းကြီး လောမသကဿပ ရသေ့ကို ပင့်ဆောင်၍ ယင်ပူဇော်စေ၏လော ဟု မေး၏။ ကျွန်ုပ်စေ၍လည်း လောမသကဿပ ရသေ့သည် မလာဟု မင်းသည် ဆို၏။ မြတ်သောမင်းကြီး သမီးတော် စန္ဒဝတီကို တန်ဆာဆင်ယင်၍ သေယျအမတ်ကို ရှေးအတူလျှင်စေ၍ ရှင်သေ့ သင်သည် သွား၍ ယဇ်ပူဇော်အံ့၊ မင်းသည် သင့်အား ဤသမီးကိုပေးလတ္တံဟု ဆိုစေလော့၊ မချွတ်လျှင် လောမသကဿပ ရသေ့သည် မင်းသမီး၌ တပ်စွန်း၍ လာလတ္တံ့ ဟု ဆို၏။ မင်းသည် ကောင်းပြီဟု ဝန်ခံ၍ နက်ဖန်နေ့၌ သေယျအမတ်၏လက်၌ မင်းသမီးကို ပေးအပ်၍ သေယျအမတ်သည် မင်းသမီးကိုယူ၍ ထိုအရပ်သို့သွား၍ ရသေ့ကိုရှိခိုး၍ ပဋိသန္ထာရပြု၍ နတ်သမီးနှင့်တူသော မင်းသမီးကို လောမသကဿပ ရသေ့အားပြ၍ တင့်အပ်လျောက်ပတ်စွာ နေ၏။ ရသေ့သည် ဣန္ဒြေတို့ကို ဖျက်၍ မင်းသမီးကို ကြည့်သည်နှင့်တစ်ပြိုင်နက်လျှင် တပ်သောစိတ် ရှိသည်ဖြစ်၍ ဈာန်မှယုတ်၏။

အမတ်သည် ရသေ့၏ တပ်သောစိတ် ရှိသည် ၏အဖြစ်ကို သိ၍ အရှင်ဘုရား- အရှင်ဘုရားတို့သည် အကယ်၍ ယဇ်ပူဇော်ကုန်အံ့၊ မင်းသည် အရှင်ဘုရားအား ဤမင်းသမီးကို အလုပ်အကျွေး ပြု၍ ပေးလတ္တံ့ဟု ဆို၏။ လောမသကဿပသည် ကိလေသ၏အစွမ်းအားဖြင့် တုန်လှုပ်လျက် ငါ့အား ဤမင်းသမီးကို မင်းသည် ပေးအံ့လော ဟု မေး၏။ အရှင်ဘုရား အရှင်ဘုရားသည် ယဇ်ပူဇော်ငြားအံ့၊ မင်းသည် အရှင်ဘုရားအား ဤမင်းသမီးကို ပေးလတ္တံ့ ဟု အမတ်သည် ဆို၏။ ရသေ့သည် ကောင်းပြီ၊ မင်းသမီးကိုရသော် ယဇ်ပူဇော်အံ့ဟု ဆို၍ အမတ်ကိုခေါ်၍ ဆံကျစ်တို့နှင့်တကွ တန်ဆာဆင်သော ရထားသို့ တက်၍ ဗရာဏသီသို့ လိုက်၏။ မင်းသည်လည်း ရသေ့ လာပြီဟု ကြား၍ ယဇ်တွင်း၌ အမှုကိုဖြစ်စေ၏။

ထိုအခါ လာလတ်သော လောမသကဿပကို မြင်၍ ယဇ်ပူဇော်လော့၊ ယင်ပူဇော်သည်ရှိသော် ငါသည် သိကြားနှင့်တူသည် ဖြစ်အံ့၊ ယဇ် ပူဇော်သည်၏ အဆုံး၌ သင့်အား သမီးကိုပေးအံ့ဟု ဆို၏။ လောမသကဿပ ရသေ့သည် ကောင်းပြီဟု ဝန်ခံ၏။ ထိုအခါ လောမသကဿပ ရသေ့ကို မင်းသည် နက်ဖြန်နေ့၌ ခေါ်၌ စန္ဒဝတီမင်းသမီးနှင့် တကွလျှင် ယဇ်တွင်းသို့ သွား၏။ ထိုယဇ်တွင်း၌ ဆင် မြင်း ဥသဘ အစရှိကုန်သော ခပ်သိမ်းကုန်သော အခြေလေးချောင်းတို့ကို အစဉ်သဖြင့် ထားအပ်ကုန်၏။ ထိုလောမသကဿပ ရသေ့သည် ခပ်သိမ်းသော အခြေလေးချောင်းရှိသော သတ္တဝါတို့ကို ဆောင်၍ သတ်၍ ယဇ်ပူဇော်အံ့သောငှာ အားထုတ်၏။

လူအများ တားမြစ်ကြပြီ

ထိုအခါ လောမသကဿပ ရသေ့အား စည်း ဝေးသော လူများသည် ငိုကြွေးလျက် လောမသကဿပ သင်သည် မသင့်လျော်သော ထိုအမှုကို အဘယ်မူ၍ ပြုသနည်း ဟု ဆို၍ ငိုကြွေးလိုရကား-

၆၅။ ဗလံ စန္ဒော ဗလံ သူရိယော၊ ဗလံ သမဏဗြာဟ္မဏာ။
ဗလံ ဝေလာ သမုဒ္ဒဿ၊ ဗလာတိဗလမိတ္ထိယော။
၆၆။ ယထာ ဥဂ္ဂတပံ သန္တံ၊ ဣသိ လောမသကဿပံ။
ပိတု အတ္ထာ စန္ဒဝတီ၊ ဝါဇပေယျံ အယာဇသိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

အင်အားရှိသော ဝတ္ထုများ

၆၅။ စန္ဒော၊ လသည်။ ဗလံ၊ အားရှိ၏။ သူရိယော၊ နေသည်။ ဗလံ၊ အားရှိ၏။ သမဏဗြာဟ္မဏာ၊ ရဟန်းပုဏ္ဏားတို့သည်။ ဗလံ၊ အားရှိ၏။ သမုဒ္ဒဿ၊ သမုဒ္ဒရာ၏။ ဝေလာ၊ ကမ်းသည်။ ဗလံ၊ အားရှိ၏။ ယထာ၊ အကြင့်ကြောင့်။ စန္ဒဝတီ၊ စန္ဒဝတီမင်းသမီးသည်။ ပိတုအတ္ထာ၊ အဖ၏အကျိုးကို အလိုရှိသည်ဖြစ်၍။ ဥဂ္ဂတပံ၊ ပြင်းထန်သော အကျင့်ရှိသော။ သန္တံ၊ ငြိမ်သက်သော။ လောမသကဿပံ ဣသိံ၊ လောမသကဿပ ရသေ့ကို။ ဝါဇပေယျံ၊ ယဇ်ပူဇော်ခြင်းကို။ အယာဇသိ၊ ပူဇော်စေ၏။ တသ္မာ၊ ထို့ကြောင့်။ ဣတ္ထိယော၊ မိန်းမတို့သည်။ ဗလာတိဗလံ၊ အားတကာတို့ထက် အလွန်အားရှိကုန်၏။

သတ္တဝါများ အော်ကြခြင်း

ထိုအခါ လောမသကဿပ ရသေသည် ယစ်ပူဇော်အံ့သောငှာ မင်္ဂလာဆင်၏ လည်ကို ဖြတ်အံ့ ဟု ရတနာသန်လျက်ကို ချီ၏။ ဆင်သည်လည်း သန်လျက်ချီသော လောမသကဿပ ရသေ့ကိုမြင်၍ သေဘေးဖြင့်ကြောက်၍ ကြီးစွာသော မြည်ခြင်းကို မြည်၏။ ဆင်၏အသံကို ကြား၍ ကြွင်းကုန်သော ဆင် မြင်း ဥသဘ အစရှိသည်တို့လည်း သေဘေးဖြင့် ကြောက်ကုန်၍ မြည်ကြကုန်၏။ လူများသည်လည်း မြည်တမ်းကြကုန်၏။

ရသေ၏ သံဝေဂ

လောမသကဿပ ရသေ့သည် အုတ်အုတ် ကျက်ကျက် သည်းစွာသော ဟစ်ကြွေးသံကိုကြား၍ ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ မိမိဆံကျစ် အစရှိသည်တို့ကို ကြည့်၏။ ထိုအခါ ရသေ့အား ဆံကျစ် မုတ်ဆိတ် လက်ကတီးမွေးတို့သည် ထင်ကုန်၏။ ထိုလောမသကဿပ ရသေ့သည် နှလုံးမသာသည်ဖြစ်၍ ငါသည် စင်စစ်သဖြင့် မလျောက်ပတ်သော ယုတ်မာသောအမှုကို ပြု၏ ဟု သံဝေဂကို ပြုလိုရကား-

၆၇။ တံ လောဘပကတံ ကမ္မံ၊ ကဋုကံ ကာမဟေတုကံ။
တဿ မူလံ ဂဝေသိဿံ၊ ဆေဇ္ဇံ ရာဂံ သဗန္ဓနံ။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကိုဆို၏။

၆၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မယာ၊ ငါသည်။ ကဋုကံ၊ ထက်သော အကျိုးရှိသော။ ကာမဟေတုကံ၊ ကာမလျှင် အကြောင်းရှိသော။ တံ ကမ္မံ၊ ထိုအမှုကို။ လောဘပကတံ၊ လောဘလျှင် ပြုအပ်၏ဟု။ တဿ၊ ထိုလောဘ၏။ မူလံ၊ မသင့်သော နှလုံးသွင်းခြင်း၏ အမြစ်ကို။ အဟံ၊ ငါသည်။ ဂဝေသိဿံ၊ ရှာအံ့။ သဗန္ဓနံ၊ အနှောင် အဖွဲ့နှင့်တကွသော။ ရာဂံ၊ ရာဂကို။ ဆေဇ္ဇံ၊ ဖြတ်အံ့။

မင်းကြီးကိုယ်တိုင် တိုက်တွန်း

ထိုအခါ လောမသကဿပ ရသေ့ကို မင်းသည် ရှင်ရသေ့ မကြောက်လင်၊ ယခု သင့်အား စန္ဒဝတီမင်းသမီးကို လည်းကောင်း၊ ရတနာ ခုနစ်ပါးကိုလည်းကောင်း ပေးအံ့၊ ယဇ်ပူဇော်လော့ ဟု ဆို၏။

ယင်တွင်းကို ဖျက်စေပြီ

ထိုစကားကို ကြား၍ လောမသကဿပ ရသေ့သည် မြတ်သောမင်းကြီး ငါ့အား ကိလေသာဖြင့် အလိုမရှိ ဟု ဆို၍ -

၆၈။ မီရတ္ထု ကာမေ သုဗဟူပိ လောကေ၊
တပေါဝ သေယျော ကာမဂုဏေဟိ ရာဇ။
တပေါ ကရိဿာမိ ပဟာယ ကာမေ၊
တဝေဝ ရဋ္ဌံ စန္ဒဝတီ စ ဟောတု။

ဟူသာ အဆုံးဖြစ်သော ဤဂါထာကိုဆို၏။

၆၈။ ရာဇ၊ မင်းကြီး။ လောကေ၊ လောက၌။ သုဗဟူပိ၊ အလွန်များသည်လည်း ဖြစ်ကုန်သော။ ကာမေ၊ ကာမတို့ကို။ ဓီရတ္ထု၊ ငါစက်ဆုပ်၏။ ကာမဂုဏေဟိ၊ ကာမဂုဏ်တို့ထက်။ တပေါဝ၊ သီလသည်လျှင်။ သေယျော၊ မြတ်၏။ အဟံ၊ ငါသည်။ ကာမေ၊ ကာမတို့ကို။ ပဟာယ၊ ပယ်၍။ တပေါ၊ သီလစောင့်ရှောက်ခြင်းကို။ ကရိဿာမိ၊ ကျင့်အံ့။ ရဋ္ဌဉ္စ၊ တိုင်းသည်လည်းကောင်း။ စန္ဒဝတီ စ၊ စန္ဒဝတီ မင်း သမီးသည်လည်းကောင်း။ တဝေဝ၊ သင်၏သာလျှင်။ သန္တကံ၊ ဥစ္စာသည်။ ဟောတု၊ ဖြစ်စေသတည်း။

ထိုလောမသကဿပ ရသေ့သည် ဤသို့ဆို၍ ကသိုဏ်းကို နှလုံးသွင်း၍ ပျောက်သောဈာန်ကို ဖြစ်စေ၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့သဖြင့်နေ၍ မင်းအား မမေ့မလျော့ ဖြစ်လော့ဟု ဆုံးမ၍ ယဇ်တွင်းကိုဖျက်စေ၍ လူများအား ဘေးမဲ့ကို ပေးစေ၍ မင်းတောင်းပန်စဉ်လျှင် ပြန်၍ မိမိနေရာသို့ သွား၍ အသက်ထက်ဆုံးတည်၍ အသက်၏ အဆုံး၌ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကိုပြသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ သာရိပုတ္တရာသည် ထိုအခါ သေယျအမတ် ဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ လောမသ ကဿပ ရသေ့ ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အားတကာတွင်၊ မိန်းမလျှင်။ အားအင်ကြီးလှစွာ

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော လောမသကဿပ ဇာတ်သည်ပြီး၏။

*****

နဝကနိပါတ်

၈။ စက္ကဝါကဇာတ်

အစားအစာ၌ လျှပ်ပေါ်သော ကျီးမိုက်အကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကာသာယဝတ္ထေ အစရှိသော ဂါထာပုဒ်ဖြင့် တန် ဆာ ဆင်အပ်သော ဤစက္ကဝါကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လော်လည်သော ရဟန်းတစ်ပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းသည် လော်လည်သတတ်၊ ပစ္စည်း၌ မက်မောသတတ်။ ဆရာဥပဇ္ဈာယ်တို့၏ ဝတ်အစရှိသည်တို့ကိုစွန့်၍ စောစောကလျှင် သာဝတ္ထိမြို့သို့ဝင်၍ ဝိသာခါ ဒါယိကာမ၏ အိမ်၌ များစွာသော ခဲဖွယ်ကိုလည်းကောင်း, ယာဂု အစရှိသည်ကို လည်းကောင်း စား၍ သောက်၍ အထူးထူးသော အရသာရှိသော သလေးဆွမ်း, အမဲဟင်းလျာ အစရှိသည်တို့ကို စား၍လည်း ထိုအာဟာရဖြင့် မရောင့်ရဲရကား စူဠအနာထပိဏ်၏အိမ်, မဟာအနာထပိဏ်၏အိမ် ကောသလမင်း၏ နန်းတော်ကို ရည်၍ သွား၏။ ထိုအခါ တစ်နေ့သ၌ ထိုရဟန်း၏ လော်လည်သောအဖြစ်ကို အကြောင်းပြု၍ တရားသဘင်၌ ရဟန်းတို့သည် စကားကို ဖြစ်စေကုန်၏။

သဗ္ဗညူ မြတ်ဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်း ဝေးကြကုန်သနည်း ဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ထိုရဟန်းကို ခေါ်တော်မူစေ၍ ရဟန်း... သင်သည် လော်လည်သော ဟူသည် မှန်သလော ဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... မှန်ပေ၏ ဟု လျှောက်သည်ရှိသော် ရဟန်း... အဘယ့်ကြောင့် လော်လည်သနည်း၊ ရှေး၌လည်း သင်သည် လော်လည်သည်၏အဖြစ်ကြောင့် ဗာရာဏ သီပြည်၌ ဆင်ကောင်ပုပ် အစရှိသည်တို့ကို စား၍ လှည့်လည်သော် ထိုဆင်ကောင်ပုပ် အစရှိသည်တို့ဖြင့် မရောင့်ရဲသည် ဖြစ်၍ ဗာရာဏသီပြည်မှထွက်၍ ဂင်္ဂါနား၌ ကျက်စားလျက် ဟိမဝန္တာသို့ ဝင်ဖူး၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် တစ်ခုသော လော်လည်သော ကျီးသည် ဗာရာဏသီပြည်၌ ဆင်ကောင်ပုပ် အစရှိသည်တို့ကို စားလျက် ထိုဆင်ကောင်ပုပ် အစရှိသည်တို့ဖြင့် မရောင့်ရဲရကား ဂင်္ဂါကမ်းနား၌ ငါးသေတို့ကို စားအံ့ဟု သွား၍ ထိုဂင်္ဂါ၌ သေသောငါးတို့ကိုစားလျက် နှစ်ရက်သုံးရက်နေ၍ ဟိမဝန္တာသို့ဝင်၍ အထူးထူးသော သစ်သီးကြီးငယ်တို့ကိုစားလျက် များစွာသော ငါးလိပ်ရှိသော ကြီးစွာသော ပဒုမာအိုင်သို့ရောက်၍ ထိုအိုင်၌ ရွှေအဆင်းနှင့် တူသော အဆင်းရှိကုန်သော မှော်ကိုစား၍ နေကုန်သော နှစ်ခုကုန်သော စက္ကဝါက်တို့ကိုမြင်၍ ဤငှက်တို့သည် အလွန်လျှင် အဆင်းနှင့် ပြည့်စုံကုန်၏။ တင့်တယ်ခြင်းသို့ ရောက်ကုန်၏။ ဤငှက်တို့၏အစာသည် နှစ်သက်ဖွယ်ရှိသည် ဖြစ်လတ္တံ့၊ ဤငှက်တို့၏ အစာကိုမေး၍ ငါသည်လည်း ထို့အတူလျှင် စား၍ ရွှေအဆင်းနှင့်တူသော အဆင်း ရှိသည် ဖြစ်အံ့ဟု ကြံ၍ စက္ကဝါက်တို့၏ အထံသို့သွား၍ ပဋိသန္ထာရပြု၍ တစ်ခုသောသစ်ခက်စွန်း၌ နား၍-

၆၉။ ကာသာယဝတ္ထေ သကုဏေ ဝဒါမိ၊
ဒုဝေ ဒုဝေ နန္ဒမနေ စရန္တေ။
ကံ အဏ္ဍဇံ အဏ္ဍဇာ မာနုသေသု၊
ဇာတိံ ပသံသန္တိ တဒိင်္ဃ ဗြူထ။

ဟူသော ချီးမွမ်းခြင်းနှင့်ယှဉ်သော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၆၉။ ကာသာယဝတ္ထေ၊ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်သကဲ့သို့ ရွှေအဆင်းနှင့်တူသောအဆင်း ရှိကုန်သော။ ဒုဝေ ဒုဝေ၊ အစုံ အစုံ ဖြစ်ကုန်၍။ စရန္တေ၊ သွားကုန်လျက်။ နန္ဒမနေ၊ နှစ်သက်သောစိတ် ရှိကုန်သော။ သကုဏေ၊ ငှက်တို့ကို။ ဝဒါမိ၊ ငါဆို၏။ အဏ္ဍဇာ၊ အိုငှက်တို့။ တုမှေ၊ သင်တို့ကို။ မာနုသေသု၊ လူတို့၌။ ပသံသန္တော၊ ချီးမွမ်းကုန်သော သူတို့သည်။ ကံ အဏ္ဍဇံ၊ အဘယ်ငှက်မည်၏ ဟူ၍။ ဝတွာ၊ ဆို၍။ ပသံသန္တိ၊ ချီးမွမ်းကြကုန်သနည်း။ ဣင်္ဃ၊ ငါတိုက်တွန်း၏။ တံ ဇာတိံ၊ ထိုအမျိုးကို။ ဗြုထ၊ ဆိုကြကုန်လော့။

စက္ကဝါက်တို့ လှကြသည်

ထိုစကားကိုကြား၍ စက္ကဝါက်ငှက်သည်-

၇၀။ အမှေ မနုဿေသု မနုဿဟိံသ၊
အနုဗ္ဗတေ စက္ကဝါကေ ဝဒန်တိ။
ကလျာဏဘာဝမှေ ဒိဇေသု သမ္မတာ၊
အဘိရူပ ဝိစရာမ အဏ္ဏဝေ။
န ဃာသဟေတူပိ ကရောမ ပါပံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၇၀။ မနုဿဟိံသ၊ လူတို့ကို ညှဉ်းဆဲတတ်သော ယောကျ်ား။ မနုဿေသု၊ လူတို့၌။ အမှေ၊ ငါတို့ကို။ အနုဗ္ဗတေ၊ အချင်းချင်း အစဉ်လိုက်၍ ချစ်သောအားဖြင့်သာ ပေါင်းဖက်တတ်ကုန်သော။ စက္ကဝါကေ၊ စက္ကဝါက်တို့ဟူ၍။ ဝဒန္တိ၊ ဆိုကုန်၏။ ဒိဇေသု၊ ငှက်တို့၌။ အမှေ၊ ငါတို့ကို။ ကလျာဏဘာဝါ၊ ကောင်းသော သဘောရှိကုန်သော ငှက်တို့ဟူ၍။ သမ္မတာ၊ သမုတ်အပ်ကုန်၏။ မယံ၊ ငါတို့သည်။ ဃာသဟေတူပိ၊ အစာဟူသော အကြောင်းကြောင့်လည်း။ ပါပံ၊ မကောင်းမှုကို။ န ကရောမ၊ မပြုကုန်။ တသ္မာ၊ ထို့ကြောင့်။ မယံ၊ ငါတို့သည်။ အဏ္ဏဝေ၊ ပဒုမာအိုင်၌။ အဘိရူပါ၊ အလွန် အဆင်းလှကုန်သည်ဖြစ်၍။ ဝိစရာမ၊ သွားလာ ကျက်စားကုန်၏။

သင်တို့ ဘာကိုစားကြသနည်း

ထိုစကားကိုကြား၍ ကျီးသည်-

၇၁။ ကိံ အဏ္ဏဝေ ကာနိ ဖလာနိ ဘုဉ္ဇေ၊
မံသံ ကုတော ခါဒထ စက္ကဝါကာ။
ကိံ ဘောဇနံ ဘုဉ္စထ ဝေါ အနောမာ၊
ဗလဉ္စ ဝဏ္ဏော စ အနပ္ပရူပါ။

ဟူသော သုံးခုမြောက်သာ ဤဂါထာကို ဆို၏။

၇၁။ စက္ကဝါကာ၊ စက္ကဝါက်တို့။ တုမှေ၊ သင်တို့သည်။ အဏ္ဏဝေ၊ ပဒုမာအိုင်၌။ ကာနိ ဖလာနိ၊ အဘယ် အသီးတို့ကို။ ဘုဉ္ဇေ ကိံ၊ စားကြကုန်သနည်း။ ကုတော မံသံ၊ အဘယ်သတ္တဝါတို့၏ အသားကို။ ခါဒထ ကိံ၊ စားကြကုန်သနည်း။ အဘိဏှံ၊ မပြတ်။ ကိံ ဘောဇနံ၊ အဘယ်ဘောဇဉ်ကို။ ဘုဉ္ဇထ၊ စားကြကုန်သနည်း။ ဝေါ၊ သင်တိုက်။ ဗလဉ္စ၊ အားသည်လည်းကောင်း။ ဝဏ္ဏော စ၊ အဆင်းသည်လည်းကောင်း။ အနောမာ၊ မယုတ်ကုန်သည်ဖြစ်၍။ အနပ္ပရူပါ၊ များသော သဘောရှိကုန်၏။

အသားမစားကြပါ

ထို့နောင်မှ စက္ကဝါက်သည်-

၇၂။ န အဏ္ဏဝေ သန္တိ ဖလာနိ ဓင်္က၊
မံသံ ကုတော ခါဒိတုံ စက္ကဝါကေ။
သေဝါလံ ဘက္ခမှ အပါဏဘောဇနာ၊
န ဃာသဟေတူပိ ကရောမ ပါပံ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၇၂။ ဓင်္က၊ ကျီး။ အဏ္ဏဝေ၊ ပဒုမာအိုင်၌။ ဖလာနိ၊ သစ်သီးတို့သည်။ န သန္တိ၊ မရှိကုန်။ စက္ကဝါကေ၊ စက္ကဝါက်တို့အား။ ခါဒိတုံ မံသံ၊ စားအံ့သော အသားသည်။ ကုတော အတ္တိ၊ အဘယ်မှာရှိအံ့နည်း။ မယံ၊ ငါတို့သည်။ သေဝါလံ၊ မှော်ကို။ ဘက္ခမှ၊ စားကုန်၏။ အပါဏဘောဇနာ၊ အသက်ကင်းသော ရေမှော်ဟူသော အစာရှိကုန်သော။ မယံ၊ ငါတို့သည်။ ဃာသဟေတူပိ၊ အစာဟူသော အကြောင်းကြောင့်လည်း။ ပါပံ၊ မကောင်းမှုကို။ န ကရောမ၊ မပြုကုန်။

အသားစားငါ သင့်လိုမလှ

ထို့နောင်မှ ကျီးသည် -

၇၃။ န မေ ဣဒံ ရုစ္စတိ စက္ကဝါက၊
အသ္မိံ ဘဝေ ဘောဇနသန္နိကာသော။
အဟောသိ ပုဗ္ဗေ တတော မေ အညထာ၊
ဣစ္စေဝ မေ ဝိမတိ ဧတ္ထ ဇာတာ။
၇၄။ အဟမ္ပိ မံသာနိ ဖလာနိ ဘုဉ္ဇေ၊
အန္နာနိ စ လောဏိယတေလိယာနိ။
ရသံ မနုဿေသု လဘာမိ ဘောတ္တုံ၊
သူရောဝ သင်္ဂါမမုခံ ဝိဇေတွာ။
န စ မေ တာဒိသော ဝဏ္ဏော၊
စက္ကဝါက ယထာ တဝ။

ဟူသော ဤနှစ်ဂါထာခွဲကို ဆို၏။

၇၃။ စက္ကဝါက၊ စက္ကဝါက်။ မေ၊ ငါသည်။ ဣဒံ၊ ဤအစာကို။ န ရုစ္စတိ၊ မနှစ်သက်။ အသ္မိံ ဘဝေ၊ ထိုစက္ကဝါက်ဘဝ၌။ ဘောဇနသန္နိကာသော၊ အစာနှင့်တူသော အဆင်းရှိသည်။ အဟောသိ၊ ဖြစ်၏ ဟူ၍။ ပုဗ္ဗေ၊ ရှေး၌။ မေ၊ ငါ့အား။ ဝိတက္ကံ၊ အကြံသည်။ အဟောသိ၊ ဖြစ်၏။ တတော၊ ထိုငါကြံသောအစာမှ။ အညထာ၊ တစ်ပါးသောအားဖြင့်။ အဟောသိ၊ ဖြစ်၏။ ဣစ္စေဝ၊ ဤအကြောင်းကြောင့်လျှင်။ ဧတ္ထ၊ ဤသင်တို့၏ အဆင်း၌။ မေ၊ ငါ့အား။ ဝိမတိ၊ ယုံမှားခြင်းသည်။ ဇာတာ၊ ဖြစ်၏။

၇၄။ အဟမ္ပိ၊ ငါသည်လည်း။ လောဏိယတေလိယာနိ၊ ဆား ဆီတို့နှင့် စပ်ကုန်သော။ မံသာနိ စ၊ အသားတို့ကိုလည်းကောင်း ဖလာနိ စ၊ အသီးတို့ကိုလည်းကောင်း။ အန္နာနိ စ၊ ထမင်းတို့ကိုလည်းကောင်း။ ဘုဉ္ဇေ၊ စားရ၏။ သူရော၊ သူရဲသည်။ သင်္ဂါမမုခံ၊ စစ်မြေဦးကို။ ဝိဇေတွာ၊ အောင်မြင်၍။ ဘုဉ္ဇတိ ဣဝ၊ စားရသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ အဟံ၊ ငါသည်။ မနုဿေသု၊ လူတို့၌။ ရသံ၊ အရသာကို။ ဘောတ္တုံ၊ စားခြင်းငှာ။ လဘာမိ၊ ရ၏။ စက္ကဝါက၊ စက္ကဝါက်။ တဝ ယထာ၊ သင်ကဲ့သို့။ မေ၊ ငါ့အား။ တာဒိသော၊ ထိုသို့တူသော သဘောရှိသော။ ဝဏ္ဏော၊ အဆင်းသည်။ န စ ဟောတိ၊ မဖြစ်။

ကျိန်စာစား၍ မလှ

ထိုအခါ ကျီး၏ အဆင်းမပြည့်စုံခြင်းအကြောင်းကို လည်းကောင်း၊ မိမိ၏ အဆင်းပြည့်စုံခြင်းအကြောင်းကို လည်းကောင်း ဆိုလိုရကား စက္ကဝါက်သည်-

၇၅။ အသုဒ္ဓဘက္ခောသိ ခဏာနုပါတီ၊
ကိစ္ဆေန တေ လဗ္ဘတိ အန္နပါနံ။
န တုဿသိ ရုက္ခဖလေဟိ ဓင်္က၊
မံသာနိ ဝါ ယာနိ သုသာနမဇ္ဈေ။
၇၆။ ယော သာဟသေန အဓိဂမ္မ ဘောဂေ၊
ပရိဘုဉ္ဇတိ ဓင်္က ခဏာနုပါတီ။
တတော ဥပက္ကောသတိ နံ သဘာဝေါ၊
ဥပက္ကုဋ္ဌော ဝဏ္ဏဗလံ ဇဟာတိ။
၇၇။ အပ္ပမ္ပိ စေ နိဗ္ဗူတိံ ဘုဉ္ဇတိ ယဒိ၊
အသာဟသေန အပရူပဃာတီ။
ဗလဉ္စ ဝဏ္ဏော စ တဒဿ ဟောတိ၊
န ဟိ သဗ္ဗော အာဟာရမယေန ဝဏ္ဏော။

ဟူသော ဤဂါထာတို့ကို ဆို၏။

၇၅။ ခဏာနုပါတီ၊ မေ့လျော့သော ခဏ၌ ကျနားလေ့ရှိသော။ ဓင်္က၊ ကျီး။ တွံ၊ သင်သည်။ အသုဒ္ဓဘက္ခော၊ မသန့်ရှင်းသော အစာကို စားသည်။ အသိ၊ ဖြစ်၏။ တေ၊ သင်သည်။ ကိစ္ဆေန၊ ငြိုငြင်သဖြင့်။ အန္နပါနံ၊ ထမင်း အဖျော်ကို။ လဗ္ဘတိ၊ ရအပ်၏။ တွံ၊ သင်သည်။ ရုက္ခဖလေဟိ၊ သစ်သီးတို့ဖြင့်။ န တုသသိ၊ မနှစ်သက်။ တေ၊ သင်သည်။ သုသာနမဇ္ဈေ၊ သုသာန်အလယ်၌။ ယာနိ ဝါ မံသာနိ၊ အကြင် အသားတို့သည်လည်း။ သန္တိ၊ ရှိကုန်၏။ တေဟိ၊ ထိုအသားတို့ဖြင့်လည်း။ န တုဿသိ၊ မနှစ်သက်။

၇၆။ ခဏာနုပါတီ၊ မေ့လျော့သော ခဏ၌ ကျနားလေ့ ရှိသော။ ဓင်္က၊ ကျီး။ ယော၊ အကြင်သတ္တဝါသည်။ သာဟသေန၊ သူတစ်ပါးကို နှိပ်စက် နိုင်ထက်မူသဖြင့်။ ဘောဂေ၊ စည်းစိမ်တို့ကို။ အဓိဂမ္မ၊ ရ၍။ ပရိဘုဉ္ဇတိ၊ သုံးဆင်း၏။ တတော၊ ထို့ကြောင့်။ နံ၊ ထိုသတ္တဝါကို။ သဘာဝေါ၊ သဘောသည်။ ဥပက္ကောသတိ၊ ဆဲရေး၏။ ဥပက္ကုဋ္ဌော၊ ဆဲရေးကဲ့ရဲ့ခြင်းကိုခံရသော သတ္တဝါသည်။ ဝဏ္ဏဗလံ၊ အဆင်းအားကို။ ဇဟာတိ၊ စွန့်၏။

၇၇။ ယော၊ အကြင်ပညာရှိသည်။ အပ္ပမ္ပိ စေ၊ နည်းငြားသော်လည်း။ အသာဟသေန၊ သူတစ်ပါးကို မနှိပ်စက်သဖြင့်။ နိဗ္ဗုတိံ၊ ငြိမ်းချမ်းသော အစာကို။ ယဒိ ဘုဉ္ဇတိ၊ အကယ်၍ စားငြားအံ့။ တဒါ၊ ထိုအခါ၌။ အပရူပဃာတီ၊ သူတစ်ပါးကိုမညှဉ်းဆဲသော။ အဿ၊ ထိုပညာရှိအား။ ဗလဉ္စ၊ အားသည်လည်းကောင်း။ ဝဏ္ဏော စ၊ အဆင်းသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။ ဟိ သစ္စံ၊ မှန်၏။ သဗ္ဗော ဝဏ္ဏော၊ အလုံးစုံသော အဆင်းသည်။ အာဟာရမယေန၊ အထူးထူး အပြားပြားသော အာဟာရဖြင့်သာလျှင် ပြီးသည်။ န ဟောတိ၊ မဖြစ်။

အိုကျီး... ဤအဆင်းမည်သည်ကား အာဟာရဟူသော အကြောင်းကြောင့်သာလျှင် ဖြစ်သည်မဟုတ်၊ ဥတု စိတ် ကံတို့ကြောင့်လည်း ဖြစ်၏။ စက္ကဝါက်သည် များစွာသော အကြောင်းတို့ဖြင့် ကျီးကို ကဲ့ရဲ၏။ ကျီးသည် ရှက်၍ ငါ့အား သင့်အဆင်းဖြင့် အလိုမရှိ ဟု ဆို၍ ကာ, ကာ မြည်၍ ပြေးလေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ လော်လည်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား... ယခုအခါ လော်လည်သော ရဟန်းသည် ထိုအခါ ကျီးဖြစ်ပြီ၊ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ စက္ကဝါက်ငှက်မဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ စက္ကဝါက်ငှက်ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အဝတ်အစား၊ လော်လည်ငြား၊ နွမ်းပါးဆင်းရဲရာ

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော စက္ကဝါကဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၉။ ဟလိဒ္ဒိရာဂဇာတ်

ချစ်လွယ်မုန်းလွယ်သူကို ရှောင်ကြဉ်အပ်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သုတိတိက်ခံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဟလိဒ္ဒိရာဂဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အပျို ကြီးဖျားယောင်းသော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် တေရသကနိပါတ် စူဠနာရဒဇာတ်၌ ထင်စွာဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... အတိတ်ဝတ္ထုကိုကား ဤသို့သိအပ်၏။

ရသေ့ငယ်ကို လူ့ပြည်ခေါ်

ရှေးသောအခါ ထိုသူငယ်မသည် ထိုရသေ့ငယ်၏ သီလကို ဖျက်၍ မိမိအလို၌ တည်သည် ၏အဖြစ်ကို သိ၍ ရသေ့ငယ်ကို လှည့်စား၍ လူ့ပြည်သို့ ဆောင်အံ့ဟု ကြံ၍ ရူပါရုံအစရှိသော ကာမဂုဏ်တို့မှကင်းသော တော၌ စောင့်ရှောက်အပ်သော သီလမည်သည်ကား အကျိုးမကြီး။ လူ့ပြည်၌ ရူပါရုံအစရှိသော ကာမဂုဏ်တို့၏ ဖြစ်ရာ အရပ်၌ စောင့်ရှောက်အပ်သော သီလသည် အကျိုးကြီး၏။ လာလော့၊ ငါနှင့်တကွ လူ့ပြည်သို့သွား၍ သီလကိုစောင့်လော့၊ သင့်အား တောအရပ်ဖြင့် အဘယ်ပြုအံ့နည်း ဟု ဆိုလို၍-

၇၈။ သုတိတိက်ခံ အရညမှိ၊ ပန္ထမှိ သယနာသနေ။
ယေ စ ဂါမေ တိတိက္ခန္တိ၊ တေ ဥဠာရတရာ တယာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၇၈။ တာပသ မာဏဝ၊ ရသေလုလင်။ အရညမှိ၊ တော၌။ ပန္တမှိ၊ ရွာမှဝေးသော။ သယနာသနေ၊ ကျောင်း၌။ သုတိတိက်ခံ၊ သည်းခံလွယ်၏။ ယေ၊ အကြင်ရသေ့တို့သည်။ ဂါမေ၊ ရွာ၌။ တိတိက္ခန္တိ၊ သည်းခံကုန်၏။ တေ၊ ထိုရသေ့တို့သည်။ တယာ၊ သင့်ထက်။ ဥဠာရတရာ၊ အထူးသဖြင့် မြတ်ကုန်၏။

အဖလာမှ သွားကြစို့

ထိုစကားကိုကြား၍ ရသေ့ငယ်သည် ငါ၏ အဖကား တောသို့သွား၏။ ထိုအဖလာသည်ရှိသော် အဖကို ပန်၍လျှင် သွားအံ့ ဟုဆို၏။ ထိုသတို့သမီးသည်လည်း ရသေ့ငယ်အား အဖရှိ၏။ ထိုအဖသည် အကယ်၍ ငါ့ကိုမြင်အံ့၊ ထမ်းပိုးစွန်းဖြင့် ပုတ်ခတ်၍ ငါ့ကို ပျက်စီးခြင်းသို့ ရောက်စေလတ္တံ့။ ငါသည် ရှေးဦးစွာလျှင် သွားအပ်၏ ဟု ကြံ၏။ ကြံပြီး၍ ထိုအခါ ရသေ့ငယ်ကို အရှင်ထိုသို့တပြီးကား ငါသည် ခရီးအမှတ်ကိုပြုလျက် ရှေးဦးစွာ သွားလင့်အံ့၊ သင်သည် နောက်မှ လာလော့ ဟု ဆို၍ သွား၏။

အဖကို ပန်ကြား၍

ရသေ့ငယ်သည် မိန်းမသွားသော ကာလ၌ ထင်းတို့ကို မဆောင်၊ သောက်ရေကိုလည်း မခပ်၊ သက်သက် မှိုင်လျက်သာလျှင် နေလေ၏။ အဖလာသောအခါ ခရီးဦး ကြိုဆိုခြင်းကို မပြု။ ထိုအခါ ရသေ့ငယ်ကို အဖသည် ဤငါ့သားကား မိန်းမတို့၏အလိုသို့ လိုက်၏ ဟု သိ၍ ချစ်သား... သင်သည် အဘယ့်ကြောင့် ထင်းတို့ကို မဆောင်သနည်း၊ သောက်ရေ သုံးဆောင်ရေကို မခပ်သနည်း၊ မှိုင်လျက်သာလျှင် အဘယ့်ကြောင့် နေသနည်း ဟု ဆို၏။ ရသေ့ငယ်သည် ဖခင်... တော၌ စောင့်ရှောက်အပ်သော သီလသည် အကျိုးမကြီး၊ လူ့ပြည်၌ စောင့်ရှောက်အပ်သော သီလသည် အကျိုးကြီး၏။ အကျွန်ုပ်သည် လူ့ပြည်သို့ သွား၍ သီလကိုစောင့်အံ့၊ အကွှနြုပအြဖောဩညြ အကျွန်ုပ်ကို လာလော့ ဟု ဆို၍ ရှေ့မှ သွားလင့်၏။ ထိုအဖော်နှင့်တကွ လိုက်အံ့၊ လူ့ပြည်၌နေသော ကျွန်ုပ်သည် အဘယ်သို့သော သူကို မှီဝဲအပ်သနည်းဟု မေးလိုရကား-

၇၉။ အရညာ ဂါမမာဂမ္မ၊ ကိံသီလံ ကိံဝတံ အဟံ။
ပုရိသံ တာတ သေဝေယျံ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၇၉။ တာတ၊ ဖခင်။ အဟံ၊ အကျွန်ုပ်သည်။ အရညာ၊ တောမှ။ ဂါမံ၊ ရွာသို့။ အာဂမ္မ၊ လာလတ်၍။ ကိံသီလံ၊ အဘယ်သို့ သီလရှိသော။ ကိံ ဝတံ၊ အဘယ်သို့အကျင့်ရှိသော။ ပုရိသံ၊ ယောက်ျားကို။ သေဝေယျံ၊ မှီဝဲရအံ့နည်း။ ပုစ္ဆိတော၊ မေးအပ်သော။ တွံ၊ သင်ဖခင်သည်။ မေ၊ ငါ့အား။ တံ ကာရဏံ၊ ထိုအကြောင်းကို။ အက္ခာဟိ၊ ကြားဘိလော့။

အဖရသေ့ မှာကြားပြီ

ထိုအခါ ရသေ့ငယ်အား အဖသည် ကြားလို၍-

၈၀။ ယော တေ ဝိဿာသယေ တာတ၊
ဝိဿာသဉ္စ ခမေယျ တေ။
သုဿူသီ စ တိတိက္ခီ စ၊
တံ ဘဇေဟိ ဣတော ဂတော။
၈၁။ ယဿ ကာယေန ဝါစာယ၊ မနသာ နတ္ထိ ဒုက္ကဋံ။
ဥရသီဝ ပတိဋ္ဌာယ၊ တံ ဘဇေဟိ ဣတော ဂတော။
၈၂။ ယော စ ဓမ္မေန စရတိ၊ စရန္တောပိ န မညတိ။
ဝိသုဒ္ဓကာရိံ သပ္ပညံ၊ တံ ဘဇေဟိ ဣတော ဂတော။
၈၃။ ဟလိဒ္ဒိရာဂံ ကပိစိတ္တံ၊ ပုရိသံ ရာဂဝိရာဂိနံ။
တာဒိသံ တာတ်မာ သေဝိ၊ နိမ္မနုဿမ္ပိ စေ သိယာ။
၈၄။ အာသီဝိသံဝ ကုပိတံ၊ မီဠှလိတ္တံ မဟာပထံ။
အာရကာ ပရိဝဇ္ဇေဟိ၊ ယာနီဝ ဝိသမံ ပထံ။
၈၅။ အနတ္ထာ တာတ ဝဍ္ဎန္တိ၊ ဗာလံ အစ္စုပသေဝတော။
မာဿု ဗာလေန သံဂစ္ဆိ၊ အမိတ္တေနေဝ သဗ္ဗဒါ။
၈၆။ တံ တာဟံ တာတ ယာစာမိ၊ ကရဿု ဝစနံ မမ။
မာဿု ဗာလေန သံဂစ္ဆိ၊ ဒုက္ခော ဗာလေဟိ သင်္ဂမော။

ဟူသော ဤဂါထာတို့ကို ဆို၏။

ချစ်ကျွမ်းဝင်သူ ဆည်းကပ်

၈၀။ တာတ၊ ချစ်သား။ ယော၊ အကြင်သူသည်။ တေ၊ သင့်အား။ ဝိသာသယေ၊ အကျွမ်းဝင်၏။ တေ၊ သင်၏။ ဝိဿာ သဉ္စ၊ အကျွမ်းဝင်ခြင်းကိုလည်း။ ခမေယျ၊ နှစ်သက်၏။ တေ၊ သင်၏။ ဝစနံ၊ စကားကို။ သုဿူသီ စ၊ နားလည်းထောင်၏။ တိတိက္ခီ စ၊ သည်းလည်းခံ၏။ ဣတော၊ ဤအရပ်မှ။ ဂတော၊ သွားသော။ တွံ၊ သင်သည်။ တံ၊ ထိုသူကို။ ဘဇေဟိ၊ ဆည်းကပ်လေလော့။

မကောင်းမှုမရှိသူ ဆည်းကပ်

၈၁။ တာတ၊ ချစ်သား။ ယဿ၊ အကြင်သူအား ကာယေန၊ ကိုယ်ဖြင့်လည်းကောင်း။ ဝါစာယ၊ နှုတ်ဖြင့်လည်းကောင်း။ မနသာ၊ စိတ်ဖြင့်လည်းကောင်း။ ဒုက္ကဋံ၊ မကောင်းမှုကိုပြုခြင်းမည်သည်။ နတ္ထိ၊ မရှိ။ ဣတော၊ ဤအရပ်မှ။ ဂတော၊ သွားသော။ တွံ၊ သင်သည်။ တံ၊ ထိုသူကို။ ဥရသိဝ၊ အမိရင်ခွင်၌တည်၏သို့။ ပတိဋ္ဌာယ၊ အမိကဲ့သို့ ထင်မှတ်၍ ထိုသူ့ရင်ခွင်၌ တည်၍။ ဘဇေဟိ၊ ဆည်းကပ်လေလော့။

မာနမရှိသူ ဆည်းကပ်

၈၂။ တာတ၊ ချစ်သား။ ယော စ၊ အကြင်သူသည်လည်း။ ဓမ္မေန၊ သုစရိုက်တရားဖြင့်။ စရတိ၊ ဣရိယာပုထ်ကို ဖြစ်စေ၏။ စရန္တောပိ၊ တရားကျင့်ငြားသော်လည်း။ န မညတိ၊ ငါသာလျှင် တရားကျင့်၏ဟူ၍ မာနကို မပြု။ ဣတော၊ ဤအရပ်မှ။ ဂတော၊ သွားသော။ တွံ၊ သင်သည်။ ဝိသုဒ္ဓကာရိံ၊ စင်ကြင်စွာသော ကုသလကမ္မပထကို ပြုလေ့ရှိသော။ သပ္ပညံ၊ ပညာရှိသော။ တံ၊ ထိုသူကို။ ဘဇေဟိ၊ ဆည်းကပ်လေလော့။

ချစ်လွယ်မုန်းလွယ် ရှောင်

၈၃။ တာတ၊ ချစ်သား။ ဟလိဒ္ဒိရာဂံ၊ နနွင်းဆိုးရေကဲ့သို့ သဘောရှိသော။ ကပိစိတ္တံ၊ မျောက်ကဲ့သို့ စိတ်ရှိသော။ ရာဂဝိရာဂိနံ၊ ချစ်လွယ်မုန်လွယ်သော။ တာဒိသံ၊ ထိုသို့သဘောရှိသော။ ပုရိသံ၊ ယောက်ျားကို။ တွံ၊ သင်သည်။ ဇမ္ဗုဒီပတလံ၊ ဇမ္ဗူဒိပ်အပြင်သည်။ နိမ္မနုဿပိ၊ ထိုသူမှ တစ်ပါး အခြားလူမရှိသည်လည်း။ စေ သိယာ၊ အကယ်၍ ဖြစ်စေကာမူ။ မာ သေဝိ၊ မမှီဝဲလေ့လင့်။

ဒေါသကြီးသူ ရှောင်

၈၄။ ကုပိတံ၊ အမျက်ထွက်သော။ အာသီဝိသံဝ၊ မြွေဟောက်ကဲ့သို့လည်းကောင်း။ မီဠလိတ္တံ၊ မစင်ဖြင့် လိမ်းကျံအပ်သော။ မဟာပထံဝ၊ ကြီးစွာသော ခရီးကဲ့သို့လည်းကောင်း။ ယာနီ၊ ယာဉ်ဖြင့် သွားသောသူသည်။ ဝိသမံ၊ မညီညွတ်သော။ ပထံ၊ ခရီးကို။ ပရိဝဇ္ဇတိ ဣဝ၊ ကြဉ်သကဲ့သို့လည်းကောင်း။ တထာ၊ ထို့အတူ။ တွံ၊ သင်သည်။ တဒိသံ၊ ထိုသို့သဘောရှိသောသူကို။ အာရကာ၊ အဝေးမှ။ ပရိဝဇ္ဇေဟိ၊ ကြဉ်လေလော့။

လူမိုက်နှင့်မပေါင်းနှင့်

၈၅။ တာတ၊ ချိစ်သား။ ဗာလံ၊ သူမိုက်ကို။ ပစ္စူပသေဝတော၊ အလွန်မှီဝဲသောသူအား။ အနတ္ထာ၊ အကျိုးမဲ့တို့သည်။ ဝဍ္ဎန္တိ၊ ပွားကုန်၏။ တွံ၊ သင်သည်။ ဗာလေန၊ သူမိုက်နှင့်။ မာဿု သံဂစ္ဆိ၊ မပေါင်းဖော်လေလင့်။ ဗာလေန၊ သူမိုက်နှင့်။ သင်္ဂမော၊ ပေါင်းဖော်ခြင်းသည်။ သဗ္ဗဒါ၊ အခါ ခပ်သိမ်း။ အမိတ္တေန၊ ရန်သူနှင့်။ သင်္ဂမော ဣဝ၊ ပေါင်းဖော်ခြင်းကဲ့သို့။ ဟောတိ၊ ဖြစ်၏။

၈၆။ တံ၊ ထိုအကြောင်းကြောင့်လျှင်။ တာတ၊ ချစ်သား။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ ယာစာမိ၊ တောင်းပန်၏။ မမ၊ ငါ၏။ ဝစနံ၊ စကားကို။ ကရဿု၊ လိုက်နာလော့။ တွံ၊ သင်သည်။ ဗာလေန၊ သူမိုက်နှင့်။ မာဿု သံဂစ္ဆိ၊ မပေါင်းဖော်လေလင့်။ ဗာလေဟိ၊ သူမိုက်တို့နှင့်။ သင်္ဂမော၊ ပေါင်းဖော်ခြင်းသည်။ ဒုက္ထော၊ ဆင်းရဲကို ဖြစ်စေတတ်၏။

ထိုရသေ့ငယ်သည် အဖ မြည်ဆို ဆုံးမအပ်သည်ရှိသော် ဖခင်... ကျွန်ုပ် လူ့ပြည်သို့သွား၍ ဖခင်တို့နှင့်တူကုန်သောပညာရှိတို့ကို မရလတ္တံ့၊ ထို့ကြောင့် လူ့ပြည်သို့သွားခြင်းငှာ ကြောက်၏။ ဤဖခင်တို့၏ အထံ၌သာလျှင် နေအံ့ ဟု ဆို၏။ ထိုအခါ ရသေ့ငယ်အား အဖရသေ့သည် အလွန်လည်း ဆုံးမ၍ ကသိုဏ်းပရိကံကို ကြား၏။ ရသေ့ငယ်သည် မကြာမြင့်မီလျှင် အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ အဖနှင့်တကွ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ငြီးငွေ့သောရဟန်းသည် ထိုအခါ ရသေ့ငယ်ဖြစ်ပြီ၊ ယခုအခါ အပျိုကြီးသည် ထိုအခါ သတို့သမီးဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အဖရသေ့ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သူမိုက်နှင့်လွဲ၊ ရန်သူနည်း၊ ဆင်းရဲလွတ်ကင်းရား

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဟလိဒ္ဒိရာဂဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၁၀။ သမုဂ္ဂဇာတ်

မိန်းမကို စောင့်ရှောက်နိုင်ခဲခြင်း အကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကုတာ နု အာဂစ္ဆထ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသမုဂ္ဂဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ငြီးငွေ့သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့သောဟူသည် မှန်သလော ဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း... အဘယ့်ကြောင့် မာတုဂါမကို တောင့်တသနည်း၊ ဤမာတုဂါမမည်သည်ကား ပေါင်းဖော်ခြင်းငှာ မထိုက်၊ ကျေးဇူးကို မသိတတ်၊ ရှေး၌ ဒါနောရက္ခိုသ်တို့သည်လည်း မျို၍ ဝမ်းဖြင့်ဆောင်၍လည်း မာတုဂါမကို စောင့်ရှောက်ခြင်းငှာ မတတ်နိုင်ကုန်၊ တစ်ယောက်သော ယောကျ်ားကိုသာ မှီသည်ကို ပြုအံ့သောငှာ မတတ်နိုင်ကုန်၊ သင်သည် အဘယ်သို့ တတ်နိုင်လတ္တံ့နည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာမတို့ကို ပယ်၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြု၏။ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ သစ်သီးကြီးငယ်ဖြင့် မျှလျက်နေ၏။

ဒါနောနာရက္ခသ် လူမိန်းမယူ

ဘုရားလောင်း၏ ကျောင်းအနီး၌ တစ်ယောက်သော ဒါနောရက္ခိုသ်သည် နေ၏။ ထိုရက္ခိုသ်သည် ရံဖန်ရံခါ ဘုရားလောင်းသို့ ဆည်း ကပ်၍ တရားကို နာ၏။ တောအုပ်၌ လူတို့၏ သွားရာလမ်းမ၌ တည်၍ လာတိုင်းလာတိုင်းသော လူတို့ကို ဖမ်း၍စား၏။

ထိုကာလ၌ မြတ်သောအဆင်းကို ဆောင်သော ကာသိတိုင်းဝယ် တစ်ယောက်သော အမျိုးသမီးသည် မထင်ရှားသော ပစ္စန္တရွာ၌ ဖြစ်၏။ ထိုအမျိုးသမီးသည် တစ်နေ့သ၌ အမိအဘတို့အားဖူးမြင်အံ့သောငှာ သွား၍ ပြန်လာသောကာလ၌ အခြံအရံဖြစ်ကုန်သော လူတို့ကိုမြင်၍ ထိုဒါနောရက္ခိုသ်သည် ကြောက်မက်ဖွယ်သော အဆင်းဖြင့် ပြေးလာ၏။ လူတို့သည် ကြောက်ကုန်ရကား ကိုင်တိုင်းကိုင်တိုင်းသော လက်နက်တို့ကို စွန့်ပစ်၍ ပြေးကုန်၏။ ဒါနောရက္ခိုသ်သည် ယာဉ်၌နေသော အဆင်းလှသော မာတုဂါမကိုမြင်၍ တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ ထိုမာတုဂါမကို မိမိဂူသို့ ဆောင်၍ မယားပြု၏။

ကြုတ်ထဲထည့် စောင့်ရှောက်

ထိုအခါမှစ၍ ထောပတ်, ဆား, ငါး, အမဲ အစရှိသည်တို့ကိုလည်းကောင်း၊ ချိုကုန်သော သစ်သီး ကြီးငယ်တို့ကိုလည်းကောင်း ဆောင်ခဲ့၍ ထိုမိန်းမကို မွေး၏။ အဝတ်တန်ဆာဖြင့် ထိုမိန်းမကို တန်ဆာဆင်၍ စောင့်ရှောက်အံ့သောငှာ ကြုတ်၌အိပ်စေ၍ ကြုတ်ကိုမျို၍ ဝမ်းဖြင့် လွယ်၏။ ထိုဒါနောရက္ခိုသ်သည် တနေ့သ၌ ရေချိုးလိုသည်၏ အဖြစ်ကြောင့် တစ်ခုသော ရေကန်သို့သွား၍ ကြုတ်ကိုအန်၍ ထိုမိန်းမကို ကြုတ်မှထုတ်၍ ရေချိုးစေ၍ နံ့သာလိမ်းကျံစေ၍ တန်ဆာတို့ဖြင့် တန်ဆာဆင်စေ၏။ အတန်ငယ် သင်၏ကိုယ်ကို အငွေ့ယူစေလော့ ဟု ထိုကြုတ်၏ အနီး၌ထား၍ မိမိသည် ရေဆိပ်သို့သက်၍ ထိုမိန်းမကို သင်္ကာခြင်း မရှိသည်ဖြစ်၍ အတန်ငယ် အဝေးသို့သွား၍ ရေချိုး၏။

ဝိဇ္ဇာဓိုရ်နှင့် ပြစ်မှား

ထိုကာလ၌ ဝါယုဿပုတ္တမည်သော ဝိဇ္ဇာဓိုရ်သည် သန်လျက်ကိုလွယ်၍ ကောင်းကင်ဖြင့် သွား၏။ ထိုမိန်းမသည် ထိုဝါယုဿပုတ္တ ဝိဇ္ဇာဓိုရ်ကိုမြင်၍ လာလော့ဟု လက်အမှတ်ကို ပြု၏။ ဝိဇ္ဇာဓိုရ်သည် လျင်မြန်စွာ ဆင်းသက်၏။ ထိုဝိဇ္ဇာဓိုရ်ကို ထိုမိန်းမသည် ကြုတ်၌ထည့်၍ ဒါနောရက္ခိုသ်၏ လာခြင်းကို မျှော်လျက် ကြုတ်၏ အနား၌ ထိုင်၍နေ၏။ လာလတ်သော ထိုဒါနောရက္ခိုသ်ကို မြင်လတ်၍ ဒါနောရက္ခိုသ်အား မိမိကိုယ်ကိုပြ၍ ဒါနောရက္ခိုသ်သည် ကြုတ်၏အနီးသို့ မရောက်မီလျှင် ကြုတ်ကိုဖွင့်၍ ကြုတ်တွင်းသို့ဝင်၍ ဝိဇ္ဇာဓိုရ်၏ အပေါ်၌အိပ်၍ အဝတ်ကို ခြုံ၏။ ဒါနောရက္ခိုသ်သည် လာလတ်၍ ကြုတ်ကို မသုတ်သင်မူ၍ ငါ၏ မာတုဂါမသာလျှင် ရှိ၏ ဟူသော အမှတ်ဖြင့် ကြုတ်ကိုမျို၍ မိမိလိုဏ်သို့ သွားလတ်သော် ခရီးအကြား၌ ငါသည် ရှင်ရသေ့ကို မဖူးမြင်ရသည်မှာ ကြာပြီ၊ ယနေ့ သွား၍ ရှင်ရသေ့ကို ရှိခိုးအံ့ ဟု ကြံ၏။ ကြံပြီး၍ ရှင်ရသေ့ထံသို့ သွား၏။

၃-ယောက်သား လာကြသကိုး

ရှင်ရသေ့သည်လည်း အဝေးမှ လာလတ်သော ဒါနောရက္ခိုသ်ကိုမြင်၍ နှစ်ယောက်သော သူတို့သည် ဒါနောရက္ခိာသ်၏ ဝမ်း၌ ရှိသည်၏ အဖြစ်ကို သိ၍ စကားပြောလိုရကား-

၈၇။ ကုတော နု အာဂစ္ဆထ ဘော တယော ဇနာ၊
သွာဂတာ ဧထ နိသီဒထာသနေ။
ကစ္စတ္ထ ဘောန္တော ကုသလံ အနာမယံ၊
စိရဿမမ္ဘာဂမနံ ဟိ ဝေါ ဣဓ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၈၇။ ဘော တယေဇနာ၊ အို သုံးယောက်သောသူတို့။ တုမှေ၊ သင်တို့သည်။ ကုတာ၊ အဘယ်အရပ်မှ။ အာဂစ္ဆထ နု၊ လာကြကုန်သနည်း။ တုမှာကံ၊ သင်တို့၏။ အာဂတာ၊ လာခြင်းတို့သည်။ သွာဂတာ၊ ကောင်းသော လာခြင်းတို့တည်း။ ဧထ၊ လာကြကုန်လော့ အာသနေ၊ နေရာ၌။ နိသီဒထ၊ နေကြကုန်လော။ ဘောန္တော၊ အရှင်တို့။ တုမှာကံ၊ သင်တို့အား။ ကုသလံ အနာမယံ၊ ရောဂါကင်းခြင်းသည်။ ကစ္စိ အတ္ထ၊ ဖြစ်ကုန်၏လော။ ဣဓ၊ ဤငါ၏ အထံသို့။ ဝေါ၊ သင်တို့၏။ အဗ္ဘာဂမနံ၊ လာခြင်းသည်။ စိရဿံ ဟိ၊ ကြာမြင့်သလျှင်ကတည်း။

ဘယ့်နှယ် သုံးယောက်တုန်း

ဒါနောရက္ခိုသ်သည် ထိုစကားကိုကြား၍ ရသေ့၏ အထံသို့ တစ်ယောက်တည်းသာလျှင် လာ၏။ ဤရသေ့သည်လည်း သုံးယောက်ဟူ၍ ဆို၏။ အဘယ်မူ၍ ဤရသေ့သည် ဤသို့ ဆိုလေသနည်း၊ သဘောကိုသိ၍ ဆိုသလော၊ ထိုသို့မဟုတ်မူ ရူး၍ ဆိုသလော ဟု ကြံ၍ ရှင်ရသေ့၏ အထံသို့ ဆည်းကပ်၍ တင့်အပ်လျောက်ပတ်စွာ နေ၍ ရသေ့နှင့်တကွ စကားပြောလိုရကား-

၈၈။ အဟမဝ ဧကော ဣဓ မဇ္ဇ ပတ္တော၊
န စာပိ မေ ဒုတိယော ကောစိ ဝိဇ္ဇတိ။
ကိမေဝ သန္ဓာယ တေ ဘာသိတံ ဣသေ၊
ကုတော နု အာဂစ္ဆထ ဘော တယော ဇနာ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၈၈။ ဣသေ၊ ရှင်ရသေ့။ အဇ္ဇ၊ ယခု။ ဣဓ၊ ရှင်ရသေ့ထံသို့။ အဟမေဝ ဧကော၊ အကျွန်ုပ်တဈယောကျ တည်းသာလျှင်။ ပတ္တော၊ ရောက်လာ၏။ မေ၊ အကျွန်ုပ်အား။ ကောစိ၊ တစ်စုံတစ်ယောက်သော။ ဒုတိယော စာပိ၊ အဖော်သည်လည်း။ န ဝိဇ္ဇတိ၊ မရှိ။ ဘော တယော ဇနာ၊ အို သုံးယောက်သော သူတို့။ တုမှေ၊ သင်တို့သည်။ ကုတော၊ အဘယ်မှ။ အာဂစ္ဆထ နု၊ လာကုန်သနည်းဟူ၍။ ကိမေဝ၊ အဘယ်ကိုလျှင်။ သန္ဓာယ၊ ရည်၍။ တေ၊ သင်သည်။ ဘာသိတံ၊ ဆိုအပ်သနည်း။

သင်တို့ ၃-ယောက်

ရသေ့သည် အသင် ဒါနောရက္ခိုသ် ... စင်စစ်သဖြင့် သင်အား မာတုဂါမရှိသည် မဟုတ်လော ဟု ဆို၏။ အရှင်ဘုရား ရှိသည် မှန်၏ဟု ဒါ နောရက္ခိုသ်သည် ဆို၏။ ထိုသို့တပြီးကား နားထောင်လော့ဟု ဆို၍-

၈၉။ တုဝဉ္စ ဧကော ဘရိယာ စ တေ ပိယာ၊
သမုဂ္ဂပက္ခိတ္တနိကိဏ္ဏမန္တရေ။
သာ ရက္ခိတာ ကုစ္ဆိဂတာဝ တေ သဒါ။
ဝါယုဿ ပုတ္တေန သဟ တဟိံ ရတော။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၈၉။ အမ္ဘော ဒါနဝ၊ အို... ဒါနောရက္ခိုသ်။ တုဝဉ္စ၊ သင်သည်လည်း။ ဧကော၊ တစ်ယောက်တည်း။ တေ၊ သင်သည်။ ပိယာ၊ ချစ်စွာသော။ ဘရိယာ စ၊ မယားကိုလည်း။ အန္တရေ၊ အတွင်း၌။ သမုဂ္ဂပက္ခတ္တာနိကဏ္ဏံ၊ ကြုတ်၌ထည့်၍ မျိုထားအပ်၏။ တေ၊ သင်သည်။ သဒါ၊ အခါခပ်သိမ်း။ ရက္ခိတာ၊ စောင့်ရှောက်အပ်သော။ ကုစ္ဆိဂတာ စ၊ ဝမ်းတွင်း၌ ထားအပ်သည်လည်း ဖြစ်သော။ သာ ဘရိယာ၊ ထိုမယားသည်။ တဟိံ၊ ထိုသင့်ဝမ်းတွင်း၌။ ဝါယုဿပုတ္တေန၊ ဝါယုဿပုတ္တဝိဇ္ဇာဓိုရ်နှင့်။ သဟ၊ တကွ။ ရတော၊ မွေ့လျော်ပျော်ပါး၏။

(ဟရိဿ ပုတ္တေန- ဟူ၍လည်း ပါဌ်အချို့ ရှိ၏။ )

ဒါနောရက္ခိုသ် သင်သည် မတုဂါမကို တစ်ယောက် သော ယောကျ်ားနှင့်သာ ဆက်ဆံသည်ကို ပြုအံ့ ဟု ဝမ်းဖြင့်လည်းလွယ်လျက် မာတုဂါမ၏ သယောက်လင်ကိုလည်း လွယ်၍ သွား၏ဟု ရှင်ရသေ့သည် ဆို၏။

ကြုတ်ကိုအန်၍ ဖွင့်သော်

ဒါနောရက္ခိုသ်သည် ထိုစကားကိုကြား၍ ဝိဇ္ဇာဓိုရ်တို့သည်ကား မာယာများကုန်၏။ ဝိဇ္ဇာဓိုရ်အား လက်၌ သန်လျက်ရှိခဲ့ငြားအံ့၊ ငါ၏ ဝမ်းကိုခွဲ၍ ပြေးလတ္တံ့ ဟု အလွန် ကြောက် သည်ဖြစ်၍ လျင်မြန်စွာ ကြုတ်ကိုအန်၍ ရှေ့မှာထား၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ထိုအကြောင်းကို ပြတော်မူအံ့သောငှာ-

၉၀။ သံဝိဂ္ဂရူပေါ ဣသိနာ ဝိယာကတော၊
သော ဒါနဝေါ တတ္ထ သမုဂ္ဂမုဂ္ဂိလိ။
အဒ္ဒက္ခိ ဘရိယံ သုစိမာလဓာရိနိံ၊
ဝါယုဿပုတ္တေန သဟ တဟိံ ရတံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၉၀။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣသိနာ၊ ရသေ့သည်။ ဝိယာကတော၊ ဟောကြားအပ်သည်ရှိသော်။ သော ဒါနဝေါ၊ ထိုဒါနောရက္ခိုသ်သည်။ သံဝိဂ္ဂရူပေါ၊ ထိတ်လန့်သော သဘောရှိသည်ဖြစ်၍။ တတ္ထ၊ ထိုရသေ့အထံ၌။ သမုဂ္ဂံ၊ ကြုတ်ကို။ ဥဂ္ဂိလိ၊ အန်၏။ တဟိံ၊ ထိုကြုတ်၌။ ဝါယုဿပုတ္တေန၊ ဝါယုဿပုတ္တ ဝိဇ္ဇာဓိုရ်နှင့်။ သဟ၊ တကွ။ ရတံ၊ မွေ့လျော်သော။ သုစိမာလဓာရိနိံ၊ စင်ကြယ်စွာသော ပန်းတို့ကိုပန်သော။ ဘရိယံ၊ မယားကို။ အဒ္ဒက္ခိ၊ မြင်၏။

ဝိဇ္ဇာဓိုရ် ထွက်ပြေးပြီ

ဝိဇ္ဇာဓိုရ်သည် ကြုတ်ကို ဖွင့်တည့်ခြင်းလျှင် မန္တရားကိုမန်း၍ သန်လျက်ကိုကိုင်၍ ကောင်းကင်သို့ ပျံ၏။

ဒါနောရက္ခသ်သည် ထိုဝိဇ္ဇာဓိုရ်ကိုမြင်၍ ဘုရားလောင်းအား နှစ်သက်၍-

၉၁။ သုဒိဋ္ဌရူပမုဂ္ဂတပါနုဝတ္တိနာ၊
ဟီနာ နရာ ယေ ပမဒါဝသံ ဂတာ။
ယထာ ဟဝေ ပါဏရိဝေတ္ထ ရက္ခိတာ၊
ဒုဋ္ဌာ မယိ အညမဘိပ္ပမောဒယိ။
၉၂။ ဒိဝါ စ ရတ္တော စ မယာ ဥပဋ္ဌိတာ၊
တပဿိနာ ဇောတိရိဝါ ဝနေ ဝံသံ။
သာ ဓမ္မမုက္ကမ္မ အဓမ္မမာစရိ၊
အကိရိယရူပေါ ပမဒါဟိ သန္ထဝေါ။
၉၃။ သရီရမဇ္စျမှိ ဌိတာတိ မညဟံ၊
မယှံ အယန္တိ အသတံ အသညတံ။
သာ ဓမ္မမုက္ကမ္မ အဓမ္မမာစရိ၊
အကိရိယရူပေါ ပမဒါဟိ သန္ထဝေါ။
၉၄။ သုရက္ခိတံ မေတိ ကထံ နု ဝိဿသေ။
အနေကစိတ္တာသု နဟတ္ထိ ရက္ခဏာ။
ဧတာဟိ ပါတာလပပါတသန္နိဘာ၊
ဧတ္ထပ္ပမတ္တေ ဗျသနံ နိဂစ္ဆတိ၊
၉၅။ တသ္မာ ဟိ တေ သုခိနော ဝီတသောကာ၊
ယေ မာတုဂါမေဟိ စရန္တိ နိဿဋာ။
ဧတံ သိဝံ ဥတ္တမမာဘိပတ္ထယံ၊
န မာတုဂါမေဟိ ကရေယျ သန္ထဝံ။

ဟူသော ချီးမွမ်းခြင်းလျှင် ရှေ့သွားရှိကုန်သော ဤဂါထာတို့ကို ဆို၏။

၉၁။ ဘန္တေ ဣသိ၊ အရှင်ရသေ့။ ဥဂ္ဂတပါနုဝတ္တိနာ၊ ခြိုးခြံသောအကျင့်သို့ အစဉ်လိုက်သော။ တယာ၊ သင်ရှင်ရသေ့သည်။ ဣဒံ ကာရဏံ၊ ဤအကြောင်းကို။ သုဒိဋ္ဌရူပံ၊ ကောင်းစွာ မြင်အပ်သော သဘောရှိ၏။ ပမဒါဝသံ၊ မိန်းမနိုင်ငံသို့။ ဂတာ၊ လိုက်ကုန်သော။ နရာ၊ လူတို့သည်။ ဟီနာ၊ ယုတ်မာကုန်၏။ ယထာ ယာ ဣတ္ထီ၊ အကြင်မိန်းမကို။ မယာ၊ အကျွန်ုပ်သည်။ ဟဝေ၊ စင်စစ်။ ပါဏရိဝ၊ အသက်ကဲ့သို့။ ဧတ္ထ၊ ဤဝမ်းတွင်း၌။ ရက္ခိတာ၊ စောင့်ရှောက် အပ်၏။ သာ ဣတ္ထီ၊ ထိုမိန်းမသည်။ မယိ၊ အကျွန်ုပ်၌။ ဒုဋ္ဌာ၊ ပြစ်မှား၍။ အညံ၊ တစ်ပါးသော ယောကျ်ားကို။ အဘိပ္ပမောဒယိ၊ မွေ့လျော်စေ၏။

၉၂။ ဝနေ၊ တော၌။ ဝသံ- ဝသန္တေန၊ နေသော။ တပဿိနာ၊ ရသေ့သည်။ ဇောတိံ၊ မီးကို။ ဥပဋ္ဌိတာ ဣဝ၊ လုပ်ကျွေး သကဲ့သို့။ မယာ၊ အကျွန်ုပ်သည်။ ယာ ဣတ္ထီ၊ အကြင်မိန်းမကို။ ဒိဝါစ၊ နေ့၌ လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌ လည်းကောင်း။ ဥပဋ္ဌိတာ၊ လုပ်ကျွေး၏။ သာ ဣတ္ထီ၊ ထိုမိန်းမသည်။ ဓမ္မံ၊ တရားကို။ ဩက္ကမ္မ၊ လွန်၍။ အဓမ္မံ၊ တရားမဟုတ်သည်ကို။ အစရိ၊ ကျင့်၏။ ပမဒါဟိ၊ မိန်းမတို့နှင့်။ သန္ထဝေါ၊ ပေါင်းဖော်ခြင်းကို။ အကိရိယရူပေါ၊ မပြုအပ်သော သဘောရှိ၏။

၉၃။ အဟံ၊ အကျွန်ုပ်သည်။ အသတိံ၊ မသူတော်သဘောနှင့် ပြည့်စုံသော။ အသညတံ၊ ကိုယ်နှုတ်နှလုံးကို မစောင့်ရှောက်သော မိန်းမကို။ အယံ၊ ဤမိန်းမသည်။ မယှံ၊ ငါ၏။ သရီရမဇ္ဈမှိ၊ ကိုယ်၏ အလယ်၌။ ဌိတာတိ၊ တည်၏ဟူ၍။ ဣတိ၊ ဤသို့။ အဟံ၊ အကျွန်ုပ်။ မညေ၊ ထင်မှတ်မိ၏။ သာ ဣတ္ထီ၊ ထိုမိန်းမသည်။ ဓမ္မံ၊ တရားကို။ ဩက္ကမ္မ၊ လွန်ကျူး၍။ အဓမ္မံ၊ တရားမဟုတ်သည်ကို။ အစရိ၊ ကျင့်၏။ ပမဒါဟိ၊ မိန်းမတို့နှင့်။ သန္ထဝေါ၊ ပေါင်းဖော်ခြင်းကို။ အကိရိယရူပေါ၊ မပြုအပ်သော သဘောရှိ၏။

၉၄။ မေ၊ ငါသည်။ သုရက္ခိတံ၊ ကောင်းစွာ စောင့်ရှောက်ခြင်းကို။ ကတံ၊ ပြုအပ်ပြီ။ ဣတိ၊ ဤသို့။ မာတုဂါမေ၊ မာတုဂါမ၌။ ပဏ္ဍိတော၊ ပညာရှိသည်။ ကထံ နု ဝိဿသေ၊ အဘယ်သို့လျှင် အကျွမ်းဝင်အံ့နည်း။ ဧတ္ထ၊ ဤမာတုဂါမ၌။ အနေကစိတ္တာသု၊ များသော ဆန်းကြယ်ခြင်းရှိကုန်သော မိန်းမတို့၌။ ရက္ခဏာ၊ စောင့်ရှောက်ခြင်းသည်။ န ဟိ အတ္ထိ၊ မရှိသည်သာလျှင်တည်း။ ဟိ သစ္စံ၊ မှန်၏။ ဧတာ၊ ထိုမိန်းမတို့သည်။ ပါတာလပပါတသန္နိဘာ၊ သမုဒ္ဒရာ၌ ဗလဝါမုခဟု ဆိုအပ်သာ ချောက်နှင့်တူကုန်၏။ ဧတ္ထ၊ ဤမာတုဂါမ၌။ ပမတ္တော၊ မေ့လျောသော သူသည်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ နိဂစ္ဆတိ၊ ရောက်၏။

၉၅။ တသ္မာဟိ၊ ထို့ကြောင့်လျှင်။ ယေ၊ အကြင်ပညာရှိတို့သည်။ မာတုဂါမေဟိ၊ မိန်းမတို့မှ။ နိဿဋာ၊ ကင်းကုန်သည်ဖြစ်၍။ စရန္တိ၊ ကျင့်ကုန်၏။ တေ၊ ထိုပညာရှိတို့သည်။ သုခိနော၊ ချမ်းသာကုန်၏။ ဝီတသောကာ၊ စိုးရိမ်ခြင်း ကင်းကုန်၏။ ဥတ္တမံ၊ မြတ်သော။ သိဝံ၊ ငြိမ်းချမ်းသော။ ဧတံ၊ ထိုဈာန်ချမ်းသာကို။ အဘိပတ္ထယံ၊ တောင့်တသော သူသည်။ မာတုဂါမေဟိ၊ မာတုဂါမတို့နှင့်။ သန္ထဝံ၊ ပေါင်းဖော်ခြင်းကို။ န ကရေ၊ မပြုရာ။

ဤသို့ဆို၍ ဒါနောရက္ခိုသ်သည် ဘုရားလောင်း၏ ခြေတို့၌ ရှိခိုး၍ ဘုန်းတော်ကြီးသော အရှင်ဘုရား အရှင်ဘုရားကိုမှီ၍ အကျွန်ုပ်သည် အသက်ကို ရအပ်၏။ ဤယုတ်မာသော အကျင့်ရှိသော မိန်းမသည် အကျွန်ုပ်အား ဝိဇ္ဇာဓိုရ်ကို သတ်စေ၏ ဟု ဆို၍ ဘုရားလောင်းအား ချီးမွမ်း၏။

မိန်းမကို ပြန်လွှတ်ပြီ

ဘုရားလောင်းသည်လည်း ဒါနောရက္ခိုသ်အား တရားဟော၍ ဤမိန်းမအား တစ်စုံတစ်ခုသော မကောင်းမှုကို သင် မပြုလင့်၊ သင်သည် သီလကို ယူလော့ ဟု ဆို၍ ပဉ္စသီတို့၌ တည်စေ၏။

ဒါနောရက္ခိုသ်သည် ငါကား ဝမ်းဖြင့်လွယ်ငြားသော်လည်း ထိုမိန်းမကို စောင့်ရှောက်ခြင်းငှာ မတတ်နိုင်၊ ငါမှတစ်ပါးသော အဘယ်သူသည် စောင့်ရှောက်နိုင်လတ္တံ့နည်း ဟု ထိုမိန်းမကို လွှတ်လိုက်၍ မိမိတောသို့လျှင် သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဒိဗ္ဗစက္ခုရသေ့ ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

စောင့်ရှောက်လျက်ပင်၊ ယုတ်မာချင်၊ များပင်မိန်းမတွေ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သမုဂ္ဂဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၁၁။ ပူတိမံသဇာတ်

မကြည့်သင့်သောအခါ၌ ကြည့်၍ ဆုံးရှုံးခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် န ခေါ မေ ရုစ္စတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပူတိမံသဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဣန္ဒြေတို့ကို မစောင့်ရှောက်ခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... အခါတစ်ပါး၌ များစွာကုန်သော ရဟန်းတို့သည် ဣန္ဒြေတို့၌ မစောင့်ရှောက်သော ဒွါရရှိကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဤရဟန်းတို့ကို ဆုံးမခြင်းငှာ သင့်၏ ဟု အရှင်အာနန္ဒာမထေရ်အား မိန့်တော်မူပြီး အသီးအခြား မမှတ်ဘဲ ရဟန်းသံဃာကို စည်းဝေးစေ၍ တန် ဆာဆင်အပ်သော မြတ်သောနေရာ အလယ်၌ နေတော်မူလျက် များစွာကုန်သော ရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့... ရဟန်းမည်သည်ကား ရူပါရုံ အစရှိသည်တို့၌ တင့်တယ်သည်၏ အစွမ်းအားဖြင့် အာရုံကိုယူခြင်းငှာ မအပ်၊ တင့်တယ်သည်၏ အစွမ်းအားဖြင့် အာရုံကို ယူသောအခါ၌ အကယ်၍ သေငြားအံ့၊ ငရဲအစရှိသည်တို့၌ ဖြစ်၏။ ထို့ကြောင့် ရူပါရုံအစရှိသည်တို့၌ တင့်တယ်သည်၏ အစွမ်းအားဖြင့် အာရုံကို မယူကုန်လင့်၊ ရဟန်းတို့ မည်သည်ကား ရူပါရုံအစရှိသည်တို့၌ အာရုံကို ယူတတ်သည် မဖြစ်ရာ။ ရူပါရုံ အစရှိသည်တို့၌ အာရုံကို ယူကုန်သော ရဟန်းတို့သည် မျက်မှောက်သော ကိုယ်၏ အဖြစ်၌လျှင် ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ကုန်၏။ ထိုကြောင့် ရဟန်းတို့... ဤသာသနာတော်၌ ပြောင်ပြောင်တောက်သော သံချောင်းဖြင့် စက္ခုပသာဒကို ထိုးခြင်းသည် မြတ်၏ ဤသို့ အစရှိသည်ဖြင့် ချဲ့တော်မူ၍ ရဟန်းတို့ ... သင်တို့အား ရူပါရုံကို ကြည့်သောကာလသည်လည်း ရှိ၏။ မကြည့်သော ကာလသည်လည်း ရှိ၏။ ကြည့်သောကာလ၌ အသုဘ၏ အစွမ်းအားဖြင့် ကြည့်ကြကုန်လော့၊ ဤသို့ အသုဘ၏ အစွမ်းအားဖြင့် ကြည့်ကြကုန်သည်ရှိသော် မိမိ၏အာရုံကို မယုတ်စေလတ္တံ့၊ သင်တို့၏ အာရုံတို့သည် အဘယ်သည်တို့နည်းဟူမူကား- သတိပဋ္ဌာန်လေးပါး, သမ္မပ္ပဓာန်လေးပါး, ဣဒ္ဓိပါဒ်လေးပါး, မြတ်သော အဋ္ဌင်္ဂိကမဂ္ဂင်, ကိုးပါးသော လောကုတ္တရာတရား ဤသည်တို့ကား သင်တို့၏ အာရုံတို့တည်း၊ ဤအာရုံ၌ ကျက်စားကုန်သော သင်တို့အား မာရ်သည် အခွင့်ကို မရလတ္တံ့၊ ကိလေသာ၏ အလိုသို့ လိုက်သည်ဖြစ်၍ သုဘအာရုံ၏ အစွမ်းအားဖြင့် အကယ်၍ ကြည့်ကုန်အံ့၊ ပူတိမုသမည်သော မြေခွေးကဲ့သို့ မိမိအာရုံမှ ယုတ်ကုန်လတ္တံ့ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗဒရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဟိမဝန္တာအရပ်ဝယ် တော၌ တောင်လိုဏ်ဝယ် အရာမက များစွာကုန်သော ဆိတ်တို့သည် နေကုန်၏။

မြေခွေးတို့ ဆိတ်သားစားကြ

ထိုဆိတ်တို့၏ နေရာအရပ်မှ မနီးမဝေးသော အရပ်ဝယ် တစ်ခုသောလိုဏ်၌ ပူတိမံသမည်သော မြေခွေးသည် ဝေဏီမည်သော မယားနှင့်တကွပင် ကျက်စားလတ်သော် ထိုဆိတ်တို့ကို မြင်၍ တစ်ခုသော ဥပါယ်ဖြင့် ဤဆိတ်တို့၏ အသားကို စားခြင်းငှာ သင့်၏ ဟု ကြံ၍ ဥပါယ်အားဖြင့် တစ်ခုသော ဆိတ်ကို သတ်၏။

ပညာရှိ ဆိတ်မကိုစားရန်

ထိုမြေခွေးလင်မယား နှစ်ခုတို့သည်လည်း ဆိတ်သားကို စားကုန်လျက် အားနှင့်ပြည့်စုံကုန်၏။ ဆူဖြိုးသော ကိုယ်ရှိကုန်၏။ အစဉ်သဖြင့် ဆိတ်တို့သည် ကုန်ခြင်းသို့ ရောက်ကုန်၏။ ထိုဆိတ်တို့၏ အတွင်း၌ မေဏ္ဍကမာတာ မည်သော တစ်ခုသော ဆိတ်မသည် ပညာရှိ၏။ ဥပါယ်၌ လိမ္မာ၏။ ပူတိမံသ မြေခွေးသည် ထိုမေဏ္ဍကမာတာ မည်သော ဆွတ်မကို သတ်အံ့သောငှာ မတတ်နိုင်ရကား တစ်နေ့သ၌ မယားနှင့်တကွ တိုင်ပင်လတ်သော် ရှင်မ ဆိတ်တို့သည် ကုန်ကုန်ပြီ၊ ဤမေဏ္ဍကမာတာ မည်သော ဆိတ်မကို တစ်ခုသော ဥပါယ်ဖြင့် စားခြင်းကို ပြုအံ့သောငှာ သင့်၏။ ဤဆိတ်မကို သတ်ရာ၌ အကြောင်း ဤသို့ ရှိ၏။ သင်သည် တစ်ခုတည်းလျှင် သွား၍ ထိုဆိတ်မနှင့်တကွ အဆွေ ခင်ပွန်းဖြစ်လော့၊ သင်သည် ထိုဆိတ်မနှင့် အကျွမ်းဝင်လတ်သော် ငါသည် သေဟန်ပြု၍ အိပ်အံ့၊ သင်သည် ဆိတ်မ၏ အထံသို့ ဆည်း ကပ်၍ မေဏ္ဍကမာတာ မည်သော အဆွေ ခင်ပွန်း ဆိတ်မ ငါ့လင်သည် သေ၏။ ငါသည် ကိုးကွယ်ရာမရှိ ဖြစ်၏။ သင့်ကိုထား၍ ငါ့အား တပါးသော အဆွေအမျိုးသည် မရှိ။ လာလော့၊ လာလော့ဟု ဆို၍ ငို၍ ငါ့လင်၏အကောင်ကို သင်္ဂြိုဟ်ကိစ္စကို ပြုကုန်အံ့ဟု ဆို၍ ထိုမေဏ္ဍကမာတာ ဆိတ်မကိုခေါ်၍ လာလော့၊ ထိုအခါ ငါသည် ခုန်၍ လည်၌ကိုက်၍ သတ်အံ့ဟု ဆို၏။

ဝေဏီမည်သော မြေခွေးမသည် ကောင်းပြီဟု ဝန်ခံ၍ မေဏ္ဍကမာတာမည်သော ဆိတ်မနှင့်တကွ အဆွေခင်ပွန်းဖွဲ့၍ အကျွမ်းဝင်လတ်သော် ဆိတ်မကို လင်မှာတိုင်း ဆို၏။ ဆိတ်မသည် အဆွေခင်ပွန်း မြေခွေးမ သင်၏လင်သည် ငါ၏ခပ်သိမ်းသော အဆွေအမျိုးတို့ကို စားအပ်ကုန်ပြီ၊ ငါသည် ကြောက်၏။ သွားခြင်းငှာ မဝံ့ ဟု ဆို၏။

သတိနှင့်လိုက်ခဲ့၍ သိ

ဝေဏီမည်သော မြေခွေးမသည် အဆွေဆိတ်မ သင်သည် မကြောက်လင့်၊ သေပြီးသော မြေခွေးသည် သင့်ကို အဘယ်သို့ ပြုလတ္တံ့နည်းဟု ဆို၏။ အဆွေခင်ပွန်း မြေခွေးမ သင်၏လင်သည် ထက်သော အတိုင်အပင်ရှိ၏။ ငါသည် ကြောက်၏ဟု ဆိတ်မသည်ဆို၍ မြေခွေးမသည် အဖန်တလဲလဲ တောင်းပန်အပ်သည်ရှိသော် စင်စစ် သေသည်ဖြစ်လတ္တံ့ဟု မြေခွေးနှင့်တကွ သွား၏။ သွားသည်ရှိသော်ကား အဘယ်သို့ ပြုလတ္တံ့သည်ကို အဘယ်သူ သိနိုင်အံ့နည်းဟု ထိုမြေခွေး၌ ရွံရှားရကား မြေခွေးမကို ရှေ့ကထား၍ မြေခွေးကို ဆင်ခြင်လျက် သွား၏။ မြေခွေးသည် ဆိတ်မ မြေခွေးမတို့၏ ခြေသံကိုကြား၍ ဆိတ်မသည် လာပြီလောဟု ဦးခေါင်းကို ထောင်၍ပြန်၍ ကြည့်၏။ ဆိတ်မသည် ထိုသို့ပြုသော မြေခွေးကိုမြင်၍ ဤယုတ်မာစွာသော သဘောရှိသော မြေခွေးမသည် ငါ့ကိုလှည့်စား၍ သတ်လို၏။ ထို့ကြောင့် ထိုမြေခွေးမ၏လင်သည် သေဟန်ပြု၍ အိပ်၏ဟု ပြန်၏။

မြေခွေးမသည် အဆွေခင်ပွန်းဆိတ်မ အဘယ့်ကြောင့် ပြန်သနည်းဟု ဆိုလတ်သော် ထိုအကြောင်းကို ဆိုလို၍-

၉၆။ န ခေါ မေ ရုစ္စတိ အာဠိ၊ ပူတိမံသဿ ပေက္ခနာ။
ဧတာဒိသာ သခါရသ္မာ၊ အာရကာ ပရိဝဇ္ဇယေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

၉၆။ အာဠိ၊ အဆွေခင်ပွန်းမ။ ပူတိမံသဿ၊ ပူတိမံသမြေခွေး၏။ က္ခေနာ၊ ကြည့်ခြင်းကို။ မေ၊ ငါသည်။ န ခေါ ရုစ္စတိ၊ မနှစ်သက်။ ဧတာဒိသာ၊ ဤသို့သဘောရှိသော။ သခါရသ္မာ၊ အဆွေ ခင်ပွန်းမှ။ အာရကာ၊ ဝေးစွာ။ ပရိဝဇ္ဇယေ၊ ကြဉ်ရာ၏။

ဤသို့ဆိုပြီး၍ ထိုဆိတ်မသည် ပြန်လျှင်၍ မိမိနေရာသို့လျှင် သွား၏။ မြေခွေးမသည် ဆိတ်မကို ပြန်လည်စိမ့်သောငှာ မတတ်နိုင်ရကား ဆိတ်မအား အမျက်ထွက်၍ မိမိလင်၏ အထံသို့လျှင် သွား၍ မှိုင်လျက် နေ၏။ ထိုအခါ မြေခွေးမကို ပူတိမံသမြေခွေးသည် ကဲ့ရဲ့လိုရကား-

၉၇။ ဥမ္မတ္တိကာ အယံ ဝေဏီ၊ ဝဏ္ဏေတိ ပတိနော သခိံ။
ပဇ္ဈာယိ ပဋိဂစ္ဆန္တိံ၊ အာဂတံ မေဏ္ဍကမာတရံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကိုဆို၏။

၉၇။ အယံ ဝေဏီ၊ ဤဝေဏီမည်သော မြေခွေးမသည်။ ဥမ္မတ္တိကာ၊ ရူး၏။ ပတိနော၊ လင်၏။ သန္တိကေ၊ အထံ၌။ သခိံ၊ အဆွေခင်ပွန်းဖြစ်သော ဆိတ်မကို။ ဝဏ္ဏေတိ၊ ချီးမွမ်း၏။ ဣဒါနိ၊ ယခု။ အာဂတံ၊ လာလျက်။ ပဋိဂစ္ဆန္တိံ၊ တဖန် ပြန်သွားသော။ မေဏ္ဍကမာတရံ၊ မေဏ္ဍကမာတာမည်သော ဆိတ်မကို။ ပဇ္ဈာယိ၊ စိုးရိမ်၏။

မြေခွေးမသည် ထိုစကားကို ကြား၍-

၉၈။ တွံ ခေါသိ သမ္မ ဥမ္မတ္တော၊ ဒုမ္မေဓော အဝိစက္ခဏော။
ယောတွံ မတာလယံ ကတွာ၊ အကာလေန ဝိပေက္ခသိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၉၈။ သမ္မ ပူတိမံသ၊ အမောင်ပူတိမံသ။ ယော တွံ၊ အကြင် သင်သည်။ မတာလယံ၊ သေဟန်ကို။ ကတွာ၊ ပြု၍။ အကာလေန၊ အခါမဟုတ်သည်၌။ ဝိပေက္ခသိ၊ ကြည့်၏။ သော တွံ ခေါ၊ ထိုသင်သည်သာလျှင်။ ဥမ္မတ္တော၊ ရူးသည်။ ဒုမ္မေဓော၊ ပညာမရှိသည်။ အဝိစက္ခဏော၊ အမြော်အမြင်မရှိသည်။ အသိ၊ ဖြစ်၏။

ကြည့်သင့်မှကြည့်

သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၉၉။ န အကာလေ ဝိပေက္ခေယျ၊
ကာလေ ပေက္ခေယျ ပဏ္ဍိတာ။
ပူတိမံသောဝ ပဇ္စျာယိ၊ ယော အကာလေ ဝိပေက္ခတိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၉၉။ ဘိက္ခဝေ၊ ရဟန်းတို့။ ပဏ္ဍိတော၊ ပညာရှိသည်။ အကာလေ၊ ကာမဂုဏ်တို့ကို အာရုံပြု၍ တင့်တယ်သည်၏ အစွမ်းအားဖြင့် စိတ်ဖြစ်သော ကာလ၌။ န ဝိပက္ခေယျ၊ မကြည့်ရာ။ ကာလေ၊ အသုဘ၏အစွမ်းအားဖြင့် လည်းကောင်း, အနုဿတိ၏ အစွမ်းအားဖြင့်လည်းကောင်း, ကသိုဏ်း၏အစွမ်းဖြင့် လည်းကောင်း, အာရုံကိုယူသော ကာလ၌။ ပေက္ခေယျ၊ ကြည့်ရာ၏။ ယော၊ အကြင်သူသည်။ အကာလေ၊ ကာမဂုဏ်တို့ကို အာရုံပြု၍ သုဘ၏အစွမ်းအားဖြင့် စိတ်ဖြစ်သော ကာလ၌။ ဝိပေက္ခတိ၊ ကြည့်၏။ သော၊ ထိုသူသည်။ ပူတိမံသောဝ၊ ပူတိမံသ မြေခွေးကဲ့သို့။ ပဇ္စျာယိ၊ စိုးရိမ်ပင်ပန်းရ၏။

နောက်ထပ်လှည့်စားခေါ်

ဝေဏီမည်သော မြေခွေးမသည်လည်း ပူတိမံသကိုနှစ်သိမ့်စေ၍ အရှင်သင်မစိုးရိမ်လင့်၊ ငါသည် မေဏ္ဍက မာတာကို တစ်ဖန်လည်း ဥပါယ်အားဖြင့် ဆောင်အံ့၊ လာသောကာလ၌ မမေ့မလျော့ ဖမ်းလော့ ဟု ဆို၍ မေဏ္ဍက မာတာ၏ အထံသို့သွား၍ အဆွေခင်ပွန်းမ သင်လာသော ကာလ၌လျှင် ငါတို့အား အကျိုးစီးပွားသည် ဖြစ်၏။ သင်လာသော ကာလ၌လျှင် ငါ့လင်သည် သတိရ၏။ ယခု ရှင်မ၏ ငါ့လင်နှင့်တကွ ပဋိသန္ထာရကို သင် မပြုရသေး ဟု ဆိုလို၍-

၁၀၀။ ပိယံ ခေါ အာဠိ မေ ဟောတု၊ ပုဏ္ဏပတ္တံ ဒဒါဟိ မေ။
ပတိ သဉ္ဇီဝိတော မယှံ၊ ဧယျာသိ ပိယ ပုစ္ဆိကာ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၁၀၀။ အာဠိ၊ အဆွေခင်ပွန်းဖြစ်သော ရှင်မ။ မေ၊ ငါ့အား။ ပိယံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ မေ၊ ငါ၏။ ပုဏ္ဏပတ္တံ၊ နှစ်သက်သော ပေးကမ်းခြင်းကို။ တွံ၊ သင်သည်။ ဒဒါဟိ၊ ပေးလော့။ မယှံ၊ ငါ၏။ ပတိ၊ လင်သည်။ သဉ္ဇီဝိတော၊ အသက်ရှင်၍ထ၏။ ပိယပုစ္ဆိကာ၊ ငါ၏ လင်ကို မေးအံ့သောငှာ။ ဧယျာသိ၊ ငါနှင့်တကွ လိုက်လော့။

အပေါင်းအသင်းနဲ့ လာခဲ့မယ်

ဆိတ်မသည် ယုတ်မာစွာသော သဘောရှိသော ဤမြေခွေးမကား ငါ့ကို လှည့်စားလို၏။ ဆန့်ကျင်ဘက်ကို ပြုခြင်းသည်ကား ငါ့အား မလျောက်ပတ်၊ ဥပါယ်အားဖြင့် မြေခွေးမကို ငါ လှည့်စားအံ့ ဟု ကြံ၍-

၁၀၁။ ပိယံ ခေါ အာဠိ တေ ဟောတု၊ ပုဏ္ဏပတ္တံ ဒဒါမိ တေ။
မဟတာ ပရိဝါရေန၊ ဧဿံ ကယိရာဟိ ဘောဇနံ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၀၁။ အာဠိ၊ အဆွေခင်ပွန်းမ။ တေ၊ သင့်အား။ ပိယံ ခေါ၊ ချစ်ခြင်းသည်သာလျှင်။ ဟောတု၊ ဖြစ်စေသတည်း။ တေ၊ သင်အား။ ပုဏ္ဏပတ္တံ၊ နှစ်သက်သော ပေးကမ်းခြင်းကို။ ဒဒါမိ၊ ငါပေးအံ့။ မဟတာ၊ များစွာသော။ ပရိဝါရေန၊ အခြံအရံဖြင့်။ ဧဿံ၊ ငါလာအံ့။ ဘောဇနံ၊ အစာကို။ ကယိရာဟိ၊ ပြုလင့်လော့။

အပေါင်းအသင်းက ဘယ်သူတွေလဲ

ထိုအခါ မေဏ္ဍကမာတာကို ဝေဏီမည်သော မြေခွေးမသည် အခြံအရံကို မေးလို၍-

၁၀၂။ ကီဒိသော တုယှံ ပရိဝါရော၊
ယေသံ ကာဟာမိ ဘောဇနံ။
ကိံနာမကာ စ တေ သဗ္ဗေ၊ တံ မေ အက္ခာဟိ ပုစ္ဆတာ။

ဟူသာ ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၀၂။ အာဠိ၊ အဆွေခင်ပွန်းမ။ ယေသံ၊ အကြင် အခြံအရံတို့၏။ အတ္ထာယ၊ အကျိုးငှာ။ အဟံ၊ ငါသည်။ ဘောဇနံ၊ အစာကို။ ကာဟာမိ၊ ပြုရအံ့။ တုယှံ၊ သင်၏။ သော ပရိဝါရော၊ ထိုအခြံအရံသည်။ ကီဒိသော၊ အဘယ်သို့ သဘောရှိသနည်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေ၊ ထိုအခြံအရံတို့သည်။ ကိံနာမကာ စ၊ အဘယ် အမည်လည်း ရှိကုန်သနည်း။ ပုစ္ဆိတာ၊ မေးအပ်သော ရှင်မသည်။ မေ၊ ငါ့အား။ တံ၊ ထိုအခြံအရံကို။ အက္ခာဟိ၊ ကြားလော့ာ

ဆိတ်မသည် အခြံအရံကို ကြားလိုရကား-

၁၀၃။ မာလိယော စတုရက္ခော စ၊
ပိင်္ဂိယော အထ ဇမ္ဗုကော။
ဧဒိသော မယှံ ပရိဝါရော၊
တေသံ ကယိရာဟိ ဘောဇနံ။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၀၃။ အာဠိ၊ အဆွေခင်ပွန်းမ။ မာလိယော၊ မာလိယမြေခွေးလည်းကောင်း။ စတုရက္ခော စ၊ စတုရက္ခမြေခွေးလည်းကောင်း။ ပိင်္ဂိယော၊ ပိင်္ဂိယမြေခွေးလည်းကောင်း။ ဧဒိသော၊ ဤသို့သဘောရှိသော မြေခွေးအပေါင်းသည်။ မယှံ၊ ငါ၏။ ပရိဝါရော၊ အခြံအရံတည်း။ တေသံ၊ ထို အခြံအရံတို့၏။ အတ္ထာယ၊ အကျိုးငှာ။ တွံ၊ သင်သည်။ ဘောဇနံ၊ အစာကို။ ကယိရာဟိ၊ ပြုလင့်လော့။

မြေခွေး ၂၀၀၀

မာလိယ အစရှိကုန်သော မြေခွေးလေးကောင်တို့တွင် တစ်ကောင်တစ်ကောင်သော မြေခွေးတို့အား ငါးရာ, ငါးရာစီ အခြံအရံ ရှိကုန်၏။ ဤမြေခွေးနှစ်ထောင်တို့ဖြင့် ခြံရံလျက် ငါလာအံ့ ဟု ဆိုပြီး ထိုမြေခွေးတို့သည် အစာကို မရကုန်အံ့၊ သင်တို့ လင်မယားနှစ်ယောက်တို့ကို သတ်၍ စားကုန်လတ္တံ့ ဟု ဆို၏။ ထိုစကားကိုကြား၍ မြေခွေးမသည် ကြောက်ရကား ဤဆိတ်မ၏ ငါတို့နေရာသို့ လာခြင်းဖြင့် အကျိုးမရှိ၊ ဥပါယ်အားဖြင့် ဆိတ်မကို ငါသည် မလာအေင် ပြုအံ့ ဟု ကြံလို၍-

တော်ပါပြီ၊ သွားမယ်

၁၀၄။ နိက္ခန္တာယ အဂါရသ္မာ၊ ဘဏ္ဍကမ္ပိ ဝိနဿတိ။
အာရောဂျံ အာဠိနော ဝဇ္ဇံ၊ ဣဓေဝ ဝသမာဂမာ။

ဟူသော ကိုးခုမြောက်သော ဤဂါထာကို ဆို၏။

၁၀၄။ အာဠိ၊ အဆွေခင်ပွန်းမ။ တယာ၊ သင်သည်။ အဂါရသ္မာ၊ အိမ်မှ။ နိက္ခန္တာယ၊ ထွက်သည်ရှိသော်။ ဘဏ္ဍကမ္ပိ၊ ဥစ္စာဘဏ္ဍာအပေါင်းသည်လည်း။ ဝိနဿတိ၊ ပျက်စီးရာ၏။ အာဠိနော၊ အဆွေခင်ပွန်းမ၏။ အာရောဂျံ၊ အနာကင်းသော အဖြစ်ကို။ ဝဇ္ဇံ၊ ငါ ပြောဆိုအံ့။ တွံ၊ သင်အဆွေ ခင်ပွန်းသည်။ ဣဓေဝ၊ ဤအရပ်၌သာလျှင်။ ဝသ၊ နေလော့။ မာ ဂမာ၊ မလာလင့်။

ဤသို့ဆို၍ သေဘေးမှကြောက်ရကား လျင်မြန်သော အဟုန်ဖြင့် လင်၏အထံသို့ သွား၍ ထိုလင်ကိုခေါ်၍ ပြေး၏။ ထိုမြေခွေးလင်မယားတို့သည် တစ်ဖန် ထိုအရပ်သို့ သွားအံ့သောငှာ မဝံကုန်။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည် ထိုအရပ်ဝယ် တောစိုး သစ်ပင်၌ ရုက္ခစိုးနတ် ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

စဉ်းလဲသူအား၊ ပြန်လှည့်စား၊ ကင်းပါးကြရာသည်

တစ်ဆယ့်တစ်တို့၏ ပြည့်ကြောင်းဖြစ်သော ပူတိမံသဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၁၂။ တိတ္တိရဇာတ်

သနားကရုဏာကင်းသော ရသေ့စဉ်းလဲအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယော တေ ပုတ္တကေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတိတ္တိရဇာတ်ကို ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်သည် သတ်အံ့ငှာ လုံ့လပြုခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ ဒေဝဒတ်သည် အရှက်မရှိ၊ သူတော်ကောင်းမဟုတ်၊ ဤသို့ မြတ်သော ဂုဏ်ကျေးဇူးကိုဆောင်သော သဗ္ဗညူမြတ်စွာဘုရားအား အဇာတသတ်နှင့်တကွ တပေါင်းတည်းပြု၍ လေးသမားတို့ကို စေလွှတ်ခြင်း ကျောက်ကိုလှိမ့်ခြင်း, နာဠာဂိရိဆင်ကို လွှတ်ခြင်းတို့ဖြင့် သတ်အံ့သောငှာ အားထုတ်၏ ဟု စကားကို ဖြစ်စေကုန်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့... ယခုအခါ အဘယ်စကားဖြင့်စည်းဝေးကြကုန် နည်းဟုမေးတော်မူလတ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ငါ့အား သတ်အံ့သောငှာ လုံ့လပြုသည် မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုသည်သာလျှင်တည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် တစ်ယောက်သော ဒိသာပါမောက္ခ ဆရာသည် လုလင်ငါးရာတို့အား အတတ်သင်လျက် တစ်နေ့သ၌ ဗာရာဏသီပြည်၌ နေသော ငါ့အား ပလိဗောဓသည် ရှိ၏ ဟု ထိုလုလင်တို့အား အတတ်သည် အပြီးသို့မရောက်မီ ဟိမဝန္တာတောအရပ်သို့ ဝင်၍ ခရီးမှ မနီးမဝေးသော အရပ်ဝယ် ကျောင်းဆောက်၍နေအံ့ ဟု ကြံ၏။ ကြံပြီး၍ ကြံတိုင်းနေ၏။ လုလင်တို့သည်လည်း မိမိ မိမိတို့အဖို့ ကျောင်းကို ဆောက်ကုန်၏။

တောထဲမှာ ပညာသင်

လုလင်တို့၏ ဆွေမျိုးတို့သည် လုလင်တို့အား ဆန်အစရှိသည်တို့ကို ပို့ကုန်၏။ တိုင်း၌နေကုန်သော သူတို့သည်လည်း ဒိသာပါမောက္ခဆရာသည် တောဝယ် ဤအမည်ရှိသော အရပ်၌ နေလျက် လုလင်တို့အား အတတ်ကို သင်စေ၏ ဟု ထိုဒိပါမောက္ခဆရာအား ဆန်အစရှိသည်တို့ကို ပို့ကုန်၏။ ကန္တာရခရီးသွားတို့သည်လည်း ဒိသာပါမောက္ခဆရာအား လှူဒါန်းကုန်၏။ မထင်ရှားသော ယောကျ်ားတစ်ယောက်သည် နို့ရည်သောက်စိမ့်သောငှာ သားငယ်နှင့်တကွ နွားမကို လှူ၏။

ဆရာသေဆုံး

ဆရာ၏ ကျောင်းအနီး၌ နှစ်ခုသော သားငယ်တို့နှင့်တကွ တစ်ခုသော ဖွတ်မသည် နေ၏။ ခြင်္သေ့, ကျားတို့သည်လည်း ဒိသာပါမောက္ခဆရာအား ခစားအံ့သောငှာ လာကုန်၏။ တစ်ခုသော ခါသည်လည်း ထိုအရပ်၌ အမြဲနေ၏။ ထိုခါသည် ဒိသာပါမောက္ခဆရာ၏လည်းကောင်း တပည့်လုလင်တို့၏လည်းကောင်း ဗေဒင်ရွတ်အံ့သရဇ္စျာယ်သံကို နာ၍ ဗေဒင်သုံးပုံကိုလည်း တတ်၏။ လုလင်တို့သည် ခါနှင့်တကွ အလွန်အကျွမ်းဝင်ကုန်၏။ နောက်အဖို့၌ လုလင်တို့သည် အတတ်၏ အပြီးသို့ မရောက်ကုန်မီလျှင် ဆရာသည် သေလွန်၏။ လုလင်တို့သည် ဆရာ၏ အလောင်းကို သင်္ဂြိုဟ်၍ သဲဖြင့် စေတီတည်၍ အထူးထူးသော ပန်းတို့ဖြင့် ပူဇော်၍ ငိုကြွေးကုန်၏။

ခါက ပညာဆက်သင်

ထိုအခါ ထိုလုလင်တို့ကို ခါသည် လုလင်တို့ သင်တို့သည် အဘယ့်ကြောင့် ငိုကြွေးကုန်ပါသနည်း ဟု ဆို၏။ ဆရာသည် ငါတို့၏ အတတ်သည် အပြီးသို့မရောက်မီလျှင် သေလွန်၏။ ထို့ကြောင့် ငါတို့သည် ငိုကုန်၏ ဟု လုလင်တို့သည် ဆိုကုန်၏။ ဤသို့ဖြစ်သည်ရှိသော် သင်တို့သည် မစိုးရိမ်ကုန်လင့်၊ ငါသည် သင်တို့အား ဗေဒင်ကို သင်ကြားအံ့ ဟု ခါသည် ဆို၏။ သင်သည် အဘယ်သို့ပြု၍ ဗေဒင်ကိုတတ်သနည်း ဟု လုလင်တို့သည် မေးကုန်၏။ ငါသည် သင်တို့အား ဆရာသင်သည်ရှိသော် နာ၍ ဗေဒင်သုံးပုံတို့ကို တတ်၏ ဟု ခါသည်ဆို၏။ ထိုသို့တပြီးကား မိမိ၏ လေ့လာပွန်းတီးသော အဖြစ်ကို ငါတို့ကို သိစေလော့ ဟု လုလင်တို့သည် ဆိုကုန်၏။ ခါသည် ထိုသို့တပြီးကား နားထောင်ကြကုန်လော့ ဟု ဆို၍ ထိုလုလင်တို့၏ ခက်ခဲသော အရာကိုလျှင် တောင်ထိပ်မှ မြစ်ရေသည် စီးသကဲ့သို့ ရွတ်၏။ လုလင်တို့သည် အလွန်နှစ်သက်ကုန်၍ ခါပညာရှိ၏ အထံ၌ အတတ်ကို သင်ကုန်၏။ ခါသည်လည်း ဒိသာပါမောက္ခဆရာ၏ အရာ၌တည်၍ ထိုလုလင်တို့အား အတတ်ကိုသင်၏။ လုလင်တို့သည် ခါအား ရွှေချိုင့်ကိုလုပ်၍ အထက်၌ ဗိတာန်ကြက်၍ ရွှေခွက်၌ ပျားရည်ပေါက်ပေါက် အစရှိသည်တို့ကို ထည့်၍ ပေးကုန်လျက် အထူးထူးသော အဆင်းရှိသော ပန်းတို့ဖြင့် ပူဇော်၍ ချီးမြှောက်ခြင်းကို ပြုကုန်၏။ ခါသည် တောအရပ်၌ လုလင်ငါးရာတို့ကို ဗေဒင်သင်၏ ဟု အလုံးစုံသော ဇမ္ဗူဒိပ်၌ ကျော်စောထင်ရှား၏။

လုံလင်တို့ မြို့ရွာပြန်ကြ

ထိုအခါ ဇမ္ဗူဒိပ်၌ တောင်ထိပ်သဘင်နေ့ဝယ် ကြီးစွာသော ပွဲသဘင်ကို ကြွေးကြော်ကုန်၏။ လုံလင်တို့၏ မိဘတို့သည် ပွဲသဘင်ကို ကြည့်အံ့သောငှာ လုလင်တို့သည် လာစေကုန်သတည်း ဟု စေကုန်၏။ လုလင်တို့သည် ခါပညာရှိအား အခကြာင်းကိုကြား၍ ခါပညာရှိကို အလုံးစုံသော ကျောင်းကိုအပ်၍ မိမိ မိမိတို့၏ မြို့သို့လျှင် သွားကြကုန်၏။

ရသေ့ပျက် ဖျက်ဆီးပြီ

ထိုအခါ တစ်ယောက်သော ကရုဏာမရှိသော ရသေ့ပျက်သည် ထိုအရပ်၌ လှည့်လည်လတ်သော် ထိုကျောင်းသို့ ရောက်၏။ ထိုရသေ့ပျက်ကို ဖွတ်မသည် မြင်၍ ပဋိသန္ထာရပြု၍ ဤမည်သော အရပ်၌ ဆန်ရှိ၏။ ဤမည်သော အရပ်၌ ဆီအစရှိသည်တို့သည် ရှိကုန်၏။ ထမင်းချက်၍ စားလော့ဟု ဆို၍ အစာရှာအံ့သောငှာ သွား၏။ ရသေ့သည် စောစောကလျှင် ထမင်းချက်၍ ဖွတ်မ၏ သားငယ်နှစ်ခုတို့ကို သတ်၍ စား၏။ နေ့၌ ခါပညာရှိကိုလည်းကောင်း, နွားငယ်ကိုလည်းကောင်း သတ်၍ စား၏။ ညချမ်း၌ လာလတ်သော နွားမကိုမြင်၍ ထိုနွားမကိုလည်း သတ်၍ အသားကိုစား၍ သစ်ပင်ရင်း၌ လျောင်း၍ ခြုတ်ခြုတ်မြည်သော ထွက်သက် ဝင်သက်ကို ဖြစ်စေလျက် အိပ်ပျော်၏။ ဖွတ်မသည် ညချမ်းအခါ၌ သားငယ်တို့ကို မမြင်လတ်သော် ရှာလျက်သွား၏။

နတ်က ပြောပြ

ရုက္ခစိုးနတ်သည် သားငယ်တို့ကို မမြင်၍ တုန်လှုပ်သော ဖွတ်မကိုကြည့်၍ နတ်၏ အာနုဘော်အားဖြင့် ရပ်၍ ဖွတ်မ သင်သည် မတုန်လှုပ်လင့်၊ ဤယောကျ်ားယုတ်မာသည် သင်၏ သားငယ်တို့ကို လည်းကောင်း, ခါကိုလည်းကောင်း, နွားငယ် နွားမတို့ကို သတ်အပ် ကုန်ပြီ၊ ထိုယောက်ျားယုတ်ကို လည်၌ ကိုက်၍ အသက်ကုန်ခြင်းသို့ ရောက်စေလော့ ဟု ဆိုလို၍-

၁၀၅။ ယော တေ ပုတ္တကေ အခါဒိ၊ ဒိန္နဘတ္တော အဒူသကေ။
တသ္မိံ ဒါဌံ နိပါတေဟိ၊ မာ တေ မုစ္စိတ္ထ ဇီဝကော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၀၅။ ဂေါဓေ၊ ဖွတ်မ။ ဒိန္နဘတ္တော၊ သင်သည် ထမင်းပေးအပ်သော။ ယော ပါပပုရိသော၊ အကြင် ယောက်ျားယုတ်သည်။ အဒူသကေ၊ အပြစ်မရှိကုန်သော။ တေ၊ သင်၏။ ပုတ္တကေ၊ သားငယ်တို့ကို အခါဒိ၊ စားပြီ။ တသ္မိံ၊ ထိုယောက်ျားယုတ်၌။ တွံ၊ သင်သည်။ ဒါဌံ၊ အစွယ်လေးချောင်းကို။ နိပါတေဟိ၊ ကျစေလော့။ ဧသော၊ ဤယောက်ျားယုတ်သည်။ ဇီဝကော၊ အသက်ရှည်သည်ဖြစ်၍။ တေ၊ သင်၏။ ဟတ္ထာ၊ လက်မှ။ မာ မုစ္စိတ္ထ၊ မလွတ်စေလင့်။

ဖွတ်မ မသတ်လိုကြောင်း

ထို့နောင်မှ ဖွတ်မသည်-

၁၀၆။ အာကိဏ္ဏလုဒ္ဒေါ ပုရိသော၊ ဓာတိစေလံဝ မက္ခိတော။
ပဒေသံ တံ န ပဿာမိ၊ ယတ္ထ ဒါဌံ နိပါတယေ။
၁၀၇။ အကတညုဿ ပေါသဿ၊ နိစ္စံ ဝိဝရဒဿိနော။
သဗ္ဗံ စေ ပထဝိံ ဒဇ္ဇာ၊ နေဝ နံ အဘိရာဓယေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၀၆။ ဒေဝတေ၊ နတ်။ ယတ္ထ၊ အကြင်ယုတ်မာသော ယောက်ျား၌။ ဒါဌံ၊ အစွယ်ကို။ နိပါတယေ၊ ချခြင်းငှာ။ တံပဒေသံ၊ ထိုအရပ်ကို။ အဟံ၊ ငါသည်။ န ပဿာမိ၊ မမြင်။ သော ပုရိသာ၊ ထိုယောက်ျားသည်။ အာကိဏ္ဏလုဒ္ဒေါ၊ ပြွမ်းသော မကောင်းမှုရှိ၏။ ဓာတိစေလံဝ၊ သားထိန်းမ၏ အ ဝတ်ကဲ့သို့။ မက္ခိတော၊ မကောင်းမှုဖြင့် လိမ်းကျံအပ်၏။

၁၀၇။ အကတညုဿ၊ ကျေးဇူးမသိသော။ နိစ္စံ၊ အမြဲ။ ဝိဝရဒဿိနော၊ အခွင့်အပေါက်ကို ရှုလေ့ရှိသော။ ပေါသဿ၊ ယောကျ်ားအား။ သဗ္ဗံ ပထဝိံ၊ အလုံးစုံသောမြေကို။ စေ ဒဇ္ဇာ၊ အကယ်၍ ပေးငြားအံ့။ နံ၊ ထိုယောကျ်ားကို။ နေဝ အဘိရာဓယေ၊ မနှစ်သက်စေနိုင်ရာသလျှင်ကတည်း။

ဖွတ်မသည် ဤသို့ဆို၍ ဤသူနိုးသော် ငါ့ကိုလည်း စားရာ၏ ဟု မိမိအသက်ကို စောင့်ရှောက်လို၍ ပြေး၏။

ကျားလာပြီ

ထိုခြင်္သေ့, ကျားတို့သည်လည်း ခါ၏ အဆွေ ခင်ပွန်း ဖြစ်ကုန်၏။ ရံခါ ခြင်္သေ့, ကျားတို့သည်လည်း လာ၍ ခါကို ဖူးမြင်ကုန်၏။ ရံခါ ခါသည် သွား၍ ခြင်္သေ့, ကျားတို့အား တရားဟော၍ လာ၏။ ထိုနေ့၌ကား ခြင်္သေ့သည် ကျားကို အဆွေ ခါပညာရှိကို မမြင်ရသည် ကြာမြင့်ပြီ၊ ယနေ့ ခုနစ်ရက် ရှစ်စ်ရက်ရှိပြီ၊ သွား၍ ခါပညာရှိ၏ အကြောင်းကိုသိ၍ လာလော့ ဟု ဆို၏။ ကျားသည် ကောင်းပြီဟု ဝန်ခံ၍ ဖွတ်မပြေးသော ကာလ၌ ထိုအရပ်သို့ရောက်၍ အိပ်ပျော်သော ထိုယောကျ်ားယုတ်ကို မြင်၍ ထိုယောက်ျာယုတ်၏ ဆံကျစ်ကား၌ ခါပညာရှိ၏ အမွှေးတို့သည် ထင်ကုန်၏။ နွားမ၏အရိုးတို့သည်လည်းကောင်း၊ နွားငယ်တို့၏ အရိုးတို့သည်လည်းကောင်း ထင်ကုန်၏။ ကျားမင်းသည်

ထိုအလုံးစုံကိုမြင်၍ ရွှေချိုင့်၌ ခါပညာရှိကို မမြင်၍ ဤယောက်ျားယုတ်သည် ဤသတ္တဝါတို့ကို သတ်ကုန်၏ ဟု ထိုယောကျ်ားယုတ်ကို ခြေဖြင့်ခတ်၍ ထစေ၏။ ရသေ့စဉ်းလဲသည်လည်း ကျားကိုမြင်၍ အလွန်ကြောက်၏။

ကျားက ခြင်္သေ့ထံခေါ်သွား

ထိုအခါ ရသေ့ပျက်ကို ကျားသည် ဟယ် ယောကျ်ားယုတ်... သင်သည် ထိုသတ္တဝါတို့ကို သတ်၍ စားသလော ဟု မေး၏။ အရှင်... အကျွန်ုပ် မစားရဟု ရသေ့ပျက်သည် ဆိုလေ၏။ ယုတ်မာသော အကျင့်ရှိသော ယောက်ျား... သင်မသတ်သည်ရှိသော် သင်မှတစ်ပါး အဘယ်သူသည်သတ်သနည်း၊ မှန်သည်ကို မပြောဆိုသည်ရှိသော် သင့်အား အသက်မရှိရာဟု ကျားသည်ဆို၏။ ရသေ့ပျက်သည် သေဘေးဖြင့် ကြောက်လန့်၍ အရှင်ဖွတ်မ၏သားတို့ကို လည်းကောင်း, နွားငယ်တို့ကိုလည်းကောင်း နွားမကို လည်းကောင်း သတ်၍ အကျွန်ုပ် စားပေ၏။ ခါကိုကားအကျွန်ုပ်မသတ် ဟု ဆို၏။ ကျားသည် များစွာဆိုငြားသော်လည်း ရသေ့ပျက်စကားကို မယုံကြည်၍ သင်သည် အဘယ်အရပ်မှ လာသနည်းဟု မေး၏။ ရသေ့ပျက်သည် ကလိင်္ဂတိုင်းမှ ကုန်သည်တို့၏ဥစ္စာကို ရွက်ဆောင်လျက် အသက်မွေးခြင်းဟူသော အကြောင်းကြောင့် ဤမည်သော အမှုကိုလည်းကောင်း၊ ဤမည်သောအမှုကို လည်းကောင်း ပြု၍ ယခုအခါ၌ ဤအရပ်သို့ရောက်၏ဟု ဆို၏။ ဤသို့ ထိုရသေ့ပျက်သည် မိမိသည် ပြုအပ်သော အလုံးစုံသောအမှုကို ဆိုသည်ရှိသော် ယုတ်မာသော အကျင့်ရှိသောယောက်ျား သင်သည် ခါကိုမသတ်သော် သင်မှတစ်ပါး အဘယ်သူသည် သတ်လတ္တံ့နည်း၊ လာလော့၊ ငါ့အဆွေ ခင်ပွန်း သားမင်းအထံသို့ သင့်ကိုဆောင်အံ့ ဟုဆို၍ ထိုရသေ့ပျက်ကို ရှေ့ထား၍ ခြိမ်းခြေက်လျက် လိုက်၏။

ဒီလူဘာကိစ္စ

ခြင်္သေ့မင်းသည် ရသေ့ပျက်ကိုဆောင်ခဲ့သော ကျားကို မေးလိုရကား-

၁၀၈။ ကိန္နု သုဗာဟု တရမာနရူပေါ၊
ပစ္စာဂတောသိ သဟ မာဏဝေန။
ကိံ ကိစ္စမတ္ထံ ဣဓမတ္ထိ တုယှံ၊
အက္ခာဟိ မေ ပုစ္ဆိတော ဧတမတ္ထံ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၁၀၈။ သုဗာဟု၊ ကောင်းသော ခေါင်းရှိသော အဆွေကျား။ တွံ၊ သင်သည်။ ကိံ၊ အဘယ့်ကြောင့်။ မာဏဝေန၊ လုလင်နှင့်။ သဟ၊ တကွ။ တရမာနရူပေါ၊ လျင်မြန်သော သဘော ရှိသည်ဖြစ်၍။ ပစ္စာဂတော၊ ပြန်လည်လာသည်။ အသိ နု၊ ဖြစ်သနည်း။ တုယှံ၊ သင်အား။ ဣဓ၊ ဤငါ၏ အထံ ၌။ ကိံ ကိစ္စမတ္ထံ၊ အဘယ်မည်သော အကျိုးရှိ၏ဟု သမုတ်အပ်သော ကိစ္စသည်။ အတ္ထိ၊ ရှိသနည်း။ ပုစ္ဆိတော၊ မေးအပ်သော။ တွံ၊ သင်သည်။ မေ၊ ငါ့အား။ ဧတေမတ္ထံ၊ ထိုအကြောင်းကို။ အက္ခာဟိ၊ ကြားလော့

ကျားသည် ထိုစကားကိုကြား၍-

၁၀၉။ ယော တေ သခါ ဒဒ္ဒရော သာဓုရူပေါ၊
တဿ ဝဓံ ပရိသင်္ကာမိ အဇ္ဇ။
ပုရိသဿ ကမ္မာယတနာနိ သုတွာ၊
နာဟံ သုခိံ ဒဒ္ဒရံ အဇ္ဇ မညေ။

ဟူသော ငါးခုမြောက်သော ဤဂါထာကိုဆို၏။

ခါကိုသတ်သူထင်

၁၀၉။ မိဂရာဇ၊ သားမင်း။ တေ၊ သင်၏။ သခါ၊ အဆွေခင်ပွန်းဖြစ်သော။ သာဓုရူပေါ၊ ကောင်းသော သဘောရှိသော။ ဒဒ္ဒရော၊ အကြင်ခါသည်။ အတ္ထိ၊ ရှိ၏။ အဟံ၊ ငါသည်။ ပုရိသဿ၊ ယောက်ျား၏။ ကမ္မာယတနာနိ၊ အသက်မွေးခြင်းဖြစ်ကုန်သော အမှုတို့ကို။ သုတွာ၊ ကြားရ၍။ အဇ္ဇ၊ ယနေ့။ တဿ၊ ထိုခါ၏။ ဣမမှာ ပုရိသာ၊ ဤယောက်ျားကြောင့်။ ဝဓံ၊ သေခြင်းကို။ ပရိသင်္ကာမိ၊ တွေးတော၏။ အဟံ၊ ငါသည်။ အဇ္ဇ၊ ယနေ့။ ဒဒ္ဒရံ၊ ခါကို။ သုခိံ၊ ချမ်းသာ၏ဟူ၍။ န မညေ၊ မအောက်မေ့။

ဘာ့ကြောင့် ထင်သနည်း

ထိုအခါ ကျားမင်းကို ခြင်္သေ့သည် -

၁၁၀။ ကာနိဿ ကမ္မာယတနာနိ အဿု၊
ပုရိသဿ ဝုတ္တိ သမောဓာနတာယ။
ကံ ဝါ ပဋိညံ ပုရိသဿ သုတွာ၊
ပရိသင်္ကာသိ ဒဒ္ဒရံ မာဏဝေန။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၀။ သုဗာဟု၊ ကောင်းသော မောင်းရှိသော အဆွေကျား။ အဿ ပုရိသဿ၊ ထိုယောကျ်ား၏။ ကာနိ ကမ္မာယတနာနိ၊ အဘယ်မည်ကုန်သော အသက်မွေးကြောင်း အမှုတို့ကို။ တွံ၊ သင်သည်။ အဿု- အဿောသိ၊ ကြားသနည်း။ ဝုတ္တိသမောဓာနတာယ၊ အသက်မွေးခြင်း အပေါင်း၏ အဖြစ်ဖြင့်။ ပုရိသဿ၊ ယောကျ်ား၏။ ကံ ဝါ ပဋိညံ၊ အဘယ်မည်သော ဝန်ခံခြင်းကိုမူလည်း။ သုတွာ၊ ကြား၍။ မာဏဝေန၊ လုလင်ကြောင့်။ ဒဒ္ဒရံ၊ ခါကို။ ဝဓံ၊ သေ၏ဟူ၍။ ပရိသင်္ကာသိ၊ တွေးတောသနည်း။

သူ့ အမူအကျင့်အရ

ထိုအခါ ခြင်္သေ့မင်းအား ကျားမင်းသည် ဆိုလို၍-

၁၁၁။ စိဏ္ဏာ ကလိင်္ဂါ စရိတာ ဝဏိဇ္ဇာ၊
ဝေတ္တာစရော သင်္ကုပထောပိ စိဏ္ဏော။
နဋေဟိ စိဏ္ဏံ သဟ ဝါကုရေဟိ၊
ဒဏ္ဍေန ယုဒ္ဓမ္ပိ သမဇ္ဇမဇ္ဈေ။
၁၁၂။ ဗဒ္ဓါ ကုလိကာ မိတမာဠကေန၊
အက္ခာ ဇိတာ သံယမော အဗ္ဘတီတော။
အဗ္ဘာဟိတံ ပုဗ္ဗကံ အဍ္ဎရတ္တံ။
ဟတ္ထာ ဒဍ္ဎာ ပိဏ္ဍပဋိဂ္ဂဟေန။
၁၁၃။ တာနိဿ ကမ္မာယတနာနိ အဿု၊
ပုရိသဿ ဝုတ္တိသမောဓာနတာယ။
ယထာ အယံ ဒိဿတိ လောမပိဏ္ဍော၊
ဂါဝေါ ဟတာ ကိံ ပန ဒဒ္ဒရဿ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၁၁။ မိဂရာဇ၊ သားမင်း။ တေန၊ ထိုယောကျ်ားသည်။ ကလိင်္ဂါ၊ ကလိင်္ဂတိုင်းမှ။ စိဏ္ဏာ၊ ကုန် သည်တို့၏ ဘဏ္ဍာကို ရွက်ဆောင်သဖြင့်။ ဝဏိဇ္ဇာ-ဝဏိဇ္ဇာနိပိ၊ ကုန်သွယ်ခြင်းတို့ကိုလည်း။ စရိတာ၊ ပြုအပ်ကုန်၏။ ဝေတ္တာစရော၊ ကြိမ်နွယ်တို့ဖြင့် လှည့်လည်အပ်၏။ သင်္ကုပထော၊ သစ်ငုတ် ငြောင့်ရှိသော ခရီးကို။ စိဏ္ဏော၊ သုံးဆောင်အပ်၏။ နဋေဟိ၊ ကချေသည်တို့နှင့်။ သဟ၊ တကွ။ စိဏ္ဏံ၊ လေ့ကျက်ဖူး၏။ ဝါကုရေဟိပိ၊ မုဆိုး တံငါတို့နှင့်လည်း။ သဟ၊ တကွ။ စိဏ္ဏံ၊ လေ့ကျက်ဖူး၏။ သမဇ္ဇမဇ္ဈေ၊ အထူးထူးသော ပွဲသဘင်၏ အလယ်၌။ ဒဏ္ဍေန၊ ဆောက်ပုတ်ဖြင့်။ ယုဒ္ဓံ၊ ထိုးအပ်၏။

၁၁၂။ ကုလိကာ၊ ငှက်တို့ကို။ တေန၊ ထိုယောကျ်သည်။ ဗဒ္ဓါ၊ နှောင်ဖွဲ့အပ်ကုန်၏။ မိတမာဠကေန၊ စပါးခြင်ခြင်း အမှုကို ပြုခြင်းနှင့်။ သဟ၊ တကွ။ အက္ခာ၊ ကြွေအန်တို့ကို။ ဇိတာ၊ သိမ်းထားအပ်ကုန်၏။ သံယမော၊ သီလ စောင့်ရှောက်ခြင်းကို။ အဗ္ဘတီတော၊ လွန်ကျူး၏။ အဗ္ဗာဟိတံ၊ မင်းပြစ်သင့်ကုန်သော သူတို့၏ လက်ခြေတို့ကိုဖြတ်၍ ထိုသူတို့ကို ဆောင်၍ ဇရပ်၌ အိပ်စေ၍ အနာဝတို့မှ ယိုစီးသော။ ပုဗ္ဗကံ၊ သွေးကို။ အဍ္ဎရတ္တံ၊ သန်းခေါင်ယံအခါ၌ ထိုအရပ်သို့သွား၍ အခစားပြု၍ ထားအပ်၏။ ပိဏ္ဍပဋိဂ္ဂဟေန၊ ဆွမ်းပူကို ခံသဖြင့်။ ဟတ္ထာ၊ လက်တို့ကို။ ဒဍ္ဎာ၊ အပူသည် လောင်ဖူးလှလေပြီ။

၁၁၃။ အဿ ပုရိသဿ၊ ထိုယောက်ျား၏။ ဝုတ္တိသမောဓာနတာယ၊ အသက်မွေးခြင်းကို ပေါင်းသည်၏ အဖြစ်ဖြင့်။ တာနိ ကမ္မာယတနာနိ၊ ထိုအသက်မွေးကြောင်းအမှုတို့ကို။ အဿု၊ ကြားရ၏။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ ဧတဿ၊ ထိုယောကျိုးယုတ်၏။ ဇဋန္တရေ၊ ဆံကျစ်ကြား၌။ အယံ လောမပိဏ္ဍော၊ ဤခါ၏ အမွေးစုသည်။ ဒိဿတိ၊ ထင်၏။ တထာ၊ ထိုသို့သော အခြင်းအရာအားဖြင့်။ ဧတံ၊ ဤယောကျ်ားယုတ်သည်သာလျှင် ထိုခါကို သတ်ခြင်းဟူသောအကြောင်းကို။ ဝေဒိတဗ္ဗံ၊ သိအပ်၏။ ဣမိနာ၊ ဤယောက်ျားယုတ်သည်။ ဂါဝေါ၊ နွားတို့ကို။ ဟတာ၊ သတ်အပ်ကုန်လျက်။ ဒဒ္ဒရဿ၊ ခါကို။ န ဟနိတဗ္ဗံ၊ မသတ်သော အဖြစ်သည်။ ကိံ ပန အတ္ထိ၊ အဘယ်မှာ ရှိအံ့နည်း။

ခြင်္သေ့မေး၍ အဖြေပေါ်

အဘယ်ကြောင့် ခါကို မသတ်လတ္တံ့နည်း ဟု ကျားမင်းသည် ဆို၏။ ခြင်္သေ့မင်းသည် ထိုယောက်ျားကို အို-ယောက်ျား... သင်သည် ခါပညာရှိကို သတ်သလော ဟု မေး၏။ အရှင်သတ်ပေ၏ဟု ဆို၏။ ထိုအခါ ထိုရသေ့ပျက်၏ မှန်သောစကားကိုကြား၍ ခြင်္သေ့မင်းသည် ထိုယောင်္ကျားကို လွှတ်လို၏။

ရသေ့ယုတ် သေရပြီ

ကျားမင်းသည် ဤသူကို သတ်အပ်၏ဟု ဆို၍ ထိုအရပ်၌လျှင် ထိုရသေ့ပျက်ကို အစွယ်တို့ဖြင့် ကိုက်ဖြတ် သတ်ပြီးလျှင် တွင်းတူး၍ မြှုပ်၏။ လုလင်တို့သည် လာလတ်၍ ခါပညာရှိကို မမြင်၍ ငိုကြွေး၍ ပြန်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ဤသို့ ဒေဝဒတ်သည် ရှေး၌ ငါ့အား သတ်ခြင်းငှာ လုံ့လပြု၏ ဟု မိန့်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ စဉ်းလဲသော ရသေ့ဖြစ်ပြီ၊ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ ဖွတ်မဖြစ်ပြီ၊ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ ကျားဖြစ်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ခြင်္သေ့ ဖြစ်ပြီး၊ ယခုအခါ ကဿပသည် ထိုအခါ ဒိသာပါမောက္ခဆရာ ဖြစ်ပြီး၊ ယခုအခါ ငါဘုရားသည် ထိုအခါ ခါပညာရှိဖြစ်ပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကျင့်စဉ်ယုတ်မာ၊ ရှိသူမှာ၊ ကြုံလာဘေးရန်တည်း

တစ်ဆယ့်နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော တိတ္တိရဇာတ်သည် ပြီး၏။

*****

မာတိကာ
ဧကကနိပါတ် ၁။ အပဏ္ဏကဇာတ်, လှည်းကုန်သည်နှစ်ဦး ၂။ ဝဏ္ဏုပထဇာတ်, ဝီရိယအကျိုး ၃။ သေရိဝဝါဏိဇဇာတ်, ရွဲကုန်သည် ၄။ စူဠသေဋ္ဌိဇာတ်, ကြွက်သေတစ်ခု အရင်းပြု၍ ၅။ တဏ္ဍုလနာဠိဇာတ်, မင်းနဲ့ ရာဖြတ်အမတ် ၆။ ဒေဝဓမ္မဇာတ်, ဒေဝဓမ္မတရားနှစ်ပါး ၇။ ကဋ္ဌဟာရိဇာတ်, ရင်သွေးမှန်က မစွန့်ရ ၈။ ဂါမဏိဇာတ်, ပညာရှိထံ နည်းနာခံ ၉။ မဃဒေဝဇာတ်, နိက္ခမပါရမီ ၁၀။ သုခဝိဟာရိဇာတ်, ချမ်းသာသုခ အစစ် ၁၁။ လက္ခဏမိဂဇာတ်, သမင်နှစ်ကောင် ၁၂။ နိဂြောဓမိဂဇာတ်, သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ ၁၃။ ကဏ္ဍိဇာတ်, အချစ်အတွက် အသက်ပင်သေသေ ၁၄။ ဝါတမိဂဇာတ်, ရသတဏှာ ၁၅။ ခရာဒိယဇာတ်, အဆုံးအမစကား မလိုက်နာရင် ၁၆။ တိပလ္လတ္ထမိဂဇာတ်, အရှင်ရာဟုလာ ၁၇။ မာလုတဇာတ်, ခြင်္သေ့နှင့်ကျား ၁၈။ မတကဘတ္တဇာတ်, ဆိတ်၏ရယ်ခြင်းနဲ့ငိုခြင်း ၁၉။ အာယာစိတဘတ္တဇာတ်, မကောင်းမှုရှောင် ကောင်းမှုဆောင် ၂၀။ နဠပါနဇာတ်, ပါရမီသစ္စာ ၂၁။ ကုရုင်္ဂမိဂဇာတ်, အရှင်ဒေဝဒတ် ဘုရားကို လုပ်ကြံရန် ၂၂။ ကုက္ကုရဇာတ်, ဆွေမျိုးအကျိုး ဉာတတ္ထစရိယာ ၂၃။ ဘောဇာဇာနီယဇာတ်, အာဇာနည်သိန္ဓောမြင်းရဲ့ဝီရိယ ၂၄။ အာဇညဇာတ်, အာဇာနည်သိန္ဓောမြင်းရဲ့ဝီရိယ ၂၅။ တိတ္ထဇာတ်, အရှင်သာရိပုတ္တရာ ကမ္မဋ္ဌာန်းပေးမှားပုံ ၂၆။ မဟိဠာမုခဇာတ်, ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲခြင်း ၂၇။ အဘိဏှဇာတ်, ချစ်သူမတွေ့ ရင်မှာဆွေ့ ၂၈။ နန္ဒိဝိသာလဇာတ်, စကားကြမ်းကို တိရစ္ဆာန်ပင် မကြိုက် ၂၉။ ကဏှဇာတ်, မွေးကျေးဇူးသိသော နွားအလိမ္မာ ၃၀။ မုနိကဇာတ်, မိန်းမဖျက်၍ ရဟန်းပျက် ၃၁။ ကုလာဝကဇာတ်, ဦးမာဃတို့အကြောင်း ၃၂။ နစ္စဇာတ်, အရှက်မရှိ အမြီးထောင်၍ ကသော ဟင်္သာ ၃၃။ သမ္မောဒမာနဇာတ်, အချင်းချင်းမညီညွတ်ရခြင်းရဲ့ရလဒ် ၃၄။ မစ္ဆဇာတ်, မိန်းမနိုင်ငံ ၃၅။ ဝဋ္ဋကဇာတ်, သစ္စာအစွမ်း ၃၆။ သကုဏဇာတ်, ပတိရူပဒေသဝါသောကို သိအောင် လုပ်ပါ ၃၇။ တိတ္တိရဇာတ်, မိတ်ဆွေသုံးဦး ၃၈။ ဗကဇာတ်, ဗျိုင်းမာယာ ၃၉။ နန္ဒဇာတ်, စိတ်ဓာတ်မိုးတိမ်ပမာ ၄၀။ ခဒိရင်္ဂါရဇာတ်, သဒ္ဓါဝင်းလက် မာနတ်ဖျက်ခဲ့သော်လည်း ၄၁။ လောသကဇာတ်, မစ္ဆရိယအကျိုး ၄၂။ ကပေါတဇာတ်, လောဘရမ္မက် ငမ်းငမ်းတက်ပါက ၄၃။ ဝေဠုကဇာတ်, အဆုံးအမခက်သူရဲ့ နိဂုံး ၄၄။ မကသဇာတ်, ဖခင်ဦးခေါင်းမှ မှက်ကို ပုဆိန်ဖြင့် ခုတ် ၄၅။ ရောဟိဏိဇာတ်, အမေ၌နားတဲ့ယင်ကို ကျဥ်ပွေ့ဖြင့် ရိုက် ၄၆။ အာရာမဒူသကဇာတ်, အပင်ကို နုတ်၍ အမြစ်ကိုသာ ရေလောင်း ၄၇။ ဝါရုဏိဒူသကဇာတ်, အရက်ကို ဆားခပ်ရောင်းသူ ၄၈။ ဝေဒဗ္ဗဇာတ်, စကားကို မနာလိုက်ဘဲ ရတနာမိုးရွာစေသူ ၄၉။ နက္ခတ္တဇာတ်, ဗေဒင်နက္ခတ်​ကြောင့် ၅၀။ ဒုမ္မေဓဇာတ်, လောကအကျိုး လောကတ္ထစရိယာ ၅၁။ မဟာသီလဝဇာတ်, ဝီရိယအကျိုး ၅၂။ စူဠဇနကဇာတ်, ဝီရိယဝတော ကိံ နာမ ကိစ္စံ န သိဇ္ဈတိ ၅၃။ ပုဏ္ဏပါတိဇာတ်, ပညာရှိကို လှည့်ပတ်ဆိုသော်လည်း ၅၄။ ကိံဖလဇာတ်, အပေါင်းချမ်းသာ ၅၅။ ပဉ္စာဝုဓဇာတ်, ပဉ္စာဝုဓမင်းသား ၅၆။ ကဉ္စနက္ခန္ဓဇာတ်, စိတ်ဖြာဝေခွဲ ဉာဏ်နှင့်တွဲ ၅၇။ ဝါနရိန္ဒဇာတ်, မြတ်စွာဘုရားအားသတ်ရန် ဒေဝဒတ်ကြံ ၅၈။ တယောဓမ္မဇာတ်, ဘုရားအားသတ်ရန် ဒေဝဒတ်အားထုတ် ၅၉။ ဘေရိဝါဒကဇာတ်, ဖခင်စကားနားမထောင်၍ ၆၀။ သင်္ခဓမဇာတ်, သားစကားကို ဖခင်နားမထောင်၍ ၆၁။ အသာတမန္တဇာတ်, အသာတမန္တရား ၆၂။ အဏ္ဍဘူတဇာတ်, မိန်းမဟူဘိ ထိုဣတ္ထိက မွေးသည်စလျက် အထိန်းခက်၏ ၆၃။ တက္ကပဏ္ဍိတဇာတ်, မိန်းမတို့စရိုက် ၆၄။ ဒုရာဇာနဇာတ်, မိန်းမကျမ်းယောင်္ကျားများ မကျေ ၆၅။ အနဘိရတိဇာတ်, မယားကြမ်း ၆၆။ မုဒုလက္ခဏဇာတ်, စျာန်လျှောသော ရသေ့ ၆၇။ ဥစ္ဆင်္ဂဇာတ်, ပညာရှိ မိန်းမ ၆၈။ သာကေတဇာတ်, မြတ်ဘုရား၏မိဟောင်းဖဟောင်း ၆၉။ ဝိသဝန္တဇာတ်, အဓိဋ္ဌာန်သည့်အတိုင်း ၇၀။ ကုဒ္ဒါလဇာတ်, ဇိတံ မေ ရသေ့ ၇၁။ ဝရုဏဇာတ်, အပျင်းကြောင့် ၇၂။ သီလဝနာဂရာဇဇာတ်, ကျေးဇူးမသိသူရဲ့ရလဒ် ၇၃။ သစ္စံကိရဇာတ်, ကျေးဇူးရှင်ကို ပြစ်မှား၍ ၇၄။ ရုက္ခဓမ္မဇာတ်, စည်းလုံးညီညွတ်ခြင်းရဲ့အကျိုး ၇၅။ မစ္ဆရာဇဇာတ်, သစ္စာတန်ခိုး ၇၆။ အသင်္ဂိယဇာတ်, မိမိကိုယ်ကိုယ်စောင့်ရှောက်က သူတပါးကို ၇၇။ မဟာသုပိနဇာတ်, ကောသလမင်းအိပ်မက်()ချက် ၇၈။ ဣလ္လိသဇာတ်, မစ္ဆရိယသူဌေး ၇၉။ ခရဿရဇာတ်, ဓားပြနှင့်ပေါင်းသော အာဏာပိုင် အမတ် ၈၀။ ဘီမသေနဇာတ်, ဘဝင်လေဟပ် စိတ်ကြီးဝင်သူ ၈၁။ သုရာပါနဇာတ်, လူကိုဖျက်တော့ အရက် ၈၂။ မိတ္တဝိန္ဒကဇာတ်, ဆိုဆုံးမခက်သူ ၈၃။ ကာဠကဏ္ဏိဇာတ်, နာမည်က အဆိုးအကောင်းကို မပြုနိုင် ၈၄။ အတ္ထဿဒွါရဇာတ်, အာရောဂျမိစ္ဆေ ပရမဉ္စ လာဘံ ၈၅။ ကိံပက္ကဇာတ်, အဆိပ်သီး ၈၆။ သီလဝီမံသကဇာတ်, မိမိကိုယ်ကျင့်သီလကို စုံစမ်းပါ ၈၇။ မင်္ဂလဇာတ်, လောကီမင်္ဂလာကြောင့် ၈၈။ သာရမ္ဘဇာတ်, ဆဲရေးတိုင်းထွာ ရှောင်ကြဥ်ပါ ၈၉။ ကုဟကဇာတ်, သီလယောင် ၉၀။ အကတညုဇာတ်, ကျေးဇူးကန်း ၉၁။ လိတ္တဇာတ်, မဆင်မခြင်ပြုမိရင် ၉၂။ မဟာသာရဇာတ်, ဥပါယ်တံမျဥ် ၉၃။ ဝိဿာသသဘောဇနဇာတ်, ချစ်ကျွမ်းဝင်သော်လည်း ၉၄။ လောမဟံသဇာတ်, ကျေးဇူးမဲ့ ကဲ့ရဲ့သော သုနက္ခတ် ၉၅။ မဟာသုဒဿနဇာတ်, မဟာသုဒဿနစကြာမင်းကြီး ၉၆။ တေလပတ္တဇာတ်, ကာမဂုဏ်ဒဏ် သူလက်မခံ ၉၇။ နာမသိဒ္ဓိဇာတ်, နာမည် အမည်သည် အမည်မျှသာ ၉၈။ ကူဋဝါဏိဇဇာတ်, ရုက္ခစိုးအတု ၉၉။ ပရောသဟဿဇာတ်, နတ္ထိ ကိဉ္စိ ၁၀၀။ အသာတရူပဇာတ်, အရှင်သီဝလိအကြောင်း ၁၀၁။ ပရောသတဇာတ်, အရှင်သာရိပုတ္တရာ၏ဂုဏ်အကြောင်း ၁၀၂။ ပဏ္ဏိကဇာတ်, သမီး၏ သီလအကျင့်ကို စမ်းသပ်ခြင်း ၁၀၃။ ဝေရိဇာတ်, ပြေးနိုင်မှ လွတ်မည် ၁၀၄။ မိတ္တဝိန္ဒကဇာတ်, ငရဲခံရသူအမေး ၁၀၅။ ဒုဗ္ဗလကဋ္ဌဇာတ်, အကြောက်လွန်ရောဂါ ၁၀၆။ ဥဒဉ္စနီဇာတ်, မိန်းမဖျက်၍ ပျက်သော ရသေ့ ၁၀၇။ သာလိတ္တကဇာတ်, စကားများသူပါးစပ်တွင် ဆိတ်ချေးဝင် ၁၀၈။ ဗာဟိယဇာတ်, ဝလွန်းသူ မိဖုရား ၁၀၉။ ကုဏ္ဍကပူဝဇာတ်, မုန့်လှူရကျိုး ၁၁၀။ သဗ္ဗသံဟာရကပဉှဇာတ်, ပညာပါရမီ ၁၁၁။ ဂဒြဘပဉှဇာတ်, မြည်းပြဿနာ ၁၁၂။ အမရာဒေဝီပဉှဇာတ်, အမရာဒေဝီနှင့် မဟောသဓာ ၁၁၃။ သိင်္ဂါလဇာတ်, မြေခွေးအလိမ်ခံရသော ပုဏ္ဏား ၁၁၄။ မိတစိန္တီဇာတ်, ငပျင်းငါးများ ၁၁၅။ အနုသာသိကဇာတ်, ကိုယ်တိုင်မကျင့်ဘဲ ဆရာကြီးလုပ်သူ ၁၁၆။ ဒုဗ္ဗစဇာတ်, လှံစူးသေရသော လှံခုန်ဆရာ ၁၁၇။ တိတ္တိရဇာတ်, အသံကြောင့် ဖားသေ ၁၁၈။ ဝဋ္ဋဇာတ်, ဥပါယ်တံမျဥ် ၁၁၉။ အကာလရာဝိဇာတ်, အခါမဟုတ်ဘဲ တွန်မိတဲ့ ကြက်ဖကြီးဘဝ ၁၂၀။ ဗန္ဓနမောက္ခဇာတ်, စိဉ္စမာဏဝိကာ ၁၂၁။ ကုသနာဠှိဇာတ်, လူတန်းစားမခွဲခြားဘဲ လူကိုလူလိုပဲမြင် ၁၂၂။ ဒုမ္မေဓဇာတ်, မနာလိုဣဿာ ၁၂၃။ နင်္ဂလီသဇာတ်, ဆင်ခြင်တုံတရားမရှိတဲ့ လာဠုဒါယီ ၁၂၄။ အမ္ဗဇာတ်, အပေါင်းချမ်းသာ ၁၂၅။ ကဋာဟကဇာတ်, သူများကဲ့ရဲ့သူ ၁၂၆။ အသိလက္ခဏဇာတ်, လာဘ်စားသော ပုဏ္ဏား ၁၂၇။ ကလဏ္ဍုကဇာတ်, ကိုယ့်ပမာဏ ကိုယ်သိပါ ၁၂၈။ ဗိဠာရဝတဇာတ်, အပြောကောင်းသူ သတိထား ၁၂၉။ အဂ္ဂိကဘာရဒွါဇဇာတ်, အလိမ်အညာ ခဏသာ ၁၃၀။ ကောသိယဇာတ်, လင်ငယ်ထားသူ မာယာ ၁၃၁။ အသမ္ပဒါနဇာတ်, ကျေးဇူးကန်းသူ ၁၃၂။ ဘီရုကဇာတ်, မာနတ်၏သမီးတော်များမာယာ ၁၃၃။ ဃတာသနဇာတ်, ပတိရူပဒေသဝါသောကို သိပါ ၁၃၄။ စျာနသောဓနဇာတ်, နေဝသညီ နာသညီစကားအဖြေမှန် ၁၃၅။ စန္ဒာဘဇာတ်, စန္ဒာဘံ သူရိယာဘံ စကားအဖြေမှန် ၁၃၆။ သုဝဏ္ဏဟံသဇာတ်, အလိုကြီးက အရနည်း ၁၃၇။ ဗဗ္ဗုဇာတ်, အတိုင်းအတာပမာဏ သိပါ ၁၃၈။ ဂေါဓာဇာတ်, အတွင်းကောက် သတိထား ၁၃၉။ ဥဘတောဘဋ္ဌဇာတ်, မိအေးနှစ်ခါနာ ၁၄၀။ ကာကဇာတ်, ဆွေးမျိုးအကျိုး ဉာတတ္ထစရိယာ ၁၄၁။ ဂေါဓာဇာတ်, အဖေကို ကျော်၍ ပထွေးအဖေထင် ၁၄၂။ သိင်္ဂါလဇာတ်, ဒေဝဒတ်ဘုရား သတ်ရန် လုံ့လပြုခြင်း ၁၄၃။ ဝိရောစဇာတ်, ဘုရားတုလုပ်၍ သံဃာသင်းခွဲသော ၁၄၄။ နင်္ဂုဋ္ဌဇာတ်, မိစ္ဆာအကျင့် အကျိုးရှိ ,မရှိ ၁၄၅။ ရာဓဇာတ်, မိန်းမဟူဘိ ထိုဣတ္ထိကား ၁၄၆။ သမုဒ္ဒကာကဇာတ်, အရာမဟုတ် လုံ့လထုတ်သော ကျီးများ ၁၄၇။ ပုပ္ဖရတ္တဇာတ်, မိန်းမအလိုလိုက် အကြိုက်ဆောင် ၁၄၈။ သိင်္ဂါလဇာတ်, ဆင်သေဗိုက်ထဲ ဝင်သော မြေခွေး ၁၄၉။ ဧကပဏ္ဏဇာတ်, ဒေါသအမျက်ကြီးသူအား ၁၅၀။ သဉ္ဇီဝဇာတ်, လူပေါင်းမှားရင် ဒုကနိပါတ် ၁၅၁။ ရာဇောဝါဒဇာတ်, မင်းနှစ်ပါးဝါဒပြိုင်ပွဲ ၁၅၂။ သိင်္ဂါလဇာတ်, ခွေးနဲ့ခြင်္သေ့ ၁၅၃။ သူကရဇာတ်, ဝက်နဲ့ ခြင်္သေ့ ၁၅၄။ ဥရဂဇာတ်, နဂါးနဲ့ ဂဠုန် ၁၅၅။ ဘဂ္ဂဇာတ်, ဘုရားလောင်းသားဖနဲ့ ဘီလူး ၁၅၆။ အလီနစိတ္တဇာတ်, ကျေးဇူးပြန်ဆပ်သော ဆင် ၁၅၇။ ဂုဏဇာတ်, အရှင်အာနန္ဒာပုဆိုးတစ်ထောင်ရခြင်း ၁၅၈။ သုဟနုဇာတ်, မြင်းစဥ်းလဲ နှစ်ကောင် ၁၅၉။ မောရဇာတ်, ဒေါင်းမင်းပရိတ် ၁၆၀။ ဝိနီလကဇာတ်, ဒေဝဒတ်ဘုရားအတုပြု ၁၆၁။ ဣန္ဒသမာနဂေါတ္တဇာတ်, ဆုံးမခက်သော ရသေ့နဲ့ ဆင် ၁၆၂။ သန္ထဝဇာတ်, ရသေ့နဲ့ မီး ၁၆၃။ သုသီမဇာတ်, လူအများဆန္ဒအတိုင်းသာ ၁၆၄။ ဂိဇ္ဈဇာတ်, မိဘကို လုပ်ကျွေးသော လင်းတငှက် ၁၆၅။ နကုလဇာတ်, မြွေ နဲ့ မြွေပါတို့ ရန်ပွဲ ၁၆၆။ ဥပသာဠကဇာတ်, မသာမြေကြီး ၁၆၇။ သမိဒ္ဓိဇာတ်, ရသေ့နဲ့ နတ်သမီး ၁၆၈။ သကုဏဂ္ဃိဇာတ်, ဗီလုံးငှက်ငယ်နဲ့ သိန်းငှက် ၁၆၉။ အရကဇာတ်, မေတ္တာ၏အကျိုးများ ၁၇၀။ ကကဏ္ဋကဇာတ်, နာယံ ပုရေ ဥဏ္ဏမတိ ၁၇၁။ ကလျာဏဓမ္မဇာတ်, နိမိတ်ကောင်းက ကောင်းကျိုးရ ၁၇၂။ ဒဒ္ဒရဇာတ်, ခြ​င်္သေ့ကို တုပသော မြေခွေး ၁၇၃။ မက္ကဋဇာတ်, ရသေ့ကို တုပသော မျောက် ၁၇၄။ ဒုဗ္ဘိယမက္ကဋဇာတ်, ကျေးဇူးကန်းသော ပုဏ္ဏား ၁၇၅။ အာဒိစ္စုပဋ္ဌာနဇာတ်, ရသေ့ကို တုပသော မျောက် ၁၇၆။ ကဠာယမုဋ္ဌိဇာတ်, အနည်းငယ်မက် အများပျက် ၁၇၇။ တိန္ဒုကဇာတ်, ပညာပါရမီတော် ၁၇၈။ ကစ္ဆပဇာတ်, အန္တရာယ်များတဲ့နေရာ မနေသင့်ပါ ၁၇၉။ သတဓမ္မဇာတ်, အနေသနအပြား နှစ်ဆယ့်တစ်ပါး ၁၈၀။ ဒုဒ္ဒဒဇာတ်, စုပေါင်းဒါန ၁၈၁။ အသဒိသဇာတ်, လေးဝိဇ္ဇာမင်းသား ၁၈၂။ သင်္ဂါမာဝစရဇာတ်, ညီတော်မင်းနန်ချွတ်ခန်း ၁၈၃။ ဝါလောဒကဇာတ်, သူတောင်းစား ငါးရာ ၁၈၄။ ဂိရိဒတ္တဇာတ်, အတုမြင် အတတ်သင် ၁၈၅။ အနဘိရတိဇာတ်, ပုဏ္ဏား၏ဗေဒင်ပညာ ၁၈၆။ ဒဓိဝါဟနဇာတ်, တမာခွေးတောက် ရောယှက်ရောက် ၁၈၇။ စတုမဋ္ဌဇာတ်, အဂ္ဂသာဝကနှစ်ပါးကို မုန်းသူ ၁၈၈။ သီဟကောတ္ထုဇာတ်, ခွေး​ခြင်္သေ့ ၁၈၉။ သီဟစမ္မဇာတ်, ခြင်္သေ့အရေခြုံသော မြည်း ၁၉၀။ သီလာနိသံသဇာတ်, သဒ္ဓါတရားကောင်းသူ ၁၉၁။ ရုဟကဇာတ်, လင်ကို အရှက်ခွဲသော မယား ၁၉၂။ သိရိကာဠကဏ္ဏိဇာတ်, ဣတ္ထီ သိရိယာ ရူပဝတီ ၁၉၃။ စူဠပဒုမဇာတ်, မိန်းမဟူဘိ ကျေးဇူးရှိလည်း ၁၉၄။ မဏိစောရဇာတ်, သူတော်ကောင်းမှ နတ်ကောင်းမ ၁၉၅။ ပဗ္ဗတူပတ္ထရဇာတ်, ကျေးဇူးရှိဖူးသည်ကို ထောက်ထား၍ ၁၉၆။ ဝလာဟကဇာတ်, ဘီလူးမ မြို့ရောက်ကုန်သည်များ ၁၉၇။ မိတ္တာမိတ္တဇာတ်, မိတ်ဆွေနဲ့ ရန်သူ ၁၉၈။ ရာဓဇာတ်, ကျေးသားညီနောင် ၁၉၉။ ဂဟပတိဇာတ်, ယုတ်မာသော မိန်းမ ၂၀၀။ သာဓုသီလဇာတ်, သမီးအတွက် လင်ရွေးပေးတဲ့ဖခင် ၂၀၁။ ဗန္ဓနာဂါရဇာတ်, ထောင် ၂၀၂။ ကေဠိသီလဇာတ်, ကစားသန်သော မင်း ၂၀၃။ ခန္ဓဇာတ်, ခန္ဓပရိတ် ၂၀၄။ ဝီရကဇာတ်, တင်ကျီးနဲ့ ကျီးကန်း ၂၀၅။ ဂင်္ဂေယျဇာတ်, အလှချင်းပြိုင် ဘယ်သူနိုင် ၂၀၆။ ကုရုင်္ဂမိဂဇာတ်, မိတ်ဆွေသုံးဦး ၂၀၇။ အဿကဇာတ်, အချစ်စစ် အချစ်မှန် တကယ်ရှိလား ၂၀၈။ သုသုမာရဇာတ်, မျောက်နဲ့ မိကျောင်း ၂၀၉။ ကုက္ကုဋဇာတ်, ရှောင်လျင်သိုင်းတတ်သော ကြက် ၂၁၀။ ကန္ဒဂလကဇာတ်, သစ်တောက်ငှက်နှင့် အဆွေခင်ပွန်း ၂၁၁။ သောမဒတ္တဇာတ်, အရှက်အကြောက်ကြီးသူ ၂၁၂။ ဥစ္ဆိဋ္ဌဘတ္တဇာတ်, စားကြွင်းစား ပုဏ္ဏား ၂၁၃။ ဘရုဇာတ်, လာဘ်စားသော အစိုးရမင်း ၂၁၄။ ပုဏ္ဏနဒီဇာတ်, မြတ်ဘုရား၏ပညာပါရမီ ၂၁၅။ ကစ္ဆပဇာတ်, ကိုယ့်စကား ကိုယ့်ပြန်သတ် ၂၁၆။ မစ္ဆဇာတ်, သောကမီး ၂၁၇။ သေဂ္ဂုဇာတ်, သီလရှိတဲ့ အမျိုးသမီး ၂၁၈။ ကူဋဝါဏိဇဇာတ်, သံကိုကြွက်စား သားကို စွန်ချီ ၂၁၉။ ဂရဟိတဇာတ်, ငါ့အိမ် ငါ့ယာ ငါ့ဥစ္စာ ၂၂၀။ ဓမ္မဓဇဇာတ်, သူများမကောင်းကြံ ကိုယ့်ဘေးရန် ၂၂၁။ ကာသာဝဇာတ်, သင်္ကန်းခြုံထားတဲ့ မုဆိုး ၂၂၂။ စူဠနန္ဒိယဇာတ်, ကရုဏာမဲ့နှလုံးသား ၂၂၃။ ပုဋဘတ္တဇာတ်, ကိုယ်ချစ်ကို မရှာနဲ့ သူချစ်ကို ရှာ ၂၂၄။ ကုမ္ဘီလဇာတ်, ရန်သူကို ဘယ်လို အနိုင်ယူမလဲ ၂၂၅။ ခန္တိဝဏ္ဏဇာတ်, ကျေးဇူးရှိဖူးတဲ့မျက်နှာထောက်၍ ၂၂၆။ ကောသိယဇာတ်, အပြင်သို့ သွားသင့် မသွားသင့် ၂၂၇။ ဂူထပါဏဇာတ်, ကိုယ်နဲ့ မတန်ရင် ဖက်မပြိုင်နဲ့ ၂၂၈။ ကာမနီတဇာတ်, ကုရာနတ္ထိ ဆေးမရှိ ၂၂၉။ ပလာယိတဇာတ်, စစ်ပြေးမင်း ၂၃၀။ ဒုတိယပလာယိတဇာတ်, စစ်ပြေးမင်း ၂၃၁။ ဥပါဟနဇာတ်, ဆရာအန်တုတဲ့ တပည့် ၂၃၂။ ဝီဏာထူဏဇာတ်, ကန်းနေသော အချစ် ၂၃၃။ ဝိကဏ္ဏကဇာတ်, ကိလေသာ ၂၃၄။ အသိတာဘူဇာတ်, ချစ်သူစိမ်း၍ တရားကိန်း ၂၃၅။ ဝစ္ဆနခဇာတ်, ကာမဂုဏ်ဖိတ်စာ ၂၃၆။ ဗကဇာတ်, ဗျိုင်းသီကြောင် ၂၃၇။ သာကတေဇာတ်, မြင်မြင်ချင်းပဲ ချစ်မိတယ် ၂၃၈။ ဧကပဒဇာတ်, စီးပွားရေးပြဿနာ ၂၃၉။ ဟရိတမဏ္ဍူကဇာတ်, ရေမြွေနဲ့ ဖားညို ၂၄၀။ မဟာပိင်္ဂလဇာတ်, ဒေဝဒတ်မြေမျိုဝင်၍ လူတွေပျော်ရွှင် ၂၄၁။ သဗ္ဗဒါဌိဇာတ်, ပထဝီဇယမန္တန် ၂၄၂။ သုနခဇာတ်, ခွေးအလိမ္မာ ၂၄၃။ ဂုတ္တိလဇာတ်, ဆရာကို အန်တုတဲ့ စောင်းလုလင် ၂၄၄။ ဝိဂတိစ္ဆဇာတ်, မတူရင် မတုနဲ့ ၂၄၅။ မူလပရိယာယဇာတ်, ဆရာက ဆရာပါ ၂၄၆။ ဗာလောဝါဒဇာတ်, ဘုရားတောင်မှ အဆဲခံရ ၂၄၇။ ပါဒဉ္ဇလိဇာတ်, နှုတ်ခမ်းကိုက်မင်းသား ၂၄၈။ ကိံသုကောပမဇာတ်, လူကွဲလည်း မူမကွဲဖို့ လို ၂၄၉။ သာလကဇာတ်, ရှင်ကြီးနှိပ်စက် ရှင်ငယ်ထွက် ၂၅၀။ ကပိဇာတ်, ရသေ့ယောင် ဆောင်တဲ့ မျောက် တိကနိပါတ် ၂၅၁။ သင်္ကပ္ပရာဂဇာတ်, မ-ဓာတ် ၂၅၂။ တိလမုဋ္ဌိဇာတ်, နှမ်းသုံးဆုပ် တုတ်သုံးချက် ၂၅၃။ မဏိကဏ္ဌဇာတ်, အခွင့်အရေးယူတာများရင် ၂၅၄။ ကုဏ္ဍကကုစ္ဆိသိန္ဓဝဇာတ်, သဒ္ဓါတရားစိုတဲ့ အဘွားအို ၂၅၅။ သုကဇာတ်, စားပိုးနင် ၂၅၆။ ဇရူဒပါနဇာတ်, တွင်းဟောင်းကြီး ၂၅၇။ ဂါမဏိစန္ဒဇာတ်, ဂါမဏိစန္ဒအမတ်နဲ့ အာဒါသမုခမင်း ၂၅၈။ မန္ဓာတုဇာတ်, ကာမတဏှာ ၂၅၉။ တိရီဋဝစ္ဆဇာတ်, ကျေးဇူးသိသူ ၂၆၀။ ဒူတဇာတ်, တဏှာကျွန် ဗိုက်တမန် ၂၆၁။ ပဒုမဇာတ်, အပြောချိုသာ အလိမ္မာ ၂၆၂။ မုဒုပါဏိဇာတ်, အဖေ့လက်ကို လွှတ်လိုက်တယ် ၂၆၃။ စူဠပလောဘနဇာတ်, မိန်းမအားလုံး ငါ ပိုင်တယ် ၂၆၄။ မဟာပနာဒဇာတ်, ဒါနတန်ဖိုး မြတ်တန်ခိုး ၂၆၅။ ခုရပ္ပဇာတ်, သူရဲကောင်းဟူသည် ၂၆၆။ ဝါတဂ္ဂသိန္ဓဝဇာတ်, ချစ်သူနဲ့ လွဲ ၂၆၇။ ကက္ကဋကဇာတ်, ချစ်သူရဲ့အသံကြောင့် ၂၆၈။ အာရာမဒူသကဇာတ်, တမိုက်တထွာ ဉာဏ်နုံချာ ၂၆၉။ သုဇာတဇာတ်, ချစ်စေလိုရင် ဒီးပါးစပ် မုန်းစေလိုရင် ၂၇၀။ ဥလူကဇာတ်, ကမ္ဘာဦးစကတည်းက ရန်သူ ၂၇၁။ ဥဒပါနဒူသကဇာတ်, မြေခွေးညစ် ၂၇၂။ ဗျဂ္ဃဇာတ်, ခြင်္သေ့, ကျားတို့ လာကြစို့ ၂၇၃။ ကစ္ဆပဇာတ်, လိပ်ခဲတန်းလန်း ၂၇၄။ လောလဇာတ်, အစားငမ်းတော့ သေ ၂၇၅။ ရုစိရဇာတ်, ခိုနဲ့ ကျီးက သူငယ်ချင်းပါ ၂၇၆။ ကုရုဓမ္မဇာတ်, ကပ်ဘေးလွတ်နည်း ၂၇၇။ ရောမကဇာတ်, အတွင်းစိတ်ဆိုတာ ဖမ်းရခက်တယ် ၂၇၈။ မဟိံသရာဇဇာတ်, တူတော့တူတယ် ဒါပေမယ့် မတူပါဘူး ၂၇၉။ သတပတ္တဇာတ်, ရန်သူကို မိတ်ဆွေထင် ၂၈၀။ ပုဋဒူသကဇာတ်, အဖျက်အမှောင် ၂၈၁။ အဗ္ဘန္တရဇာတ်, ကျေးစေတမန် ၂၈၂။ သေယျဇာတ်, ထောင်ကျနေစဥ် သူ ဘာလုပ်သလဲ ၂၈၃။ ဝဍ္ဎကီသူကရဇာတ်, နည်းဗျူဟာ ၂၈၄။ သိရီဇာတ်, ဘုန်း​ကြက်သရေ ၂၈၅။ မဏိသူကရဇာတ်, ပတ္တမြားမှန်ရင် ၂၈၆။ သာလူကဇာတ်, အပျိုကြီးတွေ တော်တော်ဆိုးတယ် ၂၈၇။ လာဘဂရဟဇာတ်, လာဘ်လာဘပေါများနည်းဖြစ်ပေမယ့် ၂၈၈။ မစ္ဆုဒ္ဒါနဇာတ်, အမျှဝေခြင်း၏အကျိုး ၂၈၉။ နာနာဆန္ဒဇာတ်, အရှင်အာနန္ဒာဆုရှစ်ပါးရခြင်း ၂၉၀။ သီလဝီမံသကဇာတ်, ကိုယ်ကျင့်သီလ၏ကျေးဇူး ၂၉၁။ သုရာဃဋဇာတ်, အရက်ကြောင့် ဘဝနစ်နာသွားသူ ၂၉၂။ သုပတ္တဇာတ်, ကျီးစစ်သူကြီးရဲ့ ရဲစွမ်းသတ္တိ ၂၉၃။ ကာယနိဗ္ဗိန္ဒဇာတ်, ဒီကိုယ်ခန္ဓာ ဒီသံဝေဂ ၂၉၄။ ဇမ္ဗုခါဒကဇာတ်, ဂုဏ်ရည်မဲ့အချင်းချင်း ၂၉၅။ အန္တဇာတ်, ကိုယ့်ဂုဏ်ဖော် မသူတော် ၂၉၆။ သမုဒ္ဒဇာတ်, ငါခိုင်းတာလုပ် ငါ လုပ်သလို မလုပ်နဲ့ ၂၉၇။ ကာမဝိလာပဇာတ်, ကာမပူ ၂၉၈။ ဥဒုမ္ဗရဇာတ်, ကျောင်းလုသောဓလေ့ ၂၉၉။ ကောမာရပုတ္တဇာတ်, သူတော်ကောင်းရင် ကိုယ်ပါ ၃၀၀။ ဝကဇာတ်, သစ်ကျုတ်ဥပုသ် စတုက္ကနိပါတ် ၃၀၁။ စူဠကာလိင်္ဂဇာတ်, သမီးဆုံး စစ်လည်းရှုံးမင်း ၃၀၂။ မဟာအဿာရောဟဇာတ်, သူ့ကျေးဇူးကိုယ့်ကျေးဇူး ၃၀၃။ ဧကရာဇဇာတ်, တရားက လူကို ပြန်စောင့်ရှောက် ၃၀၄။ ဒဒ္ဒရဇာတ်, နဂါးညီနောင် ၃၀၅။ သီလဝီမံသနဇာတ်, သီလအကျင့်ကောင်းက ၃၀၆။ သုဇာတာဇာတ်, စည်းစိမ်မာန်ယစ် ၃၀၇။ ပလာသဇာတ်, အရှင်အာနန္ဒာငိုပြီ ၃၀၈။ သကုဏဇာတ်, ကျေးဇူးရှိသူ ကျေးစွန့်မူ ၃၀၉။ ဆဝဇာတ်, ဓမ္မဂါရဝရှိပါစေ ၃၁၀။ သေယျဇာတ်, လောကီကိုပယ် လောကုတ်နယ် ၃၁၁။ ပုစိမန္ဒဇာတ်, အရှင်မောဂ္ဂလ္လာန်သူခိုးမောင်းခြင်း ၃၁၂။ ကဿပမန္ဒိယဇာတ်, အများစိတ်ဆင်းရဲမည့်အလုပ် မလုပ်နဲ့ ၃၁၃။ ခန္တီဝါဒီဇာတ်, လူကြမ်းစိတ်ကြမ်း ကလာဗုမင်း ၃၁၄။ လောဟကုမ္ဘိဇာတ်, ဒု,သ,န,သော အသံ ၃၁၅။ သဗ္ဗမံသလာဘဇာတ်, အရှင်သာရိပုတ္တရာဘုန်းအစွမ်း ၃၁၆။ သသပဏ္ဍိတဇာတ်, ရွှေလမှာ ယုန်ဝပ်လို ဆန်ဖွတ်တဲ့ ၃၁၇။ မတရောဒနဇာတ်, လောကဓံကို သေချာ မသိရင် ငိုရတယ် ၃၁၈။ ကဏဝေရဇာတ်, ကာမလိုက်စား ကျင့်ဖောက်ပြား ၃၁၉။ တိတ္တိရဇာတ်, အရှင်ရာဟုလာ ၃၂၀။ သုစ္စဇဇာတ်, အေးတူ ပူမျှပေါ့ကွယ် ၃၂၁။ ကုဋိဒူသကဇာတ်, လူမိုက်ကို မဆုံးမနဲ့ ၃၂၂။ ဒုဒ္ဒုဘဇာတ်, မြေပြိုပြီးဟေ့ ပြေးကြ ပြေးကြ ၃၂၃။ ဗြဟ္မဒတ္တဇာတ်, တောင်းလျှင် မုန်း ၃၂၄။ စမ္မသာဋကဇာတ်, မချီးမြှောက်သင့်သူကို မချီးမြှောက်နဲ့ ၃၂၅။ ဂေါဓရာဇဇာတ်, ဖွတ်သတ်ရသေ့ ၃၂၆။ ကက္ကာရုဇာတ်, မတန်မရာ ၃၂၇။ ကာကဝတီဇာတ်, မယားခိုး ဂဠုန် ၃၂၈။ အနနုသောစိယဇာတ်, မယားသေ စိတ်ထွေ ၃၂၉။ ကာဠဗာဟုဇာတ်, ကိုယ့်အခွင့်ရေး ကိုယ်တိုင် ဆုံးရှုံး ၃၃၀။ သီလဝီမံသဇာတ်, ကာမဂုဏ်အပြစ် သားတစ်သို့နှယ် ၃၃၁။ ကောကိလဇာတ်, စကားများခြင်းအပြစ် ၃၃၂။ ရထလဋ္ဌိဇာတ်, ကိုယ့်အမှား သူများတင် ၃၃၃။ ပက္ကဂေါဓဇာတ်, နှိမ်ချဂုဏ်တင် စည်းစိမ်ရှင် ၃၃၄။ ရာဇောဝါဒဇာတ်, တရားပျက်သော အစိုးရ ၃၃၅။ ဇမ္ဗုကဇာတ်, ဒူးချက်ပြင်းတယ် ၃၃၆။ ဗြဟာဆတ္တဇာတ်, ပညာတကယ်တတ်ပါစေ ၃၃၇။ ပီဌဇာတ်, ကိုယ့်အလွဲ သူများစွပ်စွဲ ၃၃၈။ ထုသဇာတ်, သက်ပေးဂါထာ ၃၃၉။ ဗာဝေရုဇာတ်, ဂုဏ်ရှိသူရောက် ဂုဏ်မဲ့ပျောက် ၃၄၀။ ဝိသယှဇာတ်, အနာထပိဏ်သူဌေး ၃၄၁။ ကဏ္ဍရီဇာတ်, နရာနမရာမကရာသု ၃၄၂။ ဝါနရဇာတ်, သူ့နှလုံးသားကို ရမှ ၃၄၃။ ကုန္တိနီဇာတ်, မေတ္တာတုံ့ပြန် တစ်သက်ပန် ၃၄၄။ အမ္ဗဇာတ်, ရသေ့နှင့် မိန်းမပျိုများ ၃၄၅။ ရာဇကုမ္ဘဇာတ်, ပျင်းလွန်းသူ ၃၄၆။ ကေသဝဇာတ်, ရောဂါသည်ရဲ့ ရောဂါပျောက်ဆေး ၃၄၇။ အယကူဋဇာတ်, လောကတ္ထစရိယာ ၃၄၈။ အရညဇာတ်, သူ့ကြောင့် ပျက်တယ် ၃၄၉။ သန္ဓိဘေဒဇာတ်, ကုန်းတိုက်စကား ၃၅၀။ ဒေဝတာပဉှဇာတ်, ဟန္တိ ဟတ္ထေဟိ ပါဒေဟိ ပဉ္စကနိပါတ် ၃၅၁။ မဏိကုဏ္ဍလဇာတ်, ထောင်တွင်းတရားပွဲ ၃၅၂။ သုဇာတဇာတ်, ဖခင်ကို ဆုံးမသော သား ၃၅၃။ ဝေနသာခဇာတ်, ဒီလိုအစိုးရသာ အုပ်ချုပ်ရင် ၃၅၄။ ဥရဂဇာတ်, စံနမူနာယူစရာ မိသားစု ၃၅၅။ ဃဋဇာတ်, ထောင်ဆိုပေမယ့် ဘဝလွတ်လပ် ၃၅၆။ ကောရဏ္ဍိယဇာတ်, ကိုယ့်တန်ဖိုးကျတယ် ၃၅၇။ လဋုကိကဇာတ်, ကိုယ်အားထက် ဉာဏ်အားက သာ ၃၅၈။ စူဠဓမ္မပါလဇာတ်, သားသတ်မင်း ၃၅၉။ သုဝဏ္ဏမိဂဇာတ်, သူလို အမျိုးသမီး ၃၆၀။ သုယောနန္ဒီဇာတ်, မိန်းမဟူဘိ ထိုဣတ္ထိကား ၃၆၁။ ဝဏ္ဏာရောဟဇာတ်, ကုန်းတိုက်စကား ၃၆၂။ သီလဝီမံသဇာတ်, သီလနဲ့ ဗဟုသုတ ဘယ်က မြတ် ၃၆၃။ ဟိရီဇာတ်, လူပေါင်းနည်း ၃၆၄။ ခဇ္ဇောပနကဇာတ်, ကော နု သန္တမှိ ပဇ္ဇောတေ ၃၆၅။ အဟိတုဏ္ဍိကဇာတ်, မြှောက်စားခြောက်စား ထိုသူအား ၃၆၆။ ဂုမ္ဗိယဇာတ်, ဘီလူးပျားလပို့အဆိပ် ၃၆၇။ သာဠိယဇာတ်, သူများမကောင်းကြံ ကိုယ့်ဘေးဒဏ် ၃၆၈။ တစသာရဇာတ်, ဘုရားရှင်၏ပညာပါရမီတော် ၃၆၉။ မိတ္တဝိန္ဒကဇာတ်, အလိုရမ္မက်ကြီးသူဘဝ ၃၇၀။ ပလာသဇာတ်, အမျိုးပျောက်မှာ စိုးကြောက်စရာ ၃၇၁။ ဒီဃီတိကောသလဇာတ်, မိဘစကား နားထောင်ပါ ၃၇၂။ မိဂပေါတကဇာတ်, ငိုမနေနဲ့ ၃၇၃။ မူသိကဇာတ်, အသက်ကယ်ဂါထာ ၃၇၄။ စူဠဓနုဂ္ဂဟဇာတ်, သူခိုး ဓားရိုးကမ်း ၃၇၅။ ကပေါတဇာတ်, ကိုယ်နဲ့ မထိုက်ရင် မလိုချင်ပါနဲ့ ဆက္ကနိပါတ် ၃၇၆။ အဝါရိယဇာတ်, မဆုံးမနဲ့ ၃၇၇။ သေတကေတုဇာတ်, သီလနဲ့ ဗေဒင် ဘယ်ဟာက နိဗ္ဗာန်ဝင် ၃၇၈။ ဒရီမုခဇာတ်, တရားနာပါ ကျင့်လည်းကျင့်ပါ ၃၇၉။ နေရုဇာတ်, ဒီလို နေရပ် မနေအပ် ၃၈၀။ အာသင်္ကာဇာတ်, မိန်းမတို့မှာ ချစ်သောခါ ၃၈၁။ မိဂါလောပဇာတ်, အဆုံးအမမခံရင် သေဒဏ်ထိမယ် ၃၈၂။ သိရီကာလကဏ္ဏီဇာတ်, ဒီနတ်သမီး ၃၈၃။ ကုက္ကုဋဇာတ်, ကြောင်မ ကြက်မင်းကို လှည့်စားမရ ၃၈၄။ ဓမ္မဓဇဇာတ်, သူတော်ကောင်းယောင်ဆောင်ရင် ၃၈၅။ နန္ဒိယမိဂရာဇဇာတ်, မိဘကို လုပ်ကျွေးတဲ့ ရဟန်းငယ် ၃၈၆။ ခရပုတ္တဇာတ်, ကတိစကား ၃၈၇။ သူစိဇာတ်, မြတ်စွာဘုရား၏ပညာပါရမီ ၃၈၈။ တုဏ္ဍိလဇာတ်, မေတ္တာပါရမီ ၃၈၉။ သုဝဏ္ဏကက္ကဋကဇာတ်, ကျေးဇူးဆပ်သော ရွှေပုစွန် ၃၉၀။ မယှကဇာတ်, အပရစေတနာပျက်ရင် ၃၉၁။ ဝိဇ္ဇာဓရဇာတ်, လောကတ္ထစရိယာ ၃၉၂။ သိင်္ဃာပုပ္ဖဇာတ်, နတ်သမီးဆုံးမပြီ ၃၉၃။ ဝိဃာသာဒဇာတ်, လှူပြီးမှ စားပါ ၃၉၄။ ဝဋ္ဋကဇာတ်, ရသမျှနဲ့ တင်းတိမ်ပါ ၃၉၅။ ပါရာဝတဇာတ်, ရသမျှနဲ့ မတင်းတိမ်ရင် သတ္တကနိပါတ် ၃၉၆။ ကုက္ကုဇာတ်, အဂတိရှောင်ရှား ၃၉၇။ မနောဇဇာတ်, အဖေ့စကားနားမထောင်လို့ ၃၉၈။ သုတနုဇာတ်, မိဘကို လုပ်ကျွေးတဲ့ ဆင်းရဲသား ၃၉၉။ ဂိဇ္ဈဇာတ်, မိဘလုပ်ကျွေးတဲ့ လင်းတ ၄၀၀။ ဒဗ္ဘပုပ္ဖဇာတ်, လူလည်ကျတဲ့မြေခွေး ၄၀၁။ ပဏ္ဏကဇာတ်, စိတ်ရောဂါ စိတ်နဲ့ ကု ၄၀၂။ သတ္တုဘသ္တဇာတ်, မြတ်ဘုရား၏ပညာပါရမီ ၄၀၃။ အဋ္ဌိသေနဇာတ်, မိတ်ပျက်ကြောင်း ၄၀၄။ ကပိဇာတ်, လူမိုက်ခေါင်းဆောင်ရင် ၄၀၅။ ဗကဇာတ်, ​ ဗက​​​​​​​​ဗြဟ္မာ ၄၀၆။ ဂန္ဓာရဇာတ်, မရှိလည်းပူရ ရှိလည်းပူရ ၄၀၇။ မဟာကပိဇာတ်, လောကတ္ထစရိယာ ၄၀၈။ ကုမ္ဘကာရဇာတ်, သံဝေဂယူပါ ၄၀၉။ ဒဠှဓမ္မဇာတ်, ကျေးဇူးတရား မမေ့သင့် ၄၁၀။ သောမဒတ္တဇာတ်, သောကဖြစ်ရုံသာ ၄၁၁။ သုသိမဇာတ်, ဆံဖြူကိုမြင် သံဝေတင် ၄၁၂။ ကောဋသိမ္ဗလိဇာတ်, သည်းခံနေတာ အတိုင်းတာ ရှိတယ် ၄၁၃။ ဓူမကာရီဇာတ်, လူဟောင်းလူကောင်းတွေကို မမေ့ပါနဲ့ ၄၁၄။ ဇာဂရဇာတ်, အိပ်သော သူ နိုးသော သူအကြောင်း ၄၁၅။ ကုမ္မာသပိဏ္ဍဇာတ်, မုန့်လှူရကျိုး ၄၁၆။ ပရန္တပဇာတ်, မကောင်းမှုသည် မကောင်းကျိုးပေး အဋ္ဌကနိပါတ် ၄၁၇။ ကစ္စာနီဇာတ်, မိဘလုပ်ကျွေးတဲ့ သားသမီး ဘယ်တော့မှ မဆင်းရဲ ၄၁၈။ အဋ္ဌသဒ္ဒဇာတ်, အသံနိမိတ်ရှစ်မျိုးအ​ကြောင်း ၄၁၉။ သုလသာဇာတ်, မာယာဉာဏ် ၄၂၀။ သုမင်္ဂလဇာတ်, မင်းကျင့်တရားနဲ့ အညီ အုပ်ချုပ်ပါ ၄၂၁။ ဂင်္ဂမာလဇာတ်, နေ့ဝက်ဥပုသ် ၄၂၂။ စေတိယဇာတ်, မုသားစကား ၄၂၃။ ဣန္ဒြိယဇာတ်, ပြည့်တန်ဆာမကို စွဲလန်းသော ရသေ့ ၄၂၄။ အာဒိတ္တဇာတ်, အလှူဒါနလုပ်ရာ စိစစ်ရွေးချယ်ပါ ၄၂၅။ အဋ္ဌာနဇာတ်, ယုန်ချိုး၊ လိပ်မွေး၊ ပုစွန်သွေး ၄၂၆။ ဒီပိဇာတ်, မာယာဟန် နဝကနိပါတ် ၄၂၇။ ဂိဇ္ဈဇာတ်, အဖေ့စကား နားထောင်ပါ ၄၂၈။ ကောသမ္ဗိယဇာတ်, ရဟန်းပြဿနာကစ သံဃာသင်းကွဲ ၄၂၉။ မဟာသုဝဇာတ်, ရောင့်ရဲလွယ်သော ကျေးမင်း ၄၃၀။ စူဠသုဝဇာတ်, မုယောဆွမ်း ၄၃၁။ ဟရိတစဇာတ်, စျာန်လျှောသော ဟရိတစရသေ့ ၄၃၂။ ပဒကုသလမာဏဝဇာတ်, ခြေရာကောက် အတတ်ပညာ ၄၃၃။ လောမသကူပဇာတ်, အချစ်အတွက် သေရဲတယ် ၄၃၄။ စက္ကဝါကဇာတ်, သူတို့လှသလို လှချင်တာပေါ့ ၄၃၅။ ဟလိဒ္ဒိရာဂဇာတ်, ဒီအပျိုကြီးကြောင့် ၄၃၆။ သမုဂ္ဂဇာတ်, ဒါနောရက္ခိုသ်ဘီလူးနဲ့ ဝိဇ္ဇာဓိုရ် ၄၃၇။ ပူတိမံသဇာတ်, ဣန္ဒြေကို စောင့်ထိန်းပါ ၄၃၈။ တိတ္တိရဇာတ်, ရသေ့ယုတ် ကျားကုတ်၍ သေ

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရ...