Skip to main content

ငါးရာငါးဆယ်ဇာတ်ဝတ္ထု- တတိယတွဲ

ငါးရာငါးဆယ်ဇာတ်ဝတ္ထု

မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

တတိယတွဲ

စတုက္ကနိပါတ် - ကာလိင်္ဂဝဂ်

၁။ စူဠကာလိင်္ဂဇာတ်

လူဖြစ် လင်၊ ရဟန်းတွင် တပည့်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝိဝရထိမာသံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ စူဠကာလိင်္ဂဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လေးယောက်ကုန်သော ပရိဗိုဇ်မိန်းမတို့၏ ရဟန်းပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝေသာလီပြည်၌ ခုနစ်ထောင့်ခုနစ်ရာ့ ခုနစ်ယောက်ကုန်သော လိစ္ဆဝီမင်းသားတို့သည် နေကုန်သတတ်၊ ထိုခပ်သိမ်းကုန်သော မင်းတို့သည်လည်း မေးခြင်း အတုံ့မေးခြင်းကို နှစ်သက်ကုန်၏။ ထိုအခါ တယောက်သော ဝါဒငါးရာတို့၌ လိမ္မာသော နိဂဏ္ဌသည် ဝေသာလီသို့ ရောက်၏။ ထိုလိစ္ဆဝီမင်းတို့သည် ထိုနိဂဏ္ဌအား ချီးမြှောက်ကုန်၏။ ဤသို့သဘောရှိသော တယောက်သော နိဂဏ္ဌမသည်လည်း ရောက်လာ၏။ လိစ္ဆဝီမင်းတို့သည် နှစ်ယောက်ကုန်သော နိဂဏ္ဌယောက်ျား နိဂဏ္ဌမိန်းမတို့ကိုလည်း မေးခြင်း အတုံ့မေးခြင်း စကားကို ပြောဆိုစေကုန်၏။ နှစ်ယောက်ကုန်သော သူတို့သည်လည်း အစွမ်းသတ္တိ တူသည်သာလျှင် ဖြစ်ကုန်၏။ ထို့နောင် လိစ္ဆဝီမင်းတို့အား ဤနှစ်ယောက်ကုန်သော သူတို့ကို စွဲ၍ဖြစ်သောသားသည် လိမ္မာသည်ဖြစ်လတ္တံ့ဟု အကြံသည်ဖြစ်၏။ အကြံဖြစ်၍ ထိုနှစ်ယောက်ကုန်သော နိဂဏ္ဌမိန်းမ နိဂဏ္ဌ ယောက်ျားတို့အား ထိမ်းမြားခြင်းကို ပြု၍ အတူနေစေကုန်၏။ ထိုအခါ ထိုနိဂဏ္ဌတို့အား သံဝါသကိုစွဲ၍ အစဉ်သဖြင့် သ္မီးလေးယောက် သားတယောက် ဖွား၏။ သ္မီးတို့အား သစ္စကာဟူသောအမည် လောလာဟူသောအမည် အဝဓာရိကာ ဟူသောအမည် ပဋိစ္ဆာဒါ ဟူသောအမည်ကို မှည့်ကုန်၏။ သားအား သစ္စကဟူသော အမည်ကို မှည့်ကုန်၏။ ထိုသားသ္မီး ငါးယောက်တို့သည်လည်း လိမ္မာသောအဖြစ်သို့ ရောက်ကုန် သည်ရှိသော် အမိအထံမှ ဝါဒငါးရာ, အဘအထံမှ ဝါဒငါးရာအားဖြင့် ဝါဒတထောင်ကို သင်ကုန်၏။ မိဘတို့သည် သ္မီးတို့အား တစုံတယောက်သောသူသည် သင်တို့၏ဝါဒကို အကယ်၍ ဖျက်ဆီးနိုင်အံ့၊ ထိုသူ၏ခြေရင်း၌ အလုပ်အကျွေး ဖြစ်ရစ်ကြကုန်လော့၊ ရဟန်းဖြစ်သောသူသည် သင်တို့၏ဝါဒကို ဖျက်ဆီးနိုင်အံ့ ထိုရဟန်း၏အထံ၌ ရဟန်းပြုရစ်ကြကုန်လောဟု ဆုံးမကုန်၏။

နောက်အဘို့၌ မိဘတို့သည် သေလွန်ကုန်၏။ မိဘတို့သည် သေလွန်ကုန်သည်ရှိသော် သစ္စကနိဂဏ္ဌသည် ထိုဝေသာလီပြည်၌ လိစ္ဆဝီမင်းတို့အား အတတ်သင်လျက် နေ၏။ နှမလေးယောက်တို့သည်ကား သပြေခက်ကိုကိုင်၍ ပုစ္ဆာမေးခြင်းအကျိုးငှါ တမြို့မှသည် တမြို့သို့ လှည့်လည်ကုန်လတ်သော် သာဝတ္ထိပြည်သို့ရောက်၍ မြို့တံခါး၌ သပြေခက်ကိုစိုက်ထား၍ အကြင်သူသည် ငါတို့၏ပုစ္ဆာကို ဖြေခြင်းငှါ တတ်ကောင်း၏။ လူဖြစ်စေ ရဟန်းဖြစ်စေ ထိုသူတို့သည် မြေမှုန့်ကို ခြေတို့ဖြင့်ကြဲ၍ ခြေတို့ဖြင့်လျှင် သပြေခက်ကို နင်းစေသတည်းဟု သူငယ်တို့အား ဆိုခဲ့၍ ဆွမ်းခံအံ့သောငှါ မြို့သို့ ဝင်ကုန်၏။ ထိုအခါ အရှင်သာရိပုတ္တရာသည် တံမြက် မလှည်းရသေးသော အရပ်ကို တံမြက်လှည်း၍ ရေမရှိကုန်သော အိုးတို့၌ ရေကိုခပ်၍ နာကုန်သောရဟန်းတို့ကို လုပ်ကျွေး၍ နေမြင့်မှ သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်သည်ရှိသော် ထိုသပြေခက်ကိုမြင်၍ သူငယ်တို့ကိုမေး၍ သူငယ်တို့သည် ထိုအကြောင်းကို ကြားကုန်သည်ရှိသော် အရှင်သာရိပုတ္တရာမထေရ်သည် ထိုသူငယ်တို့ကိုသာလျှင် ဖျက်ဆီးစေ၍ အကြင်သူတို့သည် သစ်ခက်ကို ထားအပ်၏။ ထိုသူတို့သည် ဆွမ်းစားကုန်ပြီးသည်ရှိသော် လာကုန်၍ ဇေတဝန် ကျောင်းတော် တံခါးမုခ်၌ ငါ့ကို ဖူးမြင်ကြစေကုန်ဟု သူငယ်တို့ကို ဆိုခဲ့ပြီး၍ မြို့သို့ဆွမ်းခံဝင်၍ ဆွမ်းစားပြီးလတ်သော် ကျောင်းတံခါးမုခ်၌ နေတော်မူ၏။

ထိုပရိဗိုဇ်မိန်းမတို့သည်လည်း ဆွမ်းခံရာမှလာလတ်၍ သစ်ခက်ကို နင်းသည်ကိုမြင်၍ အဘယ်သူသည် ဤသစ်ခက်ကို နင်းသနည်းဟု မေး၏။ အရှင်သာရိပုတ္တရာ မထေရ်သည် နင်း၏ဟုဆို၍ သင်တို့သည် မေးသောစကားဖြင့် အကယ်၍ အလိုရှိကုန်အံ့၊ ဇေတဝန်ကျောင်း တံခါးမုခ်သို့ သွားကြကုန်လော့ဟု သူငယ်တို့သည် ဆိုကြကုန်သည်ရှိသော် တဖန် မြို့သို့ ဝင်၍ လူများကိုစည်းဝေး၍ ဇေတဝန်ကျောင်း တံခါးမုခ်သို့သွား၍ အရှင်သာရိပုတ္တရာ မထေရ်အား ဝါဒတထောင်ကို မေးကုန်၏။ အရှင်သာရိပုတ္တရာမထေရ်သည် ဝါဒတထောင်ကိုဖြေ၍ ဤဝါဒမှတပါး တစုံတခုကို သိကြကုန်သလောဟု မေး၏။ အရှင်မသိပါကုန်ဟု ဆို၏။ ငါသည်ကား သင်တို့အား တစုံတခုသောပုစ္ဆာကို မေးအံ့ဟု ဆို၍ အရှင်မေးတော်မူလော့၊ သိကုန်သည်ရှိသော် ဖြေပါကုန်အံ့ဟု ဆို၏။

အရှင်သာရိပုတ္တရာ မထေရ်သည် တခုမည်သည်ကား အဘယ်နည်းဟုမေး၏။ ထိုပရိဗိုဇ်မတို့သည် မသိကုန်၊ အရှင်သာရိပုတ္တရာမထေရ်သည် ဖြေ၏။ ထိုပရိဗိုဇ်မိန်းမတို့သည် အရှင်အကျွန်ုပ်တို့အား ရှုံးခြင်း၊ အရှင်ဘုရားအား အောင်ခြင်းသည် ဖြစ်၏ဟု ဆိုကုန်၏။ ယခု အသို့ပြုကုန်လတ္တံ့နည်းဟု အရှင်သာရိပုတ္တရာမထေရ်သည် မိန့်တော်မူ၏။ အရှင်ဘုရား အကျွန်ုပ်တို့၏ မိဘတို့သည် အကြင်သူသည် သင်တို့၏ဝါဒကို အကယ်၍ ဖျက်ဆီးနိုင်အံ့၊ ထိုသူ၏ မယားဖြစ်ရစ်ကြကုန်၊ အကြင် ရဟန်းသည် အကယ်၍ ဖျက်ဆီးနိုင်အံ့၊ ထိုရဟန်း၏ အထံ၌ ရဟန်းပြုရစ်ကြကုန်ဟူ၍ အကျွန်ုပ်တို့အား အဆုံးအမကို ပေးအပ်ကုန်၏။ အကျွန်ုပ်တို့သည် ရဟန်းပြုကုန်အံ့ဟု လျှောက်၏။ အရှင်သာရိပုတ္တရာမထေရ်သည် ကောင်းပြီဟုဆို၍ ဥပ္ပလဝဏ်မထေရ်မ၏အထံ၌ ရဟန်းပြုစေ၏။ အလုံးစုံကုန်သော ရဟန်းမိန်းမတို့သည် မကြာမြင့်မီလျှင် အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ အရှင်သာရိပုတ္တရာ မထေရ်သည် လေးယောက်ကုန်သော ပရိဗိုဇ်မိန်းမတို့၏ ကိုးကွယ်ရာဖြစ်၍ လေးယောက်ကုန်သော ပရိဗိုဇ်မိန်းမတို့ကို အရဟတ္တဖိုလ်သို့ ရောက်စေ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် သာရိပုတ္တရာသည် ထိုမိန်းမတို့၏ ကိုးကွယ်ရာဖြစ်သည် မဟုတ်သေး၊ ရှေး၌လည်း ထိုမိန်းမတို့ကိုးကွယ်ရာ ဖြစ်ဘူး၏။ ယခုအခါ ရဟန်း၏ အဖြစ်ဟူသော အဘိသိက်ကို ပေး၏။ ရှေး၌လည်း မင်းမိဖုယားအရာ၌ ထားဘူး၏ဟု မိန့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူ၏။ ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကာလိင်္ဂတိုင်း ဒန္တပူရမြို့၌ ကာလိင်္ဂမင်းသည် မင်းပြုသည်ရှိသော် အဿကတိုင်း ပါဋလိမြို့၌ အဿကမင်းသည် မင်းပြု၏။ ကာလိင်္ဂမင်းသည် စစ်သည်ဗိုလ်ပါနှင့် ပြည့်စုံ၏။ မိမိသည်လည်း ဆင်ပြောင်အားကို ဆောင်နိုင်၏။ စစ်ထိုးဘက်ကို မမြင်၊ ထိုကာလိင်္ဂမင်းသည် စစ်ထိုးလို၍ အမတ်တို့အား ငါသည် စစ်ထိုးခြင်းငှာ အလိုရှိ၏။ စစ်ထိုးဘက်ကို မမြင်၊ အသို့ပြုရအံ့နည်းဟု ဆို၏။ အမတ်တို့သည် မြတ်သောမင်းကြီး တခုသော အကြောင်းဥပါယ်သည် ရှိ၏။ ရှင်မင်းကြီး လေးယောက်ကုန်သော သ္မီးတို့သည် မြတ်သောအဆင်းကို ဆောင်ကုန်၏။ ထိုလေးယောက်ကုန်သော သ္မီးတို့ကို တန်ဆာဆင်စေ၍ ယာဉ်ပေါင်းချုပ်စီးစေ၍ ဗိုလ်ပါအများခြံရံလျက် ရွာနိဂုံးမင်းနေပြည်တို့ကို လှည့်လည်စေ၍ အကြင်မင်းသည် ထိုမင်းသ္မီးတို့ကို ယူလိုအံ့၊ ထိုမင်းနှင့်တကွ စစ်ထိုးခြင်းကို ပြုကြကုန်အံ့ဟု ဆိုကြကုန်၏။

ကာလိင်္ဂမင်းသည် အမတ်တို့ဆိုတိုင်း ပြုစေ၏။ မင်းသ္မီးတို့သည် ရောက်တိုင်း ရောက်တိုင်းသောအရပ်၌ မင်းတို့သည် ကြောက်ခြင်းကြောင့် မင်းသ္မီးတို့အား မြို့သို့ဝင်စိမ့်သောငှါ မပေးကုန်၊ လက်ဆောင်ကိုသာ ပို့စေ၍ မြို့ပ၌သာလျှင် နေစေကုန်၏။ ဤသို့ အလုံးစုံသော ဇမ္ဗူဒိပ်ကို လှည့်လည်၍ အဿကတိုင်း ပါဋလိမြို့သို့ ရောက်ကုန်၏။ အဿကမင်းသည်လည်း မြို့တံခါးတို့ကို ပိတ်စေ၍ လက်ဆောင်ကို ပို့ စေ၏။ အဿကမင်း၏ နန္ဒိသေနအမည်ရှိသော အမတ်သည် ပညာရှိ၏။ လိမ္မာ၏။ အကြောင်း ဥပါယ်ကို သိ၏။ ထိုနန္ဒိသေနအမတ်သည် ဤမင်းသ္မီးတို့သည် အလုံးစုံသော ဇမ္ဗူဒိပ်ကို လှည့်လည်၍ စစ်ထိုးဘက်ကို မရကုန်၊ ဤသို့ဖြစ်သည်ရှိသော် ဇမ္ဗူဒိပ်သည် အချည်းနှီးမည်သည်ဖြစ်၏။ ငါသည် ကာလိင်္ဂမင်းနှင့်တကွ စစ်ထိုးအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုနန္ဒိသေန အမတ်သည် မြို့တံခါးသို့သွား၍ တံခါးစောင့်ကို ခေါ်၍ ထိုမင်းသ္မီးတို့အား တံခါးကို ဖွင့်စိမ့်သောငှာ-

။ ဝိဝရထိမာသံ ဒွါရံ၊ နဂရံ ပဝိသန္တု အရုဏရာဇဿ။
သီဟေန သုသိဋ္ဌေန၊ သုရက္ခိတံ နန္ဒိသေနေန။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁။ ဣမာသံ၊ ဤမင်းသ္မီးတို့အား။ နဂရံ၊ မြို့သို့။ ပဝိသန္တု၊ ဝင်စေကုန်သတည်း။ အရုဏရာဇဿ၊ အရုဏ မည်သောမင်း၏။ သီဟေန၊ ပုရိသသီဟဖြစ်သော။ သုသိဋ္ဌေန၊ ဆရာတို့သည် ကောင်းစွာဆုံးမအပ်ပြီးသော။ နန္ဒိသေနေန၊ နန္ဒိသေနမည်သော။ မယာ၊ ငါသည်။ ပေသိတာ၊ စေအပ်ကုန်သော။ တုမှေ၊ သင်တို့သည်။ ဒွါရံ၊ တံခါးကို။ ဝိဝရထ၊ ဖွင့်ကြကုန်။

ထိုနန္ဒိသေနသည် ဤသို့ဆို၍ တံခါးကို ဖွင့်စေ၍ ထိုမင်းသ္မီးတို့ကို ယူ၍ အဿကမင်းအားပေး၍ အရှင်မင်းကြီးတို့သည် မကြောက်ကြကုန်လင့်၊ စစ်ထိုးသည်ရှိသော် ကျွန်ုပ်တို့ အောင်စေအံ့၊ ဤမင်းသ္မီးတို့သည် မြတ်သောအဆင်းကို ဆောင်ကုန်၏။ မိဖုယားကြီး ပြုတော်မူပါလောဟု ဆို၍ ထိုမင်းသ္မီးတို့အား အဘိသိက်ကို ပေးစေ၍ မင်းသ္မီးတို့နှင့်တကွ လာကုန်သောသူတို့ကို သင်တို့သည် ပြန်ကြလေကုန်၊ မင်းသ္မီးတို့အား အဿကမင်းသည် မိဖုယားအရာ၌ ထားသောအဖြစ်ကို သင်တို့မင်းအား ကြား လျှောက်ကြလေကုန်ဟု လွှတ်လိုက်၏။ ထိုသူတို့သည် ပြန်သွား၍ ကြား လျှောက်ကုန်၏။ ကာလိင်္ဂမင်းသည် အဿကမင်းကား ငါ့အစွမ်းကို မသိယောင်တကားဟုဆို၍ ထိုခဏ၌လျှင် များစွာသောစစ်သည်ဖြင့် ထွက်၏။ နန္ဒိသေနသည် ကာလိင်္ဂမင်း၏ လာခြင်းကိုသိ၍ မိမိနိုင်ငံအပိုင်းအခြား၌ သာလျှင်နေစေ၊ ငါတိုမင်း၏ နိုင်ငံအပိုင်း အခြားသို့ မကူးစေလင့်၊ မင်းနှစ်ပါးတို့၏ တိုင်းနိုင်ငံအကြား၌ စစ်ထိုးခြင်းသည် ဖြစ်လတ္တံ့ ဟု သတင်းစကားကို ပို့စေ၏။

ကာလိင်္ဂမင်းသည် သတင်းစကားကိုကြား၍ မိမိနိုင်ငံအပိုင်း အခြား၌သာလျှင် နေ၏။ အဿကမင်းသည်လည်း မိမိနိုင်ငံအပိုင်းအခြား၌ နေ၏။ ထိုအခါ ဘုရားလောင်းသည် ရသေ့ပြု၍ ထိုမင်းနှစ်ပါးတို့ တိုင်းအကြား၌ ကျောင်းဆောက်၍ နေ၏။ ကာလိင်္ဂမင်းသည် ရဟန်းမည်သည်ကား စိုးစဉ်းသိတတ်ကုန်၏။ အသို့ဖြစ်အံ့သည်ကို အဘယ်သူ သိနိုင်အံ့နည်း၊ အဘယ်မင်း၏ အောင်ခြင်း အဘယ်မင်း၏ ရှုံးခြင်းသည် ဖြစ်လတ္တံ့နည်းဟု ရသေ့ကို မေးအံ့ဟု မထင်ရှားသောအသွင်ဖြင့် ဘုရားလောင်းသို့ ကပ်၍ ပဋိသန္ထာရပြု၍ အရှင်ဘုရား ကာလိင်္ဂမင်း အဿကမင်းတို့သည် စစ်ထိုးလိုကုန်၍ မိမိတို့၏ နိုင်ငံအပိုင်း အခြား၌ တည်ကုန်၏။ ထိုမင်းတို့တွင် အဘယ်မင်းသည် အောင်လတ္တံ့နည်း၊ အဘယ်မင်းသည် ရှုံးလတ္တံ့နည်းဟု မေး၏။ ဘုန်းတန်းကြီးသော ဒါယကာ ငါသည် ဤအောင်ခြင်း ရှုံးခြင်းအဖြစ်ကို မသိ၊ စင်စစ်သော်ကား သိကြားမင်းသည် ဤသို့ လာ၏။ ထိုသိကြားမင်းကို ငါမေး၍ ဆိုအံ့၊ နက်ဖြန်မှ လာလောဟုဆို၏။ သိကြားမင်းသည်လည်း ဘုရားလောင်း၏အထံသို့လာ၍ နေ၏။ ထိုအခါ ဘုရားလောင်းသည် သိကြားမင်းအား ထိုအကြောင်းကို မေး၏။ အရှင်ဘုရား ကာလိင်္ဂမင်းသည် အောင်လတ္တံ့၊ အသောကမင်းသည် ရှုံးလတ္တံ့၊ ဤသို့သော ပုဗ္ဗနိမိတ်သည်လည်း ထင်လတ္တံ့ဟု သိကြားဆို၏။

ကာလိင်္ဂမင်းသည် နက်ဖြန် လာလတ်၍ မေး၏။ ဘုရားလောင်းသည်လည်း ကာလိင်္ဂမင်းအား ကြား၏။ ထိုကာလိင်္ဂမင်းသည် အဘယ်မည်သော ပုဗ္ဗနိမိတ်ဖြစ်လတ္တံ့နည်းဟု မမေးမူ၍သာလျှင် ငါ အောင်လတ္တံ့ဟု ဝမ်းမြောက်သဖြင့် သွား၏။ ထိုစကားသည် ပြန့်နှံ၏။ ထိုစကားကို ကြား၍ အဿကမင်းသည် နန္ဒိသေနကိုခေါ်၍ ကာလိင်္ဂမင်းသည် အောင်လတ္တံ့၊ ငါတို့သည် ရှုံးကုန်လတ္တံ့၊ အဘယ်သို့ ပြုအံ့နည်းဟု ဆို၏။ နန္ဒိသေနသည် မြတ်သောမင်းကြီး အဘယ်မင်း၏ အောင်ခြင်း အဘယ်မင်း၏ ရှုံးခြင်းသည် ဖြစ်လတ္တံ့ဟု အဘယ်သူ သိအံ့နည်း၊ အရှင်မင်းကြီးတို့သည် မစိုးရိမ်ကုန်လင့်ဟု မင်းကိုနှစ်သိမ့်စေ၍ ဘုရားလောင်းအထံသို့ ဆည်းကပ်၍ ရှိခိုးလျှက် တင့်အပ် လျောက်ပတ်စွာ နေ၏။ အရှင်ဘုရား အဘယ်မင်းသည်အောင်လတ္တံ့ အဘယ်မင်းသည် ရှုံးလတ္တံ့နည်းဟု မေး၏။ ကာလိင်္ဂမင်းသည် အောင်လတ္တံ့ အဿကမင်းသည် ရှုံးလတ္တံ့ဟု ဘုရားလောင်းဆို၏။ အရှင်ဘုရား အောင်အံ့သောမင်း၏ ပုဗ္ဗနိမိတ်သည် အသို့ဖြစ်လတ္တံ့နည်း၊ ရှုံးအံ့သောမင်း၏ ပုဗ္ဗနိမိတ်သည် အသို့ဖြစ်လတ္တံ့နည်းဟု မေး၏။ ဘုန်းတန်းကြီးသော ဒါယကာ အောင်အံ့သော မင်း၏ အစောင့်အရှောက် ဖြစ်သောနတ်သည် အလုံးစုံသော ဥသဘ ဖြစ်လတ္တံ့၊ ရှုံးအံ့သော မင်း၏ အစောင့်အရှောက် နတ်သည် အလုံးစုံမည်းသော ဥသဘ ဖြစ်လတ္တံ့၊ မင်းနှစ်ပါးတို့၏ အစောင့်အရှောက် နတ်တို့သည် စစ်ထိုး၍ အောင်ခြင်း ရှုံးခြင်းကို ပြုကုန်လတ္တံ့ဟု ဘုရားလောင်းသည် ဆို၏။ နန္ဒိသေနသည် ထိုစကားကိုကြားလျှင်ထ၍ သွား၍ မင်း၏ အဆွေခင်ပွန်းဖြစ်ကုန်သော တထောင် အတိုင်း အရှည်ရှိကုန်သော သူရဲကြီးတို့ကိုခေါ်၍ အနီးရှိ တောင်သို့တက်၍ အချင်းတို့ သင်တို့သည် ငါတို့မင်းအား အသက်ကို ပေးအံ့သောငှါ တတ်နိုင်ကုန်လတ္တံ့လောဟု မေး၏။ တတ်နိုင်ပါကုန်အံ့ဟု ဆိုကုန်၏။ ထိုသို့ တပြီးကား ဤတောင်ကမ်းပါးပြတ်၌ ကိုယ်ကို ချကုန်လော့ဟု ဆို၏။ ထိုသူရဲ တထောင်တို့သည် ချခြင်းငှာ အားထုတ်ကုန်၏။ ထိုအခါ ထိုသူရဲတထောင်တို့ကို တားမြစ်၍ ဤတောင်ကမ်းပါးပြတ်၌ ကိုယ်ကိုချသဖြင့် အလိုမရှိပြီဟု ဆို၍ ငါတို့မင်းအား ချစ်သောစိတ်ရှိကုန်လျက် မဆုတ်မနစ်ကုန် သည်ဖြစ်၍ စစ်ထိုးကြကုန်လောဟု ဆို၏။ သူရဲတထောင်တို့သည် ဝန်ခံကုန်၏။

ထိုအခါ စစ်ထိုးခြင်း ဖြစ်လတ်သော် ကာလိင်္ဂမင်းသည် ငါ အောင်အံ့ဟု လုံ့လလျော့သောအဖြစ်သို့ ရောက်၏။ ကာလိင်္ဂမင်း၏ ဗိုလ်ပါတို့သည်လည်းတို့၏မင်းကြီးသည် အောင်အံ့ဟု လုံ့လလျော့သည်၏အဖြစ်သို့ ရောက်ကုန်၍ ဖွဲ့ခြင်းကိုမပြုမူ၍ အစုအစုဖြစ်ကုန်၍ အလိုအလျောက် သွားကြကုန်၏။ ဝီရိယကိုပြုအပ်သော ကာလ၌ ဝီရိယကို မပြုကြကုန်၊ မင်းနှစ်ပါးတို့သည် မြင်းစီး၍ စစ်ထိုးကြကုန်အံ့ဟု တဦးသည် တဦးသို့ ချဉ်းကပ်ကြကုန်၏။ မင်းနှစ်ပါးတို့၏ အစောင့်အရှောက် နတ်တို့သည် ရှေ့မှလာကုန်၍ ကာလိင်္ဂမင်း၏ အစောင့်အရှောက်နက်သည် အလုံးစုံဖြူသော ဥသဘ ဖြစ်၏။ အဿကမင်း၏ အစောင့် အရှောက်နတ်သည် အလုံးစုံမည်းသော ဥသဘ ဖြစ်၏။ ထိုနတ်တို့သည်လည်း တဦးသည် တဦးအား စစ်ထိုးအံ့သောငှါ အခြင်းအရာကို ပြုကုန်လျက် ချဉ်းကပ်ကြကုန်၏။ ထိုဥသဘတို့သည်ကား မင်းနှစ်ပါးတို့အားသာလျှင် ထင်၏။ တပါးသူတို့ကား မထင်ကုန်၊ နန္ဒိသေနသည် အဿကမင်းကို မြတ်သောမင်းကြီး သင်မင်းကြီးအား အစောင့် အရှောက်နတ်သည် ထင်၏လောဟုမေး၏။ ထင်၏ ဟု ဆို၏။ အဘယ်အခြင်းအရာဖြင့် ထင်သနည်းဟု မေး၏။ ကာလိင်္ဂမင်း၏ အစောင့်အရှောက်နတ်သည် အလုံးစုံဖြူသော ဥသဘဖြစ်၍ ထင်၏။ ငါ၏ အစောင့်အရှောက် နတ်သည် အလုံးစုံမည်းသော ဥသဘဖြစ်၍ ထင်၏။ ဤသို့ထင်၍ ညှိုးနွမ်းသည်ဖြစ်၍ တည်၏ဟု ဆို၏။ မြတ်သောမင်းကြီး သင်မင်းကြီးတို့သည် မကြောက်ကုန်လင့် အကျွန်ုပ်တို့ အောင်စေကုန်အံ့၊ ကာလိင်္ဂမင်းသည် ရှုံးလတ္တံ့၊ သင်မင်းကြီးသည် မြင်း၏ကျောက်ကုန်းမှ သက်၍ ဤလှံကိုကိုင်၍ ကောင်းစွာသင်အပ်ပြီးသော သိန္ဓောမြင်းကို ဝမ်း၏နံပါး၌ လက်ဝဲလက်ဖြင့် မြဲစွာဘက်ကိုင်၍ ဤသူရဲတထောင်နှင့်တကွ လျင်မြန်စွာ သွား၍ ကာလိင်္ဂမင်း၏ အစောင့်အရှောက်နတ်ကို လှံဖြင့်ထိုး၍ ကျစေကုန်လော့၊ ထို့နောင်မှ တထောင်ကုန်သော အကျွန်ုပ်တို့သည် လှံတထောင်ဖြင့် ထိုးကုန်အံ့၊ ဤသို့ ထိုးအပ်သည်ရှိသော် ကာလိင်္ဂမင်း၏ အစောင့် အရှောက်နတ်သည် ပျက်စီးလတ္တံ့၊ ထို့နောင်မှ ကာလိင်္ဂမင်းသည် ရှုံးလတ္တံ့၊ အကျွန်ုပ်တို့သည် အောင်ကုန်အံ့ဟု ဆို၏။ အဿကမင်းသည် ကောင်းပြီဟု နန္ဒိသေနပေးသော အမှတ်ဖြင့်သွား၍ လှံဖြင့်ထိုး၏။ သူရဲတထောင် ဖြစ်ကုန်သော အမတ်တို့သည်လည်း လှံတထောင်တို့ဖြင့် ထိုးကုန်၏။ အစောင့်အရှောက်နတ်သည် ထိုအရပ်၌ပင်လျှင် အသက်ကုန်ခြင်းသို့ ရောက်၏။ ထိုခဏ၌ သာလျှင် ကာလိင်္ဂမင်းသည် ရှုံး၍ပြေး၏။ ကာလိင်္ဂမင်း ပြေးသည်ကိုမြင်၍ တထောင်ကုန်သော အမတ်တို့သည် ကာလိင်္ဂမင်း ပြေး၏ဟု ပဲ့တင်ထပ်အောင် ကြေငြာကုန်၏။ ကာလိင်္ဂမင်းသည် သေဘေးဖြင့်ကြောက်၍ ပြေးလတ်သော် ထိုရသေ့ကို ဆဲရေးလိုရကား-

။ ဇယော ကာလိင်္ဂါန မသယှသာဟိနံ၊
ပရာဇယော အနယော အဿကာနံ။
ဣစ္စေဝ တေ ဘာသိတံ ဗြဟ္မစာရိ၊
န ဥဇ္ဇုဘူတာ ဝိတထံ ဘဏန္တိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂။ ဗြဟ္မစာရိ၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိသောရသေ့။ တေ၊ သင်သည်။ အသယှသာဟိနံ၊ သည်းခံနိုင်ခက်သော အရာတို့ကို သည်းခံခြင်းငှါ စွမ်းနိုင်ကုန်သော။ ကာလိင်္ဂါနံ၊ ကာလိင်္ဂတိုင်းသားတို့အား။ ဇယော၊ အောင်ခြင်းသည်။ အနယော၊ ရောက်အံ့။ အဿကာနံ၊ အဿကတိုင်းသား တို့အား။ ပရာဇယော၊ ရှုံးခြင်းသည်။ အနယော၊ ရောက်အံ့။ ဣစ္စေဝ၊ ဤသို့လျှင်။ ဘာသိတံ၊ ဆိုအပ်၏။ ဥဇ္ဇာဘူတာ၊ ဖြောင့်ကုန်သော သူတို့သည်။ ဝိတတံ၊ ချွတ် ယွင်းသောစကားကို။ န ဘဏန္တိ၊ မဆိုကုန်။

ဤသို့ ထိုကာလိင်္ဂမင်းသည် ရသေ့ကို ဆဲရေးလျက် ပြေး၍ မိမိမြို့သို့ လျင်စွာသွား၏။ ပြန်၍ကြည့်အံ့သောငှာလည်း မဝံ့၊ ထို့နောင်မှ နှစ်ရက်သုံးရက်လွန်သဖြင့် သိကြားသည် ရသေ့အထံသို့ လာ၏။ ရသေ့သည် သိကြားမင်းနှင့်တကွ စကားပြောလိုရကား-

။ ဒေဝါ မုသာဝါဒမုပါတိဝတ္တာ၊
သစ္စံ ဓနံ ပရမံ တေသု သက္က။
တံ တေ မုသာ ဘာသိတံ ဒေဝရာဇ။
ကိံ ဝါ ပဋိစ္စ မဃဝါ မဟိန္ဒ။

ဟူသော သုံးခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃။ သက္က၊ သိကြားမင်း။ ဒေဝါ၊ နတ်တို့သည်။ မုသာဝါဒံ၊ မုသာဝါဒကို။ ဥပါတိဝတ္တာ၊ လွန်ကုန်၏မဟုတ်လော။ တေသု၊ ထိုနတ်တို့၌။ သစ္စံ၊ မှန်သောစကားသည်။ ပရမံ၊ မြတ်သော။ ဓနံ၊ ဥစ္စာမည်၏။ ဒေဝရာဇ၊ နတ်မင်း။ တေ၊ သင်သည်။ တံ၊ ထိုစကားကို။ မုသာ၊ မဟုတ်မမှန်သဖြင့်။ ဘာသိတံ၊ ဆိုအပ်၏။ မဃဝါ၊ မဃအနွယ်ဖြစ်သော။ မဟိန္ဒ၊ သိကြားမင်း။ ကိံ ဝါ၊ အဘယ်ကိုမူလည်း။ ပဋိစ္စ၊ စွဲ၍။ မုသာ၊ ချွတ်ယွင်းသောစကား။ တယာ၊ သင်သည်။ ဘာသိတံ၊ ဆိုအပ်သနည်း။

ထိုစကားကိုကြား၍ သိကြားသည်-

။ နနု တေ သုတံ ဗြာဟ္မဏ ဘညမာနေ၊
ဒေဝါ န ဣဿန္တိ ပုရိသပရက္ကမဿ။
ဒမော သမာဓိ မနသော အဘေဇ္ဇော။
အဗျဂ္ဂတာ နိက္ကမနဉ္စ ကာလေ။
ဒဠှဉ္စ ဝီရိယံ ပုရိသပရက္ကမော စ၊
တေနေဝ အာသိ ဝိဇယော အဿကာနံ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄။ ဗြာဟ္မဏ၊ အရှင်ရသေ့။ ဘညမာနေ၊ ဆိုအပ်သည်ရှိသော်။ ဒေဝါ၊ နတ်တို့သည်။ ပုရိသပရက္ကမဿ၊ ယောက်ျားတို့၏လုံ့လအား။ န ဣဿန္တိ၊ မငြူစူကုန်။ ဣဒံ ဝစနံ၊ ဤစကားကို။ တေ၊ သင်သည်။ သုတံ နနု၊ ကြားဘူးသည် မဟုတ်လော။ အဿကာနံ၊ အဿကတိုင်းသားတို့အား။ ဒမော စ၊ ကိုယ်ကိုဆုံးမခြင်းသည်၎င်း။ မနသော၊ စိတ်၏။ အဘေဇ္ဇော၊ မကွဲမပြိုသော်။ သမာဓိ စ၊ သမာဓိသည်၎င်း။ ကာလေ၊ အဿကမင်း လုံ့လပြုသော ကာလ၌။ အဗျဂ္ဂတာ၊ ပျံလွင့်ခြင်းမရှိသော အဖြစ်ဖြင့်။ နိက္ကမနဉ္စ၊ ထွက်ခြင်းသည်၎င်း။ ပုရိသပရက္ကမော၊ ယောက်ျားတို့၏ အားထုတ်ခြင်းဟု ဆိုအပ်သော။ ဒဠှံ၊ မြဲမြံ တည်ကြည်စွာသော။ ဝီရိယဉ္စ၊ ဝီရိယရှိသည်၎င်း။ အဟောသိ၊ ဖြစ်၏။ တေနေဝ၊ ထို့ကြောင့်သာလျှင်။ အဿကာနံ၊ အဿကမင်းတို့အား။ ဝိဇယော၊ အောင်ခြင်းသည်။ အာသိ၊ ဖြစ်၏။

ကာလိင်္ဂမင်း ပြေးသည်ရှိသော် အဿကမင်းသည် ပျက်စီးသည်ကို ယူခဲ့စေ၍ မိမိမြို့သို့ သွား၏။ နန္ဒိသေနသည် ဤလေးယောက်ကုန်သော မင်းသ္မတို့၏ အမွေအစုကို ပို့လာစေ၊ အကယ်၍ မပို့စေငြားအံ့၊ ပြုအပ်သောအမှုကိုပြုအံ့ဟု ကာလိင်္ဂမင်းသို့ သတင်းကြားစေ၏။ ကာလိင်္ဂမင်းသည် သတင်းစကားကို ကြား၍ အလွန်ကြောက်လန့်ရကား မင်းသ္မီးတို့သည် ရသင့်သောအမွေကို ပို့စေ၏။ ထိုအခါမှစ၍ မင်းနှစ်ပါးတို့သည် ညီညွတ်စွာ နေကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဤရဟန်းမိန်းမငယ်တို့သည် ထိုအခါ ကာလိင်္ဂမင်း၏ သ္မီးတို့ ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါနန္ဒိသေနအမတ်ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဗိုလ်ပါရံရွေ၊ စည်းကမ်းသေ၍၊ စိတ်နေကြံခိုင်၊ သက်စွန့်တိုင်သား၊ လွန် ကြိုးစား၍၊ အောင်သားအောင်သေ၊ သောက်နိုင်ပေရှင့်

ရှေးဦးစွာသော စူဠကာလိင်္ဂဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကာလိင်္ဂဝဂ်

၂။ မဟာအဿာရောဟဇာတ်

မင်း နှင့် တောတွင်းသား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဒေယျေသု ဒဒံ ဒါနံ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာအဿာရောဟဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အရှင်အာနန္ဒာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုကို အောက်၌ဆိုအပ်ပြီ) ဤမဟာအဿာရောဟ ဇာတ်၌လည်း ရှေးပညာရှိတို့သည်လည်း မိမိအား ကျေးဇူးပြုသည်၏ အစွမ်းအားဖြင့်သာလျှင် ကျေးဇူးပြုဘူးကုန်၏ ဟောတော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဘုရားလောင်းသည် ဗာရာဏသီမင်းဖြစ်၍ တရားသဖြင့် မင်းပြု၏။ အလှူပေး၏။ သီလဆောက် တည်၏။ ထိုဗာရာဏသီမင်းသည် ခိုးသူဖျက်ဆီးသော ပစ္စန္တရစ်ကို ငြိမ်းစေအံ့ဟု ဗိုလ်ပါစစ်သည် ခြံရံ၍သွား၏။ စစ်ရှုံးလျှင် မြင်းစီး၍ ပြေးသည်ရှိသော် တခုသော ပစ္စန္တရပ်ရွာသို့ ရောက်၏။ ထိုပစ္စန္တရစ်၌ သုံးကျိပ်ကုန်သော မင်းခစား ယောက်ျားတို့သည် နေကြကုန်၏။ ထိုမင်းခစား ယောက်ျားတို့သည် စောစောကသာလျှင် ရွာလယ်၌ စည်းဝေးကြကုန်၍ ရွာကိစ္စကိုပြုကြကုန်၏။ ထိုခဏ၌မင်းသည် ချပ်မိန်တို့ဖြင့် ဆင်အပ်သော မြင်းကိုစီး၍ တန်ဆာဆင်ယင်လျက် ရွာတံခါးမှ ရွာတွင်းသို့ဝင်၏။ ထိုရွာသားတို့သည် အကြောင်းအသို့တုံနည်းဟု ကြောက်ကုန်ရကား ပြေး၍ မိမိ မိမိတို့၏အိမ်သို့ ဝင်ကြကုန်၏။ ထိုလူတို့တွင် တယောက်သော သူသည်ကား မိမိအိမ်သို့ မသွားမူ၍ မင်းအား ခရီးဦးကြိုဆိုခြင်းကို ပြု၍ ကျွန်ုပ်တို့မင်းသည် ပစ္စန္တရစ်သို့သွားသည်ဟု ကြား၏။ အဆွေသည် အဘယ်သူနည်း မင်းချင်းယောက်ျားလော၊ ခိုးသူယောက်ျားလောဟု မေး၏။ အဆွေ အကျွန်ုပ် မင်းချင်း ယောက်ျားတည်းဟု ဆို၏။ ထိုသို့တပြီးကား လာကုန်လော့ဟု မင်းကို အိမ်သို့ဆောင်၍ မိမိအင်းပျဉ်၌ နေစေ၍ ရှင်မ လာလော့ အဆွေခင်ပွန်း၏ ခြေတို့ကိုဆေးလော့ဟု မယားကိုဆို၍ မင်း၏ခြေတို့ကို ဆေးစေ၍ မိမိ၏အစွမ်းအား လျောက်ပတ်သဖြင့် အာဟာရကိုပေး၍ အတန်ငယ် ပင်ပန်းဖြေကုန်လော့ဟု အိပ်ရာကို ခင်း၏။ မင်းသည် အိပ်၏။ အိမ်ရှင်သည် မြင်း၏ကိုယ်တန်ဆာတို့ကို ဖြေ၍ ထိုမှ ဤမှ သွားစေ၍ ရေသောက်စေ၍ ကျောက်ကိုဆီလူး၍ မြက်ကို ပေး၏။ ဤသို့ သုံးလေးရက် မင်းကိုလုပ်ကျွေး၍ အဆွေ ကျွန်ုပ် သွားအံ့ဟု ဆိုသော် တဖန် မင်းအား၎င်း မြင်းအား၎င်း ပြုအပ်သော အလုံးစုံသောအမှုကို ပြု၏။ မင်းသည်နှစ်သက်၍ သွားသည်ရှိသော် အဆွေ ကျွန်ုပ်သည် မြင်းစီးကြီး မည်၏။ မြို့လယ်၌ ကျွန်ုပ်အိမ်ရှိ၏။ တစုံတခုသော ကိစ္စကြောင့် မြို့သို့လာသော် တောင်တံခါး၌ရပ်၍ တံခါးစောင့်ကိုမေး၍ တံခါးစောင့်ကိုခေါ်၍ လာလော့ဟု ဆို၍ ဖဲသွား၏။

ဗိုလ်ပါအပေါင်းသည်လည်း မင်းကိုမတွေ့၍ မြို့ပ၌ သစ်ခက်တပ်တည်၍ နေလျက် မင်းကိုမြင်၍ ခရီးဦး ကြိုဆို၍ ခြံရံ၏။ မင်းသည် မြို့သို့ဝင်လတ်သော် တံခါးကြား၌ရပ်၍ တံခါးစောင့်ကိုခေါ်၍ လူများကိုဖဲစေ၍ အမောင် တယောက်သော ပစ္စန္တရစ်ရွာသားသည် ငါ့ကို မြင်လိုသည်ဟုလာ၍ မြင်းစီးကြီးအိမ် အဘယ်မှာနည်းဟု မေးလတ္တံ့၊ ထိုပစ္စန္တရစ်ရွာသားကို သင်သည် လက်၌ကိုင်၍ ဆောင်၍ ငါ့ကို ပြလာလှည့်လော့၊ ထိုအခါ သင်သည် တထောင်သော ဥစ္စာကို ရလတ္တံ့ဟု ဆို၏။ ထိုပစ္စန္တရစ်ရွာသားသည် မြို့သို့မလာသည်ရှိသော် မင်းသည် ထိုယောက်ျားနေသောရွာ၌ အခွန်ကိုတောင်း၏။ ဤသို့ အခွန်တောင်းသော်လည်း ထိုယောက်ျားသည် မလာ၊ ဤအတူ နှစ်ကြိမ်သုံးကြိမ် အခွန် တောင်းစေ၏။ ထိုယောက်ျားသည်ကား မလာ၊ ထိုအခါ ထိုယောက်ျားကို ရွာသားတို့သည် စည်းဝေး၍ အရှင်သင်၏ အဆွေခင်ပွန်း မြင်းစီးကြီးလာသော ကာလမှစ၍ အခွန်ဖြင့် နှိပ်စက်သည်ဖြစ်၍ ငါတို့သည် ဦးခေါင်းကို ချီအံ့သောငှါ မတတ်နိုင်ကုန်၊ အရှင်သည် သွားချေ၊ အရှင်၏ အဆွေ ခင်ပွန်း မြင်းစီးကြီးအားဆို၍ ငါတို့အား အခွန်ကို လွှတ်ပါစေလော့ဟု ဆိုကုန်၏။ ထိုယောက်ျားသည် ကောင်းပြီ သွားအံ့၊ အကျွန်ုပ်သည် လက်ချည်းသက်သက် သွားခြင်းငှာ မတတ်ကောင်း၊ အကျွန်ုပ်၏ အဆွေ ခင်ပွန်းအား သားငယ် နှစ်ယောက်တို့သည် ရှိကုန်၏။ ထိုသားငယ်တို့ကို၎င်း၊ အဆွေခင်ပွန်း၏ မယားကို၎င်း၊ အဆွေခင်ပွန်းကို၎င်း၊ အဝတ်အာရုံ တန်ဆာတို့ကို စီရင်ကြကုန်လော့ဟု ဆို၏။ ကောင်းပြီ စီရင်အံ့ဟု ထိုရွာသားတို့သည် အလုံးစုံသော လက်ဆောင်ကို စီရင်ကြကုန်၏။

ထိုယောက်ျားသည် ထိုလက်ဆောင်ကို၎င်း၊ မိမိအိမ်၌ ကြော်အပ်သောမုံ့ကို၎င်း ယူပြီးလျှင် မြို့သို့သွား၍ တောင်တံခါးသို့ ရောက်၍ တံခါးစောင့်ကို အဆွေ တံခါးစောင့် မြင်းစီးကြီးအိမ် အဘယ်မှာနည်းဟု မေး၏။ ထိုတံခါးစောင့်သည် လာလော့ ပြအံ့ဟု ထိုယောက်ျားကို လက်၌ကိုင်၍ မင်းအိမ်တံခါးသို့သွား၍ တံခါးစောင့်သည် တယောက်သော ပစ္စန္တရစ်ရွာသားကိုယူ၍ လာ၏ဟု ကြားလျှောက်စေ၏။ မင်းသည် ထိုစကားကိုကြား၍ နေရာမှထ၍ ငါ၏ အဆွေခင်ပွန်းသည်၎င်း အဆွေခင်ပွန်းနှင့် အတူလာကုန်သော သူတို့သည်၎င်း ဝင်စေကုန်ဟုဆို၍ ခရီးဦးကြိုပြု၍ ချစ်ခြင်းကိုထင်စေ၍ ကျွန်ုပ်၏ အဆွေခင်ပွန်းမသည်၎င်း သူငယ်တို့သည်၎င်း ရောဂါကင်းကြပါကုန်၏လောဟု မေး၍ လက်၌ကိုင်၍ မြတ်သောပြာသာဒ်အပြင်သို့တက်၍ ထီးဖြူအောက် ရာဇပလ္လင်၌နေစေ၍ မိဖုယားကြီးကိုခေါ်စေ၍ ရှင်မိဖုယားကြီး အဆွေခင်ပွန်း၏ ခြေတို့ကို ဆေးလော့ဟုဆို၏။ မိဖုယားသည် ထိုပစ္စန္တရစ်ရွာသား၏ ခြေတို့ကို ဆေး၏။ မင်းသည် ရွှေကရားဖြင့် ရေသွန်း၏။ မိဖုယားသည်လည်း ခြေတို့ကိုဆေး၍ နံ့သာဆီဖြင့် လိမ်း၏။ မင်းသည် အဆွေ တစုံတခု ငါတို့ကို့ ခဲဘွယ်ပါသလောဟု မေး၏။ ထိုယောက်ျားသည် ပါ၏ဟု အိတ်မှ မုံ့တို့ကိုထုတ်၏။ မင်းသည် ရွှေခွက်ဖြင့်ခံ၍ ထိုယောက်ျားအား သင်္ဂြိုဟ်ခြင်းကို ပြုလိုသည်ဖြစ်၍ ငါ၏ အဆွေခင်ပွန်း ဆောင်ခဲ့သော ခဲဘွယ်ကို စားပြဟု မိဖုယားကို၎င်း အမတ်တို့ကို၎င်း စားစေ၍ မိမိလည်းစား၏။ ပစ္စန္တရစ် ရွာသားသည် တပါးသော လက်ဆောင်ကိုလည်း ပြ၏။ မင်းသည် ထိုယောက်ျားအား ချီးမြှောက်အံ့သောငှါ ကာသိကအဝတ်တို့ကိုပယ်၍ ထိုပစ္စန္တရစ်ရွာသားသည် ဆောင်ခဲ့သော ပုဆိုးစုံကို ဝတ်၏။ မိဖုယားသည်လည်း ကာသိကအဝတ်ကို၎င်း တန်ဆာတို့ကို၎င်း ပယ်၍ ထိုပစ္စန္တရစ်ရွာသားသည် ဆောင်ခဲ့သော အဝတ်ကိုဆင်၏။

ထိုအခါ ပစ္စန္တရစ် ရွာသားကို မင်းသည် မင်းအားထိုက်သော ဘောဇဉ်ကိုစားစေ၍ တယောက်သော အမတ်ကို သွားချေ သင်သည် ဤသူအား ငါ့ကို ပြုပြင်သောနည်းဖြင့် မုတ်ဆိတ်ဆံကို ပြုပြင်စေ၍ နံ့သာရေဖြင့် ရေချိုးစေ၍ တသိန်းထိုက်သော ကာသိကအဝတ်ကို ဝတ်စေ၍ မင်း၏ တန်ဆာဖြင့် တန်ဆာဆင်စေ၍ ဆောင်ခဲ့ဟု စေ၏။ ထိုအမတ်သည် မင်းစေတိုင်းပြု၏။ မင်းသည် စည်လည်စေ၍ အမတ်တို့ကို စည်းဝေးစေ၍ ထီးဖြူ၏အလယ်၌ ဟင်္သပြဒါးစစ်ဖြင့်ဆိုးသော မျဉ်းကြိုးကိုချစေ၍ ထက်ဝက်သော မင်းအဖြစ်ကို ပေး၏။ ထိုအခါမှစ၍ ထိုနှစ်ယောက်ကုန်သော မင်းတို့သည် တကွနက်လျှင် စားသောက်ကြကုန်၏။ အိပ်ကြကုန်၏။ အကျွမ်း ဝင်ခြင်းသည် အလွန်မြဲမြံ၏။ တစုံတယောက်သော သူသည်လည်း မဖျက်ဆီးနိုင်၊ ထိုအခါ ထိုယောက်ျား၏ သားမယားတို့ကိုလည်း ခေါ်စေ၍ မြို့တွင်း၌ အိမ်ကို ဆောက်စေ၍ ပေး၏။ ထိုမင်းနှစ်ယောက်တို့သည် အညီ အညွတ် ဝမ်းမြောက်ကုန်သည်ဖြစ်၍ မင်းပြုကုန်၏။

အမတ်တို့သည် အမျက်ထွက်၍ မင်းသားကို အရှင်မင်းသား တယောက်သော သူကြွယ်အား ထက်ဝက်သော မင်းအဖြစ်ကိုပေး၍ ထိုသူကြွယ်နှင့်တကွ စား၏။ သောက်၏။ အိပ်၏။ သူငယ်တို့ကိုလည်း ရှိခိုးစေ၏။ မင်းပြုအပ်သောအမှုကို အကျွန်ုပ်တို့သည် မသိပါကုန်၊ မင်းသည် အသို့ပြုသနည်း၊ အကျွန်ုပ်တို့သည် ရှက်ကုန်၏ဟု သင်မင်းသားသည် မင်းအား ဆိုပါလော့ဟု ဆိုကုန်၏။ မင်းသားသည် ကောင်းပြီဟု ဝန်ခံ၍ ထိုအလုံးစုံသော စကားကို မင်းအားကြား၍ မြတ်သောမင်းကြီး ဤသို့မပြုလင့်ဟု ဆို၏။ အမောင် ငါစစ်ရုံး၍ အဘယ်၌ နေသနည်းဟု စင်စစ် သိကုန်၏ လောဟု ဆို၏။ မြတ်သောမင်းကြီး မသိကုန်ဟု မင်းသားဆို၏။ ငါသည် ထိုယောက်ျား၏ အိမ်၌ နေလျက် ရောဂါကင်း၍ လာ၍ မင်းပြုရ၏။ ဤသို့ ငါ့အား ကျေးဇူးပြုသောသူအား အဘယ်ကြောင့်စည်းစိမ်ကို မပေးဘဲရှိရအံ့နည်းဟု ဆို၍ ဘုရားလောင်းသည် အမောင် အကြင်သူသည် မပေးအပ်သောသူအား ပေး၏။ ပေးအပ်သင့်သောသူအား မပေး၊ ထိုသူသည် ဘေးရန်သို့ရောက်၍ တစုံတခုကျေးဇူးပြုသောသူကိုလည်း မရဟု ပြလိုရကား-

။ အဒေယျေသု ဒဒံ ဒါနံ၊ ဒေယျေသု နပ္ပဝေစ္ဆတိ။
အာပါသု ဗျသနံ ပတ္တော၊ သဟာယံ နာဓိဂစ္ဆတိ။
။ အဒေယျေသု ဒဒံ ဒါနံ၊ ဒေယျေသု ယော ပဝေစ္ဆတိ။
အာပါသု ဗျသနံ ပတ္တော၊ သဟာယမဓိဂစ္ဆတိ။
။ သညောဂ သမ္ဘောဂ ဝိသေသဒဿနံ၊
အနရိယ ဓမ္မေသု သဌေသု နဿတိ။
ကတဉ္စ အရိယေသု စ အဇ္ဇဝေသု၊
မဟပ္ဖလံ ဟောတိ အဏုမ္ပိ တာဒိသု။
။ ယော ပုဗ္ဗေ ကတကလျာဏာ၊
အကာ လောကေ သုဒုက္ကရံ။
ပစ္ဆာ ကယိရာ နဝါ ကယိရာ၊
အစ္စန္တံ ပူဇနာရဟော။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၅။ တာတ၊ အမောင်။ ယော၊ အကြင်သူသည်။ အဒေယျေသု၊ မပေးအပ်ကုန်သော သူတို့အား။ ဒါနံ၊ အလှူကို။ ဒဒံ၊ ပေးတတ်၏။ ဒေယျေသု၊ ပေးအပ်သော သူတို့အား။ နပ္ပဝေစ္ဆတိ၊ မပေး။ အာပါသု၊ ဘေးရန်ဖြစ်ကုန်လတ်သော်။ သော၊ ထိုသူသည်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ပတ္တော၊ ရောက်သည်ရှိသော်။ သဟာယံ၊ အဆွေခင်ပွန်းကို။ နာဓိဂစ္ဆတိ၊ မရ။

֍ ဋ္ဌ ၆။ ယော၊ အကြင်သူသည်။ အဒေယျေသု၊ မပေးအပ်ကုန်သော သူတို့အား။ ဒါနံ၊ အလှူကို။ န ဒဒံ၊ မပေး။ ဒေယျေသု၊ ပေးအပ်ကုန်သော သူတို့အား။ ပဝေစ္ဆတိ၊ ပေး၏။ အာပါသု၊ ဘေးရန်ဖြစ်ကုန်လတ်သော်။ သော၊ ထိုသူသည်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ပတ္တော၊ ရောက်သည်ရှိသော်။ သဟာယံ၊ အဆွေခင်ပွန်းကို။ အဓိဂစ္ဆတိ၊ ရ၏။

֍ ဋ္ဌ ၇။ အနရိယဓမ္မေသု၊ မသူတော်တို့၏ အကျင့်ရှိကုန်သော။ သဌေသု၊ စဉ်းလဲကုန်သော သူတို့၌။ ကတံ၊ ပြုအပ်သော။ သညောဂ သမ္ဘောဂ ဝိသေသဒဿနံ၊ အတူတကွ ပေါင်းဘော်ခြင်း အတူတကွ သုံးဆောင်ခြင်း၏ ကျေးဇူးအထူးကို မြင်ရခြင်းသည်။ နဿတိ၊ ပျက်စီး၏။ အရိယေသု၊ မြတ်ကုန်သော။ အဇ္ဇဝေသု၊ ဖြောင့်မတ်ကုန်သော။ တာဒိသု၊ ထိုသို့ သဘောရှိကုန်သော သူတို့၌။ အဏုမ္ပိ၊ အနည်းငယ်လည်း ဖြစ်သော။ ကတံ၊ ပြုအပ်သော ကျေးဇူးသည်။ မဟပ္ဖလံ၊ အကျိုးကြီးသည်။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၈။ ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ ရှေး၌။ ကတကလျာဏော၊ ကျေးဇူးကိုပြု၍။ လောကေ၊ လောက၌။ သုဒုက္ကရံ၊ အလွန်ပြုနြိင်ခဲသောအမှုကို။ အကာ၊ ပြု၏။ သော၊ ထိုသူသည်။ ပစ္ဆာ၊ နောက်ကာလ၌။ ကယိရာ ဝါ၊ ကျေးဇူးပြုသည်မူလည်း ဖြစ်စေ။ န ကယိရာ ဝါ၊ ကျေးဇူးမပြုသည်မူလည်း ဖြစ်စေ။ အစ္စန္တံ၊ စင်စစ်။ ပူဇနာရဟော၊ ပူဇော်ခြင်းကို ခံထိုက်၏။

ဤစကားကို ကြား၍ အမတ်တို့သည်၎င်း မင်းသားသည်၎င်း တစုံတခုသော စကားကို မဆို။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ပစ္စန္တရစ် ရွာသား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးတုံ့မူ၊ ပြုထိုက်သူအား၊ ပြု၍ထား၊ ရန်ကားကြုံပေ့၊ ကယ်သူတွေ့၏

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော မဟာအဿာရောဟဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကာလိင်္ဂဝဂ်

၃။ ဧကရာဇဇာတ်

တရားစောင့်မင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အနုတ္တရေ ကာမဂုဏေ သမိဒ္ဓေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဧကရာဇဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောသလမင်းကို ခစားသော မထင်ရှားသော အမတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုကို အောက် သေယျဇာတ်၌ ဆိုအပ်ပြီ) ဤဧကရာဇဇာတ်၌ကား သဗ္ဗညူမြတ်စွာဘုရားသည် ဒါယကာ သင်သည်သာလျှင် အကျိုးမဲ့ခြင်းဖြင့် အကျိုးကို ဆောင်သည် မဟုတ်သေး၊ ရှေးပညာ ရှိတို့သည်လည်း မိမိအကျိုးမဲ့ခြင်းဖြင့် အကျိုးကိုဆောင်ဘူးကုန်သည် သလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီ မင်း၏ အမတ်သည် နန်းတွင်း၌ ပြစ်မှား၏။ မင်းသည် ပစ္စက္ခအားဖြင့်သာလျှင် ထိုအမတ်၏အပြစ်ကိုမြင်၍ အမတ်ကို တိုင်းနိုင်ငံမှ နှင်ထုတ်စေ၏။ ထိုအမတ်သည် ဒုဗ္ဘိသေနမည်သော ကောသလမင်းကို ခစား၏။ (အလုံးစုံသော စကားကို မဟာသီလဝဇာတ်၌ ဆိုအပ်ပြီးသလျှင်ကတည်း) ဤဧကရာဇဇာတ်၌ကား ဒုဗ္ဘိသေနမင်းသည် မြတ်သော ပြာသာဒ်အပြင်ဝယ် အမတ်တို့၏အလယ်၌ နေသော ဗာရာဏသီမင်းကို ဘမ်း၍ ဆိုင်း၌ ထည့်စေ၍ မြောက်တံခါးခုံ၌ ဦးစောက်ဆွဲစေ၏။ ဗာရာဏသီမင်းသည် ခိုးသူမင်းကို အာရုံပြုလျက် မေတ္တာကိုပွားစေ၍ ကသိုဏ်းပရိကံကိုပြု၍ ဈာန်ကိုဖြစ်စေ၏ အနှောင် အဖွဲ့သည် ပြတ်၏။ ထို နောင် မင်းသည် ကောင်းကင်၌ ထက်ဝယ်ဘွဲ့သဖြင့် နေ၏။ ခိုးသူမင်း၏ကိုယ်၌ ပူပြင်းခြင်းသည်ဖြစ်၍ ပူ၏ ပူ၏ ဟု မြေ၌ ထိုမှဤမှ လူးလဲ၍ အဘယ်အမှုနည်းဟု ဆိုလတ်သော် မြတ်သောမင်းကြီး သင်မင်းကြီးတို့သည် ဤသို့သဘောရှိသော တရား စောင့်သော အပြစ်မရှိသောမင်းကို မြောက်တံခါးခုံ၌ ဦးစောက်ဆွဲစေကုန်၏ဟု ဆိုကြကုန်၏။ ထိုသို့တပြီးကား လျင်စွာသွား၍ လွှတ်ကြကုန်ဟု ဆို၏။ မင်းချင်းယောက်ျားတို့သည် သွား၍ကောင်းကင်၌ ထက်ဝယ်ဘွဲ့သဖြင့် နေသော ဗာရာဏသီမင်းကို မြင်၍ လာ၍ ဒုဗ္ဘိသေနမင်းအား လျှောက်ကုန်၏။ ဒုဗ္ဘိသေနမင်းသည် လျင်မြန်စွာသွား၍ ဗာရာဏသီမင်းကို ရှိခိုး၍ ကန်တော့အံ့သောငှာ-

။ အနုတ္တရေ ကာမဂုဏေ သမိဒ္ဓေ၊
ဘုတွာန ပုဗ္ဗေ ဝသိ ဧကရာဇ။
သော ဒါနိ ဒုဂ္ဂေ နရကမှိ ခိတ္တော၊
နပ္ပဇ္ဇဟေ ဝဏ္ဏဗလံ ပုရာဏံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉။ ဧကရာဇ၊ ဧရာဇ်မင်း။ သော တွံ၊ ထိုသင်သည်။ ပုဗ္ဗေ၊ ရှေး၌။ အနုတ္တရေ၊ အလွန်မြတ်ကုန်သော။ သမိဒ္ဓေ၊ ပြည့်စုံကုန်သော။ ကာမဂုဏေ၊ ကာမဂုဏ်တို့ကို။ ဘုတွာန၊ ခံစား၍။ ဝသိ၊ နေ၏။ ဒါနိ၊ ယခုအခါ၌။ ဒုဂ္ဂေ၊ မညီညွတ်သော။ နရကမှိ၊ တွင်း၌။ ခိတ္တော၊ ဆွဲထားလျှက်။ ပုရာဏံ၊ ရှေး၌ဖြစ်သော။ ဝဏ္ဏဗလံ၊ အဆင်းအားကို။ နပ္ပဇ္ဇဟေ၊ အဘယ်ကြောင့် မစ္စန့်သနည်း။

ထိုစကားကို ကြား၍ ဘုရားလောင်းသည်-

၁၀။ ပုဗ္ဗေဝ ခန္တီ စ တပေါ စ မယှံ၊
သမ္ပတ္ထိတာ ဒုဗ္ဘိသေန အဟောသိ။
တံ ဒါနိ လဒ္ဓါန ကထံ နု ရာဇ၊
ဇဟေ အဟံ ဝဏ္ဏဗလံ ပုရာဏံ။
၁၁။ သဗ္ဗာ ကိရေဝံ ပရိနိဋ္ဌိတာနိ၊
ယသဿိနံ ပညဝန္တံ ဝိသယှ။
ယသော စ လဒ္ဓါ ပုရိမံ ဥဠာရံ၊
နပ္ပဇ္ဇဟေ ဝဏ္ဏဗလံ ပုရာဏံ။
၁၂။ ပနုဇ္ဇ ဒုက္ခေန သုခံ ဇနိန္ဒ၊
သုခေန ဝါ ဒုက္ခ မသယှသာဟီ။
ဥဘယတ္ထ သန္တော အဘိနိဗ္ဗုတတ္တာ၊
သုခေ စ ဒုက္ခ စ ဘဝန္တိ တုလျာ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၀။ ဒုဗ္ဘိသေန၊ ဒုဗ္ဘိသေနမင်း။ ပုဗ္ဗေဝ၊ ရှေး၌ သာလျှင်။ မယှံ၊ ငါသည်။ ခန္တီ စ၊ သည်းခံခြင်းကို၎င်း။ တပေါ စ၊ ခြိုးခြံသော အကျင့်ကို၎င်း။ သမ္ပတ္ထိတာ၊ တောင့်တသည်။ အဟောသိ၊ ဖြစ်၏။ ရာဇ၊ ဒုဗ္ဘိသေနမင်း။ ဣဒါနိ၊ ယခုအခါ၌။ အဟံ၊ ငါသည်။ တံ၊ ထိုတောင့်တအပ်သောသည်းခံခြင်း ခြိုးခြံခြင်းကို။ လဒ္ဓါန၊ ရ၍။ ပုရာဏံ၊ ရှေး၌ဖြစ်သော။ ဝဏ္ဏဗလံ၊ အဆင်းအားကို။ ကထံ နု၊ အဘယ်အကြောင်းကြောင့်လျှင်။ ဇဟေ၊ စွန့်ရာအံ့နည်း။

֍ ဋ္ဌ ၁၁။ သဗ္ဗာ-သဗ္ဗာနိ၊ အလုံးစုံကုန်သော ဒါန သီလ ဘာဝနာ ဥပုသ်သုံးခြင်း ကိစ္စတို့သည်။ ဝေ ပရိနိဋ္ဌိတာနိ ကိရ၊ ဤသို့ ပြီးကုန်သည်သာလျှင် ဖြစ်ကုန်သတတ်။ ယသဿိနံ- ယသဿိ၊ အခြံအရံရှိသော။ ပညဝန္တံ-ပညဝါ၊ ပညာရှိသော။ ဝိသယှ၊ သည်းခံနိုင်ခက်သော အရာ၌ သည်းခံနိုင်သောမင်းကြီး။ ယသော စ၊ စည်းစိမ်ရှိသော သူသည်လည်း။ အပုရိမံ၊ ရှေး၌ မရစဘူးသော။ ဥဠာရံ၊ မြတ်သော ချမ်းသာကို။ လဒ္ဓါ၊ ရ၍။ ပုရာဏံ၊ ရှေး၌ဖြစ်သော။ ဝဏ္ဏဗလံ၊ အဆင်းအားကို။ နပ္ပဇ္ဇဟေ၊ မစွန့်ရာ။

֍ ဋ္ဌ ၁၂။ ဇနိန္ဒ၊ ဒုဗ္ဘိသေနမင်း။ ဒုက္ခေန၊ သင်သည် ဖြစ်စေအပ်သော ဆင်းရဲဖြင့်။ သုခံ၊ မင်းချမ်းသာကို။ ပနုဇ္ဇ၊ ပယ်၍။ သုခေန ဝါ၊ ဈာန်ချမ်းသာဖြင့်လည်း။ ဒုက္ခ၊ သင်သည်ဖြစ်စေအပ်သော ဆင်းရဲကို။ ပနုဇ္ဇ၊ ပယ်၍။ အသယှသာဟီ၊ သည်းခံနိုင်ခက်သောအရာကို သည်းခံ၏။ သန္တော၊ သူတော်ကောင်းတို့သည်။ အဘိနိဗ္ဗုတတ္တာ၊ ငြိမ်းသောသဘောရှိကုန်သည်ဖြစ်၍။ ဥဘယတ္ထ၊ နှစ်ပါးစုံသော။ သုခေ စ၊ သုခ ၌၎င်း။ ဒုက္ခေ စ၊ ဒုက္ခ၌၎င်း။ တုလျာ၊ တူကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

ဤစကားကို ကြား၍ ဒုဗ္ဘိသေနမင်းသည် ဘုရားလောင်းကို ကန်တော့၍ သင်မင်းကြီးတို့၏ပြည်ကို သင်မင်းကြီးတို့သည်ပင်လျှင် မင်းပြု ကုန်လော့၊ ကျွန်ုပ်သည် သင်မင်းကြီးတို့၏ ခိုးသူတို့ကို ပယ်ဖျောက်အံ့ဟု ဆို၍ ထိုပြစ်မှားသော အမတ်အား မင်းအာဏာကို ပြု၍ သွား၏။ ဘုရားလောင်းသည်လည်း မင်းအဖြစ်ကို အမတ်တို့အား အပ်နှင်း၍ ရသေ့ရဟန်းပြု၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဒုဗ္ဘိသေနမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာ ဏသီမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

တရားစောင့်သူ၊ လှည့်ပြန်ကူ၊ စောင့်ယူတရား၊ ကူပံ့ငြား၏

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဧကရာဇဇာတ်သည်ပြီး၏။

*****

စတုက္ကနိပါတ် - ကာလိင်္ဂဝဂ်

၄။ ဒဒ္ဒရဇာတ်

မစင်စွန့်မြေ သုံးနှစ်နေ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဣမာနိ မံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒဒ္ဒရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တပါးသော အမျက်ထွက်တတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုကို အောက်၌ ဆိုအပ်ပြီ) ထိုအခါ ရဟန်းတို့သည် တရား သဘင်၌ ထိုရဟန်း၏ အမျက် ထွက်တတ်သော အဖြစ်ကို ပြောဆိုကုန်လတ်သော် သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့်စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားလျှောက်သည်ရှိသော် ထိုရဟန်းကို ခေါ်စေ၍ ရဟန်း သင်သည် အမျက်ထွက်တတ်သော ဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင် အမျက်ထွက်တတ်သည် မဟုတ်သေး၊ ရှေး၌လည်း အမျက်ထွက်တတ် သည်သာလျှင် ဖြစ်၏။ ထိုရဟန်း၏ အမျက်ထွက်သည်၏ အဖြစ်ကြောင့်သာလျှင် ရှေးပညာရှိတို့သည် စင်ကြယ်သော နဂါးမင်း၏ အဖြစ်၌ တည်ကုန်လျက်လည်း သုံးနှစ်တို့ပတ်လုံး ကျင်ကြီးဖြင့်ပြည့်သော မသန့်သောမြေ၌ နေရဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာ အရပ်ဝယ် ဒဒ္ဒရတောင်ခြေရင်း၌ ဒဒ္ဒရမည်သော နဂါးပြည်၌ မင်းပြုသော ဒဒ္ဒရနဂါးမင်း၏ သားမဟာဒဒ္ဒရမည်သော နဂါးဖြစ်၏။ ထိုမဟာဒဒ္ဒရနဂါး၏ ညီသည်ကား စူဠဒဒ္ဒရမည်၏။ စူဠဒဒ္ဒရနဂါးသည် အမျက် ထွက်တတ်၏။ ကြမ်းကြုတ်၏။ နဂါးလုလင်မတို့ကို ဆဲရေး ရိုတ်ပုတ်လျက် သွားတတ်၏။ နဂါးမင်းသည် စူဠဒဒ္ဒရနဂါး၏ ကြမ်းသောအဖြစ်ကိုသိ၍ စူဠဒဒ္ဒရကို နဂါးပြည်မှ နှင်ထုတ်စိမ့်သောငှာ စေ၏။ မဟာဒဒ္ဒရ နဂါးသည်ကား အဘကို သည်းခံစေ၍ တားမြစ်၏။ နှစ်ကြိမ်မြောက်လည်း နဂါးမင်းသည် စူဠဒဒ္ဒရနဂါးအား အမျက်ထွက်၏။ နှစ်ကြိမ်မြောက်လည်း သည်းခံစေ၏။ သုံးကြိမ်မြောက်၌ကား သင်သည် ဤယုတ်မာသော အကျင့်ရှိသော နဂါးကို နှင်ထုတ်သည်ကို တားမြစ်၏။ နှစ်ယောက်ကုန်သော သင်တို့သည် နဂါးပြည်မှထွက်၍ ဗာရာဏသီပြည်၌ မစင်စွန့်ရာမြေ၌ သုံးနှစ်တို့ပတ်လုံး နေကြကုန်ဟု နဂါးပြည်မှ နှင်ထုတ်၏။ ထိုမဟာဒဒ္ဒရ စူဠဒဒ္ဒရနဂါးတို့သည် ထိုအရပ်သို့သွား၍ နေကုန်၏။ ထိုအခါ မစင်စွန့်ရာမြေဝယ် ရေနား၌ အစာရှာကုန်သော ထိုနဂါးတို့ကို ရွာသူသားငယ်တို့ မြင်ကုန်၍ ပုတ်ခတ်ကုန်လျက် လှံတံတို့ကိုပစ်ကုန်လျက် အချင်းတို့ ဖားစိမ်းစား ဖြစ်ကုန်သော ဤရေမြွေတို့သည် ဦးခေါင်းကြီးကုန်၏။ အပ်နှင့်တူသော အမြီးရှိကုန်၏။ ဤသို့အစရှိသော စကားတို့ကိုဆို၍ ဆဲရေးကုန်၏။

စူဠဒဒ္ဒရနဂါးသည် ကြမ်းကြုတ်သည်၏ အဖြစ်ကြောင့် ထိုသူတို့၏ မထေမဲ့မြင်ပြုခြင်းကို သည်းမခံနိုင်သည်ဖြစ်၍ အစ်ကို ဤသူငယ်တို့သည် ငါတို့ကိုပုတ်ခတ်ကုန်၏။ ငါတို့၏ လျင်သော အဆိပ်ရှိသည်၏အဖြစ်ကို မသိကြကုန်၊ ငါသည် ထိုသူငယ်တို့၏ မထေမဲ့မြင်ပြုခြင်းကို သည်းခံခြင်း ငှာ မတတ်နိုင်၊ ထိုသူငယ်တို့ကို နှာခေါင်းလေဖြင့် ပျက်စီးစေအံ့ဟု အစ်တို့နှင့်တကွ ပြောလိုရကား-

၁၃။ ဣမာနိ မံ ဒဒ္ဒရ တာပယန္တိ၊
ဝါစာဒုရုတ္တာနိ မနုဿလောကေ။
မဏ္ဍူကဘက္ခာ ဥဒကန္တသေဝီ၊
အာသီဝိသံ မံ အဝိသာ သပန္တိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃။ ဘာတိက ဒဒ္ဒရ၊ အစ်ကိုကြီး ဒဒ္ဒရ။ မနုဿလောကေ၊ လူ့ပြည်၌။ ဣမာနိ ဝါစာဒုရုတ္တာနိ၊ ဤမကောင်းသဖြင့် ဆိုအပ်ကုန်သော စကားတို့သည်။ မံ၊ ငါ့ကို။ တာပယန္တိ၊ ဆင်း ရဲ စေကုန်၏။ အဝိသာ၊ အဆိပ်မရှိကုန်သော ရွာသူသားငယ်တို့သည်။ အာသီဝိသံ၊ လျင်သောအဆိပ်ရှိသော။ မံ၊ ငါ့ကို။ မဏ္ဍူကဘက္ခာ၊ ဖားစိမ်းစားတို့ ဟူ၍၎င်း။ ဥဒကန္တသေဝီ၊ ရေနားကို မှီကုန်သောမြွေတို့ဟူ၍၎င်း။ ဝဒန်တာ၊ ဆိုကုန်လျှက်။ သပန္တိ၊ ဆဲရေးကုန်၏။

ထိုစူဠဒဒ္ဒရ နဂါး၏ စကားကို ကြား၍ မဟာဒဒ္ဒရ နဂါးသည်-

၁၄။ သကာ ရဋ္ဌာ ပဗ္ဗာဇိတော၊ အညံ ဇနပဒံ ဂတော။
မဟန္တံ ကောဋ္ဌံ ကယိရာထ၊ ဒုရုတ္တာနံ နိဓေတဝေ။
၁၅။ ယတ္ထ ပေါသံ န ဇာနန္တိ၊ ဇာတိယာ ဝိနယေန ဝါ။
န တတ္ထ မာနံ ကယိရာထ၊ ဝသ မညာတကေ ဇနေ။
၁၆။ ဝိဒေသဝါသံ ဝသတော၊ ဇာတဝေဒ သမေနပိ။
ခမိတဗ္ဗံ သပညေန၊ အပိ ဒါသဿ တဇ္ဇိတံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၄။ သကာ ရဋ္ဌာ၊ မိမိတိုင်းမှ။ ပဗ္ဗာဇိတော၊ နှင်ထုတ်အပ်သည်ဖြစ်၍။ အညံဇနပဒံ၊ တပါးသော ဇနပုဒ်သို့။ ဂတော၊ ရောက်သောသူသည်။ ဒုရုတ္တာနံ၊ မကောင်းသဖြင့် ဆိုအပ်ကုန်သော စကားတို့ကို။ နိဓေတဝေ၊ ချထားခြင်းငှါ။ မဟန္တံ၊ ကြီးစွာသော။ ကောဋ္ဌံ၊ ကျီကို။ ကယိရာထ၊ ပြုရာ၏။

֍ ဋ္ဌ ၁၅။ ယတ္ထ၊ အကြင်အရပ်၌။ ပေါသံ၊ ယောက်ျားကို။ ဇာတိယာ ဝါ၊ အမျိုးအားဖြင့်၎င်း။ ဝိနယေန ဝါ၊ သီလအားဖြင့်၎င်း။ န ဇာနန္တိ၊ မသိကုန်။ တတ္တ၊ ထိုအရပ်၌။ မာနံ၊ ငါဟူသော မာန်ကို။ န ကယိရာထ၊ မပြုရာ။ အညာတကေ ဇနေ၊ ဂုဏ်ကျေးဇူးကို မသိသောသူအထံ၌။ ဝသံ၊ နေသောသူသည်။ ခမေယျ၊ သည်းခံရာ၏။

֍ ဋ္ဌ ၁၆။ ဝိဒေသဝါသံ၊ အရပ်တပါး၌ နေခြင်းကို။ ဝသတော၊ နေသော။ သပညေန၊ ပညာရှိသည်။ ဒါသဿ အပိ၊ ကျွန်၏လည်း။ ဇာတဝေဒ သမေန ပိ၊ မီးနှင့်တူသဖြင့်လည်း။ တစ္ဆိတံ၊ ခြိမ်းချောက်ခြင်းကို။ ခမိတံ၊ သည်းခံရာ၏။

ဤသို့ ထိုမဟာဒဒ္ဒရ စူဠဒဒ္ဒရ နဂါးတို့သည် ထိုဗာရာ ဏသီပြည်ဝယ် မစင်စွန့်ရာမြေ၌ သုံးနှစ်တို့ပတ်လုံး နေကုန်၏။ သုံးနှစ်ရှိပြီးသောအခါ ထိုနဂါးညီနောင်တို့ကို အဘသည် ခေါ်စေ၏။ ထိုအခါမှစ၍ မာန်ကင်းသည် ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ အမျက်ထွက်တတ်သော ရဟန်းသည် အနာဂါမိ ဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ အမျက်ထွက်သော ရဟန်းသည် ထိုအခါ စူဠဒဒ္ဒရနဂါး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ မဟာဒဒ္ဒရနဂါး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အမျက်သွမ်းသော့၊ ထင်တိုင်းနော့၊ သွားတော့ မစင်မြေ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဒဒ္ဒရဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကာလိင်္ဂဝဂ်

၅။ သီလဝီမံသနဇာတ်

သီလရှိသူ သ္မီးယူ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နတ္ထိ လောကေ ရဟော နာမ အစ ရှိသော ဂါထာပုဒ်ဖြင့် တန် ဆာဆင်အပ်သော ဤသီလဝီမံသနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကိလေသာကို နှိပ်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုသည် ဧကာဒသကနိပါတ် ပါနီယဇာတ်၌ ထင်စွာဖြစ်လတ္တံ့ ) ဤသီလဝီမံသနဇာတ်၌ကား အကျဉ်းဖြစ်သော စကားကို ဤသို့ သိအပ်၏။ ငါးယောက်ကုန်သော ရဟန်းတို့သည် ဇေတဝန် ကျောင်းတော်တွင်း၌ နေကုန်လျက် ညဉ့်သုံးယာမ်အတွင်း၌ ကာမဝိတက်ကို ကြံကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ညဉ့်သုံးယာမ် နေ့သုံးယာမ်ဟူကုန်သော ခြောက်ပါးကုန်သော အဘို့၌လည်း မျက်စိ တဘက်သာရှိသောသူသည် မမေ့မလျော့သဖြင့် မျက်စိကို စောင့်သကဲ့သို့။ သားတယောက်သာ ရှိသောသူသည် မမေ့မလျော့ သားတယောက်ကို စောင့်သကဲ့သို့။ စာမရီသည် မမေ့မလျော့သဖြင့် အမြီးကိုစောင့်သကဲ့သို့။ ထို့အတူ အခါ ခပ်သိမ်း ရဟန်းတို့ကို ကြည့်တော်မူ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ညဉ့်အဘို့၌ ဒိဗ္ဗစက္ခုဖြင့် ဇေတဝန်ကျောင်းကို ကြည့်တော်မူသည်ရှိသော် စကြဝတေးမင်း၏ နန်းတွင်း၌ ဖြစ်သော ခိုးသူတို့ကဲ့သို့ ထိုရဟန်းတို့ကို မြင်တော်မူ၍ ဂန္ဓ ကုဋိကို ဖွင့်တော်မူ၍ အရှင်အာနန္ဒာမထေရ်ကို အာနန္ဒာဟု ခေါ်တော်မူ၍ အသပြာ ကုဋေတို့ကိုခင်း၍ ယူအပ်သော ဇေတဝန် ကျောင်းတော်တွင်း၌ နေကုန်သော ရဟန်းတို့ကို စည်းဝေးစေ၍ ဂန္ဓကုဋိတံခါး၌ နေရာကို ခင်းလော့ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာသည် ဘုရား မိန့်တော်မူတိုင်း ပြု၍ သဗ္ဗညူ မြတ်စွာဘုရားအား ကြားလျောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ခင်းအပ်သောနေရာ၌ နေတော်မူ၍ အလုံးစုံသော ရဟန်းတို့ကို ခေါ်တော်မူသည်၏ အစွမ်းအားဖြင့် ရဟန်းတို့ဟု ခေါ်တော်မူ၍ ရှေးပညာရှိတို့သည် မကောင်းမှုကို ပြုရာ၌ ဆိတ်ကွယ်ရာမည်သည် မရှိဟု မကောင်းမှုကို မပြုကုန်ဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားအမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ဗာရာဏသီပြည်၌ သာလျှင် ဒိသာပါမောက္ခဆရာ၏ အထံ၌ ငါးရာကုန်သော လုလင်တို့၏ အကြီးဖြစ်၍ အတတ်ကို သင်၏။ ဆရာ၌ အရွယ်ရောက်သော သ္မီးသည်ရှိ၏။ ထိုဆရာသည် ဤလုလင်တို့၏ သီလကိုစုံစမ်း၍ သီလနှင့်ပြည့်စုံသော လုလင်အား သ္မီးကိုပေးအံ့ဟု ကြံပြီး၍ ထိုဆရာသည် တနေ့သ၌ လုလင်တို့ကို ခေါ်၍ အမောင်တို့ငါ့အား အရွယ် ရောက်သော သ္မီးသည် ရှိ၏။ သ္မီးအား ထိမ်းမြားခြင်းကို ပြုအံ့၊ အဝတ်တန်ဆာကို ရခြင်းငှါသင့်၏။ သွားကြကုန်၊ မိမိ မိမိတို့၏ ဆွေမျိုးတို့၏ မမြင်ကုန်စဉ်လျှင် ခိုး၍ အဝတ်တန်ဆာတို့ကို ဆောင်ကြချေကုန်၊ တစုံတယောက်သောသူသည် မမြင်သော အဝတ်တန်ဆာကိုသာလျှင် ငါယူမည်၊ ပြ၍ယူခဲ့သော အဝတ်တန်ဆာကို ငါမယူဟု ဆို၏။

တပည့်တို့သည် ကောင်းပြီဟုဝန်ခံ၍ ထိုအခါမှစ၍ ဆွေမျိုးတို့၏ မမြင်ကုန်စဉ် ခိုး၍ အဝတ်တန်ဆာအစရှိသည်တို့ကို ဆောင်ခဲ့ကုန်၏။ ဆရာသည် ဆောင်ခဲ့တိုင်း ဆောင်ခဲ့တိုင်းသော အဝတ်တန်ဆာတို့ကို အသီးအသီးသာလျှင် ထားစေ၏။ ဘုရားလောင်းသည်ကား တစုံတခုသော အဝတ်တန်ဆာကို မဆောင် ခဲ့ချေ။ ထိုအခါ ဘုရားလောင်းကို ဆရာသည် အမောင် သင်သည်ကား တစုံတခုသော ဝတ်စားတန်ဆာကို မဆောင်ခဲ့သလောဟု ဆို၏။ ဆရာ မဆောင်ခဲ့ဟု ဆို၏။ အမောင် အဘယ်ကြောင့် မဆောင်ခဲ့သနည်းဟု မေး၏။ ဆရာ သင်တို့သည် တစုံတယောက်သောသူ မြင်စဉ် ဆောင်ခဲ့ ယူခဲ့သောဝတ်စား တန်ဆာကို မယူကုန်၊ ကျွန်ုပ်သည်ကား မကောင်းမှုကိုပြုခြင်း၌ ဆိတ်ကွယ်ရာ မည်သည်ကို မမြင်၊ ထို့ကြောင့် မဆောင်ခဲ့ဟု ပြလိုရကား-

၁၇။ နတ္ထိ လောကေ ရဟော နာမ၊
ပါပကမ္မံ ပကုဗ္ဗတော။
ပဿန္တိ ဝနဘူတာနိ၊
တံ ဗာလော မညတိ ရဟော။
၁၈။ အဟံ ရဟော န ပဿာမိ၊
သုညံ ဝါပိ န ဝိဇ္ဇတိ။
ယတ္ထ အညံ န ပဿာမိ၊
အသုညံ ဟောတိ တံ မယာ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၇။ လောကေ၊ လောက၌။ ပါပကမ္မံ၊ မကောင်းမှုကို။ ပကုဗ္ဗတော၊ ပြုသောသူအား။ ရဟော နာမ၊ ဆိတ်ကွယ်ရာအရပ် မည်သည်။ နတ္ထိ၊ မရှိ။ ဝနဘူတာနိ၊ တော၌ဖြစ်ကုန်သော နတ်တို့သည်။ ပဿန္တိ၊ မြင်ကုန်၏။ တံ၊ ထိုမကောင်းမှုကို ပြု ခြင်းသည်။ ဗာလော၊ သူမိုက်သည်။ မယာ၊ ငါသည်။ ရဟော၊ ဆိတ်ကွယ်ရာ၌။ ကတံ၊ ပြုအပ်၏ဟူ၍။ မညတိ၊ အောက်မေ့၏။

֍ ဋ္ဌ ၁၈။ အဟံ၊ ငါသည်။ ရဟော၊ ဆိတ်ကွယ်ရာ အရပ် ကို။ န ပဿာမိ၊ မမြင်။ ယတ္ထ၊ အကြင်အရပ်၌။ အညံ၊ သတ္တဝါတို့မှ ဆိတ်သော တခြားတပါးကို။ န ပဿာမိ၊ ငါမမြင်။ သုညံ ဝါပိ၊ သတ္တ ဝါတို့မှ ဆိတ်သော အရပ်သည်လည်း။ န ဝိဇ္ဇတိ၊ မရှိ။ မယာ၊ ငါသည်။ ကတံ၊ ပြုအပ်သော။ တံ၊ ထိုမကောင်းမှုသည်။ အသုညံ၊ မဆိတ်သည်။ ဟောတိ၊ ဖြစ်၏။

ဆရာသည် ဘုရားလောင်းအား ကြည်ညို၍ အမောင် အိမ်၌ ဥစ္စာမရှိသည် မဟုတ်၊ ငါသည်ကား သီလနှင့်ပြည့်စုံသော သူအား သ္မီးကို ပေးအံ့ဟူ၍ လုလင်တို့ကို စုံစမ်းလိုရကား ဤသို့ပြု၏။ သင့်အား သ္မီးသည် လျော်၏ဟု သ္မီးကို တန်ဆာ ဆင်စေ၍ ဘုရားလောင်းအား ပေး၏။ ကြွင်းသော လုလင်တို့ကို သင်တို့သည် ဆောင်ခဲ့တိုင်း ဆောင်ခဲ့တိုင်းသော အဝတ်တန်ဆာတို့ကို သင်တို့၏အိမ်သို့ ဆောင်ကြ ကုန်လော့ဟု ဆို၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ထိုသီလမရှိကုန်သော လုလင်တို့သည် မိမိတို့၏ သီလမရှိသည်၏ အဖြစ်ကြောင့် ထိုမိန်းမကို မရကုန်၊ ပညာရှိသောလုလင်သည်ကား သီလနှင့် ပြည့်စုံသည်၏အဖြစ်ကြောင့် ရ၏ဟု မိန့်တော်မူ၍ ဘုရားဖြစ်၍ -

၁၉။ ဒုဇ္ဇစ္စော စ သုဇစ္စော စ၊ နန္ဒော စ သုခဝဍ္ဎိတော။
ဝဇ္ဇော စ အဒ္ဓုဝ သီလော စ၊ တေ ဓမ္မံ ဗဟုမတ္ထိကာ။
၂၀။ ဗြာဟ္မဏော စ ကထံ ဇဟေ၊ သဗ္ဗဓမ္မာန ပါရဂူ။
ယော ဓမ္မမနုပါလေတိ၊ ဓိတိမာ သစ္စနိက္ကမော။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၉။ ဒုဇ္ဇစ္စော စ၊ ဒုဇ္ဇစ္စလုလင်၎င်း။ သုဇစ္စော စ၊ သုဇစ္စလုလင်၎င်း။ နန္ဒော စ၊ နန္ဒလုလင်၎င်း။ သုခဝဍ္ဎိတော စ၊ သုခဝဍ္ဎိတလုလင်၎င်း။ ဝဇ္ဇော စ၊ ဝဇ္ဇလုလင်၎င်း။ အဒ္ဓုဝသီလော စ၊ အဒ္ဓုဝသီလလုလင်၎င်း။ တေ၊ ထိုခပ်သိမ်းကုန်သော လုလင်တို့သည်။ အတ္ထိကာ၊ မိန်းမဖြင့် အလိုရှိကုန်သည်ဖြစ်၍။ ဓမ္မံ၊ မိန်းမကို ရခြင်းသဘောကို။ ဇဟုံ၊ စွန့်ကုန်၏။

֍ ဋ္ဌ ၂၀။ ယော ဗြာဟ္မဏော၊ အကြင်ပုဏ္ဏားသည်။ သဗ္ဗဓမ္မာနံ၊ ခပ်သိမ်းသော ပဉ္စသီ ဒသသီ သုံးပါးသော သုစရိုက်ဟူကုန်သော ခပ်သိမ်းသော တရားတို့၏။ ပါရဂူ၊ ကမ်းတဘက်သို့ ရောက်၍။ ဓမ္မံ၊ တရားကို။ အနုပါလေတိ၊ စောင့်၏။ ဓိတိမာ၊ တည်ကြည်ခြင်းရှိ၏။ သစ္စနိက္ကမော၊ သစ္စာ, ဝီရိယနှင့် ပြည့်စုံ၏။ သော ဗြာဟ္မဏော၊ ထိုပုဏ္ဏားသည်။ ကထံ၊ အသို့မူ၍။ ဓမ္မံ၊ မိန်းမကို ရခြင်းသဘောကို။ ဇဟေ၊ စွန့်အံ့နည်း။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငါးရာကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဆရာဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသော လုလင် ဖြစ်ဘူးပြီ၊ ဤသို့-ဇာတ်ကို ပေါင်းတော်မူ၏။

မကောင်းသည့်မှု၊ ပြုဘို့ရှု၊ ဆိတ်မှုကွယ်ရာ မရှိပါ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော သီလဝီမံသနဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကာလိင်္ဂဝဂ်

၆။ သုဇာတာဇာတ်

ဘာသီးလဲ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကိမဏ္ဍကာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုဇာတာဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် မလ္လိကာ မိဖုယားကို အကြောင်းပြု၍ ဟောတော်မူ၏။ တနေ့သ၌ ကောသလမင်းအား မလ္လိကာမိဖုယားနှင့်တကွ ကြက်သရေအရာ၌ အငြင်းအခုံ ဖြစ်သတတ်၊ ( အိပ်ရာ၌ အငြင်းအခုံ ဖြစ်၏ဟူ၍လည်း ဆိုကုန်သလျှင်ကတည်း)၊ ကောသလမင်းသည် အမျက်ထွက်၍ မလ္လိကာ၏ ရှိသည်၏အဖြစ်ကို မသိ၊ မလ္လိကာ မိဖုယားသည်လည်း ငါ၏အပေါ်၌ မင်း၏ အမျက်ထွက်သည်၏ အဖြစ်ကို ဘုရား မသိပါလေဟု ကြံ၏။ သဗ္ဗညူ မြတ်စွာဘုရားသည်လည်း သိတော်မူ၍ ဤသူတို့၏ သင့်တင့် ညီညွတ်သော အဖြစ်ကို ပြုအံ့ဟု နံနက်အခါ၌ သင်းပိုင်တော်ကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်၍ ရဟန်းငါးရာ ခြံရံလျှက် သာဝတ္ထိပြည်သို့ ဝင်တော်မူ၍ မင်းအိမ်တံခါးသို့ ကြွတော်မူ၏။

မင်းသည် မြတ်စွာဘုရား၏ သပိတ်ကိုယူ၍ နန်းတွင်းသို့သွင်း၍ ခင်းအပ်သော နေရာ၌နေစေ၍ ဘုရားအမှူးရှိသော ရဟန်းသင်္ဃာတော်တို့အား အလှူရေစက်ကိုချ၍ ယာဂုခဲဘွယ်ကို ဆောင်ခဲ့စေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လက်တော်ဖြင့် သပိတ်တော်ကို ပိတ်၍ မြတ်သောမင်းကြီး မိဖုယားကား အဘယ်မှာနည်းဟု မေးတော်မူ၏။ မင်းသည် ဘုန်းတော်ကြီးသော အရှင်ဘုရား မိမိ၏ စည်းစိမ်အခြံအရံဖြင့် ယစ်သော ထိုမိန်းမဖြင့် အဘယ်ပြုအံ့နည်းဟု လျောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် မြတ်သောမင်းကြီး သင်မင်းကြီးပင်လျှင် စည်းစိမ်ကိုပေး၍ မာတုဂါမကို ချီးမြှောက်၍ ထိုမာတုဂါမသည် ပြုအပ်သော အပြစ်ကို သည်းမခံခြင်းသည် မသင့်ဟု မိန့်တော်မူ၏။ မင်းသည် မြတ်စွာဘုရား၏ အမိန့်တော်ကို နာရ၍ မလ္လိကာ မိဖုယားကို ခေါ်စေ၏။ မလ္လိကာမိဖုယားသည် ဘုရားကို လုပ်ကျွေး၏။ သဗ္ဗညူ မြတ်စွာဘုရားသည် အချင်းချင်း သင့်တင့်ညီညွတ်သည် ဖြစ်ရာ၏ဟု သင့်တင့်ညီညွတ်ခြင်း၏ ကျေးဇူးကိုဟော၍ ကြွတော်မူ၏။ ထိုအခါမှစ၍ မင်း မိဖုယားတို့သည် ညီညွတ်စွာ နေကုန်၏။ ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ သဗ္ဗညူ မြတ်စွာဘုရားသည် တခွန်းတည်းသော စကားဖြင့်ပင်လျှင် မင်း မိဖုယား နှစ်ပါးတို့ကို သင့်တင့် ညီညွတ်အောင်ပြုတော်မူ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် ငါဘုရားသည် ထိုမင်း မိဖုယားတို့ကို တကြိမ်တည်းဖြင့် သင့်တင့် ညီညွတ်အောင် ပြုသည်မဟုတ်သေး၊ ရှေး၌လည်း တကြိမ်တည်းသော အဆုံးအမဖြင့်ပင်လျှင် သင့်တင့်ညီညွတ်အောင် ပြုဘူးပြီဟု မိန့်တော်မူ၍ ရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ် မင်း၏ အကျိုးအကြောင်းကို ဆုံးမသော အမတ် ဖြစ်၏။ ထိုအခါ တနေ့သ၌ မင်းသည် လေသွန်ပြတင်းကို ဖွင့်၍ မင်းယင်ပြင်ကို ကြည့်လျှက် ရပ်၏။ ထိုအခါ တယောက်သော အဆင်းလှသော အရွယ်၌ တည်သော သုဇာတာမည်သော ဟင်းရွက်သည်သ္မီးသည် ဆီးသီးတောင်းကို ရွက်၍ ဆီးသီးဝယ်ကြကုန် ဆီးသီးဝယ်ကြကုန်ဟု ဆိုလျှက် မင်းယင်ပြင်သို့ သွား၏။ မင်းသည် သုဇာတာ၏အသံကို ကြား၍ သုဇာတာ၌ တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ အရှင်မရှိသည်၏ အဖြစ်ကိုသိ၍ ထိုသုဇာတာကိုခေါ်စေ၍ မိဖုယားကြီးအရာ၌ထား၍ ကြီးစွာသော စည်းစိမ်ကို ပေး၏။ ထိုသုဇာတာကို မင်းသည် ချစ်မြတ်နိုး၏။ ထိုအခါ တနေ့သ၌ မင်းသည် ရွှေခွက်၌ထည့်၍ ဆီးသီးတို့ကို စားလျှက် နေ၏။ ထိုအခါ သုဇာကာ မိဖုယားသည် မင်းကြီး ဆီးသီးစားသည်ကို မြင်၍ မြတ်သောမင်းကြီး အရှင်မင်းကြီးတို့သည် အဘယ်မည်သော အသီးကို စားကုန်သနည်းဟု မေးလိုရကား -

၂၁။ ကိမဏ္ဍကာ ဣမေ ဒေဝ၊ နိက္ခိတ္တာ ကံသမလ္လကေ။
ဥပလောဟိတကာ ဝဂ္ဂူ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၁။ ဒေဝ၊ မင်းကြီး။ ဥပလောဟိတကာ၊ နီသော အဆင်းရှိကုန်သော။ ဝဂ္ဂူ၊ အညစ်အကြေးမရှိကုန်ထသော။ ဣမေ ဖလာ၊ ဤအသီးတို့ကို။ ကံသမလ္လကေ၊ ရွှေခွက်၌။ နိက္ခိတ္တာ၊ ထည့်အပ်ကုန်၏။ အဏ္ဍကာ၊ ဥကဲ့သို့လုံးသော အသီးတို့သည်။ ကိံ၊ အဘယ် အသီးတို့နည်း။ ပုစ္ဆိတော၊ မေးအပ်သော အရှင်မင်းကြီးသည်။ မေ၊ အကျွန်ုပ်အား။ တံ ဖလံ၊ ထိုအသီးကို။ အက္ခာဟိ၊ ပြောဆိုပါလော။

မင်းသည် အမျက်ထွက်၍ ဟင်းရွက်သည်အိမ်ရှင်သ္မီး ဆီးသီးသည်မ (ဟင်းရွက်သည်မ) သင်သည်ကား သင့် အဆွေအမျိုးတို့၏ ဥစ္စာဖြစ်သော ဆီးသီးတို့ကိုလည်း မသိလောဟု ဆို၍-

၂၂။ ယာနိ ပုရေ တုဝံ ဒေဝိ၊ ဘဏ္ဍု နန္တကဝါသိနီ။
ဥစ္ဆင်္ဂဟတ္ထာ ပစိနာသိ၊ တဿာ တေ ကောလိယံ ဖလံ။
၂၃။ ဥဍ္ဍယှတေ န ရမတိ၊ ဘောဂါ ဝိပ္ပဇဟန္တိ တံ။
တတ္ထေဝိမံ ပဋိနေထ၊ ယတ္ထ ကောလံ ပစိဿတိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၂။ ဒေဝိ၊ မိဖုယား။ တုဝံ၊ သင်သည်။ ပုရေ၊ ရှေး ၌။ ယာနိ၊ အကြင်ဆီးသီးတို့ကို။ ဘဏ္ဍု၊ ဆံကို ဖားရားချသော ဦးခေါင်းရှိသည်ဖြစ်၍။ နန္တကဝါသိနီ၊ အဝတ်နွမ်းကို ဝတ်၍။ ဥစ္သင်္ဂဟတ္တာ၊ ခါးပိုက် ၌ထည့်သော လက်ရှိသည်ဖြစ်၍။ ပစိနာသိ၊ ဆွတ်ချေ၏။ ဣဒံ၊ ဤငါစားသော အသီးသည် ကား။ တဿာ တေ၊ ထိုသင်၏။ ကောလိယံ ဖလံ၊ အမျိုးပေးသော ဆီးသီးတည်း။

֍ ဋ္ဌ ၂၃။ အယံ ဇမ္မီ၊ ဤမိန်းမယုတ်သည်။ ရာဇကုလေ၊ မင်းအိမ်၌။ ဝသမာနာ၊ နေသည်ရှိသော်။ ဥဍ္ဍယှတေ၊ ပူ၏။ န ရမတိ၊ မမွေ့လျော်။ ဘောဂါ၊ မင်း၏ စည်းစိမ်တို့သည်။ တံ၊ ထိုမိန်းမယုတ်ကို။ ဝိပ္ပဇဟန္တိ၊ စွန့်ကုန်၏။ ယတ္ထ၊ အကြင် အိမ်၌။ ကောလံ၊ ဆီးသီးကို။ ဝိက္ကိဏန္တံ၊ ရောင်းလျှက်။ ပစိဿတိ၊ အသက်မွေးလတ္တံ့။ တတ္ထေဝ၊ ထိုအိမ်သို့သာ လျှင်။ ဣမံ၊ ဤမိန်းမယုတ်ကို။ ပဋိနေထ၊ ပို့ ဆောင်ကြ ကုန်လော့။

ဘုရားလောင်းသည် ငါ့ကိုထား၍ ငါမှတပါးသောသူသည် ဤမင်း မိဖုယားတို့ကို သင့်တင့် ညီညွတ်အောင်ပြုခြင်းငှာ မတတ်နိုင်လတ္တံ့၊ မင်းကို နှစ်သိမ့်စေ၍ ထိုမိဖုယားအား မနှင်ထုတ်အောင် ပြုအံ့ဟု ကြံ၍-

၂၄။ ဟောန္တိ ဟေတေ မဟာရာဇ၊ ဣဒ္ဓိပ္ပတ္တာယ နာရိယာ။
ခမ ဒေဝ သုဇာတာယ၊ မာဿာ ကုဇ္ဈ ရထေသဘ။

ဟူသော ဤဂါထကို ဆို၏။

֍ ဋ္ဌ ၂၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣဒ္ဓိပ္ပတ္တာယ၊ အခြံအရံကျော်စောခြင်းသို့ ရောက်သော။ နာရိယာ၊ မိန်းမ၏။ ဧတေ ပမာဒဒေါသာ၊ ထိုမေ့လျော့ခြင်း အပြစ်တို့သည်။ ဟောန္တိ ဟိ၊ ဖြစ်ကုန်သည်သာလျှင်တည်း။ မဟာရာဇ၊ မြတ်သော မင်းကြီး။ သုဇာတာယ၊ သုဇာတာ မိဖုယားအား။ ခမ၊ သည်းခံပါလော့။ ရထေသဘ၊ ရထားစီးချင်း မင်းတို့ထက် မြတ်သော အရှင်မင်းကြီး။ အဿာ၊ ထိုသုဇာတာ မိဖုယားအား။ မာကုဇ္စျ၊ အမျက် မထွက်ပါလင့်။

မင်းသည် ဘုရားလောင်း၏ စကားဖြင့် မိဖုယား၏ အပြစ်ကို သည်းခံ၍ မိဖုယားကို ထားမြဲတိုင်းသော နေရာ၌ သာလျှင်ထား၏။ ထိုအခါမှစ၍ နှစ်ယောက်ကုန်သော မင်း မိဖုယားတို့သည် ညီညွတ်စွာနေကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ကောသလမင်းသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ယခုအခါ မလ္လိ ကာသည် ထိုအခါ သုဇာတာမိဖုယား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အမတ်ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

စည်းစိမ်မာန်ယစ်၊ နှုတ်ဆိုလှစ်၊ အပြစ်ရောက်တတ်ပေ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော သုဇာတာဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကာလိင်္ဂဝဂ်

၇။ ပလာသဇာတ်

လုပ်ကျွေးကျိုး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အစေတနံ ဗြာဟ္မဏ အဿုဏန္တံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ပလာသဇာတ်ကို ပရိနိဗ္ဗာန်ပြုတော်မူရာ ညောင် စောင်းတော်၌ လျောင်းတော်မူလျက် အရှင်အာနန္ဒာ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ အရှင်အာနန္ဒာမထေရ်သည် မိုးသောက်ထ၌ ဘုရားပရိနိဗ္ဗာန်ပြုတော်မူလတ္တံ့ဟု သိ၍ ငါသည်လည်း ပြုဘွယ်ကိစ္စရှိသော သေက္ခသည်သာလျှင် ဖြစ်၏။ ဘုရားသခင်သည်လည်း ပရိနိဗ္ဗာန်ပြုလတ္တံ့၊ သဗ္ဗညူ ဘုရားရှင်အား ငါသည် နှစ်ဆယ် ငါးနှစ်တို့ပတ်လုံး လုပ်ကျွေးခြင်းသည် အကျိုးမရှိသည် ဖြစ်လတ္တံ့ ဟု သောကနှိပ်စက်၍ ဥယျာဉ်ကျောင်းတိုက်ခန်း၌ တံခါးရွက်အပေါင်ကို ဆွဲ၍ ငိုနေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် အာနန္ဒာကို မြင်တော်မမူသည်ရှိသော် ရဟန်းတို့အား အာနန္ဒာ အဘယ်မှာနည်းဟု မေးတော်မူလတ်၍ ခေါ်တော်မူ၍ ဆုံးမလို၍ အာနန္ဒာ သင်သည် ပြုခဲ့ဘူးသော ကောင်းမှုရှိ၏။ မြတ်သော လုံ့လကို အားထုတ်လော့၊ လျင်စွာ ရဟန္တာဖြစ်လတ္တံ့၊ အာနန္ဒာ မစိုးရိမ်လင့်၊ ယခု သင်သည် ငါ့အား ပြုအပ်သော လုပ်ကျွေးခြင်းသည် အဘယ့်ကြောင့် အကျိုးမရှိ ဖြစ်အံ့နည်း၊ ရှေး ရာဂကိလေ သာနှင့် တကွဖြစ်သော ကာလ ၌လည်း ငါ့အား သင်ပြုအပ်သော လုပ်ကျွေးခြင်းသည် သင့်အား အကျိုးမရှိသည် မဖြစ်ဘူးတကားဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီပြည်မှ မနီးလွန်း မဝေးလွန်းသောအရပ်၌ ပေါက်ပင်စောင့် ရုက္ခစိုဝ်းနတ် ဖြစ်၏။ ထိုအခါ ဗာရာဏသီ ပြည်သားတို့သည် နတ်တို့အား ကိုးကွယ်ကုန်၏။ အမြဲ နတ်ပူဇော်ခြင်းတို့၌ လုံ့လပြုကုန်၏။ ထိုအခါ တယောက်သော ဆင်းရဲသား ပုဏ္ဏားသည် ငါသည်လည်း တပါးသောနတ်ကို လုပ်ကျွေးအံ့ဟု တခုသော မြင့် သောအရပ်၌ တည်သော ကြီးစွာသော ပေါက် ပင်၏ အရင်း၌ ညီညွတ်စွာ မြက်မရှိသည်ကိုပြု၍ သဲကြဲ၍ တံမြက်လှည်း၍ သစ်ပင်ကို နံ့သာလက် ငါးချောင်းရာပေး၍ ပန်းနံ့သာအထုံတို့ဖြင့် ပူဇော်၍ ဆီမီးထွန်း၍ ချမ်းသာစွာ အိပ်ရပါ၏လောဟု ဆို၍ သစ်ပင်ကို လက်ျာရစ်လှည့်၍သွား၏။ နှစ်ရက်မြောက်သောနေ့၌ စောစောက သွား၍ ချမ်းသာစွာ အိပ်ခြင်းကို မေး၏။ တနေ့သ၌ ရုက္ခစိုဝ်းနတ်သည် ပုဏ္ဏားကား အလွန် ငါ့ကို လုပ် ကျွေး၏။ ဤပုဏ္ဏားကို စူးစမ်း၍ အကြင်ကြောင်းကြောင့် ငါ့ကို လုပ်ကျွေး၏။ ထိုအကြောင်းကို ပေးအံ့ဟု ကြံ၏။ ကြံပြီး၍ ရုက္ခစိုဝ်းနတ်သည် ထိုခဏ၌ ပုဏ္ဏားလာ၍ တံမြက် လှည်းသည်ရှိသော် ပုဏ္ဏားအို၏အသွင်ဖြင့် အနီး၌ ရပ်၍-

၂၅။ အစေတနံ ဗြာဟ္မဏ အသုဏန္တိ၊
ဇာနော အဇာနန္တမိမံ ပလာသံ။
အာရဒ္ဓဝီရိယော ဓုဝံ အပ္ပမတ္တော၊
သုခသေယျံ ပုစ္ဆသိ ကိဿ ဟေတု။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၅။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်။ တုဝံ၊ သင်သည်။ ဇာနော၊ သိသောသူဖြစ်လျှက်။ အစေတနံ၊ စိတ်မရှိထသော။ အသုဏန္တံ၊ စိတ်မရှိသည်၏ အဖြစ်ကြောင့် မကြားတတ်ထသော။ အဇာနန္တံ၊ မသိတတ်ထသော။ ဣမံ ပလာသံ၊ ဤပေါက်ပင်ကို။ အာရဒ္ဓဝီရိယော၊ အားထုတ်အပ်သော ဝီရိယရှိသည်ဖြစ်၍။ ဓုဝံ၊ အမြဲ။ အပ္ပမတ္တော၊ မမေ့မလျော့သည်ဖြစ်၍။ သုခသေယျံ၊ ချမ်း သာခွာ အိပ်ရခြင်းကို။ ပုစ္ဆသိ၊ မေးသနည်း။

ထိုစကားကို ကြား၍ ပုဏ္ဏားသည်-

၂၆။ ဒူရေ သုတော စေဝ ဗြဟာ စ ရုက္ခော၊
ဒေသေ ဌိတော ဘူတနိဝါသရူပေါ။
တသ္မာ နမဿာမိ ဣမံ ပလာသံ၊
ယေ စေတ္ထ ဘူတာ တေ ဓနသ ဟေတု။

ဟူသော နှစ်ခုမြောက်သောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၆။ ဗြာဟ္မဏ၊ ပုဏ္ဏား။ အယံ ရုက္ခော၊ ဤပေါက်ပင်သည်။ ဒူရေ စ၊ အဝေး၌လည်း။ သုတော၊ ထင်ရှား၏။ ဗြဟာ စ၊ ကြီးလည်းကြီး၏။ ဒေသေ၊ မြင့်သော ညီညွတ်သော မြေအရပ်၌။ ဌိတော၊ တည်၏။ ဘူတနိသရူပေါ၊ နတ်တို့၏ နေရာဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ ဣမံ ပလာသံ၊ ဤပေါက်ပင်ကို။ နမဿာမိ၊ ငါ ရှိခိုး၏။ ဧတ္ထ၊ ဤပေါက်ပင်၌။ ယေ စ ဘူတာ၊ အကြင် ဘုန်း တန်ခိုးကြီးကုန်သော နတ်တို့သည်လည်း။ နိဝုတ္ထာ၊ နေကုန်၏။ တေ စ၊ ထိုနတ်တို့ကိုလည်း။ ဓနဿ ဟေတု၊ ဥစ္စာ၏အကြောင်းကြောင့်။ နမဿာမိ၊ ငါ ရှိခိုး၏။

ထိုစကားကို ကြား၍ ရုက္ခစိုဝ်းနတ်သည် ပုဏ္ဏားအား ကြည်ညို၍ ပုဏ္ဏား ငါသည် ဤပေါက်ပင်၌ဖြစ်သော နတ်တည်း၊ သင် မကြောက်လင့် သင့်အား ဥစ္စာကို ပေးအံ့ဟု ထိုပုဏ္ဏားကို နှစ်သိမ့်စေ၍ မိမိဗိမာန်တံခါး၌ ကြီးစွာသော နတ်၏အာနုဘော်အားဖြင့် ကောင်းကင်၌ ရပ်၍-

၂၇။ သော တေ ကရိဿာမိ ယထာနုဘာဝံ၊
ကတညု တံ ဗြာဟ္မဏ ပေက္ခမာနော။
ကထဉှိ အာဂမ္မ သတံ သကာသေ၊
မောဃာနိ တေ အဿု ပရိဖန္ဒိတာနိ။
၂၈။ ယော တိန္ဒုကရုက္ခဿ ပရော ပိလက္ခော၊
ပရိဝါရိတော ပုဗ္ဗယညော ဥဠာရော။
တဿေသမူလသ္မိံ နိဓိ နိခါတော၊
အဒါယာဒေါ ဂစ္ဆ နံ ဥဒ္ဓရာဟိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၇။ ဗြာဟ္မဏ၊ ပုဏ္ဏား။ သော အဟံ၊ ထိုငါသည်။ ကတညုတံ၊ သင်ပြုသောကျေးဇူးကို သိသည် ၏အဖြစ်ကို။ ပေက္ခမာနော၊ ရှုလျက်။ ယထာနုဘာဝံ၊ အစွမ်းသတ္တိအားလျော်စွာ။ တေ၊ သင်အား။ ကရိဿာမိ၊ ကျေးဇူးပြုအံ့။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ သတံ၊ သူတော်ကောင်းတို့၏။ သကာသေ၊ အထံ၌။ ကတံ၊ ကျေးဇူးပြုခြင်းသို့။ အာဂမ္မ၊ ရောက်၍။ တေ၊ သင်၏။ ပရိဖန္ဒိတာနိ၊ ကိုယ်နှုတ်တို့ဖြင့် လုံ့လပြုခြင်းတို့သည်။ မောဃာနိ၊ အချည်းနှီး အကျိုးမရှိကုန်သည်။ ကထံ အဿု၊ အသို့ ဖြစ်ကုန်အံ့နည်း။

֍ ဋ္ဌ ၂၈။ သမ္မ ဗြာဟ္မဏ၊ အချင်းပုဏ္ဏား။ တိန္ဒုကရုက္ခဿ၊ တည် ပင်၏။ ပရော၊ နောက်၌တည်သော။ ယော ပိလက္ခော၊ အကြင် ညောင် ကြတ်ပင်သည်။ အတ္ထိ၊ ရှိ၏။ တဿေဝ၊ ထိုညောင် ကြတ်ပင်၏လျှင်။ မူလသ္မိံ၊ အမြစ်ရင်း၌။ ပရိဝါရိတော၊ ညောင်ကြတ်ပင်ကို ဝန်းရံလျှက်။ ပုဗ္ဗယညော၊ ရှေး၌ ယဇ်ဖြစ်ဘူးသော။ ဥဠာရော၊ များစွာသော။ နိခါတော၊ မြှုပ်အပ်သော။ ဧသ- ဧသော နိဓိ၊ ဤရွှေအိုးသည်။ အဒါယာဒေါ၊ ယခု အမွေခံ မရှိပြီ။ ဂစ္ဆ၊ သွားချေ။ နံ၊ ထိုဥစ္စာကို။ ဥဒ္ဓရာဟိ၊ ထုတ်ဘော်၍ ယူချေ။

ဤသို့ ဆိုပြီး၍ ထိုရုက္ခစိုင်းနတ်သည် ပုဏ္ဏား သင်သည် ထိုဥစ္စာအိုးကိုထုတ်၍ ယူသည်ရှိသော် ပင်ပန်းလတ္တံ့၊ သင်သည် သွားလေလော့၊ ငါသည်သာလျှင် ထိုဥစ္စာတို့ကို သင့်အိမ်သို့ ဆောင်၍ ဤမည်သော ဤမည်သော အရပ်၌ မြှုပ်ထားအံ့၊ သင်သည် ထိုဥစ္စာကို အသက်ထက်ဆုံး သုံးဆောင်လျှက် အလှူပေးလော့၊ သီလစောင့်လေလော့ဟု ပုဏ္ဏားအား ဆုံးမ၍ ထိုဥစ္စာကို မိမိအာနုဘော်ဖြင့် ပုဏ္ဏားအိမ်၌ တည်စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ပုဏ္ဏား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သူ့ကို ကိုယ်ပြု၊ ကိုယ်ပါနု၊ ရှုတော့ လာဘ်မိုဃ်းစွေ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ပလာသဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကာလိင်္ဂဝဂ်

၈။ သကုဏဇာတ်

ကျေးစွန့်သောခြင်္သေ့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အကရမှသ တေ ကိစ္စ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသကုဏဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် ဒေဝဒတ်၏ ကျေးဇူး မသိတတ်သော အဖြစ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝ ဒတ်သည် ကျေဇူး မသိတတ်သည် မဟုတ်သေး၊ ရှေး၌လည်း ကျေးဇူး မသိတတ်သည် သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာ၌ သစ်တောက်လောက်ငှက် ဖြစ်၏။ ထိုအခါ အသားကိုစားသော တခုသော ခြင်္သေ့၏ လည်၌ အရိုးသည် ငြိ၏။ လည်သည် ဖူးဖူးယောင်၏။ အစာကို ယူအံ့သောငှါ မတတ်နိုင်၊ ကြမ်းတန်းသော ဝေဒနာသည် ဖြစ်၏။ ထိုအခါ အစာရှာသော ထိုသစ်တောက်လောက် ငှက်သည် ခြင်္သေ့ကိုမြင်၍ သစ်ခက်၌ နားလျက် အဆွေခြင်္သေ့ သင့်အား အဘယ်ဆင်းရဲနည်းဟု မေး၏။ ခြင်္သေ့သည် ထိုအကြောင်းကို ကြား၏။ အဆွေခြင်္သေ့ သင်၏လည်၌ ငြိသော ထိုအရိုးကို ပယ်ငြားအံ့ ငါ့ကိုခဲရာ၏။ သင့်ကို ကြောက်သောကြောင့် သင့်ခံတွင်းကိုဝင်ခြင်းငှာ မဝံ့ဟု သစ်တောက်လောက် ဆို၏။ အဆွေ သစ်တောက်လောက် မကြောက်လင့် သင့်ကို ငါမခဲအံ့၊ ငါ့အား အသက်ကို ပေးလော့ဟု ခြင်္သေ့ ဆို၏။ သစ်တောက်လောက်လည်းကောင်းပြီဟု ခြင်္သေ့ကို လက်ျာနံပါးဖြင့် အိပ်စေ၍ အဘယ်သို့ ဖြစ်အံ့သည်ကို အဘယ်သူ သိနိုင်ချေအံ့နည်းဟု ကြံ၍ ခံတွင်းကို မပိတ်နိုင်အောင် ခြင်္သေ့၏ အောက်နှုတ်ခမ်း၌၎င်း အထက်နှုတ်ခမ်း၌၎င်း လှံတံကို ထောက်၍ ခံတွင်းသို့ဝင်၍ အရိုးစွန်းကို နှုတ်သီးဖြင့် ခတ်၏။ အရိုးသည် ကျ၍ ခြင်္သေ့ခံတွင်းမှ ထွက်လျှက် ထောင်သောလှံတံကို နှုတ်သီးဖြင့် ခတ်၍ ကျစေပြီးသော် ထွက်၍ သစ်ခက်၌ နား၏။ ခြင်္သေ့သည် ရောဂါကင်း၍ တနေ့သ၌ တခုသော တောကျွဲကိုသတ်၍ စား၏။ သစ်တောက်လောက်ငှက်သည် ထိုခြင်္သေ့ကို စုံစမ်းအံ့ဟု ခြင်္သေ့၏ အထက် သစ် ခက်၌ နား၍ ခြင်္သေ့နှင့်တကွ ပြောဟောလိုရ ကား-

၂၉။ အကရမှသ တေ ကိစ္စံ၊ ယံဗလံ အဟုဝမှသေ။
မိဂရာဇ နမောတျတ္တု၊ အပိ ကိဉ္စိ လဘာမသေ။

ဟူသော ရှေးဦးစွာသောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၉။ မိဂရာဇ၊ ခြင်္သေ့မင်း။ တေ၊ သင်အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေ သတည်း။ ယံ ဗလံ၊ အကြင် အစွမ်းသည်။ အမှာကံ၊ ငါတို့အား။ အဟုဝမှသေ-အဟောသိ၊ ဖြစ်၏။ တေန ဗလေန၊ ထိုအစွမ်းဖြင့်။ တေ၊ သင်၏။ ကိစ္စံ၊ ကိစ္စကို။ မယံ၊ ငါတို့သည်။ အကရမှသ၊ ပြုပါကုန်၏။ မယံ၊ ငါတို့သည်။ ကိဉ္စိ အပိ၊ စဉ်းငယ်သော အမဲကိုလည်း။ လဘာမသေ၊ ရပါကုန်အံ့လော။

ထိုစကားကိုကြား၍ ခြင်္သေ့သည်-

၃၀။ မမ လောဟိတဘက္ခဿ၊ နိစ္စံ လုဒ္ဒါနိ ကုဗ္ဗတော။
ဒန္တန္တရဂတော သန္တော၊ တံ ဗဟုံ ယမ္ပိ ဇီဝသိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၀။ ဘော သကုဏ၊ အိုငှက်။ ဒန္တန္တရဂတော၊ သွားကြားသို့ ရောက်သည်။ သန္တော၊ ဖြစ်လျှက်။ တွံ၊ သင်သည်။ ယမ္ပိ ဇီဝသိ၊ အကြင် အသက်ရှည်ရခြင်းသည် ဖြစ်၏။ တံ၊ ထိုအသက်ရှည်ခြင်းလည်း။ လောဟိတဘက္ခဿ၊ သွေးကို သောက် စားသော။ နိစ္စံ၊ အမြဲ။ လုဒ္ဒါနိ၊ ကြမ်းကြုတ်သောအမှုတို့ကို။ ကုဗ္ဗတော၊ ပြုသော သင်အား။ မမ၊ ငါ၏။ ဗဟုံ၊ များစွာ ပူဇော်ခြင်းတည်း။

ထိုစကားကိုကြား၍ သစ်တောက်လောက်ငှက်သည်-

၃၁။ အကတညု မကတ္တာရံ၊ ကတဿ အပ္ပဋိကာရကံ။
ယသ္မိံ ကတညုတာ နတ္ထိ၊ နိတ္ထာ တဿ သေဝနာ။
၃၂။ ယဿ သမ္မုခစိဏ္ဏေန၊ မိတ္တဓမ္မော န လဘတိ။
အနုသူယမနက္ကောယံ၊ သဏိကံ တမှာ အပက္ကမေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၁။ ယသ္မိံ၊ အကြင်သူ၌။ ကတညုတာ၊ ကျေးဇူး သိသည်၏ အဖြစ်သည်။ နတ္ထိ၊ မရှိ။ တဿ၊ ထိုကျေးဇူး မသိသောသူအား။ သေဝနာ၊ မှီဝဲခြင်းသည်။ နိရတ္ထာ၊ အကျိုးမရှိ။ မိတ္တဓမ္မော၊ ကျေးဇူး ပြုသောသူသည်။ ယဿ၊ အကြင်သူ၏။ သမ္မုခစိဏ္ဏေန၊ မျက်မှောက်ပြုသော ကျေးဇူးဖြင့်။ နလဗ္ဗတိ၊ အကျိုးကို မရ။ ကတဿ၊ ကျေးဇူးပြုသော သူအား။ အကတညုံ၊ ကျေးဇူးကို မသိသော။ အကတ္တာရံ၊ တစုံတခု မပြုသော။ အပ္ပဋိကာရကံ၊ ကျေးဇူးတုံ့ပြန်ခြင်း မရှိသောသူကို။ အနုသူယံ၊ မငြူစူဘဲ။ အနက္ကောသံ၊ မဆဲရေးဘဲ။ တမှာ၊ ထိုကျေးဇူး မသိသောသူမှ။ သဏိကံ၊ ဖြည်းညှင်းသာယာစွာ။ အပက္ကမေ၊ ဖဲခွါရာ၏။

ဤသို့ဆို၍ သစ်တောက်လောက်ငှက်သည် ဖဲ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ခြင်္သေ့ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သစ် တောက်လောက်ငှက် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးရှိသူ၊ ကျေးစွန့်မူ၊ ထိုသူယုတ်မာစွ

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သကုဏဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကာလိင်္ဂဝဂ်

၉။ ဆဝဇာတ်

နေရာကိုရွေး ပညာပေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သဗ္ဗမိဒံ စရိမံ ကတံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဆဝဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုသည် ဝိနည်း၌ အကျယ်အားဖြင့် လာသလျှင်ကတည်း) ဤဆဝဇာတ်၌ကား အကျဉ်းကို သိအပ်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းကို သင်တို့သည် နိမ့်သောနေရာ၌ နေကုန်၍ မြင့်သောနေရာ၌ နေသောသူအား တရားဟောကုန်သောဟူသည် မှန်သလောဟု မေးတော်မူ၍ မှန်ပေ၏ဟု လျှောက်သည်ရှိသော် ဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့တော်မူ၍ ရဟန်းတို့ တရားတော်၌ အရိုအသေ မပြုခြင်းသည် မသင့်၊ ရှေးပညာရှိတို့သည် နိမ့်သောနေရာ၌ နေ၍ ဗေဒင်ကို သင်စေသော သူတို့ကိုလည်း ကဲ့ရဲ့ဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် စဏ္ဍာလမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ဥစ္စာကို ဖြစ်စေ၏။ ဘုရားလောင်း၏ မယားသည် ချင်ခြင်းဖြစ်၍ ဘုရားလောင်းကို အရှင်အကျွန်ုပ်သည် သရက်သီးကို စားခြင်းငှာအလိုရှိ၏ဟု ဆို၏။ ရှင်မ ဤကာလ၌ သရက်သီးသည် မရှိ၊ တပါးသော တစုံတခုသော ချဉ်သောအသီးကို ဆောင်အံ့ဟု ဘုရားလောင်းဆို၏။ အရှင်သရက်သီးကိုရမှ အသက်ရှင်အံ့၊ မရသော် ငါသေအံ့ဟုဆို၏။ ဘုရားလောင်းသည် မိန်းမ၌ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ အဘယ်၌လျှင် သရက်သီးကို ရပါအံ့နည်းဟု ကြံ၏။ ထိုအခါ၌ကား ဗာရာဏသီမင်း၏ ဥယျာဉ်၌ သရက်ပင်သည် မပြတ်သီး၏။ ဘုရားလောင်းသည် ထိုသရက်သီးမှည့်ကို ဆောင်ယူ၍ မိန်းမအား ချင်ခြင်းကို ငြိမ်းစေအံ့ဟု ညဉ့်အခါ၌ ဥယျာဉ်သို့သွား၍ သရက်ပင်ကို တက်၍ပုန်းလျက် အောက်ကိုင်း အထက်ကိုင်း အသီးကိုကြည့်လျက် လှည့်လည်၏။ ဘုရားလောင်း၏ ထိုသို့ပြုစဉ် ညဉ့်သည် လင်းသည်ဖြစ်၏။ ထိုဘုရားလောင်းသည် ယခုအခါ၌လျှင် ဆင်းသက်၍ သွားသော် ငါ့ကိုမြင်၍ ခိုးသူဟု ဖမ်းကုန်လတ္တံ့။ ညဉ့်အခါမှ သွားအံ့ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် ထခုသော အခွသို့တက်၍ ပုန်းလျှက်နေ၏။

ထိုအခါ ဗာရာဏသီမင်းသည် ပုရောဟိတ်၏ အထံ၌ ဗေဒင်တို့ကို သင်အံ့ဟု ဥယျာဉ်သို့ ဝင်၍ သရက်ပင်ရင်းဝယ် မြင့်သော နေရာ၌နေ၍ ဆရာကို နိမ့်သောနေရာ၌ နေစေ၍ ဗေဒင်တို့ကို သင်၏။ ဘုရားလောင်းသည် အထက်၌ ပုန်းလျှက် အကြင်မင်းသည် မြင့်သောနေရာ၌ နေ၍ ဗေဒင်တို့ကို သင်၏။ ဤမင်းသည် တရားမစောင့်၊ အကြင် ပုဏ္ဏားသည် နိမ့်သောနေရာ၌ နေ၍ ဗေဒင်တို့ကို သင်စေ၏။ ဤပုဏ္ဏားသည်လည်း တရားမစောင့်၊ အကြင် ငါသည် မိန်းမအလိုသို့လိုက်၍ ကိုယ့်အသက်ကို မရေမတွက်ဘဲ သရက်သီးကို ခိုး၏။ ထိုငါသည်လည်း တရားမစောင့်ဟု ကြံ၍ ထိုဘုရားလောင်းသည် သရက်ပင်မှ သက်လတ်သော် တခုသော တွဲလျားကျသော နိမ့်သောအခက်ကိုကိုင်၍ မင်း ပုဏ္ဏားနှစ်ပါးတို့၏ အလယ်၌ရပ်၍ မြတ်သောမင်းကြီး ကျွန်ုပ်သည် ပျက်၏။ သင်မင်းကြီးသည် တွေဝေ၏။ ပုရောဟိတ်သည် ရမ္မက်ကြီး၏ဟု ဆို၏။ မင်းသည် အဘယ်အကြောင်းကြောင့် ဤသို့ ဆိုသနည်းဟု မေးအပ်သည်ရှိသော် ထိုဘုရားလောင်းသည်-

၃၃။ သဗ္ဗမိဒံ စရိမံ ကတံ၊ ဥဘော ဓမ္မံ န ပဿရေ။
ဥဘော ပကတိယာ စုတာ၊ ယောစာယံ မန္တေဇ္စျာပေတိ။
ယော စ မန္တံ အဓီယတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၃။ သဗ္ဗံ၊ အလုံးစုံသော။ ဣဒံ ကိစ္စံ၊ ဤသုံးယောက်သော ငါတို့ပြုအပ်သော အမှုသည်လည်း။ စရိမံ ကတံ၊ ယုတ်မာသောအမှုဖြစ်၏။ ယော စာယံ၊ အကြင်ပုဏ္ဏားသည်လည်း။ နီစာသနေ၊ နိမ့်သောနေရာ၌။ နိသီဒိတွာ၊ နေ၍။ မန္တေ၊ ဗေ ဒင်တို့ကို။ အဇ္စျာပေတိ၊ သင်အံစေ၏။ ယော စ၊ အကြင် မင်းသည်လည်း။ ဥစ္ဆေ အာသနေ၊ မြင့်သောနေရာ၌။ နိသီဒိတွာ၊ နေ၍။ မန္တံ၊ ဗေဒင်ကို။ အဓီယတိ၊ သင်အံ၏။ ဥဘော၊ နှစ်ပါးကုန်သောမင်း, ပုဏ္ဏားတို့သည်။ ဓမ္မံ၊ တရားကို။ န ပဿရေ၊ မမြင်ကုန်။ ဥဘော၊ နှစ်ပါးကုန်သော မင်းပုဏ္ဏားတို့သည်။ ပကတိယာ၊ တရားမှ။ စုတာ၊ ရွေ့လျောကုန်၏။

ထိုစကားကိုကြား၍ ပုဏ္ဏားသည်-

၃၄။ သာလီနံ ဩဒနံ ဘုဉ္ဇေ၊ သုစိံ မံသူပသေစနံ။
တသ္မာ တေ န သေဝါမိ၊ ဓမ္မံ ဣသီဟိ သေဝိတံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၄။ အဟံ၊ ငါသည်။ ရညာ၊ မင်း၏။ သန္တကံ၊ ဥစ္စာဖြစ်သော။ သုစိံ၊ ဖြူစင်စွာသော။ မံသူပသေစနံ၊ သားပြွမ်းဖြစ်သော။ သာလီနံ၊ သလေးတို့၏။ ဩဒနံ၊ ထမင်းကို။ ဘုဉ္ဇေ၊ စားရ၏။ တသ္မာ၊ ထိုကြောင့်။ ဣသီဟိ၊ ဘုရား ပစ္စေကဗုဒ္ဓါတို့သည်။ သေဝိတံ၊ မှီဝဲအပ်သော။ ဧတံ ဓမ္မံ၊ ထိုတရားကို။ န သေဝါမိ၊ ငါမမှီဝဲ။

ထိုစကားကို ကြား၍ ဘုရားလောင်းသည်-

၃၅။ ပရိဗ္ဗဇ မဟာ လောကော၊ ပစန္တညေပိ ပါဏိနော။
မာ တံ အဓမ္မော အာစရိတော၊ အသ္မာ ကုမ္ဘမိဝါဘိဒါ။
၃၆။ ဓိရတ္ထုတံ ယသလာဘံ၊ ဓနလာဘဉ္စ ဗြာဟ္မဏ။
ယာ ဝုတ္တိ ဝိနိပါတေန၊ အဓမ္မစရဏေန ဝါ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၅။ ဗြာဟ္မဏ၊ ပုဏ္ဏား။ လောကော နာမ၊ လောက မည်သည်ကား။ မဟာ၊ ကျယ်၏။ ပရိဗ္ဗဇ၊ တပါးသော အရပ်သို့ သွားလေလော့။ အညေပိ ပါဏိနော၊ မင်းမှတပါးသော သတ္တဝါတို့သည်လည်း။ ပစန္တိ၊ ထမင်းချက်ကုန်၏။ အသ္မာ၊ ကျောက်သည်။ ကုမ္ဘံ၊ အိုးကို။ ဘိန္ဒတိ ဣဝ၊ ခွဲသကဲ့သို့။ အာစရိတော၊ ကျင့်အပ်သော။ အဓမ္မော၊ အဓမ္မသည်။ တံ၊ သင့်ကို။ မာ အဘိဒါ၊ မခွဲစေလင့်။

֍ ဋ္ဌ ၃၆။ ဗြဟ္မဏ၊ ပုဏ္ဏား။ ဝိနိပါတေန ဝါ၊ အပါယ်သို့ ကျစေသဖြင့်၎င်း။ အဓမ္မစရဏေန ဝါ၊ အဓမ္မကို ကျင့်သဖြင့်၎င်း။ ယာ ဝုတ္တိ၊ အကြင်စည်းစိမ် ချမ်း သာကို ရခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တံ ယသလာဘဉ္စ၊ ထိုစည်းစိမ် ရခြင်းကို၎င်း။ တံ ဓနလာဘဉ္စ၊ ထိုဥစ္စာ ရခြင်းကို၎င်း။ ဓိရတ္ထု-၈ရဟာမ၊ ငါ့တို့ ကဲ့ရဲ့ကုန်၏။

ထိုအခါ ဘုရားလောင်း၏ တရားစကား၌ မင်းသည် ကြည်ညို၍ အချင်း ယောက်ျား သင်သည် အဘယ်အမျိုးနည်းဟု မေး၏။ အရှင်မင်းကြီး အကျွန်ုပ် စဏ္ဍာလတည်းဟု ဆို၏။ အချင်းယောက်ျား အကယ်၍ သင်သည် အမျိုးနှင့်ပြည့်စုံငြားအံ့၊ သင့်အား ငါသည် မင်းအဖြစ်ကို ပေးရာ၏။ ယခုနေ့မှစ၍ကား ငါသည် နေ့အခါ၌ မင်းဖြစ်အံ့၊ သင်သည် ညဉ့်၌ မင်းဖြစ်လော့ဟု ဆို၍ မိမိလည်၌ဆင်သော ပန်းဆိုင်းကို ဘုရားလောင်း၏ လည်၌ ဆင်စေ၍ ဘုရားလောင်းကို မြို့စောင့်အဖြစ်ကို ပြု၏။ ဤသို့ ပန်းဆိုင်းကို လည်၌ဆင်ခြင်းသည်ကား မြို့စောင့်တို့၏ လည်၌ နီသောပန်းပိုင်းကို ဆင်သောအနွယ် ဖြစ်၏။ ထိုအခါမှစ၍ကား မင်းသည် ဘုရားလောင်း၏ အဆုံးအမ၌ တည်၍ ဆရာအား ရိုသေခြင်းကိုပြု၍ နိမ့်သောနေရာ၌ နေ၍ ဗေဒင်တို့ကို သင်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ စဏ္ဍာလသား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

တရားဓမ္မ၊ ဟူတုံက၊ မုချရိုသေလေ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ဆဝဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကာလိင်္ဂဝဂ်

၁၀။ သေယျဇာတ်

ရာထူးမမင် တောချောင်ဝင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သသမုဒ္ဒပရိယာယံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသေယျဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းသည် သာဝတ္ထိပြည်၌ ဆွမ်းခံသွားသည် ရှိသော် တယောက်သော အဆင်းလှသော တန်ဆာဆင်အပ်သော မိန်းမကိုမြင်၍ သာသနာတော်၌ ငြီး ငွေ့၏။ ထိုအခါ ရဟန်းတို့သည် သဗ္ဗညူ မြတ်စွာဘုရားအား လျောက်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း အသို့နည်း၊ သင် ငြီးငွေ့သောဟူသည် မှန်သလောဟု မေးတော်မူ၍ မှန်ပေ၏ဟု လျှောက်၍ အဘယ်သူသည် သင့်ကို ငြီးငွေ့စေသနည်းဟု မိန့်တော်မူသည်ရှိသော် ထိုအကြောင်းကို ကြား လျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း အဘယ့်ကြောင့် သင်သည် ဤသို့သဘောရှိသော ဝဋ် ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ငြီးငွေ့သနည်း၊ ရှေးပညာရှိတို့သည် ပုရောဟိတ်အရာကို ရကုန်လျှက်လည်း ထိုအရာကို ပယ်၍ ရဟန်းပြုကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုရောဟိတ်၏ ပုဏ္ဏေးမဝမ်း၌ ပဋိသန္ဓေယူ၍ မင်း၏ သားနှင့်တကွ တနေ့ချင်း ဖွား၏။ မင်းသည် ငါ၏သားနှင့်တကွ တနေ့ချင်းဖွားသော သူငယ်ရှိသလောဟု အမတ်တို့ကိုမေး၏။ မြတ်သောမင်းကြီး ပုရောဟိတ်သား ရှိ၏ဟု လျှောက်ကုန်၏။ မင်းသည် ပုရောဟိတ်၏သားကို ယူငင်စေ၍ အထိန်းတို့အားပေး၍ မင်းသားနှင့် တကွနက် မွေးမြူစေ၏။ နှစ်ယောက်ကုန်သော သူငယ်တို့အား ဆင်သော တန်ဆာ အဖျော် ဘောဇဉ် အစရှိသည်တို့သည် ထပ်တူသာလျှင် ဖြစ်ကုန်၏။ ထိုသူငယ်တို့သည် အရွယ်သို့ ရောက်ကုန်လတ်သော် တကွနက်သာလျှင် တက္ကသိုလ်ပြည်သို့ သွား၍ ခပ်သိမ်း သော အတတ်တို့ကို သင်၍ ပြန်လာကုန်၏။ မင်းသည် သားအား အိမ်ရှေ့မင်း အဖြစ်ကိုပေး၍ အိမ် ရှေ့မင်းသည် များသော စည်းစိမ် အခြံအရံရှိ၏။ ထိုအခါမှစ၍ ဘုရားလောင်းသည် မင်းသားနှင့် တကွနက် စား၏။ သောက်၏။ အိပ်၏။ အချင်းချင်း အကျွမ်းဝင်ခြင်းသည် မြဲမြံ၏။

နောက်အခါ မင်းသားသည် အဘလွန်သဖြင့် မင်းအဖြစ်၌ တည်၍ ကြီးစွာသော စည်းစိမ်ကို ခံစား၏။ ဘုရားလောင်းသည် ငါ၏ အဆွေ ခင်ပွန်းကား ပြည်ကို ဆုံးမ၏။ သတိရသော ခဏ၌လျှင် ငါ့အား ပုရောဟိတ်အရာကို ပေးလတ္တံ့၊ ငါ့အား အိမ်၌နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်းပြု၍ ဝိဝေကကိုပွားစေအံ့ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် မိဘတို့ကို ရှိခိုး၍ ရဟန်းအဖြစ်ကို ခွင့်ပြုစေ၍ ကြီးစွာသော စည်း စိမ်ကို စွန့်၍ တယောက်ထည်း သာလျှင် တောထွက်၍ ဟိမဝန္တာသို့ဝင်၍ နှလုံးမွေ့လျော်ဘွယ်ရှိသော မြေအဘို့၌ ကျောင်းဆောက်၍ ရသေ့ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဈာန်ကစားခြင်းကို ကစားလျှက် နေ၏။ ထိုအခါ မင်းသည် ဘုရားလောင်းကို အောက်မေ့၍ ငါ၏အဆွေခင်ပွန်းသည် မထင်။ အဘယ်မှာနည်းဟု မေး၏။ အမတ်တို့သည် ဘုရားလောင်း၏ ရဟန်းပြုသော အဖြစ်ကို ကြား၍ မွေ့လျော်ဘွယ်ရှိသော တောအုပ်၌ နေသတတ်ဟု လျောက်ကုန်၏။ မင်းသည် ဘုရားလောင်း၏ နေရာအရပ်ကိုမေး၍ သေယျမည်သော အမတ်ကို သင် သွားချေ၊ ငါ၏ အဆွေခင်ပွန်းကို ခေါ်၍ လာခဲ့လော့၊ ငါ၏ အဆွေခင်ပွန်းအား ပုရောဟိတ် အရာကို ပေးအံ့ဟု ဆို၏။ ထိုသေယျ အမတ်သည် ကောင်းပြီဟု ဝန်ခံ၍ ဗာရာဏသီမှထွက်၍ အစဉ်သဖြင့် ပစ္စန္တရစ်သို့ရောက်၍ ထိုရွာ၌ သစ်ခက်တပ် တည်နေ၍ မုဆိုးတို့နှင့်တကွ ဘုရားလောင်း၏ နေရာအရပ်သို့ သွား၍ ကျောင်းတံခါး၌ ရွှေဆင်းတုကဲ့သို့ ထိုင်၍နေသော ဘုရားလောင်းကို မြင်၍ ရှိခိုး၍ တင့်အပ် လျောက်ပတ်စွာနေ၍ ပဋိသန္ထာရပြု၍ အရှင်ဘုရား မင်းသည် အရှင်ဘုရားအား ပုရောဟိတ် အရာကို ပေးလို၍ အရှင်ဘုရား၏ လာခြင်းကို အလိုရှိ၏ဟု လျောက်၏။

ဘုရားလောင်းသည်ကား ပုရောဟိတ် အရာကို ထားဘိဦး၊ ကာသိတိုင်း ကောသလတိုင်းနှင့် တကွသော ဇမ္ဗူဒီပါမင်း၏အဖြစ်၊ စကြဝတေး မင်း၏ စည်းစိမ်ကိုပင် ရငြားသော်လည်း ငါ မလိုက်၊ ပညာရှိတို့သည် တကြိမ် စွန့်အပ်ပြီးသော ကိလေသာတို့ကို တဖန် မယူကုန်၊ တကြိမ်စွန့်အပ်ပြီးသော ကိလေသာသည် ထွေးအပ်ပြီးသော တံတွေးပေါက်နှင့် တူ၏ဟု ဆို၍-

၃၇။ သသမုဒ္ဒပရိယာယံ၊ မဟိံ သာဂရကုဏ္ဍလံ။
န ဣစ္ဆေ သဟ နိန္ဒာယ၊ ဧဝံ သေယျ ဝိဇာနဟိ။
၃၈။ ဓိရတ္ထု တံ ယသလာဘံ၊ ဓနလာဘဉ္စ ဗြာဟ္မဏ။
ယာ ဝုတ္တိ ဝိနိပါတေန၊ အဓမ္မစရဏေန ဝါ။
၃၉။ အပိ စေ ပတ္တမာဒါယ၊ အနာဂါရော ပရိဗ္ဗဇေ။
သာယေဝ ဇီဝိကာ သေယျာ၊ ယာ စာဓမ္မေန ဧသနာ။
၄၀။ အပိ စေ ပတ္တမာဒါယ၊ အနာဂါရော ပရိဗ္ဗဇေ။
အညံ အဟိံ သယံ လောကေ၊ အပိ ရဇ္ဇေန တံ ဝရံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၇။ သေယျံ၊ သေယျအမတ်။ သဟ နိန္ဒာယ၊ ကဲ့ရဲ့ခြင်းနှင့်တကွ ဖြစ်ခြင်းကြောင့်။ သသမုဒ္ဒပရိယာယံ၊ သမုဒ္ဒရာကို ရံ၍တည်သော စကြဝဠာနှင့် တကွသော။ သာဂရကုဏ္ဍလံ၊ သမုဒ္ဒရာ၏ နားဍောင်းသဘွယ်ဖြစ်သော။ မဟိံ၊ မြေကို။ န ဣစ္ဆေ၊ အလိုမရှိ။ ဧဝံ၊ ဤသို့။ ဝိဇာနာဟိ၊ သိလော့။

֍ ဋ္ဌ ၃၈။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဝိနိပါတေန၊ အပါယ်သို့ ကျစေသဖြင့်၎င်း။ အဓမ္မစရဏေန ဝါ၊ အဓမ္မကို ကျင့်သဖြင့်၎င်း။ ယာဝုတ္တိ၊ အကြင်စည်းစိမ်ဥစ္စာကို ရခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တံ ယသလာဘဉ္စ၊ ထိုစည်းစိမ်ရခြင်းကို၎င်း။ တံ ဓနလာဘဉ္စ၊ ထိုဥစ္စာရခြင်းကို၎င်း။ ဓိရတ္ထု-၈ရဟာမ၊ ငါတို့ကဲ့ရဲ့ကုန်၏။

֍ ဋ္ဌ ၃၉။ အဓမ္မန၊ အဓမ္မဖြင့်။ ယာ စ ဧသနာ၊ အကြင်ဥစ္စာရှာခြင်းသည်။ အတ္ထိ၊ ရှိ၏။ တတော၊ ထို ထက်။ အနာဂါရော၊ နေ ရာမရှိသည်ဖြစ်၍။ ပဗ္ဗဇ္ဇ၊ ရဟန်းပြု၍။ ပတ္တံ၊ သပိတ်ကို။ အာဒါယ၊ ယူ၍။ ပရိဗ္ဗဇေ အပိစေ၊ ဆွမ်းခံသွားငြားအံ့။ သာယေဝ ဇီဝိကာ၊ ထိုအသက်မွေးခြင်းသည်သာ လျှင်။ သေယျာ၊ မြတ်၏။

֍ ဋ္ဌ ၄၀။ အနာဂါရော၊ နေရာအရပ် မရှိသည်ဖြစ်၍။ ပဗ္ဗဇ္ဇ၊ ရဟန်း ပြု၍။ ပတ္တံ၊ သပိတ်ကို။ အာဒါယ၊ ယူ၍။ လောကေ၊ လောက၌။ အညံ၊ သူတပါးကို။ အဟိံသယံ၊ မညှဉ်းဆဲဘဲ။ ပရိဗ္ဗဇေ အပိ စေ၊ ဆွမ်းခံသွားငြားအံ့။ တံ၊ ထိုအသက်မွေး ခြင်းသည်။ ရဇ္ဇေန အပိ၊ မင်းအဖြစ်ထက်လည်း။ ဝရံ၊ မြတ်၏။

ဤသို့ ဘုရားလောင်းသည် အဖန် တလဲလဲ တောင်းပန်သော်လည်း ထိုတောင်းပန်ခြင်းကို ပယ်၏။ သေယျအမတ်သည်လည်း ဘုရားလောင်း၏ စိတ်ကို မရ၍ ဘုရားလောင်းကို ရှိခိုး၍ သွား၍ ဘုရားလောင်း၏ မလာသောအဖြစ်ကို မင်းအား ကြားလျှောက်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ တပါးကုန်သော များစွာကုန်သော ရဟန်းတို့သည်လည်း သောတာပတ္တိဖိုလ် အစရှိသည်တို့ကို မျက်မှောက်ပြုကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ သေယျ အမည်ရှိသော အမတ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုရောဟိတ်သား ရသေ့ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

လောကီကိုပယ်၊ လောကုတ်နယ်၊ ကိုးကွယ်ရှာကြသည်

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သေယျဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၁။ ပုစိမန္ဒဇာတ်

တမာပင်ရုက္ခစိုဝ်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဥဋ္ဌေဟိ စောရ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပုစိမန္ဒဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အရှင်မဟာ မောဂ္ဂလ္လာန် မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ အရှင်မဟာမောဂ္ဂလ္လာန် မထေရ်သည် ရာဇဂြိုဟ်ပြည်ကို အမှီပြု၍ တောကုဋိ၌ သီတင်းသုံးနေသည်ရှိသော် တယောက်သော ခိုးသူသည် မြို့တံခါး ရွာဝယ် တခုသောအိမ်၌ အစပ်ကိုဖြတ်၍ ဥစ္စာနှစ်ကို ယူ၍ပြေး၍ အရှင်မဟာမောဂ္ဂလာန် မထေရ်၏ ကုဋိပရိဝုဏ် အရံတွင်းသို့ဝင်၍ ဤ၌ ငါ၏ အစောင့် အရှောက်သည် ဖြစ်လတ္တံ့ဟု အရှင်မဟာမောဂ္ဂလ္လာန် မထေရ်၏ ကျောင်းဦး၌ အိပ်၏။ အရှင်မဟာမောဂ္ဂလ္လာန် မထေရ်သည် ခိုးသူ ကျောင်းဦး၌ အိပ်သောအဖြစ်ကို သိ၍ ထိုခိုးသူ၌ ရွံရွာခြင်းကိုပြု၍ ခိုးသူနှင့်တကွ ရောနှောခြင်းမည်သည်ကား မအပ်ဟု ထွက်၍ ဤကျောင်း၌ မအိပ်လင့်ဟု နှင်ထုတ်၏။ ခိုးသူသည် ထိုကျောင်းမှ ထွက်၍ ခြေရာကိုဖျက်၍ ပြေး၏။ လူတို့သည် မီးရှူးကိုယူ၍ ခိုးသူ၏ခြေရာသို့ လိုက်သဖြင့် ထိုကျောင်းသို့လာ၍ ထိုခိုးသူ၏ လာရာအရပ် ရပ်ရာအပ် ထိုင်ရာအရပ် အိပ်ရာအရပ် အစရှိသည်တို့ကို မြင်၍ ခိုးသူသည် ဤကျောင်းမှ လာ၏။ ဤ၌ ရပ်၏။ ဤ၌ ထိုင်၏။ ဤ၌ အိပ်၏။ ဤအရပ်မှ ပြေး၏။ ငါတို့သည် မမြင်ဟု ထိုမှ ဤမှသွား၍ မမြင်၍လျှင် ပြန်ကုန်၏။ နက်ဖြန် အရှင်မဟာမောဂ္ဂလ္လာန် မထေရ်သည် နံနက်အခါ ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံ၍ ဆွမ်းခံရာမှ ဖဲခဲ့သည်ရှိသော် ဝေဠုဝန် ကျောင်းတော်သို့သွား၍ ထိုအကြောင်းကို မြတ်စွာဘုရားအား ကြားလျှောက်၏။ မောဂ္ဂလ္လာန် သင်သည်လျှင် ရွံရှာအပ်သည် နှင့် ယှဉ်သောသူကို ရွံရှာခြင်းပြုသည် မဟုတ်သေး၊ ရှေးပညာရှိတို့သည်လည်း ရွံရှာခြင်းကို ပြုဘူးကုန်သည် သလျှင်ကတည်းဟု မိန့်တော်မူ၍ အရှင်မဟာ မောဂ္ဂလ္လာန် မထေရ်သည် တောင်း ပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မြို့၏ သုသာန်တော၌ တမာပင်စောင့်နတ် ဖြစ်၏။ ထိုအခါ တနေ့သ၌ မြို့တံခါးရွာ၌ ပြုအပ်ပြီးသော အမှုရှိသော ခိုးသူသည် သုသာန်တောသို့ ဝင်၏။ ထိုအခါ ထိုသုသာန်၌ တမာပင် ညောင်ဗုဒ္ဓဟေပင် ဟူကုန်သော သစ်ပင်ကြီး နှစ်ပင်တို့သည် ရှိကုန်၏။ ခိုးသူသည် တမာပင်ရင်း၌ ဥစ္စာထုပ်ကိုထား၍ အိပ်၏။ ထိုကာလ၌ ခိုးသူတို့ကို ဖမ်း၍ တမာသားတံကျင်၌ လျှိုကုန်၏။ ထိုအခါ တမာပင်စောင့်နတ်သည် ဤအရပ်သို့ လူတို့သည် လာကုန်၍ ဤခိုးသူကို ဖမ်းကုန်သည်ရှိသော် ဤတမာပင်၏ အခက်ကိုဖြတ်၍ တံကျင်ပြု၍ ထိုခိုးသူကို လျှိုကုန်ရာ၏။ ဤသို့ ပြုသည်ရှိသော် တမာပင်သည် ပျက်စီးလတ္တံ့၊ ယခုငါသည် ခိုးသူကို ဤတမာပင်မှ နှင်ထုတ်အံ့ဟု ကြံ၏။ ကြံပြီး၍ ထိုတမာပင်စောင့် နတ်သည် ထိုခိုးသူနှင့်တကွ စကားပြောလိုရကား-

၄၁။ ဥဋ္ဌေဟိ စောရ ကိံ သေသိ၊
ကော အတ္ထော သုပနေန တေ။
မာ တံ ဂဟေသုံ ရာဇာနော၊
ဂါမေ ကိဗ္ဗိသကာရကံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၁။ စောရ၊ ခိုးသူ။ ဥဋ္ဌေဟိ၊ ထလော့။ ကိံ၊ အဘယ်ကြောင့်။ သေသိ၊ အိပ်သနည်း။ တေ၊ သင့်အား။ သုပနေန၊ အိပ်ခြင်းဖြင့်။ ကော အတ္ထော၊ အဘယ်အကျိုးရှိအံ့နည်း။ ဂါမေ၊ ရွာ ၌။ ကိဗ္ဗိသကာရကံ၊ ကြမ်းကြုတ်သော အမှုကိုပြုသော။ တံ၊ သင့်ကို။ ရာဇာနော၊ မင်းချင်း ယောက်ျားတို့သည်။ မာ ဂဟေသုံ၊ မဖမ်းစေကုန်လင့်။

ဤသို့ ထိုခိုးသူကိုဆို၍ မင်းချင်းယောက်ျားတို့သည် သင့်ကို မဖမ်းကုန်မီ တပါးသော အရပ်သို့ သွားလေဟု ကြောက်စေ၍ ပြေးစေး၏။ ခိုးသူ ပြေးသည်ရှိသော် ညောင်ဗုဒ္ဓဟေပင်စောင့် နတ်သည်-

၄၂။ ယံ နု စောရံ ဂဟေဿန္တိ၊ ဂါမေ ကိဗ္ဗိသကာရကံ။
ကိံ တတ္ထ ပုစိမန္ဒဿ၊ ဝနေ ဇာတသ တိဋ္ဌတော။

ဟူသော နှစ်ခြမြောက်သောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၂။ ဂါမေ၊ ရွာ၌။ ကိဗ္ဗိသကာရကံ၊ ခိုးသောအမှုကို ပြုသော။ စောရံ၊ ခိုးသူကို။ ယံ ဂဟေဿန္တိ၊ အကြင် ဖမ်းခြင်းကို ပြုကုန်လတ္တံ့။ တတ္ထ၊ ထိုခိုးသူကို ဖမ်းသည်ရှိသော်။ ဝနေ၊ တော၌။ ဇာတဿ၊ ဖြစ်ထသော။ တိဋ္ဌတော၊ တည်ထသော။ ပုစိမန္ဒဿ၊ တမာပင်စောင့် နတ်အား။ ကိံ နု၊ အသို့ ဖြစ်သနည်း။

ထိုစကားကို ကြား၍ တမာပင်စောင့် နတ်သည် -

၄၃။ န တွံ အဿတ္ထ ဇာနာသိ၊ မမ စောရဿ စန္တရံ။
စောရံ ဂဟေတွာ ရာဇာနော၊ ဂါမေ ကိဗ္ဗိသကာရကံ။
အပ္ပေန္တိ နိမ္ဗသူလသ္မိံ၊ တသ္မိံ မေ သင်္ကတေ မနော။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၃။ အဿတ္ထ၊ ညောင်ဗုဒ္ဓဟေပင်စောင့်နတ်။ တွံ၊ သင်သည်။ မမ စ၊ ငါ၏၎င်း။ စောရဿ စ၊ ခိုးသူ၏၎င်း။ အန္တရံ၊ တပေါင်းတည်း မနေသင့်သော အကြောင်းကို။ န ဇာနာသိ၊ မသိ။ ဂါမေ၊ ရွာ၌။ ကိဗ္ဗိသကာရကံ၊ ခိုးမှုကို ပြုသော။ စောရံ၊ ခိုးသူကို။ ရာဇာနော၊ မင်းချင်း ယောက်ျားတို့သည်။ ဂဟေတွာ၊ ဖမ်းကုန်၍။ နိမ္ဗသူလသ္မိံ၊ တမာသား တံကျင်၌။ အပ္ပေန္တိ၊ လျှိုကုန်၏။ တသ္မိံ၊ ထိုသို့ပြုခြင်း၌။ မေ၊ ငါ၏။ မနော၊ စိတ်သည်။ သင်္ကတေ၊ ရွံရှာ၏။

ဤသို့ ရုက္ခစိုဝ်းနတ်တို့၏ အချင်းချင်း ပြောဆိုကုန်စဉ်လျှင် ဥစ္စာရှင်တို့သည် မီးရှူးကိုင်ကုန်လျှက် ခြေရာသို့လျှောက်သောအားဖြင့် လာကုန်၍ ခိုးသူ၏အိပ်ရာ အရပ်ကို မြင်ကုန်၍ အချင်းတို့ ယခုပင်လျှင် ခိုးသူထ၍ ပြေး၏။ ငါတို့သည် ခိုးသူကို မရအပ်၊ အကယ်၍ ရကုန်အံ့၊ ဤတမာပင်၏ တံကျင်၌ ခိုးသူကိုလျှို၍ တမာခက်၌ ဆွဲ၍ သွားကြကုန်အံ့ဟု ဆို၍ ထိုမှဤမှလိုက်၍ ခိုးသူကိုမမြင်ရလျှင် သွားကုန်၏။ ထိုသူတို့၏ စကားကိုကြား၍ ညောင်ဗုဒ္ဓဟေပင်စောင့်နတ်သည်-

၄၄။ သင်္ကေယျ သင်္ကိတဗ္ဗာနိ၊
ရက္ခေယျာနာဂတံ ဘယံ။
အနာဂတဘယာ မီရော၊
ဥဘော လောကေ အဝေက္ခတိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၄။ ဓီရော၊ ပညာရှိသည်။ သင်္ကိတဗ္ဗာနိ၊ ရွံရှာအပ်သည်တို့ကို။ သင်္ကေယျ၊ ရွံရှာရာ၏။ အနာဂတံ ဘယံ၊ လာလတ္တံ့သော ဘေးကို။ ရက္ခေယျ၊ ကိုတင်၍ စောင့်ရှောက်ရာ၏။ အနာဂတဘယာ၊ လာလတ္တံ့သော ဘေးဖြင့်။ ဥဘော လောကေ၊ နှစ်ပါးသော လောကတို့ကို။ အဝေက္ခတိ၊ ကြည့် မျှော်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ညောင်ဗုဒ္ဓဟေပင်စောင့်နတ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ တမာပင်စောင့်နတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရွှံရှာသင့်သူ၊ ရွံရှာမူ၊ ထိုသူဘေး မရောက်

ရှေးဦးစွာသော ပုစိမန္ဒဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၂။ ကဿပမန္ဒိယဇာတ်

သက်ကြီးသည်းခံ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အပိ ကဿပ မန္ဒိယာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဿပမန္ဒိယ ယဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တပါးသော အသက် ကြီးသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တယောက်သော အမျိုးကောင်းသားသည် ကာမတို့၌ အပြစ်ကိုမြင်၍ သဗ္ဗညူဘုရား အထံတော်၌ ရဟန်းပြု၍ ကမ္မဋ္ဌာန်းကို အားထုတ်သည်ရှိသော် မကြာမြင့်မီလျှင် အရဟတ္တဖိုလ်သို့ရောက်၏။ နောက်အဘို့၌ ထိုရဟန်း၏ အမိသည် သေလွန်၏။ ထိုရဟန်းသည် အမိသေလွန်သည်ရှိသော် အဘနှင့် ညီငယ်ကို ရဟန်းပြုစေ၍ ဇေတဝန် ကျောင်းတော်၌နေ၍ ဝါဆိုခါနီးကာလ၌ သင်္ကန်းပစ္စည်း ရလွယ်သည်၏အဖြစ်ကို ကြား၍ တခုသော ရွာ ကျောင်းသို့ သွား၍ သုံးပါးကုန်သော ရဟန်းတို့သည်လည်း ထိုကျောင်း၌သာလျှင် ဝါဆိုကုန်၍ ဝါကျွတ်ကုန်သော် ဇေတဝန် ကျောင်းတော်သို့လျှင် လာကုန်၏။ ရဟန်းငယ်သည် ဇေတဝန် ကျောင်းတော်၏ အနီးဖြစ်သော အရပ်၌ သာမဏေ သင်သည် မထေရ်ကြီးကို အပင်အပန်း ဖြေစေ၍ ဆောင်ခဲ့လော့၊ ငါသည် ရှေး ဦးစွာ သွားလင့်၍ ကျောင်းကို သုတ်သင်ချေအံ့ဟု ဆို၍ ဇေတဝန်ကျောင်းသို့ ဝင်၏။ အသက်ကြီးသော မထေရ်သည် ဖြည်းဖြည်းသွား၏။ သာမဏေသည် အဖန်တလဲလဲ ဦးခေါင်းဖြင့် နှိပ်ဘိသကဲ့သို့ အရှင်ဘုရား သွားလော့၊ အရှင်ဘုရား သွားလော့ဟု ထိုအသက်ကြီးသော မထေရ်ကို နိုင်ထက်မူသဖြင့် ဆောင်၏။ အသက်ကြီး မထေရ်သည် ငါ့ကို သင်သည် ကိုယ့်အလိုအတိုင်း ဆောင်၏ဟု တဖန်ပြန်၍ အစမှစ၍ သွား၏။ ထိုနှစ်ပါးကုန်သော သားအဘတို့၏ အချင်းချင်း ခိုက်ရန်ပြုကုန်စဉ်လျှင် နေဝင်၍ မှောင်မိုက်၏။

ပဉ္စင်းငယ်သည်လည်း ပရိဝုဏ်ကို တံမြက် လှည်း၍ ရေခပ်၍ ထိုသားအဘတို့၏ လာခြင်းကို မမြင်၍ မီးရှူးကိုင်လျက် ခရီးဦးကြို၍ လာလတ်ကုန်သော ထိုသားအဘကို မြင်၍ အဘယ့်ကြောင့် ကြာမြင့်ကြကုန်သနည်းဟု မေး၏။

အသက်ကြီးရဟန်းအိုသည် ထိုအကြောင်းကို ပြောဆို၏။ ရဟန်းငယ်သည် ထိုနှစ်ပါးကုန်သော ရဟန်းကြီး, သာမဏေတို့ကိုလည်း အပင်ပန်းဖြေစေ၍ ဖြည်းညှင်းစွာ ဆောင်၏။ ထိုနေ့၌ ဘုရားကို ဆည်းကပ်ခွင့်ကို မရ၊ နှစ်ရက်မြောက်သော နေ့၌ ဘုရားအထံတော်သို့ လာ၍ ရှိခိုး၍ နေသော် ထိုရဟန်းကို သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း သင်သည် အဘယ်အခါ၌ လာရောက်သနည်းဟု မေးတော်မူ၏။ ဘုန်းတော်ကြီးလှသော မြတ်စွာဘုရား ယမန်နေ့က ရောက်၏ ဟု လျှောက်၏။ ယမန်နေ့က ရောက်လျက် ယနေ့မှ ငါဘုရားအား ဆည်းကပ်ခြင်းကို ပြုသလောဟု မိန့်တော်မူ၏။ ထိုရဟန်းသည် ဘုန်းတော်ကြီးသော မြတ်စွာဘုရား မှန်ပေ၏ဟု ဆို၍ ထိုအကြောင်းကို ကြား လျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် အသက်ကြီးသော မထေရ်ကို ကဲ့ရဲ့၍ ရဟန်း ဤမထေရ်အိုသည် ယခုအခါ ၌သာလျှင် ဤသို့သဘောရှိသောအမှုကို ပြုသည် မဟုတ်သေး၊ ရှေး၌လည်း ပြုဘူး၏။ ယခုမူကား ထိုရဟန်းအိုသည် သင့်ကို ပင်ပန်းစေ၏။ ရှေး၌ ပညာရှိတို့ကို ပင်ပန်းစေဘူး၏ဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိနိဂုံးဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၏။ ဘုရားလောင်းသည် အရွယ် ရောက်သော ကာလ၌ အမိသည် သေ၏။ ဘုရားလောင်းသည် အမိ၏အလောင်းကိုသင်္ဂြိုဟ်၍ လခွဲ, တလ လွန်လတ်သော် အိမ်၌ရှိသော ဥစ္စာကို အလှူပေး၍ အဘနှင့်ညီငယ်ကိုယူ၍ ဟိမ ဝန္တာအရပ်၌ နတ်ပေးသော လျှော်တေသင်္ကန်းကိုယူ၍ ရသေ့ရဟန်း ပြု၍ သစ်မြစ် သစ်သီးကြီးငယ်တို့ဖြင့် မျှတလျက် မွေ့လျော်ဘွယ်ရှိသော တောအုပ်၌ နေ၏။ ဟိမဝန္တာ၌ကား မိုဃ်းကာလ၌ အစဉ်မပြတ် မိုဃ်းရွာသည်ရှိသော် သစ်မြစ်ကို တူးအံ့သောငှာ မတတ်နိုင်၊ သစ်သီးကြီးငယ် သစ်ရွက်တို့သည်လည်း ကြွေကုန်၏။ ရသေ့တို့သည် များသောအားဖြင့် ဟိမဝန္တာမှ ထွက်၍ လူ့ပြည်၌ နေကုန်၏။ ထိုအခါ ဘုရားလောင်းသည် အဘနှင့် ညီကိုယူ၍ လူ့ပြည်၌နေ၍ တဖန်လည်း ဟိမဝန္တာ၌ များစွာသော အသီးအပွင့်ရှိလတ်သော် အဘနှင့် ညီနှစ်ယောက်တို့ကို ခေါ်၍ ဟိမ ဝန္တာ၌ မိမိကျောင်းသို့ သွား၍ ကျောင်း၏အနီးဝယ် နေဝင်လတ်သော် သင်တို့သည် ဖြည်းဖြည်း လာကြကုန်လော့၊ ငါသည် ရှေးမှ သွားလင့်၍ ကျောင်းကို သုတ်သင်ချေအံ့ဟုဆို၍ သားအဘ နှစ်ယောက်တို့ကို နောက်၌ထားခဲ့၍ သွား၏။ ရသေ့ငယ်သည် ရသေ့ကြီးနှင့်တကွ ဖြည်းဖြည်း သွားလတ်သော် ရသေ့ကြီးကို နှစ်ကြိမ် သုံးကြိမ် ဦးခေါင်းဖြင့် နှိပ်ဘိသကဲ့သို့ သွား၏။ ရသေ့ကြီးသည် ငါ့ကို သင်သည် မိမိအလိုအားဖြင့် ဆောင် ၏ဟု ပြန်၍ အစမှစ၍ လာ၏။ ဤသို့ ထိုရသေ့ကြီး ရသေ့ငယ်တို့၏ ခိုက်ရန်ပြုကုန်စဉ်လျှင် မှောင်မိုက်၏။

ဘုရားလောင်းသည်လည်း ကျောင်းကို တံမြက်လှည်း၍ ရေခပ်၍ မီးရှူးကိုင်လျက် ခရီးဦးကြိုလတ်သော် ထိုရသေ့ငယ် ရသေ့ကြီးတို့ကို မြင်၍ ဤမျှလောက်ကြာအောင် အဘယ်ကို ပြုခဲ့ကြကုန်သနည်းဟု ဆို၏။ ရသေ့ငယ်သည် အဘပြုသောအကြောင်းကို ပြောဆို၏။ ဘုရားလောင်းသည် နှစ်ယောက်ကုန်သော ရသေ့တို့ကိုလည်း ဖြည်းညှင်းစွာ ဆောင်၍ ပရိက္ခရာကို သိုမှီး၍ အဘကို ရေချိုးစေ၍ ခြေဆေးခြင်း၊ ကျောက်ကိုဆုပ်နယ်ခြင်း အစရှိသည်တို့ကို ပြု၍ မီးအိုးကင်းကို ထည့်၍ ပင်ပန်းခြင်းကို ငြိမ်းစေပြီးသော် အဘ၏အနီး၌နေ၍ ခမည်းတော် သူငယ်တို့မည်သည်ကား မြေအိုးနှင့်တူကုန်၏။ တခဏဖြင့်လျှင် ကွဲတတ်ကုန်၏။ ကွဲသောကာလမှစ၍ တဖန် စေ့စပ်ခြင်းငှာ မတတ်နိုင်ကုန်၊ သူငယ်တို့သည် ဆဲဆိုကုန်ငြားသော်လည်း ကြီးသောသူတို့သည် သည်းခံအပ်ကုန်၏ဟုဆို၍ အဘကို ဆုံးမလိုရကား-

၄၅။ အပိ ကဿပမန္ဒိယာ၊ ယုဝါ သပတိ ဟန္တိ ဝါ။
သဗ္ဗံ တံ ခမတေ မီရော၊ ပဏ္ဍိတော တံ တိတိက္ခတိ။
၄၆။ သစေပိ သန္တော ဝိဝဒန္တိ၊ ခိပ္ပံ သန္ဓီယရေ ပုန။
ဗာလာ ပတ္တာဝ ဘိဇ္ဇန္တိ၊ န တေ သမထမဇ္ဈဂူ။
၄၇။ ဧတေ ဘိယျော သမာယန္တိ၊ သန္တိ တေသံ န ဇီရတိ။
ယော စာဓိပန္နံ ဇာနာတိ၊ ယော စ ဇာနာတိ ဒေသနံ။
၄၈။ ဧသောဟိ ဥတ္တရိတရော၊ ဘာရဝဟော ဓုရဒ္ဓရော။
ယာ ပရေသောဓိပန္နာနံ၊ သယံ သန္ဓာတုမရဟတိ။

ဟူသော လေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၄၅။ ကဿပ၊ ကဿပ။ အပိ၊ စင်စစ်။ မန္ဒိယာ၊ ပညာနုန့် သည်၏အဖြစ်ကြောင့်။ ယုဝါ၊ သူငယ်သည်။ သပတိ ဝါ၊ ဆဲမူလည်း ဆဲ၏။ ဟန္တိ ဝါ၊ ပုတ်ခတ်မူလည်း ပုတ်ခတ်၏။ ဓီရော၊ ပညာရှိသည်။ တံ သဗ္ဗံ၊ ထိုအလုံးစုံကို။ ခမတေ၊ သည်းခံ၏။ ပဏ္ဍိတော၊ ပညာရှိသည်။ တံ၊ ထိုဆဲရေးပုတ်ခတ်ခြင်းကို။ တိတိက္ခတိ၊ သည်းခံ၏။

֍ ဋ္ဌ ၄၆။ သန္တော၊ သူတော်ကောင်းတို့သည်။ သစေပိ ဝိဝဒန္တိ၊ အကယ်၍မူလည်း ခိုက်ရန်ဖြစ်ကုန်အံ့။ ပုန၊ တဖန်။ ခိပ္ပံ၊ လျင်စွာ။ သန္ဓီယရေ၊ မိတ်ဖြစ်ပြန်ကုန်၏။ ဗာလာ၊ သူငယ်တို့သည်။ ပတ္တာဝ၊ မြေခွက်တို့ကဲ့သို့။ ဘိဇ္ဇန္တိ၊ ကွဲတတ်ကုန်၏။ တေ၊ ထိုသူငယ်တို့သည်။ သမထံ၊ ပြေငြိမ်းခြင်းသို့။ န အဇ္ဈဂူ၊ မရောက်ကုန်။

֍ ဋ္ဌ ၄၇။ ယော စ၊ အကြင်သူသည်လည်း။ အဓိပန္နံ၊ အပြစ်ကို။ ဇာနာတိ၊ သိ၏။ ယော စ၊ အကြင် သူသည်လည်း။ ဒေသနံ၊ အပြစ်ကို ဖြေကြားခြင်းကို။ ဇာနာတိ၊ သိ၏။ ဧတေ၊ ထိုသူတို့သည်။ ဘိယျော၊ တဖန်။ သမာယန္တိ၊ စေ့စပ်ကုန်၏။ တေသံ၊ ထိုသူတို့၏။ သန္ဓိ၊ ချစ်ခြင်းသည်။ န ဇီရတိ၊ မဆွေးမြည့်။

֍ ဋ္ဌ ၄၈။ ယော၊ အကြင် သူသည်။ အဓိပန္နာနံ၊ အပြစ်ကို ပြုကုန်သော။ ပရေသံ၊ သူတပါးတို့အား။ သယံ၊ မိမိသည်။ သန္ဓာတုံ၊ စေစပ်ခြင်းငှါ။ အရဟတိ၊ ထိုက်၏ လုံ့လပြု၏။ ဧသော၊ ထိုသူသည်။ တေဟိ၊ ဆိုခဲ့ပြီးသော သူတို့ထက်။ ဥတ္တရိတရော၊ လွန်မြတ်သော။ ဘာရဝဟော ဓုရဒ္ဓရော၊ မိတ်ဟူသော ဝန်ကို ရွက်ဆောင်သောသူ ဖြစ်၏။

ဤသို့ ဘုရားလောင်းသည် အဘအား အဆုံး အမကို ပေး၏။ ထိုအဘသည်လည်း ထိုအခါမှစ၍ ယဉ်ကျေးသည် ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အိုမင်းသော ရဟန်းသည် ထိုအခါ အဘရသေ့ ဖြစ်ဘူးပြီး။ ယခုအခါ သာမဏေသည် ထိုအခါ ရသေ့ငယ် ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အဘအား အဆုံးအမကို ပေးသော ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မိမိပြုငြား၊ သူတပါး၊ အများဆင်းရဲသည်

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကဿပမန္ဒိယဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၃။ ခန္တီဝါဒီဇာတ်

မတုပနိုင်သောခန္တီ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယော တေ ဟတ္ထေ စ ပါဒေ စ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤခန္တီဝါဒီဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တပါးသော အမျက် ထွက်တတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုကို အောက်၌ ဆိုအပ်ပြီ) သဗ္ဗညူ မြတ်စွာဘုရားသည်ကား ထိုရဟန်းကို ရဟန်း အဘယ့်ကြောင့် သင်သည် အမျက်မထွက်အပ်သော ဘုရားသာသနာ၌ ရဟန်းပြု၍ အမျက်ထွက်ခြင်းကို ပြုဘိသနည်း၊ ရှေးပညာရှိတို့သည် ကိုယ်၌အထောင်မျှလောက်သော ပုတ်ခတ်ခြင်းဖြင့် ပုတ်ခတ်ကုန်သော်၎င်း၊ လက်ခြေနားနှာခေါင်းတို့ကို ဖြတ်ကုန်သော်၎င်း၊ သူတပါးအား အမျက်ထွက်ခြင်းကို မပြုကုန်ဟုဆို၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ကလာဗုမည်သော မင်းသည် မင်းပြု၏။ ထိုအခါ ဘုရားလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားမျိုး၌ဖြစ်၍ ကုဏ္ဍလမည်သော လုလင်ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွား၍ ခပ်သိမ်းသော အတတ်ပညာတို့ကိုသင်၍ ဥစ္စာကိုဖြစ်စေ၍ မိဘလွန်သဖြင့် ဥစ္စာစုကိုကြည့်၍ ဤဥစ္စာတို့ကို ငါ၏ ဆွေမျိုးတို့သည် မယူမူ၍သာလျှင် သွားကုန်၏။ ငါသည်ကား ထိုဥစ္စာကို ယူ၍သွားခြင်းငှာ သင့် ၏ဟု ခပ်သိမ်းသော ဥစ္စာတို့ကို ရွေးချယ်စီစစ်သော လှူဒါန်းခြင်း၏ အစွမ်းအားဖြင့် အကြင်သူသည် အကြင်ဥစ္စာကို ဆောင်၏။ ထိုသူအား ထိုဥစ္စာကိုလှူ၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ ရဟန်း ပြု၍ သစ်သီး ကြီးငယ်တို့ဖြင့် မျှတလျက် ကြာမြင့်စွာနေ၍ ချဉ် ဆား မှီဝဲအံ့သောငှါ လူ့ပြည်သို့လာ၍ အစဉ်သဖြင့် ဗာရာဏသီပြည်သို့ ရောက်၍ မင်း၏ ဥယျာဉ်၌နေ၍ နက်ဖြန် မြို့၌ ဆွမ်းခံလတ်သော် စစ်သူကြီးအိမ်တံခါးသို့ ရောက်၏။ စစ်သူကြီးသည် ဘုရားလောင်း၏ ဣရိယာပုထ်တို့၌ ကြည်ညို၍ အိမ်သို့ပင့်၍ မိမိဘို့စီရင်သော ဘောဇဉ်ကို ကျွေး၍ ဝန်ခံခြင်းကို ယူစေ၍ ထိုမင်း၏ ဥယျာဉ်၌သာလျှင် နေစေ၏။

ထိုအခါ တနေ့သ၌ ကလာဗုမင်းသည် သုရာယစ်လျက် လိမ္မာကုန်သော ကချေသည်တို့ဖြင့် ခြံရံလျက် များစွာသော အခြံအရံဖြင့် ဥယျာဉ်သို့သွား၍ မင်္ဂလာကျောက်ဖျာ၌ အိပ်ရာခင်းစေ၍ တယောက်သော ချစ်နှစ်သက်သော မိန်းမ၏ ရင်ခွင်၌ အိပ်၏။ သီချင်း တီးမှုတ်ခြင်း၊ ကခြင်းတို့၌ လိမ္မာကုန်သော ကချေသည် မိန်းမတို့သည် သီချင်း အစရှိသည်တို့ကို ဖြစ်စေကုန်၏။ သိကြား နတ်မင်း၏ စည်းစိမ်ကဲ့သို့ ကြီးစွာသော စည်းစိမ်သည် ဖြစ်၏။ မင်းသည် အိပ်ပျော်ခြင်းသို့ ရောက်၏။ ထိုအခါ ထိုမိန်းမတို့သည် အကြင်မင်း၏အကျိုးငှာ ငါတို့သည် သီချင်း အစရှိသည်တို့ကို ဖြစ်စေကုန်၏။ ထိုမင်းသည် အိပ်ပျော်ခြင်းသို့ ရောက်၏။ သီချင်း တီးမှုတ်ခြင်းတို့ဖြင့် အဘယ်ပြုအံ့နည်းဟု တီးမှုတ်မျိုးတို့ကို ထိုထိုသော အရပ်၌သာလျင် စွန့်၍ ဥယျာဉ်၌ လှည့်လည်ကုန်လျက် အပွင့်အသီး အရွက်နု အစရှိသည်တို့သည် ဖြားယောင်းအပ်ကုန်သည် ဖြစ်၍ ဥယျာဉ်၌ မွေ့ လျော်ကုန်၏။

ထိုအခါ ဘုရားလောင်းသည် ထိုဥယျာဉ်၌ ကောင်းစွာပွင့်သော အင်ကြင်းပင်ရင်း၌ ရဟန်းချမ်းသာဖြင့် လွန်စေလျက် အမုန်ယစ်သော ဆင်ကဲ့သို့ နေ၏ ထိုဥယျာဉ်၌ လှည့်လည်ကုန်သော ထိုမိန်းမတို့သည် ဘုရားလောင်းကို မြင်၍ ရှင်မတို့ ထိုသစ်ပင်ရင်း၌ ရဟန်းသည် နေ၏။ မင်းနိုးသည့်တိုင်အောင် ရဟန်းအထံ၌ တစုံတခုသော တရားကိုနာလျက် နေကုန်အံ့ဟု သွား၍ ရှိခိုး၍ ခြံရံလျက် နေကုန်၍ အကျွန်ုပ်တို့အား ဟောအပ်သော တစုံတခုသောတရားကို ဟောပါလောဟု ဆိုကုန်၏။ ဘုရားလောင်းသည် ထိုမိန်းမတို့အား တရားဟော၏။ ထိုအခါ ထိုချစ်နှစ်သက်သော မိန်းမသည် ကိုယ်ကိုလှုပ်၍ မင်းကို နိုးစေ၏။ မင်းသည် နိုးလတ်သော် ထိုမိန်းမတို့ကို မမြင်၍ ထိုအယုတ်မတို့သည် အဘယ်သို့သွားကုန်သနည်းဟုမေး၏။ မြတ်သောမင်းကြီး ထိုမိန်းမတို့သည်သွား၍ တယောက်သော ရသေ့ကို ခြံရံ၍ နေကုန်၏ဟု ဆိုကုန်၏။ ထိုကလာဗုမင်းသည် အမျက် ထွက်၍ သန်လျက်ကိုကိုင်၍ ထိုရသေ့စဉ်းလဲကို သတ်အံ့ဟု လျင်မြန်စွာ သွား၏။

ထိုအခါ အမျက်ထွက်လျက် လာလတ်သော မင်းကို မြင်၍ ထိုမိန်းမတို့တွင် အလွန်အကျွမ်း ဝင်ကုန်သော မိန်းမတို့သည် သွား၍ မင်း၏ လက်၌ သန်လျက်ကိုယူ၍ မင်းကို အမျက်ငြိမ်းစေကုန်၏။ ထိုကလာဗုမင်းသည် လာလတ်၍ ဘုရားလောင်း၏အထံ၌ တည်၍ ရဟန်း သင်သည် အဘယ်ဝါဒရှိသနည်းဟု ဆို၏။ မြတ်သောမင်းကြီး ခန္တိဝါဒရှိ၏ဟု ဆို၏။ ထိုခန္တိမည်သည်ကား အဘယ်နည်းဟု မေး၏။ ဆဲရေးကုန်သောသူတို့၌၎င်း ပုတ်ခတ်ကုန်သော သူတို့၌၎င်း အမျက်မထွက်သော အဖြစ်သည် ခန္တိမည်၏ဟု ဆို၏။ မင်းသည် ယခု သင့်အား ခန္တိရှိသည်၏ အဖြစ်ကို သိအံ့ဟု ဆို၍ ခိုးသူသတ်ကို ခေါ်စေ၏။ ခိုးသူသတ်သည် မိမိစာရိတ္တအားဖြင့် ပုဆိန် အဆူးတပ်သောကြိမ်ကို ယူ၍ ဖန်ရည်ဆိုးအဝတ်ကို ဝတ်လျက် ပန်းနီပန်လျက် လာ၍ မင်းကို ရှိခိုးလျက် အရှင်မင်းကြီး အဘယ်အမှုကို ပြုရအံ့နည်းဟု ဆို၏။ ဤခိုးသူဖြစ်သော ရသေ့ပျက်ကို ဆွဲငင်၍ မြေ၌လဲစေ၍ အဆူးတပ်သောကြိမ်ကို ကိုင်၍ ရှေ့နောက် နံပါးနှစ်ဘက် ဟူကုန်သော လေးမျက်နှာတို့၌ အချက်နှစ်ထောင် ရိုက်ခြင်းတို့ကို ပေးလော့ဟု ဆို၏။ ခိုးသူသတ်သည် မင်းဆိုတိုင်းပြု၏။ ဘုရားလောင်း၏ အပေါ်ရေ အတွင်းရေ စုတ်၏။ အသားသည် ပြတ်၏။ သွေးသည် ယို စီး၏။

မင်းသည် တဖန် ရဟန်း သင်ကား အဘယ်ဝါဒ ရှိသနည်းဟု ဆို၏။ မြတ်သောမင်းကြီး ခန္တီဝါဒရှိ၏။ သင်မင်းကြီးသည် ငါ၏ ခန္တီကား အရေကြား၌ ရှိ၏ဟု ထင်၏။ ငါ၏ခန္တိသည် အရေးကြား၌ ရှိသည်မဟုတ်၊ သင်မင်းကြီးသည် ခန္တိကို မြင်ခြင်းငှါ မတတ်ကောင်း၊ မြတ်သောမင်းကြီး ငါ၏ခန္တိသည် စိတ်အတွင်း၌ တည်၏ဟု ဆို၏။ ခိုးသူသတ်သည် တဖန် မြတ်သောမင်းကြီး အသို့ ပြုရအံ့နည်းဟု မေး၏။ ဤရသေ့စဉ်းလဲ လက်နှစ်ဘက်တို့ကို ဖြတ်လော့ဟု ဆို၏။ ခိုးသူသတ်သည် ပုဆိန်ကိုယူ၍ စဉ်းတီတုံး၌ လက်နှစ်ဘက်တို့ကို ထားစေ၍ ဖြတ်၏။ ထို့နောက် ခြေတို့ကို ဖြတ်လော့ဟု ဆို၏။ ခြေတို့ကိုလည်း ဖြတ်၏။ ဖြတ်အပ်ကုန်ပြီးသော လက်စွန်း ခြေစွန်းတို့မှ ချိပ်ရည်ကဲ့သို့သော သွေးသည် ယိုစီး၏။ တဖန်လည်း မင်းသည် ရဟန်း သင်သည် အဘယ်ဝါဒ ရှိသနည်းဟု မေး၏။ မြတ်သောမင်းကြီး ငါသည် ခန္တိဝါဒရှိ၏။ သင်မင်းကြီးသည်ကား ငါ၏ခန္တိသည် လက်စွန်း ခြေစွန်းတို့၌ ရှိ၏ဟု ထင်မှတ်၏။ ဤငါ၏ ခန္တိသည် လက်စွန်းခြေစွန်းတို့၌ မရှိ၊ နက်နဲသောအရပ်၌ တည်၏ဟု ဆို၏။ မင်းသည် ရသေ့၏ နား၊ နှာခေါင်းတို့ကို ဖြတ်လော့ဟု ဆို၏။ ခိုးသူသတ်သည် နား, နှာခေါင်းကို ဖြတ်၏။ ကိုယ်အလုံးမှ သွေးယိုစီး၏။ တဖန် ရဟန်း သင်သည် အဘယ်ဝါဒရှိသနည်းဟု မေး၏။ မြတ်သောမင်းကြီး ခန္တိဝါဒရှိ၏ဟု ဆို၏။ သင်မင်းကြီးသည် ရသေ့၏ ခန္တိကား နား, နှာခေါင်းအစွန်းတို့၌ တည်၏ဟု မမှတ်လင့်၊ ငါ၏ခန္တိသည် နက်နဲသော စိတ်အတွင်း၌ တည် ၏ဟု ဆို၏။ မင်းသည် ရသေ့စဉ်းလဲ သင့်ခန္တိကို သင်သည်လျှင် ရွက်ဆောင်၍ နေလော့ဟု ဆို၍ ဘုရားလောင်း၏ရင်ကို ခြေဖြင့်ကျောက်၍ သွား၏။

ထိုမင်းသွားသည်ရှိသော် စစ်သူကြီးသည် ဘုရားလောင်း၏ကိုယ်မှ သွေးကိုသုတ်၍ လက် နား နှာခေါင်းအစွန်းတို့ကို ပုဆိုးအိတ်ထောင်၌ ထည့်၍ ဘုရားလောင်းကို ဖြည်းညှင်းစွာ ထိုင်စေ၍ ရှိခိုးပြီးသော် တင့်အပ်စွာနေ၍ အရှင်ဘုရား အရှင်ဘုရားတို့သည် အမျက်ထွက်လိုကုန် သည်ရှိသော် အရှင်ဘုရားတို့၌ အပြစ်ပြုသော မင်းအား သာလျှင် အမျက်ထွက်ပါ ကုန်လော့၊ တပါးသော တိုင်းသားပြည်သူတို့အား အမျက်မထွက်ပါကုန်လင့်ဟု တောင်းပန်လိုရကား-

၄၉။ ယော တေ ဟတ္ထေ စ ပါဒေ စ၊
ကဏ္ဏနာသဉ္စ ဆေဒယိ။
တဿ ကုဇ္ဈ မဟာဝီရ၊
မာ ရဋ္ဌံ ဝိနသာ ဣဒံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၉။ မဟာဝီရ၊ ကြီးသောလုံ့လရှိသော ရှင်ရသေ့။ ယော၊ အကြင်မင်းသည်။ တေ၊ သင်၏။ ဟတ္ထေ စ၊ လက်တို့ကို၎င်း။ ပါဒေ စ၊ ခြေတို့ကို၎င်း။ ကဏ္ဏနာသဉ္စ၊ နားနှာခေါင်းကို၎င်း။ ဆေဒယိ၊ ဖြတ်၏။ တဿ၊ ထိုမင်းအား။ ကုဇ္စျ၊ အမျက်ထွက်လော့။ ဣဒံ ရဋ္ဌံ၊ ဤတိုင်းကို။ မာ ဝိနသာ၊ မဖျက်ဆီးပါလင့်။

ထိုစကားကိုကြား၍ ဘုရားလောင်းသည်-

၅၀။ ယာ မေ ဟတ္ထေ စ ပါဒေ စ၊
ကဏ္ဏနာသဉ္စ ဆေဒယိ။
စိရံ ဇီဝတု သော ရာဇာ၊
န ဟိ ကုဇ္ဈန္တိ မာဒိသာ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၀။ ယော ရာဇာ၊ အကြင်မင်းသည်။ မေ၊ ငါ၏။ ဟတ္ထေ စ၊ လက်တို့ကို၎င်း။ ပါဒေ စ၊ ခြေတို့ကို၎င်း။ ကဏ္ဏနာသဉ္စ၊ နား, နှာခေါင်းကို၎င်း။ ဆေဒယိ၊ ဖြတ်၏။ သော ရာဇာ၊ ထိုမင်းသည်။ စိရံ၊ ကြာမြင့်စွာ။ ဇီဝတု၊ အသက်ရှည်စေ သတည်း။ မာဒိသာ၊ ငါနှင့်တူသော ပညာရှိတို့သည်။ န ဟိ ကုဇ္ဈန္တိ၊ အမျက်မထွက်ကုန်သလျှင်ကတည်း။

မင်းသည် ဥယျာဉ်မှထွက်၍ ဘုရားလောင်း၏ မြင်ကောင်းသော အရပ်ကို လွန်သောကာလ၌လျှင် ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိသော ဤမြေကြီးသည် ကစီဖြင့်ဖွဲ့အပ်သော ပုဆိုးကဲ့သို့ ကွဲ၍ အဝီစိမှ မီးလျှံသည် ထွက်၍ မင်းကို အမျိုးပေးသော ကမ္ဗလာနီဖြင့် ရုံဘိသကဲ့သို့ရုံ၍ ယူ၏။ ထို ကလာဗုမင်းသည် ဥယျာဉ်တံခါး၌ သာလျှင် မြေသို့ဝင်၍ အဝီစိငရဲကြီး၌ တည်၏။ ဘုရားလောင်းသည်လည်း ထိုနေ့၌ပင်လျှင် သေလွန်၏။ မင်း၏ ပရိသတ်တို့သည်၎င်း၊ ပြည်သားတို့ သည်၎င်း နံ့သာ, ပန်း အခိုး အထုံ လက်စွဲကုန်လျက် လာလတ်ကုန်၍ ဘုရားလောင်း၏ အလောင်းကို သင်္ဂြိုဟ်ကုန်၏။

အချို့သော ဆရာတို့သည်ကား ဘုရားလောင်းသည် တဖန် ဟိမဝန္တာသို့ သွား၏ဟု ဆို၏။ ထိုစကားသည်ကား မဟုတ်။

သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၅၁။ အဟူ အတီတမဒ္ဓါနံ၊ သမဏော ခန္တိဒီပနော။
တံ ခန္တိယာယေဝ ဌိတံ၊ ကာသိရာဇာ အဆေဒယိ။
၅၂။ တဿ ကမ္မဖရုသဿ၊ ဝိပါကော ကဋုကော အဟု။
ယံ ကာသိရာဇာ ဝေဒေသိ၊ နိရယမှိ သမပ္ပိတော။

ဟူသော နှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၅၁။ အတီတမဒ္ဓါနံ၊ လွန်လေပြီးသောအခါ၌။ ခန္တိဒီပနော၊ သည်းခံခြင်းနှင့် ပြည့်စုံသော။ သမဏော၊ ရဟန်းသည်။ အဟု၊ ဖြစ်ပြီ။ ခန္တိယာယေဝ၊ သည်းခံခြင်း၌သာလျှင်။ ဌိတံ၊ တည်သော။ တံ၊ ထိုရဟန်းကို။ ကာသိရာဇာ၊ ကာသိမင်းသည်။ အဆေဒယိ၊ ဖြတ်စေ၏။

֍ ဋ္ဌ ၅၂။ ကာသိရာဇာ၊ ကာသိမင်းသည်။ ယံ ကမ္မံ၊ အကြင်မကောင်းမှု ကံကို။ အကာသိ၊ ပြု၏။ တဿ ကမ္မဖရုသဿ၊ ထိုကြမ်းကြုတ်သော မကောင်းမှုကံ၏။ ကဋုကော၊ ဆင်းရဲစွာသော။ ဝိပါကော၊ အကျိုးသည်။ အဟု၊ ဖြစ်၏။ ကာသိရာဇာ၊ ကာသိမင်းသည်။ နိရယမှိ၊ ငရဲ၌။ သမပ္ပိတော၊ တည်၍။ ဝေဒေသိ၊ ဆင်းရဲခံစား၏။

အချို့သော ဆရာတို့သည်ကား ဘုရားလောင်း၏ လက် ခြေ, နား, နှာခေါင်းတို့သည် တဖန် စပ်ပြန်ကုန်၏ဟု ဆိုကုန်၏။ ထိုစကားသည်လည်း မဟုတ်သလျှင် ကတည်း။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ အမျက်ထွက်တတ်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်၏။ တပါးကုန်သော များစွာကုန်သောရဟန်းတို့သည် သောတာပတ္တိဖိုလ် အစရှိသည်တို့သို့ ရောက်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကလာဗုမည်သောမင်းဖြစ်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ စစ်သူကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခန္တီဝါဒီရသေ့ ဖြစ်ဘူးပြီဟု ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ဒေါသကိုပယ်၊ သည်းခံကွယ်၊ အေးနယ်ရောက်မည်မှတ်

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ခန္တီဝါဒီဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၄။ လောဟကုမ္ဘီဇာတ်

ဒု, သ, န, သော

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဒုဇ္ဇီဝိတ မဇီဝိမှ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤလောဟ ကုမ္ဘီဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောသလမင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုအခါ ကောသလမင်းသည် ညဉ့်အဘို့၌ လေးယောက်ကုန်သော ငရဲသားတို့၏ အသံကို ကြားသတတ်၊ တယောက်သော ငရဲသားသည် ဒု- အက္ခရာကိုလျှင်ဆို၏။ တယောက်သော ငရဲသားသည် သ- အက္ခရာကိုလျှင် ဆို၏။ တယောက်သော ငရဲ သားသည် န- အက္ခရာကိုဆို၏။ တယောက်သော ငရဲသားသည် သော-အက္ခရာကိုလျှင်ဆို၏။ ထိုငရဲသူတို့သည် လွန်လေပြီးသောဘဝ၌ သာဝတ္ထိပြည်ဝယ် သူတပါးမယားကို ပြစ်မှားတတ်ကုန်သော မင်းသားတို့ ဖြစ်ဘူးကုန်သတတ်၊ ထိုမင်း သားတို့သည် သူတပါးတို့သည် စောင့်ရှောက် ထိန်းသိမ်းအပ်ကုန်သော မိန်းမတို့၌ ချွတ်ယွင်းကုန်၍ စိတ်ကစားခြင်းကို ကစားကုန်၏။ များစွာသော မကောင်းမှုကိုပြု၍ သေမင်း စက်လက်နက်သည် ဖြတ်အပ်ကုန်သည်ရှိသော် သာဝတ္ထိပြည်၏အနီး လေးလုံးကုန်သော လောဟကုမ္ဘီငရဲအိုးတို့၌ ဖြစ်ကုန်၍ အနှစ်ခြောက်သောင်းတို့ပတ် လုံး ထိုလောဟ ကုမ္ဘီငရဲအိုးတို့၌ ခံကုန်၍ တက်ကုန်လတ်သော် လောဟကုမ္ဘီငရဲအိုး မျက်နှာဝအရစ်ကို မြင်၍ အဘယ်အခါမှလျှင် ဤဆင်းရဲမှ လွတ်ပါကုန်အံ့နည်းဟု လေးယောက်ကုန်သော သူတို့သည်လည်း ကြီးစွာသောအသံဖြင့် အစဉ်အတိုင်း ဟစ်ကြွေးကြကုန်၏။ မင်းသည် ထိုငရဲသူတို့၏ အသံကို ကြား၍ သေဘေးမှကြောက်ရကား ထိုင်လျက်သာလျှင် အရုဏ်ကို တက်စေ၏။

အရုဏ်တက်သောအခါ၌ ပုဏ္ဏားတို့သည် လာကုန်၍ မင်းကို ချမ်းသာစွာ အိပ်ရခြင်းကို မေးကုန်၏။ မင်းသည် ဆရာတို့ ငါ့အား အဘယ်မှာ ချမ်းသာစွာသော အိပ်ရခြင်းသည် ဖြစ်အံ့နည်း၊ ယနေ့ ငါသည် ဤသို့ သဘောရှိကုန် ကြောက်မက်ဘွယ်ရှိသော အသံတို့ကို ကြားရ၏ဟုဆို၏။ ပုဏ္ဏားတို့သည် လက်ကိုခါ၍ နေကုန်၏။ ဆရာတို့ အသို့နည်းဟု ဆိုသည်ရှိသော် မြတ်သောမင်းကြီး ကြမ်းကြုတ်သော အသံတို့တည်းဟု ဆိုကုန်၏။ ကုစားအပ်ကုန်သော အသံတို့လော၊ မကုစားအပ်ကုန်သော အသံတို့လောဟု မေး၏။ မြတ်သောမင်းကြီး စင်စစ် မကုစားအပ်သော အသံဖြစ်၏။ ထိုသို့ ဖြစ်ငြားသော်လည်း အကျွန်ုပ်တို့သည်ကောင်းစွာသင်အပ်သော အတတ်ရှိကုန်၏ဟု ဆိုကုန်၏။ အဘယ်သို့ပြု၍ ပယ်ဖျောက်ကြကုန်အံ့နည်းဟု မေး၏။ မြတ်သောမင်းကြီး ကုစားသောအမှုကို များစွာပြုခြင်းငှာ မတတ်ကောင်း၊ အကျွန်ုပ်တို့သည်ကား သဗ္ဗစတုက္က ယဇ်ပူဇော်၍ ကုကုန်အံ့ဟု ဆိုကုန်၏။ ထိုသို့တပြီးကား လျင်စွာ ဆင်လေးစီး မြင်းလေးစီး နွားလေးကောင် လူလေးယောက် ဤသို့စသဖြင့် နှံစုတ်ငှက်တို့ကို အစပြု၍ လေးခု, လေးခုကုန်သော သားတို့ကိုယူ၍ သဗ္ဗစတုက္ကယဇ် ပူဇော်၍ ငါချမ်းသာသည်၏ အဖြစ်ကို ပြုကြကုန်လောဟု ဆို၏။ မြတ်သောမင်းကြီး ကောင်းပြီဟု ဆိုကုန်၍ အကြင်ဝတ္ထုဖြင့် အလိုရှိ၏။ ထိုဝတ္ထုကိုယူ၍ ယဇ်တွင်းကို ဖြစ်စေကုန်၏။ များစွာသော သတ္တဝါတို့ကို ယဇ်တိုင်သို့ဆောင်၍ ထားကုန်၏။ များစွာသော ငါးအမဲကို စားရကုန်အံ့၊ များစွာသောဥစ္စာကို ရကုန်အံ့ဟု အားထုတ်ခြင်းသို့ ရောကါကုန် သည်ဖြစ်၍ မြတ်သောမင်းကြီး ဤဝတ္ထုကိုရခြင်းငှါ သင့်၏။ မြတ်သောမင်းကြီး ဤဝတ္ထုကို ရခြင်းငှါ သင့်၏ဟု အဖန်တလဲလဲ လာကြကုန်၏။

မလ္လိကာ မိဖုယားသည် မင်းသို့ကပ်၍ မြတ်သောမင်းကြီး အဘယ့်ကြောင့် ပုဏ္ဏားတို့သည် အလွန်အားထုတ်ကုန်လျက် လှည့်လည်ကြကုန်သနည်းဟု မေး၏။ မိဖုယား ဤအမှုဖြင့် သင့်အား အဘယ်ပြုအံ့နည်း။ သင်သည် မိမိစည်းစိမ်ဖြင့်သာလျှင် ယစ်၍ မေ့၏။ ငါတို့၏ ဆင်းရဲကို မသိဟု ဆို၏။ မြတ်သောမင်းကြီး အဘယ်ဆင်းရဲနည်းဟု မေး၏။ မိဖုယား ငါသည် ဤသို့သဘော ရှိသော မကြားဘူးသော အသံတို့ကို ကြားအပ်၏။ ဤအသံတို့ကို ကြားခြင်းကြောင့် ငါ့အား အဘယ်သို့ ဖြစ်အံ့နည်းဟု ပုဏ္ဏားတို့ကို မေး၏။ ပုဏ္ဏားတို့သည် မြတ်သောမင်းကြီး သင်မင်းကြီးတို့အား မင်းအဖြစ်၏၎င်း, စည်းစိမ်တို့၏၎င်း, အသက်၏၎င်း အန္တရာယ်သည် ထင်၏။ သဗ္ဗစတုက္ကယဇ်ကိုပူဇော်၍ ချမ်းသာသောအဖြစ်ကို ပြုကုန်အံ့ဟု ဆိုကုန်၏။ ငါသည် ပြုကြကုန်ဟုဆို၏။ ထိုပုဏ္ဏားတို့သည် စကားကိုယူ၍ ယဇ်တွင်းကိုပြု၍ အကြင်အကြင်ဝတ္ထုဖြင့် အလိုရှိ၏။ ထို ထိုဝတ္ထု၏ အကြောင်းကြောင့် လာကုန်၏ဟု ဆို၏။ မြတ်သောမင်းကြီး ဤအသံတို့၏ဖြစ်ခြင်းကို နတ်နှင့်ကကွသော လောက၌ မြတ်သောပုဏ္ဏားကို အရှင်မင်းကြီးတို့သည် မေးကုန်၏ လောဟု ဆို၏။ မိဖုယား နတ်နှင့်တကွသော လောက၌ မြတ်သော ပုဏ္ဏားမည်သည်ကား အဘယ် သူနည်းဟု ဆို၏။ မြတ်သောမင်းကြီး မဟာဂေါတမ ဘုရားရှင်တည်းဟု ဆို၏။ မိဖုယား သဗ္ဗညူကို မမေးဟု ဆို၏။ မြတ်သောမင်းကြီး ထိုသို့တပြီးကား သွား၍ မေးကုန်လော့ဟု ဆို၏။

မင်းသည် မလ္လိကာ မိဖုယား၏ စကားကိုယူ၍ နံနက်စာ စား၍ ရထားစီး၍ ဇေတဝန် ကျောင်းတော်သို့သွား၍ ဘုရားကို ရှိခိုး၍ ဘုန်းတော်ကြီး သော အရှင်ဘုရား ညဉ့်အဘို့၌ အကျွန်ုပ်သည် လေးပါးကုန်သော အသံတို့ကိုကြား၍ ပုဏ္ဏားတို့ကို မေး၏။ ပုဏ္ဏားတို့သည် သဗ္ဗစတုက္ကယဇ်ကို ပူဇော်၍ ချမ်းသာခြင်းကို ပြုကုန်အံ့ဟု ဆို၍ ယဇ်တွင်း၌ အမှုကို ပြုကြကုန်၏။ ထိုအသံတို့ကို ကြားခြင်းကြောင့် အကျွန်ုပ်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု မေး၏။ မြတ်သောမင်းကြီး တစုံတခုသော အန္တရာယ်သည် မဖြစ်၊ ငရဲသားတို့သည် ဆင်းရဲကို ခံကုန်လျက် ဤသို့ ဟစ်ကြွေးကုန်၏ဟု မိန့်တော်မူ၍ ယခုအခါ၌ သင်မင်းကြီးသည်သာလျှင် ဤအသံတို့ကို ကြားအပ်သည် မဟုတ်သေး၊ ရှေးမင်းတို့သည်လည်း ကြားအပ် ကုန်သလျှင်ကတည်း၊ ထိုရှေးမင်းတို့သည်လည်း ပုဏ္ဏားတို့ကိုမေး၍ သတ္တဝါတို့ကို သတ်သော ယဇ်ပူဇော်ခြင်းကို ပြုလိုကုန်သည်ဖြစ်၍ ပညာရှိတို့၏ စကားကို ကြားရ၍ ယဇ်ပူဇော်ခြင်းကို မပြုကုန်၊ ပညာရှိတို့သည် ထိုအသံတို့၏ အကြောင်းကိုဆို၍ များစွာသော သတ္တဝါတို့ကို လွှတ်စေ၍ ချမ်းသာခြင်းကို ပြုဘူးကုန်ပြီဟု မိန့်တော်မူ၍ ကောသလမင်းသည် တောင်းပန်အပ် သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မထင်ရှားသော ကာသိရွာဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ကာမတို့၌ အပြစ်ကိုမြင်၍ ကာမတို့ကိုစွန့်၍ ရသေ့ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဈာန်ကစားခြင်းကို ကစားလျက် ဟိမဝန္တာဝယ် မွေ့လျော်ဘွယ်ရှိသော တောအုပ်၌ နေ၏။ ထိုအခါ ဗာရာဏသီမင်းသည် လေးယောက်ကုန်သော ငရဲသားတို့၏ အသံတို့ကိုကြား၍ ကြောက်လန့်ရကား ဤနည်းဖြင့်လျှင် ပုဏ္ဏားတို့သည် သုံးပါးကုန်သော အန္တရာယ်တို့တွင် တပါးပါးသော အန္တရာယ်သည် ဖြစ်လတ္တံ့၊ ထိုအန္တရာယ်ကို သဗ္ဗစတုက္ကယဇ်ဖြင့် ငြိမ်းစေအံ့ဟု ဆိုသည်ရှိသော် ဝန်ခံ၏။ ပုရောဟိတ်သည် ပုဏ္ဏားတို့နှင့်တကွ ယဇ်တွင်းကို ဖြစ်စေ၏။ များစွာသော သတ္တဝါအပေါင်းတို့ကို ယဇ်တိုင်သို့ ဆောင်၍ထား၏။ ထိုအခါ ဘုရားလောင်းသည် မေတ္တာဘာဝနာကိုရှေ့ထား၍ ဒိဗ္ဗစက္ခုဖြင့် လောကကို ကြည့်လတ်သော် ဤအကြောင်းကို မြင်၍ ယနေ့ ငါသည် သွားခြင်းငှာ သင့်၏။ များစွာသော သတ္တဝါတို့အား ချမ်းသာခြင်းသည် ဖြစ်လတ္တံ့ဟု တန်ခိုးအစွမ်းဖြင့် ကောင်းကင်သို့ပျံ့၍ ဗာရာဏသီမင်း၏ ဥယျာဉ်၌သက်၍ မင်္ဂလာကျောက်ဖျာ၌ ရွှေဆင်းတုကဲ့သို့ နေ၏။ ထိုအခါ ပုရောဟိတ်၏ တပည့်ကြီးသည် ဆရာသို့ ဆည်း ကပ်၍ ဆရာ ကျွန်ုပ်တို့၏ ဗေဒင်တို့၌ သူတပါးကိုသတ်၍ ချမ်းသာကို ပြုခြင်းမည်သည် မရှိသည် မဟုတ်တုံလောဟုဆို၏ သင်ကား မင်း၏ ဥစ္စာကို စောင့်၏။ များစွာသော ငါး အမဲတို့ကို စားရကုန်အံ့၊ ဥစ္စာကို ရကုန်အံ့၊ ဆိတ်ဆိတ်နေလော့ဟု တပည့်ကို မြစ်၏။

တပည့်သည် ဤအမှု၌ ငါအဘော်မပြုဟု ထွက်၍ မင်းဥယျာဉ်သို့ သွား၍ ဘုရားလောင်းကိုမြင်၍ ပုဏ္ဏားသည် ရှိခိုး၍ ပဋိသန္ထာရပြုလျက် တင့်အပ်လျောက်ပတ်စွာ နေ၏။ ဘုရားလောင်းသည် လုလင် မင်းသည် တရားသဖြင့် မင်းပြု၏ လောဟု မေး၏။ အရှင်ဘုရား မင်းသည် တရားသဖြင့် မင်းပြု၏။ ညဉ့်အဘို့၌ကား လေးခုသောသူတို့၏ အသံတို့ကို ကြား၍ ပုဏ္ဏားတို့ကိုမေး၏။ ပုဏ္ဏားတို့သည် သဗ္ဗစတုက္ကယဇ်ကို ပူဇော်၍ ချမ်းသာခြင်းကို ပြုကုန်အံ့ဟု ဆိုကုန်၏။ မင်းသည် သတ္တဝါသတ်သော အမှုကိုပြု၍ ကိုယ်ချမ်းသာသောအဖြစ်ကို ပြုလိုကား များစွာသော သတ္တဝါကို ယဇ်တိုင်သို့ဆောင်၍ထား၏။ အရှင်ဘုရား အရှင်ဘုရားတို့ကဲ့သို့ သီလရှိကုန်သော အရှင်တို့အား ထိုအသံတို့၏ ဖြစ်ခြင်းကိုဆို၍ သတ္တဝါများကို သေခြင်းမှ လွတ်စေခြင်းငှါ သင့်ပါ၏ဟု လျှောက်၏။ လုလင် မင်းသည် ငါ့ကိုမသိ၊ ငါတို့သည်လည်း မင်းကိုမသိ၊ ဤအသံတို့၏ ဖြစ်ခြင်းကိုကား ငါတို့သိကုန်၏။ မင်းသည် ငါတို့ကို အကယ်၍ မေးငြားအံ့၊ မင်းကို ယုံမှားမရှိအောင် ပြု၍ ပြောဆိုအံ့ဟု ဆို၏။ အရှင်ဘုရား ထိုသို့တပြီးကား အကျွန်ုပ်သည် မင်းကို ဆောင်ပါအံ့၊ တခဏမျှ ဤ၌နေပါ ကုန်လော့ဟု လျောက်၏။ လုလင် ကောင်းပြီဟု ဆို၏။ ထိုလုလင်သည် သွား၍ မင်းအား ထိုအကြောင်းကိုကြား၍ မင်းကိုဆောင်၏။

ထိုအခါ မင်းသည် ဘုရားလောင်းကို ရှိခိုး၍ တင့်အပ် လျောက်ပတ်စွာ နေလျှက် ရှင်ဘုရား အရှင်ဘုရားတို့သည် အကျွန်ုပ် ကြားအပ်သောအသံတို့၏ ဖြစ်ခြင်းကို သိကုန်သောဟူသည် မှန်သလောဟု မေး၏။ မြတ်သောမင်းကြီး သိသည် မှန်၏ဟု ဆို၏။ အရှင်ဘုရား ဆိုတော်မူကုန်လော့ဟု လျှောက်၏။ မြတ်သောမင်းကြီး ထိုသူတို့သည် ရှေးဘဝ၌ လူသားတို့သည် စောင့်ရှောက် ထိန်းသိမ်းအပ်သော မိန်းမတို့၌ သွားလာကုန်၍ ဗာရာဏသီ၏အနီး လေးခုကုန်သော လောဟကုမ္ဘီအိုး၌ ဖြစ်ကုန်၍ ကျိုက်ကျိုက်ဆူ သော ဆားရေဖြင့် အမြှုပ်ထလျက် ကျက်ကုန်၍ အနှစ်သုံးသောင်းတို့ပတ်လုံး အောက်သို့သွား၍ ငရဲအိုး အောက်အခြေသို့ ရောက်၍ အထက်သို့ တက်ကုန်သော် အနှစ်သုံးသောင်းဖြင့်လျှင် ငရဲအိုးမျက်နှာဝကို မြင်၍ အပကိုကြည့်၍ လေးယောက်ကုန်သော သူတို့သည် လေးဂါထာတို့ကို ပြည့်စုံစွာ ဆိုလိုကုန်လျှက်လည်း ဆိုအံ့သောငှါ မတတ်နိုင်ကုန်၍ တလုံး, တလုံးသော အက္ခရာကိုသာလျှင် ဆိုကုန်၍ တဖန် လောဟကုမ္ဘီငရဲ၌ သာလျှင် နစ်ပြန်ကုန်၏။ ထိုလေးယောက်ကုန်သော သူတို့တွင် ဒု-အက္ခရာကိုဆို၍ နစ်သော သတ္တဝါသည်-

၅၃။ ဒုဇ္ဇီဝိတမဇီဝိမှ၊ ယေ သန္တေ န ဒဒမှသေ။
ဝိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။

ဟူ၍ ဆိုလို၏။ ဤဂါထာကို ပြည့်စုံစွာပြု၍ မဆိုနိုင်ဟုဆို၍ ဘုရားလောင်းသည် မိမိဉာဏ်ဖြင့် ထိုဂါထာကို ပြည့်စုံစွာပြု၍ ဟော၏။

(ကြွင်းသော ဂါထာတို့၌လည်း ဤနည်းအတိုင်းလျှင် သိအပ်၏။ )

ထိုဂါထာတို့တွင်...

သ-အက္ခရာကို ဆိုသောသူ၏ အလိုဖြစ်သော ဂါထာကား-

၅၄။ သဋ္ဌိဝဿသဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။
နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘဝိဿတိ။

ဟူသည်တည်း။

န-အက္ခရာကို ဆိုသောသူ၏ အလိုဖြစ်သော ဂါထာကား-

၅၅။ နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။
တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသ။

ဟူသည်တည်း။

သော-အက္ခရာကို ဆိုသောသူ၏ အလိုဖြစ်သော ဂါထာကား-

၅၆။ သောဟံ နူန ဣတော ဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။
ဝဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။

ဟူသည်တည်း။

֍ ဋ္ဌ ၅၃။ ယေ မယံ၊ အကြင် ငါတို့သည်။ သန္တေ၊ လှူဘွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ်တို့ ထင်ရှားရှိပါလျက်။ န ဒဒမှသေ၊ မပေးမလှူကုန်။ ဒုဇ္ဇီဝိတံ၊ ယုတ်မာသော အသက်မွေးခြင်းကို။ အဇီဝိမှ၊ အသက်မွေးမိကုန်၏။ ဘောဂေသု၊ စည်းစိမ်တို့သည်။ ဝိဇ္ဇမာနေသု၊ ရှိကုန်လျက်။ အတ္တနော၊ မိမိ၏။ ဒီပံ၊ မှီခိုရာကို။ နာကမှ၊ မပြုမိခဲ့ကြကုန်။

֍ ဋ္ဌ ၅၄။ နိရယေ၊ ငရဲ၌။ ပစ္စမာနာနံ၊ ခံရကုန်သော ငါတို့အား။ သဗ္ဗသော၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်။ သဋ္ဌိဝဿသဟဿာနိ၊ အနှစ်ခြောက်သောင်းတို့သည်။ ပရိပုဏ္ဏာနိ၊ ပြည့်ကုန်၏။ ကဒါ၊ အဘယ်ခါ၌။ အန္တော၊ အဆုံးသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့နည်း။

֍ ဋ္ဌ ၅၅။ မာရိသ၊ ငါနှင့်တူသော အဆွေ။ မမ စ၊ ငါသည်၎င်း။ တုယှဉ္စ၊ သင်သည်၎င်း။ တဒါ ဟိ၊ ထိုအခါ၌ လျှင်။ ပါပံ၊ မကောင်းမှုကို။ ပကတံ၊ များစွာပြုအပ်၏။ အန္တာ၊ အဆုံးသည်။ နတ္ထိ၊ မရှိ။ ကုတော၊ အဘယ်အကြောင်းဖြင့်။ အန္တော၊ အဆုံးသည်။ အတ္ထိ၊ ရှိအံ့နည်း။ အန္တော၊ အဆုံးသည်။ န ပဋိဒိဿတိ၊ မထင်။

֍ ဋ္ဌ ၅၆။ သော အဟံ၊ ထိုငါသည်။ ဣတော၊ ဤငရဲမှ။ ဂန္တွာ၊ လွတ်မြောက်သွား၍။ မာနုသိံ ယောနိံ၊ လူ၌ဖြစ်သော အမျိုးဇာတိကို။ လဒ္ဓါန၊ ရသည်ရှိသော်။ ဝဒညူ၊ ကောင်းသောသူတို့၏စကားကို သိသူသည်။ သီလသမ္ပန္နော၊ သီလနှင့်ပြည့်စုံသူသည်။ ဟုတွာ၊ ဖြစ်၍။ နူန၊ စင်စစ်သဖြင့်။ ဗဟုံ၊ များစွာသော။ ကုသလံ၊ ကုသိုလ်ကို။ ကာဟာမိ၊ ပြုပေအံ့။

ဤသို့ ဘုရားလောင်းသည် တခု, တခုစီဖြစ်သော ဂါထာကို ဆို၍ မြတ်သော မင်းကြီး ထိုငရဲသားသတ္တဝါသည် ဤဂါထာကို ပြည့်စုံစွာပြု၍ ဆိုလိုသော်လည်း မိမိမကောင်းမှု ၏ကြီးသည်၏အဖြစ်ကြောင့် ပြည့်စုံစွာ မဆိုနိုင်၊ ထိုငရဲသား သတ္တဝါသည် မိမိကံအကျိုးကို ခံလျက် မြည်တမ်း၏။ သင်မင်းကြီးတို့အား ထိုအသံကို ကြားခြင်းဟူသော အကြောင်းကြောင့် အန္တရာယ်မည်သည် မရှိ၊ သင်မင်းကြီးတို့သည် မကြောက်ကုန်လင့်ဟု ဆို၏။ မင်းသည် များစွာသော သတ္တဝါတို့ကို လွှတ်စေ၍ ရွှေစည်ကိုလည်စေ၍ ယဇ်တွင်းကို ဖျက်စေ၏။ ဘုရားလောင်းသည် များစွာသော သတ္တဝါတို့၏ ချမ်းသာကိုပြု၍ ထိုဥယျာဉ်၌ပင်လျှင် နှစ်ရက်သုံးရက်နေ၍ ဟိမဝန္တာသို့သွား၍ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ ပြည်၌ ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ယခုအခါသာရိပုတ္တရာသည် ထိုအခါ ပုရောဟိတ်၏တပည့်ကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကာမေသုမှု၊ လွန်ကြူးပြု၊ ဒု-သ-န-သော မှတ်

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော လောဟကုမ္ဘီဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၅။ သဗ္ဗမံသလာဘဇာတ်

ခွန်းချိုကျိုးရ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဖရုသာ ဝတ တေ ဝါစာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာ ဆင်အပ်သော ဤသဗ္ဗမံသလာဘဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အရှင်သာရိပုတ္တရာ မထေရ်သည် ဝမ်းကျဆေးသောက်ကုန်သော ရဟန်းတို့အား ပေးအပ်သော အမဲအရသာဆွမ်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုအခါ ဇေတဝန် ကျောင်းတော်၌ အချို့ကုန်သော ရဟန်းတို့သည် ဝမ်းကျဆေးကို သောက်ကုန်သတတ်၊ ထိုရဟန်းတို့အား အမဲအရသာဆွမ်းဖြင့် အလိုရှိ၏။ သူနာလုပ်ကျွေးကုန်သော ရဟန်းတို့သည် အမဲအရသာဆွမ်းကို ဆောင်ကုန်အံ့ဟု သာဝတ္ထိပြည်သို့ ဝင်၍ ထမင်းရောင်းသော အိမ်လမ်း၌ ဆွမ်းခံသွား၍ အမဲအရသာဆွမ်းကို မရကုန်၍လျှင် ပြန်လည်ကုန်၏။ အရှင်သာရိပုတ္တရာမထေရ်သည် နေမြင့်မှ ဆွမ်းခံဝင်သည်ရှိသော် ထိုရဟန်းတို့ကို မြင်၍ ငါ့သျှင်တို့ သင်တို့သည် အဘယ့်ကြောင့် အလွန်စောစောကလျှင် ပြန် လည် လာကြကုန်သနည်းဟု မေး၏။ ထိုရဟန်းတို့သည် ထိုအကြောင်းကို ကြားလျှောက်ကုန်၏။ အရှင်သာရိပုတ္တရာမထေရ်သည် ထိုသို့တပြီးကား လာကြကုန်ဟု ထိုရဟန်းတို့ကို ခေါ်၍ ထိုခရီးလမ်းသို့လျှင် သွား၏။ ထိုလူတို့သည် သပိတ်ကို ပြည့်စေ၍ အမဲအရသာဆွမ်းကို လှူကုန်၏။ သူနာလုပ်ကျွေးကုန်သော ရဟန်းတို့သည် အမဲအရသာဆွမ်းကို ဆောင်၍ သူနာရဟန်းတို့အား ပေးကုန်၏။ သူနာရဟန်းတို့သည် သုံးဆောင်ကုန်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ အရှင်သာရိပုတ္တရာမထေရ်သည် အမဲအရသာဆွမ်းကို မရကုန်ဘဲ ထွက်လာကုန်သော ဝမ်းကျဆေးသောက်ကုန်သော သူနာရဟန်းတို့၏ အလုပ် အကျွေး ရဟန်းတို့ကိုခေါ်၍ ထမင်းရောင်းသော အိမ်လမ်း၌ ဆွမ်းခံ၍ များစွာသော အမဲအရသာဆွမ်းကို ကျောင်းသို့ဆောင်၍ ပို့ စေ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော် မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျောက်သည် ရှိသော် ရဟန်းတို့ ယခုအခါ သာရိပုတ္တရာသည်သာလျှင် အမဲကိုရသည်မဟုတ်သေး၊ ရှေး၌လည်း နူးညံ့သော စကားဖြင့် ချစ်ဘွယ် ဆိုခြင်း၌ လိမ္မာကုန်သော ပညာရှိတို့သည်လည်း ရဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူဌေးသား ဖြစ်၏။ ထိုအခါ တနေ့သ၌ တယောက်သော မုဆိုးသည် များစွာသော အသားကိုရ၍ ယာဉ်ကိုပြည့်စေ၍ ရောင်းအံ့ဟု မြို့သို့လာ၏။ ထိုအခါ ဗာရာဏသီပြည်၌ နေကုန်သော လေးယောက်ကုန်သော သူဌေးသားတို့သည် မြို့မှထွက်၍ တခုသော လမ်း၏ အဆုံ၌ တစုံတခု မြင်ဘူး ကြားဘူးသည်တို့ကို ပြောဆိုကုန်လျက် နေကုန်၏။ ထိုလေးယောက်ကုန်သော သူဌေးသားတို့တွင် တယောက်သော သူဌေးသားသည် အမဲယာဉ်ကို မြင်၍ ထိုအမဲရောင်းသော မုဆိုးကို အမဲတုံးကိုပေးစေအံ့ဟု ဆို၏။ သွားလော့၊ ဆောင်ချေလော့ဟု ဆိုကြကုန်၏။ ထို သူဌေးသားသည် မုဆိုးသို့ကပ်၍ ဟယ်... မုဆိုး ငါ့အား အမဲတုံးကို ပေးလော့ဟု ဆို၏။ မုဆိုးသည် အဆွေ သူတပါးကို တစုံတခု တောင်းသောသူမည်သည်ကား ချစ်ဘွယ်သော စကားကို ဆိုရာ၏။ သင်ဆိုသောစကားအား လျှော်သော အမဲတုံးကိုရလတ္တံ့ ဟု ဆို၍-

၅၇။ ဖရုသာ ဝတ တေ ဝါစာ၊ မံသံ ယာစနကော အသိ။
ကိလောမသဒိသီ ဝါစာ၊ ကိလောမံ သမ္မ ဒမ္မိ တေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၇။ သမ္မ၊ အဆွေ။ တွံ၊ သင်သည်။ မံသံ၊ အမဲကို။ ယာစနကော၊ တောင်းသည်။ အသိ၊ ဖြစ်၏။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ ဝတ၊ စင်စစ်။ ဖရုသာ၊ ကြမ်း၏။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ ကိလောမသဒိသီ၊ အမြှေးနှင့် တူ၏။ သမ္မ၊ အဆွေ။ တေ၊ သင့်အား။ ကိလောမံ၊ အမြှေးကို။ ဒမ္မိ၊ ပေးအံ့။

ဤအမြှေးကိုယူလော့၊ သင်၏စကားနှင့် တူသော အမြှေးကို ငါပေး၏ဟု ဆို၍ အသားအသွေးမရှိသော အမြှေးကိုယူ၍ ပေး၏။ ထိုအခါ တယောက်သော သူဌေးသားသည် ထိုသူဌေးသားကို အဘယ်သို့ဆို၍ သင် တောင်းသနည်းဟု မေး၏။ ဟယ်... ဆို၍တောင်း၏ဟု ဆို၏။ ထိုသူဌေးသားသည် ငါလည်း မုဆိုးကို တောင်းအံ့ဟု ဆို၍ သွား၍ အစ်ကိုကြီး ငါ့အား အမဲတုံးကိုပေးလော့ဟု ဆို၏။ မုဆိုးသည် သင့်စကားအား လျှော်သော အမဲတုံးကို ရလတ္တံ့ ဟု ဆို၍-

၅၈။ အင်္ဂမေတံ မနုသာနံ၊ ဘာတာ လောကေ ပဝုစ္စတိ။
အင်္ဂဿ သဒိသီ ဝါစာ၊ အင်္ဂံ သမ္မ ဒဒါမိ တေ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၈။ လောကေ၊ လောက၌။ အင်္ဂံ၊ ကိုယ်တည်း။ ဧတံ ဝစနံ၊ ဤစကားကို။ ဘာတာ၊ အစ်ကိုဟူ၍။ မနုဿာနံ၊ လူတို့သည်။ ပဝုစ္စတိ၊ ဆိုအပ်၏။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ အင်္ဂဿ သဒိသီ၊ ကိုယ်နှင့်တူ၏။ သမ္မ၊ အဆွေ။ တေ၊ သင့်အား။ အင်္ဂံ၊ ကိုယ်သားကို။ ဒဒါမိ၊ ပေးအံ့။

ဤသို့ဆို၍ ကိုယ်သားကိုယူ၍ ပေး၏။ ထိုသူဌေးသားကို တယောက်သော သူဌေးသားသည် အဘယ်သို့ဆို၍ သင် တောင်းသနည်းဟု မေး၏။ အစ်ကိုဆို၍ တောင်း၏ဟု ဆို၏။ ထိုသူဌေးသားသည် ငါလည်း မုဆိုးကို အမဲတောင်းအံ့ဟုဆို၍ အဘ ငါ့အား အမဲတုံးကို ပေးလော့ဟု ဆို၏။ မုဆိုးသည် သင့်စကားအား လျော်သော အမဲတုံးကို ရလတ္တံ့ ဟုဆို၍-

၅၉။ တာတာတိ ပုတ္တော ဝဒမာနော၊
ကမ္ပေတိ ဟဒယံ ပိတု။
ဟဒယဿ သဒိသီ ဝါစာ၊
ဟဒယံ သမ္မ ဒမ္မိ တေ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၉။ တာတာတိ၊ အဘဟူ၍။ ဝဒမာနော၊ ဆိုသော။ ပုတ္တော၊ သားသည်။ ပိတု၊ အဘ၏။ ဟဒယံ၊ နှလုံးကို။ ကမ္ပေတိ၊ တုန်လှုပ်စေ၏။ သမ္မ၊ အဆွေ။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ ဟဒယဿ သဒိသီ၊ နှလုံးနှင့်တူ၏။ တေ၊ သင့်အား။ ဟဒယံ၊ နှလုံးကို။ ဒမ္မိ၊ ပေးအံ့။

ဤသို့ဆို၍ နှလုံးသားနှင့်တကွ ကောင်းသောအသားကို ယူ၍ ပေး၏။ ထိုသူဌေးသားကို လေးယောက်မြောက်ဖြစ်သော သူဌေးသားသည် အဘယ်သို့ဆို၍ သင် တောင်းသနည်းဟု မေး၏။ အဘဆို၍ တောင်း၏ဟုဆို၏။ ထိုသူဌေးသားသည် ငါလည်း တောင်းအံ့ဟု ဆို၍ အဆွေ ခင် ပွန်း ငါ့အား အမဲတုံးကို ပေးလော့ဟု ဆို၏။ မုဆိုးသည် သင်၏ စကားအား လျော်သော အမဲတုံးကို ရလတ္တံ့ဟု ဆို၍-

၆၀။ ယဿ ဂါမ သခါ နတ္ထိ၊ ယထာရညံ တထေဝ တံ။
သဗ္ဗဿ သဒိသီ ဝါစာ၊ သဗ္ဗံ သမ္မ ဒဒါမိ တေ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၀။ ယဿ၊ အကြင်သူအား။ ဂါမေ၊ ရွာ၌။ သခါ၊ အဆွေ ခင်ပွန်းသည်။ နတ္ထိ၊ မရှိ။ အရညံ ယထာ၊ တောကဲ့သို့။ တထေဝ၊ ထို့အတူသာလျှင်။ ဧတံ၊ ထိုအဆွေခင်ပွန်းမရှိသော ရွာသည်။ ဟောတိ၊ ဖြစ်၏။ သမ္မ၊ အဆွေ။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ သဗ္ဗဿ၊ အလုံးစုံသောကိုယ်နှင့်။ သဒိသီ၊ တူ၏။ တေ၊ သင့်အား။ သဗ္ဗံ၊ အလုံးစုံသော အမဲကို။ ဒဒါမိ၊ ပေးအံ့။

ဤသို့ဆို၍ အဆွေ လာလော့၊ အလုံးစုံလျှင်ဖြစ်သော ဤယာဉ်၌တင်သောအမဲကို သင့်အိမ်သို့ ဆောင်အံ့ဟု ဆို၏။ သူဌေးသားသည် မုဆိုးကို ယာဉ်ကိုနှင်စေလျက် မိမိအိမ်သို့ အမဲကို ဆောင်စေခဲ့၍ မုဆိုးအား ပေးကမ်းပူဇော်ခြင်းကိုပြု၍ မုဆိုး၏သားမယားကိုလည်း ခေါ်စေ၍ မုဆိုးအမှုကို ကြဉ်စေ၍ မိမိဥစ္စာအလယ်၌ နေစေလျက် မုဆိုးနှင့်တကွ အဆွေခင်ပွန်းအဖြစ်မှ မကွဲမပျက်သည်ဖြစ်၍ အသက်ထက်ဆုံး ညီညွတ်စွာနေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ မုဆိုး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အလုံးစုံသော အမဲကိုရသော သူဌေးသား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ချစ်ဘွယ်သာယာ၊ ခွန်းကျူလာ၊ များစွာလာဘ်ကြီးတွေ့

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော သဗ္ဗမံသလာဘဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၆။ သသပဏ္ဍိတဇာတ်

သက်စွန့်အလှူ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သတ္တ မေ ရောဟိတာ မစ္ဆာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာ ဆင်အပ်သော ဤသသပဏ္ဍိတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီ တင်းသုံးနေတော်မူစဉ် ခပ်သိမ်းသော ပရိက္ခရာအလှူကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တဦးသော သူကြွယ်သည် ဘုရားအမှူးရှိသော ရဟန်းသံဃာအား ခပ်သိမ်းသော ပရိက္ခရာအလှူကို စီရင်၍ အိမ်တံခါး၌ မဏ္ဍပ် ဆောက်၍ ဘုရားအမှူးရှိသော ရဟန်းသံဃာကိုဘိတ်၍ ကောင်းစွာစီရင်အပ်သော မဏ္ဍပ်ဝယ် ခင်းအပ်သော မြတ်သော ဘုရားနေရာ၌နေစေ၍ အထူးထူးသော မြတ်သော အရသာရှိသော မွန် မြတ်သော အလှူကိုလှူ၍ တဖန် နက်ဖြန်အကျိုးငှါဟု ခုနစ်ရက်ဘိတ်၍ ခုနစ်ရက်မြောက်၌ ဘုရားအမှူးရှိကုန်သော ငါးရာကုန်သော ရဟန်းတို့အား ခပ်သိမ်းသော ပရိက္ခရာတို့ကို လှူ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးသော အဆုံး၌ အနုမောဒနာ ပြုတော်မူသည်ရှိသော် သီတင်းသည် သင်သည် ပီတိသောမနဿကို ပြုခြင်းငှာ သင့်၏။ ဤအလှူမည်သည်ကား ရှေးပညာရှိတို့၏ အနွယ်တည်း၊ ရှေးပညာ ရှိတို့သည် ရောက်လာကုန်သော အလှူခံတို့အား အသက်ကိုစွန့်၍ မိမိ၏အသားကိုလည်း လှူဘူးကုန်၏ဟု မိန့်တော်မူ၍ ထိုသူကြွယ်သည် တောင်းပန်အပ်သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ယုန်မျိုး၌ဖြစ်၍ တော၌ နေ၏။ ထိုအခါ တော၏ တဘက်မှ တောင်ခြေ, တဘက်မှ မြစ်, တဘက်မှ ပစ္စန္တရစ်ရွာသည် ရှိ၏။ ဘုရားလောင်း ယုန်မင်းအား မျောက်, မြေခွေး, ဖျံဟူကုန်သော သုံးခုကုန်သော အဆွေ ခင်ပွန်းတို့သည်လည်း ရှိကုန်၏။ ထိုပညာ ရှိ လေးယောက်တို့သည် အတူတကွနေကုန်လျက် မိမိ မိမိ၏ ကျက်စားရာအရပ်၌ အစာကိုယူကုန်၍ ညချမ်းသောအခါ၌ တကွနက် စည်း ဝေးကုန်၏။ ယုန်ပညာရှိသည် အလှူကို ပေးအပ်၏။ သီလကို ဆောက်တည်အပ်၏။ ဥပုသ်ကို သုံးအပ်၏ဟု သုံးယောက်ကုန်သော အဆွေ ခင်ပွန်းတို့အား ဆုံးမသည်၏ အစွမ်းအားဖြင့် တရား ဟော၏။ ထိုသုံးယောက်ကုန်သော အဆွေ ခင် ပွန်းတို့သည် ယုန်ပညာရှိ၏ အဆုံးအမကို ခံယူ ကုန်၍ မိမိတို့၏နေရာသို့ဝင်၍ နေကုန်၏။ တနေ့သ၌ ဘုရားလောင်းသည် ကောင်းကင်သို့ကြည့်၍ လ, ကိုမြင်၍ နက်ဖြန် ဥပုသ်နေ့ဟုသိ၍ သုံးယောက်ကုန်သော အဆွေ ခင်ပွန်းတို့ကို နက်ဖြန် ဥပုသ်နေ့တည်း သုံးယောက်ကုန်သော သင်တို့သည်လည်း သီလဆောက်တည်၍ ဥပုသ်သုံးခြင်းကို ဖြစ်စေကုန်လော့၊ သီလ၌ တည်၍ လှူအပ်သော အလှူသည် အကျိုးကြီး၏။ ထို့ကြောင့် ရောက်လာကုန်သော အလှူခံတို့အား သင်တို့သည် စားအပ်သော အာဟာ ရမှ အလှူကိုလှူ၍ စားကြကုန်လောဟု ဆို၏။ ထိုသုံးယောက်ကုန်သော အဆွေခင်ပွန်းတို့သည် ကောင်းပြီဟု ဝန် ခံ၍ မိမိ မိမိ၏နေရာ အရပ်တို့၌ နေကုန်၏။

နောက်တနေ့၌ ထိုအဆွေခင်ပွန်းတို့တွင် ဖျံသည် စောစောကလျှင် အစာရှာအံ့ဟု ထွက်၍ ဂင်္ဂါနားသို့သွား၏။ ထိုအခါ တယောက်သော တံငါသည်သည် ငါးကြင်း ခုနစ်ကောင်တို့ကို ဆယ်၍ နွယ်ဖြင့်သီ၍ ဂင်္ဂါကမ်းနား၌ သဲကိုယက်၍ သဲဖုံးလွှမ်း၍ တဘန်ငါးတို့ကို ဖမ်းအံ့သောငှါ ဂင်္ဂါအကြေသို့ သွား၏။ ဖျံသည် ငါးအနံ့နံ၍ သဲကိုယက်၍ ငါးကိုမြင်၍ ထုတ်၍ ထိုငါးတို့၏ အရှင်သည် ရှိသလောဟု သုံးကြိမ် အသံပြု၍ အရှင်ကို မမြင်လတ်သော် နွယ်ကိုကိုက်၍ မိမိနေရာ ချူံ၌ထား၍ မွန်းမတည့်မီ အချိန်၌သာလျှင် စားအံ့ဟု မိမိသီလကို ဆင်ခြင်လျက် ဝပ်၏။ မြေခွေးသည်လည်း နေရာအရပ်မှထွက်၍ အစာရှာလတ်သော် တယောက်သော လယ်စောင့်၏ တဲငယ်၌ တံစို့ဖြင့် သီအပ်သော အမဲတံစို့နှစ်ခု, ဖွတ်ကင်တစ်ခု, နို့ဓမ်းအိုးတစ်ခုကို မြင်၍ ထိုဝတ္ထုတို့၏ အရှင်သည် ရှိသလောဟု သုံးကြိမ်အသံပြု၍ အရှင်ကိုမမြင်၍ နို့ဓမ်းအိုး၌ ဖွဲ့သောကြိုးကို လည်၌သွင်း၍ အမဲတံစို့ နှစ်ခု, ဖွတ်ကင်ကို နှုတ်သီးဖြင့်ကိုက်လျက် ဆောင်ခဲ့၍ မိမိနေရာချုံ၌သာလျှင်ထား၍ မမါန်းမတည့်မီ အချိန်၌ စားအံ့ဟု မိမိသီလကို ဆင်ခြင်လျက် ဝပ်၏။ မျောက်သည်လည်း နေရာမှထွက်၍ တောအုပ်သို့ဝင်၍ သရက်သီးခိုင်ကိုယူ၍ မိမိနေရာ၌ထား၍ မါန်းမတည့်မီ အချိန်၌သာလျှင် စားအံ့ဟု မိမိသီလကို ဆင်ခြင်လျက်ဝပ်၏။

ဘုရားလောင်းသည်ကား အချိန်၌သာလျင် နေရာမှထွက်၍ နေဇာမြက်ကိုစားအံ့ဟု မိမိနေ ရာ ချူံ၌သာလျှင် ဝပ်၍ မိမိသီလကို ဆင်ခြင်လျက် ငါ့အထံသို့ လာကုန်သော အလှူခံပုဂ္ဂိုလ်တို့အား မြက်ကို လှူခြင်းငှါ မတတ်ကောင်းကုန်၊ နှမ်း ဆန် အစရှိသည်တို့သည်လည်း ငါ့အား မရှိကုန်၊ ငါ့အထံသို့ အလှူခံသည် အကယ်၍ လာငြားအံ့၊ ကိုယ့်အသားကို လှူအံ့ ကြံ၏။ ကြံပြီး၍ ဘုရားလောင်း၏ သီလ တန်ခိုးအားဖြင့် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် ပူသောအခြင်းအရာကို ပြ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကိုမြင်၍ ယုန်မင်းကို စုံစမ်းအံ့ဟု ရှေးဦးစွာ ဖျံ၏နေရာသို့ သွား၍ ပုဏ္ဏားအသွင်ဖြင့် ရပ်၏။ ပုဏ္ဏား အဘယ်အကျိုးငှာ ရပ်သနည်းဟု မေးလတ်သော် ပညာရှိ တစုံတခုသော အာဟာရကို ရသော် ဥပုသ်ဆောက်တည်၍ နေအံ့ဟု ရပ်၏ဟူ၍ ဆို၏။ ဖျံသည် ကောင်းပြီ၊ သင့်အား အာဟာရကိုပေးအံ့ဟု သိကြားမင်းနှင့်တကွ စကားပြောလိုရကား-

၆၁။ သတ္ထ မေ ရောဟိတာ မစ္ဆာ၊ ဥဒကာ ထလမုဗ္ဘတာ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊ ဧတံ ဘုတွာ ဝနေ ဝသ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၁။ ဗြာဟ္မဏ၊ ပုဏ္ဏား။ မေ၊ ငါ့အား။ ဥဒကာ၊ ရေမှ။ ထလံ၊ ကြည်းကုန်းသို့။ ဥဗ္ဘတာ၊ တံငါသည် ဆယ်တင်အပ်ကုန်သော။ သတ္တ၊ ခုနစ်ကောင်ကုန်သော။ ရောဟိတာ မစ္ဆာ၊ ငါးကြင်းတို့သည်။ သန္တိ၊ ရှိကုန်၏။ ဣဒံ၊ ဤဥစ္စာသည်။ မေ၊ ငါ့အား။ အတ္ထိ၊ ရှိ၏။ တံ၊ ဤဥစ္စာကို။ ဘုတွာ၊ စား၍။ ဝနေ၊ တော၌။ ဝသ၊ နေလော့။

ပုဏ္ဏားသည် ရှိစေဦး စောသေး၏ နောက်မှ သိရအံ့ဟု ဆို၍ မြေခွေး၏ အထံသို့ သွား၏။ မြေခွေးသည်လည်း အဘယ်အကျိုးငှာ ရပ်သနည်းဟု မေးသည်ရှိသော် ထိုရှေးအတူသာလျှင် ဆို၏။ မြေခွေးသည် ကောင်းပြီး လှူအံ့ဟု ထို သိကြားနှင့်တကွ စကားပြောလိုရကား-

၆၂။ ဒုဿ မေ ခေတ္တပါလဿ၊ ရတ္တိဘတ္တံ အပါဘတံ။
မံသသူလာ စ ဒွေ ဂေါဓာ၊ ဧကဉ္စ ဒဓိဝါရကံ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊ ဧတံ ဘုတွာ ဝနေ ဝသ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၂။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဒုဿ၊ ဤအမည်ရှိသော။ ခေတ္တပါလဿ၊ လယ်စောင့်၏။ ရတ္တိဘတ္တံ၊ ညဉ့်စာကို။ မေ၊ ငါသည်။ အပါဘတံ၊ ဆောင်ခဲ့အပ်၏။ ဒွေ၊ နှစ်ခုကုန်သော။ မံသသူလာ စ၊ အမဲတံစို့တို့၎င်း။ ဂေါဓာ စ၊ ဖွတ်ကင်တို့၎င်း။ ဧကံ၊ တခုသော။ ဒဓိဝါရကဉ္စ၊ နို့ဓမ်းအိုး၎င်း။ ဣဒံ၊ ဤဥစ္စာသည်။ မေ၊ ငါ့အား။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ထိုဥစ္စာကို။ ဘုတွာ၊ စား၍။ ဝနေ၊ တော၌။ ဝသ၊ နေလော့။

ပုဏ္ဏားသည် ရှိစေဦး၊ စောသေး၏ နောက်မှ သိရအံ့ဟု ဆို၍ မျောက်၏အထံသို့ သွား၏။ မျောက်သည်လည်း အဘယ်အကျိုးငှာ ရပ်လာသနည်းဟု မေးသည်ရှိသော် ထိုရှေးအတူသာလျှင် ဆို၏။ မျောက်သည် ကောင်းပြီ လှူအံ့ဟု သိကြားမင်းနှင့်တကွ စကားပြောလိုရကား-

၆၃။ အမ္ဗပက္ကံ ဒကံ သီတံ၊ သီတစ္ဆာယာ မနောရမာ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊ ဧတံ ဘုတွာ ဝနေ ဝသ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၃။ ဗြာဟ္မဏ၊ ပုဏ္ဏား။ မေ၊ ငါ့အား။ အမ္ပပက္ကံ၊ သရက်သီးမှည့်၎င်း။ သီတံ၊ အေးသော။ ဒကံ-ဥဒကံ၊ ဂင်္ဂါရေ၎င်း။ မနောရမာ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော။ သီတစ္ဆာယာ၊ ချမ်းအေးသော အရိပ်၎င်း။ ဣဒံ၊ ဤဆိုအပ်ပြီးသော ဥစ္စာသည်။ မေ၊ ငါ့အား။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ထိုသရက်သီးမှည့် ဂင်္ဂါရေကို။ ဘုတွာ၊ စားသောက်၍။ ဝနေ၊ နှလုံးမွေ့လျော်ဘွယ် အရိပ်ရှိသော တော၌။ ဝသ၊ နေလော့။

ပုဏ္ဏားသည် ရှိစေဦး၊ စောသေး၏။ နောက်မှ သိရအံ့ဟု ဆို၍ ယုန်ပညာရှိအထံသို့ သွား၏။ ယုန်သည်လည်း အဘယ်အကျိုးငှာ ရပ်လာသနည်းဟု မေးသည်ရှိသော် ထိုရှေးအတူသာလျှင် ဆို၏။ ထိုစကားကို ကြား၍ ဘုရားလောင်းသည် ဝမ်းမြောက်ခြင်းသို့ရောက်၍ ပုဏ္ဏား အာဟာရအကျိုးငှါ ငါ့အထံသို့ လာလော သင်သည် ကောင်းသည်ကို ပြုအပ်၏။ ယနေ့ ငါသည် မလှူဘူးသော အလှူကို လှူအံ့၊ သင်သည်ကား သီလရှိ၏။ ပါဏာတိပါတကို မပြုလတ္တံ့၊ ပုဏ္ဏား သွားချေ၊ အထူးထူးသော ထင်းတို့ကို စု၍ မီးကျီးပြု၍ ငါ့အား ကြားလော့၊ ငါသည် ကိုယ်ကိုစွန့်၍ မီး ကျီးစု၌ ဆင်းအံ့၊ ငါ၏ကိုယ်သည် ကျက်လတ်သော် သင်သည် အသားကို စား၍ ရဟန်းတရားကို ကျင့်လောဟု သိကြားနှင့်တကွ စကား ပြောလိုရကား-

၆၄။ န သသဿ တိလာ အတ္ထိ၊ န မုဂ္ဂါ နပိ တဏ္ဍုလာ။
ဣမိနာ အဂ္ဂိနာ ပက္ကံ၊ မမံ ဘုတွာ ဝနေ ဝသ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၄။ ဗြာဟ္မဏ၊ ပုဏ္ဏား။ သသဿ၊ ယုန်အား။ တိလာ၊ နှမ်းတို့သည်။ န အတ္ထိ၊ မရှိကုန်။ မုဂ္ဂါ၊ ပဲ နောက်တို့သည်။ န အတ္ထိ၊ မရှိကုန်။ တဏ္ဍုလာ၊ ဆန်တို့သည်။ နပိ အတ္ထိ၊ မရှိကုန်။ ဣမိနာ အဂ္ဂိနာ၊ ဤမီးဖြင့်။ ပက္ကံ၊ ကျက်သော။ မမံ၊ ငါ့ကို။ ဘုတွာ၊ စား၍။ ဝနေ၊ တော၌။ ဝသ၊ နေလော့။

သိကြားမင်းသည် ယုန်၏စကားကို ကြား၍ မိမိအာနုဘော်ဖြင့် မီးကျီးစုကို ဘန်ဆင်း၍ ဘုရားလောင်းအား ကြား၏။ ဘုရားလောင်းယုန်သည် နေဇာမြက်အိပ်ရာမှထ၍ မီးကျီးစုသွား၍ အမွေးကြားတို့၌ ပိုးငယ်တို့သည် ရှိကုန်ငြားအံ့၊ ထိုပိုးငယ်တို့သည် မသေစေကုန်သတည်းဟု သုံးကြိမ် ကိုယ်ကိုခါ၍ အလုံးစုံသောကိုယ်ကို အလှူ၌ ဦးတည်ထား၍ ခုန်လျက် ကြာကန်၌ ဟင်္သာမင်း ကျသကဲ့သို့ ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ မီးကျီးစု၌ ကျ၏။ ထိုမီးသည်ကား ဘုရားလောင်း၏ ကိုယ်၌ အမွေးတွင်းကိုမျှလည်း ပူစေခြင်းငှာ မတတ်နိုင်၊ ဘုရားလောင်းသည် ဆီးနှင်းတိုက်သို့ ဝင်သကဲ့သို့ ဖြစ်၏။ ထိုအခါ သိကြားမင်းကိုခေါ်၍ ပုဏ္ဏား သင်ပြုသောမီးသည် အလွန်အေး၏။ ငါ၏ကိုယ်၌ အမွှေးတွင်းကိုမျှလည်း ပူစေခြင်းငှါ မတတ်နိုင်၊ ဤသို့ ဖြစ်ခြင်းသည်ကား အကြောင်း အသို့နည်းဟု မေး၏။ ယုန်ပညာရှိ ငါကား ပုဏ္ဏား မဟုတ်၊ သိကြားတည်း၊ ငါသည် သင့်အား စုံစမ်းအံ့သောငှါ လာ၏ ဟု ဆို၏။ သိကြား သင့်ကိုထားဘိဦး၊ အလုံးစုံသော လောကသည်လည်း ငါ့ကို အလှူဖြင့် စုံစမ်းငြားအံ့၊ ငါ၏ မလှူလိုသောအဖြစ်ကို မမြင်ရာသလျှင်ကတည်းဟု ဘုရားလောင်းသည် ခြင်္သေ့မင်းကဲ့သို့ ရဲရင့်သော စကားကို ဆို၏။ ထိုအခါ ဘုရားလောင်းကို သိကြားမင်းသည် ယုန်ပညာရှိ သင်၏ကျေးဇူးဂုဏ်သည် ကမ္ဘာပတ် လုံး ထင်ရှားသည် ဖြစ်စေဟု တောင်ကိုညှစ်၍ တောင်ဆီကိုယူ၍ လဝန်း၌ ယုန်ရုပ်အမှတ်ကိုရေး၍ ဘုရားလောင်းကို ဆောင်၍ ထိုတောအုပ် ထိုချုံ ထိုနေဇာမြက်အပြင်၌ အိပ်စေ၍ မိမိနေရာသို့သာလျှင် သွား၏။ လေးဦးသော ပညာရှိတို့သည်လည်း ညီညွတ်စွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်လျက် သီလကိုဖြည့်၍ အလှူကိုပေး၍ ဥပုသ်သုံး၍ ကံအား လျော်စွာ လားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီး၍လျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ခပ်သိမ်းသော ပရိက္ခရာကို လှူသော သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော် မူသနည်းဟူမူကား ယခုအခါ အာနန္ဒာသည် ထိုအခါ ဖျံ ဖြစ်ဘူးပြီ၊ ယခုအခါ မောဂ္ဂလ္လာန်သည် ထိုအခါ မြေခွေး ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ မျောက် ဖြစ်ဘူးပြီ၊ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ယုန်ပညာရှိ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

ဒါနအခင်း၊ ပေးလှူခြင်း၊ ယုန်မင်းဥပမာ

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သသပဏ္ဍိတဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၇။ မတရောဒနဇာတ်

လောကဓံ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် မတံ မတံ ဧဝ ရောဒထအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမတရောဒနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီ တင်းသုံး နေတော်မူစဉ် မထင်ရှားသော သာဝတ္ထိပြည် ၌နေသော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုသူကြွယ်၏ အစ်တို့သည် သေလွန်သတတ်။ ထိုသူကြွယ်သည် အစ်ကိုလွန်သဖြင့် သောကနှိပ်စက်သည်ဖြစ်၍ ရေမချိုး၊ ထမင်းမစား၊ နံ့သာမလိမ်း၊ စောစောကသာလျှင် သုသာန်သို့ သွား၍ သောကနှိပ်စက်လျှက် ငို၏။ သဗ္ဗညူ မြတ်စွာဘုရားသည် မိုးသောက်ထ၍ လောကကို ကြည့်လတ်သည်ရှိသော် ထိုသူကြွယ်၏ သောတာပတ္တိဖိုလ်၏ ဥပနိဿယကို မြင်တော်မူ၍ ဤသူကြွယ်အား လွန်လေပြီးသောအကြောင်းကို ဆောင်ပြီးလျှင် သောကိုငြိမ်းစေ၍ သောတာပတ္တိဖိုလ်ကို ပေးအံ့သောငှါ ငါမှတပါး စွမ်းနိုင်သောသူမည်သည် မရှိ၊ ငါသည် ဤသူကြွယ်၏ ကိုးကွယ်ရာဖြစ်ခြင်းငှါ သင့်၏ဟုကြံတော်မူ၍ နက်ဖြန် ဆွမ်းဘုဉ်းပေး ပြီးသည်ရှိသော် ဆွမ်းခံရာမှ ဖဲခဲ့တော်မူ၍ နောက် လိုက် ရဟန်းကို ခေါ်တော်မူ၍ ထိုသူကြွယ်၏ အိမ်တံခါးသို့ ကြွတော်မူ၍ ဘုရားကြွတော်မူလာ၏ဟု ကြား၍ နေရာကို ခင်းစေပြီးလျှင် အိမ်သို့ဝင်တော်မူပါကုန်လောဟု သူကြွယ် လျောက်အပ်သည်ရှိသော် ဝင်တော်မူ၍ ခင်းအပ်သော နေရာ၌ နေတော်မူ၏။ သူကြွယ်သည်လည်း လာလတ်၍ ဘုရားကို ရှိခိုး၍ တင့်အပ် လျောက်ပတ်စွာ နေ၏။ ထိုအခါ ထိုသူကြွယ်ကို သဗ္ဗညူမြတ်စွာဘုရားသည် သူကြွယ် စိုးရိမ်သလောဟု မိန့်တော်မူ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား အကျွန်ုပ်အဈကို သေသောအခါမှစ၍ စိုးရိမ်၏ဟု လျှောက်၏။ ဒါယကာ ခပ်သိမ်းသော သင်္ခါရတို့သည် အမြဲမရှိကုန်၊ ပျက်စီးအပ်သည်၏ အဖြစ်နှင့်ယှဉ်သော သင်္ခါရတရားသည် ပျက်စီးတတ်၏။ ထိုသင်္ခါရတရား၏ ပျက်စီးခြင်း၌ မစိုးရိမ်အပ်၊ ရှေးပညာရှိတို့သည်လည်း အစ်ကို သေသည်ရှိသော် ပျက်စီးအပ်သည်၏ အဖြစ်နှင့်ယှဉ်သော သင်္ခါရတရားသည် ပျက်စီးတတ်၏ဟု မစိုးရိမ်ကုန်ဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော သူဌေးမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် မိဘတို့သည် သေလွန်၏။ မိဘတို့သည် သေလွန်သည်ရှိသော် ဘုရားလောင်း၏ အစ်တို့သည် ဥစ္စာကိုစီရင်၏။ ထိုဘုရားလောင်းသည် အစ်ကိုကိုမှီ၍ အသက်မွေး၏။ ဘုရားလောင်း၏ အစ်တို့သည် နောက်အခါ နာ၍ သေလွန်၏။ အဆွေအမျိုး အဆွေခင်ပွန်းတို့သည် စည်းဝေးကုန်၍ လက်တို့ကိုမြှောက်ခါငိုကြွေးကြကုန်၏။ တယောက်သော သူသည်လည်း မိမိသဘောအားဖြင့် တည်အံ့သောငှါ မတတ်နိုင်၊ ဘုရားလောင်းသည်ကား မငိုကြွေး။ လူတို့သည် အချင်းတို့ ကြည့်ကြကုန်လော့၊ အစ် ကိုသေလတ်သော် ဤသူအား မျက်နှာတွန့်ခြင်းသည်လည်း မရှိ၊ အလွန်လျှင် နှလုံးခိုင်မာ၏။ နှစ်စုသော ဥစ္စာတို့ကို ငါသာလျှင် ခံစားရအံ့ဟု အစ်တို့၏ သေခြင်းကို အလိုရှိယောင်တကားဟု ဘုရားလောင်းကို ကဲ့ရဲ့ကြကုန်၏။ ဆွေမျိုးတို့သည်လည်း သင်သည် အစ်ကိုသေသော် အဘယ်ကြောင့် မငိုသနည်းဟု ကဲ့ရဲ့ကုန်၏။

ဘုရားလောင်းသည် ထိုသူတို့၏ စကားကိုကြား၍ သင်တို့သည် အလွန်မိုက်သည်၏အဖြစ်ကြောင့် ရှစ်ပါးသော လောကဓံတရားကို မသိကုန်၍ အစ်ကိုသေလတ်သော် ငိုကြွေးကြကုန်၏။ ငါသည်လည်း သေရအံ့၊ ထို့ကြောင့် ငါသည် မငို၊ သင်တို့သည်လည်း သေရကုန်လတ္တံ့၊ ထို့ကြောင့် ငါတို့သည်လည်း သေရကုန်လတ္တံ့ဟု နှလုံးသွင်းကုန်၍ မငိုကြကုန်လင့်၊ ခပ်သိမ်းသော သင်္ခါရတို့သည် မမြဲကုန်၊ ဖြစ်၍ ချုပ်တတ်ကုန်၏။ ထိုသဘောဖြင့် တည်ခြင်းငှါ စွမ်းနိုင်သော တပါးသော သင်္ခါရသည်လည်း မရှိ၊ အလွန်မိုက်ကုန်သော သင်တို့သည် မသိအပ်သော သဘော ရှိသဖြင့် လောကဓံတရား ရှစ်ပါးတို့ကို မသိကုန်၍ ငိုကုန်သော် ငါသည် အဘယ်အကျိုးငှါ ငိုရအံ့နည်းဟု ဆို၍-

၆၅။ မတံ မတံ ဧဝ ရောဒထ၊
န ဟိ တံ ရောဒထ ယော မရိဿတိ။
သဗ္ဗေပိ သရီရဓာရိနော၊
အနုပုဗ္ဗေန ဇဟန္တိ ဇီဝိတံ။
၆၆။ ဒေဝမနုဿာ စတုပ္ပဒါ၊
ပက္ခိဂဏာ ဥရဂါစ ဘောဂိနော။
သမှိ သရီရေ အနိဿရာ၊
ရမမာနာဝ ဇဟန္တိ ဇီဝိတံ။
၆၇။ ဧဝံ စလိတံ အသဏ္ဌိတံ၊
သုခဒုက္ခံ မနုဇေသွ ပေက္ခိယ။
ကန္ဒိတရုဒိတံ နိရတ္ထကံ၊
ကိံ ဝေါ သောကဂဏာ ဘိကီရရေ။
၆၈။ ဓုတ္တာ စ သောဏ္ဍာ အကတာ၊
ဗာလာ သူရာ အယောဂိနော။
ဓီရံ မညန္တိ ဗာလောတိ၊
ယေ ဓမ္မဿ အကောဝိဒါ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၆၅။ တုမှေ၊ သင်တို့သည်။ မတံ မတံဧဝ၊ သေတိုင်း သေတိုင်းသော သူကိုလျှင်။ ရောဒထ၊ ငိုကြကုန်၏။ ယော၊ အကြင်သူသည်။ မရိဿတိ၊ သေလတ္တံ့။ တံ၊ ထိုသေလတ္တံ့သောသူကို။ န ဟိ ရောဒထ၊ မငိုကြကုန်လင့်။ သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ သရီရဓာရိနော၊ ကိုယ်ကိုဆောင်ကုန်သော သူတို့သည်။ အနုပုဗ္ဗေန၊ အစဉ်သဖြင့်။ ဇီဝိတံ၊ အသက်ကို။ ဇဟန္တိ၊ စွန့်ရကုန်၏။

֍ ဋ္ဌ ၆၆။ ဘောဂိနော၊ စည်းစိမ်နှင့်ပြည့်စုံကုန်သော။ ဒေဝါ စ၊ နတ်တို့သည်၎င်း။ မနုဿာ စ၊ လူတို့ သည်၎င်း။ စတုပ္ပဒါ စ၊ သားတို့သည်၎င်း။ ပက္ခိဂဏာ စ၊ ငှက်အပေါင်းတို့သည်၎င်း။ ဥရဂါ စ၊ မြွေနဂါးတို့သည်၎င်း။ သမှိ သရီရေ၊ မိမိ ကိုယ်၌။ အနိဿရာ၊ အစိုးမရကုန်သည်ဖြစ်၍။ ရမမာနာဝ၊ ဖြစ်ရာအရပ်၌ မွေ့လျော်ကုန်၍သာလျှင်။ ဇီဝိတံ၊ အသက်ကို။ ဇဟန္တိ၊ စွန့်ရကုန်၏။

֍ ဋ္ဌ ၆၇။ မနုဇေသု၊ လူတို့၌။ ဧဝံ၊ ဤသို့။ စလိတံ၊ လှုပ်ထသော။ အသဏ္ဌိတံ၊ မတည်သော သဘောရှိထသော။ သုခဒုက္ခံ၊ ချမ်းသာဆင်းရဲကို။ အပေက္ခိယ၊ ကြည့်၍။ ကန္ဒိတရုဒိတံ၊ ငိုခြင်း မျက်ရည်ယိုခြင်းသည်။ နိရတ္ထကံ၊ အကျိုးမရှိ။ ကိံ၊ အဘယ့်ကြောင့်။ ဝေါ၊ သင်တို့အား။ သောကဂဏာ၊ စိုးရိမ်ခြင်းအပေါင်းတို့သည်။ အဘိကီရရေ၊ နှိပ် စက်ကုန်ဘိသနည်း။

֍ ဋ္ဌ ၆၈။ ဓုတ္တာ စ၊ မိန်းမ ကြွေအန်ကြူးသည်လည်း ဖြစ်ကုန်ထသော။ သောဏ္ဍာ စ၊ သောက်ကြူး, စားကြူးသည်လည်း ဖြစ်ကုန်ထသော။ အကတာ၊ အကျင့်ကို မကျင့်ကုန်ထသော။ သူရာ၊ အသင့်အားဖြင့် နှလုံးသွင်းခြင်းတို့၌ ရဲရင့်ကုန်ထသော။ အယောဂိနော၊ အားထုတ်သင့်သော သုစရိုက်တို့၌ အားထုတ်ခြင်း ကင်းကုန်ထသော။ ဓမ္မဿ၊ ရှစ်ပါး အပြားရှိသော လောကဓံတရား ၌။ အကောဝိဒါ၊ မလိမ္မာကုန်ထသော။ ယေ ဗာလာ၊ အကြင်သူမိုက်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေ ဗာလာ၊ ထိုသူမိုက်တို့သည်။ ဓီရံ၊ ဆွေ မျိုးတို့၏ သေခြင်း အစရှိသည်တို့၌ မငိုကြွေးသော ငါကဲ့သို့သော ပညာရှိကို။ ဗာလောတိ၊ သူမိုက်ဟူ၍။ မညန္တိ၊ အောက်မေ့ကုန်၏။

ဤသို့ ဘုရားလောင်းသည် ထိုသူတို့အား တရားဟော၍ ခပ်သိမ်းကုန်သော ထိုသူတို့ကိုလည်း သောကကင်းအောင် ပြု၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည် ၏အဆုံး၌ သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ လူများအား တရား ဟော၍ သောကမရှိအောင်ပြုသော ပညာ ရှိ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ပျက်စီးတတ်လှ၊ သင်္ခါရ၊ မုချပျက်စီးမည်

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော မတရောဒနဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၈။ ကဏဝေရဇာတ်

ကုလားဇလပ်ပန်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယံတံ ဝသန္တ သမယေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဏဝေရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် မဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုသည် အဋ္ဌကနိပါတ်၊ ဣန္ဒြိယဇာတ်၌ ထင်စွာဖြစ်လတ္တံ့) သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း သင်သည် ရှေး၌လည်း ထိုမိန်းမကို အမှီပြု၍ သန်လျက်ဖြင့် ဦးခေါင်းကို ဖြတ်ခြင်းကို ခံရဘူးပြီဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိရွာဝယ် တဦးသော သူကြွယ်၏အိမ်၌ စောရနက္ခတ်ဖြင့်ဖွား၍ အရွယ်သို့ ရောက်လတ်သော် ခိုးသူတို့၏ အမှုကိုပြုလျက် အသက်မွေး၍ လောက၌ ထင်ရှား၏။ ရဲ ရင့်၏။ ဆင်ပြောင်အားကို ဆောင်၏။ တစုံတယောက်သောသူသည် ဖမ်းအံ့သောငှါ မစွမ်းနိုင်၊ ထိုဘုရားလောင်းသည် တနေ့သ၌ တဦးသော သူဌေးအိမ်ဝယ် အစပ်ကိုဖြတ်၍ များစွာသော ဥစ္စာကို ခိုး၏။ မြို့သူတို့သည် မင်းအထံသို့ ဆည်း ကပ်၍ မြတ်သောမင်းကြီး တယောက်သော ခိုးသူကြီးသည် မြို့ကိုလုယက်၏။ ထိုခိုးသူကြီးကို ဖမ်းစေလော့ဟု လျောက်ကုန်၏။ ထိုစကားကို ကြား၍ မင်းသည် ထိုခိုးသူကြီးကို ဖမ်းစိမ့်သောငှါ မြို့စောင့်ကို စေ၏။ မြို့စောင့်သည် ညဉ့်အခါ ထိုထိုအရပ်၌ အစုဖွဲ့သဖြင့် လူတို့ကိုထား၍ ထိုခိုးသူကြီးကို ဥစ္စာနှင့်တကွ ဖမ်းစေ၍ မင်းအား လျောက်၏။ မင်းသည် ခိုးသူကြီး၏ ဦးခေါင်းကို ဖြတ်လော့ဟု မြို့စောင့်ကို စေ၏။ မြို့စောင့်သည် ခိုးသူကြီးကို မြဲစွာ လက် ပြန် နှောင်ဖွဲ့စေ၍ ခိုးသူကြီး၏လည်၌ နီစွာသော ကုလားဇလပ်ပန်းကို ဆွဲပြီးလျှင် ဦးခေါင်း၌ အုတ်မှုန့်ကိုကြဲ၍ ခရီးလေးဆုံတိုင်း ခရီးလေးဆုံတိုင်း ကြိမ်လုံးဖြင့် ရိုက်၍ ကြမ်း သော အသံရှိသောစည်ဖြင့် သတ်ရာသုသာန်သို့ ဆောင်၏။ ဤမြို့၌ ခိုးတတ်သော ခိုးသူကို ဖမ်းမိပြီဟု မြို့အလုံး ချောက်ချား၏။

ထိုအခါ ဗာရာဏသီပြည်၌ တထောင်သောဥစ္စာကို ယူသော သာမာမည်သော ပြည့်တန်ဆာမသည် ရှိ၏။ မင်းနှင့် အကျွမ်းဝင်၏။ ကျွန်မငါးရာ အခြံအရံရှိ၏။ ထိုပြည့်တန် ဆာမသည် ပြာသာဒ်အပြင်၌ လေသာပြတင်းကို ဘွင့်လှစ်၍ ရပ်လျက် ဆောင်ယူသွားသော ထိုခိုးသူကြီးကိုမြင်၏။ ထိုခိုးသူကြီးသည် အလွန်အဆင်းလှ၏။ ကြည်ညိုဘွယ်ရှိ၏။ အလွန်လျှင် မြတ်သော တင့်တယ်ခြင်းသို့ရောက်၏။ နတ်၏အဆင်းကဲ့သို့ ခပ်သိမ်းသော သူတို့အား အလွန်အမြတ်အားဖြင့် ထင်၏။ သာမာသည် ထိုခိုးသူကြီးကို မြင်၍လျှင် တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ အဘယ်မည်သော ဥပါယ်အားဖြင့် ဤယောက်ျားကို ငါ၏ လင် ပြုရအံ့နည်းဟု တောင့်တအပ်သည် ရှိသော် တခုသော ဥပါယ်သည်ရှိ၏ဟု မိမိ၏ အကျိုး စီးပွားကို ဆောင်ရွက်သော တယောက်သော မိန်းမ၏လက်၌ အသပြာတထောင်ကို ပေး၍ မြို့စောင့် ဤခိုးသူသည် သာမာ၏မောင်တည်း။ သာမာကိုထား၍ ထိုခိုးသူအား တပါးသော ကိုး ကွယ်ရာသည် မရှိ၊ သင်တို့သည် ဤအသပြာတထောင်ကို ယူ၍ ထိုခိုးသူကို လွှတ်ပါကုန်လော့ဟု စေ၏။ ထိုမိန်းမသည် သွား၍ သာမာဆိုတိုင်း ပြု၏။ မြို့စောင့်သည် ဤခိုးသူကား မြို့၌ ထင်ရှားသော ခိုးသူတည်း၊ ထိုခိုးသူကို လွှတ်အံ့သောငှါ မတတ်ကောင်း၊ တပါးသော လူကိုရမူကား ဤခိုးသူကို ဖုံးလွှမ်းသော ယာဉ်၌စီးစေ၍ လွှတ်ခြင်းငှါ တတ်ကောင်း ၏ဟု ဆို၏။ ထိုမိန်းမသည် သွား၍ သာမာအား ကြား၏။

ထိုအခါ တယောက်သောသူဌေးသားသည် သာမာ၌ တပ် စွန်းသောစိတ်ရှိ၍ နေ့တိုင်း တထောင်သော ဥစ္စာကိုပေး၏။ ထိုသူဌေးသားသည် ထိုနေ့၌လည်း နေဝင်သောအခါ တထောင်သော ဥစ္စာကိုယူ၍ သာမာ၏အိမ်သို့ သွား၏။ သာမာသည် အသပြာတထောင်ကို ယူ၍ ပေါင်ပေါ်၌ထား၍ ငိုလျက်နေ၏။ အဘယ်အမှုနည်းဟု မေး သည်ရှိသော် အရှင်ဤခိုးသူသည် ငါ့မောင်တည်း၊ ငါသည် နိမ့်သောအမှုကို ပြု၏ဟု ငါအထံသို့ မလာ၊ မြို့စောင့်အား စေသော် တထောင်သော ဥစ္စာကိုရမှ လွှတ်အံ့ဟု မှာလိုက်၏။ ယခု ဤတထောင်သော ဥစ္စာကိုယူ၍ မြို့စောင့်၏ အထံသို့ သွားမည့်သူကို မရဟုဆို၏။ ထိုသူဌေးသားသည် သာမာ၌ တပ်စွန်းသော စိတ်ရှိသည် ၏အဖြစ်ကြောင့် ငါသွားအံ့ဟု ဆို၏။ ထိုသို့တပြီးကား သင်ဆောင်ခဲ့သော ဥစ္စာကိုလျှင် ယူ၍ သွားလော့ဟု ဆို၏။ သူဌေးသားသည် ထိုဥစ္စာကို ယူ၍ မြို့စောင့်၏အိမ်သို့ သွား၏။ မြို့စောင့်သည် သူဌေးသားကို ဖုံးကွယ်ရာအရပ်၌ထား၍ ခိုးသူကို ဖုံးလွှမ်းသောယာဉ်၌ စီးစေ၍ သာမာ၏အထံသို့ ပို့စေ၍ ဤခိုးသူသည် တိုင်းပြည်၌ ထင်ရှားသော ခိုးသူတည်း၊ မှောင်မိုက်စေဦး၊ မှောင်မိုက်၍ လူတို့စကားပြော ဆိတ်သောအခါမှ သတ်အံ့ဟု ယိုးမယ်ဖွဲ့ခြင်းကိုပြု၍ တခဏမျှကို လွန်စေ၍ လူတို့သည် စကားပြောဆိတ်ကုန်လတ်သော် သူဌေးသားကို များစွာသော အစောင့်အရှောက်ဖြင့် သုသာန်သို့ ဆောင်ပြီးလျှင် သန်လျက်ဖြင့် ဦးခေါင်းကိုဖြတ်၍ ကိုယ်ကို တံကျင်ဖြင့်လျှို၍ မြို့သို့ ဝင်၏။

ထိုအခါမှစ၍ သာမာသည် သူတပါးတို့၏ လက်မှ တစုံတခုကိုမယူ၊ ထိုခိုးသူနှင့်လျှင်တကွ မွေ့လျော်လျှက် နေ၏။ ခိုးသူကြီးသည် ဤသာမာကား တပါးယောက်ျား၌ တပ်စွန်းပြန်သည်ရှိသော် ငါ့ကိုလည်း သတ်စေ၍ ထိုတပ်စွန်းသောသူနှင့် မွေ့လျော်ပြန်လတ္တံ့၊ ဤသာမာသည် စင် စစ် အဆွေခင်ပွန်းကို ပြစ်မှားတတ်၏။ ငါသည် သာမာ၏အထံ၌ မနေမူ၍ လျင်မြန်စွာ ပြေးခြင်းငှါ သင့်၏။ ပြေးသည်ရှိသော်ကား လက်ချည်း သက်သက် မသွားမူ၍ သာမာ၌ ဆင်ယင်သော တန်ဆာကို ယူ၍သွားအံ့ဟု ကြံ၏။ ကြံပြီး၍ တနေ့သ၌ သာမာကို နှမ ငါသည် ဆောင်း၌ လှောင်ထားအပ်သော ကြက်ကဲ့သို့ အမြဲ အိမ်၌လျှင် နေ ရ၏။ တနေ့တရက် ဥယျာဉ်ကစားလို၏ဟု ဆို၏။ သာမာသည် ကောင်းပြီဟု ဝန်ခံ၍ ခဲဘွယ်ဘောဇဉ် အစရှိသော အလုံးစုံသော အဆောက် အဦကို စီရင်၍ ခပ်သိမ်းသော တန်ဆာဖြင့် တန်ဆာဆင်ယင်လျက် ခိုးသူကြီးနှင့်အတူ ဖုံး လွှမ်းသောယာဉ်၌စီး၍ ဥယျာဉ်သို့သွား၏။ ခိုးသူကြီးသည် ဥယျာဉ်၌ သာမာနှင့်တကွ ကစားလျက် ယခု ငါ့အား ပြေးခြင်းငှာ သင့်၏ဟု သာမာနှင့်တကွ ကိလေသာနှင့် ယှဉ်သော မွေ့လျော်ခြင်းဖြင့် မွေ့လျော်လိုဘိသကဲ့သို့ တခုသော ကုလားဇလပ်သို့ ဝင်၍ သာမာကို လည်၌ဘက်သကဲ့သို့ နှိပ်၍ မိန်းမောအောင်ပြု၍ ပုတ်ခတ်၍ ခပ်သိမ်းသော တန်ဆာတို့ကို ချွတ်ယူ၍ သာမာ၏ အပေါ်ရုံအဝတ်ဖြင့် ဖွဲ့၍ အထုပ်ကို ပခုံး၌ ထမ်း၍ ဥယျာဉ်စည်းကို ခုန်လွှား၍ ပြေး၏။

သာမာသည်လည်း သတိသညာ ရလတ်သော် ထ၍ အလုပ်အကျွေးတို့၏ အထံသို့သွား၍ အရှင့်သားကား အဘယ်မှာနည်းဟု မေး၏။ အရှင်အကျွန်ုပ်တို့ မသိကုန်ဟု ဆိုကုန်၏။ ငါ့ကို သေပြီဟူသော အမှတ်ဖြင့် ကြောက်၍ ပြေးသည်ဖြစ်လတ္တံ့ဟု နှလုံးမသာယာသည်ဖြစ်၍ ထိုဥယျာဉ်မှသာလျှင် အိမ်သို့သွား၍ ငါ၏ ချစ်စွာသောလင်ကို မမြင်ရသော ကာလမှစ၍လျှင် တန်ဆာဆင်အပ်သော အိပ်ရာ၌ ငါမအိပ်ဟု မြေ၌အိပ်၏။ ထိုအခါမှစ၍ နှစ်သက်ဘွယ်ရှိသောအဝတ်ကို မဝတ်၊ နှစ်သက်ဘွယ်သောထမင်းကို မစား၊ နံ့သာပန်းအစရှိသည်ကို မမှီဝဲ၊ တစုံတခုသော ဥပါယ်ဖြင့် အရှင့်သားကို ရှာ၍ခေါ်စေအံ့ဟု ကချေသည်တို့ကို ခေါ်စေ၍ တထောင်သော ဥစ္စာကိုပေး၏။ ရှင်မ အသို့ပြုရကုန်အံ့နည်းဟု ဆိုသည်ရှိသော် သင်တို့အား မရောက်သော အရပ်မည်သည် မရှိ၊ သင်တို့သည် ရွာနိဂုံး မင်းနေပြည်တို့သို့ လှည့်လည်ကုန်လျက် ပွဲသဘင်ပြု၍ သဘင်အလယ်၌ ရှေးဦးစွာလျှင် ဤသီချင်းကို သီကြကုန်လော့ဟု ကချေသည်တို့ကို သင်လျက် ရှေးဦးစွာသော ဂါထာကိုဆို၍ သင်တို့သည် ဤသီချင်းကို သီသည်ရှိသော် အရှင့် သားသည် ထိုပရိသတ်အတွင်း၌ အကယ်၍ ရှိသည်ဖြစ်အံ့၊ သင်တို့နှင့်အတူ စကားပြောဆိုလတ္တံ့၊ ထိုအခါ အရှင့်သားအား ငါ၏ရောဂါကင်းသော အဖြစ်ကိုဆို၍ အရှင့်သားကိုခေါ်၍ လာကြကုန်လော့၊ အကယ်၍ မလိုက်လာအံ့၊ သတင်းစကား မှာထားလိုက်ကြကုန်လော့ဟု ဆို၍ ရိက္ခာပေး၍ ကချေသည်တို့ကို လွှတ်လိုက်၏။ ကချေသည်တို့သည် ဗာရာဏသီမှ ထွက်၍ ထိုထိုအရပ်၌ ပွဲသဘင်ပြုကုန်လျက် ပစ္စန္တရစ်သို့ သွားကုန်၏။ ခိုးသူကြီးသည်လည်း ပြေး၍ ထိုပစ္စန္တရစ်ရွာ၌ နေ၏။ ထိုကချေသည်တို့သည် ထိုအရပ်၌ ပွဲသဘင်ပြုလျက်-

၆၉။ ယံ တံ ဝသန္တသမယေ၊ ကဏဝေရေသု ဘာဏုသု။
သာမံ ဗာဟာယ ပီဠေသိ၊ သာ တံ အာရောဂျမဗြဝိ။

ဟူသော ရှေးဦးစွာသော သီချင်းကိုလျှင် သီကုန်၏။

֍ ဋ္ဌ ၆၉။ ယံ တံ ဝသန္တသမယေ၊ အကြင်ဝသန္တအခါ၌။ ဘာဏုသု၊ နီသော အဆင်းနှင့် ပြည့်စုံကုန်သော။ ကဏဝေရေသု၊ ကုလားဇလပ်ပန်းတို့၌။ သာမံ၊ သာမာကို။ ဗာဟာယ၊ မောင်းဖြင့်။ ပီဠေသိ၊ နှိပ်၏။ သာ၊ ထိုသာမာသည်။ တံ၊ ထိုအရှင့်သားကို။ အာရောဂျံ၊ အနာကင်းသည်၏ အဖြစ်ကို။ အဗြဝိ၊ ကြား၏။

ခိုးသူကြီးသည် ထိုစကားကို ကြား၍ ကချေ သည်သို့ ကပ်၍ သင်သည် သာမာကား ရှင်သေး ၏ဟု ဆို၏။ ငါမယုံဟု ကချေသည်နှင့် စကား ပြောလိုရကား-

၇၀။ အမ္ဘော န ကိရ သဒ္ဓေယျံ၊ ယံ ဝါတော ပဗ္ဗတံ ဝဟေ။
ပဗ္ဗတဉ္စေ ဝဟေ ဝါတော၊ သဗ္ဗမ္ပိ ပထဝိံ ဝဟေ။
ယတ္ထ သာမာ ကာလကတာ၊ သာမံ အာရောဂျမဗြဝိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၀။ အမ္ဘော နဋ၊ အို ကချေသည်။ ယတ္ထ သာမာ-ယာ နာမ သာမာ၊ အကြင်သာမာ အမည်ရှိသော မိန်းမသည်။ ကာလကတာ၊ သေ၏။ သာ၊ ထိုသာမာသည်။ မံ၊ ငါ့ကို။ အာရောဂျံ၊ အနာကင်းသည်၏ အဖြစ်ကို။ အဗြဝိ၊ ကြား၏။ ဣဒံ ဝစနံ၊ ဤစကားသည်။ န သဒ္ဓေယျံ ကိရ၊ မယုံကြည်အပ်သော စကား ဖြစ်သတတ်။ ယံ ဝါတော၊ အကြင်လေသည်။ ပဗ္ဗတံ၊ တောင်ကို။ ဝဟေ၊ ဆောင်ရာ၏။ သော ဝါတော၊ ထိုလေသည်။ ပဗ္ဗတဉ္စဝ၊ တောင်ကို၎င်း။ သဗ္ဗမ္ပိ ပထဝိံ၊ အလုံးစုံသောမြေကို၎င်း။ စေ ဝဟေ၊ အကယ်၍ ဆောင်ရာ၏။ ဧတံ ဝစနံ ယထာ၊ ဤစကားကဲ့သို့။ တထာ၊ ထို့အတူ။ န သဒ္ဓေယျံ ကိရ၊ မယုံကြည်အပ်သော စကားဖြစ်သတတ်။

ခိုးသူကြီး၏ စကားကိုကြား၍ ကချေသည်သည်-

၇၁။ န စေဝသာ ကာလကတာ၊ န စသာ အညမိစ္ဆတိ။
ဧကဘတ္တိကိနီ သာမာ၊ တမေဝ အဘိကင်္ခတိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၁။ သာ၊ ထိုသာမာသည်။ န စေဝ ကာလကတာ၊ မသေသာလျှင်ကတည်း။ သာ၊ ထိုသာမာသည်။ အညံ၊ တပါးသော လင်ကို။ န စ ဣစ္ဆတိ၊ အလိုမရှိ။ သာမာ၊ သာမာသည်။ ဧကဘတ္တိကိနီ၊ တယောက်သောလင်ကို ဝယ်၏။ တမေဝ၊ ထိုဝယ်သောလင်ကိုသာလျှင်။ အဘိကင်္ခတိ၊ အလိုရှိ၏။

ခိုးသူကြီးသည် ထိုစကားကိုကြား၍ သာမာသည် ရှင်သည်မူလည်း ဖြစ်စေ၊ သေသည်မူလည်းဖြစ်စေ သာမာဖြင့် ငါအလိုမရှိဟု ဆို၍-

၇၂။ အသန္ထုတံ မံ စိရသန္ထုတေန၊
နိမီနိ သာမာ အဓုဝံ ဓုဝေန။
မယာပိ သာမာ နိမိနေယျ အညံ၊
ဣတော အဟံ ဒူရတရံ ဂမိဿံ။

ဟူသော လေးခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၂။ သာမာ၊ သာမာသည်။ အသန္ထုတံ၊ မပေါင်းဘူးသော။ မံ၊ ငါ့ကို။ စိရသန္ထုတေန၊ ကြာမြင့်စွာ ပေါင်းဖော်သော သူဌေးသားဖြင့်။ နိမီနိ၊ လဲလှယ်၍ ယူ၏။ အဓုဝံ၊ မမြဲသော ငါ့ကို။ ဓုဝေန၊ မြဲသောလင်ဖြင့်။ နိမီနိ၊ လဲလှယ်၍ ယူ၏။ သာမာ၊ သာမာသည်။ မယာပိ၊ ငါဖြင့်လည်း။ အညံ၊ တပါးသော လင်ကို။ နိမိနေယျ၊ လဲလှယ်၍ ယူရာ၏။ အဟံ၊ ငါသည်။ ဣတော၊ ဤအရပ်မှ။ ဒူရတရံ၊ အလွန်ဝေးသော အရပ်သို့။ ဂမိဿံ၊ သွားအံ့။

ငါ၏ တပါးသို့ သွားသောအဖြစ်ကို သာမာအား ပြောဆိုကြကုန်ဟု ဆို၍ ထိုကချေသည်တို့၏ မြင်စဉ်လျှင် အလွန်မြဲစွာ ပုဆိုးကိုဝတ်၍ မြန်စွာသော အဟုန်ဖြင့် ပြေး၏။ ကချေသည်တို့သည် သွား၍ ခိုးသူကြီးပြုသော အမူအရာကို ပြောဆိုကုန်၏။ သာမာသည် နှလုံးမသာ၍ မိမိသဘောဖြင့်လျှင် ကာလကိုလွန်စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ သူဌေးသား ဖြစ်ဘူးပြီ၊ ယခုအခါ ဤရဟန်း၏ မယားဟောင်းသည် ထိုအခါ သာမာဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခိုးသူကြီး ဖြစ်ဘူးပြီဟု ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကာမလိုက်စား၊ ကျင့်ဖောက်ပြား၊ မှောက်မှားဒုက္ခတွေ့

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကဏဝေရဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၉။ တိတ္တိရဇာတ်

တယ်-ခါ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သုသုခံ ဝတ ဇီဝါမိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတိတ္တိရဇာတ်ကို ကောသမ္ဗီပြည်ကို အမှီပြု၍ ဆီးတောကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ရာဟုလာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုကို အောက် တိပလ္လတ္ထဇာတ်၌ ချဲ့အပ်ပြီ) ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ အရှင်ရာဟုလာသည် သိက္ခာကို အလို ရှိ၏။ ကုက္ကုစ္စ ပြုတတ်၏။ ဆုံးမခြင်းငှာ ခံ့၏ဟု စကားကိုဖြစ်စေကုန်၏။ ထိုအရှင်ရာဟုလာမထေရ်၏ ကျေးဇူးစကားကို ဖြစ်စေလတ်သည်ရှိသော် သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်း ဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ရာဟုလာသည် ဆုံးမခြင်းငှာ ခံ့သည်မဟုတ်သေး၊ ရှေး၌လည်း ဆုံးမခြင်းငှါ ခံ့သည်သာ လျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွား၍ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ တောထွက်၍ ဟိမဝန္တာ၌ ရသေ့ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဈာန်ကစားခြင်းကို ကစားလျက် မွေ့လျော်ဘွယ်ရှိသော တောအုပ်၌နေ၍ ချဉ်ဆား မှီဝဲအံ့သောငှါ မထင်ရှားသော ပစ္စန္တရစ်ရွာသို့ သွား၏။ ထိုရွာ၌နေသူ လူတို့သည် ဘုရားလောင်းကိုမြင်၍ ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ မထင်ရှားသောတော၌ ကျောင်းဆောက်၍ ပစ္စည်းတို့ဖြင့် လုပ်ကျွေးကုန်လျက် နေစေကုန်၏။ ထိုအခါ ရွာ၌ တယောက်သော ငှက်မုဆိုးသည် တခုသော တိန်ညင်ခါကိုယူ၍ ကောင်းစွာသင်၍ ချိုင့်၌ထား၍ မွေး၏။ ထိုမုဆိုးသည် ထိုခါကို တောသို့ဆောင်၍ ထိုခါ၏ အသံဖြင့် လာတိုင်းကုန်သော ခါတို့ကိုယူ၍ ရောင်း၍ အသက်မွေး၏။ ခါသည် တခုသော ငါ့ကိုမှီ၍ ငါ၏ဆွေမျိုးတို့သည် ပျက်စီးကုန်၏။ ဤမကောင်းမှုကား ငါ၏ မကောင်း မှုတည်းဟု ကြံ၏။ ကြံပြီး၍ အသံမပြု၊ ဆိတ်ဆိတ်နေ၏။ ထိုအခါ မုဆိုးသည် ခါ, ဆိတ်ဆိတ်နေသည်၏အဖြစ်ကိုသိ၍ ဝါးခြမ်းစိတ်ဖြင့် ခါကို ဦးခေါင်း၌ ရိုက်၏။ ခါသည် ဆင်းရဲနှိပ်စက်ခြင်းကြောင့် အသံ ပြု၏။ ဤသို့ ထိုမုဆိုးသည် ထိုခါကိုမှီ၍ ခါတို့ကိုယူ၍ အသက်မွေး၏။ ထိုအခါ ထိုခါသည် ဤ ငါ၏ အဆွေအမျိုးတို့သည် သေစေကုန်သတည်းဟု ငါ့အား စေတနာသည် မရှိ၊ ငါ့ကိုစွဲ၍ကား မုဆိုးသည် ပါဏာတိပါတကံကို ရ၏။ ငါသည် အသံမပြုသော် ထိုခါတို့သည် မလာကုန်၊ အသံကို ပြုသော်သာလျှင် လာကုန်၏။ လာတိုင်း လာတိုင်းကုန်သော ခါတို့ကို ဤမုဆိုးသည် ယူ၍ အသက်ကုန်ခြင်းသို့ ရောက်စေ၏။ ဤအရာ၌ ငါ့အား မကောင်းမှုရှိသလော၊ မရှိသလောဟု ကြံ၏။ ကြံပြီး၍ ထိုခါသည် ထိုအခါမှစ၍ အဘယ်သူသည်လျှင် ငါ၏ ဤယုံမှားခြင်းကို ဖျောက်နိုင်အံ့နည်းဟု ထိုသို့ သဘောရှိသော ပညာရှိကို ဆင် ခြင်လျက် သွား၏။ ထိုအခါ တနေ့သ၌ ထိုငှက် မုဆိုးသည် များစွာကုန်သော ခါတို့ကိုယူ၍ ရေ သောက်အံ့ဟု ဘုရားလောင်း၏ ကျောင်းသို့သွား၍ ထိုချိုင့်ကို ဘုရားလောင်းအထံ၌ထား၍ ရေကိုသောက်၍ သဲအပြင်၌ လျောင်းလျက် အိပ်ပျော်၏။ ခါသည် မုဆိုးအိပ်ပျော်သည်၏ အဖြစ်ကို သိ၍ ငါ၏ယုံမှားခြင်းကို ရသေ့ကို မေးအံ့၊ သိသည်ရှိသော် ငါ့အား ဖြေလတ္တံ့ဟု ချိုင့်၌ နေလျက်လျှင် ဘုရားလောင်းကို မေးလိုရကား-

၇၃။ သုသုခံ ဝတ ဇီဝါမိ၊ လဘာမိ စေဝ ဘုဉ္စိတုံ။
ပရိပန္ထေ စ တိဋ္ဌာမိ၊ ကာနု ဘန္တေ ဂတီ မမ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၃။ ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အကျွန်ုပ်သည်။ ဣဒံ သာကုဏိကံ၊ ဤငှက်မုဆိုးကို။ နိဿာယ၊ မှီ၍။ ဝတ၊ စင်စစ်။ သုသုခံ၊ အလွန်ချမ်းသာစွာ။ ဇီဝါမိ၊ အသက်မွေးရ၏။ ဘုဉ္စိတုံ၊ စားခြင်းငှါ။ လဘာမိ စေဝ၊ အလိုအတိုင်းလည်း ရ၏။ အပိ စ ခေါ၊ ထိုသို့ဖြစ်ငြားသော်လည်း။ ပရိပန္ထေ စ၊ ဘေး ရန်၌လည်း။ တိဋ္ဌာမိ၊ တည်ရ၏။ ဘန္တေ၊ အရှင်ဘုရား။ မမ၊ အကျွန်ုပ်၏။ ဂတိ၊ လားရာ ဂတိသည်။ ကာနု၊ အသို့ ဖြစ်လတ္တံ့နည်း။

ထိုအခါ ပြဿနာကို ဖြေလိုရကား ဘုရားလောင်းသည်-

၇၄။ မနော စေ တေ နပ္ပဏမတိ၊ ပက္ခိ ပါပဿ ကမ္မုနော။
အဗျာဝဋဿ ဘဒြဿ၊ န ပါပမုပလိမ္ပတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၄။ ပက္ခိ၊ ငှက်။ ပါပသ ကမ္မုနော၊ မကောင်းမှုအကျိုးငှာ။ တေ၊ သင်၏။ မနော၊ စိတ်သည်။ စေ နပ္ပဏမတိ၊ အကယ်၍ မညွတ်အံ့။ အဗျာဝဋဿ၊ လုံ့လမပြုသော။ ဘဒြဿ၊ ကောင်းသည်ဖြစ်သော သင့်အား။ ပါပံ၊ မကောင်းမှုသည်။ န ဥပလိမ္ပတိ၊ မလိမ်းကျံ။

ထိုစကားကိုကြား၍ ခါသည်-

၇၅။ ဉာတကော နော နိသိန္နောတိ၊
ဗဟု အာဂစ္ဆတေ ဇနော။
ပဋိစ္စ ကမ္မ ဖုသတိ၊
တသ္မိံ မေ သင်္ကတေ မနော။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၅။ ဘန္တေ၊ အရှင်ဘုရား။ နော၊ ငါတို့၏။ ဉာတကော၊ အဆွေအမျိုးသည်။ နိသိန္နောတိ၊ နေ၏ ဟု။ ဗဟုဇနော၊ များစွာသော ခါသည်။ အာဂစ္ဆတေ၊ လာ၏။ ပဋိစ္စ၊ အကျွန်ုပ်ကိုစှဲ၍။ ကမ္မံ၊ ပါဏာတိပါတ ကံကို။ လုဒ္ဒေါ၊ မုဆိုးသည်။ ဖုသတိ၊ ရ၏။ တသ္မိံ၊ ထိုမုဆိုး၏ မကောင်းမှု၌။ မေ၊ အကျွန်ုပ်၏။ မနော၊ စိတ်သည်။ သင်္ကတေ၊ ငါ၏ မကောင်းမှုပင်လောဟု ယုံမှားမိ၏။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် -

၇၆။ န ပဋိစ္စ ကမ္မံ ဖုသတိ၊ မနော စေ နပ္ပဒုဿတိ။
အပ္ပေါသုက္ကဿ ဘဒြဿ၊ န ပါပမုပလိမ္ပတိ။

ဟူသော လေးခုမြောက်သောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၆။ ပက္ခိ၊ ငှက်။ တေ၊ သင်၏။ မနော၊ စိတ်သည်။ စေ နပ္ပဒုသတိ၊ အကယ်၍ မပြစ်မှားအံ့။ ပဋိစ္စ၊ သင့်ကိုစွဲ၍။ ကမ္မံ၊ မုဆိုးပြုသော ပါဏာတိပါတကံသည်။ န ဖုသတိ၊ သင့်ကို မလိမ်းကျံ။ အပ္ပေါဿုက္ကဿ၊ လုံ့လမပြုသော။ ဘဒြဿ၊ ကောင်းသည် ဖြစ်သော သင့်အား။ ပါပံ၊ မကောင်းမှုသည်။ န ဥပလိမ္မတိ၊ မလိမ်းကျံ မကပ်ငြိ။

ဤသို့ ဘုရားလောင်းသည် ခါကိုသိစေ၏။ ခါသည်လည်း ဘုရားလောင်းကိုမှီ၍ ကုက္ကစ္စ ကင်း၏။ မုဆိုးသည် နိုးလတ်သော် ဘုရားလောင်းကို ရှိခိုး၍ ချိုင့်ကိုယူ၍ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရာဟုလာသည် ထိုအခါ ခါဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

စေတနာကံ၊ အရင်းခံ၊ ရှင်းပြန်သံသယ ကုက္ကုစ္စ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော တိတ္တိရဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၁၀။ သုစ္စဇဇာတ်

အေးတူပူမျှ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သစ္စံ ဝတ နစ္စဇိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုစ္စဇဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုသူကြွယ်သည် ရွာငယ်၌ ကြွေးမြီကို တောင်းအံ့ဟု မယားနှင့်တကွ ထိုရွာသို့သွား၍ ကြွေးမြီကို ပေးဆပ်စေ၍ ပေးဆပ်ပြီးသော ကြွေးမြီကိုယူ၍ နောက်မှ ဆောင်အံ့ဟု တဦးသော အမျိုးထံ၌ ထားခဲ့၍ တဖန် သာဝတ္ထိပြည်သို့ ပြန်လတ်သော် ခရီးအကြား၌ တခုသော တောင်ကို မြင်၏။ ထိုအခါ ထိုသူ ကြွယ်ကို မယားသည် အရှင်ဤတောင်သည် ရွှေဖြစ်ခဲ့သော် ကျွန်ုပ်အား စိုးစဉ်း ပေးပါအံ့လောဟု ဆို၏။ ရှင်မ သင်သည် အဘယ်သို့ သဘောရှိသောမိန်းမနည်း၊ တစုံတခုကို ငါမပေးဟု ဆို၏။ ထိုမယားသည် ဤယောက်ျားကား ဤတောင် ရွှေဖြစ်သော်လည်း ငါ့အား တစုံတခုကို မပေးသည့် တိုင်အောင် နှလုံးခိုင်မာ၏ဟု နှလုံး မသာယာ ရှိ၏။ ထိုနှစ်ယောက်သောသူတို့သည် ဇေတဝန် ကျောင်းတော်၏ အနီးသို့လာ၍ ရေသောက်ကုန်အံ့ဟု ကျောင်းသို့ဝင်၍ ရေသောက်ကုန်၏။

သဗ္ဗညူ မြတ်စွာဘုရားသည်လည်း မိုး သောက်ထ၌လျှင် ထိုနှစ်ယောက်သော သူတို့၏ သောတာပတ္တိဖိုလ်၏ ဥပနိဿယကိုမြင်တော်မူ၍ လာလတ္တံ့သောလမ်းကို မျှော်တော်မူလျက် ဂန္ဓကုဋိပရိဝုဏ်၌ ခြောက်သွယ်သော ရောင်ခြည်တော်တို့ကို လွှတ်လျက် နေတော်မူ၏။ ထိုနှစ်ယောက်သော သူတို့သည်လည်း ရေသောက်ပြီးသော် လာလတ်၍ ဘုရားကို ရှိခိုး၍ နေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုနှစ်ယောက်ကုန်သော သူတို့နှင့်တကွ ပဋိသန္ထာရ ပြုတော်မူ၍ အဘယ်သို့ သွားကြကုန်သနည်းဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ကြွေးမြီကို သုတ် သင်အံ့သောငှါ ရွာငယ်သို့ သွားကုန်၏ဟု လျောက်ကုန်လတ်သော် သီတင်းသည်မ သင်၏ လင်သည် သင်၏ အစီး အပွားကို အလိုရှိ၏ လော၊ သင့်အား ကျေးဇူးပြု၏လောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်သည် ဤယောက်ျား၌ ချစ်၏။ ဤယောက်ျားသည်ကား အကျွန်ုပ်၌ မချစ်၊ ယနေ့ အကျွန်ုပ်သည် တောင်ကိုမြင်၍ ဤတောင်သဘ် ရွှေဖြစ်သော် အကျွန်ုပ်အား စိုးစဉ်းပေးပါအံ့လောဟု ဆိုသည်ရှိသော် သင်သည် အဘယ်သို့ သဘောရှိသော မိန်းမနည်း၊ ငါသည် တစုံတခုကို မပေးဟု ဆို၏။ ဤယောက်ျားသည် ဤသို့ ခိုင်မာသောနှလုံးရှိ၏ဟု လျှောက်၏။ သီတင်း သည်မ ဤယောက်ျားသည် ဤသို့ ဆိုငြားသော်လည်း အကြင်အခါ သင်၏ကျေးဇူးကို အောက်မေ့၏။ ထိုအခါ အလုံးစုံသော စည်းစိမ်ကို ပေးဘူး၏ဟု မိန့်တော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ဟောတော်မူပါဟု ထိုဒါယကာ ဒါယိကာမတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ် မင်း၏ ခပ်သိမ်းသော အမှုကိစ္စကို ဆောင်ရွက်သော အမတ်ဖြစ်၏။ ထိုအခါ တနေ့သ၌ မင်းသည် မိမိအား ခစားအံ့သောငှါလာသော သားတော် အိမ်ရှေ့မင်းကို မြင်၍ ဤမင်းသားသည် ငါ၏နန်းတွင်း၌ ပြစ်မှားရာ၏ဟု အိမ်ရှေ့မင်းကိုခေါ်၍ အမောင် သင်သည် ငါအသက်ရှည်သရွေ့ မြို့၌နေခြင်းငှါ မရ၊ တပါး၌နေ၍ ငါလွန်မှ မင်း ပြုလောဟု ဆို၏။ အိမ်ရှေ့မင်းသည် ကောင်းပြီဟု အဘကိုရှိခိုး၍ မယားကြီးနှင့်တကွ ဗာရာဏ သီပြည်မှ ထွက်၍ ပစ္စန္တရစ်သို့သွား၍ တောသို့ဝင်၍ သစ်ရွက်မိုးသော ဇရပ်ကိုဆောက်၍ တော သစ်မြစ် သစ်သီးတို့ဖြင့် မျှတလျှက် နေ၏။ နောက်အဘို့၌ မင်းသည် သေလွန်၏။ အိမ်ရှေ့ မင်းသည် နက္ခတ်ကိုကြည့်၍ မင်းသေလွန်သည် ၏အဖြစ်ကိုသိ၍ ဗာရာဏသီပြည်သို့ လာလတ်သော် လမ်းအကြား၌ တခုသောတောင်ကို မြင်၏။ ထိုအခါ ထိုမင်းသားကို မယားသည် ရှင်မင်းကြီး ဤတောင်သည် ရွှေဖြစ်သော် အကျွန်ုပ်အား စိုးစဉ်းပေးပါအံ့လောဟု ဆို၏။ သင်သည် အဘယ်မည်သော မိန်းမနည်း၊ တစုံတခုကို ငါမပေးဟု ဆို၏။ ထိုမိန်းမသည် ငါကား ဤယောကျ်ား၌ ချစ်ခြင်းကို မဖြတ်နိုင်၍ တောသို့ဝင်၏။ ဤယောက်ျားသည် ဤသို့ဆို၏။ အလွန်လျှင် ခိုင်မာ သော နှလုံးရှိ၏။ ဤသူသည် မင်းဖြစ်သော်လည်း ငါ့အား အဘယ်ကောင်းသော အမှုကို ပြုလတ္တံ့နည်းဟု နှလုံးမသာရှိ၏။ ထိုမင်းသားသည် လာလတ်၍ မင်းအဖြစ်၌ တည်လတ်သော် ထိုမိန်းမကို မိဖုယားကြီးအရာ၌ ထားခြင်းဟူသော စည်း စိမ်ကိုသာလျှင် ပေး၏။ ထို ထက် အလွန်မြတ်နိုးခြင်း ပေးကမ်းခြင်းသည် မရှိ၊ ထိုမိန်းမ၏ ရှိသည်၏ အဖြစ်ကိုမျှလည်း မသိ။

ဘုရားလောင်းသည် ဤမိဖုယားကား ဤမင်းအား ကျေးဇူးပြု၏။ ဆင်းရဲခံ၍ တော၌နေ၏။ ဤမင်းကား ဤမိဖုယားကို မရေမတွက်မူ၍ တပါးသော မိန်းမတို့နှင့်တကွ မွေ့လျော်၏။ အကြင်သို့ ပြုသည်ရှိသော် ဤမိဖုယားသည် ခပ်သိမ်း သော စည်းစိမ်ကိုရ၏။ ထိုသို့ ငါပြုအံ့ဟု ကြံ၍ တနေ့သ၌ ထိုမိဖုယားသို့ကပ်၍ ရှိခိုး၍ ရှင်မိဖုယား ကျွန်ုပ်တို့သည် အရှင်တို့၏အထံမှ ထမင်းကိုမျှ မရပါကုန်၊ အဘယ့်ကြောင့် ကျွန်ုပ်တို့၌ မေ့လျော့ကုန်သနည်း၊ အလွန်ခိုင်မာသော နှလုံးရှိကုန်သနည်းဟု ဆို၏။ ဘခင် အကျွန်ုပ်သည် အကယ်၍ ရငြားအံ့၊ ဘခင်တို့အားလည်း ပေးပါအံ့၊ မရပါမူကား အဘယ်ကို ပေးရအံ့နည်း၊ မင်းသည်လည်း ကျွန်ုပ်အား ယခု အဘယ်မည်သော ဥစ္စာကို ပေးလတ္တံ့နည်း၊ ထိုမင်းသည် ခရီးအကြား၌ ဤတောင်သည် ရွှေဖြစ်သော် အကျွန်ုပ်အား စိုးစဉ်းပေးပါအံ့လောဟု မေးသည်ရှိသော် သင်သည် အဘယ်မည်သော မိန်းမနည်း၊ ငါသည် တစုံတခုကိုမျှ မပေးဟု ဆို၏။ ထိုမင်းသည် ယခု အဘယ်ကို ကျွန်ုပ်အား ပေးလတ္တံ့နည်းဟု ဆို၏။ ရှင်မိဖုယား သင်တို့သည် မင်း၏ အထံ၌ ဤစကားကို ဆိုခြင်းငှာ စွမ်းနိုင်ပါကုန်အံ့လောဟု ဘုရားလောင်း ဆို၏။ ဘခင် စွမ်းနိုင်၏ ဟု မိဖုယား ဆို၏။ ထိုသို့တပြီးကား အကျွန်ုပ်သည် မင်းအထံ၌နေ၍ မေးအံ့၊ သင်တို့သည် ဆိုကုန်လော့ဟု ဘုရားလောင်း ဆို၏။ မိဖုယားသည် ဘခင် ကောင်းပြီဟု ဆို၏။

ဘုရားလောင်းသည် မင်းအား ခစားအံ့သောငှါ လာ၍ မိဖုယားနေသော ကာလ၌ အရှင်မိဖုယား ကျွန်ုပ်တို့သည် ရှင်မိဖုယားတို့၏ အထံမှ တစုံတခုကို မရပါကုန်ဟု ဆို၏။ ဘခင် ကျွန်ုပ်သည် တစုံတခုကို မရပါဘဲလျက် ဘခင်အား အဘယ်ကို ပေးရပါအံ့နည်း၊ အကြင်မင်းသည် တောမှလာသော ကာလ၌ တခုသော တောင်ကို မြင်၍ ဤတောင်သည် ရွှေဖြစ်သော် ကျွန်ုပ်အား စိုးစဉ်းပေးအံ့လောဟု မေး သည်ရှိသော် သင်သည် အဘယ်မည်သော မိန်းမနည်း၊ ငါသည် တစုံတခုံကိုမျှ မပေးဟု ဆို၍ ပေးလွယ်သော အရာကိုလည်း မပေး၊ ထိုမင်းသည် ယခုအခါ ကျွန်ုပ်အား အဘယ်မည်သော ဥစ္စာကို ပေးလတ္တံ့ နည်း ဟူသော အနက်ကို ပြလို၍-

၇၇။ သုစ္စဇံ ဝတ နစ္စဇိ၊ ဝါစာယ အဒဒံ ဂိရိံ။
ကိံ ဟိ တဿ စဇန္တဿ၊ ဝါစာယ အဒဒ ပဗ္ဗတံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၇။ တာတ၊ ဘခင်။ ဂိရိံ၊ တောင်ကို။ ဝါစာယ၊ စကားဖြင့်။ အဒဒံ၊ မပေးသော မင်းသည်။ ဝတ၊ စင်စစ်။ သုစ္စဇံ၊ ပေးစွန့်လွယ်သည့် အရာကို။ နစ္စဇိ၊ မပေး မစွန့်။ မယာ၊ ငါသည်။ ယာစိတဿ၊ တောင်းအပ်သော။ တဿ၊ ထိုအစီးအပွား မဖြစ်သော တောင်ကို။ အစဇန္တဿ၊ မပေးစွန့်ဘဲလျက်။ ကိံ ဟိ စဇေယျ၊ အဘယ်ကိုလျှင် ပေးစွန့်ပါအံ့နည်း။ ပဗ္ဗတံ၊ တောင်ကို။ ဝါစာယ၊ စကားမျှဖြင့်ပင်။ အဒဒံ၊ မပေး။

ထိုစကားကိုကြား၍ မင်းသည်-

၇၈။ ယဉှိ ကယိရာ တဉှိ ဝဒေ၊ ယံ န ကယိရာ န တံ ဝဒေ။
အကရောန္တံ ဘာသမာနံ၊ ပရိဇာနန္တိ ပဏ္ဍိတာ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၈။ ပဏ္ဍိသော၊ ပညာရှိသည်။ ယဉှိ၊ ကြင်အမှုကိုလျှင်။ ကယိရာ၊ ပြုရာ၏။ တဉှိ၊ ထိုအမှုကိုလျှင်။ ဝဒေ၊ ဆိုရာ၏။ ယံ၊ အကြင်အမှုကို။ န ကယိရာ၊ မပြုရာ။ တံ၊ ထိုအမှုကို။ န ဝဒေ၊ မဆိုရာ။ ဘာသမာနံ၊ ဆိုလျှက်။ အကရောန္တံ၊ မပြုသောသူကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ပရိဇာနန္တိ၊ သိကုန်၏။

ထိုစကားကို ကြား၍ မိဖုယားသည် မင်းအား လက်အုပ်ချီ၍-

၇၉။ ရာဇပုတ္တ နမော တျတ္ထု၊ သစ္စေ ဓမ္မေ ဌိတော စသိ။
ယဿ တေ ဗျသနံ ပတ္တော၊ သစ္စသ္မိံ ရမတေ မနော။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၉။ ရာဇပုတ္တ၊ မင်းသား။ တေ၊ သင်အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ တွံ၊ သင်သည်။ သစ္စေ စ၊ သစ္စာ၌၎င်း။ ဓမ္မေ စ၊ တရား၌၎င်း။ ဌိတော၊ တည်သည်။ အသိ၊ ဖြစ်၏။ ဗျသနံ၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းဟုဆိုအပ်သော ပျက်စီးခြင်းသို့။ ပတ္တော၊ ရောက်လျှက်။ ယဿ တေ၊ အကြင်သင်၏။ မနော၊ စိတ်သည်။ သစ္စသ္မိံ၊ သစ္စာ၌။ ရမတေ၊ မွေ့လျော်၏။

ဤသို့ မင်း၏ ကျေးဇူးကိုဆိုသော မိဖုယား ၏စကားကို ဘုရားလောင်းကြား၍ မိဖုယား၏ ကျေးဇူးကို ဆိုလိုရကား-

၈၀။ ယာ ဒလိဒ္ဒီ ဒလိဒ္ဒဿ၊ အဍ္ဎာ အဍ္ဎဿ ကိတ္တိမ။
သာ ဟိဿ ပရမာ ဘရိယာ၊
သဟိရညဿ ဣတ္ထိယော။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၀။ ကိတ္တိမ၊ ကျော်စောခြင်းရှိသော မင်းမြတ်။ ယာ ဘရိယာ၊ အကြင်မယားသည်။ ဒလိဒ္ဒဿ၊ လင်ဆင်းရဲသော ကာလ၌။ ဒလိဒ္ဒီ၊ မိမိလည်း ဆင်းရဲ၏။ အဍ္ဎဿ၊ လင်ကြွယ်ဝသော ကာလ၌။ အဍ္ဎာ၊ မိမိလည်း ကြွယ်ဝ၏။ သာ ဟိ ဘရိယာ၊ ထိုမယားသည်သာလျှင်။ အဿ၊ ထိုယောက်ျား၏။ ပရမာ ဘရိယာ၊ မယားမြတ်တည်း။ သဟိရညဿ၊ ရွှေ ငွေ ဥစ္စာရှိသော သူအား။ ဣတ္ထိယော၊ မိန်းမတို့သည်။ ဟောန္တိယေဝ၊ ဖြစ်ကုန်သလျှင်ကတည်း။ အနစ္ဆရိယာ၊ အံ့ဘွယ် မရှိကုန်။

ဘုရားလောင်းသည် ဤသို့ဆို၍ မြတ်သောမင်းကြီး မိဖုယားသည် ရှင်မင်းကြီး ဆင်းရဲသောကာလ၌ တော၌ နေလျက် အတူ ဆင်းရဲခံ၏။ ဤမိဖုယားအား ချီးမြှောက်ခြင်းကို ပြုသင့်၏ဟု မိဖုယား၏ ကျေးဇူးကိုဆို၏။ မင်းသည် ဘုရားလောင်း၏ စကားဖြင့် မိဖုယား၏ ကျေးဇူးကို အောက်မေ့၍ ပညာရှိ သင့်စကားဖြင့် ငါသည် မိဖုယား ကျေးဇူးကို အောက်မေ့မိပြီဟု ဆို၍ မိဖုယားအား ခပ်သိမ်း သော စည်းစိမ်ကို ပေး၏။ သင်ပညာရှိသည် မိဖုယားကျေးဇူးကို ငါ့ကို အောက်မေ့စေ၏ဟု ဘုရားလောင်းအားလည်း များစွာသော စည်းစိမ်ကို ပေး၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ နှစ်ယောက်ကုန်သော လင်မယားတို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ ဤသူကြွယ်သည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီး၊ ယခုအခါ ဤသီတင်း သည်မသည် ထိုအခါ မိဖုယားဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသောအမတ် ဖြစ်ဘူးပြီဟု ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ဆင်းရဲချမ်းသာ၊ တူမကွာ၊ ကြင်နာ မယားမြတ်

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သုစ္စဇဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၁။ ကုဋိဒူသကဇာတ်

သိုက်ဖျက် မျောက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် မနုဿဿေဝ တေ သီသံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုဋိဒူသကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်မဟာကဿပမထေရ်၏ကုဋိကို မီးတိုက်သော ရဟန်းငယ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ (ဝတ္ထုသည်ကား ရာဇဂြိုဟ်ပြည်၌ဖြစ်၏) ထိုအခါ အရှင်မဟာကဿပမထေရ်သည် ရာဇဂြိုဟ်ပြည်ကို အမှီပြု၍ တောကုဋီ၌ နေသတတ်၊ အရှင်မဟာကဿပ မထေရ်အား နှစ်ယောက်ကုန်သော ရဟန်းငယ်တို့သည် လုပ်ကျွေးကုန်၏။ ထိုရဟန်းငယ်တို့တွင် တယောက်သော ရဟန်းငယ်သည် အရှင်မဟာကဿပ မထေရ်အား ကျေးဇူးပြု၏။ တယောက်သော ရဟန်းငယ်သည် ဆိုနိုင်ခက်၏။ ကျေးဇူးပြုသော ရဟန်းငယ်သည် ပြုတိုင်း ပြုတိုင်းသောအမှုကို မိမိပြုသည်နှင့်အတူ ပြု၏။ ထိုကျေးဇူးကိုပြုသော ရဟန်းငယ်သည် မျက်နှာသစ်ရေ အစရှိသည်တို့ကို တည်အပ်ကုန်သည်ရှိသော် မထေရ်အထံသို့သွား၍ ရှိခိုး၍ အရှင်ဘုရား ရေကို တည်ထားအပ်ပြီ၊ မျက်နှာ သစ်တော်မူပါလော့၊ ဤသို့ အစရှိသည်တို့ကို ဆို၏။ ကျေးဇူးပြုသော ရဟန်းငယ်သည် စောစောကလျှင်ထ၍ မထေရ်၏ပရိဝုဏ်၌ တံမြက်လှည်းသည်ရှိသော် မထေရ်ထွက်သောကာလ၌ ထိုမှဤမှ လှည်းခတ်လျက် အလုံးစုံသော ပရိဝုဏ်ကို မိမိတံမြက်လှည်းသကဲ့သို့ ပြု၏။ ဝတ်နှင့်ပြည့်စုံသော ရဟန်းငယ်သည် ဤဆိုနိုင်ခက်သော ရဟန်းကား ငါပြုတိုင်းပြုတိုင်း မိမိပြု သည်နှင့် တူအောင်ပြု၏။ ထိုရဟန်း၏ ဒုဗ္ဗစအမှုကို ထင်ရှားအောင် ပြုအံ့ဟုကြ၏။

ကြံပြီး၍ ထိုသို့ ဆိုနိုင်ခက်သော ရဟန်းငယ်သည် ရွာတွင်းမှ ဆွမ်းစားပြီးသော် လာ၍ အိပ်စဉ်လျှင် ချိုးရေကို နွှေး၍ ရေချိုးအုံမှအပ၌ထား၍ တမှုတ်မျှသော ရေနွေးကို ခုံလောက်၌ တင်သောအိုး၌ထား၏။ ဆိုနိုင်ခက်သော ရဟန်းငယ်သည် နိုးလတ်သော် သွား၍ အငွေ့ထသည်ကိုမြင်၍ ရေကိုနွှေး၍ ရေချိုးအုံ၌ ထားသည်ဖြစ်လတ္တံ့ဟု မထေရ်အထံသို့သွား၍ အရှင်ဘုရား ရေချိုအုံ၌ ချိုးရေတည်ထားပြီ၊ ရေချိုးတော်မူပါလော့ဟု လျှောက်ထား၏။ မထေရ်သည် ရေချိုးအံ့ဟု ထိုရဟန်းငယ်နှင့်တကွလျှင် လာလတ်၍ ရေချိုးအုံ၌ ရေကိုမမြင်၍ ရေအဘယ်မှာနည်းဟု မေး၏။ ထိုရဟန်းငယ်သည် လျင်မြန်စွာ မီးတင်းကုပ်သို့သွား၍ အချည်းနှီးသောအိုး၌ ရေမှုတ်ကို ချ၏။ ရေမှုတ်သည် အချည်းနှီးသော အိုး၏အပြင်၌ ကျ၍ ခေါက်ခေါက်မြည်၏။ ထိုအခါမှစ၍ ထိုရဟန်းငယ်အား ဥဠုင်္ကသဒ္ဒကဟူသော အမည်သည် ဖြစ်၏။

ထိုခဏ၌ ဝတ်နှင့်ပြည့်စုံသော ရဟန်းငယ်သည် ရေချိုးအုံ၏ အပြင်မှ ရေကိုဆောင်၍ အရှင်ဘုရား ရေချိုးတော်မူပါဟု လျှောက်၏။ မထေရ်သည် ရေချိုး၍ ဆင်ခြင်သည်ရှိသော် ဥဠုင်္ကသဒ္ဒက ရဟန်းငယ်သည် ဆိုနိုင်ခက်သော အဖြစ်ကိုသိ၍ ဥဠုင်္ကသဒ္ဒကကို ညချမ်းသောအခါ မထေရ်အား ဆည်းကပ်အံ့သောငှာ လာလတ်သော် ငါ့သျှင် ရဟန်းမည်သည်ကား မိမိပြုသော အမှုကိုသာလျှင် ပြုသောအမှုဟု ဆိုခြင်းငှါ သင့်၏။ မိမိမပြုသော အမှုကို ငါပြုသော အမှုဟုဆိုသည်ရှိသော် မုသာဝါဒဖြစ်၏။ ယနေ့မှစ၍ ဤသို့ သဘောရှိသောအမှုကို မပြုလင့်ဟု ဆုံးမ၏။ ဥဠုင်္ကသဒ္ဒကသည် မထေရ်အား အမျက်ထွက်၍ နက်ဖြန်နေ့၌ မထေရ်နှင့်တကွ ဆွမ်းခံမဝင်၊ မထေရ်သည် ဝတ်နှင့်ပြည့်စုံသော တပည့်နှင့် အတူတကွ ဆွမ်းခံဝင်၏။ ဥဠုင်္ကသဒ္ဒကသည်လည်း မထေရ်၏ အလုပ်အကျွေးအိမ်သို့ သွား၍ အရှင်ဘုရား မထေရ်ကား အဘယ်မှာနည်းဟု မေးသည်ရှိသော် မချမ်းသာ၍ ကျောင်း၌လျှင် နေ၏ဟု ဆို၍ အရှင်ဘုရား အဘယ်အာဟာရကို ရခြင်းငှါ သင့်သနည်းဟု မေး သည်ရှိသော် ဤမည် ဤမည်သော အာဟာရကို ပေးကြကုန်လော့ဟု ယူ၍ မိမိနှစ်သက်သောအရပ်သို့ သွား၍ စားပြီးသော် ကျောင်းသို့သွား၏။

နက်ဖြန် မထေရ်သည် ထိုအိမ်သို့ သွား၍ နေ၏။ လူတို့သည် အရှင်ဘုရား အရှင်ဘုရားအား အဘယ်ရောဂါ ဖြစ်ပါသနည်း၊ ယမန်နေ့က ကျောင်း၌လျှင် နေသတတ်၊ ဤမည်သော ရဟန်းငယ်၏လက်၌ အကျွန်ုပ်တို့သည် အာဟာရကို ပေးလိုက်ကုန်၏။ အရှင်ဘုရားသည် သုံးဆောင်တော်မူရ၏လောဟု လျှောက်ကုန်သည်ရှိသော် မထေရ်သည် ဆိတ်ဆိတ်နေ၍လျှင် ဆွမ်းဘုဉ်းပေးခြင်းကို ပြု၍ ကျောင်းသို့လာ၏။ ညချမ်းအခါ မထေရ်အား ခစားအံ့သောငှါ လာသော ဥဠုင်္ကသဒ္ဒကကို ခေါ်၍ ငါ့သျှင် ဤမည်သောရွာ ဤမည်သောအိမ်၌ မထေရ်ဘို့ ဤမည် ဤမည်သော အာဟာရကို ရခြင်းငှါ သင့်၏ဟု တောင်း၍ သင်သည် ဆွမ်းကို စားသတတ်ဟု ဆို၍ ဝိညတ်မည်သည်ကား မအပ်၊ တဖန် ဤသို့သဘောရှိသော မကျင့်အပ်သော အကျင့်ကို မပြုလင့်ဟု ဆို၏။ ထိုဥဠုင်္ကသဒ္ဒကသည် ဤမျှဖြင့် မထေရ်၌ ရန်ငြိုးဖွဲ့၍ ဤမထေရ်သည် ယမန်နေ့ကလည်း ရေပူကိုမှီ၍ ငါနှင့်တကွ ခိုက်ရန်ကို ပြု၏။ ယနေ့လည်း ဒါယကာတို့၏အိမ်၌ ငါသည် စားအပ်သော တဆုပ်သောထမင်းကို သည်းမခံနိုင်၍ ခိုက်ရန်ကိုပြု၏။ ပြုအပ်သည်နှင့်ယှဉ်သော အမှုကိုသိအံ့ဟု နက်ဖြန်မထေရ်သည် ဆွမ်းခံဝင်သည်ရှိသော် ဆောက်ပုတ်ကိုကိုင်၍ အသုံး အဆောင်တို့ကိုခွဲ၍ သစ်ရွက်မိုးသော ကုဋိကို မီး တိုက်၍ ပြေး၏။ ထိုဥဠုင်္ကသဒ္ဒကသည် အသက်ရှင်စဉ်လျှင် လူပြိတ္တာဖြစ်၍ ခြောက်တပ်၍ သေလတ်သော် အဝီစိငရဲ၌ ဖြစ်၏။ ထိုဥဠုင်္ကသဒ္ဒကသည် ပြုအပ်သော မကောင်းသော အကျင့်သည် လူများအလယ်၌ ထင်ရှားဖြစ်၏။

ထိုအခါ အချို့ကုန်သော ရဟန်းတို့သည် ရာဇဂြိုဟ်ပြည်မှ သာဝတ္ထိပြည်သို့ သွား၍ အဆွေခင်ပွန်းရှိရာအရပ်၌ သပိတ်သင်္ကန်းတို့ကို သိုမှီး၍ ဘုရားအထံတော်သို့ သွား၍ ရှိခိုးလျက် နေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းတို့နှင့်တကွ ပဋိသန္ထာရပြုတော်မူ၍ အဘယ်မှ လာကြကုန်သနည်းဟု မေးတော်မူ၍ ဘုန်းတော်ကြီးသောအရှင်ဘုရား ရာဇဂြိုဟ်ပြည်မှ လာကုန်၏ဟု လျောက်သည်ရှိသော် ရာဇဂြိုဟ်ပြည်၌ အဆုံးအမပေးသော ဆရာသည် အဘယ် သူနည်းဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မဟာကဿပ မထေရ်တည်းဟု လျှောက်သည်ရှိသော် ရဟန်းတို့ ကဿပအား ချမ်းသာပါ၏လောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသောအရှ င်ဘုရား မထေရ်အား ချမ်းသာပါ၏။ အတူနေ တပည့်သည်ကား အဆုံးအမ ပေးသည်ရှိသော် အမျက်ထွက်၍ မထေရ်၏ ကုဋိကို မီးတိုက်၍ ပြေး၏ဟု လျှောက်ထားသည်ရှိသော် ထိုစကားကို ကြားတော်မူ၍ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ကဿပအား ဤသို့ သဘောရှိသော သူမိုက်နှင့် အတူတကွ ကျင့်ရသောထက် တယောက်တည်း ကျင့်ရခြင်းသည်သာလျှင် မြတ်၏ဟု မိန့်တော်မူ၍-

စရဉ္စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။
ဧကစရိယံ ဒဠှံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတာ။

ဘိက္ခဝေ၊ ရဟန်းတို့။ စရံ၊ ကျင့်သောသူသည်။ အတ္တနော၊ မိမိထက်။ သေယျံ၊ မြတ်သောသူကို၎င်း။ သဒိသံ၊ တူသောသူကို၎င်း။ စေ နာဓိဂစ္ဆေယျ၊ အကယ်၍ မရငြားအံ့။ ဧကစရိယံ၊ တယောက်တည်း ကျင့်ခြင်းကို။ ဒဠှံ၊ မြဲစွာ။ ကယိရာ၊ ပြုရာ၏။ ဗာလေ၊ သူမိုက်၌။ သဟာယတာ၊ အဆွေခင်ပွန်း၏ အဖြစ်သည်။ နတ္ထိ၊ မရှိ။

ဤသို့ ဓမ္မပဒ၌လာသော ဂါထာကို ဟောတော်မူ၏။ ဤသိုမိန့်တော်မူ၍ တဖန်ထိုရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့ ထိုရဟန်းသည် ယခုအခါ၌သာလျှင် ကုဋိကို ဖျက်သည် မဟုတ်သေး၊ ရှေး၌လည်း ကုဋိကို ဖျက်ဘူးသလျှင်ကတည်း၊ ယခုအခါ၌သာလျှင် အဆုံးအမပေးတတ်သော သူအား အမျက်ထွက်သည် မဟုတ်သေး၊ ရှေး၌လည်း အမျက်ထွက်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိင်္ဂိလငှက်မျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် နှစ်သက်ဘွယ်ရှိသော မိုဃ်းမယိုသော အသိုက်ကိုပြု၍ ဟိမဝန္တာ၌နေ၏။ ထိုအခါ တခုသောမျောက်သည် မိုဃ်းကာလ၌ အယဉ်မပြက် မိုဃ်းရွာလတ်သော် အချမ်း နှိပ်စက်၍ သွားချင်းချင်းကိုက်လျက် ဘုရားလောင်း၏ အနီး၌ နေ၏။ ဘုရားလောင်းသည် ပင်ပန်းသော ထိုမျောက်ကို မြင်၍ ထိုမျောက်နှင့်တကွ စကားပြောဆိုလိုရကား-

၈၁။ မနုဿဿေဝ တေ သီသံ၊ ဟတ္ထပါဒါ စ ဝါနရ။
အထ ကေန နုဝဏ္ဏေန၊ အဂါရံ တေ န ဝိဇ္ဇတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၁။ ဝါနရ၊ မျောက်။ တေ၊ သင်၏။ သီသံ၊ ဦးခေါင်းသည်။ မနုဿဿ၊ လူ၏။ သီသံ ဣဝ၊ ဦးခေါင်းကဲ့သို့။ ဟောတိ၊ ဖြစ်၏။ ဟတ္ထပါဒါ စ၊ လက်ခြေတို့သည်လည်း။ မနုဿဿ၊ လူ၏။ ဟတ္ထပါဒါ ဣဝ၊ လက်ခြေတို့ကဲ့သို့။ ဟောန္တိ၊ ဖြစ်ကုန်၏။ အထ၊ ထိုသို့ ဖြစ်လျက်။ ကေန နုဝဏ္ဏေန၊ အဘယ်မည်သော အကြောင်းကြောင့်။ တေ၊ သင့်အား။ အဂါရံ၊ အိမ်သည်။ န ဝိဇ္ဇတိ၊ မရှိသနည်း။

ထိုစကားကိုကြား၍ မျောက်သည်-

၈၂။ မနုဿဿေဝ မေ သီသံ၊ ဟတ္ထပါဒါ စ သိင်္ဂိလ။
ယာဟုသေဋ္ဌာ မနုဿေသု၊ သာ မေ ပညာ န ဝိဇ္ဇတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၂။ သိင်္ဂိလ၊ သိင်္ဂိလ။ မေ၊ ငါ၏။ သီသံ၊ ဦးခေါင်းသည်။ မနုဿဿ၊ လူ၏။ သီသံ ဣဝ၊ ဦးခေါင်းကဲ့သို့။ ဟောတိ၊ ဖြစ်၏။ ဟတ္ထပါဒါ စ၊ လက်ခြေတို့သည်လည်း။ မနုဿဿ၊ လူ၏။ ဟတ္ထပါဒါ ဝ၊ လက် ခြေတို့ကဲ့သို့။ ဟောန္တိ၊ ဖြစ်ကုန်၏။ မနုဿေသု၊ လူတို့၌။ ယာ ပညာ၊ အကြင်ပညာသည်။ သေဋ္ဌာ၊ မြတ်၏။ ဣတိ၊ ဤသို့။ အာဟု၊ ဆိုကုန်၏။ သာ ပညာ၊ ထိုပညာသည်။ မေ၊ ငါအား။ န ဝိဇ္ဇတိ၊ မရှိ။

ထိုစကားကိုကြား၍ ဘုရားလောင်းသည်-

၈၃။ အနဝဋ္ဌိတစိတ္တသ၊ လဟုစိတ္တဿ ဒုဗ္ဘိနော။
နိစ္စံ အဒ္ဓုဝသီလဿ၊ သုခဘာဝေါ န ဝိဇ္ဇတိ။
၈၄။ သော ကရဿု အာနုဘာဝံ၊ ဝီတိဝတ္တဿု သီလိယံ။
သီတ ဝါတ ပရိတ္တာဏံ၊ ကရဿု ကုဋဝံ ကပိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၈၃။ အနဝိတစိတ္တသ၊ မတည်ကြည်သော စိတ်ရှိသော။ လဟုစိတ္တဿ၊ ပေါ့သော စိတ်ရှိသော။ ဒုဗ္ဘိနော၊ အဆွေ ခင်ပွန်း ပြစ်မှားတတ်သော။ နိစ္စံ၊ အမြဲ။ အဒ္ဓုဝဘီလဿ၊ မမြဲသော သီလရှိသောသူအား။ သုခဘာဝေါ၊ ချမ်းသာသော အဖြစ်သည်။ န ဝိဇ္ဇတိ၊ မရှိ။

֍ ဋ္ဌ ၈၄။ ကပိ၊ မျောက်။ သော တွံ၊ ထိုသင်သည်။ အာနုဘာဝံ၊ အစွမ်းကို။ ကရဿု၊ ပြုလော့။ သိလိယံ၊ ဒုဿီလအဖြစ်ဟု ဆိုအပ်သော အလေ့ကို။ ဝီတိဝတ္တဿု၊ ကျော်လွန်ပါလော့။ သီတဝါတပရိတ္တာဏံ၊ အချမ်းလေကို ကွယ်ကာတတ်သော။ ကုဋဝံ၊ အိမ်ကို။ ကရဿု၊ ပြုပါလော့။

မျောက်သည် ဤငှက်ကား မိမိမိုဃိးမစွတ်ရာ၌ နေ သည်၏အဖြစ်ဖြင့် ငါ့ကို ဆဲရေး၏။ ထိုငှက်ကို ဤအသိုက်၌ မနေစေအံ့ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းကို ဖမ်းလိုရကား ပြေးလာ၏။ ဘုရားလောင်းသည် ပျံ၍ တပါးသို့ သွား၏။ မျောက်လည်း အသိုက်ကိုဖျက်၍ မှုန့်မှုန့်ကြေစေ၍ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ကုဋိကိုမီးတိုက်သော ရဟန်းငယ်သည် ထိုအခါ မျောက်ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိင်္ဂီလငှက် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆိုဆုံးမငြား၊ အမျက်ထား၊ ပျက်ပြားဆုံးရှာ ဒုဗ္ဗစာ

လူမိုက်ဆိုလျှင်။ ဆုံးမသင်၊ ကိုယ်ပင်ပျက်စီးမည်

ရှေးဦးစွာသော ကုဋိဒူသကဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၂။ ဒုဒ္ဒုဘဇာတ်

မြေပြိုပြီ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဒုဒ္ဒုဘာယတိ ဘဒ္ဒန္တေအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒုဒ္ဒဘဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာသနာတော်မှ အပဖြစ်သော တိတ္ထိတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ တိတ္ထိတို့သည် ဇေတဝန်ကျောင်းတော်၏အနီး ထိုထိုသို့သော အရပ်၌ ခင်းအပ်ကုန်သော ဆူးအခင်းတို့၌ အိပ်ကုန်သတတ်၊ ပဉ္စာတပ အကျင့်ကို ကျင့်ကုန်သတတ်၊ အထူးထူး အပြားပြားသော မိစ္ဆာအကျင့်ကို ကျင့်ကုန်သတတ်၊ ထိုအခါများစွာကုန်သော ရဟန်းတို့သည် သာဝတ္ထိပြည်၌ ဆွမ်းခံ၍ ဇေတဝန်ကျောင်းတော်သို့ လာကုန်လတ်သော် ခရီးအကြား၌ မိစ္ဆာအကျင့်ကို ကျင့်ကုန်သော တိတ္ထိတို့ကိုမြင်၍ သွား၍ မြတ်စွာဘုရားသို့ ဆည်းကပ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား သာသနာတော်မှ အပဖြစ်ကုန်သော တိတ္ထိတို့သည် ကျင့်အပ်သော အကျင့်၌ အနှစ်သာရရှိသလောဟု မေးလျှောက်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ထိုတိတ္ထိတို့သည် ကျင့်အပ်သော အကျင့်၌ အနှစ်သာရသည်၎င်း အကျိုးထူးသည်၎င်း မရှိ၊ ထိုတိတ္ထိတို့၏ အကျင့်သည် ဆင်ခြင်လတ်သည်ရှိသော် မစင်တို့ဖြင့် လိမ်းကပ်သော လမ်းခရီးနှင့် တူ၏။ ယုန်ငယ်၏ ဒုဒ္ဒုဘ အသံနှင့် တူ၏ဟု မိန့်တော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ယုန်ငယ်၏ ဒုဒ္ဒုဘအသံနှင့် တူသည်၏အဖြစ်ကို အကျွန်ုပ်တို့သည် မသိပါကုန်၊ ဟောတော်မူပါကုန်လော့ဟု ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ခြင်္သေ့မျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တော၌ နေ၏။ ထိုအခါ အနောက်သမုဒ္ဒရာနား၌ ဥသျှစ်ပင်နှင့် ရောသော ထန်းတောသည် ရှိ၏။ ထိုထန်းတော၌ တခုသော ယုန်ငယ်သည် ဥသျှစ်ပင်၏အနီး တခုသော ထန်းပင်ငယ်၏ ထန်းရွက်အောက်၌ နေ၏။ ထိုယုန်ငယ်သည် တနေ့ပတ်လုံး အစာကိုယူ၍ လာလတ်၍ ထန်းရွက်အောက်၌ ဝပ်လျက် ဤမြေသည် ပြိုငြားအံ့၊ အဘယ် သို့လျှင် သွားရပါအံ့နည်းဟု ကြံ၏။ ထိုအခါ တခုသော ဥသျှစ်သီးမှည့်သည် ထန်းရွက်၏ အထက်၌ကျ၏။ ထိုယုန်ငယ်သည် ထိုဥသျှစ်သီး၏အသံဖြင့် မချွတ်လျှင် ဤမြေကြီးသည် ပြို၏ဟု ခုန်၍ နောက်သို့ မကြည့်မူ၍ သာလျှင် ပြေး၏။ သေဘေးမှ ကြောက်၍ လျင်မြန်စွာပြေးသော ထိုယုန်ငယ်ကို တပါးသောယုန်ငယ်သည် မြင်၍ အရှင်အဘယ့်ကြောင့် အလွန်လျှင် ကြောက်၍ပြေးသနည်းဟု မေး၏။ အရှင်မမေးလင့်ဟု ဆို၏။ ထိုယုန်ငယ်သည် အရှင်အဘယ်နည်း၊ အရှင်အဘယ်နည်းဟု မေးလတ်သော် ပြေးသောယုန်ငယ်သည် ပြန်၍ မကြည့်ဘဲလျက်လျှင် ဤအရပ်၌ မြေပြို၏ဟု ဆို၏။ ထိုမေးသော ယုန်ငယ်သည်လည်း ထိုယုန်ငယ်၏နောက်မှ ပြေး၏။ ဤအတူ ထိုယုန်ကို တပါးသော ယုန်သည်မြင်၏။ ထိုယုန်ကိုလည်း တပါးသောယုန်သည် မြင်၏။ ဤသို့သော နည်းအားဖြင့် ယုန်ငယ်တထောင်သည် တပေါင်းတည်းဖြစ်၍ ပြေး၏။ ထိုယုန်တို့ကို တခုသော သမင်သည်မြင်၍ တပေါင်းတည်းဖြစ်၍ ပြေး၏။ တခုသော ဝက်သည် မြင်၍၊ တခုသော စိုင်သည် မြင်၍၊ တခုသောကျွဲသည် မြင်၍၊ တခုသော နွားနောက်သည် မြင်၍၊ တခုသော ကြံ့သည်မြင်၍၊ တခုသော ကျားသည်မြင်၍၊ တခုသော ခြင်္သေ့သည် မြင်၍၊ တခုသော ဆင်သည် မြင်၍၊ အဘယ်နည်းဟုမေး၍ ဤအရပ်၌ မြေပြို၏ ဟု ဆိုလတ်သော် ပြေး၏။ ဤသို့ အစဉ်သဖြင့် ယူဇနာ အတိုင်းအရှည်ရှိသော တိရစ္ဆာန်အပေါင်းတို့သည် ဖြစ်၏။

ထိုအခါ ဘုရားလောင်းသည် ပြေးသောတိရစ္ဆာန်အပေါင်းကို မြင်၍ ဘယ်အမှုတုံနည်းဟု မေး၍ ဤအရပ်၌ မြေပြိုသည်ဟု ကြား၍ မြေပြိုခြင်း မည်သည်ကား တရံတဆစ်မျှ မဖြစ်စဘူး၊ စင်စစ်သဖြင့် ထိုသတ္တဝါတို့သည် တစုံတခုသောအသံကို မကောင်းသဖြင့် ကြားသည် ဖြစ်လတ္တံ့၊ ငါသည် လုံ့လမပြုသော် ခပ်သိမ်းသော သတ္တဝါတို့သည် ပျက်စီးကုန်လတ္တံ့၊ ထိုသတ္တဝါတို့အား အသက်ကိုပေးအံ့ဟု ကြံ၏။ ကြံပြီး၍ ခြင်္သေ့၏ အဟုန်ဖြင့် ရှေ့မှ တောင်ခြေရင်းသို့ သွား၍ သုံးကြိမ် ခြင်္သေ့သံကို ဟောက်၏။ ထိုသတ္တဝါတို့သည် ခြင်္သေ့ဘေးမှ ကြောက်ကုန်ရကား ပြန်၍ပေါင်း၍ တည်ကုန်၏။ ခြင်္သေ့သည် သတ္တဝါတို့၏ အတွင်းသို့ဝင်၍ အဘယ်အကျိုးငှါ ပြေးကြကုန်သနည်းဟု မေး၏။ မြေပြိုသတည်းဟု ဆိုကြကုန်သော် အဘယ်သူသည် မြေပြိုသည်ကို မြင်သနည်းဟု မေး၍ ဆင်တို့သည် သိကုန်၏ဟု ဆို သည်ရှိသော် ဆင်တို့ကိုမေး၏။ ဆင်တို့သည် ငါတို့ မသိကုန်၊ ခြင်္သေ့တို့သည် သိကုန်၏ဟု ဆိုကုန်၏။ ခြင်္သေ့တို့သည်လည်း ငါတို့သည် မသိကုန်၊ ကျားတို့သည် သိကုန်၏ ဟု ဆိုကုန်၏။ ကျားတို့သည်လည်း ကြံ့တို့သည် သိကုန်၏ဟု ဆိုကုန်၏။ ကြံတို့သည်လည်း နွားနောက်တို့သည် သိကုန်၏ဟု ဆိုကုန်၏။ နွားနောက်တို့သည်လည်း ကျွဲတို့သည် သိကုန်၏ဟု ဆိုကုန်၏။ ကျွဲတို့သည်လည်း စိုင်တို့သည် သိကုန်၏ဟု ဆိုကုန်၏။ စိုင်တို့သည်လည်း ဝက်တို့သည် သိကုန်၏ဟု ဆိုကုန်၏။ ဝက်တို့သည်လည်း သမင်တို့သည် သိကုန်၏ဟုဆိုကုန်၏။ သမင်တို့သည်လည်း ငါတို့သည် မသိကုန်၊ ယုန်ငယ်တို့သည် သိကုန်၏ ဟု ဆိုကုန်၏။

ယုန်ငယ်တို့ကို မေးအပ်ကုန်သည်ရှိသော် ဤယုန်ငယ်သည် ပြောဆို၏ဟု ထိုယုန်ငယ်ကို ပြကြကုန်၏။ ထိုအခါထိုယုန်ကို အချင်း မြေပြိုသတတ် ဟူသည် မှန်သလောဟု မေး၏။ အရှင်မှန်၏။ အကျွန်ုပ် မြင်အပ်၏ဟု ဆို၏။ အဘယ်အရပ်၌ နေလျက် မြင်သနည်းဟု မေး၏။ အရှင်အနောက်သမုဒ္ဒရာအနီး ဥသျှစ်ပင်နှင့်ရောသော ထန်းတော၌ နေလျက် မြင်၏။ အကျွန်ုပ်သည် ထိုတော၌ ဥသျှစ်ပင်ရင်း ထန်းပင်ငယ်၏ အောက်၌ အိပ်လျက် မြေပြိုသော် ငါအဘယ်သို့ ပြေးရပါအံ့နည်းဟု ကြံ၏။ ထိုခဏလျှင် မြေပြိုသံကြား၍ ပြေး၏ဟု ဆို၏။ ခြင်္သေ့သည် စင်စစ်သဖြင့် ထန်းရွက်၏အထက်၌ ဥသျှစ်သီးမှည့် ကျ၍ ဒုဒ်ဒုဒ်ဟူသော အသံကိုပြု၏။ ထိုယုန်ငယ်သည် ထိုအသံကိုကြား၍ မြေပြိုသည်ဟူသော အမှတ်ကိုဖြစ်စေ၍ ပြေးသည် ဖြစ်လတ္တံ့၊ အဟုတ်အမှန်အားဖြင့် ထိုအကြောင်းကို သိအောင်ပြုအံ့ဟု ကြံ၏။ ကြံပြီး၍ ခြင်္သေ့သည် ထိုယုန်ငယ်ကိုယူ၍ သားအပေါင်းကို နှစ်သိမ့်စေ၍ ဤယုန်ငယ် မြင်ရာအရပ်၌ မြေပြိုသည်၏အဖြစ် မပြိုသည်၏အဖြစ်ကို အဟုတ်အမှန်အားဖြင့် ငါသိအောင်ပြု၍ လာသည့်တိုင်အောင် သင်တို့သည် ဤ၌ နေကြကုန်ဦးဟု ဆို၍ ဤယုန်ငယ်ကို ကျောက်ကုန်း၌တင်၍ ခြင်္သေ့၏အဟုန်ဖြင့် ပြေး၍ ထန်းတော၌ ယုန်ငယ်ကိုချ၍ အချင်း လာလော့၊ သင်မြင်သောအရပ်ကို ပြလော့ဟု ဆို၏။ သခင် အကျွန်ုပ် မပြဝံ့ဟု ဆို၏။ အချင်း မကြောက်လင့်ဟု ဆိုလတ်သော် ထိုယုန်ငယ်သည် ဥသျှစ်ပင်သို့ ချဉ်းကပ်အံ့သောငှာ မဝံ့ရကား မနီးမဝေး၌ရပ်၍ အရှင်ဤအရပ်သည်ကား ဒုတ်ဒုဒ်မြည်ရာ အရပ်တည်းဟု ဆို၍-

၈၅။ ဒုဒ္ဒဘာယတိ ဘဒ္ဒန္တေ၊ ယသ္မိံဒေသေ ဝသာမဟံ။
အဟမွေတံ န ဇာနာမိ၊ ကိမေတံ ဒုဒ္ဒုဘာယတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၅။ သာမိ၊ အရှင်။ တေ၊ သင်အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ယသ္မိံ ဒေသေ၊ အကြင်အရပ်၌။ အဟံ၊ ငါသည်။ ဝသာမိ၊ နေ၏။ တတ္ထ၊ ထိုအရပ်၌။ ဒုဒ္ဒုဘာယတိ၊ ဒုဒ်ဒုဒ်မြည်၏။ ကိံ၊ အဘယ့်ကြောင့်။ ဧတံ-ဧတသ္မိံ ပဒေသေ၊ ထိုအရပ်၌။ ဒုဒ္ဒဘာယတိ၊ ဒုဒ်ဒုဒ်မြည် ၏ဟူ၍။ ဧတံ၊ ထိုအကြောင်းကို။ အဟံ၊ ငါသည်။ န ဇာနာမိ၊ မသိ။

ဤသို့ဆိုလတ်သော် ခြင်္သေ့သည် ဥသျှစ်ပင်ရင်းသို့သွား၍ ထန်းပင်အောက်၌ ယုန်ငယ်၏ အိပ်ရာအရပ်ကို၎င်း၊ တန်းရွက်ထက်၌ကျသော ဥသျှစ်သီးမှည့်ကို၎င်း၊ မြင်၍ မြေမပြိုသည်၏ အဖြစ်ကို အမှန်အားဖြင့်သိ၍ ယုန်ငယ်ကို ကျောက်ကုန်း၌တင်၍ ခြင်္သေ့၏ အဟုန်ဖြင့် လျင်မြန်စွာ သားအပေါင်းတို့၏ အထံသို့သွား၍ အလုံးစုံသော အကြောင်းကိုကြား၍ သင်တို့သည် မကြောက်ကြကုန်လင့်ဟု သားအပေါင်းတို့ကို နှစ်သိမ့်စေ၍ လွှတ်လိုက်၏။ ထိုအခါ ဘုရားလောင်း မရှိငြားအံ့၊ ခပ်သိမ်းသော သားတို့သည် သမုဒ္ဒရာသို့ဝင်၍ ပျက်စီးကုန်ရာ၏။ ဘုရားလောင်းကိုမှီ၍ ခပ်သိမ်းသော သားတို့သည် အသက်ကို ရကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်ပြီး၍-

၈၆။ ဗေလုဝံ ပတိတံ သုတွာ၊ ဒုဒ္ဒုဘန္တိ သသော ဇဝိ။
သသဿ ဝစနံ သုတွာ၊ သန္တတ္တာ မိဂဝါဟိနီ။
၈၇။ အပ္ပတွာ ပဒဝိညာဏံ၊ ပရဃောသာနုသာရိနော။
ပနာဒပရမာ ဗာလာ၊ တေ ဟောန္တိ ပရပတ္တိယာ။
၈၈။ ယေ စ သီလေန သမ္ပန္နာ၊ ပညာယူပသမေရတာ။
အာရကာ ဝိရတာ မီရာ၊ န ဟောန္တိ ပရပတ္တိယာ။

ဟူကုန်သော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၈၆။ သသော၊ ယုန်သည်။ ဒုဒ္ဒုဘန္တိ၊ ဒုဒ်ဒုဒ်ဟူသော အသံကို ဖြစ်စေလျက်။ ပတိတံ၊ ကျသော။ ဗေလုဝံ၊ ဥသျှစ်သီးမှည့်အသံကို။ သုတွာ၊ ကြား၍။ ဇဝိ၊ ပြေး၏။ မိဂဝါဟိနီ၊ သားအပေါင်းသည်။ သသဿ၊ ယုန်ငယ်၏။ ဝစနံ၊ စကားကို။ သုတွာ၊ ကြား၍။ သန္တတ္တာ၊ ထိတ်လန့်သည်ဖြစ်၍။ ဇဝိ၊ ပြေး၏။

֍ ဋ္ဌ ၈၇။ ယေ ဗာလာ၊ အကြင်သူမိုက်တို့သည်။ ပဒဝိညာဏံ၊ သောတဝိညာဉ်အစုသို့။ အပ္ပတွာ၊ မရောက်မူ၍။ ပရဃောသာနုသာရိနော၊ သူတပါးတို့၏စကားကို အစဉ်မှီးကုန်၏။ ပနာဒပရမာ၊ သူတပါးတို့၏ စကားကို အမြတ်ဟူ၍ ထင်မှတ်ကုန်၏။ တေ ဗာလာ၊ ထိုသူမိုက်တို့သည်။ ပရပတ္တိယာ၊ သူတပါး၏စကားကို ယုံကြည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

֍ ဋ္ဌ ၈၈။ ယေ ဓီရာ၊ အကြင်ပညာရှိတို့သည်။ သီလေန စ၊ အရိယမဂ်သီလနှင့်လည်း။ သမ္ပန္နာ၊ ပြည့်စုံကုန်၏။ ပညာယ စ၊ အရိယမဂ်ပညာနှင့်လည်း။ သမ္ပန္နာ၊ ပြည့်စုံကုန်၏။ ဥပသမေ၊ ကိလေသာ၏ ငြိမ်းခြင်း၌။ ရတာ၊ မွေ့လျော်ကုန်၏။ အာရကာ၊ မကောင်းမှုကို ပြုခြင်းမှ ဝေးကုန်၏။ ဝိရတာ၊ မကောင်းမှုမှ ကြဉ်ကုန်၏။ တေ ဓီရာ၊ ထိုပညာရှိတို့သည်။ ပရပတ္တိယာ၊ သူတပါးစကားကို ယုံကြည်ကုန်သည်။ န ဟောန္တိ၊ မဖြစ်ကုန်။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခြင်္သေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ပညာကင်းမဲ့၊ တွေးနယ်ချဲ့၊ ကျိုးမဲ့ ဖြစ်တတ်လှ

ယုံသင့်မှယုံ၊ အလုံးစုံ၊ ချင့်ကုန် ဉာဏ်စေား

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဒုဒ္ဒုဘဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၃။ ဗြဟ္မဒတ္တဇာတ်

တောင်းလျှင်မုန်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဒွယံ ယာစနကော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗြဟ္မဒတ္တဇာတ်ကို အာဠဝီပြည်ကိုမှီ၍ အဂ္ဂါဠဝစတေီ၌ သီတင်း သုံးနေတော်မူစဉ် ကုဋိကာရသိက္ခာပုဒ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုသည်ကား အောက် မဏိကဏ္ဌဇာတ်၌လာသလျှင်ကတည်း) ဤဗြဟ္မဒတ္တဇာတ်၌ကား သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ သင်တို့သည် တောင်းခြင်းများကုန်လျှက် ဝိညတ်များကုန်လျက် နေကုန်သောဟူသည် မှန်သလောဟု မိန့်တော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ထိုအာဠဝီရဟန်းတို့ကို ကဲ့ရဲ့တော်မူ၍ ရဟန်းတို့ ရှေးပညာရှိတို့သည် ရေမြေကို အစိုးရသော မင်းသည် ဘိတ်အပ်ကုန်လျှက်လည်း သစ်ရွက်ထီး, တလွှာ ဘိနပ်အစုံကို တောင်းလိုကုန်သည်ရှိသော် ဟိရိဩတ္တပ္ပ ပျက်အံ့သည်မှ ကြောက်ခြင်းကြောင့် လူများအလယ်၌ မဆိုမူ၍ ဆိတ်ကွယ် ရာအရပ်၌ ဆိုကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကပိလတိုင်း ဥတ္တရပဉ္စာလမြို့၌ ဥတ္တရပဉ္စာလ မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် နိဂုံးရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ နောင်အဘို့၌ ရသေ့ရဟန်းပြု၍ ဟိမဝန္တာ၌ ရှာမှီးအပ်သော တောသစ်မြစ် သစ်သီး ကြီးငယ်ဖြင့် မျှတလျက် ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှါ လူ့ပြည်သို့ လှည့်လည်သည်ရှိသော် ဥတ္တရပဉ္စာလမြို့သို့ရောက်၍ မင်း၏ဥယျာဉ်၌နေ၍ နက်ဖြန် ဆွမ်းခံသော် မြို့သို့ဝင်၍ မင်းအိမ်တံခါးသို့ ရောက်၏။ မင်းသည် ဘုရားလောင်း၏ ငြိမ်သက်ခြင်း၌ ကြည်ညို၍ မြတ်သောပြာသာဒ်အပြင်၌ နေ။ စေ၍ မင်းအားထိုက်သော ဘောဇဉ်ကို ဘုဉ်းပေးစေ၍ ဝန်ခံခြင်းကိုယူ၍ ဥယျာ၌လျှင် နေစေ၏။ ဘုရားလောင်းသည် တနေ့မပြတ် မင်းအိမ်၌လျှင် စားလျက်နေ၏။ မိုဃ်းကာလ လွန်လတ်သော် ဟိမဝန္တာသို့သွားလို၍ ခရီးသွားသော ငါ့အား တလွှာဘိနပ်နှင့် သစ်ရွက်ထီးကို ရခြင်းငှာ သင့်၏။ မင်းကို တောင်းအံ့ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် တနေ့သ၌ ဥယျာဉ်သို့ လာ၍ ရှိခိုး၍ နေသော မင်းကို ဘိနပ်, ထီးကို တောင်းအံ့ဟု ကြံ၍ တဖန် သူတပါးကို ဤဥစ္စာကို ပေးပါဟု တောင်းသောသူသည် ငိုသည် မည်၏။ မရှိဟူ၍ဆိုသော ဥစ္စာရှင်သည်လည်း အတူ ငိုသောသူ မည်၏။ ငိုသောငါ့ကို လူများသည် မမြင်စေလင့်၊ အတူငိုသော မင်းကြီးကိုလည်း လူများသည် မမြင်စေလင့် ဆိတ်ကွယ်ရာအရပ်၌ နှစ်ယောက်ကုန်သော ငါတို့သည်လည်း ငို၍ ဆိတ်ဆိတ်ဖြစ်ကြ ကုန်အံ့ဟု ကြံ၏။ ကြံပြီး၍ ထိုအခါ မင်းကို မြတ်သောမင်းကြီး ဆိတ်ကွယ်ခြင်းကို အလိုရှိဟု ဆို၏။

မင်းသည် ထိုစကားကို ကြား၍ မင်းချင်းယောက်ျားတို့ကို ဖဲစေ၏။ ဘုရားလောင်းသည် ငါတောင်းသော် မင်းမပေးအံ့၊ ငါ့အား ချစ်ခြင်းသည် ပျက်လတ္တံ့၊ ထို့ကြောင့် ငါ မတောင်းဟု ထိုနေ့၌ ဘိနပ်၏အမည်ကို ယူခြင်းငှာ မတတ်နိုင်၍ မြတ်သောမင်းကြီး သွားဦးတော့၊ နောက်တနေ့မှ သိရအံ့ဟု ဆို၏။ နောက်တနေ့ မင်းသည် ဥယျာဉ်သို့ လာသောကာလ၌ ထို့အတူလျှင် ဆိုပြန်၏။ တဖန်လည်း ထို့အတူသာလျှင် ဆိုပြန်၏။ ဘုရားလောင်းသည် ဤသို့ တောင်းခြင်းငှာ မတတ်နိုင်ဘဲလျက်လျှင် တဆယ့်နှစ်နှစ်တို့သည် လွန်လေကုန်၏။ ထိုအခါ မင်းသည် ငါ၏အရှင်ကား မြတ်သောမင်းကြီး ဆိတ်ကွယ် ရာအရပ်ကို လို၏ဟုဆို၍ ပရိသတ်ကို ဖဲစေသော် တစုံတခုကို ဆိုခြင်းငှမဝံ့၊ ဆိုခြင်းငှာ အလိုရှိသော ငါ့အရှင်အား တဆယ့်နှစ်နှစ်တို့သည် လွန်ကုန်၏။ ကြာမြင့်စွာသော ကာလပတ်လုံး မြတ်သောအကျင့်ကို ကျင့်သောအရှင်သည် ငြီးငွေ့၍ မင်းစည်းစိမ်တို့ကို ခံစားလို၍ မင်းအဖြစ်ကို တောင့်တယောင်တကား၊ မင်းအဖြစ်၏ အမည်ကိုကား ထုတ်ဖော်အံ့သောငှာ မတတ်နိုင်၍ ဆိတ်ဆိတ် နေလောင်တကား၊ ယနေ့ ငါ၏ အရှင်အား ငါသည် မင်းအဖြစ်ကို အစပြု၍ အကြင်ဝတ္ထုကို အလိုရှိအံ့၊ ထိုဝတ္ထုကို ပေးအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုမင်းသည် ဥယျာဉ်သို့သွား၍ ရှိခိုး၍ နေ၏။

ဘုရားလောင်းသည် ဆိတ်ကွယ်ရာ အရပ်ကို အလို ရှိ၏ဟု ဆိုလတ်သော် ပရိသတ်ကို ဖဲစေ၍ တစုံတခုကို ဆိုခြင်းငှာ မစွမ်းနိုင်သော ဘုရားလောင်းကို အရှင်ဘုရား အရှင်ဘုရားတို့သည် တဆယ့်နှစ်နှစ်တို့ပတ်လုံး ဆိတ်ကွယ်ရာအရပ်ကို အလိုရှိ၏ဟုဆို၍ ဆိတ်ကွယ်ရာကို ရသော်လည်း တစုံတခုကို ဆိုခြင်းငှါ မစွမ်းနိုင်ကုန်၊ အကျွန်ုပ်သည် အရှင်ဘုရားအား မင်းအဖြစ်ကို အစပြု၍ အလုံးစုံကို ဘိတ်၏။ ကြောက်ခြင်း မရှိသည်ဖြစ်၍ အကြင်ဝတ္ထုကို အလိုရှိ၏။ ထိုဝတ္ထုကို တောင်းကုန်လော့ဟု ဆို၏။ မြတ်သောမင်းကြီး အကြင်ဝတ္ထုကို တောင်းအံ့၊ ထိုဝတ္ထုကို ပေးအံ့လောဟု ဆို၏။ အရှင်ဘုရား ပေးအံ့ဟု ဆို၏။ မြတ်သောမင်းကြီး ခရီးသွားသော ငါ့အား တလွှာဘိနပ်ကို၎င်း၊ သစ်ရွက်ထီးကို၎င်း ရခြင်းငှါ သင့်၏။ အရှင်ဘုရား အရှင်ဘုရားတို့သည် ဤမျှလောက်သောဝတ္ထုကို တဆယ့်နှစ်နှစ်တို့ပတ်လုံး တောင်းခြင်းငှာ မစွမ်းနိုင်ကုန်သလောဟုဆို၏။ မြတ်သောမင်းကြီး မစွမ်းနိုင်သည် ဟုတ်၏ဟု ဆို၏။ အရှင်ဘုရား အဘယ့်ကြောင့် ဤသို့ပြုကုန်သနည်းဟု ဆို၏။ မြတ်သောမင်းကြီး ဤမည်သောဝတ္ထုကို ပေးပါလော့ဟု တောင်းသောသူသည် ငိုသည်မည်၏။ မရှိဟူ၍ ဆိုသောသူသည် အတူငိုသည် မည်၏။ တောင်းအပ်သော သင်သည် အကယ်၍ မပေးငြားအံ့၊ ထိုငါ၏ငိုခြင်း၊ သင်မင်းကြီး၏ အတုငိုခြင်း မည်သည်ကို လူများသည် မမြင်စေသ တည်းဟု ဆိတ်ကွယ်ရာကို တောင့်တ၏ဟု ပြလိုရကား-

၈၉။ ဒွယံ ယာစနကော ရာဇ၊ ဗြဟ္မဒတ္တ နိဂစ္ဆတိ။
အလာဘံ ဓနလာဘံ ဝါ၊ ဧဝံဓမ္မာ ဟိ ယာစနာ။
၉၀။ ယာစနံ ရောဒနံ အာဟု၊ ပဉ္စာလာနံ ရထေသဘ။
ယော ယာစနံ ပစ္စက္ခာတိ၊ တမာဟု ပဋိရောဒနံ။
၉၁။ မာ မဒ္ဒသံသု ရောဒန္တံ၊ ပဉ္စာလာ သုသမာဂတာ။
တုဝံ ဝါ ပဋိရောဒန္တံ၊ တသ္မာ ဣစ္ဆာမဟံ ရဟော။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၈၉။ ဗြဟ္မဒတ္တရာဇ၊ ဗြဟ္မဒတ်မင်း။ ယာစနကော၊ တောင်းသောသူသည်။ အလာဘံ ဝါ၊ ဥစ္စာကိုမရခြင်းကို၎င်း။ ဓနလာဘံ ဝါ၊ ဥစ္စာရခြင်းကို၎င်း။ ဣတိ၊ ဤသို့။ ဒွယံ၊ နှစ်ပါးသော သဘောသို့။ နိဂစ္ဆတိ၊ ရောက်တတ်၏။ ဟိ-သစ္စံ၊ မှန်၏။ ယာစနာ၊ တောင်းခြင်းတို့သည်။ ဧဝံဓမ္မာ၊ ဤသို့ ရခြင်း, မရခြင်း သဘောရှိကုန်၏။

֍ ဋ္ဌ ၉၀။ ပဉ္စာလာနံ ရထေသဘ၊ ပဉ္စာလတိုင်း၏ အထွတ် အမြတ်ဖြစ်သော မင်းကြီး။ ယာစနံ၊ တောင်းခြင်းကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ရောဒနံ၊ ငိုခြင်းဟူ၍။ အာဟု၊ ဆိုကုန်၏။ ယော၊ အကြင်သူသည်။ ယာစနံ၊ တောင်းခြင်းကို။ ပစ္စက္ခာတိ၊ ပယ်၏။ တံ၊ ထိုပယ်ခြင်းကို။ ပဏ္ဍိတာ၊ ပညာရှိသည်။ ပဋိရောဒနံ၊ အတူ ငိုခြင်းဟူ၍။ အာဟု၊ ဆိုကုန်၏။

֍ ဋ္ဌ ၉၁။ ရောဒန္တံ၊ ငိုသော ငါ့ကို၎င်း။ ပဋိရောဒန္တံ၊ အတူငိုသော။ တုဝံ ဝါ၊ သင့်ကို၎င်း။ သုသမာဂတာ၊ အညီအညွှတ် ကောင်းစွာ လာကုန်သော။ ပဉ္စာလာ၊ ပဉ္စာလတိုင်းသူတို့သည်။ မာ အဒ္ဒသံသု၊ မမြင်စေကုန်သတည်းဟု။ မနသိကရောမိ၊ နှလုံးထား၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ရဟော၊ ဆိတ်ကွယ်ရာအရပ်ကို။ ဣစ္ဆာမိ၊ အလိုရှိ၏။

မင်းသည် ဘုရားလောင်း၏ ရိုသေခြင်းလက္ခဏာ၌ ကြည်ညို၍ ဆုပေးလိုရကား-

၉၂။ ဒဒါမိ တေ ဗြာဟ္မဏ ရောဟိဏီနံ၊
ဂဝံ သဟဿံ သဟ ပုင်္ဂဝေန။
အရိယော ဟိ အရိယဿ ကထံ န ဒဇ္ဇာ၊
သုတွာန ဂါထာ တဝ ဓမ္မယုတ္တာ။

ဟူသော လေးခုမြောက်သောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၂။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုသော ရှင်ရသေ့။ တေ၊ သင့်အား။ ပုင်္ဂဝေန၊ နွားလားနှင့်။ သဟ၊ တကွ။ ရောဟိဏီနံ ဂဝံ၊ နီသော အဆင်းရှိသော နွားမတို့၏။ သဟဿံ၊ တထောင်ကို။ ဒဒါမိ၊ ပေး၏။ ဟိ-သစ္စံ၊ မှန်၏။ တဝ၊ သင်၏။

ဓမ္မယုတ္တာ၊ တရားနှင့်ယှဉ်ကုန်သော။ ဂါထာ၊ စကားတို့ကို။ သုတွာန၊ နာရ၍။ အရိယော၊ မြတ်သောအကျင့်နှင့် ပြည့်စုံသောသူသည်။ အရိယဿ၊ မြတ်သောအကျင့်နှင့် ပြည့်စုံသောသူအား။ ကထံ န ဒဇ္ဇာ၊ အဘယ်ကြောင့် မလှူဘဲ နေအံ့နည်း။

ဘုရားလောင်းသည်ကား မြတ်သောမင်းကြီး ငါသည် ကိလေသာကာမ, ဝတ္ထုကာမတို့၌ အလိုမရှိ၊ အကြင် ထီး, ဘိနပ်ကို ငါသည် တောင်း၏။ ထို ထီး, ဘိနပ်ကိုသာလျှင် ငါ့အား ပေးလော့ဟု ဆို၍ တလွှာဘိနပ် သစ်ရွက်ထီးကိုယူ၍ မြတ်သောမင်းကြီး မမေ့လျော့ ဖြစ်လော့၊ အလှူပေးလော့၊ သီလစောင့်လော့၊ ဥပုသ်ဆောက်တည်လော့ဟု မင်းကို ဆုံးမ၍ မင်းတောင်းပန်စဉ်လျှင် ဟိမဝန္တာသို့ သွား၍ ထိုဟိမဝန္တာ၌ အဘိညာဉ်, သမာပတ်တို့ကို ဖြစ်စေ၍ ဗြဟ္မာပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

တောင်းသူ, ပယ်သူ၊ ငိုသည်ဟူ၊ တောင်းယူများက မုန်းတတ်လှ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဗြဟ္မဒတ္တဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၄။ စမ္မသာဋကဇာတ်

သိုးခွေ့ပရိဗိုဇ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကလျာဏရူပေါ ဝတ ယံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစမ္မသာဋကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် စမ္မသာဋကမည်သော ပရိဗိုဇ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုပရိဗိုဇ်အား သားရေဖြင့်ပြီးသော အဝတ်အာရုံသည် ဖြစ်သတတ်၊ ထိုစမ္မသာဋက ပရိဗိုဇ်သည် တနေ့သ၌ ပရိဗိုဇ်အရံမှ ထွက်၍ သာဝတ္ထိပြည်၌ ဆွမ်းခံသွားသည်ရှိသော် သိုးတို့၏ တိုက်ရာအရပ်သို့ ရောက်၏။ သိုးသည် ပရိဗိုဇ်ကိုမြင်၍ ခတ်လိုရကား နောက်သို့ ဆုတ်၏။ ပရိဗိုဇ်သည် ဤသိုးကား ငါ့အား အရိုအသေ ပြုခြင်းကို ပြ၏ဟု မဆုတ်၊ သိုးသည် လျင်မြန်သောအဟုန်ဖြင့် ပြေးလာ၍ ပေါင်၌ခတ်၍ ပရိဗိုဇ်ကို လဲစေ၏။ စမ္မသာဋက ပရိဗိုဇ်၏ ထိုသူတော်ကောင်း မဟုတ်သော သိုးအား ချီးမြှောက်ခြင်းကို ပြုခြင်းအမှုသည် ရဟန်းသံဃာ၌ ထင်ရှားစွာဖြစ်၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ စမ္မသာဋက ပရိဗိုဇ်သည် သူတော်ကောင်း မဟုတ်သော သိုးအား ချီးမြှောက်ခြင်းကိုပြု၍ ပျက်စီးခြင်းသို့ ရောက်၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော် မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ဤစမ္မသာဋကပရိဗိုဇ်သည် ယခုအခါ၌ သာလျှင် သူတော်ကောင်း မဟုတ်သော သိုးအား ချီးမြှောက်ခြင်းကိုပြု၍ ပျက်စီးခြင်းသို့ရောက်သည် မဟုတ်သေး၊ ရှေး၌လည်း ပျက်စီးခြင်းသို့ ရောက်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တဦးသော ကုန်သည်မျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ကုန်သွယ်ခြင်းကို ပြု၏။ ထိုအခါ တယောက်သော စမ္မသာဋက ပရိဗိုဇ်သည် ဗာရာဏသီပြည်၌ ဆွမ်းခံလတ်သော် နောက်သို့ဆုတ်သော သိုးကိုမြင်၍ ဤသိုးသည် ငါ့ကို ပူဇော်၏ဟု နောက်သို့ မဖဲမူ၍ ဤမျှအတိုင်း အရှည် ရှိကုန်သော လူတို့၏အတွင်း၌ တယောက်သော လူသည်လည်း ကျေးဇူးကိုမသိဟု ထိုသိုးအား လက်အုပ်ချီ၍ ရပ်လျက်-

၉၃။ ကလျာဏ ရူပါ ဝတ ယံ စတုပ္ပဒေါ၊
သုဘဒ္ဒကော စေဝ သုပေသလော စ၊
ယော ဗြာဟ္မဏံ ဇာတိမန္တူပပန္နံ၊
အပစာယတိ မေဏ္ဍဝရော ယသဿီ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၃။ ယသဿီ၊ များသောအခြံအရံရှိသော။ ယော မေဏ္ဍဝရော၊ အကြင် သိုးမြတ်သည်။ ဇာတိမန္တူပပန္နံ၊ အမျိုးမြတ်ခြင်း ဗေဒင်တတ်ခြင်းနှင့် ပြည့်စုံသော။ ဗြာဟ္မဏံ၊ ပုဏ္ဏားကို။ အပစာယတိ၊ ပူဇော်၏။ စတုပ္ပဒေါ၊ အခြေလေးချောင်း ရှိသော။ ယော မေဏ္ဍဝရော၊ အကြင် သိုးမြတ်သည်။ ကလျာဏရူပါ ဝတ၊ ကောင်းသော သဘောရှိစွတကား။ သုဘဒ္ဒကော စေဝ၊ အလွန်ကောင်းသော ကျေးဇူးလည်းရှိစွတကား။ သုပေသလော စ၊ အလွန် သီလကို ချစ်စွတကား။

ထိုအရပ်၌နေသော ပညာရှိသော ကုန်သည်သည် ထိုပရိဗိုဇ်ကို တားမြစ်လိုရကား-

၉၄။ မာ ဗြာဟ္မဏ ဣတ္တရဒဿနေန၊
ဝိသာသမာပဇ္ဇိ စတုပ္ပဒဿ။
ဒဠှပ္ပဟာရံ အဘိကင်္ခမာနော၊
အဝသက္ကတီ ဒဿတိ သုပ္ပဟာရံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၄။ ဗြာဟ္မဏ၊ ပုဏ္ဏား ပရိဗိုဇ်။ ဣတ္တရဒဿနေန၊ ထိုခဏ၌ မြင်သဖြင့်။ စတုပ္ပဒဿ၊ အခြေလေးချောင်းရှိသော သိုး၏။ ဝိသာသံ၊ အကျွမ်းဝင်ခြင်းသို့။ မာ အာပဇ္ဇိ၊ မရောက်လင့်။ ဒဠှပ္ပဟာရံ၊ ပြင်းစွာ တိုက်ခတ်ခြင်းကို။ အဘိကင်္ခမာနော၊ အလိုရှိသည်ဖြစ်၍။ အဝသက္ကတိ၊ နောက်သို့ ဆုတ်၏။ သော၊ ထိုသိုးသည်။ သုပ္ပဟာရံ၊ ပြင်းစွာ တိုက်ခတ်ခြင်းကို။ ဒဿတိ၊ ပေးလတ္တံ့။

ထိုပညာရှိကုန်သည် ဆိုစဉ်လျှင် ထိုသိုးသည် လျင်စွာသော အဟုန်ဖြင့် ပြေးလာ၍ ပေါင်၌ တိုက်၍ ထိုပရိဗိုဇ်ကို ထိုအရပ်၌လျှင် ဝေဒနာသို့ ရောက်လတ်သည်ကိုပြု၍ လဲစေ၏။ ထိုပရိဗိုဇ်သည် ဝေဒနာသို့ ရောက်လတ်သော် ငိုလျက်အိပ်၏။ သဗ္ဗညူ မြတ်ဘုရားသည် ထိုအကြောင်းကို ပြလိုရကား-

၉၅။ ဦရုဋ္ဌိ ဘဂ္ဂံ ဝဋ္ဋိတော ခါရိဘာရော၊
သဗ္ဗဉ္စ ဘဏ္ဍံ ဗြာဟ္မဏဿ ဘိန္နံ။
ဥဘောပိ ဗာဟာ ပဂ္ဂယှ ကန္ဒတိ၊
အဘိဓာဝထ ဟညတေ ဗြဟ္မစာရီ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၉၅။ ဗြာဟ္မဏဿ၊ ပရိဗိုဇ်၏။ ဦရုဋ္ဌိ၊ ပေါင်ရိုးသည်။ ဘဂ္ဂံ၊ ကျိုး၏။ ခါရိဘာရော၊ ပရိက္ခရာဖြင့်ပြည့်သော ဝန်ထုပ်သည်။ ဝဋ္ဋိတော၊ ပတ်ချာ လည်လျက် လိမ့်၏။ သဗ္ဗဉ္စ၊ အလုံးစုံလည်းဖြစ်သော။ ဘဏ္ဍံ၊ ဘဏ္ဍာသည်။ ဘိန္နံ၊ ကွဲ၏။ ဗြဟ္မစာရီ၊ ပရိဗိုဇ်ကို။ ဟညတေ၊ ထိုးခတ်၍ သတ်၏။ တုမှေ၊ သင်တို့သည်။ အဘိဓာဝထ၊ ပြေးကြ ကုန်။ ဣတိ၊ ဤသို့ဆိုလျက်။ ဥဘောပိ၊ နှစ်ဘက်လည်းဖြစ်ကုန်သော။ ဗာဟာ၊ မောင်းတို့ကို။ ပဂ္ဂယှ၊ မြှောက်၍။ ကန္ဒတိ၊ မြည် တမ်း၏။

ပရိဗိုဇ်သည်-

၉၆။ ဧဝံ သော နိဟတော သေတိ၊
ယော အပူဇံ ပသံသတိ။
ယထာဟမဇ္ဇ ပဟတော၊
ဟတော မေဏ္ဍေန ဒုမ္မတီ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၆။ အဇ္ဇ၊ ယနေ့။ ဒုမ္မတီ၊ ပညာမရှိသော။ အဟံ၊ ငါ့ကို။ မေဏ္ဍေနန၊ သိုးသည်။ ပဟတော၊ တိုက်ခတ်အပ်သည်ဖြစ်၍။ ဟတော ယထာ၊ သေရသကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ ယော၊ အကြင်သူသည်။ အပူဇံ၊ မပူဇော်အပ်သောသူကို။ ပသံသတိ၊ ချီးမွမ်း၏။ သော၊ ထိုသူသည်။ နိဟတော၊ သေ၍။ သေတိ၊ အိပ်ရ၏။

ထိုပရိဗိုဇ်သည် ဤသို့ငိုလျက် ထိုအရပ်၌လျှင် သေလေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ စမ္မသာဋကပရိဗိုဇ်သည် ထိုအခါ စမ္မသာဋကပရိဗိုဇ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိ ကုန်သည်ကြီး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မချီးမြှောက်ထိုက်၊ ချီးမြှောက်လိုက်ငြား၊ ပျက်ဆုံးပါး၊ နောက်ကား နောင်တရတတ်စွ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော စမ္မသာဋကဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၅။ ဂေါဓရာဇဇာတ်

ဖွတ်စားရသေ့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သမဏံ တံ မညမာနော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂေါဓရာဇဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုကို အောက်၌ အပ်ပြီ ) ဤဂေါဓရာဇဇာတ်၌လည်း ထိုရဟန်းကိုဆောင်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ဤရဟန်းသည်အံ့ဘွယ်သရဲကို ဖြစ်စေတတ်၏ဟု ဘုရားသဗ္ဗညူအား ပြကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သည် မဟုတ်သေး၊ ရှေး၌လည်းအံ့ဘွယ်သရဲကို ဖြစ်စေသလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဖွတ်မျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ကိုယ်အားနှင့် ပြည့်စုံ၏။ တော၌နေ၏။ တယောက်သော သီလမရှိသော ရသေ့သည် ထိုဖွတ်၏အနီး၌ ကျောင်းဆောက်၍ နေ၏။ ဘုရားလောင်းသည် အစာရှာထွက်လတ်သော် ထိုရသေ့ကျောင်းကို မြင်၍ သီလရှိသော ရသေ့ကျောင်းဖြစ်လတ္တံ့ဟု ကျောင်းသို့သွား၍ ရသေ့ကို ရှိခိုး၍ မိမိနေရာသို့လျှင် သွား၏။ ထိုအခါ တနေ့သ၌ ထိုရသေ့စဉ်းလဲသည် အလုပ်အကျွေး ဒါယကာအိမ်၌ ကောင်းစွာစီရင်အပ်သော ကောင်းသော တောဖွတ်သားကိုရ၍ ဤအသားကား အဘယ်အသားနည်းဟု မေး၍ ဖွတ်သားတည်းဟု ကြားရ၍ ရသတဏှာသည် နှိပ်စက်အပ်သည်ဖြစ်၍ ငါ၏ ကျောင်းသို့ မပြတ်လာသောဖွတ်ကို သတ်၍ အလိုရှိတိုင်းချက်၍ စားအံ့ဟု ထောပတ် နို့ဓမ်းစသော ဘဏ္ဍာတို့ကိုယူ၍ ကျောင်းသို့သွား၍ ဆောက်ပုတ်တ်ကို ကိုင်၍ သင်္ကန်းဖြင့် ဖုံးလွှမ်း၍ ဘုရားလောင်း၏ လာခြင်းကိုမျှော်လျှက် ကျောင်းတံခါး၌ အလွန်ငြိမ်သက်သကဲ့သို့ နေ၏။ ဘုရားလောင်းသည် လာလတ်၍ ပျက်သော ဣန္ဒြေရှိသော ထိုရသေ့ကိုမြင်၍ ဤရသေ့သည် ငါတို့၏ ဆွေမျိုးအသားကို စားသည်ဖြစ်လတ္တံ့။ ရသေ့ကို စုံစမ်းအံ့ဟု လေကြေ၌ရပ်၍ ကိုယ်နံ့ကိုရ၍ ဖွတ်သားကို စားလတ်သည်၏ အဖြစ်ကိုသိ၍ ရသေ့အထံသို့ မချဉ်းကပ်မူ၍ ဆုတ်၍ သွား၏။ ရသေ့သည်လည်း ဘုရားလောင်းမလာသော အဖြစ်ကိုသိ၍ ဆောက်ပုတ်နှင့်ပစ်၏။ ဆောက်ပုတ်တ်သည် ကိုယ်၌မကျမူ၍ အမြီးဖျားသို့ ရောက်၏။ ရသေ့စဉ်းလဲသည် ဟယ်... ဖွတ်၊ သွားလေလော့ လွဲချော်လေ၏ဟု ဆို၏။ ဘုရားလောင်းသည် ငါ့ကိုကား လွဲချော်လေ၏။ လေးပါးကုန်သော အပါယ်တို့ကိုကား မလွဲဟုဆိုလျက် ပြေး၍ စင်္ကြံဦး၌ရှိသော တောင်ပို့သို့ဝင်၍ တပါးသောအပေါက်မှ ဦးခေါင်းကိုဖေါ်၍ ထိုရသေ့စဉ်းလဲနှင့်တကွ စကားပြောလိုရကား-

၉၇။ သမဏံ တံ မညမာနော၊ ဥပဂစ္ဆိ မသညတံ။
သော မံ ဒဏ္ဍေန ပါဟာသိ၊
ယထာ အဿမဏော တထာ။
၉၈။ ကိံ တေ ဇဋာဟိ ဒုမ္မေဓ၊
ကိံ တေ အဇိနသာဋိယာ။
အဗ္ဘန္တရံ တေ ဂဟနံ၊ ဗာဟိရံ ပရိမဇ္ဇသိ။

ဟူကုန်သော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၉၇။ အဟံ၊ ငါသည်။ အသညတံ၊ ကိုယ်နှုတ်နှလုံးဖြင့် မစောင့်ရှောက်သော။ တံ၊ သင့်ကို။ သမဏံ မညမာနော၊ ရဟန်းထင်၍။ ဥပဂစ္ဆိံ၊ ဆည်းကပ်မိ၏။ ယထာ၊ အကြင်အခြင်းအရာဖြင့်။ အဿမဏော၊ ရဟန်းမဟုတ်သည်။ ဟောတိ၊ ဖြစ်၏။ တထာ၊ ထိုအခြင်းအရာဖြင့်။ သော တွံ၊ ထိုသင်သည်။ မံ၊ ငါ့ကို။ ဒဏ္ဍေန၊ ဆောက်ပုတ်ဖြင့်။ ပါဟာသိ၊ ပစ်၏။

֍ ဋ္ဌ ၉၈။ ဒုမ္မေဓ၊ ပညာမဲ့။ တေ၊ သင့်၏။ ဇဋာဟိ၊ ဆံကျစ်တို့ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ တေ၊ သင့်အား။ အဇိနသာဋိယာ၊ သစ်နက်ရေဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ တေ၊ သင်၏။ အဗ္ဘန္တရံ၊ အတွင်း၌။ ဂဟနံ၊ ကိလေသာ ဟူသော တောအုပ်ရှိ၏။ ဗာဟိရံ၊ အပသည်ကား။ ပရိမဇ္ဇသိ၊ ပြေပြစ်၏။

ထိုစကားကို ကြား၍ ရသေ့သည်-

၉၉။ ဧဟိ ဂေါဓ နိဝတ္တဿု၊ ဘုဉ္စ သာလီနမောဒနံ။
တေလံ လောဏဉ္စ မေ အတ္ထိ၊ ပဟူတံ မယှ ပိပ္ဖလိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၉။ ဂေါဓ၊ ဖွတ်။ ဧဟိ၊ လာလော့။ နိဝတ္တဿု၊ ပြန်ခဲ့ဦးလော့။ သာလီနံ၊ သလေးတို့၏။ ဩဒနံ၊ ထမင်းကို။ ဘုဉ္စ၊ စားလှည့်လော့။ မေ၊ ငါ့အား။ တေလဉ္စ၊ ဆီသည်၎င်း။ လောဏဉ္စ၊ ဆားသည်၎င်း။ အတ္ထိ၊ ရှိ၏။ မယှံ၊ ငါအား။ ပဟူတံ၊ များစွာသော။ ပိပ္ဖလိ၊ ရှိန်းခို ဇီယာ, ဂျင်း, ကြက်သွန်, ငြုတ်, ပိတ်ချင်းအားဖြင့် စပ်သော ဘဏ္ဍာသည်လည်း။ အတ္ထိ၊ ရှိ၏။

ထိုစကားကို ကြား၍ ဘုရားလောင်းသည်-

၁၀၀။ ဧသ ဘိယျော ပဝေက္ခာမိ၊ ဝမ္မိကံ သတပေါရိသံ။
တေလံ လောဏဉ္စ ကိတ္တေသိ၊ အဟိတံ မယှံ ပိပ္ဖလိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၀။ ဒုဋ္ဌတာပသ၊ ရသေ့ပျက်။ သော အဟံ၊ ဤငါသည်။ သတပေါရိသံ၊ အသူတရာနက်သော။ ဝမ္မိကံ၊ တောင်ပို့သို့။ ဘိယျော၊ လွန်စွာ။ ပဝေက္ခာမိ၊ ဝင်အံ့။ တွံ၊ သင်သည်။ တေလဉ္စ၊ ဆီကို၎င်း။ လောဏဉ္စ၊ ဆားကို၎င်း။ ကိတ္တေသိ၊ ကြား၏။ မယှံ၊ ငါ့အား။ ပိပ္ဖလိ၊ ပိတ်ချင်းအစရှိသော အစပ်ဘဏ္ဍာသည်။ အဟိတံ၊ မလျှောက်ပတ်။

ဤသို့ဆို၍ ရသေ့စဉ်းလဲ သင်သည် အကယ်၍ ဤ၌နေအံ့၊ သင့်ကို ဆွမ်းခံရွာ၌ လူတို့ကို ဤရသေ့ကား ခိုးသူတည်းဟု ဖမ်းစေ၍ ဖောက်ပြန်ခြင်းသို့ ရောက်စေအံ့၊ လျင်မြန်စွာ ပြေးလေဟု ခြိမ်းချောက်၏။ ရသေ့စဉ်းလဲသည် ထိုအရပ်မှ ပြေး၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဤအံ့ဘွယ်သရဲကို ဖြစ်စေတတ်သောရဟန်းသည် ထိုအခါ စဉ်းလဲသော ရသေ့ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဖွတ်မင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

စဉ်းလဲကောက်လှ၊ ဒုဿီလကား၊ ရသ, ခင်လတ်၊ ဖွတ်ကိုသတ်၏

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ဂေါဓရာဇဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၆။ ကက္ကာရုဇာတ်

နတ်ပန်းခိုင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်ကာယေန ယော နာဝဟရေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကက္ကာရုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ဒေဝဒတ်သည် သံဃာကိုသင်းခွဲ၍ ပရိသတ်သည် အဂ္ဂသာဝကတို့နှင့်တကွ ဖဲခွါလတ်သည်ရှိသော် ဒေဝဒတ်၏ ခံတွင်းမှ ပူသောသွေးသည် အန်၏။ ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဒေဝဒတ်သည် မုသားဆိုခြင်းကိုပြု၍ သံဃာကို သင်းခွဲ၏။ ယခုနာ၍ ကြီးစွာသောဆင်းရဲကို ခံရ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော် လျောက်သည်ရှိသော်

ရဟန်းတို့ ဒေဝဒတ်သည် ယခုသာလျှင် မုသားဆိုသည် မဟုတ်သေး၊ ရှေး၌လည်း မုသားဆိုသလျှင်ကတည်း၊ ယခုသာလျှင် မုသားဆို၍ ကြီးစွာသော ဆင်းရဲကို ခံရသည် မဟုတ်သေး၊ ရှေး၌လည်း ခံရဘူးသလျှင် ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တာဝတိံသာနတ်ပြည်၌ မထင်ရှားသော နတ်သားဖြစ်၏။ ထိုအခါ ဗာရာဏသီပြည်၌ ကြီးစွာသော ပွဲသဘင်သည် ဖြစ်၏။ များစွာကုန်သော နဂါး, ဂဠုန်, ဘုမ္မစိုဝ်းနတ်တို့သည် လာ၍ ပွဲသဘင်ကို ကြည့်ကုန်၏။ တာဝတိံသာ နတ်ပြည်မှလည်း လေးယောက်ကုန်သော နတ်သားတို့သည် ကက္ကာရုမည်သော နတ်ပန်းတို့ဖြင့် ပြုအပ်သော ပန်းကုံးတို့ကိုပန်၍ ပွဲသဘင်ကြည့်အံ့သောငှါ လာကုန်၏။ တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီမြို့သည် ထိုပန်းတို့၏အနံ့ဖြင့် တစပ်တည်းသော အနံ့ရှိ၏။ လူတို့သည် ဤပန်းတို့ကို အဘယ်သူသည် ပန်အပ်ကုန်သနည်းဟု ဆင်ခြင်ကုန်လျက် သွားကုန်၏။ ထိုနတ်သားတို့သည် ငါတို့ကို ထိုလူတို့သည် ဆင်ခြင်ကုန်၏ဟု သိ၍ မင်းယင်ပြင်သို့ ပျံ၍ ကြီးစွာသော နတ်တို့၏ အာနုဘော်ဖြင့် ကောင်းကင်၌ တည်ကုန်၏။ လူများသည် စည်းဝေး၏။ မင်းသည်လည်း အိမ်ရှေ့ မင်းအစရှိကုန်သော သူတို့နှင့်တကွ သွား၏။ ထိုအခါ ထိုနတ်သားတို့ကို အရှင်နတ်သားတို့ အရှင်တို့သည် အဘယ်နတ်ပြည်မှ လာကုန်သနည်းဟု မေးကုန်၏။ တာဝတိံသာနတ်ပြည်မှ လာကုန်၏ဟု ဆိုကုန်၏။ အဘယ်အမှုဖြင့် လာကုန်သနည်းဟု မေးကုန်၏။ ပွဲကြည့်အံ့သောငှါ လာကုန်၏ဟု ဆိုကုန်၏။ ဤပန်းတို့သည်ကား အဘယ်အမည်ရှိကုန်သော ပန်းတို့နည်းဟု မေးကုန်၏။ ကက္ကာရုမည်သော နတ်ပန်းတို့တည်းဟုဆိုကုန်၏။ အရှင်နတ်သားတို့ အရှင်တို့သည် နတ်ပြည်၌ တပါးကုန်သော ပန်းတို့ကို ပန်ဆင်ပါကုန်လော၊ ကျွန်ုပ်တို့အား ဤပန်းတို့ကို ပေးပါကုန်လောဟု တောင်းကုန်၏။ နတ်သားတို့သည် ကက္ကာရုနတ်ပန်းတို့သည်ကား အာနုဘော်ကြီးကုန်၏။ နတ်တို့အားသာလျှင် ထိုက်ကုန်၏။ လူ့ပြည်၌ ယုတ်မာကုန်သော ပညာမရှိကုန်သော ယုတ်မာသော နှလုံးသွင်းရှိကုန်သော သီလမရှိကုန်သော သူတို့အား မထိုက်ကုန်၊ အကြင် လူတို့သည်ကား ဤသို့ သဘောရှိသည်လည်းဖြစ်ကုန်သော ဤသို့သဘောရှိသည်လည်း ဖြစ်ကုန်သော ဂုဏ်တို့နှင့် ပြည့်စုံကုန်၏။ ထိုသူတို့အား ထိုက်ကုန်၏ဟု ဆိုကုန်၏။ ဤသို့ဆိုပြီး၍ ထိုနတ်သားတို့တွင် နတ်သားအကြီးသည်-

၁၀၁။ ကာယေန ယော နာဝဟရေ၊
ဝါစာယ န မုသာ ဘဏေ။
ယသော လဒ္ဓါ န မဇ္ဇေယျ၊
သ ဝေ ကက္ကာရုမရဟတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၁။ ယော၊ အကြင်သူသည်။ ကာယေန၊ ကိုယ်ဖြင့်။ နာဝဟရေ၊ သူ့ဥစ္စာကိုမခိုး။ ဝါစာယ၊ နှုတ်ဖြင့်။ မုသာ၊ မဟုတ်မမှန်သော စကားကို။ န ဘဏေ၊ မဆို။ ယသော၊ စည်းစိမ်ကို။ လဒ္ဓါ၊ ရ၍။ န မဇ္ဇေယျ၊ မမေ့မလျော့ရာ။ သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ ကက္ကာရုံ၊ ကရုမည်သောနတ်ပန်းကို။ အရဟတိ၊ ထိုက်၏။

ထိုစကားကိုကြား၍ ပုရောဟိတ်သည် ငါ့အား ဤကျေးဇူးတို့တွင် တခုသော ကျေးဇူးသည်မျှလည်း မရှိ၊ မဟုတ်မမှန်သော စကားကိုဆို၍ ထိုပန်းတို့ကိုယူ၍ ပန်အံ့၊ ဤသို့ ပန်ဆင်သည်ရှိသော် လူများသည် ငါ့ကို ဤပုဏ္ဏားကား ကျေးဇူးဂုဏ်နှင့် ပြည့်စုံသောသူတည်းဟု သိလတ္တံ့ဟု ကြံ၏။ ကြံပြီး၍ ထိုပုရောဟိတ်သည် ကျွန်ုပ်သည် ထိုကျေးဇူးတို့နှင့် ပြည့်စုံ၏ဟုဆို၍ ထိုကက္ကာရုပန်းတို့ကို ပေးစေ၍ ပန်ဆင်၍ နှစ်ယောက်မြောက်သော နတ်သားကို တောင်း၏။ ထိုနတ်သားသည်လည်း-

၁၀၂။ ဓမ္မေန ဝိတ္တမေသေယျ၊
န နိကတျာ ဓနံ ဟရေ။
ဘောဂေ လဒ္ဓါ န မဇ္ဇေယျ၊
သ ဝေ ကက္ကာရုမရဟတိ။

ဟူသော နှစ်ခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၂။ ယော၊ အကြင်သူသည်။ ဓမ္မေန၊ တရားသဖြင့်။ ဝိတ္တံ၊ ဥစ္စာကို။ ဧသေယျ၊ ရှာရာ၏။ နိကတျာ၊ စဉ်းလဲသဖြင့်။ ဓနံ၊ ဥစ္စာကို။ န ဟရေ၊ မဆောင်ရာ။ ဘောဂေ၊ စည်းစိမ်တို့ကို။ လဒ္ဓါ၊ ရ၍။ န မဇ္ဇေယျ၊ မမေ့မလျော့ရာ။ သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ ကက္ကာရုံ၊ ကက္ကာရု မည်သော နတ် ပန်းကို။ အရဟတိ၊ ထိုက်၏။

ပုရောဟိတ်သည် အကျွန်ုပ်သည် ဤကျေးဇူးတို့နှင့်ပြည့်စုံ၏ဟု ဆို၍ ထိုပန်းတို့ကို ပေးစေ၍ ပန်ဆင်၍ သုံးယောက်မြောက်သော နတ်သားကို တောင်း၏။ သုံးယောက်မြောက်သော နတ်သားသည်လည်း-

၁၀၃။ ယဿ စိတ္တံ အဟာလိဒ္ဒံ၊
သဒ္ဓါ စ အဝိရာဂိနီ။
ဧကော သာဒုံ န ဘုဉ္ဇေယျ၊
သ ဝေ ကက္ကာရုမရဟတိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၃။ ယဿ၊ အကြင်သူ၏။ စိတ္တံ၊ စိတ်သည်။ အဟာလိဒ္ဒံ၊ နနွင်းဆိုးသော အရည်ကဲ့သို့ လျင်မြန်စွာ ပြေတတ်သည် မဟုတ်။ သဒ္ဓါ စ၊ ကံ ကံ၏ အကျိုးကို ယုံကြည်ခြင်းသည်လည်း။ အဝိရာဂိနီ၊ အနည်းငယ်ဖြင့်လျှင် ပြေသည်မဟုတ်။ သာဒုံ၊ သာယာအပ်သော ဘောဇဉ်ကို။ ဧကော၊ တယောက်တည်း။ န ဘုဉ္ဇေယျ၊ မစားရာ။ သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ ကက္ကာရုံ၊ ကက္ကာရုမည်သောနတ်ပန်းကို။ အရဟတိ၊ ထိုက်၏။

ပုရောဟိတ်သည် အကျွန်ုပ်သည် ဤဂုဏ်တို့နှင့် ပြည့်စုံ၏ဟုဆို၍ ထိုပန်းတို့ကို ပေးစေ၍ ပန်ဆင်၍ လေးယောက် မြောက်သော နတ်သားကို တောင်း၏။ ထိုနတ်သားသည်လည်း-

၁၀၄။ သမ္မုခါ ဝါ တိရောက္ခာ ဝါ၊
ယော သန္တေ န ပရိဘာသတိ။
ယထာဝါဒီ တထာကာရီ၊
သ ဝေ ကက္ကာရုမရဟတိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၄။ ယော၊ အကြင်သူသည်။ သမ္မုခါ ဝါ၊ မျက်မှောက်၌၎င်း။ တိရောက္ခာ ဝါ၊ မျက်ကွယ် ၌၎င်း။ သန္တေ၊ သူတော်ကောင်းတို့ကို။ န ပရိဘာသတိ၊ မဆဲရေး။ ယထာဝါဒီ၊ အကြင်အခြင်းဖြင့် ဆို၏။ တထာကာရီ၊ ထိုအခြင်းဖြင့် ပြုလေ ရှိ၏။ ( ယထာဝါဒီ တထာကာရီ၊ အပြောနှင့်အလုပ် ညီညွတ်၏ ) သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ ကက္ကာရုံ၊ ကက္ကာရုမည်သော နတ်ပန်းကို။ အရဟတိ၊ ထိုက်၏။

ပုရောဟိတ်သည် ပေးလော့ အကျွန်ုပ်သည် ဤဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံ၏ဟုဆို၍ ထိုပန်းတို့ကိုပေးစေ၍ ပန်ဆင်၏။ လေးယောက်သော နတ်သားတို့သည် လေးခုသောပန်းကုံးတို့ကို ပုရောဟိတ်အား ပေး၍ နတ်ပြည်သို့လျှင် သွားကုန်၏။ နတ်သားတို့၏ သွားသောကာလ၌ ပုရောဟိတ်၏ ဦးခေါင်း၌ ကြီးစွာသော ဝေဒနာသညါ ဖြစ်၏။ ဦးခေါင်းသည် ထက်စွာသောအသွားဖျားရှိသော ဆောက်ဖြင့် ဖြတ်ဘိသကဲ့ သို့၎င်း သံပြားဖြင့်နှိပ်ဘိသကဲ့သို့၎င်း ဖြစ်၏။ ထိုပုရောဟိတ်သည် ဝေဒနာသို့ရောက်၍ ထိုမှဤမှ လူးလဲ၍ ကျယ်စွာသောအသံဖြင့် ဟစ်ကြွေး၏။ ထိုအမှုသည် အဘယ်တုံနည်းဟု မေးသည်ရှိသော် ငါသည် ကိုယ်တွင်း၌ မရှိသော ဂုဏ်ကျေးဇူးတို့ကို ရှိ၏ဟု မုသားဆို၍ ထိုနတ်သားတို့ကို တောင်း၏။ ထိုငါသည် ဝေဒနာသို့ရောက်၍ ကိုယ်အလုံး တုန်လှုပ်၏။ ထိုပန်းကုံးတို့ကို ငါ၏ ဦးခေါင်းမှ ပယ်ပါလောဟု ဆို၏။ ထိုပန်းကုံးတို့ကို ပယ်အံ့သောငှါ မတတ်နိုင်ကုန်၊ သံပြားဖြင့် ဖွဲ့အပ်သကဲ့သို့ ဖြစ်ကုန်၏။ ထိုအခါ ထိုပုရောဟိတ်ကို ချီ၍ အိမ်သို့ ဆောင်ကုန်၏။ အိမ်၌ ပုရောဟိတ်အား ဟစ်ကြွေးစဉ် ခုနစ်ရက်တို့သည် လွန်ကုန်၏။ မင်းသည် အမတ်တို့ကိုတိုင်ပင်၍ သီလမရှိသော ပုဏ္ဏားသည် သေလတ္တံ့၊ အဘယ်သို့ ပြုကြကုန်အံ့နည်းဟု ဆိုသည်ရှိသော် မြတ်သောမင်းကြီး တဖန် ပွဲသဘင်ပြုပြန်သည်ရှိသော် နတ်သားတို့သည် တဖန် လာပြန်ကုန်လတ္တံ့ဟု လျှောက်ကုန်၏။ မင်းသည် ပွဲသဘင်ကိုပြုစေ၍ နတ်သားတို့သည် တဖန်လာပြန်ကုန်၏။ မြိုအလုံးကို ပန်းနံ့ဖြင့် တစပ်တည်းသော အနံ့ရှိသည်ကို ပြု၍ ရှေးအတူသာလျှင် မင်းယင်ပြင်၌ ရပ်ကုန်၏။ လူများသည် စည်းဝေး၍ သီလမရှိသော ပုဏ္ဏားကို ဆောင်၍ နတ်သားတို့၏ရှေ့မှ ပက်လက်အိပ်စေ၏။ သီလမရှိသော ထိုပုဏ္ဏားသည် အရှင်နတ်သားတို့ အရှင်တို့သည် အကျွန်ုပ်အား အသက်ကိုပေးပါကုန်ဟု နတ်သားတို့ကို တောင်းပန်၏။ နတ်သားတို့သည် သီလမရှိသော ယုတ်မာသော သဘောရှိသောသင့်အား ဤပန်းတို့သည် မထိုက်မလျော်ကုန်၊ သင်သည်ကား ငါတို့ကို လှည့်စားအံ့ဟု အမှတ်ရှိသည် ဖြစ်၏။ မိမိ၏ မုသာဝါဒအကျိုးကို ရ၏ဟု လူများအလယ်၌ ဒုဿီလပုဏ္ဏားကို ကဲ့ရဲ့၍ ဦးခေါင်းမှပန်းကုံးကိုပယ်၍ လူများအား အဆုံးအမကို ပေး၍ မိမိတို့၏ အရပ်သို့သာလျှင် သွားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ပုဏ္ဏားဖြစ်ဘူးပြီ၊ ယခုအခါ ကဿပသည် ထိုအခါ တယောက်သော နတ်သား ဖြစ်ဘူးပြီ၊ ယခုအခါ မောဂ္ဂလ္လာန်သည် ထိုအခါ တယောက်သော နတ်သား ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ တယောက်သော နတ်သား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ နတ်သားအကြီး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မုသားမနိုင်၊ သင်းနံ့ ကြိုင်၊ ပန်းခိုင်ဆင်မှ ဆင်းရဲရ

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကက္ကာရုဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၇။ ကာကဝတီဇာတ်

မယားခိုး ဂဠုန်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝါတိ စာယံ တတော ဂန္ဓော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာကဝတီဇာတ်ကို ဇေတဝန် ကျောင်းတော် သီတင်း သုံးနေတော်မူစဉ် ငြီးငွေ့သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုအခါ ထိုရဟန်းကို ရဟန်း သင် ငြီးငွေ့သောဟူသည် မှန်သလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် အဘယ်၏ အစွမ်းဖြင့် ငြီးငွေ့သနည်းဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ကိလေ သာ၏ အစွမ်းအားဖြင့် ငြီးငွေ့၏ဟု နားတော် လျောက်သည်ရှိသော် ရဟန်း မိန်းမမည်သည်ကား စောင့်ရှောက်ခြင်းငှါ မတတ်ကောင်း၊ ရှေးပညာရှိတို့သည်လည်း မာတုဂါမကို သမုဒ္ဒရာအလယ် လက်ပံပင်ပျိုဗိမာန်၌ နေစေကုန်လျက် စောင့်ရှောက်ကုန်သော်လည်း စောင့်ရှောက်ခြင်းငှာ မတတ်နိုင်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ် မင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် အဘလွန်သဖြင့် မင်းပြု၏။ ဘုရားလောင်း၏ မိဖုယားကြီးသည် ကာကဝတီမည်၏။ နတ်သ္မီးကဲ့သို့ အလွန် အဆင်းလှ၏။

(ဤကာကဝတီဇာတ်၌ ဤသို့ ဆိုအပ်ပြီးသော အတိတ်ဝတ္ထု စကားသည် အကျဉ်းစကားတည်း၊ အကျယ်အားဖြင့်ကား အတိတ်ဝတ္ထုသည် ကုဏာလဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့)

ထိုအခါ၌ကား တခုသော ဂဠုန်မင်းသည် လူ၏အသွင်ဖြင့် သွား၍ မင်းနှင့်တကွ ကြွေအန် ကစားလတ်သော် ကာကဝတီမိဖုယား၌ တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ ကာကဝတီ မိဖုယားကိုယူ၍ ဂဠုန်ပြည်သို့ဆောင်၍ ထိုမိဖုယားနှင့်တကွ မွေ့လျော်၏။ မင်းသည် မိဖုယားကို မမြင်လတ်သော် နဋကုဝေရမည်သော စောင်းသမားကို မိဖုယားကို စုံစမ်းလော့ဟု ဆို၏။ စောင်းသမားသည် စုံစမ်းလတ်သော် ထိုအကြောင်းကို သိ၍ ဂဠုန်မင်းကိုစီး၍ အတောင်ကြားမှ ထွက်၍ တခုသော ရေအိုင်ဝယ် ပြိတ်တော၌အိပ်၍ ထိုပြိတ်တောမှ ဂဠုန်မင်းသွားသည့်ကာလ အတောင်ကြား၌ စီး၍ ဂဠုန်ပြည်သို့ရောက်၍ အတောင်ကြားမှထွက်၍ ထိုကာကဝတီမိဖုယားနှင့်တကွ ကိလေသာကာမ၏ အစွမ်းအားဖြင့် ရောရှက်ခြင်းကိုပြု၍ တဖန် ဂဠုန်မင်း၏ အတောင်ကြား၌လျှင် စီးလျက်လာ၍ ဂဠုန်မင်းသည် ဗာရာဏသီမင်းနှင့်တကွ ကြွေအန်ကစားသောကာလ၌ စောင်းသမားသည် မိမိစောင်းကိုယူ၍ ကြွေအန်ကစားသောပွဲသို့ သွား၍ မင်း၏အထံ၌ ရပ်လျက် သီချင်း သီသည်၏ အစွမ်းအားဖြင့် -

၁၀၅။ ဝါတိ စာယံ တတော ဂန္ဓော၊
ယတ္ထ မေ ဝသတီ ပိယာ။
ဒူရေ ဣတော ဟိ ကာကဝတီ၊
ယတ္ထ မေ နိရတော မနော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၅။ ယတ္ထ၊ အကြင်ဂဠုန်ပြည်၌။ မေ၊ ငါ၏။ ပိယာ၊ မယားသည်။ ဝသတိ၊ နေ၏။ တတော၊ ထိုဂဠုန်ပြည်မှ။ အယံ ဂန္ဓော၊ ဤနတ်နံ့သာကို လိမ်းကျံသော ကာကဝတီ မိဖုယား၏ ကိုယ်နံ့သည်။ ဝါတိ စ၊ လှိုင်သည်သာလျှင်တည်း။ ယတ္ထ၊ အကြင်ကာကဝတီ မိဖုယား၌။ မေ၊ ငါ၏။ မနော၊ စိတ်သည်။ နိရတော၊ မွေ့လျော်၏။ သာ ကာကဝတီ၊ ထိုကာကဝတီ မိဖုယားသည်။ ဣတော၊ ဤဗာရာဏသီပြည်မှ။ ဒူရေ၊ ဝေးသော ဂဠုန်ပြည်၌။ ဝသတိ၊ နေ၏။

ထိုစကားကို ကြား၍ ဂဠုန်မင်းသည်-

၁၀၆။ ကထံ သမုဒ္ဒမတရိ၊ ကထံ အတရိ ကေပုကံ။
ကထံ သတ္တ သမုဒ္ဒါနိ၊ ကထံ သိမ္ဗလိ မာရုဟိ။

ဟူသော နှစ်ခုမြောက်သောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၆။ တွံ၊ သင်သည်။ သမုဒ္ဒံ၊ သမုဒ္ဒရာကို။ ကထံ အတရိ၊ အဘယ်သို့ ကူးသနည်း။ ကေပုကံ၊ ကေပုကမည်သော မြစ်ကို။ ကထံ အတရိ၊ အဘယ် သို့ကူးသနည်း။ သတ္တ သမုဒ္ဒါနိ၊ သီဒါ သမုဒ္ဒရာ ခုနစ်တန်တို့ကို။ ကထံ အတိက္ကမိတွာ၊ အဘယ်သို့ လွန်၍။ သိမ္ဗလိံ၊ လက်ပံပင်ကို။ ကထံ အာရုဟိ၊ အဘယ်သိုတက်သနည်း။

ထိုစကားကို ကြား၍ နဋကုဝေရ စောင်းသမားသည်-

၁၀၇။ တယာ သမုဒ္ဒမတရိံ၊ တယာ အတရိံ ကေပုကံ။
တယာ သတ္တ သမုဒ္ဒါနိ၊ တယာ သိမ္ဗလိ မာရုဟိံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၇။ အဟံ၊ ငါသည်။ တယာ၊ သင်ဖြင့်။ သမုဒ္ဒံ၊ သမုဒ္ဒရာကို။ အတရိံ၊ ကူးပြီ။ တယာ၊ သင်ဖြင့်။ ကေပုကံ၊ ကေပုကမည်သော မြစ်ကို။ အတရိံ၊ ကူးပြီ။ တယာ၊ သင်ဖြင့်။ သတ္တ သမုဒ္ဒါနိ၊ သီဒါသမုဒ္ဒရာ ခုနစ်တန်တို့ကို။ အတိက္ကမိတွာ၊ လွန်၍။ တယာ၊ သင်ဖြင့်။ သိမ္ဗလိံ၊ လက်ပံပင်ကို။ အာရုဟိံ၊ တက်ပြီ။

ထိုနောက်မှ ဂဠုန်မင်းသည် -

၁၀၈။ ဓီရတ္ထု မံ မဟာကာယံ၊ ဓီရတ္ထု မံ အစေတနံ။
ယတ္ထ ဇာယာယဟံ ဇာရံ၊ အာဝဟာမိ ဝဟာမိ စ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၈။ ယတ္ထ-ယသ္မာ၊ အကြင့်ကြောင့်။ အဟံ၊ ငါသည်။ ဇာယာယ၊ မယား၏။ ဇာရံ၊ လင်ဖြစ်သော စောင်းသမားကို။ အာဝဟာမိ စ၊ ဂဠုန်ပြည်သို့လည်း ယူ၏။ ဝဟာမိ စ၊ လူ့ပြည်သို့လည်း ပို့ဆောင်၏။ တသ္မာ၊ ထို့ကြောင့်။ မဟာကာယံ၊ ကြီးသောကိုယ်ရှိသော။ မံ၊ ငါ့ကို။ ဓီရတ္ထု၊ ငါ ကဲ့ရဲ့၏ အစေတနံ၊ ပေါ့သည်၏အဖြစ် လေးသည်၏အဖြစ်ကို မသိသော။ မံ၊ ငါ့ကို။ ဓီရတ္ထု၊ ကဲ့ရဲ့၏။

ထိုဂဠုန်မင်းသည်ကား ကာကဝတီ မိဖုယားကို ဆောင်၍ ဗာရာဏသီမင်းအား ပေး၍ တဖန် ဗာရာဏသီမြို့သို့ မလာပြီ။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ နဋကုဝေရမည်သော စောင်းသမား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီမင်းဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

စောင့်ရှောက်ခဲလှ၊ ဣတ္ထိယ၊ မိန့်ဟခါခါ မတွယ်တာနှင့်

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကာကဝတီဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၈။ အနနုသောစိယဇာတ်

မယားသေ စိတ်ထွေ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဗဟူနံ ဝိဇ္ဇတိ ဘောတီ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအနနုသောစိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားသေသော သူကြွယ်တယောက်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုသူကြွယ်သည် မယားသေလွန်သည် ရှိသော် ရေမချိုး မသောက် မလိမ်းကျံ အစာမစား အမှုမလုပ်၊ စင်စစ်သဖြင့် သောကသည် နှိပ်စက်ရကား သုသာန်သို့သွား၍ ငိုလျက်သာလျှင် လှည့်လည်သတတ်၊ အိုး၌ ဆီမီးထွန်းပသကဲ့သို့ သူကြွယ်၏ ကိုယ်အတွင်း၌ သောတာပတ္တိမဂ်၏ ဥပနိဿယသည် ထွန်းပ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် မိုးသောက်ထ ကာလ၌ လောကကို ကြည့်တော်မူသည်ရှိသော် ထိုသူကြွယ်ကို မြင်တော်မူ၍ ငါ့ကိုထား၍ ငါမှတပါး ဤသူကြွယ်အား သောကကိုပယ်၍ သောတာပတ္တိမဂ်ကို ပေးတတ်သော တစုံတယောက်သောသူသည် မရှိ၊ ငါသည် ထိုသူကြွယ်၏ ကိုးကွယ်ရာဖြစ်အံ့ဟု ဆွမ်းဘုဉ်းပေးပြီး သည်မှနောက် ဆွမ်းခံရာမှ ဖဲတော်မူ၍ နောက်လိုက်ရဟန်းကို ခေါ်တော်မူ၍ ထိုသူကြွယ်၏ အိမ်တံခါးသို့ ကြွတော်မူ၍ သူကြွယ်သည် ခရီးဦး ကြိုဆို၍ ပူဇော် သက္ကာရကို ပြုလတ်သော် ခင်းအပ်သောနေရာ၌ နေတော်မူ၍ သူကြွယ်သည် လာလတ်၍ ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာ နေလတ်သော် သီတင်းသည် သင်သည် ဆိတ်ဆိတ် နေသလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား အမိန့်တော်အတိုင်း ဟုတ်၏။ အကျွန်ုပ်မယားသည် သေ၏။ အကျွန်ုပ်သည် သေသောမယားကို စိုးရိမ်လျက် ဆိတ်ဆိတ်နေ၏ဟု နားတော် လျှောက်သည်ရှိသော် သီတင်းသည် ပျက်စီးတတ်သော သဘောမည်သည်ကား ပျက်စီးမြဲဖြစ်၏။ ထိုပျက်စီးခြင်း သဘောတရား၌ စိုးရိမ်ခြင်းငှါ မသင့်၊ ရှေးပညာရှိတို့သည်လည်း မယားသေလွန်သည်ရှိသော် ပျက်စီးတတ်သော သဘောသည် ပျက်စီး၏ ဟု မစိုးရိမ်ကုန်ဟု မိန့်တော်မူ၍ ထိုသူကြွယ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

(အတိတ်ဝတ္ထုသည် ဒသကနိပါတ်၊ စူဠဗောဓိဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ဤအနနုသောစိယဇာတ်၌ ဤသို့ ဆိုလတ္တံ့သော အတိတ်ဝတ္ထုသည်ကား အကျဉ်းတည်း)။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကို သင်၍ မိဘတို့၏ အထံသို့ ပြန်လာ၏။ (ဤအနနုသောစိယဇာတ်၌ ဘုရားလောင်းသည် သူငယ်လက်ထက်မှစ၍ မြတ်သောအကျင့်ကို ကျင့်၏။ ) ထိုအခါ မိဘတို့သည် ဘုရားလောင်းအား မယားကို ရှာကုန်အံ့ဟု ကြားကုန်၏။ ဘုရားလောင်းသည် အိမ်ရာ ထောင်ခြင်းကို ငါအလိုမရှိ၊ ငါသည် မိဘတို့၏ လွန်သောအခါ၌ ရသေ့ရဟန်းပြုအံ့ဟု ဆို၍ တဖန်တလဲလဲ တောင်းပန်အပ်သည်ရှိသော် တခုသော ရွှေရုပ်ကိုလုပ်စေ၍ ဤသို့ သဘောရှိသော သူငယ်မကိုရသော် ယူအံ့ဟု ဆို၏။ ဘုရားလောင်း၏ မိဘတို့သည် ထိုရွှေရုပ်ကို ယာဉ် ပေါင်းချုပ်၌ တင်၍ သွားကြကုန်၊ ဇမ္ဗူဒိပ်အပြင်၌ လှည့်လည်ကုန်လျက် အကြင်အိမ်၌ ဤသို့သဘောရှိသော ပုဏ္ဏေးမငယ်ကို မြင်ကုန်အံ့၊ ထိုအိမ်၌ ဤရွှေရုပ်ကိုပေး၍ ထိုပုဏ္ဏေးမငယ်ကို ဆောင်ခဲ့ကုန်လော့ဟု များစွာသော အခြံအရံဖြင့် လူတို့ကို စေလွှတ်ကုန်၏။

ထိုကာလ၌ကား တယောက်သော ဘုန်းရှိသော သတ္တဝါသည် ဗြဟ္မာပြည်မှစုတေ၍ ကာသိတိုင်း နိဂုံးရွာဝယ် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏား၏အိမ်၌ သူငယ်မ၏ အဖြစ်ဖြင့် ဖြစ်၏။ ထိုသူငယ်မအား သမ္မိလ္လဟာသိနီဟူသော အမည်ကိုမှည့်၏။ ထိုသမ္မိလ္လဟာသိနီသည် တဆဲ့ခြောက်နှစ် ရှိသောကာလ၌ အလွန်အဆင်း လှ၏။ ကြည်ညိုဘွယ်ရှိ၏။ နတ်သ္မီးနှင့်တူ၏။ ခပ်သိမ်းသော လက္ခဏာနှင့် ပြည့်စုံ၏။ ထိုသမ္မိလ္လဟာသိနီမည်သော သူငယ်မအားလည်း ကိလေသာစိတ်မည်သည် မဖြစ်စဘူး၊ သမ္မိလ္လဟာသိနီသည် မြတ်သောအကျင့်ကို ကျင့်၏။ ဤရွှေရုပ်ကိုယူ၍ လှည့်လည်ကုန်သော သူတို့သည် ထိုရွာသို့ ရောက်ကုန်၏။ ထိုရွာ၌ လူတို့သည် ထိုရွှေရုပ်ကို မြင်ကုန်၍ ဤအမည်ရှိသော ပုဏ္ဏားသ္မီး သမ္မိလ္လဟာသိနီသည် အဘယ်ကြောင့် ဤ၌နေသနည်းဟု ဆိုကုန်၏။ လူတို့သည် ထိုစကားကိုကြား၍ ဤပုဏ္ဏားအိမ်သို့သွား၍ သမ္မိလ္လဟာသိနီကို တောင်းကုန်၏။ သမ္မိလ္လဟာသိနီသည် မိဘတို့၏ လွန်သောအခါ ကျွန်ုပ် ရဟန်းပြုပါအံ့၊ ကျွန်ုပ် အိမ်ရာထောင်ခြင်းဖြင့် အလိုမရှိဟု မိဘတို့အား သတင်းစကားကို ပို့ စေ၏။ မိဘတို့လည်း သူငယ်မသည် အဘယ်သို့ ပြုလတ္တံ့နည်းဟု ဆို၍ ရွှေရုပ်ကိုယူ၍ သမ္မိလ္လဟာသိနီကို များစွာသော အခြံအရံဖြင့်ပို့ စေကုန်၏။ နှစ်ဦးကုန်သော သတို့သား, သတို့သ္မီးတို့အား အလိုမရှိကုန်ဘဲလျက် မင်္ဂလာ ပြုကုန်၏။ ထိုနှစ်ယောက်ကုန်သော သူတို့သည် တခုသော တိုက်ခန်း တခုသော အိပ်ရာ၌ နေကုန်လျက်လည်း အချင်းချင်း ကိလေသာ၏ အစွမ်းအားဖြင့် မကြည့်ဘူးကုန်၊ နှစ်ပါးကုန်သောရဟန်း နှစ်ယောက်ကုန်သော ဗြဟ္မာတို့ကဲ့သို့ တနေရာတည်း၌ နေကုန်၏။

နောက်အဘို့၌ ဘုရားလောင်း၏မိဘသည် သေလွန်ကုန်၏။ ဘုရားလောင်းသည် မိဘတို့ကို သင်္ဂြိုဟ်၍ သမ္မိလ္လဟာသိနီကို ခေါ်၍ ရှင်မ သင်သည် မိဘဥစ္စာ ကုဋေရှစ်ဆယ် သင့်မိဘဥစ္စာ ကုဋေရှစ်ဆယ် ဤမျှလောက်သော ဥစ္စာကိုယူ၍ ဥစ္စာကို ဖြစ်စေလော့၊ ငါသည် ရဟန်းပြုအံ့ဟု ဆို၏။ အရှင့်သား အရှင်သည် ရဟန်းပြုသော် ကျွန်ုပ်လည်း ရဟန်းပြုအံ့၊ အရှင့်သားကို စွန့်ခြင်းငှါ။ မတတ်နိုင်ဟု သမ္မိလ္လဟာသိနီဆို၏။ ထိုသို့တပြီးကား လာလော့ဟု ခပ်သိမ်းသောဥစ္စာတို့ကို အလှူဝ၌စွန့်၍ တံတွေးပေါက်ကဲ့သို့ စည်းစိမ်ကိုပယ်၍ ဟိမဝန္တာသို့ဝင်၍ နှစ်ယောက်ကုန်သော သူတို့သည်လည်း ရသေ့ ရဟန်းပြု၍ တောသစ်သီး ဟူသော အာဟာရရှိကုန်သည်ဖြစ်၍ ဟိမဝန္တာ၌ ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှါ ဟိမဝန္တာမှသက်၍ အစဉ်သဖြင့် ဗာရာဏသီသို့ ရောက်၍ မင်း၏ဥယျာဉ်၌ နေကုန်၏။

မင်းဥယျာဉ်၌ နေကုန်သော နှစ်ယောက်ကုန်သော ရသေ့တို့တွင် ဩဇာမရှိသော ရောနှောသော ဆွမ်းကို စားရသော ရသေ့မအား နူးညံ့သိမ်မွေ့သည်၏ အဖြစ်ကြောင့် ဝမ်းသွေးသွန်သော အနာသည် ဖြစ်၏။ ထိုရသေ့မသည် သင့်သောဆေးကို မရ၍ အားနည်း၏။ ဘုရားလောင်းသည် ဆွမ်းခံသောအချိန်၌ ထိုရသေ့မကို ယူခဲ့၍ မြို့တံခါးသို့ ဆောင်ခဲ့၍ တခုသော ဇရပ်ပျဉ်၌အိပ်စေ၍ မိမိသည် ဆွမ်းခံဝင်၍ ဘုရားလောင်း မြို့မှမထွက်မီလျှင် ရသေ့မသည် သေ လွန်၏။ လူများသည် ရသေ့မ၏ တင့်တယ်စွာသော အဆင်းကိုမြင်၍ ခြံရံလျက် ငိုကြွေး မြည် တမ်း၏။ ဘုရားလောင်းသည် ဆွမ်းခံ၍ လာလတ်သော် ထိုရသေ့မ၏ သေသောအဖြစ်ကိုသိ၍ ပျက်စီးတတ်သော သဘောသည် ပျက်စီး၏။ ခပ်သိမ်းကုန်သော သင်္ခါရတို့သည် အမြဲမရှိကုန်သလျှင်ကတည်းဟု ဆို၍ ထိုရသေ့မ လျောင်းသော ပျဉ်၌လျှင် ထိုင်၍ ရောနှောသော ဆွမ်းကိုဘုဉ်းပေး၍ ခံတွင်းကို ဆေး၏။ ခြံရံ၍ တည်သော လူများသည် အရှင်ဘုရား ဤရသေ့မသည် အရှင်ဘုရားနှင့် အဘယ်သို့တော်သနည်းဟု မေး၏။ လူဖြစ်စဉ်က ငါ၏ခြေရင်း၌ အလုပ်အကျွေးတည်းဟု ဆို၏။ အရှင်ဘုရား အကျွန်ုပ်တို့သည်ပင် သဘောအားဖြင့် မတည်နိုင်ကြကုန်၊ ငိုကြွေးမြည်တမ်းကြကုန်၏။ အရှင်ဘုရားသည် အဘယ့်ကြောင့် မငိုသနည်းဟု မေးကုန်၏။ ဘုရားလောင်းသည် ဤမိန်းမကား အသက်ရှင်စဉ်ကပင်လျှင် ငါနှင့် တစုံတခုတော် စပ်သည်မဟုတ်၊ ယခု တမလွန်သို့သွားသော် အဘယ်သို့တော်စပ်အံ့နည်း။ ဤရဟန်းမိန်းမသည် သေမင်းနိုင်ငံသို့ လိုက်သွားပြီ၊ အဘယ်ကြောင့် ငိုအံ့နည်းဟု လူများအား တရားဟောလိုရကား-

၁၀၉။ ဗဟူနံ ဝဇ္ဇတိ ဘောတီ၊ တေဟိ မေ ကိံ ဘဝိဿတိ။
တသ္မာ ဧတံ န သောစာမိ၊ ပိယံ သမ္မိလ္လဟာသိနိံ။
၁၁၀။ တံ တံ စေ အနုသောစေယျ၊ ယံယံ တဿ န ဝိဇ္ဇတိ။
အတ္တာန မနုသောစေယျ၊ သဒါ မစ္စုဝသံ ပတံ။
၁၁၁။ န ဟေဝ ဌိတံ နာသီနံ၊ န သယာနံ န ပဒ္ဓဂုံ။
ယာဝ ဗျာတိ နိမိသတိ၊ တတြာပိ ရသတီ ဝယော။
၁၁၂။ တတ္ထတ္ထနိ ဝတပ္ပဒ္ဓေ၊ ဝိနာဘာဝေ အသံသယေ။
ဘူတံ သေသံ ဒယိတဗ္ဗံ၊ ဝီတံ အနနုသောစိယံ။

ဟူကုန်သော ဤလေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၀၉။ ဘောတီ၊ ပုဏ္ဏေးမသည်။ ဗဟူနံ၊ များစွာကုန်သော သူသေတို့၏။ အန္တရေ၊ အတွင်း၌။ ဝိဇ္ဇတိ၊ ရှိ၏။ တေဟိ၊ ထိုသူသေတို့နှင့်။ သဒ္ဓိံ၊ တကွ။ ဝတ္တမာနာ၊ ဖြစ်သော ပုဏ္ဏေးမသည်။ မေ၊ ငါ့အား။ ကိံ၊ အဘယ်သို့တော်စပ်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့နည်း။ တသ္မာ၊ ထို့ကြောင့်။ ပိယံ၊ မယားဖြစ်သော။ ဧတံ သမ္မိလ္လဟာသိနိံ၊ ထိုသမ္မိလ္လဟာသိနီကို။ န သောစာမိ၊ ငါမစိုးရိမ်။

֍ ဋ္ဌ ၁၁၀။ ယံယံ၊ အကြင် အကြင် သေတိုင်း တိုင်းသောသူသည်။ တဿ၊ ထိုစိုးရိမ်သောသူအား။ န ဝိဇ္ဇတိ၊ မရှိ။ တံတံ၊ ထိုသေတိုင်း သေတိုင်းသောသူကို။ စေ အနုသောစေယျ၊ အကယ်၍ စိုးရိမ်ငြားအံ့။ သဒါ၊ အခါခပ်သိမ်း။ မစ္စုဝသံ၊ သေမင်းနိုင်ငံသို့။ ပတံ၊ လိုက်ရသော။ အတ္တာနံ၊ ကိုယ်ကို။ အနုသောစေယျ၊ စိုးရိမ်ရာ၏။

֍ ဋ္ဌ ၁၁၁။ ဟေ၊ အို လူများတို့။ ဌိတံဧဝ၊ ရပ်သော သတ္တဝါသို့သာလျှင်။ အာယုသင်္ခါရော၊ အာယုသင်္ခါရသည်။ ၊ လိုက်သည် မဟုတ်သေး။ အာသီနံ ဧဝ၊ ထိုင်သော သတ္တဝါသို့သာလျှင်။ အာယုသင်္ခါရော၊ အာယုသင်္ခါရသည်။ ၊ လိုက်သည်မဟုတ်သေး။ သယာနံဧဝ၊ လျောင်းသော သတ္တဝါသို့ သာလျှင်။ အာယုသင်္ခါရော၊ အာယုသင်္ခါရသည်။ ၊ လိုက်သည်မဟုတ်သေး။ ပဒ္ဓဂုံဧဝ၊ ဘဝါးဖြန့်လှမ်း၍ သွားသောသတ္တဝါသို့သာလျှင်။ အာယုသင်္ခါရော၊ အာယုသင်္ခါရသည်။ ၊ လိုက်သည်မဟုတ်သေး။ ယာဝ၊ အကြင်မျှလောက်။ ဗျာတိ၊ မျက်စိဖွင့်၏။ နိမိသတိ၊ မျက်စိမှိတ်၏။ တတြာပိ၊ ထိုမျက်စိဖွင့်စဉ် မှိတ်စဉ် အချိန်မျှ၌လည်း။ ဝယော၊ သုံးပါးသောအရွယ်သည်။ ရသတိ၊ ဆုတ်ယုတ်၏။

֍ ဋ္ဌ ၁၁၂။ တတ္ထ၊ ထိုအရွယ်၏ ဆုတ်ယုတ်သည်ရှိသော်။ ဝတ၊ စင်စစ်။ အတ္တနိ၊ အတ္တဘောသည်။ ပဒ္ဓေ၊ ချို့တဲ့ခြင်း၌၎င်း။ ဝိနာဘာဝေ၊ ကွေကွင်းခြင်း၌၎င်း။ အသံသယေ၊ ယုံမှားမရှိရာ။ သေသံ၊ မသေပျောက်ဘဲ ကြွင်းကျန်သော။ ဘူတံ၊ သတ္တဝါကို။ ဒယိတဗ္ဗံ၊ သနားချစ်ခင်အပ်၏။ ဝီတံ၊ သေလေပြီးသောသတ္တဝါကို။ အနနုသောစိယံ၊ အဖန်တလဲလဲ မစိုးရိမ်အပ်။

ဤသို့ ဘုရားလောင်းသည် လေးဂါထာတို့ဖြင့် အနိစ္စအခြင်းအရာကိုပြလျက် တရားကို ဟော၏။ လူများသည် ပရိဗိုဇ်ရဟန်းမိန်းမကို သင်္ဂြိုဟ်၏။ ဘုရားလောင်းသည် ဟိမဝန္တာသို့သာလျှင် ဝင်၍ ဈာန် အဘိညာဉ်, သမာပတ်တို့ကိုဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ သမ္မိလ္လဟာသိနီ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

အပျက်တရား၊ ပျက်တတ်ငြား၊ အများမှတ်သင့် စိုးရိမ်လင့်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော အနနုသောစိယဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၉။ ကာဠဗာဟုဇာတ်

တောတွင်း မောင်ညို

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယံ အန္နပါနဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာဠဗာဟုဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပျောက်သော လာဘသက္ကာရ ရှိသော ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏ ဒေဝဒတ်သည် ဘုရားအား အရာမဟုတ်သည်၌ ရန်ငြိုးဖွဲ့၍ လေးသ္မားတို့ကို စေလွှတ်ခြင်း, နာဠာဂိရိဆင်ကို လွှတ်ခြင်းဖြင့် ဒေဝဒတ်၏ အပြစ်သည် ထင်ရှားဖြစ်၏။ ထိုအခါ လူတို့သည် ဒေဝဒတ်အား အမြဲတည်အပ်သော ဆွမ်းဝတ်တို့ကို မတည်ကုန်၊ မင်းသည်လည်း ထိုဒေဝဒတ်ကို မကြည်ညို၊ ဒေဝဒတ်သည် ပျောက်သော လာဘသက္ကာရရှိသည်ဖြစ်၍ ဒါယကာတို့၌ တောင်း၍ စားလျက် လှည့်လည်၏။ ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ ဒေဝဒတ်သည် လာဘသက္ကာရကို ဖြစ်စေ၍ ဖြစ်ပြီးသော လာဘသက္ကာရကို အမြဲတည်စိမ့်သောငှာ မတတ်နိုင်ကုန်ဟု စကားကိုဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့်စည်းဝေးကြပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ပျောက်သော လာဘသက္ကာရရှိသည် မဟုတ်သေး၊ ရှေး၌လည်း ပျောက်သော လာဘသက္ကာရရှိသည်သာလျှင် ဖြစ်ဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဓနဉ္စယမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရာဓမည်သော ကျေးဖြစ်၏။ ကြီးသော ပြည့်ဖြိုးသော ကိုယ်ရှိ၏။ ညီတော်သည်ကား ပေါဋ္ဌပါဒ မည်၏။ တယောက်သော မုဆိုးသည် ကျေးညီနောင်တို့ကို ဖမ်းယူ၍ တန်ဆာဆင်၍ ဗာရာဏသီမင်းအား ဆက်၏။ မင်းသည် ကျေးညီနောင်တို့ကို ရွှေချိုင့်၌ထား၍ ရွှေခွက်ဖြင့် ပျားရည်, ပေါက်ပေါက်တို့ကို စားစေလျက် သကြားရည်တို့ကို သောက်စေလျက် မွေး၏။ များမြတ်သော ပူဇော်သက္ကာရသည် ဖြစ်၏။ ထိုအခါ တယောက်သော မုဆိုးသည် ကာဠဗာဟုမည်သော တခုသော မျောက်ညိုကြီးကို ဆောင်၍ ဗာရာဏသီမင်းအား ဆက်၏။ ထိုကာဠဗာဟုမျောက်ညိုကြီးအား နောက်မှလာသည်၏ အဖြစ်ကြောင့် အလွန်များသော လာဘသက္ကာရသည် ဖြစ်၏။ ကျေးသားတို့အား လာဘသက္ကာရသည် ပြတ်၏။ ဘုရားလောင်းသည် သည်းခံခြင်းလက္ခဏာနှင့် ယှဉ်သည်၏ အဖြစ်ကြောင့် တစုံတခုကို မဆို၊ ဘုရားလောင်း၏ ညီသည်ကား သည်းခံခြင်း လက္ခဏာမရှိသည်၏အဖြစ်ကြောင့် မျောက်အားဖြစ်သော လာဘသက္ကာရကို သည်းမခံနိုင်သည်ဖြစ်၍ အစ်ကိုကြီး ဤမင်းအိမ်၌ ကောင်းသော အရသာရှိကုန်သော ခဲဘွယ် အစရှိသည်တို့ကို ရှေး၌ ကျွန်ုပ်တို့အားသာလျှင် ပေးကုန်၏။ ယခု အကျွန်ုပ်တို့သည် မရကုန်၊ ကာဠဗာဟု မျောက်အားသာလျှင် ပေးကုန်၏။ ဓနဉ္စယမင်း၏ အထံမှ လာဘသက္ကာရကို မရကုန်၊ ဤအရပ်၌ ငါတို့သည် အဘယ်သို့ ပြုကုန်အံ့နည်း၊ လာလော့ တောသို့သာလျှင် သွား၍နေကုန်အံ့ဟု ရာဓကျေးနှင့်တကွ စကား ပြောလိုရကား-

၁၁၃။ ယံ အန္နပါနဿ ပုရေ လဘာမ၊
တံ ဒါနိ သာခမိဂမေဝ ဂစ္ဆတိ။
ဂစ္ဆာမ ဒါနိ ဝနမဝေ ရာဓ၊
အသက္ကတာ စသ္မ ဓနဉ္စယာယ။

ဟူသော ရှေးဦးစွာ ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၃။ ဘာတိက၊ အစ်ကို။ မယံ၊ ငါတို့သည်။ အဿ၊ ထိုဓနဉ္စယမင်း၏။ သန္တိကာ၊ အထံမှ။ ယံ အန္နပါနံ၊ အကြင် ထမင်းအဖျော်ကို။ ပုရေ၊ ရှေး၌။ လဘာမ၊ ရကုန်၏။ တံ အန္နပါနံ၊ ထိုထမင်း အဖျော်သည်။ ဣဒါနိ၊ ယခုအခါ၌။ သာခါမိဂမေဝ၊ မျောက်သို့သာလျှင်။ ဂစ္ဆတိ၊ ရောက်၏။ ရာဓ၊ အစ်ကိုရာဓ။ မယံ၊ ငါတို့သည်။ ဓနဉ္စယာယ၊ ဓနဉ္စယမင်းမှ။ အသက္ကတာ၊ ပူဇော်သက္ကာရကို မရကုန်သည်။ အသ္မ၊ ဖြစ်ကုန်၏။ ဣဒါနိ၊ ယခုအခါ ၌။ ဝနမဝေ၊ တောသို့သာလျှင်။ ဂစ္ဆာမ၊ သွားကြ ကုန်အံ့။

ထိုစကားကိုကြား၍ ရာဓကျေးသည်-

၁၁၄။ လာဘော အလာဘော ယသော အယသော စ၊
နိန္ဒာ ပသံသာ စ သုခဉ္စ ဒုက္ခံ။
ဧတေ အနိစ္စာ မနုဇေသု ဓမ္မာ၊
မာ သောစိ ကိံ သောစသိ ပေါဋ္ဌပါဒ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၄။ ပေါဋ္ဌပါဒ၊ ညီထွေး ပေါဋ္ဌပါဒ။ မနုဇေသု၊ လူတို့၌။ လာဘော၊ လာဘ်ရခြင်း။ အလာဘော၊ လာဘ်မရခြင်း။ ယသော၊ စည်းစိမ် အခြံအရံများခြင်း။ အယသော၊ စည်းစိမ်အခြံအရံမရှိခြင်း။ နိန္ဒာ၊ ကဲ့ရဲ့ခြင်း။ ပသံသာ စ၊ ချီးမွမ်းခြင်း။ သုခဉ္စ၊ ချမ်းသာခြင်း။ ဒုက္ခံ၊ ဆင်းရဲခြင်း။ ဧတေ ဓမ္မာ၊ ဤလောကဓံတရား ရှစ်ပါးတို့သည်။ အနိစ္စာ၊ အမြဲမရှိကုန်။ မာ သောစိ၊ မစိုးရိမ်လင့်။ ကိံ သောစသိ၊ အဘယ့်ကြောင့် စိုးရိမ်သနည်း။

ထိုစကားကိုကြား၍ ညီငယ်ပေါဋ္ဌပါဒသည် မျောက်၌ ငြူစူခြင်းကို ပယ်ခြင်းငှါ မတတ်နိုင်ရကား-

၁၀၅။ အဒ္ဓါ တုဝံ ပဏ္ဍိတကောသိ ရာဓ၊
ဇာနာသိ အတ္ထာနိ အနာဂတာနိ။
ကထံနု သာခမိဂံ ဒက္ခိဿာမ၊
နိဒ္ဓါဝိတံ ရာဇကုလတောဝ ဇမ္မံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၅။ ရာဓ၊ အစ်ကို ရာဓ။ တုဝံ၊ သင်သည်။ အဒ္ဓါ၊ စင်စစ်။ ပဏ္ဍိတကော၊ ပညာရှိသည်။ အသိ၊ ဖြစ်၏။ အနာဂတာနိ၊ မရောက်လာကုန်သေးသော။ အတ္ထာနိ၊ အကျိုးတို့ကို။ ဇာနာသိ၊ သိ၏။ ကထံနု၊ အဘယ်အကြောင်းဖြင့်။ ဇမ္မံ၊ ယုတ်မာသော။ သာခမိဂံ၊ မျောက်ကို။ ရာဇကုလတောဝ၊ မင်းအိမ်မှလျှင်။ နိဒ္ဓါဝိတံ၊ နှင်ထုတ်စေအပ်သည်ကို။ မယံ၊ ငါတို့သည်။ ဒက္ခိဿာမ၊ မြင်ရကုန်အံ့နည်း။

ထိုစကားကို ကြား၍ နောင်တော်ရာဓသည်-

၁၁၆။ စာလေတိ ကဏ္ဏံ ဘကုဋိံ ကရောတိ၊
မုဟုံ မုဟုံ ဘာယယတေ ကုမာရေ။
သယမေဝ တံ ကာဟတိ ကာဠဗာဟု
ယေနာရကာ ဌဿတိ အန္နပါနာ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၆။ ပေါဋ္ဌပါဒ၊ ပေါဋ္ဌပါဒ။ ကာဠဗာဟု၊ ကာဠဗာဟု မျောက်သည်။ ကဏ္ဏံ၊ နားကို။ စာလေတိ၊ လှုပ် လှက်၏။ ဘကုဋိံ၊ မျက်မှောင် ကြုတ်ခြင်းကို။ ကရောတိ၊ ပြု၏။ မုဟုံ မုဟုံ၊ ရုတ်ချည်း ရုတ်ချည်း။ ကုမာရေ၊ မင်းသားငယ်တို့ကို။ ဘာယယတေ၊ လန့်စေ၏။ ယေန၊ အကြင်အကြောင်းဖြင့်။ အန္နပါနာ၊ ထမင်းအဖျော်မှ။ အာရကာ၊ ဝေးစွာ။ ဌဿတိ၊ တည်လတ္တံ့။ ဧတံ၊ ထိုအကြောင်းကို။ သယံ၊ မိမိသည်။ ကာဟတိ၊ ပြုလတ္တံ့။

ကာဠဗာဟု မျောက်သည်လည်း နှစ်ရက် သုံးရက်လွန်သဖြင့် မင်းသားငယ်တို့၏ ရှေ့မှ နား, နှာခေါင်း လှုပ်ခြင်းအစရှိသည်တို့ကို ပြုလျက် မင်းသားငယ်တို့ကို ချောက်၏။ မင်းသားငယ်တို့သည်လည်း ထိတ်လန့်ကုန်၍ ဟစ်ကြွေးကုန်၏။ မင်းသည် အဘယ် အကြောင်းနည်းဟု မေး၏။ ထိုအကြောင်းကိုကြား၍ ကာဠဗာဟုမျောက်ကို ထုတ်ကြကုန်ဟု နှင်ထုတ်စေ၏။ ကျေးသားတို့အား တဖန် ပကတိ လာဘသက္ကာရသည် ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကာဠဗာဟုမျောက် ဖြစ်ဘူးပြီး၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ပေါဋ္ဌပါဒ ကျေးသား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရာဓကျေးသား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ်၏လာဘ်သပ်၊ ဒေဝဒတ်၊ ကိုယ်ဖြတ် လေတော့သည်

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ကာဠဗာဟုဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၁၀။ သီလဝီမံသဇာတ်

သားတစ်သို့ပုံ ကာမဂုဏ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သီလံ ကိရေဝ ကလျာဏံ အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤသီလဝီမံသဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် သီလကို စုံစမ်းတတ်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ (နှစ်ပါးကုန်သော ပစ္စုပ္ပန်ဝတ္ထု အတိတ်ဝတ္တုတို့ကိုလည်း အောက်၌ ဆိုအပ်ကုန်ပြီ) အထူးကား ဤသီလဝီမံသဇာတ်၌ ဘုရားလောင်းသည် ဗာရာ ဏသီမင်း၏ ပုရောဟိတ် ဖြစ်၏။ ထိုဘုရားလောင်းသည် မိမိသီလကို စုံစမ်းလိုရကား သုံးရက်ပတ်လုံး ရွှေပန်းထိမ်သည်၏ ပျဉ်မှ အသပြာကို ယူ၏။ ဘုရားလောင်းကို ခိုးသူဟု ဖမ်း၍ မင်းအား ပြကုန်၏။ ဘုရားလောင်းသည် မင်း၏အထံ၌ တည်လျက် -

၁၁၇။ သီလံ ကိရေဝ ကလျာဏံ၊
သီလံ လောကေ အနုတ္တရံ။
ပဿ ဃောရဝိသော နာဂေါ၊
သီလဝါတိ န ဟညတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၇။ သီလ ဧဝ၊ သီလသည်သာလျှင်။ ကလျာဏံ ကိရ၊ ကောင်းသတတ်။ လောကေ၊ လောက၌။ သီလံ ဧဝ၊ သီလသည်သာလျှင်။ အနုတ္တရံ ကိရ၊ အတူမရှိ မြတ်သတတ်။ ပဿ၊ ရှုပါလော့။ ဃောရဝိသော၊ ပြင်းသော အဆိပ်ရှိသော။ နာဂေါ၊ မြွေကို။ သီလဝါတိ၊ သီလရှိသော မြွေဟူ၍။ န ဟညတိ၊ မညှဉ်းဆဲအပ်။

ဤဂါထာဖြင့် သီလကို ချီးမွမ်း၍ မင်းကို ရဟန်းအဖြစ်ကို ခွင့်ပြုစေ၍ ရဟန်းပြုအံ့သောငှာ သွား၏။ ထိုအခါ တနေ့သ၌ စွန်သည် အမဲဈေးမှ သားတစ်ကိုချီ၍ ကောင်းကင်၌ ပျံ၏။ ထိုစွန်ကို တပါးသော ငှက်တို့သည် ဝန်းရံ၍ ခြေသည်း, နှုတ်သီး အစရှိသည်တို့ဖြင့် ထိုးကုန်၏။ ထိုစွန်ရဲသည် သည်းခံအံ့သောငှါ မတတ်နိုင်၍ သားတစ်ကို စွန့်၏။ တခုသော စွန်သည် ယူလေ၏။ ထိုသားတစ်ကို ယူသော စွန်သည်လည်း တပါးသော ငှက်တို့သည် ညှဉ်းဆဲအပ်သည်ရှိသော် ရှေးအတူ စွန့်၏။ ထိုအခါ တပါးသော စွန်သည်လည်း ယူပြန်၏။ ထိုငှက်တို့တွင် အကြင် အကြင်ငှက်သည် ယူ၏။ ထိုထိုငှက်ကို တပါးသော ငှက်တို့သည် လိုက်ကုန်၏။ အကြင် အကြင် ငှက်သည် စွန့်၏။ ထိုထိုငှက်သည် ချမ်းသာသည်သာလျှင် ဖြစ်၏။ ဘုရားလောင်းသည် ထိုအခြင်းအရာကိုမြင်၍ ဤကာမတို့မည်သည်ကား သားတစ်နှင့် တူကုန်၏။ ဤကာမတို့ကို ယူဆောင်သော သူတို့သာလျှင် ဆင်းရဲဖြစ်၏။ စွန့်သောသူတို့အား ချမ်းသာဖြစ်၏ဟု ကြံလျက်-

၁၁၈။ ယာဝဒေဝဿဟူ ကိဉ္စိ၊ တာဝဒေဝ အခါဒိသုံ။
သင်္ဂမ္မ ကုလလာ လောကေ၊ န ဟိံသန္တိ အကိဉ္စနံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၈။ ယာဝဒေဝ၊ အကြင်မျှလောက်သော ကာလပတ်လုံးသာလျှင်။ အဿ၊ ထိုစွန်အား။ ကိဉ္စိ၊ အနည်းငယ်သော နှုတ်သီးဖြင့် ချီအပ်သောသားတစ်သည်။ အဟု၊ ရှိ၏။ တာဝဒေဝ၊ ထိုမျှလောက်သောကာလပတ်လုံးသာလျှင်။ နံ၊ ထိုစွန်ကို။ လောကေ၊ လောက၌။ ကုလလာ၊ စွန်အပေါင်းတို့သည်။ သင်္ဂမ္မ၊ ကပ်၍။ အခါဒိသုံ၊ ထိုးဆိတ်ကုန်၏။ အကိဉ္စနံ၊ သားတစ်မရှိသော စွန်ကို။ ကုလလာ၊ စွန်အပေါင်းတို့သည်။ န ဟိံသန္တိ၊ မညှဉ်းဆဲကုန်။

ထိုဘုရားလောင်းသည် မြို့မှထွက်၍ ခရီးအကြား၌ တခုသော ရွာဝယ် ညချမ်းသောအခါ တယောက်သော သူ၏ အိမ်၌ အိပ်၏။ ထိုအိမ်၌ ပိင်္ဂလာမည်သော ကျွန်မသည် ဤမည်သောအချိန်၌ လာလော့ဟု ယောက်ျား တယောက်နှင့်တကွ ချိန်းချက်ခြင်းကို ပြု၏။ ထိုပိင်္ဂလာမည်သော ကျွန်မသည် အရှင်တို့၏ ခြေတို့ကိုဆေး၍ အရှင်တို့သည် အိပ်ကုန်လတ်သော် ထိုယောက်ျား၏ လာခြင်းကို မျှော်လျှက် တံခါး၌ ထိုင်၍ ယခုလာလတ္တံ့၊ ယခုလာလတ္တံ့ဟု ပဌမယာမ် မဇ္ဈိမယာမ်တို့ကို လွန်စေ၏။ မိုးသောက် ထ၌ကား ယခု ထိုယောက်ျားသည် မလာပြီဟု အာသာပြတ်လက် လျောင်း၍ အိပ်ပျော်ခြင်းသို့ ရောက်၏။ ဘုရားလောင်းသည် ဤအကြောင်းကိုမြင်၍ ဤကျွန်မသည် ထိုယောက်ျားကား ယခု လာလတ္တံ့ဟူသော အမှတ်ဖြင့် ဤမျှလောက်သော ကာလပတ်လုံး ထိုင်လျက် နေ၏။ ယခုအခါ၌ကား ထိုယောက်ျား၏ မလာအံ့သောအဖြစ်ကို သိ၍ အာသာပြတ်ရကား ချမ်းသာစွာ အိပ်၏။ ကိလေသာတို့၌ တောင့်တခြင်း အာသာမည်သည်ကား ဆင်းရဲ၏။ အာသာမရှိသော အဖြစ်သည်သာလျှင်ချမ်းသာ၏ဟု ကြံ၍-

၁၁၉။ သုခံ နိရာသာ သုပတိ၊ အာသာ ဖလဝတီ သုခါ။
အာသံ နိရာသံ ကတွာန၊ သုခံ သုပတိ ပိင်္ဂလာ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၉။ နိရာသာ၊ အာသာပြတ်၍။ သုခံ၊ ချမ်းသာစွာ။ သုပတိ၊ အိပ်ရ၏။ အာသာ ဖလဝတီ၊ အာသာ၏ အကျိုးကို ရခြင်းသည်။ သုခါ၊ ချမ်းသာ၏။ ပိင်္ဂလာ၊ ပိင်္ဂလာမည်သော ကျွန်မသည်။ အာသံ၊ တောင့်တခြင်း အာသာကို။ နိရာသံ၊ အာသာပြတ်ခြင်းကို။ ကတွာ၊ ပြု၍။ သုခံ၊ ချမ်းသာစွာ။ သုပတိ၊ အိပ်ရ၏။

ထိုဘုရားလောင်းသည် နက်ဖြန် ထိုရွာမှ တောသို့ ဝင်လတ်သော် ဈာန်ဝင်စားသော တပါးသော ရသေ့ကို မြင်၍ ဤပစ္စုပ္ပန်လောက၊ တမလွန်လောက၌ ဈာန်ချမ်းသာထက် လွန်သော ချမ်းသာမည်သည် မရှိဟုကြံ၍-

၁၂၀။ န သမာဓိပရော အတ္ထိ၊ အသ္မိံ လောကေ ပရမှိ စ။
န ပရံ နာပိ အတ္တာနံ၊ ဝိဟိံသတိ သမာဟိတော။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

အသ္မိံ လောကေ စ၊ ဤပစ္စုပ္ပန်လောက၌၎င်း။ ပရမှိ စ၊ တမလွန်လောက၌၎င်း။ သမာဓိပရော၊ သမာဓိထက် မြတ်သော သုခတရားသည်။ န အတ္ထိ၊ မရှိ။ သမာဟိတော၊ ကောင်းသော တည်ကြည်သော သူသည်။ ပရမ္ပိ၊ သူတပါးကိုလည်း။ န ဝိဟိံသတိ၊ မညှဉ်းဆဲ။ အတ္တာနမ္ပိ၊ မိမိကိုယ်ကိုလည်း။ န ဝိဟိံသတိ၊ မညှဉ်းဆဲ။

֍ ဋ္ဌ ၁၂၀။ ထိုဘုရားအလောင်းတော်သည် တောဝင်၍ ရသေ့ရဟန်းပြု၍ ဈာန်, အဘိညာဉ်တို့ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုရောဟိတ်ပုဏ္ဏား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သားတစ်ပုံနှယ်၊ ကာမဝယ်၊ တွယ်လျှင် ဒုက္ခကပ်

ပစ္စည်းဥစ္စာ၊ စွဲအာသာ၊ စွန့်ပါချမ်းသာမည်

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သီလဝီမံသဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကောကိလဝဂ်

၁။ ကောကိလဇာတ်

နှုတ်စွာသံချဲ့ အကျိုးမဲ့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယော ဝေ ကာလေ အသမ္ပတ္တေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကောကိလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောကာလိကကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုကို တက္ကာရိယဇာတ်၌ ချဲအပ်ပြီ) သဗ္ဗညူ မြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်းကို ဆုံးမတတ်သော အမတ် ဖြစ်၏။ မင်းသည် စကားများ၏။ ဘုရားလောင်းသည် ထိုမင်း၏ စကားများသောအဖြစ်ကို တားမြစ်အံ့ဟု တခုသော ဥပမာကို ရှာလျက် သွား၏။ ထိုအခါ တနေ့သ၌ မင်းသည် ဥယျာဉ်သို့ သွား၍ မင်္ဂလာ ကျောက်ဖျာ၌ နေ၏။ ကျောက်ဖျာ၏ အထက်၌ သရက်ပင်သည် ရှိ၏။ ထိုသရက်ပင်ဝယ် တခုသော ကျီးသိုက်၌ ဥဩမသည် မိမိ၏ဥကိုထား၍ သွား၏။ ကျီးမသည် ဥဩဥကို စောင့်ရှောက်၏။ နောက်ဘို့၌ ထိုဥမှ ဥဩငယ်သည် ပေါက်၏။ ကျီးမသည် ငါ့သားဟူသော အမှတ်ဖြင့် နှုတ်သီးဖြင့် အစာကို ဆောင်၍ ဥဩငယ်ကို မွေး၏။ အတောင်မရောက်သေးသော ထိုဥဩငယ်သည် အခါမဟုတ်မီကလျှင် ဥဩသံကို မြည်၏။ ကျီးမသည် ဤငှက်ငယ်ကား ယခုကပင်လျှင် တပါးသောအသံကို မြည်၏။ ကြီးသော် အသို့ပြုလတ္တံ့နည်းဟု နှုတ်သီးဖြင့် ထိုးသတ်၍ အသိုက်မှ ချ၏။ ထိုဥဩငယ်သည် မင်း၏ ခြေရင်း၌ ကျ၏။

မင်းသည် ဘုရားလောင်းကို အဆွေ ဤအကြောင်းကား အသို့နည်းဟု မေး၏။ ဘုရားလောင်းသည်ကား မင်းကို မြစ်အံ့သောငှါ တခုသော ဥပမာကိုရှာ၏။ ယခု ထိုဥပမာကို ရပြီဟု ကြံ၍ မြတ်သောမင်းကြီး အလွန် နှုတ်ကြမ်းကုန်သောအခါမဟုတ်သည်၌ စကားများကုန်သော သူတို့သည် ဤသို့သဘောရှိသော ဆင်းရဲကို ရကုန်၏။ မြတ်သောမင်းကြီး ကျီးမသည် မွေးမြူအပ်သည်ဖြစ်၍ အတောင်မပေါက်သေးသော ဤဥဩငယ်သည် အခါမဟုတ်မီကလျှင် ဥဩသံကို မြည်၏။ ထို့ကြောင့် ဤဥဩငယ်ကို ကျီးမသည် ဤငှက်ကား သားမဟုတ်ဟု သိ၍ နှုတ်သီးဖြင့် ထိုးသတ်၍ အသိုက်မှ ချ၏။ လူဖြစ်စေ တိရစ္ဆာန် ဖြစ်စေ အခါမဟုတ်သည်၌ စကားများကုန်သော သူတို့သည် ဤသို့သဘောရှိသော ဆင်းရဲကို ခံရကုန်၏ဟု ဆို၍-

၁၂၁။ ယော ဝေ ကာလေ အသမ္ပတ္တေ၊
အတိဝေလံ ပဘာသတိ။
ဧဝံ သော နိဟတော သေတိ၊
ကောကိလာယိဝ အတြဇော။
၁၂၂။ န ဟိ သတ္ထံ သုနိသိတံ၊
ဝိသံ ဟလာဟလမိဝ။
ဧဝံ နိကဋ္ဌေ ပါတေတိ၊
ဝါစာ ဒုဗ္ဘသိတာ ယထာ။
၁၂၃။ တသ္မာ ကာလေ အကာလေ ဝါ၊
ဝါစာ ရက္ခယျ ပဏ္ဍိတော။
နာတိဝေလံ ပဘာသေယျ၊
အပိ အတ္တသမမှိ ဝါ။
၁၂၄။ ယော စ ကာလေ မိတံ ဘာလေ၊
မတိပုဗ္ဗော ဝိစက္ခဏော။
သဗ္ဗေ အမိတ္တေ အာဒေတိ၊
သုပဏ္ဏော ဥရဂါမိဝ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၂၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော၊ အကြင်သူသည်။ ဝေ၊ စင်စစ်။ ကာလေ၊ ပြောသင့်ရာ ကာလသည်။ အသမ္ပတ္တေ၊ မရောက်မီ။ အတိဝေလံ၊ အပိုင်းအခြားကို လွန်၍လည်း။ ပဘာသတိ၊ ဆို၏။ ကောကိလာယ၊ ဥဩမ၏။ အတြဇော၊ သားသည်။ နိဟတော၊ သေ၍။ သေတိ ဣဝ၊ အိပ်ရသကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ သော၊ ထိုသူသည်။ နိဟတော၊ သေ၍။ သေတိ၊ အိပ်ရ၏။

֍ ဋ္ဌ ၁၂၂။ ဒုဗ္ဘာသိတာ၊ မကောင်းသဖြင့် ဆိုအပ်သော။ ဝါစာ၊ စကားသည်။ နိကဋ္ဌေ၊ ခဏခြင်း။ ပါတေတိ ယထာ၊ သတ်သကဲ့သို့။ ဧဝံ-တထာ၊ ထို ယအတူ။ သုနိသိတံ၊ ကောင်းစွာ သွေးအပ်သော။ သတ္ထံ၊ ဓားသည်။ န ပါတေတိ၊ မသတ်တတ်။ ဒုဗ္ဘာသိတာ၊ မကောင်းသဖြင့် ဆိုအပ်သော။ ဝါစာ၊ စကားသည်။ နိကဋ္ဌေ၊ ခဏခြင်း။ ပါတေတိ ဣဝ၊ သတ်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ ဟလာဟလံ၊ လတ်တလော သေစေတတ်သော။ ဝိသံ၊ အဆိပ်သည်။ န ပါတေတိ၊ မသတ်တတ်။

֍ ဋ္ဌ ၁၂၃။ တသ္မာ၊ ထို့ကြောင့်။ ပဏ္ဍိတော၊ ပညာရှိသည်။ ကာလေ ဝါ၊ ပြောသင့်ရာ ကာလ၌၎င်း။ အကာလေ ဝါ၊ ကာလမဟုတ်သည်၌၎င်း။ ဝါစံ၊ စကားကို။ ရက္ခေယျ၊ စောင့်ရာ၏။ အပိ၊ စင်စစ်။ အတ္တသမမှိ ဝါ၊ မိမိနှင့်တူသော သူ၌ လည်း။ အတိဝေလံ၊ အပိုင်းအခြားကို လွန်၍။ န ပဘာသေယျ၊ မဆိုရာ။

֍ ဋ္ဌ ၁၂၄။ သုပဏ္ဏော၊ ဂဠုန်မင်းသည်။ ဥရဂံ၊ နဂါးကို။ အာဒေတိ ဣဝ၊ ဖမ်းယူသကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ မတိပုဗ္ဗော၊ ပညာရှေ့သွားရှိသော။ ယောစ ဝိစက္ခဏော၊ အကြင် ပညာရှိသည်ကား။ ကာလေ၊ ပြောဖို့ရာ လျောက်ပတ်သောကာလ၌။ မိတံ၊ နှိုင်းယှဉ်အပ်သော စကားကို။ ဘာသေ၊ ဆို၏။ သော ဝိစက္ခဏာ၊ ထိုပညာရှိသည်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ အမိတ္တေ၊ ရန်သူတို့ကို။ အာဒေတိ၊ ဖမ်းယူနိုင်၏။

မင်းသည် ဘုရားလောင်း၏ တရားကိုနာရ၍ ထိုအခါမှစ၍ အတိုင်းအရှည်ရှိသော စကားကို ပြောဆို၏။ ဘုရားလောင်းအား စည်းစိမ်ကိုလည်း ပွားစေ၍ များစွာပေး၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ကောကာလိကသည် ထိုအခါ ဥဩငှက်ငယ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိ အမတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အချိန်မကျ၊ မပြောရ၊ ပြောက ဘေးတွေ့မည်

ရှေးဦးစွာသော ကောကိလဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကောကိလဝဂ်

၂။ ရထလဋ္ဌိဇာတ်

ကိုယ့်အမှား, သူများတင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အပိဟန္တွာ ဟတော ဗြူတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤရထလဋ္ဌိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် ကောသလမင်း၏ ပုရောဟိတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုပုရောဟိတ်သည် ရထားဖြင့် မိမိစားသောရွာသို့ သွားသည်ရှိသော် ကျဉ်းမြောင်းသောခရီး၌ ရထားနှင်လျှင် တဦးသော လှည်းကုန်သည်မှူးကိုမြင်၍ သင်တို့လှည်းကို ဖယ်လော့ဟု ဆို၍ သွား၏။ လှည်းကို မရှောင်လွှဲသည်ရှိသော် အမျက်ထွက်၍ နှင်တံဖြင့် ရှေးဦးလှည်းဝယ် လှည်းနှင်ယောက်ျားအား ရိုက်ခတ်၏။ ထိုနှင်တံသည် ရထားဦး၌ ထိရကား ပြန်၍ ပုရောဟိတ်၏ နဖူးကိုသာလျှင် ခတ်၏။ ထိုခဏ၌သာလျှင် ပုရောဟိတ်၏ နဖူး၌ ဖူးဖူးရောင်၍ ထ၏ ပုရောဟိတ်သည်ပြန်၍ လှည်းနှင်ယောက်ျားတို့သည် ရိုက်၏ဟု မင်းအား လျှောက်၏။ လှည်းနှင်ယောက်ျားတို့ကိုခေါ်စေ၍ စစ်မေးလတ်သည်ရှိသော် ပုရောဟိတ်၏ အပြစ်ကိုသာလျှင် မြင်ကုန်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ မင်း၏ပုရောဟိတ်သည် လှည်းနှင်ယောက်ျားတို့သည် ရိုက်၏ဟု တရားတွေ့ကြလတ်သော် မိမိသာလျှင် ရှုံးသတတ်ဟူ၍ စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်ကဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျောက်သည်ရှိသော် ရဟန်းတို့ ဤ ပုရောဟိတ်သည် ယခုအခါ၌ သာလျှင် ဤသို့ သဘောရှိသော အမှုကို ပြုသည် မဟုတ်သေး၊ ရှေး၌လည်း ဤသို့သဘောရှိသော အမှုကို ပြုသလျှင် ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်း၏ တရားဆုံးဖြတ်သော အမတ်ဖြစ်၏။ ထိုအခါ မင်းပုရောဟိတ်သည် ရထားဖြင့် မိမိစားသော ရွာသို့ သွား၏။ (အလုံးစုံသော စကားသည် ရှေးနှင့်တူပြီ) အထူးကား၏ အတိတ်ဝတ္ထု၌ ပုရောဟိတ် အမတ်သည် မင်းအား ကြားလျှောက်သည်ရှိသော် မင်းသည် ကိုယ်တိုင် တရားဆုံးဖြတ်သောအရာ၌ နေ၍ လှည်းနှင်ယောက်ျားတို့ကို ခေါ်စေ၍ အမှုကို မသုတ်သ င်မစီစစ်မူ၍သာလျှင် သင်တို့သည် ပုရောဟိတ်ကိုရိုက်၍ နဖူး၌ ဖူးဖူးရောင်စေ၏ဟု ဆို၍ ထိုလှည်းနှင့ယောက်ျားတို့၏ အလုံးစုံသော ဥစ္စာတို့ကို သိမ်းဆည်းခြင်းကို ပြုကြကုန်ဟု ဆို၏။ ထိုအခါ ထိုမင်းကို ဘုရားလောင်းသည် မြတ်သောမင်းကြီး သင်မင်းကြီးတို့သည် အမှုကို မသုတ်သင် မစီစစ်မူ၍ လှည်းနှင်ယောက်ျားတို့၏ အလုံးစုံသော ဥစ္စာကို ယူစေကုန်၏။ အချို့သောသူတို့သည် မိမိသည် ပင်လျှင် မိမိကိုယ်ကိုသတ်၍ သူတပါးသတ်သည်ဟု ဆိုကုန်ရာ၏။ ထို့ကြောင့် မစီစစ်မူ၍ ပြုခြင်းငှါ မသင့်၊ မင်းပြုသော သူမည်သည်ကား သုတ်သင်စီစစ်၍ အမှုကို ပြုခြင်းငှါ သင့်၏ ဟု ဆို၍-

၁၂၅။ အပိ ဟန္တွာ ဟတော ဗြူတိ၊
ဇေတွာ ဇိတောတိ ဘာသတိ။
ပုဗ္ဗမက္ခာယိနော ရာဇ၊
အညဒတ္ထု န သဒ္ဒဟေ။
၁၂၆။ တသ္မာ ပဏ္ဍိတဇာတိယော၊
သုဏေယျ ဣတရဿပိ။
ဥဘိန္နံ ဝစနံ သုတွာ၊
ယထာ ဓမ္မော တထာ ကရေ။
၁၂၇။ အလသော ဂိဟီ ကာမဘောဂီ န သာဓု။
အသညတော ပဗ္ဗဇိတော န သာဓု။
ရာဇာ န သာဓု အနိသမ္မကာရီ။
ယော ပဏ္ဍိတော ကောဓနော တံ န သာဓု။
၁၂၈။ နိသမ္မ ခတ္တိယော ကယိရာ၊ နာနိသမ္မ ဒိသမ္မတိ။
နိသမ္မ ကာရိနော ရာဇ၊ ယသော ကိတ္တိ စ ဝဍ္ဎတိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၂၅။ ရာဇ၊ မြတ်သောမင်းကြီး။ ဧကော၊ တယောက်သောသူသည်။ အပိ၊ စင်စစ်။ ဟန္တွာ၊ မိမိကိုယ်ကို မိမိသတ်၍။ ဟတော၊ သူတပါးသတ်၏ ဟု။ ဗြူတိ၊ ဆို၏။ ဇေတွာ၊ မိမိသည် သူတပါးကို အောင်၍။ ဇိနောတိ၊ သူတပါးသည် ငါ့ကို အောင်၏ဟု။ ဘာသတိ၊ ဆို၏။ ပုဗ္ဗမက္ခာယိနော၊ ရှေးဦးစွာ ဆိုသောသူ၏။ ဝစနံ၊ စကားကို။ အညဒတ္တု၊ စင်စစ်သဖြင့်။ န သဒ္ဒဟေ၊ မယုံရာ။

֍ ဋ္ဌ ၁၂၆။ တသ္မာ ဟိ၊ ထိုကြောင့်သာလျှင် ပဏ္ဍိတဇာတိယော၊ ပညာရှိသော အမျိုးသားသည်။ ဣတရဿ ပိ၊ တယောက်သော သူ၏လည်း။ ဝစနံ၊ စကားကို။ သုဏေယျ၊ နား ထောင်ရာ၏။ ဥဘိန္နံ၊ နှစ်ဦးသောသူတို့၏။ ဝစနံ၊ စကားကို။ သုတွာ၊ နားထောင်ပြီး၍။ ယထာ၊ အကြင်အခြင်းဖြင့် ဓမ္မော၊ တရားသည်။ ဌိတော၊ တည်၏။ တထာ၊ ထိုအခြင်းဖြင့်။ ကရေ၊ ပြုရာ၏။

֍ ဋ္ဌ ၁၂၇။ အလသော၊ ပျင်းသော။ ကာမဘောဂီ၊ ကာမစည်းစိမ်ကို ခံစားသော။ ဂိဟီ၊ လူသည်။ န သာဓု၊ မကောင်း။ အသညတော၊ ကိုယ်နှုတ်နှလုံး မစောင့်စည်းသော။ ပဗ္ဗဇိတော၊ ရဟန်းသည်။ န သာဓု၊ မကောင်း။ အနိသမ္မကာရီ၊ မဆင်ခြင်မူ၍ ပြုလေ့ရှိသော။ ရာဇာ၊ မင်းသည်။ န သာဓု၊ မကောင်း။ ပဏ္ဍိတော၊ ပညာရှိသည်။ ယော ကောဓနော၊ အကြင် အမျက်ထွက်ခြင်းကို ပြုတတ်၏။ တံ၊ ထိုအမျက် ထွက်ခြင်းသည်။ န သာဓု၊ မကောင်း။

֍ ဋ္ဌ ၁၂၈။ ခတ္တိယော၊ မင်းသည်။ နိသမ္မ၊ ဆင်ခြင်၍။ ကယိရာ၊ ပြုရာ၏။ ဒိသမ္မတိ၊ မင်းသည်။ အနိသမ္မ၊ မဆင်ခြင်မူ၍။ န ကယိရာ၊ မပြုရာ။ ရာဇ၊ မင်းမြတ်။ သမ္မကာရိနော၊ ဆင်ခြင်၍ ပြုလေ့ရှိသော မင်းအား။ ယသော စ၊ စည်းစိမ်အခြံအရံသည်၎င်း။ ကိတ္တိ စ၊ အကျော်အစောသည်၎င်း။ ဝဍ္ဎတိ၊ ပွား၏။

မင်းသည် ဘုရားလောင်း၏ စကားကို ကြား၍ တရားသဖြင့် ဆုံးဖြတ်သည်ရှိသော် ပုဏ္ဏားအားသာလျှင် အပြစ်သည် ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ပုဏ္ဏားသည် ထိုအခါ ပုဏ္ဏား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသောအမတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မိမိအမှား၊ သူတပါး၊ ပြစ်ကား မတင်သင့်

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ရထလဋ္ဌိဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကောကိလဝဂ်

၃။ ပက္ကဂေါဓဇာတ်

ပြေးပေါ့ ဖွတ်ကင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည်တဒေဝ မေ တွံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပက္ကဂေါဓဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် တယောက်သော သူကြွယ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ (ဝတ္ထုကို အောက်၌ ချဲ့အပ်ပြီ) အထူးကား ဤပက္ကဂေါဓဇာတ်၌ ကြွေးမြီကိုတောင်း၍ လာကုန်သော ထိုသူကြွယ် ဇနီးခင်ပွန်းတို့အား လမ်းအကြား၌ မုဆိုးသည် နှစ်ယောက် စားကြကုန်ဟု တခုသော ဖွတ်ကင်ကို ပေး၏။ ထိုယောက်ျားသည် မယားကို ရေယူစေ၍ အလုံးစုံသော ဖွတ်ကင်ကို စား၍ မယားလာသော ကာလ၌ ရှင်မ ဖွတ်ကင်သည် ပြေး၏ ဟု ဆို၏။ အရှင်ကောင်းပြီ ဖွတ်ကင် ပြေးသော် အဘယ်သို့ ပြုနိုင်တော့အံ့နည်းဟု ဆို၏။ ထိုသို့ ဇနီးခင်ပွန်း နှစ်ယောက်တို့သည် ဇေတဝန် ကျောင်းတော်၌ ရေသောက်၍ မြတ်စွာဘုရားအထံတော်၌ နေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် သီတင်းသည်မ ဤသီတင်းသည်ယောက်ျားသည် သင့်အစီးအပွားကို အလိုရှိ၏ လော၊ သင်အား ချစ်၏ လောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်သည် ဤယောက်ျား၏ အစီးအပွားကို အလိုရှိ၏။ ဤယောက်ျားအား ချစ်၏။ ဤယောက်ျားသည်ကား အကျွန်ုပ်အား မချစ်ဟု ထိုမိန်းမသည် လျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် သီတင်းသည်မ သင်ဆိုတိုင်း ဖြစ်စေ၊ မစိုးရိမ်လင့်၊ ဤယောက်ျားသည် အကယ်၍ ထိုသို့ပြု၏။ ပြုငြားသော်လည်း အကြင်အခါ၌ သင်၏ ကျေးဇူးကို အောက်မေ့၏။ ထိုအခါ၌ သင့်အားသာလျှင် အလုံးစုံသော စည်းစိမ်ကို ပေးဘူးပြီဟု မိန့်တော်မူ၍ ထိုနှစ်ယောက်သော သူတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... (အတိတ်ဝတ္ထုကား အောက်၌ ဆိုအပ်ပြီးသောဝတ္ထုနှင့် တူသည်သာလျှင်တည်း) အထူးကား ဗာရာဏသီပြည်သို့ ပြန်လည်လာကုန်သော မင်းသ္မီး မင်းသားတို့အား လမ်းခရီးအကြား၌ မုဆိုးသည် ပင်ပန်းသောအဖြစ်ကို မြင်၍ နှစ်ယောက်သောသူတို့သည် စားကြကုန်ဟု တခုသော ဖွတ်ကင်ကို ပေး၏။ မင်းသ္မီးသည် ထိုဖွတ်ကင်ကို နွယ်ဖြင့်ဖွဲ့ယူ၍ ခရီးသွား၏။ ထိုမင်းသ္မီး မင်းသားတို့သည် တခုသော ရေကန်ကိုမြင်၍ ခရီးမှဖဲ၍ ညောင်ဗုဒ္ဓဟေပင်ရင်း၌ နေကုန်၏။ မင်းသားသည် ရှင်မ သွားချေ၊ ပဒုမာရွက်ဖြင့် ရေဆောင်ချေ၊ ဖွတ်သားကို စားကြကုန်အံ့ဟု ဆို၏။ မင်းသ္မီးသည် ဖွတ်ကင်ကို ညောင်ခက်၌ဆွဲ၍ ရေယူအံ့သောငှါ သွား၏။

မင်းသားသည် အလုံးစုံသော ဖွတ်ကင်ကိုစား၍ အမြီးဖျားကိုကိုင်၍ မျက်ကွယ်ပြု၍ နေ၏။ မင်းသ္မီးသည် ရေကိုယူ၍ လာလတ်သော် မင်းသားသည် ရှင်မ ဖွတ်သည် ညောင်ခက်မှ ဆင်းသည်ဖြစ်၍ တောင်ပို့သို့ ဝင်၏။ ငါ ပြေး၍ အမြီးဖျားကိုဆွဲ၏။ ဆွဲကိုင်မိရာအရပ်သည် လက်ထဲ၌လျှင် ပြတ်၍ တွင်းသို့ဝင်၏ဟု ဆို၏။ မင်းသ္မီးသည် အရှင်မင်းကြီး ပြေးစေတော့၊ ဖွတ်ကင်ပြေးသော် အဘယ်သို့ပြုနိုင်ကုန်အံ့နည်း၊ လာ သွားကြကုန်အံ့ဟုဆို၍ နှစ်ယောက်သော သူတို့သည် ရေသောက်၍ ဗာရာဏသီပြည်သို့ သွားကုန်၏။ မင်းသားသည် မင်းအဖြစ်သို့ရောက်၍ ထိုမင်းသ္မီးကို မိဖုယားကြီး အရာမျှ၌သာလျှင်ထား၏။ ထိုမိဖုယားကြီးအား ဆုလာဘ်ပေးခြင်း မြတ်နိုးတနာပြုခြင်းသည်ကား မရှိ၊ ဘုရားလောင်းသည် မိဖုယားကြီးအား ဆုလာဘ်ပေးခြင်း မြတ်နိုးတနာ ပြုစေလို၍ မင်း၏အထံ၌ နေ၍ အရှင်မ အကျွန်ုပ်တို့သည် အရှင်မတို့၏ အထံမှ တစုံတခုကို မရပါကုန်၊ အရှင်မတို့သည် ကျွန်ုပ်တို့ကို မကြည့်ကုန်ပြီလောဟု ဆို၏။ ဘခင် ကျွန်ုပ်သည်သာလျှင် မင်း၏အထံမှ တစုံတခုကို မရ၊ ဘခင်အား အဘယ်ကို ပေးပါအံ့နည်း၊ မင်းသည်လည်း ယခု ကျွန်ုပ်အား အဘယ်ကို ပေးလတ္တံ့နည်း၊ တောမှလာသော ကာလ၌ ဖွတ်ကင်ကို တယောက်တည်းသာလျှင် စား၏ဟု ဆို၏။ အရှင်မ ဤသို့ မဆိုလင့်၊ မင်းသည် ဤသို့မပြုပေရာဟု ဘုရားလောင်းဆို၏။ ထိုအခါ ဘုရားလောင်းကို မိဖုယားသည် ဘခင် ထိုကာလ၌ ဖြစ်သောအမှုသည် ဘခင်အား မထင်ရှား၊ ကျွန်ုပ်နှင့် မင်းအားသာလျှင် ထင်ရှား ၏ဟု ဆို၍-

၁၂၉။ တဒေဝ မေ တွံ ဝိဒိတော၊ ဝနမဇ္ဈေ ရထေသဘ။
ယဿ တေ ခဂ္ဂဗဒ္ဓသ၊ သန္နဒ္ဓဿ တိရီဋိနော။
အဿတ္ထဒုမသာခါယ၊ ပက္ကဂေါဓာ ပလာယထ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၉။ ရထေသဘ၊ တိုင်းသူတို့၏ အကြီးအမြတ်ဖြစ်သော ရှင်မင်းကြီး။ ဝနမဇ္ဈေ၊ တော၏အလယ်၌။ ခဂ္ဂဗဒ္ဓဿ၊ သန်လျက်ဖွဲ့ထသော။ သန္နဒ္ဓဿ၊ ချပ်ဝတ်တန်ဆာ ဖွဲ့ထသော။ တိရီဋိနော၊ လျော်တေအဝတ် ဝတ်ထသော။ ယဿ တေ၊ အကြင်မင်းကြီး၏။ တဒေဝ၊ ထိုခရီးလာသောအခါ၌ သာလျှင်။ တွံ၊ သင်မင်းကြီးသည်။ မေ၊ အကျွန်ုပ်အား န အဒါသိ၊ မပေး။ အဿတ္ထဒုမသာခါယ၊ ညောင်ဗုဒ္ဓဟေခက်မှ။ ပက္ကဂေါဓာ၊ ဖွတ်ကင်သည်။ ပလာယထ၊ ပြေး၏ဟူ၍။ ဝဒေသိ၊ ဆို၏။ ဧဝံ၊ ဤအဖြစ်ကို။ တယာ၊ သင်မင်းကြီးသည်။ ဝိဒိတော၊ သိအပ်၏။

ဤသို့ မင်းပြုသောအပြစ်ကို လူများအလယ်၌ ထင်စွာပြု၍ မိဖုယားဆို၏။ ဘုရားလောင်းသည် ထိုစကားကို ကြား၍ အရှင်မ မင်း၏ မချစ်သော ကာလမှစ၍ နှစ်ယောက်ကုန်သော သူတို့၏လည်း မချမ်းသာခြင်းကို ပြု၍ အဘယ့်ကြောင့် ဤ၌ နေသနည်းဟု ဆို၍-

၁၃၀။ နမေ နမန္တဿ ဘဇေ ဘဇန္တံ၊
ကိစ္စာနုကုဗ္ဗဿ ကရေယျ ကိစ္စံ။
နာနတ္ထကာမဿ ကရေယျ အတ္ထံ၊
အသမ္ဘဇန္တမ္ပိ န သမ္ဘဇေယျ။
၁၃၁။ စဇေ စဇန္တံ ဝနထံ န ကယိရာ၊
အပေတစိတ္တေန န သမ္ဘဇေယျ။
ဒိဇော ဒုမံ ခီဏဖလန္တိ ဉတွာ၊
အညံ သမေက္ခေယျ မဟာ ဟိ လောကော။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၃၀။ ဒေဝီ၊ မိဖုယား။ နမန္တဿ၊ မိမိသို့ ညွတ်သောသူအား။ နမေ၊ ညွတ်ရာ၏။ ဘဇန္တံ၊ မိမိသို့ ဆည်းကပ်သောသူကို။ ဘဇေ၊ ဆည်းကပ်ရာ၏။ ကိစ္စံ၊ မိမိကိစ္စကို။ အနုကုဗ္ဗဿ၊ အစဉ်ပြုသောသူ၏။ ကိစ္စံ၊ ကိစ္စကို။ ကရေယျ၊ ပြုရာ၏။ အနတ္ထကာမဿ၊ မိမိအကျိုးစီးပွားကို အလိုမရှိသောသူ၏။ အတ္ထံ၊ အကျိုးစီးပွားကို။ န ကရေယျ၊ မပြုရာ။ အသမ္ဘဇန္တမ္ပိ၊ မိမိသို့ မဆည်းကပ်သော သူကိုလည်း။ န သမ္ဘဇေယျ၊ မဆည်းကပ်ရာ။

֍ ဋ္ဌ ၁၃၁။ စဇန္တံ၊ မိမိကို စွန့်သောသူကို။ စဇေ၊ စွန့်ရာ၏။ ဝနထံ၊ ချစ်ခြင်းကို။ န ကယိရာ၊ မပြုရာ။ အပေတစိတ္တေန၊ တပ်စွန်းခြင်း ကင်းသောစိတ်ဖြင့်။ န သမ္ဘဇေယျ၊ မဆည်း ကပ်ရာ။ ဒိဇော၊ ငှက်သည်။ ဒုမံ၊ သစ်ပင်ကို။ ခီဏဖလန္တိ၊ အသီးကုန်၏ဟု။ ဉတွာ၊ သိ၍။ အညံ၊ တပါးသောသစ်ပင်ကို။ သမေက္ခေယျ၊ ကြည့်ရာ၏။ ဟိ-သစ္စံ၊ မှန်၏။ လောကော၊ လူတို့၏ နေရာသည်။ မဟာ၊ ကျယ်ဝန်းလှ၏။

မင်းသည် ဘုရားလောင်းဆိုသော်သာလျှင် မိဖုယား၏ ကျေးဇူးကို အောက်မေ့၍ ရှင်မ ဤမျှလောက်သော ကာလပတ်လုံး သင့်ကျေးဇူးကို ငါ မအောက်မေ့မိ၊ ပညာရှိ၏စကားဖြင့် အောက်မေ့မိ၏။ ငါ၏အပြစ်ကို သည်းခံသော သင့်အားသာလျှင် အလုံးစုံသော ဤမင်း၏အဖြစ်ကို ပေး၏ ဟု ဆို၍-

၁၃၂။ သော တေ ကရိဿာမိ ယထာနုဘာဝံ၊
ကတညုတံ ခတ္တိယေ ပေက္ခမာနော။
သဗ္ဗဉ္စ တေ ဣဿရိယံ ဒဒါမိ၊
ယဿိစ္ဆသီ တဿ တုဝံ ဒဒါမိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၂။ ဒေဝီ၊ မိဖုယား။ ခတ္တိယေ၊ မင်း၌။ ကတညုတံ၊ ကျေးဇူးကို သိသည်၏အဖြစ်ကို။ ပေက္ခမာနော၊ ရှုသော။ သော အဟံ၊ ထိုငါသည်။ တေ၊ သင့်အား။ ယထာနုဘာဝံ၊ အစွမ်းသတ္တိအား လျော်စွာ။ ကရိဿာမိ၊ ပြုအံ့။ ယဿ၊ အကြင်စည်းစိမ်ကို။ တုဝံ၊ သင်သည်။ ဣစ္ဆသိ၊ အလိုရှိ၏။ တဿ၊ ထိုစည်းစိမ်ကို။ ဒဒါမိ၊ ငါ ပေး၏။ တေ၊ သင့်အား။ သဗ္ဗံ၊ အလုံးစုံသော။ ဣဿရိယဉ္စ၊ အစိုးရသည်၏အဖြစ်ကိုလည်း။ ဒဒါမိ၊ ငါပေး၏။

ဤသို့ဆို၍ မင်းသည် မိဖုယားအား အလုံးစုံသော စည်းစိမ်ကို ပေး၏။ ဤပညာရှိသည် မိဖုယား၏ကျေးဇူးကို အောက်မေ့စေ၏ဟု ပညာရှိအားလည်း များစွာသော စည်းစိမ်ကို ပေး၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်ဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ လင်မယား နှစ်ယောက်တို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ လင်မယားတို့သည် ထိုအခါ လင်မယား ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသောအမတ် ဖြစ်ဘူးပြီဟု ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

သူပြုသမျှ၊ သတိရ၊ နှိမ်ချဂုဏ်တင် စည်းစိမ်ရှင်

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ပက္ကဂေါဓဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကောကိလဝဂ်

၄။ ရာဇောဝါဒဇာတ်

ခေါင်းဆောင်ကောင်း၊ အပေါင်းချမ်းသာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဂဝံ စေ တရမာနာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤရာဇောဝါဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မင်းအား ဆုံးမခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ (ဝတ္ထုသည် တေသကုဏဇာတ်၌ ထင်စွာဖြစ်လတ္တံ့) အထူးကား ဤရာဇောဝါဒဇာတ်၌ သဗ္ဗညူ မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ရှေးမင်းတို့သည်လည်း ပညာ ရှိတို့၏ စကားကိုကြား၍ တရားသဖြင့် မင်းပြုကုန်လျက် နတ်ပြည်ကို ပြည့်စေကုန်၏ဟု မိန့်တော်မူ၍ မင်းသည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ ခပ်သိမ်းသော အတတ်တို့ကို သင်၍ ရသေ့ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ မွေ့လျော်ဘွယ်ရှိသော ဟိမဝန္တာအရပ်၌ တောသစ်မြစ် သစ်သီးကြီးငယ်ဟူသော အာဟာရရှိသည်ဖြစ်၍ နေ၏။ ထိုအခါ မင်းသည် ကျေးဇူးမဲ့ကို ရှာတတ်သော သဘောရှိသည်ဖြစ်၍ ငါ၏ကျေးမဲ့ကို ပြောဆိုသော တစုံတယောက်သောသူ ရှိသလောဟု ရှာသည်ရှိသော် အတွင်းလူများ၌၎င်း၊ အပြင်လူများ၌၎င်း၊ မြို့တွင်း၌၎င်း၊ မြို့ပ၌၎င်း မိမိ၏ကျေးဇူးမဲ့ကို ဆိုသောသူကို မမြင်၍ ဇနပုဒ်သားတို့သည် ဆိုကုန်သလောဟု မထင်ရှားသော အသွင်ဖြင့် ဇနပုဒ်ကို လှည့်လည်၏။ ထိုဇနပုဒ်၌လည်း ကျေးဇူးမဲ့ကို ဆိုသောသူကို မမြင်သည်ဖြစ်၍ မိမိကျေးဇူး

စကားကိုသာလျှင် ကြားရ၍ ဟိမဝန္တာ၌ ကျေးဇူး မဲ့ကို ဆိုကုန်သလောဟု တောသို့ဝင်၍ လှည့်လည်သော် ဘုရားလောင်း၏ ကျောင်းသို့ ရောက်၍ ဘုရားလောင်းကို ရှိခိုး၍ ပြုအပ်သော ပဋိသန္ထာရရှိသည်ဖြစ်၍ တင့်အပ်လျှောက်ပတ်စွာ နေ၏။

ထိုအခါ ဘုရားလောင်းသည် တောမှ ပညောင်သီးမှည့်တို့ကို ဆောင်၍ သုံးဆောင်၏။ ထိုပညောင်သီးမှည့်တို့သည် ချိုကုန်၏။ ဩဇာရှိကုန်၏။ သကြားမှုန့်နှင့် တူကုန်၏။ ဘုရားလောင်းသည် မင်းကိုခေါ်၍ ဘုန်းကြီးသော ဒါယကာ ဤပညောင်သီးမှည့်ကို စား၍ ရေကို သောက်လောဟု ဆို၏။ မင်းသည် ဘုရားလောင်းဆိုတိုင်း ပြု၍ ဘုရားလောင်းကို အရှင်ဘုရား ဤပညောင်သီးမှည့်သည် အဘယ့်ကြောင့် အလွန်ချိုသနည်းဟု မေး၏။ ဘုန်းကြီးသော ဒါယကာ မင်းသည် တရားသဖြင့် မင်းပြု၏။ ထို့ကြောင့် ထိုပညောင်သီးမှည့်သည် ချို၏ဟု ဆို၏။ အရှင်ဘုရား မင်း တရားမစောင့်သောကာလ၌ မချိုခြင်းသည် ဖြစ်သလောဟု မေး၏။ ဘုန်းကြီးသော ဒါယကာ ဆိုတိုင်း ဟုတ်မှန်၏။ မင်းတို့သည် တရားမစောင့်ကုန်သည် ရှိသော် ဆီ, ပျား, တင်လဲ အစရှိသည်တို့သည်၎င်း၊ သစ်မြစ် သစ်သီးတို့သည်၎င်း မချိုကုန်၊ ဩဇာမရှိကုန်၊ အလုံးစုံသော တိုင်းသည်လည်း ဩဇာမရှိသည် ဖြစ်၏။ မင်းတို့သည် တရားစောင့်ကုန်သည်ရှိသော် ခပ်သိမ်းသော အာဟာရတို့သည် ချိုကုန်၏ ဩဇာရှိကုန်၏။ အလုံးစုံသော တိုင်းသည်လည်း ဩဇာရှိသည်ဖြစ်၏ဟု ဆို၏။ မင်းသည် အရှင်ဘုရား အမိန့်တော်ရှိတိုင်း ဖြစ်လတ္တံ့ဟု ဆို၍ မိမိ၏ မင်းအဖြစ်ကို မသိစေမူ၍သာလျှင် ဘုရားလောင်းကို ရှိခိုး၍ ဗာရာဏသီပြည်သို့ သွား၍ ရသေ့၏စကားကို စုံစမ်းအံ့ဟု အဓမ္မဖြင့် မင်းပြု၍ ယခု သိရအံ့ဟု အနည်းငယ်သောကာလကို လွန်စေ၍ တဘန် ထိုကျောင်းသို့သွား၍ ထိုဘုရားလောင်းကို ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာ နေ၏။

ဘုရားလောင်းသည်လည်း မင်းအား ရှေးအတူသာလျှင် ဆို၍ ပညောင်သီးမှည့်ကို ပေး၏။ ထိုပညောင်သီးမှည့်သည် ခါးသော အရသာရှိ၏။ မင်းသည် မချို၊ အရသာမရှိဟု တံတွေးနှင့်တကွ ထွေး၍ အရှင်ဘုရား ခါး၏ဟု ဆို၏။ ဘုရားလောင်းသည် ဘုန်းကြီးသော ဒါယကာ မင်းသည် တရားမစောင့်သည် ဖြစ်လတ္တံ့၊ မင်းတို့ တရားမစောင့်သောကာလ၌ တော သစ်သီး ကြီးငယ်ကို အစပြု၍ အလုံးစုံသည် မချို၊ ဩဇာမရှိခြင်းသည် ဖြစ်၏ဟု ဆို၍-

၁၃၃။ ဂဝံ စေ တရမာနာနံ၊ ဇိမှံ ဂစ္ဆတိ ပုင်္ဂဝေါ။
သဗ္ဗာ တာ ဇိမှံ ဂစ္ဆန္တိ၊ နေတ္တေ ဇိမှံ ဂတေ သတိ။
၁၃၄။ ဧဝမေဝ မနုဿေသု၊
ယော ဟောတိ သေဋ္ဌသမ္မတာ။
သော စေ အဓမ္မံ စရတိ၊ ပဂေဝ ဣတရာ ပဇာ။
သဗ္ဗံ ရဋ္ဌံ ဒုခံ သေတိ၊
ရာဇာ စေ ဟောတိ အဓမ္မိကော။
၁၃၅။ ဂဝံ စေ တရမာနာနံ၊ ဥဇုံ ဂစ္ဆတိ ပုင်္ဂဝေါ။
သဗ္ဗာ ဂါဝီ ဥဇုံ ယန္တိ၊ နေတ္တေ ဥဇုံ ဂတေ သတိ။
၁၃၆။ ဧဝမေဝ မနုဿသု၊
ယော ဟောတိ သေဋ္ဌသမ္မတော။
သော သစေ ဓမ္မံ စရတိ၊ ပဂေဝ ဣတရာ ပဇာ။
သဗ္ဗံ ရဋ္ဌံ သုခံ သေတိ၊
ရာဇာ စေ ဟောတိ ဓမ္မိကော။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၃၃။ မဟာပုည၊ ဘုန်းကြီးသော ဒါယကာ။ တရမာနာနံ၊ မြစ်ကိုကူးကုန်သော။ ဂဝံ၊ နွားတို့တွင်။ ပုင်္ဂဝေါ၊ ရှေ့ဆောင်နွားလားသည်။ ဇိမှံ၊ ကောက်စွာ။ စေ ဂစ္ဆတိ၊ အကယ်၍ သွားအံ့။ နေတ္တေ၊ ရှေ့ဆောင်နွလားသည်။ ဇိမှံ၊ ကောက်စွာ။ ဂတေ၊ သွားသည်။ သတိ၊ ရှိသော်။ သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ တာ၊ ထိုနွားမတို့သည်။ ဇိမှံ၊ ကောက်စွာ။ ဂစ္ဆန္တိ၊ သွားကုန်၏။

֍ ဋ္ဌ ၁၃၄။ ဧဝမေဝ၊ ဤအတူသာလျှင်။ မနုဿေသု၊ လူတို့တွင်။ ယော၊ အကြင်မင်းသည်။ သေဋ္ဌသမ္မတော၊ အမြတ်ဟူ၍ သမုတ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုမင်းသည်။ အဓမ္မံ၊ အဓမ္မကို။ စေ စရတိ၊ အကယ်၍ ကျင့်အံ့။ ဣတရာ၊ ဤ မင်းမှ တပါးကုန်သော။ ပဇာ၊ သတ္တဝါတို့သည်။ ပဂေဝ၊ အဘယ်ဆိုဘွယ်ရာ ရှိအံ့နည်း။ ရာဇာ၊ မင်းသည်။ အဓမ္မိကော၊ အဂတိတရား လေးပါးသို့ လိုက်သောအားဖြင့် တရားမစောင့်သည်။ စေ ဟောတိ၊ အကယ်၍ ဖြစ်အံ့။ သဗ္ဗံ၊ အလုံးစုံသော။ ရဋ္ဌံ၊ တိုင်းသည်။ ဒုခံ၊ ဆင်းရဲစွာ။ သေတိ၊ အိပ်ရ၏။ ဝါ၊ နေထိုင်ရ၏။

֍ ဋ္ဌ ၁၃၅။ တရမာနာနံ၊ မြစ်ကိုကူးကုန်သော။ ဂဝံ၊ နွားတို့တွင်။ ပုင်္ဂဝေါ၊ ရှေ့ဆောင်နွားလားသည်။ ဥဇုံ၊ ဖြောင့်စွာ။ စေ ဂစ္ဆတိ၊ အကယ်၍ သွားအံ့။ နေတ္တေ၊ ရှေ့ဆောင်နွားလားသည်။ ဥဇုံ၊ ဖြောင့်စွာ။ ဂတေ၊ သွားသည်။ သတိ၊ ရှိသော်။ သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ ဂါဝီ၊ နွားမတို့သည်။ ဥဇုံ၊ ဖြောင့်စွာ။ ယန္တိ၊ သွားကုန်၏။

֍ ဋ္ဌ ၁၃၆။ ဧဝမေဝ၊ ဤအတူသာလျှင်။ မနုဿေသု၊ လူတို့တွင်။ ယော၊ အကြင် မင်းသည်။ သေဋ္ဌသမ္မတော၊ အမြတ်ဟူ၍ သမုတ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုမင်းသည်။ ဓမ္မံ၊ တရားကို။ သစေ စရတိ၊ အကယ်၍ ကျင့်အံ့။ ဣတရာ၊ မင်းမှတပါးကုန်သော။ ပဇာ၊ သတ္တဝါတို့သည်။ ပဂေဝ၊ အဘယ် ဆိုဘွယ်ရာရှိအံ့နည်း။ ရာဇာ၊ မင်းသည်။ ဓမ္မိကော၊ တရားစောင့်သည်။ စေ ဟောတိ၊ အကယ်၍ ဖြစ်အံ့။ သဗ္ဗံ၊ အလုံးစုံသော။ ရဋ္ဌံ၊ တိုင်းသည်။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ အိပ်ရ၏။ ဝါ၊ နေထိုင်ရ၏။

မင်းသည် ဘုရားလောင်း၏ စကားကိုကြား၍ မိမိ၏ မင်း၏အဖြစ်ကို သိစေ၍ အရှင်ဘုရား ရှေး၌ ပညောင်သီးမှည့်ကို အကျွန်ုပ်သည်သာလျှင် ချိုအောင်ပြု၍ ခါးအောင်ပြုပြီ၊ ယခု ချိုအောင်ပြုအံ့ဟု ဆို၍ ဘုရားလောင်းကို ရှိခိုး၍ပြည်သို့ သွား၍ တရားသဖြင့် မင်းပြု၏။ ပညောင်သီးမှည့်သည် ပကတိ ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

တရားသဖြင့်၊ မင်းပြုလင့်က၊ တိုင်းနှင့်ပြည်သူ၊ ဝပြောဆူ၏

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ရာဇောဝါဒဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကောကိလဝဂ်

၅။ ဇမ္ဗုကဇာတ်

မာန်ဟုန်ပြင်း ဆင်နင်းသေ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဗြဟာ ပဝဍ္ဎကာယော သော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဇမ္ဗုကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် ဒေဝဒတ်၏ ဘုရားအတုပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုသည် အောက်၌ ချဲ့အပ်ပြီ၊ ) အထူးကား ဤဇမ္ဗုကဇာတ်၌ ဤသို့ အကျဉ်းကိုသိအပ်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် သာရိပုတ္တရာ ဒေဝဒတ်သည် သင်တို့ကို မြင်၍ အဘယ်သို့ ပြုသနည်းဟု မေးတော်မူသည်ရှိသော် အရှင်သာရိပုတ္တရာ မထေရ်သည် ဘုန်းတော်ကြီးသော အရှင်ဘုရား အရှင်ဘုရားတို့၏ အတုကိုပြုလျက် အကျွန်ုပ်လကျ၌ ယပ်ကိုပေး၍ အိပ်၏။ ထိုအခါ ဒေဝဒတ်ကို ကောကာလိကသည် ရင်၌ ဒူးပုဆစ်ဖြင့် ခတ်၏။ ဤသို့ ထိုဒေဝဒတ်သည် အရှင်ဘုရားတို့၏ အတုကိုပြု၍ ဆင်းရဲကို ခံရ၏ဟု လျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုစကားကို ကြား၍ သာရိပုတ္တရာ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ငါ၏အတုကိုပြု၍ ဆင်းရဲကို ခံရသည် မဟုတ်သေး၊ ရှေး၌လည်း ဆင်းရဲကို ခံရဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အရှင်သာရိပုတ္တရာ မထေရ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည် ရှိသော် ဘုရားလောင်းသည် ခြင်္သေ့မျိုး၌ ဖြစ်၍ ဟိမဝန္တာလိုဏ်၌ နေသည်ရှိသော် တနေ့သ၌ ကျွဲကိုသတ်၍ အသားကိုစား၍ ရေသောက်၍ လိုဏ်သို့ လာ၏။ တခုသောမြေခွေးသည် ခြင်္သေ့ကိုမြင်၍ ပြေးခြင်းငှာ မတတ်နိုင်ရကား ရင်ဖြင့် ဝပ်၏။ မြေခွေး အသို့ပြုသနည်းဟု ဆိုသည်ရှိသော် အရှင့်ကို အကျွန်ုပ် ခစားလို၏ဟု ဆို၏။ ခြင်္သေ့သည် ထိုသို့တပြီးကား လာလော့ဟု ထိုမြေခွေးကို မိမိနေရာအရပ်သို့ ဆောင်၍ နေ့တိုင်း နေ့တိုင်း အမဲကို ဆောင်ယူပေး၍ ကျွေးမွေး၏။ ခြင်္သေ့ စားကြွင်းဖြင့် ဆူဖြိုးသော ကိုယ်ရှိသည်၏အဖြစ်သို့ ရောက်သော် ထိုမြေ ခွေးအား တနေ့သ၌ မာနသည် ဖြစ်၏။ ထိုမြေ ခွေးသည် ခြင်္သေ့ကိုကပ်၍ အရှင်အကျွန်ုပ်သည် အခါခပ်သိမ်း အရှင်တို့၏ အလုပ်အကျွေးကို ခံ၏။ အရှင်တို့သည် အခါခပ်သိမ်း အမဲကို ဆောင်ယူ၍ အကျွန်ုပ်ကို ကျွေးမွေးကုန်၏။ ယနေ့ အရှင်သည် ဤနေရာ၌လျှင် နေလော့၊ အကျွန်ုပ်သည် တခုသောဆင်ကို သတ်၍ အသားကိုစား၍ အရှင်ဘို့ ဆောင်ခဲ့အံ့ဟုဆို၏။ ခြင်္သေ့သည် မြေခွေး သင်သည် ထိုအမှုကို မနှစ်သက်လင့်၊ သင်သည် ဆင်ကိုသတ်၍ အသားကိုစားသောမျိုး၌ မဖြစ်၊ ငါသည် သင့်အား ဆင်ကိုသတ်၍ ပေးအံ့၊ ဆင်မည်သည်ကား ကြီးသောကိုယ်ရှိ၏။ သင်သည် ဆင်ကို မဖမ်းလင့်၊ ငါ့စကားကို နားထောင်လော့ဟု ဆို၍-

၁၃၇။ ဗြဟာ ပဝဍ္ဎကာယော သော၊ ဒီဃဒါဌော စ ဇမ္ဗူက။
န တွံ တတ္ထ ကုလေ ဇာတော၊ ယတ္ထ ဂဏှန္တိ ကုဉ္စရံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၇။ ဇမ္ဗုက၊ မြေခွေး။ သော ကုဉ္စရော၊ ထိုဆင်သည်။ ဗြဟာ၊ ကြီး၏။ ပဝဍ္ဎကာယော၊ မြင့်သောကိုယ်ရှိ၏။ ဒီဃဒါဌော စ၊ ရှည်သော အစွယ်လည်း ရှိ၏။ ယတ္ထ၊ အကြင်ခြင်္သေ့ မျိုး၌။ ကုဉ္စရံ၊ ဆင်ကို။ ဂဏှန္တိ၊ ဖမ်းကုန်၏။ တွံ၊ သင်သည်။ တတ္ထ ကုလေ၊ ထိုခြင်္သေ့ မျိုး၌။ န ဇာတော၊ မဖြစ်။

မြေခွေးသည် ခြင်္သေ့တားမြစ်လျက်လျှင် လိုဏ်မှထွက်၍ သုံးကြိမ် ခွေးသံကိုမြည်၍ တောင်ထိပ်၌ ရပ်လျက် တောင်ခြေရင်းကို ကြည့်လတ်သော် တောင်ခြေရင်းဖြင့် လာလတ်သော တခုသော မည်းသော ဆင်ကိုမြင်၍ ထိုဆင်၏ ဦးကင်း၌ ကျအံ့ဟု ခုန်၍ လိမ့်၍ ဆင်၏ ခြေရင်း၌ ကျ၏။ ဆင်သည် ရှေ့ခြေနှစ်ဘက်ကို ကြွ၍ မြေခွေး၏ ဦးခေါင်းကို နင်း၏။ ဦးခေါင်းကွဲ၍ မှုန့်မှုန့်ကြေ၏။ မြေခွေးသည် ထိုအရပ်၌လျှင် ညည်းညူလျက် အိပ်၏။ ဆင်သည် ကြိုးကြာသံနှင့်တူသော အသံကို မြည်လျက် ဖဲသွား၏။ ဘုရားလောင်းသည် သွား၍ တောင်ထိပ်၌ရပ်လျက် ပျက်စီးခြင်းသို့ ရောက်သော ထိုမြေခွေးကို မြင်၍ မိမိမာနကို မှီ၍ မြေခွေးသည် ပျက်စီး၏ဟု-

၁၃၈။ အသီဟော သီဟမာနေန၊
ယော အတ္တာနံ ဝိကုဗ္ဗတိ။
ကောတ္ထူဝ ဂဇမာသဇ္ဇ၊
သေတိ ဘုမျာ အနုတ္ထုနံ။
၁၃၉။ ယသဿိနော ဥတ္တမပုဂ္ဂလဿ၊
သဉ္ဇာတခန္ဓဿ မဟဗ္ဗလဿ။
အသမေက္ခိယ ထာမဗလူပပတ္တိံ၊
သ သေတိ နာဂေန ဟတောယံ ဇမ္ဗုကော။
၁၄၀။ ယော စီဓ ကမ္မံ ကုရုတေ ပမာယ၊
ထာမဗ္ဗလံ အတ္တနိ သံဝိဒိတွာ။
ဇပ္ပေန မန္တေန သုဘာသိတေန၊
ပရိက္ခဝါ သော ဝိပုလံ ဇိနာတိ။

ဟူကုန်သော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၃၈။ ကောတ္ထု၊ မြေခွေးသည်။ ဂဇံ၊ ဆင်သို့။ အာသဇ္ဇ၊ ရောက်၍။ အနုတ္ထနံ၊ ညည်းညူလျက်။ ဘုမျာ၊ မြေ၌။ သေတိ ဣဝ၊ အိပ်ရသကဲ့သို့။ ယော၊ အကြင်သူသည်။ အသီဟော၊ ခြင်္သေ့ မဟုတ်ဘဲလျက်။ သိဟမာနေန၊ ခြင်္သေ့မာန်ဖြင့်။ အတ္တာနံ၊ ကိုယ်ကို။ ဝိကုဗ္ဗတိ၊ ဘောက်ပြန်၍ ပြု၏။ သော၊ ထိုသူသည်။ ဧဝရူပေါ၊ ဤမြေခွေးကဲ့သို့ သဘော ရှိသည်။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၁၃၉။ သ-သော အယံ ဇမ္ဗုကော၊ ထိုမြေခွေးသည်။ ယသဿိနော၊ အစိုးရခြင်းရှိသော။ ဥတ္တမပုဂ္ဂလဿ၊ မြတ်သော ပုဂ္ဂိုလ်ဖြစ်သော။ သဉ္ဇာတခန္ဓဿ၊ ကောင်းစွာတည်သော ကြီးသောပခုံးရှိသော။ မဟဗ္ဗလဿ၊ ခွန်အားကြီးသော ခြင်္သေ့မင်း၏။ ထာမဗလူပပတ္တိံ၊ အစွမ်းအား အမျိုးဇာတ်အားဖြင့် ဖြစ်ခြင်းကို။ အသမေက္ခိယ၊ မဆင်ခြင်မူ၍။ နာဂေန၊ ဆင်သည်။ ဟတော၊ သတ်အပ်သည်ဖြစ်၍။ သေတိ၊ သေလျက် အိပ်ရ၏။

֍ ဋ္ဌ ၁၄၀။ ဣဓ လောကေ၊ ဤလောက၌။ ပရိက္ကဝါ၊ ရင့်ကျက်သော ပညာရှိသော။ ယော စ၊ အကြင် သူသည်လည်း။ ပမာယ၊ နှိုင်းယှဉ်၍။ အတ္တနိ၊ မိမိ၌။ ထာမဗ္ဗလံ၊ ကိုယ်အား ဉာဏ်အားကို။ သံဝိဒိတွာ၊ သိ၍။ ဇပ္ပေန၊ မန္တရားဖြင့်၎င်း။ မန္တေန၊ ပညာရှိတို့နှင့် တိုင်ပင်သဖြင့်၎င်း။ သုဘာသိတေန၊ ကောင်းစွာဆိုအပ်သော စကားဖြင့်၎င်း။ ကမ္မံ၊ အမှုကို။ ကုရုတေ၊ ပြု၏။ သော၊ ထိုသူသည်။ ဝိပုလံ၊ များစွာသော အကျိုးကို။ ဇိနာတိ၊ အောင်၏။

ဤသို့ ဘုရားလောင်းသည် ဤသုံးဂါထာတို့ဖြင့် ဤလောက၌ ပြုအပ်သည်နှင့် ယှဉ်သော အမှုကို ဆို၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မြေခွေး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခြင်္သေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မတူဘဲတု၊ ဘက်ပြိုင်ပြု၊ ဇမ္ဗုကပမာ ပျက်စီးမှာ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ဇမ္ဗုကဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကောကိလဝဂ်

၆။ ဗြဟာဆတ္တဇာတ်

ပညာဆောင်း စီးပွားပြန်ရ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် တိဏံ တိဏန္တိ လပသိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗြဟာဆတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုကို ဆိုအပ်ပြီ)။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ် မင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်ဖြစ်၏။ ဗာရာဏသီမင်းသည် များစွာသော စစ်သည်ဖြင့် ကောသလမင်းကို စစ်ထိုးအံ့သောငှာသွား၍ သာဝတ္ထိပြည်သို့ရောက်၍ စစ်ထိုးခြင်းဖြင့် မြို့တွင်းသို့ဝင်၍ မင်းကို ဖမ်း၏။ ကောသလမင်းအားကား ဆတ္တမည်သော သားသည် ရှိ၏။ ထိုသားသည် မထင်ရှားသောအသွင်ဖြင့် ထွက်ပြေး၍ တက္ကသိုလ်ပြည်သို့ သွား၍ ဗေဒင်သုံးပုံ တဆယ့်ရှစ်ပါးသော အတတ်တို့ကို သင်၍ တက္ကသိုလ်ပြည်မှ ထွက်ခဲ့၍ ခပ်သိမ်း သော အတတ်ပညာတို့ကိုသင်လျက် တခုသော ပစ္စန္တရစ်ရွာသို့ ရောက်၏။ ထိုပစ္စန္တရစ်ရွာကို မှီ၍ ငါးရာသော ရသေ့တို့သည် တောဝယ် သစ်ရွက်မိုးသော ကျောင်းတို့၌ နေကုန်၏။ ဆတ္တမင်းသား

သည် ငါးရာသော ရသေ့တို့ကို ဆည်းကပ်၍ ဤရသေ့တို့၏ အထံ၌လည်း တစုံတခုသော အတတ်ကို သင်အံ့ဟု ရဟန်းပြု၍ အကြင်အတတ်ကို ရသေ့တို့သည် တတ်ကုန်၏။ ထိုအလုံးစုံသော အတတ်ကိုသင်၍ နောက်အဘို့၌ ဂိုဏ်းဆရာဖြစ်၏။

ထိုအခါ တနေ့သ၌ ရသေ့အပေါင်းကို ခေါ်၍ အရှင်ဘုရားတို့ အရှင်တို့သည် အဘယ့်ကြောင့် မဇ္ဈိမဒေသသို့ မသွားကုန်သနည်းဟု မေး၏။ ငါ့သျှင် မဇ္ဈိမဒေသ၌ လူတို့မည်သည်ကား ပညာရှိကုန်၏။ ထိုလူတို့သည် ပြဿနာကို မေးကုန်လတ္တံ့၊ အနုမောဒနာကို ပြုစေကုန်လတ္တံ့၊ မင်္ဂလာကို ရွတ်စေကုန်လတ္တံ့၊ မတတ်နိုင်ကုန်သောသူတို့ကို ကဲ့ရဲ့ကုန်လတ္တံ့၊ ကျွန်ုပ်တို့သည် ထိုသို့ သဘောရှိသော ဘေးကြောင့် မသွားကုန်ဟု ဆိုကုန်၏။ အရှင်ဘုရားတို့သည် မကြောက်ကြကုန်လင့်၊ ထိုအလုံးစုံကို ကျွန်ုပ်ပြုအံ့ဟု ဆတ္တမင်း သား ဆို၏။ ထိုသို့ဖြစ်လျှင် သွားကြကုန်အံ့ဟု ခပ်သိမ်းသော ရသေ့တို့သည် မိမိ မိမိတို့၏ အထူးထူးသော ပရိက္ခရာကိုယူ၍ အစဉ်သဖြင့် ဗာရာဏသီပြည်သို့ ရောက်ကုန်၏။ ဗာရာဏသီ မင်းသည်လည်း ကောသလ မင်းကို မိမိလက်သို့ ရောက်သည်ကိုပြု၍ သာဝတ္ထိပြည်၌ မင်းချင်းယောက်ျားတို့ကို ထားခဲ့၍ မိမိသည်ကား သာဝတ္ထိပြည်၌ရှိသော ဥစ္စာကိုယူ၍ ဗာရာဏသီပြည်သို့ သွား၍ ဥယျာဉ်၌ ကြေးအိုးတို့ကိုပြည့်စေ၍ မြှုပ်၍ ထိုဗာရာဏသီ ပြည်၌သာလျင် နေ၏။ ထိုအခါ ရသေ့တို့သည် မင်း၏ ဥယျာဉ်ဝယ် ညဉ့်၌နေ၍ နက်ဖြန်နံနက် ဗာရာဏသီမြို့သို့ ဆွမ်းခံဝင်၍ မင်းအိမ်တံခါးသို့ ရောက်ကုန်၏။ မင်းသည် ထိုရသေ့တို့၏ ဣရိယာပုထ်တို့၌ ကြည်ညို၍ ပင့်ခေါ်စေ၍ မြတ်သော ပြာသာဒ်အပြင်၌ နေစေ၍ ရသေ့တို့အား ယာဂု ခဲဘွယ်ကိုလှူ၍ ဆွမ်းဘုဉ်းပေးသော ကာလတိုင်အောင် ထိုထိုပြဿနာကိုမေး၏။ ဆတ္တမင်းသားသည်သာလျှင် မင်း၏စိတ်ကို နှစ်သက်စေလျက် ခပ်သိမ်းသော ပြဿနာတို့ကို ဖြေ၍ ဆွမ်းဘုဉ်း ပေးပြီးသော အဆုံး၌ ဆန်းကြယ်သော အနုမောဒနာကို ပြု၏။ မင်းသည် အတိုင်းထက် အလွန် ကြည်ညို၍ ဝန်ခံခြင်းကိုယူ၍ အလုံးစုံသော ရသေ့တို့ကိုလည်း ဥယျာဉ်၌ နေစေ၏။

ဆတ္တမင်းသားသည် ဥစ္စာအိုးကို ထုတ်အော်သော မန္တရားကို တတ်၏။ ထိုဆတ္တမင်းသားသည် ဥယျာဉ်၌ နေလျက် အဘယ်၌လျှင် ဤဗာရာဏသီမင်းသည် အဘဥစ္စာကို မြှုပ်သနည်းဟု မန္တရားကိုမန်း၍ ကြည့်လတ်သော် ဥယျာဉ်၌ မြှုပ်သည်၏အဖြစ်ကို သိ၍ ဤဥစ္စာကိုယူ၍ ငါ၏ ပြည်ကို ငါယူအံ့ဟုကြံ၍ ရသေ့တို့ကိုခေါ်၍ အရှင်ဘုရားတို့ အကျွန်ုပ်ကား ကောသလမင်း၏ သားတည်း၊ ဗာရာဏသီမင်းသည် အကျွန်ုပ်တို့ပွည်ကို ယူသည်ရှိသော် မထင်ရှားသော အသွင်ဖြင့် ထွက်၍ ဤမျှလောက်သော ကာလပတ်လုံး ကိုယ့်အသက်ကို စောင့်ရ၏။ ယခု အကျွန်ုပ် အဘဥစ္စာကို ရအပ်ပြီ၊ အကျွန်ုပ်သည် ထိုဥစ္စာကိုယူ၍ သွား၍ ကိုယ့်နိုင်ငံကို ယူအံ့၊ အရှင်ဘုရားတို့သည် အဘယ်သို့ ပြုကြကုန်အံ့နည်းဟု မေး၏။ အကျွန်ုပ်တို့သည်လည်း အရှင်နှင့် အတူတကွသာလျှင် လိုက်ကုန်အံ့ဟု ဆိုကုန်၏။ ဆတ္တမင်းသားသည် ကောင်းပြီဟု တိုင်ပင်၍ ကြီးစွာကုန်သော သားရေအိတ်တို့ကို လုပ်စေ၍ ညဉ့်အဘို့၌ မြေကိုတူး၍ ဥစ္စာအိုးတို့ကို ထုတ်ဘော်၍ သားရေအိတ်တို့၌ ထည့်၍ အိုးတို့ကို မြက်ဖြင့် ပြည့်စေ၍ ငါးရာသော ရသေ့တို့ကို၎င်း တပါးကုန်သောလူတို့ကို၎င်း ဥစ္စာကိုဆောင်ယူစေ၍ ပြေးလျက် သာဝတ္ထိပြည်သို့ ရောက်၍ ခပ်သိမ်းသော မင်းချင်းယောက်ျားတို့ကို ဖမ်းစေ၍ သာဝတ္ထိပြည်ကိုယူ၍ တံတိုင်း ပစ္စင် အစရှိသော အလုံးစုံကို ပြုပြင်စေ၍ တဖန် ရန်သူမင်းသည် စစ်ထိုးသဖြင့် မယူနိုင်အောင်ပြု၍ သာဝတ္ထိပြည်၌ နေ၏။ ထိုအခါ ဗာရာဏသီမင်းအား ရသေ့တို့သည် ဥယျာဉ်မှ ဥစ္စာကိုယူ၍ ပြေးကုန်၏ဟု ကြား လျှောက်ကုန်၏။ ဗာရာဏသီမင်းသည် ဥယျာဉ်သို့ သွား၍ အိုးတို့ကိုဖွင့်စေ၍ မြက်ကိုသာလျှင် မြင်၏။ ဗာရာဏသီမင်းအား ဥစ္စာကိုအမှီပြု၍ ကြီးစွာသော စိုးရိမ်ခြင်းသည် ဖြစ်၏။ ဗာရာဏသီမင်းသည် မြို့သို့သွား၍ မြက်သာ လျှင်တည်း၊ မြက်သာလျှင်တည်းဟု မြည်လျှက်သွား၏။ ထိုမင်း၏ သောကကို ငြိမ်းစိမ့်သောငှါ တစုံတယောက်သောသူသည် မတတ်နိုင်။

ဘုရားလောင်းသည် မင်းကား ကြီးစွာသော စိုးရိမ်ခြင်းရှိ၍ မြည်တမ်းလျှက် သွား၏။ ငါ့ကိုထား၍ ငါမှတပါး တစုံတယောက်သောသူသည် ဤမင်း၏ စိုးရိမ်ခြင်းကို ပယ်အံ့သောငှါ မတတ်နိုင်၊ ငါသည် မင်းအား စိုးရိမ်ခြင်း မရှိသည်ကို ပြုအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုဘုရားလောင်းသည် တနေ့သ၌ မင်းနှင့်တကွ ချမ်းသာစွာနေလျက် မင်းသည် မြည်တမ်းသောကာလ၌-

၁၄၁။ တိဏံ တိဏန္တိ လပသိ၊ ကော နု တေ တိဏမာဟရိ။
ကိံ နု တေ တိဏကိစ္စတ္ထိ၊ တိဏမေဝ ပဘာသသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တိဏံ တိဏန္တိ၊ မြက်သာလျှင်တည်း, မြက်သာလျှင်တည်းဟု။ လပသိ၊ ယောင်ယမ်းမြည်တမ်း၏။ တေ၊ သင်မင်းကြီး၏။ တိဏံ၊ မြက်ကို။ ကော နု၊ အဘယ် သူသည်သာလျှင်။ အာဟရိ၊ ဆောင်သနည်း။ တေ၊ သင်မင်းကြီးအား။ တိဏကိစ္စံ၊ မြက်ဖြင့်ပြုအပ်သောကိစ္စသည်။ အတ္ထိ ကိံ နု၊ ရှိသလော။ တိဏမေဝ၊ မြက်ကိုသာလျှင်။ ပဘာသသိ၊ မြည် တမ်းပြောဆို၏။

ထိုစကားကို ကြား၍ မင်းသည်-

၁၄၂။ ဣဓာဂမာ ဗြဟ္မစာရီ၊ ဗြဟာ ဆတ္တော ဗဟုသုတော။
သော မေ သဗ္ဗံ သမာဒါယ၊ တိဏံ နိက္ခိပ္ပ ဂစ္ဆတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၂။ ပဏ္ဍိတ၊ ပညာရှိ။ ဗြဟ္မစာရီ၊ မြတ်သောအကျင့်ကို ကျင့်သော။ ဗြဟာ၊ မြင့်သော။ ဗဟုဿုတော၊ များသော အကြားအမြင်ရှိသော။ ဆတ္တော၊ ဆတ္တသည်။ ဣဓ၊ ဤဗာရာဏသီသို့။ အာဂမာ၊ လာ၏။ သော၊ ထိုဆတ္တသည်။ မေ၊ ငါ၏။ သဗ္ဗံ၊ အလုံးစုံသော ဥစ္စာကို။ သမာဒါယ၊ ယူ၍။ တိဏံ၊ မြက်ကို။ နိက္ခိပ္ပ၊ ထည့်၍။ ဂစ္ဆတိ၊ သွား၏။

ထိုစကားကို ကြား၍ ဘုရားလောင်းသည်-

၁၄၃။ ဧဝေတံ ဟောတိ ကတ္တဗ္ဗံ၊ အပ္ပေန ဗဟုမိစ္ဆတာ။
သဗ္ဗံ သကဿ အာဒါနံ၊ အနာဒါနံ တိဏဿ စ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၃။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အပ္ပေန၊ အနည်းငယ်သော မြက်ဖြင့်။ ဗဟုံ၊ များစွာသော ဥစ္စာကို။ ဣစ္ဆတာ၊ အလိုရှိသော ဆတ္တသည်။ သကဿ၊ မိမိဥစ္စာ၏။ သဗ္ဗံ၊ အလုံးစုံကို။ အာဒါနဉ္စ၊ ယူခြင်းသည်၎င်း။ တိဏဿ၊ မြက်ကို။ စာဋီသု၊ အိုးတို့၌။ ပက္ခိပိတွာန၊ ထည့်၍။ အနာဒါနံ၊ မယူခြင်းသည်၎င်း။ ဧဝံ၊ ဤသို့။ ဧတံ၊ ထိုအမှုကို။ ကတ္တဗ္ဗံ၊ ပြုအပ်သည်။ ဟောတိ၊ ဖြစ်၏။ တတ္ထ၊ ထိုအမှုကိုပြုခြင်း၌။ ပရိဒေဝနာ၊ မြည်တမ်းခြင်းသည်။ ကာ၊ အဘယ်အကျိုးရှိအံ့နည်း။

မင်းသည် ထိုစကားကို ကြား၍-

၁၄၄။ သီလဝန္တော န ကုဗ္ဗန္တိ၊ ဗာလော သီလာနိ ကုဗ္ဗတိ။
အနိစ္စသီလံ ဒုဿီလျံ၊ ကိံ ပဏ္ဍိစ္စံ ကရိဿတိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၄။ ပဏ္ဍိတ၊ ပညာရှိ။ သီလဝန္တော၊ သီလရှိကုန်သောသူတို့သည်။ ဧဝရူပံ၊ ဤသို့သဘောရှိသောအမှုကို။ န ကုဗ္ဗန္တိ၊ မပြုကုန်။ ဗာလော၊ သူမိုက်သည်။ သီလာနိ၊ မကောင်းသော အလေ့အကျက်တို့ကို။ ကုဗ္ဗတိ၊ ပြု၏။ အနိစ္စသီလံ၊ မမြဲသောသီလရှိသော။ ဒုဿီလျံ၊ သီလမရှိသောသူကို။ ပဏ္ဍိစ္စံ၊ ပညာရှိသောအဖြစ်သည်။ ကိံ ကရိဿတိ၊ အဘယ်သို့ပြုလတ္တံ့နည်း။

ဆတ္တမင်းသားကို ကဲ့ရဲ့လျက်ဆို၍ ဘုရားလောင်းသည် ဆိုအပ်ပြီးသော စကားဖြင့် သောကကင်းသည်ဖြစ်၍ မင်းသည် တရားသဖြင့် မင်းပြု၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါအံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းသည် ထိုအခါ ဗြဟာဆတ္တ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသော အမတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ပညာကျွမ်းကျင်၊ စည်းစိမ်ရှင်၊ ပြည်ခွင် သိမ်းတော့သည်

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဗြဟာဆတ္တဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကောကိလဝဂ်

၇။ ပီဌဇာတ်

ကိုယ့်အလွဲ၊ သူ့စွဲ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် န တေ ပီဌ မဒါယိမှ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပီဌဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းသည် ဇနပုဒ်မှ ဇေတဝန် ကျောင်းတော်သို့ သွား၍ သပိတ်သင်္ကန်းကို သိုမှီး၍ ဘုရားကို ရှိခိုး၍ သာမဏေ ပဉ္စင်းငယ်တို့ကို သင်တို့ သာဝတ္ထိပြည်၌ အာဂန္တုကရဟန်းတို့အား အဘယ်သူတို့သည် ကျေးဇူးပြုကုန်သနည်းဟုမေး၍ အရှင်ဘုရား အနာထပိဏ်မည်သော သူဌေးကြီး ဝိသာခါ မည်သော သီတင်းသည်မကြီးတို့သည် ရဟန်းသံဃာအား ကျေးဇူးပြုကုန်၏။ ရဟန်းသံဃာတို့၏ မိဘအရာ၌ တည်ကုန်၏ဟု ဆိုကုန်၏။ ထိုရဟန်းသည် ကောင်းပြီဟု နက်ဖြန် နံနက်စောစော တပါးသော ရဟန်း၏လည်း မဝင်မီကလျှင် အနာထပိဏ်သူဌေး၏ အိမ်တံခါးသို့ သွား၏။ အလွန်စောစော လာသည်၏အဖြစ်ကြောင့် ထိုရဟန်းကို တစုံတယောက်သော သူသည်လည်း မကြည့်၊ ထိုရဟန်းသည် အနာထပိဏ်သူဌေးအိမ်မှ တစုံတခုကို မရမူ၍ ဝိသာခါ၏ အိမ်တံခါးသို့သွား၏ ဝိသာခါ၏ အိမ်၌လည်း အလွန်စောစောလာသည်၏အဖြစ်ကြောင့် တစုံတခုကိုမရ၊ ထိုရဟန်းသည် ထိုထို အိမ်သို့သွားလျှက် တဖန်ပြန်လျှက် ယာဂုကုန်လတ်သော် ရောက်လာ၏။ တဖန်လည်း ထိုထိုအိမ်သို့သွား၍ ဆွမ်းကုန်လတ်သော် ရောက်လာ၏။ ထိုရဟန်းသည် ကျောင်းသို့ သွား၍ နှစ်ပါးကုန်သော အမျိုးတို့သည်လည်း သဒ္ဓါတရား မရှိကုန်၊ ကြည်ညိုခြင်း မရှိကုန်၊ ဤရဟန်းတို့သည် သဒ္ဓါတရားရှိကုန်၏။ ကြည်ညိုခြင်းရှိကုန်၏ဟု ဆိုကုန်၏။ ထိုအမျိုးတို့သည် အဘယ်မူကုန်အံ့နည်းဟု ရှုတ်ချကဲ့ရဲ့လျက် သွား၏။

ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသော ဇနပုဒ်ရဟန်းသည် အလွန်စောစောကလျှင် ဒါယကာတို့၏ အိမ်တံခါးသို့သွား၍ ဆွမ်းကိုမရလတ်သော် ဒါယကာတို့ကို ရှုတ်ချကဲ့ရဲ့လျက် သွား၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟုမေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ထိုရဟန်းကို ခေါ်တော်မူ၍ ရဟန်း သင်သည် ဆွမ်းမရ၍ ဒါယကာတို့ကို ရှုတ်ချကဲ့ရဲ့သောဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော် လျောက်သည်ရှိသော် ရဟန်း အဘယ်ကြောင့် အမျက် ထွက်သနည်း၊ ဘုရားမဖြစ်မီ ရှေး၌ ရသေ့တို့သည်လည်း ဒါယကာ အိမ်တံခါးသို့ ရောက်၍ ဆွမ်းမရ၍ အမျက်မထွက်ကုန်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သည် ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ နောက်အဘို့၌ ရသေ့ရဟန်းပြု၍ ဟိမ ဝန္တာ၌ ကြာမြင့်စွာနေ၍ ချဉ်ဆား မှီဝဲအံ့သောငှါ ဗာရာဏသီပြည်သို့ သွား၍ ဥယျာဉ်၌ နေ၍ နက်ဖြန် မြို့သို့ ဆွမ်းခံဝင်၏။ ထိုအခါ ဗာရာဏသီသူဌေးသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ကြည်ညိုခြင်းရှိ၏။ ဘုရားလောင်းသည် အဘယ်သူ့အိမ်သည် သဒ္ဓါတရား ရှိသနည်းဟု မေး၍ သူဌေးအိမ်သည် သဒ္ဓါတရားရှိ၏ဟု ကြား၍ သူဌေးအိမ် တံခါးသို့ သွား၏။ ထိုခဏ၌ သူဌေးသည် မင်းခစားအံ့သောငှာ သွား၏။ လူတို့သည်လည်း ဘုရားလောင်းကို မမြင်ကုန်၊ ဘုရားလောင်းသည် ပြန်၍သွား၏။ ထိုအခါ သူဌေးသည် မင်းအိမ်မှ ပြန်လတ်သော် ဘုရားလောင်းကို မြင်၍ ရှိခိုး၍ သပိတ်ကိုယူ၍ အိမ်သို့ ပင့်ဆောင်နေစေ၍ ခြေဆေးခြင်း ဆီလိမ်းခြင်း ယာဂုခဲဘွယ်ကပ်ခြင်း အစရှိသည်တို့ဖြင့် ရောင့်ရဲစေ၍ ဆွမ်းမဘုဉ်းပေးမီ စိုးစဉ်းသော အကြောင်းကိုမျှ မမေးမူ၍ ဆွမ်းဘုဉ်းပေးပြီးသော် ဘုရားလောင်းကို ရှိခိုး၍ တင့်အပ်လျောက် ပတ်စွာ နေလျက် အရှင်ဘုရား အကျွန်ုပ်တို့၏ အိမ်တံခါးသို့ ရောက်လာကုန်သော သူတောင်း စားတို့သည်၎င်း တရားစောင့်ကုန်သော ရဟန်းပုဏ္ဏားတို့သည်၎င်း ပူဇော်သက္ကာရကို မရကုန်မူ၍ သွားရဘူးသော မည်သည်မရှိ၊ အရှင်တို့ကိုကား ယနေ့ အကျွန်ုပ်တို့၏ သူငယ်တို့သည် မမြင်သည်၏အဖြစ်ကြောင့် နေရာကို၎င်း သောက် ရေကို၎င်း ခြေဆေးခြင်းကို၎င်း ယာဂုဆွမ်းကို၎င်း အရှင်ဘုရားတို့သည် မရကုန်မူ၍သာလျှင် သွားကုန်၏။ ဤသို့ မရခြင်းသည် အကျွန်ုပ်တို့၏ အပြစ်တည်း၊ ထိုအကျွန်ုပ်တို့အပွဈကို သည်းခံတော်မူခြင်းငှါ သင့်၏ဟု ဆို၍-

၁၄၅။ န တေ ပီဌမဒါယိမှ၊ န ပါနံ နပိ ဘောဇနံ။
ဗြဟ္မစာရီ ခမဿု မေ၊ ဧတံ ပဿာမိ အစ္စယံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၅။ ဗြဟ္မစာရီ၊ မြတ်သော အကျင့်ကို ကျင့်သော အရှင်ဘုရား။ တေ၊ အရှင်ဘုရားအား။ ပီဌံ၊ နေရာကို။ န အဒါယိမှ၊ မပေးကုန်။ ပါနံ၊ ရေကို။ န အဒါယိမှ၊ မပေးကုန်။ ဘောဇနံ၊ ဆွမ်းကို။ န အဒါယိမှ၊ မပေးမလှူကုန်။ ဧတံ အစ္စယံ၊ ထိုအပြစ်ကို။ ပဿာမိ၊ မြင်၏။ မေ၊ အကျွန်ုပ်၏။ ဧတံ၊ ထိုအပြစ်ကို။ တွံ၊ အရှင်ဘုရားသည်။ ခမဿု၊ သည်းခံတော်မူပါလော။

ထိုစကားကို ကြား၍ ဘုရားလောင်းသည်-

၁၄၆။ နေဝါဘိသဇ္ဇာမိ န စာပိ ကုပ္ပေ၊
န စာပိ မေ အပ္ပိယမာသိ ကိဉ္စိ။
အထောပိ မေ အာသိ မနောဝိတက္ကော၊
ဧတာဒိသော နူနု ကုလဿ ဓမ္မော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၆။ သေဋ္ဌိ၊ သူဌေး။ အဟံ၊ ငါသည်။ နေဝါဘိသဇ္ဇာမိ၊ မငြိမစွန်းသလျှင်ကတည်း။ န စာပိ ကုပ္ပေ၊ အမျက်လည်း မထွက်သလျှင်ကတည်း။ မေ၊ ငါအား။ ကိဉ္စိ၊ တစုံတခုသော။ အပ္ပိယံ စာပိ၊ မုန်းခြင်းသည်လည်း။ န အာသိ၊ မဖြစ်။ အထောပိ၊ စင်စစ်သော်ကား။ ကုလဿ၊ အမျိုး၏။ ဧတာဒိသော၊ ဤသို့သဘောရှိသော။ ဓမ္မော၊ အလေ့သည်။ ဘဝိဿတိ နူန၊ ဖြစ်လေယောင်တကားဟု။ မေ၊ အား။ ကိဉ္စိ၊ တစုံတခုသော။ မနောဝိတက္ကော၊ စိတ်အကြံသည်။ အာသိ၊ ဖြစ်၏။

ထိုစကားကို ကြား၍ သူဌေးသည်-

၁၄၇။ ဧသသ္မာကံ ကုလေ ဓမ္မော၊
ပိတု ပိတာမဟော သဒါ။
အာသနံ ဥဒကံ ပဇ္ဇံ၊ သဗ္ဗေတံ နိပဒါမသေ။
၁၄၈။ ဧသသ္မာကံ ကုလေ ဓမ္မော၊
ပိတု ပိတာမဟော သဒါ။
သက္ကစ္စံ ဥပတိဋ္ဌာမ၊ ဥတ္တမံ ဝိယ ဉာတကံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၄၇။ ဗြဟ္မစာရီ၊ မြတ်သော အကျင့်ကို ကျင့်သော ရှင်ရသေ့။ မယံ၊ အကျွန်ုပ်တို့သည်။ အာသနံ၊ နေရာ။ ဥဒကံ၊ ခြေဆေးရေ။ ပဇ္ဇံ၊ ခြေနယ်ဆီ။ ဧတံ သဗ္ဗံ၊ ဤအလုံးစုံကို။ နိပဒါမသေ၊ အလွန်လှူကုန်၏။ ဧသ၊ ဤအလေ့သည်။ အသ္မာကံ၊ အကျွန်ုပ်တို့၏။ ကုလေ၊ အမျိုး၌။ သဒါ၊ အခါ ခပ်သိမ်း။ ပိတုပိတာမဟော၊ အဘအဘိုးတို့၏ ဥစ္စာဖြစ်သော။ ဓမ္မော၊ အလေ့တည်း။

֍ ဋ္ဌ ၁၄၈။ ဗြဟ္မစာရီ၊ မြတ်သောအကျင့်ကို ကျင့်သော အရှင်ဘုရား။ မယံ၊ အကျွန်ုပ်တို့သည်။ ဥတ္တမံ၊ မြတ်သော။ ဉာတကံ ဝိယ၊ မိဘကဲ့သို့။ သမဏဗြာဟ္မဏံ၊ ရဟန်းပုဏ္ဏားကို။ သက္ကစ္စံ၊ ရိုသေစွာ။ ဥပတိဋ္ဌာမ၊ လုပ်ကျွေးကုန်၏။ ဧသ၊ ဤအလေ့သည်။ အသ္မာကံ၊ အကျွန်ုပ်တို့၏။ ကုလေ၊ အမျိုး ၌။ သဒါ၊ အခါခပ်သိမ်း။ ပိတုပိတာမဟော၊ အဘအဘိုးတို့၏ ဥစ္စာဖြစ်သော။ ဓမ္မော၊ အလေ့တည်း။

ဘုရားလောင်းသည်ကား နှစ်ရက် သုံးရက် ဗာရာဏသီသူဌေးအား တရားဟောလျက် ဗာရာဏသီ၌နေ၍ တဖန် ဟိမဝန္တာသို့သာလျှင် သွား၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော် မူသည်၏ အဆုံး၌ ထိုရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီသူဌေး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ရဟန်းဖြစ်ငြား၊ သူတပါး၊ မျက်ပွား မသင့်ပေ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ပီဌဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကောကိလဝဂ်

၈။ ထုသဇာတ်

သက်ပေး ဂါထာ

ပစ္စုပ္ပန်ဝတ္ထု... နက်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝိဒိတံ ထုသံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာအပ်သော ဤထုသဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အာတသတ်မင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအဇာတသတ်မင်းသည် အမိဝေဒေဟီ မိဖုယားဝမ်း၌ ပဋိသန္ဓေ နေသည်ရှိသော် ကောသလမင်း၏ သ္မီးတော်, အဇာတသတ်မင်း၏ မယ်တော် ဝေဒေဟီမိဖုယားအား ဗိမ္မိသာရမင်း၏ လက်ျာပုဆစ်ဒူးသွေးကို သောက်လိုသော ချင်ခြင်းရှိသည်ဖြစ်၍ ဖျော့တော့သော အဆင်းရှိသည် ဖြစ်၏။ ထိုဝေဒေဟီ မိဖုယားသည် အလုပ် အကျွေးတို့သည် မေးအပ်သည်ရှိသော် ထိုအလုပ် အကျွေးတို့အား ထိုအကြောင်းကို ကြား၏။ မင်းသည်လည်း ကြား၍ နိမိတ်ဘတ်တတ်ကုန်သော သူတို့ကို ခေါ်စေ၍ မိဖုယားအား ဤသို့ သဘော ရှိသော ချင်ခြင်းသည် ဖြစ်သတတ်၊ ထိုချင်ခြင်း၏ အကျိုးသည် အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု မေး၏။ ထိုနိမိတ်ဘတ်တက်ကုန်သော သူတို့သည် မိဖုယား၏ ဝမ်း၌ဖြစ်သော သားသည် အရှင်မင်းကြီးတို့ကို သတ်၍ မင်းအဖြစ်ကို ယူလတ္တံ့ဟု ဆိုကုန်၏။ မင်းသည် ဤငါ၏သားသည် ငါ့ကိုသတ်၍ မင်းအဖြစ်ကို အကယ်၍ ယူငြားအံ့၊ ထိုသို့ယူရာ၌ ငါ့အား အဘယ်အပြစ်ရှိအံ့နည်းဟု လကျ်ာပုဆစ်ကို ဓားဖြင့်ခွဲစေ၍ သွေးကို ရွှေခွက်ဖြင့်ခံယူစေ၍ မိဖုယားကို သောက်စေ၏။ မိဖုယားသည် ဝမ်း၌ဖြစ်သော သားသည် အဘကို အကယ်၍ သတ်ငြားအံ့၊ ထိုသားဖြင့် ငါ့အား အဘယ်ပြုအံ့နည်းဟု ကြံ၍ ကိုယ်ဝန်ကို ကျစိမ့်သောငှါ ဝမ်းကို နယ်စေ၏။

ဗိမ္ဗိသာရမင်းသည် သိ၍ မိဖုယားကို ခေါ်စေ၍ ရှင်မ ငါ၏သားသည် ငါ့ကိုသတ်၍ မင်းအဖြစ်ကို ယူလတ္တံ့၊ ငါသည် မအို မသေပဲ မနေရ၊ သားမျက်နှာကို ကြည့်စိမ့်သောငှါ ငါ့အား ပေးလော့၊ ယနေ့မှစ၍ ဤသို့သဘောရှိသော အမှုကို မပြုလင့်ဟု ဆို၏။ မိဖုယားသည် ထိုအခါမှစ၍ ဥယျာဉ်သို့သွား၍ ဝမ်းကို နယ်စေ၏။ မင်းသည် သိ၍ ထိုအခါမှစ၍ ဥယျာဉ်သို့ သွားခြင်းကို မြစ်၏။ မိဖုယားသည် ပြည့်သော ကိုယ်ဝန်ရှိသည်ဖြစ်၍ သားကို ဖွား၏။ အမည်မှည့်အံ့သောနေ့၌ မင်းသားအား မဖွားမီကသာလျှင် အဘ၏ရန်သူ ဖြစ်ခြင်းကြောင့် အဇာတသတ်ဟူသော အမည်ကို မှည့်ကုန်၏။ မင်းသည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို မြတ်သော ခဲဘွယ်ဘောဇဉ်ဖြင့် လုပ်ကျွေး၍ ဘုရားကိုရှိခိုး၍ တရားကိုနာလျက် နေ၏။ ထိုအခါ မင်းသားကို တန်ဆာဆင်၍ မင်းအား ပေးကုန်၏။ မင်းသည် အားကြီးစွာသော ချစ်ခြင်းဖြင့် သားကိုယူ၍ ပေါင်ပေါ်၌နေစေ၍ သား၌ဖြစ်သော ချစ်ခြင်းဖြင့် သားကိုသာလျှင် မြတ်နိုးရကား တရားကို မနာနိုင်၊ သဗ္ဗညူ မြတ်စွာဘုရားသည် မင်း၏ မေ့လျော့သောအဖြစ်ကို သိ၍ မြတ်သောမင်းကြီး ရှေးမင်းတို့သည် သား၌ ရွံရှာကုန်လတ်သော် ပုန်းကွယ်ရာအရပ်၌ ထားကုန်၍ ငါလွန်မှ ထုတ်ဆောင်၍ မင်းအဖြစ်၌ ထားကြကုန်လောဟု စေကုန်၏ဟု မိန့်တော်မူ၍ ဗိမ္ဗိသာရမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခဆရာဖြစ်၍ များစွာကုန်သော မင်းသား ပုဏ္ဏားသားတို့ကို အတတ် သင်၏။ ဗာရာဏသီမင်း၏ သားသည်လည်း တဆယ့်ခြောက်နှစ် ရှိသောကာလ၌ ဘုရားလောင်းအထံသို့သွား၍ ဗေဒင်သုံးပုံ၊ အလုံးစုံသော အတတ်တို့ကို သင်၍ ပြည့်စုံသော အတတ်ရှိသည်ဖြစ်၍ ဆရာကို ပန်၏။ ဆရာသည် အင်္ဂါ ဝိဇ္ဇာ၏အစွမ်းအားဖြင့် မင်းသားကို ကြည့်လတ်သော် ဤမင်းသားအား သားကိုအမှီပြု၍ အန္တရာယ်သည် ထင်၏။ ငါသည် မိမိအာနုဘော်အားဖြင့် ထိုအန္တရာယ်ကို ပယ်အံ့ဟုကြံ၍ လေးဂါထာတို့ကိုဖွဲ့၍ မင်းသားအား ပေး၏။ ဤသို့လည်း ထိုမင်းသားကို မှာ၏။ အမောင် ရှေးဦးစွာသော ဂါထာကို မင်းအဖြစ်၌တည်၍ သင်မင်းသား၏ သားသည် တဆယ့်ခြောက်နှစ်ရှိသော် ထမင်း စားစဉ်လျှင် ရွတ်လေလော့၊ နှစ်ခုမြောက်သောဂါထာကို ကြီးစွာခစားသော ကာလ၌ ရွတ်လလော့၊ သုံးခုမြောက်သော ဂါထာကို ပြာသာဒ်သို့တက်လတ်သော် စောင်းတန်းဦး၌ ရပ်၍ ရွတ်လေလော့၊ လေးခုမြောက်သော ဂါထာကို အိပ်ရာကျက်သရေတိုက်သို့ ဝင်လတ်သော် တံခါးခုံ၌ရပ်၍ ရွတ်လေလော့ဟု မှာ၏။ မင်းသားသည် ကောင်းပြီဟု ဝန်ခံ၍ ဆရာကို ရှိခိုး၍ သွားသော် အိမ်ရှေ့မင်းအဖြစ်၌ တည်၍ အဘလွန်သဖြင့် မင်းအဖြစ်၌ တည်၏။ ထိုမင်း၏ သားသည် တဆယ့်ခြောက်နှစ်ရှိသောကာလ၌ ဥယျာဉ်ကစားခြင်း အစရှိသည်တို့၏ အကျိုးငှာ ထွက်သွားသော် မင်း၏အသရေ စည်းစိမ်ကို မြင်၍ အဘကိုသတ်၍ မင်းအဖြစ်ကို ယူလိုသည်ဖြစ်၍ မိမိ အလုပ်အကျွေးတို့အား ပြောဆို၏။ ထိုအလုပ်အကျွေးတို့သည် ရှင်မင်းသား ကောင်းပြီ၊ အိုသောကာလ၌ ရအပ်သော စည်းစိမ်ဖြင့် အဘယ် အကျိုးရှိအံ့နည်း တစုံတခုသော ဥပါယ်ဖြင့် မင်းကိုသတ်၍ မင်းအဖြစ်ကိုယူခြင်းငှာ သင့်၏ဟု ဆိုကုန်၏။ မင်းသားသည် အဆိပ်ကို စားစေ၍ သေစေအံ့ဟု အဘနှင့် တကွ ညစာစားစဉ် အဆိပ်ကိုကိုင်၍ နေ၏။ မင်းသည် ထမင်းခွက်၌ ထမင်းကို စားအံ့သောငှါ လက်နှင့်မထိမီလျှင်-

၁၄၉။ ဝိဒိတံ ထုသံ ဥန္ဒုရာနံ၊ ဝိဒိတံ ပန တဏ္ဍုလံ။
ထုသံ ထုသံ ဝိဝဇ္ဇေတွာ၊ တဏ္ဍုလံ ပန ခါဒရေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ရွတ်၏။

֍ ဋ္ဌ ၁၄၉။ ဥန္ဒုရာနံ၊ ကြွက်တို့အား။ ထုသံ-ထုသော၊ ဖွဲသည်။ အန္ဓကာရေပိ၊ အမိုက်မှောင်၌လည်း။ ဝိဒိတံ-ဝိဒိတော၊ ဖွဲ၏ အဖြစ်ဖြင့် ထင်ရှား၏။ တဏ္ဍုလံ ပန-တဏ္ဍုလော စ၊ ဆန်သည်လည်း။ ဝိဒိတံ-ဝိဒိတော၊ ဆန်၏အဖြစ်ဖြင့် ထင်ရှား၏။ ထုသံ-ထုသံ၊ ဖွဲတိုင်း ဖွဲတိုင်းကို။ ဝိဝဇ္ဇေတွာ၊ ကြဉ်၍။ တဏ္ဍုလံ ပန၊ ဆန်ကိုသာလျှင်။ ခါဒရေ၊ စားကုန်၏။

မင်းသားသည် သိချေပြီဟု ကြောက်၍ ထမင်းခွက်၌ အဆိပ်ကို ချအံ့သောငှါ မဝံ့သည်ဖြစ်၍ ထ၍ မင်းကို ရှိခိုး၍ ထိုအရပ်မှ ပြေး၏။ ထိုအကြောင်းကို မိမိအလုပ်အကျွေးတို့အား ကြားလေ၍ ယနေ့ သိချေပြီ၊ ယခုအခါ အဘယ်သို့ သတ်ရအံ့နည်းဟု မေး၏။ ထိုအလုပ်အကျွေးတို့သည် ထိုအခါမှစ၍ ဥယျာဉ်၌ ပုန်းကွယ်ကုန်၍ နားရင်း၌ ပြောဆိုသည်၏ အစွမ်းအားဖြင့် တိုင်ပင်ကုန်လျက် တခုသော အကြောင်းသည် ရှိ၏။ သန်လျက်ကိုဖွဲ့၍ ကြီးစွာသော ခစားခြင်းသို့ရောက်သော ကာလ၌ အမတ်တို့၏အတွင်း၌ နေ၍ မင်း၏ မွေ့လျော်သော အဖြစ်ကိုသိ၍ သန်လျက်ဖြင့် သတ်၍ သေစေခြင်းငှါ သင့်၏ဟု မှတ်စေကုန်၏။ မင်းသားသည် ကောင်းပြီဟု ဝန်ခံ၍ ကြီးစွာခစားသော ကာလ၌ ဖွဲ့အပ်သော သန်လျက်ရှိသည်ဖြစ်၍ သွား၍ ထိုမှဤမှ လှည့်လည်လျက် သတ်ခွင့်ကို စုံစမ်း၏။ ထိုခဏ၌ မင်းသည်-

၁၅၀။ ယာ မန္တနာ အရညသ္မိံ၊ ယာ စ ဂါမေ နိကဏ္ဏကာ။
ယဉ္စေတံ ဣတိ စီတိ စ၊ ဧတမ္ပိ ဝိဒိတံ မယာ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ရွတ်၏။

֍ ဋ္ဌ ၁၅၀။ အရညသ္မိံ စ၊ ဥယျာဉ်၌၎င်း။ ဂါမေ စ၊ ရွာ၌၎င်း။ နိကဏ္ဏိကာ၊ နားရင်း၌ တိုင်ပင်ခြင်းဟူသော။ ယာ မန္တနာ စ၊ အကြင် တိုင်ပင်ခြင်းသည်၎င်း။ ဣတိ၊ ဤသို့တိုင်ပင်တိုင်း ငါ့အား သတ်အံ့သောငှါ။ ယဉ္စေတံ ဣတိ စီတိ စ၊ ယခုအခါ အကြင်ငါ့ကို ထိုမှဤမှ သတ်အံ့သောအခွင့်ကို ရှာခြင်းသည်၎င်း။ အတ္ထိ၊ ရှိ၏။ ဧတမ္ပိ၊ ထိုအလုံးစုံကိုလည်း။ မယာ၊ ငါသည်။ ဝိဒိတံ၊ သိအပ်၏။

မင်းသားသည် ခမည်းတော်မင်းကား ငါ၏ ရန်သူအဖြစ်ကို သိ၏ဟု ထိုအရပ်မှ ပြေး၍ အလုပ်အကျွေးတို့အား ကြားလေ၏။ အလုပ် အကျွေးတို့သည် ခုနစ်ရက် ရှစ်ရက် လွန်လတ်သော် အရှင်မင်းသား အရှင်မင်းသား၏ ခမည်းတော်သည် အရှင်မင်းသား၏ ရန်သူအဖြစ်ကိုမသိ၊ ကြံခြင်းဖြင့် အရှင်မင်းသားသည် ဤသို့ အမှတ်ရှိ၏။ ခမည်းတော်ကို သတ်လော့ဟု ဆိုကုန်၏။ မင်းသားသည် တနေ့သ၌ သန်လျက်ကို ကိုင်ယူ၍ စောင်းတန်းဦး၌ ရပ်၏။ မင်းသည် စောင်းတန်းဦး၌ ရပ်လျက်-

၁၅၁။ ဓမ္မေန ကိရ ဇာတဿ၊ ပိတာ ပုတ္တဿ မက္ကဋော။
ဒဟရဿေဝ သန္တဿ၊ ဒန္တေဟိ ဖလမစ္ဆိဒါ။

ဟူသော သုံးခုမြောက်သော ဤဂါထာကိုရွတ်၏။

֍ ဋ္ဌ ၁၅၁။ ပိတာ၊ အဘဖြစ်သော။ မက္ကဋော၊ မျောက်သည်။ ဇာတဿ၊ မိမိမှဖြစ်သော။ ပုတ္တဿ၊ သားမျောက်ငယ်၏။ ဖလံ၊ မျိုးစေ့ကို။ ဓမ္မေန၊ သဘောအားဖြင့်။ ဒဟရဿေဝ၊ ငယ်သည်သာလျှင်။ သန္တဿ၊ ဖြစ်စဉ်။ ဒန္တေဟိ၊ သွားတို့ဖြင့်။ အစ္ဆိဒါ၊ ဖြတ်၍။ ပုရိသဘာဝံ၊ ယောက်ျားအဖြစ်ကို။ နာသေတိ၊ ဖျက်ဆီး၏။

မင်းသားသည် ငါ့ကို ခမည်းတော် ဖမ်းလို၏ဟု ကြောက်ရကား ပြေး၍ ခမည်းတော်သည် ငါ့ကို ခြိမ်းချောက်၏ဟု အလုပ်အကျွေးတို့အား ကြားလေ၏။ အလုပ်အကျွေးတို့သည် လခွဲလွန်လတ်သော် အရှင်မင်းသား မင်းသည် အကယ်၍ သိငြားအံ့၊ ဤမျှလောက်သောကာလ၌ ဖျက်ဆီးရာ၏။ အကြံအားဖြင့် အရှင့် သားသည် ဆိုအပ်၏။ မင်းကို သတ်လော့ဟု ဆိုကုန်၏။ မင်းသားသည် တနေ့သ၌ သန်လျက်ကိုယူ၍ ပြာသာဒ်ထက်ဝယ် အသရေရှိသောအိပ်ရာသို့ ဝင်၍လာစဉ်လျှင် ထိုမင်းကို သတ်အံ့ဟု ပလ္လင်အောက်၌ နေ၏။ မင်းသည် ညစာစားပြီးသော် ပရိသတ်ကို လွှတ်လိုက်၍ အိပ်အံ့ဟု အသရေရှိသော တိုက်ခန်းသို့ ဝတ်လတ်သော် တံခါးခုံ၌ ရပ်၍-

၁၅၂။ ယမေတံ ပရိသပ္ပေသိ၊ အဇကာဏောဝ သာသပေ။
ယောပါယံ ဟေဋ္ဌတော သေတိ၊ ဧတမ္ပိ ဝိဒိတံ မယာ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ရွတ်၏။

֍ ဋ္ဌ ၁၅၂။ တွံ၊ သင်သည်။ သာသပေ၊ မုန်ညင်းခင်းသို့ ဝင်သောကာလ၌။ အဇကာဏောဝ၊ ဆိတ်ကန်းကဲ့သို့။ ဘယေန၊ ကြောက်ခြင်းကြောင့်။ ယမေတံ ပရိသပ္ပေသိ၊ အကြင် ထိုမှ ဤမှ လှုပ်ရှား၏။ ဣဒါနိ၊ ယခုအခါ၌။ မာရေဿာမီတိ၊ သတ်အံ့ဟူ၍။ ဟေဋ္ဌတော၊ ပလ္လင်အောက်၌။ ယော ပါယံ သေတိ၊ အကြင် အိပ်နေခြင်းကိုမူလည်း ပြု၏။ ဧတမ္ပိ၊ ထိုအလုံးစုံကိုလည်း။ မယာ၊ ငါသည်။ ဝိဒိတံ၊ သိအပ်၏။

ဤသို့ မသိသည်သာလျှင်ဖြစ်သော မင်း၏ ထိုဂါထာသည် မင်းသားအား ထိုထိုအနက်ကို ပြ၏။ မင်းသားသည် ခမည်းတော် ငါ့ကို သိပြီ၊ ယခု ငါ့ကို ဖျက်ဆီးလတ္တံ့ ဟု ကြောက်၍ ပလ္လင်အောက်မှ ထွက်၍ သန်လျက်ကို မင်း၏

ခြေရင်း၌ချ၍ မြတ်သောမင်းကြီး အကျွန်ုပ်အား သည်းခံပါလော့ဟု ခြေရင်း၌ ရင်ဖြင့်ဝပ်၏။ မင်းသည် သင်ကား ငါ့အမှုကို အဘယ်သူသိအံ့နည်းဟု ကြံ၏ဟု မင်းသားကို ခြိမ်းချောက်၍ သံခြေကျဉ်း အနှောင်အဖွဲ့ဖြင့် ဖွဲ့စေ၍ နှောင်အိမ်သို့ သွင်းစေ၍ အစောင့်အရှောက်ထား၏။ ထိုအခါ မင်းသည် ဘုရားလောင်း၏ ကျေးဇူးကို မှတ်မိ၏။ နောက်အဘို့၌ ထိုမင်းသည် သေလွန်၏။ မင်း၏အလောင်းကို သင်္ဂြိုဟ်ခြင်းကိစ္စကို ပြု၍ မင်းသားကို နှောင်အိမ်မှ ထုတ်၍ မင်းအဖြစ်၌ တည်စေကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သားမှဖြစ်လတ်၊ ဘေးဥပဒ်ကြောင့်၊ ထိပ်ခတ်နှောင်ထား၊ ငါလွန်ငြား၊ ထင်ရှား စည်းစိမ်နှင်း

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ထုသဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကောကိလဝဂ်

၉။ ဗာဝေရုဇာတ်

ကျီး နှင့် ဒေါင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်အဒဿနေန မောရဿအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဗာဝေရုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် ပျောက်သော လာဘသက္ကာရ ရှိကုန်သော တိတ္ထိတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုတိတ္ထိတို့သည် ဘုရားမဖြစ်မီ လာဘ်ရကုန်၏။ ဘုရားဖြစ်တော်မူသည် ရှိသော်ကား ပျောက်သော လာဘသက္ကာရ ရှိကုန်သည်ဖြစ်၍ နေထွက်သောအခါ၌ ပိုးစုန်းကြူးတို့ကဲ့သို့ ဖြစ်ကုန်၏။ ထိုတိတ္ထိတို့၏ ထိုအကြောင်းကိုစွဲ၍ ရဟန်းတို့သည် တရားသဘင်၌ စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော် လျောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဂုဏ်ရှိသောသူတို့သည် မဖြစ်ကုန်မီ ဂုဏ်မရှိသောသူတို့သည် မြတ်သောလာဘ် မြတ်သောအခြံအရံကို ရကုန်၍ ဂုဏ်ရှိသောသူတို့သည် ဖြစ်ကုန်လတ်သော် ပျောက်သော လာဘသက္ကာရရှိကုန်သည် မဟုတ်ကုန်သေး၊ ရှေး၌လည်း ဂုဏ်ရှိသောသူတို့ မဖြစ်ကုန်မီသာ မြတ်သောလာဘ် မြတ်သောအခြံအရံကို ရကုန်၍ ဂုဏ်ရှိသောသူတို့သည် ဖြစ်ကုန်လတ်သော် ဂုဏ်မရှိကုန်သောသူတို့သည် ပျောက်သော လာဘသက္ကာရရှိသည် ဖြစ်ကုန်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ဥဒေါင်းမျိုး၌ဖြစ်၍ ကြီးခြင်းသို့ ရောက်လတ်သော် မြတ်သော တင့်တယ်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ တော၌ ကျက်စား၏။ ထိုအခါ အချို့သော ကုန်သည်တို့သည် ဒိသာကာက (ပင်လယ်သမုဒ္ဒရာ၌ အရပ်မျက်နှာကို ပြတတ်သော) ကျီးကိုယူ၍ လှေဖြင့် ဗာဝေရုတိုင်းသို့ သွားကုန်၏။ ထိုအခါ ဗာဝေရုတိုင်း၌ ငှက်မည်သည်ကား မရှိသည်ဖြစ်၏။ လာတိုင်းလာတိုင်းကုန်သော တိုင်းသားတို့သည် ချိုင့်၌နေသော ဒိသာကာကကျီးကို မြင်၍ ဤငှက်၏ လည်အဆုံးရှိသော အရောင်အဆင်း၊ နှုတ်သီး၊ ပတ္တမြားလုံးနှင့်တူကုန်သော မျက်စိတို့ကို ကြည့်ပါကုန်လော့ဟု ကျီးကိုလျှင် ချီးမွမ်း၍ ထိုကုန်သည်တို့ကို အရှင်တို့ သင်တို့သည် ဤငှက်ကို ငါတို့အား ပေးကုန်လော့၊ ငါတို့အား ဤငှက်ဖြင့် အလိုရှိ၏။ သင်တို့သည် မိမိတို့၏တိုင်း၌ တပါးသောငှက်ကို ရပါကုန်လတ္တံ့ဟု ဆိုကုန်၏။ ထိုသို့တပြီးကား အဘိုးဖြင့် ယူကြကုန်လော့ဟု ကုန်သည်တို့သည် ဆိုကုန်၏။ တသပြာဖြင့် ငါတို့အား ပေးကုန်လော့ဟု တိုင်းသားတို့သည် ဆိုကုန်လတ်သော် မပေးကုန်ဟု ဆိုကုန်၏။ အစဉ်သဖြင့် ပွား၍ အသပြာတရာဖြင့် ပေးကုန်လော့ဟု ဆိုလတ်သည်ရှိသော် ဤငှက်သည် ငါတို့အား ကျေးဇူးများ၏။ သင်တို့နှင့် ချစ်ခြင်းသည် ဖြစ်စေသတည်းဟု အသပြာ တရာကိုယူ၍ ပေးကုန်၏။ ရွှေချိုင့်၌ထည့်၍ အထူးထူး အပြားပြားသော ငါး အမဲ သစ်သီး ကြီးငယ်တို့ဖြင့် ကျွေးမွေးကုန်၏။ တပါးကုန်သော ငှက်တို့၏ မရှိရာအရပ်၌ ဆယ်ပါးကုန်သေ မသူတော်တို့၏ အကျင့်နှင့် ပြည့်စုံသော ကျီးသည် မြတ်သောလာဘ် မြတ်သော အခြံအရံ အကျော်အစောကိုရ၏။

နောက်တကြိမ် ထိုကုန်သည်တို့သည် တခုသော ဥဒေါင်းမင်းကို ဖမ်းယူ၍ လက်ဖျစ်တွက်သံဖြင့် တွန်အောင် လက်ခုပ်သံဖြင့် က, အောင် သင်၍ ဗာဝေရုတိုင်းသို့ သွားကုန်၏။ ထိုဥဒေါင်းမင်းသည် လူအများစည်းဝေးလတ်သော် လှေဦး၌ရပ်၍ အတောင်တို့ကိုခါ၍ သာယာသော အသံကို တွန်၍ က, ၏။ လူတို့သည် ဥဒေါင်းမင်းကိုမြင်၍ ဝမ်းမြောက်ခြင်း ဖြစ်ကုန်၍ အရှင်တို့ မြတ်သော တင့်တယ်ခြင်းနှင့် ပြည့်စုံသော ကောင်းစွာ သင်အပ်ပြီးသော ဤငှက်မင်းကို ငါတို့အား ပေးပါကုန်လော့ဟု ဆိုကုန်၏။ ငါတို့သည် ရှေးဦးစွာ ကျီးကို ဆောင်အပ်၏။ ထိုကျီးကိုလည်း ယူကုန်ပြီ၊ ယခုအခါ ငါတို့သည် တခုသော ဥဒေါင်းကို ဆောင်ခဲ့ကုန်၏။ ထိုဥဒေါင်းမင်းကိုလည်း တောင်းပြန်ကုန်၏။ သင်တို့တိုင်းသို့ ငှက်ကိုယူ၍ လာခြင်းငှာ မတတ်ကောင်း ဖြစ်ခဲ့ပြီဟု ကုန်သည်တို့သည် ဆိုကုန်၏။ သင်တို့ ဆိုသည့်အတိုင်းဖြစ်စေ၊ မိမိတို့၏တိုင်း၌ တပါးသော ငှက်ကို ရကုန်လတ္တံ့။ ဤငှက်ကို ငါတို့အား ပေးပါကုန်လော့ဟု အဘိုးကိုပွားစေ၍ သပြာတထောင်ဖြင့် ယူကုန်၏။ ထိုအခါ ထိုဥဒေါင်းမင်းကို ရတနာ ခုနစ်ပါးတို့ဖြင့် ဆန်း ကြယ်သော ချိုင့်၌ထား၍ ငါးအမဲ သစ်သီးကြီးငယ် ပျားပေါက်ပေါက် သကြား အဖျော်စသည်တို့ဖြင့် ကျွေးမွေးကုန်၏။ ဥဒေါင်းမင်းသည် မြတ်သောလာဘ် မြတ်သော အခြံအရံ အကျော်အစောနှင့်ပြည့်စုံ၏။ ဥဒေါင်းမင်းသည် ရောက်သောကာလမှစ၍ ကျီးအား လာဘသက္ကာရသည် ယုတ်၏။ တစုံတယောက်သော သူသည်လည်း ထိုကျီးကို ကြည့်ခြင်းငှါ အလိုမရှိ၊ ကျီးသည် ခဲဘွယ်ဘောဇဉ်ကို မရလတ်သော် ကာကာဟု မြည်လျက် ပျံသွား၍ မစင်စွန့်ရာမြေ၌သက်၍ အစာကိုယူ၏။

သဗ္ဗညူ မြတ်စွာဘုရားသည် နှစ်ပါးသော ဝတ္ထုတို့ကိုစပ်၍ ဘုရားဖြစ်တော်မူပြီး၍-

၁၅၃။ အဒဿနေန မောရဿ၊ သိခိနော မဉ္ဇုဘာဏိနော။
ကာကံ တတ္ထ အပူဇေသုံ၊ မံသေန စ ဖလေန စ။
၁၅၄။ ယဒါစ သရသမ္ပန္နော၊ မောရော ဗာဝေရုမာဂမာ။
အထ လာဘော စ သက္ကာရော၊
ဝါယသဿ အဟာယထ။
၁၅၅။ ယာဝ နုပ္ပဇ္ဇတိ ဗုဒ္ဓေါ၊ မမ္မရာဇာ ပဘင်္ကရော။
တာဝ အညေ အပူဇေသုံ၊ ပုထူ သမဏဗြာဟ္မဏေ။
၂၅၆။ ယဒါ စ သရသမ္ပန္နော၊ ဗုဒ္ဓေါ ဓမ္မံ အဒေသယိ။
အထ လာဘော စ သက္ကာရော၊
တိတ္ထိယာနံ အဟာယထ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၅၃။ သိခိနော၊ ဦးစွန်းနှင့်ပြည့်စုံသော။ မဉ္ဇုဘာဏိနော၊ သာယာသော အသံရှိထသော။ မောရဿ၊ ဥဒေါင်းကို။ အဒဿနေန၊ မမြင်ရခြင်းကြောင့်။ တတ္ထ၊ ထိုဗာဝေရုတိုင်း၌။ ကာကံ၊ ကျီးကို။ မံသေန စ၊ အမဲဖြင့်၎င်း။ ဖလေန စ၊ သစ်သီးကြီးငယ်ဖြင့်၎င်း။ အပူဇေသုံ၊ ပူဇော်ကုန်၏။

֍ ဋ္ဌ ၁၅၄။ ယဒါ စ၊ အကြင်အခါ၌ကား။ သရသမ္ပန္နော၊ အသံနှင့်ပြည့်စုံသော။ မောရော၊ ဥဒေါင်းသည်။ ဗာဝေရုံ၊ ဗာဝေရုတိုင်းသို့။ အာဂမာ၊ ရောက်လာ၏။ အထ၊ ထိုအခါ၌။ ဝါယသဿ၊ ကျီးအား။ လာဘော စ၊ လာဘ်သည်၎င်း။ သက္ကာရော စ၊ ပူဇော် သက္ကာရသည်၎င်း။ အဟာယထ၊ ယုတ်၏။

֍ ဋ္ဌ ၁၅၅။ ယာဝ၊ အကြင်မျှလောက်သော ကာလပတ် လုံး။ ဓမ္မရာဇာ၊ ကိုးပါးသော လောကုတ္တရာတရားဖြင့် ပရိသတ်ကို နှစ်သက်စေတတ်သော။ ပဘင်္ကရော၊ လောကသုံးပါးတို့၌ အရောင်အဝါကို ပြုတတ်သော။ ဗုဒ္ဓေါ၊ ဘုရားသည်။ နုပ္ပဇ္ဇတိ၊ မဖြစ်သေး။ တာဝ၊ ထိုမျှလောက်။ အညေ၊ တပါးကုန်သော။ ပုထူ၊ များစွာကုန်သော။ သမဏဗြာဟ္မဏေ၊ ရဟန်းပုဏ္ဏားတို့ကို။ အပူဇေသုံ၊ ပူဇော်ကုန်၏။

֍ ဋ္ဌ ၁၅၆။ ယဒါ စ၊ အကြင်အခါ၌ကား။ သရသမ္ပန္နော၊ ဗြဟ္မာမင်း၏အသံနှင့်တူသော အသံနှင့်ပြည့်စုံသော။ ဗုဒ္ဓေါ၊ ဘုရားသည်။ ဓမ္မံ၊ သစ္စာလေးပါးတရားကို။ အဒေသယိ၊ ဟော၏။ အထ၊ ထိုအခါ ၌။ တိတ္ထိယာနံ၊ တိတ္ထိတို့အား။ လာဘော စ၊ လာဘ်သည်၎င်း။ သက္ကာရော စ၊ ပူဇော် သက္ကာရသည်၎င်း။ အဟာယထ၊ ယုတ်၏။

ဇာတ်ပေါင်း... ဤလေးဂါထာတို့ကို ဟောတော်မူပြီး၍ ယခုအခါ နိဂဏ္ဌနာဋပုတ္တသည် ထိုအခါ ကျီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဥဒေါင်းမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဂုဏ်ရှိသူရောက်၊ ဂုဏ်မဲ့ပျောက်၊ ဒေါင်းရောက် ကျီးပမာ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ဗာဝေရုဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - ကောကိလဝဂ်

၁၀။ ဝိသယှဇာတ်

အလှူကြီး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဒါသိ ဒါနာနိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဝိသယှဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အနာထပိဏ်သူဌေးကို အကြောင်းပြု၍ ဟောတော်မူ၏။ (ဝတ္ထုကို အောက် ခဒိရင်္ဂါရဇာတ်၌ ချဲ့အပ်ပြီ) ဤဝိသယှဇာတ်၌ကား သဗ္ဗညူ မြတ်စွာဘုရားသည် အနာထပိဏ်သူဌေးကို ခေါ်တော်မူ၍ သူကြွယ် ရှေးပညာရှိတို့သည်လည်း အလှူကို မလှူလင့်ဟု ကောင်းကင်၌ ရပ်၍ တားမြစ်သော သိကြားမင်းကို ပယ်၍ အလှူကို လှူကုန်သလျှင်ကတည်းဟု မိန့်တော်မူ၍ အနာထပိဏ် သူဌေးသည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော ဝိသယှမည်သော သူဌေးဖြစ်၍ ပဉ္စသီတို့နှင့်ပြည့်စုံ၏။ အလှူပေးခြင်း၌ အလိုရှိ၏။ အလှူပေးခြင်း၌ မွေ့လျော်၏။ ထိုဝိသယှသူဌေးသည် မြို့တံခါး လေးမျက်နှာ၊ မြို့လယ်၊ မိမိအိမ်တံခါး၊ ဤခြောက်ဌာနတို့၌ အလှူတင်းကုပ်တို့ကို ဆောက်၍ အလှူကို လှူ၏။ နေ့တိုင်းနေ့တိုင်း အသပြာ ခြောက်သိန်းတို့ကို ထုတ်၍ ပေး၏။ ဘုရားလောင်း၏ ထမင်းနှင့် အလှူခံ သူတောင်းစားတို့၏ ထမင်းသည် ထပ်တူမျှသည်သာလျှင် ဖြစ်၏။ ဇမ္ဗူဒိပ်ကို လယ်ယာထွန်ခြင်း ပြတ်သည်ကိုပြု၍ အလှူပေးသော ဝိသယှသူဌေး၏ ဒါနအာနုဘော်ကြောင့် သိကြားမင်း၏ ဘုံဗိမာန်သည် တုန်လှုပ်၏။ သိကြားမင်း၏ ပဏ္ဍုကမ္ဗလာသည် ပူသောအခြင်းအရာကိုပြ၏။ သိကြားမင်းသည် ငါ့ကို အဘယ်သူသည်လျှင် တည်ရာမှ ရွေ့လျောစေလိုသနည်းဟု ဆင်ခြင်လတ်သော် သူဌေးကြီးကိုမြင်၍ ဤဝိသယှသူဌေးသည် အလွန်လျှင် ပြန့်နှံ့စေ၍ အလုံးစုံသော ဇမ္ဗူဒိပ်ကို လယ်ယာထွန်ခြင်းပြတ်သည်ကို ပြုလျက် အလှူကို ပေး၏။ ဤအလှူဖြင့် ငါ့ကို တည်ရာမှ ရွေ့စေ၍ မိမိသည် သိကြားဖြစ်လိုယောင်တကား၊ ထိုဝိသယှသူဌေး၏ ဥစ္စာကို ဖျက်ဆီး၍ ထိုဝိသယှသူဌေးကို ဆင်းရဲအောင်ပြု၍ အလှူမပေးနိုင်အောင် ပြုအံ့ဟုကြံ၍ အလုံးစုံသော ဥစ္စာ, စပါး, ဆီ, ပျား, တင်လဲ, သကာ, သကြား အစရှိသည်တို့ကို အယုတ်သဖြင့် ကျွန်အမှုလုပ်သော ယောက်ျားအပေါင်းကို ကွယ်စေ၏။

ထိုအခါ အလှူပေးခြင်း၌ လုံ့လပြုကုန်သော သူတို့သည် လာလတ်၍ အရှင်အလှူတင်းကုပ်၌ ပြုအပ်သော ဝတ္ထုအပေါင်းသည် ပြတ်၏။ ထားတိုင်းထားတိုင်းသော အရပ်၌ တစုံတခုသော လှူဘွယ်ဝတ္ထုကို မမြင်ကုန်ဟု ကြား လျှောက်ကုန်၏။ သင်တို့သည် ဤအိမ်မှရိက္ခာကို ဆောင်ကြကုန်၊ အလှူကို မဖြတ်ကုန်လင့်ဟု မယားကိုခေါ်စေ၍ ရှင်မ အလှူကို ပေးလော့ဟု ဆို၏။ မယားသည် အလုံးစုံသောအိမ်၌ ရှာ၍ ပဲဝက်သော ဥစ္စာကိုမျှလည်း မမြင်၍ အရှင်ငါတို့ ၏ကိုယ်၌ ဝတ်သော အဝတ်ကိုထား၍ တပါးသော တစုံတခုသော ဥစ္စာကိုမမြင်၊ အိမ်အလုံးသည် အချည်းနှီးဖြစ်၏ဟု ဆို၏။ ရတနာခုနစ်ပါး ထားသော တိုက်တို့၌ တံခါးကိုဖွင့်စေ၍ ကြည့်သော်လည်း တစုံတခုသောဥစ္စာကို မမြင်၊ သူဌေးကို၎င်း သူဌေးမယားကို၎င်းထား၍ တပါးကုန်သော ကျွန်အမှုလုပ်ယောက်ျားတို့သည်လည်း မထင်ကုန်၊ တဖန် ဘုရားလောင်းသည် မယားကို ခေါ်၍ ရှင်မ အလှူကို ဖြတ်ခြင်းငှာ မတတ်နိုင်၊ အလုံးစုံသောအိမ်ကို ရှာ၍ တစုံတခုသော ဥစ္စာကို ကြည့်လော့ဟု ဆို၏။ ထိုခဏ၌ တယောက်သော မြက်ရိတ်ယောက်ျားသည် တစဉ်, ထမ်းပိုး မြက်စည်းကြိုးကို တံခါးကြား၌ စွန့်ပစ်၍ ပြေး၏။ သူဌေးမယားသည် ထိုတံစဉ် ထမ်းပိုး, မြက်စည်း ကြိုးကို မြင်၍ အရှင်ဤဝတ္ထုကိုထား၍ တပါးသောဥစ္စာကို မမြင်ဟု ယူဆောင်၍ ပေး၏။ ဘုရားလောင်းသည် ရှင်မ ငါသည် ဤမျှလောက်သော ကာလပတ်လုံးမြက်မည်သည်ကို မရိတ်စဘူး၊ ယနေ့မှစ၍ မြက်ရိတ်၍ ဆောင်၍ ရောင်း၍ ရသည်အားလျော်စွာ အလှူကို ပေးအံ့ဟု ဆို၍ အလှူပြတ်အံ့သည်မှ ကြောက်သောကြောင့် တံစဉ်, ထမ်းပိုး, ကြိုးကိုယူ၍ မြို့မှထွက်၍ မြက်ခင်းသို့ သွား၍ မြက်ကိုရိတ်၍ ဤမျှလောက်သော မြက်သည် ငါတို့ကို့ ဖြစ်လတ္တံ့၊ ဤမျှလောက်ကို အလှူပေးအံ့ဟု နှစ်စည်းကုန်သော မြက်တို့ကိုဖွဲ့၍ ထမ်းပိုး၌ဆွဲ၍ ထမ်းယူ သွား၍ မြို့တံခါး၌ရောင်း၍ တပဲသော အသပြာတို့ကိုရ၍ တဘို့သောဥစ္စာကို သူတောင်းစားအား လှူ၏။ သူတောင်းစားတို့သည် များကုန်၏။ ငါ့အား ပေးလော့၊ ငါ့အား ပေးလော့ဟု ဆိုကုန်သော သူတောင်းစားတို့အား တပါးသော အဘို့ကိုလည်း ပေး၍ ထိုနေ့ကို မယားနှင့်တကွ အာဟာရကင်းလျက် လွန်စေ၏။ ဤနည်းဖြင့် ခြောက်ရက်တို့သည် လွန်ကုန်၏။

ထို့နောက် ခုနစ်ရက်မြောက်သောနေ့၌ ခုနစ်ရက် အာဟာရပြတ်သော အလွန်သိမ်မွေ့သော မြက်ကိုထမ်းသော ထိုဝိသယှသူဌေး၏ နဖူး၌ နေပူဖြင့် ထိတွေ့ကာမျှ၌ မျက်စိတို့သည် လည်ကုန်၏။ ဝိသယှသူဌေးသည် သတိကို ဖြစ်စေခြင်းငှာ မတတ်နိုင်ရကား မြက်ကိုဖိ၍ လဲ၏။ ထိုအခါ သိကြားသည် ထိုသို့ပြုသော သူဌေးကိုစုံစမ်းလိုရကား ထိုခဏ၌လျှင် လာလတ်၍ ကောင်းကင် ၌ရပ်၍-

၁၅၇။ အဒါသိ ဒါနာနိ ပုရေ ဝိသယှ။
ဒဒတော စ တေ ခယဓမ္မော အဟောသိ။
ဣတော ပရံ စေ န ဒဒေယျ ဒါနံ၊
တိဋ္ဌေယျုံ တေ သံယမန္တဿ ဘောဂါ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၅၇။ ဝိသယှ၊ ဝိသယှ သူဌေး။ တွံ၊ သင်သည်။ ပုရေ၊ ရှေး၌။ ဒါနာနိ၊ အလှူတို့ကို။ အဒါသိ၊ လှူ၏။ ဒဒတော၊ လှူသော။ တေ၊ သင့်အား။ ဘာဂါနဉ္စ၊ စည်းစိမ်တို့၏လည်း။ ခယဓမ္မော၊ ကုန်သော သဘောသည်။ အဟောသိ၊ ဖြစ်၏။ ဣတော၊ ဤကာလမှ။ ပရံ၊ နောက်၌။ ဒါနံ၊ အလှူကို။ စေ န ဒဒေယျ၊ အကယ်၍ မလှူငြားအံ့။ သံယမန္တဿ၊ စောင့်ရှောက်သော။ တေ၊ သင်၏။ ဘောဂါ၊ စည်းစိမ်တို့သည်။ တိဋ္ဌေယျုံ၊ တည်ကုန်ရာ၏။

ဘုရားလောင်းသည် သိကြားမင်း၏ စကားကို ကြား၍ သင်သည် အဘယ်သူနည်းဟု မေး၏။ ငါသည် သိကြားတည်းဟု ဆို၏။ ဘုရားလောင်းသည် သိကြားမင်း၏ စကားကို ကြား၍ သိကြားမင်း သိကြားမည်သည်ကား ကိုယ်တိုင် အလှူ ပေး၍ သီလဆောက်တည်၍ ဥပုသ်သုံးခြင်းကို ပြု၍ ခုနစ်ပါးသော ကျင့်ဝတ်ကို ဖြည့်၍ သိကြားအဖြစ်သို့ ရောက်၏။ သင်သည်ကား မိမိ၏ အစိုး ရခြင်းကို ပြုတတ်သော အလှူပေးခြင်းကို တား မြစ်၏။ ယုတ်မာသောအမှုကို ပြု၏ဟုဆိုလို၍-

၁၅၈။ အနရိယမရိယေန သဟဿေနေတ္တ၊
သုဒုဂ္ဂတေနာပိ အကိစ္စမာဟု။
မာ ဝေါ ဓနံ တံ အဟု ဒေဝရာဇာ၊
ယံ ဘောဂဟေတု ဝိဇဟေမု သဒ္ဓံ။
၁၅၉။ ယေန ဧကော ရထော ယာတိ၊
ယာတိ တေန ပရော ရထော။
ပေါရာဏံ နိဟိတံ ဝတ္တံ၊ ဝတ္တတညေဝ ဝါသဝ။
၁၆၀။ ယဒိ ဟေဿတိ ဒဿာမ၊
အသန္တေ ကိံ ဒဒါမသေ။
ဧဝံဘူတာပိ ဒဿာမ၊ မာ ဒါနံ ပမဒမှသေ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၅၈။ သဟဿေနေတ္တ၊ သိကြားမင်း။ အရိယေန၊ စင်ကြယ်သော အကျင့်ရှိသော။ သုဒုဂ္ဂတေနာပိ၊ အလွန်ဆင်းရဲသော သူသည်လည်း။ အနရိယံ၊ ယုတ်မာသော အလှူမပေးခြင်းအမှုကို။ အကိစ္စံ၊ မပြုအပ်ဟူ၍။ အရိယာ၊ ဘုရားအစရှိကုန်သော အရိယာတို့သည်။ အာဟု၊ ဆိုကုန်၏။ ဒေဝရာဇ၊ နတ်မင်း။ ယံ ဘောဂဟေတု၊ အကြင် ဥစ္စာစည်းစိမ်၏ အကြောင်းကြောင့်။ မယံ၊ ငါတို့သည်။ သဒ္ဓါ၊ သဒ္ဓါတရားကို။ ဝိဇဟေမု၊ စွန့်ရာကုန်ငြားအံ့။ တံ ဓနံ၊ ထိုဥစ္စာသည်။ မာ အဟု၊ မဖြစ်စေသတည်း။ (ဝေါ-ကား နိပါတ်မျှသာ)

֍ ဋ္ဌ ၁၅၉။ ဝါသဝ၊ သိကြားမင်း။ ယေန မဂ္ဂေန၊ အကြင်ခရီးဖြင့်။ ဧကာ ရထော၊ တခုသော ရထားသည်။ ယာတိ၊ သွား၏။ တေန မဂ္ဂေန၊ ထိုခရီးဖြင့်။ အပရော ရထော၊ နောက်ဖြစ်သော ရထားသည်။ ယာတိ၊ သွား၏။ မယာ၊ ငါသည်။ ပေါရာဏံ၊ ရှေး၌ဖြစ်သော။ ယံ ဝတ္တံ၊ အကြင်ကျင့်ဝတ်ကို။ နိဟိတံ၊ ဆောက်တည်အပ်၏။ တံဝတ္တံ၊ ထို ငါဆောက်တည်သော ကျင့်ဝတ်သည်။ ဝတ္တတညေဝ၊ ဖြစ်သည်သာလျှင်တည်း။ သော တွံ၊ ထိုသင်သည်။ မာ တိဋ္ဌတု၊ မတည်ပါလင့်။

֍ ဋ္ဌ ၁၆၀။ ယဒိ ဟေဿတိ၊ အကယ်၍ ဥစ္စာဖြစ်ငြားအံ့။ ဒဿာမ၊ လူကုန်အံ့။ အသန္တေ၊ ဥစ္စာမရှိသော်။ ကိံ ဒဒါမသေ၊ အဘယ့်ကြောင့် လှူနိုင်ကုန်အံ့နည်း။ ဧဝံဘူတာပိ၊ ဤသို့ မြက်ရိတ်ရကုန် ငြားသော်လည်း။ ဒဿာမ၊ လှူကုန်အံ့။ ဒါနံ၊ အလှူပေးခြင်းကို။ မာ ပမဒမှသေ၊ မမေ့ကုန်။

သိကြားမင်းသည် ဘုရားလောင်းကို တားမြစ်အံ့သောငှါ မတတ်နိုင်ရကား အဘယ်အကျိုးငှါ အလှူပေးသနည်းဟု မေး၏။ ဘုရားလောင်းသည် ငါကား သိကြားမင်းအဖြစ်ကို တောင့်တ၍လည်း အလှူမပေး၊ ဗြဟ္မာမင်းအဖြစ်ကို တောင့် တ၍လည်း အလှူမပေး၊ သဗ္ဗညုတဉာဏ်ကိုကား တောင့်တ၍ အလှူပေး၏ဟု ဆို၏။ သိကြားမင်းသည် ဘုရားလောင်း၏ စကားကို ကြား၍ နှစ်သက်၍ လက်ဖြင့် ကျောက်ကုန်းကို ဆုပ်နယ်၍ ထိုခဏ၌လျှင် စားရဘိသကဲ့သို့ ဘုရားလောင်း၏ ကိုယ်အလုံးသည် ပြည့်၏။ သိကြား အာနုဘော်အားဖြင့်လည်း ဘုရားလောင်း၏ အလုံးစုံသော စည်းစိမ် အခြံအရံသည်လည်း ပကတိသာလျှင် ဖြစ်၏။ သိကြားမင်းသည် သူဌေးကြီး သင်သည် ယနေ့မှစ၍ နေ့တိုင်း နေ့တိုင်း တသန်းနှစ်သိန်းကုန်သော အသပြာတို့ကို စွန့်လျှက် အလှူကို ပေးလောဟုဆို၍ ဘုရားလောင်း၏အိမ်၌ အတိုင်းအရှည်မရှိသော ဥစ္စာကိုပြု၍ ဘုရားလောင်းကို လွှတ်လိုက်၍ မိမိနေရာသို့သာလျှင် သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ သူဌေးမယား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဝိသယှသူဌေး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဗောဓိသတ္တ၊ လှူဒါန၊ မုချပြုသည်သာ

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဝိသယှဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - စူဠကုဏာလဝဂ်

၁။ ကဏ္ဍရီဇာတ်

နရာန မာရာမကရာသု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဏ္ဍရီဇာတ်၏ အကျယ်စကားသည် အသီတိနိပါတ် ကုဏာလဇာတ်၌ ထင်ရှားဖြစ်လတ္တံ့။

ရှေးဦးစွာသော ကဏ္ဍရီဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - စူဠကုဏာလဝဂ်

(ကျမ်းညွှန်းများ အနည်းငယ်လွဲနေသည်)

၂။ ဝါနရဇာတ်

နှလုံးသား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်အသက္ခိံ ဝတ အတ္တာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝါနရဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် ဒေဝဒတ်သည် သဗ္ဗညူ မြတ်စွာဘုရားအား သတ်အံ့သောငှါ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ (ဝတ္ထုကို အောက် သုသုမာရဇာတ်၌ ချဲ့အပ်ပြီ) သဗ္ဗညူ မြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာဝယ် မျောက်အမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ဂင်္ဂါနား၌ နေ၏။ ထိုအခါ ဂင်္ဂါမြစ်အတွင်း၌ တခုသော မိကျောင်းမသည် ဘုရားလောင်း၏ နှလုံးသား၌ ချင်ခြင်းကို ဖြစ်စေ၍ မိကျောင်းဖို ပြောဆို၏။ မိကျောင်းဖိုသည် ဘုရားလောင်းမျောက်ကို ရေ၌ နှစ်သတ်၍ နှလုံး သားကိုယူ၍ မိကျောင်းမအား ပေးအံ့ဟုကြံ၍ ဘုရားလောင်းကို အဆွေ လာလော့၊ မြစ်၏ အလယ် ကျွန်းငယ်၌ သစ်သီးကြီးငယ်တို့ကို စားအံ့သောငှါ သွားကုန်အံ့ဟု ဆို၏။ အဆွေ အသို့သွားရအံ့နည်းဟု ဘုရားလောင်း ဆို၏။ ငါသည် ကျောက်ကုန်း၌ သင့်ကို စီးစေ၍ ဆောင်အံ့ဟု မိကျောင်း ဆို၏။ ဘုရားလောင်းသည် မိကျောင်းစိတ်ကို မသိရကား ခုန်၍ မိကျောင်း ကျောက် ကုန်း၌ စီး၏။ မိကျောင်းသည် အတန်ငယ်သွား၍ ရေ၌ငုပ်အံ့သောငှါ အားထုတ်၏။ ထိုအခါ မိကျောင်းကို ဘုရားလောင်းသည် အဆွေ အဘယ်ကြောင့် ငါ့ကို ရေ၌ နှစ်သနည်းဟု ဆို၏။ ငါသည် သင့်ကိုသတ်၍ သင့်နှလုံးသားကို မယားအား ပေးအံ့ဟု မိကျောင်း ဆို၏။ ပညာနည်းသောမိကျောင်း သင်သည် ငါ့နှလုံးသားသည် ရင်၌ရှိ၏ဟု သင်ထင်မှတ်၏ဟု ဘုရားလောင်းဆို၏။ ရင်၌ နှလုံးမရှိသည်ရှိသော် အဘယ်မှာ သင် ထားသနည်းဟု မိကျောင်းမေး၏။ ရေသဖန်းပင်၌ ဆွဲ၍ ထားအပ်သော ထိုနှလုံးသားကို သင်ညမမြင်လောဟု ဘုရားလောင်းဆို၏။ မြင်၏။ သင် ငါ့အား ပေးလတ္တံ့ လောဟု မိကျောင်း မေး၏။ ပေးအံ့ဟု ဘုရားလောင်းဆို၏။ မိကျောင်းသည် နုန့်နှေးသော ပညာရှိသည်၏အဖြစ်ကြောင့် ဘုရားလောင်းကို ယူ၍ မြစ်ကမ်းနား ရေသဖန်းပင်ရင်းသို့ သွား၏။ ဘုရားလောင်းသည် မိကျောင်း ကျောက်ကုန်းမှ ခုန်၍ ရေသဖန်းပင်၌ နေလျက်-

၁၆၁။ အသက္ခိံ ဝတ အတ္တာနံ၊ ဥဒ္ဓါတုံ ဥဒကာ ထလံ။
န ဒါနာဟံ ပုန တုယှံ၊ ဝသံ ဂစ္ဆာမိ ဝါရိဇ။
၁၆၂။ အလမေတေဟိ အမ္ဗေဟိ၊ ဇမ္ဗူဟိ ပနသေဟိ စ၊
ယာနိ ပါရံ သမုဒ္ဒဿ၊ ဝရံ မယှံ ဥဒုမ္ဗရော။
၁၆၃။ ယော စ ဥပ္ပတိတံ အတ္ထံ၊ န ခိပ္ပမနုဗုဇ္စျတိ။
အမိတ္တဝသ မနွေတိ၊ ပစ္ဆာ စ အနုတပ္ပတိ။
၁၆၄။ ယော စ ဥပ္ပတိတံ အတ္ထံ၊ ခိပ္ပမေဝ နိဗောဓတိ။
မုစ္စတေ သတ္တု သမ္မာဓာ၊ န စ ပစ္ဆာနုတပ္ပတိ။

ဟူသော လေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၆၁။ ဝါရိဇ၊ မိကျောင်း။ အဟံ၊ ငါသည်။ ဥဒကာ၊ ရေမှ။ ထလံ၊ ကြည်းသို့။ အတ္တာနံ၊ ကိုယ်ကို။ ဥဒ္ဓါတုံ၊ ထုတ်အံ့သောငှါ။ အသက္ခိံ ဝတ၊ မတတ်နိုင်စွတကား။ ဒါနိ၊ ယခု။ ပုန၊ တဖန်။ အဟံ၊ ငါသည်။ တုယှံ၊ သင်၏။ ဝသံ၊ အလိုသို့။ န ဂစ္ဆာမိ၊ မလိုက်အံ့။

֍ ဋ္ဌ ၁၆၂။ သမုဒ္ဒဿ၊ မြစ်၏။ ပါရံ၊ တဘက်သို့။ ဂန္တွာ၊ သွား၍။ ခါဒိတဗ္ဗာနိ၊ စားအပ်ကုန်သော။ ယာနိ၊ အကြင် သရက် သပြေ ပိန္နဲသီးတို့သည်။ သန္တိ၊ ရှိကုန်၏။ ဧတေဟိ အမ္ဗေဟိ စ၊ ထိုသရက်သီးတို့ဖြင့်၎င်း။ ဧတေဟိ ဇမ္ဗူဟိ စ၊ ထိုသပြေသီးတို့ဖြင့်၎င်း။ ဧတေဟိ ပနသေဟိ စ၊ ထိုပိန္နဲသီးတို့ဖွင့်၎င်း။ မယှံ၊ ငါအား။ အလံ၊ အလိုမရှိ။ မယှံ၊ ငါ့အား။ ဥဒုမ္ဗရော၊ ရေသဖန်းသီးသည်။ ဝရံ၊ မြတ်၏။

֍ ဋ္ဌ ၁၆၃။ ယော စ၊ အကြင်သူသည်လည်း။ ဥပ္ပတိတံ၊ ဖြစ်သော။ အတ္ထံ၊ အမှုကို။ ခိပ္ပံ၊ လျင်စွာ။ န အနုဗုဇ္စျတိ၊ မသိ။ သော၊ ထိုသူသည်။ အမိတ္တဝသံ၊ ရန်သူနိုင်ငံသို့။ အနွေတိ၊ လိုက်ရ၏။ ပစ္ဆာ စ၊ နောက်၌လည်း။ အနုတပ္ပတိ၊ စိုးရမ် ပူပန်ရ၏။

֍ ဋ္ဌ ၁၆၄။ ယော စ၊ အကြင် သူသည်လည်း။ ဥပ္ပတိတံ၊ ဖြစ်သော။ အတ္ထံ၊ အမှုကို။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ နိဗောဓတိ၊ သိ၏။ သော၊ ထိုသူသည်။ သတ္တုသမ္ဗာဓာ၊ ရန်သူတို့၏ နှိပ်စက်ခြင်းမှ။ မုစ္စတေ၊ လွတ်၏။ ပစ္ဆာ စ၊ နောက်၌လည်း။ န အနုတပ္ပတိ၊ မပူပန်ရ။

ဤသို့ ဘုရားလောင်းသည် လေးဂါထာတို့ဖြင့် လူ၏ ကိစ္စတို့၏ ပြီးခြင်း၏အကြောင်းကို ဆို၍ တောအုပ်သို့သာလျှင် ဝင်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည်ဤ ဓမ္မဒေသနာကိုဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မိကျောင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မျောက်မင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ပညာဉာဏ်သာ၊ အရာရာ၊ သာယာ လွတ်ကြောင်းမှတ်

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဝါနရဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - စူဠကုဏာလဝဂ်

၃။ ကုန္တိနီဇာတ်

ကြိုးကြာမ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဝသိမှ တဝါဂါရေအစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုန္တိနီဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်း၏ နန်းတော်၌ နေသော ကြိုးကြာငှက်မကို အကြောင်းပြု၍ ဟောတော်မူ၏။ ထို့ကြိုးကြာငှက်မသည် မင်း၏ တမန်အမှုကို ဆောင်ရွက်၏။ ထိုကြိုးကြာမအား သားငယ်နှစ်ခုတို့သည်လည်း ရှိကုန်၏။ မင်းသည် ကြိုးကြာငှက်မကို မင်းတပါး၏အထံသို့ မှာစာကိုဆောင်၍ သွားစေ၏။ ထိုကြိုးကြာမ၏ သွားသောကာလဝယ် မင်း၏အိမ်၌ သူငယ်တို့သည် သားငယ်နှစ်ခုတို့ကို လက်တို့ဖြင့် နှိပ်နယ်ကုန်လျက် သတ်ကုန်၏။ ကြိုးကြာမသည် လာလတ်၍ ထိုသားငယ်တို့ကို မမြင်သည်ရှိသော် အဘယ်သူသည် ငါ့သားကို သတ်အပ်ကုန်သနည်းဟု မေး၏။ ဤမည်သောသူသည်၎င်း၊ ဤမည်သောသူသည်၎င်း သတ်အပ်၏ဟု ဆိုကုန်၏။ ထိုကာလ မင်း၏အိမ်၌ မွေးသော ကျားသည် ရှိ၏။ ကြမ်းကြုတ်ရုန့်ရင်း၏။ အနှောင် အဖွဲ့၏ အစွမ်းအားဖြင့် တည်၏။ ထိုအခါ ထိုသူငယ်တို့သည် ထိုကျားကို ကြည့်အံ့သောငှာ သွားကုန်၏။ ထိုကြိုးကြာမသည်လည်း ထိုသူငယ်တို့နှင့် အတူတကွ သွား၍ ဤသူငယ်တို့သည် ငါ့သားတို့ကို သတ်အပ်ကုန်သကဲ့သို့ ထို့အတူသာလျှင် ထိုသူငယ်တို့ကို ငါပြုအံ့ဟု ကြံ၍ ထိုသူငယ်တို့ကို ယူ၍ ကျား၏ခြေရင်း၌ထား၏။ ကျားသည် ကျွပ်ကျွပ်မည်စေ၍ စား၏။ ထိုကြိုးကြာမသည် ဤယခု ငါ၏ နှလုံးအလိုသည် ပြည့်ပြီဟု ပျံ၍ ဟိမဝန္တာသို့သာလျှင် သွား၏။ ထိုအကြောင်းကိုကြား၍ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ မင်းအိမ်၌ ဤအမည်ရှိသော ကြိုးကြာမသည် မိမိသားငယ်တို့ကို သတ်ကုန်သော သူငယ်တို့ကို ကျား၏ခြေရင်း၌ထား၍ သေစေ၍ ဟိမဝန္တာသို့သာလျှင် သွား၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဤကြိုးကြာမသည် မိမိသားငယ်တို့ကို သတ်ကုန်သော သူငယ်တို့ကို ယူ၍ ကျား၏ ခြေရင်း၌ထား၍ ဟိမဝန္တာသို့ သွားသည်မဟုတ်သေး၊ ရှေး၌လည်း ဤအတူသာလျှင် သွားဘူး၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဘုရားလောင်းသည် တရားသဖြင့် မင်းပြု၏။ ထိုမင်း၏ နန်းတော်၌ တခုသော ကြိုးကြာမသည် တမန်တို့သည် ပြုအပ်သောအမှုကို ရွက်ဆောင်၏။ (အလုံးစုံသောစကားသည် ရှေးနှင့်တူသလျှင်ကတည်း၊ ဤဆိုလတ္တံ့သည်ကား အထူးတည်း) ဤကြိုးကြာမသည် ကျားကို သူငယ်တို့ကို သတ်စေပြီး၍ ယခုအခါ ငါသည် ဤအရပ်၌ နေခြင်းငှာ မတတ်ကောင်း၊ သွားအံ့၊ သွားသော် မင်းအား မကြားမူ၍ မသွားအံ့၊ မင်းအား ကြား၍သာလျှင် သွားအံ့ဟု ကြံပြီး၍ ထိုကြိုးကြာမသည် မင်းကို ဆည်းကပ်၍ ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာ ရပ်လျက် အရှင်အရှင်တို့၏ မေ့လျော့သဖြင့် အကျွန်ုပ်၏ သားငယ်တို့ကို သူငယ်တို့သည် သတ်ကုန်ပြီ၊ အကျွန်ုပ်သည် အမျက်ဒေါသ အလိုသို့ လိုက်၍ ထိုသူငယ်တို့ကို တဘန် သတ်စေပြီ၊ ယခု အကျွန်ုပ်သည် ဤအရပ်၌ နေခြင်းငှါ မတတ်ကောင်းဟု ဆို၍-

၁၆၅။ အဝသိမှ တဝါဂရေ၊ နိစ္စံ သက္ကတပူဇိတာ။
တွမေဝ ဒါနိ မကရိ၊ ဟန္ဒ ရာဇ ဝဇာမဟံ။

ဟူသော ရှေးဦးစွာသောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၆၅။ ရာဇ၊ မင်းကြီး။ မယံ၊ အကျွန်ုပ်တို့သည်။ တဝ၊ သင်မင်းကြီး၏။ အဂါရေ၊ အိမ်၌။ နိစ္စံ၊ အမြဲ။ သက္ကတပူဇိတာ၊ အရိုအသေပြုအပ် ပူဇော်အပ်ကုန်သည်ဖြစ်၍။ အဝသိမှ၊ နေကုန်ပြီ။ ဣဒါနိ၊ ယခု။ တွမေဝ၊ သင်မင်းကြီးသည်လျှင်။ မမ၊ အကျွန်ုပ်၏။ ဒေါမနဿကာရဏံ၊ နှလုံးမသာယာခြင်း၏ အကြောင်းကို။ အကရိ၊ ပြုပြီ။ ဟန္ဒ၊ လွှတ်လော့။ အဟံ၊ အကျွန်ုပ်သည်။ ဝဇာမိ၊ သွားတော့အံ့။

ထိုစကားကို ကြား၍ မင်းသည်-

၁၆၆။ ယော ဝေ ကတေ ပဋိကတေ၊
ကိဗ္ဗိသေ ပဋိကိဗ္ဗိသေ။
ဧဝံ တံ သမ္မတိ ဝေရံ၊ ဝသ ကုန္တိနိ မာဂမ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၆၆။ ကုန္တိနိ၊ ကြိုးကြာမ။ ယော၊ အကြင်သူသည်။ ဝေ၊ စစ်စစ်။ ပရေန၊ သူတပါးသည်။ ကိဗ္ဗိသေ၊ သားငယ်ကို သတ်ခြင်းအစရှိသော ကြမ်းကြုတ်သောအမှုကို။ ကတေ၊ ပြုအပ်သည်ရှိသော်။ အတ္တနာ၊ မိမိသည်။ ပဋိကိဗ္ဗိသေ၊ အစားသတ်ခြင်း အစရှိသော ကြမ်းကြုတ်သောအမှုကို။ ပဋိကတေ၊ အစားပြုအပ်သည်ရှိသော်။ မယာ၊ ငါသည်။ ပဋိကတံ၊ လက်စား ချေအပ်ပြီ။ ဣတိ၊ ဤသို့။ ဇာနာတိ၊ သိ၏။ ဧဝံ၊ ဤမျှဖြင့်။ တံ ဝေရံ၊ ထိုရန်သည်။ သမ္မတိ၊ ငြိမ်း၏။ တွံ၊ သင်သည်။ ဝသ၊ နေလော့။ မာဂမ၊ မသွားလင့်။

ထိုစကားကို ကြား၍ ကြိုးကြာမသည်-

၁၆၇။ န ကတဿ စ ကတ္တာ စ၊ မေတ္တိ သန္ဓိယတေ ပုန။
ဟဒယံ နာနုဇာနာတိ၊ ဂစ္ဆညေဝ ရထေသဘ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၆၇။ ရထေသဘ၊ ရထားစီးခြင်း မင်းတကာတို့ထက် မြတ်သော မင်းကြီး။ ကတဿ စ၊ နှိပ်စက်အပ်သော သူအား၎င်း။ ယော၊ အကြင်သူသည်။ ကတ္တာ၊ နှိပ်စက်တတ်၏။ တဿ စ၊ ထိုနှိပ်စက်တတ်သော သူအား၎င်း။ မေတ္တိ၊ ချစ်ခြင်းသည်။ ပုန၊ တဖန်။ န သန္ဓိယတေ၊ မစပ်။ မမ၊ အကျွန်ုပ်၏။ ဟဒယံ၊ စိတ်သည်။ နာနုဇာနာတိ၊ မနှစ်သက်။ ဂစ္ဆညေဝ၊ သွားအံ့သလျှင်ကတည်း။

မင်းသည် ထိုစကားကို ကြား၍-

၁၆၈။ ကတဿ စေဝ ကတ္တာ စ၊ မေတ္တိ သန္ဓိယတေ ပုန။
ဓီရာနံ နောစ ဗာလာနံ၊ ဝသ ကုန္တိနိ မာဂမ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၆၈။ ကုန္တိနိ၊ ကြိုးကြာမ။ ကတဿ စေဝ၊ နှိပ်စက်အပ်သော သူအား၎င်း။ ယော၊ အကြင်သူသည်။ ကတ္တာ၊ နှိပ်စက်တတ်၏။ တဿ စ၊ ထိုနှိပ်စက်တတ်သော သူအား၎င်း။ ဘိန္နာ၊ ကွဲသည်ရှိသော်။ ဓီရာနံ၊ ပညာရှိတို့အား။ ပုန၊ တဖန်။ မေတ္တိ၊ ချစ်ခြင်းသည်။ သန္ဓိယတေ၊ စပ်၏။ ဗာလာနံ၊ သူ မိုက်တို့အား။ နော စ သန္ဓီယတေ၊ မစပ်။ တွံ၊ သင်သည်။ ဝသ၊ နေလော့။ မာဂမ၊ မသွားလင့်။

ကြိုးကြာမသည် အရှင်မင်းကြီး ဤသို့ဖြစ်ငြားသော်လည်း အကျွန်ုပ်သည် ဤအရပ်၌ နေခြင်းငှါ မတတ်ကောင်းဟု မင်းကို ရှိခိုး၍ ပျံ၍ ဟိမဝန္တာသို့ သာလျှင် သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ကြိုးကြာမသည် ထိုအခါ ကြိုးကြာမ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မေတ္တာတုံ့ပြန်၊ တသက်ပန်၊ ဆက်ဆံ နေတော့ပါ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ကုန္တိနီဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - စူဠကုဏာလဝဂ်

၄။ အမ္ဗဇာတ်

ရသေ့နှင့် မိန်းမပျိုများ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယော နိလိယံ မဏ္ဍယတိ အစ ရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအမ္ဗဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သရက်ဥယျာဉ်ကို စောင့်သော

တပါးသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုမထေရ်သည် အိုသောကာလ၌ ရဟန်းပြု၍ ဇေတဝန် ကျောင်းတော် အစွန်းဝယ် သရက်ဥယျာဉ်၌ ကျောင်းဆောက်၍ သရက်ဥယျာဉ်ကို စောင့်လျက် ကြွေကုန်သော သရက်သီးမှည့်တို့ကို စားလျက်နေ၏။ မိမိအထံသို့ ရောက်လာကုန်သော လူတို့အားလည်း သရက်သီးကို ပေး၏။ ထိုမထေရ် ဆွမ်းခံဝင်စဉ် သရက်သီးခိုးသော သူတို့သည် သရက်သီးကို ကြွေစေကုန်၍ စား၍၎င်း ယူ၍၎င်း သွားကုန်၏။ ထိုခဏ၌ လေးယောက်ကုန်သော သူဌေးသ္မီးတို့သည် အစီရဝတီမြစ်၌ ရေချိုး၍ လှည့်လည်ကုန်လျက် သရက်ဥယျာဉ်သို့လျှင် ဝင်ကုန်၏။ ရဟန်းကြီးသည် ထိုသူဌေးသီးတို့ကို မြင်၍ သင်တို့သည် ငါ၏သရက်သီးတို့ကို စားကုန်၏ဟု ဆို၏။ အရှင်ဘုရား အကျွန်ုပ်တို့သည် ယခုပင်လျှင် လာရောက်ကုန်၏။ အရှင်ဘုရားတို့၏ သရက်သီးတို့ကို မစားကုန်ဟု ဆိုကုန်၏။ ထိုသို့တပြီးကား ကျိန်ကြကုန်လောဟု ရဟန်းကြီးသည် ဆို၏။ အရှင်ဘုရား ကျိန်ပါကုန်အံ့ဟုဆို၍ သူဌေးသ္မီးတို့သည် ကျိန်ကုန်၏။ ရဟန်းကြီးသည် သူဌေးသ္မီးတို့ကိုကျိန်စေ၍ အရှက်ရစေ၍ လွှတ်လိုက်၏။ ထိုရဟန်းကြီး၏ ထိုအမှုကို ကြားကုန်၍ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသော ရဟန်းကြီးသည် မိမိနေရာ သရက်ဥယျာဉ်သို့ ဝင်ကုန်သော သူဌေးသ္မီးတို့ကို ကျိန်စေ၍ အရှက်ရစေ၍ လွှတ်လိုက်၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ဤရဟန်းကြီးသည် ယခုအခါ၌သာလျှင် သရက်ဥယျာဉ်စောင့်ဖြစ်၍ လေးယောက်ကုန်သော သူဌေးသ္မီးတို့ကို ကျိန်စေ၍ အရှက်ခွဲ၍ လွှတ်လိုက်သည် မဟုတ်သေး၊ ရှေး၌လည်း ကျိန်စေ၍ အရှက်ခွဲ၍ လွှတ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိကြားဖြစ်၏။ ထိုအခါ စဉ်းလဲသော ရသေ့သည် ဗာရာဏသီပြည်ကို အမှီပြု၍ မြစ်နား သရက်ဥယျာဉ်၌ ကျောင်းဆောက်၍ သရက်သီးတို့ကို စောင့်လျက် သရက်ပင်မှ ကြွေကုန်သော သရက်သီးမှည့်ကို စားလျက် ရောက်လာကုန်သော လူတို့အား ပေးလျက် အထူးထူးအပြားပြား မှားသော အသက်မွေးခြင်းဖြင့် အသက်မွေးလျက် နေ၏။ ထိုအခါ သိကြားမင်းသည် လူ့ပြည်၌ အဘယ်သူသည် အမိအဘတို့ကို လုပ်ကျွေးကုန်သနည်း၊ အမျိုး၌ ကြီးသောသူတို့အား အရို အသေအမှုကို ပြုကုန်သနည်း၊ အလှူပေးကုန်သနည်း၊ သီလစောင့်ကုန်သနည်း၊ ဥပုသ်ကို စောင့်ကုန်သနည်း၊ အဘယ်ရဟန်းတို့သည်ကား မကျင့်အပ်သောအကျင့်ကို ကျင့်ကုန်သနည်းဟု လူ့ပြည်ကို ကြည့်လတ်သော် သရက်ဥယျာဉ်ကို စောင့်လျက် မကျင့်အပ်သောအကျင့်ကို ကျင့်လျက်နေသော ရသေ့စဉ်းလဲကို မြင်၍ ဤရသေ့စဉ်းလဲကား ကသိုဏ်းပရိကံ အစရှိသော မိမိ၏ ရဟန်းတရားကို ပယ်၍ သရက်ဥယျာဉ်ကို စောင့်လျက် နေ၏။ ထိုရသေ့စဉ်းလဲကို ထိတ်လန့်စေအံ့ဟု ရသေ့သည် ရွာသို့ ဆွမ်းခံအံ့သောငှာ ဝင်သောကာလ၌ သိကြား၏အာနုဘော်ဖြင့် သရက်သီးတို့ကို ကြွေစေ၍ ခိုးသူတို့သည် ခိုးဘိသကဲ့သို့ ပြု၏။

ထိုအခါ ဗာရာဏသီပြည်မှ လေးယောက်ကုန်သော သူဌေးသ္မီးတို့သည် ထိုသရက်ဥယျာဉ်သို့ ဝင်ကုန်၏။ ရသေ့စဉ်းလဲသည် ထိုသူဌေးသ္မီးတို့ကို မြင်၍ သင်တို့သည် ငါ၏သရက်သီးတို့ကို စားကုန်၏ဟု ဆို၏။ အရှင်ဘုရား အကျွန်ုပ်တို့သည် ယခုပင်လျှင် လာပါကုန်၏။ အရှင်ဘုရား၏ အရက်သီးတို့ကို မစားပါကုန်ဟု ဆို၏။ ထိုသို့တပြီးကား ကျိန်ကြကုန်လော့ဟု ဆို၏။ အရှင်ဘုရား ကျိန်၍ သွားခွင့်ကို ရပါကုန်အံ့လောဟု ဆိုကုန်၏။ အေး၊ ရကုန်လတ္တံ့ ဟု ဆိုသည်ရှိသော် အရှင်ဘုရား ကောင်းပြီဟု ဆို၍ ထိုသူဌေးသ္မီးတို့တွင် အကြီးဆုံးဖြစ်သော သူဌေးသ္မီးသည် ကျိန်ဆိုခြင်းကို ပြုလိုရကား-

၁၆၉။ ယော နီလိယံ မဏ္ဍယတိ၊ သဏ္ဍာသေန ဝိဟညတိ။
တဿသာ ဝသမနွေတု၊ ယာ တေ အမ္ဗေ အဝါဟရိ။

ဟူသော ရှေးဦးစွာသောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၆၉။ ဘန္တေ၊ အရှင်ဘုရား။ ယာ၊ အကြင်မိန်းမသည်။ တေ၊ အရှင်ဘုရား၏။ အမ္ဗေ၊ သရက်သီးတို့ကို။ အဝါဟရိ၊ ခိုး၏။ သာ၊ ထိုမိန်းမသည်။ ယော၊ အကြင်ယောက်ျားသည်။ နီလိယံ၊ ညို သောဆံကို။ မဏ္ဍယတိ၊ တန်ဆာဆင်၏။ ပလိတံ၊ ညိုသောဆံပင်တို့၏အကြား၌ ရောက်သော ဆံဖြူကို။ သဏ္ဍာသေန၊ မွေးညှပ်ဖြင့်။ ဥဒ္ဓရန္တော၊ နုတ်လျက်။ ဝိဟညတိ၊ ပင်ပန်း၏။ တဿ၊ ထိုယောက်ျားအို၏။ ဝသံ၊ အလိုသို့။ အနွေတု၊ လိုက်ရစေသတည်း။

ရသေ့စဉ်းလဲသည် ထိုသူဌေးသ္မီးကို သင်ကား သင့်တင့်ရာအရပ်၌ နေလော့ဟုဆို၍ နှစ်ယောက်မြောက်သော သူဌေးသ္မီးကို ကျိန်စေ၏။ ထိုသူဌေးသ္မီးသည် ကျိန်သည်ရှိသော်-

၁၇၀။ ဝီသံ ဝါ ပဉ္စဝီသံ ဝါ၊ ဦနတိံသံ ဝ ဇာတိယာ။
တာဒိသာ ပတိ မာ လဒ္ဓါ၊ ယာ တေ အမ္ဗေ အဝဟရိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇၀။ ဘန္တေ၊ အရှင်ဘုရား။ ယာ၊ အကြင်မိန်းမသည်။ တေ၊ အရှင်ဘုရား၏။ အမ္ဗေ၊ သရက်သီးတို့ကို။ အဝဟရိ၊ ခိုး၏။ သာ၊ ထိုမိန်းမသည်။ ဇာတိယာ၊ မွေးဖွားသည်မှ။ ဝီသံ ဝါ၊ နှစ်ဆယ်သို့၎င်း။ ပဉ္စဝီသံ ဝါ၊ နှစ်ဆယ့်ငါးနှစ်သို့၎င်း။ ဦနတိံသံ ဝါ၊ နှစ်ဆယ့်ကိုးနှစ်သို့၎င်း။ ပတွာ၊ ရောက်၍။ တာဒိသာ၊ ထိုသို့ ရင့်သောအရွယ်သို့ ရောက်သော သဘောရှိလျှက်။ ပတိ၊ လင်ကို။ မာ လဒ္ဓါ၊ မရစေသတည်း။

ထိုသူဌေးသ္မီးသည်လည်း ကျိန်ပြီး၍ တင့်အပ် လျောက်ပတ်သော အရပ်၌နေသော် သုံးယောက်မြောက်သော သူဌေးသ္မီးသည်-

၁၇၁။ ဒီယံ ဂစ္ဆတု အဒ္ဓါနံ၊ ဧကိကာ အဘိသာရိကာ။
သင်္ကတေ ပတိ မာ အဒ္ဒ၊ ယာ တေ အမ္ဗေ အဝဟရိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇၁။ ဘန္တေ၊ အရှင်ဘုရား။ ယာ၊ အကြင်မိန်းမသည်။ တေ၊ အရှင်ဘုရား၏။ အမ္ဗေ၊ သရက်သီးတို့ကို။ အဝဟရိ၊ ခိုး၏။ သာ၊ ထိုမိန်းမသည်။ အဘိသာရိကာ၊ လင်ကို တောင့်တလျှက် လင်၏ အထံသို့ သွားသည်၏ အဖြစ်ကြောင့် အဘိ

သာရိကာမည်သော မိန်းမဖြစ်၍။ ဧကိကာ၊ တယောက်တည်း၊ ဒီယံ၊ ရှည်စွာသော။ အဒ္ဓါနံ၊ တဂါဝုတ် နှစ်ဂါဝုတ်ရှိသောခရီးသို့။ ဂစ္ဆတု၊ သွားရစေသတည်း။ သင်္ကတေ၊ ဤမည်သော အရပ်သို့ လာလော့ဟု လင်ချိန်းချက်ရာ အရပ်၌။ ပတိ၊ လင်ကို။ မာ အဒ္ဒ၊ မမြင်ရစေသတည်း။

ထိုသူဌေးသ္မီးသည်လည်း ကျိန်ပြီး၍ တင့်အပ် လျောက်ပတ်ရာ အရပ်၌ နေသည်ရှိသော် လေးယောက်မြောက်သော သူဌေးသ္မီးသည်-

၁၇၂။ အလင်္ကတာ သုဝသနာ၊ မာလိနီ စန္ဒနုဿဒါ။
ဧကိကာ သယနေ သေတု၊ ယာ တေ အမ္ဗေ အဝဟရိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇၂။ ဘန္တေ၊ အရှင်ဘုရား။ ယာ၊ အကြင်မိန်းမသည်။ တေ၊ အရှင်ဘုရား၏။ အမ္ဗေ၊ သရက်သီးတို့ကို။ အဝဟရိ၊ ခိုး၏။ သာ၊ ထိုမိန်းမသည်။ အလင်္ကတာ၊ တန်ဆာဆင်လျက်။ သုဝသနာ၊ ကောင်းစွာဝတ်လျက်။ မာလိနီ၊ ပန်းပန်လျက်။ စန္ဒနုဿဒါ၊ စန္နကူးနံ့သာ လိမ်းကျံလျက်။ ဧကိကာ၊ တယောက်ထီးတည်း။ သယနေ၊ အိပ်ရာ၌။ သေတု၊ အိပ်ရစေသတည်း။

ရသေ့စဉ်းလဲသည် သင်တို့ကား အလွန်ဝန်လေးကုန်သော ကျိန်ဆိုခြင်းတို့ကို ကျိန်၏။ တပါးသော သူတို့သည် သရက်သီးတို့ကို စားသည် ဖြစ်ကုန်ရာ၏။ သင်တို့သည် ယခု သွားကြကုန်လော့ဟု သူဌေးသ္မီးတို့ကို လွှတ်လိုက်၏။ သိကြားမင်းသည် ကြောက်မက်ဘွယ်သော အာရုံကိုပြ၍ ရသေ့စဉ်းလဲကို ထိုအရပ်မှ ပြေးစေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ သရက်ဥယျာဉ်စောင့်သော ဤရဟန်းကြီးသည် ထိုအခါ ရသေ့စဉ်းလဲ ဖြစ်ဘူးပြီ၊ ယခုအခါ လေးယောက်ကုန်သော သူဌေးသ္မီးတို့သည်သာလျှင်။ ထိုအခါ လေးယောက်ကုန်သော သူဌေးသ္မီးတို့ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိကြားမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရဟန်းဖြစ်ငြား၊ ကျင့်တရား၊ ထင်ရှား ရှိစေသင့်

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော အမ္ဗဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - စူဠကုဏာလဝဂ်

၅။ ရာဇကုမ္ဘဇာတ်

ပျင်းလွန်းသူ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝနံ ယဒဂ္ဂိ ဒဟတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤရာဇကုမ္ဘဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပျင်းရိသော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းသည် သာဝတ္ထိပြည်၌ နေသော အမျိုးသားဖြစ်၍ သာသနာတော်၌ အသက်ကို စွန့်၍ ရဟန်းပြု၍လည်း ပျင်းရိသတတ်၊ ပါဠိသင်ခြင်း အဋ္ဌကထာသင်ခြင်း အသင့်အားဖြင့် နှလုံးသွင်းခြင်း ဝတ်ကြီး ဝတ်ငယ်ပြုခြင်း အစရှိသည်တို့မှ အပပြု၍ နီဝရဏသည် နှိပ်စက်အပ်၏။ ထိုင်ခြင်း ရပ်ခြင်းအစရှိသော ဣရိယာပုထ်တို့၌ ပျင်းရိသည်သာလျှင် ဖြစ်၏။ ထိုရဟန်း၏ ထိုပျင်းရိသည့်အဖြစ်ကို အကြောင်းပြု၍ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤမည်သော ရဟန်းသည် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ ပျင်းရိလျက် နီဝရဏသည် နှိပ်စက်အပ်လျက် နေ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌ သာလျှင် ပျင်းရိသည် မဟုတ်သေး၊ ရှေး၌လည်း ပျင်းရိသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်း၏ အမတ်ဖြစ်၏။ ဗာရာဏသီ မင်းသည် ပျင်းရိသော သဘောရှိ၏။ ဘုရားလောင်းသည် မင်းကို သိစေအံ့ဟု တခုသော ဥပမာကို ရှာလျက် သွား၏။ ထိုအခါ တနေ့သ၌ မင်းသည် ဥယျာဉ်သို့သွား၍ အမတ်အပေါင်းခြံရံလျက် ဥယျာဉ်၌ လှည့်လည်သည်ရှိသော် ရာဇကုမ္ဘမည်သော ပျင်းရိသော သူတယောက်ကို မြင်၏။ တနေ့ပတ်လုံး သွားငြားသော်လည်း လက်တသစ် နှစ်သစ်မျှသာလျှင် သွား၏။ ဤသို့ ပျင်းရိသော သဘောရှိ၏။ မင်းသည် ထိုလူပျင်းကိုမြင်၍ အဆွေ ဤသူကား အဘယ်မည်သော သူနည်းဟု ဘုရားလောင်းကို မေး၏။ ဘုရားလောင်းသည် မြတ်သောမင်းကြီး ဤသူကား ရာဇကုမ္ဘမည်၏။ ပျင်းရိသော သဘောရှိ၏။ တနေ့ပတ်လုံး သွားသော်လည်း လက်တသစ် နှစ်သစ်မျှသာလျှင် သွား၏။ ဤသို့ ပျင်းရိသော သဘောရှိ၏ဟု ဆို၍ ထိုသူပျင်းနှင့်တကွ စကား ပြောလိုရကား အချင်း ရာဇကုမ္ဘ သင်တို့၏ သွားခြင်းသည် နှေးလှစွာ၏။ ဤတောကို တောမီးလောင်သည်ရှိသော် သင်တို့သည် အဘယ်သို့ ပြုကုန်မည်နည်းဟု ဆို၍-

၁၇၃။ ဝနံ ယဒဂ္ဂိ ဒဟတိ၊ ပါဝကော ကဏှဝတ္တနီ။
ကထံ ကရောသိ ပစလက၊ ဧဝံ ဒန္ဓပရက္ကမော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇၃။ ပစလက၊ အစဉ်တစိုက် ပျင်းရိသောသူ။ တွံ၊ သင်သည်။ ဧဝံ၊ ဤသို့။ ဒန္ဓပရက္ကမော၊ နုန့်သော လုံ့လရှိ၏။ ယဒါ၊ အကြင်အခါ၌။ ပါဝကော၊ ရောက်တတ်သော။ ကဏှဝတ္တနီ၊ မည်းသော သွားရာခရီး ရှိသော။ အဂ္ဂိ၊ မီးသည်။ ဝနံ၊ တောကို။ ဒဟတိ၊ လောင်အံ့။ တဒါ၊ ထိုအခါ၌။ တွံ၊ သင်သည်။ ကထံ ကရောသိ၊ အသို့ပြုအံ့နည်း။

ထိုစကားကိုကြား၍ ရာဇကုမ္ဘသည်-

၁၇၄။ ဗဟူနိ ရုက္ခဆိဒ္ဒါနိ၊ ပထဗျာ ဝိဝရာနိ စ။
တာနိ စေ နာဘိသမ္ဘောမ၊
ဟောတိ နော ကာလပရိယာယော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇၄။ ဗဟူနိ၊ များစွာကုန်သော။ ရုက္ခဆိဒ္ဒါနိ၊ သစ်ခေါင်းပေါက်တို့သည်၎င်း။ ပထဗျာဝိဝရာနိ စ၊ ထူးတွင်းပေါက်တို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ တာနိ၊ ထိုသစ်ခေါင်းပေါက် ထူးတွင်းပေါက်တို့သို့။ မယံ၊ ငါတို့သည်။ စေ နာဘိသမ္ဘောမ၊ အကယ်၍မရောက်နိုင်ကုန်အံ့။ နော၊ ငါတို့အား။ ကာလပရိယာယော၊ သေခြင်းသည်သာလျှင်။ ဟောတိ၊ ဖြစ်အံ့။

ထိုစကားကို ကြား၍ ဘုရားလောင်းသည်-

၁၇၅။ ယော ဒန္ဓကာလေ တရတိ၊ တရဏီယေ စ ဒန္ဓတိ။
သုက္ခပဏ္ဏံဝ အက္ကမ္မ၊ အတ္ထံ ဘဉ္ဇတိ အတ္တနော။
၁၇၆။ ယော ဒန္ဓကာလေ ဒန္ဓေတိ၊ တရဏီယေ စ တာရယိ။
သသီဝ ရတ္တိံ ဝိဘဇံ၊ တဿတ္ထော ပရိပူရတိ။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၇၅။ ယော၊ အကြင်သူသည်။ ဒန္ဓကာလေ၊ ဖြည်းဖြည်းညှင်းညှင်း ပြုအပ်သောကာလ၌။ တရတိ၊ လျင်မြန်စွာပြု၏။ ကရဏီယေ စ၊ လျင်မြန်စွာ ပြုအပ်သော ကာလ၌လည်း။ ဒန္ဓတိ၊ ဖြည်း ညှင်းစွာ ပြု၏။ သော၊ ထိုသူသည်။ သုက္ခပဏ္ဏံ၊ ထန်းရွက်ခြောက်ကို။ အက္ကမ္မ၊ နင်း၍။ ဘဉ္ဇတိ ဣဝ၊ ဖျက်ဆီး သကဲ့သို့။ အတ္တနော၊ မိမိ၏။ အတ္ထံ၊ အကျိုးစီးပွားကို။ ဘဉ္ဇတိ၊ ဖျက်ဆီး၏။

֍ ဋ္ဌ ၁၇၆။ ယော၊ အကြင်သူသည်။ ဒန္ဓကာလေ၊ ဖြည်း ညှင်းစွာပြုအပ်သောကာလ၌။ ဒန္ဓတိ၊ ဖြည်းညှင်းစွာပြု၏။ တရဏီယေ စ၊ လျင်မြန်စွာ ပြုအပ်သော ကာလ၌လည်း။ တာရယိ၊ လျင်မြန်စွာပြု၏။ သသီ၊ ဆန်းသစ်သော လ, သည်။ ရတ္တိံ၊ တညဉ့်မှ တညဉ့်သို့။ ဝိဘဇံ-ဝိဘဇန္တော၊ ကပ်ရောက်လျက်။ ဒိဝသေ ဒိဝသေ၊ နေ့တိုင်း နေ့တိုင်း။ ပရိပူရတိ ဣဝ၊ ပြည့်သကဲ့သို့။ တဿ၊ ထိုသူ၏။ အတ္တော၊ အကျိုး စီးပွားသည်။ ပရိပူရတိ၊ ပြည့်၏။

မင်းသည် ဘုရားလောင်းစကားကို ကြား၍ ထိုအခါမှစ၍ မပျင်းမရှိသည် ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ပျင်းရိသော ရဟန်းသည် ထိုအခါ ရာဇကုမ္ဘဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသောအမတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အပျင်းမွေးငြား၊ လူအများ၊ ပျက်ပြားလေစွ ကျိုးဖလ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ရာဇကုမ္ဘဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - စူဠကုဏာလဝဂ်

၆။ ကေသဝဇာတ်

ကျွမ်းဝင်သူပေး ရောဂါဝေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် မနုဿိန္ဒံ ဇဟိတွန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကေသဝဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဝိဿာသဘောဇနကို အကြောင်း ပြု၍ ဟောတော်မူ၏။ အနာထပိဏ်သူဌေး၏ အိမ်၌ ငါးရာကုန်သော ရဟန်းတို့အား မပြတ် ဆွမ်းလုပ် ကျွေးသတတ်၊ သူဌေးအိမ်သည် အခါ ခပ်သိမ်း ရဟန်းသံဃာ၏ ရေတွင်းရေကန်သဘွယ် ဖြစ်၏။ သင်္ကန်းရောင်ဖြင့် ပြောင်ပြောင်ထွန်း ပ၏။ ရဟန်းတို့၏ ကွေးခြင်း ဆန့်ခြင်း အစရှိသည်တို့ကြောင့်ဖြစ်သော လေသည် ခတ်အပ်၏။ ထိုအခါ တနေ့သ၌ မင်းသည် မြို့ကို လက်ျာရစ် လှည့်လတ်သော် သူဌေးအိမ်၌ ရဟန်းသံဃာတို့ကိုမြင်၍ ငါသည်လည်း အရိယာသံဃာအား မပြတ် ဆွမ်းလှူအံ့ဟု ကျောင်းသို့သွား၍ ဘုရားကိုရှိခိုး၍ ငါးရာကုန်သော ရဟန်းတို့အား မပြတ် ဆွမ်းလုပ်ကျွေးရခြင်းကို တောင်းပန်၏။ ထိုအခါမှစ၍ မင်းအိမ်၌ မပြတ်လျှင် သုံးနှစ်သိမ်းထားအပ်သော မွှေးသော မွန်မြတ်သော သလေးဘောဇဉ် ဆွမ်းကို လှူ၏။ အကျွမ်းဝင်ခြင်း ချစ်ခင်လေးမြတ်ခြင်းဖြင့် မိမိလက်ဖြင့်လှူသော သူတို့သည်ကား မရှိကုန်၊ မင်းချင်း ယောက်ျားတို့ကို လှူစေကုန်၏။ ရဟန်းတို့ မင်း၏အိမ်၌ နေ၍ စားခြင်းငှာ အလိုမရှိကုန်၊ အထူးထူးသော မြတ်သော အရသာရှိသော ဆွမ်းကိုယူ၍ မိမိတို့၏ အလုပ်အကျွေးအိမ်သို့သွား၍ ထိုဆွမ်းကို အလုပ်အကျွေးတို့အားပေး၍ အလုပ်အကျွေးတို့သည် လှူအပ်သော ရုန့်ရင်းသည်၎င်း မွန်မြတ်သည်၎င်း ဖြစ်သော ဆွမ်းကို စားကုန်၏။

ထိုအခါ တနေ့သ၌ မင်းအား များစွာသော သစ်သီးကြီးငယ်ကို ဆက်ကုန်၏။ မင်းသည် ထိုသစ်သီးကြီးငယ်ကို သံဃာအား လှူကုန်လော့ဟု ဆို၏။ လူတို့သည် ဆွမ်းဘုဉ်း ပေးရာ တင်းကုပ်သို့သွား၍ တပါးသော ရဟန်းကိုလည်း မမြင်၍ မရှိဟု မင်းကြားကုန်၏။ အချင်းတို့ ဆွမ်းဘုဉ်းပေးသောအခါ မဟုတ်လောဟုဆို၏။ ရှင်မင်းကြီး ဆွမ်းဘုဉ်း ပေးသောအခါ ဟုတ်၏။ ရဟန်းတို့ သည်ကား ရှင်မင်းကြီး၏ နန်းတော်၌ ဆွမ်းကိုယူ၍ မိမိ မိမိတို့၏ အကျွမ်းဝင်ရာ အလုပ် အကျွေးတို့၏ အိမ်သို့သွား၍ အလုပ်အကျွေးတို့အား ပေး၍ ထိုအလုပ်အကျွေးတို့သည် ပေးအပ်သော ရုန့်ရင်းသော ဆွမ်းကို၎င်း မွန်မြတ်သော ဆွမ်းကို၎င်း စားကုန်၏ ဟု လျောက်ကုန်၏။ မင်းကြီးသည် ငါတို့၏ဆွမ်းကား ကောင်းမြတ်၏။ အဘယ်ကြောင့် မစားမူ၍ တပါးသော ဆွမ်းကို စားကုန်သနည်း၊ ဘုရားကို မေးလျှောက်အံ့ဟု ကြံ၍ ကျောင်းသို့သွား၍ ဘုရားကိုရှိခိုး၍ မေးလျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ဘောဇဉ် မည်သည်ကား အကျွမ်းဝင်သောသူတို့သည် ပေးအပ်သောဘောဇဉ်သည် မြတ်၏။ သင်မင်းကြီးတို့၏ အိမ်၌ အကျွမ်းဝင်ခြင်းကို ဖြစ်စေ၍ ချစ်သောအားဖြင့် ပေးတတ်သောသူတို့၏ မရှိခြင်းကြောင့် ရဟန်းတို့သည် ဆွမ်းကို ယူ၍ မိမိ မိမိတို့၏ အကျွမ်းဝင်ရာအရပ်၌ စားကုန်၏။ မြတ်သောမင်းကြီး အကျွမ်းဝင်ခြင်းနှင့်တူသော တပါးသော အရသာမည်သည် မရှိ၊ ထိုစကားမှန်၏။ အကျွမ်းမဝင်သောသူသည် ပေးအပ်သော စတုမဓုသည်လည်း အကျွမ်းဝင်သောသူသည် ပေးအပ်သော မြက်သီးဆန် ဆွမ်းလောက်မျှ မထိုက်၊ ရှေးပညာရှိတို့သည်လည်း ရောဂါဖြစ်လတ်သည်ရှိသော် မင်းသည် ငါးယောက်ကုန်သော ဆေးသမားတို့ကို ခေါ်၍ ဆေးကုစေလျက် ရောဂါ မငြိမ်းသည်ရှိသော် အကျွမ်းဝင်သောသူတို့၏ အထံသို့သွား၍ ဆားမခတ်သော ကြိတ်ဆန် မြက်သီးဆန် ယာဂုကို၎င်း ဆားမခတ်သောရေဖြင့် ပြုတ်ဖြောအပ်သော သစ်ရွက်ကို၎င်း စားသုံး၍ ရောဂါ ကင်းဘူးကုန်၏ဟု မိန့်တော်မူ၍ ကောသလမင်းသည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၏။ ဘုရားလောင်းအား ကပ္ပသတို့သားဟူသော အမည်ကို မှည့်ကုန်၏။ ကပ္ပလုလင်သည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကို သင်၍ နောက်အဘို့၌ ရသေ့ရဟန်း ပြု၏။ ထိုအခါ ကေသဝမည်သော ရသေ့သည် ရသေ့ငါးရာ ခြံရံလျက် ဂိုဏ်းဆရာဖြစ်၍ ဟိမဝန္တာ၌ နေ၏။ ဘုရားလောင်းသည် ကေသဝရသေ့အထံသို့ သွား၍ ငါးရာကုန်သော တပည့်တို့၏ အကြီးတပည့်ဖြစ်၍ နေ၏။ ကေသဝရသေ့သည် ကပ္ပရသေ့၏ အစီးအပွားကို အလိုရှိ၏။ ကပ္ပရသေ့အား ချစ်မြတ်နိုး၏။ ထိုဆရာတပည့် ရသေ့တို့သည် အချင်းချင်း အလွန်လျှင် အကျွမ်းဝင်ကုန်၏။ နောက်အဘို့၌ ကေသဝရသေ့သည် တပည့်တို့ကို ခေါ်၍ ချဉ်ဆား မှီဝဲအံ့သောငှါ လူ့ပြည်သို့ သွား၍ ဗာရာဏသီပြည်သို့ ရောက်၍ မင်း၏ဥယျာဉ်၌ နေ၍ နက်ဖြန် မြို့သို့ ဆွမ်းခံအံ့သောငှာ ဝင်၍ မင်းအိမ်တံခါးသို့ ရောက်၏။ မင်းသည် ရသေ့အပေါင်းကို မြင်၍ ပင့်စေ၍ နန်းတွင်း၌ ဆွမ်းကျွေး၍ ဝန်ခံခြင်းကိုယူ၍ ဥယျာဉ်၌ နေစေ၏။ ထိုအခါ မိုးကာလ လွန်သည်ရှိသော် ကေသဝရသေ့သည် မင်းကို ပန်၏။ မင်းသည် အရှင်ဘုရား အရှင်ဘုရားတို့သည် အိုမင်းကုန်၏။ အကျွန်ုပ်တို့ကို မှီ၍ နေကုန်လော့၊ ရသေငယ်တို့ကိုသာလျှင် ဟိမဝန္တာသို့ စေလွှတ်ကုန်လော့ဟု ဆို၏။ ကေသဝရသေ့သည် ကောင်းပြီဟု တပည့်ကြီးနှင့်တကွ ထိုရသေ့ငယ်တို့ကို ဟိမဝန္တာသို့ သွားစေ၍ မိမိတယောက်တည်းလျှင် နေရစ်၏။ ကပ္ပရသေ့သည် ဟိမဝန္တာသို့ သွား၍ ရသေ့တို့နှင့်တကွ နေ၏။

ကေသဝရသေ့သည် ကပ္ပရသေ့နှင့် ကင်းကွာသော် ငြီးငွေ့၍ ကပ္ပရသေ့ကို မြင်လိုသည်ဖြစ်၍ အိပ်ပျော်ခြင်းကို မရသည်ရှိသော် အစာအာဟာရသည် ကောင်းစွာ မကျေ၊ ဝမ်းသွေးသွန်သော အနာသည် ဖြစ်၏။ သည်းစွာကုန်သော ဝေဒနာတို့သည် ဖြစ်ကုန်၏။ မင်းသည် ငါးယောက်ကုန်သော ဆေးသမားတို့ကိုခေါ်၍ ရသေ့အား ကုစေ၏။ ရောဂါသည် မငြိမ်း၊ ရသေ့သည် မင်းကို မြတ်သောမင်းကြီး သင်မင်းကြီးတို့သည် ငါ၏ သေခြင်းကို အလိုရှိကုန်သလော၊ ထိုသို့မဟုတ်မူ ငါ၏ ရောဂါကင်းခြင်းကို အလိုရှိကုန်သလောဟု ဆို၏။ အရှင်ဘုရား ရောဂါကင်းသော အဖြစ်ကို အလိုရှိကုန်၏ဟု မင်းသည် လျှောက်၏။ ထိုသို့တပြီးကား ငါ့ကို ဟိမဝန္တာသို့ ပို့ကုန်လော့ဟု ရသေ့သည် ဆို၏။ မင်းသည် အရှင်ဘုရား ကောင်းပြီဟု နာရဒမည်သော အမတ်ကိုခေါ်၍ နာရဒ ငါတို့၏ဆရာကို ဆောင်ယူ၍ မုဆိုးတို့နှင့်တကွ ဟိမဝန္တာသို့ သွားလေလော့ဟု စေ၏။

နာရဒသည် ဟိမဝန္တာသို့ ပို့ဆောင်၍ တဖန် ပြန်လာ၏ ကေသဝရသေ့၏ စိတ်ကိုမှီသော ရောဂါသည် ကပ္ပရသေ့ကိုမြင်ကာမျှ၌လျှင် ငြိမ်းကုန်၏။ ငြီးငွေ့ခြင်းသည် ပြေ၏။ ထိုအခါ ကေသဝရသေ့အား ကပ္ပရသေ့သည် ဆားမခတ်သောရေဖြင့် ပြုတ်ဖြောအပ်သော သစ်ရွက်နှင့်တကွ မြက်သီးဆန် ကြိတ်ဆန် ယာဂုကိုပေး၏။ ထိုခဏ၌လျှင် ကေသဝရသေ၏ ဝမ်းသွေးသွန်သော အနာသည် ငြိမ်း၏။

တဖန် မင်းသည် နာရဒအမတ်ကို သင်သွားချေ၊ ကေသဝ ရှင်ရသေ့၏ အကြောင်းကို သိအောင်ပြုချေဟု စေ၏။ နာရဒအမတ်သည် သွား၍ ရောဂါကင်းသော ကေသဝရသေ့ကို မြင်၍ အရှင်ဘုရား ဗာရာဏသီ မင်းသည် ငါးယောက်ကုန်သော ဆေးသမားတို့ကိုယူ၍ ကုမလျက် အရှင်ဘုရားတို့၏ ရောဂါကို ကင်းစိမ့်သောငှါ မတတ်နိုင်၊ ကပ္ပရသေ့သည် အရှင်ဘုရားအား အဘယ်သို့ ကုစားသနည်းဟု ဆို၍ -

၁၇၇။ မနုဿိန္ဒ ဇဟိတွာန၊ သဗ္ဗကာမသမိဒ္ဓိနံ။
ကထံ နု ဘဂဝါ ကေသီ၊ ကပ္ပဿ ရမတိ အဿမေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇၇။ ဘဂဝါ၊ ဘုန်းတော်ကြီးသော။ ကေသီ၊ ကေသဝ ရှင်ရသေ့သည်။ သဗ္ဗကာမသမိဒ္ဓိနံ၊ အလုံးစုံသော လိုဘွယ်ဝတ္ထုနှင့် ပြည့်စုံသော။ မနုဿိန္ဒ၊ ဗာရာဏသီမင်းကို။ ဇဟိတွာန၊ စွန့်၍။ ကပ္ပဿ၊ ကပ္ပရသေ့၏။ အဿမေ၊ ကျောင်း ၌။ ကထံ နု ရမတိ၊ အဘယ်ကြောင့် မွေ့လျော်သနည်း။

ဤသို့ သူတပါးတို့နှင့်တကွ စကားပြောဘိသကဲ့သို့ ကေသဝရသေ့၏ မွေ့လျော်သော အကြောင်းကို မေး၏။ ထိုစကားကို ကြား၍ ကေသဝ ရသေ့သည်-

၁၇၈။ သာဒုနိ ရမဏီယာနိ၊ သန္တိ ဝက္ခာ မနောရမာ။
သုဘာသိတာနိ ကပ္ပဿ၊ နာရဒ ရမယန္တိ မံ။

ဟူသော နှစ်ခုမြောက်သောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇၈။ နာရဒ၊ နာရဒအမတ်။ ကပ္ပဿ၊ ကပ္ပရသေ့၏။ အဿမေ၊ ကျောင်း၌။ သာဒူနိ၊ ကောင်းကုန်သော။ ရမဏီယာနိ၊ မွေ့လျော်ဘွယ် ရှိသည်၎င်း။ မနောရမာ၊ နှလုံးမွေ့လျော်ဘွယ် ရှိကုန်သော။ ဝက္ခာ၊ သစ်ပင်တို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ ကပ္ပ၊ ကပ္ပရသေ့၏။ သုဘာသိတာနိ၊ ကောင်းစွာဆိုအပ်ကုန်သော စကားတို့သည်။ မံ၊ ငါ့ကို။ ရမယန္တိ၊ မွေ့ လျော်စေကုန်၏။

ဤသို့ဆို၍ ဤသို့ ငါ့ကို မွေ့လျော်စေသော ကပ္ပရသေ့သည် ဆားမခတ်သောရေဖြင့် ပြုတ် ဖြောအပ်သော သစ်ရွက်၊ မြက်သီးဆန် ကြိတ်ကန်ယာဂုကို သောက်စေ၏။ ထိုယာဂုကို သောက်သဖြင့် ငါ၏ကိုယ်၌ ရောဂါသည် ငြိမ်း၏ ဟု ဆို၏ ထိစကားကို ကြား၍ နာရဒအမတ်သည်-

၁၇၉။ သာလီနံ ဩဒနံ ဘုဉ္ဇေ၊ သုစိံ မံသူပသေစနံ။
ကထံ သာမာကနီဝါရံ၊ အလောဏံ ဆာဒယန္တိ တံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇၉။ ဘန္တေ၊ အရှင်ဘုရား။ တွံ၊ အရှင်ဘုရားသည်။ သာလီနံ၊ သလေးတို့၏။ သုစိံ၊ စင်ကြယ်စွာသော။ မံသူပသေစနံ၊ သားပြွမ်းဖြစ်သော။ ဩဒနံ၊ ဆွမ်းကို။ ဘုဉ္ဇေ၊ စား၏။ ကထံ၊ အသို့မူ၍။ တံ၊ အရှင်ဘုရားကို။ အလောဏံ၊ ဆားမခတ်သော။ သာမာကနီဝါရံ၊ မြက်သီးဆန် ကြိတ်ဆန် အာဟာရသည်။ ဆာဒယန္တိ၊ နှစ်သက်စေကုန်သနည်း။

ထိုစကားကိုကြား၍ ကေသဝရသေ့သည်-

၁၈၀။ သာဒုံ ဝါ ယဒိ ဝါ သာဒုံ၊ အပ္ပံ ဝါ ယဒိ ဝါ ဗဟုံ။
ဝိဿတ္ထော ယတ္ထ ဘုဉ္ဇေယျ၊ ဝိဿသ ပရမာ ရသာ။

ဟူသော လေးခုမြောက်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၁၈၀။ နာရဒ၊ နာရဒအမတ်။ ယတ္ထ၊ အကြင်နေရာ၌။ ဝိဿတ္ထော၊ အကျွမ်းဝင်သည်ဖြစ်၍။ သာဒုံ ဝါ၊ သာယာအပ်သော ဘောဇဉ်ကို၎င်း။ ယဒိ၊ ထို့မြို့။ အသာဒုံ ဝါ၊ မသာယာအပ်သော ဘောဇဉ်ကို၎င်း။ အပ္ပံ ဝါ၊ အနည်းငယ်သောဘောဇဉ်ကို၎င်း။ ယဒိ၊ ထိုမြို့။ ဗဟုံ ဝါ၊ များစွာသော ဘောဇဉ်ကို၎င်း။ ဘုဉ္ဇေယျ၊ စားရာ၏။ တတ္ထ၊ ထိုနေရာ၌။ ဧဝံ၊ ဤသို့။ ဘုတ္တံ၊ စားအပ်သော ဘောဇဉ်သည်။ သာဒု၊ ချိုမြိန်၏။ ကသ္မာ၊ အဘယ့်ကြောင့်။ သာဒု၊ ချိုမြိန်သနည်းဟူမူကား။ ယသ္မာ၊ အကြင့်ကြောင့်။ ရသာ၊ အရသာသည်။ ဝိဿာသပရမာ၊ အကျွမ်းဝင်ခြင်းလျှင် အမွန်အမြတ်ရှိသည်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ သာဒု၊ ချို မြိန်၏။

နာရဒအမတ်သည် ကေသဝ ရသေ့၏ စကားကိုကြား၍ မင်း၏အထံသို့သွား၍ ကေသဝရသေ့သည် ဤမည်သော စကားကို ဆို၏ဟု ကြား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ နာရဒအမတ် ဖြစ်ဘူးပြီ၊ ယခုအခါ ဗကဗြဟ္မာသည် ထိုအခါ ကေသဝ ရသေ့ ဖြစ်ဘူးပြီ၊ အခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကပ္ပရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ချစ်သူ ခင်သူ၊ ပြုစုမူ၊ ထိုသူရောဂါပျောက်

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကေသဝဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - စူဠကုဏာလဝဂ်

၇။ အယကူဋဇာတ်

သံတူစွဲ ဘီလူး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သဗ္ဗာ ယသံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအယကူဋဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လောက၏ အကျိုးစီးပွားအလို့ငှါ ကျင့်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ (ဝတ္ထုသည် ဒွါဒသကနိပါတ်၊ မဟာကဏှဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့) သဗ္ဗညူ မြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ မိဖုယားကြီးဝမ်း၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် သင်အပ်ပြီးသော အလုံးစုံသော အတတ်ရှိသည်ဖြစ်၍ အဘလွန်သဖြင့် မင်းအဖြစ်၌ တည်၍ တရားသဖြင့် မင်းပြု၏။ ထိုအခါ လူတို့သည် နတ်တို့ကို ကိုးကွယ်ကုန်၍ များစွာကုန်သော ဆိတ်မြန်မာ ဆိတ်ကုလား အစရှိသည်တို့ကို သတ်၍ နတ်တို့အား ပူဇော်ခြင်းကို ပြုကုန်၏။ ဘုရားလောင်းသည် သတ္တဝါကို မသတ်လင့်ဟု စည်လည်စေ၏။ ဘီလူးတို့သည်။ ပူဇော်ခြင်းကို မရကုန်လတ်သော် ဘုရားလောင်းအား အမျက်ထွက်၍ ဟိမဝန္တာ၌ ဘီလူးအစည်းအဝေးသို့သွား၍ ဘုရားလောင်းကို သတ်စိမ့်သောငှာ ကြမ်းကြုတ်သော ဘီလူးတယောက်ကို စေကုန်၏။ ထိုဘီလူးသည် တောင်ထွတ်မျှလောက် ကြီးစွာသော ပြောင်ပြောင်တောက်သော သံတူကိုယူ၍ ဤသံတူဖြင့် ဘုရားလောင်းကို ပုတ်ခတ်၍ သတ်အံ့ဟု လာလတ်၍ မဇ္ဈိမယာမ်၏ အခြားမဲ့၌ ဘုရားလောင်း၏ အိပ်ရာအထက်၌ ရပ်၏။ ထိုခဏ၌ သိကြားမင်း၏ နေရာသည် ပူသော အခြင်းအရာကို ပြ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ဤအကြောင်းကိုသိ၍ ဝရဇိန်လက်နက်ကို ယူ၍ သွား၍ ဘီလူးအထက်၌ ရပ်၏။ ဘုရားလောင်းသည်ဘီလူးကိုမြင်၍ ဤဘီလူးသည် ငါ့ကို စောင့်ရှောက် လိုသည်ဖြစ်၍ တည်သလော ထိုသို့မဟုတ်မူ သတ်လိုသည်ဖြစ်၍ တည်သလောဟု ထိုဘီလူးနှင့်တကွ စကားပြောလိုရကား-

၁၈၁။ သဗ္ဗာယသံ ကူဋမတိပ္ပမာဏံ၊
ပဂ္ဂယှ ယော တိဋ္ဌသိ အန္တလိက္ခေ။
ရက္ခာယ မေ တွံ ဝိဟိတော နုသဇ္ဇ၊
ဥဒါဟု မေ စေတယသေ ဝဓာယ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၈၁။ ရက္ခသ၊ ရက္ခိုသ်။ ယော တွံ၊ အကြင်သင်သည်။ အတိပ္ပမာဏံ၊ အလွန်ဖြစ်သော ပမာဏရှိသော။ သဗ္ဗာယသံ ကူဋံ၊ အလုံးစုံသော သံဖြင့်ပြီးသောတူကို။ ပဂ္ဂယှ၊ ကိုင်၍။ အန္တလိက္ခေ၊ ကောင်းကင်၌။ တိဋ္ဌသိ၊ တည်၏။ အဇ္ဇ၊ ယနေ့။ တွံ၊ သင်သည်။ မေ၊ ငါ့အား။ ရက္ခာယ၊ စောင့်ရှောက်အံ့သောငှါ။ ဝိဟိတော၊ စီရင်သည်။ အသိ နု၊ ဖြစ်သလော။ ဥဒါဟု၊ ထိုသို့မဟုတ်မူကား။ မေ၊ ငါ့အား။ ဝဓာယ၊ သင်အံ့သောငှါ။ စေတယသေ၊ လုံ့လပြုသလော။

ဘုရားလောင်းသည် ဘီလူးကိုသာလျှင် မြင်၏။ သိကြားမင်းကို မမြင်၊ ဘီလူးသည် သိကြားမင်းကို ကြောက်သောကြောင့် ဘုရားလောင်းကို ပုတ်ခတ်ခြင်းငှာ မဝံ့၊ ထိုဘီလူးသည် ဘုရားလောင်း၏ စကားကိုကြား၍ မြတ်သောမင်းကြီး ကျွန်ုပ်သည် သင်မင်းကြီးကို စောင့်ရှောက်အံ့သောငှါ မတည်။ ဤပြောင်ပြောင် တောက်သော သံတူဖြင့် ပုတ်ခတ်၍ သင်မင်းကြီးကို သတ်အံ့ဟု လာ၏။ သိကြားမင်းကို ကြောက်သောကြောင့် သင်မင်းကြီးကို ပုတ်ခတ်အံ့သောငှါ မဝံ့ဟု အကြောင်းကို ပြလိုရကား-

၁၈၂။ ဒုတော အဟံ ရာဇိဓ ရက္ခသာနံ၊
ဝဓာယ တုယှံ ပဟိတောဟမသိ။
ဣန္ဒော စ တံ ရက္ခတိ ဒေဝရာဇာ၊
တေ နုတ္တမင်္ဂံ န တေ ဖာလယာမိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၈၂။ ရာဇ၊ မင်းကြီး။ ဣဓ၊ ဤအရပ်၌။ အဟံ၊ ငါသည်။ ရက္ခသာနံ၊ ရက္ခိုသ်တို့၏။ ဒူတော၊ တမန်တည်း။ အဟံ၊ ငါ့ကို။ တုယှံ၊ သင့်အား။ ဝဓာယ၊ သတ်စိမ့်သောငှါ။ ပဟိတော၊ စေအပ်သည်။ အသ္မိ၊ ဖြစ်၏။ ဒေဝရာဇာ၊ နတ်တို့၏မင်းဖြစ်သော။ ဣန္ဒော စ၊ သိကြားမင်းသည်လည်း။ တံ၊ သင်မင်းကြီးကို။ ရက္ခတိ၊ စောင့်၏။ တေန၊ ထိုကြောင့်။ တေ၊ သင်၏။ ဥတ္တမင်္ဂံ၊ ဦးခေါင်းကို။ အဟံ၊ ငါသည်။ န ဖာလယာမိ၊ မခွဲ။

ထိုစကားကို ကြား၍ ဘုရားလောင်းသည်-

၁၈၃။ သစေ စ မံ ရက္ခတိ ဒေဝရာဇာ၊
ဒေဝါနမိန္ဒော မဃဝါ သုဇမ္ပတိ။
ကာမံ ပိသာစာ ဝိနဒန္တု သဗ္ဗေ
န သန္တသေ ရက္ခသိယာ ပဇာယ။
၁၈၄။ ကာမံ ကန္ဒန္တု ကုမ္ဘဏ္ဍာ၊ သဗ္ဗေ ပံသုပိသာစကာ။
နာလံ ပိသာစာ ယုဒ္ဓါယ၊ မဟတီသာ ဝိဘိံသိကာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၈၃။ ရက္ခသ၊ ဘီလူး။ ဒေဝါနံ၊ နတ်တို့ကို။ ဣန္ဒော၊ အစိုးရသော။ မဃဝါ၊ မဃအနွယ် ဖြစ်သော။ သုဇမ္ပတိ၊ သူဇာ၏ လင်ဖြစ်သော။ ဒေဝရာဇာ စ၊ သိကြားမင်းသည်လည်း။ မံ၊ ကို။ သစေ ရက္ခတိ၊ အကယ့်၍ စောင့်သည်မူလည်းဖြစ်စေ။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ပိသာစာ၊ ဘီလူးတို့သည်။ အာဝိ၊ ထင်စွာ။ ကာမံ ဝိနဒန္တု၊ အကယ်၍ ကြော်ငြားကုန်သည် မူလည်းဖြစ်စေ။ ရက္ခသိယာ ပဇာယ၊ ဘီလူးဟူသော သတ္တဝါမှ။ အဟံ၊ ငါသည်။ န သန္တသေ၊ မထိတ်လန့်သလျှင်ကတည်း။

֍ ဋ္ဌ ၁၈၄။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ကုမ္ဘဏ္ဍာ၊ အိုး အတိုင်းအရှည်ရှိသော လျှို့ဝှက်အပ်သော အင်္ဂါရှိကုန်သော။ ပံသုပိသာစကာ၊ တံမြက်ခြေးစုရာ အရပ်၌ နေကုန်သော ဘီလူးတို့သည်။ ကာမံ၊ စင်စစ်။ ကန္ဒန္တု၊ ဖြတ်စေကုန်။ ပိသာစာ၊ ဘီးလူးတို့သည်။ ယုဒ္ဓါယ၊ စစ်ထိုးအံ့သော။ နာလံ၊ မစွမ်းနိုင်ကုန်။ မဟတီ၊ ကြီးစွာသော။ သာ ဝိဘိံသိကာ၊ ထိုကြောက်မက်ဘွယ် ပြုခြင်းသည်သာ လျှင်။ သိယာ၊ ဖြစ်ရာ၏။ အဟံ၊ ငါသည်။ န ဘာယာမိ၊ မကြောက်။

သိကြားမင်းသည် ဘီလူးကိုပြေးစေ၍ ဘုရားလောင်းကို ဆုံးမ၍ မြတ်သောမင်းကြီး မကြောက်လင့်၊ ယနေ့မှစ၍ သင်မင်းကြီးအား ငါတို့ စောင့်ရှောက်ကုန်အံ့ဟု ဆို၍ မိမိနေရာသို့သာလျှင် သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြားမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

လောကအကျိုး၊ သည်ဆောင်ပိုး၊ နတ်မျိုးဣန္ဒ စောင့်ရှောက်ရ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော အယကူဋဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - စူဠကုဏာလဝဂ်

၈။ အရညဇာတ်

မိတ်ဆွေစစ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်ဘုရားသည်အရညာ ဂါမမာဂမ္မ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအရညဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အပျိုကြီးဖျားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ (ဝတ္ထုသည် စူဠနာရဒကဿပဇာတ်၌ ထင်စွာဖြစ်လတ္တံ့) သဗ္ဗညူ မြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ မယားသေလွန်လတ်သည်ရှိသော် သားကိုယူ၍ ရသေ့ရဟန်းပြု၍ ဟိမဝန္တာ၌နေလျက် သားကို ကျောင်း၌ ထားခဲ့၍ မိမိသည် သစ်သီးကြီးငယ် အကျိုးငှာ သွား၏။ ထိုအခါ ခိုးသူတို့သည် ပစ္စန္တရစ်ရွာကို လုယက်ကုန်၍ သုံ့ ပန်းတို့ကို ယူငင်၍ သွားကြကုန်သည်ရှိသော် တယောက်သော သတို့သ္မီးသည် ပြေး၍ ထိုကျောင်းသို့ ရောက်လာ၍ ရသေ့ငယ်ကို ဖျားယောင်း၍ သီလပျက်ခြင်းသို့ရောက်စေ၍ လာလော့၊ သွားကြကုန်အံ့ဟု ဆို၏။ ရသေ့ငယ်သည် အဘ လာစေဦး၊ အဘကို ဖူးမြင်၍လျှင် သွားအံ့ဟု ဆို၏။ ထိုသို့တပြီးကား အဘကိုဖူးမြင်၍ လာကုန်လောဟု ဆို၍ ကျောင်းမှထွက်၍ လမ်းအကြား၌ ငံ့နေ၏။ ရသေ့ငယ်သည်လည်း အဘ လာသည်ရှိသော်-

၁၈၅။ အရညာဂါမမာဂမ္မ၊ ကိံ သီလံ ကိံ ဝတံ အဟံ။
ပုရိသံ တာတ သေဝေယျံ၊
တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော ရှေးဦးစွာသောဤဂါထာကိုဆို၏။

֍ ဋ္ဌ ၁၈၅။ တာတ၊ ဘခင်။ အဟံ၊ ငါသည်။ အရညာ၊ တောမှ။ ဂါမံ၊ ရွာသို့။ အာဂမ္မ၊ သွား၍။ ကိံ သီလံ၊ အဘယ်သီလရှိသော။ ကိံ ဝတံ၊ အဘယ်သို့အကျင့်ရှိသော။ ပုရိသံ၊ ယောက်ျားကို။ သေဝေယျံ၊ မှီဝဲရအံ့နည်း။ ပုစ္ဆိတော၊ မေးအပ်သော။ တွံ၊ သင်သည်။ မေ၊ ငါ့အား။ တံ၊ ထိုအကြောင်းကို။ အက္ခာဟိ၊ ကြားလော့။

ထိုအခါ ရသေ့ငယ်အား အဘသည် အဆုံး အမကို ပေးလို၍-

၁၈၆။ ယော တံ ဝိဿာသယေ တာတ၊
ဝိဿာသဉ္စ ခမေယျ တေ။
သုဿူသီစ တိတိက္ခီ စ၊
တံ ဘဇေဟိ ဣတော ဂတော။-
၁၈၇။ ယဿ ကာယေန ဝါစာယ၊
မနသာ နတ္ထိ ဒုက္ကဋံ။
ဥရသီဝ ပတိဋ္ဌာယ၊
တံ ဘဇေဟိ ဣတော ဂတော။-
၁၈၈။ ဟလိဒ္ဒိရာဂံ ကပိစိတ္တံ၊
ပုရိသံ ရာဂဝိရာဂိနံ။
တာဒိသံ တာတ မာ သေဝိ၊
နိမ္မနုဿမ္ပိ စေ သိယာ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၈၆။ တာတ၊ ချစ်သား။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ တံ၊ သင့်ကို။ ဝိသာသယေ၊ အကျွမ်းဝင်ရာ၏။ တေ၊ သင်၏။ ဝိသာသဉ္စ၊ အကျွမ်းဝင်ခြင်းကိုလည်း။ ခမေယျ၊ နှစ်သက်ရာ၏။ သုဿူသီ စ၊ အကျွမ်းဝင်သော စကားကို နားထောင်လိုသည်၎င်း။ တိတိက္ခီ စ၊ အပြစ်ကို သည်းခံသည်၎င်း။ ဘဝေယျ၊ ဖြစ်ရာ၏။ ဣတော၊ ဤအရပ်မှ။ ဂတော၊ သွားသည်ရှိသော်။ တံ ပုရိသံ၊ ထိုယောက်ျားကို။ ဘဇေဟိ၊ မှီဝဲလေလော့။

֍ ဋ္ဌ ၁၈၇။ ယဿ ပုရိသဿ၊ အကြင်ယောက်ျားအား။ ကာယေန၊ ကိုယ်ဖြင့်၎င်း။ ဝါစာယ၊ စကားဖြင့်၎င်း။ မနသာ၊ စိတ်ဖြင့်၎င်း။ ဒုက္ကဋံ၊ မကောင်းမှုကို ပြုခြင်းသည်။ နတ္ထိ၊ မရှိ။ ဣတော၊ ဤအရပ်မှ။ ဂတော၊ သွားသည်ရှိသော်။ တံ ပုရိသံ၊ ထိုယောက်ျားကို ဥရသိ၊ ရင်၌။ ပတိဋ္ဌာယ၊ တည်၍။ ဝဍ္ဎိတော ဣဝ၊ ကြီးသောသားကဲ့သို့။ ဘဇေဟိ၊ ဆည်းကပ်လေလော့။

֍ ဋ္ဌ ၁၈၈။ တာတ၊ ချစ်သား။ ဟလိဒ္ဒိရာဂံ၊ နနွင်းဆိုး ရည်ကဲ့သို့ မမြဲသောစိတ်ရှိသော။ ကပိစိတ္တံ၊ မျောက်ကဲ့သို့ လျင်မြန်သော စိတ်ရှိသော။ ရာဂဝိရာဂီနံ၊ ခဏခြင်းဖြင့်လျှင် ချစ်ခြင်း မုန်းခြင်းဖြစ်တတ်သော။ တာဒိသံ၊ ထိုသို့ သဘောရှိသော။ ပုရိသံ၊ ယောက်ျားကို။ သကလံ၊ အလုံးစုံသော။ ဇမ္ဗူဒီပတလံ၊ ဇမ္ဗူဒိပ်အပြင်သည်။ နိမ္မနုဿမ္ပိ၊ လူမရှိသည်လည်း။ စေ သိယာ၊ အကယ်၍ ဖြစ်ငြားအံ့။ တွံ၊ သင်သည်။ မာ သေဝိ၊ မမှီဝဲလေလင့်။

ထိုစကားကို ကြား၍ ရသေ့ငယ်သည် ဘခင် ကျွန်ုပ်သည် ဤကျေးဇူးတို့နှင့် ပြည့်စုံသော ယောက်ျားကို အဘယ်မှာ ရနိုင်အံ့နည်း၊ မသွားအံ့၊ သင်တို့၏အထံ၌ သာလျှင် နေအံ့ဟု ဆို၍ ရွာသို့ သွားခြင်းမှ နစ်၏။ ထိုအခါ ရသေ့ငယ်အား အဘသည် ကသိုဏ်းပရိကံကို ကြား၏။ သားအဘ နှစ်ယောက်တို့သည်လည်း ဈာန်မှ မယုတ်ကုန်သည် ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အပျိုကြီးနှင့် ရဟန်းတို့သည်သာလျှင် ထိုအခါ ရသေ့ငယ် သတို့သ္မီးငယ်တို့သည် ဖြစ်ဘူးကုန်၏။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အဘရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

စိတ်မတည်ငြား၊ လူအများ၊ ရှောင်ရှားလေသင့် မှီဝဲနှင့်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော အရညဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - စူဠကုဏာလဝဂ်

၉။ သန္ဓိဘေဒဇာတ်

ဂုံးချောမြေခွေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်နေဝ ဣတ္ထီသု သာမညံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသန္ဓိဘေဒဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပေသုညသိက္ခာပုဒ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ အခါတပါး၌ သဗ္ဗညူ မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဂုံးတိုက်သောစကားကို ဆောင်ကုန်၏ဟု ကြားတော်မူ၍ ဆဗ္ဗဂ္ဂီရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့ သင်တို့သည် အငြင်းအခုံ ခိုက်ရန်ဖြစ်ကြကုန်သော အထူးထူးအပြားအပြား ပြောဆိုကုန်သော ရဟန်းတို့အား ဂုံးတိုက်သော စကားကို ဆောင်ကုန်သတတ်၊ ထို့ကြောင့် မဖြစ်ကုန် သေးသော ခိုက်ရန်အစရှိသည်တို့သည်လည်း ဖြစ်ကုန်၏။ ဖြစ်ကုန်ပြီးသော ခိုက်ရန် အစရှိသည်တို့သည်လည်း အတိုင်းထက်အလွန် ပွား များကုန်၏ ဟူသည် မှန်သလောဟု မေးတော်မူလျှင် မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့တော်မူ၍ ရဟန်းတို့ ဂုံးတိုက်သော စကားမည်သည်ကား ထက်စွာသော သန်လျက်ဖြင့် ထိုးခုတ်သည်နှင့် တူ၏။ ရှည်မြင့်စွာသော ကာလ၌ဖြစ်သော အကျွမ်းဝင်ခြင်းသည်လည်း ထိုဂုံးတိုက်သော စကားဖြင့် လျင်မြန်စွာ ပျက်စီးတတ်၏။ ထိုဂုံးတိုက်သောစကားကို ယူ၍ မိမိ၏အချစ်ပျက်ခြင်းကို ပြုတတ်သောသူသည် ခြင်္သေ့ ဥသဘတို့နှင့် တူ၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ သားဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ အဘလွန်လတ်သော် တရားသဖြင့် မင်းပြု၏။ ထိုအခါ တယောက်သော နွားကျောင်း သားသည် တောဝယ် နွားခြံတို့၌ နွားတို့ကို စောင့်ရှောက်၍ လာလတ်သော် တခုသော ကိုယ်ဝန်ရှိသော နွားမကို မမှတ်မိရကား စွန့်၍ လာ၏။ ထိုနွားမအား တခုသော ခြင်္သေ့မနှင့်တကွ အကျွမ်းဝင်ခြင်းသည် ဖြစ်၏။ နှစ်ခုကုန်သား နွားမ, ခြင်္သေ့ မတို့သည်လည်း မြဲမြံစွာ မိတ်ဖြစ်ကုန်၍ အတူတကွ ကျက်စားကုန်၏။ နောက်အဘို့၌ နွားမသည် နွားငယ်ကို မွေးဖွား၏။ ခြင်္သေ့မသည်လည်း ခြင်္သေ့ငယ်ကို မွေးဖွား၏။ ထိုနွား, ခြင်္သေ့နှစ်ခုတို့သည်လည်း အမျိုးမှလာသော မိတ်အားဖြင့် မြဲမြံစွာသော အဆွေခင်ပွန်းဖြစ်ကုန်၍ အတူတကွ ကျက်စားကုန်၏။ ထိုအခါ တယောက်သော မုဆိုးသည် တောသို့ဝင်၍ ထိုနွား, ခြင်္သေ့တို့၏ အကျွမ်းဝင်ခြင်းကို မြင်၍ တော၌ဖြစ်သော ဘဏ္ဍာကိုယူ၍ ဗာရာဏ သီသို့ သွား၍ မင်းအားဆက်၍ အချင်းမုဆိုး သင်သည် တော၌ တစုံတခုသောအံ့ဘွယ်သရဲကို မြင်ခဲ့သလောဟု မင်းမေးသည်ရှိသော် အရှင်မင်းကြီး တပါးသော တစုံတခုသောအံ့ဘွယ်သရဲကိုမမြင်၊ တခုသော ခြင်္သေ့, တခုသော ဥသဘ ဤတိရစ္ဆာန်တို့သည်ကား အချင်းချင်း အကျွမ်းဝင်ကုန်၍ အတူတကွ ကျက်စားကြသည်ကို မြင်၏ဟု လျှောက်၏။ ခြင်္သေ့, ဥသဘတို့အား သုံးယောက်မြောက်သော အဖော်သည် ဖြစ်လတ်သော် ဘေးသည် ဖြစ်လတ္တံ့၊ အကြင်အခါ၌ ထိုခြင်္သေ့ ဥသဘတို့၏ သုံးယောက်မြောက်သော အဖော်ကို မြင်အံ့၊ ထိုအခါ ငါ့အား ကြားလော့ဟု ဆို၏။ ထိုမုဆိုးသည် ကောင်းပြီဟု ဝန်ခံ၏။

မုဆိုးသည် ဗာရာဏသီသို့ သွားသည်ရှိသော် တခုသောမြေခွေးသည် ခြင်္သေ့ကို၎င်း ဥသဘကို၎င်း ခစား၏။ မုဆိုးသည် တောသို့ သွား၍ ထိုမြေခွေးကိုမြင်၍ သုံးယောက်မြောက်ဖြစ်သော အဘော်၏အဖြစ်ကို မင်းအား လျောက်အံ့ဟု မြို့သို့သွား၏။ မြေခွေးသည်လည်း ငါသည် ခြင်္သေ့ အသားကို၎င်း၊ နွားလားဥသဘအသားကို၎င်း၊ ထား၍ မစားဘူးသော တပါးသော အသားမည်သည် မရှိ၊ ဤခြင်္သေ့ နွားလားတို့ကို အချစ်ပျက်စေ၍ ဤခြင်္သေ့ နွားလားတို့၏ အသားကို စားအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုမြေခွေးသည် သင့်ကို ဤဥသဘသည် ဤသို့ဆို၏။ သင့်ကို ဤခြင်္သေ့သည် ဤသို့ဆို၏ဟု နှစ်ခုကုန်သော အဆွေခင်ပွန်းတို့ကို အချင်းချင်း ကွဲစေ၍ မကြာမြင့်မီလျှင် ခိုက်ရန်ပြုစေ၍ သေခြင်းသို့ရောက်အောင် ပြု၏။ မုဆိုးသည်လည်း သွား၍ မင်းအား အရှင်မင်းကြီး ထိုခြင်္သေ့, ဥသဘတို့အား သုံးယောက်မြောက်သော အဆွေခင်ပွန်းသည် ဖြစ်၏ဟု လျှောက်၏။ ထိုအဆွေခင်ပွန်းသည် အဘယ်သူနည်းဟု မေး၏။ မြတ်သောမင်းကြီး မြေခွေးတည်းဟု လျှောက်၏။ မင်းသည် နှစ်ခုသော အဆွေခင်ပွန်းတို့ကို မြေခွေးသည် အချစ်ပျက်၍ သတ်စေလတ္တံ့၊ ငါတို့သည် ခြင်္သေ့, နွားလားတို့၏ သေသောကာလ၌ ရောက်ကုန်အံ့ဟု ဆို၍ ရထားစီး၍ ခရီးညွှန် မုဆိုးနှင့်တကွ လာလတ်သော် ထိုခြင်္သေ့, နွားလားတို့သည် အချင်းချင်း ခိုက်ရန်ပြု၍ အသက်ကုန်လတ်သော် ရောက်၏။ မြေခွေးသည်ကား ရွှင်လန်းနှစ်သက်စွာ ခြင်္သေ့ သားကို တကြိမ်စား၏။ ဥသဘသားကို တကြိမ်စား၏။ မင်းသည် အသက်ကုန်ခြင်းသို့ ရောက်သော ခြင်္သေ့, ဥသဘတို့ကိုမြင်၍ ရထားစီးလျက် ရထားထိန်းနှင့်တကွ စကားပြောလိုရကား -

၁၈၉။ နေဝ ဣတ္ထီသု သာမညံ၊ နာပိ ဘက္ခေသု သာရထိ။
အထဿ သန္ဓိဘေဒဿ၊ ပဿ ယာဝ သုစိန္တိတံ။
၁၉၀။ အသိ တိက္ခောဝ မံသမှိ၊ ပေသုညံ ပရိဝတ္တတိ။
ယတ္ထူသဘဉ္စ သီဟဉ္စ၊ ဘက္ခယန္တိ မိဂါဓမာ။
၁၉၁။ ဣမံသော သယနံ သေတိ၊ ယမိမံ ပဿသိ သာရထိ။
ယော ဝါစံ သန္ဓိဘေဒသ၊ ပိသုဏဿ နိဗောဓတိ။
၁၉၂။ တေ ဇနာ သုမေဓန္တိ၊ နရာ သဂ္ဂဂတာရိဝ။
ယေ ဝါစံ သန္ဓိဘေဒဿ၊ နာဝဗောဓန္တိ သာရထိ။

ဟူကုန်သော ဤလေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၈၉။ သာရထိ၊ ရထားထိန်း။ ဣမေသံ၊ ဤခြင်္သေ့, နွားလားတို့အား။ ဣတ္ထိသု၊ မိန်းမတို့၌။ သာမညံ၊ ဆက်ဆံခြင်းသည်။ နေဝ အတ္ထိ၊ မရှိသလျှင်ကတည်း။ ဘက္ခေသုပိ၊ အစာတို့၌လည်း။ သာမညံ၊ ဆက်ဆံခြင်းသည်။ န အတ္ထိ၊ မရှိသလျှင်ကတည်း။ အထ၊ ထိုသို့ဖြစ်လျက်။ အဿ သန္ဓိဘေဒဿ၊ ထိုမိတ်ကိုဖျက်တတ်သော မြေခွေး၏။ ယာဝ၊ အလွန်လျင်။ သုစိန္တိတံ၊ ကောင်းသောအကြံကို။ ပဿ၊ ရှုလော့။

֍ ဋ္ဌ ၁၉၀။ ယတ္ထ၊ အကြင် ဂုံးတိုက်ခြင်းသည်။ ပရိဝတ္တမာနေ၊ ဖြစ်သည်ရှိသော်။ အဓမာ၊ ယုတ်မာကုန်သော။ မိဂါ၊ မြေခွေးရှိသည်။ ဥသဘဉ္စ၊ နွားလားကို၎င်း။ သီဟဉ္စ၊ ခြင်္သေ့ကို၎င်း။ ဘက္ခယန္တိ၊ စားကုန်၏။ မံသမှိ၊ အသား၌။ တိက္ခော၊ ထက်သော။ အသိဝ၊ သန်လျက်ကဲ့သို့။ တံ ပေသုညံ၊ ထိုဂုံးတိုက်ခြင်းသည်။ မိတ္တဘာဝံ၊ မိတ်ဆွေ၏ အဖြစ်ကို။ ဆိန္ဒန္တမေဝ၊ ဖြတ်လျက် သာလျှင်။ ပရိဝတ္တတိ၊ ဖြစ်၏။

֍ ဋ္ဌ ၁၉၁။ သာရထိ၊ ရထားထိန်း။ ယမိမံ၊ အကြင်နှစ်ခုသော သတ္တဝါတို့၏ သေလျက် အိပ်ခြင်းကို။ ပဿတိ၊ မြင်၏။ ယော၊ အကြင်သူသည်။ သန္ဓိဘေဒဿ၊ မိတ်ကိုဖျက်ဆီးတတ်သော။ ပိသုဏဿ၊ ဂုံးတိုက်တတ်သောသူ၏။ ဝါစံ၊ စကားကို။ နိဗောဓတိ၊ ယူ၏။ သော၊ ထိုသူသည်။ ဣမံ သယနံ၊ ဤသေလျက်အိပ်ခြင်းကို။ သေတိ၊ အိပ်ရ၏။

֍ ဋ္ဌ ၁၉၂။ သာရထိ၊ ရထားထိန်း။ ယေ ဇနာ၊ အကြင်လူတို့သည်။ သန္ဓိဘေဒဿ၊ ဂုံးတိုက်တတ်သောသူ၏။ ဝါစံ၊ စကားကို။ နာဝဗောဓန္တိ၊ မယူကုန်။ တေဇနာ၊ ထိုလူရှိသည်။ သဂ္ဂဂတာ၊ နတ်၏ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကုန်သော။ နရာ ဣဝ၊ လူတို့ကဲ့သို့။ သုခံ၊ ချမ်းသာကို။ ဧဓန္တိ၊ ရကုန်၏။

မင်းသည် ဤဂါထာတို့ကိုဆို၍ ခြင်္သေ့၏ လည်ဆံ အရေ ခြေသည်း လက်သည်း အစွယ်တို့ကို ယူခဲ့စေ၍ မြို့သို့သာလျှင် သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ချစ်ခင်သူများ၊ ဂုံးစကား၊ ယုံစား မုန်းကြမည်

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်ဖြစ်သော သန္ဓိဘေဒဇာတ်သည် ပြီး၏။

*****

စတုက္ကနိပါတ် - စူဠကုဏာလဝဂ်

၁၀။ ဒေဝတာပဉှဇာတ်

ဟန္တိ ဟတ္ထေဟိ ပါဒေဟိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သောဤ ဒေဝတာပဉှဇာတ်သည် မဟာနိပါတ်၊ ဥမင်္ဂဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဒေဝတာပဉှဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၁။ မဏိကုဏ္ဍလဇာတ်

ကောသလနှင့် ဗာရာဏသီမင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွ လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဇိနော ရထဿံ မဏိကုဏ္ဍလေစ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဏိကုဏ္ဍလဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်း၏ နန်းတွင်း၌ ပြစ်မှားအမတ်ကို မကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုကို အောက် ပဗ္ဗတူပတ္ထရဇာတ်၌ ချဲ့အပ်ပြီ။

အတိတ်ဝတ္ထု... ဤမဏိကုဏ္ဍလဇာတ်၌လည်း ဘုရားလောင်းသည် ဗာရာဏသီမင်းဖြစ်၏။ ပြစ်မှားသောအမတ်သည် ကောသလမင်းကို ဆောင်၍ ကာသိတိုင်းကို ယူစေ၍ ဗာရာဏသီမင်းကို နှောင်ဖွဲ့စေ၍ နှောင်အိမ်၌ ထားစေ၏။ မင်းသည် ဈာန်ကိုဖြစ်စေ၍ ကော်းကင်၌ ထက်ဝယ်ဖွဲ့သဖြင့် နေ၏။ ခိုးသူမင်း၏ ကိုယ်၌ ပူခြင်းသည် ဖြစ်၏။ ခိုးသူမင်းသည် ဗာရာဏသီမင်းအထံသို့ ဆည်းကပ်၍-

။ ဇီနော ရထဿံ မဏိကုဏ္ဍလေ စ၊
ပုတ္တေ စ ဒါရေ စ တဒေဝ ဇီနော။
သဗ္ဗေသု ဘောဂေသု အသေသကေသု၊
ကာ နု သန္တပ္ပသိ သောကကာလေ။

ဟူသော ရှေးဦးသော ဂါထာကို ဆို၏။

֍ ဋ္ဌ ၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တွံ၊ သင်မင်းကြီးသည်။ တဒေဝ၊ ထိုအခါ၌လျှင်။ ရထသံ၊ ရထားမြင်းကိုလည်းကောင်း။ မဏ္ဍိကုဏ္ဍလေ စ၊ ပတ္တမြား နားတောင်းတို့ကို လည်းကောင်း။ ဇီနော၊ စွန့်သည်။ အသိ၊ ဖြစ်၏။ ပုတ္တေစ၊ သားတို့ကိုလည်းကောင်း။ ဒါရေ စ၊ မယားတို့ကိုလည်းကောင်း။ ဇီနော၊ စွန့်သည်။ အသိ၊ ဖြစ်၏။ အသေသကေသု၊ အကြွင်းမရှိကုန်သော။ သဗ္ဗေသု၊ ခပ်သိမ်းကုန်သေခ။ ဘောဂေသု၊ စည်းစိမ်တို့၌။ ဇီနော၊ ရှုံးသည်။ အသိ၊ ဖြစ်၏။ ကသ္မာ၊ အဘယ့်ကြောင့်။ သောကကာလေ၊ သောက ဖြစ်ကောင်းသော ကာလ၌။ န သန္တပ္ပသိ၊ မပူပန်သနည်း။

သောကကင်းဝေး နေနိုင်ရေး

ထိုစကားကိုကြား၍ ဘုရားလောင်း သည်-

။ ပုဗ္ဗေဝ မစ္စံ ဝိဇဟန္တိ ဘောဂါ၊
မစ္စော ဝါ တေ ပုဗ္ဗတရံ ဇဟာတိ။
အသဿတာ ဘောဂိနော ကာမကာမိ၊
တသ္မာ န သောစာမဟံ သောကကာလေ။
။ ဥဒေတိ အာပူရတိ ဝေတိ စန္ဒော၊
အန္ဓံ တပေတွာန ပလေတိ သူရှိလား။
ဝိဒိတာ မယာ သတ္တုက လောကဓမ္မာ၊
တသ္မာ န သောစာမဟံ သောကကာလေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂။ ကာမကာမိ၊ ကာမဂုဏ်တို့ကို အလိုရှိသောမင်း။ ဘောဂါ၊ စည်းစိမ်တို့သည်မူလည်း။ မစ္စံ၊ သတ္တဝါကို။ ပုဗ္ဗေဝ၊ ရှေးဦးစွာလျှင်။ ဝိဇဟန္တိ၊ စွန့်ကုန်၏။ မစ္စော ဝါ၊ သတ္တဝါသည်မူလည်း။ တေ၊ ထိုဥစ္စာတို့ကို။ ပုဗ္ဗတရံ၊ ရှေးဦးစွာ။ ဇဟာတိ၊ စွန့်၏။ ဘောဂိနော၊ စည်းစိမ်ရှင်တို့သည်။ အသဿတာ၊ မမြဲကုန်။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ သောကကာလေ၊ သောကဖြစ်ကောင်းသော ကာလ၌။ န သောစာမိ၊ မစိုးရိမ်။

֍ ဋ္ဌ ၃။ သတ္တုက၊ ရန်သူဖြစ်သော ကောသလမင်း။ လောကဓမ္မာ၊ လောကဓံတို့ကို။ မယာ၊ ငါသည်။ ဝိဒိတ၊ သိအပ်ကုန်၏။ စန္ဒော၊ လသည်။ ဥဒေတိ၊ တက်၏။ အာပူရတိ၊ ပြည့်၏။ ဝေတိ၊ ဝင်၏ -ချုပ်၏-ကုန်၏။ သူရိယော၊ နေသည်။ အန္ဓံ၊ အမိုက်မှောင်ကို။ (ဓမေန္တော၊ ဖျက်စီးလျက်။ ) တပေတွာန၊ ထွန်းတောက်စေ၍။ ပလေတိ၊ ဝင်၏။ (ဧဝမေဝ၊ ဤအတူလျှင်။ ဘောဂါ၊ စည်းစိမ်တို့သည်။ ဥပ္ပဇ္ဇန္တိ စ၊ ဖြစ်လည်း ဖြစ်ကုန်၏။ နဿန္တိ စ၊ ပျက်လည်းပျက်ကုန်၏။ ) တသ္မာ၊ ထိုကြောင့်။ အဟံ၊ ငါသည်း။ သောကကာလေ၊ သောကဖြစ်ကောင်းသော ကာလ၌။ န သောစာမိ၊ စိုးရိမ်။

ဤသို့ ဘုရားလောင်းသည် ခိုးသူမင်းအား တရားဟော၍ ယခုအခါ၌ ထိုခိုးသူမင်းကိုလျှင် နာယူစေလိုရကား-

။ အလသော ဂိဟီ ကာမဘောဂီ န သာဓု။
အသညတော ပဗ္ဗဇိတော န သာဓု။
ရာဇာ န သာဓု အနိသမ္မကာရီ၊
ယော ပဏ္ဍိတော ကောဓနော တံ န သာဓု။
။ နိသမ္မ ခတ္တိယော ကယိရာ၊ နာနိသမ္မ ဒိသမ္ပတိ။
နိသမ္မကာရိနော ရာဇ၊ ယသော ကိတ္တိ စ ဝဍ်ဎတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

မကောင်းသောအရာများ

֍ ဋ္ဌ ၄။ ကာမကာမိ၊ ကာမဂုဏ်တို့ကို အလိုရှိသောမင်းကြီး။ အလသော၊ ပျင်းသော။ ကာမဘောဂီ၊ ကာမချမ်းသာကို ခံစားသော။ ဂိဟိ၊ လူသည်။ န သာဓု၊ မကောင်း။ အသညတော၊ မစောင့်ရှောက်သော။ ပဗ္ဗဇိတော၊ ရဟန်းသည်။ န သာဓု၊ မကောင်း။ အနိသမ္မကာရီ၊ မစုံစမ်း, မဆင်ခြင် ပြုလေ့ရှိသော။ ရာဇာ၊ မင်းသည်။ န သာဓု၊ မကောင်း။ ပဏ္ဍိတော၊ ပညာရှိသည်။ ယော ကောဓနော၊ အကြင် မျက်ထွက်ခြင်းကို ပြု၏။ တံ၊ ထိုအမျက်ထွက်ခြင်းသည်။ န သာဓု၊ မကောင်း။

အရာရာမှာဆင်ခြင်ပါ

֍ ဋ္ဌ ၅။ ခတ္တိယော၊ မင်းသည်။ နိသမ္မ၊ စုံစမ်း, ဆင်ခြင်၍။ ကယိရာ၊ ပြုရာ၏။ ဒိသမ္ပတိ၊ မင်းသည်။ အနိသမ္မ၊ မစုံစမ်း, မဆင်ခြင်မူ၍။ န ကယိရာ၊ မပြုရာ။ ရာဇ၊ မင်းကြီး။ နိမ္မကရိနော၊ စုံစမ်းဆင်ခြင်၍ ပြုလေ့ရှိသော မင်းအား။ ယသော စ၊ စည်းစိမ်အခြံအရံသည်လည်းကောင်း။ ကိတ္တိ စ၊ ကျော် စောခြင်းသည်လည်းကောင်း။ ဝဍ္ဎတိ၊ ပွား၏။

ခိုးသူမင်းသည် ဘုရားလောင်းကို ကန်တော့၍ မင်းအဖြစ်ကို အပ်နှင်း၍ မိမိဇနပုဒ်သို့လျှင် သွား၏။

ဇာတ်ပါင်း

သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ၌ အာနန္ဒာသည် ထိုအခါ ကောသလမင်း ဖြစ်ပြီ၊ ယခုအခါခါ ငါဘုရားသည်လျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

စူးစမ်းဆင်ခြင် ဉာဏ်နှင့်ယှဉ်၊ မြဲပင်မင်းကျင့်ရာ

ရှေးဦးစွာသော မဏိ ကုဏ္ဍလဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၂။ သုဇာတဇာတ်

သားလိမ္မာကြောင့် အဖချမ်းသာ

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကိံ နု သန္တရမာနောဝ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုဇာတဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အသော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုသူကြွယ်သည် အဘသေလွန်လတ်သော် သောကကို ဖျောက်အံ့သောငှာ မတတ်နိုင်သဖြင့် ငိုကြွေးလျက် သွားသတတ်။ သဗ္ဗညူမြတ်ဘုရားသည် ထိုသူကြွယ်၏ သောတာပတ္တိဖိုလ်၏ ဥပနိဿကို မြင်တော်မူ၍ သာဝတ္ထိပြည်သို့ ဆွမ်းခံကြွတော်မူ၍ ခင်းအပ်သောနေရာ၌ နေတော်မူလျက် ရှိခိုး၍နေသော ထိုသူကြွယ်ကို ရတနာသုံးပါးသို့ ဆည်းကပ်တတ်သော ဒါယကာ-သင် စိုးရိမ်သလော ဟု မိန့်တော်မူ၍ ဘုန်းတော်ကြီးအရှင်ဘုရား... စိုးရိမ်၏ ဟု နားတော်လျှောက်သည်ရှိသော် ဒါယကာ... ရှေးပညာရှိတို့သည် ပညာရှိတို့၏ စကားကိုကြားရ၍ အဘသေလွန်သည်ရှိသော် မစိုးရိမ်ကုန်ဟု မိန့်တော်မူ၍ ထိုသူကြွယ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို အောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူကြွယ်အိမ်၌ ဖြစ်၏။ ဘုရားလောင်းအား သုဇာတ သတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ သူဇာတသည် အရွယ် ရောက်လတ်သော် အဘိုးသည် သေလွန်၏။ ထိုအခါ သုဇာတ၏ အဖသည် အဖသေလွန်သော ကာလမှစ၍ သောကသည် နှိပ်စက်အပ်သည်ဖြစ်၍ သုသာန်မှ အရိုးတို့ကို ဆောင်၍ မိမိဥယျာဉ်၌ မြေစေတီတည်၍ ထိုးမြေစေတီ၌ ထိုအရိုးတို့ကိုမြှုပ်၍ ရောက်တိုင်း ရောက်တိုင်းသောအခါ၌ စေတီကို ပန်းတို့ဖြင့် ပူဇော်၍ ဆင်ခြင်လျက် ငို၏။ ရေမချိုး၊ မလိမ်းမကျွံ၊ မစားမသောက်၊ အမှုတို့ကို မစီရင်။

သောကကို ဖျောက်ခြင်း

ဘုရားလောင်းသည် ထိုအဘကိုမြင်၍ ငါ့အဖသည် ငါအဘိုးသေသော ကာလမှစ၍ သောကနှိပ်စက်လျက် သွား၏။ ငါ့ကိုထား၍ ငါမှတစ်ပါး ငါအဖကြိ သိစိမ့်သောငှာ စွမ်းနိုင်သောသူသည် မရှိ၊ ငါသည် ငါ့အဖကို တခုသော ဥပါယ်ဖြင့် သောကကင်းအောင် ပြုအံ့ဟု ရွာပ၌ နွားသေကိုမြင်၍ မြက်ကိုလည်းကေခင်း, ရေကိုလည်းကောင်း ဆောင်၍ ထိုနွားသေ၏ ရှေ့၌ထား၍ စားလော့၊ သောက်လော့ဟု ဆို၏။ လာတိုင်း လာတိုင်းသော သူတို့သည် ထိုဘုရားလောင်းကိုမြင်၍ အချင်း သုဇာတ သင်သည် နွားသေအား မြက် ရေကို ပေး၏။ အဘယ့်ကြောင့် ရူးသနည်း ဟု ဆိုကုန်၏။ သုဇာတသည် တစ်စုံတစ်ခုသော စကားကို မဆို။ ထိုအခါ သုဇာတ၏ အဘအထံသို့သွား၍ သင့်သားသည် ရူး၏။ နွားသေအား မြက်၊ ရေကို ပေး၏ဟု ဆိုကုန်၏။ ထိုစကားကိုကြား၍ သူကြွယ်အား အဖ၌ စိုးရိမ်ခြင်းသည် ပြေ၍ သား၌ စိုးရိမ်ခြင်းသည် တည်၏။ သူကြွယ်သည် လျင်မြန်စွာသွား၍ သုဇာတ သင်သည် ပညာရှိမဟုတ်လော၊ အဘယ်ကြောင့် နွားသေအား မြက် ရေကို ပေးသနည်းဟု ဆိုလို၍-

။ ကိံ နု သန္တရမာနောဝ၊ လာယိတာ ဟရိတံ တိဏံ။
ခါဒ ခါဒတိ လပသိ၊ ဂတသန္တံ ဇရဂ္ဂဝံ။
။ န ဟိ အန္နေန ပါနေန၊ မတော ဂေါဏော သမုဋ္ဌဟေ။
တွဉ္စ တုစ္ဆံ ဝိလပသိ၊ ယထာ တံ ဒုမ္မတီ တထာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၆။ သုဇာတ၊ သုတ။ တွံ၊ သင်သည်။ ဂတသန္တံ၊ သေပြီးသော။ ဇရဂ္ဂဝံ၊ နွားအိုကို။ သန္တရမာနောဝ၊ အဆောတလျင်ကဲ့သို့ ဖြစ်၍။ ဟရိတံ၊ စိမ်းသော။ တိဏံ၊ မြက်ကို။ လာယိတွာ၊ ရိတ်၍။ ခါဒ ခါဒတိ၊ စားလော့ စားလော့ ဟူ၍။ ကိံ နု လပသိ၊ အဘယ်ကြောင့်ဆိုသုနည်း။

֍ ဋ္ဌ ၇။ အန္နေန၊ အစာပေးသဖြင့် လည်းကောင်း။ ပါနေန၊ ရေပေးသဖြင့် လည်းကောင်း။ မတော ဂေါဏော၊ သေသည်။ န ဟိ သမုဋ္ဌဟေ၊ မထသလျှင်ကတည်း။ ဒုမ္မတီ၊ ပညာမရှိသောသူသည်။ တံ၊ ထိုစကားကို။ ဝိလပေယျ ယထာ၊ ဆိုရာသကဲ့သို့။ တာ၊ ထို့အတူ။ တွဉ္စ၊ သင်သည်လည်း။ တုစ္ဆံ၊ အချည်းနှီးသော စကားကို။ ဝိလပသိ၊ ဆို၏။

ထိုနောက်မှ ဘုရားလောင်းသည်-

။ တထေဝ တိဋ္ဌတိ သီသံ၊ ဟတ္ထပါဒါ စ ဝါဠဓိ၊
သော တာတ တထေဝ တိဋ္ဌတိ၊
မညေ ဂေါဏော သမုဋ္ဌဟေ။
။ နေဝယျကဿ သီသဉ္စ၊ ဟတ္ထပါဒါ စ ဒိဿရေ။
ရုဒံ မတ္တိကထူပသ္မိံ၊ နနု တွညေဝ ဒုမ္မတီ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၈။ တာတ၊ ဖခင်။ သီသံ၊ ဦးခေါင်းသည်။ တထေဝ၊ ထိုရှေးအတူ သာလျှင်။ တိဋ္ဌတိ၊ တည်၏။ ဟတ္ထပါဒါ စ၊ လက်ခြေတို့သည်လည်း။ တထေဝ၊ ထို့အတူသာလျှင်။ တိဋ္ဌန္တိ၊ တည်ကုန်၏။ ဝါဠဓိ၊ အမြီးသည်။ တထေဝ၊ ထိုရှေးအတူသာလျှင်။ တိဋ္ဌတိ၊ တည်၏။ သော ဂေါဏော၊ ထိုနွားသည်။ တထေဝ၊ ထို့အတူသာလျှင်။ တိဋ္ဌတိ၊ တည်၏။ တသ္မာ၊ ထို့ကြောင့် သော ဂေါဏော၊ ထိုနွားသည်။ သမုဋ္ဌဟေ၊ ထ, ရာ၏ဟူ၍။ မညေ၊ ငါ အောက်မေ့၏။

֍ ဋ္ဌ ၉။ အယျကဿ၊ အဘိုး၏။ သီသဉ္စ၊ ဦးခေါင်းသည်လည်းကောင်း။ ဟတ္ထပါဒါ စ၊ လက်ခြေတို့သည်လည်းကောင်း။ နေဝ ဒိဿရ၊ မထင်ကုန်သလျှင်ကတည်း။ တသ္မာ၊ ထိုကြောင့်။ မတ္တိကထူပသ္မိံ၊ မြေစေတီ၌။ ရုဒံ၊ ငိုသော။ တွညေဝ၊ သင်သည်သာလျှင်။ ဒုမ္မတိ နနု၊ ပညာမရှိသည်မဟုတ်တုံလော။

ထိုစကားကိုကြား၍ ဘုရားလောင်း၏ အဘသည် ငါ့သားကား ပညာရှိ၏။ ပစ္စုပ္ပန်လောက တမလွန်လောက၌ ကိစ္စကို သိ၏။ ငါ့ကိုမှတ်စိမ့်သာငှာ ထိုအမှုကို ပြု၏ဟု ကြံ၍ အမောင် သုဇာတ သင်သည် ပညာရှိ၏။ ခပ်သိမ်းသော သင်္ခါရတို့သည် အမြဲမရှိကုန်ဟူ၍ ငါသည် မှတ်မိပြီ၊ ယနေ့မှစ၍ ငါသည် မစိုးရိမ်အံ့၊ အဖ၏ သောကကို ပယ်သော သားမည်သည်ကား သင်ကဲ့သို့ ဖြစ်ရာ၏ဟု ဆို၍ သားအား ချီးမွမ်းလိုရကား-

၁၀။ အာဒိတ္တံ ဝတ မံ သန္တံ၊ ဃတသိတ္တံဝ ပါဝကံ၊
ဝါရိနာ ဝိယ ဩသိဉ္စိ၊ သဗ္ဗံ နိဗ္ဗာပယေ ဒရံ။
၁၁။ အဗ္ဘူဠံ ဝတ မေ သလ္လံ၊ ယမာသိ ဟဒယဿိတံ။
ယော မေ သောကပရေတဿ၊ ပိတု သောကံ အပါနုဒိ။
၁၂။ သောဟံ အဗ္ဘူဠသလ္လောသ္မိ၊ ဝီတ သောကော အနာဝိလော။
န သောစာမိ န ရောဒါမိ၊ တဝ သုတွာန မာဏဝ။
၁၃။ ဧဝံ ကရောန္တိ သပ္ပညာ၊ ယေ ဟောန္တိ အနုကမ္ပကာ။
ဝိနိဝတ္တေန္တိ သောကမှာ၊ သုဇာတော ပိတရံ ယထာ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၀။ ဃတသိတ္တံ၊ ထောပတ်ဖြင့် သွန်းအပ်သော။ ပါဝကံ၊ မီးကို။ ဝါရိနာ၊ ရေဖြင့်။ ဩသိဉ္စိ ဝိယ၊ သွန်းဘိသကဲ့သို့။ အာဒိတ္တံ၊ သောကမီးဖြင့် ပြောင်ပြောင် တောက်သည်။ သန္တံ၊ ဖြစ်သော။ မံ၊ ငါ့ကို။ (သုဇာတော၊ သုဇာတသည်။) နိဗ္ဗာပယေ ဝတ၊ ငြိမ်းလေစွတကား။ သဗ္ဗံ၊ အလုံးစုံသော။ ဒရံ၊ သောကကို။ နိဗ္ဗာပယေ၊ ငြိမ်းစေ၏။

֍ ဋ္ဌ ၁၁။ ယော သုဇာတော၊ အကြင်သုဇာတသည်။ သောက ပရေတဿ၊ သောကနှိပ်စက်သော။ မေ၊ ငါ၏။ ပိတုသောကံ၊ အဖ၌ စိုးရိမ်ခြင်းကို။ အပါနုဒိ၊ ပယ်၏။ မေ၊ ငါ့အား ဟဒယဿိတံ၊ နှလုံး၌မှီသော။ ယံ သလ္လံ၊ အကြင်သောကငြောင့်သည်။ အာသိ၊ ဖြစ်၏။ တံ သလ္လံ၊ ထိုသောကငြောင့်ကို။ တေန သုဇာတေန၊ ထိုသုဇာတသည်။ ဝတ၊ စင်စစ်။ အဗ္ဘူဠံ၊ နုတ်အပ်၏။ မာဏဝ၊ လုလင်ငယ်။ တဝ၊ သင်၏။ ဝစနံ၊ စကားကို။ သုတွာန၊ ကြား၍လျှင်။ သွာဟံ၊ ထိုငါသည်။ အဗ္ဘူဠသလ္လော၊ နုတ်အပ်ပြီးသောငြောင့်ရှိသည်။ အသ္မိ၊ ဖြစ်၏။ ဝီတသောကော၊ စိုးရိမ်ခြင်းကင်း၏။ အနာဝိလော၊ စိတ်နောက်ခြင်းကင်း၏။ န သောစာမိ၊ မစိုးရိမ်။ န ရောဒါမိ၊ မငို။

֍ ဋ္ဌ ၁၃။ သုဇာတော၊ သုဇာတသည်။ ပိတရံ၊ အဖကို။ သောကမှာ၊ စိုးရိမ်ခြင်းမှ။ နိဝတ္တေတိ ယထာ၊ နစ်စေသကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ အနုကမ္ပကာ၊ သနားတတ်ကုန်သော။ ယေ နရာ၊ အကြင်လူတို့သည်။ သပ္ပညာ၊ ပညာရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ နရာ၊ ထိုသူတို့သည်။ ကရောန္တိ၊ ပြုကုန်၏။ ဓသာကမှာ၊ သောကမှ။ ဝိနိဝတ္တေန္တိ၊ နစ်စေကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သုဇာတဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

စိုးရိမ်ပူပန်၊ မရှိရန်၊ မြင်မှန်လိုအပ်စွာ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သုဇာတဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၃။ ဝေနသာခဇာတ်

ကြမ်းကြုတ်သဖြင့် အစိုးရခြင်း၏ ပျက်စီးခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်ဘုရားသည် န ယိဒံ နိစ္စံ ဘဝိတဗ္ဗံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝေနသာခဇာတ်ကို ဘဂ္ဂတိုင်း သံသုမာရဂီရိပြည်ကိုမှီ၍ ဘေသကာဠာတော၌ သီတင်းသုံး နေတာ်မူစဉ် ဗောဓိမင်းသားကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဗောဓိမင်းသားသည် ဥတေနမင်း၏ သားတည်း။ ထိုကာလ၌ သံသုမာရဂိရိမြို့၌ နေသော ဗောဓိမင်းသားသည် အပြီးတိုင် အတတ်တတ်သော တစ်ယောက်သော လက်သမားကိုခေါ်စေ၍ တစ်ပါးသောမင်းတို့နှင့် မတူသည်ကိုပြု၍ ကောကနဒမည်သော ပြာသာဒ်ကို ဆောက်လုပ်စေ၏။ ဆောက်လုပ်စေပြီး၍ကား ဤလက်သမားသည် တစ်ပါးသော မင်းအား ဤသို့သဘောရှိသော ပြာသာဒ်ကိုလည်း ဆောက်လုပ်ရာ၏ဟု ဝန်တို့သည်ဖြစ်၍ ထိုလက်သမား၏ မျက်စိတို့ကို ထုတ်စေ၏။ ဗောဓိမင်းသားသည် ထိုလက်သမား၏ မျက်စိတို့ကို ထုတ်သောအဖြစ်သည် ရဟန်းသံဃာ၌ ထင်ရှားဖြစ်၏။ ထို့ကြောင့် တရားသဘင်၌ ရဟန်းတို့သည် ငါ့ရှင်တို့... ဗောဓိမင်းသားသည် ထိုသို့သဘောရှိသော လက်သမားတို့၏ မျက်စိကို ထုတ်စေသဘတ်၊ ကြမ်းကြုတ်ရုန့်ရင်းစွာ နိုင်ထက်ကလူ မူတတ်စွဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာမူလတ်၍ ရဟန်းတို့ ... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့... ဤဗောဓိမင်းသားသည် ယခုအခါ၌သာလျှင် ကြမ်းကြုတ်ရုန့်ရင်းသည် နိုင်ထက်ကလူ မူတတ်သည် မဟုတ်သေး၊ ရှေး၌လည်း မင်းတစ်ထောင်တို့၏ မျက်စိကို ထုတ်စေ၍ သတ်၍ ထိုမင်းတို့၏ အသားတို့ဖြင့် နတ်ပူဇော်ခြင်းကို ပြုစေဖူး၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခ ဆရာဖြစ်၏။ ဇမ္ဗူဒိပ်အပြင်၌ မင်းသားလုလင် ပုဏ္ဏားသား လုလင်တို့သည် ဘုရားလောင်း၏ အထံ၌သာလျှင် အတတ်ကို သင်ကုန်၏။ ဗာရာဏသီမင်း၏ ဗြဟ္မဒတ်မည်သော မင်းသားသည် ဘုရားလောင်းထံ၌ ဗေဒင်သုံးပုံကို သင်၏။ ဗြဟ္မဒတ်မင်းသားသည် ပကတိအားဖြင့် ကြမ်းကြုတ် ရုန့်ရင်း၏။ နိုင်ထက်ကလူ မူတတ်၏။

ပါမောက္ခ၏ ဆုံးမစကား

ဘုရားလောင်းသည် အင်္ဂဝိဇ္ဇာ၏ အစွမ်းအားဖြင့် ထိုမင်းသား၏ ရုန့်ရင်းကြမ်းကြုတ်သော နိုင်ထက်ကလူ မူတတ်သော အဖြစ်ကို သိ၍ အမောင်... သင်သည် ကြမ်းကြုတ်ရုန့်ရင်း၏။ နိုင်ထက်ကလူ မူတတ်၏။ ကြမ်းကြုတ်သဖြင့် ရသောစည်းစိမ်သည် အရှည်မတည်၊ အစိုးရခြင်းသည် ပျက်စီးတတ်၏။ ထိုကြမ်းကြုတ်သော သူသည် သမုဒ္ဒရာ၌ လှေပျက်သောသူကဲ့သို့ တည်ရာကို မရသည် ဖြစ်၏။ ထိုကြောင့် ဤသို့ ကြမ်းကြုတ်ရုန့်ရင်းသည် မဖြစ်လင့် ဟု ထိုမင်းသားကို ဆုံးမလိုရကား-

၁၄။ န ယိဒံ နိစ္စံ ဘဝိတဗ္ဗံ ဗြဟ္မဒတ္တ၊
ခေမံ သုဘိက္ခံ သုခတာ စ ကာယေ။
အတ္ထစ္စယေ မာ အဟု သမ္ပမူဠော၊
ဘိန္နပ္လဝေါ သာဂရဿေဝ မဇ္ဈေ။
၁၅။ ယာနိ ကရောတိ ပုရိသော၊ တာနိ အတ္တနိ ပဿတိ။
ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီ စ ပါပကံ။
ယာဒိသံ ဝပတ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၄။ ဗြဟ္မဒတ္တ၊ ဗြဟ္မဒတ်မင်းသား။ ခေမံ၊ ဘေးကင်းသည်၏ အဖြစ်သည်လည်းကောင်း။ သုဘိက္ခံ၊ ဝပြောခြင်းသည်လည်းကောင်း။ သုခတာစ၊ ချမ်းသာခြင်း၏ အဖြစ်သည်လည်းကေဝင်း။ ကာယေ၊ ကိုယ်၌။ ဣဒံသဗ္ဗံ၊ ဤအလုံးစုံသည်။ နိစ္စံ၊ မြဲသည်။ န ဘဝိတဗ္ဗ၊ မဖြစ်ရာ။ အတ္ထစ္စယေ၊ အစိုးရခြင်း ကင်းသည်ရှိသော်။ သာဂရဿ၊ သမုဒ္ဒရာ၏။ မဇ္ဈေ၊ အလယ်၌။ ဘိန္နပ္လဝေါ ဝ၊ လှေပျက်သောသူကဲ့သို့။ သမ္ပမူဠော၊ တွေဝေသည်။ မာ အဟု၊ မဖြစ်လင့်။

֍ ဋ္ဌ ၁၅။ ပုရိသော၊ ယောကျ်ားသည်။ ယာနိ၊ အကြင်အမှုတို့ကို။ ကရောတိ၊ ပြု၏။ တေသံ၊ ထိုအမှုတို့၏။ ဖလံ၊ အကျိုးကို။ ဝိန္ဒန္ဒော၊ ရသည်ရှိသော်။ တနိ၊ ထိုအမှုတို့ကို။ အတ္တနိ၊ မိမိကိုယ်၌။ ပဿတိ၊ မြင်ရ၏။ ကလျာဏကာရီ၊ ကောင်းမှုကို ပြုလေ့ရှိသော သူသည်။ ကလျာဏံ၊ ကောင်းသည်ကို။ ပဿတိ၊ မြင်ရ၏။ ပါပကာရီ၊ မကောင်းမှုကို ပြုလေ့ရှိသောသူသည်။ ပါပကံ၊ မကောင်းမှုကို။ ပဿတိ၊ မြင်ရ၏။ ယာဒိသံ၊ အကြင်သို့သဘောရှိသော။ ဗီဇံ၊ မျိုးစေ့ကို။ ဝပတေ၊ စိုက်ပျိုး၏။ တာဒိသံ၊ ထိုသို့သဘောရှိသော။ ဖလံ၊ အသီးကို။ ဟရတေ၊ ဆောင်၏။

လောဘကြီးသော ပုရောဟိတ်

ထိုဗြဟ္မဒတ်မင်းသားသည် ဆရာကိုရှိခိုး၍ ဗာရာဏသီပြည်သို့သွား၍ အဖအး အတတ်ကိုပြ၍ - အိမ်ရှေ့မင်းသားအဖြစ်၌တည်၍ အဖသေလွန်လတ်သော် မင်းအဖြစ်သို့ ရောက်၏။ ထိုမင်းအား ပိင်္ဂလမည်သော ပုရောဟိတ်သည် ရှိ၏။ ကြမ်းကြုတ်ရုန့်ရင်းသော နိုင်ထက်ကလူမူတတ်သော ထိုပိင်္ဂလပုရောဟိတ်သည် စည်းစိမ်၌ တပ်မက်သဖြင့် ငါသည် ဤဗြဟ္မဒတ်မင်းကို အလုံးစုံသော ဇမ္ဗူဒိပ်၌ အလုံးစုံသော မင်းတို့ကို ဖမ်း၍ ယူစေရမူကား။ ကောင်း၏။ ဤသို့ ဖမ်းယူသည်ရှိသော ဤဗြဟ္မဒတ်မင်းသည် ဧကရာဇ်ဖြစ်လတ္တံ့၊ ငါသည်လည်း မြတ်သော ပုရောဟိတ် ဖြစ်လတ္တံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုပုရောဟိတ်သည် ဗြဟ္မဒတ်မင်းကို လိုက်နာစေ၍ ဗြဟ္မဒတ်မင်းသည် များစွာသော စစ်သည်တို့ဖြင့် မြို့မှထွက်၍ တစ်ယောက်သောမင်း၏ မြို့ကိုဝန်းရံ၍ ထိုမင်းကို ဖမ်း၏။ ဤနည်းဖြင့် အလုံးစုံသော ဇမ္ဗူဒိပ်၌ ပြည်ကိုယူ၍ မင်းတစ်ထောင် ခြံရံလျက် တက္ကသိုလ်ပြည်၌ မင်းအဖြစ်ကို ယူအံ့ဟုသွား၍ ဘုရားလောင်းသည် မြို့ကိုပြုပြင်၍ သူတစ်ပါးတို့ မဖျက်ဆီးနိုင်သည်ကို ပြု၍ထား၏။

မင်းတစ်ထောင်ဖြင့် ယဇ်ပူဇော်

ဗာရာဏသီမင်းသည် ဂင်္ဂါမြစ်နားဝယ် ကြီးစွာသော ပညောင်ပင်၏ အရင်း၌ တင်းတိမ်ကာရံ၍ အထက်၌ ဗိတာန်ကို ကြက်စေ၍ အိပ်ရာကို ခင်းစေ၍ နေ၏။ ထိုဗာရာဏသီမင်းသည် ဇမ္ဗူဒိပ်အပြင်၌ မင်းတစ်ထောင်တို့ကို ယူ၍ စစ်ထိုးငြားသော်လည်း တက္ကသိုလ်ပြည်ကို ယူအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ ပုရောဟိတ်ကို ဆရာ... ငါတို့သည် ဤမျှကုန်သော မင်းတို့နှင့် တကွလာ၍လည်း တက္ကသိုလ်ပြည်ကို ယူအံ့သောငှာ မတတ်နိုင်ကုန်၊ အဘယ်သို့ ပြုအပ်သနည်း ဟု မေး၏။ မြတ်သောမင်းကြီး... မင်းကြီး မင်းတစ်ထောင်တို့၏ မျက်စိတို့ကို ထုတ်၍ သတ်၍ ဝမ်းကိုခွဲ၍ ကောင်းမြတ်သော အသားကိုယူ၍ ဤပညောင်ပင်စောင့်နတ်အား ပူဇော်ခြင်းကိုပြု၍ အူတို့ဖြင့် ပညောင်ပင်ကိုရစ်၍ သွေး လက်ငါးချောင်းရာ ပေးခြင်းတို့ကို ပြုကြကုန်အံ့၊ ဤသို့ပြုသည်ရှိသော် အကျွန်ုပ်တို့ အလျင်မြန်လျှင် အောင်ခြင်းသည် ဖြစ်လတ္တံ့ ဟု ပုရောဟိတ်သည် လျှောက်၏။ မင်းသည် ကောင်းပြီ ဟု ဝန်ခံ၍ တင်းတိမ်တွင်း၌ ကြီးကုန်သော လက်ပမ်းသည်တို့ကိုထား၍ တစ်ယောက် တစ်ယောက်သော မင်းကို ခေါ်စေ၍ နှိမ်စေသဖြင့်လျှင် မိန်းမောအောင်ပြုစေ၍ မျက်စိတို့ကို ထုတ်၍ အသားကိုယူ၍ ကိုယ်ကို ဂင်္ဂါမြစ်၌ မျော၍ ဆိုအပ်ပြီးသော အပြားရှိသော နတ်ပူဇော်ခြင်းကိုပြု၍ စစ်ထိုးစည်ကို တီးစေ၍ စစ်ထိုးအံ့သောငှာ သွား၏

ဗာရာဏသီမင်း မျက်စိပျက်ပြီ

ထိုအခါ ပြအိုးတွင်းမှ တစ်ယောက်သော ဘီလူးသည် လာလတ်၍ ဗာရာဏသီမင်း၏ လက်ယာမျက်စိကို ထုတ်၍ သွား၏။ ထိုအခါ ဗာရာဏသီမင်းအား ကြီးစွာသော ဝေဒနာသည် ဖြစ်၏။ ထိုမင်းသည် ဝေဒနာသို့ ရောက်လတ်သော် လာလတ်၍ ပညောင်ပင်ရင်းဝယ် ခင်းအပ်သောနေရာ၌ ပက်လက်အိပ်၏။ တစ်ခုသော လင်းတသည် ထက်စွာသော အစွန်းရှိသော တစ်ခုသောအရိုးကိုယူ၍ ထိုညောင်ပင်၌ နားလျက် အသားကိုစား၍ အရိုးကို စွန့်ပစ်၏။ အရိုးစွန်းသည် လာလတ်၍ မင်း၏ လက်ဝဲ မျက်စိ၌ သံတံကျင်တို့ဖြင့် ထိုးဘိသကဲ့သို့ကျ၍ မျက်စိပေါက်၏။ ထိုခဏ၌ ဘုရားလောင်း၏ စကားကို မှတ်မိ၏။

ဗာရာဏသီမင်း ငိုကြွေးခြင်း

ထိုမင်းသည် ဤသတ္တဝါတို့သည် မျိုးစေ့အားလျော်စွာ အသီးဖြစ်သကဲ့သို့ ကံအားလျှော်သော အကျိုးကို ခံစားရကုန်၏ ဟု ဆိုသော ငါတို့ဆရာသည် ဤငါ့ကိုမြင်၍ ဆိုယောင်တကား ဟု ဆို၍ -

၁၆။ ဣဒံ တဒါစရိယဝစော၊ ပေါရာဏာစရိယော မဗြဝိ။
မာ သု တွံ အကရိ ပါပံ၊ ယံ တွံ ပစ္ဆာ ကတံ တပေ။
၁၇။ အယမေဝ သောပိ ဘိယျော ဝေနသာခေါ၊
ယမှိ ဃာတယိံ ခတ္တိယာနံ သဟဿံ။
အလင်္ကတေ စန္ဒနသာရာနုလိတ္တေ၊
တမေဝ ဒုက္ခံ ပစ္ဆာဂတံ မမံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၆။ ဗြဟ္မဒတ္တ၊ ဗြဟ္မဒတ်။ တယာ၊ သင်သည်။ ကတံ၊ ပြုအပ်သော။ ယံ ပါပံ၊ အကြင် မကောင်းမှုသည်။ ပစ်ဆာ၊ နောက်၌။ တပေ၊ ပူပန်စေရာ၏။ တံ ပါပံ၊ ထိုမကောင်းမှုကို။ တွံ၊ သင်သည်။ မာ သု အကရိ၊ မပြုလင့်။ ဣဒံ တံ ဝစနံ၊ ဤစကားသည်။ အာစရိယဝစော၊ ဆရာစကားတည်း။ ဣဒံ တံ ဝစနံ၊ ဤစကားကို။ ပေါရာဏာစရိယော၊ ရှေးအတီ ထုံးပဝေဏီကို မှတ်မိသော ငါတို့ဆရာသည်။ မံ၊ ငါ့ကို။ အဗြဝိ၊ ဆိုပြီ။

֍ ဋ္ဌ ၁၇။ ယမှိ၊ အကြင် ပညောင်ပင်၌။ ခတ္တိယာနံ၊ မင်းတို့၏။ သဟဿံ၊ တစ်ထောင်ကို။ ဃာတယိံ၊ သတ်ပြီ။ အလင်္ကတေ၊ တန်ဆာဆင်အပ်ကုန်သော။ စန္ဒနသာရာနုလိတ္တေ၊ စန္ဒကူးနှစ်တို့ဖြင့် လိမ်းကျံသော မင်းတို့ကို။ ဃာတယိံ၊ သတ်ပြီ။ ဘိယျော၊ လွန်စွာ။ ဝေနသာခေါ၊ ပြန့်သောအခက်ရှိသာ။ သောပိ၊ ထိုပညောင်ပင်သည်လည်း။ အယမေဝ၊ ဤသစ်ပင်သည်ပင်လျှင်တည်း။ မယာ၊ ငါသည်။ ယံ ဒုက္ခံ၊ အကြင်ဆင်းရဲကို။ ကတံ၊ ပြုအပ်ပြီ။ တမေဝ ဒုက္ခံ၊ ထိုဆင်းရဲသည်လျှင်။ မမံ၊ ငါသို့။ ပစ္စာဂတံ၊ တစ်ဖန်ပြန်၍ လာပြန်၏။

မိဖုရားကို တမ်းတပုံ

ထိုမင်းသည် ဤသို့ ငိုကြွေးလျက် မိဖုရားကြီးကိုအောက်မေ့၍-

၁၈။ သာမာ စခေါ စန္ဒနလိတ္တဂတ္တာ၊
လဋ္ဌီဝ သောဘဉ္ဇနကဿ ဥဂ္ဂတာ။
အဒိသွာ ကာလံ ကရိဿာမိ ဥဗ္ဗရိံ၊
တံ မေ ဣတော ဒုက္ခတရံ ဘဝိဿတိ-

ဟူသောဤဂါထာကိုဆို၏။

၁၈။ ဥဗ္ဗရိ၊ ငါ၏မိဖုရားသည်။ သာမာ စ ခေါ၊ ရွှေသောအဆင်း ရှိသလျှင်ကတည်း။ စန္ဒနလိတ္တဂတ္တာ၊ စန္ဒကူးလိမ်းကျံသော ကိုယ်ရှိ၏။ သောဘဉ္ဇနကဿ၊ ဒန့်သလွန်ပင်၏။ ဥဂ္ဂတာ၊ အထက်သို့တက်သော၊ လဋ္ဌီဝ၊ ညင်းညင်းသော လေသည် ခတ်သည်ဖြစ်၍ တုန်လှုပ်သော အခက်ကဲ့သို့။ သောဘတိ၊ တင့်တယ်၏။ အဟံ၊ ငါသည်။ တံ ဥဗ္ဗရိံ၊ ထိုမိဖုရားကို။ အဒိသွာ၊ မမြင်မူ၍။ ကာလံ ကရိဿာမိ၊ သေအံ့၊ တံ၊ ထိုမိဖုရားကို မမြင်ရခြင်းသည်။ မေ၊ ငါ့အား။ ဣတော၊ ဤသေခြင်းထက်၊ ဒုက္ခတရံ။ အလွန်ဆင်းရဲသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

ထိုမင်းသည် ဤသို့ မြည်တမ်းစဉ်လျှင် သေ၍ ငရဲ၌ ဖြစ်၏။ အစိုးရခြင်း၌ မက်မောသော ပုရောဟိတ်သည် ထိုမင်းကို ကွယ်ကာအံ့သောငှာ မတတ်နိုင်၊ မိမိအစိုးရသော အဖြစ်သည် မိမိကို ကွယ်ကာအံ့သောငှာ မတတ်နိုင်၊ ထိုမင်းသည် သေလတ်သော်လျှင် ဗိုလ်ပါအပေါင်းသည် ကွဲပြို၍ ပြေးကြ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စုခဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဗောဓိမင်းသားသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဖူးပြီ၊ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ပိင်္ဂလပုရောဟိတ် ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဒိသာပါမောက္ခဆရာကြီး ဖြစ်ဖူးပြီ ဟု ဇာတ်ကိုပေါင်းတော်မူ၏။

ကြမ်းကြုတ်မှုများ၊ ပြုသူအား။ စီးပွားပျက်ကြောင်းသာ

သုံးခုတို့၏ပြည့်ကျောင်းဖြစ်သော ဝေနသခဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၄။ ဥဂရဇာတ်

သေသူကို တ၍ မငိုကြသူငါးဦး

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဥရဂေါဝ တစံ ဇိဏ္ဏံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဥရဂဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သားသေသော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် မယားသေသောသူ၏ ဝတ္ထု၊ အဖသေသော သူ၏ဝတ္တုနှင့် တူသလျှင်ကတည်း၊ ဤဥရဂဇာတ်၌လည်း သဗ္ဗညူ မြတ်စွာဘုရားသည် ရှေးအတူသာလျှင် ထိုသားသေသော သူကြွယ်၏အိမ်သို့ ကြွတော်မူ၍ လာ၍ ရှိခိုးလျက်နေသော ထိုသူကြွယ်ကို ဒါယကာ... သင်သည် စိုးရိမ်သလောဟုမေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... အမိန့်တော်အတိုင်း မှန်ပေ၏။ သားသေသော ကာလမှစ၍ အကျွန်ုပ်စိုးရိမျ၏ဟု လျောက်သည် ရှိသော် ဒါယကာ... ကွဲပြိုတတ်သော သဘောရှိသော ဝတ္ထုမည်သည်ကား ကွဲပြိုသည်သာလျှင် ဖြစ်၏။ ပျက်စီးတတ်သော သဘောရှိသော ဝတ္ထုမည်သည်ကား ပျက်စီးတတ် သည်သလျှင် ဖြစ်၏။ ထိုသို့ ပျက်စီးခြင်းသည်လည်း တစ်အိမ်တည်း၌သာလျှင် ဖြစ်သည်မဟုတ်။ စင်စစ်သဖြင့်ကား အတိုင်းအရှည် မရှိကုန်သော စကြဝဠာတို့ဝယ် ဘုံသုံးပါးတို့၌ မသေတတ်သော သဘောရှိသောသူ မည်သည်မရှိ၊ ထိုသဘောဖြင့်လျှင် တည်ခြင်းငှာ စွမ်းနိုင်သော တစ်ခုသာသင်္ခါရသည်လည်း မရှိ၊ ခပ်သိမ်းသော သတ္တဝါတို့သည် သေခြင်း သဘောရှိကုန်၏။ ရှေးပညာရှိတို့သည်လည်း သားသေသည်ရှိသော် သေတတ်သော သဘောရှိသော ဝတ္ထုသည် သေမြဲသာလျှင် ဖြစ်၏။ ပျက်စီးတတ်သော သဘောရှိသော ဝတ္ထုသည် ပျက်စီးမြဲသာလျှင် ဖြစ်၏ဟု မစိုးရိမ်ကုန် ဟု မိန့်တော်မူ၍ ထိုသူကြွယ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီပြည်၏ တံခါးရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ ဥစ္စာကို ဖြစ်စေ၍ လယ်လုပ်သောအမှုဖြင့် အသက်မွေး၏။

အိမ်သား ၆-ယောက်

ဘုရားလောင်းအား သားတစ်ယောက်, သမီးတစ်ယေက် ဤနှစ်ယောက်သော သူငယ်တို့သည် ဖြစ်ကုန်၏။ ထိုဘုရားလောင်းသည် အရွယ်ရောက်သော သားအား တူသောအမျိုးမှ သူငယ်မကို ဆောင်၍ ပေး၏။ ဤသို့ ဘုရားလောင်းတစ်ယောက်, မယားတစ်ယောက်, သားတစ်ယောက်, သမီးတစ်ယောက်, ချွေးမတစ်ယောက်, ကျွန်မတစ်ယောက်အားဖြင့် ထိုသူတို့သည် ခြောက်ယောက်ဖြစ်ကုန်၏။ ထိုခြောက်ယောက်သော သူတို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ချစ်စွာသော နေခြင်းဖြင့် နေကုန်၏။

သူတော်ကောင်းကျင့်ဝတ်

ဘုရားလောင်းသည် ငါးယောက်ကုန်သော သူတို့အား သင်တို့သည် အကြင် အကြင် ရအပ်သောအမှတ်ဖြင့်လျှင် အလှူကို ပေးကုန်လော့, သီလကို စောင့်ရှောက်ကုန်လော့, ဥပုသ်သုံးသော အမှုကို ပြုကြကုန်လော, သေခြင်း၌ အောက်မေ့ခြင်းကို ပြုကြကုန်လော့၊ သင်တို့၏ သေရအံ့သော အဖြစ်ကို မှတ်တ်ကြကုန်လော့၊ ဤသတ္တဝါ အပေါင်းတို့အား သေရခြင်းသည် မြဲ၏။ အသက်ရှင်ခြင်းသည် မမြဲ၊ ခပ်သိမ်းသော သင်္ခါရတို့သည် အနိစ္စဖြစ်ကုန်၏။ ကုန်ခြင်း ပျက်ခြင်း သဘောရှိကုန်၏။ ညဉ့်၌လည်းကောင်း နေ့၌ လည်းကောင်း မမေ့မလျော့ ဖြစ်ကြကုန်လော့ ဟု အဆုံး အမကို ပေး၏။ ထိုငါးယောက်သော သူတို့သည် ကောင်းပြီ ဟု အဆုံးအမကို ဝန်ခံ၍ မမေ့မလျော့ ဖြစ်ကြကုန်လျက် “မရဏဿတိ”ကို ပွားစေကုန်၏။

သားကလေး သေဆုံးပြီ

ထိုအခါ တစ်နေ့သ၌ ဘုရားလောင်းသည် သားနှင့်တကွ လယ်သို့သွား၍ ထွန်၏။ ဘုရားလောင်း၏ သားသည် အမှိုက်ကိုစု၍ မီးတိုက်၏။ ထိုအမှိုက်စု၏အနီး တစ်ခုသော တောင်ပို့၌ လျင်သော အဆိပ်ရှိသော မြွေသည် နေ၏။ မီးခိုးသည် ထိုမြွေ၏မျက်စိကိုခတ်၍ ထိုမြွေသည် ဤသူကိုမှီ၍ ငါ့အား ဘေးဖြစ်၏ ဟု အမျက်ထွက်ရကား၊ တောင်ပို့မှထွက်၍ အစွယ်လေးချောင်းတို့ကို လွှတ်၍ ထိုယောက်ျားကို ကိုက်၏။ ထိုယောကျ်ားသည် ပြန်၍လဲ၏။ ဘုရားလောင်းသည် ပြန့၍လဲသော သားကို မြင်၍ နွားတို့ကိုထား၍ လာသည်ရှိသော် သား၏သေသောအဖြစ်ကိုသိ၍ ချီ၍ တစ်ခုသော သစ်ပင်ရင်း၌ အိပ်စေ၍ မျက်ရည်မယို, မငို။ ပျက်စီးတတ်သော သဘောရှိသော ဝတ္ထုသည်ကား ပျက်စီး၏။ သေတတ်သော သဘောရှိသော ဝတ္ထုသည်ကား သေ၏။ ခပ်သိမ်းသော သင်္ခါရတို့သည် အနိစ္စ ဖြစ်ကုန်၏။ သေခြင်းလျှင် အပြီးရှိကုန်၏ ဟု အနိစ္စအဖြစ်ကိုသာလျှင် မှတ်၍ လယ်ထွန်၏။

တစ်အိမ်သားလုံး မငိုကြ

ထိုဘုရားလောင်းသည် လယ်၏အနီးဖြင့် သွားသော တစ်ယောက်သော အိမ်နီးချင်း ယောကျ်ားကိုမြင်၍ အမောင်... သင်သည် အိမ်သို့ သွားအံ့လော ဟု မေး၍ သွားအံ့ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ငါတို့အိမ်သို့လည်း သွား၍ ပုဏ္ဏေးမကို ယနေ့ ရှေး၌ကဲ့သို့ နှစ်ယောက်စာ ထမင်းကို မဆောင်ခဲ့မူ၍ တစ်ယောက်စာထမင်းကိုသာလျှင် ဆောင်ခဲ့ကုန်လော့၊ ရှေးကဲ့သို့ ကျွန်မတစ်ယောက်တည်းသာလျှင် အာဟာရကိုယူ၍ မလာမူ၍ ယနေ့ လေးယောက်သော သူတို့သည်လည်း စင်ကြယ်သောအဝတ်တို့ကို ဝတ်ကုန်၍ နံ့သာလက်စွဲကုန်၍ လာကုန်လော့ ဟု ပြောဆိုပါလေ ဟူ၍ ဆို၏။ ထိုအိမ်နီးချင်း ယောက်ျားလည်းကောင်းပြီ ဟု သွား၍ ပုဏ္ဏေးမအား ဘုရားလောင်းမှာတိုင်းလျှင် သွား၍ ပြောဆို၏။ အမောင်... အဘယ်သူသည် သင့်အား ဤသတင်းစကားကို မှာလိုက်သနည်း ဟု ပုဏ္ဏေးမသည် မေး၏။ ရှင်မ... ပုဏ္ဏားသည် မှာလိုက်၏ဟု ဆိုသည်ရှိသော် ပု ဏ္ဏေးမသည် "ငါသား သေပြီ ဟု သိ၏။ ပုဏ္ဏေးမအား တုန်လှုပ်ခြင်းမျှသည်လည်း မဖြစ်။ ဤသို့ ကောင်းစွာ ပွားစေအပ်သောစိတ်ရှိသော စင်ကြယ်သော အဝတ်ကိုဝတ်သော နံ့သာလက်စွဲသော ပုဏ္ဏေးမသည် ကျွန်မကို အာရကို ယူခဲ့စေ၍ ကြွင်းသောသူနှင့်တကွ လယ်သို့သွား၏။ တစ်ယောက်သောသူအားလည်း မျက်ရည်ယိုခြင်းမည်သည် မဖြစ်။ ဘုရားလောင်းသည် သားကို အိပ်စေသော အရိပ်၌လျှင် ထိုင်၍ စား၏။ စားပြီးသော် ခပ်သိမ်းသော သူတို့သည်လည်း ထင်းတို့ကို ယူဆောင်ကုန်၍ သေသောသူကို ထင်းပုံသို့တင်၍ နံ့သာ, ပန်းတို့ဖြင့် ပူဇော်၍ မီးသင်္ဂြိုဟ်ကုန်၏။ တစ်ယောက်သောသူလည်း တစ်စက်သော မျက်ရည်ပေါက်မျှလည်း မကျ။ ခပ်သိမ်းသော သူတို့သည် ကောင်းစွာ ပွားစေအပ်သော “မရဏဿတိသာ” ရှိကုန်၏။

အဖ မငိုခြင်း အကြောင်း

ထိုသူတို့၏ သီလတန်ခိုးအားဖြင့် သိကြားမင်း၏ နေရာသည် ပူသောအခြင်းအရာကို ပြ၏။ သိကြားမင်းသည် ငါ့ကို အဘယ်သူသည်လျှင် နေရာမှ ရွေ့စေလိုသနည်း ဟု ဆင်ခြင်လတ်သော် ထိုသူတို့၏ ကျေးဇူးတန်ခိုးအားဖြင့် ပူသော အခြင်းအရာကိုပြ၏ ဟု သိ၍ ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ ငါသည် ထိုသူတို့၏ အထံသို့သွား၍ ခြင်္သေ့သံနှင့်တူသော အသံကိုဆိုစေ၍ ခြင်္သေ့သံနှင့်တူသော အသံကို ဆိုသည်၏ အဆုံး၌ ထိုသူတို့၏ အိမ်ဝယ် ရတနာခုနစ်ပါးဖြင့် ပြည့်သည်ကိုပြု၍ လာခြင်းငှာ သင့်၏ဟု လျင်မြန်သဖြင့် ထိုသူတို့၏ အထံသို့သွား၍ သုသာန်အနားရပ်၍ အမောင်တို့ သင်တို့သည် အဘယ်အမှုကို ပြုကုန်သနည်း ဟု ဆို၏။ တစ်ယောက်သော လူကို သင်္ဂြိုဟ်ကုန်၏ ဟု ဆိုသည်ရှိသော် သင်တို့သည် လူကို မသင်္ဂြိုဟ်ကုန်၊ တစ်ခုသော သမင်ကိုသတ်၍ မီးဖုတ်ကုန်ယောင် တကား ဟု ဆို၏။

အရှင်... သမင်ဖုတ်သော အမှုမဟုတ်၊ လူကိုလျှင် ငါတို့ သင်္ဂြိုဟ်ကုန်၏ ဟု ဆိုသည်ရှိသော ထိုသို့တပြီးကား သင်တို့၏ရန်သူ ဖြစ်လတ္တံ့ဟု ဆို၏။ ထိုအခါ ဘုရားလောင်းသည် အရှင်... ရင်၌ဖြစ်သော သားတည်း၊ ရန်သူမဟုတ် ဟု ဆို၏။ ထိုသို့တပြီးကား၊ သင်တို့သည် မချစ်သောသား ဖြစ်လတ္တံ့ ဟု သိကြားမင်းသည် ဆိုလေ၏။ အရှင်... အလွန်လျှင် ချစ်သောသားတည်း ဟု ဘုရားလောင်းသည် ဆို၏။ ထိုသို့ အလွန်ချစ်သော သားဖြစ်လျှက် အဘယ်ကြောင့် မငိုသနည်း ဟု သိကြားမင်းဆိုသည်ရှိသော် မငိုခြင်း၏ အကြောင်းကို ဆိုလိုသော ဘုရားလောင်းသည် -

၁၉။ ဥရဂေါဝ တစံ ဇိဏ္ဏံ၊ ဟိတွာ ဂစ္ဆတိ သံတနုံ။
ဧဝံ သရီရေ နိဗ္ဘောဂေ၊ ပေတေ ကာလင်္ကတေ သတိ။
၂၀။ ဍယှမာနော န ဇာနာတိ၊ ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ၊ ဂတော သော တဿ ယာ ဂတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၉။ သာမိ၊ အရှင်။ ဥရဂေါ၊ မြွေသည်။ တစံဇိဏ္ဏံ၊ အရေဟောင်းကို။ ဟိတွာ၊ စွန့်၍။ ဂစ္ဆတိ ဣဝ၊ သွားသကဲ့သို့။ တထာ၊ ထို့အတူ။ မမ ပုတ္တော၊ ငါသားသည်။ သံတနုံ၊ မိမိကိုယ်ကို။ ဟိတွာ၊ စွန့်၍။ ဂစ္ဆတိ၊ သွား၏။ ဧဝံ၊ ဤသို့။ သရီရေ၊ ကိုယ်သည်။ နိဗ္ဘောဂေ၊ ခံစားခြင်း မရှိသည်။ ပေတေ၊ တမလွန်ဘဝသို့ လားသည်။ ကာလင်္ကတေ၊ သေလွန်သည်။ သတိ၊ ရှိသော်။ ဍယှမာနော၊ မီးသင်္ဂြိုဟ်အပ်သော သားသည်။ ဉာတီနံ၊ အဆွေအမျိုးတို့၏။ ပရိဒေဝိတံ၊ ငိုကြွေးခြင်းကို။ န ဇာနာတိ၊ မသိ။ တဿ၊ ထိုသား၏။ ယာ ဂတိ၊ အကြင်ဂတိသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုဂတိသို့။ သော၊ ထိုသားသည်။ ဂတော၊ သွား၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ဧတံ၊ ထိုသားကို။ န သောစာမိ၊ မစိုးရိမ်။

အမိ မငိုခြင်း အကြောင်း

သိကြားမင်းသည် ဘုရားလောင်း၏ စားကိုကြား၍ ပုဏ္ဏေးမကို မိခင် သေသောသူသည် သင်နှင့် အဘယ်သို့တော်သနည်းဟု မေး၏။ အရှင်- ဆယ်လပတ်လုံး ဝမ်းဖြင့်လွယ်၍ နို့တိုက်၍ လက်ခြေတို့ကို ကောင်းစွာပြုပြင်၍ ကြီးစေသော သားတည်း ဟု ပုဏ္ဏေးမ ဆို၏။ မိခင်... အဖသည် ယောက်ျားဖြစ်သောကြောင့် မငိုသည်ဖြစ်စေ၊ အမိနှလုံးသည်ကား နူးညံ့၏။ သင်သည် အဘယ်ကြောင့်မငိုသနည်းဟု မေးသည်ရှိသော် မငိုခြင်း၏ အကြောင်းကို ဆိုလိုသော ပုဏ္ဏေးမသည်-

၂၁။ အနဝှိတော တတော အာဂါ၊ နာနုညာတော ဣတော ဂတော။
ယထာ ဂတော တထာ ဂတော၊ တတ္ထ ကာ ပရိဒေဝနာ။
၂၂။ ဍယှမာနော န ဇာနာတိ၊ ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ၊ ဂတော သော တဿ ယာ ဂတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၁။ သာမိ၊ အရှင်။ မမ၊ ငါ၏။ ပုတ္တော၊ သားသည်။ အနဝှိတော၊ မခေါ်ဘဲ။ တတော၊ ထိုဘဝတစ်ပါးမှ။ အမှာကံ၊ ငါတို့၏။ ဂေဟံ၊ အိမ်သို့။ အာဂါ၊ လာ၏။ နာနုညာတော၊ ခွင့်မလွှတ်ဘဲ။ ဣတော၊ ဤလူ့ပြည်မှ။ ဂတော၊ ဘဝတစ်ပါးသို့ သွား၏။ အာဂတော ယထာ၊ အလိုအလျောက် လာသကဲ့သို့။ တထာ၊ ထို့အတူ။ ဂတော၊ အလို အလျောက် သွား၏။ တတ္ထ၊ ထိုအလိုအလျောက် ဘဝတစ်ပါး လားရာ၌ ပရိဒေဝနာ၊ ငိုကြွေးခြင်းသည်ကား။ ကာ၊ အဘယ်အကျိုးရှိအံ့နည်း။

֍ ဋ္ဌ ၂၂။ ဍယှမာနော၊ မီးဖုတ်အပ်သော သားသည်။ ဉာတီနံ၊ ဆွေမျိုးတို့၏။ ပရိဒေဝိတံ၊ ငိုကြွေးခြင်းကို။ န ဇာနာတိ၊ မသိ။ တသ္မာ၊ ထို့ကြောင့်။ ဧတံ၊ ထိုသားကို။ န သောစာမိ၊ မစိုးရိမ်။ တဿ၊ ထိုသး၏။ ယာ ဂတိ၊ အကြင်ဂတိသည်။ အတ္ထိ၊ ရှိ၏။ သော၊ ထိုသားသည်။ တံ၊ ထိုဂတိသို့။ ဂတော၊ လား၏။

နှမ မငိုခြင်း အကြောင်း

သိကြားမင်းသည် ပုဏ္ဏေးမ၏စကားကို ကြား၍ သေသောသူ၏နှမကို မိခင်... သေသောသူသည် သင်နှင့် အဘယ်သို့တော်သနည်းဟု မေး၏။ အရှင်... သေသောသူသည် အကျွန်ုပ်မောင်တည်း ဟု ဆို၏။ မိခင်... နှမတို့သည်ကား မောင်တို့၌ ချစ်တတ်ကုန်၏။ သင်သည် အဘယ်ကြာင့် မငိုသနည်းဟု သိကြားမင်းသည် မေး၏။ သေသောသူ၏နှမသည် မငိုခြင်း၏အကြောင်းကို ဆိုလိုရကား-

၂၃။ သစေ ရောဒေ ကိသာ အဿ၊ တဿာ မေ ကိံ ဖလံ သိယာ။
ဉာတိမိတ္တသုဟဇ္ဇာနံ၊ ဘိယျော နော အရတီ သိယာ။
၂၄။ ဍယှမာနော န ဇာနာတိ၊ ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ၊ ဂတော သော တဿ ယာ ဂတိ။

ဟူသော သုံးခုမြောက်သော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၃။ သာမိ၊ အရှင်။ သစေ ရောဒေ၊ အကယ်၍ငိုငြားအံ့။ ကိသာ၊ ကြုံလှီသည်။ အဿံ၊ ဖြစ်ရာ၏။ တဿာ မေ၊ ထိုကျွန်ုပ်အား။ ကိံ ဖလံ၊ အဘယ်အကျိုးသည်။ သိယာ၊ ဖြစ်ရာသနည်း။ နော၊ အကျွန်ုပ်တို့၏။ ဉာတိမိတ္တသုဟဇ္ဇာနံ၊ အဆွေ အမျိုး, အဆွေခင်ပွန်း, ချစ်ကျွမ်းဝင်ကုန်သောသူတို့အား။ ဘိယျော၊ လွန်စွာ။ အရတီ၊ မမွေ့မလျော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

֍ ဋ္ဌ ၂၄။ ဍယှမာနော၊ မီးဖုတ်အပ်သော မောင်သည်။ ဉာတီနံ၊ အဆွေအမျိုးတို့၏။ ပရိဒေဝိတံ၊ ငိုကြွေးခြင်းကို။ န ဇာနာတိ၊ မသိ။ တသ္မာ၊ ထို့ကြောင့်။ ဧတံ၊ ထိုသေသော မောင်ကို။ အဟံ၊ ငါသည်။ န သောစာမိ၊ မစိုးရိမ်။ တဿ၊ ထိုမောင်၏။ ယာ ဂတိ၊ အကြင်ဂတိသည်။ အတ္ထိ၊ ရှိ၏။ သော၊ ထိုမောင်သည်။ တံ၊ ထိုဂတိသို့။ ဂတော၊ လား၏။

မယား မငိုခြင်း အကြောင်း

သိကြားမင်းသည် နှမစကားကို ကြား၍ မယားကို မိခင်... ထိုသေသောသူသည် သင်နှင့် အဘယ်သို့တော်သနည်း ဟု မေး၏။ အရှင်... အကျွန်ုပ်၏ လင်တည်း ဟု ဆို၏။ မိခင် မိန်းမတို့သည်ကား လင်သေလတ်သော် ကိုးကွယ်ရာမရှိကုန်၊ မုဆိုးမဖြစ်ကုန်၏။ သင်သည် အဘယ့်ကြောင့် မငိုသနည်း ဟု သိကြားမင်းသည် မေး၏။ ထို မယားသည်လည်း သိကြားမင်းအား မငိုခြင်း၏အကြောင်းကို ဆိုလိုရကား-

၂၅။ ယထာပိ ဒါရကော စန္ဒံ၊ ဂစ္ဆန္တ မနုရောဒတိ။
ဧဝံ သမ္ပဒမေဝေတံ၊ ယော ပေတ မနုသောစတိ။
၂၆။ ဍယှမာနော န ဇာနာတိ၊ ဉာတီနံ ပရိဒေဝိတံ၊
တသ္မာ ဧတံ န သောစာမိ၊ ဂတော သော တဿ ယာ ဂတိ။

ဟူသော လေးခုမြောက်သော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၅။ သာမိ၊ အရှင်။ ယော၊ အကြင်သူသည်။ ပေတံ၊ သေသောသူကို။ အနုသောစတိ၊ စိုးရိမ်၏။ တဿ၊ ထိုသူ၏။ ဧတံ၊ ထိုစိုးရိမ်ခြင်းသည်။ ဒါရကော၊ သူငယ်သည်။ ဂစ္ဆန္တံ၊ သွားသော။ စန္ဒံ၊ လပြည့်ဝန်းကို။ ဒိသွာ၊ မြင်၍။ အနုရောဒတိ ယထာပိ၊ လကို ပေးလော့, ပေးလော့ဟု ငိုသကဲ့သို့လည်း။ ဧဝံ သမ္ပဒမေဝ၊ ဤသို့ဖြစ်ခြင်းသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၂၆။ ဍယှမာနော၊ မီးဖုတ်အပ်သော လင်သည်။ ဉာတီနံ၊ ဆွေမျိုးတို့၏။ ပရိဒေဝိတံ၊ ငိုကြွေးခြင်းကို။ န ဇာနာတိ၊ မသိ။ တသ္မာ၊ ထို့ကြောင့်။ တံ၊ ထိုလင်ကို။ အဟံ၊ သည်။ န သောစာမိ၊ မစိုးရိမ်။ တဿ၊ ထိုလင်၏။ ယာ ဂတိ၊ အကြင်ဂတိသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုဂတိသို့။ သော၊ ထိုလင်သည်။ ဂတော၊ လား၏။

ကျွန်မ မငိုခြင်း အကြောင်း

သိကြားမင်းသည် မယား၏စကားကိုကြား၍ ကျွန်မကို မိခင် ထိုသေသောသူသည် သင်နှင့် အဘယ်သို့တော်သနည်းဟု မေး၏။ သခင်... ထိုသေသောသူသည် အကျွန်ုပ်၏ အရှင်တည်း ဟု ဆို၏။ ဤသေသောသူသည် သင့်ကို နှိပ်စက်ရိုက်ပုတ်၍ ညှဉ်းဆဲအပ်သည် ဖြစ်လတ္တံ့၊ ထိုသေသောသူမှ ငါသည် ကောင်းစွာလွတ်ပြီဟု သင် မငိုသည် မဟုတ်လော ဟု သိကြားမင်းသည် ဆို၏။ သခင်-ဤသို့ မဆိုလင့်၊ သခင့်စကားသည် သေသောသူအား မလျောက်ပတ်၊ အကျွန်ုပ် အရှင့်သားသည် ခန္တီ၊ မေတ္တာ၊ ကရုဏာနှင့် ပြည့်စုံ၏။ ရင်၌ကြီးသော သားသကဲ့သို့ ဖြစ်၏ ဟု ဆို၏။ ထိုသို့ဖြစ်လျက် အဘယ့်ကြောင့် သင် မငိုသနည်းဟု သိကြားမင်းသည် မေး၏။ ထိုကျွန်မသည်လည်း မငိုခြင်း၏ အကြောင်းကိုဆိုလိုရကား-

၂၇။ ယထာပိ ဥဒကကုမ္ဘော၊ ဘိန္နော အပ္ပဋိသန္ဓိယော။
ဧဝံ သမ္ပဒမေဝေတံ၊ ယော ပေတ မနုသောစတိ။
၂၈။ ဍယှမာနော န ဇာနာတိ၊ ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ၊ ဂတော သော တဿ ယာ ဂတိ။

ဟူသော ငါးခုမြောက်သော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၇။ သာမိ၊ အရှင်။ ယော၊ အကြင်သူသည်။ ပေတံ၊ သေသောသူကို။ အနုသောစတိ၊ စိုးရိမ်၏။ တဿ၊ ထိုသူ၏။ ဧတံ၊ ထိုစိုးရိမ်ခြင်းသည်။ ဘိန္နော၊ ကွဲသော။ ဥဒကကုမ္ဘော၊ ရေအိုးသည်။ အပ္ပဋိသန္ဓိယော ယထာပိ၊ တစ်ဖန် မစပ်ပြန်သကဲ့သို့လည်း။ ဧဝံ သမ္မဒမေဝ၊ ဤသို့ဖြစ်ခြင်းသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၂၈။ ဍယှမာနော၊ မီးဖုတ်အပ်သော အရှင့်သားသည်။ ဉာတီနံ၊ ဆွေမျိုးတို့၏ ပရိဒေဝိတံ၊ ငိုကြွေးခြင်းကို။ န ဇာနာတိ၊ မသိ။ တသ္မာ၊ ထို့ကြောင့်။ ဧတံ၊ ထိုသေသော အရှင့်သားကို။ အဟံ၊ ငါသည်။ န သောစာမိ၊ မစိုးရိမ်။ တဿ၊ ထိုအရှင့်သား၏။ ယာ ဂတိ၊ အကြင်ဂတိသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုဂတိသို့။ သော၊ ထိုအရှင့်သားသည်။ ဂတော၊ လား၏။

သိကြားမင်း မ, စ, ခြင်း

သိကြားမင်းသည် ထိုအလုံးစုံသော သူတို့၏ တရားစကားကိုကြား၍ ကြည်ညိုခြင်း ရှိသောကြောင့် သင်တို့သည် မမေ့မလျော့ မရဏဿတိကို ပွားစေကုန်လော့၊ သင်တို့သည် ယနေ့မှစ၍ မိမိလက်ဖြင့် အမှုကို မပြုကုန်လင့်၊ သိကြား နတ်မင်းဖြစ်သော ငါသည် သင်တို့အိမ်၌ ရတနာ ခုနစ်ပါးတို့ကို အတိုင်းအရှည် မရှိသည်တို့ကို ပြုအံ့၊ သင်တို့သည် အလှူကို ပေးကုန်လော့၊ သီလကို စောင့်ကုန်လော့၊ ဥပုသ်သုံးသော အမှုကို ပြုကုန်လော့၊ မမေ့မလျော့ ဖြစ်ကုန်လော့ ဟု ထိုသူတို့အား အဆုံးအမကိုပေး၍ အိမ်၌ အတိုင်းအရှည်မရှိ ဥစ္စာဖြင့် ပြည့်သည်ကို ပြု၍သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သူကြွယ်သည် သောတာပတ္တိဖိုလ်၌တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ခုဇ္ဇုတ္တရာသည် ထိုအခါ ကျွန်မဖြစ်ဖူးပြီ၊ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ သမီး ဖြစ်ဖူးပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ သားဖြစ်ဖူးပြီ၊ ယခုအခါ ခေမာသည် ထိုအခါ အမိပုဏ္ဏေးမ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုဏ္ဏားဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သေခြင်းတရား၊ မပြတ်ပွား၊ စိတ်ထားခိုင်တည်မည်

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဥရဂဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၅။ ဃဋဇာတ်

မေတ္တာစျာန်ကြောင့် ရန်သူပူပန်ရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အညေ သောစန္တိ ရောဒန္တိ-အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဃဋဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်း၏ တစ်ယောက်သော အမတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုကား အောက်၌ ဆိုအပ်ပြီးသော ဝတ္ထုနှင့်တူသလျှင်ကတည်း။

အရှုံးထဲကအမြတ်

ဤဃဋဇာတ်၌ ကောသလမင်းသည် မိမိအား ကျေးဇူးပြုသော အမတ်အား များသော စည်းစိမ်ကိုပေး၍ ရန်တိုက်တတ်ကုန်သော သူတို့၏ စကားကိုယူ၍ နှောင်ဖွဲ့စေ၍ နှောင်အိမ်၌ သွင်းစေ၏။ ထိုအမတ်သည် နှောင်အိမ်၌ နေလျက်လျှင် သောတာပတ္တိဖိုလ်ကို ဖြစ်စေ၏။ ကောသလမင်းသည် ထိုအမတ်၏ကျေးဇူးကို မှတ်မိ၍ လွှတ်စေ၏။ ထိုအမတ်သည် နံ့သာ, ပန်းကိုယူ၍ မြတ်စွာဘုရား အထံတော်သို့ သွား၍ ဘုရားကိုရှိခိုး၍ နေ၏။ ထိုအခါ ထိုအမတ်ကို မြတ်စွာဘုရားသည် ဒါ ယကာ... သင့်အား အကျိုးမဲ့ ဖြစ်သလော ဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... အကျိုးမဲ့ဖြစ်၏။ အကျိုးမဲ့ဖြင့်ကား အကျွန်ုပ်အား အကျိုးသည် ရောက်၏။ သောတာပတ္တိမဂ်ကို အကျွန်ုပ်သည် ဖြစ်စေ၏ ဟု နားတော်လျှောက်သည်ရှိသော် ဒါယကာ... သင်သည်သာလျှင် အကျိုးမဲဖြင့် အကျိုးကို ဆောင်သည် မဟုတ်သေး၊ ရှေးပညာရှိတို့သည်လည်း အကျိုးမဲ့ဖြင့် အကျိုးကို ဆောင်ဖူးကုန်၏ ဟု မိန့်တော်မူ၍ ထိုအမတ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ မိဖုရားဝမ်း၌ ဖြစ်၏။ ဃဋသတို့သား ဟူသောအမည်ကို မှည့်ကုန်၏။ ထိုဃဋမင်းသားသည် နောက်အခါ၌ တက္ကသိုလ်ပြည်၌ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ တရားသဖြင့် မင်းပြု၏။ ထိုဃဋမင်း၏ နန်းတွင်း၌ တစ်ယောက်သော အမတ်သည် ပြစ်မှား၏။ ဃဋမင်းသည် ထိုအပြစ်ကို မျက်မှောက်အားဖြင့်သိ၍ ထိုအမတ်ကို တိုင်းပြည်နှင်ထုတ်စေ၏။

အာဃာတထားခြင်း

ထိုအခါ သာဝတ္ထိပြည်၌ ဓင်္ကမည်သော မင်းသည်မင်းပြု၏။ ထိုတိုင်းနိုင်ငံမှ နှင်ထုတ်သော အမတ်သည် ဓင်္ကမင်း၏ အထံသို့သွား၍ ခစား၏။ အောက်၌ ဆိုအပ်ပြီးသောနည်းဖြင့် ထိုအမတ်သည် ဓင်္ကမင်းကို မိမိစကားကို ယူစေ၍ ဗာရာဏသီပြည်ကို ယူ၏။ ထိုဓင်္ကမင်းသည်လည်း ပြည်ကိုယူ၍ ဘုရားလောင်းကို သံခြေကျဉ်းတို့ဖြင့် နှောင်ဖွဲ့စေ၍ နှောင်အိမ်သို့ သွင်းစေ၏။ ဘုရားလောင်းသည် ဈာန်ကိုဖြစ်စေ၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့သဖြင့် နေ၏။ ဓင်္ကမင်း၏ ကိုယ်၌ ပူခြင်းသည် ဖြစ်၏။

အဘယ့်ကြောင့် မစိုးရိမ်သနည်း

ဓင်္ကမင်းသည် သွား၍ ဘုရားလောင်း၏ ရွှေကြေးမုံနှင့်တူသော, ပွင့်သော ပဒုမာကဲ့သို့ အသရေရှိသော မျက်နှာကိုမြင်၍ ဘုရားလောင်းကို မေးလိုရကား-

၂၉။ အညေ သောစန္တိ ရောဒန္တိ၊ အညာ အဿုမုခါ ဇနာ။
ပသန္နမုခဝဏ္ဏောသိ၊ ကသ္မာ ဃဋ န သောစသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၉။ ဃဋ၊ ဃဋမင်း။ အညေ၊ တစ်ပါးသော သူတို့သည်။ သောစန္တိ၊ စိုးရိမ်ကုန်၏။ ရောဒန္တိ၊ ငိုကုန်၏။ အညာ၊ တစ်ပါးကုန်သော။ ဇနာ၊ လူတို့သည်။ အဿုမုခါ၊ မျက်ရည်စွတ်သော မျက်နှာရှိကုန်၏။ တွံ၊ သင်သည်။ ပသန္နမုခဝဏ္ဏော၊ ကြည်သောမျက်နှာ အဆင်းရှိသည်။ အသိ၊ ဖြစ်၏။ ကသ္မာ၊ အဘယ်ကြောင့်။ န သောစသိ၊ မစိုးရိမ်သနည်း။

စိုးရိမ်နေက ကျိုးမရ

ထိုအခါ ဓင်္ကမင်းအား ဘုရားလောင်းသည် မစိုးရိမ်သော အကြောင်းကို ဆိုလိုရကား-

၃၀။ နာဗ္ဘတီတဟရော သောကော၊ နာနာဂတ သုခါဝဟော။
တသ္မာ ဓင်္က န သောစာမိ၊ နတ္ထိ သောကော ဒုတီယတာ။
၃၁။ သောစံ ပဏ္ဍု ကိသော ဟောတိ၊ ဘတ္တဉ္စဿ န ရုစ္စတိ။
အမိတ္တာ သုမနာ ဟောန္တိ၊ သလ္လဝိဒ္ဓဿ ရုပ္ပတော။
၃၂။ ဂါမေ ဝါ ယဒိ ဝါ ရညေ၊ နိန္နေ ဝါ ယဒိ ဝါ ထလေ။
ဌိတံ မံ နာဂမိဿတိ၊ ဧဝံ ဒိဋ္ဌပဒေါ အဟံ။
၃၃။ ယသတ္ထာ နာလမေကောဝ၊ သဗ္ဗကာမရသာဟရော။
သဗ္ဗာပိ ပထဝီ တဿ၊ န သုခံ အာဝဟိဿတိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၀။ ဓင်္က၊ ဓင်္ကမင်း။ သောကော၊ စိုးရိမ်ခြင်းသည်။ နာဗ္ဘတီတဟရော၊ လွန်လေပြီးသော ချမ်းသာကိုမဆောင်။ နာ နာဂတသုခါဝဟော၊ လာလတ္တံ့သော ချမ်းသာကို မဆောင်။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ န သောစာမိ၊ မစိုးရိမ်။ ဒုတီယတာ၊ ဈာန်ဟူသောအဖော်ကြောင့်။ သော ကော၊ စိုးရိမ်ခြင်းသည်။ နတ္ထိ၊ မရှိ။

֍ ဋ္ဌ ၃၁။ သောစံ၊ စိုးရိမ်သောသူသည်။ ပဏ္ဍု၊ ဖျော့တော့ရှိသည်။ ဟောတိ၊ ဖြစ်၏။ ကိသော၊ ကြုံလှီသည်။ ဟောတိ၊ ဖြစ်၏။ အဿ၊ ထိုစိုးရိမ်သောသူသည်။ ဘတ္တဉ္စ၊ အစာကိုလည်း။ န ရုစ္စတိ၊ မနှစ်သက်။ သလ္လဝိဒ္ဓဿ၊ စိုးရိမ်ခြင်းတည်းဟူသော ငြောင့်သည် စူးဝင်၍။ ရုပ္ပတော၊ ဖောက်ပြန်သောသူအား။ အမိတ္တာ၊ ရန်သူတို့သည်။ သုမနာ၊ ဝမ်းမြောက်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

֍ ဋ္ဌ ၃၂။ ဂါမေ ဝါ၊ ရွာ၌လည်းကောင်း။ ယဒိ၊ ထိုမြို့။ အရညေ ဝါ၊ တော၌လည်းကောင်း။ နိန္နေ ဝါ၊ ချိုင့်ဝှမ်းရာ အရပ်၌ လည်းကောင်း။ ယဒိ၊ ထိုမြို့။ ထလေ ဝါ၊ ကုန်းကြည်း၌ လည်းကောင်း။ ဌိတံ၊ တည်သော။ မံ၊ ငါ့ကို။ ( တံ၊ ထိုစိုးရိမ်ခြင်း အရင်းရှိသော ပျက်စီးခြင်းသည်။ ) န အာဂမိဿတိ၊ မလာလတ္တံ့။ အဟံ၊ ငါသည်။ ဧဝံ၊ ဤသို့။ ဒိဋ္ဌပဒေါ၊ မြင်အပ်သောစျာန်ရှိ၏။

֍ ဋ္ဌ ၃၃။ ယဿ၊ အကြင်မင်းအား။ အတ္ထာ၊ အကျိုး စီးပွားကို ဆောင်ကုန်သော အဆွေခင်ပွန်းတို့သည်။ သန္တိ၊ ရှိကုန်၏။ တေသု၊ ထိုအဆွေ ခင်ပွန်းတို့တွင်။ ဧကော စ၊ တစ်ယောက်သား အဆွေခင်ပွန်းသည်လည်း။ သဗ္ဗကာမရသာဟရော၊ ဈာန်ချမ်းသာဟု ဆိုအပ်သော အလုံးစုံ လိုအပ်သော အရသာကို ဆောင်ခြင်းငှာ။ အလံ၊ စွမ်းနိုင်သည်။ ၊ မဟုတ်။ သဗ္ဗာပိ ပထဝီ၊ အလုံးစုံသော မြေသည်လည်း။ တဿ၊ ထိုမင်းအား။ သုခံ၊ ဈာန်ချမ်းသာကို။ န အာဝဟိဿတိ၊ မဆောင်လတ္တံ့။

ဓင်္ကမင်းသည် ဤလေးဂါထာတို့ကို နာရ၍ ဘုရားလောင်းကို ကန်တော့၍ မင်းအဖြစ်ကို အပ်နှင်း၍ သွား၏။ ဘုရားလောင်းသည်လည်း အမတ်တို့အား မင်းအဖြစ်ကို အပ်နှင်းခဲ့၍ ဟိမဝန္တာသို့ သွား၍ ရသေ့ရဟန်း ပြု၍ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဓင်္ကမင်း ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဃဋမင်း ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

စိုးရိမ်ပူဆွေး၊ ဒုက္ခပေး၊ ငိုကြွေးမနေရာ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဃဋဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၆။ ကောရဏ္ဍိယဇာတ်

အလိုမရှိသူကို ပေးခြင်းဖြင့် ပစ္စည်းတန်ဖိုးလျော့ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်ဘုရားသည် ဧကော အရညေ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကရဏ္ဍိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်သာရိပုတ္တရာ ဓဓထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏

ပစ္စုပ္ပန်ဝတ္ထု... အရှင်သာရိပုတ္တရာ မထေရ်သည် လာတိုင်း လာတိုင်းကုန်သော မုဆိုး တံငါအစရှိကုန်သော ဒုဿီလတို့အား မြင်တိုင်းမြင်တိုင်းလျှင် သီလကိုယူကုန်လော့၊ သီလကို ယူကုန်လော့ ဟု ဆို၍ သီလကိုပေး၏။ ထိုသူတို့သည် မထေရ်အား ခန့်ညားသည်၏ အဖြစ်ကြောင့် စကားကို ဖျက်ဆီးအံ့သောငှာ မဝံ့၍ သီလကိုယူကုန်၏။ ယူပြီး၍ သီလကို မစောင့်ရှောက်ကုန်၊ မိမိတို့၏။ အမှုတို့ကိုသာလျှင် ပြုကုန်၏။ မထေရ်သည် အတူနေတပည့်တို့ကိုခေါ်၍ ငါ့ရှင်တို့... ဤမည်သောလူတို့သည် ငါ့ထံ၌ သီလကို ယူကုန်၏။ ယူပြီး၍ သီလကို မစောင့်ရှောက်ကုန် ဟု ဆို၏။

အရှင်ဘုရား... အရှင်ဘုရားတို့သည် ထိုလူတို့အား အလိုမရှိဘဲလျက် သီလကို ပေးကုန်၏။ ထိုလူတို့သည် အရှင်ဘုရားတို့၏ စကားကို ဖျက်ဆီးအံ့သောငှာ မဝံ့၍ သီလကိုယူကုန်၏။ အရှင်ဘုရားတို့သည် ယနေ့မှစ၍ ဤသို့ သဘောရှိသော သူတို့အား သီလကို မပေးပါကုန်လင့် ဟု တပည့်တို့က လျောက်ကုန်၏။ မထေရ်သည် မနှစ်သက်သည် ဖြစ်၏။ ထိုအကြောင်းကို ကြား၍ တရားသဘင်၌ ရဟန်းတို့သည် ငါ့ရှင်တို့... အရှင်သာရိပုတ္တရာသည် မြင်တိုင်း မြင်တိုင်းသော လူတို့အားလျှင် သီလကိုပေး၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်ဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့- သာရိပုတ္တရာသည် ယခုအခါ၌သာလျှင် မြင်တိုင်း မြင်တိုင်းသောအရပ်၌ မတောင်းကုန်သော သူတို့အား သီလကို ပေးသည် မဟုတ်သေး၊ ရှေး၌လည်း မြင်တိုင်း မြင်တိုင်းသော အရပ်တို့၌ မတောင်းကုန်သော သူတို့အား သီလကို ပေးဖူး၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်ပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားအမျိုး၌ဖြစ်၍ အမည်အားဖြင့် ကောရဏ္ဍိယမည်၏။ ထိုကောရဏ္ဍိယသည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ဒိပါမောက္ခဆရာ၏ တပည့်ကြီး ဖြစ်၏။

လူတိုင်းကို သီလပေးခြင်း

ထိုအခါ ဒိသာပါမောက္ခဆရာသည် မြင်တိုင်းမြင်တိုင်းသော အရပ်၌ မတောင်းကုန်သော သူတို့အား သီလကိုယူကုန်လော့၊ သီလကိုယူကုန်လော့ ဟု သီလကို ပေး၏။ ထိုသူတို့သည် ယူပြီး၍လည်း မစောင့်ရှောက်ကုန်။ ဆရာသည် ထိုအကြောင်းကို တပည့်တို့အား ကြားလေ၏။ တပည့်တို့သည် ဆရာ... ဆရာတို့သည် ထိုသူတို့အား အလိုမရှိဘဲလျက် သီလကိုပေးကုန်၏။ ထို့ကြောင့် ထိုသူတို့သည် ဖျက်ဆီးကုန်၏။ ယနေ့မှစ၍ တောင်းကုန်သော သူတို့အားသာလျှင် သီလကို ပေးကုန်လော့။ မတောင်းကုန်သောသူတို့အား မပေးပါကုန်လင့် ဟု ဆိုကုန်၏။ ဒိသာပါမောက္ခဆရာလည်း နှလုံးမသာခြင်းသည် ဖြစ်၏။ ဤသို့ ဖြစ်သော်လည်း မြင်တိုင်း မြင်တိုင်းသော အရပ်တို့၌ သီလကို ပေးသည်သာလျှင်ဖြစ်၏။

ဆရာ့အကျင့်ကို ပျောက်စေခြင်း

ထိုအခါ တစ်နေ့သ၌ လူတို့သည် လာလတ်ကုန်၍ ပုဏ္ဏားတို့အား မင်္ဂလာရွတ်စိမ့်သောငှာ ဆရာကိုပင့်ဖိတ်ကုန်၏။ ဒိသာပါမောက္ခဆရာသည် ကောရဏ္ဍိယ လုလင်ကိုခေါ်၍ အမောင် မင်္ဂလာရွတ်ရာသို့ ငါမသွား၊ သင်သည် ပုဏ္ဏားလုလင် ငါးရာတို့ကိုခေါ်၍ မင်္ဂလာရွတ်ရာသို့သွားလော့၊ မင်္ဂလာရွတ်ခြင်း၏ ပူဇော်သက္ကာရ အလှူဝတ်ကိုခံ၍ ငါတို့၏ အစုကို ဆောင်ခဲ့လော့ ဟု ဆို၏။ ကောရဏ္ဍိယလုလင်သည် ကောင်းပြီ ဟု သွား၍ ပြန်လတ်သော် လမ်းအကြား၌ တစ်ခုသော ချောက်ကိုမြင်၍ ငါတို့ ဆရာသည် မြင်တိုင်းမြင်တိုင်းသော အရပ်တို့၌ မတောင်းကုန်သော သူတို့အား သီလကို ပေး၏။ ယနေ့မှစ၍ တောင်းသော သူတို့အားသာလျှင် သီလကို ပေးအောင် ငါပြုအံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုကောရဏ္ဍိယ လုလင်သည် တစ်ပါးသောလုလင်တို့ ချမ်းသာစွာ နေကုန်စဉ် ထ၍ ကြီးစွာသော ကျောက်ကိုချီ၍ ချောက်ထဲသို့ အဖန်တလဲလဲလျှင် ချ၏။

ဆရာတပည့် အချေအတင်

ထိုအခါ ကောရဏ္ဍိယ လုလင်ကို တစ်ပါးသောလုလင်တို့သည် ဆရာ.အဘယ့်ကြောင့် ဤသို့ပြုသနည်း ဟု ဆို၏။ ကောရဏ္ဍိယ လုလင်သည်။ တစ်စုံတစ်ခုသော စကားတို့ကို မဆို။ ထိုလုလင်တို့သည် လျင်မြန်စွာသွား၍ ဆရာအား ကြားကုန်၏။ ဆရာသည့ လာလတ်၍ ကောရဏ္ဍိယလုလင်နှင့်တကွ စကားပြောလိုရကား-

၃၄။ ဧကော အရညေ ဂိရိကန္ဒရာယံ၊
ပဂ္ဂယှ ပဂ္ဂယှ သေလံ ပဝေစ္ဆသိ။
ပုနပ္ပုနံ သန္တရမာနရူပေါ၊
ကောရဏ္ဍိယ ကောနု တဝ ယိဓတ္ထော။

ဟူသော ရှေးဦးစွာ ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၃၄။ ကောရဏ္ဍိယ၊ ကောရဏ္ဍိယ။ တွံ၊ သင်သည်။ အရညေ၊ တော၌။ ဧကော၊ တစ်ယောက်ထီး တည်း။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ သန္တရမာနရူပေါ၊ လျင်မြန်သော သဘောရှိသည်ဖြစ်၍။ သေလံ၊ ကျောက်ကို။ ပဂ္ဂယှ ပဂ္ဂယှ၊ ယူ၍ ယူ၍။ ဂိရိကန္ဒရာယံ၊ တောင်ချောက်၌။ ပဝေစ္ဆသိ၊ ချ၏။ ဣဓ၊ ဤချောက်ကိုဖို့ရာ၌။ တဝ၊ သင်အား။ ကော အတ္ထော နု၊ အဘယ်အကျိုးရှိသနည်း။

ကောရဏ္ဍိယ လုလင်သည် ထိုစကားကိုကြား၍ ဆရာကို သိစေလိုရကား-

၃၅။ အဟဉှိ မံ သာဂရသေဝိတန္တံ၊
သမံ ကရိဿာမိ ယထာပိ ပါဏိ။
ဝိကိရိယ သာနူနိ စ ပဗ္ဗတာနိ စ၊
တသ္မာ သေလံ ဒရိယာ ပက္ခိပါမိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၅။ အာစရိယ၊ ဆရာ။ သာဂရသေဝိတန္တံ၊ မြစ် သမုဒ္ဒရာတို့သည် မှီဝဲရာဖြစ်သော။ ဣမံ ပထဝိံ၊ ဤမြေကို။ သာနူနိ စ၊ မြေတောင်တို့ကို လည်းကောင်း။ ပဗ္ဗတာနိ စ၊ ကျောက်တောင်တို့ကိုလည်းကောင်း။ ဝိကိရိယ၊ ဖြို၍။ ပါဏိ ယထာပိ၊ လက်ဝါးပြင်ကဲ့သို့လည်း။ သမံ၊ ညီညွတ်သည်ကို။ ကရိဿာမိ၊ ပြုအံ့။ တသ္မာ ဟိ၊ ထို့ကြောင့်လျှင်။ အဟံ၊ ငါသည်။ သေလံ၊ ကျောက်ကို။ ဒရိယာ၊ ချောက်၌။ ပက္ခိပါမိ၊ ချ၏။

ထိုစကားကိုကြား၍ ဆရာပုဏ္ဏား သည်-

၃၆။ န ယိမံ မဟိံ အရဟတိ ပါဏိကမ္မံ၊
သမံ မနုဿော ကရဏာယ မေကော။
မညာမိ မညေဝ ဒရိံ ဇိဂီသံ၊
ကောရဏ္ဍိယ ဟဟသိ ဇီဝလောကံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၆။ ကောရဏ္ဍိယ၊ ကောရဏ္ဍိယ။ ဧကော၊ တစ်ယောက်သော။ မနုဿော၊ လူသည်။ ဣမံမဟိံ၊ ဤမြေကြီးကို။ ပါဏိကမ္မံ၊ လက်ဝါးပြင်ကဲ့သို့လုပ်၍။ သမံ၊ ညီညွတ်စွာ။ ကရဏာယ၊ ပြုခြင်းငှာ။ န အရဟတိ၊ မတတ်ကောင်း။ ဣမညေဝ ဒရိံဇိဂီသံ၊ ဤချောက်ကို ပြည့်စေခြင်းငှာ ကျောက်တို့ကို ရှာစဉ်လျှင်။ တွံ၊ သင်သည်။ ဣမံ ဇီဝလောကံ၊ ဤလူ့ပြည်ကို ဟာဟသိ၊ စွန့်ရအံ့ဟူ၍။ မညာမိ၊ ငါ ထင်၏။

ထိုစကားကို ကြား၍ ကောရဏ္ဍိယ လုလင်သည်-

၃၇။ သစေ အဟံ ဘူတဓရံ န သက္ကာ၊
သမံ မနုဿော ကရဏာယ မေကော။
ဧဝမေဝ တွံ ဗြဟ္မေ ဣမေ မနုဿေ၊
နာနာဒိဋ္ဌိကေ နာနယိဿသိ တေ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၇။ ဗြဟ္မေ၊ ဆရာပုဏ္ဏား။ ဧကော၊ တစ်ယောက်သော။ မနုဿော၊ လူဖြစ်သော။ အဟံ၊ အကျွန်ုပ်သည်။ ဘူတဓရံ၊ မြေကြီးကို။ သမံကရဏာယ၊ ညီညွတ်စွာပြုခြင်းငှာ။ သစေ န သက္ကာ၊ အကယ်၍ မတတ်နိုင်ငြားအံ့။ ဧဝမေဝ၊ ဤအတူလျှင်။ တွံ၊ သင်ဆရာသည်။ နာနာဒိဋ္ဌိကေ၊ အထူးထူးသော အယူရှိကုန်သော။ ဣမေ မနုဿေ၊ ဤလူတို့ကို။ န အာနယိဿသိ၊ မိမိ၏အလိုသို့ ဆောင်ခြင်းငှာ မတတ်နိုင်လတ္တံ့။

ထိုစကားကိုကြား၍ ဆရာသည် ကောရဏ္ဍိယ... သင်သည်ကား သင့်သောစကားကို ဆို၏။ ငါသည် ဤသို့ သဘောရှိသော အမှုကို မပြုအံ့ ဟု မိမိ ချွတ်ယွင်းသော အဖြစ်ကိုသိ၍-

၃၈။ သံခိတ္တရူပေန တုဝံ မမတ္ထံ၊
အက္ခာသိ ကောရဏ္ဍိယ ဧဝမေတံ၊
ယထာ န သက္ကာ ပထဝီ သမာယံ၊
ကတုံ မနုဿေန တထာ မနုဿာ-

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၈။ ကောရဏ္ဍိယ၊ ကောရဏ္ဍိယ လုလင်။ တွံ၊ သင်သည်။ မမ၊ ငါ့အား။ သံခိတ္တရူပေန၊ အကျဉ်းချုံးသော ဥပမာဖြင့်။ အတ္ထံ၊ အကျိုးကို။ အက္ခာသိ၊ ဆို၏။ ဧတံ၊ ထိုသင့်စကားသည်။ ဧဝံ၊ သင်ဆိုတိုင်းမှန်၏။ အယံ ပထဝီ၊ ဤမြေကို။ သမံ၊ ညီညွတ်စွာ။ ကာတုံ၊ ပြုခြင်းငှာ။ န သက္ကာ ယထာ၊ မတတ်ကောင်းသကဲ့သို့။ တထာ၊ ထို့အတူ။ မနုဿေန၊ လူသည်။ မနုဿာ၊ လူတို့ကို။ သမံ၊ ညီညွတ်သည်ကို။ ကာတုံ၊ ပြုခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။

ဤသို့ ဆရာသည် လုလင်အား ချီးမွမ်းခြင်းကိုပြု၏။ ပြုပြီး၍ တပည့်ဆိုသောအနက်ကို သိ၍ အိမ်သို့ ဆောင်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဟောတော်မူ၍ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဆရာပုဏ္ဏား ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကောရဏ္ဍိယ လုလင် ဖြစ်ဖူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

မြေတိုင်းမညီ၊ လူတိုင်းသည်။ မညီကြနိုင်ပေ

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကောရဏ္ဍိယဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၇။ လဋုကိကဇာတ်

အားနည်းသောသူကို နိုင်ထက်ကလူ မမူအပ်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဝန္ဒာမိ တံ ကုဉ္ဇရ သဋ္ဌိဟာယနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤလဋုကိကဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ "ငါ့ရှင်တို့ ဒေဝဒတ်သည် ကြမ်းကြုတ်ရုန့်ရင်း၏။ နိုင်ထက်ကလူ မူတတ်၏။ ဒေဝဒတ်အား သတ္တဝါတို့၌ သနားခြင်းသည်လည်း မရှိ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ... ဒေဝဒတ်သည် ယခုအခါ၌ သာလျှင် ကရုဏာမရှိသည် မဟုတ်သေး၊ ရှေး၌လည်း ကရုဏာ မရှိသည်သာလျှင်တည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဆင်မျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ကြည်ညိုဖွယ်ရှိ၏။ ကြီးသောကိုယ် ရှိ၏။ ဆင်ရှစ်သောင်း ခြံရံလျက် ဆင်မင်းဖြစ်၍ ဟိမဝန္တာ၌ နေ၏။

ငှက်မလေး တောင်းပန်၍လွတ်ပြီ

ထိုအခါ တစ်ခုသော နှံစုတ်ငှက်မသည် ဆင်တို့၏ သွားလာရာ အရပ်၌ အဥတို့ကိုထား၏။ အဥတို့သည် ရင့်ကုန်လတ်သော် ငှက်ငယ်တို့သည် ပေါက်ကုန်၏။ ထိုငှက်ငယ်တို့သည် အတောင်မရောက်ကုန်သေးသည်ဖြစ်၍ ပျံခြင်းငှာ မစွမ်းနိုင်မီလျှင် ဘုရားလောင်းသည် ဆင်ရှစ်သောင်း ခြံရံလျက် အစာရှာအံ့သောငှာ ထိုအရပ်သို့ ရောက်၏။ ထိုဘုရားအလောင်းကို နှံစုတ်ငှက်မသည် မြင်၍ ဤဆင်မင်းသည် ငါ့သားငယ်တို့ကို နင်း၍ သတ်လတ္တံ့၊ ယခု သားငယ်တို့၏ အရံအတားအကျိုးငှာ ဆင်မင်းကို တရားနှင့်ညီလျော်သော အစောင့်အရှောက်ကို တောင်းအံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုနှံစုတ်ငှက်မသည် အတောင်နှစ်ဖက်တို့ကို ယှက်၍ ဆင်မင်း၏ရှေ့၌ ရပ်၍ -

၃၉။ ဝန္ဒာမိ တံ ကုဉ္ဇရ သဋ္ဌိဟာယနံ၊
အာရညကံ ယူထပတိံ ယသဿိံ။
ပက္ခေဟိ တံ ပဉ္စလိကံ ကရောမိ၊
မာ မေ ဝဓိ ပုတ္တကေ ဒုဗ္ဗလာယ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၉။ ကုဉ္ဇရ၊ ဆင်မင်း။ သဋ္ဌိဟာယနံ၊ အနှစ်ခြောက်ဆယ်ရှိသောကာလ၌ အားယုတ်သော။ အာရညကံ၊ တော၌ကျတ်စားသော။ ယူထပတိံ၊ ဆင်အပေါင်း၏ မင်းဖြစ်သော။ ယသဿိံ၊ များသောအခြံအရံရှိသော။ တံ၊ သင့်ကို။ အဟံ၊ ငါသည်။ ဝန္ဒာမိ၊ ရှိခိုးပါ၏။ ပက္ခေဟိ၊ အတောင်တို့ဖြင့်။ ပဉ္ဇလိကံ၊ လက်အုပ်ချီခြင်းကို။ ကရောမိ၊ ပြု၏။ ဒုဗ္ဗလာယ၊ အားနည်းသော။ မေ၊ ငါ၏။ ပုတ္တကေ၊ သားငယ်တို့ကို။ မာ ဝဓိ၊ မသတ်ပါလင့်။

ဘုရားအလောင်းသည် နှံစုတ်ငှက်မငယ်... သင် မစိုးရိမ်လင့်၊ ငါသည် သင့်သားတို့ကို စောင့်ရှောက်အံ့ ဟုဆို၍ ငှက်ငယ်တို့၏ အထက်၌ ရပ်၍ ရှစ်သောင်းသော ဆင်တို့သည် သွားကုန်ပြီးသော် နှံစုတ်ငှက်မကိုခေါ်၍ နှံစုတ်ငှက်မငယ်... ငါတို့နောက်၌ တစ်စီးတည်းသော ဆင်သည် လာလတ္တံ့၊ ထိုဆင်သည် ငါတို့စကားကို နားမထောင်လတ္တံ့၊ ထိုဆင်လာလတ်သော် ထိုဆင်ကိုလည်း တောင်းပန်၍ သားငယ်တို့၏ ချမ်းသာခြင်းကို ပြုရစ်လော့ ဟု ဆို၍ သွား၏။

တောင်းပန်သော်လည်း ဒုက္ခပေး

နှံစုတ်ငှက်မငယ်သည်လည်း ထိုဆင်မင်းအား ခရီးဦး ကြိုဆို၍ အတောင်နှစ်ဖက်တို့ဖြင့် လက်အုပ် ချီ၍-

၄၀။ ဝန္ဒာမိ တံ ကုဉ္ဇရ ဧကစာရိံ၊
အာရညကံ ပဗ္ဗတသာနုဂေါစရံ။
ပက္ခေဟိ တံ ပဉ္ဇလိကံ ကရောမိ၊
မာ မေ ဝဓိ ပုတ္တကေ ဒုဗ္ဗလာယ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၀။ ကုဉ္ဇရ၊ ဆင်မင်း။ ဧကစာရိံ၊ တစ်စီးတည်းသာ ကျက်စားလေ့ရှိသော။ အာရညကံ၊ တော၌နေသော။ ပဗ္ဗတသာနုဂေါစရံ၊ ကျောက်တောင် မြေတောင်တို့၌ အစာကိုရှာသော။ တံ၊ သင့်ကို ပက္ခေဟိ၊ အတောင်တို့ဖြင့်။ အဟံ၊ ငါသည်။ ပဉ္ဇလိကံ၊ လက်အုပ်ချီခြင်းကို။ ကရောမိ၊ ပြု၏။ ဒုဗ္ဗလာယ၊ အားနည်းသော။ မေ၊ ငါ၏။ ပုတ္တကေ၊ သားငယ်တို့ကို။ မာ ဝဓိ၊ မသတ်ပါလင့်။

ထိုဆင်သည် နှံစုတ်ငှက်မငယ်၏ စကားကိုကြား၍-

၄၁။ ဝဓိဿာမိ တေ လဋုကိကေ ပုတ္တကာနိ၊
ကိံ မေ တုဝံ ကာဟသိ ဒုဗ္ဗလာသိ။
သတံ သဟဿာနိပိ တာဒိသီနံ၊
ဝါမေန ပါဒေန ပပေါထယေယျံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၁။ လဋုကိကေ၊ နှံစုတ်ငှက်မငယ်။ တေ၊ သင်၏။ ပုတ္တကာနိ၊ သားငယ်တို့ကို။ ဝဓိူာမိ၊ ငါသတ်အံ့။ တွံ၊ သင်သည်။ ဒုဗ္ဗလာ၊ အားနည်းစွာသည်။ အသိ၊ ဖြစ်၏။ တွံ၊ သင်သည်။ မေ၊ ငါ့အား။ ကိံ ကာဟသိ၊ အသို့ပြုနိုင်လတ္တံ့နည်း။ တာဒိသီနံ၊ သင်ကဲ့သို့ သဘောရှိကုန်သော။ သတသဟဿာနိပိ၊ တစ်သိန်းသော ငှက်မတို့ကိုလည်း။ ဝါမေန ပါဒေန၊ လက်ဝဲခြေဖြင့်သာ။ ပပေါထယေယျံ၊ ငါသတ်အံ့။

ဤသို့ဆို၍ ထိုဆင်သည် နှံစုတ်ငှက်မငယ်၏ သားငယ်တို့ကို ခြေဖြင့်နင်းချေ၍ ကျင်ငယ်ဖြင့် မျောစေ၍ မြည်ဟည်းလျက် ဖဲ၏။

နှံပြည်စုတ်ငှက်ကြိမ်းမောင်းသံ

နှံစုတ်ငှက်မငယ်သည် သစ်ခက်၌နား၍ ယခု သင်သည် မြည်ဟည်းလျက် သွား၏။ နှစ်ရက် သုံးရက်ဖြင့် ငါ့အမှုကို မြင်ရလတ္တံ့၊ ကိုယ်အားထက် ဉာဏ်အားကြီးသော အဖြစ်ကို သင်မသိနိုင်သည် ဖြစ်စေဦး၊ သင့်ကို သိစေအံ့ ဟု ခြိမ်းခြောက်၍လျှင်-

၄၂။ န ဟေဝ သဗ္ဗတ္ထ ဗလေန ကိစ္စံ၊
ဗလံ ဟိ ဗာလဿ ဝဓာယ ဟောတိ၊
ကရိဿာမိ တေ နာဂရာဇ အနတ္ထံ၊
ယော မေ ဝဓိ ပုတ္တကေ ဒုဗ္ဗလာယ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၂။ နာဂရာဇ၊ ဆင်မင်း။ သဗ္ဗတ္ထ၊ အလုံးစုံသောအရာ၌။ ဗလေန၊ အားဖြင့်။ ကိစ္စံ၊ ပြုအပ်သည်။ န ဟေဝ၊ မဟုတ်သလျှင်တည်း။ ဟိသစ္စံ၊ မှန်၏။ ဗလံ၊ ကိုယ်အားသည်။ ဗာလဿ၊ လူမိုက်အား။ ဝဓာယ၊ သတ်ခြင်းငှာ။ ဟောတိ၊ ဖြစ်၏။ ယော တွံ၊ အကြင်သင်သည်။ ဒုဗ္ဗလာယ၊ အားနည်းသော။ မေ၊ ငါ၏။ ပုတ္တကေ၊ သားငယ်တို့ကို။ ဝဓိ၊ သတ်၏။ တေ၊ သင်၏။ အနတ္ထံ၊ အကျိုးမဲ့ကို။ ကရိဿာမိ၊ ငါပြုအံ့။

မိတ်ဆွေဖွဲ့၍ အကူအညီတောင်းပုံ

နှံစုတ်ငှက်မငယ်သည် ဤသို့ဆို၍ နှစ်ရက်သုံးရက် တစ်ခုသောကျီးကို ခစား၍ ထိုကျီးသည် နှစ်သက်သဖြင့် သင်၏ အဘယ် အမှုကို ငါပြုရအံ့နည်း ဟု မေးလတ်သော် အရှင်... အကျွန်ုပ်အား တပါးသော ပြုဖွယ်ကိစ္စမရှိ၊ တစ်ခုသော ဧကစာရဆင်၏ မျက်စိတို့ကို အရှင်တို့သည် နှုတ်သီးဖြင့်ထိုး၍ ဖောက်ခြင်းတို့ကို အကျွန်ုပ် တောင့်တ၏ ဟု ဆို၏။ ကျီးသည် ကောင်းပြီ ဟု ဝန်ခံ၏။

တစ်ခုသော ယင်မမဲရိုင်းကို ခစား၏။ ထို ယင်မမဲရိုင်းသည်လည်း ငါသည် အဘယ်မည်သော သင့်ကိစ္စကို ပြုရအံ့နည်း ဟု မေးလတ်သော် ဤအကြောင်းကြောင့် ဧကစာရဆင်၏ မျက်စိတို့သည် ပေါက်ကုန်လတ်သော် ထိုမျက်စိတို့၌ အရှင်တို့သည် ပိုးလောက်ကို ချစိမ့်သောငှာ အကျွန်ုပ်အလိုရှိ၏ ဟု ဆို၍ ထိုယင်မမဲရိုင်းသည်လည်းကောင်းပြီဟု ဆိုလတ်သော် တစ်ခုသေ ဖားသို့ ခစား၍ ဖားသည် သင်၏ အဘယ်အမှုကို ပြုရအံ့နည်း ဟု မေးလတ်သော် အကြင်အခါ၌ ထိုဧကစာရဆင်သည် ကန်းသည်ဖြစ်၍ ရေကို ရှာလတ္တံ့။ ထိုအခါ တောင်ထိပ်၌ နေ၍ အသံပြုလော့။ ထိုဆင်သည် တောင်ထိပ်သို့ တက်လတ်သော် ဆင်းသက်၍ ချောက်ကမ်းပါးပြတ်၌ အသံပြုလော့၊ အကျွန်ုပ်သည် အရှင်တို့ထံမှ ထိုအမှုကို တောင့်တ၏ ဟု ဆို၏။ ဖားသည် ကောင်းပြီ ဟုဝန်ခံ၏။

ဆင်မိုက်ကြီးသေရပြီ

ထိုအခါ တစ်နေ့သ၌ ကျီးသည် ဆင်၏ မျက်စိနှစ်ဖက်တို့ကို နှုတ်သီးဖြင့် ဖောက်၏။ ယင်မမဲရိုင်းသည် ပိုးလောက်တို့ကို လွှတ်၏။ ဆင်သည် ပိုးလောက်ကိုက်၍ ဝေဒန၁သို့ရောက်လျက် ရေငတ်သည်ဖြစ်၍ ရေရှာသွား၏။ ထိုအခါ ဖားသည် တောင်ထိပ်၌နေ၍ အသံပြု၏။ ဆင်သည် ထိုအရပ်၌ ရေရှိသည် ဖြစ်လတ္တံ့ဟု တောင်ထိပ်သို့တက်၏။ ထိုအခါ ဖားသည် ဆင်းသက်၍ တောင်ကမ်းပါး၌ တည်၍ အသံပြု၏။ ဆင်သည် ထိုအရပ်၌ ရေရှိသည် ဖြစ်လတ္တံ့ ဟု ကမ်းပါးပြတ်သို့ ရှေးရှုလာလတ်သော် ကျ၍ သေ၏။

နှံစုတ်ငှက်မငယ်သည့် ဆင်သေသည်၏ အဖြစ်ကို သိ၍ ရန်သူ၏ ပျက်စီးခြင်းကို မြင်ရပြီ ဟု နှစ်သက်ဝမ်းသာ ဆင်ကျောက်ကုန်း၌ လူးလာသွား၍ ကံအားလျော်စွာ လား၏။

ရန်မဖြစ်ကြနှင့်

သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ ... ရန်မည်သည်ကို တစ်စုံတစ်ယောက်သော သူနှင့်တကွ မပြုအပ်၊ ဤသို့လျှင် အားနှင့်ပြည့်စုံသောဆင်ကို လေးခုကုန်သော သတ္တဝါတို့သည် တစ်ပေါင်းတည်း ဖြစ်ကုန်၍ အသက်ကုန်ခြင်းသို့ ရောက်စေကုန်၏ ဟု ပြတော်မူအံ့သောငှာ-

၄၃။ ကာကဉ္စ ပဿ လဋုကိကံ၊ မဏ္ဍူကံ နီလမက္ခိကံ။
ဧတေ နာဂံ အဃာတေသုံ၊ ပဿ ဝေရဿ ဝေရိနံ။
တသ္မာ ဟိ ဝေရံ န ကယိရာထ၊ အပ္ပိယေနပိ ကေနစိ-

ဟူသော ဤဂါထာကို ဟောတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။

֍ ဋ္ဌ ၄၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ကာကဉ္စ၊ ကျီးကိုလည်းကောင်း။ လဋုကိကဉ္စ၊ နှံစုတ်ငှက်မကိုလည်းကောင်း။ မဏ္ဍူကဉ္စ၊ ဖားကိုလည်းကောင်း။ နီလမက္ခိကဉ္စ၊ ယင်မမဲရိုင်းကို လည်းကောင်း။ ပဿ၊ ရှုလော့။ ဧတေ၊ ထိုလေးခုသော သတ္တဝါတို့သည်။ နာဂံ၊ ဆင်ကို။ အဃာတေသုံ၊ သတ်နိုင်ကုန်ပြီ။ ဝေရီနံ၊ ရန်သူတို့၏။ ဝေရဿ၊ ရန်၏။ ဂတိံ၊ ဖြစ်ခြင်းကို။ ပဿ၊ ရှုလော့။ တသ္မာဟိ၊ ထို့ကြောင့်လျှင်။ အပ္ပိယေန၊ မချစ်အပ်သော။ ကေနစိပိ၊ တစ်စုံတစ်ယောက်သော သူနှင့်လည်း။ သဒ္ဓိံ၊ တကွ။ ဝေရံ၊ ရန်ကို။ န ကယိရာထ၊ မပြုရာ။

ဇာတ်ပေါင်း... အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ဒေဝဒတ်သည် ထိုအခါ ဧကစာရီဆင် ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဆင်မင်း ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကျီး, ယင်, ငှက်, ဖား၊ လေးဦးသား၊ စိတ်အားညီနေ ဆင်ကြီးသေ

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော လဋုကိကဇာတ်သည်ပြီး၏။

*****

ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၈။ စူဠဓမ္မပါလဇာတ်

လက်ခြေကို ဖြတ်သော်လည်း မငိုကြွေးသော ဘုရားအလောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အဟမေဝ ဒူသိယာ ဘူနဟတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠဓမ္မပါလဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်သည် သဗ္ဗညူမြတ်စွာဘုရားအား သတ်အံ့သောငှာ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

တစ်ပါးသောဇာတ်တို့၌ ဒေဝဒတ်သည် ဘုရားလောင်းကို ထိတ်လန့်စေခြင်းကိုလည်း ပြုအံ့သောငှာ မတတ်နိုင်၊ ဤစူဠဓမ္မပါလဇာတ်၌ကား ဘုရားလောင်း၏ ခုနစ်လရှိသောကာလ၌ လက်ခြေ ဦးခေါင်းတို့ကို ဖြတ်စေ၍ သန်လျက်ပန်း မည်သည်ကို ပြုစေ၏။ ဒဒ္ဒရဇာတ်၌လည်း လည်ကိုကိုင်၍ သတ်၍ ခုံလောက်၌ အသားကို ချက်၍ စား၏။ ခန္တိဝါဒီ ဇာတ်၌လည်း နှစ်ခုသော ကြိမ်တို့ဖြင့် အချက်တစ်ထောင် ရိုက်ခတ်ခြင်းတို့ဖြင့် ရိုက်ခတ်၍ လက် ခြေ, နား နှာခေါင်းတို့ကို ဖြတ်စေ၍ မောင်းတို့၌ ကိုင်စေ၍ ငင်ထုတ်စေ၍ ပက်လက်အိပ်၍ ရင်၌ ခြေဖြင့်ကျောက်၍ သွား၏။ ဘုရားလောင်းသည် ထိုနေ့၌ အသက်ကုန်ခြင်းသို့ရောက်၏။ စူဠနန္ဒိယဇာတ်၌လည်းကောင်း၊ မဟာကပိဇာတ်၌လည်းကောင်း ဘုရားလောင်းကို သေစေ၏။ ဤအတူလျှင် ဘုရားဖြစ်သောကာလ၌လည်း အခါလေးမြင့် သတ်အံ့သောငှာ လုံ့လပြု၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအခါ ရဟန်းတို့သည် တစ်နေ့သတရားသဘင်ဝယ် ငါ့ရှင်တို့ ဒေဝဒတ်သည် ဘုရားအား သတ်အံ့သောငှာလျှင် လုံ့လပြု၏။ ဘုရားကိုသတ်အံ့ဟု လေးသမားတို့ကို စေ၏။ ကျောက်ကိုလှိမ့်၏။ နာဠာဂိရိဆင်ကို လွှတ်၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည် ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌ သာလျှင် ငါ့အား သတ်အံ့သောငှာ လုံ့လပြုသည်မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုသည်သာလျှင်ကတည်း၊ ယခုအခါ၌ကား ထိတ်လန့်ခြင်းမျှကိုလည်း ပြုအံ့သောငှာ မတတ်နိုင်၊ ရှေး ဓမ္မပါလမင်းသား ဖြစ်သောကာလ၌ မိမိသားဖြစ်သော ငါ့ကို အသက်ကုန်ခြင်းသို့ ရောက်စေ၍ သန်လျက်ပန်း ပြုဖူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗရာဏသီပြည်၌ မဟာပတာပ မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်း၏ စန္ဒာဒေဝီအမည်ရှိသော မိဖုရားကြီးဝမ်း၌ ဖြစ်၏။ ဓမ္မပါလ ဟူသော အမည်ကို မှည့်၏။ ထိုဓမ္မပါလမင်းသားကို ခုနစ်လရှိသော ကာလ၌ မယ်တော်သည် နံ့သာရေဖြင့် ရေချိုး၍ ကစားစေလျက် နေ၏။ မင်းသည် မိဖုရားနေရာ အရပ်သို့ သွား၏။ မိဖုရားသည် သားကို ကစားစေလျက် သား၌ ချစ်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ မင်းကိုမြင်၍လည်း နေရာမှ မထ။ မင်းသည် မိဖုရားကား ယခုကပင်လျှင် သားကိုမှီ၍ မာနကိုပြု၏။ ငါ့ကို တစ်စုံတစ်ခုမျှ မမှတ်၊ သားကြီးသည်ရှိသော်ကား ငါ၌ လူဟူသော အမှတ်ကိုမျှ မပြုလတ္တံ့၊ ယခုပင်လျှင် ထိုမင်းသားကို သတ်အံ့ဟု ကြံပြီး၍ မင်းသည် ပြန်လည်၍ မင်း၏နေရာ၌ နေ၍ မိမိ အစီအရင်ဖြင့် လာစေ ဟု ခိုးသူသတ်ကို ခေါ်စေ၏။

ခိုးသူ သတ်သည် ဖန်ရည်စွန်းသောအဝတ်ကို ဝတ်လျက် နီသောပန်းကို ပန်လျက် ပုဆိန်ကို ပခုံး၌ထား၍ စဉ်းတီတုံးကိုယူ၍ မင်းအထံသို့ လာ၍ မင်းကိုရှိခိုး၍ အရှင်မင်းကြီး အဘယ်ကို ပြုရအံ့နည်းဟုဆို၍ ရပ်၏။ အသရေရှိသော အိပ်ရာတိုက်ခန်းသို့သွား၍ ဓမ္မပါလကို ဆောင်ချေဟု ဆို၏။ မိဖုရားသည်လည်း မင်းသည် အမျက်ထွက်၍ ပြန်လည်သော အဖြစ်ကိုသိ၍ ဘုရားလောင်းကို ရင်၌အိပ်စေ၍ ငိုလျက်နေ၏။ ခိုးသူသတ်သည် သွား၍ မိဖုရားကို ကျောက်၌ ပုတ်ခတ်၍ လက်မှ မင်းသားကိုယူ၍ မင်း၏အထံသို့ သွား၍ အရှင်မင်းကြီး... အဘယ်သို့ ပြုရအံ့နည်းဟု ဆို၏။ မင်းသည် တစ်ခုသောပျဉ်ကို ဆောင်စေ၍ ရှေ့မှချ၍ ပျဉ်၌ ဓမ္မပါလကို အိပ်စေလော့ဟု ဆို၏။ စန္ဒာဒေဝီသည် သား၏နောက်မှ ငိုလျက် လိုက်၏။ တစ်ဖန် ခိုးသူသတ်သည် အရှင်မင်းကြီး... အသို့ပြုရအံ့နည်း ဟု ဆို၏။ ဓမ္မပါလ၏ လက်တို့ကို ဖြတ်လော့ ဟု ဆို၏။ စန္ဒာဒေဝီသည် မြတ်သောမင်းကြီး ခုနစ်လလျှင်ရှိသော ငယ်သေးသော ကျွန်ုပ်သားသည် တစ်စုံတစ်ခုကို မသိ၊ သားအား အပြစ်သည် မရှိ၊ ထိုအပြစ်သည် ဖြစ်လတ်သော် အကျွန်ုပ်သာ ဖြစ်ရာ၏။ ထိုကြောင့် အကျွန်ုပ်၏ လက်တို့ကို ဖြတ်လော့ဟု ပြလိုရကား-

၄၄။ အဟမဝ ဒူသိယာ ဘူနဟတာ၊ ရညော မဟာပတာပဿ။
ဧတံ မုဉ္စတု ဓမ္မလံ၊ ဟတ္ထေ မေ ဒေဝ ဆေဒေဟိ။

ဟူသော ရှေးဦးသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၄။ အဟမေဝ၊ အကျွန်ုပ်သည်သာလျှင် မဟာပတာပဿ ရညော၊ မဟာပတာပမင်း၏။ ဒူသိယာ၊ အပြစ်ကိုပြု၏။ ဘူန ဟတာ၊ အစီးအပွားကို ဖျက်ဆီး၏။ ဒေဝ၊ မင်းကြီး။ ဧတံ ဓမ္မပါလံ၊ ဤဓမ္မပါလကို။ မုဉ္စတု၊ လွှတ်လော့။ မေ၊ အကျွန်ုပ်၏။ ဟတ္ထေ၊ လက်တို့ကို။ ဆေဒေဟိ၊ ဖြတ်စေလော့။

မင်းသည် ခိုးသူသတ်ကို ကြည့်၏။ မြတ်သော မင်းကြီး... အဘယ်သို့ ပြုရအံ့နည်း ဟု ခိုးသူသတ်သည် ဆို၏။ ကြာမြင့်ခြင်းကို မပြုမူ၍ လက်တို့ကို ဖြတ်လော့ ဟု ဆို၏။ ထိုခဏ၌ ခိုးသူသတ်သည် ထက်စွာသော ပုဆိန်ကိုယူ၍ မင်းသား၏ လက်နှစ်ဖက်ကို နုစွာသောဝါးမှ ပေါက်သော အညှောက်တို့ကိုကဲ့သို့ ဖြတ်၏။ မင်းသားသည် လက်တို့ကို ဖြတ်အပ်ကုန်သည်ရှိသော် မျက်ရည်မယို၊ မငိုမူ၍လျှင် ခန္တီမေတ္တာကို ရှေ့ထား၍ သည်းခံ၏။ စန္ဒာဒေဝီသည်ကား ဖြတ်အပ်သော လက်စွန်းကိုယူ၍ ခါးပိုက်၌ထား၍ သွေးလိမ်းသည်ဖြစ်၍ ငိုလျက်သွား၏။ တစ်ဖန် သူသတ်သည် မြတ်သောမင်းကြီး ... အဘယ်သို့ ပြုရအံ့နည်းဟု မေး၏။ ခြေနှစ်ဖက်တို့ကို ဖြတ်လော့ ဟု ဆို၏။ ထိုစကားကို ကြား၍ စန္ဒဒေဝီသည်-

၄၅။ အဟမေဝ ဒူသိယာ ဘူနဟတာ၊ ရညော မဟာပတာပဿ။
ဧတံ မုဉ္စတု ဓမ္မပါလံ၊ ပါဒေ မေ ဒေဝ ဆေဒေဟိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၅။ ဒေဝ၊ မင်းကြီး။ အဟမေဝ၊ အကျွန်ုပ်သည်သာလျှင်။ မဟာပတာပဿ ရညော၊ မဟာပတာပမင်း၏။ ဒူသိယာ၊ အပြစ်ကိုပြု၏။ ဘူနဟတာ၊ အစီးအပွားကို ဖျက်ဆီး၏။ ဧတံ ဓမ္မပါလံ၊ ဤဓမ္မပါလကို။ မုဉ္စတု၊ လွှတ်လော့။ မေ၊ အကျွန်ုပ်၏။ ပါဒေ၊ ခြေတို့ကို။ ဆေဒေဟိ၊ ဖြတ်စေလော့။

မင်းသည်လည်း တစ်ဖန် ခိုးသူသတ်ကို စေ၏။ ခိုးသူ သတ်သည် ခြေနှစ်ဖက်တို့ကိုလည်း ဖြတ်၏။ စန္ဒာဒေဝီသည် ခြေတို့ကိုလည်း ခါးပိုက်၌ထား၍ သွေးလိမ်းကျံသည် ဖြစ်၍ ငိုလျက် အရှင်မဟာတာပမင်း လက်ခြေပြတ်ကုန်သော သားတို့ကို အမိသည် လုပ်ကျွေးအပ်ကုန်၏။ ကျွန်ုပ်သည် အခစားပြု၍ ကျွန်ုပ်သားကို လုပ်ကျွေးအံ့၊ ကျွန်ုပ်အား ဤသားကို ပေးလော့ဟု ဆို၏။ ခိုးသူသတ်သည် မင်းကြီး အကျွန်ုပ်ကိစ်စ ပြီးပြီလောဟု မေး၏။ မပြီးသေး ဟု ဆို၏။ မြတ်သောမင်းကြီး- အဘယ်သို့ ပြုရအံ့နည်းဟု ဆို၏။ ဓမ္မပါလ၏ ဦးခေါင်းကို ဖြတ်လော့ဟု ဆို၏။ ထိုစကားကိုကြား၍ စန္ဒာဒေဝီသည်-

၄၆။ အဟမေဝ ဒူသိယာ ဘူနဟတာ၊ ရညော မဟာပတာပဿ။
ဧတံ မုဉ္စတု ဓမ္မပါလံ၊ သီသံ မေ ဒေဝ ဆေဒေဟိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၆။ ဒေဝ၊ မင်းကြီး။ အဟမေဝ၊ အကျွန်ုပ်သည်သာလျှင်။ မဟာပတာပဿ ရညော၊ မဟာပတာပ မင်း၏။ ဒူသိယာ၊ အပြစ်ကိုပြု၏။ ဘူနဟတာ၊ အစီးအပွားကို ဖျက်ဆီး၏။ ဧတံ ဓမ္မပါလံ၊ ဤဓမ္မပါလကို။ မုဉ္စတု၊ လွှတ်လော့။ မေ၊ အကျွန်ုပ်၏။ သီသံ၊ ဦးခေါင်းကို။ ဆေဒေဟိ၊ ဖြတ်စေလော့။

မယ်တော်ငိုပွဲ နှလုံးကွဲ

ဤသို့ဆိုပြီး၍လည်း မိမိ၏ဦးခေါင်းကို ညွှတ်၍ ခံ၏။ တစ်ဖန် ခိုးသူသတ်သည် မြတ်သောမင်းကြီး၊ အဘယ်သို့ ပြုရအံ့နည်းဟု ဆို၏။ သန်လျက်သွားဖြင့် ဓမ္မပါလကို ခံ၍ သန်လျက်ပန်း မည်သည်ကို ပြုလော့ဟု ဆို၏။ ခိုးသူသတ်သည် မင်းသားကိုယ်ကို ကောင်းကင်သို့ပစ်၍ သန်လျက်သွားဖြင့် ခံ၍ သန်လျက်ပန်း မည်သည်ကိုပြု၍ မြတ်သော ပြာသာဒ်အပြင်၌ ဖရိုဖရဲ ကြဲ၏။ စန္ဒာဒေဝီ မိဖုရားသည် ဘုရားလောင်း၏ အသားကို ခါးပိုက်၌ထား၍ မြတ်သောပြာသာဒ်အပြင်၌ ငိုလျက်-

၄၇။ န ဟိ နူနိမဿ ရညော၊ မိတ္တာမစ္စာ စ ဝိဇ္ဇရေ သုဟဒါ။
ယေ န ဝဒန်တိ ရာဇာနံ၊ မာ ဃာတယိ ဩရသံ ပုတ္တံ။
၄၈။ န ဟိ နူနိမဿ ရညော၊ ဉာတီမိတ္တာ စ ဝိဇ္ဇရေ သုဟုဒါ။
ယေ န ဝဒန်တိ ရာဇာနံ၊ မာ ဃာတယိ အတြဇံ ပုတ္တံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၄၇။ ယေ ဇနာ၊ အကြင် အဆွေခင်ပွန်း အမှူး အမတ် နှလုံးနူးညံ့ကုန်သော သူတို့သည်။ ရာဇာနံ၊ မင်းကို။ ဒေဝ၊ မင်းကြီး။ ဩရသံ ပုတ္တံ၊ ရင်၌ ဖြစ်သော သားကို။ မာ ဃာတယိ၊ မသတ်လင့်ဟူ၍။ န ဝဒန္တိ၊ မဆိုမမြစ်ကြကုန်။ ဣမဿ ရညော၊ ဤမဟာပတာပ မင်းအား။ မိတ္တာ၊ မြဲမြံသော အဆွေခင်ပွန်းလည်း ဖြစ်ကုန်သော။ အမစ္စာ စ၊ အမတ်လည်းဖြစ်ကုန်သော။ သုဟဒါ စ၊ နူးညံ့သော နှလုံးရှိသည်လည်း ဖြစ်ကုန်သော။ တေ ဇနာ၊ထိုလူတို့သည်။ န ဟိ ဝိဇ္ဇရေ နူန၊ မရှိကုန်ယောင်တကား။

֍ ဋ္ဌ ၄၈။ ယေ ဇနာ၊ အကြင် အဆွေခင်ပွန်း အဆွေ အမျိုး နှလုံးနူးညံ့ကုန်သော သူတို့သည်။ ရာဇာနံ၊ မင်းကို။ ဒေဝ၊ မင်းကြီး အတြဇံ၊ မိမိမှဖြစ်သော။ ပုတ္တံ၊ သားကို။ မာ ဃာတယိ၊ မသတ်လင့် ဟူ၍။ န ဝဒန္တိ၊ မဆိုမမြစ်ကြကုန်။ ဣမဿ ရညော၊ ဤ မဟာပတာပမင်းအား။ မိတ္တာ စ၊ အဆွေခင်ပွန်းလည်း ဖြစ်ကုန်သော။ ဉာတီ စ၊ အဆွေမျိုးလည်း ဖြစ်ကုန်သော။ သုဟဒါ စ၊ နူးညံသော နှလုံးရှိသည်လည်း ဖြစ်ကုန်သော။ တေ ဇနာ၊ ထိုလူတို့သည်။ န ဟိ ဝိဇ္ဇရေ နူန၊ မရှိကုန်ယောင်တကား။

စန္နာဒေဝီသည် ဤနှစ်ဂါထာတို့ကို ဆိုပြီး၍ လက်နှစ်ဖက်တို့ဖြင့် ရင်သားကို မ, လျက်-

၄၉။ စန္ဒနသာရာနုလိတ္တာ၊ ဗာဟာ ဆိဇ္ဇန္တိ ဓမ္မပါလဿ။
ဒါယာဒဿ ပထဗျာ။ ပါဏာ မေ ဒေဝ ရုဇ္ဈန္တိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၉။ ပထဗျာ၊ အဘဥစ္စာဖြစ်သော မြေအပြင်၌။ ဒါယာဒဿ၊ အမွေခံဖြစ်သော။ ဓမ္မပါလဿ၊ ဓမ္မပါလ၏။ စန္ဒနသာရာနုလိတ္တာ၊ စန္ဒကူးနှစ်ဖြင့် လိမ်းကျံအပ်ကုန်သော။ ဗာဟာ၊ မောင်းတို့သည်။ ဆိဇ္ဇန္တိ၊ ပြတ်ကုန်၏။ ဒေဝ၊ မင်းကြီး။ မေ၊ အကျွန်ုပ်၏။ ပါဏာ-ပါဏံ၊ အသက်သည်။ ရုဇ္စျန္တိ- ရုဇ္စျတိ၊ ချုပ်၏။

ဤသို့ ငိုကြွေးသော စန္ဒာဒေဝီမိဖုရား၏ နှလုံးသည် မီးလောင်သော ဝါးတော၌ ဝါးကဲ့သို့ ကွဲ၏။ ထိုမိဖုရားသည် ထိုအရပ်၌ပင်လျင် အသက်ကုန်ခြင်းသို့ ရောက်၏။

မင်းကြီးမြေမျိုခံရ

မင်းသည်လည်း ပြဿဒ်အမြင့်မှ မြေသို့ကျ၏။ ထိုနောက်မှ ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိသော မြေသည် မဟာပတာပမင်း၏ ကျေးဇူးမဲ့ကို ဆောင်အံ့သောငှာ မတတ်နိုင်ရကား နှစ်ဖြာကွဲ၍ ဟင်းလင်းအပြင်ကို ပေး၏။ အဝီစိမှ မီးလျှံသည် တက်၍ အမျိုးပေးသော ကမ္ဗလာဖြင့် ခြုံသကဲ့သို့ပြု၍ မဟပတပမင်းကိုယူ၍ အဝီစိ၌ ပစ်ချ၏။

စန္ဒာဒေဝီမိဖုရားနှင့် ဘုရားလောင်း၏ အလောင်းကို သင်္ဂြိုဟ်ကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မဟာပတာပမင်းဖြစ်ဖူးပြီ၊ ယခုအခါ မဟာပဇာပတိဂေါတမီသည် ထိုအခါ စန္ဒာဒေဝီမိဖုရား ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဓမ္မပါလမင်းသား ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကာမကိုစွဲ၊ သားကိုမဲ၊ အလွဲပြုမိ အဝီစီ

ရှစ်တို့၏ ပြည့်ကြောင်းဖြစ်သော စူဠဓမ္မပါလဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၉။ သုဝဏ္ဏမိဂဇာတ်

လင်၏ အသက်ကို မိမိအသက်နှင့် လဲခြင်း

ဟောတော်မူရာဋ္ဌာန

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝိက္ကမ ရေ ဟရိပါဒ အစရှိသော ဂါထပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုဝဏ္ဏမိဂဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ယောက်သော အမျိုးသမီးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအမျိုးသမီးသည် သာဝတ္ထိပြည်၌ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့၏ အလုပ်အကျွေးဖြစ်သော အမျိုးသမီးဖြစ်သတည်း၊ သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ရတနာသုံးပါးအား ကြည်ညို၏။ ဘုရားကို မြတ်နိုး၏။ တရားကို မြတ်နိုး၏။ သံဃာကို မြတ်နိုး၏။ အကျင့်နှင့်ပြည့်စုံ၏။ ပညာရှိ၏။ ဒါန အစရှိသော ကောင်းမှု၌ မွေ့လျော်၏။

ဗုဒ္ဓဘာသာအမျိုးသမီး

ထိုအမျိုးသမီးကို သာဝတ္ထိပြည်၌လျှင် အမျိုးမတူသော မိစ္ဆာဒိဋ္ဌိအမျိုးသည် တောင်း၏။ ထိုအခါ အမျိုးသမီး၏ မိဘတို့သည် ငါတို့သမီးကား သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ရတနာသုံးပါးအား ကြည်ညို၏။ ရတနသုံးပါးတို့ကိုလည်း မြတ်နိုး၏။ ဒါနအစရှိသော ကောင်းမှု၌ မွေ့လျော်၏။ သင်တို့သည် မိစ္ဆာ အယူရှိကုန်၏။ ဤသတို့သမီးအား အလိုရှိတိုင်း အလှူပေးစိမ့်သောငှာ လည်းကောင်း၊ တရားနာစိမ့်သောငှာ လည်းကောင်း၊ ကျောင်းသို့ သွားစိမ့်သောငှာ လည်းကောင်း၊ သီလကို စောင့်ရှောက်စိမ့်သောငှာ။ လည်းကောင်း၊ ဥပုသ်သုံးသောအမှုကို ပြုစိမ့်သောငှာ လည်းကောင်း မပေးကုန်လတ္တံ့၊ ငါတို့သည် ငါတို့သမီးကို သင်တို့အား မပေးကုန်။ သင်တို့သည် မိမိတို့အား တူသော မိစ္ဆာအယူရှိသော အမျိုးသမီးကို ယူကြကုန်လော့ ဟု ဆိုကုန်၏။ မိစ္ဆာဒိဋ္ဌိ အမျိုးတို့သည် ပယ်အပ်ကုန်သည်ရှိသော် သင်တို့၏သမီးသည် ငါတို့အိမ်သို့ရောက်၍ အလိုရှိတိုင်း သင်တို့ဆိုသော အလုံးစုံသောကုသိုလ် ကောင်းမှုကို ပြုစေသတည်း၊ ငါတို့ မမြစ်ပါကုန်၊ သင်တို့သမီးကို ငါတို့အား ပေးကုန်ပါလော့ဟု ဆို၏။ ထိုသို့တပြီးကား ယူကြကုန်လော့ဟု ဆိုအပ်ကုန်သည်ရှိသော် ကောင်းသောနက္ခတ်ဖြင့် မင်္ဂလာပြု၍ ထိုအမျိုးသမီးကို မိမိတို့၏အိမ်သို့ ဆောင်ကုန်၏။

ဘာသာခြားလင်ကို အယူပြောင်းစေပုံ

ထိုအမျိုးသမီးသည် ဝတ်အကျင့်နှင့် ပြည့်စုံ၏။ လင်ကို နတ်ကဲ့သို့ လုပ်ကျွေး၏။ ယောက္ခမယောကျ်ားသူ, ယောက္ခမမိန်းမသူ, လင်တို့၏ ဝတ်အစရှိသည်တို့ကို ပြု၏။ ထိုအမျိုးသမီးသည် တစ်နေ့သ၌ လင်ကို အရှင့်သား... အကျွန်ုပ်တို့၏ ဆရာမထေရ်တို့အား အလှူ ပေးခြင်းငှာ အကျွန်ုပ် အလိုရှိ၏ ဟု ဆို၏။ ရှင်မ... ကောင်းပြီ အလိုရှိတိုင်း ပေးလော့ ဟု ဆို၏။ ထိုအမျိုးသမီးသည် မထေရ်တို့ကို ပင့်ဖိတ်စေ၍ ကြီးစွာသော ပူဇော်သက္ကာရကို ပြု၍ မြတ်သော ဘောဇဉ်တို့ကို ဘုဉ်းပေးစေ၍ တင့်အပ်လျောက်ပတ်စွာ နေ၍ အရှင်ဘုရားတို့ မိစ္ဆာအယူ ရှိသော သဒ္ဓါတရားမရှိသောအမြိုးသည် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို မသိ၊ အကျွန်ုပ် တောင်းပန်၏။ အရှင်ကောင်းတို့သည် ဤအမျိုးတို့သည် ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို သိသည့်ကာလတိုင်အောင် ဤအိမ်၌လျှင် ဆွမ်းကို ခံပါကုန်လော့ ဟု လျှောက်၏။ မထေရ်တို့သည် သည်းခံ၍ ထိုအိမ်၌ မပြတ် ဆွမ်းဘုဉ်းပေးကုန်၏။ တစ်ဖန် လင်ကို အရှင့်သား... မထေရ်တို့သည် အိမ်သို့ မပြတ်ကြွလာကုန်၏။ အဘယ့်ကြောင့် သင်တို့သည် မဖူးကုန်သနည်း ဟုဆို၏။ ကောင်းပြီ၊ ဖူးမြင်အံ့ ဟု လင်သည်ဆို၏။ ထိုအမျိုးသမီးသည် နက်ဖြန် မထေရ်တို့သည် ဆွမ်းဘုဉ်းပေးပြီးသော် လင်အား အကြောင်းကြား၏။ လင်သည် ဆည်းကပ်၍ မထေရ်တို့နှင့်တကွ ပဋိသန္ထာရပြု၍ လျောက်ပတ်စွာ နေ၏။

မဂ်ဖိုလ်ရပြီ

ထိုအခါ ထိုယောကျ်ားအား အရှင်သာရိပုတ္တရာသည် တရားဟော၏။ ထိုယောက်ျားသည် အရှင်သာရိပုတ္တရာ၏ တရားစကား၌ လည်းကောင်း, ဣရိယာပုထ်တို့၌လည်းကောင်း ကြည်ညို၍ ထိုအခါမှစ၍ မထေရ်တို့အား နေရာကို ခင်း၏။ သောက်ရေကို စစ်၏။ ဆွမ်းဘုဉ်းပေးစဉ် ကာလအကြား၌ တရားကိုနာ၏။ ထိုယောကျ်ားအား နောက်အဖို့၌ မိစ္ဆာအယူသည်ပျက်၏။ ထိုအခါ တစ်နေ့သ၌ မထေရ်သည် နှစ်ယောက်ကုန်သော လင်မယားတို့အားလည်း တရားဟောလျက် သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ နှစ်ယောက်ကုန်သော လင်မယားတို့သည်လည်း သေတာပတ္တိဖိုလ်၌ တည်ကုန်၏။ ထိုအခါမှ စ၍ ထိုယောကျ်ား၏ အမိအဘတို့ကို အစပြု၍ အယုတ်သဖြင့် ခပ်သိမ်းကုန်သော ကျွန် အမှုလုပ်ဖြစ်ကုန်သော သူတို့သည်လည်း မိစ္ဆာအယူကို ဖျက်၍ ဘုရား, တရား, သံဃာကိုသာလျှင် မြတ်နိုးကုန်၏။ ထိုအခါ တစ်နေ့သ၌ အမျိုးသမီးသည် လင်ကို အရှင့်သား... အကျွန်ုပ်တို့အား အိမ်၌နေခြင်းဖြင့် အလိုမရှိ၊ ရဟန်းပြုခြင်းငှာ အလိုရှိ၏ ဟု ဆို၏။ ထိုယောက်ျားသည် ရှင်မကောင်းပြီ၊ ငါလည်းပြုအံ့ဟု များစွာသော အခြံအရံဖြင့် အမျိုးသမီးကို ရဟန်းမိန်းမတို့၏ ကျောင်းသို့ပို့၍ မိမိသည်လည်း ဘုရားအထံတော်သို့ ကပ်၍ ရဟန်းအဖြစ်ကို တောင်း၏။ ထိုယောက်ျားကို မြတ်စွာဘုရားသည် ရဟန်း ပြုစေ၏။ ထိုနှစ်ယောက်ကုန်သော သူတို့သည်လည်း ဝိပဿနာကို ပွားစေ၍ မကြာမြင့်မီလျှင် အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။

ထိုအခါ တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ "ငါ့ရှင်တို့... ဤမည်သော ရဟန်းမိန်းမငယ်သည် မိမိ၏ လည်းကောင်း, လင်၏ လည်းကောင်း အထောက်အပံ့ ဖြစ်၏။ မိမိသည် ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ရောက်၍ လင်ကို နိဗ္ဗာန်သို့ ရောက်စေ၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့... ထိုရဟန်းမိန်းမငယ်သည် ယခုအခါ၌သာလျှင် လင်ကို ရာဂကျော့ကွင်းမှ လွတ်စေသည် မဟုတ်သေး၊ ရှေးပညာရှိတို့ကိုလည်း သေခြင်းဟူသော ကျော့ကွင်းမှ လွတ်စေဖူး၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသို့ပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သမင်မျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် အဆင်းလှ၏။ ကြည်ညိုဖွယ်ရှိ၏။ ချိပ်ရည်တို့ဖြင့် အပြေအပြစ်ပြအပ်ကုန်သကဲ့သို့သော လက်ခြေတို့နှင့်လည်းကောင်း, ငွေစိုင်နှင့်တူကုန်သော ဦးချိုတို့နှင့်လည်းကောင်း၊ ပတ္တမြားလုံးနှင့်တူကုန်သော မျက်စိတို့နှင့်လည်းကောင်း, ကမ္ဗလာနီ အဆင်းနှင့်တူသော မျက်နှာတို့နှင့် လည်းကောင်း ပြည့်စုံ၏။ ထိုဘုရားလောင်း၏ မယားသည်လည်း ပျိုနု၏။ အဆင်းလှ၏။ ရှုချင်ဖွယ် ရှိ၏။ ထိုလင်မယားတို့သည် သင့်တင့် ညီညွတ်စွာ နေခြင်းဖြင့် နေကုန်၏။ ရှစ်သောင်းကုန်သော ဆန်းကြယ်ကုန်သော သမင်တို့သည် ဘုရားလောင်းကို ခစားကုန်၏။

သမင်မင်း ကျော့ကွင်းမိ

ထိုအခါ မုဆိုးတို့သည် သမင်တို့၏ လမ်းခရီးတို့၌ ကျော့ကွင်းကို ထောင်ကုန်၏။ ထိုအခါ တစ်နေ့သ၌ ဘုရားလောင်းသည် သမင်တို့၏ ရှေ့မှ သွားလတ်သော် ခြေ၌ ကျော့ကွင်းမိ၍ ကျော့ကွင်းကို ဖြတ်အံ့ ဟု ငင်၏။ အရေသည် ပြတ်၏။ တစ်ဖန် ငင်လတ်သော် အသားသည် ပြတ်၏။ တစ်ဖန်ငင်လတ်သော် အကြောသည် ပြတ်၏။ ကျော့ကွင်းသည် အရိုးသို့ဆိုက်၍ တည်၏။ ဘုရားလောင်းသည် ကိုက်ဖြတ်အံ့သောငှာ မတတ်နိုင်ရကား သေဘေးကိုကြောက်၍ ကျော့ကွင်းမိသော မြည်ခြင်းကို မြည်၏။

ထိုအသံကိုကြား၍ သမင်အပေါင်းသည် ပြေး၏။ ဘုရားလောင်း၏ မယားသည်ကား ပြေးပြီး၍ သမင်တို့၏ အတွင်း၌ ကြည့်လတ်သော် ဘုရားလောင်းကို မမြင်၍ ဤဘေးသည် ငါ၏ ချစ်သော လင်အား ဖြစ်သောဘေးသည် ဖြစ်ရာ၏ ဟု လျင်မြန်သဖြင့် ဘုရားလောင်း၏ အထံသို့ သွား၍ မျက်ရည်စွတ်သော မျက်နှာရှိသည်ဖြစ်၍ ငိုလျက် အရှင်သည်လည်း အားကြီး၏။ ဤကျော့ကွင်းသည် သင့်ကို ခံအံ့သောငှာ မတတ်နိုင်လတ္တံ့၊ အဟုန်ကိုဖြစ်စေ၍ ထိုကျော့ကွင်းကိုဖြတ်လော့ဟု အားထုတ်ခြင်းကို ဖြစ်စေလိုရကား -

၅၀။ ဝိက္ကမ ရေ ဟရိပါဒ၊ ဝိက္ကမ ရေ မဟာမိဂ၊
ဆိန္ဒ ဝါရတ္တိကံ ပါသံ၊ နာဟံ ဧကာ ဝနေ ရမေ။

ဟူသော ရှေးဦးစွာ ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၀။ ရေ ဟရိပါဒ၊ အို ရွှေအဆင်းနှင့်တူသော ခြေရှိသော။ မဟာမိဂ၊ သမင်မြတ်။ ဝိက္ကမ၊ ငင်လော့။ ရေ ဟရိပါဒ၊ အို ရွှေအဆင်းနှင့်တူသော ခြေရှိသော။ မဟာမိဂ၊ သမင်မြတ်။ ဝိက္ကမ၊ ငင်လော့။ ဝါရတ္တိကံ ပါသံ၊ သားရေလွန် ကျော့ကွင်းကို။ ဆိုန္ဒ၊ ဖြတ်လော့။ အဟံ၊ အကျွန်ုပ်သည်။ ဧကာ၊ တစ်ယောက်တည်း။ ဝနေ၊ တော၌။ န ရမေ၊ မမွေ့လျော်နိုင်။

ထိုစကားကိုကြား၍ ဘုရားလောင်းသမင်သည်-

၅၁။ ဝိက္ကမာမိ န ပါရေမိ၊ ဘူမိံ သုမ္ဘာမိ ဝေဂသာ။
ဒဠှော ဝါရတ္တိကော ပါသော။ ပါဒံ မေ ပရိကန္တတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၁။ ဘဒ္ဒေ၊ ရှင်မ။ အဟံ၊ ငါသည်။ ဝိက္ကမာမိ၊ ငင်၏။ န ပါရေမိ၊ ကျော့ကွင်းကို ပြတ်စိမ့်သောငှာ မတတ်နိုင်။ ဝေဂသာ၊ အဟုန်အားဖြင့်။ ဘူမိံ၊ မြေကို။ သုမ္ဘာမိ၊ ကျောက်ကန်၏။ ဝါရတ္တိကော ပါသော၊ သားရေလွန် ကျော့ကွင်းသည်။ ဒဠှော၊ မြဲမြံလှ၏။ မေ၊ ငါ၏။ ပါဒံ၊ ခြေကို။ ပရိကန္တတိ၊ ထက်ဝန်းကျင်ဖြတ်၏။

မိဖုရားသမင်မ တောင်းပန်

ထိုအခါ ဘုရားလောင်းကို သမင်မသည် အရှင်မကြောက်လင့်၊ အကျွန်ုပ်သည် ကိုယ့်အစွမ်းဖြင့် မုဆိုးကို တောင်းပန်၍ အရှင့်အသက်ကို ဆောင်ယူအံ့၊ တောင်းပန်အံ့သောငှာ အကယ်၍ မတတ်နိုင်လတ္တံ့၊ အကျွန်ုပ် အသက်ကိုလည်း ပေး၍ အရှင့်အသက်ကို ဆောင်ယူအံ့ ဟု ဘုရားလောင်းကို နှစ်သိမ့်စေ၍ သွေးလိမ်းကျံသော ဘုရားလောင်းကို မိမိကိုယ်၌ မှီစေ၍ ရပ်၏။

မုဆိုးသည်လည်း သန်လျက်, လှံကိုယူ၍ ကမ္ဘာကိုလောင်သော မီးထသကဲ့သို့ လာ၏။ သခင်မသည် မုဆိုးကိုမြင်၍ အရှင်... မုဆိုးသည် လာ၏။ ကျွန်ုပ်သည် ကိုယ့်အစွမ်းကို ပြုအံ့၊ အရှင်သည် မကြောက်လင့် ဟု သမင်မင်းကို နှစ်သိမ့်စေ၍ မုဆိုးအား ခရီးဦးကြို၍ လျောက်ပတ်စွာ ရပ်နေ၍ မုဆိုးကို ရှိခိုး၍ အရှင်... အကျွန်ုပ်၏လင် ရွှေအဆင်းနှင့်တူသော သမင်မင်းသည် အကျင့်သီလနှင့် ပြည့်စုံ၏။ ရှစ်သောင်းသော သမင်တို့၏ မင်းဖြစ်၏ ဟု ဘုရားလောင်း၏ ဂုဏ်ကျေးဇူးကိုဆို၍ သမင်မသည် စင်းလျက် မိမိအား သတ်ခြင်းငှာ တောင်းပန်လို၍-

၅၂။ အတ္ထရဿု ပလာသာနိ၊ အသိံ နိဗ္ဗာဟ လုဒ္ဒက။
ပဌမံ မံ ဝဓိတွာန၊ ဟန ပစ္ဆာ မဟာမိဂံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၂။ လုဒ္ဒက၊ မုဆိုး။ တွံ၊ သင်သည်။ ပလာသာနိ၊ ပေါက်ဖက်တို့ကို။ အတ္ထရဿု၊ ခင်းလော့။ အသိံ၊ သန်လျက်ကို။ နိဗ္ဗာဟ၊ အိမ်မှုထုတ်လော့။ ပဌမံ၊ ရှေးဦးစွာ။ မံ၊ ငါ့ကို။ ဝဓိတွာန၊ သတ်၍။ ပစ္ဆာ၊ နောက်မှ။ မဟာမိဂံ၊ သမင်ကြီးကို။ ဟန၊ သတ်လော့။

မုဆိုးလွှတ်ပြီး ဆေးကုပေး

ထိုစကားကို ကြား၍ မုဆိုးသည် လူဖြစ်သော မိန်းမသည်လည်း လင်၏အကျိုးငှာ ကိုယ့်အသက်ကို မစွန့်၊ ဤ သမင်မသည်ကား တိရစ္ဆာန်ဖြစ်လျက် အသက်ကို စွန့်၏။ လူ၏ ဘာသာဖြစ်သော သာယာသော အသံဖြင့်လည်း ပြောဆို၏။ ယနေ့ ငါသည် ဤသမင်မအားလည်းကောင်း သမင်မ၏ လင်အားလည်းကောင်း အသက်ကို ပေးအံ့ဟု-

၅၃။ န မေ သုတံ ဝါ ဒိဋ္ဌံ ဝါ၊ ဘာသန္တိံ မာနုသိံ မိဂိံ။
တွဉ္စ ဘဒ္ဒေ သုခီ ဟောဟိ၊ ဧသော စာပိ မဟာမိဂေါ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၃။ ဘဒ္ဒေ၊ ကောင်းမြတ်လိမ္မာသော သခင်မ။ မေ၊ ငါသည်။ ဣတော၊ ဤကာလမှ။ ပုဗ္ဗေ၊ ရှေး၌။ မာနုသိံ၊ လူ့စကားကို။ ဘာသန္တိံ၊ ဆိုသော။ မိဂိံ၊ သမင်မကို။ သုတံ ဝါ၊ ကြားဖူးခြင်းသည်လည်းကောင်း။ ဒိဋ္ဌံ ဝါ၊ မြင်ဖူးခြင်းသည်လည်းကောင်း။ ၊ မရှိ။ တွဉ္စ၊ သင်သည်လည်း။ သုခီ၊ ချမ်းသာသည်။ ဟောဟိ၊ ဖြစ်လော့။ ဧသော စာပိ မဟာမိဂေါ၊ ဤသမင်ကြီးသည်လည်း။ သုခီ၊ ချမ်းသာသည်။ ဟောတု၊ ဖြစ်စေသတည်း။

ထိုသို့ သမင်မကို နှစ်သိမ့်စေ၍ မုဆိုးသည် ဘုရားလောင်း၏ အထံသို့သွား၍ သားရေလွန်ကို ပဲခွပ်ဖြင့်ဖြတ်၍ ခြေ၌ငြိသော သားရေလွန်ကို ဖြည်းညင်းသာယာစွာ ထုတ်၍ အကြောကို အကြောချင်း, အသားကို အသားချင်း, အရေကို အရေချင်း စပ်၍ ခြေကို လက်ဖြင့် ဆုပ်၏။ ထိုခဏ၌ ဘုရားလောင်း၏ ဖြည့်အပ်သော ပါရမီ အာနုဘော်အားဖြင့် လည်းကောင်း, မုဆိုး၏ မေတ္တာ အာနုဘော်အားဖြင့် လည်းကောင်း၊ သခင်မ၏ အဆွေခင်ပွန်း၌ စောင့်ရှောက်သော တရား၏ အာနုဘော်အားဖြင့် လည်းကောင်း အကြော အသားအရေတို့သည် အချင်းချင်းစပ်ကုန်၏။ ဘုရားလောင်းသည် ချမ်းသာလျက် ဆင်းရဲကင်းလျက် ရပ်၏။

သမင်မ ဆုပေး

သမင်မသည် ချမ်းသာသော ဘုရားလောင်းကိုမြင်၍ ဝမ်းမြောက်ခြင်းဖြစ်၍ မုဆိုးအား အနုမောဒနာပြုလို၍-

၅၄။ ဧဝံ လုဒ္ဒက နန္ဒဿု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
ယထာဟ မဇ္ဇ နန္ဒာမိ၊ မုတ္တံ ဒိသွာ မဟာမိဂံ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၄။ လုဒ္ဒက၊ မုဆိုး။ အဇ္ဇ၊ ယနေ့။ အဟံ၊ ငါသည်။ မုတ္တံ၊ လွတ်သော။ မဟာမိဂံ၊ သမင်မင်းကို။ ဒိသွာ၊ မြင်၍။ နန္ဒာမိ ယထာ၊ နှစ်သက်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ တွံ၊ သင်သည်။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဉာတိဘိ၊ အဆွေ အမျိုးတို့နှင့်။ သဟ၊ တကွ။ နန္ဒဿု၊ နှစ်သက်စေသတည်း။

သမင်မင်း တရားဟောခြင်း

ဘုရားလောင်းသည် ဤမုဆိုးကား ငါ၏ ကိုးကွယ်ရာ ဖြစ်ပြီ၊ ငါသည်လည်း မုဆိုး၏ ကိုးကွယ်ရာ ဖြစ်သင့်၏ ဟုကျက်စားရာမြေ၌ မြင်အပ်သော တစ်ခုသော ပတ္တမြားတုံးကို မုဆိုးအားပေး၍ အဆွေ... ယနေ့မှစ၍ ပါဏာတိပါတ အစရှိသည်ကို မပြုလင့်၊ ဤပတ္တမြားဖြင့် ဥစ္စာကို ဖြစ်စေ၍ သား မယားတို့ကို မွေးလျှက် ဒါန သီလအစရှိကုန်သော ကောင်းမှုတို့ကို ပြုလော့ ဟု မုဆိုးအား အဆုံးအမကို ပေး၍ တောသို့ဝင်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဆန္နသည် ထိုအခါ မုဆိုးဖြစ်ဖူးပြီ၊ ယခုအခါ ရဟန်းမိန်းမငယ်သည် ထိုအခါ သမင်မ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သမင်မင်း ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

လိမ္မာမယား၊ ရတုံငြား၊ လင်အား ချမ်းသာရာ

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော သုဝဏ္ဏမိဂဇာတ် ပြီး၏။

*****

ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၁၀။ သုယောနန္ဒီဇာတ်

မိန်းမကို စောင့်ရှောက် ထိန်သိမ်းခြင်းငှာ မတတ်နိုင်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဝါတိ ဂန္ဓော တိမိရာနံအစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤသုယောနန္ဒီဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း... သင်သည် ငြီးငွေ့သောဟူသည် မှန်သလော ဟု မေးတော်မူ၍ မှန်ပေ၏နားတော်လျှောက်သည်ရှိသော် အဘယ်ကို မြင်၍ ငြီးငွေ့သနည်း မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား တန်ဆာဆင်အပ်သော မိန်းမကို မြင်၍ ငြီးငွေ့၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း... မိန်းမတို့ကို စောင့်ရှောက်ခြင်းငှာ မတတ်ကောင်း၊ ရှေးပညာရှိတို့သည် ဂဠုန်ပြည်၌ မိန်းမကိုထား၍ စောင့်ရှောက်ကုန်သော်လည်း စောင့်ရှောက်ခြင်းငှာ မတတ်နိုင်ကုန် ဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ တမ္ဗမည်သော မင်းသည် မင်းပြု၏။ ထိုမင်းအား သုယောနန္ဒီမည်သော မိဖုရားကြီးသည် ရှိ၏။ ထိုမိဖုရားသည် မြတ်သောအ ဆင်းကို ဆောင်၏။

ဂဠုန်မင်း မိဖုရားကို ခိုးပြေးခြင်း

ထိုအခါ ဘုရားလောင်းသည် ဂဠုန်မျိုး၌ ဖြစ်၏။ ထိုကာလ၌ နာဂဒီပကျွန်းသည် သေဒုမကျွန်း မည်၏။ ဘုရားလောင်းသည် သေဒုမကျွန်း ဂဠုန်ပြည်၌ နေ၏။ ထိုဘုရားလောင်းသည် ဗာရာဏသီသို့သွား၍ တမ္ဗမင်းနှင့်တကွ လုလင်၏ အသွင်ဖြင့် ကြွေအန်ကစား၏။ ဘုရားလောင်း၏ ရုပ်သဏ္ဌာန်ကို မြင်၍ အလုပ်အကျွေးတို့သည် အကျွန်ုပ်တို့၏ မင်းနှင့်တကွ ဤသို့ သဘောရှိသော လုလင်ငယ်သည် ကြွေအန်ကစာ၏ ဟု သုယောနန္ဒီ မိဖုရားအား လျှောက်ကုန်၏။ ထိုမိဖုရားသည် ထိုလုလင်ကို မြင်လို၍ တစ်နေ့သ၌ တန်ဆာဆင်၍ ကစားရာ ပွဲအပြင်သို့သွား၍ အလုပ်အကျွေးတို့၏ အတွင်း၌ ရပ်လျက် ထိုဘုရားလောင်းကို ကြည့်၏။ ဘုရားလောင်းသည်လည်း မိဖုရားကိုကြည့်၏။ နှစ်ယောက်သော သူတို့သည်လည်း အချင်းချင်း တပ်စွန်းသော စိတ်ရှိကုန်၏။ ဂဠုန်မင်းသည် မိမိ၏ အာနုဘော်အားဖြင့် ဗာရာဏသီမြို့၌ လေလာခြင်းကို ဖြစ်စေ၏။ နန်းပြိုအံ့သည်မှ ကြောက်သောကြောင့် မင်းအိမ်မှ လူတို့သည် ထွက်ကုန်၏။ ဂဠုန်မင်းသည် မိမိအာနုဘော်အားဖြင့် အမိုက်မှောင်ကိုပြု၍ မိဖုရားကိုယူ၍ ကောင်းကင်ဖြင့် သေဒုမကျွန်းဝယ် မိမိဗိမာန်သို့ ဝင်၏။ သုယောနန္ဒီမိဖုရား ရောက်ရာအရပ်ကို သိသောသူတို့သည် မရှိကုန်၊ ထိုဂဠုန်မင်းသည် သုယောနန္ဒီမိဖုရားနှင့်တကွ မွေ့လျော်လျက် ဗာရာဏသီသို့သွား၍ မင်းနှင့်တကွ ကြွေအန် ကစား၏။

စောင်းသမားသဂ္ဂ ဂဠုန်ပြည်ရောက်ပြီ

တမ္ဗမင်းအား သဂ္ဂမည်သော စောင်းသမားသည် ရှိ၏။ တမ္ဗမင်းသည် မိဖုရား၏ ရောက်ရာအရပ်ကို မသိရကား ထိုစောင်းသမားကို ခေါ်၍ အမောင်... သွားချေ၊ အလုံးစုံသော ကြည်းကြောင်းခရီး ရေကြောင်းခရီးသို့ သွား၍ မိဖုရား၏ ရောက်ရာအရပ်ကို ကြည့်ချေ ဟု စေလွှတ်၏။

ထိုစောင်းသမားသည် ရိက္ခတို့ကိုယူ၍ ရွာတံခါးမှစ၍ စုံစမ်းလျက် ကုရုကစ္ဆ သင်္ဘောဆိပ်သို့ရောက်၏။ ထိုအခါ ကုန်သည်တို့သည် ကုရုကစ္ဆ သင်္ဘောဆိပ်မှ လှေဖြင့် သုဝဏ္ဏဘူမိသို့ သွားကုန်၏။ ထိုစောင်းသမားသည် ထိုကုန်သည်တို့ကို ကပ်၍ အရှင်တို့... အကျွန်ုပ်သည် စောင်းသမားတည်း၊ လှေခပိုင်းခြား၍ အရှင်တို့အား စောင်းတီးခြင်းကို ပြုပါအံ့၊ အကျွန်ုပ်ကိုလည်း ဆောင်ပါကုန် ဟု ဆို၏။ ကုန်သည်တို့သည် ကောင်းပြီဟု လှေသို့တင်၍ လှေကို လွှတ်ကုန်၏။ ထိုကုန်သည်တို့သည် လှေ၌ နားထောင်လိုသည်၏ အဖြစ်ဖြင့် ထိုစောင်းသမားကို ခေါ်၍ ငါတို့ နားထောင်ကုန်အံ့၊ စောင်းတီးလော့ဟု ဆိုကုန်၏။ အကျွန်ုပ်သည် အကယ်၍ စောင်းကို တီးငြားအံ့၊ ငါးတို့သည် လှုပ်ကုန်လတ္တံ့။ ထိုအခါ သင်တို့၏ လှေသည် ပျက်စီးလတ္တံ့ဟု ဆို၏။ လူတို့၏ အထံ၌ စောင်းတီးသည်ရှိသော် ငါးတို့၏ လှုပ်ခြင်းမည်သည်မရှိ၊ စောင်းတီးခြင်းကို ပြုလော့ဟု ကုန်သည်တို့သည် ဆိုကုန်၏။ ထိုသို့တပြီးကား အကျွန်ုပ်အား သင်တို့သည် အမျက်မထွက်ကြလင့် ဟု ဆို၍ စောင်းကိုလွှတ်၍ စောင်းသံနှင့်သီချင်းသံ, သီချင်းသံနှင့် စောင်းသံကို မလွန်စေမူ၍ စောင်းကိုတီး၏။ ထိုအသံဖြင့် လွန်စွာယစ်ကုန်၍ ငါးတို့သည် လှုပ်ကုန်၏။ ထိုအခါ တစ်ခုသော မကာရ်းသည် ခုန်၍ လှေတွင်းသို့ ကျရကား လေသည် ကွဲပျက်၏။ သဂ္ဂမည်သော စောင်းသမားသည် ပျဉ်ချပ်၌ အိပ်၍ လေအားလျော်စွာ သွားသည်ရှိသော် သေဒုမကျွန်း၌ ဂဠုန်မင်း၏ ဗိမန်ဖြစ်သော ပညောင်ပင်၏ အနီးသို့ ရောက်၏။

စောင်းသမားနှင့်သုဿာနန္ဒီ

သုယောနန္ဒီမိဖုရားသည် ဂဠုန်မင်း ကြွေအန် ကစားအံ့သောငှာ သွားသောကာလ ဗိမာန်မှဆင်းသက်၍ ကမ်းနား၌ လှည့်လည်လတ်သော် သဂ္ဂမည်သော စောင်းသမားကိုမြင်၍ ထိုစောင်းသမားကို သိ၍ သင် အဘယ်သို့ လာသနည်း ဟု မေး၏။ စောင်းသမားသည် အလုံးစုံသောအကြောင်းကို ပြော၏။ ထိုသို့တပြီးကား သင် မကြောက်လင့် ဟု စောင်းသမားကို နှစ်သိမ့်စေ၍ လက်မောင်းနှစ်ဖက်တို့ဖြင့် ပိုက်ချီ၍ ဗိမာန်သို့တင်၍ အိပ်ရာအပြင်၌ အိပ်စေ၍ အပင်အပန်း ပြေသော ကာလ၌ နတ်တို့၏ဘောဇဉ်ကို ပေး၍ နတ်နံ့သာရေဖြင့် ရေချိုးစေ၍ နတ်၌ဖြစ်သော အဝတ်ကို ဝတ်စေ၍ နံ့သာပန်းတို့ဖြင့် တန်ဆာဆင်၍ တစ်ဖန် နတ်အိပ်ရာ၌ အိပ်စေ၏။ ဤသို့ နေ့၌ ချီးမြှောက်၍ ဂဠုန်မင်းလာသောကာလ၌ ဖုံးလွှမ်း၍၊ သွားသောကာလ၌ စောင်းသမားနှင့်တကွ ကိလေသာ၏ အစွမ်းအားဖြင့် မွေ့လျော်၏။

မိဖုရားကြီးကိုတွေ့ခဲ့ပြီ

ထို့နောင်မှ လခွဲတစ်လ လွန်လတ်သော် ဗာရာဏသီ၌ နေကုန်သော ကုန်သည်တို့သည် ထင်းရေယူအံ့သောငှာ ထိုသေဒုမကျွန်း ပညောင်ပင်ရင်းသို့ ရောက်ကုန်၏။ ထိုစောင်းသမားသည် ကုန်သည်တို့နှင့်တကွ လှေစီး၍ ဗာရာဏသီပြည်သို့ သွား၍ မင်းကိုမြင်၍ ကြွေအန်ကစားသော ကာလ၌ စောင်းကိုယူ၍ မင်း၏အထံ၌ စောင်းတီးလျက် -

၅၅။ ဝါတိ ဂန္ဓော တိမိရာနံ၊ ကုသမုဒ္ဒေါ စ ဃောသဝါ။
ဒူရေ ဣတော သုယောနန္ဒီ၊ တမ္ဗ ကာမာ တုဒန္တိ မံ။

ဟူသော ရှေးဦးသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၅။ တမ္ဗ၊ တမ္ဗမင်းကြီး။ ဣတော၊ ဤဗာရာဏသီပြည်မှ။ ဒူရေ၊ ဝေးသော ဂဠုန်ပြည်၌။ သုယောနန္ဒီ၊ သုယောနန္ဒီ မိဖုရားသည်။ ဝသတိ၊ နေ၏။ တတ္ထ၊ ထိုမိဖုရားနေရာ အရပ်၌။ တိမိရာနံ၊ ပညောင်ပင်ကို ခြံရံ၍ ပေါက်ကုန်သော ကြည်းပန်းတို့၏။ ဂန္ဓော၊ အနံ့သည်။ ဝါတိ၊ လှိုင်၏။ ကု သမုဒ္ဒေါ စ၊ သမုဒ္ဒရာငယ်သည်လည်း။ ဃောသဝါ၊ သည်းစွာမြည်၏။ မံ၊ အကျွန်ုပ်ကို။ ကာမာ၊ ကာမတို့သည်။ တုဒန္တိ၊ ထိုးကျင့်ကုန်၏။

ဂဠုန်မင်းနှင့် စောင်းသမား

ထိုစကားကိုကြား၍ ဂဠုန်မင်းသည်-

၅၆။ ကထံ သမုဒ္ဒ မတရိ၊ ကထံ အဒ္ဒက္ခိ သေဒုမံ၊
ကထံ တဿာ စ တုယှဉ္စ၊ အဟု သဂ္ဂသမာဂမော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၆။ သဂ္ဂ၊ သဂ္ဂ။ တွံ၊ သင်သည်။ ကထံ၊ အဘယ်သို့။ သမုဒ္ဒံ၊ သမုဒြာကို။ အတရိ၊ ကူးသနည်း။ ကထံ၊ အဘယ်သို့။ သေဒုမံ၊ သေဒုမကျွန်းကို။ အဒ္ဒက္ခိ၊ မြင်သနည်း။ ကထံ၊ အဘယ်သို့။ တဿာ စ၊ ထိုသုယောနန္ဒီ၏ လည်းကောင်း။ တုယှဉ္စ၊ သင်၏လည်းကောင်း။ သမာဂမော၊ ပေါင်းဖော်ရခြင်းသည်။ အဟု၊ ဖြစ်သနည်း။

ထိုဘနောင်မှ သဂ္ဂမည်သော စောင်းသမားသည်-

၅၇။ ကုရုကစ္ဆာ ပယာတာနံ၊ ဝါဏိဇာနံ ဓနေသိနံ၊
မကရေဟိ အဘိဒါ နာဝါ၊ ဖလကေနာဟမပ္လဝိံ။
၅၈။ သာ မံ သဏှေန မုဒုနာ၊ နိစ္စ စန္ဒနဂန္ဓိနီ။
အင်္ဂေန ဥဒ္ဓရိ ဘဒ္ဒါ၊ မာတာ ပုတ္တံဝ ဩရသံ။
၅၉။ သာ မံ အန္နေန ပါနေန၊ ဝတ္ထေန သယနေန စ။
အတ္တနာပိ စ မန္ဒက္ခီ၊ ဧဝံ တမ္မ ဝိဇာနာဟိ။

ဟူကုန်သော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၅၇။ တမ္ဗ၊ တမ္ဗမင်းကြီး။ ကုရုကစ္ဆာ၊ ကုရုကစ္ဆ သင်္ဘောဆိပ်မှ။ ပယာတာနံ၊ သွားကုန်သော။ ဓနေသိနံ၊ ဥစ္စကိုရှာကုန်သော။ ဝါဏိဇာနံ၊ ကုန်သည်တို့၏။ နာဝါ၊ လှေသည်။ မက ရေဟိ၊ မကာရ်းတို့ကြောင့်။ အဘိဒါ၊ ကွဲ၏။ အဟံ၊ အကျွန်ုပ်သည်။ ဖလကေန၊ ပျဉ်ချပ်ဖြင့်။ အပ္လဝိံ၊ ကူး၏။

֍ ဋ္ဌ ၅၈။ တမ္ဗ၊ တမ္မမင်းကြီး။ နိစ္စံ၊ အမြဲ။ စန္ဒနဂန္ဓိနီ၊ စန္ဒကူးနံ့သာလိမ်းသော။ ဘဒ္ဒါ၊ ရှုဖွယ် ကြည်ညိုဖွယ်သော။ သုယောနန္ဒီ၊ ထိုသုယောနန္ဒီ မိဖုရားသည်။ မံ၊ အကျွန်ုပ်ကို။ သဏှေန၊ သိမ်မွေ့သော။ မုဒုနာ၊ နူးညံ့သောစကားဖြင့်။ သမဿာသေတွာ၊ နှစ်သိမ့်စေ၍။ မာတာ၊ အမိသည်။ ဩရသံ၊ ရင်၌ ဖြစ်သော။ ပုတ္တံ၊ သားကို။ ဥဒ္ဓရိ ဣဝ၊ ချီသကဲ့သို့။ အင်္ဂေန၊ လက်မောင်းနှစ်ဖက်ဖြင့်။ ဥဒ္ဓရိ၊ ချီ၏။

֍ ဋ္ဌ ၅၉။ တမ္ဗ၊ တမ္ဗမင်းကြီး။ မန္ဒက္ခီ၊ နူးညံ့သော အခြင်းအရာဖြင့် ကြည့်လေ့ရှိသော။ သာ၊ ထိုသုယောနန္ဒီ မိဖုရားသည်။ မံ၊ အကျွန်ုပ်ကို။ အန္နေန စ၊ ထမင်းဖြင့်လည်းကောင်း။ ပါနေန စ၊ အဖျော်ဖြင့် လည်းကောင်း။ ဝတ္ထေန စ၊ အဝတ်ဖြင့်လည်းကောင်း။ သယနေန စ၊ အိပ်ရာဖြင့် လည်းကောင်း။ အတ္တနာပိ စ၊ ကိုယ်ဖြင့်လည်းကောင်း။ သန္တပ္ပေသိ၊ ရောင့်ရဲစေ၏။ တွံ၊ သင် မင်းကြီးသည်။ ဧဝံ၊ ဤသို့။ ဝိဇာနာဟိ၊ သိလော့။

မိဖုရားကိုပြန်ပို့ခြင်း

ဂဠုန်မင်းသည် စောင်းသမားဆိုစဉ်လျှင် နှလုံးမသာယာသည်ဖြစ်၍ ငါသည် ဂဠုန်ပြည်၌ နေလျက်လည်း ထိုမိန်းမကို စောင့်ခြင်းငှာ မတတ်နိုင်၊ သီလမရှိသော ထိုမိန်းမဖြင့် အဘယ်ပြုအံ့နည်း ဟု ထိုမိန်းမကို ဆောင်၍ မင်းအား ပေး၍ ဖဲသွား၏။ ထိုအခါမှစ၍ တစ်ဖန် မလာပြီ။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဂဠန်မင်း ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မိန်းမတို့အား၊ ထိန်းသိမ်းငြား၊ ဖောက်ပြားဓမ္မတာ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သုယောနန္ဒီဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၁။ ဝဏ္ဏာရောဟဇာတ်

ကုန်းချောသော မြေခွေးအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝဏ္ဏာရောဟေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝဏ္ဏာရောဟဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကို အကြောင်း ပြု၍ ဟောတော်မူ၏။

မထေရ်နှစ်ပါး ကုန်းချောခံရပုံ

ပစ္စုပ္ပန်ဝတ္ထု... အခါတစ်ပါး၌ နှစ်ပါးကုန်သော မထေရ်တို့သည် ဤဝါတွင်းကာလပတ်လုံး ဆိုတ်ငြိမ်ရာ အရပ်၌ စီးဖြန်းအပ်သော ဘာဝနာကို ပွားစေကုန်အံ့ ဟု သဗ္ဗညူ မြတ်ဘုရားကိုပန်၍ အခြံအရံကို ပယ်၍ ကိုယ်တိုင်လျှင် သပိတ်သင်္ကန်းတို့ကိုယူ၍ ဇေတဝန်ကျောင်းတော်မှ ထွက်၍ တစ်ခုသော ပစ္စန္တရစ်ရွာကိုမှီ၍ တစ်ခုသောတော၌ နေကုန်၏။ တစ်ယောက်သော စားကြွင်းစားသည် မထေရ်တို့ထံ ခစားလျက် ထိုတောဝယ် တင့်အပ်ရာ အရပ်၌ နေ၏။ ထိုစားကြွင်းစားသည် မထေရ်တို့၏ ညီညွတ်သော နေခြင်းကိုမြင်၍ ဤမထေရ်တို့သည် အလွန်လျှင် ညီညွတ်ကုန်လျက် နေကုန်၏။ ဤမထေရ်တို့ကို အချင်းချင်း ကွဲပြားစိမ့်သောငှာ တတ်ကောင်းအံ့ဟု ကြံ၍ ရှင်သာရိပုတ္တရာ မထေရ်၏ အထံသို့ ဆည်းကပ်၍ အရှင်ဘုရား... အရှင်ဘုရားတို့အား အရှင်မဟာမောဂ္ဂလာန်မထေရ်နှင့် တစ်စုံ တစ်ခု ရန်ဖြစ်ဖူးခြင်းသည် ရှိသလော ဟု မေး၏။ ဒါယကာ အသို့နည်းဟု အရှင်သာရိပုတ္တရာ ဆို၏။ အရှင်ဘုရား... အရှင်မဟာမောဂ္ဂလာန် မထေရ်သည် အကျွန်ုပ်လာသောကာလ၌ သာရိပုတ္တရာသည် ဇာတ်, အရွယ်, အမျိုး, အဆက်ဆက်တို့ဖြင့် လည်းကောင်း၊ အကြား အမြင်၊ ကျမ်းဂန်အသင် အကြား၊ တရားကို သိခြင်း၊ တန်ခိုးဈာန်တို့ဖြင့် လည်းကောင်း၊ အဘယ်မှာ ထူးအံ့နည်း ဟု အရှင်ဘုရားတို့၏ ကျေးဇူးမဲ့ ကိုလျှင် ဆို၏။ ဟု ဆို၏။ အရှင်သာရိပုတ္တာမထေရ်သည် ပြုံး၍ ဒါယကာ... သင်သွားလော့ ဟု မိန့်တော်မူ၏။

ကုန်းတိုက်သူ ပြေးရပြီ

နောက်အခါ တစ်နေ့သ၌ အရှင်မဟာမောဂ္ဂလာန် မထေရ်၏ အထံသို့ ဆည်းကပ်၍ ထို့အတူလျှင် ဆို၏။ အရှင်မဟာမောဂ္ဂလာန် မထေရ်သည်လည်း ပြုံး၍ ဒါယကာ- သင်သွားလော့" ဟု ဆို၍ အရှင်သာရိပုတ္တရာ မထေရ်၏ အထံသို့ ဆည်းကပ်၍ ငါ့ရှင် ဤစားကြွင်းစားသည် အရှင်ဘုရားတို့၏ အထံ၌ တစ်စုံတစ်ခုသော စကားကို ဆိုသလော ဟု မေး၏။ ငါ့ရှင် ဆို၏ ဟု မိန့်တော်မူ၏။ အကျွန်ုပ် အထံ၌လည်း ဆို၏။ ဤစားကြွင်းစားကို နှင်ထုတ်ခြင်းငှာ သင့်၏ ဟု အရှင်မဟာမောဂ္ဂလာန် မထေရ်သည် မိန့်တော်မူ၍ ငါ့ရှင် ကောင်းပြီ၊ နှင်ထုတ်လော့ ဟု ဆိုသည်ရှိသော် အရှင်မဟာမောဂ္ဂလာန်မထေရ်သည် ဒါယကာ... သင်သည် ဤ၌မနေလင့် ဟု လက်ဖျစ် တီး၍ စားကြွင်းစားကို နှင်ထုတ်၏။

နှစ်ပါးကုန်သော မထေရ်တို့သည်လည်း ညီညွတ်စွာနေ၍ မြတ်စွာဘုရားအထံတော်သို့ သွား၍ ဘုရားကိုရှိခိုး၍ နေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ပဋိသန္ထာရ ပြုတော်မူ၍ ချမ်းသာသဖြင့် နေရကုန်၏လော ဟု မေးတော်မူ၍ ဘုန်းတော်ကြီး အရှင်ဘုရား... တစ်ယောက်သော စားကြွင်းစားသည် အကျွန်ုပ်တို့ကို ကွဲပြားစေလိုသည်ဖြစ်၍ ကွဲပြားစိမ့်သောငှာ မတတ်နိုင်၍ ပြေး၏ ဟု နားတော် လျှောက်သည်ရှိသော် သာရိပုတ္တရာ... ထိုစားကြွင်းစားသည် ယခုအခါ၌သာလျှင် သင်တို့ကို ကွဲပြားစေအံ့ ဟု ကွဲပြားစိမ့်သောငှာ မတတ်နိုင်သည်ဖြစ်၍ ပြေးသည်မဟုတ်သေး၊ ရှေး၌လည်း ပြေးဖူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အရှင်သာရိပုတ္တရာမထေရ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တော၌ ရုက္ခစိုးနတ်ဖြစ်၏။ ထိုအခါ ခြင်္သေ့, ကျားတို့သည် ထိုတောဝယ် တောင်လိုဏ်၌ နေကုန်၏။

ကျားနှင့်ခြင်္သေ့ ကုန်းတိုက်ခံရပုံ

တစ်ခုသောမြေခွေးသည် ထိုခြင်္သေ့, ကျားတို့ကို ခစားလျက် ခြင်္သေ့, ကျားတို့၏ စားကြွင်းကိုစား၍ ကြီးသောကိုယ်ရှိသည်ဖြစ်၍ တစ်နေ့သ၌ ငါသည် ခြင်္သေ့, ကျား၏ အသားကို မစားရစဖူး၊ ငါသည် ဤခြင်္သေ့, ကျားတို့ကို အချစ်ပျက်စိမ့်သောငှာ သင့်၏။ အချစ်ပျက်ခြင်းကြောင့် ခိုက်ရန်ပြု၍ သေကုန်သော ခြင်္သေ့, ကျားတို့၏ အသားကို စားအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုမြေခွေးသည် ခြင်္သေ့အထံသို့ကပ်၍ အရှင်... အရှင့်အား ကျားနှင့် တစ်စုံတစ်ခု ခိုက်ရန်ဖြစ်ဖူးခြင်းသည် ရှိသလောဟု မေး၏။ အချင်းမြေခွေး... ခိုက်ရန်မဖြစ်စဖူး ဟု ခြင်္သေ့သည် ဆို၏။ အရှင်... ဤကျားသည် အကျွန်ုပ်လာသော ကာလ၌ ခြင်္သေ့သည် ကိုယ်အဆင်းအားဖြင့်လည်းကောင်း၊ အလုံး အရပ်အားဖြင့် လည်းကောင်း၊ အမျိုးအား, လုံ့လဝီရိယအားဖြင့်လည်းကောင်း ငါ၏ တစ်ဆယ့်ခြောက်စိတ်တွင် တစ်စိတ်သော အဖိုကိုမျှလည်း မမီဟု အရှင်တို့၏ ကျေးဇူးမဲ့ကိုလျှင် ဆို၏ ဟု ဆို၏။ ထိုအခါမြေခွေးကို ခြင်္သေ့သည် သင် သွားတော့၊ ထိုကျားသည် ဤသို့ မဆိုထိုက်တန်ဟု ဆို၏။ ကျားအထံသို့ ဆည်းကပ်၍ ဤနည်းဖြင့်လျှင် ဆို၏။

ကျားနှင့်ခြင်္သေ့ တိုင်ပင်ကြပြီ

ထိုစကားကိုကြား၍ ကျားသည်လည်း ခြင်္သေ့အထံသို့ ဆည်းကပ်၍ အဆွေခင်ပွန်း... သင်သည် ဤသို့ ဆိုသလောဟု မေးလိုရကား-

၆၀။ ဝဏ္ဏာရောဟေန ဇာတိယာ၊ ဗလနိက္ကမနေန စ။
သုဗာဟု န မယာ သေယျော၊ သုဒါဌ ဣတိ ဘာသသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၀။ သုဒါဌ၊ ခြင်္သေ့မင်း။ သုဗာဟု၊ ကျားသည်။ ဝဏ္ဏာရောဟေန၊ အဆင်း, အလုံး, အရပ်အားဖြင့်လည်းကောင်း။ ဇာတိယာ၊ အမျိုးဖြင့်လည်းကောင်း။ ဗလနိက္ကမနေန စ၊ အား, လုံ့လအားဖြင့် လည်းကောင်း။ မယာ၊ ငါ့ထက်။ န သေယျော၊ မလွန် မမြတ်။ ဣတိ၊ ဤသို့။ တွံ၊ သင်သည် ဘာသသိ၊ ဆိုသလော။

ထိုစကားကို ကြား၍ခြင်္သေ့သည်-

၆၁။ ဝဏ္ဏာရောန ဇာတိယာ၊ ဗလနိက္ကမနေန စ။
သုဒါဌော န မယာ သေယျော၊ သုဗာဟု ဣတိ ဘာသသိ။
၆၂။ ဧဝံ စေ မံ ဝိဟရန္တံ၊ သုဗာဟု သမ္မ ဒုဗ္ဘသိ။
န ဒါနာဟံ တယာ သဒ္ဓိံ၊ သံဝါသ မဘိရောစယေ။
၆၃။ ယော ပရေသံ ဝစနာနိ၊ သဒ္ဒဟေယျ ယထာတထံ။
ခိပ္ပံ ဘိဇ္ဇေထ မိတ္တသ္မိံ၊ ဝေရဉ္ဇ ပသဝေ ဗဟုံ။
၆၄။ န သော မိတ္တော ယော သဒါ အပ္ပမတ္တော။
ဘေဒါသင်္ကီ ရန္ဓမေဝါနုပဿီ။
ယသ္မိံ စ သေတီ ဥရသီဝ ပုတ္တော
သ ဝေ မိတ္တော ယော အဘေဇ္ဇော ပရေဟိ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၆၁။ သုဒါဌော၊ ခြင်္သေ့သည်။ ဝဏ္ဏာရာဟေန၊ အဆင်း အလုံး အရပ်အားဖြင့် လည်းကောင်း။ ဇာတိယာ၊ အမျိုးအားဖြင့်လည်းကောင်း။ ဗလနိက္ကမနေန စ၊ အား လုံ့လအားဖြင့်လည်းကောင်း။ မယာ၊ ငါ့ထက်။ န သေယျော၊ မလွန်မမြတ်။ ဣတိ၊ ဤသို့။ သုဗာဟု၊ ကျားမင်းသည်။ ဘာသသိ၊ ဆိုသလော။

֍ ဋ္ဌ ၆၂။ သမ္မ သုဗာဟု၊ အရွယ်တူဖြစ်သော အဆွေကျား။ ဧဝံ၊ ဤသို့။ ဝိဟရန္တံ၊ သင်နှင့် အညီ အညွတ် နေသော။ မံ၊ ငါ့ကို။ သိင်္ဂါလဿ၊ မြေခွေး၏။ ကထံ၊ စကားကို။ ဂဟေတွာ၊ ယူ၍။ တွံ၊ သင်သည်။ စေ ဒုဗ္ဘသိ၊ အကယ်၍ ပြစ်မှားအံ့။ အဟံ၊ ငါသည်။ ဣဒါနိ၊ ယခုအခါ၌။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ သံဝါသံ၊ နေခြင်းကို။ နာဘိရောစယေ၊ မနှစ်သက်။

֍ ဋ္ဌ ၆၃။ ယော၊ အကြင်သူသည်။ ပရေသံ၊ သူတစ်ပါးတို့၏။ ဝစနာနိ၊ စကားတို့ကို။ ယထာတထံ၊ အဟုတ်အမှန်အားဖြင့်။ သဒ္ဒဟေယျ၊ ယုံကြည်ရာ၏။ အသ္မိံ၊ ထိုသူမိုက်၌။ မိတ္တံ၊ မိတ်သည်။ ခိပ္ပံ၊ လျင်စွာ။ ဘိဇ္ဇေထ၊ ပျက်ရာ၏။ ဗဟုံ၊ များစွာ။ ဝေရဉ္ဇ၊ ရန်သည်လည်း။ ပသဝေ၊ ပွားရာ၏။

֍ ဋ္ဌ ၆၄။ ယော၊ အကြင်သူသည်။ သဒါ၊ အခါခပ်သိမ်း။ အပ္ပမတ္တော၊ မမေ့မလျော့သည် ဖြစ်၍။ မိတ္တဿ၊ မိတ်၏။ ဝိနာသံ၊ ပျက်စီးခြင်းကို။ န ဒေတိ၊ မပေး။ ဘေဒါသင်္ကီ၊ မိတ်၏ ပျက်စီးခြင်းကိုလျှင် ရွံရှာ၏။ ရန္ဓမေဝ၊ အခွင့်အပေါက်ကိုလျှင်။ အနုပဿီ၊ အစဉ်ရှု၏။ သော၊ ထိုသူသည်။ မိတ္တော၊ မိတ်မည်၏။ ပုတ္တော၊ သားသည်။ ဥရသိ၊ အမိရင်ခွင်၌။ သေတိဝ၊ ရွံရှာခြင်းကင်းလျက် အိပ်သကဲ့သို့။ ယသ္မိံ စ၊ အကြင် သူ၌လည်း။ သေတိ၊ ရွံရှာခြင်းကင်းလျက် အိပ်၏။ ယော စ၊ အကြင် သူသည်လည်း။ ပရေဟိ၊ သူတစ်ပါးတို့ကြောင့်။ အဘေဇ္ဇော၊ မကွဲမပြား။ သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ မိတ္တော၊ မိတ်မည်၏။

မြေခွေး ထွက်ပြေးရပြီ

ဤသို့ လေးဂါထာတို့ဖြင့် ခြင်္သေ့သည် မိတ်၏ ကျေးဇူးကို ဆိုသည်ရှိသော် ကျားသည် ငါ့အား အပြစ်ရှိ၏ ဟု ခြင်္သေ့ကို ကန်တော့၏။ ထိုကျား, ခြင်္သေ့တို့သည် ရှေးအတူသာလျှင် ညီညွတ်သော နေခြင်းဖြင့် နေကုန်၏။ မြေခွေးသည်ကား ပြေး၍ တစ်ပါးသို့သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ စားကြွင်းစားသည် ထိုအခါ မြေခွေး ဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ခြင်္သေ့ ဖြစ်ဖူးပြီ၊ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ ကျား ဖြစ်ဖူးပြီး၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ထိုအကြောင်းကို မျက်မှောက်အားဖြင့် မြင်သော ထိုတော၌ ရုက္ခစိုးနတ် ဖြစ်ဖူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကုန်းတိုက်ပြောဆို၊ မိတ်ဆွေကို။ ကြည်ညိုမပျက်ရာ

ရှေးဦးစွာသော ဝဏ္ဏာရောဟဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၂။ သီလဝီမံသဇာတ်

ဗဟုသုတပညာထက် သီလကမြတ်ခြင်းအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သီလံ သေယျော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသီလဝီမံသဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သီလကို စုံစမ်းသော တစ်ယောက်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... မင်းသည် ဤပုဏ္ဏားကား သီလနှင့် ပြည့်စုံ ၏ဟု ထိုပုဏ္ဏားကို တစ်ပါးကုန်သော ပုဏ္ဏားတို့ထက် မြတ်သည်ကိုပြု၍ ကြည့်၏။ ထိုပုဏ္ဏားသည် မင်းကား သီလနှင့်ပြည့်စုံ၏ဟု ငါ့ကို တစ်ပါးသော ပုဏ္ဏားတို့ထက် မြတ်သည်ကို ပြု၍ ကြည့်သလော၊ ထိုသို့မဟုတ်မူ အကြားအမြင်ကို ဆောင်ခြင်းနှင့် ယှဉ်၏ဟူ၍ ငါ့ကို တစ်ပါးသော ပုဏ္ဏားတို့ထက် မြတ်သည်ကိုပြု၍ ကြည့်သလော၊ သီလ၏ လည်းကောင်း၊ အကြားအမြင်၏ လည်းကောင်း မြတ်သောအဖြစ်ကို စုံစမ်းဦးအံ့ ဟု ကြံ၏။ ကြံပြီး၍ တစ်နေ့သ၌ ရွှေပန်းထိမ်သည်၏ အထံမှ အသပြာကိုယူ၏။ ရွှေပန်းထိမ်

သည်လည်း အလေးအမြတ် ပြုအပ်သည်၏ အဖြစ်ကြောင့် တစ်စုံတစ်ခုသော စကားကိုမဆို၊ နှစ်ကြိမ်ယူသော်လည်း တစ်စုံတစ်ခုသော စကားကိုမဆို၊ သုံးကြိမ်မြောက်၌ကား လုယက်၍ စားသူတည်း ဟု ဖမ်းယူစေ၍ မင်းအား ပြ၏။

ဗဟုသုတထက် သီလမြတ်ကြောင်း

ပုဏ္ဏားသည် အဘယ်ကို ပြုသနည်း ဟု မေးသည်ရှိသော် ဥစ္စာကို လုယက်၏ ဟု ဆို၏။ ပုဏ္ဏား... မှန်သလော ဟု မေးသည်ရှိသော် မြတ်သောမင်းကြီး... အကျွန်ုပ်သည် ဥစ္စာကို မလုယက်၊ အကျွန်ုပ်အားကား သီလသည်တည်း မြတ်သလော, အကြားအမြင်သည်တည်း မြတ်သလောဟု ကုက္ကုစ္စသည်ဖြစ်၏။ ထိုအကျွန်ုပ်သည် သီလ, အကြားအမြင်၊ ဤနှစ်ပါးတို့တွင် အဘယ်သည်လျှင် မြတ်သနည်း ဟု စုံစမ်းလို၍ သုံးကြိမ် အသပြာကို ယူ၏။ ထိုအကျွန်ုပ်ကို ရွှေပန်းထိမ်သည်သည် နှောင်ဖွဲ့၍ အရှင်မင်းကြီးတို့အား ပြ၏။ ယခု အကျွန်ုပ်သည် အကြား အမြင်ထက် သီလ၏ မြတ်သည်၏အဖြစ်ကို သိအပ်ပြီ၊ အကျွန်ုပ်အား အိမ်၌နေခြင်းဖြင့် အလိုမရှိ၊ အကျွန်ုပ်သည် ရဟန်းပြုအံ့ ဟု ရဟန်းအဖြစ်ကို ခွင့်ပြုစေ၍ အိမ်တံခါးကို မကြည့်မူ၍လျှင် ဇေတဝန် ကျောင်းတော်သို့ သွားပြီး၍ မြတ်စွာဘုရားအား ရဟန်းအဖြစ်ကို တောင်း၏။ မြတ်စွာဘုရားသည် ထိုပုဏ္ဏားအား သာမဏေအဖြစ် ပဉ္စင်းအဖြစ်ကို ပေးတော်မူ၏။ ထိုပုဏ္ဏားသည် ပဉ္စင်းဖြစ်၍ မကြမြင့်မီ ဝိပဿနာကို ပွားစေ၍ အရဟတ္တဖိုလ်၌ တည်၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ ဤမည်သော ပုဏ္ဏားသည် မိမိ၏သီလကို စုံစမ်း၍ ရဟန်း ပြု၍ ဝိပဿနာကို စီးဖြန်း၍ အရဟတ္တဖိုလ်၌ တည်၏ ဟု စကားကိုဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ ဤပုဏ္ဏားသည်သာလျှင် သီလကိုစုံစမ်း၍ ရဟန်း ပြု၍ မိမိ၏တည်ရာကို ပြုသည်မဟုတ်သေး၊ ရှေး၌ ပညာရှိတို့သည်လည်း သီလကို စုံစမ်း၍ ရဟန်းပြု၍ မိမိ၏ တည်ရာကို ပြုဖူးကုန်သလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်သင်၍ ဗာရာဏသီပြည်သို့လာ၍ မင်းကို ဖူးမြင်၏။ မင်းသည် ဘုရားလောင်းအား ပုရောဟိတ်အရာကို ပေး၏။ ဘုရားလောင်းသည် ပဉ္စသီတို့ကို စောင့်ရှောက်၏။ မင်းသည်လည်း ဘုရားလောင်းကို သီလရှိသော သူတည်းဟု အလေးအမြတ်ပြု၍ ကြည့်၏။ ဘုရားလောင်းသည်ကား သီလနှင့် ပြည့်စုံ၏ဟု ငါ့ကို ကြည့်သလော၊ ထိုသို့မဟုတ်မူ အကြားအမြင်ကို ဆောင်ခြင်းနှင့်ယှဉ်သော သူတည်းဟု အလေးအမြတ်ပြု၍ ငါ့ကို ကြည့်သလော ဟု ကြံ၏။ အလုံးစုံသော စကားသည် ပစ္စုပ္ပန်ဝတ္ထုနှင့် တူသည်သာလျှင် ဖြစ်၏။

သီလ မွန်မြတ်ပုံ

ဤသီလဝီမံသဇာတ်၌ကား ပုဏ္ဏားသည် ယခု အကျွန်ုပ်သည် အကြားအမြင်ထက် သီလ၏ မြတ်သောအဖြစ်ကို သိအပ်ပြီဟု ဆို၍ -

၆၅။ သီလံ သေယျော သုတံ သေယျော၊
ဣတိ မေ သံသယော အဟု။
သီသမေဝ သုတာ သေယျော၊
ဣတိ မေ နတ္ထိ သံသယော။
၆၆။ မောဃာ ဇာတိ စ ဝဏ္ဏော စ၊ သီလမေဝ ကိရုတ္တမံ။
သီလေန အနုပေတဿ၊ သုတေနတ္ထော န ဝိဇ္ဇတိ၊
၆၇။ ခတ္တိယော စ အဓမ္မဋ္ဌော၊ ဝေဿော စာဓမ္မနိဿိတော။
တေ ပရိစ္စဇ္ဇုဘော လောကေ၊ ဥပပဇ္ဇန္တိ ဒုဂ္ဂတိံ။
၆၈။ ခတ္တိယာ ဗြာဟ္မဏာ ဝေဿာ၊ သုဒ္ဓါ စဏ္ဍာလ ပက္ကုသာ။
ဣဓ ဓမ္မံ စရိတွာန၊ ဘဝန္တိ တိဒိဝေ သမာ။
၆၉။ န ဝေဒါ သမ္ပရာယာယ၊ န ဇာတိ နာပိ ဗန္ဓဝါ။
သကဉ္စ သီလံ သံသုဒ္ဓံ၊ သမ္ပရာယာယ သုခါယ စ။

ဟူသော ဤငါးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၆၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မေ၊ အကျွန်ုပ်အား။ သီလံ၊ သီလသည်တည်း။ သေယျော၊ မြတ်သလော။ သုတံ၊ သုတသည်တည်း။ သေယျော၊ မြတ်သလော။ ဣတိ၊ ဤသို့။ သံသယော၊ ယုံမှားခြင်းသည်။ အဟု၊ ဖြစ်၏။ ဣဒါနိ၊ ယခုအခါ၌။ သီလမေဝ၊ သီလသည်လျှင်။ သုတာ၊ အကြား အမြင်ထက်။ သေယျော၊ မြတ်၏။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်သည်။ ဉာတော၊ သိအပ်ပြီ။ မေ၊ အကျွန်ုပ်အား။ သံသယော၊ ယုံမှားခြင်းသည်။ နတ္ထိ၊ မရှိ။

သီလမရှိ အသုံးမဝင်

֍ ဋ္ဌ ၆၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဇာတိ စ၊ အမျိုးသည်လည်းကောင်း။ ဝဏ္ဏော စ၊ အဆင်းသည်လည်းကောင်း။ မောဃာ၊ အကျိုးမရှိကုန်။ သီလမေဝ၊ သီလသာလျှင်။ ဥတ္တမံ ကိရ၊ မြတ်သတတ်။ သီလေန၊ သီလနှင့်။ အနုပေတဿ၊ မပြည့်စုံသောသူအား။ သုတေန၊ အကြားအမြင်ဖြင့်။ အတ္ထော၊ အကျိုးသည်။ န ဝိဇ္ဇတိ၊ မရှိ။

֍ ဋ္ဌ ၆၇။ အဓမ္မဋ္ဌော၊ တရားနှင့်မပြည့်စုံသော။ ခတ္တိယော စ၊ မင်းလည်းကောင်း။ အဓမ္မနိဿိတော၊ အဓမ္မကို မှီသော။ ဝေဿော စ၊ ကုန်သည်လည်းကောင်း။ တေ ဥဘော၊ ထို နှစ်ယောက်ကုန်သော သူတို့သည်။ လောကေ၊ လူ့ပြည် နတ်ပြည်တို့ကို။ ပရိစ္စဇ္ဇ၊ စွန့်ကုန်၍။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိ၌။ ဥပပဇ္ဇန္တိ၊ ဖြစ်ကုန်၏။

သီလရှိမူ အတူတူ

֍ ဋ္ဌ ၆၈။ ခတ္တိယာ စ၊ မင်းတို့သည်လည်းကောင်း။ ဗြာဟ္မဏာ စ၊ ပုဏ္ဏားတို့သည်လည်းကောင်း။ ဝေဿာ စ၊ ကုန်သည်တို့သည်လည်းကောင်း။ သုဒ္ဓါ စ၊ သူဆင်းရဲတို့သည်လည်းကောင်း။ စဏ္ဍာလ ပက္ကုသာစ၊ သူသေကောင်ကို စွန့်သော စဏ္ဍာလ, ပန်းမှိုက်သွန်မျိုးတို့သည်လည်းကောင်း။ ဧဝံ၊ ဤသို့။ ဣဓ၊ ဤပစ္စုပ္ပန်ဘဝ၌။ ဓမ္မံ၊ တရားကို။ စရိတွာန၊ ကျင့်၍။ တိဒိဝေ၊ နတ် ပြည်၌။ သမာ၊ တူကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

နောင်ဘဝတွက်သာ သီလသာ

֍ ဋ္ဌ ၆၉။ ဝေဒါ၊ ဗေဒင်တို့သည်။ သမ္ပရာယာယ၊ တမ လွန်၌ စည်းစိမ်ချမ်းသာ ပေးခြင်းငှာ။ န ဟောန္တိ၊ မဖြစ်ကုန်။ ဇာတိပိ၊ အမျိုးတို့သည်လည်း။ သမ္ပရာယာယ၊ တမလွန်ဘဝ၌ စည်းစိမ်ချမ်းသာကို ပေးခြင်းငှာ။ န ဟောန္တိ၊ မဖြစ်ကုန်။ ဗန္ဓဝါပိ၊ အဆွေအမျိုးတို့သည်လည်း။ သမ္ပရာယာယ၊ တမလွန်၌ စည်းစိမ်ချမ်းသာကို ပေးခြင်းငှာ။ န ဟောန္တိ၊ မဖြစ်ကုန်။ သံသုဒ္ဓံ၊ စင်ကြယ်သော။ သကဉ္စ သီလံ၊ မိမိသီလသည်သာလျှင်။ သမ္ပရာယာယ သုခါယ၊ တမလွန်၌ ဖြစ်သော ချမ်းသာအကျိုးငှာ။ ဟောတိ စ၊ ဖြစ်သလျှင်ကတည်း။

ဤသို့ ဘုရားလောင်းသည် သီလကျေးဇူးတို့ကို ချီးမွမ်း၍ မင်းကိုပြော၍ ရဟန်းအဖြစ်ကို ခွင့်ပြုစေ၍ ထိုနေ့၌လျှင် ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သီလကို စုံစမ်းသော ရသေ့ရဟန်းပြုသော ပုဏ္ဏားဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဗဟုသုတ၊ မြောက်များစွာ့၊ သီလ ထို့ထက်သာ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သီလဝီမံသဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၃။ ဟိရီဇာတ်

အဆွေခင်ပွန်းယုတ် အကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဟိရိံ တရန္တံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဟိရီဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အနာထပိဏ်သူဌေး၏ အဆွေခင်ပွန်းဖြစ်သော ပစ္စန္တရစ်နေ သူဌေးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... နှစ်ပါးကုန်သော ဝတ္ထုတို့ကိုလည်း ဧကကနိပါတ်၊ နဝမဝဂ်၏ အဆုံးဇာတ်၌ ချဲ့အပ်ကုန်ပြီးသလျှင်ကတည်း။

အတိတ်ဝတ္ထု... ဤ ဟိရီဇာတ်၌ကား-ပစ္စန္တရစ်အရပ်နေ သူဌေး၏ လူတို့သည် လုယက်အပ်သော အလုံးစုံသော ဥစ္စာရှိကုန်သည်ဖြစ်၍ ပြေးကုန်၏ဟု ဗာရာဏသီသူဌေးအား ကြား လျှောက်သည် ရှိသော် ဗာရာဏသီသူဌေးသည် မိမိအထံသို့ လာကုန်သောသူတို့အား ပြုအပ်သောအမှုကို မပြုကုန်သော သူတို့မည်သည်ကား ကျေးဇူးတုံ့ပြန်တတ်သော သူတို့ကို မရကုန်ဟု ဆို၍-

၇၀။ ဟိရိံ တရန္တံ ဝိဇိဂုစ္ဆမာနံ၊
တဝါဟမသ္မိ ဣတိ ဘာသမာနံ။
သေယျာနိ ကမ္မာနိ အနာဒိယန္တံ၊
နေသော မမန္တိ ဣတိ နံ ဝိဇညာ။
၇၁။ ယဉှိ ကယိရာ တဉှိ ဝဒေ၊ ယံ န ကယိရာ န တံ ဝဒေ။
အကရောန္တံ ဘာသမာနံ၊ ပရိဇာနန္တိ ပဏ္ဍိတာ။
၇၂။ န သော မိတ္တော ယော သဒါ အပ္ပမတ္တော၊
ဘေဒါသင်္ကီ ရန္ဓမေဝါနုပဿီ။
ယသ္မိံ စ သေတိ ဥရသီဝ ပုတ္တော၊
သ ဝေ မိတ္တော ယော အဘေဇ္ဇော ပရေဘိ။
၇၃။ ပါမောဇ္ဇကရဏံ ဌာနံ၊ ပသံသာဝဟနံ သုခံ၊
ဖာနိသံသော ဘာဝေတိ၊ ဝဟန္တော ပေါရိသံ ဓုရံ။
၇၄။ ပဝိဝေကရသံ ပိတွာ၊ ရသံ ဥပသမဿ စ။
နိဒ္ဒရော ဟောတိ နိပ္ပါပေါ၊ ဓမ္မပ္ပီတိရသံ ပိဝံ။

ဟူသော ဤငါးဂါထာတို့ကို ဆို၏။

နှုတ်သက်သက်ကား မိတ်ဆွေမဟုတ်

֍ ဋ္ဌ ၇၀။ ဟိရိံ၊ ရှက်ခြင်းကို။ တရန္တံ၊ လွန်သော။ ဝိဇိဂုစ္ဆမာနံ၊ မိတ်ဆွေခင်ပွန်း၏ အဖြစ်ကို စက်ဆုပ်အပ်သော။ အဟံ၊ ငါကား။ တဝ၊ သင်၏။ မိတ္တော၊ အဆွေခင်ပွန်းသည်။ အသ္မိ၊ ဖြစ်၏။ ဣတိ၊ ဤ သို့။ ဘာသမာနံ၊ စကားမျှကိုသာလျှင် ဆိုသော။ သေယျာနိ၊ မြတ်ကုန်သော။ ကမ္မာနိ၊ အမှုတို့ကို အနာဒိယန္တံ၊ မပြုသော နံ၊ ထိုသူကို။ ဧသော၊ ဤသူသည်။ မမ၊ ငါ၏။ န မိတ္တော၊ အဆွေ ခင်ပွန်းမဟုတ်။ ဣတိ၊ ဤသို့။ ဝိဇညာ၊ သိရာ၏။

֍ ဋ္ဌ ၇၁။ ယံ ဟိ၊ အကြင်အမှုကိုလျှင်။ ကယိရာ၊ ပြုရာ၏။ တံဟိ၊ ထိုအမှုကိုလျှင်။ ဝဒေ၊ ဆိုရာ၏။ ယံ၊ အကြင်အမှုကို။ န ကယိရာ၊ မပြုရာ။ တံ၊ ထိုအမှုကို။ န ဝဒေ၊ မဆိုရာ။ ဘာသမာနံ၊ ဆိုလျက်။ အကရောန္တံ၊ မပြုသောသူကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ပရိဇာနန္တိ၊ သိကုန်၏။

လက်ပါပါမှ မိတ်ဆွေစစ်

֍ ဋ္ဌ ၇၂။ ယော၊ အကြင်သူသည်။ သဒါ၊ အခါခပ်သိမ်း။ အပ္ပမတ္တော၊ မမေ့လျော့သည်ဖြစ်၍။ မိတ္တဿ၊ မိတ်၏။ ဝိနာသံ၊ ပျက်စီးခြင်းကို။ န ဒေတိ၊ မပေး။ ဘေဒါသင်္ကီ၊ မိတ်၏ ပျက်စီးခြင်းကိုလျှင် ရွံရှာ၏။ ရန္ဓမေဝ၊ မိတ်ပျက်ခြင်း၏ အကြောင်းကိုလျှင်။ အနုပဿီ၊ အစဉ်ရှု၏။ သော၊ ထိုသူသည်။ မိတ္တော၊ မိတ်မည်၏။ ပုတ္တော၊ သားသည်။ ဥရသိ၊ အမိရင်ခွင်၌။ နိရာသင်္ကော၊ ရွံရှာခြင်းကင်းလျက်။ သေတိဣဝ၊ အိပ်သကဲ့သို့။ ယသ္မိံ စ၊ အကြင်သူ၌လည်း။ မိတ္တော၊ အဆွေခင်ပွန်းသည်။ နိရာသင်္ကော၊ ရွံရှာခြင်း ကင်းသည်ဖြစ်၍။ သေတိ၊ အိပ်၏။ ယော စ၊ အကြင်သူသည်လည်း။ ပရေဘိ၊ သူတစ်ပါးတို့ကြောင့်။ အဘေဇ္ဇော၊ မကွဲမပြား။ သ-သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ မိတ္တော၊ အဆွေခင်ပွန်း မည်၏။

မိတ်ဆွေ တာဝန် ၄-ပါး

֍ ဋ္ဌ ၇၃။ ဖလာနိသံသော၊ အကျိုးအာနိသင်ကို မြင်သော။ ပေါရိသံ၊ ယောကျ်ားတို့သည်ဆောင်အပ်သော။ ဓုရံ၊ ဒါန သီလ ဘာဝနာ မိတ်ဖွဲ့သည်၏ အဖြစ်ဟု ဆိုအပ်သော လေးပါး အပြားရှိသော ဝန်ကို။ ဝဟန္တော၊ ရွက်ဆောင်သောသူသည်။ ပါမောဇ္ဇကရဏံ၊ မိတ်ဖွဲ့သည်၏အဖြစ်ဟု ဆိုအပ်သော ဝမ်းမြောက်ခြင်းကို ပြုတတ်သော။ ဌာနံ၊ အကြောင်းကို လည်းကောင်း။ ပသံသာဝဟနံ၊ ချီးမွမ်းခြင်းကို ရွက်ဆောင်တတ်သော။ သုခံ၊ ချမ်းသာကို လည်းကောင်း။ ဘာဝေတိ၊ ပွားစေ၏။

အမြိုက်ရသာ ၃-ပါး

֍ ဋ္ဌ ၇၄။ ပဝိဝေကံရသံ၊ ကာယဝိဝေက, စိတ္တဝိဝေက, ဥပဓိဝိဝေကတို့ကို မှီ၍ဖြစ်သော ဝမ်းမြောက်ဝမ်းသာခြင်းဟူသော ရသကို။ ပိတွာ၊ သောက်၍။ ဥပသမဿ၊ ကိလေသာ ငြိမ်းခြင်း၏။ ဝသေန၊ အစွမ်းဖြင့်။ လဒ္ဓံ၊ ရအပ်သော။ ရသံ ဝါ၊ ဝမ်း မြောက် ဝမ်းသာခြင်းဟူသော ရသကိုလည်း။ ပိတွာ၊ သောက်၍။ ဓမ္မပ္ပီတိရသံ၊ ဓမ္မပီတိဟု ဆိုအပ်သော ဝိမုတ္တိရသကို။ ပိဝံ၊ သောက်သောသူသည်။ နိဒ္ဒရော၊ ကိလေသာဟူသော ပူပန်ခြင်းမရှိသည်။ နိပ္ပါပေါ၊ အကုသိုလ်မရှိသည်။ ဟောတိ၊ ဖြစ်၏။

ဤသို့ ဘုရားလောင်းသည် ယုတ်မာသော အဆွေ ခင်ပွန်းနှင့် ပေါင်းမိခြင်းကြောင့် ထိတ် လန့်ခြင်းဖြစ်၍ ပဝိဝေက၏ အစွမ်းအားဖြင့် အမြိုက်နိဗ္ဗာန်သို့ ရောက်စေ၍ ဒေသနာ၏ အထွတ်ကို ယူ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဗာရာဏ သီသူဌေး ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

မိတ်ဆွေ ယုတ်မြတ်၊ ခွဲခြားမှတ်၊ ပေါင်းအပ်သင့်ပေသည်

သုံးခုတို့၏ ပြည့် ဖြစ်သော ဟိရီဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၄။ ခဇ္ဇောပနကဇာတ်

ကော နု သန္တမှိ ပဇ္ဇောတေ - အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ခဇ္ဇောပနကပဉှာသည် မဟာဥမင်္ဂဇာတ်၌ အကျယ်အားဖြင့် ဖြစ်လတ္တံ့။

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ခဇ္ဇောပနကဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၅။ အဟိတုဏ္ဍိကဇာတ်

မျောက်ကိုမွေးသော အလမ္ပာယ်အကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်ဘုရားသည် "ဓုတ္တောမှိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအဟိတုဏ္ဍိကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ယောက်သော ရဟန်းကြီးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုကို အောက် သာလူကဇာတ်၌ ချဲ့အပ်ပြီ။ ဤအဟိတုဏ္ဍိကဇာတ်၌လည်း ထိုရဟန်းကြီးသည် ဤမည်သော ရွာသူသားငယ်ကို ရဟန်းပြု၍ ဆဲရေး ရိုက်ပုတ်၏။ သာမဏေငယ်သည် ပြေး၍ လူထွက်၏။ နှစ်ကြိမ်မြောက်လည်း ထိုသူငယ်ကို ရှင်ပြုစေ၍ ရှေးအတူလျှင် ပြု၏။ သုံးကြိမ်မြောက်လည်း လူထွက်၍ တစ်ဖန် တောင်းပန်အပ်သည်ရှိသော် ကြည့်ခြင်းငှာလည်း အလိုမရှိ၊ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့- ဤအမည်ရှိသော ရဟန်းကြီးသည် မိမိသာမဏေနှင့် အတူတကွ နေခြင်းငှာ မတတ်နိုင်၊ ကင်း၍ နေခြင်းငှာလည်း မတတ်နိုင်၊ သာမဏေသည် ထိုရဟန်းကြီး၏ အပြစ်ကိုမြင်၍ ပြန်၍ ကြည့်ခြင်းငှာလည်း အလိုမရှိ၊ သာမဏေသည် စိတ်လိမ္မာ၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်လတ်သော် ရဟန်းတို့... ယခုအခါ၌ သာလျှင်ဤသာမဏေငယ်သည် စိတ်လိမ္မာသည်ဖြစ်၍ တစ်ကြိမ်တစ်ခါ အပြစ်ကိုမြင်၍ တစ်ဖန်ပြန်၍ ကြည့်အံ့သောငှာ အလိုရှိသည် မဟုတ်သေး၊ ရှေး၌လည်း အလိုမရှိသည် သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် စပါးရောင်းသော ကုန်သည်မျိုး၌ ဖြစ်၍ စပါးရောင်းသဖြင့် အသက်မွေး၏။

အလမ္ပာယ်မျောက်

ထိုအခါ တစ်ယောက်သော အလမ္ပာယ်သည် မျောက်ကိုယူ၍ အတတ်သင်၍ မြွေကို ကစားစေ၍ ဗာရာဏသီပြည်၌ ပွဲသဘင် ကြွေးကြော်လတ်သော် ထိုမျောက်ကို စပါးရောင်းကုန်သည်၏ အထံ၌ထား၍ မြွေကိုကစားလျက် ခုနစ်ရက်ပတ်လုံး လှည့်လည်၏။ ထိုကုန်သည်သည်လည်း မျောက်အား ခဲဖွယ်ဘောဇဉ်ကို ပေး၏။ အလမ္ပာယ်သည် ခုနစ်ရက်မြောက်သောနေ့၌ ပွဲသဘင်ကစားရာမှ လာ၍ ထိုမျောက်ကို ဝါးခြမ်းစိတ်ဖြင့် သုံးကြိမ်ရိုက်၍ မျောက်ကိုယူ၍ ဥယျာဉ်သို့သွား၍ နှောင်ဖွဲ့၍ အိပ်ပျော်ခြင်းသို့ရောက်၏။

မျောက်ထွက်ပြေးပြီ

မျောက်သည် အနှောင်အဖွဲ့ကို ဖြေ၍ သရက်ပင်သို့တက်၍ သရက်သီးတို့ကို စား၍နေ၏။

မြှောက်ပင့်ခေါ်ခြင်း

အလမ္ပာယ်လည်း နိုး၍ သရက်ပင်၌ မျောက်ကို မြင်၍ ထိုမျောက်ကို ငါသည် ဖျားယောင်း၍ ယူခြင်းငှာ သင့်၏။ ဟု ထိုမျောက်နှင့်တကွ စကားပြောလိုရကား-

၈၀။ ဓုတ္တောမှိ သမ္မ သုခုမ၊ ဇူတေ အက္ခပရာဇိတော။
ဟရေဟိ အမ္ဗပက္ကာနိ၊ ဝီရိယံ တေ ဘက္ခယာမသေ။

ဟူ သော ရှေးဦးစွာ ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၀။ သမ္မ သုခုမ၊ ကောင်းသော မျက်နှာရှိသော အချင်းမျောက်။ အဟံ၊ ငါသည်။ ဇူတေ၊ ကြွေ အန်ကစားခြင်း၌။ ဓုတ္တော၊ ကြူးသည်။ အမှိ၊ ဖြစ်၏။ အက္ခပရာဇိတော၊ ကြွေအန်တို့မှ ရှုံး၏။ အမ္ဗပက္ကာနိ၊ သရက်သီးမှည့်တို့ကို။ ဟရေဟိ၊ ချလော့။ တေ၊ သင်၏။ ဝီရိယံ၊ ဝီရိယနှင့်ဖြစ်သော သရက်သီးမှည့်ကို။ ဘက္ခယာမသေ၊ စားကုန်အံ့၊

ရန်သူမိတ်ဆွေ သိပြီလေ

ထိုစကားကိုကြား၍ မျောက်သည်-

၈၁။ အလီကံ ဝတ မံ သမ္မ၊ အဘူတေန ပသံသသိ။
ကော တေ သုတော ဝါ ဒိဋ္ဌော ဝါ၊ သုမုခေါ နာမ မက္ကဋော။-
၈၂။ အဇ္ဇာပိ တေ မံ သရသိ၊ ယံ မံ တွံ အဟိတုဏ္ဍိက။
ဓညာပဏံ ပဝိသိတွာ၊ မုတ္တော ဆာတံ ဟနာသိ မံ၊-
၈၃။ တာဟံ သရံ ဒုက္ခသေယျံ၊ အပိ ရဇ္ဇမ္ပိ ကရယေ။
နေဝါဟံ ယာစိတော ဒဇ္ဇံ၊ တထာ ဟိ ဘယတဇ္ဇိတော။-
၈၄။ ယဉ္စ ဇညာ ကုလေ ဇာတံ၊ ဂဗ္ဘေ တိတ္တံ အမစ္ဆရိံ။
တေန သခိဉ္စ မိတ္တဉ္စ၊ ဓီရော သန္ဓာတုမရဟတိ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၈၁။ သမ္မ အဟိတုဏ္ဍိက၊ အချင်း အလမ္ပာယ်။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ အဘူတေန၊ မဟုတ်မမှန်သော စကားဖြင့်။ ပသံသသိ၊ ချီးမွမ်း၏။ တဝ၊ သင်၏။ ဝစနံ၊ စကားသည်။ အလီကံ ဝတ၊ ချွတ် ယွင်းစွတကား။ တေ၊ သင်သည်။ ကော၊ အဘယ် ၌။ သုမုခေါ နာမ၊ ကောင်းသောမျက်နှာရှိသည်မည်သော။ မက္ကဋေယ၊ မျောက်ကို။ သုတော ဝါ၊ ကြားမူလည်း ကြဖူးပါသနည်း။ ဒိဋ္ဌော ဝါ၊ မြင်မူလည်း မြင်ဖူးပါသနည်း။

֍ ဋ္ဌ ၈၂။ အဟိတုဏ္ဍိက၊ အလမ္ပာယ်။ တွံ၊ သင်သည်။ ဓညာပဏံ၊ စပါးဈေးသို့။ ပဝိသိတွာ၊ ဝင်၍။ မံ၊ ငါ့ကို။ မုတ္တော၊ လွှတ်၍။ ဆာတံ၊ ငတ်မွတ်ဆာ လောင်သော။ မံ၊ ငါ့ကို။ ယံ ဟနာသိ၊ အကြင် ရိုက်ခြင်းကိုပြု၏။ တေ၊ သင်၏။ ဣမံ၊ ဤရိုက်ခြင်းကို။ တွံ၊ သင်သည်။ အဇ္ဇာပိ၊ ယခုလည်း။ သရသိ၊ အောက်မေ့လော့။

֍ ဋ္ဌ ၈၃။ အဟံ၊ ငါသည်။ တံ ဒုက္ခသေယျံ၊ ထိုဆင်းရဲသဖြင့် အိပ်ရခြင်းကို။ သရံ၊ အောက်မေ့၏။ တယာ၊ သင်သည်။ မံ၊ ငါ့ကို။ ဘယတဇ္ဇိတော၊ ဘေးဖြင့် ခြိမ်းခြောက်၏။ တထာဟိ၊ ထို့ကြောင့်လျှင်။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ ရဇ္ဇမ္ပိ၊ မင်း အဖြစ်သို့လည်း။ ကာရယေ အပိ၊ ပြုငြားအံ့။ ယာစိတော၊ သင်တောင်းအပ်သော။ အဟံ၊ ငါသည်။ တေ၊ သင့်အား။ နေဝ ဒဇ္ဇံ၊ မပေးသလျှင်ကတည်း။

֍ ဋ္ဌ ၈၄။ ကုလေ၊ အမျိုး၌။ ဇာတံ၊ ဖြစ်သော။ ဂဗ္ဘေ၊ ကိုယ်ဝန်၌။ တိတ္တံ၊ ရောင့်ရဲသော။ အမစ္ဆရိံ၊ ဝန်မတိုသော။ ယဉ္စ၊ အကြင်သူကိုလည်း။ ဇညာ၊ သိရာ၏။ ဓီရော၊ ပညာရှိသည်။ တေန၊ ထိုသူနှင့်။ သခိဉ္စ၊ အဆွေခင်ပွန်း၏ အဖြစ်ကိုလည်းကောင်း။ မိတ္တဉ္စ၊ မိတ်၏အဖြစ်ကိုလည်းကောင်း။ သန္ဓာတုံ၊ စေ့စပ်အံ့သောငှာ။ အရဟတိ၊ ထိုက်၏။

ဇာတ်ပေါင်း... ဤသို့လျှင်ဆို၍ မျောက်သည် တောသို့ လျင်မြန်စွာ ဝင်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရဟန်းကြီးသည် ထိုအခါ အလမ္ပာယ် ဖြစ်ပြီ၊ ယခုအခါ သာမဏေသည် ထိုအခါ မျောက်ဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ စပါးကုန်ရောင်းသောသူဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

မြှောက်စားခြောက်စား၊ ထိုသူအား၊ ရှောင်ရှားဝေးဝေးခွာ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော အဟိတုဏ္ဍိကဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၆။ ဂုမ္ဗိယဇာတ်

အဆိပ်ခတ်သော ဘီလူးအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်ဘုရားသည် မဓုဝဏ္ဏံ မဓုရသံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂုမ္ဗိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ငြီးငွေ့သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းကို သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း သင်သည် ငြီးငွေ့သောဟူသည် မှန်သလော ဟု မေးတော်မူ၍ ဘုန်းတော်ကြီး သော အရှင်ဘုရား... မှန်ပေ၏ ဟု နားတော်လျောက်သည်ရှိသော် အဘယ်ကိုမြင်၍ သင်ငြီးငွေ့သနည်း ဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... တန်ဆာဆင်သော မိန်းမကိုမြင်၍ ငြီးငွေ့၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း... ဤငါးပါးသော ကာမဂုဏ်တို့မည်သည်ကား ဂုမ္ဗိယမည်သော တစ်ယောက်သော ဘီလူးသည် လတ်တလော သေတတ်သော အဆိပ်ကိုထည့်၍ ခရီး၌ထားအပ်သော ပျားအရသာနှင့် တူကုန်၏ ဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် လှည်းကုန်သည် အမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် ဗာရာဏသီပြည်မှ လှည်းငါးရာတို့ဖြင့် ဘဏ္ဍာကိုယူ၍ ကုန်ရောင်းအံ့သောငှာ သွား၍ တောအုပ်ကြီးအဝသို့ ရောက်၍ လှည်းကုန်သည်တို့ကို စည်းဝေးစေ၍ အချင်းတို့... ဤခရီး၌ အဆိပ်ရှိကုန်သော အရွက် အပွင့် အသီး အစရှိသည်တို့ ရှိကုန်၏။ ဘီလူးတို့သည်လည်း အဆိပ်ကိုထည့်၍ ထမင်းထုပ်, ပျား, သစ်သီးတို့ကို ခရီး၌ ထားအပ်ကုန်၏။ ထိုအရွက် အပွင့် အသီး အစရှိသည်တို့ကို မစားဘူးဘဲ စားလိုသည်ရှိသော် ငါ့ကို မပန်မူ၍ မစားကြ ကုန်လင့် ဟု ဆုံးမ၍ ခရီးသို့သွား၏။

အစာကို အရမ်းမစားရ

ထိုအခါ ဂုမ္ဗိယမည်သော တစ်ယောက်သော ဘီလူးသည် တောအုပ်၏ အလယ်ခရီး၌ သစ်ရွက်တို့ကိုခင်း၍ လတ်တလော သေစေတတ်သော အဆိပ်နှင့်ယှဉ်ကုန်သော ပျားလပို့ခဲတို့ကိုထား၍ မိမိသည် ခရီး၏အနီး၌ ပျားကို ယူသကဲ့သို့လည်းကောင်း, သစ်ပင်တို့ကို ပေါက်သကဲ့သို့ လည်းကောင်း လှည့်လည်၏။ မသိကုန်သော သူတို့သည် ကောင်းမှုအကျိုးငှာ ထားအပ် ကုန်သည် ဖြစ်လတ္တံ့ဟု စား၍ အသက်ကုန်ခြင်းသို့ ရောက်ကုန်၏။ ဘီလူးတို့သည် လာလတ်ကုန်၍ ထိုလူသေတို့ကို စားကုန်၏။

ဘုရားလောင်း၏ လှည်းကုန်သည်တို့သည် ထားအပ်သော ပျားတို့ကိုမြင်၍ လျှပ်ပေါ်သော သဘောရှိကုန်သော အချို့သောသူတို့သည် သည်းခံအံ့သောငှာ မတတ်နိုင်ကုန်၍ စားကုန်၏။ ပညာရှိကုန်သောသူတို့သည် ဘုရားအလောင်းကို မေး၍ စားကုန်အံ့ ဟု ယူ၍ ရပ်ကုန်၏။ ဘုရားလောင်းသည် ထိုလူတို့ကိုမြင်၍ လက်၌ရှိကုန်သော ပျားတို့ကို စွန့်စေ၏။ အကြင် သူတို့သည် ရှေးဦး စားကုန်၏။ ထိုသူတို့သည် သေကုန်၏။ အကြင်သူတို့သည်လည်း ထက်ဝက်စားကုန်၏။ ထိုသူတို့အား အော့အန်စေတတ်သော ဆေးတို့ကိုပေး၍ အော့အန်သော ကာလ၌ စတုမဓုကို ပေး၏။ ဤသို့ ထိုသူတို့သည် ဘုရားလောင်း၏ အာနုဘော်အားဖြင့် အသက်ကို ရကုန်၏။ ဘုရားလောင်းသည် ချမ်းသာသဖြင့် လိုရာအရပ်သို့ သွား၍ ဘဏ္ဍာကိုရောင်း၍ မိမိအိမ်သို့လျှင် သွား၏။

သဗ္ဗညူမြတ်စွာဘုရားသည် ဤအတိတ်ကိုဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၈၅။ မဓုဝဏ္ဏံ မဓုရသံ၊ မဓုဂန္ဓံ ဝိသံ အဟု။
ဂုမ္ဗိယော ဃာသမေသာနော၊ အရညေ ဩဒဟီ ဝိသံ။
၈၆။ မဓု ဣတိ မညမာနာ၊ ယေ တံ ဝိသ မခါဒိသုံ။
တေသံ တံ ကဋုကံ အာသိ၊ မဏဏံ တေနုပါဂမုံ။
၈၇။ ယေ စ ခေါ ပဋိသင်္ခါယ၊ ဝိသံ တံ ပရိဝဇ္ဇယုံ။
တေ အာတုရေသု သုခိတာ၊ ဍယုမာနေသု နိဗ္ဗုတာ။
၈၈။ ဧဝမေဝ မနုဿသု၊ ဝိသံ ကာမာ သမောဟိတာ။
အာမိသံ ဗန္ဓနဉ္စေတံ၊ မစ္စုဝေသော ဂုဟာသယော။
၈၉။ ဧဝမေဝ ဣမေ ကာမေ၊ အာတုရာ ပရိစာရိကေ၊
ယေ သဒါ ပရိဝဇ္ဇန္တိ၊ သင်္ဂံ လောကေ ဥပစ္စဂုံ။

ဟူသော ဤဂါထာတို့ကိုတော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။

֍ ဋ္ဌ ၈၅။ မဓုဝဏ္ဏံ၊ ပျားအဆင်းရှိသော။ မဓုရသံ၊ ပျားအရသအရှိသော။ မဓုဂန္ဓံ၊ ပျားအနံ့ရှိသော။ ဝိသံ၊ အဆိပ်သည်။ အဟု၊ ဖြစ်၏။ ဃာသံ၊ အစာကို။ ဧသာနော၊ ရှာသော။ ဂုမ္ဗိယော၊ ဂုမ္ဗိယဘီလူးသည်။ အရညေ၊ တော၌။ ဝိသံ၊ ဆိုအပ်ပြီးသော အဆိပ်ကို။ ဩဒဟိ၊ ထား၏။

֍ ဋ္ဌ ၈၆။ ယေ၊ အကြင်သူတို့သည်။ တံ ဝိသံ၊ ထိုအဆိပ်ကို။ မဓု ဣတိ မညမာနာ၊ ပျားဟုထင်မှတ်သည်ဖြစ်၍။ အခါဒိသုံ၊ စားကုန်၏။ တေသံ၊ ထိုသူတို့အား။ တံ၊ ထိုအဆိပ်သည်။ ကဋုကံ၊ ထက်သည်။ အာသိ၊ ဖြစ်၏။ တေန၊ ထို့ကြောင့်။ မရဏံ၊ သေခြင်းသို့။ ဥပါဂမုံ၊ ရောက်ကုန်၏။

֍ ဋ္ဌ ၈၇။ ယေ စ ခေါ၊ အကြင်သူတို့သည်လည်း။ ပဋိသင်္ခါယ၊ ဆင်ခြင်၍။ တံ ဝိသံ၊ ထိုအဆိပ်ကို။ ပရိဝဇ္ဇယုံ၊ ကြဉ်ကုန်၏။ တေ၊ ထိုသူတို့သည်။ အာတုရေသု၊ သေကုန်သောသူတို့၌။ သုခိတာ၊ ချမ်းသာကုန်၏။ ဍယှမာနေသု၊ အဆိပ်လောင်ကုန်သော သူတို့၌။ နိဗ္ဗုတာ၊ ငြိမ်းကုန်၏။

ကာမဂုဏ် အဆိပ်များကို ရှောင်

֍ ဋ္ဌ ၈၈။ ဧဝမေဝ၊ ဤအတူလျှင်။ မနုဿေသု၊ လူတို့၌။ ကာမာသမောဟိတာ၊ ကာမဂုဏ်ငါးပါးတို့၏ အပေါင်းတို့သည်။ ဝိသံ၊ အဆိပ်မည်၏။ ဧတံ၊ ထိုထာမဂုဏ်ငါးပါးဟူသော အဆိပ်သည်။ အာမိသဉ္စ၊ အာမိသသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဗန္ဓနဉ္စ၊ အနှောင်အဖွဲ့သည်လည်း။ ဟောတိ၊ ဖြစ်၏။ ဂုဟာသယော၊ ကိုယ်တည်းဟူသော လိုဏ်၌ အောင်းတတ်သော။ မစ္စုဝေသော၊ သေမင်းအသွင်သည်။ ဝါ၊ သေမင်းနှင့် တူသည်။ ဟောတိ၊ ဖြစ်၏

֍ ဋ္ဌ ၈၉။ ဧဝမေဝ၊ ဤအတူလျှင်။ ယေ၊ အကြင်သူတို့သည်။ ပရိစာရိကေ၊ ကိလေသာဖြင့် လုပ်ကျွေးတတ်ကုန်သော။ ဣမေ ကာမေ၊ ဤကာမတို့ကို။ အာတုရာ၊ ကြင်နာကြောက်ရွံ့ခြင်း ရှိကုန်သည်ဖြစ်၍။ သဒါ၊ အခါခပ်သိမ်း။ ပရိဝဇ္ဇန္တိ၊ ကြဉ်ကုန်၏။ တေ၊ ထိုသူတို့သည်။ လောကေ၊ လောက၌။ သင်္ဂံ၊ ကိလေသာကို။ ဥပစ္စဂုံ၊ လွန်ကုန်၏။

သစ္စာကို ပြသည်၏အဆုံး၌ ငြီးငွေ့သေရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ လှည်းကုန်သည်ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကာမဂုဏ်ငါး၊ အဆိပ်လား၊ လျဉ်လျား သေတတ်စွာ

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဂုမ္ဗိယဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၇။ သာဠိယဇာတ်

သူများမနာလို ကိုယ့်အကျိုးမရှိကြောင်း

ဟောတော်မူရာဌာန... နှင့် ပစ္စုပ္ပန်ဝတ္ထု

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်ဘုရားသည် ယွာယံ သာဠိယဆာပေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသာဠိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ငါ့ရှင်တို့... ဒေဝဒတ်သည် သဗ္ဗညူ မြတ်စွာဘုရားအား ထိတ်လန့်ခြင်းကို ဖြစ်စိမ့်သောငှာ မတတ်နိုင် ဟူသော ရဟန်းတို့၏စကားကို အကြောင်းပြု၍ ဟောတော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရွာငယ်၌ သူကြွယ်မျိုး၌ဖြစ်၍ ငယ်သောကာလ မြေမှုန့်ကစားဖက်ဖြစ်သော သူငယ်တို့နှင့်တကွ ရွာတံခါး၏အနီး ပညောင်ပင်ရင်း၌ ကစား၏။

သူ့မကောင်းကြံ ကိုယ်ဘေးဒဏ်ထိ

ထိုအခါ တစ်ယောက်သော အားနည်းသော ဆေးသမားသည် ရွာ၌ တစ်စုံ စ်ခုသောအမှုကို မရဘဲ ထွက်လတ်သော် ထိုအရပ်သို့ ရောက်၍ သစ်ခွကြားမှ ဦးခေါင်းကိုထုတ်၍ အိပ်သော မြွေကိုမြင်၍ ငါသည် တစ်ခုသာရွာ၌လည်း တစ်စုံ တစ်ခုကို မရ၊ ဤသူငယ်တို့ကို လှည့်စား၍ မြွေကိုက်စေ၍ ဆေးကု၍ တစ်စုံတစ်ခုကိုလျှင် ယူအံ့ ဟု ကြံ၍ ဘုရားလောင်းကို အမောင်... ဆက်ရက်ငယ်ကို မြင်သော် ယူအံ့လော့ဟု ဆို၏။ ယူအံ့ဟု ဆိုလတ်သော် ကြည့်လော့၊ ထိုဆက်ရက်ငယ်သည် သစ်ခွကြား၌ အိပ်၏ဟု ဆို၏။ ဘုရားလောင်းသည် မြွေ၏အဖြစ်ကို မသိရကား သစ်ပင်သို့ တက်၍ ထိုမြွေကို လည်၌ ဆုပ်ကိုင်၍ မြွေ ဟုသိ၍ ဆုတ်နစ်စိမ့်သောငှာ မပေးမူ၍ ကောင်းစွာကိုင်၍ လျင်မြန်သော အဟုန်ဖြင့်ပစ်၏။ ထိုမြွေသည် ဆေးသမား၏ လည်၌ ကျ၍ လည်ကိုရစ်၍ ကရ ကရ ဟု ခဲ၍ ထိုအရပ်၌လျှင် ထိုဆေးသများကို လဲစေ၍ ပြေး၏။ လူတို့သည် ခြံရံကုန်၏။

ဘုရားလောင်းသည် ရောက်လာသော ပရိသတ်အား တရားဟောလိုရကား-

၉၀။ ယွာယု သာဠိယဆာပေါတိ၊ ကဏှသပ္ပံ အဂါဟယိ။
တေန သပ္ပေနယံ ဒဋ္ဌော၊ ဟတော ပါပါနုသာသကော။
၉၁။ အဟန္တာရ မဟန္တာရံ၊ ယော နရော ဟန္တုမိစ္ဆတိ၊
ဧဝံ သော နိဟတော သေတိ၊ ယထာယံ ပုရိသော ဟတော။
၉၂။ အဟန္တာရမဃာတေန္တံ၊ ယော နရော ဟန္တုမိစ္ဆတိ၊
ဧဝံ သော နိဟတော သေတိ၊ ယထာယံ ပုရိသာ ဟတော။
၉၃။ ယထာ ပံသုမုဋ္ဌိံ ပုရိသော၊ ပဋိဝါတံ ပဋိက္ခိပေ။
တမေဝ သော ရဇော ဟန္တိ၊ တထာယံ ပုရိသော ဟတော။
၉၄။ ယော အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ၊
သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ။
တမေဝ ဗာလံ ပစ္စေတိ ပါပံ၊
သုခုမော ရဇော ပဋိဝါတံဝ ခိတ္တော။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၉၀။ ယွာယံ၊ အကြင်ဆေးသမားသည်။ ကဏှသပ္ပံ၊ မြွေ ဟောက်ကို။ သာဠိယဆာပေါတိ၊ ဆက်ရက်ငယ်ဟူ၍။ အဂါဟယိ၊ ယူစေ၏။ ပါပါနုသာသကော၊ မကောင်းသည်ကို ဆုံးမတတ်သော။ အယံ၊ ဤဆေးသမားသည်။ တေန သပွေန၊ ထိုမြွေဟောက်သည်။ ဒဋ္ဌော၊ ခဲအပ်သည်ဖြစ်၍။ ဟတော၊ သေ၏။

֍ ဋ္ဌ ၉၁။ ယော နရော၊ အကြင်သူသည်။ အဟန္တာရံ၊ ညှဉ်းဆဲခြင်းငှာ မထိုက်သော။ အဟန္တာရံ၊ သတ်ခြင်းငှာ မထိုက်သောသူကို။ ဟန္တုံ၊ သတ်ခြင်းငှာ။ ဣစ္ဆတိ၊ အလိုရှိ၏။ အယံ ပုရိသော၊ ဤဆေး သမားယောက်ျားသည်။ ဟတော ယထာ၊ သေ၍ အိပ်ရသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ သော နရော၊ ထိုသူသည်။ နိဟတော၊ သေ၍။ သေတိ၊ အိပ်ရ၏။

֍ ဋ္ဌ ၉၂။ ယော နရော၊ အကြင်သူသည်။ အဟန္တာရံ၊ ညှဉ်းဆဲခြင်းငှာမထိုက်သော။ အဃာတေန္တံ၊ သတ်ခြင်းငှာ မထိုက်သောသူကို။ ဟန္တုံ၊ ညှဉ်းဆဲသတ်ဖြတ်ခြင်းငှာ။ ဣစ္ဆတိ၊ အလို ရှိ၏။ အယံ ပုရိသော၊ ဤဆေးသမား ယောက်ျားသည်။ ဟတော ယထာ၊ သေ၍ အိပ်ရသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ သော နရော၊ ထိုသူသည်။ နိဟတော၊ သေ၍။ သေတိ၊ အိပ်ရ၏။

֍ ဋ္ဌ ၉၃။ ပုရိသော၊ ယောက်ျားသည်။ ပသုမုဋ္ဌိံ၊ မြေမှုန့်ဆုပ်ကို။ ပဋိဝါတံ၊ လေညာသို့။ ပဋိက္ခိပေ၊ ပစ်လွှတ်ငြားအံ့။ သောရဇော၊ ထိုမြူသည်။ တမေဝ၊ ထိုယောကျ်ားကိုသာလျှင်။ ဟန္တိ ယထာ၊ ညှဉ်းဆဲသကဲ့သို့။ တထာ၊ ထို့အတူ။ အယံ ပုရိသော၊ ဤဆေးသမားယောက်ျားသည်။ ဟတော၊ မိမိသည်လျှင် မိမိကိုယ်ကို သတ်အပ်သည်ဖြစ်၍။ သေတိ၊ အိပ်ရ၏။

֍ ဋ္ဌ ၉၄။ ယော နရော၊ အကြင်သူသည်။ အပ္ပဒုဋ္ဌဿ၊ မပြစ်မှားအပ်သော။ သုဒ္ဓဿ၊ စင်ကြယ်သော။ ပေါသဿ၊ သတ္တဝါဖြစ်သော။ အနင်္ဂဏဿ၊ အပြစ်မရှိသော။ နရဿ၊ လူ အား။ ဒုဿတိ၊ ပြစ်မှား၏။ ပဋိဝါတံ၊ လေညာသို့။ ခိတ္တော၊ ပစ်အပ်သော။ သုခုမော ရဇော ဣဝ၊ သိမ်မွေ့သော မြူကဲ့သို့။ တမေဝ ဗာလံ၊ ထိုလူမိုက်သို့သာလျှင်။ ပါပံ၊ မကောင်း မှုသည်။ ပစ္စေတိ၊ တစ်ဖန်လာ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ဆေးသမားဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိသောသူငယ် ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ့်ရှူးအတတ်၊ ကိုယ့်ကိုခတ်၊ ကိုယ့်ပတ်စူးတတ်သည်

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သာဠိယဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၈။ တစသာရဇာတ်

သေဘေးနှင့်တွေ့သော်လည်း မစိုးရိမ်အပ်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်ဘုရားသည် "အမိတ္တဟတ္ထတ္ထဂတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတစသာရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပညာပါရမီကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့... ယခုအခါ၌သာလျှင် ငါဘုရားသည် ပညာရှိသည် ဥပါယ်၌ လိမ္မာသည် မဟုတ်သေး၊ ရှေး၌လည်း ပညာရှိသည်, ဥပါယ်၌ လိမ္မာသည်သာလျှင် ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရွာငယ်၌ သူကြွယ်အမျိုး၌ ဖြစ်၏။ အလုံးစုံသောစကားကို ရှေး သာဠိယဇာတ်၌ ဆိုအပ်ပြီးသော နည်းဖြင့်လျှင် ဆိုအပ်၏။ ဤတစသာရဇာတ်၌ကား- ဆေးသမား သေသည်ရှိသော် ရွာ၌ နေကုန်သော လူတို့သည် ထိုသူငယ်တို့ကို လူသတ်လူငယ်တို့ဟူ၍ တောက်တို့ဖြင့် နှောင် ဖွဲ့၍ မင်းအား ပြကုန်အံ့ ဟု ဗာရာဏသီသို့ ဆောင်ကုန်၊ ဘုရားလောင်းသည် ခရီးအကြား၌ သာလျှင် ကြွင်းသော သူငယ်တို့အား သင်တို့သည် မကြောက်ကုန်လင့်၊ မင်းကိုမြင်၍တည်း မကြောက်ကုန်ဘဲ နှစ်သက်ဖွယ်သော ဣန္ဒြေရှိကုန်သည် ဖြစ်ကုန်လော့၊ မင်းသည် သင်တို့နှင့်တကွ ရှေးဦးစွာ စကားကို ဆိုလတ္တံ့။ ထိုအခါမှစ၍ ငါသည် ပြောအံ့ဟု အဆုံးအမကို ပေး၏။ ထိုသူငယ်တို့သည် ကောင်းပြီဟု ဝန်ခံ၍ ဘုရားလောင်းဆိုတိုင်း ပြုကြကုန်၏။

ဘာကြောင့် မကြောက်ကြသလဲ

မင်းသည် မကြောက်ကုန်သော နှစ်သက်ဖွယ်သော ဣန္ဒြေရှိကုန်သော ထိုသူငယ်တို့ကိုမြင်၍ ဤသူငယ်တို့သည် စက်ဆုပ်ဖွယ်သော တောက်ဖြင့်ဖွဲ့ကုန်၍ ဆောင်အပ်ကုန်သည်ဖြစ်၍ ဤသို့ သဘောရှိသော ဆင်းရဲသို့ ရောက်ကုန်လျက်လည်း မကြောက်ကုန်၊ နှစ်သက်ဖွယ် ဣန္ဒြေရှိသည်လျှင် ဖြစ်ကုန်၏။ ထိုသူငယ်တို့၏ မစိုးရိမ်သော အကြောင်းသည် အသို့နည်းဟု ထိုသူငယ်တို့ကို မေးလိုရကား-

၉၅။ အမိတ္တဟတ္ထတ္ထဂတာ၊ တစသာရ သမပ္ပိတာ။
ပသန္ဒမုခဝဏ္ဏာတ္ထ၊ ကသ္မာ တုမှေ န သောစထ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၅။ ဒါရကာ၊ သူငယ်တို့။ တုမှေ၊ သင်တို့သည်။ အမိတ္တဟတ္ထတ္ထဂတာ၊ ရန်သူတို့၏လက်သို့ ရောက်ကုန်လျက်။ တစသာရ သမပ္ပိတာ၊ ဝါးလုံးတို့ဖြင့် နှောင်ဖွဲ့အပ်ကုန်လျက်။ ပသန္နမုခဝဏ္ဏာ၊ ကြည်လင်သော မျက်နှာအဆင်းရှိကုန်သည်။ အတ္ထ၊ ဖြစ်ကုန်၏။ ကသ္မာ၊ အဘယ့်ကြောင့်။ န သောစထ၊ မစိုးရိမ်ကြကုန်သနည်း။

စိုးရိမ်ငိုကြွေး ဒုက္ခပေး

ထိုစကားကို ကြား၍ ဘုရားလောင်းသည် -

၉၆။ န သောစနာယ ပရိဒေဝနာယ၊
အတ္ထောဝ လဗ္ဘော အပိ အပ္ပကောပိ။
သောစန္တမေနံ ဒုခိတံ ဝိဒိတွာ၊
ပစ္စတ္ထိကာ အတ္တမနာ ဘဝန္တိ။
၉၇။ ယတော စ ခေါ ပဏ္ဍိတော အာပဒါသု၊
န ဝေဓတိ အတ္ထဝိနိစ္ဆယညူ။
ပစ္စတ္ထိကာဿ ဒုခိတာ ဘဝန္တိ၊
ဒိသွာ မုခံ အဝိကာရံ ပုရာဏံ။
၉၈။ ဇပ္ပေန မန္တေန သုဘာသိတေန၊
အနုပ္ပဒါနေန ပဝေဏိယာ ဝါ။
ယထာ ယထာ ယတ္ထ လဘေထ အတ္တံ၊
တထာ တထာ တတ္ထ ပရက္ကမေယျ။
၉၉။ ယတော စ ဇာနေယျ အလဗ္ဘနေယျော
မယာ ဝ အညေန ဝါ ဧသ အတ္ထော။
အသာစမာနော အဓိဝါသယေယျ၊
ကမ္မံ ဒဠှံ ကိန္တိ ကရောမိ ဒ့နိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၉၆။ မဟာရာဇ၊ မြတ်သော မင်းကြီး။ သောစနာယ စ၊ စိုးရိမ်သဖြင့်လည်းကောင်း။ ပရိဒေဝနာယ စ၊ ငိုကြွေးသဖြင့် လည်းကောင်း။ အပ္ပကောပိ အတ္ထော၊ အနည်းငယ်သော အကျိုးကိုလည်း။ အပိ၊ စင်စစ်။ န လဗ္ဘော၊ မရအပ်။ ဧနံ၊ ထိုသူကို။ သောစန္တံ၊ စိုးရိမ်သည်ကို။ ဒုခိတံ၊ ဆင်းရဲသည်ကို ဝိဒိတွာ၊ သိ၍။ ပစ္စတ္ထိကာ၊ ရန်သူတို့သည်။ အတ္တမနာ၊ ဝမ်းမြောက်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

֍ ဋ္ဌ ၉၇။ ယတော စ၊ အကြင်အခါ၌လည်း။ အာပဒါသု၊ ဘေးရန်တို့သည်။ ဥပ္ပန္နာသု၊ ဖြစ်ကုန်သည်ရှိသော်။ အတ္ထဝိနိစ္ဆယညူ၊ အကျိုး၏အဆုံးအဖြတ်ကို သိသော။ ပဏ္ဍိတော၊ ပညာရှိသည်။ န ဝေဓတိ၊ မတုန်လှုပ်။ အဝိကာရံ၊ ဖောက် ပြန်ခြင်း မရှိသော။ ပုရာဏံ၊ ရှေးအတိုင်း ဖြစ်သော။ မုခံ၊ မျက်နှာကို။ ဒိသွာ၊ မြင်၍။ တေ ပစ္စတ္ထိကာ၊ ထိုရန်သူတို့သည်။ ဒုခိတာ၊ ဆင်းရဲကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

ပြဿနာပြေကြောင်း ၅-ပါး

֍ ဋ္ဌ ၉၈။ ဇပ္ပေန၊ မန္တရားမန်းသဖြင့်လည်းကောင်း။ မန္တေန စ၊ ပညာရှိတို့နှင့် တိုင်ပင်သဖြင့မလည်းကောင်း။ သုဘာသိတေန၊ ကောင်းစွာဆိုသော စကားဖြင့်လည်းကောင်း။ အနုပ္ပဒါနေန၊ တရား စီရင်သော အမတ်တို့အား တံစိုးပေးသဖြင့်လည်းကောင်း။ ပဝေဏိယ ဝါ၊ ဆွေမျိုးစဉ်ဆက်ကို ပြဆိုသဖြင့်လည်းကောင်း။ ပစ္စတ္ထိကာ၊ ရန်သူတို့ကို။ ဇိနိတဗ္ဗာ၊ အောင်အပ်ကုန်၏။ ဣမေသု ပဉ္စသု ကာရဏေသု၊ ဤငါးပါးသော အကြောင်းတို့တွင်။ ယထာ ယထာ၊ အကြင်အကြင် အကြောင်းဖြင့်။ ယတ္ထ၊ အကြင်အမှု၌။ အတ္ထံ၊ အကျိုးကို။ လဘေထ၊ ရရာ၏။ တထာ တထာ၊ ထိုထိုအကြောင်းဖြင့်။ တတ္ထ၊ ထိုအမှု၌။ ပရက္ကမေယျ၊ လုံ့လပြုရာ၏။

֍ ဋ္ဌ ၉၉။ ယတော စ၊ အကြင်အခါ၌လည်း။ ဧသ အတ္ထော၊ ဤအကျိုးကို။ မယာ စ၊ ငါသည်လည်းကောင်း။ အညေန ဝါ၊ တစ်ပါးသော သူသည်လည်းကောင်း။ အလဗ္ဘနေယျော၊ မရအပ်ဟူ၍။ ဇာနေယျ၊ သိရာ၏။ တတော၊ ထိုအခါ၌။ အသောစမာနော၊ မစိုးရိမ်သည်ဖြစ်၍။ ကမ္မံ၊ ကံသည်။ ဒဠှံ၊ မြဲမြံ၏။ ဣဒါနိ၊ ယခု။ ကိန္တိ ကရောမိ၊ အသို့ ပြုနိုင်အံ့နည်းဟု။ အဓိဝါသယေယျ၊ သည်းခံရာ၏။

ခရီးသွားယောက်ျား ရာထူးရ

မင်းသည် ဘုရားလောင်း၏ တရားစကားကို ကြား၍ အမှုကို သုတ်သင်၍ အပြစ်မရှိသော အဖြစ်ကိုသိ၍ တောက်တို့ကို ပယ်စေ၍ ဘုရားလောင်းအား ကြီးစွာသော စည်းစိမ်ကိုပေး၍ မိမိ၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်အရာကို ပေး၏။ ကြွင်းသော သူငယ်တို့အားလည်း စည်းစိမ်ကိုပေး၍ အရာအထူးကို ပေး၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဖူးပြီ၊ ယခုအခါ ထေရ်ကြီး ထေရ်ငယ်တို့သည် ထိုအခါ သူငယ်များ ဖြစ်ကုန်ပြီ။ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိသော သူငယ် ဖြစ်ဖူးပြီဟု ဇာတ်ကို ပေါင်းတတ်၏။

ဘေးရန်နှင့်ကြိမ်၊ မစိုးရိမ်၊ တည်ငြိမ်ဖြေရှင်းရာ

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော တစသာရဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၉။ မိတ္တဝိန္ဒကဇာတ်

အလိုရမ္မက်ကြီးသဖြင့် သင်ခုန်စက်သို့ ရောက်ရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကျာဟံ ဒေဝါန မကရံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမိတ္တဝိန္ဒကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆိုနိုင်ခက်သော ရဟန်းတစ်ပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုသည် မဟာမိတ္တဝိန္ဒကဇာတ်၌ ထင်စွာဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... ဤမိတ္တဝိန္ဒကသည် သမုဒ္ဒရာ၌ ပစ်ချအပ်သည်ရှိသော် အလွန် အလိုရမ္မက်ကြီးသည်ဖြစ်၍ ငရဲသူ သတ္တဝါတို့၏ ကျက်ရာ ဥဿဒငရဲကို တစ်ခုသော မြို့တည်းဟူသော အမှတ်ဖြင့်ဝင်၍ သင်ဓုန်းစက်သို့ ရောက်၏။ ထိုအခါ ဘုရားလောင်းသည် နတ်သားဖြစ်၍ ဥဿဒငရဲကို လှည့်လည်၏။

ဘာကြောင့် သင်ဓုန်းစက်အောက်ရောက်

မိတ္တဝိန္ဒကသည် ဘုရားလောင်းကို မြင်၍ မေးလိုရကား-

၁၀၀။ ကျာဟံ ဒေဝါနမကရံ၊ ကိံ ပါပံ ပကတံ မယာ။
ယံ မေ သိရသ္မိံ ဩဟစ္စ၊ စက္ကံ ဘမတိ မတ္ထကေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၀။ သာမိ ဒေဝပုတ္တ၊ အရှင်နတ်သား။ အဟံ၊ အကျွန်ုပ်သည်။ ဒေဝါနံ၊ နတ်တို့အား။ ကိံ၊ အဘယ့အမှုကို။ အကရံ၊ ပြုမိသနည်း။ ယံ ယေန ပါပေန၊ အကြင်မကောင်းမှုဖြင့်။ မေ၊ အကျွန်ုပ်၏။ သိရသ္မိံ၊ ဦးခေါင်းထက်၌။ ဩဟစ္စ၊ နှိပ်၍။ စက္ကံ၊ သင်ဓုန်းစက်သည်။ မတ္ထကေ၊ ဦးခေါင်းထက်၌။ ဘမတိ၊ လည်၏။ မယာ၊ အကျွန်ုပ်သည်။ ကိံ ပါပံ၊ အဘယ်မည်သော မကောင်းမှုကို။ ပကတံ၊ ပြုအပ်သနည်း။

ထိုစကားကို ကြား၍ ဘုရားလောင်းသည်-

၁၀၁။ အတိက္ကမ္မ ရမဏကံ၊ သဒါမတ္တဉ္စ ဒူဘကံ။
ဗြဟ္မတ္တရဉ္စ ပါသာဒံ၊ ကေနတ္ထေန ဣဓာဂတော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၁၀၁။ မိတ္တဝိန္ဒက၊ မိတ္တဝိန္ဒက။ တွံ၊ သင်သည်။ ရမဏကံ၊ ဖလ်ဖြင့်ပြီးသော။ ပါသာဒံ၊ ပြာသာဒ်ကိုလည်းကောင်း။ သဒါမတ္တံ၊ ငွေဖြင့်ပြီးသော။ ပါသာဒံ၊ ပြာသာဒ်ကိုလည်းကောင်း။ ဒူဘကံ၊ ပတ္တမြားဖြင့်ပြီးသော။ ပါသာဒဉ္စ၊ ပြာသာဒ်ကိုလည်းကောင်း။ ဗြဟ္မတ္တရံ၊ ရွှေဖြင့်ပြီးသော။ ပါသာဒဉ္စ၊ ပြာသာဒ်ကိုလည်းကောင်း။ အတိက္ကမ္မ၊ လွန်၍။ ကေနတ္ထေန၊ အဘယ်အကြောင်းကြောင့်။ ဣဓ၊ ဤငရဲသို့။ အာဂတော၊ လာသနည်း။

ပိုများကောင်းမလား

မိတ္တဝိတသည် -

၁၀၂။ ဣတော ဗဟုတရာ ဘောဂါ၊ အတြ မညေ ဘဝိဿရေ။
ဣတိ ဧတာယ သညာယ၊ ပဿ မံ ဗျသနံ ဂတံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၁၀၂။ သာမိ ဒေဝပုတ္တ၊ အရှင်နတ်သား။ ဣတော၊ ဤလေးခုသော ပြာသာဒ်တို့၌ စည်းစိမ်ချမ်းသာတို့ထက်။ အတြ၊ ထိုအရပ်၌။ ဗဟုတရာ၊ အလွန်များကုန်သော။ ဘောဂါ၊ စည်း စိမ်တို့သည်။ ဘဝိဿရေ မညေ၊ ရှိကုန်ယောင်တကား။ ဣတိ ဧတယ သညာယ၊ ဤသို့သော အမှတ်ဖြင့်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ဂတံ၊ ရောက်သော။ မံ၊ ငါ့ကို။ ပဿ၊ ရှုပါလော့။

လောဘက တို့အရဆိုး

ထိုနောင်မူ ဘုရားလောင်းသည် -

၁၀၃။ စတုဗ္ဘိ အဋ္ဌဇ္စျဂမာ၊ အဋ္ဌာဟိပိ စ သောဠသ။
သောဠသာဟိစ ဗာတ္တိံသ၊ အတြိစ္ဆံ စက္ကမာသဒေါ။
ဣစ္ဆာဟတဿ ပေါသဿ၊ စက္ကံ ဘမတိ မတ္ထကေ။
၁၀၄။ ဥပရိဝိသာလာ ဒုပ္ပူရာ၊ ဣစ္ဆာ ဝိသဋဂါမိနီ။
ယေ စ တံ အနုဂိဇ္ဈန္တိ၊ တေ ဟောန္တိ စက္ကဓာရိနော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၀၃။ မိတ္တဝိန္ဒက၊ မိတ္တဝိန္ဒက။ တွံ၊ သင်သည်။ စတဗ္ဘိ၊ လေးယောက်သော နတ်သမီးတို့မှ။ အဋ္ဌ၊ ရှစ်ယောက်သော နတ်သမီးတို့ကို။ အဇ္ဈဂမာ၊ ရ၏။ အဋ္ဌာဟိပိ စ၊ ရှစ်ယောက်သေ နတ်သ္မီးတို့မှလည်း။ သောဠသ၊ တစ်ကျိပ်ခြောက်ယောက်သော နတ်သမီးတို့ကို။ အဇ္စျဂမာ၊ ရ၏။ သောဠသာဟိ စ၊ တစ်ကျိပ်ခြောက်ယောက်သော နတ်သမီးတိုမှလည်း။ ဗာတ္တိံသ၊ သုံးကျိပ်နှစ်ယောက်သော နတ်သမီးတို့ကို။ အဇ္စျဂမာ၊ ရ၏။ အတြိစ္ဆံ၊ အလွန် အလိုကြီးသော သင်သည်။ စက္ကံ၊ သင်ဓုန်းစက်သို့။ အသဒေါ၊ ရောက်၏။ ဣစ္ဆာဟတဿ၊ အထိုရမ္မက်သည် နှိပ်စက်အပ်သော။ ပေါသဿ၊ ယောက်ျားဖြစ်သော သင်၏။ မတ္ထကေ၊ ထိပ်ထက်၌။ စက္ကံ၊ သင်ဓုန်းစက်သည်။ ဘမတိ၊ လည်၏။

֍ ဋ္ဌ ၁၀၄။ မိတ္တဝိန္ဒက၊ မိတ္တဝိန္ဒက။ ဣစ္ဆာ၊ တဏှာသည်။ ဥပရိဝိသာလာ၊ အထက်၌ ကျယ်ခြင်းသို့။ ဒုပ္ပူရာ၊ ပြည့်စုံနိုင်ခဲခြင်းသို့။ ဂတာ၊ ရောက်၏။ ဝိသဋဂါမိနီ၊ ပြန့်ခြင်းသို့ရောက်၏။ ယေ စ၊ အကြင်ယောက်ျားတို့သည်လည်း။ တံ၊ ထိုတဏှာကို။ အနုဂိဇ္ဈန္တိ၊ အဖန်တလဲလဲ တပ်စွန်း၍ယူကုန်၏။ တေ၊ ထိုယောက်ျားတို့သည်။ စက္ကဓာရိနော၊ သင်ဓုန်းစက်ကို ဆောင်ရကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

မိတ္တဝိန္ဒကကို စကားပြောစဉ်လျှင် ကြိတ်သော ထိုသင်ဓုန်းစက်သည် လည်လျက် လှည့်၏။ ထို့ကြောင့် မိတ္တဝိန္ဒကသည် တစ်ဖန် ပြောဆိုအံ့သောငှာ မတတ်နိုင်။ နတ်သားသည် မိမိနေရာသို့လျှင် သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်ဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဆိုနိုင်ခက်သော ရဟန်းသည် ထိုအခါ မိတ္တဝိန္ဒက ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ နတ်သားဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

အလိုရမ္မက်၊ ကြီးသူတွက်၊ အပျက်နှင့်သာ တွေ့ရမည်

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ် မိတ္တဝိန္ဒကဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၁၀။ ပလာသဇာတ်

ရွံရှာအပ်သည်ကို မရွံရှာခြင်းကြောင့် ဘေးတွေ့ရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်ဘုရားသည် ဟံသော ပလာသမဝစ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပလာသဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကိလေသာကို နှိပ်စက်ခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုသည် ပညာသဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ ဤပလာသဇာတ်၌ကား-သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့... ကိလေသာမည်သည်ကို အနည်းငယ် ဖြစ်ငြားသော်လည်း ရွံရှာအပ်၏။ ကိလေသာ မည်သည်ကား ပညာင်ပင်ကဲ့သို့ ပျက်စီးခြင်းသို့ ရောက်စေတတ်၏။ ရှေးပညာရှိတို့သည်လည်း ရွံရှာအပ်သည်တို့ကို ရွံရှာကုန်သလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရွှေဟင်္သာမျိုး၌ ဖြစ်၍ စိတ္တကုဋ်တောင်ဝယ် ရွှေဂူ၌နေလျက် ဟိမဝန္တာဝယ် ဇာတဿရအိုင်၌ အလိုလိုဖြစ်သော သလေးကိုစား၍ သွားလာ၏။ ထိုဘုရားလောင်း၏ သွားလာရာခရီး၌ ပေါက်ပင်ကြီးသည် ရှိ၏။ ထိုဘုရားလောင်းသည် ပေါက်ပင်ကြီး၌ နား၍ သွား၏။ လာသော်လည်း ပေါက်ပင်ကြီး၌ နား၍ လာ၏။ ထိုအခါ ဘုရားလောင်းအား ထိုပေါက်ပင်၌ ရုက္ခစိုးနတ်နှင့် အကျွမ်းဝင်သည်ဖြစ်၍ နောက်အခါ တစ်ခုသောငှက်မသည် တစ်ခုသော ပညောင်ပင်၌ ပညောင်သီးမှည့်ကို စား၍ ထိုပေါက်ပင်သို့ သွား၍ နား၏။ အခွ၌ ကျင်ကြီးကို ချ၏။ ထိုပေါက်ပင်၌ ပညောင်ပင်ငယ်သည် ပေါက်၏။ ပညောင်ပင်ငယ်သည်လည်း လက် လေးသစ်မျှ ရှိသောကာလ၌ နီသော အညွန့်အရွက်ရှိသောအားဖြင့် တင့်တယ်၏။

အန္တရာယ် လွယ်မထားနှင့်

ဟင်္သာမင်းသည် ထိုပညောင်ပင်ငယ်ကို မြင်၍ ရုက္ခစိုးနတ်ကို ခေါ်၍ အဆွေပေါက်ပင်စောင့်နတ် ပညောင်ပင်မည်သည်ကားကြီးသည်ရှိသော် ရောက်ရာသစ်ပင်ကို ဖျက်ဆီးလေ၏။ ဤပညောင်ပင်ငယ်ကို ကြီးစိမ့်သောငှာ မပေးလင့်၊ သင့်ဗိမာန်ကို ဖျက်ဆီးလတ္တံ့၊ မဆွကလျှင် ပညောင်ပင်ကိုနုတ်၍ စွန့်ပစ်လော့၊ ရွံရှာအပ်သည်နှင့် ယှဉ်သော ဝတ္ထုမည်သည်ကို ရွံရှာခြင်းငှာ သင့်၏ ဟု ပေါက်ပင်စောင့် နတ်နှင့်တကွ သိစေလိုရကား-

၁၀၅။ ဟံသော ပလာသမဝစ၊ နိဂြောဓော သမ္မ ဇာယတိ။
အင်္ကသ္မိံ တေ နိသိန္နောဝ၊ သော တေ မမ္မာနိ ဆေဇ္ဇတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၅။ ဟံသော၊ ရွှေဟင်္သာသည်။ ပသာသံ၊ ပေါက် ပင်စောင့်နတ်ကို။ အဝစ၊ ဆို၏။ ကိံ အဝစ၊ အဘယ်သို့ ဆိုသနည်းဟူမူကား။ သမ္မ၊ အဆွေပေါက်ပင်စောင့်နတ်။ တေ၊ သင်၏။ အင်္ကသ္မိံ၊ အခွ၌။ နိသိန္နောဝ၊ တည်လျက်လျှင်။ နိဂြောဓော၊ ပညောင်ပင်သည်။ ဇာယတိ၊ ပေါက်၏။ သော၊ ထိုပညောင်ပင်သည်။ တေ၊ သင်၏။ မမ္မာနိ၊ အသက်တို့ကို။ ဆေဇ္ဇတိ၊ ဖြတ်လတ္တံ့။ ဣတိ၊ ဤသို့။ အဝေါစ၊ ဆို၏။

ညောင်ပင်ကြီး လဲနေလိုက်ရုံပေါ့

ထိုစကားကိုကြား၍ ရွှေဟင်္သာ၏စကားကို မယူလိုသည်ဖြစ်၍ ပေါက်ပင်စောင့်နတ်သည်-

၁၀၆။ ဝဍ္ဎတာမဝေ နိဂြောဓော၊ ပတိဋ္ဌဿ ဘဝါမဟံ။
ယထာ ပိတာစ မာတာစ၊ ဧဝံ မေ သော ဘဝိဿတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၆။ နိဂြောဓော၊ ပညောင်ပင်သည်။ ဝဍ္ဎတာမေဝ၊ ကြီးခြင်းသို့လျှင်။ ဂစ္ဆတု၊ ရောက်စေ။ ပိတာ စ၊ အဖသည်လည်းကောင်း။ မာတာ စ၊ အမိသည်လည်းကောင်း။ ပုတ္တာနံ၊ သားတို့၏။ ပတိဋ္ဌာ၊ တည်ရာတို့သည်။ ဟောန္တိ ယထာ၊ ဖြစ်ကုန်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ အဟံ၊ ငါသည်။ အဿ၊ ထိုပညောင်ပင်၏။ ပတိဋ္ဌာ၊ တည်ရာသည်။ ဘဝါမိ၊ ဖြစ်အံ့။ ဧသော၊ ဤပညောင်ပင်သည်။ မေ၊ ငါ၏။ ပတိဋ္ဌာ၊ တည်ရာသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

ဟင်္သာမင်းသွားပြီ

ထို့နောင်မှု ဟင်္သာမင်းသည် -

၁၀၇။ ယံ တွံ အင်္ကသ္မိံ ဝဍ္ဎေသိ၊ ခီရရုက္ခံ ဘယာနကံ၊
အာမန္တ ခေါ တံ ဂစ္ဆာမ၊ ဝုဍ္ဎိမဿ န ရုစ္စတိ။

ဟူသော သုံးခုမြောက်သာ ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၇။ ဒေဝ၊ နတ်။ ယံ-ယသ္မာ၊ အကြင်ကြောင့်။ တွံ၊ သင်သည်။ ဘယာနကံ၊ ကြောက်မက်ဖွယ်ရှိသော။ ခီရရုက္ခံ၊ ပညောင်ပင်ငယ်ကို။ အင်္ကသ္မိံ၊ သစ်ခွ၌။ ဝဍ္ဎေသိ၊ ကြီးပွားစေ၏။ တသ္မာ၊ ထို့ကြေနာင့်။ တံ၊ သင့်ကို။ အာမန္တ ခေါ၊ သိစေ၍လျှင်။ မယံ၊ ငါတို့သည်။ ဂစ္ဆာမ၊ သွားကုန်အံ့။ အဿ၊ ထိုပညောင်ပင်၏။ ဝုဍ္ဎိံ၊ ကြီးပွားခြင်းကို။ အမှေဟိ၊ ငါတို့သည်။ န ရုစ္စတိ၊ မနှစ်သက်။

ဤသို့ဆို၍ ဟင်္သာမင်းသည် အတောင်တို့ကို ဖြန့်၍ စိတ္တကုဋ်တောင်သို့သာလျှင် သွား၏။ ထိုမှစ၍ တစ်ဖန် မလာ။

ညောင်ပင်စောင့်နတ်

နောက်အဖို့၌ ပညောင်ပင်သည်ကြီး၏။ ထိုပညောင် ပင်၌ တစ်ဦးသော ရုက္ခစိုးသည် ဖြစ်၏။

ရုက္ခစိုး ငိုရပြီ

ပညောင်ပင်သည် ကြီးလတ်သော် ပေါက်ပင်ကို ဖျက်ဆီး၏။ အခက်တို့နှင့် တကွလျှင် ရုက္ခစိုး နတ်၏ ဗိမာန်သည် ကျ၏။ ရုက္ခစိုးနတ်သည် ထိုကာလမှ ဟင်္သာမင်း၏ စကားကို မှတ်၍ ဤလာလတ္တံ့သော ဘေးကိုမြင်၍ ဟင်္သာမင်းသည် ဆို၏။ ငါသည် ဟင်္သာမင်း၏ စကားကို မလိုက်နာမိ ဟု ငိုကြွေးလိုရကား-

၁၀၈။ ဣဒါနိ ခေါ မံ ဘာယေတိ၊ မဟာနေရု နိဒဿနံ။
ဟံသဿ အနဘိညာယ၊ မဟာ မေ ဘယမာဂတံ။

ဟူသော လေးခုမြေဇက်လေ။ ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၈။ ဣဒါနိ ခေါ၊ ယခုအခါ၌လျှင်။ မံ၊ ငါ့ကို။ နိဂြောဓော၊ ပညောင်ပင်သည်။ ဘာယေတိ၊ ကြောက်စေ၏။ ဟံသဿ၊ ဟင်္သာမင်း၏။ မဟာနေရုနိဒဿနံ၊ မြင်းမိုရ်တောင်နှင့်တူသော။ ဝစနံ၊ စကားကို။ အနဘိညာယ၊ မသိ၍။ မေ၊ ငါ့အား။ မဟာဘယံ၊ ကြီးစွာသောဘေးသည်။ အဂတံ၊ လာ၏။

သဗ္ဗညူမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူ၍-

၁၀၉။ န တဿ ဝုဍ္ဎိ ကုသလပ္ပသတ္ထာ၊
ယော ဝဍ္ဎမာနော ဃသတေ ပတိဋ္ဌံ။
တဿူပရောဓံ ပရိသင်္ကမာနော၊
ပတာရယိ မူလဝဓာယ ဓီရော။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၀၉။ ဘိက္ခဝေ၊ ရဟန်းတို့။ ယော ဓမ္မော၊ အကြင်တရားသည်။ ဝဍ္ဎမာနော၊ ပွားသည်ရှိသော်။ အတ္တနော၊ မိမိ၏။ ပတိဋ္ဌံ၊ တည်ရာကို။ ဃသတေ၊ ဖျက်ဆီး၏။ တဿ၊ ထိုတရား၏။ ဝုဍ္ဎိ၊ ပွားခြင်းကို။ န ကုသလပ္ပသတ္ထာ၊ ပညာရှိတို့သည် မချီးမွမ်းအပ်။ တဿ၊ ထိုတရား၏။ ဥပရောဓံ၊ ဖျက်ဆီးခြင်းကို။ ပရိသင်္ကမာနော၊ ရွံရှာသော။ ဓီရော၊ ပညာရှိသည်။ မူလဝဓာယ၊ အမြစ်ကိုဖြတ်အံ့သောငှာ။ ပတာရယိ၊ လုံ့လပြု၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စတို့ကို ပြသည်၏ အဆုံး၌ ငါးရာကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရွှေဟင်္သာမင်း ဖြစ်ပြီ ဟု ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ညောင်ပင်ငယ်များ၊ ကပ်လာငြား၊ ပယ်ရှားပစ်ရမည်

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ပလာသဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - အဒ္ဓဝဂ်

၁။ ဒီဃီတိကောသလဇာတ်

မိဘတို့၏ စကားကို နားထောင်အပ်ကြောင်း

ဟောတော်မူရာဋ္ဌာန

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဧဝံ ဘူတဿ တေ ရာဇ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒီဃီတိကောသလဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတဉ်မူစဉ် ကောသမ္ဗီပြည်သား ဖြစ်ကုန်သော ခိုက်ရန်ဖြစ်ကြကုန်သော ရဟန်းတို့ကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုကောသမ္ဗီရဟန်းတို့သည် ဇေတဝန် ကျောင်းတော်သို့ လာ၍ ကန်တော့သောကာလ၌ သဗ္ဗညူမြတ်စွာဘုရားသည် ထိုကောသမ္ဗီရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့... သင်တို့သည် ငါ၏ရင်မှဖြစ်သော သားဖြစ်ကုန်၏။ သားတို့မည်သည်ကား အဖသည် ပေးအပ်သော အဆုံး အမကို ဖျက်ဆီးခြင်းငှာ မသင့်၊ သင်တို့သည်ကား ငါ၏ အဆုံးအမကို မလိုက်နာကုန်၊ ရှေးပညာရှိတို့သည် မိမိ၏ မိဘတို့ကို သတ်၍ ပြည်ကိုယူ၍ တည်ကုန်သော, တော၌ မိမိလက်သို့ ရောက်သော ရန်သူတို့ကိုလည်း မိဘတို့သည် ပေးအပ်သော အဆုံးအမကို ဖျက်ဆီးအံ့သောငှာ မသင့်၊ အဆုံး အမကို မဖျက်ဆီးကုန်အံ့ဟု နှလုံးသွင်း၍ မဖျက်ဆီးကုန် ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... (ဤဒီသီတိာသူလဇာတ်၌ကား နှစ်ပါးကုန်သော ပစ္စုပ္ပန်ဝတ္ထု, အတိတ်ဝတ္ထုတို့သည်လည်း သံဃဘေဒကက္ခန္ဓက၌ အကျယ်အားဖြင့် ထင်ဖြစ်လတ္တံ့)

မိဘစကား နားထောင်ပုံ

ထိုဒီဃာဝုမင်းသားသည် တော၌ မိမိပေါင်ပေါ်၌ အိပ်သော ဗာရာဏသီမင်း၏ ဦးသျှောင်ကိုကိုင်၍ ယခု မိဘကိုသတ်သော ရန်သူ၏ ဥသျှောင်၌ ဆွဲကိုင်၍ အပိုင်းပိုင်းပြု၍ ဖြတ်အံ့ ဟု သန်လျက်ကို မိုးလတ်သော် ထိုခဏ၌ မိဘတို့သည် ပေးအပ်သော အဆုံးအမကို အောက်မေ့၍ အသက်ကို စွန့်ရသော်လည်း မိဘတို့၏ အဆုံးအမကို မဖျက်အံ့၊ စင်စစ်မူကား မင်းကို ခြိမ်းခြောက်အံ့ ဟု ကြံ၍-

၁၁၀။ ဧတံ ဘူတဿ တေ ရာဇ၊ အာဂတဿ ဝသေ မမ။
အတ္ထိ နု ကောစိ ပရိယာယော၊ ယော တံ ဒုက္ခာ ပမောစယေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၀။ ရာဇ၊ မင်းကြီး။ မမ၊ ငါ၏။ ဝသေ-ဝသံ၊ နိုင်ငံလက်တွင်းသို့။ အာဂတဿ၊ ရောက်သော။ ဧဝံ ဘူတဿ၊ ဤသို့ဖြစ်သော။ တေ၊ သင်မင်းကြီးအား။ ယော၊ အကြင်အကြောင်းသည်။ တံ၊ သင်မင်းကြီးကို။ ဒုက္ခာ၊ ဆင်းရဲမှ။ ပမောစယေ၊ လွတ်စေရာ၏။ ကောစိ၊ တစ်စုံတစ်ခုသော။ သော ပရိယာယော၊ ထိုအကြောင်းသည်။ အတ္တိ နု၊ ရှိသလော။

ထို့နောင်မှ မင်းသည် -

၁၁၁။ ဧဝံ ဘူတဿ မေ တာတ၊ အာဂတဿ ဝသေ တဝ။
နတ္ထိ နော ကောစိ ပရိယာယော၊ ယော မံ ဒုက္ခာ ပမောစယေ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၁။ တာတ၊ အမောင်။ တဝ၊ သင်၏။ ဝသေ- ဝသံ၊ နိုင်ငံလက်တွင်းသို့။ အာဂတဿ၊ ရောက်သော။ ဧဝံ ဘူတဿ၊ ဤသို့ဖြစ်သော။ မေ၊ ငါ့အား။ ယော၊ အကြင်အကြောင်းသည်။ မံ၊ ငါ့ကို။ ဒုက္ခာ၊ ဆင်းရဲမှ။ ပမောစယေ၊ လွတ်စေရာ၏။ ကောစိ၊ တစ်စုံတစ်ခုသော။ သော ပရိယာယော၊ ထိုအကြောင်းသည်။ နတ္ထိ၊ မရှိ။

ရန်ကိုရန်ချင်း မတုံ့နှင်းလင့်

ထို့နောင်မှ ဘုရားလောင်းသည်-

၁၁၂။ နာညံ သုစရိတံ ရာဇ၊ နာညံ ရာဇ သုဘာသိတံ။
တာယတေ မရဏကာလေ၊ ဧဝမေဝိတရံ ဓနံ။
၁၁၃။ အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ န သမ္မတိ။
၁၁၄။ အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသူပသမ္မတိ။
၁၁၅။ န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၁၂။ ရာဇ၊ မင်းကြီး။ မရဏာလေ၊ သေအံ့သော ကာလ၌။ ဧဝမေဝ၊ ဤသို့လျှင်။ ဣတရံ၊ ဤအဆုံးအမမှ တစ်ပါးသော။ ဓနံ၊ ဥစ္စာသည်။ တာယတေ၊ စောင့်၏။ သုစရိတံ၊ မိဘတို့သည် ပေးအပ်သော အဆုံးအမဟူသော သုစရိုက်ကို။ ထပေတွာ၊ ထား၍။ အညံ၊ တစ်ပါးသော။ တံ ဓနံ၊ ထိုဥစ္စာကို။ န ပဿာမိ၊ ငါ မမြင်။ သုဘာသိတံ၊ မိဘတို့သည် ပေးအပ်သော အဆုံးအမဟူသော ကောင်းသော စကားကို။ ဌပေတွာ၊ ထား၍။ အညံ၊ တစ်ပါးသော။ တံ ဓနံ၊ ထိုဥစ္စာကို။ န ပဿာမိ၊ ငါမမြင်။

֍ ဋ္ဌ ၁၁၃။ မံ၊ ငါ့ကို။ အက္ကောစ္ဆိ၊ ဆဲရေးပြီ။ မံ၊ ငါ့ကို။ အဝဓိ၊ ညှဉ်းဆဲပြီ။ မံ၊ ငါ့ကို။ အဇိနိ၊ အောင်ပြီ။ မေ၊ ငါ၏။ သန္တကံ၊ ဥစ္စာကို။ အဟာသိ၊ ဆောင်ပြီ။ ဣတိ၊ ဤသို့။ ယေ စ၊ အကြင် သူတို့သည်လည်း။ တံ ဝေရံ၊ ထိုရန်ကို။ ဥပနယှန္တိ၊ ဖွဲ့ကုန်၏။ တေသံ၊ ထိုသူတို့အား။ ဝေရံ၊ ရန်သည်။ န သမ္မတိ၊ မငြိမ်း။

֍ ဋ္ဌ ၁၁၄။ မံ၊ ငါ့ကို။ အက္ကောစ္ဆိ၊ ဆဲရေးပြီ။ မံ၊ ငါ့ကို။ အဝဓိ၊ ညှဉ်း ဆဲပြီ။ မံ၊ ငါ့ကို။ အဇိနိ၊ အောင်ပြီ။ မေ၊ ငါ၏။ သန္တကံ၊ ဥစ္စာကို။ အဟာသိ၊ ဆောင်ပြီ။ ဣတိ၊ ဤသို့။ ယေစ၊ အကြင် သူတို့သည်လည်း။ တံ၊ ထိုရန်ကို။ န ဥပနယှန္တိ၊ မဖွဲ့ကုန်။ တေသံ၊ ထိုသူတို့အား။ ဝေရံ၊ ရန်သည်။ ဥပသမ္မတိ၊ ငြိမ်း၏။

֍ ဋ္ဌ ၁၁၅။ ဟိ သစ္စံ၊ မှန်၏။ ဣဓ လောကေ၊ ဤလောက၌။ ဝေရေန၊ ရန်တုံ့မူသဖြင့်။ ဝေရာနိ၊ ရန်တို့သည်။ ကုဒါစနံ၊ တစ်ရံတစ်ဆစ်မျှ။ န သမ္မတိ၊ မငြိမ်းကုန်။ အဝေရေန စ၊ ရန်တုံ့ မပြုသဖြင့်ကား။ ဝေရာနိ၊ ရန်တို့သည်။ သမ္မန္တိ၊ ငြိမ်းကုန်၏။ ဧသဓမ္မော၊ ဤရန်မပြုသဖြင့်လည်း ရန်ငြိမ်းခြင်း သဘောသည်။ သနန္တနော၊ ရှေး၌ဖြစ်သော သဘောတည်း။

သမီးပေး၍ မင်းမြှောက်ပြီ

ဘုရားလောင်းသည် ဤသို့ဆိုပြီး၍ မြတ်သော မင်းကြီး... အကျွန်ုပ်သည် သင်မင်းကြီး၌ မပြစ်မှား၊ သင်မင်းကြီးသည် အကျွန်ုပ်ကို သတ်မည်လောဟု မေး၍ သန်လျက်ကို ပေး၏။ မင်းသည်လည်း အမောင်... ငါသည်လည်း သင်၌ မပြစ်မှားအံ့ ဟု ကျိန်စာရွက်ခြင်းကိုပြု၍ ဘုရားလောင်းနှင့်တကွ မြို့သို့သွား၍ အမတ်တို့အားပြ၍ ဤသူသည် သေလေသော ကောလမင်း၏သား ဒီဃာဝုမင်းသား မည်၏။ ဤဒီဃာဝုမင်းသားသည် ငါ့အား အသက်ကို ပေး၏။ ဤဒီဃာဝုမင်းသားအား တစ်စုံတစ်ခုပြုခြင်းငှာ မရအပ်ဟု ဆို၍ မိမိသမီးကိုပေး၍ အဖဥစ္စာဖြစ်သော မင်းအဖြစ်၌ တည်စေ၏။ ထိုအခါမှစ၍ နှစ်ပါးကုန်သော မင်းတို့သည်လည်း ညီညွတ်ကုန်သည် ဖြစ်၍ မင်းအဖြစ်ကို ပြုကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ မြတ်သော မင်းမျိုးတို့သည် ထိုအခါ မယ်တော် ခမည်းတော်တို့ ဖြစ်ကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဒီဃာဝုမင်းသား ဖြစ်ပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရန်ကို ရန်ချင်း၊ မတုံနှင်း၊ ငြိမ်းခြင်း ရမြဲသာ

ရှေးဦးစွာသော ဒီဃီတိကောသလဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - အဒ္ဓဝဂ်

၂။ မိဂပေါတကဇာတ်

သေခြင်းတရားကို အောက်မေ့သင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် "အဂါရာ ပစ္စုပေတဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမိဂပေါတကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ပါးသော ရဟန်းကြီးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းကြီးသည် တစ်ယောက်သော သူငယ်ကို သာမဏေ ပြုသတတ်။ သာမဏေသည် ထိုရဟန်းကြီးကို ရိုသေစွာ လုပ်ကျွေး၍ နောက်အဖို့၌ မချမ်းသာသဖြင့် သေ၏။ သာမဏေ သေလွန်လတ်သော် ရဟန်းကြီးသည် သောက၌ တည်သည်ဖြစ်၍ သည်းစွာသောအသံဖြင့် ငိုကြွေးလျက် လှည့်လည်၏။

ရဟန်းတို့သည် မှတ်စိမ့်သော မတတ်နိုင်ကုန်သည် ဖြစ်၍ တရားသဘင်ဝယ် ငါ့ရှင်တို့ ... ဤမည်သော ရဟန်းကြီးသည် သာမဏေသည် သေခြင်းကြောင့် ငိုကြွေးလျက် လှည့်လည်၏။ ဤရဟန်းကြီးသည် မရဏဿတိကို ပွားစေခြင်းမှ အပဖြစ်သော ရဟန်းဖြစ်လတ္တံ့ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ဤမည်သော။ စကားဖြင့် စည်းဝေပါကုန်၏ဟု နားတော် လျှောက်သည် ရှိသော် ရဟန်းတို့ ... ယခုအခါ၌ သာလျှင် ဤရဟန်းသည် သာမဏေ သေလွန်လတ်သော် ငိုကြွေးလျက်သွားသည် မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းသည် ဤသာမဏေ သေလွန်လတ်သော် ငိုကြွေးလျက် သွားဖူးသလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိကြားဖြစ်၏။

ရသေ့ သမင်လေးသေ၍ ငိုခြင်း

ထိုအခါ တစ်ယောက်သာ ကာသိတိုင်း၌ နေသော ပုဏ္ဏားသည် ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြု၍ သစ်သီး ကြီးငယ်တို့ဖြင့် မျှတ၏။ ထိုရသေ့သည် တစ်နေ့သ၌ တောဝယ် အမိသေသော တစ်ခုသော သမင်ငယ်ကို မြင်၍ ကျောင်းသို့ဆောင်၍ အစာကိုပေး၍ မွေး၏။ သမင်ငယ်သည် ကြီးလတ်သော် အဆင်းလှ၏။ မြတ်သော တင့်တယ်ခြင်းနှင့် ပြည့်စုံ၏။ ထိုသမင်ငယ်ကို ရသေ့သည် မိမိသားပြု၍ ဆောင်၏။ တစ်နေ့သ၌ သမင်ငယ်သည် များစွာသောမြက်ကိုစား၍ အစာမကျေသဖြင့် သေ၏။ ရသေ့သည် သားသေ၏ဟု ငိုကြွေးလျက် လှည့်လည်၏။

ထိုအခါ သိကြားမင်းသည် လောကကိုကြည့်လတ်သော် ထိုရသေ့ကိုမြင်၍ ထိုရသေ့ကို သံဝေဂ ရစေအံ့ ဟု လာလတ်၍ ကောင်းကင်၌ ရပ်လျက်-

၁၁၆။ အဂါရာ ပစ္စုပေတဿ၊ အနာဂါရဿ တေ သတော။
သမဏဿ န တံ သ-ဓု၊ ယံ ပေတ မနုသောစသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၆။ တာပသ၊ ရှင်ရသေ့။ တွံ၊ သင်သည်။ ပေတံ၊ သေသောသူကို။ ယံ အနုသောစသိ၊ အကြင်စိုးရိမ်ခြင်းကို ပြု၏။ တံ၊ ထိုစိုးရိမ်ခြင်းသည်။ အဂါရာ၊ အိမ်မှ။ ပစ္စုပေတဿ၊ ကင်း၍။ အနာဂါရဿ၊ အိမ်ရာထောင်သော လူတို့၏ ကိစ္စမရှိသော။ သမဏဿ၊ ရဟန်းသည်။ သတော၊ ဖြစ်သော။ တေ၊ သင့်အား။ န သာဓု၊ မကောင်း။

အောက်မေ့လှပါသည်

ထိုစကားကိုကြား၍ ရသေ့သည်-

၁၁၇။ သံဝါသေန ဟဝေ သက္က၊ မနုဿဿ မိဂဿ ဝါ။
ဟဒယေ ဇာယတေ ပေမံ၊ နတံ သက္ကာ အသောစိတုံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၇။ သက္က၊ သိကြား။ သံဝါသေန၊ ပေါင်းဖော်ခြင်းကြောင့်။ မနုဿဿ ဝါ၊ လူ၏လည်းကောင်း။ မိဂဿ ဝါ၊ သား၏ လည်းကောင်း။ ဟဒယေ၊ နှလုံး၌။ ပေမံ၊ ချစ်ခြင်းသည်။ ဟဝေ၊ စင်စစ်။ ဇာယတေ၊ ဖြစ်၏။ တံ၊ ထိုချစ်အပ်သောသူကို။ အသောစိတုံ၊ မစိုးရိမ်အံ့သောငှာ။ န သက္ကာ၊ မတတ်ကောင်း၊

သေမှ ငို၍မရပြီ

ထို့နောင်မှ သိကြားမင်းသည်-

၁၁၈။ မတံ မရိဿံ ရောဒန္တိ၊ ယေ ရုဒန္တိ လပန္တိ စ။
တသ္မာ တွံ ဣသိ မာ ရောဒိ၊ ရောဒိတံ မောဃ မာဟု သန္တော။
၁၁၉။ ရောဒိတေန ဟဝေ ဗြဟ္မေ၊ မတော ပေတာ သမုဋ္ဌဟေ။
သဗ္ဗေ သင်္ဂမ္မ ရောဒါမ၊ အညမညဿ ဉာတကေ။

ဟူသော ဤနှစ်ဂါတို့ကို ဆို၏။

֍ ဋ္ဌ ၁၁၈။ ဣသိ၊ ရသေ့။ ယေ၊ အကြင်သူတို့သည်။ မတံ စ၊ သေပြီးသော သူကိုလည်းကောင်း။ မရိဿံ စ၊ သေအံ့သောသူကိုလည်းကောင်း။ ရောဒန္တိ၊ မျက် ရည် ယိုကုန်၏။ လပန္တိ၊ ဆိုမြည်တမ်းကုန်၏။ တေသံ၊ ထိုသူတို့ အား။ အဿုပစ္ဆိဇ္ဇဒိဝသော နာမ၊ မျက်ရည်ပြတ်သာ နေ့မည်သည်။ နတ္ထိ၊ မရှိ။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ သင်သည်။ မာ ရောဒိ၊ မငိုလင့်။ ရောဒိတံ၊ ငိုခြင်းကို။ အမောဃံ၊ အကျိုးမရှိဟူ၍။ သန္တော၊ သူတော်ကောင်းတို့သည်။ အာဟု၊ ဆိုကုန်၏။ တသ္မာ၊ ထိုကြောင့်။ တွံ၊ သင်သည်။ မာ ရောဒိ၊ မလင့်။

֍ ဋ္ဌ ၁၁၉။ ဗြဟ္မေ၊ ရှင်ရသေ့။ ဟဝေ၊ စင်စစ်။ ရောဒိတေန၊ ငိုသဖြင့်။ ပေတော၊ ပစ္စုပ္ပန်ဘဝမှကင်းသော။ မတော၊ သေသောသူသည်။ သမုဋ္ဌဟေ၊ ထငြားအံ့။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော ငါတို့သည်။ သင်္ဂမ္မ၊ စည်းဝေး၍။ အညမညဿ၊ အချင်းချင်း၏။ ဉာတကေ၊ ဆွေမျိုးတို့ကို။ ရောဒါမ၊ ငိုကုန်အံ့။

ကျေးဇူးတင်ပါသည်

ရသေ့သည် ဤသို့ သိကြားမင်းဆိုစဉ် ငိုခြင်းသည် အကျိုးမရှိဟု မှတ်၍ သိကြားအား ချီးမွမ်းလိုရကား-

၁၂၀။ အာဒိတ္တံ ဝတ မံ သန္တံ၊ ဃတသိတ္တံဝ ပါဝကံ၊
ဝါရိနာ ဝိယ ဩသိဉ္စံ၊ သဗ္ဗံ နိဗ္ဗာပယေ ဒရံ။
၁၂၁။ အဗ္ဗဟိ ဝတ မေ သလ္လံ၊ ယ မာသိ ဟဒယဿိတံ။
ယော မေ သောကပရေတဿ၊ ပုတ္တသောကံ အပါနုဒိ။
၁၂၂။ သောဟံ အဗ္ဗူဠှသလ္လောသ္မိ၊ ဝီတသောကော အနာဝိလော။
န သောစာမိ န ရောဒါမိ၊ တဝ သုတွာန ဝါသဝ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၂၀။ ဃတသိတ္တံ၊ ထောပတ်ဖြင့် သွန်းလောင်းအပ်သော။ ပါဝကံ၊ မီးကို။ ဝါရိနာ၊ ရေဖြင့်။ ဩသိဉ္စံ ဝိယ၊ သွန်းလောင်း ဘိသကဲ့သို့။ ဝတ၊ စင်စစ်။ အာဒိတ္တံ၊ သောကမီးဖြင့် ပြောင်ပြောင် တောက်သည်။ သန္တံ၊ ဖြစ်သော။ မံ၊ ငါ့ကို။ နိဗ္ဗာပယေ၊ ငြိမ်းစေ၏။ သဗ္ဗံ၊ အလုံးစုံသော။ ဒရံ၊ စိုးရိမ်ခြင်းကို။ နိဗ္ဗာပယေ၊ ငြိမ်းစေ၏။

֍ ဋ္ဌ ၁၂၁။ ယော တွံ၊ အကြင် သင်သိကြားမင်းသည်။ သောကပရေတဿ၊ သောကဖြင့် နှိပ်စက်အပ်သော။ မေ၊ ငါ၏။ ပုတ္တ သောကံ၊ သား၌စိုးရိမ်ခြင်းကို။ အပါနုဒိ၊ ပယ်၏။ မေ၊ ငါ့အား။ ဟဒယဿိတံ၊ နှလုံး၌မှီသော။ ယံ သလ္လံ၊ အကြင်သောကတည်းဟူသော ငြောင့်သည်။ အာသိ၊ ဖြစ်ပြီ။ တံ သလ္လံ၊ ထိုသောကတည်းဟူသော ငြောင့်ကို။ တေ- တယာ၊ သင်သည်။ အဗ္ဗဟိ ဝတ၊ နုတ်အပ်စွတကား။

֍ ဋ္ဌ ၁၂၂။ ဝါသဝ၊ သိကြားမင်း။ တဝ၊ သင်၏။ ဝစနံ၊ စကားကို။ သုတွာန၊ နာရ၍။ သော အဟံ၊ ထိုငါသည်။ အဗ္ဗူဠှသလ္လော၊ နုတ်အပ်ပြီးသော သောကတည်းဟူသော ငြောင့်ရှိသည်။ အသိ၊ ဖြစ်၏။ ဝီတသောကော၊ ကင်းသော စိုးရိမ်ခြင်းရှိ၏။ အနာဝိလော၊ စိတ် နောက်ခြင်းမရှိပြီ။ ဣဒါနိ၊ ယခုအခါ၌။ န သောစာမိ၊ မစိုးရိမ်။ န ရောဒါမိ၊ မငိုကြွေး။

သိကြားမင်းသည် ရသေ့အား ဆုံးမ၍ မိမိနေရာသို့လျှင် သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရဟန်းကြီးသည် ထိုအခါ ရသေ့ဖြစ်ပြီ၊ ယခုအခါ သာမဏေငယ်သည် ထိုအခါ သမင်ဖြစ်ပြီး၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သိကြားဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

သေပြီးသောသူ၊ တ, ငိုမူ၊ ထိုသူ ပြန်မလာ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော မိဂပေါတကဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - အဒ္ဓဝဂ်

၃။ မူသိကဇာတ်

ဆရာ့စကားနားထောင်၍ သေဘေးမှလွတ်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတောမူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကုဟိံ ဂတာ ကတ္ထ ဂတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမူသိကဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အဇာတသတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုကို အောက် ထုသဇာတ်၌ ချဲ့အပ်ပြီးသလျှင်ကတည်း။ ဤမူသိကဇာတ်၌လည်း သဗ္ဗညူ မြတ်စွာဘုရားသည် ရှေးအတူသာလျှင် ဗိမ္ဗိသာရမင်းကို တစ်ကြိမ် သားနှင့်တကွ ကစားလျက်, တစ်ကြိမ် တရားနာလျက်နေသည်ကို မြင်တော်မူ၍ သားကိုအမှီပြု၍ ဗိမ္ဗိသာရမင်းအား ဘေးဖြစ်အံ့သည်ကို သိတော်မူ၍ မြတ်သော မင်းကြီး ရှေးမင်းကြီးတို့သည် ရွံရှာအပ်ကုန်သည်ကို ရွံရှာကုန်လျှက် မိမိ သားကို ငါသေသောကာလ မင်း ပြုရစ်စေ ဟု တင့်အပ် လျောက်ပတ်သော အရပ်၌ ထားဖူးကုန်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တက္ကသိုလ်ပြည်ဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ ဒိသာပါမောက္ခဆရာ ဖြစ်၏။ ဘုရားလောင်း၏ အထံ၌ ဗာရာဏသီမင်း၏ ယဝမည်သော မင်းသားသည် ခပ်သိမ်းသော အတတ်တို့ကို သင်၍ စိစစ်ခြင်းကိုပေး၍ သွားလိုသည်ဖြစ်၍ ဆရာကို ပန်၏။ ဆရာသည် သားကို အမှီပြု၍ ယဝမင်းသားအား အန္တရာယ်ဖြစ်အံ့သည်ကို အင်္ဂါ ဝိဇ္ဇာ၏ အစွမ်းအားဖြင့်သိ၍ ယဝမင်းသား၏ ထိုအန္တရာယ်ကို ပယ်အံ့ဟု တစ်ခုသော ဥပမာကို ဆောင်အံ့သောငှာ အားထုတ်၏။

အသက်ကယ် ပထမဂါထာ

ထိုအခါ ဘုရားလောင်းအား တစ်ခုသောမြင်းသည် ရှိ၏။ ထိုမြင်း၏ခြေ၌ အမာသည် ပေါက်၏။ ထိုအမာကို စောင့်ရှောက်အံ့သောငှာ မြင်းကို အိမ်၌ထားကုန်၏။ ထိုအခါ တစ်ခုသောကြွက်သည် အိမ်မှထွက်၍ မြင်း၏ ခြေ၌ အမာကိုခဲ၏။ ၊ မြင်းသည် သည်းခံအံ့သောငှာ မတတ်နိုင်။ တစ်နေ့သ၌ ဝေဒနာကို သည်းခံအံ့သောငှာ မတတ်နိုင်သော ထိုမြင်းသည် ခဲအံ့သောငှာ လာသော ထိုကြွက်ကို ခြေဖြင့်ခတ်၍ ရေတွင်း၌ ကျစေ၏။ မြင်းထိန်းတို့သည် ကြွက်ကို မမြင်ကုန် သည်ရှိတစ်ပါးသော နေ့တို့၌ ကြွက်သည် လာလတ်၍ အမာကိုခဲ၏။ ယခုမထင်၊ အဘယ်သို့ သွားသနည်း ဟု ဆိုကုန်၏။ ဘုရားလောင်းသည် ထိုအကြောင်းကို မျက်မှောက်ပြု၍ တစ်ပါးသောသူတို့သည် မသိရကား ကြွက်သည် အဘယ်သို့ သွားသနည်းဟု ဆိုကုန်၏။ ကြွက်ကိုသတ်၍ ရေတွင်း၌ချသည်၏အဖြစ်ကို ငါသာ လျှင်သိ၏ဟု ကြံ၍ ထိုဘုရားလောင်းသည် ယခု ဤအကြောင်းကိုလျှင် ဥပမာပြု၍ ပထမဂါထာကိုဖွဲ့၍ မင်းသားအား ပေးအံ့ဟု ဂါထာဖွဲ့၍ ပေး၏။

ဒုတိယဂါထာ

ထိုဘုရားလောင်းသည် တစ်ပါးသော ဥပမာကိုလည်း ရှာလတ်သော် အမာသည် အသားနု တက်၍ ထွက်၍ တစ်ခုသော မုယောင်းသို့သွား၍ မုယောကို စားအံ့ဟု စောင်ရန်းပေါက်ဖြင့် နှုတ်သီးကို သွင်းကာ ထိုမြင်းကိုလျှင် မြင်၍ ထိုအကြောင်းကိုလျှင် ဥပမာပြု၍ ဒုတိယဂါထာကို ဖွဲ့၍ ယဝမင်းသားအား ပေး၏။

တတိယဂါထာ

တတိယဂါထာကား မိမိပညာအစွမ်းဖြင့်လျှင် ဖွဲ့၍ပေး၏။ အမောင် သင်သည် မင်းအဖြစ်၌ တည်၍ ညအခါ ရေချိုအံ့သောငှာ ရေကန်သို့ သွားလတ်သော် စောင်းတန်းဦးတိုင်အောင် ပထမဂါထာကို ရွတ်လျက် သွားလေလော့၊ သင်၏ နေရာပြာသာဒ်သို့ ဝင်သည်ရှိသော် စောင်းတန်း ခြေရင်းတိုင်အောင် ဒုတိယဂါထာကို ရွတ်လျက် သွားလေလော့ဟု မှာ၍ လွှတ် လိုက်၏။

သားကသတ်ရန်ကြံ

မင်းသားသည် သွား၍ အိမ်ရှေ့မင်းဖြစ်၍ အဖလွန်သဖြင့် မင်းပြု၍ ထိုယဝမင်း တစ်ယောက်သော သားသည် ဖွား၏။ ထိုသားသည် တစ်ဆယ့်ခြောက်နှစ်ရှိသော ကာလ၌ မင်းအဖြစ်၌ တပ်စွန်းသဖြင့် အဖကို သတ်အံ့ဟုကြံ၍ အလုပ် အကျွေးတို့ကို ငါ၏အဖသည် ပျို၏။ ငါသည် အဖသေသော ကာလကို မျှော်လျက် နေသည်ရှိသော် အိုမင်းအံ့၊ အိုမင်းသော ကာလ၌ ရအပ်သော မင်းအဖြစ်ဖြင့် အဘယ်အကျိုး ရှိအံ့နည်း ဟု ဆို၏။ ထိုအလုပ်အကျွေးတို့သည် အရှင်မင်းသား.ပစ္စန္တရစ်သို့ သွား၍ ခိုးသူတို့၏ အမှုကို ပြုအံ့သောငှာ မတတ်ကောင်း၊ အရှင်မင်းသား၏ ခမည်းတော်ကို တစ်စုံတစ်ခုသော ဥပါယ်ဖြင့် သတ်၍ မင်းအဖြစ်ကိုယူလော့ ဟု ဆိုကုန်၏။ ထိုမင်းသားသည် "ကောင်းပြီ ဟု နန်းတွင်းတွင် ညအခါ မင်း၏ ရေချိုးရာ ရေကန်အနီးသို့ သွား၍ ထိုအရပ်၌ မင်းကိုသတ်အံ့ဟု သန်လျက်ကို ကိုင်၍ ရပ်၏။

မင်းသည် ညချမ်းအခါ၌ မူသိကာမည်သော ကျွန်မကို သင် သွား၍ ရေကန်အပြင်၌ သုတ်သင်၍ လာလော့၊ ငါ ရေချိုအံ့ ဟု သန် လျက်ကို ကိုင်၍ သွားစေ၏။ မူသိကာသည် သွား၍ ရေကန် အပြင်၌ သုတ်သင်သည်ရှိသော် မင်းသားကို မြင်၏။ မင်းသားသည် မိမိအမှု ထင်ရှားဖြစ်အံ့သည်မှ ကြောက်သောကြောင့် မူသိကာကို နှစ်ပိုင်းဖြတ်၍ ရေကန်၌ ချ၏။

ပထမဂါထာကို ရွတ်ပြီ

မင်းသည် ရေချိုအံ့သောငှာ သွား၏။ ကြွင်းသော သူအပေါင်းသည် ယနေ့ မူသိကာမည်သော ကျွန်မသည် တစ်ဖန် မလာ၊ အဘယ်သို့ သွားသနည်း ဟု ဆို၏။ မင်းသည်-

၁၂၃။ ကုဟိံ ဂတာ ကတ္ထ ဂတာ၊ ဣတိ လာလပ္ပတီ ဇနော။
အဟမေဝေကော ဇာနာမိ၊ ဥဒပါနေ မူသိကာ ဟတာ။

ဟူသော ပထမဂါထာကို ရွတ်လျက် ရေကန်နားသို့ သွား၏။

֍ ဋ္ဌ ၁၂၃။ မူသိကာ၊ မူသိကာသည်။ ကုဟိံ၊ အဘယ်သို့။ ဂတာ၊ သွားသနည်း။ ကတ္ထ၊ အဘယ်၌။ ဂတာ၊ သွားသနည်း။ ဣတိ၊ ဤသို့။ ဇနော၊ လူများသည်။ လာလပ္ပတိ၊ မြည်တမ်း၏။ မူသိကာ၊ မူသိကာကို။ ဥဒပါနေ၊ ရေကန်၌။ ဟတာ၊ သတ်၍ ချအပ်၏ဟု။ ဧကော၊ တစ်ယောက်တည်း။ အဟမေဝ၊ ငါသည်လျှင်။ ဇာနာမိ၊ သိ၏။

မင်းသားသည် ငါပြုသော အမှုကို ငါ၏ အဖသည် သိအပ်ပြီဟု ပြေး၍ ထိုအကြောင်းကို အလုပ်အကျွေးတို့အား ကြား၏။

ဒုတိယဂါထာကို ရွတ်ပြီ

ထိုအလုပ်အကျွေးတို့သည် ခုနစ်ရက်လွန်လတ်သော် တစ်ဖန် ထိုမင်းသားကို "ရှင်မင်းသား... မင်းသည် အကယ်၍ သိအံ့၊ ဆိတ်ဆိတ်မနေရာ၊ သင်မင်းသားအား ကြံ၍ ဆိုသည် ဖြစ်လတ္တံ့၊ ခမည်းတော်ကို သတ်လော့ ဟု ဆိုကုန်၏။ မင်းသားသည် တစ်ဖန် တစ်နေ့သ၌ သန်လျက်ကိုစွဲလျက် စောင်းတန်းခြေရင်း၌ ရပ်၍ မင်းသည် လာသောကာလ၌ ထိုမှဤမှ သတ်ခွင့်ကို ကြည့်၏။ မင်းသည်-

၁၂၄။ ယဝေ တွံ ဣတိစီတိ စ၊ ဂဒြဘောဝ နိဝတ္တသိ။
ဥဒပါနေ မူသိကံ ဟန္တွာ၊ ယဝံ ဘက္ခေတု မိစ္ဆသိ။

ဟူသော ဤဂါထာကို ရွတ်လျက် သွား၏။

֍ ဋ္ဌ ၁၂၄။ တွံ၊ သင်သည်။ ယဝေ၊ ယဝမင်း၌။ ဣတိစီတိ စ၊ ထိုမှဤမှ သတ်ခွင့်ကို ကြည့်လျက်လည်း။ ယဝေ၊ မုယောခင်း၌။ ဂဒြဘောဝ၊ မြည်းကဲ့သို့။ နိဝတ္တသိ၊ ထိုမှဤမှ ကြည့်၏။ ဥဒပါနေ၊ ရေကန်။ ၌။ မူသိကံ၊ မူသိကာကို။ ဟန္တွာ၊ သတ်၍။ ယဝံ၊ ယဝမင်းကို။ ဘက္ခေတုံ၊ သတ်အံ့သောငှာ။ ဣစ္ဆသိ၊ အလိုရှိ၏။

တတိယဂါထာကို ရွတ်ပြီ

မင်းသားသည် ခမည်းတော်သည် ငါ့ကို မြင်ပြီ ဟု ထိတ်လန့်၍ ပြေး၏။ မင်းသားသည် တစ်ဖန် လခွဲကို လွန်စေ၍ မင်းကို ယောက်မဖြင့် ရိုက်သတ်အံ့ ဟု ရှည်သော အရိုးရှိသော တစ်ခုသော ယောက်မကို ကိုင်၍ ရပ်၏။ မင်းသည် -

၁၂၅။ ဒဟရော စာသိ ဒုမ္မေဓ၊ ပဌမုပ္ပတ္တိကော သုသု။
ဒီဃဉ္စေတံ သမာသဇ္ဇ၊ န တေ ဒဿာမိ ဇီဝိတံ။

ဟူသော ဤ တတိယဂါထာကို ရွတ်လျက် စောင်းတန်းထိပ်သို့ ထွက်၏။

֍ ဋ္ဌ ၁၂၅။ ဒုမ္မေဓ၊ ပညာမရှိသော မင်းသား။ တွံ၊ သင်သည်။ ဒဟရော၊ ငယ်သည်။ ပဌမုပ္ပတ္တိကော၊ ပထမအရွယ်၌ တည်သည်။ သုသု၊ ပျိုသည်။ အသိ၊ ဖြစ်၏။ ဒီယံ၊ ရှည်သော အရိုးရှိသော။ ဧတဉ္စ၊ ထိုယောက်မကိုလည်း။ သမာသဇ္ဇ-၈ဟေတွာ၊ ကိုင်၍။ ဩလမ္ဗေတွာ၊ ထောက်၍။ ဋ္ဌိတော၊ တည်သည်။ အသိ၊ ဖြစ်၏။ တေ၊ သင်အား။ ဇီဝိတံ၊ အသက်ကို။ န ဒဿာမိ၊ ငါ မပေးအံ့။

မင်းသား တောင်းပန်ရပြီ

ထိုမင်းသားသည် ထိုနေ့၌ ပြေးအံ့သောငှာ မတတ်နိုင်၍ မြတ်သောမင်းကြီး၊ အကျွန်ုပ်အား အသက်ကို ပေးပါလော့ ဟု မင်း၏ ခြေရင်း၌ ဝပ်၏။ မင်းသည် မင်းသားကို ခြိမ်းခြောက်၍ သံခြေကျဉ်းတို့ဖြင့် နှောင်ဖွဲ့ပြီးလျှင် နှောင် အိမ်၌ သွင်းစေ၍ ထီးဖြူအောက်ဝယ် တန်ဆာဆင်အပ် မင်း၏နေရာ၌ နေ၍ ငါတို့ဆရာ ဒိသာပါမောက္ခ ပုဏ္ဏားသည် ငါ၏ အန္တရာယ်ကိုမြင်၍ ဤသုံးဂါထာတို့ကို ဆို၏ဟု ရွှင်လန်းနှစ်သက်၍ ဥဒါန်းကြူးလိုကား-

၁၂၆။ နာန္တလိက္ခဘဝနေန၊ နာင်္ဂပုတ္တပိနေန ဝါ။
ပုတ္တေန ဟိ ပတ္ထယိတော၊ သိလောကေဟိ ပမောစိတော။
၁၂၇။ သဗ္ဗံ သုတ မဓီယေထ၊ ဟီနမုက္ကဋ္ဌမဇ္ဈိမံ။
သဗ္ဗဿ အတ္ထံ ဇာနေယျ၊ န စ သဗ္ဗံ ပယောဇယေ။
ဟောတိ တာဒိသကော ကလော၊ ယတ္ထ အတ္ထာဝဟံ သုတံ။

ဟူသော ဤနှစ်ဂါထာခွဲတို့ကို ဆို၏။

֍ ဋ္ဌ ၁၂၆။ ပုတ္တေန ဟိ၊ သားသည်လျှင်။ ပတ္ထပိတော၊ သတ်အံ့သောငှာ တောင့်တအပ်သော ငါသည်။ အန္တလိက္ခဘဝနေန၊ ကောင်းကင် ဗိမာန်၌ နေသဖြင့်။ မရဏတော၊ သေဘေးမှ။ န ပမောစိတော၊ မလွတ်။ အင်္ဂပုတ္တပီနေန ဝါ၊ ကိုယ်အင်္ဂါနှင့်တူသော သား၏ နှစ်သက်ခြင်းဖြင့်လည်း။ န ပမောစိတော၊ မလွတ်။ သိလောကေဟိ၊ ဆရာဖွဲ့၍ ပေးအပ်ကုန်သော ဂါထာတို့ဖြင့်။ ပမောစိတော၊ သုံးဘေးမှ လွတ်၏။

֍ ဋ္ဌ ၁၂၇။ သဗ္ဗံ၊ အလုံးစုံသော။ ဟီနမုက္ကဋ္ဌမဇ္ဈိမံ၊ အယုတ် အလတ် အမြတ် ဖြစ်သော။ သုတံ၊ သုတကို။ အဓီယေထ၊ သင်ရာ၏။ သဗ္ဗဿ၊ အလုံးစုံသော သုတ၏။ အတ္ထံ၊ အကျိုးကို။ ဇာနေယျ၊ သိရာ၏။ သဗ္ဗံ၊ အယုတ် အလတ် အမြတ် ဖြစ်သော အလုံးစုံသော သုတကို။ န စ ပယောဇယေ၊ မယှဉ်ရာသလျှင်ကတည်း။ ယတ္ထ၊ အကြင်ကာလ ၌။ သုတံ၊ သုတသည်။ အတ္ထာဝဟံ၊ အကျိုးကိုဆောင်၏။ တာဒိသကော၊ ထိုသို့ သဘောရှိသော။ ကာလော၊ ကာလသည်။ ဟောတိ၊ ဖြစ်၏။

နောက်အဖို့၌ မင်းလွန်သည်ရှိသော် မင်းသားသည် မင်းအဖြစ်၌ တည်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဒိသာ ပါမောက္ခဆရာ ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ပညာရှိလျှင်။ ဉာဏ်မြော်မြင်၊ ကြိုတင်သိကြသည်

သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော မူသိကဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - အဒ္ဓဝဂ်

၄။ စူဠဓနုဂ္ဂဟဇာတ်

သူခိုး ဓားရိုးကမ်းခြင်း အကြောင်း

ဟောတော်မူရာဋ္ဌာန

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သဗ္ဗံ ဘဏ္ဍံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော စူဠဓနုဂ္ဂဟ ဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မယားဟောင်း ဖြားယောင်းသောရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းသည် ဘုန်းတော်ကြီးသော အရှင်ဘုရား၊ မယားဟောင်းသည် အကျွန်ုပ်ကို ငြီးငွေ့စေ၏ ဟု နားတော်လျှောက်သည် ရှိသော် သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း... ဤမိန်းမသည် သင်၏အကျိုးမဲ့ကို ပြုလေ့ရှိ၏။ ရှေး၌လည်း ဤမိန်းမှုကို မှီ၍ သေဖူးပြီ၊ ဦးခေါင်းကို သန်လျက်ဖြင့် ဖြတ်ဖူးပြီ ဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိကြား ဖြစ်၏။ ထိုအခါ ဗာရာ ဏသီပြည်၌ နေသော တစ်ယောက်သော ပုဏ္ဏားသည် တက္ကသိုလ်ပြည်၌ ခပ်သိမ်း သော အတတ်တို့ကို သင်၍ လေးအမှု၌ အပြီးသို့ ရောက်၏။ စူဠဓနုဂ္ဂဟ ပညာရှိ ဟူသော အမည်သည် ဖြစ်၏။

ပါမောက္ခမှ သမီးပေး

ထိုအခါ စူဠဓနုဂ္ဂဟ ပညာရှိအား ဤသူသည် ငါနှင့်တူစွာ အတတ်ကို သင်၏ ဟု ဆို၍ ဆရာသည် မိမိသမီးကို ပေး၏။ စူဠနုဂ္ဂဟသည် ထို သတို့သမီးကိုယူ၍ ဗာရာဏ သီပြည်သို့ သွားအံ့ ဟု ခရီးသို့သွား၏။

သူခိုး ဓားရိုးကမ်း

လမ်းအကြား၌ တစ်ခုသော ဆင်သည် တစ်ခုသော အရပ်ကို ဆိတ်ညံ့သည်ကို ပြု၏။ ထိုအရပ်ကို တစ်စုံ တစ်ယောက် သောသူသည် သွားအံ့သောငှာ မဝံ့။ စူဠဓနုဂ္ဂဟ ပညာရှိသည် လူတို့သည် မြစ်ကုန်စဉ်လျှင် မယားကိုယူ၍ ထိုတောအုပ်သို့ သွား၏။ ထိုအခါ စူဠဓနုဂ္ဂဟ ပညာရှိအား တောအုပ်အလယ်၌ ဆင်သည် လိုက်၏။ စူဠဓနုဂ္ဂဟ ပညာရှိသည် ထိုဆင်ကို ဦးကင်း၌ မြားဖြင့်ပစ်၏။ မြားသည် ဖောက်ထွင်း၍ နောက်အဖို့၌ ထွက်၏။ ဆင်သည် ထိုအရပ်၌လျှင် လဲ၏။

စူဠဓနုဂ္ဂဟ ပညာရှိသည် ထိုအရပ်ကို ဘေးမရှိသည်ကိုပြု၍ ရှေ့မှု တစ်ခုသော တောအုပ်သို့ ရောက်၏။ ထိုတောအုပ်၌လည်း ငါးကျိပ်ကုန်သော ခိုးသူတို့သည် ခရီးသွား လူများကို လုယက်နှိပ်စက်ကုန်၏။ စူဠဓနုဂ္ဂဟ ပညာရှိကို လူတို့သည် တားမြစ်အပ်လျက် ထိုတောအုပ်သို့လည်း သက်ဝင်၍ သားတို့ကိုသတ်၍ ခရီးအနီး၌ အသားကို ကင်၍ စားကုန်သော ခိုးသူတို့၏ တည်ရာ အရပ်သို့ ရောက်၏။

ခိုးသူတို့သည် တန်ဆာဆင်အပ်သော မယားနှင့်တကွ လာသော ထိုစူဠဓနုဂ္ဂဟ ပညာရှိကို မြင်၍ ထိုသူကို ဖမ်းကုန်အံ့ဟု အားထုတ်ခြင်းကို ပြုကုန်၏။ ခိုးသူကြီးသည် ပုရိသလက္ခဏာ၌ လိမ္မာ၏။ ထိုခိုးသူကြီးသည် စူဠဓနုဂ္ဂဟ ပညာရှိကိုကြည့်၍လျှင် ဤယောကျ်ားကား မြတ်သော ယောက်ျားတည်းဟု သိ၍ တစ်ယေက်သော သူအားလည်း ထစိမ့်သောငှာ မပေး။ စူဠဓနုဂ္ဂဟ ပညာရှိသည် သွားချေ၊ ငါတို့ဖို့ တစ်ခုသော အမဲတံစို့ကို ပေးကုန်လော့ ဟု ဆို၍ အမဲကို ဆောင်ချေဟု ခိုးသူတို့၏အထံသို့ မယားကို စေ၏။ မယားသည် သွား၍ တစ်ခုသော အမဲတံစို့ကို ပေးကုန်လော့ဟု ဆို၏။ ခိုးသူကြီးသည် အနဂ္ဃ ယောက်ျားတည်းဟု အမဲတံစို့ကို ပေးစေ၏။ ခိုးသူတို့သည် ငါတို့ကား ကျက်သောအမဲကို စားကုန်အံ့ဟု မကျက်သော အမဲတံစို့ကို ပေးကုန်၏။ စူဠဓနုဂ္ဂဟ ပညာရှိသည် မိမိကိုယ်ကို ချီးမွမ်း၍ ငါ့အား မကျက်သော အမတံစို့ကို ပေးကုန်၏ဟု ခိုးသူတို့အား အမျက်ထွက်၏။ ခိုးသူတို့သည် ဤယောက်ျားကား တစ်ယောက်တည်းသာလျှင်တည်း၊ အဘယ်သို့ ပြုနိုင်လတ္တံ့နည်း၊ ငါတို့သည် မိန်းမ မဟုတ်ကုန်ဟု ခြိမ်း၍ ထကုန်၏။ စူဠဓနုဂ္ဂဟ ပညာရှိသည် လေးဆယ့်ကိုးစင်းသော မြားတို့ဖြင့်ပစ်၍ လဲစေ၏။ ခိုးသူကြီးကို ပစ်အံ့သောငှာ မြားမရှိသည်ဖြစ်၏။ စူဠဓနုဂ္ဂဟ ပညာရှိ၏ မြားကျည်၌ ငါးဆယ်ကုန်သော မြားတို့သည်သာလျှင် ရှိကုန်၏။ ထိုမြားတို့တွင် တစ်စင်းသောမြားဖြင့် ဆင်ကို ပစ်၏။ ကြွင်းသောမြားတို့ဖြင့် လေးကျိပ်ကိုးယောက်ကုန်သော ခိုးသူတို့ကို ပစ်ပြီးလျှင် ခိုးသူကြီးကို လဲစေ၍ ခိုးသူကြီး၏ရင်၌ တက်စီးလျက် ထိုသူ၏ ဦးခေါင်းကို ဖြတ်အံ့ဟု မယား၏လက်မှ သန် လျက်ကို ပေးစေ၏။ မယားသည် ထိုခဏ၌လျှင် မြင်သော ခိုးသူကြီးကို တပ်စွန်း၍ ခိုးသူလက်၌ အရိုးကို, လင်၏လက်၌ အသွားကိုထား၏။ ခိုးသူသည် သန်လျက်ရိုးကိုကိုင်၍ သန်လျက်ကို ထုတ်၍ စူဠဓနုဂ္ဂဟ ပညာရှိ၏ ဦးခေါင်းကို ဖြတ်၏။

လင်ပစ်မ၏ သောက

ခိုးသူကြီးသည် စူဠဓနုဂ္ဂဟ ပညာရှိကို သတ်၍ မိန်းမကိုယူသည်ရှိသော် အမျိုးကို မေး၏။ ထိုမိန်းမသည် ကျွန်ုပ်က တက္ကသိုလ်ပြည်၌ ဒိသာ ပါမောက္ခဆရာ၏ သမီးတည်းဟုဆို၏။ သင့်ကို ဤယောက်ျားသည် ဘယ်အကြောင်းအားဖြင့် ရသနည်းဟု မေး၏။ ကျွန်ုပ်၏အဖသည် ဤယောက်ျားကား ငါနှင့်တူစွာ အတတ်ကို သင်၏ ဟု နှစ်သက်၍ ဤယောက်ျားအား အကျွန်ုပ်ကို ပေး၏။ ကနွြုပဩညြ သင်၌ချစ်၍ တစ်ဖန် ပေးစားသော လင်ကို သတ်စေ၏ဟု ဆို၏။ ခိုးသူကြီးသည်ဤမိန်းမကား အဖပေးစားသော လင်ကိုစင်လျက် သတ်သေး၏။ တစ်ပါးသောလင်ကိုမြင်၍ ငါ့ကိုလည်း ဤအတူလျှင် ပြုလတ္တံ့၊ ဤမိန်းမကို စွန့်ခြင်းငှာ သင့်၏ဟု ကြံ၍ သွားလတ်သော် လမ်းအကြားတွင် ထိုခဏ၌ လာ၍ ရေပြည့်သော တိမ်သော တစ်ခုသော မြစ်ကိုမြင်၍ ရှင်မ ဤမြစ်၌ မိကျောင်းရဲ၏။ ကြမ်းကြုတ်၏။ အသို့ပြုရကုန်အံ့နည်းဟု ဆို၏။ ထိုမိန်းမသည်လည်း အရှင်... အလုံးစုံသော တန်ဆာဥစ္စာကို ကွှနြုပအြပေါရြုံဖှင့ြ ထုပ်၍ ကမ်းတစ်ဖက်သို့ ပို့ဆောင်၍ တစ်ဖန်လာ၍ ကျွန်ုပ်ကိုယူ၍ သွားလော့ ဟု ဆို၏။ ထိုခိုးသူကြီးသည် ကောင်းပြီဟု အလုံးစုံသော တန်ဆာဥစ္စာကိုယူ၍ မြစ်သို့ဆင်း၍ ကူးသကဲ့သို့ တစ်ဖက်ကမ်းသို့ ရောက်၍ ထိုမိန်းမကို စွန့်ပစ်၍ သွား၏။ ထိုမိန်းမသည် ထိုခိုးသူကြီးကိုမြင်၍ အရှင်... အဘယ့်ကြောင့် ငါ့ကို စွန့်ပစ်၍ သွားသနည်း၊ အဘယ့်ကြောင့် ဤသို့ပြုသနည်း၊ လာလော့၊ ငါ့ကိုလည်း ယူ၍သွားလော့ဟု ထိုခိုးသူကြီးနှင့်တကွ စကား ပြောလိုရကား-

၁၂၈။ သဗ္ဗံ ဘဏ္ဍံ သမာဒါယ၊ ပါရံ တိဏ္ဏောသိ ဗြာဟ္မဏ။
ပစ္စာဂစ္ဆ လဟုံ ခိပ္ပံ၊ မမ္ပိ တာရေဟိ ဒါနိတော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၈။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ သဗ္ဗံ၊ အလုံးစုံသော။ ဘဏ္ဍံ၊ ဥစ္စာကို။ သာမာဒါယ၊ ယူ၍ ပါရံ၊ ကမ်းတစ်ဖက်သို့။ တိဏ္ဏော၊ ကူးသည်။ အသိ၊ ဖြစ်၏။ လဟုံ၊ လျင်စွာ။ ပစ္စာဂစ္ဆ၊ တစ်ဖန်လာလော့။ ဣဒါနိ၊ ယခု။ ဣတော၊ ဤဘက်မှ။ ခိပ္ပံ၊ လျင်စွာ။ မမ္ပိ၊ ငါ့ကိုလည်း။ တာရေဟိ၊ ဆောင်လော့။

ခိုးသူသည် ထိုစကားကိုကြား၍ တစ်ဖန် ကမ်းနား၌ ရပ်လျက်ပင်-

၁၂၉။ အသန္ထုတံ မံ စိရသန္ထုတေန၊
နိမီနိ ဘောတီ အဒ္ဓုဝံ ဓုဝေန။
မယာပိ ဘောတီ နိမိနေယျ အညံ၊
ဣတော အဟံ ဒူရတရံ ဂမဿံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၉။ ဘောတီ၊ ပုဏ္ဏေးမ။ တွံ၊ သင်သည်။ စီရသန္ထုတေန၊ ကြာမြင့်စွာပေါင်းသော လင်ဖြင့်။ အသန္ထုတံ၊ မပေါင်းဖော်ဖူးသော။ မံ၊ ငါ့ကို။ နိမီနိ၊ လဲ လှယ်၍ ယူ၏။ ဓုဝေန၊ အမြဲဖြစ်သော လင်ဖြင့်။ အဒ္ဓုဝံ၊ မမြဲသော ငါ့ကို။ နိမီနိ၊ လဲလှယ်၍ ယူ၏။ ဘောတီ၊ ပုဏ္ဏေးမ။ တွံ၊ သင်သည်။ မယာပိ၊ ငါဖြင့်လည်း။ အညံ၊ တစ်ပါးသောလင်ကို။ နိမိနေယျ၊ လဲလှယ်၍ ယူရာ၏။ အဟံ၊ ငါသည်။ ဣတော၊ ဤအရပ်မှ။ ဒူရတရံ၊ အလွန်ဝေးသောအရပ်သို့။ ဂမိဿံ၊ ပြေးသွားတော့အံ့။

ခိုးသူကြီးသည်ကား သင် နေရစ်လော့ ဟုဆို၍ ထိုမိန်းမ ငိုကြွေးစဉ်လျှင် ထမ်းဆောင်သော ဘဏ္ဍာထုပ်ကိုယူ၍ ပြေး၏။

ငါးစိမ်းမြင် ငါးကင်ပစ်

မိုက်စွာသော ထိုမိန်းမသည် အလွန် အလိုကြီးသည်၏ အဖြစ်ကြောင့် ဤသို့ သဘောရှိသော ပျက်စီးခြင်းသို့ ရောက်လျက် ကိုးကွယ်ရာမရှိ၍ အနီး၌ တစ်ခုသော သမန်း မြက်ချုံသို့ ကပ်၍ ငိုလျက်နေ၏။ ထိုခဏ၌ သိကြားမင်းသည် လူ့ပြည်ကို ကြည့်လတ်သော် အလွန် အလိုကြီးသည်၏ အဖြစ်ကြောင့် လင်မှယုတ်၍ ငိုသော ထိုမိန်းမကိုမြင်၍ ထိုမိန်းမကိုနှိပ်၍ ရှက်စေ၍ လာအံ့ဟု မာတလိနတ်သား ပဉ္စသီခ နတ်သားတို့ကို ခေါ်၍ ထိုအရပ်သို့သွား၍ မြစ်နား၌ရပ်၍ မာတလိ သင်သည် ငါးဖြစ်လော့၊ ပဉ္စသီခ သင်သည် ငှက်ဖြစ်လော့၊ ငါကား မြေခွေးဖြစ်၍ နှုတ်သီးဖြင့် အမဲတုံးကိုချီ၍ ထိုမိန်းမ၏ ရှေးရှုဖြစ်သော အရပ်သို့ ရောက်လတ်သော် သင်သည် ရေမှခုန်၍ ငါ၏ရှေ့၌ ကျလော့၊ ငါသည် နှုတ်သီးဖြင့်ချီသော အမဲတုံးကိုစွန့်၍ ဖမ်းအံ့သောငှာ ပြေးလာအံ့၊ ထိုခဏ၌ ပဉ္စသီခ- သင်သည် ထိုအမဲတုံးကို ချီ၍ ကောင်းကင်သို့ ပျံလော့၊ မာတလိ- သင်သည် ရေသို့ကျလော့ဟု စေ၏။

ရှင်မင်းကြီး... ကောင်းပြီ ဟု မာတလိသည် ငါးဖန်ဆင်း၏။ ပဉ္စသီခသည် ငှက်ဖန်ဆင်း၏။ သိကြားမင်းသည် မြေခွေး ဖန်ဆင်း၍ အမဲတုံးကို နှုတ်သီးဖြင့်ချီ၍ ထိုမိန်း၏ ရှေးရှုအရပ်သို့ လာ၏။ ငါးသည် ရေမှခုန်တက်၍ မြေခွေး၏ရှေ့၌ ကျ၏။ မြေခွေးသည် နှုတ်သီးဖြင့်ချီသော အမဲတုံးကိုစွန့်၍ ငါးကိုဖမ်းအံ့သောငှာ ပြေး၏။ ငါးသည် ခုန်၍ ရေသို့ကျ၏။ ငှက်သည် အမဲတုံးကိုချီ၍ ကောင်းကင်သို့ ပျံ၏။ မြေခွေးသည် ငါး, အမဲတုံး နှစ်ခုတို့ကိုလည်း မရ၍ သမန်းမြက်ချုံကိုကြည့်လျက် မျက်နှာမသာသည်ဖြစ်၍ နေ၏။

လင်ပစ်မလေး ငိုရာမှ ရယ်ခြင်း

ထိုမြေခွေးကို မြင်၍ လွန်စွာသော အလို ရမ္မက်သည် နှိပ်စက်အပ်သော ဤမြေခွေးသည် အမဲတုံးလည်းမရ၊ ငါးလည်းမရ ဟု အိုးကို ခွဲဘိသကဲ့သို့ သည်းစွာသော ရယ်ခြင်းကို ရယ်၏။

ဟဲ့- ဘယ်သူ ရယ်သလဲ

ထိုရယ်သံကိုကြား၍ မြေခွေးသည်-

၁၃၀။ ကာ ယံ ဧဠဂဏဂုမ္ဗေ၊ ကရောတိ အဟု ဟာသိယံ။
နယီဓ နစ္စဂီတံ ဝါ၊ တာဠံ ဝါ သုသမာဟိတံ။
အနမှကာလေ သုသောဏိ၊ ကိံနု ဇဂ္ဃသိ သောဘနေ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၀။ ဧဠဂဏဂုမ္ဗေ၊ သမန်းမြက်ချုံ၌။ အယံ၊ ဤမိန်းမသည်။ ဟာသိယံ၊ ကြီးစွာသော ရယ်ခြင်းကို။ ကရောတိ၊ ပြု၏။ ကာ၊ အဘယ်မိန်းမသည်။ အဟု၊ ဖြစ်သနည်း။ ဣဓ၊ ဤအရပ်၌။ နိစ္စဂီတံ ဝါ၊ ကခြင်းသီခြင်းသည်လည်းကောင်း။ သုသမာဟိတံ၊ ကောင်းစွာပြုအပ်သော။ တာဠံ ဝါ၊ တီးမှုတ်ခြင်းသည်လည်းကောင်း။ ၊ မရှိခဲ့။ သုသောဏိ၊ ကောင်းသော ခါးရှိသော။ သောဘနေ၊ တင့်တယ်သော ရှင်မ။ တွံ၊ သင်သည်။ အနမှိကာလေ၊ ငိုသင့်သော ကာလ၌။ ကိံနု၊ အဘယ့်ကြောင့်။ ဇဂ္ဃသိ၊ သည်းစွာ ရယ်ဘိသနည်း။

မိုက်လှချည်လား

ထိုစကားကိုကြား၍ ထိုမိန်းမသည်-

၁၃၁။ သိင်္ဂါလ ဗာလ ဒုမ္မေဓ၊ အပ္ပပညောသိ ဇမ္ဗုက။
ဇီနော မစ္ဆဉ္စ ပေသိဉ္စ၊ ကပဏေ ဝိယ ဈာယသိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၁။ ဗာလ၊ မိုက်သော။ ဒုမ္မေဓ၊ ပညာမရှိသော။ ဇမ္ဗုက၊ အစားကြီးသော။ သိင်္ဂါလ၊ မြေခွေး။ တွံ၊ သင်သည်။ အပ္ပပညော၊ ပညာမရှိသည်။ အသိ၊ ဖြစ်၏။ မစ္ဆဉ္စ၊ ငါးကိုလည်းကောင်း။ ပေသိဉ္စ၊ အမဲကိုလည်းကောင်း။ ဇီနော၊ ရှုံးသည် ဖြစ်၍။ ကပဏော ဝိယ၊ ဥစ္စာတစ်ထောင်ရှုံးသော အထီး ကျန်သောသူကဲ့သို့။ ဈာယသိ၊ မှိုင်၏။

သင်က ပိုမိုက်သည်

ထို့နောင်မှ မြေခွေးသည်-

၁၃၂။ သုဒဿံ ဝဇ္ဇမညေသံ၊ အတ္တနော ပန ဒုဒ္ဒသံ။
ဇီနာ ပတိဉ္စ ဇာရဉ္စ၊ မညေ တွညေဝ ဈာယသိ။

ဟူသော ငါးခုမြောက် ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၂။ ပါပဓမ္မေ၊ ယုတ်မာသော အကျင့်ရှိသော။ ဒုဿီလေ၊ သီလမရှိသော မိန်းမ။ အညေသံ၊ သူတစ်ပါး၏။ ဝဇ္ဇံ၊ အပြစ်ကို။ သုဒဿံ၊ မြင်လွယ်၏။ အတ္တနော၊ မိမိ၏။ ဝဇ္ဇံ ပန၊ အပြစ်ကိုမူကား။ ဒုဒ္ဒသံ၊ မြင်ခဲ၏။ တွညေဝ၊ သင်သည်သာလျှင်။ ပတိဉ္စ၊ အဖပေးစားသော လင်ကိုလည်းကောင်း။ ဇာရဉ္စ၊ သယောက်လင်ကိုလည်းကောင်း။ ဇီနာ၊ ရှုံးသည်ဖြစ်၍။ ဈယသိ မညေ၊ ငါ့ထက် မှိုင်ယောင်တကား။

နောင်တရပါပြီ

ထိုမိန်းမသည် မြေခွေးစကားကို ကြား၍-

၁၃၃။ ဧဝမေဝ မိဂရာဇ၊ ယထာ ဘာသသိ ဇမ္ဗုက။
ယံနူနာဟံ ဣတော ဂန္တွာ၊ ဘတ္တု ဟေဿံ ဝသာနုဂါ။

ဟူသော ဤဆဋ္ဌဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၃။ မိဂရာဇ၊ သားတို့၏ မင်းဖြစ်သော။ ဇမ္ဗုက၊ မြေခွေးမင်း။ တွံ၊ သင်သည်။ ဘာသသိ ယထာ၊ ဆိုသကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ ဟောမိ၊ ဖြစ်ချေ၏။ အဟံ၊ ငါသည်။ ဣတော၊ ဤအရပ်မှ။ ဂန္တွာ၊ သွား၍။ ပုန၊ တဖန်။ ယံ ဘတ္တာရံ၊ အကြင်လင်ကို။ လဘိတွာ၊ ရ၍။ နူန-ဧကန္တေနေဝ၊ စင်စစ်သဖြင့်လျှင်။ တဿ ဘတ္တု၊ ထိုလင်၏။ ဝသာနုဂါ၊ အလိုသို့လိုက်၍ ကျင့်သည်။ ဟေဿံ၊ ဖြစ်အံ့။

ခြံခုန်စရှိ ခုန်တော့မှာပဲ

ထိုအခါ သီလမရှိသော ထိုမိန်းမ၏ စကားကို ကြား၍ သိကြားမင်းသည်-

၁၃၄။ ယော ဟရေ မတ္တိကံ ထာလံ၊ ကံသထာလမ္ပိ သော ဟရေ။
ကတံ စေဝ တယာ ပါပံ၊ ပုနပေဝံ ကရိဿသိ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၄။ အနာစာရေ၊ ယုတ်မာသော အကျင့်ရှိသော မိန်းမ။ တွံ၊ သင်သည်။ ကိံ ကထေသိ၊ အသို့ဆိုသနည်း။ ယော၊ အကြင် သူသည်။ မတ္တိကံ ထာလံ၊ မြေခွက်ကို။ ဟရေ၊ ခိုး၏။ သော၊ ထိုမြေခွက်ကိုမျှ ခိုးတတ်သောသူသည်။ ကံသထာလမ္ပိ၊ ရွှေခွက် ငွေခွက် အစရှိသော ခွက်ကိုလည်း။ ဟရေ၊ ခိုးအံ့စင်းစင်းတည်း။ တယာ၊ သင်သည်။ ဣဒံ ပါပံ၊ ဤမကောင်းမှုကို။ ကတဉ္စေဝ၊ ပြုအပ်ပြီးသလျှင်ကတည်း။ ပုနပိ၊ တဖန်လည်း။ တွံ၊ သင်သည်။ ဧဝံ၊ ဤအတူ။ ကရိဿသိ၊ ပြုပြန်လတ္တံ့။

ဤသို့ သိကြားမင်းသည် ထိုမိန်းမကို ရှက်စေ၍ ဖောက်ပြန်သော အခြင်းအရာသို့ ရောက်စေ၍ မိမိနေရာသို့ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ စူဠဓနုဂ္ဂဟ ပညာရှိ ဖြစ်ဖူးပြီ၊ ယခုအခါ ငြီးငွေ့သော ရဟန်း၏ မယားဟောင်းသည် ထိုအခါ စူဠဓနုဂ္ဂဟ ပညာရှိ၏ မယား ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သိကြမင်း ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ချောင်းကိုပစ်၍၊ မြစ်ကိုရှာ၊ ရေသာများ၍ ငါးမတွေ့

လေးခုတို့၏ ပြည့်ကြင်းဖြစ်သော စူဠဓနုဂ္ဂဟဇာတ်သည် ပြီး၏။

*****

ပဉ္စကနိပါတ် - အဒ္ဓဝဂ်

၅။ ကပေါတဇာတ်

လျှပ်ပေါ်လော်လည်ခြင်းကြောင့် ပျက်စီးရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဣဒါနိ ခေါမှိအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကပေါတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ယောက်သော လျှပ်ပေါ်သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... လျှပ်ပေါ်သော ရဟန်းဝတ္ထုကို များစွာ ချဲ့အပ်ပြီးသလျှင်တည်း။ ထိုရဟန်းကိုကား သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်း... သင်သည် လျှပ်ပေါ်သောဟူသည် မှန်သလော ဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်း... သင်သည် ယခုအခါ၌သာ လျှပ်ပေါ်သည် မဟုတ်သေး၊ ရှေး၌လည်း လျှပ်ပေါ်သည်သလျှင်ကတည်း၊ လျှပ်ပေါ်သည်၏ အဖြစ်ကြောင့် အသက်ကုန်ခြင်းသို့ ရောက်ဖူး၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ခိုမျိုး၌ ဖြစ်၍ ဗာရာဏသီ သူဌေး၏ စားဖိုအိမ် အသိုက်တောင်း၌ နေ၏။

ဟင်းခိုးစားသော ကျီးမိုက်ဒုက္ခ

ထိုအခါ တစ်ခုသော ကျီးသည် ငါးအမဲ၌ တပ် စွန်း၍ ထိုခိုနှင့် မိတ်ဖွဲ့၍ ထိုအသိုက်တောင်း၌လျှင် နေ၏။ ထိုကျီးသည် တစ်နေ့သ၌ များစွာသော ငါးအမဲကိုမြင်၍ ငါးအမဲကို စားအံ့ ဟု အလွန်ညည်းညူလျက် အသိုက်တောင်း၌လျှင် အိပ်နေ၏။ ခိုသည် အဆွေကျီး... လာလော့၊ အစာရှာအံ့သောငှာ သွားကုန်အံ့ ဟု ဆိုသော်လည်း ငါသည် အစာမကျေခြင်းကြောင့် အိပ်၏။ သင်သည် သွားလေလော့ ဟု ဆို၍ အစာရှာ မသွားမူ၍ ထိုခိုသွားသည်ရှိသော် ငါ၏ ဆူးငြောင့်ဖြစ်သော ရန်သူသည် သွားပြီ၊ ယခုအခါ ငါသည် အလိုရှိတိုင်း ငါးအမဲကို စားအံ့ ဟု ကြံလျက်-

၁၃၅။ ဣဒါနိ ခေါမှိ သုခိတော အရောဂေါ၊
နိက္ကဏ္ဋကော နိပ္ပတိတော ကပေါတော။
ကာဟာမိ ဒါနိ ဟဒယဿ တုဋ္ဌိံ၊
တထာဟိ မံ မံသသာကံ ဗလေတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၅။ အဟံ၊ သည်။ ဣဒါနိ ခေါ၊ ယခုအခါ၌လျှင်။ သုခိတော၊ ချမ်းသာသည်။ အရောဂေါ၊ ရောဂါမရှိသည်။ နိက္ကဏ္ဋကော၊ ဆူးငြောင့်မရှိသည်။ အမှိ၊ ဖြစ်၏။ ကပေါတော၊ ခိုသည်။ နိပ္ပတိတော၊ ထွက်သွားလေပြီ။ ဣဒါနိ၊ ယခုအခါ၌။ ဟဒယဿ၊ နှလုံး၏။ တုဋ္ဌိံ၊ နှစ်သက်သော အမှုကို။ ကာဟာမိ၊ ပြုအံ့။ တထာဟိ၊ ထို့ကြောင့်လျှင်။ မံသသာကံ၊ အမဲ, အမဲဟင်းမှ ကြွင်းသော ဟင်းသည်။ မံ၊ ငါ၏။ ဗလေတိ-ဗလံ ကရောတိ၊ အား, လုံ့လကိုပြု၏။

စားဖိုသည်သည် ငါးအမဲကိုချက်၍ စားဖိုအိမ်မှထွက်၍ ကိုယ်မှချွေးကို သုတ်လျက်နေ၏။ ကျီးသည် တောင်းမှထွက်၍ အမဲကို ဝမ်းပြည့်အောင်စား၍ အမဲကိုထားသော တောင်း၌နား၍ ကိရိ ကိရိ ဟု အသံကို ပြု၏။ စားဖိုသည်သည် လျင် မြန်သဖြင့် လာလတ်၍ ကျီးကိုဖမ်း၍ အလုံးစုံသော အတောင်တို့ကို နုတ်၍ စိုသော ချင်း၊ မုန်ညင်းစေ့တို့ကိုရော၍ ပုပ်သော ရက်တက်ရည်ဖြင့် နယ်၍ အလုံးစုံသောကိုယ်ကို လိမ်း၍ တစ်ခုသော အိုးခြမ်းကို သွေး၍ ချည်ကြိုးဖြင့် ထိုကျီး၏ လည်၌ ဖွဲ့ဆွဲ၍ အသိုက်တောင်း၌လျှင်ထား၍ သွား၏။

ခို၏လှောင်ပြောင်သံ

ခိုသည်လာလတ်၍ ထိုကျီးကိုမြင်၍ ဗျိုင်းသည် အဆွေ ကျီး၏ တောင်း၌အိပ်၏။ အဘယ်ဗျိုင်းနည်း၊ အဆွေ ခင်ပွန်းဖြစ်သော ကျီးသည် ကြမ်းကြုတ်၏။ လာလတ်၍ သင့်ကို ညှဉ်းဆဲရာ၏ ဟု ပြက်ရယ်ပြုလိုရကား-

၁၃၆။ ကာယံ ဗလကာ သိခိနီ၊ စောရီ လင်္ဃီ ပိတာမဟာ။
ဩရံ ဗလာကေ အာဂစ္ဆ၊ စဏ္ဍော မေ ဝါယသော သခါ။

ဟူသော နှစ်ခုမြောက်သာ ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၆။ သိခိနီ၊ ဦးစွန်းရှိသော။ စောရီ၊ နေရာတောင်းကို ခိုးသော။ လင်္ဃီ ပိတာမဟာ၊ မိုးဟူသော အဘိုးရှိသော။ အယံ ဗလာကာ၊ ဤဗျိုင်းအောက်မသည်။ ကာ၊ အဘယ်ဗျိုင်းအောက်မနည်း။ ဗလာကေ၊ ဗျိုင်းအောက်မ။ ဩရံ၊ ဤအတွင်းသို့။ အာဂစ္ဆ၊ လာလော့။ မေ၊ ငါ၏။ သခါ၊ အဆွေ ခင်ပွန်းဖြစ်သော။ ဝါယသော၊ ကျီးသည်။ စဏ္ဍော၊ ကြမ်း၏။

မလှောင်ပါနဲ့ ခိုလေးရယ်

ထိုစကားကိုကြား၍ ကျီးသည်-

၁၃၇။ အလံ ဟိ တေ ဇဂ္ဃိတာယေ၊ မမံ ဒိသွာန ဧဒိသံ။
ဝိလူနံ သူဒပုတ္တေန၊ ပိဋ္ဌမဏ္ဍေန မက္ခိတံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၇။ သမ္မ၊ အဆွေ။ သူဒပုတ္တေန၊ စားဖိုသည်သည်။ ဝိလူနံ၊ အမွှေးအတောင်ကို နုတ်၍။ ပိဋ္ဌမဏ္ဍေန၊ ချင်း, မုန်ညင်းမှုန့်ဖျော်သော ရက်တက်ရည်ကြည်ဖြင့်။ မက္ခိတံ၊ လိမ်းကျံအပ်သော။ ဧဒိသံ၊ ဤသို့သဘောရှိသော ဆင်းရဲခြင်းရှိသော။ မမံ၊ ငါ့ကို။ ဒိသွာန၊ မြင်၍။ တေ၊ သင့်အား။ ဇဂ္ဃိတာယေ၊ ပြက်ရယ်ပြုခြင်းငှာ။ အလံ၊ မသင့်သလျှင်ကတည်း။

သင့်မှာလဲ ပြင်လို့ ဆင်လို့

ခိုသည် ပြက်ရယ်ပြုလို၍လျှင် တဖန်-

၁၃၈။ သုနှာတော သုဝိလိတ္တောသိ၊ အန္နပါနေန တပ္ပိတော။
ကဏ္ဌေစ တေ ဝေဠုရိယော၊ အဂမာ နု ကဇင်္ဂလံ။

ဟူသော လေးခုမြောက်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၁၃၈။ သမ္မ၊ အဆွေ။ တွံ၊ သင်သည်။ သုနှာတော၊ ကောင်းစွာ သုတ်သင်အပ်သည်။ သုဝိလိတ္တော၊ ကေင်းစွာ လိမ်းကျံအပ်သည်။ အန္နပါနေန၊ ထမင်း အဖျော်ဖြင့်။ တပ္ပိတော၊ ရောင့်ရဲသည်။ အသိ၊ ဖြစ်၏။ တေ၊ သင်၏။ ကဏ္ဌေ စ၊ လည်၌ လည်း။ ဝေဠုရိယော၊ ဝေဠုရိယပတ္တမြားကို ဆင်ယင်အပ်၏။ တွံ၊ သင်သည်။ ကဇင်္ဂလံ၊ ဗာရာဏသီပြည်တွင်းသို့။ အဂမာ နု၊ သွားချေသလော။

ထိုနောက်မှ ကျီးသည်-

၁၃၉။ မာ တေ မိတ္တော အမိတ္တော ဝါ၊ အဂမာသိ ကဇင်္ဂလံ။
ပိဉ္ဆာနိ တတ္ထ လာယိတွာ၊ ကဏ္ဌေ ဗန္ဓန္တိ ဝဋ္ဋနံ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

ငါဒုက္ခရောက်ပြီ

֍ ဋ္ဌ ၁၃၉။ ပါရာဝတ၊ ခို။ တေ၊ သင်၏။ မိတ္တော ဝါ၊ အဆွေခင်ပွန်းသည်လည်းကောင်း။ အမိတ္တော ဝါ၊ အဆွေခင်ပွန်းမဟုတ်သော ငှက်သည်လည်းကောင်း။ ကဇင်္ဂလံ၊ ဗာရာဏသီမြို့တွင်းသို့။ မာ အဂမာသိ၊ မသွားစေလင့်။ တတ္ထ၊ ထိုဗာရာဏသီမြို့တွင်း၌။ ပိဉ္ဆာနိ၊ အမွေးအတောင်တို့ကို။ လာယိတွာ၊ နုတ်၍။ ကဏ္ဌေ၊ လည်၌။ ဝဋ္ဋနံ၊ အိုးခြမ်းကို။ ဗန္ဓန္တိ၊ ဖွဲ့ချည်တတ်ကုန်၏။

အကောင်းစားချင်ဦး

ထိုစကားကိုကြား၍ ခိုသည်-

၁၄၀။ ပုနပါပဇ္ဇသီ သမ္မ၊ သီလံ ဟိ တဝ တာဒိသံ။
န ဟိ မနုသကာ ဘောဂါ၊ သုဘုဉ္ဇာ ဟောန္တိ ပက္ခနော။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၀။ သမ္မ၊ အဆွေ။ တွံ၊ သင်သည်။ ပုနပိ၊ တဖန်လည်း။ ဧဝရူပံ၊ ဤသို့ သဘောရှိသော ဆင်းရဲသို့။ အာပဇ္ဇသိ၊ ရောက်လတ္တံ့။ ဟိ သစ္စံ၊ မှန်၏။ တဝ၊ သင်၏။ သီလံ၊ အလေ့သည်။ တာဒိသံ၊ ထိုသို့သဘောရှိ၏။ မနုသကာ ဘောဂါ၊ လူ၌ဖြစ်ကုန်သော အသုံးအဆောင်တို့သည်။ ပက္ခိနော၊ ငှက်အား။ သုဘုဉ္ဇာ၊ သုံးဆောင်လွယ်ကုန်သည်။ န ဟောန္တိ၊ မဖြစ်ကုန်သလျှင်ကတည်း။

ဤသို့ ဘုရားလောင်းသည် ထိုကျီးကိုဆုံးမ၍ ထိုအိမ်၌ မနေမူ၍ အတောင်တို့ကိုဖြန့်၍ တစ်ပါးသောအရပ်သို့ ပျံ သွား၏။ ကျီးသည်လည်း ထိုအိမ်၌ပင် အသက်ကုန်ခြင်းသို့ ရောက်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်ဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြသည်၏ အဆုံး၌ လျှပ်ပေါ်သော ရဟန်းသည် အနာဂါမိ ဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ လျှပ်ပေါ်သော ရဟန်းသည် ထိုအခါ ကျီးဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခိုဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ်နှင့်မထိုက်၊ လိုချင်လိုက်၊ ကျီးမိုက် သေရပြီ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကပေါတဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - အဝါရိယဝဂ်

၁။ အဝါရိယဇာတ်

လူကို ယုတ်မြတ် မသိတတ်ခြင်းအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် မာသု ကုဇ္ဈ ဘူမိပတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အဝါရိယဇာတ်ကို ဇေတဝန်ကျောင်းဘော်၌ သီတင်းသုံး နေတော်မူစဉ် ကူးတို့ဆိပ်၌ တစ်ယောက်သော ကူးတို့သည်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုကူးတို့သည်သည် မိုက်သည် ဖြစ်သတတ်၊ ဘုရားအစရှိကုန်သော ရတနာတို့၏ ကျေးဇူးကိုလည်း မသိ၊ တစ်ပါးကုန်သော ပုဂ္ဂိုလ်တို့၏ ကျေးဇူးကိုလည်း မသိ၊ ကြမ်းတမ်း ရုန့်ရင်း၏။ နိုင်ထက်မူတတ်၏။

ရဟန်းကို ညှဉ်းဆဲပုံ

ထိုအခါ ဇနပုဒ်၌နေသော ရဟန်းတစ်ပါးသည် ဘုရားကို ဖူးမြင်အံ့ ဟု လာလတ်သော် ညဉ့်အခါ၌ အစိရဝတီ မြစ်ဆိပ်သို့ ရောက်၍ ထိုကူးတို့သည်ကို ဒါယကာ ထိုမှာဘက်သို့ သွားအံ့၊ ငါ့အား လှေကိုပေးပါလော့ဟု ဆို၏။ အရှင်ဘုရား... ယခု အချိန်မဟုတ်ပြီ၊ တစ်ခုသော အရပ်၌ နေဦးလော့ ဟု ဆို၏။ ဒါယကာ ဤအရပ်တွင် အဘယ်၌ နေရအံ့နည်း၊ ငါ့ကို ယူ၍ သွားလော့ ဟု ဆို၏။ ကူးတို့သည်သည် အမျက် ထွက်၍ အချင်းရဟန်း... လာလော့ ဟု မထေရ်ကို လှေသို့တင်၍ ဖြောင့်စွာမသွားမှု၍ လှေကို အောက်သို့ဆောင်၍ မြစ်၌ လှေကိုလှုပ်၍ ထိုရဟန်း၏ သပိတ်သင်္ကန်းကို စွတ်စိုစေ၍ ပင်ပန်းစေ၍ မှောင်မိုက်သောအခါမှ လွှတ်လိုက်၏။ ထိုအခါ ထိုရဟန်းသည် ကျောင်းသို့သွား၍ ထိုနေ့၌ ဘုရားအား ခစားခြင်း၏ အခွင့်ကို မရ၍ နက်ဖြန်နေ့၌ မြတ်စွာဘုရားသို့ ကပ်၍ ရှိခိုး၍ တင့်အပ်သောအရပ်၌ နေ၏။ မြတ်စွာဘုရားသည် ပြုအပ်သော ပဋိသန္ထာရရှိသည်ဖြစ်၍ "အဘယ်အခါ၌ လာသနည်း ဟု မေးတော်မူသည်ရှိသော် "အရှင်ဘုရား... ယမန်နေ့က လာ၏ နားတော်လျှောက်၏။ ယမန်နေ့က လာသည်ဖြစ်လျက် အဘယ်ကြောင့် ယနေ့မှ ငါဘုရားအား ဖူးမြင်အံ့သောငှာ လာသနည်း ဟု မေးတော်မူသည်ရှိသော် ထိုအကြောင်းကို လျှောက်၏။ ထိုအကြောင်းကို ကြား၍ မြတ်စွာဘုရားသည် ရဟန်း... ဤကူးတို့သည်သည် ယခုအခါ၌ သာလျှင် ကြမ်းတမ်းရုန့်ရင်းသည်။ နိုင်ထက်မူတတ်သည် မဟုတ်သေး၊ ရှေး၌လည်း ဤကူးတို့ သည်သည် ပညာရှိတို့ကို ပင်ပန်းစေ၏ ဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းကုန်သော အတတ်တို့ကိုသင်၍ ရသေ့ရဟန်း ပြု၍ ရှည်မြင့်စွာသော ကာလပတ်လုံး ဟိမဝန္တာ၌ သစ်သီးကြီးငယ်ဖြင့် မျှ၍ ချဉ်ဆား မှီဝဲအံ့သောငှာ ဗာရာဏသီပြည်သို့ ရောက်၍ မင်း၏ ဥယျာဉ်၌ နေ၍ နက်ဖြန်နေ့၌ ဆွမ်းခံအံ့ငှာ မြို့သို့ဝင်၏။

မင်းကိုးကွယ်သော ရသေ့

ထိုအခါ မင်းသည် မင်းရင်ပြင်သို့ ရောက်လာသော ထိုရသေ့ကို မြင်၍ ထိုရသေ့၏ ဣရိယာပုထ်၌ ကြည်ညို၍ နန်းတွင်းသို့ပင့်၍ ဆွမ်းကျွေး၍ ဝန်ခံခြင်းကို ယူ၍ မင်း၏ ဥယျာဉ်၌ နေစေ၍ တစ်နေ့ တစ်ကြိမ် ခစားအံ့သောငှာ လာ၏။ ဘုရားလောင်းရသေ့သည် ထိုမင်းကို မြတ်သော

မင်းကြီး... မင်းမည်သည် လေးပါးသော အဂတိသို့ လိုက်ခြင်းတို့ကို ကြဉ်၍ မမေ့မလျော့သာလျှင် သည်းခံခြင်း, မေတ္တာ, ကရုဏာနှင့် ပြည့်စုံ သည်ဖြစ်၍ မင်းပြုအပ်၏ ဟု ဆို၍ နေ့တိုင်း ဆုံးမလိုကား -

။ မာသု ကုဇ္ဈ ဘူမိပတိ၊ မာသု ကုဇ္ဈ ရထေသဘ။
ကုဒ္ဓံ အပ္ပဋိကုဇ္ဈန္တော၊ ရာဇာ ရဋ္ဌဿ ပူဇိတော။
။ ဂါမေ ဝါ ယဒိ ဝါ ရညေ၊ နိန္နေ ဝါ ယဒိ ဝါ ထလေ။
သဗ္ဗတ္ထ အနုသာသာမိ၊ မာသု ကုဇ္ဈ ရထေသဘ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟော၏။

֍ ဋ္ဌ ၁။ ဘူမိပတိ၊ မြေကို အစိုးရသော မင်းကြီး။ တွံ၊ သင်မင်းကြီးသည်။ မာသု ကုဇ္စျ၊ အမျက်မထွက်လင့်။ ရထေသဘ၊ ရထားစီးချင်း မင်းတို့ထက် မြတ်သော မင်းကြီး။ တွံ၊ သင်မင်းကြီးသည်။ မာသု ကုဇ္စျ၊ အမျက်မထွက်လင့်။ ကုဒ္ဓံ၊ အမျက် ထွက်သောသူကို။ အပ္ပဋိကုဇ္ဈန္တော၊ အတုံ အမျက် မထွက်သော။ ရာဇာ၊ မင်းကို။ ရဋ္ဌဿ၊ တိုင်းနိုင်ငံသူသည်။ ပူဇိတော၊ ပူဇော်အပ်၏။

֍ ဋ္ဌ ၂။ ရထေသဘ၊ ရထားစီးချင်း မင်းတို့ထက် မြတ်သော မင်းကြီး။ ဂါမေ ဝါ၊ ရွာ၌လည်းကောင်း။ ယဒိ၊ ထိုမြို့။ အရညေ ဝါ၊ တော၌လည်းကောင်း။ နိန္နေ ဝါ၊ ချိုင့်ဝှမ်းရာအရပ်၌ လည်းကောင်း။ ယဒိ၊ ထိုမြို့။ ထလေ ဝါ၊ ကြည်း၌လည်းကောင်း။ သဗ္ဗတ္ထ၊ အလုံးစုံသော အရပ်၌။ မာသု ကုဇ္စျ၊ အမျက်မထွက်လင့်။ ဣတိ၊ ဤသို့။ အနုသာသာမိ၊ ငါ ဆုံးမ၏။

ဤသို့ ဘုရားလောင်းသည် မင်းအား လာတိုင်း လာတိုင်းသောနေ့၌ ဤဂါထာတို့ကိုဆို၏။ မင်းသည် ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ ဘုရားလောင်းအား အခွန်တစ်သိန်းထွက်သော ရွာမြတ်ကို ပေး၏။ ဘုရားလောင်းသည် ပယ်၏။

ကူးတို့သူကြီးမိုက်

ဤသို့ ဘုရားလောင်းသည် ထိုမင်း၏ ဥယျာဉ်၌လျှင် တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး နေ၍ အလွန်ကြာမြင့်စွာ နေအပ်ပြီ ဟု ဇနပုဒ်သို့ လှည့်လည်ခြင်းကို ရှေးဦးစွာ လှည့်လည်၍ လာအံ့ ဟု မင်း မပြောမဆိုမူ၍ ဥယျာဉ်စောင့်ကို ခေါ်၍ ဒါယကာ... ငါသည် ငြီးငွေ့သော သဘော ရှိ၏။ ဇနပုဒ်ကို လှည့်လည်၍ လာအံ့၊ သင်သည် သွား၍ မင်းအား ပြောဆိုချေ ဟု ဆို၍ ဖဲသည်ရှိသော် ဂင်္ဂါကူးတို့ဆိပ်သို့ ရောက်၏။ ထိုကူးတို့ ဆိပ်၌ ကူးတို့သည်သည် အဝါရိယ၏ အဖမည်၏။ ထိုကူးတို့သည်သည် မိုက်၏။ ကျေးဇူးရှိကုန်သော သူတို့၏ ကျေးဇူးကို မသိ၊ မိမိ၏ အကြောင်း ဥပါယ်ကို မသိ၊ ဂင်္ဂါသို့ ကူးလိုသော လူတို့ကို ရှေးဦးစွာ ကူးစေ၍ နောက်မှ အခကို တောင်းလေ့ရှိ၏။ အခကို မပေးကုန်သော သူတို့နှင့်တကွ ခိုက်ရန်ပြုလျက် ဆဲရေးခြင်း သတ် ပုတ်ခြင်းသာလျှင် အလွန်များ၏။ နည်းသော လာဘ်ရှိ၏။

ဤသို့ သဘောရှိသော အလွန်မိုက်သော ကူးတို့သည်ကို ရည်၍ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

။ အဝါရိယ ပိတာနာမ၊ အဟု ဂင်္ဂါယ နာဝိကော။
ပုဗ္ဗေ ဇနံ တာရေတွာန၊ ပစ္ဆာ ယာစတိ ဝေတနံ။
တနဿ ဘဏ္ဍနံ ဟောတိ၊ န စ ဘောဂေဟိ ဝဍ္ဎတိ။

ဟူသော သုံးခုမြောက်သော ဤဂါထဒကို ဟောတော်မူ၏။

֍ ဋ္ဌ ၃။ ဂင်္ဂါယ၊ ဂင်္ဂါ၌။ နာဝိကော၊ ကူးတို့သည်သည်။ အဝါရိယ ပိတာ နာမ၊ အာရိယ၏ အဖမည်သည်။ အဟု၊ ဖြစ်၏။ သော၊ ထိုကူးတို့သည်သည်။ ပုဗ္ဗေ၊ ရှေးဦး၌။ ဇနံ၊ ကူးတို့စီးသူ လူအပေါင်းကို။ တာရေတွာန၊ ကူးစေ၍။ ပစ္ဆာ၊ နောက် မှ။ ဝေတနံ၊ အခကို။ ယာစတိ၊ တောင်း၏။ တေန၊ ထိုကြောင့်။ အဿ၊ ထိုသူအား။ ဘဏ္ဍနံ၊ ခိုက်ရန်သည်။ ဟောတိ၊ ဖြစ်၏။ ဘောဂေဟိ၊ စည်းစိမ်တို့ဖြင့်။ န စ ဝဍ္ဎတိ၊ မပွားသလျှင်ကတည်း။

ကူးတို့ပိုပြီး အခတောင်းသော်

ဘုရားလောင်းသည် ထိုကူးတို့သူကြီးကို ကပ်၍ ဒါယာ ငါ့ကို ထိုမှာဘက်သို့ ပို့လော့ ဟု ဆို၏။ ထိုစကားကို ကြား၍ ထိုကူးတို့သည်သည် ရဟန်း... ငါ့အား အခပေးလတ္တံ့လောဟု ဆို၏။ ဒါယကာ စည်းစိမ်၏ ပွားများခြင်းအကြောင်းမည်သော စကားကို သင့်အား ငါဆိုအံ့ ဟု ဆို၏။ ထိုစကားကိုကြား၍ ကူးတို့သည်သည် ဤဟန်းသည် ငါ့အား တစ်စုံတစ်ခုကို မချွတ်ပေးလတ္တံ့ ဟု ထိုရသေ့ကို ထိုမှာဘက်သို့ဆောင်၍ "ငါ့အား အခပေးလော့ ဟု ဆို၏။

စည်းစိမ်ပွားကြောင်းတရား

ထိုရသေ့သည် ဒါယကာ... ကောင်းပြီ ဟု ဆို၍ ရှေးဦးစွာ စည်းစိမ်၏ ပွားများခြင်း၏ အကြောင်းဖြစ်သော စကားကို ဆိုလိုရကား-

။ အတိဏ္ဏံယေဝ ယာစဿု၊ အပါရံ တာတ နာဝိက။
အညော ဟိ တိဏ္ဏဿ မနော၊ အညော ဟောတိ ပါရေသိနော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄။ တာတ နာဝိက၊ အမောင် ကူးတို့သူကြီး။ အပါရံ၊ ကမ်းတစ်ဖက်သို့။ အတိဏ္ဏံယေဝ၊ မကူးမီလျှင်။ ယာစဿု၊ အခကိုတောင်းလော့။ ဟိ သစ္စံ၊ မှန်၏။ တိဏ္ဏဿ၊ ကူးပြီးသောသူ၏။ မနော၊ စိတ်သည်။ အညော၊ တပါးသည်။ ဟောတိ၊ ဖြစ်၏။ ပါရေသိနော၊ ကူးလိုသော သူ၏။ မနော၊ စိတ်သည်။ အညော၊ တပါးသည်။ ဟောတိ၊ ဖြစ်၏။

လူမှုရေးတရား

ထိုစကားကိုကြား၍ ကူးတို့သည်သည် ဤရသေ့ကား ငါ့အား ရှေးဦးစွာ အဆုံးအမပေးသည် ဖြစ်လတ္တံ့၊ ယခုအခါ၌ ဤအဆုံးအမမှတပါး တစ်စုံတစ်ခုကို ငါ့အား ပေးလတ္တံ့ ဟု ကြံ၏။ ထို့နောင် ဘုရားလောင်းသည် ထိုကူးတို့သည်ကို ဒါယကာ- သင့်အား စည်းစိမ်၏ ပွားများခြင်း၊ အကြောင်းဖြစ်သော ဤစကားကို ဆိုအပ်ပြီ၊ ယခုအခါ အကျိုးအကြောင်း၏ ပွားများခြင်း အကြောင်းဖြစ်သော စကားကို နာလော့ ဟု ဆို၍ ဆုံးမလိုကား-

။ ဂါမေ ဝါ ယဒိ ဝါ ရညေ၊ နိန္နေ ဝါ ယဒိ ဝါ ထလေ။
သဗ္ဗတ္ထ အနုသာသာမိ၊ မာသု ကုဇ္ဈိတ္ထ နာဝိက-

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅။ နာဝိက၊ ကူးတို့သူကြီး။ ဂါမေ ဝါ၊ ရွာ၌လည်းကောင်း။ ယဒိ၊ ထို့မြို့။ အရညေ ဝါ၊ တော၌ လည်းကောင်း။ နိန္နေ ဝါ၊ ချိုင့်ဝှမ်းရာ အရပ်၌ လည်းကောင်း။ ယဒိ၊ ထိုမြို့။ ထလေ ဝါ၊ ကြည်း ၌လည်းကောင်း။ သဗ္ဗတ္ထ၊ အလုံးစုံသောအရပ်၌။ မာသု ကုဇ္စျိတ္ထ၊ အမျက်မထွက်လင့်။ ဣတိ၊ ဤ သို့။ အနုသာသာမိ၊ ငါ ဆုံးမ၏။

ရဟန်းကို ရိုက်နှက်ပြီ

ဤသို့ ကူးတို့သည်အား ဤဂါထာဖြင့် အကျိုး အကြောင်း၏ ပွားများခြင်း အကြောင်းဖြစ်သော စကားကို ဆို၍ သင့်အား ဆိုအပ်သော ဤစကားသည် အကြောင်းအကျိုးကို ပွားစေတတ်သော စကားတည်း ဟု ဆို၏။

ထိုယုတ်မာသော ယောက်ျားသည် ထိုအဆုံး အမကို တစ်စုံတစ်ခု အရိုအသေ ပြုအပ်သည်ကို မအောက်မေ့သည်ဖြစ်၍ ရဟန်း-ဤသည်ကား သင်သည် ငါ့အား ပေးအပ်သော လှေခလော ဟု ဆို၏။ ဒါယကာ- ဟုတ်၏ ဟု ဆိုသည်ရှိသော် ဤစကားဖြင့် ငါ့အား အလိုမရှိ၊ ငါ့အား တပါးသော ဝတ္ထုကို ပေးလော့ ဟု ဆို၏။ ဒါယကာ... ငါ့အား တပါးသော ဝတ္ထုသည် မရှိ ဟု ဆို၏။ ထိုသို့ မရှိဘဲလျက် အဘယ့်ကြောင့် လှေကို စီးသနည်း ဟု ရသေ့ကို ဂင်္ဂါနား၌ လှဲ၍ ရင်၌ ကိုင်၍ ထိုရသေ့၏ မျက်နှာကိုလျှင် ပုတ်ခတ်၏။

လူတိုင်းကို မဆုံးမအပ်

သဗ္ဗညူ မြတ်ဘုရားသည် ရဟန်းတို့ ဤသို့လျှင် အကြင်ဆုံးမခြင်းကို ထိုရသေ့သည် ပေး၍ မင်း၏အထံမှ ရွာမြတ်ကို ရ၏။ ထိုအဆုံးအမကိုလျှင် အလွန်မိုက်သော ကူးတို့သည်အား ဆို၍ မျက်နှာ၌ ပုတ်ခတ်ခြင်းကို ရ၏။ ထိုကြောင့် အဆုံးအမပေးသောသူသည် သင့်သောသူအားသာလျှင် ပေးအပ်၏။ မသင့်သောသူအား မပေးအပ် ဟု မိန့်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍ ထိုဂါထာကို ဟောတော်မူသည်၏ အခြား မဲ့၌-

။ ယာယေဝါနုသာသနိယာ၊ ရာဇာ ဂါမဝရံ အဒါ။
တာယေဝါနုသာသနိယာ၊ နာဝိကော ပဟရိ မုခံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၆။ ယာယေဝါနုသာသနိယာ၊ အကြင် အဆုံးအမဖြင့်လျှင်။ ရာဇာ၊ မင်းသည်။ ဂါမဝရံ၊ ရွာမြတ်ကို။ အဒါ၊ ပေး၏။ တာယေဝါနုသာသနိယာ၊ ထိုအဆုံးအမဖြင့်လျှင်။ နာဝိကော၊ ကူးတို့သည်သည်။ မုခံ၊ မျက်နှာကို။ ပဟရိ၊ ပုတ်ခတ်၏။

မင်းဒဏ်ခံရပြီ

ကူးတို့သည်သည် ရသေ့ကို ပုတ်ခတ်စဉ်လျှင် ကူးတို့သည်၏ မယားသည် ထမင်းယူ၍ လာလတ်သော် ထိုယုတ်မာသော ယောက်ျားကို မြင်၍ အရှင်.ဤရသေ့သည်ကား မင်း၏ ဆရာဖြစ်၏။ မသတ်ပုတ်လင့်ဟု ဆို၏။ ကူးတို့သည်သည် တစ်ဖန် အမျက်ထွက်၍လျှင် သင်သည် ငါ့အား ဤရသေ့စဉ်းလဲကို သတ်ပုတ်စိမ့်သောငှာ မပေး ဟု ထ၍ ထိုမိန်းမကို သတ်ပုတ်၍ လဲစေ၏။ ထိုအခါ ထမင်းခွက်သည် ကျ၍ကွဲ၏။ မိန်းမ၏လည်း လေးသော ကိုယ်ဝန်ရှိသည်၏ အဖြစ်ကြောင့် ကိုယ်ဝန်သည် မြေ၌ ကျ၏။ ထိုအခါ ထိုယောကျ်ားကို လူတို့သည် ခြံရံ၍ သူသတ်၊ ခိုးသူတည်းဟု ဖမ်း၍ နှောင်ဖွဲ့၍ မင်းအား ပြကုန်၏။ မင်းသည် ဆုံးဖြတ်၍ ထိုကူးတို့သည်အား မင်းဒဏ်ကို ပြုစေ၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ထို အကြောင်းကို ပြတော်မူလိုရကား-

။ ဘတ္တံ ဘိန္နံ ဟတာ ဘရိယာ၊ ဂဗ္ဗော စ ပတိတော ဆမာ။
မိဂေါဝ ဇာတရူပေန၊ န တေနတ္ထံ အဗန္ဓိသု။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၇။ ဘတ္တံ၊ ထမင်းခွက်သည်။ ဘိန္နံ၊ ကွဲ၏။ ဘရိယာ၊ မယားကို။ ဟတာ၊ သတ်ပုတ်အပ်၏။ ဂဗ္ဘော စ၊ ကိုယ်ဝန်သည်လည်း။ ဆမာ၊ မြေ၌။ ပတိတော၊ ကျ၏။ မိဂေါ၊ သမင်သည်။ ဇာတရူပေန၊ ရွှေ ငွေဖြင့်။ အတ္တနော၊ မိမိ၏။ အတ္ထံ၊ ကျိုးစီးပွားကို။ နိဗ္ဗတ္တေတုံ၊ ဖြစ်စေခြင်းငှာ။ န သက္ကောတိ ဣဝ၊ မစွမ်းနိုင်သကဲ့သို့။ သော ဗာလော၊ ထိုသူမိုက်သည်။ တေန၊ ထိုအဆုံးအမဖြင့်။ အတ္တနော၊ မိမိ၏။ အတ္ထံ၊ အကျိုး စီးပွားကို။ န အဗန္ဓိ၊ မဖြစ်စေနိုင်။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူ ယခုအခါ ကူးတို့သည်ပင်လျှင် ထိုအခါ ကူးတို့သည်ပင်ဖြစ်၏။ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆိုးသွမ်းယုတ်မာ၊ ဆုံးမပါ၊ ကိုယ့်မှာအကျိုးယုတ်

ရှေးဦးစွာသော အဝါရိယဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - အဝါရိယဝဂ်

၂။ သေတကေတုဇာတ်

မမှန်သောအကျင့်ဖြင့်အံ့ဖွယ်ကိုဖြစ်စေခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် မာ တာတ ကုဇ္ဈိ၊ န ဟိ သာဓု ကောဓော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသေတကေတုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်အံ့ဖွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... (ပစ္စုပ္ပန်ဝတ္ထုသည် ဥဒ္ဒါလဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ )

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ၌ကား ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီပြည်၌ ဒိသာ ပါမောက္ခဆရာဖြစ်၍ ငါးရာကုန်သော လုလင်တို့ကို ဗေဒင်သင်၏။

မာနကြီးသောလုလင်

ထိုလုလင်တို့၏ အကြီးဖြစ်သော သေတကေတုမည်သော လုလင်သည် ဥဒိစ္စပုဏ္ဏားမျိုး၌ ဖြစ်၍ အမျိုးကိုမှီ၍ ထိုသေတကေတု လုလင်အား မာနကြီး၏။ ထိုသေတကေတု လုလင်သည် တစ်နေ့သ၌ တစ်ပါးကုန်သော လုလင်တို့နှင့်အတူ မြို့မှထွက်၍ မြို့သို့ဝင်သော စဏ္ဍာလကိုမြင်၍ သင်သည် အဘယ်သူနည်း ဟု မေး၍ စဏ္ဍာလတည်း ဟု ဆိုသည်ရှိသော် ထိုစဏ္ဍာလ၏ ကိုယ်၌ ခတ်၍လာသော လေသည် မိမိကိုယ်၌ ခတ်မိသည်မှ ကြောက်သောကြောင့် သင်သည် စဏ္ဍာလယုတ်တည်း၊ လေညာ၌ မနေလင့် ဟု ဆို၍ လျင်စွာ ထိုသူ၏ လေညာသို့သွား၏။ စဏ္ဍာလသည် လျင်မြန်စွာသွား၍ သေတကေတု၏ လေညာ၌ ရပ်၏။ ထိုအခါ ထိုစဏ္ဍာလကို သူယုတ် ပျက်စီးလေလော့ဟု လွန်စွာဆဲရေး၏။

စဏ္ဍာလအောက် ကျရပြီ

စဏ္ဍာလသည် "သင်ကား အဘယ် အမည်ရှိသနည်း ဟု မေး၏။ ငါသည် ပုဏ္ဏားလုလင် ဖြစ်၏ ဟု ဆို၏။ ပုဏ္ဏားလုလင် ဖြစ်စေ၊ ငါမေးသော ပြဿနာကို ဖြေနိုင်လတ္တံ့လောဟု မေး၏။ ဖြေနိုင်၏ဟု ဆို၏။ သေတကေတုသည် မိမိကိုယ်ကို ကြံ၍ လှည့်လော့ ဟု ဆို၏။ စဏ္ဍာလသားသည် သေတကေတု၏ စကားကို ပရိသတ်ကို မှတ်စေ၍ ပုဏ္ဏားလုလင် အရပ်မည်သည် အဘယ်နည်း ဟု မေး၏။ အရပ်မည်သည် အရှေ့အရပ် အစရှိကုန်သော အရပ်လေးမျက်နှာတည်း ဟု ဆို၏။ စဏ္ဍာလသားသည် ငါသည် ဤအရပ်ကို မမေး၊ သင်သည် ဤမျှလောက်ကိုမျှ မသိဘဲလျက် ငါ၏ ကိုယ်၌ ခတ်အပ်သောလေကို စက်ဆုပ်၏ ဟု ပုဏ္ဏားလုလင်ကို လည်ကုပ်၌ကိုင်၍ မိမိခြေကြား၌ ထားသဖြင့် လှည့်၏။

လုလင်တို့သည် ထိုအကြောင်းကို ဆရာအား ကြားကုန်၏။ ဆရာသည် အမောင်သေတကေတု စဏ္ဍာလသားသည် ခြေကြား၌ထား၍ လှည့်၏ဟူသည် မှန်သလော ဟုမေး၏။ ဆရာ... မှန်၏ ထိုစဏ္ဍာလသားသည် အကျွန်ုပ်ကို အရပ်မျက်နှာမျှကိုလည်း မသိဟု မိမိခြေကြား၌ထား၍ လှည့်၏။ ကျွန်ုပ်သည် ယခုမြင်၍ ပြုအပ်သည်ကို သိအံ့ ဟု ဆို၍ အမျက်ထွက်၍ စဏ္ဍာလသားကို ဆဲရေး၏။

အရပ်မျက်နှာများ

ထိုအခါ သေတကေတုကို ဆရာသည် "အမောင် သေတကေတု-ထိုစဏ္ဍာလသားအား အမျက်မထွက်လင့်၊ စဏ္ဍာလသားသည် ပညာ ရှိ၏။ ဤသို့သဘောရှိသော အရှေ့ အရပ် အစရှိသော အရပ်ကိုမမေး၊ တစ်ပါးသော အရပ်ကို မေး၏။ သင်သည် မြင်အပ် ကြားအပ် သိအပ်သောတရားထက် မမြင်အပ် မကြားအပ်သော တရားသာလျှင် အလွန်များ၏ ဟု ဆို၍ ဆုံးမလိုကား-

။ မာ တာတ ကုဇ္ဈိ န ဟိ သာဓု ကောဓော၊
ဗဟုံပိ တေ အဒိဋ္ဌ မဿုတဉ္စ။
မာတပိတာ ဒိသတာ သေတကေတု၊
အာစရိယမာဟု ဒိသတံ ပသတ္ထာ။
။ အဂါရိနော အန္နပါနဝတ္ထဒါ၊
အဝှါယိကာ တမ္ပိ ဒိသံ ဝဒန်တိ။
ဧတဒိသာ ပရမာ သေတကေတု၊
ယံ ပတွာ ဒုက္ခီ သုခိနော ဘဝန္တိ။

ဟူသော ဤနှစ်တို့ကို ဆို၏။

֍ ဋ္ဌ ၈။ တာတ သေတကေတု၊ အမောင်သေတကေတု။ မာ ကုဇ္စျိ၊ အမျက်မထွက်လင့်။ ကောဓော၊ အမျက်သည်။ န ဟိ သာဓု၊ မကောင်း။ တေ၊ သင်သည်။ အဒိဋ္ဌဉ္စ၊ မမြင်အပ်သော တရားသည်လည်းကောင်း။ အဿုတဉ္စ၊ မကြားအပ်သော တရားသည်လည်းကေင်း။ ဗဟုံပိ-ဗဟုတရံ၊ များစွာ၏။ မာတာပိတာ၊ မိဘတို့သည်။ ဒီသတာ၊ အရှေ့အရပ်မျက်နှာမည်ကုန်၏။ အာစရိယံ၊ ဆရာကို။ ဒီသတံ၊ တောင်အရပ်မျက်နှာဟူ၍။ ပသတ္ထာ၊ ချီးမွမ်းအပ်ကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့သည်။ အာဟု၊ ဆိုကုန်၏။

֍ ဋ္ဌ ၉။ အန္နပါနဝတ္ထဒါ၊ ထမင်း အဖျော် အဝတ်ကို လှူတတ်ကုန်သော။ အဂါရိနော၊ အိမ်၌နေကုန်သော လူတို့သည်။ ဓမ္မိကသမဏဗြာဟ္မဏံ၊ တရားစောင့်သော ရဟန်းပုဏ္ဏားကို။ အဝှါယိကာ၊ ပင့်ခေါ်ကုန်၏။ တံပိ၊ ထိုဓမ္မိကသမဏ ဗြဟ္မဏကိုလည်း။ ဒိသံ၊ အထက်အရပ်မျက်နှာဟူ၍။ ဝဒန္တိ၊ ဆိုကုန်၏။ သေတကေတု၊ သေတကေတု။ ယံ၊ အကြင်နိဗ္ဗာန်သို့။ ပတွာ၊ ရောက်၍။ ဒုက္ခီ၊ ဆင်းရဲကုန်သော သူတို့သည်။ သုခိနော၊ ချမ်းသာခြင်းရှိကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဧတာ ဒိသာ၊ ဤသို့သဘောရှိကုန်သော နိဗ္ဗာန် အရပ်သည်သာလျှင်။ ပရမာ၊ လွန်မြတ်သော။ ဒိသာ၊ အရပ်မည်၏။

သေတကေတု ရသေ့ပြုပြီ

ဤသို့ ဘုရားလောင်းသည် သေတကေတုလုလင်အား အရပ်မျက်နှာကို ပြောဆို၍ သေတကေတုသည်ကား စဏ္ဍာလသည် ခြေကြားဖြင့် လှည့်အပ်၏ဟု ထိုအရပ်၌ မနေမူ၍ တက္ကသိုလ်ပြည်သို့ သွား၍ ဒိသာပါမောက္ခဆရာ့အထံ၌ ခပ်သိမ်းသောအတတ်တို့ကို သင်၍ ဆရာသည် ခွင့်ပြုအပ်သဖြင့် တက္ကသိုလ်ပြည်မှထွက်၍ ခပ်သိမ်းကုန်သော အတတ်တို့ကိုသင်လျက် လှည့်လည်၏။ ထိုသေတကေတုသည် တစ်ခုသော ပစ္စန္တရစ်ကိုမှီ၍ နေကုန်သော ငါးရာကုန်သော ရသေ့တို့ကိုမြင်၍ ထိုရသေ့တို့၏အထံ၌ ရသေ့ရဟန်းပြု၍ ထိုရသေ့တို့သည် အကြင်ဗေဒင်ကိုလည်းကောင်း, အကြင်မန္တရားကျမ်းကို လည်းကောင်း မတတ်နိုင်ကုန်၊ ထိုဗေဒင်, မန္တရားကျမ်းကို သင်၍ ဂိုဏ်း၏ဆရာဖြစ်၍ ထိုရသေ့တို့ဖြင့် ခြံရံလျက် ဗာရာဏသီပြည်သို့ရောက်၏။ နက်ဖြန်နေ့၌ ဆွမ်းခံသွားသည်ရှိသော် မင်းရင်ပြင်သို့ရောက်၏။

ရသေ့တို့ အချင်းများ

မင်းသည် ရသေ့တို့၏ ဣရိယာပုထ်၌ ကြည်ညို၍ နန်းတွင်း၌ ဆွမ်းကျွေး၍ ရသေ့တို့ကို မိမိဥယျာဉ်၌ နေစေ၏။ မင်းသည် တစ်နေ့သ၌ ရဟန်းတို့ကို ဆွမ်းလုပ်ကျွေး၍ ယနေ့ ညနေချမ်းအခါ၌ ဥယျာဉ်သို့သွား၍ အရှင်တို့ကို ရှိခိုးအံ့ ဟု ဆို၏။ သေတကေတု ရသေ့သည် ဥယျာဉ်သို့သွား၍ ရသေ့တို့ကို စည်းဝေးစေလျက် အချင်းရသေ့တို့... ယနေ့ မင်းလာလတ္တံ့၊ မင်းမည်သည်ကို တစ်ကြိမ်နှစ်သက်စေ၍ အသက် ထက်ဆုံး ချမ်းသစွာ အသက်မွေးခြင်းငှာ တတ်ကောင်း၏။ ယနေ့ အချို့ကုန်သော ရသေ့တို့သည် ဆူးပေါ်၌ခင်းသော သားရေ၌ အိပ်ခြင်းကို ပြုကြကုန်လော့၊ အချို့ကုန်သော ရသေ့တို့သည် ဆောင့်ကြောင့်ထိုင်ခြင်း လုံ့လကို အားထုတ်ကြကုန်လော့။ အချို့ကုန်သော ရသေ့တို့သည် ရေ၌ဆင်းသောအမှုကို ပြုကြကုန်လော့၊ အချို့ကုန်သော ရသေ့တို့သည် ဗေဒင်ကို သရဇ္ဈာယ်ကြကုန်လော့ ဟု စီရင်၍ မိမိသည် ကျောင်းတံခါးဝယ် အမှီရှိသော အင်းပျဉ်၌နေ၍ ငါးပါးသော အဆင်းရှိသော ဆိုးရည်ဖြင့် ထွန်းပသော တစ်တောင် အတိုင်းအရှည်ရှိသော တစ်ခုသော ပုရပိုက်ကို ဆန်းကြယ်သော အဆင်းရှိသောအခင်း၌ထား၍ ကောင်းစွာသင်ပြီးသော လေးယောက်ကုန် လုလင်တို့သည် မေးအပ်ကုန်သော အနက်တို့ကို ပြောဆို၏။

မင်းမကြည်ညိုပြီ

ထိုခဏ၌ မင်းသည် လာလတ်၍ မိစ္ဆာအကျင့်ကို ကျင့်ကုန်သော ထိုရသေ့တို့ကို မနှစ်သက်သည်ဖြစ်၍ သေတကေတု ရသေ့ကိုကပ်၍ ရှိခိုး၍ တင့်အပ်သော အရပ်၌ နေလျက် ပုရောဟိတ်နှင့်တကွ စကားပြောလိုသည်ဖြစ်၍-

၁၀။ ခရာဇိနာ ဇဋိလာ ပင်္ကဒန္တာ၊
ဒုမ္မက္ခရူပါ ယေ မေ ဇပ္ပန္တိ မန္တေ။
ကစ္စိ နု တေ မာနုသကေ ပယောဂေ၊
ဣဒံ ဝိဒူ ပရိမုတ္တာ အပါယာ။

ဟူသော သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၁၀။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ခရာဇိနာ၊ ခွါနှင့်တကွသော သစ်နက်ရေကို ဆောင်ကုန်သော။ ဇဋိလာ၊ ဆန်ကျစ်ထုံးကုန်သော။ ပင်္ကဒန္တာ၊ အညစ် အကြေး ကပ်ငြိသော သွားရှိကုန်သော။ ဒုမ္မက္ခရူပါ၊ ညစ်နွမ်းသော သဘောရှိကုန်သော။ ယေ ဣမေ၊ အကြင်ရသေ့တို့သည်။ မန္တေ၊ ဗေဒင်တို့ကို။ ဇပ္ပန္တိ၊ သရဇ္စျာယ်ကုန်၏။ မာနုသကေ၊ လူတို့သည် ပြု အပ်ကုန်သော။ ပယောဂေ၊ ပယောဂ၌။ ဌိတာ၊ တည်ကုန်သော။ ဧတေ ဣသယော၊ ထိုရသေ့တို့သည်။ ဣဒံ၊ ဤလောကကို။ ဝိဒူ၊ သိကုန်၍။ အပါယာ၊ အပါယ်မှ။ ပရိမုတ္တာ ကစ္စိ နု၊ လွတ်ကုန်သလော။

ထိုစကားကိုကြား၍ ပုရောဟိတ်သည်-

၁၁။ ပါပါနိ ကမ္မာနိ ကတွာန ရာဇ၊
ဗဟုဿုတော စေ န စရေယျ ဓမ္မံ။
သဟဿဝေဒေါပိ န တံ ပဋိစ္စ၊
ဒုက္ခာ ပမုဉ္စေ စရဏံ အပတွာ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁။ ရာဇ၊ မင်းမြတ်။ ပါပါနိ ကမ္မာနိ၊ မကောင်းမှုတို့ကို။ ကတွာန၊ ပြု၍။ ဗဟုဿုတော၊ များသော အကြားအမြင်ရှိသော သူသည်လည်း။ ဓမ္မံ၊ တရားကို။ စေ န ကရေယျ၊ အကယ်၍ မကျင့်ငြားအံ့။ တံ၊ ထိုဗေဒင်ကို။ ပဋိစ္စ၊ စွဲ၍။ စရဏံ၊ သီလသမာပတ်သို့။ အပတွာ၊ မရောက်မူ၍။ သဟဿဝေဒေါပိ၊ ဗေဒင်တစ်ထောင်တတ်သော သူသည်လည်း။ ဒုက္ခာ၊ ဆင်းရဲမှ။ န ပမုဉ္စေ၊ မလွတ်ရာ။

ဗေင်တို့သာမြတ်သည်

ထိုစကားကိုကြား၍ မင်းသည် ရသေ့တို့၌ ကြည်ညိုခြင်းကို ပယ်၏။ ထို့နောင်မှ သေတကေတု ရသ့သည် ဤမင်းအား ရသေ့တို့၌ ကြည်ညိုခြင်းကို ဖြစ်စေ၍ ထိုကြည်ညိုခြင်းကို ပုရောဟိတ်သည် ပဲခွပ်ဖြင့်ခုတ်၍ ဖြတ်သကဲ့သို့ ဖြစ်၏။ ငါသည် ထိုပုဏ္ဏားနှင့်တကွ စကားကို ဆိုခြင်းငှာ သင့်၏ ဟု သေတကေတုသည် ပုဏ္ဏားနှင့်တကွ ပြောဆိုလိုသည်ဖြစ်၍-

၁၂။ သဟဿဝေဒေါပိ န တံ ပဋိစ္စ၊
ဒုက္ခာ ပမုဉ္စေ စရဏံ အပတွာ။
မညာမိ ဝေဒါ အဖလာ ဘဝန္တိ၊
သသံယမံ စရဏမေဝ သစ္စံ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂။ သဟဿဝေဒေါပိ၊ ဗေဒင်တစ်ထောင်ကို တတ်သောသူသည်လည်း။ တံ၊ ထိုဗေဒင်ကို။ ပဋိစ္စ၊ စွဲ၍။ စရဏံ၊ သီလ သမာပတ်သို့။ အပတွာ၊ မရောက်မူ၍။ ဒုက္ခာ၊ ဆင်းရဲမှ။ န ပမုဉ္စေ၊ မလွတ်နိုင်စေငြားအံ့။ သသံယမံ၊ သီလနှင့်တကွသော။ စရဏမေဝ၊ သမာပတ်သည်သာလျှင်။ သစ္စံ၊ မှန်သည်။ စေ ဘဝေယျ၊ အကယ်၍ ဖြစ်ငြားအံ့။ ဝေဒါ၊ ဗေဒင်တို့သည်။ အဖလာ၊ အကျိုးမရှိကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့။ မညာမိ၊ အောက်မေ့၏။

သမာပတ်သည်သာမြတ်၏

ထိုစကားကိုကြား၍ ပုရောဟိတ်သည်-

၁၃။ န ဟေဝ ဝေဒါ အဖလာ ဘဝန္တိ၊
သသံယမံ စရဏမေဝ သစ္စံ။
ကိတ္တိံ ဟိ ပပ္ပေါတိ အဓိစ္စ ဝေဒေ၊
သန္တိံ ပုဏေတိ စရဏေန ဒန္တော။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃။ ဝေဒါ၊ ဗေဒင်တို့သည်။ အဖလာ၊ အကျိုးမရှိကုန်သည်။ န ဟေဝ ဘဝန္တိ၊ မဖြစ်ကုန်သလျှင်ကတည်း။ သသံယမံ၊ သီလနှင့်တကွသော။ စရဏမေဝ၊ သမာပတ်သည်သာလျှင် သစ္စံ၊ မှန်၏။ ဝေဒေ၊ ဗေဒင်တို့ကို။ အဓိစ္စ၊ စွဲ၍။ ကိတ္တိံဟိ၊ ကျော် စောခြင်းသို့လျှင်။ ပပ္ပေါတိ၊ ရောက်၏။ စရဏေန၊ သီလ သမာပတ်ဖြင့်။ ဒန္တော၊ ဆုံးမအပ်သော သူသည်။ သန္တိံ၊ နိဗ္ဗာန်သို့။ ပုဏေတိ၊ ရောက်၏။

ရသေ့တို့ လူထွက်ကြရပြီ

ဤသို့ ပုရောဟိတ်သည် သေတကေတု၏ ဝါဒကို ဖျက်၍ ခပ်သိမ်းကုန်သော ရသေ့တို့ကို လူထွက်စေ၍ ဓားလက်နက်တို့ကို ကိုင်စေ၍ မဟန္တ တရကမည်သော မင်းခစားတို့ကို ပြုစေ၍ မင်း၏ အလုပ်အကျွေးတို့ကို ပြုစေ၏။ ဤအနွယ်သည် မဟန္တတရကတို့၏ အနွယ်ဖြစ်သတတ်။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါအံ့ဖွယ်သရဲကို ဖြစ်စေသော ရဟန်းသည် ထိုအခါ သေတကေတု ရသေ့ဖြစ်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ စဏ္ဍာလဖြစ်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ပြီး၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပုရောဟိတ် ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

သိက္ခာသီလ၊ စရဏ၊ ရောက်ရ နိဗ္ဗာန်တိုင်

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သေတကေတုဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - အဝါရိယဝဂ်

၃။ ဒရီမုခဇာတ်

သူတော်ကောင်းတို့၏ ဆုံးမခြင်းကို နာယူခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ပင်္ကော စ ကာမာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒရီမုခဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မြတ်သော တောထွက်တော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... (ပစ္စုပ္ပန်ဝတ္ထုကို ဆိုအပ်ပြီး သလျှင်ကတည်း)

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ၌ ရာဇဂြိုဟ်ပြည်၌ မဂဓမင်းသည် မင်းပြု၏။ ထိုအခါ ဘုရားလောင်းသည် ထိုမဂဓမင်း၏ မိဖုရားကြီးဝမ်း၌ ဖြစ်၏။ ဗြဟ္မဒတ္တကုမာရ ဟူသော အမည်ကို မှည့်ကုန်၏။ ထိုဘုရားလောင်း၏ ဖွားသောနေ့၌လျှင် ပုရောဟိတ်အားလည်း သားသည် ဖွား၏။ ပုရောဟိတ်သား၏ မျက်နှာသည် ရွှေအဆင်းကဲ့သို့ တင့် တယ်၏။ ထို့ကြောင့် ပုရောဟိတ်သားအား ဒရီမုခဟူသော အမည်ကို မှည့်ကုန်၏။ ထိုနှစ်ယောက်ကုန်သော မင်းသား ပုရောဟိတ်သားတို့သည်လည်း မင်းအိမ်၌သာလျှင် ကြီးကုန်၏။ ထိုနှစ်ယောက်ကုန်သောသူတို့သည် အချင်းချင်း ချစ်သော အဆွေခင်ပွန်း ဖြစ်ကုန်၏။

မင်းသား မင်းဖြစ်ပြီ

တစ်ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွား၍ ခပ်သိမ်းကုန်သော အတတ်တို့ကိုသင်၍ ခပ်သိမ်းကုန်သော သမယအတတ်ပညာကိုလည်း သင်ကုန်အံ့၊ ဒေသအကျင့်ကိုလည်း သိရကုန်အံ့ဟု နိဂုံးအစရှိသည်တို့၌ လှည့်လည်ကုန်သည်ရှိသော် ဗာရာ ဏသီပြည်သို့ ရောက်၍ နတ်ကွန်း၌နေ၍ နက် ဖြန်နေ့၌ ဗာရာဏသီပြည်သို့ ဆွမ်းခံဝင်ကုန်၏။ ထိုဗာရာဏသီပြည်၌ တစ်ဦးသောအမျိုး၌ ပုဏ္ဏားတို့ကို ဆွမ်းကျွေး၍ မင်္ဂလာရွတ်သောအလှူကို လှူကုန်အံ့ဟု ဃနာဆွမ်းကိုချက်၍ နေရာတို့ကို ခင်းကုန်၏။ လူတို့သည် ဆွမ်းအလို့ငှာ သွားကုန်သော နှစ်ယောက်ကုန်သော ထိုသူတို့ကိုမြင်၍ ပုဏ္ဏားတို့သည် လာကုန်၏။ အိမ်သို့သွင်း၍ နေကြကုန်လော့ ဟု ဆို၍ ဘုရားလောင်း၏နေရာ၌ ဖြူစင်သော အဝတ်ကို ခင်းကုန်၏။ ဒရီမုခနေရာ၌ ကမ္ဗလာနီကို ခင်းကုန်၏။ ဒရီမုခသည် ထိုနိမိတ်ကိုမြင်၍ ယနေ့ ငါ၏ အဆွေ ခင်ပွန်းသည် ဗာရာဏသီမင်း ဖြစ်လတ္တံ့၊ ငါသည် စစ်သူကြီးဖြစ်လတ္တံ့ ဟု သိ၏။ ထိုနှစ်ယောက်သော သူတို့သည် ထိုအိမ်၌ ဆွမ်းစား၍ မင်္ဂလာရွတ်သော အလှူ ဝတ်ကိုယူ၍ မင်္ဂလာကိုရွတ်၍ ထွက်၍ မင်း၏ဥယျာဉ်သို့ သွားကုန်၏။ ထိုဥယျာဉ်၌ ဘုရားလောင်းသည် မင်္ဂလာကျောက်ဖျာ၌ အိပ်၏။ ဒရီမုခသည်ကား ဘုရားလောင်း၏ ခြေတို့ကို ဆုပ်နယ်လျက်နေ၏။

ထိုအခါ ဗာရာဏသီမင်းသည် သေ၍ ခုနစ်ရက်ရှိသည်ဖြစ်၍ ပုရောဟိတ်သည်၎င်း၏ အလောင်းကို သင်္ဂြိုဟ်ခြင်းကိုပြု၍ သားမရှိသောပြည်၌ ခုနှစ်ရက်မြောက်သောနေ့၌ ဖုဿရထားကို လွှတ်၏။ (ဖုဿရထား၏ ကိစ္စသည် မဟာဇနကဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ ) ဖုဿရထားသည် မြို့မှထွက်၍ အင်္ဂါလေးပါးရှိသော စစ်သည်ဖြင့် ခြံရံကုန်လျက် များစွာသော အတီးအမှုတ်တို့ဖြင့် တီးမှုတ်ကုန်သဖြင့် ဥယျာဉ်တံခါးသို့ ရောက်၏။ ဒရီမုခသည် တူရိယာသံကိုကြား၍ အဆွေဖို့ ဖုဿရထားသည် ရောက်လာ၏။ ဤအဆွေသည် ယနေ့ မင်းဖြစ်၍ ငါ့အား စစ်သူကြီးအရာကို ပေးလတ္တံ့၊ ငါ့အား အိမ်၌နေ၍ အဘယ်အကျိုးရှိအံ့နည်း၊ တောထွက်၍ ရဟန်းပြုအံ့ ဟု ဘုရားလောင်းကို မတိုင်ပင်မူ၍ တင့်အပ်သောအရပ်သို့သွား၍ ပုန်းကွယ်ရာ၌နေ၏။

ပုရောဟိတ်သည် ဥယျာဉ်တံခါး၌ ရထားကိုထား၍ ဥယျာဉ်သို့ဝင်သည်ရှိသော် မင်္ဂလာကျောက်ဖျာ၌ အိပ်သော ဘုရားလောင်းကိုမြင်၍ ခြေတို့၌ လက္ခဏာတို့ကို ကြည့်ရှု၍ ဤသူသည် ဘုန်းရှိသောသူတည်း။ ကျွန်းငယ် နှစ်ထောင် အခြံအရံရှိကုန်သော ကျွန်းကြီး လေးကျွန်းတို့၌ မင်းအဖြစ်ကိုပြုခြင်းငှာ စွမ်းနိုင်၏။ တဖန် ထိုသူ၏ တည်ကြည်ခြင်းသည်ကား အသို့သဘောရှိအံ့နည်း ဟု ခပ်သိမ်းသော အတီး အမှုတ်မျိုးကို တီးမှုတ်စေ၏။

ဘုရားလောင်းသည် နိုး၍ မျက်နှာမှ ပုဆိုးကိုပယ်၍ လူများကိုကြည့်ရှု၍ တဖန် ပုဆိုးဖြင့် မျက်နှာကိုဖုံးလွှမ်း၍ အတန်ငယ်အိပ်၍ ငြိမ်းသော ပူပန်ခြင်းရှိသည်ဖြစ်၍ ထ၍ ကျောက်ဖျာ၌ ထက်ဝယ်ဖွဲ့လျက် နေ၏။ ပုရောဟိတ်သည် ပုဆစ်ဖြင့်ရပ်၍ ရှင်မင်းကြီး ရှင်မင်းကြီးတို့အား မင်း အဖြစ်သည် ရောက်၏ ဟု ဆို၏။ အချင်း. မင်း၏သားသည် မရှိသလော ဟု မေး၏။ အရှင်မင်းကြီး မရှိ ဟု ဆို၏။ ထိုသို့တပြီးကား ကောင်းပြီဟု ဝန်ခံ၍ ဘုရားလောင်းအား ဥယျာဉ်၌လျှင် အဘိသိက် သွန်းကြ ကုန်၏။ ဘုရားလောင်းသည် အခြံအရံများသည်၏ အဖြစ်ကြောင့် ဒရီမုခကို မအောက်မေ့မူ၍လျှင် ရထားကိုစီးလျက် လူအပေါင်းခြံရံလျက် မြို့သို့ဝင်၍ လက်ယာရစ် လှည့်သည်ကိုပြု၍ မင်းအိမ်တံခါး၌ ရပ်လျက်လျှင် အမတ်တို့အား အရာ အထူးတို့ကိုစီရင်၍ ပြာသာဒ်သို့ တက်၏။

ဒရီမုခ ပစ္စေကဗုဒ္ဓါ ဖြစ်ပြီ

ထိုခဏ၌ ဒရီမုခသည် ယခု ဥယျာဉ်သည် ဆိတ်ပြီဟု လာလတ်၍ မင်္ဂလာကျောက်ဖျာ၌ နေ၏။ ထိုအခါ ဒရီမုခ၏ရှေ့၌ ဖက်ရွက်လျော်သည် ကျ၏။ ဒရီမုခသည် ထိုဖက်ရွက်လျော်၌လျှင် ကုန်ခြင်း ပျက်ခြင်းသဘောကို နှလုံးထား၍ လက္ခဏာယဉ်သုံးပါးကို သုံးသပ်၍ မြေကို ပဲ့တင် ထပ်စေလျက် ပစ္စေကဗောဓိဉာဏ်ကို ဖြစ်စေ၏။ ထိုဒရီမုခအား ထိုခဏ၌လျှင် လူ့အသွင်ကွယ်၍ တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းသည် ကောင်းကင်မှကျ၍ ကိုယ်၌ ရောက်၏။ ထိုခဏ ၌လျှင် ရှစ်ပါးသော ပရိက္ခရာကို ဆောင်သော ဣရိယာပုထ်ဖြင့် ပြည့်စုံသော ဝါခြောက်ဆယ် ရပြီးသော မထေရ်ကဲ့သို့ဖြစ်၍ တန်ခိုးဖြင့် ကောင်းကင်သို့ ပျံ၍ ဟိမဝန္တာအရပ်၌ နန္ဒမူလိုဏ်သို့ သွား၏။

မိတ်ဆွေကိုသတိရပြီ

ဘုရားလောင်းသည် တရားသဖြင့် မင်းပြု၍ အခြံအရံများသည်၏ အဖြစ်ကြောင့်ကား အခြံအရံဖြင့် မွေ့လျော် သည်ဖြစ်၍ အနှစ်လေးဆယ်တို့ပတ်လုံး ဒရီမုခကို မအောက်မေ့မိ။ အနှစ်လေးဆယ် လွန်သောအခါ၌ ဘုရားလောင်းသည် ဒရီမုခကို အောက်မေ့၍ ငါ၏ အဆွေ ခင်ပွန်းဖြစ်သော ဒရီမုခသည် ရှိ၏။ ထိုဒရီမုခသည် အဘယ်မှာနည်း၊ ထိုဒရီမုခကို မြင်လိုသည်ဖြစ်၍ ဘုရားလောင်းသည် ထိုအခါမှစ၍ နန်းတွင်း၌လည်းကောင်း။ ပရိသတ်၏အလယ်၌ လည်းကောင်း။ အဘယ်မှာလျှင် ငါ၏ အဆွေ ခင်ပွန်းဖြစ်သော ဒရီမုခသည် ရှိသနည်း၊ ယခု ငါ့အား ဒရီမုခ၏ နေရာအရပ်ကို ဆိုသောသူအား ကြီးစွာသော စည်းစိမ်ကို ပေးအံ့ ဟု ဆို၏။ ဤသို့ ထိုဒရီမုခကို အဖန်တလဲလဲ အောက်မေ့စဉ်လျှင် ထိုမင်းအား တပါးကုန်သော ဆယ်နှစ်တို့သည် လွန်ကုန်၏။

မိတ်ဆွေ ပစ္စေကဗုဒ္ဓါကို ဖူးမြင်ရပြီ

ဒရီမုခ ပစ္စေကဗုဒ္ဓါသည်လည်း အနှစ်ငါးဆယ် လွန်သဖြင့် ဆင်ခြင်သည်ရှိသော် "ငါ့ကို အဆွေသည် အောက်မေ့၏ ဟု သိ၍ ယခု အဆွေသည် အိုပြီ၊ သား သမီး အစရှိသည်တို့ဖြင့် ပွားခြင်းသို့ ရောက်ပြီ၊ သွား၍ တရားဟော၍ အဆွေကို ရဟန်းပြုစေအံ့ ဟု ဒရီခ ပစ္စေကဗုဒ္ဓါသည် တန်ခိုးဖြင့် ကောင်းကင်မှ ဥယျာဉ်သို့သက်၍ ရွှေဆင်းတုကဲ့သို့ ကျောက်ဖျာ၌ နေ၏။ ဥယျာဉ်စောင့်သည် ဒရီမုခကို မြင်၍ ကပ်၍ အရှင်ဘုရားသည် အဘယ်အရပ်မှ လာသနည်း ဟု မေး၏။ နန္ဒမူလိုဏ်မှ လာသည် ဟု ဆို၏။ အရှင်ဘုရားတို့သည် အဘယ် အမည်ရှိသနည်း ဟု မေး၏။ ဒါယကာ... ငါသည် ဒရီမုခ ပစ္စေကဗုဒ္ဓါမည်၏ဟု ဆို၏။ အရှင်ဘုရား အကျွန်ုပ်တို့၏ မင်းကို သိကုန်သလော ဟုမေး၏။ လူဖြစ်သောကာလ၌ ငါတို့၏ အဆွေခင်ပွန်းဖြစ်၍ သိ၏ ဟု ဆို၏။ အရှင်ဘုရား မင်းသည် ဖူးမြင်ခြင်းငှာ အလို ရှိ၏။ အရှင်ဘုရား လာသောအဖြစ်ကို မင်းအား ကြားအံ့ဟု ဆို၏။ သွား၍ ပြောဆိုချေ ဟု ဆို၏။ ထိုဥယျာဉ်စောင့်သည် သွား၍ ဒရီမုခ ပစ္စေကဗုဒ္ဓါ၏ ကျောက်ဖျာ၌ နေသောအဖြစ်ကို မင်းအား ပြောဆို၏။ မင်းသည် ငါ၏ အဆွေ ခင်ပွန်းကို ဖူးမြင်ရအံ့ ဟု ရထားစီး၍ များသောအခြံအရံဖြင့် ဥယျာဉ်သို့သွား၍ ပစ္စေကဗုဒ္ဓါကို ရှိခိုး၍ ပဋိသန္ထာရကိုပြု၍ လျောက်ပတ်စွာနေ၏။

ရဟန်းပြုရန် တိုက်တွန်းပုံ

ထိုအခါ မင်းကို ပစ္စေကဗုဒ္ဓါသည် ဗြဟ္မဒတ် မင်းသည် တရားသဖြင့် မင်းပြုပါ၏လော၊ အဂ တိသို့ လားခြင်းသို့ မလိုက်သလော၊ ဥစ္စာ၏ အကျိုးငှာ လူတို့ကို မနှိပ်စက်သလော၊ အလှူ အစရှိသော ကောင်းမှုတို့ကို ပြုပါ၏လော ဤသို့ အစရှိသည်တို့ကို ဆိုလျှက် ပဋိသန္ထာရပြု၍ ဗြဟ္မဒတ်မင်း ယခုအခါ၌ အသက်ကြီးပြီ၊ သင်မင်းကြီးသည် ကာမတို့ကိုစွန့်၍ ရဟန်းပြုချိန်တန်ပြီ ဟု ဆို၍ မင်းအား တရားဟောလိုရကား-

၁၄။ ပင်္ကော စ ကာမာ ပလိကော စ ကာမာ၊
ဘယဉ္စ မေတံ တိမူလံ ပဝုတ္တံ။
ရဇော စ ဓူမော စ မယာ ပကာသိတာ၊
ဟိတွာ တုဝံ ပဗ္ဗဇ ဗြဟ္မဒတ္တ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄။ ဗြဟ္မဒတ္တ၊ ဗြဟ္မဒတ်မင်း။ ကာမာ၊ ကာမဂုဏ်တို့သည်။ ပင်္ကော စ၊ မြက်, မှော်, ကြာ အစရှိသည်နှင့်လည်း တူ၏။ ကမာ၊ ကာမဂုဏ်တို့သည်။ ပလိပေါ စ၊ ကြီးစွာသော ညွန်နှင့်လည်းတူ၏။ ဧတံ၊ ဤကာမကို။ တိမူလံ၊ အမြစ်သုံးခု ရှိသကဲ့သို့သော။ ဘယဉ္စ၊ ဘေးဟူ၍လည်း။ ပဝုတ္တံ၊ ဟောတော်မူအပ်၏။ ရဇော စ၊ မြူဟူ၍ လည်းကောင်း။ ဓူမော စ၊ အခိုးဟူ၍လည်းကောင်း။ မယာ၊ ငါသည်။ ပကာသိတော၊ ပြအပ်၏။ တုဝံ၊ သင်သည်။ ဟိတွာ၊ ကာမဂုဏ်တို့ကိုစွန့်၍။ ပဗ္ဗဇ၊ ရဟန်းပြုလော့။

ရဟန်းမပြုနိုင်သေးပါ

ထိုစကားကိုကြား၍ မင်းသည် မိမိအား ကိလေသာတို့သည် နှောင်ဖွဲ့သည်၏အဖြစ်ကို ဆိုလို၍-

၁၅။ ဂဓိတော စ ရတ္တော စ အဓိမုစ္ဆိတော စ၊
ကာမေသွဟံ ဗြဟ္မဏ ဘိံသရူပံ။
တံ နုဿဟေ ဇီဝိကတ္ထော ပဟာတုံ၊
ကာဟာမိ ပုညာနိ အနပ္ပကာနိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၅။ ဗြဟ္မဏ၊ မကောင်းမှုကို အပပြုသော ရှင်ရဟန်း။ အဟံ၊ အကျွန်ုပ်သည်။ ကာမေသု၊ ကာမ ဂုဏ်တို့၌။ ဂဓိတော စ၊ ကပ်ငြိသည်လည်း။ ဟောမိ၊ ဖြစ်၏။ ရတ္တော စ၊ တပ်စွန်းသည်လည်း။ ဟောမိ၊ ဖြစ်၏။ အဓိမုစ္ဆိတော စ၊ အလွန် မက်မောသည်လည်း။ ဟောမိ၊ ဖြစ်၏။ ဇီဝိကတ္ထော၊ ဤသို့ သဘောရှိသော အသက်မွေးခြင်းဖြင့် အလိုရှိသော။ အဟံ၊ ငါသည်။ ဘိံသရူပံ၊ ကြောက်မက်ဖွယ် အလွန်အားသန်သော သဘောရှိသော။ တံ၊ ထိုကာမကို။ ပဟာတုံ၊ ပယ်ခြင်းငှာ။ အနုဿဟေ၊ မစွမ်းနိုင်။ အနပ္ပကာနိ၊ များစွာကုန်သော။ ပုညာနိ၊ ကောင်းမှုတို့ကို။ ကာဟာမိ၊ ပြုပါအံ့။

သန္ဓေယူရသော ဆင်းရဲ

ဒရီမုခပစ္စေကဗုဒ္ဓါသည် ဘုရားလောင်းသည် ရဟန်း ပြုအံ့သောငှာ မတတ်နိုင် ဟူ၍ ဆိုသည်ရှိသော်လည်း ဝန်ချခြင်းကိုမပြု၍ အလွန်လျှင်လည်း ဆုံးမလို၍-

၁၆။ ယော အတ္ထကာမဿ ဟိတာနုကမ္ပိနော၊
ဩဝဇ္ဇမာနော န ကရာတိ သာသနံ။
ဣဒမေဝ သေယျော ဣတိ မညမာနော၊
ပုနပ္ပုနံ ဂဗ္ဘမုပေတိ မန္ဒော။
၁၇။ သော ဃောရရုပံ နိရယံ ဥပေတိ၊
သုဘာသုဘံ မုတ္တကရီသပူရံ။
သတ္တာ သကာယေ န ဇဟန္တိ ဂိဒ္ဓါ၊
ယေ ဟောန္တိ ကာမေသူ အဝီတရာဂါ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၆။ ယော၊ အကြင်သူသည်။ အတ္ထကာမဿ၊ အကျိုးစီးပွားကို အလိုရှိသော။ ဟိတာနုကမ္ပိနော၊ အစီးအပွားကို စောင့်ရှောက်သောသူသည်။ ဩဝဇ္ဇမာနော၊ ဆုံးမသည်ရှိသော်။ သာသနံ၊ အဆုံးအမကို။ န ကရောတိ၊ မလိုက်နာ။ ဣဒမေဝ၊ ဤငါ၏ အယူသည်သာလျှင်။ သေယျော၊ မြတ်၏။ ဣတိ၊ ဤသို့။ ညမာနော၊ အောက်မေ့၏။ သော မန္ဒော၊ ထိုပညာနည်းသောသူသည်။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ဂဗ္ဘံ၊ ပဋိသန္ဓေ နေရခြင်းသို့။ ဥပေတိ၊ ရောက်၏။

֍ ဋ္ဌ ၁၇။ သော၊ ထိုပဋိသန္ဓေနေခြင်းသို့ ရောက်သောသူသည်။ ဃောရရူပံ၊ ကြမ်းကြုတ်သော သဘော ရှိသော။ သုဘာသုဘံ၊ သူတော်ကောင်းဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် အသုဘဟူ၍ ရှုအပ်သော။ မုတ္တကရီသပူရံ၊ ကျင်ကြီး ကျင်ငယ်ဖြင့် ပြည့်သော။ နိရယံ၊ အမိဝမ်းဟူသော ငရဲသို့။ ဥပေတိ၊ ကပ်ရ၏။ ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ သကာယေ၊ မိမိကိုယ်၌။ ဂိဒ္ဓါ၊ မက်မောကုန်သည်ဖြစ်၍။ နဇဟန္တိ၊ မစွန့်နိုင်ကုန်။ တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ ကာမေသု၊ ကာမဂုဏ်တို့၌။ အဝီတရာဂါ၊ ရာဂမကင်းကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

ဤသို့လျှင် ဒရီမုခ ပစ္စေကဗုဒ္ဓါသည် အမိဝမ်းသို့ သက်ခြင်း အရင်းရှိသော ဆင်းရဲကိုလည်းကောင်း၊ အမိသည် ဝမ်းဖြင့်ဆောင်ခြင်း အရင်းရှိသော ဆင်းရဲကိုလည်းကောင်း ပြပြီး၍ ယခုအခါ ကိုယ်ဝန်ဖွားခြင်း အရင်းရှိသော ဆင်းရဲကို ပြအံ့သောငှာ-

၁၈။ မီဠနေ လိတ္တာ ရုဟိရနေ မက္ခိတာ၊
သမှေနေ လိတ္တာ ဥပနိက္ခမန္တိ။
ယံ ယံ ဟိ ကာယနေ ဖုသန္တိ တာဝဒေ၊
သဗ္ဗံ အသာတံ ဒုခမဝေ ကဝေလံ။
၁၉။ ဒိသွာ ဝဒါမိ န ဟိ အညတော သဝံ၊
ပုဗ္ဗေနိဝါသံ ဗဟုကံ သရာမိ။

ဟူသော အခွဲနှင့်တကွ ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣမေ သတ္တာ၊ ဤသတ္တဝါတို့သည်။ မီဠေန၊ ကျင်ကြီးဖြင့်။ လိတ္တာ၊ လိမ်းကျံ အပ်ကုန်သည် ဖြစ်၍။ ရုဟိရေန၊ သွေးဖြင့်။ မက္ခိတာ၊ လိမ်းကျံအပ်သည်ဖြစ်၍။ သေမှေန၊ သလိပ်ဖြင့်။ လိတ္တာ၊ လိမ်းကျံအပ်ကုန်သည်ဖြစ်၍။ ဥပနိက္ခမန္တိ၊ ဖွားရကုန်၏။ ဟိ သစ္စံ၊ မှန်၏။ တာဝဒေ၊ ထိုအခါ၌။ ယံ၊ အကြင် ကျင်ကြီးအစရှိသောဝတ္တုကို။ ကာယေန၊ ကိုယ်ဖြင့်။ ဖုသန္တိ၊ ထိကုန်၏။ သဗ္ဗံ၊ အလုံးစုံသော ကျင်ကြီးအစရှိသော ဝတ္ထုသည်။ အသာတံ၊ မသာယာအပ်သည်ဖြစ်၍။ ကေဝလံ၊ သက်သက်။ ဒုခမေဝ၊ ဆင်းရဲသော သဘော ရှိသလျှင်ကတည်း။

֍ ဋ္ဌ ၁၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အဟံ၊ ငါသည်။ ဧတ္တကံ၊ ဤမျှအတိုင်းအရှည်ရှိသော စကားကို။ ဒိသွာ၊ ကိုယ်တိုင် မြင်၍။ ဝဒါမိ၊ ဟော၏။ အညတော၊ တစ်ပါးသောသူ၏ အထံမှ။ သဝံ၊ ကြားရ၍။ န ဝဒါမိ၊ ငါ မဟော။ အဟံ၊ ငါသည်။ ဗဟုကံ၊ များစွာသော။ ပုဗ္ဗေနိဝါသံ၊ ပုဗ္ဗေနိဝါသဉာဏ်ကို။ သရာမိ၊ အောက်မေ့နိုင်၏။

မိတ်ဆွေ ပစ္စေကဗုဒ္ဓါ ပြန်ကြွပြီ

ယခုအခါ သဗ္ဗညူမြတ်စွာဘုရားသည် ဘုရားဖြစ်ပြီး၍ ဤသို့ ဒရီမုခ ပစ္စေကဗုဒ္ဓါသည် မင်းကို ကောင်းစွာ ဆိုအပ်သောစကားဖြင့် ချီးမြှောက်၍ ဟု မိန့်တော်မူ၍ အဆုံး၌-

၁၉။ စိတြာဟိ ဂါထာဟိ သုဘာသိတာဟိ၊
ဒရီမုခေါ နိဇ္စျာပယိ သုမေဓံ။

ဟူသော ထက်ဝက်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၉။ ဒရီမုခေါ၊ ဒရီမုခ ပစ္စေကဗုဒ္ဓါသည်။ သုဘာသိတာဟိ၊ ကောင်းစွာဆိုအပ်ကုန်သော။ စိတြာဟိ၊ ဆန်းကြယ်ကုန်သော။ ဂါထာဟိ၊ ဂါထာတို့ဖြင့်။ သုမေဓံ၊ ကောင်းသောပညာရှိသော မင်းကို။ နိဇ္ဈာပယိ၊ သိစေ၏။

ဒရီမုခ ပစ္စေကဗုဒ္ဓါသည် ကာမတို့၌ အပြစ်ကိုပြ၍ မိမိစကားကို ယူစေ၍ မြတ်သောမင်းကြီး ယခုအခါ၌လျှင် ရဟန်းပြုသည် မူလည်းဖြစ်စေ၊ မပြုသည်မူလည်းဖြစ်စေ ငါသည်ကား သင့်အား ကာမတို့၌ အပြစ်ကိုလည်းကောင်း။ ရဟန်းပြုခြင်း၌ အကျိုးကိုလည်းကောင်း။ ဟောအပ်ပြီ၊ သင်သည် မမေ့မလျော့ ဖြစ်ရစ်လော့ ဟု ဆို၍ ရွှေဟင်္သာမင်းကဲ့သို့ ကောင်းကင်၌ ပျံ၍ တိမ် တိုက်ကို နင်းလျက် နန္ဒမူလိုဏ်သို့သာလျှင် သွား၏။

မင်းကြီးရဟန်းပြုခြင်း

ဘုရားလောင်းသည် ဆယ်ခုသော လက်သည်းအပေါင်းတို့၏ အရောင်ဖြင့် ထွန်းပသော လက်အုပ်ကို ဦးခေါင်း၌ထား၍ ရှိခိုးလျှက်လျှင် ပစ္စေကဗုဒ္ဓါသည် မြင်ကောင်းသော အရပ်ကို လွန်သည်ရှိသော် သားတော်အကြီးကိုခေါ်၍ ပြည်ကိုအပ်နှင်း၍ လူများ၏ ငိုကြွေးစဉ် ကာမတို့ကိုစွန့်၍ ဟိမဝန္တာသို့ဝင်၍ ကျောင်းဆောက်၍ မကြာမြင့်မီလျှင် အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်သို့ လား၏

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ များကုန်သော ရဟန်းတို့သည် သောတာပန် အစရှိသည်တို့သည် ဖြစ်ကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား-ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မင်းဖြစ်ပြီ။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

တရားကိုနာ၊ ကျင့်ကောင်းစွာ၊ ချမ်းသာကြရပြီ

သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဒရီမုခဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - အဝါရိယဝဂ်

၄။ နေရုဇာတ်

ဂုဏ်ကျေးဇူးကို မသိရာအရပ်၌ မနေအပ်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်ကာကောလာ ကာကသံဃာစ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤနေရုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုဟန်းသည် သဗ္ဗညူ မြတ်စွာဘုရား အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ တစ်ခုသော ပစ္စန္တရစ်အရပ်သို့ သွား၏။ လူတို့သည် ထိုရဟန်း၏ ဣရိယာပုထ်၌ ကြည်ညိုကုန်၍ ထိုရဟန်းကို ဆွမ်း လုပ်ကျွေး၍ ဝန်ခံခြင်းကိုယူ၍ တော၌ ကျောင်းဆောက်၍ ထိုကျောင်း၌ နေစေကုန်၏။ ထိုရဟန်းအား ပူဇော်သက္ကာရကို အလွန်လျှင် ပြုကြကုန်၏။ ထိုအခါ သဿတ အယူရှိကုန်သော သူတို့သည် လာကုန်၏။ ထိုသူတို့သည် သဿတအယူရှိကုန်သော သူတို့၏ စကားကိုကြား၍ မထေရ်ကို စွန့်ကုန်၍ သဿတအယူတို့ကို ယူကုန်၍ ထိုသဿတ အယူရှိသော သူတို့အားလျှင် ပူဇော်သက္ကာရကို ပြုကုန်၏။ ထို့နောင်မှ ဥစ္ဆေဒ အယူရှိကုန်သော သူတို့သည် လာကုန်၏။ ထိုလူတို့သည် သဿတဝါဒကို စွန့်ကုန်၍ ဥစ္ဆေဒဝါဒကိုလျှင် ယူကုန်၏။ ထို့နောင်မှ တစ်ပါးကုန်သော အစေလကတို့သည် လာကုန်၏။ ထိုလူတို့သည် ဥစ္ဆေဒဝါဒကို စွန့်ကုန်၍ အစေလက ဝါဒကို ယူကုန်၏။

ထိုရဟန်းသည် ကျေးဇူးရှိ-မရှိကို မသိကုန်သော ထိုလူတို့၏ အထံ၌ ဆင်းရဲသဖြင့်နေ၍ ဝါကျွတ်သည်ရှိသော် ပဝါရဏာပြု၍ သဗ္ဗညူ မြတ်စွာဘုရား အထံတော်သို့ သွား၍ ပြုအပ်သောပဋိသန္ထာရ ရှိသည်ဖြစ်၍ ရဟန်း အဘယ် အရပ်၌ ဝါဆိုသနည်း ဟု မေးတော်မူ၍ အရှင်ဘုရား... ပစ္စန္တရစ်ရွာကိုမှီ၍ ဝါဆိုပါ၏ ဟု နားတော်လျှောက်သည်ရှိသော် ချမ်းသာစွာ နေရ ၏လော ဟု မေးတော်မူအပ်သည်ဖြစ်၍ အရှင်ဘုရား... ကျေးဇူး ရှိ-မရှိကို မသိကုန်သော သူတို့၏ အထံ၌ ဆင်းရဲစွာ နေရ၏ ဟု လျှောက်၏။ ရဟန်း ရှေးပညာရှိတို့သည် တိရစ္ဆာန်အမျိုး၌ ဖြစ်ကုန်သော်လည်း ကျေးဇူး ရှိ-မရှိ မသိကုန်သော သူတို့နှင့်တကွ တစ်နေ့မျှလည်း မနေကုန်။ သင်သည် မိမိ၏ ကျေးဇူး ရှိ-မရှိကို မသိရာအရပ်၌ အဘယ်ကြောင့် နေသနည်း ဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တင်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသေယ် ဘုရားလောင်းသည် ရွှေဟင်္သာမျိုး၌ ဖြစ်၏။ ဘုရားလောင်းအား ညီသည်လည်းရှိ၏။ ထိုဟင်္သာ ညီနောင်တို့သည် စိတ္တကုဋ်တောင်၌ နေကုန်လျက် ဟိမဝန္တာအရပ်၌ အလိုလိုဖြစ်သော သလေးကို စားကုန်၏။ ထိုဟင်္သာညီနောင်တို့သည် တစ်နေ့သ၌ ထိုအရပ်၌ ကျက်စား၍ စိတ္တကုဋ်တောင်သို့ လာကုန်လတ်သော် လမ်းအကြား၌ တစ်ခုသော နေရုအမည်ရှိသော ရွှေတောင်ကိုမြင်၍ ထိုတောင်ထိပ်၌ နားကုန်၏။

ရွှေတောင်နား ရွှေကျေး

ထိုတောင်ကိုမှီ၍ နေကုန်သော ငှက်အပေါင်းတို့သည်လည်းကောင်း။ အခြေလေးချောင်းရှိကုန်သော သားတို့သည်လည်းကောင်း။ ကျက်စားရာမြေ၌ အထူးထူးသော အဆင်းရှိကုန်၏။ တောင်သို့ဝင်သော ကာလမှစ၍ ခပ်သိမ်းကုန်သော ထိုသတ္တဝါတို့သည် တောင်၏အရောင်နှင့် ရွှေအဆင်းရှိကုန်၏။ ထိုအဆင်းကို မြင်၍ ဘုရားလောင်း၏ ညီသည် အကြောင်းကို မသိ၍ ဤတောင်၌ အကြောင်း အသို့နည်း ဟု အစ်တို့နှင့်တကွ ပြောဟောလိုသည်ဖြစ်၍-

၂၀။ ကာကောလာ ကကသံဃာ စ၊ မယဉ္စ ပတတံ ဝရာ။
သဗ္ဗေဝ သဒိသာ ဟောမ၊ ဣမံ အာဂမ္မ ပဗ္ဗတံ၊
၂၁။ ဣဓ သီဟာ စ ဗြဂ္ဃါ စ၊ သိင်္ဂါလာ စ မိဂါဓမာ။
သဗ္ဗေဝ သဒိသာ ဟောန္တိ၊ အယံ ကောနာမ ပဗ္ဗတော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၀။ ဘာတိက၊ နောင်တော် ဟင်္သာမင်း။ ဣမံ ပဗ္ဗတံ၊ ဤတောင်သို့။ အာဂမ္မ၊ ရောက်ကုန်၍။ ကာကောလာ စ၊ တောကျီးတို့သည်လည်းကောင်း။ ကာကသံဃာ စ၊ ပကတိ ကျီးအပေါင်းတို့သည်လည်းကောင်း။ ပတတံ၊ ငှက်တို့တွင်။ ဝရာ၊ မြတ်ကုန်သော။ မယဉ္စ၊ ငါတို့သည်လည်းကောင်း။ သဗ္ဗေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော ငှက်တို့သည်။ သူဒိသာ၊ အဆင်းတူမျှကုန်သည်။ ဟောမ၊ ဖြစ်ကုန်၏။

֍ ဋ္ဌ ၂၁။ ဣဓ၊ ဤတောင်၌။ သီဟာ စ၊ ခြင်္သေ့တို့သည်လည်းကောင်း။ ဗြဂ္ဃါစ၊ ကျားတို့သည်လည်းကောင်း။ မိဂါဓမာ၊ သားတကာတို့အောက် အယုတ်ဆုံး ဖြစ်ကုန်သော။ သိင်္ဂါလာ စ၊ မြေခွေးတို့သည်လည်းကောင်း။ သဗ္ဗေဝ၊ အလုံးစုံကုန်သော သားတို့သည်လျှင်။ သဒိသာ၊ အဆင်းတူမျှကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ အယံ ပဗ္ဗတော၊ ဤတောင်သည်။ ကော နာမ၊ အဘယ်အမည်ရှိသော တောင်နည်း။

ထိုစကားကိုကြား၍ ဘုရားလောင်းသည်-

၂၂။ ဣမံ နေရူတိ ဇာနန္တိ၊ မနုဿာ ပဗ္ဗတုတ္တမံ။
ဣဓ ဝဏ္ဏေန သမ္ပန္နာ၊ ဝသန္တိ သဗ္ဗပါဏိနော

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၂။ ဣဓ၊ ဤတောင်၌။ သဗ္ဗပါဏိနော၊ ခပ်သိမ်း သော သတ္တဝါတို့သည်။ ဝဏ္ဏေန၊ ရွှေအဆင်းနှင့်။ သမ္ပန္နာ၊ ပြည့်စုံကုန်သည်ဖြစ်၍။ ဝသန္တိ၊ နေကုန်၏။ ဥတ္တမံ၊ မြတ်သော။ ဣမံ ပဗ္ဗတံ၊ ဤတောင်ကို။ နေရူတိ၊ နေရုတောင်ဟူ၍။ မနုဿာ၊ လူတို့သည်။ ဇာနန္တိ၊ သိကုန်၏။

မနေအပ်သော နေရာများ

ထိုစကားကိုကြား၍ ညီတော် ဟင်္သာမင်းသည်-

၂၃။ အမာနနာ ယတ္ထ သိယာ၊ သန္တာနံ ဝါ ဝိမာနနာ။
ဟီနသမ္မာနနာ ဝါပိ၊ န တတ္ထ ဝသတိံ ဝသေ။
၂၄။ ယတ္ထာလသောစ ဒက္ခောစ၊ သူရော ဘီရုစ ပူဇိယာ။
န တတ္ထ သန္တော ဝသန္တိ၊ အဝိသေသကရေ နရေ။
၂၅။ နာယံ နေရု ဝိဘဇတိ၊ ဟိန မုက္ကဋ္ဌ မဇ္ဈိမေ။
အဝိသေသကရော နေရု၊ ဟန္ဒ နေရုံ ဇဟာမသေ။

ဟူကုန်လော ကြွင်းသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၃။ ယတ္ထ၊ အကြင်အရပ်၌။ သန္တာနံ ဝါ၊ သူတော်ကောင်းတို့အားလည်း။ အမာနနာ၊ ရိုသေခြင်း ပူဇော်မြတ်နိုးခြင်း မရှိသည်။ သိယာ၊ ဖြစ်ရာ၏။ ဝိမာနနာ၊ မထီမဲ့မြင်ပြုခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။ ဟီနသမ္မာနနာ ဝါပိ၊ ယုတ်မာသောသူတို့အား ရိုသေခြင်း ပူဇော်မြတ်နိုးခြင်းရှိသည်လည်း။ သိယာ၊ ဖြစ်ရာ၏။ တတ္ထ ဝသတိံ- အသ္မိံ နိဝါသေ၊ ထိုအရပ်၌။ န ဝသေ၊ မနေရာ။

֍ ဋ္ဌ ၂၄။ ယတ္ထ၊ အကြင်အရပ်၌။ အလသော စ၊ ပျင်းသော အတတ်ပညာမရှိသော သူသည်လည်းကောင်း။ ဒက္ခော စ၊ လိမ္မာသောသူသည်လည်းကောင်း။ သူရော စ၊ ရဲရင့်သောသူသည်လည်းကောင်း။ ဘီရု စ၊ ကြောက်တတ်သော သူသည်လည်းကောင်း။ ပူဇိယာ၊ တူမျှသော ပူဇော်ခြင်းကို ရကုန်၏။ နရေ၊ လူတို့ကို။ အဝိသေသကရေ၊ အထူးကို မပြု တတ်ကုန်။ တတ္ထ၊ ထိုအရပ် ၌။ သန္တော၊ သူတော်ကောင်းတို့သည် န ဝသန္တိ၊ မနေကုန်။

֍ ဋ္ဌ ၂၅။ အယံ နေရု၊ ဤနေရုတောင်သည်။ ဟီနမုက္ကဋ္ဌမဇ္ဈိမေ၊ အယုတ်အမြတ် အလတ်ဖြစ်ကုန်သော သူတို့ကို။ န ဝိဘဇတိ၊ အထူးမပြု။ နေရု၊ နေရုအမည်ရှိသော တောင်သည်။ အဝိသေသကရော၊ အထူးပြုခြင်းမှ ကင်း၏။ နေရုံ၊ နေရုတောင်ကို။ ဟန္ဒ၊ လွတ်လွတ်။ ဇဟာမသေ၊ စွန့်ကြကုန်အံ့။

ဤသို့ဆို၍ ဟင်္သာညီနောင်တို့သည် ပျံ၍ စိတ္တကုဋ်တောင်သို့လျှင် သွားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ထိုရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ အာနန္ဒာသည် ထိုအခါ ညီဟင်္သာ ဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အစ်ကိုဟင်္သာ ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ခွဲခြားမမြင်၊ ထိုရပ်တွင်၊ ခုပင်မနေရာ

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော နေရုဇာတ်သည်ပြီး၏။

*****

ဆက္ကနိပါတ် - အဝါရိယဝဂ်

၅။ အာသင်္ကာဇာတ်

ကာမဂုဏ်ကြောင့် ဆင်းရဲရခြင်းအကြောင်း

ဟောတော်မူရာဌာန... နက်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အာသာဝတီ နာမ လတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအာသင်္ကာဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတေမူစဉ် မယားဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... (ပစ္စုပ္ပန်တ္ထုသည် ဣန္ဒြိယဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ )

ဤအာသင်္ကာဇာတ်၌ကား မြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်တော်မူ၍ ရဟန်း... သင်သည် ငြီးငွေ့၏ ဟူသည် မှန်သလောဟု မေးတော်မူလတ်၍ အရှင်ဘုရား... မှန်ပေ၏ ဟု နားတော် လျှောက်သည်ရှိသော် အဘယ်သူသည် ငြီးငွေ့စေသနည်း ဟု မိန့်တော်မူ၍ အရှင်ဘုရား... မယားဟောင်းသည် ငြီးငွေ့စေအပ်၏ ဟု နားတော်လျောက်သည်ရှိသော် ရဟန်း... ဤမိန်းမသည် သင်၏ အကျိုးမဲ့ကို ပြုလေ့ရှိ၏။ သင်သည် ရှေး၌လည်း ဤမိန်းမကိုမှီ၍ စစ်အင်္ဂါလေးပါးနှင့် ယှဉ်၍ ဟိမဝန္တာအရပ်၌ ကြီးစွာသော ဆင်းရဲကို ခံလျက် သုံးနှစ်ပတ်လုံး နေရဖူးပြီ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ ရသေ့ရဟန်းပြု၍ တောသစ်မြစ် သစ်သီး အာဟာရရှိသည်ဖြစ်၍ အဘိညာဉ်တို့ကို လည်းကောင်း၊ သမာပတ်တို့ကိုလည်းကောင်း ဖြစ်စေ၍ ဟိမဝန္တာအရပ်၌နေ၏။

သံသေဒဇမယ်

ထိုအခါ ဘုန်းနှင့်ပြည့်စုံသော တစ်ယောက်သော သတ္တဝါသည် တာဝတိံသာနတ်ပြည်မှ စုတေ၍ ထိုဟိမဝန္တာအရပ်၌ ပဒုမာကန်ဝယ် တစ်ခုသော ပဒုမာတိုက်၌ သူငယ်မအဖြစ်ဖြင့် ဖြစ်၏။ ကြွင်းကုန်သော ပဒုမာတို့သည် ဟောင်းသည်၏ အဖြစ်သို့ ရောက်၍ ကြွေကုန်သော်လည်း ဤပဒုမာသည် ကြီးသောအငုံဖြစ်၍ တည်သည်သာတည်း၊ ရသေ့သည် ဤအကြောင်းကား အသို့နည်း ဟု ကြံ၍ ရေသနုပ်ကိုဝတ်၍ ကူးသွားပြီးလျှင် ထိုပဒုမာကိုဖွင့်၍ ထိုသူငယ်မကို မြင်လတ်သော် သမီး ဟူသောအမှတ်ကို ဖြစ်စေ၍ ကျောင်းသို့ဆောင်၍ မွေး၏။ ထိုသူငယ်မသည် နောက်အဖို့၌ တစ်ဆယ့်ခြောက်နှစ်အရွယ် ရှိသည်ဖြစ်၍ အလွန်အဆင်းလှ၏။ မြတ်သော အဆင်းကို ဆောင်၏။ လူတို့၏ အဆင်းကို လွန်၏။ နတ်တို့၏အဆင်းကိုကား မမီတတ်။

ဖလ်ပြာသာဒ်ပေါ် နေရပြီ

ထိုအခါ သိကြားမင်းသည် ဘုရားလောင်းအား ခစားအံ့သောငှာ လာ၏။ သိကြားမင်းသည် ထိုသတို့သမီးကိုမြင်၍ ဤ သတို့သမီးကို အဘယ်မှရသနည်း ဟု မေး၏။ ငါသည် ပဒုမာအိုင်မှ ရ၏ ဟူသော စကားကို ကြား၏။ ဤမိန်းမအား အဘယ်ကိုရခြင်း သင့်သနည်း ဟု မေး၏။ နေရာကိုလည်းကောင်း, အဝတ်တန်ဆာ ဘောဇဉ်အစီအရင်ကိုလည်းကောင်း ရခြင်းငှာ သင့်၏ ဟု ဆို၏။ သိကြားမင်းသည် အရှင်ဘုရား... ကောင်းပြီ ဟု ထိုရသေ့၏ ကျောင်းအနီး၌ ဖလ်ပြာဿဒ်ကို ဖန်ဆင်း၍ နတ်၌ဖြစ်သော အဝတ်တန်ဆာ နတ်၌ဖြစ်သော ထမင်း အဖျော်တို့ကို ဖန်ဆင်း၏။ ထိုပြာဿဒ်သည် ထိုသတို့သမီး၏ ကိုယ်လက်သုတ်သင်သော ကာလ၌ သက်၍ မြေ၌ တည်၏။ တက်သောကာလ၌ ပျံတက်၍ ကောင်းကင်၌ တည်၏။

မုဆိုးတွေ့၍ မင်းအားလျှောက်သော်

ထိုသတို့သမီးသည် ဘုရားလောင်းအား ဝတ်ကြီး ဝတ်ငယ်ကို ပြုလျက် ပြာသာဒ်၌ နေ၏။ ထိုသတို့သမီးကို တစ်ယောက်သော တောသွားမုဆိုးသည်မြင်၍ အရှင်ဘုရား... ဤသတို့သမီးသည် အရှင်ဘုရားနှင့် အဘယ်သို့တော်သနည်း ဟု မေး၍ ငါ၏ သမီးတည်း ဟူသော စကားကိုကြား၍ ဗာရာဏသီပြည်သို့သွား၍ အရှင်မင်းကြီး... အကျွန်ုပ်သည် ဟိမဝန္တာအရပ်၌ ဤသို့သဘောရှိသော တစ်ယောက်သော ရသေ့သမီးကို မြင်ခဲ့၏ဟု မင်းအား ကြား၏။

မင်းကြီးလာ၍တောင်းခြင်း

ဗာရာဏသီမင်းသည် ကြားခြင်းဟူသော နှီးနှောခြင်းဖြင့်ဖွဲ့အပ်သည်ဖြစ်၍ မုဆိုးကို ခရီးညွှန်ပြု၍ စစ်အင်္ဂါ လေးပါးဖြင့် ထိုအရပ်သို့သွား၍ သစ်တပ်တည်၍ မုဆိုးကိုခေါ်၍ အမတ်အပေါင်း ခြံရံလျက် ကျောင်းသို့ဝင်၍ ရဟန်းတို့အား ဝတ်ကိုပြု၍ အရှင်ဘုရား မိန်းမတို့ မည်သည်ကား မြတ်သောအကျင့်ကို ကျင့်သော ရသေ့ရဟန်းအား မလျောက်ပတ်၊ အရှင်ဘုရားတို့၏ သမီးကို အကျွန်ုပ် လုပ်အံ့ ဟုဆို၏။ ဘုရားလောင်းသည်ကား ဤပဒုမာ၌ အဘယ်နည်းဟု တွေးတောခြင်း ရှိသည်ဖြစ်၍ ရေသို့သက်၍ ဆောင်အပ်သည်၏ အဖြစ်ကြောင့် သတို့သမီးအား အာသင်္ကာ ဟူသော အမည်ကို မှည့်၏။

နာမည်ကို ပြောနိုင်လျှင် ယူသွားလေ

ဘုရားလောင်းသည် မြတ်သော မင်းကြီး. ဤသတို့ သမီးကို ယူ၍သွားလော့ ဟု ဖြောင့်စွာ မဆိုမူ၍ မြတ်သော မင်းကြီး ဤသတို့သမီးအား လျှို့ဝှက်အပ်သော သိမ်မွေ့သော အမည်ရှိ၏။ အမည်ကို သိသည်ရှိသော် ယူသွားလေလော့ ဟု ဆို၏။ အရှင်ဘုရား... အရှင်ဘုရားတို့သည် ဆိုအပ်ကုန်သည်ရှိသော် သိရကုန်အံ့ ဟု ဆို၏။ ငါသည် သင်မင်းကြီးအားမဆို၊ သင်မင်းကြီးသည် အမည်ကိုသိလျှင် ယူ၍ သွားလေလော့ ဟု ဆို၏။ ဗာရာဏသီ မင်းသည်လည်းကောင်းပြီ ဟု ဝန်ခံ၍ ထိုနေ့မှစ၍ အမတ်တို့နှင့်တကွ ဤသတို့သမီးသည် ဘယ်အမည် ရှိသနည်း ဟု အမည်ကို ဆင်ခြင်၏။ ထိုဗြဟ္မဒတ်မင်းသည် သိနိုင်ခဲကုန်သော အကြင်အမည်တို့သည် ရှိကုန်၏။ ထိုအမည်တို့ကို ကြား၍ ဤအမည်ရှိသည် ဖြစ်လတ္တံ့ဟု ဆိုသည်ရှိသော် ဘုရားလောင်းသည် ဤအမည်မဟုတ် ဟု ဆို၏။ မင်းအားလည်း အမည်ကို ဆင်ခြင်စဉ် တစ်နှစ်လွန်၏။ ဆင် မြင်း လူ သူတို့ကို ခြင်္သေ့ အစရှိကုန်သော သတ္တဝါတို့သည် ဖမ်းကုန်၏။ မြွေတို့သည် နှိပ်စက်ကုန်၏။ များစွာကုန်သော လူတို့သည် ပင်ပန်းကုန်သည်ဖြစ်၍ သေကုန်၏။ မင်းသည် ဤမိန်းမဖြင့် အဘယ်အကျိုး ရှိအံ့နည်း ဟု ဘုရားလောင်းအား ဆို၍ သွား၏။ အာသင်္ကာ သတို့သမီးသည် ဖလ်လေသာပြတင်းကို ဖွင့်၍ ရပ်၏။

နတ်မိမယ် စကားကိုဆို

မင်းသည် ထိုအာသင်္ကာ သတို့သမီးကို မြင်၍ ငါတို့သည် သင်၏အမည်ကို သိအံ့သောငှာ မတတ်နိုင်ကုန်၊ သင်သည် ဟိမဝန္တာအရပ်၌ သာလျှင် နေရစ်လော့၊ ငါတို့သည် သွားကုန်အံ့ ဟု ဆို၏။ မြတ်သောမင်းကြီး သွားသည်ရှိသော် ငါကဲ့သို့သော မိန်းမကို အဘယ်မှာ ရလတ္တံ့နည်း၊ တာဝတိံသာ နတ်ပြည်၌ စိတ္တလတာဥယျာဉ်၌ အာသာဝတီမည်သော နွယ်သည်ရှိ၏။ ထိုအာသာဝတီနွယ်၏ အသီး၏ အတွင်း၌ နတ်အဖျော်သည် ဖြစ်၏။ ထိုနတ်အဖျော်ကို တစ်ကြိမ် သောက်သည်ရှိသော် လေးလတို့ပတ်လုံး ယစ်ကုန်၍ နတ်၏အိပ်ရာ၌ အိပ်ကုန်၏။ ထိုအာသာဝတီနွယ်၏ အသီးသည်ကား အနှစ်တစ်ထောင် ရှိသဖြင့် သီး၏။ သူရာကြူးကုန်သော နတ်သားတို့သည် ဤအာသာဝတီနွယ်မှ နတ်၏ အဖျော်ဖြစ်သော အသီးကို ရလတ္တံ့ဟု ချင်ခြင်းကိုသည်းခံ၍ အနှစ်တစ်ထောင်ပတ်လုံး မပြတ်သွား၍ ထိုအာသာဝတီနွယ်ကို ရောဂါကင်းပါ၏လောဟု ကြည့်ကုန်၏။ သင်မင်းကြီးသည် တစ်နှစ်ဖြင့်သာလျှင် ငြီးငွေ့၏။ တောင့်တ ခြင်း၏ အကျိုးကို ရခြင်းမည်သည် ချမ်းသာ၏။ မငြီးငွေ့ လင့် ဟု ဆို၍-

၂၆။ အာသာဝတီ နာမ လတာ၊ ဇာတာ စိတ္တလတာဝနေ။
တဿာ ဝဿသဟဿေန၊ ဧကံ နိဗ္ဗတ္တတေ ဖလံ။
၂၇။ တံ ဒေဝါ ပယိရုပါသန္တိ၊ တာဝ ဒုရဖလံ သတိံ။
အာသိသေဝ တုဝံ ရာဇ၊ အာသာ ဖလဝတီ သုခါ။

ဟူကုန်သော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ စိတ္တလတာဝနေ၊ စိတ္တလတာဥယျာဉ်၌။ အာသာဝတီ နာမ၊ အာသာဝတီမည်သော။ လတာ၊ နွယ်သည်။ ဇာတာ၊ ဖြစ်၍။ တဿာ၊ ထိုအာသာဝတီနွယ်အား။ ဝဿသဟဿေန၊ အနှစ်တစ်ထောင်ရှိသဖြင့်။ ဧကံ၊ တစ်လုံးသော။ ဖလံ၊ အသီးသည်။ နိဗ္ဗတ္တတေ၊ ဖြစ်၏။

֍ ဋ္ဌ ၂၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တာဝ၊ ရှေး ဦးစွာ။ ဒုရဖလံ သတိံ၊ ဝေးသာ အသီးရှိသည်ဖြစ်လျက်။ တံ၊ ထိုအာသာဝတီနွယ်ကို။ ဒေဝါ၊ နတ်တို့သည်။ ပယိရုပါသန္တိ၊ အကြိမ်များစွာ အဖန် တလဲလဲ ဆည်းကပ်ကုန်၏။ ရာဇ၊ မင်းကြီး။ တုဝံ၊ သင်မင်းကြီးသည်။ အာသိသေဝ၊ တောင့် တ, ရာသလျှင်ကတည်း။ အာသာဖလဝတီ၊ တောင့်တ ခြင်း၏ အကျိုးကို ရခြင်းသည်။ သုခါ၊ ချမ်းသာ၏။

မင်းကြီး စိတ်ပျက်ပြန်

မင်းသည် ထိုအာသင်္ကာ မင်း သမီး၏ စကားဖြင့်ကပ်ငြိ၍ တဖန် အမတ်တို့ကို စည်းဝေးစေ၍ ဖွဲ့ခြင်းကို ပြုစေ၍ အမည်ကိုရှာလျက် တဖန် တစ်နှစ်ပတ်လုံးလည်း နေ၏။ ထိုသတို့သမီး၏ အမည်ကား အဘယ်သို့နည်းဟု မေး၍ ဤအမည်ရှိဟု ဆိုသည်ရှိသော် ဘုရားလောင်းသည်ပယ်သလျှင်ကတည်း။ တဖန် မင်းသည် ငါ့အား ဤမိန်းမဖြင့် အဘယ်အကျိုးရှိအံ့နည်း ဟု ဆို၍ သွား၏။ ထိုသတို့ သမီးသည်လည်း ပြတင်း၌ ရပ်၍ ကိုယ်ကို ပြ၏။ ဗာရာဏ သီမင်းသည် သင်သည် နေရစ်လော့ ငါတို့သည် သွားကုန်အံ့ ဟု ဆို၏။

နတ်မိမယ်စကားဆို

မြတ်သောမင်းကြီး အဘယ်ကြောင့် သွားအံ့နည်းဟု ဆို၏။ သင်၏အမည်ကို သိခြင်းငှာ မတတ်နိုင်ဟု ဆို၏။ မြတ်သောမင်းကြီး အဘယ့်ကြောင့် အမည်ကို မသိလတ္တံ့နည်း၊ တောင့် တခြင်း ဟူသည်ကား မပြည့်စုံသောမည်သည် မရှိ၊ တစ်ခုသောဗျိုင်းသည် တောင်ထိပ်၌တည်လျက် မိမိတောင့်တအပ်သည်ကို ရ၏။ သင်မင်းကြီးသည် အဘယ့်ကြောင့် မရလတ္တံ့ ရှိအံ့နည်း။ မြတ်သောမင်းကြီး... သည်းခံဦးလော့ ဟုဆို၍ မြတ်သောမင်းကြီး တစ်ခုသောဗျိုင်းသည် တစ်ခုသော ပဒုမာအိုင်၌ အစာကိုယူ၍ တောင် ထိပ်၌ နား၏။ ထိုဗျိုင်းသည် တစ်နေ့သ၌ ထို တောင်ထိပ်၌လျှင် နေ၍ နက်ဖြန်နေ့၌ ငါသည် ဤတောင်ထိပ်၌ ချမ်းသာစွာ နေလျက် ဤတောင်ထိပ်မှ မသက်မူ၍ ဤအရပ်၌ နေလျက်လျှင် အစာကိုယူ၍ ရေကိုသောက်၍ ဤနေ့ပတ်လုံး နေရမူကား ကောင်း၏ဟု ကြံ၏။ ထိုအခါ ထိုနေ့၌လျင် သိကြားမင်းသည် အသုရာတို့ကို နှိပ်နင်း၍ တာတိံသာနတ်ပြည်၌ နတ်စည်း စိမ်ကို ခံစားလျက် ငါ၏ နှလုံးအလိုသည် အပြီးသို့ ရောက်ပြီ။ တစ်ပါးသော တစ်စုံ တစ်ယောက်သော နှလုံးအလိုမပြည့်သော သူသည် ရှိလေသေးသလောဟု ကြံ၏။ ကြံပြီး၍ သိကြားမင်းသည် ဆင်ခြင်သည်ရှိသော် ထိုဗျိုင်းကိုမြင်၍ ဤဗျိုင်း၏ နှလုံးအလိုကို အပြီးသို့ရောက်စေအံ့ဟု ဗျိုင်း၏နေရာမှ မနီးမဝေးသော အရပ်၌ မြစ်တစ်ခုသည် ရှိ၏။ ထိုမြစ်ကို သိကြားသည် ရေအလျဉ်ဖြင့် ပြည့်သည်ကိုပြု၍ တောင်ထိပ်သို့ စီးစေ၏။ ဗျိုင်းသည် ထိုတောင်ထိပ်သို့ စီးသောမြစ်၌ နေလျက်လျင် ငါးတို့ကိုစား၍ ရေကိုသောက်၍ ထိုနေ့ပတ်လုံး ထိုတောင်ထိပ်သို့ စီးသော မြစ်၌လျှင် နေ၏။ ရေသည်လည်း လျှောကျ၍ သွား၏။ မြတ်သောမင်းကြီး.ဤသို့ ဗျိုင်းသည်လျက်လည်း ရှေးဦးစွာ တောင့်တခြင်း အကျိုးကို ရ၏။ သင် မင်းကြီးသည် အဘယ့်ကြောင့် မရလတ္တံ့နည်း ဟု ဆို၍-

၂၈။ အာသီသေတေဝ သော ပက္ခီ၊ အာသိသေတေဝ သော ဒိဇော။
တဿ စာသာ သမိဇ္စျတိ၊ တာဝ ဒူရဂတာ သတိ၊
အာသိသေဝ တုဂဝံ ရာဇ၊ အာသာ ဖလဝတီ သုခံ

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တာဝ၊ ရှေး ဦးစွာ။ ဒုရဂတာ သတိ၊ ဝေးစွာသော အဖြစ်သည် ဖြစ်လျက်။ သော ပက္ခီ၊ ထိုဗျိုင်းငှက်သည်။ အာသိသေတေဝ၊ တောင့်တသလျင်ကတည်း။ သော ဒိဇော၊ ထိုဗျိုင်းငှက်သည်။ အာသိသေတေဝ၊ တောင့်တသလျှင်ကတည်း။ တဿ စ၊ ထိုဗျိုင်းငှက်အားလည်း။ အာသာ၊ တောင့်တခြင်း၏ အကျိုးသည်။ သမိဇ္စျတိ၊ ပြည့်စုံသေး၏။ ရာဇ၊ မင်းကြီး တုဝံ၊ သင်မင်းကြီးသည်။ အာသိသေဝ၊ တောင့်တရာသလျှင်ကတည်း။ အာသာဖလဝတီ၊ တောင့်တခြင်း၏ အကျိုးကို ရခြင်းသည်။ သုခါ၊ ချမ်းသာ၏။

မင်းကြီးစိတ်ပျက်ပြန်ခြင်း

မင်းသည် သတို့သမီး၏ စကားကိုကြား၍ အဆင်း၌ တပ်စွန်း၍ စကားဖြင့်ကပ်ငြိ၍ သွားအံ့ငှာ မတတ်နိုင်၍ အမတ်တို့ကို စည်းဝေးစေ၍ အမည်တစ်ရာကို ပြုစေ၏။ အမည်တစ်ရာ၏ အစွမ်းအားဖြင့် ရှာလျက်လည်း မင်းအား တစ်ဖန် တစ်နှစ်သည် လွန်ပြန်၏။ မင်းသည် သုံးနှစ်လွန်သဖြင့် ဘုရားလောင်းသို့ ကပ်၍ အမည်တစ်ရာ၏ အစွမ်းအားဖြင့် ဤအမည်ရှိသည် ဖြစ်လတ္တံ့ဟု မေး၏။ မြတ်သောမင်းကြီး သင်သည် မသိဟု ဆို၏။ မင်းသည် ယခု ငါတို့သည် သွားကုန်အံ့ဟု ဘုရားလောင်းကို ရှိခိုး၍ သွား၏။

အာသင်္ကာ သတို့သမီးသည်လည်း ဖလ်လေသာပြတင်းကိုမှီ၍ ရပ်၏။ မင်းသည် ထိုသတို့သမီးကိုမြင်၍ သင်သည် နေရစ်တော့၊ ငါတို့သည် သွားကုန်အံ့ဟု ဆို၏။ မြတ်သောမင်းကြီး အဘယ်ကြောင့်သွားအံ့နည်းဟု ဆို၏။ သင်သည် ငါ့အား စကားဖြင့်သာလျှင် ရောင့်ရဲစေ၏။ ကာမနှင့်ယှဉ်သော မွေ့လျော်ခြင်းဖြင့် မရောင့်ရဲစေ၊ သင်၏ သာယာသော စကားဖြင့် ကပ်ငြိ၍နေသော ငါ့အား သုံးနှစ်တို့သည် လွန်ကုန်ပြီ၊ ယခုအခါ သွားအံ့ဟု ဆို၍-

၂၉။ သမ္ပေသိ ခေါ မံ ဝါစာယ၊ န စ သမ္ပေသိ ကမ္မုနာ။
မာလာ သေရေယျကဿေဝ၊ ဝဏ္ဏဝန္တာ အဂန္ဓိကာ။
၃၀။ အဖလံ မဓုရံ ဝါစံ၊ ယော မိတ္တေသု ပကုဗ္ဗတိ။
အဒဒံ အဝိဿဇံ ဘေါဂံ၊ သန္ဓိ တေနဿ ဇီရတိ။
၃၁။ ယဉှိ ကယိရာ တဉှိ ဝဒေ၊ ယံ န ကယိရာ န တံ ဝဒေ။
အကရောန္တံ ဘာသမာနံ၊ ပရိဇာနန္တိ ပဏ္ဍိတာ။
၃၂။ ဗလဉ္စ ဝတ မေ ခီဏံ၊ ပါထေယျဉ္စ န ဝိဇ္ဇတိ။
သင်္ကေ ပါဏူပရောဓာယ၊ ဟန္ဒ ဒါနိ ဝဇာမဟံ။

ဟူကုန်သော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၉။ ဘဒ္ဒ၊ ရှင်မ။ သေရေယျကဿ၊ လိပ်ဆူးရွှေ၏။ ဝဏ္ဏဝန္တာ၊ အဆင်းရှိသော။ အာဂန္ဓိကာ၊ အနံ့ မရှိသော။ မာလာ ဣဝ၊ ပန်းကဲ့သို့။ တွံ၊ ရှင်မသည်။ မံ၊ ငါ့ကို။ ဝါစယ ခေါ၊ စကားဖြင့်သာလျှင်။ သမ္ပေသိ၊ ရောင့်ရဲစေ၏။ ကမ္မုနာ၊ အမှုဖြင့်ကား။ နေဝ သမ္ပေသိ၊ မရောင့်ရဲစေ။

֍ ဋ္ဌ ၃၀။ ဘဒ္ဒေ၊ ရှင်မ။ ယော၊ အကြင်သူသည်။ မိတ္တေသု၊ အဆွေခင်ပွန်းတို့၌။ ဘောဂံ၊ စည်းစိမ်ကို။ အဒဒံ၊ မပေးဘဲလျက်။ အဝိဿဇံ၊ မစွန့်လွှတ်ပဲလျှက်။ အဖလံ၊ အကျိုးမရှိသော။ မဓုရံ၊ သာယာသော။ ဝါစံ၊ စကားကို။ ပကုဗ္ဗတိ၊ ပြောဆို၏။ တေန၊ ထိုသူနှင့်။ သဒ္ဓိံ၊ တကွ၊ အဿ၊ ထိုအဆွေ ခင်ပွန်း၏။ သန္ဓိ၊ မိတ်ဖွဲ့ခြင်းသည်။ ဇီရတိ၊ ပျက်၏။

֍ ဋ္ဌ ၃၁။ ဘဒ္ဒ၊ ရှင်မ။ ယံ၊ အကြင်အမှုကို။ ကယိရာ၊ ပြုရာ၏။ တံ ဟိ၊ ထိုအမှုကိုလျှင်။ ဝဒေ၊ ဆိုရာ၏။ ယံ၊ အကြင်အမှုကို။ န ကယိရာ၊ မပြုရာ။ တံ၊ ထိုအမှုကို။ န ဝဒေ၊ မဆိုရာ။ ဘာသမာနံ၊ ဆိုလျက်။ အကရောန္တံ၊ ပြုသောသူကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ပရိဇာနန္တိ၊ သိကုန်၏။

֍ ဋ္ဌ ၃၂။ ဘဒ္ဒ၊ ရှင်မ။ ဝတ၊ စင်စစ်။ မေ၊ ငါ့အား။ ဗလဉ္စ၊ ဗိုလ်ပါသည်လည်း။ ခီဏံ၊ ကုန်ပြီ။ ပါထေယျဉ္စ၊ ရိက္ခာသည်လည်း။ န ဝိဇ္ဇတိ၊ မရှိ။ ပါဏူပရောဓာယ၊ အသက်၏ ပျက်စီးခြင်း၌။ သင်္ကေ၊ ယုံမှား၏။ ဟန္ဒ ဒါနိ၊ ယခု။ အဟံ၊ ငါသည်။ ဝဇာမိ၊ သွားအံ့။

နတ်မိမယ် နာမည်ကိုပြောပြီ

အသင်္ကာ သတို့သမီးသည် မင်း၏စကားကို ကြား၍ မြတ်သောမင်းကြီး... သင်မင်းကြီးသည် ငါအမည်ကို မသိဟုဆို၏။ သင်မင်းကြီးသည် ငါ၏ အမည်ကို ဆိုအပ်သလျှင်ကတည်း၊ ဤအမည်သည်ကား ငါ၏အမည်တည်း၊ အဘအား ပြောဆို၍ ငါ့ကိုယူသွားလော့ ဟု ဆို၍ မင်းနှင့်တကွ စကားပြောလိုရကား-

၃၃။ ဧတဒေဝ ဟိ မေ နာမံ၊ ယံ နာမသ္မိ ရထေသဘ။
အာဂမေဟိ မဟာရာဇ၊ ပိတရံ အာမန္တ ယာမဟံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၃။ ရထေသဘ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်သော။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မေ၊ အကျွန်ုပ်၏။ ယံနာမံ၊ အကြင်အာသင်္ကာဟူသော အမည်သည်။ အသ္မိ၊ ဖြစ်၏။ ဧတဒေဝ ဟိ နာမံ၊ ထိုအာသင်္ကာဟူသော အကျွန်ုပ်၏ အမည်ကိုလျှင်။ တုဝံ၊ သင် မင်းကြီးသည်။ ဝဒသိ၊ ဆို၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အာဂမေဟိ၊ ငံ့ဦးလော့။ အဟံ၊ အကျွန်ုပ်သည်။ ပိတရံ၊ အဖကို။ အာမန္တယာမိ၊ တိုင်ပင်ဦးအံ့။

အာသင်္ကာကို ရပေပြီ

မင်းသည် ဘုရားလောင်း၏ အထံသို့ သွား၍ အရှင်ဘုရား... အရှင်ဘုရားတို့၏သမီးသည် အာသင်္ကာမည်၏ ဟုဆို၏ မြတ်သောမင်းကြီး အမည်ကိုသိသော ကာလမှစ၍ ယူ၍သွားလော့ ဟုဆို၏။ မင်းသည် ဘုရားလောင်းကို ရှိခိုး၍ ဖလ်ဗိမာန်တံခါးသို့သွား၍ ရှင်မ... သင့်အဖသည် ငါ့အား သင့်ကိုပေးအပ်ပြီ၊ လာလော့ ယခုသွားအံ့ ဟု ဆို၏။ မင်းကြီး ငံ့ဦးလော့၊ အကျွန်ုပ်သည် အဘကို တိုင်ပင်ဦးအံ့ ဟု ပြာသာဒ်မှ သက်၍ ဘုရားလောင်းကို ရှိခိုး၍ ကန်တော့၍ မင်း၏အထံသို့ လာ၏။ မင်းသည် အာသင်္ကာ သတို့သမီးကိုယူ၍ ဗာရာဏသီပြည်သို့သွား၍ သားသမီးတို့ဖြင့် ပွားလတ်၍ ချစ်စွာသော နေခြင်းဖြင့်နေ၏။ ဘုရားလောင်းသည် မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်၌ ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ မယားဟောင်းသည် ထိုအခါ အာသင်္ကာသတို့သမီး ဖြစ်ဖူးပြီ။ ယခုအခါ ငြီးငွေ့သောရဟန်းသည် ထိုအခါ မင်းဖြစ်ပြီ။ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မိန်းမတို့မှာ၊ ချစ်သောခါ၊ လိုရာပေးတတ်သည်

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော အာသင်္ကာဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - အဝါရိယဝဂ်

၆။ မိဂါလောပဇာတ်

ပညာရှိတို့စကားကိုမနာယူ၍ ပျက်စီးရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် န မေ ရုစ္စိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမိဂါလောပဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆိုနိုင်ခက် သော တစ်ယောက်သော ရဟန်းကို အကြာင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သဗ္ဗညူမြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်တော်မူ၍ ရဟန်း... သင်သည် ဆိုနိုင်ခက်သတတ်ဟူသည် မှန် သလော ဟု မေးတော်မူ၍ အရှင်ဘုရား... မှန်ပေ၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်း... သင်သည် ယခုအခါ၌ သာလျှင် ဆိုနိုင်ခက်သည် မဟုတ်သေး၊ ရှေး၌လည်း ဆိုနိုင်ခက်ဖူးပြီ၊ ဆိုနိုင်ခက်သည်၏ အဖြစ်ကို မှီ၍ ပညာရှိတို့စကားကို နားမထောင်မူ၍ ဝေရမ္ဘလေဝ၌ ပျက်စီးခြင်းသို့ ရောက်ဖူးပြီ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် လင်းတမျိုး၌ဖြစ်၍ အပနန္ဒအမည်ရှိ၏။ ထိုအပနန္ဒ လင်တမင်းသည် လင်းတအပေါင်း ခြံရံလျက် ဂိဇ္ဈကုဋ်တောင်၌ နေ၏။

အလွန်မြင့်စွာ ပျံလျှင်

ထိုအပနန္ဒ လင်းတမင်း၏သားသည် မိဂါလောပ မည်၏။ အားအစွမ်းနှင့် ပြည့်စုံ၏။ ထိုမိဂါလောပ လင်းတသည် တစ်ပါးကုန်သော လင်းတတို့၏ အပိုင်းအခြားကို လွန်၍ အလွန်မြင့်စွာပျံ၏။ လင်းတတို့သည် သင်၏ သားသည် အလွန်မြင့်စွာပျံ၏ ဟု လင်းတမင်းအား ကြားကုန်၏။

ပျက်စီးတတ်သည်

လင်းတမင်းသည် သားကိုခေါ်၍ အမောင် သင်သည် အလွန်မြင့်စွာ ပျံသတတ်၊ အလွန်မြင့်စွာပျံသော လင်းတသည် အသက်ကုန်ခြင်းသို့ ရောက်လတ္တံ့ ဟု ဆိုလို၍ -

၃၄။ န မေ ရုစ္စတိ မိဂါလောပ၊ ယဿ တေ တာဒိသီ ဂတိ၊
အတုစ္စံ တာတ ပတသိ၊ အဘူမိံ တာတ သေဝသိ။
၃၅။ စတုက္ကဏ္ဏံဝ ကေဒါရံ၊ ယဒါ တေ ပထဝီ သိယာ။
တတော တာတ နိဝတ္တဿု၊ မာဿု ဧတ္တော ပရံ ဂမိ။
၃၆။ သန္တိ အညေပိ သကုဏာ၊ ပတ္တယာနာ ဝိဟင်္ဂမာ။
အက္ခိတ္တာ ဝါတဝေဂေန၊ နဋ္ဌာ တေ သဿတီသမာ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၄။ တာတ မိဂါလောပ၊ ချစ်သား မိဂါလောပ။ တွံ၊ သင်သည်။ အတုစ္စံ၊ အလွန်မြင့်စွာ။ ပတတိ၊ ပျံ၏။ တာတ မိဂါလောပ၊ ချစ်သား မိဂါလောပ။ တွံ၊ သင်သည်။ အဘူမိံ၊ အရာမဟုတ်သည်ကို။ သေဝသိ၊ မှီဝဲ၏။ ယဿ တေ၊ အကြင်သင်၏။ တာဒိသီ၊ ထိုသို့သဘောရှိသော။ ဂတီ၊ အလွန်မြင့်စွာ ပျံခြင်းကို။ မေ၊ ငါသည်။ န ရုစ္စိ၊ မနှစ်သက်။

֍ ဋ္ဌ ၃၅။ တာတ မိဂါလောပ၊ ချစ်သားမိဂါလောပ။ ယဒါ၊ အကြင် အခါ၌။ တေ၊ သင့်အား။ ပထဝီ၊ မြေသည်။ စတုက္ကဏ္ဏံ၊ လေးထောင့်ရှိသော။ ကေဒါရံဝ၊ လယ်ကဲ့သို့။ သိယာ၊ ထင် သည်ဖြစ်အံ့။ တတော၊ ထိုအရပ်မှ။ နိဝတ္တဿု၊ ပြန်ခဲ့လော့။ ဧတ္တော၊ ဤထက်။ ပရံ၊ လွန်စွာ။ မာဿု ဂမိ၊ မပျံလင့်။ အညေပိ၊ သင်မှတစ်ပါးလည်း ဖြစ်ကုန်သော။ ဝိဟင်္ဂမာ၊ ကောင်းကင်သို့ ပျံကုန်သော။ ပတ္တယာနာ၊ အတောင်ဟူသော ယာဉ်ရှိကုန်သော။ သကုဏာ၊ လင်းတတို့သည်။ သန္တိ၊ ရှိကုန်၏။ သဿတီသမာ၊ မိမိကိုယ်ကို အမြဲတည်သော မြေ တောင် အစရှိသည်တို့နှင့်အတူ ထင်ကုန်သော။ တေ၊ ထိုလင်းတတို့သည်။ ဝါတဝေဂေန၊ လေ၏အဟုန်ဖြင့်။ အက္ခိတ္တာ၊ လွှင့်အပ် ကုန်သည်ဖြစ်၍။ နဋ္ဌာ၊ မိမိ အနှစ်တစ်ထောင်ရှိသော အသက် အတိုင်းအရှည်ကို မပြည့်စေမူ၍ ပျက်စီးကုန်၏။

တန်ဆေးလွန်ဘေး

မိဂါလောပ လင်းတသည် အဆုံးအမကို မခံသည်၏ အဖြစ်ကြောင့် အဖစကားကို နားမထောင်မူ၍ ပျံသဖြင့် အဖသည် ကြားအပ်သော အပိုင်းအခြားကိုမြင်၍ ထိုအပိုင်းအခြားကို လွန်၍ ကာလလေသို့ ရောက်၏။ ထိုကာလလေကိုလည်း လွန်၍ ပျံသည်ရှိသော် ဝေရမ္ဘ လေဝသို့ ရောက်၏။ ထိုအခါ ထိုမိဂါလောပ လင်းတကို ဝေရမ္ဘလေတို့သည် ခတ်ကုန်၏။ မိဂါလောပ လင်းတသည် ဝေရမ္ဘ လေတို့သည် ခတ်ကာမျှ ၌လျှင် အပိုင်းအပိုင်းပြတ်၍ ကင်းကင်၌ ကွယ် ပျောက်လေ၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၃၇။ အကတွာ အပနန္ဒဿ၊ ပိတု ဝုဒ္ဓဿ သာသနံ။
ကာလဝါတေ အတိက္ကမ္မ၊ ဝေရမ္ဘာနံ ဝသံ အဂါ။
၃၈။ တဿ ပုတ္တာ စ ဒါရာ စ၊ ယေ စညေ အနုဇီဝိနော။
သဗ္ဗေ ဗျသနမာပါဒုံ၊ အနောဝါဒကရေ ဒိဇေ။
၃၉။ ဧဝမ္ပိ ဣဓ ဝုဒ္ဓါနံ၊ ယော ဝါကျံ နာဝဗုဇ္စျတိ။
အတိသီမစရော ဒိတ္တော၊ ဂိဇ္ဈောဝါတီတသာသနော။
သဗ္ဗေ ဗျသနံ ပပ္ပေါန္တိ၊ အကတွာ ဝုဒ္ဓသာသနံ။

ဟူကုန်သော ဤဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၃၇။ ဘိက္ခဝေ၊ ရဟန်းတို့။ မိဂါလောပေါ၊ မိဂါလောပ လင်းတသည်။ ဝုဒ္ဓဿ၊ ကြီးသော။ ပိတု၊ အဖဖြစ်သော။ အပနန္ဒဿ၊ အပနန္ဒ၏။ သာသနံ၊ အဆုံးအမကို။ အကတွာ၊ နားမထောင်မူ၍။ ကာလဝါတေ၊ ကာလလေတို့ကို။ အတိက္ကမ္မ၊ လွန်၍။ ဝေရမ္ဘာနံ၊ ဝေရမ္ဘလေတို့၏။ ဝသံ၊ နိုင်ငံသို့။ အဂါ၊ ရောက်၏။

֍ ဋ္ဌ ၃၈။ တဿ၊ ထိုမိဂါလောပ လင်းတ၏။ ပုတ္တာ စ၊ သားတို့သည်လည်းကောင်း။ ဒါရာ စ၊ မယားတို့သည်လည်းကောင်း။ အညေ၊ တပါးကုန်သော။ အနုဇီဝိနော၊ မိဂါလောပ လင်းတကိုမှီ၍ အသက်မွေးကုန်သော။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော ယေ စ၊ အကြင်လင်းတတို့သည်လည်းကောင်း။ ဒိဇေ၊ မိဂါလောပ လင်းတသည်။ အနောဝါဒကရေ၊ အဆုံးအမကို နားမထောင်သည်ရှိသော်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ အာပါဒုံ၊ ရောက်ကုန်၏။

֍ ဋ္ဌ ၃၉။ ဧဝမ္ပိ၊ ဤအတူလည်း။ ဣဓ၊ ဤသာသနာတော်၌။ ဝုဒ္ဓါနံ၊ ကြီးသောသူတို့၏။ ဝါကျံ၊ စကားကို။ ယော၊ အကြင်သူသည်။ နာဝ ဗုဇ္စျတိ၊ မသိသလျှင်ကတည်း။ အတိသီမစရော၊ အပိုင်း အခြားကို လွန်၍ ကျင့်၏။ ဒိတ္တော၊ ကြမ်း တမ်း၏။ အတီတသာသနော၊ အဆုံးအမကို လွန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေ၊ ထိုသူတို့သည်။ ဝုဒ္ဓသာသနံ၊ ကြီးသောသူတို့၏ အဆုံးအမကို။ အကတွာ၊ နားမထောင်မူ၍။ ဂိဇ္ဈောဝ၊ မိဂါလောပ လင်းတကဲ့သို့။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ပပ္ပေါန္တိ၊ ရောက်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်ဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အပနန္ဒမည်သော လင်းတမင်း ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကြီးသူဆုံးမ၊ လွန်ပါက၊ မုချပျက်စီးရာ

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော မိဂါလောပဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - အဝါရိယဝဂ်

၇။ သိရီကာဠကဏ္ဏီဇာတ်

ကောင်းသောအကျင့်သီလသည် ကျက်သရေမည်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကာနု ကာဠေန ဝဏ္ဏေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသိရီကာဠကဏ္ဏီဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အနထပိဏ်သူဌေးကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအနာထပိဏ်သူဌေးသည် သောတာပတ္တိဖိုလ်၌ တည်သောကာလမှစ၍ ပဉ္စသီတို့ကို မကျိုးမပျက်သည်တို့ကိုပြု၍ စောင့်၏။ အနာထပိဏ်သူဌေး၏ မယားသည်လည်းကောင်း၊ သားသမီးတို့သည်လည်းကောင်း၊ အခကိုယူ၍ အမှုတို့ကိုလုပ်ကုန်သော ခပ်သိမ်းကုန်သော သူတို့သည်လည်းကောင်း စောင့်ကုန်သလျှင်တည်း။ ထိုအခါ တစ်နေ့သ၌ ရဟန်းတို့သည် ငါ့ရှင်တို့ အနာထပိဏ်သူဌေးသည် စင်ကြယ်၏။ စင်ကြယ်သော အခြံအရံရှိသည်ဖြစ်၍ သွား၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ ပညာရှိတို့သည်သာလျှင် စင်ကြယ်ကုန်သည် စင်ကြယ်သော အခြံအရံရှိကုန်သည် မဟုတ်ကုန်သေး၊ ရှေးပညာရှိတို့သည်လည်း စင်ကြယ်ကုန်သည် စင် ကြယ်သော အခြံအရံရှိကုန်သည် ဖြစ်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူဌေးဖြစ်၍ အလှူပေး၏။ သီလဆောက်တည်၏။ ဥပုသ်ဆောက်တည်၏။ ထိုသူဌေး၏ မယားသည်လည်းကောင်း၊ သားသမီးတို့သည်လည်းကောင်း၊ ကျွန်အမှုလုပ်ယောက်ျားတို့သည်လည်းကောင်း၊ ပဉ္စသီတို့ကို စောင့်ကုန်၏။ ထိုသူဌေးသည် သုစိပရိဝါရ သူဌေးဟူ၍ ထင်ရှား၏။

သီလရှိသူကို ကိုးကွယ်မည်

ထိုသူဌေးသည် ငါ့ထက် သီလဖြင့်စင်ကြယ်သော တစ်စုံတစ်ယောက်သော သူသည် အကယ်၍ လာသည်ဖြစ်အံ့၊ ထိုသူအား ငါ၏ပလ္လင်၌ အိပ်ရာနေရာကို ပေးအံ့သောငှာ မလျော်၊ မသုံးဆောင်သေးသော နေရာကို ငါသည် ပေးခြင်းငှာ သင့်၏ ဟု မိမိနေရာ အရပ်၌လျှင် နံပါးတစ်ဖက်၌ မသုံးဆောင်သေးသော ပလ္လင်ကိုလည်းကောင်း၊ မသုံး ဆောင်သေးသော အိပ်ရာကိုလည်းကောင်း ခင်းစေ၏။

အနဝတတ်အိုင်

ထိုအခါ စတုမဟာရာဇ်နတ်ပြည်မှ ဝိရူပက္ခနတ်မင်းကြီး၏ ကာဠကဏ္ဏီ မည်သော သမီးသည်လည်းကောင်း၊ ဓတရဋ္ဌနတ်မင်းကြီး၏ သိရီမည်သော သမီးသည်လည်းကောင်း၊ နှစ်ယောက်ကုန်သော နတ်သမီးတို့သည် များစွာကုန်သော ပန်းတို့ကို ယူကုန်၍ အနဝတတ် အိုင်၌ ကစားကုန်အံ့ ဟု အနဝတတ်အိုင်သို့ သွားကြကုန်၏။ ထိုအနဝတက်အိုင်၌ များစွာကုန်သော ရေဆိပ်တို့သည် ရှိကုန်၏။ ထိုဆိပ်တို့တွင် သဗ္ဗညူ မြတ်ဘုရားတို့၏ဆိပ်၌ သဗ္ဗညူ မြတ်စွာဘုရားတို့သည်သာလျှင် ရေချိုးကုန်၏။ ပစ္စေကဗုဒ္ဓါတို့၏ဆိပ်၌ ပစ္စေကဗုဒ္ဓါတို့သည်သာလျှင် ရေချိုးကုန်၏။ ရဟန်းတို့၏ဆိပ်၌ ရဟန်းတို့သည်သာလျှင် ရေချိုးကုန်၏။ ရသေ့တို့၏ဆိပ်၌ ရသေ့တို့သည်သာလျှင် ရေချိုးကုန်၏။ စာတုမဟာရာဇ် အစရှိကုန်သော ကာမာဝစရနတ်ပြည် ခြောက်ထပ်၌ နေကုန်သော နတ်သားတတို့၏ဆိပ်၌ နတ်သားတို့သည်သာလျှင် ရေချိုးကုန်၏။ နတ်သမီးတို့၏ ဆိပ်၌ နတ်သမီးတို့သည်သာလျှင် ရေချိုးကုန်၏။

နတ်သမီး၂-ပါး အငြင်းပွားပုံ

ထိုဆိပ်သို့ လာလတ်၍ နှစ်ယောက်ကုန်သော နတ် သမီးတို့သည် ငါသည် ရှေးဦးစွာ ရေချိုးအံ့၊ ငါသည် ရှေးဦး ရေချိုးအံ့ ဟု ရေချိုးဆိပ်၌ ငြင်း ခုံခြင်းကို ပြုကုန်၏။ ကာဠကဏ္ဏီ နတ်သမီးသည် ငါသည် လောကကို စီရင်၏။ ထိုကြောင့် ငါသည် ရှေးဦးစွာ ရေချိုးခြင်းငှာ သင့်၏ ဟုဆို၏။ သိရီနတ်သမီးသည် ငါသည် လူအများအား အစိုးရခြင်းကို ပေးတတ်သောအကျင့်၌ တည်၏။ ထို့ကြောင့် ငါသည် ရှေးဦးစွာ ရေချိုးအံ့သောငှာ သင့်၏ ဟု ဆို၏။ ထိုနတ်သမီးတို့သည် ငါတို့သည် ရှေးဦးစွာ ရေချိုအံ့သောငှာ သင့်သောသဘောကို နတ်မင်းကြီးလေးယောက်တို့သည် သိကုန်လတ္တံ့ ဟု ထိုနတ်မင်းကြီးတို့၏ အထံသို့ သွား၍ ငါတို့တွင် အဘယ်သူသည် ရှေးဦးစွာ အနဝတတ်အိုင်၌ ရေချိုးခြင်းငှာ သင့်သော သဘောရှိသနည်း ဟု မေးကုန်၏။ ဓတရဋ္ဌနတ်မင်း ဝိရူပက္ခနတ်မင်းတို့သည် ငါတို့သည် ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်ကုန် ဟု ဝိရူဠက

နတ်မင်း, ကုဝေရ နတ်မင်းတို့၏ ဝန်ကို ပြုကုန်၏။ ဝိရူဠကနတ်မင်း ကုဝေရနတ်မင်းတို့သည်လည်း မတတ်နိုင်ကုန်၊ သိကြားမင်း၏ ခြေရင်းသို့ စေကုန်အံ့ဟု ထိုနတ်သမီးတို့ကို သိကြားမင်းအထံသို့ စေကုန်၏။ သိကြားမင်းသည် နတ်သမီးတို့၏ စကားကို ကြား၍ ဤနှစ်ယောက်ကုန်သော နတ်သမီးတို့၏ တရားကို ငါဆုံးဖြတ်ခြင်းငှာ မတတ်ကောင်း ဟု ကြံ၏။

သိကြမင်း ညွှန်ကြားပုံ

ထိုအခါ သိကြားမင်းသည် ဗာရာဏသီပြည်၌ သုစိပရိဝါရသူဌေးသည် ရှိ၏။ အိမ်၌ မသုံး ဆောင်သေးသော နေရာကို ခင်းအပ်၏။ အကြင် နတ်သမီးသည် ထိုအိမ်၌ ထိုင်ခြင်းကိုလည်းကောင်း အိပ်ခြင်းကိုလည်းကောင်း ရ၏။ ထိုနတ်သမီးသည် ရှေးဦး ရေချိုးခြင်းငှာ သင့်သော သဘောရှိ၏ ဟု ဆို၏။

ကဠကဏ္ဏီ သူဌေးအိမ် သွားပြီ

ထိုစကားကိုကြား၍ ထိုကာဠကဏ္ဏီ နတ်သမီးသည် ထိုခဏ၌လျှင် ညိုသော အဝတ်ကိုဝတ်၍ ညိုသော နံ့သာ ပျောင်းကို လိမ်း၍ ညိုသော ပတ္တမြားတန်ဆာကိုဆင်၍ ယန္တရား၌ ထားအပ်သော ကျောက်ကဲ့သို့ နတ်ပြည်မှ သက်၍ မဇ္ဈိမယာမ်၏ အတွင်း၌ သူဌေးပြာသာဒ်၏ ထွက်ဝင်ရာ တံခါး၌ အိပ်ရာ၏ အနီးဖြစ်သော အရပ်၌ ညိုသောအရောင်ကိုလွှတ်၍ ကောင်းကင်၌ တည်၏။

သင် ဘယ်သူလဲ

သူဌေးသည် ကြည့်လတ်သော် ထိုနတ်သမီးကို မြင်၏။ မြင်ကာမျှဖြင့်လျှင် ထိုနတ်သမီးအား မချစ်မနှစ်သက်ခြင်းသည် ဖြစ်၏။ သူဌေးသည် ထိုနတ်သမီးနှင့်တကွ စကား ပြောလိုရကား-

၄၀။ ကာနု ကာဠေန ဝဏ္ဏေန၊ န စာပိ ပိယဒဿနာ။
ကာ ဝါ တွံ ကဿ ဝါ ဓီတာ၊ ကထံ ဇာနေမု တံ မယံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၀။ ဘဒ္ဒေ၊ ရှင်မ။ တွံ၊ ရှင်မသည်။ ကာဠေန၊ မည်းသော။ ဝဏ္ဏေန၊ အဆင်းဖြင့်။ ပိယဒဿနာ၊ ချစ်အပ်သော အဆင်းရှိသည်။ န စာပိ အသိ၊ မဖြစ်သလျှင်ကတည်း။ တွံ၊ သင်သည်။ ကာ နု၊ အဘယ်အမည်ရှိသနည်း။ ကာ ဝါ၊ အဘယ် သူနည်း။ ကဿ ဝါ၊ အဘယ်သူ၏မူလည်း။ ဓီတာ၊ သမီးနည်း။ မယံ၊ ငါတို့သည်။ ကထံ၊ အသို့မူ၍။ တံ၊ သင့်ကို။ ဇာနေမု၊ သိရကုန်အံ့နည်း။

ကာဠကဏ္ဏီ နတ်သမီးပါ

ထိုစကားကိုကြား၍ ကာဠကဏ္ဏီ နတ်သမီးသည်-

၄၁။ မဟဝရာဇဿဟံ ဓီတာ၊ ဝိရူပက္ခဿ စဏ္ဍိယာ။
အဟံ ကာဠီ အလက္ခိကာ၊ ကာဠကဏ္ဏီတိ မံ ဝိဒူ။
ဩကာသံ ယာစိတော ဒေဟိ၊ ဝသေမု တဝ သန္တိကေ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၁။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ အဟံ၊ ငါသည်။ ဝိရူပက္ခဿ၊ ဝိရူပက္ခ အမည်ရှိသော။ မဟာရာဇဿ၊ မဟာရာဇ်နတ်မင်း၏။ စဏ္ဍိယာ၊ ကြမ်းသော။ ဓီတာ၊ သမီးတည်း။ အဟံ၊ ငါသည်။ အလက္ခိကာ၊ သီလ, ပညာ မရှိသော။ ကာဠီ၊ ကာဠီမည်သော နတ်သမီးတည်း။ မံ၊ ငါ့ကို။ ကာဠကဏ္ဏီတိ၊ ကာဠကဏ္ဏီဟူ၍။ ဝိဒူ၊ သိကုန်၏။ တဝ၊ သင်၏။ သန္တိကေ၊ အထံ၌။ ဝသေမု၊ နေလိုကုန်၏။ ယာစိတော၊ တောင်းပန်အပ်သော သင်သည်။ မေ၊ ငါ့အား။ ဩကာသံ၊ နေခွင့်ကို။ ဒေဟိ၊ ပေးလော့။

ဘယ်လိုယောက်ျားကို သဘောကျသနည်း

ထို့နောင်မှ ဘုရားလောင်းသည်-

၄၂။ ကိံသီလေ ကိံသမာစာရေ၊ ပုရိသေ နိဝိသသေ တုဝံ။
ပုဋ္ဌာ မေ ကာဠိ အက္ခာဟိ၊ ကထံ ဇာနေမု တံ မယံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၂။ ကာဠိ၊ ကာဠီနတ်သမီး။ တုဝံ၊ သင်သည်။ ကိံသီလေ၊ အဘယ်သီလရှိသော။ ကိံသမာစာရေ၊ အဘယ်အကျင့်ရှိသော။ ပုရိုသေ၊ ယောက်ျား၌။ နိဝိသသေ၊ စိတ်ဖြင့်ဝင်၍ နေသနည်း။ ပုဋ္ဌာ၊ မေးအပ်သော သင်နတ်သမီးသည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။ မယံ၊ ငါတို့သည်။ ကထံ၊ အသို့မူ၍။ တံ၊ သင့်ကို။ ဇာနေမှ၊ သိရကုန်အံ့နည်း။

လူမိုက်ကို သဘောကျသည်

ထို့နောင်မှ ကာဠီနတ်သမီးသည် မိမိ၏ ကျေးဇူးကို ဆိုလိုရကား-

၄၃။ မက္ခီ ပဠာသီ သာရမ္ဘီ၊ ဣဿုကီ မစ္ဆရီ သဌော။
သော မယှံ ပုရိသော ကန္တော၊ လဒ္ဓံ ယဿ ဝိနဿတိ။
၄၄။ ကောဓနော ဥပနာဟီ စ၊ ပိသုဏော ဝိဘေဒကော။
ကဏ္ဍကဝါစော ဖရုသော၊ သော မေ ကန္တတရော တတော။
၄၅။ အဇ္ဇ သုဝေတိ ပုရိသော၊ သဒတ္ထံ နာဝ ဗုဇ္ဈတိ။
ဩဝဇ္ဇမာနော ကုပ္ပတိ၊ သေယျံ သော အတိမညတိ။
၄၆။ ဒဝပ္ပလုဒ္ဓေါ ပုရိသော၊ သဗ္ဗမိတ္တေဟိ ဓံသတိ။
သော မယှံ ပုရိသော ကန္တော၊ တသ္မိံ ဟောမိ အနာမယာ။

ဟူကုန်သော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၄၃။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ မက္ခီ၊ ကျေးဇူးကို ချေတတ်၏။ ပဠာသီ၊ အပြိုင်ပြုတတ်၏။ သာရမ္ဘီ၊ အလွန်ကိုပြုတတ်၏။ ဣဿုကီ၊ ငြူစူတတ်၏။ မစ္ဆရီ၊ ဝန်တိုတတ်၏။ သဌော၊ စဉ်းလဲတတ်၏။ ယဿ၊ အကြင်သူ၏။ လဒ္ဓံ၊ ရအပ်သော စည်းစိမ်ဥစ္စာကို။ ဝိနဿတိ၊ ဖျက်ဆီးတတ်၏။ သော ပုရိသော၊ ထိုယောက်ျားကို။ မယှံ၊ ငါသည်။ ကန္တော၊ နှစ်သက်၏။

֍ ဋ္ဌ ၄၄။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ ကောဓနော၊ အမျက်ထွက်တတ်၏။ ဥပနာဟီ စ၊ ရန်ငြိုးလည်း ဖွဲ့တတ်၏။ ပိသုဏော၊ ချောပစ်သောစကားကို ဆိုတတ်၏။ ဝိဘေဒကော၊ အဆွေခင်ပွန်းကိုလည်း ဖျက်တတ်၏။ ကဏ္ဍက ဝါစော၊ ဒေါသရှိသော စကားကို ဆိုတတ်၏။ ဖရုသော၊ ကြမ်းကြုတ်၏။ သော ပုရိသော၊ ထိုယောက်ျားကို။ မေ၊ ငါသည်။ တတော၊ ထိုရှေးဆိုအပ်ပြီးသော ယောက်ျားထက်။ ကန္တတရော၊ လွန်၍ချစ်၏။

֍ ဋ္ဌ ၄၅။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ အဇ္ဇ၊ ယနေ့ပြုအပ်သော အမှု။ သုဝေ၊ နက်ဖြန်ပြုအပ်သောအမှု။ ဣတိ၊ ဤသို့။ သဒတ္ထံ၊ မိမိကိစ္စကို။ နာဝ ဗုဇ္စျတိ၊ မသိသလျှင်ကတည်း။ ဩဝဇ္ဇမာနော၊ ဆိုဆုံးမအပ်သည်ရှိသော်။ ကုပ္ပတိ၊ အမျက်ထွက်၏။ သောပုရိသော၊ ထိုယောကျ်ားသည်။ သေယျံ၊ မြတ်သောသူကို။ အတိမညတိ၊ မထီမဲ့မြင် ပြုတတ်၏။

֍ ဋ္ဌ ၄၆။ ဒဝပ္ပလုဒ္ဓေါ၊ ကာမဂုဏ်တို့၌ မပြတ် မက်မောတတ်၏။ သဗ္ဗမိတ္တေဟိ၊ ခပ်သိမ်းသော အဆွေ ခင်ပွန်းတို့မှ။ ဓံသတိ၊ ယုတ်၏။ မယှံ၊ ငါသည်။ သော ပုရိသော၊ ထိုယောက်ျားကို။ ကန္တော၊ ချစ်၏။ တသ္မိံ ပုရိသေ၊ ထိုယောကျ်ား၌။ အနာမယာ၊ ဆင်းရဲခြင်း စိုးရိမ်ခြင်း ကင်းသည်ဖြစ်၍။ အဟံ၊ ငါသည်။ ဟောမိ၊ ဖြစ်၏။

နင်ပြန်တော့

ထိုအခါ နတ်သမီးကို ကဲ့ရဲလိုသည်ဖြစ်၍ ဘုရားလောင်းသည်-

၄၇။ အပေဟိ ဧတ္တော တွံ ကာဠိ၊ နေတံ အမှေသု ဝိဇ္ဇတိ။
အညံ ဇနပဒံ ဂစ္ဆ၊ နိဂမေ ရာဇဓာနိယော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၇။ ကာဠိ၊ ကာဠီအမည်ရှိသော နတ်သမီး။ တွံ၊ သင်သည်။ ဧတ္တော၊ ဤအရပ်မှ။ အပေဟိ၊ ဖဲလေလော့။ အမှေသု၊ ငါတို့၌။ ဧတံ၊ ဤကျေးဇူးချေခြင်း အစရှိသောအမှုသည်။ န ဝိဇ္ဇတိ၊ မရှိ။ တွံ၊ သင်သည်။ နိဂမေ စ၊ နိဂုံး၌လည်းကောင်း။ ရာဇဓာနိယေ စ၊ မင်းနေပြည်၌ လည်းကောင်း။ အညံ၊ တပါးသော။ ဇနပဒံ၊ ဇနပုဒ်သို့။ ဂစ္ဆ၊ သွားလေလော့။

ထိုစကားကို ကြား၍ ကာဠကဏ္ဏီနတ်သမီးသည် ရှက်နိုးသည်ဖြစ်၍-

၄၈။ အဟမ္ပိ ခေါ တံ ဇာနာမိ၊ နေတံ တုမှေသု ဝိဇ္ဇတိ။
သန္တိ လောကေ အလက္ခိကာ၊ သင်္ဃရန္တိ ဗဟုံ ဓနံ။
အဟံ ဒေဝေါ စ မေ ဘာတာ၊ ဥဘော နံ ဝိဓမာမသေ။

ဟူသော အခြားမဲ့သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၈။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ အဟမ္ပိ ခေါ၊ ငါသည်လည်း။ တုမှေသု၊ သင်တို့၌။ ဧတံ၊ ထိုကျေးဇူးချေခြင်း အစရှိသောအမှုသည်။ န ဝိဇ္ဇတိ၊ မရှိဟူ၍။ တံ၊ ထိုအကြောင်းကို။ ဇာနာမိ၊ သိ၏။ လောကေ၊ လောက၌။ အလက္ခိကာ၊ သီလ ပညာ မရှိကုန်သော သူတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ၊ ထိုသူတို့သည်လည်း။ ဗဟုံဓနံ၊ များစွာသော ဥစ္စာကို။ သင်္ဃရန္တိ၊ ပေါင်းစုကုန်၏။ နံ၊ ထိုဥစ္စာကို။ အဟဉ္စ၊ ငါသည်လည်းကောင်း။ မေ၊ ငါ၏။ ဘာတာ၊ မောင်ဖြစ်သော။ ဒေဝေါ စ၊ ဒေဝအမည်ရှိသော နတ်သားသည်လည်းကောင်း။ ဥဘော၊ နှစ်ယောက်ကုန်သော မောင်နှမဖြစ်ကုန်သော ငါတို့သည်။ ဝိဓမာမသေ၊ ဖျက်ဆီးကုန်၏။

သိရီနတ်သမီး သူဌေးအိမ်ရောက်ခြင်း

ဤသို့ဆို၍ ဖဲ့လေ၏။ ထိုကဠကဏ္ဏီ နတ် သမီး ဖဲသောကာလ၌ သိရီနတ်သမီးသည် ရွှေအဆင်းရှိကုန်သော အဝတ်, နံ့သာပျောင်းတို့ဖြင့် ရွှေသောအဆင်းရှိသော တန်ဆာဖြင့်လျှင် တန်ဆာဆင်လျက် သွား၍ ထွက်ဝင်ရာ တံခါး၌ ရွှေသောအရောင်ကို လွှတ်လျက် ညီညွတ်သော

ခြေတို့ဖြင့် ညီညွတ်စွာ မြေ၌တည်၍ ရိုသေခြင်းနှင့်တကွ ရပ်၏။

သင်ဘယ်သူလဲ

ထိုသိရီနတ်သမီးကို မြင်၍ ဘုရားလောင်းသည်-

၄၉။ ကာနု ဒိဗ္ဗေန ဝဏ္ဏေန၊ ပထဗျာ သုပတိဋ္ဌိတော။
ကာ ဝါ တွံ ကဿ ဝါ ဓီဘာ၊ ကထံ ဇာနေမု တံ မယံ။

ဟူသော ရှေးဦးသော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၄၉။ ဘဒ္ဒေ၊ ရှင်မ။ တွံ၊ သင်သည်။ ဒိဗ္ဗေန၊ နတ်၌ ဖြစ်သော။ ဝဏ္ဏေန၊ အဆင်းဖြင့်။ ပထဗျာ၊ မြေ၌။ သုပတိဋ္ဌိတော၊ ကောင်းစွာ တည်၏။ တွံ၊ သင်သည်။ ကာ နု၊ အဘယ် အမည်ရှိသနည်း။ ကာ ဝါ၊ အဘယ်သူနည်း။ ကဿ ဝါ၊ အဘယ်သူ၏မူလည်း။ ဓီတာ၊ သမီးနည်း။ မယှံ၊ ငါတို့သည်။ ကထံ၊ အသို့မူ၍လျှင်။ တံ၊ သင့်ကို။ ဇာနေမု၊ သိရကုန်အံ့နည်း။

ဘုရားလောင်း၏စကားကို ကြား၍ သိရီနတ်သမီး သည်-

၅၀။ မဟာရာဇဿဟံ ဓီတာ၊ ဓတရဋ္ဌဿ သိရီမတော။
အဟံ သိရီ စ လက္ခီ စ၊ ဘူရိပညာတိ မံ ဝိဒူ။
ဩကာသံ ယာစိဆော ဒေဟိ၊ ဝသေမု တဝ သန္တိကေ။

ဟူသော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၅၀။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ အဟံ၊ ငါသည်။ သိရီမတော၊ ပညာရှိသော။ ဓတရဋ္ဌဿ၊ ဓတရဋ္ဌအမည်ရှိသော။ မဟာရာဇဿ၊ မဟာရာဇ်နတ်မင်း၏။ ဓိတာ၊ သမီးတည်း။ အဟံ၊ ငါသည်။ သိရီ စ၊ သိရီလည်းမည်၏။ လက္ခီ စ၊ လက္ခီလည်း မည်၏။ မံ၊ ငါ့ကို။ ဘူရိပညာတိ၊ မြေကြီးနှင့်တူသော ကြီးသော ပညာရှိသော နတ်သမီးဟူ၍။ ဝိဒူ၊ သိကုန်၏။ တဝ၊ သင်၏။ သန္တိကေ၊ အထံ၌။ ဝသေမု၊ နေလိုကုန်၏။ ယာစိတော၊ တောင်းပန်အပ်သော သင်သည်။ မေ၊ ငါ့အား။ ဩကာသံ၊ အခွင့်ကို။ ဒေဟိ၊ ပေးလော့။

သင် ဘယ်လိုယောကျ်ားကို သဘောကျသနည်း

နတ်သမီး၏ စကားကိုကြား၍ ဘုရားလောင်းသည် -

၅၁။ ကိံသီလေ ကိံသမာစာရေ၊ ပုရိသေ နိဝိသေ တုဝံ။
ပုဋ္ဌာ မေ လက္ခီ အက္ခာဟိ၊ ကထံ ဇာနေမု တံ မယံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၁။ လက္ခီ၊ လက္ခီမည်သော နတ်သမီး။ တုဝံ၊ သင်သည်။ ကိံသီလေ၊ အဘယ်သို့ သီလရှိသော။ ကိံသမာစာရေ၊ အဘယ်သို့ အကျင့်ရှိသော။ ပုရိသေ၊ ယောကျ်ား၌။ နိဝိသေ၊ စိတ် နှလုံး သက်ဝင်၍ နေသနည်း။ ပုဋ္ဌာ၊ မေးအပ်သော သင်နတ် သမီးသည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားလော့။ မယံ၊ ငါတို့သည်။ ကထံ၊ အသို့မူ၍လျှင်။ တံ၊ သင့်ကို။ ဇာနေမု၊ သိရကုန်အံ့နည်း။

သူတော်ကောင်းကို သဘောကျသည်

ဘုရားလောင်း၏ စကားကိုကြား၍ သိရီနတ်သမီးသည်-

၅၂။ ယောစာပိ သီတေ အထ ဝါပိ ဥဏှေ၊
ဝါတာတပေ ဍံသသရီသပေစ။
ခုဓံ ပိပါသံ အဘိဘုယျ သဗ္ဗံ၊
ရတ္တိန္ဒိဝံ ယော သတံ နိယုတ္တော။
၅၃။ ကာလာဂတဉ္စ န ဟာပေတိ အတ္ထ့၊
သောမေ မနာပေါ နိဝိသေ စ တမှိ။
အက္ကောဓနော မိတ္တ ဝါ စာဂဝါ စ၊
သီလူပပန္နော အသဌော ဇုဘူတော။
၅၄။ သင်္ဂါဟကော သခိလော သဏှဝါစော၊
မဟတ္တပတ္တောပိ နိဝါတဝုတ္တိ။
တသ္မိံဟံ ပေါသ ဝိပုလာ ဘဝါမိ၊
ဦမိ သမုဒ္ဒဿ ယထာပိ အဏ္ဏဝံ။
၅၅။ ယောစာပိ မိတ္တေ အထဝါ အမိတ္တေ၊
သေဋ္ဌေ သရိက္ခေ အထဝါပိ ဟီနေ။
အတ္ထံ စရန္တံ အထဝါ အနတ္ထံ၊
အာဝီ ရဟော သင်္ဂဟမေဝ ဝတ္တေ။
၅၆။ ဝါစံ န ဝဇ္ဇာ ဖရုသံ ကဒါစိ၊
မတဿ ဇီဝဿ စ တဿ ဟောမိ။
ဧတေသံ ယော အညတရံ လဘိတွာ၊
ကန္တာ သိရီ မဇ္ဈတိ အပ္ပပညော။
တံ ဒိတ္တရူပံ ဝိသမံ စရန္တံ၊ ကရီသဌာနံဝ ဝိဝဇ္ဇယာမိ။
၅၇။ အတ္တနာ ကုရုတေ လက္ခိံ၊ အလက္ခိံ ကုရုတေတ္တနာ။
န ဟိ လက္ခိံ အလက္ခိံ ဝါ။ အညော အညဿ ကာရကော။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၅၂။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ သီတေ စာပိ၊ ချမ်းသော်လည်းကောင်း။ အထ၊ ထို မြို့။ ဥဏှေ စာပိ၊ ပူသော်လည်းကောင်း။ ဝါတာတပေ စ၊ လေ, နေပူရှိသော်လည်းကောင်း။ ဍံသသရီသပေ စ၊ မှက်, ခြင် မြွေ ကင်း သန်းရှိသော်လည်းကောင်း။ နိယုတ္တော၊ လုံ့လပြု၏။ ယော စ ပုရိသော၊ အကြင်ယောက်ျားသည်လည်း။ သဗ္ဗံ၊ အလုံးစုံသော။ ခုဓံ ပိပါသံ၊ ဆာလောင် ငတ်မွတ်ခြင်းကို။ အဘိဘုယျ၊ နှိပ်စက်၍။ ရတ္တိန္ဒိံဝံ၊ ညဉ့်နေ့ပတ်လုံး။ သတတံ၊ မပြတ်။ နိယုတ္တော၊ လုံ့လ ပြု၏။

֍ ဋ္ဌ ၅၃။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ ကာလာဂတံ၊ ကာလ၌ရောက်သော။ အတ္ထဉ္စ၊ အကျိုးကိုလည်း။ န ဟာပေတိ၊ မယုတ်စေ။ သော ပုရိသာ၊ ထိုယောကျ်ားကို။ မေ၊ ငါသည်။ မနာပေါ၊ နှစ်သက်၏။ တမှိ၊ ထိုယောကျ်ား၌။ အဟံ၊ သည်။ နိဝိသေ စ၊ စိတ်ဖြင့်ဝင်၍ နေသလျှင်ကတည်း။ ယော ပုရိသော၊ အကြင်ယောကျ်ားသည်။ အက္ကောဓနော၊ အမျက်မထွက်တတ်။ မိတ္တဝါ စ၊ အဆွေ ခင်ပွန်းကောင်းလည်း ရှိ၏။ စာဂဝါ စ၊ စွန့်ကြဲခြင်းလည်းရှိ၏။ သီလူပပန္နော၊ သီလနှင့် ပြည့်စုံ၏။ အသဌော၊ မစဉ်းလဲ။ ဥဇုဘူတော၊ ဖြောင့်စွာဖြစ်၏။

֍ ဋ္ဌ ၅၄။ သင်္ဂါဟကော၊ သင်္ဂြိုဟ်ခြင်းကို ပြုတတ်၏။ သခိလော၊ ပြေပြစ်၏။ သဏှဝါစော၊ သိမ်မွေ့သော စကားရှိ၏။ မဟတ္တပတ္တောပိ၊ ကြီးမြတ်သော အဖြစ်သို့ ရောက်သော်လည်း။ နိဝါတဝုတ္တိ၊ နှိမ့်ချသော ဖြစ်ခြင်းရှိ၏။ သမုဒ္ဒဿ၊ သမုဒ္ဒရာ၏။ ဝဏ္ဏံ၊ အဆင်းကို။ ဩလောကေန္တီ၊ ကြည့် သည်ရှိသော်။ ဦမိ၊ အဆင့်ဆင့်သော လှိုင်းတံပိုးသည်။ ပညာယတိ ယထာပိ၊ ထင်သကဲ့သို့လည်း။ ဧဝံ တထာ၊ ထို့အတူ။ အဟံ၊ ငါသည်။ တသ္မိံ ပေါသေ၊ ထိုယောက်ျား၌။ ဝိပုလာ၊ ပီတိအဟုန်ဖြင့် ပြန့်ပြောသည်။ ဘဝါမိ၊ ဖြစ်၏။

֍ ဋ္ဌ ၅၅။ ယော စာပိ၊ အကြင်ယောကျ်ားသည်လည်း။ မိတ္တေ စ၊ အဆွေခင်ပွန်း၌ လည်းကောင်း။ အထဝါ၊ ထိုမြို့။ အမိတ္တေ စာပိ၊ အဆွေခင်ပွန်း မဟုတ်သော သူ၌လည်းကောင်း။ သေဋ္ဌေ စ၊ မြတ်သောသူ၌ လည်းကောင်း။ အထဝါ၊ ထိုမြို့။ သရိက္ခေ စ၊ တူသောသူ၌လည်းကောင်း။ ဟီနေပိ၊ ယုတ်သော သူ၌လည်းကောင်း။ အတ္ထံ၊ အကျိုးကို။ စရန္တံ၊ ကျင့်သောသူ၌ လည်းကောင်း။ အာဝိ၊ မျက်မှောက်၌လည်းကောင်း။ ရဟော၊ မျက်ကွယ်၌ လည်းကောင်း။ သင်္ဂဟမေဝ၊ သင်္ဂြိုဟ်ခြင်းကိုသာလျှင်။ ဝတ္တေ၊ ကျင့်၏။

֍ ဋ္ဌ ၅၆။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ ကဒါစိ၊ တစ်ရံတစ်ဆစ်၌။ ဖရုသံ၊ ကြမ်းသော။ ဝါစံ၊ စကားကို။ န ဝဇ္ဇာ၊ မဆို။ မတဿ စ၊ သေသော်လည်းကောင်း။ ဇီဝဿ စ၊ အသက်ရှင်သော်လည်းကောင်း။ တဿ၊ ထိုသူ၏။ မိတ္တံ၊ အဆွေခင်ပွန်းသည်။ ဟောမိ၊ ဖြစ်၏။ ဧတေသု၊ ထိုသို့ဆိုအပ်ပြီးသော ယောကျ်ားတို့တွင်။ ယော၊ အကြင်သူသည်။ ကန္တိံ၊ နှစ်သက်ဖွယ်သော။ သိရိံ၊ အသရေကို။ လဘိတွာ၊ ရ၍။ အညတရံ၊ တစ်ပါးပါးသော ဂုဏ်ကျေးဇူးကို။ သမိဇ္ဈတိ၊ ပြည့်စုံစေ၏။ တဿ ပုရိသဿ၊ ထိုယောကျ်ား၏။ မိတ္တံ၊ အဆွေခင်ပွန်းသည်။ ဟောမိ၊ ဖြစ်၏။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ အပ္ပပညော၊ နည်းသောပညာရှိ၏။ ဒိတ္တရူပံ၊ ကြမ်းကြုတ်သော သဘောရှိသော။ ဝိသမံ၊ မညီမညွတ်သော အကျင့်ကို။ စရန္တံ၊ ကျင့်သော။ တံ ပုရိသံ၊ ထိုယောက်ျားကို။ အဟံ၊ ငါသည်။ ကရီသဌာနံဝ၊ ကျင်ကြီးစွန့်ရာ အရပ်ကိုကဲ့သို့။ ဝိဝဇ္ဇယာမိ၊ ကြဉ်၏။

֍ ဋ္ဌ ၅၇။ လက္ခိံ၊ သီလပညာကို။ အတ္တနာ၊ မိမိသည်။ ကုရုတေ၊ ပြု၏။ အလက္ခိံ၊ သီလပညာ မရှိခြင်းကို။ အတ္တနာ၊ မိမိသည် ကုရုတေ၊ ပြု၏။ ဟိ သစ္စံ၊ မှန်၏။ အညော၊ တစ်ယေက်သောသူသည်။ အညဿ၊ တစ်ယောက်သောသူ၏။ လက္ခိံ ဝါ၊ သီလပညာကိုလည်းကောင်း။ အလက္ခိံ ဝါ၊ သီလပညာမရှိခြင်းကိုလည်းကောင်း။ န ကာရကော၊ မပြုနိုင်။

ဤနေရာတွင်ထိုင်လေ

ဤသို့ဆိုသည်ရှိသော် ဘုရားလောင်းသည်လည်း သိရီ နတ်သမီး၏ စကားကို နှစ်သက်၍ မသုံးဆောင်သေးသော ဤနေရာသည် သင်သာလျှင် လျှောက်ပတ်၏။ နိသီဒိုင်၌ ထိုင် ဟု ဆို၏။

သိရီနတ်သမီးသည် ထိုအိပ်ရာ၌နေ၍ မိုး သောက်ကာလ၌ ထွက်၍ စာတုမဟာရဇ် နတ်ပြည်သို့သွား၍ အနဝတတ်အိုင်၌ ရှေးဦးစွာ ရေချိုးခြင်းကိုလည်း ရ၏။ အိပ်ရာသည် သိရီနတ်သမီးသည် သုံးဆောင်သည်၏ အဖြစ်နှင့် သိရီသယန မည်၏။ ဤအနွယ်သည် သိရီသယန၏ အနွယ်တည်း၊ ဤသို့သော အကြောင်းဖြင့် ယနေ့ထက်တိုင်အောင်လည်း သိရီသယန ဟူ၍ ဆိုအပ်၏။

ဇာတ်ပေါင်း... မြတ်ဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ သိရီနတ်သမီး ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သုစိပရိဝါရ သူဌေးဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

အကျင့်သိက္ခာ၊ ရှိသူသာ၊ သင့်ရာ မြတ်နေရာ

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သိရီကာဠကဏ္ဏီဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - အဝါရိယဝဂ်

၈။ ကုက္ကုဋဇာတ်

မိန်းမတို့၏ ဖျားယောင်းခြင်းသို့ မလိုက်ပါသင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သုစိတ္တပတ္တဆဒန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုက္ကုဋဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း... အဘယ့်ကြောင့် ငြီးငွေ့သနည်း ဟု မေးတော်မူလတ်၍ အရှင်ဘုရား တန်ဆာဆင်အပ်သော မိန်းမတစ်ယောက်ကိုမြင်၍ ကိလေ သာ၏ အစွမ်းဖြင့် ငြီးငွေ့၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း... မိန်းမတို့သည် လှည့်ပတ်ဖြားယောင်း၍ မိမိအလိုသို့ ရောက်သောကာလ၌ ပျက်စီးခြင်းသို့ ရောက်စေကုန်၏။ လျှပ်ပေါ်သော ကြောင်မကဲ့သို့ဖြစ်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကြက် အမျိုး၌ဖြစ်၍ များစွာသော ကြက်အပေါင်းခြံရံလျက် တော၌ နေ၏။ အနီး၌ တစ်ခုသော ကြောင်မသည်လည်း နေ၏။ ထိုကြောင်မသည် ဘုရားလောင်းကိုထား၍ ကြွင်းသော ကြက်တို့ကို ဥပါယ်ဖြင့် လှည့်ပတ်၍ စား၏။ ဘုရားလောင်းသည် ထိုကြောင်မ၏ လာခြင်းကို အလိုမရှိ။

ကြောင်မ သွေးဆောင်ပုံ

ထိုကြောင်မသည် ဤကြက်သည် အလွန်လျှင် လိမ္မာ၏။ ငါ၏ ဥပါယ်၌ လိမ္မာသည်၏ အဖြစ်ကို မသိ၊ ငါသည် ဤကြက်ကို “သင်၏ မယားဖြစ်အံ့” ဟု ဖျားယောင်း၍ မိမိအလိုသို့ လိုက်သောကာလ၌ စားခြင်းငှာ သင့်၏ ဟု ထိုကြောင်မသည် ဘုရားလောင်းနေသော သစ်ပင်ရင်း သို့သွား၍ ချီးမွမ်းခြင်း၊ ရှေးရှိသော စကားဖြင့် ဘုရားလောင်းကိုတောင်းပန်လိုရကား-

၅၈။ သုစိတ္တပတ္တဆဒန၊ တမ္ဗစူဠဝိဟင်္ဂမ။
ဩရောဟ ဒုခသာခါယ၊ မုဓာ ဘရိယာ ဘဝါမိ တေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၈။ သုစိတ္တပတ္တဆဒန၊ အလွန်ဆန်းကြယ်သော အတောင်တို့ဖြင့် ဖုံးလွှမ်းအပ်သော။ တမ္ဗစူဠဝိဟင်္ဂမ၊ နီသော ဦးစွန်းရှိသောငှက်။ ဒုမသယခါယ၊ သစ်ခက်မှ။ ဩရောဟ၊ သက်ခဲ့လော့။ မုဓာ၊ အချည်းနှီးဖြင့်သာ။ တေ၊ သင်၏။ ဘရိယာ၊ မယားသည်။ ဘဝါမိ၊ ဖြစ်အံ့။

မျိုးတူလင်ကိုရှာလော့

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ဤကြောင်မသည် ငါ၏ ခပ်သိမ်းကုန်သော အဆွေအမျိုးတို့ကို စားအပ်ပြီ၊ ယခုအခါ ငါ့ကို ဖြားယောင်း၍ စားလို၏။ ထိုကြောင်မကို လွှတ် လိုက်အံ့ ဟု ကြံ၍-

၅၉။ စတုပ္ပဒီ တွံ ကလျာဏိ၊ ဒွိပဒါဟံ မနောရမေ၊
မိဂီ ပက္ခီ အသညုတ္တာ၊ အညံ ပရိယေသ သာမိကံ။

ဟူသော နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဤဂါထာ ကိုဆို၏။

֍ ဋ္ဌ ၅၉။ ကလျာဏိ၊ ကောင်းသော။ မနောရမေ၊ နှလုံးကို မွေ့လျော်စေတတ်သော။ မိဂီ၊ ကြောင်မ။ တွံ၊ သင်သည်။ စတုပ္ပဒီ၊ အခြေလေးချောင်းရှိ၏။ အဟံ၊ ငါသည်။ ဒွိပဒေါ၊ အခြေနှစ်ချောင်းရှိ၏။ တွံ၊ သင်သည်။ မိဂီ၊ ကြောင်မတည်း။ အဟံ၊ ငါသည်။ ပက္ခီ၊ ကြက်တည်း။ တေသံ၊ ထိုကြောင်, ကြက်တို့၏။ အသညုတ္တာ၊ လင်မယားဖြစ်ခြင်းငှာ မလျော်။ အညံ၊ တစ်ပါးသော၊ သာမိကံ၊ လင်ကို။ ပရိယေသ၊ ရှာလေလော့။

ကျွန်ခံပါ့မယ်

ထိုစကားကိုကြား၍ ထိုကြောင်မသည် ဤကြက်သည် အလွန်လိမ္မာ၏။ တစ်စုံတစ်ခုသော အကြောင်းဖြင့် လှည့်ပတ်၍ စားအံ့ဟု ကြံ၍-

၆၀။ ကောမာရိကာ တေ ဟေဿာမိ၊ မဉ္ဇုကာ ပိယဘာဏိနီ။
ဝိန္ဒ မံ အရိယေန ဝေဒေန၊ သာဝယ မံ ယဒိစ္ဆသိ။

ဟူသော သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၀။ ကုက္ကုဋ၊ ကြက်။ အဟံ၊ ငါသည် တေ၊ သင်၏။ ကောမာရိကာ၊ သူငယ်မစင်စစ် အပျိုကညာစင်ဖြစ်သော။ မဉ္ဇုကာ၊ သာယာသော အသံရှိသော။ ပိယဘာဏိနီ၊ ချစ်ဖွယ် သော စကားကို ဆိုတတ်သောမယားသည်။ ဟောမိ၊ ဖြစ်အံ့။ တွံ၊ သင်သည်။ အရိယေန၊ အပြစ်ကင်းသော။ ဝေဒေန၊ ရခြင်းဖြင့်။ မံ၊ ငါ့ကို။ ဝိန္ဒ၊ ရလော့။ မံ၊ ငါ့ကို။ ယဒိစ္ဆသိ၊ ကျွန်အဖြစ်ဖြင့် ကြားခြင်းငှာ အလိုရှိသည်ဖြစ်အံ့။ သာဝယ၊ တစ်ဆယ့်နှစ်ယူဇနာရှိသာ ဗာရာဏသီပြည်၌ ကျွန်အဖြစ်ကို ကြားလော့။

ဟဲ့-ကြက်သူခိုး

ထို့နောင်မှ ဘုရားလောင်းသည် ကြောင်မကို ခြိမ်းခြောက်၍ ပြေးစိမ့်သောငှာ သင့်၏ ဟု ကြံ၍-

၆၁။ ကုဏပါဒီနိ လောဟိတပေ၊ စောရိ ကုက္ကုဋပေါထိနိ။
န တွံ အရိယေန ဝေဒေန၊ မမံ ဘတ္တာရ မိစ္ဆသိ။

ဟူသော လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၆၁။ ကုဏပါဒီနိ၊ အကောင်ပုပ် အစရှိသည်တို့ကို စားလေ့ရှိသော။ လောဟိတပေ၊ သွေးကို သောက်တတ်သော။ ကုက္ကူပေါထိနိ၊ ကြက်တို့ကို သတ်တတ်သော။ စောရိ၊ ခိုးသူမ။ တွံ၊ သင်သည်။ အရိယေန၊ အပြစ်ကင်းသော။ ဝေဒေန၊ ရခြင်းဖြင့်။ မံ၊ ငါ့ကို။ ဘတ္တာရံ၊ မိမိလင်ကို။ ကာတုံ၊ ပြုအံ့သောငှာ။ န ဣစ္ဆသိ၊ အလိုမရှိလင့်။

နှုတ်ချိုသူကို သတိထား

ထိုကြောင်မသည် ပြေး၍လျှင် သွား၏။ တဖန် ပြန်၍ ကြည့်အံ့သောငှာ မဝံ့။ ဤအတိတ်ကို ဆောင်တော်မူ၍ သဗ္ဗညူ မြတ်စွာဘုရားသည်-

၆၂။ ဧဝမ္ပိ စတုရာ နာရီ၊ ဒိသွာန သဓနံ နရံ။
နေန္တိ သဏှာဟိ ဝါစာဟိ၊ ဗိဠာရီ ဝိယ ကုက္ကုဋံ၊
၆၃။ ယော စ ဥပ္ပတိတံ အတ္ထံ၊ န ခိပ္ပမနုဗုဇ္စျတိ။
အမိတ္တဝသမနွေတိ၊ ပစ္ဆာ စ အနုတပ္ပတိ။
၆၄။ ယော စ ဥပ္ပတိတံ အတ္ထံ၊ ခိပ္ပမေဝ နိဗောဓတိ။
မုစ္စတေ သတ္တုသမ္မာဓာ၊ ကုက္ကုဋောဝ ဗိဠာရိယာ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၆၂။ ကုက္ကုဋံ၊ ကြက်ကို။ နေန္တီ၊ ဆောင်သော။ ဗိဠာရီ ဝိယ၊ ကြောင်မကဲ့သို့။ ဧဝံပိ၊ ဤအတူလည်းကောင်း။ စာတုရာ၊ တင့်တယ်ခြင်းနှင့် ပြည့်စုံကုန်သော။ နာရီ၊ မိန်းမတို့သည်။ သဓနံ၊ ဥစ္စာကုံလုံသော။ နရံ၊ ယောကျ်ားကို။ ဒိသာန၊ မြင်၍။ သဏှာဟိ၊ သိမ်မွေ့နူးညံ့ကုန်သော။ ဝါစာဟိ၊ စကားတို့ဖြင့်။ နေန္တိ၊ ဆောင်ကုန်၏။

֍ ဋ္ဌ ၆၃။ ယော စ၊ အကြင်သူသည်လည်း။ ဥပ္ပတိတံ၊ ဖြစ်လာသော။ အတ္ထံ၊ အကျိုးကို။ ခိပ္ပံ၊ လျင်စွာ။ န အနုဗုဇ္စျတိ၊ မသိ။ သော၊ ထိုသူသည်။ အမိတ္တဝသံ၊ ရန်သူ့နိုင်ငံသို့။ အနွေတိ၊ လိုက်ရ၏။ ပစ္ဆာ စ၊ နောင်မှလည်း။ အနုတပ္ပတိ၊ ပူပန်ရ၏။

֍ ဋ္ဌ ၆၄။ ယော စ၊ အကြင်သူသည်လည်း။ ဥပ္ပတိတံ၊ ဖြစ်လာသော။ အတ္ထံ၊ အကျိုးကို။ ခိပ္ပမေဝ၊ လျင်စွာလျှင်။ နိဗောဓတိ၊ သိ၏။ ဗိဠာရိယာ၊ ကြောင် မမှ။ မုတ္တော၊ လွတ်သော။ ကုက္ကုဋောဝ၊ ကြက်မင်းကဲ့သို့။ သတ္တုသမ္ဗာဓာ၊ ရန်တို့သည် ဖြစ်စေအပ်သော ကျဉ်းမြောင်းခြင်းမှ။ မုစ္စတေ၊ လွတ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောပတ္တိဖိုလ်၌တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား- ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကြက်မင်းဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

နှုတ်ချိုသူအား၊ သတိထား၊ စဉ်းစားပြုသင့်ပါ

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကုက္ကုဋဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - အဝါရိယဝဂ်

၉။ ဓမ္မဓဇဇာတ်

သူတော်ယောင် ကျီးမိုက်အကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဓမ္မံ စရထ ဉာတယော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဓမ္မဓဇဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်အံ့ဖွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းကိုအကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအခါ သဗ္ဗညူ မြတ်ဘုရားသည် ရဟန်းတို့... ဤရဟန်းသည် ယခုအခါ၌သာလျှင်အံ့ဖွယ် သရဲကို ဖြစ်စေသည် မဟုတ်သေး၊ ရှေး၌လည်းအံ့ဖွယ်သရဲကို ဖြစ်စေသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ငှက်အမျိုး၌ ဖြစ်၍ အရွယ်ရောက်သည်ရှိသော် ငှက်အပေါင်းခြံရံလျက် သမုဒ္ဒရာ၏ အလယ် ကျွန်းငယ်၌ နေ၏။ ထိုအခါ ကာသိတိုင်း၌ နေကုန်သော ကုန်သည်တို့သည် ဒိသာကာက ကျီးကိုယူ၍ လှေဖြင့် သမုဒ္ဒရာသို့ သွားကုန်၏။

ကျီးငှက်သူတော်ယောင်ဆောင်၍

သမုဒ္ဒရာအလယ်၌ လှေပျက်သည်ရှိသော် ဒိသာကာကကျီးသည် ထိုကျွန်းငယ်၌ ရောက်၍ ဤငှက်အပေါင်းသည် များ၏။ ငါသည်အံ့ဖွယ် သရဲသော အမှုကိုပြု၍ ထိုငှက်တို့၏ အဥတို့ကိုလည်းကောင်း, သားငှက်တို့ကိုလည်းကောင်း စားခြင်းငှာသင့်၏ဟု ကြံ၏။ ကြံပြီး၍ ထိုကျီးသည် သက်၍ ငှက်အပေါင်း၏ အလယ်၌ ခံတွင်းကိုဖွင့်၍ ခြေတစ်ဖက်ဖြင့်သာ မြေ၌ရပ်၏။ အရှင်အရှင်သည် အဘယ်အမည်ရှိသနည်းဟု ငှက်တို့သည် မေးအပ်သည်ရှိသော် “ငါသည် ဓမ္မိကမည်၏”ဟု ဆို၏။ အဘယ်ကြောင့် ခြေတစ်ဖက်ဖြင့်သာ ရပ်သနည်း ဟု မေး၏။ ငါသည် နှစ်ခုမြောက် ခြေတို့ကို ချသည်ရှိသော် မြေသည် ဆောင်အံ့သောငှာ မတတ်နိုင်ကုန်လတ္တံ့ ဟု ဆို၏။ အဘယ့်ကြောင့် ခံတွင်းကို ဖွင့်၍ ရပ်သနည်းဟု မေး၏။ ငါသည် တစ်ပါးသော အစာကို မစား၊ လေကိုသာလျှင် စား၏ ဟု ဆို၏။

ဤသို့ဆိုပြီးသော ထိုငှက်တို့ကို ခေါ်၍ သင်တို့အား အဆုံးအမကို ပေးအံ့။ ထိုအဆုံးအမကို နားထောင်ကြကုန်လော့ဟု အဆုံးအမကို ပေးသည်၏ အစွမ်းအားဖြင့်-

၆၅။ ဓမ္မံ စရထ ဉာတယော၊ ဓမ္မံ စရထ ဘဒ္ဒံ ဝေါ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိစ။

ဟူသော ရှေးဦးစွာ ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၅။ ဉာတယော၊ အဆွေအမျိုးဖြစ်ကုန်သော ငှက်တို့။ တုမှေ၊ သင်တို့သည်။ ဓမ္မံ၊ ကာယသုစရိုက် အစရှိသော တရားကို။ စရထ၊ ကျင့်ကြကုန်လော့။ ဓမ္မံ၊ ကာယသုစရိုက် အစရှိသော တရားကို။ စရထ၊ အဖန်တလဲလဲ ကျင့်ကြကုန်လော့။ ဝေါ၊ သင်တို့အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဓမ္မစာရီ၊ တရားကို ကျင့်သောသူသည်။ အသ္မိံ လောကေ စ၊ ဤလောက၌ လည်းကောင်း။ ပရမှိ လောကေ စ၊ တမလွန်ဘဝ၌လည်းကောင်း။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ အိပ်ရ၏။

ငှက်တို့ ယုံကြည်ကြပြီ

ငှက်တို့သည် ဤကျီးသည်အံ့ဖွယ်သရဲကို ပြုသဖြင့် အဥတို့ကို စားအံ့သောငှာ ဤသို့ဆို၏ဟု မသိ၍ ထိုကျီးကို ချီးမွမ်းကြကုန်သည်ဖြစ်၍-

၆၆။ ဘဒ္ဒကော ဝတ ယံ ပက္ခီ၊ ဒိဇော ပရမဓမ္မိကော။
ဧကပါဒေန တိဋ္ဌန္တော၊ ဓမ္မမေဝါနူသာသတိ။

ဟူသော နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၆။ ဒိဇော၊ နှစ်ကြိမ်ဖြစ်သော။ အယံ ပက္ခီ၊ ဤကျီးသည်။ ဘဒ္ဒကောဝ တ၊ ကောင်းစွတကား။ ပရမ ဓမ္မိကော၊ မြတ်သော အကျင့်သဘောရှိစွတကား။ ဧကပါဒေန၊ ခြေတစ်ဖက်ဖြင့်။ တိဋ္ဌန္တော၊ ရပ်လျက်။ ဓမ္မမေဝ၊ တရားကိုသာလျှင်။ အနုသာသတိ၊ ပြောဆို ဆုံးမပေ၏။

ကျီးယုတ် ငှက်ဥတို့ကိုစားခြင်း

ငှက်တို့သည် သီလမရှိသော ထိုကျီအား ယုံကြည်၍ ထိုကျီးကို အရှင်... အရှင်သည် တပါးသော အစာကို မယူသတတ်၊ လေကိုသာလျှင် စားသတတ်။ ထို့ကြောင့် ငါတို့၏ အဥကိုလည်းကောင်း၊ သားငယ်တို့ကိုလည်းကောင်း ကြည့်ရစ်လော ဟူ၍ အစာရှာ သွားကုန်၏။ ယုတ်မာသောကျီးသည် ငှက်တို့သွားသောကာလ၌ အဥတို့ကိုလည်းကောင်း, သားငယ်တို့ကိုလည်းကောင်း ဝမ်းပြည့်အောင်စား၍ ထိုငှက်တို့ လာသောကာလ၌ ငြိမ်သက်သည်ဖြစ်၍ ခံတွင်းကိုဖွင့်၍ ခြေတစ်ဖက်ဖြင့် ရပ်၏။ ငှက်တို့သည် လာကုန်၍ သားငယ်ကို မမြင်ကုန်လတ်သော် အဘယ်သူ စားသနည်းဟု ကျယ်သော အသံဖြင့် မြည်ကုန်၏။ ဤကျီးသည် တရားစောင့်၏ ဟု တွေးတောခြင်းကိုမျှလည်း မပြုကုန်။

ငှက်မင်း တွေးပြီ

ထိုအခါ တစ်နေ့သ၌ ဘုရားလောင်းသည် ဤအရပ်ဝယ် ရှေး၌ တစ်စုံတစ်ခုသော ဘေးရန်သည် မရှိ၊ ဤကျီး၏ လာသောကာလမှစ၍ ဖြစ်၏။ ထိုကျီးကို စုံစမ်းခြင်းငှာ သင့်၏ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် ငှက်တို့နှင့်အတူ အစာရှာအံ့သောငှာ သွားသကဲ့သို့ ပြု၍ ပြန်၍ ပုန်းကွယ်ရာ အရပ်၌ တည်၏။ ကျီးသည်လည်း ငှက်တို့ကို ရွံရှားခြင်း ကင်းသည်ဖြစ်၍ အဥတို့ကိုလည်းကောင်း, သားငယ်တို့ကို လည်းကောင်း စား၍ တစ်ဖန်သွား၍ ခံတွင်းဝကိုဖွင့်၍ ခြေတစ်ဖက်ဖြင့် ရပ်၏။

ကျီးယုတ်ကို ထိုးသတ်ကြ

ငှက်မင်းသည် ငှက်တို့ လာကုန်လတ်သော် ခပ်သိမ်းကုန်သော ငှက်တို့ကို စည်းဝေးစေ၍ ငါသည် သင်တို့ သားငယ်တို့၏ ရန်သူကို စုံစမ်း သည်ရှိသော် ဤယုတ်မာသော ကျီးသည် စားသည်ကို မြင်၏။ ထိုကျီးကို သတ်ကြကုန်လော့ ဟု ငှက်အပေါင်းတို့ကို ခေါ်၍ ထိုကျီးကို ခြံရံစေ၍ အကယ်၍ ပြေးအံ့၊ ထိုကျီးကို ဖမ်းကြကုန် ဟု ဆို၍-

၆၇။ နာဿ သီလံ ဝိဇာနာထ၊ အနညာယ ပသံသထ။
ဘုတွာ အဏ္ဍဉ္စ ပေါတဉ္စ၊ ဓမ္မောဓမ္မောတိ ဘာသတိ။
၆၈။ အညံ ဘဏတိ ဝါစာယ၊ အညံ ကာယေန ကုဗ္ဗတိ၊
ဝါစာယ နော စ ကာယေန၊ န တံ ဓမ္မံ အဓိဋ္ဌိတော။
၆၉။ ဝါစာယ သခိလော မနော ဝိဒုဂ္ဂေါ၊
ဆန္နော ကူပသယောဝ ကဏှသပ္ပေါ။
ဓမ္မဓဇော ဂါမနိဂမာသု သာဓု၊
ဒုဇ္ဇာနော ပုရိသေန ဗာလိသေန။
၇၀။ ဣမံ တုဏ္ဍေဟိ ပက္ခေဟိ၊ ပါဒါ စိမံ ဝိဟေဌထ။
ဆဝဉှိမံ ဝိနာသေထ၊ နာယံ သံဝါသနာရဟော။

ဟူကုန်သော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၆၇။ ဘော သကုဏာ၊ အိုငှက်တို့။ တုမှေ၊ သင်တို့သည်။ အဿ၊ ထိုကျီး၏။ သီလံ၊ သီလကို။ န ဝိဇာနာထ၊ မသိကြကုန်။ အနညာယ၊ မသိသည်ဖြစ်၍။ ပသံသထ၊ ချီးမွမ်းကြကုန်၏။ အဏ္ဍဉ္စ၊ အဥကိုလည်းကောင်း။ ပေါတဉ္စ၊ သားငယ်ကိုလည်းကောင်း။ ဘုတွာ၊ စား၍။ ဓမ္မောဓမ္မောတိ၊ တရား တရားဟူ၍။ ဘာသတိ၊ ဆို၏။

֍ ဋ္ဌ ၆၈။ ဝါစာယ၊ နှုတ်ဖြင့်။ အညံ၊ တစ်ပါးကို။ ဘဏတိ၊ ဆို၏။ ကာယေန၊ ကိုယ်ဖြင့်။ အညံ၊ တစ်ပါးကို။ ကုဗ္ဗတိ၊ ပြု၏။ ဝါစာယ၊ နှုတ်ဖြင့်။ ဓမ္မံ၊ တရားကို။ ကရောတိ၊ ကျင့်၏။ ကာယေန စ၊ ကိုယ်ဖြင့်ကား။ နော စ ကရောတိ၊ မကျင့်။ တံ ဓမ္မံ-တသ္မိံ ဓမ္မေ၊ ထိုတရား၌။ န အဓိဋ္ဌိတော၊ မတည်။

֍ ဋ္ဌ ၆၉။ ဝါစာယ၊ စကားဖြင့်။ သခိလော၊ ပြေပြစ်၏။ မနော၊ စိတ်ဖြင့်။ ဝိဒုဂ္ဂေါ၊ ဝင်နိုင်ခက်၏။ ဆန္နော၊ တွင်းသည် ဖုံးလွှမ်းအပ်သော။ ကူပသယော၊ တွင်း၌တည်သော။ ကဏှသပ္ပေါဝ၊ မြွေဟောက်ကဲ့သို့။ ဓမ္မဓဇော၊ ဓမ္မဓဇသည်။ ဂါမနိဂမာသု၊ ရွာ နိဂုံး အစရှိသည်တို့၌။ သာဓု၊ သူတော်ကောင်း ဟူ၍။ သမ္ဘာဝိတော၊ ထင်ရှားဖြစ်၏။ အယံ၊ ယုတ်မာသော ဤငှက်ကို။ ဗာလိသေန၊ မိုက်သော။ ပုရိသေန၊ ယောကျ်သည်။ ဒုဇ္ဇာနော၊ သိနိုင်ခဲ၏။

֍ ဋ္ဌ ၇၀။ ဣမံ၊ ဤကျီးကို။ တုဏ္ဍေဟိ စ၊ နှုတ်သီးတို့ဖြင့်လည်းကောင်း။ ပက္ခေဟိ စ၊ အတောင်တို့ဖြင့်လည်းကောင်း။ ပါဒါ စ၊ မိမိ ခြေတို့ဖြင့်လည်းကောင်း။ ဝိဟေဌထ၊ ညှဉ်းဆဲကြကုန်လော့။ ဣမံ ဆဝံ၊ ဤယုတ်မာသော ကျီးကို။ ဝိနာသေထ၊ ဖျက်ဆီးကြကုန်လော့ ဟိ သစ္စံ၊ မှန်၏။ အယံ၊ ဤကျီးသည်။ သံဝါသံ၊ ငါတို့နှင့် အတူတကွ နေခြင်းကို၊ န အရဟော၊ မထိုက်။

ကျီးယုတ် သေရပြီ

ဤသို့ဆို၍လည်း ငှက်မင်းသည် မိမိသည်လျှင် ခုန်၍ ထိုကျီး၏ ဦးခေါင်ကို နှုတ်သီးဖြင့် ထိုး၏။ ကြွင်းကုန်သာ ငှက်တို့သည် နှုတ်သီး ခြေ အတောင်တို့ဖြင့် ခတ်ကုန်၏။ ထိုကျီးသည် ထိုအရပ်၌လျှင် အသက်ကုန်ခြင်းသို့ ရောက်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါအံ့ဖွယ်သရဲကို ဖြစ်စေသော ရဟန်းသည် ထိုအခါ ကျီးဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ငှက်မင်းဖြစ် ဟု ဇာတ်ကို ပေါင်းတော်မူ၏။

နှုတ်ကတရား၊ လက်ကားရား၊ မှောက်မှားပျက်တတ်သည်

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ဓမ္မဓဇဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - အဝါရိယဝဂ်

၁၀။ နန္ဒိယမိဂရာဇဇာတ်

မိဘကို အသက်နှင့်လဲ၍ လုပ်ကြွေးခြင်းအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်သစေ ဗြာဟ္မဏ ဂစ္ဆသိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤနန္ဒိယမိဂရာဇဇတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အမိကိုလုပ်ကျွေးသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း... သင်သည် လူတို့ကို လုပ်ကျွေးသတတ်ဟူသည် မှန်သလောဟု မေးတော်မူလတ်၍ အရှင်ဘုရား... မှန်ပေ၏ ဟု လျှောက်သည်ရှိသော် သင်သည် အဘယ်သူတို့ကို လုပ်ကျွေးသနည်း ဟု မေးတော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား... အမိအဘတို့ကို လုပ်ကျွေးပါ၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်း... ကောင်းစွ၊ ကောင်းစွ၊ ရှေးပညာရှိတို့၏ အနွယ်ကို စောင့်ပေ၏။ ရှေးပညာရှိတို့သည် တိရစ္ဆာန်အမျိုး၌ ဖြစ်၍လည်း မိဘတို့အား အသက်ကို ပေးဖူးကုန်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကောသလတိုင်း သာကေတမြို့၌ ကောသလမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သမင်အမျိုး၌ ဖြစ်၏။ အရွယ်သို့ ရောက်လတ်သော် နန္ဒိယမိဂဟူသော အမည်ရှိသည်ဖြစ်၍ သီလ အကျင့်နှင့်ပြည့်စုံ သည်ဖြစ်၍ မိဘတို့ကိုမွေး၏။ ထိုအခါ ကောသလမင်းသည် သမင်ကို နှစ်သက်တတ်၏။ လူတို့အား လယ်လုပ်ခြင်းအမှု အစရှိသည်တို့ကို ပြုစိမ့်သောငှာ မပေးမူ၍ များစွာသော အခြံအရံရှိသည်ဖြစ်၍ နေ့တိုင်း သမင်သတ်အံ့သောငှာ သွား၏။

သမင်တို့ကို ခြံသွင်းခြင်း

လူတို့သည် စည်းဝေးကုန်၍ အရှင်တို့ ဤမင်းသည်တို့အား အမှုပြတ်ခြင်းကိုပြု၏။ အိမ်၌ အမှုသည် ပျက်စီး၏။ ငါတို့သည် ဖောက်ကြံ့တော ဥယျာဉ်ကိုခြံရံ၍ တံခါးကိုယှဉ်၍ ရေကန်တူး၍ မြက်တို့ကို ရောက်စေ၍ လှံတံ ဆောက် ပုတ် အစရှိသည်ကို လက်စွဲကုန်လျက် တောသို့ဝင်၍ ချုံတို့ကိုခတ်ကုန်၍ သမင်တို့ကိုထုတ်ကုန်၍ နွားတို့ကို ခြံသို့သွင်းကုန်သကဲ့သို့ ဥယျာဉ်သို့သွင်း၍ တံခါးကိုပိတ်၍ မင်း အားကြား၍ မိမိတို့အမှုကို အကယ်၍ ပြုရကုန်ငြားအံ့၊ ကောင်း၏ ဟု တိုင်ပင်ကုန်၏။ ထိုအခါ ထိုအကြောင်းကို သိ၍ ခပ်သိမ်းကုန်သော လူတို့သည် အလိုတူကြကုန်၍ ဥယျာဉ်ကို စီရင်၍ တောသို့ဝင်၍ တစ်ယူဇနာ အတိုင်း အရှည်ရှိသော အရပ်ကို ခြံရံကုန်၏။ ထိုခဏ၌ နန္ဒိယသမင်သည် တစ်ခုသောချုံ၌ မိဘတို့ကိုယူ၍ မြေ၌ဝပ်၏။ လူတို့သည် အထူးထူးသော ကာ, လက်နက် စွဲကိုင်ကုန်လျက် များစွာ နှိပ်စက်ကုန်၍ ချုံတို့ကိုရိုက်ကုန်၏။ ထိုအခါ အချို့ကုန်သော သူတို့သည် သမင်ကိုလျှင် ကြည့် ကုန်လျက် ထိုချုံသို့ ဝင်ကုန်၏။ နန္ဒိယသမင်မင်းသည် လူကိုမြင်၍ ယနေ့ ငါသည် အသက်ကိုစွန့်၍ မိဘတို့အား အသက်ကို ပေးအံ့သောငှာ သင့်၏ ဟု ကြံ၍ ထ၍ အမိအဘတို့ကို ရှိခိုးလျက် မိခင်ဖခင်တို့ လူတို့သည် ဤချုံသို့ဝင်၍ သုံးခုကုန်သော ငါတို့ကို သတ်ကုန်လတ္တံ့၊ သင်တို့သည် တစ်ခုသော အကြောင်းဖြင့် အသက်ရှည်ခြင်းသည် မြတ်၏။ ငါသည် သင်တို့အား အသက်အလှူကို လှူ၍ လူတို့သည် ချုံစွန်း၌ ရပ်၍ ဤချုံတို့၌ ခတ်ကုန်သည်ရှိသော်လျှင် ထွက်အံ့၊ ထိုအခါ လူတို့သည် ဤချုံငယ်၌ သမင်တစ်ခုသည်သာလျှင် ဖြစ်လတ္တံ့ဟု အောက်မေ့ကုန်၍ ချုံသို့ မဝင်ကုန်လတ္တံ့၊ သင်တို့သည် မမေ့မလျော့ ဖြစ်ကြကုန်လော့ ဟုမိဘတို့ကို ကန်တော့၍ သွားအံ့သောငှာ အစီအရင်ရှိလျက် ရပ်၏။ ထိုနန္ဒိယသမင်သည် လူတို့သည် ချုံစွန်း၌ရပ်၍ ပဲ့တင်ထပ်စေ၍ ချုံကိုခတ်ခါမျှ၌လျှင် ချုံမှထွက်၏။ လူတို့သည် ဤချုံ၌ သခင်တစ်ခုတည်း ဖြစ်လတ္တံ့ဟု ချုံသို့ မဝင်ကုန်။ ထိုအခါ နန္ဒိယသမင်သည် သွား၍ သမင်တို့၏ အတွင်းသို့ဝင်၏။ လူတို့သည် ခြံရံ၍ ခပ်သိမ်း သော သမင်တို့ကို ဥယျာဉ်သို့သွင်း၍ တံခါးကိုပိတ်၍ မင်းအားကြား၍ မိမိနေရာတို့ကို သွားကုန်၏။

မိဘတို့ သားကို တွေ့လိုကြောင်း

ထိုအခါမှစ၍ မင်းသည် ကိုယ်တိုင်မှူလည်းသွား၍ တစ်ခုသော သမင်ကိုပစ်၍ ယူ၍ သွား၏။ စေ၍မူလည်း ယူစေ၏။ သမင်တို့သည် အလှည့်ကို ထားကုန်၏။ အလှည့်ရောက်သော သမင်သည် သင့်အပ် လျောက်ပတ်သော အရပ်၌ နေ၏။ ထိုသမင်ကို ပစ်၍ယူ၏။ နန္ဒိယ သမင်သည် ရေကန်၌ ရေကိုသောက်၏။ မြက်တို့ကို စား၏။ ထိုနန္ဒိယ သမင်သည် အလှည့်မရောက်သေး၊ ထိုအခါ များစွာကုန်သော နေ့တို့သည် လွန်သဖြင့် ထိုနန္ဒိယ သမင်မင်း၏ မိဘတို့သည် ထိုနန္ဒိယသမင်မင်းကို မြင်လိုကုန်သည်ဖြစ်၍ ငါတို့၏ သားဖြစ်သော ဆင်ပြောင်နှင့်တူသော အားရှိသောအစွမ်းနှင့် ပြည့်စုံသော နန္ဒိယသမင်သည် အကယ်၍ အသက်ရှင်သည်ဖြစ်အံ့၊ စောင်ရန်းကိုခုန်၍ ငါတို့အား ဖူးမြင်အံ့သောငှာ မချွတ်လာလတ္တံ့၊ ထိုနန္ဒိယ သမင်အား သတင်း စကားကို စေကုန်အံ့ ဟု ကြံ၍ ခရီး၏အနီး၌ ရပ်၍ ပုဏ္ဏားတစ်ယောက်ကိုမြင်၍ အရှင်အဘယ်သို့သွားအံ့နည်းဟု လူတို့၏စကားဖြင့် မေး၍ သာကေတမြို့သို့ သွားအံ့ ဟု ဆိုသည်ရှိသော် သားအား သတင်းစကားကို မှာလိုသည်ဖြစ်၍-

၇၁။ သစေ ဗြာဟ္မဏ ဂစ္ဆေသိ၊ သာကေတေ အဇ္ဇုနံ ဝနံ။
ဝဇ္ဇာသိ နန္ဒိယံ နာမ၊ ပုတ္တံ အသ္မာကမောရသံ။
မာတာ ပိတာ စ တေ ဝုဒ္ဓါ၊ တေ တံ ဣစ္ဆန္တိ ပဿိတုံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၁။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ သာကေတံ၊ သာကေတမြို့သို့။ သစေ ဂစ္ဆေသိ၊ အကယ်၍ သွားသည် ဖြစ်အံ့။ သာကေတေ၊ သာကေတမြို့ ၌။ အဇ္ဇုနံ ဝနံ၊ ဖောက်ကြံ့တော ဥယျာဉ်သည်။ အတ္ထိ၊ ရှိ၏။ တတ္ထ၊ ထိုဥယျာဉ်၌။ အသ္မာကံ၊ ငါတို့၏။ ဩရသံ၊ ရင်၌ဖြစ်သော။ နန္ဒိယံ နာမ၊ နန္ဒိယမည်သော။ ပုတ္တံ၊ သားကို။ တေ၊ သင်၏။ မာတာပိတာ စ၊ မိဘတို့သည်လည်း။ ဝုဒ္ဓါ၊ ကြီးကုန်ပြီ။ တေ၊ ထိုမိဘတို့သည်။ တံ၊ သင့်ကို။ ပဿိတုံ၊ မြင်ခြင်းငှာ။ ဣစ္ဆန္တိ၊ အလို ရှိကုန်၏။ ဣတိ၊ ဤသို့။ ဝဇ္ဇာသိ၊ ဆိုပါလေ။

အားလုံးချမ်းသာမှ လာမည်

ထိုပုဏ္ဏားသည် ကောင်းပြီဟု ဝန်ခံ၍ သာကေတမြို့သို့ရောက်၍ နက်ဖြန်နေ့၌ ဥယျာဉ်သို့ဝင်၍ နန္ဒိယမည်သော သမင်သည် အဘယ်သမင်နည်းဟု မေး၏။ နန္ဒိယသမင်သည် ထိုပုဏ္ဏား၏ အနီး၌ရပ်၍ ငါတည်း ဟု ဆို၏။ ပုဏ္ဏားသည် ထိုအကြောင်းကို ကြား၏။ နန္ဒိယသမင်သည် ထိုစကားကိုကြား၍ ပုဏ္ဏား ငါသည် စောင်ရမ်းကို ခုန်၍ မသွားနိုင်သည် မဟုတ်၊ သွားနိုင်သည်သာလျှင်တည်း၊ ငါသည်ကား မင်း၏ ဥစ္စာဖြစ်သော ရိက္ခာ အစာရေစာကို စား၏။ ထိုအခါ ငါ့အား မြီအရာ၌ တည်၏။ ဤသမင်အပေါင်းတို့၏ အလယ်၌ ကြာမြင့်စွာ နေသည်ဖြစ်၏။ မင်း၏လည်းကောင်း။ ထိုသမင်တို့၏ လည်းကောင်း၊ ချမ်းသာသောအဖြစ်ကို မပြုမူ၍ မိမိအစွမ်းကိုပြ၍ သွားခြင်းမည်သည် ငါ့အားမသင့်၊ မိမိလည်း အလှည့်ရောက်သည်ရှိသော် ငါသည် ထိုသမင်တို့အား ချမ်းသာသော အဖြစ်ကိုပြု၍ ချမ်းသာစွာ လာရအံ့ဟု ဆို၏။ ထိုအကြောင်းကို ပြလိုသည်ဖြစ်ရကား-

၇၂။ ဘုတ္တ မယာ နိဝါပါနိ၊ ရာဇိနော ပါနဘောဇနံ။
တံ ရာဇပိဏ္ဍံ အဝဘောတ္တုံ၊ နာဟံ ဗြာဟ္မဏ မုဿဟေ။
၇၃။ ဩဒဟိဿာမဟံ ပဿံ၊ ခုရပ္ပါနိူ ရာဇိနော။
တဒါဟံ သုခိတော မုတ္တာ၊ အပိ ပဿေယျ မာတရံ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။

֍ ဋ္ဌ ၇၂။ ဗြာဟ္မဏ၊ ပုဏ္ဏား။ မယာ၊ ငါသည်။ ရာဇိနော၊ မင်း၏။ နိဝါပါနိ၊ ရိက္ခာတို့ကို။ ဘုတ္တာ၊ စားအပ်ကုန်၏။ ပါနဘောဇနံ၊ ရေမြက်အစာကို။ ဘုတ္တံ၊ စားအပ်၏။ ရာဇပိဏ္ဍံ၊ မင်းသည် စုအပ်သော။ တံ၊ ထိုအစာကို။ အဝဘောတ္တုံ၊ မကောင်းသဖြင့် စားခြင်းကို ပြုခြင်းငှာ။ န ဥဿဟေ၊ မဝံ့။

֍ ဋ္ဌ ၇၃။ ဗြာဟ္မဏ၊ ပုဏ္ဏား။ အဿ ရာဇိနော၊ ထိုမင်း၏။ ခုရပ္ပါနိ၊ စဉ်းသွားတို့ကို။ အဟံ၊ ငါသည်။ ပဿံ-ပဿေန၊ လက် ယာနံပါးဖြင့်။ ဩဒဟိဿာမိ၊ ခံအံ့။ တဒါ၊ ထိုအခါ၌။ အဟံ၊ ငါသည်။ သုခိတော၊ ချမ်းသာသည်ဖြစ်၍။ မုတ္တော၊ သေ ဘေးမှ လွတ်သည်ဖြစ်၍။ မာတရံ၊ အမိကို။ အပိ ပဿေယျံ၊ ဖူးမြင်ရအံ့လည်း မသိ။

သမင်မင်းကို မြားမထိ

ထိုစကားကိုကြား၍ ပုဏ္ဏားသည် သွား၏။ နောက်အဖို့၌ ထိုနန္ဒိယသမင်မင်း၏ အလှည့်ရောက်သောနေ့၌ မင်းသည် များစွာသော အခြံအရံဖြင့် ဥယျာဉ်သို့ လာ၏။ ဘုရားလောင်းသည် တင့်အပ်သော နေရာ၌နေ၏။ မင်းသည် သမင်ကို ပစ်အံ့ဟု စဉ်းကိုဖွဲ့၏။ ဘုရားလောင်းသည် တစ်ပါးကုန်သော သမင်တို့သည် သေဘေးဖြင့်ကြောက်၍ ပြေးကုန်သကဲ့သို့ မပြေးမူ၍ ကြောက်ခြင်း မရှိသည်ဖြစ်၍ မေတ္တာကို ရှေ့ထားသည်ကိုပြု၍ လက်ယာနံပါးဖြင့်ခံ၍ မတုန်မလှုပ်လျှက်လျှင် နေ၏။ မင်းသည် ထိုသမင်မင်း၏ မေတ္တာ အာနုဘော်ကြောင့် မြားကိုလွှတ်အံ့သောငှာ မတတ်နိုင်။ ဘုရားလောင်းသည် မြတ်သော မင်းကြီး မြားကို အဘယ်ကြောင့် မလွှတ်သနည်း၊ လွှတ်လော့ ဟု ဆို၏။ သမင်မင်း၊ ငါသည် မြားကို လွှတ်အံ့သောငှာ မတတ်နိုင် ဟု ဆို၏။ မြတ်သောမင်းကြီး ထိုသို့တပြီးကား ဂုဏ်ရှိကုန်သော သူတို့၏ ကျေးဇူးကို သိလော့ ဟု ဆို၏။

ဘေးမဲ့ ပေးရပြီ

ထိုအခါ မင်းသည် ဘုရားလောင်း၌ ကြည်ညို၍ လေးကိုစွန့်၍ စိတ်မရှိသော ဤမြားသည်လျက် ရှေးဦးစွာ သင်၏ ကျေးဇူးကို သိ၏။ ငါသည် စိတ်ရှိသောလူ ဖြစ်လျက်လည်း သင်၏ ကျေးဇူးကိုမသိ၊ သမင် ငါ့အား သည်းခံပါလော့၊ သင့်အား ဘေးမဲ့ကို ပေး၏ဟု ဆို၏။ မြတ်သော မင်းကြီး... ငါ့အား ရှေးဦးစွာ ဘေးမဲ့ပေး၏။ ဥယျာဉ်၌ သမင်အပေါင်းတို့ကိုကား အသို့ပြုလတ္တံ့နည်း ဟု ဆို၏။ ထိုသမင်အပေါင်းတို့အားလည်း ဘေးမဲ့ကို ပေး၏ဟု ဆို၏။

တရားဟောခြင်း

ဤသို့ ဘုရားလောင်းသည် နိဂြောဓဇာတ်၌ ဆိုအပ်ပြီးသောနည်းဖြင့် ခပ်သိမ်းကုန်သော တော၌နေကုန်သော သားအပေါင်းကိုအားလည်းကောင်း၊ ကောင်းကင်၌ သွားကုန်သော ငှက်အပေါင်းတို့အားလည်းကောင်း, ရေ၌ နေကုန်သော ငါးအပေါင်းတို့အားလည်းကောင်း ဘေးမဲ့ကိုပေးစေ၍ မင်းကို ပဉ္စသီတို့၌ တည်စေ၍ မြတ်သောမင်းကြီး- မင်းမည်သည် အဂတိလိုက်ခြင်းကိုပယ်၍ ဆယ်ပါးသော မင်းကျင့်တရားနှင့်ညီစွာ မင်းပြုခြင်းငှာ သင့်၏ ဟု ဆိုလို၍... -

ဒါန သီလံ ပရိစ္စာဂံ၊ အဇ္ဇဝံ မဒ္ဒဝံ တပံ။
အက်က်ကောဓံ အဝိဟိံသဉ္စ၊ ခန္တိံ စ အဝိရောဓနံ။
ဣစ္ဆေတေ ကုသလေဓမ္မေ၊ ဌိတေ ပဿာမိ အတ္တနိ။
တတော မေ ဇာယတေ ပီတိ၊ သောမနသဉ္စနပ္ပကံ။

မိဘတို့ထံ ဖူးမြင်လာ

ဤသို့ ဟောအပ်ကုန်သော မင်းကျင့်တရား ဆယ်ပါးတို့ကို သမင်မင်းသည် ဂါထာဖွဲ့သဖြင့်သာလျှင် ပြ၍ နှစ်ရက်သုံးရက် မင်း၏ အထံ၌ နေ၍ မြို့၌ ခပ်သိမ်းကုန်သော သတ္တဝါတို့အား ဘေးမဲ့ပေးခြင်းကို ပြုအံ့သောငှာ ရွှေစည်ကိုလှည့်စေ၍ မြတ်သောမင်းကြီး... မမေ့မလျော့သည် ဖြစ်လော့ ဟုဆို၍ မိဘတို့အား ဖူးမြင်အံ့သောငှာ သွား၏။

ဤအတိတ်ကို ဆောင်တော်မူ၍ သဗ္ဗညူ မြတ်စွာဘုရားသည်-

၇၄။ မိဂရာဇာ ပုရေ အာသိံ၊ ကောသလသ နိကေတနေ၊
နန္ဒိယောနာမ နာမေန၊ အဘိရူပေါ စတုပ္ပဒေါ။
၇၅။ တံ မံ ဝဓိတုမာဂစ္ဆိ၊ ဒါယသ္မိံ အဇ္ဇုနေ ဝနေ။
ဓနုံ အာရဇ္ဇံ ကတွာန၊ ဥသုံ သန္နယှ ကောသလော။
၇၆။ တဿာဟံ ဩဒဟိံ ပဿံ၊ ခုရပ္ပါနိူ ရာဇိနော၊
တဒါဟံ သုခိတော မုတ္တော၊ မာတရံ ဒဋ္ဌုမာဂတော။

ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၇၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ပုရေ၊ ရှေး၌။ ကောသလဿ၊ ကောသလမင်း၏။ နိကေတနေ၊ နေပြည်၌။ အဘိရူပေါ၊ အလွန်အဆင်းလှသော။ စတုပ္ပဒေါ၊ အခြေလေးချောင်းရှိသော။ နာမေန၊ အမည်အားဖြင့်။ နန္ဒိယော နာမ၊ နန္ဒိယအမည်ရှိသော။ မိဂရာဇာ၊ သမင်မင်းသည်။ အာသိံ၊ ဖြစ်ဖူးပြီ။

֍ ဋ္ဌ ၇၅။ ဘိက္ခဝေ၊ ရဟန်းတို့။ ကောသလော၊ ကောသလမင်းသည်။ အဇ္ဇုနေ ဝနေ၊ ဖောက်ကြံ့ ပင်များသည်ဖြစ်၍ အဇ္ဇုနဝန် အမည်ရှိသော။ ဒါယသ္မိံ၊ ဥယျာဉ်၌။ တံ မံ၊ ထိုငါ့ကို။ ဝဓိတုံ၊ သတ်အံ့သောငှာ။ ဓနုံ၊ လေးကို။ အာရဇ္ဇံ၊ ညှို့နှင့်တကွ ဖွဲ့သည်ကို။ ကတွာန၊ ပြု၍။ ဥသုံ၊ မြားကို။ သန္နယှ၊ ဖွဲ့၍။ အာဂစ္ဆိ၊ လာ၏။

֍ ဋ္ဌ ၇၆။ အဟံ၊ ငါသည်။ တဿ၊ ထိုကောသလမင်းအား။ ပဿံ၊ လက်ယာနံပါးကို။ ဩဒဟိံ၊ ခံ၏။ အဿ ရာဇိနော၊ ထိုကောသလမင်း၏။ ခုရပ္ပါနိ၊ စဉ်းသွားတို့ကို။ ဩဒဟိံ၊ ခံ၏။ တဒါ၊ ထိုအခါ၌။ အဟံ၊ ငါသည်။ သုခိတော၊ ချမ်းသာသည်ဖြစ်၍။ မုတ္တော၊ သေဘေးမှ လွတ်သည်ဖြစ်၍။ မာတရံ၊ အမိကို။ ဒဋ္ဌုံ၊ ဖူးမြင်အံ့သောငှာ။ အာဂတော၊ လာ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ အမိကို လုပ် ကျွေးသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ပေါင်းတော်မူသနည်းဟူမူကား- ယခုအခါ မြတ်သော မင်းမျိုးတို့သည် ထိုအခါ မိဘတို့သည် ဖြစ်ကုန်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ပုဏ္ဏားဖြစ်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ နန္ဒိယ သမင်မင်း ဖြစ်ပြီ ဟု ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

တိရစ္ဆာန်လျက်၊ မိဘတွက်၊ အသက်စွန့်ဖူးရှာ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော နန္ဒိယမိဂရာဇဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၁။ ခရပုတ္တဇာတ်

မိန်းမအလိုသို့ မလိုက်သင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သစ္စံ ကိရေဝ မာဟံသု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤခရပုတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းကို သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း သင်သည် ငြီးငွေ့သတတ်ဟူသည် မှန်သလော ဟု မေးတော်မူလတ်၍ အရှင်ဘုရား... မှန်ပေ၏ ဟု နားတော်လျှောက်သည်ရှိသော် အဘယ်သူသည် ငြီးငွေ့စေအပ်သနည်း။ " ဟု မေးတော်မူလတ်၍ "ဘုန်းတော်ကြီးသော အရှင်ဘုရား... မယားဟောင်းသည် ငြီးငွေ့စေအပ်၏ ဟု နားတော် လျှောက်လတ်သော် ရဟန်း ဤမိန်းမသည် သင်၏အကျိုးမဲ့ကို ပြုတတ်၏။ ရှေး၌လည်း သင်သည် ဤမိန်းမကိုမှီ၍ မီးသို့ဝင်၍ သေအံ့သည်ရှိသော် ပညာရှိတို့ကိုမှီ၍ အသက်ကိုရဖူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ သေနကမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိကြားဖြစ်၏။ ထိုအခါ သေနကမင်းသည် တစ်ယောက်သော နဂါးမင်းနှင့်တကွ အဆွေခင်ပွန်း ဖွဲ့၏။ ထိုနဂါးမင်းသည် နဂါးပြည်မှထွက်၍ ကြည်း၌ အစာရှာလျက် သွား၏။

နဂါးမင်းကိုကယ်ခြင်း

ထိုအခါ ထိုနဂါးမင်းကို ရွာသူသားငယ်တို့သည် မြင်ကုန်၍ ဤသည်ကား မြွေတည်း ဟု ခဲ စသည်တို့ဖြင့် ပစ်ခတ်ကုန်၏။ ထိုအခါ မင်းသည် ဥယျာဉ်ကစားအံ့သောငှာ သွားသည်ရှိသော် ဤသူငယ်တို့သည် အဘယ်ကိုပြုကြကုန်သနည်း ဟု မေး၍ တစ်ခုသော မြွေကို ပစ်ခတ်ကြကုန်၏ ဟု ကြား၍ ပစ်ခတ်ခြင်းကို မပေးကြကုန်လင့်၊ ထိုလူငယ်တို့ကို ပြေးစေကုန်ဟု ထိုသူငယ်တို့ကို ပြေးစေ၏။

ကျေးဇူးဆပ်ပြီ

နဂါးမင်းသည် အသက်ကိုရ၍ နဂါးပြည်သို့သွား၍ များစွာကုန်သော ရတနာတို့ကိုယူ၍ သန်းခေါင်ယံအခါ၌ မင်း၏ တိုက်ခန်းသို့ဝင်၍ ထိုရတနာတို့ကိုပြ၍ မြတ်သောမင်းကြီး အကျွန်ုပ်သည် အရှင်မင်းကြီးတို့ကိုမှီ၍ အသက်ကို ရပေ၏ ဟု မင်းနှင့်တကွ အဆွေခင်ပွန်းဖွဲ့၍ အဖန်တလဲလဲ၍ မင်းကိုဖူးမြင်၏။ ထိုနဂါးမင်းသည် မိမိ၏နဂါးလုလင်မငယ်တို့တွင် ကာမဂုဏ်တို့၌ ရောင့်ရဲခြင်းမရှိသော နဂါးလုလင်မငယ် တစ်ယောက်ကို စောင့်ရှောက်စိမ့်သောငှာ သေနကမင်း၏ အထံ၌ထား၍ အကြင်အခါ၌ ထိုနဂါးမကို မမြင်၊ ထိုအခါ ဤမန္တရားကို ရွတ်လော့ ဟု ဆို၍ တစ်ခုသော မန္တရားကိုပေး၏။

နဂါးမ ဖောက်ပြားခြင်း

သေနကမင်းသည် တစ်နေ့သ၌ ဥယျာဉ်သို့သွား၍ နဂါးလုလင်မငယ်နှင့်တကွ ရေကန်၌ ရေကစား၏။ နဂါးမငယ်သည် တစ်ခုသော ရေမြွေကိုမြင်၍ အတ္တဘောကိုစွန့်၍ ထိုရေမြွေနှင့်တကွ မေထုန်မှီဝဲ၏။ မင်းသည် နဂါးမငယ်ကို မမြင်၍ အဘယ်သို့သွားသနည်းဟု မန္တရားကို မန်းလတ်သော် မေထုန်အကျင့်ကို ကျင့်သည်ကို မြင်၍ ဝါးခြမ်းစိတ်ဖြင့်ရိုက်၏။

နဂါးမ ကုန်းတိုက်ပြီ

နဂါးလုလင်မငယ်သည် အမျက်ထွက်၍ ထိုဥယျာဉ်မှ နဂါးပြည်သို့သွား၍ အဘယ့်ကြောင့် လာသနည်း ဟု မေးလတ်သော် "သင်မင်းကြီးတို့၏ အဆွေ ခင်ပွန်းဖြစ်သော မင်းသည် “မိမိ၏ စကားကို မယူ” ဟု ငါ့ကို ကျောက်ကုန်း၌ ရိုက်၏ ဟု ရိုက်ရာကိုပြ၏။

နဂါးမင်းစိတ်ဆိုး

နဂါးမင်းသည် အဟုတ် အမှန်ဖြင့် မသိ၍လျှင် လေးယောက်ကုန်သော နဂါးလုလင်တို့ကိုခေါ်၍ သွားကြကုန်လော့၊ သေနကမင်း၏ အိပ်ရာတိုက်ခန်းသို့ဝင်၍ နှာခေါင်းလေဖြင့် ဖွဲကိုကဲ့သို့ ဖျက်ဆီးကြချေကုန်လော့ ဟုဆို၏။ ထိုနဂါးလုလင်တို့သည် သွား၍ မင်း၏ ကျက်သရေရှိသော အိပ်ရာတိုက်ခန်း၌ အိပ်သောကာလ ဝင်ကုန်၏။

မန္တရား ရခြင်း

ထိုနဂါးလုလင်တို့၏ ဝင်သောကာလ၌လျှင် မင်းသည် မိဖုရားကို ရှင်မိဖုရား. နဂါးလုလင်မငယ်၏ အရပ်ကို သိ၏လော ဟု ဆို၏။ ရှင်မင်းကြီး မသိ ဟု ဆိုသည်ရှိသော် ယနေ့ ထိုနဂါးမငယ်သည် ငါတို့၏ ရေကန်၌ ရေကစားသောကာလ၌ အတ္တဘောကိုစွန့်၍ တစ်ခုသော ရေမြွေနှင့်တကွ မေထုန်အကျင့်ကို ကျင့်၏။ ထို့ကြောင့် ငါသည် ထိုနဂါးမငယ်ကို ဤသို့မပြုလင့်ဟု မှတ်စိမ့်သောငှာ ဝါးခြမ်းစိတ်ဖြင့် ရိုက်၏။ ထိုနဂါးမငယ်သည် နဂါးပြည်သို့သွား၍ အဆွေ ခင်ပွန်းအား တစ်စုံတစ်ခုသောစကားကို ဆို၍ ချစ်ခြင်းကိုဖျက်ရာ၏။ ဤသို့ ချစ်ခြင်းပျက်လတ်သော် ငါ့အား တစ်စုံတစ်ခုသော ဘေးဖြစ်လတ္တံ့ ဟုဆို၏။

ထိုစကားကိုကြား၍ နဂါးလုလင်တို့သည် ထိုသေနကမင်း၏ တိုက်ခန်းမှပြန်၍ နဂါးပြည်သို့သွား၍ နဂါးမင်းအား ထိုအကြောင်းကို ကြားကုန်၏။ နဂါးမင်းသည် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ ထိုခဏ၌လျှင် မင်း၏ အိပ်ရာတိုက် ခန်းသို့ သွား၍ ထိုအကြောင်းကိုကြား၍ ကန် တော့၍ ဤအမှုသည် အကျွန်ုပ်၏ ဒဏ်အမှုတည်း ဟု “သဗ္ဗရုတညု ဇာနန” မည်သော မန္တရားကိုပေး၍ မြတ်သေမင်းကြီး... ဤမန္တရားသည် အဖိုးမဖြတ်နိုင်၊ ဤမန္တရားကို တစ်ပါးသောသူအား အကယ်၍ပေးအံ့၊ ပေးပြီးလျှင် မီးသို့ဆင်း၍ သေရအံ့ ဟု ဆို၏။ မင်းသည် ကောင်းပြီ ဟု ဝန်ခံ၍ ထိုသေနကမင်းသည် ထိုအခါမှစ၍ ပိုးရွတို့၏အသံကိုလည်းသိ၏။ ထိုသေနကမင်းသည် တစ်နေ့သ၌ ပြာသာဒ်အပြင်၌ နေ၍ တင်လဲတို့ဖြင့် ခဲဖွယ်မုန့်ကိုစားစဉ် တစ်ခုသော ပျားပေါက်, တစ်ခုသော တင်လဲပေါက်, တစ်ခုသော မုန့်ပိုင်းသည် မြေ၌ကျ၏။ တစ်ခုသောပိုးရွသည် ပျားတင်လဲ မုန့်ပိုင်းကို မြင်၍ မင်း၏ ပြာသာဒ်အပြင်၌ ပျားအိုးသည်လည်း ကွဲ၏။ တင်လဲလှည်း, မုန့်လှည်းသည်လည်း မှောက်၏။ တင်လဲကိုလည်းကောင်း၊ မုန့်ကိုလည်းကောင်း စားလှည့်ကြကုန်လော့ ဟု မြည်လျက်သွား၏။

တိရစ္ဆာန်တို့စားကိုသိခြင်း

ထိုအခါ မင်းသည် ထိုပိုးရွ၏ အသံကိုကြား၍ ရယ်၏။ မင်း၏အနီး၌ တည်သော မိဖုရားသည် အဘယ်ကိုမြင်၍လျှင် မင်းသည် ရယ်သနည်းဟု ကြံ၏။ မင်းကြီးသည် ခဲဖွယ်ကိုစား၍ ရေချိုး၍ ပလ္လင်၌ နေသည်ရှိသော် တစ်ခုသော ယင်ဖိုသည် ရှင်မ လာလော့၊ မွေ့လျော်ကြကုန်အံ့ ဟု ယင်မကိုဆို၏။ ထိုအခါ ယင်ဖိုကို ယင်မသည် သခင် သည်းခံဦးလော့၊ ယခုမင်းအား နံ့သာတို့ကို ပို့လာကုန်လတ္တံ့၊ မင်းသည် နံ့သာလိမ်းသည်ရှိသော် ခြေရင်း၌ နံ့သာမှုန့်သည် ကျလတ္တံ့၊ ငါသည် ထိုနံ့သာမှုန့်၌ လူးလည်း၍ နံ့သာ အနံ့ ရှိသည်ဖြစ်အံ့၊ ထို့နောင်မှ မင်၏ကျောက်၌ မွေ့လျော်အံ့ ဟု ဆို၏။ မင်းသည် ထိုအသံကိုကြား၍လည်း ရယ်၏။ မိဖုရားသည် အဘယ်ကိုမြင်၍ ရယ်သနည်းဟု ကြံ၏။ တစ်ဖန် မင်းသည် ညစာစားစဉ် ထမင်းတစ်လုံးသည် မြေ၌ ကျ၏။ ပိုးရွသည် မင်းအိမ်၌ ထမင်းလှည်း ကျိုး၏။ လာ၍ စားကြကုန်လော့ ဟု မြည်၏။ ထိုစကားကိုကြား၍ မင်းသည် တစ်ဖန်လည်း ရယ်ပြန်၏။

မိဖုရားအား ဝန်ခံမိပြီ

မိဖုရားသည် ရွှေယောက်မကိုကိုင်၍ လုပ် ကျွေးသော ငါ့ကိုမြင်၍ မင်းသည် ရယ်သလောဟု ကြံ၏။ ကြံပြီး၍ မိဖုရားသည် မင်းနှင့်တကွ အိပ်ရာသို့တက်၍ အိပ်သောကာလ၌ အရှင်မင်းကြီး... အဘယ်ကြောင့်ရယ်သနည်း ဟု မေး၏။ မင်းသည် ငါရယ်သောအကြောင်းဖြင့် သင့်အား အဘယ်ပြုအံ့နည်းဟု ဆိုသည်ရှိသော် ထိုမိဖုရားသည် အဖန်တလဲလဲ နှိပ်၍မေး၏။ မင်းသည် ပြောဆို၏။ ထိုအခါ မင်းကို မိဖုရားသည် သင်တို့သိသော မန္တရားကို ငါ့အား ပေးကုန်လော့ ဟု ဆို၏။ ပေးအံ့သောငှာ မတတ်

ကောင်း ဟု ပယ်သည်ကိုသာလျှင် အဖန် တလဲလဲ နှိပ်၍ တောင်း၏။ ငါသည် မန္တရားကို သင့်အားပေးသည်ရှိသော် သေအံ့ဟု မင်းကြီး ဆို၏။ ရှင်မင်းကြီး... သေသော်လည်း အကျွန်ုပ်အား ပေးလော့ ဟု ဆို၏။ မင်းသည် မာတုဂါမ၏ နိုင်ငံသို့လိုက်၍ ကောင်းပြီဟု ဝန်ခံ၍ မိဖုရားအား မန္တရားကိုပေး၍ မီးသို့ဝင်အံ့ဟု ရထားဖြင့် ဥယျာဉ်သို့သွား၏။

သိကြားမင်း ဆုံးမခြင်း

ထိုခဏ၌ သိကြားမင်းသည် လောကကိုကြည့်လတ်သော် ဤအကြောင်းကိုမြင်၍ ဤမင်းမိုက်သည် မာတု ဂါမကို မှီ၍ မီးသို့ဝင်အံ့ဟု သွား၏။ ထိုမင်းအား အသက် အလှူကို ပေးအံ့ ဟု သုဇာတာမည်သော အသုရာနတ်မင်းကြီး၏ သမီးကိုခေါ်၍ ဗာရာဏသီပြည်သို့သွား၍ ထိုသုဇာတာကို ဆိတ်မပြု၍ မိမိသည် ဆိတ်ဖိုပြု၍ လူများသည် မမြင်စေသတည်း ဟု အဓိဋ္ဌာန်၍ မင်း၏ရှေ့၌ တည်၏။ ထိုဆိတ်ကို မင်းသည်လည်းကောင်း၊ ရထား၌ကသော သိန္ဓောမြင်းတို့သည်လည်းကောင်း မြင်ကုန်၏။ တစ်ပါးသော တစ်စုံတစ်ယောက်သော သူသည်ကား မမြင်။ ထိုဆိတ်သည် စကားဖြစ်စိမ့်သောငှာ ရထားရှေ့မှ ဆိတ်မနှင့်တကွ မေထုန်မှီဝဲသကဲ့သို့ ဖြစ်၏။ ထိုဆိတ်ကို ရထား၌ကသော တစ်ခုသော သိန္ဓောမြင်းသည် မြင်၍... အဆွေဆိတ်မင်း... ဆိတ်တို့သည် မိုက်ကုန်သ တတ်၊ အရှက်မရှိကုန်သတတ်ဟု ငါတို့သည် ရှေး၌ ကြားဖူးကုန်၏။ ယခုမှလျှင် ကိုယ်တိုင်မြင်ရကုန်၏။ သင်သည်ကား ဆိတ်ကွယ်ရာအရပ်၌ ပြုအပ်သော မေထုန်အကျင့်ကို ဤမျှလောက်သော ငါတို့၏ မြင်ကုန်စဉ်လျှင်ပြု၏။ အရှက်မရှိဟု ငါ့တို့ရှေး၌ ကြားဖူးသောစကားသည် ဤမြင်ခြင်းနှင့် ညီသလျှင်ကတည်းဟု ဆိုလို၍ -

၇၇။ သစ္စံ ကိရေဝ မာဟံသု၊ ဝသ္တံ ဗာလောတိ ပဏ္ဍိတာ။
ပဿ ဗာလာ ရဟောကမ္မံ၊ အာဝိ ကုဗ္ဗံ န ဗုဇ္ဈတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၇။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ဝသ္တံ-အဇံ၊ ဆိတ်ကို။ ဗာလောတိ၊ မိုက်၏ဟူ၍။ အာဟံသု၊ ဆိုကုန်၏။ ဧဝံ၊ ဤသို့ဆိုခြင်းသည်။ သစ္စာ ကရ၊ မှန်ပေသတတ်။ ပဿ၊ ရှုလော့။ အာဝိ၊ မျက်မှောက်၌။ ကုဗ္ဗံ-ကုဗ္ဗန္တော၊ ပြုသော။ ဗာလော၊ ဆိတ်မိုက်သည်။ ဧတံ၊ ထိုအမှုကို။ ရဟော၊ ဆိတ်ကွယ်ရာအရပ်၌။ ကမ္မံ၊ ပြုအပ်သော အမှုဟူ၍။ န ဗုဇ္စျတိ၊ မသိ။

ထိုစကားကိုကြား၍ ဆိတ်သည်-

၇၈။ တွံ ခေါပိ သမ္မ ဗာလောသိ၊ ခရပုတ္တ ဝိဇာနဟိ။
ရဇ္ဇုယာဟိ ပရိက္ခိတ္တော၊ ဝင်္ကောဋ္ဌော ဩဟိတော မုခေါ။
၇၉။ အပရမ္ပိ သမ္မ တေ ဗာလျံ၊ ယော မုတ္တော န ပလာယသိ။
သော စ ဗာလတရော သမ္မ၊ ယံ တွံ ဝဟသိ သေနကံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၇၈။ ခရပုတ္တ၊ မြည်း၏သားဖြစ်သော။ သမ္မ သိန္ဓဝ၊ အဆွေ သိန္ဓောမြင်း။ ရဇ္ဇုယာဟိ၊ ကြိုးတို့ဖြင့်။ ပရိက္ခိတ္တော၊ ထမ်းပိုးနှင့်တကွ လည်၌ရစ်အပ်သော။ ဝင်္ကောဋ္ဌော၊ ကောက်သော နှုတ်ခမ်းရှိသော။ ဩဟိတော မုခေါ၊ အောက်သို့ချသော မျက်နှာရှိသော။ တွံ ခေါ၊ သင်သည်သာလျှင်။ မယာပိ၊ ငါ့ထက်လည်း။ ဗာလော၊ မိုက်သည်။ အသိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ဝိဇာနာဟိ၊ သိလေလော့။

֍ ဋ္ဌ ၇၉။ သမ္မ သိန္ဓဝ၊ အဆွေ သိန္ဓောမြင်း။ ယော တွံ၊ အကြင် သင်သည်။ မုတ္တော၊ ရထားမှုလွတ်သည် ရှိသော်။ န ပလာယသိ၊ မပြေး။ အယမ္ပိ၊ ဤမပြေးခြင်းသည်လည်း။ တေ၊ သင်၏။ ဗာလျံ၊ မိုက်သောအဖြစ်တည်း။ သမ္မသိန္ဓဝ၊ အဆွေ သိန္ဓောမြင်း။ တွံ၊ သင်သည်။ ယံ သေနကံ၊ အကြင် သေနကမင်းကို။ ဝဟသိ၊ ရွက်ဆောင်၏။ သောဝ၊ ထိုသေနကမင်းသည်လျှင်။ ဗာလတရော၊ သင်ထက် အလွန်မိုက်၏။

မင်းသည် မြင်း ဆိတ်တို့၏စကားကို သိ၏။ ထို့ကြောင့် ထိုစကားကို နားထောင်လျက် ရထားကို ဖြည်းဖြည်း နှင်စေ၏။ သိန္ဓောမြင်းသည်လည်း ထိုဆိတ်၏ စကားကို ကြား၍-

၈၀။ ယံ နု သမ္မ အဟံ ဗာလော၊ အဇရာဇ ဝိဇာနဟိ။
အထ ကေန သေနကော ဗာလော၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၀။ သမ္မ အဇရာဇ၊ အဆွေဆိတ်မင်း။ နု၊ ကြားရသည်ကား။ အဟံ၊ ငါသည်။ ယံ၊ အကြင်တိရစ္ဆာန် ဖြစ်ခြင်းကြောင့်။ ဗာလော၊ မိုက်၏ဟူ၍။ တွံ၊ သင်သည်။ ဝိဇာနဟိ၊ သိခြင်းငှာ တတ်ကောင်းပေ၏။ ကေန၊ အဘယ့်ကြောင့်။ အယံ သေနကော၊ ဤသေနကမင်းသည်။ ဗာလော၊ မိုက်သနည်း။ တံ၊ ထိုအကြောင်းကို။ ပုစ္ဆိတော၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။

ထိုစကားကိုကြား၍ ဆိတ်မင်းသည် ကြားလိုရကား-

၈၁။ ဥတ္တမတ္ထံ လဘိတွာန၊ ဘရိယာယ န ပဒဿတိ။
တေန ဇဟိဿတတ္တာနံ၊ သာ စေဝဿ န ဟေဿတိ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၁။ ယော၊ အကြင် သေနကမင်းသည်။ ဥတ္တမတ္ထံ၊ မြတ်သော အကျိုးရှိသော သဗ္ဗရုတညုဇာနနမန္တန်ကို။ လဘိတွာန၊ ရ၍။ ဘရိယာယ၊ မယားအား။ ပဒဿတိ၊ ပေးလတ္တံ့။ တေန၊ ထိုပေးခြင်းကြောင့်။ အတ္တာနံ၊ ကိုယ်ကို။ ဇဟိဿတိ၊ စွန့်ရလတ္တံ့။ သာစေဝ၊ ထိုမိဖုရားသည်လည်း။ တဿ၊ ထိုသေနကမင်း၏။ ဘရိယာ၊ မယားသည်။ န ဟေဿတိ၊ မဖြစ်ရလတ္တံ့။

မိမိကိုယ်သာ ချစ်အပ်စွာ

ထို့နောင်မှ မင်းသည် ဆိတ်၏စကားကို ကြား၍ ဆိတ်မင်း... ငါတို့၏ ချမ်းသာကို ပြုသည်ရှိသော် သင်သည်လျှင် ပြုလတ္တံ့၊ ရှေးဦးစွာ ငါတို့အား ပြုအပ်သည်နှင့်ယှဉ်သော အမှုကို ဆိုပါလော့ ဟု ဆို၏။ ထိုအခါ သေနကမင်းကို ဆိတ်မင်းသည် မြတ်သောမင်းကြီး... ဤသတ္တဝါတို့အား ကိုယ်ထက် တစ်ပါးသော ချစ်သောသူမည်သည် မရှိ၊ တစ်ခုသော ချစ်အပ်သော ဘဏ္ဍာကိုမှီ၍ ကိုယ်ကို ဖျက်ဆီးအံ့သောငှာ ရအပ်သော စည်းစိမ်ကို စွန့်အံ့သောငှာ မသင့်ဟု ဆို၍-

၈၂။ န ဝေ ပိယမ္မေတိ ဇနိန္ဒ တာဒိသော၊
အတ္တံ နိရံကတွာ ပိယာနိ သေဝတိ။
အတ္တာဝ သေယျော ပရမာစ သေယျော၊
လဗ္ဘာ ပိယာ ဩစိတတ္ထေန ပစ္ဆာ၊

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၂။ ဇနိန္ဒ၊ လူတို့ကို အစိုးရသောမင်းကြီး။ တာဒိသော၊ သင်ကဲ့သို့ သဘောရှိသော သူသည်။ မေ၊ ငါသည်။ ဣဒံ ဘဏ္ဍံ၊ ဤဘဏ္ဍာကို။ ပိယံ၊ ချစ်အပ်၏။ ဣတိ၊ ဤသို့။ အတ္တံ-အတ္တာနံ၊ မိမိကိုယ်ကို။ နိရံကတွာ၊ စွန့်၍။ ပိယာနိ၊ ချစ်အပ်ကုန်သော ဘဏ္ဍာတို့ကို။ န သေဝတိ၊ မမှီဝဲရာ။ အတ္တာဝ၊ ကိုယ်သည်သာလျှင်။ သေယျော၊ မြတ်ဘ၏။ ပရမာ စ သေယျော၊ အလွန်မြတ်၏။ ဩစိတတ္ထေန၊ ဥစ္စာစည်းစိမ်နှင့် ပြည့်စုံသော ယောကျ်ားသည်။ ပစ္ဆာ၊ နောက်၌။ ပိယာ၊ မယားကို။ လဗ္ဘာ စ၊ ရသလျှင်ကတည်း။

ကြိမ်ဒဏ်ခံမှ သင်ပေးမည်

ဤသို့ ဘုရားလောင်းသည် မင်းအား အဆုံး အမကို ပေး၏။ မင်းသည် နှစ်သက်၍ ဆိတ်မင်း အဘယ်အရပ်မှ လာသနည်းဟု မေး၏။ မြတ်သော မင်းကြီး။ ငါသည် သိကြားတည်း၊ သင်မင်းကြီးအား သနားသဖြင့် သင်မင်းကြီးကို သေဘေးမှ လွတ်စိမ့်သောငှာ လာ၏ ဟု ဆို၏။ သိကြားမင်း... ထိုမိန်းမအား မန္တရားကို ပေးအံ့ ဟု ဆို၏ အဘယ်ကဲ့သို့ ပြုရအံ့နည်းဟု ဆို၏။ မြတ်သောမင်းကြီး နှစ်ယောက်ကုန်သော သင်မင်းကြီးတို့အား ပျက်စီးခြင်းဖြင့် ကိစ္စမရှိ၊ အတတ်၏ ပူဇော်ခြင်းကို ပြုအံ့ဆို၍ ထိုမိဖုရားကို နှစ်ချက်သုံးချက် ရိုက်လော့၊ ဤသို့သောအကြောင်းဖြင့် မယူလတ္တံ့ ဟု ဆို၏။ မင်းသည် ကောင်းပြီ ဟု ဝန်ခံ၏။ ဘုရားလောင်းသည် မင်းအား ဆုံးမပြီး၍ မိမိနေရာ တာဝတိံသာ နတ်ပြည်သို့လျှင် သွား၏။ သေနကမင်းသည် ဥယျာဉ်သို့သွား၍ မိဖုရားကို ခေါ်စေ၍ ရှင်မိဖုရား... မန္တန်ကို ယူလတ္တံ့လောဟု မေး၏။ ရှင်မင်းကြီး ယူအံ့ဟု ဆို၏။ ထိုသို့တပြီးကား ပူဇော်ခြင်းကို ပြုလော့ဟု ဆို၏။ ပူဇော်ခြင်းသည် အဘယ်သို့နည်းဟု မေး၏။ ကျောက် ကုန်း၌ အချက်တစ်ရာ ရိုက်သည်ရှိသော်လည်း အသံပြုခြင်းငှာ မသင့်ဟု ဆို၏။ မိဖုရားသည် မန္တန်၌ တပ်စွန်းသဖြင့် ကောင်းပြီ ဟု ဝန်ခံ၏။ မင်းသည် ခိုးသူသတ်တို့ကို ခေါ်စေ၍ ကြိမ်တို့ကို ယူစ၍ နံပါးနှစ်ဖက်တို့၌ ရိုက်စေ၏။ မိဖုရားသည် နှစ်ချက်သုံးချက် ရိုက်ခြင်းတို့ကို သည်းခံ၍ ထိုထက်အလွန် ရိုက် သည်ရှိသော် မန္တန်ဖြင့် အလိုရှိ ဟု ဆို၏။ ထိုအခါ မိဖုရားကို မင်းသည် သင်သည် ငါ့ကိုသတ်၍ မန္တန်ကို ယူလို၏ ဟု ကျောက်၌ အရေမရှိသည်ကိုပြု၍ လွှတ်စေ၏။ မိဖုရားသည် ထိုအခါမှစ၍ တဖန်ဆိုခြင်းငှာ မတတ်နိုင်။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ငြီးငွေ့သော ဆုရဟန်းသည် ထိုအခါ သေနကမင်း ဖြစ်ပြီ။ ယခုအခါ မယားဟောင်းသည် ထိုအခါ မိဖုရားဖြစ်ပြီး၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ မြင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည် ထိုအခါ သိကြားဖြစ်ပြီ။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကတိဝန်ခံ၊ မြဲမြဲမြံ၊ တရံတဆစ် မဖျက်ရာ

ရှေးဦးစွာသော ခရပုတ္တဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၂။ သူစိဇာတ်

ပညာ၏အစွမ်းဖြင့် အလိုဆန္ဒပြည့်ဝခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်ဘုရားသည် အကက္ကသံ အဖရုသံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသူစိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပညာပါရမီကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် မဟာဥမင်္ဂဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ ထိုအခါ၌ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့ ... ယခုအခါ၌သာလျှင် ငါဘုရားသည် ပညာရှိ၍ အကြောင်း၌ လိမ္မာသည် မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် ပညာရှိသည်ဖြစ်၍ အကြောင်း၌ လိမ္မာသည်သာလျှင်တည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်း၌ ပန်းပဲအမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် အပြီးတိုင် တတ်အပ်ပြီးသော အတတ်ရှိသည် ဖြစ်၏။ မိဘတို့သည် ဆင်းရဲကုန်၏။ ထိုပန်းပဲတို့၏ ရွာမှ အနီး၌ အိမ်ခြေတစ်ထောင်ရှိသော ပန်းပဲရွာသည် ရှိ၏။

ပန်းပဲကြီးသမီး အလှမယ်

ထိုရွာ၌ ပန်းပဲတစ်ထောင်တို့၏ အကြီးဖြစ်သော ပန်းပဲသူကြီးသည် မင်းနှင့် အကျွမ်းဝင်၏။ ကြွယ်ဝ၏။ များသောဥစ္စာရှိ၏။ ထိုပန်းပဲသူကြီး ၏သမီးသည် မြတ်သော အဆင်းကို ဆောင်၏။ နတ်သမီးနှင့်တူ၏။ ဇနပဒကလျာဏီ၏ လက္ခဏာတို့နှင့် ပြည့်စုံ၏။ ထက်ဝန်းကျင်သော ရွာတို့၌ လူတို့သည် ပဲခွပ် ပုဆိန် ခက်ရင်း ထွန်သွား အစရှိသည်တို့ကို ပြုအံ့သောငှာ ထိုရွာသို့သွား၍ များသောအားဖြင့် သတို့ သမီးကို မြင်ကုန်၏။ ထိုလူတို့သည် မိမိတို့ရွာသို့ သွားကုန်၍ နေရာအရပ် အစရှိသည်တို့၌ ထိုသတို့သမီး၏ အဆင်းကို ချီးမွမ်းကုန်၏

ပန်းပဲလုလင် အပ်ရောင်း

ဘုရားလောင်းသည် ထိုစကားကို ကြား၍လျှင် ကြားချင်းဟူသော နှီးနှောခြင်းဖြင့် ဖွဲ့အပ်သည်ဖြစ်၍ သတို့ သမီးကို အလုပ်အကျွေးပြုအံ့ ဟု အမျိုးမြတ်သော သံကိုယူ၍ တစ်ခုသော သိမ်မွေ့စွာသော အပ်ကိုပြု၍ နားတို့ကို ထွင်း၍ ရေပေါ်အောင်ပြု၍ ထိုသို့သဘောရှိသည်လျှင်ဖြစ်သော တစ်ပါးလည်းဖြစ်သော အပ်အိမ်ကိုပြု၍ နားကိုထွင်း၏။ ဤသို့သောနည်းဖြင့် ထိုအပ်၏ ခုနစ်ခုကုန်သော အိမ်တို့ကို ပြု၏။

အသို့ပြုခြင်းငှာ တတ်နိုင်လတ္တံ့နည်းဟု ဆိုခြင်းငှာ မတတ်ကောင်း၊ ဘုရားလောင်းတို့အား ဉာဏ်ကြီးသည်၏ အဖြစ်ကြောင့် ပြုခြင်းသည် ပြည့်စုံသလျှင်ကတည်း။

ဘုရားလောင်းသည် ထိုအပ်ကို အပ်ကျည်၌ ထည့်၍ ခါးပိုက်၌ထား၍ ထိုရွာသို့သွား၍ ပန်းပဲသူကြီး၏နေရာ အိမ်လမ်းကိုမေး၍ ထိုအိမ်သို့သွား၍ တံခါး၌ရပ်၍ ငါ၏လက်မှ ဤသို့သဘောရှိသော အပ်ကို အဖိုးဖြင့် အဘယ်သူသည် ဝယ်ခြင်းငှာ အလိုရှိသနည်း ဟု အပ်ကို ချီးမွမ်းလျက် ပန်းပဲသူကြီး၏ အိမ်တံခါးသို့ သွား၍-

၈၃။ အကက္ကသံ အဖရုသံ၊ ခရဓောတံ သုပါသိယံ။
သုခုမံ တိခိဏဂ္ဂဉ္စ၊ ကော သူစိံ ကေတုမိစ္ဆတိ။

ဟူသော ရှေးဦးသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၃။ အကက္ကသံ၊ အကာမရှိထသော။ အဖရုသံ၊ မကြမ်းထသော။ ခရဓောတံ၊ သွေးကျောက်ဖြင့် ပွတ်အပ်ထသော။ သုပါသိယံ၊ ကောင်းစွာ နဖား ထွင်းအပ်သော။ သုခုမံ၊ သိမ် မွေ့ထသော။ တိလိဏဂ္ဂဉ္စ၊ ထက်သော အဖျားရှိသည်လည်းဖြစ်သော။ သူစိံ၊ အပ်ကို။ ကော၊ အဘယ်သူသည်။ ကေတုံ၊ ဝယ်ခြင်းငှာ။ ဣစ္ဆတိ၊ အလိုရှိသနည်း။

ဤသို့ဆို၍လည်း တစ်ဖန် ထိုအပ်ကို ချီးမွမ်းပြန်လိုရကား-

၈၄။ သုမဇ္ဇဉ္စ သုပါသဉ္စ၊ အနုပုဗ္ဗံ သုဝဋ္ဋိတံ။
ဃနဃာတိမံ ပဋိထဒ္ဓံ၊ ကော သုစိံ ကေတုမိစ္ဆတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၄။ သုမဇ္ဇဉ္စ၊ ကုရုဝိန္ဒကမည်သော ကျောက်မှုန့်ဖြင့် ကောင်းစွာ ပွတ်အပ်သည်လည်း ဖြစ်ထသော။ သုပါသဉ္စ၊ ကောင်းစွာနဖားထွင်းအပ်သည်လည်း ဖြစ်ထသော။ အနုပုဗ္ဗံ၊ အစဉ်သဖြင့်။ သုဝဋ္ဋိတံ၊ ကောင်းစွာ လုံးသည်လည်း ဖြစ်သော။ ဃနဃာတိမံ၊ တူဖြင့်ခတ်အပ်သည်ရှိသော် ပေကို ထုတ် ချင်း ထွင်းထသော။ ပဋိထဒ္ဓံ၊ အလွန်မာသော။ သူစိံ၊ အပ်ကို။ ကော၊ အဘယ်သူသည်။ ကေတုံ၊ ဝယ်ခြင်းငှာ။ ဣစ္ဆတိ၊ အလိုရှိသနည်း။

ပန်းပဲရွာ အပ်လာမရောင်းနှင့်

ထိုခဏ၌ သတို့သမီးသည် နံနက်စာစားပြီးသော် ပူပန်ခြင်းကို ငြိမ်းစေခြင်းငှာ အိပ်ရာငယ်မှာ လျောင်းသော အဖကို ထန်းရွက်ယပ်ဖြင့် ယပ်ခတ်လျက် ဘုရားလောင်း၏ သာယာသော အသံကိုကြား၍ စိုသောအသားစိုင်ဖြင့် နှလုံး၌ ခတ်ဘိသကဲ့သို့ လည်းကောင်း၊ ရေအိုးတစ်ထောင်ဖြင့် ရေကိုသွန်းလောင်း၍ ငြိမ်းစေအပ်သော ပူပန်ခြင်းရှိသကဲ့သို့ လည်းကောင်း ဖြစ်၍ ဤသူသည် သာယာသောအသံဖြင့် ပန်းပဲ၏ရွာ၌ အပ်ကိုရောင်း၏။ အဘယ်သူနည်း၊ အဘယ် အမှုဖြင့် လာသနည်း၊ ထိုသူကို မေးအံ့ ဟု ထန်းရွက်ယပ်ကိုချ၍ အိမ်မှထွက်၍ အပဖြစ်သော အိမ်ဦး၌ ရပ်၍ သင်သည် တစ်နေ့ပတ်လုံး အပ်၏ ကျေးဇူးကို အကယ်၍ ဆိုငြားအံ့၊ သင်၏ လက်မှ တစ်စုံတစ်ယောက်သောသူသည် အပ်ကိုမဝယ်လတ္တံ့ ဟု ဘုရားလောင်းနှင့်တကွ ပြောဆို၏။ ဘုရားလောင်းတို့အား တောင့်တခြင်းမည်သည် ပြည့်စုံ၏။ ဘုရားလောင်းသည် ထိုသတို့သမီး၏ အကျိုးငှာသာလျှင် ထိုရွာသို့ လာ၏။ ထိုသတို့သမီးသည်လည်း ဘုရားလောင်းနှင့်တကွ စကားပြောဆို၍ လုလင်... တိုင်းအလုံး၌ နေကုန်သော သူတို့သည် အပ်အစရှိသည်တို့၏ အကျိုးငှာ ဤရွာသို့လာကုန်၏။ သင်သည် မိုက်သည်၏ အဖြစ်ကြောင့် ပန်းပဲတို့၏ရွာ၌ အပ်ကိုရောင်းခြင်းငှာ အလို ရှိ၏။ တစ်နေ့ပတ်လုံးလည်း အပ်၏ကျေးဇူးကို အကယ်၍ ဆိုငြားအံ့၊ တစ်စုံတစ် ယောက်သောသူသည် သင်၏လက်မှအပ်ကို မဝယ်လတ္တံ့၊ သင်သည် အဖိုးကိုရခြင်းငှာ အကယ်၍ အလိုရှိအံ့၊ တစ်ပါးသော ရွာသို့ သွားလေလော့ ဟု ဆိုလို၍-

၈၅။ ဣတော ဒါနိ ပတာယန္တိ၊ သူစိယော ဗဠိသာနိ စ။
ကောယံ ကမ္မာရဂါမသ္မိံ၊ သူစိံ ဝိက္ကေတုမိစ္ဆတိ။
၈၆။ ဣတော သတ္ထာနိ ဂစ္ဆန္တိ၊ ကမ္မန္တာ ဝိဝိဓာ ပုထူ။
ကောယံ ကမ္မာရဂါမသ္မိံ၊ သူစိံ ဝိက္ကေတုမိစ္ဆတိ။

ဟူသော ဤနှစ်ဂါတို့ကို ဆို၏။

֍ ဋ္ဌ ၈၅။ မာဏဝ၊ လုလင်။ ဣဒါနိ၊ ယခုအခါ၌။ ဣတော၊ ဤရွာမှ။ သူစိယော၊ အပ်တို့သည်လည်းကောင်း။ ဗဠိသာနိ စ၊ သံကောက်တို့သည်လည်းကောင်း။ ပတာယန္တိ၊ ထွက်ကုန်၏။ ကမ္မာရဂါမသ္မိံ၊ ဤသို့သဘောရှိသော ပန်းပဲတို့ရွာ၌။ ယော၊ အကြင်သူသည်။ သူစိံ၊ အပ်ကို။ ဝိက္ကေတုံ၊ ရောင်းအံ့သောငှာ။ ဣစ္ဆတိ၊ လိုရှိ၏။ အယံ၊ ဤသူကား။ ကော၊ အဘယ်သို့သော သူနည်း။

֍ ဋ္ဌ ၈၆။ မာဏဝ၊ လုလင်။ ဣတော၊ ဤရွာမှ။ သတ္ထာနိ စ၊ တစည်း, စူး, ဆောက်စသော ဘဏ္ဍာအပေါင်း ရောင်းဝယ် ဖောက်ကားသော ကုန်သည်တို့သည်လည်းကောင်း။ ဝိဝိဓာ၊ အထူးထူး အပြားပြားရှိကုန်သော။ ကမ္မန္တာ၊ အမှုလုပ်ကုန်သော။ ပုထူ၊ များစွာကုန်သော သူတို့သည်လည်းကောင်း။ နိဂစ္ဆန္တိ၊ ထွက်ကုန်၏။ ကမ္မာရဂါမသ္မိံ၊ ဤသို့သဘောရှိသော ပန်းပဲတို့ရွာ၌။ ယော၊ အကြင်သူသည်။ သူစိံ၊ အပ်ကို။ ဝိက္ကေတုံ၊ ရောင်းအံ့သောငှာ။ ဣစ္ဆတိ၊ အလို ရှိ၏။ အယံ၊ ဤသူကား။ ကော၊ အဘယ်သို့ သဘောရှိသောသူနည်း။

ပန်းပဲမှ ပိုသိကုန်တော့မပေါ့

ဘုရားလောင်းသည် သတို့သမီး၏ စကားကို ကြား၍ နှမ- သင်သည် မသိ၊ မသိသော အကြောင်းကြောင့် ဤသို့ဆို၏ ဟူ ဆို၍-

၈၇။ သူစိံ ကမ္မာရဂါမသ္မိံ၊ ဝိက္ကေတဗ္ဗာ ပဇာနတာ။
အာစရိယာဝ ဇာနန္တိ၊ ကမ္မံ သုကတဒုက္ကဋံ။
၈၈။ ဣမဉ္စေ တေ ပိတာ ဘဒ္ဒေ၊ သုစိံ ဇညာ မယာ ကတံ။
တယာ စ မံ နိမန္တေယျ၊ ယဉ္စတ္ထညံ ဃရေ ဓနံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၈၇။ ဘဒ္ဒေ၊ နှမ။ ပဇာနတာ၊ ပညာရှိသော ယောက်ျားသည်။ သူစိံ၊ အပ်ကို။ ကမ္မာရဂါမသ္မိံ၊ ပန်းပဲတို့၏ ရွာ၌သာလျှင်။ ဝိက္ကေတဗ္ဗာ၊ ရောင်းအပ်၏။ သုကတဒုက္ကဋံ ကမ္မံ၊ ကောင်းစွာပြုအပ်သော အမှု၊ မကောင်းသဖြင့် ပြုအပ်သောအမှုကို။ အာစရိယာဝ၊ ပန်းပဲဆရာတို့သည်သာလျှင်။ ဇာနန္တိ၊ သိကုန်၏။

֍ ဋ္ဌ ၈၈။ ဘဒ္ဒေ၊ နှမ။ မယာ၊ ငါသည်။ ကတံ၊ ပြုအပ်သော။ ဣမံ သူစိံ၊ သတ္တိအထူးရှိသော ဤအပ်ကို။ တေ၊ သင်၏။ ပတာ၊ အဖသည်။ စေ ဇာ၊ အကယ်၍ သိငြားအံ့။ တယာ စ၊ သင်ဖြင့်လည်း။ မံ၊ ငါ့ကို။ နိမန္တေယျ၊ ဖိတ်ရာ၏။ ဧတ္ထ ဃရေ၊ ဤအိမ်၌။ အညံ၊ သင်မှ တစ်ပါးသော။ ယံ ဓနံ၊ အကြင်ဥစ္စာသည်။ အတ္ထိ၊ ရှိ၏။ တေန စ၊ ထိုဥစ္စာဖြင့်လည်း။ မံ၊ ငါ့ကို။ နိမန္တေယျ၊ ဖိတ်ရာ၏။

ပန်းပဲများ လက်ဖျားခါကြရပြီ

ဤသို့ ဘုရားလောင်းသည် ဤဂါထာဖြင့် မိမိကျေးဇူးကို ချီးမွမ်း၏။ ပန်းပဲသူကြီးသည် ထိုသူတို့၏ အလုံးစုံသောစကားကိုကြား၍ အမိ ဟု သမီးကိုခေါ်၍ အဘယ်သူနှင့် စကားပြောသနည်း ဟု မေး၏။ ဖခင်... တစ်ယောက်သောသူသည် အပ်ရောင်းလာ၏။ ထိုသူနှင့် စကား ပြော၏ ဟု ဆို၏။ ထိုအပ်ရောင်းသော ယောက်ျားကို ခေါ်ခဲ့လော့ ဟု ဆို၏။ ထိုသတို့ သမီးသည် သွား၍ခေါ်၏။ ဘုရားလောင်းသည် အိမ်သို့ဝင်၍ ပန်းပဲသူကြီးကို ရှိခိုး၍ တင့်အပ် လျောက်ပတ်သော အရပ်၌ နေ၏။ ထိုအခါ ဘုရားလောင်းကို အဘယ်သားနည်းဟု မေး၏။ ဤမည်သော ရွာသား ဟုဆို၏။ အဘယ် သူ၏သားနည်းဟု မေး၏။ ဤမည်သောသူ၏ သားဟု ဆို၏။ အဘယ်ကြောင့် ဤအရပ်ကို လာသနည်းဟု မေး၏။ အပ်ရောင်းအံ့သောငှာ လာ၏ ဟု ဆို၏။ သင့်အပ်ကို ကြည့်အံ့ဟု ဆိုသည်ရှိသော် ဘုရားလောင်းသည် မိမိ၏ ကျေးဇူးကို ခပ်သိမ်းကုန်သော လူတို့၏ အလယ်၌ ပြလိုသည်ဖြစ်၍ တစ်ယောက်တည်းသာ မကြည့်အပ်၊ တစ်ယောက်တည်း ကြည့်ခြင်းထက် ခပ်သိမ်းကုန်သော လူတို့၏ အလယ်၌ ကြည့်ခြင်းသည် အလွန်မြတ်၏ဟု ဆို၏။ ပန်းပဲသူကြီးသည် အမောင် ကောင်းပြီ ဟု ခပ်သိမ်း သော ပန်းပဲတို့ကို စည်းဝေးစေ၍ ထိုပန်းပဲတို့ဖြင့် ခြံရံအပ်သည်ဖြစ်၍ ငါတို့သည် ကြည့်ကုန်အံ့၊ သင်၏အပ်ကို ထုတ်လော့ ဟု ဆို၏။ ဆရာ တစ်ခုသော ပေကိုလည်းကောင်း ရေဖြင့်ပြည့်သော ကြေးခွက်ကိုလည်းကောင်း ဆောင်စေကုန်လော့ ဟုဆို၏။ ပန်းပဲသူကြီးသည် ဆောင်စေ၏။ ဘုရားလောင်းသည် ခါးပိုက်မှ အပ်ကျည်ကိုထုတ်၍ ပေး၏။ ပန်းပဲသူကြီးသည် အပ်ကျည်မှ အပ်ကိုထုတ်၍ အမောင် ဤကား အပ်လော" ဟု မေး၏။ ဤကား အပ်မဟုတ်၊ အပ်ကျည်တည်း ဟု ဆို၏။ ပန်းပဲသူကြီးသည် စုံစမ်း သည်ရှိသော် အဆုံးကိုလည်းကောင်။ အစွန်းကိုလည်းကောင်း မမြင်သလျှင်ကတည်း။ ဘုရားလောင်းသည် ယူ၍ အစဉ်သဖြင့် လက်သည်းဖြင့် အပ်အိမ်ကိုပယ်၍ ဤကား အပ်အိမ်တည်း ဟု လူများအားပြ၍ အပ်အိမ်ကို ဆရာခြေရင်း၌ထား၏။ တစ်ဖန် ပန်းပဲသူကြီးသည် "ဤကား အပ်ဖြစ်ယောင်တကားဟု ဆိုသည်ရှိသော် ဤလည်း အပ်အိမ်တည်း ဆို၍ လက်သည်းဖြင့်ခွာလျက် အစဉ်သဖြင့် ခြောက်ခုကုန်သော အပ်အိမ်တို့ကို ပန်းပဲသူကြီး၏ ခြေရင်း၌ထား၍ ဤကား အပ်တည်း ဟု ပန်းပဲသူကြီး၏လက်၌ထား၏။ ပန်းပဲတစ်ထောင်တို့သည် လက် ချောင်းကို ခါကုန်၏။ ပုဆိုးဦးရစ် ပစ်ခြင်းတို့ကို ဖြစ်စေကုန်၏။

အပ်၏ စွမ်းအင်ကြီးလှပုံ

ထိုအခါ ဘုရားလောင်းကို ပန်းပဲသူကြီးသည် အမောင် ဤအပ်ဖြင့် အဘယ်အစွမ်းသတ္တိ ရှိသနည်းဟု မေး၏။ ဆရာ... အားရှိသော ယောကျ်ားကို ပေကိုချီစေ၍ ပေအောက်၌ ရေဖြင့်ပြည့်သော ကြေးခွက်ကိုထား၍ ပေ၏ အလယ်၌ ဤအပ်ကိုခတ်ကုန်လော့ ဟု ဆို၏။ ပန်းပဲသူကြီးသည် ဘုရားလောင်း ဆိုတိုင်းပြုစေ၍ ပေ၏ အလယ်၌ အပ်ဖျားဖြင့် ခတ်၏။ ထိုအပ်သည် ပေကိုဖောက်၍ ရေအပြင်၌ ဆံခြည်ဖျားမျှလည်း အထက်သို့လည်း မတက်၊ အောက်သို့လည်း မနစ်သည်ဖြစ်၍ ဖီလာတည်၏။ ခပ်သိမ်းကုန်သော ပန်းပဲတို့သည် ငါတို့သည် ဤမျှလောက်သော ကာလပတ်လုံး ပန်းပဲတို့မည်သည် ဤသို့သဘောရှိသည် ဖြစ်ကုန်၏ဟု စကားကိုမျှလည်း မကြားစဘူးကုန် ဟု လက်ချောင်းတို့ကို ခါကုန်၏။ ဦးရစ် ပစ်ခြင်းတို့ကို ဖြစ်စေကုန်၏။

အမျိုးသမီးကိုရပြီ

ပန်းပဲသူကြီးသည် သမီးကိုခေါ်၍ ထိုပရိသတ် အလယ်၌လျှင် သတို့သမီးသည် သင့်အားသာလျှင် လျောက်ပတ်၏ ဟု ရေသို့ သွန်ချ၍ ပေး၏။ ဘုရားလောင်းသည် နောက်အခါ ပန်းပဲသူကြီး ကွယ်လွန်သဖြင့် ထိုရွာ၌သာလျှင် ပန်းပဲသူကြီးဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ ပန်းပဲသူကြီး၏ သမီးဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပန်းပဲသမား ပညာရှိ ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ပဏ္ဍိတ်ကိုမှ၊ ပညာပြ၊ မုချထင်ပေါ်မည်

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သူစိဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၃။ တုဏ္ဍိလဇာတ်

ရဲရင့်ခြင်းကြောင့် သေဘေးမှလွတ်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် နဝဆန္နကေ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတုဏ္ဍိလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သေဘေးကို ကြောက်တတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းသည် သာဝတ္ထိပြည်၌နေသော အမျိုးသားသည် ဖြစ်သတတ်။ ထိုအမျိုးသားသည် ရဟန်းပြု၍ သေဘေးကို ကြောက်တတ်၏။ အနည်းငယ်လည်းဖြစ်သော သစ်ခက်လှုပ်ခြင်း လှင်ကန်ကျခြင်းကိုလည်းကောင်း, ငှက်သံ အခြေလေးချောင်းရှိသော သားတို့၏အသံကိုလည်းကောင်း၊ ထိုသို့သဘောရှိသော တစ်ပါးသောအသံကိုလည်းကောင်း ကြား၍ သေဘေးကို ကြောက်သည်ဖြစ်၍ ဝမ်းသို့ဝင်သကဲ့ကို တုန်လှုပ်လျက် သွား၏။ ရဟန်းတို့သည် တရား သဘင်၌ ငါ့ရှင်တို့ ဤမည်သော ရဟန်းသည် အနည်းငယ်လည်းဖြစ်သော အသံကိုကြား၍ မြည်တမ်းလျက် ပြေး၏။ ဤသတ္တဝါတို့အား သေခြင်းသည်သာလျှင် မြဲ၏။ အသက်သည် မမြဲ၊ အသင့်အားဖြင့် နှလုံးသွင်းခြင်းကို ပြုအပ်သည် မဟုတ်တုံလော ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာလတ်တော်မူ၍ ရဟန်းတို့ ... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်း ဟု မေးတော်မူလတ်၍ ဤ မည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ထိုရဟန်းကို ခေါ်တော်မူ၍ ရဟန်း သင်သည် သေဘေးကို ကြောက်တတ်သောဟူသည် မှန်သလော ဟု မေးတော်မူလတ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... မှန်ပေ၏ ဟု ထိုရဟန်းသည် ဝန်ခံသည်ရှိသော် ရဟန်းတို့... ဤရဟန်းသည် ယခုအခါ၌သာလျှင် သေဘေးကို ကြောက်တတ်သည် မဟုတ်သေး၊ ရှေး၌လည်း သေဘေးကို ကြောက်တတ်သည်သာလျှင်တည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဝက်မဝမ်း၌ ပဋိသန္ဓေယူ၍ ဝက်မသည် ကိုယ်ဝန်ရင့်လတ်သော် နှစ်ခုကုန်သော ဝက်ငယ်တို့ကို ဖွား၏။ ထိုဝက်မသည် တစ်နေ့သ၌ သားငယ်တို့ကိုယူ၍ တစ်ခုသော ချုံအတွင်း၌ ဝပ်၏။

ဝက်ငယ် နှစ်ကောင်

ထိုအခါ ဗာရာဏသီ မြို့တံခါး၌နေသော တစ်ယောက်သော မိန်းမအိုသည် ဝါခင်းမှ တောင်းပြည့်အောင် ဝါကိုယူ၍ တောင်ဝှေးဖြင့် မြေကိုထောက်၍ လာ၏။ ဝက်မသည် ထိုအသံကိုကြား၍ သေဘေးကိုကြောက်သဖြင့် သားငယ်နှစ်ခုတို့ကို စွန့်၍ပြေး၏။ မိန်းမအိုသည် ဝက်ငယ်တို့ကိုမြင်၍ သားအမှတ်ကိုပြု၍ တောင်း၌ထည့်၍ အိမ်သို့ ဆောင်၍ အကြီးအား မဟတုဏ္ဍိလ ဟူသော အမည်, အငယ်အား စူဠတုဏ္ဍိလ ဟူသောအမည်ကို မှည့်၍ ထိုဝက်ငယ်တို့ကို သားငယ်ကဲ့သို့ မွေး၏။ ထိုဝက်ငယ်တို့သည် နောက်အဖို့၌ ကြီးကုန်၍ ပြည့်ဖြိုးသော ကိုယ်ရှိကုန်၏။

ဝက်ငယ်ကို ရောင်းပြီ

ဤဝက်တို့ကို ငါတို့အား အဖိုးဖြင့် ပေးကုန်လော့ ဟု ဆိုသည်ရှိသော် မိန်းမအိုသည် ဤဝက်တို့သည် ငါ၏သားငယ်တို့တည်းဟု ဆို၍ တစ်စုံတစ်ယောက်သောသူအား မပေး။ ထိုအခါ တစ်ခုသော ပွဲသဘင်ကာလ၌ သေသောက် ကြူးသူတို့သည် သေကိုသောက်ကုန်၏။ အသားကုန်သည်ရှိသော် အသားကို ဘယ်မှာရှာရလတ္တံ့နည်းဟု စုံစမ်းကုန်လတ်သော် သူအိုမ၏အိမ်၌ ဝက်တို့ရှိသောအဖြစ်ကို သိ၍ အဖိုးကိုယူ၍ အိမ်သို့သွား၍ မိခင် အဖိုးကိုယူ၍ ငါတို့အား တစ်ခုသောဝက်ကို ပေးပါ ဟု ဆိုကုန်၏။ ထိုသူအိုမသည် အမောင်တို့ ဤဝက်တို့သည် ငါ့သားတို့တည်း။ အဖိုးဖြင့် အလိုမရှိ ဟု ပယ်၏။ သေ သောက် ကြူးတို့သည် မိခင် ဝက်တို့မည်သည်ကား လူတို့၏သား မဖြစ်ကုန်၊ ထိုဝက်တို့ကို ပေးလော့ ဟု အဖန်တလဲလဲ တောင်းသော်လည်း မရ၍ သူအိုမကို သေသောက်စေ၍ ယစ်သောကာလ၌ မိခင်... ဝက်တို့ဖြင့် အသို့ပြုအံ့နည်း၊ အဖိုးကိုယူ၍ ရိက္ခာပြုလော့ ဟု သူအိုမ၏ လက်၌ အသပြာတို့ကို ထားကုန်၏။ သူအိုမသည် အသပြာတို့ကိုယူ၍ အမောင်တို့ မဟာတုဏ္ဍိလကို ပေးခြင်းငှာ မတတ်ကောင်း၊ စူဠတုဏ္ဍိလကို ယူကြကုန်လော့ ဟု ဆို၏။

ကြောက်၍ အဖမ်းမခံ

ထိုစူဠတုဏ္ဍိလသည် အဘယ်မှာနည်း ဟု မေး၏။ တစ်ခုသော ချုံ၌ ရှိ၏ ဟု ဆို၍ သေ သောက်ကြူးသူတို့သည် အဖိုးဖြင့် ထမင်းခွက်ကို ဆောင်စေကုန်၏။ သူအိုမသည် အဖိုးဖြင့် ထမင်းကို ယူ၍ တံခါးဝ၌ တည်သော ဝက်စားကျင်းကို ပြည့်စေ၍ စားကျင်းအနီး၌ တည်၏။ သုံးကျိပ် အတိုင်းအရှည်ရှိသော သေသောက်ကြူးတို့သည်လည်း ကျော့ကွင်းလက်စွဲကုန်လျက် ထိုအရပ်၌လျှင် တည်ကုန်၏။ သူအိုမသည် ချစ်သားစူဠတုဏ္ဍိလ၊ လာလော့ဟု စူဠတုဏ္ဍိလအား အသံပြု၏။ မဟာတုဏ္ဍိလသည် ထိုအသံကြား၍ ဤမျှလောက်သော ကာလပတ်လုံး ငါ၏ အမိသည် စူဠတုဏ္ဍိလအား အသံမပေးစဖူး၊ ငါ့ကိုသာလျှင် ရှေးဦးစွာ ခေါ်၏။ ယနေ့ ငါတို့အား မချွတ် သေဘေးဖြစ်လတ္တဟု သိ၍ မဟာတုဏ္ဍိလသည် ညီကိုခေါ်၍ ညီထွေး စူဠတုဏ္ဍိလ... အမိသည် သင့်ကိုခေါ်၏။ သွားချေ။ ရှေးဦးစွာ စုံစမ်းချေလော့ ဆို၏။ စူဠတုဏ္ဍိလသည် ချုံမှထွက်၍ ထမင်းစားကျင်း၏ အနီး၌ လူတို့၏ တည်သောအဖြစ်ကို သိ၍ ယနေ့ ငါ့အား သေဘေး ရောက်ပြီဟု ဘေးဖြင့် ကြောက်သည်ဖြစ်၍ တုန်လှုပ်လျက် အစ်ကိုအထံသို့ လာ၍ ခိုင်ခံ့စွာ တည်အံ့သောငှာ မတတ်နိုင်၍ တုန်လှုပ်လျက်လဲ၏။ မဟာတုဏ္ဍိလသည် စူဠတုဏ္ဍိလကိုမြင်၍ ညီထွေး စူဠတုဏ္ဍိလ... သင်သည် ယခု လဲ၏။ ပြေးဝင်ရာအရပ်ကို ကြည့်၏။ အဘယ်အကြောင်းကြောင့် ထိုအမှုကို ပြုသနည်း ဟု မေး၏။ စူဠတုဏ္ဍိလသည် မိမိမြင်သော အကြောင်းကို ဆိုလို၍-

၈၉။ နဝဆန္နကေဒါနိ ဒိယျတိ၊
ပုဏ္ဏာ ယံ ဒေါဏိ သုဝါမိနီ ဌိတာ။
ဗဟုကေ ဇနေ ပါသပါဏိကေ၊
နော စ ခေါ မေ ပဋိဘာတိ ဘုဉ္ဇိတုံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၉။ ဘာတိက၊ နောင်တော်။ ဣဒါနိ၊ ယခုအခါ၌။ နဝဆန္နကေ၊ သစ်သော အစာတို့ဖြင့်ပြည့်သော ဝက်စားကျင်းကို။ ဒိယျတိ၊ ပေးအပ်၏။ အယံ ဒေါဏိ၊ ဤစားကျင်းသည်။ ပုဏ္ဏာ၊ စင်ကြယ်သော အစာတို့ဖြင့်ပြည့်၏။ သုဝါမိနီ၊ ငါတို့၏ အမိသည်လည်း။ ဌိတာ၊ စားကျင်း၏အနီး၌ တည်၏။ ပါသပါဏိကေ၊ လက်၌ ကျော့ကွင်းရှိသော။ ဗဟုကေ၊ များစွာသော။ ဇနေ၊ လူအပေါင်းသည်လည်း။ ဌိတော၊ စားကျင်း၏ အနီး၌ တည်၏။ ဣဒံ ဘတ္တံ၊ ဤအစာကို။ ဝါ၊ ဤအစာသည်။ ဘုဉ္ဇိတုံ၊ စားခြင်းငှာ။ မေ၊ ငါအား။ နော စ ခေါ ပဋိဘာတိ၊ နှစ်သက်ခြင်းကို မဖြစ်စေ။

သီလကို ဆောက်တည်ပါ

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ညီထွေး စူဠတုဏ္ဍိလ ဤအရပ်၌လျှင် ဝက်တို့ကိုမွေးသော ငါတို့၏ အမိသည် အကြင်အကျိုးငှာ မွေး၏။ ထိုအကျိုးသည် ယနေ့ အပြီးသို့ ရောက်ပြီ၊ သင်သည် မစိုးရိမ်လင့် ဟု သာယာသော အသံဖြင့် ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် တရားဟောလိုသည်ဖြစ်၍-

၉၀။ တသသိ ဘမသိ လေဏမိစ္ဆသိ၊
အတ္တာဏောသိ ကုဟိံ ဂမိဿသိ။
အပ္ပေါသုက္ကော ဘုဉ္ဇ တုဏ္ဍိလ၊
မံသတ္ထာယ ဟိ ပေါသိတာမှသေ။
၉၁။ ဩဂဟ ရဟဒံ အကဒ္ဒမံ၊
သဗ္ဗံ သေဒမလံ ပဝါဟယ။
ဂဏှာဟိ နဝံ ဝိလေပနံ၊
ယဿ ဂန္ဓော န ကဒါစိ ဆိဇ္ဇတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၉၀။ တာတ တုဏ္ဍိလ၊ ညီထွေး စူဠတုဏ္ဍိလ။ တွံ၊ သင်သည်။ တသသိ၊ လန့်၏။ ဘမသိ၊ လည်၏။ လေဏံ၊ ပုန်းအောင်းရာကို။ ဣစ္ဆသိ၊ အလိုရှိ၏။ အတ္တာဏော၊ ကိုးကွယ်ရာမရှိသည်။ အသိ၊ ဖြစ်၏။ ကုဟိံ၊ အဘယ်သို့။ ဂမိဿသိ၊ သွားလတ္တံ့နည်း။ အပ္ပေါသုက္ကော၊ ကြောင့်ကြမဲ့။ ဘုဉ္ဇ၊ စားလော့။ မံသတ္ထာယ ဟိ၊ အသား၏အကျိုးငှာသာလျှင်။ ပေါသိတာမှသေ၊ မွေးအပ်ကုန်၏။

֍ ဋ္ဌ ၉၁။ အကဒ္ဒမံ၊ ညွန်မရှိသော။ ရဟဒံ၊ ရေကန်သို့။ ဩဂဟ၊ သက်လော့။ သဗ္ဗံ၊ အလုံးစုံသာ။ သေဒမလံ၊ အညစ်အကြေးကို။ ပဝါဟယ၊ ဆေးလော့။ ယဿ၊ အကြင် နံ့သာပျောင်း၏။ ဂန္ဓော၊ အနံ့သည်။ ကဒါစိ၊ တစ်ရံတစ်ဆစ်၌။ န ဆိဇ္ဇတိ၊ မပြတ်။ နဝံ၊ အသစ်ဖြစ်သော။ တံ ဝိလေပနံ၊ ထိုနံ့သာပျောင်းကို။ ဂဏှာဟိ၊ ယူလော့။

ဆယ်ပါးသော ပါရမီတို့ကို ဆင်ခြင်၍ မေတ္တာပါရမီကို ရှေ့ထား၍ ရှေးဦးစွာ ဂါထာပုဒ်ဖြင့် ရွတ်သည်သာလျှင် ဖြစ်သော ဘုရားလောင်း၏ အသံသည် အလုံးစုံ တစ်ဆယ့်နှစ်ယူဇာရှိသော ဗာရာဏသီပြည်ကို လွှမ်း၍သွား၏။ ကြားတိုင်း ကြားတိုင်သော ခဏပင်လျှင် အိမ်ရှေ့မင်း အစရှိကုန်သော သူတို့ကို အစပြု၍ ဗာရာဏသီပြည်၌ နေကုန်သော သူတို့သည် လာကုန်၏။ မလာကုန်သော သူတို့သည်လည်း အိမ်၌နေလျက်သာလျှင် နာကုန်၏။ မင်း၏ ပရိသတ်တို့သည် ချုံတို့ကို ဖျက်ဆီး၍ မြေကိုညီညွတ်စွာပြု၍ သဲတို့ကို ကြဲကုန်၏။ သေသောက်ကြူးတို့အား သုရာယဇ်ခြင်းသည် ပြေ၏။ ကျော့ကွင်းတို့ကို စွန့်ကုန်၍ တရားနာကုန်လျက်သာလျှင် တည်ကုန်၏။ သူအိုမအားလည်း သုရာယစ်ခြင်းသည် ပြေ၏။ ဘုရားလောင်းသည် လူအပေါင်း၏ အလယ်၌ စူဠတုဏ္ဍိလအား ဓမ္မဒေသနာကို အားထုတ်၏။

ထိုစကားကိုကြား၍ စူလတုဏ္ဍိလသည် ငါ့အစ်တို့သည် ဤသို့ဆို၏။ ငါတို့၏အနွယ်၌ ရေကန်သို့သက်၍ ကိုယ်မှ ချွေးအညစ်အကြေးကို လျှော်ခြင်းသည်လည်းကောင်း၊ နံ့သစ်ကို ယူခြင်းသည်လည်းကောင်း တစ်စုံ တစ်ခုသော ကာလသည် မရှိ၊ အဘယ်ကိုရည်၍ အစ်တို့သည် ငါ့ကို ဤသို့ ဆိုသနည်းဟု မေးလိုရကား-

၉၂။ ကတမော ရဟဒေါ အကဒ္ဒမော၊
ကိံသု သေဒမလန္တိ ဝုစ္စတိ။
ကတမဉ္စ နဝံ ဝိလေပနံ၊
ယဿ ဂန္ဓော န ကဒါစိ ဆိဇ္ဇတိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၂။ အကဒ္ဒမော၊ ညွန်မရှိသော။ ရဟဒေါ၊ ရေကန်ဟူသည်။ ကတမော၊ အဘယ်နည်း။ ကိံသု၊ အဘယ်ကိုလျှင်။ သေဒမလန္တိ၊ ချွေး အညစ်အကြေး ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်သနည်း။ ယဿ၊ အကြင်နံ့သာပျောင်း၏။ ဂန္ဓော၊ အနံ့သည်။ ကဒါစိ၊ တစ်ရံတစ်ဆစ်၌။ န ဆိဇ္ဇတိ၊ မပြတ်။ နဝံ၊ အသစ်ဖြစ်သော။ တံ ဝိလေပနံ၊ ထိုနံသာပျေားင်းသည်။ ကတမံ၊ အဘယ်နည်း။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ညီထွေး စူဠတုဏ္ဍိလ... ထိုသို့တပြီးကား ချသော နားရှိသည်ဖြစ်၍ နာလော့ ဟု ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် တရားဟောလိုရကား-

၉၃။ ဓမ္မော ရဟဒေါ အကဒ္ဒမော၊
ပါပံ သေဒမလန္တိ ဝုစ္စတိ။
သီလဉ္စ နဝံ ဝိလေပနံ၊
တဿ ဂန္ဓော န ကဒါစိ ဆိဇ္ဇတိ။
၉၄။ နန္ဒန္တိ သရီရဃာတိနော၊
န စ နန္ဒန္တိ သရီရဓာရိနော။
ပုဏ္ဏယ စ ပုဏ္ဏမာသိယာ၊
ရမမာနာဝ ဇဟန္တိ ဇီဝိတံ။

ဟူသော ဤဂါထာတို့ကို ဟော၏။

֍ ဋ္ဌ ၉၃။ တာတ စူဠတုဏ္ဍိလ၊ ညီထွေး စူဠတုဏ္ဍိလ။ ဓမ္မော၊ နိဗ္ဗာန်တရားကို။ အကဒ္ဒမော၊ ကိလေသာ ညွန်မရှိသော။ ရဟဒေါ၊ ရေကန်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ပါပံ၊ မကောင်းမှုကို။ သေဒမလန္တိ၊ ချွေး အညစ်အကြေး ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ သီလဉ္စ၊ သီလကိုလည်း။ နဝံ၊ အသစ်ဖြစ်သော။ ဝိလေပနံ၊ နံ့သာပျောင်းဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ တဿ၊ ထိုသီလ၏။ ဂန္ဓော၊ အနံ့သည်။ ကဒါစိ၊ တစ်ရံတစ်ဆစ်၌။ န ဆိဇ္ဇတိ၊ မပြတ်။

֍ ဋ္ဌ ၉၄။ သရီရဃာတိနော၊ သတ္တဝါကို သတ်ကုန်သော သူတို့သည်။ နန္ဒန္တိ၊ နှစ်သက်ကုန်၏။ သရီရဓာရိနော၊ ကိုယ်ကို ဆောင်ကုန်သော သူတို့သည်။ န စ န္ဒန္တိ၊ မနှစ်သက်ကုန်။ ပုဏ္ဏာယ၊ ပြည့်ထသော။ ပုဏ္ဏမာသိယာ၊ လပြည့်နေ့၌။ ရမမနာဝ၊ မွေ့လျော် ကုန်လျက်လျှင်။ သီလာစာရသမ္ပန္နာ၊ သီလအကျင့်နှင့် ပြည့်စုံသော သူတို့သည်။ ဇီဝိတံ၊ အသက်ကို။ ဇဟန္တိ၊ စွန့်ကုန်၏။

ဤသို့ ဘုရားလောင်းသည် သာယာသော အသံဖြင့် သဗ္ဗညူ ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် တရားဟော၏။ လူအပေါင်းတို့သည် လက်ချောင်းတို့ကို ခါကုန်၏။ ပုဆိုး ဦးရစ်ပစ်ခြင်းတို့ကို ဖြစ်စေကုန်၏။ ကောင်းချီးပေးသော အသံသည် ကောင်းကင်၌ ပြည့်၏။

မင်းကြီး ကယ်မပြီ

ဗာရာဏသီမင်းသည် ဘုရားလောင်းအား မင်းအဖြစ်ဖြင့် ပူဇော်၍ သူအိုမအား စည်းစိမ်ကိုပေး၍ ဝက်နှစ်ခုတို့ကိုလည်း ယူ၍ နံ့သာရေဖြင့်ချိုး၍ နံ့သာ အစရှိသည်တို့ဖြင့် လိမ်း၍ လည်တို့၌ ပတ္တမြားရတနာတို့ကို ဆင်၍ မြို့သို့ ဆောင်၍ သားအရာ၌ထား၍ များစွာသော အခြံအရံဖြင့် လုပ်ကျွေး၏။ ဘုရားလောင်းဝက်မင်းသည် ပဉ္စသီတို့ကိုပေး၏။ ခပ်သိမ်းကုန်သော ဗာရာဏသီပြည်၌ နေကုန်သော သူတို့သည်လည်း ပဉ္စသီတို့ကို စောင့်ကုန်၏။ ဘုရားလောင်းသည်လည်း ထိုသူတို့အား ပက္ခနေ့တို့၌ တရား ဟော၏။ တရားဆုံးဖြတ်ရာ အရပ်၌နေ၍ တရားဆုံးဖြတ်၏။ ထိုဘုရားလောင်းသည် ထင်ရှားရှိစဉ် ကောက်ကျစ် စဉ်းလဲသော တရားကို ပြုသောသူတို့မည်သည် မဖြစ်ကုန်။ နောက်အဖို့၌ မင်းသည် သေ၏။ ဘုရားလောင်းသည် ထိုမင်း၏ အလောင်းကို ပူဇော်ခြင်း၊ သင်္ဂြိုဟ်ခြင်းကို ပြုစေ၍ အဆုံးအဖြတ်တို့ကို ပေ၌ရေးစေ၍ ဤစာကိုကြည့်၍ တရား ဆုံးဖြတ်ကြလော့ ဟု ဆို၍ လူအများအား တရား ဟော၍ မမေ့မလျော့ခြင်းဖြင့် ဆုံးမ၍ ခပ်သိမ်းကုန်သောလူတို့၏ ငိုကုန်စဉ် စူဠတုဏ္ဍိလနှင့်တကွ တောသို့ ဝင်၏။ ထိုအခါ ဘုရားလောင်း၏ အဆုံးအမသည် အနှစ်ခြောက်သောင်း တည်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သေဘေးကို ကြောက်တတ်သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ပြီ၊ ယခုအခါ သေဘေးကို ကြောက်တတ်သော ရဟန်းသည် ထိုအခါ စူဠတုဏ္ဍိလဖြစ်ပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ပရိသတ် ဖြစ်ကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မဟာတုဏ္ဍိလ ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ညွန်မရှိမှန်၊ ထိုရေကန်၊ နိဗ္ဗာန်အမည်သာ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော တုဏ္ဍိလဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၄။ သုဝဏ္ဏကက္ကဋကဇာတ်

ကျေးဇူးသိသော ရွှေပုစွန်အကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သိင်္ဂီ မိဂေါအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုဝဏ္ဏကက္ကဋကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်အာနန္ဒာ မထေရ်သည် သဗ္ဗညူ မြတ်စွာဘုရား၏ အကျိုးငှာ အသက်ကိုစွန့်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုကို လေးသမားတို့ကို လွှတ်သည့်တိုင်အောင် ခဏ္ဍဟာလဇာတ်၌ ဆိုအပ်၏။ ဓနပါလဆင်ကို လွှတ်ခြင်းကို စူဠဟံသ မဟာဟံသဇာတ်၌ ဆိုအပ်၏။ ထိုအခါ တရားသဘင်၌ ရဟန်းတို့သည် ငါ့ရှင်တို့... တရားဘဏ္ဍာစိုးဖြစ်သော အာနန္ဒာမထေရ်သည် ပဋိသမ္ဘိဒါသို့ ရောက်သော သေက္ခဖြစ်၍ ဓနပါလဆင် လာသည်ရှိသော် သဗ္ဗညူမြတ်စွာဘုရားအား အသက်ကို စွန့်၏ ဟု စကားကို ဖြစ်စေကြကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားလည်း ကြွလာတော်မူလတ်၍ ရဟန်းတို့... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူ၍ ဤ မည်သော စကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့... အာနန္ဒာသည် ယခုအခါ၌သာလျှင် ငါ့အား အသက်ကို စွန့်သည် မဟုတ်သေး၊ ရှေး၌လည်း ငါ့အား အသက်ကို စွန့်ဖူးသည်သာလျှင် ကတည်း ဟု မိန့်တော်မူလတ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ သေနကမင်းသည် မင်းပြုသည်ရှိသော် ထိုဗာရာ ဏသီပြည်၏ အရှေ့မျက်နှာ၌ သာလိဒ္ဒိယမည်သော ပုဏ္ဏားရွာသည် ရှိ၏။ ထိုအခါ ဘုရားလောင်းသည် ထိုရွာ၌ လယ်လုပ်သော ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်သည်ရှိသော် ဥစ္စာကို ဖြစ်စေ၍ ထိုရွာ၏ အရှေ့မြောက်အရပ်ဖြစ်သော တစ်ခုသော ဂါမခေတ်၌ ပယ်တစ်ထောင် အတိုင်းအရှည်ရှိသော လယ်ကို ထွန်စေ၏။ ဘုရားလောင်းသည် တစ်နေ့သ၌ လူတို့နှင့်တကွ လယ်တောသို့သွား၍ အမှုကို ပြုကြကုန်လော့ ဟုစေ၍ မျက်နှာသစ်အံ့သောငှာ လယ်၏ အစွန်း၌ ကြီးစွာသော ထုံးအိုင်သို့ ကပ်၏။

ပုစွန်နှင့် မိတ်ဆွေဖြစ်ပုံ

ထိုထုံးအိုင်၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော တစ်ခုသော ပုစွန်သည် နေ၏။ အလွန် အဆင်းလှ၏။ ကြည်ညိုဖွယ် ရှိ၏။ ဘုရားလောင်းသည် တံပူစား၍ ထိုထုံးအိုင်သို့ သက်၏။ ဘုရားလောင်းမျက်နှာသစ်သော ကာလ၌ ပုစွန်သည် ဘုရားလောင်း အထံသို့ လာ၏။ ထိုအခါ ဘုရားလောင်းသည် ပုစွန်ကိုချီ၍ မိမိ၏ အပေါ်ရုံပုဆိုးကြား၌ အိပ်စေ၍ ယူ၍ လယ်၌ပြုအပ်သော ကိစ္စကိုပြု၍ သွားသော် ထိုထုံးအိုင်၌ ပုစွန်ကိုထား၍ အိမ်သို့သွား၏။

ထိုအခါမှစ၍ လယ်သို့လာသည်ရှိသော် ရှေး ဦးစွာ ထိုထုံးအိုင်သို့သွား၍ ပုစွန်ကို အပေါ်ရုံပုဆိုး၌ အိပ်စေ၍ နောက်မှ အမှုကို စီရင်၏။ ဤသို့လျှင် ထိုသူတို့အား အချင်းချင်း အကျွမ်းဝင်ခြင်းသည် မြဲ၏။ ဘုရားလောင်းသည် လယ်သို့ မပြတ်လာ၏။ ဘုရားလောင်း၏ မျက်စိတို့သည် ငါးပါးသောကြည်ခြင်း ရှိ၏။ သုံးပါးသော အဝန်းရှိ၏။ စင်ကြယ်ကုန်သည်ဖြစ်၍ ထင်ကုန်၏။

ပုဏ္ဏားမျက်စိကို စားချင်

ထိုအခါ လယ်၏အစွန်း၌ တစ်ခုသော ထန်း ပင်ဖျား၌ ကျီးသိုက်ဝယ်နေသော ကျီးမသည် ထိုပုဏ္ဏားမျက်စိတို့ကို မြင်၍ စားလိုသည်ဖြစ်၍ ကျီးဖိုကို သခင်... ချင်ခြင်းသည်ဖြစ်၏ဟု ပြော၏။ အဘယ်မည်သော ချင်ခြင်းနည်းဟု မေး၍ ထိုပုဏ္ဏား၏ မျက်စိတို့ကို စားလို၏ ဟု ဆို၏။ သင်၏ချင်ခြင်းသည် ခက်ခဲသော ချင်ခြင်းတည်း၊ ထိုမျက်စိတို့ကို အဘယ်သူသည် ဆောင်ခြင်းငှာ တတ်နိုင်လတ္တံ့နည်း ဟု ဆိုသည်ရှိသော် သင် မတတ်နိုင်သလော ဟု မေး၏။ မတတ်နိုင် ဟု ဆို၏။ ငါသည် ထိုအကြောင်းကို သိ၏။ ထန်းပင်၏အနီးဖြစ်သော ဤတောင် ပို့၌ အကြင်မြွေဟောက်သည် နေ၏။ ထိုမြွေ ဟောက်ကို ခစားလော့၊ ထိုမြွေဟောက်သည် ထိုပုဏ္ဏားကို ကိုက်၍ သတ်စေလတ္တံ့။ ထိုအခါ ပုဏ္ဏား၏မျက်စိတို့ကို ထုတ်၍ ဆောင်ခဲ့လော့ ဟု ဆို၏။ ကျီးဖိုသည် ကောင်းပြီ ဟု ဝန်ခံ၍ ထိုအခါမှစ၍ မြွေဟောက်ကို ခစား၏။

မြွေကိုကိုက်စေ

ဘုရားလောင်းသည်လည်း ပျိုးသော ကောက်တို့၏ ဖုံးလုံးသောကာလ၌ ပုစွန်သည်ကြီး၏။ ထိုအခါ တစ်နေ့သ၌ မြွေသည် ကျီးကို အဆွေကျီး သင်သည် အဘယ်အကြောင်းကြောင့် မပြတ် ငါ့ကို ခစားသနည်း၊ သင်၏ အဘယ်ကိစ္စကို ပြုရအံ့နည်းဟု ဆို၏။ အရှင်... သင်တို့၏ ကျွန်မအား တစ်ယောက်သော လယ်ရှင်၏ မျက်စိတို့၌ ချင်ခြင်းသည် ဖြစ်၏။ ထို့ကြောင့် ငါသည် သင်တို့၏ အာနုဘော်အားဖြင့် ထိုပုဏ္ဏား၏ မျက်စိတို့ကို ရလို၏ ဟု ဆို၏။ မြွေသည် ထိုသို့ဖြစ်စေ၊ ဤအမှုသည် ဝန်မလေး၊ ရလတ္တံ့ဟု ထိုကျီးအား သက်သာရာရစေ၍ နက်ဖြန်နေ့၌ ပုဏ္ဏားလာရာလမ်း၌ လယ်ကန်သင်းကိုမှီ၍ မြက်တို့ဖြင့် ဖုံးလွှမ်း၍ ပုဏ္ဏား၏လာခြင်းကို မျှော်လျက်အိပ်၏။ ဘုရားလောင်းသည် လာလတ်သော် ရှေးဦးစွာ ထုံးအိုင်သို့သက်၍ မျက်နှာ သစ်၍ ချင်ခြင်းကိုဖြစ်စေ၍ ရွှေပုစွန်ကိုခေါ်၍ အပေါ်ရုံပုဆိုးကြား၌ အိပ်စေ၍ လယ်သို့ဝင်၏။ မြွေသည် လာသော ဘုရားလောင်းကို မြင်၍ လငွစြါာပှေး၍ ဖနောင့်သား၌ ကိုက်၍ ထိုအရပ်၌လျှင် လဲစေ၍ တောင်ပို့ကိုရည်၍ ပြေး၏။

ကျီးလာ၍ မျက်စိဖောက်

ဘုရားလောင်း၏ လဲကျခြင်းသည်လည်းကောင်း၊ ပုစွန်၏ ပုဆိုးကြားမှ ခုန်ချခြင်းသည်လည်းကောင်း၊ ကျီးလာ၍ ဘုရားလောင်း၏ရင်၌ နားခြင်းသည်လည်းကောင်း မရှေးမနှောင်းဖြစ်၏။ ကျီးသည်နား၍ မျက်စိတို့ကို နှုတ်သီးဖြင့် ထိုး၏။

ပုစွန်က ကျီး၏လည်ပင်းညှပ်

ပုစွန်သည် ဤကျီးကိုမှီ၍ အဆွေခင်ပွန်းအား ဘေးဖြစ်၏။ ထိုကျီးကို ဖမ်းသည်ရှိသော် မြွေသည် လာလတ္တံ့ဟု ညှပ်ဖြင့်ညှပ်သကဲ့သို့ ကျီး၏ လည်၌ လက်မဖြင့် မြဲစွာညှပ်၍ ပင်ပန်းစေ၍ အတန်ငယ် လျှော့၏။

မြွေကိုခေါ်

ကျီးသည်အဆွေမြွေ... ငါ့ကိုစွန့်၍ အဘယ်ကြောင့် ပြေးသနည်း၊ တစ်ခုသော ပုစွန်သည် ငါ့ကို လွန်စွာညှဉ်းဆဲ၏။ အကြင်မျှလောက် မသေသေး၊ ထိုမျှလောက်လျှင် လာလော့ဟု မြွေကို ခေါ်လိုရကား-

၉၅။ သိင်္ဂီမိဂေါ အယတစက္ခုနေတ္တော။
အဋ္ဌိတ္တစော ဝါရိသယော အလောမော။
တေနာဘိဘူတော ကပဏံ ရုဒါမိ၊
ဟရေ သခါ ကိဿ နု မံ ဇဟာသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၅။ ဟရေ သခါ၊ အိုအဆွေ။ အာယတစက္ခုနေတ္တော၊ ပြူးပြူး ရှည်စွာထွက်သော စက္ခုဟုဆိုအပ်သော မျက်စိရှိသော။ အဋ္ဌိတ္တစော၊ အရိုးဟူ သော အရေရှိသော။ ဝါရိသယော၊ ရေ၌အိပ်သော။ အလောမော၊ အမွေးမရှိသော။ သိင်္ဂီမိဂေါ၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ပုစွန်သည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုပုစွန်သည်။ အဘိဘူတော၊ နှိပ်စက်အပ်သည်ဖြစ်၍။ အဟံ၊ ငါသည်။ ကပဏံ၊ ဆင်းရဲစွာ အထီးကျန်၍။ ရုဒါမိ၊ ငိုရ၏။ တွံ၊ သင်သည်။ ကိဿ နု၊ အဘယ့်ကြောင့်လျှင်။ မံ၊ ငါ့ကို။ ဇဟာသိ၊ စွန့်ဘိသနည်း။

မြွေကိုပါ ဖမ်းပြီ

မြွေသည် ထိုစကားကိုကြား၍ ကြီးစွာသော ပါးပျဉ်းကိုပြု၍ ကျီးကို သက်သာရာ ရစေ၍ လာ၏။ ထိုအကြောင်းကို ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီး၍-

၉၆။ သော ပဿသန္တော မဟတာ ဖဏေန၊
ဘုဇင်္ဂမော ကက္ကဋမဇ္စျပတ္တော။
သခါ သခါရံ ပရိတာယမာနော၊
ဘုဇင်္ဂမံ ကက္ကဋကော ဂဟေသိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၉၆။ သော ဘုဇင်္ဂမော၊ ထိုမြွေသည်။ မဟာတာ၊ ကြီးစွာသော။ ဖဏေန၊ ပါးပျဉ်းဖြင့်။ ပဿသန္တော၊ ထွက်သက်ကိုဖြစ်စေ၍။ ကက္ကဋကံ၊ ပုစွန်ထံသို့။ အဇ္ဈပတ္တော၊ ရောက်လာ၏။ သခါ၊ အဆွေခင်ပွန်းဖြစ်သော။ ကက္ကဋကော၊ ပုစွန်သည်။ သခါရံ၊ မိမိ၏ အဆွေခင်ပွန်းဖြစ်သော ဘုရားလောင်းကို။ ပရိတာယမာနော၊ စောင့်ရှောက်လိုသော။ ဘုဇင်္ဂမံ၊ မြွေကို။ ဂဟေသိ၊ ဖမ်း၏

အဘယ်ကြောင့် ဖမ်းသနည်း

ထိုအခါ မြွေသည် ပုစွန်တို့မည်သည်ကား ကျီးသားကိုလည်း မစားကုန်သလျှင်ကတည်း၊ မြွေသားကိုလည်း မစားကုန်သလျှင်ကတည်း၊ ထိုသို့ဖြစ်လျက် အဘယ့်ကြောင့် ငါတို့ကို ဤပုစွန်သည် ဖမ်သနည်း ဟု ကြံ၏။ ကြံပြီး၍ ပုစွန်ကို မေးလိုရကား-

၉၇။ န ဝါယသံ နော ပန ကဏှသပ္ပံ၊
ဃာသတ္ထိကော ကက္ကဋကော အဒေယျ။
ပုစ္ဆာမိ တံ အာယတစက္ခုနေတ္တ၊
အထ ကိဿ ဟေတုမှ ဥဘော ဂဟိတာ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၇။ အာယတစက္ခုနေတ္တ၊ ရှည်သော စက္ခုဟု ဆိုအပ်သော မျက်စိရှိသော ပုစွန်။ ကက္ကဋကော၊ ပုစွန်မည်သည်။ ဃာသတ္ထိကော၊ စားလိုသည်ဖြစ်၍။ ဝါယသံ၊ ကျီးကို။ န အဒေယျ၊ မဖမ်းရာ။ ကဏှသပ္ပံ၊ မြွေဟောက်ကို။ နော ပန အဒေယျ၊ မယူရာသလျှင်ကတည်း။ အထ၊ ထိုသို့ဖြစ်လျက်။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်။ ဥဘော၊ နှစ်ခုကုန်သော ငါတို့ကို။ ဂဟိတာ၊ ဖမ်းအပ်ကုန်သနည်း။ တံ၊ သင့်ကို။ ပုစ္ဆမိ၊ ငါမေး၏။

ထိုစကားကိုကြား၍ ပုစွန်သည် ဖမ်းအပ်သော အကြောင်းကို ဆိုလို၍-

၉၈။ အယံ ပုရိသော မမ အတ္ထကာမော၊
ယော မံ ဂဟေတွာန ဒကာယ နေတိ။
တသ္မိံ မတေ ဒုက္ခမနပ္ပကံ မေ၊
အဟဉ္စ ဧသော စ ဥဘော န ဟောမ။
၉၉။ မမ္မဉ္စ ဒိသွာန ပဝဒ္ဓကာယံ၊
သဗ္ဗော ဇနော ဟိံသိတုမေဝ မိစ္ဆေ။
သာဒုဉ္စ ထူလဉ္စ မုဒုဉ္စ မံသံ၊
ကာကာပိမံ ဒိသွာန ဝိဟေဌယေယျံ။

ဟူကုန်သော ဤဂါထာတို့ကို ဆို၏။

ပုဏ္ဏားကို ဆေးကုပါ

֍ ဋ္ဌ ၉၈။ ကဏှသပ္ပ၊ မြွေဟောက်။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ မံ၊ ငါ့ကို။ ဂဟေတွန၊ ယူ၍။ ဒကာယ၊ ရေအိုင်သို့။ နေတိ၊ ဆောင်၏။ အယံ ပုရိသော၊ ဤယောက်ျားသည်။ မမ၊ ငါ၏ အတ္ထကာမော၊ အကျိုးကို အလိုရှိ၏။ တသ္မိံ၊ ထိုယောက်ျားသည်။ မတေ၊ သေသည်ရှိသော်။ မေ၊ ငါ့အား။ အနပ္ပကံ၊ များစွာသော၊ ဒုက္ခံ၊ ဆင်းရဲသည်။ ဟောတိ၊ ဖြစ်၏။ အဟဉ္စ၊ ငါသည်လည်းကောင်း။ ဧသော စ၊ ဤယောက်ျားသည်လည်းကောင်း။ ဣတိ၊ ဤသို့။ ဥဘော၊ နှစ်ယောက်ကုန်သော ငါတို့သည်။ န ဟောမ၊ မဖြစ်ကုန်အံ့။

֍ ဋ္ဌ ၉၉။ ပဝဒ္ဓကာယံ၊ ကြီးသောကိုယ်ရှိသော။ မမဉ္စ၊ ငါ့ကိုလည်း။ ဒိသွာန၊ မြင်၍။ သဗ္ဗော၊ ခပ်သိမ်းသော။ ဇနော၊ လူသည်။ ဟိံသိတုမေဝ၊ ညှဉ်းဆဲခြင်းငှာသာလျှင်။ ဣစ္ဆေ၊ အလိုရှိရာ၏။ သာဒုဉ္စ မံသံ၊ ကောင်းသောအသား ရှိသည်လည်းဖြစ်သော။ ထူလဉ္စ မံသံ၊ ဆူသော အသားရှိသည်လည်းဖြစ်သော။ မုဒုဉ္စ မံသံ၊ နူးညံ့သော အသားရှိသည်လည်း ဖြစ်သော။ မံ၊ ငါ့ကို။ ကာကာပိ၊ ကျီးတို့သည်လည်း။ ဒိသွာ၊ မြင်ကုန်၍။ ဝိဟေဌယယျံ၊ ညှဉ်းဆဲကုန်ရာ၏။

ငါတို့နှစ်ဦးကို လွှတ်ပါ

ထိုစကားကိုကြား၍ မြွေသည် တစ်ခုသော ဥပါယ်ဖြင့်ဤပုစွန်ကိုလှည့်စား၍ ကျီးကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း လွှတ်စေအံ့ဟု ကြံ၏။ ကြံပြီး၍ ပုစွန်ကို လှည့် စားအံ့သောငှာ-

၁၀၀။ သစေ တသ ဟေတုမှ ဥဘော ဂဟိတာ၊
ဥဋ္ဌာတု ပေါသော ဝိသမာဝမာမိ။
မမဉ္စ ကာကဉ္စ ပမုဉ္စ ခိပ္ပံ၊
ပုရေ ဝိသံ ဂါဠှမုပေတိ မစ္စံ။

ဟူသော ခြေက်ခုမြောက် ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၀။ တဿ၊ ထိုယောကျ်ား၏။ ဟေတုမှိ၊ အကြောင်းကြောင့်။ ဥဘော၊ နှစ်ခုကုန်သော ငါတို့ကို။ သစေ ဂဟိတာ၊ အကယ်၍ ဖမ်းကုန်သည် ဖြစ်အံ့။ ပေါသော၊ ယောက်ျားသည်။ ဥဋ္ဌာတု၊ ထစေသတည်း။ အဟံ၊ ငါသည်။ ဝိသံ၊ အဆိပ်ကို။ အဝမာမိ၊ ငင်အံ့။ မစ္စံ၊ ယောက်ျားကို။ ဝိသံ၊ အဆိပ်သည်။ ဂါဠှံ၊ ပြင်းစွာ။ ပုရေ ဥပေတိ၊ မရောက်မီ။ မမဉ္စ၊ ငါ့ကို လည်းကောင်း။ ကာကဉ္စ၊ ကျီးကိုလည်းကောင်း။ ခိပ္ပံ၊ လျင်စွာ။ ပမုဉ္စ၊ လွှတ်လော့။

မြွေဆိပ်ကို စုပ်ရပြီ

ထိုစကားကို ကြား၍ ပုစွန်သည် ဤမြွေသည် တစ်ခုသောအကြောင်းဖြင့် နှစ်ခုကုန်သော သတ္တဝါတို့ကို လွှတ်စေ၍ ပြေးလို၏။ ငါ၏ ဥပါယ်၌ လိမ္မာသောအဖြစ်ကို မသိ၊ ယခု ဤမြွေသည် အကြင်သို့သော အခြင်းအရာအားဖြင့် ပြုသည်ရှိသော် ငင်ခြင်းငှာ စွမ်းနိုင်၏။ ထိုသို့သော အခြင်းအရာအားဖြင့် လက်မကို လျှော့အံ့၊ ကျီးကိုလည်း မလွှတ်အံ့ဟု ကြံ၏။ ကြံပြီး၍-

၁၀၁။ သပ္ပံ ပမောက္လာမိ န တာဝ ကာကံ၊
ပဋိဗန္ဓကော ဟောဟိတိ တာဝ ကာကော။
ပုရိသဉ္စ ဒိသွာန သုခိံ အရောဂံ၊
ကာကံ ပမောက္ခာမိ ယထေဝ သပ္ပံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၁။ သပ္ပံ၊ မြွေကို။ ပမောက္ခာမိ၊ လွှတ်အံ့။ တာဝ၊ ရှေးဦးစွာ။ ကာကံ၊ ကျီးကို။ န ပမောက္ခာမိ၊ မလွှတ်သေး။ ကာကော၊ ကျီးသည်။ တာဝ၊ ရှေး ဦးစွာ။ ပဋိဗန္ဓကော၊ ဝန်ခံသူသည်။ ဟောတိ၊ ဖြစ်၏။ ပုရိသဉ္စ၊ ယောက်ျားကိုလည်း။ သုခိံ၊ ချမ်း သာသည်ကို။ အရောဂံ၊ အနာမရှိသည်ကို။ ဒိသွာန၊ မြင်ရသည်ရှိသော်။ သပ္ပံ၊ မြွေကို။ ပမောက္ခာမိ ယထေဝ၊ လွှတ်သကဲ့သို့လျှင်။ အဟံ၊ ငါသည်။ ကာကံ၊ ကျီးကို။ ပမောက္ခာမိ၊ လွှတ်အံ့။

ပုစွန်က မြွေနှင့်ကျီးကို သတ်လိုက်ခြင်း

ဤသို့ဆို၍ အဆိပ်ကို ငင်စိမ့်သောငှာ မြွေကိုညှပ်သော လက်မကို လျော့စွာပြု၏။ မြွေသည် အဆိပ်ကို ငင်၍ ဘုရားလောင်း၏ ကိုယ်ကို အဆိပ်မရှိသည်ကို ပြု၏။ ဘုရားလောင်းသည် ဆင်းရဲကင်းလတ်သော် ထ၍ ပကတိသော အဆင်းဖြင့်လျှင် ရပ်၏။ ပုစွန့်သည် ဤနှစ်ခုကုန်သော သတ္တဝါတို့သည်လည်း အကယ်၍ ရောဂါကင်းသည် ဖြစ်အံ့၊ ငါ့အဆွေအား အစီး အပွားမည်သည် မဖြစ်လတ္တံ့၊ ထိုသတ္တဝါတို့ကို ဖျက်ဆီးအံ့ဟု ကြံ၍ ကတ်ကြေးဖြင့် ကြာငုံကို ဖြတ်သကဲ့သို့ နှစ်ခုကုန်သော သတ္တဝါတို့၏ ဦးခေါင်းကို လက်မဖြင့်ဖြတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေ၏။ ကျီးမသည်လည်း ထိုအရပ်မှ ပြေး၏။ ဘုရားလောင်းသည် မြွေ၏ကိုယ်ကို လှံကန်ဖြင့်ရစ်၍ တောင်ပို့သို့ချ၏။ ရွှေပုစွန်ကို ထိုအိုင်၌လွှတ်၍ ညအခါ ရွာသို့လျှင် သွား၏။ ထိုအခါမှစ၍ ရွှေပုစွန်နှင့်တကွ အတိုင်းထက် အလွန် အကျွမ်းဝင်ခြင်းသည် ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်တ်ကို ပေါင်းတော်မူလိုရကား-

၁၀၂။ ကာကော တဒါ ဒေဝဒတ္တော အဟောသိ။
မာရော ပန ကဏှသပ္ပေါ အဟောသိ။
အာနန္ဒော ဘဒြော ကက္ကဋကော အဟောသိ။
အဟံ တဒါ ဗြာဟ္မဏော ဟောမိ သတ္ထာ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၀၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧတရဟိ၊ ယခုအခါ၌။ ဒေဝဒတ္တော၊ ဒေဝဒတ်သည်။ တဒါ၊ ထိုအခါ၌။ ကာကော၊ ကျီးသည်။ အဟောသိ၊ ဖြစ်ပြီ။ ဧတရဟိ၊ ယခုအခါ၌။ မာရော၊ မာရ်သည်။ တဒါ၊ ထိုအခါ၌။ ကဏှသပ္ပေါ၊ မြွေဟောက်သည်။ အဟောသိ၊ ဖြစ်ပြီ။ ဧတရဟိ၊ ယခုအခါ၌။ အာနန္ဒော၊ အာနန္ဒာသည်။ တဒါ၊ ထိုအခါ၌။ ဘဒြော၊ ကောင်းသော။ ကက္ကဋကော၊ ပုစွန်သည်။ အဟောသိ၊ ဖြစ်ပြီ။ ဧတရဟိ၊ ယခုအခါ၌။ သတ္ထာ၊ နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော။ အဟံ၊ ငါသည်။ တဒါ၊ ထိုအခါ၌။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ ဟောမိ၊ ဖြစ်ပြီ။

သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ များစွာသော ရဟန်းတို့သည် သောတာပန် အစရှိသည် ဖြစ်ကုန်၏။ ကျီးမကိုကား ဤဂါထာ၌ မဆိုအပ်၊ ထိုကျီးမသည် စိဉ္စမာဏဝိကာ ဖြစ်၏။ ဤသို့ မှတ်အပ်၏။

ချစ်သောမိတ်ဆွေ၊ ကူညီလေ၊ မိတ်ဆွေကပ်ပါးအလကား

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော သုဝဏ္ဏကက္ကဋကဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၅။ မယှကဇာတ်

လှူသောအခါ စေတနာသုံးတန် ညီသင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သကုဏော မယှကော နာမ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ် ဤမယှကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အာဂန္တုက သူဌေးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သာဝတ္ထိပြည်၌ အာဂန္တုကမည်သော သူဌေးသည် ကြွယ်ဝ၏။ များစွာသော ဥစ္စာရှိ၏။ ထိုသူဌေးသည် ထိုဥစ္စာတို့ကို မိမိလည်း မသုံး ဆောင်၊ သူတစ်ပါးတို့အားလည်း မပေး။ အထူး ထူးသော မြတ်သော အရသာရှိသော ဘောဇဉ်တို့ကို ဆောင်အပ်သည်ရှိသော် ထိုမြတ်သော ဘောဇဉ်တို့ကို မသုံးဆောင်၊ ပအုန်းရည်လျှင် အဖော်ရှိသော ဆန်ကွဲထမင်းကိုသာလျှင် စား၏။ အမွှေးအကြိုင်ဖြင့် ထုံအပ်သော ကာသိတိုင်း၌ ဖြစ်သော အဝတ်ကို ဆောင်အပ်သည်ရှိသော် ထိုအဝတ်တို့ကိုပယ်၍ ရုန့်ရင်းသော အဝတ်တို့ကိုသာလျှင်ဝတ်၏။ အာဇာနည်မြင်းကသော ပတ္တမြား, ရွှေတို့ဖြင့် ဆန်းကြယ်သော ရထားကို ဆောင်အပ်သည်ရှိသော် ထိုရထားကိုပယ်၍ သစ်သားရထားဖြင့် သွား၏။ ရွှေထီးတို့ကို ဆောင်းအပ်သည်ရှိသော် ထိုရွှေထီးကိုပယ်၍ သစ်ရွက်ထီးကို ဆောင်းသဖြင့် သွား၏။

ထိုအာဂန္တုက သူဌေးသည် အသက်ထက်ဆုံး အလှူ အစရှိသော ကောင်းမှုတို့တွင် တစ်ခုသော ကောင်းမှုမျှကိုလည်း မပြုဘဲ သေ၍ ရောရုဝငရဲ၌ ဖြစ်၏။ ထိုသူဌေး၏ ဥစ္စာသည် သားမရှိသောဥစ္စာတည်းဟု မင်းအိမ်သို့ ခုနစ်နေ့ ခုနစ်ရက်တို့ဖြင့် သွင်း၏။ ထိုဥစ္စာကို သွင်းပြီးသည်ရှိသော် မင်းသည် နံနက်စာ စားပြီးသောအခါ၌ ဇေတဝန် ကျောင်းတော်သို့ သွား၍ ဘုရားကို ရှိခိုးလျက်နေ၏။ မြတ်သောမင်းကြီး... ငါဘုရားအား ခစားခြင်းကို အဘယ့်ကြောင့်မပြုသနည်း ဟု မေးသည်ရှိသော် အရှင်ဘုရား သာဝတ္ထိမြို့၌ အာဂန္တုက အမည်ရှိသော သူဌေးသည်သေ၍ အရှင်မရှိသော ဥစ္စာတို့ကို အကျွန်ုပ်တို့၏အိမ်သို့ ဆောင်သော အကျွန်ုပ်အား ခုနစ်နေ့ ခုနစ်ရက်တို့သည် လွန်ကုန်၏။ ထိုသူဌေးသည် ဤဥစ္စာတို့ကိုရ၍ မိမိလည်း မသုံး ဆောင်၊ သူတစ်ပါးအားလည်း မပေး၊ ထိုသူဌေး၏ ဥစ္စာသည် ရက္ခိုသ်စောင့်သော ရေကန်နှင့် တူ၏။ ထိုသူဌေးသည် တစ်နေ့မှလည်း မြတ်သော ဘောဇဉ် အစရှိသည်တို့၏ အရသာကို မခံစားမူ၍လျှင် သေမင်း၏ ခံတွင်းသို့ဝင်၏။ ဤသို့ ဝန်တိုသော, နည်းသော ဘုန်းရှိသော သတ္တဝါသည် အဘယ်ကို ပြု၍လျှင် ဤမျှလောက်သော ဥစ္စာကို ရသနည်း၊ အဘယ်ကြောင့်ကား ထိုသူဌေး၏ စိတ်သည် စည်းစိမ်တို့၌ မမွေ့လျော်သနည်း ဟု မြတ်စွာဘုရားကို လျှောက်၏။ သဗ္ဗညူမြတ်စွာဘုရားသည် မြတ်သောမင်းကြီး... ဥစ္စာရခြင်းကိုလည်းကောင်း, ဥစ္စာရ၍ မသုံးဆောင်ရသော အဖြစ်ကိုလည်းကောင်း ထိုသူဌေးသည်လျှင် ပြု၏ဟု မိန့်တော်မူ၍ ကောသလမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ၁

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဗာရာ ဏသီသူဌေးသည် သဒ္ဓါခြင်းမရှိ၊ ဝန်တို့၏။ တစ်စုံ တစ်ယောက်သောသူအား တစ်စုံ တစ်ခုသော ဝတ္ထုကိုမပေး၊ တစ်စုံတစ်ယောက်သော သူ၏ အလိုကို မလိုက်။

ဗုဗ္ဗ မုဉ္စစေတနာ

ထိုသူဌေးသည် မင်းအား ခစားအံ့သောငှာ သွားသည်ရှိသော် ဆွမ်းအလို့ငှာ လာသော တဂ္ဂရသိခီမည်သော ပစ္စေကဗုဒ္ဓါကို မြင်၍ ရှိခိုး၍ အရှင်ဘုရား... ဆွမ်းရပါ၏လော ဟု မေး၍ သူဌေးကြီး ရလတ္တံ့ဟူ၍ လှည့်လည်၏ ဟု ဆိုသည်ရှိသော် အချင်းယောက်ျားကို သွားစေ၍ ဤပစ္စေကဗုဒ္ဓါကို ငါတို့ အိမ်သို့ပင့်၍ ငါ၏ ပလ္လင်၌ နေစေ၍ ငါတို့ဖို့ စီရင်အပ်သော ထမင်းဖြင့် သပိတ်ကိုပြည့်စေ၍ လှူချေလော့ ဟု စေလေ၏။ ထိုယောက်ျားသည် ပစ္စေကဗုဒ္ဓါကို ထိုအိမ်သို့ပင့်၍ နေစေ၍ သူဌေးမယားအား ကြား၏။ သူဌမယားသည် အထူးထူး မြတ်သော အရသာရှိသော ဆွမ်းဖြင့် သပိတ်ကိုပြည့်စေ၍ တဂ္ဂရသိခီ ပစ္စေကဗုဒ္ဓါအားလှူ၏။

အပရစေတနာ

ပစ္စေကဗုဒ္ဓါသည် ဆွမ်းကိုယူ၍ သူဌေးအိမ်မှထွက်၍ ခရီးအလယ်၌ သွား၏။ သူဌေးသည် မင်းအိမ်မှ ပြန်သည်ရှိသော် ပစ္စေကဗုဒ္ဓါကိုမြင်၍ ရှိခိုး၍ အရှင်ဘုရား... ဆွမ်းရပါ၏လောဟု လျှောက်၏။ သူဌေးကြီး ရ၏ ဟု ဆို၏။ သူဌေးကြီးသည် ဆွမ်းကိုကြည့်၍ စိတ်ကို ကြည်ညိုစေခြင်းငှာ မတတ်နိုင်။ ငါသည် ဤထမင်းကို ကျွန်တို့ကို လည်းကောင်း, အမှုလုပ်သောသူတို့ကို လည်းကောင်း စားစေရသည်ရှိသော် ခဲခက်သော အမှုကိုလည်း ပြုကုန်ရာ၏။ ငါ့အား ရှုံးစွတကား ဟု အပရစေတနာကို ပြည့်စုံစွာ ပြုအံ့သောငှာ မတတ်နိုင်။

စေတနာသုံးတန် ပြည့်ဝမှ

ထိုစကားသည် မှန်၏။ အလှူမည်သည်ကား သုံးပါးသော စေတနာကို ပြုအံ့သောငှာ တတ်နိုင်သောသူအားသာလျှင် အကျိုးကြီး၏။ အလှူကို မလှူမီ ရှေး၌လျှင် ကောင်းသောစိတ် ရှိသည်ဖြစ်ည၍ လှူရာ၏။ လှူစဉ် စိတ်ကို ကြည်ညိုခြင်းကို ဖြစ်စေရာ၏။ လှူပြီး၍ ဝမ်းမြောက်ခြင်းကို ဖြစ်စေရာ၏။ ဤသည်ကား ကောင်းမှု၏ ပြည့်စုံခြင်းတည်း။

စေတနာမစုံ၍ အကျိုးမစုံ

မြတ်သောမင်းကြီး အာဂန္တုကသူဌေးသည် တဂ်ဂရသိခီပစ္စေကဗုဒ္ဓါအား လှူသော အကြောင်းကြောင့် များသောဥစ္စာကိုရ၏။ အပရစေတနာကို ပြုအံ့သောငှာ မစွမ်းနိုင်သည်၏အဖြစ်နှင့် စည်းစိမ်ကို သုံးဆောင်အံ့သောငှာ မတတ်နိုင် ဟု ဟောတော်မူ၏။

ဘုန်းတော်ကြီးသော အရှင်ဘုရားသားကိုကား အဘယ့်ကြောင့် မရသနည်း ဟု လျှောက်၏။ သဗ္ဗညူမြတ်စွာဘုရားသည် မြတ်သောမင်းကြီး... သားမရခြင်း၏ အကြောင်းကိုလည်း ထိုသူပင်လျှင် ပြုအပ်၏ မိန့်တော်မူ၍ ကောသလမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု ၂...

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော သူဌေးမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် မိဘတို့လွန်သဖြင့် ညီကို သင်္ဂြိုဟ်ထောက်ပံ၍ ဥစ္စာကိုစီရင်၍ အိမ်တံခါး၌ အလှူတင်းကုပ် ဆောက်၍ အလှူကို ဖြစ်စေလျက် အိမ်၌ နေ၏။

အစ်ကိုတောထွက်ပြီ

ထိုအခါ ဘုရားလောင်းအား တစ်ယောက်သော သားကို ဖွား၏။ ဘုရားလောင်းသည် ထိုသား ခြေဖြင့်သွားတတ်သောကာလ၌ ကာမတို့၏ အပြစ်ကိုလည်းကောင်း၊ တောထွက်ခြင်း၌ အကျိုးကိုလည်းကောင်း မြင်၍ သား, မယားတို့ကိုလည်းကောင်း၊ အလုံးစုံသော အိမ်၌ရှိသော ဥစ္စာတို့ကိုလည်းကောင်း ဆောင်နှင်း၍ မမေ့မလျော့ အလှူကို ဖြစ်စေလော့ဟု ဆုံးမ၍ ရသေ့ရဟန်းပြု၍ အဘိညာဉ်တို့ကို လည်းကောင်း၊ သမာပတ်တို့ကို လည်းကောင်း ဖြစ်စေ၍ ဟိမ ဝန္တာ အရပ်၌နေ၏။

ညီက တူကိုသတ်ခြင်း

ဘုရားလောင်း၏ ညီသည်လည်း သားတစ်ယောက်ကိုရ၏။ ထိုသူဌေးသည် သားကြီးသည်ကိုမြင်၍ ငါ့အစ်ကိုသားသည် အသက်ရှည်သည်ရှိသော် ဥစ္စာကို နှစ်စုခွဲရသည် ဖြစ်လတ္တံ့၊ အစ်ကို၏ သားကို သတ်အံ့ ဟု ကြံ၏။ ကြံပြီး၍ အစ်ကို၏ သားကို တစ်နေ့သ၌ မြစ်၌ နှစ်၍ သတ်၏။ ရေချိုးလာသော ထိုသူဋ္ဌေးကို အစ်ကို့မယားသည် ငါ့သား အဘယ်မှာနည်းဟု မေး၏။ မြစ်၌ ရေကစား၏။ ထိုအခါ သူငယ်ကို ရှာသည်ရှိသော် မမြင် ဟု ဆို၏။ အစ်တို့၏ မယားသည် ငိုကြွေးမြည်တမ်း၍ ဆိတ်ဆိတ်နေ၏။

အစ်ကိုရသေ့ကြီး တရားပြ

ဘုရားလောင်းသည် ထိုအကြောင်းကိုသိ၍ ဤအမှုကို ထင်စွာပြုအံ့ဟု ကောင်းကင်ဖြင့် လာ၍ ဗာရာဏသီပြည်၌ သက်၍ ကောင်းစွာ ဝတ်ရုံအပ်သည်ဖြစ်၍ ထိုသူဌေးအိမ်တံခါး၌ ရပ်၍ အလှူတင်းကုပ်ကိုလည်း ဤသူယုတ်သည် ဖျက်ဆီးအပ်၏ ဟု ကြံ၏။ ညီသည်လည်း ဘုရားလောင်း လာသောအဖြစ်ကို သိ၍ လာလတ်၍ ဘုရားလောင်းကိုရှိခိုး၍ ပြာသာဒ်သို့တင်၍ ကောင်းသော ဘောဇဉ်ကို ကျွေး၏။

ဘုရားလောင်းသည် ဆွမ်းစားပြီးသော ကိစ္စအဆုံး၌ ချမ်းသာသော စကားဖြင့် နေလျက် သူငယ်သည် မထင်၊ သူငယ်သည် အဘယ်သို့ သွားသနည်း ဟု မေး၏။ အရှင်ဘုရား... သေ၏ ဟု ဆိုသည်ရှိသော် အဘယ်အကြောင်းကြောင့် သေသနည်းဟု မေး၏။ ရေကစားရာ၌ ဤမည်သော အကြောင်းကြောင့် သေသည်ဟူ၍ မသိ ဟု ဆို၏။ ယုတ်မာသော ယောက်ျား... သင်သည် အဘယ်မှာ သိလတ္တံ့နည်း၊ သင်ပြုအပ်သော အမှုသည် ငါ့အား ထင်သည်မဟုတ်လော၊ သင်သည် ဤမည်သော အကြောင်းကြောင့် ထိုသူငယ်ကို သတ်သည်မဟုတ်လော၊ သင်သည် မင်းအစရှိသည်တို့၏ အစွမ်းအားဖြင့် ဖျက်ဆီးအပ်သော ဥစ္စာကို စောင့်ရှောက်ခြင်းငှာ တတ် နိုင်လတ္တံ့လော၊ မယှကငှက်၏ လည်းကောင်း၊ သင်၏လည်းကောင်း ထူးသော အကြောင်းသည် အသို့ရှိသနည်းဟု ဆို၍ ထိုနောက်မှ ဘုရားလောင်းသည် ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် ထိုသူဋ္ဌေးအား တရားဟောလိုသည်ဖြစ်၍-

၁၀၃။ သကုဏော မယှကော နာမ၊ ဂိရိသာနုဒရီစရော။
ပက္ကံ ပိပ္ဖလိ မာရုယှ၊ မယှံ မယှန္တိ ကန္ဒတိ။
၁၀၄။ တဿေဝံ ဝိလပန္တဿ၊ ဒိဇသံဃာ သမာဂတာ။
ဘုတွာန ပိပ္ဖလိံ ယန္တိ၊ ဝိလပတွေဝ သော ဒိဇော၊
၁၀၅။ ဧဝမေဝ ဣဓေကစ္စော၊ သင်္ဃရိတွာ ဗဟုံ ဓနံ။
နေဝတ္တနော န ဉာတီနံ၊ ယထောဓိံ ပဋိပဇ္ဇတိ။
၁၀၆။ န သော အစ္ဆာဒနံ ဘတ္တံ၊ န မာလံ န ဝိလေပနံ။
နာနုဘောတိ သကိံ ကိဉ္စိ၊ န သင်္ဂဏှာတိ ဉာတကေ။
၁၀၇။ တဿေဝံ ဝိလန္တဿ၊ မယှံ မယှန္တိ ရက္ခတော။
ရာဇာနော အထဝါ စောရာ၊ ဒါယာဒါယေဝ အပ္ပိယာ။
ဓနမာဒါယ ဂစ္ဆန္တိ၊ ဝိလပတွေဝ သော နရော။
၁၀၈။ ဓီရော ဘောဂေ အဓိဂမ္မ၊ သင်္ဂဏှာတိ စ ဉာတကေ။
တေန သော ကိတ္တိံ ပပ္ပေါတိ၊ ပေစ္စသဂ္ဂေ ပမောဒတိ။

ဟူကုန်သော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၀၃။ ဂိရိသာနုဒရီစရော၊ တောင်လျဉ် တောင်ဝှမ်းချောက်ကြား၌ ကျက်စားသော။ မယှကော နာမ၊ မယှက အမည်ရှိသော။ သကုဏော၊ ငှက်သည်။ ပက္ကံ၊ မှည့်သော။ ပိပ္ဖလိံ၊ ညောင်ကြတ်ပင်သို့။ အာရုယှ၊ တက်၍။ မယှံ မယှန္တိ၊ ငါ့ဥစ္စာ - ငါ့ဥစ္စာ ဟူ၍။ ကန္ဒတိ၊ မြည်၏။

֍ ဋ္ဌ ၁၀၄။ တဿ၊ ထိုငှက်၏။ ဝိလပန္တဿ ဧဝ၊ မြည် တမ်းစဉ်လျှင်။ ဒိဇသံဃာ၊ ငှက်အပေါင်းတို့သည်။ သမာဂတာ၊ စည်းဝေးကုန်၍။ ပိပ္ဖလိံ၊ ညောင် ကြတ်သီးကို။ ဘုတွာ၊ စား၍။ ယန္တိ၊ ပျံကြကုန်၏။ သော ဒိဇော၊ ထိုငှက်သည်။ ဝိလပတွေဝ၊ မြည် တမ်းသလျှင်ကတည်း။

֍ ဋ္ဌ ၁၀၅။ ဧဝမေဝ၊ ဤအတူလျှင်။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သော သူသည်။ ဗဟုံ၊ များစွာသော။ ဓနံ၊ ဥစ္စာကို။ သင်္ဃရိတွာ၊ စုရုံး၍။ အတ္တနော၊ မိမိ၏။ အတ္ထာယ၊ အကျိုးငှာ။ နေဝ ဟောတိ၊ မဖြစ်သလျှင်ကတည်း။ ဉာတီနံ၊ ဆွေမျိုးတို့အား။ ယထောဓိံ၊ အစုအလျှောက်။ န ပဋိပဇ္ဇတိ၊ မကျင့်။

֍ ဋ္ဌ ၁၀၆။ သော၊ ထိုသူသည်။ အစ္ဆာဒနံ၊ အဝတ်အာရုံကို။ နာနုဘောတိ၊ မသုံးဆောင်။ ဘတ္တံ၊ ထမင်းကို။ နာနုဘောတိ၊ မသုံးဆောင်။ မာလံ၊ ပန်းကို။ နာနုဘောတိ၊ မသုံးဆောင်။ ဝိလေပနံ၊ နံ့သာပျောင်းကို။ နာနုဘောတိ၊ မသုံးဆောင်။ သကိံ၊ တစ်ကြိမ်မျှလည်း။ ကိဉ္စိ၊ တစ်စုံတစ်ခုကို။ န အနုဘောတိ၊ မသုံးဆောင်။ ဉာတကေ၊ ဆွေမျိုးတို့ကို။ န သင်္ဂဏှာတိ၊ မထောက်ပံ့။

֍ ဋ္ဌ ၁၀၇။ ဧဝံ၊ ဤသို့။ မယှံ မယှန္တိ၊ ငါ့ဥစ္စာ ငါ့ဥစ္စာ ဟူ၍။ ဝိပန္တ ဿ၊ မြည်တမ်းလျက်။ ရက္ခတော၊ စောင့်သော။ တဿ၊ ထိုသူ၏။ ဓနံ၊ ဥစ္စာကို။ အပ္ပိယာ၊ မချစ်အပ်ကုန်သော။ ယေဝါ ဒါယာဒါ၊ အကြင်အမွေခံတို့သည်လည်းကောင်း။ ရာဇာနော ဝါ၊ မင်းတို့သည်လည်းကောင်း။ အထ၊ ထိုမြို့။ စောရာ ဝါ၊ ခိုးသူတို့သည်ထည်းကောင်း။ ဓနံ၊ ဥစ္စာကို။ အာဒါယ၊ ယူ၍။ ဂစ္ဆန္တိ၊ သွားကုန်၏။ သော နရော၊ ထိုသူသည်။ ဝိလပတွေဝ၊ မြည် တမ်းရုံသာလျှင်ကတည်း။

֍ ဋ္ဌ ၁၀၈။ ဓီရော၊ ပညာရှိသော။ နရော၊ လူသည်။ ဘောဂေ၊ ဥစ္စာတို့ကို။ အဓိဂမ္မ၊ ရ၍။ ဉာတကေ စ၊ ဆွေမျိုးတို့ကိုလည်း။ သင်္ဂဏှာတိ၊ ထောက်ပံ့၏။ တေန၊ ထိုထောက်ပံ့ခြင်းဟူသော အကြောင်းကြောင့်။ သော၊ ထိုပညာရှိသည်။ ကိတ္တိံ၊ ကျော် စောခြင်းသို့။ ပပ္ပေါတိ၊ ရောက်၏။ ပေစ္စ၊ တမ လွန် ဘဝ၌။ သဂ္ဂေ၊ နည်ပြည်၌။ ပမောဒတိ၊ မွေ့လျော်ရ၏။

ဤသို့ ဘုရားလောင်းသည် သူဌေးအား တရားဟော၍ အလှူကို ပကတိရှိသည်ကို ပြုစေ၍ ဟိမဝန္တာ အရပ်သို့သာလျှင် သွား၍ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လားလေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ မြတ်သောမင်းကြီး... ဤသို့လျှင် အာဂန္တုကသူဌေးသည် အစ်တို့၏ သားအား သတ်အပ်သည်၏ အဖြစ်ကြောင့် ဤမျှလောက်သော ကာလပတ်လုံး သားသမီးကို မရ ဟု မိန့်တော်မူ၍ ယခုအခါ အာဂန္တုကသူဌေးသည် ထိုအခါ ညီဖြစ်ပြီး၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အစ်ကိုဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

မယှကငှက်၊ မပေးရက်၊ ကိုယ့်တွက်ကျိုးမထင်

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော မယှကဇာတ်သည်ပြီး၏။

*****

ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၆။ ဝိဇ္ဇာဓရဇာတ်

မှားသောအယူကို ပယ်ဖျောက်ခြင်းအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဒုဗ္ဗဏ္ဏရူပံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝိဇ္ဇာဓရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လောက၏ အကျိုးငှာ ကျင့်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် မဟာကဏှဇာတ်၌ ထင်ရှားစွာ ဖြစ်လတ္တံ့။ ထိုအခါ၌ သဗ္ဗညူမြတ်ဘုရားသည် ရဟန်းတို့... ငါဘုရားသည် ယခုအခါ၌ သာလျှင် လောက၏ အကျိုးငှာ ကျင့်ခြင်းကို ကျင့်သည်မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် လောက၏အကျိုးငှာ ကျင့်ခြင်းကို ကျင့်ဖူးသလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိကြားဖြစ်၏။

ဝိဇ္ဇာဓိုရ် မတရားကျင့်

ထိုအခါ ဝိဇ္ဇာဓိုရ်တစ်ယောက်သည် မန္တရားကိုမန်း၍ သန်းခေါင်ယံ၌ လာလတ်၍ ဗာရာဏသီမင်း၏ မိဖုရားနှင့်တကွ မွေ့လျော်၏။ မိဖုရား၏ အလုပ်အကျွေးတို့သည် သိကုန်၏။ ထိုမိဖုရားသည် မိမိအလိုလိုသာလျှင် မင်းသို့ကပ်၍ အရှင်မင်းကြီး... တစ်ယောက်သော ယောက်ျားသည် သန်းခေါင်ယံအခါ၌ ကျက်သရေတိုက်ခန်းသို့ ဝင်၍ အကျွန်ုပ်ကို ဖျက်ဆီး၏ ဟု ဆို၏။ တစ်စုံတစ်ခုသော အမှတ်ကို ပြုအံ့သောငှာ တတ်နိုင်လတ္တံ့လောဟု မေး၏။ အရှင်မင်းကြီး တတ်နိုင်၏ ဟု ဆို၍ ထိုမိဖုရားလည်း ဟင်းသပြဒါးစစ်ခွက်ကို ဆောင်စေ၍ ညဉ့်အခါ၌လာ၍ မွေ့လျော်၍ သွားသော ယောက်ျား၏ကျော၌ လက်ငါးချောင်းရာပေး၍ စောစောကလျှင် မင်းကိုကြား၏။ မင်းသည် လူတို့အား သွားကြကုန်လော့၊ အရပ်တို့၌ကြည့်၍ ဟင်းသပြဒါး လက်ငါးချောင်းရာရှိသော ယောက်ျားကို ဖမ်းကြကုန်လော့ဟူ စေ၏။

ရဟန်းယောင်ဆောင်

ဝိဇ္ဇာဓိုရ်သည်လည်း ညဉ့်အခါ၌ လွန်ကျူးသော အကျင့်ကိုကျင့်၍ နေ့အခါ၌ သုသာန်၌ နေကိုရှိခိုးလျက် ခြေတစ်ဖက်ဖြင့် ရပ်၍ နေ၏။ မင်းချင်းတို့သည် ထိုဝိဇ္ဇာရ်ကိုမြင်၍ ခြံရံကုန်၏။ ဝိဇ္ဇာဓိုရ်သည် ငါ၏ အမှုသည် ထင်သည် ဖြစ်၏ ဟု မန္တရားကိုမန်း၍ ကောင်းကင်သို့ ပျံ့၍ သွား၏။ မင်းသည် ထိုလူတို့ကို မြင်၍ ရောက်လာသော ယောက်ျားတို့ကို မြင်ကြကုန်၏လောဟု မေး၏။ မြင်ကုန်၏ဟု ဆို၏။ ထိုသူကား အဘယ်အမည်ရှိသော သူနည်းဟု မေး၏။ ရှင်မင်းကြီး ရဟန်းတည်း၊ ထိုရဟန်းသည် ညဉ့်အခါ၌ လွန်ကျူးသော အကျင့်ကို ကျင့်၍ နေ့အခါ ရဟန်းအသွင်ဖြင့် နေ၏ ဟု ဆို၏။

ရဟန်းများကို နိုင်ငံမှနှင်

မင်းသည် ရဟန်းတို့သည် နေ့အခါ ရဟန်းအသွင်ဖြင့်ကျင့်၍ ညဉ့်အခါ လွန်ကျူးသောအကျင့်ကို ကျင့်ကြကုန်၏ ဟု ရဟန်းတို့အား အမျက်ထွက်၍ မှားသော အယူကိုယူ၍ ငါ၏ နိုင်ငံမှ ခပ်သိမ်းကုန်သော ဤရဟန်းတို့သည် ပြေးစေကုန်သတည်း၊ မြင်တိုင်း မြင်တိုင်းသော အရပ်၌ မင်းဒဏ်ပြုကုန်လတ္တံ့ ဟု စည်လည်စေ၏။ ခပ်သိမ်းကုန်သော ရဟန်းတို့သည် ယူဇနာသုံးရာ အတိုင်းအရှည်ရှိသော ကာသိတိုင်းမှ ပြေးကုန်၍ တစ်ပါးသော မင်းနေပြည်သို့ သွားကြကုန်၏။ အလုံးစုံသော ကာသိတိုင်း၌ နေကုန်သော လူတို့အား အဆုံးအမကို ပေးတတ်သော၊ တရားစောင့်သော၊ တစ်ယောက်သော ရဟန်းပုဏ္ဏားမျှလည်း မရှိသည်ဖြစ်၏။ အဆုံး အမကို မခံကုန်သောလူတို့သည် ကြမ်း ကြုတ်ကုန်သည် ဖြစ်ကုန်၏။ အလှူ, သီလတို့မှ လွတ်ကုန်၏။ သေတိုင်း သေတိုင်းကုန်သော လူတို့သည် များသောအားဖြင့် အပါယ်တို့၌ ဖြစ်ကုန်၏။

သိကြားမင်း ရဟန်းနှင့်လာ

နတ်ပြည်၌ဖြစ်သော သူတို့မည်သည် မရှိကုန်။ သိကြားမင်းသည် အသစ်ဖြစ်ကုန်သော နတ်သားတို့ကို မမြင်၍ အကြောင်း အသို့နည်း ဟု ဆင်ခြင်လတ်သော် ဝိဇ္ဇာဓိုရ်ကို မှီ၍ ဗာရာ ဏသီမင်းသည် အမျက်ထွက်သဖြင့် မှားသောအယူကို ယူ၍ ရဟန်းတို့အား တိုင်းနိုင်ငံမှ နှင် ထုတ်သည်၏ အဖြစ်ကို သိ၍ ငါ့ကိုထား၍ ငါမှတစ်ပါး ဤမင်း၏ မှားသောအယူကို ဖျက်ဆီးအံ့သောငှာ စွမ်းနိုင်သောသူ မည်သည်ညမရှိ၊ မင်း၏လည်းကောင်း၊ တိုင်းနိုင်ငံသူတို့၏လည်းကောင်း ကိုးကွယ်ရာဖြစ်အံ့ဟု ကြံ၍ နန္ဒမူ လိုဏ်၌ ပစ္စေကဗုဒ္ဓါတို့၏ အထံသို့သွား၍ ရှိခိုး၍ အရှင်ဘုရားတို့... အကျွန်ုပ်အား တစ်ပါးသော သံဃာ့ထေရ်ဖြစ်သော ပစ္စေကဗုဒ္ဓကို ပေးပါကုန်လော့၊ ကာသိတိုင်းကို ကြည်ညိုစေအံ့ ဟု ဆို၍ သိကြားမင်းသည် သံဃာ့ထေရ်ကိုလျှင်ရ၍ သွား၏။ ထိုအခါ ထိုပစ္စေကဗုဒ္ဓါ၏ သပိတ်သင်္ကန်းကိုယူ၍ ပစ္စေကဗုဒ္ဓါကို ရှေ့မှကြွစေ၍ မိမိသည် နောက်မှလိုက်၍ ဦးခေါင်း၌ လက်အုပ်ကိုထား၍ ပစ္စေကဗုဒ္ဓါကို ရှိခိုးလျက် မြတ်သောအဆင်းကို ဆောင်သော လုလင်ငယ်ဖြစ်၍ မြို့၏ထိပ်ဖြင့် သုံးကြိမ်လှည့်၍ မင်းအိမ်တံခါးသို့ သွား၍ ကောင်းကင်၌ရပ်၏။

သင်မည်သူနည်း

အမတ်တို့သည် မြတ်သောမင်းကြီး... အလွန်အဆင်း လှသော လုလင်ငယ်သည် ရဟန်းတစ်ပါးကိုပင့်၍ မင်းအိမ်တံခါးဝယ် ကောင်းကင်၌ ရပ်၏ ဟု မင်းအား ကြားကုန်၏။ မင်းသည် နေရာမှထ၍ ခြင်္သေ့ခံသော ပြတင်း၌ရပ်၍ လုလင် သင်သည် အလွန် အဆင်းလှသည်ဖြစ်လျက် အဘယ့်ကြောင့် အဆင်းမလှသော ထိုရဟန်း၏ သပိတ်သင်္ကန်းကို ယူ၍ ရှိခိုးလျက် တည်သနည်း ဟု သိကြားမင်းနှင့်တကွ စကားပြောလိုရကား-

၁၀၉။ ဒုဗ္ဗဏ္ဏရူပံ တုဝမရိယဝဏ္ဏီ၊
ပုရက္ခတွာ ပဉ္ဇလိကော နမဿသိ။
သေယျော နု တေ သော ဥဒဝါ သရိက္ခော၊
နာမံ ပရဿတ္တနော စာပိ ဗြူဟိ။

ဟူသော ရှေးဦးသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၉။ မာဏဝ၊ လုလင်။ တွံ၊ သင်သည်။ အရိယဝဏ္ဏီ၊ ကောင်းသော အဆင်းရှိသည်ဖြစ်လျက်။ ဒုဗ္ဗဏ္ဏရူပံ၊ အဆင်းမလှသော ရဟန်းကို။ ပုရက္ခတွာ၊ ရှေ့ထား၍။ ပဉ္ဇလိကော၊ လက်အုပ်ချီလျက်။ နမဿသိ၊ ရှိခိုး၏။ သော၊ ထိုရဟန်းသည်။ တေ၊ သင့်ထက်။ သေယျာ နု၊ မြတ်သလော။ ဥဒဝါ၊ ထိုသို့မဟုတ်မူကား။ သရိက္ခကော နု၊ တူသလော။ ပရဿ စာပိ၊ တစ်ပါးသော ရဟန်း၏ လည်းကောင်း။ အတ္တနော စာပိ၊ မိမိ၏လည်းကောင်း။ နာမံ၊ အမည်ကို။ ဗြူဟိ၊ ဆိုပါလော့။

ငါသိကြားမင်း

ထိုအခါ ထိုမင်းကြီးကို သိကြားမင်းသည် မြတ်သောမင်းကြီး ရဟန်းမည်သည်ကား အရို အသေပြုအပ်သော အရာ၌ တည်၏။ အကြင် အမည်ဖြင့် ခေါ်ဝေါ်ခြင်းငှာ မရ၊ ငါ့အား အကြင်အမည်သည် ရှိ၏။ ထိုအမည်ကို သင့်အားဆိုအံ့ ဟု ဆိုလို၍-

၁၁၀။ န နာမ ဂေါတ္တံ ဂဏှန္တိ ရာဇ၊
သမ္မဂ္ဂတာနုဇ္ဇုဂတာန ဒေဝ။
အဟဉ္စ တေ နာမဓေယျံ ဝဒါမိ၊
သက္ကော ဟမသ္မိံ တိဒသာနမိန္ဒော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၁၁၀။ ရာဇ၊ မင်းမြတ်။ သမ္မဂ္ဂတာနံ၊ အရဟတ္တဖိုလ်သို့ ရောက်ကုန်ပြီးသော။ ဥဇ္ဇုဂတာနံ၊ အဋ္ဌင်္ဂိကမဂ်ဖြင့် နိဗ္ဗာန်သို့ ဖြောင့်စွာ ရောက်ကုန်ပြီးသော ဝိသုဒ္ဓိနတ်တို့၏။ နာမဂေါတ္တံ၊ အမည် အနွယ်ကို။ ဒေဝါ၊ ဥပပတ္တိနတ်တို့သည်။ န ဂဏှန္တိ၊ မယူကုန်။ အဟဉ္စ၊ ငါသည်လည်း။ နာမဓေယျံ၊ ငါ၏ အမည်ကို။ တေ၊ သင့်အား။ ဝဒါမိ၊ ဆိုအံ့။ အဟံ၊ ငါသည်။ တိဒသာနံ၊ တာဝတိံသာနတ်တို့ကို။ ဣန္ဒော၊ အစိုးရသော။ သက္ကော၊ သိကြားသည်။ အသ္မိ၊ ဖြစ်၏။

ဘုရားရှိခိုး ဘာအကျိုးရှိ

၁၁၁။ ယော ဒိသွာ ဘိက္ခုံ စရဏူပပန္နံ၊
ပုရက္ခတွာ ပဉ္ဇလိကော နမဿတိ။
ပုစ္ဆာမိ တံ ဒေဝရာဇေတမတ္တံ၊
ဣတော စုတော ကိံ လဘတေ သုခံ သော။

ဟူသော သုံးခုမြောက်သော ဤဂါထာဖြင့် ရဟန်းတို့အား ရှိခိုးခြင်း၏ အကျိုးကို မေး၏။

֍ ဋ္ဌ ၁၁၁။ ဒေဝရာဇ၊ သိကြားမင်း။ ယော၊ အကြင်သူသည်။ စရဏူပပန္နံ၊ သီလအကျင့်နှင့်ပြည့်စုံသော။ ဘိက္ခုံ၊ ရဟန်းကို။ ဒိသွာ၊ မြင်၍။ ပုရက္ခတွာ၊ ရှေ့ထား၍။ ပဉ္ဇလိကော၊ လက် အုပ်ချီလျက်။ နမဿတိ၊ ရှိခိုး၏။ သော၊ ထိုသူသည် ဣတော၊ ဤဘဝမှ။ စုတော၊ စုတေသည်ရှိသော်။ ကိံ သုခံ၊ အဘယ်ချမ်းသာကို။ လဘတေ၊ ရသနည်း။ အဟံ၊ ငါသည်။ ဧတမတ္ထံ၊ ထိုအကြောင်းကို။ တံ၊ သင့်ကို။ ပုစ္ဆာမိ၊ မေး၏။

မျက်မှောက် ချီးမွမ်းခံ၊ သေလွန် နတ်ပြည်ရောက်

သိကြားမင်းသည်-

၁၁၂။ ယော ဒိသွာ ဘိက္ခုံ စရဏူပပန္နံ၊
ပုရက္ခတွာ ပဉ္ဇလိကော နမဿတိ။
ဒိဋ္ဌေဝ ဓမ္မေ လဘတေ ပသံသံ၊
သဂ္ဂဉ္စ သော ယာတိ သရီရဘေဒါ။

ဟူသော လေးခုမြောက်သော ဤဂါထာဖြင့် ရှိခိုးခြင်း၏ အကျိုးကို ဆို၏။

֍ ဋ္ဌ ၁၁၂။ ရာဇ၊ မင်းမြတ်။ ယော၊ အကြင်သူသည်။ စရဏူပပန္နံ၊ သီလအကျင့်နှင့် ပြည့်စုံသော။ ဘိက္ခုံ၊ ရဟန်းကို။ ပုရက္ခတွာ၊ ရှေ့ထား၍။ ပဉ္ဇလိကော၊ လက်အုပ်ချီလျက်။ နမဿတိ၊ ရှိခိုး၏။ သော၊ ထိုသူသည်။ ဒိဋ္ဌေဝ ဓမ္မေ၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌လျှင်။ ပသံသံ၊ ချီးမွမ်းခြင်းကို။ လဘတေ၊ ရ၏။ သရီရဘေဒါ၊ ခန္ဓာကိုယ်ပျက်သည်မှ။ ပရံ၊ နောက်၌။ သဂ္ဂဉ္စ၊ နတ်ပြည်သို့လည်း။ ယာတိ၊ ရောက်၏။

ကောင်းမှုပြုတော့မည်

(ကျမ်းညွှန်းများ အနည်းငယ်လွဲနေသည်)

မင်းသည် သိကြားမင်း၏စကားကို ကြား၍ မိမိ၏ မှားသောအယူကို ဖျက်၍ နှစ်သက်သော စိတ်ရှိရကား-

၁၁၂။ လက္ခီ ဝတ မေ ဥဒပါဒိ အဇ္ဇ၊
ယံ ဝါသဝံ ဘူတပတိဒ္ဒသာမ။
ဘိက္ခုဉ္စ ဒိသွာန တုဝဉ္စ သက္က၊
ကာဟာမိ ပုညာနိ အနပ္ပကာနိ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၂။ သက္က၊ သိကြားမင်း။ အဇ္ဇ၊ ယခု။ ဝတ၊ စင်စစ်။ မေ၊ ငါ့အား။ လက္ခီ၊ ဘုန်းကျက်သရေသည်။ ဥဒပါဒိ၊ ရှားဖြစ်၏။ ဘူတပတိံ၊ နတ်တို့ကို အစိုးရသော။ ယံ ဝါသဝဉ္စ၊ အကြင်သိကြားမင်းကိုလည်း။ အဒ္ဒဿာမ၊ မြင်ရကုန်၏။ ဘိက္ခုဉ္စ၊ ရဟန်းကို လည်းကောင်း။ တုဝဉ္စ၊ သင်သိကြားမင်းကိုလည်းကောင်း။ ဒိသာန၊ မြင်၍။ အဟံ၊ ငါသည်။ အနပ္ပကာနိ၊ များစွာကုန်သော။ ပုညာနိ၊ ကောင်း မှုတို့ကို။ ကာဟာမိ၊ ပြုအံ့။

ဘုရင်ချီးမွမ်းခံရ

ထိုစကားကိုကြား၍ သိကြားမင်းသည် ပညာရှိသော မင်းကို ချီးမွမ်းလိုရကား-

၁၁၃။ သဒ္ဓါ ဟဝေ သေဝိတဗ္ဗာ သပ္ပညာ၊
ဗဟုဿုတာ ယေ ဗဟုဌာနစိန္တိနော။
ဘိက္ခုဉ္စ ဒိသွာန မမဉ္စ ရာဇ၊
ကရောဟိ ပုညာနိ အနပ္ပကာနိ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၃။ ရာဇ၊ မင်းမြတ်။ ဟဝေ၊ စင်စစ်။ သဒ္ဓါ၊ သဒ္ဓါခြင်း ရှိကုန်သော။ သပ္ပညာ၊ ပညာရှိကုန်သော။ ဗဟုဿုတာ၊ များစွာသော အကြားအမြင် ရှိကုန်သော။ ဗဟုဌာနစိန္တိနော၊ များစွာကုန်သော အကြောင်းတို့ကို ကြံခြင်းငှာ စွမ်းနိုင်ကုန်သော သူတို့ကို။ သေဝိတဗ္ဗာ၊ မှီဝဲအပ်ကုန်၏။ ဘိက္ခုဉ္စ၊ ရဟန်းကိုလည်းကောင်း။ မမဉ္စ၊ ငါ့ကိလည်းကောင်း။ ဒိသွာန၊ မြင်၍။ အနပ္ပကာနိ၊ များစွာကုန်သော။ ပုညာနိ၊ ကောင်း မှုတို့ကို။ ကရောဟိ၊ ပြုလော့။

ကိုးကွယ်ပါမည်

ထိုစကားကိုကြား၍ မင်းသည်-

၁၁၄။ အက္ကောဓနော နိစ္စပသန္နစိတ္တော၊
သဗ္ဗာတိထီ ယာစယောဂေါ ဘဝိတွာ။
နိဟစ္စ မာနံ အဘိဝါဒယိဿံ၊
သုတွာန ဒေဝိန္ဒ သုဘာသိတာနိ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၄။ ဒေဝိန္ဒ၊ သိကြားမင်း။ သုဘာသိတာနိ၊ ကောင်းစွာ ဆိုအပ်ကုန်သော သိကြားမင်း၏ စကားတို့ကို။ သုတွာန၊ နာရ၍။ အက္ကောဓနော၊ အမျက်မထွက်သည် ဖြစ်၍။ နိစ္စပသန္နစိတ္တော၊ အမြဲ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ သဗ္ဗာတိထီယာစယောဂေါ၊ ခပ်သိမ်းကုန်သော ဧည့်သည် အာဂန္တုတို့၏ တောင်းအပ်သောအဖြစ်နှင့် ယှဉ်သည်။ ဘဝိတွာ၊ ဖြစ်၍။ နိဟစ္စ မာနံ၊ မထိပါးသော စိတ်ရှိသည်ဖြစ်၍။ ဝါ၊ တနည်းကား။ မာနံ၊ မာနကို။ နိဟစ္စ၊ ချ၍။ အဘိဝါဒယိဿံ၊ ရှိခိုးအံ့။

ပစ္စေကဗုဒ္ဓါ၏ ဩဝါဒ

ဤသို့ဆို၍လည်း ပြာသဒ်မှသက်၍ ပစ္စေကဗုဒ္ဓါကို ရှိခိုး၍ တင့်အပ်သောအရပ်၌ နေ၏။ ပစ္စေကဗုဒ္ဓါသည် ကောင်းကင်၌ ထက်ဝယ်ဖွဲ့သဖြင့်နေ၍ မြတ်သောမင်းကြီး... ညဉ့်အခါ သင်၏နန်းတွင်း၌ ဖြစ်ပွားသောသူသည် ဝိဇ္ဇာဓိုရ်တည်း၊ ရဟန်းမဟုတ်၊ သင်သည် ဤနေ့မှစ၍ လောကသည် အချည်းနှီးမဟုတ်၊ တရားစောင့်ကုန်သော ရဟန်းပုဏ္ဏားတို့သည် ရှိကုန်၏ဟု သိ၍ အလှူဘပေးလော့၊ သီလ ဆောက်တည်လော့၊ ဥပုသ်သုံးလော့ ဟု မင်းကို ဆို၏။

အားလုံး ကောင်းပြီ

သိကြားမင်းသည်လည်း သိကြား၏ အာနုဘော်ဖြင့် ကောင်းကင်၌ ရပ်၍ ဤနေ့မှစ၍ မမေ့မလျော့ ဖြစ်ကြ ကုန်လော့ဟု မြို့သူတို့အား အဆုံးအမကိုပေး၍ ပြေးကုန်သော ရဟန်းပုဏ္ဏားတို့အား လာစေကုန်သတည်းဟု စည် လည်စေ၏။ ထိုအခါ နှစ်ပါးကုန်သော ပစ္စေကဗုဒ္ဓါ သိကြားတို့သည်လည်း မိမိနေရာသို့လျှင် သွားကုန်၏။ မင်းသည် ပစ္စေကဗုဒ္ဓါ၏ အဆုံး အမ၌တည်၍ အလှူအစရှိသော ကောင်းမှုတို့ကို ပြု၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ထိုအခါ ပစ္စေကဗုဒ္ဓါသည် ပရိနိဗ္ဗာန် စံတော်မူပြီ။ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သိကြားမင်းဖြစ်ပြီ ဟု ဇတ်ကိုပေါင်းတော်မူ၏။

ရဟန်းသံဃာ၊ စိစစ်ကာ၊ ကောင်းစွာ ကိုးကွယ်သင့်

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဝိဇ္ဇာဓရဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၇။ သိင်္ဃာပုပ္ဖဇာတ်

ဆုံးမလွယ်သော သူကိုသာ ဆုံးမထိုက်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယမေတံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသိင်္ဃပုပ္ဖဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းသည် ဇေတဝန်ကျောင်းတော်မှ ထွက်၍ ကောသလတိုင်း၌ တစ်ခုသော တောကိုမှီ၍ နေသည်ရှိသော် တစ်နေ့သ၌ ပဒုမာအိုင်သို့သက်၍ ကောင်းစွာပွင့်သော ပဒုမာကိုမြင်၍ လေကြေ၌ရပ်၍ အနံ့ကိုခံ၏။ ထိုအခါ ထိုရဟန်းကို ထိုတော၌စောင့်သော နတ်သမီးသည် ဆင်းရဲကင်းသော ရှင်ရဟန်း... ဤသို့သော အကျင့်သည် အနံ့ကိုခိုးသော အကျင့်တည်း ဟု ထိတ်ဘလန့်စေ၏။ ထိုရဟန်းသည် ထိုနတ်သမီးသည် ထိတ်လန့်စေအပ်သည်ရှိသော် တစ်ဖန် ဇေတဝန် ကျောင်းတော်သို့လာ၍ သဗ္ဗညူမြတ်ဘုရားကို ရှိခိုး၍ နေလျက် ရဟန်း- အဘယ်၌ နေသနည်း ဟု မေးတော်မူသည်ရှိသော် ဤအမည်သော အရပ်၌ နေ၏။ ထိုအရပ်၌လျှင် နတ်သမီးသည် ဤသို့ ထိတ်လန့်စေ၏ ဟု လျှောက်၏။ ထိုအခါ ထိုရဟန်းကို သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း ပန်းကိုနမ်းသော သင်ရဟန်းကိုသာလျှင် နတ်သမီးသည် ထိတ် လန့်စေသည် မဟုတ်သေး၊ ရှေးပညာရှိတို့ကိုလည်း ထိတ်လန့်စေဖူး၏ ဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တစ်ခုသော ကာသိကရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ နောက်အဖို့၌ ရသေ့ရဟန်းပြု၍ တစ်ခုသော ပဒုမာအိုင်ကိုမှီ၍ နေသည်ရှိသော် တစ်နေ့သ၌ ရေအိုင်သို့သက်၍ ကောင်းစွာပွင့်သော ပဒုမာကို နမ်းလျက် ရပ်၏။

နံ့သာခိုး ရဟန်း

ထိုအခါ ဘုရားလောင်းကို တစ်ယောက်သော နတ်သမီးသည် သစ်ပင် ပင်စည်၏အကြား၌ ရပ်လျက် ထိတ်လန့်စေလိုသည်ဖြစ်၍-

၁၁၅။ ယမေတံ ဝါရိဇံ ပုပ္ဖံ၊ အဒိန္ဒံ ဥပသိင်္ဃသိ။
ဧကင်္ဂမေတံ ထေယျာနံ၊ ဂန္ဓထေနောသိ မာရိသ။

ဟူထော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၅။ မာရိသ၊ ရှင်ရဟန်း။ တွံ၊ သင်သည်။ ဝါရိဇံ၊ ရေ၌ဖြစ်သော။ ဧတံ ပုပ္ဖံ၊ ဤကြာပန်းကို။ အဒိန္နံ၊ အရှင်မပေးဘဲ။ ယံ ဥပသိင်္ဃသိ၊ အကြင် နမ်းခြင်းကိုပြု၏။ ဧတံ၊ ဤသို့ အရှင်မပေးသော ကြာပန်းကို နမ်းခြင်းသည်။ ထေယျာနံ၊ ခိုးခြင်းတို့တွင်။ ဧကင်္ဂံ၊ တစ်ခုသော အဖို့အစုတည်း။ တွံ၊ သင်သည်။ ဂန္ဓထေနော၊ နံ့သာခိုးသည်။ အသိ၊ ဖြစ်၏။

ငါလည်း မချိုး မခိုးရပါလား

ထို့နောင်မှ ဘုရားလောင်းသည်-

၁၁၆။ န ဟရာမိ န ဘဉ္ဇာမိ၊ အာရာ သိင်္ဃာမိ ဝါရိဇံ။
အထ ကေန နု ဝဏ္ဏေန၊ ဂန္ဓထေနောတိ ဝုစ္စတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၆။ ဒေဝမီတေ၊ နတ်သမီး။ တေ၊ သင်၏။ ဝါရိဇံ၊ ကြာပန်းကို။ န ဟရာမိ၊ မဆောင်။ န ဘဉ္ဇာမိ၊ မချိုး။ အာရာ၊ အဝေးမှ။ သိင်္ဃာမိ၊ နမ်း၏။ အထ၊ ထိုသို့ဖြစ်လျက်။ ကေန ဝဏ္ဏေန၊ အဘယ် အကြောင်းကြောင့်။ ဂန္ဓထေနောတိ၊ နံ့သာခိုးဟူ၍။ ဝုစ္စတိ နု၊ ဆိုအပ်သနည်း။

ဟိုလူကို မဆိုဘူးလား

ထိုခဏ၌ တစ်ယောက်သော ယောကျ်ားသည် ထိုအိုင်၌ ကြာစွယ်တို့ကိုလည်း တူး၏။ ပုဏ္ဍရိက်တို့ကိုလည်း ချိုး၏။ ဘုရားလောင်းသည် ထိုယောကျ်ားကိုမြင်၍ မယူမူ၍ အဝေးမှ ရပ်လျက် နမ်းသော ငါ့ကို ခိုးသူဟူ၍ သင်သည်ဆို၏။ ထိုယောက်ျားကို အဘယ်ကြောင့် မဆိုသနည်း ဟု ထိုနတ်သမီးနှင့်တကွ ပြောဆိုလို သည်ဖြစ်၍-

၁၁၇။ ယောယံ ဘိသာနိ ခဏတိ၊ ပုဏ္ဍရီကာနိ ဘဉ္ဇတိ။
ဧဝံ အာကိဏ္ဏကမ္မန္တော၊ ကသ္မာ ဧသော န ဝုစ္စတိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၇။ ဒေဝဓီတေ၊ နတ်သမီး။ ယော အယံ ပုရိသော၊ အကြင်ယောက်ျားသည်။ ဘိသာနိ၊ ကြာဘစွယ်တို့ကို။ ခဏသိ၊ တူး၏။ ပုဏ္ဍရိကာနိ၊ ပုဏ္ဍရိက်တို့ကို။ ဘဉ္ဇတိ၊ ချိုး၏။ ဧဝံ၊ ဤသို့။ အာကိဏ္ဏကမ္မန္တော၊ ကြမ်းကြုတ်သော အမှုကို ပြုသော။ ဧသော ပုရိသော၊ ထိုယောကျ်ားကို။ ကသ္မာ၊ အဘယ့်ကြောင့်။ တယာ၊ သင်သည်။ န ဝုစ္စတိ၊ မဆိုသနည်း။

ပြောဖို့မလိုပါဘူးဘုရား

ထိုယောကျ်ားအား မဆိုသော အကြောင်းကို ကြလိုသော နတ်သမီးသည်-

၁၁၈။ အာကိဏ္ဏလုဒ္ဒေါ ပုရိသော၊ ဓာတိစေလံဝ မက္ခိတော။
တသ္မိံ မေ ဝစနံ နတ္ထိ၊ တဉ္စာရဟာမိ ဝတ္တဝေ။
၁၁၉။ အနင်္ဂဏဿ ပေါသဿ၊ နိစ္စံ သုစိဂဝေသိနော။
ဝါလဂ္ဂမတ္တံ ပါပဿ၊ အဗ္ဘာမတ္တံဝ ခါယတိ။

ဟူကုန်သော စတုတ္ထဂါထာ ပဉ္စမဂါထာတို့ကို ဆိုကုန်၏။

֍ ဋ္ဌ ၁၁၈။ မာရိသ၊ ရှင်ရဟန်း။ အာကိဏ္ဏလုဒ္ဒေါ၊ ကြမ်းဘကြုတ်သောအမှုဖြင့်ပြွမ်းသော။ ပုရိသာ၊ ယောကျ်ားသည်။ ဓာတိစေလံဝ၊ တံတွေးနှင့် ကျင်ငယ်ကျင်ကြီးဖြင့် လိမ်းကျံသော နို့ထိန်းကျွန်မ ဝတ်သော အဝတ်ကဲ့သို့။ မက္ခိတော၊ မကောင်းမှုဖြင့် လိမ်းကျံ၏။ တသ္မိံ၊ ထိုသူ၌။ မေ၊ ငါ၏။ ဝစနံ၊ ဆိုဖွယ်သည်။ နတ္ထိ၊ မရှိ။ တဉ္စ၊ သင့်ကိုကား။ ဝတ္တဝေ၊ ဆိုခြင်းငှာ။ အရဟာမိ၊ ထိုက်၏။

֍ ဋ္ဌ ၁၁၉။ အနင်္ဂဏဿ၊ အပြစ်မရှိသော။ နိစ္စံ၊ အမြဲ။ သုစိ ဂဝေသိနော၊ စင်ကြယ်ခြင်းကို ရှာလေ့ရှိသော။ ပေါသဿ၊ ယောကျ်ားအား။ ပါပဿ၊ မကောင်း မှု၏။ ဝါလဂ္ဂမတ္တံ၊ သားမြီးဖျားမျှသည်လည်း။ အဗ္ဘာမတ္တံဝ၊ တိမ်တိုက်ပမာဏရှိသကဲ့ သို့။ ခါယတိ၊ ထင်၏။

နောက်လည်းပြောပါ

ထိုနတ်သမီးသည် ထိတ်လန့်စေအပ်သည်ရှိသော် ဘုရားလောင်းသည် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍-

၁၂၀။ အဒ္ဓါ မံ ယက္ခ ဇာနာသိ၊ အထော မံ အနုကမ္ပသိ။
ပုနပိ ယက္ခ ဝဇ္ဇာသိ၊ ယဒါ ပဿသိ ဧဒိသံ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၀။ ယက္ခ၊ နတ်သမီး။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ အဒ္ဓါ၊ မချွတ်။ ဇာနာသိ၊ သိ၏။ အထော၊ ထိုသို့ သိသည်သာမက။ မံ၊ ငါ့ကို။ အနုကမ္ပသိ၊ ရင်ဝယ်သားကဲ့သို့ သနားသဖြင့် စောင့်ရှောက် မ, စပေ၏။ ယက္ခ၊ နတ်သမီး။ တွံ၊ သင်သည်။ ယဒါ၊ အကြင်အခါ၌။ ဧဒိသံ၊ ဤသို့သဘောရှိသော အပြစ်ကို။ ပဿသိ၊ မြင်၏။ တဒါ၊ ထိုအခါ၌။ ပုနပိ၊ တစ်ဖန်လည်း။ မံ၊ ငါ့ကို။ ဝဇ္ဇာသိ၊ ဆိုပါလော့။

ကိုယ့်အလုပ် ကိုယ်ကြည့်လုပ်

ထို့နောင်မှု ဘုရားလောင်းအား နတ်သမီးသည်-

၁၂၁။ နေဝ တံ ဥပဇီဝါမိ၊ နပိ တေ ဘတကာမှသေ။
တွမေဝ ဘိက္ခု ဇာနေယျ၊ ယေန ဂစ္ဆေယျ သုဂ္ဂတိံ။

ဟူးသာ ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၁။ မာရိသ၊ ရှင်ရဟန်း။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ နေဝ ဥပဇီဝါမိ၊ မှီ၍ အသက်မမွေး။ တေ၊ သင်၏။ နပိ ဘတကာမှသေ၊ သူရင်းငှား အမှုလုပ်လည်း မဟုတ်။ ယေန၊ အကြင်ကောင်းမှုဖြင့်။ သုတိံ၊ သုဂတိသျု့။ ဂစ္ဆေယျ၊ လားရာ၏။ ဘိက္ခု၊ ရဟန်း။ တံ၊ ထိုကောင်းမှုကို။ တွမေဝ၊ သင်သည်သာလျှင်။ ဇာနေယျ၊ သိလော့။

ဤသို့ နတ်သမီးသည် ဘုရားလောင်းအား အဆုံးအမကို ပေး၍ မိမိဗိမာန်၌လျှင် တည်၏။ ဘုရားလောင်းသည်လည်း ဈာန်ကိုဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ထိုရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ နတ်သမီးဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ့်ကိုယ်ကိုယ်သာ၊ အားကိုးပါ၊ ဆရာမရှာနှင့်

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သိင်္ဃာပုပ္ဖဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၈။ ဝိဃာသာဒဇာတ်

လှူပြီးမှ စားသုံးခြင်းသည် နတ်ရွာသုဂတိလားကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သုသုခံဝတ ဇီဝန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဝိဃာသာဒဇာတ်ကို ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကစားလေ့ရှိကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းတို့ကို ရှင်မောဂ္ဂလာန်မထေရ်သည် ပြာသာဒ်ကို လှုပ်၍ ထိတ်လန့်စေအပ်သည်ရှိသော် တရားသဘင်၌ ထိုရဟန်းတို့၏ ကျေးဇူးမဲ့စကားကို ပြောဆိုလျက် နေကြကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့... ဤရဟန်းတို့သည် ယခုအခါ၌သာလျှင် ကစားလေ့ရှိသည် မဟုတ်သေး၊ ရှေး၌လည်း ကစားလေ့ ရှိသလျင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိကြားမင်း ဖြစ်၏။ မထင်ရှားသော ကာသိရွာ၌ ခုနစ်ယေက်ကုန်သော ညီ နောင်တို့သည် ကာမဂုဏ်တို့၌ အပြစ်ကိုမြင်၍ တောထွက်၍ ရသေ့ရဟန်းပြု၍ တော၏အလယ်၌ နေလျက် ကမ္မဋ္ဌာန်းစီးဖြန်းခြင်း၌ လုံလကိုမပြုမူ၍ ကိုယ်ဆူဖြိုးခြင်းကို ပြုခြင်းများကုန်သည်ဖြစ်၍ အထူးထူး အပြားပြားသော ကစားခြင်းတို့ကို ကစားလျက် သွားကုန်၏။

စားကြွင်းစားက မွန်မြတ်

သိကြားမင်းသည် ဤရသေ့တို့ကို ထိတ်လန့်စေအံ့ ဟု ကျေးသားယောင်ဆောင်၍ ထိုသူတို့နေရာအရပ်သို့ သွား၍ တစ်ခုသော သစ်ပင်၌ နား၍ ရသေ့တို့ကို ထိတ်လန့်စေလိုရကား-

၁၂၂။ သုသုခံ ဝတ ဇီဝန္တိ၊ ယေ ဇနာ ဝိဃာသာဒိနော။
ဒိဋ္ဌေဝဓမ္မေ ပါသံသာ၊ သမ္ပရာယေ စ သုဂ္ဂတိံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၂။ ယေ ဇနာ၊ အကြင်သူတို့သည်။ ဝိဃာသဒိနော၊ စားကြွင်းစား ဖြစ်ကုန်၍။ သုသုခံ ဝတ၊ ချမ်းသာစွာလျှင်။ ဇီဝန္တိ၊ အသက်မွေးကုန်၏။ တေ ဇနာ၊ ထိုသူတို့သည်။ ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက် ကိုယ်၏အဖြစ်၌လည်း။ ပါသံသာ၊ ချီး မွမ်းထိုက်ကုန်၏။ သမ္ပရာယေ စ၊ တမလွန်၌ လည်း။ သုဂ္ဂတိံ၊ သုဂတိ၌။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်။

တို့တစ်တွေကို ချီးမွမ်းနေ

ထိုအခါ ရသေ့တို့တွင် တစ်ယောက်သော ရသေ့သည် ကျေးသား၏ စကားကို ကြား၍ ကြွင်းသော ရသေ့တို့ကို ခေါ်၍-

၁၂၃။ သုကဿ ဘာသမာနဿ၊ န နိသာမေထ ပဏ္ဍိတာ။
ဣဒံ သုဏာထ သောဒရိယာ၊ အမှေဝါယံ ပသံသတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၃။ သောဒရိယာ၊ တမိဝမ်းပေါက်ဖြစ်ကုန်သော။ ပဏ္ဍိတာ၊ ပညာရှိတို့။ ဘာသမာနဿ၊ လူ၏ ဘာသာဖြင့်ဆိုသော။ သုကဿ၊ ကျေးသား၏။ ဝစနံ၊ စကားကို။ တုမှေ၊ သင်တို့သည်။ န နိသာမေထ၊ မကြားကြကုန်သလော။ ဣဒံ၊ ဤကျေးသားစကားကို။ သုဏာထ၊ နာကြကုန်လော့။ အယံ၊ ဤကျေးသားသည်။ အမှေဝ၊ ငါတို့ကိုသာလျှင်။ ပသံသတိ၊ ချီးမွမ်း၏။

စွန့်သော စားကြွင်းကို

ထိုအခါ ရသေ့တို့ကို ပယ်လိုသည်ဖြစ်၍ ကျေးသားသည်-

၁၂၄။ နာဟံ တုမှေ ပသံသာမိ၊ ကုဏပါဒါ သုဏာထ မေ။
ဥစ္ဆိဋ္ဌဘောဇိနော တုမှေ၊ န တုမှေ ဝိဃာသာဒိနော။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၄။ အဟံ၊ ငါသည်။ တုမှေ၊ သင်တို့ကို။ န ပသံသာမိ၊ မချီးမွမ်း။ ကုဏပါဒါ၊ သားကောင်ပုပ်တို့ကို စားကုန်သော ရသေ့တို့။ တုမှေ၊ သင်တို့သည်။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏာထ၊ နား ထောင်ကြကုန်လော့။ တုမှေ၊ သင်တို့သည်။ ဥစ္ဆိဋ္ဌဘောဇိနော၊ တစ်ပါးသော သတ္တဝါတို့ စားကြွင်းကို စားကုန်၏။ တုမှေ၊ သင်တို့သည်။ န ဝိဃာသာဒိနော၊ ဝိဃာသာဒ မဟုတ်ကုန်။

စားနေသူများ

အလုံးစုံဖြစ်ကုန်သော ထိုရသေ့တို့သည် ကျေးသား၏ စကားကို ကြားကုန်၍-

၁၂၅။ သတ္တဝဿာ ပဗ္ဗဇိတာ၊ မဇ္စျာရညေ သိခဏ္ဍိနော။
ဝိဃာသေနေဝ ယာပေန္တာ၊ မယဉ္စေ ဘောတော ဂါရယှာ။
ကေ နု ဘောတော ပသံသိယာ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၅။ ပဗ္ဗဇိတွာ၊ ရဟန်းပြုကုန်၍။ သတ္တဝဿာ၊ ခုနစ်နှစ်ရှိကုန်သော။ သိခဏ္ဍိနော၊ ဦးစွန်းရှိကုန်သော ငါတို့သည်။ မဇ္စျာရညေ၊ တော၏အလယ် ၌။ ဝိဃာသေနေဝ၊ ခြင်္သေ့၏ စားကြွင်း ကျားစားကြွင်းဖြင့်သာလျှင်။ ယာပေန္တာ၊ မျှကုန်၏။ ဘောတော၊ အရှင်သည်။ မယံ၊ ငါတို့ကို။ စေ ဂါရယှာ၊ အကယ်၍ ကဲ့ရဲ့ကုန်ငြားအံ့။ ဘောတော၊ အရှင်သည်။ ကေ၊ အဘယ်သူတို့ကို။ ပသံသိယာ နု၊ ချီးမွမ်းအပ်ကုန်သနည်း။

မမွန်မြတ်ပေ

ထိုရသေ့တို့ကို ရှက်စေလိုသည်ဖြစ်၍ ဘုရားလောင်းသည်-

၁၂၆။ တုမှေ သီဟာနံ ဗြဂ္ဃါနံ၊ ဝါဠာနဉ္စာ ဝသိဋ္ဌကံ။
ဥစ္ဆိဋ္ဌေနေဝ ယာပေန္တာ၊ မညိဝေါ ဝိဃာသာဒိနော။

ဟူသော ငါးခုမြောက်သာ ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၆။ တုမှေ၊ သင်တို့သည်။ သီဟာနဉ္စ၊ ခြင်္သေ့တို့၏ လည်းကောင်း။ ဗြဂ္ဃါနဉ္စ၊ ကျားတို့၏လည်းကောင်း။ ဝါဠာနဉ္စ၊ ကြွင်းသော သားရဲတို့၏ လည်းကောင်း။ အဝသိဋ္ဌကံ၊ စားကြွင်းကို။ ဘုဉ္ဇန္တာ၊ စားကုန်လျက်။ ဥစ္ဆိဋ္ဌေနေဝ၊ သုံးအပ်ပြီးသော အစာဖြင့်လျှင်။ ယာပေန္တာ၊ မျှကုန်လျက်။ ဝိဃာသာဒိနော၊ စားကြွင်းကို စားကုန်၏ဟူ၍။ မညိဝှေါ၊ မှတ်ကြကုန်သလော။

လှူပြီး အကြံကိုစားမှ မြတ်သည်

ထိုစကားကိုကြား၍ ရသေ့တို့သည် ငါတို့သည် စားကြွင်းစား မဟုတ်ကုန်သော် အဘယ်သူတို့သည် စားကြွင်းစား ဖြစ်ကုန်သနည်း ဟု မေးကုန်၏။ ထို့နောင်မှ ရသေ့တို့အား ထိုအကြောင်းကို ကြားလိုသည်ဖြစ်၍ ဘုရားလောင်းသည်-

၁၂၇။ ယေ ဗြာဟ္မဏဿ သမဏသ၊ အညဿ ဝါ ဝနိဗ္ဗိနော။
ဒတွာန သေသံ ဘုဉ္ဇန္တိ၊ တေ ဇနာ ဝိဃာသာဒိနော။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၇။ ယေ ဇနာ၊ အကြင်သူတို့သည်။ ဗြာဟ္မဏဿ ဝါ၊ ပုဏ္ဏားအားလည်းကောင်း။ သမဏဿ ဝါ၊ ရဟန်းအားလည်းကောင်း။ အညဿ၊ တစ်ပါးသော။ ဝနိဗ္ဗိနော ဝါ၊ တောင်းစားသော သူအားလည်းကောင်း။ ဒတွာန၊ ပေးလှူ၍။ သေသံ၊ အကြွင်းကို။ ဘုဉ္ဇန္တိ၊ စားကုန်၏။ တေ ဇနာ၊ ထိုသူတို့သည်။ ဝိဃာသာဒိနော၊ စားကြွင်းစားမည်ကုန်၏။

ဤသို့ ရသေ့တို့ကို ရှက်စေ၍ ဘုရားလောင်းသည် မိမိနေရာ တာဝတိံသာသို့လျှင် သွား၏

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ကစားတတ်ကုန်သော ရဟန်းတို့သည် ထိုအခါ ညီနောင်ခုနစ်ယောက်တို့ ဖြစ်ကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သိကြားဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

လှူပြီးမှသာ၊ စားအစာ၊ စားပါ မွန်မြတ်သည်

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဝိဃာသာဒဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၉။ ဝဋ္ဋကဇာတ်

ရသမျှနှင့် ရောင့်ရဲခြင်းသည် ချမ်းသာကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ပဏီတံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝဋ္ဋကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လျှပ်ပေါ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း... သင်သည် လျှပ်ပေါ်တတ်၏ဟူသည် မှန်သ လော ဟု မေးတော်မူလတ်၍ မြတ်စွာဘုရား... မှန်ပါ၏ ဟု လျှောက်ထားသည်ရှိသော်ရဟန်း. သင်သည် ယခုအခါ၌သာ လျှပ်ပေါ်သည် မဟုတ်သေး၊ ရှေး၌လည်း သင်သည် လျှပ်ပေါ်ဖူးသလျှင်ကတည်း၊ လျှပ်ပေါ်သည်၏အဖြစ်ကြောင့် ဗာရာ ဏသီပြည်၌ ဆင်ကောင် နွားကောင် လူကောင်တို့ဖြင့် မရောင့်ရဲသည်ဖြစ်၍ ဤထက်အလွန်ကို ရလတ္တံ့ဟု တောသို့ဝင်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ငုံးမျိုး၌ ဖြစ်၍ တော၌ ခြောက် သော မြက်သီးအာဟာရ ရှိသည်ဖြစ်၍ နေ၏။ ထိုအခါ ဗာရာဏသီပြည်၌ တစ်ခုသော လျှပ်ပေါ်သောကျီးသည် ဆင်ကောင် အစရှိသည်တို့ဖြင့် မရောင့်ရဲသည်ဖြစ်၍ ဤထက်အလွန်ကို ရလတ္တံ့ဟု တောသို့ဝင်၍ သစ်သီးကြီးငယ်တို့ကို စားလျက် ဘုရားလောင်းကိုမြင်၍ ဤငုံးသည် အလွန်လျှင် ဆူဖြိုးသော ကိုယ်ရှိ၏။ ကောင်းသော အစာကိုမေး၍ ထိုအစာကိုစား၍ ဆူဖြိုးသောကိုယ် ရှိသည်ဖြစ်အံ့ ဟုကြံ၍ ဘုရားလောင်း၏ အထက်သစ်ခက်၌ နား၏။ ဘုရားလောင်းသည် ထိုကျီးနှင့်တကွ ပဋိသန္ထာရကို ပြုလိုရကား-

အဘယ်ကြောင့် ပိန်နေသနည်း

၁၂၈။ ပဏီတံ ဘုဉ္ဇသေ ဘတ္တံ၊ သပ္ပိ တေလဉ္စ မာတုလ။
အထ ကေန နု ဝဏ္ဏေန၊ ကိသော တွမသိ ဝါယသ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၁၂၈။ မာတုလ၊ ဦးရီးဖြစ်သော။ ဝါယသ၊ ကျီး။ တွံ၊ သင်သည်။ ပဏီတံ၊ မွန်မြတ်သော။ ဘောဇနံ၊ လူတို့အစာဖြစ်သော။ ဘတ္တဉ္စ၊ ထမင်းကိုလည်းကောင်း။ သပ္ပိတေလဉ္စ၊ ထောပတ်ဆီကိုလည်းကောင်း။ ဘုဉ္စသေ၊ စားရသည်မဟုတ်လော။ အထ၊ ထိုသို့ဖြစ်လျက်။ ကေန ဝဏ္ဏေန၊ အဘယ်အကြောင်းကြောင့်။ ကိသော၊ ကြုံလှီသည်။ အသိ နု၊ ဖြစ်သနည်း။

အမြဲထိတ်လန့်နေရ၍

ဘုရားလောင်း၏စကားကို ကြား၍ ကျီးသည် -

၁၂၉။ အမိတ္တမဇ္ဈေ ဝသတော၊ တေသု အာမိသမေသတော။
နိစ္စံ ဥဗ္ဗိဂ္ဂဟဒယဿ၊ ကုတော ကာကဿ ဒဠှိယံ။
၁၃၀။ နိစ္စံ ဥဗ္ဗေဂိနော ကာကာ၊ ဓင်္ကာ ပါပေန ကမ္မုနာ။
လဒ္ဓေါ ပိဏ္ဍော န ပီဏေတိ၊ ကိသော တေနသ္မိ ဝဋ္ဋက။
၁၃၁။ လူခါနိ တိဏဗီဇာနိ၊ အပ္ပသ္နေဟာနိ ဘုဉ္စသိ။
အထ ကေန နု ဝဏ္ဏေန၊ ထူလော တွမသိ ဝဋ္ဋက။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၂၉။ ဝဋ္ဋက၊ ငုံး။ အမိတ္တမဇ္ဈေ၊ ရန်သူတို့၏ အလယ်၌။ ဝသတော၊ နေရသော။ တေသု၊ ထိုရန်သူတို့၌။ အာမိသံ၊ အာမိသကို။ ဧသတော၊ ရှာရသော။ နိစ္စံ၊ အမြဲ။ ဥဗ္ဗိဂ္ဂဟဒယဿ၊ ထိတ်လန့်သော နှလုံးရှိသော။ ကာကဿ၊ ကျီးဖြစ်သော ငါ့အား။ ဒဠှိယံ၊ ဆူဖြိုးသော အဖြစ်သည်။ ကုတော အတ္ထိ၊ အဘယ်မှာရှိအံ့နည်း။

֍ ဋ္ဌ ၁၃၀။ ဝဋ္ဋက၊ ငုံး။ ဓင်္ကာ၊ ဓင်္ကမည်ကုန်သော။ ကာကာ၊ ကျီးတို့သည်။ နိစ္စံ၊ အမြဲ။ ဥဗ္ဗေဂိနော၊ ထိတ် လန့်သောစိတ် ရှိကုန်၏။ ပါပေန၊ ယုတ်မာသော။ ကမ္မုနာ၊ လူတို့ အစာကိုလုယက်သော အမှုဖြင့်။ လဒ္ဓေါ၊ ရအပ်သော။ ပိဏ္ဍော၊ အစာသည်။ န ပီဏေတိ၊ မနှစ်သက် မရောင့်ရဲစေ။ တေန၊ ထို့ကြောင့်။ ကိသော၊ ကြုံလှီသည်။ အသ္မိ၊ ဖြစ်၏။

အဘယ့်ကြောင့် ဝနေသနည်း

֍ ဋ္ဌ ၁၃၁။ ဝဋ္ဋက၊ ငုံး။ တွံ၊ သင်သည်။ လူခါနိ၊ ခြောက်ကုန်သော။ အပ္ပသ္နေဟာနိ၊ နုံ့သော အဆီဩဇာရှိကုန်သော။ တိဏ ဗီဇာနိ၊ မြက်သီးတို့ကို။ ဘုဉ္ဇသိ၊ စား၏။ အထ၊ ထိုသို့ဖြစ်လျက်။ ကေန ဝဏ္ဏေန၊ အဘယ် အကြောင်းကြောင့်။ ထူလော၊ ဆူဖြိုးသော ကိုယ်ရှိသည်။ အသိ နု၊ ဖြစ်သနည်း။

ရရသမျှနှင့် ရောင့်ရဲ၍

ထိုစကားကိုကြား၍ ဘုရားလောင်းသည် မိမိဆူဖြိုးသောအကြောင်းကို ဆိုလို၍-

၁၃၂။ အပ္ပိစ္ဆာ အပ္ပစိန္တာယ၊ အဒူရဂမနေန စ။
လဒ္ဓါလဒ်ဓနေ ယာပေန္တော၊ ထူလော တေနသ္မိ ဝါယသ။
၁၃၃။ အပ္ပိစ္ဆဿ ဟိ ပေါသဿ၊ အပ္ပစိန္တသုခဿ စ။
သုသင်္ဂဟိတမာနဿ၊ ဝုတ္တိ သုသမုဒါနယာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၃၂။ ဝါယသ၊ ကျီး။ အပ္ပိစ္ဆာ စ၊ အလိုနည်းသည်၏ အဖြစ်ဖြင့်လည်းကောင်း။ အပ္ပစိန္တာယ စ၊ အာဟာ ရ၌ အကြံနည်းသည်၏ အဖြစ်ဖြင့်လည်းကောင်း။ အဒူရဂမနေန စ၊ အဝေးသို့ မသွားခြင်းဖြင့်လည်းကောင်း။ လဒ္ဓါလဒ်ဓနေ၊ ရတိုင်း ရတိုင်းသော အာဟာရဖြင့်။ ယာပေန္တော၊ မျှစေ၏။ တေန၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ထူလော၊ ဆူဖြိုးသော ကိုယ်ရှိသည်။ အသ္မိ၊ ဖြစ်၏။

֍ ဋ္ဌ ၁၃၃။ ဟိ သစ္စံ၊ မှန်၏။ အပ္ပိစ္ဆဿ၊ အလိုနည်းသော။ အပ္ပစိန္တသုခဿ၊ နည်းသောအကြံရှိသဖြင့် ချမ်း သာခြင်းရှိသော။ သုသင်္ဂဟိတမာနဿ၊ ကောင်းစွာ သိမ်းဆည်းဆင်ခြင်အပ်သော အစာအာဟာရ အတိုင်းအရှည်ရှိသော။ ပေါသဿ၊ ယောက်ျား၏။ ဝုတ္တိ၊ အသက်မွေးခြင်းသည်။ သုသမုဒါနယာ၊ ချမ်းသာသဖြင့် ဖြစ်လွယ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ လျှပ်ပေါ်သောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား... ယခုအခါ လျှပ်ပေါ်သော ရဟန်းသည် ထိုအခါ ကျီးဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ငုံးဖြစ်ပြီ ဟု ဇာတ်ကိုပေါင်းတော်မူ၏။

ရရသမျှ၊ တင်းတိမ်မှ၊ သုခမည်သာ

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဝဋ္ဋကဇာတ်သည် ပြီး၏။

*****

ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၁၀။ ပါရာဝတဇာတ်

ရသမျှနှင့် မရောင့်ရဲ မတင်းတိမ်၍ ကျက်စီးရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် စိရဿံ ဝတ ပဿာမိ အစရှိသော ဂါထာပုဒ်ဖြင့် တန် ဆာဆင်အပ်သော ဤပါရာဝတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လျှပ်ပေါ်သော ရဟန်းတစ်ပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် အောက်၌ ဆိုအပ်သော နည်းရှိသည် ဖြစ်၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ခိုမျိုး၌ ဖြစ်၏။ ဗာရာဏသီသူဌေး၏ စားဖိုအိမ်ဝယ် အသိုက်တောင်း၌ နေ၏။ ကျီးသည်လည်း ဘုရားလောင်းနှင့်တကွ အကျွမ်းဝင်ခြင်းကိုပြု၍ ထိုတောင်း၌လျှင်နေ၏။ အလုံးစုံသောစကားကို အောက်၌ ချဲ့အပ်၏။

ကျီးမိုက် ဖမ်းခံရ

စားဖိုသည်သည် ကျီးတောင်တို့ကိုနုတ်၍ မုန့်ညက်ဖြင့် ကျီးကို လိမ်းကျံ၍ တစ်ခုသာ အိုးခြမ်းကိုဖောက်၍ လည်၌ ဆွဲ၍ တောင်း၌ ထည့်၏။

မုတ်ဆိတ်ကျင်စွယ် ပယ်လို့ပါလား

ဘုရားလောင်းသည် တောမှလာသည်ရှိသော် ကျီးကိုမြင်၍ ပြက်ရယ်ပြုလိုရကား-

၁၃၄။ စိရဿံ ဝတ ပဿာမိ၊ သဟာယံ မဏိဓာရိနံ။
သုကတာ မဿု ကုတ္တိယာ၊ သောဘတေ ဝတ မေ သခါ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၁၃၄။ သမ္မ ဝါယသ၊ အဆွေကျီး။ သဟာယံ၊ အဆွေကို။ မဏိဓာရိနံ၊ ပတ္တမြားလည်ဆွဲ ရွဲဆွဲသည်ကို။ စိရဿံ ဝတ၊ ကြာမြင့်မှလျှင်။ ပဿာမိ၊ မြင်ရ၏။ မဿု ကုတ္တိယာ၊ မုတ်ဆိတ်ကို ပြုပြင်ခြင်းဖြင့်။ သုကတာ၊ ကောင်းစွာပြုပြင်အပ်သော။ မေ၊ ငါ၏။ သခါ၊ ခင်ပွန်းသည်။ သောဘတေ ဝတ၊ တင့်တယ်ပေစွတကား။

ခုမှပဲ ဆတ္တာသည်တွေ့ရ

ထိုစကားကိုကြား၍ ကျီးသည်-

၁၃၅။ ပရူဠှကစ္ဆနခလောမော၊ အဟံ ကမ္မေသု ဗျာဝဋော။
စိရဿံ နှာပိတံ လဒ္ဓါ၊ လောမံ တံ အဇ္ဇ ဟာရယိံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၁၃၅။ သမ္မ ပါရာဝတ၊ အဆွေခို။ အဟံ၊ ငါသည်။ ကမ္မေသု၊ အမှုတို့၌။ ဗျာဝဋော၊ လုံ့လပြုရသည်ဖြစ်၍။ ဩကာသံ၊ အခွင့်ကို။ အလဘန္တေန၊ မရသဖြင့်။ ပရူဠှဂစ္ဆာ၊ ချုံကဲ့သို့ စည်ပင်သာ။ နခါ လောမာ၊ ခြေသည်းအမွေးရှိသည်။ အဟောသိ၊ ဖြစ်၏။ စိရဿံ၊ ကြာမြင့်မှ။ နှာပိတံ၊ ဆေတ္တာ သည်ကို။ လဒ္ဓါ၊ ရ၍။ အဇ္ဇ၊ ယခု။ တံလောမံ၊ ထိုအမွေးကို။ ဟာရယိံ၊ နုတ်စေရ၏။

လည်ဆွဲနဲ့ပါလား

ထို့နောင်မှ ဘုရားလောင်းသည်-

၁၃၆။ ယံ နု လောမံ အဟာရေသိ၊ ဒုလ္လဘံ လဒ္ဓ ကပ္ပကံ။
အထ ကိဉ္စရဟိ တေ သမ္မ၊ ကဏ္ဌေ ကိဏိကိဏာယတိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၆။ သမ္မ ဝါယသ၊ အဆွေကျီး။ နု၊ စင်စစ်။ ဒုလ္လဘံ၊ ရခဲစွာသော။ ယံ ကပ္ပကံ၊ အကြင်ဆတ္တာ သည်ကို။ လဒ္ဓါ၊ ရ၍။ လောမံ၊ အမွေးကို။ အဟံ၊ ငါသည်။ အဟာရေသိ၊ နုတ်စေ၏။ အထ၊ ထိုမှ တစ်ပါး။ သမ္မ၊ အဆွေ။ တေ၊ သင်၏။ ကဏ္ဌေ၊ လည်၌။ ဣဒံ၊ ဤပတ္တမြားသည်။ ကိံ၊ အဘယ့်ကြောင့်။ ကိဏိကိဏာယတိ၊ ကိဏ်ကိဏ်မြည်သနည်း။

လည်ဆွဲ လိုချင်လို့လား

ထို့နောင်မှ ကျီးသည်-

၁၃၇။ မနုဿ သုခုမာလာနံ၊ မဏိ ကဏ္ဌေသု လမ္ဗတိ။
တေသာဟံ အနုသိက္ခာမိ၊ မာ တွံ မညိ ဒဝါ ကတံ။
၁၃၈။ သစေပိ မံ ပိဟယသိ၊ မဿုကုတ္တိံ သုကာရိတံ။
ကာရယိဿာမိ တေ သမ္မ၊ မဏိဉ္စာပိ ဒဒါမိ တေ။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၃၇။ သမ္မ ပါရာဝတ၊ အဆွေခို။ မနုဿသုခုမာလာနံ၊ သိမ်မွေ့ နူးညံ့ကုန်သောလူတို့၏။ ကဏ္ဌေသု၊ လည်တို့၌။ မဏိံ၊ ပတ္တမြားကို။ လမ္ဗတိ၊ ဆွဲ၏။ အဟံ၊ ငါသည်။ တေသံ၊ ထိုလူတို့၏။ အနုသိက္ခာမိ၊ အတုပြု၏။ ဣတိ၊ ဤသို့။ တွံ၊ သင်သည်။ မာ မညိ၊ မအောက်မေ့လင့်။ မနုဿေဟိ၊ လူသရော်တို့သည်။ ဒဝါ၊ ရယ်မြူးလိုသဖြင့်။ ကတံ၊ ပြုအပ်၏။

֍ ဋ္ဌ ၁၃၈။ သမ္မ ပါရာဝတ၊ အဆွေခို။ တွံ၊ သင်သည်။ ဣမံ မဿုကုတ္တိံ သုကာရိတံ၊ ဤမုတ်ဆိတ်, ဆံကို အတူပြုပြင်ခြင်းဖြင့် ကောင်းစွာ ပြုပြင်ခြင်းကို။ သစေပိ ပိဟာယသိ၊ အကယ်၍ နှစ်သက်မြတ်နိုးသည် ဖြစ်အံ့။ သမ္မ၊ အဆွေ။ တေ၊ သင့်အား။ ကာရယိဿာမိ၊ ပြုပြင်စေအံ့။ တေ၊ သင့်အား။ မဏိဉ္စာပိ၊ ပတ္တမြားကိုလည်။ ဒဒါမိ၊ ငါပေးအံ့။

ရှိပါစေ အဆွေ

ထိုစကားကို ကြား၍ ဘုရားလောင်းသည် -

၁၃၉။ တွညေဝ မဏိနာ ဆန္နော၊ သုကတာယ စ မဿုယာ။
အာမန္တ ခေါ တံ ဂစ္ဆာမိ၊ ပိယံ မေ တဝ ဒဿနံ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၉။ သမ္မ ဝါယသ၊ အဆွေကျီး။ မဏိနာ စ၊ ပတ္တ မြားအားလည်း။ တွညေဝ၊ သင်သည်သာလျှင်။ ဆန္နော၊ လျောက်ပတ်၏။ သုကတာယ၊ ကောင်းစွာ ပြုပြင်အပ်သော။ မဿုယာ စ၊ မုတ်ဆိတ်အားလည်း။ တွညေဝ၊ သင်သည်သာလျှင်။ ဆန္နော၊ လျောက်ပတ်၏။ မေ၊ ငါသည်။ တဝ၊ သင့်အား။ ဒဿနံ ဧဝ၊ ကြည့်ခြင်းမျှကိုလျှင်။ ပိယံ၊ ချစ်မြတ်နိုးအပ်လှပေပြီ။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ အာမန္တ ခေါ၊ သိစေ၍လျှင် ပန်ကြား၍ လျှင်။ ဂစ္ဆာမိ၊ သွားအံ့။

ဤသို့ဆို၍ ဘုရားလောင်းသည် ပျံ၍ တစ်ပါးသော အရပ်သို့ သွား၍ ကျီးသည် ထိုအရပ်၌လျှင် အသက်ကုန်ခြင်းသို့ ရောက်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ လျှပ်ပေါ်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူ- လျှပ်ပေါ်သော ရဟန်းသည် ထိုအခါ ကျီးဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည် ထိုအခါ ခိုဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

လောလည်လျှပ်ပေါ်၊ သူပျက်ချော်၊ မလျော် ပျက်စီးရာ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ပါရာဝတဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ကုက္ကုဝဂ်

၁။ ကုက္ကုဇာတ်

တရားသဖြင့်သာ မင်းပြုအပ်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဒိယဍ္ဎ ကုက္ကု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုက္ကုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မင်းအား ဆုံးမခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် တေသကုဏဇာတ်၌ ထင်စွာဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ အကျိုး အကြောင်းကို ဆုံးမတတ်သော အမတ် ဖြစ်၏။

မင်းကြီး မိုက်မှားနေ၍

ဗြဟ္မဒတ်မင်းသည် မလားအပ်သော အရာ၌ တည်၍ မတရားသဖြင့် မင်းပြု၏။ ဇနပုဒ်ကိုနှိပ်စက်၍ ဥစ္စာကိုသာလျှင် ယူ၏။

အထွတ်က ဘာလို့ မြဲနေသလဲ

ထိုအခါ ဘုရားလောင်းသည် မင်းကို ဆုံးမလိုသည်ဖြစ်၍ တစ်ခုသောဥပမာကို စုံစမ်းလျက် သွား၏။ မင်းဥယျာဉ်၌ နေရာအိမ်သည် မပြီးသေးသည်ဖြစ်၏။ မပြီးသေးသော အမိုးရှိသည် ဖြစ်၏။ အထွတ်ကိုတင်၍ အခြင်တို့ကို သွင်းကာမျှသာလျှင် ဖြစ်ကုန်၏။ မင်းသည်လည်း ကစားအံ့သောငှာ ဥယျာဉ်သို့သွား၍ ထိုဥယျာဉ်၌ လှည့်လည်၍ ထိုအိမ်သို့ဝင်၍ မော်၍ကြည့်လတ်သော် အထွတ်ဝန်းကိုမြင်၍ မိမိအထက်၌ကျအံ့သည်မှ ကြောက်သောကြောင့် ထွက်၍ အပ၌ရပ်လျက် တစ်ဖန်ကြည့်၍ အဘယ်ကိုမှီ၍ အထွတ်သည် တည်သနည်း။ အဘယ်ကိုမှီ၍ အခြင်တို့သည် တည်သနည်း ဟု ကြံ၍ ဘုရားလောင်းကို မေးလိုရကား-

။ ဒိယဍ္ဎကုက္ကူ ဥဒယေန ကဏ္ဏိကာ၊
ဝိဒတ္ထိယော အဋ္ဌ ပရိက္ခိပန္တိ နံ။
သာ သိံသပါ သာရမယာ အဖေဂ္ဂုကာ၊
ကုဟိံ ဌိတာ ဥပရိတော န ဓံသတိ-

ဟူသော ရှေးဦးစွာသော ဤဂါထကို ဆို၏။

֍ ဋ္ဌ ၁။ ဘော သဟာယ၊ အိုအဆွေ။ ယာ ကဏ္ဏိကာ၊ အကြင်ထွတ်သည်။ ဥဒယေန၊ အစောက်အား ဖြင့်။ ယဍ္ဎကုက္ကူ၊ တစ်ထောင့်ထွာ အတိုင်းရှည်ရှိ၏။ နံ၊ ထိုအထွတ်ကို။ အဋ္ဌဝိဒတ္ထိယော၊ ရှစ်ထွာသော အပြင်တို့သည်။ ပရိက္ခိပန္တိ၊ ထက် ဝန်းကျင် ရံကုန်၏။ သာရမယာ၊ အနှစ်ဖြင့်ပြီးသော။ အဖေဂ္ဂုကာ၊ အကာမရှိသော။ သိံသပ၊ ရင်းတိုက်နှစ်ဖြင့် ပြုအပ်သော။ သာ ကဏ္ဏိကာ၊ ထိုအထွတ်သည်။ ကုဟိံ၊ အဘယ်၌။ ဌိတာ၊ တည်သည်ဖြစ်၍။ ဥပရိတော၊ အထက်မှ။ န ဓံသတိ၊ မကျသနည်း။

အသိုင်းအဝိုင်းကြောင့်

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ယခု ငါသည် မင်းအား ဆုံးမအံ့သောငှာ ဥပမာကို ရပြီဟု ကြံ၍-

။ ယာ တိံသတိ သာရမယာ အနုဇ္ဇုကာ၊
ပရိကိရိယ ဂေါပါနသိယော သမံ ဌိတာ။
တာဟိ သုသင်္ဂဟိတာ ဗလသာ ပီဠိတာ၊
သမံ ဌိတာ ဥပ္ပရိတော န ဓံသတိ။
။ ဧဝမ္ပိ မိတ္တေဟိ ဒဠှေဟိ ပဏ္ဍတော၊
အဘေဇ္ဇရူပေဟိ သုစီဟိ မန္တိဘိ။
သုသင်္ဂဟိတော သိရိယာ န ဓံသတိ၊
ဂေါပါနသီ ဘာရဝဟာဝ ကဏ္ဏိကာ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တိံသတိ၊ သုံးဆယ်ကုန်သော။ သာရမယာ၊ အနှစ်ဖြင့်ပြီးကုန်သော။ အနုဇ္ဇုကာ၊ အကာမရှိကုန်သော။ ယာ ဂေါပါနသိယော၊ အကြင်အခြင်တို့သည်။ ပရိကိရိယ၊ ထက်ဝန်းကျင်မှ ရံကုန်သည်ဖြစ်၍။ သမံ ဌိတာ၊ မျှသောအဖို့ဖြင့် တည်ကုန်၏။ ဗလသာ၊ အားအစွမ်းဖြင့်။ ပီဠိတာ၊ ညှပ်နှိပ်၍။ သုသင်္ဂဟိတာ၊ ကောင်းစွာ ထောက်ပံ့အပ်သည်ဖြစ်၍။ သာ ကဏ္ဏိကာ၊ ထိုအထွတ်သည်။ သမံဌိတာ၊ မျှသောအဖို့ဖြင့် တည်သည်ဖြစ်၍။ ဥပရိတော၊ အထက်မှ။ န ဓံသတိ၊ မကျ။

֍ ဋ္ဌ ၃။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမ္ပိ၊ ဤအတူလည်း။ ပဏ္ဍိတော၊ ပညာရှိသော မင်းသည်။ ဒဠှေဟိ၊ မြဲမြံကုန်သော။ အဘေဇ္ဇရူပေဟိ၊ မကွဲသော သဘောရှိကုန်သော။ သုစီဟိ၊ စင် ကြယ်ကုန်သော။ မန္တိဘိ၊ တိုင်ပင်ခြင်း၌ လိမ္မာကုန်သော။ မိတ္တေဟိ၊ အဆွေခင်ပွန်းတို့သည်။ သုသင်္ဂဟိတော၊ ကောင်းစွာ ထောက်ပံ့သည်ဖြစ်၍။ ဂေါပါနသီဘာရဝဟာ၊ အခြင်ဟူသော ဝန်ကို ရွက်ဆောင်သော။ ကဏ္ဏိကာဝ၊ အထွတ်ကဲ့သို့။ သိရိယာ၊ အသရေမှ။ န ဓံသတိ၊ မကျ။

မင်းသည် ဘုရားလောင်းဆိုတိုင်းလျှင် မိမိအမူအရာကို မှတ်၍ အထွတ်မရှိသော် အခြင်တို့သည် မတည်ကုန်၊ အခြင်တို့သည် မထောက် ပံ့ အပ်ကုန်သည်ရှိသော် အထွတ်သည် မတည်။ အခြင်တို့သည် ပျက်စီးကုန်သည်ရှိသော် အထွတ်သည် ကျ၏။ ဤအတူလျှင် တရားမစောင့်သော မင်းသည် မိမိအဆွေခင်ပွန်း ဖြစ်ကုန်သော အမတ်တို့ကိုလည်းကောင်း ဗိုလ်ပါတို့ကိုလည်းကောင်း ပုဏ္ဏား သူကြွယ်တို့ကိုလည်းကောင်း မထောက်ပံ့သည်ရှိသော် ထိုသူတို့ ပျက်စီးလတ်သော် ထိုသူတို့မထောက်ပံအပ်သည်ဖြစ်၍ အစိုး ရခြင်းမှ ယုတ်ရာ၏။ မင်းမည်သည်တရားစောင့်သည် ဖြစ်ရာ၏ ဟု ကြံ၏။

ရွှောက်သီးကို မခါးစေနှင့်

ထိုအခါ မင်းအား ထိုခဏ၌ လက်ဆောင်အကျိုးငှာ ရှောက်သီးကို ဆက်ကုန်၏။ မင်းသည် အဆွေ... ဤရှောက်သီးကို စားလော့ ဟု ဘုရားလောင်းအား ပေး၏။

ဘုရားလောင်းသည် ရှောက်သီးကို ယူ၍ မြတ်သောမင်းကြီး ဤရှောက်သီးကို စားအံ့သောငှာ မသိကုန်သော သူတို့သည် ခါးသည်ကိုမူလည်း ပြုကုန်၏။ ချဉ်သည်ကိုမူလည်း ပြုကုန်၏။ သိကုန်သော ပညာရှိတို့သည်မူကား အခါးကိုပယ်၍ အချဉ်ကို မထုတ်မှု၍ ရှောက်သီး၏ အရ သာကို မပျက်စီးစေမူ၍လျှင် စားကုန်၏ ဟု ဆို၍ မင်းအား ဥပမာဖြင့် ဥစ္စာစုခြင်း၏ အကြောင်းကို ပြလို၍ -

။ ခရတ္တစံ ဗေလ္လံ ယထာပိ သတ္ထဝါ၊
အနာမသန္တောပိ ကရောတိ တိတ္တကံ။
သမာဟရံ သာဒုံ ကရောတိ ပတ္ထိဝ၊
အသာဒုံ ကယိရာ တနုဗန္ဓမုဒ္ဓရံ။
။ ဧဝမ္ပိ ဂါမနိဂမေသု ပဏ္ဍိတော၊
အသာဟသံ ရာဇဓနာနိ သင်္ဃရံ။
ဓမ္မာနုဝတ္တီ ပဋိပဇ္ဇမာနော၊
သ ဖာတိ ကယိရာ အဝိဟေဌယံ ပရံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၄။ ပတ္ထိဝ၊ မင်းမြတ်။ သတ္ထဝါ၊ ဓားငယ်လက်၌ ရှိသောသူသည်။ ခရတ္တစံ၊ ကြမ်းသောအခွံရှိသော။ ဗေလ္လံ၊ ရှောက်သီးကို။ အနာမသန္တောပိ၊ အခွံမနွှေး (နွှာ)မူ၍လည်း။ တိတ္တကံ၊ ခါးသည်ကို။ ကရောတိ၊ ပြု၏။ ဗန္ဓံ၊ အခွံကို။ တနု၊ ပါးစွာ။ ဥဒ္ဓရံ-ဥဒ္ဓရန္တော၊ နွှေး (နွှာ) သောသူသည်။ အသာဒုံ၊ မကောင်းသည်ကို။ ကယိရာ၊ ပြုရာ၏။ သမာဟရံ၊ ကောင်းစွာ အခွံနွှေးသောသူသည်။ သာဒုံ၊ ကောင်းသည်ကို။ ကရောတိ ယထာပိ၊ ပြုသကဲ့ သို့လည်း။ ဧဝမ္ပိ၊ ဤအတူလည်း။ ရာဇ၊ မင်းမြတ်။ ပဏ္ဍိတော၊ ပညာရှိသောမင်းသည်။ ဂါမနိဂမေသု၊ ရွာနိဂုံးတို့၌။ အသာဟသံ၊ တဏှာ၏အလိုသို့ မလိုက်သည်ဖြစ်၍။ ဓမ္မာနုဝတ္တီ ပဋိပဇ္ဇမာနော၊ မင်းကျင့်တရား ဆယ်ပါးသို့ လိုက်လျက်ကျင့်၍။ ဓနာနိ၊ ဥစ္စာတို့ကို။ သင်္ဃရံ-သင်္ဃရန္တော၊ စုလျက်။

֍ ဋ္ဌ ၅။ သ- သော ရာဇာ၊ ထိုမင်းသည်။ ပရံ၊ သူတစ်ပါးကို။ အဝိဟေဌယံ-အဝိဟေဌယန္တော၊ မညှဉ်းဆဲမူ၍။ ဖာတိံ၊ ပွားခြင်းအမှုကို။ ကယိရာ၊ ပြုရာ၏။

ကြာပွင့်မှာ ညွန်မရှိ

မင်းသည် ဘုရားလောင်းနှင့်တကွ တိုင်ပင်လျက် ရေကန်နားသို့ သွား၍ ရေကန်၌ ကောင်းစွာပွင့်သော နေလုလင်ကဲ့သို့သော အဆင်းရှိသော ရေဖြင့်မလိမ်းကျံသော ပဒုမာကိုမြင်၍ အဆွေ.ဤပဒုမာသည် ရေ၌ဖြစ်လျက်လျှင် ရေမလိမ်းကျံသည်ဖြစ်၍ တည်၏ ဟု ဆို၏။

အကုသိုလ်ကို ရှောင်ပါ

ထိုအခါ မင်းကို ဘုရားလောင်းသည် မြတ်သော မင်းကြီး... မင်းမည်သည် ဤသို့ သဘောရှိသည် ဖြစ်ရာ၏ ဟု ဆုံးမလိုရကား... -

။ ဩဒါတမူလံ သုစိဝါရိသမ္ဘဝံ၊
ဇာတံ ယထာ ပေါက္ခရဏီသု အမ္ဗုဇံ။
ပဒုမံ ယထာ အဂ္ဂိနိကာသိဖာလိမံ၊
န ကဒ္ဒမော န ရဇော န ဝါရိ လိမပတိ။
။ ဧဝမ္ပိ ဝေါဟာရသုစိံ အသာဟသံ။
ဝိသုဒ္ဓကမ္မန္တ မပေတပါပကံ
န လိမ္ပတိ ကမ္မကိလေသ တာဒိသော၊
ဇာတံ ယထာ ပေါက္ခရဏီသု အမ္ဗုဇံ။

ဟူသော ဤဂါထတို့ကို ဆို၏။

֍ ဋ္ဌ ၆။ ပေါက္ခရဏီသု၊ ရေကန်တို့၌။ ဇာတံ၊ ဖြစ်သော။ ဩဒ တမူလံ၊ ဖြူစင်သောအမြစ်ရှိသော။ သုစိဝါရိသမ္ဘဝံ၊ စင်ကြယ်သော ရေ၌ဖြစ်သော။ အမ္ဗုဇံ၊ အမ္ဗုဇမည်သော။ အဂ္ဂိနိကာသိဖာလိမံ၊ နေအရောင်ကြောင့် ပွင့်သော။ ပဒုမံ၊ ပဒုမာသည်။ ကဒ္ဒမော-ကဒ္ဒမေ၊ ညွန်၌။ န လိမ္ပတိ ယထာ၊ မလိမ်းကျံသကဲ့သို့။ ရဇော-ရဇေ၊ မြူ၌။ န လိမ္ပတိ ယထာ၊ မလိမ်းကျံသကဲ့သို့။ ဝါရိ-ဝါရိမှိ၊ ရေ၌။ န လိမ္ပတိ ယထာ၊ မလိမ်းကျံသကဲ့သို့။

֍ ဋ္ဌ ၇။ ဧဝမ္ပိ၊ ဤအတူလည်း။ ဝေါဟာရသုစိံ၊ တရား စောင့်ကုန်သော ရှေးမင်းတို့သည် ထားအပ်သော တရားတို့၌ စင်ကြယ်ထသော။ အသာဟသံ၊ နိုင်ထက်မူခြင်း ကင်းထသော။ ဝိသုဒ္ဓကမ္မန္တံ၊ စင် ကြယ်သော အမှုရှိသော။ အပေတပါပကံ၊ မ ကောင်းမှုမှ ကင်းထသော။ တံ၊ ထိုမင်းကို။ ကမ္မကိလေသော၊ ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရ, မုသာဝါဒ ဟူသော ဤကမ္မကိလေသမည်သော အကုသိုလ်တရားသည်။ န လိမ္ပတိ၊ မလိမ်းကျံ။ တာဒိသော၊ ထိုသို့သဘောရှိသော မင်းသည်။ ပေါက္ခရဏီသု၊ ရေကန်တို့၌။ ဇာတံ၊ ဖြစ်သော။ အမ္ဗုဇံ၊ ကြာသည်။ အနုပလိတ္တံ ယထာ၊ ရေ အစရှိသည်တို့ဖြင့် မလိမ်းကျံသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ အနုပလိတ္တော နာမ၊ ကမ္မကိလေသမည်သော အကုသိုလ်တို့သည် မလိမ်းကျံသော မင်းမည်၏။

မင်းသည် ဘုရားလောင်း၏ စကားကိုကြား၍ ထိုအခါမှစ၍ မင်းကျင့်တရား ဆယ်ပါးဖြင့် မင်းပြု၍ အလှူအစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိ အမတ်ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

အဂတိရှောင်ရှား၊ မင်းကျင့်အား၊ မင်းများကျင့်အပ်စွာ

ရှေးဦးစွာသော ကုက္ကုဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ကုက္ကုဝဂ်

၂။ မနောဇဇာတ်

ယုတ်မာသောမိတ်ဆွေကို ပေါင်းမိ၍ ပျက်စီးရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယထာ စာပေါ နိန္နမတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမနောဇဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆန့်ကျင်ဘက်ဖြစ်သော အဆွေခင်ပွန်းကို မှီဝဲသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုကိုကား အောက် မဟိလာမုခဇာတ်၌ ချဲ့အပ်ပြီးသလျှင်ကတည်း။ ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့... ယခုအခါ၌သာလျှင် ဤရဟန်းသည် ဆန့်ကျင်ဘက်ဖြစ်သော အဆွေခင်ပွန်းကို မှီဝဲသည်မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းသည် ဆန့်ကျင် ဘက်ဖြစ်သော အဆွေခင်ပွန်းကို မှီဝဲဖူးသလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ခြင်္သေ့ဖြစ်၍ ခြင်္သေ့မနှင့်တကွ နေလျက် သားသမီးနှစ်ခုကို ရ၏။ သားအား မနောဇ ဟူသော အမည်ကို မှည့်၏။ ထိုမနောဇသည် အရွယ်သို့ရောက်လတ်သော် တစ်ခုသော ခြင်္သေ့မငယ်ကို ယူ၏။ ဤသို့ ထိုခြင်္သေ့တို့သည် ငါးခု ဖြစ်ကုန်၏။ မနောဇသည်ကား ကျွဲအစရှိသည်တို့ကို သတ်၍ အသားကို ဆောင်၍ မိဘတို့ကိုလည်းကောင်း၊ နှမကိုလည်းကောင်း၊ မယားကိုလည်းကောင်း မွေး၏။

မြေခွေးကို မွေးစားခြင်း

ထိုမနာဇသည် တစ်နေ့သ၌ ကျက်စားရာမြေ၌ ပြေးအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ ရင်ဖြင့်ဝပ်သော ဂိရိယမည်သော မြခွေးကိုမြင်၍ အဆွေ အသို့နည်း ဟု မေး၍ သခင်... ခစားလို၏ ဟု ဆိုသည်ရှိသော် ကောင်းပြီ... ခစားလော့ ဟု ဆို၍ ထိုမြေခွေးကို မိမိနေရာဂူသို့ ဆောင်၏။

မြေခွေးကို မပေါင်းနှင့်

ဘုရားလောင်းသည် မြေခွေးကိုမြင်၍ ချစ်သား မနောဇ မြေခွေးတို့မည်သည် သီလမရှိကုန်၊ ယုတ်မာသောအကျင့် ရှိကုန်၏။ ကိစ္စမဟုတ်သည်၌ ယှဉ်စေတတ်ကုန်၏။ ထိုမြေခွေးကို မိမိအထံ၌ မနေစေလင့် ဟု မြစ်သော်လည်း မြစ်အံ့သောငှာ မတတ်နိုင်။ ထိုအခါ တစ်နေ့၌ မြေခွေးသည် မြင်းသားကို စားလိုသည်ဖြစ်၍ မနောဇကို သခင်... ငါတို့သည် မြင်းသားကိုထား၍ မစားဘူးသော အသားမည်သည် မရှိ၊ မြင်းကို ဖမ်းကြ ကုန်အံ့ ဟု ဆို၏။ အဆွေ ထိုသို့တပြီးကား မြင်းတို့သည် အဘယ်မှာ ရှိကုန်သနည်း ဟု မေး၏။ ဗာရာဏသီပြည် မြစ်နား၌ ရှိကုန်၏ ဟု ဆို၏။ မနောဇသည် မြေခွေး၏ စကားကိုယူ၍ မြေခွေးနှင့်တကွ မြစ်၌ မြင်းတို့ကို ရေချိုးသောအခါ၌ သွား၍ တစ်ခုသော မြင်းကိုဖမ်း၍ ကျောက်၌တင်၍ လျစွာ မိမိ၏လိုဏ်သို့လျှင် လာ၏။

မြင်းကို မဖမ်းနှင့်

ထိုအခါ မနောဇ၏အဖသည် မြင်းသားကိုစား၍ ချစ်သား မနောဇ မြင်းတို့မည်သည် မင်း၏ ယာဉ်တည်း၊ မင်းတို့သည်လည်း များသောမာယာတို့၌ လိမ္မာကုန်သော လေးသမားတို့ကို ပစ်စေတတ်ကုန်၏။ မြင်းသားကို စားသော ခြင်္သေ့တို့မည်သည် အသက်မရှည်ကုန်၊ ဤနေ့မှစ၍ မြင်းကို မဖမ်းလင့် ဟု ဆို၏။ မနောဇသည် အဖစကားကို နားမထောင်မူ၍ ဖမ်းသည်သာ လျှင်တည်း၊ ခြင်္သေ့သည် မြင်းကိုဖမ်း၏ဟု ကြား၍ မြို့တွင်း၌လျှင် ရေကန်ကို တူးစေ၏။ ထိုရေကန်မှလည်း လာ၍ ယူသလျှင်ကတည်း။ မင်းသည် မြင်းတင်းကုပ်ကို ပြုစေ၍ မြင်းတင်း ကုပ်၏ အတွင်း၌လျှင် မြက် ရေတို့ကို ပေးစေ၏။ ခြင်္သေ့သည် တံတိုင်းထိပ်ဖြင့် သွား၍ မြင်းတင်း ကုပ်တွင်း၌လည်း ယူသလျှင်ကတည်။

မြားပစ်ခံရပြီ

မင်းသည် တစ်ယောက်သော အက္ခဏဝေဓိ လေးသမားကို ခေါ်၍ ခြင်္သေ့ကို ပစ်အံ့သောငှာ တတ်နိုင်လတ္တံ့လော ဟု မေး၏။ လေးသမားသည် တတ်နိုင်၏ဟု ဆို၍ တံတိုင်းကိုမှီ၍ ခြင်္သေ့လာရာခရီး၌ စင်ဆောက်၍တည်၏။ ခြင်္သေ့သည် လာ၍ အပသုသာန်၌ မြေခွေးကို ထားခဲ့၍ မြင်းကို ယူအံ့သောငှာ မြို့သို့ပြေးဝင်၏။ လေးသမားသည် လာသောကာလ၌ အဟုန်သည် အလွန်လျင်မြန်၏ ဟု ခြင်္သေ့ကို မပစ်မူ၍ မြင်းကိုယူ၍ လာသောကာလ၌ ဝန်လေးသည်၏ အဖြစ်ကြောင့် နှေးသော အဟုန်ရှိသော ကာလ၌ ခြင်္သေ့ကို ထက်သောမြားဖြင့် နောက်အဖို့၌ ပစ်၏။ မြားသည် ရှေ့ကိုယ်ဖြင့်ထွက်၍ ကောင်းကင်သို့ ပြေး၏။ ခြင်္သေ့သည် ငါ့ကို မြားစူး၏ဟု မြည်၏။ လေး သမားသည် ခြင်္သေ့ကိုပစ်၍ မိုးကြိုးသံကဲ့သို့ လေးညှို့ကို ခတ်၏။

မြေခွေး ထွက်ပြေးခြင်း

မြေခွေးသည် ခြင်္သေ့၏လည်းကောင်း၊ လေးညှို့၏ လည်းကောင်း အသံကိုကြား၍ ငါ့အဆွေခင်ပွန်းသည် လေးသမားသည် ပစ်၍ သေသည်ဖြစ်လတ္တံ့၊ သူသေနှင့်တကွ အကျွမ်းဝင်ခြင်းမည်သည် မရှိ၊ ယခု ငါသည် ပကတိအစွမ်းအားဖြင့် နေရာတောအရပ်သို့လျှင် သွားအံ့ ဟု

မိမိဘာသာပင်လျှင် စကားပြောလိုသည်ဖြစ်၍-

။ ယထာ စာပေါ နိန္နမတိ၊ ဇိယာစာပိ နိကူဇတိ။
ဟညတေ နူန မနောဇော၊ မိဂရာဇာ သခါ မမ။
။ ဟန္ဒဒါနိ ဝနန္တာနိ၊ ပက္ကမာမိ ယထာသုခံ။
နေ တာဒိသာ သခါ ဟောန္တိ၊ လဗ္ဘာ မေ ဇီဝတော သခါ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၈။ ယထာ၊ အကြင်သို့သော အကြောင်းဖြင့်။ စာပေါ၊ လေးသည်။ နိန္နမတိ၊ ညွတ်၏။ ဇိယာဝါပိ၊ လေးညှို့သည်လည်း။ နိကူဇတိ၊ မည်၏။ မမ၊ ငါ၏။ သခါ၊ အဆွေခင်ပွန်းဖြစ်သော။ မနာဇော၊ မနာဇအမည်ရှိသော။ မိဂရာဇာ၊ သားမင်းကို။ ဟညတေ နူန၊ သတ်ယောင်တကား။

֍ ဋ္ဌ ၉။ ဟန္ဒဒါနိ၊ ယခုအခါ၌။ အဟံ၊ ငါသည်။ ယထာသုခံ၊ အလိုအလျောက်။ ဝနန္တာနိ၊ တောတို့သို့။ ပက္ကမာမိ၊ သွားအံ့။ ဧတာဒိသော၊ ဤသို့သဘောရှိသော သူသေတို့မည်သည်။ သခါ၊ အဆွေခင်ပွန်းတို့သည်။ န ဟောန္တိ၊ မဖြစ်ကုန်။ ဇီဝတော၊ အသက် ရှင်သော။ မေ၊ ငါသည်။ သခါ၊ အဆွေ ခင်ပွန်းတို့ကို။ လဗ္ဘာ၊ ရရာ၏။

ဆွေမျိုးတို့ ငိုကြရပြီ

ခြင်္သေ့သည် တစ်ဟုန်တည်းဖြင့် သွား၍ မြင်းကို လိုဏ်တံခါး၌ချ၍ မိမိသည်လည်း လဲ၍ သေ၏။ ထိုအခါ မနောဇ၏ အဆွေအမျိုးတို့သည် ထွက်ကုန်၍ မြားမှန်ရာအဝမှ ယိုသောသွေးရှိသော သွေးအလိမ်းလိမ်း ကပ်သော မနောဇကို မြင်၍ ယုတ်မာသော အဆွေခင်ပွန်းကို မှီဝဲခြင်းကြောင့် အသက်ကုန်ခြင်းသို့ရောက်သော မနောဇကို မြင်ကုန်၏။ မြင်ကုန်၍လည်း မနာဇ၏ အမိအဘ နှမ မယားတို့သည်-

၁၀။ န ပါပဇနသံသေဝီ၊ အစ္စန္တံ သုခမေဓတိ။
မနောဇံ ပဿ သေမာနံ၊ ဂိရိယဿာနုသာသနီ။
၁၁။ န ပါပသမ္ပဝင်္ကေန၊ မာတာ ပုတ္တေန နန္ဒတိ။
မနောဇံ ပဿ သေမာနံ၊ အစ္ဆန္နံ သမှိ လောဟိတေ။
၁၂။ ဧဝမာပဇ္ဇတေ ပေသော၊ ပါပိယော စ နိဂစ္ဆတိ။
ယော ဝေ ဟိတာနံ ဝစနံ၊ န ကရောတိ အတ္ထဒဿိနံ။
၁၃။ ဧဝဉ္စ သော ဟောဟိ တတော စ ပါပိယော၊
ယော ဥတ္တမော အဓမဇနူပသေဝီ၊
ပဿုတ္တမံ အဓမဇနူပသေဝိတံ၊
မိဂါဓိပံ သရဝရဝေဂနိဒ္ဓုတံ။

ဟူသော ဤဂါထာတို့ကို အစဉ်သဖြင့် ဆိုကုန်၏။

֍ ဋ္ဌ ၁၀။ ပါပဇနသံသေဝီ၊ ယုတ်မာသော အဆွေ ခင်ပွန်းကို မှီဝဲသော သူသည်။ အစ္စန္တံသုခံ၊ စင်စစ် ချမ်းသာကို။ န ဧဓတိ၊ မရ။ ဂိရိယဿ၊ ဂိရိယမည်သော မြေခွေး၏။ အနုသာသနီ၊ အဆုံးအမကိုယူ၍။ သေမာနံ၊ အိပ်သော။ မနောဇံ၊ မနောဇကို။ ပဿ၊ ရှုလော့။

မိတ်ဆွေယုတ်အကျိုး

֍ ဋ္ဌ ၁၁။ ပါပသမ္ပဝင်္ကေန၊ ယုတ်မာသော အဆွေ ခင်ပွန်းကို မှီဝဲခြင်းကြောင့်။ မာတာ၊ အမိသည်။ ပုတ္တေန၊ သားဖြင့်။ န နန္ဒတိ၊ မနှစ်သက်ရ။ သမှိ လောဟိတေ၊ မိမိသွေး၌။ အစ္ဆန္နံ နိမုဂ္ဂံ၊ နစ်မွန်းလျက်။ သေမာနံ၊ အိပ်သော။ မနောဇံ၊ မနောဇကို။ ပဿ၊ ရှုပါလော့။

မိဘစကား နားမထောင်၍

֍ ဋ္ဌ ၁၂။ ယော ပေါသော၊ အကြင်ယောက်ျားသည်။ ဝေ၊ စင်စစ်။ အတ္ထဒဿီနံ၊ အကျိုးကိုမြင်ကုန်သော။ ဟိတာနံ၊ အကျိုး စီးပွားကို အလိုရှိကုန်သောသူတို့၏။ ဝစနံ၊ စကားကို။ န ကရောတိ၊ နားမထောင်။ သော ပေါသော၊ ထိုယောက်ျားသည်။ ဧဝံ၊ ဤသို့ ဆင်းရဲခြင်းသို့။ အာပဇ္ဇတေ၊ ရောက်၏။ ပါပိယော စ၊ ပါဏာတိပါတ စသော ယုတ်မာသော မကောင်းမှုကိုလည်း။ နိဂစ္ဆတိ-ဝိန္ဒတိ၊ ရလေ၏။

֍ ဋ္ဌ ၁၃။ ဥတ္တမော၊ မြတ်သော။ ယော ပုရိသော၊ အကြင်ယောကျ်ားသည်။ အဓမဇနူပသေဝီ၊ ယုတ်မာသော အကျင့်ရှိသော သူကို မှီဝဲ၏။ သော ပုရိသော၊ ထိုယောကျ်ားသည်။ ဧဝဉ္စ၊ ဤသို့ ဆင်းရဲခြင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ တတော စ၊ ထို့ထက်လည်း။ ပါပိယော၊ ယုတ်မာ၏။ ဥတ္တမံ၊ ကြီးမြတ်သော ခွန်အားရှိသော။ အဓမဇနူပသေဝိတံ၊ ယုတ်မာသော အကျင့်ရှိသောသူကို မှီဝဲသော။ သရဝရဝေဂနိဒ္ဓုတံ၊ မြား၏အဟုန်သည် ဖောက်ထွင်းသော။ တံ မိဂါဓိပံ၊ ထိုမနောဇခြင်္သေ့ကို။ ပဿ၊ ရှုပါလော့။

မိမိထက် သာသူကိုပေါင်းပါ

ဘုရားသခင်သည် ယုတ်မာသောသူတို့နှင့် ပေါင်းဖက်၍ ပျက်စီးတတ်ကြောင်း၊ ပညာရှိတို့ကို ပေါင်းဖော်ဆည်းကပ် အပ်လှသည်၏ အဖြစ်ကို ဟောတော်မူလိုရကား-

၁၄။ နိဟီယတိ ပုရိသော နိဟီနသေဝီ၊
န စ ဟာယေထ ကဒါစိ တုလျသေဝီ။
သေဋ္ဌမုပဂမံ ဥဒေတိ ခိပ္ပံ။
တသ္မာတ္တနော ဥတ္တရိတရံ ဘဇေထ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၄။ ဘိက္ခဝေ၊ ရဟန်းတို့။ နိဟီနသေဝီ၊ ယုတ်မာသောသူကို မှီဝဲသော။ ပုရိသော၊ ယောကျ်ားသည်။ နိဟီယတိ၊ ယုတ်မာ၏။ တုလျသေဝီ၊ တူသော သူကိုမှီဝဲသော။ ပုရိသော၊ ယောက်ျားသည်။ ကဒါစိ၊ တစ်ရံတစ်ဆစ်၌။ န စ ဟာယေထ၊ မယုတ်မာရာ။ သေဋ္ဌံ၊ မြတ်သောသူကို။ ဥပဂမံ-ဥပဂမန္တော၊ ဆည်းကပ်သော သူသည်။ ခိပ္ပံ၊ လျင်စွာ။ ဥဒေတိ၊ သီလအစရှိသော ကျေးဇူးတို့ဖြင့် ပွား၏။ တသ္မာ၊ ထို့ကြောင့်။ အတ္တနော၊ မိမိထက်။ ဥတ္တရိတရံ၊ သီလစသည်ဖြင့် လွန်မြတ်သောသူကို။ ဘဇေထ၊ ဆည်းကပ်မှီဝဲကြကုန်လော့။

သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ဆန့်ကျင်ဘက်ဖြစ်သော အပေါင်း အဖော်ကို မှီဝဲသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား... ယခုအခါ ဒေဝဒတ်သည် ထိုအခါ မြေခွေးဖြစ်ပြီ၊ ယခုအခါ ဆန့်ကျင်ဘက်ဖြစ်သော အဆွေခင်ပွန်းကို မှီဝဲသော ရဟန်းသည် ထိုအခါ မနောဇခြင်္သေ့ ဖြစ်ပြီ၊ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ နှမဖြစ်ပြီ၊ ယခုအခါ ခေမာဘိက္ခုနီမသည် ထိုအခါ မယားဖြစ်ပြီး၊ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ အမိဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အဖခြင်္သေ့မင်းဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ယုတ်မာသောသူ၊ ပေါင်းသင်းမူ၊ ထိုသူပျက်စီးရာ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော မနောဇဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ကုက္ကုဝဂ်

၃။ သုတနုဇာတ်

မိဘကို လုပ်ကျွေးသင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ရာဇာ တေ ဘတ္တံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုတနုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အမိကိုလုပ်ကျွေးသော ရဟန်းတစ်ပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် သာမဇာတ်၌ ထင်စွာဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဆင်းရဲသော အမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်းအား သုတနု ဟူသော အမည်ကို မည့်ကုန်၏။ ထိုဘုရားလောင်းသည် အရွယ်သို့ရောက်လတ်သော် သူရင်းငှား လုပ်၍ မိဘတို့ကို မွေး၍ အဖသည် သေသည်ရှိသော် အမိကို မွေး၏။

မင်းကြီးတာကထွက်

ထိုအခါ၌ကား ဗာရာဏသီမင်းသည် သမင်သတ်ခြင်းကို အလိုရှိ၏။ တစ်နေ့သ၌ များစွာသောအခြံအရံဖြင့် ယူဇနာတစ်ရာ အတိုင်း အရှည်ရှိသော တောသို့ဝင်၍ အကြင်သူ၏ တည်ရာအရပ်၌ သမင်ပြေး၏။ ထိုသူအား ဤ မည်သောဒဏ်သည် ဖြစ်စေ ဟု ခပ်သိမ်းကုန်သော သူတို့အား ကြားစေ၏။ အမတ်တို့သည် မင်းဆိုတိုင်းသော ခရီးဖြင့် အစုကိုဝေ၍ ပေးကုန်၏။ လူတို့သည် သားတို့၏ နေရာအရပ်တို့ကို ခြံရံ၍ ပဲ့တင်ထပ်ကုန်သဖြင့် ထစေအပ်ကုန်သော သားတို့တွင် တစ်ခုသော ဧဏီမည်သော သားသည် မင်း၏ နေရာအရပ်သို့ ပြေး၏။ မင်းသည် ထိုဧဏီမည်သောသားကို ပစ်အံ့ ဟု မြားကိုလွှတ်၏။ သင်အပ်ပြီးသော မာယာရှိသော သားသည် မြား လက်ယာနံပါးသို့ ရှေးရှုလာသည်ကိုသိ၍ ပြန်၍ မြားစူးသကဲ့သို့ လဲ၏။ မင်းသည် သမင်ကိုစူးပြီ ဟု ဖမ်းအံ့သောငှာ ပြေး၏။ သမင်သည် ထ၍ လေကဲ့သို့ လျင်မြန်သော အဟုန်ဖြင့် ပြေး၏။ အမတ်အစရှိသော သူတို့သည် မင်းကို ပြက်ရယ် ပြုကုန်၏။

ဘီလူးဖမ်းခံရပြီ

မင်းသည် သမင်ကိုလိုက်၍ ပင်ပန်းသောကာလ၌ သန်လျက်ဖြင့်ပိုင်း၍ တစ်ခုသော လှံကန်၌ဆွဲ၍ ထမ်းပိုး၌ ဆောင်၍ လာလတ်သော် အတန်ငယ် အပင်ပန်းဖြေအံ့ ဟု ခရီး၏ အနီး၌ တည်သော ပညောင်ပင်သို့ဝင်၍ လျောင်းလတ်သော် အိပ်ပျော်ခြင်းသို့ရောက်၏။ ထိုပညောင်ပင်၌ စောင့်သော မဃဒေဝမည်သော ဘီလူးသည် ထိုပညောင်ပင်သို့ ဝင်ကုန်သောသူတို့ကို ဝေဿဝဏ်နတ်မင်းကြီး၏ အထံမှ စားခြင်းငှာ ရ၏။ ထိုဘီလူးသည် ထ၍ သွားသော မင်းကြီးကိုမြင်၍ ရပ်လော့၊ ငါ့အစာဖြစ်ပြီဟု လက်၌ကိုင်၏။ သင်သည် အဘယ်အမည်ရှိသနည်း ဟု မေး၏။ ငါသည် ပညောင်ပင်၌ စောင့်သော ဘီလူးတည်း၊ ဤအရပ်သို့ ဝင်သောသူတို့ကို စားအံ့သောငှာ ရ၏ ဟု ဆို၏။

နေ့တိုင်း ထမင်းထုပ်ပို့ပါမည်

မင်းသည် သတိကိုဖြစ်စေ၍ သင်သည် ယနေ့လျှင် စားလတ္တံ့လော၊ မပြတ် စားလတ္တံ့လော ဟု မေး၏။ ရသော် မပြတ်စားအံ့ ဟု ဆို၏။ မင်းသည် ယနေ့ ဤသမင်ကိုစား၍ ငါ့ကိုလွှတ်လော့၊ ငါသည် သင့်ဖို့ နက်ဖြန်မှစ၍ တစ်ခုသောထမင်းချက်နှင့်တကွ တစ်ယောက်သောသူကို ပို့စေအံ့ဟု ဆို၏။ ထိုသို့တပြီးကား မမေ့မလျော့ဖြစ်လော့၊ မပို့လာသောနေ့၌ သင့်ကို လာ၍စားအံ့ ဟု ဆို၏။ ငါသည် ဗာရာဏသီ မင်းတည်း၊ ငါ မရှိသောမည်သည် မရှိ ဟု ဆို၏။ ဘီလူးသည် ဝန်ခံခြင်းကိုယူ၍ မင်းကို လွှတ်၏။

ထမင်းပို့ ဆင်းရဲသားသွားပုံ

မင်းသည် မြို့သို့ဝင်၍ ထိုအကြောင်းကို အမတ်တစ်ယောက်အား ကြား၍ ယခု အသို့ပြုအံ့နည်း ဟု မေးသည်ရှိသော် ရှင်မင်းကြီး နေ့အပိုင်းအခြားကို ပြုခဲ့၏လော ဟု မေး၏။ မပြုခဲ့ဟု ဆို၏။ သင်မင်းကြီးသည် မသင့်သည်ကို ပြုသော်လည်း မကြံလင့်၊ နှောင်အိမ်တို့၌ လူတို့သည် များစွာ ရှိကုန်၏ ဟု ဆို၏။ ထိုသို့တပြီးကား သင်သည် ဤအမှုကိုပြုလော့၊ ငါ့အား အသက်ကို ပေးလော့ဟု ဆို၏။ အမတ်သည် ကောင်းပြီ ဟု ဝန်ခံ၍ နေ့တိုင်း နှောင်အိမ်မှ လူကိုထုတ်၍ ထမင်းခွက်ကို ယူစေ၍ ဘီလူးထံသို့ ပို့စေ၏။ ဘီလူးသည် ထမင်းကို စားပြီးသော် လူကိုစား၏။ နောက်အဖို့၌ နှောင်အိမ်၌ လူတို့သည် ကုန်ကုန်၏။ မင်းသည် ထမင်းပိုအံ့သောသူကို မရ၍ သေဘေးဖြင့် တုန်လှုပ်၏။ ထိုအခါ မင်းကို အမတ်သည် နှစ်သိမ့်စေ၍ အရှင်မင်းကြီး... အသက်၌ တပ်စွန်းခြင်းထက် ဥစ္စာ၌ တပ် စွန်းခြင်းသည် အလွန်အားရှိ၏။ ဆင်ကျောက် ကုန်း၌ ဥစ္စာထောင်ထုပ်ကိုတင်၍ “အဘယ်သူသည် ဤဥစ္စာကိုယူ၍ ဘီလူးသို့ ထမင်းပို့လတ္တံ့နည်း” ဟု စည်လည်စေလော့ ဟု ဆို၍ အမတ်ကြီးဆိုတိုင်း ပြုစေ၏။ ထိုအခါ ထိုစကားကိုကြား၍ ဘုရားလောင်းသည် အခစားလုပ်သဖြင့် ပဲဝက် ပဲဝက်သော ဥစ္စာကို စုရုံး၍ ငြိုငြင်သဖြင့် အမိကိုမွေးရ၏။ ဤဥစ္စာကိုယူ၍ အမိအားပေး၍ ဘီလူးအထံသို့ သွားအံ့၊ ဘီလူးကို ဆုံးမခြင်းငှာ အကယ်၍ စွမ်းနိုင်အံ့၊ ဤသို့ စွမ်းနိုင်သည်ရှိသော် အပြစ်မရှိ။ အကယ်၍ မတတ်နိုင်အံ့၊ ငါ့အမိသည် ချမ်းသာစွာ အသက်မွေးရလတ္တံ့ဟု ကြံ၏။ ကြံပြီး၍ ထိုအကြောင်းကို အမိအား ကြား၍ အမောင် မသင့်၊ ငါ့အား ဥစ္စာဖြင့် အလိုမရှိ ဟု နှစ်ကြိမ်မြောက်ပယ်၍ သုံးကြိမ်မြောက်၌ အမိကို မပန်မူ၍လျှင် အရှင်တို့ ဥစ္စာတစ်ထောင်ကို ဆောင်ခဲ့ကြကုန်လော့၊ ငါ ထမင်းကို ပို့အံ့ ဟု ဥစ္စာတစ်ထောင်ကို ယူ၍ အမိအားပေး၍ မိခင် မကြံလင့်၊ ငါသည် ဘီလူးကိုဆုံးမ၍ လူအများအား ချမ်းသာခြင်းကို ပြုအံ့၊ ယနေ့လျှင် မျက်ရည်စွတ်သော မျက်နှာကို ရွှင်စေလျက် လာအံ့ ဟု ဆို၍ အမိကိုရှိခိုး၍ မင်းချင်းယောကျ်ားနှင့်တကွ မင်း၏အထံသို့ သွား၍ ရှိခိုး၍ ရပ်၏။

ထို့နောင်မှ မင်းသည် မောင် သင်သည် ထမင်းကိုပိုလတ္တံ့လော ဟု ဆိုသည်ရှိသော် အရှင်မင်းကြီး ပို့ပါမည် ဟု ဆို၏။ သင့်အား အဘယ်ကိုရခြင်းငှာ သင့်သနည်း ဟု မေးသည်ရှိသော် အရှင်မင်းကြီး... အရှင်မင်းကြီးတို့၏ ရွှေခြေနင်းကိုရခြင်းငှာ သင့်၏ ဟု ဆို၏။ အဘယ့်ကြောင့်နည်း ဟုမေးသည်ရှိသော် အရှင်မင်းကြီး ထိုဘီလူးသည် သစ်ပင်ရင်း၌ရပ်သော သူတို့ကိုသာ စားခြင်းငှာ ရ၏။ အကျွန်ုပ်သည် ဘီလူး၏ ဥစ္စာဖြစ်သာမြေ၌ မရပ်မူ၍ ခြေနင်းတို့၌သာ ရပ်အံ့ ဟုဆို၏။

ဤမှတစ်ပါး အဘယ်ကို ရခြင်းငှာ သင့်သနည်းဟု မေး၏။ အရှင်မင်းကြီး အရှင်မင်းကြီးတို့၏ထီးကို ရခြင်းငှာ သင့်၏ ဟု ဆို၏။ ဤထီးကို အဘယ်အကျိုးငှာနည်း ဟု မေးသည်ရှိသော် အရှင်မင်းကြီး - ဘီလူးသည် မိမိသစ်ပင်ရိပ်၌ တည်သော သူတို့ကိုသာ စားခြင်းငှာ ရ၏။ အကျွန်ုပ်သည် ထိုဘီလူး၏ သစ် ပင်ရိပ်၌ မရပ်မူ၍ ထီးရိပ်၌ရပ်အံ့ ဟုဆို၏။ ဤမှတစ်ပါး အဘယ်ကို ရခြင်းငှာ သင့်သနည်း ဟု မေးသည်ရှိသော အရှင်မင်းကြီးတို့၏ သန်လျက်ကို ရခြင်းငှာ သင့်၏ ဟု ဆို၏။ ဤသန်လျက်ဖြင့် အဘယ်အကျိုးရှိသနည်း ဟု မေးသည်ရှိသော် "အရှင်မင်းကြီး ဘီလူးတို့လည်း လက်နက်စွဲကုန်သော သူတို့အား ကြောက်တတ်ကုန်သလျှင်ကတည်း ဟု ဆို၏ ဤမှတစ်ပါး အဘယ်ကို အလိုရှိသနည်းဟု မေး၏။ အရှင်မင်းကြီး... အရှင်မင်းကြီးတို့၏ ရွှေခွက်ကိုယူ၍ အရှင်မင်းကြီး၏ စားတော်ထမင်းကို ပြည့်စေ၍ ပေးကုန်လော့ ဟု ဆို၏။ အမောင်... အဘယ့်ကြောင့်နည်းဟု မေးသည်ရှိသော် အရှင်မင်းကြီး... အကျွန်ုပ်ကဲ့သို့ ပညာရှိသော ယောကျ်ားအား မြေခွက်ဖြင့် ရုန့်ရင်းသော ဘောဇဉ်ကို ဆောင်အံ့သောငှာ မလျောက်ပတ်ဟု ဆို၏။ အမောင် ကောင်းပြီ ဟု မင်းသည် အလုံးစုံကိုပေး၍ ဘုရားလောင်းကို ဝေယျာဝစ္စပြုသော သူတို့ကို စီရင်စေ၏။ ဘုရားလောင်းသည် မြတ်သောမင်းကြီး ကြောက်တော်မမူလင့်၊ ယနေ့ အကျွန်ုပ်သည် ဘီလူးကိုဆုံးမ၍ အရှင်မင်းကြီးတို့အား ချမ်းသာခြင်းကိုပြု၍ လာအံ့ ဟုဆို၍ မင်းကိုရှိခိုး၍ အဆောက်အဦကို ကိုင်ခဲ့စေ၍ ထိုအရပ်သို့သွား၍ လူတို့ကို သစ်ပင်၏အနီး၌ ထားခဲ့၍ ရွှေခြေနင်း ကိုစီး၍ သန်လျက်ကိုဖွဲ့၍ ထီးဖြူကိုဆောင်း၍ ရွှေခွက်ဖြင့် ထမင်းကိုယူ၍ ဘီလူးအထံသို့ သွား၏။ ဘီလူးသည် ခရီးကို ကြည့်သည်ရှိသော် ဘုရားလောင်းကိုမြင်၍ ဤယောကျ်ားသည် တစ်ပါးကုန်သောနေ့တို့၌ လာသောနည်းဖြင့် မလာ၊ အကြောင်းကား ဘယ်သို့နည်း ဟု ကြံ၏။ ဘုရားလောင်းသည်လည်း သစ်ပင်အနီးသို့ သွား၍ သန်လျက်နှင့် ထမင်းခွက်ကို အရိပ်အတွင်း၌ထား၍ အရိပ်အစွန်း၌ ရပ်လျက်-

၁၅။ ရာဇာ တေ ဘတ္တံ ပါဟေသိ၊ သုစိံ မ့သူပသေစနံ။
မဃဒေဝသ္မိံ အဓိဝတ္တေ၊ ဧဟိ နိက္ခမ ဘုဉ္ဇဿု။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၅။ မဃဒေဝသ္မိံ၊ ပညောင်ပင်၌။ အဓိဝတ္တေ၊ စောင့်သောနတ်။ တေ၊ သင့်ဖို့။ ရာဇာ၊ မင်းသည်။ သုစိံ၊ စင်ကြယ်သော။ မံသူပသေစနံ၊ သားပြွမ်းဖြစ်သော။ ဘတ္တံ၊ ထမင်းကို။ ပါဟေသိ၊ ပို့စေ၏။ ဧဟိ၊ လာလော့။ နိက္ခမ၊ ထွက်လော့။ ဘုဉ္ဇဿု၊ စားလော့။

ဘီလူးခေါ်သံ

ထိုစကားကိုကြား၍ ဘီလူးသည် လှည့်စား၍ အရိပ်အတွင်းသို့ဝင်သော ဤယောကျ်ားကို စာအံ့ဟု ကြံ၍-

၁၆။ ဧဟိ မာဏဝ ဩရေန၊ ဘိက္ခမာဒါယ သူပိတံ။
တွဉ္စ မာဏဝ ဘိက္ခာစ၊ ဥဘော ဘက္ခာ ဘဝိဿထ။

ဟူသော နှစ်ခုမြောက်သောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၆။ မာဏဝ၊ လုလင်။ သူပိတံ၊ ဟင်းနှင့်ပြည့်စုံသော။ ဘိက္ခံ၊ ငါ့အား အမြဲ ဝတ်တည်သော ထမင်းကို။ အာဒါယ၊ ယူ၍။ ဩရေန၊ ဤမှာဘက်သို့။ ဧဟိ၊ လာလော့။ မာဏဝ၊ လု လင်။ တွဉ္စ၊ သင်သည်လည်း။ ဘိက္ခာ စ၊ ငါ့အစာပင် မဟုတ်လော။ ဥဘော၊ ထမင်းနှင့်သင် နှစ်ပါးတို့သည်။ ဘက္ခာ၊ ငါ့အစာတို့သည်။ ဘဝိဿထ၊ ဖြစ်ကုန်လတ္တံ့။

အကျိုးအကြောင်း ရှင်းပြ

ထို့နောင်မှ ဘုရားလောင်းသည်-

၁၇။ အပ္ပကေန တုဝံ ယက္ခ၊ ထုလ္လမတ္တံ ဇဟိဿသိ။
ဘိက္ခံ တေ နာဟရိဿန္တိ၊ ဇနာ မရဏသညိနော။
၁၈။ လဒ္ဓါယံ ယက္ခ တဝ နိစ္စဘတ္တံ။
သုစိံ ပဏီတံ ရသသာ ဥပေတံ။
ဘိက္ခဉ္စ တေ အာဟရိယော နရော ဣဓ၊
သုဒုလ္လဘော ဟေဟိတိ ဘက္ခိတေ မယိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၇။ ယက္ခ၊ ဘီလူး။ တွံ၊ သင်သည်။ အပ္ပကေန၊ အနည်းငယ်သော အကြောင်းဖြင့်။ ထုလ္လံ၊ ကြီးစွာသော။ အတ္ထံ၊ အကျိုးကို။ ဇဟိဿသိ၊ စွန့်ရလတ္တံ့။ ဇနာ၊ လူတို့သည်။ မရဏသညိနော၊ သေရအံ့ဟု အမှတ်ရှိကုန်သည်ဖြစ်၍။ တေ၊ သင့်အား။ ဘိက္ခံ၊ ထမင်းကို။ နာဟရိဿန္တိ၊ မပို့ဆောင်ကုန်လတ္တံ့။

֍ ဋ္ဌ ၁၈။ ယက္ခ၊ ဘီလူး။ တဝ၊ သင့်ဖို။ သုစိံ၊ စင်ကြယ်သော။ ပဏီတံ၊ မြတ်သော။ ရသသာ၊ အရသာနှင့်။ ဥပတံ၊ ပြည့်စုံသော။ နိစ္စဘတ္တံ၊ အမြဲဝတ်တည်သော ထမင်းကို။ လဒ္ဓါ၊ ရ၍။ အယံ၊ ဤ ငါ၏ လာခြင်းသည်။ ဟောတိ၊ ဖြစ်၏။ မယိ၊ ငါ့ကို။ ဘက္ခိတေ၊ စားသည်ရှိသော်။ တေ၊ သင်၏။ ဘိက္ခဉ္စ၊ ထမင်းကိုလည်း။ အာဟရိယော၊ ဆောင်ဝံ့သော။ နရော၊ လူကို။ ဣဓ၊ ဤဗာရာဏသီပြည် ၌။ သုဒုလ္လဘော၊ အလွန်ရခဲသည်။ ဟေဟိတိ၊ ဖြစ်လတ္တံ့။

ငါ့မှာ သန်လျက်သည်

အဘယ်ကြောင့် ဖြစ်လတ္တံ့နည်းဟူမူကား- ဗာရာဏသီပြည်၌ ငါနှင့်တူသော ပညာရှိသောသူမည်သည် မရှိ၊ ငါ့ကိုစားသည်ရှိသော် သုတနုကိုစင်လျက်လည်း ဘီလူးသည် စားအပ်၏။ တစ်ပါးသော တစ်စုံတစ်ယောက်သူအား ထိုဘီလူးသည် အဘယ်မှာ ရှက်လတ္တံ့နည်းဟု ထမင်းပို့အပ်သော သူကို မရလတ္တံ့၊ ထိုသို့ဖြစ် သည်ရှိသော် သင့်အား ဤနေ့မှစ၍ ထမင်းကို ရခဲသည်ဖြစ်လတ္တံ့၊ ငါတို့၏မင်းကိုလည်း ဖမ်းအံ့သောငှာ မရလတ္တံ့၊ အဘယ့်ကြောင့်နည်းဟူမူကား. သစ်ပင်မှ အပဖြစ်သောကြောင့်တည်း၊ ဤထမင်းကိုစား၍ ငါ့ကို အကယ်၍ လွှတ်လိုက်အံ့၊ ငါသည် မင်းအားပြောဆို၍ အမြဲဖြစ်သော ထမင်းကို ပို့လာစေအံ့၊ သင့်အား ငါ့ကိုလည်း စားအံ့သောငှာ မပေးလတ္တံ့၊ ငါသည် သင်၏ ဥစ္စာ ဖြစ်သော အရပ်၌ မရပ်၊ ခြေနင်းတို့၌ ရပ်၏။ သင်၏ သစ်ပင်ရိပ်၌လည်း မရပ်၊ ထီးရိပ်၌လျှင် ရပ်၏။ ငါနှင့်တကွ အကယ်၍ စစ်ထိုးအံ့၊ သင့်ကို သန်လျက်နှင့် နှစ်ပိုင်းဖြတ်အံ့။ ငါသည် ထိုအကျိုးငှာလျှင် စီရင်၍ လာ၏ ဟု ဘီလူးကို ဘုရားလောင်းသည် ခြိမ်းခြောက်၏။

မင်းတော်တယ် ပြန်နိုင်ပြီ

ဘီလူးသည် ဤလုလင်ကား သင့်သော သဘောကို ဆို၏ ဟု မှတ်၍ ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍-

၁၉။ မမေဝ သုတနော အတ္ထော၊ ယထာ ဘာသသိ မာဏဝ။
မယာ တွံ သမနုညာတော၊ သောတ္ထိံ ပဿာဟိ မာတရံ။
၂၀။ ခဂ္ဂံ ဆတ္တဉ္စ ပါတိဉ္စ၊ ဂစ္ဆ မာဒါယ မာဏဝ။
သောတ္ထိံ ပဿတု တေ မာတာ၊ တွဉ္စ ပဿာဟိ မာတရံ-

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၉။ သုတနော၊ သုတနမည်သော။ မာဏဝ၊ လုလင်။ တွံ၊ သင်သည်။ ယထာ၊ အကြင်အခြင်းဖြင့်။ ဘာသသိ၊ ဆို၏။ တထာ၊ ထိုသို့ဆိုသော အခြင်းအရာဖြင့်။ ဘာသိတော၊ ဆိုအပ်သော။ အတ္ထော၊ အကျိုးသည်။ မမေဝ၊ ငါ၏သာလျှင်။ အတ္ထော၊ အကျိုးတည်း။ မယာ၊ ငါသည်။ တွံ၊ သင့်ကို။ သမနုညာတော၊ ခွင့်ပြုအပ်၏။ သောတ္ထိံ၊ ချမ်းသာစွာ။ မာတရံ၊ အမိကို။ ပဿာဟိ၊ ရှုလေလော့။

֍ ဋ္ဌ ၂၀။ မာဏဝ၊ လုလင်။ ခဂ္ဂဉ္စ၊ သန်လျက်ကိုလည်းကောင်း။ ဆတ္တဉ္စ၊ ထီးကိုလည်းကောင်း။ ပါတိဉ္စ၊ ရွှေခွက်ကိုလည်းကောင်း။ အာဒါယ၊ ယူ၍။ ဂစ္ဆ၊ သွားလျှင်းလေလော့။ တေ၊ သင်၏။ မာတာ၊ အမိသည်။ သောတ္ထိံ၊ ချမ်းသာစွာ။ ပဿတု၊ ရှုစေ သတည်း။ တွဉ္စ၊ သင်သည်လည်း။ မာတရံ၊ အမိကို။ ပဿာဟိ၊ ရှုလေလော့။

ဘီလူးကို ပသခံစေပြီ

ဘီလူးစကားကိုကြား၍ ဘုရားလောင်းသည် "ငါ၏ အမှုသည် ပြီးပြီ။ ငါသည် ဘီလူးကို ဆုံးမအပ်ပြီ၊ များစွာသော ဥစ္စာကိုလည်း ရအပ်ပြီ၊ မင်း၏စကားကို ပြုအပ်ပြီ ဟု နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ဘီလူးအား အနုမောဒနာကို ပြုလိုရကား-

၂၁။ ဧဝ ယက္ခ သုခီ ဟောဟိ၊ သဟသဗ္ဗေဟိ ဉာတိဘိ။
ဓနဉ္စ မေ အဓိဂတံ၊ ရညော စ ဝစနံ ကတံ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၂၁။ ယက္ခ၊ ဘီလူး။ မေ၊ ငါသည်။ ဓနဉ္စ၊ ဥစ္စာကိုလည်း။ အဓိဂတံ၊ ရပြီ။ ရညော၊ မင်း၏။ ဝစနဉ္စ၊ စကားကိုလည်း။ ကတံ၊ ပြုအပ်ပြီ။ ဧဝံ တထာ၊ ထို့အတူ။ တွံ၊ သင်သည်။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဉာတိဘိ၊ အဆွေအမျိုးတို့နှင့်။ သဟ၊ တကွ။ သုခီ၊ ချမ်းသာခြင်းသည်။ ဟောဟိ၊ ဖြစ်လော့။

ဤသို့ဆို၍ ဘီလူးကိုခေါ်၍ အဆွေ... သင်သည် ရှေး၌ အကုသိုလ်ကံကို ပြု၍ ရုန့်ရင်းကြမ်းကြုတ်သည်။ သူတပါးတို့၏ အသားအသွေးကို စားတတ်သည်ဖြစ်၏။ ဤနေ့မှစ၍ ပါဏာတိပါတ အစရှိသည်တို့ကို မပြုလင့် ဟု သီလ၏ အကျိုးကိုလည်းကောင်း။ သီလမရှိခြင်း၌ အပြစ်ကိုလည်းကောင်း ဆို၍ ပဉ္စသီတို့၌ တည်စေ၍ သင့်အား ဟောနေသဖြင့် ဘယ်အကျိုးရှိအံ့နည်း၊ လာလော့၊ မြို့တံခါး၌ သင့်ကိုနေစေ၍ ထမင်းဦးရခြင်းကို ပြုအံ့ ဟု ဘီလူးနှင့်တကွ ထွက်၍ သန်လျက် အစရှိသည်တို့ကို ဘီလူးကို ကိုင်စေ၍ ဗာရာဏသီပြည်သို့ လာ၏။

စစ်သူကြီးဖြစ်ရခြင်း

သုတနုလုလင်သည် ဘီလူးကိုခေါ်၍ လာ၏ ဟု မင်းအား ကြားကုန်၏။ မင်းသည် အမတ်အပေါင်းခြံရံလျက် ဘုရားလောင်းအား ခရီးဦးကြို၍ ဘီလူးကို မြို့တံခါး၌ နေစေ၍ ထမင်းဦး အစရှိသည်တို့ကို ရခြင်းကိုပြု၍ မြို့သို့ဝင်၍ စည်လည်စေ၍ မြို့သူမြို့သားတို့ကို စည်းဝေးစေ၍ ဘုရားလောင်း၏ ကျေးဇူးကိုဆို၍ စစ်သူ ကြီးအရာကို ပေး၏။ မိမိလည်း ဘုရားလောင်း၏ အဆုံးအမ၌ တည်၍ အလှူအစရှိသော ကောင်း မှုတို့ကိုပြု၍ နတ်ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်ဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ အမိကိုလုပ်ကျွေးသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဤဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ အင်္ဂုလိမာလသည် ထိုအခါ မဃဒေဝဘီလူးဖြစ်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည် ထိုအခါ သုတနုလုလင်ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မိဘအရေး၊ အသက်ပေး၊ ကျွေးမွေးပြုစုရာ

သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော သုတနုဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ကုက္ကုဝဂ်

၄။ ဂိဇ္ဈဇာတ်

မိဘတို့၏ ဂုဏ်ကျေးဇူးကြောင့် သေဘေးမှလွတ်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသခင်သည် တေ ကထံ နု ကရိဿန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂိဇ္စျဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အမိကိုလုပ်ကျွေးသော ရဟန်းတစ်ပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် သာမဇာတ်၌ ထင်စွာဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် လင်းတမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ကြီးကုန်သော ယုတ်သော မျက်စိရှိကုန်သော မိဘတို့ကို လင်းတဂူ၌ထား၍ နွားသား အစရှိသည်တို့ကို ဆောင်ယူ၍ မွေး၏။

မိဘကျေးမွေးသော လင်းတ

ထိုအခါ ဗာရာဏသီပြည်၏အနီး သုသာန်၌ တစမယောက်သော မုဆိုးသည် မမှတ်မူ၍ လင်းတတို့၏ ကျရာအရပ်၌ ကျော့ကွင်းကို ထောင်၏။

ကျော့ကွင်းမိ၍ ငိုပုံ

ထိုအခါ တစ်နေ့သ၌ ဘုရားလောင်းသည် နွားသား အစရှိသည်တို့ကို ရှာလျက် သုသာန်သို့ ဝင်သည်ရှိသော် ကျော့ကွင်း၌မိ၍ မိမိအကျိုးငှာ မအောက်မေ့။ ကြီးကုန်သော ယုတ်သော မျက်စိရှိကုန်သော မိဘတို့ကိုသာ အောက်မေ့၍ ငါ၏ မိဘတို့သည် အသို့လျှင် မျှကုန်လတ္တံ့နည်း၊ ငါ့အား ကျော့ကွင်းမိသည်၏ အဖြစ်ကိုလည်း မသိကုန်၊ ကိုးကွယ်ရာ အထောက်အပံ့ မရှိကုန်သည်ဖြစ်၍ တောင်လိုဏ်၌လျှင် ခြောက်၍ သေကုန်ယောင်တကား ဟု မြည်တမ်းလိုရကား-

၂၂။ တေ ကထံ နု ကရိဿန္တိ၊ ဝုဒ္ဓါ ဂိရိဒရီသယာ။
အဟံ ဗဒ္ဓေါသ္မိ ပါသေန၊ နိလီယဿ ဝသံ ဂတော။

ဟူသော ရှေးဦးစွာ ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၂၂။ အဟံ၊ ငါ့ကို။ ပါခသန၊ ကျော့ကွင်းသည်။ ဗဒ္ဓေါ၊ မိသည်။ အသ္မိ၊ ဖြစ်၏။ အဟံ၊ ငါသည်။ နိလီယဿ၊ နိလီယမည်သော မုဆိုး၏။ ဝသံ၊ နိုင်ငံ့သို့။ ဂတော၊ လိုက်ရ၏။ ဝုဒ္ဓါ၊ ကြီးကုန်သော။ ဂိရိဒရီသယာ၊ တောင်လိုဏ်၌ နေကုန်သော။ တေ၊ ထိုမိဘတို့သည်။ ကထံ နု၊ အသို့လျှင်။ ကရိဿန္တိ၊ ပြုကုန်လတ္တံ့နည်း။

ငှက်ငိုတာ မမြင်ဘူးပါ

ထိုအခါ မုဆိုးသည် လင်းတမင်းငိုသံကို ကြား၍-

၂၃။ ကိံ ဂိဇ္ဈ ပရိဒေဝေသိ၊ ကာ နု တေ ပရိဒေဝနာ။
န မေ သုတော ဝါ ဒိဋ္ဌော ဝါ၊ ဘာသန္တော မာနုသိံ ဒိဇော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၂၃။ ဂိဇ္ဈ၊ လင်းတ။ တွံ၊ သင်သည်။ ကိံ၊ အသို့။ ပရိဒေဝေသိ၊ ငိုကြွေးသနည်း။ တေ၊ သင်၏။ ပရိဒေဝနာ၊ ငိုကြွေးခြင်းသည်။ ကာ နု၊ အသို့နည်း။ မာနုသိံ၊ လူတို့၏စကားကို။ ဘာသန္တော၊ ဆိုသော။ ဒိဇော၊ ငှက်ကို။ မေ၊ ငါသည်။ န ဒိဋ္ဌော ဝါ၊ မြင်လည်းမမြင်စဘူး။ န သုတော ဝါ၊ ကြားလည်း မကြားစဘူး။

မိဘတို့အတွက် စိုးရိမ်ပါသည်

ထို နောင်မှ လင်တမင်းသည် -

၂၄။ ဘရာမိ မာတာ ပိတရော၊ ဝုဒ္ဓေ ဂိရိဒရီသယေ။
တေ ကထံ နု ကရိဿန္တိ၊ အဟံ ဝသံ ဂတော တဝ။

ဟူသော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၂၄။ နေသာဒ၊ မုဆိုး။ အဟံ၊ ငါသည်။ ဝုဒ္ဓေ၊ ကြီးကုန်သော။ ဂိရိဒရီသယေ၊ တောင်လိုဏ်၌နေကုန်သော။ မာတာပိတရော၊ မိဘတို့ကို။ ဘရာမိ၊ မွေး၏။ အဟံ၊ ငါသည်။ တဝ၊ သင်၏။ ဝသံ၊ နိုင်ငံသို့။ ဂတော၊ လိုက်ရသည်ရှိသော်။ တေ၊ ထိုမိဘတို့သည်။ ကထံ နု၊ အသို့လျှင်။ ကရိဿန္တိ၊ ပြုကုန်လတ္တံ့နည်း။

ကျော့ကွင်းကို မမြင်ဘူးလား

ထို့နောင်မှ မုဆိုးသည်-

၂၅။ ယံ နု ဂိဇ္ဈော ယောဇနသတံ၊ ကုဏပါနီ အဝေက္ခတိ။
ကသ္မာ ဇာလဉ္စ ပါသဉ္စ၊ အာသဇ္ဇာပိ န ဗုဇ္ဈသိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၅။ ဂိဇ္ဈော၊ လင်းတသည်။ ယောဇနသတံ၊ ယူဇနာ တစ်ရာကို။ အတိက္ကမ္မ၊ လွန်၍။ ဌိတာ၊ တည်ကုန်သော။ ကုဏပါနီ၊ အကောင်တို့ကို။ အဝေက္ခတိ၊ မြင်၏။ ဣတိ၊ ဤသို့။ ယံ နု ဝစနံ၊ အကြင်စကားကို။ လောကေ၊ လောက၌။ ကထီယတိ၊ ဆိုအပ်၏။ အထ၊ ထိုသို့ဖြစ်လျက်။ ကသ္မာ၊ အဘယ့်ကြောင့်။ တွံ၊ သင်သည်။ ဇာလဉ္စ၊ ကွန်သို့လည်းကောင်း။ ပါသဉ္စ၊ ကျော့ကွင်းသို့လည်းကောင်း။ အာသဇ္ဇာပိ၊ ရောက်၍လည်း။ န ဗုဇ္စျသိ၊ မသိသနည်း။

ပျက်စီးလိုလျှင် ဘာမှမမြင်

ထို နောင်မှ လင်းတမင်းသည် -

၂၆။ ယဒါ ပရာဘဝေါ ဟောတိ၊ ပေါသော ဇီဝိတသင်္ခယေ။
အထ ဇာလဉ္စ ပါသဉ္စ၊ အာသဇ္ဇာပိ န ဗုဇ္ဈတိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၆။ နေသာဒ၊ မုဆိုး။ ပေါသော၊ သတ္တဝါသည်။ ဇီဝိတသင်္ခယေ၊ အသက်ကုန်လိုခြင်းကြောင့်။ ယဒါ၊ အကြင်အခါ၌။ ပရာဘဝေါ၊ ပျက်စီးလိုသည်။ ဟောတိ၊ ဖြစ်၏။ အထ၊ ထိုအခါ၌။ ဇာလဉ္စ၊ ကွန်သို့လည်းကောင်း။ ပါသဉ္စ၊ ကျော့ ကွင်းသို့လည်းကောင်း။ အာသဇ္ဇာပိ၊ ရောက်၍လည်း။ န ဗုဇ္စျတိ၊ မသိ။

ငါပြန်လွှတ်ပါတယ်

မုဆိုးသည် ဘုရားလောင်း၏ တရားစကားကို နာရ၍ ပညာရှိသော လင်းတမင်းသည် ငိုကြွေးသော်လည်း မိမိအကျိုးငှာ မငိုကြွေး၊ မိဘတို့၏ အကျိုးငှာသာ ငိုကြွေး၏။ ဤလင်းတမင်းကို သတ်အံ့သောငှာ မသင့်ဟု လင်းတမင်းအား နှစ်သက်၍ -

၂၇။ ဘရဿု မာတာပိတရော၊ ဝုဒ္ဓေ ဂိရိဒရီသယေ။
မယာ တွံ သမနုညာတော၊ သောတ္ထိံ ပဿာဟိ ဉာတကေ။

ဟူသော ဤခြောက်ခုမြောက်သော ဂါထာကို ဆို၏။

֍ ဋ္ဌ ၂၇။ ဂိဇ္စျရာဇ၊ လင်းတမင်း။ တွံ၊ သင်သည်။ ဝုဒ္ဓေ၊ ကြီးကုန်သော။ ဂိရိဒရီသယေ၊ တောင်လိုဏ်၌နေကုန်သော။ မာတာပိတရော၊ မိဘတို့ကို။ ဘရဿု၊ မွေးလေလော့။ မယာ၊ ငါသည်။ တွံ၊ သင့်ကို။ သမနု ညာတော၊ ခွင့်ပြုအပ်၏။ ဉာတကေ၊ ဆွေမျိုးတို့ကို။ သောတ္ထိံ၊ ချမ်းသာစွာ။ ပဿာဟိ၊ ရှုလေလော့။

မုဆိုးကြီး ချမ်းသာပါစေ

ဤသို့ဆို၍ ချစ်သောစိတ်၊ နူးညံ့သောစိတ်ဖြင့် ကျော့ကွင်းကို ဖြေ၏။ သေမင်းခံတွင်းမှ လွတ်၍ ချမ်းသာခြင်းရှိသော ဘုရားလောင်းသည် မုဆိုးအား အနုမောဒနာ ပြုလိုသည်ဖြစ်၍-

၂၈။ ဧဝံ လုဒ္ဒက နန္ဒဿု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
ဘရိဿံ မာတာပိတရော၊ ဝုဒ္ဓေ ဂိရိဒရီသယေ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၈။ လုဒ္ဒက၊ မုဆိုး။ ဧဝံ၊ ဤအတူ။ တွံ၊ သင်သည်။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဉာတိဘိ၊ အဆွေ အမျိုးတို့နှင့်။ သဟ၊ တကွ။ နန္ဒဿု၊ နှစ်သက်လေလော့။ အဟံ၊ ငါသည်။ ဝုဒ္ဓေ၊ ကြီးကုန်သော။ ဂိရိဒရီသယေ၊ တောင်လိုဏ်၌ နေကုန်သော။ မာတာ ပိဘရော၊ မိဘတို့ကို။ ဘရိဿံ၊ မွေးပါအံ့။

ဤသို့ဆို၍ ခံတွင်းပြည့်အောင် အသားကိုယူ၍ မိဘတို့အား ပေး၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ အမိကို လုပ်ကျွေးသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား... ယခုအခါ ဆန္နသည် ထိုအခါ မုဆိုးဖြစ်ပြီး၊ ယခုအခါ မြတ်သောမင်းမျိုးတို့သည် ထိုအခါ မိဘတို့ဖြစ်ကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ လင်းတမင်း ဖြစ်ပြီ။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ပျက်စီးဖို့ဖန်၊ သေချိန်တန်၊ ဘေးရန်မမြင်ရာ

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဂိဇ္ဈဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ကုက္ကုဝဂ်

၅။ ဒဗ္ဘပုပ္ဖဇာတ်

ငြင်းခုံခြင်းကြောင့် ဆုံးရှုံးရခြင်းအကြာင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသခင်သည် အနုတီရစာရိ ဘဒ္ဒန္တေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒဗ္ဘပုပ္ဖဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာကီဝင်မင်းသားဖြစ်သော ဥပနန်မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ရှင်ဥပနန် လောဘကြီးပုံ

ထိုဥပနန်မထေရ်သည် သာသနာတော်၌ ရဟန်းပြု၍ အပ္ပိစ္ဆတာ- အစရှိသော ကျေးဇူးတို့ကိုပယ်၍ တပ်စွန်းကြီးကြီးသည်ဖြစ်၏။ ဝါဆိုသောအခါ၌ နှစ်ကျောင်း သုံးကျောင်းတို့ကို သိမ်း ဆည်း၍ တစ်ကျောင်း၌ ထီးကိုလည်းကောင်း၊ တစ်ကျောင်း၌ ဖိနပ်ကိုလည်းကောင်း၊ တစ်ကျောင်း၌ သပိတ်ကိုလည်းကောင်း တစ်ကျောင်း၌ တောင်ဝှေးကိုလည်းကောင်း၊ တစ်ကျောင်း၌ ရေဘူးကိုလည်းကောင်းထား၍ တစ်ကျောင်း၌ မိမိနေ၏။ ထိုဥပနန်မထေရ်သည် တစ်ခုသော ဇနပုဒ်ကျောင်း၌ ဝါကပ်၍ ရဟန်းတို့မည်သည် အလိုနည်းသည်ဖြစ်အပ်၏ဟု ကောင်းကင်၌ လ-ကိုထင်စေဘိသကဲ့သို့ ရဟန်းတို့အား ပစ္စည်းရောင့်ရဲခြင်းကို ပြုတတ်သော အရိယဝံသပဋိပတ်ကို ဟော၏။ ရဟန်းတို့သည် ထိုတရားကိုကြား၍ နှစ်သက်ဖွယ်ရှိကုန်သော သပိတ်သင်္ကန်းတို့ကို စွန့်၍ မြေသပိတ်တို့ကိုလည်းကောင်း၊ ပံ့သကူသင်္ကန်းတို့ကိုလည်းကောင်း ယူကုန်၏။

ဝိနည်းဓိုရ် အကောင်းယူ

အရှင်ဥပနန်သည် တစ်ပါးသောဝတ္ထုတို့ကို မိမိနေရာအရပ်၌ထား၍ ဝါကျွတ်သည်ရှိသော် ပဝါရဏာပြု၍ ယာဉ်ငယ်ကိုပြည့်စေ၍ ဇေတဝန်ကျောင်းသို့ သွားသည်ရှိသော် ခရီးအကြား၌ တစ်ခုသောကျောင်း၏နောက်၌ ခြေ၌ နွယ်သည် ငြိ၏။ စင်စစ် ဤကျောင်း၌ တစ်စုံတစ်ခုကို ရအပ်သည် ဖြစ်လတ္တံ့ဟု ထိုကျောင်းသို့ဝင်၏။ ထိုကျောင်း၌ နှစ်ပါးကုန်သော အသက်ကြီးရဟန်းတို့သည် ဝါဆိုကုန်၏။ ထိုရဟန်းကြီးတို့သည် နှစ်ထည်ကုန်သော ရုန့်ရင်းသော သင်္ကန်းလျာ ပုဆိုးတို့ကိုလည်းကောင်း၊ တစ်ခုသော သိမ်မွေ့သော ကမ္ဗလာကိုလည်းကောင်းရ၍ ခွဲဝေအံ့သောငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ အရှင်ဥပနန်ကိုမြင်၍ မထေရ်သည် ငါတို့အား ခွဲဝေလတ္တံ့ ဟု နှစ်သက်သောစိတ် ရှိကုန်သည်ဖြစ်၍ အရှင်ဘုရား၊ အကုန်ုပျတို့သည် ဝါဆိုသင်္ကန်းကို ခွဲဝေအံ့သောငှာ မတတ်နိုင်ကုန်၊ ဤသင်္ကန်းကိုမှီ၍ အကျွန်ုပ်တို့အား ငြင်းခုံခြင်းသည် ဖြစ်၏ ဤသင်္ကန်းကို အကျွန်ုပ်တို့အား ခွဲဝေ၍ ပေးပါလော့ ဟု ဆို၏။ အရှင်ဥပနန်သည် ကောင်းပြီ ခွဲဝေအံ့ ဟု ရုန့် ရင်းကုန်သော နှစ်ထည်ကုန်သော သင်္ကန်းလျာ ပုဆိုးတို့ကို နှစ်ပါးကုန်သော ရဟန်းကြီးတို့အားပေး၍ ဤကမ္ဗလာသည်ကား ဝိနည်းဓိုရ်ဖြစ်သော ငါ့အား လျောက်ပတ်၏ဟု ကမ္ဗလာကိုယူ၍ ဖဲ၏။

ရဟန်းတို့ ကဲ့ရဲကြခြင်း

ထိုရဟန်းကြီးတို့သည်လည်း ကမ္ဗလာ၌ တပ်စွန်းကုန်သည်ဖြစ်၍ အရှင်ဥပနန်နှင့်တကွ ဇေတဝန်ကျောင်းတော်သို့ သွား၍ ရဟန်းတို့အား အကြောင်းကိုကြား၍ အရှင်ဘုရားတို့. ဝိနည်းကို ဆောင်ကုန်သော ရဟန်းတို့အား ဤသို့ လု ယက်၍ စားခြင်းငှာ အပ်သလော ဟု လျှောက်ကုန်၏။ ရဟန်းတို့သည် ဥပနန်မထေရ်သည် ဆောင်ခဲ့အပ်ကုန်သော သပိတ်သင်္ကန်းတို့ကို မြင်၍ အရှင်ဥပနန်ကို ငါ့ရှင်... သင်သည် ဘုန်း တန်ခိုးကြီး၏။ များစွာကုန်သော သပိတ်သင်္ကန်းတို့ကို ရ၏ဟု ဆိုကုန်၏။ အရှင်ဥပနန်သည် ငါ့ရှင်တို့ အဘယ်မှာ ဘုန်းတန်ခိုးရှိအံ့နည်း၊ ဤသို့သော အကြောင်းကြောင့် ဤသပိတ်သင်္ကန်းကို ရ၏ ဟု အလုံးစုံသောအကြောင်းကို ပြောဆို၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ သာကီဝင်မင်းသားဖြစ်သော အရှင်ဥပနန်သည် ကြီးသော တပ်စွန်းခြင်းရှိ၏။ ကြီးသော လောဘရှိ၏ ဟု စကားကို ဖြစ်စေကြကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ... ယခုအခါ အဘယ်စကားဖြင့် စည်း ဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဤ မည်သော စကားဖြင့် စည်းဝေးကြကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့... ဥပနန်သည် အကျင့်အား လျောက်ပတ်သည်ကို မိမိမပြု၊ သူတစ်ပါးအား အကျင့်ကို ဟောသော ရဟန်းမည်သည်ကား ရှေးဦးစွာ မိမိသည် လျောက်ပတ်စွာ ကျင့်၍ နောက်မှ သူတပါးကို ဆုံးမရာ၏။-

အဋ္ဌာနမေဝ ပဌမံ၊ ပတိရူပေ နိဝေသယေ။
အထညမနုသာသေယျ၊ န ကိလိဿေယျ ပဏ္ဍိတော။

ဟူသော ဓမ္မပဒ၌လာသော ဤဂါထာပုဒ်ဖြင့် တရားဟော၍ ရဟန်းတို့ ဥပနန်သည် ယခုအခါ၌သာလျှင် ကြီးသော တပ်စွန်းခြင်းရှိသည် ကြီးသောလောဘ ရှိသည်မဟုတ်သေး၊ ရှေး၌လည်း ကြီးသော တပ်စွန်းခြင်း ကြီးသော လောဘ ရှိသည်သာလျှင်တည်း။ ယခုအခါ၌သာလျင် ဤရဟန်းတို့၏ဥစ္စာကို လုယက်သည် မဟုတ်သေး၊ ရှေး၌လည်း လုယက်ဖူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မြစ်နား၌ ရုက္ခစိုးနတ် ဖြစ်၏။

ဖျံ ငါးကိုမဆွဲနိုင်

ထိုအခါ တစ်ခုသော မြေခွေးသည် မာယာဝီမည်သော မယားကိုယူ၍ မြစ်နား၌ တစ်ခုသောအရပ်၌နေ၏။ ထိုအခါ တစ်နေ့သ၌ မြေခွေးမသည် သခင် ငါ့အား ချင်ခြင်း ဖြစ်၏။ စိုသော ငါးကြင်းသားကို စားခြင်းငှာ အလိုရှိ၏ ဟု မြေခွေးဖိုကို ဆို၏။ မြေခွေးဖိုသည်ကြောင့် ကြမဲ့သည်ဖြစ်လော့၊ သင့်ဖို့ ဆောင်ချေအံ့ ဟု ဆို၍ မြစ်နားသို့လှည့်လည်သည်ရှိသော် ခြေ၌ နွယ်ငြိ၍ မြစ်နားသို့လျှောက်၍ သွား၏။ ထိုခဏ၌ ရေနက်သို့သွားသော ဖျံ, မြစ်နားသို့ လျှောက်၍ သွားသောဖျံ, ဤနှစ်ခုကုန်သော ဖျံတို့သည် ငါးတို့ကို ရှာကုန်လျက် ကမ်းနား၌ ရပ်ကုန်၏။ နှစ်ခုကုန်သော ဖျံတို့တွင် ရေနက်သို့သွားသော ဖျံသည် ကြီးစွာသော ငါးကြင်းကိုမြင်၍ လျင်စွာ ရေသို့ငုပ်၍ အမြီး၌ ကိုက်၏။ အားကြီးသော ငါးသည် ငင်လျက် သွား၏။

အကူအညီ ဖျံကိုခေါ်

ရေနက်သို့သွားသော ဖျံသည် အဆွေခင်ပွန်း ဖျံ ငါးသည်ကြီး၏။ နှစ်ခုကုန်သော ငါတို့၏အဖို့သည် ဖြစ်လတ္တံ့၊ လာလော့၊ ငါ၏အဖော် ဖြစ်လော့ ဟု မြစ်နားသို့လျှောက်၍ သွားသော ဖျံနှင့်တကွ စကားပြောလိုရကား-

၂၉။ အနုတီရစာရီ ဘဒ္ဒန္တေ၊ သဟာယမနုဓာဝ မံ။
မဟာ မေ ဂဟိတော မစ္ဆော၊ သော မံ ဝဟရတိ ဝေဂသာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၉။ အနုတီရစာရီ၊ ကမ်းနားသို့ လျှောက်၍သွားသော ဖျံ။ တေ၊ သင့်အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ မေ၊ ငါသည်။ ဂဟိတော၊ ယော မစ္ဆော၊ အကြင် ငါးကြင်းသည်။ မဟာ၊ ကြီး၏။ သော၊ ထိုငါးကြင်းသည်။ မံ၊ ငါ့ကို။ ဝေဂသာ၊ အဟုန်ဖြင့်။ ဟရတိ၊ ဆောင်၏။ သဟာယံ၊ အဆွေဖြစ်သော။ မံ၊ ငါ့ကို။ အနုဓာဝ၊ အမြီး၌ကိုင်၍ ငင်လော့။

ကူညီဆွဲတင်ပေးမယ်

ထိုစကားကိုကြား၍ မြစ်နားသို့လျှောက်သွားသော ဖျံသည်-

၃၀။ ဂမ္ဘီရစာရီ ဘဒ္ဒန္တေ၊ ဒဠှံ ဂဏှာဟိ ထာမသာ။
အဟံ တံ ဥဒ္ဓရိဿာမိ၊ သုပဏ္ဏော ဥရဂမိဝ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၀။ ဂမ္ဘီရစာရီ၊ ရေနက်သို့သွားတတ်သော ဖျံ။ တေ၊ သင့်အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ထာမသာ၊ အစွမ်းအားဖြင့်။ ဒဠှံ၊ မြဲစွာ။ ဂဏှာဟိ၊ ကိုင်လော့။ သုပဏ္ဏော၊ ဂဠုန်သည်။ ဥရဂံ၊ နဂါးကို။ ဥဒ္ဓရတိ ဣဝ၊ ထုတ်ဆောင်သကဲ့သို့။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ ဥဒ္ဓရိဿာမိ၊ ထုတ်ဆောင်အံ့။

အဝေမတည့်ကြ

ထိုအခါ ထိုဖျံနှစ်ခုတို့သည်လည်း တပေါင်းတည်း ဖြစ်ကုန်၍ ငါးကြင်းကို ထုတ်၍ ကမ်းနား၌ထား၍ သတ်၍ သင် ဝေလော့၊ သင် ဝေလော့ ဟု ငြင်းခုံခြင်းကိုပြု၍ ဝေအံ့သောငှာ မတတ်နိုင်သည်ရှိသော် ထား၍နေကြကုန်၏။

မြေခွေးကို ဆရာတင်

ထိုအခါ မြေခွေးသည် ထိုအရပ်သို့ရောက်သည် ရှိသော် ဖျံတို့သည် မြေခွေးကိုမြင်၍ ခရီးဦး ကြိုဆို၍ အဆွေ မြေခွေး ဤငါးကြင်းကို ငါတို့ တပေါင်းတည်းဖြစ်ကုန်၍ ထုတ်ဆောင်အပ်ကုန်၏။ ထိုငါးကို ဝေအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ ငါတို့အား ငြင်းခုံခြင်းသည် ဖြစ်၏။ ငါတို့အား အဖို့ကို တူမျှစွာ ဝေ၍ပေးလော့ ဟု ဆိုလို၍-

၃၁။ ဝိဝါဒါ နော သမုပ္ပန္နော၊ ဒဗ္ဘပုပ္ဖ သုဏောဟိ မေ။
သမေဟိ မေဓဂံ သမ္မာ၊ ဝိဝါဒေါ ဝူပသမ္မတံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၁။ ဒဗ္ဘပုပ္ဖ၊ သမန်းမြက်ပွင့် အဆင်းရှိသော အဆွေမြေခွေး။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နားလော့။ နော၊ ငါတို့အား။ ဝိဝါဒေါ၊ ငြင်းခုံခြင်းသည်။ သမုပ္ပန္နော၊ ဖြစ်၏။ မေဓဂံ၊ ငြင်းခုံခြင်းကို။ သမေဟိ၊ ငြိမ်းစေလော့။ ဝိဝါဒေါ၊ ငြင်းခုံခြင်းသည်။ ဝူပသမ္မတံ-ဝူပသမ္မတု၊ ငြိမ်းစေသတည်း။

ငါ ဝေပေးမယ်

ထိုစကားကို ကြား၍ မြေခွေးသည် မိမိ၏ အစွမ်းကိုပြလိုရကား -

၃၂။ ဓမ္မဋ္ဌောဟံ ပုရေ အာသိံ၊ ဗဟူ အဍ္ဍ မေ တီရိတာ။
သမေမိ မေဓဂံ သမ္မာ၊ ဝိဝါဒေါ ဝူပသမ္မတံ။

ဟူသော ဤဂါထာကို ဆို၏။

သမ္မ၊ အဆွေဖျံ။ အဟံ၊ ငါသည်။ ပုရေ၊ ရှေး၌။ ဓမ္မဋ္ဌော၊ တရားဆုံးဖြတ်သော အမတ်ကြီးသည်။ အာသိံ၊ ဖြစ်ပြီ။ မေ၊ ငါသည်။ ဗဟူ၊ များစွာကုန်သော။ အဍ္ဍာ၊ တရားတို့ကို။ တီရိတာ၊ ဆုံးဖြတ်အပ် ကုန်ပြီ။ ဝေါ၊ သင်တို့၏။ သဗ္ဗံ၊ အလုံးစုံသော။ မေဓဂံ၊ ငြင်းခုံခြင်းကို။ သမေမိ၊ ငြိမ်းစေအံ့။ ဝိဝါဒေါ၊ ငြင်းခုံခြင်းသည်။ ဝူပသမ္မတံ-ဝူပသမ္မတု၊ ငြိမ်းစေသတည်း။

ငါ့အဖို့ အလယ်သား

ဤဂါထာကို ဆို၍ ဝေလိုရကား-

၃၃။ အနုတီရစာရိ နင်္ဂုဋ္ဌံ၊ သီသံ ဂမ္ဘီရစာရိနော။
အစ္စာယံ မဇ္ဈိမော ခဏ္ဍော၊ ဓမ္မဋ္ဌဿ ဘဝိဿတိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၃။ အနုတီရစာရီ၊ ရေနားသို့ လျှောက်၍သွားသော ဖျံ။ တွံ၊ သင်သည်။ နင်္ဂုဋ္ဌံ၊ အမြီးပိုင်းကို။ ဂဏှ၊ ယူလော့။ သီသံ၊ ဦးခေါင်းပိုင်းကို။ ဂမ္ဘီရစာရိနော၊ ရေနက်သို့ လျှောက်၍ သွားသော ဖျံအား။ ဟောတု၊ ဖြစ်စေ။ အစ္စ၊ ခေါင်း, အမြီးနှစ်ပိုင်းကို လွန်၍ တည်သော။ အယံ မဇ္ဈိမော ခဏ္ဍော၊ ဤအလယ်ပိုင်းသည်။ ဓမ္မဋ္ဌဿ၊ တရားဆုံးဖြတ်သော ငါ့အား။ ဘဝိဿတိ၊ ဉာဏ်ပူဇော်ခ ဖြစ်လတ္တံ့။

ဤသို့ဆို၍ ထိုငါးကိုဝေ၍ သင်တို့သည် ငြင်းခုံခြင်းကို မပြုမူ၍ အမြီးကိုလည်းကောင်း, ဦးခေါင်းကိုလည်းကောင်း စားကြကုန်လော့ ဟု ဆို၍ အလယ်ပိုင်းကို ထိုဖျံတို့ မြင်ကုန်စဉ်လျှင် ချီ၍ပြေး၏။ ဖျံနှစ်ခုတို့သည် ဥစ္စာတစ်ထောင်

ရှုံးသော ယောက်ျားကဲ့သို့ မျက်နှာမသာ နေကြကုန်၍-

ငါတို့ငြင်းနေကြလို့

၃၄။ စိရမ္ပိ ဘက္ခော အဘဝိဿ၊ သစေ န ဝိဝဒေမသေ။
အသီသကံ အနင်္ဂုဋ္ဌံ၊ သိင်္ဂါလော ဟရတိ ရောဟိတံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၄။ မယံ၊ ငါတို့သည်။ သစေ န ဝိဝဒေမသေ၊ အကယ်၍ ငြင်းခုံခြင်းကို မပြုကုန်ငြားအံ့။ စိရမ္ပိ၊ နှစ်ရက်သုံးရက်လည်း။ ဘက္ခော၊ စားရသည်။ အဘဝိဿ၊ ဖြစ်ရာ၏။ အသီသကံ၊ ဦးခေါင်းမဟုတ်သော။ အနင်္ဂုဋ္ဌံ၊ အမြီးမဟုတ်သော။ ရောဟိတံ၊ အလယ်ဝမ်းပျဉ်းနှင့်တကွသော ငါးကြင်းသားကို။ သိင်္ဂါလော၊ မြေခွေးသည်။ ဟရတိ၊ ဆောင်လေ၏။

မြေခွေးမယား ဝမ်းသာခြင်း

မြေခွေးသည်လည်း ယနေ့ မယားအား ငါးကြင်းသားကို စားစေအံ့ဟု နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ မြေခွေးမ၏အထံသို့ သွား၏။ မြေခွေးမသည် လာသော မြေခွေးဖိုကိုမြင်၍ နှစ်သက်သည်ဖြစ်၍-

၃၅။ ယထာပိ ရာဇာ နန္ဒေယျ၊ ရဇ္ဇံ လဒ္ဓါန ခတ္တိယော။
ဧဝါဟမဇ္ဇ နန္ဒာမိ၊ ဒိသွာ ပုဏ္ဏမုခံ ပတိံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၅။ ခတ္တိယော ရာဇာ၊ မင်းသည်။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ လဒ္ဓါန၊ ရ၍။ နန္ဒေယျ ယထာ၊ နှစ်သက်ရာသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ အဟံပိ၊ ငါသည်လည်း။ အဇ္ဇ၊ ယနေ့။ ပုဏ္ဏမုခံ၊ ခံတွင်းပြည့်သော။ ပတိံ၊ လင်ကို။ ဒိသွာ၊ မြင်၍။ နန္ဒာမိ၊ နှစ်သက်၏။

ငါးကြီးဘယ်လိုရခဲ့သလဲ

ဤဂါထာကိုဆို၍ ရခြင်း၏အကြောင်းကို မေးလိုရကား-

၃၆။ ကထံနု ထလဇော သန္တော၊ ဥဒကေ မစ္ဆံ ပရာမသိ။
ပုဋ္ဌော မေ သမ္မ အက္ခာဟိ၊ ကထံ အဓိကတံ တယာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၆။ သမ္မ၊ သခင်မြေခွေး။ ထလဇော သန္တော၊ ကြည်း၌ နေသည်ဖြစ်လျက်။ ဥဒကေ၊ ရေ၌။ မစ္ဆံ၊ ငါးကို။ ကထံ နု၊ အသို့လျှင်။ ပရာမသိ၊ ယူသနည်း။ ပုဋ္ဌော၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။ တယာ၊ သင်သည်။ ကထံ၊ အသို့မူ၍။ အဓိဂတံ၊ ရဘိသနည်း။

ဝေပေးလို့ ရခဲ့သည်

မြေခွေးဖိုသည် မြေခွေးမအား ရခြင်း၏ အကြောင်းကို ကြားလိုသည် ဖြစ်၍-

၃၇။ ဝိဝါဒေန ကိသာ ဟောန္တိ၊ ဝိဝါဒေန ဓနက္ခယာ။
ဇီနာ ဥဒ္ဒါ ဝိဝါဒေန၊ ဘုဉ္စ မာယာဝိ ရောဟိတံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၇။ မာယာဝိ၊ မာယာဝီ။ ဝိဝါဒေန၊ ငြင်းခုံခြင်းကြောင့်။ ကိသာ၊ ကြုံလှီကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဝိဝါဒေန၊ ငြင်းခုံခြင်းကြောင့်။ ဓနက္ခယာ၊ ဥစ္စာကုန်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဥဒ္ဒါ၊ နှစ်ခုကုန်သော ဖျံတို့သည်။ ဝိဝါဒေန၊ ငြင်းခုံခြင်းကြောင့်။ ဇီနာ၊ ငါးကြင်း အလယ်ပိုင်းမှ ရှုံးကုန်၏။ မာယာဝိ၊ မာယာဝီ။ ရောဟိတံ၊ ဤငါးကြင်းသားကို။ ဘုဉ္ဇ၊ စားလော့။

ဤသို့ အတိတ်ကို ဆောတော်မူ၍ သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၃၈။ ဧဝမေဝ မနုဿေသု၊ ဝိဝါဒေါ ယတ္ထ ဇာယတိ။
ဓမ္မဋ္ဌံ ပဋိဓာဝန္တိ၊ သော ဟိ နေသံ ဝိနာယကော။
ဓနာပိ တတ္ထ ဇီယန္တိ၊ ရာဇကေသာ ပဝဍ္ဎတိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၃၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ မနုဿေသု၊ လူတို့၌။ ယတ္ထ၊ အကြင်အရပ်၌။ ဝိဝါဒေါ၊ ငြင်းခုံခြင်းသည်။ ဇာယတိ၊ ဖြစ်၏။ တတ္ထ၊ ထိုအရပ်၌။ ဓမ္မဋ္ဌံ၊ တရားဆုံးဖြတ်သော သူကို။ ပဋိဓာဝန္တိ၊ ဆည်းကပ်ရကုန်၏။ ဟိ သစ္စံ၊ မှန်၏။ သော၊ ထိုတရားဆုံးဖြတ်သော သူသည်။ နေသံ၊ ထိုငြင်းခုံခြင်းကို ပြုကုန်သော သူတို့၏။ ဝိနာယကော၊ အငြင်းအခုံကို ငြိမ်းစေတတ်သော ကိုးကွယ်ရာသည်။ ဟောတိ၊ ဖြစ်၏။ တတ္ထ၊ ထိုတရားဆုံးဖြတ် သူ၏အထံ၌။ ဓနာပိ၊ ဥစ္စာမှလည်း။ ဇီယန္တိ၊ ရှုံးကုန်၏။ ရာဇကောသော၊ မင်း၏ ဥစ္စာတိုက်သည်။ ပဝဍ္ဎတိ၊ ပွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဥပနန်သည် ထိုအခါ မြေခွေးဖြစ်ပြီ၊ ယခုအခါ ရဟန်းကြီးနှစ်ပါးတို့သည် ထိုအခါ နှစ်ခုသော ဖျံတို့သည် ဖြစ်ကုန်၏။ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အကြောင်းကို မျက်မှောက်ပြုရသော ရုက္ခစိုးနတ် ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

အချင်းချင်းလျှင်။ မခံချင်၊ ပြင်သူအကျိုးရှိ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဒဗ္ဘပုပ္ဖဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ကုက္ကုဝဂ်

၆။ ပဏ္ဏကဇာတ်

ကြီးကျယ်သောရောဂါကို ပညာဖြင့်ကုစားခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ပဏ္ဏကံ တိခိဏဓာရံ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပဏ္ဏကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သဗ္ဗညူမြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့သတတ်ဟူသည် မှန်သလော ဟု မေးတော်မူလတ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... မှန်ပေ၏ဟု နားတော်လျောက်သည်ရှိသော် "အဘယ်သူသည် ငြီးငွေ့စေအပ်သနည်း ဟု မေးတော်မူ၍ မယားဟောင်းသည် ငြီးငွေ့စေအပ်၏ ဟု နားတော်လျောက်သည်ရှိသော် "ရဟန်း... ဤမိန်းမသည် သင်၏ အကျိုးမဲ့ကို ပြုတတ်၏။ ရှေး၌လည်း သင်သည် ဤမိန်းမကိုမှီ၍ စိတ်၌မှီသော ရောဂါသည် နှိပ်စက်အပ်သည်ရှိသော် ပညာရှိတို့ကိုမှီ၍ အသက်ကိုရအပ်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ မဒ္ဒဝမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်းအား သေနကကုမာရဟူသော အမည်ကိုမည့်၏။ ထိုဘုရားလောင်းသည် အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းကုန်သော အတတ်တို့ကို သင်၍ ဗာရာဏသီပြည်သို့ တစ်ဖန်ပြန်၍ မဒ္ဒဝမင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်ဖြစ်၏။ သေနကပညာရှိသည် ပညာရှိ၏ ဟူ၍ မြို့အလုံး၌ လ, ကဲ့သို့လည်းကောင်း နေ, ကဲ့သို့လည်းကောင်း ထင်ရှား၏။

မိဖုရားကိုပေးလိုက်ပြီ

ထိုအခါ မဒ္ဒဝမင်း၏ ပုရောဟိတ်သားသည် မင်းအား ခစားအံ့သောငှာ လာလတ်သော် ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော မြတ်သောအဆင်းကို ဆောင်သော မင်း၏ မိဖုရားကိုမြင်၍ တပ်သောစိတ် ရှိသည်ဖြစ်၍ အိမ်သို့သွား၍ အာဟာရကို ဖြတ်၍ အိပ်၏။ အဆွေခင်ပွန်းတို့သည် မေးအပ်သည်ရှိသော် ထိုအကြောင်းကိုကြား၏။ မင်းသည်လည်း ပုရောဟိတ်သားသည် မထင်၊ ထိုပုရောဟိတ်သားသည် အဘယ်မှာနည်း ဟု မေးလတ်သော် ထိုအကြောင်းကိုကြား၍ ပုရောဟိတ်သားကို ခေါ်စေ၍ ငါသည် သင့်အား ဤမိဖုရားကို ခုနစ်ရက်ပတ်လုံး ပေးအံ့။ ခုနစ်ရက် သင့်အိမ်၌ထား၍ ရှစ်ရက်မြောက်၌ ဆောင်ခဲ့လော့ဟု ဆို၏။ ပုရောဟိတ်သားသည် ကောင်းပြီဟု ဝန်ခံ၍ မိဖုရားကို အိမ်သို့ဆောင်၍ ထိုမိဖုရားနှင့်တကွ မွေ့လျော်၍ အချင်းချင်း တပ်သောစိတ် ရှိသည်ဖြစ်၍ တစ်စုံတစ်ယောက်သောသူကို မသိစေမူ၍ မြတ်သောတံခါးဖြင့် ပြေး၍ တစ်ပါးသောမင်း၏ နိုင်ငံသို့ သွားကြကုန်၏။ တစ်စုံတစ်ယောက်သော သူသည် သွားရာအရပ်ကိုမသိ၊ လှေသွားသော လမ်းကဲ့သို့ဖြစ်၏။

ဘုရင်ရောဂါရ

မင်းသည် မြို့၌ စည်လည်စေ၍ အထူးထူး အပြားပြားသော အခြင်းအရာအားဖြင့် ရှာစေသော်လည်း မိဖုရား၏ သွားရာအရပ်ကို မသိ။ ထိုအခါ ထိုမင်းအား မိဖုရားကိုမှီ၍ စိုးရိမ်ခြင်း ကြီးစွာဖြစ်၏။ ပူသောနှလုံး ရှိသည်ဖြစ်၍ သွေးယို၏။ ထိုအခါမှစ၍ ထိုမင်း၏ဝမ်းမှ သွေးထွက်၏။ ကြီးစွာသော အနာဖြစ်၏။ ကြီးမြတ်ကုန်သော မင်း၏ ဆေးသမားတို့သည် ဆေးကုအံ့သောငှာ မတတ်နိုင်ကုန်။

ဇာတ်လမ်းဖြင့်ဆေးကုပုံ

ဘုရားလောင်းသည် ဤမင်းအား အနာမရှိ၊ မယားကို မမြင်ရခြင်းကြောင့် စိတ်၌မှီသော ရောဂါသည် ဖြစ်၏။ ထိုမင်းကို ဥပါယ်ဖြင့်ကုအံ့ ဟု အာယုရမည်သော အမတ်, ပုက္ကုသမည်သော အမတ်ပညာရှိတို့ကိုခေါ်၍ မင်းအား မိဖုရားကို မမြင်ရခြင်းကြောင့်ဖြစ်သော စိတ်၌မှီသော ရောဂါကိုထား၍ တစ်ပါးသောရောဂါသည် မရှိ။ စင်စစ် ငါတို့အား ကျေးဇူးများ၏။ ထို့ကြောင့် ထိုမင်းကို ကုကြကုန်အံ့၊ မင်းရင်ပြင်၌ ပွဲသဘင်ပြု၍ သန်လျက်ကို မျိုခြင်းငှာ တတ်ကုန်သော သူတို့ကို သန်လျက်မျိုစေ၍ မင်းကို ခြင်္သေ့ခံသော လေသာပြတင်း၌ထား၍ ပွဲကိုကြည့်စေကုန်အံ့၊ မင်းသည် သန်လျက်မျိုးသောသူကို မြင်၍ သန် လျက်မျိုခြင်းထက် တစ်ပါးသော အလွန်ခက်ခဲသော အမှုသည် ရှိသေးသလောဟု ပြဿနာကို မေးလတ္တံ့။ အဆွေအာယုရ... သင်သည် ဤအမည်ရှိသာဥစ္စာကိုပေအံ့ဟု ဆိုခြင်းသည် ဤသန်လျက်ကို မျိုခြင်းထက် ခဲခက်၏ဟု ဖြေလော့၊ ထို့နောင်မှ အဆွေပုက္ကုသ... သင့်ကိုမေးလတ္တံ့၊ ထိုအခါ မင်းအား မြတ်သောမင်းကြီး ထိုဥစ္စာကို ပေးအံ့ဟုဆို၍ မပေးသောသူ၏ ထိုစကားသည် အကျိုးမရှိသည် ဖြစ်၏။ အချို့ကုန်သော သူတို့သည် ထိုစကားကိုမှီ၍ အသက်မမွေးကုန်၊ အကြင်သူတို့သည် ထိုစကားအား လျောက် ပတ်သည်ကို ပြုကုန်၏။ ဝန်ခံတိုင်းသော ဥစ္စာကို ပေးကုန်၏။ ဤသို့ပေးခြင်းသည် ထိုပေးအံ့ဟု ဆိုသောစကားထက် အလွန်ခက်ခဲ၏ ဟု ဖြေလော့၊ ဤထက်အလွန် ပြုအပ်သောအမှုကို ငါသိအံ့ဟု ဆို၍ သဘင်ကိုပြုစေ၏။

ဘုရင်ပွဲတော်ကြည့်

ထိုနောက်မှ ထိုသုံးယောက်ကုန်သော ပညာရှိတို့သည်လည်း မင်း၏အထံသို့ သွား၍ မြတ်သော မင်းကြီး... မင်းရင်ပြင်၌ ပွဲသဘင်သည် ဖြစ်၏။ ထိုပွဲသဘင်ကို ကြည့်ကုန်သော သူတို့အား ဒုက္ခသည်လည်း သုခဖြစ်၏။ ကြွတော်မူလော့၊ သွားကုန်အံ့ ဟု မင်းကိုဆောင်၍ ခြင်္သေ့ခံသော လေသာပြတင်းကိုဖွင့်၍ ပွဲသဘင်ကို ကြည့်စေကုန်၏။ များစွာကုန်သော လူတို့သည် မိမိတို့သည် တတ်သောအတတ်ကို ပြကုန်၏။ တစ်ယောက်သော ယောကျ်ားသည်ကား သုံးဆယ့်သုံးလက်သစ်ရှိသော ထက်စွာသော အသွားရှိသော သန်လျက်ကို မျို၏။

သန်လျက်ကို မျိုဖိုခက်

မင်းသည် ထိုယောက်ျားကိုမြင်၍ ဤယောက်ျားသည် သန်လျက်ကိုမျို၏။ ဤသန်လျက်ကို မျိုခြင်းထက် ခက်ခဲသော အမှုသည် ရှိသေးသလောဟု ပညာရှိတို့ကို မေးအံ့ ဟု ကြံ၍ အာယုရကို မေးလိုရကား-

၃၉။ ပဏ္ဏကံ တိခိဏဓာရံ၊ အသိံ သမ္ပန္နပါယိနံ။
ပရိသာယံ ပုရိသော ဂိလတိ၊ ကိံ ဒုက္ကရတရံ တတော။
ယဒညံ ဒုက္ကရံ ဌာနံ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော ရှေးဦးစွာ ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၉။ ပဏ္ဍိတ၊ ပညာရှိ။ ပဏ္ဏကံ၊ ပဏ္ဏကတိုင်း၌ဖြစ်သော။ တိခိဏဓာရံ၊ ထက်စွာသော အသွားရှိသော။ သမ္ပန္နပါယိနံ၊ သူတစ်ပါတို့၏သွေးကို သောက်တတ်သော။ အသိံ၊ သန်လျက်ကို။ ပုရိသော၊ ယောက်ျားသည်။ ပရိသာယံ၊ ပရိသတ်တို့၏ အလယ်၌။ ဂိလတိ၊ မျို၏။ တတော၊ ထိုသန်လျက်ကို မျိုခြင်းထက်။ ဒုက္ကရတရံ၊ အလွန်ခက်ခဲသော အကြောင်းသည်။ အတ္ထိ ကိံ၊ ရှိသလော။ အညံ၊ တစ်ပါးသော။ ဒုက္ကရံ၊ ခက်ခဲသော။ ယံဌာနံ၊ အကြင်အကြောင်းသည်။ အတ္ထိ၊ ရှိအံ့။ တံဌာနံ၊ ထိုအကြောင်းကို။ ပုစ္ဆိတော၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့၊

ပေးမယ်ပြောတာ ပိုခက်

ထိုအခါ မင်းအား အာယုရအမတ်သည် ထိုအကြောင်းကို ဖြေလိုသည်ဖြစ်၍-

၄၀။ ဂိလေယျ ပုရိသော လောဘာ၊ အသိံ သမ္ပန္နပါယိနံ။
ယော စ ဝဇ္ဇာ ဒဒါမီတိ၊ တံ ဒုက္ကတရံ တတော။
သဗ္ဗညံ သုကရံ ဌာနံ၊ ဧဝံ ဇာနာဟိ မဒ္ဒဝ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၀။ မဒ္ဒဝ၊ မဒ္ဒဝ အနွယ်ဖြစ်သော မင်းကြီး။ ပုရိသော၊ ယောကျ်ားသည်။ လောဘာ၊ လောဘကြောင့်။ သမ္ပန္နပါယိနံ၊ သူတစ်ပါးတို့၏သွေးကို သောက်တတ်သော။ အသိံ၊ သန်လျက်ကို။ ဂိလေယျ၊ မျိုရာ၏။ ယော စ၊ အကြင်သူသည်လည်း။ ဒဒါမီတိ၊ ပေးအံ့ဟူ၍။ ဝဇ္ဇာ၊ ဆိုရာ၏။ တံ၊ ထိုပေးအံ့ဟုဆိုသောစကားသည်။ တတော၊ ထိုသန်လျက်ကို မျိုခြင်းထက်။ ဒုက္ကရတရံ၊ အလွန်ခက်ခဲ၏။ အညံ၊ တစ်ပါးသော။ သဗ္ဗံ၊ အလုံးစုံသော။ ဌာနံ၊ အကြောင်းသည်။ သုကရံ၊ လွယ်၏။ ဧဝံ၊ ဤသို့။ ဇာနာဟိ၊ သိတော်မူလော့။

အာယုရ ပညာရှိ စကားကိုကြား၍ သန် လျက်ကို မျိုခြင်းထက် ဤအမည်ရှိသော ဥစ္စာကို ပေးအံ့ ဟု ဆိုခြင်းသည် ခဲခက်၏။ ငါသည်လည်း ပုရောဟိတ်သားအား မိဖုရားကို ပေးအံ့ဟု ဆို၏။ စင်စစ် ငါသည် အလွန် ခဲခက်သည်ကို ပြုအပ်၏ ဟု စုံစမ်းဆင်ခြင်လျှင် မင်း၏နှလုံး၌ စိုးရိမ်ခြင်းသည် အတန်ငယ် ခေါင်းပါးခြင်းသို့ ရောက်၏။

မင်းသည် ထို့နောင်မှ သူတစ်ပါးအား ဤဥစ္စာကို ပေးအံ့ဟု ဆိုသောစကားထက် အလွန် ခဲခက်သော တစ်ပါးသော အမှု ရှိသေးသလောဟုကြံ၍ ပုက္ကုသ ပညာရှိနှင့် တကွ စကားပြောလိုရကား-

၄၁။ ဗျာကာသိ အယုရော ပဉှံ၊ အတ္ထံ ဓမ္မဿ ကောဝိဒေါ။
ပုက္ကုသံ ဒါနိ ပုစ္ဆာမိ၊ ကိံ ဒုက္ကရတရံ တတော။
ယဒညံ ဒုက္ကရံ ဌာနံ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၁။ ဓမ္မဿ၊ တရား၌။ ကောဝိဒေါ၊ လိမ္မာသော။ အာယုရော၊ အာယုရသည်။ ပဉှံ-ပဉှဿ၊ ပြဿနာ၏။ အတ္ထံ၊ အနက်ကို။ ဗျာကာသိ၊ ဖြေ၏။ ဒါနိ၊ ယခု။ ပုက္ကုသံ၊ ပုက္ကုသကို။ ပုစ္ဆာမိ၊ မေးအံ့။ တတော၊ ထိုပေးအံ့ဟုဆိုအပ်သော စကားထက်။ ဒုက္ကရတရံ၊ အလွန်ခဲ့ခက်သော အကြောင်းသည်။ အတ္ထိ ကိံ၊ ရှိသလော။ အညံ၊ တပါးသော။ ဒုက္ကရံ၊ ခဲခက်သော။ ယံ ဌာနံ၊ အကြင် အကြောင်းသည်။ အတ္ထိ၊ ရှိအံ့။ တံ ဌာနံ၊ ထိုအကြောင်းကို။ ပုစ္ဆိတော၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။

အပိုင်ပေးတာ သာပြီးခက်

ထိုအခါ မင်းအားဖြေလိုသည်ဖြစ်၍ ပုက္ကုသ ပညာရှိသည်-

၄၂။ န ဝါစမုပဇီဝန္တိ၊ အဖလံ ဂိရမုဒီရိတံ။
ယော စ ဒတွာ အဝါကယိရာ၊ တံ ဒုက္ကရတရံ တတော။
သဗ္ဗညံ သုကရံ ဌာနံ၊ ဧဝံ ဇာနာဟိ မဒ္ဒဝ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၂။ မဒ္ဒဝ၊ မဒ္ဒဝအနွယ်ဖြစ်သော မင်းကြီး။ ယေ၊ အကြင်သူတို့သည်။ အဖလံ၊ အကျိုးမရှိသော ဂိရံ၊ မြွက်အပ်သော။ ဥဒီရိတံ၊ ဆိုအပ်သော။ ဝါစံ၊ စကားကို။ န ဥပဇီဝန္တိ၊ မှီ၍ အ သက်မမွေးကုန်။ ယော စ၊ အကြင်သူသည်လည်း။ ဒတွာ၊ ပေးပြီး၍။ အဝါကယိရာ၊ မတပ်စွန်းရာ။ တံ၊ ထိုပေးခြင်းသည်။ တတော၊ ထိုဥစ္စာကို ပေးအံ့ဟု ဆိုသော စကားထက်။ ဒုက္ကရတရံ၊ အလွန်ခဲခက်၏။ အညံ၊ တစ်ပါးသော။ သဗ္ဗံ၊ အလုံးစုံသော။ ဌာနံ၊ အကြောင်းသည်။ သုကရံ၊ လွယ်၏။ ဧဝံ၊ ဤသို့။ ဇာနာဟိ၊ သိတော်မူလော့။

ထိုစကားကိုကြား၍ ငါသည် ပုရောဟိတ်သားအား မိဖုရားကို ပေးအံ့ဟု ရှေးဦးစွာ ဆိုသည်နှင့်လျော်စွာ မိဖုရားကို ပေး၏။ စင်စစ် ငါသည် အလွန် ခက်ခဲသည်ကို ပြု၏ ဟု ကြံသောမင်းအား စိုးရိမ်ခြင်းသည် အလွန်ခေါင်းပါး၏။

ဘယ်ကိစ္စ ခဲယဉ်းသလဲ

ထို့နောင်မှ သေနက သုခမိန်မှတစ်ပါး အလွန် ပညာရှိသောသူမည်သည် မရှိ၊ ဤပြဿနာကို သေနတသုခမိန်အား မေးအံ့ဟု မင်းအား အကြံသည် ဖြစ်၏။ ထို နောင်မှ သေနကသုခမိန်ကို မေးလိုရကား-

၄၃။ ဗျာကာသိ ပုက္ကုသော ပဉှံ၊ အတ္ထံ ဓမ္မဿ ကောဝိဒေါ။
သေနကံ ဒါနိ ပုစ္ဆာမိ၊ ကိံ ဒုက္ကရတရံ တတော။
ယဒညံ ဒုက္ကရံ ဌာနံ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၃။ ဓမ္မဿ၊ တရား၌။ ကောဝိဒေါ၊ လိမ္မာသော။ ပုက္ကုသော၊ ပုက္ကုသသည်။ ပဉှံ-ပဉှဿ၊ ပြဿနာ၏။ အတ္ထံ၊ အနက်ကို။ ဗျာကာသိ၊ ဖြေ၏။ ဒါနိ၊ ယခု။ သေနကံ၊ သေနကကို။ ပုစ္ဆာမိ၊ ငါမေးအံ့။ တတော၊ ထိုသန်လျက်ကိုမျိုခြင်း, ပေးအံ့ဆိုခြင်း, ပေးခြင်းထက်။ ဒုက္ကရတရံ၊ အလွန်ခဲခက်သော အကြောင်းသည်။ အတ္ထိ ကိံ၊ ရှိသလော။ အညံ၊ တစ်ပါးသော။ ဒုက္ကရံ၊ ခက်ခဲသော။ ယံ ဌာနံ၊ အကြင်အကြောင်းသည်။ အတ္ထိ၊ ရှိအံ့။ တံ ဌာနံ၊ ထိုအကြောင်းကို။ ပုစ္ဆိတော၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။

ပေးပြီးမှ နောင်တမဖြစ်စေလင့်

ထိုအခါ မင်းအား ဖြေလိုသည်ဖြစ်၍ သေနကအမတ်သည်-

၄၄။ ဒဒေယျ ပုရိသော ဒါနံ၊ အပ္ပံ ဝါ ယဒိ ဝါ ဗဟုံ။
ယော စ ဒတွာ နာနုတပ္ပေ၊ တံ ဒုက္ကရတရံ တတော။
သဗ္ဗညံ သုကရံ ဌာနံ၊ ဧဝံ ဇာနာဟိ မဒ္ဒဝ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၄။ မဒ္ဒဝ၊ မဒ္ဒဝအနွယ်ဖြစ်သောမင်းကြီး။ ပုရိသော၊ ယောကျ်ားသည်။ အပ္ပံ ဝါ၊ နည်းသည်လည်းဖြစ်သော။ ယဒိ၊ ထိုမြို့။ ဗဟုံ ဝါ၊ များသည်လည်းဖြစ်သော။ ဒါနံ၊ အလှူကို။ ဒဒေယျ၊ လှူရာ၏။ ယော စ၊ အကြင်သူသည်လည်း။ ဒတွာ၊ လှူပြီး၍။ နာနုတပ္ပေ၊ နောင်တ တစ်ဖန် မပူပန်။ တံ၊ ထိုနောင်တတစ်ဖန် မပူပန်ခြင်းသည်။ တတော၊ ထိုပေးခြင်းထက်။ ဒုက္ကရတရံ၊ အလွန်ခဲခက်၏။ အညံ၊ တစ်ပါးသော။ သဗ္ဗံ၊ အလုံးစုံသော။ ဌာနံ၊ အကြောင်းသည်။ သုကရံ၊ လွယ်၏။ ဧဝံ၊ ဤသို့။ ဇာနာဟိ၊ သိတော်မူလော့။

မင်းကြီးရောဂါ ပျောက်လေပြီ

မင်းသည် ဘုရားလောင်း၏စကားကိုကြား၍ "ငါသည် မိမိစိတ်ဖြင့်လျှင် ပုရောဟိတ်သားအား မိဖုရားကိုပေးပြီး၍ မိမိစိတ်ကို ခိုင်စိမ့်သောငှာ မတတ်နိုင်၊ စိုးရိမ်ပင်ပန်း၏။ ငါ့အား ဤသို့ စိုးရိမ်ပင်ပန်းခြင်းသည် မလျောက်ပတ်၊ ထိုမိဖုရားသည် ငါ၌ ချစ်ခြင်းသည် အကယ်၍ဖြစ်အံ့၊ ဤစည်းစိမ်ကို စွန့်၍မပြေးရာ၊ ငါ၌ ချစ်ခြင်းကိုမပြုမူ၍ ပြေးသော မိဖုရားဖြင့် ငါ့အား အဘယ်ပြုအံ့နည်းဟု ကြံသော မင်းအား ပဒုမာရွက်မှ ရေပေါက်ကဲ့သို့ အလုံးစုံသော စိုးရိမ်ခြင်းသည် လျှောကျ၍ကင်း၏။ ထိုခဏ၌လျှင် မင်း၏ ဝမ်းသွေးသွန်ခြင်းသည် ရပ်၏။ မင်းသည် ရောဂါမရှိ ချမ်းသာသည်ဖြစ်၍ ဘုရားလောင်းအား ချီးမွမ်းလိုသည်ဖြစ်၍-

၄၅။ ဗျာကာသိ အယုရော ပဉှံ၊ အထော ပုက္ကုသ ပေါရိသော။
သဗ္ဗေ ပဉှေ အတိဘောတိ၊ ယထာ ဘာသတိ သေနကော။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၅။ အာယုရော၊ အာယုရ အမတ်သည်။ ပဉှံ၊ ပြဿနာကို။ ဗျာကာသိ၊ ဖြေ၏။ အထော၊ ထို့နောင်မှ။ ပုက္ကုသပေါရိသော၊ ပုက္ကုသယောက်ျားသည်။ ပဉှံ၊ ပြဿနာကို။ ဗျာကာသိ၊ ဖြေ၏။ ဘာသိတော၊ သေနကပညာရှိဆိုသောစကားသည်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ပဉှေ၊ ပြဿနာတို့ကို။ အတိဘောတိ၊ လွှမ်းမိုး၍တည်၏။ ယထာ၊ အကြင်အခြင်းဖြင့်။ သေနကော၊ သေနက ပညာရှိသည်။ ဘာသတိ၊ ဆို၏။ တထေဝ၊ ထိုအခြင်းဖြင့်လျှင်။ ဟောတိ၊ ဖြစ်၏။

ဘုရားလောင်းအား ဤဂါထာဖြင့် ချီးမွမ်း၍ နှစ်သက်သည် ဖြစ်၍ များစွာသော ဥစ္စာကို ပေး၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ထိုရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းဆောင်မူသနည်း ဟူမူကား- ယခုအခါ မယားဟောင်းသည် ထိုအခါ မိဖုရားကြီး ဖြစ်ပြီ။ ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ မင်းဖြစ်ပြီ၊ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ အာယုရ ပညာရှိဖြစ်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ပုက္ကုသပညာရှိ ဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သေနက ပညာရှိဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

စိတ်ကြောင့်ဖြစ်လာ၊ ထိုရောဂါ၊ ကုပါ စိတ်နှင့်ပင်

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ပဏ္ဏကဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ကုက္ကုဝဂ်

၇။ သတ္တုဘသ္တဇာတ်

သူတစ်ပါး၏အသက်ကို ပညာဖြင့် ကယ်ဆယ်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝိဗ္ဘန္တ စိတ္တော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသတ္တုဘသ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပညာပါရမီကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် မဟာဥမင်္ဂဇာတ်၌ ထင်ရှားစွာဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလေ၏။

သေနကအမတ်

ထိုအခါ ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်းအား သေနက သတို့သားဟူသော အမည်ကို မှည့်ကြကုန်၏။ ထိုသေနက သတို့သားသည် အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသောအတတ်တို့ကို သင်၍ ဗာရာဏသီပြည်သို့ တဖန်ပြန်၍ မင်းကို ဖူးမြင်၏။ မင်းသည် သေနက သတို့သားကို အမတ် အရာ၌ထား၏။ ထိုသေနက အမတ်အား ကြီးစွာသော စည်းစိမ်ကို ပေး၏။ ထိုသေနက အမတ်သည် မင်းအား အကျိုးအကြောင်းကို ဆုံးမ၏။ သာယာသော စကားရှိ၏။ ဓမ္မကထိက ဖြစ်၍ မင်းကို ပဉ္စသီတို့၌တည်စေ၍ အလှူပေးခြင်း၌လည်းကောင်း, ဥပုသ်ဆောက်တည်ခြင်း၌ လည်းကောင်း၊ ဆယ်ပါးသော ကုသလ ကမ္မပထတို့၌လည်းကောင်း ဤသို့ ကောင်းသော အကျင့်၌ တည်စေ၏။ တိုင်းအလုံး၌ ဘုရားပွင့်သော ကာလကဲ့သို့ ဖြစ်၏။ ပက္ခနေ့တို့၌ မင်းသည်လည်းကောင်း အိမ်ရှေ့မင်း အစရှိသော ခပ်သိမ်း သော မင်းတို့သည်လည်းကောင်း စည်းဝေစေ၍ တရားသဘင်ကို စီရင်ကုန်၏။ ဘုရားလောင်းသည် စီရင်အပ်သော တရားသဘင်ဝယ် ရတနာပလ္လင်ထက်၌ နေ၍ ဘုရာကဲ့သို့သော တင့် တယ်ခြင်းဖြင့် တရားဟော၏။ ဘုရားလောင်း၏ တရားစကားသည် သဗ္ဗညူ ဘုရားတို့၏ တရားစကားနှင့်တူ၏။

မယားလင်ငယ်နေ

ထိုအခါ တစ်ယောက်သော ပုဏ္ဏားအိုသည် ဥစ္စာကို အလှူခံသွားသည်ရှိသော် ဥစ္စာတစ်ထောင်ကိုရ၍ တစ်ဦးသော ပုဏ္ဏားမျိုး၌ အပ်ထား၍ တစ်ဖန် အလှူခံသွားအံ့ ဟု သွား၏။ ထိုပုဏ္ဏားကြီး သွားသောကာလ၌ ထိုပုဏ္ဏားသည် အသပြာတို့ကို သုံးဆောင်၏။ ထိုပုဏ္ဏားကြီးသည် လာလတ်၍ အသပြာတို့ကို ဆောင်စေ၏။ ပုဏ္ဏားသည် အသပြာတို့ကို ပေးအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ မိမိတို့သမီးကို ပုဏ္ဏားကြီး ခြေရင်း၌ အလုပ်အကျွေးပြု၍ ပေး၏။ ပုဏ္ဏားကြီးသည် ထိုသူတို့၏သမီးကိုယူ၍ ဗာရာဏသီပြည်မှ အနီးဖြစ်သော တစ်ခုသော ပုဏ္ဏားရွာ၌ နေ၏။ ထိုအခါ ပုဏ္ဏားကြီး၏ မယားသည် ငယ်သည်၏ အဖြစ်ကြောင့် ကာမတို့၌ မရောင့်ရဲသည်ဖြစ်၍ တစ်ယောက်သော ပုဏ္ဏားနှင့်တကွ လွန်ကျူးသော အကျင့်ကို ကျင့်၏။

မရောင့်ရဲသော ပုဂ္ဂိုလ် ၁၆-ဦး

မရောင့်ရဲသော ဝတ္ထုတို့မည်သည်ကား တစ်ဆယ့်ခြောက်ပါးတို့တည်း၊ တစ်ဆယ့်ခြောက်ပါးဟူသည် အဘယ်နည်းဟူမူကား-

၁။ မုဒ္ဒရာသည် ခပ်သိမ်းသော မြစ်ရေတို့ဖြင့် မရောင့်ရဲခြင်း။

၂။ မီးသည် မီးစာဖြင့် မရောင့်ရဲခြင်း၊

၃။ မင်းသည် တိုင်းပြည်ဖြင့် မရောင့်ရဲခြင်း၊

၄။ မိုက်သောသူသည် ယုတ်မာသောအကျင့်ဖြင့် မရောင့်ရဲခြင်း၊

၅။ မိန်းမသည် မေထုန်အကျင့်ဖြင့် လည်းကောင်း, တန်ဆာဆင်ခြင်းဖြင့် လည်းကောင်း, သားဖွားခြင်းဖြင့်လည်းကောင်း မရောင့်ရဲခြင်း၊

၆။ ပုဏ္ဏားသည် ဗေဒင်ဖြင့် မရောင့်ရဲခြင်း၊

၇။ ဈာန်ရပုဂ္ဂိုလ်သည် သမာပတ်ဖြင့် မရောင့်ရဲခြင်း၊

၈။ သေက္ခပုဂ္ဂိုလ်သည် နိဗ္ဗာန်ဖြင့် မရောင့်ရဲခြင်း၊

၉။ အလိုနည်းသပုဂ္ဂိုလ်သည် ဓုတင်ကျေးဇူးဖြင့် မရောင့်ရဲခြင်း၊

၁၀။ အားထုတ်ခြင်း လုံလရှိသော ပုဂ္ဂိုလ်သည် လုံလဖြင့်မရောင့်ရဲခြင်း၊

၁၁။ တရားဟေးပုဂ္ဂိုလ်သည် ဆွေးနွေးခြင်းဖြင့် မရောင့်ရဲခြင်း၊

၁၂။ ရဲရင့်သော ပုဂ္ဂိုလ်သည် ပရိသတ်ဖြင့် မရောင့်ရဲခြင်း၊

၁၃။ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်သည် သံဃာကို လုပ်ကျွေးခြင်းဖြင့် မရောင့်ရဲခြင်း၊

၁၄။ အလှူပေးတတ်သော ပုဂ္ဂိုလ်သည် စွန့်ကြဲခြင်းဖြင့် မရောင့်ရဲခြင်း၊

၁၅။ ပညာရှိသော ပုဂ္ဂိုလ်သည် တရားနာခြင်းဖြင့် မရောင့်ရဲခြင်း၊

၁၆။ လေးပါးကုန်သော ပရိသတ်တို့သည် မြတ်ဘုရားကိုဖူးမြင်ခြင်းဖြင့် မရောင့်ရဲခြင်း၊

ဤတစ်ဆယ့်ခြောက်ပါးတို့တည်း။

ပုဏ္ဏားကြီး ကျွန်ရှာသွား

ထိုပုဏ္ဏေးမငယ်သည်လည်း မေထုန်အကျင့်ဖြင့် မရောင့်ရဲသည်ဖြစ်၍ ထိုပုဏ္ဏားကြီးကို ထုတ်၍ လွတ်လွတ် ယုတ်မာသောအကျင့်ကို ကျင့်လိုသည်ဖြစ်၍ တစ်နေ့သ၌ မျက်နှာမသာသဖြင့် အိပ်သည်ရှိသော် ရှင်မ အဘယ်နည်း ဟု မေးလတ်၍ ပုဏ္ဏား ငါသည် သင့်အိမ်၌ အမှုကို ပြုအံ့သောငှာ မတတ်နိုင်၊ ကျွန်မိန်းမ ကျွန်ယောက်ျားကို ဆောင်ချေလော့ ဟု ဆို၏။ ရှင်မ ငါ့အား ဥစ္စာသည် မရှိ၊ အဘယ်ကိုပေး၍ ဆောင်ရအံ့နည်းဟု ဆို၏။ အလှူခံလှည့်လည်၍ ဥစ္စာကိုရှာ၍ ဆောင်ခဲ့လော့ ဟု ဆို၏။ ရှင်မ ထိုသို့တပြီးကား ငါ့ဖို့ ရိက္ခာကို ဖွဲ့စီရင်လော့ဟု ဆို၏။ ပုဏ္ဏေးမသည် ပုဏ္ဏားအို၏ သားရေအိတ်၌ အဆုပ်ဖွဲ့အပ်သော မုန့်တို့ဖြင့်လည်းကောင်း၊ အဆုပ်မဖွဲ့အပ်သော မုန့်တို့ဖြင့် လည်းကောင်း ပြည့်စေ၍ ပေး၏။ ပုဏ္ဏားသည် ရွာ, နိဂုံး မင်းနေပြည်တို့၌ လှည့်လည်သည်ရှိသော် အသပြာ ခုနစ်ရာတို့ကိုရ၍ ဤမျှသော ဥစ္စာသည် ကျွန်မိန်းမ ကျွန်ယောကျ်ားအဖို့ လောက်ပြီ ဟု ပြန်၍ မိမိရွာသို့ လာလတ်သော် တစ်ခုသော ရေချမ်းသာရာအရပ်၌ အိတ်ကိုဖြေ၍ မုန့်ကိုစားပြီးလျှင် အိတ်ကိုမဖွဲ့မူ၍ ရေသောက်အံ့သောငှာ သက်၏။

သင်နှင့်မယား သေလိမ့်မည်

ထိုအခါ တစ်ခုသော သစ်ပင်ခေါင်း၌ မြွေ ဟောက်သည် မုန့်နံ့ နံ၍ အိတ်၌ဝင်၍ ခွေလျက် မုန့်ကိုစားလျက် အိပ်၏။ ပုဏ္ဏားသည် လာ၍ အိတ်၏အတွင်းကို မကြညှိမူ၍လျင် အိတိကိုဖွဲ့၍ ပခုံး၌ထား၍ သွား၏။ တစ်ခုသော သစ်ပင်၌ ရုက္ခစိုးနတ်သည် သစ်ခွ၌တည်၍ ပုဏ္ဏား... ခရီးအကြား၌ အကယ်၍နေအံ့၊ သင်သည် သေလတ္တံ့၊ ယနေ့ အိမ်သို့ ရောက်အောင်သွားအံ့၊ မယား သေလတ္တံ့ဟု ဆို၍ ကွယ်၏။

ပုဏ္ဏားကြီး တရားနာလိုက်သွား

ထိုပုဏ္ဏားသည် ကြည့်လတ်သော် နတ်ကိုမမြင်မူ၍ ကြောက်သည်ဖြစ်၍ သေဘေးဖြင့် ထိတ်လန့်သည်ဖြစ်၍ ငို ကြွေးလျက် ဗာရာဏသီပြည် တံခါးသို့ ရောက်၏။ ထိုအခါ၌လည်း ပန္နရသီဥပုသ်နေ့သည်ဖြစ်၏။ တန်ဆာဆင်အပ်သော တရားဟောပလ္လင်၌နေ၍ တရားဟောအပ်သော သေနက သုခမိန်ထံ၌ တရားနာခြင်းငှာ သွားသောသူတို့ကိုမြင်၍ အဘယ်သို့ သွားကြကုန်အံ့နည်းဟု မေး၍ ပုဏ္ဏား... ယနေ့ သေနက ပညာရှိသည် သာယာသော အသံဖြင့် ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် တရားဟော၏။ သင်သည် မသိသလောဟု ဆိုသည်ရှိသော် ပုဏ္ဏားလည်း ပညာရှိသည် တရားဟောသ တတ်၊ ငါသည်လည်း သေဘေးဖြင့် ထိတ်လန့်၏။ ပညာရှိတို့သည်ကား ကြီးစွာသော စိုးရိမ်ခြင်းကို ပယ်အံ့သောငှာ တတ်နိုင်၏။ ငါသည် ထိုပညာရှိအထံသို့ သွား၍ တရားနာအံ့သောငှာ သင့်၏ဟု ကြံ၏။ ကြံပြီး၍ ပုဏ္ဏားသည် ထိုသူတို့နှင့်တကွ ပညာရှိအထံသို့သွား၍ ဘုရားအလောင်းကို ခြံရံ၍နေသော မင်းနှင့်တကွသော ပရိသတ်အစွန်း၌ ပခုံး၌ အိတ်ကို လွယ်လျက် တရား ဟောပလ္လင်အနီး၌ သေဘေးဖြင့် ထိတ်လန့်သည် ဖြစ်၍ ငိုလျက်ရပ်၏။ ဘုရားလောင်းသည် ရေတံခွန်ကျသကဲ့သို့ တရားကိုဟော၏။ လူများသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်လျက် ကောင်းချီးပေး၍ တရားကို နာ၏။

ဘာဖြစ်လို့

ပညာရှိတို့မည်သည် အရပ်လေးမျက်နှာတို့ကို ဖွင့်၍ ထက်ဝန်းကျင်မှ ပရိသတ်ကို ကြည့်မြဲဖြစ်၍ ကြည့်လတ်သော် ထိုပုဏ္ဏားကိုမြင်၍ ဤမျှ အတိုင်းအရှည်ရှိကုန်သော ပရိသတ်တို့သည် ဖြစ်သော ဝမ်းမြောက်ခြင်းရှိကုန်၍ ကောင်းချီး ပေးကုန်၍ တရားကို နာကုန်၏။ တစ်ယောက်သော ဤပုဏ္ဏားသည် နှလုံးမသာယာခြင်းသို့ ရောက် သည်ဖြစ်၍ ငို၏။ ဤပုဏ္ဏား၏ ကိုယ်တွင်း၌ မျက်ရည်ကိုဖြစ်စေခြင်းငှာ စွမ်းနိုင်သော စိုးရိမ်ခြင်းသည် ဖြစ်ရာ၏။ ကြေးနီ၏ အညစ် အကြေးကို ချဉ်ဖြင့် ပယ်ပစ်သကဲ့သို့လည်းကောင်း၊ ပဒုမာရွက်မှ ရေပေါက်ကို ကျစေဘိသကဲ့သို့လည်းကောင်း၊ ထို့အတူသောကကိုနစ်စေ၍ သောကမရှိ နှစ်သက်သောစိတ် ရှိသည်ကိုပြု၍ တရားဟောအံ့ ဟု ထိုပုဏ္ဏားကိုခေါ်၍ ပုဏ္ဏား... သေနက ပညာရှိမည်သည် ငါပင်တည်း၊ ယခု သင့်အား စိုးရိမ်ခြင်း မရှိသည်ကို ပြုအံ့၊ ရွံရှာခြင်းကင်းသည်ဖြစ်၍ ဆိုလော့ ဟု ပုဏ္ဏားနှင့်တကွ စကားပြောလိုရကား-

၄၆။ ဝိဗ္ဘန္တစိတ္တော ကုပိတိန္ဒြိယောသိ၊
နေတ္တေဟိ တေ ဝါရိဂဏာ သဝန္တိ။
ကိန္တေ နဋ္ဌံ ကိံ ပန ပတ္ထယာနော၊
ဣဓာဂမာ ဗြာဟ္မေ တဒိင်္ဃ ဗြူဟိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၆။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တံ၊ သင့်ကို။ ဣင်္ဃ၊ ငါတိုက်တွန်း၏။ တွံ၊ သင်သည်။ ဝိဗ္ဘန္တစိတ္တော၊ မတည်မတံ့ တုန်လှုပ်သော စိတ်ရှိသည်။ အသိ၊ ဖြစ်၏။ ကုပိတိန္ဒြိယော၊ ပျက်သောမျက်စိ ဣန္ဒြေရှိသည်။ အသိ၊ ဖြစ်၏။ တေ၊ သင်၏။ နေတ္တေဟိ၊ မျက်စိတို့မှ။ ဝါရိဂဏာ၊ မျက်ရည်ပေါက်တို့သည်။ သဝန္တိ၊ ယိုကုန်၏ တေ၊ သင့်အား။ ကိံ၊ အဘယ်ဥစ္စာသည်။ နဋ္ဌံ၊ ပျောက်သည်ဖြစ်၍။ ကိံ၊ အဘယ်ကို။ ပတ္ထယာနော၊ တောင့်တသည်ဖြစ်၍။ ဣဓ၊ ဤအရပ်သို့။ အာဂမာ၊ လာသနည်း။ ဗြူဟိ၊ ဆိုလော့။

နတ်က သေမည်ဆိုလို့

ထိုအခါ ဘုရားလောင်းအား မိမိ၏ စိုးရိမ်ခြင်း၏ အကြောင်းကို ဆိုလိုသည်ဖြစ်၍ ပုဏ္ဏားသည်-

၄၇။ မိယျေထ ဘရိယာ ဝဇတော မမဇ္ဇ၊
အဂစ္ဆတော မရဏမာဟ ယက္ခော
ဧတေန ဒုက္ခေန ပဝေဓိတောသ္မိ။
အက္ခာဟိ မေ သေနက ဧတမတ္ထံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၆။ ဗြာဟ္မဏ၊ ပုဏ္ဏား။ အဇ္ဇ၊ ယနေ့။ ဥဘော၊ နှစ်ယောက်ကုန်သော။ တုမှေ၊ သင်တို့သည်။ မိယျေထ၊ သေကုန်ရာ၏။ ဝဇတော၊ အိမ်သို့သွားသည်ရှိသော်။ ဘရိယာ၊ မယား၏။ မရဏံ၊ သေခြင်းသည်။ ဟောတိ၊ ဖြစ်အံ့။ အဂစ္ဆတော၊ မသွားသည်ရှိသော်။ မမ၊ ငါ၏။ မရဏံ၊ သေခြင်းသည်။ ဟောတိ၊ ဖြစ်အံ့။ ဣတိ၊ ဤသို့။ ယက္ခော၊ ရုက္ခစိုး နတ်သည်။ အာဟ၊ ဆို၏။ အဟံ၊ ငါသည်။ တေန ဒုက္ခေန၊ ထိုဆင်းရဲဖြင့်။ ပဝေဓိတော၊ တုန်လှုပ်သည်။ အသ္မိ၊ ဖြစ်၏။ သေနက၊ သေနကပညာရှိ။ မေ၊ ငါ့အား။ ဧတမတ္ထံ၊ ထို အကြောင်းကို။ အက္ခာဟိ၊ ကြားလော့။

သေနကအမတ် စဉ်းစားပုံ

ဘုရားလောင်းသည် ပုဏ္ဏား၏စကားကို ကြား၍ သမုဒ္ဒရာ၏ အထက်၌ ကွန်ရက်ကို။ ဖြန့်သကဲ့သို့ ဉာဏ်ကွန်ရက်ကို ဖြန့်၍ သတ္တဝါတို့အား သေခြင်း၏အကြောင်းသည် များကုန်၏။ သမုဒ္ဒရာ၌ ငုပ်ကုန်သော သူတို့သည်လည်း သေရကုန်၏။ ထိုသမုဒ္ဒရာ၌ ငါးရဲတို့သည် ဖမ်းအပ်သည်၏ အဖြစ်ကြောင့်လည်း သေရကုန်၏။ ထိုဂင်္ဂါ၌ ကူးကုန်၍လည်း သေရကုန်၏။ ထိုဂင်္ဂါ၌ မိကျောင်းသည် ဖမ်းအပ်သည်၏ အဖြစ်ကြောင့်လည်း သေရကုန်၏။ သစ်ပင်မှကျ၍လည်း သေရကုန်၏။ ဆူးစူး၍လည်းကောင်း, အထူး ထူးသော လက်နက်တို့ဖြင့် သတ်ပုတ်အပ်သည်ဖြစ်၍ လည်းကောင်း၊ အဆိပ်ကိုစား၍ လည်းကောင်း, သေဆွဲမူ၍လည်းကောင်း, ကမ်းပါးပြတ်မှကျ၍ လည်းကောင်း၊ အချမ်းအစရှိကုန်သော အထူးထူး အပြားပြားကုန်သော ရော ဂါတို့သည် နှိပ်စက်အပ်ကုန်သည် ဖြစ်၍ လည်းကောင်း၊ သေရကုန်သလျှင်ကတည်း၊ ဤသို့ များစွာကုန်သော သေခြင်းတို့တွင် အဘယ်အကြောင်းကြောင့် ယနေ့ ဤပုဏ္ဏားသည် ခရီးအကြား၌ နေသည်ရှိသော် မိမိသေလတ္တံ့နည်း၊ အိမ်သို့သွားသည်ရှိသော် မသေအံ့နည်း ဟု ကြံ၏။ ကြံစဉ်လျှင် ပုဏ္ဏား၏ပခုံး၌ အိတ်ကိုမြင်၍ ဤအိတ်၌ တစ်ခုသောမြွေသည် ဝင်သည်ဖြစ်လတ္တံ့၊ ပုဏ္ဏားသည်လည်း ရေသောက်၍ လာသည်ရှိသော် မြွေဝင်သည်၏အဖြစ်ကို မသိ၍ အိတ်ကိုဖွဲ့၍ ယူ သွားသည် ဖြစ်လတ္တံ့၊ မိမိသည် ခရီးအကြား၌ နေလတ်သော် အိတ်၌ မုန့်ကိုစားအံ့ဟု အိတ်ကိုဖြေ၍ လက်ကိုသွင်းလတ္တံ့၊ ထိုအခါ ပုဏ္ဏားကို မြွေသည် လက်ကိုကိုက်၍ အသက်ကုန်ခြင်းသို့ ရောက်စေလတ္တံ့၊ ဤအကြောင်းသည်ကား ခရီးအကြား၌နေသော ပုဏ္ဏားသေခြင်း၏ အကြောင်းတည်း။ အနမ်သို့ အကယ်၍ သွားငြားအံ့၊ အိတ်သည် မယားလက်သို့ ရောက်လတ္တံ့၊ မယားသည် အိတ်တွင်း၌ ဥစ္စာကို ကြည့်အံ့ဟု အိတ်ကိုဖြေ၍ လက်ကိုသွင်းလတ္တံ့၊ ထိုအခါ ထိုပုဏ္ဏေးမကို မြွေသည် အသက်ကုန်ခြင်းသို့ ရောက်စေလတ္တံ့၊ ဤအကြောင်းသည်ကား ယနေ့ ပုဏ္ဏားအိမ်သို့ ရောက်သည်ရှိသော် မယားသေခြင်း၏ အကြောင်းတည်းဟု အကြောင်းဥပါယ်၌ လိမ္မာသော ဉာဏ်ဖြင့်လျှင် သိ၏။ ထိုအခါ ဘုရားလောင်းအား ဤမြွေဟောက်သည် ရဲရင့်သည် ကြောက်ခြင်းမရှိသည် ဖြစ်ရာ၏။ ဤမြွေသည် နံပါးကြီးကို

ထိခိုက်သော်လည်း အိတ်၌ မိမိ၏ စဉ်းငယ်လှုပ်ခြင်းကိုမျှ မပြု၊ ဤသို့သဘောရှိသော ပရိသတ်၏ အလယ်၌ မိမိရှိသည်၏အဖြစ်ကို မပြ၊ ထို့ကြောင့် ဤမြွေသည် ရဲရင့်သည်။ ကြောက်ခြင်းမရှိသည်ဖြစ်ရာ၏ ဟု ကြံ၏။

သင့်အိတ်ထဲ မြွေရှိနေပြီ

ကြံပြီး၍ ဘုရားလောင်းသည် ဥပါယ်၌ လိမ္မာသော ဉာဏ်ဖြင့်လျှင် ဒိဗ္ဗစက္ခုဖြင့် မြင်သကဲ့သို့ ဤမြွေကိုသိ၍ ဤသို့ မင်းနှင့်တကွသော ပရိသတ်၏ အလယ်၌ အိတ်သို့ဝင်သောမြွေကို မြင်၍ တည်သောယောကျ်ားကဲ့သို့ ဘုရားလောင်းသည် အကြောင်းဥပါယ်၌ လိမ္မာသော ဉာဏ်ဖြင့်လျှင် ပိုင်းခြား၍ ပုဏ္ဏား၏ပြဿနာကို ဖြေလိုရကား-

၄၈။ ဗဟူနိ ဌာနာနိ ဝိစိန္တယိတွာ၊
ယမေတ္ထ ဝက္ခာမိ တဒေဝ သစ္စံ။
မညာမိ တေ ဗြာဟ္မဏ သတ္တုဘသ္တံဖ
အဇာနတော ကဏှသပ္ပေါ ပဝိဋ္ဌော။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၈။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဗဟူနိ၊ များစွာကုန်သော။ ဌာနာနိ၊ အကြောင်းတို့ကို။ ဝိစိန္တယိတွာ၊ ကြံ၍။ ဧတ္ထ၊ ဤအကြောင်းတို့တွင်။ ယံ၊ အကြင်အကြောင်းကို။ အဟံ၊ ငါသည်။ ဝက္ခာမိ၊ ဆိုအံ့။ တဒေဝ၊ ထိုငါဆိုသော အကြောင်းသည်လျှင်။ သစ္စံ၊ မှန်၏ဟူ၍။ မညာမိ၊ အောက်မေ့၏။ အဇာနတော၊ မသိစဉ်။ တေ၊ သင်၏။ သတ္တုဘသ္တံ၊ မုန့်အိတ်သို့။ ကဏှသပ္ပေါ၊ မြွေဟောက်သည်။ ပဝိဋ္ဌော၊ ဝင်၏ဟူ၍။ မညာမိ၊ အောက်မေ့၏။

ဤသို့ဆိုပြီးလျှင် ပုဏ္ဏား... သင့်အိတ်၌ မုန့်ရှိသလော မေး၏။ ပညာရှိ ရှိ၏ ယနေ့နံနက်စာ စားသောအခါ၌ မုန့်ကိုစားသလော ဟု မေး၏။ ပညာရှိ စား၏ဟု ဆို၏။ အဘယ်အရပ်၌နေ၍ စားသနည်း ဟု မေး၏။ ပညာရှိ... တော၌ သစ်ပင်ရင်း၌နေ၍ စား၏ဟု ဆို၏။ ပုဏ္ဏား မုန့်စားပြီး၍ ရေသောက်သွားသည်ရှိသော် အိတ်ဝကို ဖွဲ့သလော၊ မဖွဲ့သလော ဟု မေး၏။ ပညာရှိ... မဖွဲ့မိ ဟု ဆို၏။ ရေသောက်၍ လာလတ်သော် အိတ်ကို ကြည့်၍ ဖွဲ့၏လော" ဟု မေး၏။ ပညာရှိ မကြည့်မူ၍ ဖွဲ့၏ ဟု ဆို၏။ ပုဏ္ဏား သင် ရေသောက်သွားသော ကာလ၌ မသိစဉ်လျှင် မုန့်နံ့နံခြင်းကြောင့် အိတ်တွင်းသို့ မြွေဝင်နေသည် ဟု ငါထင်၏။

အိတ်ကိုဖွင့်၍မြွေကိုရှာ

ဤအရာ၌ ထိုထင်ခြင်းသည်ကား မှန်၏။ ထို့ကြောင့် အိတ်ကိုချ၍ ပရိသတ်တို့၏ အလယ်၌ထား၍ အိတ်ဝကို ဖြေ၍ ဖဲ၍ တည်စေလျက် တစ်ခုသော လှံကန်ကိုကိုင်၍ အိတ်ကို ပုတ်ခတ်လော့၊ ထို့နောင်မှ ပါးပျဉ်းထောင်၍ ရှူးရှူးဟူသော အသုံပြု၍ ထွက်သော မြွေ ဟောက်ကိုမြင်၍ ယုံမှားကင်းသည် ဖြစ်လတ္တံ့-

၄၉။ အာဒါယ ဒဏ္ဍံ ပရိသုမ္ဘ ဘသ္တံ၊ ပဿေဠမူဂံ ဥရဂံ ဒုဇိဝှံ။
ဆိန္ဒဇ္ဇ ကင်္ခံ ဝိစိကိစ္ဆိတာနိ၊ ဘုဇင်္ဂမံ ပဿ ပမုဉ္စ ဘသ္တံ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၉။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဒဏ္ဍံ၊ လှံကန်ကို။ အာဒါယ၊ ကိုင်၍။ ဘသ္တံ၊ မုန့်အိတ်ကို။ ပရိသုမ္ဘ၊ ပုတ် ခတ်လော့။ ဧဠမူဂံ၊ တံတွေးထွေးသော ခံတွင်းရှိသော။ ပ။ ဒုဇိဝှံ၊ လျှာနှစ်ခွရှိသော။ ဥရဂံ၊ မြွေကို။ ပဿ၊ ရှုလော့။ အဇ္ဇ၊ ယနေ့။ ကင်္ခံ၊ ယုံမှားခြင်းကို။ ဝိစိကိစ္ဆိတာနိ၊ အဖန်တလဲလဲသော ယုံမှားခြင်းတို့ကို။ ဆိန္ဒ၊ ဖြတ်လော့။ ဘသ္တံ၊ မုန့်အိတ်ကို။ ပမုဉ္စ၊ ဖြေလော့။ ဘုဇင်္ဂမံ၊ မြွေကို။ ပဿ၊ ရှုလော့။

မြွေဟောက်ထွက်လာပြီ

ပုဏ္ဏားသည် ဘုရားလောင်း၏ စကားကိုကြား၍ ထိတ် လန့်ခြင်းသို့ ရောက်၍ ဘုရားလောင်းဆိုတိုင်း ပြု၏။ မြွေသည်လည်း အိတ်ကို လှံကန်ဖြင့် ခတ်သည်ရှိသော် အိတ်ဝမှထွက်၍ လူများကို ကြည့်လျက် တည်၏။ ထိုအကြောင်းကို ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၅၀။ သံဝိဂ္ဂရူပေါ ပရိသာယ မဇ္ဈေ၊
သော ဗြာဟ္မဏော သတ္တုဘသ္တံ ပမုဉ္စိ။
အထ နိက္ခမိ ဥရဂေါ ဥဂ္ဂတေဇော၊
အာသီဝိသော သပ္ပေါ ဖဏံ ကရိတွာ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၅၀။ ဘိက္ခဝေ၊ ရဟန်းတို့။ သံဝိဂ္ဂရူပေါ၊ ထိတ်လန့်သော သဘောရှိသော။ သော ဗြာဟ္မဏော၊ ထိုပုဏ္ဏားသည်။ ပရိသာယ မဇ္ဈေ၊ ပရိသတ်၏ အလယ်၌။ သတ္တု ဘသ္တံ၊ မုန့်အိတ်ကို။ ပမုဉ္စိ၊ ဖြေ၏။ အထ၊ ထိုအခါ၌။ ဥရဂေါ၊ ရင်ဖြင့် သွားတတ်သော။ ဥဂ္ဂတေဇော၊ ထက်သာတန်ခိုးရှိသော။ အာသီဝိသော၊ လျင်သော အဆိပ်ရှိသော။ သပ္ပေါ၊ မြွေသည်။ ဖဏံ၊ ပါးပျဉ်းကို။ ကရိတွာ၊ ထောင်၍။ နိက္ခမိ၊ ထွက်၏။

ပညာစွမ်းအင်

ပါးပျဉ်းကိုထောင်၍ မြွေထွက်သောကာလ၌ ဘုရားလောင်း၏ ဖြေခြင်းသည် သဗ္ဗညူ မြတ်စွာဘုရား၏ ဖြေခြင်းကဲ့သို့ ဖြစ်၏ဟု ဘုရားလောင်းအား လူများသည် ပုဆိုး ဦးရစ်ပစ်ခြင်း အထောင်တို့ကို ဖြစ်စေ၏။ လက်ချောင်း ခါခြင်း အထောင်တို့ကိုလည်း ခါကုန်၏။ တခဲနက်သော မိုးသည်ရွာသကဲ့သို့ ရတနာ ခုနှစ်ပါးမိုးသည် ရွာ၏။ ကောင်းချီးပေးခြင်း အထောင်တို့သည်ဖြစ်ကုန်၏။ မြေကြီးကွဲသော အသံကဲ့သို့ ဖြစ်၏။ ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် ဤပြဿနာကို ဖြေခြင်းမည်သည်ကား အမျိုး၏ အစွမ်းလည်းမဟုတ်၊ အနွယ်အဆက်၏ အစွမ်းလည်းမဟုတ်၊ ဤပြဿနာကို ဖြေခြင်းသည် အဘယ် အစွမ်းနည်းဟူမူကား ပညာ၏ အစွမ်းတည်း။ ထိုစကားသည် မှန်၏။ ပညရှိသောယောက်ျားသည် ဝိပဿနာကို ပွားစေ၍ အရိယမဂ်တံခါးကိုဖွင့်၍ အမြိုက်နိဗ္ဗာန်သို့ ဝင်၏။ သာဝကပါရမီဉာဏ် ပစ္စေကဗောဓိဉာဏ် သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၌ သိ၏။ အမြိုက်နိဗ္ဗာန်သို့ ရောက်စေတတ်ကုန်သော တရားတို့တွင် ပညာသည်လျှင် မြတ်၏။ ကြွင်းကုန်သောတရားတို့သည် ပညာ၏အခြံအရံတို့သည်သာလျှင်ဖြစ်ကုန်၏။ ထို့ကြောင့်-

ပညာဟိ သေဋ္ဌာ ကုသလာ ဝဒန္တိ၊ နက္ခတ္တရာဇာရိဝ တာရကာနံ။

သီလံ သိရီစာပိ သတဉ္စ ဓမ္မော၊ အနွာယိကာ ပညဝတော ဘဝန္တိ

ဟူသော ဤဂါထာကို ဟောတော်မူ၏။

ဤသို့ ဘုရားလောင်း ပြဿနာကို ဖြေသည်ရှိသော် တစ်ယောက်သော အလမ္ပာယ်သည် မြွေ၏ခံတွင်းကို ဖွဲ့ခြင်းကိုပြု၍ မြွေကိုယူ၍ တော၌လွှတ်၏။ ပုဏ္ဏားသည် မင်းသို့ကပ်၍ အောင်စေသတည်း ဟု လက်အုပ်ချီ၍

မင်းအား ချီးမွမ်းခြင်းကို ပြုလိုရကား-

၅၁။ သုလဒ္ဓလာဘော ဇနကဿ ရညော
ယော ပဿတီ သေနကံ သာဓုပညံ။

ဟူသော ထက်ဝက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၁။ ယော၊ အကြင်ဇနကမင်းသည်။ သာဓုပညံ၊ ကောင်းသော ပညာရှိသော။ သေနကံ၊ သေနကအမတ်ကို။ ပသတိ၊ ဖူးမြင်ရ၏။ ဇနကဿ၊ ဇနကမည်သော။ တဿ ရညော၊ ထိုမင်း၏။ လာဘော၊ ပညာရှိအား ဖူးမြင်ခြင်းကို ရခြင်းသည်။ သုလဒ္ဓလာဘော၊ ကောင်းသောရခြင်းမည်၏။

ပုဏ္ဏားကြီး ကန်တော့ခြင်း

ပုဏ္ဏားသည် မင်းအား ချီးမွမ်းပြီး၍ အိတ်မှ အသပြာ ခုနစ်ရာတို့ကိုယူ၍ ဘုရားလောင်းအား ချီးမွမ်း၍ နှစ်သက်သော ပေးကမ်းခြင်းကို ပေးလိုရကား-

၅၂။ ဝိဝဋ္ဋဆဒ္ဒေါ နုသိ သဗ္ဗဒဿီ၊
ဉာဏံ နု တေ ဗြာဟ္မဏ ဘိံသရူပံ။
ဣမာနိ မေ သတ္တသတာနိ အတ္ထိ၊
ဂဏှာဟိ သဗ္ဗာနိ ဒဒါမိ တုယံ။
တယာ ဟိ မေ ဇီဝိတမဇ္ဇ လဒ္ဓံ၊
အထောပိ ဘရိယာယ မကာသိ သောတ္ထိံ။

ဟူသော အခွဲနှင့်တကွ ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၂။ ဗြဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ ဝိဝဋ္ဋဆဒ္ဒေါ၊ ကိလေသာဟူသော အဖုံးအလွှမ်းကင်းသော။ သဗ္ဗဒဿီ၊ ခပ်သိမ်းသောတရားကို မြင်သော သဗ္ဗညူမြတ်စွာဘုရားသခင်သည်။ အသိနု၊ ဖြစ်သလော။ တေ၊ သင်၏။ ဉာဏံ၊ ဉာဏ်သည်။ ဘိံသရူပံ၊ အလွန်လျှင်အံ့ဖွယ်သရဲ ရှိသော သဗ္ဗညုတဉာဏ်ကဲ့သို့ အားရှိသည်။ အသိ နု၊ ဖြစ်သလော။ မေ၊ ငါ့အား။ သတ္တသတနိ၊ ခုနစ်ရာကုန်သော။ ဣမာနိ၊ ဤဥစ္စာတို့သည်။ အတ္ထိ-သန္တိ၊ ရှိကုန်၏။ ဂဏှာဟိ၊ ယူလော့။ သဗ္ဗာနိ၊ ခပ်သိမ်းကုန်သော ဥစ္စာတို့ကို။ တုယှံ၊ သင့်အား။ ဒဒါမိ၊ ပေး၏။ ဟိ သစ္စံ၊ မှန်၏။ တယာ၊ သင်သည်။ ဒိန္နတ္တာ၊ ပေးအပ်သည်၏အဖြစ်ကြောင့်။ မေ၊ အကျွန်ုပ်သည်။ အဇ္ဇ၊ ယနေ့။ ဇီဝိတံ၊ အသက်ကို။ လဒ္ဓံ၊ ရအပ်၏။ အထောပိ၊ ထိုမြို့လည်း။ ဘရိယာယ၊ မယား၏။ သောတ္ထိံ၊ ချမ်းသာခြင်းကို။ တွမေဝ၊ သင်သည်သာလျှင်။ အကာသိ၊ ပြုပေ၏။

ပုဏ္ဏားသည် ဤသို့ဆို၍ အကျွန်ုပ်သည် တစ်ဖန် အလှူ ခံပြန်ငြားအံ့၊ ဤမျှသောဥစ္စာသည် ကျွန်ုပ်အား ဖြစ်ရာ၏။ ကျွန်ုပ်သည် ဤဥစ္စာကို ပေးသလျှင်ကတည်း၊ ကျွန်ုပ်၏ ခုနစ်ရာသော ဥစ္စာတို့ကို ယူပါ ဟု အဖန်တလဲလဲ ဘုရားလောင်းကို တောင်းပန်၏။

ငွေသုံးရာ လက်ဆောင်

၅၃။ န ပဏ္ဍိတာ ဝေတန မာဒိယန္တိ၊
စိတြာဟိ ကထာဟိ သုဘာသိတာဟိ၊
ဣတောပိ တေ ဗြာဟ္မေ ဒဒန္တု ဝိတ္တံ၊
အာဒါယ တွံ ဂစ္ဆ သကံ နိကေတံ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၃။ ဗြာဟ္မဏ၊ ပုဏ္ဏား။ စိတြာဟိ၊ ဆန်းကြယ်ကုန်သော။ သုဘာသိတာဟိ၊ ကောင်းစွာ ဆိုအပ်ကုန်သော။ ကထာဟိ၊ စကားတို့ဖြင့်။ ပဏ္ဍိတာ၊ ပညာ ရှိတို့သည်။ ဝေတနံ၊ အခကို။ န အာဒိယန္တိ၊ မယူကုန်။ ဗြဟ္မေ၊ ပုဏ္ဏား။ တေ၊ သင့်အား။ ဣတော၊ ဤငါ၏ခြေရင်းမှလည်း။ ဝိတ္တံ၊ သုံးရာသော ဥစ္စာကို။ ဒဒန္တု၊ ပေးအပ်ကုန်သတည်း။ တွံ၊ သင်သည်။ အာဒါယ၊ ယူ၍။ သကံ နိကေတံ၊ မိမိအိမ်သို့။ ဂစ္ဆ၊ သွားလော့။

အိမ်ဝင် အမှာ

ဤသို့ဆို၍ ဘုရားလောင်းသည် ပုဏ္ဏားအား တစ်ထောင်ကို ပြည့်စေ၍ အသပြာတို့ကို ပေး၍ ပုဏ္ဏား... အဘယ်သူသည် သင့်ကို ဥစ္စာရှာစေအပ်သနည်းဟု မေး၏။ ပညာရှိ မယားသည် ရှာစေအပ်၏ဟု ဆို၏။ မယားသည်ကား အသက်ကြီးသလော၊ ငယ်သလော ဟု မေး၏။ ပညာရှိ ငယ်၏ဟု ဆို၏။ ထိုသို့တပြီးကား ပုဏ္ဏေးမငယ်သည် တစ်ပါးသောသူနှင့် လွန်ကျူးခြင်းကို ပြုသည်ရှိသော် ကြောက်ခြင်းမရှိသဖြင့် ပြုအံ့ဟုကြံ၍ သင့်ကို စေ၏။ ဤအသပြာတို့ကို အကယ်၍ ဆောင်အံ့၊ ထိုပုဏ္ဏေးမငယ်သည် ဆင်းရဲသဖြင့် ရအပ်သော အသပြာတို့ကို မိမိသယောက်လင်အား ပေးလတ္တံ့၊ ထို့ကြောင့် ထိုဥစ္စာကို ဖြောင့်စွာ အိမ်သို့မယူဘဲ သစ်ပင်ရင်း၌ လည်းကောင်း၊ အမှတ်မရှိ တစ်ခုသောအရပ်၌ လည်းကောင်း အသပြာတို့ကိုထား၍ ဝင်လေလော့ ဟု ဆို၍ ပုဏ္ဏားကို လွှတ်လိုက်၏။

ငွေတစ်ထောင် ပျောက်ပြီ

ပုဏ္ဏားသည် ရွာ၏အနီးသို့ရောက်၍ တစ်ခုသောသစ်ပင်ရင်း၌ အသပြာတို့ကိုထား၍ ညအခါ၌ အိမ်သို့ သွား၏။ ပုဏ္ဏား၏မယားသည်လည်း ထိုခဏ၌ သယောက် လင်နှင့်တကွ နေ၏။ ပုဏ္ဏားသည် တံခါး၌ရပ်၍ ရှင်မဟု ခေါ်၏။ ပုဏ္ဏေးမငယ်သည် ပုဏ္ဏားအသံကိုမှတ်၍ ဆီမီးတိုင်ကို ငြိမ်းစေ၍ တံခါးကိုဖွင့်၍ ပုဏ္ဏား အိမ်တွင်းသို့ဝင်သည်ရှိသော် သယောက် လင်ကို ထုတ်လျက် တံခါးရင်း၌ထား၍ အိမ်သို့ဝင်၍ အိတ်၌ တစ်စုံတစ်ခုကို မမြင်၍ ပုဏ္ဏား သင်သည် အလှူခံ၍ အဘယ်မျှသော ဥစ္စာကို ရခဲ့သနည်း ဟု မေး၏။ ရှင်... ငါသည် တစ်ထောင်သော ဥစ္စာကို ရခဲ့၏ ဟု ဆို၏။ ထိုဥစ္စာသည် အဘယ်မှာနည်း ဟု မေးလတ်သော် ဤမည်သော အရပ်၌ ထားခဲ့၏။ ထိုဥစ္စာကို နက်ဖြန်နံနက်လျှင် ဆောင်ချေအံ့၊ မကြောင့်ကြလင့် ဟု ဆို၏။ ပုဏ္ဏေးမငယ်သည် သွား၍ သယောက်လင်အား ကြား၍ ထိုသယောက်လင်သည် ထွက်၍ မိမိထားသော ဥစ္စာကဲ့သို့ ယူ၏။

တိုင်ကြားခြင်း

ပုဏ္ဏားသည် နက်ဖြန်နေ့၌ သွား၍ အသပြာတို့ကို မမြင်သည်ရှိသော် ဘုရားလောင်း အထံသို့ သွား၍ ပုဏ္ဏား... အဘယ်နည်းဟု မေးသည်ရှိသော် ပညာရှိ... အသပြာတို့ကို မမြင် ဟု ဆို၏။ သင်သည် မယားအား ကြားသလော ဟု မေး၏။ ပညာရှိ ကုယး၏ဟု ဆိုသည်ရှိသော် ဘုရားလောင်းလည် မယားသည် သယောက် လင်အား ကြားသောအဖြစ်ကိုသိ၍ ပုဏ္ဏား သင့်မယားအား ဆရာပုဏ္ဏားသည် ရှိသလော ဟု မေး၏။ ပညာရှိ... ရှိ၏ဟု ဆို၏။

စစ်ဆေးပုံ

ထိုအခါ ပုဏ္ဏားအား ဘုရားလောင်းသည် ခုနှစ်ရက် ရိက္ခာကိုပေး၍ သွားလော့၊ ရှေးဦးစွာသောနေ့၌ သင်၏ ဆရာပုဏ္ဏားခုနစ်ယောက် သင့်မယား၏ ဆရာပုဏ္ဏားခုနစ်ယောက် ဤတစ်ဆယ့်လေးယောက်ကုန်သော ပုဏ္ဏားတို့ကို ဖိတ်၍ ကျွေးလေလော့၊ နက်ဖြန်မှစ၍ တစ်ယောက်တစ်ယောက်ကို ယုတ်စေ၍ ခုနစ်ရက်မြောက်သောနေ့၌ သင်၏ဆရာ ပုဏ္ဏားတစ်ယောက် သင်၏ မယားဆရာ ပုဏ္ဏားတစ်ယောက် ဤနှစ်ယောက်တို့ကိုဖိတ်၍ သင်၏ မယားသည် ခုနစ်ရက်ပတ်လုံး ဖိတ်အပ်သော ပုဏ္ဏား၏ မပြတ်လာသည်၏ အဖြစ်ကိုသိ၍ ငါ့အား ကြားလော့ဟု ဆို၏။ ထိုပုဏ္ဏားသည် ဘုရားလောင်း ဆိုတိုင်းပြု၍ ပညာရှိ အကျွန်ုပ်သည် မပြတ်လာ၍ စားသော ပုဏ္ဏားကို မှတ်အပ်၏ ဟု ဘုရားလောင်းအား ကြား၏။

ဘုရားလောင်းသည် ထိုပုဏ္ဏားနှင့်တကွ မင်းချင်းတို့ကိုစေ၍ ထိုပုဏ္ဏားကို ဆောင်စေ၍ ဤမည်သော သစ်ပင်ရင်းမှ သင်သည် ဤမည်သောပုဏ္ဏား၏ ဥစ္စာဖြစ်သော အသပြာတစ်ထောင်ကို ယူသလောဟု မေး၏။ ပညာရှိ... မယူ ဟု ဆို၏။ ဘုရားလောင်းသည် ပုဏ္ဏား ငါ့အား သေနက သုခမိန်ဖြစ်သည့်အဖြစ်ကို မသိသလော၊ ထိုအသပြာကို ဆောင်စေအံ့ဟု ဆို၏။ ထိုပုဏ္ဏားသည် ကြောက်သည်ဖြစ်၍ အကျွန်ုပ်သည် ယူအပ်၏ ဟု ဝန်ခံ၏။ သင်သည် အဘယ်မှာ ထားသနည်း ဟု မေး၏။ ပညာရှိ ထိုအရပ်၌လျှင် ထားအပ်၏ ဟု ဆို၏။ ဘုရားလောင်းသည် ပုဏ္ဏားကြီးကို ပုဏ္ဏားကြီး... သင်သည် ထိုပုဏ္ဏေးမကိုပင်လျှင် မယားဖြစ်စေလိုသလော၊ ထိုသို့မဟုတ်မူကား တစ်ပါးသောမိန်းမကို ယူလိုသလော ဟု မေး၏ ပညာရှိ... ထိုပုဏ္ဏမငယ်သည်ပင်လျှင် အကျွန်ုပ်၏မယား ဖြစ်စေလိုသည် ဟု ဆို၏။

လင်ငယ်ကို ထိန်းသိမ်းထားပြီ

ဘုရားလောင်းသည် လူတို့ကိုစေ၍ ပုဏ္ဏား၏ အသပြာတို့ကိုလည်းကောင်း၊ ပုဏ္ဏေးမငယ်ကိုလည်းကောင်း ဆောင်စေ၍ ခိုးသူပုဏ္ဏား၏လက်မှ အသပြာတို့ကို ပုဏ္ဏားကြီးအား ပေးစေ၍ ခိုးသူပုဏ္ဏားအား မင်းဒဏ်ကို ပြုစေ၍ မြို့၌ စည်လည်စေ၍ ပုဏ္ဏေးမအားလည်း မင်းအာဏာကို ပြစေ၍ ပုဏ္ဏားအား ကြီးစွာသော အခြံအရံတို့ကိုပေး၍ မိမိအထံ၌လျှင် နေစေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ များစွာကုန်သော ရဟန်းတို့သည် သောတာပတ္တိဖိုလ် အစရှိသည်တို့ကို မျက်မှောက်ပြုကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ အာနန္ဒာသည် ထိုအခါ ပုဏ္ဏားဖြစ်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ရုက္ခစိုးနတ်ဖြစ်ပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ပရိသတ် ဖြစ်ကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သေနက ပညာရှိဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ပညာရှိအား၊ ပေါင်းသင်းငြား၊ အများချမ်းသာမည်

ခုနှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သတ္တုဘသ္တဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ကုက္ကုဝဂ်

၈။ အဋ္ဌိသေနဇာတ်

သူတော်ကောင်းတို့သည် မတောင်းအပ်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်ဘုရားသခင်သည် "ယေ မေ အဟံ န ဇာနာမိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အဋ္ဌိသေနဇာတ်ကို အာဠဝီပြည်ကိုမှီ၍ အဂ္ဂါဠဝစတေီ၌ သီတင်း သုံးနေတော်မူစဉ် ကုဋိကာရသိက္ခာပုဒ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုကို အောက် မဏိကဏ္ဌဇာတ်၌ ဆိုအပ်ပြီးသလျှင်ကတည်း။ အထူးကား- သဗ္ဗညူမြတ်စွာဘုရားသည် ထိုရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့... ဘုရား မဖြစ်မီ သာသနာပ၌ ရဟန်းပြုကုန်သော ရဟန်းတို့သည် ဖိတ်ကုန်လျက်လည်း တောင်းခြင်းမည်သည်ကား သူတစ်ပါးတို့သည် မချစ် မနှစ်သက်အပ်ဟု နှလုံးပြု၍ မတောင်းကုန်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တစ်ခုသောနိဂုံးဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်းအား အဋ္ဌိသေန သတို့သား ဟူသောအမည်ကို မှည့်ကုန်၏။

ရသေ့ဝတ်ခြင်း

ထိုသတို့သားသည် အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကို သင်၍ နောက်အဖို့၌ ကာမတို့၌ အပြစ်ကိုမြင်၍ အိမ်မှထွက်၍ ရသေ့ရဟန်းပြု၍ ဈာန်အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဟိမဝန္တာအရပ်၌ ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှာ လူ့ပြည်သို့သက်၍ အစဉ်သဖြင့် ဗာရာဏသီပြည်သို့ ရောက်၍ မင်းဥယျဉ်၌နေ၍ နက်ဖြန်နေ့၌ ဆွမ်းခံသွားသည်ရှိသော် မင်းရင်ပြင်သို့ ရောက်၏။

မင်းကိုးကွယ်ခြင်း

မင်းသည် ဘုရားလောင်း၏ အကျင့်ဣရိယာပုထ်တို့၌ ကြည်ညို၍ ဘုရားလောင်းကိုဖိတ်၍ ပြာသာဒ်အပြင်၌ ခင်းအပ်သော ပလ္လင်၌ နေစေ၍ ကောင်းသော ဘောဇဉ်ကိုကျွေး၍ ဆွမ်းစားပြီးသောအဆုံး၌ အနုမောဒနာကို နာရ၍ ကြည်ညို သည်ဖြစ်၍ မင်း၏ဥယျာဉ်၌ အမြဲနေစိမ့်သောငှာ တောင်းပန်၍ မင်းသည် ဝန်ခံခြင်းကိုယူ၍ ဘုရားလောင်းကို မင်း၏ဥယျာဉ်၌ နေစေ၍ နေ့တိုင်းလည်း နှစ်ကြိမ် သုံးကြိမ် ခစားအံ့သော သွား၏။ မင်းသည် တစ်နေ့သ၌ တရားစကားဖြင့် ကြည်ညို၍ မင်းအဖြစ်ကို အစပြု၍ အရှင်ဘုရားအား အကြင်ဝတ္ထုဖြင့် အလိုရှိ၏။ ထိုဝတ္ထုကို အရှင်ဘုရားသည် ဆိုပါလော့ဟု ဖိတ်၏။

ဘုရားလောင်းသည် ငါ့အား ဤဝတ္ထုကို ပေးလော့မဆို၊ တစ်ပါးကုန်သော သူတောင်းစားတို့ သည်ကား ဤဝတ္ထုကိုပေးလော့၊ ဤဝတ္ထုကိုပေးလော့ဟု အလိုရှိတိုင်း အလိုရှိတိုင်းသော ဝတ္ထုကို တောင်းကုန်၏။ မင်းသည် ငြိတွယ်ခြင်းမရှိသည်ဖြစ်၍ ပေးသလျှင်ကတည်း။

အဘယ့်ကြောင့် မတောင်းသနည်း

မင်းသည် တစ်နေ့သ၌ တစ်ပါးကုန်သော သူတောင်းစားတို့သည် ဤမည်သော ဝတ္ထုကို ငါတို့အား ပေးလော့ဟု တောင်းကုန်၏။ အရှင်အဋ္ဌိသေနသည်ကား ဖိတ်သောကာလမှစ၍ တစ်စုံ တစ်ခုသော ဝတ္ထုကိုမျှ မတောင်း၊ ဤအရှင်ဘုရားကား ပညာရှိသလျှင်ကတည်း၊ ဥပါယ်၌ လိမ္မာသလျှင်ကတည်း၊ ထိုအကြောင်းကို မေးအံ့ဟု ကြံ၏။ ကြံပြီး၍ မင်းသည် တစ်နေ့သ၌ နံနက်စာစားပြီးသော် သွား၍ ရှိခိုး၍ တင့်အပ်သောအရပ်၌ နေလျက် တစ်ပါးကုန်သော သူတို့၏ တောင်းသော အကြောင်းကိုလည်းကောင်း၊ ရှင်ရသေ့၏ မတောင်းသော အကြောင်းကိုလည်းကောင်း မေးလိုသည်ဖြစ်၍-

၅၄။ ယေ မေ အဟံ န ဇာနာမိ၊ အဋ္ဌိသေန ဝနိဗ္ဗကေ။
တေ မံ သင်္ဂမ္မ ယာစန္တိ၊ ကသ္မာ မံ တွံ န ယာစသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၄။ အဋ္ဌိသေန၊ အရှင်အဋ္ဌိသေန။ ယေမေ ဝနိဗ္ဗကေ၊ အကြင် သူတောင်းစားတို့ကို။ အဟံ၊ အကျွန်ုပ်သည်။ န ဇာနာမိ၊ မသိ။ တေ၊ ထိုသူတို့သည်။ မံ၊ အကျွန်ုပ်သို့။ သင်္ဂမ္မ၊ အညီအညွှတ် လာလတ်၍။ ယာစန္တိ၊ တောင်းကုန်၏။ ကသ္မာ၊ အဘယ့်ကြောင့်။ တွံ၊ သင်သည်။ မံ၊ အကျွန်ုပ်ကို။ န ယာစသိ၊ မတောင်းသနည်း။

တောင်းလျှင် မုန်းတတ်သည်

ထိုစကားကိုကြား၍ ဘုရားလောင်းသည်-

၅၅။ ယာစကော အပ္ပိယော ဟောတိ၊ ယာစံ အဒဒမပ္ပိယော။
တသ္မာဟံ တံ န ယာစာမိ၊ မာ မေ ဝိဒဿနာ အဟု။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယာစကော၊ တောင်းတတ်သောသူကို။ ဒါယကဿ၊ ပေးတတ်သောသူသည်။ အပ္ပိယော၊ မချစ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ ယာစံ၊ တောင်းသောဝတ္ထုကို။ အဒဒံ၊ မပေးသောသူကို။ ယာစကဿ၊ တောင်းသောသူသည်။ အပ္ပိယော၊ မချစ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ မေ၊ ငါ့အား။ ဝိဒေဿနာ၊ မုန်းခြင်းသည်။ မာ အဟု၊ မဖြစ်စေသတည်းဟု၊ အဟံ၊ ငါသည်။ တံ၊ သင်မင်းကြီးကို။ န ယာစာမိ၊ မတောင်း၊

အလိုရှိရာ တောင်းပါ

ထိုအခါ ဘုရားလောင်း၏ စကားကိုကြား၍ မင်းသည်-

၅၆။ ယော စ ယာစနဇီဝါနော၊ ကာလေ ယာစံ န ယာစတိ၊
ပရဉ္စ ပုညံ ဓံသေတိ၊ အတ္တနာပိ န ဇီဝတိ။
၅၇။ ယော စ ယာစနဇီဝါနော၊ ကာလေ ယာစံ ဟိ ယာစတိ။
ပရဉ္စ ပုညံ လဗ္ဘေတိ၊ အတ္တနာပိ စ ဇီဝတိ။
၅၈။ န ဝိဒေဿန္တိ သပ္ပညာ၊ ဒိသွာ ယာစက မာဂတေ။
ဗြဟ္မစာရီ ပိယော မေသိ၊ ဝဒ တွံ ဘညမိစ္ဆသိ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၅၆။ အယျအဋ္ဌိသေန၊ အရှင်အဋ္ဌိသေန။ ယာစနဇီဝါနော၊ တောင်း၍ အသက်မွေးသော။ ယော စ၊ အကြင်ရဟန်းပုဏ္ဏားသည်လည်း။ ကာလေ၊ တောင်းသင့်သောကာလ၌။ ယာစံ၊ တောင်းအပ်သော ဝတ္ထုကို။ န ယာစတိ၊ မတောင်း။ သော၊ ထိုရဟန်းပုဏ္ဏားည်။ ပရဉ္စ၊ သူတစ်ပါးကိုလည်း။ ပုညံ၊ ကောင်းမှုကို။ ဓံသတိ၊ ယုတ်စေ၏။ အတ္တနာပိ၊ မိမိသည်လည်း။ န ဇီဝတိ၊ ချမ်းသာစွာ အသက်မမွေးရ။

֍ ဋ္ဌ ၅၇။ အယျအဋ္ဌိသေန၊ အရှင်အဋ္ဌိသေန။ ယာစနဇီဝါနော၊ တောင်း၍ အသက်မွေးသော။ ယော စ၊ အကြင်ရဟန်း ပုဏ္ဏားသည်လည်း။ ကာလေ၊ တောင်းသင့်သောကာလ၌။ ယာစနံ၊ တောင်းအပ်သော ဝတ္ထုကို။ ယာစတိ၊ တောင်း၏။ သော၊ ထိုရဟန်းပုဏ္ဏားသည်။ ပရဉ္စ၊ သူတစ်ပါးကိုလည်း။ ပုညံ၊ ကောင်းမှုကို။ လဗ္ဘေတိ၊ ရစေ၏။ အတ္တနာပိ စ၊ မိမိသည်လည်း။ ဇီဝတိ၊ ချမ်းသာစွာ အသက်မွေးရ၏။

֍ ဋ္ဌ ၅၈။ အယျ အဋ္ဌိသေန၊ အရှင်အဋ္ဌိသေန။ သပ္ပညာ၊ ဒါန ဒါနဖလကို သိကုန်သော ပညာရှိတို့သည်။ ယာစက မာဂတေ၊ လာကုန်သော ယာစကာတို့ကို။ ဒိသွာ၊ မြင်၍။ န ဝိဒေဿန္တိ၊ အမျက်မထွက် ကုန်။ မေ၊ အကျွန်ုပ်သည်။ ဗြဟ္မစာရီ၊ မြတ်သောအကျင့်ရှိသော အရှင်ဘုရားကို။ ပိယော၊ ချစ်အပ်သည်။ အသိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ အရှင်ဘုရားသည်။ ဘညံ-ဘဏိတဗ္ဗဝစနံ ယံကိဉ္စိ ဝတ္တဗ္ဗံ၊ တစ်စုံ တစ်ခု ဆိုဖွယ်စကားကို။ ဣစ္ဆသိ၊ အလိုရှိအံ့။ ဝဒ၊ ဆိုသာဆိုတော်မူ။ သဗ္ဗဉ္စ ရဇ္ဇမ္ပိ၊ ပြည်အလုံးကိုလည်း။ တေ၊ အရှင်ဘုရားအား။ တံ၊ ထိုဆုကို။ ဒဿမိယေဝ၊ ပေးအံ့မချွတ်တည်း။

ဤသို့ မင်းသည် မင်းအဖြစ်ဖြင့် ဖိတ်အပ်သော်လည်း တစ်စုံတစ်ခုသော ဝတ္ထုကို မတောင်းသလျှင်ကတည်း။

မြတ်သော တောင်းခြင်း

မင်းသည် ဤသို့ မိမိအလိုကို ဆိုသည်ရှိသော် ဘုရားလောင်းသည် ရဟန်းတို့၏အကျင့်ကို ပြအံ့သောငှာ မြတ်သောမင်းကြီး ဤတောင်းခြင်းမည်သည်ကား ကာမစည်းစိမ်ကို ခံစားကုန်သောလူတို့၏ အလေ့အကျင့်တည်း၊ ရဟန်းပြုကုန်သော သူတို့၏ အလေ့အကျင့်မဟုတ်၊ ရဟန်းသည် ရဟန်းပြုသော ကာလမှစ၍ လူတို့နှင့်မတူသော စင်ကြယ်သော အသက်မွေးခြင်းရှိသည် ဖြစ်ရာ၏ ဟု ရဟန်း၏အကျင့်ကို ပြလိုရကား-

၅၉။ န ဝေ ယာစန္တိ သပ္ပညာ၊ ဓီရော စ ဝေဒိတုမရဟတိ။
ဥဒ္ဒိဿ အရိယာ တိဋ္ဌန္တိ၊ ဧသာ အရိယာန ယာစနာ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဝေ၊ စင်စစ်။ သပ္ပညာ၊ ဘုရားအစရှိကုန်သော ပညာရှိတို့သည်။ န ယာစန္တိ၊ မတောင်းကုန်။ ၊ ထိုသို့ပင် မတောင်းငြားသော်လည်း။ ဓီရော၊ ပညာရှိသော ဒါယကာသည်။ ဝေဒိတုံ၊ အလိုလိုသာလျှင် သိခြင်းငှာ။ အရဟတိ၊ ထိုက်၏။ အရိယာ၊ ဘုရားအစရှိကုန်သော အရိယာသူတော်ကောင်းတို့သည်။ ဥဒ္ဒိဿ၊ ရည်၍။ တိဋ္ဌန္တိ၊ ရပ်ကုန်၏။ ဧသာ၊ ဤသိုရည်၍ ရပ်ခြင်းသည်။ အရိယာနံ၊ ဘုရားအစရှိကုန်သော အရိယာတို့၏။ ယာစနာ၊ တောင်းခြင်းမည်၏။

နွားအုပ်တစ်ထောင်ကို လှူခြင်း

မင်းသည် ဘုရားလောင်း၏စကားကိုကြား၍ အရှင်ဘုရား... ပညာရှိသော အလုပ်အကျွေးသည် မိမိသည်လျှင် သိ၍ ဆရာအား လှူအပ်သော ဝတ္ထုကို အကယ်၍ လှူငြားအံ့၊ အကျွန်ုပ်သည်လည်း အရှင်ဘုရားတို့အား ဤမည်သောဝတ္ထုကို လှူအံ့ဟု ဆိုလိုရကား-

၆၀။ ဒဒါမိ တေ ဗြာဟ္မဏ ရောဟိဏီနံ၊
ဂဝံ သဟဿံ သဟ ပုင်္ဂဝေန။
အရိယော ဟိ အရိယဿ ကထံ န ဒဇ္ဇာ၊
သုတွာန ဂါထာ တဝ ဓမ္မယုတ္တာ။

ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၆၀။ ဗြာဟ္မဏ၊ ရှင်ရဟန်း။ တေ၊ အရှင်ဘုရားအား။ ပုင်္ဂဝေန၊ နွားလားနှင့်။ သဟ၊ တကွ။ ရောဟိဏိနံ၊ နီသောအဆင်းရှိကုန်သော။ ဂဝံ၊ နွားမတို့၏။ သဟဿံ၊ တစ်ထောင်ကို။ ဒဒါမိ၊ ပေးအံ့။ တဝ၊ အရှင်ဘုရား၏။ ဓမ္မယုတ္တာ၊ တရားနှင့်ယှဉ်ကုန်သော။ ဂါထာ၊ ဂါထာတို့ကို။ သုတွာန၊ နာရ၍။ အရိယော၊ မြတ်သော အကျင့်ရှိသော အကျွန်ုပ်သည်။ အရိယဿ၊ မြတ်သောအကျင့်ရှိသော အရှင်ဘုရား။ ကထံ န ဒဇ္ဇာ၊ အဘယ့်ကြောင့် မလှူဘဲရှိအံ့နည်း။

ရသေ့ အလှူမခံ

ဤသို့ဆိုသည်ရှိသော် ဘုရားလောင်းသည် မြတ်သောမင်းကြီး... ငါသည် ပလိဗောဓမရှိသော ရဟန်းတည်း၊ ငါ့အား နွားမတို့ဖြင့် အလိုမရှိဟု ပယ်၏။ မင်းသည် ဘုရားလောင်း၏ အဆုံးအမ၌တည်၍ အလှူအစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့ လား၏။ ဘုရားလောင်းသည်လည်း မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်၌ ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ များစွာကုန်သော ရဟန်းတို့သည် သောပတ္တိဖိုလ် အစရှိသည်တို့၌ တည်ကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အဋ္ဌိသေန ရသေ့ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

တောင်းလျှင်လည်းမုန်း၊ မပေးမုန်း၊ နောက်ဆုံးမိတ်ဆွေပျက်

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော အဋ္ဌိသေနဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ကုက္ကုဝဂ်

၉။ ကပိဇာတ်

ပညာရှိစကားကို နားမထောင်၍ ပျက်စီးရခြင်း

ဟောတော်မူရာဌာန... နှင့် ပစ္စုပ္ပန်ဝတ္ထု

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်ယတ္ထ ဝေရီ နိဝိသတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကပိဇာတ်ကို ဇေတဝန်။ ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်ကို မြေမျိုသည်ရှိသော် တရားသဘင်၌ "ငါ့ရှင်တို့... ဒေဝဒတ်သည် ပရိသတ်နှင့်တကွ ပျက်စီး၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့.ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ပရိသတ်နှင့်တကွ ပျက်စီးသည် မဟုတ်သေး၊ ရှေး၌လည်း ပျက်စီးဖူးသလျှင်ကတည်းဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မျောက်မျိုး၌ဖြစ်၍ မျောက်အပေါင်းငါးရာ ခြံရံလျက် မင်း၏ ဥယျာဉ်၌ နေ၏။ ဒေဝဒတ် အလောင်းသည်လည်း မျောက် အမျိုး၌ဖြစ်၍ မျောက်အပေါင်းငါးရာ ခြံရံလျက် ထိုဥယျာဉ်၌ပင် နေ၏။

မျောက်၏ မိုက်မဲမှု

ထိုအခါ တစ်နေ့သ၌ ပုရောဟိတ်သည် ဥယျာဉ်သို့သွား၍ ရေချိုး၍ တန်ဆာဆင်၍ ထွက်လတ်သော် လျှပ်ပေါ်သော မျောက်တစ်ခုသည် ရှေးဦးစွာ သွားလင့်၍ မင်း၏ ဥယျာဉ်တံခါး တုရိုင်တိုင်ထိပ်၌ နေ၍ ပုဏ္ဏား၏ ထိပ်၌ ကျင်ကြီးတို့ကို ချ၍ တစ်ဖန် မော်၍ကြည့်သော ပုဏ္ဏား၏ မျက်နှာ၌ ချပြန်၏။

ပုဏ္ဏား ရန်ငြိုးဖွဲ့ပြီ

ပုဏ္ဏားသည် ပြန်၍ သို့ဖြစ်စေဦး၊ သင်တို့အား ပြုအပ်သော အမှုကို သိအံ့ဟု မျောက်တို့ကို ရန်ငြိုးဖွဲ့၍ ခြိမ်းခြောက်၍ တစ်ဖန် ရေချိုး၍ ဖဲ၏။

မျောက်လိမ္မာတို့ ပြောင်းရွှေ့ကြ

ပုဏ္ဏားသည် ရန်ငြိုးဖွဲ့၍ ခြိမ်းခြောက်သည်၏ အဖြစ်ကို ဘုရားလောင်းအား ကြားကုန်၏။ ဘုရားလောင်းသည် ရန်သူတို့၏ နေရာအရပ်၌ နေခြင်းမည်သည် မသင့်၊ အလုံးစုံသော မျောက်အပေါင်းသည်လည်း တစ်ပါးသောအရပ်သို့ သွားစေသတည်းဟု မျောက်တစ်ထောင်တို့အား ကြားစေကုန်၏။ ဆိုနိုင်ခက်သော မျောက်သည် မိမိအခြံအရံမျောက်တို့ကိုယူ၍ နောက်မှ သိအံ့ဟု ထိုဥယျာဉ်၌လျှင် နေ၏။ ဘုရားလောင်းသည် မိမိအခြံအရံကိုယူ၍ တောသို့ဝင်၏။

ဆင်တို့ အနာပေါက်

ထိုအခါ တစ်နေ့သ၌ စပါးထောင်းသော ကျွန်မတစ်ယောက်သည် နေပူလှန်းအပ်သော စပါးကိုစားသော တစ်ခုသော ဆိတ်သည် မီးစဖြင့် ပုတ်ခတ်ခြင်းကိုရ၍ မီးလောင်သော ကိုယ်ရှိသည်ဖြစ်၍ ပြေးလျက် ဆင်တင်းကုပ်ကို မှီ၍ တည်သော တစ်ခုသော မြက်ကုဋီ၏နံရံ၌ ကိုယ်ကို ပွတ်၏။ ထိုမီးသည် မြက်ကုဋိကို လောင်၏။ ထိုမြက်ကုဋိမှ ဆင်တင်းကုပ်ကို လောင်၏။ ဆင်တင်းကုပ်ကို လောင်လတ်သော် ဆင်တို့၏။ ကျောက်ကုန်းကို လောင်၏။ ဆင်ဆရာတို့သည် ဆင်တို့အား ကုစားအံ့သောငှာ မတတ်နိုင်ကုန်။ ပုရောဟိတ်သည်လည်း မျောက်တို့ကို ဖမ်းအံ့သောငှာ အကြောင်းကိုစုံစမ်းလျက် သွား၏။

မျောက်မိုက်များ သေကြရ

ထိုအခါ မင်းအား ခစားအံ့သောငှာ လာသော ပုဏ္ဏားကိုမြင်၍ မင်းသည် ဆရာ များစွာကုန်သော ဆင်အပေါင်းကတို့သည် အနာပေါက်ကုန်၏။ ဆင်ဆရာတို့သည် ကုအံ့သောငှာ မတတ်နိုင်ကုန်။ တစ်စုံတစ်ခုသောဆေးကို သိသလောဟု မေး၏။ ပုရောဟိတ်သည်လည်း အရှင်မင်းကြီး... မျောက်မှဖြစ်ကုန်သော ဆေးတို့သည် ရှိကုန်၏ ဟု ဆို၏။ ဆရာ... မျောက်မှဖြစ်သော ဆေးဟူသည် အဘယ်နည်း ဟု မေး၏။ ရှင်မင်းကြီး မျောက်ဆီတည်း ဟု ဆို၏။ ဆရာ အဘယ်မှာ ရအံ့နည်း ဆိုသော် ရှင်မင်းကြီး၏ ဥယျာဉ်၌ များစွာကုန်သော မျောက်တို့သည် ရှိသည်မဟုတ်လော ဟု ဆို၏။ မင်းသည် ဥယျာဉ်၌ မျောက်တို့ကိုသတ်၍ အဆီကို ဆောင်ကြကုန်လော့ ဟု ဆို၏။ လေးသမားတို့သည် ငါးရာသော မျောက်တို့ကို ပစ်စေ၍ သတ်ကုန်၏။

မျောက်လိမ္မာ၏ တရားစကား

တစ်ခုသော မျောက်အကြီးအကဲသည်ကား ပြေးသည်ရှိသော် ပစ်ချက်ဒဏ်ကို ရ၍လည်း ထိုအရပ်၌လျှင် မလဲမူ၍ ဘုရားလောင်း၏ နေရာအရပ်သို့ရောက်၍ လဲ၏။ မျောက်တို့သည် ငါတို့၏ နေရာအရပ်သို့ရောက်၍ သေ၏ဟု ထိုမျောက်၏ ပစ်ချက်ဒဏ်ကို ရသည်၏အဖြစ်ကို လည်းကောင်း၊ သေသည်၏ အဖြစ်ကိုလည်းကောင်း ဘုရားလောင်းအား ကြားကုန်၏။

ဘုရားလောင်းသည် သွား၍ မျောက်အပေါင်း၏ အလယ်၌နေလျက် ပညာရှိတို့ အဆုံးအမကို နားမထောင်မူ၍ ရန်သူတို့၏ အရပ်၌နေသော သူတို့မည်သည် ဤသို့ ပျက်စီးကုန်၏ဟု မျောက်အပေါင်းတို့အား ဆုံးမလိုသည်၏ အစွမ်းအားဖြင့် -

၆၁။ ယတ္ထ ဝေရီ နိဝိသတိ၊ န ဝသေ တတ္ထ ပဏ္ဍိတော။
ဧကရတ္တံ ဒွိရတ္တံ ဝါ၊ ဒုက္ခံ ဝသတိ ဝေရိသု။
၆၂။ ဒိသော ဝေ လဟုစိတ္တဿ၊ ပေါသဿာနုဝိဓီယတော။
ဧကဿ ကပိနော ဟေတု၊ ယူထဿ အနယော ကတော။
၆၃။ ဗာလောဝ ပဏ္ဍိတမာနီ၊ ယူထဿ ပရိဟာရကော။
သစိတ္တဿ ဝသံ ဂန္တွာ၊ သယေထာယံ ယထာ ကပိ။
၆၄။ န သာဓု ဗလဝါ ဗာလော၊ ယူထဿ ပရိဟာရကော။
အဟိတော ဘဝတိ ဉာတီနံ၊ သကုဏာနံဝ စေတကော။
၆၅။ ဓီရောဝ ဗလဝါ သာဓု၊ ယူထဿ ပရိဟာရကော။
ဟိတော ဘဝတိ ဉာတီနံ၊ တိဒသာနံဝ ဝါသဝေါ။
၆၆။ ယော စ သီလဉ္စ ပညဉ္စ၊ သုတဉ္စတ္တနိ ပဿတိ။
ဥဘိန္နမတ္ထံ စရတိ၊ အတ္တနော စ ပရဿ စ။
၆၇။ တသ္မာ တုလေယျ မတ္တာနံ၊ သီလပညာသုတာမိဝ။
ဂဏံ ဝါ ပရိဟရေ ဓီရော၊ ဧကော ဝါပိ ပရိဗ္ဗဇေ။

ဟူသော ဤဂါထာတို့ကို ဆို၏။

ရန်သူရှိရာ မနေအပ်

֍ ဋ္ဌ ၆၁။ ယတ္ထ၊ အကြင်အရပ်၌။ ဝေရီ၊ ရန်သူသည်။ နိဝိသတိ၊ နေ၏။ တတ္ထ၊ ထိုအရပ်၌ ပဏ္ဍိတော၊ ပညာရှိသည်။ ဧကရတ္တံ ဝါ၊ တစ်ရက်မျှလည်းကောင်း။ ဒွိရတ္တံ ဝါ၊ နှစ်ရက်မျှ လည်းကောင်း။ န ဝသေ၊ မနေရာ။ ဝေရီသု၊ ရန်သူဘောင်တို့၌။ ဒုက္ခံ၊ ဆင်းရဲစွာ။ ဝသတိ၊ နေရ၏။

֍ ဋ္ဌ ၆၂။ ဝေ၊ စင်စစ်။ လဟုစိတ္တဿ၊ ပေါ့သောစိတ်ရှိသော။ အနုဝိဓီယတော၊ ပေါ့သော စိတ်ရှိသောသူ၏ အတုကိုကျင့်သော။ ပေါသဿ၊ ယောက်ျားအား။ ဒိသော၊ ရန်သူသည်။ ဟောတိ၊ ဖြစ်၏။ ဧကဿ၊ တစ်ခုသော။ ကပိနော၊ မျောက်၏။ ဟေတု၊ အကြောင်းကြောင့်။ ယူထဿ၊ မျောက်အပေါင်းအား။ အနယော၊ ပျက်စီးခြင်းကို။ ကတော၊ ပြုအပ်၏။

֍ ဋ္ဌ ၆၃။ ဗာလောဝ၊ မိုက်သည်ဖြစ်လျှက်။ ပဏ္ဍိတမာနီ၊ ပညာရှိဟု ထင်မှတ်၍။ ယူထဿ၊ မျောက်အပေါင်းကို။ ပရိဟာရကော၊ ဆောင်သောသူသည်။ သစိတ္တဿ၊ မိမိစိတ်၏။ ဝသံ၊ အလိုသို့။ ဂန္တွာ၊ လိုက်၍။ မတသယန၊ သေ၍ အိပ်ရသည်ကို။ သယိတော ယထာ၊ အိပ်ရသကဲ့သို့။ အယံ ကပိ၊ ဤမျောက်သည်။ မတော၊ သေသည်ဖြစ်၍။ သယေထ၊ အိပ်ရ၏။

လူမိုက်ခေါင်းဆောင်လျှင် ပျက်မည်

֍ ဋ္ဌ ၆၄။ ဗလဝါ၊ အားရှိသော။ ယူထဿ၊ မျောက်အပေါင်းကို။ ပရိဟာရကော၊ ဆောင်သော။ ဗာလော၊ သူမိုက်သည်။ န သာဓု၊ မကောင်း။ သကုဏာနံ၊ ငှက်တို့၏။ စေတကောဝ၊ တိမ်ညင်ကဲ့ သို့။ ဉာတီနံ၊ ဆွေမျိုးတို့၏။ အဟိတော၊ အစီးအားကို မဆောင်သည်။ ဘဝတိ၊ ဖြစ်၏။

֍ ဋ္ဌ ၆၅။ ဗလဝါ၊ အားရှိသော။ ယူထဿ၊ မျောက်အပေါင်းကို။ ပရိဟာရကော၊ ဆောင်သော။ ဓီရောဝ၊ ပညာရှိသည်သာလျှင်။ သာဓု၊ ကောင်း၏။ တိဒသာနံ၊ တာဝတိံသာ နတ်တို့၏။ ဝါသဝေါဝ၊ သိကြားကဲ့သို့။ ဉာတီနံ၊ ဆွေမျိုး၏။ ဟိတော၊ အစီးအပွားကို ဆောင်သည်။ ဘဝတိ၊ ဖြစ်၏။

သီလ-ပညာ-ဗဟုသုတ

֍ ဋ္ဌ ၆၆။ ယော စ၊ အကြင်သူသည်လည်း။ အတ္တနိ၊ မိမိ ၌။ သီလဉ္စ၊ သီလကို ယလည်းကောင်း။ ပညဉ္စ၊ ပညာကိုလည်းကောင်း။ သုတဉ္စ၊ အကြား အမြင်ကိုလည်းကောင်း။ ပဿတိ၊ မြင်၏။ သော၊ ထိုသူသည်။ အတ္တနော စ၊ မိမိ၏ လည်းကောင်း။ ပရဿ စ၊ သူတစ်ပါး၏လည်းကောင်း။ ဥဘိန္နံ၊ နှစ်ပါးကုန်သောသူတို့၏။ အတ္ထံ၊ အကျိုးကို။ စရတိ၊ ကျင့်နိုင်၏။

֍ ဋ္ဌ ၆၇။ တသ္မာ၊ ထို့ကြောင့်။ သီလပညာသုတာ ဣဝ၊ သီလပညာသုတတို့ကဲ့သို့။ အတ္တာနံ၊ မိမိကိုယ်ကို။ သီလံ-သီလေစ၊ သီလ၌လည်းကောင်း။ ပညာ-ပညေ စ၊ ပညာ၌ လည်းကောင်း။ သုတာ- သုတေ စ၊ အကြားအမြင်၌ လည်းကောင်း။ တုလေယျ၊ နှိုင်းချိန်ပြီး၍။ ဓီရော၊ ပညာရှိသည်။ ဂဏံ ဝါ၊ အပေါင်းကိုလည်း။ ပရိဟရေ၊ ဆောင်ရာ၏။ ဧကော ဝါပိ၊ တစ်ယောက်တည်းလည်း။ ပရိဗ္ဗဇေ၊ ကျင့်ရာ၏။

ဤသို့ ဘုရားလောင်းသည် မျောက်မင်းဖြစ်လျက်လည်း ဝိနည်းပရိယာယဖြင့် ဟော၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ဆိုနိုင်ခက်သော မျောက်ဖြစ်ပြီ၊ ယခုအခါ ဒေဝဒတ်၏ ပရိသတ်တို့သည် ထိုအခါ ဆိုနိုင်ခက်သောမျောက်၏ ပရိသတ်တို့သည် ဖြစ်ကုန်ပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ပညာရှိမျောက်မင်း၏ ပရိသတ်ဖြစ်ကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိမျောက်မင်း ဖြစ်ပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

လူမိုက်ခေါင်းဆောင်၊ ဤလူ့ဘောင်၊ များမြောင်ပျက်စီးမည်

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကပိဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ကုက္ကုဝဂ်

၁၀။ ဗကဇာတ်

သူတစ်ပါးအသက်ကို ကယ်ခြင်းကြောင့် အသက်ရှည်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဒွါသတ္တတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဗကဗြဟ္မာကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုဗကဗြဟ္မာအား ဤတရားသည် မြဲ၏။ စုတေခြင်း သဘောမရှိ၊ ဤတရားမှ တစ်ပါးသော ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော နိဗ္ဗာန်မည်သည် မရှိ ဟု ဤသို့စသော အယူသည် ဖြစ်၏။ ထိုဗကဗြဟ္မာသည် အောက်ဈာန်ဖြင့် ဖြစ်ခြင်း၌ ယှဉ်၏။ ဤဗကဗြဟ္မာသည် ရှေး၌ ဈာန်ကိုပွားစေ၍ ဝေဟပ္ဖိုလ်ဘုံ၌ ဖြစ်၏။ ထိုဝေဟပ္ဖိုလ်ဘုံ၌ မဟာကပ်ငါးရာ အတိုင်း အရှည်ရှိသော အသက်ကိုကုန်စေ၍ သုဘကိဏ်ဘုံ၌ ဖြစ်၏။ ခြောက်ဆယ့်လေးကပ်တို့ကို ကုန်စေ၍ သုဘကိဏ်ဘုံမှ စုတေ၍ မဟာကပ် ရှစ်ကပ် အသက်ရှည်ကုန်သော အာဘဿရဗြဟ္မာ့ဘုံ၌ ဖြစ်၏။

အယူမမှန်နိုင်ပုံ

ထိုအာဘဿရဘုံ၌ ထိုဗြဟ္မာအား ဤသို့သဘောရှိသော အယူသည် ဖြစ်၏။ ထိုဗကဗြဟ္မာသည် အထက်ဗြဟ္မာ့ပြည်မှ စုတိကို မအောက်မေ့နိုင်၊ ထိုဗြဟ္မာ့ပြည်၌ ပဋိသန္ဓေကို မအောက်မေ့နိုင်၊ ထိုနှစ်ပါးသော စုတိ, ပဋိသန္ဓေကို မမြင်သည်ဖြစ်၍ ဤသို့သဘောရှိသော အယူကို ယူ၏။

ဗြဟ္မာ့ပြည်သို့ ဘုရားကြွပြီ

သဗ္ဗညူ မြတ်စွာဘုရားသည် ထိုဗကဗြဟ္မာ၏ စိတ်အကြံကို သိ၍ ဥပမာမည်သည်ကား အားရှိသော ယောကျ်ားသည် ခွေသောမောင်းကို ဆန်သကဲ့သို့ လည်းကောင်း၊ ဆန့်သောမောင်းကို ခွေသကဲ့သို့ လည်းကောင်း ထို့အတူလျှင် ဇေတဝန် ကျောင်းတော်မှ ကွယ်၍ ဗြဟ္မာပြည်၌ ထင်ရှားဖြစ်၏။

ခရီးဦးကြို ဝါဒကိုလျှောက်

ဗကဗြဟ္မာသည် သဗ္ဗညူမြတ်စွာဘုရားကို မြင်၍ ဆင်းရဲကင်းသော အရှင်ဘုရား ကြွတော်မူပါလော့၊ ဆင်းရဲကင်းသော အရှင်ဘုရား၏ လာခြင်းသည် ကောင်းသော လာခြင်းတည်း။ ဆင်းရဲကင်းသော အရှင်ဘုရား ဗြဟ္မာ့ပြည်သို့ လာခြင်း၏ အကြင်အလှည့်သည် ရှိ၏။ ထိုအလှည့်ကို ကြမြင့်မှလျှင် အရှင်ဘုရားသည် ပြု၏။ ဆင်းရဲကင်းသော အရှင်ဘုရား... ဤတရားသည် မြဲ၏။ ဤတရားသည် မချွတ်မလွဲ တည်၏။ ဤတရားသည် အမြဲတည်၏။ ဤတရားသည် ခိုင်ခံ၏။ ဤတရားသည် မအို၊ ဤတရားသည် မစုတေ၊ ဤတရားသည် တစ်ဖန်မဖြစ်၊ ဤတရားထက် တစ်ပါးသော အလွန်ဖြစ်သော ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော တရားသည် မရှိ ဟု ဆို၏။

မိုက်လုံးကြီးလှဘိ

ဤသို့ဆိုလတ်သော် သဗ္ဗညူ မြတ်စွာဘုရားသည် ဗကဗြဟ္မာကို ဤသို့ မိန့်တော်မူ၏။ အချင်းတို့-ဗကဗြဟ္မာသည် အဝိဇ္ဇာနှင့် ပြည့်စုံစွတကား။ အချင်းတို့ ဗကဗြဟ္မာသည် အဝိဇ္ဇာနှင့် ပြည့်စုံစွတကား၊ အကြင်ဗကဗြဟ္မာသည် အနိစ္စသာလျှင်ဖြစ်လျက် နိစ္စဟု ဆို၏။ တစ်ပါးသော ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော တရားရှိသည်ဖြစ်လျက် တစ်ပါးသော ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော တရားမရှိဟု ဆို၏ဟု မိန့်တော်မူ၏။

ကျွန်ုပ်အသက်ရှည်၏

ထိုစကားကိုကြား၍ ဗကဗြဟ္မာသည် သင်သည် ဤသို့ဆို၏။ သင်သည် ဤသို့ ဆို၏ ဟုဆို၍ ငါ့ကို ရဟန်းဂေါတမသည် စိစစ်လျက် လိုက်အံ့ ဟု ကြံ၍ ဥပမာ မည်သည်ကားအား နည်းသော ခိုးသူသည် နှစ်ချက်သုံးချက်သော ပုတ်ခတ်ခြင်းကိုရ၍ ငါသည်သာလျှင် ခိုးသူလော၊ ဤမည်သောသူသည်လည်း ခိုးသူတည်း၊ ဤအမည်ရှိသော သူသည်လည်း ခိုးသူတည်းဟု ခပ်သိမ်းသော အဖော်တို့ကိုလည်း ကြားသကဲ့သို့ ထို့အတူလျှင် မြတ်စွာဘုရား၏ စိစစ်ခြင်းမှ ကြောက်သောကြောင့် တစ်ပါးလည်းဖြစ်ကုန်သော မိမိအပေါင်း အဖော်တို့ကို ကြားလိုရကား-

၆၈။ ဒွါသတ္တတိ ဂေါတမ ပုညကမ္မာ၊
ဝသဝတ္တိနော ဇာတိဇရံ အတီတာ။
အယမန္တိမာ ဝေဒဂူ ဗြဟ္မပတ္တိ၊
အသ္မာဘိဇပ္ပန္တိ ဇနာ အနေကာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၈။ ဂေါတမ၊ အို ရှင်ဂေါတမ။ ဒွါသတ္တတိ၊ ခုနစ်ကျိပ် နှစ်ယောက်ကုန်သော။ ပုညကမ္မာ၊ ကုသိုလ်ကောင်းမှုရှိကုန်သော ငါတို့သည်။ ဝသဝတ္တိနော၊ မိမိအလိုကို ဖြစ်စေကုန်၏။ ဇာတိဇရံ၊ ပဋိသန္ဓေ နေခြင်း အိုခြင်းကို။ အတီတာ၊ လွန်ကုန်၏။ ဝေဒဂူ၊ ပညာရှိတို့သည် ရောက်အပ်သော။ အယံဗြဟ္မပတ္တိ၊ ဤဗြဟ္မာ့ပြည်၌ ဖြစ်ခြင်းသည်။ အန္တိမာ၊ အဆုံးဖြစ်သော ဖြစ်ခြင်းတည်း။ အသ္မာ-အမှေ၊ ငါတို့ကို။ အနေကာ၊ များစွာကုန်သော။ ဇနာ၊ လူတို့သည်။ အဘိဇပ္ပန္တိ၊ တောင့်တကုန်၏။

ဒါ မပြောစလောက်

ထိုဗြဟ္မာမင်း၏ စကားကို ကြား၍ သဗ္ဗညူ မြတ်စွာဘုရားသည်-

၆၉။ အပ္ပံ ဟိ ဧတံ န ဟိ ဒီဃမာယု၊
ယံ တွံ ဗက မညသိ ဒီဃမာယုံ။
သတံ သဟဿာနိ နိရဗ္ဗုဒါနံ၊
အာယုံ ပဇာနာမိ တဝါဟ ဗြဟ္မေ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၉။ ဗက၊ ဗကဗြဟ္မာ။ တွံ၊ သင်သည်။ ယံ အာယုံ၊ အကြင်အသက်ကို။ ဒီဃံ၊ ရှည်၏ဟူ၍။ မညသိ၊ အောက်မေ့၏။ ဧတံ အာယု၊ ထိုအသက်သည်။ အပ္ပံ၊ နည်းသည်။ အသိ၊ ဖြစ်၏။ ဒီဃံ၊ ရှည်သည်။ န ဟိ၊ မဟုတ်သည်သာလျှင်တည်း။ ဗြဟ္မေထ၊ ဗြဟ္မာ။ အဟံ၊ ငါသည်။ တဝ၊ သင်၏။ အာယုံ၊ အသက်ကို။ နိရဗ္ဗုဒါနံ၊ နိရဗ္ဗုဒဟု ဆိုအပ်သော ဂဏန်းတို့၏။ သတံ သဟဿာနိ၊ တစ်သိန်း အတိုင်း အရှည်ရှိသော ဂဏန်းသည်။ အဟဟံ နာမ၊ အဟဟမည်၏။ ဧတ္တကံ၊ ဤမျှ အသက်အတိုင်းအရှည်သာ ကြွင်း၏ဟူ၍။ ပဇာနာမိ၊ သိ၏။

ကျွန်ုပ်၏ရှေးဘဝ ပြောပါ

ထိုစကားကိုကြား၍ ဗကဗြဟ္မာသည်-

၇၀။ အနန္တဒဿီ ဘဂဝါဟသ္မိ၊
ဇာတိဇ္ဇရံ သောက မုပါတိဝတ္တော။
ကိံ မေ ပုရာဏံ ဝတ သီလဝတ္တံ၊
အာစိက္ခ မေ တံ ယမယံ ဝိဇညံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၀။ ဂေါတမ၊ အိုရှင်ဂေါတမ။ တုမှေ၊ သင်တို့သည်။ အဟံ၊ ငါကား။ အနန္တဒဿီ၊ အဆုံးမရှိသော တရားကိုမြင်သော။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အသ္မိ၊ ဖြစ်၏။ ဇာတိဇ္ဇရဉ္စ၊ ပဋိသန္ဓေနေခြင်း အိုခြင်းကိုလည်းကောင်း။ သောကဉ္စ၊ စိုးရိမ်ခြင်းကိုလည်းကောင်း။ ဥပါတိဝတ္တော၊ လွန်၏။ ဣတိ၊ ဤသို့။ ဝဒန္တိ၊ ဆိုကုန်၏။ ဧဝံသန္တေ၊ ဤသို့ ဖြစ်လတ်သော်။ မေ၊ ငါ၏။ ပုရာဏံ၊ ရှေး၌ ဖြစ်သော။ တံ ဝတ သီလဝတ္တံ၊ ထိုအကျင့်သီလဝတ်သည်။ ကိံ၊ အဘယ်နည်း။ ယံ၊ အကြင် အကျင့်သီလဝတ်ကို။ အဟံ၊ သည်။ ဝိဇညံ၊ သိရာ၏။ တံ၊ ထိုအကျင့်သီလဝတ်ကို။ မေ၊ ငါ့အား။ အာစိက္ခ၊ ကြားလော့။

အတိတ်ဝတ္ထု... ထိုအခါ ဗကဗြဟ္မာအား မြတ်စွာဘုရားသည် အတိတ်ဝတ္ထုကို ဆောင်၍ ကြားလိုရကား-

၇၁။ ယံ တွံ အပါယေသိ ဗဟူ မနုဿေ၊
ပိပါသိတေ ဃမ္မနိ သမ္ပရေတေ။
တံ တေ ပုရာဏံ ဝတသီလဝတ္တံ၊
သုတ္တပ္ပဗုဒ္ဓေါဝ အနုဿရာမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၁။ ဗြဟ္မေ၊ ဗြဟ္မာ။ တွံ၊ သင်သည်။ ဗဟူ၊ များစွာကုန်သော။ ပိပါသိတေ၊ ရေငတ်ကုန်သော။ ဃမ္မနိသမ္ပရေတေ၊ အလွန်လျှင် နှိပ်စက်အပ်သော နေပူ၌ပင်ပန်းကုန်သော။ မနုဿေ၊ လူတို့ကို။ ယံ အပါယေသိ၊ အကြင်ရေသောက်စေ၏။ တေ၊ သင်၏။ ပုရာဏံ၊ ရှေး၌ဖြစ်သော။ တံ ဝတသီလဝတ္တံ၊ ထိုအကျင့်သီလဝတ်ကို။ အဟံ၊ ငါသည်။ သုတ္တပ္ပဗုဒ္ဓေါဝ၊ နံနက်အခါ၌ အိပ်မက်မြင်၍ အိပ်ရာမှနိုးသော ယောက်ျားကဲ့သို့။ အနုဿရာမိ၊ အောက်မေ့နိုင်၏။

ရေလှူခဲ့ခြင်း

ထိုဗကဗြဟ္မာသည် တစ်ခုသောကမ္ဘာ၌ ရသေ့ဖြစ်၍ သဲကန္တာရ၌ နေလျက် သဲကန္တာရသို့ သွားကုန်သော များစွာကုန်သော သူတို့အား ရေကိုဆောင်၍ ပေး၏။ ထိုအခါ တစ်နေ့သ၌ တစ်ဦးသော လှည်းကုန်သည်သည် ငါးရာကုန်သော လှည်းတို့ဖြင့် သဲကန္တာရသို့ သွား၏။ လူတို့သည် အရပ်မျက်နှာတို့ကို မှတ်ခြင်းငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ ခုနစ်ရက်တို့ပတ်လုံး အာဟာရပြတ်ကုန်၍ အပူဖြင့် နှိပ်စက်ကုန်၍ ယခု ငါတို့အား အသက်သည် မရှိ ဟု လှည်းတို့ကိုလည်၍ နွားတို့ကို ချွတ်၍ လှည်းအောက်တို့၌ အိပ်ကုန်၏။ ထိုအခါ ရသေ့သည် ဆင်ခြင်လတ်သော် ထိုလှည်းကုန်သည်တို့ကို မြင်၍ ငါ၏မြင်စဉ်ဝယ် မပျက်စီးစေကုန်သတည်းဟု မိမိ၏ တန်ခိုး အာနုဘော်အားဖြင့် ဂင်္ဂါ ရေအပေါ်သို့ ပြန်စေ၍ လှည်းကုန်သည်တို့သို့ ရှေးရှုပြု၏။ အနီး၌လည်း တစ်ခုသော တောအုပ်ကို ဖန်ဆင်း၏။ လူတို့သည် ရေကို သောက်ချိုး၍ နွားတို့ကို ရောင့်ရဲစေ၍ တောအုပ်မှ မြက်တို့ကို ရိတ်၍ ထင်းတို့ကိုယူ၍ အရပ်ကိုမှတ်၍ ရောဂါကင်းကုန်သည် ဖြစ်၍ ကန္တာရကို လွန်ကုန်၏။

ဓားပြများရန်မှ ကယ်တင်ခြင်း

ထို့နောက် အတိတ်ဝတ္ထု တစ်ခုကို ရည်၍-

၇၂။ ယံ ဧဏိကူလသ္မိံ ဇနံ ဂဟိတံ၊
အမောစယိ ဂယှက နိယျမာနံ၊
တံ တေ ပုရာဏံ ဝတသီလဝတ္တံ၊
သုတ္တပ္ပဗုဒ္ဓေါဝ အနုဿရာမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၂။ ဗြဟ္မေ၊ ဗြဟ္မာ။ ဧဏိကူလသ္မိံ၊ ဧဏီမြစ်နား၌။ ဂဟိတံ၊ ဖမ်းအပ်သော။ ဂယှက နိယျမာနံ၊ သုံ့ရဖမ်းယူ၍ ဆောင်အပ်သော။ ဇနံ၊ လူကို။ ယံ အမောစယိ၊ အကြင်လွတ်စေပြီ။ တေ၊ သင်၏ ပုရာဏံ၊ ရှေး၌ဖြစ်သော။ တံ ဝတသီလဝတ္တံ၊ ထိုအကျင့်သီလဝတ်ကို။ အဟံ၊ ငါသည်။ သုတ္တပ္ပ ဗုဒ္ဓေါဝ၊ အိပ်မက်မြင်၍ အိပ်ရာမှနိုးသော ယောက်ျားကဲ့သို့။ အနုဿရာမိ၊ အောက်မေ့နိုင်၏။

ထိုရသေ့သည် နောက်ကာလ၌ တစ်ခုသော ပစ္စန္တရစ်ကို မှီ၍ မြစ်နားဝယ် တောအုပ်၌ နေ၏။ ထိုအခါ တစ်နေ့သ၌ တောင်မှ ခိုးသူတို့သည် သက်ကုန်၍ ထိုရွာကို လုယက်၍ လူများကို ဖမ်း၍ တောင်သို့တက်စေ၍ ခရီးအကြား၌ သူလျှိုတို့ကိုထား၍ တောင်ခေါင်းသို့ဝင်၍ ထမင်းကို ချက်ကုန်လျက် နေကုန်၏။ ရသေ့သည် နွား ကျွဲ အစရှိသည်တို့၏ လည်းကောင်း၊ သူငယ်ယောကျ်ား သူငယ်မိန်းမ အစရှိသည်တို့၏ ကြီးစွာသော ညည်းညူးသံကို လည်းကောင်းကြား၍ ငါမြင်စဉ် မပျက်စီးစေသတည်း ဟု တန်ခိုး အာနုဘော်ဖြင့် အတ္တဘောကို စွန့်၍ အင်္ဂါလေးပါး ရှိသော

စစ်သည်ဖြင့် ခြံရံလျက် မင်းဖြစ်၍ စစ်ထိုးစည်ကို တီးစေလျက် ထိုအရပ်သို့သွား၏။ သူလျှိုတို့သည် မြင်ကုန်၍ ခိုးသူတို့အား ကြားကုန်၏။ ခိုးသူတို့သည် မင်းနှင့်တကွ စစ်ထိုးခြင်းမည်သည် မသင့် ဟု အလုံးစုံ ယူတိုင်းသော ဥစ္စာကိုစွန့်၍ ထမင်းကိုမစားဘဲလျှင် ပြေးကုန်၏။ ရသေ့သည် ထိုအလုံးစုံသော သူတို့ကိုဆောင်၍ မိမိတို့ရွာ၌လျှင် တည်စေ၏။

နဂါးရန်မှ ကာကွယ်ခြင်း

ထို့နောင် အတိတ်ဝတ္ထု တစ်ခုကို ရည်၍-

၇၃။ ဂင်္ဂါယ သောတသ္မိံ ဂဟိတနာဝံ၊
လုဒ္ဒေန နာဂေန မနုူကပျပါ။
အမောစယိ တွံ ဗလသာ ပသယှ၊
တံ တေ ပုရာဏံ ဝတသီလဝတ္တံ။
သုတ္တပ္ပဗုဒ္ဓေါဝ အနုဿရာမိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၇၃။ ဗြဟ္မေ၊ ဗြဟ္မာ။ ဂင်္ဂါယ၊ ဂင်္ဂါ၏။ သောတသ္မိံ၊ အယဉ်၌။ လုဒ္ဒေန၊ ကြမ်းသော။ နာဂေန၊ နဂါးသည်။ မနုူကပျပါ၊ လူတို့ကို ပျက်စီးစေလိုခြင်းကြောင့်။ ဗလသာ၊ အားဖြင့်။ ပသယှ၊ နှိပ်စက်၍။ ဂဟိတနာဝံ၊ ဖမ်းအံ့သောလှေကို။ အမောစယိ၊ လွတ်စေပြီ။ တေ၊ သင်၏။ ပုရာဏံ၊ ရှေး၌ဖြစ်သော။ တံ ဝတသီလဝတ္တံ၊ ထို အကျင့်သီလဝတ်ကို။ အဟံ၊ ငါသည်။ သုတ္တပ္ပဗုဒ္ဓေါဝ၊ နံနက်အခါ၌ အိပ်မက်မြင်၍ နိုးသော ယောက်ျားကဲ့သို့။ အနုဿရာမိ၊ အောက်မေ့နိုင်၏။

ထိုအခါ ဤရသေ့သည် ဂင်္ဂါမြစ်နား၌ နေ၏။ ထိုအခါ လူတို့သည် နှစ်စင်းသုံးစင်းကုန်သော လှေဖောင်တို့ကို ဖွဲ့၍ ဖောင်အထက်၌ ပန်းမဏ္ဍပ်ကိုပြု၍ ဖောင်၌နေ၍ သေအရက် ထမင်းငါး အမဲ စသည်တို့ကို ခဲကုန်သောက်ကုန်လျက် ကမ်းတစ်ဖက်သို့ သွားကုန်၏။ ထိုလူတို့သည် သောက်ကြွင်းဖြစ်သော သေကိုလည်းကောင်း၊ စားကြွင်းဖြစ်သော ထမင်း ငါး အမဲ ကွမ်းအစရှိသည်တို့ကို လည်းကောင်း ဂင်္ဂါ၌လျှင် ချကုန်၏။ ဂင်္ဂါ၌နေသော နဂါးမင်းသည် ဤလူတို့သည် စားကြွင်းတို့ကို ငါ၏အထက်၌ ချကုန်၏ ဟု အမျက်ထွက်၍ ခပ်သိမ်းသော လူတို့ကို ဖမ်း၍ ဂင်္ဂါ၌နှစ်အံ့ဟု ပိန်းကောကြီး ပမာဏရှိသော အတ္တဘောကို ဖန်ဆင်း၍ ရေကိုခွဲ၍ ပါးပျဉ်းကိုထောင်လျက် ထိုလူတို့သို့ ရှေးရှုသွား၏။ လူတို့သည် နဂါးမင်းကို မြင်၍ သေအံ့သောဘေးမှု ကြောက်၍ တစ်ပြိုင်နက်ပင်လျှင် သည်းစွာသောအသံကို ပြုကုန်၏။ ရသေ့သည် ထိုသူတို့၏ ငိုကြွေးသံကိုကြား၍ နဂါးမင်း၏ အမျက်ထွက်သည်၏ အဖြစ်ကို သိ၍ ငါသည် မြင်စဉ် မပျက်စီးစေကုန်သတည်းဟု အလွန်လျင်မြန်စွာ ဈာန်အာရုံကိုရှုသဖြင့် မိမိအာနုဘော်ဖြင့် လျင်စွာ ဂဠုန်သဏ္ဌာန် ကိုယ်ကိုဖန်ဆင်း၍ သွား၏။ နဂါးသည် ဂဠုန်ကိုမြင်၍ သေဘေးမှ ကြောက် သည်ဖြစ်၍ ရေ၌ငုပ်၏။ လူတို့သည် ချမ်းသာခြင်းသို့ ရောက်၍ သွားကုန်၏။

ရှင်ရသေ့ ပြုခဲ့ခြင်း

ထို့နောင် အတိတ်ဝတ္ထု တစ်ခုကို ရည်၍-

၇၄။ ကပ္ပေါ စ တေ ပဒ္ဓစရော အဟောသိ၊
သမ္ဗုဒ္ဓိမန္တံ ဝတိနံ အမညံ။
တံ တေ ပုရာဏံ ဝတသီလဝတ္တံ၊
သုတ္တပ္ပဗုဒ္ဓေါဝ အနုဿရာမိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၇၄။ ဗြဟ္မေ၊ ဗြဟ္မာ။ အဟံ၊ ငါသည်။ တေ၊ သင်၏။ ကပ္ပေါ၊ ကပ္ပမည်သော။ ပဒ္ဓစရော၊ တပည့်သည်။ အဟောသိ၊ ဖြစ်၏။ သမ္ဗုဒ္ဓိမန္တံ၊ ပညာနှင့်ပြည့်စုံသည်လည်းဖြစ်သော။ ဝတိနံ၊ အကျင့်နှင့်ပြည့်စုံသည်လည်းဖြစ်သော။ တာပသော၊ ရသေ့တည်း။ ဣတိ၊ ဤသို့။ တံ၊ သင့်ကို။ အမညံ၊ မအောက်မေ့မိ။ အဟံ၊ ငါသည်။ တေ၊ သင်၏။ ပုရာဏံ၊ ရှေး၌ဖြစ်သော။ တံ ဝတသီလဝတ္တံ၊ ထိုအကျင့်သီလဝတ်ကို။ သုတ္တပ္ပဗုဒ္ဓေါဝ၊ အိပ်မက် မြင်၍ အိပ်ရာနိုးသော ယောကျ်ားကဲ့သို့။ အနုဿရာမိ၊ အောက်မေ့နိုင်၏။

ဤစကားဖြင့် အဘယ်ကို ပြသနည်းဟူမူကား-ဗြဟ္မာကြီး... ငါသည် သင်ကေသဝရသေ့ ဖြစ်သောကာလ၌ ကပ္ပမည်သော အမှုကြီးငယ်ကို ရွက်ဆောင်သော တပည့်ဖြစ်၍ နာရဒမည်သော အမတ်သည် ဗာရာဏသီပြည်မှ ဟိမဝန္တာသို့ ဆောင်အပ်သော သင့်အား ရောဂါကို ငြိမ်းစေ၏။ ထိုအခါ ကေသဝရသေ့ကို နာဒအမတ်သည် နှစ်ကြိမ်မြောက် လာလတ်၍ ရောဂါကင်းသည်ကို မြင်၍-

မနုဿိန္ဒံ ဇဟိတွာန၊ သဗ္ဗကာမ သမိဒ္ဓိနံ။
ကထံ နု ဘဂဝါ ကေသိ၊ ကပ္ပဿ ရမတိ အဿမေ။

ဟူသော ဤဂါထာကို ဆို၏။

ဘဂဝါ၊ ဘုန်းတော်ကြီးသော။ ကေသိ၊ ကေသီရှင်ရသေ့၊ သဗ္ဗကာမသမိဒ္ဓိနံ၊ အလုံးစုံ လိုဖွယ်ဝတ္ထုနှင့်ပြည့်စုံသော။ မနုဿိန္ဒံ၊ လူမင်းကို။ ဇဟိတွာန၊ စွန့်၍။ ကထံ နု၊ အဘယ်ကြောင့်လျှင်။ ကပ္ပသ၊ ကပ္ပရှင်ရသေ့၏။ အဿမေ၊ ကျောင်း၌၊ ရမတိ၊ မွေ့လျော်လနည်း။

ထိုအခါ နာရဒအမတ်ကို ကေသဝရသေ့သည် -

သာဒူနိ ရမဏီယာနိ၊ သန္တိ ဝက္ခာ မနောရမာ။
သုဘာသိတာနိ ကပ္ပဿ၊ နာရဒ ရမယန္တိ မံ။

ဟူသော ဤဂါထာကို ဆို၏။

နာရဒ၊ နာရဒအမတ်။ ကပ္ပသ၊ ကပ္ပရသေ့၏။ အဿမေ၊ ကျောင်း၌။ သာဒူနိ၊ ကောင်းကုန်သော။ ရမဏီယာနိ၊ နှလုံးမွေ့လျော်ဖွယ်တို့သည်။ သန္တိ၊ ရှိကုန်၏။ မနောရမာ၊ နှလုံး မွေ့လျော်ဖွယ် ရှိကုန်သော။ ဝက္ခာ၊ ပြောဆိုခြင်းတို့သည်။ သန္တိ၊ ရှိကုန်၏။ ကပ္ပဿ၊ ကပ္ပရသေ့၏။ သုဘာသိတာနိ၊ ကောင်းစွာဆိုအပ်သော စကားတို့သည်။ မံ၊ ငါ့ကို။ ရမယန္တိ၊ မွေ့လျော်စေကုန်၏။

ဤသို့ သဗ္ဗညူ မြတ်စွာဘုရားသည် မိမိသည် ကေသဝရသေ့၏ တပည့်ဖြစ်၍ ရောဂါကို ငြိမ်းစေသည်၏အဖြစ်ကို ပြတော်မူ၏။ ဤသို့ ပြတော်မူသော သဗ္ဗညူ မြတ်ဘုရားသည် ထိုဗကဗြဟ္မာသည် လူ့ပြည်၌ ပြုအပ်သော အလုံးစုံသောကောင်းမှုကံကို ဗကဗြဟ္မာကြီးကို မှတ်စေလျက် ဟော၏။

အသိတရားရပြီ

ဗကဗြဟ္မာသည် မြတ်စွာဘုရား စတားတော်ဖြင့် မိမိသည် ပြုအပ်သော ကောင်းမှုကို အောက်မေ့၍ မြတ်စွာဘုရားအား ချီးမွမ်းလိုရကား-

၇၅။ အဒ္ဓါ ပဇာနာသိ မမေတမာယုံ၊
အညမ္ပိ ဇာနာသိ တထာ ဟိ ဗုဒ္ဓေါ။
တထာဟိ တာယံ ဇလိတာနုဘာဝေါ၊
ဩဘာသယံ တိဋ္ဌတိ ဗြဟ္မလောကံ။

ဟူသော အဆုံးဖြစ်သောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၅။ ဘောဂါတမ၊ အို အရှင်ဂေါတမ။ တွံ၊ သင်သည်။ မမ၊ ငါ၏။ ဧတံ အာယုံ၊ ထိုအသက် အတိုင်းအရှည်ကို။ အဒ္ဓါ၊ စင်စစ်။ ပဇာနာသိ၊ သိ၏။ အညမ္ပိ၊ တစ်ပါးသော တရားကိုလည်း။ ဇာနာသိ၊ သိ၏။ တထာဟိ၊ ထိုသို့ သိသောကြောင့်လျှင်။ ဗုဒ္ဓေါ၊ ဘုရားဖြစ်တော်မူ၏။ တထာ ဟိ၊ ထိုသို့ ဘုရားဖြစ်တော်မူသောကြောင့်လျှင်။ တေ၊ အရှင်ဘုရား၏။ အယံ ဇလိတာနုဘာဝေါ၊ ဤထွန်းပသော ကိုယ်ရောင်အာနုဘော်သည်။ ဗြဟ္မလောကံ၊ ဗြဟ္မာ့ပြည်ကို။ ဩဘာသယံ-ဩဘာသယန္တော၊ ထွန်းပစေလျက်။ တိဋ္ဌတိ၊ တည်၏။

ဤသို့ မြတ်စွာဘုရားသည် ကိုယ်တော်၏ ကျေးဇူးကို သိစေလျက် တရားဟော၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ရောက်လာကုန်သော တစ်သောင်းကုန်သော ဗြဟ္မာတို့၏ စိတ်တို့သည် တဏှာမာနဒိဋ္ဌိတို့သည် မစွဲလမ်းအပ်သည်ဖြစ်၍ အာသဝတို့မှ လွတ်ကုန်၏။

ဇာတ်ပေါင်း... ဤသို့ သဗ္ဗညူ မြတ်စွာဘုရားသည် များစွာကုန်သော ဗြဟ္မာတို့၏ ကိုးကွယ်ရာ ဖြစ်၍ ဗြဟ္မာ့ပြည်မှ ဇေတဝန်တော်သို့ ကြွတော်မူ၍ ထိုဗြဟ္မာ့ပြည်၌ ဟောတော်မူသော နည်းဖြင့်လျှင် ထိုဓမ္မဒေသနာကို ရဟန်းတို့အား ဟောတော်မူ၍ "ယခုအခါ ဗကဗြဟ္မာသည် ထိုအခါ ကေသဝရသေ့ဖြစ်ပြီး၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ

ကပ္ပရသေ့ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဗကဗြဟ္မာ၊ ယူမိစ္ဆာ၊ မြတ်စွာ ပယ်ဖျောက်ရှင်း

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဗကဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၁။ ဂန္ဓာရဇာတ်

ရသေ့ရဟန်းတို့သည် ပစ္စည်းကို မသိုမှီးအပ်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဟိတွာ ဂါမသဟဿာနိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂန္ဓာရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘေသဇ္ဇသန္နိဓိကာရ သိက္ခာပုဒ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုသည်ကား ရာဇဂြိုဟ်ပြည်၌ ဖြစ်၏။ အရှင်ပိလိန္ဒဝစ္ဆမထေရ်သည် အာရာမ်စောင့်အမျိုးကို လွတ်စိမ့်သောငှာ မင်း၏ နန်းတော်သို့သွား၍ ဗိမ္ဗိသာရမင်းကြီး၏ ပြာသာဒ်ကို တန်ခိုးအစွမ်းဖြင့် ရွှေဖြင့်ပြီးသည်ကို ပြုသည်ရှိသော် လူတို့သည် ကြည်ညို၍ ပိလိန္ဒဝစ္ဆမထေရ်အား ငါးပါးသောဆေးတို့ကို လှူကုန်၏။ ပိလိန္ဒဝစ္ဆ မထေရ်သည် ထိုဆေးတို့ကို ပရိသတ်အား စွန့်၏။ ထိုအရှင်ပိလိန္ဒဝစ္ဆမထေရ်၏ ပရိသတ်သည်ကား များသောပစ္စည်းပရိက္ခရာရှိ၏။ ရတိုင်းရတိုင်းသော ဆေးကို ဖျဉ်းအိုး၌လည်းကောင်း၊ အိုးစရည်း၌ လည်းကောင်း၊ သပိတ်အိတ်၌ လည်းကောင်း ပြည့်စေ၍ သိုမှီး၏။ လူတို့သည် မြင်ကုန်၍ သာကီဝင်မင်းသား ဖြစ်ကုန်သော ဤရဟန်းတို့သည် အလိုကြီးကုန်၏။ အတွင်း၌ ကျီကျရှိကုန်၏ ဟု ကဲ့ရဲ့ကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုအကြောင်းကိုကြား၍ ယာနိ ခေါပန တာနိ ဘေသဇ္ဇာနိ ဂိလာနာနံ ဘိက္ခူနံ အစရှိသော သိက္ခာပုဒ်ကို ပညတ်၍ ရဟန်းတို့ ရှေးပညာရှိတို့သည် ဘုရားမဖြစ်မီ သာသနာတော်ပ၌ ရသေ့ရဟန်း ပြုကုန်၍ ပဉ္စသီမျှကို စောင့်ကုန်လျက်လည်း ဆားမျှကို နက်ဖြန်အကျိုးငှာ သိုမှီးသည်ကို ကဲ့ရဲ့ကုန်၏။ သင်တို့သည် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက် မြောက်စေတတ်သော ဘုရားသာသနာတော်၌ ရဟန်းပြု၍ နက်ဖြန် သန်ဘက် အစရှိသော နေ့ အကျိုးငှာ သိုမှီးခြင်းကို ပြုကုန်လျက် မသင့်သည်တို့ကို ပြုကုန်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဂန္ဓာရတိုင်း၌ ဘုရားလောင်းသည် ဂန္ဓာရမင်းသားဖြစ်၍ အဖလွန်သဖြင့် မင်းအဖြစ်၌ တည်၍ တရားသဖြင့် မင်း ပြု၏။ မဇ္ဈိမဒေသ ဝိဒေဟတိုင်း ၌လည်း ဝိဒေဟမည်သောမင်းသည် မင်းပြု၏။ ထိုနှစ်ယောက်ကုန်သော မင်းတို့သည်လည်း မမြင်ဘူးသော အဆွေခင်ပွန်းဖြစ်ကုန်၍ အချင်းချင်း အကျွမ်း ဝင်ကုန်သည်ဖြစ်ကုန်သတတ်။ ထိုအခါ လူတို့သည် အသက်ရှည်ကုန်၏။ အနှစ်သုံးသောင်း အသက်ရှည်ကုန်၏။

လကြတ်ခြင်း

ထိုအခါ ရံခါ ဂန္ဓာရမင်းသည်လည်း လပြည့်ဥပုသ်နေ့၌ ဆောက်တည်သော သီလရှိသည်ဖြစ်၍ ပြာသာဒ်အပြင်ဝယ် ခင်းအပ်သော မြတ်သော ပလ္လင်အလယ်၌ နေလျက် ဖွင့်အပ်သော လေသာပြတင်းဖြင့် အရှေ့လောကဓာတ်ကို ကြည့်လျက် အမတ်တို့အား တရားနှင့်ယှဉ်သော စကားကို ပြောဆိုလျက် နေ၏။ ထိုခဏ၌ ကောင်းကင်အပြင်ကို ခုန်ဘိသကဲ့သို့ ပြည့်သောလဝန်းကို ရာဟုဖမ်း၏။ လရောင်သည် ကွယ်၏။ အမတ်တို့သည် လရောင်ကို မမြင်ကုန် သည်ရှိသော် ရာဟုဖမ်းသည်၏အဖြစ်ကို မင်းအား ကြားကုန်၏။

ဂန္ဓာရမင်း ရသေ့ဝတ်

မင်းသည် လကိုကြည့်စဉ်၌ ဤလသည် အာဂန္တုကဖြစ်သော အညစ်အကြေးဖြင့် ညစ်နွမ်း၍ အရောင်မရှိသည်ဖြစ်၏။ ငါ့အားလည်း ဤမင်း၏အခြံအရံသည် အညစ် အကြေးဖြစ်၏။ ထိုငါသည် ရာဟုဖမ်းသော လကဲ့သို့ အရောင်မရှိသည် ဖြစ်ရာ၏။ ငါ့အား ထိုသို့ဖြစ်ခြင်းသည် မလျှောက်ပတ်၊ စင်ကြယ်သော ကောင်းကင်ပြင်၌ ထွန်းပလော လဝန်းကဲ့သို့ မင်းအဖြစ်ကိုစွန့်၍ ရဟန်းပြုအံ့၊ ငါ့အား သူတစ်ပါးတို့ကို ဆုံးမသဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ အမျိုး၌လည်းကောင်း၊ အခြွေအရံ၌လည်းကောင်း ငြိတွယ်ခြင်း မရှိသည်ဖြစ်၍ ကိုယ်ကိုသာလျှင် ဆုံးမလျက် သွားအံ့၊ ဤအကျင့်သည် ငါ့အား လျောက်ပတ်၏ ဟု ကြံ၍ အကြင်သူကို အလိုရှိကုန်၏။ ထိုသူကို မင်းမြှောက်ကြကုန်လော့ ဟု မင်းအဖြစ်ကို အမတ်တို့အား အပ်နှင်း၏။ အပ်ပြီး၍ ထိုမင်းသည် နှစ်ပါးကုန်သော ကသ္မီရ ဂန္ဓာရတိုင်းတို့၌လည်း မြတ်သော မင်းအဖြစ်ကို စွန့်၍ ရသေ့ရဟန်းပြု၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ ဈာန်၌ မွေ့လျော်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ ဟိမဝန္တာအရပ်၌ နေ၏။

ဝိဒေဟမင်း ရသေ့ဝတ်

ဝိဒေဟမင်းသည်လည်း ငါ့အဆွေခင်ပွန်း ချမ်းသာပါ၏လော ဟု ကုန်သည်တို့ကိုမေး၍ ဂန္ဓာရမင်း၏ ရဟန်းပြုသည်၏ဘအဖြစ်ကို ကြား၍ အဆွေ ရဟန်းပြုသည်ရှိသော် ငါသည်လည်း မင်းအဖြစ်ဖြင့် အဘယ်ပြုအံ့နည်း ဟု ခုနစ်ယူဇနာ အတိုင်းအရှည်ရှိသော မိထိလာပြည် ယူဇနာသုံးရာ အတိုင်းအရှည်ရှိသော ဝိဒေဟတိုင်း၌ တစ်သောင်း ခြောက်ထောင်သော ရွာတို့၌ ပြည့်ကုန်သော ကျီတို့ကို လည်းကောင်း တစ်သောင်း ခြောက်ထောင်သော ကချေသည် မိန်းမတို့ကိုလည်းကောင်း စွန့်၍ သားသမီးတို့ကို နှလုံးမထားမူ၍ ဟိမန္တေသို့ဝင်၍ ရသေ့ရဟန်း ပြု၍ အလိုလိုဖြစ်သော သစ်သီးအစာရှိသည်ဖြစ်၍ ကောင်းစွာဖြစ်သော နေခြင်းကို နေလျက် ကျင့်၏။

အချင်းချင်းမသိကြ

ထိုနှစ်ပါးသော ရသေ့တို့သည် ကောင်းစွာကျင့်သော အကျင့်ကို ကျင့်လျက် နောက်အဖို့၌ ပေါင်းမိကြကုန်၏။ အချင်းချင်းကား မသိကုန်၊ ဝမ်းမြောက်ကုန်သည်ဖြစ်၍ တစ်ပေါင်းတည်းသာလျှင် ကောင်းစွာဖြစ်သော အကျင့်ကို ကျင့်ကုန်၏။

ထိုအခါ ဝိဒေဟ ရသေ့သည် ဂန္ဓာရရသေ့အား ခစား၏။ ထိုရသေ့တို့၏ တစ်ခုသော လပြည့်နေ့၌ မထင်ရှားသော သစ်ပင်ရင်း၌ နေ၍ အကြောင်းအကျိုးနှင့်ယှဉ်သော စကားကို ပြောညဆိုကုန်စဉ် ကောင်းကင်ပြင်၌ ထွန်းပသော လဝန်းကို ရာဟုဖမ်း၏။ ဝိဒေဟ ရသေ့သည် အဘယ့်ကြောင့် လရောင် ပျောက်သနည်း ဟု ကြည့်လတ်သော် ရာဟုဖမ်းသော လကို မြင်၍ ဆရာ ဤသူသည် လကိုဖမ်း၍ အရောင်မရှိသည်ကို ပြု၏။ အဘယ်သူနည်း ဟု မေး၏။ တပည့်- ဤသူသည် ရာဟုမည်၏။ လ၏ တစ်ခုသော အညစ်အကြေးတည်း၊ လအား ထွန်းပစိမ့်သောငှာ မပေး၊ ငါသည်လည်း ရာဟုဖမ်းသော လဝန်းကို မြင်၍ စင်ကြယ်သော လဝန်းအား အာဂန္တုကဖြစ်သော အညစ်အကြေးဖြင့် အရောင်မရှိခြင်းသည် ဖြစ်၏။ ငါအားလည်း ဤမင်းအဖြစ်သည် အညစ်အကြေးဖြစ်၏။ အကြင်မျှလောက်သော ကာလပတ်လုံး လကို ရာဟုဖမ်းသကဲ့သို့ ငါ့ကိုယ်၌ ဤအညစ်အကြေးသည် အရောင်မရှိသည်ကို မပြုသေး၊ ထိုမျှလောက်သော ကာလ၌ ရဟန်းပြုအံ့ ဟု ကြံ၍ ထိုခဏလျှင် ဤမင်းအဖြစ်ကား အရောင်အဝါမဲ့ကို ပြုတတ်၏ဟု ရာဟုဖမ်းသော လဝန်းကို အာရုံပြု၍ မြတ်သောမင်းအဖြစ်ကို စွန့်၍ ရဟန်းပြု၏ဟု ဆို၏။

ခင်မင်ကြပြီ

ဆရာ... သင်သည် ဂန္ဓာရမင်းလော ဟု မေး၏။ ငါဂန္ဓာရမင်း ဟုတ်၏ ဟု ဆိုလတ်သော် ဆရာ... အကျွန်ုပ်သည် ဝိဒေဟတိုင်း မိထိလာပြည်၌ ဝိဒေဟမင်းတည်း။ အကျွန်ုပ်တို့သည် အချင်းချင်း မမြင်ဖူးသော အဆွေခင်ပွန်း မဟုတ်လောဟု ဆို၏။ သင်သည် အဘယ်ကို အာရုံပြုသနည်း ဟု မေး၏။ အကျွန်ုပ်သည် အရှင်တို့သည် ရဟန်းပြုကုန်ကြပြီဟု ကြား၍ စင်စစ် ရဟန်းအဖြစ်၌ ကြီးစွာသော ကျေးဇူးကို မြင်၏ဟု အရှင်တို့ကိုသလျှင် အာရုံပြု၍ မင်းအဖြစ်ကို စွန့်၍ ရဟန်းပြု၏ဟု ဆို၏။ ထိုနှစ်ပါးကုန်သော ရသေ့တို့သည် ထိုအခါမှစ၍ အလွန်လျှင် ညီညွတ်ကုန်သည် ဝမ်းမြောက်ကုန်သည် အလိုလိုဖြစ်သော သစ်သီးအစာရှိကုန်သည်ဖြစ်၍ ကျင့်၏။

ဝိဒေဟရသေ့ ဆားကိုဆောင်ထားခြင်း

ဟိမဝန္တာ၌ ရှည်မြင့်စွာနေ၍ ချဉ်ဆား မှီဝဲအံ့သောငှာ ဟိမဝန္တာမှသက်၍ တစ်ခုသော ပစ္စန္တရစ်ရွာသို့ ရောက်ကုန်၏။ လူတို့သည် ထိုရသေ့တို့၏ ဣရိယာပု၌ ကြည်ညို၍ ဆွမ်းလှူအံ့ဟု ဝန်ခံခြင်းကို ယူစေ၍ တော၌ ညဉ့်သန့်ရာ နေသရာအရပ် အစရှိသည်တို့ကို ဖန်ဆင်း၍ နေစေကုန်၏။ ခရီးအကြား၌လည်း ထိုရသေ့တို့အား ဆွမ်းစားခြင်းကိစ္စကို ပြုစိမ့်သောငှာ ချမ်းသာရာအရပ်၌ ဇရပ်ကို ဆောက်ကုန်၏။ ထိုရသေ့တို့သည် ပစ္စန္တရစ်ရွာ၌ ဆွမ်းခံ၍ ထိုဇရပ်၌ နေ၍ ဆွမ်းစား၍ မိမိတို့၏ နေရာအရပ်သို့ သွားကုန်၏။ ထိုလူတို့သည်လည်း ရသေ့တို့အား အာဟာရကို လှူကုန်သည်ရှိသော် ရံခါ ခွက်၌ ဆားကိုထည့်၍ လှူကုန်၏။ ရံခါ သစ်ရွက်၌ ဆားကိုထုပ်၍ လှူကုန်၏။ ရံခါ ဆားမရှိသော အာဟာရကိုလျှင် လှူကုန်၏။ လူတို့သည် တစ်နေ့သ၌ သစ်ရွက်ထုပ်၌ များစွာသော ဆားကိုယူ၍ လှူကုန်၏။ ဝိဒေဟရသေ့သည် ဆားကိုယူ၍ လာလတ်၍ ဘုရားလောင်းအား ဆွမ်းအား လျောက်ပတ်သော ဆားကို ပေး၍ မိမိဖို့လည်း အတိုင်းအရှည်နှင့် ယှဉ်သော ဆားကိုယူ၍ ကြွင်းသောဆားကို သစ်ရွက်ဖြင့်ထုပ်၍ ဆားမရှိသောနေ့တို့၌ ဖြစ်လတ္တံ့ဟု သက်ကယ်မိုးအကြား၌ထား၏။ ထိုအခါ တစ်နေ့သ၌ ဆားမရှိသော အာဟာရကို ရသည်ရှိသော် ဝိဒေဟရသေ့သည် ဂန္ဓာရရသေ့အား ခွက်ကိုပေး၍ သက်ကယ်မိုးအကြားမှ ဆားကိုဆောင်၍ ဆရာဆားယူလော့ဟု ဆို၏။ ယနေ့ လူတို့သည် ဆားမလှူအပ်၊ အဘယ်မှာ ရသနည်းဟု မေး၏။ ဆရာ... ရှေးနေ့၌ လူတို့သည် များစွာသောဆားကို လှူကုန်၏။ ထိုအခါ အကျွန်ုပ်သည် ဆားမရှိသော နေ့တို့၌ ဖြစ်လတ္တံ့ဟု ကြွင်းသောဆားကိုထား၏ ဟု ဆို၏။

ဆာကို မက်မောသလား

ထိုအခါ ဝိဒေဟရသေ့ကို ဘုရားလောင်းသည် မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သောယောက်ျား ယူဇနာသုံးရာရှိသော ဝိဒေဟတိုင်းကြီးကို စွန့်၍ ရဟန်းပြု၍ ပလိဗောဓ မရှိသည်၏ အဖြစ်သို့ ရောက်လျက် ယခုအခါ၌ ဆားကို တပ်စွန်းခြင်းကို ဖြစ်စေ၏ ဟု ခြိမ်းခြောက်၍ ဆုံးမလိုရကား-

၇၆။ ဟိတွာ ဂါမသဟဿာနိ၊ ပရိပုဏ္ဏာနိ သောဠသ။
ကောဋ္ဌာဂါရာနိ ဖီတာနိ၊ သန္နိဓိံ ဒါနိ ကုဗ္ဗသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၆။ ဝိဒေဟ၊ ဝိဒေဟရသေ့။ တွံ၊ သင်သည်။ ပရိပုဏ္ဏာနိ၊ ပြည့်ကုန်သော။ သောဠသဂါမသဟဿာနိ စ၊ ရွာမ တစ်သောင်းခြောက်ထောင်တို့ကိုလည်းကောင်း။ ဖီတာနိ၊ ပြည့်ကုန်သော။ ကောဋ္ဌာဂါရာနိ စ၊ ရတနာကျီ ပုဆိုးကျီ စပါးကျီတို့ကိုလည်းကောင်း။ ဟိတွာ၊ စွန့်၍။ ဣဒါနိ၊ ယခုအခါ၌။ လောဏမတ္တံ၊ ဆားမျှကို။ သန္နိဓိံ၊ သိုမှီးခြင်းကို။ ကုဗ္ဗသိ၊ ပြု၏။

ဆုံးမစရာမလိုဘူး

ဝိဒေဟရသေ့သည် ဤကဲ့သို့ ကဲ့ရဲ့အပ်သည်ရှိသော် ကဲ့ရဲ့ခြင်းကို သည်းမခံနိုင်၍ ဆန့်ကျင် ဘက်ဖြစ်၍ ဆရာ... သင်တို့သည် မိမိအပြစ်ကို မမြင်မူ၍ ကျွန်ုပ်၏ အပြစ်ကိုသာလျှင် မြင်ကုန်ဘ၏။ ဆရာတို့သည် ငါ့အား သူတစ်ပါးတို့ကို ဆုံးမခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ကိုယ့်ကိုသာလျှင် ဆုံးမအံ့ဟု မင်းအဖြစ်ကိုစွန့်၍ ရဟန်း ပြုသည်မဟုတ်လော၊ ယခုအခါ အဘယ့်ကြောင့် အကျွန်ုပ်ကို ဆုံးမကုန်သနည်းဟု စောဒနာ လိုရကား -

၇၇။ ဟိတွာ ဂန္ဓာရဝိသဟံ၊ ပဟူတဓနဓာရိယံ။
ပသာသနတော နိက္ခန္တော၊ ဣဓ ဒါနိ ပသာသသိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၇။ အာစရိယ၊ ဆရာ။ ပဟူတဓနဓာရိယံ၊ များသောဥစ္စာကိုဆောင်သော။ ဂန္ဓာရဝိသယံ၊ ဂန္ဓာရတိုင်းကို။ ဟိတွာ၊ စွန့်၍။ ပသာသနတော၊ သူ တစ်ပါးကို ဆုံးမခြင်းမှ။ နိက္ခန္တော၊ ထွက်ပြီးလျက်။ ဣဒါနိ၊ ယခုအခါ၌။ ဣဓ၊ ဤတော အရပ်၌။ ကသ္မာ၊ အဘယ့်ကြောင့်။ မံ၊ အကျွန်ုပ်ကို။ ပသာသသိ၊ ဆုံးမပြန်သနည်း။

တရားသဘော ပြောခြင်းသာ

ထိုစကားကို ကြား၍ ဘုရားလောင်းသည် -

၇၈။ ဓမ္မံ ဘဏာမိ ဝေဒေဟ၊ အဓမ္မော မေ န ရုစ္စတိ။
ဓမ္မံ မေ ဘာသမာနဿ၊ န ပါပ မုပလိမ္ပတိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၈။ ဝေဒေဟ၊ ဝိဒေဟ ရှင်ရသေ့။ အဟံ၊ ငါသည်။ ဓမ္မံ၊ တရားသဘောကိုသာလျှင်။ ဘဏာမိ၊ ဆို၏။ မယာ၊ ငါသည်။ အဓမ္မော၊ တရားသဘော မဟုတ်သည်ကို။ န ရုစ္စတိ၊ မနှစ်သက်။ ဓမ္မံ၊ တရားသဘော ဟုတ်သည်ကို။ ဘာသမာနဿ၊ ဆိုသော။ မေ၊ ငါ့အား။ ပါပံ၊ မကောင်းမှုသည်။ န ဥပလိမ္ပတိ၊ မလိမ်းကျံ။

အပြောကြမ်းက မခံသာ

ဝိဒေဟ ရသေ့သည် ဘုရားလောင်း၏ စကားကိုကြား၍ ဆရာ အကျိုးကိုမှီသော စကားကို ဆိုသောသူသည်လည်း သူတစ်ပါးကို ထိခိုက်ချုပ်ချယ်၍ ဆိုခြင်းငှာ မသင့်၊ ငါ့ကိုထက်သော ဓားငယ်ဖြင့် ဖြတ်ဘိသကဲ့သို့ အလွန်ကြမ်းသောစကားကို ဆို၏ဟု ဆိုလို၍-

၇၉။ ယေန ကေနစိ ဝဏ္ဏေန၊ ပရော လဘတိ ရုပ္ပနံ။
မဟတ္ထိယမ္ပိ စေ ဝါစံ၊ န တံ ဘာသေယျ ပဏ္ဍိတော။

ဟူသော လေးခုမြောက်ခု ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၉။ အာစရိယ၊ ဆရာ။ ယေန ကေနစိ ဝဏ္ဏေန၊ တစ်စုံ တစ်ခုသော အကြောင်းဖြင့်။ ပရော၊ သူတစ်ပါးသည်။ ရုပ္ပနံ၊ အမျက်ထွက်ခြင်းကို။ လဘတိ၊ ရ၏။ စေ၊ အကယ်၍။ မဟတ္ထိယမ္ပိ၊ များစွာသော အကျိုးကို မှီငြားသော်လည်း။ တံ ဝါစံ၊ ထိုစကားကို။ ပဏ္ဍိတော၊ ပညာရှိသည်။ န ဘာသေယျ၊ မဆိုရာ။

အကျိုးရှိရာ နားထောင်

ထိုအခါ ဝိဒေဟရသေ့အား ဘုရားလောင်းသည်-

ဝ။ ကာမံ ရုပ္ပတု ဝါ မာ ဝါ၊ ဘုသံဝ ဝိကိရိယျတု။
ဓမ္မံ မေ ဘဏမာနဿ၊ န ပါပ မုပလိမ္ပတိ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၀။ ဝိဒေဟ၊ ဝိဒေဟ ရှင်ရသေ့။ ဩဝဒိယမာနော၊ ဆုံးမအပ်သောသူသည်။ ကာမံ၊ စစ်စစ်။ ရုပ္ပတု ဝါ၊ အမျက်ထွက် သည်မူလည်း ဖြစ်စေ။ မာ ဝါ၊ အမျက်မထွက်သည်မူလည်းဖြစ်စေ။ ဘုသံဝ၊ ဖွဲကဲ့သို့။ ဝိကိရိယျတု ဝါ၊ လွှင့်သည်မူလည်းဖြစ်စေ။ ဓမ္မံ၊ တရားသဘောကို။ ဘဏမာနဿ၊ ဆိုသော။ မေ၊ ငါ့အား။ ပါပံ၊ မကောင်းမှုသည်။ န ဥပလိမ္ပတိ၊ မလိမ်းကျံ။

ဤသို့ဆို၍လည်း အာနန္ဒာ... အိုးထိန်းသည်သည် စိုကုန်သောမြေတို့ကို နှိပ်၍ လုံ့လပြုသကဲ့သို့ ထို့အတူ ငါသည် လုံ့လပြုအံ့၊ အာနန္ဒာ ငါဘုရားသည် ဆိုအံ့-အကြင်အနှစ်သည် ရှိ၏။ ထိုအနှစ်သည် တည်လတ္တံ့၊ ဤသို့လာသော မြတ်စွာဘုရား အဆုံးအမလျော်သော အကျင့်၌ တည်၍ အိုးထိန်းသည်သည် အိုးတို့၌ အဖန် တလဲလဲခတ်၍ စိမ်းသောအိုးတို့ကို မယူမူ၍ ကောင်းစွာ ကျက်သည်သာလျှင် ဖြစ်သော အိုးကို ယူသကဲ့သို့ ထို့အတူ အဖန် တလဲလဲ ဆုံးမ၍ နှိပ်၍ ကျက်သောအိုးနှင့်တူသော ပုဂ္ဂိုလ်ကို ယူအပ်၏ဟု ပြအံ့သောငှာ ဝိဒေဟ ရသေ့ကို တစ်ဖန် ဆုံးမလိုကကား-

၈၁။ နောစေ အဿ သကာဗုဒ္ဓိ၊ ဝိနယောဝါ သုသိက္ခိတော။
ဝနေ အန္ဓမဟိံသောဝ၊ စရေယျ ဗဟုကော ဇနော။
၈၂။ ယသ္မာ စ ပနိဓေကစ္စေ၊ အာစေရမှိ သုသိက္ခိတာ။
တသ္မာ ဝိနီတဝိနယာ၊ စရန္တိ သုသမာဟိတာ။

ဟူသော ဤနှစ် ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၈၁။ ဝေဒေဟ၊ ဝိဒေဟ ရှင်ရသေ့။ ဣမေသံ သတ္တာနံ၊ ဤသတ္တဝါတို့အား။ သကာဗုဒ္ဓိ၊ မိမိဥစ္စာဖြစ်သော ပညာသည်လည်းကောင်း။ ဝိနယော၊ ဆုံးမတတ်သော ပညာရှိကိုမှီ၍ သင်အပ်သော။ သုသိက္ခိတော ဝါ၊ ကောင်းသော အကျင့်သည်လည်းကောင်း။ နော စေ အဿ၊ ကယ်၍ မရှိသည်ဖြစ်ငြားအံ့။ ဗဟုကော၊ များစွာသော။ ဇနော၊ လူအပေါင်းသည်။ ဝနေ၊ တော၌။ အန္ဓမဟိံသော ဝ၊ ကန်းသော ကျွဲကဲ့သို့။ စရေယျ၊ ဖောက်လွဲဖောက်ပြန် ကျင့်ရာ၏။

֍ ဋ္ဌ ၈၂။ ယသ္မာ စ ပန၊ အကြင်ကြောင့်ကား။ ဣဓ၊ ဤလောက၌။ ဧကစ္စေ၊ အချို့ကုန်သော သူတို့သည်။ အာစေရမှိ၊ ဆရာ့အထံ၌။ သုသိက္ခိတာ၊ ကောင်းစွာ သင်အပ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဝိနီတဝိနယာ၊ ဆုံးမအပြီးသော ဝိနည်းရှိကုန် သည်ဖြစ်၍။ သုသမာဟိတာ၊ ကောင်းစွာ တည် ကြည်ကုန်သည် ဖြစ်၍။ စရန္တိ၊ မတိမ်းမစောင်း ကောင်းစွာ ကျင့်နိုင်ကုန်၏။

ကျွန်ုပ်မှားပါပြီ

ထိုစကားကိုကြား၍ ဝိဒဟရသေ့သည် ဆရာ ဤနေ့မှ စ၍ အကျွန်ုပ်ကို ဆုံးမပါလော့၊ အဖန်တလဲလဲ ဆုံးမပါလော့၊ ကျွန်ုပ်သည် သည်းမခံတတ်သော သဘောရှိသည် အဖြစ်ဖြင့် ဆရာတို့နှင့်တကွ ဆိုမိ၏။ အကျွန်ုပ်၏ ထိုအပြစ်ကို သည်းခံပါလော့ဟု ရှိခိုး၍ ဘုရားလောင်းကို ကန်တော့၏။

ထိုနှစ်ပါးကုန်သော ရသေ့တို့သည် ညီညွတ်စွာနေ၍ တစ်ဖန် ဟိမဝန္တာသို့လျှင် သွားကုန်၏။ ထိုဟိမဝန္တာ၌ ဘုရားလောင်းသည် ဝိဒေဟရသေ့အား ကသိုဏ်းပရိကံကို ဟော၏။ ထိုဝိဒေဟ ရသေ့သည် ထိုပရိကံကိုပြု၍ အဘိ ညာဉ်တို့ကိုလည်းကောင်း၊ သမာပတ်တို့ကိုလည်းကောင်း၊ ဖြစ်စ၏။ ဤသို့ ထိုနှစ်ပါးကုန်သော ရသေ့တို့သည်လည်း မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဝိဒေဟမင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဂန္ဓာရမင်းဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ပစ္စည်းပစ္စယ၊ သိမ်းဆည်းကြ၊ သောကရောက်ကြောင်းသာ

ရှေးဦးစွာသော ဂန္ဓာရဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၂။ မဟာကပိဇာတ်

အမျိုးသားတို့အတွက် အသက်ကိုမငဲ့ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အတ္တာနံ သင်္ကမံ ကတွာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ မဟာကပိဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဆွေတော်မျိုးတော်တို့၏ အကျိုးငှာ ကျင့်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် ဘဒ္ဒသာလဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ ထိုအခါ၌ကား တရားသဘင်၌ ရဟန်းတို့သည် ငါ့ရှင်တို့ သဗ္ဗညူ မြတ်စွာဘုရားသည် ဆွေတော်မျိုးတော်တို့၏ အကျိုးကို ကျင့်တော်မူ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့... ယခုအခါ၌သာလျှင် ငါဘုရားသည် ဆွေတော်မျိုးတော်တို့၏ အကျိုးကို ကျင့်သည်မဟုတ်၊ ရှေး၌လည်း ငါဘုရားသည် ဆွေတော်မျိုးတော်တို့၏ အကျိုးကို ကျင့်ဖူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မျောက်အမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် အလုံး အရပ်နှင့် ပြည့်စုံ၏။ အစွမ်းနှင့်ပြည့်စုံ၏။ ဆင်ငါးစီးအားကို ဆောင်၏။ မျောက်ရှစ်သောင်း အခြံအရံရှိသည်ဖြစ်၍ ဟိမဝန္တာ၌ နေ၏။

အဗ္ဘန္တရ သရက်သီး

ထိုဟိမဝန္တာ၌ ဂင်္ဂါကမ်းနားကိုမှီ၍ အခက်အခွနှင့် ပြည့်စုံသော အေးမြသော အရိပ်ရှိသော ထူသောအရွက်ရှိသော တောင်ထွတ်ကဲ့သို့သော ကောငြးစွာတကဩော သရက်ပင်သည် ရှိ၏။ (ပညောင်ပင်ဟူ၍လည်း ဆိုကုန်၏။ ) ထိုသရက်ပင်အား နတ်၌ဖြစ်သော အနံ့အရသာ နှင့် တူကုန်သော အနံ့အရသာ ရှိကုန်သော ကြီးကုန်သော အိုးစရည်းပမာဏ ရှိကုန်သော ချိုကုန်သော အသီးတို့သည် ရှိကုန်၏။ ထိုသရက်ပင်၏ တစ်ခုသောအခက်မှ အသီးတို့သည် ကြည်း၌ ကျကုန်၏။ တစ်ခုသော အခက်မှ အသီးတို့သည် ဂင်္ဂါရေ၌ ကျကုန်၏။ နှစ်ကုန်သော အကိုင်းတို့၏ အလယ်ဖြစ်သော အသီးတို့သည် သစ်ပင်ရင်း၌ ကျကုန်၏။ ဘုရားလောင်းသည် မျောက်အပေါင်းကို ယူ၍ ထိုသရက်ပင်၌ အသီးတို့ကိုစားလျက် တစ်ခုသောကာလ၌ ဤသရက်ပင်၏ ရေ၌ကျသော အသီးကိုမှီ၍ ငါတို့အား ဘေးဖြစ်လတ္တံ ဟု ရေအထက်၌ အခက်မှ တစ်လုံးသော အသီးကိုမျှလည်း မကြွင်းစေမူ၍ ပွင့်သောကာလမှစ၍ စားလည်း စားစေ၏။ ချလည်း ချစေ၏။

ဘုရင်သိပြီ

ဤသို့ ပြုငြားသော်လည်း ရှစ်သောင်းကုန်သော မျောက်တို့သည် မမြင်သော ပိုးရွတို့သည် ပြုပ်သော သစ်ရွက်ထုပ်ဖြင့် ဖုံးလွှမ်းသော တစ်လုံးသော သရက်သီးမှည့်သည် မြစ်၌ကျ၍ ဂင်္ဂါမြစ်၏ အကြေသို့ အစဉ်လျှောက်၍ မျောလေသော အထက်၌လည်းကောင်း၊ အောက်၌ လည်းကေင်း ကွန်ကိုဖွဲ့၍ ရေ စားခြင်းကို ကစားသော ဗာရာဏသီမင်း၏ အထက်ကွန်၌ ငြိ၏။ မင်းသည် တစ်နေ့ပတ်လုံး ကစား၍ ညဉ့်အခါ၌ တံငါတို့သည် ကွန်ကို ချီကုန်သည်ရှိသော် ထိုသရက်သီးကိုမြင်၍ ဤမည်သော အသီးဟု မသိကုန်သည်ဖြစ်၍ မင်းအား ပြကုန်၏။ မင်းသည် ဤအသီးကား အဘယ်အသီးနည်းဟု မေး၏။ အရှင်မင်းကြီး... မသိကုန်ဟု ဆိုကုန်၏။ အဘယ် သူတို့သည် သိကုန်လတ္တံ့နည်းဟု မေး၏။ အရှင်မင်းကြီး မုဆိုးတို့သည် သိကုန်လတ္တံ့ဟု ဆိုကုန်၏။ မင်းသည် မုဆိုးတို့ကို ခေါ်စေ၍ မေး၍ မုဆိုးတိုအထံမှ သရက်သီးမှည့်ဟု ကြား၍ ဓားငယ်ဖြင့်ခွဲ၍ ရှေးဦးစွာ မုဆိုးတို့ကို စားစေ၍ နောက်မှ မိမိသည် စား၏။ မောင်းမအပေါင်းကိုလည်းကောင်း အမတ်တို့ကိုလည်းကောင်း စားစေ၏။ သရက်သီးမှည့်၏ အရသာသည် မင်း၏ ကိုယ်အလုံး နှံ့၍ တည်၏။ မင်းသည် ရသတဏှာဖြင့် ဖွဲ့အပ်သည်ဖြစ်၍ ထိုသရက်ပင်တည်ရာ အရပ်ကို မုဆိုးတို့အား မေး၏။ မုဆိုးတို့သည် ဟိမဝန္တာအရပ်ဝယ် မြစ်နား၌ရှိ၏ ဟု ဆိုသည်ရှိသော် များစွာသော လှေဖောင်တို့ကို ဖွဲ့စေ၍ မုဆိုးတို့သည် ညန့်အပ်သောခရီးဖြင့် အညာသို့ သွား၏။ ဤမျှသော နေ့တို့ပတ်လုံး သွား၏ဟု အပိုင်းအခြားကို မဆိုအပ်။ အစဉ်သဖြင့်ကား ထိုအရပ်သို့ရောက်၍ အရှင်မင်းကြီး ဤသစ်ပင်တည်းဟု မုဆိုးတို့သည် မင်းအား ကြားကုန်၏။

မင်းသည် လှေတို့ကို မြစ်၌ထားခဲ့၍ များစွာသော လူအပေါင်း ခြံရံလျက် ခြေဖြင့် ထိုအရပ်သို့ သွား၍ သရက်ပင်၌ အိပ်ရာကိုခင်းစေ၍ သရက်သီးမှည့်တို့ကို စား၍ အထူးထူးသော အရသာရှိသော ဘောဇဉ်ကိုစား၍ အိပ်၏။

မျောက်များကို သတ်စေ

ခပ်သိမ်းသော အရပ်မျက်နှာတို့၌ အစောင့် အရှောက်ထား၍ မီးကိုညှိကုန်၏။ ဘုရားလောင်းသည် လူတို့သည် အိပ်ပျော်ခြင်းသို့ ရောက်ကုန်လတ်သော် သန်းခေါင်းအခါ၌ ပရိသတ်နှင့်တကွ သွား၏။ ရှစ်သောင်းကုန်သော မျောက်တို့သည် သစ်ခက်တစ်ခုမှ သစ်ခက်တစ်ခုသို့ သွားကုန်လျက် သရက်သီးတို့ကို စားကုန်၏။ မင်းသည် နိုး၍ မျောက်အပေါင်းကို မြင်၍ လူတို့ကိုထစေ၍ လေးသမားတို့ကို ခေါ်စေ၍ အကြင် အခြင်းဖြင့် ဝန်းရံသည်ရှိသော် သရက်သီးကို စားကုန်သော ထိုမျောက်တို့သည် မပြေးကုန်၊ ထိုအခြင်းဖြင့် ထိုအရပ်ကို ခြံရံ၍ နက်ဖြန် သရက်သီးတို့ကိုလည်းကောင်း မျောက်သားတို့ကို လည်းကောင်း စားကုန်အံ့ဟု ဆို၏။ လေးသမားတို့သည် ကောင်းပြီ ဟု ဝန်ခံ၍ သရက်ပင်ကို ခြံရံ၍ မြားတို့ကိုဖွဲ့၍ တည်ကုန်၏။ ထိုမျောက်တို့သည် မြင်ကုန်၍ သေဘေးမှ ကြောက်ကုန်သည်ဖြစ်၍ ပြေးအံ့သောငှာ မတတ်နိုင်ကုန်ရကား ဘုရားလောင်းသို့ ကပ်ကုန်၍ အရှင်... ပြေးကုန်သော မျောက်တို့ကို ပစ်အံ့ဟု သရက်ပင်ကိုခြံရံ၍ လေးသမားတို့သည် တည်ကုန်၏။ အသို့ ပြုကုန်အံ့နည်းဟု မေး၍ တုန်လှုပ်ကုန်လျက် တည်ကုန်၏။

မျောက်မင်း ကယ်ဆယ်ပုံ

ထိုအခါ ဘုရားလောင်းသည် မကြောက်ကြကုန်လင့်၊ ငါသည် သင်တို့အား အသက်ကိုပေးအံ့ ဟု မျောက် အပေါင်းတို့ကို နှစ်သိမ့်စေ၍ ဖြောင့်စွာတက်သော သစ်ပင်သစ်ခက်ကို တက်၍ ဂင်္ဂါသို့ ရှေးရှုသွား၍ ထိုသစ်ခက်စွန်းမှခုန်၍ လေးအပြန်တစ်ရာ အတိုင်းအရှည်ရှိသော အရပ်ကို လွန်၍ ဂင်္ဂါနား၌ တစ်ခုသော ချုံအထက်၌ ကျ၍ ထိုချုံမှသက်၍ ငါ၏ လာရာအရပ်သည် ဤမျှရှိသည် ဖြစ်လတ္တံ့ ဟု ကောင်ကင်ဖြင့် ပိုင်းခြား၍ တစ်ခုသော ကြိမ်နွယ်ကိုဖြတ်၍ ဤမျှသော အရပ်သည် သစ်ပင်၌ ဖွဲ့သည်ဖြစ်လတ္တံ့၊ ဤမျှသောအရပ်သည် ကောင်းကင်၌တည်သည် ဖြစ်လတ္တံ့ဟု နှစ်ပါးသော အရပ်တို့ကို မှတ်၍ မိမိခါး၌ ဖွဲ့ရာအရပ်ကိုကား မမှတ်မိ၊ ဘုရားလောင်းသည် ထိုနွယ်ကိုယူ၍ တစ်ခုသော အစွန်းကို ဂင်္ဂါနားဝယ် တည်သောသစ်ပင်၌ ဖွဲ့၍ တစ်ခုသော အခွန်းကို မိမိခါး၌ဖွဲ့၍ လေကြောင့်ပြတ်သော တိမ်ကဲ့သို့ လေအဟုန်ဖြင့် လေးအပြန်တစ်ရာ အတိုင်းအရှည်ရှိသော အရပ်ကိုခုန်၍ ခါး၌ ဖွဲ့ရာအရပ်ကို မမှတ်မိသည်၏ အဖြစ်ကြောင့် သစ်ပင်သို့ ရောက်အံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ လက်နှစ်ဖက်တို့ဖြင့် သရက်ခက်ကို မြဲစွာကိုင်၍ မျောက်အပေါင်းအား အမှတ် ပေး၏။ လျင်စွာ ငါ၏ကျောက်ကို နင်းကုန်လျက် ကြိမ်နွယ်ဖြင့် ချမ်းသာစွာ သွားခြင်းကို သွားကုန်လော့ ဟု ဆို၏။ ရှစ်သောင်းကုန်သော မျောက်တို့သည် ဘုရားလောင်းကို ရှိခိုးကုန်၍ ကန်တော့ကုန်၍ ဘုရားလောင်း ဆိုတိုင်း သွားကြကုန်၏။

မျောက်ယုတ်မာ

ထိုအခါ ဒေဝဒတ်သည်လည်း မျောက်ဖြစ်၍ ထိုမျောက်တို့၏ အတွင်း၌ ဖြစ်၏။ ဒေဝဒတ်အလောင်း မျောက်သည် ဤအခါသည်ကား ငါ၏ရန်သူ ပျက်စီးခြင်းကို မြင်ရအံ့သောအခါတည်းဟု မြင့်သော အကိုင်းသို့ တက်၍ အဟုန်ကို ဖြစ်စေ၍ ဘုရားလောင်း၏ ကျောက်၌ ကျစေ၏။ ဘုရားလောင်း၏ နှလုံးသည် ကွဲ၏။ ပြင်းစွာသောဝေဒနာသည် ဖြစ်၏။ ထိုဒေဝဒတ်အလောင်း မျောက်သည်လည်း ဘုရားလောင်းကို ဝေဒနာသို့ ရောက်သည်ကို ပြု၍ ဖဲ၏။ ဘုရားလောင်းသည် အဖော်မရှိသည်လျှင် ဖြစ်၏။

မင်းကြီး မေးခြင်း

ဗာရာဏသီမင်းသည် မအိပ်ဘဲ မျောက်တို့သည်လည်းကောင်း ဘုရားလောင်းသည်လည်းကောင်း ပြုအပ်သော အလုံးစုံသော အမူအရာကိုမြင်၍ ဤမျောက်သည် တိရစ္ဆာန်ဖြစ်လျက် မိမိအသက်ကို မရေတွက်မူ၍ ပရိသတ်၏ ချမ်းသာ သော အဖြစ်ကိုသာလျှင် ပြု၏ ဟု ကြံလျက် အိပ်၏။ မင်းသည် နံနက်လင်းလတ်သော် ဘုရားလောင်းကို နှစ်သက်၍ မျောက်မင်းကို ဖျက်ဆီးအံ့သောငှာ မသင့်၊ ဥပါယ်ဖြင့် ထိုမျောက်ကို သက်စေ၍ လုပ်ကျွေးအံ့ဟု ဂင်္ဂါအတွင်း၌ လှေဖောင်ကိုထား၍ ထိုဖောင်၌ ငြမ်းဖွဲ့၍ ဖြည်းညင်းသာယာစွာ ဘုရားလောင်းကို သက်စေ၍ ကျောက်၌ ဖန်ရည်စွန်းသော အဝတ်ကို ဖြန့်စေ၍ ဂင်္ဂါရေဖြင့် ချိုးစေ၍ တင်လဲရေကို သောက်စေ၍ ခြောက်သောကိုယ်ကို အကြိမ်တစ်ထောင်ချက်သော ဆီဖြင့်နယ်၍ အိပ်ရာအပြင်၌ သိုးရေကို ခင်းစေ၍ ဖြည်းညင်းသာယာစွာ သိုးရေအခင်း၌ အိပ်စေ၍ မိမိသည် နိမ့်သောနေရာ၌နေ၍ -

၈၃။ အတ္တာနံ သင်္ကမံ ကတွာ၊
ယော သောတ္ထိံ သမတာရယိ။
ကိံ တွံ တေသံ ကိမေ တုယှံ၊
ဟောန္တိ ဧတေ မဟာကပိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၃။ မဟာကပိ၊ မျောက်ကြီး။ ယော တွံ၊ အကြင်သင်သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ သင်္ကမံ ကတွာ၊ တံတားပြု၍။ ဣမေ ဝါနရေ၊ ဤမျောက်တို့ကို။ သောတ္ထိံ သမတာရယိ၊ ဘေးမရှိသည်ကို ပြု၍ ကူးစေ၏။ တွံ၊ သင်သည်။ တေသံ၊ ထိုမျောက်တို့အား။ ကိံ အဟောသိ၊ အသို့တော်သနည်း။ ဧတေ၊ ထိုမျောက်တို့သည်လည်း။ တုယှံ၊ သင့်အား။ ကိံ ဟောန္တိ၊ အသို့တော်ကုန်သနည်း။

မျောက်မင်း အဖြေတရား

ထိုစကားကိုကြား၍ ဘုရားလောင်းသည် မင်းကို ဆုံးမလိုသည်ဖြစ်၍-

၈၄။ ရာဇာဟံ ဣဿရော တေသံ၊
ယူထဿ ပရိဟာရကော။
တေသံ သောကပရေတာနံ၊
ဘီတာနံ တေ အရိန္ဒမ။
၈၅။ ဥလ္လိင်္ဃယိတွာ အတ္တာနံ၊ ဝိဿဋ္ဌဓနုနော သတံ။
တတော အပရပါဒေသု၊ ဒဠှံ ဗန္ဓံ လတာဂုဏံ။
၈၆။ ဆိန္နဗ္ဘမိဝ ဝါတေန၊ နုဏ္ဏော ရုက္ခံ ဥပါဂမိ။
သောဟံ အပ္ပဘဝံ တတ္ထ၊
သာခံ ဟတ္ထေဟိ အဂ္ဂဟိံ။
၈၇။ တံ မံ ဝိယာယတံ သန္တံ၊ သာခါယ စ လတာယ စ။
သမနုက္ကမန္တာ ပါဒေဟိ၊ သောတ္ထိံ သာခါမိဂါ ဂတာ။
၈၈။ တံ မံ န တပတေ ဗန္ဓော၊
မတော မေ န တပေဿတိ။
သုခမာဟရိတံ တေသံ၊ ယေသံ ရဇ္ဇမကာရယိံ။
၈၉။ ဧသာ တေ ဥပမာ ရာဇ၊ တံ သုဏောဟိ အရိန္ဒမ။
ရညာ ရဋ္ဌဿ ယောဂ္ဂဿ၊ ဗလဿ နိဂမဿ စ။
သဗ္ဗေသံ သုခမေဋ္ဌဗ္ဗံ၊ ခတ္တိယေန ပဇာနတော။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၈၄။ အရိန္ဒမ၊ ရန်သူတို့ကို ဆုံးမတတ်သော မင်းကြီး။ အဟံ၊ ငါသည်။ ယူထဿ၊ မျောက်အပေါင်းကို။ ပရိဟာရကော၊ ဆောင်သော။ ဣဿရော၊ အစိုးရသော။ တေသံ၊ ထိုရှစ်သောင်းသော မျောက်တို့၏။ ရာဇာ၊ မင်းတည်း။ တေ- တယာ၊ သင်မင်းကြီးမှ။ ဘီတာနံ၊ ကြောက်ကုန်သော။ သောကပရေတာနံ၊ သောကသည် နှိပ် စက်အပ်ကုန်သော။ တေသံ၊ ထိုမျောက်တို့၏။ အတ္ထာယ၊ အကျိုးငှာ။

֍ ဋ္ဌ ၈၅။ အတ္တာနံ၊ မိမိကိုယ်ကို။ ဝိဿဋ္ဌဓနုနော၊ ညှို့မှလွှတ်သောလေး၏။ သတံ၊ အပြန်တစ်ရာ အတိုင်းအရှည်ရှိသော အရပ်ကို။ ဥလ္လိင်္ဃယိတွာ၊ ကောင်းစွာခုန်၍။ တတော၊ ထိုအရပ်မှ။ အပရပါဒေသု၊ နောက်ခြေတို့၌။ လတာဂုဏံ၊ ယူအပ်သော နွယ်ကို။ ဒဠှံ၊ မြဲစွာ။ ဗန္ဓံ၊ ဖွဲ့၍။

֍ ဋ္ဌ ၈၆။ ဆိန္နဗ္ဘမိဝ၊ လေကြောင့်ပြတ်သော တိမ်ကဲ့သို့။ ဝါတေန၊ မိမိအဟုန်ကြောင့်ဖြစ်သောလေသည်။ နုဏ္ဏော၊ လွှင့်အပ်သည်ဖြစ်၍။ ရုက္ခံ၊ သရက်ပင်သို့။ ဥပါဂမိ၊ ကပ်၏။ သောဟံ၊ ထိုငါသည်။ တတ္ထ၊ ထိုကောင်းကင်ပြင်၌။ အပ္ပဘဝံ၊ ဤသရက်ပင်သို့ ရောက်အံ့သောငှာ မစွမ်းနိုင်သည်ဖြစ်၍။ သာခံ၊ သရက်ခက်ကို။ ဟတ္တေဟိ၊ လက်နှစ်ဖက်တို့ဖြင့်။ အဂ္ဂဟိံ၊ ကိုင်ဆွဲ၏။

֍ ဋ္ဌ ၈၇။ အာယတံ ဝိယ၊ စောင်း၌ သီအပ်သော စောင်းညှို့ကဲ့သို့။ သာခါယ စ၊ သရက်ခက်သည်လည်းကောင်း။ လတာယ စ၊ နွယ်သည်လည်းကောင်း။ အယတံ၊ ငင်အပ်သည်။ သန္တံ၊ ဖြစ်သော။ တံ မံ၊ ထိုငါ့ကို။ သာခါမိဂါ၊ မျောက်အပေါင်းတို့သည်။ ပါဒေဟိ၊ ခြေတို့ဖြင့်။ သမနုက္ကမန္တာ၊ ရိုသေစွာ နင်းကုန်လျက်။ သောတ္ထိံ၊ ချမ်းသာစွာ။ ဂတာ၊ သွားကုန်၏။

֍ ဋ္ဌ ၈၈။ ယသ္မာ၊ အကြင်ကြောင့်။ အဟံ၊ ငါသည်။ ယေယံ၊ အကြင်မျောက်တို့၏။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ အကာရယိံ၊ ပြု၏။ မယာ၊ ငါသည်။ တေသံ၊ ထိုမျောက်တို့၏။ သုခံ၊ ချမ်းသာကို။ အာဟရိတံ၊ ဆောင်အပ်၏။ တသ္မာ၊ ထိုကြောင့်။ ဗန္ဓော၊ ကြိမ်နွယ်ဖြင့် နှောင်ဖွဲ့ခြင်းသည်။ တံ မံ၊ ထိုငါ့ကို။ န တပတေ၊ မပူပန်စေ။ မေ၊ ငါ့အား။ မရဏံ၊ သေခြင်းသည်။ န တပေဿတိ၊ မပူပန် စေလတ္တံ့။

֍ ဋ္ဌ ၈၉။ အရိန္ဒမ၊ ရန်သူတို့ကို ဆုံးမတတ်သော။ ရာဇ၊ မင်းမြတ်။ တေ၊ သင်မင်းမြတ်အား။ ဧသာဥပမာ၊ ဤဥပမာကို။ ကထိတာ၊ ဆိုအပ်၏။ တံ၊ ထိုဥပမာဖြင့် နှီးနှော၍ဆိုသော စကားကို။ သုဏောဟိ၊ နာလော့။ ရညာ၊ မင်းသည်။ ရဋ္ဌဿ စ၊ တိုင်းနိုင်ငံသူ၏လည်းကောင်း။ ယောဂ္ဂဿ စ၊ ရထား အစရှိသော ယာဉ်စီသူရဲ၏လည်းကောင်း။ ဗလဿ စ၊ ဗိုလ်ပါ၏လည်းကောင်း။ နိဂမဿ စ၊ နိဂုံးသူ အပေါင်း၏ လည်းကောင်း။ သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော သူတို့၏။ သုခံ၊ ချမ်းသာကို။ ဧတဗ္ဗံ၊ ရှာအပ်၏။ ခတ္တိယေန၊ မင်းမည်သည်။ ပဇာနတာ၊ ဉာဏ်နှင့်ပြည့်စုံသည်။ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။

မီးသင်္ဂြိုဟ် ပူဇော်ခြင်း

ဤသို့ ဘုရားလောင်းသည် မင်းကိုဆုံးမလျက်လျှင် သေ၏။ မင်းသည် အမတ်တို့ကိုခေါ်စေ၍ ဤမျောက်မင်း၏ အလောင်းကို သင်္ဂြိုဟ်ခြင်းကိစ္စကို မင်းတို့၏ အလောင်းကို သင်္ဂြိုဟ်သကဲ့သို့ ပြုကြကုန်လော့ဟု ဆို၍ မင်းမောင်းမအပေါင်းကိုလည်း သင်တို့သည် နီသောအဝတ်ကို ဝတ်ကုန်လျက် ဖရိုဖရဲကြဲသော ဆံရှိကုန် သည်ဖြစ်၍ ဆီမီးတိုင် လက်စွဲကုန်လျက် မျောက်မင်းကို ခြံရံ၍ သုသာန်သို့ လိုက်ကြကုန်လော့ ဟု စေ၏။ အမတ်တို့သည် ထင်းအစည်းတစ်ရာတို့ဖြင့် ထင်းပုံကို ပြုကုန်၏။ ဘုရားလောင်း၏ အလောင်းကို သင်္ဂြိုဟ်ခြင်းကိစ္စကို မင်းတို့အား သင်္ဂြိုဟ်ခြင်းကို ပြုအပ်သောနည်းဖြင့်လျှင် ပြု၍ ဦးခေါင်းခွံကို ယူ၍ မင်း၏အထံသို့ သွားကုန်၏။ မင်းသည် ဘုရားလောင်း၏ သင်္ချိုင်း၌ စေတီတည်၍ ဆီမီးညှိထွန်း၍ နံ့သာပန်း စသည်တို့ဖြင့် ပူဇော်၍ ဦးခေါင်းခွံကို ရွှေမွမ်းမံ၍ လှံဖျား၌ထား၍ ရှေ့မှဆောင်စေ၍ နံ့သာပန်း စသည်တို့ဖြင့် ပူဇော်လျက် ဗာရာဏသီသို့ရောက်၍ လှံကို မင်းအိမ်တံခါး၌ထား၍ မြို့အလုံးကို တန်ဆာဆင်စေ၍ ခုနစ်ရက်ပတ်လုံး (အရိုး)ဓာတ်အား ပူဇော်ခြင်းကို ပြု၍ ထို့နောင်မှ ထိုဓာတ်ကိုယူ၍ စေတီတည်၍ အသက်ထက်ဆုံး ပန်း နံ့သာတို့ဖြင့် ပူဇော်၍ ဘုရားလောင်း အဆုံးအမ၌ တည်၍ အလှူအစရှိသော ကောင်းမှုတို့ကိုပြု၍ တရားသဖြင့် မင်းပြု၍ နတ်ပြည်သို့လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ပြီ၊ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ပြစ်မှားသော မျောက်ဖြစ်ပြီ၊ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ မျောက်မင်း၏ ပရိသတ်ဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မျောက်မင်းဖြစ်ဟု ဇာတ်ကို ပေါင်းတော်မူ၏။

မင်းမည်သည်ကား၊ လူအများ၊ စီးပွားဆောင်ရွက်ရာ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော မဟာကပိဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၃။ ကုမ္ဘကာရဇာတ်

ကိလေသာတို့၏ အလိုသို့ မလိုက်သင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အမ္ဗာဟမဒ္ဒံ ဝနမန္တရသ္မိံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုမ္ဘကာရဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကိလေသာအား နှိပ်စက်ခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် ပညာသဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။ ထိုအခါ၌ကား သာဝတ္ထိပြည်၌ ငါးရာကုန်သော အဆွေ ခင်ပွန်းတို့သည် ရဟန်းပြုကုန်၍ ဇေတဝန်ကျောင်းတော် အတွင်း၌ နေကုန်လျက် သန်းခေါင်ယံအခါ၌ ကာမဝိတက်ကို ကြံကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကိုယ်တော်၏ သာဝကတို့ကို ညဉ့်သုံးကြိမ် နေ့သုံးကြိမ် ဤသို့ ညဉ့်နေ့ ခြောက်ကြိမ် သာဝကတို့ကို ကြည့်လျက် ယစ်မသည် အဥကို စောင့်သကဲ့သို့။ စာမရီသည် အမြီးကို စောင့်သကဲ့သို့။ အမိသည် ချစ်စွာသောသားကို စောင့်သကဲ့သို့။ မျက်စိတစ်ဖက်သာ ရှိသော ယောက်ျားသည် မျက်စိတစ်ဖက်ကို စောင့်သကဲ့သို့ ထိုခဏ၌ဖြစ်သော ကိလေသာရှိသော ရဟန်းတို့ကို နှိပ်၏။

ထိုမြတ်စွာဘုရားသည် ထိုနေ့ သန်းခေါင်ယံ အခါ၌ ဇေတဝန် ကျောင်းတော်ကို စုံစမ်းလျက် ထိုရဟန်းတို့၏ အတွင်း၌ ဤကိလေသာသည် ပွားသည်ရှိသော် အရဟတ္တဖိုလ်၏ အကြောင်းကို ဖျက်လတ္တံ့၊ ယခုအခါ၌လျှင် ထိုရဟန်းတို့အား ကိလေသာကိုနှိပ်၍ အရဟတ္တဖိုလ်ကို ပေးအံ့ ဟု ဂန္ဓကုဋိမှ ထွက်တော်မူ၍ အာနန္ဒာမထေရ်ကို ခေါ်တော်မူ၍ အာနန္ဒာ- ဇေတဝန် ကျောင်းတော်အတွင်း၌ နေကုန်သော ရဟန်းတို့ကို စည်းဝေးစေလော့ ဟု စည်းဝေးစေ၍ ခင်းအပ်သော ဘုရားနေရာ၌ နေတော်မူ၍ အတွင်း၌ဖြစ်သော ကိလေသာတို့၏ အလိုသို့ လိုက်ခြင်းငှာ မသင့်၊ ကိလေသာသည် ပွားလတ်သော် ရန်သူကဲ့သို့ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်စေတတ်၏။ ရဟန်းမည်သည် အနည်းငယ်လည်းဖြစ်သော ကိလေသာကို နှိပ်ခြင်းငှာ သင့်၏။ ပညာရှိတို့သည် အနည်းငယ်သောအာရုံကိုမြင်၍ အတွင်း၌ဖြစ်သော ကိလေသာကိုနှိပ်၍ ပစ္စေကဗောဓိဉာဏ်ကို ဖြစ်စေကုန်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီ မြို့တံခါးရွာ၌ အိုးထိန်းသည်အမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် ဥစ္စာကိုဖြစ်စေ၍ တစ်ယောက်သော သားနှင့် သမီးကိုရ၍ အိုးထိန်းသည်တို့၏ အမှုကိုမှီ၍ သားမယားတို့ကို မွေး၏။

ကလိင်္ဂမင်း သရက်ပင် သံဝေဂ

ထိုအခါ ကလိင်္ဂတိုင်း ဒန္တပူရမြို့၌ ကရဏ္ဍကမည်သောမင်းသည် များစွာသော အခြံအရံဖြင့် ဥယျာဉ်သို့ သွားသည်ရှိသော် ဥယျာဉ်တံခါး၌ အသီးဝန်ကိုဆောင်သော ချိုသော အသီးရှိသော သရက်ပင်ကိုမြင်၍ မြတ်သော ဆင်ကျောက် ကုန်းထက်၌ နေလျက်လျှင် လက်ကိုဆန့်၍ သရက်ခိုင်ကို ဆွတ်၍ ဥယျာဉ်သို့ဝင်၍ မင်္ဂလာကျောက်ဖျာ၌ နေလျက် ပေးအပ်သည်နှင့် ယှဉ်သောသူတို့ပေး၍ သရက်သီးကို စား၏။ မင်းသည် ယူအပ်သော ကာလမှ စ၍ ကြွင်းသောသူတို့မည်သည် ယူအပ်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် အမတ်တို့သည်လည်းကောင်း၊ ပုဏ္ဏားသူကြွယ် အစရှိသော သူတို့သည်လည်းကောင်း သရက်သီးတို့ကို ကျစေ၍ စားကုန်၏။ နောက်မှ လာကုန်သောသူတို့သည် သစ်ပင်သို့တက်၍ ဆောက်ပုတ်တို့ဖြင့် ချွေ၍ အခက်စနောင့်စနင်းရှိသည်ကိုပြု၍ စိမ်းသော သရက်သီးကိုလည်း မကြွင်းမကျန်စေမူ၍ စားကုန်၏။

မင်းသည် တစ်နေ့ပတ်လုံး ဥယျာဉ်၌ကစား၍ ညအခါ တန်ဆဆင်သော မြတ်သော ဆင်ကျောက်ကုန်း၌ နေ၍ သွားသည်ရှိသော် ထိုသရက်ပင်ကို မြင်၍ ဆင်းသက်၍ သရက်ပင်ရင်းသို့ သွား၍ သရက်ပင်ကို ကြည့်၍ ဤသရက်ပင်သည် နံနက် အခါ၌လျှင် ကြည့်ကုန်သော သူတို့အား မရောင့်ရဲခြင်းကို ပြု၏။ အသီးဝန်ကို ဆောင်၏။ တင့်တယ်စွာ တည်၏။ ယခုအခါ ယူအပ်သော အသီးရှိသည်ဖြစ်၍ အခက် စနောင့် စနင်း ရှိ၏။ မတင့်တယ်သည်ဖြစ်၍ တည်၏ ဟု ကြံ၍ တစ်ဖန် တစ်ပါးသောအရပ်သို့ ကြည့်လတ်သော် အသီးမရှိသော သရက်ပင်ကိုမြင်၍ ဤသရက်ပင်သည် မိမိ၏ အသီးမရှိသည်၏ အဖြစ်ကြောင့် ပတ္တမြားတောင်ကဲ့သို့ တင့်တယ်စွာတည်၏။ ဤသရက်ပင်သည် အသီးရှိသည်၏ အဖြစ်ကြောင့် ဤသို့ ပျက်စီးခြင်းသို့ ရောက်ရ၏။ ဤအိမ်၏အလယ်၌ နေခြင်းသည်လည်း အသီးရှိသော သရက်ပင်နှင့် တူ၏။ ရဟန်းအဖြစ်သည် အသီးမရှိသော သရက်ပင်နှင့် တူ၏။ ဥစ္စာရှိသော သူအားသာလျှင် ဘေးရှိ၏။ ဥစ္စာမရှိသောသူကား ဘေးမရှိ။ ငါသည်လည်း အသီးမရှိသော သရက်ပင်ကဲ့သို့ ဖြစ်ရာ၏ ဟု အသီးရှိသော သရက်ပင်ကို အာရုံပြု၍ သရက်ပင်ရင်း၌ တည်လျက်လျှင် လက္ခဏာရေး သုံးပါးတို့ကို မှတ်၍ ဝိပဿနာကို ပွားစေ၍ ပစ္စေကဗောဓိဉာဏ်ကို ဖြစ်စေ၍ ယခု ငါသည် အမိဝမ်းဟူသော ကုဋိကို ဖျက်ဆီးအပ်ပြီ၊ ဘုံသုံးပါးတို့၌ ပဋိသန္ဓေကို ဖျက်ဆီးအပ်ပြီ၊ သံသရာဟူသော မစင်မြေကို သုတ်သင်အပ်ပြီ၊ ငါသည် မျက်ရည်သမုဒ္ဒရာကို ခြောက်စေအပ်ပြီ၊ အရိုးတံတိုင်းကို ချိုးဖျက်အပ်ပြီ၊ ငါအား တစ်ဖန် ပဋိသန္ဓေသည် မရှိ ဟု ဆင်ခြင်လျက် ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် တည်၏။

ထိုအခါ မင်းကို အမတ်တို့သည် မြတ်သောမင်းကြီး ရပ်နေတော်မူသည်ကား ကြာမြင့်ပြီ ဟု ဆိုကုန်၏။ အမတ်တို... ငါသည် မင်းမဟုတ်ပြီ၊ ငါတို့သည် ပစ္စေကဗုဒ္ဓါ မည်ကုန်၏ ဟု ဆို၏။ အရှင်မင်းကြီး... ပစ္စေကဗုဒ္ဓါတို့မည်သည် သင်မင်းကြီးတို့ကဲ့သို့ မဖြစ်ကုန်ဟု ဆိုကုန်၏။ ထိုသို့ မဖြစ်ကုန်သော် အဘယ်သို့ သဘောရှိကုန်သနည်း ဟု ဆို၏။ အရှင်မင်းကြီး... ပစ္စေကဗုဒ္ဓါတို့သည် ချအပ်သော ဆံမုတ်ဆိတ်ရှိကုန်၏။ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ကုန်၏။ အမျိုး ၌လည်းကောင်း အခြွေအရံ၌ လည်းကောင်း ငြိတွယ်ခြင်း မရှိကုန်သည်ဖြစ်၍ လေကြောင့်ပြတ်သော တိမ်နှင့်တူကုန်၏။ ရာဟုခံတွင်းမှ လွတ်သော လနှင့် တူကုန်၏။ ဟိမဝန္တာဝယ် နန္ဒမူ လိုဏ်၌ နေကုန်၏။ အရှင်မင်းကြီး ပစ္စေကဗုဒ္ဓါတို့သည် ဤသို့ သဘောရှိကုန်၏ ဟု ဆိုကုန်၏။ ထိုခဏ၌ မင်းသည် လက်ကိုချီ၍ ဦးခေါင်းကို သုံးသပ်၏။ ထိုခဏ၌ မင်းအား လူ့အသွင်သည် ကွယ်၏။ ရဟန်းအသွင်သည် ထင်ရှား ဖြစ်၏။ သင်္ကန်းသုံးထည် သပိတ် ပဲခွပ် အပ် ခါးပန်း ရေစစ်နှင့်တကွ ရှစ်ပါးကုန်သော ထိုပရိက္ခရာတို့သည် ကမ္မဋ္ဌာန်းစီးဖြန်းခြင်းနှင့်ယှဉ်သော ရဟန်းအား လျောက်ပတ်ကုန်၏။ ဤသို့ ဆိုအပ်ကုန်သော ရဟန်းတို့၏ ပရိက္ခရာတို့သည် ကိုယ်၌ ရောက်ကုန်သည်သာလျှင် ဖြစ်ကုန်၏။ ထိုပစ္စေကဗုဒ္ဓါသည် ကောင်းကင်၌ရပ်၍ လူအများအား အဆုံး အမကိုပေး၍ ကောင်းကင်ခရီးဖြင့် ဟိမဝန္တာဝယ် နန္ဒမူ လိုဏ်သို့လျှင် သွား၏။

ဂန္ဓာရမင်း လက်ကောက်သံ သံဝေဂ

ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်၌လည်း နဂ္ဂဇိမည်သော မင်းသည် အထက်ပြာသာဒ်ဝယ် မြတ်သော ပလ္လင်အလယ်၌ နေလျက် လက်တစ်ဖက် တစ်ဖက်၌ တစ်ခုတစ်ခုသော ပတ္တမြားလက်ကောက်ကို ဝတ်၍ အနီး၌နေ၍ နံ့သာသွေးသော မိန်းမတစ်ယောက်ကိုမြင်၍ ဤလက် ကောက်တို့သည် တစ်ခုတစ်ခုစီ၏ အဖြစ်ဖြင့် အချင်းချင်း မထိကုန်၊ မမြည်ကုန် ဟု ကြည့်လျက်နေ၏။ ထို့နောင်မှ ထိုမိန်းမသည် လက် ယာလက်မှ လက်ကောက်ကို လက်ဝဲ၌လျင် ဝတ်၍ လက်ယာလက်ဖြင့် နံ့သာကိုငင်၍ သွေးအံ့သောငှာ အားထုတ်၏။ လက်ဝဲလက်၌ ပတ္တ မြားလက်ကောက်သည် အဖော်ကိုစွဲ၍ ထိခိုက်လျက် အသံကိုပြု၏။ မင်းသည် ထိုလက် ကောက် နှစ်ခုတို့သည် အချင်းချင်းထိကုန်၍ မြည်ကုန်သည်တို့ကို မြင်၍ ဤလက်ကောက်သည် တစ်ခုတစ်ခုသော ကာလ၌ မထိ၊ အဖော်ကိုစွဲ၍ ထိ၏။ အသံကိုပြု၏။ ဤအတူလျှင် သတ္တဝါတို့သည် တစ်ယောက်အထီးတည်း နေကုန်သော် မထိကုန်၊ ခိုက်ရန် မဖြစ်ကုန်၊ နှစ်ယောက် သုံးယောက်ဖြစ်ကုန်၍ အချင်းချင်းထိကုန်၏။ ငါသည် ဤဂန္ဓာရတိုင်း၌ နှစ်ပြည် ထောင်တို့၌ နေကုန်သော သူတို့ကို စီရင်၏။ ငါသည်လည်း တစ်ခုသောလက်ကောက်နှင့် တူသည်ဖြစ်၍ သူတစ်ပါးကို မစီရင်မူ၍ မိမိကိုယ်ကိုသာလျှင် စီရင်သဖြင့် နေခြင်းငှာ သင့်၏ ဟု ထိသော လက်ကောက်ကို အာရုံပြု၍ ထိုင်မြဲတိုင်းဖြင့်သာလျှင် လက္ခဏာရေး သုံးပါးတို့ကိုမှတ်၍ ဝိပဿနာကို ပွားစေ၍ ပစ္စေကဗောဓိဉာဏ်ကို ဖြစ်စေ၏။ (ကြွင်းသောစကားသည် ရှေးနှင့် တူသလျှင်တည်း။ )

ဝိဒေဟမင်း သားတစ်သံဝေဂ

ဝိဒေဟတိုင်း မိထိလာပြည်၌ နိမိမည်သောမင်းသည် နံနက်စာစားပြီးသော် အမတ်အပေါင်း ခြံရံလျက် ဖွင့်သော လေသာပြတင်းဖြင့် ခရီးအကြားကို ကြည့်လျက် ရပ်၏။ ထိုအခါ တစ်ခုသောစွန်သည် အမဲဈေးမှ သားတစ်ကိုယူ၍ ကောင်းကင်သို့ပျံ၏။ ထိုစွန်ကို ထိုမှဤမှ လင်းတ အစရှိကုန်သော ငှက်တို့သည် ခြံရံ၍ အာဟာရဟူသော အကြောင်းကြောင့် နှုတ်သီးဖြင့် ထိုးကုန်လျက် အတောင်တို့ဖြင့် ခတ်ကုန်လျက် ခြေဖြင့် နင်းကုန်လျက် လိုက်ကုန်၏။ ထိုသားတစ်ကိုယူသော စွန်သည် မိမိအား ညှဉ်းဆဲခြင်းကို သည်းမခံနိုင်သည်ဖြစ်၍ ထိုသားတစ်ကို စွန့်၏။ တစ်ခုသော ငှက်သည် ယူ၏။ ထိုငှက်တို့သည် သားတစ်ကိုစွန့်သော ငှက်ကို လွှတ်၍ သားတစ်ကိုယူသော ငှက်ကို လိုက်ကုန်၏။ ထိုငှက်သည် စွန့်အပ်သော သားတစ်ကို တစ်ပါးသောငှက်သည် ယူပြန်၏။ ထိုငှက်တို့သည်လည်း ထို့အတူလျှင် ညှဉ်းဆဲကုန်၏။ မင်းသည် ထိုငှက်တို့ကို မြင်၍ အကြင်ငှက်သည် သားတစ်ကိုယူ၏။ ထိုငှက်အားသာလျှင် ဆင်းရဲ၏။ အကြင် အကြင်ငှက်သည် လွှတ်၏။ ထိုထိုငှက်အားသာလျှင် ချမ်းသာ၏။ ဤငါးပါးကုန်သော ကာမဂုဏ်တို့ကိုလည်း အကြင်အကြင်သူသည် ယူ၏။ ထိုထိုသူသည် ဆင်းရဲ၏။ မယူသော သူအားသာလျှင် ချမ်းသာ၏။ ဤကာမဂုဏ်တို့သည် များစွာကုန်သော သူတို့အား ဆက်ဆံကုန်၏။ ငါ့အားကား တစ်သောင်း ခြောက်ထောင်ကုန်သော မောင်းမတို့သည် ရှိကုန်၏။ စွန်သည် နှုတ်သီးမှ သားတစ်ကို လွှတ်သကဲ့သို့ ငါသည် ငါးပါးကုန်သော ကာမဂုဏ်တို့ကို စွန့်၍ ချမ်းသာစွာ ပြုခြင်းငှာ သင့်၏ ဟု ကြံ၏။ ကြံပြီး၍ မင်းသည် အသင့်အားဖြင့် နှလုံးသွင်းလျက် တည်မြဲတိုင်းလျှင် လက္ခဏာရေး သုံးပါးတို့ကို မှတ်၍ ဝိပဿနာကိုပွားစေ၍ ပစ္စေကဗောဓိဉာဏ်ကို ဖြစ်စေ၏။ (ကြွင်းသောစကားသည် ရှေးဝတ္ထုနှင့် တူသလျှင်တည်း။ )

ပဉ္စာလမင်း ကိလေသာသံဝေဂ

ဥတ္တရပဉ္စာလတိုင်း ကပိလမြို့၌ ဒုမ္မုခ မည်သောမင်းသည် နံနက်စာ စားပြီးသော် ခပ်သိမ်း သော တန်ဆာတို့ဖြင့်တန်ဆာဆင်ပြီးလျှင် အမတ်အပေါင်း ခြံရံလျက် ဖွင့်အပ်သော လေသာပြတင်းဖြင့် မင်းရင်ပြင်ကို ကြည့်လျက်တည်၏။ ထိုခဏ၌ နွားခြံတံခါးကို ဖွင့်ကုန်၏။ ဥသဘတို့သည် ခြံမှထွက်ကုန်၍ ကိလေသာ၏ အစွမ်းဖြင့် တစ်ခုသော နွားမသို့ လိုက်ကုန်၏။ ထိုဥသဘတို့တွင် တစ်ခုသော ထက်သော ဦးချိုရှိသော ဥသဘကြီးသည် လာလတ်သော် တစ်ပါးသော ဥသဘကိုမြင်၍ ကိလေသာ၌ ဝန်တိုခြင်းဖြင့် နှိပ်စက်သည်ဖြစ်၍ ထက်သော ဦးချိုဖြင့် ပေါင်ကြား၌ ဝှေ့၏။ ထိုဥသဘအား ဝှေ့ရာမှ အအူတို့သည် ထွက်ကုန်၏။ ထိုဥသဘသည် ထိုအရပ်၌လျှင် အသက်ကုန်ခြင်းသို့ ရောက်၏။ မင်းသည် ထိုဥသဘကိုမြင်၍ ဤသတ္တဝါတို့သည် တိရစ္ဆာန်တို့ကို အစပြု၍ ကိလေသာ၏ အစွမ်းဖြင့် ဆင်းရဲခြင်းသို့ရောက်၏။ ဤဥသဘသည် ကိလေသာကိုမှီ၍ အသက်ကုန်ခြင်းသို့ ရောက်၏။ တစ်ပါးသော သတ္တဝါတို့သည်လည်း ကိလေသာ၏ အစွမ်းအားဖြင့် တုန်လှုပ်၏။ ငါသည် ဤသတ္တဝါတို့ကို တုန်လှုပ်စေတတ်သော ကိလေသာတို့ကို ပယ်အံ့သောငှာ သင့်၏ဟု ကြံ၏။ ကြံပြီး၍ မင်းသည် ရပ်လျက်လျှင် လက္ခဏာရေး သုံးပါးတို့ကို မှတ်၍ ဝိပဿနာကို ပွားစေ၍ ပစ္စေကဗောဓိဉာဏ်ကို ဖြစ်စေ၏။ (ကြွင်းစကားသည် ရှေးနှင့် တူသလျှင်ကတည်း။ )

ထိုအခါ တစ်နေ့သ၌ လေးဆူကုန်သော ပစ္စေကဗုဒ္ဓါတို့သည် ဆွမ်းခံအခါကို မှတ်၍ နန္ဒမူလိုဏ်မှ ထွက်၍ အနဝတတ်အိုင်၌ နာဂလတာ မည်သော တံပူကိုစား၍ ပြု အပ်ပြီးသော ကိုယ်လက်သုတ်သင်ခြင်း ရှိကုန်သည်ဖြစ်၍ ဆေးဒန်း မြင်းသီလာဖြင့်ပြီးသော ကျောက်ဖျာအပြင်၌ သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူ၍ တန်ခိုးဖြင့် ကောင်းကင်သို့ ပျံ၍ ငါးပါးသော အဆင်းရှိသော တိမ်တိုက်တိုက် နင်းကုန်လျက် သွားကုန်၍ ဗာရာဏသီမြို့ တံခါးရွာ၏ အနီး၌ သက်၍ တစ်ခုသော ချမ်းသာရာအရပ်၌ သင်္ကန်းရုံ၍ သပိတ်ကိုယူ၍ ရွာသို့ဝင်၍ ဆွမ်းအလို့ငှာ သွားကုန်လတ်သော် ဘုရားလောင်း၏ အိမ်တံခါးသို့ ရောက်ကုန်၏။

အိုးထိန်းသည် တရားနာရပုံ

ဘုရားလောင်းသည်လည်း ထိုပစ္စေကဗုဒ္ဓါတို့ကို မြင်၍ နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ အိမ်သို့သွား၍ ခင်းအပ်သော နေရာ၌ နေစေ၍ အလှူရေစက်ကို လှူ၍ မြတ်သောခဲဖွယ်ဖြင့် လုပ်ကျွေး၍ တင့်အပ်သောအရပ်၌ နေ၍ သံဃာ့ထေရ်ကို ရှိခိုး၍ အရှင်ဘုရား အရှင်ဘုရားတို့၏ ရဟန်း

အဖြစ်သည် အလွန်လျှင် တင့်တယ်၏။ အရှင်ဘုရားတို့၏ ဣန္ဒြေသည် အထူးသဖြင့် ကြည် လင်ကုန်၏။ အရေအဆင်းတို့သည် စင်ကြယ်ကုန်၏။ အဘယ်အာရုံကို မြင်၍လျှင် အရှင်ဘုရားတို့သည် ဤဆွမ်းခံသော အကျင့်ရှိသော ရဟန်းအဖြစ်သို့ ကပ်ကုန်သနည်း ဟု မေး၏။ သံဃာ့ထေရ်ကိုသကဲ့သို့ ထို့အတူ ကြွင်းကုန်သော ပစ္စေကဗုဒ္ဓါတို့သို့ ကပ်၍လည်း မေး၏။ ထိုအခါ ဘုရားလောင်းအား ထိုလေးဆူကုန်းသာ ပစ္စေကဗုဒ္ဓါတို့သည် ဤမည်သောမြို့၌ ဤမည်သောတိုင်း၌ ဤမည်သော မင်းဖြစ်၏ ဤသို့ အစရှိသော နည်းဖြင့် မိမိတို့၏ တောထွက်ခြင်း ဝတ္ထုတို့ကို ဆိုလို၍ အစဉ်သဖြင့်-

၉၀။ အမ္မာဟ မဒ္ဒံ ဝနမန္တရသ္မိံ၊
နီလောဘာသံ ဖလိတံ သံဝိရူဠှံ။
တမဒ္ဓသံ ဖလဟေတု ဝိဘဂ္ဂံ၊
တံ ဒိသွာ ဘိက္ခာစရိယံ စရာမိ။
၉၁။ သေလံ သုမဋ္ဌံ နရဝီရနိဋ္ဌိတံ၊
နာရီ ယုဂံ ဓာရယိ အပ္ပသဒ္ဒံ။
ဒုတိယဉ္စ အာဂမ္မ အဟောသိ သဒ္ဒေါ၊
တံ ဒိသွာ ဘိက္ခာစရိယံ စရာမိ။
၉၂။ ဒိဇော ဒိဇံ ကုဏပ မာဟရန္တံ၊
ဧကံ သမာနံ ဗဟုကာ သမေစ္စ။
အာဟာရဟေတု ပရိပါတယိံသု၊
တံ ဒိသွာ ဘိက္ခာစရိယံ စရာမိ။
၉၃။ ဥသဘာဟ မဒ္ဒံ ယူထဿ မဇ္ဈေ၊
စလက္ကကုံ ဝဏ္ဏဗလူပပန္နံ။
တမဒ္ဒသံ ကာမဟေတု ဝိတုန္နံ၊
တံ ဒိသွာ ဘိက္ခာစရိယံ စရာမိ။

ဟူသော ဤတစ်ဂါထာ တစ်ဂါထာစီတို့ကို ရွတ်ကုန်၏။

֍ ဋ္ဌ ၉၀။ အဟံ၊ ငါသည်။ ဝနမန္တရသ္မိံ၊ သရက်တာ၏ အလယ်၌။ နီလောဘာသံ၊ ညိုသောအရောင်ရှိသော။ ဖလိတံ၊ အသီးနှင့်ပြည့်စုံသော။ သံဝိရူဠှံ၊ စည်ပင်ပြန့်ပွားသော။ အမ္ဗံ၊ သရက်ပင်ကို။ အဒ္ဒံ၊ ဥယျာဉ်သို့အဝင် လက်ဦးမြင်၏။ ဖလဟေတု၊ အသီးဟူသော အကြောင်းကြောင့်။ ဝိဘဂ္ဂံ၊ ပျက်စီးသော။ တံ၊ ထိုသရက်ပင်ကိုပင်။ အဒ္ဒသံ၊ အထွက်၌ တစ်ဖန် မြင်ပြန်၏။ တံ၊ ထိုသရက်ပင်ကို။ ဒိသွာ၊ မြင်၍။ ဘိက္ခာစရိယံ၊ ဆွမ်းခံသော အကျင့်ကို။ စရာမိ၊ ကျင့်၏။

֍ ဋ္ဌ ၉၁။ နာရီ၊ မိန်းမသည်။ သေလံ၊ ပတ္တမြားဖြင့်ပြီးသော။ သုမဋ္ဌံ၊ အလွန်ပြေပြစ်သော။ နရဝီရနိဋ္ဌိတံ၊ ပညာရှိသော လူတို့သည် စီရင်အပ်သော။ အပ္ပသဒ္ဒံ၊ အသံမရှိသော။ ယုဂံ၊ တစ်ဖက်တစ်ဖက်၌ တစ်ခုတစ်ခုသော လက်ကောက်အစုံကို။ ဓာရယိ၊ ဆောင်၏။ ၊ ဆက်၍ဆိုအံ့။ ဒုတိယံ၊ လက် ယာဘက်မှ လက်ဝဲဘက်သို့ ပေါင်း၍ ဆင်ယင်သော နှစ်ခုမြောက် အဖော်ဖြစ်သော လက် ကောက်ကို။ အာဂမ္မ၊ စွဲ၍။ သဒ္ဒေါ၊ အသံသည်။ အဟောသိ၊ ဖြစ်၏။ တံ၊ ထိုလက် ကောက်ကို။ ဒိသွာ၊ မြင်၍။ အဟံ၊ သည်။ ဘိက္ခာစရိယံ၊ ဆွမ်းခံသော အကျင့်ကို။ စရာမိ၊ ကျင့်၏။

֍ ဋ္ဌ ၉၂။ ကုဏပံ၊ သားတစ်ကို။ အာဟရန္တံ၊ ဆောင်သည်။ သမာနံ၊ ဖြစ်သော။ ဧကံ ဒိဇံ၊ ငှက်တစ်ခုကို။ ဗဟုကာ၊ များကုန်သော။ ဒိဇာ၊ ငှက်တို့သည်။ သမေစ္စ၊ အညီအညွတ် စည်းဝေး၍။ အာဟာရဟေတု၊ အာဟာရဟူသော အကြောင်းကြောင့်။ ပရိပါတယိံသု၊ ထိုးဆွ၍ လိုက်ကုန်၏။ တံ၊ ထိုငှက်ကို။ ဒိသွာ၊ မြင်၍။ အဟံ၊ ငါသည်။ ဘိက္ခာစရိယံ၊ ဆွမ်းခံသောအကျင့်ကို။ စရာမိ၊ ကျင့်၏။

֍ ဋ္ဌ ၉၃။ ယူထဿ၊ နွားအပေါင်း၏။ မဇ္ဈေ၊ အလယ်၌။ စလက္ကကုံ၊ လှုပ်သော လဘို့ရှိသော။ ဝဏ္ဏဗလူပပန္နံ၊ အဆင်းအားဖြင့်ပြည့်စုံသော။ ဥသဘံ၊ ဥသဘကို။ အဟံ၊ ငါသည်။ အဒ္ဒံ၊ မြင်၏။ ကာမဟေတု၊ ကာမဟူသော အကြောင်းကြောင့်။ ဝိတုန္နံ၊ နှိပ်စက်အပ်သော။ တံ၊ ထိုဥသဘကို။ အဒ္ဒသံ၊ မြင်ပြန်၏။ တံ၊ ထိုဥသဘကို။ ဒိသွာ၊ မြင်၍။ အဟံ၊ ငါသည်။ ဘိက္ခာစရိယံ၊ ဆွမ်းခံသောအကျင့်ကို။ စရာမိ၊ ကျင့်၏။

ရဟန်းပြုလို၍ မယားကို မှာပြီ

ဘုရားလောင်းသည် တစ်ခုတစ်ခုသော ဂါထာကို နာရ၍ အရှင်ဘုရားတို့- ကောင်းစွ ကောင်းစွ၊ ထိုအာရုံသည် အရှင်ဘုရားတို့အားသာလျှင် လျှောက်ပတ်၏ ဟု တစ်ဆူ တစ်ဆူသော ပစ္စေကဗုဒ္ဓါအား ချီးမွမ်းခြင်းကိုပြု၏။ လေးဆူကုန်သော ပစ္စေကဗုဒ္ဓါတို့သည် ဟောအပ်သော ထိုဓမ္မဒေသနာကို နာရ၍ အိမ်၌နေခြင်းဖြင့် အလိုမရှိသည်ဖြစ်၍ ပစ္စေကဗုဒ္ဓါတို့သည် ဖဲကုန်လတ်သော် နံနက်စာစားပြီး၍ ချမ်း သာစွာနေလျက် မယားကို ခေါ်၍ ရှင်မ ဤလေးဆူကုန်သော ပစ္စေကဗုဒ္ဓါတို့သည် မင်းအဖြစ်ကို စွန့်၍ ရဟန်းပြု၍ ပလိဗောဓ မရှိကုန်သည် ဖြစ်၍ ချမ်းသာသဖြင့် လွန်စေကုန်၏။ ငါသည်ကား အခစားသဖြင့် အသက်ကို မွေး၏။ ငါ့အား အိမ်၌နေသဖြင့် အဘယ်မူအံ့နည်း။ သင်သည် သားငယ်တို့ကို သင်္ဂြိုဟ်၍သာ အိမ်၌ နေရစ်လော့ ဟု ဆိုလို၍-

၉၄။ ကရဏ္ဍကော ကလိင်္ဂါနံ၊ ဂန္ဓာရာနဉ္စ နဂ္ဂဇိ။
နိမိရာဇာ ဝိဒေဟာနံ၊ ပဉ္စာလာနဉ္စ ဒုမ္မုခေါ။
ဧတေ ရဋ္ဌာနိ ဟိတွာန၊ ပဗ္ဗဇိံသု အကိဉ္စနာ။
၉၅။ သဗ္ဗပိမေ ဒေဝသမာ သမာဂတာ၊
အဂ္ဂိယထာ ပဇ္ဇလိတော တထေဝိမေ။
အဟမ္ပိ ဧကော စရိဿာမိ ဘဂ္ဂဝိ၊
ဟိတွာန ကာမာနိ ယထောဓိကာနိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၉၄။ ဘဂ္ဂဝိ၊ အိုးထိန်းသည်မ။ ကာလိင်္ဂါနံ၊ ကလိင်္ဂတိုင်းသူတို့၏။ ကရဏ္ဍကော၊ ကရဏ္ဍကမင်းလည်းကောင်း။ ဂန္ဓာရာနံ၊ ဂန္ဓာရတိုင်းသူတို့၏။ နဂ္ဂဇိ စ၊ နဂ္ဂဇိမင်းလည်းကောင်း။ ဝိဒေဟာနံ၊ ဝိဒေဟတိုင်းသူတို့၏။ နိမိရာဇာ စ၊ နိမိမင်းလည်းကောင်း။ ပဉ္စာလာနံ၊ ပဉ္စာလတိုင်းသူတို့၏။ ဒုမ္မုခေါ စ၊ ဒုမ္မုခမင်းလည်းကောင်း။ ဧတေ၊ ထိုလေးပါးကုန်သော မင်းတို့သည်။ ရဋ္ဌာနိ၊ တိုင်းတို့ကို။ ဟိတွာန၊ စွန့်၍။ အကိဉ္စနာ၊ ပလိဗောဓ မရှိကုန် သည်ဖြစ်၍။ ပဗ္ဗဇိံသု၊ ရဟန်းပြုကုန်၏။

֍ ဋ္ဌ ၉၅။ ဘဂ္ဂဝိ၊ အိုးထိန်းသည်မ။ သဗ္ဗေပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။ ဣမေ၊ ဤပစ္စေကဗုဒ္ဓါတို့သည်။ ဒေဝသမာ၊ ဝိသုဒ္ဓိနတ်ဖြစ်ကုန်သော ရှေးပစ္စေကဗုဒ္ဓါတို့နှင့် တူကုန်၏။ သမာဂတာ၊ ရှေးပစ္စေကဗုဒ္ဓါတို့နှင့် အတူတကွလာကုန်၏။ အဂ္ဂိ၊ မီးသည်။ ပဇ္ဇလိတော ယထာ၊ တောက်ပသကဲ့သို့။ တထေဝ၊ ထို့အတူလျှင်။ ဣမေ၊ ဤပစ္စေကဗုဒ္ဓါတို့သည်။ ပဇ္ဇလန္တိ၊ တောက်ပကုန်၏။ ဘဂ္ဂဝိ၊ အိုးထိန်းသည်မ။ အဟမ္ပိ၊ ငါသည်လည်း။ ယထောဓိကာနိ၊ အကြင် အကြင် ရူပါရုံ အစရှိသော အပိုင်းအခြားအားဖြင့် တည်ကုန်သော။ ကာမာနိ၊ ဝတ္ထုကာမတို့ကို။ ဟိတွာန၊ စွန့်၍။ ပဗ္ဗဇိတွာ၊ ရဟန်း ပြုပြီး၍။ ဧကော၊ တစ်ယောက်ထီးတည်း။ စရိဿာမိ၊ ကျင့်အံ့။

မယား ရသေ့မဝတ်

မယားသည် ဘုရားလောင်း၏ စကားကိုကြား၍ သခင် ကျွန်ုပ်၏လည်း ပစ္စေကဗုဒ္ဓါတို့၏ တရားစကားကို နာရသော ကာလမှစ၍ အိမ်၌ စိတ်သည် မတည် ဟု ဆိုလို၍-

၉၆။ အယမေဝ ကာလော န ဟိ အညော အတ္ထိ၊
အနုသာသိတာ မေ န ဘဝေယျ ပစ္ဆာ။
အဟမ္ပိ ဧကာ စရိဿာမိ ဘဂ္ဂဝ၊
သကုဏီဝ မုတ္တာ ပုရိသဿ ဟတ္ထာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၆။ ဘဂ္ဂဝ၊ အိုးထိန်းသည်။ ယသ္မာ၊ အကြင့်ကြောင့်။ မေ၊ ငါ့အား။ ပစ္ဆာ၊ နောက်ကာလ၌။ အနုသာသိတာ၊ ဆုံးမအပ်သည်။ န ဘဝေယျ၊ မဖြစ်ရာ။ တသ္မာ၊ ထို့ကြောင့်။ အယမေဝ၊ ဤအခါသည်သာလျှင်။ ကာလော၊ ရဟန်းပြုအံ့သောအခါတည်း။ အညော၊ တစ်ပါးသော ရဟန်းပြုအံ့သော ကာလသည်။ န ဟိ အတ္ထိ၊ မရှိသလျှင်ကတည်း။ ပုရိသဿ၊ ငှက်ခတ်သော ယောကျ်ား၏။ ဟတ္ထာ၊ လက်မှ။ မုတ္တော၊ လွတ်သော။ သကုဏီဝ၊ ငှက်မကဲ့သို့။ အဟမ္ပိ၊ ငါသည်လည်း။ ဧကာ၊ တစ်ယောက်ထီတည်း။ စရိဿာမိ၊ ကျင့်အံ့။

အိုးထိန်းသည် ရသေ့ဝတ်

ဘုရားလောင်းသည် မယား၏စကားကိုကြား၍ ဆိတ်ဆိတ်နေ၏။ ထိုမယားသည်ကား ဘုရားလောင်းကို လှည့်စား၍ ရှေးဦးစွာ ရဟန်းပြုလိုသည်ဖြစ်၍ သခင်ရေခပ်ဆိပ်သို့ သွားအံ့၊ သူငယ်တို့ကို ကြည့်ရစ်လော့ ဟု အိုးကိုယူ၍ ရေခပ်သွားသကဲ့သို့ ပြုလျက် ပြေး၍ မြို့အနီးဝယ် ရသေ့မတို့၏ ကျောင်းသို့သွား၍ ရဟန်း ပြု၏။ ဘုရားလောင်းသည် မယား၏ မလာခြင်းကိုသိ၍ မိမိသည် သူငယ်တို့ကို မွေး၏။ နောက်အဖို့၌ ထိုသူငယ်တို့သည် အတန်ငယ်ကြီး၍ မိမိတို့၏ ချမ်းသာဆင်းရဲကို သိခြင်းငှာ စွမ်းနိုင်သော အရွယ်သို့ ရောက်ကုန်သည်ရှိသော် ထိုသူငယ်တို့ကို စုံစမ်းအံ့သောငှာ တစ်နေ့သ၌ ထမင်းကို ချက်သည်ရှိသော် အနည်းငယ် မနပ်သည်ကိုပြု၍ ချက်၏။ တစ်နေ့သ၌ အတန်ငယ် ပျော့သည်ကိုပြု၍ ချက်၏။ တစ်နေ့သ၌ ကောင်းစွာ ကျက်သည်ကိုပြု၍ ချက်၏။ တစ်နေ့သ၌ အလွန်ပျော့စွာပြု၍ ချက်၏။ တစ်နေ့သ၌ ဆားပေါ့သည်ကို ပြု၍ ချက်၏။ တစ်နေ့သ၌ ဆားငန်သည်ကို ပြု၍ ချက်၏။

သူငယ်တို့သည် ဖခင်... ယနေ့ ထမင်းသည် မနပ်၊ ယနေ့ ထမင်းသည် ပျော့၏။ ယနေ့ ကျက်၏။ ယနေ့ ထမင်းသည် အလွန်ပျော့၏။ ယနေ့ ဆားပေါ့၏။ ယနေ့ ဆားငန်၏ ဟု ဆို၏။ ထိုစကားကိုကြား၍ ဘုရားလောင်းသည် အမောင်တို့ ဟုတ်ပေ၏ ဟု ဆို၍ သူငယ်တို့သည် ယခုအခါ၌ စိမ်းကုန် ကျက်ကုန် ငန်ကုန် ပေါ့ကုန် သည်တို့ကို သိကုန်၏။ မိမိတို့၏ ဓမ္မတာအားဖြင့် အသက်ရှည်အံ့သောငှာ တတ်နိုင်ကုန်လတ္တံ့၊ ငါသည် ရဟန်းပြုခြင်းငှာ သင့်၏ ဟု ကြံ၏။ ကြံပြီး၍ ထိုသူငယ်တို့ကို ဆွေမျိုးတို့အား ပေး၍ အပ်နှင်း၍ အို မိခင် ဖခင်တို့... ဤသူငယ်တို့ကို ကောင်းစွာ မွေးကျွေးလော့ ဟု ဆို၍ ဘုရားလောင်းသည် ဆွေမျိုးတို့၏ ငိုကြွေးကုန်စဉ်လျှင် မြို့မှထွက်၍ ရသေ့ရဟန်းပြု၍ မြို့အနီး၌လျှင် နေ၏။

ရသေ့မကို ဆုံးမခြင်း

တစ်နေ့သ၌ ဗာရာဏသီပြည်သို့ ဆွမ်းခံသွားသော ထိုဘုရားလောင်းကို ပရိဗိုဇ်မသည်မြင်၍ ရှိခိုး၍ အရှင်ဘုရား သူငယ်တို့ကို အရှင်ဘုရားသည် ဖျက်ဆီးအပ်ကုန်ယောင်တကား ဟု ဆို၏။ ဘုရားလောင်းသည် ငါသည် ဤသူငယ်တို့ကို မဖျက်ဆီး၊ ထိုသူငယ်တို့သည် မိမိတို့၏ ချမ်းသာဆင်းရဲကို သိသောကာလ၌ ရဟန်း ပြု၏။ သင်သည် ထိုသူငယ်တို့အား မအောက်မေ့မူ၍ ရဟန်းအဖြစ်၌ မွေ့လျော်လော့ ဟုဆိုလို၍-

၉၇။ အာမံ ပက္ကဉ္စ ဇာနန္တိ၊ အထော လောဏံ အလောဏကံ။
တမဟံ ဒိသွာန ပဗ္ဗဇိံ၊ စရေဝ တွံ စရာမဟံ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၇။ ဘဂိနိ၊ နှမ။ အာမံပက္ကဉ္စ၊ အစိမ်း အကျက်ကို လည်းကောင်း။ အထော၊ ထိုမြို့။ လောဏဉ္စ၊ ဆားငန်သည်ကို လည်းကောင်း။ အလောဏကဉ္စ၊ ဆားပေါ့သည်ကိုလည်းကောင်း။ ဒရာ၊ သူငယ်တို့သည်။ ဇာနန္တိ၊ သိကုန်၏။ အဟံ၊ ငါသည်။ တံ၊ ထိုသူငယ်တို့၏ အမူအရာကို။ ဒိသွာန၊ မြင်၍။ ပဗ္ဗဇ္ဇိံ၊ ရဟန်းပြု၏။ တွံ၊ သင်သည်။ စရေဝ၊ ဆွမ်းခံအပ်သောအကျင့်ကိုသာလျှင် ကျင့်လော့။ အဟမ္ပိ၊ ငါသည်လည်း။ စရာမိ၊ ကျင့်အံ့၊

ဤသို့ ဘုရားလောင်းသည် ပရိဗိုဇ်မကို ဆုံးမ၍ လွှတ်လိုက်၏။ ပရိဗိုင်မသည်လည်း အဆုံးအမကိုယူ၍ ဘုရားလောင်းကို ရှိခိုး၍ အလိုရှိရာအရပ်သို့ သွား၏။ ထိုနေ့ကိုထား၍ တစ်ဖန် ထိုရဟန်းယောက်ျား, ရဟန်းမိန်းမတို့သည် အချင်းချင်း မမြင်ကုန်။ ဘုရားလောင်းသည်လည်း ဈာန် အဘိညာဉ်တို့ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စတို့ကို ပြတော်မူသည်၏ အဆုံး၌ ထိုငါးရာကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏။ ဇာတ်ကို အဘယ်ကဲ့သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ သမီးဖြစ်ပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ သားဖြစ်ပြီ၊ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ ပရိဗိုဇ် ရဟန်းမ ဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပရိဗိုဇ်ရဟန်းဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သံဝေဂယူ၊ တောထွက်မူ၊ ထိုသူ ချမ်းသာရာ

သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကုမ္ဘကာရဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၄။ ဒဠှဓမ္မဇာတ်

ပြုဖူးသောကျေးဇူးကို သိသင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သာ သဗ္ဗညူ မြတ်စွာဘုရားသခင်သည် အဟံ စေ ဒဠှဓမ္မဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒဠှဓမ္မဇာတ်ကို ကောသမ္ဗီပြည်ကိုမှီ၍ ဃောသိဘာရုံကျောင်း၌ သီတင်းသုံး နေတော်မူစဉ် ဥတေနမင်း၏ ဘဒ္ဒဝတီ ဆင်မကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုဆင်မ၏ ရအပ်သော အစီအရင်သည်လည်းကောင်း၊ ဥတေနမင်း၏ မင်းနွယ်သည်လည်းကောင်း မာတင်္ဂဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။

ဘဒ္ဒဝတီဆင်မ လျှောက်ပုံ

တစ်နေ့သ၌ ထိုဆင်မသည် နံနက် အခါ၌လျှင် အရိယာအပေါင်း ခြံရံလျက် နှိုင်းယှဥ်စရာ ဥပမာမရှိသော ဘုရားအသရေတော်ဖြင့် မြို့သို့ ဆွမ်းအလို့ငှာ ဝင်သော သဗ္ဗညူမြတ်စွာဘုရားကို မြင်၍ သဗ္ဗညူမြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်၍ ဘုန်းတော်ကြီးသော ခပ်သိမ်းသောတရားကို သိတော်မူသော လောကကို ဝဋ်ဆင်းရဲမှ ထုတ်တော်မူသော အရှင်ဘုရား ဥတေနမင်းသည် အကျွန်ုပ်ကို ပျိုသောကာလ အမှုကို လုပ် ဆောင်ခြင်းငှာ စွမ်းနိုင်သောကာလ၌ ဤဆင်မကိုမှီ၍ ငါသည် အသက်ကိုလည်းကောင်း၊ ပြည်ကိုလည်းကောင်း, မိဖုရားကိုလည်းကောင်း ရအပ်၏ ဟု ချစ်သနား၍ ကြီးစွာသော ပူဇော် သက္ကာရကို ပေး၏။ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်၍ တည်ရာအရပ်၌ နံ့သာဖြင့် လိမ်းကျံ၍ အထက်၌ ရွှေကြယ်ဗိတာန်ကိုဖွဲ့၍ ထက်ဝန်းကျင်မှ ဆန်းကြယ်သော တင်းတိမ်ကို ကာ၍ ဆီမီးကိုထွန်း၍ အခိုး အထုံအိုးကိုထား၍ ကျင်ကြီးစွန့်ရာအရပ်၌ ရွှေအိုးကိုတည်စေ၍ အကျွန်ုပ်ကို ဆန်းကြယ်သော အခင်းရှိသော အင်းပျဉ်၌ထား၏။ အကျွန်ုပ်အား မင်းအားသာထိုက်သော အထူးထူးသော အရသာရှိသော ဘောဇဉ်ကို ပေး၏။ ယခုအခါ အကျွန်ုပ်အား အိုသောကာလ၌ အမှုကို လုပ်ဆောင်အံ့သောငှာ မစွဲမ်းနိုင်သော ကာလ၌ အလုံးစုံသော ပူဇော် သက္ကာရကို ဖြတ်၏။ ကိုးကွယ်ရာ ထောက်ပံ့ရာ မရှိသည်ဖြစ်၍ တော၌ ဆတ်သွားတို့ကို စားလျက် အသက်မွေးရ၏။ အကျွန်ုပ်အား တစ်ပါးသော ကိုးကွယ်ရာသည် မရှိ၊ ဘုန်းတော်ကြီးသော အရှင်ဘုရား... အရှင်ဘုရားတို့သည် ဥတေနမင်းအား အကျွန်ုပ်၏ကြေးဇူးကို မှတ်စေ၍ ရှေး၌ဖြစ်သော ပူဇော်သက္ကာရကို ပကတိရှိသည်ကို ပြုတော်မူပါကုန်လော့ဟု ငိုကြွေးလျက် မြတ်စွာဘုရားကို တောင်းပန်၏။

မြတ်စွာဘုရား ဆုံးမခြင်း

သဗ္ဗညူမြတ်စွာဘုရားသည် သင်သွားလော့၊ ငါသည် ဥတေနမင်းအား သင်၏ကျေးဇူးကို ဟော၍ စည်းစိမ်အခြံအရံကို ပကတိရှိသည်ကိုပြုအံ့ ဟု ဆို၍ မင်း၏ နန်းတော်တံခါးသို့ ကြွတော်မူ၍ မင်းသည် သဗ္ဗညူမြတ်စွာဘုရားကို နန်းတော်တွင်းသို့ သွင်း၍ ဘုရားအမှူးရှိသော သံဃာတော်အား အလှူကိုဖြစ်စေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဆွမ်းစားပြီးသော ကိစ္စအဆုံး၌ အနုမောဒနာကိုပြု၍ မြတ်သော မင်းကြီး... ဘဒ္ဒဝတီသည် အဘယ်မှာနည်းဟု မေးတော်မူ၏။ အရှင်ဘုရား... မသိ ဟု လျှောက်လတ်သော် မြတ်သောမင်းကြီး... ကျေးဇူးများကုန်သော သူတို့အား အခြံအရံကိုပေး၍ အိုသောကာလ၌ အခြံအရံကို သိမ်းယူသောမည်သည် မသင့်၊ သူ့ကျေးဇူးကို သိတတ်သည် ဆပ်တတ်သည် ဖြစ်ခြင်းငှာ သင့်၏။ ဘဒ္ဒဝတီသည် ယခုအခါ ကြီးရင့်အိုမင်းပြီ၊ ကိုးကွယ်ရာ မရှိသည်ဖြစ်၍ တော၌ ဆတ်သွားတို့ကိုစားလျက် အသက်ကို မွေးရ၏။ အိုသောကာလ၌ ကိုးကွယ်ရာမရှိသည်ကို ပြုအံ့သောငှာ သင်မင်းကြီးတို့အား မသင့်ဟု ဘဒ္ဒဝတီ၏ ကျေးဇူးကို ဟော၍ ရှေး၌ဖြစ်သော အလုံးစုံသော ပူဇော်သက္ကာရကို ပကတိရှိသည်ကို ပြုလော့ဟု မိန့်တော်မူ၍ ဖဲတော်မူ၏။

ဥတေနမင်းသည် မြတ်စွာဘုရား မိန့်တော်မူတိုင်း ပြု၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဘဒ္ဒဝတီ၏ကျေးဇူးကို ဟောတော်မူ၍ ရှေး၌ဖြစ်သော စည်းစိမ်အခြံအရံကို ပကတိရှိသည်ကို ပြုတော်မူ၏ ဟု မြို့အလုံးသည် နှံ၏။ ရဟန်း သံဃာ၌လည်း ထိုအကြောင်းသည် ထင်ရှား၏။ ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ သဗ္ဗညူမြတ်စွာဘုရားသည် ဘဒ္ဒဝတီ၏ကျေးဇူးကို ဟောတော်မူ၍ ရှေး၌ဖြစ်သော စည်းစိမ်အခြံအရံကို ပကတိရှိသည်ကို ဖြစ်စေ၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ငါဘုရားသည် ဤဆင်မ၏ ကျေးဇူးကို ဖော်၍ ပြောလတ်ပြီးသော် စည်းစိမ်အခြံအရံကို ပကတိအတိုင်း ရစေသည်ကို ပြုသည်မဟုတ်သေး၊ ရှေး၌လည်း ပြုဖူး သလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဒဠှဓမ္မမင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ထိုမင်း၏အထံမှ ကြီးစွာသော စည်းစိမ်ကိုရ၍ အမတ်အရာ၌ တည်၏။

ဆင်မတော်

ဒဠှဓမ္မမင်းအား အစွမ်းအားနှင့်ပြည့်စုံသော ခွန်အားကြီးသော တစ်ခုသော ဩဋ္ဌဗျာဓိမည်သော ဆင်မသည် ရှိ၏။ တစ်နေ့ချင်း ယူဇနာတစ်ရာကို သွားနိုင်၏။ တမန်သည်တို့ ဆောင်အပ်သော ကိစ္စကို ပြု၏။ စစ်ထိုးရာ၌ စစ်ထိုးခြင်းကို ပြု၏။ ရန်သူတို့ကို နှိမ်နင်းခြင်းကို ပြု၏။ မင်းသည် ဤဩဋ္ဌဗျာဓိသည် ငါ့အား ကျေးဇူးများ၏ဟု ဩဋ္ဌဗျာဓိအား အလုံးစုံသော တန်ဆာကို ပေး၍ ဥတေနမင်းကြီးသည် ဘဒ္ဒဝတီ ဆင်မင်းအား ပေးအပ်သည်နှင့်တူသော အလုံးစုံသော စည်းစိမ်အခြံအရံကို ပေး၏။

အရာကျပြီ

ထိုအခါ ထိုဩဋ္ဌဗျာဓိ၏ အိုသော အားနည်းသောကာလ၌ မင်းသည် အလုံးစုံသော စည်းစိမ်အခြံအရံကို ယူ၏။ ထိုဩဋ္ဌဗျာဓိသည် ထိုအခါမှစ၍ ကိုးကွယ်ရာ မရှိသည်ဖြစ်၍ တော၌ မြက်သစ်ရွက်တို့ကို စားလျက် အသက်ကို မွေးရ၏။ ထိုအခါ တစ်နေ့သ၌ မင်းအိမ်၌ အိုးတို့သည် မလောက်ကုန်သည်ရှိသော် မင်းကြီးသည် အိုးထိန်းကို ခေါ်စေ၍ အိုးတို့သည် မလောက်ကုန်သတတ် ဟု ဆိုလေ၏။ အရှင်မင်းကြီး နွားချေးဆောင်သော ယာဉ်၌ ကအံ့သောငှာ နွားတို့ကို မရဟု ဆို၏။ မင်းသည် အိုးထိန်း၏ စကားကို ကြား၍ ငါ၏ ဩဋ္ဌဗျာဓိသည် အဘယ်မှာနည်းဟုမေး၏။ အရှင်မင်းကြီး... မိမိဓမ္မတာအားဖြင့် လှည့်လည်၏ဟု ဆို၏။ မင်းသည် ဤနေ့မှစ၍ ဩဋ္ဌဗျာဓိကို က၍ နွားချေးတို့ကို ဆောင်လော့ဟု ဩဋ္ဌဗျာဓိကို အိုးထိန်းသည်အား ပေး၏။ အိုးထိန်းသည်လည်း အရှင်မင်းကြီး ကောင်းပြီဟု ဆို၍ မင်းဆိုတိုင်း ပြု၏။

ပညာရှိအမတ်ကို တိုင်ပုံ

ထိုအခါ တစ်နေ့သ၌ ဩဋ္ဌဗျာဓိသည် မြို့မှထွက်၍ ညအခါ မြို့သို့ဝင်သော ဘုရားလောင်းကို မြင်၍ ရှိခိုး၍ ဘုရားလောင်း၏ ခြေရင်း၌ ဝပ်၍ ငိုကြွေးလျက် အရှင်မင်းကြီးသည် အကျွန်ုပ်ကို ပျိုသောကာလ၌ ကျေးဇူးများ၏ ဟု မှတ်၍ ကြီးစွာသော စည်းစိမ် အခြံအရံကို ပေး၍ ယခု အိုသောကာလ၌ အလုံးစုံသော စည်းစိမ်အခြံအရံကို ဖြတ်၍ အကျွန်ုပ်၌ စိတ်ကိုမျှတည်း မပြု၊ အကျွန်ုပ်သည် ကိုးကွယ်ရာ မရှိဖြစ်၍ တော၌ မြက်သစ်ရွက်တို့ကို စားလျက် အသက်မွေးရ၏။ ဤသို့ ဆရဲခြင်းသို့ရောက်သော အကျွန်ုပ်ကို ယခုအခါ ယာဉ်၌ ကစိမ့်သောငှာ အိုးထိန်းသည်အား ပေးပြန်၏။ အရှင်တို့ကိုထား၍ အကျွန်ုပ်အား တစ်ပါးသော ကိုးကွယ်ရာသည် မရှိ။ မင်းအား အကျွန်ုပ်ပြုသော ကျေးဇူးကို အရှင်တို့သည် သိပါစေကုန်လော့၊ အကျွန်ုပ် တောင်းပန်ပါ၏။ ယခုအခါ အကျွန်ုပ်အား ပျောက်သောစည်းစိမ်ကို ပကတိရှိသည်ကို ပြုကုန်လော့ဟု ဆို၍-

၉၈။ အဟံ စေ ဒဠှဓမ္မဿ၊ ဝဟန္တီ နာဘိရာဓယိံ၊
ဓရန္တိ ဥရသိ သလ္လံ၊ ယုဒ္ဓေ ဝိက္ကန္တစာရိနီ။
၉၉။ နူန ရာဇာ န ဇာနာတိ၊ မမ ဝိက္ကမပေါရိသံ။
သင်္ဂါမေ သုကတန္တာနိ၊ ဒူတ ဝိပ္ပဟိတာနိ စ။
၁၀၀။ သာ နူနာဟံ မရိဿာမိ၊ အဗန္ဓု အပရာယိနီ။
တဒါ ဟိ ကုမ္ဘကာရဿ၊ ဒိန္နာ ဆကဏဟာရိကာ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၉၈။ သာမိ၊ အရှင်။ အဟံ၊ အကျွန်ုပ်သည်။ ဝဟန္တီ၊ ထိုထိုကိစ္စကို ရွက်ဆောင်လျက်။ ဥရသိ၊ ရင်၌။ သလ္လံ၊ ဖွဲ့အပ်သော သန်လျက်ကို။ ဓရန္တီ၊ ရှေးရှုဆောင်လျက်။ ယုဒ္ဓေ၊ စစ်ထိုးရာ၌။ ဝိက္ကန္တစာရိနီ၊ အောင်စေတတ်သော စစ်ထိုးခြင်းဖြင့် လုံလကို ဆောင်သွားလျက်။ ဒဠှဓမ္မဿ၊ ဒဠှဓမ္မမင်း၏။ စိတ္တံ၊ စိတ်ကို။ စေ နာဘိရာဓယိံ၊ အကယ်၍ မနှစ်သက်စေနိုင်သည် ဖြစ်အံ့။ ကော၊ အဘယ်သူသည်။ တဿ၊ ထိုမင်း၏။ စိတ္တံ၊ စိတ်ကို။ အာရာဓယိဿတိ၊ နှစ်သက်စေလတ္တံ့နည်း။

֍ ဋ္ဌ ၉၉။ မမ၊ အကျွန်ုပ်၏။ ဝိက္ကမပေါရိသံ၊ အားထုတ်ခြင်းဟူသော ယောကျ်ားတို့၏ အမှုကိုလည်းကောင်း။ သင်္ဂါမေ၊ စစ်ထိုးရာ၌။ သုကတန္တာနိ၊ ကောင်းစွာ ပြုအပ်ကုန်သော ကိစ္စတို့ကိုလည်းကောင်း။ ဒုတဝိပ္ပဟိတာနိ စ၊ လည်၌ စာခွေကိုဖွဲ့၍ ဤမည်သောမင်းအား ပေးလော့ဟု စေအပ်သည်ရှိသော် အကျွန်ုပ်သည် တစ်နေ့ချင်းလျှင် ယူဇနာ တစ်ရာရှိသော အရပ်သို့သွား၍ တမန်သည်တို့ ဆောင်အပ်သော အမှုကို ဆောင်ခြင်းတို့ကိုလည်းကောင်း။ ရာဇာ၊ ဒဠှဓမ္မမင်းသည်။ န ဇာနာတိ နူန၊ မသိယောင်တကား။

֍ ဋ္ဌ ၁၀၀။ သာ အဟံ၊ ထိုအကျွန်ုပ်သည်။ အဗန္ဓု၊ အဆွေ ခင်ပွန်း မရှိသည်ဖြစ်၍။ အပရာယိနီ၊ ကိုးကွယ်ရာ မရှိသည်ဖြစ်၍။ မရိဿာမိ နူန၊ သေရယောင်တကား။ တဒါ ဟိ၊ ထို့ကြောင့်လျှင်။ ဆကဏဟာရိကာ၊ နွားချေးဆောင်သော အမူကို။ ကတွာ၊ ပြု၍။ ရဇာ၊ မင်းသည်။ ကမ္ဘကာရဿ၊ အိုးထိန်းအား။ ဒိန္နာ၊ ငါ့ကို ပေးအပ်၏။

မင်းကြီးအား လျှောက်ခြင်း

ဘုရားလောင်းသည် ဩဋ္ဌဗျာဓိ၏ စကားကိုကြား၍ သင်သည် မစိုးရိပ်လင့်၊ ငါသည် မင်းအားဆို၍ သင့်အား စည်းစိမ်အခြံအရံကို ပကတိရှိသည်ကို ပြုအံ့ ဟု ဩဋ္ဌဗျာဓိကို နှစ်သိမ့်စေ၍ မြို့သို့ဝင်၍ နံနက်စာ စားပြီးသော် မင်း၏အထံသို့ သွား၍ စကားကို ဖြစ်စေ၍ မြတ်သော မင်းကြီး... ဤအမည်ရှိသော ဩဋ္ဌဗျာဓိသည် ဤမည်သော အရပ်၌, ရင်၌ မြား လှံကိုဖွဲ့၍ စစ်ထိုးခြင်းအမှုကို ထုတ်ဆောင်၏။ ဤမည်သော နေ့၌ကား လည်၌ စာကိုဖွဲ့၍ စေလွှတ်၍ ယူဇနာတစ်ရာရှိသော အရပ်သို့ သွား၏။ အရှင်မင်းကြီးတို့သည်လည်း ထိုဩဋ္ဌဗျာဓိအား ကြီးစွာသော စည်းစိမ်အခြံအရံကို ပေးကုန်၏။ ထိုဩဋ္ဌဗျာဓိသည် ယခု အဘယ်မှာနည်းဟု မေး၏။ ထိုဩဋ္ဌဗျာဓိကို ငါသည် နွားချေးဆောင်စိမ့်သောငှာ အိုးထိန်းသည်အား ပေး၏ ဟု ဆို၏။ ထိုအခါ မင်းကို ဘုရားလောင်းသည် မြတ်သော မင်းကြီး ရှင်မင်းကြီးတို့သည် ပြုအပ်သော အမှုသည် မလျောက်ပတ်၊ အိုးထိန်းအား ယာဉ်၌ က, စိမ့်သောငှာ ပေးတော်မူခြင်းသည် မလျောက် ပတ်သည်သာလျှင်ကတည်းဟု ဆို၍ မင်းအား ဆုံးမလိုသည်၏ အစွမ်းအားဖြင့်-

၁၀၁။ ယာဝတာ သီသတီ ပေါသော၊ တဝဒေဝ ပဝီဏတိ။
အတ္ထာပါယေ ဇဟန္တိ နံ၊ ဩဋ္ဌဗျာဓိံဝ ခတ္တိယော။
၁၀၂။ ယော ပုဗ္ဗေ ကတကလျာဏော၊ ကတတ္ထော နာဝ ဗုဇ္စျတိ။
အတ္ထာ တဿ ပလုဇ္ဇန္တိ၊ ယေ ဟောန္တိ အဘိပတ္ထိတာ။
၁၀၃။ ယော ပုဗ္ဗေ ကတကလျာဏော၊ ကတတ္ထော မနု ဗုဇ္ဈတိ၊
အတ္ထာ တဿ ပဝဍ္ဎန္တိ၊ ယေ ဟောန္တိ အဘိပတ္ထိတာ။
၁၀၄။ တံ ဝေါ ဝဒါမိ ဘဒ္ဒန္တေ၊ ယာဝန္တေတ္ထ သမာဂတာ။
သဗ္ဗ ကတညုနော ဟောထ၊ စိရံ သဂ္ဂမှိ ဌဿထ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၀၁။ ပေါသော၊ ယောက်ျားသည်။ ယံ ပုရိသံ၊ အကြင်ယောက်ျားကို။ ယာဝတာ၊ အကြင်မျှလောက်သော ကာလပတ်လုံး အာသီသတိ၊ တောင့်တ၏။ တာဝဒေဝ၊ ထိုမျှလောက်သော ကာလပတ်လုံးလျှင်။ တံ ပုရိသံ၊ ထိုယောက်ျားကို။ ပဝီဏတိ၊ ဆည်းကပ်၏။ ခတ္တိယော၊ မင်းသည်။ ဩဋ္ဌဗျာဓိံ၊ ဩဋ္ဌဗျာဓိမည်သော ဆင်မကို။ ဇဟတိ ဣဝ၊ စွန့်သကဲ့သို့။ အတ္ထာပါယေ၊ အကျိုး စီးပွား ကင်းသည်ရှိသော်။ နံ၊ ထိုယောကျ်ားကို။ ဇဟန္တိ၊ စွန့်ကုန်၏။

ကျေးဇူးမသိ ပျက်စီးတတ်

֍ ဋ္ဌ ၁၀၂။ ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ ရှေး၌။ ကတကလျာဏော၊ ပြုအပ်သော ကျေးဇူးရှိသည်ဖြစ်၍။ ကတတ္ထော၊ သူတစ်ပါးပြီးစေအပ်သော အမှုကိစ္စရှိသည် ဖြစ်လျက်။ နာဝ ဗုဇ္စျတိ၊ မသိတတ်။ တဿ၊ ထိုသူသည်။ ယေ အတ္ထာ၊ အကြင် ကျိုးတို့ကို။ အဘိပတ္ထိတာ၊ တောင့်တအပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ အတ္ထာ၊ ထိုအကျိုးတို့သည်။ ပလုဇ္ဇန္တိ၊ ပျက်စီးကုန်၏။

֍ ဋ္ဌ ၁၀၃။ ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ ရှေး၌။ ကတကလျာဏော၊ ပြုအပ်သော ကျေးဇူးရှိသည်ဖြစ်၍။ ကတတ္ထော၊ သူတစ်ပါးပြီးစေအပ်သော အမှုကိစ္စရှိသည်ဖြစ်၍။ အနုဗုဇ္စျတိ၊ ကျေးဇူးသိ၏။ တဿ၊ ထိုသူသည်။ ယေ အတ္ထာ၊ အကြင်အကျိုးတို့ကို။ အဘိပတ္တိတာ၊ တောင့်တအပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ အတ္ထာ၊ ထိုအကျိုးတို့သည်။ ပဝဍ္ဎန္တိ၊ ပွားကုန်၏

֍ ဋ္ဌ ၁၀၄။ ဘဒ္ဒန္တေ၊ အရှင်တို့။ တံ-တေန ကာရဏေန၊ ထိုအကြောင်းကြောင့်။ အဟံ၊ ငါသည်။ ဝေါ၊ သင်တို့ကို။ ဝဒါမိ၊ ဆို၏။ ဧတ္ထ။ ဤအရပ်၌။ ယာဝန္တာ၊ အကြင်မျှလောက်ကုန်သော။ သမာဂတာ၊ စည်းဝေးကုန်သော။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တုမှေ၊ သင်တို့သည်။ ကတညုနော၊ သူ့ကျေးဇူးကို သိကုန်သည်။ ဟောထ၊ ဖြစ်ကုန်၏။ စိရံ၊ ကြာမြင့်စွာ၊ သဂ္ဂမှိ၊ နတ်ပြည်၌။ ဌဿထ၊ နေရကုန်အံ့။

ရာထူးပြန်ခန့်

ဤသို့ ဘုရားလောင်းသည် မင်းကို အစပြုကုန်၍ စည်းဝေးကုန်သော ခပ်သိမ်ကုန်သော သူတို့အား အဆုံးအမကို ပေး၏။ ထိုစကားကို ကြား၍ မင်းသည် ဩဋ္ဌဗျာဓိအား စည်းစိမ်အခြံအရံကို ပကတိ ရှိသည်ကို ပြု၏။ ဘုရားလောင်း၏ အဆုံး အမ၌လည်း တည်၍ ကြာမြင့်စွာ အလှူအစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဘဒ္ဒဝတီသည် ထိုအခါ ဩဋ္ဌဗျာဓိ ဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အမတ်ဖြစ်ဖူးပြီဟု ဇတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးရှိငြား၊ သိသူအား၊ ကျိုးများဖြစ်ထွန်းရာ

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဒဠှဓမ္မဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၅။ သောမဒတ္တဇာတ်

သေ၍ငိုခြင်းသည် အကျိုးမရှိကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယော မံ ပုရေ ပစ္စုဋ္ဌေတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသောမဒတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတေဉ်မူစဉ် မထင်ရှားသော ရဟန်းကြီးကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းကြီးသည် တစ်ယောက်သော သာမဏေကို ရှင်ပြုစေသတတ်။ ထိုသာမဏေသည် ထိုရဟန်းကြီးအား ကျေးဇူးပြုသည်ဖြစ်၍ ထိုသို့သဘောရှိသော ရောဂါဖြင့် သေ၏။ ထိုရဟန်းကြီးသည် ထိုသာမဏေ သေသည်ရှိသော် ငိုကြွေးမြည်တမ်းလျက်သွား၏။ ထိုရဟန်းကြီးကို မြင်၍ ရဟန်းတို့သည် တရားသဘင်၌ ဤအမည်ရှိသော ရဟန်းကြီးသည် သာမဏေ၏ သေခြင်းနှင့် ငိုကြွေး မြည်တမ်းလျက် သွား၏။ မရဏဿတိ ကမ္မဋ္ဌာန်းမှ ကင်းယောင်တကားဟု စကားကိုဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤရဟန်းထည် ဤသာမဏေ သေသည်ရှိသော် ငိုကြွေး သည်မဟုတ်သေး၊ ရှေး၌လည်း ငိုဖူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တာဝတိံသာ နတ်ပြည်၌ သိကြားဖြစ်၏။

ပုဏ္ဏား ရသေ့ဝတ်ခြင်း

ထိုအခါ တစ်ယောက်သော ကာသိနိဂုံးရွာ၌ နေသော ပုဏ္ဏားသည် များသော ဥစ္စာရှိ၏။ ကာမကိုစွန့်၍ ဟိမဝန္တာသို့ ဝင်၍ ရသေ့ရဟန်းပြု၍ ဆွမ်းခံသွားသဖြင့်လည်းကောင်း၊ တောသစ်မြစ် သစ်သီးတို့ဖြင့်လည်းကောင်း မျှလျက် နေခြင်းကို ပြု၏။

ဆင်ငယ်ကို မွေးစား၍

တစ်နေ့သ၌ သစ်သီးကြီးငယ် အကျိုးငှာ သွားသည်ရှိသော် တစ်ခုသော ဆင်ငယ်ကို မြင်၍ မိမိကျောင်းသို့ ဆောင်၍ သားအရာ၌ထား၍ ထိုဆင်အား သောမဒတ် ဟူသော အမည်ကိုမှည့်၍ မြက်သစ်ရွက်တို့ကို စားစေလျက် မွေး၏။ ထိုဆင်သည် အရွယ်ရောက်လတ်သော် ကြီးသောကိုယ် ရှိသည်ဖြစ်၍ တစ်နေ့သ၌ များသောအစာကိုယူ၍ အစာမကျေခြင်းကြောင့် အားနည်းသည် ဖြစ်၏။ ရသေ့သည် ထိုဆင်ကို ကျောင်း၌ထား၍ သစ်သီးကြီးငယ် အလို့ငှာ သွား၏။ ထိုရသေ့မရောက်မီလျှင် ဆင်ငယ်သည် သေ၏။

သေသောအခါ ငိုကြွေးပုံ

ရသေ့သည် သစ်သီးကြီးငယ်ကို ယူ၍ လာလတ်သော် တစ်ပါးကုန်သော နေ့တို့၌ ငါတို့၏ သားသည် ခရီးဦး ကြိုဆိုခြင်းကို ပြု၏။ ယနေ့မထင်၊ အဘယ်သို့လျှင် သွားသနည်း ဟု ငိုကြွေးလိုသည်ဖြစ်၍-

၁၀၅။ ယော မံ ပုရေ ပစ္စုဋ္ဌေတိ၊
အရညေ ဒူရမာယတော။
သော န ဒိဿတိ မာတသင်္ဂေါ၊
သောမဒတ္တော ကုဟိံ ဂတော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၅။ အာယတော၊ အလုံးအရပ်နှင့် ပြည့်စုံသော။ သောမဒတ္တော၊ သောမဒတ္တ အမည်ရှိသော။ ယော မာတင်္ဂေါ၊ အကြင်ဆင်သည်။ မံ၊ ငါ့ကို။ ပုရေ၊ ရှေးကာလ၌။ အရညေ၊ တော၌။ ဒူရံ၊ ဝေးစွာ။ ပစ္စုဋ္ဌေတိ၊ ခရီးဦးကြိုဆို၏။ သော မာတင်္ဂေါ၊ ထိုဆင်သည်။ န ဒိဿတိ၊ ယခုမထင်ခဲ့။ ကုဟိံ၊ အဘယ်သို့။ ဂတော၊ သွားသနည်း။

ဤသို့ ငိုကြွေးလျက် လာလတ်သော် စင်္ကြံဦး၌ လဲသော ဆင်ကိုမြင်၍ လည်၌ဖက်၍ ငိုကြွေးလျက်-

၁၀၆။ အယံ ဝါ သော မတော သေတိ၊ အလ္လသိင်္ဂံဝ ဝစ္ဆိတော။
ဘူမျာ နိပတိတော သေတိ၊ အမရာ ဝတ ကုဉ္ဇရော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၁၀၆။ ယော ကုဉ္ဇရော၊ အကြင်ဆင်သည်။ မတော သေတိ၊ သေ၍ အိပ်၏။ ဧသော ကုဉ္ဇရော၊ ထိုဆင်သည်။ အယံ၊ ဤ သောမဒတ္တ ဆင်လျှင်တည်း။ အညော၊ တစ်ပါးသော ဆင်သည်။ ၊ မဟုတ်။ အလ္လသိင်္ဂံ၊ မာလောနွယ်၏ ကြီးသော အညွန့်ကို။ ဝစ္ဆိတော၊ လက်သည်းဖြင့်ဖြတ်၍။ ဘူမျာ၊ မြေ၌။ နိပတိတော ယထာ၊ ချသကဲ့သို့။ ဧဝံ တထာ၊ ထို အတူ။ ကုဉ္ဇရော၊ သောမဒတ္တဆင်သည်။ ဘူမျာ၊ မြေ၌။ သေတိ၊ အိပ်၏။ အမရာ ဝတ၊ ဪ-သေလေပြီတကား။

သိကြားမင်းသတိပေးခြင်း

သိကြားမင်းသည် ထိုခဏ၌ လောကကိုကြည့်လတ်သော် ထိုရသေ့ကိုမြင်၍ ဤရသေ့သည် သားမယားကို စွန့်၍ ရဟန်းပြု၏။ ယခုအခါ ဆင်ငယ်၌ သားအမှတ်ကိုပြု၍ ငိုကြွေး၏။ ထိုရသေ့ကို သံဝေဂကို ဖြစ်စေ၍ သတိကို ရစေအံ့ဟု ထိုရသေ့၏ ကျောင်းသို့သွား၍ ကေင်းကင်၌ တည်လျက်လျှင်-

၁၀၇။ အနဂါရိယုပေတဿ၊ ဝိပ္ပမုတ္တဿ တေ သတော။
သမဏဿ န တံ သာဓု၊ ယံ ပေတ မနုသောစသိ။

ဟူသော သုံးခုမြောက်သော ဤဂါထာ ကိုဆို၏။

֍ ဋ္ဌ ၁၀၇။ ပေတံ၊ သေသော သတ္တဝါကို။ ယံ အနုသောစသိ၊ အကြင် စိုးရိမ်၏။ တံ၊ ထိုသို့စိုးရိမ်ခြင်းသည်။ အနဂါရိယုပေတဿ၊ ရဟန်းအဖြစ်နှင့် ပြည့်စုံသော။ ဝိပ္ပမုတ္တဿ၊ လူ့ အဖြစ်မှလွတ်သော။ သမဏဿ၊ ရဟန်းသည်။ သတော၊ ဖြစ်သော။ တေ၊ သင်အား။ န သာဓု၊ မကောင်း။

ချစ်၍စိုးရိမ်မိသည်

ထိုအခါ သိကြားမင်း၏စကားကို ကြား၍ ရသေ့သည်-

၁၀၈။ သံဝါသေန ဟဝေ သက္က၊ မနုဿဿ မိဂဿ ဝါ။
ဟဒယေ ဇာယတေ ပေမံ၊ တံ န သက္ကာ အသောစိတုံ။

ဟူသော လေးခုမြောက်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၁၀၈။ သက္က၊ သိကြားမင်း။ ဟဝေ၊ စင်စစ်။ မနုဿဿ ဝါ၊ လူ၏လည်းကောင်း။ မိဂဿ ဝါ၊ တိရစ္ဆာန်၏ လည်းကောင်း။ သံဝါသေန၊ ပေါင်းဖော်ခြင်းနှင့်။ ဟဒယေ၊ နှလုံး၌။ ပေမံ၊ ချစ်ခြင်းသည်။ ဇာယတေ၊ ဖြစ်၏။ တံ ပိယံ၊ ထိုချစ်သော သတ္တဝါကို။ အသောစိတုံ၊ မစိုးရိမ်ခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။

အမြဲငိုနေရလိမ့်မယ်

ထို့နောင်မှ ရသေ့ကို ဆုံးမလိုသည်ဖြစ်၍ သိကြားမင်းသည်၁-

၁၀၉။ မတံ မရိဿံ ရောဒန္တိ၊ ယေ ရုဒန္တိ လပန္တိ စ။
တသ္မာ တွံ ဣသိ မာ ရောဒိ၊
ရောဒိတံ မောဃ မာဟု သန္တာ။-
၁၁၀။ ကန္ဒိတေန ဟဝေ ဗြဟ္မေ၊ မတော ပေတော သမုဋ္ဌဟေ။
သဗ္ဗေ သင်္ဂမ္မ ရောဒါမ၊ အညမညဿ ဉာတကေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၀၉။ ဣသိ၊ ရသေ့။ ယေ၊ အကြင်သူတို့သည်။ မတံ စ၊ သေဆဲသေပြီးသူကိုလည်းကောင်း။ မရိဿံ စ၊ သေအံ့သောသူကိုလည်းကောင်း။ ရောဒန္တိ၊ ငိုကုန်၏။ ရုဒန္တိ၊ မျက်ရည်ယိုကုန်၏။ လပန္တိ၊ မြည် တမ်းကုန်၏။ တေသံ၊ ထိုသူတို့အား။ အဿုပစ္ဆိဇ္ဇဒိဝသော နာမ၊ မျက်ရည်ပြတ်သော နေ့မည်သည်။ နတ္ထိ၊ မရှိ။ ရောဒိတံ၊ ငိုခြင်းကို။ မောဃံ၊ အကျိုး မရှိဟူ၍။ သတ္တော၊ သူတော်ကောင်းတို့သည်။ အာဟု၊ ဆိုကုန်၏။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ သင်သည်။ မာ ရောဒိ၊ မငိုလင့်။

֍ ဋ္ဌ ၁၁၀။ ဗြဟ္မေ၊ ရှင်ရသေ့။ ဝေ၊ စင်စစ်။ ကန္ဒိတေန၊ ငိုသဖြင့်။ ပေတော၊ ပစ္စုပ္ပန်ဘဝမှ ကင်းကွာသော။ မတော၊ သေသောသူသည်။ သမုဋ္ဌဟေ၊ ရှင်ပြန်သဖြင့် ထငြားအံ့။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော ငါတို့သည်။ သင်္ဂမ္မ၊ စည်းဝေး၍။ အညမညဿ၊ အချင်းချင်း၏။ ဉာတကေ၊ ဆွေမျိုးတို့ကို။ ရောဒါမ၊ ငိုကုန်အံ့။

ကျေးဇူးတင်ပါတယ် အရှင်

ရသေ့သည် သိကြားမင်း၏စကားကို ကြား၍ သတိရ၍ ကင်းသော သောကရှိသည်ဖြစ်၍ မျက်ရည်တို့ကို သုတ်၍ သိကြားမင်းအား ချီးမွှမ်းလိုသည်၏ အစွမ်းအားဖြင့်-

၁၁၁။ အာဒိတ္တံ ဝတ မံ သန္တံ၊ ဃတသိတ္တံဝ ပါဝကံ။
ဝါရိနာ ဝိယ ဩသိဉ္စံ၊ သဗ္ဗံ နိဗ္ဗာပယေ ဒရံ။
၁၁၂။ အဗ္ဗဟီဝတ မေ သလ္လံ၊ ယမာသိ ဟဒယဿိတံ။
ယော မေ သောကပရေတဿ၊ ပုတ္တသောကံ အနုဒိ။
၁၁၃။ သောဟံ အဗ္ဗူဠသလ္လေသ္မိ၊ ဝီတသောကော အနာဝိလော။
န သောစာမိ န ရောဒါမိ၊ တဝ သုတွာန ဝါသဝ။

ဟူသော ကြွင်းကုန်သော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၁၁။ ဃတသိတ္တံ၊ ထောပတ်ဖြင့် သွန်းလောင်းသော။ ပါဝကံ၊ မီးကို။ ဝါရိနာ၊ ရေဖြင့်။ ဩသိဉ္စံ ဝိယ၊ သွန်းလောင်းဘိသကဲ့သို့။ ဝတ၊ စင်စစ်။ အာဒိတ္တံ၊ သောကမီးဖြင့် ပြောင်ပြောင်တောက်သည်။ သန္တံ၊ ဖြစ်သော။ မံ၊ ငါ့ကို။ နိဗ္ဗာပယေ၊ ငြိမ်းစေ၏။ သဗ္ဗံ၊ အလုံးစုံသော။ ဒရံ၊ စိုးရိမ်ခြင်းကို။ နိဗ္ဗာပယေ၊ ငြိမ်းစေ၏။

֍ ဋ္ဌ ၁၁၂။ ယော တွံ၊ အကြင်သင်သည်။ သောကပရေတဿ၊ သောကသည် နှိပ်စက်အပ်သော။ မေ၊ ငါ၏။ ပုတ္တသောကံ၊ သား၌စိုးရိမ်ခြင်းကို။ အပါနုဒိ၊ ပယ်၏။ မေ၊ ငါ့အား။ ဟဒယဿိတံ၊ နှလုံး၌မှီသော။ ယံ သလ္လံ၊ အကြင်သောကတည်းဟူသော ငြောင့်သည်။ အာသိ၊ ဖြစ်ပြီ။ တံ သလ္လံ၊ ထိုသောက တည်းဟူသော ငြောင့်ကို။ တေ-တယာ၊ သင်သည်။ အဗ္ဗဟီဝတ၊ နုတ်အပ်စွတကား။

֍ ဋ္ဌ ၁၁၃။ ဝါသဝ၊ သိကြားမင်း။ တဝ၊ သင်၏။ ဝစနံ၊ စကားကို။ သုတွာန၊ နာရ၍။ သော အဟံ၊ ထိုငါသည်။ အဗ္ဗူဠသလ္လော၊ နုတ်အပ်သော မြားငြောင့်ရှိသည်။ အသ္မိ၊ ဖြစ်၏။ ဝီတသောကော၊ ကင်းသော စိုးရိမ်ခြင်းရှိ၏။ အနာဝိလော၊ စိတ်နောက်ခြင်း မရှိ။ န သောစာမိ၊ မစိုးရိမ်။ န ရောဒါမိ၊ မငိုကြွေး။

ဤသို့ သိကြားမင်းသည် ရသေ့အား ဆုံးမ၍ မိမိနေရာသို့ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ သာမဏေသည် ထိုအခါ ဆင်ငယ်ဖြစ်ပြီ၊ ယခုအခါ ရဟန်းကြီးသည် ထိုအခါ ရသေ့ဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သိကြားဖြစ်ပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သေသူတမ်းတ၊ ငိုကြွေးကြ၊ သောက ဖြစ်ရုံသာ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော သောမဒတ္တဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၆။ သုသီမဇာတ်

မင်းစည်းစိမ်ကိုစွန့်၍ ထွက်ခြင်းအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကာဠာနိ ကေသာနိ ပုရေ အဟေသုံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုသီမဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မြတ်သော တောထွက်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအခါ ရဟန်းတို့သည် တရားသဘင်၌နေ၍ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါ၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ငါဘုရားသည် ယခုအခါ၌ များစွာကုန်သော ကမ္ဘာ ကုဋေအသိန်းတို့ပတ်လုံး ဖြည့်အပ်ပြီးသော ပါရမီရှိသည်ဖြစ်၍ မြတ်သော တောထွက်ခြင်းဖြင့် တောထွက်တော်မူသည်ကို မအံ့အပ်သေး၊ ရှေး၌လည်း ငါဘုရားသည် သုံးယူဇနာရှိသော ကာတိုင်း၌ မင်းအဖြစ်ကို စွန့်၍ တောထွက်ဖူးသည်သာလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်၏ မယားဝမ်း၌ ဖြစ်၏။ ထိုဘုရားလောင်း၏ ဖွားနေ့၌လျှင် ဗာရာဏသီမင်းအားလည်း သား ဖွား၏။ ထိုသူငယ်တို့၏ အမည်မှည့်အံ့သောနေ့၌ ဘုရားလောင်းအား သုသီမ သတို့သားဟူသာ အမည်ကို မှည့်ကုန်၏။ မင်းသားအားလည်း ဗြဟ္မဒတ္တသတို့သားဟူ သော အမည်ကို မှည့်ကုန်၏။ ဗာရာဏသီမင်းသည် သားနှင့်အတူတကွ တစ်နေ့တည်း ဖွား၏ဟု ဘုရားလောင်းကို ယူစေ၍ နိုထိန်းတို့ကိုပေး၍ သားနှင့်အတူတကွ ကြီးစေ၏။

သူငယ်ချင်း နှစ်ယောက်

ထိုနှစ်ယောက်ကုန်သော သူငယ်တို့သည်လည်း အရွယ်ရောက်လတ်သော် အလွန် အဆင်း လှကုန်၏။ နတ်အဆင်း နှင့် တူသည်ဖြစ်ကုန်၍ တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကို သင်ကုန်၍ တစ်ဖန် ပြန်လာကုန်၏။ မင်းသားသည် အိမ်ရှေ့မင်းဖြစ်၍ ဘုရားလောင်းနှင့် တကွ

တစ်ပေါင်းတည်း စားလျက် နေလျက်, အိပ်လျက် အဘလွန်သဖြင့် မင်းအဖြစ်သို့ ရောက်၍ ဘုရားလောင်းအား ကြီးစွာသော စည်းစိမ်ကိုပေး၍ ပုရောဟိတ်အရာ၌ထား၏။ တစ်နေ့သ၌ မြို့ကို တန်ဆာဆင်စေ၍ သိကြားမင်းကဲ့သို့ တန်ဆာဆင်ခြင်းဖြင့် တန်ဆာဆင်အပ်သော ဧရာဝဏ်ဆင်နှင့်တူသော အမုန်ယစ်သော မြတ်သော ဆင်ကျောက်ကုန်း၌နေ၍ ဘုရားလောင်းကို နောက်၌ ခင်းအပ်သော ဆင်ကျောက်ကုန်း၌ နေစေ၍ မြို့ကို လက်ယာရစ် လည်သည်ကို ပြု၏။

မယ်တော် ချစ်နာကျ

အမိသည် ချစ်စွာသော သားကိုကြည့်အံ့ဟု ခြင်္သေ့ခံသော လေသာပြတင်း၌ ရပ်သည်ရှိသော် မြို့ကို လက်ယာရစ် လည်၍လာသော မင်း၏ နောက်မှ နေသော ပုရောဟိတ်သားကိုမြင်၍ တပ်သောစိတ် ရှိသည်ဖြစ်၍ အိပ်ရာတိုက်ခန်းသို့ ဝင်၍ ဤပုရောဟိတ်သားကို မရသည်ရှိသော် အိပ်ရာ၌လျှင် သေအံ့ ဟု အာဟာရကို ဖြတ်၍ အိပ်၏။ မင်းသည် မယ်တော်ကို မမြင်သည်ရှိသော် ငါ၏ မယ်တော်သည် အဘယ်မှာနည်း ဟု မေး၍ နာ၏ ဟု ကြား၍ မယ်တော်အထံသို့ သွား၍ ရှိခိုး၍ မိခင်... အဘယ်မည်သော ရောဂါ ဖြစ်သနည်းဟု မေးလတ်သော် ထိုမယ်တော်သည် ရှက်သည်၏ အဖြစ်ကြောင့် ထိုစကားကို မဆို။ မင်းသည် သွား၍ မင်း၏ ပလ္လင်၌နေ၌ မိမိ၏ မိဖုရားကြီးကို ခေါ်၍ သွားချေ၊ မယ်တော်၏ မချမ်းသာခြင်းကို သိအောင်ပြုချေ ဟု စေ၏။ မိဖုရားသည်လည်း သွား၍ ကျောက်ကို ဆုပ်နယ်လျက် မေး၏။ မိန်းမတို့မည်သည် မိန်းမတို့အား လျှို့ဝှက်အပ်သောအမှုတို့ကို မလျှို့ဝှက်ကုန်၊ ထိုမယ်တော်သည် မိဖုရားအား ထိုအကြောင်းကို ကြား၏။ မိဖုရားသည်လည်း ထိုစကားကို ကြား၍ မင်းအား ကြား၏။ မင်းသည် ထိုသို့ဖြစ်စေ၊ သွားချေ၊ မယ်တော်ကို နှစ်သိမ့်စေလော့ ဟု ပုရောဟိတ်ကို မင်းပြု၍ မယ်တော်ကို ပုရောဟိတ်၏ မိဖုရား ပြုအံ့ဟု ဆို၏။ မိဖုရားလည်း လာလတ်၍ မယ်တော်ကို နှစ်သိမ့်စေ၏။

နိုင်ငံအပ်၍ မယ်တော်နှင့် ထိမ်းမြား

မင်းသည်လည်း ပုရောဟိတ်ကိုခေါ်စေ၍ ထိုအကြောင်းကို ကြား၍ အဆွေပုရောဟိတ်... ငါ့အမိအား အသက်ကို ပေးလော့၊ သင်သည် မင်းဖြစ်လတ္တံ့၊ ထိုအမိသည် မိဖုရားဖြစ်လတ္တံ၊ ငါသည် အိမ်ရှေ့မင်း ဖြစ်လတ္တံ့ ဟု ဆို၏။ ထိုပုရောဟိတ်သည် ဤသို့ ပြုအံ့သောငှာ မတတ်ကောင်းဟု ပယ်၍ အဖန်တလဲလဲ တောင်းပန်အပ်သော် ဝန်ခံ၏။ မင်းသည် ပုရောဟိတ်ကို မင်းပြု၍ မိမိသည် အိမ်ရှေ့မင်းပြု၏။ ထိုသူတို့၏ ညီညွတ်စွာနေကုန်စဉ် နောက်အဖို့၌ ဘုရားလောင်းသည် အိမ်ရှေ့အလယ်၌ ငြီးငွေ့သည်ဖြစ်၍ ကာမတို့ကို စွန့်၍ ရသေ့ရဟန်းပြုအံ့သောငှာ ညွတ်သောစိတ်ရှိသည်ဖြစ်၍ ကိလေသာနှင့်ယှဉ်သော မွေ့လျော်ခြင်း၌ မတပ်စွန်းသည်ဖြစ်၍ တစ်ယောက်တည်းသာလျှင် ရပ်၏။ ထိုင်၏။ အိပ်၏။ နှောင်အိမ်၌ နှောင်ဖွဲ့အပ်သကဲ့သို့ လည်းကောင်း ချိုင့်၌ ထားအပ်သော ကြက်ကဲ့သို့ လည်းကောင်း ဖြစ်၏။

သူငယ်ချင်းမင်း သံဝေဂရပုံ

ထိုအခါ ထိုမင်း၏ မိဖုရားကြီးသည် ဤမင်းသည် ငါနှင့်တကွ မမွေ့လျော်၊ တစ်ယောက် တည်းသာလျှင် ရပ်၏။ ထိုင်၏။ အိပ်ခြင်းကို ပြု၏။ ဤမင်းသည်ကား ငယ်၏။ နုပျို၏။ ငါကား ကြီးရင့်၏။ ငါ၏ဦးခေါင်း၌ ဆံဖြူတို့သည် ထင်ကုန်၏။ အကယ်၍ ငါသည် ရှင်မင်းကြီး၏ ဦးခေါင်း၌ တစ်ခုသောဆံဖြူသည် ထင်၍ဟု မုသားဆို၍ တစ်ခုသော ဥပါယ်ဖြင့် မင်းကိုသိစေ၍ ငါနှင့်တကွ မွေ့လျော်ရစေမူကား ကောင်းစွ ဟု ကြံ၍ တစ်နေ့သ၌ မင်း၏ဦးခေါင်း၌ သန်းတို့ကို ရှာသကဲ့သို့ပြု၍ အရှင်မင်းကြီး- သင်မင်းကြီးသည် အိုပြီ၊ အရှင်မင်းကြီး၏ဦးခေါင်း၌ တစ်ခုသော ဆံဖြူသည် ထင်၏ဟု ဆို၏။ ရှင်မ ထိုသို့တပြီးကား ထိုဆံဖြူကို နုတ်၍ ငါ၏ လက်၌လျှင် ထားလော့ဟု ဆို၏။ မိဖုရားသည် မင်း၏ဦးခေါင်းမှ တစ်ခုသော မည်းသောဆံပင်ကို နုတ်၏။ ထိုဆံပင်ကိုစွန့်၍ မိမိဦးခေါင်းမှ ဆံဖြူကိုယူ၍ အရှင်မင်းကြီး ဤသည်ကား ရှင်မင်းကြီး၏ ဆံတည်းဟု မင်း၏လက်၌ထား၏။ ထိုဆံဖြူကို မြင်၍ ထိတ်လန့်သော စိတ်ရှိသော ဘုရားလောင်း၏ ရွှေပြားနှင့်တူသောနဖူးမှ ချွေးတို့သည် ထွက်ကုန်၏။

ထိုဘုရားလောင်းသည် မိမိကိုယ်ကို ဆုံးမလျက် သုသီမ... သင်သည် အိုပြီ၊ ဤမျှလောက်သော ကာလပတ်လုံး မစင်ညွန်၌ ငုပ်သော ဝက်ကဲ့သို့ ကာမညွန်၌ငုပ်၍ ထိုကာမညွန်ကို စွန်အံ့သောငှာ မတတ်နိုင်၊ ကာမတို့ကိုစွန့်၍ ဟိမဝန္တာသို့ဝင်၍ ရဟန်းပြု၍ သင့်အား မြတ်သောအကျင့်ဖြင့် နေအပ်သောအခါတည်းဟု ကြံ၍-

၁၁၄။ ကာဠာနိ ကေသာနိ ပုရေ အဟေသုံ၊
ဇာတာနိ သီသမှိ ယထာပဒေသေ။
တာနဇ္ဇ သေတာနိ သုသီမ ဒိသွာ၊
ဓမ္မံ စရ ဗြဟ္မစရိယဿ ကာလော။

ဟူ သော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၄။ သုသီမ၊ သုသီမ။ ပုရေ၊ ရှေး၌။ သီသမှိ၊ ဦး ခေါင်း၌။ ယထာပဒေသေ၊ လျော်သောအရပ်၌။ ဇာတာနိ၊ ရောက်ကုန်သော။ ကာဠာနိ၊ မည်းညိုသောအဆင်း ရှိကုန်သော။ ကေသာနိ၊ ဆံတို့သည်။ အဟေသုံ၊ ဖြစ်ကုန်၏။ အဇ္ဇ၊ ယခု။ သေတာနိ၊ ဖွေးဖွေးဖြူကုန်သော။ တာနိ၊ ထိုဆံတို့ကို။ ဒိသွာ၊ မြင်၍။ ဓမ္မံ၊ ကုသလကမ္မပထ တရားဆယ်ပါးကို။ စရ၊ ကျင့်လော့။ ဗြဟ္မစရိယဿ၊ မြတ်သော အကျင့်ကို ကျင့်ခြင်း၏။ ကလော၊ အခါတန်ပြီ။

မအိုသေးပါဘုရား

ဤသို့ ဘုရားလောင်းသည် မြတ်သောအကျင့်ဖြင့် နေခြင်း၏ ကျေးဇူးတို့ကို ချီးမွမ်းသည်ရှိသော် မိဖုရားသည် ငါသည် ဤမင်းအား ငြိစွန်းခြင်းကို ပြုအံ့ဟုကြံလျက် ငြိစွန်းခြင်း၏ ပြေခြင်းကိုလျှင် ပြုမိ၏ ဟု ထိတ်လန့်သည်ဖြစ်၍ ယခုအခါ ထိုမင်းအား ရဟန်းမပြုစိမ့်သောငှာ ကိုယ်အဆင်းကို ချီးမွမ်းအံ့ဟု ကြံ၍-

၁၁၅။ မမေဝ ဒေဝ ပလိတံ တုယှံ၊
မမေဝ သီသံ မမ ဥတ္တမင်္ဂံ၊
အတ္ထံ ကရိဿန္တိ မုသာ အဘာဏိံ၊
ဧကာပရာဓံ ခမ ရာဇသေဋ္ဌ။
၁၁၆။ ဒဟရော တုဝံ ဒဿနီယောသိ ရာဇ၊
ပဌမုဂ္ဂတော ဟောတိ ယထာ ကဠီရော၊
ရဇ္ဇဉ္စ ကာရေဟိ မမဉ္စ ပဿ၊
မာ ကာလိကံ အနုဓာဝိ ဇနိန္ဒ။

ဟူသော ဤနှစ်ဂါတို့ကို ဆို၏။

֍ ဋ္ဌ ၁၁၅။ ဒေဝ၊ အရှင်မင်းကြီး။ မမေဝ၊ အကျွန်ုပ်၏ လျှင်။ ပလိတံ၊ ဆံဖြူတည်း။ တုယှံ၊ သင်မင်းကြီး၏။ ပလိတံ၊ ဆံဖြူသည်။ ၊ မဟုတ်။ မမေဝ၊ အကျွန်ုပ်၏လျှင်။ သီသံ၊ ဦးခေါင်း၌ ရောက်သော ဆံဖြူတည်း။ မမ၊ ကျွန်ုပ်၏။ ဥတ္တမင်္ဂံ၊ ဦးခေါင်း ၌ရောက်သော ဆံဖြူတည်း။ အဟံ၊ အကျွန်ုပ်သည်။ အတ္ထံ၊ အကျိုးကို။ ကရိဿန္တိ၊ ပြုကုန်အံ့ဟု။ မုသာ၊ မုသားသို့။ အဘာဏိံ၊ ဆိုမှား၏။ ရာဇသေဋ္ဌ၊ မင်းမြတ်။ ဧကာပရာဓံ၊ အကျွန်ုပ်၏ တစ်ခုသော အပြစ်ကို။ ခမ၊ သည်းခံပါလော့။

֍ ဋ္ဌ ၁၁၆။ ရာဇ၊ မင်းမြတ်။ ပဌမုဂ္ဂတော၊ ပေါက်သစ်စဖြစ်သော။ ကဠီရော၊ အညှောက်သည်။ ဒဿနီယော၊ ရှုချင်ဖွယ်ရှိသည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ တုဝံ၊ သင်မင်းကြီးသည်။ ဒဟရော၊ ပျိုနုသည်ဖြစ်၍။ ဒဿနီယော၊ ရှုချင်ဖွယ်ရှိသည်။ အသိ၊ ဖြစ်၏။ ရဇ္ဇဉ္စ၊ မင်းအဖြစ်ကိုလည်း။ ကာရေဟိ၊ ပြုလော့။ မမဉ္စ၊ အကျွန်ုပ်ကိုလည်း။ ပဿ၊ ရှုပါလော့။ ဇနိန္ဒ၊ မင်းကြီး။ ကာလိကံ၊ နောက်မှ အကျိုးကိုပေးတတ်သော ရဟန်းအဖြစ်သို့။ မာ အနုဓာဝိ၊ မကပ်လင့်။

နောက်တော့ အိုကြရမှာပဲ

ဘုရားလောင်းသည် မိဖုရားစကားကို ကြား၍ ရှင်မ... သင်ဆိုတိုင်းဖြစ်ရာ သလျှင်ကတည်း၊ ငါ၏ အရွယ်ရင့်သည်ရှိသော် ဤမည်းညိုသော ဆံတို့သည် ဖောက်ပြန်၍ ပိုက်ဆန်လျှော်တို့ကဲ့သို့ ဖြူကုန်သည် ဖြစ်ရာ၏။ အရွယ်ရင့် အိုခြင်းသို့ ရောက်ကုန်သော် ကြာညိုအစရှိကုန်သော ပန်းဆိုင်းနှင့်တူကုန်သော သူငယ်တို့ကို လည်းကောင်း၊ ရွှေအဆင်းနှင့်တူကုန်သော မြတ်သောအရွယ် တင့်တယ်ခြင်းနှင့် ပြည့်စုံကုန်သော မင်းသမီး အစရှိသည်တို့၏ လည်းကောင်း၊ အဆင်းဖောက်ပြန်ခြင်းကိုလည်းကောင်း၊ ကိုယ်၏ ပျက်စီးခြင်းကိုလည်းကောင်း ငါသည် မြင်ရ၏။ ရှင်မ... ဤသို့ ဤသတ္တလောကသည် ပျက်စီးခြင်း အဆုံးရှိ၏ ဟု ဆို၍ ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် ဟောလိုရကား-

၁၁၇။ ပဿာမိ ဝေါဟံ ဒဟရိံ ကုမာရိံ၊
သာမဋ္ဌ ပဿံ သုတနုံ သုမဇ္စျံ၊
ကာဠပ္ပဝါဠာဝ ပဝေလ္လမာနာ။
ပလောဘယန္တီဝ နရေသု ဂစ္ဆတိ။
၁၁၈။ တမေန ပဿာမိ ပရေန နာရိံ၊
အာသီတိကံ နာဝုတိကံဝ ဇစ္စာ။
ဒဏ္ဍံ ဂဟေတွာန ပဝေဓမာနံ၊
ဂေါပါနသီ ဘောဂ္ဂသမံ စရန္တိ။

ဟူသော ဤနှစ်ဂါထာတို့၏အပေါင်းကို ဆို၏။

֍ ဋ္ဌ ၁၁၇။ ဘဒ္ဒေ၊ ရှင်မ။ အဟံ၊ ငါသည်။ သာမဋ္ဌပဿံ၊ အလုံးစုံ အပြင်တို့၌ ပြေပြစ်သော အရောင်အဆင်းရှိသော။ သုတနုံ၊ ကောင်းသော ကိုယ်ရှိသော။ သုမဇ္စျံ၊ ကောင်းသော ခါးရှိသော။ ဒဟရိံ၊ ပျိုနုသော။ ကုမာရိံ၊ သတို့သမီးကို။ ပဿာမိ၊ မြင်၏။ ပဝေလ္လမာနာ၊ ညှင်းညှင်းသော လေသည် ခတ်အပ်သည်ရှိသော် ထိုမှဤမှတုန်လှုပ်သော။ ကာဠပ္ပဝါဠာဝ၊ သန္တာနက်ကဲ့သို့ အရွက်ရှိသော မည်းသောနွယ်ကဲ့သို့။ သာဣတ္ထီ၊ ထိုမိန်းမသည်။ နရေသု၊ ယောကျ်ားတို့၏အနီး၌။ ပလောဘယန္တိဝ၊ ကိလေသာ၏ အစွမ်းအားဖြင့် ဖြားယောင်းသကဲ့သို့။ ဂစ္ဆတိ၊ သွား၏။

֍ ဋ္ဌ ၁၁၈။ အပရေန သမယေန၊ နောက်အခါ၌။ ဇစ္စာ၊ မွေးဖွားသည်မှ။ အသီတိကဉ္စ၊ အသက်ရှစ်ဆယ်ရှိသည်လည်းဖြစ်သော။ နာဝုတိကဉ္စ၊ အသက်ကိုးဆယ်ရှိသည်လည်းဖြစ်သော။ တမေနံ နာရိံ၊ ထိုမိန်းမကို။ ဒဏ္ဍံ၊ တောင်ဝှေးကို။ ဂဟေတွာန၊ ကိုင်၍။ ပဝေဓမာနံ၊ တုန်လှုပ်လျက်။ ဂေါပါနသီဘောဂ္ဂသမံ၊ အခြင်ကဲ့သို့ ကိုင်းညွှတ်သော ကိုယ်ရှိသည်ဖြစ်၍။ စရန္တိံ၊ သွားသည်ကို။ ပဿာမိ၊ မြင်ရ၏။

မောင်တော် တောထွက်တော့မည်

ဘုရားလောင်းသည် ပထမဂါထာဖြင့် ရုပ်၌ အဿာဒကိုဆိုပြီး၍ ဒုတိယဂါထာဖြင့် ရုပ်၏ အပြစ်ကို ပြပြီး၍ ယခုအခါ အိမ်၏အလယ်၌ မိမိ မမွေ့လျော်ခြင်းကို ပြလိုသည်ဖြစ်၍-

၁၁၉။ သောဟံ တမေဝါနုဝိစိန္တယန္တော၊
ဧကော ပဿာမိ သာနဿ မဇ္ဈေ။
အဟမ္ပိ ဧဝံ ဣတိ ပေက္ခမာနော၊
န ဂေဟေ ရမေ ဗြဟ္မစရိယဿ အကာလော။
၁၂၀။ ရဇ္ဇုဝါ လမ္ဗနီ စေသာ၊
ယာ ဂေဟေ ဝသတော ရတိ။
ဧတမ္ပိ ဆေတွာန ဝဇန္တိ ဓီရာ၊
အနပေက္ခိနော ကာသုခံ ပဟာယ။

ဟူသော ဤနှစ်ဂါထာတို့၏ အပေါင်းကို ဆို၏။

֍ ဋ္ဌ ၁၁၉။ သော အဟံ၊ ထိုငါသည်။ တမေဝ၊ ထိုရုပ်တို့၏ အဿာဒ, အာဒီနဝကိုလျှင်။ အနုဝိစိန္တယန္တော၊ အဖန်ဖန်ကြံလျက်။ သယနဿ၊ အိပ်ရာ၏။ မဇ္ဈ၊ အလယ်၌။ ဧကော၊ တစ်ယောက်တည်း။ ပဿာမိ၊ ရှု၏။ အဟံ၊ ငါသည်လည်း။ ဧဝံ တထာ၊ ထို့အတူ။ ဘဝိဿာမိ၊ ဖြစ်အံ့။ ဣတိ၊ ဤသို့။ ပေက္ခမာနော၊ ရှုလျက်။ ဂေဟေ၊ အိမ်၌။ န ရမေ၊ မမွေ့လျော်။ ဗြဟ္မစရိယဿ၊ မြတ်သောအကျင့်ကို ကျင့်ခြင်း၏။ ကလော၊ အခါတည်း။

֍ ဋ္ဌ ၁၂၀။ ဂေဟ၊ အိမ်၌။ ဝသတော၊ နေသောသူ၏။ ယာ ရတိ၊ အကြင်မွေ့လျော်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဧသာ ရတိ၊ ထိုမွေ့လျော်ခြင်းသည်။ အာလမ္ဗနီ၊ ဆွဲလှမ်းရာဖြစ်သော။ ရဇ္ဇုဝ၊ ကြိုးကဲ့သို့။ ဟောတိ၊ ဖြစ်၏။ ဓိရာ၊ ပညာရှိတို့သည်။ ဧတမ္ပိ၊ ဤကာမတို့၌ မွေ့လျော်ခြင်းကိုလည်း။ ဆေတွာန၊ ဖြတ်၍။ ကာမသုခံ၊ ကာမချမ်းသာကို။ ပဟာယ၊ ပယ်၍။ အနပေက္ခိနော၊ ငဲ့ကွက်ခြင်းမရှိကုန်သည်ဖြစ်၍။ ဝဇန္တိ၊ သွားကုန်၏။

ဤသို့ ဘုရားလောင်းသည် ကာမတို့၌ အဿာဒကို လည်းကောင်း၊ အာဒီနဝကိုလည်းကောင်း ပြလျက် ဘုရားကဲသို့သော တင့်တယ်ခြင်းဖြင့် တရားဟော၍ အဆွေ ခင်ပွန်းဖြစ်သော ဗြဟ္မဒတ်မင်းကို ခေါ်စေ၍ မင်းအဖြစ်ကို အပ်နှင်း၍ အဆွေအမျိုး အဆွေခင်ပွန်း နှလုံး အကျွမ်းဝင်ကုန်သော သူတို့၏ ငိုကြွေးကုန်စဉ်လျှင် အသရေစည်းစိမ်ကိုစွန့်၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြု၍ ဈာန်အဘိညာဉ်ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်ဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ များစွာကုန်သော လူတို့ကို အမြိုက်အဖျော်တို့ကို တိုက်တော်မူ၍ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ မိဖုရားကြီးဖြစ်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ အဆွေခင်ပွန်း မင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သုသီမမင်းဖြစ်ပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆံဖြူကိုမြင်၊ သံဝေတင်၊ တောတွင်ပျော်မွေ့မည်

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သုသီမဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၇။ ကောဋသိမ္ဗလိဇာတ်

အရာရာ၌ သည်းမခံသင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အဟံ ဒသသတံ ဗျာမံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကောဋသိမ္ဗလိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကိလေသာကို နှိပ်စက်ခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည်ကား ပညာသဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ ဤကောဋသိမ္ဗလိဇာတ်၌လည်း သဗ္ဗညူမြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်အတွင်း၌ ကာမဝိတက်တို့သည် နှိပ်စက်အပ်ကုန်သော ငါးရာကုန်သော ရဟန်းတို့ကို မြင်တော်မူ၍ ရဟန်းသံဃာကို စည်းဝေးစေ၍ ရဟန်းတို့ ရွံရှာအပ်သည်နှင့် ယှဉ်သည်ကို ရွံရှာခြင်းငှာ သင့်၏။ ကိလေသာတို့မည်သည် ပွားကုန်သည်ရှိသော် ပညောင်ပင် အစရှိသည်တို့သည် သစ်ပင်ကို လွှမ်းမိုးသကဲ့သို့ လွှမ်းမိုးတတ်ကုန်၏။ ထို့ကြောင့်လျှင် ရှေး၌လည်း ကြီးစွာသော လက်ပံပင်၌ဖြစ်သော နတ်သည် ပညောင်စေ့တို့ကို စား၍ မိမိသစ်ပင်၏ အခွကြား၌ ကျင်ကြီးကိုချသော တစ်ခုသောငှက်ကို မြင်၍ ဤကျင်ကြီးမှ ငါဗိမာန်၏ ပျက်စီးခြင်းသည် ဖြစ်လတ္တံ့ဟု ကြောက်ခြင်းသို့ ရောက်သည်ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကြီးစွာသော လက်ပံပင်စောင့် နတ်အဖြစ်ဖြင့် ဖြစ်၏။

နဂါးကို ဂဠုန်သုတ်

ထိုအခါ တစ်ခုသော ဂဠုန်သည် ယူဇနာ တစ်ရာ့ငါးဆယ်ရှိသော အတ္တဘောကိုဖန်ဆင်း၍ အတောင်လေတို့ဖြင့် မဟာသမုဒ္ဒရာ၌ ရေကို နှစ်ဖြာပြု၍ တစ်ခုသော အလံတစ်ထောင် အလျားရှည်သော နဂါးမင်းကို အမြီး၌ယူ၍ ထိုနဂါးအား ခံတွင်းဖြင့် ယူအပ်သော အစာကို စွန့်စေ၍ ကြီးစွာသော လက်ပံပင်ကို ရည်၍ တောအထက်ဖြင့် သွား၏။ နဂါးမင်းသည် တွဲလျားဆွဲလျက် ကိုယ်ကိုလွတ်အံ့ဟု ပညောင်ပင်၌ အခွေကိုသွင်း၍ ပညောင်ပင်ကို ရစ်၍ဆွဲ၏။ ဂဠုန်မင်း၏ အားရှိသည်၏အဖြစ်နှင့် ပညောင်ပင်သည် ကျွတ်၍ ပါ၏။ နဂါးမင်းသည် မလွတ်သလျှင်ကတည်း၊ ဂဠုန်မင်းသည် ပညောင်ပင်နှင့်တကွ နဂါးမင်းကိုယူ၍ ကြီးစွာသော လက်ပံပင်သို့ရောက်၍ နဂါးမင်းကို ပင်စည် အပြင်၌ အိပ်စေ၍ ဝမ်းကိုခွဲ၍ နဂါးဆီကိုစား၍ ကြွင်းသောအကောင်ကို သမုဒ္ဒရာ၌ စွန့်၏။

နတ်မင်းတုန်လှုပ်

ထိုပညောပင်၌ကား တစ်ခုသော ငှက်မသည် ရှိ၏။ ထိုငှက်မသည် ပညောင်ပင်ကို လွတ်သည်ရှိသော် ပျံ၍ လက်ပံပင်၏ အခွကြား၌ နေ၏။ လက်ပံပင်စောင့်နတ်သည် ထိုငှက်မကိုမြင်၍ ဤငှက်မသည် ငါ၏သစ်ပင်ခွ၌ ကျင်ကြီးကိုချလတ္တံ့၊ ထိုကျင်ကြီးမှ ပညောင်ပင်ငယ်သည်လည်းကောင်း, ညောင်ကြတ်ပင်ငယ်သည်လည်းကောင်း အလုံးစုံသော လက်ပံပင်ကို လွှမ်း၍ ဖျက်ဆီးလတ္တံ့။ ထိုအခါ ငါ၏ဗိမာန်သည် ပျက်စီးလတ္တံဟု ထိတ်လန့်သည်ဖြစ်၍ တုန်လှုပ်၏။ ထိုနတ်၏ တုန်လှုပ်သည်၏ အဖြစ်ကြောင့် ကြီးစွာသော လက်ပံပင်သည် အမြစ်တိုင်အောင် လှုပ်၏။

အဘယ်ကြောင့် တုန်လှုပ်သနည်း

ဂဠုန်မင်းသည် တုန်လှုပ်သော နတ်ကိုမြင်၍ အကြောင်းကို မေးလိုရကား-

၁၂၁။ အဟံ ဒသသတံ ဗျာမံ၊ ဥရဂမာဒါယ အာဂတော။
တဉ္စ မဉ္စ မဟာကာယံ၊ ဓာရယံ နပ္ပဝေဓသိ။
၁၂၂။ အထိမံ ခုဒ္ဒကံ ပက္ခိံ၊ အပ္ပမံသတရံ မယာ။
ဓာရယံ ဗျာထသိ ဘီတာ၊ ကမတ္ထံ ကောဋသိမ္ဗလိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၂၁။ ကောဋသိမ္ဗလိ၊ ကြီးသော လက်ပံပင်ကိုစောင့်သောနတ်။ အဟံ၊ ငါသည်။ ဒသသတံဗျာမံ၊ အလံ တစ်ထောင်ရှိသော။ ဥရဂံ၊ နဂါးကို။ အာဒါယ၊ သုတ်ယူ၍။ အာဂတော၊ လာ၏။ မဟာကာယံ၊ ကြီးစွာသော ကိုယ်ရှိသော။ တဉ္စ၊ ထိုနဂါးကိုလည်းကောင်း။ ဓာရယံ၊ ဆောင်ခဲ့သော။ မဉ္စ၊ ငါ့ကိုလည်းကောင်း။ ဒိသွာ၊ မြင်၍။ တွံ၊ သင်သည်။ နပ္ပဝေဓသိ၊ မတုန်လှုပ်။

֍ ဋ္ဌ ၁၂၂။ အထ၊ ထိုသို့ဖြစ်လျက်။ မယာ၊ ငါသည်။ ဓာရယံ၊ ဆောင်ခဲ့သော။ အပ္ပမံသတရံ၊ အလွန်နည်းသော အသားရှိသော။ ဣမံ ခုဒ္ဒကံ ပက္ခိံ၊ ဤငှက်မငယ်ကို။ ဒိသွာ၊ မြင်၍။ ကမတ္ထံ၊ အဘယ်အကျိုးကို။ သမ္ပဿမာနာဝ၊ မြင်၍လျှင်။ ဘီတာ၊ ကြက်လျက်။ ဗျာဟသိ၊ တုန်လှုပ်သနည်း။

သူက ငါဗိမာန်ကို ဖျက်ဆီးမှာ

ထိုအခါ ဂဠုန်မင်းအား အကြောင်းကိုဆိုလို၍ ရုက္ခစိုးနတ်သည်-

၁၂၃။ မံသဘက္ခော တုဝံ ရာဇ၊ ဖလဘက္ခော အယံဒိဇော။
အယံ နိဂြောဓဗီဇာနိ၊ ပိလက္ခုဒုမ္ဗရာနိ စ။
အသတ္ထာနိ စ ဘက္ခိတွာ၊ ခန္ဓေ မေ ဩဟဒိဿတိ။
၁၂၄။ တေ ရုက္ခာ သံဝိရူဟန္တိ၊ မမ ပဿေ နိဝါတဇာ။
တေ မံ ပရိသောနန္ဓိဿန္တိ၊ အရုက္ခံ မံ ကရိဿရေ။
၁၂၅။ သန္တိ အညေပိ ရုက္ခာသေ၊ မူလိနော လန္ဓိနော ဒုမာ။
ဣမိနာ သကုဏဇာတေန၊ ဗီဇမာဟရိတာ ဟတာ၊
၁၂၆။ အဇ္စျာရူဟာဘိဝဍ္ဎန္တိ၊ ဗြဟန္တမ္ပိ ဝနပျပတိံ။
တသ္မာ ရာဇ ပဝေဓာမိ၊ သမ္ပဿံနာဂတံ ဘယံ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၂၃။ ရာဇ၊ ဂဠုန်မင်း။ တုဝံ၊ သင်သည်။ မံသဘက္ထော၊ အသားကို စား၏။ အယံ ဒိဇော၊ ဤငှက်သည်။ ဖလဘက္ခော၊ အသီးကိုစား၏။ အယံ၊ ဤငှက်သည် နိဂြောဓဗီဇာနိ စ၊ ပညောင်စေ့တို့ကိုလည်းကောင်း။ ပိလက္ခုဒုမ္ဗရာနိ စ၊ ညောင်ကြတ်စေ့, ရေသဖန်းစေ့တို့ကိုလည်းကောင်း။ အသတ္ထာနိ စ၊ ညောင်ဗုဒ္ဓဟေစေ့တို့ကိုလည်းကောင်း။ ဘက္ခိတွာ၊ စား၍။ မေ၊ ငါ၏။ ခန္ဓေ၊ ပင်စည်၌။ ဩဟဒိဿတိ၊ ကျင်ကြီးစွန့်လတ္တံ့။

֍ ဋ္ဌ ၁၂၄။ မမ၊ ငါ၏။ ပဿေ၊ အနီး၌။ နိဝါတဇာ၊ လေတိတ်ရာအရပ်၌ ဖြစ်ကုန်သော။ တေ ရုက္ခာ၊ ထိုသစ်ပင်တို့သည်။ သံဝိရူဟန္တိ၊ ကြီးပွားကုန်အံ့။ တေ ရုက္ခာ၊ ထိုပညောင်ပင်အစရှိသော သစ်ပင်ရှိသည်။ မံ၊ ငါ့ကို။ ပရိယောနန္ဓိဿန္တိ၊ မြှေးယှက်ကုန်လတ္တံ့။ မံ၊ ငါ့ကို။ အရုက္ခံ၊ သစ်ပင်မရှိသည်ကို။ ကရိဿရေ၊ ပြုကုန်ရာ၏။

֍ ဋ္ဌ ၁၂၅။ ဗီဇံ၊ မျိုးစေ့ကို။ အာဟရိတာ၊ ဆောင်ကုန်၍။ ဣမိနာ သကုဏဇာတေန၊ ဤငှက်မှဖြစ်သော ပညောင်ပင် အစရှိသော သစ်ပင်သည်။ ဟတာ၊ သတ်အပ်ကုန်သော။ ရုက္ခာသေ၊ တောင်မြေအစရှိသည်တို့၌ ရောက်ကုန်သော။ အညေပိ၊ တစ်ပါးလည်းဖြစ်ကုန်သော။ မူလိနော၊ အမြစ်နှင့်ပြည့်စုံကုန်သော။ ခန္ဓိနော၊ ပင်စည်နှင့် ပြည့်စုံကုန်သော။ ဒုမာ၊ သစ်ပင်တို့သည်။ သန္တိ၊ ရှိကုန်၏။

֍ ဋ္ဌ ၁၂၆။ အဇ္စျာရူဟာ၊ အခက်အခွ၌ ရောက်သော ပညောင်ပင် အစရှိကုန်သော သစ်ပင်တို့သည်။ ဗြဟန္တံ၊ ကြီးစွာသော။ ဝနပ္ပတိံပိစ၊ တောစိုး သစ်ပင်ကိုလည်း။ အဘိဝဍ္ဎန္တိ၊ လွန်၍ ကြီးကုန်၏။ ရာဇ၊ ဂဠုန်မင်း။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ အနာဂတံ၊ လာလတ္တံ့သော။ ဘယံ၊ ဘေးကို။ သမ္ပဿံ၊ မြင်သည်ဖြစ်၍။ ပဝေဓာမိ၊ တုန်လှုပ်၏။

ငှက်မကို ပြေးစေပြီ

ရုက္ခစိုးနတ်မင်း၏ စကားကို ကြား၍ ဂဠုန်မင်းသည်-

၁၂၇။ သင်္ကေယျ သင်္ကိတဗ္ဗာနိ၊ ရက္ခေယျာနာဂတံ ဘယံ။
အနာဂတဘယာ ဓီရော၊ ဥဘော လောကေ အဝေက္ခတိ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၇။ သင်္ကိတဗ္ဗာနိ၊ ရွံရှာအပ်သည်တို့ကို။ သင်္ကေယျ၊ ရွံရှားရာ၏။ အနာဂတံ၊ လာလတ္တံ့သော။ ဘယံ၊ ဘေးကို။ ရက္ခေယျ၊ စောင့်ရာ၏။ ဓီရော၊ ပညာရှိသည်။ အနာဂတဘယာ၊ လာလတ္တံ့သော ဘေးအားဖြင့်။ ဥဘောကေ၊ နှစ်ပါးကုန်သော ပစ္စုပ္ပန်လောက, တမလွန်လောကတို့ကို။ အဝေက္ခတိ၊ ရှု၏။

ဤသို့ဆို၍လည်း ဂဠုန်မင်းသည် မိမိ၏ အာနုဘော်အားဖြင့် ထိုငှက်မကို ထိုလက်ပံပင်မှ ပြေးစေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရွံရှာအပ်သည်နှင့် ယှဉ်သည်ကို ရွံရှားခြင်းငှာ သင့်၏ ဟု မိန့်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငါးရာကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား- ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဂဠုန်မင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရုက္ခစိုးနတ်ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

လာလတ္တံ့ဘေး၊ ရှုမျှော်တွေး၊ ကြောက်ရေးပြုအပ်စွာ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကောဋသိမ္ဗလိဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၈။ ဓူမကာရီဇာတ်

မိတ်ဟောင်းကိုပစ်၍ မိတ်သစ်ကို မချီးမြှောက်သင့်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ရာဇာ အပုစ္ဆိ ဝိဓူရံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဓူမကာရီဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်း၏ အာဂန္တုကတို့အား သင်္ဂြိုဟ်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုကောသလမင်းသည် တစ်ပါးသောအခါ၌ အစဉ်အဆက် လာကုန်သော သူရဲဟောင်းတို့အား သင်္ဂြိုဟ်ခြင်းကို မပြုမူ၍ အသစ်ရောက်လာကုန်သော အာဂန္တုကတို့အားသာလျှင် ပူဇော်မြတ်နိုးခြင်းကို ပြု၏။ ထိုအခါ ကောသလမင်း၏ ပစ္စန္တရစ်ရွာကို ခိုးယူဖျက်ဆီးသည်ရှိသော် စစ်ထိုးအံ့သောငှာ သွားသော ကောသလမင်းအား အာဂန္တုက သူရဲတို့သည် ရအပ်သော ပူဇော် သက္ကာရ ရရှိကုန်၍ စစ်ထိုးလတ္တံ့ ဟု သူရဲဟောင်းတို့သည် စစ်မထိုးကုန်။ သူရဲဟောင်းတို့သည် စစ်ထိုးကုန်လတ္တံ့ ဟု အာဂန္တုကသူရဲတို့သည်လည်း စစ်မထိုးကုန်။ ခိုးသူတို့သည် မင်းကို အောင်ကုန်၏။ အာဂန္တုက သူရဲတို့အား သင်္ဂြိုဟ်ခြင်း၏ အပြစ်ကြောင့် မိမိရှုံးသည်၏ အဖြစ်ကိုသိ၍ သာဝတ္ထိပြည်သို့ ပြန်၍ ငါသည်သာလျှင် ဤသို့ပြု၍ ရှုံးသလော၊ ထိုသို့မဟုတ်မူကား တစ်ပါးကုန်သော မင်းတို့သည်လည်း ရှုံးသလော ဟု သဗ္ဗညူမြတ်ဘုရားကို လျှောက်အံ့ ဟု နံနက်စာ စားပြီးသော် ဇေတဝန် ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားကို ရှိခိုး၍ ထိုအကြောင်းကို လျှောက်၏။ မြတ်သော မင်းကြီး... သင်မင်းကြီးသာလျှင် အာဂန္တုကတို့အား သင်္ဂြိုဟ်ခြင်းကိုပြု၍ ရှုံးသည် မဟုတ်သေး၊ ရှေးမင်းတို့သည်လည်း အာဂန္တုကတို့အား သင်္ဂြိုဟ်ခြင်းကိုပြု၍ ရှုံးကုန်၏ ဟု မိန့်တော်မူ၍ ကောသလမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကုရုတိုင်း ဣန္ဒပတ္ထနဂိုရ်မြို့၌ ယုဓိဋ္ဌိလ အနွယ်ဖြစ်သော ဓနဉ္စယမည်သော ကောရဗျမင်းသည် မင်းပြု၏

ဝိဓုရ ပညာရှိ

ထိုအခါ ဘုရားလောင်းသည် ပုရောဟိတ်အမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ ဣန္ဒပတ္ထနဂိုရ်မြို့သို့ တစ်ဖန်ပြန်၍ အဖလွန်သဖြင့် ပုရောဟိတ်အရာကိုရ၍ မင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်ဖြစ်၏။ ထိုအမတ်အား။ ဝိဓုရပညာရှိဟူသော အမည်ကို မှည့်ကုန်၏။

အပြင်လူကို ချီးမြှောက်၍ စစ်ရှုး

ထိုအခါ နေဉ္စယမင်းသည် သူရဲဟောင်းတို့ကို မရေတွက်မူ၍ အာဂန္တုက သူရဲတို့အားသာလျှင် သင်္ဂြိုဟ်ခြင်းကို ပြု၏။ ထိုကောရဗျမင်း၏ ပစ္စန္တရစ်ရွာကို ခိုးသူ လုယက် သည်ရှိသော် စစ်ထိုးအံ့သောငှာ သွားသော ကောရဗျမင်းအား အာဂန္တုက သူရဲကောင်းတို့သည် သိကုန်လတ္တံ့ ဟု သူရဲဟောင်းတို့သည် စစ်မထိုးကုန်။ သူရဲဟောင်းတို့သည် သိကုန်လတ္တံ့ဟု အာဂန္တုက သူရဲတို့သည်လည်း စစ်မထိုးကုန်။ မင်းသည် ရှုံး၍ ဣန္ဒပတ္ထနဂိုရ်မြို့သို့လျှင် ပြန်၍ အာဂန္တုကတို့အား သင်္ဂြိုဟ်ခြင်းကို ပြုသည်၏အဖြစ်ကြောင့် ရှုံး၏ဟု ကြံ၏။ ထိုကောရဗျမင်းသည် တစ်နေ့သ၌ ငါသည်သာလျှင် အာဂန္တုကတို့အား သင်္ဂြိုဟ်ခြင်းကို ပြု၍ ရှုံးသလော၊ ထိုသို့ မဟုတ်မူကား ရှုံးဖူးကုန်သော တစ်ပါးကုန်သော မင်းတို့သည် ဤသို့ ရှိကုန်သလောဟု ဝိဓုရပညာရှိကို မေးအံ့ဟု ကြံ၍ မင်းအား ခစားအံ့သောငှာ လာ၍နေသော ထိုဝိဓုရပညာရှိကို ထိုအကြောင်းကိုမေး၏။

ဝိဓုရ ဖြေကြားပုံ ဘုရားဟော

ထိုအခါ၌ ထိုကောရဗျမင်း၏ မေးသော အခြင်းအရာကို ထင်စွာပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၂၈။ ရာဇာ အပုစ္ဆိ ဝိဓုရံ၊ ဓမ္မကာမော ယုဓိဋ္ဌိလော။
အပိ ဗြာဟ္မဏ ဇာနာသိ၊ ကော ဧကော ဗဟုသောစတိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၂၈။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဧကော၊ တစ်ယောက်သော။ ကော၊ အဘယ်သူသည်။ ဗဟု၊ များစွာ။ သောစတိ၊ စိုးရိမ်ရသနည်း။ တွံ၊ သင်သည်။ ဇာနာသိ အပိ၊ သိ၏လော။ ဣတိ၊ ဤသို့။ ယုဓိဋ္ဌိလော၊ ယုဓိဋ္ဌိလအနွယ်ရှိသော။ ဓမ္မကာမော၊ သုစရိုက်တရားကိုချစ်သော။ ရာဇာ၊ ကောရဗျမင်းသည်။ ဝိဓုရံ၊ ဝိဓူရပညာရှိကို။ အပုစ္ဆိ၊ မေး၏။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် မြတ်သောမင်းကြီး... သင်မင်းကြီးတို့၏ စိုးရိမ်ခြင်းသည် အဘယ်စိုးရိမ်ခြင်း မည်သနည်။ ရှေး၌ ဓူမကာရီ အမည်ရှိသော ဆိတ်ထိန်းပုဏ္ဏားသည် ဆိတ်အပေါင်းကို ယူ၍ တော၌ ခြံကိုပြု၍ ထိုခြံ၌ ဆိတ်တို့ကိုထား၍ မီးကိုလည်းကောင်း အခိုးကိုလည်းကောင်း ပြု၍ ဆိတ်အပေါင်းကို ကျောင်းလျက် နို့ရည် အစရှိသည်တို့ကို သုံးဆောင်၍ နေ၏။ ထိုဓူမကာရီ ပုဏ္ဏားသည် ထိုအရပ်သို့ လာကုန်သော ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်သော သရဘမည်ကုန်သော သားတို့ကိုမြင်၍ ထိုသားတို့၌ ချစ်ခြင်းကိုပြု၍ ဆိတ်တို့ကို မရေတွက်မူ၍ ဆိတ်တို့အား ချီးမြှောက်ခြင်းကို သရဘမည်သော သားတို့အားပြု၍ တန်ဆောင် မုန်းလ အခါ၌ သရဘမည်သော သားတို့သည် ပြေးကုန်၍ ဟိမဝန္တာသို့ သွားကုန်လတ်သော် ဆိတ်တို့သည်လည်း ပျက်စီးကုန်လတ်သော် သရဘမည်သော သားတို့ကို မမြင်သည်ဖြစ်၍ စိုးရိမ်ခြင်းဖြင့် ဖျော့တော့သော အနာရှိသည်ဖြစ်၍ အသက်ကုန်ခြင်းသို့ ရောက်၏။ ဤဓူမကာရီ ပုဏ္ဏားသည် အာဂန္တုကအား သင်္ဂြိုဟ်ခြင်းကိုပြု၍ သင်တို့ထက် အဆ အရာအားဖြင့် လည်းကောင်း, အဆ အထောင်အားဖြင့် လည်းကောင်း စိုးရိမ်ပင်ပန်း၍ ပျက်စီးခြင်းသို့ ရောက်၏ ဟု ဥဒါဟရုဏ်ကို ဆောင်၍ ပြလိုရကား-

၁၂၉။ ဗြာဟ္မဏော အဇယူထေန၊ ပဟူတေဇော ဝနေ ဝသံ။
ဓူမံ အကာသိ ဝါသေဋ္ဌော၊ ရတ္တိန္ဒိဝမတန္ဒိတော။
၁၃၀။ တဿ တံ ဓူမဂန္ဓေန၊ သရဘာ မကသဍ္ဍိတာ။
ဝဿာဝါသံ ဥပဂစ္ဆုံ၊ ဓူမကာရိဿ သန္တိကေ။
၁၃၁။ သရေဘေသု မနံ ကတွာ၊ အဇာ သော နာဝဗုဇ္ဈထ။
အာဂစ္ဆန္တီ ဝဇန္တီ ဝါ၊ တဿ တာ ဝိနသုံ အဇာ၊
၁၃၂။ သရဘာ သရဒေ ကာလေ၊ ပဟီနမကသေ ဝနေ။
ပါဝိသုံ ဂိရိဒုဂ္ဂါနိ၊ နဒီနိ ပဘဝါနိ စ။
၁၃၃။ သရဘေ စ ဂတေ ဒိသွာ၊ အဇာ စ ဝိဘဝံ ဂတာ။
ကိသော စ ဝိဝဏ္ဏော စာသိ၊ ပဏ္ဍုရောဂီ စ ဗြာဟ္မဏော။
၁၃၄။ ဧဝံ ယောသံ နိရံကတွာ၊ အာဂန္တုံ ကုရုတေ ပိယံ။
သော ဧကော ဗဟု သောစတိ၊ ဓူမကာရီဝ ဗြဟ္မဏော။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၂၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဝါသေဋ္ဌော၊ ဝါသေဋ္ဌအနွယ်ဖြစ်သော။ ဗြဟ္မဏော၊ ဓူမကာရီပုဏ္ဏားသည်။ အဇယူထေန၊ ဆိတ်အပေါင်းနှင့်။ သဒ္ဓိံ၊ တကွ။ ပဟုတေဇော၊ များစွာသော မီးစာရှိသည်ဖြစ်၍။ ဝနေ၊ တော၌။ ဝသံ၊ နေလျက်။ ရတ္တိန္ဒိဝံ၊ နေ့ညဉ့်ပတ်လုံး။ အတန္ဒိတော၊ မပျင်းမရိသည်ဖြစ်၍။ ဓူမံ၊ အခိုးကို။ အကာသိ၊ ပြု၏။

֍ ဋ္ဌ ၁၃၀။ တဿ၊ ထိုဓူမကာရီပုဏ္ဏား၏။ တေန ဓူမဂန္ဓေန၊ ထိုအခိုးအနံ့ကြောင့်။ မကသဍ္ဍိတာ၊ မှက်ခြင်တို့သည် နှိပ်စက်အပ်ကုန်သည်ဖြစ်၍။ သရဘာ၊ သရဘမည်ကုန်သော သားတို့သည်။ ဓူမကာရိဿ၊ ဓူမကာရီပုဏ္ဏား၏။ သန္တိကေ၊ အထံ၌။ ဝဿာဝါသံ၊ မိုးလပတ်လုံး နေခြင်းသို့။ ဥပဂစ္ဆုံ၊ ကပ်ကုန်၏။

֍ ဋ္ဌ ၁၃၁။ သော၊ ထိုဓူမကာရီပုဏ္ဏားသည်။ သရဘေသု၊ သရဘမည်သော သားတို့၌။ မနံ၊ ချစ်ခြင်းကို။ ကတွာ၊ ပြု၍။ အဇာ၊ ဆိတ်တို့သည်။ အာဂစ္ဆန္တီ ဝါ၊ လာကုန်သည်တို့ကို လည်းကောင်း။ ဝဇန္တီ ဝါ၊ သွားကုန်သည်တို့ကိုလည်းကောင်း။ နာဝ ဗုဇ္ဈထ၊ မသိသလျှင်ကတည်း။ တဿ၊ ထိုဓူမကာရီ ပုဏ္ဏား၏။ တာ အဇာ၊ ထိုဆိတ်တို့သည်။ ဝိနသုံ၊ ပျက်စီးကုန်၏။

֍ ဋ္ဌ ၁၃၂။ သရဘာ၊ သရဘအမည်ရှိကုန်သော သားရှိသည်။ သရဒေ ကာလေ၊ တန်ဆောင်မုန်းလအခါ၌။ ဝနေ၊ တောသည်။ ပဟီနမကသေ၊ ခြင်မှက် ကင်းသည်ရှိသော်။ ဂိရိဒုဂ္ဂါနိ စ၊ တောင်ဟူသော ခဲယဉ်းသဖြင့် သွားအပ်သော အရပ်တို့ကို လည်းကောင်း။ နဒီနဉ္စ၊ မြစ်တို့၏လည်းကောင်း။ ပဘဝါနိ၊ အမွန်အဦးတို့သို့။ ပါဝိသုံ၊ ဝင်ကုန်၏။

֍ ဋ္ဌ ၁၃၃။ ဗြာဟ္မဏော၊ ဓူမကာရီ ပုဏ္ဏားသည်။ ဂတေ၊ သွားကုန်သော။ သရဘေ စ၊ သရဘမည်သော သားတို့ကို လည်းကောင်း။ ဝိဘဝံ၊ ပျက်စီးခြင်းသို့။ ဂတာ၊ ရောက်ကုန်သော။ အဇာ စ၊ ဆိတ်တို့ကို လည်းကောင်း။ ဒိသွာ-ဇာနိတွာ၊ သိ၍။ ကိသော စ၊ ကြုံလှီသည်လည်းကောင်း။ ဝိဝဏ္ဏော စ၊ အဆင်းမရှိသည်လည်းကောင်း။ ပဏ္ဍုရောဂီ စ၊ ဖျော့တော့သော ရောဂါရှိသည်လည်းကောင်း။ အာသိ၊ ဖြစ်၏။

֍ ဋ္ဌ ၁၃၄။ ဧဝံ၊ ဤသို့။ ယော၊ အကြင်သူသည်။ သံ- သကံ-အဇ္ဈတ္တိကံ ဇနံ၊ အတွင်းသားကို။ နိရံကတွာ၊ အပပြု၍။ အာဂန္တုံ၊ အာဂန္တုကို။ ပိယံ၊ ချစ်သည်ကို။ ကုရုတေ၊ ပြု၏။ သော၊ ထိုသူသည်။ အယံ- ဓူမကာရီ ဗြာဟ္မဏောဝ၊ ဤ ဓူမကာရီ ပုဏ္ဏားကဲ့သို့။ ဧကော၊ တစ်ယောက်ထီးတည်း။ ဗဟူ၊ များစွာ။ သောစတိ၊ စိုးရိမ်ရ၏။

အတွင်းလူသို့ ချီးမြှောက်ပြီ

ဤသို့ ဘုရားလောင်းသည် မင်းကို မှတ်စေလျက် ဆို၏။ ထိုမင်းသည်လည်းကောင်းစွာ သိသောအဖြစ်သို့ ရောက်၍ ဝိဓုရပညာရှိအား များစွာသော ဥစ္စာကိုပေး၏။ ထိုအခါမှစ၍ အတွင်း သားကို သင်္ဂြိုဟ်ခြင်းကိုလျှင် ပြုလျက် အလှူအစရှိကုန်သော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာန္ဒာသည် ထိုအခါ ကောရဗျမင်း ဖြစ်ပြီ၊ ယခုအခါ ပသေနဒီ ကောသလမင်းသည် ထိုအခါ ဓူမကာရီပုဏ္ဏား ဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဝိဓုရ ပညာရှိဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

အတွင်းလူအား၊ ချီးမြှောက်စား၊ ကျိုးများဖြစ်ထွန်းမည်

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဓူမကာရီဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၉။ ဇာဂရဇာတ်

နိုးကြားထကြွ လုံ့လကိုပြုသင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကောဓ ဇာဂရတံ သုတ္တော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဇာဂရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသော သီတင်းသည်ကို အကြောင်း ပြု၍တော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သောတာပန်ဖြစ်သော ဘုရားတပည့်ဖြစ်သော ထိုသီတင်းသည်သည် သာဝတ္ထိပြည်မှ လှည်းငါးရာနှင့်တကွ ကန္တရခရီးသို့ သွား၏။ လှည်းကုန်သည်တို့သည် ထိုကန္တာရဝယ် တစ်ခုသော ရေချမ်းသာရာအရပ်၌ လှည်းငါးရာတို့ကို ချွတ်စေ၍ ခဲဖွယ်ဘောဇဉ်တို့ကို စီရင်၍ နေ၏။ လူတို့သည် ထိုထိုအရပ်၌ လျောင်း၍အိပ်ကုန်၏။ သီတင်းသည်သည်ကား လှည်းအပေါင်း၏အနီး တစ်ခုသော သစ်ပင်ရင်း၌ စင်္ကြံသွားခြင်းကို ဆောက်တည်၏။

နိုးကြားခြင်းအကျိုး

ထိုအခါ ထိုလှည်းတို့ကို လုယက်လိုကုန်သော ငါးရာသော ခိုးသူတို့သည် အထူးထူးကုန်သော လက်နက်တို့ကိုယူ၍ လှည်းကို ခြံရံ၍ တည်ကုန်၏။ ထိုခိုးသူတို့သည် စင်္ကြံသွားသော ထိုသီတင်းသည်ကို မြင်ကုန်၍ ဤသူ၏ အိပ်သောလ၌ လုယက်ကုန်အံ့ဟု ထိုအရပ်၌ တည်ကုန်၏။ ထိုသီတင်းသည်လည်း ညဉ့်သုံးယံပတ်လုံး စင်္ကြံသွားသလျှင်ကတည်း၊ ခိုးသူတို့သည် မိုးသောက်သောကာလ၌ ကိုင်တိုင်းကိုင်တိုင်းသော ကျောက်ဆောက်ပုတ် အစရှိသည်တို့ကို စွန့်ကုန်၍ အို လှည်းကုန်သည် ... မမေ့

မလျော့သဖြင့် စောင့်ရှောက်သော ဤယောက်ျားကိုမှီ၍ အသက်ကိုရ၍ သင်သည် မိမိ၏ ဥစ္စာရှင်ဖြစ်၏။ ထိုသူအား ပူဇော်သက္ကာရကို ပြုလော့ဟုဆို၍ ဖဲကုန်၏။ လူတို့သည် စောစောကလျှင် ထ၍ ခိုးသူတို့သည် စွန့်အပ်ကုန်သော ကျောက်ဆောက်ပုတ် အစရှိသည်တို့ကို မြင်ကုန်၍ ဤသူကိုမှီ၍ ငါတို့သည် အသက်ကို ရအပ်၏ဟု သီတင်းသည်အား ပူဇော်သက္ကာရကို ပေးကုန်၏။ သီတင်းသည်သည်လည်း အလိုရှိရာ အရပ်သို့သွား၍ ပြုအပ်သောကိစ္စ ပြီးလတ်သော် တစ်ဖန် သာဝတ္ထိပြည်သို့ပြန်၍ ဇေတဝန် ကျောင်းတော်သို့ သွား၍ မြတ်ဘုရားကို ရှိခိုးပူဇော်၍ နေလျက် သီတင်းသည် အဘယ့်ကြောင့် မထင်သနည်း ဟု မိန့်တော်မူသည်ရှိသော် ထိုအကြောင်းကို လျှောက်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် သီတင်းသည်... သင်သည်သာလျှင် မအိပ်ဘဲ စောင့်ရှောက်၍ ကျေးဇူးအထူးကို ရသည်မဟုတ်သေး၊ ရှေးပညာရှိတို့သည်လည်း နိုးကြားကုန်သည်ဖြစ်၍ ထူးသော ကျေးဇူးကို ရဖူးကုန်ပြီ" ဟု မိန့်တော်မူ၍ သီတင်းသည်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်ကိုသင်၍ တစ်ဖန်ပြန်၍ အိမ်၏ အလယ်၌ နေလျက် နောက်အဖို့၌ တောထွက်၍ ရသေ့ရဟန်းပြုလျက် မကြမြင့်မီလျှင် ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ ဟိမဝန္တာအရပ်၌ ရပ်ခြင်း သွားခြင်း ဣရိယာပုတ်နှင့် ယှဉ်သည်ဖြစ်၍ နေလျက် မအိပ်မူ၍ အလုံးစုံသော ညဉ့်ပတ်လုံး စင်္ကြံသွား၏။

နိုးကြားသူနှင့် အိပ်မောကျသူ

ထိုအခါ ဘုရားလောင်း၏ စင်္ကြံဦး၌ဖြစ်သော ရုက္ခစိုး နတ်သမီးသည် နှစ်သက်၍ သစ်ပင်ခွ၌ ရပ်၍ ပြသနာကို မေးလိုရကား-

၁၃၅။ ကောဓ ဇာဂတံ သုတ္တော၊ ကောဓ သုတ္တေသု ဇာဂရော။
ကော မမေတံ ဝိဇာနာတိ၊ ကော တံ ပဋိဘဏာတိ မေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၅။ တာပသ၊ ရှင်ရသေ့။ ဣဓ၊ ဤလောက၌။ ကော၊ အဘယ်သူသည်။ ဇာဂရတံ၊ နိုးကုန်သော သူတို့၏။ အန္တရေ၊ အတွင်း၌။ သုတ္တော၊ အိပ်သောသူ မည်သနည်း။ တာပသ၊ ရှင်ရသေ့။ ဣဓ၊ ဤလောက၌။ ကော၊ အဘယ်သူသည်။ သုတ္တေသု၊ အိပ်သော သူတို့၌။ ဇာဂရော၊ နိုးသောသူ မည်သနည်း။ ကော၊ အဘယ်သူသည်။ မမ၊ ငါ၏။ ဧတံ၊ ထိုပြသနာကို။ ပဋိဘဏာတိ၊ ဖြေခြင်းငှာ စွမ်းနိုင်သနည်း။

ဘုရားလောင်းသည် ရုက္ခစိုးနတ် စကားကို ကြား၍-

၁၃၆။ အဟံ ဇာဂရတံ သုတ္တော၊ အဟံ သုတ္တေသု ဇာဂရော။
အဟမေတံ ဝိဇာနာမိ၊ အဟံ ပဋိဘဏာမိ တေ။

ဟူသော ဤဒုတိယဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၆။ ဒေဝဓီတေ၊ ရုက္ခစိုးနတ်သမီး။ အဟံ၊ ငါသည်။ ဇာဂရတံ၊ နိုးကုန်သော ရဟန္တကြီးတို့၏။ အန္တရေ၊ အတွင်း၌။ သုတ္တော၊ အိပ်သောသူ မည်၏။ အဟံ၊ ငါသည်။ သုတ္တေသု၊ အိပ်သောသူတို့၌။ ဇာဂရော၊ နိုးသော သူမည်၏။ အဟံ၊ ငါသည်။ ဧတံ၊ ထိုပြဿနာကို ဝိဇာနာမိ၊ သိ၏။ အဟံ၊ ငါသည်။ တေ၊ သင်၏။ ပဉှံ၊ ပြဿနာကို။ ပဋိဘဏာမိ၊ ဖြေခြင်းငှာစွမ်းနိုင်၏။

ဤဂါထာကို ဆိုသည်ရှိသော် နတ်သမီးသည် တစ်ဖန် မေးပြန်လို၍-

၁၃၇။ ကထံ ဇာဂရတံ သုတ္တော၊ ကထံ သုတ္တေသု ဇာဂရော။
ကထံ ဧတံ ဝိဇာနာသိ၊ ကထံ ပဋိဘဏာသိ မေ။

ဟူသော ဤတတိယဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၇။ တာပသ၊ ရှင်ရသေ့။ တွံ၊ သင်သည်။ ဇာဂရတံ၊ နိုးကုန်သောသူတို့၏။ အန္တရေ၊ အတွင်း၌။ ထထံ၊ အသို့လျှင်။ သုတ္တော၊ အိပ်သောသူ မည်သနည်း။ ကထံ၊ အသို့လျှင်။ သုတ္တေသု၊ အိပ်သော သူတို့၌။ ဇာဂရော၊ နိုးသောသူ မည်သနည်း။ တပသ၊ ရှင်ရသေ့။ တွံ၊ သင်သည်။ ကထံ၊ အသို့လျှင်။ မေ၊ ငါ၏။ ဧတံ၊ ထိုပြဿနာကို။ ဝိဇာနာသိ၊ သိသနည်း။ ကထံ၊ အသို့လျှင်။ မေ၊ ငါ၏။ ပဉှံ၊ ပြဿနာကို။ ပဋိဘဏာသိ၊ ဖြေခြင်းငှာ စွမ်းနိုင်သနည်း။

ဘုရားလောင်းသည် ထိုအနက်ကို ဖြေလိုသည်ဖြစ်၍-

၁၃၈။ ယေ ဓမ္မံ နပ္ပဇာနန္တိ၊ သံယမောတိ ဒမောတိ စ။
တေသု သုပ္ပမာနေသု၊ အဟံ ဇဂ္ဂါမိ ဒေဝတေ။
၁၃၉။ ယေသံ ရာဂေါစ ဒေါသောစ၊ အဝိဇ္ဇာစ ဝိရာဇိတာ။
တေသု ဇာဂရမာနေသု၊ အဟံ သုတ္တောသ္မိ ဒေဝတေ။
၁၄၀။ ဧဝံ ဇာဂရတံ သုတ္တော၊ ဧဝံ သုတ္တေသု ဇာဂရော။
ဧဝမေတံ ဝိဇာနာမိ၊ ဧဝံ ပဋိဘဏာမိ တေ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၃၈။ ဒေဝတ၊ နတ်သမီး။ ယေ၊ အကြင်သူတို့သည်။ သံယမောတိ စ၊ မဂ်ဖြင့်လာသော သီလဟူ၍လည်းကောင်း။ ဒမောတိ စ၊ ဣန္ဒြိယ သံဝရသီလဟူ၍ လည်းကောင်း။ ဓမ္မံ၊ ကိုးပါးသော လောကုတ္တရာတရားကို။ နပ္ပဇာနန္တိ၊ မသိကုန်။ သုပ္ပမာနေသု၊ ကိလေသာဟူသော အိပ်ပျော်ခြင်း၏ အစွမ်းအားဖြင့် မေ့လျော့ကုန်သော။ တေသု၊ ထိုသူတို့၌။ အဟံ၊ ငါသည်။ ဇဂ္ဂါမိ၊ နိုး၏။

֍ ဋ္ဌ ၁၃၉။ ယေသံ၊ အကြင်ရဟန္တာတို့အား။ ရာဂေါ စ၊ ရာဂသည်လည်းကောင်း။ ဒေါသော စ၊ ဒေါသသည်လည်းကောင်း။ အဝိဇ္ဇာ စ၊ အဝိဇ္ဇာသည်လည်းကောင်း။ ဝိရာဇိတာ၊ ကင်းကုန်၏။ ဇာဂရမာနေသု၊ နိုးအပ်ကုန်သော။ တေသု၊ ထိုရဟန္တာကြီးတို့၌။ အဟံ၊ ငါသည်။ သုတ္တော၊ အိပ်ပျော်သော သူမည်သည်။ အသ္မိ၊ ဖြစ်၏။

֍ ဋ္ဌ ၁၄၀။ ဧဝံ၊ ဤသို့။ ဇာဂရတံ၊ နိုးကုန်သော ရဟန္တာကြီးတို့၏။ အန္တရေ၊ အတွင်း၌။ အဟံ၊ ငါသည်။ သုတ္တော၊ အိပ်ပျော်၏။ ဧဝံ၊ ဤသို့။ သုတ္တေသု၊ အိပ်ပျော်သူတို့၌။ အဟံ၊ ငါသည်။ ဇာဂရော၊ နိုး၏။ အဟံ၊ ငါသည်။ ဧဝံ၊ ဤသို့။ ဧတံ၊ ထိုပြဿနာကို။ ဝိဇာနာမိ၊ သိ၏။ ဧဝံ၊ ဤသို့။ အဟံ၊ ငါသည်။ တေ၊ သင်၏။ ပဉှံ၊ ပြသနာကို။ ပဋိဘဏာမိ၊ ဖြေခြင်းငှာ စွမ်းနိုင်၏။

ဤသို့ ဘုရားလောင်းသည် ပြဿနာကို ဖြေသည်ရှိသော် ရုက္ခစိုး နတ်သမီးသည် နှစ်သက်အပ်သည်ဖြစ်၍ ဘုရားလောင်းအား ချီးမွမ်းလိုရကား-

၁၄၁။ သာဓု ဇာဂရတံ သုတ္တော၊ သာဓု သုတ္တေသု ဇာဂရော။
သာဓု မေတံ ဝိဇာနသိ၊ သာဓု ပဋိဘဏာသိ မေ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၁။ တာပသ၊ ရှင်ရသေ့။ သာဓု၊ ကောင်းပေစွ။ တွံ၊ သင်သည်။ ဇာဂရတံ၊ နိုးကုန်သော ရဟန္တာကြီးတို့၏။ အန္တရေ၊ အတွင်း၌။ သုတ္တော၊ အိပ်ပျော်၏။ တာပသ၊ ရှင်ရသေ့။ သာဓု၊ ကောင်းပေစွ။ တွံ၊ သင်သည်။ သုတ္တေသု၊ အိပ်သောသူတို့၌။ ဇာဂရော၊ နိုးသူမည်၏။ တာပသ၊ ရှင်ရသေ့။ တွံ၊ သင်သည်။ သာဓု၊ ကောင်းစွ။ မေ၊ ငါ၏။ ဧတံ၊ ထိုပြဿနာကို။ ဝိဇာနာသိ၊ သိ၏။ တာပသ၊ ရှင်ရသေ့။ သာဓု၊ ကောင်းစွ။ တွံ၊ သင်သည်။ မေ၊ ငါ၏။ ပဉှံ၊ ပြသနာကို။ ပဋိဘဏာသိ၊ ဖြေခြင်းငှာ စွမ်းနိုင်၏။

ဤသို့ နတ်သမီးသည် ဘုရားလောင်းအား ချီးမွှမ်းခြင်းကိုပြု၍ ဗိမာန်သို့လျှင် ဝင်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ နတ်သမီးဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ထကြွနိုးကြား၊ ရှိသူကား၊ ကောင်းစားရမည်မှတ်

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ဇာဂရဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၁၀။ ကုမ္မာသပိဏ္ဍိဇာတ်

အနည်းငယ်ကို စွန့်လှူရုံဖြင့် ဘုရင့်စည်းစိမ်ကို ရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် န ကိရတ္ထိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုမ္မာသပိဏ္ဍိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မလ္လိကာမိဖုရားကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုမလ္လိကာမိဖုရားသည် သာဝတ္ထိပြည်၌ တစ်ဦးသော ပန်းသည်ကြီး၏ သမီးတည်း။ မြတ်သော အဆင်းကို ဆောင်၏။ ပညာကြီး၏။ တစ်ဆယ့်ခြောက်နှစ်။ ရှိသောအခါ တစ်နေ့သ၌ သူငယ်မတို့နှင့်တကွ ပန်းဥယျာဉ်သို့ သွားလတ်သော် သုံးဆုပ်သော မုယောမုန့်တို့ကို ယူ၍ ပန်းတောင်း၌ ထည့်၍ သွား၏။ ထိုမလ္လိကာသည် မြို့မှ ထွက်သာကာလ၌ ကိုယ်ရောင်ကိုလွှတ်လျက် ရဟန်းအ ပေါင်း ခြံရံလျက် မြို့သို့ဝင်သော မြတ်စွာဘုရားကိုမြင်၍ မုယောမုန့်တို့ကို လှူ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် စာတုမဟာရာဇ် နတ်မင်းတို့သည် လှူအပ်သော သပိတ်တော်ကို ညွတ်၍ ခံတော်မူ၏။ ထိုမလ္လိကာသည်လည်း မြတ်စွာဘုရားခြေတော်ကို ဦးဖြင့်ရှိခိုး၍ ဘုရားလျှင် အာရုံရှိသော ပီတိကိုယူ၍ လျောက်ပတ်သော အရပ်၌ တည်၏။

ဘုရားအား မုန့်လှူ၍

သဗ္ဗညူ မြတ်စွာဘုရားသည် ထိုမလ္လိကာကိုကြည့်၍ ပြုံးခြင်းကို ပြု၏။ အရှင်အာနန္ဒာသည် မြတ်စွာဘုရား၏ ပြုံးတော်မူခြင်း၌ အကြောင်းကား အဘယ်နည်း၊ အထောက်အပံ့ကား အဘယ်နည်းဟု ကြံ၍ သဗ္ဗညူမြတ်စွာဘုရားကို မေးလျှောက်၏။ ထိုအခါ အာနန္ဒာမထေရ်အား သဗ္ဗညူ မြတ်စွာဘုရားသည် အာနန္ဒာ-ဤသတို့သမီးသည် ဤမုယောမုန့်တို့ကို လှူခြင်း၏ အကျိုးအားဖြင့် ယနေ့လျှင် ကောသလမင်း၏ မိဖုရားကြီး ဖြစ်လတ္တံ့ ဟု ပြုံးတော်မူသော အကြောင်းကို မိန့်တော်မူ၏။ သတို့သမီးသည်လည်း ပန်းအာရာမ်သို့ သွား၏။

မိဖုရားကြီးဖြစ်ပြီ

ထိုနေ့၌လျှင် ကောသလမင်းသည် အဇာ တသတ်မင်းနှင့်တကွ စစ်ထိုး၍ စစ်ရှုံးသည်ရှိသော် ပြေး၍ မြင်းကို စီး၍ လာလတ်သော် ထိုမလ္လိကာ၏ သီချင်းသံကို ကြား၍ တပ်သောစိတ် ရှိသည်ဖြစ်၍ မြင်းကို ဥယျာဉ်သို့ ရှေးရှုနှင်၏။ ဘုန်းနှင့်ပြည့်စုံသော သတို့သမီးသည် မင်းကိုမြင်၍ မပြေးမူ၍လျှင် လာလတ်၍ မြင်းကို နှာခေါင်း၌ ကိုင်၏။ မင်းသည် မြင်းကျောက်ကုန်း၌ နေ၍လျှင် အရှင်ရှိသလောဟု မေး၏။ အရှင်မရှိသည်၏အဖြစ်ကို သိ၍ မြင်းမှသက်၍ လေ, နေပူကြောင့် ပင်ပန်းသည်ဖြစ်၍ ထိုမလ္လိကာ၏ ရင်ခွင်၌ အိပ်လျက် တစ်ခဏမျှ အပန်းဖြေ၍ ထိုမလ္လိကာကို မြင်းကျောက်ကုန်း၌ နေစေ၍ ဗိုလ်ပါအပေါင်း ခြံရံလျက် မြို့သို့ဝင်၍ မလ္လိကာကို မိမိ၏ မိဘအိမ်သို့ဝင်စေ၍ ညဉ့်အခါ ယာဉ်ကို က, စေ၍ များစွာသော ပူဇော်မြတ်နိုးခြင်းဖြင့် မိဘအိမ်မှယူစေ၍ ရတနာအစု၌ထား၍ အဘိသိက် ပေး၍ မိဖုရားကြီးပြု၏။

ထိုအခါမှစ၍ မင်းသည် ချစ်နှစ်သက်၏။ ရှေးဦး ထခြင်း အစရှိသော ကောင်းသော ကျေးဇူးတို့နှင့် ပြည့်စုံ၏။ လင်ကို နတ်ကဲ့သို့ လုပ်ကျွေး၏။ ဘုရားတို့အားလည်း အကျွမ်းဝင်၏။ ထိုမလ္လိကာသည် မြတ်စွာဘုရားအား သုံးဆုပ်သော မုန့်တို့ကိုလှူ၍ ထိုစည်းစိမ်ကို ရသောအဖြစ်သည် မြို့အလုံးနှံ့၍ သွား၏။ ထိုအခါ တစ်နေ့သ၌ တရားသဘင်၌ ရဟန်းတို့သည် ငါ့ရှင်တို့ မလ္လိကာဒေဝီသည် မြတ်စွာဘုရားအား သုံးဆုပ်သော မုယောမုန့်တို့ကိုလှူ၍ ထိုကုသိုလ်၏ အကျိုးအားဖြင့် ထိုနေ့၌လျှင် အဘိသိက် သွန်းခြင်းကိုရ၏။ ဘုရားရှင်၏ မြတ်သောကျေးဇူး ရှိသည်၏အဖြစ်သည်အံ့ဖွယ်ရှိစွဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ မလ္လိကာသည် တစ်ဆူသော သဗ္ဗညူ မြတ်စွာဘုရားအား သုံးဆုပ်ကုန်သော မုယောမုန့်တို့ကို လှူ၍ ကောသလမင်း၏ မိဖုရားကြီးအဖြစ်ကို ရခြင်းသည် မအံ့လောက်သေး၊ အဘယ့်ကြောင့်နည်းဟူမူကား သဗ္ဗညူ ဘုရားရှင်တို့၏ ကျေးဇူး များမြတ်သည်၏ အဖြစ်ကြောင့်တည်း။ ရှေးပညာရှိတို့သည်ကား ပစ္စေကဗုဒ္ဓါတို့အားတင်လဲ မခတ်သော အစေးမရှိသော မုယာမုန့်တို့ကိုလှူ၍ ထိုအလှူ၏အကျိုးဖြင့် နှစ်ခုမြောက်သော အတ္တဘော၌ ယူဇနာ သုံးရာရှိသော ကာသိတိုင်း၌ မင်း၏စည်းစိမ် အသရေကို ရဖူးကုန်၏ ဟုမိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူဆင်းရဲမျိုး၌ ဖြစ်၍ အရွယ် ရောက်လတ်သော် တစ်ဦးတည်းသော သူဌေးကိုမှီ၍ အခဖြင့် အမှုကိုပြုလျက် အသက်မွေး၏။

မုယောမုန့်အလှူ

ထိုဘုရားလောင်းသည် တစ်နေ့သ၌ ငါအား နံနက်စာ အကျိုးငှာ ဖြစ်လတ္တံ့ဟု အိမ်ဈေးမှု လေးဆုပ်သော မုယောမုန့်တို့ကို ယူ၍ အမှုလုပ်ရာသို့ သွားသည်ရှိသော် ဆွမ်းခံအံ့သောငှာ ဗာရာဏသီသို့ ရှေးရှုလာကုန်သော လေးဆူကုန်သော ပစ္စေကဗုဒ္ဓါတို့ကိုမြင်၍ ပစ္စေကဗုဒ္ဓါတို့သည် ဆွမ်းကိုရည်၍ ဗာရာဏသီသို့ သွားကုန်၏။ ငါ့အားလည်း လေးဆုပ်သော မုယောမုန့်တို့သည် ရှိကုန်၏။ အကယ်၍ ဤမုယောမုန့်တို့ကို လှူရသော်ကား ကောင်းစွဟု ကြံ၍ ပစ္စေကဗုဒ္ဓါတို့ကို ကပ်၍ အရှင်ဘုရားတို့... အကျွန်ုပ်၏လကျ၌ လေးဆုပ်သော မုယောမုန့်တို့သည် ရှိကုန်၏။ ဤမုန့်တို့ကို အကျွန်ုပ်သည် အရှင်ဘုရားတို့အား လှူအံ့၊ အရှင်ဘုရားတို့ကို တောင်းပန်ပါ၏။ အကျွန်ုပ်၏မုန့ျတို့ကို ခံပါကုန်လော့။ ဤသို့ခံသည်ရှိသော် ဤကောင်းမှုသည် အကျွန်ုပ်အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားချမ်းသာ အကျိုးငှာ ဖြစ်လတ္တံ့ ဟု လျှောက်၍ ထိုပစ္စေကဗုဒ္ဓါတို့၏ သည်းခံခြင်းကို သိ၍ သဲကိုစု၍ နေရာလေးခုတို့ကိုခင်း၍ ထိုသဲစုတို့၏ အထက်၌ ချိုးအပ်ကုန်သော သစ်ရွက်တို့ကိုခင်း၍ ပစ္စေကဗုဒ္ဓါတို့ကို အစဉ်သဖြင့်နေစေ၍ သစ်ရွက်တို့ဖြင့် ရေကိုဆောင်၍ အလှူရေစက်ကို ကျစေ၍ လေလုံးကုန်သော သပိတ်တို့၌ လေးဆုပ်ကုန်သော မုန့်တို့ကိုထည့်ပြီး၍ ရှိခိုး၍ အရှင်တို့... ထိုမုယောမုန့်တို့၏ အကျိုးဆက်ဖြင့် ကျွန်ုပ်အား သူဆင်းရဲအိမ်၌ ဖြစ်ခြင်းမည်သည် မဖြစ်စေသတည်း၊ သဗ္ဗညုတဉာဏ်ကို သိခြင်း၏ အကြောင်းသည် ဖြစ်စေသတည်းဟု ဆို၏။ ပစ္စေကဗုဒ္ဓါတို့သည် ဆွမ်းဘုဉ်းပေး၍ ဘုဉ်းပေးပြီးသော အဆုံး၌ အနုမောဒနာကိုပြု၍ နန္ဒမူ လိုဏ်သို့လျှင် ကြွကုန်၏။

ဘုရင်ဖြစ်ရခြင်း

ဘုရားလောင်းသည် လက်အုပ်ချီ၍ ပစ္စေကဗုဒ္ဓါတို့၌ဖြစ်သော ပီတိကိုယူ၍ ထိုပစ္စေကဗုဒ္ဓါတို့သည် မျက်စိဖြင့် မြင်ကောင်းသော ခရီးကို လွန်ကုန်သော် မိမိ၏ အမှုလုပ်ရာသို့ သွား၍ အသက်ထက်ဆုံး အောက်မေ့၍ စုတေ၍ ထိုကောင်းမှု၏အကျိုးဖြင့် ဗာရာဏသီမင်း၏ မိဖုရားကြီး ဝမ်း၌ ဖြစ်၏။ ထိုမင်းသားအား ဗြဟ္မဒတ္တသတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုဗြဟ္မဒတ္တမင်းသားသည် မိမိခြေဖြင့် သွားတတ်သော ကာလမှစ၍ ငါသည် ဤဗာရာဏသီမြို့၌လျှင် သူရင်းငှားဖြစ်၍ အမှုလုပ်အံ့သောငှာ သွားသည်ရှိသော် ပစ္စေကဗုဒ္ဓါတို့အား လေးဆုပ်ကုန်သော မုခယာမုန့်တို့ကို လှူ၍ ထိုအလှူ၏အကျိုးဖြင့် မင်းမျိုး၌ ဖြစ်၏ဟု ကြည် သော ကြေးမုံ၌ မျက်နှာရိပ်ကဲ့သို့ ရှေးဘဝ၌ဖြစ်သော အလုံးစုံသော အမူအရာကို ဇာတိဿရဉာဏ်ဖြင့် ထင်သည်ဖြစ်၍ ရှု၏။ ဗြဟ္မဒတ် မင်း သားသည် အရွယ်သို့ ရောက်လတ်သော် တက္က သိုလ်ပြည်သို့ သွား၍ အလုံးစုံသော အတတ်တို့ကို သင်၍ တစ်ဖန် ပြန်၍ သင်အပ်သော အတတ်တို့ကို အဖအားပြ၍ အဖသည် နှစ်သက်သဖြင့် အိမ်ရှေ့အရာ၌ထား၍ အဖလွန်သဖြင့် မင်းအဖြစ်၌ တည်၏။ ထိုအခါ ဗြဟ္မဒတ်မင်းအား ကောသလမင်း၏ မြတ်သောအဆင်းရှိသော သမီးကိုဆောင်၍ မိဖုရားကြီးပြုကုန်၏။ ဗြဟ္မဒတ်မင်း၏ ထီးဖြူမင်္ဂလာပြုသောနေ့၌ မြို့ အလုံးကို နတ်မြို့ကဲ့သို့ တန်ဆာဆင်ကုန်၏။

စည်းစိမ်ကိုရကြောင်းသီချင်း

ဗြဟ္မဒတ်မင်းသည် မြို့ကို လက်ယာရစ် လှည့်သည်ကိုပြု၍ တန်ဆာဆင်သော ပြာသာဒ်သို့တက်၍ ပြာသာဒ်အပြင်၏ အလယ်၌ ကောင်းစွာ ဆောက်အပ်သော ထီးဖြူရှိသော ပလ္လင်သို့ တက်၍နေလတ်သော် ခြံရံ၍ တည်ကုန်သော တစ်ဖက်မှ အမတ်တို့ကို, တစ်ဖက်မှ အထူးထူးသော စည်းစိမ်ရှိကုန်သော အသရေ၏ တင့် တယ်ခြင်းဖြင့် ထွန်းပကုန်သော ပုဏ္ဏား သူကြွယ် အစရှိကုန်သော သူတို့ကို, တစ်ဖက်မှ အထူးထူး အပြားပြား လက်ဆောင် လက်စွဲကုန်သော မြို့သူတို့ကို, တစ်ဖက်မှ တန်ဆာဆင်ကုန်သော နတ် သမီးနှင့်တူကုန်သော တစ်သောင်း ခြောက်ထောင်ကုန်သော ကချေသည် မိန်းမအပေါင်းတို့ကို ဤသို့ အလွန် နှလုံးမွေ့လျော်ဖွယ်ရှိသော ဤအသရေ စည်းစိမ်ကို ကြည့်လျက် မိမိ၏ ရှေးကောင်းမှုကံကို အောက်မေ့၍ ရွှေအချက်ရှိသော ရွှေပန်းရှိသော ဤထီးဖြူသည်လည်းကောင်း၊ အထောင်မကသော ဤဆင်ယာဉ် မြင်းယာဉ်တို့သည်လည်းကောင်း၊ ပတ္တမြားပုလဲ အစရှိသည်တို့ဖြင့် ပြည့်ကုန်သော တိုက်တို့သည်လည်းကောင်း၊ အထူးထူးသော စပါးမျိုးဖြင့်ပြည့်သော မြေကြီးသည်လည်းကောင်း၊ နတ်သမီးနှင့်တူကုန်သော မိန်းမတို့သည်လည်းကောင်း၊ ဤသို့ အလုံးစုံသော ငါ၏ အသရေစည်းစိမ်သည် တစ်ပါးသောသူ၏ဥစ္စာမဟုတ်၊ လေးဆူကုန်သော ပစ္စေကဗုဒ္ဓါတို့အား လှူအပ်သော လေးဆုပ်သော မုယောမုန့်အလှူ၏သာလျှင် ဥစ္စာတည်း။ ထိုမုယာမုန့်အလှူကို မှီ၍ ဤစည်းစိမ်ကိုရ၏ ဟု ပစ္စေကဗုဒ္ဓါတို့၏ ကျေးဇူးကို အောက်မေ့၍ မိမိကုသိုလ်ကံကို ထင်သည်ကိုပြု၍ ထိုကောင်းမှုကို အောက်မေ့သော ထိုဗြဟ္မဒတ်မင်း၏ ကိုယ်အလုံးသည် ပီတိဖြင့်စွတ်သော နှလုံးရှိသည်ဖြစ်၍ လူအပေါင်း၏ အလယ်၌ ဝမ်း မြောက်သော သီချင်းတို့ သီလိုသည်ဖြစ်၍-

၁၄၂။ န ကိရတ္ထိ အနောမဒဿီသု၊
ပါရိစရိယာ ဗုဒ္ဓေသု အပ္ပိကာ။
သုက္ခာယ အလောဏိကာယ စ၊
ပဿ ဖလံ ကုမ္မာသပိဏ္ဍိယာ။
၁၄၃။ ဟတ္ထိဂဝါဿာ စိမေ ဗဟူ၊
ဓနဓညံ ပထဝီ စ ကေဝလာ။
နာရိယော စိမာ အစ္ဆရူပမာ၊
ပဿ ဖလံ ကုမ္မာသပိဏ္ဍိယာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၄၂။ မနောမဒဿီသု၊ မြတ်သော ပစ္စေကဗောဓိဉာဏ် အမြင်ရှိကုန်သော။ ဗုဒ္ဓေသု၊ ပစ္စေကဗုဒ္ဓါတို့၌။ ပါရိစရိယာ၊ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အစရှိသည် အပြားရှိသော အရိုအသေပြုခြင်း တစ်လုံးသော သစ်သီး တစ်နပ်သောဆွမ်းကို ပေးလှူခြင်းသည်။ အပ္ပိကာ၊ နည်းသော အကျိုးရှိသောမည်သည်။ န အတ္ထိ ကိရ၊ မရှိသတတ်။ သုက္ခာယ၊ အစေးမရှိသော။ အလောဏိကာယ၊ တင်လဲမခတ်သော။ ကုမ္မာသပိဏ္ဍိယာ၊ မုယောမုန့်စိုင်၏။ ဖလံ၊ အကျိုးကို။ ပဿ၊ ရှုပါလော့။

֍ ဋ္ဌ ၁၄၃။ ကုမ္မာသပိဏ္ဍိယာ၊ မုယောမုန့်စိုင်၏။ ဗဟူ၊ များစွာကုန်သော။ ဣမေ ဟတ္ထိဂဝါဿာ စ၊ ဤဆင်နွားမြင်းတို့လည်းကောင်း။ ဓနဓညဉ္စ၊ ပတ္တမြား အစရှိသောဥစ္စာ, ခုနစ်ပါးသော စပါးမျိုးလည်းကောင်း။ ကေဝလာ၊ အလုံးစုံသော။ ပထဝီ စ၊ မြေကြီးလည်းကောင်း။ အစ္ဆရူပမာ၊ နတ်သမီးနှင့်တူကုန်သော။ ဣမာ နာရိယော စ၊ ဤမိန်းမတို့လည်းကောင်း။ ဣတိ၊ ဤသို့။ ဣဒံ ဖလံ၊ ဤအကျိုးကို။ ပဿ၊ ရှုပါလော့။

နန်းတွင်းသူများ ဆိုကြပြီ

ဘုရားလောင်းသည်လည်း မိမိ၏ ထီးဖြူမင်္ဂလာ ပြုသောနေ့၌ ဖြစ်သော ပီတိပါမောဇ္ဇ ရှိသည်ဖြစ်၍ ဤဂါထာတို့ဖြင့် ဥဒါန်းသီချင်းကို သီ၏။ ထိုနေ့မှစ၍ မင်းသည် ချစ်သော သီချင်းတည်း ဟု ဘုရားလောင်း၏ မောင်းမအပေါင်းတို့သည်လည်းကောင်း၊ ကချေသည် သဘင်သည် စသော နန်းတွင်းသူတို့သည်လည်းကောင်း၊ မြို့တွင်းမြို့ပ၌ နေကုန်သော သူတို့သည်လည်းကောင်း၊ ပွဲသဘင်မဏ္ဍပ်တို့၌လည်းကောင်း၊ ငါတို့ အရှင်မင်းကြီးသည် ချစ်အပ်သော သီချင်းတည်း ဟု ထိုသီချင်းကိုသာလျှင် သီကုန်၏။

သီချင်းအဓိပ္ပာယ်ကိုမေးသော်

ဤသို့ ရှည်စွာသောကာလသည် ရောက်လတ်သော် မိဖုရားကြီးသည် ထိုဂါထာ၏အနက်ကို သိလိုသည်ဖြစ်၏။ ဘုရားလောင်းကို မေးအံ့သေးငှာ မဝံ့။ ထိုအခါ မိဖုရားအား တစ်ခုသောကျေးဇူး၌ ကြည်ညို၍ တစ်နေ့သ၌ မင်းလည်း ရှင်မ... သင့်အား ငါသည် ဆုကိုပေးအံ့၊ ဆုကို ယူလော့ဟု ဆို၏။ မိဖုရားသည် အရှင်မင်းကြီး ကောင်းပြီ၊ ဆုကိုယူအံ့ ဟု ဆို၏။ သင့်အား ဆင်မြင်း အစရှိသည်တို့တွင် အဘယ်ကို ပေးရအံ့နည်း ဟု ဆို၏။ အရှင်မင်းကြီး... အရှင်မင်းကြီးတို့ကို မှီ၍ အကျွန်ုပ်အား မပြည့်စုံခြင်းမည်သည် မရှိ၊ အကျွန်ုပ်အား ထိုဆင်မြင်း အစရှိသည်တို့ဖြင့် အလိုမရှိ။ အကယ်၍ ပေးလိုကုန်အံ့၊ သင်မင်းကြီးတို့သည် သီအပ်သော သီချင်း၏ အနက်ကို ဆို၍ ပေးကုန်လော့ ဟု ဆို၏။ ရှင်မ... ရှင်မအား ဤဆုဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ တစ်ပါးသောဆုကို ယူလော့ဟု ဆို၏။ ရှင်မင်းကြီး... ကျွန်ုပ်အား တစ်ပါးသောဆုဖြင့် အလိုမရှိ၊ ထိုဆုကိုသာ ယူအံ့ဟု ဆို၏။ ရှင်မကောင်းပြီ ဆိုအံ့၊ တစ်ယောက်တည်းသော သင့်အား ဆိတ်ကွယ်ရာအရပ်၌ မဆိုအံ့၊ တစ်ဆယ့် နှစ်ယူဇနာရှိသော ဗာဆဏသီမြို့၌ စည်လည်စေ၍ မင်းအိမ်တံခါး၌ ရတနာမဏ္ဍပ်ကို ပြုစေ၍ ရတနာပလ္လင်ကို ခင်းစေ၍ အမတ်ပုဏ္ဏား အစရှိကုန်သော မြို့သူတို့ဖြင့်လည်းကေင်း၊ တစ်သောင်းခြောက်ထောင်သော မိန်းမတို့ဖြင့်လည်းကောင်း ခြံရံလျက် ထိုသူတို့၏ အလယ် ရတနာပလ္လင်၌နေ၍ ဟောအံ့ ဟု ဆို၏။ အရှင်မင်းကြီး ကောင်းပြီ ဟု ဝန်ခံ၏။ မင်းသည် ထိုသို့ဆိုတိုင်းပြုစေ၍ အမတ် အပေါင်းခြံရံသော သိကြားနတ်မင်းကဲ့သို့ များစွာသော လူအပေါင်းခြံရံလျက် ရတနာပလ္လင်၌ နေ၏။ မိဖုရားသည်လည်း ခပ်သိမ်းသော တန်ဆာဖြင့် ဆင်အပ်သည်ဖြစ်၍ ရွှေအင်းပျဉ်ကို ခင်းစေ၍ တင့်အပ်သော အရပ်၌ မျက်စောင်းဖြင့်ကြည့်၍ ထိုသို့သဘောရှိသော အရပ်၌နေ၍ သင်မင်းကြီးတို့သည် နှစ်သက်၍ သီအပ်သော မင်္ဂလာသီချင်းကိုသီ၍ အနက်ကို အကျွန်ုပ်အား ရှေးဦးစွာ ကောင်းကင်ပြင်၌ လပြည့်ဝန်းကို ထင်စေဘိသကဲ့သို့ ထင်သည်ကိုပြု၍ ဟောပါကုန်ဟု ဆိုလို၍-

၁၄၄။ အဘိက္ခဏံ ရာဇကုဉ္ဇရ၊
ဂါထာ ဘာသသိ ကောသလာဓိပ။
ပုစ္ဆာမိ တံ ရဋ္ဌဝဍ္ဎန၊ ဗာဠံ ပီတိမနော ပဘာသသိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၄။ ကောသလာဓိပ၊ ကောသလတိုင်းကို အစိုးရသော။ ရဋ္ဌဝဍ္ဎန၊ တိုင်းနိုင်ငံကို ပွားစေတတ်သော။ ရာဇကုဉ္ဇရ၊ မင်းမြတ်။ အဘိက္ခဏံ၊ မပြတ်။ ဂါထာ၊ ဂါထာတို့ကို။ တွံ၊ သင်မင်းကြီးသည်။ ဘာသသိ၊ ဆို၏။ ဗာဠှံ ပီတိမနော၊ အလွန်လျှင် ပီတိနှင့်ယှဉ်သော စိတ်ရှိသည်ဖြစ်၍။ ပဘာသသိ၊ ဆို၏။ တံ၊ ထိုဂါထာ၏ အနက်ကို။ ပုစ္ဆာမိ၊ မေး၏။

ဘုရင်မင်းကြီး ဖြေကြားပြီ

ထိုအခါ မိဖုရားအား ဂါထာတို့၏အနက်ကို ထင်စွာပြလိုသော ဘုရားလောင်းသည်-

၁၄၅။ ဣမသ္မိံယေဝ နဂရေ၊ ကုလေ အညတရေ အဟုံ။
ပရကမ္မက ကရော အာသိံ၊ ဘတကော သီလသံဝုတော။
၁၄၆။ ကမ္မာယ နိက္ခမန္တောဟံ၊ စတုရော သမဏေဒ္ဒသံ။
အာစာရသီလသမ္ပန္နေ၊ သီတိဘူတေ အနာသဝေ။
၁၄၇။ တေသု စိတ္တံ ပသာဒေတွာ၊ နိသီဒေတွာ ပဏ္ဏသန္ထတေ။
အဒံ ဗုဒ္ဓါနံ ကုမ္မာသံ၊ ပသန္နော သေဟိ ပါဏိဘိ။
၁၄၈။ တဿ ကမ္မဿ ကုသလဿ၊ ဣဒံ မေ ဧဒိသံ ဖလံ။
အနုဘောမိ ဣဒံ ရဇ္ဇံ၊ ဖီတံ ဓရဏိမုတ္တမံ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၄၅။ ဘဒ္ဒေ၊ ရှင်မ။ အဟံ၊ ငါသည်။ ဣမသ္မိံယေဝ နဂရေ၊ ဤဗာရာဏသီမြို့၌လျှင်။ အညတရေ၊ မထင်ရှားသော။ ကုလေ၊ သူဆင်းရဲအမျိုး၌။ အဟုံ၊ ဖြစ်ပြီ။ ပရကမ္မကရော၊ သူတစ်ပါးအလုပ်ကိုလုပ်သော။ ဘတကော၊ သူရင်းငှားဖြစ်လျက်။ သီလသံဝုတော၊ သီလကိုစောင့်သည်။ အသိံ၊ ဖြစ်ပြီ။

֍ ဋ္ဌ ၁၄၆။ ဘဒ္ဒေ၊ ရှင်မ။ အဟံ၊ ငါသည်။ ကမ္မာယ၊ အမှုလုပ်အံ့သောငှာ။ နိက္ခမန္တော၊ ထွက်သည်ရှိသော်။ အာစာရသီလသမ္ပန္နေ၊ မဂ်ဖိုလ်တို့မှ လာသော အကျင့်သီလ အာစာရနှင့် ပြည့်စုံကုန်သော။ သီတိဘူတေ၊ ငြိမ်းသည်ဖြစ်၍ ဖြစ်ကုန်သော။ အနာသဝေ၊ ကာမာသဝ အစရှိကုန်သော အာသဝမရှိကုန်သော။ စတုရော၊ လေးပါးကုန်သော။ သမဏေ၊ ပစ္စေကဗုဒ္ဓါတို့ကို။ အဒ္ဒသံ၊ မြင်၏။

֍ ဋ္ဌ ၁၄၇။ ဘဒ္ဒေ၊ ရှင်မ။ အဟံ၊ ငါသည်။ တေသု၊ လေးဆူကုန်သော ထိုပစ္စေကဗုဒ္ဓါတို့၌။ စိတ္တံ၊ စိတ်ကို။ ပသာဒေတွာ၊ ကြည်စေ၍။ ပဏ္ဏသန္ထတေ၊ သစ်ရွက်အခင်း၌။ နိသီဒေတွာ၊ နေစေ၍။ ပသန္နော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ သေဟိ ပါဏိဘိ၊ မိမိလက်တို့ဖြင့်။ ဗုဒ္ဓါနံ၊ ပစ္စေကဗုဒ္ဓါတို့အား။ ကုမ္မာသံ၊ မုယောမုန့်ကို။ အဒံ၊ လှူဖူး၏။

֍ ဋ္ဌ ၁၄၈။ ဘဒ္ဒေ၊ ရှင်မ။ မေ၊ ငါ၏။ ဧဒိသံ၊ ဤသို့သဘောရှိသော။ ဣဒံဖလံ၊ ဤအကျိုးသည်။ ကုသလဿ၊ ကုသိုလ်ဖြစ်သော။ တသ ကမ္မဿ၊ ထိုကံ၏။ ဖလံ၊ အကျိုးတည်း။ ဖီတံ၊ ပြည့်စုံသော။ ဥတ္တမံ၊ မြတ်သော။ ဓရဏိံ၊ မြေကိုအစိုးရသော။ ဣမံ ရဇ္ဇံ၊ ဤမင်းအဖြစ်ကို။ အနုဘောမိ၊ ခံစားရ၏။

မိဖုရား ကျေနပ်ခြင်း

ဤသို့လည်း မိမိကောင်းမှုကို ချဲ့၍ဟောသော ဘုရားလောင်း၏ စကားကို ကြား၍ ကြည်ညို၍ မိဖုရားသည်လည်း မြတ်သောမင်းကြီး ဤသို့ ပစ္စက္ခအားဖြင့် ဒါနအကျိုးကို သိကုန်၏။ ဤနေ့မှစ၍ တစ်ခုသော ထမင်းဆုပ်ကိုရ၍ တရားစောင့်သော ရဟန်းပုဏ္ဏားတို့အား လှူ၍လျှင် သုံးဆောင်ကုန်ရာ၏။ မမေ့မလျော့ကုန်ရာဟု ဆို၍ ဘုရားလောင်းအား ချီးမွမ်းခြင်းကို ပြုလိုရကား-

၁၄၉။ ဒဒံ ဘုဉ္ဇ မာစ ပမာဒေါ၊ စက္ကံ ဝတ္တယ ကောသလာဓိပ။
မာ ရာဇ အဓမ္မိကော အဟု၊ ဓမ္မံ ပါလယ ကောသလာဓိပ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၉။ ကောသလာဓိပ၊ ကုသိုလ်ကိုအလိုရှိသော။ ရာဇ၊ မင်းမြတ်။ ဒဒံ၊ လှူ၍သာလျှင်။ ဘုဉ္ဇ၊ စားလော့။ မာ ပမာဒေါ၊ ဒါနအစရှိသည်၌ မမေ့လျော့လင့်။ စက္ကံ၊ ပဋိရူပဒေသဝါသ အစရှိသော စက်လေးပါးကို။ ဝတ္တယ၊ ဖြစ်စေလော့။ ကောသလာဓိပ၊ ကုသိုလ်ကို အလိုရှိသောမင်း။ အဓမ္မော၊ တရားမစောင့်သည်။ မာ အဟု၊ မဖြစ်လင့်။ ဓမ္မံ၊ တရားကို။ ပါလယ၊ စောင့်လော့။

မင်းကြီး ဝန်ခံပုံ

ဘုရားလောင်းသည် မိဖုရားစကားကို ဝန်ခံလိုသည်ဖြစ်၍-

၁၅၀။ သောဟံ တဒေဝ ပုနပ္ပုနံ၊
ဝဋ္ဋုမံ အာစရိဿာမိ သောဘနေ။
အရိယာစရိတံ သုကောသလေ၊
အရဟန္တော မေ မနာပါဝ ပဿိတုံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၅၀။ သောဘနေ၊ တင့်တယ်သော။ သုကောသလေ၊ ကောင်းသော ကောသလမင်း၏သမီး။ သော အဟံ၊ ထိုငါသည်။ အရိယာစရိတံ၊ အရိယာတို့သည် လေ့ကျက်အပ်သော။ တဒေဝ ဝဋ္ဋုမံ၊ ထိုဒါနဟူသော လမ်းခရီးကိုလျှင်။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ အာစရိဿမိ၊ သွားအံ့။ မေ၊ ငါသည်။ အရဟန္တော၊ ရဟန္တာတို့ကို။ ပဿိတုံ၊ ဖူးမြင်အံ့သောငှာ။ မနာပါဝ၊ နှစ်သက်သလျှင်ကတည်း။

မိဖုရား၏ ရှေးဘဝ

ဤသို့ဆို၍လည်း မင်းသည် မိဖုရား၏ စည်းစိမ်ကို ကြည့်၍ ရှင်မ... ငါသည် ရှေးဘဝ၌ မိမိ၏ ကုသိုလ်ကံကို ချဲ့၍ ဆိုအပ်ပြီ၊ ဤမိန်းမတို့၏ အလယ်၌ အဆင်းဖြင့်လည်းကောင်း၊ တင့်တယ် စံပယ်ခြင်းတို့ဖြင့်လည်းကောင်း သင်နှင့်တူသော တစ်ယောက်သော မိန်းမသည် မရှိ၊ ထိုသင်သည် အဘယ်ကောင်းမှုကို ပြု၍ ဤစည်းစိမ်ကို ရသနည်းဟု မေးလိုရကား-

၁၅၁။ ဒေဝီ ဝိယ အစ္ဆရူပမာ၊
မဇ္ဈေ နာရိဂဏဿ သောဘတိ။
ကိံ ကမ္မမကာသိ ဘဒ္ဒကံ၊
ကေနာသိ ဝဏ္ဏဝတီ သုကောသလေ။

ဟူသောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၅၁။ သုကောသလေ၊ ကောင်းသော ကောသလ မင်း၏သမီး။ တွံ၊ သင်သည်။ အစ္ဆရူပမာ၊ နတ် သမီးနှင့် တူ၏။ နာရီဂဏဿ၊ မိန်းမအပေါင်း၏။ မဇ္ဈေ၊ အလယ်၌။ ဒေဝီ ဝိယ၊ သိကြားမင်း၏ မိဖုရားကဲ့သို့။ သောဘတိ၊ တင့်တယ်၏။ ကိံ ကမ္မံ ဘဒ္ဒကံ၊ အဘယ်ကောင်းမှုကံကို။ အကာသိ၊ ပြုဖူးသနည်း။ ကေန၊ အဘယ်ကောင်းမှုကြောင့်။ ဝဏ္ဏဝတီ၊ ကောင်းသော အဆင်းရှိသည်။ အသိ၊ ဖြစ်သနည်း။

ထိုအခါ ဘုရားလောင်းအား မိဖုရားသည် ရှေးဘဝ၌ ပြုအပ်သော ကောင်းမှုကံကို ဆိုလို သည်ဖြစ်၍-

၁၅၂။ အမ္ဗဋ္ဌကုသဿ ခတ္တိယ၊
ဒါသျာဟံ ပရပေသိယာ အဟုံ။
သညတာ စ ဓမ္မဇီဝိနီ၊
သီလဝတီ စ အပါပဒဿနာ။
၁၅၃။ ဥဒ္ဓဋဘတ္တံ အဟံ တဒါ၊
စရမာနဿ အဒါသိ ဘိက္ခုနော။
ဝိတ္တာ သုမနာ သယံ အဟံ၊
တဿ ကမ္မဿ ဖလံ မမေဒိသံ။

ဟူသော ကြွင်းသော ဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

(ထိုမိဖုရားသည်လည်း ရှေးအဖြစ်ကို အောက်မေ့နိုင်သည်သာလျှင် ဖြစ်သတတ်၊ ထိုကြောင့် မိမိ၏ ဇာတိဿရဉာဏ်ဖြင့် ပိုင်းခြား၍လျှင် ဆို၏။ )

֍ ဋ္ဌ ၁၅၂။ ခတ္ထိယ၊ မင်းမြတ်။ ပုဗ္ဗေ၊ ရှေး၌။ အဟံ၊ အကျွန်ုပ်သည်။ အမ္ဗဋ္ဌကုလဿ၊ သူကြွယ်မျိုး၏။ ဒါသီ၊ ကျွန်မဖြစ်၏။ ပရပေသိယာ၊ သူတစ်ပါးတို့၏ အစေအပါးဖြစ်လျက်။ သညတာ စ၊ စောင့်ရှောက်သည်လည်းကောင်း။ ဓမ္မဇီဝိနီ စ၊ တရားနှင့်ယှဉ်သော အသက်မွေးခြင်းရှိသည်လည်းကောင်း။ သီလဝတီ စ၊ သီလနှင့်ပြည့်စုံသည်လည်းကောင်း။ အပါပဒဿနာ စ၊ မြတ်သော ရှုဖွယ်ရှိသည်လည်းကောင်း။ အဟုံ၊ ဖြစ်၏။

֍ ဋ္ဌ ၁၅၃။ ခတ္တိယ၊ မင်းမြတ်။ တဒါ၊ ထိုအခါ၌။ အဟံ၊ အကျွန်ုပ်သည်။ စရမာနဿ၊ ဆွမ်းခံသွားသော။ ဘိက္ခုနော၊ ဖျက်ဆီးပြီးသော ကိလေသာရှိသော ပစ္စေကဗုဒ္ဓါအား။ ဥဒ္ဓဋဘတ္တံ၊ ဝေ၍ အဖို့ရအပ်သော ထမင်းကို။ အဒါသိံ၊ လှူဖူး၏။ အဟံ၊ အကျွန်ုပ်သည်။ သယံ၊ ကိုယ်တိုင်။ ဝိတ္တာ-တုဋ္ဌာ၊ နှစ်သက်၏။ သုမနာ၊ ဝမ်းမြောက်၏။ မမ၊ အကျွန်ုပ်၏။ ဤဒိသံ၊ ဤသို့သဘောရှိသော။ ဖလံ၊ အကျိုးသည်။ တဿ ကမ္မဿ၊ ထိုကောင်း မှုကံ၏။ ဖလံ၊ အကျိုးတည်း။

ကုသိုလ်ကို ပြုကြပြီ

ဤသို့ ဤမင်းမိဖုရား နှစ်ပါးတို့သည်လည်း မိမိတို့၏ ကောင်းမှုကံကို အကျယ်အားဖြင့် ဆိုပြီး၍ ထိုအခါမှစ၍ မြို့တံခါး လေးမျက်နှာတို့၌လည်းကောင်း၊ မြို့လယ်၌လည်းကောင်း၊ နန်းတော်တံခါး၌ လည်းကောင်း ဤခြောက်ဌာနတို့၌ ခြောက်ဆောင်သော အလှူတင်းကုပ်တို့ကို ဆောက်၍ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းကို ထွန်ပလပ်သည်ကို ပြု၍ ကြီးစွာသော အလှူကိုဖြစ်စေ၍ သီလကိုစောင့်၍ ဥပုသ်သုံးခြင်း အမှုကို ပြု၍ အသက်၏အဆုံး၌ နတ်ပြည်သို့ လားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ မိဖုရားဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မင်းဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

နည်းများမဟူ၊ ပေးလှူမူ၊ ထိုသူ ချမ်းသာရာ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကုမ္မာသပိဏ္ဍိဇာတ်သည် ပြီး၏။

*****

သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၁၁။ ပရန္တပဇာတ်

မကောင်းမှုသည် မကောင်းကျိုးကို ပေးတတ်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အာဂမိဿတိ မေ ပါပံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပရန္တပဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားအား သတ်အံ့သောငှာ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအခါ တရားသဘင်၌ ရဟန်းတို့သည် ငါ့ရှင်တို့ ဒေဝဒတ်သည် မြတ်စွာဘုရားအား သတ်အံ့သောငှာသာလျှင် လုံ့လပြု၏။ လေးသမားတို့ကို လွှတ်၍ ကျောက်ကို လှိမ့်၏။ နာဠာဂီရိဆင်ကို လွှတ်စေ၏။ မြတ်စွာဘုရား၏ ပျက်စီးခြင်းငှာသာလျှင် အကြောင်းကိုပြု၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤဒေဝဒတ်သည် ငါ့အား သတ်အံ့သောင်ာ လုံ့လပြုသည် မဟုတ်သေး၊ ရှေး၌လည်း ဤဒေဝဒတ်သည် ငါ့အား သတ်အံ့သောငှာ လုံ့လပြုဖူး၏။ ထိတ်လန့်ခြင်းကိုလည်း ပြုအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ မိမိသည်လျှင် ဆင်းရဲခြင်းကို ခံရ၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝမ်း၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကို သင်၏။ သဗ္ဗရုတဇာနန မန္တရားကိုလည်း သင်၏။

အိမ်ရှေ့မင်းကို သေစေလို

ဘုရားလောင်းသည် ဆရာအား ထိုက်သော အဖိုးကိုပေး၍ ဗာရာဏသီပြည်သို့ ပြန့၍ အဖသည် ထိုဘုရားလောင်းကို အိမ်ရှေ့အရာ၌ထား၏။ အိမ်ရှေ့အရာ၌ အကယ်၍ ထားသော်လည်း ထိုဘုရားလောင်းကို သတ်ခြင်းငှာ အလိုရှိသည်ဖြစ်၍ မြင်ခြင်းငှာလည်း အလိုမရှိ။

မြေခွေးမ၏ ဆိုစကား

ထိုအခါ တစ်ခုသော မြေခွေးမသည် နှစ်ခုကုန်သော သားငယ်တို့ကို ယူ၍ ညဉ့်၌ လူတို့ အိပ်ကုန်စဉ် ပြွန်ပေါက်ဖြင့် မြို့သို့ဝင်၏။ ဘုရားလောင်း၏ ပြာသာဒ် အိပ်ရာတိုက်ခန်း အနီး၌ တစ်ခုသော ဇရပ်သည် ရှိ၏။ ထိုဇရပ်၌

တစ်ယောက်သော ခရီးသွားလူသည် ဖိနပ်ကိုချွတ်၍ ခြေရင်းဝယ် မြေ၌ထား၍ တစ်ခုသောပျဉ်၌ အိပ်၏။ အိပ်၍မပျော်မီ မြေခွေးမ၏ သားငယ်တို့သည် ငတ်မွတ်ကုန်ရကား မြည်ကုန်၏။ ထိုအခါ အမိ မြေခွေးမသည် အမောင်တို... အသံကို မပြုကြကုန်လင့်၊ ထိုဇရပ်၌ တစ်ဦးသောလူသည် ဖိနပ်တို့ကိုချွတ်၍ မြေ၌ထား၍ ပျဉ်၌ အိပ်၏။ မပျော်သေး၊ ထိုသူ၏ ပျော်သောကာလ၌ ထိုဖိနပ်တို့ကို ဆောင်၍ သင်တို့ကို စားစေကုန်အံ့ ဟု မိမိဘာသာဖြင့် ဆို၏။ ဘုရားလောင်းသည် မန္တရား၏ အာနုဘော်အားဖြင့် ထိုမြေခွေးမ၏ ဘာသာကိုသိ၍ အိပ်ရာ တိုက်ခန်းမှထွက်၍ ပြတင်းကို ဖွင့်၍ ဤအရပ်၌ အဘယ် သူနည်း ဟု မေး၏။ ခရီးသွားသွားသည် ရှင်မင်းကြီး အကျွန်ုပ် ခရီးသွားလူတည်း ဟု ဆို၏။ သင်၏ ဖိနပ်တို့သည် အဘယ်မှာနည်းဟု မေး၏။ "အရှင်မင်းကြီး မြေ၌ထား၏ ဟုဆို၏။ မြှောက်၍ ဆွဲထားလော့ဟု ဆို၏။

ထိုစကားကို ကြား၍ မြေခွေးမသည် ဘုရားလောင်းအား အမျက်ထွက်၏။

တစ်ဖန် တစ်နေ့သ၌ ထိုမြေခွေးမသည် ထို့အတူလျှင် မြို့သို့ ဝင်၏။ ထိုအခါ တစ်ယောက်သော ယစ်သောလူသည် ရေသောက်အံ့ဟု ရေကန်သို့ သက်သည်ရှိသော် ရေ၌ နစ်မွန်း၍ ထွက်သက်ဝင်သက်ပြတ်၍ သေ၏။ ထိုယောက်ျားအား ဝတ်ကုန်သော နှစ်ထည်ကုန်သော ပုဆိုးတို့သည်လည်းကောင်း၊ ပုဆိုး၌ အသပြာတစ်ထောင်တို့သည်လည်းကောင်း၊ လက်ချောင်း၌ လက်စွပ်သည်လည်းကောင်း ရှိ၏။ ထိုအခါ၌၎င်းမြေခွေးမသည် ငတ်မွတ်ကုန်၏ဟု မြည်ကုန်သော သားငယ်တို့ကို အမောင်တို့ အသံကို မပြုကြကုန်လင့်၊ ထိုရေကန်၌ လူသည် သေ၏။ ဤမည်သော ဥစ္စာသည်လည်း ရှိ၏။ ထိုလူသည် သေ၍ စောင်း တန်း၌လျှင် အိပ်၏။ သင်တို့အား ထိုလူကို စားစေအံ့ဟု ဆို၏ ဘုရားလောင်းသည် ထိုစကားကို ကြား၍ လေသွန်ပြတင်းကို ဖွင့်၍ ဇရပ်၌ အဘယ်သူရှိသနည်း ဟု ဆို၍ တစ်ယောက်သော ယောက်ျားသည် ထ၍ အရှင်မင်းကြီး အကျွန်ုပ်ရှိ၏ဟု ဆိုလတ်သော် သွားချေ၊ ထိုရေကန်၌ သေသောသူ၏ ပုဆိုးတို့ကိုလည်းကောင်း, အသပြာ တစ်ထောင်တို့ကိုလည်းကောင်း, လက်စွပ်ကိုလည်းကောင်း ယူ၍ ထိုသူ၏အလောင်းကို အကြင်သို့သော အခြင်းအရာအားဖြင့် ပြုသည်ရှိသော် ရေ၌မပေါ်၊ ထိုသို့သော အခြင်းအရာအားဖြင့် ရေ၌နှစ်လော့ ဟု ဆို၏။ ထိုယောက်ျားသည် ဘုရားလောင်း ဆိုတိုင်း ပြု၏။

ထိုမြေခွေးမသည် တစ်ဖန်လည်း အမျက် ထွက်၏။ ရှေ့နေ့၌ သားငယ်တို့အား ဖိနပ်ကို စားစိမ့်သောငှာ မပေး၊ ယနေ့လည်း သူသေကို စားစိမ့်သောငှာ မပေး၊ ထိုသို့ဖြစ်စေ၊ ဤနေ့မှ သုံးရက်မြောက်သောနေ့၌ တစ်ယောက်သော ပြည်နီးချင်းမင်းသည် လာလတ်၍ မြို့ကို ခြံရံလတ္တံ့။ ထိုအခါ သင့်ကို အဖသည် စစ်ထိုးစိမ့်သောငှာ စေလတ္တံ့၊ ထိုစစ်ထိုးရာ၌ သင်၏ဦးခေါင်းကို ဖြတ်ကုန်လတ္တံ့၊ ထိုအခါ သင်၏ လည်ချောင်းသွေးကို သောက်၍ ရန်တုံ့ကို ဖြေအံ့၊ သင်သည် ငါနှင့်တကွ ရန်ကိုဖွဲ့၏။ သိရအံ့ဟု မြည်၍ ဘုရားလောင်းကို ခြိမ်းခြောက်၍ သားငယ်တို့ကိုယူ၍ ထွက်၏။

စစ်တိုက်သွားခိုင်းပုံ

သုံးရက်မြောက်သောနေ့၌ တစ်ယောက်သော ပြည်နီးချင်းမင်းသည် လာလတ်၍ မြို့ကိုရံ၏။ မင်းသည် ဘုရားလောင်းကို အမောင် သွားချေ။ ထိုမင်းနှင့်တကွ စစ်ထိုးချေလော့ဟု ဆို၏။ အရှင်မင်းကြီး... အကျွန်ုပ်သည် မြင်အပ်သော နိမိတ်ရှိ၏။ သွားအံ့သောငှာမဝံ့၊ အသက်၏ အန္တရာယ်ကို ကြောက်၏ ဟု ဆို၏။ သင် သေသော်လည်းကောင်း၊ မသေသော်လည်းကောင်း ငါ့အား အဘယ်ပြုအံ့နည်း၊ သင်သည် သွားလေလော့ဟု ဆို၏။ ရှင်မင်းကြီး ကောင်းပြီဟု ထိုဘုရားလောင်းသည် ပရိသတ်ကိုယူ၍ ပြည်နီးချင်းမင်း၏ တည်ရာတံခါးဖြင့် မထွက်မူ၍ တစ်ပါးသော တံခါးကိုဖွင့်၍ ထွက်၏။

ထိုဘုရားလောင်းသည် ထွက်သည်ရှိသော် မြို့အလုံးသည် အချည်းနှီးကဲ့သို့ ဖြစ်၏။ ခပ်သိမ်းကုန်သော လူတို့သည် ဘုရားလောင်းနှင့်တကွ ထွက်ကုန်၏။ ဘုရားလောင်းသည် တစ်ခုသော သင့်တင့်ရာ အရပ်၌ သစ်တပ်တည်၍ နေ၏။

မင်းကြီးထွက်ပြေး

မင်းသည် အိမ်ရှေ့မင်းကား မြို့ကို အချည်း နှီးပြု၍ ဗိုလ်ပါကိုယူ၍ ပြေး၏။ ပြည်နီးချင်း မင်းသည်လည်း မြို့ကိုခြံရံ၍ တည်၏။ ယခု ငါ၏ အသက်ကို စောင့်အံ့ဟု ကြံ၏။ ကြံပြီး၍ မိဖုရားကိုလည်းကောင်း ပုရောဟိတ်ကိုလည်းကောင်း, ပရန္တပမည်သော တစ်ယောက်သော ခြေရင်း၌ မြဲစွဲသော ကျွန်ကိုလည်းကောင်း ယူ၍ ညဉ့်အဖို့၌ မထင်ရှားသော အသွင်ဖြင့် ပြေး၍ တောသို့ ဝင်ဘ၏။

နိုင်ငံသိမ်း

ဘုရားလောင်းသည် မင်းပြေးသော အဖြစ်ကိုသိ၍ မြို့သို့ဝင်၍ ရန်သူကိုပြေးစေ၍ ပြည်ကို ယူ၏။

မိဖုရားကြီး လင်ငယ်နေ

ဘုရားလောင်း၏ အဖသည်လည်း တစ်ခုသော မြစ်နား၌ သစ်ရွက်မိုးသော ဇရပ်ကိုဆောက်၍ သစ်သီးကြီးငယ်ဖြင့် မျှတလျက် နေ၏။ မင်းသည်လည်းကောင်း, ပုရောဟိတ်သည်လည်းကောင်း၊ သစ်သီကြီးငယ် အကျိုးငှာ သွားသည်ရှိသော် ပရန္တပကျွန်သည် မိဖုရားနှင့်တကွ သစ်ရွက်မိုးဇရပ်၌လျှင် နေ၏။ ထိုတော၌လည်း မင်းကိုစွဲ၍ မိဖုရား၏ဝမ်း၌ ကိုယ်ဝန်သည် တည်၏။ ထိုမိဖုရားသည် မပြတ် ပေါင်းဖော် သည်၏ အစွမ်းအားဖြင့် ပရန္တပကျွန်နှင့်တကွ အလွန် အကျွမ်းဝင်၏။ မိဖုရားသည် တစ်နေ့သ၌

မင်းသည် သိသည်ရှိသော သင်၏အသက်သည် မရှိရာသလျှင်ကတည်း၊ ငါ၏အသက်လည်း မရှိရာသလျှင်ကတည်း၊ ထို့ကြောင့် ထိုမင်းကို သတ်လော့ဟု ဆို၏။ အသို့ သတ်ရအံ့နည်းဟု ဆိုသည်ရှိသော် ဤမင်းသည် သင့်အား သန်လျက်ကိုလည်း ပေး၍ ရေသနုပ်ကိုလည်း ယူစေ၍ ရေချိုးအံ့သောငှာ သွား၏။ ထိုရေချိုးအိမ်၌ ထိုမင်း၏ မေ့လျော့ခြင်းကို သိ၍ သန် လျက်ဖြင့် ဦးခေါင်းကိုဖြတ်၍ ကိုယ်ကို အပိုင်း ပိုင်းပြု၍ မြေ၌မြုပ်လော့ဟု ဆို၏။ ပရန္တပသည် ကောင်းပြီဟု ဝန်ခံ၏။

ထိုအခါ တစ်နေ့သ၌ ပုရောဟိတ်သည်သာလျှင် သစ်သီးကြီးငယ် အကျိုးငှာ သွား၍ မင်း၏ ရေချိုးဆိပ်၏ အနီးဖြစ်သော အရပ်၌ တစ်ခုသော သစ်ပင်သို့တက်၍ သစ်သီးကြီးငယ်ကို ယူ၏။ မင်းသည် ရေချိုအံ့ဟု ပရန္တပကို သန်လျက်ကိုလည်းကောင်း, ရေသနုပ်ကိုလည်းကောင်း ယူစေ၍ မြစ်နားသို့ သွား၏။ ထိုမြစ်နား၌ ရေချိုးသော ကာလ၌ မေ့လျော့ခြင်းသို့ ရောက်လတ်သော် မင်းကိုသတ်အံ့ဟု ပရန္တပသည် လည်ကိုကိုင်၍ သန်လျက်ကို ချီ၏။

မင်းအား သတ်ဖြတ်

ထိုမင်းသည် သေခြင်းမှ ကြောက်သောကြောင့် ဟစ်ကြွေး၏။ ပုရောဟိတ်သည် ထိုအသံကိုကြား၍ ကြည့်လတ်သော် မင်းကိုသတ်သော ပရန္တပကို မြင်၍ ထိတ်လန့်သည် ဖြစ်၍ သစ်ခက်ကိုလွှတ်၍ ဆင်းသက်၍ တစ်ခုသော ချုံသို့ဝင်၍ ပုန်း၏။ ပရန္တပသည် ပုရောဟိတ်လွှတ်သော သစ်ခက်သံကို ကြား၍ မင်းကိုသတ်၍ မြေ၌မြှုပ်၍ ဤအရပ်၌ သစ်ခက်ကိုလွှတ်သော အသံသည် ဖြစ်၏။ ဤအရပ်၌ အဘယ်နည်းဟု စုံစမ်းသည်ရှိသော် တစ်စုံတစ်ခုကို မမြင်၍ ရေချိုး၍ သွား၏။ ထိုပရန္တပ၏ လာသော ကာလ၌ ပုရောဟိတ်သည် ပုန်းရာအရပ်မှထွက်၍ မင်းအား အပိုင်းပိုင်းဖြတ်၍ တွင်း၌မြှုပ်သော အဖြစ်ကိုသိ၍ ရေချိုး၍ မိမိအား သတ်ခြင်းမှ ကြောက်သောကြောင့် သူကန်း၏ အသွင်ကိုယူ၍ သစ်ရွက်မိုးသော ဇရပ်သို့သွား၏။ ထိုပုဏ္ဏားကိုမြင်၍ ပရန္တပသည် ပုဏ္ဏား သင့်အား အဘယ်အန္တရာယ် ဖြစ်သနည်းဟု ဆို၏။ ပုဏ္ဏားသည် မသိသကဲ့သို့ "အရှင်မင်းကြီး အကျွန်ုပ်၏ မျက်စိတို့သည် ပျက်စီး၍ လာ၏။ အဆိပ်ပြန့်ပြောသော မြွေရှိသောတော၌ တစ်ခုသော တောင်ပို့နား၌ နေ၏။ ထိုတောင်ပို့၌ တစ်ခုသော မြွေဟောက်သည် နှာခေါင်းလေကို လွှတ်သည် ဖြစ်လတ္တံ့ဟု ဆို၏။ ပရန္တပသည်ပုဏ္ဏားသည် ငါ့ကို မသိသည်ဖြစ်၍ မင်းကြီးဟု ဆို၏။ ပုဏ္ဏားကို နှစ်သိမ့်စေအံ့ဟု ကြံ၍ ပုဏ္ဏား... မစိုးရိမ်လင့်၊ ငါသည် သင့်ကို လုပ်ကျွေးအံ့ဟု နှစ်သိမ့်စေ၍ သစ်သီးကြီးငယ်တို့ကိုပေး၍ ရောင့်ရဲစေ၏။

ထိုအခါမှစ၍ ပရန္တပကျွန်သည် သစ်သီးကြီးငယ်ကို ဆောင်၏။ မိဖုရားသည်လည်း သား ဖွား၏။ မိဖုရားအား သားသည် ကြီးလတ်သော် တစ်နေ့သ၌ မိုးသောက်ထသောအခါ ချမ်းသာစွာနေလျက် ဖြည်းညင်းစွာ ပရန္တပကျွန်ကို မင်းကိုသတ်သော သင့်ကို တစ်စုံတစ်ယောက်သောသူသည် မြင်သလောဟု မေး၏။ ငါ့ကို တစ်စုံ တစ်ယောက်သော သူသည် မမြင်၊ စင်စစ်သော်ကား သစ်ခက်ကိုလွှတ်သော အသံကို ကြား၏။ ထိုသစ်ခက်ကို လူသည်လည်းကောင်း တိရစ္ဆာန်သည်လည်းကောင်း လွှတ်သည်၏ အဖြစ်ကို မသိ၊ တစ်ရံတစ်ဆစ် ငါအား ဘေးရောက်လတ္တံ့၊ အကြင်သူ သစ်ခက်ကို လွှတ်၍ သွား၏။ ထိုသူမှ ရောက်လတ္တံ့ဟု ထိုမိဖုရားနှင့် ပြောလိုရကား-

မိဖုရားနှင့် စကားပြောဆို

၁၅၄။ အာဂမိဿတိ မေ ပါပံ၊ အာဂမိဿတိ မေ ဘယံ။
တဒါဟိ စလိတာ သာခါ၊ မနုဿေန မိဂေနဝါ။

ဟူသော ရှေးဦးစွာသော ဂါထာကို ဆို၏။

֍ ဋ္ဌ ၁၅၄။ ဘဒ္ဒေ၊ ရှင်မ။ ယဒါ၊ အကြင်အခါ၌။ သာခါ၊ သစ်ခက်သည်။ စလိတာ၊ လှုပ်၏။ တဒါ၊ ထိုအခါ ၌။ မနုဿေန ဝါ၊ လူကြောင့်လည်းကောင်း။ မိဂေန ဝါ၊ သားကြောင့်လည်းကောင်း။ စလိတာ၊ လှုပ်၏ဟူ၍။ န ပညာယတိ၊ မထင်။ တသ္မာ၊ ထို့ကြောင့်။ တတော၊ ထိုသစ်ခက်လှုပ်ရာမှ။ မေ၊ ငါ၏။ ပါပံ၊ မကောင်းကျိုးသည်။ အာဂမိဿတိ၊ ရောက်လတ္တံ့။ မေ၊ ငါ့အား။ ဘယံ၊ ဘေးသည်။ ဘဝိဿတိ၊ ရောက်လတ္တံ့၊

ထိုပရန္တပကျွန်နှင့် မိဖုရားတို့သည် ပုရောဟိတ် အိပ်ပျော်၏ဟူ၍ အောက်မေ့ကုန်၏။ ထိုပုရောဟိတ်သည် မပျော်သည်ဖြစ်၍ ထိုသူတို့၏ စကားကိုကြား၏။ တစ်နေ့ သ၌ ပုရောဟိတ်သည် ပရန္တပကျွန်သည် သစ်သီးကြီးငယ် အကျိုးငှာ သွားသည်ရှိသော် မိမိပုဏ္ဏေးမကို အောက်မေ့၍ မြည်တမ်းသကဲ့သို့-

ပုရောဟိတ် မြည်တမ်း

၁၅၅။ ဘီရုယာ နူန မေ ကာမော၊ အဝိဒူရေ ဝသန္တိယာ။
ကရိဿတိ ကိသံ ပဏ္ဍုံ၊ သာဝ သာခါ ပရန္တပံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၅၅။ သာ သာခါ၊ ထိုသစ်ခက်သည်။ ပရန္တပံ၊ ပရန္တပကျွန်ကို။ ကိသံ၊ ကြုံလှီသည်ကို။ ပဏ္ဍုံ၊ ဖျော့တော့သည်ကို။ ကရောတိ ဣဝ၊ ပြုသကဲ့သို့။ အဝိဒူရေ၊ နှစ်ယူဇနာ သုံးယူဇနာ အထက်ဟူသော မဝေးလွန်းသောအရပ်၌။ ဝသန္တိယာ၊ နေသော။ ဘီရုယာ၊ ပုဏ္ဏေးမ၌။ မေ၊ ငါ၏။ ကာမော၊ တပ် စွန်းခြင်း ကာမသည်။ မံ၊ ငါ့ကို။ ကိသံ၊ ကြုံလှီသည်ကို။ ပဏ္ဍုံ၊ ဖျော့တော့သည်ကို။ ကရိဿတိ နူန၊ ပြုလတ္တံ့ ယောင်တကား။

ပုဏ္ဏားသည် ဂါထာကိုသာလျှင် ဆို၏။ အနက်ကိုကား မဆို။ ထို့ကြောင့် ဤဂါထာ၏ ကိစ္စသည် မိဖုရားအား မထင်။ ထိုအခါ ပုဏ္ဏားကို ပုဏ္ဏား... အသို့ ဆိုသနည်းဟု ဆိုသည်။ ပုဏ္ဏားသည် ထိုအနက်ကို ချွတ်ယွင်းသဖြင့် မှတ်စေ၏။ တစ်ဖန် တစ်နေ့သ၌-

၁၅၆။ သောစယိဿတိ မံ ကန္တာ၊ ဂါမေ ဝသ မနိန္ဒိတာ။
ကရိဿတိ ကိသံ ပဏ္ဍုံ၊ သာဝ သာခါ ပရန္တပံ။

ဟူသော သုံးခုမြောက် ဂါထာကိုဆို၏။

֍ ဋ္ဌ ၁၅၆။ သာ သာခါ၊ ထိုသစ်ခက်သည်။ ပရန္တပံ၊ ပရန္တပကို။ ကိသံ၊ ကြုံလှီသည်ကို။ ပဏ္ဍုံ၊ ဖျော့တော့သည်ကို။ ကရောတိဣဝ၊ ပြုသကဲ့သို့။ ဂါမေ၊ ရွာ၌။ ဝသံ၊ နေသော။ အနိန္ဒိတာ၊ မကဲ့ရဲ့အပ်သော မြတ်သောအဆင်းကို ဆောင်သော။ ကန္တာ၊ နှစ်သက်ဖွယ်ရှိသော မယားသည်။ မံ၊ ငါ့ကို။ သောစယိဿတိ၊ စိုးရိမ်ခြင်းကို ဖြစ်စေသဖြင့် ခြောက်ကပ်စေလတ္တံ့။ ကိသံ၊ ကြုံလှီသည်ကို။ ပဏ္ဍုံ၊ ဖျော့တော့သောအဆင်းရှိသည်ကို။ ကရိဿတိ၊ ပြုလတ္တံ့။

တစ်နေ့သ၌-

၁၅၇။ တယာ မံ အသိတာပင်္ဂိ၊ သိတာနိ ဘဏိတာနိစ။
ကိသံ ပဏ္ဍုံ ကရိဿန္တိ၊ သာဝ သာခါ ပရန္တပံ။

ဟူသော လေးခုမြောက်သော ဂါထာကို ဆို၏။

֍ ဋ္ဌ ၁၅၇။ သာ သာခါ၊ ထိုသစ်ခက်သည်။ ပရန္တပံ၊ ပရန္တပကို။ ကိသံ၊ ကြုံလှီသည်ကို။ ပဏ္ဍုံ၊ ဖျော့တော့သည်ကို။ ကရိဿတိ ဣဝ၊ ပြုသကဲ့သို့။ အသိတာပင်္ဂိ၊ မျက်စဉ်းတို့ဖြင့် သားအပ်သော မည်းညိုသောမျက်တောင်ရှိသောရှင်မ တယာ၊ သင်ပုဏ္ဏေးမသည်။ ပဝတ္တိတာနိ၊ ဖြစ်စေအပ်ကုန်သော။ သိတာနိ စ၊ ပြုံးခြင်းတို့သည်လည်းကောင်း။ ဘဏိတာနိ စ၊ သာယာသော စကားတို့သည်လည်းကောင်း။ မံ၊ ငါ့ကို။ ကိသံ၊ ကြုံလှီသည်ကို။ ပဏ္ဍုံ၊ ဖျော့တော့သည်ကို။ ကရိဿန္တိ၊ ပြုကုန်လတ္တံ့။

ဖခင်အမှန် သိရဟန်

နောက်အဖို့၌ မင်းသားသည် အရွယ်သို့ ရောက်သည်ဖြစ်၍ တစ်ဆယ့်ခြောက်နှစ် အရွယ် ရှိ၏။ ထိုအခါ မင်းသားကို ပုဏ္ဏားသည် တောင် ဝှေးကို ကိုင်စေ၍ ရေချိုးဆိပ်သို့ သွား၍ မျက်စိတို့ကိုဖွင့်၍ ကြည့်၏။ မင်းသားသည် ပုဏ္ဏား သင်သည် ကန်းသည်မဟုတ်လောဟု ဆို၏။ ပုဏ္ဏားသည် ငါသည် မကန်း၊ ဤအမည်ရှိသော အကြောင်းကြောင့် အသက်ကိုစောင့်၏ဟု ဆို၍ သင့်အဖကို သိ၏လောဟု ဆို၏။ ဤပရန္တပသည် ငါ၏အဖဟု ဆိုသည်ရှိသော် ဤပရန္တပသည် သင့်အဖမဟုတ်၊ သင့်အဖသည်ကား ဗာရာဏသီမင်းတည်း၊ ဤပရန္တပသည် သင်တို့ကျွန်တည်း၊ သင့်အမိသည် ချွတ်ယွင်း၍ ဤ အရပ်၌ သင်၏အဖကို သတ်၍ မြှုပ်စေ၏ဟု အရိုးတို့ကို ထုတ်၍ပြ၏။ မင်းသားအား ကြီးစွာသော စိုးရိမ်ခြင်းသည် ဖြစ်၏။ ထိုအခါ ပုဏ္ဏားကို ယခု အသို့ ပြုအံ့နည်းဟု မေး၏။

သန်လျက်ကိုင်စေ လက်စားချေ

ထိုပရန္တပသည် ဤဆိပ်၌လျှင် သင့်အဖအား အကြင်အမှုကို ပြု၏။ ထိုအမှုကို ပြုလော့ဟု အလုံးစုံသော အကြောင်းကိုကြား၍ မင်းသားကို နှစ်ရက် သုံးရက် သန်လျက်ကိုင်ခြင်းကို သင်စေ၏။ ထိုအခါ တစ်နေ့သ၌ သန်လျက်ကိုလည်းကောင်း ရေသနုပ်ကိုလည်းကောင်း ယူ၍ ရေချိုးအံ့သောငှာ သွားကုန်အံ့ဟု ဆို၏။ ပရန္တပသည် ချစ်သား ကောင်းပြီဟု မင်းသားနှင့်တကွ သွား၏။ ထိုပရန္တပ၏ ရေချိုးအံ့သောငှာ သက်သောကာလ၌ လက်ယာလက်ဖြင့် သန် လျက်ကို လက်ဝဲလက်ဖြင့် ဥသျှောင်ကိုကိုင်၍ သင်သည် ဤဆိပ်၌လျှင် ငါ့အဖကို ဦးသျှောင်ကို ကိုင်၍ ဟစ်ကြွေးစဉ် သတ်သတတ်၊ ငါသည်လည်း သင့်ကို ထို့အတူပြုအံ့ဟု ဆို၏။ ထိုပရန္တပသည် သေဘေးမှ ကြောက်ရကား ငိုကြွေးလျက်-

၁၅၈။ အာဂမာနူန သော သဒ္ဒေါ၊ အသံသိနူန သော တဝ။
အက္ခာတံနူန တံ တေန၊ ယော တံ သာခမကမ္ပယိ။
၁၅၉။ ဣဒံ ခေါ တံ သမာဂမ္မ၊ မမ ဗာလဿ စိန္တိတံ။
တဒါဟိ စလိတာ သာခါ၊ မနုဿေန မိဂေန ဝါ။

ဟူကုန်သော နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၅၈။ သော သဒ္ဒေါ၊ ထိုသစ်ခက်ကို လှုပ်သော အသံသည်။ အာဂမာ နူန၊ သင်သို့ လာချေပြီတကား။ သော သဒ္ဒေါ၊ ထိုသစ်ခက် လှုပ်သောအသံသည်။ တဝ၊ သင့်အား။ အသံသိ နူန၊ ကြားယောင်တကား။ ယော၊ အကြင်သူသည်။ တံ သာခံ၊ ထိုသစ်ခက်ကို။ အကမ္ပယိ၊ လှုပ်၏။ တေန၊ ထိုလှုပ်သောသူသည်။ တံ၊ ထိုအကြောင်းကို။ အက္ခာတံ နူန၊ ကြားယောင်တကား။

֍ ဋ္ဌ ၁၅၉။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ ယဒါ၊ အကြင်အခါ၌။ သာခါ၊ သစ်ခက်သည်။ စလိတာ၊ လှုပ်၏။ တဒါ၊ ထိုအခါ၌။ မနုဿေန ဝါ၊ လူကြောင့်လည်းကောင်း။ မိဂေန ဝါ၊ သားကြောင့်လည်းကောင်း။ စလိတာတိ၊ လှုပ်၏ဟူ၍။ န ပညာယတိ၊ ငါမထင်။ တသ္မာ၊ ထို့ကြောင့်။ ဗာလဿ၊ မိုက်သော။ မမ၊ ငါ့အား။ ဘယံ၊ ဘေးသည်။ ဥပ္ပဇ္ဇိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့။ စိန္တိတံ၊ အကြံသည်။ ဟောတိ၊ ဖြစ်၏။ ဣဒံ ခေါ၊ ဤဘေးသည်လျှင်။ တံသမာဂမ္မ-တယာသမာဂတံ၊ သင်နှင့်တကွ လာ၏။

ထို့နောင်မှ မင်းသားသည်-

၁၆၀။ တထေဝ တွံ အဝေဒေသိ၊ အဝဇ္ဈိ ပိတရံ မမ။
ဟန္တွာ သာခါဟိ ဆာဒေန္တော၊ အာဂမိဿတိ တေ ဘယံ။

ဟူသော အဆုံးဖြစ်သော ဂါထာကို ဆို၏။

֍ ဋ္ဌ ၁၆၀။ ပရန္တပ၊ ပရန္တပ။ တထေဝ၊ ထို့အတူလျှင်။ တွံ၊ သင်သည်။ အဝေဒေသိ၊ သိ၏။ မမ၊ ငါ၏။ ပိတရံ၊ အဖကို။ အ ဝဇ္ဈိ၊ သတ်ပြီ။ ဟန္တွာ၊ သတ်ပြီး၍။ သာခါဟိ၊ သစ်ခက်တို့ဖြင့်။ ဆာဒေန္တော၊ ဖုံးလွှမ်း၏။ တေ၊ သင်အား။ ဘယံ၊ ဘေးသည်။ အာဂမိဿတိ၊ ရောက်လတ္တံ့။

ဤသို့ဆို၍ ထိုအရပ်၌လျှင် အသက်ကုန်ခြင်းသို့ ရောက်စေ၍ မြှုပ်၍ သစ်ခက်တို့ဖြင့် ဖုံးလွှမ်း၍ သန်လျက်ကိုဆေး၍ ရေချိုး၍ သစ်ရွက်မိုးသော ဇရပ်သို့သွား၍ ထိုပရန္တပအား သတ်သောအဖြစ်ကို ပုရောဟိတ်အားကြား၍ အမိကိုဆဲရေး၍ ဤအရပ်၌ အဘယ်ပြုကြကုန်အံ့နည်းဟု သုံးယောက်သော သူတို့သည် ဗာရာဏသီပြည်သို့သာလျှင် ပြန်ကြကုန်၏။ ဘုရားလောင်းသည် ညီအား အိမ်ရှေ့အဖြစ်ကို ပေး၍ အလှူအစရှိသော ကောင်းမှုတို့ကို ပြု၍ နတ်ပြည်ကို ပြည့်စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ အဖမင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မင်း ဖြစ်ပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

တစ်ဆယ့်တစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ပရန္တပဇာတ်သည် ပြီး၏။

*****

အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၁။ ကစ္စာနီဇာတ်

မိဘတို့အား လုပ်ကျွေးသင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသခင်သည် ဩဒါတဝတ္ထာ သုစိ အလ္လကေသာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကစ္စာနီဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသော အမိကိုလုပ်ကျွေးသော သီတင်းသည်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုသီတင်းသည်သည် သာဝတ္ထိပြည် ၌နေသော အကျင့်နှင့်ပြည့်စုံသော အမျိုးသားငယ် ဖြစ်သတတ်။ ထိုအမျိုးသားငယ်သည် အဖသေလွန်သော် အမိအား နတ်ကဲ့သို့ လုပ်ကျွေးသောသူ ဖြစ်ရကား မျက်နှာသစ်ရေပေးခြင်း တံပူပေးခြင်း ချိုးရေတည်ခြင်း ခြေဆေးရေပေးခြင်း အစရှိသော ဝေယျာဝစ္စအမှုဖြင့်လည်းကောင်း၊ ယာဂု ထမင်း အစရှိသည်တို့ဖြင့်လည်းကောင်း အမိကိုလုပ်ကျွေး၏။ ထိုအခါ ထိုအမျိုးသားငယ်ကို အမိသည် အမောင် သင့်အား တစ်ပါးကုန်သော ဃရာဝါသ ကိစ္စတို့သည်လည်း ရှိကုန်၏။ သင်သည် တစ်ယောက်သော အမျိုးသမီးကိုယူလော့။ ထိုသတို့သမီးသည် ငါ့ကို လုပ်ကျွေးလတ္တံ့။ သင်သည်လည်း မိမိအမှုကို ပြုရလတ္တံ့ဟုဆို၏။ မိခင် အကျွန်ုပ်သည် မိမိကိုယ်၏ စီးပွားချမ်းသာကို မတောင့်တ၊ မိခင်တို့ကိုသာ လုပ်ကျွေးလို၏။ ငါမှတစ်ပါးသော အဘယ် သူသည် ဤသို့ လုပ်ကျွေးလတ္တံ့နည်းဟုဆို၏။ အမောင် အမျိုးကိုပွားစေသော အမှုမည်သည်ကို ပြုခြင်းငှာ သင့်၏ဟု အမိသည်ဆို၏။ မိခင် အကျွန်ုပ်အား ဃရာဝါသဖြင့် အလိုမရှိ၊ အကျွန်ုပ်သည် သင်တို့ကိုလုပ်ကျွေး၍ သင်တို့သည် သေလွန်သောကာလ၌ ရဟန်းပြုအံ့ ဟု သားသည် ဆို၏။ ထိုအခါ အမိသည် သားအား အဖန်တလဲလဲ တောင်းပန်သော်လည်း သား၏စိတ်ကို မရလတ်သော် သား၏စကားကို မယူမူ၍ အမျိုးတူဖြစ်သော သတို့သမီးကို ဆောင်၏။ ထိုသတို့သားသည် အမိကိုလုပ်ကျွေး၍ ထိုအမျိုးသမီးနှင့်တကွ နေ၏။ ထိုအမျိုးသူမီးသည်လည်း ငါ၏လင်သည် ကြီးစွာသော အားထုတ်ခြင်းဖြင့် အမိကိုလုပ်ကျွေး၏။ ငါသည်လည်း လင်၏အမိကို လုပ်ကျေးအံ့။ ဤသို့ လုပ် ကျွေးသော် ငါ့ကို လင်သည် ချစ်လတ္တံ့ ဟုကြံ၍ လင်၏အမိကို ရိုသေစွာ လုပ်ကျွေး၏။

အထင်လွဲမြင်

ထိုသီတင်းသည်သည် ဤမိန်းမကား ငါ၏ အမိကို ရိုသေစွာ လုပ်ကျွေး၏ဟု ထိုကာလမှစ၍ ရတိုင်း ရတိုင်းကုန်သော ကောင်းသော ခဲဖွယ် အစရှိသည်တို့ကို မယားအားသာလျှင် ပေး၏။ ထိုမယားသည် နောက်အဖို့၌ ဤယောက်ျားကား ရတိုင်း ရတိုင်းကုန်သော ခဲဖွယ် အစရှိသည်တို့ကို ငါအားသာလျှင် ပေး၏။ မချွတ် အမိကို နှင်ထုတ်လိုသည် ဖြစ်လတ္တံ့။ ငါသည် လင်အား အမိကိုနှင်ထုတ်ခြင်းအကြောင်းကို ပြုအံ့ဟု မသင့်သောအားဖြင့် နှလုံးသွင်း၍ တစ်နေ့သ၌ လင်ကို အရှင်သင်သည် အပသို့ထွက်သည်ရှိ သင်၏အမိသည် ငါ့ကို ဆဲရေး၏ဟုဆို၏။ ထိုသီတင်းသည်သည် ဆိတ်ဆိတ် နေ၏။ ထိုမိန်းမသည် ဤသက်ကြီးအိုမကို သားကို အယုတ်အားဖြင့် အောက်မေ့စေ၍ သား၏ဆန့်ကျင်ဘက်ဖြစ်အောင် ပြုအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုအခါမှစ၍ ယာဂုကို ပေးသည်ရှိသော် အလွန်ပူသည်ကိုလည်းကောင်း အလွန်အေးသည်ကိုလည်းကောင်း အလွန်ဆားငန်သည်ကိုလည်းကောင်း မခတ်သည်ကို လည်းကောင်း ပြု၍ ပေး၏။ ချစ်သမီး အလွန်ပူ၏ဟူ၍ လည်းကောင်း၊ အလွန်ဆားငန်၏ဟူ၍ လည်းကောင်း ဆိုသည်ရှိသော် ခွက်ကိုပြည့်စေ၍ ရေချမ်းကိုခပ်၍ လောင်း၏။ တစ်ဖန် ချစ်သမီး အလွန်အေး၏ မခတ်ဟု ဆို သည်ရှိသော် ယခုပင်လျှင် အလွန်ပူ၏။ အလွန် ဆားငန်၏ဟု ဆို၍ တစ်ဖန် အလွန်အေး၏ ဆားမခတ်ဟု ဆိုပြန်၏။ အဘယ်သူသည် သင့်ကို နှစ်သိမ့်စေအံ့သောငှာ တတ်နိုင်အံ့နည်းဟု ကျယ်စွာသောအသံကို ပြု၏။ ချိုးရေကိုလည်း ပူသည်ကိုပြု၍ ကျောက်ကုန်း၌ လောင်း၏။ ချစ်သမီး ငါ၏ ကျောက်ကုန်းသည် ပူလောင်၏ဟူ၍ ဆိုသည်ရှိသော် တစ်ဖန် ပြည့်စေ၍ အလွန်အေးသော ရေကိုထည့်၏။ ချစ်သမီး အလွန်အေးဟု ဆိုသည်ရှိသော် ယခုပင်လျှင် အလွန်ပူ၏ဟု ဆို၍ ယခုပင်လျှင် အလွန်အေး၏ဟု ဆိုပြန်၏။

အဘယ်သူသည် ဤသက်ကြီးအိုမ၏ မထီ မဲ့မြင် ပြုခြင်းကို သည်းခံအံ့သောငှာ တတ်နိုင်အံ့နည်း ဟု အိမ်နီးချင်းတို့အား ပြောဆို၏။ ချစ်သမီး ညောင်စောင်း၌ ကြမ်းပိုးတို့သည် များကုန်၏ ဟု ဆိုသည်ရှိသော် ညောင်စောင်းကိုထုတ်၍ ထိုညောင်စောင်းအထက်၌ မိမိ ညောင် စောင်းကို ခါ၍ ငါသည် ညောင်စောင်းကို ခါအပ်ပြီဟု သွင်း၍ ခင်း၏။ ထိုသီတင်းသည်၏ အမိသည် ကြမ်းပိုးတို့သည် ကိုက်ခဲအပ်သည်ဖြစ်၍ ခပ်သိမ်းသော ညဉ့်ကို ထိုင်လျက်သာလျှင် လွန်စေ၍ ချစ်သမီး တစ်ညဉ့်ပတ်လုံး ငါ့ကို ကြမ်းပိုးတို့သည် ကိုက်ခဲကုန်၏ဟု ဆို၏။ ချွေးမသည် ယမန်နေ့ကပင် သင်တို့၏ ညောင်စောင်းကို ခါအပ်ပြီ၊ အဘယ်သူသည် သက်ကြီးအိုမ၏ကိစ္စကို ဆောင်ရွက်အံ့သောငှာ တတ်နိုင်အံ့နည်း ဟုဆို၍ ယခု သက်ကြီးအိုမအား သားကို ကဲ့ရဲစေအံ့ဟု ထိုထိုသောအရပ်၌ တံတွေး နှပ် အစရှိသည်တို့ကို ကြဲ၍ အလုံးစုံသော ဤအိမ်ကို မသန့်ရှင်းအောင်ပြု၏ဟု သီတင်းသည် ဆိုသည်ရှိသော် သင့်အမိသည် ဤသို့ပြု၏။ မပြုလင့်ဟု ဆို သည်ရှိသော် ခိုက်ရန်ပြု၏။

အမေကိုချစ်၍ မယားကိုနှင်

အကျွန်ုပ်သည် ဤသို့သဘောရှိသော သူယုတ်မာနှင့် အတူတကူ တစ်အိမ်တည်း၌ နေအံ့သောငှာ မတတ်နိုင်၊ ဤသက်ကြီးအိုမကိုမူလည်း အိမ်၌မနေစေလင့်၊ ငါ့ကိုမူလည်း အိမ်၌ မနေစေလင့်ဟု ဆို၏။ ထိုသီတင်းသည်သည် မယား၏ စကားကိုကြား၍ ရှင်မ... သင်သည် ငယ်သေး၏။ အမှတ်မရှိသော အရပ်သို့သွား၍ အသက်မွေးခြင်းငှာ တတ်နိုင်၏။ ငါ၏ အမိသည်ကား အားနည်း၏။ ငါသည်သာလျှင် အမိ၏ ကိုးကွယ်ရာဖြစ်၏။ သင်သည် ထွက်၍ မိမိ၏ မိဘအိမ်သို့ သွားလော့ဟု ဆို၏။ ထိုမိန်းမသည် လင်၏စကားကို ကြား၍ ငါသည် ဤယောက်ျားကို အမိ၏အတွင်း၌ ဖျက်ဆီးခြင်းငှာ မတတ်နိုင်ကောင်း၊ စင်စစ်သဖြင့် ဤယောက်ျားသည် အမိကို ချစ်၏။ ငါသည် မိဘအိမ်သို့ အကယ်၍ သွားအံ့၊ မုဆိုးမ၏ နေခြင်းကို နေရ၍ ဆင်းရဲသည်ဖြစ်အံ့၊ ရှေးနည်းဖြင့်သာလျှင် ယောက္ခမအား နှစ်သက်စေ၍ လုပ်ကျွေးအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုမိန်းမသည် ထိုအခါမှစ၍ ရှေးနည်းအတူသာလျှင် ထိုယောက္ခမကို လုပ် ကျွေး၏။

ထိုအခါ တစ်နေ့သ၌ ထိုသီတင်းသည်သည် တရားနာအံ့သောငှာ ဇေတဝန် ကျောင်းတော်သို့သွား၍ ဘုရားကိုရှိခိုး၍ လျောက်ပတ်စွာ နေ၏။ သီတင်းသည် ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ ဖြစ်၏လော၊ အမိကို လုပ်ကျွေးသော အမှုကို ဖြည့်၏လော ဟု မိန့်တော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား အမိန့်အတိုင်း ဖြည့်ပါ၏။ အမိသည်ကား အကျွန်ုပ်ကို အလိုမရှိဘဲလျှင် တစ်ယောက်သော အမျိုးသမီးကို ဆောင်၏။ ထိုမိန်းမသည်ကား ဤသို့ ဤသို့ မကျင့်အပ်သော အမှုကိုပြု၏ ဟု အလုံးစုံသော အကြောင်းကို ဘုရားသခင်အား ကြားလျှောက်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... ထိုမိန်းမသည် အကျွန်ုပ်ကို အမိ၏အတွင်း၌ ဖျက်ဆီးအံ့သောငှာ မတတ်နိုင်၍ ယခု အကျွန်ုပ်၏အမိကို ရိုသေစွာ လုပ်ကျွေးပြန်၏ဟု လျှောက်၏။ သဗ္ဗညူ မြတ်ဘုရားသည် ထိုသီတင်းသည်၏ စကားကို ကြား၍ သီတင်းသည် ယခု သင်သည် ထိုမိန်းမ၏စကားကို မလိုက်နာ၊ ရှေး၌ကား ထိုမိန်းမ၏စကားဖြင့် သင်၏အမိကို နှင်ထုတ်၍ ငါ့ကိုမှီ၍ တစ်ဖန် အိမ်သို့ဆောင်၍ လုပ်ကျွေးဖူး၏ ဟု မိန့်တော်မူ၍ ထို သီတင်းသည်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် မထင်ရှားသော အမျိုး၏သားသည် အဖလွန်သည်ရှိသော် အမိအား နတ်ကဲ့သို့ လုပ်ကျွေးသောသူဖြစ်၍ ဆိုအပ်ပြီးသော နည်းဖြင့်လျှင် အမိကို လုပ်ကျွေး၏။ (အလုံးစုံသောစကားကို ဆိုအပ်ပြီးသော နည်းဖြင့်လျှင် ချဲ့အပ်၏။ )

မိန်းမစကားအရ အမေကိုနှင်ချ

အရှင်... အကျွန်ုပ်သည် ဤသို့သဘောရှိသော သူယုတ်မနှင့် အတူတကွ နေခြင်းငှာ မတတ်နိုင်၊ ဤသက်ကြီးအိုကိုမူလည်း အိမ်၌ မနေစေလင့်၊ အကျွန့်ကိုမူလည်း အိမ်၌ မနေစေလင့် ဟု ဆိုသည်ရှိသော် ထိုမိန်းမ၏ စကားကို ယူ၍ အမိအားသာလျှင် အပြစ်ရှိ၏ဟူ၍ အမိကို မိခင်... သင်သည် ဤအိမ်၌ အမြဲလျှင် ခိုက်ရန်ကိုပြု၏။ အိမ်မှထွက်၍ အလိုရှိရာအရပ်၌ နေလော့ ဟု ဆို၏။

အမေ သုသာန်သွား

ထိုအမိသည် ကောင်းပြီဟု ငိုကြွေးလျက် ထွက်သွား၍ တစ်ဦးသော ကြွယ်ဝသောအမျိုးတို့၏ အခစားအမှုကိုပြု၍ ဆင်းရဲသဖြင့် အသက် မွေး၏။ ယောက္ခမသည် အိမ်မှထွက်သော ကာလ၌ ချွေးမအား ကိုယ်ဝန်သည် တည်၏။ ထိုချွေးမသည် သူယုတ်ဖြစ်သော သက်ကြီးအိုမသည် အိမ်၌နေသည်ရှိသော် ငါ၌ ကိုယ်ဝန်ကိုလည်း မရ၊ ယခု ငါသည် ကိုယ်ဝန်ကို ရပြီဟု လင်အားလည်းကောင်း၊ အိမ်နီးချင်းအားလည်းကောင်း ပြောဆိုလျက် သွား၏။ နောက်အဖို့၌ သားကိုဖွား၍ လင်ကို အရှင်သင့်အမိသည် အိမ်၌နေသည်ရှိသော် သားကိုမရ၊ ယခု ငါသည် သားကို ရအပ်ပြီ၊ ဤအကြောင်းကြောင့် ထိုသက်ကြီးအိုမ၏ သူယုတ်မာ၏ အဖြစ်ကို သိလော့ဟု ဆို၏။

ယောက္ခမသည် ငါ့ကို အိမ်မှ နှင်ထုတ်သော ကာလ၌ သားကို ရ၏ဟု ကြား၍ မချွတ်လျှင် ဤလောက၌ တရားသေသည် ဖြစ်လတ္တံ့။ တရားသည် အကယ်၍ မသေအံ့၊ အမိကို သတ်ပုတ် ငင်ထုတ်၍ သားကို မရရာ၊ ချမ်းသာသည်ဖြစ်၍ အသက်မရှည်ရာ၊ ငါသည် တရားသေဆွမ်းကို လှူအံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုယောက္ခမသည် တစ်နေ့သ၌ နှမ်းမှုန့်ကိုလည်းကောင်း၊ ဆန်ကို လည်းကောင်း၊ ချက်ရန် အိုးကို လည်းကောင်း၊ ထင်းကို လည်းကောင်း၊ ယောက်မကိုလည်းကောင်း ယူ၍ သုသာန်သို့သွား၍ သုံးခုကုန်သော လူဦးခေါင်းခွံတို့ကို ခုံလောက် ပြု၍ မီးညှိ၍ မြေသို့ ဆင်းသက်၍ ဦးခေါင်းလျှော်၍ အဝတ်ကိုဝတ်၍ ခုံလောက်တည်ရာ အရပ်သို့လာ၍ ဆံထုံးကို ဖြေ၍ ဆန်ကို ဆေးအံ့သောငှာ အားထုတ်၏။

သိကြားမင်း ပုဏ္ဏားမေး

ထိုအခါ ဘုရားလောင်းသည် သိကြားမင်း ဖြစ်၏။ ဘုရားလောင်းတို့မည်သည် မမေ့မလျော့ ဖြစ်ကုန်၏။ ထိုသိကြားမင်းသည် ထိုခဏ၌ လောကကို ကြည့်လတ်သော် တရားသေပြီ ဟူသော အမှတ်ဖြင့် တရားသေဆွမ်းကို လှူလိုသော ဆင်းရဲခြင်းသို့ရောက်သော ထိုမိန်းမကို မြင်၍ ယနေ့ ငါသည် ငါ၏ အစွမ်းကို ပြအံ့ဟု ပုဏ္ဏားအသွင်ဖြင့် ခရီးမကို သွားသောသူကဲ့သို့ ဖြစ်၍ ထိုမိန်းမကိုမြင်၍ ခရီးမှဖဲ၍ ထိုမိန်းမ၏ အထံ၌ ရပ်၍ မိခင် သုသာန်၌ အာဟာရကို ချက်သောသူသည် မရှိ၊ သင်သည် ဤသုသာန်၌ ချက်အပ်သော နှမ်းထမင်းဖြင့် အဘယ်ပြုအံ့နည်း ဟု စကားကို ဖြစ်စေလိုရကား-

။ ဩဒါတဝတ္ထာ သုစိ အလ္လကေသာ၊
ကစ္စာနိ ကိံ ကုမ္ဘိမဓိဿယိတွာ။
ပိဋ္ဌာ တိလာ ဓောဝသိ တဏ္ဍုလာနိ၊
တိလောဒနော ဟေဟိတိ ကိဿဟေတု။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁။ ကစ္စာနီ၊ ကစ္စည်း အနွယ်ယ်ဖြစ်သော ရှင်မ။ တွံ၊ သင်သည်။ ဩဒါတဝတ္ထာ၊ ဖြူသောအဝတ်ကို ဝတ်လျက်။ သုစိ၊ စင်ကြယ်သည်ဖြစ်၍။ အလ္လကေသာ၊ စွတ်စိုသော ဆံရှိလျက်။ ကုမ္ဘိံ၊ ထမင်း အိုးကို။ အဓိဿယိတွာ၊ လူတို့၏ ဦးခေါင်းခွံ ဖြစ်သော ခုံလောက်သို့တင်၍။ တိလာ ပိဋ္ဌာ၊ နှမ်းမှုန့်တို့ကိုယူလျက်။ တဏ္ဍုလာနိ၊ ဆန်တို့ကို။ ကိံ ဓောဝသိ၊ အဘယ့်ကြောင့် ဆေးသနည်း။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်။ တိလောဒနော၊ နှမ်းထမင်းသည်။ ဟောဟိတိ၊ ဖြစ်လတ္တံ့နည်း။

တရားသေလို့ သပိတ်သွတ်မယ်

ထိုအခါ သိကြားမင်းအား ထိုမိန်းမသည် ကြားလို၍-

။ န ခေါ အယံ ဗြာဟ္မဏ ဘောဇနတ္ထာ၊
တိလောဒနော၊ ဟေဟိတိ သာဓုပက္ကော။
ဓမ္မော မတော တဿ ပဟုတ္တမဇ္ဇ၊
အဟံ ကရိဿာမိ သုသာနမဇ္ဈေ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂။ ဗြာဟ္မဏ၊ ပုဏ္ဏား။ သာဓုပက္ကော၊ ကောင်းစွာ ချက်အပ်သော။ အယံ ခေါ တိလောဒနော၊ ဤနှမ်းထမင်းသည်။ ဘောဇနတ္ထာယ၊ စားအံ့သောငှာ။ န ဟေဟိတိ၊ မဖြစ်လတ္တံ့။ ဓမ္မော၊ တရားသည်။ မတော၊ သေ၏။ အဇ္ဇ၊ ယနေ့။ အဟံ၊ ငါသည်။ သုသာနမဇ္ဈေ၊ သုသာန်အလယ်၌။ တဿ၊ ထိုတရား၏။ ပဟုတ္တံ၊ သေဆွမ်းကို။ ကရိဿာမိ၊ ပြုအံ့။

ငါ မသေပါလား

ထို့နောင်မှ သိကြားမင်းသည်-

။ အနုဝိစ္စ ကစ္စာနိ ကရောဟိ ကိစ္စံ၊
ဓမ္မော မတော ကော နု တဝေဝ သံသိ။
သဟဿေနေတ္တော အတုလာနုဘာဝေါ၊
န မီယတိ ဓမ္မဝရော ကဒါစိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃။ ကစ္စာနိ၊ ကစ္စည်း အနွယ်ဖြစ်သော ရှင်မ။ တွံ၊ သင်သည်။ အနုဝိစ္စ၊ စိစစ်၍။ ကိစ္စံ၊ ကိစ္စကို။ ကရောဟိ၊ ပြုလော့။ ဓမ္မော၊ ဇေဋ္ဌပစာယနတရား သုစရိတတရားသည်။ မတော၊ သေ၏။ ဧဝံ၊ ဤသို့။ တဝ၊ သင်အား။ ကော နု၊ အဘယ်သူသည်လျှင် သံသိ၊ ပြောကြားသနည်း။ အတုလာနုဘာဝေါ၊ အတုမရှိသော အာနုဘော်ရှိသော။ ဓမ္မဝရော၊ တရားမင်းမြတ် ဖြစ်သော။ သဟဿေနေတ္တော၊ မျက်စိတစ်ထောင် အမြင်ဆောင်သော သိကြားသည်။ ကဒါစိ၊ တစ်ရံ တစ်ဆစ်၌။ န မီယတိ၊ မသေ။

တရားသူ ဒုက္ခရောက်

ထိုစကားကို ကြား၍ ထိုမိန်းမသည်-

။ ဒဠှပ္ပမာနံ မမ ဧတ္ထ ဗြဟ္မေ၊
ဓမ္မော မတော နတ္ထိ မမေတ္ထ ကင်္ခါ။
ယေ ယေဝ ဒါနိ ပါပါ ဘဝန္တိ၊
တေ တေဝ ဒါနိ သုခိတာ ဘဝန္တိ။
။ သုဏိဿာ ဟိ မယှံ ဝဉ္ဈာ အဟောသိ။
သာ မံ ဝဓိတွာန ဝိဇာယိ ပုတ္တံ။
သာ ဒါနိ သဗ္ဗဿ ကုလဿ ဣဿရာ။
အဟံ ပနမှိ အပဝိဒ္ဓါ ဧကိကာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၄။ ဗြဟ္မေ၊ ပုဏ္ဏားကြီး။ ဧတ္ထ၊ ဤတရားသေရာ၌။ မမ၊ ငါ၏။ ပမာဏံ၊ ယုံမှာကင်းခြင်းသည်။ ဒဠှံ၊ မြဲ၏။ ဓမ္မော၊ တရားသည်။ မတော၊ သေပြီ။ ဧတ္ထ၊ ဤတရားသေရာ၌။ မမ၊ ငါ့အား။ ကင်္ခါ၊ ယုံမှားခြင်းသည်။ နတ္ထိ၊ မရှိ။ ဣဒါနိ၊ ယခုအခါ၌။ ယေ ယေဝ၊ အကြင်အကြင်သူတို့သည်သာလျှင်။ ပါပါ၊ ယုတ်မာသော အကျင့်ရှိကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဣဒါနိ၊ ယခုအခါ၌။ တေ တေဝ၊ ထိုထိုသူတို့သည်သာလျှင်။ သုခိတာ၊ ချမ်းသာကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

֍ ဋ္ဌ ၅။ ဟိ သစ္စံ၊ ထိုစကားသည် မှန်၏။ မယံ၊ ငါ၏။ သူဏိသာ၊ ချွေးမသည်။ ဝဉ္ဈာ၊ မြုံသည်။ အဟောသိ၊ ဖြစ်၏။ သာ၊ ထိုချွေးမသည်။ မံ၊ ငါ့ကို။ ဝဓိတွာန၊ ရိုက်ပုတ်ငင်ထုတ်၍။ ပုတ္တံ၊ သားကို။ ဝိဇာယိ၊ ဖွား၏။ ဣဒါနိ၊ ယခုအခါ၌။ သာ၊ ထိုချွေးမသည်။ သဗ္ဗဿ၊ အလုံးစုံသော။ ကုလဿ၊ အမျိုးကို။ ဣသရာ၊ အစိုးရ၏။ အဟံ ပန၊ ငါသည်ကား။ အပဝိဒ္ဓါ၊ စွန့်ပစ်အပ်သည်ဖြစ်၍။ ဧကိကာ၊ တစ်ယောက်ထီးတည်း။ အမှိ၊ ဖြစ်၏။

နင့်ချွေးမနှင့်သားကို သတ်လိုက်မယ်

ထို့နောင်မှ သိကြားမင်းသည်-

။ ဇီဝါမိ ဝေါဟံ န မတောဟမသိ၊
တဝေဝ အတ္ထာယ ဣဓာဂတောသ္မိ။
ယာ တံ ဝဓိတွာန ဝိဇာယိ ပုတ္တံ၊
သဟာဝ ပုတ္တေန ကရောမိ ဘသ္မံ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆။ ကစ္စာနိ၊ ကစ္စည်း အနွယ်ဖြစ်သော ရှင်မ။ အဟံ၊ သည်။ ဇီဝါမိ၊ ရှင်၏။ အဟံ၊ ငါသည်။ မတော၊ သေသည်။ န အသ္မိ၊ မဖြစ်။ တဝေဝ၊ သင်၏သာလျှင်။ အတ္ထာယ၊ အကျိုးငှာ။ ဣဓ၊ ဤအရပ်သို့။ အာဂတော၊ လာသည်။ အသ္မိ၊ ဖြစ်၏။ ယာ၊ အကြင်ချွေးမသည်။ တံ၊ သင့်ကို။ ဝဓိတွာန၊ ရိုက်ပုတ်ငင်ထုတ်၍။ ပုတ္တံ၊ သားကို။ ဝိဇာယိ၊ ဖွားသည်ဖြစ်အံ့။ သာ၊ ထိုချွေးမကို။ ပုတ္တေန၊ သားနှင့်။ သဟာဝ၊ တကွသာလျှင်။ ဘသ္မံ၊ ပြာကဲ့သို့ လွင့်ပျောက်ပျက်စီးသည်ကို။ ကရောမိ၊ ငါပြုအံ့။

မြေးကို မသေစေချင်

ထိုမိန်းမသည် ထိုစကားကိုကြား၍ မျက်စိတစ်ထောင် အမြင်ဆောင်သော သိကြားမင်း အဘယ်သို့ ဆိုသနည်း။ ငါ့မြေး မသေခြင်းအကြောင်းကို ပြုအံ့ ဟု-

။ ဧဝဉ္စ တေ ရုစ္စတိ ဒေဝရာဇ၊
မမေဝ အတ္ထာယ ဣဓာဂတောသိ။
အဟဉ္စ ပုတ္တော သုဏိသာ စ နတ္တာ၊
သမ္မောဒမာနာ ဃရမာဝသေမ။

ဟူသော ခုနစ်ခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇။ ဒေဝရာဇ၊ နတ်မင်း။ တေ၊ သင်နတ်မင်းသည်။ ဧဝဉ္စ၊ ဤသို့လည်း။ ရုစ္စတိ၊ နှစ်သက်သည် ဖြစ်အံ့။ မမေဝ၊ ငါ၏လျှင်။ အတ္ထာယ၊ အကျိုးငှာ။ ဣဓ၊ ဤအရပ်သို့။ အာဂတော၊ လာသည်။ အသိ၊ ဖြစ်ပါအံ့။ အဟဉ္စ၊ ငါလည်းကောင်း။ ပုတ္တော စ၊ သားလည်းကောင်း။ သုဏိသာ စ၊ ချွေးမလည်းကောင်း။ နတ္တာ စ၊ မြေးလည်းကောင်း။ ဧတေ မယံ၊ ထိုငါတို့သည်။ သမ္မောဒမာနာ၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်၍။ ဃရံ၊ အိမ်၌။ အာဝသေမ၊ နေလိုကုန်၏။

ချွေးမနှင့် သင့်အောင်လုပ်ပေးမယ်

ထိုအခါ ထိုမိန်းမအား သိကြားမင်းသည်-

။ ဧဝဉ္စ တေ ရုစ္စတိ ကာတိယာနိ။
ဟတာပိ သန္တော န ဇဟာသိ ဓမ္မံ။
တုဝဉ္စ ပုတ္တော သုဏိသာ စ နတ္တာ၊
သမ္မောဒမာနာ ဃရမာသေထ။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈။ ကာတိယာနိ၊ ကစ္စည်းအနွယ်ဖြစ်သော ရှင်မ။ ဧဝဉ္စ၊ ဤသို့လျှင်။ တေ၊ သင်သည်။ ရုစ္စတိ၊ နှစ်သက်အံ့။ ဟတာ၊ ရိုက်ပုတ်နှင်ထုတ်အပ်သည်။ သန္တာပိ၊ ဖြစ်ငြားသော်လည်း။ ဓမ္မံ၊ သူငယ်တို့၌ မေတ္တာတရားကို။ တွံ၊ သင်သည်။ န ဇဟာသိ၊ မစွန့်အံ့။ တုဝဉ္စ၊ သင်လည်းကေင်း။ ပုတ္တော စ၊ သားလည်းကောင်း။ သုဏိသာ စ၊ ချွေးမလည်းကောင်း။ နတ္တာ စ၊ မြေးလည်းကောင်း။ တေ တုမှေ၊ ထိုသင်တို့သည်။ သမ္မောဒမာနာ၊ ဝမ်း မြောက် ဝမ်းသာကုန်သည်ဖြစ်၍။ ဃရံ၊ အိမ်၌။ အာဝသေထ၊ နေကြကုန်လော့။

သားနှင့်ချွေးမတို့ ကန်တော့ခြင်း

ဤသို့ဆို၍ တန်ဆာဆင်အပ်သော သိကြားမင်းသည် မိမိ၏ အာနုဘော်အားဖြင့် ကောင်းကင်၌ ရပ်၍ ကစ္စည်းအနွယ်ဖြစ်သော ရှင်မ၊ သင် မကြောက်လင့်၊ သား, ချွေးမတို့သည် ငါ၏ အာနုဘော်အားဖြင့် လာလတ်ကုန်၍ ခရီးအကြား၌ သင့်ကို ကန်တော့၍ ယူ၍ သွားကုန်လတ္တံ့၊ မမေ့မလျော့ ဖြစ်လော့ ဟု ဆို၍ မိမိနေရာသို့လျှင် သွား၏။ ထိုသား, ချွေးမတို့သည်လည်း သိကြားမင်း၏ အာနုဘော်အားဖြင့် အမိကျေးဇူးကို အောက်မေ့၍ ငါတို့အမိသည် အဘယ်မှာနည်းဟု ရွာတွင်း၌ လူတို့ကိုမေး၍ သုသာန်သို့ သွား၏ဟူသော စကားကိုကြား၍ မိခင် မိခင် ဟု ခေါ်၍ သုသန်ခရီးသို့သွား၍ အမိကို မြင်၍ ခြေရင်း၌ဝပ်၍ မိခင် သင်သည် ငါတို့၏ အပြစ်ကို သည်းခံပါလော့ဟု ကန်တော့ကုန်၏။ အမိသည်လည်း မြေးကို ချီ၏။ ဤသို့ ထိုသူတို့သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်၍ အိမ်သို့သွား၍ ထိုအခါမှစ၍ ညီညွတ်စွာ နေခြင်းကို နေကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

။ သာ ကာတိယာနိ သုဏိသာယ သဒ္ဓိံ၊
သမ္မောဒမာနာ ဃရမာဝသိတ္ထ။
ပုတ္တော စ နတ္တာစ ဥပဋ္ဌဟိံသု၊
ဒေဝါနမိန္ဒေန အဓိဂ္ဂဟိတာ။

ဟူ၍ ဟောတော်မူ၏။

֍ ဋ္ဌ ၉။ ဘိက္ခဝေ၊ ရဟန်းတို့။ သာ ကာတိယာနိ၊ ထိုကစ္စည်းအနွယ်ဖြစ်သော မိန်းမသည် သုတိသာယ၊ ချွေးမနှင့်။ သဒ္ဓိံ၊ တကွ။ သမ္မောဒမာနာ၊ ဝမ်းမြောက်ကုန်သည်ဖြစ်၍။ ဃရံ၊ အိမ်၌။ အာဝသိတ္ထ၊ နေ၏။ ဒေဝါနမိန္ဒေန၊ သိကြားမင်းသည်။ အဓိဂ္ဂဟိတာ၊ ချီးမြှောက်အပ်သည်ဖြစ်၍။ ပုတ္တော စ၊ သားသည်လည်းကောင်း။ နတ္တာ စ၊ မြေးသည်လည်းကောင်း။ တေ ဥဘော၊ ထိုနှစ်ယောက်ကုန်သော သူတို့သည်။ ဥပဋ္ဌဟိံသု၊ လုပ်ကျွေးကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ထိုသီတင်းသည်သည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ အမိကို လုပ်ကျွေးသော သီတင်းသည်သည် ထိုအခါ အမိကို လုပ်ကျွေးသောသူ ဖြစ်ဖူးပြီ၊ ယခုအခါ သီတင်းသည်၏ မယားသည် ထိုအခါ အမိကို လုပ်ကျွေးသောသူ၏ မယားဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိကြားမင်း ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးသိငြား၊ သမီးသား၊ ကြီးပွားချမ်းသာရာ

ရှေးဦးစွာသော ကစ္စာနီ ဇာတ်သည် ပြီး၏။

*****

အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၂။ အဋ္ဌသဒ္ဒဇာတ်

အရာရာ၌ အကြောင်းအကျိုးကို ဆင်ခြင်သင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဣဒံ ပုရေ နိန္ဒမာဟုအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအဋ္ဌသဒ္ဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်းသည် သန်းခေါင်ယံ၌ ကြားအပ်သော ကြောက်မက်ဖွယ်ရှိသော မခွဲခြမ်း မဝေဖန်နိုင်သော အသံကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုသည်ကား အောက် လောဟကုမ္ဘီဇာတ်၌ ဆိုအပ်ပြီးသော ဝတ္ထုနှင့် တူသလျှင်ကတည်း။

ဤအဋ္ဌသဒ္ဒဇာတ်၌ကား ကောသလမင်းကြီးသည် ဘုန်းတော်ကြီးသော အရှင်ဘုရားဤအသံတို့ကို ကြားခြင်းကြောင့် အကျွန်ုပ်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု နားတော် လျှောက်သည်ရှိသော် မြတ်သောမင်းကြီး... မကြောက်လင့်၊ ဤအသံတို့ကို ကြားခြင်းကြောင့် သင်မင်းကြီးအား တစ်စုံတစ်ခုသော အန္တရာယ်သည် မဖြစ်လတ္တံ့၊ မြတ်သောမင်းကြီး ဤသို့ သဘောရှိသော ကြောက်မက်ဖွယ်ရှိသော မခွဲခြား မဝေဖန်နိုင်သော အသံကို သင်မင်းကြီး တစ်ယောက်တည်းသာလျှင် ကြားသည် မဟုတ်သေး၊ ရှေးမင်းတို့သည်လည်း ဤသို့ သဘောရှိသော အသံကိုကြား၍ ပုဏ္ဏားတို့၏ စကားကိုယူ၍ သဗ္ဗစတုက္ကယဇ်ကို ပူဇော်လိုကုန်၏။ နောက်မှ ပညာရှိတို့၏ စကားကို နာရ၍ ယဇ် ပူဇော်ခြင်းကို ပယ်အံ့သောငှာ ဖမ်းယူန်သော သတ္တဝါတို့ကို လွှတ်စေ၍ မြို့၌ အသက်မသတ်ကုန်လင့်ဟူသော စည်ကို လည်စေကုန်၏ဟု မိန့်တော်မူ၍ ထိုမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ မိဘလွန်လတ်သော် ရတနာတို့ကိုကြည့်၍ အလုံးစုံသော စည်းစိမ်ဥစ္စာကို အကုန်စွန့်လှူ၍ ကာမကိုပယ်၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြု၍ ဈာန် အဘိဉာဏ်တို့ကို ဖြစ်စေ၍ နောက်အဖို့၌ ချဉ်ဆား မှီဝဲအံ့သောငှာ လူ့ပြည်သို့ သွားလတ်သော် ဗာရာဏသီပြည်သို့ရောက်၍ မင်းဥယျာဉ်၌ နေ၏။

အသံကြီး ဂ-ခုကြားရ

ထိုအခါ ဗာရာဏသီမင်းသည် အသရေရှိသော အိပ်ရာ၌ နေလျက် သန်းခေါင်ယံ၌ ရှစ်ခွန်းသော အသံတို့ကို ကြား၏။ ရှေးဦးစွာ မင်း၏ အိမ်အနီး ဥယျာဉ်၌ တစ်ခုသော ဗျိုင်းသည် အသံကိုပြု၏။ နှစ်ကြိမ်မြောက် ထိုအသံပြုစဉ်လျှင် ဆင်တင်းကုပ် တုရိုဏ်တိုင်ဝယ်နေသော တစ်ခုသော ကျီးမသည် အသံကိုပြု၏။ သုံးကြိမ်မြောက် မင်းအိမ်ဝယ် အထွတ်၌ နေသော ဃုဏမည်သော ပိုးသည် အသံကိုပြု၏။

လေးကြိမ်မြောက်သော် မင်းအိမ်၌ မွေးထားသော ဥဩမသည် အသံကိုပြု၏။ ငါးကြိမ်မြောက် မင်းအိမ်၌ မွေးထားသော သမင်သည် အသံကိုပြု၏။ ခြောက်ကြိမ်မြောက် မင်းအိမ်၌ မွေးထားသော မျောက်သည် အသံကို ပြု၏။ ခုနစ်ကြိမ်မြောက် မင်းအိမ်၌ မွေးထားသော ကိန္နရာသည် အသံကို ပြု၏။ ရှစ်ကြိမ်မြောက် ထိုအသံသည် မပြတ်စဲစဉ်လျှင် မင်းအိမ်၏အထက်ဖြင့် ဥယျာဉ်သို့ ကြွသွားသော ပစ္စေကဗုဒ္ဓါသည် တစ်ခုသော ဥဒါန်းကို ကျူးရင့်လျက် အသံကို ပြု၏။

ယဇ်နတ်ပူဇော်ရမည်

ဗာရာဏသီမင်းသည် ရှစ်ခွန်းကုန်သော အသံတို့ကို ကြား၍ အလွန် ထိတ်လန့်ရကားး နက်ဖြန်နေ့၌ ပုဏ္ဏားတို့ကို မေး၏။ ပုဏ္ဏားတို့သည် မြတ်သောမင်းကြီး... သင်မင်းကြီးအား အန္တ ရာယ်ဖြစ်လတ္တံ့၊ သဗ္ဗစတုက္ကယဇ်ကို ပူဇော်ကုန်အံ့ ဟုဆို၍ မင်းသည် အလိုအတိုင်း ပြုကြကုန်လော့ ဟု ခွင့်ပြုအပ်ကုန်သည်ဖြစ်၍ အလွန် ရွှင်လန်းကုန်လျက် မင်းအိမ်မှထွက်၍ ယဇ်အမှုကို အားထုတ်ကုန်၏။

တပည့်လုလင် တားမြစ်

ထိုအခါ ထိုပုဏ္ဏားတို့၏ အကြီးဖြစ်သော ယဇ်အမှုကိုစီရင်သော ပုဏ္ဏား၏တပည့် လုလင်သည် ပညာရှိ၏။ လိမ္မာ၏။ ထိုလုလင်သည် ဆရာ... ဤသို့ သဘောရှိသော ကြမ်းကြုတ်ရုန့်ရင်းသော မသာယာအပ်သော များစွာကုန်သော သတ္တဝါတို့၏ ပျက်စီးခြင်းကို ပြုတတ်သောအမှုကို မပြုလင့် ဟု ဆရာကို ဆို၏။ ဆရာသည် အမောင် သင်သည် အဘယ်ကို သိသနည်း၊ ယဇ်သည် တစ်စုံတစ်ခု အကျိုးမရှိသော်လည်း ငါးအမဲကို များစွာ စားရလတ္တံ့ဟု ဆို၏။ တပည့်သည် ဆရာ... သင်တို့လည်း ဝမ်းကိုမှီ၍ ငရဲ၌ ဖြစ်စေတတ်သော အမှုကို မပြုကုန်လင့်ဟု ဆို၏။ ပုဏ္ဏားတို့သည် ထိုစကားကိုကြား၍ ဤလုလင်သည် ငါတို့၏လာဘ် အန္တ ရာယ်ကို ပြု၏ဟု ထိုလုလင်အား အမျက်ထွက်ကုန်၏။

ပစ္စေကဗုဒ္ဓါတွေ့

လုလင်သည် ပုဏ္ဏားတို့မှ ကြောက်ခြင်းကြောင့် ထိုသို့တပြီးကား သင်တို့သည်သာလျှင် ငါး၊ အမဲ စားရခြင်း၏ အကြောင်းကို ပြုကုန်လော့ ဟု ထွက်၍ မြို့ပ၌ မင်းကို တားမြစ်ခြင်းငှာ စွမ်းနိုင်သော တရားစောင့်သော ရဟန်းပုဏ္ဏားတို့ကို ရှာလျက် မင်း၏ဥယျာဉ်သို့သွား၍ ဘုရားလောင်းကိုမြင်လျှင် ရှိခိုး၍ အရှင်ဘုရား အရှင်ဘုရားတို့အား သတ္တဝါတို့၌ သနားခြင်းသည် အဘယ့်ကြောင့် မရှိသနည်း၊ မင်းသည် များစွာကုန်သော သတ္တဝါတို့ကို သတ်၍ ယဇ် ပူဇော်စေ၏ဟု ဆို၏။ ဘုရားလောင်းသည် လုလင် မင်းသည် ငါတို့ကို မသိကုန်၊ ငါတို့သည်လည်း မင်းကို မသိကုန် အရှင်ဘုရား... အရှင်ဘုရားတို့သည် ကြားအပ်သော အသံတို့၏ ဖြစ်ခြင်းကို သိပါကုန်၏လော ဟု မေး၏။ သိကုန်၏ ဟု ဘုရားလောင်းဆို၏။ သိပါကုန်လျက် မင်အား အဘယ့်ကြောင့် မဆိုကုန်သနည်း ဟု လုလင်သည် ဆို၏။ လုလင်... ငါသိ၏ဟု နဖူး၌ ဦးချိုဖွဲ့၍ လှည့်လည်ခြင်းငှာ အဘယ်မှာ စွမ်းနိုင်အံ့နည်း၊ အကယ်၍ မင်းသည် ဤဥယျာဉ်သို့လာ၍ ငါ့အားမေးသော် ဖြေအံ့ ဟု ဆို၏။

ရှင်းပြဟောကြား

လုလင်သည်လည်း လျင်မြန်သဖြင့် မင်းအိမ်သို့သွား၍ အမောင်... အဘယ်သို့နည်း ဟု ဆို သည်ရှိသော် မြတ်သောမင်းကြီး... သင်တို့သည် ကြားအပ်ကုန်သော အသံတို့၏ ဖြစ်ခြင်းကိုသိသော ရသေ့သည် သင်မင်းကြီး၏ ဥယျာဉ်ဝယ် မင်္ဂလာကျောက်ဖျာ၌ နေ၏။ ငါ့ကိုမေးသော် ငါဖြေအံ့ဟု ဆို၏။ သွား၍ ထိုရသေ့ကို မေးခြင်းငှာ သင့်၏ဟု ဆို၏။ မင်းကြီးသည် လျင်မြန်သဖြင့် ဥယျာဉ်သို့သွား၍ ရသေ့ကိုရှိခိုး၍ ပဋိသန္ခာရပြုလျက် ထိုင်၍ အရှင်ဘုရား အကျွန်ုပ်သည် ကြားအပ်ကုန်သော အသံတို့၏ ဖြစ်ခြင်းကို အရှင်ဘုရားတို့သည် သိကုန်သောဟူသည် မှန်သလောဟု မေး၏။ မြတ်သော မင်းကြီး... မှန်၏ဟု ဆို၏။ အရှင်ဘုရား... ထိုသို့တပြီးကား အကျွန်ုပ်အား ပြောပါလော့ဟု ဆို၏။

ဗျိုင်းသံနိမိတ်

ထိုအခါ ဘုရားလောင်းသည် မင်းသည် ကြားသော အသံတို့ကို ပြောလို၍ မြတ်သောမင်းကြီး... သင်မင်းကြီးအား ထိုအသံတို့ကို ကြားခြင်းဟူသော အကြောင်းကြောင့် တစ်စုံတစ်ခုသော အန္တရာယ်သည် မရှိ၊ သင်မင်းကြီး၏ ဥယျာဉ်ဟောင်း၌ကား တစ်ခုသောဗျိုင်းသည် ရှိ၏။ ထိုဗျိုင်းသည် အစာကို မရရကား ဆာမွတ်ခြင်းသည် နှိပ်စက်အပ်သည်ဖြစ်၍ ရှေးဦးစွာသော အသံကို ပြု၏ ဟု ဗျိုင်း၏ ကိရိယာကို မိမိဉာဏ်ဖြင့် ပိုင်းခြား၍-

၁၀။ ဣဒံ ပုရေ နိန္နမာဟု၊ ဗဟုမစ္ဆံ မဟောဒကံ။
အာဝါသော ဗကရာဇဿ၊ ပေတ္တိကံ ဘဝနံ မမ။
တျဇ္ဇ ဘေကေန ယာပေမ၊ ဩကံ န ဝိဇဟာမသေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀။ ဣဒံ၊ ဤမင်္ဂလာရေကန်သည်။ ပုရေ၊ ရှေး၌။ နိန္နံ၊ ချိုင့်ဝှမ်းသည်။ အာဟု၊ ဖြစ်၏။ ဗဟုမစ္ဆံ၊ များသောငါး ရှိ၏။ မဟောဒကံ၊ ရေပြွန်ဖြင့် ရေသွင်းအပ်သည်ဖြစ်၍ များသော ရေရှိ၏။ ဗကရာဇဿ၊ ဗျိုင်းမင်း၏။ အာဝါသော၊ နေရာဖြစ်၏။ မမ၊ ငါ၏။ ပေတ္တိကံ၊ အဖဥစ္စာ ဖြစ်သော။ ဘဝနံ၊ နေရာဖြစ်၏။ တေမယံ၊ ထိုငါတို့သည်။ အဇ္ဇ၊ ယခု။ ဘေကေန၊ ဖားမျှဖြင့်။ ယာပေမ၊ မျှရကုန်၏။ ဧဝံ၊ ဤသို့ ငတ်မွတ်အပ်ခြင်းဖြင့် နှိပ်စက်ကုန်သော်လည်း။ ဩကံ၊ နေရာကို။ န ဝိဇဟာမသေ၊ မစွန့်နိုင်ကုန်။

မြတ်သောမင်းကြီး ထိုဗျိုင်းသည် ငတ်မွတ်ခြင်း နှိပ်စက်အပ်သည်ဖြစ်၍ ဤသို့သောအသံကို ပြု၏။ ငတ်မွတ်ခြင်းမှ လွတ်စေလိုငြားအံ့၊ ထိုဥယျာဉ်ကို သုတ်သင်၍ ရေကန်ကို ရေဖြင့်ပြည့်စေ၍ ထားလော့ဟု ဘုရားလောင်းသည် ဆို၏။ မင်းသည် ဘုရားလောင်းဆိုတိုင်း ပြုစိမ့်သောငှာ တစ်ယောက်သော အမတ်ကို စေ၏။

ကျီးသံနိမိတ်

မြတ်သောမင်းကြီး... ဆင်တင်းကုပ်၏ တုရိုဏ်တိုင်၌ တစ်ခုသော ကျီးမသည် နေ၏။ ထိုကျီးမသည် မိမိသား၌ စိုးရိမ်ခြင်းကြောင့် နှစ်ခုမြောက်သော အသံကိုပြု၏။ ထိုအသံကြောင့်လည်း သင်မင်းကြီးအား ဘေးသည် မရှိဟု ဆို လို၍ ဘုရားလောင်းသည် -

၁၁။ ကော ဒုတိယံ အသီလိဿ၊ ဗန္ဓရဿက္ခိ ဘေစ္ဆတိ။
ကော မေ ပုတ္တေ ကုလာဝကံ၊ မဉ္စ သောတ္ထိံ ကရိဿတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁။ အသီလိဿ၊ သီလမရှိသော။ ဗန္ဓရဿ၊ ဗန္ဓရ၏။ ဒုတိယံ၊ နှစ်ခုမြောက်ဖြစ်သော။ အက္ခိ၊ မျက်စိကို။ ကော၊ အဘယ်သူသည်။ ဘေစ္ဆတိ၊ ဖောက်ပါအံ့နည်း။ ကော၊ အဘယ်သူသည်။ မေ၊ ငါ၏။ ပုတ္တေ စ၊ သားတို့ကိုလည်းကောင်း။ ကုလာဝကဉ္စ၊ အသိုက်ကိုလည်းကောင်း။ မဉ္စ၊ ငါ့ကိုလည်းကောင်း။ သောတ္ထိံ၊ ချမ်းသာခြင်းကို။ ကရိဿတိ၊ ပြုပါအံ့နည်း။

ဆင်သံနိမိတ်

ဤသို့ဆိုပြီး၍ မြတ်သော မင်းကြီး- သင်မင်းကြီး၏ ဆင်တင်းကုပ်၌ ဆင်ထိန်းသည် အဘယ်အမည်ရှိသနည်းဟု မေး၏။ အရှင်ဘုရား ဗန္ဓရမည်၏ဟု မင်းသည် လျှောက်၏။ မြတ်သောမင်းကြီး ထိုဗန္ဓရသည် မျက်စိတစ်ဖက်သာ ရှိသလောဟု ဘုရားလောင်းသည် မေး၏။ အရှင်ဘုရား... အမိန့်တော်အတိုင်း မှန်ပေ၏ ဟု မင်းသည် လျှောက်၏။ မြတ်သောမင်းကြီး- သင်မင်းကြီး၏ ဆင်တင်းကုပ်တံခါး တုရိုဏ် တိုင်၌ တစ်ခုသော ကျီးမသည် အသိုက်လုပ်၍ အဥတို့ကို ထားအပ်ကုန်၏။ အဥတို့သည် ရင့်ကုန်၍ အကောင်ငယ်တို့သည် ပေါက်ကုန်၏။ ဆင်ထိန်းသည် ဆင်ကိုစီး၍ ဆင်တင်းကုပ်မှ ထွက်သော်လည်းကောင်း, ဆင်တင်းကုပ်သို့ ဝင်သော်လည်းကောင်း ကျီးမတို့၏ သားတို့ကိုလည်းကောင်း အသိုက်ကို လည်းကောင်း ပုတ် ခတ်၏။ ထိုကျီးမသည် ထိုဆင်းရဲခြင်းဖြင့် ပင်ပန်း၍ ထိုဆင်ထိန်း ဗန္ဓရ၏မျက်စိ ပျက်စီးခြင်းကို တောင့်တလျက် ဤသို့ ဆို၏။ ကျီးမ၌ သင်မင်းကြီးသည် မေတ္တာစိတ်သည် ရှိအံ့၊ ထိုဗန္ဓရကို ခေါ်စေ၍ အသိုက်ကို ဖျက်ဆီးခြင်းမှ မြစ်လော့ဟု ဘုရားလောင်းသည်ဆို၏။ မင်းသည် ထိုဗန္ဓရကို ခေါ်စေ၍ ဆဲရေး ရိုက်ပုတ်၍ တစ်ပါးသောသူအား ဆင်ကို ပေး၏။

ပိုးကောင်သံနိမိတ်

ဘုရားလောင်းသည် မြတ်သောမင်းကြီး... သင်မင်းကြီး၏ ပြသာဒ်အထွတ်၌ တစ်ခုသော ဃုဏမည်သော ပိုးသည် နေ၏။ ထိုပိုးသည် ထိုထိုအရပ်၌လျှင် အကာကိုစား၍ အကာကုန်လတ်သည်ရှိသော် အနှစ်ကို စားခြင်းငှာ မတတ်နိုင်။ ထိုပိုးသည် အစာကိုမရ၍ ထွက်အံ့သောငှာလည်း မတတ်နိုင်ရကား ငိုကြွေးလျက် သုံးခုမြောက်ဖြစ်သော အသံကို ပြု၏။ ထိုအသံကြောင့်လည်း သင်မင်းကြီးအား ဘေးသည် မရှိဟု ဆို၍ ထိုပိုး၏ ကိရိယာကို မိမိဉာဏ်ဖြင့် ပိုင်းခြား၍-

၁၂။ သဗ္ဗာ ပရိက္ခယာ ဖေဂ္ဂု၊ ယာဝ တဿာ ဂတီ အဟု။
ခီဏဘက္ခော မဟာရာဇ၊ သာရေ နရမတေ ဃုဏော။

ဟူသော သုံးခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တဿာ၊ ထိုအကာ၏။ ယဝတာ၊ အကြင်မျှလောက်သော။ ဂတိ၊ ဖြစ်ခြင်းသည်။ အဟု၊ ထင်၏။ သဗ္ဗာ၊ ခပ်သိမ်းသော။ ဖေဂ္ဂု၊ အကာသည်။ ပရိက္ခယာ၊ စား၍ကုန်လေပြီ။ ခီဏဘက္ထော၊ ကုန်ပြီးသော အစာရှိသော။ ဃဏာ ဃ, ဃုဏမည်သော ပိုးသည်။ သာရေ၊ အနှစ်၌။ န ရမတေ၊ မမွေ့လျော်။

ဘုရားလောင်းသည် မြတ်သောမင်းကြီး ထိုပိုးသည်ကား ထိုအရပ်မှထွက်၍ သွားရာအရပ်သို့လည်း မမြင်ရကား ငိုကြွေး၏။ ထိုပိုးကို ထုတ်စေလော့ ဟု ဆို၏။ မင်းသည် တစ်ယောက်သော ယောက်ျားကိုစေ၍ ဥပါယ်အားဖြင့် ထိုပိုးကို ထုတ်စေ၏။

ဘုရားလောင်းသည် မြတ်သောမင်းကြီး... သင်မင်းကြီး၏ အိမ်၌ မွေးအပ်သော တစ်ခုသော ဥဩမသည် ရှိသလော ဟု မေး၏။ အရှင်ဘုရား ရှိ၏ဟု လျှောက်၏။ မြတ်သောမင်းကြီး ထိုဥဩမသည် မိမိနေဖူးသော တော အုပ်ကို အောက်မေ့ရကား ငြီးငွေ့၍ အဘယ်နံရောအခါလျှင် ဤချိုင့်မှလွတ်၍ မွေ့လျော်ဖွယ်ရှိသော တောအုပ်သို့ သွားရပါအံ့နည်းဟု လေးခုမြောက်သော အသံကို ပြု၏။ ထိုအသံကြောင့်လည်း သင်မင်းကြီးအား ဘေးသည်မရှိ ဟု ဆိုလို၍-

၁၃။ သာ နူနာဟံ ဣတော ဂန္တွာ၊ ရညော မုတ္တာ နိဝေသနာ။
အတ္တာနံ ကမယိဿာမိ၊ ဒုမသာခနိ ကေတိနီ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃။ သာ အဟံ၊ ထိုငါသည်။ ရညော၊ သင်မင်းကြီး၏။ ဣတော နိဝေသနာ၊ ဤနန်းတော်မှ။ မုတ္တာ၊ လွတ်လျက်။ ဂန္တွာ၊ သွား၍။ ဒုမသာခနိကေတိနီ၊ သစ်ခက်တို့၌ မိမိအသိုက်လျှင် နေရာရှိသည်ဖြစ်၍။ အတ္တာနံ၊ ငါ၏ကိုယ်ကို။ ရမယိဿာမိ နူန၊ အဘယ်နံရောအခါမှ မွေ့လျော်စေရအံ့နည်း။

ဘုရားလောင်းသည် ဤသို့ဆို၍ မြတ်သောမင်းကြီး... ဥဩမသည် ငြီးငွေ့၏။ ထိုဥဩမကို လွှတ်လော့ဟု ဆို၏။ မင်းသည် ဘုရားလောင်းဆိုတိုင်း ပြုစေ၏။

သမင်သံနိမိတ်

ဘုရားလောင်းသည် မြတ်သောမင်းကြီး သင်မင်းကြီး၏ နန်းတော်၌ မွေးအပ်သော တစ်ခုသော သမင်သည် ရှိသလောဟု မေး၏။ "အရှင်ဘုရား ရှိ၏ဟု လျှောက်၏။ မြတ်သောမင်းကြီး ထိုသမင်ကား မိမိ၏မယား သမင်မကို အောက်မေ့၍ ကိလေသာ၏ အစွမ်းအားဖြင့် ငြီးငွေ့၍ ငါးခုမြောက်သော အသံကို ပြု၏။ ထိုအသံကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိဟု ဆိုလို၍-

၁၄။ သော နူနာဟံ ဣတော ဂန္တွာ၊ ရညော မုတ္တော နိဝေသနာ။
အဂ္ဂေါဒကနိ ပိဿာမိ၊ ယူထဿ ပုရတော ဝဇံ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄။ သော အဟံ၊ ထိုငါသည်။ ရညော၊ မင်း၏။ ဣတော နိဝေသနာ၊ ဤနန်းတော်မှ။ မုတ္တော၊ လွတ်လျက်။ ဂန္တွာ၊ သွား၍။ ယူထဿ၊ သမင်အပေါင်း၏။ ပုရတော၊ ရှေ့မှ။ ဝဇံ၊ သွားလျက်။ အဂ္ဂေါဒကာနိ၊ ရေဦးတို့ကို။ ပိဿာမိ နူန၊ အဘယ်နံရောအခါမှ သောက်ရပါအံ့နည်း။

ဘုရားလောင်းသည် ထိုသမင်ကိုလည်း လွှတ်စေ၏။

မျောက်သံနိမိတ်

ဘုရားလောင်းသည် မြတ်သောမင်းကြီး သင်မင်းကြီး၏ နန်းတော်၌ မွေးသော မျောက်သည် ရှိသလော ဟု မေး၏။ အရှင်ဘုရား ရှိ၏ဟု မင်းသည် လျှောက်၏။ မြတ်သောမင်းကြီး- ထိုမျောက်သည်လည်း ဟိမဝန္တာ၌ မျောက်မနှင့်တကွ ကာမ၌ မက်မောသည်ဖြစ်၍ သွားစဉ် ဘဒ္ဒကမည်သော မုဆိုးသည် ဤအရပ်သို့ ဆောင်ခဲ့၏။ ယခု ငြီးငွေ့၍ ထိုဟိမဝန္တာသို့လျှင် သွားလို၍ ခြောက်ခုမြောက်သောအသံကို ပြု၏။ ထိုအသံကြောင့်လည်း သင်မင်းကြီးအား ဘေးသည် မရှိဟု ဆိုလို၍-

၁၅။ တံ မ ကာမေဟိ သမ္မတ္တံ၊ ရတ္တံ ကာမေသု မုစ္ဆိတံ။
အာနယိ ဝနတော လုဒ္ဒေါ၊ ဗာဟိကော ဘဒ္ဒ မတ္ထု တေ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၁၅။ ကာမေဟိ၊ ကာမတို့ဖြင့်။ သမ္မတ္တံ၊ လွန်စွာယစ်သော။ ကာမေသု၊ ကာမတို့၌။ ရတ္တံ၊ တပ် စွန်းသော။ ကာမေသု၊ ကာမတို့၌။ မုစ္ဆိတံ၊ တွေဝေသော။ တံ မံ၊ ထိုငါ့ကို။ ဗာဟိကော၊ တိုင်းပသားဖြစ်သော။ လုဒ္ဒေါ၊ မုဆိုးသည်။ ဝနတော၊ တောအရပ်မှ။ အာနယိ၊ ဆောင်ခဲ့၏။ တေ၊ သင့်အား။ ဘဒ္ဒံ၊ မင်္ဂလာသည်။ အတ္ထု၊ ဖြစ်စေသတည်း။

ဘုရားလောင်းသည် ထိုမျောက်ကိုလည်း လွှတ်စေ၏။

ကိန္နရာသံနိမိတ်

ဘုရားလောင်းသည် မြတ်သောမင်းကြီး... သင်မင်းကြီး၏ နန်းတော်၌ မွေးသော ကိန္နရာသည် ရှိသလော ဟု မေး၏။ အရှင်ဘုရား ရှိ၏ဟု လျှောက်သည်ရှိသော် မြတ်သောမင်းကြီး ထိုကိန္နရာသည် မိမိ၏မယား ကိန္နရီမသည် ပြုအပ်သောကျေးဇူးကို အောက်မေ့၍ ကိလေသာဖြင့် နာကျင်သည်ဖြစ်၍ အသံကိုပြု၏။ ထိုကိန္နရာသည် ထိုကိန္နရီမနှင့်တကွ တစ်နေ့သ၌ မြင့်သောတောင်ထွတ်သို့ တက်၍ ထိုတောင်ထွတ်၌ ထိုကိန္နရာတို့သည် အဆင်း အနံ့ အရသာနှင့်ပြည့်စုံသော အထူးထူးသော ပန်းတို့ကို ဆွတ်ကုန် ပန်ကုန်, ပျော်မြူးကုန် သည်ဖြစ်၍ နေဝင်သည်ကို မမှတ်ကုန်။ နေဝင်လတ်သော် ဆင်းသက်ကုန်သော ကိန္နရာတို့အား အမိုက်မှောင်သည် ဖြစ်၍ ထိုအခါ ကိန္နရီမသည် အရှင်... အမိုက်မှောင်သည်ဖြစ်၏။ မချော်မချွတ်စေဘဲ မမေ့မလျော့သဖြင့် ဆင်းသက်လော့ဟု ဆို၍ လက်ဖြင့် ကိုင်၍ ဆင်းသက်စေ၏။ ထိုကိန္နရာသည် ထိုကိန္နရီမ၏ စကားကို အောက်မေ့၍ အသံကိုပြု၏။ ထိုအသံကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိဟုဆို၍ ထိုအကြောင်းကို မိမိဉာဏ်ဖြင့် ပိုင်းခြား၍ ထင်စွာပြုလျက် -

၁၆။ အန္ဓကာရတိမိသာယံ၊ တုင်္ဂေ ဥပရိပဗ္ဗတေ။
သာ မံ သဏှေန မုဒုနာ၊ မာ ပါဒံ ခလိ ယသ္မနိ။

ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၆။ သာ၊ ထိုကိန္နရီမသည်။ မံ၊ ငါ့ကို။ အန္ဓကာရတိမိသာယံ၊ မမြင်သည်၏အဖြစ်ကို ပြုတတ်သော အမိုက်မှောင်၌။ တုင်္ဂေ၊ ထက်သော။ ဥပရိပဗ္ဗတေ၊ တောင်ထွတ်၌။ သဏှေန၊ သိမ်မွေ့သော။ မုဒုနာ၊ နူးညံ့သော။ ဝစနေန၊ စကားဖြင့်။ သာမိ၊ သခင်။ အသ္မနိ၊ ကျောက်၌။ ပါဒံ၊ ခြေကို။ မာခလိ၊ မချော်စေလင့်။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ ဟတ္ထေန၊ လက်ဖြင့်။ ဂဟေတွာ၊ ကိုင်၍။ ဩတာရေသိ၊ သက်စေ၏။

ဤသို့ ဘုရားလောင်းသည် ကိန္နရာဆိုသော အကြောင်းကို ဆို၍ ကိန္နရာကို လွှတ်စေ၏။

ပစ္စေကဗုဒ္ဓါ၏ ဥဒါန်းနိမိတ်

မြတ်သောမင်းကြီး... ရှစ်ခုမြောက်သော အသံသည် ဥဒါန်းကျူးရင့်သော အသံတည်း။ နန္ဒမူလိုဏ်၌ တစ်ဆူသော ပစ္စေကဗုဒ္ဓါသည် မိမိ၏ အာယုသင်္ခါရကုန်ခြင်းကို သိ၍ လပြည့်နေ့၌ ဗာရာဏသီပြည်သို့ ကြွလာ၍ မင်း၏ ဥယျာဉ်၌ ပရိနိဗ္ဗာန်ပြုအံ့၊ လူတို့သည် ငါ၏ အလောင်းကို သင်္ဂြိုဟ်ခြင်းကိုပြု၍ သာဓုကီဠနမည်သော ကစားခြင်းကို ကစား၍ ပူဇော်ခြင်းကိုပြု၍ နတ် ပြည်ကို ပြည့်စေကုန်လတ္တံ့ဟု အာနုဘော်ဖြင့် ကောင်းကင်၌ သွားလျက် သင်မင်းကြီး၏ ပြာသာဒ် အထက်သို့ ရောက်သောကာလ၌ ခန္ဓာ ဝန်ကိုချ၍ နိဗ္ဗာန်ပြည်သို့ ဝင်ခြင်းကို ပြတတ်သော ဥဒါန်းကို ကျူးရင့်၏ဟု ပစ္စေကဗုဒ္ဓါသည် ဆိုအပ်သော-

၁၇။ အသံသယံ ဇာတိခယန္တဒဿီ၊
န ဂဗ္ဘသေယျံ ပုနရာဝဇိဿံ။
အယမန္တိမာ ပစ္ဆိမာ ဂဗ္ဗသေယျာ၊
ခီဏော မေ သံသာရော ပုနဗ္ဘဝါယ။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇။ ဇာတိခယန္တဒဿီ၊ နိဗ္ဗာန်ကို မြင်သော။ အဟံ၊ ငါသည်။ အသံသယံ၊ မချွတ်။ ပုန၊ တစ်ဖန်။ ဂဗ္ဘသေယျံ၊ အမိဝမ်း၌ ပဋိသန္ဓေနေခြင်းသို့။ န အဝဇိဿံ၊ မရောက်ရအံ့။ အယံဇာတိ၊ ဤအဖြစ်သည်။ အန္တိမာ၊ အဆုံးစွန်သော။ ဇာတိ၊ အဖြစ်တည်း။ အယံ၊ ဤပဋိသန္ဓေ နေခြင်းသည်။ ပစ္ဆိမာ ဂဗ္ဘသေယျာ၊ အဆုံးစွန်ဖြစ်သော ပဋိသန္ဓေ နေခြင်းတည်း။ မေ၊ ငါ့အား။ ပုနဗ္ဘဝါယ၊ တစ်ဖန် ဘဝသစ်၌ဖြစ်ခြင်းငှာ။ သံသာရော၊ ခန္ဓာအစဉ်သည်။ ခီဏော၊ ကုန်ပြီ။

ဘုရားလောင်းသည် မြတ်သောမင်းကြီး ထို ပစ္စေကဗုဒ္ဓါသည် ဥဒါန်းကိုရွတ်၍ ဤပြည်၌ ဥယျဉ်သို့လာ၍ ကောင်းစွာပွင့်သော တစ်ခုသော အင်ကြင်းပင်ရင်း၌ ပရိနိဗ္ဗာန်ပြု၏။ လာလော့၊ ပစ္စေကဗုဒ္ဓါ၏ အလောင်းအား သင်္ဂြိုဟ်ခြင်းကိစ္စကို ပြုကြကုန်အံ့ဟု မင်းကို ခေါ်၍ ပစ္စေကဗုဒ္ဓါ၏ ပရိနိဗ္ဗာန် ပြုရာအရပ်သို့ ဆောင်၍ ထိုအလောင်းကို ပြ၏။

မင်းသည် ပစ္စေကဗုဒ္ဓါ၏ အလောင်းတော်ကို ဗိုလ်ပါနှင့်တကွ နံ့သာပန်း အစရှိသည်တို့ဖြင့် ပူဇော်၍ ဘုရားလောင်း၏ စကားကိုမှီ၍ ယဇ် ပူဇော်ခြင်းကို ပယ်၍ ခပ်သိမ်းသော သတ္တဝါတို့အား အသက်အလှူကိုပေး၍ သူ့အသက်ကို မသတ်စေလင့် ဟူသော စည်ကို လည်စေ၍

ခုနစ်ရက်ပတ်လုံး သာဓုကီဠနမည်သော ကစားခြင်းကို ကစား၍ အလုံးစုံ နံ့သာဖြင့်ပြီးသော ထင်းပုံသို့တင်၍ ကြီးစွာသော ပူဇော်သက္ကာရဖြင့် ပစ္စေကဗုဒ္ဓါ၏အလောင်းတော်ကို သင်္ဂြိုဟ်၍ ခရီးမလေးဆုံ၌ ဓာတ်တော်တို့ကို ဌာပနာ၍ စေတီ တည်စေ၏။

ဘုရားလောင်းသည်လည်း မင်းအား တရား ဟော၍ မြတ်သောမင်းကြီး... သင်မင်းကြီးသည် မမေ့မလျော့ ဖြစ်လော့ဟု ဆုံး၍ ဟိမဝန္တာသို့လျှင် ဝင်၍ ဗြဟ္မဝိဟာရတို့၌ လုံ့လပြု၍ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ မြတ်သောမင်းကြီး သင်မင်းကြီးအား ထိုအသံကို ကြားခြင်းဟူသော အကြောင်းကြောင့် တစ်စုံတစ်ခုသော အန္တရာယ်သည် မရှိ၊ ယဇ်ပူဇော်ခြင်းကိုပယ်၍ များစွာသော သတ္တဝါတို့၏အသက်ကို ပေးလော့ဟု ဇီဝိတ ဒါနကို ပေးစေ၍ မြို့၌ တရားစည်ကို လည်စေ၍ တရားဟောတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား-"ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ လုလင်ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ယဇ်နတ်ရှင်ကိုး၊ ပူဇော်မျိုး၊ အကျိုးမရှိပြီ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော အဋ္ဌသဒ္ဒဇာတ်သည် ပြီး၏။

*****

အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၃။ သုလသာဇာတ်

ယောကျ်ားသာမဟုတ် မိန်းမလည်း ပညာရှိကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဣဒံ သုဝဏ္ဏ ကာယူရံ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုလသာဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အနာထပိဏ်သူဌေး၏ တစ်ယောက်သော ကျွန်မကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုကျွန်မသည် ပွဲသဘင်ခံသော် တစ်နေ့သ၌ ကျွန်မအပေါင်းနှင့်တကွ ဥယျာဉ်သို့ သွားလိုရကား မိမိ၏ ပုညလက္ခဏဒဝီ အမည်ရှိသော သခင်မကို ဆင်ယင်သော တန်ဆာကို တောင်း၏။ ပုညလက္ခဏဒေဝီမည်သော သူဌေးမသည် ထိုကျွန်မအား အဖိုးတစ်သိန်းထိုက်သော တန် ဆာကို ပေး၏။ ထိုကျွန်မသည် အဖိုးတစ်သိန်းထိုက်သော ထိုတန်ဆာကို ဆင်ယင်၍ ကျွန်မအပေါင်းနှင့်တကွ ဥယျာဉ်သို့ ဝင်၏။

သူခိုး အကြံ

ထိုအခါ တစ်ယောက်သော ခိုးသူသည် ထိုကျွန်မ၏ တန်ဆာ၌ တပ်စွန်းခြင်း လောဘကို ဖြစ်စေ၍ ဤကျွန်မကိုသတ်၍ တန်ဆာကို ဆောင်အံ့ဟု ထိုကျွန်မနှင့်တကွ စကားပြောလျက် ဥယျာဉ်သို့ သွား၍ ထိုကျွန်မအား ငါး အမဲ သုရာ အစရှိသည်တို့ကို ပေး၏။ ထိုကျွန်မသည် ကိလေသာ၏ အစွမ်းအားဖြင့် ပေး၏ဟု ထင် မှတ်၍ ငါးအမဲ သုရာ အစရှိသည်တို့ကို ယူလေ၍ ဥယျာဉ်ကစားခြင်းကို ကစား၍ စုံစမ်းအံ့သောငှာ ညချမ်းအခါ၌ ကျွန်မအပေါင်း အိပ်သည်ရှိသော် ထ၍ ခိုးသူ၏အထံသို့ ကပ်၏။ ခိုးသူသည် ရှင်မ ဤအရပ်ကား ပုန်းကွယ်သော အရပ်မဟုတ်၊ အတန်ငယ် ရှေ့သို့ သွားကုန်အံ့ဟု ဆို၏။

ကျွန်မ ပညာ

ကျွန်မသည် ထိုစကားကိုကြား၍ ဤအရပ်၌ လျှို့ဝှက်သောအမှုကို ပြုခြင်းငှာ တတ်ကောင်း၏။ ဤယောက်ျားကား မချွတ်လျှင် ငါ့ကိုသတ်၍ တန်ဆာကို ဆောင်လိုသည် ဖြစ်လတ္တံ့၊ ထိုသို့ဖြစ်စေကာမူ ထိုယောက်ျားကို ဆုံးမအံ့ ဟု ကြံ၍ အရှင်... သူရာယဇ်ခြင်းကြောင့် ငါ၏ ကိုယ်သည် ချောက်ချား၏။ ငါ ရေသောက်ပါရစေလော့ ဟုဆို၍ တစ်ခုသော ရေတွင်းသို့ဆောင်၍ ဤရေတွင်းမှ ငါ့ဖို့ သောက်ရေကို ဆောင်လော့ ဟု ကြိုးနှင့်အိုးကို ပေး၏။ ခိုးသူသည် ကြိုးကို တွင်း၌ချ၏။ ထိုအခါ ကိုယ်ကိုညွတ်၍ ရေကိုငင်သော် ထိုခိုးသူကို ခွန်အားကြီးသော ထိုကျွန်မသည် လက်နှစ်ဖက်တို့ဖြင့် တင်သား၌ တွန်း၍ တွင်း၌ကျစေ၍ သင်သည် ဤမျှဖြင့် သေလတ္တံ့ဟု တစ်ခုသော ကြီးစွာသော အုတ်ခဲကို ခိုးသူ၏ ဦးခေါင်းပေါ်၌ ချ၏။ ခိုးသူသည် ထိုတွင်း၌လျင် အသက်ကုန်ခြင်းသို့ ရောက်၏။ ထိုကျွန်မသည်လည်း မြို့သို့ဝင်၍ အရှင်အား တန် ဆာကိုပေး၍ ယနေ့ ကျွန်ုပ်သည် ထိုတန်ဆာကိုမှီ၍ သေလု၏ဟုဆို၍ အလုံးစုံသော အကြောင်းကို ကြား၏။

အနာထပိဏ်သူဌေးသည် မြတ်စွာဘုရားအား ကြားလျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် သူကြွယ် ထိုကျွန်မသည် ယခုအခါ၌သာလျှင် ခဏချင်းဖြစ်သော ပညာနှင့် ပြည်စုံဖူးသည် မဟုတ်သေး၊ ရှေး၌လည်း ခဏချင်းဖြစ်သော ပညာနှင့် ပြည့်စုံဖူးသလျှင်ကတည်း၊ ထိုခိုးသူကို ယခုအခါ၌သာလျင် ထိုကျွန်မသည် သတ်သည်မဟုတ်သေး၊ ရှေး၌လည်း သတ်ဖူးသလျှင်ကတည်း ဟု မိန့်တော်မူ၍ အနာထပိဏ် သူဌေးသည် တောင်းပန် အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ပြည့် တန်ဆာမငါးရာ အခြံအရံရှိသော သုလသာ အမည်ရှိသော ပြည့်တန်ဆာမသည် ဖြစ်၏။ အသပြာတစ်ထောင်ဖြင့် ညဉ့်၌ သွားရကုန်၏။

သတ္တုက ခိုးသူ

ဗာရာဏသီပြည်၌ပင်လျှင် ဆင်ပြောင်အားကို ဆောင်သော သတ္တုကမည်သော ခိုးသူသည် ဖြစ်၏။ ထိုခိုးသူသည် ညဉ့်အဖို့၌ မင်းတို့၏ အိမ်သို့ဝင်၍ အလိုရှိတိုင်း ခိုးယူ၏။ ပြည်သူတို့သည် စည်းဝေး၍ မင်းအား ကြားလျှောက်ကုန်၏။

သုလာ၏ လင်ဖြစ်ရ

မင်းသည် မြို့ကို စောင့်စေ၍ ထိုထိုအရပ်၌ လူစုကိုထား၍ ခိုးသူကိုဖမ်း၍ ခိုးသူ၏ ဦးခေါင်းကို ဖြတ်ကုန်လော့ ဟု ဆို၏။ မြို့စောင့်သည် ထိုခိုးသူကိုဖမ်း၍ လက်ပြန်နှောင်ဖွဲ့၍ ခရီးလေးဆုံတိုင်း ကြိမ်လုံးဖြင့်ခတ်၍ ထိုခိုးသူကို သုသာန်သို့ ဆောင်၏။ ထိုခိုးသူကို ဖမ်းမိ၏ဟု မြို့အလုံးသည် ချောက်ချား၏။ ထိုအခါ သုလသာသည် လေသွန်ပြတင်း၌ ရပ်၍ ခရီးအလယ်ကို ကြည့်လတ်သော် ထိုခိုးသူကို မြင်၍ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ ခိုးသူဟု ဆိုအပ်သော ဤယောက်ျားကို ငါသည် အကယ်၍ လွှတ်နိုင်စေအံ့၊ ဤပြည့်တန်ဆာမတို့၏ အမူအရာဟူ သော ညစ်ညူးသောအမှုကို မပြုမူ၍ ဤခိုးသူနှင့်တကွလျှင် ညီညွတ်သောနေခြင်းကို နေအံ့ဟု ကြံ၍ အောက် ကဏဝေရ ဇာတ်၌ ဆိုအပ်ပြီးသော နည်းဖြင့်လျှင် မြို့စောင့်အား တစ်ထောင်သော အသပြာကို ပို့စေ၍ ခိုးသူကို လွှတ်စေ၍ ခိုးသူနှင့်တကွ ဝမ်းမြောက်ဝမ်းသာ အညီအညွတ် နေခြင်းကို နေ၏။ ခိုးသူသည် သုံးရက် လေးရက် လွန်လတ်သော် ဤအရပ်၌ နေခြင်းငှာ မတတ်နိုင်၊ လက်ချည်း သက်သက် ပြေးအံ့သောငှာလည်း မတတ်နိုင်၊ သုလာ၏ တန်ဆာသည် အဖိုး တစ်သိန်းထိုက်၏။

ခိုးသူ၏ အလှည့်အပတ်

သုလာကို သတ္တုကမည်သော ခိုးသူသည် ရှင်မ ထိုအခါ၌ မင်းချင်းယောက်ျားတို့သည် သတ်အံ့သောငှာ ဆောင်အပ်သော ငါသည် ဤအမည်ရှိသော တောင်၌ ရုက္ခစိုးနတ်အား ပူဇော်အံ့ဟု ဝန်ခံ၏။ ထိုရုက္ခစိုးသည် ပူဇော်ခြင်းကို မရ၍ ငါ့ကို ခြိမ်းခြောက်၏။ ထိုရုက္ခစိုးနတ်အား ပူဇော်ခြင်းကို ပြုအံ့ဟု ဆို၏။ သုလသာသည် အရှင်ကောင်းပြီ၊ ပူဇော်ဖွယ်ကို စီရင်၍ ပို့စေလော့ဟု ဆို၏။ ရှင်မ-ပို့စေခြင်းငှာ မသင့်။ နှစ်ယောက်ကုန်သော ငါတို့သည်လည်း ခပ်သိမ်းကုန်သော တန်ဆာတို့ဖြင့် ဆင်ယင်ကုန်လျက် များစွာသော အခြံအရံဖြင့် သွား၍ ပူဇော်ဖွယ်ကို ပေးကုန်အံ့ဟု သတ္တုကမည်သော ခိုးသူသည် ဆို၏။ သုလသာသည် အရှင်ကောင်းပြီ၊ အရှင်ဆိုတိုင်းပြုလော့ဟု ဆို၏။

သုလသာ ခံရပြီ

ထိုအခါ သုလသာကို သတ္တုကမည်သော ခိုးသူသည် မိမိဆိုတိုင်း ပြုစေ၍ တောင်ခြေရင်းသို့ ရောက်သောကာလ၌ ရှင်မ... ရုက္ခစိုးနတ်သည် လူများကိုမြင်သော် ပူဇော်သက္ကာရကို မခံကုန်၊ နှစ်ယောက်ကုန်သော ငါတို့သည်သာ တက်၍ ပူဇော်သက္ကာရကို ပေးကုန်အံ့ဟု ဆို၏။ သုလသာသည် ကောင်းပြီဟု ဝန်ခံလတ်သော ပူဇော်ဖွယ်ခွက်ကို ရွက်စေ၍ မိမိသည်ကား ငါးပါးသော လက်နက်တို့ဖြင့် ဖွဲ့အပ်လျက် တောင် ထိပ်သို့ တက်လျက် အသူတစ်ရာနက်သော တောင်ကမ်းပါးပြတ်ကိုမှီ၍ ရောက်သော သစ်ပင်ရင်း၌ ပူဇော်ခွက်ကို ချစ၍ ရှင်မ... ငါသည် နတ်ကိုပူဇော်အံ့သောငှာ မလာ၊ သင့်ကို သတ်၍ သင့်တန်ဆာကိုယူ၍ သွားအံ့သောငှာ လာ၏။ သင့်တန်ဆာကိုချွတ်၍ အပေါ်ရုံပုဆိုးဖြင့် ထုပ်လော့ ဟု ဆို၏။

တောင်းပန်ခြင်း

အရှင်... အဘယ်ကြောင့် အကျွန်ုပ်ကို သတ်အံ့နည်း ဟု ဆိုလတ်သော် ဥစ္စာဟူသော အကြောင်းကြောင့် သတ်အံ့ဟု ဆို၏။ အရှင်... အကျွန်ုပ်သည် ပြုအပ်သော ကျေးဇူးကို အရှင်သည် အောက်မေ့လော့၊ နှောင်ဖွဲ့၍ ဆောင်အပ်သော အရှင့်ကို အကျွန်ုပ်သည် သူဌေးသားဖြင့်လဲ၍ များစွာသော ဥစ္စာတို့ကိုပေး၍ အသက်ကို ရစေပြီ၊ နေ့တိုင်းနေ့တိုင်း တစ်ထောင်သော အသပြာကို ရလျက်လည်း တစ်ပါးသော ယောကျ်ားတို့ကို အကျွန်သည် မကြည့်၊ အရှင့်အား အကျွန်ုပ်သည် ဤသို့ ကျေးဇူးကိုပြု၏။ အကျွန်ုပ်ကို မသတ်လင့်၊ အရှင့်အား အကျွန်ုပ်သည် များသော ဥစ္စာကိုလည်း ပေးအံ့၊ အကျွန်ုပ်သည် သင်၏ ကျွန်မိန်းမလည်း ဖြစ်အံ့ဟု တောင်းပန်လိုရကား-

၁၈။ ဣဒံ သုဝဏ္ဏကာယူရံ၊ မုတ္တာ ဝေဠုရိယာ ဗဟူ။
သဗ္ဗံ ဟုရဿု ဘဒ္ဒန္တေ၊ မဉ္စ ဒါသီတိ သာဝယ။

ဟူသော ရှေးဦးသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၈။ သာမိ၊ အရှင်။ တေ၊ သင့်အား။ ဘဒ္ဒံ၊ ကောင်း မြတ်သော မင်္ဂလာသည်။ ဘဝတု၊ ဖြစ်ပါစေ။ တွံ၊ သင်သည်။ ဣဒံ သုဝဏ္ဏကာယူရံ၊ ဤရွှေဖြင့်ပြီးသော လည်ရွဲတန်ဆာကိုလည်းကောင်း။ ဗဟူ၊ များစွာကုန်သော။ မုတ္တာ ဝေဠုရိယာ၊ ပုလဲ ကြောင်မျက်ရွဲတို့ကိုလည်းကောင်း။ သဗ္ဗံ၊ အလုံးစုံသော တန်ဆာကို။ ဟရဿု၊ ဆောင်ယူလော့။ မဉ္စ၊ အ ကျွန်ုပ်ကိုလည်း။ ဒါသီတိ၊ ကျွန်းမိန်းမတည်းဟု။ မဟာဇနမဇ္ဈေ၊ လူများအလယ်၌။ သာဝယ၊ သိကြားစေ၍။ ဂဏှ၊ ယူလော့။

အဝတ်အစား အကုန်ချွတ်

ထိုနောက်မှ သတ္တုကသည်-

၁၉။ ဩရောပယဿု ကလျာဏိ၊ မာ ဗာဠှံ ပရိဒေဝသိ။
န စာဟံ အဘိဇာနာမိ၊ အဟန္တွာ ဓနမာဘတံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၉။ ကလျာဏိ၊ ကောင်းသော လက္ခဏာနှင့် ပြည့်စုံသော ရှင်မ။ တွံ၊ သင်သည်။ ဩရောပယဿု၊ ဆင်ယင်သော တန်ဆာတို့ကို ချွတ်လော့။ ဗာဠှံ၊ ပြင်းစွာ။ မာ ပရိဒေဝသိ၊ မငိုကြွေးလင့်။ အဟံ၊ ငါသည်။ အဟန္တွာ၊ ဥစ္စာရှင်ကို မသတ်မူ၍။ ဓနံ၊ ဥစ္စာကိုသာ။ အာဘတံ၊ ဆောင် ယူဖူးသည်ကို။ န စ အဘိဇာနာမိ၊ မသိစဖူး။

ချစ်ပူဇော်ပါရစေ

သုလသာသည် ခဏခြင်းဖြစ်သော သတ်ရန်နည်းကိုရ၍ ဤခိုးသူသည် ငါ့အား အသက်ကို မပေးလတ္တံ့၊ ထိုသူကို ရှေးဦးစွာ ကမ်းပါး ပြတ်၌ ကျစေ၍ အသက်ကုန်ခြင်းသို့ ရောက်စေအံ့ဟု ကြံ၍-

၂၀။ ယတော သရာမိ အတ္တာနံ၊ ယတော ပတ္တောသ္မိ ဝိညုတံ။
န စာဟံ အဘိဇာနာမိ၊ အညံ ပိယတရံ တယာ။
၂၁။ ဧဟိ တံ ဥပဂူဟိဿံ၊ ကရိဿံ စ ပဒက္ခိဏံ။
န ဟိ ဒါနိ ပုန အတ္ထိ၊ မမ တုယှဉ္စ သင်္ဂမော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၀။ သာမိ၊ အရှင်။ အဟံ၊ ငါသည်။ ယတော၊ အကြင်အခါမှ စ၍။ အတ္တာနံ၊ ကိုယ်ကို။ သရာမိ၊ အောက်မေ့၏။ ယတာ၊ အကြင်အခါမှစ၍။ ဝိညုတံ၊ လိမ္မာသောအဖြစ်သို့။ ပတ္တော၊ ရောက်သည်။ အသ္မိ၊ ဖြစ်၏။ တတော၊ ထိုအခါမှစ၍။ တယာ၊ သင့်ထက်။ ပိယတရံ၊ အလွန်ချစ်သော။ အညံ၊ တစ်ပါးသော လင်ကို။ န စ အဘိဇာနာမိ၊ မသိစဘူး။

֍ ဋ္ဌ ၂၁။ သာမိ၊ အရှင်။ ဧဟိ၊ လာလော့။ တံ၊ သင့်ကို။ ဥပဂုဟိဿံ၊ ပွေ့ပိုက် ဖက်ရမ်းပါအံ့။ ပဒက္ခိဏဉ္စ၊ လက်ယာရစ် လှည့်ခြင်းကိုလည်း။ ကရိဿံ၊ ပြုအံ့။ ဣဒါနိ၊ ယခု။ ပုန၊ တစ်ဖန်။ မမ စ၊ ငါ၏ လည်းကောင်း။ တုယှဉ္စ၊ သင်၏ လည်းကောင်း။ သင်္ဂမော၊ ပေါင်းဖော်ခြင်းသည်။ န ဟိ အတ္ထိ၊ မရှိသလျှင်ကတည်း။

သူခိုးကို တွန်းချပြီ

သတ္တုကသည် သုလသာ၏အလိုကို မသိ၍ ရှင်မ ကောင်းပြီ၊ လာလော့၊ ငါ့ကို ဖက်လော့ ဟု ဆို၏။ သုလသာသည် သတ္တုကကို သုံးကြိမ် လက်ယာရစ်လှည့်၍ ပွေ့ဖက်၍ အရှင်... ယခု သင့်ကို နံပါးလေးဖက်တို့၌ ရှိခိုးအံ့ ဟုဆို၍ ခြေဖမိုး၌ ဦးတင်၍ သတ္တုက၏ မောင်းတို့ကို ရှိခိုး၍ နောက်သို့သွား၍ ရှိခိုးသကဲ့သို့ပြု၍ ဆင်ပြောင်အားကို ဆောင်သော ပြည့်တန်ဆာမသည် ခိုးသူနောက်မှ ခြေနှစ်ဖက်တို့ကို ကိုင်၍ ဦးစောက်ထား၍ အသူတစ်ရာနက်သော ချောက်၌ ချ၏။ ခိုးသူသည် ချောက်၌လျှင် မှုန့်မှုန့်ညက်ညက် ကြေ၍ သေ၏။

တောစောင့်နတ် ချီးမွမ်းခြင်း

ထိုအမူအရာကိုမြင်၍ တောင်ထိပ်၌နေသော နတ်သည်-

၂၂။ န ဟိ သဗ္ဗေသု ဌာနေသု၊ ပုရိသော ဟောတိ ပဏ္ဍိတော။
ဣတ္ထီပိ ပဏ္ဍိတာ ဟောတိ၊ တတ္ထ တတ္ထ ဝိစက္ခဏာ။
၂၃။ န ဟိ သဗ္ဗေသု ဌာနေသု၊ ပုရိသော ဟောတိ ပဏ္ဍိတော။
ဣတ္ထီပိ ပဏ္ဍိတာ ဟောတိ၊ လဟုံ အတ္ထံ ဝိစိန္တိကာ။
၂၄။ လဟုဉ္စ ဝတ ခိပ္ပဉ္စ၊ နိကဋ္ဌေ သမ စေတယိ။
မိဂံ ပုဏ္ဏာယတေနေဝ၊ သုလသာ သတ္တုကံ ဝဓိ။
၂၅။ ယောဓ ဥပ္ပတိတံ အတ္ထံ၊ န ခိပ္ပမနုဗုဇ္စျတိ။
သော ဟညတိ မန္ဒမတိ၊ စောရောဝ ဂိရိဂဗ္ဘရေ။
၂၆။ ယောဓ ဥပ္ပတိတံ အတ္ထံ၊ ခိပ္ပမေဝ နိဗောဓတိ။
မုစ္စတေ သတ္တုသမ္ဗာဓာ၊ သုလသာ သတ္တုကာမိဝ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၂။ သဗ္ဗေသု၊ ခပ်သိမ်းသော။ ဌာနေသု၊ အရာတို့၌။ ပုရိသော၊ ယောကျ်ားသည်သာလျှင်။ ပဏ္ဍိတော၊ ပညာရှိသည်။ န ဟိ ဟောတိ၊ မဟုတ်။ ဣတ္ထီပိ၊ မိန်းမသည်လည်း။ ပဏ္ဍိတာ၊ ပညာရှိသည်။ ဟောတိ၊ ဖြစ်၏။ တတ္ထ တတ္ထ၊ ထိုထိုအရာ၌။ ဝိစက္ခဏာ၊ အထူးသဖြင့် မြင်တတ်၏။

မိန်းမ ပညာရှိ

֍ ဋ္ဌ ၂၃။ သဗ္ဗေသု၊ ခပ်သိမ်းကုန်သော။ ဌာနေသု၊ အရာတို့၌။ ပုရိသော၊ ယောက်ျားသည်သာလျှင်။ ပဏ္ဍိတော၊ ပညာရှိသည်။ န ဟိ ဟောတိ၊ မဟုတ်။ ဣတ္ထီပိ၊ မိန်းမသည်လည်း။ ပဏ္ဍိတာ၊ ပညာရှိသည်။ ဟောတိ၊ ဖြစ်၏။ လဟုံ၊ လျင်မြန်စွာ။ အတ္ထံ၊ အကျိုးကို။ ဝိစိန္တိကာ၊ ကြံနိုင်၏။

ဖြတ်ထိုးဉာဏ်သုံးရန်

֍ ဋ္ဌ ၂၄။ နိကဋ္ဌေ၊ သေခြင်း၏အနီး၌။ ဌိတာဝ၊ တည်လျက်လျှင်။ ဝတ၊ စင်စစ်။ တဿ၊ ထိုသူခိုး၏။ မရဏူပါယံ၊ သေခြင်း၏ အကြောင်းကို။ လဟုဉ္စ၊ လျင်စွာလည်းကောင်း။ ခိပ္ပဉ္စ၊ မြန်စွာလည်းကောင်း။ သမစေတယိ၊ ကြံနိုင်၏။ ပုဏ္ဏာယတေန၊ မြားပြည့်သော လေးဖြင့်။ မိဂံ၊ သမင်ကို။ ဝဓိ ဣဝ၊ သတ်သကဲ့သို့။ တထာ၊ ထို့အတူ။ သုလသာ၊ သုလာသည်။ သတ္တုကံ၊ သတ္တုကို။ ဝဓိ၊ သတ်၏။

အ, ရင် ခံရမည်

֍ ဋ္ဌ ၂၅။ ဣဓ၊ ဤလောက၌။ ယော၊ အကြင်သူသည်။ ဥပ္ပတိတံ၊ ဖြစ်သော။ အတ္ထံ၊ ကိစ္စကို။ ခိပ္ပံ၊ လျင်စွာ။ န အနုဗုဇ္စျတိ၊ မသိ။ မန္ဒမတီ၊ နုံသောပညာ ရှိသော။ သော၊ ထိုသူသည်။ ဂိရိဂဗ္ဘရေ၊ တောင်ကမ်းပါးပြတ်၌။ စောရောဝ၊ ခိုးသူကဲ့သို့။ ဟညတိ၊ သတ်၏။

֍ ဋ္ဌ ၂၆။ ဣဓ၊ ဤလောက၌။ ယော စ၊ အကြင်သူသည်ကား။ ဥပ္ပတိတံ၊ ဖြစ်သော။ အတ္ထံ၊ ကိစ္စကို။ ဓိပ္ပမေဝ၊ လျင်စွာသာလျှင်။ နိဗောဓတိ၊ သိ၏။ သော၊ ထိုသူသည်။ သတ္တုကာ၊ သတ္တုကမှ။ သုလသာ၊ သုလသာသည်။ မုစ္စတိ ဣဝ၊ လွတ်သကဲ့သို့။ သတ္တုသမ္ဗာဓာ၊ ရန်သူဘေးမှ။ မုစ္စတေ၊ လွတ်၏။

ဤသို့ သုလသာသည် ခိုးသူကိုသတ်၍ တောင်မှဆင်း၍ မိမိပရိသတ်၏ အထံသို့ သွား၍ "အရှင့်သား အဘယ်မှာနည်းဟု မေးအပ်သည်ရှိသော် အရှင့်သားကို မမေးကြကုန်လင့် ဟုဆို၍ ရထားစီး၍ မြို့သို့လျှင် ဝင်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဤနှစ်ယောက်ကုန်သော သူတို့သည် ထိုအခါ နှစ်ယောက်ကုန်သော သူတို့လျှင် ဖြစ်ကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ တောင်စောင့်နတ် ဖြစ်ဖူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဖြစ်မည့်အရေး၊ ဉာဏ်မြင်သေး၊ သေဘေးကြုံမည်သာ

သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော သုလသာဇာတ်သည် ပြီး၏။

*****

အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၄။ သုမင်္ဂလဇာတ်

အစိုးရမင်းသည် အမျက်ကို သိမ်းဆည်းသင့်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဘုသမ္ပိ ကုဒ္ဓေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုမင်္ဂလဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ရာဇောဝါဒသုတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအခါ၌ကား သဗ္ဗညူ မြတ်စွာဘုရားသခင်သည်ကောသလမင်း တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝမ်း၌ဖြစ်၍ အရွယ်ရောက်လတ်သော် အဖလွန်သဖြင့် မင်းပြု၏။ အလှူကြီးကို ဖြစ်စေ၏။ ထိုဗြဟ္မဒတ်မင်းအား သုမင်္ဂလမည်သော ဥယျာဉ်စောင့်သည် ဖြစ်၏။

ပစ္စေကဗုဒ္ဓါကို ကိုးကွယ်

ထိုအခါ တစ်ဦးသော ပစ္စေကဗုဒ္ဓါသည် နန္ဒမူ လိုဏ်မှထွက်၍ ဒေသစာရီ ကြွသွားသည်ရှိသော် ဗရာဏသီပြည်သို့ရောက်၍ မင်း၏ဥယျာဉ်၌ နေ၍ မြို့သို့ ဆွမ်းခံအံ့သောငှာ ဝင်၏။ ထိုပစ္စေကဗုဒ္ဓါကို မင်းသည် မြင်၍ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍ ပြာသာဒ်သို့တင်၍ မင်းအိမ်၌ နေစေ၍ အထူးထူးသော မြတ်သောအရသာရှိသော ခဲဖွယ်ဘောဇဉ်တို့ဖြင့် လုပ်ကျွေး၍ အနုမောဒနာကို နာရ၍ ကြည်ညိုသည်ဖြစ်၍ မိမိဥယျာဉ်၌ နေစိမ့်သောငှာ ပဋိညာဉ်ကိုယူ၍ ဥယျာဉ်သို့ ပို့စေ၍ မိမိသည်လည်း နံနက်စာ စားပြီးသော် ဥယျာဉ်သို့သွား၍ ညဉ့်သန့်ရာ နေ့သန့်ရာအရပ် အစရှိသည်တို့ကို စီရင်၍ သုမင်္ဂလမည်သော ဥယျာဉ်စောင့်ကို အမှုကြီးငယ် ရွက်ဆောင်တတ်သောသူကို ပြု၍ မြို့တွင်းသို့ ဝင်၏။

ဥယျာဉ်မှူး လေးဖြင့်ပစ်ပုံ

ပစ္စေကဗုဒ္ဓါသည် ထိုအခါမှစ၍ မပြတ် မင်းအိမ်၌ ဆွမ်းဘုဉ်းပေးလျက် ထိုဥယျာဉ်၌ ကြာမြင့်စွာ နေ၏ သုမင်္ဂလသည်လည်း ရိုသေစွာ လုပ် ကျွေး၏။ ထိုအခါ တစ်နေ့သ၌ ရှင်ပစ္စေကဗုဒ္ဓါသည် သုမင်္ဂလကိုခေါ်၍ ငါသည် နှစ်ရက် သုံးရက် ဤအမည်ရှိသော ရွာကို အမှီပြု၍ နေလျက် ပြန်လာအံ့။ မင်းအား လျှောက်လော့ ဟုဆို၍ ကြွ၏။ သုမင်္ဂလသည် မင်းအား လျှောက်၏။ ပစ္စေကဗုဒ္ဓါသည် နှစ်ရက် သုံးရက် ထိုရွာ၌ နေ၍ ညချမ်းအခါ နေဝင်လတ်သော် ထိုဥယျာဉ်သို့ တစ်ဖန် ရောက်လာ၏။ သုမင်္ဂလသည် ပစ္စေကဗုဒ္ဓါ၏ လာသောအဖြစ်ကို မသိသည်ဖြစ်၍ မိမိအိမ်သို့ သွား၏။ ပစ္စေကဗုဒ္ဓါသည်လည်း သင်္ကန်းကို သိုမှီ၍ အတန်ငယ် စင်္ကြံသွား၍ ကျောက်ဖျာ၌ ထိုင်၏။ ထိုနေ့၌ ဥယျာဉ်စောင့်၏ အိမ်သို့ ဧည့်သည်တို့သည် ရောက်ကုန်၏။ ဥယျာဉ်စောင့်သည် ဧည့်သည်တို့၏ ဟင်းလျာအကျိုးငှာ ဥယျာဉ်၌ ဘေးမဲ့ကိုရသော သမင်ကို သတ်အံ့ ဟု လေးကိုယူ၍ ဥယျာဉ်သို့သွား၍ သမင်ကို ကြည့်လတ်သော် ပစ္စေကဗုဒ္ဓါကို မြင်၍ သမင်ကြီး ဖြစ်လတ္တံ့ ဟူသော အမှတ်ဖြင့် မြားကိုဖွဲ့၍ ပစ်၏ ပစ္စေကဗုဒ္ဓါသည် ဦးခေါင်းကိုဖွင့်၍ သုမင်္ဂလဟု ခေါ်၏။ သုမင်္ဂလသည် ကြောက်ခြင်းသို့ ရောက်၍ ရှိခိုး၍ အရှင်ဘုရား... အကျွန်ုပ်သည် အရှင်ဘုရား၏ လာသောအဖြစ်ကို မသိရကား သမင်ဟူသော အမှတ်ဖြင့် ပစ်၏။ အရှင်ဘုရားတို့သည် အကျွန်ုပ်အား သည်းခံတော်မူပါကုန်လော့ဟု ဆို၍ သုမင်္ဂလ ပစ်မိသည်ဖြစ်စေ၊ ယခု အဘယ်သို့ ပြုအံ့နည်း၊ လာလော့၊ မြားကို နုတ်၍ ယူလော့ ဟု ဆိုသည်ရှိသော် သုမင်္ဂလသည် ရှိခိုး၍ မြားကို နုတ်၏။ ပစ္စေကဗုဒ္ဓါအား အားကြီးသော ဝေဒနာသည် ဖြစ်၏။ ပစ္စေကဗုဒ္ဓါသည် ထိုအရပ်၌လျှင် ပရိနိဗ္ဗာန်ပြု၏။

ဥယျာဉ်မှူးထွက်ပြေး

ဥယျာဉ်စောင့်သည် အကယ်၍ မင်း သိငြားအံ့၊ ပျက်စီးလတ္တံ့ဟု သားမယားကို ယူ၍ ထိုအရပ်မှ ထွက်ပြေး၏။ ထိုခဏ၌လျှင် ပစ္စေကဗုဒ္ဓါသည် ပရိနိဗ္ဗာန်ပြုတော်မူ၏ ဟု နတ်တို့၏ အာနုဘော်အားဖြင့် မြို့အလုံးသည် တစ်ပြိုင်နက် အုတ်အုတ်ကျက်ကျက် ဖြစ်၏။ နက်ဖြန် လူတို့သည် ဥယျာဉ်သို့သွား၍ ပစ္စေကဗုဒ္ဓါကိုမြင်၍ ဥယျာဉ်စောင့်သည် ပစ္စေကဗုဒ္ဓကို သတ်၍ ပြေး၏ဟု မင်းအား ကြားလျှောက်ကုန်၏။

သုံးနှစ်ကြာသော်

မင်းသည် များသော အခြံအရံဖြင့် ဥယျာဉ်သို့သွား၍ ခုနစ်ရက်ပတ်လုံး အလောင်းအား ပူဇော်ခြင်းကိုပြု၍ ကြီးစွာသော ပူဇော်သက္ကာရဖြင့် မီးသင်္ဂြိုဟ်၏။ ဓာတ်တော်တို့ကိုယူ၍ စေတီတည်ထား ပူဇော်ပြီးလျှင် တရားသဖြင့် မင်းပြု၏။ သုမင်္ဂလသည်လည်း တစ်နှစ်ကို လွန်စေ၍

မင်း၏စိတ်ကို သိအံ့ဟု လာလတ်၍ တစ်ယောက်လော အမတ်ကိုစေ၍ အမတ်သည် မင်း၏အထံ၌ သုမင်္ဂလ ကျေးဇူးကို ဆို၏။ မင်းသည် မကြားသကဲ့သို့ နေ၏။ အမတ်သည် တစ်စုံတစ်ခုသောစကားကို မဆိုမူ၍ မင်း၏

မနှစ်သက်သောအဖြစ်ကို သုမင်္ဂလအား ပြောဆို၏။ သုမင်္ဂလသည် နှစ်နှစ်မြောက်၌ လာ၍ စုံစမ်းစေ၏။ မင်းသည် ရှေးအတူသာလျှင် ဆိတ်ဆိတ်နေ၏။ သုံးနှစ်မြောက်၌ လာလတ်သော် သားမယားကို ယူ၍လျှင် လာ၏။ အမတ်သည် မင်း၏ စိတ်နူးညံ့သော အဖြစ်ကို သိ၍ သုမင်္ဂလကို မင်းအိမ်တံခါး၌ ထားခဲ့၍ သုမင်္ဂလ၏ လာသော အဖြစ်ကို မင်းအား လျှောက်၏။ မင်းသည် သုမင်္ဂလကို ခေါ်စေ၍ ပဋိသန္ထာရပြု၍ သုမင်္ဂလ အဘယ့်ကြောင့် သင်သည် ငါ၏ ကောင်းမှုစိုက်ရာ လယ်ယာဖြစ်သော အရှင်ပစ္စေကဗုဒ္ဓါကို သတ်သနည်း ဟု မေး၏။ သုမင်္ဂလသည် မြတ်သောမင်းကြီး... အကျွန်ုပ်သည် အရှင်ပစ္စေကဗုဒ္ဓါကို မသတ်၊ စင်စစ်သဖြင့်ကား ဤမည်သော အကြောင်းကြောင့် ဤမည်သောအမှုကို ပြု၏ ဟု ထို အကြောင်းကို လျှောက်၏။ ထိုအခါ သုမင်္ဂလကို မင်းသည် ထိုသို့တပြီးကား သင်သည် မကြောက်လင့်ဟု နှစ်သိမ့်စေ၍ တစ်ဖန် ဥယျာဉ်စောင့် ပြုမြဲပြုစေ၏။

မင်းကျင့်တရားများ

ထိုအခါ ထိုမင်းကို ထိုအမတ်သည် မြတ်သောမင်းကြီး... အဘယ့်ကြောင့် သင်မင်းကြီးတို့သည် နှစ်ကြိမ်တိုင်တိုင် သုမင်္ဂလ၏ သတင်း စကားကို ကြား၍ တစ်စုံတစ်ခုသောစကားကို မဆိုကုန်သနည်း၊ သုံးကြိမ်မြောက်၌ အဘယ့်ကြောင့် သုမင်္ဂလ၏ သတင်းစကားကို ကြား၍ ခေါ်စေ၍ သနားတော်မူကုန်သနည်း ဟု မေး၏။ မင်းသည် အမောင် မင်းမည်သည်ကား အမျက်ထွက်သဖြင့် အဆောတလျင် တစ်စုံ တစ်ခုသော အမှုကို ပြုခြင်းငှာ မသင့်၊ ထို့ကြောင့် ငါသည် ရှေး၌ ဆိတ်ဆိတ်နေ၍ သုံးကြိမ်မြောက်၌ သုမင်္ဂလအား ငါ၏ စိတ်နူးညံ့သည်၏ အဖြစ်ကို သိ၍ သုမင်္ဂလကို ခေါ်စေ၏ဟု ဆိုလိုရကား-

၂၇။ ဘုသမှိ ကုဒ္ဓေါတိ အဝေက္ခိယာန၊
န တာဝ ဒဏ္ဍံ ပဏယေယျ ဣဿရော။
အဋ္ဌာနသော အပ္ပတိရူပမတ္တနော။
ပရဿ ဒုက္ခာနိ ဘုသံ ဥဒီရယေ။
၂၈။ ယတော စ ဇာနေယျ ပသာဒမတ္တနော၊
အတ္ထံ နိယုဉ္ဇေယျ ပရဿ ဒုက္ကဋံ။
တဒါယမတ္ထောတိ သယံ အဝေက္ခိယ၊
အထဿ ဒဏ္ဍံ သဒိသံ နိဝေသယေ။
၂၉။ န စာပိ ဈာပေတိ ပရံ န အတ္တနံ၊
အမုစ္ဆိတော ယော နယတေ နယာနယံ။
ယော ဒဏ္ဍဓာရော ဘဝတီဓ ဣဿရော။
သဝဏ္ဏဂုတ္တော သိရိယာ န ဓံသတိ၊
၃၀။ ယေ ခတ္တိယာ သေ အနိသမ္မကာရိနော၊
ပဏေန္တိ ဒဏ္ဍံ သဟသာ ပမုစ္ဆိတာ။
အဝဏ္ဏသံယုတာ ဇဟန္တိ ဇီဝိတံ။
ဣတော ဝိမုတ္တာပိ စ ယန္တိ ဒုဂ္ဂတိ။
၃၁။ ဓမ္မေ စ ယေ အရိယပ္ပဝေဒိတေ ရတာ၊
အနုတ္တရာ တေ ဝစသာ မနသာ ကမ္မုနာ စ။
တေ သန္တိ သောရစ္စသမာဓိသဏ္ဌိတာ၊
ဝဇန္တိ လောကံ ဒုဘယံ တထာဝိဓာ။
၃၂။ ရာဇာဟမသ္မိ နရပမဒါနမိဿရော၊
သစေပိ ကုဇ္စျာမိ ဌပေမိ အတ္တနံ။
နိသေဓယန္တော ဇနတံ တထဝိဓံ၊
ပဏေမိ ဒဏ္ဍံ အနုကမ္ပ ယောနိသော။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၇။ တာတ၊ အမောင်။ ဣဿရော၊ မင်းမည်သည်။ အဟံ၊ ငါကား။ ဘုသံပိ၊ ပြင်းစွာလည်း။ ကုဒ္ဓေါ၊ အမျက်ထွက်သည်။ အမှိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ အဝေက္ခိယာန၊ သိ၍။ တာဝ၊ ရှေးဦးစွာ။ ဒဏ္ဍံ၊ ဒဏ်ကို။ န ပဏယေယျ-နပ္ပဝတ္တေယျ၊ မဖြစ်စေရာ။ အဋ္ဌာနသော၊ အကြောင်းမဟုတ်သောအား ဖြင့်။ အတ္တနော၊ မိမိအား။ အပ္ပတိရူပံ၊ မလျောက် ပတ်သော ဒဏ်ကို။ ကရောထ၊ ပြုကြကုန်လော့။ ဣတိ၊ ဤသို့။ ပရဿ၊ သူတစ်ပါး၏။ ဘုသံ၊ ပြင်း ပြစွာ။ ဒုက္ခာနိ၊ ဆင်းရဲခြင်းတို့ကို။ ဥဒီရယေ၊ ဆိုရာ၏။

֍ ဋ္ဌ ၂၈။ ယတော စ၊ အကြင်အခါ၌လည်း။ အတ္တနော၊ မိမိ၏။ ပသာဒံ၊ ကြည်ခြင်းကို။ ဇာနေယျ၊ သိရာ၏။ ပရဿ၊ သူတစ်ပါး၏။ ဒုက္ကဋံ၊ အပြစ်ကိုလည်းကောင်း။ အတ္ထံ၊ အကျိုးကိုလည်းကောင်း။ နိယုဉ္ဇေယျ၊ ဆင်ခြင်ရာ၏။ တဒါ၊ ထိုအခါ၌။ အယံ အတ္တော၊ ဤမည်သော အကျိုးတည်း။ အယံ ဒေါသော၊ ဤမည်သောအပြစ်တည်း။ ဣတိ၊ ဤသို့။ သယံ၊ ကိုယ်တိုင်။ အဝေက္ခိယ၊ ရှု၍။ အထ၊ ထို နောင်မှ။ အဿ၊ ထိုအပြစ်ကို ပြုသောသူအား။ ဒဏ္ဍံ သဒိသံ၊ အပြစ်အားလျော်သော ဒဏ်ကို။ နိဝေသယေ၊ ဖြစ်စေရာ၏။

֍ ဋ္ဌ ၂၉။ ဣဓ၊ ဤလောက၌။ ယော ဣဿရော၊ အကြင်မင်းသည်။ အမုစ္ဆိတော၊ ဆန္ဒာဂတိ အစရှိသော ကိလေသာတို့သည် မနှိပ်စက်အပ်သည်ဖြစ်၍။ နယာနယံ၊ သင့်-မသင့်ကို။ နယတေ၊ ဆင်ခြင်၏။ သော ဣဿရော၊ ထိုမင်းသည်။ ပရံပိ၊ သူတစ်ပါးကိုလည်းကောင်း။ အတ္တာနံပိ၊ မိမိကိုယ်ကိုလည်းကောင်း။ န ဈာပေတိ၊ မလောင်စေ။ ယော ဣဿရော၊ အကြင်မင်းသည်။ ဒဏ္ဍဓာရော၊ အပြစ်အားလျော်သော ဒဏ်ကိုဆောင်သည်။ ဘဝတိ၊ ဖြစ်၏။ သော ဣဿရော၊ ထိုမင်းသည်။ သဝဏ္ဏဂုတ္တော၊ ကျေးဇူးအခြံအရံ အကျော်အစောသည် စောင့်ရှောက်အပ်သည်ဖြစ်၍။ သိရိယာ၊ အသရေမှ။ န ဓံသတိ၊ မယုတ်။

֍ ဋ္ဌ ၃၀။ ယေ ခတ္တိယာ၊ အကြင်မင်းတို့သည်။ အနိသမ္မကာရိနော၊ မဆင်မခြင် ပြုလေ့ရှိကုန်၏။ ပမုစ္ဆိတာ၊ ဆန္ဒာဂတိ အစရှိသော ကိလေသာတို့သည် နှိပ်စက် အပ်ကုန်သည်ဖြစ်၍။ သဟသာ၊ အဆော တလျင်။ ဒဏ္ဍံ၊ ဒဏ်ကို။ ပဏေန္တိ၊ ဖြစ်စေကုန်၏။ တေ ခတ္တိယာ၊ ထိုမင်းတို့သည်။ အဝဏ္ဏသံယုတာ၊ ကျေးဇူးမဲ့နှင့် ယှဉ်ကုန်သည်ဖြစ်၍။ ဇီဝိတံ၊ အသက်ကို။ ဇဟန္တိ၊ စွန့်ရကုန်၏။ ဣတော၊ ဤပစ္စုပ္ပန်ဘဝမှ။ ဝိမုတ္တာပိ စ၊ လွတ်ကင်းကုန်သော်လည်း။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝသို့။ ယန္တိ၊ လားရကုန်၏။

֍ ဋ္ဌ ၃၁။ ယေ ခတ္တိယာ၊ အကြင်မင်းတို့သည်။ အရိယပ္ပဝေဒိတေ၊ ကောင်းသော အကျင့်ရှိသော ရှေးမင်းတို့သည် သိအပ်သော။ ဓမ္မေ၊ ဆယ်ပါးအပြားရှိသော မင်းကျင့်တရား၌။ ရတာ၊ မွေ့လျော်ကုန်၏။ တေ ခတ္တိယာ၊ ထိုမင်းတို့သည်။ ဝစသာ စ၊ ဝစီဒွါရဖြင့်လည်းကောင်း။ မနသာ စ၊ မနောဒွါရဖြင့်လည်းကောင်း။ ကမ္မုနာ စ၊ ကာယဒွါရဖြင့်လည်းကောင်း။ အနုတ္တရာ၊ ကြီးမြတ်ကုန်၏။ သန္တိသောရစ္စသမာဓိသဏ္ဌိတာ၊ ငြိမ်းချမ်းခြင်း, သီလ, သမာဓိ၌ တည်ကုန်သော။ တထာဝိဓာ၊ ထိုသဘောရှိကုန်သော။ တေ ခတ္တိယာ၊ ထိုမင်းတို့သည်။ ဥဘယံ၊ နှစ်ပါးသော။ လောကံ၊ လူ့ ပြည် နတ်ပြည်သို့။ ဝဇန္တိ၊ ရောက်ကုန်၏။

֍ ဋ္ဌ ၃၂။ အဟံ၊ ငါသည်။ နရပမဒါနံ၊ ယောက်ျားမိန်းမတို့ကို။ ဣဿရော၊ အစိုးရသော။ ရာဇာ၊ မင်းသည်။ အသ္မိ၊ ဖြစ်၏။ သစေ ကုဇ္စျာမိ၊ အကယ်၍ တစိုးတစိ အမျက်ထွက်မိအံ့။ အတ္တာနံ၊ ကိုယ်ကို။ နိသေဓယန္တော၊ မြစ်လျက်။ ဌပေမိ၊ ထားအံ့။ ယောနိသော၊ အသင့်အားဖြင့်။ တထာဝိဓံ၊ ထိုသို့သဘောရှိသော။ ဇနတံ၊ လူအပေါင်းကို။ အနုကမ္ပ၊ သနား၍။ ဒဏ္ဍံ၊ ဒဏ်ကို။ ပဏေမိ၊ ဖြစ်စေ၏။

ဤသို့ ခြောက်ဂါထာတို့ဖြင့် မင်းသည် မိမိကျေးဇူးကို ဆိုလတ်သော် ခပ်သိမ်းသော မင်း၏ ပရိသတ်သည်လည်း နှစ်သက်သည်ဖြစ်၍ သီလအကျင့်ဂုဏ်နှင့် ပြည့်စုံခြင်းသည် အရှင်မင်းကြီးတို့အားသာလျှင် လျောက်ပတ်၏ ဟု မင်း၏ ကျေးဇူးကိုကို ဆို၏။

ဥယျာဉ်မှူး ကန်တော့ခြင်း

သုမင်္ဂလသည်ကား မင်း၏ကျေးဇူးတို့ကို ဆိုသည်၏ အဆုံး၌ ထ၍ မင်းကို ရှိခိုး၍ လက် အုပ် ချီ၍ မင်းကို ချီးမွမ်းလိုရကား-

၃၃။ သိရီ စ လက္ခ စ တထေဝ ခတ္တိယ၊
ဇနာဓိပ မာ ဝိဇဟိ ကုဒါစနံ။
အက္ကောဓနော နိစ္စပသန္နစိတ္တော၊
အနီဃော တုဝံ ဝဿသတာနိ ပါလယ။
၃၄။ ဂုဏေဟိ ဧတေဟိ ဥပေတ ခတ္တိယ၊
ဌိတမရိယဝတ္တီ သုဝစော အကောဓနော။
သုခီ အနုပ္ပီဠ ပသာသ မေဒနိံ၊
ဣတော ဝိမုတ္တောပိ စ ယာဟိ သုဂ္ဂတိံ။
၃၅။ ဧဝံ သုနီတေန သုဘာသိတေန၊
ဓမ္မေန ဉာယေန ဥပါယသော နယံ။
နိဗ္ဗာပယေ သင်္ခုဘိတံ မဟာဇနံ၊
မဟာဝ မေဃော သလိလေန မေဒနိံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၃။ ဇနာဓိပ၊ လူတို့ကို အစိုးရသော။ ခတ္တိယ၊ မင်းမြတ်။ တဝေဝ၊ သင်မင်းကြီးကိုသာလျှင်။ သိရီ စ၊ အခြံအရံ၏ ပြည့်စုံခြင်းသည်လည်းကောင်း။ လက္ခီ စ၊ ဘုန်းပညာသည်လည်းကောင်း။ ကုဒါစနံ၊ တစ်ရံတစ်ဆစ်။ မာ ဝိဇဟိ၊ မစွန့်စေသတည်း။ တုဝံ၊ သင်မင်းကြီးသည်။ အက္ကောဓနော၊ အမျက်မထွက်သည်ဖြစ်၍။ နစ္စပသန္နစိတ္တော၊ အမြဲ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ အနီဃော၊ ဆင်းရဲမရှိသည် ဖြစ်၍။ ဝဿသတာနိ၊ အနှစ်တစ်ရာတို့ပတ်လုံး။ ပါလယ၊ စောင့်စေသတည်း။

֍ ဋ္ဌ ၃၄။ ခတ္တိယ၊ မင်းမြတ်။ တုဝံ၊ သင်မင်းမြတ်သည်။ ဧတေဟိ ဂုဏေဟိ၊ ထိုအထူးထူးကျေးဇူးတို့နှင့်။ ဥပေတာ၊ ပြည့်စုံသည်ဖြစ်၍။ ဌိတမရိယဝတ္တီ၊ တည်သော မင်းကျင့်တရား ရှိသည်ဖြစ်၍။ သုဝစော၊ ဆိုလွယ်သည်ဖြစ်၍။ အကောဓနော၊ အမျက် မထွက်သည် ဖြစ်၍။ သုခီ၊ ချမ်းသာသည်ဖြစ်၍။ ပသာသမေဒိနိံ၊ မိမိဥစ္စာဖြစ်သော မြေနှင့်တကွသော သတ္တဝါကို။ အနုပ္ပီဠ၊ မနှိပ်စက်မူ၍။ ဣတော၊ ဤဘဝမှ။ ဝိမုတ္တောပိ စ၊ လွတ်ကင်းသော်လည်း။ သုဂ္ဂတိံ၊ သုဂတိသို့။ ယာဟိ၊ လားလော့။

֍ ဋ္ဌ ၃၅။ မဟာမေဃော၊ ကြီးစွာသော မိုးသည်။ သလိလေန၊ ရေဖြင့်။ မေဒိနိံ၊ မြေကို။ နိဗ္ဗာပေတိ ဣဝ၊ ငြိမ်းစေသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ သုနီတေန၊ ကောင်းစွာ ဆောင်အပ်သော အကြောင်းဖြင့်။ သုဘာသိတေန၊ ကောင်းစွာ ဆိုအပ်သော စကားဖြင့်။ ဓမ္မေန၊ ဆယ်ပါးသော ကုသလကမ္မပထ တရားဖြင့်။ ဉာယေန၊ အသင့်အားဖြင့်။ ဥပါယသော၊ အကြောင်း၌ လိမ္မာသဖြင့်။ နယံ-နယန္တော၊ ဆုံးမလျက်။ သင်္ခုဘိတံ၊ ကာယိကဒုက္ခ, စေတသိကဒုက္ခဖြင့် ချောက်ချားလောက်သည်ဖြစ်သော။ မဟာဇနံ၊ လူများကို။ နိဗ္ဗာပယေ၊ ငြိမ်းစေလော့၊

ဇာတ်ပေါင်း... ကောသလမင်းအား ဆုံးမသည်၏ အစွမ်းအားဖြင့် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ထိုအခါ ပစ္စေကဗုဒ္ဓါသည် ပရိနိဗ္ဗာန်ပြုပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ သုမင်္ဂလ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မင်းဖြစ်ဖူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မင်းကျင့်တရား၊ ကျင့်ပါငြား၊ မင်းကားကြီးပွားမည်

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော သုမင်္ဂလဇာတ်သည် ပြီး၏။

*****

အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၅။ ဂင်္ဂမာလဇာတ်

တဏှာလောဘ၏ အလိုသို့ မလိုက်သင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အင်္ဂါရဇာတာ အစရှိသော ဂါထပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂင်္ဂမာလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဥပုသ်သုံးသောအမှုကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... တစ်နေ့သ၌ သဗ္ဗညူမြတ်စွာဘုရားသည် ဥပုသ်သုံးကုန်သော သီတင်းသည်တို့ကို ခေါ်တော်မူ၍ သီတင်းသည်တို့ သင်တို့ ဥပုသ်သုံးကုန်သဖြင့် ကောင်းသောသဘောကို ပြုအပ်၏။ အလှူကို ပေးအပ်၏။ သီလကို စောင့်ရှောက်အပ်၏။ အမျက်ထွက်ခြင်းကို မပြုအပ်၊ မေတ္တာကို ပွားစေအပ်၏။ ဥပုသ်ကို သုံးအပ်သော ရှေးပညာရှိတို့သည် ဥပုသ်သီလကိုအမှီပြု၍ ကြီးစွာသော စည်းစိမ်ကို ရဖူးကုန်၏ဟု မိန့်တော်မူ၍ ထိုသီတင်းသည်တို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဗာရာ ဏသီမြို့၌ သုစိပရိဝါရမည်သော ကုဋေရှစ်ဆယ်ကြွယ်ဝသော ဒါနအစရှိသော ကောင်းမှု၌ မွေ့ လျော်သော သူဌေးသည် ဖြစ်၏။

ဥပုသ်စောင့်သော သူဌေးအိမ်

ထိုသူဌေး၏ သားမယားတို့သည်လည်းကောင်း၊ အယုတ်သဖြင့် ထိုအိမ်၌ နွားကျောင်း သားတို့သည်လည်းကောင်း ခပ်သိမ်းသော သူတို့သည် အမာဝါသီ, အဋ္ဌမီ, ဧကဒသီဟူ၍ သုက္ကပက္ခ၌ သုံးရက်။ ထို့အတူ ကဏှပက္ခ၌ သုံးရက်အားဖြင့် တစ်လ၌ ခြောက်ရက်သော ဥပုသ်သီလကို ဆောက်တည်ကုန်၏။

ဆင်းရဲသား အလုပ်ရ

ထိုအခါ ဘုရားလောင်းသည် တစ်ဦးသော သူဆင်းရဲမျိုး၌ ဖြစ်၍ အခစားပြု၍ ဆင်းရဲငြိုငြင်သဖြင့် အသက်မွေးရ၏။ ထိုဘုရားလောင်းသည် သူရင်းငှားအမှုကို လုပ်အံ့ဟု ထိုသူဌေး၏ အိမ်သို့သွား၍ ရှိခိုး၍ တင့်အပ် လျောက်ပတ်စွာ နေ၏။ အဘယ်အကျိုးငှာ လာသနည်း ဟု မေးသည်ရှိသော် အရှင်တို့... ဤအိမ်၌ အခဖြင့် အမှုလုပ်အံ့သောငှာ လာ၏ဟု ဆို၏။ သူဌေးသည် တစ်ပါးသော သူရင်းငှားတို့အား လာသော နေ့၌လျှင် အမှုကိုလုပ်ကုန်လျက် သီလကို စောင့်ရှောက်စေ၏။ သီလကို စောင့်ရှောက်ခြင်းငှာ စွမ်းနိုင်သည်ရှိသော် အမှုကို လုပ်ကုန်လော့ ဟု ဆို၏။ ဘုရားလောင်းအားကား သူဌေးသည် သီလကို စောင့်ရှောက်ခြင်း၌ အမှတ်သညာပေးခြင်းကို မပြုမူ၍ အမောင် ကောင်းပြီ၊ မိမိအခကိုသိ၍ အမှုကိုပြုလော့ ဟု ဆို၏။ ဘုရားလောင်းသည် ထိုအခါမှစ၍ ဆိုဆုံးမလွယ်သည်ဖြစ်၍ အသက်ကိုစွန့်၍ မိမိ၏ ပင်ပန်းခြင်းကို မရေတွက်မူ၍ ထိုသူဌေး၏ အလုံးစုံသော ကိစ္စတို့ကိုပြု၏။ စောစောကလျှင် အမှုလုပ်ရာသွား၍ ညမှပြန်၏။

အိမ်သားတို့ ဥပုသ်စောင့်

ထိုအခါ တစ်နေ့သ၌ မြို့ဝယ် ပွဲသဘင်ကို ကြွေးကြော်ကုန်၏။ သူဌေးကြီးသည် ကျွန်မကိုခေါ်၍ ယနေ့ ဥပုသ်နေ့တည်း၊ အိမ်၌ အမှုလုပ်ကုန်သော သူတို့အား စောစောကလျှင် ထမင်း ချက်၍ပေးလော့၊ စောစောကလျှင် စား၍ ဥပုသ်ဆောက်တည်ကုန်ကြကုန်လတ္တံ့ ဟုဆို၏။ ဘုရားလောင်းသည် စောစေကလျှင် ထ၍ အမှုလုပ်ရာသို့ သွား၏။ ယနေ့ ဥပုသ်ဆောက်တည်ရာ၏ ဟု ဘုရားလောင်းအား တစ်စုံတစ်ယောက်သာသူသည် မဆိုမကြား၊ ကြွင်းသောအမှုလုပ်တို့သည် စောစောကလျှင် စား၍ ဥပုသ် ဆောက် တည်ကုန်၏။

သူဌေးသည်လည်း သားမယားအခြံအရံနှင့်တကွ ဥပုသ်သီလကို ဆောက်တည်လေ၏။ ဤသို့ အလုံးစုံသော သူတို့သည်လည်း ဥပုသ်ဆောက်တည်ကုန်လျက် မိမိ မိမိတို့၏ နေရာသို့သွား၍ သီလကို ဆင်ခြင်ကုန်လျက် နေ၏။

သူရင်းငှား သေ၍

ဘုရားလောင်းသည် တစ်နေ့ပတ်လုံး အမှုလုပ်၍ နေဝင်သောအခါ အိမ်သို့ပြန်၍ ယနေ့ အသံမရှိ၊ အဘယ်သို့ သွားကြကုန်သနည်းဟူ မေး၏။ ခပ်သိမ်းသောသူတို့သည် ဥပုသ်ဆောက်တည်၍ မိမိ မိမိတို့၏ နေရာအရပ်သို့ သွားကုန်၏ ဟူသော စကားကိုကြား၍ ဘုရားလောင်းသည် ဤမျှ သီလရှိကုန်သော သူတို့၏ အတွင်း၌ ငါသည် တစ်ယောက်တည်း သီလမရှိသည်ဖြစ်၍ မနေအံ့၊ ယခု ဥပုသ်အင်္ဂါတို့ကို ဆောက်တည်အပ်ကုန်သည်ရှိသော် ငါ့အား ဥပုသ်သုံးသော အမှုသည် ဖြစ်အံ့လော၊ မဖြစ်အံ့လော ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် သွား၍ သူဌေးကို မေး၏။ ထိုအခါ ဘုရားလောင်းကို သူဌေးသည် အမောင်... စောစောကလျှင် မဆောက်တည်သည်၏ အဖြစ်ကြောင့် အလုံးစုံသော နေ့တို့ပတ်လုံး ဥပုသ်သုံးသော အမှုသည် မဖြစ်၊ ထက်ဝက်သောနေ့၌ ဥပုသ်သုံးသော အမှု သည်ကား ဖြစ်၏ ဟု ဆို၏။ ဘုရားလောင်းသည် ဤမျှသော ဥပုသ်သီလသည်လည်း ဖြစ်စေသတည်း ဟု သူဌေး၏အထံ၌ ကောင်းစွာယူအပ်သော သီလရှိသည်ဖြစ်၍ ဥပုသ်သုံးသောအမှုကို ပြု၍ မိမိနေရာအရပ်သို့ ဝင်၍ သီလကို ဆင်ခြင်လျက်အိပ်၏။ ထိုအခါ တစ်နေ့ပတ်လုံး အာဟာရကို မသုံးဆောင်ရသည်၏ အဖြစ်ကြောင့် ပစ္ဆိမယာမ်အတွင်း၌ ထိုဘုရားလောင်းအား သတ္ထကလေတို့သည် ထကုန်၏။ သူဌေးသည် အထူးထူးသော ဆေးတို့ကို ဆောင်၍ စားလော့ ဟု ဆိုငြားသော်လည်း ဥပုသ်ကို မဖျက်အံ့ဟု အသက် အဆုံးရှိသည်ကို ပြု၍ ဥပုသ်ကို ဆောက်တည်၏ဟု ဆို၏။ ဘုရားလောင်းအား သည်းစွာသော ဝေဒနာသည် ဖြစ်၏။ အရုဏ် တက်သောအခါ၌ သတိကို ဖြစ်စေခြင်းငှာ မတတ်နိုင်။ ထိုအခါ ဘုရားလောင်းကို ယခု သေလတ္တံ့ဟု နေရာမှထုတ်၍ အိမ်၏အပ၌ အိပ်စေကုန်၏။

ဥဒယမင်းကြီးဖြစ်

ထိုခဏ၌ ဗာရာဏသီမင်းသည် မြတ်သောရထားကို စီးလျက် များစွာသော အခြံအရံဖြင့် မြို့ကို လက်ယာရစ် လှည့်ပတ်သော် ထိုအရပ်သို့ရောက်၍ ဘုရားလောင်းသည် ထိုဗာရာဏသီမင်း၏ အသရေကို မြင်၍ လောဘကို ဖြစ်စေ၍ မင်းအဖြစ်ကို တောင့်တ၏။ ထိုဘုရားလောင်းသည် စုတေ၍ ထက်ဝက်သော ကာလ၌ သုံးအပ်သော ဥပုသ်သီလ၏ အကျိုးဆက်အားဖြင့် ဗာရာ ဏသီမင်း၏ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေကိုယူ၏။ ထိုမိဖုရားသည် ကိုယ်ဝန် အစောင့်အရှောက်ကို ရလျက် ဆယ်လလွန်သဖြင့် သားကိုဖွား၏။ ထိုမင်းသားအား ဥဒယကုမာရ ဟူသော အမည်ကို မှည့်ကုန်၏။ ထိုဥဒယမင်းသားသည် အရွယ်သို့ ရောက်လတ်သည်ရှိသော် ခပ်သိမ်းသော အတတ်တို့၌ အပြီးသို့ရောက်၏။ ဇာတိဿရဉာဏ်ဖြင့် ရှေးကောင်းမှုတို့ကို အောက်မေ့၍ ဤအကျိုးသည်ကား၏ အနည်းငယ်သော ကောင်းမှုကံ၏ အကျိုးတည်းဟု မပြတ်လျှင် ဥဒါန်းကျူးရင့်၏။ ထိုဥဒယမင်းသားသည် အဖလွန်လတ်သော် မင်းအဖြစ်သို့ ရောက်၍လည်း မိမိ၏ ကြီးစွာသော အသရေစည်းစိမ်ကိုကြည့်၍ ထိုဥဒါန်းကိုသာလျှင် ကျူးရင့်၏။

ရေသည်

ထိုအခါ တစ်နေ့သ၌ မြို့ဝယ် ပွဲသဘင်ခံကုန်၏။ လူအများသည် ကစားခြင်း၌ အားထုတ်၏။ ထိုအခါ ဗာရာဏသီပြည်၏ မြောက်တံခါး၌နေသော တစ်ယောက်သော အခစား ယောက်ျားသည် ရေခပ်အခစားအမှုကို ပြု၍ ရအပ်သော ပဲဝက်သော အသပြာကို တံတိုင်းအုတ်ကြား၌ထား၍ ရေခပ်အခစားအမှုကိုပြု၍ အသက်မွေးသော ဆင်းရဲသော မိန်းမတစ်ယောက်နှင့်တကွ သင့်နေခြင်းကို ပြု၏။

မိန်းမခိုင်း၍

ထိုမိန်းမသည် ထိုယောက်ျားကို အရှင်မြို့၌ ပွဲသဘင် ခံ၏။ သင့်အား တစ်စုံတစ်ခုသော ဥစ္စာသည်ရှိအံ့၊ ငါတို့သည်လည်း ပွဲသဘင် ကစားကုန်အံ့ ဟု ဆို၏။ ရှိ၏ဟု လင်သည် ဆို၏။ အရှင်အဘယ်မျှ ရှိသနည်းဟု မယားသည် မေး၏။ ပဲဝက်ရှိ၏ဟု ဆို၏။ ထိုဥစ္စာသည် အဘယ်မှာနည်းဟု မယားသည် မေး၏။ မြောက်တံခါး၏ တံတိုင်းအုတ်ကြား၌ ထားအပ်၏။ ဤအရပ်မှ တစ်ဆယ်နှစ်ယူဇနာ အတွင်း၌ ပဲဝက်သော ဥစ္စာကိုထားအပ်၏။ ရှင်မ၏ လက်၌ကား တစ်စုံတစ်ခု ရှိသလော ဟု လင်သည် ဆို၏။ ရှိ၏ ဟု မယားသည်ဆို၏။ အဘယ်မျှ ရှိသနည်း ဟု မေး၏။ ပဲဝက်လျှင် ရှိ၏ဟု ဆို၏။ ဤသို့ သင်၏ဥစ္စာပဲဝက် ငါ၏ဥစ္စာ ပဲဝက်အားဖြင့် တစ်ပဲသောဥစ္စာသည်လျှင် ရှိ၏။ ထိုဥစ္စာမှ တစ်ဖို့ဖြင့် ပန်းကို, တစ်ဖို့ဖြင့် နံ့သာကို, တစ်ဖို့ဖြင့် သေကို, ဝယ်၍ ပွဲသဘင် ကစားကုန်အံ့၊ ထိုပဲဝက် ဥစ္စာကို ယူချေလော့ဟု မယားသည် ဆို၏။

နေပူထဲသွားသော်

ထိုရေထမ်းယောက်ျားသည် "ငါသည်ကား မယား၏ အထံမှ စကားကိုရပေ၏ ဟု အလွန် ရွှင်လန်းသည်ဖြစ်၍ ရှင်မ မစိုးရိမ်လင့်၊ ထိုဥစ္စာကို ဆောင်ချေအံ့ဟု ဆို၍ သွား၏။ ဆင်ပြောင်နှင့်တူသော အားရှိသော ရေထမ်းယောကျ်ားသည် ခြောက်ယူဇနာကိုလွန်၍ မွန်းတည့်သောအခါ၌ မီးကျီးအခင်းကဲ့သို့ ပူသော သဲကို နင်းလျက် ဥစ္စာလောဘဖြင့် အလွန် ရွှင်လန်းလျက် ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်လျက် နား၌ ထန်းရွက်နားတောင်းကို ဝတ်လျက် တစ်ခုသော အပေါ်ရုံပုဆိုးဖြင့် သီချင်း သီဆိုလျက် မင်းရင်ပြင်ဖြင့် သွား၏။

မင်းကမေးပြီ

ဥဒယမင်းသည်လည်း ခြင်္သေ့ခံသော လေ သွန်ပြတင်းဖြင့် ဖွင့်၍ရပ်လျက် ထိုသို့သော အခြင်းအရာအားဖြင့် သွားသော ထိုရေထမ်းယောက်ျားကို မြင်၍ ဤယောက်ျားသည် ဤသို့သဘောရှိသော သဲပူကို မရေတွက်မူ၍ နှစ်သက်ရွှင်လန်းစွာ အဘယ်ကြောင့် သီချင်းသီလျက် သွားသနည်းဟု ယောက်ျားကို မေးအံ့ဟု ခေါ်၍ မေးအံ့သောငှာ တစ်ယောက်သော မင်းချင်းယောက်ျားကို စေ၏။ ထိုယောက်ျားသည် သွား၍ သင့်ကို မင်းခေါ်၏ဟု ဆိုသည်ရှိသော် မင်းသည် ငါနှင့် အဘယ်သို့တော်သနည်။ ငါသည် မင်းကိုမသိဟု ဆို၍ သွား၏။ ဗလက္ကာရအားဖြင့် ဆောင်အပ်သည်ဖြစ်၍ မင်း၏အထံ၌ တင့်အပ် လျောက်ပတ်စွာ နေ၏။ ထိုအခါ မင်းသည် ထိုရေထမ်းယောကျ်ားကို မေးလိုရကား-

၃၆။ အင်္ဂါရဇာတာ ပထဝီ၊ ကုက္ကုဠာနုဂတာ မဟီ။
အထ ဂါယသိ ဝတ္ထာနိ၊ န တံ တပတိ အာတပေါ။
၃၇။ ဥဒ္ဓံ တပတိ အာဒိစ္စော၊ အဓော တပတိ ဝါလုကာ။
အထ ဂါယသိ ဝတ္ထာနိ၊ န တံ တပတိ အာတပေါ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

သင်မပူဘူးလား

֍ ဋ္ဌ ၃၆။ အမ္ဘော ပုရိသ၊ အိုယောက်ျား။ ပထဝီ၊ မြေကြီးသည်။ အင်္ဂါရဇာတာ၊ မီးကျီးကဲ့သို့ ပူသည်ဖြစ်၏။ မဟီ၊ မြေကြီးသည်။ ကုက္ကုဠာနုဂတာ၊ ပြာပူသဖွယ်ဖြစ်သော သဲပူနှင့်တကွ ဖြစ်၏။ အထ၊ ထိုသို့ဖြစ်လျက်။ တွံ၊ သင်သည်။ ဝတ္ထာနိ၊ အာယောဂပတ် ပုဆိုးတို့ကို။ အာရောပေတွာ၊ တင်၍။ ဂါယသိ၊ သီ၏။ တံ၊ သင့်ကို။ အာတပေါ၊ အပူသည်။ န တပတိ၊ မပူလောင်သလော။

֍ ဋ္ဌ ၃၇။ ဥဒ္ဓံ၊ အထက်၌။ အာဒိစ္စော၊ နေသည်။ တပတိ၊ ပူ၏။ အဓော၊ အောက်၌။ ဝါလုကာ၊ သဲသည်။ တပတိ၊ ပူပြင်း၏။ အထ၊ ထိုသို့ပူလျက်။ တွံ၊ သင်သည်။ ဝတ္ထာနိ၊ အာယောဂပတ် ပုဆိုးတို့ကို။ အာရောပေတွာ၊ တင်၍။ ဂါယသိ၊ သီ၏။ တံ၊ သင့်ကို။ အာတပေါ၊ အပူသည်။ န တပတိ၊ မပူလောင်သလော။

ကိုယ်တွင်းပူကြောင့် မပူပါ

ထိုရေထမ်းယောက်ျားသည် မင်း၏စကားကိုကြား၍-

၃၈။ မံ တပတိ အာတပေါ၊ အာတပါ တပယန္တိ မံ၊
အတ္ထာ ဟိ ဝိဝိဓာ ရာဇ၊ တေ တပန္တိ န အတပေါ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၈။ ရာဇ၊ မင်းမြတ်။ မံ၊ အကျွန်ုပ်ကို။ အာတပေါ၊ နေပူမြေပူသည်။ န တပတိ၊ မပူစေ။ မံ၊ အကျွန်ုပ်ကို။ အာတပါ၊ ဝတ္ထု မ, ကိလေသာကာမတို့သည်။ တပယန္တိ၊ ပူစေကုန်၏။ အတ္ထာ၊ ဝတ္ထုကာမ ကိလေသာကာမတို့ကိုမှီ၍ ဖြစ်ကုန်သော အမှုကိစ္စတို့သည်။ ဝိဝိဓာ၊ အထူးထူး အပြားပြားများကုန်၏။ တေ၊ ထိုကိစ္စတို့သည်။ မံ၊ အကျွန်ုပ်ကို။ တပန္တိ၊ ပူစေကုန်၏။ အာတပေါ၊ နေပူမြေပူသည်။ မံ၊ အကျွန်ုပ်ကို။ န တပတိ၊ မပူစေ။

ဘာကိစ္စသွားတာလဲ

ထိုအခါ ထိုရေထမ်းယောက်ျားကို မင်းသည် သင်၏ အမှုကိစ္စကား အဘယ်ကိစ္စနည်း ဟု မေး၏။ ထိုရေထမ်းယောက်ျားသည် မြတ်သောမင်းကြီး... အကျွန်ုပ်သည် တောင်တံခါး၌ ဆင်းရဲစွာသော မိန်းမနှင့် သင့်၍နေ၏။ ထိုမိန်းမသည် အကျွန်ုပ်ကို ပွဲသဘင်ကစားကုန်အံ့၊ သင်၏ လက်၌ တစ်စုံတစ်ခုသော ဥစ္စာသည် ရှိသလော ဟု မေး၏။

ဥစ္စာယူရန်

ထိုအခါ ထိုမိန်းမကို အကျွန်ုပ်သည် မြောက်တံခါး တံတိုင်းအုတ်ကြား၌ ထားအပ်သော ဥစ္စာသည် ရှိ၏ဟု ဆို၏။ ထိုအခါ ထိုမိန်းမသည် အကျွန်ုပ်ကို သင်သည် သွား၍ ထိုဥစ္စာကို ဆောင်ချေ။ နှစ်ယောက်ကုန်သော ငါတို့သည်လည်း ပွဲသဘင်ကစားကုန်အံ့ဟု စေ၏။ ထိုမိန်းမ၏ ထိုစကားသည် အကျွန်ုပ်၏ နှလုံးကို မစွန့်၊ အောက်မေ့သော ထိုကာမအပူပြင်းသည် အကျွန်ုပ်ကိုပူ၏။ အကျွန်ုပ်၏ အမှုကိစ္စကား ထိုအမှုကိစ္စတည်းဟု ဆိုလေ၏။

ပျော်ရွှင်နေသောအကြောင်း

ထိုအခါ ဤသို့သဘောရှိသော လေနေပူတို့ကို မရေတွက်မူ၍ အကြင်နှစ်သက်ခြင်း၏ အကြောင်းဖြင့် သင်သည် သီလျက်သွား၏။ သင်၏ ထိုနှစ်သက်ခြင်း၏ အကြောင်းကား အဘယ်နည်းဟု ရေထမ်းယောကျ်ားကို မင်းသည် မေး၏။ မြတ်သောမင်းကြီး... သိုမှီး၍ထားအပ်သော ထိုဥစ္စာကို ဆောင်ယူ၍ ထိုမိန်းမနှင့် မွေ့ လျော်ရအံ့၊ ဤသို့သော အကြောင်းဖြင့် အကျွန်ုပ်သည် နှစ်သက် ရွှင်လန်းသည်ဖြစ်၍ သီ၏ဟု ရေထမ်း ယောက်ျားသည် လျှောက်၏။

ဥစ္စာဘယ်လောက်များသလဲ

အချင်းယောက်ျား သင့်အား မြောက်တံခါး၌ ထားအပ်သော တစ်သိန်းမျှသော ဥစ္စာသည် ရှိသလောဟ မင်းသည် မေး၏။ မြတ်သောမင်းကြီး... မရှိဟု ဆို၏။ မင်းသည် ထိုသို့တပြီးကား ငါးသောင်းသော ဥစ္စာသည် ရှိသလော၊ လေးသောင်းသော ဥစ္စာသည်ရှိသလော၊ သုံးသောင်းသော ဥစ္စာသည်ရှိသလော၊ နှစ်သောင်းသော ဥစ္စာသည် ရှိသလော၊ တစ်သောင်းသော ဥစ္စာသည် ရှိသလော၊ တစ်ထောင်သော ဥစ္စာသည် ရှိသလော၊ ငါးရာသော ဥစ္စာသည် ရှိသလော၊ လေးရာသော ဥစ္စာသည် ရှိသလော၊ သုံးရာသောဥစ္စာသည် ရှိသလော၊ နှစ်ရာသော ဥစ္စာသည် ရှိသလော၊ တစ်ရာသော ဥစ္စာသည် ရှိသလော၊ ငါးဆယ်သော ဥစ္စာသည် ရှိသလော၊ လေးဆယ်သော ဥစ္စာသည် ရှိသလော၊ သုံးဆယ်သောဥစ္စာသည် ရှိသလော၊ နှစ်ဆယ်သောဥစ္စာသည် ရှိသလော၊ တစ်ဆယ်သောဥစ္စာသည် ရှိသလော၊ ငါးသပြာသော ဥစ္စာသည် ရှိသလော၊ လေးသပြာသော ဥစ္စာသည် ရှိသလော၊ သုံးသပြာသောဥစ္စာသည် ရှိသလော၊ နှစ်သပြာသော ဥစ္စာသည် ရှိသလော၊ တစ်သပြာသော ဥစ္စာသည် ရှိသလော၊ သပြာဝက်သော ဥစ္စာသည်ရှိသလော၊ တစ်မတ်သော ဥစ္စာသည် ရှိသလော၊ လေးပဲသော ဥစ္စာသည် ရှိသလော၊ သုံးပဲသော ဥစ္စာသည် ရှိသလော၊ နှစ်ပဲသော ဥစ္စာသည် ရှိသလော၊ တစ်ပဲသောဥစ္စာသည် ရှိသလော ဟု မေး၏။

၂-ပြားသော ပိုက်ဆံ

အလုံးစုံသော အမေးကို ပယ်၍ ပဲဝက်သောဥစ္စာသည် ရှိသလောဟု မေးသည်ရှိသော် မြတ်သော မင်းကြီး အမိန့်တော်အတိုင်း မှန်၏။ ဤမျှအတိုင်းအရှည်ရှိသော အကျွန်ုပ်၏ ထိုဥစ္စာကို အကျွန်ုပ်သည် ဆောင်၍ ထိုမိန်းမနှင့်တကွ မွေ့လျော်အံ့ဟု အကျွန်ုပ်သည် သွား၏။ ထိုပီတိသောမနဿကြောင့် အကျွန်ုပ်ကို ဤလေပူနေပူသည် မပူ ဟု ရေထမ်းယောက်ျားသည် လျှောက်၏။

မသွားလင့် နိုင်ငံထက်ဝက်ယူ

ထိုအခါ ထိုယောက်ျားကို မင်းသည် အချင်းယောကျ်ား ဤသိုသဘောရှိသော နေပူ၌ ထိုအရပ်သို့ မသွားလေလင့်၊ ငါသည် သင့်အား ပဲဝက်သောဥစ္စာတို့ကို ပေးအံ့ဟု ဆို၏။ မြတ်သောမင်းကြီး အကျွန်ုပ်သည် အရှင်မင်းကြီးတို့၏ အမိန့်တော်၌ တည်၍ ပေးတော်မူအပ်သော ဥစ္စာကိုလည်း ယူပါအံ့၊ ထိုဥစ္စာကိုလည်း မစွန့်ပါ။ အကျွန်ုပ်၏ သွားခြင်းကို မယုတ်စေမူ၍ ထိုအရပ်သို့လည်း သွားပါအံ့ဟုဆို၏။ အချင်းယောကျ်ား မသွားလေလင့်၊ သင့်အား တစ်ပဲသောဥစ္စာကို ငါ ပေးအံ့၊ နှစ်ပဲသောဥစ္စာကိုလည်း ပေးအံ့၊ ဤသို့၍ ကုဋေအရာတိုင်အောင် မရေ တွက်နိုင်သော ဥစ္စာကို ပေးအံ့၊ မသွားလေလင့် ဟု ဆိုသော်လည်း မြတ်သောမင်းကြီး ပေးတော်မူသော ဥစ္စာကိုယူ၍ ထိုဥစ္စာကိုလည်း ယူပါအံ့ ဟု ဆို၏။ ထို့နောင်မှ သူဌေးအရာ အစရှိသော အရာထူးတို့ဖြင့် ဖြားယောင်း၍ အိမ်ရှေ့ မင်းအရာ တိုင်အောင် ပေးသော်လည်း ထို့အတူသာလျှင် ဆို၍ သင့်အား ထက်ဝက်သော မင်းအဖြစ်ကို ပေးအံ့၊ မသွားလေလင့်ဟု ဆိုသည်ရှိသော် ဝန်ခံ၏။ မင်းသည် သွားကြကုန်၊ အဆွေ ခင်ပွန်းအား ဆံမုတ်ဆိတ်တို့ကို ပြုပြင်၍ ရေချိုး၍ တန်ဆာဆင်၍ အဆွေခင်ပွန်းကို ဆောင်ခဲ့ကြကုန်လော့ဟု အမတ်တို့ကို စေ၏။ အမတ်တို့သည် မင်းဆိုတိုင်း ပြုကြကုန်၏။ မင်းသည် ပြည်ကို ထက်ဝက်ခွဲ၍ ထိုယောက်ျားအား ထက် ဝက်သာ မင်းအဖြစ်ကို ပေး၏။

ထိုယောကျ်ားသည်ကား ထက်ဝက်သော ပြည်ကိုယူ၍လည်း ပဲဝက်သော အသပြာရှိသော မြောက်မျက်နှာသို့လျှင် သွား၍ ယူသည်သာတည်း ဟု ဆိုကုန်၏။ ထိုမင်းသည် အဍ္ဎမာသကမင်း မည်၏။

အဍ္ဎမာသက ဘုရင်ကြီးမလုပ်လို

ထိုမင်းနှစ်ပါးတို့သည် ညီညွတ်စွာ ဝမ်း မြောက် ဝမ်းသာ ဖြစ်ကုန်လျက် မင်းပြုစဉ် တစ်နေ့သ၌ ဥယျာဉ်သို့ သွားကုန်၏။ ဥယျာဉ်ကစား၍ ဥဒယမင်းသည် အဍ္ဎမာသကမင်း၏ ပေါင်ပေါ်၌ ဦးခေါင်းအုံး၍ အိပ်၏။ ဥဒယမင်းသည် အိပ်ပျော်ခြင်းသို့ ရောက်လတ်သော် အခြံအရံ လူတို့သည် ကစားလိုသည်၏ အစွမ်းအားဖြင့် ထိုထိုအရပ်သို့ သွားကုန်၏။ အဍ္ဎမာသကမင်းသည် ငါ့အား အခါခပ်သိမ်း ထက်ဝက်သော မင်းအဖြစ်ဖြင့် အဘယ်ပြုအံ့နည်း၊ ဥဒယမင်းကို သတ်၍ ငါသည်သာလျှင် အလုံးစုံသော မင်းအဖြစ်ကို ပြုအံ့ ဟု သန်လျက်ကိုထုတ်၍ ဥဒယမင်းကို သတ်အံ့ဟု ကြံ၍ ဤမင်းသည် အလွန်ဆင်းရဲသောသူ ဖြစ်သော ငါ့ကို မိမိနှင့်အတူပြု၍ ကြီးစွာသောစည်းစိမ်၌ တည်စေ၏။ ဤသို့သဘောရှိသော စည်းစိမ်ကို ပေးတတ်သော မင်းကို သတ်၍ မင်းပြုအံ့ဟု ငါ့အား အလိုရမ္မက်သည် ဖြစ်၏။ ငါ၏အမှုသည် စင်စစ်မသင့်ဟု သတိရ၍ သန်လျက်ကို အိမ်သို့ သွင်း၏။ ထိုအခါ အဍ္ဎမာသကမင်းအား နှစ်ကြိမ်မြောက် လည်းကောင်း သုံးကြိမ်မြောက် လည်းကောင်း ထို့အတူလျှင် စိတ်သည်ဖြစ်၏။ ထို့နောင်မှ ဤစိတ်သည် အဖန်တလဲလဲ ဖြစ်လတ်သော် ငါ့ကို မကောင်းမှု၌ ယှဉ်လေရာ၏ ဟု ကြံ၏။ ကြံပြီး၍ ထိုအဍ္ဎမာသကမင်းသည် သန်လျက်ကို မြေသို့ချ၍ ဥဒယမင်းကို ထစေ၍ မြတ်သောမင်းကြီး... သင်မင်းကြီးသည် သည်းခံလော့ဟု ခြေ၌ ဝပ်၏။ ယခု ငါ၏ အတွင်း၌ သင့်အား အပြစ်မရှိသည် မဟုတ်လော ဟု ဥဒယမင်းသည် ဆို၏။ မြတ်သောမင်းကြီး ရှိ၏။ အကျွန်ုပ်သည် ဤမည်သောအမှုကို ပြု၏ဟု အဍ္ဎမာသကမင်းသည် ဆို၏။ အဆွေ ထိုသို့တပြီး သင့်အား ငါသည် သည်းခံ၏။ သင် အလိုရှိသော် မင်းပြုလော့၊ ငါသည် အိမ်ရှေ့မင်းဖြစ်၍ သင့်ကို ခစားအံ့ ဟု ဆို၏။

ဥဒါန်းကျူး၍

အဍ္ဎမာသကမင်းသည်မြတ်သောမင်းကြီး... အကျွန်ုပ်အား မင်းအဖြစ်ဖြင့် အလိုမရှိ၊ ဤတဏှာသည် အကျွန်ုပ်ကို အပါယ်တို့၌ ဖြစ်စေလတ္တံ့၊ သင်မင်းကြီး၏ မင်းအဖြစ်ကို သင်မင်းကြီးသာလျှင် ယူလော့၊ အကျွန်ုပ်သည် ရသေ့ရဟန်း ပြုအံ့၊ ကာမ၏အပြစ်ကို အကျွန်ုပ်သည် မြင်အပ်ပြီ၊ ဤကမသည် ကြံသောသူအား အကြံအားဖြင့် ပွား၏။ ယခုအခါမှစ၍ ထိုကမကို မကြံအံ့ ဟု ဥဒါန်းကျူးလို၍ -

၃၉။ အဒ္ဒသံ ကာမ တေ မူလံ၊ သင်္ကပ္ပါ ကာမ ဇာယသိ။
န တံ သင်္ကပ္ပယိဿာမိ၊ ဧဝံ ကာမ န ဟေဟိသိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၉။ ကာမ၊ ကာမ။ တေ၊ သင်၏။ မူလံ၊ အမြစ်ကို။ အဒ္ဒသံ၊ ငါမြင်ပြီ။ ကာမ၊ ကာမ။ တွံ၊ သင်သည်။ သင်္ကပ္ပါ၊ ကြံခြင်းကြောင့်။ ဇာယသိ၊ ဖြစ်၏။ ကာမ၊ ကာမ။ တံ၊ သင့်ကို။ န သင်္ကပ္ပယိဿာမိ၊ မကြံတော့အံ့။ ဧဝံ၊ ဤသို့ မကြံသည်ရှိသော်။ မမန္တရေ၊ ငါ၏ အတွင်း၌။ တွံ၊ သင်သည်။ န ဟေဟိသိ၊ ဖြစ်လတ္တံ့။

တရားဟောခြင်း

ဤသို့ဆို၍ တစ်ဖန် ကာမတို့၌ လုံ့လပြုသော လူများအား တရားဟောလိုရကား-

၄၀။ အပ္ပါပိ ကမာ န အလံ၊ ဗဟူဟိပိ န တပ္ပတိ။
အသာတာ ဗာလလပနာ၊ ပရိဝဇ္ဇေထ ဇဂ္ဂတော။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အပ္ပါပိ ကာမာ၊ အနည်းငယ်ဖြစ်ကုန်သော ဝတ္ထုကာမ ကိလေသာကာမတို့သည်လည်း။ မဟာဇနဿ၊ လူများအား။ န အလံ၊ မလောက်ကုန်။ ဗဟူဟိပိ၊ များစွာကုန်သော ကာမတို့ဖြင့်လည်း။ မဟာဇနော၊ လူများသည်။ န တပ္ပတိ၊ မရောင့်ရဲ။ ကာမာ၊ ကာမတို့သည်။ အသာတာ၊ မသာယာအပ်ကုန်။ ကာမာ၊ ကာမတို့သည်။ ဗာလလပနာ၊ သူမိုက်တို့ကို ငါ့ဥစ္စာ, ငါ့ဥစ္စာဟု ဆိုစေတတ်ကုန်၏။ ဣမေ၊ ဤကာမတို့ကို။ ဇဂ္ဂတော-ဇဂ္ဂန္တော၊ ဗောဓိပက္ခိယတရားတို့၌ ပွားခြင်းကို လုံ့လပြုသော အမျိုးသားတို့သည်။ ပရိဝဇ္ဇေထ၊ ပယ်နိုင်ရာ၏။

ရသေ့ရဟန်းပြုသွားပြီ

ဤသို့ ဤအဍ္ဎမာသကမင်းသည် လူများအား တရားဟော၍ ဥဒယမင်းအား မင်းအဖြစ်ကို အပ်နှင်း၍ မျက်ရည်စွတ်သော မျက်နှာရှိလျက် ငိုသောလူများကိုစွန့်လျက် ဟိမဝန္တာသို့ဝင်၍ ရဟန်းပြု၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ နေ၏။

ဥဒယမင်း၏ ဥဒါန်း

အဍ္ဎမာသကမင်း၏ ရဟန်းဖြစ်သော ကာလ၌ ဥဒယမင်းသည် ဥဒါန်းကို အပြည့်အစုံပြု၍ ကျူးရင့်လိုရကား-

၄၁။ အပ္ပဿ ကမ္မဿ ဖလံ မမေဒံ၊
ဥဒယော အဇ္စျာဂမာ မဟတ္တပတ္တံ။
သူလဒ္ဓလာဘော ဝတ မာဏဝဿ၊
ယော ပဗ္ဗဇိ ကာမရာဂံ ပဟာယ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၁။ မမ၊ ငါ၏။ ဣဒံ ဖလံ၊ ဤအကျိုးသည်။ အပ္ပဿ ကမ္မဿ၊ အနည်းငယ်သော ကောင်းမှုကံ၏။ ဖလံ၊ အကျိုးတည်း။ ဥဒယော၊ ဥဒယမင်းသည်။ မဟတ္တပတ္တံ၊ မြတ်သောအဖြစ်သို့ ရောက်သော စည်းစိမ်ကို။ အဇ္စျာဂမာ၊ ရ၏။ ယော မာဏဝေါ၊ အကြင်လုလင်သည်။ ကာမရာဂံ၊ ကာမရာဂကို။ ပဟာယ၊ ပယ်၍။ ပဗ္ဗဇိ၊ ရဟန်း ပြု၏။ တဿ မာဏဝဿ၊ ထိုလုလင်အား။ ဝတ၊ စင်စစ်။ သုလဒ္ဓလာဘော၊ လူ့အဖြစ်ကို ရခြင်းသည် ကောင်းသောရခြင်း ဖြစ်၏။

ဆတ္တာသည်အား ဆုပေးလို

ဤဂါထာ၏ အနက်ကို တစ်စုံတစ်ယောက်သောသူသည် မသိ။ ထိုအခါ ဥဒယမင်းကို မိဖုရားကြီးသည် တစ်နေ့သ၌ ဂါထာ၏အနက်ကို မေး၏။ မင်းသည် မပြောမဆို။ ဥဒယမင်းအား ဂင်္ဂမာလမည်သော မင်္ဂလာဆတ္တာသည်သည် ရှိ၏။ ထိုဆတ္တာသည်သည် မင်း၏ ဆံမုတ်ဆိတ်တို့ကို ပြုပြင်သည်ရှိသော် ရှေးဦးစွာ ဆံရိတ်ခြင်း အမှုကိုပြု၍ နောက်မှ ညှပ်ဖြင့် မုတ်ဆိတ်တို့ကို နှုတ်၏။ ဆံရိတ်ခြင်းအမှုကို ပြုသောအခါ မင်းအား ချမ်းသာရခြင်းသည် ဖြစ်၏။ မုတ်ဆိတ်နုတ်သောကာလ၌ ဆင်းရဲခြင်းသည် ဖြစ်၏။ ဥဒယမင်းသည် ဆတ္တာသည်အား ရှေးဦးစွာ ဆုပေးလို၏။ နောက်၌ ဦးခေါင်းကို ဖြတ်လို၏။

မိဖုရား ဥဒါန်းအဓိပ္ပာယ် သိလို

ထိုအခါ တစ်နေ့သ၌ မင်းသည် မိဖုရားအား ရှင်မ... ဂင်္ဂမာလ ဆတ္တာသည်သည် မိုက်၏ ဟု ထိုအကြောင်းကို ပြောဆိုလေ၏။ မြတ်သောမင်းကြီး အဘယ်သို့ ပြုခြင်းငှာ သင့်သနည်း ဟု ဆိုသည်ရှိသော် ရှေးဦးစွာ ညှပ်ဖြင့် မုတ်ဆိတ်တို့ကို နုတ်၍ နောက်၌ ဆံရိတ်သော အမှုတို့ကိုပြုသင့်၏ ဟု ဆို၏။ မိဖုရားသည် ဆတ္တာသည်ကိုခေါ်၍ အမောင်... ယခု မင်း၏ ဆံမုတ်ဆိတ်တို့ကို ပြုပြင်သောနေ့၌ ရှေးဦးစွာ မုတ်ဆိတ်တို့ကို နုတ်၍ နောက်မှ ဆံရိတ်သော အမှုကိုပြုလော့ မင်းသည်လည်း ဆုကိုယူလော့ဟု ဆို သည်ရှိသော် မြတ်သောမင်းကြီး. အကျွန်ုပ်အား တစ်ပါးသောဆုဖြင့် အလိုမရှိ၊ အရှင်မင်းကြီး၏ ဥဒါန်းဂါထာ၏ အနက်ကို ကြားပါကုန်လော့ဟု ဆိုပါလော့၊ ငါသည် သင့်အား များစွာသော ဥစ္စာတို့ကိုပေးအံ့ဟု ဆိုလေ၏။

ထိုဆတ္တာသည်သည် ကောင်းပြီ ဟု ဝန်ခံ၍ ဆံမုတ်ဆိတ်တို့ကို ပြုပြင်သောနေ့၌ ရှေးဦးစွာ ညှပ်ကိုကိုင်၏။ အချင်းဂင်္ဂမာလ... အဘယ့်ကြောင့် သင်သည် မပြုဘူးသော အသစ်ဖြစ်သော အမှုကို ပြုသနည်းဟု မေးသည်ရှိသော် မြတ်သောမင်းကြီး.ဆတ္တာသည်တို့ မည်သည်ကား မပြုဘူးသော အမှုတို့ကိုလည်း ပြုကုန်၏ ဟု ဆို၍ ရှေးဦးစွာ မုတ်ဆိတ်တို့ကိုနုတ်၍ နောက်မှ ဆံရိတ်သော အမှုကို ပြုကုန်၏။ မင်းသည် ဆုကို ယူလော့ ဟု ဆို၏။ မြတ်သော မင်းကြီး အကျွန်ုပ်သည် တစ်ပါးသောဆုကို အလိုမရှိ၊ အရှင်မင်းကြီး၏ ဥဒါန်းဂါထာ၏ အနက်ကို ဟောပါကုန်လော့ဟု ဆို၏။ မင်းသည် မိမိဆင်းရဲသောကာလ၌ ပြုအပ်သည်ကို ဆိုအံ့သောငှာ ရှက်ရကား အမောင်... သင့်အား ဤဆုဖြင့် အဘယ် အကျိုးရှိအံ့နည်း၊ တစ်ပါးသောဆုကို ယူလော့ဟု ဆို၏။ မြတ်သောမင်းကြီး ထိုဆုကိုသာလျှင် ပေးတော်မူလော့ ဟု ဆတ္တာသည်သည် ဆို၏။

ဥဒယမင်းသည် မုသာဝါဒမှ ကြောက်သောကြောင့် ကောင်းပြီဟု ဝန်ခံ၍ ကုမ္မာသပိဏ္ဍိဇာတ်၌ ဆိုအပ်သောနည်းဖြင့် အလုံးစုံကိုလည်း မယုတ်စေမူ၍ ရတပလ္လင်၌ နေ၍ ဂင်္ဂမာလ... ငါသည် ရှေးဘဝ၌ ဤဗာရာဏသီပြည်၌လျှင် ဖြစ်၏ ဤသို့ အစရှိသော အလုံးစုံသောစကားကို ရှေးနည်းဖြင့် ကြား၍ ဤအကြောင်းဖြင့် ထက်ဝက်သော ဂါထာကိုဆို၍ အဆွေ ခင်ပွန်းသည်ကား ရဟန်းပြု၏။ ငါသည်ကား မေ့လျော့၍ မင်းပြု၍နေ၏။ ဤအကြောင်းဖြင့် နောက်မှ ထက်ဝက်သော ဂါထာကို ဆို၏ဟု ဥဒါန်းဂါထာ၏ အနက်ကို ဟော၏။

ဆတ္တာသည် ပစ္စေကဗုဒ္ဓါဖြစ်

ထိုစကားကိုကြား၍ ဆတ္တာသည်သည် ထက်ဝက်သောကာလ၌ စောင့်ရှောက်အပ်သော ဥပုသ်ကုသိုလ်ကံဖြင့် မင်းသည် ဤစည်းစိမ်ကို ရ၏။ ကုသိုလ်မည်သည်ကို ပြုအပ်သည်သာလျှင်ဖြစ်၏။ ငါသည် ရဟန်းပြု၍ မိမိ၏ တည်ရာကို ပြုရကား ကောင်း၏ ဟု ကြံ၍ ဆွေမျိုးစဉ်ဆက်မှလာသော စည်းစိမ်ဥစ္စာတို့ကိုစွန့်၍ မင်းကို ရဟန်းပြုခြင်းကို ခွင့်ပြုစေ၍ ဟိမ ဝန္တာသို့ သွား၍ ရသေ့ရဟန်းပြု၍ လက္ခဏာယာဉ် သုံးပါးသို့ တင်၍ ဝိပဿနာကို ပွားစေ၍ ပစ္စေကဗုဒ္ဓါအဖြစ်သို့ ရောက်၍ တန်ခိုးဖြင့် ဖြစ်သော သပိတ်သင်္ကန်း ရှိသည်ဖြစ်၍ ဂန္ဓမာဒန တောင်၌ ငါးနှစ်ခြောက်နှစ် နေ၍ ဗာရာဏသီမင်းကို ကြည့်အံ့ဟု ကောင်းကင်ဖြင့် လာ၍ ဥယျာဉ်ဝယ် မင်္ဂလာကျောက်ဖျာ၌ နေ၏။ ဥယျာဉ်စောင့်သည် မင်းအိမ်သို့သွား၍ မြတ်သောမင်းကြီး... ဂင်္ဂမာလသည် ပစ္စေကဗုဒ္ဓါဖြစ်၍ ကောင်းကင်ဖြင့် လာ၍ နေ၏ဟု မင်းအား ကြားလျှောက်၏။ မင်းသည် ထိုစကားကိုကြား၍ ပစ္စေကဗုဒ္ဓါကို ရှိခိုးအံ့ဟု လျင်မြန်စွာ ထွက်၏။ မင်း၏ မယ်တော်သည်လည်း သားနှင့်တကွ ထွက်၏။ မင်းသည် ဥယျာဉ်သို့ ဝင်၍ ပစ္စေကဗုဒ္ဓါကို ရှိခိုး၍ ပရိသတ်နှင့်တကွ တင့်အပ်လျှောက်ပတ်စွာ နေ၏။

မင်းကိုဆုံးမသော်

ပစ္စေကဗုဒ္ဓါသည် မင်းနှင့်တကွ ပဋိသန္ထာရ ပြုသည်ရှိသော် ဗြဟ္မဒတ် သင် မမေ့မလျော့မူ၍ တရားသဖြင့် မင်းပြု၏လော၊ ဒါန အစရှိသော ကောင်းမှုတို့ကို ပြုလော့ ဟု မင်းကို အမျိုးအမည်အားဖြင့် ခေါ်၍ ပဋိသန္ထာရကို ပြု၏။

မယ်တော် ဒေါသဖြစ်

ထိုစကားကိုကြား၍ မင်း၏မယ်တော်သည် ဤ အမျိုးယုတ်သော အညစ်အကြေးကို သုတ် သင်သော ဆတ္တာသည့်သားသည် ကိုယ်ကိုမသိ၊ ရေမြေ့ရှင်ဖြစ်သော ငါ့သားကို ဗြဟ္မဒတ်ဟု အမည်အားဖြင့် ခေါ်၏ ဟု အမျက် ထွက်၍-

၄၂။ တပသာ ပဇဟန္တိ ပါပကမ္မံ၊
တပသာ နှာပိတကုမ္ဘကာရဘာဝံ။
တပသာ အဘိဘုယျ ဂင်္ဂမာလ၊
နာမေနာလပသဇ္ဇ ဗြဟ္မဒတ္တ။

ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၂။ ဂင်္ဂမာလ၊ ဂင်္ဂမာလ။ သတ္တာ၊ သတ္တဝါတို့သည်။ တပသာ၊ အကျင့်ဖြင့်။ ပါပကမ္မံ၊ ယုတ်မာသောအမှုကို။ ပဇဟန္တိ၊ စွန့်ကုန်၏။ သတ္တာ၊ သတ္တဝါတို့သည်။ တပသာ၊ အကျင့်ဖြင့်။ နှာပိတကုမ္ဘကာရဘာဝံ၊ ဆတ္တာသည်, အိုးလုပ်သည်ကို ပြုတတ်သောအဖြစ်ကို။ ပဇဟန္တိ၊ စွန့်ကုန်၏။ ဂင်္ဂမာလ၊ ဂင်္ဂမာလ။ တွံ၊ သင်သည်။ အဇ္ဇ၊ ယခု။ တပသာ၊ အကျင့်ဖြင့်။ မမပုတ္တံ၊ ငါ့သားကို။ အဘိဘုယျ၊ နှိပ်စက်၍။ ဗြဟ္မဒတ္တ၊ ဗြဟ္မဒတ်။ ဣတိ၊ ဤသို့။ နာမေန၊ အမည်အားဖြင့်။ အာလပသိ၊ ခေါ်သင့်သလော။

ပစ္စေကဗုဒ္ဓါ၏ ဂုဏ်ကျေးဇူးများ

မင်းသည် မယ်တော်ကိုမြစ်၍ ပစ္စေကဗုဒ္ဓါ၏ ဂုဏ်ကျေးဇူးကို ပြလိုရကား-

၄၃။ သန္ဒိဋ္ဌိကမေဝ အမ္မ ပဿထ၊
ခန္တိသောရစ္စဿ အယံ ဝိပါကော။
ယော သဗ္ဗဇနဿ ဝန္ဒိတောဟု၊
တံ ဝန္ဒာမ သရာဇိကာ သမစ္စာ။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၃။ အမ္မ၊ မိခင်။ ယော ဝိပါကော၊ အကြင်ခန္တိ, သီလ၏ အကျိုးသည်။ အဟု၊ ဖြစ်၏။ သော ဝိပါကော၊ ထိုအကျိုးသည်။ သဗ္ဗဇနဿ၊ ခပ်သိမ်း သောသူ၏။ ဝန္ဒိတော၊ ရှိခိုးခြင်းကို ခံရသည်။ အဟု၊ ဖြစ်၏။ သရာဇိကာ၊ မင်းနှင့်တကွကုန်သော။ သမစ္စာ၊ အမတ်နှင့်တကွကုန်သော။ မယံ၊ ငါတို့သည်။ တံ၊ ထိုပစ္စေကဗုဒ္ဓါကို။ ဝန္ဒာမ၊ ရှိခိုးကုန်အံ့။ ခန္တိသောရစ္စဿ၊ သည်းခံခြင်းတရား သီလတရား၏။ သန္ဒိဋ္ဌိကမေဝ၊ မျက်မှောက်၌လျှင် ဖြစ်သောအကျိုးကို။ တုမှ၊ သင်တို့သည်။ ပသထ၊ ရှုကုန်လော့။

မင်းသည် မယ်တော်ကို မြစ်သည်ရှိသော် ကြွင်းသော လူများသည် ထ၍ "အရှင်မင်းကြီး အရှင်မင်းကြီးအား ဤသို့သဘောရှိသော အမျိုးယုတ်သော သူသည် အမည်အားဖြင့် ခေါ်ခြင်းသည် မသင့် ဟု ဆို၏။ မင်းသည် လူများကိုလည်း မြစ်၍ ပစ္စေကဗုဒ္ဓါ၏ ကျေးဇူးစကား ဆိုအံ့သောငှာ-

၄၄။ မာ.ကိဉ္စိ အဝစုတ္ထ ဂင်္ဂမာလံ၊
မုနိနံ မောနပထေသု သိက္ခမာနံ။
ဧသော ဟိ အတရိ အဏ္ဏဝံ၊
ယံ တရိတွာ စရန္တိ ဝိတသောကာ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၄၄။ အမ္ဘော၊ အချင်းတို့။ တုမှေ၊ သင်တို့သည်။ မုနီနံ၊ အဂါရိက အနဂါရိက သေက္ခ အသေက္ခ, ပစ္စေက မုနိတို့၏။ မောနပထေသု၊ သုံးပါးသောသိက္ခာ သုံးဆယ့်ခုနစ်ပါးသော ဗောဓိပက္ခိယတရားဟု ဆိုအပ်ကုန်သော ရဟန်းတို့၏ အကျင့်တို့၌။ သိက္ခမာနံ၊ ကျင့်သော။ ဂင်္ဂမာလံ၊ ဂင်္ဂမာလကို။ ကိဉ္စိ၊ တစ်စုံတစ်ခုသော စကားကိုမျှ။ မာ အဝစုတ္ထ၊ မဆိုကြကုန်လင့်။ ဝီတသောကာ၊ စိုးရိမ်ခြင်း ကင်းကုန်သော အရိယာတို့သည်။ ယံ၊ အကြင်သံသရာတည်းဟူသော သမုဒ္ဒရာကို။ တရိတွာ၊ ကူး၍။ စရန္တိ၊ သွားကုန်၏။ ဧသော၊ ဤဂင်္ဂမာလသည်။ တံ အဏ္ဏဝံ၊ ထိုသံသရာတည်းဟူသော သမုဒ္ဒရာကို။ အတရိ ဟိ၊ ကူးပြီးသလျှင်ကတည်း။

ဂန္ဓမာဒနတောင်သို့ ကြွသွားပြီ

ဤသို့ဆိုပြီး၍ မင်းသည် ပစ္စေကဗုဒ္ဓါကို ရှိခိုး၍ အရှင်ဘုရား အကျွန်ုပ်အမိအား အရှင်ဘုရားတို့သည် သည်းခံပါကုန်လော့ ဟု ဆို၏။ မြတ်သောမင်းကြီး သည်းခံ၏ ဟု ပစ္စေကဗုဒ္ဓါသည် ဆို၏။ မင်းသည် ပရိသတ်တို့ကို ကန် တော့စေ၏။ မင်းသည် မိမိကိုမှီ၍ နေစိမ့်သောငှာ ပဋိညာဉ်ကို တောင်း၏။ ပစ္စေကဗုဒ္ဓါသည် မပေးမူ၍ မင်းနှင့်တကွ ပရိသတ်မြင်စဉ်လျှင် ကောင်းကင်၌ ရပ်၍ မင်းအား အဆုံးအမကိုပေး၍ ဂန္ဒမာဒနတောင်သို့လျှင် သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သီတင်းသည်တို့ ဤသို့လျှင် ဥပုသ်သုံးခြင်းမည်သည်ကို သုံးခြင်းငှာ သင့်သလျှင်ကတည်း ဟု မိန့်တော်မူ၍ ထိုအခါ ပစ္စေကဗုဒ္ဓါသည် ပရိနိဗ္ဗာန်ပြုပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ အဍ္ဎမာသကမင်း ဖြစ်ဖူးပြီ၊ ယခုအခါ ရာဟုလမယ်တော်သည် ထိုအခါ မိဖုရားကြီးဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဥဒယမင်းဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဥပုသ်နေ့ဝက်၊ စောင့်သည့်တွက်၊ ကျိုးဆက်မင်းဖြစ်လာ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဂင်္ဂမာလဇာတ်သည် ပြီး၏။

*****

အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၆။ စေတိယဇာတ်

မမှန်သောစကားကိုပြော၍ မြေမျိုခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဓမ္မော ဟဝေ ဟတော ဟန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစေတိယဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်အား မြေမျိုခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ဒေဝဒတ်သည် မုသာဝါဒကိုဆို၍ မြေမျို၏။ ဒေဝဒတ်သည် အဝီစိသို့ လားရ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဒေဝဒုတ်ကို မြေမျိုသည် မဟုတ်သေး၊ ရှေး၌လည်း ဒေဝဒတ်ကို မြေမျိုဖူးသလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကမ္ဘာဦး၌ အသင်္ချေယျ အသက်ရှည်သော မဟာသမ္မတမည်သော မင်းသည်ရှိ၏။ ထိုမင်း၏သားကား ရောဇမည်၏။ ထိုမင်း၏သားကား ဝရရော ဇမည်၏။ ထိုမင်း၏ သားကား ကလျာဏ မည်၏။ ထိုမင်း၏ သားကား ဝရကလျာဏ မည်၏။ ထိုမင်း၏သားကား ဥပေါသထမည်၏။ ထိုမင်း၏သားကား ဝရဥပေါ

သထမည်၏။ ထိုမင်း၏သားက မန္ဓာတုမည်၏။ ထိုမင်း၏သားကား ဝရမန္ဓာတုမည်၏။ ထိုမင်း၏ သားကား ဝရ မည်၏။ ထိုမင်း၏သားကား ဥပဝရ မည်၏။ ဥပရိဝရ ဟူသော အမည်သည်လည်း ထိုဥပဝရမင်း၏ အမည်လျှင်ကတည်း။

စေတိယမင်း

ထိုဥပဝရမင်းသည် စေတိယတိုင်း သောတ္ထိယမြို့၌ မင်းပြု၏။ လေးပါးကုန်သော မင်း၏ တန်ခိုးတို့နှင့် ပြည့်စုံ၏။ ကောင်းကင်သို့ သွားနိုင်၏။ လေးယောက်ကုန်သော နတ်သားတို့သည် လေးမျက်နှာတို့၌ သန်လျက်ကို လက်၌စွဲကုန်လျက် စောင့်ကုန်၏။ ကိုယ်မှ စန္ဒကူးနံ့ လှိုင်၏။ ခံတွင်းမှ ကြာညိုနံ့ လှိုင်၏။

ထိုမင်းအား ကပိလမည်သော ပုရောဟိတ်ပုဏ္ဏားသည် ဖြစ်၏။ ကပိလပုဏ္ဏား၏ ညီကား ကောရကလမ္ဗ မည်၏။ မင်းနှင့်တကွ တစ်ဦးသော ဆရာမျိုး၌ အတတ်သင်ဘက် သူငယ်ချင်း အဆွေခင်ပွန်း ဖြစ်၏။ ထိုမင်းသည် ကောရကလမ္ဗအား ငယ်စဉ်ကာလ၌လျှင် ငါသည် မင်းအဖြစ်သို့ ရောက်သော် သင့်အား ပုရောဟိတ်အရာကို ပေးအံ့ဟု ဝန်ခံလေ၏။

ပုရောဟိတ် ရသေ့ဝတ်

ထိုမင်းသည် မင်းအဖြစ်သို့ရောက်၍ အဖ၏ ပုရောဟိတ်ဖြစ်သော ကပိလပုဏ္ဏားကို ပုရောဟိတ်အရာမှ ရွေ့စိမ့်သောငှာ မတတ်နိုင်။ မင်းသည် မိမိအား ခစားအံ့သောငှာ လာသည်ရှိသော် ထိုပုရောဟိတ်၌ ရိုသသဖြင့် ပူဇော်သော အခြင်းအရာကို ပြ၏။ ပုဏ္ဏားသည် ထိုအခြင်းအရာကို မှတ်၍ မင်းသည်ကား အရွယ်တူတို့နှင့် တကွ ချမ်းသာကို ဆောင်လျက် တင့်တယ်၏။ ငါသည် မင်းကိုပန်၍ ရဟန်းပြုအံ့ဟု ကြံ၍ မြတ်သော မင်းကြီး အကျွန်ုပ်သည် အိုပြီ၊ အိမ်၌ သားသူငယ်သည် ရှိ၏။ ထိုသားကို ပုရောဟိတ် ပြုလော့၊ အကျွန်ုပ်သည် ရဟန်းပြုအံ့ဟု မင်းကိုခွင့်တောင်း၍ သားကို ပုရောဟိတ်အရာ၌ တည်စေ၍ မင်း၏ ဥယျာဉ်သို့ဝင်၍ ရသေ့ရဟန်းပြု၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ သားကိုမှီ၍ ထိုဥယျာဉ်၌လျှင် နေ၏။

ရာထူးပေးချင်၍

ကောရကလမ္ဗ ပုဏ္ဏားသည်လည်း ဤကပိလပုဏ္ဏားကား ရဟန်းပြုသော်လည်း ငါ့အား အရာထူးကို မပေး ဟု အစ်ကို၌ ရန်ငြိုးဖွဲ့၍ တစ်နေ့သ၌ ချမ်းသာသော စကားဖြင့် နေသောအခါ မင်းသည်ကောရကလမ္ဗ သင်သည် ပုရောဟိတ်အရာကို မပြုလာဟု မေးသည်ရှိသော် အမိန့်တော်အတိုင်း အကျွန်ုပ်သည် ပုရောဟိတ်အရာကို မပြုရ ဟု ဆို၏။ အဘယ့်ကြောင့် မပြုရသနည်း ဟု မေးသည်ရှိသော် မြတ်သောမင်းကြီး... အကျွန်ုပ်အဈတို့သည် ပုရောဟိတ် ပြု၏ ဟု ဆို၏။ သင့်အစ်တို့သည် ရဟန်းပြုပြီ မဟူတ်လော ဟု ဆိုသည်ရှိသော် အမိန့်တော်အတိုင်း ရဟန်းပြု၏။ အရာအထူးကို သားအား ပေး၏ ဟု ဆို၏။ ထိုသို့တပြီးကား သင်သည် ပုရောဟိတ်ပြုလော့ ဟု ဆို၏။ မြတ်သောမင်းကြီး အနွယ်အဆက်မှ လာသော အရာအထူးကိုခံသော အကျွန်ုပ်အဈကိုကို ပယ်၍ အကျွန်ုပ်သည် ပုရောဟိတ်ပြုခြင်းငှာ မတတ်ကောင်း ဟု ကောရကလမ္ဗသည် ဆို၏။ ဤသို့ဖြစ်သည်ရှိသော် ငါသည် သင့်ကို အစ်ကိုပြု၍ သင်အစ်ကိုကို ညီပြုအံ့ဟု မင်းသည်ဆို၏။ မြတ်သောမင်းကြီး အဘယ်အကြောင်းဖြင့် ပြုအံ့နည်းဟု ကောရကလမ္ဗသည် ဆို၏။ မုသာဝါဒကိုဆို၍ ပြုအံ့ဟု မင်းသည် ဆို၏။

မုသားဆိုမည်

မြတ်သော မင်းကြီး... အရှင်မင်းကြီးတို့သည် သိတော်မမူကုန်သလော၊ အကျွန်ုပ် အစ်တို့သည် ကြီးစွာသောအံ့ဖွယ်သရဲ ကျေးဇူးနှင့် ပြည့် စုံ၏။ အတတ်ကိုဆောင်၍ ထိုအစ်တို့သည်အံ့ဖွယ်သရဲဖြစ်သော ကျေးဇူးဖြင့် အရှင်မင်းကြီးတို့ကို လှည့်စားလတ္တံ့၊ နတ်သားလေးယောက်တို့ကို ကွယ်သကဲ့သို့ ပြုအံ့၊ ကိုယ်မှလည်းကောင်း ခံတွင်းမှလည်းကောင်း ကောင်းသောအနံ့ကို မကောင်းအနံ့ကဲ့သို့ ပြုလတ္တံ့၊ ကောင်းကင်မှကျ၍ မြေ၌တည်သကဲ့သို့ ရှင်မင်းကြီးတို့ကို ပြုလတ္တံ့၊ အရှင်မင်းကြီးတို့သည် မြေသို့ ဝင်ကုန်လတ္တံ့။ ထိုအခါ အရှင်မင်းကြီးတို့သည် အရှင်မင်းကြီးတို့၏ စကား၌ တည်းခြင်းငှာ မတတ်နိုင်ကုန်လတ္တံ့ ဟု ကောရကလမ္မသည် ဆို၏။ သင်သည် ဤသို့သော အမှတ်ကိုမပြုလင့်၊ ငါသည် ပြုခြင်းငှာ တတ်နိုင်လတ္တံ့ဟု မင်းသည် ဆို၏။ မြတ်သော မင်းကြီး... အရှင်မင်းကြီးတို့သည် အဘယ်အခါ၌ ပြုကုန်လတ္တံ့နည်းဟု ကောရကလမ္ဗသည် မေ၏။ ယနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ပြုကုန်အံ့ဟု မင်းသည် ဆို၏။ ထိုစကားသည် မြို့အလုံး၌ ထင်ရှား၏။

လူအများ ကြည့်နေကြ

မင်းသည် မုသားဆို၍ အကြီးကို အငယ်၊ အငယ်ကို အကြီးပြုလတ္တံ့၊ အရာအထူးကို အငယ်အား ပေးလတ္တံ့၊ မုသာဝါဒမည်သည်ကား အဘယ်သို့ သဘောရှိသနည်း၊ ညိုသော အဆင် ရှိသလော၊ ထိုသို့မဟုတ်မူ ရွှေသော အဆင်း အစရှိသည်တို့တွင် တစ်ပါးပါးသော အဆင်းရှနသလော။ ဤသို့ လူများအား အကြံသည် ဖြစ်သတတ်။ ထိုအခါ လူများအပေါင်းသည် မှန်သော စကားကိုသာ ဆိုသောကာလ ဖြစ်သတတ်။ လူတို့သည် မုသာဝါဒကား ဤသို့သဘော ရှိကုန်၏ဟု မသိကုန်၊ ပုရောဟိတ်၏

သားသည်လည်း ထိုစကားကိုကြား၍ အဖထံသို့ သွား၍ ခမည်းတော်... မင်းသည် မုသာဝါဒကိုဆို၍ သင့်ကို အငယ်ပြု၍ သင်တို့၏ အရာအထူးကို အကျွန်ုပ်၏ ဘထွေးအား ပေးလတ္တံ့ဟု ဆို၏။ အမောင်... မင်းသည် မုသာဝါဒကို ဆို၍လည်း ငါတို့၏ အရာအထူးကို ပေးအံ့သောငှာ မတတ်နိုင်လတ္တံ့၊ အဘယ်နေ့၌ကား မုသာဝါဒကို ဆိုခြင်းကိုပြုလတ္တံ့နည်းဟု ကပိလရသေ့သည် မေး၏။ ယနေ့မှ ခုနစ်ရက်မြောက် ဖြစ်သောနေ့၌ ပြုလတ္တံ့ဟု သားသည် ဆို၏။ ထိုသို့တပြီးကား- ထိုအခါ ငါ့အား အမြန်လာ၍ ကြားလော့ ဟု ကပိလရသေ့သည် ဆို၏။ ခုနစ်ရက်မြောက် ဖြစ်သောနေ့၌ လူတို့သည် မုသာဝါဒကို ကြည့်ကုန်အံ့ဟု မင်းရင်ပြင်၌ စည်းဝေး၍ ညောင်စောင်း အဆင့်ဆင့်တို့ကို ဖွဲ့၍ တည်ကုန်၏။ ပုရောဟိတ်သားသည် အဖအား ကြား၏။

မုသား မဆိုလင့်

မင်းသည် တန်ဆာဆင်ယင်လျက် ထွက်၍ လူများအလယ် မင်းရင်ပြင်ကောင်းကင်၌ ရပ်၏။ ရသေ့သည် ကောင်းကင်ဖြင့်လာ၍ မင်း၏ရှေ့မှ နိသီဒိုင် သားရေကိုခင်း၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့သဖြင့် နေ၍ မြတ်သောမင်းကြီး... သင်သည် မုသာဝါဒကို ဆို၍ အငယ်ကို အကြီးပြု၍ အငယ်အား အရာအထူးကို ပေးလိုသောဟူသည် မှန်သလာဟု ဆို၏။ ဆရာ-မှန်၏။ ဤသို့ ငါဆို၏ ဟု မင်းသည် ဆို၏။ ထိုအခါ ရသေ့သည် ထိုမင်းကို မြတ်သောမင်းကြီး-မုသဝါဒ မည်သည်ကား အပြစ်လေး၏။ ဂုဏ်ကျေးဇူးကို ဖျက်ဆီးတတ်၏။ အပယ်လေးပါးတို့၌ ဖြစ်စေတတ်၏။ မင်းမည်သည်ကား မုသာဝါဒကို ဆိုသည်ရှိသော် တရားကို သတ်သည်မည်၏။ တရားကိုသတ်သော် မိမိသည်လျှင် မိမိကိုယ်ကို သတ်သည်မည်၏ ဟု ဆုံးမလိုရကား-

၄၅။ ဓမ္မော ဟဝေ ဟတော ဟန္တိ၊ နာဟတော ဟန္တိ ကိဉ္စနံ။
တသ္မာဟိ ဓမ္မံ န ဟနေ၊ မာ တွံ ဓမ္မော ဟတော ဟနိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဟဝေ၊ စင် စစ်။ ဟတော၊ သတ်အပ်သော။ ဓမ္မော၊ ကြီးသောသူတို့အား အရိုအသေပြုခြင်း တရားသည်။ ဟန္တိ၊ မိမိကိုယ်ကို သတ်၏။ အဟတော၊ မသတ်အပ်သော တရားသည်။ ကိဉ္စနံ၊ တစ်စုံတစ်ယောက်သောသူကို။ န ဟန္တိ၊ မသတ်။ တသ္မာ ဟိ၊ ထိုကြောင့်သာလျှင်။ ဓမ္မံ၊ တရားကို။ န ဟနေ၊ မသတ်ရာ။ ဟတော၊ သတ်အပ်သော။ ဓမ္မော၊ တရားသည်။ တွံ၊ သင့်ကို။ မာ ဟနိ၊ မသတ်စေလင့်။

ပါးစပ် ပုပ်တတ်သည်

ထို့နောင်မှာ ထိုမင်းကို မြတ်သောမင်းကြီး သင်မင်းကြီးသည် မုသားဆိုခြင်းကို အကယ်၍ ပြုလတ္တံ့၊ သင်မင်းကြီး၏ လေးပါးကုန်သော တန်ခိုးတို့သည် ကွယ်ကုန်လတ္တံ့ဟုဆို၍ အလွန်အားဖြင့် ဆုံးမလိုရကား-

၄၆။ အလိကံ ဘာသမာနဿ၊ အပက္ကမန္တိ ဒေဝတာ။
ပူတိကဉ္စ မုခံ ဝါတိ၊ သကဋ္ဌာနာ စ ဓံသတိ။
ယော ဇာနံ ပုစ္ဆိတော ပဉှံ၊ အညထာ နံ ဝိယာကရေ။

ဟူသော နှစ်ခုမြောက်ာ ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၆။ မဟာရာဇ၊ မြတ်သော မင်းကြီး။ ပဉှံ၊ ပြဿနာကို။ ပုစ္ဆိတော၊ မေးအပ်သော။ ယော၊ အကြင်မင်းသည်။ ဇာနံ၊ သိလျက်။ နံ၊ ထိုပြဿနာကို။ အညထာ၊ တစ်ပါးသော အခြင်းအရာအားဖြင့်။ ဝိယာကရေ၊ ဖြေ၏။ အလိကံ၊ မဟုတ်မမှန်သော စကားကို။ ဘာသမာနဿ၊ ဆိုသော။ တဿ၊ ထိုမင်း။ ဒေဝတာ၊ စောင့်ကုန်သော နတ်သားလေးယောက်တို့သည်။ အပက္ကမန္တိ၊ ဖဲကုန်၏။ မုခဉ္စ၊ ခံတွင်းသည်လည်း။ ပူတိကံ၊ အပုပ်အတိလျှင်။ ဝါတိ၊ လှိုင်၏။ သကဋ္ဌာနာ စ၊ မိမိ တည်ရာ ကောင်းကင်မှလည်း။ ဓံသတိ၊ မြေသို့ကျ၏။

ပထမ မုသားဆို

ထိုစကားကို ကြား၍ မင်းသည် ကြောက်ရကား ကောရကလမ္ဗကို ကြည့်၏။ ထိုအခါ မင်းကို ကောရကလမ္ဗသည် မြတ်သောမင်းကြီး မကြောက်လင့်၊ အကျွန်ုပ်သည် ရှေးမဆွကလျှင် အရှင်မင်းကြီးတို့အား ထိုစကားကို ဆိုအပ်ပြီ မဟုတ်လောဟု ဆို၏။ မင်းသည် ကပိလရသေ့စကားကို ကြားရသော်လည်း မယူမူ၍ မိမိသည် ဆိုအပ်သော စကားကိုသာလျှင် ရှေးရှုပြု၍ ဆိုလိုရကား အရှင်ဘုရား... သင်သည် ညီတည်း၊ ကောရကလမ္ဗသည် အစ်ကိုတည်း ဟူ၍ ဆို၏။

ထိုမုသာဝါဒကို ဆိုခြင်းကြောင့် လေးယောက်ကုန်သော နတ်သားတို့သည် ထိုသို့သဘောရှိသော မုသာဝါဒကို ဆိုသော မင်းအား စောင့်ရှောက်ခြင်းကို မပြုကုန်အံ့ ဟု သန်လျက်တို့ကို ထိုမင်း၏ ခြေရင်း၌ စွန့်ပစ်၍ ကွယ်ကုန်၏။ ခံတွင်းသည် ကြက်ဥပုပ်ကဲ့သို့ ကိုယ်သည် ဖွင့်အပ်သော ဝစ္စကုဋိကဲ့သို့ မကောင်းသော အနံ့သည် လှိုင်၏။ ကောင်းကင်မှလည်း ကျ၍ မြေ၌ တည်၏။ ဤလေးပါးကုန်သော တန်ခိုးတို့သည်လည်း ကွယ်ကုန်၏။ ထိုအခါ ထိုမင်းကို မဟာပုရောဟိတ်သည် မြတ်သော မင်းကြီး မကြောက်လင့်၊ မှန်သောစကားကို အကယ်၍ ဆိုငြားအံ့၊ အသင်မင်းကြီးအား ထိုအလုံးစုံသော တန်ခိုးတို့ကို ပတိပြုအံ့ ဟု ဆိုလို၍-

၄၇။ သစေဟိ သစ္စံ ဘဏသိ၊ ဟောဟိ ရာဇ ယထာ ပုရေ။
မုသာ စေ ဘာသသေ ရာဇ၊ ဘူမိယံ တိဋ္ဌ စေတိယ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၇။ စေတိယ၊ စေတိယအမည်ရှိသော။ ရာဇ၊ မင်းမြတ်။ သစ္စံ၊ မှန်သောစကားကို။ သစေ ဟိ ဘဏသိ၊ အကယ်၍ ဆိုငြားအံ့။ ပုရေယထာ၊ ရှေး၌ ကဲ့သို့။ ဟောဟိ၊ ဖြစ်လော့။ စေတိယ၊ စေတိယမည်သော။ ရာဇ၊ မင်းမြတ်။ မုသာ၊ မမှန်သောစကားကို။ စေ ဘာသသေ၊ အကယ်၍ ဆိုငြားအံ့။ ဘူမိယံ၊ မြေ၌။ တိဋ္ဌ၊ တည်လော့။

ဒုတိယမုသားဆို

ထိုပုရောဟိတ်သည် မြတ်သောမင်းကြီး... သင်သည် ရှုလော့၊ ရှေးဦးစွာ မုသားဆိုခြင်းကြောင့်လျှင် သင်မင်းကြီး၏ တန်ခိုးလေးပါးတို့သည် ကွယ်ကုန်၏။ မှတ်လော့၊ ယခုလည်း ပကတိပြုအံ့သောငှာ တတ်ကောင်း၏ ဟု ရှင်ရသေ့သည် ဆိုသော်လည်း ဆိုတိုင်းမပြုမူ၍ သင်တို့သည် ငါ့ကို လှည့်စားလိုကုန်၏ ဟု နှစ်ကြိမ်မြောက်လည်း မုသာဝါဒကိုဆို၍ ဖမျက်တိုင် အောင် မြေသို့ဝင်၏။

မိုးမကောင်းတတ်

ထိုအခါ ထိုမင်းကို တစ်ဖန်လည်း ပုဏ္ဏားကြီးသည် မြတ်သောမင်းကြီး မှတ်လော့၊ ယခုလည်း ပကတိ ပြုအံ့သောငှာ တတ်ကောင်းသေး၏ ဟု ပြလို၍-

၄၈။ အကာလေ ဝဿတိ တဿ၊
ကာလ တဿ န ဝဿတိ။
ယော ဇာနံ ပုစ္ဆိတော ပဉှံ၊ အညထာ နံ ဝိယာကရေ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၈။ မဟာရာဇ၊ မြတ်မင်းကြီး။ ယော၊ အကြင်သူသည်။ ပဉှံ၊ ပြသနာကို။ ပုစ္ဆိတော၊ မေးအပ်သည်ရှိသော်။ ဇာနံ၊ သိလျက်။ နံ၊ ထိုပြသနာကို။ အညထာ၊ တစ်ပါးသော အပြားအားဖြင့်။ ဝိယာကရေ၊ ဖြေ၏။ တဿ၊ ထိုမင်း၏။ ရဋ္ဌေ၊ တိုင်းနိုင်ငံ၌။ အကာလေ၊ အကာလ၌။ ဝဿတိ၊ မိုးရွာ၏။ တဿ၊ ထိုမင်း၏။ ရဋ္ဌေ၊ တိုင်းနိုင်ငံ၌။ ကာလေ၊ ကာလ၌။ န ဝဿတိ၊ မိုးမရွာ။

ထိုအခါ ထိုမင်းကို တစ်ဖန်လည်း မုသာဝါဒ၏ အစွမ်းအားဖြင့် ဖမျက်တိုင်အောင် မြေမျို။ ပုရောဟိတ်ကြီးသည် မြတ်သောမင်းကြီး... မှတ်လော့ ဟု ဆို၍-

၄၉။ သစေ ဟိ သစ္စံ ဘဏသိ၊
ဟောဟိ ရာဇ ယထာ ပုရေ။
မုသာ စေ ဘာသသေ ရာဇ၊ ဘူမိံ ပဝိသ စေတိယ။

ဟူသော ငါးခုမြောက်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၄၉။ စေတိယ၊ စေတိယအမည်ရှိသော။ ရာဇ၊ မင်းမြတ်။ သစ္စံ၊ မှန်သောစကားကို။ သစေ ဟိ ဘဏသိ၊ အကယ်၍ ဆိုငြားအံ့။ ပုရေ ယထာ၊ ရှေး၌ ကဲ့သို့။ ဟောတိ၊ ဖြစ်လော့။ စေတိယ၊ စေတိယ အမည်ရှိသော။ ရာဇ၊ မင်းမြတ်။ မုသာ၊ မမှန်စကားကို။ စေ ဘာသသေ၊ အကယ်၍ဆိုအံ့။ ဘူမိံ၊ မြေသို့။ ပဝိသ၊ ဝင်လော့။

တတိယမုသား

ထိုမင်းသည် သုံးကြိမ်မြောက်လည်း အရှင်ဘုရား... သင်ကား ညီတည်း၊ ကောရကလမ္မကား အစ်ကိုတည်း ဟု မုသာဝါဒကိုလျှင် ဆို၍ ပုဆစ်တိုင်အောင် မြေသို့ဝင်၏။

လျှာနှစ်ခွဖြစ်တတ်

ထိုအခါ ထိုမင်းကို တစ်ဖန်လည်း ပုရောဟိတ်ကြီးသည် မြတ်သောမင်းကြီး မှတ်လော့ ဟု ဆို၍-

၅၀။ ဇိဝှာ တဿ ဒွဓာ ဟောတိ၊ ဥရဂဿေဝ ဒိသမ္ပတိ။
ယော ဇာနံ ပုစ္ဆိတော ပဉှံ၊ အညထာ နံ ဝိယာကရေ။
၅၁။ သစေ ဟိ သစ္စံ ဘဏသိ၊
ဟောတိ ရာဇ ယထာ ပုရေ။
မုသာ စေ ဘာသသေ ရာဇ၊ ဘိယျော ပဝိသ စေတိယ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၍ ယခု ပကတိပြုအံ့သောငှာ တတ်ကောင်းသေး၏ ဟု ဆို၏။

֍ ဋ္ဌ ၅၀။ ယော၊ အကြင်မင်းသည်။ ပဉှံ၊ ပြဿနာကို။ ပုစ္ဆိတော၊ မေးအပ်သည်ရှိသော်။ ဇာနံ၊ သိလျက်။ နံ၊ ထိုပြဿနာကို။ အညထာ၊ တစ်ပါးသော အပြားအားဖြင့်။ ဝိယာကရေ၊ ဖြေ၏။ ဒိသမ္ပတိ၊ အရပ်မျက်နှာတို့ကို အစိုးရသော အရှင်မင်းကြီး။ ဥရဂဿ၊ မြွေ၏။ ဇိဝှါ ဣဝ၊ လျှာကဲ့သို့။ တဿ၊ ထိုမုသားဆိုသော မင်း၏။ ဇိဝှာ၊ လျှာသည်။ ဒွိဓာ၊ နှစ်ခွ။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၅၁။ စေတိယ၊ စေတီယအမည်ရှိသော။ ရာဇ၊ မင်းမြတ်။ သစ္စံ၊ မှန်သောစကားကို။ သစေ ဘဏသိ၊ အကယ်၍ ဆိုငြားအံ့။ ပုရေ ယထာ၊ ရှေး၌ကဲ့သို့။ ဟောဟိ၊ ဖြစ်လော့။ စေတိယ၊ စေတိယအမည်ရှိသော။ ရာဇ၊ မင်းမြတ်။ မုသာ၊ မမှန်သောစကားကို။ စေ ဘာသသေ၊ အကယ်၍ ဆိုငြားအံ့။ ဘိယျော၊ အလွန်။ ပဝိသ၊ မြေသို့ဝင်လော့။

စတုတ္ထမုသားဆို

မင်းသည် ထိုပုရောဟိတ်ကြီး၏စကားကို ကြားလျက် မယူမူ၍ အရှင်ဘုရား. သင်ကား ညီတည်း၊ ကောရကလမ္ဗက အစ်ကိုတည်း ဟု လေးကြိမ်မြောက်လည်း မုသာဝါဒကိုဆို၍ ခါး တိုင်အောင် မြေသို့ဝင်၏။

လျှာပြတ်ကျတတ်

ထိုအခါ ထိုမင်းကို ပုရောဟိတ်ကြီးသည် မြတ်သောမင်းကြီး... သင်သည် မှတ်လော့ဟု ဆို၍-

၅၂။ ဇိဝှာ တဿ န ဘဝတိ၊ မိစ္ဆဿေဝ ဒိသမ္ပတိ။
ယော ဇာနံ ပုစ္ဆိတော ပဉှံ၊ အညထာ နံ ဝိယာကရေ။
၅၃။ သစေ ဟိ သစ္စံ ဘဏသိ၊
ဟောဟိ ရာဇ ယထာ ပုရေ။
မုသာ စေ ဘာသသေ ရာဇ၊ ဘိယျော ပဝိသ စေတိယ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၅၂။ ဒိသမ္ပတိ၊ အရပ်မျက်နှာတို့၏ အရှင်ဖြစ်သော မင်းကြီး။ ယော၊ အကြင်မင်းကြီးသည်။ ပဉှံ၊ ပြ ဿနာကို။ ပုစ္ဆိတော၊ မေးအပ်သည်ရှိသော်။ ဇာနံ၊ သိလျက်။ နံ၊ ထိုပြဿနာကို။ အညထာ၊ တစ် ပါးသော အပြားအားဖြင့်။ ဝိယာကရေ၊ ဖြေ၏။ မစ္ဆဿ၊ ငါးအား။ ဇိဝှာ၊ လျှာသည်။ န ဘဝတိ၊ မဖြစ်သကဲ့သို့။ တဿ၊ ထိုမုသားဆိုသော မင်းအား။ ဇိဝှာ၊ လျှာသည်။ န ဘဝတိ၊ မဖြစ်။

֍ ဋ္ဌ ၅၃။ စေတိယ၊ စေတိယအမည်ရှိသော မြတ်သောမင်းကြီး။ သစ္စံ၊ မှန်သောစကားကို။ သစေ ဘဏသိ၊ အကယ်၍ ဆိုငြားအံ့။ ပုရေယထာ၊ ရှေး၌ကဲ့သို့။ ဟောတိ၊ ဖြစ်လော့။ စေတိယ၊ စေတိယ အမည်ရှိသော။ ရာဇ၊ မင်းမြတ်။ မုသာ၊ မမှန်သောစကားကို။ စေ ဘာသသေ၊ အကယ်၍ ဆိုငြားအံ့။ ဘိယျော၊ အလွန်။ ပဝိသ၊ မြေသို့ဝင်လော့။

ပဉ္စမမုသားဆို

ထိုမင်းသည် ငါးကြိမ်မြောက်လည်း အရှင်ဘုရား... သင်ကား ညီတည်း၊ ကောရကလမ္ဗကား အစ်ကိုတည်း ဟု ဆို၍ ချက်တိုင်အောင် မြေသို့ ဝင်၏။

သားယောက်ျားမရတတ်

ထိုအခါ ထိုမင်းကို ပုရောဟိတ်ပုဏ္ဏားသည် တစ်ဖန်လည်း မြတ်သောမင်းကြီး မှတ်လော့ ဟု ဆို၍-

၅၄။ ထိယောဝ တဿ ဇာယန္တိ၊
န ပုမာ ဇာယရေ ကုလေ။
ယော ဇာနံ ပုစ္ဆိတော ပဉှံ၊ အညထာ နံ ဝိယာကရေ။
၅၅။ သစေ ဟိ သစ္စံ ဘဏသိ၊
ဟောဟိ ရာဇ ယထာ ပုရေ။
မုသာ စေ ဟာသသေ ရာဇ၊ ဘိယျာ ပဝိသ စေတိယ။

ဟူသော ဤနှစ်ဂါထာတို့ကိုဆို၏။

֍ ဋ္ဌ ၅၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော၊ အကြင်မင်းသည်။ ပဉှံ၊ ပြဿနာကို။ ပုစ္ဆိတော၊ မေးအပ်သည်ရှိသော်။ ဇာနံ၊ သိလျက်။ နံ၊ ထိုပြဿနာကို။ အညထာ၊ တစ်ပါးသော အပြားအားဖြင့်။ ဝိယာကရေ၊ ဖြေ၏။ တဿ၊ ထိုမုဆိုသောမင်း၏။ ကုလေ၊ အမျိုး၌။ ထိယောဝ၊ သမီးမိန်းမတို့သည်သာလျှင်။ ဇာယန္တိ၊ ဖွားကုန်၏။ ပုမာ၊ သားယောကျ်ားတို့သည်။ န ဇာယရေ၊ မဖွားကုန်။

֍ ဋ္ဌ ၅၅။ စေတိယ၊ စေတိယအမည်ရှိသော။ ရာဇ၊ မင်းမြတ်။ သစ္စံ၊ မှန်သောစကားကို။ သစေ ဟိ ဘဏသိ၊ အကယ်၍ ဆိုသည်ဖြစ်အံ့။ ပုရယထာ၊ ရှေး၌ ကဲ့သို့။ ဟောဟိ၊ ဖြစ်လော့။ စေတိယ၊ စေတိယအမည်ရှိသော။ ရာဇ၊ မင်းမြတ်။ မုသာ၊ မမှန်သောစကားကို။ စေ ဘာသသေ၊ အကယ်၍ ဆိုသည်ဖြစ်အံ့။ ဘိယျာ၊ လွန်စွာ။ ပဝိသ၊ မြေသို့ဝင်လော့။

ဆဋ္ဌမမုသားဆို

မင်းသည် ထိုပုရောဟိတ်စကားကို မယူမူ၍ ခြောက်ကြိမ်မြောက် ရှေးအတူလျှင် မုသားဆို၍ သားမြတ်တိုင်အောင် မြေသို့ဝင်၏။ ထိုအခါ ထိုမင်းကို တစ်ဖန်လည်း ပုရောဟိတ်ကြီးသည် မြတ်သောမင်းကြီး... မှတ်လော့ ဟု ဆို၍ -

၅၆။ ပုတ္တာ တဿ န ဘဝန္တိ၊ ပက္ကမန္တိ ဒိသောဒိသံ။
ယော ဇာနံ ပုစ္ဆိတော ပဉှံ၊ အညထာ နံ ဝိယာကရေ။
၅၇။ သစေ ဟိ သစ္စံ ဘဏသိ၊
ဟောဟိ ရာဇ ယထာ ပုရေ။
မုသာ စေ ဘာသသေ ရာဇ၊ ဘိယျာ ပဝိသ စေတိယ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၅၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော၊ အကြင်မင်းသည်။ ပဉှံ၊ ပြဿနာကို။ ပုစ္ဆိတော၊ မေးအပ်သည်ရှိသော်။ ဇာနံ၊ သိလျက်။ နံ၊ ထိုပြဿနာကို။ အညထာ၊ တစ်ပါးသော အပြားဖြင့်။ ဝိယာကရေ၊ ဖြေ၏။ တဿ၊ ထိုမုသားဆိုသော မင်းအား။ ပုတ္တာ၊ သားတို့သည်။ န ဘဝန္တိ၊ မဖြစ်ကုန်။ ဘဝန္တာပိ၊ ဖြစ်ကုန်ငြားသော်လည်း။ မာတာပိတူနံ၊ မိဘတို့အား။ အနုပကာရကာ၊ ကျေးဇူးမပြုကုန်သည် ဖြစ်၍။ ဒိသောဒိသံ၊ ထိုထိုအရပ်မျက်နှာသို့။ ပက္ကမန္တိ၊ ပြေးကုန်၏။

֍ ဋ္ဌ ၅၇။ စေတိယ၊ စေတိယအမည်ရှိသော။ ရာဇ၊ မင်းမြတ်။ သစ္စံ၊ မှန်သောစကားကို။ သစေ ဟိ ဘဏသိ၊ အကယ်၍ ဆိုငြားအံ့။ ပုရေ ယထာ၊ ရှေး၌ ကဲ့သို့။ ဟောဟိ၊ ဖြစ်လော့။ စေတိယ၊ စေတိယ အမည်ရှိသော။ ရာဇ၊ မင်းမြတ်။ မုသာ၊ မမှန်သော စကားကို။ စေ ဘာသသေ၊ အကယ်၍ ဆိုငြားအံ့။ ဘိယျာ၊ အလွန်။ ပဝိသ၊ မြေသို့ဝင်လော့။

သတ္တမ မုသားဆို

ထိုမင်းသည် ယုတ်မာသော အဆွေခင်ပွန်းနှင့် ပေါင်းဖက်ခြင်းဟူသော အပြစ်ကြောင့် ပုရောဟိတ်၏ စကားကို မယူမူ၍ ခုနစ်ကြိမ်မြောက်လည်း ရှေးအတူလျှင် မုသားဆို၏။

မြေမျိုခံရပြီ

ထိုအခါ ထိုမင်းအား မြေသည် ဟင်းလင်းသော အပြင်ကို ပေး၏။ အဝီစိမှ မီးလျံသည် တက်၍ယူ၏။ သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၅၈။ သ ရာဇာ ဣသိနာ သတ္တော၊ အန္တလိက္ခစရော ပုရေ။
ပါဝေက္ခိ ပထိံ ဇစ္စော၊ ဟီနတ္ထော ပတွပရိယာယံ။
၅၉။ တသ္မာ ဟိ ဆန္ဒာဂမနံ၊ နပ္ပသံသန္တိ ပဏ္ဍိတာ။
အဒုဋ္ဌစိတ္တော ဘာသေယျ၊ ဂိရံ သစ္စူပသံဟိတံ။

֍ ဋ္ဌ ၅၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ဇစ္စော၊ အမျိုးမြတ်သော။ သ သော ရာဇာ၊ ထိုစေတိယမင်းသည်။ ပုရေ၊ ရှေး၌။ အန္တလိက္ခစရော၊ ကောင်းကင်၌ သွားသည်ဖြစ်လျက်။ ပစ္ဆာ၊ နောက်မှ။ ဣသိနာ၊ ရသေ့ကို။ သတ္တော-အဘိသတ္တော၊ ဆဲရေး၍။ ဟီနတ္တော၊ ယုတ်သော သဘောရှိသည်ဖြစ်၍။ ပတ္တပရိယာယံ၊ မိမိသေလှည့်ရောက်၍။ ပထဝိံ၊ မြေသို့။ ပါဝေက္ခိ၊ ဝင်ဖူးပြီ။

အဂတိ မလိုက်စားအပ်

֍ ဋ္ဌ ၅၉။ တသ္မာဟိ၊ ထို့ကြောင့်လျှင်။ ပဏ္ဍိတာ၊ ပညာ ရှိတို့သည်။ ဆန္ဒာဂမနံ၊ ဆန္ဒာဂတိလားခြင်းကို။ နပ္ပသံသန္တိ၊ မချီးမွမ်းကုန်။ အဒုဋ္ဌစိတ္တော၊ ဆန္ဒာဂတိ အစရှိသည်သည် မဖျက်ဆီးအပ်သော စိတ်ရှိသည်ဖြစ်၍။ သစ္စူပသံဟိတံ၊ သစ္စာနှင့်စပ်သော။ ဂိရံ၊ စာကို။ ဘသေယျ၊ ဆိုရာ၏။

မြို့သစ်များ တည်ခြင်း

လူများသည် စေတိယမင်းကား ရသေ့ကို ဆဲရေး၍ မုသာဝါဒကို ဆို၍ အဝီစိသို့ရောက်၏ ဟု ထိတ်လန့်ခြင်းသို့ ရောက်၏။ မင်း၏ သားငါးယောက်တို့သည် လာ၍ ဘုရားလောင်း၏ ခြေတို့၌ဝပ်၍ အကျွန်ုပ်တို့၏ ကိုးကွယ်ရာ ဖြစ်ပါလော့ဟု ဆိုကုန်၏။ ဘုရားလောင်းသည် အမောင်တို့ သင်တို့အဖသည် တရားကို ဖျက် ဆီး၍ မုသားဆို၍ ရသေ့ကို ဆဲရေး၍ အဝီစိ၌ ဖြစ်၏။ ဤတရားမည်သည်ကား မိမိကို သတ်သောသူကို သတ်တတ်၏။ သင်တို့သည် ဤအရပ်၌ နေခြင်းငှာ မတတ်ကောင်း ဟု ဆို၍ ထိုမင်းသားတို့တွင်-

အကြီးဆုံးဖြစ်သော မင်းသားကို အမောင်... သင်သည် လာလော့၊ အရှေ့တံခါးဖြင့်ထွက်၍ ဖြောင့်စွာသွား၍ အလုံးစုံဖြူသော ဆင်ရတနာကို မြင်လတ္တံ့၊ ထိုအမှတ်ဖြင့် ထိုအရပ်၌ မြို့တည်၍ နေလော့၊ ထိုမြို့သည် ဟတ္ထိပုရမြို့ ဖြစ်လတ္တံ့ ဟု ဆို၏။

နှစ်ယောက်မြောက်ဖြစ်သော မင်းသားကို ခေါ်၍ အမောင်... သင်သည် တောင်တံခါးဖြင့်ထွက်၍ ဖြောင့်စွာသွားသည်ရှိသော် အလုံးစုံသော မြင်းရတနာကို မြင်ရလတ္တံ့၊ ထိုအမှတ်ဖြင့် ထိုအရပ်၌ မြို့တည်၍ နေလော့၊ ထိုမြို့သည် အဿပုရမည်သောမြို့ ဖြစ်လတ္တံ့ဟု ဆို၏။

သုံးယောက်မြောက်သော မင်းသားကိုခေါ်၍ အမောင်... သင်သည် အနောက်တံခါးဖြင့် ထွက်၍ ဖြောင့်စွာ သွားသည်ရှိသော် ကေသရရာဇာ ခြင်္သေ့ကို မြင်လတ္တံ့၊ ထိုအမှတ်ဖြင့် ထိုအရပ်၌ မြို့တည်၍ နေလော့။ ထိုမြို့သည် သီဟပုရ မည်သောမြို့ ဖြစ်လတ္တံ့ ဟု ဆို၏။

လေးယောက်မြောက်ဖြစ်သော မင်းသားကို ခေါ်၍ အမောင် သင်သည် မြောက်တံခါးဖြင့် ထွက်၍ ဖြောင့်စွာ သွားသည်ရှိသော် အလုံးစုံသော ရတနာဖြင့်ပြည့်သော ရထားလှည်းအိမ်ကို မြင်လတ္တံ့၊ ထိုအမှတ်ဖြင့် ထိုအရပ်၌ မြို့တည်၍ နေလော့၊ ထိုမြို့သည် ဥတ္တရပဉ္စာလမည်သောမြို့ ဖြစ်လတ္တံ့ဟု ဆို၏။

ငါးယောက်မြောက်ဖြစ်သော မင်းသားကို ခေါ်၍ အမောင်... သင်သည် ဤအရပ်၌ နေခြင်းငှာ မတတ် ကောင်း၊ ဤမြို့၌ ကြီးစွာသော စေတီကို တည်၍ ဤမြို့မှထွက်၍ အနောက် မြောက် အရပ်သို့ ဖြောင့်စွာ သွားသည်ရှိသော် အချင်းချင်း ခတ်၍ ခတ်၍ ဒဒ္ဒရဟူသော အသံကို ပြုကုန်သော တောင်နှစ်ခုကို့ကို မြင်လတ္တံ့၊ ထိုအမှတ်ဖြင့် ထိုအရပ်၌ မြို့တည်၍ နေလော့၊ ထိုမြို့သည် ဒဒ္ဒပုရ မည်သောမြို့ ဖြစ်လတ္တံ့ဟု ဆို၏။

ထိုငါးယောက်ကုန်သော မင်းသားတို့သည် ထိုအမှတ်သညာဖြင့် သွား၍ ထိုထိုအရပ်၌ မြို့တို့ကို တည်၍ နေကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ... ဒေဝဒတ်သည် ယခုအခါ၌ သာလျှင် မုသားဆို၍ မြေမျိုသည် မဟုတ်သေး၊ ရှေး၌လည်း မုသားဆို၍ မြေမျိုးဖူးသလျှင်ကတည်းဟု မိန့်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ စေတိယမင်း ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကပိလပုဏ္ဏားဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ်နှင့်ခံတွင်း၊ ပုပ်နံခြင်း၊ လိမ်ခြင်း မုသားအကျိုးတည်း

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော စေတိယဇာတ်သည် ပြီး၏။

*****

အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၇။ ဣန္ဒြိယဇာတ်

ကာမဂုဏ်တို့၏ အလိုသို့ မလိုက်သင့်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယော ဣန္ဒြိယာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဣန္ဒြိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖျားယောင်းသော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သာဝတ္ထိပြည်၌ တစ်ယောက်သော အမျိုး သားသည် သဗ္ဗညူ မြတ်ဘုရား၏ တရားတော်ကို နာရ၍ စင်စစ် ပြည့်စုံသော, စင်စစ် ဖြူစင်သော မြတ်သော အကျင့်ကို အိမ်ရာထောင်သော လူ၏ဘောင်၌နေသဖြင့် ကျင့်အံ့သောငှာ မတတ် ကောင်း၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သဗ္ဗညူ မြတ်စွာဘုရား သာသနာတော်၌ ရဟန်းပြု၍ ဆင်းရဲ၏ အဆုံးကိုပြုအံ့ဟု အိမ်ရာ စည်းစိမ် ဥစ္စာကို သားမယားတို့အား ဆောင်နှင်း၍ သဗ္ဗညူ မြတ်စွာဘုရားအား ရဟန်းအဖြစ်ကို တောင်းသတတ်။ သဗ္ဗညူ မြတ်စွာဘုရားသည်လည်း ထိုအမျိုးသားအား ရဟန်းအဖြစ်ကို ပေးစေတော်မူ၏။

ဆွမ်းခံမရ၍

ဆရာဥပဇ္ဈာယ်တို့နှင့်တကွ ဆွမ်းခံအပ်သော ထိုရဟန်းအား သီတင်းသိက္ခာ ငယ်သည်အဖြစ်ကြောင့်လည်းကောင်း၊ ရဟန်းတို့ များသည်၏ အဖြစ်ကြောင့်လည်းကောင်း ဒါယကာတို့၏ အိမ် ၌လည်းကောင်း၊ ဆွမ်းစားဇရပ်၌လည်းကောင်း နေရာသို့ မရောက်။ သံဃာတို့၏ အစွန်၌ အင်း ပျဉ်သို့လည်းကောင်း၊ ပျဉ်ချပ်သို့လည်းကောင်း ရောက်၏။ အာဟာရ၌လည်း ယောက်မအပြင်ဖြင့် ခပ်အပ်သော ကြေကွဲသော ထမင်းလုံးရှိသော ပအုံးရည်သည်လည်းကောင်း၊ ယာဂုသည်လည်းကောင်း ပုပ်သိုးသော ခြောက်သော ခဲဖွယ်သည်လည်းကောင်း၊ ချိုးကပ်သော ခြောက်သော ဆွမ်းသည်လည်းကောင်း ရောက်၏။ မျှလောက် ရုံမျှလျှင် မရောက်။

မယားဟောင်းထံသွား

ထိုရဟန်းသည် မိမိရသော အာဟာရကိုယူ၍ မယားဟောင်း အထံသို့သွား၏။ ထိုအခါ ထိုရဟန်း၏ သပိတ်ကို မယားဟောင်းသည် ယူ၍ ရှိခိုး၍ သပိတ်မှဆွမ်းကို ထုတ်၍ ကောင်းစွာ စီရင်အပ်ကုန်သော ယာဂု ဆွမ်း ဟင်းလျာတို့ကို ပေး၏။ ရဟန်းကြီးသည် ရသတဏှာဖြင့် ဖွဲ့အပ်သည်ဖြစ်၍ မယားဟောင်းကို စွန့်အံ့သောငှာ မတတ်နိုင်။ ထိုမိန်းမသည် ဤရဟန်းကို နှောင်ဖွဲ့အပ်သည်လော၊ မဖွဲ့အပ်သည်လော၊ စုံစမ်းအံ့ဟု တစ်နေ့သ၌ ဇနပုဒ်သား လူကို မြေဖြူ၊ မြေညက်ဖြင့် ရေချိုးစေ၍ အိမ်၌နေစေ၍ ထိုလူ၏ အခြံအရံဖြစ်ကုန်သော နှစ်ယောက် သုံးယောက်ကုန်သော လူတို့ကို ခေါ်စေ၍ အတန် ငယ် အတန်ငယ် သောက်ဖွယ် စားဖွယ်တို့ကို ပေးစေ၏။ ထိုလူတို့သည် ခဲကုန် စားကုန်လျက် နေကုန်၏။ အိမ်တံခါးဝယ် လှည်းတို့၌ နွားတို့ကို က, စေ၍ တစ်ခုသော လှည်းကိုလည်း ထားစေ၏။ မိမိသည်ကား အိမ်မှ နောက်ဖြစ်သော တိုက်ခန်း၌နေ၍ မုန့်တို့ကို ကြော်၏။ ရဟန်းကြီးသည် လာ၍ အိမ်တံခါး၌ ရပ်၏။

လှည့်စားခံရ

ထိုရဟန်းကြီးကိုမြင်၍ တစ်ယောက်သော ကြီးသော ယောက်ျားသည် ရှင်မ မဟာထေရ်တစ်ပါးသည် အိမ်တံခါး၌ ရပ်၏ ဟု ဆို၏။ ရှိခိုး၍ ကျွန်ုပ်တို့၏ အိမ်မှထွက်၍ တစ်ပါးသောအိမ်၌ ဆွမ်းခံပါလော ဟု လျောက်လော့ဟု မိန်းမသည် ဆို၏။ အရှင်ဘုရား တစ်ပါးသော

အိမ်၌ ဆွမ်းကို ခံပါဟု အဖန်တလဲလဲ ဆို၍လည်း မသွားသော ထိုရဟန်းကြီးကို ယောကျ်ားအိုသည် မြင်၍ ရှင်မမထေရ်သည် တစ်ပါးသို့ မကြွဟု ဆို၏။ ထိုမိန်းမသည် လာလတ်၍ တင်းတိမ်ကို ပင့်၍ ကြည့်လျက် အိုဖခင်... ငါတို့၏ လင်တည်းဟု ဆို၍ ထွက်၍ သပိတ်ကိုယူ၍ အိမ်သို့သွင်း၍ ဆွမ်းကိုလုပ်ကျွေး၍ ဆွမ်းစားပြီးသည်၏ အဆုံး၌ ရှိခိုး၍ အရှင်... အရှင်ဘုရားတို့သည် ဤသာဝတ္ထိပြည်၌လျှင် ပရိနိဗ္ဗာန် ပြုရစ်ကုန်လော့၊ အကျွန်ုပ်တို့သည် ဤမျှသောကာလ၌ တစ်ပါးသောအမျိုးကို ယူကုန်အံ့၊ လင်မရှိသောအိမ်၌ အိမ်ထောင်သည် မတည်နိုင်၊ အကျွန်ုပ်တို့သည် တစ်ပါးသော အမျိုးကို ကုန်အံ့၊ ဝေးသေဇနပုဒ်သို့ သွားကုန်အံ့၊ အရှင်ဘုရားတို့သည် မမေ့မလျော့ ဖြစ်ရစ်ကြကုန်လော့၊ အကျွန်ုပ်အား အပြစ်ဒေါသသည် အကယ်၍ ရှိငြားအံ့၊ ထိုအပြစ်ကို သည်းခံပါကုန်လော့ ဟု ဆို၏။ ရဟန်းကြီး၏ နှလုံးသည် ကွဲသော ကာလကဲ့သို့ ဖြစ်၏။

လူထွက်တော့မည်

ထိုအခါ ထိုရဟန်းကြီးသည် ထိုမိန်းမကို ငါသည် သင့်ကိုစွန့်ခြင်းငှာ မတတ်နိုင်၊ မသွားလေလင့် လူထွက်အံ့၊ ဤမည်သောအရပ်၌ ငါ့အား ပုဆိုးကို ပေးလာလော့၊ ငါသည် သပိတ်သင်္ကန်းကို ဆရာဥပဇ္ဈာယ်တို့အားအပ်၍ လာအံ့ ဟု ဆို၏။ ထိုမိန်းမသည် ကောင်းပြီဟု ဝန်ခံ၏။

ဘုရားရှင်ထံရောက်

ရဟန်းကြီးသည် ကျောင်းသို့သွား၍ ဆရာဥပဇ္ဈာယ်တို့အား သပိတ်သင်္ကန်းကို အပ်၏။ ငါ့ရှင် အဘယ့်ကြောင့် ဤသို့ပြုသနည်း ဟု မေးသည်ရှိသော် မယားဟောင်းကို စွန့်အံ့သောငှာ မတတ်နိုင်၊ လူထွက်အံ့ဟု ဆို၏။ ထိုအခါ ထိုရဟန်းကြီးကို အလိုမရှိဘဲလျက်လျှင် ဆရာဥပဇ္စျာယ်တို့သည် ဘုရားအထံသို့ ဆောင်၍ ရဟန်းတို့. အဘယ့်ကြောင့် အလိုမရှိသည်လျှင်ဖြစ်သော ဤရဟန်းကို ဆောင်ခဲ့ကုန်သနည်း ဟု မိန့်တော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား... ဤရဟန်းကြီးသည် ငြီးငွေ့၍ လူထွက်လို၏ ဟု လျှောက်ကုန်၏။ ထိုအခါ ထိုရဟန်းကြီးကို သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်း... ငြီးငွေ့သော ဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား... မှန်ပေ၏ဟု နားတော်လျှောက်၏။ အဘယ်သူသည် သင့်ကို ငြီးငွေ့စေသနည်း ဟု မိန့်တော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား... မယား၊ ဟောင်းသည် ငြီးငွေ့စေ၏ဟု နားတော်လျှောက်သည် ရှိသော် ရဟန်း... ထိုမိန်းမသည် ယခုအခါ၌ သာလျှင် သင်၏ အကျိုးမဲ့ကိုပြုသည် မဟုတ်သေး၊ ရှေး၌လည်း သင်၏အကျိုးမဲ့ကို ပြုဖူးသလျှင်ကတည်း၊ သင်သည် ထိုမိန်းမကိုမှီ၍ လေးပါးသောဈာန်မှ ယုတ်၍ ကြီးစွာသော ဆင်းရဲသို့ရောက်၍ ငါ့ကိုမှီ၍ ထိုဆင်းရဲမှလွတ်၍ ပျောက်သောဈာန်ကို တစ်ဖန် ရဖူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ကို စွဲ၍ ပုရောဟိတ်၏ ပုဏ္ဏေးမဝမ်း၌ ဖြစ်၏။ ဘုရားလောင်း၏ ဖွားသောနေ့၌လည်း မြို့အလုံး၌ လက်နက်တို့သည် ထွန်းပကုန်၏။ ထို့ကြောင့် ဘုရားလောင်းအား ဇောတိပါလဟူသော အမည်ကို မှည့်ကုန်၏။

သရဘင်္ဂရသေ့

ထိုဇောတိပါလ လုလင်သည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်း သော အတတ်တို့ကို သင်၍ မင်းအား အတတ်ကိုပြ၍ စည်းစိမ်ကိုပယ်၍ တစ်စုံတစ်ယောက်သော သူကို မသိစေမူ၍ မြတ်သော တံခါးဖြင့်ထွက်၍ တောသို့ဝင်၍ သိကြားပေးသော ကဝိဋ္ဌကမည်သော ကျောင်း၌ ရသေ့ရဟန်းပြု၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၏ ထိုကဝိဋ္ဌကကျောင်း၌ သီတင်းသုံးနေသော ဘုရားအလောင်းကို များစွာကုန်သော ရသေ့အရာတို့သည် ခြံရံကုန်၏။ များစွာသော အစည်းအဝေးသည်ဖြစ်၏။ တပည့်ကြီး ခုနစ်ယောက်တို့သည် ရှိကုန်၏။

တပည့်ရသေ့များ

ထိုတပည့်ကြီးတို့တွင် သာလိဿရမည်သော ရသေ့သည် မိမိကျောင်းမှထွက်၍ အရှေ့ဇနပုဒ်၌ သတောဒိကမည်သော မြစ်၏အနား၌ အထောင်မကသော ရသေ့တို့သည် ခြံရံအပ်သည်ဖြစ်၍ နေ၏။

မေဏ္ဍိဿရမည်သော ရသ့သည် ပဉ္စာလမင်းနိုင်ငံ၌ ကလဗ္ဗစူဠကမည်သော နိဂုံးကိုမှီ၍ အထောင်မကသော ရသေ့တို့သည် ခြံရံအပ်သည်ဖြစ်၍နေ၏။

ပဗ္ဗတအမည်ရှိသော ရသေ့သည် တစ်ခုသော တောအုပ် ဇနပုဒ်ကိုမှီ၍ အထောင်မကသော ရသေ့တို့သည် ခြံရံအပ်သည်ဖြစ်၍နေ၏။

ကာဠဒေဝိလမည်သော ရသေ့သည် အဝန္တိဒက္ခိဏာပထ၌ တစ်ခဲနက်သော တောင်ကို အမှီ ပြု၍ အထောင်မကသော ရသေ့တို့သည် ခြံရံအပ်ကုန်သည်ဖြစ်၍ နေ၏

ကိသဝစ္ဆမည်သော ရသေ့သည် တစ်ယောက် တည်းသာလျှင် ဒဏ္ဍကီမင်း၏ ကုမ္ဘဝတီမြို့ကိုမှီ၍ ဥယျာဉ်၌ နေ၏။

အနုပိယရသေ့သည်ကား ဘုရားလောင်းအား လုပ်ကျွေးလျက် ဘုရားလောင်း၏အထံ၌ နေ၏။

နာရဒရသေ့ ငြီးငွေ့

ကာဒေဝိလရသေ့၏ ညီဖြစ်သော နာရဒရသေ့သည်ကား မဇ္ဈိမဒေသ၌ အာရဉ္ဇရဂိရိမည်သော တောင်ကွန်ရက်အကြား၌ တစ်ပါးတည်းသာလျင် တစ်ခုသာလိုဏ်၌ နေ၏။ အာရဉ္ဇရဂိရိတောင်၏ အနီး၌ တစ်ခုသော ပြွမ်းသော လူရှိသော နိဂုံးသည် ရှိ၏။ အာရဉ္ဇရဂိရိတောင်နိဂုံး၏ အကြား၌ ကြီးသောမြစ်သည် ရှိ၏။ ထိုမြစ်ကို များစွာကုန်သော လူတို့သည် ကူးကုန်၏။ မြတ်သောအဆင်းကို ဆောင်ကုန်သော ပြည့်တန်ဆာမတို့သည်လည်း ယောက်ျားတို့ကို ဖျားယောင်းကုန်လျက် ထိုမြစ်ကမ်း၌ နေကုန်၏။ နာရဒရသေ့သည် ထိုပြည့်တန်ဆာမတို့တွင် တစ်ယောက်သော ပြည့်တန်ဆာမကိုမြင်၍ တပ်စွန်းသေးစိတ် ရှိသည်ဖြစ်၍ ဈာန်ကိုကွယ်စေ၍ အာဟာရကို မသုံးဆောင်ဘဲ ခြောက်ကပ်သော ကိုယ်ရှိသည်ဖြစ်၍ ကိလေသာ၏ အလိုသို့လိုက်၍ ခုနစ်ရက်ပတ်လုံး လျောင်း၍ အိပ်၏။ ထိုနာရဒရသေ့၏ အစ်ကိုဖြစ်သော ကာဠဒေဝိလရသေ့သည် ဆင်ခြင်လတ်သော် ထိုအကြောင်းကို သိလေ၍ ကောင်းကင်ဖြင့်လာ၍ လိုဏ်သို့ဝင်၏။ နာရဒရသေ့သည် ကာဠဒေဝီလရသေ့ကို မြင်၍ အဘယ်ကြောင့် အရှင်လာသနည်း ဟု မေး၏။ အရှင်သည် မချမ်းသာ၊ အရှင့်ကို ကုစားအံ့သောငှာ လာ၏ဟု ဆို၏။ ထိုအခါ ကာဠဒေဝီလရသေ့ကို နာရဒရသေ့သည် အရှင်သည် မဟုတ်မမှန်သောစကားကို ဆို၏ဟု မုသာဝါဒဖြင့် နှိပ်လေ၏။ ကာဠဒေဝိလ ရသေ့သည် နာရဒရသေ့ကို စွန့်ခြင်းငှာ မသင့်ဟု သာလိဿရ ရသေ့ကို ပင့်ဆောင်၏။ မဏ္ဍိဿရ ရသေ့ကိုလည်း ပင့်ဆောင်၏။ ပဗ္ဗတ ရသေ့ကိုလည်း ပင့်ဆောင်လေ၏။ သုံးပါးကုန်သော ရသေ့တို့ကိုလည်း မုသာဝါဒဖြင့် နှိပ်လေ၏။ ကာဠဒေဝိလ ရသေ့သည် သရဘင်္ဂဆရာကို ပင့်ဆောင်အံ့ဟု ကောင်းကင်ဖြင့် သွားပြီး၍ သရဘင်္ဂဆရာကို ပင့်ဆောင်၏။

ကာမသည် ဆင်းရဲစေ၏

သရဘင်္ဂဆရာသည် လာလတ်၍လျှင် နာရဒရသေ့ကိုမြင်၍ ဣန္ဒြေတို့၏ အလိုသို့ လိုက်၏ ဟု သိ၍ နာရဒ... သင်သည် ဣန္ဒြေ၏အလိုသို့ လိုက်သလောဟု မေး၏။ နာရဒရသေ့သည် ထိုစကားကို ကြား၍လျှင် ထ၍ ရှိခိုး၍ ဆရာ... အကျွန်ုပ်သည် ဣန္ဒြေတို့၏အလိုသို့ လိုက်၏ဟုဆိုသည်ရှိသော် နာရဒ ဣန္ဒြေတို့၏ အလိုသို့ လိုက်သောသူမည်သည်ကား ဤကိုယ်၏အဖြစ်၌ ခြောက်ကပ်ကုန်လျက် ဆင်းရဲကိုခံရကုန်၍ နှစ်ခုမြောက်သော ကိုယ်၏ အဖြစ်၌ ငရဲ၌ဖြစ်ကုန်၏ ဟု ဆိုလို၍ -

၆၀။ ယော ဣန္ဒြိယာနံ ကာမေန၊ ဝသံ နာရဒ ဂစ္ဆတိ။
သော ပရိစ္စဇ္ဇုဘော လောကေ၊ ဇိဝန္တောဝ ဝိသုဿတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၆၀။ နာရဒ၊ နာရဒ။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ ကာမေန၊ ကိလေသာကာမ၏ အစွမ်းအားဖြင့်။ ဣန္ဒြိယာနံ၊ ဣန္ဒြေတို့၏။ ဝသံ၊ အလိုသို့။ ဂစ္ဆတိ၊ လိုက်မှား၏။ သော၊ ထိုယောကျ်ားသည်။ ဥဘော လောကေ၊ နှစ်ပါးကုန်သော လူ့ပြည်နတ်ပြည်တို့ကို။ ပရိစ္စဇ္ဇ၊ စွန့်၍။ နိရယာဒီသု၊ ငရဲအစရှိသည်တို့၌။ နိဗ္ဗတ္တတိ၊ ဖြစ်၏။ ဇီဝန္တောဝ၊ အသက်ရှင်စဉ်လျှင်။ ဝိသုဿတိ၊ ကြီးစွာသော ဆင်းရဲခြင်းသို့ရောက်၏။

ကာမဆင်းရဲပုံ

ထိုစကားကိုကြား၍ နာရဒရသေ့သည် ဆရာ ကာမကို မှီဝဲခြင်းမည်သည်ကား ချမ်း သာ၏။ ဤသို့သဘောရှိသော ချမ်းသာကို ဆရာသည် အဘယ်ကိုရည်၍ ဆင်းရဲ၏ဟု ဆိုသနည်း ဟု မေး၏။ ထိုအခါ နာရဒရသေ့အား သရဘင်္ဂဆရာသည် နာရဒ ထိုသို့ထးတပြီးကား နာလော့ဟု -

၆၁။ သုခဿာနန္တရံ ဒုက္ခံ၊ ဒုက္ခဿာနန္တရံ သုခံ၊
သောသိ ပတ္တော၊ သုခံဒုက္ခံ၊ ပါဋိကင်္ခ ဝရံ သုခံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၆၁။ နာရဒ၊ နာရဒ။ သတ္တာ၊ သတ္တဝါတို့သည်။ သုခဿ၊ ကာမသုခ၏။ အနန္တရံ၊ အခြားမဲ့၌။ ဒုက္ခံ၊ ငရဲအစရှိသည်တို့၌ ဆင်းရဲခြင်းသို့။ ပါပုဏန္တိ၊ ရောက်ကုန်၏။ ဒုက္ခဿ၊ သီလကိုစောင့်ရှောက်သော ဆင်းရဲ၏။ အနန္တရံ၊ အခြားမဲ့၌။ သုခံ၊ လူ့ပြည် နတ်ပြည်၌ဖြစ်သော ချမ်းသာ, နိဗ္ဗာန်ချမ်းသာသို့။ ပါပုဏန္တိ၊ ရောက်ကုန်၏။ သတ္တော၊ သတ္တဝါဖြစ်သော။ သော တွံ၊ ထိုသင်သည်။ ဈာနသုခံ၊ ဈာန်ချမ်းသာကို။ နာသေတွာ၊ ဖျက်ဆီး၍။ သုခါ၊ ဈာန်ချမ်းသာမှ။ ဒုက္ခံ၊ ကာမကိုမှီသော စိတ်၏ဆင်းရဲခြင်းသို့။ ပတ္တော၊ ရောက်သည်။ အသိ၊ ဖြစ်၏။ ဝရံ၊ မြတ်သော။ သုခံ၊ ဈာန်ချမ်းသာကို။ ပါဋိကင်္ခ၊ အလိုရှိလော့။ တောင့်တလော့။

ဆင်းရဲကိုသည်းခံ

နာရဒရသေ့သည် ဆရာ ဤဆင်းရဲကား သည်းခံနိုင်ခဲ၏။ အကျွန်ုပ် သည်းခံအံ့သောငှာ မတတ်နိုင် ဟု ဆို၏။ ထိုအခါ နာရဒရသေ့ကို ဘုရားလောင်းသည် နာရဒ ဖြစ်လာသော ဆင်းရဲမည်သည်ကို သည်းခံအပ်သလျှင်ကတည်းဟု ဆိုလို၍-

၆၂။ ကိစ္ဆကာလေ ကိစ္ဆသဟော၊ ယော ကိစ္ဆံ နာတိဝတ္တတိ။
သ ကိစ္ဆန္တံ သုခံ ဓီရော၊ ယောဂံ သမဓိဂစ္ဆတိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၂။ နာရဒ၊ နာရဒ။ ယော ဓီရော၊ အကြင်ပညာရှိသည်။ ကိစ္ဆကာလေ၊ ဆင်းရဲဖြစ်သောကာလ၌။ ကိစ္စသဟော၊ ဆင်းရဲကိုပယ်ခြင်း၏ အကြောင်းကိုပြုလျက် ဆင်းရဲကို သည်းခံသည်ဖြစ်၍ ကိစ္ဆံ၊ ဆင်းရဲကို။ နာတိဝတ္တတိ၊ အလိုမလိုက်။ သော ဓီရော၊ ထိုပညာရှိသည်။ ကိစ္ဆန္တံ၊ ဆင်းရဲ၏အဆုံးဟု ဆိုအပ်သော။ ယောဂံ၊ ယောဂဟု ဆိုအပ်သော။ သုခံ၊ ချမ်းသာကို။ သမဓိဂစ္ဆတိ၊ ရ၏။

တရားကို မဖျက်ဆီးအပ်

နာရဒ ရသေ့သည် ဆရာ... ကာမသုခ မည်သည်ကား မြတ်သော ချမ်းသာဖြစ်၏။ ထိုမြတ်သောချမ်းသာကို အကျွန်ုပ်သည် စွန့်အံ့သောငှာ မတတ်နိုင်ဟု ဆို၏။ ထိုအခါ နာရဒရသေ့ကို ဘုရားလောင်းသည် နာရဒ တရားမည်သည်ကို တစ်စုံတစ်ခုသော အကြောင်းဖြင့် မဖျက်ဆီးအပ်ဟု ဆို၍-

၆၃။ န ဟေဝ ကာမာန ကာမာ၊ နာနတ္ထာ နာနတ္ထကာရဏာ။
န ကတဉ္စ နိရင်္ကတွာ၊ ဓမ္မာ စဝိတု မရဟသိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၃။ နာရဒ၊ နာရဒ။ ကာမာနံ၊ ဝတ္ထုကာမတို့ကို။ ကာမာ၊ တောင့်တသဖြင့်။ ဓမ္မာ၊ တရားမှ။ စဝိတုံ၊ ရွေ့လျှောခြင်းငှာ။ န အရဟသိ၊ မထိုက်။ အနတ္ထာ၊ အကျိုးမဲ့ဖြစ်သဖြင့်။ ဓမ္မာ၊ တရားမှ။ စဝိတုံ၊ ရွေ့လျှောခြင်းငှာ၊ န အရဟသိ၊ မထိုက်။ အတ္ထကာရဏာ၊ ဤမည်သောအကျိုးသည် ဖြစ်လတ္တံ့ဟု အကျိုးစီးပွားကို လိုခြင်းဟူသော အကြောင်းကြောင့်လည်း။ ဓမ္မာ၊ တရားမှ။ စဝိတုံ၊ ရွေ့လျှောခြင်းငှာ။ န အရဟသိ၊ မထိုက်။ ကတဉ္စ၊ ဖြစ်စေအပ်ပြီးသော ဈာန်ကိုလည်း။ နိရင်္ကတွာ၊ ဖျက်ဆီး၍။ ဓမ္မာ၊ တရားမှ။ စဝိတုံ၊ ရွေ့ လျှောခြင်းငှာ၊ န အရဟသိ၊ မထိုက်။

အကောင်း ၄-ချက်

ဤသို့ သရဘင်္ဂဆရာသည် လေးဂါထာတို့ဖြင့် တရားဟောပြီးသည်ရှိသော် ကာဠဒေဝိလရသေ့သည် မိမိ ညီကို ဆုံးမလိုရကား-

၆၄။ ဒက်ခံ ဂဟပတီ သာဓု၊ သံဝိဘဇ္ဇဉ္စ ဘောဇနံ။
အဟာသော အတ္ထလာဘေသု၊ အတ္ထဗျာပတ္ထိ အဗျာထော။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၄။ နာရဒ၊ နာရဒ။ ဂဟပတီ-ဂဟပတီနံ၊ အိမ်ရှင်တို့၏။ ဒက်ခံ၊ မပျင်းမရိ လိမ္မာသည်၏ အဖြစ်သည်။ သာဓု၊ ကောင်း၏။ သံဝိဘဇ္ဇဉ္စ၊ တရား စောင့်ကုန်သော ရဟန်းပုဏ္ဏားတို့နှင့်တကွ ဝေဖန်၍။ ဘောဇနဉ္စ၊ သုံးဆောင်ခြင်းသည်လည်း။ သာဓု၊ ကောင်း၏။ အတ္ထလာဘေသု၊ စည်းစိမ်ဥစ္စာတို့ကို ရသောကာလတို့၌။ အဟာသော၊ မမေ့မလျော့သည်၏ အစွမ်းအားဖြင့် မပေါ်မလွင် မရွှင်မလန်းသည်၏ အဖြစ်သည်။ သာဓု၊ ကောင်း၏။ ယဒါ၊ အကြင်အခါ၌။ အတ္ထဗျာပတ္တိ၊ အကျိုးစီးပွား၏ ပျက်စီးခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တဒါ၊ ထိုအခါ၌။ အဗျာထော၊ မပင်မပန်းခြင်းသည်။ သာဓု၊ ကောင်း၏။

ကာဠဒေဝိလရသေ့သည် နာရဒရသေ့အား ဆိုဆုံးမ သည်၏ အဖြစ်ကို သိတော်မူ၍ သဗ္ဗညူ မြတ်စွာဘုရားသခင်သည် ဘုရားဖြစ်တော်မူပြီး၍ တစ်ဖန်-

၆၅။ ဧတ္တာဝတေတံ ပဏ္ဍိစ္စံ၊ အပိ သော ဒေဝိလော ဗြဝိ။
န ယိတော ကိဉ္စိ ပါပိယော၊ ဣနြိယာနံ ဝသံ ဝဇေ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၆၅။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧတ္တာဝတာ၊ ဤမျှဖြင့်။ ဧတံ ပဏ္ဍိစ္စံ၊ ထိုပညာရှိကို။ အပိ၊ စင်စစ်။ သော ဒေဝိလော၊ ထိုဒေဝီလရသေ့သည်။ အဗြဝိ၊ ဆို၏။ ယော၊ အကြင်သူသည်။ ဣန္ဒြိယာနံ၊ ဣန္ဒြေတို့၏။ ဝသံ၊ အလိုသို့။ ဝဇေ၊ လိုက်၏။ ဣတော၊ ဤသူ့အောက်။ ပါပိယော၊ အထူးသဖြင့် ယုတ်မာသော။ ကိဉ္စိ၊ တစ်စုံတစ်ယောက်သောသူသည်။ နတ္ထိ၊ မရှိ။

ထိုအခါ နာရဒရသေ့ကို သရဘင်္ဂဆရာရသေ့သည် ခေါ်၍ နာရဒ... ရှေးဦးစွာသော ဤစကားကို နားထောင်ဦးလော့၊ အကြင်သူသည် မဆွကပင်လျှင် ပြုအပ်သည်နှင့်ယှဉ်သော အမှုကို မပြု၊ ထိုသူသည် တောသို့ ဝင်သော လု သကဲ့သို့ စိုးရိမ်ရ၏။ ငိုကြွေးရ၏ ဟု ဆို၍ အတိတ်ကို ဆောင်တော်မူ၏။

သက်သေဝတ္ထု

လွန်လေပြီးသောအခါ တစ်ခုသော ကာသိနိဂုံး၌ အဆင်းလှသော တစ်ယောက်သော ပုဏ္ဏားလုလင်သည် ဖြစ်၏။ အားနှင့်ပြည့်စုံ၏။ ဆင်ပြောင်းကို ဆောင်နိုင်၏။

လူပြိတ္တာကြီး

ထိုလုလင်သည် ငါအား လယ်လုပ်ခြင်းအမှု အစရှိသည်တို့ကို ပြု၍ မိဘတို့အား လုပ်ကျွေးခြင်းတို့ဖြင့် အဘယ်ပြုအံ့နည်း၊ သားမယားဖြင့် အဘယ်ပြုအံ့နည်း၊ ဒါန အစရှိသော ကောင်းမှုတို့ဖြင့် အဘယ်ပြုအံ့နည်း၊ တစ်စုံ တစ်ယောက်သောသူကို မမွေးမူ၍ တစ်စုံတစ်ခုသော ကောင်းမှုကို မပြုမူ၍ တောသို့ဝင်၍ သမင်တို့ကိုသတ်၍ ကိုယ်ကိုသာလျှင် မွေးအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုလုလင်သည် ငါးပါးသော လက်နက်တို့ကို ဖွဲ့လျက် ဟိမဝန္တာသို့ သွား၍ အထူးထူးသော သားတို့ကို သတ်၍ စားလျက် ဟိမဝန္တာဝယ် ဝိဓဝါမည်သော မြစ်ကမ်းနား၌ တောင်တို့သည် ခြံရံအပ်သော ကြီးသော တောင်ကွန်ရက်သို့ ရောက်၍ တောင်ကွန်ရက်၌ သားတို့ကိုသတ်၍ မီးကျီး၌ ကင်အပ်သော အသားတို့ကို စားလျက်နေ၏။ ထိုလုလင်သည် ငါကား အခါခပ်သိမ်း ခွန်အားနှင့်ပြည့်စုံသည် မဖြစ်လတ္တံ့၊ အားနည်းသောကာလဝယ် တော၌ လှည့်လည်အံ့သောငှာ မတတ်နိုင်လတ္တံ့၊ ယခုလျှင် အထူးထူးသော အမျိုးရှိကုန်သော သားတို့ကို တောင်ကွန်ရက်သို့ သွင်း၍ တံခါးကိုယှဉ်၍ တော၌ မလှည့်လည်မူ၍ အလိုအတိုင်း သားတို့ကိုသတ်၍ စားအံ့ဟု ကြံ၏။ ကြံပြီး၍ ကြံတိုင်းပြု၏။

ထိုအခါ လုလင်အား ကာလလွန်သည်ရှိသော် ထိုမကောင်းမှုကံသည် အထွတ်အထိပ်သို့ ရောက်၍ မျက်မှောက်သော ကိုယ်၏အဖြစ်၌ အကျိုးကိုပေး၏။ ထိုလုလင်သည် မိမိ၏လက်ခြေတို့ကို မရ၊ ထိုမှဤမှ ရွေ့ရှားအံ့သောငှာ မတတ်နိုင်၊ တစ်စုံတစ်ခုသော ခဲဖွယ်ဘောဇဉ် သောက်ရေကို မမြင်၊ ကိုယ်သည် ညှိုး၏။ လူပြိတ္တာဖြစ်၏။ နွေအခါ မြေကြီးကဲ့သို့ ကိုယ်သည် ကွဲ၍ အရေးတို့သည် ထင်၏။ ထိုလုလင်သည် မကောင်းသောအဆင်း မကောင်းသောသဏ္ဌာန် ရှိလျက် ကြီးစွာသော ဆင်းရဲကို ခံရ၏။

သိဝိမင်းကြီး တောလိုက်ထွက်

ဤသို့ မြင့်ရှည်ကာလသို့ ရောက်သည်ရှိသော် သိဝိတိုင်း၌ သိဝိမည်သောမင်းသည် တောဝယ် မီးကျီး၌ကင်အပ်သော အမဲကို စားအံ့ ဟု အမတ်တို့အား ပြည်ကို ဆောက်ခဲ့၍ ငါးပါးသောလက်နက်တို့ကို ဖွဲ့လျက် တောသို့ဝင်၍ သားတို့ကိုသတ်၍ အသားကိုစားလျက် အစဉ်သဖြင့် ထိုတောင်ကွန်ရက် အရပ်သို့ရောက်၍ ထိုယောက်ျားကိုမြင်၍ ကြေက်လျက်လျှင် သတိကိုဖြစ်စေ၍ အချင်းယောက်ျား သင်သည် အဘယ် အမည်ရှိသော သူနည်းဟု မေး၏။ အရှင်... အကျွန်ုပ်သည် လူပြိတ္တာတည်း၊ မိမိမကောင်းမှုကံ၏ အကျိုးကို ခံစားရ၏။ အရှင်သည် အဘယ် သူနည်းဟု မေး၏။ ငါသည် သိဝိမင်းတည်း ဟု ဆို၏။ ထိုသို့ မင်းဖြစ်လျက် အဘယ်ကြောင့် ဤအရပ်သို့ လာသနည်း ဟု မေး၏။ သမင်သားကို စားအံ့သောငှာ လာ၏ဟု ဆို၏။

လူပြိတ္တာ၏ ဖြစ်အင်

ထိုအခါ သိဝိမင်းအား လူပြိတ္တာသည် မြတ်သော မင်းကြီး... အကျွန်ုပ်သည် ဤသမင်သားကို စားလိုခြင်းဟူသော အကြောင်းကြောင့်လျှင် လာလတ်၍ လူပြိတ္တာ ဖြစ်ရ၏ဟု အလုံးစုံသော အကြောင်းကို အကျယ်အားဖြင့်ဆို၍ မိမိ၏ ဆင်းရဲသောအဖြစ်ကို မင်းအား ကြားလိုရကား-

၆၆။ အမိတ္တာနံဝ ဟတ္ထတ္ထံ၊ သိဝိ ပပ္ပေါတိ မာမိဝ။
ကမ္မံ ဝိဇ္ဇဉ္စ ဒက္ခေယျံ၊ ဝိဝါဟံ သီလမဒ္ဒဝံ။
ဧတေစ ယသေ ဟာပေတွာ၊ နိဗ္ဗတ္တော သေဟိ ကမ္မေဟိ။
၆၇။ သောတံ သဟဿဇီနောဝ၊ အဗန္ဓု အပရာယဏော။
အရိယဓမ္မာ အပက္ကန္တော၊ ယထာ ပေတော တထေဝ ဟံ။
၆၈။ သုခကာမေ ဒုက္ခာပေတွာ၊ အာပန္နောသ္မိ ပဒံ ဣမံ။
သော သုခံ နာဓိဂစ္ဆာမိ၊ ဌိတော ဘာကုမတာမိဝ။

ဟူသော ကြွင်းသော ဤဂါထာတို့ကို ဆို၏။

စည်းစိမ်ရကြောင်းများ

֍ ဋ္ဌ ၆၆။ သိဝိ၊ သိဝိမင်းကြီး။ မာမိဝ၊ ငါကဲ့သို့သောသူသည်။ အမိတ္တာနံ၊ ရန်သူတို့၏။ ဟတ္ထတ္ထံ၊ လက်၌ ပျက်စီးခြင်းကို။ ပပ္ပေါတိ ဣဝ၊ ရောက်သကဲ့သို့။ ဝိနာသံ၊ ပျက်စီးခြင်းသို့ ပါပုဏာတိ၊ ရောက်၏။ ကမ္မဉ္စ၊ လယ်လုပ်ခြင်း အစရှိသော အသက်မွေးခြင်းကို ပြီးစေတတ်သော အမှုလည်းကောင်း။ ဝိဇ္ဇဉ္စ၊ ဆင်စီးခြင်း အစရှိသော အတတ်လည်းကောင်း။ ဒက္ခေယျဉ္စ၊ စည်းစိမ်ကိုဖြစ်စေခြင်း၌ လိမ္မာသည်၏ အဖြစ်ကို လည်းကောင်း။ ဝိဝါဟဉ္စ၊ ထိမ်းမြားခြင်း လည်းကောင်း။ သီလမဒ္ဒဝဉ္စ၊ ငါးပါးသောသီလ နူးညံ့သောစကားကို ဆိုတတ်သော အဆွေခင်ပွန်းကို ပေါင်းဖော်ရခြင်း လည်းကောင်း။ ဧတေ စ ယသေ၊ ဤစည်းစိမ်ကိုပေးတတ်ကုန်သော သဘာတို့ကို။ ဟာပေတွာ၊ ယုတ်စေ၍။

֍ ဋ္ဌ ၆၇။ သေဟိ ကမ္မေဟိ၊ မိမိဥစ္စာ ဖြစ်ကုန်သော မကောင်းမှုကံတို့ကြောင့်။ နိဗ္ဗတ္တော၊ လုပြိတ္တာ ဖြစ်၏။ သော အဟံ၊ ထိုအကျွန်ုပ်သည်။ သဟဿဇီနောဝ၊ ဥစ္စာတစ်ထောင် ရှုံးသောသူကဲ့သို့။ အဗန္ဓု၊ အဆွေခင်ပွန်း မရှိသည်။ အပရာယဏော၊ လဲလျောင်းရာ မရှိသည်။ ဟုတွာ၊ ဖြစ်၍။ အဟံ၊ အကျွန်ုပ်သည်။ အရိယဓမ္မာ၊ သူမြတ်တို့၏ အကျင့်မှ။ အပက္ကန္တော၊ ဖဲခဲ့၍။ ယထာ၊ အကြင်အခြင်းဖြင့်။ မတော၊ သေသောသူသည်။ ပေတော၊ ပြိတ္တာဖြစ်သည်။ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏။ တထေဝ၊ ထိုအခြင်းဖြင့်လျှင်။ အဟံ၊ အကျွန်ုပ်သည်။ ပေတော၊ ရှင်လျှက် လူပြိတ္တာဖြစ်၏။

֍ ဋ္ဌ ၆၈။ သုခကာမေ၊ ချမ်းသာကို အလိုရှိကုန်သော သတ္တဝါတို့ကို။ ဒုက္ခာပေတွာ၊ ဆင်းရဲစေ၍။ ဣမံ ပဒံ၊ ဤသို့သဘောရှိသော ဆင်းရဲအစုသို့။ အာပန္နော၊ ရောက်သည်။ အသ္မိ၊ ဖြစ်၏။ သော အဟံ၊ ထိုအကျွန်ုပ်သည်။ ဘာဏုမတာမိဝ၊ မီးကျီးတို့ဖြင့် ထက်ဝန်းကျင်မှ ရံဘိသကဲ့သို့။ ဌိတော၊ အပူလောင်သဖြင့် တည်လျက်။ သုခံ၊ ချမ်းသာကို။ နာဓိဂစ္ဆာမိ၊ မရ။

ဤသို့ဆို၍ မြတ်သေမင်းကြီး အကျွန်ုပ်သည် ချမ်းသာကို လိုလျက် သူတစ်ပါးကို ဆင်းရဲစေ၍ မျက်မှောက်သော ကိုယ်၏ အဖြစ်၌လျှင် လူပြိတ္တာ ဖြစ်၏။ ထို့ကြောင့် သင်မင်းကြီးသည် မကောင်းမှုကို မပြုလင့်၊ မိမိမြို့သို့ သွား၍ ဒါန အစရှိသော ကောင်းမှုတို့ကို ပြုလော့ဟု ဆို၏။

မင်းသည် မြို့သို့ ပြန်၍ လူပြိတ္တာ ဆိုတိုင်းပြု၍ နတ်ပြည်ကို ပြည့်စေ၏။ သရဘင်္ဂဆရာသည် ဤအကြောင်းကိုဆောင်၍ နာရဒရသေ့ကို မှတ်စေ၏။

နာရဒရသေ့ သံဝေဂရပြီ

နာရဒရသေ့သည် သရဘင်္ဂဆရာ၏ တရားစကားဖြင့် သံဝေဂရ၍ သရဘင်္ဂဆရာကို ရှိခိုး၍ ကန်တော့၍ ကသိုဏ်းပရိကံကို စီးဖြန်း၍ ပျောက်သောဈာန်ကို တစ်ဖန် ပကတိ ရှိအောင်ပြု၏။ သရဘင်္ဂဆရာသည် နာရဒ ရသေ့အား ထိုလိုဏ်၌ နေစိမ့်သောငှာ မပေးမူ၍ နာရဒရသေ့ကိုခေါ်၍ မိမိကျောင်းသို့ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား- ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ နာရဒရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ မယားဟောင်းသည် ထိုအခါ ပြည့်တန်ဆာမ ဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ သာလိဿရ ရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ ကဿပသည် ထိုအခါ မဏ္ဍိဿရရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ ပဗ္ဗတရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ ကစ္စည်းမထေရ်သည် ထိုအခါ ကာဠဒေဝီလရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ အနုပိယရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ အရှင်မဟာမောဂ္ဂလာန်သည် ထိုအခါ ကိသဝစ္ဆရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သရဘင်္ဂဆရာရသေ့ ဖြစ်ဖူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဣန္ဒြေလိုလိုက်၊ ငရဲဆိုက်၊ လူ၌ ဆင်းရဲစွာ

ခုနှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဣန္ဒြိယဇာတ်သည် ပြီး၏။

*****

အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၈။ အာဒိတ္တဇာတ်

အလှူဒါနကို ရွေးချယ်၍ လှူသင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ် သဗ္ဗညူ မြတ်စွာဘုရားသည် အာဒိတ္တသ္မိံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအာဒိတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အသဒိသဒါနကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအသဒိသဒါနကို မဟာဂေါဝိန္ဒသုတ် အဋ္ဌကထာအားဖြင့် အကျယ်ချဲ့၍ ဆိုအပ်၏။

ထိုအသဒိသဒါနကို လှူသောနေ့မှ ခုနစ်ရက်မြောက်နေ့၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ ... ကောသလမင်းသည် စိစစ် ရွေးချယ်၍လျှင် ကောင်းမှု၏ စိုက်ပျိုးရာလယ်မြေကိုသိ၍ ဘုရားအမှူးရှိသော အရိယာသံဃာအား အသဒိသ ဒါနကို လှူ၏ဟု စကားကို ဖြစ်ကြကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ... ကောသလမင်းသည် စိစစ်ရွေး ချယ်၍ အတုမရှိ မြတ်သော ကောင်းမှုမှာ စိုက်ပျိုးရာ လယ်ယာမြေသဖွယ် ဖြစ်တော်မူသော ဘုရားအမှူးရှိသော သံဃာ၌ အလှူပေးခြင်းသည်အံ့ဖွယ်မရှိသေး၊ ရှေးပညာရှိတို့သည်လည်း စိစစ်ရွေးချယ်၍ အလှူကြီးကို ပေးလှူကုန်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ သိဝိတိုင်း ရောရုဝမည်သော မင်းကြီးသည် ဆယ်ပါးသော မင်းကျင့်တရားတို့ကို မပျက်စေမှူ၍ လေးပါးကုန်သော သင်္ဂဟဝတ္ထုတို့ဖြင့် လူများကို သင်္ဂြိုဟ်ထောက်ပံ့လျက် လူများ၏ မိဘအရာ၌တည်၍ ဆင်းရဲသောသူ ခရီးသွား ဖုန်းတောင်းယာစကာတို့အား အလှူကြီးပေးခြင်းကို ဖြစ်စေ၏။ ထိုရောရုဝမင်းကြီး၏ မိဖုရားသည် သမုဒ္ဒဝိဇယာမည်၏။ ပညာရှိ၏။ ဉာဏ်နှင့် ပြည့်စုံ၏။ ထိုရောရုဝမင်းကြီးသည် တစ်နေ့သ၌ အလှူ တင်းကုပ်ကို ကြည့်လျက် ငါ၏အလှူကို သီလမရှိကုန်သော လျှပ်ပေါ်လော်လည်ကုန်သော သူတို့သည် စားကုန်၏။ ထိုအလှူသည် ငါ့ကို မနှစ်သက်စေ၊ ငါသည်ကား သီလရှိကုန်သော ပစ္စေကဗုဒ္ဓါတို့အား အလှူကို ပေးလို၏။ ထိုပစ္စေကဗုဒ္ဓါတို့သည်လည်း ဟိမဝန္တာ အရပ်၌ နေကုန်၏။ အဘယ်သူသည် ထိုပစ္စေကဗုဒ္ဓါတို့ကို ပင့်ဖိတ်၍ ဆောင်ပါလတ္တံ့နည်း၊ အဘယ်သူ့ကို စေရအံ့နည်း ဟု ကြံ၍ ထိုအကြောင်းကို မိဖုရားအား ကြား၏။ ထိုအခါ ထိုရောရုဝမင်းကို မိဖုရားသည် မြတ်သော မင်းကြီး.စိုးရိမ်တော်မမူပါလင့်၊ အကျွန်ုပ်တို့၏ လှူအပ်သော အလှူ၏အာနုဘော် သီလ၏အာနုဘော် သစ္စာ၏ အာနုဘော်ဖြင့် ပန်းတို့ကိုစေ၍ ပစ္စေကဗုဒ္ဓါတို့ကို ပင့်ဖိတ်စေ၍ ပစ္စေကဗုဒ္ဓ့တို့သည် ကြွရောက်လာသောအခါ အလုံးစုံသောအလှူကို ပေးကုန်အံ့ ဟု ဆို၏။

ပစ္စေကဗုဒ္ဓါတို့ကို ပင့်ဖိတ်ပုံ

မင်းသည် ကောင်းပြီ ဟု ဝန်ခံ၍ အလုံးစုံသောမြို့၌ နေကုန်သော သူတို့သည် သီလကို ဆောက်တည်စေကုန် ဟု မြို့၌ စည်လည်စေ၍ မိမိသည်လည်း ပရိသတ်နှင့်တကွ ဥပုသ်ဆောက် တည်၍ ကြီးစွာသော လှူဖွယ်ဝတ္ထုတို့ကို ဖြစ်စေ၍ မုလေးပန်းတို့ဖြင့်ပြည့်သော ရွှေအုပ်ကို ယူစေ၍ ပြာသာဒ်မှသက်၍ မင်းရင်ပြင်၌ရပ်၍ ငါးပါးသော အင်္ဂါတို့ကို မြေ၌တည်စေ၍ အရှေ့ မျက်နှာသို့ ရှေးရှုရှိခိုး၍ အရှေ့မျက်နှာ၌ ရဟန္တာတို့ကို ရှိခိုး၍ အကျွန်ုပ်တို့၌ တစ်စုံတစ်ခုသော ကျေးဇူးသည် အကယ်၍ ရှိငြားအံ့၊ အကျွန်ုပ်တို့၌ သနားတော်မူ၍ အကျွန်ုပ်တို့ ဆွမ်းကို ခံပါကုန်လော့ ဟုဆို၍ အရှေ့အရပ်မျက်နှာသို့ ပန်းခုနစ်ဆုပ်တို့ကို ပစ်၏။ အရှေ့အရပ်မျက်နှာ၌ ပစ္စေကဗုဒ္ဓါတို့၏ မရှိခြင်းကြောင့် နက်ဖြန်နေ့၌ မကြွလာကုန်၊ နှစ်ရက်မြောက်သောနေ့၌ တောင်အရပ် မျက်နှာကို ရှိခိုး၏။ ထိုအရပ်မှလည်း ပစ္စေကဗုဒ္ဓါတို့သည် မကြွလာကုန်။ သုံးရက်မြောက်သောနေ့၌ အနောက်အရပ်မျက်နှာကို ရှိခိုး၏။ ထိုအနောက် အရပ်မျက်နှာမှလည်း ပစ္စေကဗုဒ္ဓတို့သည် မကြွလာကုန်၊ လေးရက်မြောက်သော နေ့၌ မြောက်အရပ်မျက်နှာကို ရှိခိုး၏။ ရှိခိုးပြီး၍လည်း မြောက်ဟိမဝန္တာအရပ်၌ သီတင်းသုံး နေတော်မူကုန်သော ပစ္စေကဗုဒ္ဓါတို့သည် အကျွန်ုပ်တို့၏ ဆွမ်းကို ခံတော်မူစေကုန်သတည်းဟု ပန်းခုနှစ်ဆုပ်တို့ကို ပစ်လွှတ်၏။ ပန်းတို့သည် သွား၍ နန္ဒမူလိုဏ်၌ ခုနစ်ဆူကုန်သော ပစ္စေကဗုဒ္ဓါတို့၏ အပါး၌ ကျကုန်၏။ ထိုပစ္စေကဗုဒ္ဓါတို့သည် ဆင်ခြင်ကုန်လတ်သော် မင်းသည် မိမိတို့အား ပင့်ဖိတ်သည်၏ အဖြစ်ကိုသိ၍ နက်ဖြန် သံဃာ့ထေရ်သည် ထိုပဈစကဗေုဒျဓါတို့ကိုခေါြ၍ ဆင်းရဲကင်းသော အရှင်တို့ အရှင်တို့အား ရောရုဝ မင်းသည် ပင့်ဖိတ်၏။ အရှင်တို့သည် ရောရုဝမင်းအား သင်္ဂြိုဟ်ထောက်ပံ့ခြင်းကို ပြုကြကုန်လော့ဟု ဆို၏။ ခုနစ်ဆူကုန်သော ပစ္စေကဗုဒ္ဓတို့သည် ကောင်းကင်ဖြင့်ကြွလာ၍ မင်းအိမ်တံခါး၌ ဆင်းသက်ကုန်၏။ ထိုပစ္စေကဗုဒ္ဓါတို့ကို မင်းသည်မြင်၍ ဝမ်းမြောက်ခြင်းဖြစ်လျက် ရှိခိုး၍ ပြာသာဒ်သို့တင်၍ ကြီးစွာသော ပူဇော် သက္ကာရကို ပြု၍ အလှူပေး၍ ဆွမ်းဘုဉ်းပေးပြီး အဆုံး၌ နက်ဖြန်အကျိုးငှာ, နက်ဖြန်အကျိုးငှာဟူ၍ ဤသို့ ခြောက်ရက်ပတ်လုံး ပင့်ဖိတ်၍ ခုနစ်ရက်မြောက်သောနေ့၌ အလုံးစုံသော ပရိက္ခရာအလှူကို စီရင်၍ ရတနာခုနစ်ပါးဖြင့်စီရင်အပ်သော ညောင်စောင်း အင်းပျဉ် အစရှိသည်တို့ကို ခင်းစေ၍ သင်္ကန်း ထီး အစရှိကုန်သော ခပ်သိမ်းသော ရဟန်း အသုံးအဆောင်တို့ကို ခုနစ်ပါးကုန်သော ပစ္စေကဗုဒ္ဓါတို့၏ အထံတော်၌ထား၍ အကျွန်ုပ်တို့သည် ဤအလုံးစုံသော ပရိက္ခရာတို့ကို အရှင်ဘုရားတို့အား လှူပါကုန်၏ ဟု ဆို၍ ထိုပစ္စေကဗုဒ္ဓါတို့၏ ဆွမ်းဘုဉ်း ပေးပြီးသည်၏ အဆုံး၌ မင်းမိဖုရား နှစ်ပါးတို့သည် ရှိခိုးကုန်လျက် တည်ကုန်၏။

သံဃာ့ထေရ်တရားဟော

ထိုအခါ မင်းမိဖုရားနှစ်ပါးတို့အား အနုမောဒနာ ပြုလိုရကား သံဃာ့ထေရ်သည်-

၆၉။ အာဒိတ္တသ္မိံ အဂါရသ္မိံ၊ ယံ နီဟရတိ ဘာဇနံ။
တံ တဿ ဟောတိ အတ္ထာယ၊ နော စ ယံ တတ္ထ ဍယှတိ။
၇၀။ ဧဝမာဒီပိတော လောကော၊ ဇရာယ မရဏေန စ။
နီဟရထေဝ ဒါနေန၊ ဒိန္နံ ဟောတိ သုနီဟတံ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၆၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အာဒိတ္တသ္မိံ၊ မီးလောင်၍ ပြောင်ပြောင်တောက်သော။ အဂါရသ္မိံ၊ အိမ်၌။ ယံ ဘာဇနံ၊ အကြင်အသုံးအဆောင်ကို။ နီဟရတိ၊ ထုတ်ဆောင်၏။ တတ္ထ၊ ထိုအိမ်၌။ ယံ ဘာဇနံ၊ အကြင် အသုံးအဆောင်ကို။ နေဝ ဍယှတိ၊ မီးမလောင်။ တံ ဘာဇနံ၊ ထိုအသုံး အဆောင်သည်။ တဿ၊ ထိုအိမ်ရှင်၏။ အတ္ထာယ၊ အကျိုးငှာ။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။

֍ ဋ္ဌ ၇၀။ ဧဝံ တထာ၊ ထို့အတူ။ လောကေ၊ လောက၌။ ဇရာယ စ၊ အိုခြင်းမီးသည်လည်းကောင်း။ မရဏေန စ၊ သေခြင်းမီးသည်လည်းကောင်း။ အာဒီပိတော၊ ပြောင်ပြောင်တောက်လောင်၏။ ဒါနေန၊ ဒါနစေတနာဖြင့်။ နီဟရထေဝ၊ အသုံး အဆောင်ကို ထုတ်ဆောင်ရာ သလျှင်ကတည်း။ ယံ ဒါနံ၊ အကြင်အလှူဝတ္ထုကို။ ဒိန္နံ၊ လှူသည်။ ဟောတိ၊ ဖြစ်၏။ တံ၊ ထိုအလှူဝတ္ထုသည်သာလျှင်။ သုနီဟတံ၊ ကောင်းစွာ ထုတ်ဆောင်အပ်သော ဥစ္စာမည်သည်။ ဟောတိ၊ ဖြစ်၏။

ဤသို့ သံဃာ့မထေရ်သည် အနုမောဒနာပြု၍ မြတ်သောမင်းကြီး... မမေ့မလျော့ ဖြစ်လော့ ဟု မင်းအား အဆုံးအမကို ပေး၍ ကောင်းကင်သို့ ပျံ၍ ပြာသာဒ်အထွတ်ကို နှစ်ဖြာခွဲ၍ နန္ဒမူလိုဏ်၌ သက်၏။ ထိုသံဃာ့ထေရ်၏ ပရိက္ခရာတို့သည် သံဃာ့ထေရ်နှင့်တကွ ပျံ၍နန္ဒမူ လိုဏ်၌လျှင် သက်၏။ မင်းနှင့် မိဖုရား၏ ကိုယ်အလုံးသည် ပီတိဖြင့်ပြည့်၏။

ပစ္စေကဗုဒ္ဓါတို့ တရားတော်

ဤသို့ သံဃာ့ထေရ် ကြွပြီးသည်ရှိသော် ကြွင်းသော ပစ္စေကဗုဒ္ဓါတို့သည်-

၇၁။ ယော ဓမ္မလဒ္ဓဿ ဒဒတိ ဒါနံ၊
ဥဋ္ဌာနဝီရိယာဓိဂတဿ ဇန္တု။
အတိက္ကမ္မ သော ဝေတ္တရဏိံ ယမဿ၊
ဒိဗ္ဗာနိ ဌာနာနိ ဥပေတိ မစ္စော။
၇၂။ ဒါနဉ္စ ယုဒ္ဓဉ္စ သမာနမာဟု၊
အပ္ပါပိ သန္တာ ဗဟုကေ ဇိနန္တိ။
အပ္ပမ္ပိ စေ သဒ္ဒဟာနော ဒဒါတိ၊
တေနေဝ သော ဟောတိ သုခီပရတ္ထ။
၇၃။ ဝိစေယျ ဒါနံ သုဂတပ္ပသတ္ထံ၊
ယေ ဒက္ခိဏေယျာ ဣဓ ဇီဝလောကေ။
ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ၊
ဗီဇာနီ ဝုတ္တာနိ ယထာ သုခေတ္တေ။
၇၄။ ယော ပါဏဘူတာနိ အဟေဌယံ စရံ၊
ပရူပဝါဒါ န ကရောတိ ပါပံ။
ဘီရုံ ပသံသန္တိ န တတ္ထ သူရံ၊
ဘယာဟိ သန္တော ကရောတိ ပါပံ။
၇၅။ ဟီနေန ဗြဟ္မစရိယေန၊ ခတ္တိယေ ဥပပဇ္ဇတိ။
မဇ္ဈိမေန စ ဒေဝတ္တံ၊ ဥတ္တမေန ဝိသုဇ္စျတိ။
၇၆။ အဒ္ဓါ ဟိ ဒါနံ ဗဟု ပသတ္ထံ၊
ဒါနာ စ ခေါ ဓမ္မပဒံဝ သေယျော။
ပုဗ္ဗေဝ ဟိ ပုဗ္ဗတရေဝ သန္တော၊
နိဗ္ဗာနမေဝဇ္စျဂမုံ သပညာ။

ဟူကုန်သော ဤဂါထာတို့ဖြင့် အနုမောဒနာပြု၍ သံဃာ့ထေရ်ကဲ့သို့လျှင် ပရိက္ခရာတို့နှင့်တကွ ကြွကုန်၏။

֍ ဋ္ဌ ၇၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဇန္တု၊ သတ္တဝါဖြစ်သော။ ယော မစ္စော၊ အကြင်သူသည်။ ဓမ္မလဒ္ဓဿ၊ ရဟန္တာကို အစပြု၍ ဝိပဿနာ စီးဖြန်းသော ယောဂါဝစရ ပုဂ္ဂိုလ်တိုင်အောင် ရအပ်ပြီးသော တရားရှိသောသော ပုဂ္ဂိုလ်အား။ ဥဋ္ဌာနဝီရိယာဓိဂတဿ၊ လုံ့လပြုသဖြင့် ရအပ်သော ဝတ္ထု၏။ အဂ္ဂံ၊ အဦးကို။ ဂဟေတွာ၊ ယူ၍။ ဒါနံ၊ အလှူကို။ ဒဒါတိ၊ လှူ၏။ သော မစ္စော၊ ထိုသူသည်။ ယမဿ၊ ယမမင်း၏။ ဝေတရဏိံ၊ ငရဲကြီးရှစ်ထပ် ဥဿဒငရဲ တစ်ဆယ့်ခြောက်ထပ်ကို။ အတိက္ကမ္မ၊ လွန်၍။ ဒိဗ္ဗာနိ၊ နတ်တို့၏ နေရာဖြစ်ကုန်သော။ ဌာနာနိ၊ အရပ်တို့သို့။ ဥပေတိ၊ ရောက်၏။

အလှူနှင့် စစ်

֍ ဋ္ဌ ၇၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဒါနဉ္စ၊ အလှူ ပေးခြင်းကိုလည်းကောင်း။ ယုဒ္ဓဉ္စ၊ စစ်ထိုးခြင်းကိုလည်းကောင်း။ သမာနံ၊ တူ၏ဟူ၍။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ အာဟု၊ ဆိုကုန်၏။ အပ္ပါပိ၊ အနည်းငယ်သော စစ်သည်တို့သည်လည်း။ သန္တာ၊ ဖြစ်ကုန်လျက်။ ဗဟုကေ၊ များစွာကုန်သော စစ်သည်တို့ကို။ ဇိနန္တိ ယထာ၊ အောင်ကုန်၏သို့။ အပ္ပါပိ၊ အနည်းငယ်ဖြစ်ကုန်သော မုဉ္စစေတနာတို့သည်လည်း။ သန္တာ၊ ဖြစ်ကုန်လျက်။ ဗဟုကေ၊ များစွာကုန်သော ဝန်တိုခြင်း အစရှိကုန်သော ကိလေသာတို့ကို။ ဇိနန္တိ၊ အောင်ကုန်၏။ အပ္ပမ္ပိ၊ အနည်းငယ်သော ဝတ္ထုကိုလည်း။ သဒ္ဒဟာနော၊ ကံ ကံ၏အကျိုးကို ယုံကြည်လျက်။ စေ ဒဒါတိ၊ အကယ်၍ လှူအံ့။ တေနေဝ၊ ထိုအလှူကြောင့်လျှင်။ သော၊ ထိုသူသည်။ ပရတ္ထ၊ တမလွန်ဘဝ၌။ သုခီ၊ ချမ်းသာခြင်းနှင့် ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။

စိစစ်၍လှူ

֍ ဋ္ဌ ၇၃။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဝိစေယျ၊ အလှူဝတ္ထု အလှူခံတို့ကို စိစစ်ရွေးချယ်၍။ ဒိန္နံ၊ လှူအပ်သော။ ဒါနံ၊ အလှူကို။ သုဂတပ္ပသတ္ထံ၊ ဘုရားတို့သည် ချီးမွမ်းအပ်၏။ ဣဓ ဇီဝလောကေ၊ ဤလူ့ပြည်၌။ ဒက္ခိဏေယျာ၊ အကြင်ဘုရား အစရှိကုန်သော အလှူခံပုဂ္ဂိုလ်တို့သည်။ သန္တိ၊ ရှိကုန်၏။ ဧတေသု၊ ထိုဘုရား အစရှိကုန်သော အလှူ ခံတို့၌။ ဒိန္နာနိ၊ လှူအပ်ကုန်သော အလှူတို့သည်။ သုခေတ္တေ၊ ကောင်းသော လယ်ယာ၌။ ဝုတ္တာနိ၊ ပျိုးအပ်ကုန်သော။ ဗီဇာနိ ယထာ၊ မျိုးစေ့တို့ကဲ့သို့။ မဟပ္ဖလာနိ၊ အကျိုး ကြီးကုန်၏။

֍ ဋ္ဌ ၇၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ပါဏဘူတာနိ၊ ပါဏဟု ဆိုအပ်ကုန်သော သတ္တဝါတို့ကို။ အဟေဌယံ၊ သနားသဖြင့် မညှဉ်းဆဲဘဲ။ စရံ၊ ကျင့်သော သူသည်။ ပရူပဝါဒါ၊ သူစွပ်စွဲအံ့သည်မှ ကြောက်သောကြောင့်။ ပါပံ၊ မကောင်းမှုကို။ န ကရောတိ၊ မပြု။ ဘီရုံ၊ သူစွပ်စွဲခြင်းမှ ကြောက်သောသူကို။ သန္တော၊ သူတော်ကောင်းတို့သည်။ ပသံသန္တိ၊ ချီးမွမ်းကုန်၏။ တတ္ထ၊ ထိုသူတစ်ပါး၏ စွပ်စွဲခြင်း၌။ သူရံ၊ ရဲရင့်သောသူကို။ နပ္ပသံသန္တိ၊ မချီးမွမ်းကုန်။ ဘယာဟိ၊ သူတစ်ပါးတို့၏ စွပ်စွဲခြင်းမှ ကြောက်သောကြောင့်သာလျှင်။ သန္တော၊ သူတော်ကောင်းတို့သည်။ ပါပံ၊ မကောင်းမှုကို။ န ကရာန္တိ၊ မပြုကုန်။

ဒါန ၃-မျိုး၊ အကျိုး ၃-ရပ်

֍ ဋ္ဌ ၇၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဟီနေန၊ ယုတ်သော။ ဗြဟ္မစရိယေန၊ တိတ္ထိတို့၏ ကျောင်း၌ မေထုန်မှကြဉ်ခြင်း, သီလသာသနာတော်၌ ကာမချမ်းသာကို တောင့်တ၍ ကျင့်သော သီလရှိသောပုဂ္ဂိုလ်၏ သီလဟူသော ဗြဟ္မစရိယဖြင့်။ ခတ္တိယေ၊ မင်းမျိုး၌။ ဥပပဇ္ဇတိ၊ ဖြစ်၏။ မဇ္စျိမေန၊ တိတ္ထိတို့၏ကျောင်း၌ ဈာန်၏ ဥပစာရ, သာသနာတော်၌ စင်ကြယ်သော သီလရှိသော ပုဂ္ဂိုလ်၏ ဈာန်သမာပတ်ကို ဖြစ်စေခြင်းဟုဆိုအပ်သော အလတ်ဖြစ်သော ဗြဟ္မစရိယဖြင့်။ ဒေဝတ္တံ၊ နတ်ဗြဟ္မာတို့၏အဖြစ်သို့။ ဥပပဇ္ဇတိ၊ ရောက်၏။ ဥတ္တမေန၊ တိတ္ထိတို့၏ကျောင်း၌ ရှစ်ပါးသော သမာပတ်, သာသနာတော်၌ ဝိပဿနာကို ပွားစေ၍ အရဟတ္တဖိုလ်ကိုဖြစ်စေခြင်း ဟူသော မြတ်သော ဗြဟ္မစရိယဖြင့်။ ဝိသုဇ္စျတိ၊ ကာမမှ စင်ကြယ်ခြင်း, ဝဋ်ဆင်းရဲမှ စင်ကြယ်ခြင်း ဖြစ်၏။

သမထဝိပဿနာ

֍ ဋ္ဌ ၇၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဒါနံ၊ ဒါနကို။ အဒ္ဓါဟိ၊ စင်စစ်သဖြင့်လျှင်။ ဗဟုဓာ၊ များသောအပြားဖြင့်လျှင်။ ပသတ္ထံ၊ ချီးမွမ်းအပ်၏။ ဒါနာ စခေါ၊ ဒါနထက်လျှင်။ ဓမ္မပဒံဝ၊ သမထ ဝိပဿနာဟု ဆိုအပ်သော တရားအစုသည်သာလျှင်။ သေယျော၊ မြတ်၏။ ဟိ သစ္စံ၊ ထိုစကားသည်မှန်၏။ ပုဗ္ဗေဝ၊ ဤဘဒ္ဒကမ္ဘာ၏ ရှေးဦး၌လျှင်။ သန္တော၊ ကဿပဘုရား အစရှိကုန်သော သူတော်ကောင်းဖြစ်ကုန်သော။ သပညာ၊ ပညာရှိတို့သည်လည်းကောင်း။ ပုဗ္ဗတရေဝ၊ ရှေးထက်ရှေး၌လျှင်။ သန္တော၊ ဝေဿဘူဘုရား အစရှိကုန်သော သူတော်ကောင်း ဖြစ်ကုန်သော။ သပညာ စ၊ ပညာရှိတို့သည်လည်းကောင်း။ တေ၊ ထိုပညာရှိ သူတော်ကောင်းတို့သည်။ သမထဝိပဿနံ၊ သမထဝိပဿနာကို။ ဘာဝေတွာ၊ ပွားစေ၍။ နိဗ္ဗာနမေဝ၊ နိဗ္ဗာန်သို့သာလျှင်။ အဇ္စျဂမုံ၊ ရောက်ကုန်ပြီ။

ဤသို့ ခုနစ်ဆူကုန်သော ပစ္စေကဗုဒ္ဓါတို့သည် မင်းအား မြတ်သော အမြိုက်နိဗ္ဗာန်ကို ဟော၍ မင်းကို မမေ့မလျော့ခြင်းကို ဆုံးမ၍ ဆိုအပ်ပြီးသောနည်းဖြင့်လျှင် မိမိတို့၏ နေရာသို့ ကြွကုန်၏။ မင်းသည်လည်း မိဖုရားနှင့်တကွ အလှူ ပေး၍ အသက်ထက်ဆုံးတည်၍ မင်းအဖြစ်မှ စုတေ၍ နတ်ပြည်ကို ပြည့်စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ... ဤသို့လျှင် ရှေး၌လည်း ပညာရှိတို့သည် စိစစ်ရွေးချယ်၍ အလှူပေးဖူးကုန်၏ဟု မိန့်တော်မူ၍ ပစ္စေကဗုဒ္ဓါတို့သည် ထိုအခါ ပရိနိဗ္ဗာန်ကို ပြုကုန်ပြီ၊ ယခုအခါ ရာဟုလမယ်တော်သည် ထိုအခါ သမုဒ္ဒဝိဇယာမိဖုရား ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မဟာရောရုဝမင်း ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

အလှူခံမြတ်၊ ပေးလှူလတ်၊ ရောက်အပ်နတ်တို့ရွာ

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော အာဒိတ္တဇာတ်သည် ပြီး၏။

*****

အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၉။ အဋ္ဌာနဇာတ်

မိန်းမတို့ ကျေးဇူးမသိတတ်ခြင်းအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဂင်္ဂါ ကုမုဒိနီ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအဋ္ဌာနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းကို သဗ္ဗညူမြတ်ဘုရားသည် ရဟန်း သင်သည် ငြီးငွေ့သောဟူသည် မှန်သလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... မှန်ပေ၏ ဟု နားတော် လျှောက်သည်ရှိသော် အဘယ်ကြောင့် ငြီးငွေ့သနည်း ဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ကိလေသာ၏ အစွမ်းအားဖြင့် ငြီးငွေ့၏ ဟု လျှောက်သည်ရှိသော် ရဟန်း... မိန်းမတို့မည်သည်ကား ကျေးဇူးကို မသိတတ်၊ အဆွေ ခင်ပွန်းကို ပြစ်မှားတတ်၏။ အကျွမ်းမဝင်အပ်။ လွန်လေပြီးသောအခါ ပညာရှိတို့သည် နေ့တိုင်းနေ့တိုင်း အသပြာတစ်ထောင်ကို ပေးကုန်လျက် မာတုဂါမကို နှစ်သက်စိမ့်သောငှာ မတတ်နိုင်ကုန်။ ထိုမိန်းမသည် တစ်နေ့မျှ၌ အသပြာတစ်ထောင်ကို မရ၍ လည်၌ကိုင်စေ၍ ငင်ထုတ်စေဖူး၏။ ဤသို့ မိန်းမသည် ကျေးဇူးကို မသိတတ်၊ ထိုမိန်းမ၏အကြောင်းနှင့် ကိလေသာ၏ အလိုသို့ မလိုက်လင့် ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဗြဟ္မ ဒတ်မင်း၏ ဗြဟ္မဒတ္တမည်သော သတို့သား, ဗာရာ ဏသီ သူဌေး၏ မဟာဓနမညမသော သတို့သား, ဤနှစ်ယောက်ကုန်သော သူငယ်တို့သည် တကွ မြေမှုန့်ကစားဘက် အဆွေခင်ပွန်းဖြစ်ကြ ကုန်၏။ တစ်ဦးသော ဆရာမျိုး၌လျှင် အတတ်ကိုသင်ကြကုန်၏။ မင်းသားသည် အဖလွန်လတ် မင်းအဖြစ်၌ တည်၏။ သူဌေးသားသည်လည်း မင်း၏အထံ၌သာလျှင် နေ၏။

သူဌေးသားနှင့် ပြည့်တန်ဆာမ

ဗာရာဏသီပြည်၌လည်း တစ်ယောက်သော အဆင်းလှသော ပြည့်တန်ဆာမသည် ရှိ၏။ ထိုပြည့်တန်ဆာမသည် မြတ်သော တင့်တယ်ခြင်းသို့ ရောက်၏။ သူဌေးသားသည် နေ့တိုင်းနေ့တိုင်း တစ်ထောင်သော အသပြာကိုပေး၍ ထိုပြည့်တန်ဆာမနှင့် တကွလျှင် မွေ့လျော်လျက် အဖလွန်သဖြင့် သူဌေးအရာကို ရ၍လည်း ထိုပြည့်တန်ဆာမကို မစွန့်၊ ရှေးအတူသာလျှင် နေ့တိုင်းနေ့တိုင်း တစ်ထောင်သော အသပြာကို ပေး၍ မွေ့လျော်၏။

သူဌေးသား နှင်ထုတ်ခံရ

သူဌေးသားသည် တစ်နေ့သုံးကြိမ် မင်းခစားအံ့သောငှာ သွား၏။ ထိုအခါ တစ်နေ့သ၌ မင်း၏ အထံသို့ သွားသော ထိုသူဌေးသားအား မင်းနှင့်တကွ စကားပြောစဉ်လျှင် နေဝင်၍ အမိုက်သည် ဖြစ်၏။ သူဌေးသားသည် မင်းအိမ်မှထွက်၍ ယခု အိမ်သို့သွား၍ လာအံ့သော အချိန်မရှိပြီ၊ ပြည့်တန်ဆာမအိမ်သို့ သွားအံ့ဟု အလုပ် အကျွေးတို့ကို လွှတ်လိုက်၍ တစ်ယောက်တည်းသာလျှင် ပြည့်တန်ဆာမအိမ်သို့ ဝင်၏။ ထိုအခါ သူဌေးသားကို ပြည့်တန်ဆာမသည် မြင်၍ အရှင့်သား... သင်သည် အသပြာတစ်ထောင်ကို ဆောင်ခဲ့၏လော ဟု မေး၏။ ရှင်မ ယနေ့သည်လျှင် အလွန်မိုးချုပ်၏။ ထို့ကြောင့် ငါသည် အိမ်သို့မသွားမူ၍လျှင် လူတို့ကို လွှတ်လိုက်၍ တစ်ယောက်တည်းသာလျှင် ရှင်မအိမ်သို့ဝင်၏။ နက်ဖြန်မှ သင့်အား အသပြာနှစ်ထောင်ကို ပေးအံ့ဟု ဆို၏။ ပြည့်တန်ဆာမသည် ယနေ့ ငါသည် အကယ်၍ အခွင့်ပြုအံ့၊ သူဌေးသားသည် တစ်ပါးသော နေ့တို့၌လည်း လက်ချည်း သက်သက်လျှင် လာလတ္တံ့၊ ဤသို့လာလတ်သော် ငါ့အား ဥစ္စာယုတ်လတ္တံ့၊ ယခု ဤသူဌေးသားအား ငါသည် အခွင့်မပြုအံ့ဟု ကြံပြီး၍ ထိုအခါ သူဌေးသားကို အရှင်... အကျွန်ုပ်တို့သည် ပြည့်တန်ဆာမ မည်ကုန်၏။ အကျွန်ုပ်တို့အား အသပြာတစ်ထောင် မပေးမူ၍ မွေ့လျော်ခြင်းမည်သည် မရှိ၊ အသပြာ တစ်ထောင်ကို ဆောင်ချေလော့ဟု ဆို၏။ ရှင်မ နက်ဖြန် အသပြာနှစ်ထောင်ကို ဆောင်ခဲ့အံ့ဟု အဖန် တလဲလဲ သူဌေးသားသည် တောင်းပန်၏။ ပြည့်တန်ဆာမသည် ကျွန်မတို့ကို ထိုသူဌေးသားအား ဤအိမ်၌ ရပ်၍ ကြည့်စိမ့်သောငှာ ခွင့်မပေးလင့်၊ လည်၌ကိုင်၍ ငင်ထုတ်ပြီးလျှင် တ့ခါးကို ပိတ်ကြကုန်လော့ဟု ဆို၏။ ထိုစကားကိုကြား၍ ကျွန်မတို့သည် ပြည့်တန်ဆာမဆိုတိုင်း ပြုကြကုန်၏။

ရသေ့ဝတ်သွားပြီ

ထိုအခါ သူဌေးသားသည် ငါသည် ဤမိန်းမနှင့်တကွ ကုဋေရှစ်ဆယ်သော ဥစ္စာကို စားပြီ၊ ဤမိန်းမသည် ငါ့ကို တစ်နေ့မျှ လက်ချည်းလာသည်ကို မြင်၍ လည်၌ကိုင်၍ ငင်ထုတ်စေ၏။ မိန်းမမည်သည်ကား ယုတ်မာစွ၊ အရှက်မရှိ၊ ကျေးဇူးကို မသိ၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်၏ ဟု ကြံ၏။ ကြံပြီး၍ သူဌေးသားသည် မိန်းမ၏ ကြေးဇူးမွဲကို အောက်မေ့လျက် တပ်ခွန်းခြင်းကင်း၏။ စက်ဆုပ်ရွံရှာဖွယ်ဟူသော သညာကို ရ၏။ အိမ်ရာထောင်ခြင်း၌လည်း ငြီးငွေ့၏။ ငါ့အား အိမ်ရာထောင်ခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ယနေ့လျှင် တောထွက်၍ ရဟန်းပြုအံ့ ဟု တစ်ဖန် အိမ်သို့မသွားမူ၍ မင်းကို မဖူးမြင်မူ၍ မြို့မှထွက်၍ တောသို့ဝင်၏။ ဂင်္ဂါနား၌ ကျောင်းဆောက်၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ တောသစ်မြစ် တောသစ်သီးဟူ သော အာဟာရရှိသည်ဖြစ်၍ ထိုအရပ်၌ နေ၏။

ပြည့်တန်ဆာမ လိုက်ပင့်ခြင်း

မင်းသည် သူဌေးသားကို မမြင်သည်ရှိသော် အဆွေ ခင်ပွန်းသည် အဘယ်မှာနည်းဟု မေး၏။ ပြည့်တန်ဆာမသည် ပြုအပ်သော အမှုသည် မြို့အလုံး၌ ထင်ရှား၏။ ထိုကြောင့် ထိုအခါ ထိုမင်းအား ထိုအကြောင်းကို ကြား၍ မြတ်သောမင်းကြီး အရှင်မင်းကြီး၏ အဆွေ ခင်ပွန်းသည် ရှက်ခြင်းနှင့် အိမ်သို့လည်း မလာမူ၍ တောသို့ဝင်၍ ရဟန်းပြုသည် ဖြစ်လတ္တံ့ဟု ဆိုကုန်၏။ မင်းသည် ထိုစကားကိုကြား၍ ပြည့်တန်ဆာမကို ခေါ်စေ၍ သင်သည် တစ်နေ့သ၌ တစ်ထောင်သော အသပြာကိုမရ၍ အဆွေ ခင်ပွန်းကို လည်၌ငင်၍ ထုတ်စေသာဟူသည် မှန်သလော ဟု မေး၏။ မြတ်သောမင်းကြီး မှန်ပေ၏ဟု လျှောက်၏။ ယုတ်မာစွာသော ကျွန်မ... လျင်မြန်စွာ အဆွေခင်ပွန်း ရှိရာအရပ်သို့ သွား၍ အဆွေခင်ပွန်းကို ဆောင်ချေ။ အကယ်၍ သင်မဆောင်အံ့၊ သင်၏ အသက်သည် မရှိရာ ဟု မင်းသည် ဆို၏။ ပြည့်တန်ဆာမသည် မင်းစကားကိုကြား၍ ကြောက်ရကား ရထားစီး၍ များစွာသော အခြံအရံဖြင့် မြို့မှထွက်၍ သူဌေး၏ နေရာအရပ်ကိုရှာလျက် နားထောင်သည်၏ အစွမ်းဖြင့် နေရာအရပ်ကို ကြား၍ ထိုအရပ်သို့သွား၍ ရှိခိုး၍ အရှင်ဘုရား အကျွန်ုပ်သည် အလွန်မိုက်သည်၏ အဖြစ်ကြောင့် ပြုအပ်သော အပြစ်ကို အရှင်ဘုရားတို့သည် သည်းခံတော်မူပါကုန်၊ အကျွန်ုပ်သည် တစ်ဖန် ဤကဲ့သို့မပြုပါဟု တောင်းပန်လျှင် ကောင်းပြီ သင့်အား သည်းခံ၏။ သင်၌ ငါသည် ရန်ငြိုးဖွဲ့ခြင်းသည် မရှိဟု ဆိုသည်ရှိသော် အရှင်ဘုရာ... အရှင်ဘုရားတို့သည် အကယ်၍ သည်းခံတော်မူကုန်အံ့၊ အကျွန်ုပ်နှင့်တကွ ရထားစီး၍ ကြွတော်မူကုန်လော့၊ မြို့သို့ရောက်သောကာလ အကျွန်ုပ်အိမ်၌ရှိသော အလုံးစုံသောဥစ္စာကို အရှင်ဘုရားတို့အား ပေးအံ့ ဟုဆို၏။

ရသေ့ မလိုက်ပြီ

သူဌေးသားသည် ထိုပြည့်တန်ဆာမ၏ စကားကို ကြား၍ ရှင်မ ယခု ငါသည် သင်နှင့်တကွ သွားအံ့သောငှာ မတတ်ကောင်း၊ အကြင်အခါ၌ ဤလောက၌ မဖြစ်ရာသော ဝတ္ထုသည် ဖြစ်ငြားအံ့၊ ထိုအခါ လာနိုင်အံ့လည်း မသိ ဟု ဆိုလို၍-

၇၇။ ဂင်္ဂါ ကုမုဒိနီ သန္တာ၊ သင်္ခဝဏ္ဏာ စ ကောကိလာ။
ဇမ္ဗူ တာလဖလံ ဒဇ္ဇာ၊ အထ နူန တဒါ သိယာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၇။ ဘဒ္ဒေ၊ နှမ ယဒါ၊ အကြင်အခါ၌။ ဂင်္ဂါ၊ မြစ်တို့သည်။ ကုမုဒိနီ၊ ကုမုဒြာကြာတို့ဖြင့် ဖုံးလွှမ်းကုန်လျက်။ သန္တာ၊ မစီးမသွား ငြိမ်သက်စွာ တည်ကုန်သည်။ သိယုံ၊ ဖြစ်ကုန်ရာ၏။ ကောကိလာစ၊ ဥဩတို့သည်လည်း။ သင်္ခဝဏ္ဏာ၊ ခရုသင်းကဲ့သို့ ဖြူသောအဆင်း ရှိကုန်သည်။ သိယုံ၊ ဖြစ်ကုန်ရာ၏။ ဇမ္ဗူ စ၊ သပြေပင်သည်လည်း။ တာလဖလံ ဒဇ္ဇာ၊ ထန်းသီး သီးရာ၏။ အထ၊ ထိုသို့ ဖြစ်လတ်သော်။ တဒါ၊ ထိုအခါ၌။ အမှာကံ၊ ငါတို့၏။ သမာဂမော၊ ပေါင်းဖော်ခြင်းသည်။ သိယာ နူနု၊ ဖြစ်ငြားအံ့လည်းမသိ။

ဘယ်တော့မှ မလိုက်ပြီ

ဤသို့ ဆို၍လည်း တစ်ဖန် ပြည့်တန်ဆာမသည် အရှင်ဘုရား လာလော့၊ သွားကုန်အံ့ဟု ဆိုသည်ရှိသော် သွားကုန်အံ့ဟု ဆို၍ အဘယ်အခါ၌ သွားကုန်အံ့နည်း ဟု မေးသောအခါ "ဤ မည်သောအခါ၌ သွားကုန်အံ့ ဟု ဆိုလို၍ -

၇၈။ ယဒါ ကစ္ဆပလောမာနံ၊ ပါဝါရော တိဝိဓော သိယာ။
ဟေမန္တိကံ ပါဝုရဏံ၊ အထ နူန တဒါ သိယာ။
၇၉။ ယဒါ မကသပါဒါနံ၊ အဋ္ဋာလော သုကတော သိယာ။
ဒဠှော စ အဝိကမ္ပိ စ၊ အထ နူန တဒါ သိယာ။
၈၀။ ယဒါ သသဝိသာဏာနံ၊ နိဿေဏီ သုကတာ သိယာ။
သဂ္ဂဿာရောဟနတ္ထာယ၊ အထ နူန တဒါ သိယာ။
၈၁။ ယဒါ နိဿေဏိ မာရုယှ၊ စန္ဒံ ခါဒေယျုံ မူသိကာ။
ရာဟုဉ္စ ပရိပါတေယျုံ၊ အထ နူန တဒ့သိယာ။
၈၂။ ယဒါ သုရာဃဋံ ပိတွာ၊ မက္ခိကာ ဂဏစာရိနီ။
အင်္ဂါရေ ဝါသံ ကပ္ပယျုံ၊ အထ နူန တဒါ သိယာ။
၈၃။ ယဒါ ဗိမ္ဗောဋ္ဌသမ္ပန္နော၊ ဂဒြဘော သုမုခေါ သိယာ။
ကုသလော နိစ္စဂီတဿ၊ အထ နူန တဒါ သိယာ။
၈၄။ ယဒါ ကာကာ ဥလူကာ စ၊ မန္တယေယျုံ ရဟောဂတာ။
အညမညံ ပိဟယေယျုံ၊ အထ နူန တဒါ သိယာ။
၈၅။ ယဒါ မုဠာလပတ္တာနံ၊ ဆတ္တံ ထိရတရံ သိယာ။
ဝဿဿ ပဋိဃာတာယ၊ အထ နူန တဒါ သိယာ။
၈၆။ ယဒါ ကုလကော သကုဏော၊ ပဗ္ဗတံ ဂန္ဓမာဒနံ။
တုဏ္ဍေနာဒါယ ဂစ္ဆေယျ၊ အထ နူန တဒါ သိယာ။
၈၇။ ယဒါ သာမုဒ္ဒိကံ နာဝံ၊ သယန္တံ သဝဋာကရံ။
စေဋော အာဒါယ ဂစ္ဆေယျ၊ အထ နူန တဒါ သိယာ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၇၈။ ဘဒ္ဒေ၊ နှမ။ ယဒါ၊ အကြင်အခါ၌။ ကစ္ဆပလောမာနံ၊ လိပ်မွေးတို့၏။ တိဝိဓော၊ သုံးပါးအပြားရှိသော။ ပါဝါရော၊ လိပ်မွေးပန်းပွင့်ဖြင့် ရက်အပ်သောအာရုံ, လိပ်မွေးသက်သက်ဖြင့်သာ ရက်အပ်သောအာရုံ, ထိုဆိုအပ်ခဲ့ပြီးသော နှစ်ပါးစုံဖြင့် ရက်အပ်သော အာရုံသည်။ သိယာ၊ ဖြစ်ရာ၏။ ဟေမန္တိကံ ပါဝုရဏံ၊ ဆောင်းကာလ၌ ခြုံခြင်းငှာ တက်ကောင်းသည်။ သိယာ၊ ဖြစ်ရာ၏။ အထ၊ ထိုသို့ဖြစ်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ မမ၊ ငါ၏။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ နူန ဧကံသေန၊ စင်စစ်သဖြင့်။ သံသဂ္ဂေါ၊ ပေါင်းဖော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

֍ ဋ္ဌ ၇၉။ ဘဒ္ဒေ၊ နှမ။ ယဒါ၊ အကြင်အခါ၌။ မကသပါဒါနံ၊ မှက်ခြင်တို့၏ခြေတို့ဖြင့်။ သုကတော၊ တက်၍စစ်ထိုးခြင်းငှာ ခံအောင် ကောင်းစွာပြုအပ်သော။ အဋ္ဋာလော၊ ပြအိုးပစ္စင်သည်။ ဒဠှော စ၊ ခိုင်ခံ့သည်လည်းကောင်း။ အဝိကမ္ပိ စ၊ မတုန်မလှုပ်ခြင်းသည်လည်းကောင်း။ သိယာ၊ ဖြစ်ရာ၏။ အထ၊ ထိုသို့ဖြစ်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ မမ၊ ငါ၏။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ နူန ဧကံသေန၊ စင်စစ်သဖြင့်။ သံသဂ္ဂေါ၊ ပေါင်းဖော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

֍ ဋ္ဌ ၈၀။ ဘဒ္ဒေ၊ နှမ။ ယဒါ၊ အကြင်အခါ၌။ သဂ္ဂဿ၊ နတ်ပြည်သို့။ အာရောဟနတ္ထာယ၊ တက်အံ့သောငှာ။ သသဝိသာဏာနံ၊ ယုန်ချိုတို့ဖြင့်။ နိဿေဏီ၊ စောင်းတန်းလှေကားကို။ သုကတာ၊ ကောင်းစွာ ပြုအပ်သည်။ သိယာ၊ ဖြစ်ရာ၏။ အထ၊ ထိုသို့ဖြစ်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ မမ၊ ငါ၏။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ နူန ဧကံသေန၊ စင်စစ်သဖြင့်။ သံသဂ္ဂေါ၊ ပေါင်းဖော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

֍ ဋ္ဌ ၈၁။ ဘဒ္ဒေ၊ နှမ။ ယဒါ၊ အကြင်အခါ၌။ မူသိကာ၊ ကြွက်တို့သည်။ နိဿေဏိံ၊ ယုန်ချို စောင်းတန်း လှေကားသို့။ အာရုယှ၊ တက်၍။ စန္ဒံ၊ လကို။ ခါဒေယျုံ၊ ခဲကုန်ရာ၏။ ရာဟု၊ ရာဟုကိုလည်း။ ပရိပါတေယျုံ၊ ပြေးစေကုန်ရာ၏။ အထ၊ ထိုသို့ဖြစ်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ မမ၊ ငါ၏။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ နူန ဧကံသေန၊ စင်စစ်သဖြင့်။ သံသဂ္ဂေါ၊ ပေါင်းဖော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

֍ ဋ္ဌ ၈၂။ ဘဒ္ဒေ၊ နှမ။ ယဒါ၊ အကြင်အခါ၌။ ဂဏစာရိနီ၊ တစ်ပေါင်းတစ်စုတည်း ကျက်စားကုန်သော။ မက္ခိကာ၊ ယင်တို့သည်။ သုရာဃဋံ၊ တစ်လုံးတစ်လုံးစီသော သေအိုးကို။ ပိတွာ၊ သောက်၍။ မဒ္ဒါ၊ ယစ်ကုန်သည်ဖြစ်၍။ အင်္ဂါရေ၊ မီးကျီး၌။ ဝါသံ၊ နေခြင်းကို ကပ္ပေယျုံ၊ ပြုနိုင်ကုန်ရာ၏။ အထ၊ ထိုသို့ဖြစ်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ မမ၊ ငါ၏။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ နူန ဧကံသန၊ စင်စစ်သဖြင့်။ သံသဂ္ဂေါ၊ ပေါင်းဖော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

֍ ဋ္ဌ ၈၃။ ဘဒ္ဒေ၊ နှမ။ ယဒါ၊ အကြင်အခါ၌။ ဗိမ္မောဋ္ဌသမ္ပန္နော၊ ကျီးအာသီးမှည့်နှင့်တူသော နှုတ်ခမ်းနှင့်ပြည့်စုံသော။ သုမုခေါ၊ ကောင်းသော မျက်နှာရှိသော။ ဂဒြဘော၊ မြည်းသည်။ နစ္စဂီတဿ၊ ကခြင်းသီခြင်း၌။ ကုသလော၊ လိမ္မာသည်။ သိယာ၊ ဖြစ်ရာ၏။ အထ၊ ထိုသို့ဖြစ်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ မမ၊ ငါ၏။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ နူန ဧကံသေန၊ စင်စစ်သဖြင့်။ သံသဂ္ဂေါ၊ ပေါင်းဖော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

֍ ဋ္ဌ ၈၄။ ဘဒ္ဒေ၊ နှမ။ ယဒါ၊ အကြင်အခါ၌။ ကာကာ စ၊ ကျီးတို့သည်လည်းကောင်း။ ဥလူကာ စ၊ ခင်ပုပ်တို့သည်လည်းကောင်း။ ရဟောဂတာ၊ ဆိတ် ကွယ်ရာအရပ်သို့ ကပ်ကုန်၍။ မန္တယေယျုံ၊ တိုင် ပင်ကုန်ရာ၏။ အညမညံ၊ အချင်းချင်း။ ပိဟယေယျ၊ ချစ်ကုန်ရာ၏။ အထ၊ ထိုသို့ဖြစ်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ မမ၊ ငါ၏။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ နူန ဧကံသေန၊ စင်စစ်သဖြင့်။ သံသဂ္ဂေါ၊ ပေါင်းဖောင်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

֍ ဋ္ဌ ၈၅။ ဘဒ္ဒေ၊ နှမ။ ယဒါ၊ အကြင်အခါ၌။ ဝဿဿ၊ မိုးကို။ ပဋိဃာတာယ၊ ကွယ်အံ့သောငှာ။ မူဠာလပတ္တာနံ၊ ကြာရွက်တို့၏။ ဆတ္တံ၊ ထီးသည်။ ထိရတရံ၊ အလွန်ခိုင်ခံ့သည်။ သိယာ၊ ဖြစ်ရာ၏။ အထ၊ ထိုသို့ဖြစ်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ မမ၊ ငါ၏။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ၊ နူန ဧကံသေန၊ စင်စစ်သဖြင့်။ သံသဂ္ဂေါ၊ ပေါင်းဖော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

֍ ဋ္ဌ ၈၆။ ဘဒ္ဒေ၊ နှမ။ ယဒါ၊ အကြင်အခါ၌။ ကုလကော၊ အမျိုးငယ်သော။ သကုဏော၊ ငှက်သည်။ ဂန္ဓမာဒနပဗ္ဗတံ၊ ဂန္ဓမာဒနတောင်ကို။ တုဏ္ဍေန၊ နှုတ်သီးဖြင့်။ အာဒါယ၊ ချီ၍။ ဂစ္ဆေယျ၊ ပျံသွားရာ၏။ အထ၊ ထိုသို့ဖြစ်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ မမ၊ ငါ၏။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ နူန ဧကံသေန၊ စင်စစ်သဖြင့်။ သံသဂ္ဂေါ၊ ပေါင်းဖော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

֍ ဋ္ဌ ၈၇။ ဘဒ္ဒေ၊ နှမ။ ယဒါ၊ အကြင်အခါ၌။ စေဋော၊ သူငယ်သည်။ သာမုဒ္ဒိကံ၊ သမုဒ္ဒရာ၌ပြေးသော။ သယန္တံ၊ ယန္တရားနှင့် တကွသော။ သဝဋာကရံ၊ တံခွန်နှင့်တကွ ခပ်သိမ်းသော အဆောက်အဦနှင့် ယှဉ်သော။ နာဝံ၊ လှေကြီးကို။ အာဒါယ၊ လက်ဖြင့်ယူ၍။ ဂစ္ဆေယျ၊ သွားနိုင်ရာ၏။ အထ၊ ထိုသို့ဖြစ်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ မမ၊ ငါ၏။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ နူနံ ဧကံသေန၊ စင်စစ်သဖြင့်။ သံသဂ္ဂေါ၊ ပေါင်းဖော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

ဤသို့ ဘုရားလောင်းသည် မဖြစ်နိုင်ရာသည်ကို ကြံ၍ ဤတစ်ဆယ့်တစ်ဂါထာတို့ကို ဆို၏။ ထိုစကားကိုကြား၍ ပြည့်တန်ဆာမသည် ဘုရားလောင်းကို ကန်တော့၍ မြို့သို့သွား၍ မင်းအား ထိုအကြောင်းကိုကြား၍ မိမိ၏ အသက်ကို တောင်းယူ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့.မာတုဂါမတို့မည်သည်ကား ဤသို့ ကျေးဇူးကို မသိဘတ်၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်၏ ဟု မိန့်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည် အဆုံး၌ ငြီးငွေ့သောရဟန်းသည် သောတာတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား- ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဖူးပြီ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ဝိပဿနာ၊ တရားသာ၊ ရောက်ရာနိဗ္ဗူတာ

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော အဋ္ဌာနဇာတ်သည် ပြီး၏။

*****

အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၁၀။ ဒီပိဇာတ်

အပြစ်ရှာသူတို့ထံ၌ သာယာသောစကားသည် အကျိုးမရှိ

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ခမနီယံ ယာပနီယံ အစရှိသော ဂါထာပုဒ်ဖြင့် တန် ဆာဆင်အပ်သော ဤဒီပိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တစ်ခုသော ဆိတ်ကုလားမကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... တစ်ပါးသောအခါ၌ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် တောင်တို့သည် ခြံရံအပ်သော တစ်ခုသောတံခါးရှိသော ဂိရိဗ္ဗဇကျောင်း၌ သီတင်းသုံးနေတော်မူစဉ် တံခါး၏ အနီး၌ စင်္ကြံသည် ရှိ၏။

ယောက်ျားတို့အမှုဖြင့်

ထိုအခါ ဆွတ်ကုလားတို့သည် ဤအရပ်၌ ကျက်စားကုန်၏ဟု ဆိတ်ကျောင်းတို့သည် ဆိုတ်ကုလားအပေါင်းကို တောင်ခြံအတွင်းသို့ သွင်း၍ ကစားလျက် နေကုန်၏။ ထိုဆိတ်ကျောင်းတို့သည် တစ်နေ့သ၌ ညချမ်းအခါ လာလတ်၍ ဆိတ်ကုလားတို့ကိုလိုက်၍ သွားကုန် သည်ရှိသော် တစ်ခုသော ဆိတ်ကုလားမသည် အဝေး၌ ကျက်စားရကား ထွက်ကုန်သော ဆိတ်ကုလားတို့ကို မမြင်၍ ကျန်ရစ်၏။ နောက် မှ ထွက်သော ထိုဆိတ်ကုလားမကို တစ်ခုသော သစ်သည် မြင်၍ ထိုဆိတ်ကုလားမကို စားအံ့ ဟု တောင်ခြံတံခါး၌ ရပ်၏။ ထိုဆိတ်ကုလားမသည်လည်း ထိုမှဤမှ ကြည့်လတ်သော် ထိုသစ်ကိုမြင်၍ ဤသစ်သည် ငါ့ကိုသတ်၍ စားလိုသည်၏အဖြစ်ကြောင့် ရပ်၏။ ငါသည်လည်း ပြေးအံ့၊ ငါ၏အသက်သည် မရှိပြီ၊ ယနေ့ ငါသည် ယောကျ်ားတို့ပြုအပ်သောအမှုကို ပြုခြင်းငှာ သင့်၏ဟု ကြံ၍ ဦးချိုတို့ကို ချီမြောက်၍ သစ်ရှိရာသို့ ရှေးရှု လျင်မြန်သော အဟုန်ဖြင့် ပြေး၍ သစ်သည် ဤမှ ဖမ်းအံ့၊ ဤမှ ဖမ်းအံ့ဟု လုံ့လ ပြုစဉ်လျင် တောသို့ဝင်၍ လျင်မြန်သောအဟုန်ဖြင့် ပြေး၍ ဆိတ်ကုလားတို့၏ အတွင်းသို့ ဝင်၏။

အန္တရာယ်ကင်းပြီ

ထိုအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် ထိုဆိတ်ကု လားမ သစ်တို့၏အမှုကို မြင်၍ နက်ဖြန်သွား၍ သဗ္ဗညူ မြတ်စွာဘုရားအား လျောက်၏။ ဘုန်းတော်ကြီးသောအရှင်ဘုရား ဤသို့ ထိုဆိတ်ကုလားမသည် အကြောင်း၌ လိမ္မာသည်၏အဖြစ်ကြောင့် သစ်မှ လွတ်၏ ဟု ဆို၏။ သဗ္ဗညူ မြတ်စွာဘုရားသည် မောဂ္ဂလာန် ထိုသစ်သည် ယခုအခါ၌ကား ထိုဆိတ်ကုလားမကို ဖမ်းအံ့သောငှာ မတတ်နိုင်။ ရှေး၌ကား မြည်တမ်းစဉ်လျှင် စားဖူး၏ ဟု မိန့်တော်မူ၍ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် တောင်း ပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ မဂဓတိုင်း၌ ဘုရားလောင်းသည် တစ်ခုသော ရွာဝယ် များသော စည်းစိမ်ရှိသောအမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ကာမတို့ကိုပယ်၍ ရသေ့ရဟန်းပြု၍ ဈာန်အဘိညာဉ်ကို ဖြစ်စေ၍ ကြာမြင့်စွာ ဟိမ ဝန္တာ၌နေ၍ ချဉ်ဆားမှီဝဲအံ့သောငှာ ရာဇဂြိုဟ်ပြည်သို့သွား၍ ထိုဂိရိဗ္ဗဇ၌လျှင် သစ်ရွက်မိုးသောကျောင်းကို ဆောက်၍ နေ၏။ ရှေးနည်းဖြင့်လျှင် ဆိတ်ကျောင်းသားတို့သည် ဆိတ်ကုလားတို့ကို ကျောင်းကုန်လတ်သော် တစ်နေ့သ၌ ဤအတူလျှင် နောက်မှ ထွက်လာသော တစ်ခုသော ဆိတ်ကုလားမကို သစ်သည် စားအံ့ ဟု တံခါး၌ ရပ်၏။

ရန်သူကို ချော့မော့

ထိုဆိတ်ကုလားမသည် ထိုသစ်ကိုမြင်၍ ယနေ့ ငါ့ အသက်သည် မရှိရာ။ စင်စစ် ငါသည် အသက်အကျိုးငှာ လုံ့လပြုခြင်းငှာ သင့်၏။ တစ်ခုသောဥပါယ်ဖြင့် ဤသစ်နှင့်လျှင် သာယာစွာသော ပဋိသန္ထာရကို ပြု၍ ထိုသစ်၏ နှလုံးနူးညံ့ခြင်းကို ဖြစ်စေ၍ အသက်ကို စောင့်ရှောက်အံ့ ဟု ကြံ၍ အဝေးမှလျှင် ထိုသစ်နှင့်တကွ ပဋိသန္ထာရကို ပြုလျက်လာ၍ -

၈၈။ ခမနီယံ ယာပနီယံ၊ ကစ္စိ မာတုလ တေ သုခံ။
သုခံ တေ အမ္မာ အဝစ၊ သုခကာမာဝ တေ မယံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၈။ မာတုလ၊ ဦရီး။ တေ၊ သင့်အား။ ခမနီယံ ကစ္စိ၊ ကျန်းခံ့၏လော။ ယာပနိယံ ကစ္စိ၊ မျှတ၏လော။ သုခံ ကစ္စိ၊ ချမ်းသာ၏လော။ အမ္မာ၊ အကျွန်ုပ်အမိသည်။ တေ၊ သင်၏။ သုခံ၊ ချမ်းသာကို။ ဣစ္ဆေယျာမိ၊ အလိုရှိ၏ဟူ၍။ အဝစ၊ ဆို၏။ မယံ၊ အကျွန်ုပ်တို့သည်။ တေ၊ သင်၏။ သုခကာမာဝ၊ ချမ်းသာကို အလိုရှိသည်သာလျှင် ဖြစ်ကုန်၏။

အပြစ်ရှာ

ထိုစကားကိုကြား၍ သစ်သည် ဤဆိတ် ကုလားမသည် ငါ့ကို ဦးရီးဟူသော စကားဖြင့် လှည့်စားလို၏။ ငါ၏ ကြမ်းကြုတ်သော အဖြစ်ကို မသိ ဟု ကြံ၍-

၈၉။ နင်္ဂုဋ္ဌံ မေ အဝက္ကမ္မ၊ ဟေဌယိတွာန ဧဠိကေ။
သာဇ္ဇ မာတုလဝါဒေန၊ မုဉ္စိတဗ္ဗာ နု မညသိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၉။ ဧဠိကေ၊ ဆိတ်ကုလားမ။ တွံ၊ သင်သည်။ မေ၊ ငါ၏။ နင်္ဂုဋ္ဌံ၊ အမြီးကို။ အဝက္ကမ္မ၊ နင်း၍။ ဟေဌယိတွာန၊ ပုတ်ခတ်၍။ အာဂစ္ဆသိ၊ လာ၏။ သာ တွံ၊ ထိုသင်သည်။ အဇ္ဇ၊ ယနေ့။ မာတုလဝါဒေန၊ ဦးရီးဟု ခေါ်ဝေါ်သဖြင့်။ မုဉ္စိတဗ္ဗာ၊ လွတ်ရာ၏ ဟူ၍။ မညသိ နု၊ အောက်မေ့သလော။

သင့်အမြီး ငါမနင်း

ထိုစကားကိုကြား၍ ဆိတ်ကုလားမသည် ဦးရီး ဤသို့ မဆိုလင့် ဟု-

၉၀။ ပုရတ္ထာမုခေါ နိသိန္နာသိ၊ အဟံ တေ မုခမာဂတာ။
ပစ္ဆတော တုယှံ နင်္ဂုဋ္ဌံ၊ ကထံ ခွါဟံ အဝက္ကမိံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၉၀။ မာတုလ၊ ဦးရီး။ တွံ၊ သင်သည်။ ပုရတ္ထာမုခေါ၊ အရှေ့သို့ မျက်နှာပြု၍။ နိသိန္နော၊ နေသည်။ အသိ၊ ဖြစ်၏။ အဟံ၊ ငါသည်။ တေ၊ သင်၏။ မုခံ၊ ရှေ့မျက်နှာသို့။ အဂတာ၊ လာ၏။ အဟံ၊ ငါသည်။ တုယှံ၊ သင်၏။ ပစ္ဆတော၊ နောက်မှ။ ဌိတံ၊ တည်သော။ နင်္ဂုဋ္ဌံ၊ အမြီးကို။ ကထံ ခေါ အဝက္ကမိံ၊ အသို့လျှင် နင်းအံ့နည်း။

ငါ့အမြီး အလွန်ရှည်

ထိုအခါ ထိုဆိတ်ကုလားမကို သစ်သည် ဆိတ်ကုလားမ သင်သည် အဘယ်သို့ ဆိုသနည်း၊ ငါ့အမြီး၏ မတည်ရာ အရပ်မည်သည်ကား မရှိဟု ဆိုလို၍-

၉၁။ ယာဝတာ စတုရော ဒီပါ၊ သသမုဒ္ဒါ သပဗ္ဗတာ။
တာဝတာ မယှံ နင်္ဂုဋ္ဌံ၊ ကထံ ခေါ တွံ ဝိဝဇ္ဇယိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၁။ ဧဠိကေ၊ ဆိတ်ကုလားမ။ ယာဝတာ၊ အကြင် မျှလောက်ကုန်သော။ သသမုဒ္ဒါ၊ သမုဒ္ဒရာနှင့် တကွကုန်သော။ သပဗ္ဗတာ၊ တောင်နှင့်တကွကုန်သော။ စတုရော ဒီပါ၊ ကျွန်းကြီး လေးကျွန်းတို့သည်။ သန္တိ၊ ရှိကုန်၏။ တာဝတာ တတ္တကံ ဌာနံ၊ ထိုမျှလောက်သော အရပ်ကို။ မယှံ၊ ငါ၏။ နင်္ဂုဋ္ဌံ၊ အမြီးသည်။ ပရိက္ခိပိတွာ၊ ရံ၍။ ဂတံ၊ တည်၏။ တွံ၊ သင်သည်။ ကထံ ခေါ၊ အသို့လျှင်။ ဝိဝဇ္ဇယိ၊ ရှောင်ကြဉ်အံ့နည်း။

ငါက ကောင်းကင်ကလာတာ

ဆိတ်ကူလားမသည် ထိုစကားကိုကြား၍ ယုတ်မာစွာသော ဤသစ်သည် သာယာသော စကား၌ မကပ်ငြိ၊ ဆန့်ကျင်ဘက် ဖြစ်၍ ထိုသစ်အား ဆိုအံ့ဟု-

၉၂။ ပုဗ္ဗေဝ မေ တမက္ခိံသု၊ မာတာ ပိတာ စ ဘာတရော။
ဒီဃံ ဒုဋ္ဌဿ နင်္ဂုဋ္ဌံ၊ သာမှိ ဝေဟာယသာ ဂတာ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၂။ ပုဗ္ဗေဝ၊ ရှေး၌လျှင်။ မာတာ စ၊ အမိသည်လည်းကောင်း။ ပိတာ စ၊ အဘသည်လည်းကောင်း။ ဘာတရော စ၊ မောင်တို့သည်လည်းကောင်း။ ဒုဋ္ဌဿ၊ ပြစ်မှားသောသစ်၏။ နင်္ဂုဋ္ဌံ၊ အမြီးသည်။ ဒီဃံ၊ ရှည်၏ဟူ၍။ ဧတံ ဝစနံ၊ ထိုစကားကို။ မေ၊ ငါအား။ အက္ခိံသု၊ ပြောကြားဖူးကုန်၏။ သာ အဟံ၊ ထိုငါသည်။ ဝေဟာယသံ၊ ဝေဟာယသေန၊ ကောင်းကင်ဖြင့်။ အာဂတာ၊ လာသည်။ အမှိ၊ ဖြစ်၏။

ငါ့အစာတွေ ထွက်ပြေးကြ

ထိုအခါ ဆိတ်ကုလားမ ကောင်းကင်ဖြင့်လာသော သင့်ကိုမြင်၍ သားအပေါင်းတို့သည် ပြေးလေပြီ၊ သင်သည် ငါ၏ အစာကို ဖျက်ဆီးအပ်၏ဟု-

၉၃။ တဉ္စ ဒိသွာန အာယန္တိံ၊ အန္တလိက္ခသ္မိ ဧဠိကေ။
မိဂသံဃော ပလာယိတ္ထ၊ ဘက္ခော မေ နာသိတော တယာ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၉၃။ ဧဠိကေ၊ ဆိတ်ကုလားမ။ အန္တလိက္ခသ္မိံ၊ ကေင်းကင်၌။ အာယန္တိံ၊ လာသာ။ တဉ္စ၊ သင့်ကိုလျှင်။ ဒိသွာန၊ မြင်၍။ မိဂသံဃော၊ သားအပေါင်းသည်။ ပလာယိတ္ထ၊ ပြေးပြီ။ တယာ၊ သင်သည်။ မေ၊ ငါ၏။ ဘက္ခော၊ အစာကို။ နာသိတော၊ ဖျက်ဆီးအပ်၏။

အစားခံရပြီ

ဆိတ်ကုလားမသည် ထိုစကားကိုကြား၍ သေဘေးဖြင့် ကြောက်၍ တစ်ပါးသော အကြောင်းကို ဆောင်အံ့သောငှာ မတတ်နိုင်ရကား

ဦးရီး... ဤသို့သဘောရှိသော ကြမ်းကြုတ်သော အမှုကို မပြုလင့်၊ ငါ့အား အသက်ကိုပေးလော့ဟု မြည်တမ်း၏။ သစ်သည်လည်း ထိုဆိတ်ကုလားမ မြည်တမ်းစဉ်လျှင် လည်၌ ကိုက်သတ်၍ စား၏။

သဗ္ဗညူမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ရဟန်းတို့အား ဆုံးမလိုရကား-

၉၄။ ဣစ္စေဝံ ဝိလပန္တိယာ၊ ဧဠကိယာ ရုဟဂ္ဃသော။
ဂလကံ အနွာဝမဒ္ဒိ၊ နတ္ထိ ဒုဋ္ဌေ သုဘာသိတံ။
၉၅။ နေဝ ဒုဋ္ဌေ နယော အတ္ထိ၊ န ဓမ္မော န သုဘာသိတံ။
နိက္ကမံ ဒုဋ္ဌေ ယုဉ္ဇေထ၊ သော စ သဗ္ဘိံ န ရဉ္ဇတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၉၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ရုဟဂ္ဃသော၊ သတ္တဝါတို့၏ အသွေးအသားကို သောက်စားတတ်သော။ ဒီပိ၊ သစ်သည်။ ဣစ္စေဝံ၊ ဤသို့။ ဝိလပန္တိယာ၊ မြည်တမ်းစဉ်။ ဧဠကိယာ၊ ဆိတ်ကုလားမ၏။ ဂလကံ၊ လည်ကို။ အနွာဝမဒ္ဒိ၊ ကိုက်ဝါး၏။ ဒုဋ္ဌေ၊ ပြစ်မှားတတ်သောသူ၌။ သုဘာသိတံ၊ စကားဆိုကျိုးသည်။ နတ္ထိ၊ မရှိ။

֍ ဋ္ဌ ၉၅။ ဒုဋ္ဌေ၊ ပြစ်များတတ်သောသူ၌။ နယော၊ အကြောင်းသည်။ နေဝ အတ္ထိ၊ မရှိသလျှင်ကတည်း။ ဓမ္မော၊ သဘောသည်။ န အတ္ထိ၊ မရှိသလျှင်ကတည်း။ သုဘာသိတံ၊ စကားကောင်းသည်။ န အတ္ထိ၊ မရှိသလျှင်ကတည်း။ ဒုဋ္ဌေ၊ ပြစ်မှာတတ်သောသူ၌။ နိက္ကမံ၊ လုံ့လကို။ ယုဉ္ဇေထ၊ အားထုတ်ရာ၏။ သော စ၊ ထိုပြစ်မှားတတ်သော သူသည်ကား။ သဗ္ဘိံ၊ စကားကောင်းကို။ န ရဉ္ဇတိ၊ မချစ်။

ရသေ့သည် ထိုဆိတ်ကုလားမ သစ်တို့၏ အမူအရာအလုံးစုံကို မြင်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်ဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဆိတ်ကုလားမသည် ထိုအခါ ဆိတ်ကုလားမ ဖြစ်ဖူးပြီ၊ ယခုအခါ သစ်သည် ထိုအခါ သစ်ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

အပြစ်ရှာနေ၊ သူ့ထံဖြေ၊ ဆင်ခြေမဆိုရာ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဒီပိဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၁။ ဂိဇ္စျဇာတ်

မိဘစကားကို နားမထောင်၍ ပျက်စီးရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ပရိသင်္ကုပထော နာမ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂိဇ္စျဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆိုနိုင်ခက်သော ရဟန်းတစ်ပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... တစ်ဦးသော အမျိုးသားဖြစ်သော ရဟန်းသည် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ အကျိုးစီးပွားကို အလိုရှိသော ဆရာဥပဇ္ဈာယ်တို့သည်လည်းကောင်း၊ သီတင်းသုံးဖော်တို့သည်လည်းကောင်း သင်သည် ဤသို့ တက်အပ်၏။ ဤသို့ ဆုတ်အပ်၏။ ဤသို့ တူရူကြည့်အပ်၏။ ဤသို့ တစောင်းကြည့်အပ်၏။ ဤသို့ ကွေးအပ်၏။ ဤသို့ ဆန့်အပ်၏။ ဤသို့ ဝတ်အပ်၏။ ဤသို့ ရုံအပ်၏။ ဤသို့ သပိတ်ကို ကိုင်အပ်၏။ မျှလောက် ရုံသော ဆွမ်းကိုခံ၍ ပစ္စဝေက္ခဏာ ဆင်ခြင်၍။ လျှင် သုံးဆောင်အပ်၏။ ဣန္ဒြေတို့၌ စောင့်ရှောက်သော ဒွါရရှိသည် ဖြစ်ရာ၏။ ဘောဇဉ်၌ အတိုင်းအရှည်ကို သိသည်ဖြစ်ရာ၏။ နိုးခြင်း၌ လုံ့လပြုသည် ဖြစ်ရာ၏။ ဧည့်သည် အာဂန္တုကဝတ် မည်သည်ကို သိရာ၏။ ဓမ္မိကဝတ် မည်သည်ကို သိရာ၏။ ဤဝတ်တို့သည်ကား တစ်ဆယ့်လေးပါးကုန်သော ခန္ဓာကဝတ် ရှစ်ဆယ်ကုန်သော ဝတ်ကြီးတို့တည်း၊ ထိုဝတ်တို့၌ သင်သည် ကောင်းစွာကျင့်အပ်၏။ ဤဓုတင်တို့မည်သည် တစ်ဆယ့်သုံးပါးတို့တည်း၊ ထိုတစ်ဆယ့်သုံးပါးသော ဓုတင်တို့ကို ကောင်းစွာ ဆောက် တည်၍ ကျင့်အပ်၏ ဟု ဆုံးမအပ်သည်ရှိသော် ဆိုနိုင်ခက်၏။ သည်းမခံ၊ အဆုံးအမကို ရိုသေသဖြင့် မယူ။ ငါသည် သင်တို့ကို မဆို၊ ငါ့ကို သင်တို့သည် မဆိုကုန်လင့်။ ငါသည်သာလျှင် ငါ၏ အကျိုးစီးပွားကိုလည်းကောင်း၊ အကျိုးမဲ့ကိုလည်းကောင်း ပြုအံ့ဟု မိမိကိုယ်ကို ဆုံးမအပ်သည်ကိုပြု၏။ ထိုအခါ ထိုရဟန်း၏ ဆုံးမခက်သည်၏အဖြစ်ကို သိ၍ ရဟန်းတို့သည် တရား သဘင်၌ ထိုရဟန်း ကျေးဇူးမဲ့စကားကို ဆိုလျက် နေကုန်၏။ သဗ္ဗညူ မြတ်ဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ထိုရဟန်းကို ခေါ်တော်မူစေ၍ ရဟန်း... သင်သည် ဆိုနိုင်ခက်သောဟူသည် မှန်သလော ဟု မေးတော်မူ၍ မှန်ပေ၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း... အဘယ့်ကြောင့် သင်သည် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ အကျိုးစီးပွားကို အလိုရှိကုန်သော သူတို့၏စကားကို နားမထောင်လေသနည်း၊ သင်သည် ရှေး၌လည်း ပညာရှိတို့၏ စကားကို နားမထောင်မူ၍ ဝေရမ္ဘလေဦး၌ မှုန့်မှုန့်ညက်ညက် ကြေဖူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဂိဇ္ဈကုဋ်တောင်၌ ဘုရားလောင်းသည် လင်းတမျိုး၌ ဖြစ်၏။ ဘုရားလောင်း၏ သားသည် သုပတ္တမည်သော လင်းတမင်းတည်း။ ထိုလင်းတမင်းသည် အထောင်မကသော လင်းတအခြံအရံ ရှိ၏။ အားနှင့် ပြည့်စုံ၏။ မိဘတို့ကို မွေး၏။ အားနှင့် ပြည့်စုံသည်၏ အဖြစ်ကြောင့် အလွန်ဝေးသောအရပ်သို့ ပျံ၏။

မိဘစကား နားမထောင်

ထိုအခါ သုပတ္တလင်းတကို အဘသည် အမောင် ဤမည်သော အရပ်ကိုလွန်၍ မသွားအပ်ဟု ဆုံးမ၏။ ထို သုပတ္တလင်းတသည်လည်းကောင်းပြီဟု ဝန်ခံ၍ တစ်နေ့သ၌ မိုးရွာပြီးသည်ရှိသော် လင်းတတို့နှင့်တကွ ပျံ၍ ကြွင်းသောလင်းတတို့ကိုထား၍ အလွန်မြင့်သော အရပ်သို့ ပျံသွား၍ ဝေရမ္ဘလေဦးသို့ ရောက်၍ မှုန့်မှုန့်ညက်ညက် ကြေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုအကြောင်းကို ပြတော်မူလိုရကား ဘုရား ဖြစ်တော်မူပြီး၍ -

။ ပရိသင်္ကုပထော နာမ၊ ဂိဇ္ဈပန္ထော သနန္တနော။
တတြာသိ မာတာပိတရော၊ ဂိဇ္ဈော ပေါသေသိ ဇိဏ္ဏကေ။
တေသံ အဇဂရမေဒံ၊ အစ္စဟာသိ ဗဟုတ္တသော။
။ ပိတာ စ ပုတ္တံ အဝစ၊ ဇာနံ ဥစ္စံ ပပါတိနံ။
သုပတ္တံ ထာမသမ္ပန္နံ၊ တေဇဿိံ ဒူရဂါမိနံ။
။ ပရိပ္လဝန္တံ ပထဝိံ၊ ယဒါ တာတ ဝိဇာနဟိ။
သာဂရေန ပရိက္ခိတ္တံ၊ စက္ကံဝ ပရိမဏ္ဍလံ။
တတော တာတ နိဝတ္တဿု၊ မာဿု ဧတ္တော ပရံ ဂမိ။
။ ဥဒပတ္တောသိ ဝေဂေန၊ ဗလီ ပက္ခီ ဒိဇုတ္တမော။
ဩလောကယန္တော ဝက္ကင်္ဂေါ၊ ပဗ္ဗတာနိ ဝနာနိ စ။
။ အဒ္ဒဿ ပထဝိံ ဂိဇ္ဈော၊ ယထာ သာသိ ပိတုဿုတံ။
သာဂရေန ပရိက္ခတ္တံ၊ စက္ကံဝ ပရိမဏ္ဍလံ။
။ တဉ္စ သော သမတိက္ကမ္မ၊ ပရမေဝစ္စဝတ္တထ။
တဉ္စ ဝါတသိခါ တိက္ခာ၊ အစ္စဟာသိ ဗလိံ ဒိဇံ။
။ နာသက္ခာတိ ဂတော ပေါသော၊ ပုနဒေဝ နိဝတ္တိတုံ။
ဒိဇော ဗျသနမာပါဒိ၊ ဝေရမ္ဘာနံ ဝသံ ဂတော။
။ တဿ ပုတ္တာ စ ဒါရာ စ၊ ယေ စညေ အနုဇီဝိနော။
သဗ္ဗေ ဗျသနမာပါဒုံ၊ အနောဝါဒကရေ ဒိဇေ။
။ ဧဝမ္ပိ ဣဓ ဝုဍ္ဎာနံ၊ ယော ဝါကျံ နာဝ ဗုဇ္ဈတိ။
အတိသီမစရော ဒိတ္တော၊ ဂိဇ္ဈော ဝါတီတသာသနော။
သ ဝေ ဗျသနံ ပပ္ပေါတိ၊ အကတွာ ဝုဍ္ဎသာသနံ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁။ သနန္တနော၊ ရှေး၌ဖြစ်သော။ ပရိသင်္ကုပထော နာမ၊ ပရိသင်္ကုပထ မည်သော။ ဂိဇ္ဈပန္ထော၊ ဂိဇ္ဈတောင်ထိပ်၌ ခရီးသည်။ အတ္ထိ၊ ရှိ၏။ တတြ၊ ထိုဂိဇ္ဈာင်ထိပ် သင်္ကုမည်သော ခရီး၌။ ဂိဇ္ဈော၊ တစ်ခုသောလင်းတသည်။ အာသိ၊ ဖြစ်၏။ သော၊ ထိုလင်းတသည်။ ဇိဏ္ဏကေ၊ အိုကုန်သော။ မာတာပိတရော၊ မိဘတို့ကို။ ပေါပေသိ၊ မွေး၏။ သော၊ ထိုလင်းတသည်။ တေသံ၊ ထိုမိဘတို့၏။ အတ္ထာယ၊ အကျိုးငှာ။ အဇဂရမေဒံ၊ စပါးကြီးမြွေအဆီကို။ ဗဟုတ္တသော၊ များသောအားဖြင့်။ အစ္စာဟာသိ၊ အလွန်ဆောင်၏။

֍ ဋ္ဌ ၂။ ပိတာ စ၊ အဖသည်လည်း။ ပုတ္တံ၊ သားကို။ ဥစ္စံ ပပါတိနံ၊ မြင့်စွာ ပျံသည်ကို။ ဇာနံ၊ သိလတ်၍။ သုပတ္တံ၊ သုပတ္တမည်သော။ ထာမသမ္ပန္နံ၊ အားနှင့်ပြည့်စုံသော။ တေဇဿိံ၊ ယောက်ျားတို့၏ အစွမ်းနှင့် ပြည့်စုံသော။ ဒုရဂါမိနံ၊ အဝေးသို့ သွားတတ်သော သားကို။

֍ ဋ္ဌ ၃။ တာတ၊ အမောင်။ တွံ၊ သင်သည်။ ယဒါ၊ အကြင်အခါ၌။ ပထဝိံ၊ မြေကြီးကို။ ပရိပ္လဝန္တံ၊ ကြံရွက်ကဲ့သို့ ရေ၌ပေါ်သည်ကို။ ဝိဇာနာဟိ၊ သိအံ့။ သာဂရေန၊ သမုဒ္ဒရာသည်။ ပရိက္ခိတ္တံ၊ ထက်ဝန်း ကျင်မှ ခြံရံအပ်သော မြေကြီးကို။ ပရိမဏ္ဍလံ၊ ဝန်းသော။ စက္ကံဝ၊ စက်ကဲ့သို့။ ဝိဇာနဟိ၊ သိအံ့။ တတ၊ အမောင်။ တတော၊ ထိုအရပ်မှ။ နိဝတ္တ ဿု၊ ပြန်ခဲ့လော့။ ဧတ္တော၊ ထိုအရပ်ထက်။ ပရံ၊ အလွန်။ မာဿု ဂမိ၊ မပျံလင့်။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။

֍ ဋ္ဌ ၄။ ဗလီ၊ အားနှင့်ပြည့်စုံသော။ ပက္ခီ၊ အတောင်ရှိသော။ ဒိဇုတ္တမော၊ လင်းတငှက်မင်းသည်။ ဝေဂေန၊ လျင်သောအဟုန်ဖြင့်။ ဥဒပတ္တော၊ အဖသည် ကြားအပ်သော အရပ်သို့ ရောက်သည်။ အသိ၊ ဖြစ်၏။ ဝက္ကင်္ဂေါ၊ လင်းတငှက်မင်းသည်။ ဩလောကယန္တော၊ အောက်သို့ ကြည့်လတ်သော် ပဗ္ဗတာနိ စ၊ တောင်တို့ကိုလည်းကောင်း။ ဝနာနိ စ၊ တောတို့ကိုလည်းကောင်း။ အဒ္ဒသ၊ မြင်၏။

֍ ဋ္ဌ ၅။ ဂိဇ္ဈော၊ လင်းတသည်။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ ပိတုဿုတံ၊ အဖ၏ ဥစ္စာဖြစ်သော အဆုံးအမစကားကို ကြားသည်။ အသိ၊ ဖြစ်၏။ တထာ၊ ထိုသို့သော အခြင်းအရာအားဖြင့်။ သာဂရေန၊ သမုဒ္ဒရာသည်။ ပရိက္ခိတ္တံ၊ ခြံရံအပ်သော။ ပထဝိ့။ မြေကြီးကို။ ပရိမဏ္ဍလံ၊ ဝန်းသော၊ စက္ကဝ၊ စက်ကဲ့သို့။ အဒ္ဒသ၊ မြင်၏။

ဝေရမ္ဘလေ

֍ ဋ္ဌ ၆။ သော၊ ထိုလင်းတမင်းသည်။ တဉ္စ၊ ထိုအရပ်ကိုလည်း။ သမတိက္ကမ္မ၊ လွန်၍။ ပရမေဝ၊ အထက်သို့သာလျှင်။ ပဝတ္တထ၊ ပျံ၏။ ဗလိံ၊ အားနှင့်ပြည့်စုံသော။ တဉ္စ ဒိဇံ၊ ထိုလင်းတငှက်မင်းကို။ တိက္ခာ၊ ထက်စွာသော။ ဝါတသိခါ၊ ဝေရမ္ဘလေညွန့်သည်။ အစ္စဟာသိ၊ မှုန့်မှုန့်ညက်ညက် ကြေစေလျက် ဆောင်၏။

֍ ဋ္ဌ ၇။ အတိဂတော၊ အလွန်ပျံသွားသော။ ပေါသော၊ လင်းတငှက်မင်းသည်။ ပုနဒေဝ၊ တစ်ဖန်လျှင်။ နိဝတ္တိတုံ၊ ပြန့်လာအံ့သောငှာ။ နာသက္ခိ၊ မတတ်နိုင်။ ဝေရမ္ဘာနံ၊ ဝေရမ္ဘလေတို့၏။ ဝသံ၊ နိုင်ငံသို့။ ဂတော၊ ရောက်သော။ ဒိဇော၊ လင်းတငှက်မင်းသည်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ အာပါဒိ၊ ရောက်၏။

֍ ဋ္ဌ ၈။ ဒိဇေ၊ လင်းတငှက်မင်းသည်။ အနောဝါဒကရေ၊ အဆုံးအမကို မလိုက်နာသည်ရှိသော်။ တဿ၊ ထိုလင်းတငှက်မင်း၏။ ပုတ္တာ စ၊ သားတို့သည်လည်းကောင်း။ ဒါရာ စ၊ မယားတို့သည်လည်းကောင်း။ အနုဇီဝိနော၊ မှီ၍ အသက်မွေးကုန်းသော။ အညေ၊ တစ်ပါးကုန်သော။ ယေ စ၊ အကြင်လင်းတတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော လင်းတတို့သည်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ အာပါဒုံ၊ ရောက်ကုန်၏။

֍ ဋ္ဌ ၉။ အတီတသာသနော၊ အဆုံးအမကို လွန်သော။ ဂိဇ္ဈောဝ၊ လင်းတကဲ့သို့။ ဧဝမ္ပိ၊ ဤအတူလည်း။ ဣဓ၊ ဤသာသနာတော်၌။ ယော၊ အကြင်သူသည်။ အတိသီမစရော၊ အပိုင်းအခြားကို လွန်လျက် ကျင့်သည်ဖြစ်၍။ ဒိတ္တော၊ ကြမ်း ကြုတ်သည်ဖြစ်၍။ ဝုဍ္ဎာနံ၊ အကျိုးစီးပွားကို အလိုရှိကုန်သော ကြီးသာသူတို့၏။ ဝါကျံ၊ ဆုံးမစကားကို။ နာဝ ဗုဇ္စျတိ၊ မသိ။ သ-သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ ဝုဍ္ဎသာသနံ၊ အကျိုးစီးပွားကို အလိုရှိကုန်သော ကြီးသောသူတို့၏ အဆုံးအမကို။ အကတွာ၊ မလိုက်နာမူ၍။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ပပ္ပေါတိ၊ ရောက်၏။

ဆုံးမစကား လိုက်နာကြ

ရဟန်း... ထိုသို့ဖြစ်သောကြောင့် သင်သည် လင်းတနှင့်တူသည် မဖြစ်လင့်၊ အကျိုးစီးပွားကို အလိုရှိကုန်သော သူတို့၏ စကားကို နားထောင်လော့ဟု သဗ္ဗညူမြတ်စွာဘုရားသည် ဆုံးမတော်မူ၏။ ထိုရဟန်းသည် ဘုရားဆုံးမတော်မူသော ကာလမှစ၍ ဆိုဆုံးမလွယ်သည်ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ထိုဆုံးမခက်သော ရဟန်းသည် ထိုအခါ ဆုံးမခက်သော လင်းတဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဆုံးမခက်သော လင်းတ၏အဖ ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

အကျိုးလိုလား၊ ဆုံးမငြား၊ မှတ်သားလိုက်နာပါ

ရှေးဦးစွာသော ဂိဇ္စျဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၂။ ကောသမ္ဗိယဇာတ်

ငြင်းခုံခိုက်ရန် မပြုသင့်ခြင်းအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ပုထုသဒ္ဒေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကောသမ္ဗိယဇာတ်ကို ကောသမ္ဗီပြည်ကို အမှီပြု၍ ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောသမ္ဗီပြည်၌ ခိုက် ရန်ဖြစ်ခြင်းကို ပြုကုန်သော ရဟန်းတို့ကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုသည်ကား ကောသမ္ဗကက္ခန္ဓက၌ လာသလျှင်ကတည်း။

အာပတ်သင့်မသင့်

ဤကောသမ္ဗီဇာတ်၌ကား အကျဉ်းကို ဤသို့သိအပ်၏။ ထိုအခါ ဝိနည်းကိုဆောင်သောရဟန်း၊ သုတ္တန်ကိုဆောင်သောရဟန်း ဤရဟန်းနှစ်ပါးတို့သည်လည်း တစ်ခုသောကျောင်း၌ နေကုန်သတတ်။ ထိုနှစ်ပါးကုန်သော ရဟန်းတို့တွင် သုတ္တန်ကိုဆောင်သော ရဟန်းသည် တစ်နေ့သ၌ ကိုယ်လက်သုတ်သင်ခြင်းကိုပြု၍ သန့်သက်အိမ်ဝယ် သန့်သက်ကြွင်းကို သန့်သက်ခွက်၌ထား၏။ နောက်မှ ဝိနည်းကို ဆောင်သောရဟန်းသည် သန့်သက်အိမ်သို့ဝင်၍ ထိုရေကိုမြင်၍ ထိုအိမ်မှထွက်၍ သုတ္တန်ကို ဆောင်သော ရဟန်းကို ငါ့ရှင်... သင်သည် သန့်သက်ရေကြွင်းကို ထားခဲ့သလောဟု မေး၏။ ငါ့ရှင် ထားခဲ့၏ဟု သုတ္တန်ကိုဆောင်သော ရဟန်းသည် ဆို၏။ ငါ့ ရှင် သင်သည် ဤ သန့်သက်ခွက်ဝယ် သန့်သက် ရေကြွင်းကို ထားရာ၌ အာပတ်သင့်သည်၏ အဖြစ်ကို မသိသလောဟု ဝိနည်းကို ဆောင်သောရဟန်းသည် မေး၏။ ငါ့ရှင်ငါသည် မသိ ဟု သုတ္တန်ကိုဆောင်သော ရဟန်းသည် ဆို၏။ ငါ့ရှင် မ သိသည်ဖြစ်စေ၊ ဤသန့်သက် ရေကြွင်း ထားရာ၌ အာပတ်သည် ရှိ၏ဟု ဝိနည်းကို ဆောင်သော ရဟန်းသည် ဆို၏။ ငါ့ရှင်... ထိုသို့တပြီးကား ထိုအာပတ်ကို ငါကုအံ့ဟု သုတ္တန်ကို ဆောင်သော ရဟန်းသည် ဆို၏။ ငါ့ရှင်... သင့်အား စေတနာမရှိသည်ဖြစ်၍ သတိလွတ်သဖြင့် ပြုငြားအံ့၊ အာပတ်သည် မရှိ ဟု ဝိနည်းကိုဆောင်သော ရဟန်းသည် ဆို၏။

ရဟန်းတို့ ကွဲကြပြီ

သုတ္တန်ကိုဆောင်သော ရဟန်းသည် ထိုအာပတ်၌ အနာပတ္တိဟု အယူရှိ၏။ ဝိနည်းကိုဆောင်သော ရဟန်းသည်လည်း မိမိတပည့်တို့အား ဤသုတ္တန္တိကရဟန်းသည် အာပတ်သင့်လျက်လည်း မသိ ဟု ပြောဆို၏။ ဝိည်းကိုဆောင်သော ရဟန်း၏ တပည့်တို့သည် သုတ္တန်ကို ဆောင်သော ရဟန်း၏ တပည့်တို့ကိုမြင်၍ သင်တို့၏ ဥပဇ္ဈာယ်သည် အာပတ်သင့်၍ အာပတ်သင့်မှန်း မသိဟု ဆိုကုန်၏။ သုတ္တန်ကိုဆောင်သော ရဟန်း၏ တပည့်တို့သည် မိမိတို့၏ ဥပဇ္ဈာယ်အား ကြားလျှောက်ကုန်၏။ သုတ္တန်ကို ဆောင်သော ရဟန်းသည် ဤဝိနည်းဓိုရိကား ရှေး၌ အနာပတ္တိဟုဆို၍ ယခုမှ အာပတ်ဟု ဆိုပြန်၏။ ဝိနည်းဓိုရ်သည် မုသားဆို၏ဟု တပည့်တို့အား ကြား၏။ သုတ္တန်ကိုဆောင်သော ရဟန်း၏ တပည့်တို့သည် သွား၍ သင်တို့၏ ဥပဇ္ဈာယ်သည် မုသားဆို၏ဟု ဆိုကုန်၏။ ဤသို့ အချင်းချင်း ခိုက်ရန်ပြုကုန်၏။ ထို့နောင်မှ ဝိနည်းဓိုရ်သည် အခွင့်ကိုရ၍ သုတ္တန္တိက ရဟန်းအား အာပတ်ကို မရှုသောအားဖြင့် ဥက္ခေပနီယကံကို ပြု၏။ ထိုအခါမှစ၍ ထိုနှစ်ပါးကုန်သော ရဟန်းတို့၏ ပစ္စည်း ဒါယကာတို့သည်လည်း နှစ်စုကွဲကုန်၏။ အဆုံးအမကို ခံကုန်သော ရဟန်းမိန်းမတို့သည်လည်း နှစ်စုကွဲကုန်၏။ စောင့်ရှောက်ကုန်သော နတ်တို့သည်လည်း နှစ်စုကွဲကုန်၏။ ထိုနတ်တို့၏ သန္ဒိဋ္ဌ သမ္ဘတ္တ အဆွေ ခင်ပွန်းဖြစ်ကုန်သော ဗြဟ္မာပြည့်တိုင်အောင် ကောင်းကင်၌ တည်ကုန်သော ပုထုဇဉ်ဖြစ်သော အလုံးစုံသော နတ်တို့သည်လည်း နှစ်စုကွဲကုန်၏။ အကနိဋ္ဌဗြဟ္မာ့ပြည်တိုင်အောင် ဤကောလာ ဟလသည်လည်း ရောက်၏။

ဘုရားသော်မှ ဟောမရ

ထိုအခါ တစ်ပါးသော ရဟန်းသည် မြတ်စွာဘုရားသို့ ဆည်းကပ်၍ ဥက္ခေပနီယကံကို ပြုကုန်သော ရဟန်းတို့၏ ဤသုတ္တန္တိက ရဟန်းတို့ကို ဓမ္မိကဖြစ်သော ကံဖြင့်သာလျှင် ဥက္ခိတ္တကံ ပြုအပ်၏ ဟူသောအယူ၊ ဥက္ခိတ္တာနုဝတ္တက ရဟန်းတို့၏ သုတ္တန္တိက ရဟန်းတို့ကို အဓမ္မိကကံဖြင့် ဥက္ခိတ္တကံ ပြုအပ်၏ဟူသော အယူ၊ ဥက္ခေပနီယကံကိုပြုကုန်သော ရဟန်းတို့သည် တားမြစ်အပ်ကုန်လျက်လည်း ဥက္ခိတ္တာနုဝတ္တက ရဟန်းတို့ ခြံရံ၍ သွားသည်၏အဖြစ်ကို သဗ္ဗညူ မြတ်စွာဘုရားအား ကြားလျှောက်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ညီညွတ် သင့် တင့်ကြကုန် ဟု နှစ်ကြိမ်စေတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... ညီညွတ်ခြင်းငှာ အလိုမရှိကြကုန်ဟူသော စကားကိုကြား၍ သုံးကြိမ်မြောက်၌ သံဃာကွဲ၏ဟု ထိုရဟန်းတို့၏ အထံသို့ ကြွတော်မူ၍ ဥက္ခေနီယကံကို ပြုကုန်သောရဟန်းတို့အား ကံပြုခြင်း၌ အပြစ်ကို။ ဥက္ခိတ္တက ရဟန်းတို့အား အာပတ်ကိုမရှုခြင်း၌ အပြစ်ကို ဟောတော်မူ၍ ဖဲတော်မူ၏။ တစ်ဖန် ထိုကာသမ္ဗီပြည်၌လျှင် တစ်ခုတည်းသော သိမ်၌ ဥပုသ်အစရှိသည်တို့ကို ပြုကုန်၍ ယခုအခါ၌လည်း ငြင်းခုံကုန်လျက် နေကုန်၏ ဟု ကြား၍ ထိုအရပ်သို့ သဗ္ဗညူ မြတ်ဘုရားသည် ကြွတော်မူ၍ ရဟန်းတို့ မသင့်၊ ခိုက်ရန် မဖြစ်စေလင့် ဤသို့ အစရှိကုန်သော စကားတို့ကို မိန့်တော်မူ၍ ဓမ္မဝါဒီဖြစ်သော မထင်ရှားသော ရဟန်းတစ်ပါးသည် သဗ္ဗညူ မြတ်စွာဘုရားရှင်၏ ပင်ပန်းခြင်းကို အလိုမရှိသဖြင့် ဘုန်းတော်ကြီးသော အရှင်ဘုရား တရားအရှင်ဖြစ်သော သဗ္ဗညူမြတ်စွာဘုရားသည် ငံ့တော်မူပါဦးလော့၊ အရှင်ဘုရား ဘုန်းတော်ကြီးသော အရှင်ဘုရားသည် ကြောင့်ကြမဲ့ နေတော်မူပါလော့၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသစွာနေခြင်းကို အားထုတ်တော်မူလျက် နေတော်မူပါ၊ အကျွန်ုပ်တို့သည် ထိုခိုက်ရန် အငြင်းအခုံဖြင့် ထင်ရှားပါကုန်လတ္တံ့ ဟု နားတော်လျောက်သည်ရှိသော် ရဟန်းတို့ ရှေး၌ဖြစ်ဖူးသည်ကို ငါဟောအံ့။

အတိတ်ဝတ္ထု... ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော ကာသိကမင်းသည် ဖြစ်ဖူး၏။ ဗြဟ္မဒတ်မင်းသည် ပြည်ကိုလုယူ၍ မထင်ရှားသော အသွင်ဖြင့်နေသော ဒီဃီတိ ကောသလမင်းအား သတ်သည်၏ အဖြစ်ကိုလည်းကောင်း, ဒီဃာဝုမင်းသားသည် မိမိအား အသက်ကို ပေးသည်ရှိသော် ထိုအခါမှစ၍ ဗြဟ္မဒတ်မင်း ဒီဃာဝုမင်းသားတို့၏ သင့် တင့် ညီညွတ်သည်၏ အဖြစ်ကိုလည်းကောင်း ဟောတော်မူ၍ ရဟန်းတို့ စွဲကိုင်သော လက် နက်ရှိကုန်သော ထိုမင်းတို့အား စဉ်လျက်လည်း ဤသို့သဘောရှိသော သည်းခံခြင်းနှင့် မွေ့လျော်ခြင်းသည် ဖြစ်တုံသေး၏။ သင်တို့သည်ကား ဤသို့ ကောင်းစွာဟောအပ်သော ဤသာသနာတော်၌ အကြင့်ကြောင့် ရဟန်းပြုကုန်၏။ ထိုကြောင့် စင်စစ်သဖြင့် နားထောင်ရာ၏ဟု ဆုံးမတော်မူ၏။

ငြိမ်းချမ်းရေးတရားတော်

နှစ်ကြိမ်မြောက်လည်းကောင်း, သုံးကြိမ်မြောက်လည်းကောင်း ရဟန်းတို့ မသင့်၊ ခိုက် ရန် မဖြစ်စေလင့် ဟု မြစ်တော်မူ၍ မကျင့်ကုန်သော ရဟန်းတို့ကို မြင်တော်မူ၍ ဤမဂ်ဖိုလ်မှ အချည်းနှီးဖြစ်ကုန်သော ရဟန်းတို့သည် အကု သိုလ်စိတ်ရှိကုန်သော သဘောရှိကုန်၏။ ဤမဂ်ဖိုလ်မှ အချည်းနှီးဖြစ်ကုန်သော ယောကျ်ားတို့သည် မှတ်စိမ့်သောငှာ မလွယ်ကုန် ဟု ဖဲတော်မူ၍ နက်ဖြန် ဆွမ်းခံရွာမှ ကြွတော်မူ၍ ဂန္ဓကုဋိတော်၌ အတန်ငယ် အပင်အပန်း ဖြေတော်မူ၍ ကျောင်းအိပ်ရာ နေရာကို သိုမှီးတော်မူ၍ ကိုယ်တော်၏ သပိတ်သင်္ကန်းကို ယူတော်မူ၍ သံဃာ့အလယ် ကောင်းကင်၌ ရပ်တော်မူ၍ -

၁၀။ ပုထုသဒ္ဒေါ သမဇနော၊ န ဗာလော ကောစိ မညထ။
သံဃသ္မိံ ဘိဇ္ဇမာနသ္မိံ၊ နာညံ ဘိယျော အမညရုံ။
၁၁။ ပရိမုဋ္ဌာ ပဏ္ဍိတာဘာသာ၊ ဝါစာဂေါစရဘာဏိနော။
ယာဝိစ္ဆန္တိ မုခါယာမံ၊ ယေန နီတာ န တံ ဝိဒူ။
၁၂။ အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ န သမ္မတိ။
၁၃။ အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသူပသမ္မတိ။
၁၄။ န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။
၁၅။ ပရေ စ န ဝိဇာနန္တိ၊ မယမေတ္ထ ယမာမသေ။
ယေ စ တတ္ထ ဝိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။
၁၆။ အဋ္ဌိစ္ဆိန္နာ ပါဏဟရာ၊ ဂဝါဿ ဓနဟာရိနော။
ရဋ္ဌံ ဝိလုမ္ပမာနာနံ၊ တေသမ္ပိ ဟောတိ သင်္ဂတိ။
ကသ္မာ တုမှာက နော သိယာ။
၁၇။ သစေ လဘေထ နိပကံ သဟာယံ၊
သဒ္ဓိံစရံ သာဓုဝိဟာရိ ဓီရံ။
အဘိဘုယျ သဗ္ဗာနိ ပရိဿယာနိ၊
စရေယျ တေနတ္တမနော သတိမာ။
၁၈။ နော စေ လဘေထ နိပကံ သဟာယံ၊
သဒ္ဓိံစရံ သာဓုဝိဟာရိ ဓီရီ။
ရာဇာဝ ရဋ္ဌံ ဝိဇိတံ ပဟာယ၊
ဧကော စရေ မာတင်္ဂရညေဝ နာဂေါ။
၁၉။ ဧကသာ စရိတံ သေယျော၊
နတ္ထိ ဗာလေ သဟာယတာ။
ဧကော စရေ န ပါပါနိ ကယိရာ၊
အပ္ပေါသုက္ကော မာတင်္ဂရညေဝ နာဂေါ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၀။ သမဇနော၊ သဘော ထပ်တူထပ်မျှ ဖြစ်သော ရဟန်းအပေါင်း။ သည်။ ပုထုသဒ္ဒေါ၊ ကျယ်သောအသံ ရှိ၏။ ကောစိ၊ တစ်စုံ တစ်ယောက်သော ရဟန်းသည်လည်း။ ဗာလော၊ ငါမိုက်၏ဟူ၍။ န မညထ၊ မအောက်မေ့။ သံဃသ္မိံ၊ သံဃာသည်။ ဘိယျော၊ လွန်စွာ။ ဘိဇ္ဇမာနသ္မိံ၊ ကွဲသည်ရှိသော်။ အညံ၊ ငါ့ကြောင့် သံဃာကွဲ၏ဟူသော တစ်ပါးသော အကြောင်းကို။ န အမညရုံ၊ မအောက်မေ့တတ်။

֍ ဋ္ဌ ၁၁။ ပရိမုဋ္ဌာ၊ လွတ်သော သတိရှိကုန်သော။ ပဏ္ဍိတာဘာသာ၊ ပညာရှိယောင်ပြုကုန်သော။ ဝါစာဂေါစရာ၊ သတိပဋ္ဌာန်စသော အရိယာဓမ္မကို အာရုံပြုသော စကားကိုသာ အာရုံပြုသော ရဟန်းတို့သည်။ ယာဝ၊ အကြင်မျှလောက်။ မုခါယာမံ၊ ခံတွင်းဆန့်ခြင်းကို။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ တာဝ၊ ထိုမျှလောက်။ ပသာရေတွာ၊ ဆန့်၍။ ဘာဏိနော၊ ဆိုကုန်၏။ ယေန၊ အကြင်ခိုက်ရန်သည်။ နီတာ၊ အရှက်မရှိသည်၏ အဖြစ်ကို ဆောင်တတ်ကုန်၏။ တံ၊ ထိုခိုက်ရန်ကို။ န ဝိဒူ၊ ဤသို့ အပြစ်ရှိ၏ဟု မသိကုန်။

ရန်တုံ့မမူသင့်

֍ ဋ္ဌ ၁၂။ ယေ စ၊ အကြင်သူတို့သည်လည်း။ မံ၊ ငါ့ကို။ အက္ကောစ္ဆိ၊ ဆဲရေးပြီ။ မံ၊ ငါ့ကို။ အဝဓိ၊ ညှဉ်းဆဲပြီ။ မံ၊ ငါ့ကို။ အဇိနိ၊ အောင်ပြီ။ မေ၊ ငါ၏။ သန္တကံ၊ ဥစ္စာကို။ အဟာသိ၊ ဆောင်ပြီ။ ဣတိ၊ ဤသို့။ တံ အာကာရံ၊ ထိုအခြင်းအရာကို။ ဥပနယှန္တိ၊ အငြိုး ဖွဲ့ကုန်၏။ တေသံ၊ ထိုသူတို့အား။ ဝေရံ၊ ရန်သည်။ န သမ္မတိ၊ မငြိမ်း၊

ရန်မလို ရန်ပြို

֍ ဋ္ဌ ၁၃။ ယေ စ၊ အကြင်သူတို့သည်လည်း။ မံ၊ ငါ့ကို။ အက္ကောစ္ဆိ၊ ဆဲရေပြီ။ မံ၊ ငါ့ကို။ အဝဓိ၊ ညှဉ်းဆဲပြီ။ မံ၊ ငါ့ကို။ အဇိနိ၊ အောင်ပြီ။ မေ၊ ငါ၏။ သန္တကံ၊ ဥစ္စာကို။ အဟာသိ၊ ဆောင်ပြီး။ ဣတိ၊ ဤသို့။ တံ အာကာရံ၊ ထိုအခြင်းအရာကို။ နုပနယှန္တိ၊ မဖွဲ့ကုန်။ တေသံ၊ ထိုသူတို့အား။ ဝေရံ၊ ရန်သည်။ ဥပသမ္မတိ၊ ငြိမ်း၏။

֍ ဋ္ဌ ၁၄။ ဟိသစ္စံ၊ မှန်၏။ ဣဓ၊ ဤလောက၌။ ဝေရေန၊ ရန်တုံ့မူသဖြင့်။ ဝေရာနိ၊ ရန်တို့သည်။ ကုဒါစနံ၊ တစ်ရံတစ်ဆစ်။ န သမ္မန္တိ၊ မငြိမ်းကုန်။ အဝေရေန စ၊ ရန်တုံ့မမူသဖြင့်ကား။ သမ္မန္တိ၊ ငြိမ်းကုန်၏။ ဧသဓမ္မော၊ ဤတရားသည်။ သနန္တနော၊ ရှေး၌ဖြစ်၏။

֍ ဋ္ဌ ၁၅။ ပရေ၊ သူမိုက်တို့သည်။ ဧတ္ထ၊ ဤသံဃာ့အလယ်၌။ ကလဟံ၊ ခိုက်ရန်တွေ့ခြင်းကို။ ကရောန္တာ၊ ပြုကုန်လျက်။ မယံ၊ ငါတို့သည်။ ယမာမသေ၊ ယမမင်းနိုင်ငံသို့ လိုက်ရအံ့ဟု။ န စ ဝိဇာနန္တိ၊ မသိကုန်။ တတ္ထ၊ ထိုရဟန်းတို့တွင်။ ယေ စ၊ အကြင်ရဟန်းတို့သည်ကား။ ဝိဇာနန္တိ၊ ယမမင်းနိုင်ငံသို့ လိုက်ရကုန်အံ့ဟု သိကုန်၏။ တတော၊ ထို့ကြောင့်။ မေဓဂါ၊ ရန်တို့သည်။ သမ္မန္တိ၊ ငြိမ်းကုန်၏။

֍ ဋ္ဌ ၁၆။ ယေ ရာဇာနာ၊ အကြင်မင်းရှိသည်။ အဋ္ဌိစ္ဆိန္နာ၊ ဖြတ်အပ်သော မိဘတို့၏ အရိုးရှိကုန်၏။ ပါဏဟရာ၊ သတ်အပ်သော မိဘတို့၏ အသက်ရှိကုန်၏။ ဂဝါဿဓနဟာရိနော၊ ဆောင်အပ်သော နွား, မြင်း, ဥစ္စာ ရှိကုန်၏။ ရဋ္ဌံ၊ တိုင်းနိုင်ငံကို။ ဝိလုမ္ပမာနာနံ၊ လုယက်ကုန်သော။ တေသမ္ပိ၊ ထိုမင်းတို့အားလည်း။ သင်္ဂတိ၊ ပေါင်းဖော်ခြင်းသည်။ ဟောတိ၊ ဖြစ်သေး၏။ တုမှာကံ၊ သင်တို့အား။ ကသ္မာ၊ အဘယ့်ကြောင့်။ သင်္ဂတိ၊ ပေါင်းဖော်ခြင်းသည်။ နော သိယာ၊ မဖြစ်သနည်း။

֍ ဋ္ဌ ၁၇။ နိပကံ၊ ပညာရှိသော။ သဒ္ဓိံစရံ၊ အတူတကွ ကျင့်ဘက်ဖြစ်သော။ သာဓုဝိဟာရိ၊ ကောင်းစွာ နေလေ့ရှိသော။ ဓီရံ၊ တည်ကြည်သော။ သဟာယံ၊ အဆွေခင်ပွန်းကို။ သစေ လဘေထ၊ အကယ်၍ရငြားအံ့။ သဗ္ဗာနိ၊ ခပ်သိမ်းကုန်သော။ ပရိဿယာနိ၊ ဘေးရန်တို့ကို။ အဘိဘုယျ၊ နှိပ် စက်၍။ တေန၊ ထိုအဆွေခင်ပွန်းနှင့်။ သဒ္ဓိံ၊ တကွ။ အတ္တမနော၊ ဝမ်းမြောက် ဝမ်းသာသည်ဖြစ်၍။ သတိမာ၊ သတိနှင့် ပြည့်စုံသည်ဖြစ်၍။ စရေယျ၊ ကျင့်ရာ၏။

֍ ဋ္ဌ ၁၈။ နိပကံ၊ ပညာရှိသော။ သဒ္ဓိံစရံ၊ တကွ ကျင့်ဘက်ဖြစ်သော။ သာဓုဝိဟာရိံ၊ ကောင်းစွာနေလေ့ရှိသော။ ဓီရံ၊ တည်ကြည်သော။ သဟာယံ၊ အဆွေခင်ပွန်းကို။ နော စေ လဘေထ၊ အကယ်၍ မရငြားအံ့။ ရာဇာ၊ မာဇနကမင်း, အရိန္ဒမမင်းသည်။ ဝိဇိတံ၊ အောင်မြင်ရာ ဖြစ်သော။ ရဋ္ဌံ၊ တိုင်းနိုင်ငံကို။ ပဟာယ၊ စွန့်၍။ ဧကော၊ တစ် ယောက်တည်း။ စရေ ဣဝ၊ ကျင့်သကဲ့သို့လည်းကောင်း။ မာတင်္ဂနာဂေါ၊ အမိကို လုပ်ကျွေးသော သီလဝဆင်ပြောင်ကြီး, ပါလိလေယျက ဆင်ပြောင်ကြီးသည်။ အရညေ၊ တော၌။ ဧကော၊ တစ်စီးတည်း။ စရေ ဣဝ၊ ကျင့်သကဲ့သို့လည်းကောင်း။ ဧဝံ-တထာ၊ ထို့အတူ။ ဧကော၊ တစ်ယောက်တည်း။ စရေ၊ ကျင့်ရာ၏။

လူမိုက်နှင့် မပေါင်းရာ

֍ ဋ္ဌ ၁၉။ ဧကဿ စရိတံ၊ တစ်ယောက်တည်း ကျင့်ခြင်းသည်။ သေယျော၊ မြတ်၏။ ဗာလေ၊ သူမိုက်၌။ သဟာယတာ၊ အဆွေခင်ပွန်း၏ အဖြစ်သည်။ နတ္ထိ၊ မရှိ။ အရညေ၊ တော၌။ မာတင်္ဂနာဂေါဝ၊ ဆင်ပြောင်ကြီးကဲ့သို့။ အပ္ပေါသုက္ကော၊ ကြောင့်ကြမဲ့။ ဧကော၊ တစ်ယောက် တည်း။ စရေ၊ ကျင့်ရာ၏။ ပါပါနိ၊ မကောင်းမှုတို့ကို။ န ကယိရာ၊ မပြုရာ။

သဗ္ဗညူမြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၍ ထိုရဟန်းတို့ကို ညီညွတ်စွာ ပြုအံ့သောငှာ မတတ်နိုင်ရကား ပါလိလေယျကရွာသို့ ကြွတော်မူ၍ ဘဂုမထေရ်အား တစ်ယောက်တည်း နေ သည်၏အဖြစ်၌ အကျိုးဆက်ကို ဟောတော်မူပြီး၍ ထိုရွာမှ သုံးယောက်ကုန်သော အမျိုးကောင်းသားတို့၏ နေရာအရပ်သို့သွား၍ အမျိုးကောင်းသားတို့အား ညီညွတ်သင့်တင့်သည်၏ အဖြစ်၌ အကျိုးဆက်ကို ဟောတော်မူ၍ ထိုအရပ်မှ ပါလိလေယျက တောအုပ်သို့ ကြွတော်မူ၍ ထိုတောအုပ်၌ သုံးလပတ်လုံးနေတော်မူ၍ တစ်ဖန် ကောသမ္ဗီပြည်သို့ မကြွမူ၍ သာဝတ္ထိပြည်သို့လျှင် ကြွတော်မူ၏။ ကောသမ္ဗီပြည်သား သီတင်းသည်တို့သည် ဤ ကောသမ္ဗီပြည်သား ရဟန်းဖြစ်ကုန်သော အရှင်တို့ကား ငါတို့၏ များစွာသော အကျိုးမဲ့ကို ပြုကုန်၏။ အရှင်တို့သည် နှိပ်စက်အပ်သည်ဖြစ်၍ ဘုရားသဗ္ဗညူသည် ကြွသွားတော်မူ၏။ ဤကောသမ္ဗီပြည်သားရဟန်းဖြစ်ကုန်သော အရှင်တို့အား ရှိခိုးခြင်းအစရှိသည်တို့ကို မပြုကုန်အံ့၊ ဆွမ်းကို မလှကြကုန်အံ့၊ ဤသို့ ပြုသည်ရှိသော် ဤရဟန်းတို့သည် ဖဲမူလည်း ဖဲကုန်လတ္တံ့၊ ရန်ဖြစ်ခြင်းမှမူလည်း ကြဉ်ကုန်လတ္တံ့။ ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားကို ဤရဟန်းတို့သည် ကြည်ညိုစေကုန်လတ္တ ဤသို့ တိုင်ပင်၍ တိုင်ပင်တိုင်း ပြုကုန်၏။ ထိုရဟန်းတို့သည် ထိုဒဏ်အမှုဖြင့် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ သာဝတ္ထိပြည်သို့သွား၍ သဗ္ဗညူမြတ်စွာဘုရားအား ကန်တော့ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဇာတ်ကို ပေါင်းမူ၏။ အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား- ယခုအခါ သိရီသုဒ္ဓေါဒနမင်းကြီးသည် ထိုအခါ အဖဖြစ်ပြီ၊ ယခုအခါ မဟာမာယာသည် ထိုအခါ အမိဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဒီဃာဝုမင်းသားဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ရဟန်းများစွာ၊ ကွဲပြားရာ၊ ဒကာစောင့်ထိန်းရာ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကောသမ္ဗိယဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၃။ မဟာသုဝဇာတ်

ဆင်းရဲသော်လည်း အဆွေခင်ပွန်းကို မစွန့်ထိုက်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဒုမော ယဒါ ဟောတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာသုဝဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းသည် မြတ်စွာဘုရားအထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ ကောသလဇနပုဒ်၌ မထင်ရှားသော ပစ္စန္တရွာကို အမှီပြု၍ တော၌ နေသတတ်။ ထိုပစ္စန္တရွာသားတို့သည် ထိုရဟန်းအား မွန်မြတ်သော ဆွမ်းကိုလှူခြင်းငှာ မတတ်နိုင်ကုန်၊ ထိုရဟန်းအား လျောက်ပတ်သော ကျောင်းကို ရလျက်လည်း ဆွမ်းဖြင့် ပင်ပန်းရကား မဂ်ကိုလည်းကောင်း, ဖိုလ်ကိုလည်းကောင်း ဖြစ်စိမ့်သောငှာ မတတ်နိုင်။ ထိုအခါ သုံးလလွန်သဖြင့် သဗ္ဗညူမြတ်စွာဘုရားအား ရှိခိုးအံ့သောငှာ လာသော ထိုရဟန်းကို သဗ္ဗညူ မြတ်စွာဘုရားသည် ပဋိသန္ထာရကို ပြုတော်မူ၍ ရဟန်း-ဆွမ်းဖြင့် မပင်မပန်းဘဲ ရှိပါ၏လော၊ လျောက်ပတ်သော ကျောင်းကို ရ၏လောဟု မေးတော်မူ၏။ ထိုရဟန်းသည် ထိုအကြောင်းကို ကြားလျှောက်၏။

ရသမျှဖြင့် ရောင့်ရဲလေ

သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းအား လျောက်ပတ်သော ကျောင်းရှိသည်၏အဖြစ်ကို သိတော်မူ၍ ရဟန်း ရဟန်းမည်သည်ကား လျှောက်ပတ်သော ကျောင်းကို ရသည်ရှိသော် လောဘ၏ အစွမ်းအားဖြင့် ကျင့်ခြင်းကိုပယ်၍ တစ်စုံတစ်ခု ရတိုင်းသော ပစ္စည်းကိုသာလျှင် သုံးဆောင်၍ ရောင့်ရဲခြင်းဖြင့် ရဟန်းတရားကို ပြုသင့်၏။ ရှေးပညာရှိတို့သည် တိရစ္ဆာန်အမျိုး၌ ဖြစ်ကုန်သော်လည်း မိမိနေရာ သစ်ပင်ခြောက်လတ်သော် အမှုန့်ကိုစားကုန်လျက် လောဘ၏ အစွမ်းအားဖြင့် ကျင့်ခြင်းကိုပယ်၍ ရောင့်ရဲကုန်သည်ဖြစ်၍ အဆွေခင်ပွန်းတို့၏ တရားကို မဖျက်ဆီးမူ၍ တစ်ပါးသို့ မသွားကုန်။ သင်သည်ကား အဘယ့်ကြောင့် ဆွမ်းကို သုံးဆောင်လျက် ထိုဆွမ်းကိုကြမ်း၏ဟူ၍ လျောက်ပတ်သောကျောင်းကို စွန့်ဘိသနည်း ဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဟိမဝန္တာဝယ် ဂင်္ဂါနား၌ တစ်ခုသော ရေသဖန်းပင်ဝယ် အရာမကကုန်သော ကျေးတို့သည် နေကြကုန်၏။ ထိုကျေးတို့တွင် တစ်ခုသာ ကျေးမင်းသည် မိမိနေသော ရေသဖန်းပင်၏ အသီးတို့သည် ကုန်ကုန်လတ်သော် အကြင် အညွန့် အရွက် အခွံ အပွေးသည် ကြွင်း၏။ ထိုအကြွင်းကိုစား၍ ဂင်္ဂါ၌ ရေကိုသောက်၍ အလွန်မြတ်သော အလိုနည်းခြင်းဖြင့် ရောင့်ရဲသည်ဖြစ်၍ တစ်ပါးသော အရပ်သို့ မသွား။ ထိုကျေးမင်း၏ အလိုနည်းသည်၏အဖြစ် ရောင့်ရဲလွယ်သည်၏ အဖြစ်ဟူသော ဂုဏ်ကျေးဇူးကြောင့် သိကြားမင်း၏ နေရာသည် တုန်လှုပ်၏။

ရောင့်ရဲလွယ်သောကျေး

သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုကျေးမင်းကို မြင်၍ ထိုကျေးမင်းအား စုံစမ်းအံ့သောငှာ မိမိ၏အာနုဘော်ဖြင့် ထိုသစ်ပင်ကို ခြောက်စေ၏။ ရေသဖန်းပင်သည် အငုတ်မျှသာ ရှိ၏။ အပေါက်ကြီး အပေါက်ငယ် ရှိလျက် လေခတ်အပ်သည်ရှိသော် တီးမှုတ်ဘိသကဲ့သို့ မြည်၏။ ထိုရေသဖန်းပင် အပေါက်တို့မှ အမှုန့်တို့သည် ထွက်ကုန်၏။ ကျေးမင်းသည် ထိုအမှုန့်တို့ကိုစား၍ ဂင်္ဂါ၌ ရေသောက်၍ တစ်ပါးသောအရပ်သို့ မသွားမူ၍ လေနေပူတို့ကို မရေမတွက်မူ၍ ရေသဖန်းပင်ငုတ်၌ နေ၏။

သစ်ပင်သေနေပြီ

သိကြားမင်းသည် ထိုကျေးမင်း၏ အလိုနည်းသောအဖြစ်ကို သိ၍ အဆွေခင်ပွန်းတို့၏ တရားကျေးဇူးကို ဟေစေ၍ ကျေးမင်းအား ဆုပေး၍ ရေသဖန်းပင်ကို အမြိုက်အသီး ရှိသည်ကိုပြု၍ လာအံ့ဟု တစ်ခုသော ဟင်္သာမင်းဖြစ်၍ သုဇာမည်သော အသုရာနတ်၏သမီးကို ရှေ့၌ထား၍ ရေသဖန်းပင်တောသို့ သွား၍ အနီး၌ တစ်ခုသောသစ်ပင်၏ အခက်၌နား၍ ထိုကျေးမင်းနှင့်တကွ စကားကို ဖြစ်စေလိုရကား-

၂၀။ ဒုမော ယဒါ ဟောတိ ဖလူပပန္နော၊
ဘုဉ္ဇန္တိ နံ ဝိဟင်္ဂမာ သမ္ပတန္တာ။
ခီဏန္တိ ဉတွာန ဒုမံ ဖလစ္စယေန၊
ဒိသောဒိသံ ယန္တိ တတော ဝိဟင်္ဂမာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၂၀။ သုဝရာဇ၊ ကျေးမင်း။ ဒုမော၊ သစ်ပင်သည်။ ယဒါ၊ အကြင်အခါ၌။ ဖလူပပန္နော၊ အသီးနှင့်ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။ တဒါ၊ ထိုအခါ၌။ ဝိဟင်္ဂမာ၊ ငှက်တို့သည်။ နံ၊ ထိုသစ်ပင်ကို။ သမ္ပတန္တာ၊ တစ်ခက်မှသည် တစ်ခက်သို့ ပြောင်းသွားကုန်လျက်။ ဘုဉ္ဇန္တိ၊ စားကုန်၏။ ခီဏန္တိ၊ အသီးကုန်၏ဟူ၍။ ဉတွာန၊ သိ၍။ ဒုမံ ဖလစ္စယေန၊ သစ်ပင် အသီးကုန်သဖြင့်။ ဝိဟင်္ဂမာ၊ ငှက်တို့သည်။ တတော၊ ထိုသစ်ပင်မှ။ ဒိသောဒိသံ၊ ထိုထိုအရပ်သို့။ ယန္တိ၊ ပျံသွားကုန်၏။

ဤသို့ဆိုပြီး၍ ထို့နောင်မှ ထိုကျေးမင်းကို တိုက်တွန်းအံ့သောငှာ-

၂၁။ စရ စာရိကံ လောဟိတတုဏ္ဍ မာ မရိ၊
ကိံ တွံ သုဝခ သုက္ခဒုမမှိ ဈာယသိ။
တဒိင်္ဃ မံ ဗြူဟိ ဝသန္တ သန္နိဘ၊
ကသ္မာ သုဝ သုက္ခဒုမံ န ရိဉ္ဇသိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၁။ လောဟိတတုဏ္ဍ၊ နီသော နှုတ်သီးရှိသော။ သုဝ၊ ကျေးသား။ စာရိကံ၊ အရပ်တစ်ပါးသို့ သွားခြင်းကို။ စရ၊ သွားလော့။ မာ မရိ၊ မသေလင့်။ တွံ၊ သင်သည်။ ကိံ၊ အဘယ့်ကြောင့်။ သုက္ခဒုမမှိ၊ ခြောက်သော သစ်ပင်၌။ ဈာယသိ၊ မှိုင်သနည်း။ ဝသန္တသန္နိဘ၊ မိုးတွင်းကာလ၌ စိမ်းညိုသော တောအုပ်နှင့်တူသော အဆင်းရှိသော။ သုဝ၊ ကျေးသား။ တံ၊ သင့်ကို။ ဣင်္ဃ၊ တိုက်တွန်း၏။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ ဗြူဟိ၊ ဆိုလော့။ ကသ္မာ၊ အဘယ့်ကြောင့်။ သုက္ခဒုမံ၊ ခြောက်သော သစ်ပင်ကို။ န ရိဉ္ဇသိ၊ မစွန့်သနည်း။

မိတ်ဆွေကို မစွန့်ကောင်း

ထို့နောင်မှ သိကြားကို ကျေးမင်းသည် ငါကား ကျေးဇူးကို သိတတ်သည်၏ အဖြစ်ကြောင့် ဤသစ်ပင်ကို မစွန့် ဟု ဆိုလို၍-

၂၂။ ယေ ဝေ သခိနံ သခါရော ဘဝန္တိ၊
ပါဏစ္စဇေ ဒုက္ခသုခေသု ဟံသ။
ခီဏံ အခီဏမ္ပိ န တံ ဇဟန္တိ၊
သန္တော သတံ ဓမ္မမနုဿရန္တော။
၂၃။ သောဟံ သတံ အညတရောသ္မိ ဟံသ၊
ဉာတီ စ မေ ဟောတိ သခါ စ ရုက္ခော။
တံ နုဿဟေ ဇီဝိကတ္ထော ပဟာတုံ၊
ခီဏန္တိ ဉတွာန န ဟေသ ဓမ္မော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၂။ ဟံသ၊ ဟင်္သာမင်း။ သခီနံ၊ အဆွေခင်ပွန်းတို့၏။ ယေ သခါရော၊ အကြင်အဆွေခင်ပွန်းတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သော၊ ထိုအဆွေ ခင်ပွန်းသည်။ ဒုက္ခသုခေသု၊ ဆင်းရဲချမ်းသာတို့၌။ ပါဏစ္စဇေ၊ အသက်ကို စွန့်ရာ၏။ သတံ၊ သူတော်ကောင်းတို့၏။ ဓမ္မံ၊ တရားကို။ အနုဿရန္တာ၊ အောက်မေ့ကုန်လျက်။ သန္တာ၊ သူတော်ကောင်းတို့သည်။ တံ၊ ထိုအဆွေခင်ပွန်းကို။ ခီဏမ္ပိ၊ စည်းစိမ်ဥစ္စာ ကုန်ပြီဟူ၍လည်းကောင်း။ အခိဏမ္ပိ၊ စည်းစိမ်ဥစ္စာ မကုန်သေးဟူ၍လည်းကောင်း။ န ဇဟန္တိ၊ မစွန့်ကုန်။

֍ ဋ္ဌ ၂၃။ ဟံသ၊ ဟင်္သာမင်း။ သော အဟံ၊ ထိုငါသည်။ သတံ၊ သူတော်ကောင်းတို့တွင်။ အညတရော၊ တစ်ယောက်သည်။ အသ္မိ၊ ဖြစ်၏။ ရုက္ခော၊ ရေသဖန်းပင်သည်။ မမ၊ ငါ၏။ ဉာတီ စ၊ အဆွေ အမျိုးသည်လည်းကောင်း။ သခါ စ၊ အဆွေ ခင်ပွန်းသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။ ဇီဝိကတ္ထော၊ အသက်မွေးခြင်းကို အလိုရှိသော ငါသည်။ ခီဏန္တိ၊ အသီးကုန်ပြီဟူ။ ဉတွာန၊ သိ၍။ တံ၊ ထိုရေသဖန်းပင်ကို ပဟာတုံ၊ စွန့်အံ့သောငှာ။ နုဿဟေ၊ မတတ်နိုင်။ ဧသ- ဧသော၊ ထိုစွန့်ခြင်းသည်။ န ဓမ္နော၊ သူတော်ကောင်းတို့၏ တရား မဟုတ်။

ငါဆုပေးမည်

သိကြားမင်းသည် ကျေး၏ စကားကိုကြား၍ နှစ်သက်သည်ဖြစ်၍ ချီးမွမ်း၍ ဆုပေးလိုရကား-

၂၄။ သာဓု သက္ခိကတံ ဟောတိ၊ မေတ္တိသံသတိ သန္ထဝေါ။
သစေ တံ ဓမ္မံ ရောစေသိ၊ ပါသံသောသိ ဝိဇာနတံ။
၂၅။ သော တေ သုဝ ဝရံ ဒမ္မိ၊ ပတ္တယာန ဝိဟင်္ဂမ။
ဝရံ ဝရဿု ဝက္ကင်္ဂ၊ ယံကိဉ္စိ မနသိစ္ဆသိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၄။ သုဝ၊ ကျေးမင်း။ သက္ခိ ကတံ၊ အဆွေ ခင်ပွန်း၏ အဖြစ်သည်။ သာဓု၊ ကောင်းသည်။ ဟောတိ၊ ဖြစ်၏။ မေတ္တိသံသတိ၊ အဆွေခင်ပွန်းဖြစ်၍ တကွ နေခြင်းသည်။ သန္ထဝေါ၊ ပေါင်းဖော်ခြင်းသည်။ သမဓု၊ ကောင်းသည်။ ဟေတိ၊ ဖြစ်၏။ တွံ၊ သင်သည်။ တံ ဓမ္မံ၊ ထိုချစ်ခင်လေးမြတ် ပေါင်းဖက်အပ်သော မိတ်ဆွေ ခင်ပွန်းသဘောကို။ သစေ ရောစေသိ၊ အကယ်၍ နှစ်သက်အံ့။ ဝိဇာနတံ၊ ပညာရှိတို့သည်။ ပါသံသော၊ ချီးမွမ်းထိုက်သည်။ အသိ၊ ဖြစ်၏။

֍ ဋ္ဌ ၂၅။ ပတ္တယာန၊ အတောင်ဟူသော ယာဉ်ရှိသော။ ဝိဟင်္ဂမ၊ ကောင်းကင်ဖြင့် သွားတတ်သော။ ဝက္ကင်္ဂ၊ ကောက်သော လည်ရှိသော။ သုဝ၊ ကျေး သား။ တွံ၊ သင်သည်။ ယံကိဉ္စိ၊ အမှတ်မရှိသောဆုကို။ မနသာ၊ စိတ်ဖြင့်။ ဣစ္ဆသိ၊ အလိုရှိအံ့။ သော အဟံ၊ ထိုငါသည်။ တေ၊ သင့်အား။ ဒမ္မိ၊ ပေးအံ့။ ဝရံ၊ လိုသောဆုကို။ ဝရဿု၊ တောင်းလော့။

ဤသစ်ပင် ပြန်ရှင်ပါစေ

ထိုစကားကိုကြား၍ ကျေးမင်းသည် ဆုယူလိုရကား-

၂၆။ ဝရဉ္စေ မေ ဟံသ ဘဝံ ဒဒေယျ၊
အယဉ္စ ရုင်ခော ပုနရာယုံ လဘေထ။
သော သာခဝါ ဖလိမာ သံဝိရူဠှော၊
မဓုတ္ထိကော တိဋ္ဌတု သောဘမာနော။

ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၆။ ဟံသ၊ ဟင်္သာမင်း။ ဘဝံ၊ အရှင်သည်။ မေ၊ အား။ ဝရံ၊ ဆုကို။ စေ ဒဒေယျ၊ အကယ်၍ ပေးငြအံ့။ အယဉ္စ ရုက္ခော၊ ဤရေသဖန်းပင်သည်လည်း။ ပုန၊ တစ်ဖန်။ အာယုံ၊ အသက်ကို။ လဘေထ၊ ရစေသတည်း။ သော၊ ထိုရေသဖန်းပင်သည်။ သာခဝါ၊ အခက်နှင့် ပြည့်စုံသည်ဖြစ်၍။ ဖလိမာ၊ အသီးနှင့်ပြည့်စုံသည်ဖြစ်၍။ သံဓိရူဠှော၊ ထက်ဝန်းကျင်မှ စည်ပင်ပေါက် ရောက်သော အရွက်နုရှိသည် ဖြစ်၍။ မဓုတ္ထိကော၊ ယင်ပျငယ်ကဲ့သို့ ချိုသော အသီးရှိသည်ဖြစ်၍။ သောဘမာနော၊ တင့်တယ်သည်ဖြစ်၍။ တိဋ္ဌတု၊ တည်စေသတည်း။

ရေသဖန်းပင် ပြန်စည်ပင်

ထိုအခါ ထိုကျေးမင်းအား သိကြားမင်းသည် ဆုပေးလိုရကား-

၂၇။ တံ ပဿ သမ္မ ဖလိမံ ဥဠာရံ၊
သဟာဝ တေ ဟောတု ဥဒုမ္ဗရေန။
သော သာခဝါ ဖလိမာ သံဝိရူဠှော။
မဓုတ္ထိကော တိဋ္ဌတု သောဘမာနော။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၇။ သမ္မ သုဝရာဇ၊ ကောင်းသော ကျေးမင်း။ ဖလိမံ၊ အသီးနှင့်ပြည့်စုံသော။ ဥဠာရံ၊ မြတ်သော။ တံ၊ ထိုရေသဖန်းပင်ကို။ တွံ၊ သင်သည်။ ပဿ၊ ရှုလော့။ တေ၊ သင့်အား။ ဥဒုမ္ဗရေန၊ ရေသဖန်း ပင်နှင့်။ သဟာဝ၊ တကွလျင်။ ဝါသော၊ နေခြင်းသည်။ ဟောတု၊ ဖြစ်စေ။ သော၊ ထိုရေသဖန်းပင်သည်။ သာခဝါ၊ အခက်နှင့် ပြည့်စုံသည်ဖြစ်၍။ ဖလိမာ၊ အသီးနှင့် ပြည့်စုံသည်ဖြစ်၍။ သံဝိရူဠှော၊ ထက်ဝန်းကျင်မှ စည်ပင်ပေါက်ရောက်သော အရွက်နုရှိသည်ဖြစ်၍။ မဓုတ္ထိကော၊ ယင်ပျားငယ်ကဲ့သို့ ချိုသော အသီးရှိသည်ဖြစ်၍။ သောဘမာနော၊ တင့်တယ်သည်ဖြစ်၍။ တိဋ္ဌတု၊ တည်စေသတည်း။

ဤသို့ဆို၍ ထိုဟင်္သာမင်း၏ အတ္တဘောကိုစွန့်၍ မိမိ၏ လည်းကောင်း၊ သုဇာ၏လည်းကောင်း အာနုဘော်ကိုပြ၍ ဂင်္ဂါမှ လက်ဖြင့်ရေကိုယူ၍ ရေသဖန်းပင်ငုတ်ကို သွန်းလောင်း၍ သုံးသပ်၏။ ထိုခဏ၌လျှင် အခက်အခွတို့ဖြင့် ကောင်းစွာ ဖုံးလွှမ်းလျက် ချိုသော အသီးရှိသော သဖန်းပင်သည် တက်၍ အတွယ်မရှိသော ပတ္တမြားတောင်ကဲ့သို့ တင့်တယ်ခြင်းနှင့် ပြည့် စုံသည်ဖြစ်၍ တည်၏။

ချမ်းသာကြပါစေ

ကျေးမင်းသည် ထိုရေသဖန်းပင်ကိုမြင်၍ ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဖြစ်၍ သိကြားမင်းအား ချီးမွမ်းလိုရကား-

၂၈။ ဧဝံ သက္က သုခီ ဟောဟိ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
ယထာဟမဇ္ဇ သုခိတော၊ ဒိသွာန သဖလံ ဒုမံ။

ဟူသော ကိုးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၈။ သက္က၊ သိကြားမင်း။ အဇ္ဇ၊ ယနေ့။ အဟံ၊ ငါသည်။ သဖလံ၊ အသီးနှင့် ပြည့်စုံသော။ ဒုမံ၊ သဖန်းပင်ကို။ ဒိသွာန၊ မြင်၍။ သုခိတော ယထာ၊ ချမ်းသာသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ တွံ၊ သင်သည်။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဉာတိဘိ၊ ဆွေမျိုးတို့နှင့်။ သဟ၊ တကွ။ သုခီ၊ ချမ်းသာသည်။ ဟောဟိ၊ ဖြစ်စေသတည်း။

သိကြားမင်းသည်လည်း ဆုပေး၍ ရေသဖန်း ပင်ကို အမြိုက်အသီးနှင့် ပြည့်စုံသည်ကို ပြု၍ သုဇာနှင့်တကွ မိမိနေရာသို့သာလျှင် သွား၏။ ထိုအနက်ကို ပြုအံ့သောငှာ သဗ္ဗညူမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၂၉။ သုဝဿ စ ဝရံ ဒတွာ၊ ကတွာန သဖလံ ဒုမံ။
ပက္ကာမိ သဟ ဘရိယာယ၊ ဒေဝါနံ နန္ဒနံ ဝနံ။

ဟူသော ဤအဆုံးဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၂၉။ ဘိက္ခဝေ၊ ရဟန်းတို့။ သက္ကော၊ သိကြားသည်။ သုဝဿ စ၊ ကျေးအားလည်း။ ဝရံ၊ ဆုကို။ ဒတွာ၊ ပေး၍။ ဒုမံ၊ ရေသဖန်းပင်ကို။ သဖလံ၊ အသီးရှိသည်ကို။ ကတွာန၊ ပြု၍။ ဘရိယာယ၊ မယားနှင့်။ သဟ၊ တကွ။ ဒေဝါနံ၊ တာဝတိံသာနတ်တို့၏။ နန္ဒနံ ဝနံ၊ နန္ဒဝန်ဥယျာဉ်သို့။ ပက္ကာမိ၊ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်း ရှေးပညာရှိတို့သည် ဤတိရစ္ဆာန်အမျိုး၌ ဖြစ်ကုန်လျှက်လည်း လောဘ၏ အစွမ်းအားဖြင့် သွားခြင်းမရှိကုန်သည် ဖြစ်ကုန်၏။ သင်သည် အဘယ့်ကြောင့် ဤသို့သဘောရှိသော သာသနာတော်၌ ရဟန်း ပြု၍ လောဘ၏ အစွမ်းအားဖြင့် သွားခြင်းကို သွားဘိသနည်း၊ သွားလေ... ထိုအရပ်၌လျှင် နေလော့ဟု မိန့်တော်မူ၍ ထိုရဟန်းအား ကမ္မဋ္ဌာန်းကို ဟောတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ထိုရဟန်းသည် ထိုအရပ်သို့သွား၍ ဝိပဿနာ စီးဖြန်းလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား- ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြားမင်း ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကျေးမင်းဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရောင့်ရဲသည်းခံ၊ ချမ်းသာမှန်၊ ဧကန်ရမည်သာ

သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော မဟာသုဝဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၄။ စူဠသုဝဇာတ်

လောဘနိုင်ငံသို့ မလိုက်သင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သန္တိ ရုက္ခာအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠသုဝဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဝေရဉ္ဇကဏ္ဍကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သဗ္ဗညူမြတ်စွာဘုရားသည် ဝေရဉ္ဇာ၌ ဝါဆိုတော်မူ၍ အစဉ်သဖြင့် သာဝတ္ထိမြို့သို့ ရောက်တော်မူသည်ရှိသော် ရဟန်းတို့သည် တရား သဘင်၌ "ငါ့ရှင်တို့... သဗ္ဗညူမြတ်စွာဘုရားသည် နူးညံ့သိမ်မွေ့သော မင်းမျိုးဖြစ်လျက် နူးညံ့သိမ်မွေ့သော ဘုရားဖြစ်လျက် ကြီးစွာသော တန်ခိုး အာနုဘော်အားဖြင့် ပြည့်စုံတော်မူလျက် ဝေရဉ္ဇပုဏ္ဏားသည် ဖိတ်အပ်သည်ဖြစ်၍ ဝါတွင်းသုံးလပတ်လုံး မာရမသည် မြှေးယှက်အပ်သည်ဖြစ်၍ ဝေရဉ္ဇပုဏ္ဏား၏ အထံ၌ တစ်ရက်မျှလည်း ဆွမ်းကိုမရမူ၍ လောဘ၏ အစွမ်းအားဖြင့် သွားခြင်းကို ပယ်တော်မူ၍ ဝါတွင်းသုံးလပတ်လုံး တစ်ကွမ်းစားသော ကြိတ်အပ်သော မုယောဆွမ်းဖြင့် မျှတစေတော်မူလျက် တစ်ပါးသောအရပ်ကို ကြွသွားတော်မူ၊ သဗ္ဗညူ မြတ်စွာဘုရားတို့၏ အလိုတော် နည်းသည်၏ အဖြစ် ရောင့်ရဲလွယ်သည်၏ အဖြစ်သည်အံ့ဖွယ်ရှိစွဟု စကားကို ဖြစ်စေကုန်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျောက်သည်ရှိသော် ရဟန်းတို့... ယခုအခါ၌ ငါဘုရား၏ လောဘ၏ အစွမ်းအားဖြင့် သွားခြင်းကို ပယ်ခြင်းသည်အံ့ဖွယ်မရှိသေး၊ တိရစ္ဆာန်အမျိုး၌ ဖြစ်လျက်လည်း ငါသည် လောဘ၏ အစွမ်းအားဖြင့် သွားခြင်းကို ပယ်ဖူး၏ ဟု မိန့်တော်မူ၍ ရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... အလုံးစုံသောဝတ္ထုကို ရှေးနည်းဖြင့်လျှင် ဆိုအပ်၏။-

၃၀။ သန္တိ ရုက္ခာ ဟရိပတ္တာ၊ ဒုမာ နေကဖလာ ဗဟူ။
ကသ္မာ နံ သုက္ခေ ကောဠာပေ၊ သုဝဿ နိရတော မနော။
၃၁။ ဖလဿ ဥပဘုဉ္ဇိမှာ၊ နေကဝဿဂဏေ ဗဟူ။
အဖလမ္ပိ ဝိဒိတွာန၊ သာဝ မေတ္တိ ယထာ ပုရေ။
၃၂။ သုက္ခဉ္စ ရုက္ခံ ကောဠာပံ၊ ဩပတ္တမဖလံ ဒုမံ။
ဩဟာယ သကုဏာ ယန္တိ၊ ကိံဒေါသံ ပဿသေ ဒိဇ။
၃၃။ ယေ ဖလတ္ထာ သမ္ဘဇန္တိ၊ အဖလာတိ ဇဟန္တိ နံ။
အတ္တတ္ထပညာ ဒုမ္မေဓာ၊ တေ ဟောန္တိ ပက္ခပါတိနော။
၃၄။ သာဓု သက္ခိကတံ ဟောတိ၊ မေတ္တိ သံသတိ သန္ထဝေါ။
သစေတံ ဓမ္မံ ရောစေသိ၊ ပါသံသောသိ ဝိဇာနတံ။
၃၅။ သော တေ သုဝ ဝရံ ဒမ္မိ၊ ပတ္တယာန ဝိဟင်္ဂမ။
ဝရံ ဝံရဿု ဝက္ကင်္ဂ၊ ယံ ကိဉ္စိ မနသိစ္ဆသိ။
၃၆။ အပိနာမ နံ ပဿေယျံ၊ သပတ္တံ သဖလံ ဒုမံ။
ဒလိဒ္ဒေါဝ နိဓိံ လဒ္ဓါ၊ နန္ဒေယျာဟံ ပုနပ္ပုနံ။
၃၇။ တတော အမတမာဒါယ၊ အဘိသိဉ္စိ မဟီရုဟံ။
တဿ သာခါ ဝိရူဟိံသု၊ သီတစ္ဆာယာ မနောရမာ။
၃၈။ ဧဝံ သက္က သုခီ ဟောဟိ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
ယထာဟမဇ္ဇ သုခိတော၊ ဒိသွာန သဖလံ ဒုမံ၊
၃၉။ သုဝဿ စ ဝရံ ဒတွာ၊ ကတွာန သဖလံ ဒုမံ။
ပက္ကာမိ သဟ ဘရိယာယ၊ ဒေဝါနံ နန္ဒနံ ဝနံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၀။ ဟရိပတ္တာ၊ စိမ်းညိုသော အရွက်တို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော။ ဒုမာ၊ မြေတောင်တို့၌ ရောက်ကုန်သော။ အနေကဖလာ၊ များသော အသီးရှိကုန်သော။ ဗဟူ၊ များစွာကုန်သော။ ရုက္ခာ၊ သစ်ပင်တို့သည်။ သန္တိ၊ ရှိကုန်လျက်။ သုက္ခေ၊ ခြောက်သော။ ကောဠာပေ၊ လေခတ်သည်ရှိသော် တီးမှုတ်သော အသံကဲ့သို့ မြည်သော။ ရုက္ခေ၊ ရေသဖန်းပင်၌။ သုဝဿ၊ ကျေး၏။ မနော၊ စိတ်သည်။ ကသ္မာ၊ အဘယ့်ကြောင့်။ နိရတော နု၊ အမြဲမွေ့လျော်သနည်း။

֍ ဋ္ဌ ၃၁။ နေကဝဿဂဏေ၊ တစ်ပါးမက ရေတွက်အပ်သော နှစ်ရှိကုန်သော။ ဗဟု၊ မြားစွာကုန်သော ကာလပတ်လုံး။ မယံ၊ ငါတို့သည်။ အဿ၊ ထိုရေသဖန်းပင်၏။ ဖလံ၊ အသီးကို။ ဥပဘုဉ္ဇိမှာ၊ စားကုန်ပြီ။ အဖလမ္ပိ၊ အသီးမရှိပြီဟူ၍လည်း။ ဝိဒိတွာ၊ သိ၍။ ပုရေ ယထာ၊ ရှေး၌ကဲ့သို့။ သာဝ မေတ္တိ၊ ထိုချစ်ခြင်းသည်လျှင်။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၃၂။ သုက္ခဉ္စ၊ ခြောက်သည်လည်းဖြစ်သော။ ကောဠာပံ၊ လေခတ်သည်ရှိသော် တီးမှုတ်သော အသံကဲ့သို့ မြည်သော။ ဩပတ္တံ၊ အရွက်မရှိသော။ ဖလံ၊ အသီးမရှိသော။ ဒုမံ၊ မြေ၌ရောက်သော။ ရုက္ခံ၊ ရေသဖန်းပင်ကို။ ဒီဇာ၊ နှစ်ကြိမ်ဖြစ်ကုန်သော။ သကုဏာ၊ ငှက်တို့သည်။ ဩဟာယ၊ စွန့်၍။ ယန္တိ၊ သွားကုန်၏။ သုဝရာဇ၊ ကျေးမင်း။ တွံ၊ သင်သည်။ ဂမနေ၊ စွန့်၍သွားခြင်း၌။ ကိံဒေါသံ၊ အဘယ်အပြစ်ကို။ ပဿသေ၊ မြင်သနည်း။

֍ ဋ္ဌ ၃၃။ ဟံသရာဇ၊ ဟင်္သာမင်း။ ယေ၊ အကြင်ငှက်တို့သည်။ ဖလတ္ထာ၊ အသီးဟူသော အကြောင်းကြောင့်။ သမ္ဘဇန္တိ၊ ထိုအရပ်သို့ ဆည်းကပ်ကုန်၏။ နံ၊ ထိုရေသဖန်းပင်ကို။ အဖလောတိ၊ အသီး မရှိဟု။ ဇဟန္တိ၊ စွန့်ကုန်၏။ တေ သကုဏာ၊ ထိုငှက်တို့သည်။ အတ္တတ္ထပညာ၊ မိမိအကျိုးငှာသာ ပညာရှိကုန်သည် ဖြစ်၍။ ဒုမ္မေဓာ၊ သူတစ်ပါးတို့၏ အကျိုးငှာ ပညာမရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ပက္ခပါတိနော၊ မိမိကိုယ်အဖို့၌သာ ကျကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

အဆွေခင်ပွန်းကို မစွန့်၍

֍ ဋ္ဌ ၃၄။ သုဝရာဇ၊ ကျေးမင်း။ သက္ခိကတံ၊ အဆွေ ခင်ပွန်းတို့၌ဖြစ်သော မေတ္တာသည်။ သာဓု၊ ကောင်းသည်။ ဟောတိ၊ ဖြစ်၏။ မေတ္တိသံသတိ၊ အဆွေခင်ပွန်း၏အဖြစ်ဖြင့် ပေါင်းဖော်ခြင်းသည်။ သန္တဝေါ၊ မိတ်ဖြစ်ခြင်းသည်။ သာဓု၊ ကောင်းသည်။ ဟောတိ၊ ဖြစ်၏။ တံ ဓမ္မံ၊ ထိုတရားကို။ သစေ ရောစေသိ၊ အကယ်၍နှစ်သက်အံ့။ ဝိဇာနတံ၊ ပညာရှိတို့သည်။ ပါသံသော၊ ချီးမွမ်းအပ်သည်သာလျှင်။ အသိ၊ ဖြစ်၏။

ဆုပေးမည်

֍ ဋ္ဌ ၃၅။ ပတ္တယာန၊ အတောင်ဟူသော ယာဉ်ရှိသော။ ဝိဟင်္ဂမ၊ ကောင်းကင်ဖြင့်သွားသော။ ဝက္ကင်္ဂ၊ ကောက်သော လည်ရှိသော။ သုဝ၊ ကျေးမင်း။ တေ၊ သင်အား။ သော အဟံ၊ ထိုငါသည်။ ဝရံ၊ ဆုကို။ ဒမ္မိ၊ ပေးအံ့။ တွံ၊ သင်သည်။ ယံကိဉ္စိ၊ အမှတ်မရှိသောဆုကို။ မနသာ၊ စိတ်ဖြင့်။ ဣစ္ဆသိ၊ အလိုရှိအံ့။ တံ ဝရံ၊ ထိုဆုကို။ ဝရဿု၊ တောင်းလော့။

သစ်ပင် ရှင်ပါစေ

֍ ဋ္ဌ ၃၆။ ဟံသရာဇ၊ ဟင်္သာမင်း။ အဟံ၊ ငါသည်။ နံ ဒုမံ၊ ထိုရေသဖန်းပင်ကို။ သပတ္တံ၊ အရွက်ရှိသည်ကို။ သဖလံ၊ အသီးရှိသည်ကို။ အပိ နာမ ပဿေယျံ၊ အကယ်၍ မြင်ရငြားအံ့။ ဒလိဒ္ဒေါ၊ သူဆင်းရဲသည်။ နိဓိံ၊ ရွှေအိုးကို။ လဒ္ဓါ၊ ရသည်ဖြစ်၍။ နန္ဒတိ ဣဝ၊ နှစ်သက်သကဲ့သို့။ နံ၊ ထိုရေသဖန်းပင်ကို။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ အဟံ၊ ငါသည်။ နန္ဒေယျံ၊ နှစ်သက်ရာ၏။

֍ ဋ္ဌ ၃၇။ တတော၊ ထို့နောင်မှ။ သက္ကော၊ သိကြားသည်။ အမတံ၊ အမြိုက်ရေကို။ အာဒါယ၊ ယူ၍။ မဟီရုဟံ၊ ရေသဖန်းပင်ကို။ အဘိသိဉ္စိ၊ သွန်း၏။ တဿ၊ ထိုရေသဖန်းပင်၏။ သာခါ၊ အခက်တို့သည်။ ဝိရူဟိံသု၊ စည်ပင်ကုန်၏။ သီတစ္ဆာယာ၊ အေးသော အရိပ်ရှိ၏။ မနောရမာ၊ နှလုံးမွေ့ လျော်ဖွယ်ရှိ၏။

အသင်လည်း ချမ်းသာပါစေ

֍ ဋ္ဌ ၃၈။ သက္က၊ သိကြားမင်း။ အဇ္ဇ၊ ယနေ့။ အဟံ၊ ငါသည်။ သဖလံ၊ အသီးရှိသော။ ဒုမံ၊ ရေသဖန်းပင်ကို။ ဒိသွာန၊ မြင်၍။ သုခိတော ယထာ၊ ချမ်းသာသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ တွံ၊ သင်သည်။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဉာတိဘိ၊ အဆွေ အမျိုးတို့နှင့်။ သဟ၊ တကွ။ သုခီ၊ ချမ်းသာသည်။ ဟောဟိ၊ ဖြစ်စေသတည်း။

֍ ဋ္ဌ ၃၉။ သက္ကော၊ သိကြားသည်။ သုဝဿ စ၊ ကျေး သားအားလည်း။ ဝရံ၊ ဆုကို။ ဒတွာ၊ ပေး၍။ ဒုမံ၊ ရေသဖန်းပင်ကို။ သဖလံ၊ အသီးရှိသည်ကို။ ကတွာန၊ ပြု၍။ ဘရိယာယ၊ မယားနှင့်။ သဟ၊ တကွ။ ဒေဝါနံ၊ တာဝတိံသာနတ်တို့၏။ နန္ဒနံ ဝနံ၊ နန္ဒဝန်ဥယျာဉ်သို့။ ပက္ကာမိ၊ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်ဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြားဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကျေးမင်းဖြစ်ပြီ ဟူ၍ ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးကြီးမား၊ နေရာများ၊ ရှောင်ရှားပြုရာ

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော စူဠသုဝဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၅။ ဟရိတစဇာတ်

ကာမသည် ပညာရှိကို ဖျက်ဆီးတတ်သည်

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သုတမေတံ မဟာဗြဟ္မေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဟရိတစဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် ငြီးငွေ့သော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... တန်ဆာဆင်သော မာတုဂါမကိုမြင်၍ ငြီးငွေ့ရကား ရှည်သော ဆံ, လက်သည်း ခြေသည်း, အမွေးရှိသော လူထွက်လိုသော ထိုရဟန်းကို ဆရာဥပဇ္ဈာယ်တို့သည် အလိုမရှိဘဲလျက်လျှင် ဘုရားအထံတော်သို့ ဆောင်အပ်သည်ရှိသော် သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်း... သင် ငြီးငွေ့သတတ်ဟူသည် မှန်သလော ဟု မေးတော်မူ၏။ ဘုန်းတော် အလွန်ကြီးသော အရှင်ဘုရား မှန်ပေ၏ ဟု နားတော် လျှောက်သည်ရှိသော် အဘယ့်ကြောင့် ငြီးငွေ့သနည်း ဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား တန်ဆာဆင်အပ်သော မိန်းမကိုမြင်၍ ကိလေသာ၏ အစွမ်းအားဖြင့် ငြီးငွေ့၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း ကိလေသာမည်သည်ကား ဂုဏ်ကျေးဇူးကို ဖျက်ဆီးတတ်၏။ ကြည်ညိုဖွယ်မရှိ၊ ငရဲ၌ ဖြစ်စေတတ်၏။ ဤကိလေသာသည် သင်ကဲ့သို့သော သူကို အဘယ့်ကြောင့် မညစ်ညူးစေဘဲ ရှိလတ္တံ့နည်း၊ မြင်းမိုရ်တောင်ကို လဲအောင်တိုက်သော လေကြီးသည် ဟောင်းလေပြီးသော သစ်ရွက်ခြောက်အား မရှက်သည်သာလျှင် ဖြစ်၏။ ဤကိလေသာကို အမှီပြု၍ သဗ္ဗညုတဟူသော အကျိုးငှာ ရှေးဘုရားလောင်းတို့၏ လမ်းဟောင်းအစဉ်ကို သွားကုန်သော ငါးပါးသော အဘိညာဉ် ရှစ်ပါးသော သမာပတ်ကို ရကုန်သော ယောက်ျားမြတ်တို့သည်လည်း သတိကိုဖြစ်စေခြင်းငှာ မတတ်နိုင်ကုန်၊ ဈာန်ကို ကွယ်စေကုန်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာဆုဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တစ်ခုသော နိဂုံးဝယ် ကုဋေရှစ်ဆယ်ကြွယ်ဝသော ပုဏ္ဏားမျိုး၌ ဖြစ်၏။

ဟရိတစရသေ့

ရွှေနှင့်တူသော အဆင်းအသရေရှိသည်၏ အဖြစ်ကြောင့် ဘုရားလောင်းအား ဟရီတစ သတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုဟရိတစ သတို့သားသည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်သို့သွား၍ အတတ်တို့ကိုသင်၍ ဥစ္စာတို့ကိုဖြစ်စေ၍ အမိအဘတို့၏ လွန်လေပြီးသောအခါ၌ ဥစ္စာကိုကြည့်၍ ဥစ္စာသည်သာလျှင် ထင်၏။ ဥစ္စာကို ဖြစ်စေတတ်ကုန်သော သူတို့သည် မထင်ကုန်၊ ငါသည်လည်း သေမင်းခံတွင်း၌ မှုန့်မှုန့်ညက်ညက် ကြေသည်ဖြစ်ရာ၏ ဟု သေဘေးမှကြောက်၍ အလှူကြီးကိုပေး၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြု၍ ခုနစ်ရက်မြောက်လတ်သော် ငါးပါးသောအဘိညာဉ် ရှစ်ပါးသော သမာပတ်တို့ကို ဖြစ်စေ၍ ဟိမဝန္တာ၌ ကြာမြင့်စွာ သစ်မြစ်သစ်သီး အာဟာရရှိလျက် မျှ၍ ချဉ်ဆားမှီဝဲအံ့သောငှာ တောင်မှသက်၍ အစဉ်သဖြင့် ဗာရာဏသီသို့ရောက်၍ မင်း၏ဥယျာဉ်၌ နေ၍ နက်ဖြန် ဗာရာဏသီပြည်၌ ဆွမ်းခံလတ်သော် မင်းအိမ်တ့ခါးသို့ ရောက်၏။

မင်းကိုးကွယ်ခံရ

မင်းသည် ထိုဟရိတစ ရသေ့ကိုမြင်၍ ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ ပင့်ခေါ်စေ၍ ကောင်းစွာ ဆောက်အပ်သော ထီးဖြူရှိသော မင်း၏ပလ္လင်၌ နေစေ၍ အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်ကိုဘုဉ်းပေးစေ၍ တရားအနုမောဒနာ ပြုသည်၏အဆုံး၌ အတိုင်း ထက်အလွန် ကြည်ညို၍ အရှင်ဘုရား အရှင်ဘုရားတို့သည် အဘယ်အရပ်၌ သီတင်းသုံး နေတော်မူသနည်း ဟု မေးတော်မူ၏။ မြတ်သောမင်းကြီး နေရာအရပ်ကို ရှာကုန်၏ ဟု ဆိုသည်ရှိသော် အရှင်ဘုရား ကောင်းပြီ ဟု နံနက်စာ စားပြီးသော် ထိုဟရိတစ အရှင်ရသေ့ကို ပင့်ဆောင်၍ ဥယျာဉ်သို့သွား၍ ညဉ့်သန့်ရာနေရာ နေ့သန့်ရာနေရာတို့ကို ပြုစေ၍ ဥယျာဉ်စောင့်ကို အလုပ်အကျွေး ပြုစေ၍ ရှိခိုး၍ ထွက်ခဲ့၏။

မိဖုရားနှင့် မှားယွင်းပြီ

ဘုရားလောင်းသည် ထိုအခါမှစ၍ အမြဲ မင်းအိမ်၌ ဆွမ်းဘုဉ်းပေးလျက် တစ်ဆယ့်နှစ်နှစ်ပတ်လုံး ထိုဥယျာဉ်၌ နေ၏။ ထိုအခါ တစ်နေ့သ၌ မင်းသည် ခိုးသူဖျက်ဆီးသော ပစ္စန္တရစ်ကို ငြိမ်းစိမ့်သောငှာ သွားသည်ရှိသော် ငါတို့၏ ကောင်းမှု၏ စိုက်ပျိုးရာလယ်မြေကို မမေ့မလျော့လင့် ဟုဆို၍ မိဖုရားအား ဘုရားလောင်းကို အပ်၍သွား၏။ ထိုအခါမှစ၍ မိဖုရားသည် ဘုရားလောင်းကို မိမိလက်ဖြင့် လုပ်ကျွေး၏။ ထိုအခါ တစ်နေ့သ၌ မိဖုရားသည် ဘောဇဉ်ကို ပြည့်စုံစေ၍ ဘုရားလောင်း ကြာမြင့်လတ်သော် နံ့သာရေဖြင့် ချိုး၍ သိမ်မွေ့ပြေပြစ်သော အဝတ်ကိုဝတ်၍ ခြင်္သေ့ခံသော လေသွန်နန်းတံခါးတို့ကို ဖွင့်၍ ကိုယ်၌ လေကိုခတ်စေလျက် ညောင် စောင်း ငယ်၌ လျောင်း၏။

ဘုရားလောင်းသည် ကောင်းစွာ ဝတ်ရုံလျက် သပိတ်ကို ပိုက်လျက် ကောင်းကင်ဖြင့်လာ၍ ခြင်္သေ့ခံသော လေသွန်နန်းတံခါးသို့ ရောက်၏။ ထိုအခါ မိဖုရားသည် ဘုရားလောင်း၏ လျှော် တေသင်္ကန်းသံကို ကြား၍ ထလိုက်သော် မိဖုရားမှ သိမ်မွေ့ပြေပြစ်သော ကိုယ်ဝတ်သည် လျှော ကျ၏။ ဝိသဘာဂ အာရုံသည် ဘုရားလောင်း၏ မျက်စိအား ထင်ခြင်းသို့ ရောက်၏။ ထိုအခါ များလှစွာသော နှစ်ကုဋေအသိန်း အရေအတွက်ရှိသော ကာလဝယ် ကိုယ်တွင်း၌ ငြိမ်ဝပ်စွာနေသော ကိလေသာသည် ကြုတ်၌အိပ်သော မြွေဟောက်ကဲ့သို့ ထ၍ ဘုရားလောင်း၏ ဈာန်ကို ကွယ်စေ၏။ ဘုရားလောင်းသည် သတိကို ဖြစ်စေခြင်းငှာ မတတ်နိုင်ရကား မိဖုရားလက်ကို ဆွဲကိုင်၏။ ထိုခဏ၌လျှင် တင်းတိမ်ကို ကာရံကုန်၏။ ဘုရားလောင်းသည် မိဖုရားနှင့်တကွ လူတို့၏အကျင့်ကို မှီဝဲ၍ ဆွမ်းစား၍ ဥယျာဉ်သို့ သွား၏။ ထိုအခါမှစ၍ နေ့တိုင်း ထို့အတူလျှင် ပြု၏။ ဟရိတစရသေ့၏ မိဖုရားနှင့်တကွ လူတို့၏ အကျင့်ကို မှီဝဲခြင်းသည် မြို့အလုံး၌ ထင်ရှားစွာ ဖြစ်၏။

အမတ်တို့ တိုင်ခြင်း

အမတ်တို့သည် မြတ်သောမင်းကြီး ဟရိတစ ရသေ့သည် ဤသို့ပြု၏ဟု မင်းအား လျှောက် စာ ဆက်ကုန်၏။

မင်းကြီးမေးခြင်း

မင်းသည် ဟရိတစရသေ့ကို ဖျက်ဆီးလိုကုန်၍ ဤသို့ ဆို၏ဟု မယုံကြည်၍ ပစ္စန္တရစ်ကို ငြိမ်းစေ၍ ဗာရာဏသီမြို့သို့ ပြန်၍ မြို့ကို လက်ယာရစ်လည်၍ မိဖုရား၏အထံသို့သွား၍ ငါ၏ ဟရိတစ ရသေ့သည် သင်နှင့်တကွ လူတို့၏ အကျင့်ကို မှီဝဲဟူသည် မှန်သလောဟု မေး၏။ မြတ်မင်းကြီး မှန်ပေ၏ ဟု ဆိုသည်ရှိသော် မင်းသည် မိဖုရား၏စကားကိုလည်း မယုံကြည်၍ ရသေ့ကိုလျှင် မေးဦးအံ့ဟု ဥယျာဉ်သို့သွား၍ တင့်အပ်လျောက်ပတ်စွာ နေ၍ ဟရိတစ ရသေ့ကို မေးလိုရကား-

၄၀။ သုတံ မေတံ မဟာဗြဟ္မေ၊ ကာမေ ဘုဉ္ဇတိ ဟာရိတော။
ကစ္စေတံ ဝစနံ တုစ္ဆံ၊ ကစ္စိ သုဒ္ဓေါ ဣရိယျသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာအား ဆို၏။

֍ ဋ္ဌ ၄၀။ မဟာဗြဟ္မေ၊ ဗြဟ္မာကြီးသဖွယ်ဖြစ်သော အရှင်ဘုရား။ ဟာရိတော၊ ဟရိတစ ရှင်ရသေ့သည်။ သုဒ္ဓေါ၊ စင်ကြယ်သည်ဖြစ်၍။ ဣရိယျသိ၊ နေ၏လော။ ကာမေ၊ ကာမတို့ကို။ ဘုဉ္ဇတိ၊ ခံစား၏။ ဧတံဝစနံ၊ ဤစကားကို။ မေ၊ အကျွန်ုပ်သည်။ သုတံ၊ ကြားအပ်၏။ တံဝစနံ၊ ထိုစကားသည်။ တုစ္ဆံ ကစ္စိ၊ မမှန်သော စကားလော။ ကစ္စိ၊ အသို့နည်း။ တွံ၊ အရှင်ဘုရားသည်။ သုဒ္ဓေါ၊ စင်ကြယ်သည်ဖြစ်၍။ ဣရိယျသိ၊ နေ၏လော။

ဟုတ်ကြောင်းဝန်ခံ

ဟရိတစ ရသေ့သည် ငါကား ကာမကို မခံစားဟု ဆိုအပ်သည်ရှိသော်လည်း ဤမင်းသည် ငါ၏စကားကို ယုံအံ့သလျှင်ကတည်း၊ ဤလော က၌ သစ္စာနှင့်တူသော ကိုးကွယ်ရာမည်သည် မရှိ၊ သစ္စာကို စွန့်ကုန်သော သူတို့သည် ဗောဓိပင်ရင်း၌ နေ၍လည်း သဗ္ဗညုတဉာဏ်တော်သို့ ရောက်အံ့သောငှာ မတတ်နိုင်ကုန်၊ ငါသည် မှန်သောစကားကို ဆိုခြင်းငှာသာလျှင် သင့်၏ ဟု ကြံ၏။ ထိုစကားသည် မှန်၏။ ဘုရားလောင်းအား အချို့ကုန်သော ပါဏာတိပါတ, အဒိန္နာဒါန်တို့သည် ဖြစ်ကုန်၏။ ကာမေသုမိစ္ဆာစာရသည်လည်း ဖြစ်၏။ သုရာမေရယမဇ္ဇပါနသည်လည်း ဖြစ်သည်သာလျှင်တည်း။ အကျိုးစီးပွားကို ပျက်စီးစေတတ်သော ချွတ်ယွင်းခြင်းကို ဖြစ်စေတတ်သော စေတနာကို အကြီးပြု၍ မုသားဆိုခြင်းမည်သည်ကား မဖြစ်။ ထို့ကြောင့် မှန်သောစကားကိုသာလျှင် ဆိုလိုရကား-

၄၁။ ဧဝမေတံ မဟာရာဇ၊ ယထာ တေ ဝစနံ သုတံ။
ကုမ္မဂ္ဂံ ပဋိပန္နောသ္မိ၊ မောဟနေယျသု မုစ္ဆိတော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တေ၊ သင်မင်းကြီးသည်။ ဝစနံ၊ စကားကို။ သုတံ ယထာ၊ ကြားသကဲ့သို့။ ဧတံ၊ ထိုစကားသည်။ ဧဝံ၊ ဤသို့ ကြားတိုင်းမှန်၏။ အဟံ၊ ငါသည်။ မောဟနေယျသု၊ မိုက်စေတတ်ကုန်သော ကာမဂုဏ်တို့၌။ မုစ္ဆိတော၊ မက်မောသည်ဖြစ်၍။ ကုမ္မဂ္ဂံ၊ မှားသော ခရီးသို့။ ပဋိပန္နော၊ ရောက်သည်။ အသ္မိ၊ ဖြစ်၏။

ရာဂကိုငြိမ်းစေလော့

မင်းသည် ထိုစကားကို ကြား၍-

၄၂။ အဒု ပညာ ကိမတ္ထိယာ၊ နိပုဏာ သဓုစိန္တိနီ။
ယာယ ဥပ္ပတိတံ ရာဂံ၊ ကိံ မနော န ဝိနောဒယေ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၂။ ဘန္တေ၊ အရှင်ဘုရား။ ယာယ၊ အကြင်ပညာဖြင့်။ မနော၊ စိတ်သည်။ ဥပ္ပတိတံ၊ ဖြစ်သော။ ရာဂံ၊ ရာဂကို။ ကိံ၊ အဘယ့်ကြောင့်။ န ဝိနောဒယေ၊ ဖျောက်ခြင်းငှာ မတတ်နိုင်သနည်း။ ဧဝံ သတိ၊ ဤသို့ဖျောက်ခြင်းငှာ မတတ်နိုင်သည်ရှိသော်။ နိပုဏာ၊ သိမ်မွေ့သော။ သာဓုစိန္တိနီ၊ ကောင်းသောအကျိုးတို့ကို ကြံတတ်သော။ ပညာ၊ ပညာသည်။ ကိမတ္ထိယာ၊ အဘယ် အကျိုးရှိအံ့နည်း။

ထိုအခါ ဟရိတစ ရသေ့သည် မင်းအား ကိလေသာ၏ အစွမ်းကို ပြလို၍ -

၄၃။ စတ္တာရောမေ မဟာရာဇ၊ လောကေ အတိဗလာ ဘုသာ။
ရာဂေါ ဒေါသော မဒေါ မောဟော၊ ယတ္ထ ပညာ န ဂါဓတိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

အားကြီးသော တရား ၄-ပါး

֍ ဋ္ဌ ၄၃။ မဟာရာဇ၊ မြတ်သော မင်းကြီး။ လောကေ၊ လောက၌။ ယတ္ထ၊ အကြင်ရာဂ အစရှိကုန်သော လေးပါးကုန်သော တရားတို့၌။ ပညာ၊ ပညာသည်။ န ဂါဓတိ၊ တည်ရာကို မရ။ ရာဂေါ၊ ရာဂလည်းကောင်း။ ဒေါသော၊ ဒေါသလည်းကောင်း။ မဒေါ၊ ယစ်ခြင်းလည်းကောင်း။ မောဟော၊ မောဟလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရော၊ လေးပါးကုန်သော။ ဣမေ ဓမ္မာ၊ ဤတရားတို့သည်။ အတိဗလာ၊ အလွန် အားကြီးကုန်၏။ ဘုသာ၊ ပြင်းထန်ကုန်၏။

မင်းကြီးသည် ထိုစကားကို ကြား၍-

၄၄။ အရဟာ သီလသမ္ပန္နော၊ သုဒ္ဓေါ စရတိ ဟာရိတော။
မေဓာဝီ ပဏ္ဍိတော စေဝ၊ ဣတိ နော သမ္မတော ဘဝံ။

ဟူသော ငါးခုမြောက် ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၄။ ဟာရိတော၊ ဟရိတစ ရှင်ရသေ့သည်။ အရဟာ၊ ပစ္စည်းလေးပါးဖြင့် ပူဇော်ခြင်းကို ခံထိုက်၏။ သီလသမ္ပန္နော၊ သီလနှင့် ပြည့်စုံ၏။ သုဒ္ဓေါ၊ စင်ကြယ်စွာ။ စရတိ၊ ကျင့်၏။ မေဓာဝီ၊ ကိလေသာတို့ကို ဖျက်ဆီးတတ်သော ပညာလည်း ရှိ၏။ ပဏ္ဍိတော စေဝ၊ အကျိုးအကြောင်းကို သိသော ပညာလည်းရှိ၏။ ဣတိ၊ ဤသို့။ နော၊ ငါတို့သည်။ ဘဝံ၊ အရှင့်ကို။ သမ္မတော၊ သမုတ်အပ်၏။

ထို့နောင်မှ ပရိတစ ရှင်ရသေ့သည်-

၄၅။ မေဓာဝိနမ္ပိ ဟိံသန္တိ၊ ဣသိံ ဓမ္မဂုဏေ ရတံ။
ဝိတက္ကာ ပါပကာ ရာဇ၊ သုဘာ ရာဂူပသံဟိတာ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၅။ ရာဇ၊ မင်းကြီး။ ပါပကာ၊ ယုတ်မာကုန်သော။ သုဘာ၊ တင့်တယ်၏ဟု အာရုံကို ယူခြင်း၌ဖြစ်ကုန်သော။ ရဂူပသ့ဟိတာ၊ ရာဂနှင့်စပ်ကုန်သော။ ဝိတက္ကာ၊ ဝိတက်တို့သည်။ ဣသိံ ဓမ္မဂုဏေ၊ ရသေ့တို့ တရားကျေးဇူး၌။ ရတံ၊ မွေ့လျော်ကုန်သော။ မေဓာဝီနမ္ပိ၊ ပညာရှိတို့အားလည်း။ ဟိံသန္တိ၊ ညှဉ်းဆဲကုန်၏။

ထိုအခါ မင်းသည် ဟရိတစ ရှင်ရသေ့ကို ကိလေသာကို ပယ်ခြင်၌ အားထုတ်ခြင်းကို ဖြစ်စေလို၍-

၄၆။ ဥပ္ပန္နာယံ သရီရဇော၊ ရာဂေါ ဝဏ္ဏဝိဒူသနော တဝ။
တံ ပဇဟ ဘဒ္ဒမတ္ထု တေ၊ ဗဟုန္နာသိ မေဓာဝိသမ္မတော။

ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၆။ ဘန္တော၊ အရှင်ဘုရား။ တဝ၊ အရှင်ဘုရားအား။ သရီရဇော၊ ကိုယ်မှဖြစ်သော။ ဝဏ္ဏဝိဒူသနော၊ အဆင်းကျေးဇူးကို ဖျက်ဆီးတတ်သော။ အယံ ရာဂေါ၊ ဤရာဂသည်။ ဥပ္ပန္နော၊ ဖြစ်၏။ တံ၊ ထိုရာဂကို။ တွံ၊ အရှင်ဘုရားသည်။ ပဇဟ၊ ပယ်လော့။ တေ၊ အရှင်ဘုရားအား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ တွံ၊ အရှင်ဘုရားကို။ ဗဟုန္နံ၊ မြားစွာကုန်သော လူအပေါင်းတို့သည်။ မေဓာဝိသမ္မတော၊ ပညာရှိ၏ ဟူ၍ သမုတ်အပ်သည်။ အာသိ၊ ဖြစ်၏။

သတိရ၍ တရားကျင့်ပြီ

ထို့နောင်မှ ဘုရားလောင်းသည် သတိရ၍ ကာမတို့၌ အပြစ်ကိုမှတ်၍-

၄၇။ တေ အန္ဓကာရကေ ကာမေ၊ ဗဟုဒုကျခေ မဟာဝိသေ။
တေသံ မူလံ ဂဝေသိဿံ၊ ဆေစ္ဆံ ရာဂံ သဗန္ဓနံ။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၇။ မဟာ ရာဇ၊ မြတ်သောမင်းကြီး။ အန္ဓကာရကေ၊ ကန်းသည်၏အဖြစ်ကို ပြုတတ်ကုန်သော။ ဗဟုဒုက္ခေ၊ များစွာသော ဆင်းရဲရှိကုန်သော။ မဟာဝိသေ၊ ကိလေသာဟူသော များစွာသော အဆိပ်ဖြစ်ကုန်သော။ တေ ကာမေ၊ ထိုကာမတို့ကို။ အဟံ၊ ငါသည်။ ပဇပာာမိ၊ ပယ်အံ့။ တေသံ၊ ထိုကာမတို့၏။ မူလံ၊ မသင့်သောအားဖြင့် နှလုံးသွင်းခြင်းဟူသော အမြစ်ကို။ ဂဝေသိဿံ၊ ရှာအံ့။ သဗန္ဓနံ၊ အနှောင်အဖွဲ့နှင့် တကွသော။ ရာဂံ၊ ရာဂကို။ ဆေစ္ဆံ၊ ဖြတ်အံ့။

ဤစကားကိုဆို၍ မြတ်သောမင်းကြီး ငါ့အား ခွင့်ပြုဦးလော့ ဟု အခွင့်ပြုစေ၍ ကျောင်းသို့ဝင်၍ ကသိုဏ်းဝန်းကိုကြည့်၍ တစ်ဖန် ပျောက်သာဈာန်ကို ဖြစ်စေ၍ ကျောင်းမှထွက်၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့သဖြင့် နေ၍ မင်းအား တရားဟော၍ မြတ်သောမင်းကြီး ငါသည် မနေအပ်သောအရပ်၌ နေခြင်းကြောင့် လူများအလယ်၌ ကဲ့ရဲ့အပ်သော အဖြစ်သို့ ရောက်၏။ သင်မင်းကြီးသည် မမေ့မလျော့ ဖြစ်ရစ်လော့၊ ငါသည်ကား ယခုတစ်ဖန် မိန်းမနံ့ မနံသော တော အုပ်သို့လျှင် သွားအံ့ ဟု ဆို၍ မင်းသည် ငိုကြွေးစဉ်လျှင် ဟိမဝန္တာသို့သွား၍ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လား၏။

သဗ္ဗညူမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ထိုအကြောင်းကို ပြအံ့သောငှာ-

၄၈။ ဣဒံ ဝတွာန ဟာရိတော၊ ဣသိ သစ္စပရက္ကမော။
ကာမရာဂံ ဝိရာဇေတွာ၊ ဗြဟ္မလောကူပဂေါ အဟု။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၄၈။ ဘိက္ခဝေ၊ ရဟန်းတို့။ သစ္စပရက္ကမော၊ မှန် သောစကားကို ဆိုခြင်း၌ အားထုတ်သော။ ဟာရိတော ဣသိ၊ ဟရိတစ ရသေ့သည်။ ဣဒံ၊ ဤစကားကို။ ဝတွာန၊ ဆို၍။ ကာမရာဂံ၊ ကာမရာဂကို။ ဝိရာဇေတွာ၊ ခွာ၍။ ဗြဟ္မလောကူပဂေါ၊ ဗြဟ္မာ့ပြည်သို့ လားသည်။ အဟု၊ ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဂါထာကို ဟောတော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သောရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ပြီး၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဟရိတစရသေ့ ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကာမဂုဏ်များ၊ မက်မောငြား၊ လမ်းမှားရောက်တတ်စွ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဟရိတစဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၆။ ပဒကုသလမာဏဝဇာတ်

သူတစ်ပါးပညာကို လှည့်စားခြင်းကြောင့်သေရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဗဟုသုတံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပဒကုသလမာဏဝဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တစ်ယောက်သော သူငယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သာဝတ္ထိပြည်၌ သူကြွယ်သားဖြစ်သော ထိုသူငယ်သည် ခုနစ်နှစ်ရှိသော ကာလ၌လျှင် ခြေရာ၌ လိမ္မာသည် ဖြစ်သတတ်။

ခြေရာခံအတတ်

ထိုအခါ ထိုသူငယ်၏အဖသည် ဤသူငယ်ကို စုံစမ်းအံ့ဟု ထိုသူငယ်သည် မသိစဉ်လျှင် အဆွေခင်ပွန်းအိမ်သို့ သွား၏။ သူငယ်သည် အဖသွားရာ အရပ်ကို မမေးမူ၍လျှင် ထိုအဖ၏ခြေရာကို အစဉ်မှီးသဖြင့်သွား၍ အဖအထံ၌ နေ၏။ ထိုအခါ ထိုသူငယ်ကို အဖသည် တစ်နေ့သ၌

အမောင်... ငါသည် သင့်ကို မသိစေမူ၍လျက်လည်း ငါ၏ နေရာအရပ်ကို သင်သည် အဘယ့်ကြောင့် သိသနည်း ဟု မေး၏။ ကျွန်ုပ်သည် အဖ၏ခြေရာကို သိ၏။ ခြေရာ၌ လိမ္မာ၏ဟု သူငယ်သည် ဆို၏။ ထိုအခါ သူငယ်အား အဖသည် စုံစမ်းအံ့သောငှာ နံနက်စာစားပြီးတော် အိမ်မှထွက်၍ အခြားမဲ့ဖြစ်သော အိမ်နီးချင်း အိမ်သို့သွား၍ ထိုအိမ်မှ နှစ်ခုမြောက် ထိုအိမ်မှ သုံးခုမြောက်ဖြစ်သော အိမ်သို့ဝင်၍ သုံးခုမြောက်ဖြစ်သော အိမ်မှထွက်၍ တစ်ဖန် မိမိအိမ်သို့လာ၍ မိမိအိမ်မှ မြောက်တံခါးမှထွက်၍ ဇေတဝန်ကျောင်းသို့သွား၍ ဘုရားကိုရှိခိုး၍ တရားတော်ကိုနာလျက် နေ၏။ သူငယ်သည် အဖသည် အဘယ်သို့သွားသနည်း ဟု မေး၏။ ငါတို့မသိကုန် ဟု ဆိုလတ်သော် အဖ၏ ခြေရာကို အစဉ်လျောက်သဖြင့် အိမ်နီးချင်း၏အိမ်ကို အစပြု၍ အဖသွားသောခရီးဖြင့်လျှင် ဇေတဝန် ကျောင်းတော်သို့ သွား၍ ဘုရားကိုရှိခိုး၍ အဖအထံ၌ နေ၏။

အဖသည် အမောင် ငါသည် ဤသို့လာသောအဖြစ်ကို သင် အဘယ်သို့ သိသနည်း ဟု မေးသည်ရှိသော် အကျွန်ုပ်သည် အဖ၏ခြေရာကိုသိ၍ ခြေရာကို လျောက်သဖြင့် လာ၏ဟု ဆို၏။ သဗ္ဗညူမြတ်စွာဘုရားသည် သီတင်းသည် သင် အဘယ်သို့ဆိုသနည်းဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ဤသူငယ်သည် ခြေရာ၌ လိမ္မာ၏။ အကျွန်ုပ်သည် ဤသူငယ်ကို စုံစမ်းလို၍ ဤမည်သော အကြောင်းဖြင့် လာ၏။ ဤသူငယ်သည်လည်း အကျွန်ုပ်၏ခွရောကို လျှောက်သဖြင့် လာ၏ဟု နားတော်လျှောက်သည်ရှိသော် သီတင်းသည်... မြေ၌ ခြေရာကိုသိခြင်းသည်အံ့ဖွယ်မရှိသေး၊ ရှေးပညာရှိတို့သည် ကောင်းကင်၌ ခြေရာကိုသိဖူးကုန်၏ ဟု မိန့်တော်မူ၍ ထိုသီတင်းသည်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဗြဟ္မဒတ်မင်း၏ မိဖုရားသည် လွန်ကျူးသော အကျင့်ကိုကျင့်၍ မင်းသည် မေးအပ်သည်ရှိသော် မြတ်သောမင်းကြီး အကျွန်ုပ်သည် အကယ်၍ အရှင်မင်းကြီးတို့ကို လွန်ကျူး၍ ကျင့်အံ့၊ အဿမုခီ ဘီလူးမ ဖြစ်စေသတည်း ဟု ကျိန်၍ ထိုကိုယ်၏အဖြစ်မှ စုတေသေလွန်၍ တစ်ခုသောတောင်ခြေရင်း၌ အဿမုခီ ဘီလူးမဖြစ်၍ တည်သောလိုဏ်ဂူ၌ နေလျက် တောအုပ်ကြီး၌ အရှေ့ အစွန်းမှသည် အနောက်သို့ သွားကုန်သော လူတို့ကို ဖမ်း၍စားကုန်၏။

ဘီလူးမနှင့်လူသားလင်

ထိုအဿမုခီဘီလူးမသည် သုံးနှစ်ပတ်လုံး ဝေဿဝဏ် နတ်မင်းကို ခစား၍ အများအားဖြင့် ယူဇနာသုံးဆယ် အနံအားဖြင့် ငါးယူဇနာရှိသော အရပ်၌ လူကိုစားခြင်းငှာ အခွင့်ရသတတ်၊ ထိုအခါ တစ်နေ့သ၌ ကြွယ်ဝသော များသော ဥစ္စာစည်းစိမ်ရှိသော အဆင်းလှသော ပုဏ္ဏားတစ်ယောက်သည် များစွာသောလူတို့ဖြင့် ခြံရံလျက် ထိုခရီးသို့ထွက်သွား၏။ အဿမုခီဘီလူးမသည် ထိုပုဏ္ဏားကိုမြင်၍ နှစ်သက်၍ ပြေးလာ၏။ ထိုအဿမုခီဘီလူးမကိုမြင်၍ ပုဏ္ဏား၏အခြံအရံဖြစ်သော လူတို့သည် ထွက်ပြေးကုန်၏။ အဿမုဘီလူးမသည် လေကဲ့သို့ လျင်မြန်သော အဟုန်ဖြင့် လာလတ်၍ ပုဏ္ဏားကို ဖမ်းယူ၍ ကျောက်၌ တင်၍ အိပ်စေ၍ လိုဏ်သို့သွားလတ်သော် ယောကျ်ား၏အတွေ့ကိုရ၍ ကိလေသာ၏ အစွမ်းအားဖြင့် ထိုပုဏ္ဏားကို ချစ်ခြင်းကိုဖြစ်စေ၍ ထိုပုဏ္ဏားကို မစားမူ၍ မိမိလင်ပြု၏။ ထိုနှစ်ယောက်သော သူတို့သည်လည်း ညီညွတ်သင့်တင့်စွာ နေခြင်းကို နေကုန်၏။ ထိုအခါမှစ၍ ဘီလူးမသည် လူတို့ကိုဖမ်း၍ ယူလတ်သော် အဝတ် ဆန် ဆီ အစရှိသည်တို့ကိုယူ၍ ပုဏ္ဏားအား အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်တို့ကိုပေး၍ မိမိသည် လူသားကို စား၏။ သွားသောကာလ ပုဏ္ဏားပြေးအံ့သည်မှ ကြောက်သောကြောင့် ကြီးစွာသောကျောက်ဖြင့် လိုဏ်တံခါးကို ပိတ်၍သွား၏။ ထိုနှစ်ယောက်သော သူတို့သည် ဝမ်းမြောက်ဝမ်းသာ နေကုန်လတ်သော် ဘုရားလောင်းသည် ဖြစ်ရာအရပ်မှ စုတေ၍ ပုဏ္ဏားကိုစွဲ၍ အဿမုခီဘီလူးမဝမ်း၌ ပဋိသန္ဓေ နေ၏။

သားတစ်ယောက်ရပြီ

အဿမုခိဘီလူးမသည် ဆယ်လလွန်သဖြင့် သားကိုဖွား၍ သား၌လည်းကောင်း, ပုဏ္ဏား၌ လည်းကောင်း ကြီးစွာသော ချစ်ခြင်းသည်ဖြစ်၍ နှစ်ယောက်ကုန်သော သူတို့ကိုလည်း မွေးမြု၏။ အဿမုခီ ဘီလူးမသည် နောက်အဖို့၌ သားသည် ကြီးခြင်းသို့ ရောက်လတ်သော် အဖနှင့်တကွ လိုဏ်တွင်းသို့သွင်း၍ တံခါးကိုပိတ်၏။ ထိုအခါ တစ်နေ့သ၌ ဘုရားလောင်းသည် ဘီလူးမ၏ သွားသောကာလကိုသိ၍ ကျောက်ဖျာကိုပယ်၍ အဖကို လိုဏ်အပ၌ထား၏။ ထိုဘီလူးမသည် လာလတ်၍ အဘယ်သူသည် ဤ ကျောက်ဖျာကို ပယ်သနည်း ဟု ဆို၍ မိခင် ကျွန်ုပ်သည် ပယ်၏။ အမိုက်၌နေခြင်းငှာ မတတ်နိုင် ဟု သားက ဆိုသည်ရှိသော် သားကိုချစ်ခြင်းဖြင့် တစ်စုံတစ်ခုသောစကားကို မဆို။ ထိုအခါ တစ်နေ့သ၌ ဘုရားလောင်းသည် အဖအား ဖခင် အဘယ်အကြောင်းကြောင့် ကျွန်ုပ်အမိ၏ မျက်နှာသည် အခြားတစ်ပါး၊ သင်၏ မျက်နှာသည် အခြားတစ်ပါးဖြစ်သနည်းဟု မေး၏။ အမောင် သင့်အမိသည် လူသားစား ဘီလူးမတည်း၊ ငါတို့နှစ်ယောက်မူကား လူတည်း ဟု အဘသည် ပြောဆို၏။

ထွက်ပြေးကြခြင်း

ဖခင် အဘယ့်ကြောင့် ဤအရပ်၌ နေကုန်အံ့နည်း၊ လာလော့၊ လူ့ပြည်သို့ သွားကြကုန်အံ့ ဟု သားသည် ဆို၏။ အမောင်... ငါတို့သည် အကယ်၍ ပြေးကုန်အံ့၊ နှစ်ယောက်ကုန်သော ငါတို့ကိုလည်း သင်၏အမိသည် စားလတ္တံ့ ဟု အဖသည် ဆို၏။ ဘုရားလောင်းသည် ဖခင်... မကြောက်လင့်၊ လူ့ပြည်သို့ဆောင်ခြင်းသည် အကျွန်ုပ်ဝန်တည်း ဟု အဘကို နှစ်သိမ့်စေ၍ နက်ဖြန် အမိသည်သွားလတ်သော် အဖကိုယူ၍ ပြေး၏။ ဘီလူးမသည် လာလတ်၍ ထိုသားအဖတို့ကို မမြင်၍ လေကဲ့သိုသော လျင်မြန်ခြင်းအဟုန်ဖြင့် ပြေး၍ ထိုသားအဖတို့ကို ဖမ်း၍ ပုဏ္ဏား... အဘယ့်ကြောင့် ပြေးသနည်း၊ ဤအရပ်၌ အဘယ်ဝတ္ထုသည် မရှိသနည်းဟု ဆို၍ ရှင်မ... ကျွန်ုပ်ကို မမေးလင့်၊ သင့်သားသည် ကျွန်ုပ်ကိုယူ၍ ပြေး၏ ဟု ဆိုသည်ရှိသော် သား၌ချစ်ခြင်းဖြင့် တစ်စုံတစ်ခုသော စကားကိုမဆိုမူ၍ ထိုသားအဖတို့ကို နှစ်သိမ့်စေ၍ မိမိနေရာသို့လျှင် သွား၍ ထို့အတူ တစ်ဖန်လည်း နှစ်ရက်သုံးရက် ရောက်လတ်သော် ပြေးကုန်သော သားအဖတို့ကို ဆောင်၏။ ဘုရားလောင်းသည် ငါ့အမိ၏ အရပ်သည် အပိုင်းအခြားရှိသည် ဖြစ်ရာ၏။ ငါသည် အမိ၏အာဏာဖြစ်ရာ အရပ်ကို အမိကိုမေး၍ ထို့နောင်မှ ထိုအာဏာဖြစ်ရာအရပ်ကို လွန်၍ ပြေးရမူကား ကောင်း၏ဟု ကြံ၏ ကြံပြီး၍ ထိုဘုရားလောင်းသည် တစ်နေ့သ၌ အမိကိုခေါ်၍ တင့်အပ်လျှောက်ပတ်သော အရပ်၌ နေလတ်သော် မိခင် အမိ၏ ဥစ္စာမည်သည် သားတို့အား ရောက်၏။ မိမိ၏ဥစ္စာဖြစ်သော မြေ၏ အပိုင်းအခြားကို မိခင်သည် ကျွန်ုပ်အား ကြားလော့ ဟုဆို၏။

ဘီလူးမသည် ခပ်သိမ်းသော အရပ်မျက်နှာတို့၌ တောင်, မြစ်, အပိုင်းအခြား အမှတ်အသား အစရှိသည်တို့ကိုဆို၍ အလျားအားဖြင့် ယူဇနာသုံးဆယ်, အနံအားဖြင့် ငါးယူဇနာရှိသော အရပ်ကို သားအားပြောဆို၍ ချစ်သား... ဤအရပ်ကို အမောင် မှတ်လော့ ဟု ဆို၏။ ဘုရားလောင်းသည် နှစ်ရက် သုံးရက်တို့ကို လွန်စေ၍ အမိသည် တောအရပ်သို့သွားသော ကာလ၌ အဖကို ပခုံး၌ တင်၍ အမိသည် ပေးအပ်သော အမှတ်အားဖြင့် လေကဲ့သို့သော လျင်မြန်ခြင်းအဟုန်ဖြင့် ပြေးလျက် အပိုင်းအခြားဖြစ်သော မြစ်ကမ်းနားသို့ ရောက်၏။ အဿမုခိဘီလူးမသည်လည်း လာလတ်၍ ထိုသားအဖတိုညကို မမြင်လတ်သော် လိုက်၏။ ဘုရားလောင်းသည် အဖကိုယူ၍ မြစ်လယ်သို့သွား၏။ အဿမုခိဘီလူးမသည် လာလတ်၍ မြစ်ကမ်းနား၌ရပ်၍ မိမိ အပိုင်း အခြားကို လွန်သည်၏ အဖြစ်ကို သိ၍ ထိုမြစ် ကမ်းနား၌လျှင် ရပ်၍ အမောင် အဖကိုယူ၍ လာလော့၊ ငါ့အား အဘယ်အပြစ်ရှိသနည်း၊ ငါ့ကိုမှီ၍ အဘယ်အလိုသည် မပြည့်စုံသနည်း၊ အရှင်တို့သည် ပြန်ခဲ့ကြကုန်လော့ ဟု သားကိုလည်းကောင်း လင်ကိုလည်းကောင်း တောင်းပန်၏။

မန္တရားသင်ပေးခြင်း

ထိုအခါ ပုဏ္ဏားသည် မြစ်ကိုကူး၏။ အဿမုခီဘီလူးမသည် သားကိုသာလျှင် တောင်းပန်လျက် အမောင်... ဤသို့မပြုသင့်၊ ပြန်ခဲ့လော့ ဟုဆို၏။ မိခင်... ကျွန်ုပ်တို့သည် လူဖြစ်ကုန်၏။ မိခင်သည်ကား ဘီလူးမဖြစ်၏။ အခါခပ်သိမ်း သင်၏အထံ၌ နေခြင်းငှာ မတတ်ကောင်း ဟု သားသည် ဆိုလေ၏။ အမောင် သင်သည် မပြန်ပြီလော ဟု ဘီလူးမသည် မေး၏။ မိခင်... ကျွန်ုပ်မပြန်ပြီ ဟု ဘုရားလောင်းသည် ဆို၏။ အမောင်... သင် အကယ်၍ မပြန်ငြားအံ့၊ လူ့ ပြည်၌ အသက်မွေးခြင်းမည် သည်ကား ဆင်းရဲ ငြိုငြင်၏။ အတတ်ကို မတတ်ကုန်သော သူတို့သည် အသက်မွေးခြင်းငှာ မတတ်နိုင်ကုန်၊ ငါသည် စိန္တာမဏိမည်သော မန္တရားကို တတ်၏။ ထိုမန္တရား၏ အာနုဘော်ဖြင့် တစ်ဆယ့်နှစ်နှစ် အထက်၌ ခိုးဆောင်သော ဥစ္စာကိုလည်း ခြေရာအစဉ်ကို လျှောက်၍ သိခြင်းငှာ တတ်နိုင်၏။ ဤစိန္တာမဏိ မန္တရားသည် သင့်အား အသက်မွေးဖို့ ဖြစ်လတ္တံ့၊ အမောင် သင်သည် အနဂ္ဃဖြစ်သော ဤမန္တရားကို သင်လော့ ဟု ဆို၍ ထိုသို့သဘောရှိသော ဆင်းရဲသည် နှိပ်စက်ငြားသော်လည်း သား၌ချစ်ခြင်းဖြင့် မန္တရားကိုပေးလေ၏။ ဘုရားလောင်းသည် မြစ်၌ရပ်လျက်လျှင် အမိကိုရှိခိုး၍ အလွန်ရိုသေစွာ နာ၍ မန္တရားကို သင်၍ အမိကိုရှိခိုး၍ မိခင်... သင်သွားလော့ဟု ဆို၏။

ဘီလူးမ သေပြီ

အမောင်... သင်တို့သည် မပြန်ကုန်သည်ရှိသော် ငါ့အား အသက်မရှိပြီ ဟု ဆိုလို၍-

ဧဟိ ပုတ္တ နိဝတ္တဿု၊ မာ အနာထံ ကရောဟိ မေ။

အဇ္ဇပုတ္တံ အပဿန္တီ၊ ယက္ခိနီ မရဏံ ဂတာ။

ဟူသော ဤဂါထာကို ဆို၏။

ပုတ္တ၊ ချစ်သား။ တွံ၊ သင်သည်။ ဧဟိ၊ လာလော့။ နိဝတ္တဿု၊ ပြန်ခဲ့လော့။ မေ၊ ငါ့အား။ အနာထံ၊ ကိုးကွယ်ရာမရှိသည်ကို။ မာ ကရောဟိ၊ မပြုလင့်။ ယက္ခိနီ၊ ဘီလူးမသည်။ အဇ္ဇ၊ ယနေ့။ ပုတ္တံ၊ သားကို။ အပဿန္တီ၊ မမြင်ရသည်ရှိသော်။ မရဏံ၊ သေခြင်းသို့။ ဂတာ၊ ရောက်အံ့။

သားအဖ မင်းထံခစား

ဘီလူးမလည်း ရင်ကိုခတ်၍ ထိုခဏ၌လျှင် သား၌ စိုးရိမ်သဖြင့် နှလုံးကွဲ၏။ ထိုဘီလူးမသည် သေ၍ ထိုအရပ်၌လျှင် လဲ၏။ ဘုရားလောင်းသည် ဘီလူးမ၏ သေသော အဖြစ်ကိုသိ၍ အဖကိုခေါ်၍ အမိအထံသို့သွား၍ ထင်းပုံကိုပြု၍ သင်္ဂြိုဟ်ခြင်းကိုပြု၍ အထူးထူးသော အဆင်းရှိကုန်သော ပန်းတို့ဖြင့် ပူဇော်၍ ရှိခိုး၍ ငိုကြွေး၍ အဖကိုယူ၍ ဗာရာဏသီပြည်သို့သွား၍ မင်းအိမ်တံခါး၌ ရပ်၍ ခြေရာ၌ လိမ္မာသော လုလင်သည် တံခါး၌ရပ်၏ ဟု မင်းအား လျှောက်စေ၍ ထိုသို့တပြီးကား လာစေသတည်း ဟု မင်းသည် ဆိုသည်ရှိသော် လုလင်သည် ဝင်၍ မင်းကိုရှိခိုး၍ အမောင် သင်သည် အဘယ်အတတ်ကို တတ်သနည်း ဟု မေးသည်ရှိသော် မြတ်သောမင်းကြီး အကျွန်ုပ်သည် တစ်ဆယ့်နှစ်နှစ် အထက်၌ ခိုးယူအပ်သော ဥစ္စာကို ခြေရာအစဉ်ကိုလျှောက်၍ ယူခြင်းကို သိ၏ ဟု ဆို၏။ ထိုသို့တပြီးကား ငါ့ကို လုပ်ကျွေးလော့ ဟု မင်းကြီးက ဆိုသည်ရှိသော် မြတ်သောမင်းကြီး နေ့တိုင်း နေ့တိုင်း တစ်ထောင်သော ဥစ္စာကို ရသည်ရှိသော် လုပ်ကျွေးအံ့ ဟု ဘုရားလောင်း သည်ဆိုလေ၏။ အမောင် ကောင်းပြီ၊ လုပ် ကျွေးလော့ ဟု ဆို၍ မင်းသည် နေ့တိုင်းနေ့တိုင်း တစ်ထေင်သောဥစ္စာကို ပေး၏။

ခြေရာခံအတတ်ကို စမ်းကြည့်သော်

ထိုအခါ တစ်နေ့သ၌ ပုရောဟိတ်သည် မင်းကို မြတ်သောမင်းကြီး... အကျွန်ုပ်တို့သည် ထိုလုလင်၏ အတတ်အာနုဘော်အားဖြင့် တစ်စုံ တစ်ခုသော အမှုကို မပြုအပ်သည်၏ အဖြစ်ကြောင့် ထိုအတတ်ရှိသည်ကိုလည်းကောင်း မရှိသည်ကိုလည်းကောင်း မသိကုန်၊ ထိုလုလင်ကို စုံစမ်းကြကုန်အံ့ ဟု ဆို၏။ မင်းသည် ကောင်းပြီ ဟု ဝန်ခံ၍ နှစ်ယောက်သော သူတို့သည်လည်း ရတနာကို စောင့်ကုန်သော သူတို့အား အမှတ်သညာကို ပေး၍ ရတနာဥစ္စာနှစ်ကို ယူ၍ ပြာသာဒ်မှ ဆင်းသက်၍ မင်းအိမ်တံခါး၌ သုံးကြိမ်လှည့်၍ လှေကားထောင်၍ တံတိုင်း အထက်ဖြင့် အပသို့ ဆင်းသက်၍ တရားစီရင်ရာ တင်းကုပ်ဝင်၍ ထိုတင်းကုပ်၌နေ၍ တစ်ဖန်သွား၍ လှေကား ထောင်၍ တံတိုင်းအထက်ဖြင့် ဆင်းသက်၍ နန်းတွင်း ရေကန်နားသို့ သွား၍ ရေကန်ကို သုံးကြိမ် လက်ယာနရစ်လည်၍ ဆင်းသက်၍ ရေကန်တွင်း၌ ဥစ္စာထုပ်ကိုထား၍ ပြာသာဒ်သို့ တက်ကုန်၏။ နက်ဖြန်နေ့၌ မင်းအိမ်မှ ရတနာကို ခိုးကုန်၏ဟု တစ်ပြိုင်နက် အုတ်အုတ် ကျက်ကျက်သည် ဖြစ်၏။ မင်းသည် မသိသကဲ့သို့ပြု၍ ဘုရားလောင်းကို ခေါ်စေ၍ အမောင် မင်းအိမ်မှ များစွာသော ရတနဥစ္စာကို ခိုးယူလေ၏။ ယခု ထိုဥစ္စာကို ရှာခြင်းငှာ သင့်၏ ဟုဆိုလျှင် မြတ်သောမင်းကြီး တစ်ဆယ့်နှစ်နှစ် အထက်၌ ခိုးယူအပ်သော ဥစ္စာကို ခြေရာအစဉ်သို့လိုက်၍ ဆောင်ခြင်းငှာ စွမ်းနိုင်သော အကျွန်ုပ်အား ယနေ့ခိုးယူသော ဥစ္စာကို ဆောင်ခြင်းဖြင့် ခဲယဉ်းဖွယ်မရှိ၊ အကျွန်ုပ် တတ်နိုင်လတ္တံ့၊ အရှင်မင်းကြီးတို့သည် စိုးရိမ်တော်မမူ လင့်ဟု ဘုရားလောင်းသည် ဆို၏။ ထိုသို့တပြီးကား ဆောင်လော့ဟု မင်းသည် ဆို၏။

အားလုံးကိုဖော်ထုတ်နိုင်၍

ဘုရားလောင်းသည် မြတ်မင်းကြီး ကောင်းပြီဟု ဆို၍ အမိကိုရှိခိုး၍ မန္တရားကိုမန်း၍ ပြသာဒ်အပြင်၌ ရပ်လျက်လျှင် မြတ်သောမင်းကြီး နှစ်ယောက်သော ခိုးသူတို့၏ ခြေရာသည် ထင်၏ ဟု ဆို၍ မင်း၏လည်းကောင်း, ပုရောဟိတ်၏လည်းကောင်း, ခြေရာကို အစဉ်လျှောက်သဖြင့် အသရေရှိသော တိုက်ခန်းသို့ဝင်၍ ထိုတိုက်ခန်းမှထွက်၍ ပြာသာဒ်မှသက်၍ မင်းအိမ်တံခါး၌ သုံးကြိမ်လှည့်လည်၍ ခြေရာသို့ အစဉ်လျှောက်သဖြင်လျှင် တံတိုင်းအနီးသို့သွား၍ တံတိုင်း၌ရပ်၍ မြတ်သောမင်းကြီး ဤအရပ်၌ တံတိုင်းမှလွတ်၍ ကောင်းကင်၌ ခြေရာသည် ထင်၏။ စောင်းတန်းလှေကားကို ပေးကုန်လော့ ဟု ဆို၍ လှေကားကို ထောင်စေ၍ တံတိုင်းအထက်ဖြင့် ဆင်းသက်၍ ခြေရာကို လျှောက်သဖြင့်သာလျှင် တရားစီရင်ရာ တင်း ကုပ်သို့သွား၍ တစ်ဖန် မင်းအိမ်သို့လာ၍ လှေကားကို ထောင်စေ၍ တံတိုင်းအထက်ဖြင့် ဆင်းသက်၍ ရေကန်သို့သွား၍ သုံးကြိမ်လက်ယာရစ် လှည့်၍ မြတ်မင်းကြီး ခိုးသူတို့သည် ဤရေကန်သို့ ဆင်းသက်ကုန်၏ ဟု ဆို၍ မိမိသည် ထားအပ်သော ဘဏ္ဍာကဲ့သို့ ဥစ္စာထုပ်ကိုယူ၍ မင်းအားပေး၍ မြတ်သောမင်းကြီး... ဤခိုးသူနှစ်ယောက်တို့သည် ထင်ရှားကုန်သော ခိုးသူကြီးတို့တည်း၊ ဤခိုးသူတို့သည် ဤခရီးဖြင့် မင်းအိမ်သို့ တက်ကုန်၏ ဟု ဆို၏။

လူများဝမ်းမြောက်ကြပြီ

လူများတို့သည် အလွန်နှစ်သက်ကုန်၍ လက်ချောင်းတို့ကို ခါကုန်၏။ ပုဆိုး, ဦးရစ်ပစ်ခြင်းတို့ကို ဖြစ်စေကုန်၏။

သူခိုးကိုဖမ်းစေခြင်း

မင်းသည် ဤလုလင် ခြေရာသို့လျှောက်သဖြင့် သွား၍ ခိုးသူတို့သည် ထားအပ်သော ဥစ္စာရှိရာအရပ်ကိုလျှင် သိ၏။ ခိုးသူတို့ကား ဖမ်းခြင်းငှာ မတတ်နိုင်ဟု ကြံ၏။ ကြံပြီး၍ ထိုအခါ ထိုလုလင်ကိုက မောင် သင်သည် ခိုးသူတို့သည် ခိုးယူအပ်သော ဥစ္စာကို ငါတို့အား ဆောင်ယူ၍ ပေးအပ်ပြီ။ ခိုးသူတို့ကိုကား မဆောင်အပ်သေး ဟူ၍ ဆို၏။

မပြောရက်၍ ပရိယာယ်ဆိုပုံ

မြတ်သောမင်းကြီး ခိုးသူတို့ကိုဆောင်သဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ခိုးသူတို့သည် ဤအရပ်၌ ရှိကုန်၏။ အဝေး၌ မရှိကုန် ဟု ဆို၏။ အမောင် အဘယ်သူသည်လည်းကောင်း, အဘယ် သူသည်လည်းကောင်း ဥစ္စာခိုးသူတို့တည်းဟု ညွှန်လော့ ဟု မင်းသည် ဆို၏။ မြတ်သောမင်းကြီး အကြင်သူသည် အလိုရှိ၏။ ထိုသူသည်လျှင် ခိုးသူဖြစ်၏။ အရှင်မင်းကြီးတို့အား ဥစ္စာကိုရသော ကာလမှစ၍ ခိုးသူကို ဖမ်းယူသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရှင်မင်းကြီးတို့သည် မမေ့ကုန်လင့် ဟု ဘုရားလောင်းသည် ဆို၏။ အမောင် ငါသည် သင့်အား နေ့တိုင်း ယနေ့တိုင်း တစ်ထောင်သော ဥစ္စာကို ပေး၏။ ခိုးသူကိုဖမ်း၍ ပေးလော့ဟု မင်းသည် ဆို၏။ မြတ်သော မင်းကြီး... ဥစ္စာကိုရပြီးသော် ခိုးသူတို့ဖြင့် အဘယ်ပြုအံ့နည်း ဟု ဘုရားလောင်းသည်ဆို၏။ အမောင် ဥစ္စာထက်လည်း ခိုးသူတို့ကို ရခြင်းငှာ သင့်၏ ဟု မင်းသည် ဆို၏။ မြတ်သောမင်းကြီး ထိုသို့တပြီးကား ဤသူတို့တည်း ဟု ရှင်မင်းကြီးတို့အား အကျွန်ုပ်သည် မဆိုအံ့၊ လွန်လေပြီးသောအခါ၌ဖြစ်သော အကြောင်း ဥဒါဟရုဏ်ကို အရှင်မင်းကြီးအား အကျွန်ုပ်သည်ဆောင်အံ့၊ ရှင်မင်းကြီးတို့သည် အကယ်၍ ပညာရှိကုန်အံ့၊ ထိုအကြောင်းကို သိကုန်လော့ ဟု ဆို၍ ဘုရားလောင်းသည် အတိတ် ဥဒါ ဟရုဏ်ကို ဆောင်၏။

ပုံပြင်ဝတ္ထု- ၁

လွန်လေပြီးသောအခါ ဗာရာဏသီပြည်မှ မနီးမဝေးသော မြစ်နား၌ ပါဋလိမည်သော သဘင်သည်သည် နေ၏။ ထိုသဘင်သည်သည် ပွဲသဘင်ခံသောနေ့၌ မယားကိုယူ၍ ဗာရာဏသီပြည်သို့ ဝင်ပြီးလျှင် က, ၍ စောင်းတီး၍ သီ၍ ဥစ္စာကိုရလျက် ပွဲသဘင်ပြီးလတ်သော် များစွာသော သုရာ, ထမင်းကိုယူ၍ မိမိရွာသို့ သွားလတ်သော် မြစ်ကမ်းနားသို့ ရောက်၍ ရေအသစ်တိုးပွား၍ လာသည်ကို မြင်လျှင် ထမင်းစားလျက် နေ၍ သေကိုသောက်၍ ယစ်လတ်သော် မိမိအစွမ်းကို မသိရကား စောင်းကြီးကို လည်၌ ဖွဲ့၍ မြစ်သို့ ဆင်းသက်၍ သါားအံ့ဟု မယားကိုယူ၍ မြစ်သို့ သက်၏။ စောင်းပေါက်တို့ကို ရေသည် ဝင်၏။ ထိုအခါ ထိုစောင်းသည် ထိုသဘင်သည်ကို ရေ၌နစ်စေ၏။ သဘင်သည်၏ မယားသည် လင်, ရေ၌နစ်သည်၏ အဖြစ်ကိုသိ၍ လင်ကိုလွှတ်၍ မြစ်မှတက်၍ ကမ်းနား၌ ရပ်၏။ သဘင်သည် ပါဋလိသည် တစ်ကြိမ်ပေါ်၍ တစ်ကြိမ်နစ်၏။ ရေသည် ဝင်၍ ဖူးဖူးရောင်သော ဝမ်းသည် ရှိ၏။ ထိုအခါ သဘင်သည်၏ မယားသည် ငါ၏လင်ကား ယခု သေလတ္တံ့၊ တစ်ခုသော သီချင်းကိုတောင်း၍ ပရိသတ်အလယ်၌ ထိုသီချင်းကို သီလျက် အသက်မွေးခြင်းကို ငါပြုအံ့ ဟု ကြံ၏။ ကြံပြီး၍ အရှင်သင်သည် ရေ၌ နစ်မွန်း၏။ ငါ့အား တစ်ခုသော သီချင်းဖြင့် သက်မွေးခြင်းကို ပြုအံ့၊ သီချင်းကို ပေးလော့ဟု ဆိုလို၍ -

၄၉။ ဗဟုဿုတံ စိတ္တကထံ၊ ဂင်္ဂါ ဝဟတိ ပါဋလိံ။
ဝုယှမာနက ဘဒ္ဒန္တေ၊ ဧကံ မေ ဒေဟိ ဂါထကံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၉။ ဗဟုဿုတံ၊ များသော အကြားအမြင်ရှိသော။ စိတ္တကထံ၊ ဆန်းကြယ်သော စကားကိုဆိုတတ်သော။ ပါဋလိံ၊ ပါဋလိကို။ ဂင်္ဂါ၊ ဂင်္ဂါရေသည်။ ဝဟတိ၊ မျှော၏။ ဝုယှမာနက၊ မြစ်၌မျှောအပ်သော။ ပါဋလိ၊ ပါဋလိ။ တေ၊ သင့်အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ မေ၊ ငါ့အား။ ဧကံ၊ တစ်ခုသော။ ဂါထကံ၊ သီချင်းငယ်ကို။ တွံ၊ သင်သည်။ ဒေဟိ၊ ပေးလော့။

ထိုအခါ မယားကို ပါဋလိမည်သော သဘင် သည်သည် ရှင်မ ငါသည် သင့်အား အဘယ်သို့ သီချင်းကို ပေးရအံ့နည်း၊ ယခု ငါ့ကို လူအများတို့၏ ကိုးကွယ်ရာဖြစ်သော ရေသည် သတ်၏ ဟု ဆိုလို၍-

၅၀။ ယေန သိဉ္စန္တိ ဒုက္ခိတံ၊ ယေန သိဉ္စန္တိ အာတုရံ။
တဿ မဇ္ဈေ မရိဿာမိ၊ ဇာတံ သရဏတော ဘယံ။

ဟူသော ဤဒုတိယဂါထာကို ဆို၏။

֍ ဋ္ဌ ၅၀။ ဘဒ္ဒေ၊ ရှင်မ။ ဒုက္ခိတံ၊ ဆင်းရဲသောသူကို။ ယေန၊ အကြင်ရေဖြင့်။ သိဉ္စန္တိ၊ သွန်းလောင်းကုန်၏။ အာတုရံ၊ ကျင်နာသော သူကို။ ယေန၊ အကြင်ရေဖြင့်။ သိဉ္စန္တိ၊ သွန်းလောင်းကုန်၏။ အဟံ၊ ငါသည်။ တဿ၊ ထိုရေ၏။ မဇ္ဈေ၊ အလယ်၌။ မရိဿာမိ၊ သေအံ့။ မေ၊ ငါ့အား။ သရဏတော၊ ကိုးကွယ်ရာဖြစ်သော ရေမှ။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။

ဘုရားလောင်းသည် ဤဂါထာကို ရွတ်၍ မြတ်သောမင်းကြီး ရေသည် လူများ၏ကိုးကွယ်ရာ ဖြစ်သကဲ့သို့ ထို့အတူ မင်းတို့သည်လည်း လူများ၏ ကိုးကွယ်ရာ ဖြစ်ကုန်၏။ မင်း၏အထံမှ ဘေးသည် ဖြစ်လတ်သော် ထိုဘေးကို အဘယ် သူသည် ကွယ်လတ္တံ့နည်း ဟုဆို၍ မြတ်သောမင်းကြီး ဤဖုံးလွှမ်းသော အကြောင်းကို အကျွန်ုပ်သည် ပညာရှိတို့ သိအပ်သည်ကို ပြု၍ ဆိုအပ်ပြီ၊ မြတ်သောရှင်မင်းကြီး သင်မင်းကြီးသည် သိတော်မူလော့ ဟု ဆို၏။ အမောင်... ငါသည် ဤသို့ သဘောရှိသော ဖုံးလွှမ်းအပ်သော စကားကို မသိ၊ ငါ့အား ခိုးသူတို့ကို ဖမ်း၍ ပေးလော့ ဟု မင်းသည် ဆို၏။

ပုံပြင်ဝတ္ထု-၂

ထိုအခါ မင်းအား ဘုရားလောင်းသည် မြတ်သောမင်းကြီး ထိုသို့တပြီးကား ဤအကြောင်းကို သိတော်မူလော့ ဟု ဆို၍ တစ်ပါးသော အကြောင်းကိုလည်း ဆောင်၏။

မြတ်သောမင်းကြီး... လွန်လေပြီးသောအခါ ဤဗာရာဏသီပြည် တံခါးရွာ၌လျှင် တစ်ယောက်သော အိုးထိန်းသည်သည် အိုးလုပ်အံ့သောငှာ မြေကို ယူသည်ရှိသော် တစ်ခုသော အရပ်၌သာလျှင် မပြတ်ယူ၍ အတွင်း၌ လိုဏ် ခေါင်းရှိသော ကြီးစွာသော တွင်းကိုတူး၏။ ထိုအခါ တစ်နေ့သ၌ ထိုအိုးထိန်းသည်သည် မြေကိုတူးစဉ် အခါမဲ့မိုးကြီးသည် တက်လတ်၍ မိုးကြီးသည်းစွာ ရွာ၏။ လွှမ်းမှီး၍လာသော ရေသည် ထိုတွင်းကို ပြိုစေ၏။ အိုးထိန်းသည်၏ ဦးခေါင်းကို မြေသည် ဖောက်ခွဲ၏။ အိုးထိန်း သည်သည် ငိုကြွေးလျက်-

၅၁။ ယတ္ထ ဗီဇာနိ ရူဟန္တိ၊ သတ္တာ ယတ္ထ ပတိဋ္ဌိတာ။
သာ မေ သီသံ နိပီဠေတိ၊ ဇာတံ သရဏတော ဘယံ။

ဟူသော ဤတတိယဂါထာကို ဆို၏။

֍ ဋ္ဌ ၅၁။ ယတ္ထ၊ အကြင်မြေကြီး၌။ ဗီဇာနိ၊ မျိုးစေ့တို့သည်။ ရူဟန္တိ၊ ရောက်ကုန်၏။ ယတ္ထ၊ အကြင်မြေကြီး၌။ သတ္တာ၊ သတ္တဝါတို့သည်။ ပတိဋ္ဌိတာ၊ တည်ကုန်၏။ သာ၊ ထိုမြေကြီးသည်။ မေ၊ ငါ၏။ သီသံ၊ ဦးခေါင်းကို။ နိပီဠေတိ၊ ဖောက်ခွဲဘိ၏။ မေ၊ ငါ့အား။ သရဏတော၊ ကိုးကွယ်ရာဖြစ်သော မြေကြီးမှ။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။

ဘုရားလောင်းသည် ဤဂါထာကိုဆို၍ မြတ်သောမင်းကြီး လူများ၏ ကိုးကွယ်ရာဖြစ်သော မြေကြီးသည် အိုးထိန်းသည်၏ ဦးခေါင်းကို ဖောက်ခွဲသကဲ့သို့ ထို့အတူ မြေကြီးသဖွယ်ဖြစ်သော ခပ်သိမ်းသော လူအပေါင်း၏ ကိုးကွယ်ရာဖြစ်သော မင်းကြီးသည် ထ၍ ခိုးမှုပြုသည်ရှိသော် အဘယ်သူသည် တားမြစ်နိုင်လတ္တံ့နည်း ဟုဆို၍ မြတ်သောမင်းကြီး ဤသို့ ဖုံးလွှမ်း၍ ဆိုအပ်သော ခိုးသူကို သင်မင်းကြီးသည် သိခြင်းငှာ စွမ်းနိုင်လတ္တံ့ ဟု ဆို၏။ မင်းသည် အမောင် ငါ့အား ဖုံးကွယ်သော စကားဖြင့် အလိုမရှိ၊ ဤသူသည် ခိုး သူတည်းဟု ခိုးသူကိုဖမ်း၍ ငါ့အား ပေးလော့ဟု ဆို၏။

ပုံပြင်ဝတ္ထု- ၃

ဘုရားလောင်းသည် မင်းကို စောင့်ရှောက်လိုရကား သင်မင်းကြီးသည် ခိုးသူတည်းဟု မဆိုမူ၍ တစ်ပါးသော ဥဒါဟရုဏ်ကိုလည်း ဆောင်၏။ မြတ်သောမင်းကြီး... ဤဗာရာဏသီပြည်၌လျှင် တစ်ယောက်သော ယောက်ျား၏ အိမ်ကို မီးလောင်၏။ ထိုယောက်ျားသည် အိမ်တွင်းသို့ဝင်၍ ဥစ္စာကို ထုတ်လော့ဟု တစ်ပါးသောသူကို စေ၏။ ထိုယောက်ျားသည် ဝင်၍ ဥစ္စာကိုထုတ်ယူသည်ရှိသော် အိမ်တံခါးသည် ပိတ်၏။ ထိုယောက်ျားသည် မီးခိုးမွှန်၍ ထွက်ရာလမ်းကို မရရကား ကြီးစွာသော ဆင်းရဲဖြစ်၍ အိမ်တွင်း၌ ရပ်၍ ငိုကြွေးလျက်-

၅၂။ ယေန ဘတ္တာနိ ပစ္စန္တိ၊ သီတံ ယေန ဝိဟညတိ။
သော မံ ဍဟတိ ဂတ္တာနိ၊ ဇာတံ သရဏတော ဘယံ။

ဟူသော ဤစတုတ္ထဂါထာကို ဆို၏။

֍ ဋ္ဌ ၅၂။ ဘတ္တာနိ၊ ထမင်းတို့ကို။ ယေန၊ အကြင်မီးဖြင့်။ ပစ္စန္တိ၊ ချက်ကုန်၏။ သီတံ၊ အချမ်းကို။ ယေန၊ အကြင်မီးဖြင့်။ ဝိဟညတိ၊ ဖျောက်၏။ သော၊ ထိုမီးသည်။ မံ-မမ၊ ငါ၏။ ဂတ္တာနိ၊ ကိုယ်တို့ကို။ ဍဟတိ၊ လောင်၏။ မေ၊ ငါ့အား။ သရဏတော၊ ကိုးကွယ်ရာဖြစ်သော မီးမှ။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။

ဘုရားလောင်းသည် ဤဂါထာကို ဆို၍ မြတ်သောမင်းကြီး... မီးကဲ့သို့ လူအများ၏ ကိုးကွယ်ရာဖြစ်သော တစ်ယောက်သောသူသည် ရတနာထုပ်ကို ခိုး၏။ အကျွန်ုပ်ကို သင်မင်းကြီးသည် ခိုးသူကို မမေးလင့် ဟု ဆို၏။ မင်းသည် အမောင် ငါ့အား ခိုးသူကို ပေးလောဟု ဆို၏။

ပုံပြင်ဝတ္ထု-၄

ဘုရားလောင်းသည် မင်းကို သင်မင်းကြီးပင် ခိုးသူတည်းဟု မဆိုမူ၍ တစ်ပါးသော ဥဒါဟ ရုဏ်ကို ဆောင်၏။

မြတ်သောမင်းကြီး... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌လျှင် တစ်ယောက်သော ယောက်ျားသည် အလွန် များစွာစား၍ အစာကြေစိမ့်သောငှာ မတတ်နိုင်ရကား ဝေဒနာသို့ရောက်၍ ငိုကြွေးလျက်-

၅၃။ ယေန ဘတ္တေန ယာပေန္တိ၊ ပုထူ ဗြာဟ္မဏခတ္တိယာ၊
သော မံ ဘုတ္တော ဗျာပါဒေတိ၊ ဇာတံ သရဏတာ ဘယံ။

ဟူသော ဤပဉ္စမ ဂါထာကို ဆို၏။

֍ ဋ္ဌ ၅၃။ ပုထူ၊ များစွာကုန်သော။ ဗြဟ္မဏခတ္တိယာ၊ ပုဏ္ဏားမင်းတို့သည်။ ယေန ဘတ္တန၊ အကြင်ထမင်းဖြင့်။ ယာပေန္တိ၊ မျှကုန်၏။ ဘုတ္တော၊ စားအပ်သော။ သော၊ ထိုထမင်းသည်။ မံ၊ ငါ့ကို။ ဗျာပါဒေတိ၊ သတ်၏။ မေ၊ ငါ့အား။ သရဏတော၊ ကိုးကွယ်ရာဖြစ်သော ထမင်းမှ။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။

ဘုရားလောင်းသည် ဤဂါထာကို ဆို၍ မြတ်သောမင်းကြီး ထမင်းကဲ့သို့ လူများ၏ ကိုးကွယ်ရာဖြစ်သော တစ်ယောက်သော သူသည် ဥစ္စာကိုခိုး၏။ သင်မင်းကြီးသည် ထိုဥစ္စာကို ရပြီးသော် ထိုခိုးသူကို အဘယ့်ကြောင့် တောင့် တသနည်း ဟု ဆို၏။ မင်းသည် “အမောင် သင်သည် စွမ်းနိုင်သော် ငါ့အား ခိုးသူကို ပေးလော့”ဟု ဆို၏။

ပုံပြင်ဝတ္ထု-၅

ဘုရားလောင်းသည် တစ်ပါးသော ဥဒါဟ ရုဏ်ကိုလည်း ဆောင်၏။

မြတ်သောမင်းကြီး... လွန်လေပြီးသောအခါ၌လည်း ဤဗာရာဏသီပြည်၌လျှင် တစ်ယောက်သောသူ၏ ကိုယ်ကို လေသည် ထ၍ ဖျက်ဆီး၏။ ထိုသူသည် ငိုကြွေးလျက်-

၅၄။ ဂိမာနံ ပစ္ဆိမေ မာသေ၊ ဝါတမိစ္ဆန္တိ ပဏ္ဍိတာ။
သော မံ ဘဉ္စတိ ဂတ္တာနိ၊ ဇာတံ သရဏတော ဘယံ။

ဟူသော ဤဆဋ္ဌမ ဂါထာကို ဆို၏။

֍ ဋ္ဌ ၅၄။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ဂိမှာနံ၊ နွေဥတုတို့၏။ ပစ္ဆိမေ၊ နောက်ဖြစ်သော။ မာသေ၊ လ၌။ ဝါတံ၊ လေကို။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ သော၊ ထိုလေသည်။ မံ-မမ၊ ငါ၏။ ဂတ္တာနိ၊ ကိုယ်တို့ကို။ ဘဉ္ဇတိ၊ ချိုးဖျက်၏။ မေ၊ ငါ့အား။ သရဏတော၊ ကိုးကွယ်ရာလေမှ။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။

ဘုရားလောင်းသည် ဤဂါထာကို ဆို၍ မြတ်သောမင်းကြီး ကိုးကွယ်ရာမှ ဘေးသည်ဖြစ်၏ဟု အကြောင်းကို သိလော့ဟု ဆို၏။ မင်းသည် အမောင် ငါ့အား ခိုးသူကို ပေးလော့ဟု ဆို၏။

ပုံပြင်ဝတ္ထု-၆

ဘုရားလောင်းသည် မင်းကြီးအား သိစိမ့်သောငှာ တစ်ပါးသာ ဥဒါဟရုဏ်ကိုလည်း ဆောင်၏။

မြတ်သောမင်းကြီး လွန်လေပြီးသောအခါ ဟိမဝန္တာ အရပ်၌ အခက်အခွနှင့် ပြည့်စုံသော သစ်ပင်ကြီးသည် ဖြစ်၏။ ထိုသစ်ပင်ကြီးသည် အပွင့်အသီးနှင့် ပြည့်စုံ၏။ ငှက်တို့၏နေရာ ဖြစ်၏။ ထိုသစ်ပင်ကြီး၏ နှစ်ခုသော အခက်တို့သည် အချင်းချင်း ကြိတ်ကုန်၏။ ထိုသစ်ခက်တို့မှ မီးခိုးသည်ထွက်၏။ မီးမှုန်တို့သည် ကျကုန်၏။ ထိုမီးကိုမြင်၍ ငှက်မင်းသည်-

၅၅။ ယံ နိဿိတာ ဇဂတိရုဟံ၊ သွာယံ အဂ္ဂိံ ပမုဉ္စတိ။
ဒိသာ ဘဇထ ဝက္ကင်္ဂါ၊ ဇာတံ သရဏတော ဘယံ။

ဟူသော ဤသတ္တမဂါထာကို ဆို၏။

֍ ဋ္ဌ ၅၅။ ယံ ဇဂတိရုဟံ၊ အကြင်သစ်ပင်ကို။ နိဿိတာ၊ ငှက်တို့သည် မှီကုန်၏။ သွာယံ၊ ထိုသစ်ပင်သည်။ အဂ္ဂိံ၊ မီးကို။ ပမုဉ္ဇတိ၊ လွှတ်၏။ ဝက္ကင်္ဂါ၊ ငှက်တို့။ တုမှေ၊ သင်တို့သည်။ ဒိသာ၊ အရပ်မျက်နှာတို့သို့။ ဘဇထ၊ ဆည်းကပ်ကြကုန်လော့။ နော၊ ငါတို့အား။ သရဏတော၊ ကိုးကွယ်ရာမှ။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။

ဘုရားလောင်းသည် ဤဂါထာကို ဆို၍ မြတ်သောမင်းကြီး... သစ်ပင်သည် ငှက်တို့၏ ကိုးကွယ်ရာ ဖြစ်သကဲ့သို့ ထို့အတူ မင်းသည်လည်း လူအများ၏ ကိုးကွယ်ရာ ဖြစ်၏။ ထိုမင်းသည် ခိုးမှုကို ပြုသည်ရှိသော် အဘယ်သူသည် တားနိုင်လတ္တံ့နည်း၊ မြတ်သောမင်းကြီ... မှတ်တော်မူလော့ ဟု ဆို၏။ မင်းသည် အမောင် ငါ့အား ခိုးသူကိုသာ ပေးလော့ဟု ဆို၏။

ပုံပြင်ဝတ္ထု-၇

ထိုအခါ ဘုရားလောင်းသည် ထိုမင်းအား တစ်ပါးသော ဥဒါဟရုဏ်ကို ဆောင်၏။

မြတ်သောမင်းကြီး တစ်ခုသော ကာသိကရွာ၌ တစ်ဦးသောအမျိုး၏ အိမ်၏အနောက်၌ ကြမ်းကြုတ်သော မိကျောင်းသည် ရှိ၏။ ထိုအမျိုးအား တစ်ယောက်တည်းသာ ဖြစ်သော သားသည် ရှိလေ၏။ ထိုသား၏ အဖသည် သေ လွန်လတ်သော် ထိုသားသည် အမိကို လုပ်ကျွေး၍ နေ၏။ ထိုသား၏ အမိသည် သား၏ အလိုမရှိဘဲလျက်လျှင် တစ်ယောက်သော အမျိုးသမီးကို သားဖို့ဆောင်၏။ ထိုချွေးမသည် ရှေးအဖို့၌ ယောက္ခမကို ချစ်၍ နောက်အဖို့၌ သားသမီးတို့ဖြင့် ပွားများလတ်သည်ရှိသော် ထိုယောက္ခမကို နှင်ထုတ်လို၏။ ထိုချွေးမ၏ အမိသည်လည်း ထိုအိမ်၌လျှင် နေ၏။ ထိုချွေးမသည် လင်၏အထံ၌ ယောက္ခမ၏ အထူးထူး အပြားပြားသော အပြစ်ကိုဆို၍ ဖျက်ဆီး၍ ငါသည် သင်၏ အမိကို မွေးအံ့သောငှာ မတတ်နိုင်၊ သင့်အမိကို သတ်လော့ ဟု ဆို၍ ရှင်မ လူကို သတ်ခြင်းမည်သည် ဝန်လေးလှ၏။ အဘယ်သို့ ငါသတ်အံ့နည်း ဟု ဆိုသည်ရှိသော် "အိပ်ပျော်ခြင်းသို့ ရောက်သောအခါကာလ၌ သင့်အမိကို ညောင်စောင်းငယ်ဖြင့်လျှင် ယူ၍ မိကျောင်းရဲသော မြစ်၌ ပစ်ချကုန်အံ့၊ ထိုအခါ သင့်အမိကို မိကျောင်းတို့သည် ခဲကုန်လတ္တံ့ ဟု ဆို၏။ လင်သည် သင့်အမိ အဘယ်မှာနည်းဟု မေး၏။ မယားသည် သင့်အမိ၏ အထံ၌လျှင် ငါ့အမိသည် အိပ်၏ ဟု ဆို၏။ ထိုသို့တပြီးကား သင် သွားချေ၊ အမိ၏ အိပ်ရာ ညောင်စောင်း၌ ကြိုးဖွဲ့၍ အမှတ်သညာကို ပြုချေလော့ ဟု ဆို၏။

ထိုမိန်းမသည် လင်ဆိုတိုင်းပြု၍ ငါသည် အမှတ်ကို ပြုအပ်ပြီဟု ဆို၏။ လင်သည် အတန်ငယ် နေဦးလော့၊ လူတို့သည် အိပ်စေကုန်ဦးလော့ဟု ဆို၍ အိပ်ပျော်သကဲ့သို့ လျောင်း၍ ထသွား၍ ထိုကြိုးကို မယား၏ အမိအိပ်ရာညောင်စောင်း၌ ဖွဲ့၍ မယားကိုနှိုး၍ လင်မယား နှစ်ယောက်တို့သည်လည်း သွား၍ ထိုမယား၏အမိကို ညောင်စောင်းနှင့် တကွလျင် ချီ၍ မြစ်နား၌ ပစ်ချကုန်၏။ ထိုမြစ်တွင်း၌ ပစ်ချအပ်သော မယာ၏ အမိကို မိကျောင်းတို့သည် စားကုန်၏။ ထိုမယားသည် မနက်ဖြန်၌ အမိအား လဲလှယ်၍ သတ်အပ်သည်၏ အဖြစ်ကိုသိ၍ အရှင်ငါ့အမိကိုသတ်ပြီး၍ ယခု သင့်အမိကိုသတ်ဦးလော့ ဟု ဆို၍ ထိုလင်သည် ကောင်းပြီ ဟု ဆိုလတ်သော် သုသာန်၌ ထင်းပုံပြီးလျှင် မီးတိုက်၍ သတ်ကြကုန်အံ့ဟု ဆို၏။ ထိုအခါ လင်၏အမိကို လင်မယား နှစ်ယောက်တို့သည်လည်း သုသာန်သို့ဆောင်၍ ထားကုန်၏။ သုသာန်၌ လင်သည် မယားကို “ရှင်မ... သင်သည် မီးကို ဆောင်ခဲ့၏လော”ဟု မေး၏။ အရှင်ငါသည် မေ့၏ ဟု မယားသည် ဆို၏။ ထိုသို့တပြီးကား သွား၍ ဆောင်ချေလော့ ဟု လင်သည် ဆို၏။ အရှင်ငါသည် သွားအံ့သောငှာလည်း မတတ်နိုင်၊ သင်သွားသည်ရှိသော် နေရစ်အံ့သောငှာလည်း မတတ်နိုင်၊ နှစ်ယောက်ကုန်သော ငါတို့သည် သွားကြကုန်အံ့ ဟု မယားသည် ဆိုလေ၏။ ထိုလင်မယားနှစ်ယောက်တို့သည် မီးယူအံ့သောငှာ သွားကြကုန်သည်ရှိသော် အမိအိုသည်လည်း ချမ်းသောလေသည် ခတ်၍ နိုးသဖြင့် သုသာန်၏အဖြစ်ကိုသိ၍ ဤသူတို့သည် ငါ့ကို သတ်လိုကုန်၍ မီးယူအံ့သော သွားကုန်၏ဟု ဆင်ခြင်၍ ဤသူတို့သည် ငါ၏အစွမ်းကို မသိကုန်ဟု တစ်ခုသော ထင်းတုံးကိုယူ၍ အပေါ်၌ ပုဆိုးနွမ်းဖြင့် ဖုံးလွှမ်းခဲ့ပြီးလျှင် ပြေးသွား၍ ထိုသုသာန်၌ တစ်ခုသာလိုဏ်သို့ ဝင်၏။ လင်မယားတို့သည်လည်း မီးကိုဆောင်ခဲ့၍ သက်ကြီးအိုမတည်းဟူသော အမှတ်ဖြင့် ထင်းတုံးကို မီးတိုက်၍ သွားကုန်၏။ တစ်ယောက်သော ခိုးသူသည် ထိုလိုဏ်၌ ဥစ္စာထုပ်ကိုထား၍ ထိုခိုးသူသည် ထိုဥစ္စာထုပ်ကို ယူအံ့ဟု လာ၍ သက်ကြီးအိုမကို မြင်၍ တစ်ယောက်သော ဘီလူးမသည် ဖြစ်လတ္တံ့၊ ငါ၏ ဥစ္စာထုပ်ကို ဘီလူးမသည် သိမ်းဆည်း၏ဟု တစ်ယောက်သော ဆေးသမားကို ခေါ်၍ လာ၏။ ဆေးသမားသည် မန္တရားမန်းလျက် လိုဏ်သို့ဝင်၏။ ထိုအခါ ထိုဆေးသမားကို ထိုသက်ကြီးအိုမသည် ငါ ဘီလူးမ မဟုတ်၊ သင် လာလော့၊ နှစ်ယောက်ကုန်သော ငါတို့သည်လည်း ဤဥစ္စာထုပ်ကို ဝေဖန်ကုန်အံ့ ဟု ဆို၏။

ဆေးသမားသည် အဘယ်သို့လျှင် သင့်စကားကိုယုံကြည်ရအံ့နည်းဟု ဆိုလတ်သော် သင်၏လျှာကို ငါ့လျှာပေါ်၌ တင်ထားလော့ ဟု သက်ကြီးအိုမသည် ဆို၏။ ဆေးသမားသည် ဆိုတိုင်းပြု၏။ ထိုအခါ သက်ကြီးအိုမသည် ဆေးသမား၏ လျှာကို ကိုက်၍ လဲစေ၏။ ဆေး သမားသည် စင်စစ်လျှင် ဤမိန်းမကား ဘီလူးမသာတည်း ဟု သွေးယိုစီးသော လျှာဖြင့် ဟစ်ကြွေး၍ ပြေး၏။ သက်ကြီးအိုမသည်လည်း မိုးသောက်လတ်သော် သိမ်မွေ့ပြေပြစ်သော အဝတ်ကိုဝတ်၍ အထူးထူးသော ရတနာကို ထုတ်ယူ၍ ထိုအိမ်သို့လျှင် သွား၏။ ချွေးမသည် ထိုယောက္ခမကိုမြင်၍ မိခင် သင်သည် အဘယ် သို့ပြုသဖြင့် ဥစ္စာကို ရအပ်သနည်းဟု မေး၍ သမီး ထိုသုသာန်ဝယ် ထင်းပုံ၌ မီးတိုက်သဖြင့် ဤသို့သဘောရှိသော ဥစ္စာကိုရ၏ ဟု ယောက္ခမသည် ဆို၏။ မိခင် အကျွန်ုပ်သည်လည်း ရခြင်းငှာ တတ်ကောင်း၏ ဟု မေး၏။ သမီး... ငါကဲ့သို့ဖြစ်သော် ရလတ္တံ့ဟု ယောက္ခမသည် ဆို၏။ ထိုချွေးမသည် ဥစ္စာရခြင်း၌ တပ်သောလောဘဖြင့် လင်အားဆို၍ သုသာန်၌ မိမိကိုယ်ကို မီးတိုက်စေ၏။ ထိုအခါ ထိုမိန်းမကို နက်ဖြန်နေ့၌ လင်သည် မမြင်လတ်သော် မိခင် ဤအခါ၌လည်း သင့်ချွေးမသည် မလာဟု ဆို၏။ အမိသည် ဟယ် ယောကျ်ားယုတ် သေသောမိန်းမမည်သည် အဘယ့်ကြောင့် လာလတ္တံ့နည်း ဟု ခြိမ်းခြောက်လို၍-

၅၆။ ယမာနယိံ သောမနဿံ၊ မာလိနိံ စန္ဒနုဿဒံ။
သာ မံ ဃရာ နိစ္ဆုဘတိ၊ ဇာတံ သရဏတော ဘယံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၆။ ယံ၊ အကြင်မိန်းမကို။ သောမနဿံ၊ ဝမ်း မြောက်ခြင်းကို။ ဥပ္ပါဒတွော၊ ဖြစ်စေ၍။ မာလိနိံ၊ ပန်းပန်၍။ စန္ဒနုဿဒံ၊ စန္ဒကူးလိမ်းကျံ၍။ အာနယိံ၊ ဆောင်၏။ သာ၊ ထိုမိန်းမသည်။ မံ၊ ငါ့ကို။ ဃရာ၊ အိမ်မှ။ နိစ္ဆုဘတိ-နီဟရတိ၊ နှင်ထုတ်၏။ မေ၊ ငါ့အား။ သရဏတော၊ ကိုးကွယ်ရာမှ။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။

ဘုရားလောင်းသည် ဤဂါထာကိုဆို၍ မြတ်သောမင်းကြီး... ချွေးမသည် ယောက္ခမ၏ ကိုးကွယ်ရာ ဖြစ်သကဲ့သို့ ထို့အတူ မင်းသည် လူအများ၏ ကိုးကွယ်ရာဖြစ်၏။ မင်းမှ ဘေးဖြစ်သည်ရှိသော် မြစ်အံ့သောငှာ အဘယ်သူ တတ်နိုင်အံ့နည်း၊ ဤသို့ မှတ်တော်မူလော့ဟုဆို၏။ မင်းသည် အမောင် ငါသည် သင်ဆောင်အပ်သော အကြောင်းတို့ကို မသိ၊ ငါ့အား ခိုးသူကို ပေးလော့ဟု ဆို၏။

ပုံပြင်ဝတ္ထု-၈

ဘုရားလောင်းသည် မင်းကို စောင့်ရှောက်အံ့ဟု တစ်ပါးသော ဥဒါဟရုဏ်ကိုလည်း ဆောင်၏။

မြတ်သောမင်းကြီး... လွန်လေပြီးသောအခါ ဤဗာရာဏသီပြည်၌လျှင် တစ်ယောက်သော ယောက်ျားသည် ဆုတောင်းခြင်းကိုပြု၍ သားကိုရ၏။ ထိုယောက်ျားသည် သားဖွားသော ကာလ၌ ငါသည် သားကိုရပြီ ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်၏။ ထိုယောက်ျားသည် ထိုသားကိုမွေး၍ အရွယ်သို့ ရောက်လတ်သောကာလ၌ မယားနှင့် ယှဉ်စေ၍ နောက်အဖို့၌ အိုခြင်းသို့ရောက်၍ အမှုလုပ်အံ့သောငှာ မတတ်နိုင်။ ထိုအခါ ထိုအဖကို သားသည် အဖ သင်သည် အမှုလုပ်အံ့သောငှာ မတတ်နိုင်၊ ဤအိမ်မှ ထွက်လော့ ဟု အိမ်မှ နှင်ထုတ်၏။ ထိုအဖသည် ဆင်းရဲငြိုငြင်သဖြင့် အသက်မွေးရကား ငိုကြွေးလျက်-

၅၇။ ယေန ဇာတေန နန္ဒိဿံ၊ ယဿ စ ဘဝမိစ္ဆိသံ။
သော မံ ဃရာ နိစ္ဆုဘတိ၊ ဇာတံ သရဏတော ဘယံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၇။ ဇာတေန၊ ဖွားသော။ ယေန၊ အကြင်သားဖြင့်။ နန္ဒိဿံ၊ နှစ်သက်ခြင်းသည် ဖြစ်၏။ ယဿ စ၊ အကြင်သား၏လည်း။ ဘဝံ၊ ဖြစ်ခြင်းကို။ ဣစ္ဆိသံ၊ အလိုရှိ၏။ သော၊ ထိုသားသည်။ မံ၊ ငါ့ကို။ ဃရာ၊ အိမ်မှ။ နိစ္ဆုဘတိ-နီဟရတိ၊ နှင်ထုတ်၏။ မေ၊ ငါ့အား။ သရဏတော၊ ကိုးကွယ်ရာမှ။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။

ဘုရားလောင်းသည် ဤဂါထာကို ဆို၍ မြတ်သောမင်းကြီးသူအိုကို စွမ်းနိုင်သောသားသည် စောင့်ရှောက် အပ်သကဲ့သို့ ထို့အတူ ခပ်သိမ်းသော ဇနပုဒ်တို့ကို မင်းသည်လည်း။ ကောင်း, ပုရောဟိတ်သည်လည်းကောင်း စောင့်ရှောက်အပ်ကုန်၏။ ဤဘေးသည် သတ္တဝါတို့ကို စောင့်ရှောက်သော မင်း၏အထံမှ ဖြစ်၏။ ဤအကြောင်းဖြင့် ဤအမည်ရှိသော သူသည် ခိုးသူတည်းဟု ရှင်မင်းကြီးသည် သိတော်မူလော့ ဟု ဆို၏။ အမောင်... ငါသည် အကြောင်းကို မသိ၊ ခိုးသူကိုလျှင် ငါ့အား ပေးလော့ ဟု ဆို၍ မင်းသည် အဖန်ဖန်တလဲလဲ လုလင်ကို တိုက်တွန်း၏။

ပရိသတ်ရှေ့မှာ သူခိုးဖမ်းပုံ

ထိုအခါ ထိုမင်းကို ဘုရားလောင်းသည် မြတ်သောမင်းကြီး အရှင်မင်းကြီးသည် စင်စစ်သဖြင့် ခိုးသူကို ဖမ်းပေးခြင်းကို နှစ်သက်တော်မူပါသလောဟု ဆို၏။ အမောင်ဆိုတိုင်း ဟုတ်မှန်၏ ဟု မင်းသည် ဆို၏။ မြတ်သော မင်းကြီး ထိုသို့တပြီးကား ဤမည်သော သူသည် ခိုးသူတည်းဟု ပရိသတ်အလယ်၌ ပြအံ့ ဟု ဆို၏။ အမောင်... ဤသို့ ပြလော့ဟု မင်းသည် ဆို၏။ ဘုရားလောင်းသည် မင်းကြီး၏ စကားကိုကြား၍ ဤမင်းသည် မိမိကိုယ်ကို စောင့်ရှောက်စိမ့်သောငှာ မပေး၊ ခိုးသူကို ဖမ်းအံ့ဟု စည်းဝေးကုန်သော ဇနပုဒ်သားတို့ကို တိုင်ကြားလို၍-

၅၈။ သုဏန္တု မေ ဇနပဒါ၊ နေဂမာ စ သမာဂတာ။
ယတောဒကံ တဒါဒိတ္တံ၊ ယတော ခေမံ တတော ဘယံ။
၅၉။ ရာဇာ ဝိလုမ္ပတေ ရဋ္ဌံ၊ ဗြာဟ္မဏော စ ပုရောဟိတော။
အတ္တဂုတ္တာ ဝိဟရထ၊ ဇာတံ သရဏတော ဘယံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၅၈။ သမာဂတာ၊ စည်းဝေးကုန်သော။ ဇနပဒါ စ၊ ဇနပုဒ်သူတို့သည်လည်းကောင်း။ နေဂမာ စ၊ နိဂုံးသူတို့သည်လည်းကောင်။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏန္တု၊ နားထောင်ကုန်လော့။ ယတောဒကံ၊ အကြင်ရေသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုရေသည်။ အာဒိတ္တံ၊ မီးတောက်၏။ ယတော၊ အကြင်မင်းမှ။ ခေမံ၊ ဘေးမရှိ။ တတော၊ ထိုမင်းမှ။ ဘယံ၊ ဘေးဖြစ်၏။

֍ ဋ္ဌ ၅၉။ ရာဇာ စ၊ မင်းသည်လည်းကောင်း။ ပုရောဟိတော၊ ပုရောဟိတ်ဖြစ်သော။ ဗြာဟ္မဏော စ၊ ပုဏ္ဏားသည်လည်းကောင်း။ ရဋ္ဌံ၊ တိုင်းနိုင်ငံကို။ ဝိလုမ္ပတေ၊ လုယက်၏။ တုမှေ၊ သင်တို့သည်။ အတ္တဂုတ္တာ၊ ကိုယ်ကိုစောင့်ကုန်၍။ ဝိဟရထ၊ နေကြကုန်လော့။ သရဏတော၊ ကိုးကွယ်ရာမှ။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။

မင်းသည်ကား လူများ၏ ကိုးကွယ်ရာဖြစ်၏။ ထိုမင်းမှ သင်တို့အား ဘေးသည်ဖြစ်၏။ မင်းသည်လည်းကောင်း, ပုရောဟိတ်သည်လည်းကောင်း ခိုးယူ၏။ သင်တို့သည် ခိုးသူတို့ကို ဖမ်းလိုကုန်အံ့၊ ဤမင်း, ပုဏ္ဏားတို့ကိုဖမ်း၍ ပြုအပ်သော အမှုကို ပြုကြကုန်လော့ဟု ဘုရားလောင်းသည် ဆို၏။

မင်းနှင့်ပုရောဟိတ်တို့ သေကြရပြီ

စည်းဝေးကုန်သော သူတို့သည် ဘုရားလောင်း၏ စကားကိုကြား၍ ဤမင်းသည် စောင့်ရှောက်အပ်သည်ဖြစ်လျက်လည်း ယခု သူတစ်ပါး၏အပေါ်၌ အပြစ်ကို တင်၍ မိမိဥစ္စာတို့ကို မိမိသည်လျှင် ရေကန်၌ထား၍ ခိုးသူကို ရှာစေ၏။ ယခုအခါမှစ၍ တစ်ဖန် ခိုးမှုကို မပြုစိမ့်သောငှာ ဤမင်းယုတ်ကို သတ်ကြကုန်အံ့ ဟု ကြံကုန်၍ စည်းဝေးသောသူတို့သည် တောင်ဝှေး ဆောက်ပုတ် အစရှိသည်တို့ကို ကိုင်လျက် ထကုန်၍ မင်းကိုလည်းကောင်း, ပုရောဟိတ်ကိုလည်းကောင်း ဖမ်း၍ အသက်ကုန်ခြင်းသို့ ရောက်စေကုန်၏။ ဘုရားလောင်းကို အဘိသိက် သွန်းကုန်၍ မင်းအဖြစ်၌ တည်စေကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သီတင်းသည်... မြေ၌ ခြေရာကိုသိခြင်းသည်အံ့ဖွယ်မရှိသေး၊ ရှေးပညာရှိတို့သည် ကောင်းကင်၌ ခြေရာကို သိဖူးကုန်၏ ဟု မိန့်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သီတင်းသည်သည်လည်းကောင်း၊ သီတင်းသည်၏ သားသည်လည်းကောင်းသောတာပတ္တိဖိုလ်၌ တည်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ကဿပသည် ထိုအခါ ပဒကုသလ လုလင်၏ အဘဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပဒကုသလ လုလင်ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကိုးကွယ်ရာမှ၊ ဘေးဖြစ်က၊ မုချကြောက်ဖွယ်ရာ

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ပဒကုသလမာဏဝ ဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၇။ လောမသကဿပဇာတ်

ဘုရားလောင်းများပင် မိန်းမကြောင့် မေ့လျော့ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသခင်သည် အဿ ဣန္ဒသမော ရာဇ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤလောမသကဿပဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း... သင်သည် ငြီးငွေ့သောဟူသည် မှန်သလော ဟု မေးတော်မူ၍ "မှန်ပေ၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း မြင်းမိုရ်တောင်ကို လှုပ်စေနိုင်သော လေကြီးသည် အဘယ်မူ၍ ဟောင်းလေပြီးဖြစ်သော သစ်ရွက်တို့ကို မလှုပ်စေနိုင်ဘဲ ရှိလတ္တံ့နည်း၊ အကျော်အစောနှင့် ပြည့်စုံကုန်သော သူတို့သည် ကိလေသာကို အမှီပြု၍ အကျော်အစော မရှိသည်၏အဖြစ်သို့ ရောက်ကုန်၏။ ကိလေသာတို့မည်သည်ကား စင်ကြယ်ကုန်သော သတ္တဝါတို့ကိုလည်း ညစ်ညူးခြင်းကို ပြုတတ်ကုန်၏။ သင်ကဲ့သို့သော သူကိုကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း ဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိုတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသောအခါ ဗြဟ္မဒတ် မင်း၏သား ဗြဟ္မဒတ္တ, ပုရောဟိတ်၏သား လောမသကဿပ၊ ဤနှစ်ယောက်ကုန်သော သူတို့သည် အဆွေခင်ပွန်းဖြစ်ကုန်၍ တစ်ဦးသော ဆရာအမျိုး၌ ခပ်သိမ်းသော အတတ်တို့ကို သင်ကုန်၏။ နောက်အဖို့၌ ဗြဟ္မဒတ်မင်းသားသည် အဖလွန်သဖြင့် မင်းအဖြစ်၌ တည်၏။

ပုရောဟိတ်သား ရသေ့ဝတ်

ကဿပသည် ငါ၏ အဆွေခင်ပွန်းသည် မင်းဖြစ်၏။ ယခုအခါ ငါ့အား များစွာသော စည်း စိမ်တို့ကို ပေးလတ္တံ့၊ ငါ့အား စည်းစိမ်ဖြင့် အဘယ်ပြုအံ့နည်း၊ ငါသည် မိဘတို့ကိုလည်းကောင်း၊ မင်းကိုလည်းကောင်း ပန်၍ ရဟန်းပြုအံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုကဿပသည် မင်းကိုလည်းကောင်း၊ မိဘတို့ကိုလည်းကောင်း ပန်၍ ဟိမဝန္တာသို့ ဝင်ပြီးလျှင် ရသေ့ရဟန်းပြု၍ ခုနစ်ရက်မြောက်သောနေ့၌ ငါးပါးသော အဘိညာဏ် ရှစ်ပါးသော သမာပတ်တို့ကို ဖြစ်စေ၏။ ဆွမ်းခံသွားသဖြင့် မျှလျက်နေ၏။ ရသေ့အမည်ကိုကား လောမသကဿပဟူ၍ သိကုန်၏။

ရသေ့ကို ပျက်စီးစေရန်

လောမသကဿပသည် ငြိမ်းချမ်းသော ဣန္ဒြေရှိ၏။ ပြင်းထန်သာ အကျင့်ရှိ၏။ ထိုအကျင့်၏ တန်ခိုးကြောင့် သိကြားမင်း၏ နေရာသည် တုန်လှုပ်၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုလောမသကဿပကို မြင်၍ ထိုရသေ့သည် အလွန်လျှင် ပြင်းထန်သော အကျင့်ရှိ၏။ သိကြားနေရာကိုလည်း တုန်လှုပ်စေနိုင်၏။ ငါသည် ဗာရာဏသီမင်းနှင့်တကွ တစ်ပေါင်းတည်းဖြစ်စေ၍ ရသေ့၏ သီလကို ဖျက်ဆီးအံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုသိကြားသည် သိကြား၏ အနုဘော်ဖြင့် သန်းခေါင်ယံအခါ ဗာရာဏသီမင်း၏ ကျက်သရေတိုက်ခန်းသို့ဝင်၍ အလုံးစုံသော တိုက်ခန်းကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းစေ၍ မင်း၏အထက် ကောင်းကင်၌ တည်လျက် မြတ်သောမင်းကြီး ထလော့ ဟု မင်းကိုနှိုး၏။ သင်သည် အဘယ်သူနည်း ဟု မေးအပ်သည်ရှိသော် သိကြားတည်း ဟု ဆို၏။ အဘယ်အကျိုးငှာ လာသနည်းဟု မေးအပ်သည်ရှိသော် မြတ်သောမင်းကြီး သင်မင်းကြီးသည် အလုံးစုံသော ဇမ္ဗူဒိပ်၌ ဧကရာဇ်အဖြစ်ကို အလိုရှိ၏လော ဟု မေး၏။ အဘယ်ကြောင့် အလိုမရှိအံ့နည်းဟု ဆိုသည်ရှိသော် ထိုအခါ၌ ဗာရာဏသီမင်းကို သိကြားသည် မြတ်သောမင်းကြီး ထိုသို့တပြီးကား လောမသကဿပကို ပင့်ဆောင်၍ အခြေလေးချောင်းတို့ကို သတ်၍ ယဇ်ပူဇော်ခြင်းကို ပူဇော်စေလော့၊ သိကြားနှင့် တူသည်ဖြစ်၍ မအိုမသေ နေရသည်ဖြစ်၍ အလုံးစုံသော ဇမ္ဗူဒိပ်မင်းအဖြစ်ကို ပြုရလတ္တံ့ ဟု ဆိုလို၍-

၆၀။ အဿ ဣန္ဒသမော ရာဇ၊ အစ္စန္တံ အဇရာမရော။
သစေ တွံ ယညံ ယာဇေယျ၊ ဣသိံ လောမသကဿပံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၀။ ရာဇ၊ မင်းကြီး။ တွံ၊ သင်သည်။ လောမသကဿပံ ဣသိံ၊ လောမသကဿပ ရသေ့ကို။ အာနေတွာ၊ တောမှ ပင့်ဆောင်၍။ ယညံ၊ ယဇ်ကို။ သစေယျ ယာဇေယျ၊ အကယ်၍ ပူဇော်စေငြားအံ့။ အစ္စန္တံ၊ စင်စစ်။ ဣန္ဒသမော၊ သိကြားနှင့်တူသည် ဖြစ်၍။ အဇရာ၊ မအိုသည်။ အမရော၊ မသေသည်။ အဿ၊ ဖြစ်ရာ၏။

ယဇ်ပူဇော်ဖို့ ပင့်ခြင်း

သိကြား၏စကားကို ကြား၍ မင်းသည် ကောင်းပြီ ဟု ဝန်ခံ၏။ သိကြားသည် ထိုသို့တပြီးကား ကြာမြင့်ခြင်းကို မပြုလင့် ဟု ဆို၏။ မင်းသည် နက်ဖြန်နေ့၌ သေယျမည်သော အမတ်ကို ခေါ်၍ အချင်းအမတ် ငါ၏ ချစ်စွာသော အဆွေခင်ပွန်းဖြစ်သော လောမသကဿပ ရသေ့၏အထံသို့ သွား၍ ငါ့စကားဖြင့် ဗာရာဏသီမင်းသည် သင့်ကို အခြေလေးချောင်းတို့ကို သတ်စေ၍ ယဇ်ပူဇော်ခြင်းကို ပူဇော်စေ၍ အလုံးစုံသော ဇမ္ဗူဒိပ်၌ ဧကရာဇ်ဖြစ်လတ္တံ့၊ သင်တို့အားလည်း အလိုရှိတိုင်းသော အရပ်ကို ပေးကုန်အံ့၊ အကျွန်ုပ်နှင့်တကွ ယဇ်ပူဇော်အံ့သောငှာ လာကုန်လော့ ဟု ဆိုချေ၏ ဟု စေ၏။ သေယျ အမတ်သည် မြတ်သောမင်းကြီး... ကောင်းပြီ ဟု ရသေ့နေရာ အရပ်ကို သိအံ့သောငှာ မြို့၌ စည်လည်စေ၍ တစ်ယောက်သော မုဆိုးသည် ငါသိ၏ ဟု ဆိုလတ်သော် ထိုမုဆိုးကို ရှေ့သွားပြု၍ များစွာသော အခြံအရံဖြင့် ထိုအရပ်သို့သွား၍ ရသေ့ကို ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာ နေလျက် ထိုသတင်းစကားကို ကြား၏။

ရသေ့ငြင်းပယ်သော်

ထိုအခါ သေယျအမတ်ကို လောမသကဿပ ရသေ့သည် ငါ့အား အဘယ်မည်သော အမှုကို သင်ပြုသနည်း ဟု ဆို၍ ပယ်လိုရကား-

၆၁။ သသမုဒ္ဒ ပရိယာယံ၊ မဟိံ သာဂရကုဏ္ဍလံ။
န ဣစ္ဆေ သဟ နိန္ဒာယ၊ ဧဝံ သေယျ ဝိဇာနဟိ။
၆၂။ မီရတ္ထု တံ ယသလာဘံ၊ ဓနလာဘဉ္စ ဗြာဟ္မဏ။
ယာ ဝုတ္တိ ဝိနိပါတေန၊ အဓမ္မ စရဏေန ဝါ။
၆၃။ အပိ စေ ပတ္တမာဒါယ၊ အနာဂါရော ပရိဗ္ဗဇေ။
သာယေဝ ဇီဝိကာ သေယျော၊ ယာစာဓမ္မန ဧသနာ။
၆၄။ အပိ စေ ပတ္တမာဒါယ၊ အနာဂါရော ပရိဗ္ဗဇေ။
အညံ အဟိံသယံ လောကေ၊ အပိ ရဇ္ဇေန တံ ဝရံ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၆၁။ သေယျ၊ သေယျ။ အဟံ၊ ငါသည်။ နိန္ဒာယ၊ ကဲ့ရဲခြင်းနှင့်။ သဟ၊ တကွ။ ပဝတ္တံ၊ ဖြစ်သော။ သသမုဒ္ဒ ပရိယာယံ၊ သမုဒ္ဒရာအခြံအရံနှင့် တကွသော။ သာဂရကုဏ္ဍလံ၊ သမုဒ္ဒရာဟူသော နားတောင်းနှင့် ပြည့်စုံသော။ မဟိံ၊ မြေကို။ န ဣစ္ဆေ၊ အလိုမရှိ။ ဧဝံ၊ ဤသို့။ ဝိဇာနာဟိ၊ သိလော့။

֍ ဋ္ဌ ၆၂။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဝိနိပါတေန ဝါ၊ ငရဲသို့ ကျစေတတ်သောအမှုဖြင့် လည်းကောင်း။ အဓမ္မစရဏေန ဝါ၊ အဓမ္မကို ကျင့်သဖြင့်လည်းကောင်း။ ဓနလာဘဉ္စ၊ ဥစ္စာရခြင်းကိုလည်းကောင်း။ ယသလာဘဉ္စ၊ အကျော်အစောရခြင်းကိုလည်းကောင်း။ ယာ ဝုတ္တိ၊ အကြင်ပွားများခြင်းသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုအလုံးစုံကို။ ဓီရတ္ထု၊ စက် ဆုပ်၏။

֍ ဋ္ဌ ၆၃။ အဓမ္မေန၊ အဓမ္မဖြင့်။ ယာ စ ဧသနာ၊ အကြင်ဥစ္စာရှာခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏။ တတော၊ ထို့ထက်။ အနာရော၊ ရဟန်းသည်။ ဟုတွာ၊ ဖြစ်၍။ ပတ္တံ၊ သပိတ်ကို။ အာဒါယ၊ ယူ၍။ အပိ စေ ပရိဗ္ဗဇေ၊ အကယ်၍ ဆွမ်းခံသွားလျက် ရဟန်းတရားကို ကျင့်ငြားအံ့။ သာယေဝ ဇီဝိကာ၊ ထိုအသက်မွေးခြင်းသည်သာလျှင်။ သေယျော၊ မြတ်၏။

֍ ဋ္ဌ ၆၄။ လောကေ၊ လောက၌။ အညံ၊ တစ်ပါးသောသူကို။ အဟိံသယံ၊ မညှဉ်းဆဲဘဲ။ အနဂါရော၊ ရဟန်းသည်။ ဟုတွာ၊ ဖြစ်၍။ ပတ္တံ၊ သပိတ်ကို။ အာဒါယ၊ ယူ၍။ အပိ စေ ပရိဗ္ဗဇေ၊ အကယ်၍ ဆွမ်းခံသွားလျက် ရဟန်းတရားကို ကျင့်ငြားအံ့။ တံ၊ ထိုဆွမ်းခံသွားလျက် ရဟန်းတရားကို ကျင့်ခြင်းသည်။ ရဇ္ဇေန အပိ၊ မင်းအဖြစ်ထက်လည်း။ ဝရံ၊ မြတ်၏။

မင်းသမီးနှင့်မျှား၍ ယဇ်ပူဇော်စေခြင်း

သေယျအမတ်သည် လောမသကဿပ ရသေ့၏ စကားကို ကြား၍ ဗာရာဏသီသို့ သွား၍ မင်းအား ကြားလျှောက်၏။ မင်းသည် မလာသော် အဘယ်ပြုနိုင်အံ့နည်း ဟု ဆိတ်ဆိတ်နေ၏။ သိကြားသည် တစ်ဖန် သန်းခေါင်ယံအခါ၌ လာလတ်၍ ကောင်းကင်၌ရပ်၍ မြတ်သော မင်းကြီး လောမသကဿပ ရသေ့ကို ပင့်ဆောင်၍ ယင်ပူဇော်စေ၏လော ဟု မေး၏။ ကျွန်ုပ်စေ၍လည်း လောမသကဿပ ရသေ့သည် မလာဟု မင်းသည် ဆို၏။ မြတ်သောမင်းကြီး သမီးတော် စန္ဒဝတီကို တန်ဆာဆင်ယင်၍ သေယျအမတ်ကို ရှေးအတူလျှင်စေ၍ ရှင်သေ့ သင်သည် သွား၍ ယဇ်ပူဇော်အံ့၊ မင်းသည် သင့်အား ဤသမီးကိုပေးလတ္တံဟု ဆိုစေလော့၊ မချွတ်လျှင် လောမသကဿပ ရသေ့သည် မင်းသမီး၌ တပ်စွန်း၍ လာလတ္တံ့ ဟု ဆို၏။ မင်းသည် ကောင်းပြီဟု ဝန်ခံ၍ နက်ဖန်နေ့၌ သေယျအမတ်၏လက်၌ မင်းသမီးကို ပေးအပ်၍ သေယျအမတ်သည် မင်းသမီးကိုယူ၍ ထိုအရပ်သို့သွား၍ ရသေ့ကိုရှိခိုး၍ ပဋိသန္ထာရပြု၍ နတ်သမီးနှင့်တူသော မင်းသမီးကို လောမသကဿပ ရသေ့အားပြ၍ တင့်အပ်လျောက်ပတ်စွာ နေ၏။ ရသေ့သည် ဣန္ဒြေတို့ကို ဖျက်၍ မင်းသမီးကို ကြည့်သည်နှင့်တစ်ပြိုင်နက်လျှင် တပ်သောစိတ် ရှိသည်ဖြစ်၍ ဈာန်မှယုတ်၏။

အမတ်သည် ရသေ့၏ တပ်သောစိတ် ရှိသည် ၏အဖြစ်ကို သိ၍ အရှင်ဘုရား- အရှင်ဘုရားတို့သည် အကယ်၍ ယဇ်ပူဇော်ကုန်အံ့၊ မင်းသည် အရှင်ဘုရားအား ဤမင်းသမီးကို အလုပ်အကျွေး ပြု၍ ပေးလတ္တံ့ဟု ဆို၏။ လောမသကဿပသည် ကိလေသ၏အစွမ်းအားဖြင့် တုန်လှုပ်လျက် ငါ့အား ဤမင်းသမီးကို မင်းသည် ပေးအံ့လော ဟု မေး၏။ အရှင်ဘုရား အရှင်ဘုရားသည် ယဇ်ပူဇော်ငြားအံ့၊ မင်းသည် အရှင်ဘုရားအား ဤမင်းသမီးကို ပေးလတ္တံ့ ဟု အမတ်သည် ဆို၏။ ရသေ့သည် ကောင်းပြီ၊ မင်းသမီးကိုရသော် ယဇ်ပူဇော်အံ့ဟု ဆို၍ အမတ်ကိုခေါ်၍ ဆံကျစ်တို့နှင့်တကွ တန်ဆာဆင်သော ရထားသို့ တက်၍ ဗရာဏသီသို့ လိုက်၏။ မင်းသည်လည်း ရသေ့ လာပြီဟု ကြား၍ ယဇ်တွင်း၌ အမှုကိုဖြစ်စေ၏။

ထိုအခါ လာလတ်သော လောမသကဿပကို မြင်၍ ယဇ်ပူဇော်လော့၊ ယင်ပူဇော်သည်ရှိသော် ငါသည် သိကြားနှင့်တူသည် ဖြစ်အံ့၊ ယဇ် ပူဇော်သည်၏ အဆုံး၌ သင့်အား သမီးကိုပေးအံ့ဟု ဆို၏။ လောမသကဿပ ရသေ့သည် ကောင်းပြီဟု ဝန်ခံ၏။ ထိုအခါ လောမသကဿပ ရသေ့ကို မင်းသည် နက်ဖြန်နေ့၌ ခေါ်၌ စန္ဒဝတီမင်းသမီးနှင့် တကွလျှင် ယဇ်တွင်းသို့ သွား၏။ ထိုယဇ်တွင်း၌ ဆင် မြင်း ဥသဘ အစရှိကုန်သော ခပ်သိမ်းကုန်သော အခြေလေးချောင်းတို့ကို အစဉ်သဖြင့် ထားအပ်ကုန်၏။ ထိုလောမသကဿပ ရသေ့သည် ခပ်သိမ်းသော အခြေလေးချောင်းရှိသော သတ္တဝါတို့ကို ဆောင်၍ သတ်၍ ယဇ်ပူဇော်အံ့သောငှာ အားထုတ်၏။

လူအများ တားမြစ်ကြပြီ

ထိုအခါ လောမသကဿပ ရသေ့အား စည်း ဝေးသော လူများသည် ငိုကြွေးလျက် လောမသကဿပ သင်သည် မသင့်လျော်သော ထိုအမှုကို အဘယ်မူ၍ ပြုသနည်း ဟု ဆို၍ ငိုကြွေးလိုရကား-

၆၅။ ဗလံ စန္ဒော ဗလံ သူရိယော၊ ဗလံ သမဏဗြာဟ္မဏာ။
ဗလံ ဝေလာ သမုဒ္ဒဿ၊ ဗလာတိဗလမိတ္ထိယော။
၆၆။ ယထာ ဥဂ္ဂတပံ သန္တံ၊ ဣသိ လောမသကဿပံ။
ပိတု အတ္ထာ စန္ဒဝတီ၊ ဝါဇပေယျံ အယာဇသိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

အင်အားရှိသော ဝတ္ထုများ

֍ ဋ္ဌ ၆၅။ စန္ဒော၊ လသည်။ ဗလံ၊ အားရှိ၏။ သူရိယော၊ နေသည်။ ဗလံ၊ အားရှိ၏။ သမဏဗြာဟ္မဏာ၊ ရဟန်းပုဏ္ဏားတို့သည်။ ဗလံ၊ အားရှိ၏။ သမုဒ္ဒဿ၊ သမုဒ္ဒရာ၏။ ဝေလာ၊ ကမ်းသည်။ ဗလံ၊ အားရှိ၏။ ယထာ၊ အကြင့်ကြောင့်။ စန္ဒဝတီ၊ စန္ဒဝတီမင်းသမီးသည်။ ပိတုအတ္ထာ၊ အဖ၏အကျိုးကို အလိုရှိသည်ဖြစ်၍။ ဥဂ္ဂတပံ၊ ပြင်းထန်သော အကျင့်ရှိသော။ သန္တံ၊ ငြိမ်သက်သော။ လောမသကဿပံ ဣသိံ၊ လောမသကဿပ ရသေ့ကို။ ဝါဇပေယျံ၊ ယဇ်ပူဇော်ခြင်းကို။ အယာဇသိ၊ ပူဇော်စေ၏။ တသ္မာ၊ ထို့ကြောင့်။ ဣတ္ထိယော၊ မိန်းမတို့သည်။ ဗလာတိဗလံ၊ အားတကာတို့ထက် အလွန်အားရှိကုန်၏။

သတ္တဝါများ အော်ကြခြင်း

ထိုအခါ လောမသကဿပ ရသေသည် ယစ်ပူဇော်အံ့သောငှာ မင်္ဂလာဆင်၏ လည်ကို ဖြတ်အံ့ ဟု ရတနာသန်လျက်ကို ချီ၏။ ဆင်သည်လည်း သန်လျက်ချီသော လောမသကဿပ ရသေ့ကိုမြင်၍ သေဘေးဖြင့်ကြောက်၍ ကြီးစွာသော မြည်ခြင်းကို မြည်၏။ ဆင်၏အသံကို ကြား၍ ကြွင်းကုန်သော ဆင် မြင်း ဥသဘ အစရှိသည်တို့လည်း သေဘေးဖြင့် ကြောက်ကုန်၍ မြည်ကြကုန်၏။ လူများသည်လည်း မြည်တမ်းကြကုန်၏။

ရသေ၏ သံဝေဂ

လောမသကဿပ ရသေ့သည် အုတ်အုတ် ကျက်ကျက် သည်းစွာသော ဟစ်ကြွေးသံကိုကြား၍ ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ မိမိဆံကျစ် အစရှိသည်တို့ကို ကြည့်၏။ ထိုအခါ ရသေ့အား ဆံကျစ် မုတ်ဆိတ် လက်ကတီးမွေးတို့သည် ထင်ကုန်၏။ ထိုလောမသကဿပ ရသေ့သည် နှလုံးမသာသည်ဖြစ်၍ ငါသည် စင်စစ်သဖြင့် မလျောက်ပတ်သော ယုတ်မာသောအမှုကို ပြု၏ ဟု သံဝေဂကို ပြုလိုရကား-

၆၇။ တံ လောဘပကတံ ကမ္မံ၊ ကဋုကံ ကာမဟေတုကံ။
တဿ မူလံ ဂဝေသိဿံ၊ ဆေဇ္ဇံ ရာဂံ သဗန္ဓနံ။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၆၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မယာ၊ ငါသည်။ ကဋုကံ၊ ထက်သော အကျိုးရှိသော။ ကာမဟေတုကံ၊ ကာမလျှင် အကြောင်းရှိသော။ တံ ကမ္မံ၊ ထိုအမှုကို။ လောဘပကတံ၊ လောဘလျှင် ပြုအပ်၏ဟု။ တဿ၊ ထိုလောဘ၏။ မူလံ၊ မသင့်သော နှလုံးသွင်းခြင်း၏ အမြစ်ကို။ အဟံ၊ ငါသည်။ ဂဝေသိဿံ၊ ရှာအံ့။ သဗန္ဓနံ၊ အနှောင် အဖွဲ့နှင့်တကွသော။ ရာဂံ၊ ရာဂကို။ ဆေဇ္ဇံ၊ ဖြတ်အံ့။

မင်းကြီးကိုယ်တိုင် တိုက်တွန်း

ထိုအခါ လောမသကဿပ ရသေ့ကို မင်းသည် ရှင်ရသေ့ မကြောက်လင်၊ ယခု သင့်အား စန္ဒဝတီမင်းသမီးကို လည်းကောင်း၊ ရတနာ ခုနစ်ပါးကိုလည်းကောင်း ပေးအံ့၊ ယဇ်ပူဇော်လော့ ဟု ဆို၏။

ယင်တွင်းကို ဖျက်စေပြီ

ထိုစကားကို ကြား၍ လောမသကဿပ ရသေ့သည် မြတ်သောမင်းကြီး ငါ့အား ကိလေသာဖြင့် အလိုမရှိ ဟု ဆို၍ -

၆၈။ မီရတ္ထု ကာမေ သုဗဟူပိ လောကေ၊
တပေါဝ သေယျော ကာမဂုဏေဟိ ရာဇ။
တပေါ ကရိဿာမိ ပဟာယ ကာမေ၊
တဝေဝ ရဋ္ဌံ စန္ဒဝတီ စ ဟောတု။

ဟူသာ အဆုံးဖြစ်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၆၈။ ရာဇ၊ မင်းကြီး။ လောကေ၊ လောက၌။ သုဗဟူပိ၊ အလွန်များသည်လည်း ဖြစ်ကုန်သော။ ကာမေ၊ ကာမတို့ကို။ ဓီရတ္ထု၊ ငါစက်ဆုပ်၏။ ကာမဂုဏေဟိ၊ ကာမဂုဏ်တို့ထက်။ တပေါဝ၊ သီလသည်လျှင်။ သေယျော၊ မြတ်၏။ အဟံ၊ ငါသည်။ ကာမေ၊ ကာမတို့ကို။ ပဟာယ၊ ပယ်၍။ တပေါ၊ သီလစောင့်ရှောက်ခြင်းကို။ ကရိဿာမိ၊ ကျင့်အံ့။ ရဋ္ဌဉ္စ၊ တိုင်းသည်လည်းကောင်း။ စန္ဒဝတီ စ၊ စန္ဒဝတီ မင်း သမီးသည်လည်းကောင်း။ တဝေဝ၊ သင်၏သာလျှင်။ သန္တကံ၊ ဥစ္စာသည်။ ဟောတု၊ ဖြစ်စေသတည်း။

ထိုလောမသကဿပ ရသေ့သည် ဤသို့ဆို၍ ကသိုဏ်းကို နှလုံးသွင်း၍ ပျောက်သောဈာန်ကို ဖြစ်စေ၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့သဖြင့်နေ၍ မင်းအား မမေ့မလျော့ ဖြစ်လော့ဟု ဆုံးမ၍ ယဇ်တွင်းကိုဖျက်စေ၍ လူများအား ဘေးမဲ့ကို ပေးစေ၍ မင်းတောင်းပန်စဉ်လျှင် ပြန်၍ မိမိနေရာသို့ သွား၍ အသက်ထက်ဆုံးတည်၍ အသက်၏ အဆုံး၌ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကိုပြသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ သာရိပုတ္တရာသည် ထိုအခါ သေယျအမတ် ဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ လောမသ ကဿပ ရသေ့ ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အားတကာတွင်၊ မိန်းမလျှင်။ အားအင်ကြီးလှစွာ

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော လောမသကဿပ ဇာတ်သည်ပြီး၏။

*****

နဝကနိပါတ်

၈။ စက္ကဝါကဇာတ်

အစားအစာ၌ လျှပ်ပေါ်သော ကျီးမိုက်အကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကာသာယဝတ္ထေ အစရှိသော ဂါထာပုဒ်ဖြင့် တန် ဆာ ဆင်အပ်သော ဤစက္ကဝါကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လော်လည်သော ရဟန်းတစ်ပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းသည် လော်လည်သတတ်၊ ပစ္စည်း၌ မက်မောသတတ်။ ဆရာဥပဇ္ဈာယ်တို့၏ ဝတ်အစရှိသည်တို့ကိုစွန့်၍ စောစောကလျှင် သာဝတ္ထိမြို့သို့ဝင်၍ ဝိသာခါ ဒါယိကာမ၏ အိမ်၌ များစွာသော ခဲဖွယ်ကိုလည်းကောင်း, ယာဂု အစရှိသည်ကို လည်းကောင်း စား၍ သောက်၍ အထူးထူးသော အရသာရှိသော သလေးဆွမ်း, အမဲဟင်းလျာ အစရှိသည်တို့ကို စား၍လည်း ထိုအာဟာရဖြင့် မရောင့်ရဲရကား စူဠအနာထပိဏ်၏အိမ်, မဟာအနာထပိဏ်၏အိမ် ကောသလမင်း၏ နန်းတော်ကို ရည်၍ သွား၏။ ထိုအခါ တစ်နေ့သ၌ ထိုရဟန်း၏ လော်လည်သောအဖြစ်ကို အကြောင်းပြု၍ တရားသဘင်၌ ရဟန်းတို့သည် စကားကို ဖြစ်စေကုန်၏။

သဗ္ဗညူ မြတ်ဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်း ဝေးကြကုန်သနည်း ဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ထိုရဟန်းကို ခေါ်တော်မူစေ၍ ရဟန်း... သင်သည် လော်လည်သော ဟူသည် မှန်သလော ဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... မှန်ပေ၏ ဟု လျှောက်သည်ရှိသော် ရဟန်း... အဘယ့်ကြောင့် လော်လည်သနည်း၊ ရှေး၌လည်း သင်သည် လော်လည်သည်၏အဖြစ်ကြောင့် ဗာရာဏ သီပြည်၌ ဆင်ကောင်ပုပ် အစရှိသည်တို့ကို စား၍ လှည့်လည်သော် ထိုဆင်ကောင်ပုပ် အစရှိသည်တို့ဖြင့် မရောင့်ရဲသည် ဖြစ်၍ ဗာရာဏသီပြည်မှထွက်၍ ဂင်္ဂါနား၌ ကျက်စားလျက် ဟိမဝန္တာသို့ ဝင်ဖူး၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် တစ်ခုသော လော်လည်သော ကျီးသည် ဗာရာဏသီပြည်၌ ဆင်ကောင်ပုပ် အစရှိသည်တို့ကို စားလျက် ထိုဆင်ကောင်ပုပ် အစရှိသည်တို့ဖြင့် မရောင့်ရဲရကား ဂင်္ဂါကမ်းနား၌ ငါးသေတို့ကို စားအံ့ဟု သွား၍ ထိုဂင်္ဂါ၌ သေသောငါးတို့ကိုစားလျက် နှစ်ရက်သုံးရက်နေ၍ ဟိမဝန္တာသို့ဝင်၍ အထူးထူးသော သစ်သီးကြီးငယ်တို့ကိုစားလျက် များစွာသော ငါးလိပ်ရှိသော ကြီးစွာသော ပဒုမာအိုင်သို့ရောက်၍ ထိုအိုင်၌ ရွှေအဆင်းနှင့် တူသော အဆင်းရှိကုန်သော မှော်ကိုစား၍ နေကုန်သော နှစ်ခုကုန်သော စက္ကဝါက်တို့ကိုမြင်၍ ဤငှက်တို့သည် အလွန်လျှင် အဆင်းနှင့် ပြည့်စုံကုန်၏။ တင့်တယ်ခြင်းသို့ ရောက်ကုန်၏။ ဤငှက်တို့၏အစာသည် နှစ်သက်ဖွယ်ရှိသည် ဖြစ်လတ္တံ့၊ ဤငှက်တို့၏ အစာကိုမေး၍ ငါသည်လည်း ထို့အတူလျှင် စား၍ ရွှေအဆင်းနှင့်တူသော အဆင်း ရှိသည် ဖြစ်အံ့ဟု ကြံ၍ စက္ကဝါက်တို့၏ အထံသို့သွား၍ ပဋိသန္ထာရပြု၍ တစ်ခုသောသစ်ခက်စွန်း၌ နား၍-

၆၉။ ကာသာယဝတ္ထေ သကုဏေ ဝဒါမိ၊
ဒုဝေ ဒုဝေ နန္ဒမနေ စရန္တေ။
ကံ အဏ္ဍဇံ အဏ္ဍဇာ မာနုသေသု၊
ဇာတိံ ပသံသန္တိ တဒိင်္ဃ ဗြူထ။

ဟူသော ချီးမွမ်းခြင်းနှင့်ယှဉ်သော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၉။ ကာသာယဝတ္ထေ၊ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်သကဲ့သို့ ရွှေအဆင်းနှင့်တူသောအဆင်း ရှိကုန်သော။ ဒုဝေ ဒုဝေ၊ အစုံ အစုံ ဖြစ်ကုန်၍။ စရန္တေ၊ သွားကုန်လျက်။ နန္ဒမနေ၊ နှစ်သက်သောစိတ် ရှိကုန်သော။ သကုဏေ၊ ငှက်တို့ကို။ ဝဒါမိ၊ ငါဆို၏။ အဏ္ဍဇာ၊ အိုငှက်တို့။ တုမှေ၊ သင်တို့ကို။ မာနုသေသု၊ လူတို့၌။ ပသံသန္တော၊ ချီးမွမ်းကုန်သော သူတို့သည်။ ကံ အဏ္ဍဇံ၊ အဘယ်ငှက်မည်၏ ဟူ၍။ ဝတွာ၊ ဆို၍။ ပသံသန္တိ၊ ချီးမွမ်းကြကုန်သနည်း။ ဣင်္ဃ၊ ငါတိုက်တွန်း၏။ တံ ဇာတိံ၊ ထိုအမျိုးကို။ ဗြုထ၊ ဆိုကြကုန်လော့။

စက္ကဝါက်တို့ လှကြသည်

ထိုစကားကိုကြား၍ စက္ကဝါက်ငှက်သည်-

၇၀။ အမှေ မနုဿေသု မနုဿဟိံသ၊
အနုဗ္ဗတေ စက္ကဝါကေ ဝဒန်တိ။
ကလျာဏဘာဝမှေ ဒိဇေသု သမ္မတာ၊
အဘိရူပ ဝိစရာမ အဏ္ဏဝေ။
န ဃာသဟေတူပိ ကရောမ ပါပံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၀။ မနုဿဟိံသ၊ လူတို့ကို ညှဉ်းဆဲတတ်သော ယောကျ်ား။ မနုဿေသု၊ လူတို့၌။ အမှေ၊ ငါတို့ကို။ အနုဗ္ဗတေ၊ အချင်းချင်း အစဉ်လိုက်၍ ချစ်သောအားဖြင့်သာ ပေါင်းဖက်တတ်ကုန်သော။ စက္ကဝါကေ၊ စက္ကဝါက်တို့ဟူ၍။ ဝဒန္တိ၊ ဆိုကုန်၏။ ဒိဇေသု၊ ငှက်တို့၌။ အမှေ၊ ငါတို့ကို။ ကလျာဏဘာဝါ၊ ကောင်းသော သဘောရှိကုန်သော ငှက်တို့ဟူ၍။ သမ္မတာ၊ သမုတ်အပ်ကုန်၏။ မယံ၊ ငါတို့သည်။ ဃာသဟေတူပိ၊ အစာဟူသော အကြောင်းကြောင့်လည်း။ ပါပံ၊ မကောင်းမှုကို။ န ကရောမ၊ မပြုကုန်။ တသ္မာ၊ ထို့ကြောင့်။ မယံ၊ ငါတို့သည်။ အဏ္ဏဝေ၊ ပဒုမာအိုင်၌။ အဘိရူပါ၊ အလွန် အဆင်းလှကုန်သည်ဖြစ်၍။ ဝိစရာမ၊ သွားလာ ကျက်စားကုန်၏။

သင်တို့ ဘာကိုစားကြသနည်း

ထိုစကားကိုကြား၍ ကျီးသည်-

၇၁။ ကိံ အဏ္ဏဝေ ကာနိ ဖလာနိ ဘုဉ္ဇေ၊
မံသံ ကုတော ခါဒထ စက္ကဝါကာ။
ကိံ ဘောဇနံ ဘုဉ္စထ ဝေါ အနောမာ၊
ဗလဉ္စ ဝဏ္ဏော စ အနပ္ပရူပါ။

ဟူသော သုံးခုမြောက်သာ ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၁။ စက္ကဝါကာ၊ စက္ကဝါက်တို့။ တုမှေ၊ သင်တို့သည်။ အဏ္ဏဝေ၊ ပဒုမာအိုင်၌။ ကာနိ ဖလာနိ၊ အဘယ် အသီးတို့ကို။ ဘုဉ္ဇေ ကိံ၊ စားကြကုန်သနည်း။ ကုတော မံသံ၊ အဘယ်သတ္တဝါတို့၏ အသားကို။ ခါဒထ ကိံ၊ စားကြကုန်သနည်း။ အဘိဏှံ၊ မပြတ်။ ကိံ ဘောဇနံ၊ အဘယ်ဘောဇဉ်ကို။ ဘုဉ္ဇထ၊ စားကြကုန်သနည်း။ ဝေါ၊ သင်တိုက်။ ဗလဉ္စ၊ အားသည်လည်းကောင်း။ ဝဏ္ဏော စ၊ အဆင်းသည်လည်းကောင်း။ အနောမာ၊ မယုတ်ကုန်သည်ဖြစ်၍။ အနပ္ပရူပါ၊ များသော သဘောရှိကုန်၏။

အသားမစားကြပါ

ထို့နောင်မှ စက္ကဝါက်သည်-

၇၂။ န အဏ္ဏဝေ သန္တိ ဖလာနိ ဓင်္က၊
မံသံ ကုတော ခါဒိတုံ စက္ကဝါကေ။
သေဝါလံ ဘက္ခမှ အပါဏဘောဇနာ၊
န ဃာသဟေတူပိ ကရောမ ပါပံ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၂။ ဓင်္က၊ ကျီး။ အဏ္ဏဝေ၊ ပဒုမာအိုင်၌။ ဖလာနိ၊ သစ်သီးတို့သည်။ န သန္တိ၊ မရှိကုန်။ စက္ကဝါကေ၊ စက္ကဝါက်တို့အား။ ခါဒိတုံ မံသံ၊ စားအံ့သော အသားသည်။ ကုတော အတ္တိ၊ အဘယ်မှာရှိအံ့နည်း။ မယံ၊ ငါတို့သည်။ သေဝါလံ၊ မှော်ကို။ ဘက္ခမှ၊ စားကုန်၏။ အပါဏဘောဇနာ၊ အသက်ကင်းသော ရေမှော်ဟူသော အစာရှိကုန်သော။ မယံ၊ ငါတို့သည်။ ဃာသဟေတူပိ၊ အစာဟူသော အကြောင်းကြောင့်လည်း။ ပါပံ၊ မကောင်းမှုကို။ န ကရောမ၊ မပြုကုန်။

အသားစားငါ သင့်လိုမလှ

ထို့နောင်မှ ကျီးသည် -

၇၃။ န မေ ဣဒံ ရုစ္စတိ စက္ကဝါက၊
အသ္မိံ ဘဝေ ဘောဇနသန္နိကာသော။
အဟောသိ ပုဗ္ဗေ တတော မေ အညထာ၊
ဣစ္စေဝ မေ ဝိမတိ ဧတ္ထ ဇာတာ။
၇၄။ အဟမ္ပိ မံသာနိ ဖလာနိ ဘုဉ္ဇေ၊
အန္နာနိ စ လောဏိယတေလိယာနိ။
ရသံ မနုဿေသု လဘာမိ ဘောတ္တုံ၊
သူရောဝ သင်္ဂါမမုခံ ဝိဇေတွာ။
န စ မေ တာဒိသော ဝဏ္ဏော၊
စက္ကဝါက ယထာ တဝ။

ဟူသော ဤနှစ်ဂါထာခွဲကို ဆို၏။

֍ ဋ္ဌ ၇၃။ စက္ကဝါက၊ စက္ကဝါက်။ မေ၊ ငါသည်။ ဣဒံ၊ ဤအစာကို။ န ရုစ္စတိ၊ မနှစ်သက်။ အသ္မိံ ဘဝေ၊ ထိုစက္ကဝါက်ဘဝ၌။ ဘောဇနသန္နိကာသော၊ အစာနှင့်တူသော အဆင်းရှိသည်။ အဟောသိ၊ ဖြစ်၏ ဟူ၍။ ပုဗ္ဗေ၊ ရှေး၌။ မေ၊ ငါ့အား။ ဝိတက္ကံ၊ အကြံသည်။ အဟောသိ၊ ဖြစ်၏။ တတော၊ ထိုငါကြံသောအစာမှ။ အညထာ၊ တစ်ပါးသောအားဖြင့်။ အဟောသိ၊ ဖြစ်၏။ ဣစ္စေဝ၊ ဤအကြောင်းကြောင့်လျှင်။ ဧတ္ထ၊ ဤသင်တို့၏ အဆင်း၌။ မေ၊ ငါ့အား။ ဝိမတိ၊ ယုံမှားခြင်းသည်။ ဇာတာ၊ ဖြစ်၏။

֍ ဋ္ဌ ၇၄။ အဟမ္ပိ၊ ငါသည်လည်း။ လောဏိယတေလိယာနိ၊ ဆား ဆီတို့နှင့် စပ်ကုန်သော။ မံသာနိ စ၊ အသားတို့ကိုလည်းကောင်း ဖလာနိ စ၊ အသီးတို့ကိုလည်းကောင်း။ အန္နာနိ စ၊ ထမင်းတို့ကိုလည်းကောင်း။ ဘုဉ္ဇေ၊ စားရ၏။ သူရော၊ သူရဲသည်။ သင်္ဂါမမုခံ၊ စစ်မြေဦးကို။ ဝိဇေတွာ၊ အောင်မြင်၍။ ဘုဉ္ဇတိ ဣဝ၊ စားရသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ အဟံ၊ ငါသည်။ မနုဿေသု၊ လူတို့၌။ ရသံ၊ အရသာကို။ ဘောတ္တုံ၊ စားခြင်းငှာ။ လဘာမိ၊ ရ၏။ စက္ကဝါက၊ စက္ကဝါက်။ တဝ ယထာ၊ သင်ကဲ့သို့။ မေ၊ ငါ့အား။ တာဒိသော၊ ထိုသို့တူသော သဘောရှိသော။ ဝဏ္ဏော၊ အဆင်းသည်။ န စ ဟောတိ၊ မဖြစ်။

ကျိန်စာစား၍ မလှ

ထိုအခါ ကျီး၏ အဆင်းမပြည့်စုံခြင်းအကြောင်းကို လည်းကောင်း၊ မိမိ၏ အဆင်းပြည့်စုံခြင်းအကြောင်းကို လည်းကောင်း ဆိုလိုရကား စက္ကဝါက်သည်-

၇၅။ အသုဒ္ဓဘက္ခောသိ ခဏာနုပါတီ၊
ကိစ္ဆေန တေ လဗ္ဘတိ အန္နပါနံ။
န တုဿသိ ရုက္ခဖလေဟိ ဓင်္က၊
မံသာနိ ဝါ ယာနိ သုသာနမဇ္ဈေ။
၇၆။ ယော သာဟသေန အဓိဂမ္မ ဘောဂေ၊
ပရိဘုဉ္ဇတိ ဓင်္က ခဏာနုပါတီ။
တတော ဥပက္ကောသတိ နံ သဘာဝေါ၊
ဥပက္ကုဋ္ဌော ဝဏ္ဏဗလံ ဇဟာတိ။
၇၇။ အပ္ပမ္ပိ စေ နိဗ္ဗူတိံ ဘုဉ္ဇတိ ယဒိ၊
အသာဟသေန အပရူပဃာတီ။
ဗလဉ္စ ဝဏ္ဏော စ တဒဿ ဟောတိ၊
န ဟိ သဗ္ဗော အာဟာရမယေန ဝဏ္ဏော။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၇၅။ ခဏာနုပါတီ၊ မေ့လျော့သော ခဏ၌ ကျနားလေ့ရှိသော။ ဓင်္က၊ ကျီး။ တွံ၊ သင်သည်။ အသုဒ္ဓဘက္ခော၊ မသန့်ရှင်းသော အစာကို စားသည်။ အသိ၊ ဖြစ်၏။ တေ၊ သင်သည်။ ကိစ္ဆေန၊ ငြိုငြင်သဖြင့်။ အန္နပါနံ၊ ထမင်း အဖျော်ကို။ လဗ္ဘတိ၊ ရအပ်၏။ တွံ၊ သင်သည်။ ရုက္ခဖလေဟိ၊ သစ်သီးတို့ဖြင့်။ န တုသသိ၊ မနှစ်သက်။ တေ၊ သင်သည်။ သုသာနမဇ္ဈေ၊ သုသာန်အလယ်၌။ ယာနိ ဝါ မံသာနိ၊ အကြင် အသားတို့သည်လည်း။ သန္တိ၊ ရှိကုန်၏။ တေဟိ၊ ထိုအသားတို့ဖြင့်လည်း။ န တုဿသိ၊ မနှစ်သက်။

֍ ဋ္ဌ ၇၆။ ခဏာနုပါတီ၊ မေ့လျော့သော ခဏ၌ ကျနားလေ့ ရှိသော။ ဓင်္က၊ ကျီး။ ယော၊ အကြင်သတ္တဝါသည်။ သာဟသေန၊ သူတစ်ပါးကို နှိပ်စက် နိုင်ထက်မူသဖြင့်။ ဘောဂေ၊ စည်းစိမ်တို့ကို။ အဓိဂမ္မ၊ ရ၍။ ပရိဘုဉ္ဇတိ၊ သုံးဆင်း၏။ တတော၊ ထို့ကြောင့်။ နံ၊ ထိုသတ္တဝါကို။ သဘာဝေါ၊ သဘောသည်။ ဥပက္ကောသတိ၊ ဆဲရေး၏။ ဥပက္ကုဋ္ဌော၊ ဆဲရေးကဲ့ရဲ့ခြင်းကိုခံရသော သတ္တဝါသည်။ ဝဏ္ဏဗလံ၊ အဆင်းအားကို။ ဇဟာတိ၊ စွန့်၏။

֍ ဋ္ဌ ၇၇။ ယော၊ အကြင်ပညာရှိသည်။ အပ္ပမ္ပိ စေ၊ နည်းငြားသော်လည်း။ အသာဟသေန၊ သူတစ်ပါးကို မနှိပ်စက်သဖြင့်။ နိဗ္ဗုတိံ၊ ငြိမ်းချမ်းသော အစာကို။ ယဒိ ဘုဉ္ဇတိ၊ အကယ်၍ စားငြားအံ့။ တဒါ၊ ထိုအခါ၌။ အပရူပဃာတီ၊ သူတစ်ပါးကိုမညှဉ်းဆဲသော။ အဿ၊ ထိုပညာရှိအား။ ဗလဉ္စ၊ အားသည်လည်းကောင်း။ ဝဏ္ဏော စ၊ အဆင်းသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။ ဟိ သစ္စံ၊ မှန်၏။ သဗ္ဗော ဝဏ္ဏော၊ အလုံးစုံသော အဆင်းသည်။ အာဟာရမယေန၊ အထူးထူး အပြားပြားသော အာဟာရဖြင့်သာလျှင် ပြီးသည်။ န ဟောတိ၊ မဖြစ်။

အိုကျီး... ဤအဆင်းမည်သည်ကား အာဟာရဟူသော အကြောင်းကြောင့်သာလျှင် ဖြစ်သည်မဟုတ်၊ ဥတု စိတ် ကံတို့ကြောင့်လည်း ဖြစ်၏။ စက္ကဝါက်သည် များစွာသော အကြောင်းတို့ဖြင့် ကျီးကို ကဲ့ရဲ၏။ ကျီးသည် ရှက်၍ ငါ့အား သင့်အဆင်းဖြင့် အလိုမရှိ ဟု ဆို၍ ကာ, ကာ မြည်၍ ပြေးလေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ လော်လည်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား... ယခုအခါ လော်လည်သော ရဟန်းသည် ထိုအခါ ကျီးဖြစ်ပြီ၊ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ စက္ကဝါက်ငှက်မဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ စက္ကဝါက်ငှက်ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အဝတ်အစား၊ လော်လည်ငြား၊ နွမ်းပါးဆင်းရဲရာ

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော စက္ကဝါကဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၉။ ဟလိဒ္ဒိရာဂဇာတ်

ချစ်လွယ်မုန်းလွယ်သူကို ရှောင်ကြဉ်အပ်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သုတိတိက်ခံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဟလိဒ္ဒိရာဂဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အပျို ကြီးဖျားယောင်းသော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် တေရသကနိပါတ် စူဠနာရဒဇာတ်၌ ထင်စွာဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... အတိတ်ဝတ္ထုကိုကား ဤသို့သိအပ်၏။

ရသေ့ငယ်ကို လူ့ပြည်ခေါ်

ရှေးသောအခါ ထိုသူငယ်မသည် ထိုရသေ့ငယ်၏ သီလကို ဖျက်၍ မိမိအလို၌ တည်သည် ၏အဖြစ်ကို သိ၍ ရသေ့ငယ်ကို လှည့်စား၍ လူ့ပြည်သို့ ဆောင်အံ့ဟု ကြံ၍ ရူပါရုံအစရှိသော ကာမဂုဏ်တို့မှကင်းသော တော၌ စောင့်ရှောက်အပ်သော သီလမည်သည်ကား အကျိုးမကြီး။ လူ့ပြည်၌ ရူပါရုံအစရှိသော ကာမဂုဏ်တို့၏ ဖြစ်ရာ အရပ်၌ စောင့်ရှောက်အပ်သော သီလသည် အကျိုးကြီး၏။ လာလော့၊ ငါနှင့်တကွ လူ့ပြည်သို့သွား၍ သီလကိုစောင့်လော့၊ သင့်အား တောအရပ်ဖြင့် အဘယ်ပြုအံ့နည်း ဟု ဆိုလို၍-

၇၈။ သုတိတိက်ခံ အရညမှိ၊ ပန္ထမှိ သယနာသနေ။
ယေ စ ဂါမေ တိတိက္ခန္တိ၊ တေ ဥဠာရတရာ တယာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၈။ တာပသ မာဏဝ၊ ရသေလုလင်။ အရညမှိ၊ တော၌။ ပန္တမှိ၊ ရွာမှဝေးသော။ သယနာသနေ၊ ကျောင်း၌။ သုတိတိက်ခံ၊ သည်းခံလွယ်၏။ ယေ၊ အကြင်ရသေ့တို့သည်။ ဂါမေ၊ ရွာ၌။ တိတိက္ခန္တိ၊ သည်းခံကုန်၏။ တေ၊ ထိုရသေ့တို့သည်။ တယာ၊ သင့်ထက်။ ဥဠာရတရာ၊ အထူးသဖြင့် မြတ်ကုန်၏။

အဖလာမှ သွားကြစို့

ထိုစကားကိုကြား၍ ရသေ့ငယ်သည် ငါ၏ အဖကား တောသို့သွား၏။ ထိုအဖလာသည်ရှိသော် အဖကို ပန်၍လျှင် သွားအံ့ ဟုဆို၏။ ထိုသတို့သမီးသည်လည်း ရသေ့ငယ်အား အဖရှိ၏။ ထိုအဖသည် အကယ်၍ ငါ့ကိုမြင်အံ့၊ ထမ်းပိုးစွန်းဖြင့် ပုတ်ခတ်၍ ငါ့ကို ပျက်စီးခြင်းသို့ ရောက်စေလတ္တံ့။ ငါသည် ရှေးဦးစွာလျှင် သွားအပ်၏ ဟု ကြံ၏။ ကြံပြီး၍ ထိုအခါ ရသေ့ငယ်ကို အရှင်ထိုသို့တပြီးကား ငါသည် ခရီးအမှတ်ကိုပြုလျက် ရှေးဦးစွာ သွားလင့်အံ့၊ သင်သည် နောက်မှ လာလော့ ဟု ဆို၍ သွား၏။

အဖကို ပန်ကြား၍

ရသေ့ငယ်သည် မိန်းမသွားသော ကာလ၌ ထင်းတို့ကို မဆောင်၊ သောက်ရေကိုလည်း မခပ်၊ သက်သက် မှိုင်လျက်သာလျှင် နေလေ၏။ အဖလာသောအခါ ခရီးဦး ကြိုဆိုခြင်းကို မပြု။ ထိုအခါ ရသေ့ငယ်ကို အဖသည် ဤငါ့သားကား မိန်းမတို့၏အလိုသို့ လိုက်၏ ဟု သိ၍ ချစ်သား... သင်သည် အဘယ့်ကြောင့် ထင်းတို့ကို မဆောင်သနည်း၊ သောက်ရေ သုံးဆောင်ရေကို မခပ်သနည်း၊ မှိုင်လျက်သာလျှင် အဘယ့်ကြောင့် နေသနည်း ဟု ဆို၏။ ရသေ့ငယ်သည် ဖခင်... တော၌ စောင့်ရှောက်အပ်သော သီလသည် အကျိုးမကြီး၊ လူ့ပြည်၌ စောင့်ရှောက်အပ်သော သီလသည် အကျိုးကြီး၏။ အကျွန်ုပ်သည် လူ့ပြည်သို့ သွား၍ သီလကိုစောင့်အံ့၊ အကွှနြုပအြဖောဩညြ အကျွန်ုပ်ကို လာလော့ ဟု ဆို၍ ရှေ့မှ သွားလင့်၏။ ထိုအဖော်နှင့်တကွ လိုက်အံ့၊ လူ့ပြည်၌နေသော ကျွန်ုပ်သည် အဘယ်သို့သော သူကို မှီဝဲအပ်သနည်းဟု မေးလိုရကား-

၇၉။ အရညာ ဂါမမာဂမ္မ၊ ကိံသီလံ ကိံဝတံ အဟံ။
ပုရိသံ တာတ သေဝေယျံ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၉။ တာတ၊ ဖခင်။ အဟံ၊ အကျွန်ုပ်သည်။ အရညာ၊ တောမှ။ ဂါမံ၊ ရွာသို့။ အာဂမ္မ၊ လာလတ်၍။ ကိံသီလံ၊ အဘယ်သို့ သီလရှိသော။ ကိံ ဝတံ၊ အဘယ်သို့အကျင့်ရှိသော။ ပုရိသံ၊ ယောက်ျားကို။ သေဝေယျံ၊ မှီဝဲရအံ့နည်း။ ပုစ္ဆိတော၊ မေးအပ်သော။ တွံ၊ သင်ဖခင်သည်။ မေ၊ ငါ့အား။ တံ ကာရဏံ၊ ထိုအကြောင်းကို။ အက္ခာဟိ၊ ကြားဘိလော့။

အဖရသေ့ မှာကြားပြီ

ထိုအခါ ရသေ့ငယ်အား အဖသည် ကြားလို၍-

၈၀။ ယော တေ ဝိဿာသယေ တာတ၊
ဝိဿာသဉ္စ ခမေယျ တေ။
သုဿူသီ စ တိတိက္ခီ စ၊
တံ ဘဇေဟိ ဣတော ဂတော။
၈၁။ ယဿ ကာယေန ဝါစာယ၊ မနသာ နတ္ထိ ဒုက္ကဋံ။
ဥရသီဝ ပတိဋ္ဌာယ၊ တံ ဘဇေဟိ ဣတော ဂတော။
၈၂။ ယော စ ဓမ္မေန စရတိ၊ စရန္တောပိ န မညတိ။
ဝိသုဒ္ဓကာရိံ သပ္ပညံ၊ တံ ဘဇေဟိ ဣတော ဂတော။
၈၃။ ဟလိဒ္ဒိရာဂံ ကပိစိတ္တံ၊ ပုရိသံ ရာဂဝိရာဂိနံ။
တာဒိသံ တာတ်မာ သေဝိ၊ နိမ္မနုဿမ္ပိ စေ သိယာ။
၈၄။ အာသီဝိသံဝ ကုပိတံ၊ မီဠှလိတ္တံ မဟာပထံ။
အာရကာ ပရိဝဇ္ဇေဟိ၊ ယာနီဝ ဝိသမံ ပထံ။
၈၅။ အနတ္ထာ တာတ ဝဍ္ဎန္တိ၊ ဗာလံ အစ္စုပသေဝတော။
မာဿု ဗာလေန သံဂစ္ဆိ၊ အမိတ္တေနေဝ သဗ္ဗဒါ။
၈၆။ တံ တာဟံ တာတ ယာစာမိ၊ ကရဿု ဝစနံ မမ။
မာဿု ဗာလေန သံဂစ္ဆိ၊ ဒုက္ခော ဗာလေဟိ သင်္ဂမော။

ဟူသော ဤဂါထာတို့ကို ဆို၏။

ချစ်ကျွမ်းဝင်သူ ဆည်းကပ်

֍ ဋ္ဌ ၈၀။ တာတ၊ ချစ်သား။ ယော၊ အကြင်သူသည်။ တေ၊ သင့်အား။ ဝိသာသယေ၊ အကျွမ်းဝင်၏။ တေ၊ သင်၏။ ဝိဿာ သဉ္စ၊ အကျွမ်းဝင်ခြင်းကိုလည်း။ ခမေယျ၊ နှစ်သက်၏။ တေ၊ သင်၏။ ဝစနံ၊ စကားကို။ သုဿူသီ စ၊ နားလည်းထောင်၏။ တိတိက္ခီ စ၊ သည်းလည်းခံ၏။ ဣတော၊ ဤအရပ်မှ။ ဂတော၊ သွားသော။ တွံ၊ သင်သည်။ တံ၊ ထိုသူကို။ ဘဇေဟိ၊ ဆည်းကပ်လေလော့။

မကောင်းမှုမရှိသူ ဆည်းကပ်

֍ ဋ္ဌ ၈၁။ တာတ၊ ချစ်သား။ ယဿ၊ အကြင်သူအား ကာယေန၊ ကိုယ်ဖြင့်လည်းကောင်း။ ဝါစာယ၊ နှုတ်ဖြင့်လည်းကောင်း။ မနသာ၊ စိတ်ဖြင့်လည်းကောင်း။ ဒုက္ကဋံ၊ မကောင်းမှုကိုပြုခြင်းမည်သည်။ နတ္ထိ၊ မရှိ။ ဣတော၊ ဤအရပ်မှ။ ဂတော၊ သွားသော။ တွံ၊ သင်သည်။ တံ၊ ထိုသူကို။ ဥရသိဝ၊ အမိရင်ခွင်၌တည်၏သို့။ ပတိဋ္ဌာယ၊ အမိကဲ့သို့ ထင်မှတ်၍ ထိုသူ့ရင်ခွင်၌ တည်၍။ ဘဇေဟိ၊ ဆည်းကပ်လေလော့။

မာနမရှိသူ ဆည်းကပ်

֍ ဋ္ဌ ၈၂။ တာတ၊ ချစ်သား။ ယော စ၊ အကြင်သူသည်လည်း။ ဓမ္မေန၊ သုစရိုက်တရားဖြင့်။ စရတိ၊ ဣရိယာပုထ်ကို ဖြစ်စေ၏။ စရန္တောပိ၊ တရားကျင့်ငြားသော်လည်း။ န မညတိ၊ ငါသာလျှင် တရားကျင့်၏ဟူ၍ မာနကို မပြု။ ဣတော၊ ဤအရပ်မှ။ ဂတော၊ သွားသော။ တွံ၊ သင်သည်။ ဝိသုဒ္ဓကာရိံ၊ စင်ကြင်စွာသော ကုသလကမ္မပထကို ပြုလေ့ရှိသော။ သပ္ပညံ၊ ပညာရှိသော။ တံ၊ ထိုသူကို။ ဘဇေဟိ၊ ဆည်းကပ်လေလော့။

ချစ်လွယ်မုန်းလွယ် ရှောင်

֍ ဋ္ဌ ၈၃။ တာတ၊ ချစ်သား။ ဟလိဒ္ဒိရာဂံ၊ နနွင်းဆိုးရေကဲ့သို့ သဘောရှိသော။ ကပိစိတ္တံ၊ မျောက်ကဲ့သို့ စိတ်ရှိသော။ ရာဂဝိရာဂိနံ၊ ချစ်လွယ်မုန်လွယ်သော။ တာဒိသံ၊ ထိုသို့သဘောရှိသော။ ပုရိသံ၊ ယောက်ျားကို။ တွံ၊ သင်သည်။ ဇမ္ဗုဒီပတလံ၊ ဇမ္ဗူဒိပ်အပြင်သည်။ နိမ္မနုဿပိ၊ ထိုသူမှ တစ်ပါး အခြားလူမရှိသည်လည်း။ စေ သိယာ၊ အကယ်၍ ဖြစ်စေကာမူ။ မာ သေဝိ၊ မမှီဝဲလေ့လင့်။

ဒေါသကြီးသူ ရှောင်

֍ ဋ္ဌ ၈၄။ ကုပိတံ၊ အမျက်ထွက်သော။ အာသီဝိသံဝ၊ မြွေဟောက်ကဲ့သို့လည်းကောင်း။ မီဠလိတ္တံ၊ မစင်ဖြင့် လိမ်းကျံအပ်သော။ မဟာပထံဝ၊ ကြီးစွာသော ခရီးကဲ့သို့လည်းကောင်း။ ယာနီ၊ ယာဉ်ဖြင့် သွားသောသူသည်။ ဝိသမံ၊ မညီညွတ်သော။ ပထံ၊ ခရီးကို။ ပရိဝဇ္ဇတိ ဣဝ၊ ကြဉ်သကဲ့သို့လည်းကောင်း။ တထာ၊ ထို့အတူ။ တွံ၊ သင်သည်။ တဒိသံ၊ ထိုသို့သဘောရှိသောသူကို။ အာရကာ၊ အဝေးမှ။ ပရိဝဇ္ဇေဟိ၊ ကြဉ်လေလော့။

လူမိုက်နှင့်မပေါင်းနှင့်

֍ ဋ္ဌ ၈၅။ တာတ၊ ချိစ်သား။ ဗာလံ၊ သူမိုက်ကို။ ပစ္စူပသေဝတော၊ အလွန်မှီဝဲသောသူအား။ အနတ္ထာ၊ အကျိုးမဲ့တို့သည်။ ဝဍ္ဎန္တိ၊ ပွားကုန်၏။ တွံ၊ သင်သည်။ ဗာလေန၊ သူမိုက်နှင့်။ မာဿု သံဂစ္ဆိ၊ မပေါင်းဖော်လေလင့်။ ဗာလေန၊ သူမိုက်နှင့်။ သင်္ဂမော၊ ပေါင်းဖော်ခြင်းသည်။ သဗ္ဗဒါ၊ အခါ ခပ်သိမ်း။ အမိတ္တေန၊ ရန်သူနှင့်။ သင်္ဂမော ဣဝ၊ ပေါင်းဖော်ခြင်းကဲ့သို့။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၈၆။ တံ၊ ထိုအကြောင်းကြောင့်လျှင်။ တာတ၊ ချစ်သား။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ ယာစာမိ၊ တောင်းပန်၏။ မမ၊ ငါ၏။ ဝစနံ၊ စကားကို။ ကရဿု၊ လိုက်နာလော့။ တွံ၊ သင်သည်။ ဗာလေန၊ သူမိုက်နှင့်။ မာဿု သံဂစ္ဆိ၊ မပေါင်းဖော်လေလင့်။ ဗာလေဟိ၊ သူမိုက်တို့နှင့်။ သင်္ဂမော၊ ပေါင်းဖော်ခြင်းသည်။ ဒုက္ထော၊ ဆင်းရဲကို ဖြစ်စေတတ်၏။

ထိုရသေ့ငယ်သည် အဖ မြည်ဆို ဆုံးမအပ်သည်ရှိသော် ဖခင်... ကျွန်ုပ် လူ့ပြည်သို့သွား၍ ဖခင်တို့နှင့်တူကုန်သောပညာရှိတို့ကို မရလတ္တံ့၊ ထို့ကြောင့် လူ့ပြည်သို့သွားခြင်းငှာ ကြောက်၏။ ဤဖခင်တို့၏ အထံ၌သာလျှင် နေအံ့ ဟု ဆို၏။ ထိုအခါ ရသေ့ငယ်အား အဖရသေ့သည် အလွန်လည်း ဆုံးမ၍ ကသိုဏ်းပရိကံကို ကြား၏။ ရသေ့ငယ်သည် မကြာမြင့်မီလျှင် အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ အဖနှင့်တကွ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ငြီးငွေ့သောရဟန်းသည် ထိုအခါ ရသေ့ငယ်ဖြစ်ပြီ၊ ယခုအခါ အပျိုကြီးသည် ထိုအခါ သတို့သမီးဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အဖရသေ့ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သူမိုက်နှင့်လွဲ၊ ရန်သူနည်း၊ ဆင်းရဲလွတ်ကင်းရား

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဟလိဒ္ဒိရာဂဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၁၀။ သမုဂ္ဂဇာတ်

မိန်းမကို စောင့်ရှောက်နိုင်ခဲခြင်း အကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကုတာ နု အာဂစ္ဆထ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသမုဂ္ဂဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ငြီးငွေ့သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့သောဟူသည် မှန်သလော ဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း... အဘယ့်ကြောင့် မာတုဂါမကို တောင့်တသနည်း၊ ဤမာတုဂါမမည်သည်ကား ပေါင်းဖော်ခြင်းငှာ မထိုက်၊ ကျေးဇူးကို မသိတတ်၊ ရှေး၌ ဒါနောရက္ခိုသ်တို့သည်လည်း မျို၍ ဝမ်းဖြင့်ဆောင်၍လည်း မာတုဂါမကို စောင့်ရှောက်ခြင်းငှာ မတတ်နိုင်ကုန်၊ တစ်ယောက်သော ယောကျ်ားကိုသာ မှီသည်ကို ပြုအံ့သောငှာ မတတ်နိုင်ကုန်၊ သင်သည် အဘယ်သို့ တတ်နိုင်လတ္တံ့နည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာမတို့ကို ပယ်၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြု၏။ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ သစ်သီးကြီးငယ်ဖြင့် မျှလျက်နေ၏။

ဒါနောနာရက္ခသ် လူမိန်းမယူ

ဘုရားလောင်း၏ ကျောင်းအနီး၌ တစ်ယောက်သော ဒါနောရက္ခိုသ်သည် နေ၏။ ထိုရက္ခိုသ်သည် ရံဖန်ရံခါ ဘုရားလောင်းသို့ ဆည်း ကပ်၍ တရားကို နာ၏။ တောအုပ်၌ လူတို့၏ သွားရာလမ်းမ၌ တည်၍ လာတိုင်းလာတိုင်းသော လူတို့ကို ဖမ်း၍စား၏။

ထိုကာလ၌ မြတ်သောအဆင်းကို ဆောင်သော ကာသိတိုင်းဝယ် တစ်ယောက်သော အမျိုးသမီးသည် မထင်ရှားသော ပစ္စန္တရွာ၌ ဖြစ်၏။ ထိုအမျိုးသမီးသည် တစ်နေ့သ၌ အမိအဘတို့အားဖူးမြင်အံ့သောငှာ သွား၍ ပြန်လာသောကာလ၌ အခြံအရံဖြစ်ကုန်သော လူတို့ကိုမြင်၍ ထိုဒါနောရက္ခိုသ်သည် ကြောက်မက်ဖွယ်သော အဆင်းဖြင့် ပြေးလာ၏။ လူတို့သည် ကြောက်ကုန်ရကား ကိုင်တိုင်းကိုင်တိုင်းသော လက်နက်တို့ကို စွန့်ပစ်၍ ပြေးကုန်၏။ ဒါနောရက္ခိုသ်သည် ယာဉ်၌နေသော အဆင်းလှသော မာတုဂါမကိုမြင်၍ တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ ထိုမာတုဂါမကို မိမိဂူသို့ ဆောင်၍ မယားပြု၏။

ကြုတ်ထဲထည့် စောင့်ရှောက်

ထိုအခါမှစ၍ ထောပတ်, ဆား, ငါး, အမဲ အစရှိသည်တို့ကိုလည်းကောင်း၊ ချိုကုန်သော သစ်သီး ကြီးငယ်တို့ကိုလည်းကောင်း ဆောင်ခဲ့၍ ထိုမိန်းမကို မွေး၏။ အဝတ်တန်ဆာဖြင့် ထိုမိန်းမကို တန်ဆာဆင်၍ စောင့်ရှောက်အံ့သောငှာ ကြုတ်၌အိပ်စေ၍ ကြုတ်ကိုမျို၍ ဝမ်းဖြင့် လွယ်၏။ ထိုဒါနောရက္ခိုသ်သည် တနေ့သ၌ ရေချိုးလိုသည်၏ အဖြစ်ကြောင့် တစ်ခုသော ရေကန်သို့သွား၍ ကြုတ်ကိုအန်၍ ထိုမိန်းမကို ကြုတ်မှထုတ်၍ ရေချိုးစေ၍ နံ့သာလိမ်းကျံစေ၍ တန်ဆာတို့ဖြင့် တန်ဆာဆင်စေ၏။ အတန်ငယ် သင်၏ကိုယ်ကို အငွေ့ယူစေလော့ ဟု ထိုကြုတ်၏ အနီး၌ထား၍ မိမိသည် ရေဆိပ်သို့သက်၍ ထိုမိန်းမကို သင်္ကာခြင်း မရှိသည်ဖြစ်၍ အတန်ငယ် အဝေးသို့သွား၍ ရေချိုး၏။

ဝိဇ္ဇာဓိုရ်နှင့် ပြစ်မှား

ထိုကာလ၌ ဝါယုဿပုတ္တမည်သော ဝိဇ္ဇာဓိုရ်သည် သန်လျက်ကိုလွယ်၍ ကောင်းကင်ဖြင့် သွား၏။ ထိုမိန်းမသည် ထိုဝါယုဿပုတ္တ ဝိဇ္ဇာဓိုရ်ကိုမြင်၍ လာလော့ဟု လက်အမှတ်ကို ပြု၏။ ဝိဇ္ဇာဓိုရ်သည် လျင်မြန်စွာ ဆင်းသက်၏။ ထိုဝိဇ္ဇာဓိုရ်ကို ထိုမိန်းမသည် ကြုတ်၌ထည့်၍ ဒါနောရက္ခိုသ်၏ လာခြင်းကို မျှော်လျက် ကြုတ်၏ အနား၌ ထိုင်၍နေ၏။ လာလတ်သော ထိုဒါနောရက္ခိုသ်ကို မြင်လတ်၍ ဒါနောရက္ခိုသ်အား မိမိကိုယ်ကိုပြ၍ ဒါနောရက္ခိုသ်သည် ကြုတ်၏အနီးသို့ မရောက်မီလျှင် ကြုတ်ကိုဖွင့်၍ ကြုတ်တွင်းသို့ဝင်၍ ဝိဇ္ဇာဓိုရ်၏ အပေါ်၌အိပ်၍ အဝတ်ကို ခြုံ၏။ ဒါနောရက္ခိုသ်သည် လာလတ်၍ ကြုတ်ကို မသုတ်သင်မူ၍ ငါ၏ မာတုဂါမသာလျှင် ရှိ၏ ဟူသော အမှတ်ဖြင့် ကြုတ်ကိုမျို၍ မိမိလိုဏ်သို့ သွားလတ်သော် ခရီးအကြား၌ ငါသည် ရှင်ရသေ့ကို မဖူးမြင်ရသည်မှာ ကြာပြီ၊ ယနေ့ သွား၍ ရှင်ရသေ့ကို ရှိခိုးအံ့ ဟု ကြံ၏။ ကြံပြီး၍ ရှင်ရသေ့ထံသို့ သွား၏။

၃-ယောက်သား လာကြသကိုး

ရှင်ရသေ့သည်လည်း အဝေးမှ လာလတ်သော ဒါနောရက္ခိုသ်ကိုမြင်၍ နှစ်ယောက်သော သူတို့သည် ဒါနောရက္ခိာသ်၏ ဝမ်း၌ ရှိသည်၏ အဖြစ်ကို သိ၍ စကားပြောလိုရကား-

၈၇။ ကုတော နု အာဂစ္ဆထ ဘော တယော ဇနာ၊
သွာဂတာ ဧထ နိသီဒထာသနေ။
ကစ္စတ္ထ ဘောန္တော ကုသလံ အနာမယံ၊
စိရဿမမ္ဘာဂမနံ ဟိ ဝေါ ဣဓ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၇။ ဘော တယေဇနာ၊ အို သုံးယောက်သောသူတို့။ တုမှေ၊ သင်တို့သည်။ ကုတာ၊ အဘယ်အရပ်မှ။ အာဂစ္ဆထ နု၊ လာကြကုန်သနည်း။ တုမှာကံ၊ သင်တို့၏။ အာဂတာ၊ လာခြင်းတို့သည်။ သွာဂတာ၊ ကောင်းသော လာခြင်းတို့တည်း။ ဧထ၊ လာကြကုန်လော့ အာသနေ၊ နေရာ၌။ နိသီဒထ၊ နေကြကုန်လော။ ဘောန္တော၊ အရှင်တို့။ တုမှာကံ၊ သင်တို့အား။ ကုသလံ အနာမယံ၊ ရောဂါကင်းခြင်းသည်။ ကစ္စိ အတ္ထ၊ ဖြစ်ကုန်၏လော။ ဣဓ၊ ဤငါ၏ အထံသို့။ ဝေါ၊ သင်တို့၏။ အဗ္ဘာဂမနံ၊ လာခြင်းသည်။ စိရဿံ ဟိ၊ ကြာမြင့်သလျှင်ကတည်း။

ဘယ့်နှယ် သုံးယောက်တုန်း

ဒါနောရက္ခိုသ်သည် ထိုစကားကိုကြား၍ ရသေ့၏ အထံသို့ တစ်ယောက်တည်းသာလျှင် လာ၏။ ဤရသေ့သည်လည်း သုံးယောက်ဟူ၍ ဆို၏။ အဘယ်မူ၍ ဤရသေ့သည် ဤသို့ ဆိုလေသနည်း၊ သဘောကိုသိ၍ ဆိုသလော၊ ထိုသို့မဟုတ်မူ ရူး၍ ဆိုသလော ဟု ကြံ၍ ရှင်ရသေ့၏ အထံသို့ ဆည်းကပ်၍ တင့်အပ်လျောက်ပတ်စွာ နေ၍ ရသေ့နှင့်တကွ စကားပြောလိုရကား-

၈၈။ အဟမဝ ဧကော ဣဓ မဇ္ဇ ပတ္တော၊
န စာပိ မေ ဒုတိယော ကောစိ ဝိဇ္ဇတိ။
ကိမေဝ သန္ဓာယ တေ ဘာသိတံ ဣသေ၊
ကုတော နု အာဂစ္ဆထ ဘော တယော ဇနာ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၈။ ဣသေ၊ ရှင်ရသေ့။ အဇ္ဇ၊ ယခု။ ဣဓ၊ ရှင်ရသေ့ထံသို့။ အဟမေဝ ဧကော၊ အကျွန်ုပ်တဈယောကျ တည်းသာလျှင်။ ပတ္တော၊ ရောက်လာ၏။ မေ၊ အကျွန်ုပ်အား။ ကောစိ၊ တစ်စုံတစ်ယောက်သော။ ဒုတိယော စာပိ၊ အဖော်သည်လည်း။ န ဝိဇ္ဇတိ၊ မရှိ။ ဘော တယော ဇနာ၊ အို သုံးယောက်သော သူတို့။ တုမှေ၊ သင်တို့သည်။ ကုတော၊ အဘယ်မှ။ အာဂစ္ဆထ နု၊ လာကုန်သနည်းဟူ၍။ ကိမေဝ၊ အဘယ်ကိုလျှင်။ သန္ဓာယ၊ ရည်၍။ တေ၊ သင်သည်။ ဘာသိတံ၊ ဆိုအပ်သနည်း။

သင်တို့ ၃-ယောက်

ရသေ့သည် အသင် ဒါနောရက္ခိုသ် ... စင်စစ်သဖြင့် သင်အား မာတုဂါမရှိသည် မဟုတ်လော ဟု ဆို၏။ အရှင်ဘုရား ရှိသည် မှန်၏ဟု ဒါ နောရက္ခိုသ်သည် ဆို၏။ ထိုသို့တပြီးကား နားထောင်လော့ဟု ဆို၍-

၈၉။ တုဝဉ္စ ဧကော ဘရိယာ စ တေ ပိယာ၊
သမုဂ္ဂပက္ခိတ္တနိကိဏ္ဏမန္တရေ။
သာ ရက္ခိတာ ကုစ္ဆိဂတာဝ တေ သဒါ။
ဝါယုဿ ပုတ္တေန သဟ တဟိံ ရတော။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၉။ အမ္ဘော ဒါနဝ၊ အို... ဒါနောရက္ခိုသ်။ တုဝဉ္စ၊ သင်သည်လည်း။ ဧကော၊ တစ်ယောက်တည်း။ တေ၊ သင်သည်။ ပိယာ၊ ချစ်စွာသော။ ဘရိယာ စ၊ မယားကိုလည်း။ အန္တရေ၊ အတွင်း၌။ သမုဂ္ဂပက္ခတ္တာနိကဏ္ဏံ၊ ကြုတ်၌ထည့်၍ မျိုထားအပ်၏။ တေ၊ သင်သည်။ သဒါ၊ အခါခပ်သိမ်း။ ရက္ခိတာ၊ စောင့်ရှောက်အပ်သော။ ကုစ္ဆိဂတာ စ၊ ဝမ်းတွင်း၌ ထားအပ်သည်လည်း ဖြစ်သော။ သာ ဘရိယာ၊ ထိုမယားသည်။ တဟိံ၊ ထိုသင့်ဝမ်းတွင်း၌။ ဝါယုဿပုတ္တေန၊ ဝါယုဿပုတ္တဝိဇ္ဇာဓိုရ်နှင့်။ သဟ၊ တကွ။ ရတော၊ မွေ့လျော်ပျော်ပါး၏။

(ဟရိဿ ပုတ္တေန- ဟူ၍လည်း ပါဌ်အချို့ ရှိ၏။ )

ဒါနောရက္ခိုသ် သင်သည် မတုဂါမကို တစ်ယောက် သော ယောကျ်ားနှင့်သာ ဆက်ဆံသည်ကို ပြုအံ့ ဟု ဝမ်းဖြင့်လည်းလွယ်လျက် မာတုဂါမ၏ သယောက်လင်ကိုလည်း လွယ်၍ သွား၏ဟု ရှင်ရသေ့သည် ဆို၏။

ကြုတ်ကိုအန်၍ ဖွင့်သော်

ဒါနောရက္ခိုသ်သည် ထိုစကားကိုကြား၍ ဝိဇ္ဇာဓိုရ်တို့သည်ကား မာယာများကုန်၏။ ဝိဇ္ဇာဓိုရ်အား လက်၌ သန်လျက်ရှိခဲ့ငြားအံ့၊ ငါ၏ ဝမ်းကိုခွဲ၍ ပြေးလတ္တံ့ ဟု အလွန် ကြောက် သည်ဖြစ်၍ လျင်မြန်စွာ ကြုတ်ကိုအန်၍ ရှေ့မှာထား၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ထိုအကြောင်းကို ပြတော်မူအံ့သောငှာ-

၉၀။ သံဝိဂ္ဂရူပေါ ဣသိနာ ဝိယာကတော၊
သော ဒါနဝေါ တတ္ထ သမုဂ္ဂမုဂ္ဂိလိ။
အဒ္ဒက္ခိ ဘရိယံ သုစိမာလဓာရိနိံ၊
ဝါယုဿပုတ္တေန သဟ တဟိံ ရတံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၉၀။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣသိနာ၊ ရသေ့သည်။ ဝိယာကတော၊ ဟောကြားအပ်သည်ရှိသော်။ သော ဒါနဝေါ၊ ထိုဒါနောရက္ခိုသ်သည်။ သံဝိဂ္ဂရူပေါ၊ ထိတ်လန့်သော သဘောရှိသည်ဖြစ်၍။ တတ္ထ၊ ထိုရသေ့အထံ၌။ သမုဂ္ဂံ၊ ကြုတ်ကို။ ဥဂ္ဂိလိ၊ အန်၏။ တဟိံ၊ ထိုကြုတ်၌။ ဝါယုဿပုတ္တေန၊ ဝါယုဿပုတ္တ ဝိဇ္ဇာဓိုရ်နှင့်။ သဟ၊ တကွ။ ရတံ၊ မွေ့လျော်သော။ သုစိမာလဓာရိနိံ၊ စင်ကြယ်စွာသော ပန်းတို့ကိုပန်သော။ ဘရိယံ၊ မယားကို။ အဒ္ဒက္ခိ၊ မြင်၏။

ဝိဇ္ဇာဓိုရ် ထွက်ပြေးပြီ

ဝိဇ္ဇာဓိုရ်သည် ကြုတ်ကို ဖွင့်တည့်ခြင်းလျှင် မန္တရားကိုမန်း၍ သန်လျက်ကိုကိုင်၍ ကောင်းကင်သို့ ပျံ၏။

ဒါနောရက္ခသ်သည် ထိုဝိဇ္ဇာဓိုရ်ကိုမြင်၍ ဘုရားလောင်းအား နှစ်သက်၍-

၉၁။ သုဒိဋ္ဌရူပမုဂ္ဂတပါနုဝတ္တိနာ၊
ဟီနာ နရာ ယေ ပမဒါဝသံ ဂတာ။
ယထာ ဟဝေ ပါဏရိဝေတ္ထ ရက္ခိတာ၊
ဒုဋ္ဌာ မယိ အညမဘိပ္ပမောဒယိ။
၉၂။ ဒိဝါ စ ရတ္တော စ မယာ ဥပဋ္ဌိတာ၊
တပဿိနာ ဇောတိရိဝါ ဝနေ ဝံသံ။
သာ ဓမ္မမုက္ကမ္မ အဓမ္မမာစရိ၊
အကိရိယရူပေါ ပမဒါဟိ သန္ထဝေါ။
၉၃။ သရီရမဇ္စျမှိ ဌိတာတိ မညဟံ၊
မယှံ အယန္တိ အသတံ အသညတံ။
သာ ဓမ္မမုက္ကမ္မ အဓမ္မမာစရိ၊
အကိရိယရူပေါ ပမဒါဟိ သန္ထဝေါ။
၉၄။ သုရက္ခိတံ မေတိ ကထံ နု ဝိဿသေ။
အနေကစိတ္တာသု နဟတ္ထိ ရက္ခဏာ။
ဧတာဟိ ပါတာလပပါတသန္နိဘာ၊
ဧတ္ထပ္ပမတ္တေ ဗျသနံ နိဂစ္ဆတိ၊
၉၅။ တသ္မာ ဟိ တေ သုခိနော ဝီတသောကာ၊
ယေ မာတုဂါမေဟိ စရန္တိ နိဿဋာ။
ဧတံ သိဝံ ဥတ္တမမာဘိပတ္ထယံ၊
န မာတုဂါမေဟိ ကရေယျ သန္ထဝံ။

ဟူသော ချီးမွမ်းခြင်းလျှင် ရှေ့သွားရှိကုန်သော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၉၁။ ဘန္တေ ဣသိ၊ အရှင်ရသေ့။ ဥဂ္ဂတပါနုဝတ္တိနာ၊ ခြိုးခြံသောအကျင့်သို့ အစဉ်လိုက်သော။ တယာ၊ သင်ရှင်ရသေ့သည်။ ဣဒံ ကာရဏံ၊ ဤအကြောင်းကို။ သုဒိဋ္ဌရူပံ၊ ကောင်းစွာ မြင်အပ်သော သဘောရှိ၏။ ပမဒါဝသံ၊ မိန်းမနိုင်ငံသို့။ ဂတာ၊ လိုက်ကုန်သော။ နရာ၊ လူတို့သည်။ ဟီနာ၊ ယုတ်မာကုန်၏။ ယထာ ယာ ဣတ္ထီ၊ အကြင်မိန်းမကို။ မယာ၊ အကျွန်ုပ်သည်။ ဟဝေ၊ စင်စစ်။ ပါဏရိဝ၊ အသက်ကဲ့သို့။ ဧတ္ထ၊ ဤဝမ်းတွင်း၌။ ရက္ခိတာ၊ စောင့်ရှောက် အပ်၏။ သာ ဣတ္ထီ၊ ထိုမိန်းမသည်။ မယိ၊ အကျွန်ုပ်၌။ ဒုဋ္ဌာ၊ ပြစ်မှား၍။ အညံ၊ တစ်ပါးသော ယောကျ်ားကို။ အဘိပ္ပမောဒယိ၊ မွေ့လျော်စေ၏။

֍ ဋ္ဌ ၉၂။ ဝနေ၊ တော၌။ ဝသံ- ဝသန္တေန၊ နေသော။ တပဿိနာ၊ ရသေ့သည်။ ဇောတိံ၊ မီးကို။ ဥပဋ္ဌိတာ ဣဝ၊ လုပ်ကျွေး သကဲ့သို့။ မယာ၊ အကျွန်ုပ်သည်။ ယာ ဣတ္ထီ၊ အကြင်မိန်းမကို။ ဒိဝါစ၊ နေ့၌ လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌ လည်းကောင်း။ ဥပဋ္ဌိတာ၊ လုပ်ကျွေး၏။ သာ ဣတ္ထီ၊ ထိုမိန်းမသည်။ ဓမ္မံ၊ တရားကို။ ဩက္ကမ္မ၊ လွန်၍။ အဓမ္မံ၊ တရားမဟုတ်သည်ကို။ အစရိ၊ ကျင့်၏။ ပမဒါဟိ၊ မိန်းမတို့နှင့်။ သန္ထဝေါ၊ ပေါင်းဖော်ခြင်းကို။ အကိရိယရူပေါ၊ မပြုအပ်သော သဘောရှိ၏။

֍ ဋ္ဌ ၉၃။ အဟံ၊ အကျွန်ုပ်သည်။ အသတိံ၊ မသူတော်သဘောနှင့် ပြည့်စုံသော။ အသညတံ၊ ကိုယ်နှုတ်နှလုံးကို မစောင့်ရှောက်သော မိန်းမကို။ အယံ၊ ဤမိန်းမသည်။ မယှံ၊ ငါ၏။ သရီရမဇ္ဈမှိ၊ ကိုယ်၏ အလယ်၌။ ဌိတာတိ၊ တည်၏ဟူ၍။ ဣတိ၊ ဤသို့။ အဟံ၊ အကျွန်ုပ်။ မညေ၊ ထင်မှတ်မိ၏။ သာ ဣတ္ထီ၊ ထိုမိန်းမသည်။ ဓမ္မံ၊ တရားကို။ ဩက္ကမ္မ၊ လွန်ကျူး၍။ အဓမ္မံ၊ တရားမဟုတ်သည်ကို။ အစရိ၊ ကျင့်၏။ ပမဒါဟိ၊ မိန်းမတို့နှင့်။ သန္ထဝေါ၊ ပေါင်းဖော်ခြင်းကို။ အကိရိယရူပေါ၊ မပြုအပ်သော သဘောရှိ၏။

֍ ဋ္ဌ ၉၄။ မေ၊ ငါသည်။ သုရက္ခိတံ၊ ကောင်းစွာ စောင့်ရှောက်ခြင်းကို။ ကတံ၊ ပြုအပ်ပြီ။ ဣတိ၊ ဤသို့။ မာတုဂါမေ၊ မာတုဂါမ၌။ ပဏ္ဍိတော၊ ပညာရှိသည်။ ကထံ နု ဝိဿသေ၊ အဘယ်သို့လျှင် အကျွမ်းဝင်အံ့နည်း။ ဧတ္ထ၊ ဤမာတုဂါမ၌။ အနေကစိတ္တာသု၊ များသော ဆန်းကြယ်ခြင်းရှိကုန်သော မိန်းမတို့၌။ ရက္ခဏာ၊ စောင့်ရှောက်ခြင်းသည်။ န ဟိ အတ္ထိ၊ မရှိသည်သာလျှင်တည်း။ ဟိ သစ္စံ၊ မှန်၏။ ဧတာ၊ ထိုမိန်းမတို့သည်။ ပါတာလပပါတသန္နိဘာ၊ သမုဒ္ဒရာ၌ ဗလဝါမုခဟု ဆိုအပ်သာ ချောက်နှင့်တူကုန်၏။ ဧတ္ထ၊ ဤမာတုဂါမ၌။ ပမတ္တော၊ မေ့လျောသော သူသည်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ နိဂစ္ဆတိ၊ ရောက်၏။

֍ ဋ္ဌ ၉၅။ တသ္မာဟိ၊ ထို့ကြောင့်လျှင်။ ယေ၊ အကြင်ပညာရှိတို့သည်။ မာတုဂါမေဟိ၊ မိန်းမတို့မှ။ နိဿဋာ၊ ကင်းကုန်သည်ဖြစ်၍။ စရန္တိ၊ ကျင့်ကုန်၏။ တေ၊ ထိုပညာရှိတို့သည်။ သုခိနော၊ ချမ်းသာကုန်၏။ ဝီတသောကာ၊ စိုးရိမ်ခြင်း ကင်းကုန်၏။ ဥတ္တမံ၊ မြတ်သော။ သိဝံ၊ ငြိမ်းချမ်းသော။ ဧတံ၊ ထိုဈာန်ချမ်းသာကို။ အဘိပတ္ထယံ၊ တောင့်တသော သူသည်။ မာတုဂါမေဟိ၊ မာတုဂါမတို့နှင့်။ သန္ထဝံ၊ ပေါင်းဖော်ခြင်းကို။ န ကရေ၊ မပြုရာ။

ဤသို့ဆို၍ ဒါနောရက္ခိုသ်သည် ဘုရားလောင်း၏ ခြေတို့၌ ရှိခိုး၍ ဘုန်းတော်ကြီးသော အရှင်ဘုရား အရှင်ဘုရားကိုမှီ၍ အကျွန်ုပ်သည် အသက်ကို ရအပ်၏။ ဤယုတ်မာသော အကျင့်ရှိသော မိန်းမသည် အကျွန်ုပ်အား ဝိဇ္ဇာဓိုရ်ကို သတ်စေ၏ ဟု ဆို၍ ဘုရားလောင်းအား ချီးမွမ်း၏။

မိန်းမကို ပြန်လွှတ်ပြီ

ဘုရားလောင်းသည်လည်း ဒါနောရက္ခိုသ်အား တရားဟော၍ ဤမိန်းမအား တစ်စုံတစ်ခုသော မကောင်းမှုကို သင် မပြုလင့်၊ သင်သည် သီလကို ယူလော့ ဟု ဆို၍ ပဉ္စသီတို့၌ တည်စေ၏။

ဒါနောရက္ခိုသ်သည် ငါကား ဝမ်းဖြင့်လွယ်ငြားသော်လည်း ထိုမိန်းမကို စောင့်ရှောက်ခြင်းငှာ မတတ်နိုင်၊ ငါမှတစ်ပါးသော အဘယ်သူသည် စောင့်ရှောက်နိုင်လတ္တံ့နည်း ဟု ထိုမိန်းမကို လွှတ်လိုက်၍ မိမိတောသို့လျှင် သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဒိဗ္ဗစက္ခုရသေ့ ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

စောင့်ရှောက်လျက်ပင်၊ ယုတ်မာချင်၊ များပင်မိန်းမတွေ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သမုဂ္ဂဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၁၁။ ပူတိမံသဇာတ်

မကြည့်သင့်သောအခါ၌ ကြည့်၍ ဆုံးရှုံးခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် န ခေါ မေ ရုစ္စတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပူတိမံသဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဣန္ဒြေတို့ကို မစောင့်ရှောက်ခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... အခါတစ်ပါး၌ များစွာကုန်သော ရဟန်းတို့သည် ဣန္ဒြေတို့၌ မစောင့်ရှောက်သော ဒွါရရှိကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဤရဟန်းတို့ကို ဆုံးမခြင်းငှာ သင့်၏ ဟု အရှင်အာနန္ဒာမထေရ်အား မိန့်တော်မူပြီး အသီးအခြား မမှတ်ဘဲ ရဟန်းသံဃာကို စည်းဝေးစေ၍ တန် ဆာဆင်အပ်သော မြတ်သောနေရာ အလယ်၌ နေတော်မူလျက် များစွာကုန်သော ရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့... ရဟန်းမည်သည်ကား ရူပါရုံ အစရှိသည်တို့၌ တင့်တယ်သည်၏ အစွမ်းအားဖြင့် အာရုံကိုယူခြင်းငှာ မအပ်၊ တင့်တယ်သည်၏ အစွမ်းအားဖြင့် အာရုံကို ယူသောအခါ၌ အကယ်၍ သေငြားအံ့၊ ငရဲအစရှိသည်တို့၌ ဖြစ်၏။ ထို့ကြောင့် ရူပါရုံအစရှိသည်တို့၌ တင့်တယ်သည်၏ အစွမ်းအားဖြင့် အာရုံကို မယူကုန်လင့်၊ ရဟန်းတို့ မည်သည်ကား ရူပါရုံအစရှိသည်တို့၌ အာရုံကို ယူတတ်သည် မဖြစ်ရာ။ ရူပါရုံ အစရှိသည်တို့၌ အာရုံကို ယူကုန်သော ရဟန်းတို့သည် မျက်မှောက်သော ကိုယ်၏ အဖြစ်၌လျှင် ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ကုန်၏။ ထိုကြောင့် ရဟန်းတို့... ဤသာသနာတော်၌ ပြောင်ပြောင်တောက်သော သံချောင်းဖြင့် စက္ခုပသာဒကို ထိုးခြင်းသည် မြတ်၏ ဤသို့ အစရှိသည်ဖြင့် ချဲ့တော်မူ၍ ရဟန်းတို့ ... သင်တို့အား ရူပါရုံကို ကြည့်သောကာလသည်လည်း ရှိ၏။ မကြည့်သော ကာလသည်လည်း ရှိ၏။ ကြည့်သောကာလ၌ အသုဘ၏ အစွမ်းအားဖြင့် ကြည့်ကြကုန်လော့၊ ဤသို့ အသုဘ၏ အစွမ်းအားဖြင့် ကြည့်ကြကုန်သည်ရှိသော် မိမိ၏အာရုံကို မယုတ်စေလတ္တံ့၊ သင်တို့၏ အာရုံတို့သည် အဘယ်သည်တို့နည်းဟူမူကား- သတိပဋ္ဌာန်လေးပါး, သမ္မပ္ပဓာန်လေးပါး, ဣဒ္ဓိပါဒ်လေးပါး, မြတ်သော အဋ္ဌင်္ဂိကမဂ္ဂင်, ကိုးပါးသော လောကုတ္တရာတရား ဤသည်တို့ကား သင်တို့၏ အာရုံတို့တည်း၊ ဤအာရုံ၌ ကျက်စားကုန်သော သင်တို့အား မာရ်သည် အခွင့်ကို မရလတ္တံ့၊ ကိလေသာ၏ အလိုသို့ လိုက်သည်ဖြစ်၍ သုဘအာရုံ၏ အစွမ်းအားဖြင့် အကယ်၍ ကြည့်ကုန်အံ့၊ ပူတိမုသမည်သော မြေခွေးကဲ့သို့ မိမိအာရုံမှ ယုတ်ကုန်လတ္တံ့ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗဒရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဟိမဝန္တာအရပ်ဝယ် တော၌ တောင်လိုဏ်ဝယ် အရာမက များစွာကုန်သော ဆိတ်တို့သည် နေကုန်၏။

မြေခွေးတို့ ဆိတ်သားစားကြ

ထိုဆိတ်တို့၏ နေရာအရပ်မှ မနီးမဝေးသော အရပ်ဝယ် တစ်ခုသောလိုဏ်၌ ပူတိမံသမည်သော မြေခွေးသည် ဝေဏီမည်သော မယားနှင့်တကွပင် ကျက်စားလတ်သော် ထိုဆိတ်တို့ကို မြင်၍ တစ်ခုသော ဥပါယ်ဖြင့် ဤဆိတ်တို့၏ အသားကို စားခြင်းငှာ သင့်၏ ဟု ကြံ၍ ဥပါယ်အားဖြင့် တစ်ခုသော ဆိတ်ကို သတ်၏။

ပညာရှိ ဆိတ်မကိုစားရန်

ထိုမြေခွေးလင်မယား နှစ်ခုတို့သည်လည်း ဆိတ်သားကို စားကုန်လျက် အားနှင့်ပြည့်စုံကုန်၏။ ဆူဖြိုးသော ကိုယ်ရှိကုန်၏။ အစဉ်သဖြင့် ဆိတ်တို့သည် ကုန်ခြင်းသို့ ရောက်ကုန်၏။ ထိုဆိတ်တို့၏ အတွင်း၌ မေဏ္ဍကမာတာ မည်သော တစ်ခုသော ဆိတ်မသည် ပညာရှိ၏။ ဥပါယ်၌ လိမ္မာ၏။ ပူတိမံသ မြေခွေးသည် ထိုမေဏ္ဍကမာတာ မည်သော ဆွတ်မကို သတ်အံ့သောငှာ မတတ်နိုင်ရကား တစ်နေ့သ၌ မယားနှင့်တကွ တိုင်ပင်လတ်သော် ရှင်မ ဆိတ်တို့သည် ကုန်ကုန်ပြီ၊ ဤမေဏ္ဍကမာတာ မည်သော ဆိတ်မကို တစ်ခုသော ဥပါယ်ဖြင့် စားခြင်းကို ပြုအံ့သောငှာ သင့်၏။ ဤဆိတ်မကို သတ်ရာ၌ အကြောင်း ဤသို့ ရှိ၏။ သင်သည် တစ်ခုတည်းလျှင် သွား၍ ထိုဆိတ်မနှင့်တကွ အဆွေ ခင်ပွန်းဖြစ်လော့၊ သင်သည် ထိုဆိတ်မနှင့် အကျွမ်းဝင်လတ်သော် ငါသည် သေဟန်ပြု၍ အိပ်အံ့၊ သင်သည် ဆိတ်မ၏ အထံသို့ ဆည်း ကပ်၍ မေဏ္ဍကမာတာ မည်သော အဆွေ ခင်ပွန်း ဆိတ်မ ငါ့လင်သည် သေ၏။ ငါသည် ကိုးကွယ်ရာမရှိ ဖြစ်၏။ သင့်ကိုထား၍ ငါ့အား တပါးသော အဆွေအမျိုးသည် မရှိ။ လာလော့၊ လာလော့ဟု ဆို၍ ငို၍ ငါ့လင်၏အကောင်ကို သင်္ဂြိုဟ်ကိစ္စကို ပြုကုန်အံ့ဟု ဆို၍ ထိုမေဏ္ဍကမာတာ ဆိတ်မကိုခေါ်၍ လာလော့၊ ထိုအခါ ငါသည် ခုန်၍ လည်၌ကိုက်၍ သတ်အံ့ဟု ဆို၏။

ဝေဏီမည်သော မြေခွေးမသည် ကောင်းပြီဟု ဝန်ခံ၍ မေဏ္ဍကမာတာမည်သော ဆိတ်မနှင့်တကွ အဆွေခင်ပွန်းဖွဲ့၍ အကျွမ်းဝင်လတ်သော် ဆိတ်မကို လင်မှာတိုင်း ဆို၏။ ဆိတ်မသည် အဆွေခင်ပွန်း မြေခွေးမ သင်၏လင်သည် ငါ၏ခပ်သိမ်းသော အဆွေအမျိုးတို့ကို စားအပ်ကုန်ပြီ၊ ငါသည် ကြောက်၏။ သွားခြင်းငှာ မဝံ့ ဟု ဆို၏။

သတိနှင့်လိုက်ခဲ့၍ သိ

ဝေဏီမည်သော မြေခွေးမသည် အဆွေဆိတ်မ သင်သည် မကြောက်လင့်၊ သေပြီးသော မြေခွေးသည် သင့်ကို အဘယ်သို့ ပြုလတ္တံ့နည်းဟု ဆို၏။ အဆွေခင်ပွန်း မြေခွေးမ သင်၏လင်သည် ထက်သော အတိုင်အပင်ရှိ၏။ ငါသည် ကြောက်၏ဟု ဆိတ်မသည်ဆို၍ မြေခွေးမသည် အဖန်တလဲလဲ တောင်းပန်အပ်သည်ရှိသော် စင်စစ် သေသည်ဖြစ်လတ္တံ့ဟု မြေခွေးနှင့်တကွ သွား၏။ သွားသည်ရှိသော်ကား အဘယ်သို့ ပြုလတ္တံ့သည်ကို အဘယ်သူ သိနိုင်အံ့နည်းဟု ထိုမြေခွေး၌ ရွံရှားရကား မြေခွေးမကို ရှေ့ကထား၍ မြေခွေးကို ဆင်ခြင်လျက် သွား၏။ မြေခွေးသည် ဆိတ်မ မြေခွေးမတို့၏ ခြေသံကိုကြား၍ ဆိတ်မသည် လာပြီလောဟု ဦးခေါင်းကို ထောင်၍ပြန်၍ ကြည့်၏။ ဆိတ်မသည် ထိုသို့ပြုသော မြေခွေးကိုမြင်၍ ဤယုတ်မာစွာသော သဘောရှိသော မြေခွေးမသည် ငါ့ကိုလှည့်စား၍ သတ်လို၏။ ထို့ကြောင့် ထိုမြေခွေးမ၏လင်သည် သေဟန်ပြု၍ အိပ်၏ဟု ပြန်၏။

မြေခွေးမသည် အဆွေခင်ပွန်းဆိတ်မ အဘယ့်ကြောင့် ပြန်သနည်းဟု ဆိုလတ်သော် ထိုအကြောင်းကို ဆိုလို၍-

၉၆။ န ခေါ မေ ရုစ္စတိ အာဠိ၊ ပူတိမံသဿ ပေက္ခနာ။
ဧတာဒိသာ သခါရသ္မာ၊ အာရကာ ပရိဝဇ္ဇယေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၉၆။ အာဠိ၊ အဆွေခင်ပွန်းမ။ ပူတိမံသဿ၊ ပူတိမံသမြေခွေး၏။ က္ခေနာ၊ ကြည့်ခြင်းကို။ မေ၊ ငါသည်။ န ခေါ ရုစ္စတိ၊ မနှစ်သက်။ ဧတာဒိသာ၊ ဤသို့သဘောရှိသော။ သခါရသ္မာ၊ အဆွေ ခင်ပွန်းမှ။ အာရကာ၊ ဝေးစွာ။ ပရိဝဇ္ဇယေ၊ ကြဉ်ရာ၏။

ဤသို့ဆိုပြီး၍ ထိုဆိတ်မသည် ပြန်လျှင်၍ မိမိနေရာသို့လျှင် သွား၏။ မြေခွေးမသည် ဆိတ်မကို ပြန်လည်စိမ့်သောငှာ မတတ်နိုင်ရကား ဆိတ်မအား အမျက်ထွက်၍ မိမိလင်၏ အထံသို့လျှင် သွား၍ မှိုင်လျက် နေ၏။ ထိုအခါ မြေခွေးမကို ပူတိမံသမြေခွေးသည် ကဲ့ရဲ့လိုရကား-

၉၇။ ဥမ္မတ္တိကာ အယံ ဝေဏီ၊ ဝဏ္ဏေတိ ပတိနော သခိံ။
ပဇ္ဈာယိ ပဋိဂစ္ဆန္တိံ၊ အာဂတံ မေဏ္ဍကမာတရံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၉၇။ အယံ ဝေဏီ၊ ဤဝေဏီမည်သော မြေခွေးမသည်။ ဥမ္မတ္တိကာ၊ ရူး၏။ ပတိနော၊ လင်၏။ သန္တိကေ၊ အထံ၌။ သခိံ၊ အဆွေခင်ပွန်းဖြစ်သော ဆိတ်မကို။ ဝဏ္ဏေတိ၊ ချီးမွမ်း၏။ ဣဒါနိ၊ ယခု။ အာဂတံ၊ လာလျက်။ ပဋိဂစ္ဆန္တိံ၊ တဖန် ပြန်သွားသော။ မေဏ္ဍကမာတရံ၊ မေဏ္ဍကမာတာမည်သော ဆိတ်မကို။ ပဇ္ဈာယိ၊ စိုးရိမ်၏။

မြေခွေးမသည် ထိုစကားကို ကြား၍-

၉၈။ တွံ ခေါသိ သမ္မ ဥမ္မတ္တော၊ ဒုမ္မေဓော အဝိစက္ခဏော။
ယောတွံ မတာလယံ ကတွာ၊ အကာလေန ဝိပေက္ခသိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၈။ သမ္မ ပူတိမံသ၊ အမောင်ပူတိမံသ။ ယော တွံ၊ အကြင် သင်သည်။ မတာလယံ၊ သေဟန်ကို။ ကတွာ၊ ပြု၍။ အကာလေန၊ အခါမဟုတ်သည်၌။ ဝိပေက္ခသိ၊ ကြည့်၏။ သော တွံ ခေါ၊ ထိုသင်သည်သာလျှင်။ ဥမ္မတ္တော၊ ရူးသည်။ ဒုမ္မေဓော၊ ပညာမရှိသည်။ အဝိစက္ခဏော၊ အမြော်အမြင်မရှိသည်။ အသိ၊ ဖြစ်၏။

ကြည့်သင့်မှကြည့်

သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၉၉။ န အကာလေ ဝိပေက္ခေယျ၊
ကာလေ ပေက္ခေယျ ပဏ္ဍိတာ။
ပူတိမံသောဝ ပဇ္စျာယိ၊ ယော အကာလေ ဝိပေက္ခတိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၉၉။ ဘိက္ခဝေ၊ ရဟန်းတို့။ ပဏ္ဍိတော၊ ပညာရှိသည်။ အကာလေ၊ ကာမဂုဏ်တို့ကို အာရုံပြု၍ တင့်တယ်သည်၏ အစွမ်းအားဖြင့် စိတ်ဖြစ်သော ကာလ၌။ န ဝိပက္ခေယျ၊ မကြည့်ရာ။ ကာလေ၊ အသုဘ၏အစွမ်းအားဖြင့် လည်းကောင်း, အနုဿတိ၏ အစွမ်းအားဖြင့်လည်းကောင်း, ကသိုဏ်း၏အစွမ်းဖြင့် လည်းကောင်း, အာရုံကိုယူသော ကာလ၌။ ပေက္ခေယျ၊ ကြည့်ရာ၏။ ယော၊ အကြင်သူသည်။ အကာလေ၊ ကာမဂုဏ်တို့ကို အာရုံပြု၍ သုဘ၏အစွမ်းအားဖြင့် စိတ်ဖြစ်သော ကာလ၌။ ဝိပေက္ခတိ၊ ကြည့်၏။ သော၊ ထိုသူသည်။ ပူတိမံသောဝ၊ ပူတိမံသ မြေခွေးကဲ့သို့။ ပဇ္စျာယိ၊ စိုးရိမ်ပင်ပန်းရ၏။

နောက်ထပ်လှည့်စားခေါ်

ဝေဏီမည်သော မြေခွေးမသည်လည်း ပူတိမံသကိုနှစ်သိမ့်စေ၍ အရှင်သင်မစိုးရိမ်လင့်၊ ငါသည် မေဏ္ဍက မာတာကို တစ်ဖန်လည်း ဥပါယ်အားဖြင့် ဆောင်အံ့၊ လာသောကာလ၌ မမေ့မလျော့ ဖမ်းလော့ ဟု ဆို၍ မေဏ္ဍက မာတာ၏ အထံသို့သွား၍ အဆွေခင်ပွန်းမ သင်လာသော ကာလ၌လျှင် ငါတို့အား အကျိုးစီးပွားသည် ဖြစ်၏။ သင်လာသော ကာလ၌လျှင် ငါ့လင်သည် သတိရ၏။ ယခု ရှင်မ၏ ငါ့လင်နှင့်တကွ ပဋိသန္ထာရကို သင် မပြုရသေး ဟု ဆိုလို၍-

၁၀၀။ ပိယံ ခေါ အာဠိ မေ ဟောတု၊ ပုဏ္ဏပတ္တံ ဒဒါဟိ မေ။
ပတိ သဉ္ဇီဝိတော မယှံ၊ ဧယျာသိ ပိယ ပုစ္ဆိကာ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၀။ အာဠိ၊ အဆွေခင်ပွန်းဖြစ်သော ရှင်မ။ မေ၊ ငါ့အား။ ပိယံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ မေ၊ ငါ၏။ ပုဏ္ဏပတ္တံ၊ နှစ်သက်သော ပေးကမ်းခြင်းကို။ တွံ၊ သင်သည်။ ဒဒါဟိ၊ ပေးလော့။ မယှံ၊ ငါ၏။ ပတိ၊ လင်သည်။ သဉ္ဇီဝိတော၊ အသက်ရှင်၍ထ၏။ ပိယပုစ္ဆိကာ၊ ငါ၏ လင်ကို မေးအံ့သောငှာ။ ဧယျာသိ၊ ငါနှင့်တကွ လိုက်လော့။

အပေါင်းအသင်းနဲ့ လာခဲ့မယ်

ဆိတ်မသည် ယုတ်မာစွာသော သဘောရှိသော ဤမြေခွေးမကား ငါ့ကို လှည့်စားလို၏။ ဆန့်ကျင်ဘက်ကို ပြုခြင်းသည်ကား ငါ့အား မလျောက်ပတ်၊ ဥပါယ်အားဖြင့် မြေခွေးမကို ငါ လှည့်စားအံ့ ဟု ကြံ၍-

၁၀၁။ ပိယံ ခေါ အာဠိ တေ ဟောတု၊ ပုဏ္ဏပတ္တံ ဒဒါမိ တေ။
မဟတာ ပရိဝါရေန၊ ဧဿံ ကယိရာဟိ ဘောဇနံ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၁။ အာဠိ၊ အဆွေခင်ပွန်းမ။ တေ၊ သင့်အား။ ပိယံ ခေါ၊ ချစ်ခြင်းသည်သာလျှင်။ ဟောတု၊ ဖြစ်စေသတည်း။ တေ၊ သင်အား။ ပုဏ္ဏပတ္တံ၊ နှစ်သက်သော ပေးကမ်းခြင်းကို။ ဒဒါမိ၊ ငါပေးအံ့။ မဟတာ၊ များစွာသော။ ပရိဝါရေန၊ အခြံအရံဖြင့်။ ဧဿံ၊ ငါလာအံ့။ ဘောဇနံ၊ အစာကို။ ကယိရာဟိ၊ ပြုလင့်လော့။

အပေါင်းအသင်းက ဘယ်သူတွေလဲ

ထိုအခါ မေဏ္ဍကမာတာကို ဝေဏီမည်သော မြေခွေးမသည် အခြံအရံကို မေးလို၍-

၁၀၂။ ကီဒိသော တုယှံ ပရိဝါရော၊
ယေသံ ကာဟာမိ ဘောဇနံ။
ကိံနာမကာ စ တေ သဗ္ဗေ၊ တံ မေ အက္ခာဟိ ပုစ္ဆတာ။

ဟူသာ ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၂။ အာဠိ၊ အဆွေခင်ပွန်းမ။ ယေသံ၊ အကြင် အခြံအရံတို့၏။ အတ္ထာယ၊ အကျိုးငှာ။ အဟံ၊ ငါသည်။ ဘောဇနံ၊ အစာကို။ ကာဟာမိ၊ ပြုရအံ့။ တုယှံ၊ သင်၏။ သော ပရိဝါရော၊ ထိုအခြံအရံသည်။ ကီဒိသော၊ အဘယ်သို့ သဘောရှိသနည်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေ၊ ထိုအခြံအရံတို့သည်။ ကိံနာမကာ စ၊ အဘယ် အမည်လည်း ရှိကုန်သနည်း။ ပုစ္ဆိတာ၊ မေးအပ်သော ရှင်မသည်။ မေ၊ ငါ့အား။ တံ၊ ထိုအခြံအရံကို။ အက္ခာဟိ၊ ကြားလော့ာ

ဆိတ်မသည် အခြံအရံကို ကြားလိုရကား-

၁၀၃။ မာလိယော စတုရက္ခော စ၊
ပိင်္ဂိယော အထ ဇမ္ဗုကော။
ဧဒိသော မယှံ ပရိဝါရော၊
တေသံ ကယိရာဟိ ဘောဇနံ။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၃။ အာဠိ၊ အဆွေခင်ပွန်းမ။ မာလိယော၊ မာလိယမြေခွေးလည်းကောင်း။ စတုရက္ခော စ၊ စတုရက္ခမြေခွေးလည်းကောင်း။ ပိင်္ဂိယော၊ ပိင်္ဂိယမြေခွေးလည်းကောင်း။ ဧဒိသော၊ ဤသို့သဘောရှိသော မြေခွေးအပေါင်းသည်။ မယှံ၊ ငါ၏။ ပရိဝါရော၊ အခြံအရံတည်း။ တေသံ၊ ထို အခြံအရံတို့၏။ အတ္ထာယ၊ အကျိုးငှာ။ တွံ၊ သင်သည်။ ဘောဇနံ၊ အစာကို။ ကယိရာဟိ၊ ပြုလင့်လော့။

မြေခွေး ၂၀၀၀

မာလိယ အစရှိကုန်သော မြေခွေးလေးကောင်တို့တွင် တစ်ကောင်တစ်ကောင်သော မြေခွေးတို့အား ငါးရာ, ငါးရာစီ အခြံအရံ ရှိကုန်၏။ ဤမြေခွေးနှစ်ထောင်တို့ဖြင့် ခြံရံလျက် ငါလာအံ့ ဟု ဆိုပြီး ထိုမြေခွေးတို့သည် အစာကို မရကုန်အံ့၊ သင်တို့ လင်မယားနှစ်ယောက်တို့ကို သတ်၍ စားကုန်လတ္တံ့ ဟု ဆို၏။ ထိုစကားကိုကြား၍ မြေခွေးမသည် ကြောက်ရကား ဤဆိတ်မ၏ ငါတို့နေရာသို့ လာခြင်းဖြင့် အကျိုးမရှိ၊ ဥပါယ်အားဖြင့် ဆိတ်မကို ငါသည် မလာအေင် ပြုအံ့ ဟု ကြံလို၍-

တော်ပါပြီ၊ သွားမယ်

၁၀၄။ နိက္ခန္တာယ အဂါရသ္မာ၊ ဘဏ္ဍကမ္ပိ ဝိနဿတိ။
အာရောဂျံ အာဠိနော ဝဇ္ဇံ၊ ဣဓေဝ ဝသမာဂမာ။

ဟူသော ကိုးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၄။ အာဠိ၊ အဆွေခင်ပွန်းမ။ တယာ၊ သင်သည်။ အဂါရသ္မာ၊ အိမ်မှ။ နိက္ခန္တာယ၊ ထွက်သည်ရှိသော်။ ဘဏ္ဍကမ္ပိ၊ ဥစ္စာဘဏ္ဍာအပေါင်းသည်လည်း။ ဝိနဿတိ၊ ပျက်စီးရာ၏။ အာဠိနော၊ အဆွေခင်ပွန်းမ၏။ အာရောဂျံ၊ အနာကင်းသော အဖြစ်ကို။ ဝဇ္ဇံ၊ ငါ ပြောဆိုအံ့။ တွံ၊ သင်အဆွေ ခင်ပွန်းသည်။ ဣဓေဝ၊ ဤအရပ်၌သာလျှင်။ ဝသ၊ နေလော့။ မာ ဂမာ၊ မလာလင့်။

ဤသို့ဆို၍ သေဘေးမှကြောက်ရကား လျင်မြန်သော အဟုန်ဖြင့် လင်၏အထံသို့ သွား၍ ထိုလင်ကိုခေါ်၍ ပြေး၏။ ထိုမြေခွေးလင်မယားတို့သည် တစ်ဖန် ထိုအရပ်သို့ သွားအံ့သောငှာ မဝံကုန်။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည် ထိုအရပ်ဝယ် တောစိုး သစ်ပင်၌ ရုက္ခစိုးနတ် ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

စဉ်းလဲသူအား၊ ပြန်လှည့်စား၊ ကင်းပါးကြရာသည်

တစ်ဆယ့်တစ်တို့၏ ပြည့်ကြောင်းဖြစ်သော ပူတိမံသဇာတ်သည် ပြီး၏။

*****

နဝကနိပါတ်

၁၂။ တိတ္တိရဇာတ်

သနားကရုဏာကင်းသော ရသေ့စဉ်းလဲအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယော တေ ပုတ္တကေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတိတ္တိရဇာတ်ကို ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်သည် သတ်အံ့ငှာ လုံ့လပြုခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ ဒေဝဒတ်သည် အရှက်မရှိ၊ သူတော်ကောင်းမဟုတ်၊ ဤသို့ မြတ်သော ဂုဏ်ကျေးဇူးကိုဆောင်သော သဗ္ဗညူမြတ်စွာဘုရားအား အဇာတသတ်နှင့်တကွ တပေါင်းတည်းပြု၍ လေးသမားတို့ကို စေလွှတ်ခြင်း ကျောက်ကိုလှိမ့်ခြင်း, နာဠာဂိရိဆင်ကို လွှတ်ခြင်းတို့ဖြင့် သတ်အံ့သောငှာ အားထုတ်၏ ဟု စကားကို ဖြစ်စေကုန်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့... ယခုအခါ အဘယ်စကားဖြင့်စည်းဝေးကြကုန် နည်းဟုမေးတော်မူလတ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ငါ့အား သတ်အံ့သောငှာ လုံ့လပြုသည် မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုသည်သာလျှင်တည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် တစ်ယောက်သော ဒိသာပါမောက္ခ ဆရာသည် လုလင်ငါးရာတို့အား အတတ်သင်လျက် တစ်နေ့သ၌ ဗာရာဏသီပြည်၌ နေသော ငါ့အား ပလိဗောဓသည် ရှိ၏ ဟု ထိုလုလင်တို့အား အတတ်သည် အပြီးသို့မရောက်မီ ဟိမဝန္တာတောအရပ်သို့ ဝင်၍ ခရီးမှ မနီးမဝေးသော အရပ်ဝယ် ကျောင်းဆောက်၍နေအံ့ ဟု ကြံ၏။ ကြံပြီး၍ ကြံတိုင်းနေ၏။ လုလင်တို့သည်လည်း မိမိ မိမိတို့အဖို့ ကျောင်းကို ဆောက်ကုန်၏။

တောထဲမှာ ပညာသင်

လုလင်တို့၏ ဆွေမျိုးတို့သည် လုလင်တို့အား ဆန်အစရှိသည်တို့ကို ပို့ကုန်၏။ တိုင်း၌နေကုန်သော သူတို့သည်လည်း ဒိသာပါမောက္ခဆရာသည် တောဝယ် ဤအမည်ရှိသော အရပ်၌ နေလျက် လုလင်တို့အား အတတ်ကို သင်စေ၏ ဟု ထိုဒိပါမောက္ခဆရာအား ဆန်အစရှိသည်တို့ကို ပို့ကုန်၏။ ကန္တာရခရီးသွားတို့သည်လည်း ဒိသာပါမောက္ခဆရာအား လှူဒါန်းကုန်၏။ မထင်ရှားသော ယောကျ်ားတစ်ယောက်သည် နို့ရည်သောက်စိမ့်သောငှာ သားငယ်နှင့်တကွ နွားမကို လှူ၏။

ဆရာသေဆုံး

ဆရာ၏ ကျောင်းအနီး၌ နှစ်ခုသော သားငယ်တို့နှင့်တကွ တစ်ခုသော ဖွတ်မသည် နေ၏။ ခြင်္သေ့, ကျားတို့သည်လည်း ဒိသာပါမောက္ခဆရာအား ခစားအံ့သောငှာ လာကုန်၏။ တစ်ခုသော ခါသည်လည်း ထိုအရပ်၌ အမြဲနေ၏။ ထိုခါသည် ဒိသာပါမောက္ခဆရာ၏လည်းကောင်း တပည့်လုလင်တို့၏လည်းကောင်း ဗေဒင်ရွတ်အံ့သရဇ္စျာယ်သံကို နာ၍ ဗေဒင်သုံးပုံကိုလည်း တတ်၏။ လုလင်တို့သည် ခါနှင့်တကွ အလွန်အကျွမ်းဝင်ကုန်၏။ နောက်အဖို့၌ လုလင်တို့သည် အတတ်၏ အပြီးသို့ မရောက်ကုန်မီလျှင် ဆရာသည် သေလွန်၏။ လုလင်တို့သည် ဆရာ၏ အလောင်းကို သင်္ဂြိုဟ်၍ သဲဖြင့် စေတီတည်၍ အထူးထူးသော ပန်းတို့ဖြင့် ပူဇော်၍ ငိုကြွေးကုန်၏။

ခါက ပညာဆက်သင်

ထိုအခါ ထိုလုလင်တို့ကို ခါသည် လုလင်တို့ သင်တို့သည် အဘယ့်ကြောင့် ငိုကြွေးကုန်ပါသနည်း ဟု ဆို၏။ ဆရာသည် ငါတို့၏ အတတ်သည် အပြီးသို့မရောက်မီလျှင် သေလွန်၏။ ထို့ကြောင့် ငါတို့သည် ငိုကုန်၏ ဟု လုလင်တို့သည် ဆိုကုန်၏။ ဤသို့ဖြစ်သည်ရှိသော် သင်တို့သည် မစိုးရိမ်ကုန်လင့်၊ ငါသည် သင်တို့အား ဗေဒင်ကို သင်ကြားအံ့ ဟု ခါသည် ဆို၏။ သင်သည် အဘယ်သို့ပြု၍ ဗေဒင်ကိုတတ်သနည်း ဟု လုလင်တို့သည် မေးကုန်၏။ ငါသည် သင်တို့အား ဆရာသင်သည်ရှိသော် နာ၍ ဗေဒင်သုံးပုံတို့ကို တတ်၏ ဟု ခါသည်ဆို၏။ ထိုသို့တပြီးကား မိမိ၏ လေ့လာပွန်းတီးသော အဖြစ်ကို ငါတို့ကို သိစေလော့ ဟု လုလင်တို့သည် ဆိုကုန်၏။ ခါသည် ထိုသို့တပြီးကား နားထောင်ကြကုန်လော့ ဟု ဆို၍ ထိုလုလင်တို့၏ ခက်ခဲသော အရာကိုလျှင် တောင်ထိပ်မှ မြစ်ရေသည် စီးသကဲ့သို့ ရွတ်၏။ လုလင်တို့သည် အလွန်နှစ်သက်ကုန်၍ ခါပညာရှိ၏ အထံ၌ အတတ်ကို သင်ကုန်၏။ ခါသည်လည်း ဒိသာပါမောက္ခဆရာ၏ အရာ၌တည်၍ ထိုလုလင်တို့အား အတတ်ကိုသင်၏။ လုလင်တို့သည် ခါအား ရွှေချိုင့်ကိုလုပ်၍ အထက်၌ ဗိတာန်ကြက်၍ ရွှေခွက်၌ ပျားရည်ပေါက်ပေါက် အစရှိသည်တို့ကို ထည့်၍ ပေးကုန်လျက် အထူးထူးသော အဆင်းရှိသော ပန်းတို့ဖြင့် ပူဇော်၍ ချီးမြှောက်ခြင်းကို ပြုကုန်၏။ ခါသည် တောအရပ်၌ လုလင်ငါးရာတို့ကို ဗေဒင်သင်၏ ဟု အလုံးစုံသော ဇမ္ဗူဒိပ်၌ ကျော်စောထင်ရှား၏။

လုံလင်တို့ မြို့ရွာပြန်ကြ

ထိုအခါ ဇမ္ဗူဒိပ်၌ တောင်ထိပ်သဘင်နေ့ဝယ် ကြီးစွာသော ပွဲသဘင်ကို ကြွေးကြော်ကုန်၏။ လုံလင်တို့၏ မိဘတို့သည် ပွဲသဘင်ကို ကြည့်အံ့သောငှာ လုလင်တို့သည် လာစေကုန်သတည်း ဟု စေကုန်၏။ လုလင်တို့သည် ခါပညာရှိအား အခကြာင်းကိုကြား၍ ခါပညာရှိကို အလုံးစုံသော ကျောင်းကိုအပ်၍ မိမိ မိမိတို့၏ မြို့သို့လျှင် သွားကြကုန်၏။

ရသေ့ပျက် ဖျက်ဆီးပြီ

ထိုအခါ တစ်ယောက်သော ကရုဏာမရှိသော ရသေ့ပျက်သည် ထိုအရပ်၌ လှည့်လည်လတ်သော် ထိုကျောင်းသို့ ရောက်၏။ ထိုရသေ့ပျက်ကို ဖွတ်မသည် မြင်၍ ပဋိသန္ထာရပြု၍ ဤမည်သော အရပ်၌ ဆန်ရှိ၏။ ဤမည်သော အရပ်၌ ဆီအစရှိသည်တို့သည် ရှိကုန်၏။ ထမင်းချက်၍ စားလော့ဟု ဆို၍ အစာရှာအံ့သောငှာ သွား၏။ ရသေ့သည် စောစောကလျှင် ထမင်းချက်၍ ဖွတ်မ၏ သားငယ်နှစ်ခုတို့ကို သတ်၍ စား၏။ နေ့၌ ခါပညာရှိကိုလည်းကောင်း, နွားငယ်ကိုလည်းကောင်း သတ်၍ စား၏။ ညချမ်း၌ လာလတ်သော နွားမကိုမြင်၍ ထိုနွားမကိုလည်း သတ်၍ အသားကိုစား၍ သစ်ပင်ရင်း၌ လျောင်း၍ ခြုတ်ခြုတ်မြည်သော ထွက်သက် ဝင်သက်ကို ဖြစ်စေလျက် အိပ်ပျော်၏။ ဖွတ်မသည် ညချမ်းအခါ၌ သားငယ်တို့ကို မမြင်လတ်သော် ရှာလျက်သွား၏။

နတ်က ပြောပြ

ရုက္ခစိုးနတ်သည် သားငယ်တို့ကို မမြင်၍ တုန်လှုပ်သော ဖွတ်မကိုကြည့်၍ နတ်၏ အာနုဘော်အားဖြင့် ရပ်၍ ဖွတ်မ သင်သည် မတုန်လှုပ်လင့်၊ ဤယောကျ်ားယုတ်မာသည် သင်၏ သားငယ်တို့ကို လည်းကောင်း, ခါကိုလည်းကောင်း, နွားငယ် နွားမတို့ကို သတ်အပ် ကုန်ပြီ၊ ထိုယောက်ျားယုတ်ကို လည်၌ ကိုက်၍ အသက်ကုန်ခြင်းသို့ ရောက်စေလော့ ဟု ဆိုလို၍-

၁၀၅။ ယော တေ ပုတ္တကေ အခါဒိ၊ ဒိန္နဘတ္တော အဒူသကေ။
တသ္မိံ ဒါဌံ နိပါတေဟိ၊ မာ တေ မုစ္စိတ္ထ ဇီဝကော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၅။ ဂေါဓေ၊ ဖွတ်မ။ ဒိန္နဘတ္တော၊ သင်သည် ထမင်းပေးအပ်သော။ ယော ပါပပုရိသော၊ အကြင် ယောက်ျားယုတ်သည်။ အဒူသကေ၊ အပြစ်မရှိကုန်သော။ တေ၊ သင်၏။ ပုတ္တကေ၊ သားငယ်တို့ကို အခါဒိ၊ စားပြီ။ တသ္မိံ၊ ထိုယောက်ျားယုတ်၌။ တွံ၊ သင်သည်။ ဒါဌံ၊ အစွယ်လေးချောင်းကို။ နိပါတေဟိ၊ ကျစေလော့။ ဧသော၊ ဤယောက်ျားယုတ်သည်။ ဇီဝကော၊ အသက်ရှည်သည်ဖြစ်၍။ တေ၊ သင်၏။ ဟတ္ထာ၊ လက်မှ။ မာ မုစ္စိတ္ထ၊ မလွတ်စေလင့်။

ဖွတ်မ မသတ်လိုကြောင်း

ထို့နောင်မှ ဖွတ်မသည်-

၁၀၆။ အာကိဏ္ဏလုဒ္ဒေါ ပုရိသော၊ ဓာတိစေလံဝ မက္ခိတော။
ပဒေသံ တံ န ပဿာမိ၊ ယတ္ထ ဒါဌံ နိပါတယေ။
၁၀၇။ အကတညုဿ ပေါသဿ၊ နိစ္စံ ဝိဝရဒဿိနော။
သဗ္ဗံ စေ ပထဝိံ ဒဇ္ဇာ၊ နေဝ နံ အဘိရာဓယေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၀၆။ ဒေဝတေ၊ နတ်။ ယတ္ထ၊ အကြင်ယုတ်မာသော ယောက်ျား၌။ ဒါဌံ၊ အစွယ်ကို။ နိပါတယေ၊ ချခြင်းငှာ။ တံပဒေသံ၊ ထိုအရပ်ကို။ အဟံ၊ ငါသည်။ န ပဿာမိ၊ မမြင်။ သော ပုရိသာ၊ ထိုယောက်ျားသည်။ အာကိဏ္ဏလုဒ္ဒေါ၊ ပြွမ်းသော မကောင်းမှုရှိ၏။ ဓာတိစေလံဝ၊ သားထိန်းမ၏ အ ဝတ်ကဲ့သို့။ မက္ခိတော၊ မကောင်းမှုဖြင့် လိမ်းကျံအပ်၏။

֍ ဋ္ဌ ၁၀၇။ အကတညုဿ၊ ကျေးဇူးမသိသော။ နိစ္စံ၊ အမြဲ။ ဝိဝရဒဿိနော၊ အခွင့်အပေါက်ကို ရှုလေ့ရှိသော။ ပေါသဿ၊ ယောကျ်ားအား။ သဗ္ဗံ ပထဝိံ၊ အလုံးစုံသောမြေကို။ စေ ဒဇ္ဇာ၊ အကယ်၍ ပေးငြားအံ့။ နံ၊ ထိုယောကျ်ားကို။ နေဝ အဘိရာဓယေ၊ မနှစ်သက်စေနိုင်ရာသလျှင်ကတည်း။

ဖွတ်မသည် ဤသို့ဆို၍ ဤသူနိုးသော် ငါ့ကိုလည်း စားရာ၏ ဟု မိမိအသက်ကို စောင့်ရှောက်လို၍ ပြေး၏။

ကျားလာပြီ

ထိုခြင်္သေ့, ကျားတို့သည်လည်း ခါ၏ အဆွေ ခင်ပွန်း ဖြစ်ကုန်၏။ ရံခါ ခြင်္သေ့, ကျားတို့သည်လည်း လာ၍ ခါကို ဖူးမြင်ကုန်၏။ ရံခါ ခါသည် သွား၍ ခြင်္သေ့, ကျားတို့အား တရားဟော၍ လာ၏။ ထိုနေ့၌ကား ခြင်္သေ့သည် ကျားကို အဆွေ ခါပညာရှိကို မမြင်ရသည် ကြာမြင့်ပြီ၊ ယနေ့ ခုနစ်ရက် ရှစ်စ်ရက်ရှိပြီ၊ သွား၍ ခါပညာရှိ၏ အကြောင်းကိုသိ၍ လာလော့ ဟု ဆို၏။ ကျားသည် ကောင်းပြီဟု ဝန်ခံ၍ ဖွတ်မပြေးသော ကာလ၌ ထိုအရပ်သို့ရောက်၍ အိပ်ပျော်သော ထိုယောကျ်ားယုတ်ကို မြင်၍ ထိုယောက်ျာယုတ်၏ ဆံကျစ်ကား၌ ခါပညာရှိ၏ အမွှေးတို့သည် ထင်ကုန်၏။ နွားမ၏အရိုးတို့သည်လည်းကောင်း၊ နွားငယ်တို့၏ အရိုးတို့သည်လည်းကောင်း ထင်ကုန်၏။ ကျားမင်းသည်

ထိုအလုံးစုံကိုမြင်၍ ရွှေချိုင့်၌ ခါပညာရှိကို မမြင်၍ ဤယောက်ျားယုတ်သည် ဤသတ္တဝါတို့ကို သတ်ကုန်၏ ဟု ထိုယောကျ်ားယုတ်ကို ခြေဖြင့်ခတ်၍ ထစေ၏။ ရသေ့စဉ်းလဲသည်လည်း ကျားကိုမြင်၍ အလွန်ကြောက်၏။

ကျားက ခြင်္သေ့ထံခေါ်သွား

ထိုအခါ ရသေ့ပျက်ကို ကျားသည် ဟယ် ယောကျ်ားယုတ်... သင်သည် ထိုသတ္တဝါတို့ကို သတ်၍ စားသလော ဟု မေး၏။ အရှင်... အကျွန်ုပ် မစားရဟု ရသေ့ပျက်သည် ဆိုလေ၏။ ယုတ်မာသော အကျင့်ရှိသော ယောက်ျား... သင်မသတ်သည်ရှိသော် သင်မှတစ်ပါး အဘယ်သူသည်သတ်သနည်း၊ မှန်သည်ကို မပြောဆိုသည်ရှိသော် သင့်အား အသက်မရှိရာဟု ကျားသည်ဆို၏။ ရသေ့ပျက်သည် သေဘေးဖြင့် ကြောက်လန့်၍ အရှင်ဖွတ်မ၏သားတို့ကို လည်းကောင်း, နွားငယ်တို့ကိုလည်းကောင်း နွားမကို လည်းကောင်း သတ်၍ အကျွန်ုပ် စားပေ၏။ ခါကိုကားအကျွန်ုပ်မသတ် ဟု ဆို၏။ ကျားသည် များစွာဆိုငြားသော်လည်း ရသေ့ပျက်စကားကို မယုံကြည်၍ သင်သည် အဘယ်အရပ်မှ လာသနည်းဟု မေး၏။ ရသေ့ပျက်သည် ကလိင်္ဂတိုင်းမှ ကုန်သည်တို့၏ဥစ္စာကို ရွက်ဆောင်လျက် အသက်မွေးခြင်းဟူသော အကြောင်းကြောင့် ဤမည်သော အမှုကိုလည်းကောင်း၊ ဤမည်သောအမှုကို လည်းကောင်း ပြု၍ ယခုအခါ၌ ဤအရပ်သို့ရောက်၏ဟု ဆို၏။ ဤသို့ ထိုရသေ့ပျက်သည် မိမိသည် ပြုအပ်သော အလုံးစုံသောအမှုကို ဆိုသည်ရှိသော် ယုတ်မာသော အကျင့်ရှိသောယောက်ျား သင်သည် ခါကိုမသတ်သော် သင်မှတစ်ပါး အဘယ်သူသည် သတ်လတ္တံ့နည်း၊ လာလော့၊ ငါ့အဆွေ ခင်ပွန်း သားမင်းအထံသို့ သင့်ကိုဆောင်အံ့ ဟုဆို၍ ထိုရသေ့ပျက်ကို ရှေ့ထား၍ ခြိမ်းခြေက်လျက် လိုက်၏။

ဒီလူဘာကိစ္စ

ခြင်္သေ့မင်းသည် ရသေ့ပျက်ကိုဆောင်ခဲ့သော ကျားကို မေးလိုရကား-

၁၀၈။ ကိန္နု သုဗာဟု တရမာနရူပေါ၊
ပစ္စာဂတောသိ သဟ မာဏဝေန။
ကိံ ကိစ္စမတ္ထံ ဣဓမတ္ထိ တုယှံ၊
အက္ခာဟိ မေ ပုစ္ဆိတော ဧတမတ္ထံ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၈။ သုဗာဟု၊ ကောင်းသော ခေါင်းရှိသော အဆွေကျား။ တွံ၊ သင်သည်။ ကိံ၊ အဘယ့်ကြောင့်။ မာဏဝေန၊ လုလင်နှင့်။ သဟ၊ တကွ။ တရမာနရူပေါ၊ လျင်မြန်သော သဘော ရှိသည်ဖြစ်၍။ ပစ္စာဂတော၊ ပြန်လည်လာသည်။ အသိ နု၊ ဖြစ်သနည်း။ တုယှံ၊ သင်အား။ ဣဓ၊ ဤငါ၏ အထံ ၌။ ကိံ ကိစ္စမတ္ထံ၊ အဘယ်မည်သော အကျိုးရှိ၏ဟု သမုတ်အပ်သော ကိစ္စသည်။ အတ္ထိ၊ ရှိသနည်း။ ပုစ္ဆိတော၊ မေးအပ်သော။ တွံ၊ သင်သည်။ မေ၊ ငါ့အား။ ဧတေမတ္ထံ၊ ထိုအကြောင်းကို။ အက္ခာဟိ၊ ကြားလော့

ကျားသည် ထိုစကားကိုကြား၍-

၁၀၉။ ယော တေ သခါ ဒဒ္ဒရော သာဓုရူပေါ၊
တဿ ဝဓံ ပရိသင်္ကာမိ အဇ္ဇ။
ပုရိသဿ ကမ္မာယတနာနိ သုတွာ၊
နာဟံ သုခိံ ဒဒ္ဒရံ အဇ္ဇ မညေ။

ဟူသော ငါးခုမြောက်သော ဤဂါထာကိုဆို၏။

ခါကိုသတ်သူထင်

֍ ဋ္ဌ ၁၀၉။ မိဂရာဇ၊ သားမင်း။ တေ၊ သင်၏။ သခါ၊ အဆွေခင်ပွန်းဖြစ်သော။ သာဓုရူပေါ၊ ကောင်းသော သဘောရှိသော။ ဒဒ္ဒရော၊ အကြင်ခါသည်။ အတ္ထိ၊ ရှိ၏။ အဟံ၊ ငါသည်။ ပုရိသဿ၊ ယောက်ျား၏။ ကမ္မာယတနာနိ၊ အသက်မွေးခြင်းဖြစ်ကုန်သော အမှုတို့ကို။ သုတွာ၊ ကြားရ၍။ အဇ္ဇ၊ ယနေ့။ တဿ၊ ထိုခါ၏။ ဣမမှာ ပုရိသာ၊ ဤယောက်ျားကြောင့်။ ဝဓံ၊ သေခြင်းကို။ ပရိသင်္ကာမိ၊ တွေးတော၏။ အဟံ၊ ငါသည်။ အဇ္ဇ၊ ယနေ့။ ဒဒ္ဒရံ၊ ခါကို။ သုခိံ၊ ချမ်းသာ၏ဟူ၍။ န မညေ၊ မအောက်မေ့။

ဘာ့ကြောင့် ထင်သနည်း

ထိုအခါ ကျားမင်းကို ခြင်္သေ့သည် -

၁၁၀။ ကာနိဿ ကမ္မာယတနာနိ အဿု၊
ပုရိသဿ ဝုတ္တိ သမောဓာနတာယ။
ကံ ဝါ ပဋိညံ ပုရိသဿ သုတွာ၊
ပရိသင်္ကာသိ ဒဒ္ဒရံ မာဏဝေန။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၀။ သုဗာဟု၊ ကောင်းသော မောင်းရှိသော အဆွေကျား။ အဿ ပုရိသဿ၊ ထိုယောကျ်ား၏။ ကာနိ ကမ္မာယတနာနိ၊ အဘယ်မည်ကုန်သော အသက်မွေးကြောင်း အမှုတို့ကို။ တွံ၊ သင်သည်။ အဿု- အဿောသိ၊ ကြားသနည်း။ ဝုတ္တိသမောဓာနတာယ၊ အသက်မွေးခြင်း အပေါင်း၏ အဖြစ်ဖြင့်။ ပုရိသဿ၊ ယောကျ်ား၏။ ကံ ဝါ ပဋိညံ၊ အဘယ်မည်သော ဝန်ခံခြင်းကိုမူလည်း။ သုတွာ၊ ကြား၍။ မာဏဝေန၊ လုလင်ကြောင့်။ ဒဒ္ဒရံ၊ ခါကို။ ဝဓံ၊ သေ၏ဟူ၍။ ပရိသင်္ကာသိ၊ တွေးတောသနည်း။

သူ့ အမူအကျင့်အရ

ထိုအခါ ခြင်္သေ့မင်းအား ကျားမင်းသည် ဆိုလို၍-

၁၁၁။ စိဏ္ဏာ ကလိင်္ဂါ စရိတာ ဝဏိဇ္ဇာ၊
ဝေတ္တာစရော သင်္ကုပထောပိ စိဏ္ဏော။
နဋေဟိ စိဏ္ဏံ သဟ ဝါကုရေဟိ၊
ဒဏ္ဍေန ယုဒ္ဓမ္ပိ သမဇ္ဇမဇ္ဈေ။
၁၁၂။ ဗဒ္ဓါ ကုလိကာ မိတမာဠကေန၊
အက္ခာ ဇိတာ သံယမော အဗ္ဘတီတော။
အဗ္ဘာဟိတံ ပုဗ္ဗကံ အဍ္ဎရတ္တံ။
ဟတ္ထာ ဒဍ္ဎာ ပိဏ္ဍပဋိဂ္ဂဟေန။
၁၁၃။ တာနိဿ ကမ္မာယတနာနိ အဿု၊
ပုရိသဿ ဝုတ္တိသမောဓာနတာယ။
ယထာ အယံ ဒိဿတိ လောမပိဏ္ဍော၊
ဂါဝေါ ဟတာ ကိံ ပန ဒဒ္ဒရဿ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၁၁။ မိဂရာဇ၊ သားမင်း။ တေန၊ ထိုယောကျ်ားသည်။ ကလိင်္ဂါ၊ ကလိင်္ဂတိုင်းမှ။ စိဏ္ဏာ၊ ကုန် သည်တို့၏ ဘဏ္ဍာကို ရွက်ဆောင်သဖြင့်။ ဝဏိဇ္ဇာ-ဝဏိဇ္ဇာနိပိ၊ ကုန်သွယ်ခြင်းတို့ကိုလည်း။ စရိတာ၊ ပြုအပ်ကုန်၏။ ဝေတ္တာစရော၊ ကြိမ်နွယ်တို့ဖြင့် လှည့်လည်အပ်၏။ သင်္ကုပထော၊ သစ်ငုတ် ငြောင့်ရှိသော ခရီးကို။ စိဏ္ဏော၊ သုံးဆောင်အပ်၏။ နဋေဟိ၊ ကချေသည်တို့နှင့်။ သဟ၊ တကွ။ စိဏ္ဏံ၊ လေ့ကျက်ဖူး၏။ ဝါကုရေဟိပိ၊ မုဆိုး တံငါတို့နှင့်လည်း။ သဟ၊ တကွ။ စိဏ္ဏံ၊ လေ့ကျက်ဖူး၏။ သမဇ္ဇမဇ္ဈေ၊ အထူးထူးသော ပွဲသဘင်၏ အလယ်၌။ ဒဏ္ဍေန၊ ဆောက်ပုတ်ဖြင့်။ ယုဒ္ဓံ၊ ထိုးအပ်၏။

֍ ဋ္ဌ ၁၁၂။ ကုလိကာ၊ ငှက်တို့ကို။ တေန၊ ထိုယောကျ်သည်။ ဗဒ္ဓါ၊ နှောင်ဖွဲ့အပ်ကုန်၏။ မိတမာဠကေန၊ စပါးခြင်ခြင်း အမှုကို ပြုခြင်းနှင့်။ သဟ၊ တကွ။ အက္ခာ၊ ကြွေအန်တို့ကို။ ဇိတာ၊ သိမ်းထားအပ်ကုန်၏။ သံယမော၊ သီလ စောင့်ရှောက်ခြင်းကို။ အဗ္ဘတီတော၊ လွန်ကျူး၏။ အဗ္ဗာဟိတံ၊ မင်းပြစ်သင့်ကုန်သော သူတို့၏ လက်ခြေတို့ကိုဖြတ်၍ ထိုသူတို့ကို ဆောင်၍ ဇရပ်၌ အိပ်စေ၍ အနာဝတို့မှ ယိုစီးသော။ ပုဗ္ဗကံ၊ သွေးကို။ အဍ္ဎရတ္တံ၊ သန်းခေါင်ယံအခါ၌ ထိုအရပ်သို့သွား၍ အခစားပြု၍ ထားအပ်၏။ ပိဏ္ဍပဋိဂ္ဂဟေန၊ ဆွမ်းပူကို ခံသဖြင့်။ ဟတ္ထာ၊ လက်တို့ကို။ ဒဍ္ဎာ၊ အပူသည် လောင်ဖူးလှလေပြီ။

֍ ဋ္ဌ ၁၁၃။ အဿ ပုရိသဿ၊ ထိုယောက်ျား၏။ ဝုတ္တိသမောဓာနတာယ၊ အသက်မွေးခြင်းကို ပေါင်းသည်၏ အဖြစ်ဖြင့်။ တာနိ ကမ္မာယတနာနိ၊ ထိုအသက်မွေးကြောင်းအမှုတို့ကို။ အဿု၊ ကြားရ၏။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ ဧတဿ၊ ထိုယောကျိုးယုတ်၏။ ဇဋန္တရေ၊ ဆံကျစ်ကြား၌။ အယံ လောမပိဏ္ဍော၊ ဤခါ၏ အမွေးစုသည်။ ဒိဿတိ၊ ထင်၏။ တထာ၊ ထိုသို့သော အခြင်းအရာအားဖြင့်။ ဧတံ၊ ဤယောကျ်ားယုတ်သည်သာလျှင် ထိုခါကို သတ်ခြင်းဟူသောအကြောင်းကို။ ဝေဒိတဗ္ဗံ၊ သိအပ်၏။ ဣမိနာ၊ ဤယောက်ျားယုတ်သည်။ ဂါဝေါ၊ နွားတို့ကို။ ဟတာ၊ သတ်အပ်ကုန်လျက်။ ဒဒ္ဒရဿ၊ ခါကို။ န ဟနိတဗ္ဗံ၊ မသတ်သော အဖြစ်သည်။ ကိံ ပန အတ္ထိ၊ အဘယ်မှာ ရှိအံ့နည်း။

ခြင်္သေ့မေး၍ အဖြေပေါ်

အဘယ်ကြောင့် ခါကို မသတ်လတ္တံ့နည်း ဟု ကျားမင်းသည် ဆို၏။ ခြင်္သေ့မင်းသည် ထိုယောက်ျားကို အို-ယောက်ျား... သင်သည် ခါပညာရှိကို သတ်သလော ဟု မေး၏။ အရှင်သတ်ပေ၏ဟု ဆို၏။ ထိုအခါ ထိုရသေ့ပျက်၏ မှန်သောစကားကိုကြား၍ ခြင်္သေ့မင်းသည် ထိုယောင်္ကျားကို လွှတ်လို၏။

ရသေ့ယုတ် သေရပြီ

ကျားမင်းသည် ဤသူကို သတ်အပ်၏ဟု ဆို၍ ထိုအရပ်၌လျှင် ထိုရသေ့ပျက်ကို အစွယ်တို့ဖြင့် ကိုက်ဖြတ် သတ်ပြီးလျှင် တွင်းတူး၍ မြှုပ်၏။ လုလင်တို့သည် လာလတ်၍ ခါပညာရှိကို မမြင်၍ ငိုကြွေး၍ ပြန်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ဤသို့ ဒေဝဒတ်သည် ရှေး၌ ငါ့အား သတ်ခြင်းငှာ လုံ့လပြု၏ ဟု မိန့်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ စဉ်းလဲသော ရသေ့ဖြစ်ပြီ၊ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ ဖွတ်မဖြစ်ပြီ၊ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ ကျားဖြစ်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ခြင်္သေ့ ဖြစ်ပြီး၊ ယခုအခါ ကဿပသည် ထိုအခါ ဒိသာပါမောက္ခဆရာ ဖြစ်ပြီး၊ ယခုအခါ ငါဘုရားသည် ထိုအခါ ခါပညာရှိဖြစ်ပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကျင့်စဉ်ယုတ်မာ၊ ရှိသူမှာ၊ ကြုံလာဘေးရန်တည်း

တစ်ဆယ့်နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော တိတ္တိရဇာတ်သည် ပြီး၏။

*****

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (