Skip to main content

ငါးရာငါးဆယ်ဇာတ်ဝတ္ထု-ဒုတိယတွဲ

ငါးရာငါးဆယ်ဇာတ်ဝတ္ထု

မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဒုတိယတွဲ

ဒုကနိပါတ်-ဒဠှဝဂ်

၁။ ရာဇောဝါဒဇာတ်

မင်းနှစ်ပါးဝါဒပြိုင်ပွဲ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဒဠှံ ဒဠဿ ခိပ္ပတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤရာဇောဝါဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောသလမင်းကြီးအား ဆုံးမတော်မူခြင်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုကောသလမင်းကြီးအား ဆုံးမတော်မူခြင်းသည် တေသကုဏဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ အထူးကား တနေ့သ၌ ကောသလမင်းကြီးသည် တခုသော အဂတိသို့လိုက်အပ်သော ဆုံးဖြတ်ခက် သောတရားကို တရားသဖြင့်ဆုံးဖြတ်၍ နံနက် စာ စားပြီးသော် စွတ်စိုသောလက်ရှိလျှက်သာလျှင် တန်ဆာဆင်အပ်သောရထားကိုစီး၍ မြတ်စွာဘုရား၏ အထံတော်သို့ သွား၍ ပွင့်သောပဒုမာကြာပန်းကဲ့သို့ တင့်တယ်ခြင်းရှိကုန်သော ခြေတော်တို့၌ မြတ်စွာဘုရားကိုရှိခိုး၍ တင့်အပ် လျောက်ပတ်သော အရပ်၌ နေ၏။ ထိုအခါ ထိုကောသလမင်းကြီးကို မြတ်စွာဘုရားသည် မြတ်သောမင်းကြီး သင်မင်းကြီးသည် အဘယ်အကြောင်းကြောင့် ယခု အလွန်နေမြင့်မှသာလျှင် လာခဲ့တဲ့သနည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား ယနေ့ အကျွန်ုပ်သည် တခုသော အဂတိသို့လိုက်အပ်သော ဆုံးဖြတ်ခက်သောတရားကို တရားသဖြင့် ဆုံးဖြတ်ခြင်းကြောင့် ယခုမှ အခွင့်ကိုရ၍ ထိုတရားကိုပြီးစေပြီးလျှင် နံနက်စာစား၍ စွတ်စိုသောလက်ရှိလျက်သာလျှင် အရှင်ဘုရားတို့အား ခစားရာအရပ်သို့ လာသည်ဖြစ်၏ဟု လျှောက်၏။

မြတ်စွာဘုရားသည် မြတ်သောမင်းကြီး တရားနှင့်ညီစွာ တရားကို ဆုံးဖြတ်ခြင်း မည် သည်ကား ကောင်း၏။ ဤတရားနှင့် ညီစွာ စီရင်ခြင်းသည် နတ်ရွာခရီးတည်း၊ မြတ်သောမင်းကြီးကဲ့သို့သော သဗ္ဗညူဘုရား၏အထံတော်မှ အဆုံး အမကိုရကုန်၍ သင်မင်းကြီးတို့သည် တရားနှင့်ညီစွာ တရားကို အကြင့်ကြောင့် ဆုံးဖြတ်ကုန်ရာ၏။ ထိုသို့ဆုံးဖြတ်ခြင်းသည် စင်စစ်သဖြင့်အံ့ဘွယ် မရှိသေး၊ ရှေးမင်းတို့သည် အလုံးစုံသောတရားတို့ကို မသိကုန်သော်လည်း ပညာရှိတို့၏ စကားကိုနာရကုန်၍ တရားနှင့်ညီစွာ တရားကို ဆုံးဖြတ်ကုန်လျှက် လေးပါးကုန်သော မလားအပ်ကုန်သော ချစ်ခြင်းအစရှိသည်တို့သို့ လားခြင်းတို့ကို ကြဉ်ရှောင်ကုန်၍ မင်းကျင့်တရား ဆယ်ပါးတို့ကို မပျက်စေကုန်မူ၍ တရားသဖြင့် မင်းပြုကုန်၍ နတ်ပြည်၏ပြည့်ခြင်းကို ပြုကုန်လျက် အကြင် ဖြစ်ဘူးပြီ၊ ထိုဖြစ်ဘူးခြင်းသည်သာလျှင်အံ့ဘွယ်ရှိ၏ဟု မိန့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူ၏။ ထို့နောင် ထိုကောသလမင်းကြီးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... မြတ်သောမင်းကြီး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုယားကြီး၏ ဝမ်း၌ ပဋိသန္ဓေယူ၍ ပဋိသန္ဓေအစောင့် အရှောက် ကိုရ၍ ချမ်းသာစွာ အမိဝမ်းမှဖွား၏။ ထိုဘုရားလောင်းအားအမည်မှည့်သော နေ့၌ကား ဗြဟ္မဒတ်သတို့သားဟူသော အမည်ကိုသာလျှင် မှည့်ကုန်၏။ ထိုဗြဟ္မဒတ်သတို့သားသည် အစဉ်သဖြင့် အရွယ်သို့ ရောက်၍ တဆဲ့ခြောက်နှစ်ရှိသောကာလ၌ တက္ကသိုလ်ပြည်သို့ သွား၍ ခပ်သိမ်းကုန်သောအတတ်တို့၏ အပြီးသို့ရောက်၍ အဘလွန်သဖြင့် မင်းအဖြစ်၌တည်၍ တရားနှင့်ညီစွာမင်းပြု၏။ ဆန္ဒ အစရှိသည်တို့၏ အစွမ်းအားဖြင့် မလားအပ်သောအရာသို့ မလားမူ၍ အဆုံးအဖြတ်ကို စီရင်ဆုံးဖြတ်၏။ ထိုဘုရားလောင်းသည် ဤသို့ တရားသဖြင့်မင်းပြုသည်ရှိသော် အမတ်တို့သည်လည်း ဟုတ်မှန်သဖြင့်သာလျှင် တရားကိုဆုံးဖြတ်ကုန်၏။ တရားတို့ကို ဟုတ်မှန်သဖြင့် ဆုံးဖြတ်စီရင်အပ်ကုန်သည်ရှိသော် ကောက်ကျစ် တရားတွေ့တတ်ကုန်သော သူတို့မည်သည် မဖြစ်ကုန်၊ ထိုကောက်တကျစ် တရားတွေ့တတ်ကုန်သောသူတို့၏ မရှိခြင်းကြောင့် တရားတွေ့ခြင်းအကျိုးငှါ မင်းယင်ပြင်၌ ဘေးရန်သည်ပြတ်၏။ အမတ်တို့သည် တနေ့ပတ်လုံးလည်း တရားဆုံးဖြတ်ရာအရပ်၌ နေကုန်၍ တစုံတယောက်သောသူကို တရားဆုံး ဖြတ်စိမ့်သောငှါ လာလတ်သည်ကို မမြင်ကုန်လျှင် ထ၍ ဖဲကြကုန်၏။ ထိုစကားသည် မှန်၏။ တရားဆုံးဖြတ်ရာအရပ်သည် စွန့်အပ်သည်၏ အဖြစ်သို့ ရောက်၏။

ဘုရားလောင်းသည် ဗြဟ္မဒတ်မင်းသည် တရားသဖြင့် မင်းပြုသည်ရှိသော် ဆုံးဖြတ်ရာအရပ်သို့ လာကုန်သော သူတို့မည်သည် မရှိကုန်၊ ဘေးရန်သည်လည်း ပြတ်၏။ ဆုံးဖြတ်ရာအရပ်သည်လည်း စွန့်အပ်သည်၏အဖြစ်သို့ ရောက်၏။ ယခုအခါ၌ ငါသည် မိမိ၏ကျေးဇူးမဲ့ကို ရှာခြင်းငှါသင့်၏။ ဤမည်သည်ကား ငါ၏ ကျေးဇူးမဲ့တည်း၊ ဤသို့ကြား၍ ထိုကျေးဇူးမဲ့ကိုပယ်၍ ဂုဏ်ကျေးဇူး၌သာလျှင် ကိုယ်ကိုဖြစ်စေအံ့ဟု ကြံ၏။ ထိုကာလမှစ၍ ငါ၏ ကျေးဇူးပဲကို ပြောဆိုသော တစုံတယောက်သော သူတို့သည် ရှိသလောဟု စုံစမ်းသည်ရှိသော် နန်းတော်တွင်း၌ သုံးဆောင်စေပါးကုန်သောသူတို့၏အတွင်း၌ ကျေးဇူးမဲ့ကိုပြောဆိုသော တစုံတယောက်သောသူကို မမြင်မတွေ့၍ မိမိ၏ ဂုဏ်ကျေးဇူးစကားကိုသာလျှင်ကြား၍ ထိုသူတို့သည် ငါ့ကို ကြောက်ခြင်းကြောင့်လည်း ကျေးဇူးမဲ့ကို မဆိုကုန်မူ၍ ကျေးဇူးကိုသာလျှင် ဆိုကုန်ရာ၏ဟု ကြံ၍ နန်းတော်အပ၌ သုံးဆောင်စေပါးကုန်သောသူအပေါင်း၌ စုံစမ်းသည်ရှိသော် ထိုသူတို့၌လည်းမမြင်မတွေ့၍ မြို့တွင်း၌ စုံစမ်း၏။ မြို့ပ၌၎င်း မြို့တံခါးလေးမျက်နှာတို့၌၎င်း မြို့လေးမျက်နှာ ရွာ၌၎င်း စုံစမ်း၏။ ထိုအရပ်တို့၌လည်း ကျေးဇူးမဲ့ကိုပြောဆိုသော တစုံတယောက်သောသူကို မမြင်မတွေ့ မိမိ၏ ဂုဏ်ကျေးဇူးစကားကိုသာလျှင်ကြား၍ ဇနပုဒ်ကိုစုံစမ်းအံ့ဟု အမတ်တို့ကို ပြည်ကိုဆောင်နှင်းခဲ့ပြီးလျှင် ရထားစီး၍ ရထားထိန်းကိုသာယူ၍ မထင်ရှားသောအသွင်ဖြင့် မြို့မှထွက်ခဲ့၍ ဇနပုဒ်ကိုစုံစမ်းလျှက် အရပ်စွန်တိုင် အောင်သွား၍ ကျေးဇူးမဲ့ကိုပြောဆိုသော တစုံတယောက်သောသူကို မတွေ့မမြင်၍ ဂုဏ်ကျေးဇူးစကားကိုသာလျှင် ကြား၍ အရပ်စွန် အပိုင်း အခြားမှ ခရီးမဖြင့် မြို့သို့ရှေးရှုသာလျှင် ပြန်ခဲ့၏။

ထိုကာလ၌ကား ဗလ္လိကအမည်ရှိသော ကောသလမင်းသည်လည်း တရားသဖြင့် မင်းပြုသည်ရှိသော် ကျေးဇူးမဲ့ကိုပြောဆိုသောသူကို ရှာသည်ဖြစ်၍ နန်းတော်တွင်း၌ စေပါးသုံး ဆောင်ကုန်သောသူအစရှိသည်တို့၌ မိမိ၏ ကျေးဇူးစကားကို သာလျှင်ကြား၍ ဇနပုဒ်ကို စုံစမ်း သည်ရှိသော် ထိုအရပ်သို့ရောက်၏။ ထိုမင်းနှစ်ပါးတို့သည်လည်း တခုသော ချိုင့်ဝမ်းရာလှည်း ကြောင်းခရီး၌ ရှေ့ဆိုင်မိကြကုန်၏။ ရထား၏ ရှောင်လွှဲစရာအရပ်သည် မရှိ၊ ထိုအခါ ဗလ္လိကမင်း၏ ရထားထိန်းသည် ဗာရာဏသီမင်း၏ ရထားထိန်းကို အို ရထားထိန်း သင်၏ရထားကို ရှောင်လွှဲလော့ဟုဆို၏။ ထိုဗာရာဏသီမင်း၏ ရထားထိန်းသည်လည်း ဗလ္လိကမင်း၏ ရထား ထိန်းကို အို ရထားထိန်း သင်၏ရထားကို ရှောင် လွှဲလော့ ဤရထား၌ ဗာရာဏသီပြည့်ရှင်ဖြစ်သောဗြဟ္မဒတ်မင်းမြတ်သည် စီးတော်မူ၏ဟုဆို၏။ ဗလ္လိကမင်း၏ ရထားထိန်းသည်လည်း ထိုဗာရာဏသီမင်း၏ ရထားထိန်းကို အို ရထား ထိန်း ဤရထား၌ ကောသလပြည့်ရှင်ဖြစ်သော ဗလ္လိကမင်းမြတ်သည် စီးတော်မူ၏။ သင်၏ ရထားကို ရှောင်လွဲ၍ ငါတို့မင်း၏ ရထားအား အခွင့်ကို ပေးလော့ဟု ဆို၏။ ဗာရာဏသီမင်း၏ ရထားထိန်းသည် ဤအရှင်သည်လည်း မင်းလျှင်ဖြစ်သတတ်၊ အသို့လျှင် ပြုအပ်သနည်းဟု ကြံ သည်ရှိသော် အရွယ်ကိုမေး၍ ငယ်သောမင်း၏ ရထားကို ရှောင်လွှဲစေ၍ ကြီးသောမင်းအားအခွင့်ကို ပေးစေအံ့၊ ဤအကြောင်းသည် ရှိ၏ဟု ဆုံးဖြတ်ခြင်းကိုပြု၍ ထိုကောသလမင်း၏ ရထားထိန်းကို ကောသလမင်း၏ အရွယ်ကိုမေး၍ညစုံစမ်းသည်ရှိသော် နှစ်ပါးကုန်သောမင်းတို့၏လည်း အရွယ်တူမျှကြကုန်သည်၏အဖြစ်ကိုသိ၍ ပြည်ပမာဏကို၎င်း ဗိုလ်ပါကို၎င်း စည်း စိမ်ဥစ္စာကို၎င်း အခြွေအရံကို၎င်း ဇာတ်အနွယ်အမျိုးဟူသော ညွှန်ပြအပ်သောဂုဏ်ကို၎င်း၊ ဤသို့ အလုံးစုံကိုမေးဦး၍ မင်းနှစ်ပါးတို့သည်လည်း ယူဇနာသုံးရာနှင်နှင်ရှိသောပြည်၏ အရှင်ဖြစ်ကြကုန်၏။ တူသော ဗိုလ်ပါ ဥစ္စာ အခြွေအရံ ဇာတ် အနွယ် အမျိုးဟူသော ညွှန်ပြအပ်သောဂုဏ် ရှိကြကုန်၏ဟုသိ၍ သီလရှိသောသူအား အခွင့်ကိုပေးအံ့ဟုကြံ၍ အို ရထားထိန်း သင်ရှိမင်း၏ သီလ အကျင့်သည် အဘယ်သို့ သဘောရှိသနည်းဟု မေးသည်ရှိသော် ထိုဗလ္လိကမင်း၏ ရထားထိန်းသည် ဤသည်ကား ငါတို့မင်း၏ သီ လအကျင့်တည်းဟု မိမိမင်း၏ ကျေးဇူးမဲ့ကိုပင်လျှင် ကျေးဇူးဟူ၍ပြလိုရကား-

။ ဒဠှံ ဒဠှဿ ခိပ္ပတိ၊ ဗလ္လိကော မုဒုနာ မုဒုံ။
သာဓုမ္ပိ သာဓုနာ ဇေတိ၊ အသာဓုမ္ပိ အသာဓုနာ။
ဧတာဒိသော အယံ ရာဇာ၊ မဂ္ဂါ ဥယျာဟိ သာရထိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁။ အမ္ဘော သာရထိ၊ အို ရထားထိန်း။ နော၊ ငါတို့၏။ ဗလ္လိကော၊ ဗလ္လိကမင်းသည်။ ဒဠှဿ၊ ကြမ်းကြုတ် ခက်ထန်သောသူ၏။ ဥပရိ၊ အပေါ် ၌။ ဒဠှံ၊ ကြမ်းကြုတ် ခက်ထန်သောဒဏ်ကို။ ခိပ္ပတိ၊ တင်၏။ မုဒုံ၊ နူးညံ့သောသူကို။ မုဒုနာ၊ နူးညံ့သဖြင့်။ ဇေတိ၊ အောင်၏။ သာဓုမ္ပိ၊ ကောင်းသောသူကိုလည်း။ သာဓုနာ၊ ကောင်းသဖြင့်။ ဇေတိ၊ အောင်၏။ အသာဓုမ္ပိ၊ မကောင်းသောသူကိုလည်း။ အသာဓုနာ၊ မကောင်းသဖြင့်။ ဇေတိ၊ အောင်၏။ သာရထိ၊ ရထားထိန်း။ အယံ ရာဇာ၊ ဤငါတို့သခင် အရှင်ဗလ္လိကမင်းသည်။ ဧတာဒိသော၊ ဤသို့သဘော ရှိ၏။ တွံ၊ သင်သည်။ မဂ္ဂါ၊ ခရီးမှ။ ဥယျာဟိ၊ ဖဲလေလော့။

ထိုအခါ၌ ဗလ္လိကမင်း၏ ရထားထိန်းကို ဗာရာဏသီမင်း၏ ရထားထိန်းသည် အို ရထား ထိန်း သင်သည် မိမိမင်း၏ ကျေးဇူးစကားကို ဆိုသလောဟုဆို၍ ဗလ္လိကမင်း၏ ရထားထိန်းက ဟုတ်၏ဟု ဆိုသည်ရှိသော် ထိုအကျင့်တို့ကို ဂုဏ်ကျေးဇူးတို့ဟူ၍ အကယ်၍ဆိုတုံအံ့၊ ကျေးဇူးမဲ့သည်ကား အသို့သဘောရှိလေတုံအံ့နည်းဟု ဗာရာဏသီမင်း၏ ရထားထိန်းက ဆို၍ ထိုအကျင့်တို့သည် ကျေးဇူးမဲ့တို့သည် ဖြစ်စေဦး၊ သင်တို့မင်း၏ ကျေးဇူးသည်ကား အဘယ်သို့သဘောရှိသနည်းဟု ဗလ္လိကမင်း၏ ရထားထိန်းက ဆိုသည်ရှိသော် ထိုသို့တပြီးကား နာလောဟု ဆို၍-

။ အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလိကဝါဒနံ။
ဧတာဒိသော အယံ ရာဇာ၊ မဂ္ဂါ ဥယျာဟိ သာရထိ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂။ အမ္ဘော သာရထိ၊ အို ရထားထိန်း။ နော ရာဇာ၊ ဗာရာဏသီပြည်ကြီးသေဌ်နင်း တို့ရှင်မင်းသည်။ ကောဓံ၊ အမျက် ထွက်တတ်သော သူကို။ အက္ကောဗူန၊ မေတ္တာဖြင့်။ ဇိနေ၊ အောင်၏။ အသာဓု၊ မကောင်းသောသူကို။ သာဓုနာ၊ ကောင်းသဖြင့်။ ဇိနေ၊ အောင်၏။ ကဒရိယံ၊ စဉ်းလဲသော သူကို။ ဒါနေန၊ ပေးကမ်းသဖြင့်။ ဇိနေ၊ အောင်၏။ နာလိကဝါဒိနံ၊ မဟုတ်မမှန် ဘောက်ပြန် ယွင်း ချွတ် ဆိုလေ့ရှိသောသူကို။ သစ္စေန၊ အဟုတ်အမှန်ကိုဆိုသဖြင့်။ ဇိနေ၊ အောင်၏။ သာရထိ၊ ရထားထိန်း။ အယံ ရာဇာ၊ ဤငါတို့သခင် အရှင်မင်းမြတ်သည်။ ဧတာဒိသော၊ ဤသို့သဘော ရှိ၏။ တွံ၊ သည်။ မဂ္ဂါ၊ ခရီးမှ။ ဥယျာဟိ၊ ရှောင် လွှဲလေလော့။

ဤသို့ ဆိုသည်ရှိသော် ဗလ္လိကမင်းသည်၎င်း ရထားထိန်း သည်၎င်း နှစ်ယောက်ကုန်သော သူတို့သည်လည်း ရထားမှသက်ကုန်၍ မြင်းတို့ကိုချွတ်ပြီးလျှင် ရထားကိုဖယ်ကုန်၍ ဗာရာဏသီမင်းအား ခရီးကို ပေးကုန်၏။ ဗာရာဏသီမင်းသည်လည်း ဗလ္လိကမင်းအား အဆွေ မင်းမည် သည်ကား ဤမည်သော ဤမည်သော အမှုကိုလျှင် ပြုခြင်းငှါ သင့်၏ဟု အဆုံးအမကိုပေးလိုက်ပြီးလျှင် ဗာရာဏသီပြည်သို့သွား၍ ဒါနအစရှိကုန်ကောင်းမှုတို့ကိုပြု၍ အသက်၏အဆုံး၌ နတ်ပြည်ကို ပြည့်စေ၏။ ဗလ္လိကမင်းသည်လည်း ထိုဗာရာဏသီမင်း၏ အဆုံးအမကိုယူပြီးလျှင် ဇနပုဒ်ကို စုံစမ်း၍ မိမိ၏ ကျေးဇူးမဲ့ကိုဆိုသောသူကို မတွေ့မမြင်လျှင် မိမိမြို့သို့သွားလေ၍ ဒါန အစရှိကုန်သော ကောင်းမှုတို့ကိုပြု၍ အသက်၏ အဆုံး၌ နတ်ပြည်ကိုသာလျှင် ပြည့်စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ကောသလမင်းကြီးအား ဆုံးမတော်မူအံ့သောငှါ ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ မြတ်သောကောသလမင်းကြီး ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ ဗလ္လိကမင်း၏ရထားထိန်း ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗလ္လိကမင်းဖြစ်ဘူးပြီ။ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဗာရာဏသီမင်း၏ ရထားထိန်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်ကား ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်တော်ကို ပေါင်းတော်မူ၏။

အရေးကြုံပြန်၊ ကိုယ်ကျင့်မှန်၊ ဧကန် အောင်နိုင်မှု

ရှေးဦးစွာသော ရာဇာဝါဒဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဒဠှဝဂ်

၂။ သိင်္ဂါလဇာတ်

မြေခွေး နှင့် ခြင်္သေ့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်အသမေက္ခိတ ကမ္မန္တံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသိင်္ဂါလဇာတ်ကို ကူဋာဂါရကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဝေသာလီပြည်၌ နေသော တယောက်သော ဆတ္တာသည်သားကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုလုလင်ငယ်၏အဘသည် မင်းတို့၏၎င်း မင်းမောင်းမတို့၏၎င်း မင်း သားတို့၏၎င်း မင်းသမီးတို့၏၎င်း မုတ်ဆိတ်ကြင်စွယ်ကို ပြုပြင်ခြင်း ဆံကိုကောင်းစွာတည်စေခြင်းငှါ ထားသင့်ရာ၌ထားခြင်း အစရှိကုန်သော ခပ်သိမ်းကုန်သော ကိစ္စတို့ကို ပြု၏။ သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ရတနာသုံးပါးအား ကြည်ညို၏။ ရတနာသုံးပါးသို့ ဆည်းကပ်၏။ ပဉ္စသီလ ဆောက်တည်၏။ ကြိုးကြားကြိုးကြားသောကာလ၌ မြတ်စွာဘုရား၏တရားတော်ကိုနာလျက် ကာလကိုလွန်စေ၏။ ထိုဆတ္တာသည်ဒါယကာသည် တနေ့သ၌ မင်း၏နန်းတော်တွင်း အမှုကိုပြုအံ့သောငှါ သွားသည်ရှိသော် မိမိသားကိုခေါ်၍ သွား၏။ ထိုဆတ္တာသည်သားသည် ထိုမင်း၏နန်းတော်၌ နတ်သမီးနှင့်တူသော တန် ဆာဆင်ခြင်းနှင့်စပ်သော လိစ္ဆဝီမင်းသမီးကိုမြင်၍ညကိလေသာ၏အစွမ်းဖြင့် စွန်းငြိသောစိတ်ရှိသည်ဖြစ်၍ အဘနှင့်တကွ မင်း၏ နန်းတော်မှ ထွက်ခဲ့၍ ထိုမင်းသမီးငယ်ကို ရမှသာလျှင် အသက်ရှင်အံ့၊ မရသည်ရှိသော် ဤအရပ်၌ပင်လျှင် ငါ့အား သေခြင်းသည်ဖြစ်စေဟု အစာ အာဟာရကိုဖြတ်လျှက် ညောင်စောင်းပေါင်ကိုဘက်၍ အိပ်၏။

ထိုအခါ ထိုလုလင်ကို အဘသည် ချဉ်းကပ်၍ ချစ်သား အရာမဟုတ်သည်၌ ပြင်းပြစွာသောတပ်စွန်းခြင်းကို မပြုလင့်၊ သင်ကား ဆတ္တာ သည်သား ဖြစ်၍ ယုတ်မာသော အမျိုးရှိသောသူ ဖြစ်ချေသည်တကား၊ လိစ္ဆဝီသတို့သမီးသည်ကား မင်းသမီးဖြစ်၍ အမျိုးနှင့်ပြည့်စုံပေ၏။ ထိုလိစ္ဆဝီမင်းသမီးသည် သင့်အား မထိုက်မလျော်ချေ၊ တပါးသောအမျိုးအနွယ်တို့ဖြင့် သင်နှင့်တူသော သတို့သမီးငယ်ကို သင့်ဘို့ဆောင်အံ့ဟု ဆို၏။ ထိုလုလင်ငယ်သည် အဘစကားကို မယူ၊ ထိုအခါ၌ ထိုလုလင်ကို အမိသည်၎င်း အစ်ကိုသည်၎င်း နှမသည်၎င်း ဘထွေးသည်၎င်း မိထွေးသည်၎င်း အလုံးစုံလည်းဖြစ်ကုန်သော ဆွေမျိုးတို့သည်၎င်း အဆွေခင်ပွန်း နှလုံးအကျွမ်းဝင်ကုန်သော သူတို့သည်၎င်း စည်းဝေးကုန်၍ အမှတ်ပေးကုန်သော်လည်း မှတ်စိမ့်သောငှါ မတတ်နိုင်ကုန်၊ ထိုလုလင်သည် ထိုညောင်စောင်းပေါ်၌ သာလျှင် ခြောက်ကပ်၍ အသက်ကုန်ခြင်းသို့ ရောက်၏။ ထိုအခါ၌ ထိုလုလင်၏အဘသည် သေသူတို့အား ပြုအပ်သောကိစ္စတို့ကိုပြု၍ စိုးရိမ်ခြင်းပွားလတ်သော် မြတ်စွာဘုရားကို ရှိခိုးအံ့ဟု များစွာသော နံ့သာပန်း နံ့သာပျောင်းတို့ကိုယူ၍ မဟာဝုန် တောသို့ သွားပြီးလျှင် မြတ်စွာဘုရားကိုပူဇော်ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သောအရပ်၌ နေ၍ ဒါယကာသင်သည် အဘယ့်ကြောင့် များစွာသော နေ့တို့ပတ်လုံး မထင်လာတုံသနည်းဟု မိန့်တော်မူသည်ရှိသော် ထိုအကြောင်းကို ကြားလျောက်၏။ မြတ်စွာဘုရားသခင်သည် ဒါယကာ သင်၏သားသည် ယခုအခါ၌သာလျှင် အရာမဟုတ်သည်၌ ပြင်းပြစွာသော တပ်စွန်းခြင်းကိုဖြစ်စေ၍ ပျက်စီးခြင်းသို့ ရောက်သည် မဟုတ်သေး၊ ရှေး၌လည်း ရောက်ဘူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ ထိုဆတ္တာသည်ဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာ လွန်လေပြီးသေခအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်ဝယ် ခြင်္သေ့အမျိုး၌ ဖြစ်၏။ ထို ဘုရားလောင်း၏ညီငယ်တို့သည် ခြောက်စီးတို့သည် ဖြစ်ကုန်၏။ နှမသည် တစီး ဖြစ်၏။ အလုံးစုံသော ခြင်္သေ့တို့သည်လည်း ရွှေဂူ၌ နေကြကုန်၏။ ထိုရွှေဂူ၏အနီး၌ကား ငွေတောင်၌ တခုသော ဖလ်ဂူသည်ရှိ၏။ ထိုဖလ်ဂူ၌ တခုသောမြေခွေးသည် နေ၏။ နောက်အဘို့၌ ခြင်္သေ့တို့၏ အမိအဘတို့သည် သေကုန်၏။ ထိုခြင်္သေ့တို့သည် ခြင်္သေ့မငယ်ဖြစ်သောနှမကို ရွှေဂူ၌ ထားခဲ့၍ အစာရှာကုန်အံ့သောငှာ ဖဲကုန်၍ အသားကိုဆောင်ခဲ့ကုန်၍ ထိုနှမအား ပေးကုန်၏။ ထိုမြေခွေးသည် ထိုခြင်္သေ့မငယ်ကိုမြင်၍ ကြိုက်နှစ်သက်သောစိတ်ရှိသည် ဖြစ်၏။ ထိုခြင်္သေ့မငယ်၏ကား မိဘတို့၏ထင်ရှားရှိစဉ်ကာလ၌ ထိုမြေခွေးနှင့်အခွင့်ကို မရ၊ ထိုမြေခွေးသည် ထိုခုနစ်စီးကုန်သော ခြင်္သေ့တို့၏ အစာရှာအံ့သောငှါ သွားသောကာလ၌ ဖလ်ဂူမှသက်၍ ရွှေဂူ၏တံခါးသို့သွားပြီးလျှင် ခြင်္သေ့မငယ်၏ရှေ့မှ လောကာမိသဟုဆိုအပ်သော ကာမဂုဏ်ငါးပါးနှင့်စပ်သော ဤသို့သဘောရှိသောလျှို့ဝှက်အပ်သောစကားကို ဆို၏။ အဘယ်သို့ဆိုသနည်းဟူမူကား အရှင်ခြင်္သေ့မငယ် ငါသည်လည်း အခြေလေးချောင်းရှိသော သားတည်း၊ သင်သည်လည်း အခြေလေးချောင်းရှိသော သားမတည်း၊ သင်သည် ငါ၏ မယားဖြစ်ပါလော့၊ ငါသည် သင်၏ လင်ဖြစ်ပါအံ့၊ ထိုငါတို့သည် ညီညွတ်ကြကုန်၍ ဝမ်းမြောက်ကြကုန်၍ နေကြကုန်အံ့၊ သင်သည် ဤနေ့မှစ၍ ငါ့ကို ကိလေသာ၏အစွမ်းဖြင့် ချီး မြှောက် ထောက်ပံ့ပါလော့ဟုဆို၏။

ထိုခြင်္သေ့မငယ်သည် မြေခွေးစကားကို ကြား၍ ကြံ၏။ အဘယ်သို့ကြံသနည်းဟူမူကား ဤမြေခွေးသည် အခြေလေးချောင်းရှိကုန်သော သားတို့၏ဘောင်၌ ယုတ်၏။ စက်ဆုပ်ဘွယ်ရှိ၏။ ဒွန်းစဏ္ဏားမျိုးနှင့် တူ၏။ ငါတို့သည်ကား မြတ်သောမင်းမျိုးဟု သမုတ်အပ်ကုန်သော သားတို့တည်း၊ ဤမြေခွေးသည်လျှင် ငါနှင့်တကွ မလျောက်ပတ် မထိုက်တန်သောစကားကို ဆိုလာ၏။ ငါသည် ဤသို့သဘောရှိသော စကားကိုကြား၍ အသက်ရှင်ခြင်း၌ အဘယ်မူအံ့နည်း၊ နှာခေါင်းလေကိုအောင့်၍ သေတော့အံ့ဟု ကြံ၏။ ထိုနောက်မှ ခြင်္သေ့မအား ဤသို့သောအကြံသည် တဖန် ဖြစ်ပြန်၏။ အဘယ်သို့ ဖြစ်ပြန်သနည်းဟူမူကား ငါ့အား ဤသို့သာလျှင် သေခြင်းသည် မသင့်လှသေး၊ မောင်တို့သည် လာစေကုန်ဦး၊ ထိုမောင်တို့အားပြောဆို၍ သေအံ့ဟု အကြံသည် ဖြစ်ပြန်၏။ မြေခွေးသည်လည်း ခြင်္သေ့မငယ်၏အထံမှ စကားတုံ့ကိုမရ၍ ယခုအခါ၌ ဤခြင်္သေ့မငယ်သည် ငါ့အား အမျက် ထွက်၏ဟု နှလုံးမသာယာခြင်းသို့ ရောက်၍ ဖလ်ဂူသို့ဝင်၍ အိပ်၏။

ထိုအခါ၌ ခြင်္သေ့ငယ်တစီးသည် ကျွဲ ဆင် အစရှိသည်တို့တွင် တခုခုကိုသတ်လျှက် အသားကိုစားပြီးလျှင် နှမဘို့ဆောင်ခဲ့၍ နှမငယ် အသားကိုစားလော့ဟု ဆို၏။ မောင်ချစ် အကျွန်ုပ်သည် အသားကို မစားပြီ၊ သေတော့အံ့ဟု ဆိုသည်ရှိသော် နှမငယ် အဘယ်ကြောင့် သင်သည် သေလတ္တံ့နည်းဟုဆို၏။ ထိုခြင်္သေ့ မငယ်သည် ထိုမြေခွေး ဆိုလာသော အကြောင်းကို ကြား၏။ နှမငယ် ထိုမြေခွေးသည် ယခု အဘယ်မှာ နေသနည်းဟု မေးသည်ရှိသော် ဖလ်ဂူ၌အိပ်သော မြေခွေးကို ကောင်းကင်၌ အိပ်လေသည် ထင် မှတ်၍ မောင်ချစ် အဘယ်ကြောင့် မောင်မမြင်သနည်း၊ ထိုမြေခွေးသည် ငွေတောင်ထိပ်ကောင်းကင်၌ အိပ်၏ဟု ဆို၏။ ခြင်္သေ့ငယ်သည် ထိုမြေခွေး၏ ဖလ်ဂူ၌အိပ်သည်၏အဖြစ်ကို မသိခြင်းကြောင့် ကောင်းကင်၌ အိပ်၏ဟု အမှတ်ရှိသည်ဖြစ်၍ ထိုမြေခွေးကို သတ်အံ့ဟု ခြင်္သေ့တို့၏အဟုန်ဖြင့် ပြေးလေ၍ ဖလ်ဂူကို ရင်ဖြင့်သာလျှင် တိုက်မိ၏။ ခြင်္သေ့သည် ရင်ကွဲလေ၍ ထိုအရပ်၌ပင်လျှင် အသက်ကုန်ခြင်းသို့ ရောက်၍ တောင်ခြေရင်း၌ ကျလေ၏။

ထို့နောက် တစီးသော ခြင်္သေ့သည်လာ၏။ ထိုခြင်္သေ့မငယ်သည် ထိုခြင်္သေ့အားလည်း ထိုရှေးအတူသာလျှင် ဆို၏။ ထိုခြင်္သေ့သည်လည်း ထိုရှေးအတူသာလျှင်ပြု၍ အသက်ကုန်ခြင်းသို့ ရောက်၍ တောင်ခြေရင်း၌ ကျလေ၏။ ဤသို့သောနည်းဖြင့် ခြောက်စီးကုန်သော မောင် ခြင်္သေ့တို့သည်လည်း သေကုန်သည်ရှိသော် အလုံးစုံကုန်သော ခြင်္သေ့ခြောက်စီးတို့၏ နောက်၌ ဘုရားလောင်းသည် လာ၏။ ထိုခြင်္သေ့မသည် ထိုဘုရားလောင်း ခြင်္သေ့အားလည်း ထို အကြောင်းကိုကြား၍ ယခုအခါ၌ ထိုမြေခွေးသည် အဘယ်အရပ်၌ နေသနည်းဟု မေးသည်ရှိသော် မောင်ကြီး ထိုမြေခွေးသည် ငွေတောင်ထိပ်ကောင်းကင်၌ အိပ်၏ဟုဆို၏။ ဘုရားလောင်းသည် မြေခွေးတို့၏ ကောင်းကင်၌ တည်ရာမည်သည်ကား မရှိ၊ ဖလ်ဂူ၌ အိပ်သည်ဖြစ်လတ္တံ့ ဟုကြ၏။ ကြံပြီး၍ ထိုဘုရားလောင်းသည် တောင်ခြေရင်းသို့သက်လေ၍ ခြောက်စီးကုန်သောညီတို့ သေကုန်သည်ကိုမြင်၍ ဤခြင်္သေ့တို့သည် မိမိမိမိတို့၏ မိုက်သည်၏အဖြစ်ကြောင့် စုံစမ်းဆင်ခြင်တတ်သောပညာ၏ မရှိခြင်းကြောင့် ဖလ်ဂူ၏အဖြစ်ကို မသိကုန်၍ ရင်ဖြင့်တိုက်မိ၍ သေကြကုန်သည် ဖြစ်လတ္တံ့၊ မဆင် ခြင်ကုန်မူ၍ အလွန်လျင်မြန်စွာ ပြုကုန်သောသူတို့၏ အမှုသည်သည်ကား ဤသို့သဘောရှိသည် ဖြစ်တတ်၏ဟု ဆိုလို၍-

။ အသမေက္ခိတကမ္မန္တံ၊ တုရိတာဘိနိပါတိနံ။
သာနိ ကမ္မာနိ တပ္ပေန္တိ၊ ဥဏှံဝဇ္ဈောဟိတံ မုခေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃။ မုခေ၊ ခံတွင်းသို့။ အဇ္ဈောဟိတံ၊ သွင်းအပ်သော။ ဥဏှံ၊ ပူသော အာဟာရသည်။ မုခါဒီနိ၊ ခံတွင်းအစရှိသည်တို့ကို။ တပ္ပတိ ဣဝ၊ လောင်သကဲ့သို့။ တထာ၊ ထို့အတူ။ ယာနိ အသမေက္ခိတကမ္မာနိ၊ အကြင် မဆင်မခြင် ပြုအပ်ကုန်သောအမှုတို့သည်။ သန္တိ၊ ရှိကုန်၏။ တာနိ ကမ္မာနိ၊ ထိုမဆင်မခြင်ပြုအပ်ကုန်သောအမှုရှိသည်။ တုရိတာဘိနိပါတိနံ၊ လျင်မြန်စွာပြုလေ့ရှိသော။ အသမေက္ခိတကမ္မန္တံ၊ မဆင်မခြင် ရွက်ဆောင်တတ်သော အမှုရှင်ကို။ တပ္ပေန္တိ၊ လောင်စေတတ်ကုန်၏။

ဒါယကာ ထိုခြင်္သေ့သည် ဤဂါထာကိုဆို၍ ငါ့ညီတို့သည် အကြောင်း၌မလိမ္မာကုန်သည်ဖြစ်၍ မြေခွေးကိုသတ်ကုန်အံ့ဟု အလွန်လျင်မြန်စွာပြေးကုန်၍ မိမိတို့သည် သေကုန်၏။ ငါသည်တမူကား ဤသို့ ညီများအတူ မပြုမူ၍ မြေခွေး၏ ဖလ်ဂူ၌အိပ်စဉ်သာလျှင် နှလုံးကိုကွဲစေအံ့ဟု ကြံ၍ ထိုမြေခွေး၏ တက်ရာ, သက်ရာခရီးကို မှတ်ပြီးလျှင် ထိုခရီးသို့ရှေးရှူဖြစ်၍ သုံးကြိမ် ခြင်္သေ့သံကို ဟောက်၏။ မြေကြီးနှင့်တကွ ကောင်းကင်သည် တစပ်တည်း ပဲ့တင်ထပ်သည်ဖြစ်၏။ မြေခွေး၏ ဖလ်ဂူ၌အိပ်စဉ်သာလျှင် အလွန် ထိတ်လန့်သည်၏အဖြစ်ကြောင့် နှလုံးသည် ကွဲ၏။ ထိုမြေခွေးသည် ထိုဖလ်ဂူတွင်း၌ သာလျှင် အသက်ကုန်ခြင်းသို့ ရောက်၏။ ဤသို့လျှင် သဗ္ဗညူမြတ်စွာဘုရားသည် ဒါယကာ ထိုမြေခွေးသည် ခြင်္သေ့သံကို ကြား၍ အသက်ကုန်ခြင်းသို့ ရောက်၏ဟု ဟောတော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

။ သီဟော စ သီဟနာဒေန၊ ဒဒ္ဒရံ အဘိနာဒယိ။
သုတွာ သီဟဿ နိဂ္ဃေါသံ၊ သိင်္ဂါလော ဒဒ္ဒရေ ဝသံ။
ဘီတော သန္တောသမာပါဒိ၊ ဟဒယဉ္စဿ အပ္ဖလိ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၄။ ဥပသကာ၊ ဒါယကာ။ သီဟော စ၊ သားအမျိုးကို အစိုးရခြင်းရှိသော ခြင်္သေ့မင်းသည်လည်း။ သီဟနာဒေန၊ မိုးကြိုးသံနှင့်တူသော ခြင်္သေ့သံဖြင့်။ ဒဒ္ဒရံ၊ ငွေတောင်ကို။ အဘိနာဒယိ၊ ပဲ့တင် သံ တစပ်ထည်းရှိသည်ကို ပြု၏။ ဒဒ္ဒရေ၊ ဖလ်နှင့်ရောသော ငွေတောင်ထိပ်၌။ ဝသံ- ဝသန္တာ၊ နေသော။ သိင်္ဂါလော၊ မြေခွေးသည်။ သီဟဿ၊ ခြင်္သေ့မင်း၏။ နိဂ္ဃေါသံ၊ ပြင်းထန်စွာသော အသံကို။ သုတွာ၊ ကြား၍။ ဘီတော၊ ကြောက်၏။ သန္တောသံ၊ ထိတ်လန့်ခြင်းသို့။ အာပါဒိ၊ ရောက်၏။ ဘီတေန၊ အလွန်ကြောက်ခြင်းကြောင့်။ အဿ၊ ထိုမြေခွေး၏။ ဟဒယဉ္စ၊ နှလုံးသည်လည်း။ အပ္ဖလိ၊ ကွဲလေ၏။

ဤသို့ဆိုအပ်ပြီးသောနည်းဖြင့် ခြင်္သေ့မင်းသည် မြေခွေးကို အသက်ကုန်ခြင်းသို့ရောက်စေ၍ ညီခြောက်စီးတို့ကို တခုတည်းသောအရပ်၌ ဖုံးလွှမ်းခဲ့၍ ထိုညီတို့၏ သေသည်၏ အဖြစ်ကို နှမအားကြားပြီးလျှင် ထိုနှမငယ်ကို နှစ်သိမ့်စေ၍ အသက်ထက်ဆုံး ရွှေဂူ၌နေ၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ ဒါယကာဆတ္တာသည်သည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ဆတ္တာသည်၏သားသည် ထိုအခါ မြေခွေး ဖြစ်ဘူးပြီ၊ ယခုအခါ လိစ္ဆဝီမင်းသ္မီးငယ်သည်ထိုအခါ ခြင်္သေ့မငယ် ဖြစ်ဘူးပြီ၊ ယခုအခါ မထင်ရှားကုန်သော မထေရ်တို့သည်

ထိုအခါ ခြောက်စီးကုန်သော ညီငယ် ခြင်္သေ့တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါအစ်ကိုကြီး ခြင်္သေ့ ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကိုပေါင်းတော်မူ၏။

မဟုတ်အရာ၊ စွဲလမ်းရှာ၊ သေကာပျက်စီးမည်

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သိင်္ဂါလဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဒဠှဝဂ်

၃။ သူကရဇာတ်

ဝက် နှင့် ခြင်္သေ့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် စတုပ္ပဒေါ အဟံ သမ္မ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသူကရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထေရ်အိုတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တနေ့သ၌ ညဉ့်အခါ တရားနာခြင်းသည် ဖြစ်လတ်သည်ရှိသော် သဗ္ဗညူမြတ်စွာဘုရားသည် ဂန္ဓကုဋိတံခါးဝယ် မွေ့လျော်ဘွယ်ရှိသော စောင်းတန်းပျဉ်၌ရပ်တော်မူ၍ ရဟန်းအပေါင်းအား ဘုရာတို့၏အဆုံးအမကို ပေးတော်မူ၍ ဂန္ဓကုဋိသို့ဝင်တော်မူသည်ရှိသော် ပညာကြောင့် ဘုရားပရိသတ်၏အကြီးဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်သည် မြတ်စွာဘုရားကိုရှိခိုး၍ မိမိပရိဝုဏ်သို့ ကြွတော်မူ၏။ မောဂ္ဂလာန် မထေရ်မြတ်သည်လည်း ပရိဝုဏ်သို့ကြွတော်မူ၍ အပင်အပန်းဖြေတော်မူပြီးလျှင် အရှင်သာရိပုတ္တရာမထေရ်၏အထံသို့ လာလတ်၍ ပြဿနာကို မေး၏။ မေးတိုင်းမေးတိုင်းသော ပြဿနာကို ဓမ္မသေနာပတိ ဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်မြတ်သည် ကောင်းကင်ပြင်၌ လကိုပေါ်စေဘိသကဲ့သို့ ဖြေ၍ ထင်ရှားသည်ကို ပြုတော်မူ၏။ ပရိသတ် လေးပါးတို့သည် တရားတော်ကိုနာကုန်လျှက် နေကြကုန်၏။ ထိုလေးပါးကုန်သော ပရိသတ်တို့တွင် မထေရ်အိုတပါးသည် ငါသည် တရားနာပရိသတ်တို့၏အလယ်၌ သာရိပုတ္တရာကိုနှောက်နှယ်လျှက် ပြသနာကိုအကယ်၍ မေးအံ့၊ ဤသို့ မေးသည်ရှိသော် ဤပရိသတ်သည် ဤရဟန်းအိုကား အကြားအမြင်များသော ရဟန်းပေတည်းဟုသိလျှင် ကောင်းစွာ စီရင်၍ လှူဒါန်းခြင်း မြတ်နိုးတနာပြုခြင်းကိုပြုလတ္တံ့ ဟုကြံ၏။ ကြံပြီးလျှင်...

ပရိသတ်တို့၏ အကြားမှထ၍ မထေရ်သို့ကပ်၍ လျောက်ပတ်စွာ ရပ်လျက်ဆို၏။ အဘယ်သို့ ဆိုသနည်းဟူမူကား ငါ့သျှင်သာရိပုတ္တရာ ငါတို့သည်လည်း အရှင်ကို တခုသော ပြဿနာကို မေးကုန်အံ့၊ ငါတို့အားလည်း အခွင့်ကိုပြုလော့၊ ရှေးရှုခြင်း၌၎င်း အကြွင်းမဲ့ဖြေခြင်း၌၎င်း နှိပ်ခြင်း၌၎င်း ချီးမြှောက်ခြင်း၌၎င်း အထူးပြုခြင်း၌၎င်း တဖန် အထူးပြုခြင်း၌၎င်း အဆုံးအဖြတ်ကို ငါ့အား ပေးလော့ဟု ဆို၏။ သာရိပုတ္တရာ မထေရ်မြတ်သည် ထိုရဟန်းအိုကို ကြည့်တော်မူ၍ ဤရဟန်းအိုသည် လောဘနိုင်ငံသို့လိုက်၍ ကျင့်ခြင်း၌ တည်၏။ အချည်းနှီးသာတကား၊ တစုံတခုကိုမျှ မသိဟု ထိုရဟန်းနှင့်တကွ မပြောဆိုမူ၍သာလျှင် ရှက်စနိုး၍ ယပ်ကိုချပြီးလျှင် နေရာမှသက်၍ ပရိဝုဏ်သို့ ဝင်တော်မူ၏။ မောဂ္ဂလာန်မထေရ်သည်လည်း မိမိ၏ပရိဝုဏ်သို့သာလျှင် ကြွတော်မူလေ၏။ လူတို့သည် ထလတ်ကုန်၍ ဤရဟန်းအိုသည် ငါတို့အား သာယာစွာသောတရားကို နာစိမ့်သောငှာ နာခြင်းကို မပေး၊ ထိုအချည်းနှီးသော ရဟန်းအိုကို ဖမ်းကြကုန်ဟု လိုက်ကြကုန်၏။ ထိုရဟန်းအိုသည် ပြေးလေသည်ရှိသော် ကျောင်းစွန်၌ ပျက်သောပျဉ်ရှိသော ကျင်ကြီးတွင်းသို့ကျ၍ မစင်အလူးလူးလိမ်းကျံလျှက် တည်၏။ လူတို့သည် ထိုမစင်အလိမ်းလိမ်း ကပ်သော ရဟန်းအိုကိုမြင်ကုန်၍လျှင် နှလုံးမသာယာကုန်သည်ဖြစ်၍ မြတ်စွာဘုရား အထံတော်သို့ လာကြကုန်၏။

မြတ်စွာဘုရားသည် ဒါယကာတို့ကိုမြင်တော်မူ၍ ဒါယကာတို့ အခါမဲ့၌ အဘယ့်ကြောင့် လာကြကုန်သနည်းဟု မေးတော်မူ၏။ လူတို့သည် ထိုအကြောင်းကို ကြားလောက်ကုန်၏။ မြတ်စွာဘုရားသည် ဒါယကာတို့ ထိုရဟန်းအိုသည် ယခုအခါ၌သာလျှင် လျှပ်ပေါ်သည်ဖြစ်၍ မိမိ၏အစွမ်းကို မသိ၍ အစွမ်းကြီးကုန်သောလူတို့နှင့်တကွ ပြိုင်ဆိုင်၍ မစင်အလိမ်းလိမ်း ကပ်သည်ကား မဟုတ်သေး၊ ရှေး၌လည်း ထိုရဟန်းအိုသည် လျှပ်ပေါ် သည်ဖြစ်၍ မိမိ၏အစွမ်းကိုမသိလေ၍ အစွမ်းကြီးကုန်သောသူတို့နှင့်တကွ ပြိုင်ဆိုင်၍ မစင်အလိမ်းလိမ်းကပ်ဘူးလေပြီဟု မိန့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူ၏။ ထိုဒါယကာတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ခြင်္သေ့ဖြစ်၍ ဟိမဝန္တာအရပ် တောင်ဂူ၌ နေခြင်းကိုပြု၏။ ထိုဂူ၏အနီး၌ တခုသောအိုင်ကိုမှီကုန်၍ များစွာကုန်သော ဝက်တို့သည် နေကုန်၏။ ထိုအိုင်ကိုသာလျှင်မှီကုန်၍ ရသေ့တို့သည်လည်း သစ်ရွက်ဖြင့်မိုးသော သင်္ခမ်း၌ နေခြင်းကို ပြုကြကုန်၏။ ထိုအခါ တနေ့သ၌ ခြင်္သေ့သည် ကျွဲ ဆင် အစရှိသည်တို့တွင် တခုခုကိုသတ်၍ အလိုရှိတိုင်းအသားကိုစားပြီးလျှင် ထိုအိုင်သို့သက်၍ ရေကိုသောက်၍ တက်၏။ ထိုခဏ၌ လျှပ်ပေါ်သောဝက်တခုသည် ထိုအိုင်ကိုမှီ၍ အစာကိုယူ၏။ ခြင်္သေ့သည် ထိုဝက်ကိုမြင်လျှင် ယနေ့မှတပါးသော တနေ့သ၌ ဤဝက်ကိုစားအံ့၊ စင်စစ်သော်ကား ငါ့ကိုမြင်၍ ဤဝက်သည် တဖန်မလာရာဟု ကြံ၍ ထိုဝက်၏မလာအံ့သည်မှ စိုးသောကြောင့် ရေအိုင်မှတက်၍ နံပါးတဘက်ဖြင့်သွားအံ့သောငှါ အားထုတ်၏။ ဝက်သည် ကြည့်မျှော်၍ ဤခြင်္သေ့သည် ငါ့ကိုမြင်၍ ငါမှကြောက်သောကြောင့် အနီးသို့သွားအံ့သောငှာ မဝံ့ရကား ပြေး၏။ ယနေ့ ငါသည် ဤခြင်္သေ့နှင့်တကွ စစ်ထိုးအံ့သောငှါ သင့်၏ဟု ဦးခေါင်းကိုမော်၍ စစ်ထိုးအံ့သောငှာ ခေါ်လိုရကား-

။ စတုပ္ပဒေါ အဟံ သမ္မ၊ တွမ္ပိ သမ္မ စတုပ္ပဒေါ။
ဧဟိ သမ္မ နိဝတ္တဿု၊ ကိန္နု ဘီတော ပလာယသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅။ သမ္မ၊ အချင်းခြင်္သေ့။ အဟံ၊ ငါသည်။ စတုပ္ပဒေါ၊ အခြေလေးချောင်းရှိသော သားတည်း။ သမ္မ၊ အချင်းခြင်္သေ့။ တွမ္ပိ၊ သင်သည်လည်း။ စတုပ္ပဒေါ၊ အခြေလေးချောင်းရှိသော သားတည်း။ သမ္မ၊ အချင်းခြင်္သေ့။ တွံ၊ သင်သည်။ ဘီတော၊ ငါမှကြောက်၍။ ပလာယသိ ကိန္နု၊ ပြေးသလော။ နိဝတ္တသု၊ ပြန်ခဲ့ဦးလော့။ ဧဟိ၊ လာဦးလော့။

ခြင်္သေ့သည် ထိုဝက်၏စကားကိုကြား၍ အချင်းဝက် ယနေ့ ငါတို့အား သင်နှင့်တကွ စစ်ထိုးခြင်းသည် မရှိသေး၊ ဤယနေ့မှကား ခုနစ်ရက်မြောက်သောနေ့၌ ဤအရပ်၌ သာလျှင် စစ်ထိုးခြင်းသည် ဖြစ်စေဟုဆို၍ ဖဲ၏။ ဝက်သည် ခြင်္သေ့နှင့်တကွ စစ်ထိုးရပေအံ့ဟု ရွှင်ရွှင်လန်းလန်း ထိုအကြောင်းကို အဆွေအမျိုးတို့အား ကြား၏။ ဆွေမျိုးတို့သည် ထိုဝက်၏စကားကို ကြားကုန်၍ အလွန်ကြောက်ကုန်ရကား ယခုအခါ၌ ဤဝက်သည် အလုံးစုံ ဖြစ်ကုန်သောငါတို့ကို ဖျက်ဆီးဘိ၏။ မိမိ၏အစွမ်းကိုမသိဘဲ ခြင်္သေ့နှင့်တကွ စစ်ထိုးခြင်းကို ပြုလိုဘိ၏။ ခြင်္သေ့သည် လာလတ်၍ အလုံးစုံလည်းဖြစ်ကုန်သောငါတို့ကို အသက်ကုန်ခြင်းသို့ရောက်စေလတ္တံ့၊ ရုန့်ရင်းကြမ်းတန်းသောအမှုကို မပြုလင့်ဟု ဆိုကြကုန်၏။ ထိုဝက်သည်လည်း အလွန်ကြောက်သည်ဖြစ်၍ ယခုအခါ၌ အသို့ပြုရပါအံ့နည်းဟု မေး၏။ ဝက်တို့သည် အချင်း သင်သည် ရသေ့တို့၏ ကျင်ကြီးစွန့်ရာမြေသို့သွား၍ ဟောင်ပုပ်သော မစင်၌ ခုနစ်ရက်တို့ပတ်လုံး ကိုယ်ကိုလူး၍ ခြောက်စေပြီးလျှင် ခုနစ်ရက်မြောက်သောနေ့၌ ကိုယ်ကိုဆီးနှင်းပေါက်တို့ဖြင့်ဆွတ်၍ ခြင်္သေ့၏မလာမီကလျှင် သွား၍ လေသင့်ရာ အရပ်ကိုသိ၍ လေညာ၌ ရပ်လော့၊ စင်ကြယ်သောသဘောရှိသော ခြင်္သေ့သည် သင်၏ဟောင်ပုပ်သော မစင်ဖြင့်ထုံအပ်သော ကိုယ်နံ့၏နံခြင်းကြောင့် သင့်အား အောင်ခြင်းကို ပေး၍ သွားလတံဟု ဆိုကုန်၏။ ထိုဝက်သည် ထိုအစီအရင်အတိုင်းပြု၍ ခုနစ်ရက်မြောက်သောနေ့၌ ထိုအရပ်၌ တည်၏။ ခြင်္သေ့သည် ထိုဝက်၏ ကိုယ်နံ့နံလာခြင်းကြောင့် မစင်လူးသည်၏အဖြစ်ကိုသိ၍ အချင်းဝက် သင်သည် အရေးကောင်းကို ကြံမိလေ၏။ သင်သည် အကယ်၍တည်း မစင်ပုပ်ကို မလူးအံ့၊ ဤအရပ်၌ပင်လျှင် သင်သည် အသက်ကုန်ခြင်းသို့ ရောက်လေရာ၏။ ယခုမူကား သင်၏ကိုယ်ကို နှုတ်သီးဖြင့်လည်း ကိုက်အံ့သောငှါ မတတ်ကောင်း၊ ခြေဖြင့်လည်း ကျောက်ကန်အံ့သောငှာ မတတ်ကောင်း၊ သင့်အား အောင်ခြင်းကို ငါပေး၏ဟုဆိုလိုရကား-

။ အသုစိ ပူတိလောမောသိ၊ ဒုဂ္ဂန္ဓော ဝါယိ သူကရ။
သစေ ယုဇ္စျိတုကာမောသိ၊ ဇယံ သမ္မ ဒဒါမိ တေ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆။ သမ္မ သူကရ၊ အချင်း ဝက်ပုပ်။ တွံ၊ သင်သည်။ အသုစိပူတိလောမော၊ မစင်လူးခြင်းကြောင့် ပုပ်သောအမွေးရှိသည်။ အသိ၊ ဖြစ်၏။ ဒုဂ္ဂန္ဓော၊ အလိုမရှိအပ် စက်ဆုပ်ရွံရှာအပ်သော အနံ့ရှိသည်ဖြစ်၍။ ဝါယိ၊ ပုပ်နံ့နံ၏။ ယုဇ္ဈိတုကာမောသိ၊ အကယ်၍ စစ်ထိုးလိုသည်ဖြစ်အံ့။ တေ၊ သင်အား။ ဇယံ၊ အောင်ခြင်းကို။ ဒဒါမိ၊ ငါပေး၏။

ဤသို့ဆို၍ ခြင်္သေ့သည် ထိုအရပ်မှသာလျှင်ပြန်၍ အစာကိုယူ၍ အိုင်၌ရေကိုသောက်၍ တောင်ဂူသို့သာလျှင် သွား၏။ ဝက်သည်လည်း ခြင်္သေ့ကို ငါအောင်ပြီဟု ဆွေမျိုးတို့ကို ကြားလေ၏။ ထိုဆွေမျိုးတို့သည် တဖန် တနေ့သ၌ လာလတ်၍ ခြင်္သေ့သည် အလုံးစုံသာလျှင်ဖြစ်ကုန်သော ငါတို့ကို အသက်ကုန်ခြင်းသို့ ရောက်စေလတ္တံ့ဟု လွန်စွာကြောက်ကုန်ရကား ပြေးကုန်၍ တရပ်တပါးသို့ သွားကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရဟန်းအိုသည် ထိုအခါဝက်ဖြစ်ဘူးပြီ၊ ယခုအခါငါဘုရားသည်သာလျှင် ထိုအခါ ခြင်္သေ့ဖြစ်ဘူးပြီဟု ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ဂုဏ်ကိုလွန်မက်၊ ဂုဏ်မတက်၊ ဝက်နှင့်ခြင်္သေ့ရှု

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော သူကရဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဒဠှဝဂ်

၄။ ဥရဂဇာတ်

ရသေ့, နဂါး, ဂဠုန်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဣဓူရဂါနံ ပဝရော ပဝိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဥရဂဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စစ်သူကြီး နှစ်ယောက်တို့၏ ခိုက်ရန် ဖြစ်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ကောသလမင်း၏ ခြေရင်း၌ မှီဝဲခစားကုန်သော စစ်သူကြီးဖြစ်ကုန်သော အမတ်ကြီးနှစ်ယောက်တို့သည် အချင်းချင်းတွေ့မြင်ကြရာအရပ်၌ ငြင်းခုံခြင်းကို ပြုကုန်သတတ်၊ ထိုအမတ်ကြီးနှစ်ယောက်တို့၏ ရန်ဘက်၏အဖြစ်သည် မြို့အလုံး၌ထင်ရှားသည် ဖြစ်၏။ ထိုအမတ်ကြီးနှစ်ယောက်တို့ကို ကောသလမင်းသည်၎င်း အဆွေအမျိုးမိတ်ခင်ပွန်းတို့သည်၎င်း၊ ညီညွတ်သင့်တင့်သည်တို့ကို ပြုအံ့သောငှါ မစွမ်းနိုင်ကုန်သလျှင်ကတည်း၊ ထိုအခါ တနေ့သ၌ သဗ္ဗညူ မြတ်စွာဘုရားသည် မိုးသောက်ထအခါ၌ ကျွတ်ထိုက်ကုန်သော အဆွေ အမျိုးတို့ကို ကြည့်တော်မူသည်ရှိသော် ထိုစစ်သူကြီးနှစ်ယောက်တို့၏ သောတာပတ္တိမဂ်၏ အကြောင်းဥပနိဿယဖြစ်သော ကုသိုလ်ကံကို မြင်တော်မူ၍ မိုးသောက်သောနေ့၌ ကိုယ်တော်တပါးတည်းသာလျှင် သာဝတ္ထိမြို့သို့ ဆွမ်းအလို့ငှာဝင်တော်မူ၍ ထိုနှစ်ယောက်သောစစ်သူကြီးတို့တွင် တယောက်သော စစ်သူကြီး၏အိမ်တံခါး၌ ရပ်တော်မူ၍ ထိုစစ်သူကြီးသည်ထွက်၍ သပိတ်တော်ကိုယူပြီးလျှင် မြတ်စွာဘုရားကို အိမ်တွင်းသို့ပင့်၍ နေရာကိုခင်း၍ နေတော်မူစေ၏။ မြတ်စွာဘုရားသည် နေတော်မူ၍ ထိုစစ်သူကြီးအား မေတ္တာဘာဝနာ၏အကျိုးကို ဟောတော်မူ၍ ခံ့သောစိတ်ရှိသည်၏အဖြစ်ကို သိတော်မူလျှင် သစ္စာတို့ကို ပြတော်မူ၏။ ထိုစစ်သူကြီးသည် သစ္စာကို ပြတော်မူသည်၏အဆုံး၌ သောတာပတ္တိဖိုလ်၌ တည်၏။

မြတ်စွာဘုရားသည် ထိုစစ်သူကြီး၏ သောတာပန်ဖြစ်ပြီးသည်၏ အဖြစ်ကို သိတော်မူ၍ ထိုစစ်သူကြီးကိုသာလျှင် သပိတ်တော်ကိုယူစေ၍ ထပြီးလျှင် တယောက်သော စစ်သူကြီး၏အိမ်တံခါးသို့ ကြွတော်မူ၍ ထိုစစ်သူကြီးသည်လည်းထွက်၍ မြတ်စွာဘုရားကိုရှိခိုးလျက် အရှင်ဘုရားတို့ ဝင်တော်မူလော့ဟုလျှောက်၍ အိမ်တွင်းသို့ဝင်၍ နေတော်မူစေ၏။ တယောက်သောစစ်သူကြီးသည်လည်း သပိတ်ကိုယူ၍ မြတ်စွာဘုရားနှင့် တကွသာလျင် ဝင်၏။ မြတ်စွာဘုရားသည် ထိုစစ်သူကြီးအား တဆယ့်တပါးကုန်သော မေတ္တာ၏အကျိုးအာနိသင်တို့ကို ဟောတော်မူ၍ ခံ့သောစိတ်ရှိသည်၏အဖြစ်ကို သိတော်မူလျှင် သစ္စာတို့ကို ပြတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ ထိုစစ်သူကြီးသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဤသို့လျှင် ထိုနှစ်ယောက်ကုန်သော စစ်သူကြီးတို့သည်လည်း သောတာပန်တို့ချည်း ဖြစ်ကုန်၍ အချင်းချင်း အပြစ်ကိုဖြေကုန်၍ ကန်တော့ကြကုန်၍ ညီညွတ်ကြကုန်သည် ဝမ်းမြောက်ကြကုန်သည် ဆန္ဒတူကြကုန်သည် ဖြစ်ကုန်၏။ ထိုနေ့၌သာလျှင် မြတ်စွာဘုရား၏ ရှေ့တော်မှောက်၌ အတူတကွ စားကြကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကိုပြီးစေ၍ ကျောင်းတော်သို့ ကြွတော်မူ၏။ ထိုနှစ်ယောက်ကုန်သော စစ်သူကြီးတို့သည်လည်း များစွာကုန်သော ပန်း နံ့သာ, နံ့သာပျောင်းတို့ကို၎င်း၊ ထောပတ် ပျား တင်လဲ အစရှိသည်တို့ကို၎င်း ယူကုန်၍ မြတ်စွာဘုရားနှင့်တကွသာလျှင် ထွက်ကုန်၏။ မြတ်စွာဘုရားအား ရဟန်းအပေါင်းသည် ဝတ်ကိုပြုသည်ရှိသော် ဘုရားရှင်တို့၏ အဆုံးအမကို ပေးတော်မူ၍ ဂန္ဓကုဋီသို့ ဝင်တော်မူ၏။

ရဟန်းတို့သည် ညချမ်းအခါ တရားသဘင်၌ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးစကားကို ဖြစ်စေကုန်၏။ အဘယ်သို့ ဖြစ်စေကုန်သနည်းဟူမူကား ငါ့သျှင်တို့ မြတ်စွာဘုရားသည် မယဉ်ကျေးသေးသောသူတို့ကို ယဉ်ကျေးအောင်ဆုံးမတော်မူတတ်သည်သာလျှင်တည်း၊ အမတ်ကြီးနှစ်ယောက်တို့ကို ရှည်မြင့်စွာနေကြကုန်သော်လည်း ကောသလမင်းသည် ညီညွတ်သည်တို့ကို ပြုအံ့သောငှါ မတတ်နိုင်သည်သာလျှင်တည်း၊ အဆွေအမျိုး မိတ်ခင်ပွန်းအစရှိသောသူတို့သည်လည်း မတတ်နိုင်ကြကုန်သလျှင်ကတည်း၊ နှစ်ယောက်ကုန်သောစစ်သူကြီးတို့ကို တနေ့ခြင်းသာလျှင် မြတ်စွာဘုရားသည် ဆုံးမတော်မူအပ်၏ဟု မြတ်စွာဘုရား၏ ကျေးဇူးစကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ငါဘုရားသည် ဤနှစ်ယောက်ကုန်သောသူတို့ကို ညီညွတ်သင့်တင့်သည်တို့ကို ပြုတော်မူသည် မဟုတ်သေး၊ ရှေး၌လည်း ထိုနှစ်ယောက်ကုန်သောသူတို့ကို ငါသည် ညီညွတ်သင့်တင့်ကုန်သည်တို့ကို ပြုအပ်ကုန်သည် သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသတတ်၊ ထိုအခါ ဗာရာဏသီပြည်၌ ပွဲလမ်းသဘင်ကို ကြွေးကြော်သည်ရှိသော် ကြီးစွာသေ ပွဲလမ်းသဘင်သည် ဖြစ်၏။ များစွာကုန်သော လူတို့သည်၎င်း၊ နတ် နဂါး ဂဠုန်အစရှိသည်တို့သည်၎င်း၊ ပွဲသဘင်ကြည့်အံ့သောငှါ စည်းဝေးရောက်လာကြကုန်၏။ ထိုပွဲသဘင်ဝယ် တခုသောအရပ်၌ တခုသောနဂါးသည်၎င်း၊ တခုသောဂဠုန်သည်၎င်း၊ သဘင်ကိုကြည့်ကုန်လျက် အတူတကွ ရပ်ကြကုန်၏။ နဂါးသည် ဂဠုန်၏အဖြစ်ကို မသိသည်ဖြစ်၍ ဂဠုန်၏ပခုံး၌ လက်ကိုတင်၏။ ဂဠုန်သည် ငါ၏ပခုံး၌ ဘယ်သူလက်တင်သနည်းဟု ပြန်ကြည့်လတ်သော် နဂါးမှန်းသိ၏။ နဂါးသည်လည်းကြည့်လတ်သည်ရှိသော် ဂဠုန်၏အဖြစ်ကိုသိ၍ သေခြင်းမှအလွန်ကြောက်ရကား မြို့မှထွက်၍ မြစ်ဆိပ်သို့ပြေးလေ၏။ ဂဠုန်သည်လည်း ထိုနဂါးကိုဖမ်းအံ့ဟု လိုက်၏။ ထိုအခါ၌ ဘုရားလောင်းသည် ရသေ့ဖြစ်၍ ထိုမြစ်၏ကမ်းနားဝယ် သစ်ရွက်မိုးသောသင်္ခမ်း၌နေလျှက် နေပူခြင်းကိုငြိမ်းစိမ့်သောငှါ ရေသနုပ်ကိုဝတ်၍ လျှော်တေသင်္ကန်းကို ထားပြီးလျှင် မြစ်သို့သက်၍ ရေချိုး၏။ နဂါးသည် ဤရဟန်းကိုမှီ၍ အသက်ကိုရပါအံ့ဟု ပကတိအသွင်ကိုစွန့်ပြီးလျှင် ပတ္တမြားတုံးအသွင်ကိုဘန်ဆင်း၍ လျှော်တေသင်္ကန်းကြားသို့ ဝင်၏။ ဂဠုန်သည် လိုက်လာသည်ရှိသော် ထိုနဂါးကို မျှော်တေသင်္ကန်းကြားသို့ ဝင်သည်ကိုမြင်၍ လျှော်တေသင်္ကန်းအား ရိုသေလေးမြတ်သည်၏အဖြစ်ကြောင့် မယူမူ၍ ဘုရားလောင်းကို ခေါ်ပြီးလျှင် အရှင်ဘုရား အကျွန်ုပ်သည် မွတ်၏။ အရှင်ဘုရားတို့၏ သင်္ကန်းတော်ကို ယူကုန်လော့၊ ဤနဂါးကို စားအံ့၊ ဤသို့သောအနက်ကို ပြအံ့သောငှါ-

။ ဣဓူရဂါနံ ပဝရော ပဝိဋ္ဌော၊
သေလဿ ဝဏ္ဏေန ပမောက္ခမိစ္ဆံ။
ဗြဟ္မဉ္စ ဝဏ္ဏံ အပစာယမာနော၊
ဗုဘုက္ခိတော နော ဝိတရာမိ ဘောတ္တုံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇။ ဘော ပဗ္ဗဇိတ၊ အို ရှင်ရဟန်း။ ဥရဂါနံ၊ နဂါးတို့၏။ ပဝရော၊ အထွတ်အမြတ်ဖြစ်သော နဂါးမင်းသည်။ ပမောက်ခံ၊ ငါမှလွတ်ခြင်းကို။ ဣစ္ဆံ၊ အလိုရှိသည်ဖြစ်၍။ သေလဿ၊ ပတ္တမြားတုံး၏။ ဝဏ္ဏေန၊ အသွင်ဖြင့်။ ဣဓ၊ ဤအရှင်ဘုရား၏ သင်္ကန်းတော်သို့။ ပဝိဋ္ဌော၊ ဝင်၏။ အဟံ၊ အကျန်ုပ်သည်။ တုမှာကံ၊ အရှင်ဘုရားတို့၏။ ဗြဟ္မဉ္စ၊ မြတ်သည်လည်းဖြစ်သော။ ဝဏ္ဏံ၊ လျှော်တေသင်္ကန်းတော် အသွင်ကို။ အပစာယမာနော၊ အလေးဂရုပြုသည်ဖြစ်၍။ ဗုဘုက္ခိတော၊ အလွန်စားလိုလျှက်လည်း။ ဧတံ နာဂံ၊ ထိုနဂါးကို။ ဘောတ္တုံ၊ စားခြင်းငှာ။ နော ဝိတရာမိ၊ မဝံ့။

ဤသို့ဆိုသည်ရှိသော် ဘုရားအလောင်းသည် ရေ၌တည်လျက် သာလျှင် ဂဠုန်မင်းအား ချီးမွမ်းခြင်းကို ပြုလိုရကား-

။ သော ဗြဟ္မဂုတ္တော စိရမေဝဇီဝ၊
ဒိဗျာ စ တေ ပါတုဘန္တု ဘက္ခာ။
ယော ဗြဟ္မဝဏ္ဏံ အပစာယမာနော၊
ဗုဘုက္ခိတော နော ဝိတရာသိ ဘောတ္တုံ။

ဟူသော နှစ်ခုဟို၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၈။ သုပဏ္ဏရာဇ၊ ဂဠုန်ငှက်မင်း။ ယော တွံ၊ အကြင်သင်သည်။ ဗြဟ္မဝဏ္ဏံ၊ မြတ်သော လျှော်တေသင်္ကန်းတော်အသွင်ကို။ အပစာယမာနော၊ အလေးဂရုပြုသည်ဖြစ်၍။ ဗုဘုက္ခိတော၊ အလွန်စားလိုလျှက်လည်း။ ဧတံ နာဂံ၊ ထိုနဂါးကို။ ဘောတ္တုံ၊ စားခြင်းငှါ။ နော ဝိတရာသိ၊ မဝံ့။ သော တွံ၊ ထိုသင်သည်။ ဗြဟ္မဂုတ္တော၊ မြတ်သောလျှော်တေသင်္ကန်းကို စောင့်ရှောက် သည်ဖြစ်၍။ စိရမေဝ၊ အခါမြင့်သာလျှင်။ ဇီဝ၊ အသက်ရှည်စေသော။ တေ၊ သင်အား။ ဒိဗျာ စ ဘက္ခာ၊ နတ်၌ သာလျှင်ဖြစ်ကုန်သော အာဟာရတို့သည်။ ပါတုဘဝန္တု၊ ထင်ရှားဖြစ်စေကုန်သတည်း။

ဤသို့ ဘုရားလောင်းသည် ရေ၌သာလျှင် အနုမောဒနာပြ၍ ရေမှတက်၍ လျှော်တေသင်္ကန်းကိုဝတ်၍ ထိုနဂါး ဂဠုန် နှစ်ပါးစုံတို့ကိုလည်း ခေါ်၍ ကျောင်းသို့သွားပြီးလျှင် မေတ္တာဘာဝနာ၏အကျိုးကို ဟောတော်မူ၍ နဂါးဂဠုန်နှစ်ပါးစုံတို့ကိုလည်း ညီညွတ်သင့်တင့်သည်တို့ကို ပြုတော်မူ၏။ ထိုနဂါးဂဠုန် နှစ်ပါးစုံတို့သည် ထိုအခါမှစ၍ ညီညွတ်ကုန်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာကြကုန်သည်ဖြစ်၍ ချမ်းသာစွာနေခြင်းဖြင့် နေကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ နှစ်ယောက်ကုန်သော ဤအမတ်ကြီးတို့သည် ထိုအခါနဂါးသည်၎င်း ဂဠုန်သည်၎င်း ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

မေတ္တာ သက်ဝင်၊ ပြစ်ချက်စင်၊ ခင်မင် ပေါင်းသင်းပြု

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဥရဂဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဒဠှဝဂ်

၅။ ဘဂ္ဂဇာတ်

ချေဆပ် မန္တန်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဇီဝံ ဝဿသတံ ဘဂ္ဂ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဘဂ္ဂဇာတ်ကို ဇေတဝန် ကျောင်းတော်၏ အနီး၌ ပသေနဒီကောသလမင်းကြီးသည် ဆောက်လုပ်အပ်သော ရာဇိကာရုံ၌ သီတင်းသုံးနေတော်မူစဉ် ကိုယ်တော်၏ချေတော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တနေ့သ၌ မြတ်စွာဘုရားသည် ရာဇိကာရုံတွင် ပရိသတ်လေးပါးတို့၏အလယ်၌ နေတော်မူ၍ တရားကိုဟောတော်မူစဉ် ချေတော်မူ၏။ ရဟန်းတို့သည် အရှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သက်တော်ရှည်စေသော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် သက်တော်ရှည်စေသောဟု အရပ်မျက်နှာကို ပြန့်နှံသည်၏အစွမ်းဖြင့် ကျယ်သောအသံ အုတ်အုတ်သဲသဲသောအသံကို ပြုကုန်၏။ ထိုအသံကြောင့် တရားဟောခြင်း၏အန္တရာယ်သည် ဖြစ်၏။ ထိုအခါ၌ မြတ်စွာဘုရားသည် ရဟန်းတို့ စင်စစ်သဖြင့်လျှင် ချေသည်ရှိသော် အသက်ရှည်စေသောဟု ဆိုသည်ရှိသော် ထိုအကြောင်းကြောင့် ရှင်ရာသလော၊ သေရာသလောဟု မိန့်တော်မူ၏။ အရှင်ဘုရား ထိုသို့ချေသည်ရှိသော် အသက်ရှည်စေသောဟု ဆိုခြင်းတည်းဟူသော အကြောင်းကြောင့် ရှင်ခြင်း သေရခြင်း၏ ဖြစ်ခြင်းသည် မဖြစ်သင့်ဟု ရဟန်းတို့သည် လျှောက်ကြကုန်၏။ ရဟန်းတို့ ထိုသို့တပြီးကား ချေသည်ရှိသော် အသက်ရှည်စေသောဟု မဆိုအပ်၊ အကြင် ရဟန်းသည် ဆိုငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ် သင့်စေဟုမိန့်တော်မူ၏။

ထိုအခါ၌ လူတို့သည် ရဟန်းတို့အား ချေသည်ရှိသော် အရှင်ဘုရားတို့သည် သက်တော်ရှည်စေကုန်သတည်းဟု ဆိုကြကုန်၏။ ရဟန်းတို့သည် မအပ်ဟု ကုက္ကုစ္စဖြစ်ကြကုန်၍ အသက်ရှည်စေကုန်ဟု တုံ့၍မဆိုကုန်၊ လူတို့သည် အဘယ်ကြောင့်သာလျှင် သာကီဝင်မင်းသားဖြစ်ကုန်သော ရဟန်းတို့သည် အရှင်ဘုရားတို့ အရှင်ဘုရားတို့သည် သက်တော်ရှည်စေ ကုန်သတည်းဟု ဆိုကုန်သည်ရှိသော် စကားမဆို နေကုန်ဘိသနည်းဟု ကဲ့ရဲ့ကုန်၏။ မြတ်စွာဘုရားအား ထိုအကြောင်းကို ကြားလျှောက်ကုန်၏။ ရဟန်းတို့ လူတို့သည် နှုတ်မင်္ဂလာစကားကို ချီးမွမ်းတတ်ကုန်၏။ ရဟန်းတို့ လူတို့အား အသက်ရှည်စေဟု တုံ့၍ဆိုစိမ့်သောငှါ ခွင့်ပြုတော်မူ၏။ ရပာန်းတို့ လူတို့သည် အရှင်ဘုရား အရှင်ဘုရားသည် အသက်ရှည်စေသတည်းဟု ဆိုသည်ရှိသော် ကြာမြင့်စွာ အသက်ရှည်စေဟု တုံ့၍ဆိုအံ့သောငှါအပ်၏ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်းတို့သည် အရှင်ဘုရား အသက်ရှည်စေဟူ၍ဆိုသော, စကားတုံ့၍ အသက်ရှည်စေဟူ၍ဆိုသော စကားမည်သည်ကား အဘယ်အခါ၌ ဖြစ်သနည်းဟု မြတ်စွာဘုရားကို မေးကုန်၏။ မြတ်စွာဘုရားသည်ရဟန်းတို့ အသက်ရှည်စေဟု ဆိုသော် စကားတုံ့၍ အသက်ရှည်စေဟုဆိုသော စကားမည်သည်ကား ရှေးကာလ၌ ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိကတိုင်းဝယ် တဦးသောပုဏ္ဏားမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်း၏အဘသည် ကုန်သွယ်ခြင်းကိုပြု၍ အသက်မွေး၏။ ထိုပုဏ္ဏားသည် တဆယ့် ခြောက်နှစ်ရှိသော သားဘုရားလောင်းကို ရောင်းအပ်သောဘဏ္ဍာကိုထုပ်စေ၍ ရွာ နိဂုံး အစရှိသည်တို့၌သွားသည်ရှိသော် ဗာရာဏသီသို့ရောက်၍ တံခါးစောင့်၏အိမ်၌ ထမင်းကိုချက်စေပြီးလျှင် ထမင်းစား၍ နေရာအရပ်ကို မရသည်ရှိသော် အခါမဲ့၌လာကုန်သော ဧည့်သည်တို့သည် အဘယ်အရပ်၌ နေကုန်သနည်းဟု မေး၏။ ထိုအခါ၌ ထိုပုဏ္ဏားကို လူတို့သည် မြို့ပ၌ ဇရပ်တဆောင်သည်ရှိ၏။ ထိုဇရပ်သည်ကား ဘီလူးစောင့်ရှောက်၏။ အကယ်၍ အလိုရှိကုန်အံ့၊ ထိုဇရပ်၌ နေကုန်လော့ဟု ဆိုကုန်၏။ ဘုရားလောင်းသည် ဘခင် လာကုန်လော့ သွားကြကုန်အံ့၊ ဘီလူးဘေးမှ မကြောက်ကုန်လင့်၊ အကျွန်ုပ်သည် ထိုဘီလူးကိုဆုံးမ၍ ဘခင်တို့၏ ခြေရင်းတို့၌ ဝပ်စေအံ့ဟု အဘကိုခေါ်၍ ထိုဇရပ်သို့ သွား၏။

ထိုအခါ၌ ဘုရားလောင်း၏အဘသည် အင်းပျဉ်၌ လျောင်း၏။ မိမိသည် အဘ၏ခြေတို့ကို ဆုပ်နယ်လျှက်နေ၏။ ထိုဇရပ်၌စောင့်သောဘီလူးသည် တဆယ့်နှစ်နှစ်တို့ပတ်လုံး ဝေဿဝဏ္ဏနတ်မင်းကိုခစား၍ ထိုဇရပ်ကိုရသည်ရှိသော် ဤဇရပ်သို့ဝင်ကုန်သောလူတို့တွင် အကြင်လူသည် ချေသည်ရှိသော် အသက်ရှည်စေသတည်းဟု ဆို၏။ အကြင်သူသည်လည်း အသက်ရှည် စေသတည်းဟုဆိုသည်ရှိသော် တုံ့ပြန်၍ အသက်ရှည်စေသတည်းဟု ဆို၏။ ထိုအသက်ရှည်စေသ တည်းဟု ဆိုသောသူ, တုံ့၍ အသက်ရှည်စေကုန်သတည်းဟု ဆိုကုန်သော သူတို့ကိုထား၍ ကြွင်းသောသူတို့ကို စားလေလော့ ဤသို့ ဆုရ၏။ ထိုဘီလူးသည် ခေါင်အုပ်ဝါး၏ ဖွဲ့ရာလျောက်၌ နေ၏။ ထိုဘီလူးသည် ဘုရားလောင်း၏အဘကို ချေစေအံ့ဟူ၍ မိမိ၏ အာနုဘော်ဖြင့် သိမ်မွေ့သောအမှုန့်ကို လွှတ်၏။ အမှုန့်သည် လာလတ်၍ ပုဏ္ဏား၏နှာခေါင်းပေါက်၌ ဝင်၏။ ထိုပုဏ္ဏားသည် အင်းပျဉ်ပေါ်၌ လျောင်းလျှက်သာ ချေ၏။ ဘုရားလောင်းသည် ထိုအဘကို အသက်ရှည်စေသောဟူ၍ ဆို၏။ ဘီလူးသည် ထိုပုဏ္ဏားကိုစားအံ့သောငှာ ခေါင်လျောက်မှ ဆင်း၏။ ဘုရားလောင်းသည် ထိုဘီလူးဆင်းသည်ကို မြင်၍ ဤဘီလူးသည် ငါ၏အဘကို ချေစေအပ်သည် ဖြစ်လတံ့၊ ဤဘီလူးသည် ချေသည်ရှိသော် အသက်ရှည်စေသောဟူ၍ မဆိုသောသူကို စားသောဘီလူးသည် ဖြစ်လတံ့ဟု နှလုံးပြု၍ အဘကိုရည်မှတ်၍-

။ ဇီဝ ဝဿသတံ ဘဂ္ဂ၊ အပရာနိ စ ဝီသတိ။
မာ မံ ပိသာစာ ခါဒန္တု၊ ဇီဝ တွံ သရဒေါသတံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉။ ဘဂ္ဂ၊ ဘခင် ဘဂ္ဂ။ တွံ၊ သင်သည်။ ဝဿသတံ၊ အနှစ်တရာ ပတ်လုံး၎င်း။ အပရာနိ၊ ထိုမှတပါးကုန်သော။ ဝီသတိ စ၊ အနှစ်နှစ်ဆယ်ပတ်လုံး၎င်း။ ဇီဝ၊ အသက်ရှည်လော။ မံ၊ ငါ့ကို။ ပိသာစာ၊ ဘီလူးတို့သည်။ မာ ခါဒန္တု၊ မစားစေကုန်သတည်း။ တွံ၊ သင်သည်လည်း။ သရဒေါသတံ၊ နှစ်ဆယ်အလွန်ရှိသော အနှစ်တရာပတ်လုံး။ ဇီဝ၊ အသက်ရှည်စေသော။

ဘီလူးသည် ဘုရားလောင်း၏ စကားကိုကြား၍ ဤလုလင်ကို ရှေးဦးစွာ အဘကို အသက်ရှည်စေသောဟူ၍ ဆိုအပ်သည်၏အဖြစ်ကြောင့် စားအံ့သောငှါမတတ်ကောင်း၊ ထိုလုလင်၏ အဘကိုကား စားအံ့ဟု အဘထံသို့ သွား၏။ ထိုပုဏ္ဏားသည် ထိုဘီလူးလာလတ်သည်ကို မြင်၍ ဤဘီလူးသည် အတုံ့ အသက်ရှည်စေသောဟူ၍ မဆိုကုန်သော သူတို့ကို စားတတ်သော ဘီလူးသည်ဖြစ်လတ္တံ့၊ တုံ့၍ အသက်ရှည်စေဟု ဆိုခြင်းကို ပြုအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုပုဏ္ဏားသည် သားကို အာရုံပြု၍-

၁၀။ တွမ္ပိ ဝဿသတံ ဇီဝ၊ အပရာနိ စ ဝီသတိ။
ဝိသံ ပိသာစာ ခါဒန္တု၊ ဇီဝ တွံ သရဒေါသတံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀။ ပိယပုတ္တ၊ ချစ်စွာသောသား။ တမ္ပိ၊ သင်သည်လည်း။ ဝဿသတံ၊ အနှစ်တရာပတ်လုံး၎င်း။ အပရာနိ၊ တပါးကုန်သော။ ဝီသတိ၊ အနှစ်နှစ်ဆယ်ပတ်လုံး၎င်း။ ဇီဝ၊ အသက်ရှည်လော။ ပိသာစာ၊ ဘီလူးတို့သည်။ ဝိသံ၊ လတ်လတ် လောလော သေစေတတ်သော အဆိပ်ကိုသာ။ ခါဒန္တု၊ စားရ လေစေကုန်သတည်း။ တွံ၊ သင်သည်။ သရဒေါသတံ၊ နှစ်ဆယ်အလွန်ရှိသော အနှစ်တရာတို့ပတ်လုံး။ ဇီဝ၊ အသက်ရှည်စေသော။

ထိုပုဏ္ဏား၏ စကားကိုကြား၍ သားအဘနှစ်ယောက်တို့ကိုလည်း ငါ မစားသင့်ပြီဟု ပြန်လေ၏။ ထိုအခါ၌ ထိုဘီလူးကို ဘုရားလောင်းသည် အို ဘီလူး အဘယ်ကြောင့် ဤဇရပ်သို့ ဝင်လာကုန်သောသူတို့ကို သင် စားသနည်းဟု မေး၏။ အို လုလင် တဆယ့်နှစ်နှစ်တို့ပတ်လုံး ဝေဿဝဏ္ဏနတ်မင်းကိုခစား၍ ရသည်၏အဖြစ်ကြောင့် စား၏ဟုဆို၍ အလုံးစုံသော

သူကိုပင်လျှင် စားအံ့သောငှါ သင်ရသလောဟု မေးသည်ရှိသော် ထိုဘီလူးသည် အသက်ရှည်စေသောဟုဆိုသောသူ, တုံ့၍ အသက်ရှည်စေသောဟု ဆိုသောသူတို့ကိုထား၍ ကြွင်းကုန်သောသူတို့ကို ငါစားရ၏ဟု ဆို၏။ ဘီလူး သင်သည် ရှေး၌လည်း အကုသိုလ်ကို ပြုခြင်းကြောင့် ကြမ်းတန်း ရုန့်ရင်းသော သူတပါးကို ညှဉ်းဆဲတတ်သော ဘီလူး၏အဖြစ်အားဖြင့် ဖြစ်၏။ ယခုအခါ၌လည်း ထိုသို့သဘောရှိသော မကောင်းမှုကို ပြုပြန်၍ အမိုက်မှအမိုက်သို့ လားရသည်ပင်ဖြစ်လတ္တံ့၊ ထို့ကြောင့် ဤနေ့မှစ၍ ပါဏာတိပါတအစရှိသည်တို့မှ ကြဉ်ရှောင်လော့ဟု ဘီလူးကိုဆုံးမ၍ ငရဲဘေးဖြင့်ခြိမ်းချောက်၍ ပဉ္စသီတို့၌တည်စေ၍ ဘီလူးကို ကျွန်အမှုလုပ်ကိုကဲ့သို့ ပြု၏။ မိုးသောက်သောနေ့၌ လှည့်လည်လာကုန်သောလူတို့သည် ဘီလူးကိုမြင်ကုန်၍ ဘုရားလောင်းသည်လျှင် ထိုဘီလူးကို ဆုံးမသည်၏အဖြစ်ကို သိကုန်၍ မင်းအား ကြား လျှောက်ကုန်၏။ အဘယ်သို့ ကြားလျောက်ကုန်သနည်းဟူမူကား မြတ်သောမင်းကြီး လုလင်တယောက်သည် ထိုဘီလူးကိုဆုံးမ၍ ကျန်အမှုလုပ်ကိုကဲ့သို့ပြု၍တည်၏ဟု ကြားလောက်ကုန်၏။ မင်းသည် ဘုရားလောင်းကို သေနာပတိအရာ၌ထား၏။ ထိုဘုရားလောင်း၏ အဘအားလည်း များစွာသောစည်းစိမ်ကို ပေး၏။ ထိုမင်းသည် ဘီလူးကို ဗလိ နတ်စာခံသောနတ်ကိုပြု၍ ဘုရားလောင်း၏ အဆုံးအမ၌ တည်၍ ဒါန အစရှိသောကောင်းမှုတို့ကိုပြု၍ နတ်ပြည်ကို ပြည့်စေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အသက်ရှည်စေဟူ၍ဆိုခြင်း တုံ့၍ အသက်ရှည်စေဟူ၍ ဆိုခြင်းမည်သည်ကား ထိုကာလ၌ဖြစ်၏ဟု မိန့်တော်မူ၍ ရဟန်းတို့ ယခုအခါ အင်္ဂုလိမာလသည် ထိုအခါ ဘီလူး ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ကဿပသည် ထိုအခါ အဘ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သားဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

အသက်ရှည်စေ၊ ခွန်းတုံ့ချွေ၊ သက်နေ ရှည်ကြာမှု

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ဘဂ္ဂဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဒဠှဝဂ်

၆။ အလီနစိတ္တဇာတ်

ဆင်ဖြူတော်၏ အစွမ်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အလီနစိတ္တံ နိဿာယ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအလီနစိတ္တဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လုံ့လကိုလျော့သောရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် ဧကာဒသကနိပါတ် သံဝရဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ထိုရဟန်းအား မြတ်စွာဘုရားသည် ရဟန်း သင်သည် လုံ့လကိုလျှော့သတတ်ဟူသည် မှန်သလောဟု မိန့်တော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု လျောက်၏။ ထိုအခါ၌ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း သင်သည် ရှေး၌လုံ့လကိုမလျှော့မူ၍ အသားတစ်နှင့်တူသော နုနယ်လှသောသူငယ်အား တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီမြို့၌ မင်းအဖြစ်ကိုယူ၍ ပေးဘူးသည် မဟုတ်တုံလော့၊ ယခုအခါ အဘယ့်ကြောင့် ဤသို့သဘောရှိသော သာသနာတော်၌ ရဟန်းပြု၍ လုံ့လကိုလျှော့ဘိသနည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဗာရာဏသီမြို့မှ မနီးမဝေးသောအရပ်၌ လက်သ္မားတို့၏ရွာသည် ရှိသည်ဖြစ်၏။ ထိုလက်သ္မားတို့၏ရွာ၌ ငါးရာကုန်သော လက်သ္မားတို့သည် နေကုန်၏။ ထိုလက်သ္မားတို့သည် လှေဖြင့်မြစ်ညာသို့သွားကုန်၍ တောသို့ဝင်ကုန်၏။ အိမ်၏ အဆောက်အဦ သစ်တို့ကို ရွေကုန်၍ ထိုတောအရပ်၌သာလျှင် ဘုံတဆင့် နှစ်ဆင့် အစရှိသည်အပြားရှိကုန်သော အိမ်အဆောက်အဦးတို့ကို စီရင်ကုန်၍ တိုင်မှစ၍ ခပ်သိမ်းကုန်သောသစ်တို့၌ အမှတ်ပြုကုန်၍ မြစ်နားသို့ ဆောင်ကုန်ပြီးလျှင် လှေသို့ တင်ကုန်၍ မြစ်၏အကြေဖြင့် မြို့သို့လာကုန်၍ အကြင်သူတို့သည် အကြင်သို့ သဘောရှိကုန်သောအိမ်တို့ကို အလိုရှိကုန်၏။ ထိုသူတို့ကို ထိုသို့သဘောရှိကုန်သော အိမ်တို့ကိုပြုကုန်၍ အသပြာတို့ကိုယူကုန်ပြီးလျှင် တဖန်ထိုအရပ်သို့သာလျှင်သွားကုန်၍ အိပ်၏ အဆောက်အဦတို့ကို ဆောင်ကုန်၏။ ဤသို့သောနည်းဖြင့် အသက်မွေးခြင်း ကိုပြုကုန်သော ထိုလက်သ္မားတို့သည် တရံရောအခါ တော၌ သစ်ခက်တပ်ကိုဆွဲကုန်၍ သစ်တို့ကိုရွေကုန်သော် ထိုလက်သ္မားတို့၏ မနီးမဝေးသောအရပ်၌ ဆသ်တစီးသည် ရှားငုတ်ကိုနင်းမိ၍ ထိုရှားငုတ်သည် ထိုဆင်၏ခြေကို စူး၏။ သည်းစွာကုန်သော ဝေဒနာတို့သည် ဖြစ်ကုန်၏။ ခြေသည် ဖူးဖူးယောင်၍ ပြည်ကိုယူ၏။ ထိုဆင်သည် ဝေဒနာသို့ဆိုက်၍ ထိုလက်သ္မားတို့၏ သစ်ရွေသံကိုကြား၍ ဤလက်သ္မားတို့ကိုမှီ၍ ငါ့အား ချမ်းသာခြင်းသည် ဖြစ်လတ္တံ့ဟု အောက်မေ့၍ ခြေသုံးချောင်းတို့ဖြင့် လက်သ္မားတို့၏အထံသို့ သွားလေ၍ အနီး၌ ဝပ်၏။ လက်သ္မားတို့သည် ထိုဆင်ကို ဖူးဖူးယောင်သော ခြေရှိသည်ကိုမြင်ကုန်လျှင် ချဉ်းကပ်ကုန်၍ ခြေ၌ ရှားငုတ်ကိုမြင်ကုန်၍ ထက်လှစွာသောပဲကွပ်ဖြင့် ရှားငုတ်၏ ထက်ဝန်းကျင်မှ အရစ်ကိုပြုကုန်ပြီးလျှင် ကြိုးဖြင့်ဖွဲ့၍ငင်ကုန်၍ ငုတ်ကိုနုတ်ပြီးလျှင် ပြည်ကိုယိုစေ၍ ရေနွေးဖြင့်ဆေးကုန်၍ ထိုအနာနှင့်သင့်လျော်ကုန်သော ဆေးတို့ဖြင့်လိမ်းကျံ၍ မကြာမြင့်မီသာလျှင် အနာကိုချမ်းသာသည်ကို ပြုကုန်၏။

ထိုဆင်သည် အနာကင်းသည်ဖြစ်၍ ငါသည် ဤလက်သ္မားတို့ကိုမှီ၍ အသက်ကို ရပေ၏။ ယခုအခါ၌ ထိုလက်သ္မားတို့အား ငါသည် ကျေးဇူးကိုပြုခြင်းငှါ သင့်၏ဟု ကြံ၏။ ကြံပြီး၍ ထိုဆင်သည် ထိုနေ့မှစ၍ လက်သ္မားတို့နှင့်တကွ သစ်တို့ကိုထုတ်၏။ ရွေကုန်သော လက်သ္မားတို့အား လှန်၍ လှန်၍ ပေး၏။ ပဲခွပ်အစရှိသည်တို့ကို ဆောင်၏။ နှာမောင်းဖြင့်ပစ်၍ မည်းသောအဆင်းရှိသော တမျဉ်းကြိုးစွန်း၌ ကိုင်၏။ လက်သ္မားတို့သည်လည်း ထိုဆင်အား ထမင်းစားသောအခါ၌ တဆုပ်တဆုပ်စီသော ထမင်းဆုပ်ကို့ကိုပြုကုန်၍ ငါးရာကုန်သော ထမင်းဆုပ်တို့ကို ပေးကုန်၏။ ထိုဆင်အားကား အလုံးစုံဖြူသော ငယ်သေးသော ဆင်အာဇာနည်ဖြစ်သော သားသည် ရှိ၏။ ထို့ကြောင့် ထိုဆင်အား ငါသည် ယခုအခါ၌ အိုမင်းပြီ၊ ယခုအခါ ငါသည် ဤလက်သ္မားတို့အား အမှုလုပ်စိမ့်သောငှါ သားကိုပေး၍ သွားအံ့သောငှာ သင့်၏။ ဤသို့သောအကြံသည် ဖြစ်၏။ ကြံ၍ထိုဆင်သည် လက်သ္မားတို့အား မကြားမူ၍သာလျှင် တောသို့ဝင်၍ သားကိုဆောင်ခဲ့ပြီးလျှင် ဤဆင်ငယ်သည်သားတည်း၊ သင်တို့သည်ကား အသက်ကို ပေးပေ၏။ ငါသည် သင်တို့အား ဆေးဘိုးအကျိုးငှာ ဤသားဆင်ငယ်ကို ပေး၏။ ဤဆင်ငယ်သည် ဤနေ့မှစ၍ သင်တို့၏အမှုတို့ကို ပြုလတ္တံ့ဟုဆို၍ ဤနေ့မှစ၍ကား ငါပြုအပ်သောအမှုကို သင်ပြုလော့ဟူ၍ သားကို ဆုံးမပြီးလျှင် လက်သ္မားတို့အားပေး၍ မိမိသည်တောသို့ ဝင်၏။

ထိုနေ့မှစ၍ ဆင်ငယ်သည် လက်သ္မားတို့၏စကားကို လိုက်နာသည်။ အဆုံးအမကို ခံသည်ဖြစ်၍ ခပ်သိမ်းကုန်သောအမှုတို့ကို ပြု၏။ ထိုလက်သ္မားတို့သည်လည်း ထိုဆင်ငယ်ကို ထမင်းဆုပ်ငါးရာတို့ဖြင့် မွေးကျွေးကုန်၏။ ထိုဆင်သည် အမှုလုပ်ပြီးလျှင် မြစ်သို့သက်ပြီး၍ ရေချိုး၍ကစား၍ လာ၏။ လက်သ္မားတို့၏ သားငယ်တို့သည်လည်း ထိုဆင်ကို နှာမောင်း အစရှိသည်တို့၌ဖက်ကုန်၍ ရေ၌၎င်း ကြည်း၌၎င်း ထိုဆင်ငယ်နှင့်တကွ ကစားကြကုန်၏။ စင်စစ်သဖြင့် အာဇာနည်ဖြစ်ကုန်သော ဆင်တို့သည်၎င်း မြင်းတို့သည်၎င်း ယောက်ျားတို့သည်၎င်း ရေ၌ ကျင်ကြီးကို၎င်း ကျင်ငယ်ကို၎င်း မစွန့်ကုန်၊ ထို့ကြောင့် ထိုဆင်ငယ်သည်လည်း ရေ၌ ကျင်ကြီး ကျင်ငယ်ကို မစွန့်မူ၍ မြစ်ကမ်းမှ အပ၌သာလျှင် စွန့်၏။ ထိုအခါ တနေ့သ၌ မြစ်ညာ၌ မိုဃ်းရွာ၏။ ထိုသို့ရွာသည်ရှိသော် ဆင်ချေးခြောက်တို့သည် မိုယ်ရေကြောင့် မြစ်သို့သက်ကုန် မျောကုန်၏။ ဗာရာဏသီမြို့ထိပ်တွင် ချုံတခု၌ ငြိ၍တည်၏။ ထိုအခါ ဗာရာဏသီမင်း၏ ဆင်ထိန်းတို့သည် ဆင်တို့ကို ရေချိုးကုန်အံ့ဟု ဆင်ငါးရာတို့ကိုဆောင်ကြကုန်၏။ အာဇာနည်ဆင်၏ အနံ့နံခြင်းကြောင့် တစီးသောဆင်မျှသည်လည်း မြစ်သို့သက်အံ့သောငှ မဝံ့၊ အလုံးစုံသော ဆင်တို့သည်လည်း အမြီးကိုထောင်၍ ပြေးအံ့သောငှါ အားထုတ်ကုန်၏။ ဆင်ထိန်းတို့သည် ဆင်ဆရာတို့အား ကြားကုန်၏။ ထိုဆင်ဆရာတို့သည် ရေ၌ ဘေးရန်ရှိသည် ဖြစ်ရာ၏ဟု ရေကိုသုတ်သင်စေကုန်၍ ထိုချုံ၌ ထိုအာဇာနည်ဆင်ချေးကိုမြင်ကုန်၍ ဤဆင်ချေးသည်ကား ဤရေ၌ ဆင်တို့သည် မဆင်းဝံ့သောအကြောင်းတည်းဟု သိကုန်၍ ရေအိုးကိုဆောင်၍ ရေဖြင့်ပြည့်စေပြီးလျှင် ထိုဆင်ချေးကို ထိုရေ၌ဖျော်ကုန်၍ ဆင်တို့ကိုယ်တို့၌ သွန်စေကုန်၏။ ကိုယ်တို့သည် မွှေးကြိုင်ကုန်သည်ဖြစ်ကုန်၏။ ထိုကာလ၌ ထိုဆင်တို့သည် မြစ်သို့သက်ကုန်၍ ရေချိုးကုန်၏

ဆင်ဆရာတို့သည် မင်းအား ထိုအကြောင်းကို ကြားလျှောက်ကုန်၍ မြတ်သောမင်းကြီး ထိုဆင်အာဇာနည်ကိုရှာ၍ ဆောင်အံ့သောငှါ သင့်၏ဟု လျှောက်ကုန်၏။ မင်းသည် မြစ်သို့သွားလေ၍ အညာသို့ဆန်ကုန်သော် လှေဘောင်တို့ဖြင့်လက်သ္မားတို့၏ နေရာအရပ်သို့ ရောက်၏။ ဆင်သူငယ်သည် မြစ်၌ကစားစဉ် စည်သံကိုကြား၍ သွားလေ၍ လက်သ္မားတို့၏ အထံ၌ တည်၏။ လက်သ္မားတို့သည် မင်းအား ခရီးဦးကြိုပြုခြင်းကို ပြုကုန်၍ မြတ်သောမင်းကြီး သစ်တို့ဖြင့် အကယ်၍ အလိုတော်ရှိသည်ဖြစ်အံ့၊ ဤသို့ အလိုတော်ရှိလတ်သော် အဘယ်အကြောင်းကြောင့် ကြွတော်မူလာသနည်း စေတော်မူ၍ တင်စိမ့်သောငှါ သင့်၏ဟု လျောက်ကုန်၏။ အချင်းတို့ သစ်တို့၏အကျိုးငှါ မလာ၊ ဤဆင်၏ အကျိုးငှာသာ လာ၏ဟု ဆိုသည်ရှိသော် မြတ်သော မင်းကြီး ယူတော်မူ၍ ကြွတော်မူလော့ဟု လျှောက်ကုန်၏။ ဆင်ငယ်သည် မလိုက်လို၊ အချင်းတို့ ဆင်ငယ်သည် အသို့ပြုစေလိုသနည်းဟု ဆို၏။ မြတ်သောမင်းကြီး ဆင်သည် လက်သ္မားတို့အား မွေးကျေးဇူးကိုဆပ်စေလို၏ဟု လျှောက်ကုန်၏။ မင်းသည် ဆင်၏ ခြေလေးချောင်းတို့၏၎င်း နှာမောင်း၏၎င်း အမြီး၏၎င်း အနီး၌ တသိန်း တသိန်းကုန်သော အသပြာတို့ကို ထားစေ၏။ ဆင်သည် ဤမျှလောက်သော ဥစ္စာကို ထားကာမျှဖြင့်လည်းမလိုက်မူ၍ ခပ်သိမ်းကုန်သော လက်သ္မားတို့အား ပုဆိုးအစုတို့ကို, လက်သ္မားတို့၏မယားတို့အား ဝတ်စရာအဝတ်တို့ကို ပေးကုန်သည် ရှိသော် ဤမျှဖြင့်လည်း မလိုက်မူ၍ မိမိနှင့်တကွ ကစားဘော်သူငယ်တို့အားလည်း ပေးကမ်းချီးမြှောက်ခြင်းကို ပြုသည်ရှိသော် လက်သ္မားတို့ကို၎င်း မိန်းမတို့ကို၎င်း သူငယ်တို့ကို၎င်း ပြန်၍ကြည့်ပြီးလျှင် မင်းနှင့်တကွ လိုက်လေ၏။

မင်းသည် ထိုဆင်ဖြူကိုယူ၍ မြို့သို့သွား၍ မြို့ကို၎င်း ဆင်တင်းကုပ်ကို၎င်း တန်ဆာဆင်စေ၍ ဆင်ကိုမှီ၍ လက်ျာရစ် လှည့်သည်ကို ပြုစေပြီးလျှင် ဆင်တင်းကုပ်သို့သွင်း၍ ခပ်သိမ်းကုန်သော တန်ဆာတို့ဖြင့် တန်ဆာဆင်၍ အဘိသိက် သွန်းပြီးလျှင် မင်္ဂလာဆင်တော်ပြု၍ မိမိ၏ အဆွေ ခင်ပွန်းအရာ၌ထား၍ ပြည်ထက်ဝက်ကို ဆင်အားပေး၍ မိမိနှင့် ပူဇော် သက္ကာရ အမျှခံစေသည်ကို ပြု၏။ ထိုဆင်ရောက်သော ကာလမှစ၍ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ မင်းအဖြစ်သည် ဗာရာဏသီမင်း၏ လက်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ဤသို့ အချိန်ကာလရှည်မြင့်လတ်သော် ဘုရားလောင်းသည် ထိုဗာရာဏသီမင်း၏ မိဖုယားကြီးဝမ်း၌ ပဋိသန္ဓေ နေ၏။ ထိုမိဖုယား၏ ကိုယ်ဝန်ရသောကာလ၌ မင်းသည် သေလွန်၏။ မင်္ဂလာဆင်ဖြူသည်ကား မင်း၏သေလွန်သည်၏အဖြစ်ကို အကယ်၍သိငြားအံ့၊ ထိုတင်းကုပ်၌သာလျှင် မင်္ဂလာဆင်ဖြူ၏ နှလုံးသည် ကွဲလေရာ၏။ ထို့ကြောင့် မင်္ဂလာဆင်ကို မင်းသေလွန်သည်၏အဖြစ်ကို မသိစေကုန်မူ၍သာလျှင် လုပ်ကျွေးကြကုန်၏။ မင်းသေလွန်သည်၏အဖြစ်ကိုကားကြား၍ ဗာရာဏသီပြည်သည် အချည်းနှီးဖြစ်သတတ်ဟု အခြားမဲ့ဖြစ်သော မြို့အနီး၌နေသော ကောသလမင်းသည် များစွာသော စစ်သည်ဗိုလ်ပါဖြင့် လာလတ်၍ ဗာရာဏသီမြို့ကို ဝန်းရံ၏။ မြို့တံခါးတို့ကိုပိတ်ကုန်၍ ကောသလမင်းအား သတင်းစကားကို စေကုန်၏။ အဘယ်သို့ စေကုန်သနည်းဟူမူကား ငါတို့မင်း၏ မိဖုယားမြတ်သည် ပြည့်သောကိုယ်ဝန် ရှိ၏။ ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ သားတော်ဖွားမြင်လတ္တံ့ဟု လက်ခြေအစရှိသော ကိုယ်အစိတ်ကိုကြည့်၍ ဤသူအား ဤသို့ဖြစ်လတ္တံ့စသည်ဖြင့် အကျိုးအပြစ်ကို ဟောစွမ်းနိုင်ကုန်သော ပုဏ္ဏားတို့သည်ဆိုကုန်၏။ ထိုမိဖုယားမြတ်သည် အကယ်၍ သားဖွားမြင်သည် ဖြစ်အံ့၊ ခုနစ်ရက်မြောက်သောနေ့၌ ငါတို့ စစ်ထိုးကြကုန်အံ့၊ ပြည်ကို ငါတို့ မပေးကုန်အံ့၊ ဤမျှလောက်သော ကာလပတ်လုံး ငံလင့်ကုန်ဦးဟု စေကုန်၏။ ကောသလမင်းသည်ကောင်းပြီဟု ဝန်ခံ၏။

မိဖုယားသည် ခုနစ်ရက်မြောက်သောနေ့၌ သားဖွားမြင်၏။ ထိုမင်းသား၏ အမည်မှည့်သောနေ့၌ကား အကြင်မင်းသားသည် လူများ၏ တွန့်တိုဆုတ်နစ်ခြင်းကင်း၍ ရဲတင်းသောစိတ်ကိုယူလျက် ဖွား၏။ ထို့ကြောင့် ထိုမင်းသားအား အလီနစိတ္တမင်းသားဟူသော အမည်ကိုသာလျှင် မည့်ကုန်၏။ ထိုဘုရားလောင်း၏ ဖွားသောနေ့မှ စ၍သာလျှင် ဗာရာဏသီမြိုသူတို့သည် ကောသလမင်းနှင့်တကွ စစ်ထိုးကြကုန်၏။ စစ်သည်အပေါင်း၏ အကြီးမရှိသည်၏အဖြစ်ကြောင့် ဗိုလ်ပါသည် များပါလျှက်လည်း စစ်ထိုးကြသည်ရှိသော် စဉ်းငယ် စဉ်းငယ် ဆုတ်နစ်၏။ အမတ်တို့သည် မိဖုယားအား ထိုအကြောင်းကို ကြားကုန်၍ ဤသို့ဗိုလ်ပါသည် ဆုတ်နစ်သည်ရှိသော် ရှုံးအံ့သည်မှ အကျွန်ုပ်တို့ ကြောက်ကုန်၏။ ငါတို့ မင်း၏ကား စုတေသည်၏အဖြစ်ကို၎င်း၊ သားဖွားသည်၏ အဖြစ်ကို၎င်း၊ ကောသလမင်း၏ လာလတ်၍ စစ်ထိုးသည်၏ အဖြစ်ကို၎င်း မင်းမြတ်၏ အဆွေတော်ဖြစ်သော မင်္ဂလာဆင်တော်သည် မသိသေး၊ ထိုမင်္ဂလာ ဆင်တော်ကို သိစေကုန်အံ့ဟု ပန်ကြားကုန်၏။ မိဖုယားသည် ကောင်းပြီဟု ဝန်ခံ၍ သားတော်ကို တန်ဆာဆင်စေပြီးလျှင် ဘွဲ့ဖြူပုဆိုးအခင်း၌ အိပ်စေ၍ ပြာသာဒ်ထက်မှသက်၍ အမတ်အပေါင်းခြံရံအပ်သည်ဖြစ်၍ ဆင်တင်းကုပ်သို့သွား၍ ဘုရားလောင်းကို ဆင်၏ ခြေရင်း၌အိပ်စေ၍ အရှင်သင်၏အဆွေတော်သည် သေလွန်ပြီ၊ သင်တို့အား နှလုံးကွဲအံ့သည်မှ စိုးသောကြောင့် ငါတို့မကြားကုန်။ ဤသူငယ်သည် သင့်အဆွေတော်၏ သားတော်တည်း၊ ကောသလမင်းသည် လာလတ်၍ မြို့ကိုဝန်းရံ၍ သင့်သားနှင့်တကွ စစ်ထိုး၏။ ငါတို့ဗိုလ်ပါသည် ဆုတ်နစ်၏။ သင့်သားကို သင်သည်သာလျှင် စောင့်ရှောက်ပါလော့ ထိုသင့်သားအား မင်းအဖြစ်ကိုလည်း ယူ၍ ပေးပါလော့ဟု ဆို၏။

ထိုကာလ၌ ဆင်သည် ဘုရားလောင်းကို နှာမောင်းဖြင့်သုံးသပ်ပြီးလျှင်ချီ၍ ဦးကင်း၌ထား၍ ငိုပြီးလျှင် ဘုရားလောင်းကိုချ၍ မိဖုယား၏လက်၌အိပ်စေ၍ ကောသလမင်းကို ဖမ်းအံ့ဟူ၍ ဆင်တင်းကုပ်မှ ထွက်၏။ ထိုအခါ၌ အမတ်တို့သည် ချပ်မိန်ကိုဝတ်ကုန်၍ ဆင်အားတန်ဆာဆင်ကုန်၍ မြို့တံခါးကိုဘွင့်ကုန်၍ ထိုဆင်ကိုခြံရံ၍ ထွက်ကြကုန်၏။ ဆင်သည် မြို့မှထွက်၍ ကြိုးကြာသံနှင့်တူသော ဟည်းသံကိုပြု၍ လူများကိုထိတ်လန့်စေ၍ ပြေးစေပြီးလျှင် ဗိုလ်ထုကိုဖျက်ဆီး၍ ကောသလမင်းကို ဥယျာင်၌ ဆွဲ၍ ဆောင်ခဲ့ပြီးလျှင် ဘုရားလောင်း၏ ခြေရင်း၌ဝပ်စေ၍ သတ်အံ့သောငှါ လာကုန်သောသူတို့ကို တားမြစ်၍ ဤနေ့မှစ၍ မမေ့မလျော့ ဖြစ်လေလော့၊ မင်းသားသည် ငယ်သေး၏ဟူသောအမှတ်ကို မပြုလေလင့်ဟု ဆုံးမ၍ လွှတ်လိုက်၏။ ထိုနေ့မှစ၍ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ မင်းအဖြစ်သည် ဘုရားလောင်း၏လက်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ထအံ့သောငှါ စွမ်းနိုင်သော တပါးသော ဆန့်ကျင်ဘက် ရန်သူမည်သည်ကား မရှိ၊ ဘုရားလောင်းသည် ခုနစ်နှစ်မြောက်သောကာလ၌ အဘိသိက်သွန်းခြင်းကိုရ၍ အလီနစိတ္တမည်သောမင်းသည် ဖြစ်၍ တရားသဖြင့်မင်းပြု၍ အသက်၏ အဆုံး၌ နတ်ပြည်ကိုပြည့်စေ၏။ သဗ္ဗညူမြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၁၁။ အလီနစိတ္တံ နိဿယ၊ ပဟဋ္ဌာ မဟတီ စမူ။
ကောသလံ သေနာ သန္တုဋ္ဌံ၊ ဇီဝဂ္ဂါဟံ အဂါဟယိ။-
၁၂။ ဧဝံ နိဿယသမ္ပန္နော၊ ဘိက္ခု အာရဒ္ဓဝီရိယော။
ဘာဝယံ ကုသလံ ဓမ္မံ၊ ယောဂက္ခမဿ ပတ္တိယာ။
ပါပုဏေ အနုပုဗ္ဗေန၊ သဗ္ဗသံယောဇနက္ခယံ။

ဟူသော ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၁။ ဘိက္ခု၊ ရဟန်း။ မဟတီ၊ များစွာသော။ စမူ၊ ဗာရာဏသီစစ်သည် အပေါင်းသည်။ အလီနစိတ္တံ၊ အလီနစိတ္တ မင်းသားကို။ နိဿာယ၊ အမှီရ၍။ နော၊ ငါတို့သည်။ ပဝေဏိရံ၊ အနွယ်အဆက်ဖြစ်သော တိုင်းပြည်ကို။ လဒ္ဓံ၊ ရပေသတည်းဟူ၍။ ပဟဋ္ဌာ၊ ရွှင်ရွှင်လန်းလန်း။ အသန္တုဋ္ဌံ၊ ပြည်ဖြင့် မရောင့်ရဲသော။ သေနံ၊ စစ်အင်္ဂါရှိသော။ ကောသလံ၊ ကောသလမင်းကို။ ဇီဝဂ္ဂါဟံ၊ အရှင်ဖမ်းခြင်းကို။ အဂါဟယိ ယထာ၊ ဆင်ကိုဖမ်းစေသကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ ယောဂက္ခေမဿ၊ ယောဂတရားလေးပါးတို့မှ ကင်းရာဖြစ်သော နိဗ္ဗာန်သို့။ ပတ္တိယာ၊ ရောက်စိမ့်သောငှါ။ ကုသလံ၊ အပြစ်မရှိ ကောင်းကျိုးချမ်းသာကို ပေးခြင်းလက္ခဏာရှိသော။ ဓမ္မံ၊ သုံးဆယ့်ခုနှစ်ပါးသော ဗောဓိပက္ခိယတရားကို။ ဘာဝယံ - ဘာဝယန္တော၊ ပွားစေသော။ နိဿယသမ္ပန္နော၊ ကလျာဏမိတ္တတည်းဟူသော အမှီကောင်းနှင့် ပြည့်စုံသော။ အာရဒ္ဓဝီရိယော၊ အားထုတ်အပ်သော လေးပါးသော အပြစ်ကင်းသော ဝီရိယနှင့်ပြည့်စုံသော။ ဘိက္ခု၊ ဖြူစင်သော သီလရှိသော ပုဂ္ဂိုလ်သည်။ အနုပုဗ္ဗေန၊ ဝိပဿနာပြုသည်မှစ၍ အစဉ်သဖြင့်။ သဗ္ဗသံယောဇနက္ခယံ၊ အလုံးစုံသော သံယောဇဉ်ဆယ်ပါးတို့၏ ကုန်ခြင်း၏ အဆုံး၌ဖြစ်သော အရဟတ္တဖိုလ်သို့။ ပါပုဏေ၊ ရောက်ရာ၏။

ဇာတ်ပေါင်း... ဤသို့ သဗ္ဗညူမြတ်စွာဘုရားသည် သေခြင်းကင်းရာနိဗ္ဗာန်ဖြင့် ဓမ္မဒေသနာ၏ အထွတ်ကိုယူတော်မူ၍ အလွန်လည်း သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသောအဆုံး၌ လုံ့လကိုလျော့သော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကိုပေါင်းသနည်းဟူမူကား ယခုအခါ မဟာမာယာသည် ထိုအခါ မယ်တော် ဖြစ်ဘူးပြီ၊ ယခုအခါ သုဒ္ဓေါဒနမင်းကြီးသည် ထိုအခါ ခမည်းတော် ဖြစ်ဘူးပြီ၊ ယခုအခါ လုံ့လကိုလျော့သော ရဟန်းသည် ထိုအခါ မင်းအဖြစ်ကိုယူ၍ပေးတတ်သော ဆင်ဖြူ ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဆင်ဖြူရတနာ၏အဘဖြစ်သော ဆင်ဖြူ ဖြစ်ဘူးပြီ၊ ယခုအခါမောဂ္ဂလာန်သည် ထိုအခါ မြိုနီးချင်း ကောသလမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အလီနစိတ္တမင်းသား ဖြစ်ဘူးပြီ။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

လုံ့လတန်ခိုး၊ ပြည်လုံးစိုး၊ အကျိုးကြီးလှဘိ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော အလီနစိတ္တဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဒဠှဝဂ်

၇။ ဂုဏဇာတ်

မြေခွေး နှင့် ခြင်္သေ့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယေန ကာမံ ပဏာမေတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂုဏဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် အရှင်အာနန္ဒာမထေရ်၏ ပုဆိုးတထောင်ရခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ကောသသလမင်းကြီး၏ နန်းတော်တွင်း၌ အရှင်အာနန္ဒာမထေရ်၏ တရားတော်ကို သင်စေသောဝတ္ထုသည် အောက် ဧကကနိပါတ် မဟာသာရဇာတ်၌ လာပြီးသလျှင်ကတည်း၊ ဤသို့မဟာသာရဇာတ်၌ လာသောနည်းဖြင့် အရှင်အာန္ဒာ မထေရ်သည် ကောသလမင်း၏ နန်းတော်တွင်း၌ တရားတော်ကို သင်စေသည်ရှိသော် ကောသလမင်းအား တထည်လျှင် အဘိုးတထောင်ထိုက်သော ပုဆိုးတထောင်ကို ဆက်လာကုန်၏။ ကောသလမင်းသည် ထိုတထောင်သောပုဆိုးမှ ငါးရာကုန်သောပုဆိုးတို့ကို ငါးရာကုန်သောမိဖုယားတို့အား ပေး၏။ ထိုအလုံးစုံကုန်သော မိဖုယားတို့သည်လည်း ထိုပုဆိုးတို့ကို ထားကုန်၍ နက်ဖြန်နေ့၌ အရှင်အနန္ဒာမထေရ်အားလှူကုန်၍ မိမိတို့သည် ပုဆိုးဟောင်းတို့ကိုသာလျှင် ဝတ်ရုံကုန်၍ ကောသလမင်း၏ နံနက်စာစားရာအရပ်သို့ လာကုန်၏။

ကောသလမင်းသည် မိဖုယားတို့ ငါသည် သင်တို့အား အဘိုးတထောင်ထိုက်ကုန်သော ပုဆိုးတို့ကို ပေးအပ်ကုန်သည်။ အဘယ့်ကြောင့် သင်တို့သည် ထိုပုဆိုးသစ်တို့ကို မရုံကုန်မူ၍သာလျှင် လာကုန်သနည်းဟု မေး၏။ မြတ်သောမင်းကြီး ထိုပုဆိုးတို့ကို အကျွန်ုပ်တို့သည် အရှင်အာနန္ဒာမထေရ်အား လှူအပ်ကုန်၏ဟု လျှောက်ကုန်၏။ ကောသလမင်းသည် အာနန္ဒာမထေရ်သည် အလုံးစုံသောပုဆိုးတို့ကို ယူအပ်ကုန်သလောဟု မေး၏။ မိဖုယားတို့သည် မြတ်သောမင်းကြီး ဟုတ်၏ဟု လျှောက်ကုန်၏။ ကောသလမင်းကြီးသည် မြတ်စွာဘုရားသည် သင်္ကန်းသုံးထည်ကို ခွင့်ပြုတော်မူအပ်၏။ အာနန္ဒာမထေရ်သည် ပုဆိုးကုန်သွယ်ခြင်းကို ပြုလတ္တံ့ဟု ထင်၏။ ထိုသို့ ပုဆိုးကုန်သွယ်ခြင်းကို ပြုလတ္တံ့သည်၏အဖြစ်ကြောင့် အလွန်များစွာကုန်သောပုဆိုးတို့ကို ယူအပ်ကုန်၏ဟု အရှင်အာနန္ဒာမထေရ်အား အမျက်ထွက်၍ နံနက်စာစားပြီးသော် ကျောင်းသို့သွား၍ အရှင်အာနန္ဒာမထေရ်၏ ပရိဝုဏ်သို့ဝင်ပြီးလျှင် မထေရ်ကိုရှိခိုး၍ ထိုင်လျှက် အရှင်ဘုရား အကျွန်ုပ်တို့၏နန်းတော်၌ မင်းမိန်းမတို့သည် အရှင်ဘုရားတို့၏အထံ၌ တရားတော်ကိုသင်မူလည်း သင်ကုန်သလော၊ နာမူလည်း နာကုန်သလောဟု မေး၏။

မြတ်သော မင်းကြီး ဟုတ်၏။ သင်အပ်သည်အား လျော်သောတရားကို သင်ကုန်၏။ နာအပ်သည်အား လျော်သောတရားကို နာကုန်၏။ ဤသို့ အရှင်အာနန္ဒာမထေရ်သည် မိန့်တော်မူ၏။ ကောသလမင်းကြီးသည် အရှင်ဘုရား တရားနာ သည်သာလျှင် ဖြစ်ကုန်သော ထိုမိန်းမတို့သည် အရှင်ဘုရားတို့အား အဝတ်ကို၎င်း အာရုံကို၎င်း လှုကုန်သလော၊ ထိုသို့မဟုတ်မူကား မလှူကုန်သလောဟု မေး၏။ မြတ်သော မင်းကြီး ယနေ့ ထိုမိန်းမတို့သည် ငါ့အား အဘိုးတထောင်ထိုက်ကုန်သော ငါးရာကုန်သောပုဆိုးတို့ကို လှူကုန်၏ဟု အရှင်အာနန္ဒာမထေရ်သည် မိန့်တော်မူ၏။ အရှင်ဘုရား အရှင်ဘုရားတို့သည် ယူအပ်ကုန်သလောဟု ကောသလမင်းသည် မေး၏။ မြတ်သောမင်းကြီးယူသည် ဟုတ်၏ဟု အရှင်အာနန္ဒာမထေရ်သည် မိန့်တော်မူ၏။ အရှင်ဘုရားမြတ်စွာဘုရားသည် သင်္ကန်းသုံးထည်ကိုသာလျှင် ခွင့်ပြုတော်မူအပ်သည် မဟုတ်လောဟု ကောသလမင်းသည် မေး၏။ မြတ်သောမင်းကြီး မြတ်စွာဘုရားသည် တပါးတပါးသောရဟန်းအား သင်္ကန်းသုံးထည်ကိုသာလျှင် သုံးဆောင်ခြင်းကို ခွင့်ပြုတော်မူအပ်သည် ဟုတ်၏။ ခံခြင်းကို တားမြစ်တော် မမူ၊ ထို့ကြောင့် ငါသည်လည်း တပါးကုန်သော သင်္ကန်းနွမ်းရိကုန်သော ရဟန်းတို့အား ပေးအံ့သောငှါ ထိုပုဆိုးတို့ကို ခံအပ်ကုန်၏ဟု အရှင်အာနန္ဒာမထေရ်သည် မိန့်တော်မူ၏။ အရှင်ဘုရား ရဟန်းတို့သည်ကား အရှင်ဘုရားတို့၏အထံတော်မှ ပုဆိုးတို့ကိုရကုန်၍ သင်္ကန်းဟောင်းသုံးထည်တို့ကို အသို့ပြုကုန်လတ္တံ့နည်းဟု ကောသလမင်းသည် လျှောက်၏။ မြတ်သောမင်းကြီး ဒုကုဋ်ဟောင်းဖြစ်သော သင်္ကန်းတို့ကို ကိုယ်ဝတ်ပြုကုန်လတ္တံ့ဟု အရှင်အာနန္ဒာမထေရ်သည် မိန့်တော်မူ၏။ အရှင်ဘုရား ကိုယ်ဝတ်ဟောင်းကို အသို့ပြုကုန်လတ္တံ့နည်းဟု လျောက်၏။ မြတ်သောမင်းကြီး သင်းပိုင် ပြုကုန်လတ္တံ့ဟု အရှင်အာနန္ဒာမထေရ်သည် မိန့်တော်မူ၏။ အရှင်ဘုရား သင်းပိုင်ဟောင်းကို အသို့ပြုကုန်လတ္တံ့နည်းဟု ကောသလမင်းသည် လျှောက်၏။ မြတ်သောမင်းကြီး အိပ်ရာလွှမ်း ပြုကုန်လတ္တံ့ဟု အရှင်အာနန္ဒာမထေရ်သည် မိန့်တော်မူ၏။ အရှင်ဘုရား အိပ်ရာလွှမ်းဟောင်းကို အသို့ပြုကုန်လတ္တံ့နည်းဟု ကောသလမင်းသည် လျှောက်၏။ မြတ်သောမင်းကြီး မြေအခင်း ပြုကုန်လတ္တံ့ဟု အရှင်အာနန္ဒာမထေရ်သည် မိန့်တော်မူ၏။ အရှင်ဘုရား မြေအခင်းဟောင်းကို အသို့ပြုကုန်လတ္တံ့နည်းဟု ကောသလမင်းသည် လျှောက်၏။ မြတ်သောမင်းကြီး ခြေသုတ်ပြုကုန်လတ္တံ့ဟု အရှင်အာနန္ဒာ မထေရ်သည် မိန့်တော်မူ၏။ အရှင်ဘုရား ခြေသုတ်ဟောင်းကို အသို့ပြုကုန်လတ္တံ့နည်းဟု ကောသလမင်းသည် လျှောက်၏။ မြတ်သောမင်းကြီး သဒ္ဓါ၍လှူအပ်သော ပစ္စည်းမည်သည်ကို ပျက်စီးစိမ့်သောငှါမအပ်၊ ထို့ကြောင့် ခြေသုတ်ဟောင်းကို ပဲခွပ်ဖြင့် စင်း၍ မြေဖြင့်နယ်၍ ကျောင်းတို့၌ မြေကျဉ်လိမ်းကျံခြင်းကို ပြုကုန်လတ္တံ့ဟု အရှင်အာနန္ဒာမထေရ်သည် မိန့်တော်မူ၏။ အရှင်ဘုရား အရှင်ဘုရားတို့အားလှူအပ်သော သင်္ကန်းသည် ခြေသုတ်ဖြစ်သည်တိုင်အောင်လည်း ပျက်စီးအံ့သောငှါ မရဟု ကောသလမင်းသည် လျှောက်၏။ မြတ်သောမင်းကြီး ငါတို့အား လှူအပ်သောသင်္ကန်းသည် ပျက်စီးအံ့သောငှါ မရသည် ဟုတ်၏။ အသုံးအဆောင်သည်သာလျှင် ဖြစ်၏ဟု အရှင်အာနန္ဒာမထေရီသည် မိန့်တော်မူ၏။

ကောသလမင်းသည် နှစ်သက်ဝမ်းမြောက်ခြင်းကိုရသည်ဖြစ်၍ ဤမှတပါးလည်းဖြစ်ကုန်သော နန်းတော်၌ထားအပ်ကုန်သော ငါးရာကုန်သောပုဆိုးတို့ကိုဆောင်စေ၍ အရှင်အာနန္ဒာမထေရ်အားလှူ၍ တရားအနုမောဒနာကိုပြုပြီးလျှင် မထေရ်ကိုရှိခိုး၍ လက်ျာရစ်လှည့်သည်ကို ပြု၍ ဖဲ၏။ အရှင်အာနန္ဒာမထေရ်သည် ရှေးဦးစွာရအပ်ကုန်သော ငါးရာကုန်သောပုဆိုးတို့ကို သင်္ကန်းနွမ်းကုန်သောရဟန်းတို့အား ပေး၏။ အာနန္ဒာမထေရ်အားကား ငါးရာကုန်သော အတူနေတပည့်တို့သည် ရှိကုန်၏။ ထိုငါးရာကုန်သော အတူနေတပည့်တို့တွင် ရဟန်းငယ်တပါးသည် အရှင်အာနန္ဒာမထေရ်အား ကျေးဇူးများ၏။ ပရိပုဏ်ကို တံမြက်လှည်း၏။ သောက်ရေသုံးဆောင်ရေကို တည်ထား၏။ ဒန်ပူမျက်သစ်ရေ ချိုးရေ ပေး၏။ ဝစ္စကုဋိ ဇရုံးအိမ် ကျောင်းတို့ကို သုတ်သင်၏။ လက်ကိုဆုပ်နယ်ခြင်း ခြေကိုဆုပ်နယ်ခြင်း ကျောက်ကိုဆုပ်နယ်ခြင်းတို့ကို ပြု၏။ အရှင်အာနန္ဒာမထေရ်သည် နောက်၌ရအပ်ကုန်သော အလုံးစုံကုန်သော ငါးရာကုန်သောပုဆိုးတို့ကို ဤရဟန်းငယ်သည် ကျေးဇူးများ၏ဟု နှလုံးပိုက်၍ ထိုက်လျော်သည်၏အစွမ်းအားဖြင့် ထိုရဟန်းငယ်အားသာလျှင် ပေး၏။ ထိုရဟန်းငယ်သည် အလုံးစုံကုန်သောပုဆိုးတို့ကို ဝေ၍ မိမိနှင့် ဥပဇ္ဈာယ်တူဖြစ်ကုန်သော ရဟန်းတို့အား ပေး၏။

ဤသို့လျှင် ပုဆိုးကိုရကုန်သော အလုံးစုံလည်းဖြစ်ကုန်သော ထိုရဟန်းတို့သည် ပုဆိုးတို့ကိုဖြတ်ကုန် ဆိုးကုန်၍ မဟာလှေကားပန်းနှင့် တူကုန်သော သင်္ကန်းတို့ကိုဝတ်ကုန်၍၎င်း ရုံကုန်၍၎င်း မြတ်စွာဘုရားသို့ ကပ်ကုန်ပြီးလျှင် ရှိခိုးကူန်၍ တင့်အပ်လျောက်ပတ်စွာ နေကုန်လျက် အရှင်ဘုရား သောတာပန်ဖြစ်သော ဘုရားတပည့်အား မျက်နှာ ကြည့်၍ ပေးခြင်းမည်သည်ကား ရှိသလောဟု လျောက်ကုန်၏။ ရဟန်းတို့ ဘုရားတပည့်တို့အား မျက်နှာကြည့်၍ပေးခြင်းမည်သည် မရှိဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ အရှင်ဘုရား အကျွန်ုပ်တို့၏ ဥပဇ္ဈာယ် တရားဘဏ္ဍာစိုးဖြစ်သော အရှင်အာနန္ဒာမထေရ်သည် အဘိုးတထောင်ထိုက်ကုန်သော ငါးရာကုန်သောပုဆိုးတို့ကို ရဟန်းငယ်အားသာလျှင်ပေးအပ်၏။ ထိုရဟန်းသည်ကား မိမိသည်ရအပ်ကုန်သောပုဆိုးတို့ကိုဝေ၍ အကျွန်ုပ်တို့အား ပေး၏ဟု ရဟန်းတို့သည် လျောက်ကုန်၏။ ရဟန်းတို့ အာနန္ဒာမထေရ်သည် မျက်နှာ ကြည့်၍ ထိုရဟန်းအား မပေး၊ ထိုရဟန်းငယ်သည်ကား ထိုအာနန္ဒာအား ကျေးဇူးများ၏။ ထို့ကြောင့် မိမိအား ကျေးဇူးပြုသောသူအား ကျေးဇူးပြုသည်၏အစွမ်းအားဖြင့် ထိုက်သည်၏ အစွမ်းအားဖြင့် ကျေးဇူးပြုခြင်းမည်သည်ကို ပြုခြင်းသင့်၏ဟု နှလုံးသွင်းခြင်းကိုပြု၍ သူပြုအပ်သောကျေးဇူးကို အောက်မေ့သည်၏ းအစွမ်းအားဖြင့်သိခြင်း သူပြုအပ်သောကျေးဇူးကို ဆပ်သောအားဖြင့်သိခြင်းရှိသည်၏အဖြစ်ဖြင့် ပေး၏။ ထိုစကားသည် မှန်၏။ ရှေးပညာရှိတို့သည်လည်း မိမိအား ကျေးဇူးပြုကုန်သောသူတို့အားသာလျှင် ကျေးဇူးတုံ့ကို ပြုကုန်၏ဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ခြင်္သေ့ဖြစ်၍ တောင်ဂူ၌နေ၏။ ထိုခြင်္သေ့သည် တနေ့သ၌ ဂူမှထွက်ပြီးလျှင် တောင်ထိပ်၌ ရပ်၍ တောင်ခြေရင်းကို ကြည့်၏။ ထိုတောင်ခြေရင်းကိုပတ်ရစ်၍ အိုင်ကြီးသည်ဖြစ်၏။ ထိုအိုင်ကြီး၏ တခုသောမြင့်ရာအရပ်၌ အထက်၌မာသော ညွှန်အပြင်ဝယ် နုကုန်စိမ်းညိုကုန်သော မြက်တို့သည် ပေါက်ရောက်ကုန်၏။ ယုန်ငယ်တို့သည်၎င်း မြေခွေး, ကြောင်အစရှိကုန်သော သတ္တဝါတို့သည်၎င်း ပေါ့ပါးကုန်သော သားတို့သည်၎င်း ညွန်ထိပ် အပြင်၌ လှည့်လည်လျက် စားကုန်၏။ ထိုနေ့၌ သမင်တခုသည် ထိုစိမ်းညိုကုန်သောမြက်နုတို့ကို စားလျက်သွား၏။ ခြင်္သေ့သည် ထိုသမင်ကို ဖမ်းအံ့ဟု တောင်ထိပ်မှခုန်၍ ခြင်္သေ့တို့၏ လျင်မြန်ခြင်းအဟုန်ဖြင့် ပြေး၏။ သမင်သည် သေဘေးမှကြောက်၍ မြည်လျှက်ပြေး၏။ ခြင်္သေ့သည် အဟုန်တန့်စိမ့်သောငှါ မတတ်နိုင်သည်ဖြစ်၍ ညွှန်အပြင်၌ကျ၍ နစ်လျှင် တက်အံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ခြေလေးချောင်းတို့ကို တိုင်ကဲ့သို့ထောက်၍ ခုနစ်ရက်ပတ်လုံး အစာမစားရဘဲ တည်၏။

ထိုအခါ၌ ထိုခြင်္သေ့ကို အစာရှာသွားသော မြေခွေးတခုသည်မြင်၍ ကြောက်ခြင်းကြောင့် ပြေး၏။ ခြင်္သေ့သည် ထိုမြေခွေးကိုခေါ်၍ အိုမြေခွေး မပြေးလင့်၊ ငါသည် ညွန်၌နစ်၏။ ငါ့အား အသက်ကို ပေးလှည့်ပါလော့ဟု ဆို၏။ မြေခွေးသည် ထိုခြင်္သေ့၏ အထံသို့သွား၍ အိုခြင်္သေ့ ငါသည် သင့်ကို ညွန်မှထုတ်လိုပါ၏။ ထုတ်သော်တမူကား ငါ့ကို သင်စားရာ၏။ ထို့ကြောင့် ကြောက်ပေ၏ဟု ဆိုသည်ရှိသော် အိုမြေခွေး မကြောက်ပါလင့်၊ သင့်ကို ငါ မစားအံ့၊ စင်စစ်လျှင် သင့်အား များစွာသောကျေးဇူးကို ပြုပါအံ့၊ တခုသောအကြောင်းဖြင့် ငါ့ကို ညွန်ကထုက်ပါလော့ဟု ဆို၏။ မြေခွေးသည် ထိုခြင်္သေ့၏ ဝန်ခံခြင်းကိုယူ၍ အခြေလေးချောင်းတို့၏ ထက်ဝန်းကျင်မှ ညွန်တို့ကိုပယ်၍ အခြေလေးချောင်းတို့၏ တည်ရာအရပ်မှ မြောင်းလေးခုတို့ကိုလည်းယက်၍ ရေသို့ရှေးရှုသွယ်၏။ ရေကိုသွင်း၍ ညွန်ကိုပျော့အောင်ပြု၏။ ထိုခဏ၌ မြေခွေးသည် ခြင်္သေ့၏ဝမ်းအောက်သို့ဝင်၍ သခင် လုံ့လကိုပြုလော့ဟု ကျယ်သောအသံကိုပြုလျက် ဦးခေါင်းဖြင့်ဝမ်းကိုရွက်၏။ ခြင်္သေ့သည် အဟုန်ကိုဖြစ်စေ၍ ညွန်မှတက်ပြီးလျှင်ပြေး၍ ကုန်း၌တည်၏။ ထိုခြင်္သေ့သည် အတန်ငယ် အပင်အပန်း ဖြေ၍ အိုင်သို့ဆင်း၍ ညွန်ကိုဆေး၍ ရေချိုး၍ ပူပန်ခြင်းကိုငြိမ်းစေပြီးလျှင် တခုသော ကျွဲကိုသတ်၍ အစွယ်တို့ဖြင့်ထွင်၍ အသားကို ကောင်းသောမြေခွေး စားလော့ဟုဆို၍ မြေခွေး၏ ရှေ့မှာထား၍ ထိုမြေခွေးသည် စားပြီးသောနောက်မှ မိမိသည်စား၏။ တဖန် မြေခွေးသည် သားတစ်တတုံးကို ကိုက်၍ ချီ၏။ ကောင်းသောမြေခွေး ဤအမဲတုံးကို အဘယ်အကျိုးငှာ ချီသနည်းဟု မေးသည်ရှိသော် သခင် အရှင်တို့၏ ကျွန်မသည် ရှိ၏။ ထိုကျွန်မဘို့ ဖြစ်လတ္တံ့ ဟုဆို၏။ ခြင်္သေ့သည် ချီလော့ဟုဆို၍ မိမိသည်လည်း ခြင်္သေ့မ၏အကျိုးငှါ အမဲကိုချီ၍ ကောင်းသော မြေခွေး လာလော့၊ ငါတို့၏ တောင်ထိပ်၌ တည်၍ အဆွေခင်ပွန်းမ၏နေရာအရပ်သို့ သွားကြကုန်အံ့ဟု ဆို၍ ထိုအရပ်သို့သွားပြီးလျှင် အမဲကိုစားစေ၍ မြေခွေးဖိုကို၎င်း မြေခွေးမကို၎င်း နှစ်သိမ့်စေ၍ ဤနေ့မှစ၍ ယခုအခါ၌ သင်တို့ကို လုပ်ကျွေးအံ့ဟု ဆို၍ မိမိနေရာအရပ်သို့ဆောင်၍ မိမိဂူ၏တံခါးနား ဂူတခု၌နေစေ၏။ ထိုခြင်္သေ့ မြေခွေးတို့သည် ထိုနေ့မှစ၍ အစာရှာအံ့သောငှသွားကုန်သည်ရှိသော် ခြင်္သေ့မကို၎င်း မြေခွေးမကို၎င်း ထားခဲ့ကုန်၍ မြေခွေးနှင့်တကွ သွားကြကုန်၍ အထူးထူးကုန်သော သားတို့ကိုသတ်၍ ခြင်္သေ့မြေခွေး နှစ်ဦးတို့သည်လည်း ထိုအရပ်၌ပင်လျှင် အသားကိုစားကုန်၍ မိမိတို့မှတပါးကုန်သော ခြင်္သေ့မမြေခွေးမတို့အား ဆောင်ခဲ့ကုန်၍ပေးကုန်၏။ ဤသို့ ကာလရှည်မြင့်လတ်သော် ခြင်္သေ့မလည်း သားနှစ်ခုတို့ကို ဖွား၏။ မြေခွေးမလည်း သားနှစ်ခုတို့ကိုဖွား၏။ ထိုအလုံးစုံကုန်သော ခြင်္သေ့မြေခွေးတို့သည်လည်း အညီအညွတ် နေကြကုန်၏။

ထိုအခါ တနေ့သ၌ ခြင်္သေ့မအား ဤသို့သောအကြံသည်ဖြစ်၏။ အဘယ်သို့ဖြစ်သနည်းဟူမူကား ဤခြင်္သေ့သည် မြေခွေးဖိုကို၎င်း မြေခွေးမကို၎င်း မြေခွေးငယ်ကို၎င်း အလွန်လျှင်ချစ်ခင်မြတ်နိုး၏။ ဤခြင်္သေ့အား မြေခွေးမနှင့်တကွ စပ်ရှက်ရခြင်းရှိသည်သာလျှင်တည်း၊ ထိုသို့စပ်ယှက်ရသောကြောင့်သာ ဤသို့သောချစ်ခြင်းကိုပြု၏။ အကယ်၍ကား ငါသည် ဤမြေခွေးမကို နှိပ်စက်ခြိမ်းချောက်၍ ဤအရပ်မှ ပြေးစေရမူကား ကောင်း၏ ဟု အကြံဖြစ်၏။ ထိုခြင်္သေ့မသည် ခြင်္သေ့မင်း၏ မြေခွေးဖိုကိုခေါ်၍ အစာရှာအံ့သောငှာ သွားသောကာလ၌ မြေခွေးမကို နှိပ်စက်ညှဉ်းဆဲ၏။ ခြိမ်းချောက်မောင်းမဲ၏။ အသို့နှိပ်စက်ညှဉ်းဆဲ ခြိမ်းချောက်မောင်းမဲသနည်း ဟူမူကား အဘယ့်ကြောင့် ဤအရပ်၌ နေလာဘိသနည်း၊ အဘယ့်ကြောင့် ဤအရပ်မှ မပြေးသေးသနည်း၊ ဤသို့နှိပ်စက်ညှဉ်းဆဲ ခြိမ်းချောက် မောင်းမဲ၏။ ထိုခြင်္သေ့မ၏ သားတို့သည်လည်း မြေခွေးမ၏သားတို့ကို ထို အတူသာလျှင် ခြိမ်းချောက် မောင်းမဲကုန်၏။

မြေခွေးမသည် ထိုအကြောင်းကို မြေခွေးဖိုအား ပြောဆို၍ ခြင်္သေ့မင်း၏စကားဖြင့် ထိုခြင်္သေ့မ၏ ဤသို့ပြုသည်၏အဖြစ်ကိုလည်း ကြိုမသိကုန်၊ ငါတို့သည် ကြာမြင့်စွာ နေကုန်ပြီ၊ ထို့ကြောင့် ထိုခြင်္သေ့သည် ငါတို့ကို မချစ်အပ်ကုန်ပြီ။ ငါတို့၏ နေရာအရပ်သို့သာလျှင် သွားကြကုန်အံ့ဟု ဆို၏။ ထိုမြေခွေးဖိုသည် ထိုမြေခွေးမ၏ စကားကိုကြား၍ ခြင်္သေ့မင်းသို့ကပ်၍ သခင် အကျွန်ုပ်တို့သည် သင်တို့၏ အထံ၌ ကြာမြင့်စွာ နေပြီ၊ အလွန်ကြာမြင့်စွာ နေကုန်သောသူတို့မည်သည်ကို မုန်းကုန်သည်ဖြစ်တတ်ကုန်၏။ အကျွန်ုပ်တို့၏ အစာရှာသွားသောကာလ၌ ခြင်္သေ့မသည် မြေခွေးမကို ညှဉ်းဆဲ၏။ ဤအရပ်၌ နင်တို့ အဘယ့်ကြောင့် နေလာကုန်သနည်း အဘယ့်ကြောင့် နင်တို့ မပြေးကုန်သနည်းဟု ခြိမ်းချောက်၏။ ခြင်္သေ့ငယ်တို့သည်လည်း မြေခွေးမ၏သားငယ်တို့ကို ခြိမ်းချောက်၏။ အကြင်သူသည် မိမိ၏အထံ၌ အကြင်သူ၏ နေခြင်းကိုမနှစ်သက်၊ ထိုသူသည် ထိုမနှစ်သက်သောသူကို သွားလေလော့ဟူ၍ မနှင်ထုတ် ကောင်းသလော၊ ညှဉ်းဆဲခြင်းမည်သည် အဘယ်အကျိုးရှိအံ့နည်းဟု ဆိုလိုရကား-

၁၃။ ယေန ကာမံ ပဏာမေတိ၊ ဓမ္မော ဗလဝတံ မိဂိ။
ဥန္နဒန္တီ ဝိဇာနာဟိ၊ ဇာတံ သရဏတော ဘယံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃။ ဥန္နဒန္တီ၊ အထက်သို့ကော့ညွတ်သော အစွယ်ရှိသော။ မိဂိ၊ သားများသေဌ်နင်း ခြင်္သေ့မင်း။ ဣဿရော၊ အစိုးရသောသူသည်။ အတ္တနော၊ မိမိကို။ သေဝကံ၊ မှီဝဲခစားသော သူကို။ ယေန၊ အကြင် အရပ်မျက်နှာ အဘို့ဖြင့်။ ကာမံ၊ သွားစေခြင်းငှါ အလိုရှိ၏။ တေန၊ ထိုအရပ်မျက်နှာအဘို့သို့။ ပဏာမေတိ၊ နှင်လိုက်၏။ ဧသော၊ ဤသို့ အလိုရှိရာ နှင်လိုက်ခြင်းသည်။ ဗလဝတံ၊ အစိုးရကုန်သော သူတို့၏။ ဓမ္မော၊ ထုံးစံသဘောတည်း။ ဣတိ၊ ဤသို့။ တွံ၊ သင်သည်။ ဝိဇာနာဟိ၊ သိလော့။ အမှာကံ၊ ငါတို့အား။ သရဏတော၊ ကိုးကွယ်ရာမှ။ ယသ္မာ၊ အကြင်ကြောင့်။ ဘယံ၊ ဘေးသည်။ ဇာတံ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ အတ္တနော၊ မိမိ၏။ ဝသနဋ္ဌာနမေဝ၊ နေရာအရပ်သို့သာလျှင်။ မယံ၊ ငါတို့သည်။ ဂမိဿာမ၊ သွားကြကုန်တော့အံ့။

ခြင်္သေ့မင်းသည် ထိုမြေခွေး၏ စကားကိုကြား၍ ကောင်းသောခြင်္သေ့မ ဤမည်သောကာလ၌ ငါ၏အစာရှာအံ့သောငှါသွား၍ ခုနစ်ရက်မြောက်သောနေ့၌ ဤမြေခွေးနှင့်၎င်း ဤမြေခွေးမနှင့်၎င်း တကွလာသည်၏အဖြစ်ကို သင်သည် အောက်မေ့မိ၏လောဟု ခြင်္သေ့မကို မေး၏။ အရှင်အောက်မေ့မိပါ၏ဟု ဆိုသည်ရှိသော် ခုနစ်ရက်ပတ်လုံး ငါမလာခြင်းအကြောင်းကို သင်သိ၏လောဟု ဆို၏။ အရှင်အကျွန်ုပ် မသိဟု ဆိုသည်ရှိသော် ကောင်းသော ခြင်္သေ့မ ငါသည် သားတခုကိုဖမ်းအံ့ဟုသွားရာ ချော်၍ ညွန်၌ ကျွံနစ်၏။ ထိုညွန်မှထွက်အံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ခုနစ်ရက်ပတ်လုံး အစာမစားရဘဲတည်ရ၏။ ထိုငါသည် ဤမြေခွေးကိုမှီ၍ အသက်ကိုရ၏။ ဤမြေခွေးသည် ငါ၏ အသက်ကိုပေးပေသော အဆွေ ခင်ပွန်းတည်း၊ အဆွေခင်ပွန်းတို့၏တရား၌ တည်အံ့သောငှာ စွမ်းနိုင်သော မြေခွေးတည်း၊ ထိုစကားသည် မှန်၏။ အဆွေခင်ပွန်းသည် အားနည်းသောမည်သည် မရှိ၊ ဤနေ့မှစ၍ ငါ၏အဆွေခင်ပွန်းမြေခွေးအား၎င်း အဆွေ ခင်ပွန်းဖြစ်သော မြေခွေးမအား၎င်း အဆွေခင်ပွန်းတို့၏ သားငယ်တို့အား၎င်း ဤသို့အစရှိသော မထေမဲ့မြင်အမှုကို မပြုလင့်ဟုဆို၍ ခြင်္သေ့မင်းသည်-

၁၄။ အပိ စေပိ ဒုဗ္ဗလော မိတ္တော၊ မိတ္တဓမ္မေသု တိဋ္ဌတိ။
သော ဉာတကော စ ဗန္ဓု စ၊
သော မိတ္တော သော စ မေ သခါ။
ဒါဌာနိ မာတိမညိတ္ထော၊ သိင်္ဂါလော မမ ပါ ပါဏဒေါ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄။ ဒါဌာနိ၊ ခြင်္သေ့မ။ စေ၊ အကယ်၍။ ဒုဗ္ဗလောပိ၊ အားနည်းငြားသော်လည်း။ မိတ္တော၊ အဆွေခင်ပွန်းသည်။ မိတ္တဓမ္မေသု၊ အဆွေခင်ပွန်းတို့၏ တရားတို့၌။ အပိ တိဋ္ဌတိ၊ တည်ပေအံ့။ သော၊ ထိုသူသည်။ မေ၊ ငါ၏။ ဉာတကာ စ၊ အဆွေအမျိုးလည်းတော်၏။ ဗန္ဓု စ၊ အဆွေခင်ပွန်းလည်း ဖြစ်၏။ သော၊ ထိုသူသည်။ မိတ္တော စ၊ မိတ်လည်း ဖြစ်၏။ သော၊ ထိုသူသည်။ သခါ စ၊ အပေါင်းအဘော်လည်း ဖြစ်၏။ ယသ္မာ၊ အကြင်ကြောင့်။ သိင်္ဂါလော၊ မြေခွေးသည်။ မမ၊ ငါ့အား။ ပါဏာဒေါ၊ အသက်ကို ပေးပေ၏။ တသ္မာ၊ ထို့ကြောင့်။ သဟာယံ စ၊ အပေါင်းအဘော်ဖြစ်သော မြေခွေးကို၎င်း။ သဟာယိံ စ၊ အပေါင်းအဘော်ဖြစ်သော မြေခွေးမကို၎င်း။ တွံ၊ သင်သည်။ မာ အတိမညိတ္ထော၊ မထေမဲ့မြင် မပြုလင့်။

ထိုခြင်္သေ့မသည် ခြင်္သေ့မင်း၏စကားကိုကြား၍ မြေခွေးမကိုလည်း သည်းခံစေ၍ ထိုနေ့မှစ၍ သားနှင့်တကွသော မြေခွေးမနှင့်တကွ အညီအညွတ်နေကြ၏။ ခြင်္သေ့ငယ်တို့သည်လည်း မြေခွေးငယ်တို့နှင့်တကွ ကစားကုန်လျက် ဝမ်းမြောက်ဝမ်းသာ နေကုန်သည်ဖြစ်၍ မိဘတို့၏ လွန်သောကာလ၌လည်း ချစ်ခင်လေးမြတ်ကြကုန်၏။ အချစ်မပျက်ကုန်မူ၍ သာလျှင် ဝမ်းမြောက်ဝမ်းသာ နေကြကုန်၏။ ထိုခြင်္သေ့ မြေခွေးတို့အား အမျိုးခုနစ်ဆက်တိုင်အောင် မပျက်သောချစ်ခြင်းသည်သာ ဖြစ်လာသတည်း။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကိုပြတော်မူသည်၏ အဆုံး၌ အချို့ကုန်သော ရဟန်းတို့သည် သောတာပန်ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် ရဟန္တာ ဖြစ်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းသနည်းဟူမူကား ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ မြေခွေးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခြင်္သေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သူပြုသမျှ၊ ဂုဏ်ဂုဏ၊ မုချ အမှန်သိ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဂုဏဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဒဠှဝဂ်

၈။ သုဟနုဇာတ်

မြင်းစဉ်းလဲ နှစ်ကောင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် နယိဒံ ဝိသမသီလေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုဟနုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကြမ်းကြုတ်ကုန်သော နှစ်ယောက်ကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုအခါ ဇေတဝန်ကျောင်းတော်၌လည်း တယောက်သော ရဟန်းသည် ကြမ်းကြုတ်ရုန့်ရင်း၏။ နိုင်ထက်ကလူမူတတ်၏။ ဇနပုဒ်၌လည်း တယောက်သော ရဟန်းသည် ကြမ်းကြုတ် ရုန့်ရင်း၏။ နိုင်ထက်ကလူမူတတ်၏။ ထိုအခါ တနေ့သ၌ ဇနပုဒ်ရဟန်းသည် တစုံတခုသော အမှုကြောင့်သာလျှင် ဇေတဝန်ကျောင်းတော်သို့သွား၏။ သာမဏေတို့သည်၎င်း ရဟန်းငယ်တို့သည်၎င်း ထိုဇနပုဒ်နေရဟန်း၏ ကြမ်းကြုတ်သည်၏ အဖြစ်ကိုသိကုန်၍ ထိုသာမဏေ, ရဟန်းငယ်တို့သည် ကြမ်းကြုတ်ကုန်သော ရဟန်းနှစ်ပါးတို့၏ ခိုက်ရန်ဖြစ်ခြင်းကို မြင်ရကုန်အံ့ဟု အုတ်အုတ် ကျက်ကျက်အားဖြင့် ထိုဇနပုဒ်နေရဟန်းကို ဇေတဝန်ကျောင်းနေရဟန်း၏ ပရိဝုဏ်သို့ပို့ကြကုန်၏။ ကြမ်းကြုတ်ကုန်သော ထိုနှစ်ပါးကုန်သောရဟန်းတို့သည်လည်း အချင်းချင်းမြင်ကုန်၍လျှင် ချစ်ခင်ကြကုန်လျှက် နေကြကုန်၏။ ဝမ်းမြောက်ဝမ်းသာ ရှိကြကုန်၏။ လက်ကို ဆုပ်နယ်ခြင်း ခြေကိုဆုပ်နယ်ခြင်း ကျောက်ကိုဆုပ်နယ်ခြင်းအစရှိသည်တို့ကို ပြုကြကုန်၏။ ရဟန်းတို့သည် တရားသဘင်၌ စကားကို ဖြစ်စေကုန်၏။ အဘယ်သို့ ဖြစ်စေကုန်သနည်းဟူမူကား ငါ့သျှင်တို့ ကြမ်းကြုတ်သော ရဟန်းနှစ်ပါးတို့သည် တပါးသူတို့၏အပေါ်၌သာ ကြမ်းကြုတ်ရုန့်ရင်းကုန်၏။ နိုင်ထက်ကလူ မူတတ်ကုန်၏။ အချင်းချင်းမူကား ထိုနှစ်ပါးကုန်သောရဟန်းတို့သည် ညီညွတ်ကြကုန်သည် ဝမ်းမြောက်ဝမ်းသာရှိကုန်သည် ချစ်လျှက် နေကြ ကုန်သည် ဖြစ်ကုန်၏။ ဤသို့စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုရဟန်းတို့သည် တပါးကုန်သောသူတို့၏ အပေါ်၌ သာလျှင် ကြမ်းကြုတ်ကုန်သည် ရုန့်ရင်းကုန်သည် နိုင်ထက်ကလူ မူတတ် ကုန်သည်ဖြစ်၍ အချင်းချင်းမူကား ညီညွတ်ကုန်သည် ဝမ်းမြောက်ဝမ်းသာရှိကြကုန်သည် ချစ်ခင်လျက်နေကြကုန်သည် မဟုတ်သေး၊ ရှေး၌လည်း ထိုနှစ်ယောက်ကုန်သော ရဟန်းတို့သည် တပါးကုန်သောသူတို့၏ အပေါ်၌သာ ကြမ်းကြုတ်ရုန့်ရင်းကုန်သည်။ နိုင်ထက်ကလူ မူတတ်ကုန်သည်ဖြစ်၍ အချင်းချင်းမူကား ညီညွတ်ကုန်သည် ဝမ်းမြောက်ဝမ်းသာ ရှိကြကုန်သည် ချစ်ခင်လျက်နေကြကုန်သည် ဖြစ်ဘူးကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ခပ်သိမ်း သောကိစ္စတို့ကို ပြီးစေတတ်သော အကျိုး အကြောင်းကို ဆုံးမတတ်သောအမတ်သည် ဖြစ်၏။ ထိုဗြဟ္မဒတ် မင်းသည်ကား စဉ်းငယ် ဥစ္စာကိုမက်မောတတ်သောသဘောရှိ၏။ ထိုဗြဟ္မဒတ် မင်းအား မဟာသောဏအမည်ရှိသော စဉ်းလဲသောမြင်းသည် ရှိ၏။ ထိုအခါ ဥတ္တရာပထ၌နေကုန်သော မြင်းကုန်သည်တို့သည် မြင်းငါးရာတို့ကို ဆောင်ခဲ့ကုန်၏။ မြင်းတို့လာသည်၏အဖြစ်ကို မင်းအား ကြားလျှောက်ကုန်၏။ ထိုကာလမှရှေး၌ကား ဘုရားလောင်းသည် မြင်းတို့ကို အဘိုးပြတ်၍ အရင်းဥစ္စာကိုမလျှော့စေမူ၍ ပေးစေ၏။ မင်းသည် ထိုအဘိုးရင်းကို မလျော့စေသည်ရှိသော် တပါးသောအမတ်ကိုခေါ်စေ၍ အချင်းသင်သည် မြင်းတို့ကိုအဘိုးပြက်လော့၊ အဘိုးပြတ်သော်လည်း ရှေးဦးစွာ မဟာသောဏမြင်းကို အကြင် သို့သော အခြင်းအရာအားဖြင့်လွှတ်သည်ရှိသော် ထိုဥတ္တရာပထမြင်းတို့၏ အတွင်းသို့ဝင်၏။ ထိုသို့သောအခြင်းအရာအားဖြင့်လွှတ်လိုက်၍ မြင်းတို့ကိုကိုက်စေ၍ အနာကိုပြုစေ၍ အားနည်းသောကာလ၌ အဘိုးရင်းကိုလျော့၍ မြင်းတို့ကိုအဘိုးပြတ်လော့ဟု ဆို၏။ ထိုအမတ်သည် ကောင်းပြီဟု ဝန်ခံ၍ ထိုမင်းဆိုတိုင်း ပြု၏။ မြင်းကုန်သည်တို့သည် မနှစ်သက်ကုန်သည်ဖြစ်၍ ထိုဗြဟ္မဒတ်မင်းသည် ပြုအပ်သော အမူ အရာကို ဘုရားလောင်းအား ကြားကုန်၏။

ဘုရားလောင်းသည် သင်တို့၏မြို့၌ စဉ်းလဲသောမြင်းသည် မရှိသလောဟု မေး၏။ အရှင်သုဟနုအမည်ရှိသော ကြမ်းကြုတ်ရုန့်ရင်းသော စဉ်းလဲသောမြင်းသည် ရှိ၏ဟု ဆိုကုန်၏။ ထိုသို့တပြီးကား တဖန် လာကုန်သည်ရှိသော် ထိုသုဟနုအမည်ရှိသောမြင်းကို ဆောင်ခဲ့ကြကုန်လော့ဟု ဘုရားလောင်းသည်ဆို၏။ ထိုမြင်းကုန်သည်တို့သည် ကောင်းပြီဟု ဝန်ခံကုန်၍ တဖန် လာသည်ရှိသော် ထိုသုဟနုအမည်ရှိသော မြင်းစဉ်းလဲကိုယူခဲ့၍ လာကုန်၏။ ဗြဟ္မဒတ်မင်းသည် မြင်းကုန်သည်တို့ လာကုန်၏ဟု ကြား၍ ခြင်္သေ့ခံသော လေသွန်တံခါးကို ဖွင့်လှစ်၍ မြင်းတို့ကိုကြည့်၍ မဟာသောဏမြင်းကို လွှတ်စေ၏။ မြင်းကုန်သည်တို့သည်လည်း မဟာသောဏမြင်း လာသည်ကိုမြင်ကုန်၍ သုဟနုမြင်းကို လွှတ်ကုန်၏။ ထိုမဟာသောဏမြင်း, သုဟနုမြင်းတို့သည် တစီးသည်တစီးသို့ ရောက်ကုန်၍ ကိုယ်တို့ကိုလျက်ကြကုန်လျက် ရပ်ကြကုန်၏။ ဗြဟ္မဒက်မင်းသည် နှစ်စီးကုန်သော ဤ မြင်းစဉ်းလဲတို့ကို သင်သည် မြင်၏လော၊ ဤမြင်းစဉ်းလဲ နှစ်စီးတို့သည် တပါးကုန်သောမြင်းတို့၏အပေါ်၌သာ ကြမ်းကြုတ် ရုန့်ရင်းကုန်၏။ နိုင်ထက်ကလူ မူတတ်ကုန်၏။ တပါးကုန်သောမြင်းတို့ကို ကိုက်ကုန်၍ နာသည်၏အဖြစ်သို့ ရောက်စေတတ်ကုန်၏။ ယခုအခါ၌ အချင်းချင်းကား ကိုယ်ကိုလျက်ကြကုန်လျက် ဝမ်းမြောက်ဝမ်းသာဖြစ်ကုန်၍ ရပ်ကြကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်မည်သော အကြောင်းကြောင့်တုံနည်းဟု ဘုရားလောင်းကို မေး၏။ မြတ်သောမင်းကြီး ဤမြင်းနှစ်ပါးတို့သည် မညီမျှသောအလေ့ရှိကုန်သည်လည်း မဖြစ်ကုန်၊ မညီမျှသော သဘောရှိကုန်သည်လည်း မဖြစ်ကုန်၊ ထိုမြင်းနှစ်စီးတို့သည် တူမျှသော အလေ့ရှိကုန်သည်လည်း ဖြစ်ကုန်၏။ တူမျှသော သဘောရှိကုန်သည်လည်း ဖြစ်ကုန်၏ဟုဆိုလို၍ -

၁၅။ နယိဒံ ဝိသမသီလေန၊ သောဏေန သုဟနူ သဟ။
သုဟနူပိ တာဒိသောယေဝ၊ ယော သောဏဿ သဂေါစရော။-
၁၆။ ပက္ခန္ဒိနာ ပဂဗ္ဘေန၊ နိစ္စံ သန္ဒာနခါဒိနာ။
သမေတိ ပါပံ ပါပေန၊ သမေတိ အသတာ အသံ။

ဟူသော ဤနှစ်ဂါထာကို ဆို၏။

֍ ဋ္ဌ ၁၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သုဟနူ၊ သုဟနု မြင်းသည်။ သောဏေန၊ သောဏ မြင်းနှင့်။ သဟ၊ တကွ။ ယံ ဣဒံ ပေမံ၊ အကြင် ချစ်ခြင်းကို။ ကရောတိ၊ ပြု၏။ တံ ဣဒံ ပေမံ၊ ထိုချစ်ခြင်းကို။ အတ္တနော၊ မိမိ၏။ ဝိသမသီလေန၊ မတူမျှသော အလေ့အားဖြင့်။ န ကရောတိ၊ မပြု။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သောဏဿ၊ သောဏမြင်း၏။ ယော သဂေါစရော၊ အကြင်မြင်းတို့ကိုကိုက်လျက် ကျက်စားခြင်းအကျင့်သည်။ အတ္ထိ၊ ရှိ၏။ သုဟနူပိ၊ သုဟနုမြင်းသည်လည်း။ တာဒိသော ယေဝ၊ ထိုသောဏမြင်းနှင့် တူသည်သာလျှင်တည်း။

֍ ဋ္ဌ ၁၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧတေသု၊ ထိုမြင်းနှစ်စီးတို့တွင်။ အညတရေန၊ တစီးသောမြင်းနှင့်။ သဒ္ဓိံ၊ တကွ။ အညတရော၊ တစီးသောမြင်းသည်။ ပက္ခန္ဒိနာ၊ မြင်းတပါးတို့၏ အပေါ်သို့ ပြေးသွားခြင်းအလေ့အားဖြင့်၎င်း။ ပဂဗ္ဘေန၊ ကာယကံ၏ ရုန့်ရင်းကြမ်းကြုတ်ခြင်းအစရှိသည်နှင့် ပြည့်စုံခြင်းဟုဆိုအပ်သော မကောင်းသောအလေ့အားဖြင့်၎င်း။ နိစ္စံ၊ အမြဲ။ သန္ဒာနခါဒိနာ၊ မိမိကို ချည်သောကြိုးကို ကိုက်တတ်သော အလေ့အားဖြင့်၎င်း။ သမေတိ၊ တူမျှ၏။ ပါပေန၊ ယုတ်မာသော မြင်းတစီးနှင့်။ သဒ္ဓိံ၊ တကွ။ ပါပဿ၊ ယုတ်မာသော မြင်းတစီး၏။ ပါပံ၊ ယုတ်မာသောအလေ့သည်။ သမေတိ၊ တူမျှ၏။ အသတာ၊ သူတော်မဟုတ်သောသူနှင့်။ သဟ၊ တကွ။ အသတော၊ သူတော်မဟုတ်သော သူ၏။ အသံ၊ မကောင်းသောအမှုသည်။ သမေတိ၊ တူမျှ၏။

ဘုရားလောင်းသည် ဤသို့ဆိုပြီး၍ကား မြတ်သောမင်းကြီး မင်းမည်သည်ကား အလွန် မက်မောတတ်သည် မဖြစ်ရာ၊ သူတပါး၏ ဥစ္စာမည်သည်ကို ဖျက်ဆီးခြင်းငှါမအပ်ဟု ထိုမင်းကိုဆုံးမ၍ မြင်းတို့ကို အဘိုးပြတ်၍ မှန်သောအဘိုးကို ပေးစေ၏။ မြင်းကုန်သည်တို့သည် သဘောအား လျော်သည်သာဖြစ်သော အဘိုးကိုရကုန်၍ ရွှင်လန်းနှစ်သက်ကုန်လျက် သွားကြကုန်၏။ မင်းသည် ဘုရားလောင်းအဆုံးအမ၌တည်၍ ကံအားလျော်စွာလား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဤရဟန်းကြမ်းနှစ်ယောက်တို့သည် ထိုအခါ မြင်းကြမ်းနှစ်စီးတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိအမတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

မသူတော်ချင်း၊ ပေါင်းဖက်လျင်း၊ ချဉ်ပြင်း ဆားနှယ်တွေ့

ရှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော သုဟနုဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဒဠှဝဂ်

၉။ မောရဇာတ်

ရွှေဥဒေါင်း နှင့် ညွှတ်ကွင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသခင်သည် ဥဒေတယံ စက္ခုမာ ဧကရာဇာ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမောရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သော တယောက်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုငြီးငွေ့သောရဟန်းကို အဆွေ ခင်ပွန်းဖြစ်ကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားအထံတော်သို့ ဆောင်အပ်သည်ဖြစ်၍ ရဟန်း သင်သည် ငြီးငွေ့၏ ဟူသည် မှန်သလောဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်၍ အဘယ်ကိုမြင်၍ ငြီးငွေ့သနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား တယောက်သော တန်ဆာဆင်ခြင်းနှင့်စပ်သော မိန်းမကိုမြင်၍ ငြီးငွေ့ခြင်း ဖြစ်ပါသည်ဟု လျောက်၏။ ထိုအခါ၌ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း မိန်းမမည်သည်ကား သင်တို့ကဲ့သို့သောသူ၏စိတ်ကို အဘယ့်ကြောင့် မလှုပ်ချောက်ချား စေနိုင်အံ့နည်း၊ လှုပ်ချောက်ချားစေနိုင်သည်သာလျှင်တည်း၊ ထိုစကားသည် မှန်၏။ ရှေးပညာရှိတို့အား အနှစ်ခုနစ်ရာတို့ပတ်လုံး မဖြစ်ကုန်သောကိလေသာတို့သည် မိန်းမ၏အသံကိုကြားလတ်သော် အခွင့်ကို ရကုန်၍ တခဏခြင်းသာလျှင် ဖြစ်လာကုန်၏။ စင်ကြယ်ကုန်သော သတ္တဝါတို့စင်လျက်လည်း ညစ်နွမ်းရကုန်သေး၏။ မြတ်သောဆန္ဒနှင့်ပြည့်စုံသော သူတို့စင်လျက်လည်း အကျော်အစောမဲ့ခြင်း၏အဖြစ်သို့ ရောက်ရကုန်သေး၏။ မစင်ကြယ်သောသူသည်ကား အဘယ်မှာဆိုဘွယ် ရှိအံ့နည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဥဒေါင်းအမျိုး၌ ပဋိသန္ဓေကိုယူ၍ အဥဖြစ်သောကာလ၌လည်း မဟာလှေကားအငုံနှင့်တူသောအဆင်းရှိသော ဥရှိသည်ဖြစ်၍ ဥခွံကိုခွဲ၍ပေါက်သည် ရှိသော် ရွှေအဆင်းနှင့်တူသော အဆင်းရှိသည်ဖြစ်၏။ ရှုချင်ဘွယ်ရှိ၏။ ကြည်ညိုဘွယ်ရှိ၏။ အတောင်ကြားတို့၌ နီနီတွေးတွေး ယုန်သွေး ဟင်္သပဒါးဆွတ်၍ ထားသကဲ့သို့ အခြားအရေးတို့ဖြင့် ထူး၍တင့်တယ်၏။ ထိုရွှေဥဒေါင်းသည် အသက်ကိုစောင့်ရှောက်လိုရကား တောင်ရေးသုံးခုတို့ကိုလွန်၍ လေးခုမြောက်ဖြစ်သောတောင်ရေး၏ တခုသော ဒဏ္ဍကရွှေတောင် အပြင်၌ နေခြင်းကိုပြု၏။

ထိုရွှေဥဒေါင်းသည် ညဉ့်၏လင်းလတ်သောအခါ ရွှေတောင်ထိပ်၌ နေလျက် တက်လတ်သောနေမင်းကိုကြည့်၍ မိမိ၏ ကျက်စားရာမြေ၌ အစောင့်အရှောက်အရံအတားအကျိုးငှါ မြတ်သောမန္တရားကို ဖွဲ့လိုရကား-

၁၇။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ။
တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ။

ဟူသော ဂါထာကို ရွတ်၏။

֍ ဋ္ဌ ၁၇။ စက္ခုမာ၊ အလုံးစုံသောစကြဝဠာ၌ နေကုန်သောသူတို့အား မျက်စိအမြင်ကို ပေးတတ်ထသော။ ဧကရာဇာ၊ မြတ်သော မင်းဖြစ်ထသော။ ဟရိဿဝဏ္ဏော၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိထသော။ ပထဝိပ္ပဘာသော၊ မြေကြီးကို ထွန်းပစေတတ် ထသော။ အယံ ဘာဏုမာ၊ ဤနေမင်းသည်။ ယသ္မာ၊ အကြင်ကြောင့်။ ဥဒေတိ၊ အရှေ့လောကဓာတ်မှ တက်လတ်၏။ တံ-တသ္မာ၊ ထို့ကြောင့်။ ဟရိဿဝဏ္ဏံ၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိထသော။ ပထဝိပ္ပဘာသံ၊ မြေကြီးကို ထွန်းပစေတတ်ထသော။ တံ၊ ထိုနေမင်းကို။ နမဿာမိ၊ ရှိခိုးပါ၏။ အဇ္ဇ၊ ယနေ့။ တယာ၊ ရှင်နေမင်းသည်။ ဂုတ္တာ၊ စောင့်ရှောက်အပ်သည်ဖြစ်၍။ မယံ၊ ငါတို့သည်။ ဣမံ-ဤဒိသံ၊ ဤသို့ သဘောရှိသော။ ဒိဝသံ၊ နေ့ပတ်လုံး။ ဝိဟရေမု၊ ချမ်းသာစွာ နေရပါလိုကုန်၏။

ဤသို့ ဘုရားလောင်းသည် ဤဂါထာဖြင့် နေမင်းကိုရှိခိုးပြီး၍ ဒုတိယဂါထာဖြင့် လွန်တော်မူလေကုန်ပြီးသော ပရိနိဗ္ဗာန်ပြုတော်မူကုန်ပြီးသော ဘုရားရှင်တို့ကို၎င်း ဘုရားရှင်တို့၏ ဂုဏ်တော်တို့ကို၎င်း ရှိခိုးလိုရကား-
ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။
နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံကတွာ၊
မောရော စရတိ ဧသနာ။

ဟူသော ဤဂါထာကို ရွတ်၏။

ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧသနာ ဟူသော ဤနှစ်ပါဒကိုကား ဘုရားအဖြစ်သို့ ရောက်တော်မူပြီးမှ ဆက်၍ဟောတော်မူ၏။

ဗြာဟ္မဏာ၊ မကောင်းမှုကိုအပပြုတော်မူကုန်ပြီးထသော။ သဗ္ဗဓမ္မေ၊ ခပ်သိမ်းကုန်သောတရားတို့ကို။ ဝေဒဂူ၊ ဉာဏ်တော်အားဖြင့် ထင်ရှားသည်ကို ပြုတော်မူကုန်ပြီး၍ ဗောဓိအပြင်၌ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်တော်မူကုန်ပြီးထသော။ ယေ-ယာဒိသာ၊ အကြင်သို့သဘော ရှိတော်မူကုန်ထသော။ ဘဂဝန္တာ၊ မြတ်စွာဘုရားတို့သည်။ သန္တိ၊ ရှိတော်မူကုန်၏။ တေ-တာဒိသာ၊ ထိုသို့သဘောရှိကုန်သော။ ဘဂဝန္တာ၊ မြတ်စွာဘုရားတို့သည်။ မေ၊ အကျွန်ုပ်၏။ နမော-နမကာရံ၊ ရှိခိုးခြင်းကို။ ပဋိစ္ဆန္တု စ၊ ခံလည်းခံတော်မူစေကုန်သတည်း။ ဧဝံ၊ ဤသို့။ မယာ၊ အကျွန်ုပ်သည်။ နမသိတာ၊ ရှိခိုးအပ်ကုန်သော။ တေ-တာဒိသာ၊ ထိုသို့သဘောရှိကုန်သော။ ဘဂဝန္တာ၊ မြတ်စွာဘုရားတို့သည်။ မံ၊ အကျွန်ုပ်ကို။ ပါလယန္တု စ၊ စောင့်လည်း စောင့်တော်မူစေကုန်သတည်း။ ဗုဒ္ဓါနံ၊ ပရိနိဗ္ဗာန်ပြုတော်မူကုန်ပြီးသော ဘုရားရှင်တို့အား။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ တေသညေဝ၊ ထိုဘုရားရှင်တို့၏ သာလျှင်။ ဗောဓိယာ၊ မဂ်လေးတန် ဖိုလ်လေးတန်တို့၌ ဉာဏ်ဟုဆိုအပ်သော ဗောဓိအား။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဝိမုတ္တာနံ၊ အရဟတ္တဖိုလ်တည်းဟူသော ဝိမုတ္တိအားဖြင့် ဝိမုတ္တိ ရှိတော်မူကုန်သော။ တေသညေဝ၊ ထိုဘုရားရှင်တို့အားသာလျှင်။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ နေသံ၊ ထိုဘုရားရှင်တို့၏။ ဝိမုတ္တိယာ၊ ငါးပါးသော ဝိမုတ္တိအား။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ သော မောရော၊ ထိုရွှေဥဒေါင်းမင်းသည်။ ဣမံ ပရိတ္တံ၊ ဤအရံအတားကို။ ကတ္တာ၊ ပြု၍။ ဧသနာ-ဧသနာယ၊ အပွင့်အသီးအစရှိသော အထူးထူး အပြားပြားသော အစာကိုရှာအံ့သောငှါ။ စရတိ၊ သွား၏။

ရဟန်းတို့ ထိုရွှေဥဒေါင်းမင်းသည် ဤသို့ တနေ့ပတ်လုံး ကျက်စား၍ ညအခါခါ တောင်ထိပ်၌နေ၍ ဝင်လေသောနေမင်းကိုကြည့်လျှက် ဘုရားရှင်တို့၏ ဂုဏ်တော်ကိုဆင်ခြင်၍ နေရာအရပ်၌ အစောင့်အရှောက် အရံအတားအကျိုးငှါ တဖန် မြတ်သောမန္တရားကို ပြန်လိုရကား-

၁၈။ အပေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ။
တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။
ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ။
တေ မေ နမော တေ စ မံ ပါလာယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။
နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော ဝါသမကပ္ပယိ။

ဟူသော ဤဂါထာကို ရွတ်၏။

ဣမံ သော ပရိတ္တံ ကတွာ မောရော ဝါသ မကပ္ပယိဟူသော နှစ်ပါဒကိုလည်း ဘုရားအဖြစ်သို့ ရောက်တော်မူပြီးမှ ဆက်၍ဟောတော်မူ၏။

֍ ဋ္ဌ ၁၈။ စက္ခုမာ၊ အလုံးစုံသော စကြဝဠာ၌နေကုန်သောသူတို့အား မျက်စိအမြင်ကိုပေးတတ်ထသော။ ဧကရာဇာ၊ မြတ်သောမင်းဖြစ်ထသော။ ဟရိဿဝဏ္ဏေ၊ ရွှေအဆင်းနှင့်တူသောအဆင်းရှိထသော။ ပထဝိပ္ပဘာသော၊ မြေကြီးကို ထွန်းပစေတတ်ထသော။ အယံ ဘာဏုမာ၊ ဤနေမင်းသည်။ ယသ္မာ၊ အကြင်ကြောင့်။ အပေတိ၊ ဝင်၏။ တံ-တသ္မာ၊ ထို့ကြောင့်။ ဟရိဿဝဏ္ဏံ၊ ရွှေအဆင်းနှင့်တူသောညအဆင်းရှိသော။ ပထဝိပ္ပဘာသံ၊ မြေကြီးကို ထွန်းပစေတတ်သော။ တံ၊ ထိုအရှင်နေမင်းကို။ နမဿာမိ၊ ရှိခိုးပါ၏။ အဇ္ဇ၊ ယနေ့။ တယာ၊ ရှင်နေမင်းသည်။ ဂုတ္တာ၊ စောင့်ရှောက်အပ်သည့် ဖြစ်၍။ မယံ၊ အကျွန်ုပ်တို့သည်။ ဣမံ၊ ဤသို့ သဘောရှိသော။ ရတ္တိံ၊ ညဉ့်ပတ်လုံး။ ဝိဟရေမု၊ ချမ်းသာစွာ နေရပါလိုကုန်၏။

ဗြာဟ္မဏာ၊ မကောင်းမှုကို အပပြုတော်မူကုန်ပြီးကသော။ သဗ္ဗဓမ္မေ၊ ခပ်သိမ်းကုန်သော သင်္ခတ အသင်္ခတ တရားတို့ကို။ ဝေဒဂူ၊ ဉာဏ်တော်အားဖြင့် ထင်ရှားသည်တို့ကို ပြုတော်မူကုန်၍ သံသရာကိုလွန်တော်မူကုန်ပြီးထသော။ ယေ ဘဂဝန္တာ၊ အကြင် မြတ်စွာဘုရားတို့သည်။ သန္တိ၊ ရှိတော်မူကုန်၏။ တေ ဘဂဝန္တာ၊ ထိုမြတ်စွာဘုရားတို့သည်။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းကို။ ပဋိစ္ဆန္တု စ၊ ခံလည်း ခံတော်မူစေကုန်သတည်း။ ဧဝံ၊ ဤသို့။ မယာ၊ ငါသည်။ နမဿိတာ၊ ရှိခိုးအပ်ကုန်သော။ တေ-တာဒိသာ၊ ထိုသို့ သဘောရှိကုန်သော။ ဘဂဝန္တာ၊ မြတ်စွာဘုရားရှိသည်။ မံ၊ အကျွန်ုပ်ကို။ ပါလယန္တု စ၊ စောင့်လည်း စောင့်တော်မူစေကုန်သတည်း။ ဗုဒ္ဓါနံ၊ ပရိနိဗ္ဗာန်ပြုတော်မူကုန်ပြီးသော ဘုရားရှင်တို့အား။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ တေသညဝ၊ ထိုဘုရားရှင်တို့၏သာလျှင်။ ဗောဓိယာ၊ မဂ်လေးတန် ဗိုလ်လေးတန်တို့၌ ဉာဏ်ဟုဆိုအပ်သော ဗောဓိအား။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဝိမုတ္တာနံ၊ အရဟတ္တဖိုလ်တည်းဟူသော ဝိမုတ္တိအားဖြင့် ဝိမုတ္တိရှိတော်မူကုန်သော။ တေသညဝ၊ ထိုဘုရားရှင်တို့အားသာလျှင်။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ နေသံ၊ ထိုဘုရားရှင်တို့၏။ ဝိမုတ္တိယာ၊ ငါးပါးသော ဝိမုတ္တိအား။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ သော မောရော၊ ထိုရွှေဥဒေါင်းသည်။ ဣမံ ပရိတ္တံ၊ ဤအရံအတားကို။ ကတွာ၊ ပြု၍။ နိဝါသာနေ၊ နေရာအရပ်၌။ ဝါသံ၊ နေခြင်းကို။ အကပ္ပယိ၊ ပြု၏။

ထိုရွှေဥဒေါင်းအား ညဉ့်၌၎င်း နေ့၌၎င်း ဤသို့သဘောရှိသော ပရိတ်၏အာနုဘော်ကြောင့် ဘေးသည်လည်း မဖြစ်သည်သာလျှင်တည်း၊ ကြက်သီးမွေးညှင်း ထခြင်းသည်လည်း မဖြစ်သည်သာလျှင်တည်း၊ ထိုအခါ ဗာရာဏသီပြည်၏ မနီးမဝေးသောအရပ်၌ မုဆိုးတို့၏ရွာ၌နေသော မုဆိုးတယောက်သည် ဟိမဝန္တာအရပ်၌ လှည့်လည်သည်ရှိသော် ထိုဒဏ္ဍကရွှေတောင်ထိပ်၌နေသော ဘုရားလောင်း ရွှေဥဒေါင်းကိုမြင်လျှင် လာလတ်၍ သားအား ကြား၏။

ထိုအခါ တနေ့သ၌ ဗာရာဏသီမင်း၏ ခေမာအမည်ရှိသော မိဖုယားသည် အိပ်မက်ဖြင့် ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ရွှေဥဒေါင်း တရားဟောသည်ကိုမြင်မက်၍ နိုးသောကာလ၌ မင်းကြီးအား လျှောက်၏။ အဘယ်သို့ ကြား လျှောက်သနည်းဟူမူကား မြတ်သောမင်းကြီး အကျွန်ုပ်သည် ရွှေအဆင်းနှင့်တူသောအဆင်းရှိသော ဥဒေါင်း၏တရားကို နာလို၏ဟု လျှောက်၏။ မင်းသည် အမတ်တို့ကို မေး၏။ အမတ်တို့သည် အရှင်မင်းကြီး ပုဏ္ဏားတို့သည်သိကုန်လတ္တံ့ ဟု လျှောက်ကုန်၏။ ပုဏ္ဏားတို့သည် ထိုစကားကိုကြားကုန်၍ ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်သော ဥဒေါင်းတို့မည်သည်ရှိကုန်၏ဟု လျှောက်ကြကုန်၍ အဘယ်အရပ်၌ ရှိသနည်းဟု မေးသည်ရှိသော် အရှင်မင်းကြီး မုဆိုးတို့သည် သိကုန်လတ္တံ့ဟု လျောက်ကုန်၏။ မင်းကြီးသည် မုဆိုးတို့ကို စည်းဝေးစေ၍ မေး၏။ ထိုအခါ ထိုမုဆိုး၏သားသည် မြတ်သောမင်းကြီး ဒဏ္ဍကအမည်ရှိသော ရွှေတောင်သည် ရှိ၏။ ထိုရွှေတောင်၌ ရွှေအဆင်းနှင့်တူသောအဆင်းရှိသော ရွှေဥဒေါင်းသည်နေ၏ဟု လျှောက်၏။

အို မုဆိုး ထိုသို့တပြီးကား သင်သည် ထိုဥဒေါင်းကို မသတ်ဘဲ နှောင်ဖွဲ့၍သာလျှင် ဆောင်ခဲ့လော့ဟု ဆို၏။ ထိုမုဆိုးသည်သွား၍ ထိုရွှေဥဒေါင်း၏ကျက်စားရာမြေ၌ ကျော့ကွင်းတို့ကို ထောင်၏။ ဥဒေါင်းသည် နင်းရာအရပ်၌လည်း ကျော့ကွင်းသည်မရွေ့၊ မုဆိုးသည် ဖမ်းအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ခုနစ်နှစ်တို့ပတ်လုံး ထိုအရပ်၌သာလျှင်ကျက်စား၍ သေလေ၏။ ခေမာမိဖုယားသည်လည်း တောင့်တအပ်သော ရွှေဥဒေါင်းကို မရ၍ သေ၏။ မင်းသည် ဥဒေါင်းကိုမှီ၍ ငါ၏မိဖုယား သေလွန်ရ၏ဟု အမျက်ထွက်၍ ဟိမဝန္တာအရပ်၌ ဒဏ္ဍကမည်သော ရွှေတောင်သည် ရှိ၏။ ထိုရွှေ တောင်၌ ရွှေအဆင်းနှင့်တူသောအဆင်းရှိသော ဥဒေါင်းသည် နေ၏။ အကြင်သူတို့သည် ထိုရွှေဥဒေါင်း၏အသားကို စားရကုန်၏။ ထိုသူတို့သည် မအိုသည် ဖြစ်ကုန်၏။ မသေသည် ဖြစ်ကုန်၏ဟု အက္ခရာကို ရွှေပြား၌ ရေးသားစေ၍ ရွှေတံတင်း၌ ထားစေ၏။ ထိုမင်းသည် စုတေသည်ရှိသော် တပါးသောမင်းသည် မင်းအဖြစ်သို့ရောက်သည်ဖြစ်၍ ရွှေပြား၌ ရေးထားသောအက္ခရာကို ဘတ်စေ၍ ငါသည် မအိုသည် မသေသည် ဖြစ်ရအံ့ဟု တပါးသောမုဆိုးကို စေလွှတ်၏။ ထိုမုဆိုးသည်လည်း သွားလေ၍ ဘုရားလောင်းကို ဖမ်းအံ့သောငှါ မတတ်နိုင်၍ ထိုအရပ်၌သာလျှင် သေလေ၏။ ထိုသို့သော နည်းဖြင့်သာလျှင် မင်းခြောက်ဆက် လဲသည်၏အဖြစ်သို့ ရောက်၏။

ထိုအခါ ခုနစ်ဆက်မြောက်ဖြစ်သော မင်းသည် မင်းအဖြစ်သို့ရောက်၍ မုဆိုးတယောက်ကို စေလိုက်၏။ ထိုမုဆိုးသည်သွားလေ၍ ဘုရားလောင်းသည် နင်းရာအရပ်၌လည်း ကျော့ကွင်း၏ မရွေ့သည်၏အဖြစ်ကိုသိ၍ မိမိ၏အကျိုးငှာ အရံအတားကိုပြု၍ ထိုရွှေဥဒေါင်း၏ ကျက်စားရာမြေသို့ သွားခြင်းကိုလည်းသိ၍ အရပ်စွန်းသို့သက်ခဲ့၍ တခုသော ဥဒေါင်းမကို ဖမ်း၍ အကြင်သို့သောအခြင်းအရာအားဖြင့် သင်အပ်သည်ရှိသော် ဥဒေါင်းမသည် လက်ခုပ်တီးသံဖြင့် က၏။ လက်ဖျစ်တီးသံဖြင့်လည်း တွန်၏။ ထိုသို့သောအခြင်းအရာအားဖြင့် သင်ပြီးလျှင် ထိုဥဒေါင်းမကိုယူ၍ သွားလေ၍ ရွှေဥဒေါင်းသည်အရံအတားကိုမပြုမီ စောစောကလျှင် ကျော့ကွင်းကို ကျော့ကွင်းတံသို့တင်၍ ကျော့ကွင်းတို့ကိုထောင်၍ ဥဒေါင်းမကို တွန်စေ၏။ ရွှေဥဒေါင်းသည် သဘောမတူသော ဥဒေါင်းမ၏အသံကို ကြား၍ ကိလေသာဖြင့်ကြင်နာသည်ဖြစ်၍ ပရိတ်ကိုပြုအံ့သောငှါ မစွမ်းနိုင်ဘဲ သွားလေလျှင် ကျော့ကွင်း၌ မိ၏။ ထိုဘုရားလောင်းကို မုဆိုးသည် ဖမ်း၍ သွားပြီးလျှင် မင်းအား ဆက်၏။ မင်းသည် ထိုရွှေဥဒေါင်း၏ အဆင်း၏ပြည့်စုံခြင်းကိုမြင်၍ နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ နေရာကို ပေးစေ၏။ ဘုရားအလောင်းသည် ခင်းအပ်သောနေရာ၌နေ၍ မြတ်သောမင်းကြီး အဘယ့်ကြောင့် ငါ့ကို ဖမ်းစေသနည်းဟု မေး၏။ ရွှေဥဒေါင်း အကြင်သူသည် သင်၏ အသားကို စားရကုန်၏။ ထိုသူတို့သည် မအိုကုန်သည် မသေကုန်သည် ဖြစ်ကုန်၏ဟု ငါကြားရ၏။ ထိုငါသည် သင်၏ အသားကိုစား၍ မအိုမသေဖြစ်လို၍ သင့်ကို ဖမ်းစေ၏ဟု ဆို၏။ မြတ်သောမင်းကြီး ငါ၏အသားကို စားရကုန်သောသူတို့သည် မအိုကုန်သည် မသေကုန်သည် ဖြစ်စေကုန်ဦးတော့၊ ငါသည်မူကား သေရအံ့၊ ဤသို့ ငါသည် သေတတ်သောသဘောရှိလျှက် ငါ၏အသားကို စားကုန်သောသူတို့သည် အဘယ်အကြောင်းကြောင့် မသေကုန်လတ္တံ့နည်းဟု ဆိုသည်ရှိသော်-

ဥဒေါင်းမြတ် သင်သည် ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ ထို့ကြောင့် သင်၏အသားကို စားရကုန်သောသူတို့သည် မအို မသေကုန်သည် ဖြစ်ကုန်လတ္တံ့ ဟုဆိုလေ၏။ မြတ်သော မင်းကြီး ငါသည် အကြောင်းမဲ့ ရွှေအဆင်းနှင့်တူသော အဆင်းရှိသည် မဟုတ်၊ ရှေး၌ကား ငါသည် ဤမြို့၌သာလျှင် စကြဝတေးမင်းဖြစ်၍ မိမိသည်လည်း ပဉ္စသီတို့ကို စောင့်ခဲ့ဘူး၏။ အလုံးစုံသောစကြဝဠာ၌ နေကုန်သောသူတို့ကိုလည်း စောင့်စေဘူး၏။ ထိုငါသည် စုတေ၍ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ဘူး၏။ ထိုတာဝတိံသာနတ်ပြည်၌ အသက်ထက်ဆုံးတည်၍ ထိုတာဝတိံသာနတ်ပြည်မှ စုတေသည်ရှိသော် တပါးသောအကုသိုလ်၏အကျိုးဆက်ကြောင့် ဥဒေါင်းမျိုး၌ ဖြစ်သော်လည်း ရှေး၌ဆောက်တည်ခဲ့ဘူးသော သီလ၏ အာနုဘော်ကြောင့် ရွှေအဆင်းနှင့်တူသောအဆင်းရှိသည် ဖြစ်၏ဟု ဆိုသည်ရှိသော် ဥဒေါင်းမြတ် သင်သည် စကြဝတေး မင်းဖြစ်၍ သီလကို စောင့်ရှောက်၍ သီလ၏အာနုဘော်ကြောင့် ရွှေအဆင်းနှင့်တူသော အဆင်းရှိသည်ဖြစ်၏ဟု ဆို၏။ သင်၏စကားကို အဘယ်သို့သော အကြောင်းကြောင့် ငါတို့သည် ယုံကြည်ရအံ့နည်း၊ တစုံတခုသော သက်သေရှိ၏လောဟု ဆို၏။ မြတ်သောမင်းကြီး ရှိ၏ဟု ဆိုသည်ရှိသော် အဘယ်မည်သော သက်သေနည်းဟုမေး၏။ မြတ်သောမင်းကြီး ငါသည် စကြာဝတေးမင်း ဖြစ်သောကာလ၌ ရတနာဖြင့်ပြီးသောရထား၌စီး၍ ကောင်းကင်ခရီးဖြင့် သွားဘူး၏။ ငါ၏ ထိုရတနာရထားကို မင်္ဂလာရေကန်၏ မြေအတွင်း၌ မြှုပ်စေခဲ့၏။ ထိုရတနာရထားကို မင်္ဂလာရေကန်မှ ဘော်စေလော့၊ ထိုရတနာရထားသည် ငါ၏သက်သေဖြစ်လတ္တံ့ ဟုဆိုသည်ရှိသော် မင်းသည် ကောင်းပြီဟု ဝန်ခံ၍ မင်္ဂလာရေကန်မှ ရေကိုပယ်စေပြီးလျှင် ရတနာရထားကို ဆောင်ခဲ့စေ၏။ မင်းသည် ထိုအခါ၌ ဘုရားလောင်းအား ယုံကြည်၏။

ဘုရားလောင်းသည် မြတ်သောမင်းကြီး အမြိုက်ဖြစ်သော မဟာနိဗ္ဗာန်ကိုထား၍ ကြွင်းကုန်သော ခပ်သိမ်းကုန်သော သင်္ခတတရားတို့သည် ဖြစ်ကုန်၍ အမြဲမတည်သော သဘောရှိကုန်၏။ မမြဲသည် ဖြစ်ကုန်၏။ ကုန်တတ် ပျက်တတ်သော သဘောရှိကုန်သည်သာလျှင် ဖြစ်ကုန်၏ဟု မင်းအား တရားဟော၍ မင်းကို ငါးပါးကုန်သောသီလတို့၌ တည်စေ၏။ မင်းသည် ကြည်ညိုသည်ဖြစ်၍ ဘုရားလောင်းကို မင်းအဖြစ်ဖြင့် ပူဇော်၏။ ထိုဘုရားလောင်းသည် မင်းအဖြစ်ကို ထိုမင်းအားသာလျှင် အပ်နှင်းပြီးလျှင် နှစ်ရက်သုံးရက်နေ၍ မြတ်သောမင်းကြီး မမေ့မလျော့ ဖြစ်ရစ်လော့ဟု ဆုံးမ၍ ကောင်းကင်၌ပျံ၍ ဒဏ္ဍကရွှေတောင်သို့ သွားလေ၏။ မင်းသည်လည်း ဘုရားလောင်းအဆုံးအမ၌တည်၍ ဒါနအစရှိသော ကောင်းမှုတို့ကို ပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသောအဆုံး၌ ငြီးငွေ့သောရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရွှေဥဒေါင်း ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကိုပေါင်းတော်မူ၏။

မနှင့်ဖက်က၊ မိုက်မှားကြ၊ လောက ထုံးဓလေ့

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော မောရဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဒဠှဝဂ်

၁၀။ ဝိနီလကဇာတ်

ဟင်္သာ ညီနောင်နှင့် ကျီးဟင်္သာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဧဝမေဝ နူန ရာဇာနံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝိနီလဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်၏ ဘုရားအတုပြုခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ဒေဝဒတ်သည် ဂယာသီသသို့ ရောက်လာကုန်သော နှစ်ပါးကုန်သော အဂ္ဂသာဝကတို့အား ဘုရားအသွင်ကိုပြ၍ အိပ်သည်ရှိသော် မထေရ်မြတ်နှစ်ပါးတို့သည်လည်း တရားကိုဟောကုန်၍ မိမိတို့၏တပည့်တို့ကိုယူကုန်၍ ဝေဠုဝန်ကျောင်းတော်သို့ လာခဲ့ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် သာရိပုတ္တရာ, မောဂ္ဂလာန်တို့ ဒေဝဒတ်သည် သင်တို့ကိုမြင်၍ အသို့ပြုသနည်းဟု မြတ်စွာဘုရားသခင် မေးအပ်သည်ရှိသော် အရှင်ဘုရားမြတ်စွာဘုရားအသွင်ကိုပြု၍ ကြီးစွာသောပျက်စီးခြင်းသို့ ရောက်၏ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် သာရိပုတ္တရာ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ငါဘုရား၏အတုဖြစ်သော အမူအရာကိုပြု၍ ပျက်စီးခြင်းသို့ရောက်သည် မဟုတ်သေး။ ရှေး၌လည်း ရောက်ဘူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ သာရိပုတ္တရာမထေရ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... သာရိပုတ္တရာ လွန်လေပြီးသောအခါ ဝိဒေဟတိုင်း မိထိလာပြည်၌ ဝိဒေဟတိုင်းသူတို့ကိုအစိုးရသော မင်းသည် မင်းပြုသည် ရှိသော် ဘုရားလောင်းသည် ဝိဒေဟမင်း၏ မိဖုယားကြီးဝမ်း၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းကုန်သောအတတ်တို့ကို သင်၍ အဘလွန်သဖြင့် မင်းအဖြစ်၌တည်၏။ ထိုအခါ၌ တခုသောရွှေဟင်္သာမင်း၏ ကျက်စားရာမြေ၌ ကျီးမနှင့်တကွ ပေါင်းဘော်ခြင်းသည် ဖြစ်၏။ ထိုကျီးမသည် သားကိုဖွား၏။ ထိုငှက်ငယ်သည် အမိနှင့်လည်းမတူ အဘနှင့်လည်းမတူသလျှင်ကတည်း၊ ထိုအခါ၌ ထိုငှက်ငယ်အား မညို မရွှေသော သဘော ရှိသည်၏အဖြစ်ကြောင့် ဝိနီလကဟူသောအမည်ကိုသာလျှင် မှည့်ကုန်၏။ ရွှေဟင်္သာမင်းသည် မပြတ်လာ၍ သားကိုကြည့်၏။ ထိုရွှေဟင်္သာမင်းအားကား တပါးကုန်သော နှစ်ခုကုန်သော ဟင်္သာငယ် ဖြစ်ကုန်သော သားတို့သည် ရှိကုန်၏။ ထိုဟင်္သာငှက်ငယ်တို့သည် အဘဖြစ်သော ရွှေဟင်္သာမင်းကို မပြတ် လူ့ပြည်လမ်းကို ပျံသွားလေသည်ကို မြင်ကုန်၍ မေးကုန်၏။ အဘယ်သို့ မေးကုန်သနည်းဟူမူကား ဘခင် သင်တို့သည် အဘယ့်ကြောင့် မပြတ်လူ့ပြည်လမ်းခရီးသို့ သွားကုန်သနည်းဟု မေးကုန်၏။

ချစ်သားတို့ ငါ့အား ကျီးမတခုနှင့်တကွ ပေါင်းဖော်ခြင်းကိုစွဲ၍ တခုသောသားသည် ဖြစ်၏။ ထိုသားအား ဝိနီလကဟူသော အမည်ကို မှည့်ကုန်၏။ ငါသည် ထိုဝိနီလကကို ကြည့်အံ့သောငှာသွား၏ဟု ဆို၏။ ဘခင် ထိုဝိနီလကသည် အဘယ်အရပ်၌လျှင် နေသနည်းဟုမေးကုန်၏။ ချစ်သားတို့ ဝိဒေဟတိုင်း မိထိလာပြည်၏ မနီးမဝေးသောအရပ်၌ ဤအမည်ရှိသော တခုသောထန်းပင်ဖျား၌ နေ၏ဟုဆို၏။ ဘခင် လူတို့ကျက်စားရာ အရပ်မည်သည်ကား ရွံရှာဘွယ်ရှိ၏။ ဘေးဘျမ်းနှင့်တကွ ဖြစ်၏။ သင်ဘခင်တို့သည် မသွားကုန်လင့်၊ ကျွန်ုပ်တို့သည်သွားကုန်၍ ထိုဝိနီလကကို ဆောင်ကုန်အံ့ဟု ဆိုကုန်၍ ဟင်္သာငှက်နှစ်ခုရှိသည် အဘဖြစ်သော ရွှေဟင်္သာမင်းကြားလိုက်သောအမှတ်ဖြင့် ထိုအရပ်သို့သွားကုန်၍ ထိုဝိနီလကကို တခုသောတုတ်တံ၌စီးစေ၍ နှုတ်သီးဖြင့် တုတ်တစွန်း၌ကိုက်၍ မိထိလာမြို့၏အပေါ် ကောင်းကင်ခရီးဖြင့် ဆောင်ကုန်၏။ ထိုခဏ၌ ဝိဒေဟမင်းသည် အလုံးစုံသော သိန္ဓောမြင်းလေးစီးကသော မြတ်သောရထား၌စီး၍ မြို့ကိုလက်ျာရစ်လှည့်သည်ကိုပြု၏။ ဝိနီလကသည် ထိုဝိဒေဟမင်းကိုမြင်၍ ငါ့အား ဝိဒေဟမင်းနှင့် အဘယ်မှာ ထူးအံ့နည်း၊ ဤဝိဒေဟရာဇ်မင်းသည် သိန္ဓောမြင်းလေးစီးကသော ရထား၌စီး၍ မြို့ကိုလှည့်၏။ ငါသည်တမူကား ဟင်္သာကသောရထား၌စီး၍ သွားရအံ့ဟု ကြံ၏။ ကြံ၍ ကောင်းကင်ဖြင့် သွားလျက်-

၁၉။ ဧဝမေဝ နူန ရာဇာနံ၊ ဝေဒေဟံ မိထိလဂ္ဂဟံ။
အဿာ ဝဟန္တိ အာဇညာ၊ ယထာ ဟံသာ ဝိနီလကံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၉။ နူန၊ ငါအကြံရှိသည်ကား။ တနည်းကား... နူန၊ စင်စစ်သဖြင့်။ ဝေဒဟံ၊ ဝိဒေဟတိုင်း၏အရှင်ဖြစ်ထသော။ မိထိလဂ္ဂဟံ၊ မိထိလာပြည်၌ အိမ်ကိုသိမ်းပိုက်၍ နေထသော။ ရာဇာနံ၊ မင်းကို။ အာဇညာ၊ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိတတ်ကုန်သော။ အဿာ၊ မြင်းတို့သည်။ ဝဟန္တိ ယထာ၊ ဆောင်ကုန်သကဲ့သို့။ ဧဝမေဝ၊ ထို့အတူလျှင်။ ဝိနီလကံ၊ ဝိနီလက အမည်ရှိသော။ မံ၊ ငါ့ကို။ ဣမေ ဟံသာ၊ ဤဟင်္သာမျိုး ညီနောင်တို့သည်။ ဝဟန္တိ၊ ဆောင်ကုန်၏။

ဟင်္သာငယ်ညီနောင်တို့သည် ထိုဝိနီလက၏စကားကိုကြားကုန်၍ အမျက်ထွက်၍ ဤအရပ်၌သာလျှင် ထိုဝိနီလကကိုချကုန်၍ သွားကုန်အံ့ဟု စိတ်ကိုဖြစ်စေကုန်၍ ဤသို့ပြုသည်ရှိသော် ငါတို့အား အဘသည် အသို့ဆိုလတ္တံ့နည်းဟု ကဲ့ရဲအံ့သည်မှကြောက်သောကြောင့် အဘ၏ အထံသို့ဆောင်ကုန်၍ ထိုဝိနီလကသည် ပြုအပ်သောအမူအရာကို အဘအား ကြားကုန်၏။ ထိုအခါ၌ ထိုဝိနီလကကို အဘသည် အမျက်ထွက်၍ သင်သည် ငါ၏သားတို့ထက် အလွန်မြတ်သလော၊ ငါ၏သားတို့ကို နှိပ်စက်၍ ရထား၌ကကုန်သော သိန္ဓောမြင်းတို့ကိုကဲ့သို့ ပြုဘိ၏။ မိမိ၏ ပမာဏကို မသိ။ ဤအရပ်သည် သင်၏ ကျက်စားရာ အရပ်မဟုတ်၊ သင့်အမိ၏ နေရာအရပ်သို့သာလျှင် သွားလေလောဟု ခြိမ်းချောက်၍-

၂၀။ ဝိနီလ ဒုဂ္ဂံ ဘဇသိ၊ အဘူမိံ တာတ သေဝသိ။
ဂါမန္တကာနိ သေဝဿု၊ ဧတံ မာတာလယံ တဝ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၀။ တာတ ဝိနီလ၊ အချင်း ဝိနီလက။ တွံ၊ သင်သည်။ ဣမေသံ၊ ဤဟင်္သာတို့၏။ ဝသေန၊ အစွမ်းအားဖြင့်။ ဒုဂ္ဂံ၊ ရောက်နိုင်ခဲသော တောင်မြှောင် ချောက်ကြားအရပ်သို့။ ဘဇသိ၊ ရောက်လာ၏။ အဘူမိံ၊ သင်၏ အရာမဟုတ်သော မြေအရပ်ကို။ တွံ၊ သင်သည်။ သေဝသိ၊ မှီဝဲလာ၏။ တွံ၊ သင်သည်။ ဂါမန္တကာနိ၊ ရွာစွန်ရွာနား အရပ်တို့ကို။ သေဝဿု၊ မှီဝဲလေလော့။ တွံ၊ သင်သည်။ ဧတံ၊ ထိုသို့သဘောရှိသော။ တဝ၊ သင်၏။ မာတာလယံ၊ မစင်သောအကောင်ပုပ်စွန့်ပစ်ရာအရပ်ဖြစ်သော သင့်အမိကျီးမနေရာ အရပ်သို့။ ဂစ္ဆ၊ သွားလေလော့။

ဤသို့ ထိုဝိနီလကကိုခြိမ်းချောက်၍ ရွှေဟင်္သာငယ်တို့ သင်တို့သည် သွားကြကုန်၊ ထိုဝိနီလကကို မိထိလာမြို့၏ မစင်စွန့်ရာအရပ်၌သာလျှင် ချခဲ့၍ လာကြကုန်လောဟု သားတို့ကို စေလိုက်၏။ ထိုရွှေဟင်္သာငယ်တို့သည် ထိုအဘရွှေဟင်္သာမင်းဆိုတိုင်းသာလျှင် ပြုကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ သာရိပုတ္တရာ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကျီးမသား ဝိနီလက ဖြစ်ဘူးပြီ။ ယခုအခါ နှစ်ပါးကုန်သောအဂ္ဂသာဝကတို့သည် ထိုအခါ ရွှေဟင်္သာမျိုး ညီနောင်စုံတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ အဘဖြစ်သော ရွှေဟင်္သာမင်း ဖြစ်ဘူးပြီ၊ ယခုအခါငါဘုရားသည်သာလျှင် ထိုအခါ ဝိဒေဟမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မတူဘဲတု၊ ပျက်စီးမှု၊ ကြည့်ရှုဆင်ခြင်တွေ့

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဝိနီလဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သန္ထဝဝဂ်

၁။ ဣန္ဒသမာနဂေါတ္တဇာတ်

ရသေ့နှင့် ဆင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် န သန္တဝံ ကာပုရိသေန ကယိရာထ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဣန္ဒသမာနဂေါတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သတင်းသုံးနေတော်မူစဉ် ဆုံးမခက်သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်း၏ဝတ္ထုသည် နဝကနိပါတ် ဂိဇ္ဈဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ အထူးကား မြတ်စွာဘုရားသည် ရဟန်း သင်သည်ကား ရှေး၌လည်း ဆုံးမခက်သော သဘောရှိသည်၏ အဖြစ်ကြောင့် ပညာရှိတို့၏ စကားကိုနားမထောင်သောကြောင့် အမုန်ယစ်သောဆင်သည် ခြေတို့ဖြင့် မှုန့်မှုန့်ညက်ညက်ပြုအပ်လေပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ ကြီးခြင်းသို့ရောက်သည်ရှိသော် အိမ်ရာထောင်ခြင်းကို ပယ်ပြီးလျှင် ရသေ့ရဟန်းပြု၍ ငါးရာကုန်သောရသေ့တို့၏ ဂိုဏ်းဆရာကြီးဖြစ်၍ ဟိမဝန္တာအရပ်၌ နေခြင်းကိုပြု၏။ ထိုအခါ၌ ထိုရသေ့အပေါင်းတို့တွင် ဣန္ဒသမာနဂေါတ္တအမည်ရှိသော တယောက်သောရသေ့သည် ဆုံးမခက်သည် အဆုံးအမကိုမခံယူသည် ဖြစ်၏။ ထိုဣန္ဒသာနဂေါတ္တရသေ့သည် ဆင်ငယ်တစီးကို မွေး၏။ ဘုရားလောင်းသည် ထိုစကားကိုကြား၍ ထိုဣန္ဒသမာနဂေါတ္တရသေ့ကိုခေါ်စေ၍ ရသေ့ သင်သည်ဆင်ငယ်ကို မွေး၏ဟူ၍ ကြားရသည် မှန်သလောဟု မေး၏။ ဆရာ မှန်ပေ၏။ အမိသေသော ဆင်ငယ်တစီးကို မွေး၏ဟု ဆိုသည်ရှိသော် ရသေ့ ဆင်တို့မည်သည်ကား ကြီးခြင်းသို့ရောက်ကုန်သည်ရှိသော် မွေးမြူသောအရှင်ကိုသာလျှင် သတ်တတ်ကုန်၏။ သင်သည် ထိုဆင်ငယ်ကို မမွေးလင့်ဟု ဆို၏။ ဆရာ ထိုဆင်ငယ်နှင့် ကင်း၍နေခြင်းငှါ မတတ်နိုင်ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ထင်ရှားလတ္တံ့ဟု ဆို၏။ ထိုဣန္ဒသမာနဂေါတ္တသည် မွေးအပ်သော ထိုဆင်ငယ်သည် နောက်အဘို့၌ ကြီးသောကိုယ်ရှိသည် ဖြစ်၏။ ထိုသို့ ကြီးလတ်သည်ရှိသော် အခါတပါး၌ ရသေ့တို့သည် တော၌ဖြစ်သော သစ်မြစ် သစ်သီးကြီးငယ်အကျိုးငှါ ဝေးသောအရပ်သို့ သွားကုန်၍ ထိုအရပ်၌သာလျှင် နှစ်ရက် သုံးရက်နေကုန်၏။ ဆင်သည်လည်း ရှေးဦးစွာသော တောင်လေသည် လာသည်ရှိသော် မုန်ယို သည်ဖြစ်၍ ထိုဣန္ဒသမာနဂေါတ္တကျောင်းသို့ဝင်၍ ရေအိုးကိုခွဲ၍ ကျောက်ပျဉ်ကိုပစ်၍ တံကဲပျဉ်ကိုနုတ်၍ ထိုရသေ့ကိုသတ်၍သာလျှင် သွားအံ့ဟု တခုသော တောအရပ်သို့ဝင်၍ ထိုဣန္ဒသမာနဂေါတ္တရသေ့၏ လာလတ္တံ့သောခရီးကို ကြည့်လျှက် ရပ်၏။ ဣသမာနဂေါတ္တရသေ့သည် ထိုဆင်၏အကျိုးငှါ အစာကိုယူ၍ ခပ်သိမ်းကုန်သောရသေ့တို့၏ ရှေ့မှသာလျှင် လာလတ်သည်ရှိသော် ထိုဆင်ကိုမြင်၍ ပကတိသော အမှတ်ဖြင့်သာလျှင် ထိုဆင်၏အထံသို့ သွား၏။ ထိုအခါ၌ ထိုဣန္ဒသမာနဂေါတ္တရသေ့ကို ထိုဆင်သည် တောအုပ်အရပ်မှထွက်၍ နှာမောင်းဖြင့်မြဲစွာကိုင်ပြီးလျှင် မြေ၌ပုတ်ခတ်၏။ ဦးခေါင်းကို ခြေဖြင့်နင်း၍ အသက်ကုန်ခြင်းသို့ ရောက်စေပြီးလျှင် ကြိုးကြာသံနှင့်တူသော မြည်ခြင်းကိုပြု၍ တောသို့ ဝင်လေ၏။ ကြွင်းကုန်သော ရသေ့တို့သည် ထိုအကြောင်းကို ဘုရားလောင်းအား ကြားကုန်၏။ ဘုရားလောင်းသည် စက်ဆုပ်ဘွယ်ရှိသော ယောက်ျားနှင့်တကွ ပေါင်းဘော်ခြင်းကို မပြုအပ်ဟု ဆို၍-

၂၁။ န သန္ထဝံ ကာပုရိသေန ကယိရာ၊
အရိယော အနရိယေန ပဇာနုမတ္တံ။
စိရာ နုဝုတ္ထောပိ ကရောဟိ ပါပံ၊
ဂဇော ယထာ ဣန္ဒသမာနဂေါတ္တံ။-
၂၂။ ယံတွေဝ ဇညာ သဒိသော မမန္တိ၊
သီလေန ပညာယ သုတေန စာပိ။
တေနေဝ မေတ္တိံ ကယိရာထ သဒ္ဓိံ၊
သုခေါ ဟဝေ သပ္ပုရိသေန သင်္ဂမော။

ဟူသော ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၁။ ဘောန္တော၊ အိုရသေ့တို့။ အတ္ထံ၊ အကျိုးစီးပွားကို။ ပဇာနံ-ပဇာနန္တော၊ သိထသော။ အရိယော၊ ကောင်းသောအကျင့်၌ တည်သောပုဂ္ဂိုလ်သည်။ အနရိယေန၊ သူတော်မဟုတ်သော။ ကာပုရိသေန၊ စက်ဆုပ်ရွံရှာဘွယ်သောပုဂ္ဂိုလ်နှင့်။ သဒ္ဓိံ၊ တကွ။ သန္ထဝံ၊ ပေါင်းဘော်ရခြင်းကို။ န ကယိရာ၊ မပြုရာ။ ကိံ ကရဏာ၊ အဘယ့်ကြောင့်။ န ကယိရာ၊ မပြုအပ်သနည်းဟူမူကား။ ဣန္ဒသမာနဂေါတ္တေန၊ ဣန္တသမာနဂေါတ္တ ရသေ့သည်။ ပေါသိယမာနော၊ မွေးအပ်သော။ ဂဇော၊ ဆင်သည်။ ဣန္ဒသမာနဂေါတ္တံ၊ ဣန္ဒသမာနဂေါတ္တ ရသေ့ကို။ မာရေန္တော၊ သတ်လျက်။ ပါပံ၊ ယုတ်မာသောအမှုကို။ အကာသိ ယထာ၊ ပြုသကဲ့သို့။ ဧဝံ-တထာ၊ ထို အတူ။ ယသ္မာ၊ အကြင့်ကြောင့်။ အနရိယော၊ အရိယာဟုတ်သော ပုဂ္ဂိုလ်သည်။ စိရံ၊ ကြာမြင့်စွာ။ အနုဝုတ္ထောပိ၊ အတူတကွနေသော်လည်း။ ပါပံ၊ ယုတ်မာသောအမှုကို။ ကရောတိ၊ ပြုတတ်၏။ တသ္မာ၊ ထိုကြောင့်။ သန္ထဝံ၊ ပေါင်းဘော်ခြင်းကို။ န ကယိရာ၊ မပြုရာ။

֍ ဋ္ဌ ၂၂။ ယံတွေဝ ပုဂ္ဂလံ၊ အကြင် ပုဂ္ဂိုလ်ကိုသာလျှင်။ အယံ ပုဂ္ဂလာ၊ ဤပုဂ္ဂိုလ်သည်။ မမံ၊ ငါနှင့်။ သီလေန စာပိ၊ သီလအားဖြင့်၎င်း။ ပညာယ စာပိ၊ ပညာအားဖြင့်၎င်း။ သုတေန စာပိ၊ အကြားအမြင်အားဖြင့်၎င်း။ သဒိသော၊ တူ၏။ ဣတိ၊ ဤသို့။ ဇညာ၊ သိရာ၏။ တေနေဝ၊ ထိုပုဂ္ဂိုလ်နှင့်သာ။ သဒ္ဓိံ၊ တကွ။ မေတ္တိံ၊ မိတ်ဖွဲ့ခြင်းကို။ ကယိရာထ၊ ပြုရာ၏။ ကသ္မာ၊ အဘယ့်ကြောင့်။ တေနေဝ၊ ထိုပုဂ္ဂိုလ်နှင့်သာလျှင်။ သဒ္ဓိံ၊ တကွ။ မေတ္တိံ၊ မိတ်ဖွဲ့ခြင်းကို။ ကယိရာထ၊ ပြုရာသနည်းဟူမူကား။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ သပ္ပုရိသေန၊ သူတော်ကောင်းနှင့်။ သင်္ဂမော၊ ပေါင်းဘော်ရခြင်းသည်။ ဟဝေ၊ စင်စစ်။ သုခေါ၊ ချမ်းသာ၏။ တသ္မာ၊ ထို့ကြောင့်။ တေနေဝ၊ ထိုပုဂ္ဂိုလ်နှင့်သာလျှင်။ သဒ္ဓိံ၊ တကွ။ မေတ္တိံ၊ မိတ်ဖွဲ့ခြင်းကို။ ကယိရာထ၊ ပြုရာ၏။

ဤဂါထာနှစ်ခုတို့၏အပေါင်းဖြင့် ဘုရားလောင်းသည် အဆုံးအမကို မခံမယူသောမည်သည် မဖြစ်ရာ၊ ပညာရှိတို့အဆုံးမတိုင်း ကောင်းစွာကျင့်ရာ၏ဟု ရသေ့အပေါင်းကိုဆုံးမ၍ ဣန္ဒသမာနဂေါတ္တ၏ အလောင်းကို သင်္ဂြိုဟ်ခြင်းကိစ္စကိုပြု၍ ဗြဟ္မဝိဟာရတို့ကိုပွားစေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဤဆုံးမခက်သောရဟန်းသည် ထိုအခါ ဣန္ဒသမာနဂေါတ္တရသေ့ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့အပေါင်းတို့၏ ဆရာဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ဆုံးမခက်ခဲ ပျက်စီးမြဲ၊ သေပွဲနောက်ဆုံးတွေ့

ရှေးဦးစွာသော ဣန္ဒသမာနဂေါတ္တဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သန္ထဝဝဂ်

၂။ သန္ထဝဇာတ်

ရသေ့နှင့် မီး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် န သန္ထဝသ္မာ ပရမတ္ထိ ပါပိယော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသန္ထဝဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် မီးပူဇော်ခြင်းကို အကြောင်း ပြု၍ဟောတော်မူ၏။ ဤဝတ္ထုသည် အောက် ဧကကနိပါတ် နင်္ဂုဋ္ဌဇာတ်၌ ဆိုအပ်ပြီးသည်နှင့် တူသည်သာလျှင်ကတည်း၊ ရဟန်းတို့သည် ထိုမိစ္ဆာအယူရှိကုန်သော ရသေ့တို့၏ မီးပူဇော်သည်တို့ကို မြင်ကုန်၍ အရှင်ဘုရား ရသေ့တို့သည် အထူးထူး အပြားပြားရှိကုန်သော မိစ္ဆာအကျင့်ကို ပြုကုန်၏။ ထိုမိစ္ဆာအကျင့်၌ အစီးအပွားသည် ရှိသလောဟု မြတ်စွာဘုရားကို မေးလျှောက်ကုန်၏။ ရဟန်းတို့ မိစ္ဆာအကျင့်၌ တစုံတခုသော အစီးအပွားမည်သည် မရှိ၊ ရှေးပညာရှိတို့သည်လည်း မီးပူဇော်ခြင်း၌ အစီးအပွားသည် ရှိ၏ဟူသော အမှတ်ဖြင့် ကြာမြင့်စွာသော ကာလပတ်လုံး မီးကိုပူဇော်ကုန်၍ ထိုမီးပူဇော်ခြင်းအမှု၌ အစီးအပွားမဲ့ကိုသာလျှင် မြင်ကုန်၍ မီးကိုရေဖြင့်ငြိမ်းစေကုန်၍ သစ်ခက်အစရှိသည်တို့ဖြင့် ပုတ်ခတ်ကုန်၍ တဖန် ပြန်၍မျှလည်း မကြည့်ကြကုန်ဟုမိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ မိဘတို့သည် ထိုဘုရားလောင်း၏ ဖွားသောနေ့၌ မီးကိုယူကုန်၍ တဆယ့်ခြောက်နှစ်အရွယ်၌တည်သော ထိုဘုရားလောင်းကိုဆိုကုန်၏။ အဘယ်သို့ ဆိုကုန်သနည်းဟူမူကား ချစ်သား ဖွားသောနေ့၌ မီးကို ယူ၍ တော၌ မီးကိုလုပ်ကျွေးလတ္တံ့ လော၊ ထိုသို့မဟုတ်မူကား ဗေဒင်သုံးပုံတို့ကိုသင်၍ ဥစ္စာကိုဖြစ်စေ၍ အိမ်ရာထောင်သော လူတို့ဘောင်၌ နေခြင်းကို ပြုလတ္တံ့လောဟု ဆိုကုန်၏။ ထိုဘုရားလောင်းသည် ငါ့အား အိမ်ရာထောင်သော လူတို့ဘောင်၌နေခြင်းဖြင့် အလိုမရှိ၊ ဖွားသောနေ့၌ မီးကိုယူ၍ တော၌ မီးကိုလုပ်ကျွေး၍ ဗြဟ္မာ့ပြည်သို့ လားသည်ဖြစ်အံ့ဟု ဆို၍ ဖွားသောနေ့၌ မီးကိုယူ၍ မိဘတို့ကိုရှိခိုး၍ တောသို့ဝင်၍ သစ်ရွက်မိုးသောကျောင်း၌နေ၍ မီးကို လုပ်ကျွေး၏။ ထိုဘုရားလောင်းသည် တနေ့သ၌ ဆွမ်းဘိတ်ရာအရပ်သို့သွား၍ ထောပတ်နှင့်ရောနှောအပ်သော ဃနာကိုရခဲ့၍ ဤထောပတ်နှင့်ရောအပ်သော ဃနာကို ဗြဟ္မာကြီးအား လှူအံ့ဟု ထိုအနားကိုဆောင်၍ မီးကိုညှိ၍ အရှင်မီးမင်း ရှေးဦးစွာ အရှင့်ကို ထောပတ်နှင့်ယှဉ်သောဃနာကို သောက်စေအံ့ဟု ဆို၍ ဃနာကို မီး၌ထည့်၏။ များသော ထောပတ်စေးရှိသော ဃနာကို မီး၌ထည့်ကာမျှ၌သာလျှင် မီးသည်တောက်၍ အလွန်လျှင် အထက်သို့ တက်၏။ ထို့ကြောင့် သစ်ရွက်တို့ဖြင့်မိုးအပ်သောကျောင်းကို လောင်၏။ ရသေ့သည် အလွန်ထိတ်လန့်ရကား ပြေး၍ အပ၌ရပ်၍ စက်ဆုပ်ဘွယ်ရှိကုန်သော ယောက်ျားတို့နှင့် ပေါင်းဘော်ခြင်းမည်သည်ကိုမပြုအပ်၊ ယခုအခါ ငါသည် ငြိုငြင်သဖြင့်ဆောက်လုပ်အပ်သော သစ်ရွက်မိုးသောကျောင်းကို ဤမီးသည် လောင်ခဲ့ပြီဟုဆို၍-

၂၃။ န သန္ထဝသ္မာ ပရမတ္ထိ ပါပိယော။
ယော သန္ထဝေါ ကာပုရိသေန ဟောတိ။
သန္တပ္ပိတော သပ္ပိနာ ပါယာသေန၊
ကိစ္ဆာကတံ ပဏ္ဏကုဋိံ အဒယှိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၃။ ကာပုရိသေန၊ စက်ဆုပ်ဘွယ်ရှိသော ယောက်ျားနှင့်။ ယော သန္ထဝေါ၊ အကြင် ပေါင်းဘော်ရခြင်းသည်။ ပါပိယော၊ အလွန်ယုတ်မာသည်။ ဟောတိ၊ ဖြစ်၏။ အသ္မာ သန္ထဝါ၊ ထိုစက်ဆုပ်ဘွယ်ရှိသော ယောက်ျားနှင့် ပေါင်းဘော်ခြင်းအောက်။ ပရံ၊ အလွန် ယုတ်မာခြင်းမည်သည်။ နတ္ထိ၊ မရှိ။ သပ္ပိနာ စ၊ ထောပတ်ဖြင့်၎င်း။ ပါယာသေန စ၊ ဃနာဖြင့်၎င်း။ သန္တပ္ပိတော အပိ၊ ရောင့်ရဲစေပါလျှက်လည်း။ အယံ အဂ္ဂိ၊ ဤမီးသည်။ မယာ၊ ငါသည်။ ကိစ္ဆာကတံ၊ ငြိုငြင်သဖြင့် ပြုအပ်သော။ ပဏ္ဏကုဋိံ၊ သစ်ရွက်ဖြင့် မိုးအပ်သော ကျောင်းကို။ အဒယှိ၊ လောင်ခဲ့ပြီ။

ထိုဘုရားလောင်းသည် ဤသို့ဆို၍ အဆွေခင်ပွန်းကို ပြစ်မှားတတ်သောသင်ဖြင့် ငါ့အားအလိုမရှိဟု ထိုမီးကိုငြိမ်းစေ၍ သစ်ခက်ဖြင့်ပုတ်ခတ်၍ ဟိမဝန္တာ၏အတွင်းသို့ဝင်သည်ရှိသော် တခုသော ရွှေနှင့်တူသော အဆင်းရှိသည်အဖြစ်ကြောင့် သာမာအမည်ရှိသောသမင်မကို ခြင်္သေ့၏၎င်း ကျား၏၎င်း သစ်၏၎င်း မျက်နှာကိုလျှက်သည်ကိုမြင်၍ သူတော်ကောင်းတို့နှင့် ပေါင်းဘော်ခြင်းထက် မြတ်ခြင်းမည်သည် မရှိဟု ကြံ၍-

၂၄။ န သန္တဝသ္မာ ပရမတ္ထိ သေယျော၊
ယော သန္ထဝေါ သပ္ပုရိသေန ဟောတိ။
သီဟဿ ဗျဂ္ဃဿ စ ဒီပိနော စ၊
သာမာ မုခံ လေဟတိ သန္ထဝေန။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၄။ သပ္ပုရိသေန၊ သူတော်ကောင်းနှင့်။ ယော သန္ထဝေါ၊ အကြင်ပေါင်းဘော်ရခြင်းသည်။ သေယျော၊ မြတ်သည်။ ဟောတိ၊ ဖြစ်၏။ အသ္မာ သန္တဝါ၊ ထိုသူတော်ကောင်းတို့နှင့် ပေါင်းဘော်ရခြင်းထက် ပရံ၊ လွန်မြတ်ခြင်းသည်။ နတ္ထိ၊ မရှိ။ သာမာ၊ ရွှေအဆင်းနှင့်တူသောအဆင်းရှိသော သမင်မသည်။ သန္ထဝေန၊ ချစ်ခြင်းကြောင့်။ သီဟဿ စ၊ ခြင်္သေ့၏၎င်း။ ဗျဂ္ဃဿ စ၊ ကျား၏၎င်း။ ဒီပိနော စ၊ သစ်၏၎င်း။ မုခံ၊ မျက်နှာကို။ လေဟတိ၊ လျှက်၏။

ဤသို့ဆို၍ ဘုရားလောင်းသည် ဟိမဝန္တာ၏အတွင်းသို့ဝင်၍ ရသေ့ရဟန်းပြုပြီးလျှင် အဘိညာဉ်တို့ကို၎င်း သမာပတ်ရှစ်ပါးတို့ကို၎င်း ဖြစ်စေ၍ အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ငါဘုရားသည် ထိုအခါ ရသေ့ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သူတော်တရား၊ မလျော်ငြားဘဲ၊ အမှားကျင့်တွက်၊ အကျိုးပျက်၊ ဆိုးချက်နာလှပေ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သန္ထဝဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သန္ထဝဝဂ်

၃။ သုသီမဇာတ်

ပုဏ္ဏား နှင့် မင်္ဂလာဆင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကာဠာ မိဂါ သေတဒန္တာ တဝီမေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုသီမဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် အလိုဆန္ဒကို ညှိညွတ်၍လှူခြင်း"ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ သာဝတ္ထိမြို့၌ ရံခါ တဦးသောအမျိုးသည်သာလျှင် ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလှူကို လှူ၏။ ရံခါ သာသနာတော်မှ တပါးသော အယူရှိကုန်သောသူတို့အား လှူ၏။ ရံခါ ဂိုဏ်းဘွဲ့သောအားဖြင့် များစွာကုန်သောသူတို့သည် တပေါင်းတည်း ဖြစ်ကုန်၍ လူကုန်၏။ ရံခါ လမ်းအစဉ်အားဖြင့် လှူကုန်၏။ ရံခါ မြို့အလုံး၌ နေကုန်သောသူတို့သည် အလိုကို ညှိညွတ်၍ လှူကုန်၏။ ဤအခါ၌ကား မြို့အလုံး၌နေကုန်သော သူတို့သည် အလိုဆန္ဒကို ညှိညွတ်ကုန်၍ အလုံးစုံသော ပရိက္ခရာ အလှူ ဝတ္ထုကို စီရင်ကုန်၍ နှစ်စုတို့သည်ဖြစ်ကုန်၍ အချို့သောသူတို့သည် ဤ အလုံးစုံသော အလှူဝတ္ထုကို သာသနာတော်မှတပါးသော အယူရှိကုန်သောအရှင်တို့အား လှူကုန်အံ့ဟု ဆိုကုန်၏။ အချို့ကုန်သော သူတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်တို့အား လှူကုန်အံ့ဟု ဆိုကုန်၏။ ဤသို့စကားသည် အဖန်တလဲလဲ ဖြစ်လတ်သည်ရှိသော် သာသနာတော်မှ တပါးသော အယူရှိကုန်သောသူတို့၏တပည့်တို့သည် သာသနာတော်မှ တပါးသော အယူရှိကုန်သော အရှင်တို့အားသာလျှင် ငါတို့သည် လှူကုန်အံ့၊ ဘုရားတပည့်တို့သည်လည်း ဘုရားအမှူးရှိသော သံဃာတော်တို့အားသာလျှင် ငါတို့သည် လှူကုန်အံ့၊ ဤသို့ ဆိုအပ်ကုန်၏။ ထိုနှစ်ပါးကုန်သော စကားတို့တွင် အကြင်စကားကို များစွာဆိုကြကုန်၏။ များသည်၏အဖြစ်ကြောင့် ထိုစကားကို ငါတို့ လိုက်နာကုန်အံ့ဟု ပြည်သူအများဆိုလတ်သည်ရှိသော် ငါတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အား လှူကုန်အံ့ဟုဆိုကုန်သော သူတို့သည်သာလျှင် များကုန်၏။ ထိုသူတို့၏ စကားသည်သာလျှင် တည်၏။ သာသနာတော်မှတပါးသော အယူရှိကုန်သောသူတို့၏ တပည့်တို့သည် ဘုရားအားလှူအပ်သောအလှူ၏ အန္တရာယ်ကိုပြုအံ့သောငှါ မတတ်နိုင်ကုန်၊ မြို့သူတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာတို့ကို ပင့်ဘိတ်ကုန်၍ ခုနစ်ရက်ပတ်လုံး အလှူကြီး ဖြစ်စေကုန်၍ ခုနစ်ရက်မြောက်သောနေ့၌ အလုံးစုံကုန်သောပရိက္ခရာတို့ကို လှူကုန်၏။ မြတ်စွာဘုရားသည် အနုမောဒနာ ပြုတော်မူ၍ လူအများကို မဂ်ဖိုလ်တို့ဖြင့် မောဟတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးစေတော်မူပြီးလျှင် ဇေတဝန် ကျောင်းတော်သို့သာလျှင် ကြွတော်မူ၍ ရဟန်းသံဃာသည် ဝတ်ပြုခြင်းကိုပြသည်ရှိသော် ဂန္ဓကုဋီဦး၌ရပ်တော်မူ၍ ဘုရားတို့၏ အဆုံးအမတော်ကို ပေးတော်မူ၍ ဂန္ဓကုဋီသို့ ဝင်တော်မူ၏။

ညချမ်းအခါ ရဟန်းတို့သည် တရားသဘင်၌စည်းဝေးကုန်၍ ငါ့သျှင်တို့ သာသနာတော်မှတပါးသော အယူရှိကုန်သောသူတို့၏ တပည့်တို့သည် ဘုရားတို့အား လှူအပ်သောအလှူ၏ အန္တရာယ်ကိုပြုအံ့သောငှါ လုံ့လပြုကုန်သော်လည်း အန္တရာယ်ကိုပြုအံ့သောငှါ မတတ်နိုင်ကုန်၊ ထိုအလုံးစုံသော ပရိက္ခရာအလှူကို မြို့သူတို့သည် ဘုရားတို့၏ခြေတော်ရင်းသို့သာလျှင် ဆောင်အပ်ကုန်၏။ ဘုရားတို့၏ အစွမ်းတော်မည်သည်ကားအံ့ဘွယ်သရဲ ရှိပေ၏။ ကြီးလှပေ၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ထိုသာသနာတော်မှတပါးသော အယူရှိကုန်သောသူတို့၏တပည့်တို့သည် ယခုအခါ၌သာလျှင် ငါ့အား လှူအပ်သောအလှူ၏ အန္တရာယ်ကိုပြုအံ့သောငှါ လုံ့လပြုသည်ကား မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုကုန်သလျှင်ကတည်း၊ ထိုပရိက္ခရာသည်ကား ခပ်သိမ်းသောကာလ၌လည်း ငါ၏ခြေရင်းသို့သာလျှင် ရောက်လာရ၏ဟုမိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ သုသီမအမည်ရှိသောမင်းသည် မင်းပြု၏။ ထိုအခါ၌ ဘုရားလောင်းသည် ထိုသုသီမမင်း၏ ပုရောဟိတ်၏ ပုဏ္ဏေးမဝမ်း၌ ပဋိသန္ဓေကို ယူ၏။ ထိုဘုရားလောင်း၏ တဆယ့်ခြောက်နှစ်မြောက်သောကာလ၌ အဘသည် သေ၏။ ထိုပုရောဟိတ်ပုဏ္ဏားသည်ကား ထင်ရှားရှိစဉ်ကာလ၌ မင်း၏ဆင်မင်္ဂလာအမှုကို ပြုတတ်သောသူသည် ဖြစ်၏။ ဆင်တို့၏ မင်္ဂလာပြုရာအရပ်၌ရောက်လာသော အဆောက်အဦဘဏ္ဍာကို၎င်း ဆင်တို့ကို မင်္ဂလာပြုခြင်းကို၎င်း အလုံးစုံကို ထိုပုဏ္ဏားသည်သာလျှင် ရ၏။ ဤသို့ ထိုပုရောဟိတ်ပုဏ္ဏားအား တခုတခုသောမင်္ဂလာ၌ ကုဋအတိုင်း အရှည်ရှိသော ဥစ္စာသည် ဖြစ်၏။ ထိုအခါ၌ ထိုပုဏ္ဏားသည် သေလွန်သည်ရှိသော် မင်္ဂလာပွဲသည် ရောက်၏။ ကြွင်းကုန်သောပုဏ္ဏားတို့သည် မင်းသို့ကပ်ကုန်၍ မြတ်သောမင်းကြီး ဆင်မင်္ဂလာပွဲသည် ရောက်ပြီ၊ မင်္ဂလာကိုပြုခြင်းငှါ သင့်၏။ ပုရောဟိတ်ပုဏ္ဏား၏ သားသည်ကား အလွန်ငယ်သေး၏။ ဗေဒင်သုံးပုံတို့ကို မတတ်သေးသလျှင်ကတည်း၊ ဆင်၏ လက္ခဏာကို ပြသောကျမ်းကို မတတ်သေးသလျှင်ကတည်း၊ အကျွန်ုပ်တို့သည် ဆင်မင်္ဂလာအမှုကိုပြုကုန်အံ့ဟု လျှောက်ကုန်၏။ မင်းသည် ကောင်းပြီဟု ဝန်ခံ၏။ ပုဏ္ဏားတို့သည် ပုရောဟိတ်သားအား ဆင်မင်္ဂလာကို မပေးကုန်မူ၍ ဆင်မင်္ဂလာကိုပြုကုန်၍ ငါတို့သည် ဥစ္စာကိုယူကုန်အံ့ဟု ရွှင်လန်းနှစ်သက်ကုန်လျက် သွားကြကုန်၏။ ထိုအခါ လေးရက်မြောက်ဖြစ်သော နေ့၌ ဆင်မင်္ဂလာပွဲသည် ဖြစ်လတ္တံ့ဟုဆိုအပ်သောကာလ၌ ဘုရားလောင်း၏ အမိပုဏ္ဏေးမသည် ထိုအကြောင်းကိုကြား၍ ဆင်မင်္ဂလာမှုကို ပြုခြင်းမည်သည်ကား အမျိုးခုနစ်ဆက် လည်သည်တိုင်အောင် ငါတို့အနွယ်တည်း၊ ငါတို့၏အနွယ်သည် ပျက်စီးလတ္တံ့၊ ငါတို့သည် ဥစ္စာမှလည်း ဆုတ်ယုတ်လတ္တံ့ဟု စိုးရိမ်သည်ဖြစ်၍ ငို၏။

ဘုရားလောင်းသည် မိခင် အဘယ့်ကြောင့် ငိုသနည်းဟုဆို၍ ထိုအကြောင်းကိုကြား၍ မိခင် အကျွန်ုပ်သည် မင်္ဂလာကိုပြုရအံ့သည် မဟုတ်လောဟု ဆို၏။ ချစ်သား သင်သည် ဗေဒင်သုံးပုံတို့ကို မတတ်သည်သာတည်း၊ ဆင်၏လက္ခဏာကိုပြသောကျမ်းကို မတတ်သည်သာတည်း၊ မင်္ဂလာကို အသို့ပြုလတ္တံ့နည်းဟုဆိုသည်ရှိသော် မိခင် အဘယ်အခါ၌ကား ဆင်မင်္ဂလာကိုပြုလတ္တံ့နည်းဟု ဆို၏။ ချစ်သား ဤနေ့မှ လေးရက်မြောက်သောနေ့၌ ပြုလတ္တံ့ ဟု ဆိုသည်ရှိသော် မိခင် ဗေဒင်သုံးပုံကို လေ့လာသည်တို့ကိုပြု၍ ဆင်၏လက္ခဏာကိုပြသောကျမ်းကို တတ်သောဆရာသည်ကား အဘယ်အရပ်၌နေသနည်းဟုဆို၏။ ချစ်သား ဤသို့သဘောရှိသော ပညာအားဖြင့် အရပ်မျက်နှာ၌နေသောသူတို့ထက် ကြီးမြတ်သောဆရာသည် ဤအရပ်မှ ယူဇနာတရာ့နှစ်ဆယ်ထက်၌ ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်၌ နေ၏ဟု ဆိုသည်ရှိသော် မိခင် ငါတို့၏အနွယ်ကို မပျက်စေအံ့၊ ကျွန်ုပ်သည် နက်ဖြန်တနေခြင်းဖြင့်သာလျှင် တက္ကသိုလ်ပြည်သို့သွား၍ တညဉ့်ခြင်းဖြင့်သာလျှင် ဗေဒင်သုံးပုံတို့ကို၎င်း ဆင်၏လက္ခဏာကိုပြသောကျမ်းကို၎င်းသင်ခဲ့၍ နောက်တနေ့၌လာလတ်၍ လေးရက်မြောက်သောနေ့၌ ဆင်မင်္ဂလာကိုပြုအံ့၊ သင်မိခင် မငိုလင့်ဟု အမိကိုနှစ်သိမ့်စေ၍ နက်ဖြန်နေ့၌ ဘုရားလောင်းသည် နံနက်စောစောကသာလျှင် စား၍ တယောက်အထီးတည်းသာလျှင်ထွက်၍ ဘုရားလောင်း၏ အာနုဘော်အားဖြင့် နတ်တို့၏မြေကိုချုံ့ခြင်းကြောင့် တနေ့ခြင်းဖြင့်သာလျှင် တက္ကသိုလ်ပြည်သို့ရောက်၍ ဆရာကိုရှိခိုး၍ လျောက်ပတ်စွာနေ၏။

ထိုအခါ၌ ထိုဘုရားလောင်းကို ဆရာသည် လုလင် သင်သည် အဘယ်အရပ်မှလာသနည်းဟု မေး၏။ ဆရာ ကျွန်ုပ်သည် ဗာရာဏသီမှလာ၏ဟု ဆိုသည်ရှိသော် အဘယ်ကိစ္စကြောင့် လာခဲ့သနည်းဟု မေး၏။ ဆရာ သင်တို့၏အထံ၌ ဗေဒင်သုံးပုံတို့ကို၎င်း ဆင်၏လက္ခဏာကို ပြသောကျမ်းကို၎င်း သင်အံ့သောငှါ လာ၏ဟုဆိုသည်ရှိသော်၊ လုလင် ကောင်းပြီ သင်လော့ဟု ဆို၏။ ဘုရားလောင်းသည် ဆရာ အကျွန်ုပ်၏အမှုသည် အလွန်လျှင် နီး၏ဟု အလုံးစုံသော အကြောင်းကိုကြား၍ ကျွန်ုပ်သည် တနေ့ခြင်းဖြင့်သာလျှင် ယူဇနာတရာ့နှစ်ဆယ်ရှိသော ခရီးကိုလာ၏။ ယနေ့ပင်လျှင် တညဉ့်ပတ်လုံး ကျွန်ုပ်အား အခွင့်ကို ပြုကုန်လော့၊ ဤနေ့မှ သုံးရက်မြောက်သောနေ့၌ ဆင်မင်္ဂလာအမှုသည် ဖြစ်လတ္တံ့၊ ကျွန်ုပ်သည် တကြိမ်တည်းသာလျှင်ဖြစ်သော ရွတ်ခြင်းအစဉ်ဖြင့် အလုံးစုံကိုသင်ပါအံ့ဟု ဆို၍ ဆရာကို အခွင့်ပြုစေ၍ ဆရာ၏စားစဉ်ကာလ၌ မိမိသည်စား၍ ဆရာ၏ခြေတို့ကို ဆေး၍ ဥစ္စာထောင်ထုပ်ကိုရှေ့မှထား၍ ရှိခိုး၍ လျောက်ပတ်စွာနေလျက် သင်ခြင်းကို ဖြစ်စေ၍ အရုဏ်တက်လတ်သော် ဗေဒင်သုံးပုံတို့ကို၎င်း ဆင်၏လက္ခဏာကိုပြသောကျမ်းကို၎င်း မိမိပညာအာနုဘော်အားဖြင့်ပြီးစေ၍ ဆရာ ဤမှတပါးသည်လည်း ရှိသေးသလောဟု မေး၍ လုလင် မရှိပြီ၊ အလုံးစုံသည် အဆုံးသို့ရောက်ပြီဟု ဆိုသည်ရှိသော် ဆရာ ဤကျမ်း၌ ပျက်သောပုဒ်သည် ဤမျှအတိုင်းအရှည် ရှိ၏။ သရဇ္ဈာယ်သည်၏ အစွမ်းအားဖြင့် တွေဝေရာဌာနသည် ဤမျှအတိုင်းအရှည်ရှိ၏။ ဤနေ့မှစ၍ တပည့်တို့ကို သင်သောကာလ ဤသို့ မသင်ကုန်လင့်ဟု ဆရာ၏အတတ်တို့ကိုသုတ်သင်ခဲ့၍ စောစောကလျှင်စား၍ ဆရာကိုရှိခိုး၍ တနေခြင်းဖြင့်သာလျှင် ဗာရာဏသီပြည်သို့ပြန်လာ၍ ချစ်သား သင်သည် အတတ်ကို သင်အပ်ပြီလောဟု မိခင်က မေးသည်ရှိသော် မိခင် သင်ခဲ့ပြီဟုဆို၍ အမိကို နှစ်သက်စေ၏။

နက်ဖြန်နေ့၌ ဆင်တို့၏မင်္ဂလာပွဲကို စီရင်အပ်၏။ တရာအတိုင်းအရှည် ရှိကုန်သော ဆင်တို့၏ နှာမောင်းတန်ဆာတို့ကို၎င်း ရွှေတံခွန်တို့ကို၎င်း ရွှေကွန်ယက်တို့ဖြင့် ဖုံးလွှမ်းသည်တို့ကိုပြုကုန်၍ ထားကုန်၏။ မင်းယင်ပြင်ကို တန်ဆာဆင်ကုန်၏။ တဖန်ပုဏ္ဏားတို့သည် ဆင်မင်္ဂလာကို ပြုရပေကုန်အံ့ဟု တန်ဆာတို့ဖြင့် ဆင်ယင်ကုန်လျှက် တည်ကုန်၏။ သုသီမမင်းသည်လည်း ခပ်သိမ်းကုန်သောတန်ဆာတို့ဖြင့် တန်ဆာဆင်လျှက် ဆင်အပေါင်းအား လျောက်ပတ်တင့်တယ်သော အဆောက်အဦဘဏ္ဍာတို့ကို ယူစေ၍ မင်္ဂလာပြုရာအရပ်သို့ သွား၏။ ဘုရားလောင်းသည်လည်း သူငယ်အခြံအရံဖြင့် တန်ဆာဆင်အပ်သည်ဖြစ်၍ မိမိ၏ပရိသတ်ဖြင့် ခြံရံအပ်သော အခြွေအရံရှိသည်ဖြစ်၍ မင်း၏အထံသို့သွား၍ မြတ်သောမင်းကြီး ရှင်မင်းကြီးတို့သည် အကျွန်ုပ်တို့၏၎င်း အရှင်မင်းကြီးတို့၏၎င်း အနွယ်ကိုဖျက်၍ တပါးကုန်သောပုဏ္ဏားတို့ကို ဆင်မင်္ဂလာကိုပြုစေ၍ ဆင်တို့၏ တန်ဆာတို့ကို၎င်း အဆောက် အဦတို့ကို၎င်း တပါးကုန်သောပုဏ္ဏားတို့အား ပေးအံ့ဟူ၍ ဆိုတော်မူကုန်သည်ဟု ကြားရသည်ကား မှန်သလောဟု ဆိုလို၍-

၂၅။ ကာဠာ မိဂါ သေတဒန္တာ တဝီမေ၊
ပရောသတံ ဟေမဇာလာဘိဆန္နာ။
တေ တေ ဒဒါမီတိ သုသီမ ဗြူသိ၊
အနုဿရံ ပေတ္တိပိတာမဟာနံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၅။ သုသီမ၊ မင်းမြတ်သုသီမ။ တဝ၊ အရှင်မင်းမြတ်၏။ သန္တိကေ၊ အထံတော်၌။ ကာဠာ၊ မည်းညိုကုန်ထသော။ မိဂါ၊ သားမျိုးဖြစ်ကုန်ထသော။ သေတဒန္တာ၊ ဖြူစွာသော အစွယ်ရှိကုန်ထသော။ ပရောသတံ၊ တရာထက် လွန်ကုန်ထသော။ ဟေမဇာလာဘိဆန္နာ၊ ရွှေကွန်ယက်ဖြင့် ဖုံးလွှမ်းအပ်ကုန်ထသော။ ဣမေ၊ ဤဆင်တော်တို့သည်။ သန္တိ၊ ရှိကုန်၏။ သုသီမ၊ မင်းမြတ်သုသီမ။ တွံ၊ အရှင်မင်းမြတ်သည်။ အမှာကဉ္စ၊ အကျွန်ုပ်တို့၏၎င်း။ အတ္တနောစ၊ ကိုယ်တော်၏၎င်း။ ဝံသေ၊ အနွယ်၌။ ပေတ္တိပိတာမဟာနံ၊ အဘ အဘိုးတို့၏။ အာစိဏ္ဏံ၊ အလေ့ အကျင့်ကို။ အနုဿရံ၊ အောက်မေ့တော်မူနိုင်လျက်။ အမှာကဉ္စ၊ အကျွန်ုပ်တို့၏၎င်း။ အတ္တနော စ၊ ကိုယ်တော်၏၎င်း။ ဝံသံ၊ အနွယ်ကို။ နာသေတွာ၊ ဖျက်ဆီး၍။ တေတေ- တေ ဧတေ၊ ထိုဆင်တော်တို့ကို။ မင်္ဂလကရဏတ္ထာယ၊ မင်္ဂလာပြုစိမ့်သောငှာ။ မယာ၊ အကျွန်ုပ်မှ။ အညသံ၊ တပါးကုန်သော။ ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့အား။ ဒဒါမီတိ၊ ပေးအံ့ဟူ၍။ ဗြူသိ ကိရ၊ ဆိုတော်မူသည်ဟု ကြားရသည်ကား။ သစ္စံ၊ မှန်သလော။

သုသီမမင်းသည် ဘုရားလောင်း၏ စကားကို ကြား၍-

၂၆။ ကာဠာ မိဂါ သေတဒန္တာ မမီမေ၊
ပရောသတံ ဟေမဇာလာဘိဆန္နာ။
တေ တေ ဒဒါမီတိ ဝဒါမိ မာဝဏ၊
အနုဿရံ ပေတ္တိပိတာမဟာနံ။

ဟူသော နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၆။ မာဏဝ၊ လုလင်။ မမ၊ ငါ၏။ သန္တိကေ၊ အထံ၌။ ကာဠာ၊ မည်းညိုသော အဆင်းရှိကုန်ထသော။ မိဂါ၊ သားမျိုးဖြစ်ကုန်ထသော။ သေတဒန္တာ၊ ဖြူသောအစွယ်ရှိကုန်ထသော။ ပရောသတံ၊ တရာထက် လွန်ကုန်ထသော။ ဟေမဇာလာဘိဆန္နာ၊ ရွှေကွန်ယက်ဖြင့် ကောင်းစွာဖုံးလွှမ်းအပ်ကုန်ထသော။ ဣမေ၊ ဤဆင်တို့သည်။ သန္တိ၊ ရှိကုန်၏။ အဟံ၊ ငါသည်။ ပေတ္တိပိတာမဟာနံ၊ အဘအဘိုးတို့၏။ ကြိယံ၊ အမှုကို။ အနုဿရံ၊ အောက်မေ့လျက်။ တေတေ-တေ ဧတေ၊ ထိုဆင်တို့ကို။ တယာ၊ သင်မှ။ အညေသံ၊ တပါးကုန်သော။ ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့အား။ မင်္ဂလကရဏတ္ထာယ၊ မင်္ဂလာပြုစိမ့်သောငှါ။ ဒဒါမီတိ၊ ပေးအံ့ဟူ၍။ ဝဒါမိ၊ ဆိုသည်ကား။ သစ္စမေဝ၊ မှန်သလျှင်ကတည်း။

ထိုအခါ ထိုသုသီမမင်းကို ဘုရားလောင်းသည် မြတ်သောမင်းကြီး အကျွန်ုပ်တို့၏၎င်း ကိုယ်တော်၏၎င်း အနွယ်ကိုအောက်မေ့လျှက်သာလျှင် အဘယ့်ကြောင့် အကျွန်ုပ်ကိုထား၍ တပါးကုန်သောပုဏ္ဏားတို့ကို ဆင်မင်္ဂလာကို ပြုစေတော်မူကုန်အံ့နည်းဟု လျှောက်၏။ အမောင်လုလင် သင်သည် ဗေဒင်သုံးပုံတို့ကို၎င်း ဆင်၏လက္ခဏာကို ပြသောကျမ်းကို၎င်း မတတ်သေးဟု ပုဏ္ဏားတို့သည် ငါ့အားလျှောက်ကုန်၏။ ထို့ကြောင့် တပါးကုန်သောပုဏ္ဏားတို့ကို ပြုစေအံ့ဟုဆိုသည်ရှိသော် မြတ်သောမင်းကြီး ထိုသို့တပြီးကား ဤမျှ အတိုင်းအရှည်ရှိကုန်သော ပုဏ္ဏားတို့တွင် ဗေဒင် သုံးပုံတို့၌၎င်း ဆင်၏လက္ခဏာကိုပြသောကျမ်း၌၎င်း တစိတ်တဒေသကိုလည်း အကျွန်ုပ်နှင့်တကွ ပြောဆိုအံ့သောငှါစွမ်းနိုင်သော တယောက်သောပုဏ္ဏားသည် အကယ်၍ ရှိသည်ဖြစ်အံ့၊ ထပါစေလော့၊ မြတ်သော မင်းကြီး ဆင်မင်္ဂလာပြုခြင်းနှင့်တကွ ဗေဒင်သုံးပုံတို့ကို၎င်း ဆင်၏ လက္ခဏာကိုပြသော ကျမ်းကို၎င်း အကျွန်ုပ်ကိုထား၍ တပါးသော ဇမ္ဗူဒီပါကျွန်းအလုံး၌ တတ်သောသူမည်သည်ကားမရှိဟု ခြင်္သေ့ဟောက်သကဲ့သို့ ကြောက်ရွံ့မဲ့လျဉ်း ရဲတင်းသောစကားကို ဆို၏။ တယောက်သောပုဏ္ဏားသည်လည်း ထိဘုရားလောင်း၏ ဆန့်ကျင်ဘက်ရန်သူဖြစ်၍ ထအံ့သောငှါ မစွမ်းနိုင်၊ ဘုရားလောင်းသည် မိမိအမျိုးအနွယ်ကိုတည်စေ၍ ဆင်မင်္ဂလာကိုပြု၍ များစွာသောဥစ္စာကိုယူ၍ မိမိ၏အိမ်သို့ သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကိုပြတော်မူသည်၏ အဆုံး၌ အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ရဟန်းတို့ ယခုအခါ မယ်တော်မဟာမာယာသည် ထိုအခါ အမိပုဏ္ဏေးမ ဖြစ်ဘူးပြီ၊ ယခုအခါ ခမည်းတော်သုဒ္ဓေါဒနမင်းမြတ်သည် ထိုအခါ အဘပုဏ္ဏား ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ သုသီမမင်း ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဒိသာပါမောက္ခဆရာ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုဏ္ဏားလုလင် ဖြစ်ဘူးပြီ၊ ဤသိုဇာတ်ကို ပေါင်းတော်မူ၏။

ဣဿာတရား၊ စိတ်ဝယ်ထား၊ စီးပွားမတတ်လှ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော သုသီမဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သန္ထဝဝဂ်

၄။ ဂိဇ္ဈဇာတ်

မိဘလုပ်ကျွေးသော လင်းတ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယံ နု ဂိဇ္ဈော ယောဇနသတံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂိဇ္ဈဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တပါးသောမိဘတို့ကို လုပ်ကျွေးသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် သုဝဏ္ဏသာမ ဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့၊ အထူးကား သဗ္ဗညူမြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း သင်သည် လူတို့ကိုမွေးမြု၏ဟု ငါကြားတော်မူသည် မှန်သလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း သင်သည် အဘယ်သူတို့ကို မွေးမြူသနည်းဟု မေးတော်မူ၏။ အရှင်ဘုရား မိဘတို့ကို မွေးမြူပါ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း ကောင်းစွ ကောင်းစွဟု ထိုရဟန်းအား ကောင်းချီးပေးတော်မူ၍ ရဟန်းတို့ ဤရဟန်းကို သင်တို့သည် မကဲ့ရဲ့ကြကုန်လင့်၊ ရှေးပညာရှိတို့သည်လည်း ကျေးဇူးကိုသိသည်၏ အစွမ်းအားဖြင့် အဆွေမတော်ကုန်သော သူတို့အားလည်း ကျေးဇူး ဆပ်ခြင်းကို ပြုကုန်၏။ မိဘတို့အား မွေးမြူခြင်းသည်ကား ဤရဟန်း၏ ဝန်ဖြစ်ပေသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည်ဂိဇ္ဈကုဋ်တောင်ဝယ် လင်းတမျိုး၌ဖြစ်၍ မိဘတို့ကို မွေးမြု၏။ ထိုအခါ တပါးသောကာလ၌ သည်းထန်စွာသော လေနှင့်တကွသော မိုဃ်းရွာခြင်းသည် ဖြစ်၏။ လင်းတတို့သည် လေလာလျက် ရွာသောမိုဃ်းကို သည်းခံအံ့သောငှါ မတတ်နိုင်ကုန်သည်ဖြစ်၍ ချမ်းခြင်းတည်းဟူသောဘေးကြောင့် ဗာရာဏသီပြည်သို့ သွားကုန်၍ မြို့တံခါးတိုင်၏ အနီး၌၎င်း ကျုံး၏အနီး၌၎င်း ချမ်းအေးခြင်းကြောင့် တုန်ယင်ကုန်လျက် နေကြကုန်၏။ ထိုအခါ၌ ဗာရာဏသီသူဌေးသည် မြို့မှထွက်၍ မြစ်သို့ ရေချိုးအံ့သောငှါ သွားသည်ရှိသော် ထိုလင်းတတို့ ပင်ပန်းကုန်သည်တို့ကိုမြင်၍ တခုသော မိုဃ်းမစုတ်ရာအရပ်၌ စည်းဝေးစေပြီးလျှင် မီးကိုညှိစေ၍ မိမိအား မှီဝဲခစားကုန်သောသူတို့ကို သုသာန်သို့စေလိုက်၍ နွားသားတို့ကိုဆောင်စေ၍ ထိုလင်းတတို့ကိုစားစေ၍ အစောင့်အရှောက်ကိုထား၏။ လင်းတတို့သည် လေနှင့်တကွ ရွာသောမိုဃ်းသည် ငြိမ်းလတ်သည်ရှိသော် ခံ့သောကိုယ်ရှိကုန်သည်ဖြစ်၍ ဂိဇ္ဈကုဋ်တောင်သိုသာလျှင် ပျံကြကုန်၏။ ထိုလင်းတတို့သည် ထိုတောင်၌သာလျှင်စည်းဝေးကုန်၍ အချင်းတို့ ဗာရာဏသီ သူဌေးသည် ငါတို့အား ကျေးဇူးပြုအပ်၏။ ပြုဘူးသော ကျေးဇူးရှိပေသော သူအားလည်း ကျေးဇူးမည်သည်ကို ပြုခြင်းငှါ အပ်၏။ ထို့ကြောင့် ဤနေ့မှစ၍ သင်တို့တွင် အကြင်လင်းတသည် အကြင်အဝတ်ကို၎င်း အကြင်တန်ဆာကို၎င်း ရအံ့၊ ထိုလင်းတသည် ထိုအဝတ်တန်ဆာကို ဗာရာဏသီ သူဌေး၏ အိမ်အထက် ကောင်းကင်ပြင်၌ ချအပ်၏ဟု တိုင်ပင်ကုန်၏။

ထိုအခါမှစ၍ လင်းတတို့သည် လူတို့၏ အဝတ်တန်ဆာတို့ကို နေပူ၌လှန်းစဉ် မေ့လျော့ခြင်းကို ကြည့်ကုန်၍ စွန်တို့သည် သားတစ်ကို ထိုးယူချီကုန်သကဲ့သို့ ထို့အတူ အဆောတလျင်ချီကုန်၍ ဗာရာဏသီသူဌေး၏အိမ်အထက်ကောင်းကင်၌ ချကုန်၏။ ထိုဗာရာဏသီသူဌေးသည် လင်းတတို့၏ ဆောင်ခဲ့သည်၏အဖြစ်ကိုသိ၍ အလုံးစုံကုန်သော အဝတ်တန်ဆာတို့ကို အသီးအသီးသာလျှင်ထား၏။ ပြည်သူတို့သည် မြတ်သောမင်းကြီး လင်းတတို့သည် မြို့ကိုဖျက်ဆီးကုန်၏ဟု မင်းအား ကြားလျှောက်ကုန်၏။ မင်းသည် တခုသောလင်းတကို ဖမ်းကြကုန်ဦးလော့၊ အလုံးစုံသော ဝတ်စား တန်ဆာတို့ကို ဆောင်စေအံ့ဟုဆို၍ ထိုထိုအရပ်၌ ကွင်းတို့ကို၎င်း ကွန်တို့ကို၎င်း ထောင်စေ၏။ အမိအားလုပ်ကျွေးသောလင်းတကို မိ၏။ ထိုအမိအားလုပ်ကျွေးသော လင်းတကိုယူကုန်၍ မင်းအား ပြကုန်အံ့ဟု သွားကုန်၏။ ဗာရာဏသီသူဌေးသည်ကား မင်းခစားရာသို့သွားသည်ရှိသော် ထိုလူတို့ လင်းတကိုယူ၍ သွားကုန်သည်တို့ကိုမြင်၍ အချင်းတို့ ဤလင်းတကို မသတ်ပါကုန်လင့်ဟု ဆို၍ ထိုလင်းတကိုယူ၍ သွားကုန်သောသူတို့နှင့် အတူတကွသာလျှင် လိုက်၏။ လူတို့သည် လင်းတကို မင်းအား ပြကုန်၏။ ထိုအခါ၌ ထိုလင်းတကို မင်းသည် အိုလင်းတ သင်တို့သည် မြို့ကိုဖျက်ဆီးကုန်၍ အဝတ်အစရှိသည်တို့ကို ယူကုန်သလောဟု မေး၏။ မြတ်သောမင်းကြီး ယူပေကုန်၏ဟု ဆို၏။ အို လင်းတ သင်တို့သည် ထိုဝတ်စား တန်ဆာတို့ကို အဘယ်သူအား ပေးအပ်ကုန်သနည်းဟု မေး၏။ မြတ်သောမင်းကြီး ဗာရာဏသီသူဌေးအား ပေးကုန်၏ဟု ဆို၏။ အဘယ်ကြောင့် ဗာရာဏသီသူဌေးအား ပေးအပ်ကုန်သနည်းဟု မေး၏။ မြတ်သောမင်းကြီး ထိုဗာရာဏသီသူဌေးသည် အကျွန်ုပ်တို့အား အသက်ကို ပေးအပ်၏။ ကျေးဇူးရှိသောသူကို ကျေးဇူးတုံ့ပြုအံ့သောငှါ အပ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ပေးကုန်၏ဟု ဆို၏။ ထိုအခါ၌ ထိုဘုရားလောင်းကို မင်းသည် အို လင်းတ လင်းတတို့သည်ကား ယူဇနာတရာထက်၌တည်ကုန်၍ သားကောင်ကိုမြင်ကုန်လျက် အဘယ့်ကြောင့် သင်သည် မိမိအကျိုးငှါ ထောင်အပ်သော ကွင်းကို မမြင်သနည်းဟု ဆိုလိုရကား-

၂၇။ ယံ နု ဂိဇ္ဈော ယောဇနသတံ၊ ကုဏပါနိ အဝေက္ခတိ။
ကသ္မာ ဇာလဉ္စ ပါသဉ္စ၊ အာသဇ္ဇာပိ န ဗုဇ္စျသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၇။ ဘော ဂိဇ္ဈ၊ အို လင်းတ။ ဂိဇ္ဈော နု-ဂိဇ္ဈော နာမ၊ လင်းတ မည်သည်ကား။ ယောဇနသတံ၊ ယူဇနာ တရာကို။ အတိက္ကမိတွာ၊ လွန်၍။ ဌိတာနိ၊ တည်ကုန်သော။ ကုဏပါနိ၊ သား ကောင်ပုပ်တို့ကို။ အဝေက္ခတိ၊ မြင်၏ဟူသတတ်။ တွံ၊ သင်သည်။ အတ္တနော၊ မိမိ၏။ အတ္ထာယ၊ အကျိုးငှ။ ဩဍ္ဍိတံ၊ ထောင်အပ်သော။ ဇာလဉ္စ၊ ကွန်သို့၎င်း။ ပါသဉ္စ၊ ကျော့ကွင်းသို့၎င်း။ အာသဇ္ဇာပိ၊ ရောက်၍လည်း။ ကသ္မာ၊ အဘယ့်ကြောင့်။ န ဗုဇ္စျသိ၊ မသိဘိသနည်း။

လင်းတသည် ထိုမင်း၏ စကားကို ကြား၍-

၂၈။ ယဒါ ပရာဘဝေါ ဟောတိ၊ ပေါသော ဇီဝိတသင်္ခယော။
အထ ဇာလဉ္စ ပါသဉ္စ၊ အာသဇ္ဇာပိ န ဗုဇ္စျတိ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယဒါ၊ အကြင်အခါ၌။ ယော ပေါသော၊ အကြင်သတ္တဝါသည်။ ပရာဘဝေါ၊ ပျက်စီးလိုသည်။ ဇီဝိတသင်္ခယော၊ အသက်ကုန်လိုသည်။ ဟောတိ၊ ဖြစ်၏။ အထ၊ ထိုအခါ၌။ သော ပေါသော၊ ထိုသတ္တဝါသည်။ အတ္တနော၊ မိမိ၏။ အတ္ထာယ၊ အကျိုးငှါ။ ဩဍ္ဍိတံ၊ ထောင်အပ်သော။ ဇာလဉ္စ၊ ကွန်သို့၎င်း။ ပါသဉ္စ၊ ကျော့ကွင်းသို့၎င်း။ အာသဇ္ဇာပိ၊ ရောက်၍လည်း။ န ဗုဇ္စျတိ၊ မသိ။

မင်းသည် လင်းတ၏စကားကိုကြား၍ သူဌေးကြီး လင်းတတို့သည် သင်၏အိမ်သို့ ပုဆိုးအဝတ်အစရှိသည်တို့ကို ဆောင်အပ်ကုန်၏ဟူသည် မှန်သလောဟု သူဌေးကို မေး၏။ အရှင်မင်းကြီး မှန်ပေ၏ဟု လျှောက်၏။ သူဌေးကြီး ထိုအဝတ်တန်ဆာတို့ကို အဘယ်၌သင်ထားအပ်သနည်းဟု မေး၏။ အရှင်မင်းကြီး အကြင် အထည်ဝတ်စာ တန်ဆာသည် အကြင်သူတို့၏ ဥစ္စာဖြစ်၏။ ထိုဝတ်စားတန်ဆာကို ထိုဥစ္စာရှင်တို့အား ပေးအံ့ဟု နှလုံးသွင်း၍ အကျွန်ုပ်သည် အလုံးစုံကုန်သော ဝတ်စားတန်ဆာတို့ကို အသီးအသီး ထားအပ်ကုန်၏ဟု လျောက်၏။ မင်းသည် ဤလင်းတကို လွှတ်ကုန်လော့ဟုဆို၍ လွှတ်စေ၍ သူဌေးကြီးကို ဥစ္စာတို့ကို အလုံးစုံကုန်သောဥစ္စာရှင်တို့အား ပေးစေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဟောတော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ မိဘတို့ကို လုပ်ကျွေးသောရဟန်းသည် သောတာပတ္တိဖိုလ်၌တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဗာရာဏသီ သူဌေးကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အမိကိုလုပ်ကျွေးသော လင်းတ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

မိဘဟူက လုပ်ကျွေးရ၊ ဗုဒ္ဓ ချီးမွမ်းရှာ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဂိဇ္စျဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သန္ထဝဝဂ်

၅။ နကုလဇာတ်

ရန်ဘက် စစ်သူကြီးနှစ်ဦး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သန္ဓိံ ကတွာ အမိတ္တေနအစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤနကုလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အမတ်စစ်သူကြီးနှစ်ယောက်တို့၏ ခိုက်ရန်ဖြစ်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဤဝတ္ထုသည် အောက်ဥရဂဇာတ်၌ ဆိုအပ်ပြီးသည်နှင့် တူသလျှင်ကတည်း၊ ဤနကုလဇာတ်၌လည်း မြတ်စွာဘုရားသည် ရဟန်းတို့ နှစ်ယောက်ကုန်သောအမတ်ကြီးတို့ကို ယခုအခါ၌သာလျှင် ငါသည် ညီညွတ်သင့်တင့်သည်တို့ကို ပြုအပ်ကုန်သည် မဟုတ်သေး၊ ရှေး၌လည်း ငါသည် ဤအမတ်ကြီးတို့အား ညီညွတ်သင့်တင့်သည်တို့ကို ပြုဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသော ရွာငယ်ဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် တက္ကသိုလ်ပြည်သို့သွား၍ အလုံးစုံသောအတတ်တို့ကို သင်ပြီးလျှင် အိမ်ရာ ထောင်ခြင်းကိုပယ်၍ ရသေ့ရဟန်းပြုပြီးသည်ရှိသော် အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်းဖြစ်စေ၍ တောသစ်မြစ်သစ်သီးဟူသောအာဟာရကို ဆောင်၍ယူအံ့သောငှါသွားသဖြင့် တောသစ်မြစ်သစ်သီးဟူသော အာဟာရရှိသည်ဖြစ်၍ ဟိမဝန္တာအရပ်၌ နေ၏။ ထိုဘုရားလောင်း၏ စင်္ကြံဝယ် တခုသောတောင်ပို့၌ မြွေပါသည် နေ၏။ ထိုတောင်ပို့၏ အနီး၌ သာလျှင် တခုသောသစ်ခေါင်း၌ မြွေသည်နေ၏။ ထိုနှစ်ခုကုန်သော မြွေ မြွေပါတို့သည်လည်း အခါခပ်သိမ်း ခိုက်ရန်ကို ပြုကုန်၏။ ဘုရားလောင်းသည် ထိုမြွေ မြွေပါတို့အား ခိုက်ရန်ဖြစ်ခြင်း၌ အပြစ်ကို၎င်း မေတ္တာကိုပွားစေခြင်း၌ အကျိုးကို၎င်း ဟော၍ ခိုက်ရန်မည်သည်ကို မပြုမူ၍ ညီညွတ်သင့်တင့်စွာနေခြင်းကို နေအံ့သောငှါ သင့်၏ဟု ဆုံးမပြီး၍ ထိုနှစ်ခုကုန်သော မြွေ မြွေပါတို့ကိုလည်း ညီညွတ်သင့်တင့်သည်တို့ကို ပြု၏။ ထိုအခါ၌ မြွေအပသို့ထွက်သောကာလ၌ မြွေပါသည် စင်္ကြံဦးတောင်ပို့၏ တွင်းပေါက်ဝ၌ ဦးခေါင်းကိုထုတ်၍ ခံတွင်းကိုဘွင့်၍ ဝပ်လျက် ထွက်သက်ကိုဖြစ်စေလျှက် ဝင်သက်ကိုဖြစ်စေလျက် အိပ်ပျော်ခြင်းသို့ ရောက်၏။ ဘုရားလောင်းသည် ထိုမြွေပါကို ထိုအခြင်းဖြင့်ဝပ်၍ အိပ်သည်ကိုမြင်၍ မြွေပါ သင့်အား အဘယ်ကိုလျှင်မှီ၍ ဘေးသည် ဖြစ်သနည်းဟု မေးလိုရကား-

၂၉။ သန္ဓိံ ကတွာ အမိတ္တေန၊ အဏ္ဍဇေန ဇလာဗုဇ။
ဝိဝရိယ ဒါဌံ သေသိ၊ ကုတော တေ ဘယမာဂတံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၉။ ဇလာဗု၊ မြွေပါ။ တွံ၊ သင်သည်။ အမိတ္တေန၊ ရန်သူဖြစ်သော။ အဏ္ဍဇေန၊ မြွေနှင့်။ သန္ဓိံ ကတွာ၊ ချစ်ကြသည်၏အဖြစ်ကိုပြု၍။ ဒါဌံ၊ အစွယ်ကို။ ဝိဝရိယ၊ ဘော်၍။ သေသိ၊ အိပ်၏။ တေ၊ သင်အား။ ကုတော၊ အဘယ်မှ။ ဘယံ၊ ဘေးသည်။ အာဂတံ၊ လာသနည်း။

ဤသို့ ဘုရားလောင်းသည် မေးအပ်သောမြွေပါသည် အရှင်ရန်သူမည်သည်ကို မထေမဲ့မြင် မပြုအပ်၊ ရွံရှာအပ်သလျှင်ကတည်းဟု ဆိုလိုရကား-

၃၀။ သင်္ကေထေဝ အမိတ္တသ္မိံ၊ မိတ္တသ္မိမ္ပိ န ဝိဿသေ။
အဘယာ ဘယမုပ္ပန္နံ၊ အပိ မူလာနိ ကန္တတိ။

ဟူသော နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၀။ အယျ၊ ရှင်ရသေ့။ အမိတ္တသ္မိမ္ပိ၊ ရန်သူ၌၎င်း။ မိတ္တသ္မိမ္ပိ၊ အဆွေခင်ပွန်း၌၎င်း။ သင်္ကေထေဝ၊ ရွံရှာ အပ်သည်သာလျှင်တည်း။ န ဝိဿသေ၊ အကျွမ်းတဝင် မပြုရာ။ အဘယာ၊ အဆွေခင်ပွန်းမှ။ ဥပ္ပန္နံ၊ ဖြစ်သော။ ဘယံအပိ၊ ဘေးသည်လည်း။ မူလာနိ၊ အမြစ်အရင်းတို့ကို။ ကန္တတိ၊ ဖြတ်တတ်၏။

ထိုအခါ၌ ထိုမြွေပါကို ဘုရားလောင်းသည် မြွေပါ သင်သည် မကြောက်လင့်၊ အကြင်သို့သောအခြင်းအရာဖြင့် ပြုသည်ရှိသော် မြွေသည် သင်၌ မပြစ်မှား၊ ထိုသို့သောအခြင်းအရာဖြင့် ငါသည်ပြုအံ့၊ သင်သည် ဤနေ့မှစ၍ ထိုမြွေ၌ ရွံရှာခြင်းကိုမပြုလင့်ဟု ဆုံးမ၍ ဗြဟ္မဝိဟာရတရားလေးပါးတို့ကိုပွားစေ၍ ဗြဟ္မာ့ပြည်သို့ လား၏။ ထိုမြွေ မြွေပါတို့သည်လည်း ကံအားလျော်စွာ လားကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ နှစ်ယောက်ကုန်သော ဤအမတ်ကြီးတို့သည် ထိုအခါကာလ မြွေသည်၎င်း မြေ့ပါသည်၎င်း ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ညီညွတ်သင့်တင့်၊ ဘေးမဆင့်၊ အေးခွင့် လွန်သာယာ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော နကုလဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သန္ထဝဝဂ်

၆။ ဥပသာဠကဇာတ်

မြေပုပ်လွတ်ရှာ ပုဏ္ဏား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဥပသာဠကနာမာနိ အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤဥပသာဠကဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ဥပသာဠကအမည်ရှိသော သူသေမချဘူးရာ သန့်ရှင်းစင်ကြယ်သော သင်္ချိုင်းကိုရှာသော ပုဏ္ဏားကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုပုဏ္ဏားသည် ကြယ်ဝသည် များသောဥစ္စာရှိသည် ဖြစ်သတတ်၊ မိစ္ဆာဒိဋ္ဌိအယူရှိသည်၏အဖြစ်ကြောင့်ကား အနီးဖြစ်သောကျောင်း၌ နေကုန်သော မြတ်စွာဘုရားတို့အား ထောက်ပံ့ခြင်းမည်သည်ကို မပြုစဘူး၊ ထိုဥပသာဠကပုဏ္ဏား၏သားသည်ကား ပညာရှိသည် ဉာဏ်နှင့်ပြည့်စုံသည်ဖြစ်၏။ ထိုဥပသာဠကပုဏ္ဏားသည် အိုမင်းသောကာလ၌ သားကို ချစ်သား သင်သည် ငါ့ကို တပါးသော သူယုတ်၏သင်္ဂြိုဟ်ရာသင်္ချိုင်း၌ မသင်္ဂြိုဟ်ရစ်လင့်၊ အထူးသဖြင့် တခုသော တယောက်သောသူအားလည်း မသင်္ဂြိုဟ်ဘူးသော သင်္ချိုင်း၌သာလျှင် ငါ့ကို သင်္ဂြိုဟ်ရစ်လော့ဟု ဆို၏။ ဘခင် အကျွန်ုပ်သည် သင်တို့အား သင်္ဂြိုဟ်အပ်သည်အား လျော်သောအရပ်ကိုမသိ၊ ဘခင် ကျွန်ုပ်သည် သင်ဘခင်ကို တောင်းပန်ပါ၏။ စင်စစ် ကျွန်ုပ်ကို ဆောင်၍သွားပြီးလျှင် ဤအရပ်၌ သင်္ဂြိုဟ်ရစ်လော့ဟု သင်ဘခင်တို့သည် ကြားခဲ့ကုန်လော့ဟု ဆို၏။ ပုဏ္ဏားသည် ချစ်သား ကောင်းပြီဟု ထိုသားကိုယူ၍ မြို့မှထွက်၍ ဂိဇ္ဈကုဋ် တောင်ထိပ်သို့တက်ပြီးလျှင် ဤအရပ်၌ တပါးသောသူယုတ်၏ မသင်္ဂြိုဟ်ဘူးရာ ဖြစ်သောအရပ်တည်း၊ ဤအရပ်၌ သင်သည် သင်္ဂြိုဟ်ရစ်လော့ဟု ဆို၍ သားနှင့်တကွ တောင်မှဆင်းအံ့သောငှါ အားထုတ်၏။

မြတ်စွာဘုရားသည် ထိုနေ့မိုးသောက်ထကာလ၌ သစ္စာတရားကို သိစေအပ်ကုန်သော အဆွေအမျိုးတို့ကို ကြည့်တော်မူ၍ သားအဘဖြစ်ကုန်သော ထိုပုဏ္ဏားတို့၏ သောတာပတ္တိမဂ်၏ ဥပနိဿယကို မြင်တော်မူ၏။ ထို့ကြောင့် သမင်ကိုဖမ်းလို၍ သမင်လာလတ္တံ့သောလမ်း၌စောင့်သော သားမုဆိုးကဲ့သို့ ဂိဇ္ဈကုဋ်တောင်ခြေရင်းသို့ကြွတော်မူ၍ တောင်ထိပ်မှ သက်ကုန်သော ထိုပုဏ္ဏားသားအဘတို့၏လာခြင်းကို မျှော်လင့်တော်မူလျှက် နေတော်မူ၏။ တောင်ထိပ်မှသက်ကြကုန်သော ထိုပုဏ္ဏားသားအဘတို့သည် မြတ်စွာဘုရားကို မြင်ကုန်၏။ မြတ်စွာဘုရားသည် စကားစေ့စပ်ခြင်းကို ပြုတော်မူလိုရကား ပုဏ္ဏားတို့ သင်တို့သည် အဘယ်သို့ သွားကြချေကုန်သနည်းဟု မေးတော်မူ၏။ ပုဏ္ဏားလုလင်သည် ထိုအကြောင်းကို လျှောက်၏။ မြတ်စွာဘုရားသည် ပုဏ္ဏား ထိုသို့တပြီးကား သင်၏အဘသည် ကြားအပ်သောအရပ်သို့ သွားကြကုန်အံ့ဟု နှစ်ယောက်ကုန်သော ပုဏ္ဏားသားအဘတို့ကို ခေါ်တော်မူ၍ တောင်ထိပ်သို့ တက်တော်မူ၍ ပုဏ္ဏား သင်၏ အဘသည် ကြားအပ်သောအရပ်သည် အဘယ်အရပ်နည်းဟု မေးတော်မူ၏။ ပုဏ္ဏားလုလင်သည် အရှင်ဘုရား အကျွန်ုပ် ၏အဘသည် ဤတောင်သုံးလုံးတို့၏အကြားကို ကြား၏ဟု လျှောက်၏။ မြတ်စွာဘုရားသည် လုလင် သင်၏အဘသည် ယခုအခါ၌သာလျှင် သူသေကိုမချဘူးရာ သန့်ရှင်းစင်ကြယ်သောသင်္ချိုင်းကို ရှာတတ်သည် မဟုတ်သေး၊ ရှေး၌လည်း သူသေကိုမချဘူးရာ သန့်ရှင်းစင်ကြယ်သောသင်္ချိုင်းကို ရှာတတ်သည်သာလျှင်တည်း၊ ယခုအခါ၌သာလျှင် ဤအရပ်၌ ငါ့ကို သင်္ဂြိုဟ်ရစ်လော့ဟု သင့်အားကြားသည်ကား မဟုတ်သေး၊ ရှေး၌လည်း ဤအရပ်၌သာလျှင် မိမိအား သင်္ဂြိုဟ်အပ်သည်၏အဖြစ်ကို ကြားဘူး၏ဟု မိန့်တော်မူ၍ ထိုပုဏ္ဏားလုလင်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လုလင် လွန်လေပြီးသောအခါ ဤရာဇဂြိုဟ်ပြည်၌သာလျှင် ဤပုဏ္ဏားသည်သာလျှင် ဥပသာဠကအမည်ရှိသော ပုဏ္ဏား ဖြစ်ဘူး၏။ ဤသားသည်သာလျှင် ထိုဥပသာဠကပုဏ္ဏား၏သား ဖြစ်ဘူး၏။ ထိုအခါ၌ ဘုရားလောင်းသည် ဤမဂဓတိုင်းဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ ပြည့်စုံသောအတတ်ရှိသည်ဖြစ်၍ ရသေ့ရဟန်းပြု၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်းဖြစ်စေ၍ ဈာန်ဖြင့်မွေ့လျော်ခြင်းကို မွေ့လျော်လျှက် ဟိမဝန္တာအရပ်၌ ကြာမြင့်စွာနေ၏။ ချဉ်ဆားမှီဝဲအံ့သောငှါ ဂိဇ္ဈကုဋ်တောင်၌ သစ်ရွက်ဖြင့်မိုးအပ်သော ကျောင်း၌နေ၏။ ထိုအခါ၌ ထိုပုဏ္ဏားသည် ဤသို့သောအမှတ်ဖြင့်သာလျှင် သားကိုဆို၍ သားသည် ဘခင် သင်ဘခင်တို့သည်သာလျှင် ထိုသို့သဘောရှိသောအရပ်ကို ကြားကုန်လော့ဟု ဆိုသည်ရှိသော် တောင်သုံးလုံးတို့၏အကြားဖြစ်သော ဤအရပ်ကိုသာလျှင်ကြား၍ သားနှင့်တကွ တောင်ထိပ်မှဆင်းသည်ရှိသော် ဘုရားလောင်းကိုမြင်၍ ထိုဘုရားလောင်း၏ အထံသို့ကပ်၍ ဘုရားလောင်းသည် ဤသို့သောအမှတ်ဖြင့်သာလျှင် မေးလတ်၍ လုလင်၏စကားကို ကြား၍ လုလင် လာလှည့် သင်၏အဘသည် ကြားအပ်သောအရပ်၌ သူသေကို သင်္ဂြိုဟ်ဘူးသည်၏ အဖြစ်ကို၎င်း သူသေကိုမသင်္ဂြိုဟ်ဘူးသေးသည်၏ အဖြစ်ကို၎င်း စုံစမ်းကြကုန်အံ့ဟုဆို၍ ထိုပုဏ္ဏား သားအဘတို့နှင့်တကွ တောင်ထိပ်သို့တက်၍ ရှင်ရသေ့ ဤတောင်သုံးလုံးတို့၏အကြားသည် တယောက်သောသူသေကိုမျှ မသင်္ဂြိုဟ်ဘူးရာ အရပ်တည်းဟု လုလင်သည်ဆိုသည်ရှိသော် လုလင် ဤအရပ်၌သာလျှင် သင်္ဂြိုဟ်အပ်ကုန်သောသူတို့၏ အတိုင်းအရှည်သည် မရှိ၊ သင်၏ အဘသည်သာလျှင် ဤရာဇဂြိုဟ်ပြည်၌သာလျှင် ပုဏ္ဏားအမျိုး၌သာလျှင်ဖြစ်၍ ဥပသာဠက အမည်ရှိသည်သာလျှင်ဖြစ်၍ ဤတောင်သုံးလုံးတို့၏အကြား၌ ဘဝ တသောင်းလေးထောင်တို့ပတ်လုံး ဖုတ်ကြည်းသင်္ဂြိုဟ်သည်ကို ခံရဘူးလေပြီ၊ ထိုစကားသည် မှန်၏။ မြေ၌ မဖုတ်ကြည်းဘူးသော အရပ်ကို၎င်း သုသာန်မဟုတ်ရာအရပ်ကို၎င်း မသေဘူးရာအရပ်ကို၎င်း ရအံ့သောငှါ မတတ်ကောင်းဟု ပုဗ္ဗေနိဝါသဉာဏ်ဖြင့် ပိုင်းခြား၍-

၃၁။ ဥပသာဠကနာမာနိ၊ သဟဿာနိ စတုဒ္ဒသ။
အသ္မိံ ပဒေသေ ဒဍ္ဎာနိ၊ နတ္ထိ လောကေ အနာမတံ။-
၃၂။ ယမှိ သစ္စဉ္စ ဓမ္မော စ၊ အဟိံသာ သံယမော ဒမော။
ဧတံ အရိယာ သေဝန္တိ၊ ဧတံ လောကေ အနာမတံ။

ဟူသော ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၁။ မာဏဝ၊ လုလင်။ အသ္မိံ ပဒေသေ၊ ဤအရပ်၌။ ဥပသာဠကနာမာနိ၊ ဥပသာဠက အမည်ရှိကုန်သော။ စတုဒ္ဒသ သဟဿာနိ၊ တသောင်းလေးထောင်ကုန်သော သူတို့ကို။ ဒဍ္ဎာနိ၊ ဖုတ်ကြည်း သင်္ဂြိုဟ်အပ်ကုန်ပြီ။ လောကေ၊ လောက၌။ အနာမတံ-အနာမတဋ္ဌာနံ နာမ၊ မသေရာ အရပ်မည်သည်ကား။ နတ္ထိ၊ မရှိ။

֍ ဋ္ဌ ၃၂။ မာဏဝ၊ လုလင်။ ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။ သစ္စဉ္စ၊ လောကုတ္တရာတရား၏ ရှေ့အဘို့၌ဖြစ်သော သစ္စဉာဏ်လည်းကောင်း။ ဓမ္မောစ၊ လောကုတ္တရာတရားလည်းကောင်း။ အဟိံသာ စ၊ သူတပါးတို့အား မညှင်းဆဲခြင်းလည်းကောင်း။ သံသယော စ၊ ဝိရမိတဗ္ဗဝတ္ထုမှ စောင့်ရှောက်ခြင်းလည်းကောင်း။ ဒမော စ၊ ဣန္ဒြေတို့ကို ဆုံးမခြင်းလည်းကောင်း။ ဣဒံ ဂုဏဇာတံ၊ ဤဂုဏ်အပေါင်းသည်။ အတ္ထိ၊ ရှိ၏။ ဧတံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ အရိယာ၊ အရိယာသူမြတ်တို့သည်။ သေဝန္တိ၊ မှီဝဲကုန်၏။ ဧတံ ဂုဏဇာတံ၊ ထိုဆိုအပ်ပြီးသော ဂုဏ်အပေါင်းသည်။ လောကေ၊ လောက၌။ အနာမတံ-အနာမတဋ္ဌာနံ နာမ၊ မသေရာအရပ်မည်၏။

ဤသို့ ဘုရားလောင်းသည် ပုဏ္ဏားသားအဖတို့အား တရားဟော၍ ဗြဟ္မဝိဟာရတရား လေးပါးတို့ကိုပွားများစေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြိးလျှင် သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ သားအဖနှစ်ယောက်တို့သည်လည်း သောတာပတ္တိဖိုလ်၌ တည်ကုန်၏။ အဘယ်သို့ ဇာတ်ကိုပေါင်းတော်မူသနည်းဟူမူကား လုလင် ယ္ခုအခါ သားအဖနှစ်ယောက်တို့သည်သာလျှင် ထိုအခါ သားအဖနှစ်ယောက်တို့သည် ဖြစ်ဖူးကုန်ပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဖူးပြီ။ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

သင်္ချိုင်းလွတ်ရာ၊ မြေနေရာ၊ ဘယ်မှာမရှိမှတ်

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဥပသာဠကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သန္ထဝဝဂ်

၇။ သမိဒ္ဓိဇာတ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အဘုတွာ ဘိက္ခသိ ဘိက္ခု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသမိဒ္ဓိဇာတ်ကို ရာဇဂြိုဟ်ပြည်ကိုအမှီပြု၍ တပေါဒါရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ် သမိဒ္ဓိမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည်မှန်၏။ အရှင်သမိဒ္ဓိမထေရ်သည် တညဉ့်ပတ်လုံး လုံ့လကိုအားထုတ်၍ အရုဏ်တက်သောအခါ၌ ရေချိုး၍ ရွှေအဆင်းနှင့်တူသောအဆင်းရှိသော အတ္တဘောကိုခြောက်စေပြီးလျှင် သင်းပိုင်ကိုဝတ်၍ ကိုယ်ဝတ်ကိုလက်ဖြင့်ကိုင်လျှက် ရပ၏။ ထိုမထေရ်အား ကောင်းစွာအပြေအပြစ်ပြုအပ်သော ရွှေဆင်းတုကဲ့သို့သော အတ္တဘော၏ပြည့်စုံခြင်းသည်လျှင် အကြင့်ကြောင့်ရှိ၏။ ထြိုကြောင့် သမိဒ္ဓိဟူသောအမည်သည် ဖြစ်၏။ ထိုအခါ ထိုသမိဒ္ဓိမထေရ်၏ ကိုယ်၏တင့်တယ်ခြင်းကိုမြင်၍ တစ်ယောက်သောနတ်သမီးသည် တပ်စွန်းသောစိတ်ရှိသည်ဖြစ်၍ မထေရ်ကို ရဟန်း သင်သည်လျှင် ငယ်၏။ နုနယ်၏။ မည်းညိုသောဆံ ရှိ၏။ ကောင်းသော အရွယ်နှင့်ပြည့်စုံ၏။ အလွန် အဆင်းလှ၏။ ရှုချင်စဖွယ်ရှိ၏။ ကြည်ညိုဖွယ်ရှိ၏။ ဤသို့သဘောရှိသောသင့်အား ဝတ္ထုကာမ ကိလေသာကာမတို့ကို မခံစားမူ၍ ရဟန်းပြုသဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ဝတ္ထုကာမ ကိလေသာကာမတို့ကို ရှေးဦးစွာ ခံစားဦးလော့။ နောက်မှ ရဟန်းပြု၍ တရားကိုကျင့်ရလတ္တံ့ဟု ဆို၏။

ထိုအခါ ထိုနတ်သမီးကို မထေရ်သည် နတ်သမီး ငါသည် ဤမည်သောအရွယ်၌တည်၍ သေလတ္တံ့ဟု ငါ၏ သေလတ္တံ့သောကာလငို မသိ၊ ငါ့အား ဤသေလတ္တံ့သောကာလသည် ဖုံးလွှမ်း၏။ ထို့ကြောင့် ငယ်စဉ်ကာလ၌သာလျှင် ရဟန်းတရားကိုကျင့်၍ ဆင်းရဲ၏အဆုံးကိုပြအံ့ဟု ဆို၏။ ထိုနတ်သမီးသည် မထေရ်၏အထံမှ အစေ့အစပ်ဖြစ်သောစကားကိုမရ၍ ထိုအရပ်၌သာလျှင်ကွယ်၏။ မထေရ်သည် မြတ်စွာဘုရားအထံသို့ ချဉ်ကပ်၍ ထိုအကြောင်းကို လျှောင်၏။ မြတ်စွာဘုရားသည် သမိဒ္ဓိ ယခုအခါ၌ သင့်ကိုသာလျှင် နတ်သမီးသည် ဖွားယောင်ူအပျသည် မဟုတ်သေး။ ရှေး၌လည်း နတ်သမီးတို့သည် ရဟန်းတို့ကို ဖြားယောင်းဖူးကုန်သလျှင်ကတည်းဟု မိန့်တော်မူ၍ ထိုသမိဒ္ဓိမထေရ်သည် တောင်ပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... သမိဒ္ဓိ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသော ကာသိကရွာငယ်ဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ခပ်သိမ်းကုန်သောအတတ်တို့၌ အပြီးသို့ရောက်၍ ရသေ့ရဟန်းပြုပြီးသည်ရှိသော် အဘိညာဏ်တို့ကို၎င်း သမာပတ်တို့ကို၎င်းဖြစ်စေ၍ ဟိမဝန္တာအရပ်၌ တခုသော အလိုလိုဖြစ်သောအိုင်ကို အမှီပြု၍နေ၏။ ထိုဘုရားလောင်းသည် အလုံးစုံသောညဉ့်ပတ်လုံး လုံ့လကိုအားထုတ်၍ အရုဏ်တက်သောကာလ၌ ရေချိုး၍ တထည်သော လျှော်တေသင်္ကန်းကို ဝတ်၍ တထည်သော လျှော်တေသင်္ကန်းကိုလက်ဖြင့်ကိုင်၍ ကိုယ်ကို ရေမရှိသည်ကို ပြုလျက်ရပ်၏။ ထိုအခါ၌ ထိုဘုရားလောင်း၏ အဆင်းအားဖြင့် တင့်တယ်သော မြတ်သောအဖြစ်သို့ရောက်သောကိုယ်တော်ကို ကြည့်မိ၍ တပ်စွန်းသောစိတ်ရှိသော တယောက်သောနတ်သီးသည် ဘုရားလောင်းကို ဖြားယောင်းလိုရကား-

၃၃။ အဘုတွာ ဘိက္ခသိ ဘိက္ခု၊ န ဟိ ဘုတွာန ဘိက္ခသိ။
ဘုတွာန ဘိက္ခု ဘိက္ခဿု၊ မာ တံ ကာလော ဥပဇ္ဈဂါ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၃။ ဘိက္ခု၊ ရဟန်း။ တွံ၊ သင်သည်။ ဒဟရကာလေ၊ ငယ်သောကာလ၌။ ကိလေသကာမဝသေန၊ ကိလေသာကာမ၏ အစွမ်းအားဖြင့်။ ဝတ္ထုကာမေ၊ ဝတ္ထုကာမတို့ကို။ အဘုတွာ၊ မခံစားမူ၍။ ဘိက္ခသိ၊ ရဟန်းပြု၏။ ကိလေသ ကာမဝသေန၊ ကိလေသာကာမ၏အစွမ်းအားဖြင့်။ ဝတ္ထုကာမေ၊ ဝတ္ထုကာမတို့ကို။ ဘုတွာန၊ ခံစား၍။ န ဟိ ဘိက္ခသိ၊ ရဟန်းမပြုသလျှင်ကတည်း။ ဘိက္ခု၊ ရဟန်း။ တွံ၊ သင်သည်။ ဒဟရကာလေ၊ ငယ်သောကာလ၌။ တာဝ၊ ရှေးဦးစွာ။ ကာမေ၊ ကာမတို့ကို။ ဘုတွာန၊ ခံစား၍။ ပစ္ဆာ၊ နောက်ဖြစ်သော။ မဟလ္လကကာလေ၊ အိုမင်းသောကာလ၌။ ဘိက္ခဿု၊ ရဟန်းပြုလော့။ တံ၊ သင့်ကို။ ကာလာ၊ ကာမချမ်းသာကို ခံစားရာဖြစ်သော ပျိုရွယ်သောကာလသည်။ မာ ဥပဇ္စျဂါ၊ မလွန်စေလင့်။

ဘုရားလောင်းသည် နတ်သ္မီး၏စကားကိုကြား၍ မိမိ၏အလိုကို ပြလိုရကား-

၃၄။ ကာလံ ဝေါဟံ န ဇာနာမိ၊ ဆန္နော ကာလော န ဒိဿတိ။
တသ္မာ အဘုတွာ ဘိက္ခာမိ၊ မာ မံ ကာလော ဥပဇ္ဈဂါ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၄။ ဒေဝမီတေ၊ နတ်သ္မီး။ အဟံ၊ ငါသည်။ ကာလံ၊ သေလတ္တံ့သော ကာလကို။ န ဇာနာမိ၊ မသိ။ မယှံ၊ ငါ့အား။ ဆန္နော၊ ဖုံးလွှမ်းအပ်သည်ဖြစ်၍။ ကာလံ၊ သေလတ္တံ့သော ကာလသည်။ န ဒိဿတိ၊ မထင်။ တသ္မာ၊ ထို့ကြောင့်။ ပဉ္စကာမဂုဏေ၊ ငါးပါးကုန်သော ကာမဂုဏ်တို့ကို။ အဘုတွာ၊ မခံစားမူ၍။ မံ၊ ငါ့ကို။ ကာလော၊ ရဟန်းတရားကို ကျင့်ရာကာလသည်။ မာ ဥပဇ္ဈဂါ၊ မလွန်စေသတည်းဟု။ ဘိက္ခာမိ၊ ရဟန်း ပြု၏။

နတ်သမီးသည် ဘုရားလောင်း၏ စကားကို ကြား၍ ထိုအရပ်၌ သာလျှင် ကွယ်လေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား သမိဒ္ဓိ ယခုအခါ သင့်အား ဖြားယောင်းသော နတ်သီးသည် ထိုအခါ ငါ့အား ဖြားယောင်းဘူးသော နတ်သ္မီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ရုပ်သွင်တင့်တယ်၊ ကာမနယ်၊ မြူဆွယ်မှားတတ်လှ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သမိဒ္ဓိဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သန္ထဝဝဂ်

၈။ သကုဏဂ္ဃိဇာတ်

ဗီလုံး နှင့် သိမ်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သေနာ ဗလသာ ပတမာနော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသကုဏဂ္ဃိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မိမိအလို၏အစွမ်းအားဖြင့် ဟောအပ်သော သကုဏောဝါဒသုတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ မြတ်စွာဘုရားသည် တနေ့သ၌ရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့ အဘဥစ္စာဖြစ်သောအာရုံ၌သာလျှင် ကျက်စားကုန်လော့၊ ဤသို့အစရှိသော မဟာဝဂ္ဂသံယုတ်၌ ဤသုတ္တန်ကို ဟောတော်မူသည်ရှိသော် ရဟန်းတို့ သင်တို့ကို ထားကုန်ဘိဦး၊ ရှေး၌ တိရစ္ဆာန်တို့သည်လည်း အဘဥစ္စာဖြစ်သော မိမိအရာကိုစွန့်ကုန်၍ မကျက်စားသင့်သော အရာ၌ ကျက်စားကုန်သည်ရှိသော် ရန်သူတို့၏ လက်သို့ ရောက်ကုန်၏။ ရောက်ကုန်၍ မိမိပညာ၏ပြည့်စုံခြင်းအားဖြင့် အကြောင်း၌ လိမ္မာသည်၏ အဖြစ်ကြောင့် ရန်သူတို့၏လက်မှ လွတ်ဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗီလုံးငှက်မျိုး၌ဖြစ်၍ ထွန်တုံး၌ တပ်အပ်သော ထွန်သွားတို့ဖြင့်ထွန်ခြင်းကို ပြုရာဖြစ်သော မြေစိုင်ခဲရှိရာအရပ်၌ နေခြင်းကိုပြု၏။ ထိုဗီလုံးငှက်သည် တနေ့သောအခါဝယ် မိမိအရာ၌ အစာယူခြင်းကိုစွန့်၍ သူတပါးတို့၏အရာ၌ အစာကို ယူအံ့ဟူ၍ တောအုပ်၏အဆုံးသို့ သွား၏။ ထိုအခါ၌ ထိုဗီလုံးငှက်ကို ထိုတောအုပ်၏အဆုံး၌ အစာကိုယူသည်ကိုမြင်၍ သိမ်းသည် အဆောတလျင် ပြေးလာ၍ ထိုးယူလေ၏။ ထိုဗီလုံးငှက်ကို သိမ်းသည် ဆောင်ယူလေသည်ရှိသော် ငါတို့သည်သာလျှင် ကြက်သရေမရှိကုန်သည် ဖြစ်ကုန်၏။ ငါတို့သည်သာလျှင် ဘုန်းမရှိကုန်သည် ဖြစ်ကုန်၏။ ငါတို့သည် သူတပါးတို့၏အရာဖြစ်သော မကျက်စားအပ်သောအရပ်၌ ကျက်စားမိကုန်၏။ ငါတို့သည် မိမိနေရာသို့ရောက်ကုန်၍ အဘဥစ္စာဖြစ်သော မိမိအရာဖြစ်သော ကျက်စားရာအရပ်၌ ကျက်စားရကုန်ငြားအံ့၊ သိမ်း၏ အကြင် ထိုးခြင်းသည်ရှိ၏။ ထိုကဲ့သို့ထိုးခြင်းငှါ ဤသိမ်းသည် စွမ်းနိုင်သည် မဖြစ်လေရာဟု ငိုကြွေးမြည်တမ်း၏။

ဤသို့ ငိုကြွေးမြည်တမ်းသည်ရှိသော် ဗီလုံးငှက် သင်၏ အဘဥစ္စာဖြစ်သော မိမိအရာဖြစ်သော ကျက်စားရာအရပ်သည် အဘယ်အရပ်နည်းဟု မေး၏။ သိမ်းငှက် ထွန်တုံး၌ တပ်အပ်သော ထွန်သွားဖြင့်ထွန်ခြင်းကို ပြုရာဖြစ်သော အကြင်မြေစိုင်ခဲရှိရာအရပ်သည် ရှိ၏။ ထိုအရပ်သည် ငါ၏ ကျက်စားရာ အရပ်တည်းဟု ဆို၏။ ထိုအခါ၌ ထိုဗီလုံးငှက်ကို သိမ်းသည် မိမိအစွမ်းကို ယုံသည်၏အဖြစ်ကြောင့် ဗီလုံးငှက် သင်သွားလော၊ သင်၏ ကျက်စားရာဖြစ်သော ထိုအရပ်သို့လည်းသွားလေ၍ ငါမှမလွတ်လတ္တံ့ဟု ဆို၍ လွှတ်လိုက်၏။ ထိုဗီလုံးငှက်သည် ထိုမိမိကျက်စားရာအရပ်သို့ သွားလေ၍ ကြီးစွာသော မြေစိုင်ခဲပေါ်သို့တက်ပြီးလျှင် သိမ်းငှက် ယခုလာလော့ဟု သိမ်းကို ခေါ်လျက်ရပ်၏။ သိမ်းသည် မိမိ၏အစွမ်းကို ယုံသည်၏အဖြစ်ကြောင့် အတောင်နှစ်ဘက်တို့ကိုဖြန့်၍ ဗီလုံးငှက်အထံသို့ လျင်မြန်စွာ ပြေးလာ၏။ အကြင်အခါ၌ကား ထိုသိမ်းကို ဗီလုံးငှက်သည် ငါ၏အထံသို့ ဤသိမ်းသည် လျင်မြန်စွာ လာသလျှင်ကတည်းဟု သိ၏။ ထိုအခါ၌ လှည့်လည်တုံ့ပြန်၍ ထိုမြေစိုင်ခဲ၏ အကြားသို့သာလျှင် ဝင်၏။ သိမ်းသည် အဟုန်ကိုတန့်စိမ့်သောငှါ မတတ်နိုင်သည်ဖြစ်၍ ထိုမြေစိုင်ခဲ၌သာလျှင် ရင်ကို တိုက်ကွဲစေ၏။ ဤသို့ ထိုသိမ်းသည် ရင်ကွဲလေ၍ မျက်စိနှစ်လုံးတို့သည် ထွက်ကုန်၍ အသက်ကုန်ခြင်းသို့ ရောက်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ဤအတိတ်ကို ပြတော်မူ၍ ရဟန်းတို့ ဤသို့ တိရစ္ဆာန်တို့သည်လည်း မကျက်စားသင့်သောအရာ၌ ကျက်စားကုန်သည်ရှိသော် ရန်သူ့လက်သို့ ရောက်ကုန်၏။ အဘဥစ္စာဖြစ်သော မိမိအရာဖြစ်သော ကျက်စားသင့်သောအရာ၌ကား ကျက်စားကုန်သည်ရှိသော် ရန်သူကို နှိပ်နင်းနိုင်ကုန်၏။ ထို့ကြောင့် သင်တို့သည်လည်း သူတပါးတို့၏အရာဖြစ်သော မကျက်စားသင့်သောအရာ၌ မကျက်စားကြကုန်လင့်၊ ရဟန်းတို့ သူတပါးကို၏အရာဖြစ်သော မကျက်စားအပ်သောအရာ၌ ကျက်စားသည်ရှိသော် မာရ်သည် အခွင့်ကိုရ၏။ မာရ်သည် စွဲလမ်းရာကို ရ၏။ ရဟန်းတို့ သူတပါးတို့၏အရာဖြစ်သော ရဟန်းတို့မကျက်စားအပ်သောအရာသည် အဘယ်နည်းဟူမူကား အကြင် ငါးပါးကုန်သော ကာမဂုဏ်တို့သည် ရှိကုန်၏။ ထိုငါးပါးကုန်သောကာမဂုဏ်တို့သည် သူတပါးတို့၏အရာဖြစ်သော ရဟန်းတို့မကျက်စားအပ်သော အရာတည်း၊ ငါးပါးကုန်သော ကာမဂုဏ်တို့သည် အဘယ်သည်တို့နည်းဟူမူကား စက္ခုဝိညာဉ်စသည်ဖြင့် သိအပ်သော ရူပါရုံ အစရှိသည်တို့တည်း၊ ရဟန်းတို့ ကာမဂုဏ်ဖြစ်သော ဤအာရုံငါးပါးသည် သူတပါးတို့၏အရာဖြစ်သော ရဟန်းတို့မကျက်စားအပ်သော အရာတည်းဟု ဟောတော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူပြီး၍-

၃၅။ သေနော ဗလသာ ပတမာနော၊ လာပံ ဂေါစရဌာယိနံ။
သဟသာ အဇ္စျပ္ပတ္တောဝ၊ မရဏံ တေနုပါဂမိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၃၅။ ဘိက္ခဝေ၊ ရဟန်းတို့။ ဂေါစရဌာယိနံ၊ အစာရှာအံ့သောငှါ တောအုပ်၏ အစွန်း၌တည်ထသော။ လာပံ၊ ဗီလုံးငှက်သို့။ သေနော၊ သိမ်းသည်။ ဗလသာ၊ အစွမ်းအားဖြင့်။ ပတမာနော၊ ထိုးအံ့သောငှာ ကျလေသည်ရှိသော်။ သဟသာ၊ လျင်မြန်စွာ။ အဇ္စျပ္ပတ္တောဝ၊ ရောက်လေသလျှင်ကတည်း။ တေန ကာရဏေန၊ ထိုအကြောင်းကြောင့်။ သော သေနော၊ ထိုသိမ်းသည်။ မရဏံ၊ သေခြင်းသို့။ ဥပဂမိ၊ ရောက်လေ၏။

ထိုသိမ်းသည် သေခြင်းသို့ ရောက်သည်ရှိသော် ဗီလုံးငှက်သည် မြေစိုင်ခဲအကြားမှထွက်၍ စင်စစ်လျှင် ငါသည် ရန်သူ၏ပျက်စီးခြင်းကို မြင်အပ်၏ဟု ထိုဗီလုံးငှက်၏ နှလုံး၌ထား၍ ဝမ်းမြောက်ဝမ်းသာ ကျူးရင့်လိုရကား-

၃၆။ သောဟံ နယေန သမ္ပန္နော၊ ပေတ္တိကေ ဂေါစရေ ရတော။
အပေတသတ္တု မောဒါမိ၊ သမ္ပဿံ အတ္ထမတ္တနော။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၃၆။ နယေန၊ ဘေးမှလွတ်ခြင်း၏ အကြောင်းဖြစ်သော ဉာဏ်နှင့်။ သမ္ပန္နော၊ ပြည့်စုံသော။ သော အဟံ၊ ထိုငါသည်။ ပတ္တိကေ၊ အဘဥစ္စာဖြစ်သော။ ဂေါစရေ၊ ကျက်စားရာအရပ်၌။ ရတော၊ မွေ့လျော်သည်ရှိသော်။ အပေတသတ္တု၊ ရန်သူမှကင်းလွတ်သည်ဖြစ်၍။ အတ္တနော၊ မိမိ၏။ အတ္ထံ၊ ရောဂါကင်းသည်၏အဖြစ်ဟု ဆိုအပ်သော အစီးအပွားကို။ သမ္ပဿံ၊ ကောင်းစွာ မြင်ရခြင်းကြောင့်။ မောဒါမိ၊ ဝမ်းမြောက်ရ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ များစွာကုန်သောရဟန်းတို့သည် သောတာပတ္တိဖိုလ်အစရှိသည်တို့သို့ ရောက်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ သိမ်း ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗီလုံးငှက်ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

မိဘနှစ်ပါး၊ ကျက်စားစဉ်လာ၊ စွန့်ပစ်ခွါ၊ ဘေးသာ ဖြစ်တတ်လှ

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သကုဏဂ္ဃိဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သန္ထဝဝဂ်

၉။ အရကဇာတ်

မေတ္တာ၏ အကျိုးများ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယော ဝေ မေတ္တေန စိတ္တန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအရကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မေတ္တသုတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ တပါးသောအခါ၌ မြတ်စွာဘုရားသည် ရဟန်းတို့ကိုခေါ်တော်မူ၍ ရဟန်းတို့ ရိုသေစွာ မှီဝဲအပ်သော ပွားစေအပ်သော များစွာပြုအပ်သော က, သောယာဉ်ကိုကဲ့သို့ ပြုအပ်သော တည်ရာကဲ့သို့ ပြုအပ်သော ဆောက်တည်အပ်သော လေ့ကျက်အပ်သော ကောင်းစွာအားထုတ်အပ်သော မေတ္တာနှင့်ယှဉ်သောစေတောဝိမုတို့ကြောင့် တဆယ့်တပါးကုန်သောအကျိုးတို့သည် မချွတ်ဖြစ်ကုန်၏။ မေတ္တာအကျိုး တဆယ့်တပါးဟူသည် အဘယ်တို့နည်းဟူမူကား ချမ်းသာစွာ အိပ်ရ၏။ ချမ်းသာစွာ နိုးရ၏။ ယုတ်မာသော အိပ်မက်ကို မမြင်မက်ရ၊ လူတို့သည် ချစ်မြတ်နိုး၏။ နတ်တို့သည် ချစ်ကုန်၏။ နတ်တို့သည် စောင့်ကုန်၏။ ထိုမေတ္တာကို ပွားစေသောသူအား မီးသည်လည်း မလောင်နိုင်၊ အဆိပ်သည်လည်း မသင့်နိုင်၊ လက်နက်သည်လည်း မစူးရှနိုင်၊ ပျံ့လွှင့်သောစိတ်သည် လျင်မြန်စွာသာလျှင် တည်ကြည်၏။ မျက်နှာအဆင်းသည် အထူးသဖြင့် ကြည်လင်၏။ မတွေမဝေ သေရ၏။ မေတ္တာသမာပတ်ထက် လွန်မြတ်သော မဂ်ဖိုလ်ကို ထိုးထွင်း၍မသိနိုင်သည်ရှိသော် ဗြဟ္မာ့ပြည်သို့လားရ၏ ဤတဆယ့်တပါးတို့တည်း။

ရဟန်းကို ရိုသေစွာမှီဝဲအပ်သော များစွာပြုအပ်သော ပွားစေအပ်သော က, သောယာဉ်ကိုကဲ့သို့ပြုအပ်သော တည်ရာကိုကဲ့သို့ ပြုအပ်သော ဆောက်တည်အပ်သော လေ့ကျက်အပ်သော ကောင်းစွာအားထုတ်အပ်သော မေတ္တာနှင့်ယှဉ်သော စေတောဝိမုတို့ကြောင့် တဆယ့်တပါးကုန်သော ဤအကျိုးတို့သည် မချွတ်ဖြစ်ကုန်၏။ ဤသို့ ဤတဆယ့်တပါးကုန်သော အကျိုးကိုယူ၍တည်သော မေတ္တာဘာဝနာကို ချီးမွမ်းတော်မူ၍ ရဟန်းတို့ ရဟန်းမည်သည်ကား ခပ်သိမ်းကုန်သော သတ္တဝါတို့၌ ဩဒိဿက အနောဒိဿက၏ အစွမ်းအားဖြင့် မေတ္တာကိုပွားစေအပ်၏။ မိမိအစီးအပွားကို လိုသောသူကိုလည်း အစီးအပွားကို လိုသောစိတ်ဖြင့် နှံ့စေအပ်၏။ မိမိအစီးအပွားကို မလိုသောသူကိုလည်း အစီးအပွားကို လိုသောစိတ်ဖြင့် နှံ့စေအပ်၏။ မိမိအစီးအပွားကို လိုသည်လည်းမဟုတ် မလိုသည်လည်းမဟုတ် လျစ်လျူဖြစ်သောသူတို့ကိုလည်း အစီးအပွားကို လိုသောစိတ်ဖြင့် နှံ့စေအပ်၏။ ဤသို့ ခပ်သိမ်းကုန်သော သတ္တဝါတို့၌ ဩဒိဿက အနောဒိဿက၏ အစွမ်းအားဖြင့် မေတ္တာကို ပွားစေအပ်၏။ ကရုဏာကို ပွားစေအပ်၏။ မုဒိတာကို ပွားစေအပ်၏။ ဥပေက္ခာကို ပွားစေအပ်၏။ လေးပါးကုန်သော ဗြဟ္မဝိဟာရတို့၌ အမှုကိုပြုအပ်သလျှင်ကတည်း၊ ထိုစကားသည် မှန်၏။ ဤသို့ပြုသော ရဟန်းသည် မဂ်ကို၎င်း ဖိုလ်ကို၎င်း မရသော်လည်း ဗြဟ္မာပြည်သို့လားရသည် ဖြစ်၏။ ရှေးပညာရှိတို့သည်လည်း ခုနစ်နှစ်တို့ပတ်လုံး မေတ္တာကိုပွားစေ၍ ခုနစ်ပါးကုန်သော သံဝဋ္ဋ ဝိဝဋ္ဋကပ်တို့ပတ်လုံး ဗြဟ္မာပြည်၌ သာလျှင်နေဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ တခုသောကပ်၌ ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ကာမတို့ကိုပယ်ပြီးလျှင် ရသေ့ရဟန်း ပြု၍ ဗြဟ္မဝိဟာရတရား လေးပါးတို့ကိုရသော အရကအမည်ရှိသောဆရာဖြစ်၍ ဟိမဝန္တာအရပ်၌ နေ၏။ ထိုအရကဆရာအား များသောအခြံအရံရှိသည် ဖြစ်၏။ ထိုအရကဆရာသည် ရသေ့အပေါင်းကို ဆုံးမသည်ရှိသော် ရဟန်းမည်သည်ကား မေတ္တာကို ပွားစေအပ်၏။ ကရုဏာကိုစေအပ်၏။ မုဒိတာကို ပွားစေအပ်၏။ ဥပေက္ခာကို ပွားစေအပ်၏။ ထိုစကားသည် မှန်၏။ ထိုမေတ္တာစိတ်မည်သည်ကား အပ္ပနာသို့ ရောက်သည်ရှိသော် ဗြဟ္မာပြည်သို့လားရခြင်းကို ပြီးစေဟု မေတ္တာ၏ အကျိုးအာနိသင်ကို ပြလိုရကား-

၃၇။ ယော ဝေ မေတ္တေန စိတ္တေန၊ သဗ္ဗလောကာ နုကမ္ပတိ။
ဥဒ္ဓံ အဓော စ တိရိယံ၊ အပ္ပမာဏေန သဗ္ဗသော။
၃၈။ အပ္ပမာဏံ ဟိတံ စိတ္တံ၊ ပရိပုဏ္ဏံ သုဘာဝိတံ။
ယံ ပမာဏကတံ ကမ္မံ၊ န တံ တတြာဝသိဿတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၇။ ဘော ဣသိဂဏာ၊ အိုရသေ့အပေါင်းတို့။ ခတ္တိယာဒီသု ဝါ၊ မင်းအစရှိသည်တို့တွင်၎င်း။ သမဏဗြာဟ္မဏေသု ဝါ၊ ရဟန်းပုဏ္ဏားတို့တွင်၎င်း။ ယော၊ အကြင်သူသည်။ ဥဒ္ဓံ၊ မြေအပြင်မှ နေဝသညာနာသညာယတန ဗြဟ္မာပြည်တိုင်အောင်သော အရပ်ဟုဆိုအပ်သော အထက်မျက်နှာသည်၎င်း။ အဓော၊ မြေအပြင်မှ ဥဿဒငရဲတိုင်အောင်သော အရပ်ဟုဆိုအပ်သော အောက်မျက်နှာသည်၎င်း။ တိရိယဉ္စ၊ လူတို့ပြည်၌ အကြင်မျှလောက်ကုန်သော စကြဝဠာဟုဆိုအပ်ကုန်သော ဖီလာအရပ် မျက်နှာတို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ ဧတ္တကေ၊ ဤမျှအတိုင်းအရှည်ရှိသော။ ဌာနေ၊ အရပ်၌။ နိဗ္ဗတ္တာ၊ ဖြစ်ကုန်သော။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ အဝေရာ၊ ရန်မရှိကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ အဗျာပဇ္ဇာ၊ ကြောင့်ကြခြင်း မရှိကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ အနီဃာ၊ ဆင်းရဲခြင်းမရှိကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ သုခီ၊ ချမ်းသာခြင်း ရှိကုန်သည်။ ဟုတွာ၊ ဖြစ်ကုန်၍။ အတ္တာနံ၊ ကိုယ်ကို။ ပရိဟရန္တု၊ ဆောင်နိုင် စေကုန်သတည်း။ ဣတိ၊ ဤသို့။ သဗ္ဗသော-သဗ္ဗာကာရေန၊ ထက်အောက်ဖီလာ အရပ်မျက်နှာဟု ဆိုအပ်သော သုဂတိ ဒုဂ္ဂတိဖြစ်သော ခပ်သိမ်းသောအခြင်းအရာအားဖြင့်။ အပ္ပမာဏေန၊ အတိုင်းအရှည်မရှိသော။ မေတ္တေန၊ မေတ္တာနှင့်ယှဉ်သော။ စိတ္တေန၊ စိတ်ဖြင့်။ သဗ္ဗလောကံ၊ အလုံးစုံသော သတ္တလောကကို။ ဝေ၊ စင်စစ်။ အနုကမ္ပတိ၊ စောင့်ရှောက်၏။

֍ ဋ္ဌ ၃၈။ တဿ၊ ထိုသူ၏။ အပ္ပမာဏံ၊ အတိုင်းအရှည်မရှိသောသတ္တဝါလျှင် အာရုံရှိသည်ကို။ ကတွာ၊ ပြု၍။ သုဘာဝိတံ၊ ကောင်းစွာ ပွားစေအပ်သော။ ပရိပုဏ္ဏံ၊ ပြည့်စုံစွာသော။ သဗ္ဗသတ္တေသု၊ ခပ်သိမ်းသော သတ္တဝါတို့၌။ ဟိတံ၊ အစီးအပွားကို အလိုရှိသော။ ယံ စိတ္တံ၊ အကြင် ရူပါဝစရစိတ်၌ ယှဉ်သောကံသည်။ အတ္ထိ၊ ရှိ၏။ တတြ၊ ထိုရူပါဝစရကံ၌။ ပမာဏကတံ၊ အတိုင်းအရှည်အားဖြင့် ပြုအပ်သော။ ယံ ကမ္မံ၊ အကြင် ကာမာဝစရကံသည်။ အတ္ထိ၊ ရှိ၏။ တံ ကမ္မံ၊ ထိုကာမာဝစရကံသည်။ န အဝသိဿတိ၊ လွှမ်းမိုး၍ မတည်နိုင်။ အထ ခေါ၊ စင်စစ်သော်ကား။ ရူပါဝစရကမ္မမေဝ၊ ရူပါဝစရကံသည်သာလျှင်။ ကာမာဝစရကမ္မံ၊ ကာမာဝစရကံကို။ အဝသိဿတိ၊ လွှမ်းမိုး၍ တည်နိုင်၏။

ဤ ဂါထာတို့ဖြင့် ဘုရားလောင်းသည် တပည့်တို့အား မေတ္တာကို ပွားစေခြင်း၏အကျိုးကို ဟော၍ မယုတ်သောဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်၌ ဖြစ်၍ သံဝဋ္ဋဝိဝဋ္ဋ ခုနစ်ကပ်တို့ပတ်လုံး ဤလူ့ပြည်သို့တဖန် မလားမဖြစ်ကုန်။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ရသေ့အပေါင်းတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အရကအမည်ရှိသော ရသေ့အပေါင်းတို့၏ ဆရာဖြစ်ဘူးပြီ၊ ဤသိုဇာတ်ကို ပေါင်းတော်မူ၏။

မေတ္တာတရား၊ ပြည့်တုံငြား၊ ကျိုးကား ဆယ့်တစ်ရ

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော အရကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သန္ထဝဝဂ်

၁၀။ ကကဏ္ဋကဇာတ်

နာယံ ပုရေ ဥဏ္ဏမတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကကဏ္ဋကဇာတ်သည် မဟာဥမင်္ဂဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကကဏ္ဋကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကလျာဏဝဂ်

၁။ ကလျာဏဓမ္မဇာတ်

သူဌေး နှင့် ဘုရင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကလျာဏဓမ္မော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကလျာဏဓမ္မဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော နားပင်းသော ယောက္ခမကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ သာဝတ္ထိမြို့၌ တယောက်သော သူကြွယ်သည် သဒ္ဓါခြင်းနှင့် ပြည့်စုံ၏။ ကြည်ညိုခြင်း ရှိ၏။ ရတနာသုံးပါးသို့ ဆည်းကပ်၏။ ငါးပါးသောသီလနှင့်ပြည့်စုံ၏။ ထိုသူကြွယ်သည် တနေ့သ၌ များစွာကုန်သော ထောပတ်အစရှိကုန်သော ဆေးတို့ကို၎င်း ပန်းနံ့သာ, အဝတ်အစရှိသည်တို့ကို၎င်း ယူ၍ ဇေတဝန် ကျောင်းတော်ဝယ် မြတ်စွာဘုရားအထံတော်၌ တရားတော်ကိုနာအံ့သောငှါ သွား၏။ ထိုသူကြွယ်၏သွားသောကာလ၌ ယောက္ခမသည် ခဲဘွယ်ဘောဇဉ်ကိုယူ၍ သ္မီးကိုမြင်ခြင်းငှာ အလိုရှိသည်ဖြစ်၍ ထိုအိမ်သို့လာ၏။ ထိုယောက္ခမဖြစ်သော မိန်းမသည်လည်း အတန်ငယ်နားပင်းသည် ဖြစ်၏။ ထိုမိန်းမသည် သ္မီးနှင့်တကွ ထမင်းစားပြီး၍ ထမင်းဆီယစ်ခြင်းကို ဖျောက်လျှက် ချစ်သ္မီး သင့်လင်သည် သင်နှင့် ဝမ်းမြောက်ဝမ်းသာ ချစ်ခင်လျက် နေခြင်းကို ပြု၏လောဟု မေးလေ၏။ မိခင် အသို့ဆိုကုန်ဘိသနည်း၊ သင် မိခင်တို့၏သမက်သည် သီလအားဖြင့်၎င်း အကျင့်၏ ပြည့်စုံခြင်းအားဖြင့်၎င်း အကြင်သို့ သဘောရှိ၏။ ထိုသို့သဘောရှိသည်ကို ရဟန်းဖြစ်သောသူသည်လည်း ရခဲစွတကားဟုဆိုသည်ရှိသော် ဒါယိကာမသည် သ္မီး၏စကားကို ကောင်းစွာမမှတ်နိုင်၍ ရဟန်းဟူသောအသံကိုသာလျှင်ယူ၍ ချစ်သ္မီး အဘယ့်ကြောင့် သင်၏လင်သည် ရဟန်းပြုလေသနည်းဟု ကျယ်စွာသော အသံကိုပြု၏။ ထိုအသံကိုကြား၍ အိမ်အလုံး၌ နေကုန်သောသူတို့သည် ငါတို့၏သူကြွယ်သည် ရဟန်းပြုသတတ်ဟု မြည်တမ်းကြကုန်၏။ ထိုအိမ်သူတို့၏အသံကို ကြားကုန်၍ တံခါးဖြင့်သွားကုန်သော သူတို့သည် အဘယ်မည်သောအကြောင်းကြောင့် ငိုကုန်သနည်းဟု မေးကုန်၏။ ဤအိမ်၌ သူကြွယ်သည် ရဟန်းပြုသတတ်ဟု ဆိုကြကုန်၏။ ထိုသူကြွယ်သည်လည်း မြတ်စွာဘုရား၏တရားတော်ကို နာပြီးလျှင် ကျောင်းမှထွက်ခဲ့၍ မြို့သို့ဝင်လာ၏။ ထိုအခါ၌ ထိုသူကြွယ်ကို ခရီးအကြား၌သာလျှင် တယောက်သော ယောက်ျားကိုမြင်၍ အဆွေ သင်သည် ရဟန်းပြုသတတ်ဟု သင်၏အိမ်၌ သားမယား အခြွေအရံတို့သည် ငိုကြွေးမြည်တမ်းကြကုန်၏ဟု ဆို၏။

ထိုအခါ၌ ထိုသူကြွယ်အား ဤသောအကြံသည် ဖြစ်၏။ အဘယ်သို့ အကြံဖြစ်သနည်းဟူမူကား ရဟန်းမပြုသည်သာလျှင်ဖြစ်သော ငါ့ကို ရဟန်းပြုသတတ်ဟု ဆို၏။ ကောင်းသောအသံသည် ဖြစ်သလျှင်ကတည်း၊ ထိုကောင်းသောအသံကို မကွယ်စေအပ်၊ ယနေ့ပင်လျှင် ငါသည် ရဟန်း ပြုအံ့သောငှါသင့်၏ဟု ဤသို့အကြံဖြစ်၍ ထိုအကြံဖြစ်ပြီးသောနောက်မှ ပြန်၍ မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ဒါယကာ ယခုပင်လျှင် ငါဘုရားအား ခစားခြင်းကိုပြုပြီးလျှင် သွား၍ ယခုပင်လျှင် အဘယ်ကြောင့် ပြန်လာသနည်းဟု မိန့်တော်မူသည်ရှိသော် ထိုအကြောင်းကိုလျောက်၍ အရှင်ဘုရား ဖြစ်သော ကောင်းသော အသံမည်သည်ကို ကွယ်စိမ့်သောငှါ မသင့်၊ ထို့ကြောင့် ရဟန်းပြုလိုသည်ဖြစ်၍ လာပါသည်ဟု လျှောက်၏။ ထိုဒါယကာသည် ရှင်အဖြစ်ကို၎င်း ပဉ္စင်းအဖြစ်ကို၎င်းရ၍ ကောင်းစွာကျင့်သည်ဖြစ်၍ မကြာမြင့်မီသာလျှင် အရဟတ္တဖိုလ်သို့ ရောက်၏။ ဤအကြောင်းသည် ရဟန်းသံဃာအပေါင်း၌ ထင်ရှားသည် ဖြစ်သတတ်၊ ထိုအခါ တနေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် စကားကို ဖြစ်စေကုန်၏။ အဘယ်သို့ ဖြစ်စေကုန်သနည်းဟူမူကား ငါ့သျှင်တို့ ဤအမည်ရှိသော သူကြွယ်သည် ဖြစ်သော ကောင်းသောအသံကို မကွယ်စေအပ်ဟု ရဟန်း ပြု၍ ယခုအခါ၌ အရဟတ္တဖိုလ်သို့ ရောက်၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ရှေးပညာရှိတို့သည်လည်း ဖြစ်သော ကောင်းသောအသံကို ချွတ်ယွင်းစိမ့်သောငှါ မအပ်ဟု ရဟန်းပြုကုန်သည်သာလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူဌေးမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် အဘလွန်သဖြင့် သူဌေးအရာသို့ ရောက်၏။ ထိုဘုရားလောင်းသည် တနေ့သ၌ အိမ်မှထွက်၍ မင်း၏အနီးဖြစ်သော အရပ်သို့သွား၏။ ထိုအခါ၌ ထိုဘုရားလောင်း၏ ယောက္ခမသည် သ္မီးကိုကြည့်အံ့ဟူ၍ ထိုသ္မီး၏အိမ်သို့ သွားလေ၏။ ထိုဒါယိကာမသည် အတန်ငယ် နားပင်းသောသဘောရှိသည် ဖြစ်၏။ အလုံးစုံသော စကားသည် ပစ္စုပ္ပန်ဝတ္ထုနှင့် တူသလျှင်ကတည်း၊ ထိုဘုရားလောင်းကိုကား မင်း၏အနီးဖြစ်သော အရပ်သို့သွား၍ မိမိ၏အိမ်သို့ လာလတ်သည်ကိုမြင်၍ ယောက်ျားတယောက်သည် ရှင်သူဌေးတို့ ရဟန်းပြုကုန်သတတ်ဟု သင်တို့၏အိမ်၌ သည်းစွာငိုကြွေးမြည်တမ်းခြင်းကို ငိုကြွေးမြည်တမ်းကြကုန်၏ဟု ဆို၏။ ဘုရားလောင်းသည် ဖြစ်သော ကောင်းသော အသံမည်သည်ကို ကွယ်စေခြင်းငှါမသင့်ဟု ထိုအရပ်မှပြန်ပြီး၍ မင်း၏ အထံတော်သို့သွား၍ သူဌေးကြီး ယခုပင်လျှင်သွား၍ အဘယ့်ကြောင့် လာပြန်သနည်းဟု ဆိုသည်ရှိသော် မြတ်သော မင်းကြီး အကျွန်ုပ်တို့၏ အိမ်သူပေါင်းသည် အကျွန်ုပ်ကို ရဟန်းပြုသတတ်ဆို၍ ငိုကြွေးမြည်တမ်းကြကုန်၏။ စင်စစ်သဖြင့်လျှင် ဖြစ်သော ကောင်းသောအသံကို မကွယ်စေအပ်၊ ထို့ကြောင့် အကျွန်ုပ်သည် ရဟန်းပြုအံ့၊ ရဟန်းအဖြစ်ကို ခွင့်ပြုတော် မူပါလော့ဟု ထိုအကြောင်းကို ပြအံ့သောငှာ-

၄၁။ ကလျာဏဓမ္မောတိ ယဒါ ဇနိန္ဒ၊
လောကေ သမညံ အနုပါပုဏာတိ။
တသ္မာ န ဟိယျေထ နရော သပညော၊
ဟိရိယာပိ သန္တော ဓုရမာဒိယန္တိ။
၄၂။ သာယံ သမညာ ဣဓ မဇ္ဇ ပတ္တာ၊
ကလျာဏဓမ္မောတိ ဇနိန္ဒ လောကေ။
တာဟံ သမေက္ခံ ဣဓ ပဗ္ဗဇိဿ၊
န ဟိ မတ္ထိ ဆန္ဒော ဣဓ ကာမဘောဂေ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၄၁။ ဇနိန္ဒ၊ လူတို့ကို အစိုးရသောမင်းမြတ်။ လောကေ၊ လောက၌။ ကလျာဏဓမ္မော၊ ကောင်းသော သဘောရှိသော သူသည်။ ယဒါ၊ အကြင် အခါ၌။ သမညံ၊ သီလရှိသော ကောင်းသော တရားရှိသော ရဟန်းဟူသောအမည်ပညတ်သို့။ အနုပါပုဏာတိ၊ ရောက်၏။ သပညော၊ ပညာရှိသော။ နရော၊ သူမြတ်သည်။ တသ္မာ၊ ထိုသီလရှိသော ကောင်းသောတရားရှိသောသူ ရဟန်းဟူသောအမည်ပညတ်မှ။ န ဟိယျေထ၊ မယုတ်စေရာ။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သန္တော၊ သူတော်ကောင်းတို့မည်သည်ကား။ ဟိရိယာပိ၊ ဟိရီဖြင့်၎င်း။ ဩတ္တပ္ပေနပိ၊ ဩတ္တပ္ပဖြင့်၎င်း။ ဓုရံ၊ ရဟန်းအဖြစ်တည်းဟူသောဝန်ကို။ အာဒိယန္တိ၊ ယူကုန်၏။

֍ ဋ္ဌ ၄၂။ ဇနိန္ဒ၊ လူတို့ကို အစိုးရသောမင်းမြတ်။ ဣဓ လောကေ၊ ဤလောက၌။ ပဝတ္တာ၊ ဖြစ်သော။ သာယံ သမညာ၊ ထိုရဟန်းဟူသော အမည်နာမပညတ်သို့။ အဇ္ဇ၊ ယခုနေ့၌။ မယာ၊ အကျွန်ုပ်သည်။ ပတ္တာ၊ ရောက်အပ်၏။ ကလျာဏဓမ္မော၊ ကောင်းသော အကျင့်ရှိသော။ အဟံ၊ အကျွန်ုပ်သည်။ တံ၊ ထိုဂုဏ်၏အစွမ်းဖြင့်ရအပ်သော အမည်နာမပညတ်ကို။ သမေက္ခံ၊ ကောင်းစွာရှုလျက်။ ဣဓ၊ ဤလောက၌။ ပဗ္ဗဇိဿံ၊ ရဟန်းပြုအံ့။ ဣဓ၊ ဤလောက၌။ ကာမဘောဂေ၊ ကိလေသာကာမဖြင့် ဝတ္ထုကာမတို့ကို ခံစားခြင်း၌။ မေ၊ အကျွန်ုပ်အား။ ဆန္ဒာ၊ ဆန္ဒသည်။ န ဟိ အတ္ထိ၊ မရှိသလျှင်ကတည်း။

ဘုရားလောင်းသည် ဤသို့ဆို၍ မင်းကို ရဟန်းအဖြစ်ကို ခွင့်ပြုစေပြီးလျှင် ဟိမဝန္တာအရပ်၌ ရသေ့ရဟန်းပြု၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဗြဟ္မာပြည်သို့လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီသူဌေး ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

နိမိတ်ကောင်းက၊ ကောင်းကျိုးရ၊ မုချ ဖြစ်တတ်စွာ

ရှေးဦးစွာသော ကလျာဏဓမ္မဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကလျာဏဝဂ်

၂။ ဒဒ္ဒရဇာတ်

ခြင်္သေ့ကိုတုသော မြေခွေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကော နု သဒ္ဒေန မဟတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒဒ္ဒရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောကာလိကကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုကာလ၌ အကြားအမြင်များကုန်သော ရဟန်းတို့သည် ဆေးဒန်းမြင်းသီလာအပြင်၌ ဟောက်ကုန်သော ခြင်္သေ့မျိုးတို့ကဲ့သို့၎င်း ကောင်းကင်ပြင်၌စီးသောမြစ်ကို အောက်သို့ စီးစေကုန်ဘိသကဲ့သို့၎င်း သဃာ့အလယ်၌ အသံဖြင့်ဟောအပ်သောတရားကို ဟောကုန်၏။ ကောကာလိကသည် ထိုအကြားအမြင်များကုန်သော ရဟန်းတို့သည် အသံဖြင့်ဟောအပ်သောတရားကို ဟောကုန်သည်ရှိသော် မိမိအချည်းနှီး၏ အဖြစ်ကိုမသိမူ၍သာလျှင် ငါသည်လည်း အသံဖြင့်ဟောအပ်သောတရားကို ဟောအံ့ဟု ရဟန်းတို့၏အလယ်သို့ဝင်၍ ငါတို့အား အသံဖြင့် ဟောအပ်သောတရားကို ရဟန်းတို့သည် မရောက်စေကုန်၊ ငါတို့အား အကယ်၍ ရောက်စေကုန်ငြားအံ့ ငါတို့သည်လည်း ဟောချင်ပါကုန်၏ဟု သင်္ဃာ၏အမည်ကိုမယူမူ၍ ထိုထိုအရပ်၌ဆိုလျက် လှည့်လည်၏။ ထိုကောကာလိက၏ ထိုစကားသည် ရဟန်းသင်္ဃာ၌ ထင်ရှားသည် ဖြစ်၏။ ထိုရဟန်းတို့သည် ထိုကောကာလိကကို စုံစမ်းကုန်ဦးအံ့ဟူသောအမှတ်ဖြင့် ဤသို့ဆိုကုန်၏။ အဘယ်သို့ ဆိုကုန်သနည်းဟူမူကား ငါ့သျှင် ကောကာလိက ယနေ့ ရဟန်းသင်္ဃာအား အသံဖြင့် ဟောအပ်သောတရားကို ဟောလော့ဟု ဆိုကုန်၏။ ထိုကောကာလိကသည် မိမိ၏အစွမ်းကို မသိဘဲသာလျှင် ကောင်းပြီဟု ဝန်ခံ၍ ယနေ့ အသံဖြင့်ဟောအပ်သောတရားကို ဟောအံ့ဟု မိမိအားရောက်သော ယာဂုကို သောက်၏။ ခဲဘွယ်ကို ခဲ၏။ လျောက်ပတ်သည်သာလျှင်ဖြစ်သော ဟင်းဖြင့်စား၏။

နေဝင်၍ တရားနာအံ့သောကာလကို ကြွေးကြော်သည်ရှိသော် ရဟန်း အပေါင်းသည် စည်းဝေး၏။ ထိုကောာလိကသည် လိပ်သရွှေပန်းအဆင်းနှင့်တူသော သင်းပိုင်ကိုဝတ်၍ မဟာလှေကားပန်းအဆင်းနှင့်တူသော သင်္ကန်းကိုရုံ၍ သင်္ဃာအလယ်သို့ဝင်၍ သီတင်းကြီးသောရဟန်းတို့ကို ရှိခိုး၍ တန်ဆာဆင်အပ်သော ရတနာမဏ္ဍပ်၌ ခင်းအပ်သော ဓမ္မကထိကတို့၏နေရာသို့တက်၍ ဆန်းကြယ်သောယပ်ကိုကိုင်၍ အသံဖြင့်ဟောအပ်သောတရားကို ဟောအံ့ဟူ၍ နေ၏။ ထိုခဏ၌သာလျှင် ကောကာလိက၏ကိုယ်မှ ချွေးတို့သည် ယိုကုန်၏။ ရွံရှာသည်၏ အဖြစ်သည်လည်း သက်ဝင်၏။ ဟောဦးစ၌ ပဌမပုဒ်ကိုဟော၍ ပဌမပုဒ်မှတပါးကို မမြင်သလျှင်ကတည်း၊ ထိုကောကာလိကသည် တုန်လှုပ်လျက် နေရာမှသက်၍ ရှက်စနိုးသည်ဖြစ်၍ သင်္ဃာ့အလယ်မှဖဲ၍ မိမိ၏ ပရိဝုဏ်သို့ သွားလေ၏။ တပါးသော အကြား အမြင်များသောရဟန်းသည် အသံဖြင့်ဟောအပ်သော တရားကို ဟော၏။ ထိုအခါမှစ၍ ရဟန်းတို့သည် ထိုကောကာလိက၏ အချည်းနှီး၏အဖြစ်ကို သိကုန်၏။ ထိုအခါ တနေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် ငါ့သျှင်တို့ ရှေးဦးစွာသော ကောကာလိက၏ အချည်းနှီး၏ အဖြစ်ကို သိနိုင်ခဲ့၏။ ယခုအခါ၌ကား မိမိသည်မြွက်၍ ထိုကောကာလိက၏ ထိုအချည်း နှီး၏အဖြစ်သည် ထင်ရှား၏ဟု စကားကိုဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ကောကာလိကသည် ယခုအခါ၌သာလျှင် ဤကဲ့သို့ဆို၍ မိမိ၏ အချည်းနှီးအဖြစ်သည် ထင်ရှားသည်မဟုတ်သေး၊ ရှေး ၌လည်း ဤကဲ့သို့ဆို၍ ထင်ရှားသည် ဖြစ်ဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်တို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်ဝယ် ခြင်္သေ့မျိုး၌ဖြစ်၍ များစွာကုန်သောခြင်္သေ့တို့၏ မင်းဖြစ်၏။ ထိုခြင်္သေ့မင်းသည် များစွာသောခြင်္သေ့အပေါင်းခြံရံလျက် ဂူ၌နေ၏။ ထိုဂူအနီး၌ တခုသော မြေခွေးသည်လည်း နေ၏။ ထိုအခါ တနေ့သ၌ မိုဃ်းသည် ရွာ၍စဲသည်ရှိသော် ခပ်သိမ်းကုန်သောခြင်္သေ့တို့သည် ခြင်္သေ့မင်း၏ဂူတံခါး၌ စည်းဝေးကုန်၍ ခြင်္သေ့သံကိုဟောက်ကုန်လျက် ခြင်္သေ့တို့၏ ကစားမြူးထူးခြင်းဖြင့် မြူထူးကုန်၏။ ထိုခြင်္သေ့တို့၏ ဤသို့ဟောက်ကုန်၍ ကစားမြူထူးသောကာလ၌ ထိုမြေခွေးသည်လည်း ဟောင်၏။ ခြင်္သေ့တို့သည် ထိုမြေခွေး၏အသံကိုကြားကုန်၍ ဤမြေခွေးသည် ငါတို့နှင့်တကွ ဟောင်၏ဟု ရှက်စနိုးကုန်၍ ဆိတ်ဆိတ်နေကုန်၏။ ခြင်္သေ့တို့၏ ဆိတ်ဆိတ်နေသော ကာလ၌ ဘုရားလောင်း၏သားဖြစ်သော ခြင်္သေ့ငယ်သည် ဤခြင်္သေ့တို့သည် ဟောက်ကုန်၍ ခြင်္သေ့တို့၏ကစားမြူးထူးခြင်းဖြင့် ကစားမြူထူးကုန်စဉ် ထိုသတ္တဝါ၏အသံကို ကြားကုန်၍ ရှက်ခြင်းကြောင့် ဆိတ်ဆိတ်နေသည် ဖြစ်ကုန်၏။ သားအမျိုးကိုအစိုးရသော ခြင်္သေ့မင်း အကြင်သတ္တဝါသည် မိမိ၏အသံဖြင့် မိမိကိုယ်ကို သိစေ၏။ ဤသတ္တဝါသည် အဘယ်မည်သော သတ္တဝါနည်းဟု အဘခြင်္သေ့မင်းကို မေးလိုရကား-

၄၃။ ကော နု သဒ္ဒေန မဟတာ၊ အဘိနာဒေတိ ဒဒ္ဒရံ။
တံ သီဟာ နပ္ပဋိနဒန္တိ၊ ကော နာမေသော မိဂါဓိဘူ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၃။ မိဂါဓိဘူ၊ သားများသေဌ်နင်း ခြင်္သေ့မင်း။ ယော၊ အကြင်သတ္တဝါသည်။ မဟတာ၊ သည်းစွာသော။ သဗ္ဗေန၊ အသံဖြင့်။ ဒဒ္ဒရံ၊ ငွေတောင်ကို။ အဘိနာဒေတိ၊ ပဲ့တင်ထပ်စေ၏။ သော၊ ထိုသတ္တဝါသည်။ ကော နု၊ အဘယ်မည်သော သတ္တဝါနည်း။ ယဿ၊ အကြင်သတ္တဝါ၏။ တံ သဒ္ဒံ၊ ထိုအသံကို။ သီဟာ၊ ခြင်္သေ့တို့သည်။ နပ္ပဋိနဒန္တိ၊ အသံပြု၍ မဟောက်ကြကုန်။ ဧသော၊ ဤသတ္တဝါသည်။ ကော နာမ၊ အဘယ်မည်သော သတ္တဝါနည်း။

ထိုအခါ၌ ထိုခြင်္သေ့၏စကားကို ကြား၍ အဘခြင်္သေ့မင်းသည်-

၄၄။ အဓမ္မော မိဂဇာတာနံ၊ သိင်္ဂါလော တာတ ဝဿတိ။
ဇာတိမဿ ဇိဂုစ္ဆန္တော၊ တုဏှီ သီဟာ သမစ္စရေ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၄။ တာတ၊ ချစ်သား။ မိဂဇာတာနံ၊ သားမျိုးတို့တွင်။ အဓမ္မော၊ ယုတ်မာသော။ သိင်္ဂါလော၊ မြေခွေးသည်။ ဝဿတိ၊ ဟောင်၏။ အဿ၊ ထိုမြေခွေး၏။ ဇာတိံ၊ အမျိုးကို။ ဇိဂုစ္ဆန္တော၊ ရွံရှာကုန်သည်ဖြစ်၍။ သီဟာ၊ ခြင်္သေ့တို့သည်။ တုဏှီ၊ ဆိတ်ဆိတ်ဖြစ်ကုန်၍။ သမစ္စရေ၊ နေကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ကောကာလိကသည် ယခုအခါ၌သာလျှင် မိမိကိုယ်ကို ထင်ရှားသည်ကို ပြုသည်ကား မဟုတ်သေး၊ ရှေး၌လည်း ပြုဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ ကောကာလိကသည် ထိုအခါ မြေခွေးဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ ခြင်္သေ့ငယ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခြင်္သေ့မင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

မတူဘဲတု၊ ဝင့်ဝါမှု၊ လူထု စက်ဆုပ်ဘွယ်

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဒဒ္ဒရဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကလျာဏဝဂ်

၃။ မက္ကဋဇာတ်

ရသေ့ နှင့် မျောက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် တာတ မာဏဝကော ဧသော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ မက္ကဋဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သောအံ့ဘွယ်သရဲကို ဖြစ်စေတတ်သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် ပကိဏ္ဏကနိပါတ် ဥဒ္ဒါလကဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ထိုအခါ၌ကား မြတ်စွာဘုရားသည် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သည်မဟုတ်သေး၊ ရှေး၌လည်း မျောက်ဖြစ်၍ မီးဟူ သောအကြောင်းကြောင့်အံ့ဘွယ်၏အဖြစ်ကို ပြုဘူးသည်သာလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသော ကာသိကရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ အတတ်သင်၍ အိမ်ရာထောင်ခြင်းကို ဖြစ်စေ၏။ ထိုအခါ၌ ထိုဘုရားလောင်း၏ ပုဏ္ဏေးမသည် တယောက်သောသားကို ဖွား၍ သား၏ ရှေးရှုထက်ဝန်းကျင်ပြေး၍ သွားနိုင်သောကာလ၌ ပုဏ္ဏေးမသည် သေ၏။ ဘုရားလောင်းသည် ထိုပုဏ္ဏေးမ၏ သူသေကိစ္စကိုပြု၍ ငါ့အား အိမ်ရာထောင်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု သားကိုယူ၍ ရဟန်းပြုအံ့ဟု မျက်ရည်တို့ဖြင့်ပြည့်သောမျက်နှာရှိသော အမျိုးအဆွေအပေါင်းကိုစွန့်၍ သားကိုယူ၍ ဟိမဝန္တာသို့ဝင်ပြီးလျှင် ရသေ့ရဟန်းပြု၍ အလိုလိုသာလျှင်ဖြစ်သော သစ်မြစ်သစ်သီးဟူသော အာဟာရရှိသည် ဖြစ်၍ နေ၏။ ထိုဘုရားလောင်းသည် တနေ့သ၌ မိုဃ်းတွင်းကာလဝယ် မုဃ်းရွာသည်ရှိသော် မြတ်ကုန်သောထင်းတို့ကို မီးညှိ၍လှုံလျက် သစ်ပျဉ်များ၏ အလယ်၌ အိပ်၏။ ထိုဘုရားလောင်း၏ သားဖြစ်သောရသေ့ငယ်သည်လည်း ခြေတို့ကိုဆုပ်နယ်လျှက်သာလျှင် နေ၏။

ထိုအခါ တခုသော တောမျောက်သည် အချမ်းဖြင့်နှိပ်စက်အပ်သည်ဖြစ်၍ ထိုဘုရားလောင်း၏ သစ်ရွက်ဖြင့်မိုးသောကျောင်း၌ ထိုမီးကိုမြင်၍ ငါသည် ထိုကျောင်းသို့ အကယ်၍ဝင်အံ့၊ မျောက် မျောက်ဟူ၍ ငါ့ကို ရိုက်ကုန်၍ ထုတ်ကုန်လတ္တံ့၊ မီးကိုလှုံအံ့သောငှါ မရလတ္တံ့၊ ယခုအခါ၌ ငါ့အား အကြောင်းရှိ၏။ ရသေ့တို့၏အသွင်ကိုယူ၍ ရသေ့၏ အဖြစ်ကိုပြု၍ သွားအံ့ဟု ကြံ၍ တပါးသော သေလေပြီးသောရသေ့၏ သင်္ကန်းတို့ကိုဝတ်ရုံ၍ ခြင်းတောင်းကို၎င်း ချွန်းရိုးကို၎င်းကိုင်၍ သစ်ရွက်ဖြင့်မိုးသော ကျောင်းတံခါး၌ တခုသောထန်းပင်ကိုမှီ၍ ဆောင့်ကြောင့်ထိုင်လျှက် နေ၏။ ရသေ့ငယ်သည် ထိုမျောက်ကိုမြင်၍ မျောက်၏အဖြစ်ကိုမသိသည်ဖြစ်၍ တပါးသောရသေ့အိုသည် အချမ်းဖြင့်နှိပ်စက်အပ်သည်ဖြစ်၍ မီးလှုံအံ့သောငှါ လာသည် ဖြစ်လတ္တံ့ဟု အောက်မေ့၍ အဘဖြစ်သော ရသေ့အားဆို၍ ထိုရသေ့အိုကို သစ်ရွက်ဖြင့် မိုးအပ်သောကျောင်းကို ဝင်စေ၍ မီးလှုံစေအံ့ဟု ကြံ၍ အဘကို ခေါ်လိုရကား-

၄၅။ တာတ မာဏဝကော ဧသော၊ တာလမူလံ အပဿိတော။
အဂါရကဉ္စိဒံ အတ္ထိ၊ ဟန္ဒ ဒေမဿဂါရကံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၅။ တာတ၊ ဘခင်။ ဧသော မာဏဝကော၊ ဤရသေ့သည်။ တာလမူလံ၊ ထန်းတုံးကို။ အပဿိတော၊ မှီ၍နေ၏။ အမှာကံ၊ ငါတို့အား။ ဣဒဉ္စ အဂါရကံ၊ ဤမီးတင်းကုပ်သည်လည်း။ အတ္ထိ၊ ရှိ၏။ ဟန္ဒ၊ ချမ်းခြင်းဟူသော ဘေးကြောင့်။ အာဂတဿ၊ လာသော။ အဿ၊ ထိုရသေ့အား။ အဂါရကံ၊ မီးတင်းကုပ်ကို။ ဒေမ၊ ပေးကုန်အံ့။

ဘုရားလောင်းသည် သား၏စကားကိုကြားလျှင် ထ၍ သစ်ရွက်ဖြင့်မိုးအပ်သော ကျောင်းတံခါး၌ရပ်၍ ကြည့်သည်ရှိသော် ထိုသတ္တဝါ၏ မျောက်၏အဖြစ်ကိုသိ၍ အမောင် လူတို့၏ မျက်နှာမည်သည်ကား ဤသို့ သဘောရှိသည်မဖြစ်၊ ဤသတ္တဝါသည် မျောက်တည်း၊ ကျောင်းတွင်းသို့ မခေါ်အပ်ဟုဆိုလိုရကား-

၄၆။ မာ ခေါ တွံ တာတ ပက္ကောသိ၊ ဒူသေယျ နော အဂါရကံ။
နေတာဒိသံ မုခံ ဟောတိ၊ ဗြာဟ္မဏဿ သုသီလိနော။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၆။ တာတ၊ ချစ်သား။ သုသီလိနော၊ ကောင်းသော သီလရှိသော။ ဗြဟ္မဏဿ၊ ရသေ့၏။ မုခံ၊ မျက်နှာသည်။ ဧတာဒိသံ၊ ထိုသို့ သဘောရှိသည်။ န ဟောတိ၊ မဖြစ်။ ဧသော၊ ဤသတ္တဝါသည်။ မက္ကဋော၊ မျောက်တည်း။ အယံ၊ ဤမျောက်သည်။ ဣဓ၊ ဤကျောင်းတွင်းသို့။ ပဝိဋ္ဌော၊ ဝင်လာသည်ရှိသော်။ နော၊ ငါတို့၏။ အဂါရကံ၊ ကျောင်းကို။ ဒူသေယျ၊ ဖျက်ဆီးရာ၏။ တွံ၊ သင်သည်။ မာ ခေါ ပဏ္ဏာသိ၊ မခေါ်လင့်။

ဤသတ္တဝါသည် မျောက်တည်းဟုဆို၍ ဘုရားလောင်းသည် မီးစတခုကိုယူ၍ ဤအရပ်တွင်မနေလင့်ဟု ပစ်လိုက်၍ ထိုမျောက်ကို ပြေးစေ၏။ မျောက်သည် သင်္ကန်းတို့ကိုစွန့်၍ သစ်ပင်သို့တက်၍ တောအုပ်တွင်းသို့ ဝင်လေ၏။ ဘုရားလောင်းသည် ဗြဟ္မဝိဟာရတရားလေးပါးတို့ကို ပွားစေ၍ ဗြဟ္မာ့ပြည်သို့လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါအံ့ဘွယ်သရဲကို ဖြစ်စေတတ်သောရဟန်းသည် ထိုအခါ မျောက်ဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ သားရသေ့ငယ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

ရသေ့သို့ယောင်၊ အသွင်ဆောင်၊ မျောက်လှောင်အံ့ဘွယ်ပြ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော မက္ကဋဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကလျာဏဝဂ်

၄။ ဒုဗ္ဘိယမက္ကဋဇာတ်

ပုဏ္ဏား နှင့် မျောက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အဒမှ တေ ဝါရိ ပဟူတရူပံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒုဗ္ဘိယမက္ကဋဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ တနေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် ဒေဝဒတ်၏ ကျေးဇူးမသိတတ်သည်၏အဖြစ် အဆွေ ခင်ပွန်းပြစ်မှားတတ်သည်၏ အဖြစ်ကို ပြောဆိုလျက် နေကြကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ကျေးဇူးမသိတတ်သည် အဆွေခင်ပွန်းကို ပြစ်မှားတတ်သည် မဟုတ်သေး၊ ရှေး၌လည်း ဤသို့သဘောရှိသည် ဖြစ်ဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသော ကာသိကရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် အိမ်ရာ ထောင်ခြင်းကို ဖြစ်စေ၏။ ထိုအခါ ကာသိကတိုင်း၌ ခရီးလမ်းမကြီး၏ အနီး၌ နက်သော တိရစ္ဆာန်တို့၏ဆင်းသက်၍သောက်ခြင်းငှာ မတတ်ကောင်းသော တခုသာ ရေတွင်းသည် ဖြစ်၏။ ခရီးသွားကုန်သော ကောင်းမှုကိုအလိုရှိကုန်သော လူတို့သည် ကြိုးရှည်ဖြင့်ဖွဲ့သောအိုးဖြင့် ရေကိုငင်၍ တခုသောကျင်း၌ပြည့်စေ၍ တိရစ္ဆာန်တို့အား ရေကိုပေးကုန်၏။ ထိုရေတွင်း၏ ထက်ဝန်းကျင်မှ ကြီးစွာသောတောသည် ရှိ၏။ ထိုတော၌ များစွာကုန်သော မျောက်တို့သည် နေကုန်၏။ ထိုအခါ ထိုလမ်း၌ နှစ်ရက်သုံးရက်တို့ပတ်လုံး လူတို့၏ အသွားအလာလည်းပြတ်၍ တိရစ္ဆာန်တို့သည် ရေကို မရကုန်၊ မျောက်တခုသည် ရေငတ်ခြင်းနှိပ်စက်အပ်သည်ဖြစ်၍ ရေကိုရှာလျက် ရေတွင်း၏ အနီး၌ သွား၏။ ဘုရားလောင်းသည် တစုံတခုသောပြုဘွယ်ကိစ္စကြောင့် ထိုလမ်းသို့သွား၍ ရောက်သည်ရှိသော် ထိုရေတွင်း၌ ရေကိုငင်၍သောက်ပြီးလျှင် လက်ခြေကိုဆေး၍ ရပ်သည်ရှိသော် ထိုမျောက်ကိုမြင်၏။ ထိုအခါ၌ ထိုမျောက်၏ ရေငတ်သည်၏အဖြစ်ကိုသိ၍ ရေကိုငင်၍ ကျင်း၌ လောင်း၍ ပေး၏။ ပေးပြီး၍ကား အပင်အပန်းဖြေအံ့ဟု တခုသောသစ်ပင်ရင်း၌ လျောင်း၏။ မျောက်သည် ရေကိုသောက်၍ မနီးမဝေးသောအရပ်၌နေ၍ နှုတ်သီးဖြင့် ဘောက်ပြန်သော ရှုဘွယ်ရှိသည်ကိုပြုလျှက် ဘုရားလောင်းကို ချောက်၏။ ဘုရားလောင်းသည် ထိုမျောက်၏ အမူအရာကိုမြင်၍ ဟယ် ... ပျက်ချော်သောမျောက် ငါသည် ရေငတ်သည်ဖြစ်၍ ပင်ပန်းသောသင့်အား များစွာသောရေကို ပေး၏။ သင်သည် ယခုအခါ၌ ငါ့အား နှုတ်သီးဖြင့် ဘောက်ပြန်သော ရှုဘွယ်ရှိသည်ကိုပြုဘိ၏။ ယုတ်သောသူအား ပြုအပ်သော ကျေးဇူးပြုခြင်းမည်သည်ကား အကျိုးမဲ့တကားဟုဆိုလို၍-

၄၇။ အဒမှ တေ ဝါရိ ပဟူတရူပံ၊
ဃမ္မာဘိတတ္တဿ ပိပါသိတဿ။
သော ဒါနီ ပိတွာန ကိရိင်္ကရောသိ၊
အသင်္ဂမော ပါပဇနေန သေယျော။

ဟူသော ရှေးဦးစွာသော ဂါထာကို ဆို၏။

֍ ဋ္ဌ ၄၇။ ဟရေ ဒုဋ္ဌမက္ကဋက၊ ဟယ်... ပျက်ချော်သော မျောက်။ ဃမ္မာဘိတတ္တဿ၊ အပူနှိပ်စက်သည်ဖြစ်၍။ ပိပါသိတဿ၊ ရေငတ်သော။ တေ၊ သင့်အား။ ပဟူတရူပံ၊ များစွာသော။ ဝါရိ၊ ရေကို။ အဒမှ၊ ငါတို့ပေးကုန်၏။ သော၊ ထိုသင်သည်။ ဣဒါနိ၊ ယခု၌။ ပိတွာန၊ သောက်ပြီး၍။ ကိရိင်္ကရောသိ၊ ကိရိ ကိရိဟူသော အသံကိုပြု၏။ ပါပဇနေန၊ ယုတ်မာသောသူနှင့်။ အသင်္ဂမော၊ မပေါင်းဘော်ရခြင်းသည်သာလျှင်။ သေယျော၊ ကောင်းမြတ်၏။

ထိုအဆွေခင်ပွန်း ပြစ်မှားတတ်သောမျောက်သည် ထိုစကားကိုကြား၍ သင်သည် ဤမျှဖြင့်သာလျှင် ထိုပြစ်မှားသောအမှုကို ပြီးပြီဟူသော အမှတ်ကိုပြု၏။ ယခုအခါ၌ သင်၏ဦးခေါင်းပေါ်၌ မစင်ကိုချ၍ သွားအံ့ဟုဆိုလိုရကား-

၄၈။ ကော တေ သုတော ဝါ ဒိဋ္ဌာ ဝါ၊ သီလဝါ နာမ မက္ကဋော။
ဣဒါနိ ခေါ တံ ဩဟစ္ဆံ၊ ဧသာ အသ္မာက ဓမ္မတာ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၈။ ဘော ဗြာဟ္မဏ၊ အို ပုဏ္ဏား။ သီလဝါ၊ သီလရှိသော။ မက္ကဋော နာမ၊ မျောက်မည်သည်ကား။ အတ္ထီတိ၊ ရှိ၏ဟူ၍။ တေ၊ သင်သည်။ ကော၊ အဘယ်မှာ။ သုတော ဝါ၊ ကြားမူလည်း ကြားဘူးပါသနည်း။ ဒိဋ္ဌော ဝါ၊ မြင်မူလည်း မြင်ဘူးပါသနည်း။ ဣဒါနိ ခေါ၊ ယခုအခါ၌သာလျှင်။ အဟံ၊ ငါသည်။ တံ၊ သင့်ဦးခေါင်းပေါ်ကို။ ဩဟစ္ဆံ၊ ကျင်ကြီးစွန့်လိုက်ရဦးအံ့။ ဧသာ၊ ဤသို့ ကျင်ကြီးကိုစွန့်ခြင်းသည်။ အသ္မာကံ၊ မျောက်မျိုးဖြစ်ရသော ငါတို့၏။ ဓမ္မတာ၊ သဘောတည်း။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ထ၍သွားအံ့သောငှါ အားထုတ်၏။ မျောက်သည် ထိုခဏ၌သာလျှင် ခုန်၍ သစ်ခက်၌ထိုင်ပြီးလျှင် တွဲလျားဆွဲလျက် သက်ဘိသကဲ့သိုပြု၍ ထိုဘုရားလောင်း ဦးခေါင်း၌ ကျင်ကြီးကိုချ၍ မြည်လျက် တောအုပ်သို့ ဝင်လေ၏။ ဘုရားလောင်းသည် ရေချိုး၍ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ပြုအပ်သောကျေးဇူးကို မသိသည် မဟုတ်သေး၊ ရှေး၌လည်း ငါသည် ပြုအပ်သောကျေးဇူးကို မသိသည်သာလျှင်ကတည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မျောက်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုဏ္ဏားဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးရှိမှ၊ ကျေးစွတ်ရ၊ နှိုင်းဆ ဆင်ခြင်ရာ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဒုဗ္ဘိယမက္ကဋဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကလျာဏဝဂ်

၅။ အာဒိစ္စုပဋ္ဌာနဇာတ်

ရသေ့ နှင့် မျောက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သဗ္ဗေသု ကိရ ဘူတေသု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအာဒိစ္စုပဋ္ဌာနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သောအံ့ဘွယ်သရဲကို ဖြစ်စေတတ်သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် အောက်၌ဆိုအပ်ပြီးသည်နှင့် တူသလျှင်တည်း။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိကတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းကုန်သောအတတ်တို့ကိုသင်၍ ရသေ့ရဟန်းပြုပြီးလျှင် အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ များသောအခြံအရံရှိသော ရသေ့အပေါင်းတို့၏ ဆရာဖြစ်၍ ဟိမဝန္တာအရပ်၌နေ၏။ ထိုဘုရားလောင်းသည် ထိုဟိမဝန္တာ၌ ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှါ တောင်မှသက်၍ အရပ်စွန်၌ တခုသော ရွာကိုမှီ၍ သစ်ရွက်ဖြင့် မိုးအပ်သောကျောင်း၌ နေ၏။ ထိုအခါ၌ တခုသော လျှပ်ပေါ်သော မျောက်သည် ရသေ့အပေါင်းတို့ ဆွမ်းခံအံ့သောငှါ သွားသည်ရှိသော်ညရသေ့တို့၏ နေရာအရပ်သို့လာလတ်၍ သစ်ရွက်ဖြင့်မိုးအပ်သော ကျောင်း၏အပေါ်၌ မြူးခုန်ကစား ပြေးလွှားခြင်းတို့ကိုပြု၏။ သောက်ရေအိုး၌ ရေကိုစွန့်၏။ ကရားကို ခွဲ၏။ မီးတင်း ကုပ်၌ ကျင်ကြီးကို စွန့်၏။ ရသေ့တို့သည် မိုးဃ်းလပတ်လုံးနေကုန်၍ ယခုအခါဟိမဝန္တာ၌ အပွင့်အသီးနှင့် ပြည့်စုံသည်ဖြစ်၍ မွေ့လျော်ဘွယ်ရှိလေအံ့၊ ထိုဟိမဝန္တာသို့သာလျှင် သွားကြကုန်အံ့ဟု အရပ်စွန်၌နေသော ဒါယကာတို့ကို ပန်ကြားကုန်၏။ လူတို့သည် အရှင်ဘုရားတို့ နက်ဖြန် အကျွန်ုပ်တို့သည် ဆွမ်းကိုယူကုန်၍ အရှင်မြတ်တို့၏ နေရာအရပ်သို့ လာပါကုန်အံ့၊ ထိုဆွမ်းကို ဘုဉ်းပေးတော်မူကုန်၍ ကြွတော်မူကုန်လော့ဟု လျောက်ကုန်၍ နှစ်ရက်မြောက်သောနေ့၌ များစွာသော ခဲဘွယ်ကို၎င်း ဘောဇဉ်ကို၎င်း ယူခဲ့ကုန်၍ ထိုကျောင်းသို့ လာကြကုန်၏။ ထိုမျောက်သည် ထိုခဲဘွယ်ဘောဇဉ်ကိုမြင်၍ ငါသည်အံ့ဘွယ်ပြုသည်၏အဖြစ်ကိုပြု၍ လူတို့ကိုနှစ်သက်စေ၍ ငါ့အားလည်း ခဲဘွယ်ကို၎င်း ဘောဇဉ်ကို၎င်း ပေးစေအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုမျောက်သည် ရသေ့တို့၏အကျင့်ကို ကျင့်သကဲ့သို့ဖြစ်၍ ရသေ့တို့၏ မနီးမဝေးသောအရပ်၌ နေကိုရှိခိုးလျှက်သာလျှင် ရပ်၏။ လူတို့သည် ထိုမျောက်ကိုမြင်ကုန်၍ သီလရှိကုန်သော သူတို့၏အထံ၌ နေခြင်းကြောင့် သီလရှိသည်ဖြစ်၏ဟု ဆို၍-

၄၉။ သဗ္ဗေသု ကိရ ဘူတေသု၊ သန္တိ သီလသမာဟိတာ။
ပဿ သာခမိဂံ ဇမ္မံ၊ အာဒိစ္စမုပတိဋ္ဌတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆိုကုန်၏။

֍ ဋ္ဌ ၄၉။ သဗ္ဗေသု၊ ခပ်သိမ်းကုန်သော။ ဘူတေသု၊ သတ္တဝါတို့၌။ သီလသမာဟိတာ၊ သီလနှင့် ပြည့်စုံကုန်သော သတ္တဝါတို့သည်။ သန္တိ ကိရ၊ ရှိကုန်သတတ်။ ဇမ္မံ၊ ယုတ်မာသော။ သာခမိဂံ၊ မျောက်ကို။ ပဿ၊ ရှုလော့။ အယံ၊ ဤမျောက်သည်။ အာဒိစ္စံ၊ နေကို။ ဥပတိဋ္ဌတိ၊ ရှိခိုးလျှက်တည်၏။

ဤသို့ ထိုမျောက်၏ကျေးဇူးကိုဆိုကုန်သော ထိုလူတို့ကို ဘုရားလောင်းသည်မြင်၍ သင်တို့သည် ဤသို့ လျှပ်ပေါ်သောမျောက်၏ သီလအကျင့်ကိုမသိကုန်၍ အရာမဟုတ်သည်၌ သာလျှင် ကြည်ညိုကုန်၏ ဟု ဆို၍-

၅၀။ နာဿ သီလံ ဝိဇာနာထ၊ အနညာယ ပသံသထ။
အဂ္ဂိဟုတ္တဉ္စ ဥဟန္နံ၊ ဒွေ စ ဘိန္နာ ကမဏ္ဍလူ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၀။ ဘောန္တော၊ အို ဒါယကာတို့။ တုမှေ၊ သင်တို့သည်။ အဿ၊ ထိုမျောက်ယုတ်မာ၏။ သီလံ၊ သီလကို။ န ဝိဇာနာထ၊ မသိကုန်။ အနညာယ၊ မသိကုန်၍။ ပသံသထ၊ ချီးမွမ်းကုန်၏။ ဣမိနာ ပါပမက္ကဋေန၊ ဤမျောက်ယုတ်မာသည်။ အမှာကံ၊ ငါရှိ၏။ အဂ္ဂိုဟုတ္တဉ္စ၊ မီးတင်းကုပ်ကိုလည်း။ ဥဟန္နံ၊ ကျင်ကြီးစွန့်အပ်၏။ ဒွေ ကမဏ္ဍလူ စ၊ ကရားနှစ်ခုတို့ကိုလည်း။ ဘိန္နာ၊ ခွဲအပ်ကုန်၏။

ဤသို့ ဘုရားလောင်းသည် ထိုမျောက်၏ကျေးဇူးမဲ့ကို ဆို၏။ လူတို့သည် မျောက်၏အံ့ဘွယ်ကိုဖြစ်စေသည်၏အဖြစ်ကို သိကုန်၍ ခဲကို၎င်း တုတ်လှံတံကို၎င်း ကိုင်ကုန်၍ ပစ်ခတ်ရိုက်ပုတ်ကုန်၍ ပြေးစေပြီးလျှင် ရသေ့အပေါင်းအား ဆွမ်းကိုလှူဒါန်းကုန်၏။ ရသေ့အပေါင်းတို့သည်လည်း ဟိမဝန္တာသို့သာလျှင်သွားကုန်၍ မယုတ်သော ဈာန်ရှိကုန်သည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လားကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ၌အံ့ဘွယ်သရဲကို ဖြစ်စေတတ်သောရဟန်းသည် ထိုအခါ မျောက်ဖြစ်ဘူးပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ရသေ့အပေါင်းတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့အပေါင်းတို့၏ဆရာ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

တနပ်စားဉာဏ်၊ အမှီဖန်၊ မျောက်ဟန် မပြုရာ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော အာဒိစ္စုပဋ္ဌာနဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကလျာဏဝဂ်

၆။ ကဠာယမုဋ္ဌိဇာတ်

ကုလားပဲတစေ့ နှင့် တဆုပ်ဆုံး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဗာလော ဝတာယံ ဒုမသာခ ဂေါစရောအစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဠာယမုဋ္ဌိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောသလမင်းကြီးကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ တပါးသောအခါ မိုဃ်းတွင်းကာလ၌ ကောသလမင်း၏ ပစ္စန္တရစ်သည် ပျက်၏။ ထိုပစ္စန္တရစ်၌ တည်ကုန်သော သူရဲတို့သည် နှစ်ကြိမ်သုံးကြိမ်ကုန်သော စစ်ထိုးခြင်းတို့ကို ပြုကုန်၍ ရန်သူကိုနှိပ်နင်းအံ့သောငှါ မတတ်နိုင်ကုန်သည်ဖြစ်၍ မင်းအား သတင်းစကားကိုစေကုန်၏။ ကောသလမင်းသည် စစ်ထိုးသင့်သောအခါမဟုတ်သော မိုဃ်းတွင်းကာလ၌ပင်လျှင်ထွက်၍ ဇေတဝန် ကျောင်းတော်၏အနီး၌ သစ်ခက်တပ်ကိုဖွဲ့၍ ကြံ၏။ အဘယ်သို့ ကြံသနည်းဟူမူကား ငါသည်ကား စစ်ထိုးသင့်သောအခါမဟုတ်သည်၌ စစ်ထိုးအံ့သောငှါ ထွက်၏။ ချောင်းမြောင်းထုံးအိုင်တို့သည် ရေဖြင့်ပြည့်ကုန်၏။ လမ်းခရီးသည် သွားရန်ခဲယဉ်း၏။ မြတ်စွာဘုရားသို့ဆည်းကပ်အံ့၊ ထိုမြတ်စွားဘုရားသည် ငါ့ကို မြတ်သော မင်းကြီး သင်သည်အဘယ်အရပ်သို့ သွားအံ့နည်းဟု မေးတော်မူလတ္တံ့၊ ထိုအခါ၌ ငါသည် ထိုအကြောင်းကို ကြားလျှောက်အံ့၊ ငါ့ကို မြတ်စွာဘုရားသည် တမလွန်ဘဝ၌ဖြစ်သော အကျိုးဖြင့်သာလျှင် ချီးမြှောက်တော်မူသည် မဟုတ်၊ ပစ္စုပ္ပန်မျက်မှောက် ၌ဖြစ်သော အကျိုးဖြင့်လည်း ချီးမြှောက်တော် မူပေသလျှင်ကတည်း၊ ထို့ကြောင့် စစ်ထိုးသွားခြင်း၌ ငါအား အစီးအပွားမရှိသည် အကယ်၍ဖြစ်လတ္တံ့၊ မြတ်သောမင်းကြီး အခါမဟုတ်သေးဟု မိန့်တော်မူလတ္တံ့၊ အစီးအပွားသည် အကယ်၍ဖြစ်လတ္တံ့၊ ဆိတ်ဆိတ်နေတော်မူသည်ဖြစ်လတ္တံ့၊ ဤသို့ကြံ၏။ ကြံပြီး၍ ထိုကောသလမင်းသည် ဇေတဝန်ကျောင်းသို့ဝင်၍ မြတ်စွာဘုရားအား ရှိခိုးလျက် တင့်အပ်လျောက်ပတ်စွာ နေ၏။ မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ယခု သင်သည် နေမွန်းတည့်သောအခါ၌ အဘယ်အရပ်မှလာသနည်းဟု မေးတော်မူ၏။ အရှင်ဘုရား ကျွန်ုပ်သည် ပစ္စန္တရစ်ကို ငြိမ်းစိမ့်သောငှာ ခွါထွက်ခဲ့၏။ အရှင်ဘုရားတို့ကို ရှိခိုး၍ သွားအံ့သောငှါ လာပါသည်ဟုလျှောက်၏။ မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ရှေး၌လည်း မင်းတို့သည် စစ်သည်ဗိုလ်ပါဖြင့် စစ်ထိုးအံ့သောငှါ ထွက်လတ်ကုန်သည်ရှိသော် ပညာရှိတို့၏စကားကို နာကုန်၍ စစ်ထိုးသင့်သောအခါ မဟုတ်သည်၌ စစ်ထိုးအံ့သောငှာ သွားခြင်းကို မသွားကုန်ဟု မိန့်တော်မူ၍ ထိုကောသလမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... မြတ်သောမင်းကြီး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အလုံးစုံသောအမှုကိစ္စကို ရွက်ဆောင်သော အမတ်ဖြစ်၏။ ထိုအခါ၌ ပစ္စန္တရစ်သည် ပျက်သည်ရှိသော် ဗြဟ္မဒတ်မင်းအား ပစ္စန္တရစ်၌နေကုန်သော သူရဲတို့သည် ကျောက်စာကို ဆက်ကုန်၏။ မင်းသည် မိုဃ်းတွင်းကာလ၌ ထွက်၍ ဥယျာဉ်၌ သစ်ခက်တပ်ကိုဖွဲ့၏။ ဘုရားလောင်းသည် မင်း၏အထံ၌ တည်၏။ ထိုခဏ၌ မြင်းတို့၏အကျိုးငှာ ကုလားပဲတို့ကို ပြုတ်ပြီးလျှင် ဆောင်ခဲ့ကုန်၍ မြင်းစားခွက်၌ ထည့်ကုန်၏။ ဥယျာဉ်၌ မျောက်တို့တွင် တခုသော မျောက်သည် သစ်ပင်မှဆင်း၍ ထိုမြင်းတို့စားခွက်မှ ကုလားပဲတို့ကို ယူ၍ ခံတွင်းကို ပြည့်စေပြီးလျှင် လက်တို့ဖြင့်ယူ၍ ခုန်၍ သစ်ပင်၌ ထိုင်လျက် စားအံ့သော အားထုတ်၏။ ထိုအခါ၌ စားစဉ်ထိုမျောက်၏လက်မှ ကုလားပဲတစေ့သည် မြေ၌ကျ၏။ ထိုမျောက်သည် ခံတွင်းဖြင့်၎င်း လက်ဖြင့်၎င်း ယူအပ်ကုန်သော အလုံးစုံကုန်သော ကုလားပဲတို့ကိုစွန့်ပြီးလျှင် ဆင်းသက်၍ ထိုကျလေသော ကုလားပဲတစေ့ကိုသာလျှင် ကြည့်လတ်သည်ရှိသော် ထိုကျလေသော ကုလားပဲတစေ့ကို မမြင်၍သာလျှင် တဖန် သစ်ပင်သို့တက်၍ တရားတွေ့ရာ၌ တထောင်သောဥစ္စာမှ ရှုံးသောသူကဲ့သို့ စိုးရိမ်လျက် မျက်နှာမသာသည်ဖြစ်၍ သစ်ခက်၌ နေ၏။ မင်းသည် မျောက်၏ အမူအရာကိုမြင်၍ ဘုရားလောင်းကိုခေါ်၍ အိုအမတ် မျောက်သည်ပြုအပ်သော ထိုအမူအရာကို မြင်၏လော၊ အဘယ်မည်သောအမှုနည်းဟု မေး၏။ ဘုရားလောင်းသည် မြတ်သောမင်းကြီး များသည်ကို မကြည့်ကုန်မူ၍ အနည်းငယ်ကို ကြည့်ကုန်သော ပညာမရှိကုန်သော သူမိုက်တို့သည် ဤသို့ သဘောရှိသောအမှုကို ပြုကုန်မြဲသာလျှင်တည်း၊ ဤသို့ ဆို၍-

၅၁။ ဗာလော ဝတာယံ ဒုမသာခဂေါစရော၊
ပညာ ဇနိန္ဒ နယိမဿ ဝိဇ္ဇတိ၊
ကဠာယမုဋ္ဌိံ အဝကိရိယ ကေဝလံ၊
ဧကံ ကဠာယံ ပတိတံ ဂဝေသတိ။

ဟူသော ရှေးဦးသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၁။ ဇနိန္ဒ၊ လူတို့ကို အစိုးရတော်မူသော မင်းမြတ်။ အယံ ဒုမသာခဂေါစရော၊ ထိုသစ်ပင်၏အခက်တို့၌ ကျက်စားတတ်သော မျောက်သည်။ ဗာလော ဝတ၊ မိုက်စွတကား။ ဣမဿ၊ ဤမျောက်အား။ ပညာ၊ ပညာသည်။ ယသ္မာ၊ အကြင့်ကြောင့်။ န ဝိဇ္ဇတိ၊ မရှိ။ တသ္မာ၊ ထို့ကြောင့်။ အယံ ဒုမသာခဂေါစရော၊ ဤမျောက်သည်။ ကေဝလံ၊ အလုံးစုံသော။ ကဠာယမုဋ္ဌိံ၊ ကုလားပဲဆုပ်ကို။ အဝကိရိယ၊ ဖရိုမရဲကြဲလိုက်၍။ ပတိတံ၊ ကျလေသော။ ဧကံ ကဠာယံ၊ ကုလားပဲတစေ့ကို။ ဂဝေသတိ၊ ရှာ၏။

ဤသို့ဆိုပြီး၍ တဖန် ဘုရားလောင်းသည် ထိုမျောက်ကို ဥပမာပြု၍ မင်းကိုသိစေလိုရကား-

၅၂။ ဧဝမေဝ မယံ ရာဇ၊ ယေ စည အတိလောဘိနော။
အပ္ပေန ဗဟုံ ဇိယျာမ၊ ကဠာယျေနေဝ ဝါနရော။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၂။ မဟာရာဇ၊ မင်းမြတ်။ ဝါနရော၊ မျောက်သည်။ ဧကံ ကဠာယံ၊ ကုလားပဲတစေ့ကို။ ပရိယေသမာနော၊ ရှာသည်ရှိသော်။ ကဠာယေန၊ ကုလားပဲတစေ့ကြောင့်။ သဗ္ဗကဠာယေဟိ၊ အလုံးစုံကုန်သော ကုလားပဲမှ။ ပရိဟီနော ဣဝ၊ ယုတ်သကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ အတိလောဘိနော၊ အလွန်လောဘကြီးကုန်သော။ အညေ၊ တပါးကုန်သော။ ယေ ဇနာ စ၊ အကြင်သူတို့သည်၎င်း။ မယဉ္စ၊ ငါတို့သည်၎င်း။ အပ္ပေန၊ အနည်းငယ်သော အကျိုးကြောင့်။ ဗဟုံ၊ များစွာသော အကျိုးကို။ ဇိယျာမ၊ ဖျက်ဆီးကုန်လတ္တံ့။ (ကဠာယမုဋ္ဌိန္တိ စဏကမုဋ္ဌိံ၊ ၎င်း အဋ္ဌကထာ)။

မင်းသည် ထိုဘုရားလောင်း၏ စကားကိုကြား၍ ထိုဥယျာဉ်မှပြန်၍ ဗာရာဏသီပြည်သို့သာလျှင် ဝင်၏။ ခိုးသူတို့သည်လည်း မင်းသည် ခိုးသူကိုဆုံးမခြင်းကိုပြုအံ့ဟူ၍ မြို့မှထွက်သတတ်ဟု ကြားကုန်၍ ပစ္စန္တရစ်မှ ပြေးလေကုန်၏။ ပစ္စုပ္ပန်၌လည်း ခိုးသူတို့သည် ကောသလမင်းသည် ထွက်သတတ်ဟုကြားကုန်၍ ပြေးလေကုန်၏။ ကောသလမင်းသည် မြတ်စွာဘုရား၏ ဓမ္မဒေသနာတော်ကို နာရ၍ နေရာမှထပြီးလျှင် ရှိခိုးလျက် လက်ျာရစ်လှည့်သည်ကိုပြု၍ သာဝတ္ထိမြို့သို့သာလျှင် ဝင်လေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား မြတ်သောမင်းကြီး ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသောအမတ် ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

အနည်းငယ်မက်၊ အများပျက်၊ မှားချက်နာလှ လူ့ဗာလ

ခြောက်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ကဠာယမုဋ္ဌိဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကလျာဏဝဂ်

၇။ တိန္ဒုကဇာတ်

ဉာဏ်ကောင်းသောမျောက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတက်သောသဗ္ဗညူမြတ်စွာဘုရားသည် ဓနုဟတ္ထကလာပေဟိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတိန္ဒုကဇာတ်ကိုဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပညာပါရမီကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ မြတ်စွာဘုရားသည် မဟာဗောဓိဇာတ်၌ ကဲ့သို့၎င်း ဥမင်္ဂဇာတ်၌ကဲ့သို့၎င်း မိမိပညာ၏ကျေးဇူးကို ချီးမွမ်းသည်ကို ကြားတော်မူ၍ ရဟန်းတို့ ယခုအခါ၌သာလျှင် ငါဘုရားသည် ပညာရှိသည် မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် ပညာရှိသည် သာလျှင်တည်း၊ အကြောင်း၌ လိမ္မာသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။ ( မဟာဗောဓိဇာတ် ပညာသနိပါတ်၊ ဥမင်္ဂဇာတ် မဟာနိပါတ်၌ ပါသည်။ )

အတိတ်ဝတ္ထု... ရဟန်းတို့ ရှေးလွန်လေပြီးသောအခါ ဗာရာဏသီ ပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မျောက်အမျိုး၌ဖြစ်၍ ရှစ်သောင်းသော မျောက်တို့သည် ခြံရံအပ်သည်ဖြစ်၍ ဟိမဝန္တာအရပ်၌ နေ၏။ ထိုဟိမဝန္တာအရပ်၏အနီး၌ တခုသော ပစ္စန္တရစ်ရွာသည် ရံခါခါ လူနေ၏။ ရံခါ ပျက်စီး၏။ ထိုရွာ၏ အလယ် ၌ကား အခက်အခွနှင့်ပြည့်စုံသော ချိုမြိန်ကောင်းမြတ်သောအသီးရှိသော တည်တပင်သည် ရှိ၏။ မျောက်အပေါင်းသည် ရွာပျက်စီးသောကာလ၌ လလတ်၍ ထိုတည်ပင်၏အသီးတို့ကို စား၏။ ထို့နောင်မှ တပါးသော သီးသောအလှည့်၌ ထိုရွာသည် တဖန်နေသော လူရှိသည်ဖြစ်၏။ မြဲမြံလုံခြုံသော အရံအတားရှိ၏။ တံခါးနှင့်ယှဉ်၏။ ထိုတည်ပင်သည်လည်း အသီးလေးခြင်းကြောင့် ညွှတ်သောအခက်ရှိသည်ဖြစ်၍ တည်၏။ မျောက် အပေါင်းသည် ဤသို့ ကြံ၏။ အဘယ်သို့ကြံသနည်း ဟူမူကား ငါတို့သည် ရှေးအခါ ဤမည်သောရွာ၌ တည်သီးတို့ကို စားကြကုန်၏။ ထိုတည်ပင်သည် ယခုအခါ၌ အသီး သီးသလော၊ ထိုသို့မဟုတ်မူကား အသီး မသီးသလော ထိုရွာသည်လည်း လူတို့နေသလော၊ ထိုသို့မဟုတ်မူကား လူ မနေသလော၊ ဤသို့ ကြံ၏။ ကြံပြီး၍ သွားချေ၊ ဤအကြောင်းကို စုံစမ်းချေဟု မျောက်တခုကို စေလိုက်၏။ ထိုမျောက်သည်သွား၍ တည်ပင်၏ အသီး သီးသည်၏ အဖြစ်ကို၎င်း ရွာ၌ဝင်၍ လူနေသည်၏အဖြစ်ကို၎င်း သိလျှင် လာလတ်၍ မျောက်တို့အား ကြား၏။

မျောက်တို့သည် ထိုတည်ပင်၏ အသီး သီးသည်၏အဖြစ်ကို ကြားကုန်၍ ချိုကုန်သောတည်သီးတို့ကို စားကုန်အံ့ဟု အားထုတ်ခြင်း ဖြစ်ကုန်၍ မျောက်မင်းအား ထိုအကြောင်းကို ကြားကုန်၏။ မျောက်မင်းသည် ရွာ၌လူနေသလော မနေသလောဟု မေး၏။ အရှင်မျောက်မင်း လူနေ၏ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား မသွားအပ်၊ ထိုစကားသည် မှန်၏။ လူတို့သည် မာယာများကုန်၏ဟု ဆို၏။ အရှင်မျောက်မင်း လူတိုအိပ်ပျော်ချိန်ဖြစ်သော သန်းခေါင်ယာမ်အခါ၌ စားကုန်အံ့ဟု များစွာကုန်သော မျောက်တို့သည် သွားကုန်၍ မျောက်မင်းကို ဝန်ခံစေကုန်၍ ဟိမဝန္တာမှ သက်ခဲ့ကုန်ပြီးလျှင် ထိုရွာ၏ မနီးမဝေးသော အရပ်၌ လူတို့၏ အိပ်ပျော်ချိန်ကာလကို ငံ့လင့်ကုန်လျက် ကျောက်ဖျာအပြင်၌ အိပ်ကြကုန်၍ သန်းခေါင်ယာမ်၌ လူတို့သည် အိပ်ပျော်ခြင်းသို့ ရောက်ကုန်သည်ရှိသော် တည်ပင်ကို တက်ကုန်၍ တည်သီးတို့ကို စားကြကုန်၏။ ထိုအခါ တယောက်သောယောက်ျားသည် ကိုယ်၏ကိစ္စဖြင့် အိမ်မှထွက်၍ ရွာ၏အလည်သို့ သွားသည်ရှိသော် မျောက်တို့ကိုမြင်၍ ရွာနေသူ လူအပေါင်းတို့အား ပြောကြား၏။ များစွာကုန်သောလူတို့သည် လေးတောင့်ကိုဖွဲ့ကုန်လျက် အထူးထူးသော လက်နက်စွဲကိုင်လျက် ခဲအုတ် လှံတံ အစရှိသည်တို့ကို ယူကုန်၍ ညဉ့်သည် လင်းလတ်သည်ရှိသော် မျောက်တို့ကို ဖမ်းကုန်အံ့ဟု တည်ပင်ကိုဝန်းရံ၍ စောင့်ကုန်၏။ ရှစ်သောင်းကုန်သောမျောက်တို့သည် လူတို့ကိုမြင်ကုန်၍ သေဘေးမှကြောက်ကုန်ရကား မျောက်မင်းကိုထား၍ ငါတို့အား တပါးသောကိုးကွယ်ရာသည် မရှိပြီဟု ထိုမျောက်မင်း၏ အထံသို့ သွားကုန်၍-

၅၃။ ဓနုဟတ္ထကလာပေဟိ၊ နေတ္တိံ သဝရဓာရိဘိ။
သမန္တာ ပရိကိဏ္ဏမှ၊ ကထံ မောက္ခော ဘဝိဿတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆိုကုန်၏။

֍ ဋ္ဌ ၅၃။ ဝါနရိန္ဒ၊ မျောက်မင်း။ ဓနုဟတ္ထကလာပေဟိ၊ လေးတောင့်လက်စွဲကုန်ထသော။ နေတ္တိံသဝရဓာရိဘိ၊ မြတ်သော သန်လျက်ကို ဆောင်ကုန်သောသူတို့သည်။ သမန္တာ၊ ထက်ဝန်း ကျင်မှ။ မယံ၊ အကျွန်ုပ်တို့ကို။ ပရိကိဏ္ဏမှ၊ ဝန်းရံကုန်၏။ ကထံ-ကေန ကာရဏေန၊ အဘယ်သို့သော အကြောင်းဖြင့်။ အမှာကံ၊ အကျွန်ုပ်တို့အား။ မောက္ခော၊ သေဘေးမှလွတ်ခြင်းသည်။ ဘဝိဿတိ၊ ဖြစ်ပါအံ့နည်း။

ထိုမျောက်တို့၏စကားကိုကြား၍ မျောက်မင်းသည် မကြောက်ကြကုန်လင့်၊ လူတို့မည်သည်ကား များသောကိစ္စ ရှိကုန်၏။ ယခုလည်း မဇ္ဈိမယာမ်သည်ဖြစ်၏။ ငါတို့ကို သတ်ကုန်အံ့ဟူ၍ ဝန်းရံကုန်သော ထိုလူတို့အား ဝန်းရံခြင်းဟူသော ဤကိစ္စ၏အန္တရာယ်ကိုပြုတတ်သော တပါးသောကိစ္စသည် ဖြစ်ငြားအံ့လည်း မသိဟု မျောက်တို့ကို နှစ်သိမ့်စေလိုရကား-

၅၄။ အပွေဝ ဗဟုကိစ္စာနံ၊ အတ္ထော ဇာယေထ ကောစိနံ။
အတ္ထိ ရုက္ခဿ အစ္ဆိန္နံ၊ ခဇ္ဇထညေဝ တိန္ဒုကံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၄။ ဘော ဝါနရဂဏာ၊ အိုပျောက်အပေါင်းတို့။ ဗဟုကိစ္စာနံ၊ များစွာသောကိစ္စရှိကုန်သော လူတို့အား။ အညာ၊ တပါးသော။ ကောစိ၊ တစုံတခုသော။ အတ္ထော၊ အမှုကိစ္စသည်။ အပ္ပေဝ ဇာယေထ၊ ဖြစ်ငြားအံ့လည်း မသိ။ ရုက္ခဿ၊ တည်ပင်၏။ အစ္ဆိန္နံ၊ မပြတ်သော အသီးသည်။ အတ္ထိ၊ ရှိ၏။ တိန္ဒုကံ၊ တည်သီးကို။ တုမှေ၊ သင်တို့သည်။ ခဇ္ဇထညေဝ၊ အလိုရှိတိုင်း သာလျှင်စားကြကုန်။

ဤသို့ ဘုရားလောင်းသည် မျောက်အပေါင်းကို သက်သာရာ ရစေ၏။ ထိုစကားသည် မှန်၏။ ဤမျှလောက်သော နှစ်သိမ့်ခြင်းကို မရကုန်သည်ရှိသော် အလုံးစုံလည်းဖြစ်ကုန်သော ထိုမျောက်တို့သည် နှလုံးကွဲသဖြင့် အသက်ကုန်ခြင်းသို့ ရောက်ကုန်ရာ၏။ ဘုရားလောင်းသည်ကား ဤသို့ မျောက်အပေါင်းကို နှစ်သိမ့်စေ၍ အလုံးစုံကုန်သော မျောက်တို့ကို စုရုံးကုန်လော့ဟု ဆို၏။ စုရုံးကုန်သည်ရှိသော် ထိုမျောက်မင်း၏ တူဖြစ်သော သေနကအမည်ရှိသော မျောက်ကိုမမြင်ကုန်၍ သေနကသည်မလာဟု မျောက်မင်းအားကြားကုန်၏။ သေနကသည် အကယ်၍ မပါလာသည် ဖြစ်အံ့၊ သင်တို့သည် မကြောက်ကြကုန်လင့်၊ ယခုအခါ၌ သေနကသည် သင်တို့အား ချမ်းသာခြင်းကို ပြုလတ္တံ့ဟုဆို၏။ သေနကသည်လည်း မျောက်အပေါင်း၏ သွားသောကာလ၌ အိပ်ပျော်၍ နောက်မှနိုးလတ်သည်ရှိသော် တစုံတခုသော မျောက်ကိုမမြင်၍ ခြေရာသို့အစဉ်လျှောက်သော ခြေရာရှိသည်ဖြစ်၍ လာလတ်သော် လူတို့ကိုမြင်၍ မျောက်အပေါင်းအား ဘေးဖြစ်၏ဟုသိ၍ တခုသော အစွန်ဖြစ်သောအိမ်၌ မီးကိုထွန်း၍ ချည်ဝင့်သော မိန်းမအို၏အထံသို့သွား၍ လယ်သို့သွားသော ရွာသူသားငယ်ကဲ့သို့ တခုသော မီးစကိုယူ၍ လေညာ၌ရပ်၍ ရွာကို မီးတိုက်၏။ လူတို့သည် မျောက်တို့ကိုစွန့်ကုန်၍ မီးကိုငြိမ်းစိမ့်သောငှါ ပြေးကြကုန်၏။ မျောက်တို့သည် ပြေးကြကုန်သည်ရှိသော် သေနက၏အကျိုးငှါ တလုံးတလုံးစီသောတည်သီးကို ယူကုန်၍ ပြေးကြကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သိုဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ရဟန်းတို့ ယခုအခါ သာကီဝင်မင်းမျိုးဖြစ်သော မဟာနာမ်သည် ထိုအခါ မျောက်မင်း၏တူဖြစ်သော သေနက ဖြစ်ဘူးပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ မျောက်အပေါင်းတို့ ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မျောက်မင်း ဖြစ်ဘူးပြီ၊ ဤသိုဇာတ်ကို ပေါင်းတော်မူ၏။

အရေးကြုံတောင်း၊ ဉာဏ်ရည်ကောင်း၊ အပေါင်းချမ်းသာရ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော တိန္ဒုကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကလျာဏဝဂ်

၈။ ကစ္ဆပဇာတ်

အိုးထိန်းသည် နှင့် လိပ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညူမြတ်စွာဘုရားသည် ဇနိတ္တံ မေ ဘဝိတ္တံ မေ အစရှိသောဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤ ကစ္ဆပဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ယဉ်းအနာမှလွတ်သော အမျိုးသားကိုအကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်ဝယ် တဦးသောအမျိုး၌ ယဉ်းအနာသည်ဖြစ်သတတ်၊ မိဘတို့သည် သားကို ချစ်သား ဤအိမ်၌ မနေလင့်၊ နံရံကိုဘောက်၍ ပြေး၍ အမှတ်မရှိသောအရပ်သို့သွား၍ အသက်ကို စောင့်လေလော့၊ နောက်မှလာလတ်၍ ဤမည်သောအရပ်၌ မြှုပ်၍ထားအပ်သော များစွာသောဥစ္စာသည် ရှိ၏။ ထိုဥစ္စာကို ထုတ်ဖော်၍ ဥစ္စာကိုဖြစ်စေ၍ ချမ်းသာသဖြင့်အသက်မွေးရစ်လော့ဟု ဆိုကုန်၏။ သားသည် မိဘတို့၏စကားကိုဝန်ခံ၍ နံရံကိုဘောက်၍ ပြေးလေ၍ မိမိ၏အနာသည် ငြိမ်းလတ်သည်ရှိသော်လာလတ်၍ မြှုပ်ထားအပ်သော ဥစ္စာကို ထုတ်ဘော်ပြီးလျှင် ဥစ္စာကိုဖြစ်စ၍ အိမ်ရာထောင်သောလူတို့ဘောင်၌ နေ၏။ ထိုအမျိုးသားသည် တနေ့သ၌ ထောပတ်ဆီ အစရှိသည်တို့ကို၎င်း အဝတ်အာရုံ အစရှိသည်တို့ကို၎င်း ယူခဲ့စေ၍ ဇေတဝန် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို ရှိခိုးလျက် နေလေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုအမျိုးသားနှင့်တကွ စကားအစေ့အစပ်ကို ပြုတော်မူ၍ ဒါယကာ သင်တို့၏အိမ်၌ ယဉ်းအနာသည်ဖြစ်၏ဟု ငါတို့ ကြားဘူးကုန်၏။ သင်တို့သည် အသို့ပြု၍ လွတ်သနည်းဟု မေးတော်မူ၏။ ထိုအမျိုးသားသည် ထိုအကြောင်းကို လျှောက်၏။ မြတ်စွာဘုရားသည် ဒါယကာ စင်စစ်လျှင် ရှေး၌လည်း ဘေးဖြစ်သည်ရှိသော် မိမိ၏နေရာအရပ်၌ တပ်စွန်းခြင်းကိုပြုကုန်၍ တပါးသောအရပ်သို့ မသွားကုန်သောသတ္တဝါတို့သည် အသက်ကုန်ခြင်းသို့ ရောက်ဘူးကုန်၏။ မတပ်စွန်းခြင်းကိုပြုကုန်၍ တပါးသောအရပ်သို့ သွားကုန်သောသတ္တဝါတို့သည်ကား အသက်ကို ရဘူးကုန်၏ဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော်ဘုရားလောင်းသည် ကာသိကရွာငယ်ဝယ် အိုးထိန်းသည် အမျိုး၌ဖြစ်၍ အိုးထိန်းတို့၏အမှုကိုပြု၍ သားမယားကိုမွေး၏။ ထိုအခါ ဗာရာဏသီပြည်၌ မြစ်ကြီးနှင့်တကွ တစပ်တည်းသော အလိုလိုဖြစ်သောအိုင်ကြီးသည် ရှိ၏။ ထိုအိုင်ကြီးသည် ရေများသောကာလ၌ မြစ်နှင့်တကွ ရေတစပ်တည်းရှိ၏။ ရေသည် နည်းလတ်သော် အသီးအခြား ဖြစ်၏။ ငါးလိပ်တို့သည်ကား ဤနှစ်၌ မိုဃ်းကောင်းသည် ဖြစ်လတ္တံ့၊ ဤနှစ်၌ မိုဏ်းခေါင်သည်ဖြစ်လတ္တံ့ဟု သိကုန်၍ အိုင်ရေ၏ မြစ်ရေနှင့် တစပ်တည်းရှိသောကာလ၌သာလျှင် အိုင်မှထွက်ကုန်၍ မြစ်သို့ သွားကုန်၏။ လိပ်တခုသည်ကား ဤအရပ်သည် ငါ၏ဖွားရာအရပ်တည်း၊ ကြီးမြင့်ရာအရပ်တည်း၊ မိဘတို့သည် နေသောအရပ်တည်း၊ ငါသည် ဤအရပ်ကို စွန့်အံ့သောငှါ မတတ်နိုင်ဟု မြစ်သို့ မသွား၊ ထိုအခါ နွေကာလဝယ် အိုင်တို့၌ရေသည်ပြတ်၏။ ထိုလိပ်သည် ဘုရားလောင်း၏ မြေစိုင်ယူရာအရပ်၌ မြေကိုကျစ်၍ ဝပ်၏။ ဘုရားလောင်းသည် မြေစိုင်ကိုယူအံ့ဟူ၍ ထိုအရပ်သို့သွား၍ ပေါက်တူးကြီးဖြင့် မြေကိုပေါက်သည်ရှိသော် လိပ်၏ကျောက်ကုန်းကို ပေါက်မိ၍ မြေစိုင်ကိုကဲ့သို့ ပေါက်တူးနှင့်သာလျှင် ထိုလိပ်ကိုထုတ်၍ ကုန်း၌ကျစေ၏။ ထိုလိပ်သည် ဝေဒနာသို့ရောက်သည်ဖြစ်၍ နေရာအရပ်၌တပ်စွန်းခြင်းကို စွန့်အံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ဤသို့သောပျက်စီးခြင်းသို့ ရောက်ရ၏ဟု ဆို၍ ငိုကြွေးလိုရကား-

၅၅။ ဇနိတ္တံ မေ ဘဝိတ္တံ မေ၊ ဣတိ ပင်္ကေ အဝဿယိံ။
တံ မံ ပင်္ကော အဇ္စျဘဝိ၊ ယထာ ဒုဗ္ဗလကံ တထာ။
တံ တံ ဝဒါမိ ဘဂ္ဂဝ၊ သုဏောဟိ ဝစနံ မမ။
၅၆။ ဂါမေ ဝါ ယဒိ ဝါ ရည၊ သုခံ ယတြာဓိဂစ္ဆတိ။
တံ ဇနိတ္တံ ဘဝိတ္တဉ္စ၊ ပုရိသဿ ပဇာနတော။
ယမှိ ဇီဝေ တမှိ ဂစ္ဆေ၊ န နီကေတဟတော သိယာ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၅၅။ ဘဂ္ဂဝ၊ ဘဂ္ဂဝ။ ဣဒံ ဌာနံ၊ ဤအရပ်သည်။ မေ၊ ငါ၏။ ဇနိတ္တံ၊ ဖွားရာအရပ်တည်း။ ဣဒံ ဌာနံ၊ ဤအရပ်သည်။ မေ၊ ငါ၏။ ဘဝိတ္တံ၊ ဖြစ်ရာ အရပ်တည်း။ ဣတိ-ဣမိနာ ကာရဏေန၊ ဤသို့သော အကြောင်းကြောင့်။ ပင်္ကေ၊ ညွန်၌။ အဟံ၊ ငါသည်။ အဝဿယိံ၊ နေမိ၏။ တံ၊ ထိုငါ့ကို။ ပင်္ကော၊ ညွန်သည်။ ဒုဗ္ဗလကံ၊ အားနည်းသောသူကို။ အဇ္စျဘဝိ ယထာ၊ အားရှိသောသူသည် နှိပ်စက်သကဲ့သို့။ တထာ၊ ထို့အတူ။ အဇ္ဈဘဝိ၊ နှိပ်စက်၏။ ဘဂ္ဂဝ၊ ဘဂ္ဂဝ။ တွံ၊ သင်သည်။ မမ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာဦးလော။

֍ ဋ္ဌ ၅၆။ ဂါမေ ဝါ၊ ရွာ၌၎င်း။ ယဒိ၊ ထိုမြို့။ အရညေ ဝါ၊ တော၌၎င်း။ ယတြ၊ အကြင်အရပ်၌။ သုခံ၊ ကိုယ်စိတ်နှစ်ပါး၌ဖြစ်သော ချမ်းသာခြင်းကို။ အဓိဂစ္ဆတိ၊ ရ၏။ တံ ဌာနံ၊ ထိုအရပ်သည်။ ပဇာနတော၊ အကျိုးရှိသည် မရှိသည် အကြောင်းဟုတ်သည် မဟုတ်သည်ကိုသိသော။ ပုရိသဿ၊ ယောက်ျား၏။ ဇနိတ္တဉ္စ၊ ဖွားရာအရပ်သည်၎င်း။ ဘဝိတ္တဉ္စ၊ ကြီးမြင့်ရာအရပ်သည်၎င်း။ ဟောတိ၊ ဖြစ်၏။ ပဏ္ဍိတော၊ ပညာရှိသည်။ ယမှိ၊ အကြင်အရပ်၌။ ဇီဝေ၊ အသက်ရှင်ရာ၏။ တမှိ၊ ထိုအရပ်သို့။ ဂစ္ဆေ၊ သွားရာ၏။ ဧဝံ၊ ဤသို့။ ဂစ္ဆတော၊ သွားသည်ရှိသော်။ နိကေတဟတော၊ နေရာအရပ် သတ်အပ်သည်။ န သိယာ၊ မဖြစ်ရာ။

ဤသို့ ထိုလိပ်သည် ဘုရားလောင်းနှင့်တကွ စကားပြောဆိုလျက်သေလေ၏။ ဘုရားလောင်းသည် ထိုလိပ်ကိုယူ၍ အလုံးစုံသော ရွာ၌နေကုန်သောသူတို့ကို စည်းဝေးပြီးလျှင် ထိုသူတို့ကိုဆုံးမလို၍ ဤသို့ ဆို၏။ အချင်းတို့ ဤလိပ်ကို သင်တို့သည် ရှုကြကုန်လော့၊ ဤလိပ်သည် တပါးကုန်သော ငါး, လိပ်တို့၏ မြစ်ကြီးသို့ သွားလေသောကာလ၌ မိမိ၏နေရာအရပ်၌ တပ်စွန်းခြင်းကို ဖျက်ဆီးအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ထိုငါး လိပ်တို့နှင့်တကွ မသွားမူ၍ ငါ၏ မြေစိုင်ယူရာအရပ်သို့ ဝင်၍ နေ၏။ ထိုအခါ၌ ငါသည် မြေစိုင်ကိုယူသည်ရှိသော် ထိုလိပ်၏ကျောက်ကုန်းကို ပေါက်တူးဖြင့်ပေါက်မိ၍ မြေစိုင်ကိုကဲ့သို့ ကုန်း၌ကျစေ၏။ ဤလိပ်သည် မိမိ၏ ပြုအပ်သောအမှုကို အောက်မေ့၍ နှစ်ဂါထာတို့ဖြင့် ငိုကြွေး၍ သေ၏။ ဤသို့ ဤလိပ်သည် မိမိ၏နေရာအရပ်၌ တပ်စွန်းခြင်းကိုပြု၍ သေခြင်းသို့ ရောက်၏။ သင်တို့သည်လည်း ဤလိပ်နှင့်အတူပြုကုန်သည် မဖြစ်ကုန်လင့်၊ ဤနေ့မှစ၍ ငါ၏ရူပါရုံ ငါ၏သဒ္ဒါရုံ ငါ၏ဂန္ဓာရုံ ငါ၏ရသာရုံ ငါ၏ဖောဋ္ဌဗ္ဗာရုံ ငါ၏သား ငါ၏သ္မီး ငါ၏ကျွန်ယောက်ျား ငါ၏ကျွန်မိန်းမ အပိုင်းအခြားဖြင့်၎င်း ငါ၏ရွှေငွေဥစ္စာဟု တဏှာ၏အစွမ်းအားဖြင့်၎င်း၊ အသုံးအဆောင်၏ အစွမ်းအားဖြင့်၎င်း မယူကုန်လင့်၊ သတ္တဝါသည် တယောက်အထီးထီးသာလျှင် ဘဝသုံးပါးတို့၌ တပြောင်းပြန်ပြန် ဖြစ်၏ဟု ဆို၏။ ဤသို့လျှင် ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် လူများအား အဆုံးအမကိုပေး၏။ ထိုအဆုံးအမသည် ဇမ္ဗူဒိပ်ကျွန်းအလုံးကိုပြန့်၍ ခြောက်သောင်းအတိုင်းအရှည်ရှိကုန်သော နှစ်တို့ပတ်လုံးတည်၏။ လူများသည် ဘုရားလောင်း၏ အဆုံးအမ၌တည်၍ ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ အသက်၏အဆုံး၌ နတ်ပြည်ကို ပြည့်စေ၏။ ဘုရားလောင်းသည်လည်း ထို့အတူသာလျှင် ကောင်းမှုတို့ကိုပြု၍ နတ်ပြည်ကို ပြည့်စေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ ထိုအမျိုးကောင်းသားသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ဒါယကာ ယခုအခါ အာနန္ဒာသည် ထိုအခါ လိပ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ အိုးထိန်းသည် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သေဘေးကြုံလာ၊ နေရင်းရွာ၊ စွန့်ခွါ ချမ်းသာရ

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကစ္ဆပဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကလျာဏဝဂ်

၉။ သတဓမ္မဇာတ်

ဒွန်းစဏ္ဏား နှင့် ပုဏ္ဏား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် တဉ္စ အပ္ပဉ္စ ဥစ္ဆေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသတဓမ္မဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နှစ်ဆယ့်တပါး အပြားရှိသော အနေသနကိုအကြောင်းပြု၍ ဟောတော်မူ၏။ တပါးသောကာလ၌ များစွာကုန်သော ရဟန်းတို့သည် ဆေးကုခြင်းအမှုဖြင့်၎င်း တမန်သွားခြင်းအမှုဖြင့်၎င်း စေခိုင်းသူ၏ ထိုထိုအမှု၌ယှဉ်သဖြင့်၎င်း သလုံးမြင်းခေါင်းဖြင့် အစေအပါးခံသဖြင့်၎င်း ဆွမ်းတုံ့ပေးခြင်းဖြင့်၎င်း ဤသို့စသည်သဘောရှိသော နှစ်ဆယ့်တပါးအပြားရှိသော အနေသနဖြင့် အသက်မွေးခြင်းကို ပြုကုန်၏။ ထိုအနေသနသည် သာကေတဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ သဗ္ဗညူမြတ်စွာဘုရားသည် ထိုရဟန်းတို့၏ ထိုသို့သောအခြင်းအရာဖြင့် အသက်မွေးခြင်းပြုသည်၏အဖြစ်ကိုသိတော်မူ၍ ယခုအခါ၌ များစွာကုန်သောရဟန်းတို့သည် အနေသနဖြင့် အသက်မွေးခြင်းကို ပြုကုန်၏။ ထိုရဟန်းတို့သည်ကား ဤသို့သော အသက်မွေးခြင်းကို ပြုကုန်၍ ဘီလူး၏အဖြစ်မှ၎င်း ပြိတ္တာ၏အဖြစ်မှ၎င်း မလွတ်ကုန်လတ္တံ့၊ လှည်းဦး၌ က, အပ်ကုန်သော နွားတို့ကဲ့သို့ ဖြစ်ကုန်၍သာလျှင် ဖြစ်ကုန်လတ္တံ့၊ ငရဲ၌ ပဋိသန္ဓေကို ယူကုန်လတ္တံ့။ ငါသည် ထိုရဟန်းတို့၏ အစီးအပွားအကျိုးငှါ ချမ်းသာခြင်းအကျိုးငှါ မိမိ၏အလိုအားဖြင့်ဖြစ်သော မိမိဉာဏ်အားသာလျှင်ထင်သော တပါးသောဓမ္မဒေသနာကို ဟောအံ့သောငှါ သင့်၏ဟု နှလုံးပြုတော်မူ၍ ရဟန်းအပေါင်းကို စည်းဝေးစေပြီးလျှင် ရဟန်းတို့နှစ်ဆယ့်တပါး အပြားရှိသော အနေသနဖြင့် ပစ္စည်းတို့ကိုမဖြစ်စေအပ်ကုန်၊ ထိုစကားသည် မှန်၏။ အနေသနကြောင့်ဖြစ်သောဆွမ်းသည် ရဲရဲညိသောသံတွေခဲနှင့်တူ၏။ လတ်တလော သေစေတတ်သောအဆိပ်နှင့်တူ၏။ ထိုစကားသည် မှန်၏။ အနေသနမည်သည်ကား ဘုရား, ပစ္စေကဗုဒ္ဓါ, သာဝကတို့သည် ကဲ့ရဲ့အပ်ကုန်၏။ အနေသနကြောင့်ဖြစ်သောဆွမ်းကို စားသောရဟန်းအား ရွှင်ခြင်းသည်၎င်း ဝမ်းမြောက်ခြင်းသည်၎င်း မရှိ၊ ထိုစကားသည် မှန်၏။ ဤသို့ဖြစ်သောဆွမ်းသည် ငါ၏သာသနာတော်၌ ဒွန်းစဏ္ဍာ၏ စားကြွင်းဘောဇဉ်နှင့်တူ၏။ ထိုအနေသနကြောင့် ဖြစ်သောဆွမ်းကို သုံးဆောင်ခြင်းသည် သတဓမ္မလုလင်၏ ဒွန်းစဏ္ဏား၏ စားကြွင်းထမင်းကို သုံးဆောင်ခြင်းကဲ့သို့ ဖြစ်၏ဟု ဟောတော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဒွန်းစဏ္ဍာအမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် တစုံတခုသော ပြုဘွယ် ကိစ္စကြောင့် ရိက္ခာဆန်တို့ကို၎င်း ထမင်းထုပ်ကို၎င်းယူ၍ ခရီးသို့သွား၏။ ထိုအခါ ဗာရာဏသီပြည်၌ အမည်အားဖြင့် သတဓမ္မမည်သော ဥဒိစ္စဗြာဟ္မဏ မဟာသာလအမျိုး၌ဖြစ်သော တယောက်သော လုလင်သည်ရှိ၏။ ထိုလုလင်သည်လည်း တစုံတခုသောပြုဘွယ်ကိစ္စကြောင့် ဆန်တို့ကို၎င်း ထမင်းထုပ်ကို၎င်း မယူမူ၍သာလျှင် ခရီးသို့သွား၏။ ထိုနှစ်ယောက်ကုန်သော သူတို့သည်လည်း ခရီးမ၌ ပေါင်းမိကြကုန်၏။ သတဓမ္မလုလင်သည် ဘုရားလောင်းကို အချင်း သင်သည် အဘယ်အမျိုး၌ ဖြစ်သောသူနည်းဟု မေး၏။ ထိုဘုရားလောင်းသည် ငါသည် ဒွန်းစဏ္ဍာမျိုးတည်းဟု ဆို၍ သင်သည် အဘယ်အမျိုး၌ဖြစ်သော သူနည်းဟု လုလင်ကို မေး၏။ ထိုသတဓမ္မ လုလင်သည် ငါသည် ဥဒိစ္စပုဏ္ဏားမျိုးတည်းဟု ဆို၍ ကောင်းပြီ သွားကြကုန်အံ့ဟု ထိုနှစ်ယောက်ကုန်သော သူတို့သည်လည်း ခရီးသို့ အတူသွားကြကုန်၏။ ဘုရားလောင်းသည် နံနက်စာစားသောအခါ၌ ရေချမ်းသာရာအရပ်၌နေ၍ လက်တို့ကိုဆေး၍ ထမင်းထုပ်ကိုဖြေ၍ လုလင် ထမင်းစားလှည့်လောဟု ဆို၏။ ဟယ်... ဒွန်းစဏ္ဍာ ငါ့အား ထမင်းဖြင့် အလိုမရှိဟု ဆို၏။ ဘုရားလောင်းသည် ကောင်းပြီဟု ထုပ်ခဲ့သောထမင်းကို စားကြွင်းကိုမပြုမူ၍သာလျှင် မိမိ၏ မျှလောက်ရုံမျှသော ထမင်းကို တခုသောဖက်၌ထည့်၍ ထုပ်ခဲ့သောထမင်းကိုတင်၍ သင့်အပ်သောအရပ်၌ထား၍ စား၍ ရေကိုသောက်၍ လက်ခြေဆေးပြီးလျှင် ဆန်တို့ကို၎င်း ကြွင်းသောထမင်းကို၎င်းယူ၍ လုလင်သွားကြကုန်အံ့ဟု ဆို၍ ခရီးသို့ သွား၏။

ထိုနှစ်ယောက်ကုန်သောသူတို့သည်လည်း တနေ့ပတ်လုံးသွားကုန်၍ ညအခါတခုသော ရေချမ်းသာရာအရပ်၌ ရေချိုးကုန်၍ တက်ကြကုန်၏။ ဘုရားလောင်းသည် ရေချမ်းသာရာအရပ်၌နေ၍ ထမင်းထုပ်ကို ဖြေပြီးလျှင် လုလင်ကိုမပန်ကြားဘဲသာလျှင် စား၏။ လုလင်သည် တနေ့ပတ်လုံး ခရီးကို သွားခြင်းကြောင့် ပင်ပန်းရကား ကိုယ်တွင်း၌ ဆာမွတ်ခြင်းသည် ဖြစ်၍ ငါ့အား ထမင်းကို အကယ်၍ပေးအံ့၊ စားအံ့ဟု ကြည့်လျက် ရပ်၏။ ဒွန်းစဏ္ဏားသည် တစုံတခုသောစကားကို မဆိုမူ၍သာလျှင် စား၏။ သတဓမ္မလုလင်သည် ကြံ၏။ အဘယ်သို့ကြသနည်းဟူမူကား ဤဒွန်းစဏ္ဏားသည် ငါအား စားလှည့်ဟု မခေါ်မူ၍သာလျှင် အလုံးစုံကိုစား၏။ ထိုဒွန်းစဏ္ဍားကို နှိပ်စက်ပြီးလျှင်ယူ၍ အပေါ်၌စားဆဲထမင်းကို စွန့်စေ၍ အကြွင်းကို စားခြင်းငှါသင့်၏ဟု ဤသို့ ကြံ၏။ ကြံပြီး၍ ထိုသတဓမ္မလုလင်သည် ထိုသို့ကြံတိုင်းသာလျှင်ပြု၍ စားကြွင်းထမင်းကို စား၏။ ထိုအခါ၌ ထိုသတဓမ္မလုလင်အား စားစဉ်ပင်လျှင် ငါသည် မိမိ၏ဇာတ်အနွယ် အမျိုး အရပ်တို့အား မလျောက်ပတ်သော ဒွန်းစဏ္ဍား၏စားကြွင်းထမင်းကိုစင်လျက် စားအပ်၏ဟု အလွန် နှလုံးမသာယာခြင်းသည်ဖြစ်၏။ ထိုခဏ၌သာလျှင် ထိုသတဓမ္မလုလင်အား သွေးနှင့်တကွသော ထမင်းသည် ခံတွင်းမှအန်၏။ ထိုသတဓမ္မလုလင်သည် စင်စစ်လျှင် ငါသည် အနည်းငယ်သော ထမင်းဟူသောအကြောင်းကြောင့် မလျောက်ပတ်သော အမှုကိုပြုအပ်၏ဟု အလွန်ဖြစ်သော စိုးရိမ်ခြင်းရှိသည်၏အဖြစ်ကြောင့် ငိုကြွေးလိုရကား-

၅၇။ တဉ္စ အပ္ပဉ္စ ဥဒ္ဒိဋ္ဌံ၊ တဉ္စ ကိစ္ဆေန နော အဒါ။
သောဟံ ဗြာဟ္မဏဇာတိကော၊ ယံ ဘုတ္တံ တမ္ပိ ဥဂ္ဂတံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၅၇။ မယာ၊ ငါသည်။ ယံ ဘတ္တံ၊ အကြင် ထမင်းကို။ ဘုတ္တံ၊ စားအပ်၏။ တံ ဘတ္တံ၊ ထိုထမင်းသည်။ အပ္ပဉ္စ၊ အနည်းငယ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ ဥဋ္ဌိဉ္စ၊ စားကြွင်းသည်သည်း။ ဟောတိ၊ ဖြစ်၏။ တဉ္စ၊ ထိုထမင်းကိုလည်း။ သော စဏ္ဍာလော၊ ထိုဒွန်းစဏ္ဏားသည်။ အတ္တနော၊ မိမိ၏။ ရုစိယာ၊ အလိုအားဖြင့်။ မံ၊ ငါ့ကို။ နော အဒါ၊ မပေး။ ကိစ္ဆေန၊ ငြိုငြင်ဆင်းရဲခြင်းကြောင့်။ အဒံ၊ ပေး၏။ သော အဟံ၊ ထိုငါသည်။ ဗြာဟ္မဏဇာတိကော၊ စင်ကြယ်သော ပုဏ္ဏားမျိုး၌ဖြစ်သော သူတည်း။ တေနေဝ၊ ထို့ကြောင့်လျှင်။ မယာ၊ ငါသည်။ ယံ ဘတ္တံ၊ အကြင်ထမင်းကို။ ဘုတ္တံ၊ စားအပ်၏။ တမ္ပိ၊ ထိုထမင်းကိုလည်း။ ဥဂ္ဂတံ၊ သွေးနှင့်တကွ အန်၏။

ဤသို့ သတဓမ္မလုလင်သည် ငိုကြွေး၍ ယခုအခါ ငါ့အား ဤသို့သဘောရှိသော မလျောက်ပတ်သောအမှုကိုပြု၍ အသက်ရှင်သဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု တောသို့ဝင်ပြီးလျှင် တစုံတယောက်သော သူအား မိမိကိုယ်ကိုမမြင်စေ၍သာလျှင် ကိုးကွယ်ရာမရှိသော သေခြင်းသို့ ရောက်လေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဤလွန်လေပြီးသော အကြောင်းကို ပြတော်မူ၍ ရဟန်းတို့ မိမိအား မလျောက်ပတ်သော ဘောဇဉ်ကို စားမိသည်၏အဖြစ်ကြောင့် သတဓမ္မလုလင်အား ထိုဒွန်းစဏ္ဍာ၏ စားကြွင်းထမင်းကိုစား၍ ရွှင်ခြင်းသည် မဖြစ်သကဲ့သို့ နှလုံးသာယာသည်၏အဖြစ်သည် မဖြစ်သကဲ့သို့ ထို့အတူသာလျှင် သာသနာတော်၌ အကြင်ရဟန်းသည် အနေသနဖြင့် အသက်ကိုမွေးလျက် ထိုသို့သော အခြင်းအရာအားဖြင့် ရအပ်သောပစ္စည်းကိုသုံးဆောင်၏။ ဘုရားစက်ဆုပ်အပ် ကဲ့ရဲ့အပ်သော အသက်မွေးခြင်းရှိသည်၏အဖြစ်ကြောင့် ထိုရဟန်းအား ရွှင်ခြင်းသည် မဖြစ်သလျှင်ကတည်း၊ နှလုံးသာယာသည်၏အဖြစ်သည် မဖြစ်သလျင်ကတည်းဟု မိန့်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၅၈။ ဧဝံ ဓမ္မံ နိရံ ကတွာ၊ ယော အဓမ္မန ဇီဝတိ။
သတဓမ္မောဝ လာဘေန၊ လဒ္ဓေနပိ န နန္ဒတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၅၈။ ဘိက္ခဝေ၊ ရဟန်းတို့။ သတဓမ္မော၊ သတဓမ္မလုလင်သည်။ လဒ္ဓေန၊ နှိပ်စက်ခြင်းကြောင့် ရအပ်သော။ လာဘေန၊ ဒွန်းစဏ္ဏား၏ စားကြွင်းထမင်းဟူသောလာဘဖြင့်။ န နန္ဒတိ ဣဝ၊ ဝမ်းမမြောက်သကဲ့သို့။ ဧဝံ-တထာ၊ ထို အတူ။ ဣမသ္မိမ္ပိ သာသနေ၊ ဤသာသနာတော်၌လည်း။ ယော ပဗ္ဗဇိတော၊ အကြင်ရဟန်းသည်။ ဓမ္မံ၊ အာဇီဝ ပါရိသုဒ္ဓိသီလဟု ဆိုအပ်သော တရားကို။ နိရံကတွာ၊ အပပြု၍။ အဓမ္မန၊ နှစ်ဆယ့်တပါးကုန်သော အနေသနဟု ဆိုအပ်သောအဓမ္မဖြင့်။ ဇီဝတိ၊ အသက်မွေး၏။ သော ပဗ္ဗဇိတော၊ ထိုရဟန်းသည်။ န နန္ဒတိ၊ ဝမ်းမမြောက်နိုင်။

ဇာတ်ပေါင်း... ဤသို့လျှင် သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဟောတော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာကိုပြတော်မူသည်၏အဆုံး၌ များစွာကုန်သောရဟန်းတို့သည် သောတာပတ္တိဖိုလ်အစရှိသည်တို့သို့ ရောက်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ သတဓမ္မလုလင်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဒွန်းစဏ္ဏား၏ သား ဖြစ်ဘူးပြီး ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မစားသင့်ရာ၊ စားတုံပ၊ ဒုက္ခာကြီးစွာကပ်

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော သတဓမ္မဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကလျာဏဝဂ်

၁၀။ ဒုဒ္ဒဒဇာတ်

ရသေ့ နှင့် ဒါယကာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဒုဒ္ဒဒံ ဒဒမာနာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒုဒ္ဒဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒါယကာအပေါင်းတို့၏အလှူကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ သူကြွယ်သားဖြစ်ကုန်သော အဆွေခင်ပွန်း နှစ်ယောက်တို့သည် အလိုဆန္ဒကို တပေါင်းတည်းဆောင်ကုန်၍ ခပ်သိမ်းကုန်သော ပရိက္ခရာအလှူဝတ္ထုတို့ကို စီရင်ကုန်၍ ဘုရားအမှူးရှိသော ရဟန်းသင်္ဃာတို့ကို ပင့်ဘိတ်၍ ခုနစ်ရက်ပတ်လုံး အလှူကြီးကို ဖြစ်စေကုန်၍ ခုနစ်ရက်မြောက်သောနေ့၌ ခပ်သိမ်းကုန်သော ပရိက္ခရာတို့ကို လှူကုန်၏။ ထိုဒါယကာတို့တွင် အပေါင်း၏အကြီးဖြစ်သော ဒါယကာသည် မြတ်စွာဘုရားကို ရှိခိုး၍ လျောက်ပတ်စွာနေလျက် အရှင်ဘုရား ဤအလှူ၌ များစွာလှူကုန်သောသူတို့သည်လည်း ရှိကုန်၏။ အနည်းငယ် လှူကုန်သော သူတို့သည်လည်း ရှိကုန်၏။ အလုံးစုံဖြစ်ကုန်သော ထိုသူတို့အား ဤအလှူသည် များစွာသော အကျိုးရှိသည် ဖြစ်စေသတည်းဟု အလှူ၏အကျိုးကိုအမျှပြု၍ ပေး၏။ သဗ္ဗညူမြတ်စွာဘုရားသည် ဒါယကာ ဘုရားအမှူးရှိသော ရဟန်းသင်္ဃာတို့အား အလှူကိုလှူ၍ ဤသို့အလှူ၏အကျိုးကို အမျှပြုကုန်၍ ပေးကုန်သောသင်တို့သည်လျှင် မြတ်သောအမှုကို ပြုအပ်၏။ ရှေးပညာရှိတို့သည်လည်း အလှူကိုလှူကုန်၍ ဤအတူသာလျှင် အလှူ၏အကျိုးကို အမျှပြု၍ ပေးဘူးကုန်ပြီဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည်မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိကတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် တက္ကသိုလ်ပြည်သို့သွား၍ အလုံးစုံကုန်သော အတတ်တို့ကို သင်ပြီးလျှင် အိမ်ရာထောင်ခြင်းကိုပယ်၍ ဟိမဝန္တာအရပ်၌ ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှါ ဇနပုဒ်သို့လှည့်လည်သွားခြင်းကို သွားသည်ရှိသော် ဗာရာဏသီပြည်သို့ရောက်လျှင် မင်း၏ ဥယျာဉ်၌နေ၍ နက်ဖြန်နေ့၌ တံခါး၏အနီးဖြစ်သောရွာ၌ အခြံအရံနှင့်တကွ ဆွမ်းခံအံ့သောငှာသွား၏။ လူတို့သည် ဆွမ်းကိုလှူကုန်၏။ သံဘက်နေ့၌ ဗာရာဏသီပြည်၌ ဆွမ်းခံသွား၏။ လူတို့သည် မြတ်နိုးစုံမက်ကုန်သည်ဖြစ်၍ ဆွမ်းကိုလှူကုန်၍ ဂိုဏ်းဖွဲ့သဖြင့် အလိုဆန္ဒကို တပေါင်းတည်းဆောင်ကုန်၍ အလှူဝတ္ထုတို့ကို စီရင်ကုန်၍ ရသေ့အပေါင်းတို့အား အမှုကြီးကို ဖြစ်စေကုန်၏။ အလှူ၏အဆုံး၌ အပေါင်း၏ အကြီးဖြစ်သော ဒါယကာသည် ဤအတူသာလျှင်ဆို၍ ဤသို့သောအမှတ်ဖြင့် အလှူ၏အကျိုးကို အမျှပြု၍ပေး၏။ ဘုရားလောင်းသည် ဒါယကာ စိတ်ကြည်ညိုခြင်းရှိသည်ရှိသော် ဒါနသည် နည်းသောမည်သည် မရှိဟု ဆို၍ အနုမောဒနာပြုလိုရကား-

၅၉။ ဒုဒ္ဒဒံ ဒဒမာနာနံ၊ ဒုက္ကရံ ကမ္မ ကုဗ္ဗတံ။
အသန္တော နာနုကုဗ္ဗန္တိ၊ သတံ ဓမ္မော ဒုရန္နယော။
၆၀။ တသ္မာ သတဉ္စ အသတံ၊ နာနာ ဟောတိ ဣတော ဂတိ။
အသန္တော နိရယံ ယန္တိ၊ သန္တော သဂ္ဂပရာယဏာ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၅၉။ အာဝုသော၊ ဒါယကာတို။ ဒုဒ္ဒဒံ၊ ပညာမရှိကုန်သောသူတို့သည် လှူနိုင်ခဲ သောဒါနကို။ ဒဒမာနာနံ၊ လှူကုန်သော။ ဒုက္ကရံ၊ ပညာမရှိကုန်သောသူတို့သည် ပြုနိုင်ခဲသောလှူခြင်းအမှုကို။ ကုဗ္ဗတံ၊ ပြုကုန်သော ပညာရှိ သူတော်ကောင်းတို့၏။ ကမ္မံ၊ လှူခြင်းအမှုကို။ အသန္တော၊ သူတော်ကောင်း မဟုတ်ကုန်သော သူမိုက်တို့သည်။ နာနုကုဗ္ဗန္တိ၊ မပြုကုန်။ သတံ၊ သူတော်ကောင်းတို့၏။ ဓမ္မော၊ အလှူပေးခြင်းဟူသော သဘောကို။ အပဏ္ဍိတေဟိ၊ ပညာ မရှိကုန်သော သူတို့သည်။ ဒုရန္နယော၊ ဤသို့သော အလှူကြောင့် ဤသို့သော ကောင်းမှုအကျိုးကို ရ၏ဟူ၍ အကျိုးနှင့်စပ်သောအားဖြင့် သိနိုင်ခဲ၏။

֍ ဋ္ဌ ၆၀။ တသ္မာ၊ ထိုကြောင့်။ ဣတော၊ ဤဘဝမှ။ ပရလောကံ၊ တမလွန်ဘဝသို့။ ဂစ္ဆန္တာနံ၊ လားကုန်သော။ သတဉ္စ၊ ပညာရှိ သူတော်ကောင်းတို့၏၎င်း။ အသတဉ္စ၊ ပညာရှိသူတော်ကောင်း မဟုတ်ကုန်သော သူတို့၏၎င်း။ ဂတိ၊ ပဋိသန္ဓေယူခြင်းသည်။ နာနာ၊ အထူးသည်။ ဟောတိ၊ ဖြစ်၏။ အသတံ၊ ပညာမရှိသော သူတော်ကောင်း မဟုတ်ကုန်သောသူတို့သည်။ နိရယံ၊ ငရဲသို့။ ယန္တိ၊ လားရကုန်၏။ သန္တာ၊ ပညာရှိ သူတော်ကောင်းတို့သည်။ သဂ္ဂပရာယဏာ၊ နတ်ပြည်သို့လားရကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

ဤသို့ ဘုရားလောင်းသည် အနုမောဒနာပြု၍ မိုဃ်းတွင်းလေးလပတ်လုံး ထိုဗာရာဏသီပြည်၌သာလျှင်နေ၍ မိုဃ်းလလွန်သည်ရှိသော် ဟိမဝန္တာအရပ်သို့သွား၍ ဈာန်ကိုဖြစ်စေ၍ မယုတ်သောဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ဒါယကာ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါရသေ့အပေါင်းတို့ ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့အပေါင်းတို့၏ဆရာ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အနည်းအများ၊ လှူတုံငြား၊ စိတ်ထား ပဓာန

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဒုဒ္ဒဒဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-အသဒိသဝဂ်

၁။ အသဒိသဇာတ်

လေးဝိဇ္ဇာမင်းသား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဓနုဂ္ဂဟော အသဒိသော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သောဤအသဒိသဇာတ်ကို ဇေတဝန် ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ် မြတ်သောတောထွက်တော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ငါဘုရားသည် ယခုအခါ၌သာလျှင် မြတ်သော တောထွက်တော်မူခြင်း၏ အစွမ်းအားဖြင့် တောထွက်တော်မူသည်ကား မဟုတ်သေး၊ ရှေး၌လည်း ထီးဖြူကိုစွန့်၍ တောထွက်တော်မူဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏မိဖုယားဝမ်း၌ ပဋိသန္ဓေကိုယူ၍ ချမ်းသာသဖြင့် ဖွားမြင်သော ထိုဘုရားလောင်းအား အမည်မှည့်သောနေ့၌ အသဒိသသတို့သား ဟူသောအမည်ကို မည်ကုန်၏။ ထို့နောင်မှ ဘုရားလောင်း၏ ရှေးရှူပြေး၍ ထက်ဝန်းကျင်ပြေး၍ သွားနိုင်သောကာလ၌ တယောက်သော ဘုန်းရှိသောသတ္တဝါသည် မိဖုယား၏ဝမ်း၌ပဋိသန္ဓေကိုယူ၏။ ချမ်းသာသဖြင့် ဖွားမြင်သော ထိုသတို့သားအား အမည်ကိုမည့်သောနေ့၌ ဗြဟ္မဒတ်ဟူသော အမည်ကို မှည့်ကုန်၏။ ထိုနှစ်ယောက်ကုန်သော မင်းသားတို့တွင် ဘုရားလောင်းသည် တဆယ့်ခြောက်နှစ် မြောက်သော ကာလ တက္ကသိုလ်ပြည်သို့သွား၍ ဒိသာ ပါမောက္ခဖြစ်သော ဆရာ၏အထံ၌ ဗေဒင်သုံးပုံကို၎င်း တဆယ့်ရှစ်ပါးကုန်သော အတတ်တို့ကို၎င်း သင်၍ လေးသမားတို့၏ အတတ်၌ အတုမရှိသည်ဖြစ်၍ ဗာရာဏသီပြည်သို့ ပြန်လာ၏။ မင်းသည် သေလွန်သည်ရှိသော် အသဒိသမင်းသားအား မင်းအဖြစ်ကိုပေး၍ ဗြဟ္မဒတ်မင်းသားအား အိမ်ရှေ့မင်းအဖြစ်ကို ပေးရစ်ကြကုန်လော့ဟု ဆို၍ သေလွန်၏။ ထိုဗြဟ္မဒတ်မင်းသေလွန်၍ ဘုရားလောင်းသည် မိမိအား မင်းအဖြစ်ကိုပေးသည်ရှိသော် ငါ့အား မင်းအဖြစ်ဖြင့် အလိုမရှိဟု ပယ်၏။ ဗြဟ္မဒတ်မင်းသားကို မင်းအဖြစ်၌ အဘိသိက်သွန်းကုန်၏။ ဘုရားလောင်းသည် အကယ်၍ကား မင်းအဖြစ်ကို အလိုမရှိ၊ ထိုသို့အလိုမရှိသော်လည်း ညီသည် မင်းအဖြစ်ကိုပြုသည်ရှိသော် ပြကတေ့အားဖြင့် မင်း၏ အခြင်းအရာအားဖြင့်သာလျှင် နေ၏။ မင်း၏ခြေရင်း၌ မြဲစွဲကုန်သောသူတို့သည် အသဒိသမင်းသားသည် မင်းအဖြစ်ကို တောင့်တ၏။ ဤသို့ဆိုကုန်၍ မင်း၏အထံ၌ ဘုရားလောင်းကို ဖျက်ဆီးကုန်၏။ ထိုဗြဟ္မဒတ်မင်းသည်လည်း ထိုမင်း၏ ခြေရင်း၌ မြဲစွဲကုန်သောသူတို့၏စကားကိုယူ၍ အချစ်ပျက်သောစိတ်ရှိသည်ဖြစ်၍ ငါ၏ နောင်တော်ကို ဖမ်းကြကုန်လော့ဟု လူတို့ကို စေ၏။

ထိုအခါ ဘုရားလောင်း၏အကျိုးစီးပွားကို ဆောင်ရွက်သော တယောက်သော ယောက်ျားသည် ထိုအကြောင်းကို ဘုရားလောင်းအား ကြား၏။ ဘုရားလောင်းသည် ညီငယ်အား အမျက်ထွက်သောကြောင့် မြို့မှထွက်၍ တပါးသောတိုင်းသို့သွား၍ တယောက်သော လေးသမားသည် လာ၍ မင်းအိမ်တံခါး၌တည်၏ဟု မင်းအားကြားစေ၏။ မင်းသည် အဘယ်မျှသောစည်းစိမ်ကို အလိုရှိသနည်းဟု မေး၏။ တနှစ်ဖြင့် တသိန်းသော ဥစ္စာကိုအလိုရှိ၏ဟု ဆိုသည်ရှိသော် ကောင်းပြီ လာစေလော့ဟု ဆို၏။ ထိုအခါ လာ၍ အနီး၌တည်သော ထိုအသဒိသမင်းသားကို သင်သည် လေးသမားလောဟု မေး၏။ မင်းမြတ် ဟုတ်၏ဟု ဆိုသည်ရှိသော် ကောင်းပြီ ငါ့ကို ခစားလော့ဟုဆို၏။ ထိုအသဒိသမင်းသားသည် ထိုအခါမှစ၍ မင်းကို ခစား၏။ ထိုအသဒိသမင်းအား ပေးအပ်သောရိက္ခာကိုမြင်ကုန်၍ အလွန်များစွာရ၏ဟု လေးသမားဟောင်းတို့သည် ကဲ့ရဲ့ကုန်၏။ ထိုအခါ တနေ့သ၌ မင်းသည် ဥယျာဉ်သို့သွား၍ မင်္ဂလာကျောက်ဖျာအနီး၌ တင်းတိမ်အရံကိုကာရံစေ၍ သရက်ပင်၏အရင်းဖြစ်သော မြတ်သောအိပ်ရာ၌ လျောင်းလျက် အထက်သို့ ကြည့်လတ်သည်ရှိသော် သရက်ပင်ဖျား၌ တခုသော သရက်သီးခိုင်ကိုမြင်၍ ဤသရက်သီးခိုင်ကို တက်၍ယူအံ့သောငှါ မတတ်ကောင်းဟု လေးသမားတို့ကိုခေါ်စေ၍ ဤသရက်သီးခိုင်ကို မြားဖြင့်ဖြတ်၍ ကျစိမ့်သောငှါ စွမ်းနိုင်ကုန်လတ္တံ့လောဟုဆို၏။ မင်းမြတ် ထိုသရက်သီးခိုင်ကို ကျစေခြင်းသည် အကျွန်ုပ်တို့အား ဝန်မလေး၊ အရှင်မင်းမြတ်သည်ကား အကြိမ်များစွာ အကျွန်ုပ်တို့၏အမှုကို မြင်ဘူးတော်မူ၏။ ယခု ရောက်သစ်စဖြစ်သော လေးသမားတော်သည် အကျွန်ုပ်တို့ထကျ များစွာသော ရိက္ခာကိုရ၏။ ထိုသရက်သီးခိုင်ကို ထိုလေးသမားတော်သစ်ကို ကြွေအောင်ပစ်စေတော်မူလော့ဟု လေးသမားဟောင်းတို့ လျှောက်ကြကုန်၏။

မင်းသည် ဘုရားလောင်းကိုခေါ်စေ၍ အမောင် ထိုသရက်သီးခိုင်ကို ကြွေစိမ့်သောငှါ စွမ်းနိုင်လတ္တံ့ လောဟုမေး၏။ မင်းမြတ် တခုသောအရပ်ကို ရသည်ရှိသော် စွမ်းနိုင်ပါလတ္တံ့ ဟု ဘုရားလောင်းသည် လျှောက်၏။ အဘယ်အရပ်ကိုရသည်ရှိသော် စွမ်းနိုင်လတ္တံ့နည်းဟု မင်းသည် မေး၏။ မင်းမြတ် အရှင်မင်းမြတ်တို့၏ နေရာတော်၏ အတွင်းအရပ်ကို ရသည်ရှိသော် စွမ်းနိုင်လတ္တံ့ဟု ဘုရားလောင်းသည် လျှောက်၏။ မင်းသည်အိပ်ရာကို ဆောင်စေ၍ လေးပစ်ရာအရပ်ကိုပြုစေ၏။ ဘုရားလောင်းလက်၌ လေးသည် မရှိ၊ ဝတ်သောပုဆိုး၏အတွင်း၌ လေးကို ဖွဲ့၍သွား၏။ ထို့ကြောင့် တင်းတိမ်ကိုရခြင်းငှါ သင့်၏ဟုဆို၏။ မင်းသည် ကောင်းပြီဟု တင်းတိမ်ကို ဆောင်စေ၍ ရံစေ၏။ ဘုရားလောင်းသည် တင်းတိမ်တွင်းသို့ဝင်၍ အပေါ်၌ အမြဲဝတ်သော ဖြူသောအဝတ်ကိုပယ်၍ တထည်သော နီသောပုဆိုးကို ဝတ်၍ အောက်ပိုးကျိုက်၍ တထည်သော နီသောပုဆိုးကိုဝမ်း၌ဖွဲ့၍ အိမ်မှ အစပ်နှင့်ယှဉ်သော သန်လျက်ကိုထုတ်၍ လက်ဝဲနံပါးဖြင့်လွယ်၍ ရွှေသင်တိုင်းကိုဝတ်၍ လေးထည့်သောကျည်ကို နောက်မှလွယ်၍ အစပ်နှင့်ယှဉ်သော ဆိတ်ချိုလေးကြီးကိုယူ၍ သန္တာအဆင်းနှင့်တူသော ညှို့ကိုတင်၍ သင်းကျစ်ကို ဦးခေါင်း၌စွပ်၍ ထက်စွာသောစဉ်းသွားကို လက်သည်းတို့ဖြင့်ပွတ်လျက် တင်းတိမ်ကိုနှစ်ဖြာလှစ်၍ မြေကိုခွဲ၍ထွက်သော နဂါးလုလင်ကဲ့သို့ထွက်ပြီးလျှင် မြှားပစ်ရာအရပ်သို့သွား၍ စဉ်းသွားကို မြှား၌တပ်၍ မင်းကို မင်းမြတ် ထိုသရက်သီးခိုင်ကို အထက်သို့တက်သောဖြင့် ကျစေရအံ့လော။ ထိုသို့မဟုတ်မူကား အောက်သို့သက်သောမြားဖြင့် ကျစေရအံ့လောဟု လျောက်၏။ အမောင် တက်သောမြားဖြင့် ကျစေသည်ကို ငါမြင်ဘူးသည်ကားများ၏။ အောက်သို့ သက်သာမြှားဖြင့်သော်ကား ကျစေသည်ကို မမြင်စဘူးသေး၊ အောက်သို့သက်သော မြှားဖြင့် ကျစေလောဟု ဆိုသည်ရှိသော် မင်းမြတ် ဤမြှားသည် ဝေးသောအရပ်သို့ တက်လတ္တံ့၊ အကြင်မျှလောက် စတုမဟာရာဇ်နတ်ပြည်သည် ရှိ၏။ ထိုမျှလောက်သွားလေ၍ ညအခါ၌ သက်လတ္တံ့၊ အကြင်မျှလောက် ထိုမြှား၏သက်ခြင်းသည် ရှိ၏။ ထိုမျှလောက် အရှင်မင်းမြတ်တို့သည် သည်းခံအံ့သောငှါ သင့်၏ဟု ဆို၏။ မင်းသည် ကောင်းပြီဟု ဝန်ခံ၏။

ထို့နောင်မှ မင်းမြတ် ဤမြားသည်ကား တက်လတ်သည်ရှိသော် သရက်သီးခိုင်အညှာကို အလယ်တိုင်အောင်ဖြတ်လျက် တက်လတ္တံ့၊ သက်လတ်သည်ရှိသော်ကား ဆံခြည်ဖျားမျှလည်း ဤမှ၎င်း ထိုမှ၎င်း မရွေ့မူ၍ အပိုင်းအခြား၌ သာလျှင်ကျ၍ သရက်သီးခိုင်ကိုယူ၍ သက်လတ္တံ့၊ မင်းမြတ် ရှုတော်မူလော့ဟု တဖန် မင်းကိုဆို၏။ ဆိုပြီးသော် အဟုန်ကိုဖြစ်စေ၍ မြားကိုပစ်၏။ ထိုမြားသည် သရက်သီးခိုင်အညှာကို အလယ်တိုင်အောင်ဖြတ်လျက် တက်၏။ ဘုရားလောင်းသည် ယခုအခါ၌ မြှားသည် စတုမဟာရာဇ်နတ်ပြည်တိုင်အောင် ရောက်သည်ဖြစ်လတ္တံ့၊ ဤသို့သိ၍ ရှေးဦးစွာ ပစ်အပ်သောမြားထက် အထူးသဖြင့် လွန်စွာလျင်မြန်ခြင်းကိုဖြစ်စေ၍ တစင်းသော မြှားကို ပစ်၏။ ထို့နောင်မှ ပစ်အပ်သောမြားသည် သွားလေ၍ ရှေးဦးစွာ ပစ်အပ်သောမြားကို မြားလွှာတောင့်ဖြင့်ခတ်၍ လည်စေ၍ မိမိသည် တာဝတိံသာ နတ်ပြည်သို့ တက်လေ၏။ ထိုတာဝတိံသာနတ်ပြည်၌ ထိုမြားကို နတ်တို့သည် ယူကုန်၏။ ပြန်လည်လာသောမြား၏ လေကိုဖြတ်သောအသံသည် မိုဃ်းကြိုးသံကဲ့သို့ဖြစ်၏။ လူများသည် ဤအသံသည်ကား အဘယ်အသံနည်းဟု ဆိုသည်ရှိသော် ဘုရားလောင်းသည် ပြန်လည်လာသောမြား၏ အသံတည်းဟု ဆို၍ မိမိကိုယ်၌ မြား၏ကျအံ့သောဘေးဖြင့် အလွန်ထိတ်လန့်သော လူများကိုမြင်၍ မကြောက်ကုန်လင့်ဟု နှစ်သိမ့်စေ၍ မြှားအား မြေသို့ကျစိမ့်သောငှါ မပေးဟုဆို၏။ မြားသည် သက်လာသည်ရှိသော် တဆံခြည်ဖျား၎င်း ထိုမှဤမှ မရွေ့မူ၍ အပိုင်းအခြား၌သာလျှင်ကျ၍ သရက်သီးခိုင်ကို ဖြတ်၏။ ဘုရားလောင်းသည် သရက်သီးခိုင်အား၎င်း မြှားအား၎င်း မြေသို့ကျစိမ့်သောငှာ မပေးမူ၍ ကောင်းကင်ပြင်၌သာလျှင်ခံလျက် လက်တဘက်ဖြင့် မြှားကို လက်တဘက်ဖြင့် သရက်သီးခိုင်ကို ယူ၏။ လူများသည် ထိုအံ့ဘွယ်သရဲကို မြင်၍ ငါတို့သည် ဤသို့သဘောရှိသောအတတ်ကို မမြင်စဘူးဟု ဘုရားလောင်းကို ချီးမွမ်းကုန်၏။ ကြီးစွာသော ရယ်ရွှင်ခြင်းကို ရယ်ရွှင်ကုန်၏။ ပဲ့တင်ထပ်စေကုန်၏။ လက်ပန်းပေါက် ခတ်ကုန်၏။ လက်ချောင်းတို့ကို ခါကုန်၏။ ပုဆိုးကို ပစ်လွှားခြင်း များစွာတို့ကို ဖြစ်စေကုန်၏။ မင်း၏ ပရိသတ်တို့သည် နှစ်သက်ရွှင်လန်းခြင်းကြောင့် ဘုရားလောင်းအား ပေးအပ်သော ဥစ္စာသည် ကုဋေအတိုင်းအရှည် ရှိသည်ဖြစ်၏။ မင်းသည်လည်း ထိုဘုရားလောင်းအား မိုဃ်းကြီးသည်းထန်စွာ ရွာဘိသကဲ့သို့ များစွာသော ဥစ္စာကို၎င်း များစွာသော အခြံအရံကို၎င်း ပေး၏။

ဤသို့ မင်းသည် အရိုအသေအလေးအမြတ် ပြုခြင်းကြောင့် ဘုရားလောင်းသည် ထိုပြည်၌နေသည်ရှိသော် အသဒိသမင်းသားသည် ဗာရာဏသီပြည်၌ မရှိသတတ်ဟု ခုနစ်ပြည်ထောင်သော မင်းတို့သည် လာလတ်ကုန်၍ ဗာရာဏသီပြည်ကို ခြံရံကုန်၍ ပြည်ကိုမူလည်း ပေးမည်လော စစ်ထိုးခြင်းကိုမူလည်း ပေးမည်လော၊ ဤသို့ ဗြဟ္မဒတ်မင်းအား အမှာစာကို သ, ကုန်၏။ ဗြဟ္မဒတ်မင်းသည် သေဘေးမှကြောက်သည်ဖြစ်၍ ငါ၏ နောင်တော်သည် အဘယ်အရပ်၌ နေသနည်းဟုမေး၍ တပါးသော ပြည်နီးချင်းမင်းကို ခစား၏။ ဤသို့ ကြား၍ ငါ၏ နောင်တော်သည် မလာသည်ရှိသော် ငါ့အား အသက်သည် မရှိလတ္တံ့၊ သွားကြကုန် ငါ၏စကားဖြင့် ထိုအသဒိသမင်းသား၏ ခြေတော်တို့ကို ရှိခိုးကုန်လျှက် ကန်တော့ ပင့်ဆောင်ကုန်၍ လာကြကုန်လော့ဟု တမန်တို့ကိုစေလိုက်၏။ ထိုတမန်တို့သည် သွားကုန်၍ ဘုရားလောင်းအား ထိုအကြောင်းကို လျောက်ကုန်၏။ ဘုရားလောင်းသည် မင်းကိုပန်၍ ဗာရာဏသီပြည်သို့ တဖန်ပြန်လည်၍ မင်းကို မကြောက်လင့်ဟုနှစ်သိမ့်စေ၍ ငါအသဒိသမင်းသားသည် လာပြီ၊ ဤမြားမှတပါး တစင်းသော မြားကိုပစ်၍ ခပ်သိမ်းကုန်သော မင်းတို့၏ အသက်ကို သေစေအံ့၊ အသက်ဖြင့်အလိုရှိကုန်သော သူတို့သည် ပြေးလေကုန်၊ ဤသို့အက္ခရာတို့ကို မြား၌ရေး၍ ပစ္စင်ပေါ်၌ရပ်၍ ခုနစ်ဦးကုန်သော မင်းတို့၏ စားကုန်စဉ် ရွှေခွက်၏အဖုံး၌သာလျှင် မြှားခုနစ်စင်းတို့ကို ကျစေ၏။ ထိုမင်းတို့သည် အက္ခရာတို့ကို မြင်ကုန်၍ သေဘေးမှ ကြောက်ကုန်၍ ပြေးလေကုန်၏။ ဤသို့ ဘုရားလောင်းသည် တခုသော ယင်ငယ်သည် သောက်လောက်ရုံသော သွေးကိုလည်း မဖြစ်စေမူ၍ ခုနစ်ပြည်ထောင်ကုန်သော မင်းတို့ကိုပြေးစေ၍ ညီတော်ငယ်ကိုပန်၍ ကာမတို့ကိုပယ်ပြီးလျှင် ရသေ့ရဟန်းပြု၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်သို့ လား၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ဤအသဒိသမင်းသားသည် ခုနစ်ပြည်ထောင်သော မင်းတို့ကိုပြေးစ၍ အောင်မြင်ပြီးသော စစ်ပွဲရှိသည်ဖြစ်၍ ရသေ့ရဟန်းအဖြစ် ကပ်လေ၏ဟု ပြတော်မူလိုရကား ဘုရားအဖြစ်သို့ရောက်တော်မူပြီး၍-

၆၁။ ဓနုဂ္ဂဟော အသဒိသော၊ ရာဇပုတ္တော မဟဗ္ဗလော။
ဒူရေပါတီ အက္ခဏဝေဓီ၊ မဟာကာယပ္ပဒါလနော။
၆၂။ သဗ္ဗာမိတ္တေ ရဏံ ကတွာ၊ န စ ကဉ္စိ ဝိဟေဌယိ။
ဘာတရံ သောတ္ထိံ ကတွာန၊ သံယမံ အဇ္ဈုပါဂမိ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၆၁။ ဘိက္ခဝေ၊ ရဟန်းတို့။ မဟဗ္ဗလော၊ ကြီးသော ကိုယ်အား ဉာဏ်အား ရှိထသော။ ဒူရေပါတီ၊ ဝေးစွာသော စတုမဟာရာဇ် တာဝတိံသာတိုင်အောင်သောအရပ်သို့ မြားကိုရောက်စေနိုင်ထသော။ အက္ခဏဝေဓီ၊ မချွတ်မယွင်း ပစ်နိုင်ထသော။ တနည်း... အက္ခဏဝေဓီ၊ လျှပ်တပြက်၌ ခုနစ်ချက် ရှစ်ချက်မြှားတို့ကို ပစ်နိုင်ထသော။ မဟာကာယပ္ပဒါလနော၊ များစွာကုန်သော အစုအပေါင်းတို့ကို ထုတ်ချင်းထွင်းအောင် ပစ်နိုင်ထသော။ ရာဇပုတ္တော၊ မင်း၏သား ဖြစ်ထသော။ အသဒိသော၊ အသဒိသ အမည်ရှိထသော။ ဓနုဂ္ဂဟော၊ လေးသမားကျော်သည်။ သဗ္ဗာမိတ္တေ၊ ခပ်သိမ်းကုန်သော ရန်သူတို့ကို။ ရဏံ ကတွာ၊ စစ်တိုက်ခြင်းကိုပြု၍။ ပလာပေသိ၊ ပြေးစေ၏။ ကဉ္စိ စ၊ တစုံတယောက်ကို မျှလည်း။ န ဝိသေဌယိ၊ မညှဉ်းဆဲ။ ဘာတရံ၊ ညီတော်ကို။ သောတ္ထိံ ကတွာန၊ ချမ်းသာခြင်းကို ပြု၍။ သံယမံ၊ သီလကို စောင့်ရှောက်သောရသေ့အဖြစ်သို့။ အဇ္စျုပါဂမိ၊ ကပ်လေ၏။

ဇာတ်ပေါင်း... ဤသို့ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ ညီငယ် ဖြစ်ဘူးလေပြီ၊ ထိုမှတပါး ယခုအခါ၌ ငါဘုရားသည်သာလျှင် ထိုအခါ အသဒိသမင်းသားဖြစ်ဘူးလေပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

စည်းစိမ်မခင်၊ တောချောင်ဝင်၊ လူတွင် ကျင့်ခဲစွာ

ရှေးဦးစွာသော အသဒိသဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-အသဒိသဝဂ်

၂။ သင်္ဂါမာဝစရဇာတ်

မင်းနန်ချွတ်ခဏ်း နှင့် ဆုံးမလွယ်သောဆင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်သင်္ဂါမာဝစရော သူရော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသင်္ဂါမာဝစရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နန္ဒမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ မြတ်စွာဘုရားသည် ရှေးဦးစွာ ကြွတော် မူခြင်းဖြင့် ကပိလဝတ်ပြည်တော်သို့ ကြွတော်မူ၍ ညီတော်ငယ်ဖြစ်သော နန္ဒမင်းသားကို ရဟန်းပြု၍ ကပိလဝတ်ပြည်မှ ထွက်တော်မူ၍ အစဉ်သဖြင့် သာဝတ္ထိပြည်သို့ ရောက်တော်မူ၍ နေတော်မူသည်ရှိသော် အရှင်နန္ဒသည် မြတ်စွာဘုရား၏ သပိတ်တော်ကိုယူ၍ မြတ်စွာဘုရားနှင့်တကွ နန်းတော်မှ ထွက်သောကာလ၌ နန္ဒမင်းသားသည် မြတ်စွာဘုရားနှင့် တကွ လိုက်လေ သတတ်ဟုကြား၍ ထက်ဝက်အားဖြင့် ဖြီးအပ်ကုန်ပြီးသော ဆံရှိကုန်လျက် လေသွန်ပြတင်းပေါက်ကြားဖြင့် မျှော်လိုက်၍ အရှင်သားတော် လျင်မြန်စွာသာလျှင် ပြန်လည်တော်မူခဲ့ပါလော့ဟု ဇနပဒကလျာဏီမှာလိုက်သောစကားကို အစဉ်အောက်မေ့လျက် လူ၏အဖြစ်ကို တမော့မော့မျှော်သော လည်ရှိသည်ဖြစ်၍ မမွေ့မလျော်ခြင်းကြောင့် ဖက်ရွက်ရော်ကဲ့သို့ အလွန်ဖျော့တော့သောအဆင်း, အကြောပြိုင်းပြိုင်းကိုယ်ရှိသည်ဖြစ်၏။

မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ အကယ်၍လျှင် ငါသည် နန္ဒကို အရဟတ္တဖိုလ်၌ တည်စေရမူကား ကောင်း၏။ ဤသို့ ကြံတော်မူ၍ ထိုနန္ဒထေရ်၏နေရာပရိဝုဏ်သို့ ကြွတော်မူ၍ ခင်းအပ်သော ဘုရားနေရာတော်၌ နေတော်မူလျက် နန္ဒ ဤသာသနာတော်၌ မွေ့လျော်ပါ၏လောဟု မေးတော်မူ၏။ အရှင်ဘုရား ဇနပဒကလျာဏီ၌ တပ်စွန်းသောစိတ်ရှိသည်ဖြစ်၍ မမွေ့မလျော်ပါဟု လျှောက်၏။ နန္ဒ ဟိမဝန္တာသို့ လှည့်လည် သွားလာဘူး၏လောဟု မေးတော်မူ၏။ အရှင်ဘုရား မသွားဘူးပါဟု လျှောက်၏။ နန္ဒ ထိုသို့တပြီးကား သွားကြကုန်အံ့၊ ဤသို့ မိန့်တော်မူသည်ရှိသော် အရှင်ဘုရား အကျွန်ုပ်အား တန်ခိုးသည် မရှိ၊ အကျွန်ုပ် အသို့သွားနိုင်ပါအံ့နည်းဟု လျောက်၏။ မြတ်စွာဘုရားသည် နန္ဒ ငါ၏ တန်ခိုးအစွမ်းအားဖြင့် သင့်ကို ဆောင်အံ့ဟု မိန့်တော်မူပြီးလျှင် နန္ဒမထေရ်ကို လက်၌ကိုင်တော်မူ၍ ကောင်းကင်သို့ ပျံကြွတော်မူသည်ရှိသော် ခရီးအကြား၌ တခုသော မီးလောင်ရာအပြင်၌ မီးလောင်ငုတ်တွင် နေသော ပြတ်သာ နား, နှာခေါင်း, မြီးထူးရှိသော မီးလောင်သော အမွေးရှိသော အပေါ်ရေစုတ်သည်ဖြစ်၍ အတွင်းရေမျှသာရှိသော နီသာအဆင်းဖြင့် ထက်ဝန်းကျင်လွှမ်းအပ်သော တခုသောမျောက်မကိုမြင်၍ နန္ဒ တခုသော မျောက်မကို ရှုလောဟု ပြတော်မူ၏။ အရှင်ဘုရား မြင်ပါ၏ဟု နားတော်လျှောက်သည်ရှိသော် မျက်စိအားဖြင့် ကောင်းစွာ ကြည့်ရှုခြင်းကို ပြုလော့ဟု မိန့်တော်မူ၏။

ထို့နောင် နန္ဒမထေရ်ကိုဆောင်၍ ယူဇနာခြောက်ဆယ်ရှိသော ဆေးဒါန်းမြင်းသီလာအပြင်ကို၎င်း အနောတတ်အိုင်အစရှိကုန်သော အိုင်ကြီးခုနစ်အိုင်တို့ကို၎င်း မြစ်ကြီးငါးစင်းတို့ကို၎င်း ရွှေတောင် ငွေတောင် ပတ္တမြားတောင်တို့ဖြင့် တန်ဆာဆင်အပ်သော တပါးမကများသော မွေ့လျော်ဘွယ်ရှိသော ဟိမဝန္တာတောင်ကို၎င်းပြ၍ နန္ဒ တာဝတိံသာနတ်ပြည်ကို မြင်ဘူး၏လောဟု မေးတော်မူ၍ ရှင်ဘုရား မမြင်ဘူးပါဟု နားတော်လျှောက်သည်ရှိသော် နန္ဒ လာလှည့် သင့်အား တာဝတိံသာ နတ်ပြည်ကို ငါပြအံ့ဟု မိန့်တော်မူပြီးလျှင် ထိုတာဝတိံသာနတ်ပြည်သို့ဆောင်၍ ပဏ္ဍုကမ္ဗလာကျောက်နေရာ၌ နေတော်မူ၏။ သိကြားနတ်မင်းသည် နတ်ပြည်နှစ်ထပ်တို့၌ နတ်တို့၏ အပေါင်းနှင့်တကွ လာလတ်၍ ရှိခိုးလျက် တင့်အပ်လျောက်ပတ်စွာ နေ၏။ နှစ်ကုဋေငါးသန်း အရေ အတွက်ရှိသော ပရိသတ်အပေါင်း ခြံရံအပ်ကုန်သော ငါးရာကုန်သော ခိုခြေအဆင်းနှင့်တူကုန်သော နတ်သ္မီးတို့သည်လည်း လာလတ်ကုန်၍ ရှိခိုးကုန်လျက်လျောက်ပတ်နေကုန်၏။ မြတ်စွာဘုရားသည် အရှင်နန္ဒကို ငါးရာကုန်သော နတ်သ္မီးတို့ကို ကိလေသာ၏ အစွမ်းအားဖြင့် အဖန်တလဲလဲ ကြည့်စေ၏။ နန္ဒ ခိုခြေအဆင်းနှင့် တူကုန်သော ဤနတ်သီးတို့ကို သင်သည် မြင်၏လောဟု မိန့်တော်မူ၍ အရှင်ဘုရား မြင်ပါ၏ဟု နားတော်လျှောက်သည်ရှိသော် နန္ဒ ထိုနတ်သ္မီးတို့သည် တင့်တယ်ကုန်သလော၊ ထိုသို့ မဟုတ်မူကား ဇနပဒကလျာဏီသည် တင့်တယ်သလော ဤသို့ မေးတော်မူ၏။ အရှင်ဘုရား ဇနပဒကလျာဏီကိုထောက်၍ မီးလောင်၍ စုတ်ပြတ်သော မျောက်မသည် မတင့်တယ်သကဲ့သို့ ဤအတူသာလျှင် ဤနတ်သ္မီးတို့ကို ထောက်၍ ဇနပဒကလျာဏီသည် မတင့်တယ်ပါ။ ဤသို့ နားတော် လျှောက်သည်ရှိသော် နန္ဒ ယခုအခါ၌ အသို့ ပြုလတ္တံ့နည်း။ ဤသို့ မိန့်တော်မူ၏။ အရှင်ဘုရား အဘယ် ကောင်းမှုကံကိုလျှင် ပြုကုန်၍ ဤနတ်သ္မီးတို့ကို ရကုန်အံ့နည်း။ ဤသို့ နားတော်လျှောက်သည်ရှိသော် နန္ဒ ရဟန်းတရားကို ကျင့်ကုန်၍ ရကုန်၏ဟု မိန့်တော်မူ၏။ အရှင်ဘုရား ဤနတ်သ္မီးတို့ကိုရစိမ့်သောငှါ အရှင်ဘုရားသည် အကယ်၍ဝန်ခံအံ့၊ အကျွန်ုပ်သည် ရဟန်းတရားကို ကျင့်ပါအံ့ဟု နားတော် လျှောက်သည်ရှိသော် နန္ဒ အားထုတ်လော့၊ ငါသည် သင့်အား ဝန်ခံ၏ဟု မိန့်တော်မူ၏။ ဤသို့ နန္ဒမထေရ်သည် နတ်အပေါင်းတို့၏အလယ်၌ မြတ်စွာဘုရားကို ဝန်ခံစေ၍ အရှင်ဘုရား အလွန် ကြာမြင့်ခြင်းကို ပြုတော်မမူပါလင့်၊ ထလော့ သွားကြကုန်အံ့၊ အကျွန်ုပ်သည် ရဟန်းတရားကို ကျင့်အံ့ဟု လျှောက်၏။ မြတ်စွာဘုရားသည် ထိုနန္ဒကို ဆောင်၍ ဇေတဝန်ကျောင်းတော်သိုသာလျှင် ပြန်တော်မူ၏။ နန္ဒမထေရ်သည် ရဟန်းတရားကို ကျင့်အံ့သောငှါအားထုတ်၏။

မြတ်စွာဘုရားသည် တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာကိုခေါ်တော်မူ၍ သာရိပုတ္တရာ ငါ၏ ညီတော်ငယ်ဖြစ်သော နန္ဒသည် တာဝတိံသာနတ်ပြည်ဝယ် နတ်အပေါင်းတို့၏အလယ်၌ နတ်သ္မီးတို့၏ အကြောင်းကြောင့် ငါ့ကို ဝန်ခံစေ၏ဟု ရှင်သာရိပုတ္တရာအား ကြားတော်မူ၏။ ထိုသို့သော အကြောင်းဖြင့်သာလျှင် မဟာမောဂ္ဂလာန်မထေရ်အား၎င်း မဟာကဿပမထေရ်အား၎င်း အနုရုဒ္ဓါမထေရ်အား၎င်း တရားဘဏ္ဍာစိုးဖြစ်သော အာနန္ဒာမထေရ်အား၎င်း ဤသို့သောအစဉ်ဖြင့် အသီတိသာဝကတို့အား၎င်း များသောအားဖြင့် အသီတိသာဝကတို့မှ ကြွင်းကုန်သော ရဟန်းတို့အား၎င်း ကြားတော်မူ၏။ တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာမထေရ်သည် နန္ဒမထေရ်သို့ကပ်၍ ငါ့သျှင်နန္ဒ သင်သည် တာဝတိံသာနတ်ပြည်ဝယ် နတ်အပေါင်းတို့၏အလယ်၌ နတ်သ္မီးတို့ကို ရလိုသောကြောင့် ရဟန်းတရားကိုကျင့်အံ့ဟူ၍ မြတ်စွာဘုရားကို ဝန်ခံစေသည်ဟု ကြားရသည်ကား မှန်သလောဟု ဆို၍ နတ်သ္မီးတို့၏ အကျိုးငှါ ရဟန်းတရားကို သင်သည်ကျင့်သည်ဖြစ်လတ်သော် သင်၏ မြတ်သော သီတင်းကိုသုံးခြင်းသည် မိန်းမတို့နှင့်စပ်သည်ဖြစ်၍ ကိလေသာကိုမှီသည် မဟုတ်တုံလော၊ ထိုသင်အား မိန်းမတို့၏ အကျိုးငှါ အခအားဖြင့် အမှုကိုပြုသော အမှုကိုလုပ်သော ယောက်ျားနှင့်တကွ အဘယ်မှာလျှင် ထူးအံ့နည်းဟု နန္ဒမထေရ်ကို ရှက်စေ၏။ အရှိန်အဝါမဲ့သည်ကို ပြု၏။ ထိုသို့သောအကြောင်းဖြင့် အလုံးစုံလည်းဖြစ်ကုန်သော အသီတိ သာဝကတို့သည်၎င်း ကြွင်းကုန်သော ရဟန်းတို့သည်၎င်း ထိုအရှင်နန္ဒကိုရှက်စေကုန်၏။

ထိုနန္ဒမထေရ်သည် စင်စစ် မသင့်မလျော်သည်ကို ငါသည် ပြုအပ်၏ဟု ရှက်ခြင်းကြောင့်၎င်း ထိတ်လန့်ခြင်းကြောင့်၎င်း လုံ့လကို လွန်စွာအားထုတ်၍ ဝိပဿနာကိုပွား၍ အရဟတ္တဖိုလ်သို့ရောက်၍ မြတ်စွာဘုရားထံကပ်လေ၍ အရှင်ဘုရား အကျွန်ုပ်သည် အရှင်ဘုရားတို့၏ ဝန်ခံတော်မူခြင်းကို ဖြေပါ၏ဟု လျောက်၏။ မြတ်စွာဘုရားသည်လည်း နန္ဒ အကြင်အခါ၌ကား သင်သည် အရဟတ္တဖိုလ်သို့ ရောက်၏။ ထိုအခါ၌သာလျှင် ငါသည် ဝန်ခံခြင်းမှ လွတ်၏ဟု မိန့်တော်မူ၏။ ထိုအကြောင်းကို သိကုန်၍ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ နန္ဒမထေရ်သည် အလွန်လျှင် ဆုံးမခြင်းငှာ ခံ့ပေ၏။ တကြိမ်တည်းသောအဆုံးအမဖြင့်သာလျှင် အရှက်အကြောက်ကိုဖြစ်စေ၍ ရဟန်းတရားကိုအားထုတ်၍ အရဟတ္တဖိုလ်သို့ရောက်၏။ ဤစကားကိုဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် နန္ဒသည် ဆုံးမခြင်းငှါ ခံ့သည်မဟုတ်သေး၊ ရှေး၌လည်း နန္ဒသည် ဆုံးမခြင်းငှါ ခံ့သည်သာလျှင်တည်းဟု မိန့်တော်မူ၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဆင်ဆရာတို့၏အမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် ဆင်ဆရာတို့၏ အတတ်၌ အပြီးသို့ရောက်၍ ဗာရာဏသီမင်း၏ ပြည်နီးချင်းဖြစ်သော မင်းတပါးကို ခစားလေ၏။ ထိုဘုရားလောင်းသည် ထိုမင်း၏ မင်္ဂလာဆင်ကို ကောင်းစွာသင်သည်ကိုပြု၍ တတ်စေ၏။ ထိုမင်းသည် ဗာရာဏသီပြည်ကို ယူအံ့ဟူ၍ ဘုရားလောင်းကိုယူ၍ မင်္ဂလာဆင်ကိုစီး၍ များစွာသော စစ်သည်ဖြင့် ဗာရာဏသီပြည်သို့သွား၍ ခြံရံလျက် ပြည်ကိုမူလည်း ပေးမည်လော စစ်ထိုးခြင်းကိုမူလည်း ပေးမည်လောဟု ဗာရာဏသီမင်းအား အမှာစာကို ပို့စေ၏။ ဗြဟ္မဒတ်မင်းသည် စစ်ထိုးခြင်းကို ပေးအံ့ဟူ၍ တံတိုင်း တံခါးပစ္စင် တံခါးမုတ်တို့၌ ဗိုလ်ပါအပေါင်းကို တက်စေ၍ စစ်ထိုးခြင်းကို ပေး၏။ ပြည်နီးချင်းမင်းသည် မင်္ဂလာဆင်ကို ချပ်ဖြင့်ဖုံးလွှမ်း၍ မိမိသည်လည်း ချပ်ကိုဝတ်၍ မြတ်သော ဆင်ကျောက်ကုန်း၌ စီးလျက် ထက်စွာသော ချွန်းတောင်းကိုစွဲ၍ မြို့ကိုဖြို၍ ရန်သူကို အသက်ကုန်ခြင်းသို့ရောက်စေ၍ ပြည်ကို လက်သို့ရောက်သည်ကို ပြုအံ့ဟု ဆင်ကို မြို့သို့ရှေးရှုသွားစေ၏။ ထိုမင်္ဂလာဆင်သည် ပွဲလျှက်ပူတို့ကို၎င်း အထူးထူး အပြားပြားရှိကုန်သော လက်နက်တို့ကို၎င်း လွှတ်ကြကုန်သော သူတို့ကို မြင်၍ သေဘေးမှကြောက်ရကား ကပ်အံ့သောငှါ မဝံ့သည်ဖြစ်၍ နောက်သို့ ဆုတ်၏။ ထိုအခါ၌ ထိုမင်္ဂလာဆင်ကို ဆင်ဆရာသည်ကပ်၍ အမောင် သင်သည် ရဲရင့်သောဆင်တည်း၊ စစ်မြေပြင်ကို နှိပ်နင်းသွားတတ်သော ဆင်တည်း၊ ဤသို့သဘောရှိသောအရပ်၌ ဆုတ်ခြင်းမည်သည်ကား သင့်အား မလျောက်ပတ်ဟု ဆို၍ ဆင်ကို ဆုံးမလိုရကား-

၆၃။ သင်္ဂါမာဝစရော သူရော၊ ဗလဝါ ဣတိ ဝိဿုတော။
ကိံ နု တောရဏမာသဇ္ဇ၊ ပဋိက္ကမသိ ကုဉ္ဇရ။
၆၄။ ဩမဒ္ဒ ခိပ္ပံ ပလိဃံ၊ ဧသိကာနိ စ အဗ္ဗဟ။
တောရဏာနိ စ မဒ္ဒိတွာ၊ ခိပ္ပံ ပဝိသ ကုဉ္ဇရ။

ဟူသော ဤနှစ်ဂါထာကို ဆို၏။

֍ ဋ္ဌ ၆၃။ ကုဉ္ဇရ၊ မင်္ဂလာဆင်မြတ်။ တွံ၊ သင်သည်။ သင်္ဂါမာဝစရော၊ စစ်မြေပြင်ကို နှိပ်နင်း၍ သွားတတ်၏။ သူရော၊ ရဲရင့်၏။ ဗလဝါ၊ ခွန်အားရှိ၏။ ဣတိ၊ ဤသို့။ ဝိဿုတော၊ ကျော်စောသော ဆင်တည်း။ တောရဏံ၊ တံခါးပေါင်သို့။ အာသဇ္ဇ၊ ရောက်၍။ ကိံ နု ပဋိက္ကမသိ၊ အဘယ်ကြောင့် ဆုတ်ဘိသနည်း။

֍ ဋ္ဌ ၆၄။ ကုဉ္ဇရ၊ မင်္ဂလာဆင်မြတ်။ ပလိဃံ၊ တံခါးကျည်ပေါင်ကို။ ခိပ္ပံ၊ လျင်မြန်စွာ။ ဩမဒ္ဒ၊ အောက်သိုချလော့။ ဧသိကာနိစ၊ တံခါးတိုင်တို့ကိုလည်း။ အဗ္ဗဟ၊ နုတ်လော့။ တောရဏာနိ စ၊ တံခါးပေါင်တို့ကိုလည်း။ မဒ္ဒိတွာ၊ နင်း၍။ ခိပ္ပံ၊ လျင်မြန်စွာ။ ပဝိသ၊ ဝင်လော့။

မင်္ဂလာဆင်တော်သည် ထိုစကားကိုကြား၍ ဘုရားလောင်း၏ တကြိမ်တည်းသော အဆုံးအမဖြင့်သာလျှင်ပြန်၍ တံခါးတိုင်ကို နှာမောင်းဖြင့် ရစ်၍ မှိုတို့ကို နှုတ်သကဲ့သို့ နုတ်၍ တံခါးပေါင်ကိုနင်း၍ တံခါးကျည်ကို ချ၍ မြို့တံခါးကိုဖောက်၍ မြို့သို့ဝင်၍ ပြည်ကိုယူ၍ ပေး၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ နန္ဒသည် ထိုအခါ မင်္ဂလာဆင် ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဆင်ဆရာဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ဝဋ်နှောင်အကန့်၊ ဆုံးမခံ့ ပြတ်အံ့ မြဲသေချာ

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သင်္ဂါမာဝစရဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-အသဒိသဝဂ်

၃။ ဝါလောဒကဇာတ်

အမျိုးယုတ်မာ အသံစွာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုံရားသည်ဝါလောဒကံ အပ္ပရသံ နိဟီနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝါလောဒကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ငါးရာကုန်သော စားကြွင်းစားတို့ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ သာဝတ္ထိပြည်၌ ငါးရာကုန်သော ဒါယကာတို့သည် အိမ်၌ ပလိဗောဓကို သားမယားအားအပ်နှင်း၍ မြတ်စွာဘုရား၏ဓမ္မဒေသနာကို နာကုန်လျက် တပေါင်းတည်း သွားကုန်၏။ ထိုဒါယကာတို့တွင် အချို့ကုန်သော ဒါယကာတို့သည် သောတာပန်တို့တည်း၊ အချိုကုန်သော ဒါယကာတို့သည် သကဒါဂါမ်တို့တည်း၊ အချိုကုန်သော ဒါယကာတို့သည် အနာဂါမ်တို့တည်း၊ တယောက်မျှလည်း ပုထုဇန်မည်သည်မရှိ၊ မြတ်စွာဘုရားကို ဆွမ်းဘိတ်ကုန်သော်လည်း ထိုဒါယကာတို့ကို အတွင်းပြုကုန်၍သာလျှင် ဆွမ်းဘိတ်ကုန်၏။ ထိုငါးရာကုန်သော ဒါယကာတို့၏ကား ဒန်ပူမျက်နှာသစ်ရေ အဝတ်အာရုံနံ့သာ, ပန်းပေးကြကုန်သော ငါးရာကုန်သော အလုပ်အကျွေးငယ်တို့သည် စားကြွင်းစားကုန်သည်ဖြစ်၍ နေကုန်၏။ ထိုအလုပ်အကျွေးငယ်တို့သည် နံနက်စာစားပြီးလျှင် အိပ်ကုန်၍ ထကုန်လတ်သော် အစိရဝတီမြစ်သို့သွားကုန်၍ မြစ်နား၌ကြော်ငြာကုန်လျက် လက်ပမ်းလုံးထွေးခြင်းကို လုံးထွေးကြကုန်၏။ ငါးရာကုန်သော ထိုဒါယကာတို့သည်ကား အသံမရှိကုန်သည်ဖြစ်ကုန်၍ ကြွေးကြော်ခြင်း ကင်းကုန်လျက် ဖိုလ်ဝင်စားခြင်းကို အားထုတ်ကုန်၏။ မြတ်စွာဘုရားသည် ထိုစားကြွင်းစားတို့၏ ပြင်းထန်စွာသောအသံကို ကြားတော်မူ၍ အာနန္ဒာ ဤအသံသည် အဘယ်အသံနည်းဟု မေးတော်မူ၍ အရှင်ဘုရား စားကြွင်းစားတို့၏ အသံတည်းဟု နားတော်လျောက်သည်ရှိသော် ဤစားကြွင်းစားတို့သည် ယခုအခါ၌သာလျှင် စားကြွင်းကိုစားကုန်၍ ကြော်ငြာကုန်သည်ကား မဟုတ်ကုန်သေး၊ ရှေး၌လည်း ကြော်ငြာကုန်သလျှင်ကတည်း၊ ဤဒါယကာတို့သည်လည်း ယခုအခါ၌သာလျှင် ငြိမ်သက်စွာနေကုန်သည် မဟုတ်သေး၊ ရှေး၌လည်း ငြိမ်သက်စွာ နေဘူးကုန်သလျှင်ကတည်းဟု မိန့်တော်မူ၍ အာနန္ဒာမထေရ်သည် တောင်းပန်အပ်သည်ဖြစ်၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် အမည်ရှိသောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် အမတ်မျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် မင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်ဖြစ်၏။ ထိုအခါ တပါးသောအခါ၌ ထိုမင်းသည် ပစ္စန္တရစ်ကို ခိုးသူတို့သည် ဖျက်ဆီးအပ်၏ဟု ကြား၍ ငါးရာကုန်သော သိန္ဓောအမျိုး ဖြစ်ကုန်သောမြင်းတို့ကို ပြင်စေ၍ အင်္ဂါလေးပါးရှိသော စစ်သည်ဖြင့်သွား၍ ပစ္စန္တရစ်ကိုငြိမ်းစေ၍ ဗာရာဏသီပြည်သို့သာလျှင် ပြန်လာ၍ သိန္ဓောအမျိုးဖြစ်ကုန်သော မြင်းတို့သည် ပင်ပန်းကုန်၏။ ထိုသိန္ဓောအမျိုးဖြစ်ကုန်သော မြင်းတို့အား စိုသောအရသာရှိသည်သာလျှင် ဖြစ်သော မုဒရက်အဖျော်ကို ပေးကုန်လော့ဟုဆို၍ ပေးစေ၏။ သိန္ဓောအမျိုးဖြစ်ကုန်သော မြင်းတို့သည် အဦးဖြစ်သောအဖျော်ရည်ကို သောက်ကုန်၍ မြင်းတင်းကုပ်သို့သွားကုန်၍ မိမိမိမိတို့၏နေရာတို့၌ တည်ကုန်၏။ ထိုသိန္ဓောအမျိုး ဖြစ်ကုန်သော မြင်းတို့အားကား ပေးကြွင်းသည် အရည်နည်းသည်ဖြစ်၍ အဖတ်များသည်ဖြစ်၏။ လူတို့သည် ဤအကြွင်းကို အသို့ပြုရကုန်အံ့နည်းဟု မင်းအား လျောက်ကုန်၏။ မင်းသည် ရေဖြင့်နယ်၍ သင်ပန်းလျှော်ဖြင့် ရက်အပ်သော အဝတ်နွမ်းဖြင့်စစ်ကုန်၍ အကြင်မြည်းတို့သည် သိန္ဓောအမျိုးဖြစ်ကုန်သော မြင်းတို့အား ရိက္ခာကိုမှီရကုန်၏။ ထိုမြည်းတို့အား ပေးကုန်လောဟု ပေးစေ၏။ မြည်းတို့သည် မုဒရက်ဖတ်ကို စစ်သောရေကို သောက်ရခြင်းကြောင့် ယစ်ကုန်သည်ဖြစ်၍ ခုန်လွှားပေါက်ကန်ကုန်သောအားဖြင့် မြည်ကုန်လျက် မင်းယင်ပြင်၌ သွားကုန်၏။ မင်းသည် လေသွန်တံခါးမကိုဘွင့်၍ ကြည့်သည်ရှိသော် မြင်၍ အနီး၌တည်သော ဘုရားလောင်းကိုခေါ်၍ အမတ်ကြီး သင်သည် မြင်၏လော၊ ဤမြည်းတို့သည် မုဒရက်ဖတ်ကိုစစ်သော အရည်ကိုသောက်ရခြင်းကြောင့် ယစ်ကုန်သည်ဖြစ်၍ ခုန်လွှား ပေါက်ကန်ကုန်သောအားဖြင့် မြည်ကုန်လျက် သွားကုန်၏။ သိန္ဓဝအမျိုး၌ ဖြစ်ကုန်သော သိန္ဓောမြင်းတို့သည်ကား အဦးဖြစ်သော အဖျော်ရည်ကိုသောက်ကုန်၍ အသံကင်းကုန်လျက် ငြိမ်သက်စွာ နေကုန်၏။ မပြုံးရွှင်ကုန်၊ အကြောင်းသည် အသို့နည်းဟု မေးလိုရကား-

၆၅။ ဝါလောဒကံ အပ္ပရသံ နိဟီနံ၊
ပိတွာ မဒေါ ဇာယတံ ဂဒြဘာနံ။
ဣမံ စ ပိဝိတွာန ရသံ ပဏီတံ၊
မဒေါ န သံဇာယတိ သိန္ဓဝါနံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၅။ မဟာအမစ္စ၊ အမတ်ကြီး။ ဂဒြဘာနံ၊ မြည်းတို့အား။ နီဟိနံ၊ ယုတ်ထသော။ အပ္ပရသံ၊ နည်းသော အရသာရှိထသော။ ဝါလောဒကံ၊ သင်ပန်းလျှော်ဖြင့် ရက်အပ်သောအဝတ်နွမ်းဖြင့် စစ်အပ်သောမုဒရက်ရည်ကို။ ပိတွာ၊ သောက်ရ၍။ မဒေါ၊ ယစ်ခြင်းသည်။ ဇာယတိ၊ ဖြစ်၏။ သိန္ဓဝါနံ စ၊ သိန္ဓဝအမျိုးဖြစ်ကုန်သော မြင်းတို့အားကား။ ပဏီတံ၊ မွန်မြတ်သော။ ဣမံ ရသံ၊ ဤမုဒရက်အရည်ကို။ ပိဝိတွာန၊ သောက်၍။ မဒေါ၊ ယစ်ခြင်းသည်။ န သံဇာယတိ၊ မဖြစ်။ ကိံ နု ကာရဏံ၊ အကြောင်း အသို့နည်း။

ထိုအခါ ထိုဗြဟ္မဒတ်မင်းအား အကြောင်းကိုကြားလိုး ဘုရားလောင်းသည်-

၆၆။ အပ္ပံ ပိဝိတွာန နိဟီနဇစ္စော၊
သော မဇ္ဇတိ တေန ဇနိန္ဒ ပုဋ္ဌော။
ဓောရယှသီလီ စ ကုလမှိ ဇာတော၊
န မဇ္ဇတိ အဂ္ဂရသံ ပိဝိတွာ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၆။ ဇနိန္ဒ၊ လူတို့ကို အစိုးရတော်မူသော မင်းမြတ်။ သော၊ ထိုမြည်းအပေါင်းသည်။ နိဟီနဇစ္စော၊ ယုတ်သော အမျိုးရှိ၏။ တေန၊ ထိုယုတ်သောအမျိုး ရှိသည်၏အဖြစ်ဟု ဆိုအပ်သော သဘောသည်။ ပုဋ္ဌော၊ ကျွေးမွေး အပ်သည်ဖြစ်၍။ အပ္ပံ၊ နည်းသော အရသာရှိသော မုဒရက်အဖျော်ကို။ ပိဝိတွာန၊ သောက်ရ၍။ မဇ္ဇတိ၊ ယစ်၏။ ကုလမှိ၊ မြတ်သော အမျိုး၌။ ဇာတော- ဇာတတ္တာ၊ ဖြစ်သည်၏အဖြစ်ကြောင့်။ ဓောရယှသီလီ စ၊ ဝန်ကို ဆောင်တတ်သောသဘောနှင့် ပြည့်စုံသော မြင်းအပေါင်းသည်ကား။ အဂ္ဂရသံ၊ ရှေးဦးစွာယူအပ်သော မုဒရက် အဖျော်ရည်ကို။ ပိဝိတွာ၊ သောက်၍။ န မဇ္ဇတိ၊ မယစ်။

ဗြဟ္မဒတ်မင်းသည် ဘုရားလောင်း၏ စကားကို ကြား၍ မြည်းတို့ကို မင်းယင်ပြင်မှ ထုတ်စေ၍ ဘုရားလောင်း၏ အဆုံးအမ၌သာလျှင် တည်၍ ဒါနအစရှိကုန်သော ကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာလား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အာနန္ဒာ ယခုအခါ၌ ဤစားကြွင်းစားတို့သည် ထိုအခါ ငါးရာကုန်သော မြည်းတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ဤဒါယကာတို့သည် ထိုအခါ ငါးရာကုန်သော သိန္ဓဝအမျိုးဖြစ်ကုန်သော မြင်းတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ထိုမှတပါး ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိအမတ်ကြီး ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အမျိုးယုတ်လက်၊ ကြွေးကြော်တတ်၍၊ မြင့်မြတ်အမျိုး၊ ဣန္ဒြေစိုး၊ အဘိုးတန်လှသည်

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဝါလောဒကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-အသဒိသဝဂ်

၄။ ဂိရိဒတ္တဇာတ်

အတုမြင် အတတ်သင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဒူသိတော ဂိရိဒတ္တေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သောဤဂိရိဒတ္တဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တပါးသော ဆန့်ကျင်ဘက်ဖြစ်သော အပေါင်း အဘော်ကို မှီဝဲသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဤ ဝတ္ထုကို အောက်မဟိလာမုခဇာတ်၌ ဆိုအပ်ပြီးသည်သာလျှင်တည်း၊ အထူးကား သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင် ဆန့်ကျင်ဘက်ဖြစ်သော အပေါင်းအတော်ကို မှီဝဲသည် မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းသည် ဆန့်ကျင်ဘက်ဖြစ်သော အပေါင်းအဘော်ကို မှီဝဲသလျှင်ကတည်းဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ သာမမည်သောမင်းသည် မင်းပြုတော်မူ၏။ ထိုအခါ ဘုရားလောင်းသည် အမတ်အမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လျှင် ထိုသာမမင်း၏ အကျိုးအကြောင်းကိုဆုံးမတက်သော အမတ်ဖြစ်၏။ မင်း၏မင်္ဂလာမြင်းသည် ပဏ္ဍဝ အမည် ရှိ၏။ ထိုမင်္ဂလာမြင်း၏ မြင်းထိန်းသည် ဂိရိဒတ္တ အမည်ရှိ၏။ ထိုဂီရိတ္တသည် ခွင်သည် ဖြစ်၏။ မြင်းသည် နှာရှုပ်ကြိုး၌ကိုင်၍ ရှေ့မှသွားသော ထိုဂိရိဒတ္တကိုမြင်၍ ဤဂိရိဒတ္တသည် ငါ့ကို သင်၏ ဟူသော သဘောအမှတ်ဖြင့် ထိုဂိရိဒတ္တ အတုကျင့်၍ ခွင်သည်ဖြစ်၏။ ထိုမြင်း၏ ခွင်သည်၏အဖြစ်ကို မင်းအား လျှောက်ကုန်၏။ မင်းသည် ဆေးသမားတို့ကို စေ၏။ ထိုဆေးသမားတို့သည် သွားကြကုန်၍ မြင်း၏ကိုယ်၌ အနာကိုမမြင်ကုန်သည်ဖြစ်၍ ထိုမြင်း၏အနာကို မမြင်ကုန်ဟု မင်းအားလျှောက်ကုန်၏။ မင်းသည် ဘုရားလောင်းကို ပညာရှိ သွား၍, ကြည့်ရှုကုန်လော့၊ ထိုခွင်သည်၏ အဖြစ်၌ အကြောင်းကို စုံစမ်းချေလော့ဟု စေ၏။ ဘုရားလောင်းသည် သွား၍ ခွင်သော မြင်းထိန်းနှင့် ပေါင်းဘော်ခြင်းကြောင့် ထိုမြင်း၏ ခွင်သော အဖြစ်ကိုသိ၍ မင်းအား ထိုအကြောင်းကိုကြား၍ ပေါင်းတော်ခြင်းကြောင့် ဖြစ်သော အပြစ်မည်သည်ကား ဤသို့ဖြစ်၏ဟု ပြလိုရကား-

၆၇။ ဒူသိတော ဂိရိဒတ္တေန၊ ဟယော သာမဿ ပဏ္ဍဝေါ။
ပေါရာဏံ ပကတိံ ဟိတွာ၊ တဿေဝါနုဝိဓိယျတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၇။ ဂိရိဒတ္တေန၊ မြင်းထိန်းဂိရိဒတ်သည်။ ဒူသိတော၊ ဖျက်ဆီးအပ်သည်ဖြစ်၍။ သာမဿ၊ သာမမြင်း၏။ ပဏ္ဍဝေါ၊ ပဏ္ဍဝအမည်ရှိသော။ ဟယော၊ မင်္ဂလာမြင်းတော်သည်။ ပေါရာဏံ၊ ရှေး၌ဖြစ်သော။ ပကတိံ၊ တင့်တယ်စမ္ပယ်စွာ သွားခြင်းသဘောကို။ ဟိတွာ၊ စွန့်၍။ တဿေဝ၊ ထိုမြင်းထိန်း ဂိရိဒတ်၏သာလျှင်။ အနုဝိဓိယျတိ၊ ခွင်သော အတုသို့လိုက်၍ ကျင့်၏။

ထိုအခါ၌ ဘုရားလောင်းကို သာမမင်းသည် ယခုအခါ၌ ထိုမြင်းအား အသို့ပြုအံ့နည်းဟု မေး၏။ ဘုရားလောင်းသည် ကောင်းသော သွားခြင်းရှိသော မြင်းထိန်းကိုရ၍ ရှေး၌ ကောင်းသကဲ့သို့ ဖြစ်လတ္တံ့ဟု ဆိုလိုရကား-

၆၈။ သစေ စ တနုဇော ပေါသော၊ သိခရာကာရကပ္ပိတော။
အာနနေ နံ ဂဟေတွာန၊ မဏ္ဍလေ ပရိဝတ္တယေ။
ခိပ္ပမေဝ ပဟန္တွာန၊ တဿေဝါနုဝိဓိယျတိ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၈။ မဟာရာဇ၊ မင်းမြတ်။ တနုဇော၊ ထိုကောင်းသောအကျင့်နှင့် ပြည့်စုံသော မင်းအား လျော်စွာဖြစ်သော။ သိခရာကာရကပ္ပိတော၊ ကောင်းသောအခြင်းအရာအားဖြင့် ပြုပြင်တတ်သော ဆံမုတ်ဆိတ်ရှိသော။ ပေါသော၊ ယောက်ျားသည်။ နံ၊ ထိုမြင်းတော်ကို။ အာနနေ၊ နှုတ်သီးကြိုး၌။ တနည်းကား... အာနနေ၊ နှာရှုပ်ကြိုး၌။ ဂဟေတွာန၊ ကိုင်၍။ မဏ္ဍလေ၊ မြင်းတင်းကုပ်၌။ သစေ ပရိဝတ္တယေ၊ အကယ်၍ သွားငြားအံ့။ အဿော၊ မြင်းတော်သည်။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ ခဉ္စဘာဝံ၊ ခွင်သည်၏အဖြစ်ကို။ ပဟန္တွာန၊ စွန့်၍။ တဿေဝ၊ ထိုတင့်တယ်စွာသော ယောက်ျား၏သာလျှင်။ အနုဝိဓိယျတိ၊ အတုလိုက်၍ ကျင့်လတ္တံ့။

မင်းသည် ထိုဘုရားလောင်းဆိုတိုင်း ပြုစေ၏။ မြင်းသည် ပြကတေ့ သောအဖြစ်၌ တည်၏။ မင်းသည် တိရစ္ဆာန်တို့၏ အလိုကိုစင်လျက်လည်း သိပေ၏ဟု နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ဘုရားလောင်းအား များစွာသော စည်းစိမ်ကိုပေး၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ဂိရိဒတ္တ ဖြစ်ဘူးလေပြီ၊ ယခုအခါ ဆန့်ကျင်ဘက်ဖြစ်သော အပေါင်းအတော်ကို မှီဝဲသော ရဟန်းသည် ထိုအခါ မင်္ဂလာမြင်း ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အမတ်ပညာရှိ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ပတ်ဝန်းကျင်စု၊ မြင်တွေ့မှု၊ အတုလိုက်တတ်စွာ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဂိရိဒတ္တဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-အသဒိသဝဂ်

၅။ အနဘိရတိဇာတ်

ပုဏ္ဏား၏ဗေဒင်ပညာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်ယထောဒကော အာဝိလေ အပ္ပသန္နေ အစရှိသောဂါထာ ပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤအနဘိရတိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသောပုဏ္ဏားဖြစ်သော သတို့သားကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တယောက်သော ပုဏ္ဏားဖြစ်သော သတို့သားသည် ဗေဒင်သုံးပုံတို့၏ ကမ်းတဘက်သို့ ရောက်သည်ဖြစ်၍ များစွာသော မင်းသားငယ်တို့ကို၎င်း ပုဏ္ဏားသားငယ်တို့ကို၎င်း ဗေဒင်တို့ကိုသင်သတတ်၊ ထိုပုဏ္ဏားလုလင်သည် နောက်အဘို့၌ အိမ်ရာထောင်ခြင်းကိုဖြစ်စေ၍ အဝတ်တန်ဆာ ကျွန်ယောက်ျား ကျွန်မိန်းမ လယ်ယာကျွဲနွား မယား အစရှိသည်တို့၏အကျိုးငှါ ကြံသည်ရှိသော် ရာဂ, ဒေါသ မောဟနိုင်ငံသို့လိုက်သည်ဖြစ်၍ နောက်ကျုသောစိတ်ရှိသည်ဖြစ်၏။ ဗေဒင်တို့ကို အစဉ်အားဖြင့်ပြန်အံ့သောငှါ မစွမ်းနိုင်၊ ထိုမှဤမှလည်း ဗေဒင်တို့သည် မထင်ကုန်၊ ထိုပုဏ္ဏားသည် တနေ့သ၌ များစွာကုန်သော နံ့သာပန်း အစရှိသည်တို့ကိုယူ၍ ဇေတဝန် ကျောင်းတော်သို့သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးပူဇော်၍ လျောက်ပတ်စွာနေ၏။ မြတ်စွာဘုရားသည် ထိုပုဏ္ဏားနှင့် စကားစေ့စပ်ခြင်းကို ပြုတော်မူ၍ လုလင် သင်သည် ဗေဒင်တို့ကို သင်စေ၏လော၊ သင်သည် ဗေဒင်တို့ကို လေ့ကျက်အပ်ကုန်၏လောဟု မေးတော်မူ၏။ အရှင်ဘုရား ရှေး၌ အကျွန်ုပ်အား ဗေဒင်တို့သည် နှုတ်တက်ကုန်သည် ဖြစ်ကုန်၏။ အိမ်ရာထောင်ခြင်းကို ယူသောကာလမှစ၍ အကျွန်ုပ်၏ စိတ်သည် နောက်ကျု၏။ ထို့ကြောင့် ယခုအခါ၌ အကျွန်ုပ်အား ဗေဒင်တို့သည် နှုတ်မတက်ကုန်ဟု လျှောက်၏။ ထိုအခါ၌ ထိုပုဏ္ဏားကို မြတ်စွာဘုရားသည်လုလင် ယခုအခါ၌သာလျှင် သင်၏စိတ်မနောက်ကျုသော ကာလ၌ သင့်အား ဗေဒင်တို့သည် နှုတ်တက်ကုန်သည်ဖြစ်၍ ရာဂအစရှိသည်တို့ကြောင့် နောက်ကျုသောအခါ၌ သင့်အား ဗေဒင်တို့သည် မထင်ကုန်သည်ကား မဟုတ်ကုန်သေး၊ ရှေး၌လည်း သင်၏စိတ်မနောက်ကျုသော ကာလ၌ သင့်အား ဗေဒင်တို့သည် နှုတ်တက်ကုန်သည် ဖြစ်ကုန်၏။ ရာဂအစရှိသည်တို့ကြောင့် နောက်ကျုသောကာလ၌ သင့်အား ဗေဒင်တို့သည် မထင်ကုန်၊ ဤသို့မိန့်တော်မူ၍ ထိုပုဏ္ဏားသည် တောင်းပန်အပ်သည်ဖြစ်၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ပုဏ္ဏား လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သော် ဘုရားလောင်းသည် ပုဏ္ဏားသူကြွယ်အမျိုး၌ဖြစ်လေ၍ အရွယ်သို့ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ ဗေဒင်တို့ကိုသင်၍ ဒိသာပါမောက္ခဆရာဖြစ်၍ ဗရာဏသီပြည်၌ များစွာသော မင်းသားတို့ကို၎င်း ပုဏ္ဏားသားတို့ကို၎င်း ဗေဒင်တို့ကို သင်စေ၏။ ထိုဘုရားလောင်း၏အထံ၌ တယောက်သော ပုဏ္ဏားလုလင်သည် ဗေဒင်သုံးပုံတို့ကို လေ့ကျက်၏။ တပုဒ်မျှလည်း ယုံမှားခြင်းမရှိသော ဆရာငယ်ဖြစ်၍ ဗေဒင်တို့ကို သင်စေ၏။

ထိုပုဏ္ဏားသည် နောင်အခါ၌ အိမ်ထောင်ခြင်းကိုပြု၍ အိမ်ထောင်မှုကိုကြံသဖြင့် နောက်ကျုသော စိတ်ရှိသည်ဖြစ်၍ ဗေဒင်တို့ကို ပြန်အံ့သောငှါ မစွမ်းနိုင်၊ ထိုအခါ၌ ဆရာသည် မိမိ၏အထံသို့လာသော ထိုပုဏ္ဏားကို လုလင် သင်သည် ဗေဒင်တို့ကို လေ့ကျက်အပ်၏လော၊ ဤသိုမေး၍ ဆရာ အိမ်ရာထောင်ခြင်းကို ယူသောကာလမှစ၍ အကျွန်ုပ်စိတ်သည် နောက်ကျုသော သဘောရှိသည်ဖြစ်၍ အကျွန်ုပ်သည် ဗေဒင်တို့ကိုပြန်အံ့သောငှါ မစွမ်းနိုင်ပါဟု ဆိုသည်ရှိသော် ချစ်သား စိတ်သည်နောက်ကျုသည်ရှိသော် လေ့ကျက်အပ်သော်လည်း ဗေဒင်တို့သည်မထင်ကုန်။ စိတ်သည် မနောက်ကျုသည်ရှိသော်ကား မထင်သောမည်သည် မရှိ၊ ဤသို့ဆိုလိုရကား-

၆၉။ ယထောဒကေ အာဝိလေ အပ္ပသန္နေ၊
န ပဿတိ သိပ္ပိကသမ္ဗုကဉ္စ။
သက္ခရံ ဝါလုကံ မစ္ဆဂုမ္ဗံ၊
ဧဝံ အာဝိလမှိ စိတ္တေ။
န သော ပဿတိ အတ္တဒတ္ထံ ပရတ္ထံ။
၇၀။ ယထောဒကေ အစ္ဆေ ဝိပ္ပသန္နေ၊
သော ပဿတိ သိပ္ပိကသမ္ဗုကဉ္စ။
သက္ခရံ ဝါလုကံ မစ္ဆဂုမ္ဗံ၊
ဧဝံ အနာဝိလမှိ စိတ္တေ။
သော ပဿတိ အတ္တဒတ္ထံ ပရတ္ထံ။

ဟူသော ဤဂါထာတို့ကို ရွတ်၏။

֍ ဋ္ဌ ၆၉။ တာတ၊ ချစ်သား။ ဥဒကေ၊ ရေသည်။ အာဝိလေ၊ နောက်ကျုသည်ရှိသော်။ အပ္ပသန္နေ၊ မကြည်လင်သည်ရှိသော်။ ကသမ္ဗုကဉ္စ၊ ယောက်သွားခရုကို၎င်း။ သက္ခရဉ္စ၊ ကျောက်စရစ်ကို၎င်း။ ဝါလုကဉ္စ၊ သဲကို၎င်း။ မစ္ဆဂုမ္ဗဉ္စ၊ ငါးအပေါင်းကို၎င်း။ န ပဿတိ ယထာ၊ မမြင်သကဲ့သို့။ ဧဝံ-တထာ၊ ထို အတူ။ စိတ္တေ၊ စိတ်သည်။ အာဝိလမှိ၊ နောက်ကျုသည်ရှိသော်။ အတ္တဒတ္ထံ၊ မိမိအကျိုးစီးပွားကို၎င်း။ ပရတ္ထံ၊ သူတပါး အကျိုး စီးပွားကို၎င်း။ သော ပုရိသော၊ ထိုယောက်ျားသည်။ န ပဿတိ၊ မမြင်။

֍ ဋ္ဌ ၇၀။ တာတ၊ ချစ်သား။ ဥဒကေ၊ ရေသည်။ အစ္ဆေ၊ ကြည်သည်ရှိသော်။ ဝိပ္ပသန္နေ၊ အထူးသဖြင့် ကြည်သည်ရှိသော်။ သော ပုရိသော၊ ထိုယောက်သွားအစသည်ကိုရှာသော ယောက်ျားသည်။ သိပ္ပိကသမ္ဘုကဉ္စ၊ ယောက်သွား ခရုကို၎င်း။ သက္ခရဉ္စ၊ ကျောက်စရစ်ကို၎င်း။ ဝါလကဉ္စ၊ သဲကို၎င်း။ မစ္ဆဂုမ္ဗဉ္စ၊ ငါးအပေါင်းကို၎င်း။ ပဿတိ ယထာ၊ မြင်သကဲ့သို့။ ဧဝံ-တထာ၊ ထို အတူ။ စိတ္တေန၊ စိတ်သည်။ အနာဝိလမှိ၊ မနောက်ကျူ သည်ရှိသော်။ သော ပုရိသော၊ ထိုအကျိုးစီးပွားကိုရှာသော ယောက်ျားသည်။ အတ္တဒတ္ထံ၊ မိမိအကျိုးစီးပွားကို၎င်း။ ပရတ္ထဉ္စ၊ သူတပါးအကျိုးစီးပွားကို၎င်း။ ပဿတိ၊ မြင်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤအတိတ်ကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ ပုဏ္ဏားဖြစ်သော သတို့သားသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား လုလင် ယခုအခါ ဤလုလင်သည်လျှင် ထိုအခါ လုလင် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဒိသာပါမောက္ခဆရာ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သိပ္ပခေါင်ဖျား၊ တတ်မြောက်ငြား၊ စိတ်ထားနောက်ကျု ပျက်စီးမှု

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော အနဘိရတိဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-အသဒိသဝဂ်

၆။ ဒဓိဝါဟနဇာတ်

လက်နက်စွမ်း လေးပါး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝဏ္ဏဂန္ဓရသူပေတော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒဓိဝါဟနဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆန့်ကျင်ဘက်ဖြစ်သော အပေါင်းအဘော်ကို မှီဝဲသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုကို အောက်၌ဆိုအပ်ပြီးသလျှင်ကတည်း၊ အထူးကား မြတ်စွာဘုရားသည် ရဟန်းတို့ သူတော်မဟုတ် သူယုတ်တို့နှင့် ပေါင်းဘော်ခြင်းမည်သည် ယုတ်မာ၏။ အကျိုးမဲ့ကို ပြုတတ်သည်သာလျှင်တည်း၊ ထိုစကား၌ လူဖြစ်၍ဖြစ်ကုန်သောသူတို့၏ သူယုတ်မာတို့နှင့်ပေါင်းခြင်း၏ အကျိုးမဲ့ကို ပြုသည် ၏အဖြစ်၌ကား အဘယ်ဆိုဘွယ်ရှိအံ့နည်း၊ ရှေး၌ကား သာယာဘွယ်မရှိသော ချိုခြင်းကင်းသော တမာပင်နှင့်တကွ ပေါင်းဘော်ခြင်းကိုစွဲ၍ နတ်တို့၌ဖြစ်သော အရသာနှင့်တူသော ချိုသောအရသာရှိသော စိတ်မရှိသော သရက်ပင်စင်လျက်လည်း အချိုကင်းသည်ဖြစ်၍ ခါးသည်ဖြစ်၏ဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သည်ရှိသော် ကာသိကတိုင်း၌ ညီနောင်ဖြစ်ကုန်သော လေးယောက်ကုန်သောပုဏ္ဏားတို့သည် ရသေ့ရဟန်းပြုကုန်၍ ဟိမဝန္တာအရပ်၌ အစဉ်အားဖြင့် ကျောင်းကိုဆောက်၍ နေကုန်၏။ ထိုလေးပါးကုန်သော ရသေ့တို့တွင် အစ်ကိုကြီးရသေ့သည်စုတေ၍ သိကြားမင်းအဖြစ်သို့ ရောက်၏။ ထိုသိကြားမင်းသည် ထိုအကြောင်းကို သိ၍ အကြားအကြား၌ ခုနစ်ရက်ရှစ်ရက်လွန်သဖြင့် ညီငယ်ရသေ့တို့၏ အထံသို့ သွားသည်ရှိသော် တနေ့သ၌ ရသေ့ကြီးကိုရှိခိုး၍ လျောက်ပတ်စွာနေ၍ အရှင်ဘုရား အရှင်ဘုရားအား အဘယ်ဝတ္ထုဖြင့် အလိုရှိသနည်းဟု မေး၏။ ရသေ့သည် ဖျော့တော့နာ စွဲသည်ဖြစ်၍ ငါ့အား မီးဖြင့် အလိုရှိ၏ဟု ဆို၏။ ထိုသိကြားမင်းသည် ထိုစကားကိုကြား၍ ထိုရသေ့ကြီးအား ပဲခွပ်ပါ ပုဆိန်ကိုပေး၏။ ပဲခွပ်ပါ ပုဆိန်မည်သည်ကား အရိုးတပ်သည်၏အစွမ်းအားဖြင့် ပဲခွပ်သည်လည်း ဖြစ်၏။ ပုဆိန်သည်လည်းဖြစ်၏။ ရသေ့သည် ဤပဲခွပ်ပါပုဆိန်ကိုယူ၍ ငါ့ဘို့ အဘယ်သူသည်ထင်းတို့ကို ဆောင်လတ္တံ့နည်းဟုဆို၏။ ထိုအခါ၌ ထိုရသေ့ကို သိကြားမင်းသည် ဤသို့ဆို၏။

အဘယ်သို့ ဆိုသနည်းဟူမူကား အရှင်ဘုရား အကြင်အခါ၌ အရှင်ဘုရားအား ထင်းတို့ဖြင့် အလိုတော်ရှိသည်ဖြစ်အံ့၊ ဤပဲခွပ်ရဖြစ်သော ပုဆိန်ကို အရှင်ဘုရားသည် လက်ဖြင့်ခတ်၍ ငါ့ဘို ထင်းတို့ကိုဆောင်၍ မီးကိုပြုလော့၊ ဤသို့ ဆိုတော်မူလော့၊ ထိုအခါ၌ ထင်းတို့ကိုဆောင်၍ မီးကို ညှိ၍ ပေးလတ္တံ့ဟုဆို၍ ထိုရသေ့ကြီးအား ပဲခွပ်ရပုဆိန်ကိုပေး၍ အလတ်ဖြစ်သော ရှင်ရသေ့သို့လည်းကပ်၍ အရှင်ဘုရား အရှင်ဘုရားအား အဘယ်ဝတ္ထုဖြင့် အလိုတော်ရှိသနည်းဟု မေး၏။ ထိုရသေ့ကျောင်း၏အနီး၌ ဆင်တို့၏ သွားရာလမ်းသည်ဖြစ်၏။ ထိုရသေ့သည် ဆင်တို့သည် နှိပ်စက်အပ်သည်ဖြစ်၍ ငါ့အား ဆင်တို့၏အစွမ်းအားဖြင့် ဆင်းရဲခြင်းသည် ဖြစ်၏။ ထိုဆင်တို့ကို ပြေးစေလော့ဟုဆို၏။ သိကြားသည် ထိုရသေ့အား စည်တလုံးကိုကပ်၍ အရှင်ဘုရား ဤဘက်အပြင်ကို တီးသည်ရှိသော် အရှင်ဘုရားတို့၏ရန်သူတို့သည် ပြေးကုန်လတ္တံ့၊ ဤဘက်အပြင်ကို တီးသည်ရှိသော်ကား မေတ္တာစိတ်ရှိကုန်သည်ဖြစ်၍ အင်္ဂါလေးပါးရှိကုန်သော စစ်သည်တို့သည် ခြံရံလာကုန်လတ္တံ့၊ ဤသို့ဆို၍ စည်ကိုပေးပြီး ညီငယ်ရသေ့အထံသို့ သွား၍ အရှင်ဘုရား အရှင်ဘုရားအား အဘယ်ဝတ္ထုဖြင့် အလိုရှိသနည်း ဤသို့ မေး၏။ ထိုရသေ့ငယ်သည်လည်း ဖျော့တော့နာစွဲသော ဓာတ်ရှိသလျှင်ကတည်း၊ ထိုကြောင့် ငါ့အား နို့ဓမ်းဖြင့်အလိုရှိ၏ ဟု ဤသို့ဆို၏။ သိကြားသည် ထိုရသေ့ငယ်အား တလုံးသော နို့ဓမ်းအိုးကိုပေး၍ အရှင်ဘုရားတို့သည် အလိုရှိကုန်သည်ဖြစ်၍ ဤနို့ဓမ်းကို အကယ်၍သွန်ကုန်သည်ဖြစ်အံ့၊ မြစ်ကြီးဖြစ်၍ များစွာရေအယာဉ်ကို ဖြစ်စေ၍ အရှင်ဘုရားတို့အား မင်းအဖြစ်ကိုယူ၍ ပေးအံ့သောငှါ စွမ်းနိုင်သည် ဖြစ်လတ္တံ့ ဤသို့ဆို၍သွား၏။ ထိုအခါမှစ၍ ပဲခွပ်ရပုဆိန်သည် အစ်ကိုကြီးဖြစ်သော ရသေ့၏အကျိုးငှာ မီးကိုပြု၏။ အလတ်ဖြစ်သော ရသေ့သည် စည်အပြင်ကို တီးသည်ရှိသော် ဆင်တို့သည် ပြေးကုန်၏။ ရသေ့ငယ်သည် နို့ဓမ်းကို ဘုဉ်းပေး၏။

ထိုကာလ၌ တခုသောဝက်သည် ရှေး၌ ရွာတည်ဘူးသော တခုသောအရပ်၌ ကျက်စားသည်ရှိသော် အာနုဘော်နှင့် ပြည့်စုံသော ပတ္တမြားတုံးကိုမြင်လေ၏။ ထိုဝက်သည် ထိုပတ္တမြားတုံးကို နှုတ်သီးဖြင့်ကိုက်၍ ထိုပတ္တမြား၏အာနုဘော်အားဖြင့် ကောင်းကင်၌ပျံ၍ သမုဒ္ဒရာ၏ အလယ်၌ ကျွန်းငယ်တခုသို့ ရောက်၍ ယခုအခါ ဤကျွန်း၌ ငါသည် နေခြင်းငှါ သင့်၏ဟု ဆင်းသက်၍ ချမ်းသာရာအရပ်၌ တခုသော ရေသဖန်းပင်၏ အောက်၌ နေခြင်းကို ပြု၏။ ထိုဝက်သည် တနေ့သ၌ ထိုသဖန်ပင်ရင်းတွင် ပတ္တမြားတုံးကို ရှေ့မှထား၍ အိပ်ပျော်ခြင်းသို့ ရောက်၏။ ထိုအခါ ကာသိကတိုင်း၌နေသော တယောက်သောလူသည် ဤသူကား ငါတို့အား ကျေးဇူးပြုခြင်းမည်သည် မရှိဟု မိဘတို့သည် အိမ်မှနှင်ထုတ်အပ်သည်ဖြစ်၍ တခုသောသင်္ဘောဆိပ်ရွာသို့ရောက်၍ လှေသူကြီးတို့၏ အမှုအလုပ်ဖြစ်၍ လှေကိုစီး၍ သွားသည် ရှိသော် သမုဒ္ဒရာ၏အလယ်၌ လှေသည် ပျက်စီးသဖြင့် ပျဉ်၌စီးလျက် ထိုကျွန်းသို့ရောက်၍ သစ်သီးကြီးငယ်တို့ကို ရှာသည်ရှိသော် အိပ်ပျော်လျက်နေသော ထိုဝက်ကိုမြင်၍ သာယာစွာသွားလျက် ပတ္တမြားတုံးကိုယူ၍ ထိုပတ္တမြားတုံး၏ အာနုဘော်အားဖြင့် ကောင်းကင်သို့ ပျံတက်၍ ရေသဖန်းပင်၌နေလျက် ဤသို့ ကြံ၏။ ဤဝက်သည် ဤပတ္တမြားတုံး၏ အာနုဘော်အားဖြင့် ကောင်းကင်ခရီးဖြင့် ပျံသွား၍ ဤအရပ်၌ နေယောင်တကား၊ ငါသည်လည်း ရှေးဦးစွာ ဤဝက်ကို သတ်ပြီးလျှင် အသားကိုစား၍ တဖန်ပျံအံ့သောငှါသင့်၏ဟု ကြံပြီးသော် ထိုသူသည် တခုသော တုတ်လှံတန်ကိုချိုး၍ ထိုဝက်ဦးခေါင်းပေါ်သို့ ချလိုက်၏။ ဝက်သည် နိုးလတ်၍ ပတ္တမြားတုံးကို မမြင်သည်ရှိသော် တုန်လှုပ်သော စိတ်ရှိသည်ဖြစ်၍ ထိုမှဤမှ ပြေး၍သွား၏။ ရေသဖန်းပင်၌ နေသော ယောက်ျားသည် ရယ်၏။ ဝက်သည် ကြည့်လတ်သည်ရှိသော် ထိုယောက်ျားကို မြင်၍ ရေသဖန်းပင်ကို ဦးခေါင်းဖြင့်တိုက်၍ ထိုအရပ်၌သာလျှင်လေ၏။

ထိုယောက်ျားသည် ရေသဖန်းပင်မှ ဆင်းသက်၍ မီးကိုညှိပြီးလျှင် ထိုဝက်၏အသားကိုကင်၍ စားသောက်ပြီးလတ်သော် အထက်သို့ပျံတက်၍ ကောင်းကင်ခရီးဖြင့် သွားသောအခါ ဟိမဝန္တာ၏အပေါ်သို့ ရောက်သဖြင့် သင်္ခမ်းကိုမြင်၍ အစ်ကိုကြီးဖြစ်သော ရသေ့၏သင်္ခမ်း၌သက်၍ နှစ်ရက် သုံးရက်နေလျက် ရသေ့အား ဝတ်ကြီးဝတ်ငယ်ကို ပြု၏။ ပဲခွပ်ရဖြစ်သော ပုဆိန်၏အာနုဘော်ကိုလည်း မြင်၏။ ထိုယောက်ျားသည် ဤပဲခွပ်ရပုဆိန်ကို ငါသည် ယူအံ့သောငှာ သင့်၏ဟု ကြံ၍ ပတ္တမြားတုံး၏ အာနုဘော်ကို ရသေ့အား ပြပြီးသော် အရှင်ဘုရား ဤပတ္တမြားတုံးကိုယူ၍ အကျွန်ုပ်အား ပဲခွပ်ရဖြစ်သောပုဆိန်ကို ပေးပါလော့ဟု ဆို၏။ ရသေ့သည် ကောင်းကင်ခရီးဖြင့်သွားလိုရကား ထိုပတ္တမြားတုံးကိုယူ၍ ပဲခွပ်ရဖြစ်သောပုဆိန်ကိုပေး၏။ ထိုယောက်ျားသည် ပဲခွပ်ရဖြစ်သောပုဆိန်ကိုယူ၍ အတန်ငယ်သွားပြီးသော် ပဲခွပ်ရဖြစ်သောပုဆိန်ကိုခတ်၍ အိုပဲခွပ်ရဖြစ်သောပုဆိန် ရသေ့ဦးခေါင်းကိုဖြတ်ပြီးလျှင် ပတ္တမြားတုံးကို ဆောင်ယူလော့ဟု ဆို၏။ ထိုပဲခွပ်ရပုဆိန်သည်သွား၍ ရသေ့၏ဦးခေါင်းကို ဖြတ်ပြီးလျှင် ပတ္တမြားတုံးကို ဆောင်ယူခဲ့၏။ ထိုယောက်ျားသည် ပဲခွပ်ရပုဆိန်ကို ဖုံးကွယ်ရာအရပ်၌ထား၍ အလတ်ဖြစ်သောရသေ့ထံသို့သွား၍ နှစ်ရက်သုံးရက်နေပြီးလျှင် စည်၏အာနုဘော်ကို မြင်သဖြင့် ပတ္တမြားတုံးကိုပေး၍ စည်ကိုယူပြီးသော် ရှေးနည်း ဖြင့်သာလျှင် ထိုအလတ်ဖြစ်သော ရသေ့၏ ဦးခေါင်းကိုဖြတ်စေ၍ အငယ်ဖြစ်သော ရသေ့အထံသို့ကပ်ပြီး နို့ဓမ်းအိုး၏ အာနုဘော်ကို မြင်ခြင်းကြောင့် ပတ္တမြားထုံးကိုပေး၍ နို့ဓမ်းအိုးကိုယူပြီးလျှင် ရှေးနည်းဖြင့်သာလျှင် ထိုရသေ့ငယ်၏ ဦးခေါင်းကို ဖြတ်စေ၍ ပတ္တမြားတုံးကို၎င်း ပဲခွပ်ရဖြစ်သော ပုဆိန်ကို၎င်း စည်ကို၎င်း နို့ဓမ်းအိုးကို၎င်း ယူ၍ ကောင်းကင်သို့ ပျံသွားပြီးသော် ဗာရာဏသီပြည်၏ မနီးမဝေးဖြစ်သော အရပ်၌တည်၍ ဗာရာဏသီမင်းအား ပြည်ကိုတည်း ပေးမည်လော၊ စစ်ထိုးခြင်းကိုတည်း ပေးမည်လောဟု ယောက်ျားတယောက်၏လက်၌ အမှာစာကို သ, လိုက်၏။

မင်းသည် သတင်းစကားကိုကြား၍ ခိုးသူကိုဖမ်းအံ့ဟူ၍ မြို့မှထွက်၏။ ထိုယောက်ျားသည် စည်တဘက်အပြင်ကို တီး၏။ အင်္ဂါလေးပါးရှိသော စစ်သည် ခြံရံစေ၏။ ဗာရာဏသီမင်း၏ လွှမ်းမိုးသည်၏အဖြစ်ကိုသိ၍ နို့ဓမ်းအိုးကိုသွန်သည်ရှိသော် မြစ်ကြီးဖြစ်၍ လူများသည် နို့ဓမ်းမြစ်၌နစ်မွန်း၍ ထွက်အံ့သောမစွမ်းနိုင်၊ ပဲခွပ်ရဖြစ်သော ပုဆိန်ကိုခတ်၍ မင်း၏ ဦးခေါင်းကိုဆောင်ချေလော့ဟုဆို၏။ ပဲခွပ်ရဖြစ်သောပုဆိန်သည်သွား၍ မင်း၏ ဦးခေါင်းကိုဆောင်ယူပြီးလျှင် ခြေရင်း ၌ချ၏။ တယောက်သော သူသည်လည်း လက်နက်ကို ချီအံ့သောငှါ မစွမ်းနိုင်၊ ထိုယောက်ျားသည် များစွာသောအခြံအရံဖြင့် ခြံရံလျက် မြို့သို့ဝင်ပြီးသော် အဘိသိက်ခံခြင်းကိုပြု၍ ဒဓိဝါဟန အမည်ရှိသောမင်းဖြစ်၍ တရားနှင့်ညီသဖြင့် မင်းပြု၏။

တနေ့သ၌ ထိုဒမိဝါဟနမင်းသည် မြစ်ကြီး၌ ကြုတ်သဘွယ်ဖြစ်သော ကွန်ဖြင့် ကစားစဉ် ကဏ္ဏမုဏ္ဍအိုင်မှ နတ်တို့၏ အသုံးအဆောင်ဖြစ်သော တလုံးသော သရက်သီးမှည့်သည် မျောလာ၍ ကွန်၌ငြိ၏။ ကွန်ကို ချီကုန်သောသူတို့သည် ထိုသရက်သီးကို မြင်ကုန်၍ မင်းအား ဆက်သကုန်၏။ ထိုသရက်သီးသည် အိုးစရည်း ပမာဏရှိ၏။ လုံးဝန်း၏။ ရွှေအဆင်းနှင့် တူသော အဆင်းရှိ၏။ မင်းသည် ဤသစ်သီးကား အဘယ်မည်သော သစ်သီးနည်းဟု မုဆိုးတို့ကိုမေး၍ သရက်သီးတည်းဟု ပြန်ကြားသဖြင့် သုံးဆောင်လေ၍ ထိုသရက်သီး၏ အစေ့ကို မိမိဥယျာဉ်၌ စိုက်စေ၍ နို့ရည်ရေဖြင့် သွန်းစေ၏။ သရက်ပင်သည်ဖြစ်လတ်၍ သုံးနှစ်မြောက်၌ အသီးကို ပေး၏။ ထိုသရက်ပင်အား များစွာသော ပူဇော်သက္ကာရသည်ဖြစ်၏။ နို့ရည်ဖြင့် သွန်းလောင်းကုန်၏။ နံ့သာ အစရှိသည်တို့ဖြင့် လိမ်းကျံခြင်း ပန်းဆိုင်း အစရှိသည်တို့ဖြင့် ဆွဲခြင်း မွှေးကြိုင်သောဆီဖြင့် ဆီမီးညှိထွန်းခြင်း ပုဆိုးတင်းတိမ်ဖြင့် ကာရံခြင်းတို့ကို ပြုကုန်၏။ အသီးတို့သည် ချိုသော အရသာ ရှိကုန်၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်၏။ ဒဝါဟနမင်းသည် တပါးကုန်သောမင်းတို့အား သရက်သီးကို ပို့စေသည်ရှိသော် အစေ့မှ အပင်ဖြစ်လတ္တံ့သည်မှ စိုးသောကြောင့် အညွန့်ဖြစ်ရာအရပ်ကို အဆိပ်ရှိသောအရိုးဖြင့် ထိုး၍ ပို့စေ၏။ ထိုမင်းအား သရက်သီးကိုစား၍ အစေ့ကို စိုက်ပျိုးခြင်းငှါ မတတ်ကောင်းရကား ထိုမင်းတို့သည် ဤအရပ်၌ အကြောင်းသည် အသို့နည်းဟု မေးကုန်သည်ရှိသော် ထိုအကြောင်းကို သိကုန်၏။

ထိုအခါ တယောက်သောမင်းသည် ဥယျာဉ်စောင့်ကိုခေါ်၍ ဒဓိဝါဟနမင်း၏ သရက်သီးတို့၏ အရသာကိုဖျက်၍ ခါးသည်၏အဖြစ်ကို ပြုအံ့သောငှါသင်သည် စွမ်းနိုင်လတ္တံလောဟု မေး၍ မင်းမြတ် အကျွန်ုပ်သည် စွမ်းနိုင်ပါ၏ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား သွားလေလော့ဟုဆို၍ တထောင်သော ဥစ္စာကိုပေး၍ စေလိုက်၏။ ထိုဥယျာဉ်စောင့်သည် ဗာရာဏသီပြည်သို့သွား၍ တယောက်သော ဥယျာဉ်စောင့် လာ၏ဟု မင်းအား ကြားစေ၍ ထိုဒဓိဝါဟနမင်းသည် ခေါ်အပ်သည်ဖြစ်၍ မင်း၏အထံသို့ သွားပြီးလျှင် ရှိခိုးလျက် လျောက်ပတ်သောအရပ်၌ နေ၏။ မင်းသည် ဥယျာဉ်စောင့်ဟူသည် သင်လောဟု မေးသည်ရှိသော် မင်းမြတ် မှန်၏ဟု ဆို၍ မိမိအစွမ်းကို ပြောဆို၏။ ဒဓိဝါဟနမင်းသည် သွားချေလော့၊ ငါတို့၏ ဥယျာဉ်စောင့်အထံ၌ နေလော့ဟု ဆို၏။ ထိုအခါမှစ၍ နှစ်ယောက်သော ထိုသူတို့သည် ဥယျာဉ်ကို ပြုပြင်ကြကုန်၏။ ရောက်သစ်စဖြစ်သော ဥယျာဉ်စောင့်သည် အခါမဲ့ ဖြစ်ကုန်သောပန်းတို့ကို ကောင်းစွာပွင့်စေလျက် အခါမဲ့ဖြစ်ကုန်သော အသီးတို့ကို သီးစေလျက် ဥယျာဉ်ကို မွေ့လျော်ဘွယ်ရှိသည်ကိုပြု၏။ ဒဓိဝါဟနမင်းသည် ထိုရောက်သစ်စဖြစ်သော ဥယျာဉ်စောင့်အား ကြည်ညို၍ ဥယျာဉ်စောင့်ဟောင်းကို ထုတ်လိုက်၍ ထိုရောက်သစ်စဖြစ်သော ဥယျာဉ်စောင့်အားသာလျင် ဥယျာဉ်ကိုပေး၏။ ထိုဥယျာဉ်စောင့်သည် ဥယျာဉ်၏ မိမိလက်သို့ ရောက်သည်၏အဖြစ်ကိုသိ၍ သရက်ပင်ကိုခြံရံ၍ တမာပင်တို့ကို၎င်း ခွေးတောက်နွယ်တို့ကို၎င်း စိုက်ပျိုး၏။ အစဉ်သဖြင့် တမာပင်တို့သည်ကြီးကုန်၏။ တမာမြစ်တို့နှင့် သရက်မြစ်တို့သည်၎င်း တမာခက်နှင့် သရက်ခက်တို့သည်၎င်း ရောနှော ထွေးရှက်ခြင်း ဖြစ်ကုန်၏။ သာယာအပ်သော အရသာမရှိသော ချိုသော အရသာကင်းသော ထိုတမာပင်နှင့် ရောနှောခြင်းကြောင့်လျှင် ချိုသော အသီးရှိသော သရက်ပင်သည် တမာရွက်နှင့်တူသော အရသာရှိသည်ဖြစ်၍ ခါးခြင်းသို့ ရောက်၏။ ထိုဥယျာဉ်စောင့်သည် သရက်သီးတို့၏ ခါးသည်၏အဖြစ်ကို သိ၍ ပြေးလေ၏။

ဒဓိဝါဟနမင်းသည် ဥယျာဉ်သို့သွား၍ သရက်သီးကို စားသည်ရှိသော် ခံတွင်း၌ သွင်းအပ်သော သရက်ရည် အရသာသည် တမာရည်တို့ကဲ့သို့ ဖြစ်၍ မျိုအံ့သောငှါ မတတ်ကောင်းရကား ဟက်၍ ထွေး၏။ ထိုအခါ ဘုရားလောင်းသည် ဒဓိဝါဟနမင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်သည်ဖြစ်၏။ ဒိဝါဟနမင်းသည် ဘုရားလောင်းကိုခေါ်၍ ပညာရှိ ဤသရက်ပင်အား ရှေး၌ဖြစ်သော ပူဇော်သက္ကာရမှ ယုတ်ခြင်းသည် မရှိ၊ ဤသို့ ဖြစ်လျက်လည်း ထိုသရက်ပင်၏ အသီးသည် ခါး၏။ အကြောင်း အသို့နည်းဟု မေးလိုရကား-

၇၁။ ဝဏ္ဏဂန္ဓရသူပေတော၊ အမ္ဗောယံ အဟုဝါ ပုရေ။
တမေဝ ပူဇံ လဘမာနော၊ ကေနမ္ဗော ကဋုကပ္ဖလော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၁။ ပဏ္ဍိတ၊ ပညာရှိ။ အယံ အမ္ဗော၊ ဤသရက်ပင်သည်။ ပုရေ၊ ရှေး၌။ ဝဏ္ဏဂန္ဓရသူပေတော၊ အဆင်း အနံ့ အရသာနှင့် ပြည့်စုံသည်။ အဟုဝါ၊ ဖြစ်သလျှင်ကတည်း။ ဣဒါနိ၊ ယခုအခါ၌။ တမေဝ ပူဇံ၊ ထိုရှေး၌ ပြုမြဲတိုင်းဖြစ်သော ပူဇော်ခြင်းကိုသာလျှင်။ လဘမာနော၊ ရပါလျက်။ အမ္ဗော၊ သရက်သည်။ ကေန၊ အဘယ်ကြောင့်။ ကဋုကပ္ဖလော၊ ခါးသောအသီးရှိလေသနည်း။

ထိုအခါ၌ ဒမိဝါဟနမင်းအား အကြောင်းကို ကြားလိုရကား ဘုရားလောင်းသည်-

၇၂။ ပုစိမန္ဒပရိဝါရော၊ အမ္ဗော တေ ဒိဝါဟန၊
မူလံ မူလေန သံသဋ္ဌံ၊ သာခါ သာခါ နိသေဝရေ။
အသာတသန္နိဝါသေန၊ တေနမ္ဗော ကဋုကပ္ဖလော။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၂။ ဒဓိဝါဟန၊ နို့ဓမ်းတည်းဟူသော စစ်သည်ဗိုလ်ပါရှိသော မင်းမြတ်။ တေ၊ အရှင်မင်းမြတ်၏။ အမ္ဗော၊ မင်္ဂလာ သရက်တော်သည်။ ပုစိမန္ဒပရိဝါရော၊ တမာပင်တည်းဟူသော အခြံအရံရှိ၏။ မူလံ၊ သရက်ပင်၏ အမြစ်သည်။ မူလေန၊ တမာပင်၏အမြစ်နှင့်။ သံသဋ္ဌံ၊ နှီးနှော၏။ သာခါ၊ တမာပင်၏ အခက်ရှိသည်။ သာခါ၊ သရက်ပင်၏အခက်တို့ကို။ နိသေဝရေ၊ မှီဝဲကုန်၏။ အသာတသန္နိဝါသေန၊ မချိုကုန်သော တမာပင်တို့နှင့် ပေါင်းဖော်ခြင်းတည်းဟူသော။ တေန ကာရဏေန၊ ထိုအကြောင်းကြောင့်။ အမ္ဗော၊ သရက်ပင်သည်။ ကဋုကပ္ဖလော၊ ခါးသော အသီးရှိ၏။

ဒဓိဝါဟနမင်းသည် ဘုရားလောင်း၏စကားကို ကြား၍ အမြစ်နှင့်တကွ တမာပင် ခွေးတောက်နွယ်တို့ကို ဖြတ်စေ၍ ထက်ဝန်းကျင်မှ မချိုသော မြေမှုန့်တို့ကို ပယ်စေ၍ ချိုသောမြေမှုန့်တို့ကိုတည်စေပြီးလျှင် နို့ရည်ရဲ့ သကာနံ့သာရေတို့ဖြင့် သရက်ပင်ကို ပြုပြင်စေ၏။ ထိုသရက်ပင်သည် ချိုသောအရသာရှိသော ဝတ္ထုနှင့် ပေါင်းဘော်ရပြန်သောကြောင့် တဖန် ချိုသော အသီးရှိသည်သာလျှင် ဖြစ်၏။ ဒဓိဝါဟနမင်းသည် ပြကတေ့သော ဥယျာဉ်စောင့် အားသာလျှင် ဥယျာဉ်ကိုဆောင်နှင်းသဖြင့် အသက်ထက်ဆုံးတည်၍ ကံအား လျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိအမတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

တမာ, ခွေးတောက်၊ ပင်ချင်းလှောက်၊ ချိုရောက်သရက် ဩဇာပျက်

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဒဓိဝါဟနဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-အသဒိသဝဂ်

၇။ စတုမဋ္ဌဇာတ်

ဟင်္သာညီနောင် နှင့် ရုက္ခစိုး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဥစ္ဆေ ဝိဋဘိ မာရုယှ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစတုမဋ္ဌဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသောရဟန်းအိုကြီးကို အကြောင်းပြု၍ ဟောတော်မူ၏။ တနေ့သ၌ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့သည် အချင်းချင်း မေးခြင်းဖြေခြင်းစကားဖြင့် နေကုန်သည်ရှိသော် တယောက်သော ရဟန်းအိုသည် ထိုအဂ္ဂသာဝကတို့၏ အထံသို့သွား၍ သုံးယောက်မြောက်ဖြစ်၍ နေ၏။ ထိုရဟန်းအိုသည် အရှင်ဘုရားတို့ အကျွန်ုပ်သည် အရှင်ဘုရားတို့အား ပြဿနာကို မေးပါအံ့၊ အရှင်ဘုရားတို့သည်လည်း မိမိ၏ ယုံမှားခြင်းကို အကျွန်ုပ်ကို မေးပါကုန်လော့ဟု ဆို၏။ မထေရ်မြတ်တို့သည် ထိုရဟန်းအိုကို ရွံရှာသဖြင့် နေရာမှထ၍ ဖဲလေကုန်၏။ မထေရ်မြတ်တို့၏ တရားတော်ကို နာခံအံ့သောငှာ နေကုန်သော ပရိသတ်တို့၏ အစည်းအဝေးပျက်သောကာလ၌ ရဟန်းတို့သည် မြတ်စွာဘုရား၏ အထံတော်သို့ သွားကြကုန်၍ အဘယ့်ကြောင့် အခါမဟုတ်သည်၌ လာကြကုန်သနည်းဟု မိန့်တော်မူသည်ရှိသော် ထိုအကြောင်းကိုကြားလျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌သာလျှင် သာရိပုတ္တရာ မောဂ္ဂလာန်တို့သည် ထိုရဟန်းအိုကို ရွံရှာသဖြင့် စကားမဆိုမူ၍ ဖဲကုန်သည်မဟုတ်သေး၊ ရှေး၌လည်း ဖဲလေကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သော် ဘုရားလောင်းသည် တခုသော တောအရပ်၌ သစ်ပင်စောင့်နတ် ဖြစ်၏။ ထိုအခါ နှစ်ခုကုန်သော ဟင်္သာငယ်တို့သည် စိတ္တကုဋ်တောင်မှထွက်ကုန်သည်ရှိသော် ဘုရားလောင်းရုက္ခစိုးနတ်သည် စောင့်အပ်သောသစ်ပင်၌ နားကုန်၍ အစာရှာအံ့သောငှါ တပါးသောအရပ်သို့သွား၍ ပြန်လာကုန်သော်လည်း ထိုသစ်ပင်၌သာလျှင် အပင်အပန်းဖြေ၍ စိတ္တကုဋ်တောင်သို့ သွားကုန်၏။ ကာလမြင့်ရှည်ခြင်းသို့ ရောက်သည်ရှိသော် ထိုဟင်္သာငယ်တို့အား ဘုရားလောင်းနှင့်တကွ အကျွမ်းဝင်သည် ဖြစ်၏။ သွားကုန်သော်၎င်း လာကုန်သော်၎င်း အချင်းချင်း ဝမ်းမြောက်ဝမ်းသာသဖြင့် တရားစကားကို ပြောဟောကြကုန်၍ ဖဲကုန်၏။ ထိုအခါ တနေ့သ၌ ထိုဟင်္သာငယ်တို့သည် သစ်ပင်ဖျား၌နားကုန်၍ ဘုရားလောင်းနှင့်တကွ ပြောဟောကြကုန်သည်ရှိသော် မြေခွေးတကောင်သည် ထိုသစ်ပင်အောက်၌ ရပ်၍ ထိုဟင်္သာငယ်တို့နှင့် တကွ တိုင်ပင်ပြောဟောလိုရကား-

၇၃။ ဥစ္စေ ဝိဋဘိ မာရုယှ၊ မန္တယဝှေါ ရဟောဂတာ။
နီစေ ဩရုယှ မန္တဝှေါ၊ မိဂရာဇာပိ သောဿတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၃။ ဘော ဟံသပေါတကာ၊ အို ဟင်္သာငယ်တို့။ တုမှေ၊ သင်တို့သည်။ ဥစ္စေ၊ ပြကတော့အားဖြင့် မြင့်သောသစ်ပင်၌။ ဥစ္စတရံ၊ မြင့်လွန်းသော။ ဝိဋဘိံ၊ အခွပေါ်၌။ အာရုယှ၊ တက်ကုန်၍။ ရဟောဂတာ၊ ဆိတ်ကွယ်ရာ အရပ်သို့ကပ်ကုန်၍။ မန္တယဝှေါ၊ တိုင်ပင်ပြောဟောကြကုန်၏။ နီစေ၊ နိမ့်ရာအရပ်သို့။ ဩရုယှ၊ သက်ကုန်၍။ မန္တဝှေါ၊ တိုင်ပင် ပြောဟောလာကြကုန်လှည့်။ မိဂရာဇာပိ၊ သားများသေဌ်နင်း မင်းမြတ်သည်လည်း။ သောဿတိ၊ နားထောင်လတ္တံ့။

ထိုအခါ၌ ဟင်္သာငယ်တို့သည် ရွံရှာသဖြင့် ထ၍စိတ္တကုဋ်တောင်သို့သာလျှင် ပျံသွားလေကုန်၏။ ထိုဟင်္သာငယ်တို့၏ ပျံသွားသောကာလ၌ ဘုရားလောင်းသည် မြေခွေးအား-

၇၄။ ယံ သုဝဏ္ဏော သုဝဏ္ဏေန၊ ဒေဝေါ ဒေဝေန မန္တယေ။
ကိံ တေတ္ထ စတုမဋ္ဌဿ။ ဗိလံ ပဝိသ ဇ္ဇမ္ဗုက။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၄။ ဇမ္ဗုက၊ ဟယ် မြေခွေး။ သုဝဏ္ဏော၊ ကောင်းသော အဆင်းရှိသော ဟင်္သာတခုသည်။ သုဝဏ္ဏေန၊ ကောင်းသော အဆင်းရှိသော ဟင်္သာတခုနှင့်။ ဒေဝေါ၊ နတ်ဖြစ်သော ဟင်္သာတခုသည်။ ဒေဝေန၊ နတ်ဖြစ်သော ဟင်္သာတခုနှင့်။ ယံ မန္တယေ၊ အကြင် တိုင်ပင် ပြောဆို၏။ ဧတ္ထ၊ ထိုသို့ တိုင်ပင် ပြောဆိုရာ၌။ စတုမဋ္ဌဿ၊ ကိုယ်, အမျိုး, အသံ, ဂုဏ်တည်းဟူသော လေးပါးသော အင်္ဂါတို့ဖြင့် ကောင်းမြတ်လှပေသော။ တေ၊ သင်မြေခွေးအား။ ကိံ နု၊ အဘယ် ပြုအံ့နည်း။ ဟရေ-ဇမ္ဗုက၊ ဟယ် မြေခွေး။ တွံ၊ သင်သည်။ ဗိလံ၊ တွင်းသို့။ ပဝိသ၊ ဝင်လေလော့။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ရဟန်းအိုသည် ထိုအခါ မြေခွေးဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာ မောဂ္ဂလာန်တို့သည် ထိုအခါ ဟင်္သာငယ်နှစ်ခု ဖြစ်ဘူးကုန်ပြီ၊ ထိုမှတပါး ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သစ်ပင်စောင့်နတ်ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မဆိုင်ဘဲလျက်၊ ဝင်ရောစွက်၊ ပြစ်ချက်မျက်မုန်းကျိုး

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော စတုမဋ္ဌဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-အသဒိသဝဂ်

၈။ သီဟကောတ္ထုဇာတ်

ခွေးခြင်္သေ့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်သီဟင်္ဂုလီ သီဟနခေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသီဟကောတ္ထုဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောကာလိကကို အကြောင်းပြု၍ ဟောတော်မူ၏။ တနေ့သ၌ ကောကာလိကသည် တပါးသော အကြား အမြင် များကုန်သော ရဟန်းတို့သည် တရားကိုဟောကုန်သည်ရှိသော် မိမိသည်လည်း ဟောလိုသတတ်၊ အလုံးစုံသော အကြောင်းကို အောက်၌ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင် ချဲ့အပ်၏။ ( *အောက်အတိုင်းဟူသည်ကား ၂၂-ဒဒ္ဒရဇာတ်ပါအတိုင်းကို ဆိုလိုသည်။ ) အထူးကား ထိုအကြောင်းကို ကြားတော်မူ၍ မြတ်စွာဘုရားသည် ရဟန်းတို့ ကောကာလိကသည် ယခုအခါ၌သာလျှင် မိမိ၏အသံကြောင့် ထင်ရှားသည် မဟုတ်သေး၊ ရှေး၌လည်း ထင်ရှားသည်သာလျှင်ဖြစ်ဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်၌ ခြင်္သေ့ဖြစ်၍ တခုသော မြေခွေးမနှင့်တကွ ပေါင်းဘော်ခြင်းကို စွဲ၍ သားကိုရ၏။ ထိုမြေခွေးမသားသည် လက်ချောင်း ခြေချောင်းတို့ဖြင့်၎င်း လက်သည်းခြေသည်းတို့ဖြင့်၎င်း မှင်ဆံအားဖြင့်၎င်း အဆင်းသဏ္ဌာန်အားဖြင့်၎င်း အဘနှင့်တူ၍ အသံသည်ကား အမိနှင့်တူ၏။ ထိုအခါ တနေ့သ၌ မိုဃ်းသည် ရွာ၍စဲသည်ရှိသော် ခြင်္သေ့တို့သည် ဟောက်ကုန်၍ ခြင်္သေ့တို့၏ မြူးထူးခြင်းကို မြူးထူးကုန်သည်ရှိသော် ထိုမြေခွေးမသား ခြင်္သေ့သည်လည်း ထိုခြင်္သေ့စစ်တို့၏အလယ်၌ ဟောက်လိုသည်ဖြစ်၍ မြေခွေးသံကို မြည်၏။ ထိုအခါ မြေခွေးမသား၏ မြေခွေးသံကို ကြားကုန်၍ ခြင်္သေ့တို့သည် ဆိတ်ဆိတ် နေကုန်၏။ ထိုမြေခွေးမသား၏အသံကိုကြား၍ တပါးသော ဘုရားလောင်း၏ ဇာတ်တူဖြစ်သော သားသည် ဘခင် ဤခြင်္သေ့သည် အဆင်းအစရှိသည်တို့ဖြင့် ကျွန်ုပ်တိုနှင့် တူ၏။ ထိုခြင်္သေ့၏အသံသည်တမူကား အကျွန်ုပ်တို့မှတပါးသော မြေခွေးသံနှင့် တူ၏။ ဤခြင်္သေ့သည် အဘယ်မည်သော ခြင်္သေ့ နည်းဟု မေးလိုရကား-

၇၅။ သီဟင်္ဂုလီ သီဟနခေါ၊ သီဟပါဒပတိဋ္ဌိတော။
သော သီဟော သီဟသံဃမှိ၊ ဧကော နဒတိ အညထာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၅။ တာတ၊ ဘခင်။ အယံ သီဟော၊ ဤခြင်္သေ့သည်။ သီဟင်္ဂုလီ၊ ခြင်္သေ့တို့၏ ခြေချောင်းလက်ချောင်းတို့နှင့်တူသော ခြေချောင်းလက်ချောင်း ရှိ၏။ သီဟနခေါ၊ ခြင်္သေ့တို့၏ ခြေသည်းလက်သည်းနှင့်တူသော ခြေသည်း လက်သည်းရှိ၏။ သီဟပါဒပတိဋ္ဌိတော၊ ခြင်္သေ့တို့၏ ခြေတို့ဖြင့်သာလျှင် ရပ်၏။ သော သီဟော၊ ထိုခြသေ့သည်။ သီဟသံဃမှိ၊ ခြင်္သေ့အပေါင်း၌။ ဧကော၊ တစီးတည်း။ အညထာ၊ ခြင်္သေ့သံမှ တပါးသော မြေခွေးသံဖြင့်။ နဒတိ၊ မြည်၏။ ကော၊ အဘယ်ကြောင့်နည်း။

ထိုစကားကို ကြား၍ ဘုရားလောင်းသည် ချစ်သား ဤခြင်္သေ့သည် သင်၏ညီတည်း၊ မြေခွေးမ၏သားဖြစ်၍ အဆင်းအားဖြင့် ငါနှင့်တူ၏။ အသံအားဖြင့် အမိနှင့်တူ၏။ ဤသို့ဆိုပြီးသော် မြေခွေးမသားကိုခေါ်၍ ချစ်သား ဤနေ့မှစ၍ ဤအရပ်၌ နေသည်ရှိသော် နည်းသောအသံရှိသည်ဖြစ်၍ နေလော့၊ တဖန် အကယ်၍ မြည်ပြန်အံ့၊ မြေခွေး၏အဖြစ်ကို သိပြန်လတ္တံ့ဟု ဆုံးမလိုရကား-

၇၆။ မာ တွံ နဒိ ရာဇပုတ္တ၊ အပ္ပသဒ္ဒေါ ဝနေ ဝသ။
သရေန ခေါ တံ ဇာနေယျုံ၊ န ဟိ တေ ပေတ္တိကော သရော။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၆။ ရာဇပုတ္တ၊ ကေသရာဇာ ခြင်္သေ့မင်း၏သား။ တွံ၊ သည်သည်။ မာ နဒိ၊ မမြည်လင့်။ အပ္ပသဒ္ဒေါ၊ အသံမရှိသည်ဖြစ်၍။ ဝနေ၊ တော၌။ ဝသ၊ နေလော့။ သရေန၊ အသံအားဖြင့်။ တံ၊ သင့်ကို။ ခေါ၊ စင်စစ်။ ဇာနေယျုံ၊ မြေခွေးဟူ၍ သိကုန်ရာ၏။ ဟိ-သစ္စံ၊ မှန်၏။ တေ၊ သင်၏။ သရော၊ အသံသည်။ န ပေတ္တိကော၊ အဘဖြစ်သော ခြင်္သေ့မင်း၏ အသံနှင့်မတူ။

အဘဖြစ်သော ခြင်္သေ့မင်း၏ ဤသို့သော အဆုံးအမကို ကြား၍ တဖန် မြည်အံ့သောငှာ မဝံ့လေ။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ ကောကာလိကသည် ထိုအခါ မြေခွေးမသား ဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ ခြင်္သေ့မင်းသား ဖြစ်ဘူးပြီ၊ ထိုမှတပါး ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခြင်္သေ့မင်းဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အသွင်သဏ္ဍာန်၊ တူမျှဟန်ကြောင့်၊ အမှန်ပြုကာ၊ မတုသာ၊ စိတ်မှာမြဲစွာရှု

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သီဟကောတ္ထုဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-အသဒိသဝဂ်

၉။ သီဟစမ္မဇာတ်

ခြင်္သေ့ရေခြုံမြည်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နေတံ သီဟဿ နဒိတံ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသီဟစမ္မဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောလိကကိုပင်လျှင် အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုကောကာလိကသည် ဤကာလ၌ အသံဖြင့်ဟောအပ်သောတရားကို ဟောလိုသည် ဖြစ်၏။ မြတ်စွာဘုရားသည် ထိုအကြောင်းကို ကြားတော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် လယ်လုပ်မျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် လယ်လုပ်သော အမှုဖြင့် အသက်မွေးခြင်းကို ပြု၏။ ထိုကာလ၌ တယောက်သော ကုန်သည်သည် မြည်း၌ ဝန်ကိုငင်သဖြင့် ကုန်သွယ်ခြင်းကို ပြုလျက် သွား၏။ ထိုကုန်သည်သည် ရောက်လေရာ ရောက်လေရာအရပ်၌ မြည်း၏ ကျောက်ကုန်းမှ ကုန်ထုပ်ကိုချ၍ မြည်းကို ခြင်္သေ့အရေဖြင့်ရုံ၍ သလေးခင်း မုယောခင်းတို့၌ လွှတ်၏။ လယ်စောင့်ကုန်သော သူတို့သည် မြည်းကို မြင်ကုန်၍ ခြင်္သေ့ဟူသောအမှတ်ဖြင့် ချဉ်းကပ်အံ့သောငှါမဝံ့ကုန်၊ ထိုအခါတနေ့သ၌ ထိုကုန်သည်သည် တခုသော ရွာတံခါး၌ နေခြင်းကိုယူ၍ နံနက်စာချက်စဉ် ထိုအရပ်မှ မြည်း၌ ခြင်္သေ့ရေကိုရုံ၍ မုယောခင်း၌ လွှတ်၏။ လယ်စောင့်ကုန်သော သူတို့သည် ခြင်္သေ့ဟူသော အမှတ်ဖြင့် ထိုမြည်းသို့ ချဉ်းကပ်အံ့သောငှါ မဝံ့ကုန်သဖြင့် အိမ်သို့သွားကုန်၍ လယ်ရှင်တို့အား ကြားကုန်၏။ ရွာ၌နေကုန်သောသူတို့သည် လက်နက်ကို ယူကုန်၍ စည်, ခရုသင်းတို့ကို တီးမှုတ်ကုန်လျက် လယ်၏အနီးသို့ သွားကုန်၍ ကြော်ငြာကုန်၏။ မြည်းသည် သေဘေးမှကြောက်သည် ဖြစ်၍ မြည်း၏အသံကို မည်၏။ ထိုအခါ ထိုသတ္တဝါ၏ မြည်း၏အဖြစ်ကို သိ၍ ဘုရားလောင်းသည်-

၇၇။ နေတံ သီဟဿ နဒိတံ၊ န ဗျဂ္ဃဿ န ဒီပိနော။
ပါရုတော သီဟစမ္မေန၊ ဇမ္မော နဒတိ ဂဒြဘော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၇။ ဘောန္တော၊ အချင်းတို့။ ဧတံ နဒိတံ၊ ထိုအသံသည်။ သီဟဿ၊ ခြင်္သေ့၏။ န နဒိထံ၊ အသံမဟုတ်။ ဗျဂ္ဃဿ၊ ကျား၏။ န နဒိတံ၊ အသံမဟုတ်။ ဒီနော၊ သစ်၏။ န နဒိတံ၊ အသံမဟုတ်။ သီဟစမ္မေန၊ ခြင်္သေ့ အရေဖြင့်။ ပါရူတော၊ ရုံအပ်သော။ ဇမ္မော၊ ယုတ်မာသော။ ဂဒြဘော၊ မြည်းသည်။ နဒတိ၊ မြည်၏။

ရွာ၌နေကုန်သော သူတို့သည်လည်း ထိုသတ္တဝါ၏ မြည်း၏အဖြစ်ကိုသိကုန်၍ အရိုးတို့ကို ကျိုးအောင် ရိုက်နှက်ကုန်သဖြင့် လဲစေပြီးသော် ခြင်္သေ့အရေကိုယူ၍ သွားလေကုန်၏။ ထိုနောက်မှ ထိုကုန်သည်သည် လာလတ်၍ ပျက်စီးခြင်းသို့ရောက်သော မြည်းကိုမြင်၍-

၇၈။ စိရမ္ပိ ခေါတံ ခါဒေယျ၊ ဂဒြဘော ဟရိတံ ယဝံ။
ပါရုတော သီဟစမ္မေန၊ ရဝမာနောဝ ဒူသယိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၈။ အယံ ဂဒြဘော၊ ဤမြည်းသည်။ အတ္တနော၊ မိမိ၏။ ဂဒြဘဘာဝံ၊ မြည်း၏အဖြစ်ကို။ အဇာနာပေတွာ၊ မသိလေသည်ရှိသော်။ သီဟစမ္မေန၊ ခြင်္သေ့အရေဖြင့်။ ပါရုတော၊ ရုံအပ်သည်ဖြစ်၍။ စိရမ္ပိ ခေါ၊ မြင့်ရှည်စွာသာလျှင်။ ဟရိတံ၊ စိမ်းစိုသော။ ယဝံ၊ မုယောကို။ ခါဒေယျ၊ စားရလေရာ၏။ ရဝမနောဝ၊ မြည်သည်ဖြစ်၍သာလျှင်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဒူသယိ၊ ဖျက်ဆီး၏။

ထိုကုန်သည်သည် ဤသို့ ဆိုစဉ်ပင်လျှင် မြည်းသည် ထိုအရပ်၌ပင်လျှင် ဝပ်လျက်သေ၏။ ကုန်သည်သည်လည်း ထိုမြည်းကို စွန့်၍ သွား၏။ .

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကုန်သည် ဖြစ်ဘူးပြီ၊ ယခုအခါ ကောကာလိကသည် ထိုအခါ မြည်း ဖြစ်ဘူးလေပြီ၊ ထိုမှတပါး ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသော လယ်လုပ်ယောက်ျား ဖြစ်ဘူးလေပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ခြင်္သေ့ရေခြုံ၊ မြည်းဖြစ်ပုံ၊ သံကုန်ဟစ်က ပျက်စီးရ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော သီဟစမ္မဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-အသဒိသဝဂ်

၁၀။ သီလာနိသံသဇာတ်

သီလအကျိုး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်ပဿ သဒ္ဓါယ သီလဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသီလာနိသံသဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော သဒ္ဓါတရားနှင့် ပြည့်စုံသော ဒါယာကို အကြောင်းပြု၍ ဟောတော်မူ၏။ သဒ္ဓါတရားနှင့် ပြည့်စုံသော ရတနာသုံးပါးအား ကြည်ညိုသော ဘုရားသဗ္ဗညူ၏ထိုဒါယကာသည် တနေ့သ၌ ဇေတဝန် ကျောင်းတော်သို့ သွားသည်ရှိသော် ညချမ်းသောအခါ၌ အစီရဝတီမြစ်နားသို့ရောက်၍ လှေရှင်သည် လှေကို တဘက်ကမ်းနား၌ထား၍ တရားနာအံ့သောငှါ သွားသည်ရှိသော် ထိုဆိပ်၌ လှေကိုမမြင်၍ ဘုရားလျှင်အာရုံရှိသော ပီတိကိုယူလျက် မြစ်သို့သွား၍ ဆင်း၏။ ခြေတို့သည် ရေ၌မနစ်ကုန်၊ ထိုဒါယကာသည် မြေအပြင်၌ သွားသကဲ့သို့ ဖြစ်၏။ အလယ်သို့ ရောက်သောကာလ၌ လှိုင်းတံပိုးကို ရှု၏။ ထိုအခါ ထိုဒါယကာ၏ ဘုရားလျှင်အာရုံရှိသော ပီတိသည် ညံ့သည်ဖြစ်၏။ ခြေတို့သည် နစ်အံ့သောငှါ အားထုတ်ကုန်၏။ ထိုဒါယကာသည် တဖန်ဘုရားလျှင်အာရုံရှိသောပီတိကို မြဲမြံစွာပြု၍ ရေပေါ်အပြင်ဖြင့်သာလျှင် သွားလျက် ဇေတဝန် ကျောင်းတော်သို့ဝင်၍ မြတ်စွာဘုရားကို ရှိခိုးလျက် လျောက်ပတ်စွာ နေ၏။ မြတ်စွာဘုရားသည် ထိုဒါယကာနှင့်တကွ စကားစေ့စပ်ခြင်းကို ပြုတော်မူ၍ ဒါယကာ အသို့နည်း၊ ခရီးသို့ လာလတ်သည်ရှိသော် ပင်ပန်းခြင်းကင်းသဖြင့် လာရ၏လောဟု မေးတော်မူ၏။ အရှင်ဘုရား ဘုရားလျှင် အာရုံရှိသော ပီတိကိုယူ၍ ရေအပြင်၌ တည်ရာကိုရ၍ မြေကိုနင်းသကဲ့သို့ လာရ၏ဟု နားတော်လျှောက်သည်ရှိသော် ဒါယကာ သင်သည်သာလျှင် ဘုရားကျေးဇူးတော်တို့ကို အောက်မေ့၍ တည်ရာကိုရသည် မဟုတ်သေး၊ ရှေး၌လည်း ဒါယကာတို့သည် သမုဒ္ဒရာ၏အလယ်၌ သင်္ဘောလှေ ပျက်လတ်သည်ရှိသော် ဘုရားကျေးဇူးတို့ကို အောက်မေ့ကုန်သည်ဖြစ်၍ တည်ရာကိုရဘူးကုန်၏ဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာ လွန်လေပြီးသောအခါ ကဿပမြတ်စွာဘုရား လက်ထက်တော်၌ ထိုကဿပမြတ်စွာဘုရား၏ တပည့်ဖြစ်သော သောတာပန်ဒါယကာသည် တယောက်သော ဆတ္တာသည် ဖြစ်သောသူနှင့်အတူတကွ သင်္ဘောကို စီး၏။ ထိုဆတ္တာသည်၏မယားသည် အရှင်ဤသူ၏ချမ်းသာခြင်း ဆင်းရဲခြင်းသည် အရှင်၏ဝန်သည်ဖြစ်စေဟုဆို၍ ဆတ္တာသည်ကို ထိုဒါယကာ၏လက်၌ အပ်လိုက်၏။ ထိုအခါ ထိုဒါယကာ၏သင်္ဘောသည် ခုနစ်ရက်မြောက်သောနေ့ဝယ် သမုဒ္ဒရာ၏ အလယ်၌ ပျက်လေသည်ရှိသော် နှစ်ယောက်ကုန်သော ထိုသူတို့သည်လည်း တခုသောပျဉ်၌စီးကုန်လျက် တခုသော ကျွန်းငယ်သို့ ရောက်ကုန်၏။ ထိုကျွန်းငယ်၌ ထိုဆတ္တာသည်သည် ငှက်တို့ကို သတ်၍စားသည် ရှိသော် ထိုသောတာပန်ဒါယကာအားလည်း ပေး၏။ သောတာပန်ဒါယကာသည် ငါ့အား အလိုမရှိဟု ဆို၍ မစား၊ ထိုဒါယကာသည် ဤအရပ်၌ ရတနာသုံးပါးတို့ကိုထားဘိ၍ တပါးသော ကိုးကွယ်ရာသည် မရှိဟု ကြံ၍ ရတနာသုံးပါး၏ ကျေးဇူးကို အောက်မေ့၏။ ထိုအခါ ထိုဒါယကာ၏ ရတနာသုံးပါးဂုဏ်ကို အောက်မေ့စဉ် ထိုကျွန်းငယ်၌ဖြစ်သော နဂါးမင်းသည် မိမိကိုယ်ကို သင်္ဘောကဲ့သို့ပြု၍ ဘန်ဆင်း၏။ သမုဒ္ဒရာစောင့် နတ်သားသည် သင်္ဘောသူကြီးပြု၏။ သင်္ဘောကို ရတနာခုနစ်ပါးတို့ဖြင့် ပြည့်စေ၏။ လင်းယဉ်တိုင် သုံးခုတို့သည် ပတ္တမြားညိုတို့ဖြင့် ပြီးကုန်၏။ တန်ဆာသည် ရွှေဖြင့်ပြီး၏။ ကြိုးတို့သည် ငွေဖြင့် ပြီးကုန်၏။ ထိုးဝါး တက်မတို့သည် ရွှေဖြင့်ပြီးကုန်၏။

သမုဒ္ဒရာစောင့်နတ်သားသည် သင်္ဘော၌စီး၍ ဇမ္ဗူဒိပ်သို့ သွားလိုကုန်သောသူတို့သည် ရှိကုန်သလောဟု ကြွေးကြော်၏။ ဒါယကာသည် ငါတို့သည် သွားလိုကုန်၏ဟု ဆို၏။ ထိုသို့ တပြီးကား လာလော့၊ သင်္ဘောသို့ တက်လော့ဟု သမုဒ္ဒရာစောင့်နတ်သား ဆိုသည်ရှိသော် ထိုဒါယကာသည် သင်္ဘောလှေသို့တက်၍ ဆတ္တာသည်ကို ခေါ်၏။ သမုဒ္ဒရာစောင့် နတ်သားသည် သင့်အားသာလျှင် ထိုက်၏။ ထိုဆတ္တာသည်အား မထိုက်ဟု ဆို၏။ အဘယ်ကြောင့်နည်းဟု ဆိုသည်ရှိသော် ထိုဆေတ္တာသည်အား သီလဂုဏ အာစာရသည် မရှိသောကြောင့် မထိုက်၊ ငါသည် သင်၏ အကျိုးငှာသာလျှင် သင်္ဘောကိုဆောင်ခဲ့၏။ ထိုဆတ္တာသည်၏အကျိုးငှါ မဆောင်ခဲ့ဟု ဆို၏။ သင်ဆိုတိုင်း မှန်သည် ဖြစ်စေ၊ ငါသည် လှူအပ်သော အလှူဖြင့်၎င်း စောင့်ရှောက်အပ်သော သီလဖြင့်၎င်း ပွားအပ်သော ဘာဝနာဖြင့်၎င်း ထိုဆတ္တာသည်အား အဘို့ကိုပေး၏ဟု ဆိုသည်ရှိသော် ဆတ္တာသည်သည် အရှင်ဝမ်းမြောက် ပါ၏ဟုဆို၍ နတ်သားသည် ယခုအခါ၌ ယူအံ့ဟု ထိုဆတ္တာသည်ကိုလည်းတင်၍ နှစ်ယောက်ကုန်သော လူတို့ကိုလည်း သမုဒ္ဒရာမှ ထွက်စေ၍ မြစ်ဖြင့် ဗာရာဏသီပြည်သို့သွား၍ မိမိ၏အာနုဘော်အားဖြင့် နှစ်ယောက်ကုန်သောသူတို့၏လည်း အိမ်၌ ဥစ္စာကိုတည်စေ၍ ပညာရှိတို့နှင့်သာလျှင် အတူတကွ ပေါင်းတော်ခြင်းမည်သည်ကို ပြုအပ်၏။ ဤဆတ္တာသည်အား ဤဒါယကာနှင့် အကယ်၍ပေါင်းဘော်ခြင်းသည် မဖြစ်ငြားအံ့၊ သမုဒ္ဒရာ၏ အလယ်၌သာလျှင် ဆတ္တာသည်သည် ပျက်စီးလတ္တံ့ဟု ပညာရှိနှင့် ပေါင်းဖော်ခြင်း၏ ကျေးဇူးကို ဆိုလိုရကား-

၇၉။ ပဿ သဒ္ဓါယ သီလဿ၊ စာဂဿ စ အယံ ဖလံ။
နာဂေါ နာဝါယ ဝဏ္ဏေန၊ သဒ္ဓံ ဝဟတုပသကံ။
၈၀။ သမ္ဘိရေဝ သမာသေထ၊ သမ္ဘိ ကုဗ္ဗေထ သန္ထဝံ။
သတံ ဟိ သန္နိဝါသေန၊ သောတ္ထိံ ဂစ္ဆတိ နှာပိတော။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၇၉။ ဘော၊ အချင်းတို။ သဒ္ဓါယ စ၊ လောကီ လောကုတ္တရာဖြစ်သော သဒ္ဓါ၏၎င်း။ သီလသ စ၊ လောကီ လောကုတ္တရာ ဖြစ်သော သီလ၏၎င်း။ စာဂဿ စ၊ ပေးကမ်းစွန့်ကြဲအပ်သောဝတ္ထုကို ပေးကမ်းစွန့်ကြဲခြင် ကိလေသာကို စွန့်ခြင်း၏၎င်း။ အယံ ဖလံ-ဣဒံ ဖလံ၊ ဤအကျိုးကို။ ပဿ-ပသထ၊ ရှုကုန်လော့။ တနည်းကား... သဒ္ဓါယ စ၊ လောကီ လောကုတ္တရာ သဒ္ဓါ၏၎င်း။ သီလဿ စ၊ လောကီ လောကုတ္တရာသီလ၏၎င်း။ စာဂဿ စ၊ ပေးကမ်းစွန့်ကြဲအပ်သောဝတ္ထုကို ပေးကမ်းစွန့်ကြဲခြင်း ကိလေသာကို စွန့်ခြင်း၏၎င်း။ ဖလံ၊ အကျိုးကို။ ပဿ-ပဿထ၊ ရှုကုန်လော့။ အယံ နာဂေါ၊ ဤနဂါးသည်။ နာဝါယ၊ သင်္ဘော၏။ ဝဏ္ဏေန၊ အဆင်းသဏ္ဌာန်ဖြင့်။ သဒ္ဓံ၊ ရတနာသုံးပါးတို့၌ သဒ္ဓါခြင်းနှင့် ပြည့်စုံသော။ ဥပါသကံ၊ ဒါယကာကို။ ဝဟတိ၊ ကြဉ်းဆောင်၏။ ပေါသော၊ ယောက်ျားသည်။ သဗ္ဘိရေဝ၊ ပညာရှိတို့နှင့်သာလျှင်။ သမာသေထ၊ ပေါင်းဘော်ရာ၏။ သဗ္ဘိ၊ ပညာရှိတို့နှင့်။ သန္ထဝံ၊ ပေါင်းဘော်ခြင်းကို။ ကုဗ္ဗေထ၊ ပြုရာ၏။ ဟိ-ယုတ္တံ၊ ထိုစကားသည် သင့်၏။ သတံ၊ ပညာရှိတို့နှင့်။ သန္နိဝါသေန၊ ပေါင်းဘော်ခြင်းကြောင့်။ နှာပိတော၊ ဆတ္တာသည်သည်။ သောတ္ထိံ၊ ချမ်းသာခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။

ဤသို့ သမုဒ္ဒရာစောင့်နတ်သားသည် ကောင်းကင်၌ရပ်လျက် တရားဟော၍ ဆတ္တာသည်ကို ဆုံးမပြီးလျှင် နဂါးမင်းကိုယူ၍ မိမိ၏ဗိမာန်သို့သာလျှင်သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏ အဆုံး၌ ဒါယကာသည် သကဒါဂါမိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော် မူသနည်းဟူမူကား ဒါယကာ ထိုအခါ သောတာပန်ဖြစ်သော ဒါယကာသည် ပရိနိဗ္ဗာန်ပြုလေပြီ၊ ယခုအခါ၌ သာရိပုတ္တရာသည် ထိုအခါ နဂါးမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သမုဒ္ဒရာစောင့်နတ်သား ဖြစ်ဘူးလေပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ပညာရှင်နှင့်၊ ပေါင်းသင်းလင့်၊ ရေးခွင့်ကြုံက ချမ်းသာရ

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သီလာနိသံသဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ရုဟကဝဂ်

၁။ ရုဟကဇာတ်

တင့်တယ်စေလို၍ အရှက်ကွဲသော ပုဏ္ဏား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အပိ ရုဟက ဆိန္နာပိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤရုဟကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မယားဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် အဋ္ဌကနိပါတ် ဣန္ဒြိယဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ အထူးကား မြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း ဤမိန်းမသည် သင်၏ အကျိုးမဲ့ကို ပြုတတ်သော မိန်းမတည်း၊ ရှေး၌လည်း ဤမိန်းမသည် သင့်အား မင်းနှင့်တကွသော ပရိသတ်၏ အလယ်၌ အရှက်ခွဲ၍ အိမ်မှ နှင်ထုတ်သော အခြင်းအရာကို ပြုစေဘူး၏။ ဤသို့ မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏မိဖုယားကြီးဝမ်း၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် ခမည်းတော်ဗြဟ္မဒတ်မင်း ကွယ်လွန်သဖြင့် မင်း၏အဖြစ်၌ တည်၍ တရားသဖြင့် မင်းပြု၏။ ထိုဘုရားလောင်းအား ရုဟက အမည်ရှိသော ပုရောဟိတ်သည် ရှိ၏။ ထိုရုဟကပုရောဟိတ်၏ ပုဏ္ဏေးမဖြစ်သော မယားသည် ပုရာဏီ အမည်ရှိ၏။ မင်းသည် ပုဏ္ဏားအား မြင်းတို့၏ တန်ဆာဖြင့် တန်ဆာဆင်၍ မြင်းကို ပေးလိုက်၏။ ထိုရုဟက ပုဏ္ဏားသည် ထိုမြင်းကိုစီး၍ မင်းအား ခစားရာအရပ်သို့ သွား၏။ ထိုအခါ၌ ရုဟကပုဏ္ဏားကို တန်ဆာဆင်အပ်သောမြင်း၏ ကျောက်ကုန်း၌စီး၍ သွားသည်ကို၎င်း လာသည်ကို၎င်း မြင်ကုန်၍ ထိုထိုအရပ်၌နေကုန်သော လူတို့သည် မြင်း၏ အဆင်းသည်အံ့ဘွယ်ရှိစွ၊ မြင်းသည်အံ့ဘွယ်သရဲလျှင် တင့်တယ်၏။ ဤသို့ မြင်းကိုသာလျှင် ချီးမွမ်းကြကုန်၏။ ထိုရုဟကပုဏ္ဏားသည် အိမ်သို့ သွားလေ၍ ပြာသာဒ်သို့ တက်၍ မယားကို ရှင်မ ငါတို့၏ မြင်းသည် အလွန်လျှင် တင့်တယ်၏။ နံပါးနှစ်ဘက်၌ နေကုန်သော လူတို့သည် ငါတို့၏မြင်းကို သာလျှင် ချီးမွမ်းကြကုန်၏ဟု ပြောဆို၏။ ထိုပုဏ္ဏေးမသည်ကား အတန်ငယ် ပျက်သော အကျင့်နှင့်ယှဉ်၏။ ယောက်ျားတပါးတို့နှင့် လွန်ကျူးသောသဘောရှိ၏။ ထို့ကြောင့် ထိုရုဟကပုဏ္ဏားကို သင်သည်မြင်း၏တင့်တယ်ခြင်းအကြောင်းကို မသိ၊ ဤမြင်းသည် မိမိ၌ ဆင်ယင်အပ်သော တန်ဆာကိုမှီ၍ တင့်တယ်၏။ သင်သည်လည်း မြင်းကဲ့သို့ တင့်တယ်လိုသည် ဖြစ်အံ့၊ မြင်း၌ဆင်ယင်သော တန်ဆာကိုဆင်၍ ခရီးအလယ်သိုသက်၍ မြင်းကဲ့သို့ ခြေတို့ကိုထောက်လျက် သွား၍ မင်းကို ဖူးလေလော့၊ မင်းသည် သင့်ကို ချီးမွမ်းလတ္တံ့၊ လူတို့သည်လည်း သင့်ကိုသာလျှင် ချီးမွမ်းကုန်လတ္တံ့ ဟုဆို၏။

ရူးသောသဘောရှိသော ထိုပုဏ္ဏားသည် ထိုပုဏ္ဏေးမ၏ စကားကိုကြား၍ ဤမည်သော အကြောင်းကြောင့် ထိုပုဏ္ဏေးမသည် ငါ့ကို ဆို၏ဟု မသိ၍ အဟုတ်အမှန်ပင် ဆို၏ဟု အမှတ်ရှိသည်ဖြစ်၍ ထိုပုဏ္ဏေးမဆိုတိုင်း ပြုလေ၏။ အကြင် အကြင် သူတို့သည် မြင်ကုန်၏။ ထိုထို သူတို့သည် ပြက်ရယ်ပြုကုန်လျက် ဆရာသည် တင့်တယ် လှပေ၏ဟု ဆိုကြကုန်၏။ မင်းသည်ကား ထိုရုဟကပုဏ္ဏားကို ဆရာ သင်၏ အအိမ်ဖြင့် ဖွဲ့အပ်သော သည်းခြေသည် ပျက်သလော၊ သင်သည် ရူးသလော၊ ဤသို့ အစရှိသော စကားတို့ကို ဆို၍ ရှက်စေ၏။

ထိုအခါ၌ ပုဏ္ဏားသည် မလျောက်ပတ်သော အမှုကို ငါသည် ပြုအပ်ပြီဟု ရှက်သည်ဖြစ်၍ ထိုပုဏ္ဏေးမသည် မင်းနှင့် တကွသော ပရိသတ်၏ အတွင်း၌ ရှက်စေ၏ဟု ပုဏ္ဏေးမအား အမျက်ထွက်၍ သတ်ပုက်၍ ထိုပုဏ္ဏေးမကို နှင်ထုတ်အံ့ဟု ကြံ၍ အိမ်သို့ သွားလေ၏။ ယောက်ျားတပါးတို့နှင့် လွန်ကျူးခြင်းရှိသော ပုဏ္ဏေးမသည် ထိုရုဟက၏ အမျက်ထွက်၍ လာသည်၏အဖြစ်ကိုသိ၍ မဆွကသာလျှင် တံခါးငယ်ဖြင့်ထွက်၍ မင်း၏ နန်းတော်သို့သွား၍ လေးရက် ငါးရက်ပတ်လုံး နန်းတော်၌သာလျှင် နေလေ၏။ မင်းသည် ထိုအကြောင်းကိုသိ၍ ပုရောဟိတ်ကိုခေါ်စေ၍ ဆရာ မိန်းမ၏ အပြစ်မည်သည်ကား ဖြစ်မြဲသာလျှင်တည်း၊ ပုဏ္ဏေးမအား သည်းခံအံ့သောငှါသင့်၏ဟု သည်းခံစိမ့်သောငှာ-

၈၁။ အပိ ရုဟက ဆိန္နာပိ၊ ဇိယာ သန္နိယတေ ပုန။
သန္ဓိယဿု ပုရာဏိယာ၊ မာ ကောဓဿ ဝသံ ဂမိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

ဘော ရုဟက၊ အို ရုဟက။ အပိ၊ စင်စစ်။ ဆိန္နာပိ၊ ပြတ်လေသော်လည်း။ ဇိယာ၊ လေးညို့ကို။ ပုန၊ တဖန်။ သန္ဓိယတေ၊ ဆက်ပြန်အပ်၏။ ပုရာဏိယာ၊ ပုရာဏီနှင့်။ သဒ္ဓိံ၊ တကွ။ သန္ဓိယဿု၊ စေ့စပ်ပြန်ဦးလော့။ ကောဓဿ ဝသံ၊ အမျက်၏ နိုင်ငံသို့။ မာ ဂမိ၊ မလိုက်သင့်။

ထိုစကားကို ကြား၍ ရုဟကသည်-

၈၂။ ဝိဇ္ဇမာနေသု ဝါကေသု၊ ဝိဇ္ဇမာနေသု ကာရိသု။
အညံ ဇိယံ ကရိဿာမိ၊ အလညေဝ ပုရာဏိယာ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၂။ မဟာရာဇ၊ မင်းမြတ်။ ဝါကေသု၊ နူးညံ့ကုန်သော လျှော်တို့သည်။ ဝိဇ္ဇမာနေသု စ၊ ရှိကုန်သော်၎င်း။ ကာရိသု၊ လေးညှို့ကို ပြုတတ်ကုန်သော သူတို့သည်။ ဝိဇ္ဇမာနေသု စ၊ ရှိကုန်သော်၎င်း။ အညံ၊ တပါးသော။ ဇိယံ၊ လေးညှို့သစ်ကို။ ကရိဿာမိ၊ ပြုအံ့။ ပုရာဏိယာ၊ လေးညှို့ ဟောင်းဖြင့်။ မေ၊ အကျွန်ုပ်အား။ အလညဝ၊ အလိုမရှိပြီသလျှင်ကတည်း။

ဤသို့ဆို၍ ထိုပုဏ္ဏေးမကိုနှင်ထုတ်၍ တပါးသော ပုဏ္ဏေးမကို ဆောင်ယူလေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကိုပြသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌တည်လေ၏။ အဘယ်သို့ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ရဟန်း ယခုအခါ သင်၏ မယားဟောင်းသည် ထိုအခါ ပုဏ္ဏေးမ ဖြစ်ဘူးလေပြီ၊ ယခုအခါ သာသနာတော်၌ငြီးငွေ့သော ရဟန်းသည် ထိုအခါ ရုဟက မည်သောပုဏ္ဏား ဖြစ်ဘူးလေပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မိမိလင်သယ်၊ လူဘုံလယ်၊ ရှက်ဘွယ်ပြုဘိ ထို့ဣတ္ထိ

ရှေးဦးစွာသော ရုဟကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ရုဟကဝဂ်

၂။ သိရိကာဠကဏ္ဏိဇာတ်

ဣတ္ထီ သိယာ ရူပဝတီ ဤသို့ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသိရိကာဠကဏ္ဏိဇာတ်သည် မဟာဥမင်္ဂဇာတ်၌ထင်စွာဖြစ်လတ္တံ့။

နှစ်ခုမြောက်သော သိရိကာဠကဏ္ဏိဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ရုဟကဝဂ်

၃။ စူဠပဒုမဇာတ်

မင်းသားညီနောင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အယမေဝသာ အဟမပိ သော အနညော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ စူဠပဒုမဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ( ဤဝတ္ထုသည် ဥမ္မာဒန္တဇာတ်၌ထင်စွာ ဖြစ်လတ္တံ့ )၊ အထူးကား သာသနာတော်၌ ငြီးငွေ့သော ရဟန်းကို ရဟန်း သာသနာတော်၌ ငြီးငွေ့၏ဟု ငါကြားရသည်ကား မှန်သလောဟု ဘုရား မိန့်တော်မူသည်ရှိသော် ဘုန်းတော်ကြီးသော မြဘ်စွာဘုရား မှန်ပေ၏ဟု နားတော်လျောက်၏။ အဘယ်သူသည်လျှင် သင့်ကို ငြီးငွေ့စေသနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား အကျွန်ုပ်သည် တန်ဆာဆင်ခြင်းနှင့်စပ်သော မိန်းမတယောက်ကိုမြင်၍ ကိလေသာ၏ အလိုသို့ လိုက်သည်ဖြစ်၍ သာသနာတော်၌ ငြီးငွေ့၏ဟု နားတော်လျောက်၏။ ထိုအခါ၌ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း မိန်းမမည်သည်ကား ကျေးဇူးကို မသိတတ်၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်၏။ မာယာများ၏။ ရှေးပညာရှိတို့သည် မိမိ၏ လက်ျာပုဆစ်ဒူးသွေးကို သောက်စေကုန်၍ ဇီဝိတဒါနတိုင်အောင် ပေးကုန်သော်လည်း မိန်းမ၏စိတ်ကို မရဘူးကုန်၊ ဤသို့မိန့်တော်မူ၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၏။ အမည်မှည့်သောနေ့၌ ထိုဘုရားလောင်းအား ပဒုမသတို့သားဟူသောအမည်ကို မှည့်ကုန်၏။ ထိုပဒုမသတို့သား၏ နောက်အခါ၌ ခြောက်ယောက်သော ညီတော်ငယ်ရှိသည်ဖြစ်ကုန်၏။ ထိုမင်းသားခုနစ်ယောက်တို့သည် အစဉ်သဖြင့် ကြီးကုန်၏။ အိမ်ရာထောင်ခြင်းကို ယူကုန်၍ မင်း၏ ပရိသတ်သို့ သွားလာကုန်၏။ ထိုအခါ တနေ့သ၌ မင်းသည် မင်းယင်ပြင်ကိုကြည့်လျက် ရပ်သည်ရှိသော် များစွာသောအခြံအရံဖြင့် မင်းခစားရာအရပ်သို့ လာလတ်ကုန်သော မင်းသားတို့ကိုမြင်၍ ဤမင်းသားတို့သည် ငါ့ကိုသတ်၍ မင်းအဖြစ်ကိုယူကုန်ရာ၏ဟု ရွံရှာခြင်းကိုဖြစ်စေ၍ ထိုမင်းသားတို့ကို ခေါ်စေပြီးလျှင် ချစ်သားတို့ သင်တို့သည် ဤမြို့၌ နေအံ့သောငှါ မရကုန်၊ သင်တို့သည် တပါးသောကပ်သို့ သွားကုန်၍ ငါလွန်မှ လာလတ်ကုန်၍ အမျိုး၏ဥစ္စာဖြစ်သော ပြည်ကို ယူကြကုန်လောဟု ဆို၏။ ထိုမင်းသားတို့သည် ခမည်းတော်စကားကို ဝန်ခံကုန်လျက် မျက်ရည်စွတ်စိုငိုကြကုန်၍ မိမိတို့၏အိမ်မှထွက်ကုန်၍ မယားတို့ကိုယူကုန်၍ သွားလိုရာရာအရပ်သို့ သွားကုန်၍ အသက်မွေးကုန်အံ့ဟု မြို့မှထွကုန်၍ ခရီးသို့သွားကြကုန်သည်ရှိသော် တခုသော ကန္တာရသို့ရောက်ကုန်၍ ထမင်းအဖျော်ကို မရကုန်သည်ဖြစ်၍ ငတ်မွတ်ဆာလောင်ခြင်းကို သည်းခံအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ ငါတို့သည် အသက်ရှင်ကျန်မူကား မိန်းမတို့ကို ရကုန်လတ္တံ့ဟု နှလုံးသွင်းကုန်၍ ညီငယ်၏မယားကို သတ်ကုန်၍ တဆယ့်သုံးစုပြုကုန်၍ အသားကို စားကြကုန်၏။ ဘုရားလောင်းသည် မိမိ၏၎င်း မယား၏၎င်း ရအပ်သော အစုတို့တွင် တစုကိုထား၍ တစုကို နှစ်ယောက်သောသူတို့သည် စားကြကုန်၏။ ဤသို့ ခြောက်ရက်ပတ်လုံး ခြောက်ယောက်သောမိန်းမတို့ကို သတ်ကုန်၍ အသားကို စားကြကုန်၏။

ဘုရားလောင်းသည်ကား နေ့တိုင်း နေ့တိုင်း တခုစီထား၍ ခြောက်စုတို့ကိုရှိစေ၏။ ခုနစ်ရက်မြောက်သောနေ့၌ ဘုရားလောင်း၏မယားကို သတ်ကြကုန်အံ့ဟူ၍ ဆိုသည်ရှိသော် ဘုရားလောင်းသည် ထိုခြောက်စုတို့ကို ညီတော်တို့အားပေး၍ ယနေ့ ဤခြောက်စုတို့ကို စားကြဦးလော့ နက်ဖြန်မှ သိကြကုန်အံ့ဟုဆို၍ အသားကိုစားကြကုန်၍ ထိုညီတော်တို့၏ အိပ်ပျော်စဉ် မယားကို ယူ၍ပြေး၏။ ထိုမိန်းမသည် အတန်ငယ်သွား၍ အရှင့်သား အကျွန်ုပ် မသွားနိုင်ဟု ဆို၏။ ထိုအခါ၌ ထိုမယားကို ဘုရားလောင်းသည် ပခုံးဖြင့်ထမ်း၍ အရုဏ်တက်သောအခါ၌ ကန္တာရမှထွက်၏။ ထိုမိန်းမသည် နေထွက်လတ်သော် သခင် အကျွန်ုပ်ရေငတ်၏ဟု ဆို၏။ ဘုရားလောင်းသည် နှမ ရေသည်မရှိဟုဆို၍ အဖန်တလဲလဲ ရေငတ်လှ၏ဟု ဆိုသည်ရှိသော် သန်လျက်ဖြင့် လကျ်ာပုဆစ်ဒူးကိုဘောက်၍ နှမ ရေသည် မရှိ၊ ငါ၏ လက်ျာပုဆစ်ဒူးသွေးကိုလျှင် သောက်လော့ဟုဆို၏။ ထိုမိန်းမသည် ဘုရားလောင်းဆိုတိုင်းပြု၏။ ထိုနှစ်ယောက်ကုန်သော သူတို့သည် အစဉ်သဖြင့် မြစ်ကြီးသို့ရောက်ကုန်၍ ရေသောက်ကုန်၍၎င်း ရေချိုးကုန်၍၎င်း သစ်သီးကြီးငယ်ကို စားကုန်၍ ချမ်းသာရာအရပ်၌ အပင်အပန်းဖြေ၍ တခုသောမြစ်ကွေ့၌ အရိပ်သင်္ခမ်းကို ဆောက်လုပ်၍ နေကုန်၏။

ထိုအခါ တနေ့သ၌ မြစ်ညာမှမင်းပြစ်သင့်သောခိုးသူကို လက်ခြေတို့ကို၎င်း နားနှာခေါင်းတို့ကို၎င်း ဖြတ်ကုန်၍ တခုသောလှေငယ်၌ အိပ်စေ၍ မြစ်ကြီး၌မျှောလိုက်၏။ ထိုခိုးသူသည် သည်းစွာသော ညည်းညူသံကို ပြုလျှက် ထိုဘုရားလောင်းနေရာ မြစ်ကွေ့အရပ်သို့ ရောက်လာ၏။ ဘုရားလောင်းသည် ထိုခိုးသူ၏ ဆင်းရဲခြင်းကြောင့်ဖြစ်သော ငိုကြွေးသံကိုကြား၍ ဆင်းရဲခြင်းသို့ရောက်သောသတ္တဝါသည် ငါထင်ရှားရှိစဉ် မပျက်စီးစေလင့်ဟု မြစ်နားသို့သွား၍ ထိုခိုးသူကိုဆယ်၍ အရိပ်သင်္ခမ်းသို့ဆောင်ခဲ့၍ ဖန်ရေဆေးခြင်း ဆေးလိမ်းခြင်း အစရှိသည်တို့ဖြင့် အနာကို ဆေးဝါးကုစား၏။ ထိုဘုရားလောင်း၏ မယားသည်ကား မြစ်၌မျှောအပ်သော ဤသို့သဘောရှိသော သီလမရှိသော လက်ခြေ, နား, နှာခေါင်း ဟူသော အညွန့်မရှိသော ငတုံးကိုစဉ်လျက် လုပ်ကျွေး မွေးမြူဘိ၏ဟု ဆို၍ ထို လက် ခြေ, နား နှာခေါင်းဟူသော အညွန့်မရှိသောငတုံးကို ရွံရှာနိုးသည်ဖြစ်၍ တံတွေး ထွေးလျက်သွား၏။ ဘုရားလောင်းသည် ထိုငတုံး၏ အနာတို့သည် အသားနုတက်ကုန်သည်ရှိသော် မယားနှင့်တကွ ထိုငတုံးကို အရိပ်သင်္ခမ်း၌သာလျှင်ထားခဲ့၍ တောအုပ်၌ သစ်သီးကြီးငယ်တို့ကိုဆောင်၍ ထိုငတုံးကို၎င်း မယားကို၎င်း မွေး၏။ ထိုနှစ်ယောက်ကုန်သော သူတို့သည် ဤသို့နေကုန်သည်ရှိသော် ထိုမိန်းမသည် ထိုငတုံး၌ ကြိုက်သောစိတ်သည်ဖြစ်၍ ထိုငတုံးနှင့်တကွ ယုတ်မာသော အကျင့်ကိုကျင့်၍ တခုသောဥပါယ်တမျဉ်ဖြင့် ဘုရားလောင်းကို သတ်လိုသည်ဖြစ်၍ အရှင်အကျွန်ုပ်သည် အရှင်တို့၏ပခုံး၌စီး၍ ကန္တာရမှ ထွက်လတ်သည်ရှိသော် တခုသော တောင်ကိုကြည့်၍ အရှင်တောင်စောင့်နတ်မင်း အကျွန်ုပ်သည် လင်နှင့်တကွ အန္တရာယ်ကင်းသည်ဖြစ်၍ အသက်ကို အကယ်၍ ရပါက အရှင်အား ပူဇော်ပသသောအမှုကို ပြုပါအံ့ဟု တောင်းပန်၏။ ထိုနတ်သည် ယခုအခါ၌ အကျွန်ုပ်ကို ထိတ်လန့်စေ၏။ ထိုတောင်စောင့်နတ်အား ဗလိနတ်စာတင်သောအမှုကို ပြုကြကုန်အံ့ဟု ဆို၏။ ဘုရားလောင်းသည် ထိုမိန်းမ၏ မာယာကို မသိသည်ဖြစ်၍ ကောင်းပြီဟု ဝန်ခံ၍ ဗလိနတ်စာအမှုကို စီရင်၍ ထိုမိန်းမကို ဗလိနတ်စာထည့်သောတောင်းကို ရွက်ခဲ့စေ၍ တောင်ထိပ်သို့ တက်၏။ ထိုအခါ၌ ထိုဘုရားလောင်းကို ထိုမိန်းမသည် သခင် သခင်သည်လျှင် မြတ်သောနတ်တည်း၊ ရှေးဦးစွာလျှင် သင့်ကို မြတ်သောပန်းတို့ဖြင့် ပူဇော်၍ လက်ျာရစ်လှည့်သည်ကို ပြု၍ နောက်မှ တောင်စောင့်နတ်အား ပူဇော်ပသသော အမှုကိုပြုအံ့ဟု ဆို၍ ထိုမိန်းမသည် ဘုရားလောင်းကို တောင်ကမ်းပြတ်သို့ ရှေးရှုထား၍ ထောပတ်တို့ဖြင့် ပူဇော်၍ လကျ်ာရစ် လှည့်သည်ကိုပြု၍ ရှိခိုးလိုအံ့သကဲ့သို့ဖြစ်၍ ကျောက်ကုန်းနား၌ရပ်၍ ကျောက်၌တွန်းလိုက်၍ ကမ်းပါးပြတ်သို့ကျစေ၍ ငါ၏ရန်သူ ပျက်စီးခြင်းကို မြင်ရပေပြီဟု နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ တောင်မှဆင်း၍ ငတုံး၏ အထံသို့ သွား၏။

ဘုရားလောင်းသည်လည်း တောင်ကမ်းပြတ်သို့ အစဉ်လျှောက်သဖြင့် တောင်မှကျလေသည်ရှိသော် ရေသဖန်းပင်အထက်၌ တခုသော ဆူးမရှိသော အရွက်တို့ဖြင့် ကောင်းစွာဖုံးလွှမ်းအပ်သော ချုံပေါ်၌ တင်လေ၏။ တောင်အောက်သို့ ဆင်းအံ့သောငှါ မတတ်ကောင်း၊ ထိုဘုရားလောင်းသည် ရေသဖန်းသီးတို့ကို စား၍ အခက်ကြား၌ နေ၏။ ထိုအခါ တခုသော ကြီးသောကိုယ်ရှိသော ဖွတ်မင်းသည် ကျောက်တောင်ခြေရင်းမှ တက်၍ ထိုရေသဖန်းပင်၌ အသီးတို့ကို စား၏။ ထိုဖွတ်မင်းသည် ထိုနေ့၌ညဘုရားလောင်းကိုမြင်၍ ပြေး၏။ နက်ဖြန်နေ့၌ လာလတ်၍ နံပါးတဘက်၌ သဖန်းသီးကို စား၍သွား၏။ ဤသို့ အဖန်တလဲလဲ လာလတ်သည်ရှိသော် ဘုရားလောင်းနှင့်တကွ အကျွမ်းဝင်ခြင်းသို့ရောက်၍ သင်သည် ဤအရပ်သို့ အဘယ်အကြောင်းကြောင့် ရောက်လာသနည်းဟု မေး၍ ဤမည်သောအကြောင်းကြောင့် ရောက်လာသည် ဖြစ်၏ဟု ဆိုသည်ရှိသော် ထိုသို့ တပြီးကား မကြောက်လင့်ဟုဆို၍ ဘုရားလောင်းကို မိမိ၏ ကျောက်ကုန်း၌ စီးစေ၍ ဆင်း၏။ တောမှထွက်၍ ခရီးမ၌ထား၍ သင်သည် ဤခရီးဖြင့် သွားလေလော့ဟု လွှတ်လိုက်၍ တောသို့ဝင်၏။ ဘုရားလောင်းသည် တခုသော ရွာငယ်သို့ရောက်၍ ထိုရွာငယ်၌လျှင် နေလျက် ခမည်းတော်၏ သေလွန်သည်၏အဖြစ်ကို ကြား၍ ဗာရာဏသီပြည်သို့ သွား၍ အမျိုးတို့၏အမွေခံဥစ္စာဖြစ်သော မင်းအဖြစ်၌တည်၍ ပဒုမအမည်ရှိသော မင်းသည်ဖြစ်၍ ရာဇဓမ်ဆယ်ပါးတို့ကို မပျက်စေမူ၍ တရားသဖြင့် မင်းပြုသည်ရှိသော် မြို့တံခါးလေးမျက်နှာတို့၌၎င်း မြို့လယ် ၌၎င်း နန်းဦးတံခါး၌၎င်း ဤခြောက်ပါးကုန်သောအရပ်တို့၌ အလှူတင်းကုပ်တို့ကို ဆောက်စေ၍ နေ့တိုင်း နေ့တိုင်း ခြောက်သိန်းကုန်သော ဥစ္စာတို့ကိုစွန့်၍ အလှူကို ပေး၏။

ထိုမိန်းမယုတ်သည်လည်း ထိုငတုံးကို ကျောက်ကုန်း၌ ပိုး၍ တောမှ ထွက်၍ လူတို့ကျက်စားရာ အရပ်သို့သွား၍ တောင်းလျက် ယာဂုထမင်းကို စုရုံး၍ ထိုငတုံးကိုမွေးမြု၏။ လူတို့သည် ဤငတုံးသည် သင်နှင့် အသို့တော်ကြသနည်းဟု မေးလတ်သည်ရှိသော် ငါသည် ဤယောက်ျား၏ ဦးရီးသ္မီးတည်း၊ ဤယောက်ျားသည် ငါ၏ဦးရီးသားတည်း၊ ဤယောက်ျားအားလျှင် ငါ့ကို မိဘတို့ ပေးစားကြကုန်၏။ ထိုငါသည် မင်းပြစ်သင့်ခြင်းသို့ ရောက်လေသော်လည်း မိမိ၏ လင်ကို ရွက်ဆောင်ကြဉ်းလျှက် တောင်းစားမွေးမြု၏ဟုဆို၏။ လူတို့သည် ဤမိန်းမသည် နတ်ကဲ့သို့ လင်ကိုလုပ်ကျွေးသော မိန်းမပေတည်းဟု ထိုအခါမှစ၍ နှစ်သက်ကုန်သည်ဖြစ်၍ များစွာသော ယာဂုထမင်းတို့ကိုပေးကြကုန်၏။ တပါးကုန်သောလူတို့သည် ဤသို့ဆိုကုန်၏။ သင်သည် ဤသို့ မလှည့်လည်လင့်၊ ပဒုမမင်းသည် ဗာရာဏသီပြည်၌ မင်းပြု၏။ ဇမ္ဗူဒိပ်ကျွန်းအလုံးကို ချောက်ချားစေ၍ အလှူကို လှူ၏။ ထိုပဒုမမင်းသည် သင့်ကိုမြင်၍ နှစ်သက်လတ္တံ့၊ နှစ်သက်သည်ဖြစ်၍ သင့်အား များစွာသော ဥစ္စာကို ပေးလတ္တံ့၊ သင်၏လင်ကို ဤကြိမ်တောင်း၌ သာလျှင်နေစေ၍ သွားလောဟု မြဲမြံစွာပြု၍ ကြိမ်တောင်းကို ပေးကုန်၏။ ထိုယုတ်မာသော အကျင့်ရှိသော မိန်းမသည် ထိုငတုံးကို ကြိမ်တောင်း၌ နေစေ၍ တောင်းကိုရွက်၍ ဗာရာဏသီပြည်သို့သွား၍ အလှူတင်းကုပ်တို့၌ တောင်းစားလျှက် သွားလေ၏။ ဘုရားလောင်းသည် တန်ဆာဆင်အပ်သော မြတ်သောဆင်ကျောက်ကုန်း၌စီးလျက် အလှူတင်းကုပ်သို့သွား၍ ရှစ်ယောက်ကုန်သော သူတို့အား၎င်း တကျိပ်ကုန်သော သူတို့အား၎င်း မိမိ၏လက်ဖြင့် အလှူကိုပေး၍ တဖန် အိမ်သို့သွား၏။ ထိုယုတ်မာသော အကျင့်ရှိသော မိန်းမသည် ထိုငတုံးကို တောင်း၌နေစေ၍ ရွက်လျှက် ထိုဘုရားလောင်း၏ လာလတ္တံ့သော လမ်းသို့သွား၍ ခရီး၌နေ၏။

မင်းသည် မြင်၍ ဤမိန်းမကား အဘယ်မိန်းမနည်းဟု မေး၏။ မင်းမြတ် တယောက်သော နတ်ကိုကဲ့သို့ လင်ကိုလုပ်ကျွေးသော မိန်းမတည်းဟုလျှောက်သည်ရှိသော် ထိုအခါ၌ ထိုမိန်းမကိုခေါ်စေ၍ သိလျှက် ငတုံးကို တောင်းမှ ထုတ်စေ၍ ဤငတုံးသည် သင်နှင့် အသို့တော်ကြသနည်းဟု မေး၏။ ထိုမိန်းမသည် မင်းမြတ် ဤသူသည် အကျွန်ုပ်၏ ဦးရီးသားဖြစ်သော မိဘတို့ပေးစားအပ်သော ငယ်လင်တည်းဟု ဆို၏။ လူတို့သည် ထိုအကြောင်းကို မသိကုန်သည်ဖြစ်၍ နတ်ကိုကဲ့သို့ လင်ကိုလုပ်ကျွေးသော ပိန်းမပေတည်းဟုအံ့ဘွယ်သရဲ ရှိပေ၏။ ဤသို့ အစရှိသည်တို့ကို ဆိုကုန်၍ ထိုယုတ်မာသော အကျင့်ရှိသော မိန်းမကို ချီးမွမ်းကြကုန်၏။ တဖန် မင်းကြီးသည် ဤတုံးသည် သင်၏ မိဘပေးစားသော ငယ်လင်ပင် ဟုတ်၏လောဟု မေး၏။ ထိုမိန်းမယုတ်သည် မင်းကို မသိသည်ဖြစ်၍ မင်းမြတ်ဟုတ်၏ဟု ရဲတင်းစွာ ဆို၏။ ထိုအခါ၌ ထိုမိန်းမယုတ်ကို ပဒုမမင်းသည် ဤငတုံးကား ဗာရာဏသီမင်း၏ သားပင်လော၊ ပဒုမမင်းသား၏ မယားဖြစ်သော ဤအမည်ရှိသာမင်း၏ သ္မီးဖြစ်သော သင်သည် ငါ၏ ပုဆစ်ဒူးသွေးကိုသောက်၍ ဤငတုံး၌ ကြိုက်သောစိတ်သည်ဖြစ်၍ ငါ့ကို တောင်ကမ်းပါးပြတ်၌ တွန်းချလိုက်သည် မဟုတ်တုံလော၊ ယခုအခါ၌ ထိုသင်သည် နဖူးပြင်၌ သေမင်းကိုယူခဲ့၍ ငါ့ကို သေလေပြီဟု ထင်မှတ်၍ ဤအရပ်သို့ လာ၏။ ငါသည် အသက်ရှင်သည် မဟုတ်တုံလောဟု ဆို၍ အမတ်တို့ကိုခေါ်၍ အိုအမတ်တို့ သင်တို့မေးအပ်သည်ရှိသော် ဤမိန်းမသည် ဤသို့ပင်ဆိုသလောဟု ငါ၏ညီတော်ငယ်တို့သည် ခြောက်ယောက်သော မိန်းမတို့ကိုသတ်ကုန်၍ အသားကို စားကုန်၏။ ငါသည်တမူကား ငါ၏မယားကို အန္တရာယ်မရှိသည်ကိုပြု၍ မြစ်နားသို့ဆောင်၍ အရိပ်သင်္ခမ်း၌နေလျက် တယောက်သော သတ်အပ်သောအဖြစ်သို့ ရောက်သော လက် ခြေ, နား, နှာခေါင်းတို့ကို ဖြတ်လေသောသူကို ကယ်တင်၍ မွေးမြု၏။ ထိုမိန်းမသည် ထိုငတုံး၌ ကြိုက်နှစ်သက်သော စိတ် ရှိသည်ဖြစ်၍ ငါ့ကို တောင်ကမ်းပါးပြတ်၌ ကွန်းချလိုက်၏။ ငါသည် မိမိ၏ မေတ္တာစိတ်ရှိသည်၏အဖြစ်ကြောင့် အသက်ကို ရ၏။ အကြင်မိန်းမသည် ငါ့ကို တောင်မှ တွန်းချအပ်၏။ ထိုမိန်းမသည် သီလမရှိသော ဤမိန်းမပင်တည်း၊ တပါးမိန်းမ မဟုတ်၊ သတ်အပ်သော အဖြစ်သို့ ရောက်သော ငါမွေးမြူအပ်သော ငတုံးသည်လည်း ဤငတုံးပင်တည်း၊ တပါးသူမဟုတ်၊ ဤသို့ဆိုလို၍-

၈၅။ အယမေဝသာ အဟမပိ အနညော၊
အယမေဝ သော ဟတ္ထစ္ဆိန္နော အနညော။
ယမာဟု ကောမာရပတီ မမန္တိ၊
ဝဇ္ဈိတ္ထိယော နတ္ထိ ဣတ္ထီသု သစ္စာ။
၈၆။ ဣမဉ္စ ဇမ္မံ မုသလေန ဟန္တွာ၊
လုဒ္ဒံ ဆဝံ ပရဒါရူပသေဝိံ။
ဣမိဿာ စ နံ ပါပပတိဗ္ဗတာယ၊
ဇီဝန္တိယာ ဆိန္ဒထ ကဏ္ဏနာသံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၈၅။ ဘော အမစ္စာ၊ အို အမတ်တို့။ ယာ၊ အကြင်မိန်းမသည်။ အဟံ၊ ငါ့ကို။ ပဗ္ဗတပပါတိတော၊ တောင်ကမ်းပါးပြတ်မှ တွန်းချလိုက်၏။ သာ ဣတ္ထိ၊ ထိုမိန်းမသည်။ အယမေဝ၊ ဤမိန်းမပင်တည်း။ အနညာ၊ တပါးသော မိန်းမမဟုတ်။ တာယ၊ ထိုမိန်းမသည်။ ယော ပုရိသော၊ အကြင်ယောက်ျားကို။ ပဗ္ဗတပပါတိတော၊ တောင်ကမ်းပါးပြတ်မှ တွန်းချအပ်၏။ သော ပုရိသော၊ ထိုယောက်ျားသည်။ အဟမပိ၊ ငါသည်ပင်။ အသ္မိ၊ ဖြစ်၏။ အနညော၊ တပါးသောသူ မဟုတ်။ ယော ဟတ္ထစ္ဆိန္နော၊ အကြင် ဖြတ်အပ်သော လက်, ခြေ, နား, နှာခေါင်း ရှိသော သူယုတ်မာကို။ မယာ၊ ငါသည်။ ပဋိဇဂ္ဂိတော၊ မွေးလှူအပ်၏။ သော ဟတ္ထစ္ဆိန္နော၊ ထိုဖြတ်အပ်သော လက် ခြေ, နား, နှာခေါင်းရှိသော သူယုတ်မာသည်။ အယမေဝ၊ ဤသူယုတ်မာပင်လျှင်တည်း။ အနညော၊ တပါးသောသူ မဟုတ်။ ဧသာ၊ ဤမိန်းမယုတ်သည်။ ယံ၊ အကြင်ငတုံးကို။ အယံ၊ ဤယောက်ျားသည်။ မမ၊ ၏။ ကောမာရပတီ၊ ငယ်လင်တည်း။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။ သာ၊ ထိုမိန်းမသည်။ အယမေဝ၊ ငါ၏ မယားဖြစ်သော မိန်းမပင်လျှင်တည်း။ အနညော၊ တပါးသောမိန်းမမဟုတ်။ ဣတ္ထိယော၊ မိန်းမတို့မည်သည်ကား။ ဝဇ္စျာ၊ သတ်အပ်သော အပြစ် ရှိန်ကုန်၏။ ဣတ္ထိသု၊ မိန်းမတို့၌။ သစ္စာ၊ သစ္စာသည်။ နတ္ထိ၊ မရှိ။

֍ ဋ္ဌ ၈၆။ လုဒ္ဒံ၊ ရုန့်ရင်းကြမ်းကြုတ်စွာထသော။ ဆဝံ၊ သူသေကောင်နှင့် တူထသော။ ပရဒါရူပသေဝိံ၊ သူ့မယားကို မှီဝဲတတ်ထသော။ ဣမဉ္စ ဇမ္မံ၊ ဤယုတ်မာစွာသော ငတုံးကိုလည်း။ မုသလေန၊ ကျည်ပွေ့ဖြင့်။ ဟန္တွာ၊ သိသိညက်ညက် ကြေအောင်ရိုက်၍။ ဒဏ္ဍံ၊ ဒဏ်ကို။ ကရောထ၊ ပြုကြကုန်လော့။ ပါပပတိဗ္ဗတာယ၊ ယုတ်မာစွာသော လင်ကို လုပ်ကျွေးသော။ ဣမိဿာ စ၊ ဤသီလမရှိသော မိန်းမလည်း။ ဇိဝန္တိယာဝ၊ အသက်ရှင်စဉ်လျှင်။ ကဏ္ဏနာသံ၊ နားနှာခေါင်းကို။ ဆိန္ဒထ၊ ဖြတ်ကြကုန်လော့။

ဘုရားလောင်းသည် အမျက်ကို သည်းခံအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ဤသို့လျှင် ထိုယုတ်မာကုန်သော သူတို့အား ဒဏ်ကိုစေ၍လည်း ထိုသို့စေတိုင်း မပြုစေ၊ စင်စစ်ကား အမျက်ကို ညံ့သည်ကိုပြု၍ အကြင် အခြင်းဖြင့် ဖွဲ့စေအပ်သည်ရှိသော် ထိုယုတ်မာသော မိန်းမသည် တောင်းကို ဦးခေါင်းမှ ချအံ့သောငှါ မတတ်နိုင်၊ ထိုအခြင်းဖြင့် မြဲစွာ ဖွဲ့စေ၍ ငတုံးကို ထိုတောင်း၌ထည့်စေ၍ မိမိ၏နိုင်ငံမှ နှင်ထုတ်စေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာ၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ မထင်ရှားကုန်သော မထေရ်တို့သည် ထိုအခါ ညီတော် ခြောက်ယောက်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ၌ စိဉ္စမာဏဝိကာသည် ထိုအခါ မယား ဖြစ်ဘူးလေပြီ၊ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ငတုံး ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ဖွတ်မင်း ဖြစ်ဘူးလေပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ စူဠပဒုမမင်း ဖြစ်ဘူးလေပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

မိန်းမဟူဘိ၊ ကျေးဇူးရှိလည်း။ မသိနိုးယောင်၊ ကြဥ်းဆောင်သတ်ဖြတ်၊ ပြုတုံလတ်၏

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော စူဠပဒုမဇာတ်သည် ပြီး၏။ ။

*****

ဒုကနိပါတ်-ရုဟကဝဂ်

၄။ မဏိစောရဇာတ်

ပတ္တမြားဥသျှောင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် န သန္တိ ဒေဝါ ပဝသန္တိ နူန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဏိစောရဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မြတ်စွာဘုရားကို သတ်အံ့သောငှာ လုံ့လပြုသော ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအခါ၌ကား မြတ်စွာဘုရားသည် ဒေဝဒတ်သည် သတ်အံ့သောငှါ လုံ့လပြု၏ဟု ကြားတော်မူ၍ ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝဒတ်သည် ငါဘုရားကိုသတ်အံ့သောငှါ လုံ့လပြုသည် မဟုတ်သေး၊ ရှေး၌လည်း ဒေဝဒတ်သည် ငါ့ကိုသတ်အံ့သောငှါ လုံ့လပြုသလျှင်ကတည်း၊ လုံ့လပြုသော်လည်း သတ်အံ့သောငှါ မစွမ်းနိုင်သလျှင်ကတည်းဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည် ဖြစ်၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီပြည်မှ မနီးမဝေးသော ရွာငယ်ဝယ် သူကြွယ်မျိုး၌ ဖြစ်၏။ ထိုအခါ၌ အရွယ်သို့ရောက်သော ထိုဘုရားလောင်း၏အကျိုးငှါ ဗာရာဏသီပြည်မှ အမျိုးသ္မီးကို ဆောင်ကုန်၏။ ထိုအမျိုးသ္မီးသည် ရွှေအဆင်းနှင့်တူသော အဆင်းရှိသည်ဖြစ်၍ အလွန်အဆင်းလှ၏။ ရှုချင်ဘွယ်ရှိ၏။ နတ်သ္မီးကဲ့သို့၎င်း ပွင့်သောပန်းရှိသော အနွယ်ကဲ့သို့၎င်း ယစ်သောကိန္နရီမကဲ့သို့၎င်း တင့်တယ်စမ္ပယ်ခြင်းရှိ၏။ အမည်အားဖြင့် သုဇာတာ အမည်ရှိ၏။ နတ်ကိုကဲ့သို့ လင်ကိုလုပ်ကျွေးခြင်းဝတ်နှင့် ပြည့်စုံ၏။ သီလအကျင့်နှင့်ပြည့်စုံ၏။ အခါခပ်သိမ်း လင်၏ဝတ်ကို၎င်း, ယောက္ခမယောက်ျားသူ, ယောက္ခမမိန်းမသူတို့၏ ဝတ်ကို၎င်း ပြုသည်သာလျှင် ဖြစ်၏။ ဘုရားလောင်းသည် သုဇာတာကို ချစ်အပ်မြတ်နိုးအပ်သည်ဖြစ်၏။ ဤသို့လျှင် ထိုနှစ်ယောက်ကုန်သော လင်မယားတို့သည်လည်း ဝမ်းမြောက်ကြကုန်သည်ဖြစ်၍ တူသောစိတ် ရှိကြကုန်သည်ဖြစ်၍ အညီအညွတ် နေကြကုန်၏။

ထိုအခါ တနေ့သ၌ သုဇာတာသည် မိဘတို့ကို ဖူးမြင်လို၏ဟု ဘုရားလောင်းအား ကြား၏။ ထိုဘုရားလောင်းသည် ရှင်မ ကောင်းပြီ မျှလောက်သော လမ်းရိက္ခာကို စီရင်လော့ဟုဆို၍ ခဲဘွယ်အထူးကို ချက်စေ၍ ခဲဘွယ်အစရှိသည်တို့ကို လှည်း၌တင်၍ လှည်းကိုနှင်လျက် လှည်းဦးကို စီး၏။ သုဇာတာသည် နောက်၌ စီး၏။ ထိုနှစ်ယောက်ကုန်သော သ္မီးခင်ပွန်းတို့သည် မြို့အနီးသို့ရောက်ကုန်၍ လှည်းကိုချွတ်ကုန်၍ ရေချိုးကုန်၏။ ရေချိုးကုန်ပြီး၍ စားကုန်၏။ စားပြီး၍ ဘုရားလောင်းသည် လှည်းကိုက၍ လှည်းဦး၌နေ၏။ သုဇာတာသည် အဝတ်တို့ကိုလဲ၍ တန်ဆာဆင်၍ ဘုရားလောင်း၏အနီး၌ စီး၏။ လှည်း၏ မြို့တွင်းသို့ ဝင်သောကာလ၌ ဗာရာဏသီမင်းသည် မြတ်သော ဆင်ကျောက်ကုန်းထက်၌ စီးလျက် မြို့ကို လက်ျာရစ်လည်သည်ကိုပြု၍ ထိုအရပ်သို့ ရောက်၏။ သုဇာတာသည်ဆင်း၍ လှည်း၏နောက်မှ ခြေဖြင့်သွား၍ မင်းသည် ထိုသုဇာတာကိုမြင်၍ ထိုသုဇာတာ၏ အဆင်း၏ပြည့်စုံခြင်းသည် ငင်အပ်သော မျက်စိရှိလျက် ကြိုက်နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ တယောက်သောအမတ်ကို သွားချေ၊ ထိုမိန်းမ၏ အရှင်ရှိသည်၏အဖြစ်ကို၎င်း အရှင်မရှိသည်၏အဖြစ်ကို၎င်း စုံစမ်းချေဟု စေလိုက်၏။ ထိုအမတ်သည် သွား၍ ထိုသုဇာတာ၏ အရှင်ရှိသည်၏ အဖြစ်ကိုသိ၍ မင်းမြက် အရှင်ရှိ၏။ လှည်း၌နေသော ယောက်ျားသည် ထိုမိန်းမ၏ လင်တည်းဟု ဆို၏။

မင်းသည် တပ်စွန်းသောစိတ်ကို ဖျောက်အံ့သောငှါ မတတ်နိုင်သည် ဖြစ်၍ ကိလေသာကြောင့် ကြင်နာစိတ်ရှိ သည်ဖြစ်၍ တခုသော ဥပါယ်တမျဉ်ဖြင့် ထိုယောက်ျားကို သတ်စေ၍ မိန်းမကိုယူအံ့ဟု ကြံ၍ တယောက်သော ယောက်ျားကိုခေါ်၍ သွားချေ၊ ဤပတ္တမြားဥသျှောင်ကျင်ကို ယူ၍ သွားသကဲ့သို့ ဖြစ်၍ ထိုယောက်ျား၏ လှည်း၌ထားခဲ့၍ လာလှည့်လော့၊ ဤသို့ဆို၍ ပတ္တမြားဥသျှောင်ကျင်ကိုပေး၍ လွှတ်လိုက်၏။ ထိုယောက်ျားသည် ကောင်းပြီဟု ထိုပတ္တမြားဥသျှောင်ကျင်ကို ယူ၍ သွား၍ လှည်း၌ထား၍ မင်းမြတ် အကျွန်ုပ်သည် ထားအပ်ပြီဟု လာလတ်၍ ကြား၏။ မင်းသည် ငါ၏ ပတ္တမြားဥသျှောင်ကျင်သည် ပျောက်၏ဟု ဆို၏။ လူတို့သည် တပြိုင်နက် အုတ်အုတ်ကျက်ကျက်ကို ပြုကုန်၏။ မင်းသည် ခပ်သိမ်းသော တံခါးတို့ကိုပိတ်ကုန်၍ သူခိုးကိုရှာကြကုန်လော့ဟု ဆို၏။ မင်းချင်းတို့သည် ထိုမင်းဆိုတိုင်း ပြုကုန်၏။ မြို့သည် တပြိုင်နက် ချောက်ချားသည် ဖြစ်၏။ တယောက်သောမင်းချင်းသည် လူတို့ကိုယူ၍ ဘုရားလောင်း၏ အထံသို့ သွား၍ အချင်းလှည်းကို ရပ်လော့၊ မင်း၏ ပတ္တမြားဥသျှောင်ကျင်တော်သည် ပျောက်၏။ လှည်းကို သုတ်သင်အံ့ဟု ဆို၍ လှည်းကိုသုတ်သင်လျက် မိမိသည် ထားအပ်သော ပတ္တမြားဥသျှောင်ကျင်ကို ယူ၍ ဘုရားလောင်းကိုဖမ်း၍ ပတ္တမြားဥသျှောင်ကျင် ခိုးသူဟူ၍ လက်တို့ဖြင့်၎င်း ခြေတို့ဖြင့်၎င်း ညှဉ်းဆဲ၍ လက်ပြန်နှောင်ဖွဲ့ပြီးလျှင် ဆောင်ယူခဲ့၍ ဤသူသည် ပတ္တမြားဥသျှောင်ကျင် ခိုးသူတည်းဟု မင်းအား ပြ၏။ မင်းသည်လည်း ထိုခိုးသူ၏ ဦးခေါင်းကို ဖြတ်လေကုန်ဟု စေ၏။

ထိုအခါ၌ ဘုရားလောင်းကို မင်းချင်းတို့သည် ခရီးလေးဆုံ ခရီးလေးဆုံတိုင်း၌ ကြိမ်တို့ဖြင့် ရိုက်ကုန်လျက် တောင်တံခါးဖြင့်မြို့မှထွက်ကုန်၏။ သုဇာဟာသည်လည်း ယာဉ်ကိုစွန့်၍ မောင်းတို့ကိုမြှောက်၍ ငါ့ကိုမှီ၍ ငါ့လင်သည် ဤဆင်းရဲခြင်းသို့ ရောက်၏။ ဤသို့ ငိုကြွေးလျက် နောက်မှ နောက်မှ လိုက်၏။ မင်းချင်းတို့သည် ထိုဘုရားလောင်း၏ ဦးခေါင်းကို ဖြတ်ကုန်အံ့ဟု ဘုရားလောင်းကို ပက်လက်အိပ်စေကုန်၏။ ထိုအခြင်းအရာကို မြင်၍ သုဇာတာသည် မိမိ၏ သီလကျေးဇူးကိုဆင်ခြင်၍ ဤလောက၌ သီလရှိကုန်သောသူတို့ကို ညှဉ်းဆဲတတ်ကုန်သော ယုတ်မာကုန်သော နိုင်ထက်ကလူ မူတတ်ကုန်သောသူတို့ကို မြစ်အံ့သောငှါ စွမ်းနိုင်ကုန်သော နတ်တို့မည်သည်ကား မရှိယောင်တကားဟု ဆိုလို၍-

၈၇။ န သန္တိ ဒေဝါ ပဝသန္တိ နူန၊
န ဟိ နူန သန္တိ ဣဓ လောကပါလာ။
သဟသာ ကရောန္တာနမသညတာနံ၊
န ဟိ နူန သန္တိ ပဋိသေဓိတာရော။

ဟူသော ရှေးဦးစွာသောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၇။ ဣဓ လောကေ၊ ဤလောက၌။ ဒေဝါ၊ သီလရှိကုန်သောသူတို့ကို ကြည့်တတ်ကုန်သော နတ်တို့သည်။ န သန္တိ နူန၊ မရှိကုန်ယောင်တကား။ ဧဝရူပေသု၊ ဤသို့ သဘောရှိကုန်သော။ ကိစ္စေသု၊ ကိစ္စတို့သည်။ ဥပ္ပန္နေသု၊ ဖြစ်ကုန်သည်ရှိသော်။ ဒေဝါ၊ သီလရှိသောသူတို့ကို ကြည့်ရှုတတ်ကုန်သော နတ်တို့သည်။ ပဝသန္တိ နူန၊ ဤအရပ်မှ ကင်းကုန်ယောင်တကား။ လောကပါလာ၊ လောကပါလဟု သမုတ်အပ်သော သီလရှိကုန်သောသူတို့ကို ချီးမြှောက်တတ်ကုန်သော ရဟန်း ပုဏ္ဏားတို့သည်။ န သန္တိ နူန၊ မရှိကုန်ယောင်တကား။ သဟသာ၊ မဆင်မခြင် တဆောတလျင်အားဖြင့်။ ကရောန္တာနံ၊ ရုန့်ရင်းကြမ်းတမ်းသောအမှုကို ပြုတတ်ကုန်သော။ အသညတာနံ၊ ကိုယ်နှုတ်နှလုံးကို မစောင့်ကုန်သောသူတို့ကို။ ပဋိသေဓိတာရော၊ တားမြစ်တတ်ကုန်သော နတ်တို့သည်။ န ဟိ သန္တိ နူန၊ မရှိကုန်ယောင်တကား။

ဤသို့လျှင် သီလနှင့် ပြည့်စုံသော သုဇာတာသည် ငိုကြွေးသည်ရှိသော် နတ်တို့၏ မင်းဖြစ်သော သိကြား၏နေရာ ပဏ္ဍုကမ္ဗလာကျောက်ဖျာသည် ပူသောအခြင်းအရာကို ပြလေ၏။ သိကြားမင်းသည် အဘယ်သူသည်လျှင် ငါ့ကို သိကြား၏အဖြစ်မှ ရွေ့လျောစေလိုသနည်းဟု ဆင်ခြင်လတ်သည်ရှိသော ဤအကြောင်းကိုသိ၍ ဗာရာဏသီမင်းသည် အလွန်ကြမ်းကြုတ်သောအမှုကို ပြု၏။ သီလနှင့်ပြည့်စုံသော သုဇာတာကို ပင်ပန်းစေ၏။ ယခု ငါသည် သွားအံ့သောငှါ သင့်၏ဟု နတ်ပြည်မှသက်၍ မိမိ၏ အာနုဘော်အားဖြင့် ဆင်ကျောက်ကုန်း၌နေသော ထိုယုတ်မာသောမင်းကို ဆင်ကျော်ကုန်းထက်မှချ၍ စဉ်းတီတုံး၌ ပက်လက်အိပ်စေ၍ ဘုရားလောင်းကို ချီ၍ ခပ်သိမ်းသောတန်ဆာတို့ဖြင့် တန်ဆာဆင်၍ မင်း၏အသွင်ကိုယူစေ၍ ဆင်ကျောက်ကုန်းထက်၌ နေစေ၏။ မင်းချင်းတို့သည် သန်လျက်ကို ချီကုန်၍ ဦးခေါင်းကိုဖြတ်ကုန်သည်ရှိသော် ဗာရာဏသီမင်း၏ ဦးခေါင်းကိုဖြတ်မိကုန်၏။ ဖြတ်ပြီးသောကာလ၌သာလျှင် ထိုဗာရာဏသီမင်း၏ ဦးခေါင်းအဖြစ်ကို သိကုန်၏။ နတ်တို့၏မင်းဖြစ်သော သိကြားသည် ထင်ရှားသောကိုယ်ဖြင့်သာလျှင် ဘုရားလောင်း၏အထံသို့ သွား၍ ဘုရားလောင်းအား ရာဇာဘိသေကကိုသွန်း၍ သုဇာတာကိုသာလျှင် မိဖုယားအရာ၌ထား၏။

အမတ်တို့သည်၎င်း ပုဏ္ဏား သူကြွယ်တို့သည်၎င်း နတ်တို့၏မင်းဖြစ်သော သိကြားကိုမြင်ကုန်၍ တရားမစောင့်သောမင်းကို သတ်အပ်ပြီ၊ ယခုအခါ၌ ငါတို့သည် သိကြားပေးအပ်သော တရားစောင့်သောမင်းကို ရပေပြီဟု ဝမ်းမြောက်ခြင်းသို့ ရောက်ကြကုန်၏။ သိကြားမင်းသည်လည်းကောင်းကင်၌ ရပ်၍ သိကြားမင်းသည် ပေးအပ်သော ဤမင်းသည် ဤနေ့မှစ၍ တရားသဖြင့် မင်းအဖြစ်ကို ပြုလတ္တံ့၊ မင်းတရားမစောင့်ရာ၌ အပြစ်ကိုထင်စွာပြအံ့၊ မင်းသည် တရားမစောင့်သည် အကယ်၍ဖြစ်အံ့၊ မရွာသင့်သောကာလ၌ မိုဃ်းသည် ရွာ၏။ ရွာသင့်သောကာလ၌ မရွာ၊ ငတ်မွတ်ခြင်းဘေး၎င်း အနာနှိပ်စက်ခြင်းဘေး၎င်း ဓားလက်နက်ဘေး၎င်း ဤဘေးသုံးပါးတို့သည် ရောက်လာကုန်သည်သာလျှင် ဖြစ်ကုန်၏။ ဤသို့ ဆုံးမလိုသည်ဖြစ်၍-

၈၈။ အကာလေ ဝဿတိ တဿ၊ ကာလေ တဿ န ဝဿတိ။
သဂ္ဂါ စ စဝတိ ဌာနာ၊ နနု သော တာဝတာ ဟတာ။

ဟူသော နှစ်ခုမြောက်သောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၈။ တဿ၊ ထိုတရားမစောင့်သောမင်း၏။ ရဇ္ဇေ၊ ပြည်၌။ ဒေဝေါ၊ မိုဃ်းသည်။ ဝဿံ-ဝဿန္တော၊ ရွာသည်ရှိသော်။ အကာလေ၊ မရွာသင့်သော ကာလ၌။ ဝဿတိ၊ ရွာ၏။ တဿ၊ ထိုတရားမစောင့်သောမင်း၏။ ရဇ္ဇေ၊ ပြည်၌။ ဒေဝေါ၊ မိုဃ်းသည်။ ကာလေ၊ ရွာသင့်သော ကာလ၌ကား။ န ဝဿတိ၊ မရွာ။ အဓမ္မိကရာဇာ၊ တရားမစောင့်သော မင်းသည်။ သဂ္ဂါ ဌာနာ၊ နတ်ရွာဌာနမှ။ စဝတိ၊ လွတ်ကင်း၏။ တနည်းကား... အဓမ္မိကရာဇာ၊ တရားမစောင့်သောမင်းသည်။ သဂ္ဂေ၊ နတ်ပြည်၌။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ ကရောန္တောပိ၊ ပြုရသော်လည်း။ သဂ္ဂါ ဌာနာ၊ နတ်ပြည်မှ။ စဝတိ၊ ရွေ့လျောရ၏။ သော၊ ထိုတရားမစောင့်သော မင်းသည်။ တာဝတာ၊ ထိုမျှအတိုင်း အရှည်ဖြင့်။ ဟတော နနု၊ ညှဉ်းဆဲသည် မဟုတ်တုံလော။ တနည်းကား သော ရာဇာ၊ ထိုတရားမစောင့်သောမင်းသည်။ နု၊ စင်စစ်။ တာဝတာ၊ ထိုမျှသာ။ န ဟတော၊ ညှဉ်းဆဲရသည်မဟုတ်သေး။

ဤသို့လျှင် သိကြားမင်းသည် လူများအား အဆုံးအမကိုပေး၍ မိမိ၏ ဗိမာန်သို့သာလျှင်သွား၏။ ဘုရားလောင်းသည်လည်း တရားသဖြင့်မင်းအဖြစ်ကို ပြုစေ၍ နတ်ပြည်ကို ပြည့်စေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ၌ တရားမစောင့်သောမင်း ဖြစ်ဘူးလေပြီ၊ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြားမင်း ဖြစ်ဘူးလေပြီ၊ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ သုဇာတာဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ၌ သိကြားပေးအပ်သောမင်း ဖြစ်ဘူးလေပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

သူတော်ကောင်းမှ၊ နတ်ကောင်းမ၊ ကျင့်ထ တရားမှန်

လေးခုမြောက်သော မဏိစောရဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ရုဟကဝဂ်

၅။ ပဗ္ဗတူပတ္ထရဇာတ်

ပညာရှိအမတ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ပဗ္ဗတူပတ္ထရေ ရမ္မေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပဗ္ဗတူပတ္ထရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောသလမင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ကောသလမင်း၏ တယောက်သော အမတ်သည် နန်းတွင်းသူ တယောက်၌ မှားယွင်းလေသတတ်၊ ကောသလမင်းသည်လည်း ထိုအမတ်ကို စုံစမ်းသည်ရှိသော် မှန်သောအားဖြင့်သိ၍ မြတ်စွာဘုရားအား လျောက်အံ့ဟု ဇေတဝန် ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရားကိုရှိခိုး၍ အရှင်ဘုရား အကျွန်ုပ်၏ နန်းတွင်းသူတယောက်၌ အမတ်တယောက်သည် မှားယွင်း၏။ ထိုအမတ်အား အသို့ပြုအံ့သောငှါ သင့်သနည်းဟု မေးလျှောက်၏။ ထိုအခါ၌ မင်းကို မြတ်စွာဘုရားသည် မင်းမြတ် ထိုအမတ်သည် သင့်အား ကျေးဇူးပြုသောအမတ်လော၊ ထိုမိန်းမသည်လည်း သင်သည် ချစ်မြတ်နိုးလေသော မိန်းမလော၊ ဤသို့ မေးတော်မူ၍ အရှင်ဘုရား ဟုတ်၏။ ထိုအမတ်သည် အလွန်လျှင် ကျေးဇူး ပြု၏။ အလုံးစုံသော မင်းမျိုးကို ကောင်းစွာ ဆောင်၏။ ထိုမိန်းမသည်လည်း အကျွန်ုပ်သည် ချစ်မြတ်နိုးအပ်သော မိန်းမတည်းဟု နားတော်လျှောက်သည်ရှိသော် မင်းမြတ် မိမိအား ကျေးဇူးပြုကုန်သော မှီဝဲခစားကုန်သော သူတို့၌၎င်း ထိုသို့သဘောရှိကုန်သော မှီဝဲခစားကုန်သော ချစ်အပ်ကုန်သော မိန်းမတို့၌၎င်း ဖျက်ဆီးအံ့သောငှါ မတတ်ကောင်း၊ ရှေး၌လည်း မင်းတို့သည် ပညာရှိတို့၏စကားကို ကြားကုန်၍ လျစ်လျူရှုကုန်သည် သာလျှင် ဖြစ်ဘူးကုန်၏ဟု မိန့်တော်မူ၍ ထိုကောသလမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... မင်းမြတ် လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် အမတ်မျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် ထိုဗြဟ္မဒတ်မင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်သည် ဖြစ်၏။ ထိုအခါ၌ ဗြဟ္မဒတ်မင်း၏ တယောက်သောအမတ်သည် နန်းတွင်းသူ မင်းမောင်းမ တယောက်၌ မှားယွင်း၏။ မင်းသည် မှန်သောအားဖြင့်သိ၍ အမတ်သည်လည်း ငါ့အား ကျေးဇူးများ၏။ ဤမိန်းမသည်လည်း ငါချစ်သော မိန်းမတည်း၊ နှစ်ယောက်ကုန်သော ဤသူတို့ကိုလည်း ဖျက်ဆီးအံ့သောငှါ မတတ်ကောင်း၊ ပညာရှိသော အမတ်ကို ပြဿနာကိုမေး၍ သည်းခံအပ်သည် အကယ်၍ ဖြစ်လတ္တံ့ သည်းခံအံ့၊ သည်းခံအပ်သည် အကယ်၍ မဖြစ်လတ္တံ့ သည်းမခံအံ့၊ ဤသို့ နှလုံးသွင်းခြင်းကိုပြု၍ ဘုရားလောင်းကို ခေါ်စေ၍ ပညာရှိ ငါသည် သင့်ကို ပြဿနာမေးအံ့ဟု ဆို၍ မင်းမြတ် အရှင်တို့သည် မေးတော်မူကုန်လော့၊ ဖြေအံ့ဟု ဆိုသည်ရှိသော် ပြဿနာကို မေးလိုရကား-

၈၉။ ပဗ္ဗတူပတ္ထရေ ရမ္မေ၊ ဇာတာ ပေါက္ခရဏီ သိဝါ။
တံ သိင်္ဂါလော အပါပါယိ၊ ဇာနံ သီဟေန ရက္ခိတံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၉။ ပဏ္ဍိတ၊ ပညာရှိ။ ရမ္မေ၊ မွေ့လျော်ဘွယ်ရှိသော။ ပဗ္ဗတူပတ္တရေ၊ ဟိမဝန္တာတောင်ခြေရင်း၌ ပြန့်၍တည်သော မြေပြင်၌။ သိဝါ၊ ချမ်းအေးချိုမြိန်သောရေနှင့်ပြည့်စုံသော။ ပေါက္ခရဏီ၊ ရေကန်သည်။ ဇာတာ၊ ဖြစ်၏။ တနည်းကား... ပေါက္ခရဏီ၊ ကြာတို့ဖြင့် ဖုံးလွှမ်းအပ်သော မြစ်သည်။ ဇာတာ၊ ဖြစ်၏။ တံ၊ ထိုရေကန်ကို။ တနည်းကား... တံ၊ ထိုမြစ်ကို။ သီဟေန၊ ခြင်္သေ့မင်းသည်။ ရက္ခိတံ၊ စောင့်ရှောက်အပ်၏ဟူ၍။ ဇာနံ-ဇာနန္တော၊ သိလျက်။ သိင်္ဂါလော၊ မြေခွေးသည်။ အပါပါယိ၊ သောက်ကောင်းသလော။

ဘုရားလောင်းသည် မချွတ် ထိုမင်း၏နန်းတွင်းသူ၌ အမတ်တယောက်သည် မှားယွင်းသည် ဖြစ်လတ္တံ့ ဟု သိ၍-

၉၀။ ပိဝန္တိ စေ မဟာရာဇ၊ သာပဒါနိ မဟာနဒိံ။
န တေန အနဒီ ဟောတိ၊ ခမဿု ယဒိ တေ ပိယာ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၀။ မဟာရာဇ၊ မင်းမြတ်။ မဟာနဒီ၊ ကြာတို့ဖြင့် ဖုံးလွှမ်းအပ်သည်၏ အဖြစ်ကြောင့် ပေါက္ခရဏီဟု ဆိုအပ်သော အမည်ရှိသော မြစ်ကြီးကို။ သာပဒါနိ၊ ငှက်, ခွေး, ယုန့် ကြောင်, သမင် အစရှိသော သားမျိုးရှိသည်။ ပိဝန္တိ စေ၊ သောက်ကုန်စေကာမူ။ တေန၊ ထိုသို့ သောက်ခြင်းတည်းဟူသော အကြောင်ကြောင့်။ သာ၊ ထိုမြစ်ကြီးသည်။ အနဒီ၊ မြစ်မဟုတ်သည်။ န ဟောတိ၊ မဖြစ်။ သာ ဣတ္ထိ၊ ထိုမိန်းမကို။ တေ၊ အရှင်မင်းမြတ်သည်။ ယဒိ ပိယာ၊ အကယ်၍ ချစ်မြတ်နိုးတော်မူသည် ဖြစ်အံ့။ ခမဿု၊ သည်းခံတော်မူလော့။

ဤသို့လျှင် ဘုရားလောင်းသည် မင်းအား အဆုံးအမကို ပေး၏။ မင်းသည် ထိုဘုရားလောင်း၏ အဆုံးအမ၌တည်၍ ဤသို့သဘောရှိသော ယုတ်မာသောအမှုကို မပြုကုန်လင့်ဟု ဆို၍ နှစ်ယောက်ကုန်သော သူတို့အားလည်း သည်းခံ၏။ ထိုအခါမှစ၍ ထိုသူတို့သည် ကြဉ်ရှောင်ကုန်၏။ မင်းသည်လည်း ဒါနအစရှိကုန်သော ကောင်းမှုတို့ကိုပြု၍ အသက်၏ အဆုံး၌ နတ်ပြည်၌ ပြည့်စေ၏။ ကောသလမင်းသည်လည်း ဤဓမ္မဒေသနာကိုနာ၍ နှစ်ယောက်ကုန်သော သူတို့အားလည်း သည်းခံလျစ်လျူရှုသည် ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား မင်းမြတ် ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိအမတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးရှိပေ၊ ချစ်ခင်လေ၊ မသွေ သည်းခံသင့်

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ပဗ္ဗတူပတ္ထရဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ရုဟကဝဂ်

၆။ ဝလာဟကဇာတ်

မိန်းမဘီလူး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယေန ကာဟန္တိ ဩဝါဒံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာ ဆင်အပ်သော ဤ ဝလာဟကဿဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့၏ဟူ၍ ကြားရသည်ကား မှန်သလောဟု မြတ်စွာဘုရားသည် မေးတော်မူသည်ရှိသော် အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်၍ အဘယ်ကြောင့် ငြီးငွေ့သနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား တယောက်သောမိန်းမသည် တန်ဆာဆင်အပ်သည်ကိုမြင်၍ ကိလေသာ၏ အစွမ်းအားဖြင့် ငြီးငွေ့သည် ဖြစ်၏ဟု နားတော် လျှောက်လေ၏။ ထိုအခါထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း မိန်းမတို့မည်သည်ကား မိမိ၏ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ဖြင့်၎င်း မိန်းမတို့၏ အမူအရာဟန်ပန်တို့ဖြင့်၎င်း တင့်တယ်စမ္ပယ်ခြင်းတို့ဖြင့်၎င်း ယောက်ျားတို့ကိုဖြားယောင်းကုန်၍ မိမိအလိုသို့ လိုက်သည်၏အဖြစ်ကိုသိကုန်၍ သီလ၏ ပျက်စီးခြင်းသို့၎င်း ဥစ္စာ၏ပျက်စီးခြင်းသို့၎င်း ရောက်စေတတ်သော သဘောကြောင့် ဘီလူးမတို့ မည်ကုန်၏ဟူ၍ ဆိုအပ်ကုန်၏။ ထိုစကားသည် မှန်၏။ ရှေး၌လည်း ဘီလူးမတို့သည် မိန်းမတို့၏ အမူအရာဖြင့် တယောက်သော ယောက်ျားဖြစ်သော လှည်းကုန်သည်သို့ကပ်ကုန်၍ ကုန်သည်တို့ကို ဖြားယောင်း၍ မိမိ၏အလိုသို့ လိုက်သည်တို့ကို ပြုကုန်ပြီး၍ တဖန် တပါးကုန်သော ယောက်ျားတို့ကိုမြင်ကုန်၍ ထိုခပ်သိမ်းကုန်သော သူတို့ကိုလည်း အသက်ကုန်ခြင်းသို့ ရောက်စေကုန်၍ မေးပါးစောင်နှစ်ဘက်တို့မှ သွေးကိုယိုစီးစေသဖြင့် ခံတွင်းကို ပြည့်စေကုန်လျက် စားဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ သိန်းဃိုဠ်ကျွန်း၌ သိရီသဝတ္ထု အမည်ရှိသော ဘီလူးမတို့၏မြို့သည် ရှိ၏။ ထိုသိရီသဝတ္ထုအမည်ရှိသော မြို့၌ ဘီလူးမတို့သည် နေကုန်၏။ ထိုဘီလူးမတို့သည် သင်္ဘော ပျက်ကုန်သောကုန်သည်တို့ ရောက်လာသောကာလ၌ တန်ဆာဆင်ခြင်းနှင့် စပ်ကုန်သည်ဖြစ်၍ ခဲဘွယ်ဘောဇဉ်ကို ယူခဲ့စေကုန်၍ ကျွန်မအပေါင်း ခြံရံကုန်လျှက် သူငယ်တို့ကို ရင်ခွင်ဖြင့်ချီကုန်၍ ကုန်သည်တို့သို့ ကပ်ကုန်၏။ ထိုကုန်သည်တို့အား လူတို့၏နေရာအရပ်သို့ ရောက်ကုန်၏ဟု သိစိမ့်သောငှါ ထိုထိုအရပ်၌ လယ်ထွန်ခြင်း နွားကျောင်းခြင်း အစရှိသည်တို့ကို ပြုကုန်သောလူတို့ကို၎င်း နွားချေး အစရှိသည်တို့ကို၎င်း ပြကုန်လျက် ကုန်သည်တို့၏ အထံသို့သွား၍ ဤယာဂုကို သောက်ကြကုန်လော့၊ ဤထမင်းကို စားကြကုန်လော့၊ ဤခဲဘွယ်ကို ခဲကြကုန်လော့ဟု ဆိုကုန်၏။ ကုန်သည်တို့သည် မသိကြကုန်သည်ဖြစ်၍ ဘီလူးမတို့သည် ပေးအပ်သော ခဲဘွယ် ဘောဇဉ်ကို သုံးဆောင်ကုန်၏။

ထို့နောင်မှ ထိုကုန်သည်တို့၏ ခဲကုန် စားကုန် သောက်ကုန်၍ အပင်အပန်းပြေသောကာလ၌ အမောင်တို့ သင်တို့သည် အဘယ်အရပ်၌ နေကုန်သောသူတို့နည်း၊ အဘယ်အရပ်မှ လာကြကုန်သနည်း၊ အဘယ်အရပ်သို့ သွားကြကုန်အံ့နည်း၊ အဘယ်အမှုကြောင့် ဤအရပ်သို့ လာကြကုန်သနည်းဟု မေးမြန်းကုန်လျက် ပျူငှာလောကဝတ်ကို ပြုကုန်၏။ လှေပျက်ကုန်သည်ဖြစ်၍ ဤအရပ်သို့ ရောက်လာကြကုန်၏ ဟု ဆိုသည်ရှိသော် အမောင်တို့ ကောင်းပြီ၊ သင်္ဘောစီး၍ သွားလေကုန်သော ငါတို့၏ လင်တို့အားလည်း သုံးနှစ်တို့သည်လွန်ကုန်ပြီ၊ ငါတို့၏ လင်တို့သည် သေသည်ဖြစ်ကုန်လတ္တံ့၊ သင်တို့သည်လည်း ကုန်သည်တို့ပင်လျှင်တည်း၊ ငါတို့သည် သင်တို့၏ခြေရင်း၌ အလုပ်အကျွေးတို့သည် ဖြစ်ပါကုန်အံ့ဟု ဆိုကုန်၍ ထိုကုန်သည်တို့ကို မိန်းမ၏ အသွင် အပြင် မိန်းမ၏အဖြစ်ဖြင့် တင့်တယ်စမ္ပယ်ခြင်းတို့ဖြင့် ဖြားယောင်းကုန်၍ ဘီလူးတို့၏မြို့သို့ ဆောင်ကုန်ပြီးလျှင် ရှေးဦးစွာ ယူအပ်ကုန်သော လူတို့သည် အကယ်၍ ရှိကုန်အံ့၊ ထိုရှေးဦးစွာ ယူအပ်ကုန်သော လူတို့ကို နတ်တို့၏ သံခြေချင်းဖြင့် ဖွဲ့ကုန်၍ နှောင်အိမ်၌ သွင်းကုန်၏။ မိမိ၏ နေရာအရပ်၌ သင်္ဘောပျက်ကုန်သောလူတို့ကို မရကုန်မူကား ထိုမှာဘက်မှကလျာဏီမြစ်တိုင်အောင် ဤမှာဘက်မှ နာဂဒီပတိုင်အောင် ဤသို့ သမုဒ္ဒရာကမ်းကို လှည့်လည်ကုန်၏။ ဤသည်ကား ထိုဘီလူးမတို့၏ သဘောတည်း။

ထိုအခါ တနေ့သ၌ ငါးရာကုန်သော သင်္ဘောပျက်ကုန်သော ကုန်သည်တို့သည် ထိုဘီလူးမတို့၏ မြို့အနီးသို့ ကူးကြကုန်၏။ ထိုဘီလူးမတို့သည် ထိုငါးရာကုန်သော ကုန်သည်တို့၏အထံသို့ သွားကုန်၍ ဖျားယောင်းကုန်၍ ဘီလူးမတို့၏ မြို့သို့ ဆောင်ကုန်၍ ရှေးဦးစွာ ယူအပ်ကုန်သော လူတို့ကို နတ်တို့၏ သံခြေချင်းတို့ဖြင့် နှောင်ဖွဲ့ကုန်၍ နှောင်အိမ်၌ သွင်းကုန်၏။ ဘီလူးမအကြီးသည် ကုန်သည်အကြီးကို ကြွင်းကုန်သော ဘီလူးမတို့သည် ကြွင်းကုန်သော ကုန်သည်တို့ကို ဤသို့ ငါးရာကုန်သော ဘီလူးမတို့သည် ငါးရာကုန်သာကုန်သည်တို့ကို မိမိတို့၏လင် ပြုကုန်၏။ ထိုအခါ၌ ထိုဘီလူးမအကြီးသည် ညဉ့်အဘို့၌ ကုန်သည်တို့ညအိမ်ပျော်ခြင်းသို့ ရောက်သည်ရှိသော် ထ၍သွားပြီးလျှင် နှောင်အိမ်၌ လူတို့ကိုသတ်၍ အသားကိုစား၍ လာ၏။ ကြွင်းကုန်သော ဘီလူးမတို့သည်လည်း ထိုဘီလူးမအကြီး အတူသာလျှင် ပြုကုန်၏။ ဘီလူးမကြီးသည် လူသားကို စား၍ လာသောကာလ၌ ကိုယ်သည်အေး၏။ ကုန်သည်ကြီးသည် စုံစမ်းသည်ရှိသော် ထိုဘီလူးမကြီး၏ ဘီလူးမ၏အဖြစ်ကိုသိ၍ ငါးရာကုန်သော မိန်းမတို့သည် ဘီလူးမတို့သာလျှင် ဖြစ်ကုန်လတ္တံ့၊ ငါတို့သည် ပြေးအံ့သောငှါ သင့်၏ဟု မိုးသောက်သောနေ့၌ စောစောကသာလျှင် မျက်နှာ သစ်အံ့သောငှါ သွားလေ၏။ ကြွင်းကုန်သောကုန်သည်တို့အား အချင်းတို့ ဤမိန်းမတို့သည် ဘီလူးမတို့တည်း။ လူမိန်းမတို့ မဟုတ်ကုန်၊ တပါးကုန်သော သင်္ဘောပျက်ကုန်သော ကုန်သည်တို့၏ လာသောကာလ၌ လင်တို့ကို ပြုကုန်၍ ငါတို့ကို စားကုန်လတ္တံ့၊ ငါတို့သည် ဤအရပ်မှ ပြေးကြကုန်အံ့ဟု ဆိုသည်ရှိသော် ထိုငါးရာကုန်သော ကုန်သည်တို့တွင် နှစ်ရာ့ငါးကျိပ်ကုန်သော ကုန်သည်တို့သည် ငါတို့သည် ဤမိန်းမတို့ကို စွန့်အံ့သောငှါ မတတ်နိုင်ကုန်၊ သင်တို့သည်သာ သွားကြကုန်လော့၊ ငါတို့သည် မပြေးကြကုန်အံ့ဟု ဆိုကုန်၏။ ကုန်သည်ကြီးသည် မိမိ၏စကားကို လိုက်နာကုန်သော ကုန်သည်တို့ကိုယူ၍ ထိုဘီလူးမတို့မှ ကြောက်သည်ဖြစ်၍ ပြေးလေ၏။

ထိုကာလ၌ကား ဘုရားလောင်းသည် မြင်းမျိုး၌ ဖြစ်၏။ ကိုယ်အလုံးဖြု၏။ ညိုသောဦးခေါင်းရှိ၏။ ဖြူဆံမြက်ကဲ့သိုသော လည်ဆံရှိ၏။ တန်ခိုးနှင့် ပြည့်စုံ၏။ ကောင်းကင်သို့ ပျံသွားနိုင်၏။ ထိုဝလာဟကမြင်းမင်းသည် ဟိမဝန္တာမှ ကောင်းကင်သို့ပျံ၍ သိန်းဃိုဠ်ကျွန်းသို့ရောက်၍ သိန်းဃိုဠ် ကျန်းအိုင်ဝယ် ညွန်ပျောင်း၌ အလိုလိုသာလျှင်ရောက်သော သလေးစပါးကို စား၍သွား၏။ ဤသို့သွားသည်ရှိသော် ထိုဝလာဟက မြင်းမင်းသည် ဇမ္ဗူဒိပ်ဇနပုဒ်သို့ သွားလိုသောသူသည် ရှိသလောဟု သုံးကြိမ် ကရုဏာသည် ထုံမွှမ်းအပ်သော လူတို့၏စကားကို ဆို၏။ ထိုနှစ်ရာ့ငါးကျိပ်ကုန်သောကုန်သည်တို့သည် ဘုရားလောင်း စကားကို ကြားကုန်လျှင် ဘုရားလောင်းသို့ ကပ်ကုန်၍ လက်အုပ်ချီကုန်လျက် အရှင်အကျွန်ုပ်တို့သည် ဇမ္ဗူဒိပ်ဇနပုဒ်သို့ သွားပါကုန်အံ့ဟု ဆိုကုန်၏။ ထိုသို့တပြီးကား ငါ၏ ကျောက်ကုန်းသို့ တက်ကြကုန်လော့ဟု ဆို၏။ အချို့သောသူတို့သည် တက်ကုန်၏။ ထိုသူတို့တွင် အချို့ကုန်သော သူတို့သည် အမြီးကို ဆွဲကုန်၏။ အချို့ကုန်သော သူတို့သည် လက်အုပ်ချီကုန်၍ တည်ကုန်သလျှင် ကတည်း၊ ဘုရားလောင်းသည် အယုတ်သဖြင့် လက်အုပ်ချီကုန်၍ တည်ကုန်သော အလုံးစုံလည်းဖြစ်ကုန်သော နှစ်ရာ့ငါးကျိပ်ကုန်သော ထိုကုန်သည်တို့ကို မိမိ၏ အာနုဘော်ဖြင့် ဇမ္ဗူဒိပ်ဇနပုဒ်သို့ ဆောင်ပြီးလျှင် မိမိတို့၏ နေရာအရပ်တို့၌ တည်စေ၍ မိမိ၏ နေရာအရပ်သို့ သွားလေ၏။ ထိုဘီလူးမတို့သည်လည်း တပါးကုန်သော ကုန်သည်တို့၏ လာသောကာလ၌ ထိုဘီလူးတို့၏မြို့၌ ကျန်ရစ်ကုန်သော နှစ်ရာ့ငါးကျိပ်ကုန်သော လူတို့ကိုသတ်၍ စားကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ကိုခေါ်တော်မူ၍ ရဟန်းတို့ ဘီလူးမတို့၏ အလိုသို့လိုက်ကုန်သော ထိုနှစ်ရာ့ငါးကျိပ်ကုန်သော ကုန်သည်တို့သည် အသက်ကုန်ခြင်းသို့ ရောက်သကဲ့သို့ ဝလာဟကမြင်းမြတ်၏ စကားကို လိုက်နာကုန်သော ကုန်သည်တို့သည် မိမိတို့၏ တည်ရာအရပ်တို့၌ တည်ကုန်သကဲ့သို့ ထို့အတူသာလျှင် မြတ်စွာဘုရားတို့၏ အဆုံးအမကို မနာယူကုန်သော ရဟန်းယောက်ျားတို့သည်၎င်း ရဟန်းမိန်းမတို့သည်၎င်း ဒါယကာယောက်ျားတို့သည်၎င်း ဒါယိကာမိန်းမတို့သည်၎င်း ငါးပါးအပြားရှိသော နှောင်ဖွဲ့ခြင်း ကာမဂုဏ်ပြုရာအရပ် အစရှိကုန်သော လေးပါးကုန်သောအပါယ်တို့၌ ကြီးစွာသောဆင်းရဲသို့ ရောက်ကုန်၏။ မြတ်စွာဘုရား ဆုံးမတိုင်းကျင့်ကုန်သောသူတို့သည်ကား သုံးပါးကုန်သော ဂဟပတိ မဟာသာလဗြာဟ္မဏ မဟာသာလခတ္တိယ မဟာသာလဟု ဆိုအပ်ကုန်သော သူကြွယ်မျိုးတို့သို့၎င်း ကာမာဝစရနတ်ပြည် ခြောက်ထပ်တို့သို့၎င်း ဗြဟ္မာပြည်နှစ်ဆယ်တို့သို့၎င်း ဤအရပ်တို့သို့ ရောက်ကုန်၍ သေခြင်းကင်းရာ မဟာနိဗ္ဗာန်ကို မျက်မှောက်ပြုကုန်၍ ကြီးစွာသောချမ်းသာကို ခံစားရကုန်၏ဟု မိန့်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၉၁။ ယေ န ကာဟန္တိ ဩဝါဒံ၊ နရာ ဗုဒ္ဓေန ဒေသိတံ။
ဗျသနံ တေ ဂမိဿန္တိ၊ ရက္ခသီဟိဝ ဝါဏိဇာ။
၉၂။ ယေ စ ကာဟန္တိ ဩဝါဒံ၊ နရာ ဗုဒ္ဓေန ဒေသိတံ။
သောတ္ထိ ပါရံ ဂမိဿန္တိ၊ ဝလာဟေနေဝ ဝါဏိဇာ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၉၁။ ဘိက္ခဝေ၊ ရဟန်းတို့။ ယေ နရာ၊ အကြင်လူတို့သည်။ ဗုဒ္ဓန၊ မြတ်စွာဘုရားသည်။ ဒေသိတံ၊ ဟောတော်မူအပ်သော။ ဩဝါဒံ၊ အဆုံးအမကို။ န ကာဟန္တိ၊ မပြုကုန်လတ္တံ့။ တေ နရာ၊ ထိုသူတို့သည်။ ရက္ခသီဟိ၊ ဘီလူးမတို့သည်။ ပလောဘိတာ၊ ဖျားယောင်းအပ်ကုန်သော။ ဝါဏိဇာ၊ ကုန်သည်တို့သည်။ မဟာဝိနာသံ၊ ကြီးစွာသော ပျက်စီးခြင်းသို့။ ဂမိံသု ဣဝ၊ ရောက်ကုန် သကဲ့သို့။ တထာ၊ ထို့အတူ။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ဂမိဿန္တိ၊ ရောက်ကုန်လတ္တံ့။

֍ ဋ္ဌ ၉၂။ ယေ နရာ စ၊ အကြင်သူတို့သည်ကား။ ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။ ဒေသိတံ၊ ဟောတော်မူအပ်သော။ ဩဝါဒံ၊ အဆုံးအမကို။ ကာဟန္တိ၊ ပြုကုန်လတ္တံ့။ တေ နရာ၊ ထိုသူတို့သည်။ ဝလာဟေန၊ ဝလာဟကမြင်းမြတ်သည်။ အာဂစ္ဆထ၊ လာကြကုန်လော့။ ဣတိ၊ ဤသို့။ ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။ တဿ၊ ထိုဝလာဟကမြင်းမြတ်၏။ ဝစနကရာ၊ စကားကို လိုက်နာကုန်သော။ ဝါဏိဇာ ဣဝ၊ ကုန်သည်တို့ကဲ့သို့။ သောတ္ထိ၊ ချမ်းသာစွာ။ ပါရံ၊ သံသရာ၏ ကမ်းတဘက်ဖြစ်သော နိဗ္ဗာန်သို့။ ဂမိဿန္တိ၊ ရောက်ရကုန်လတ္တံ့။

ဇာတ်ပေါင်း... ဤသို့ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ တပါးကုန်သော များစွာကုန်သော ရဟန်းတို့သည်လည်း သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ဝလာဟကမြင်းမင်း၏ စကားကို လိုက်နာကုန်သော နှစ်ရာ့ငါးကျိပ်ကုန်သော ကုန်သည်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဝလာဟကမြင်းမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကာမဂုဏ်တိုက်၊ အာရုံမိုက်၌၊ ပျော်ပိုက်လေ့လေ့၊ သေဘေးတွေ့၏

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဝလာဟကဿဇာတ်သည် ပြီး၏။ ။

*****

ဒုကနိပါတ်-ရုဟကဝဂ်

၇။ မိတ္တာမိတ္တဇာတ်

မိတ်ဆွေ နှင့် ရန်သူ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် န နံ ဥမှယတေ ဒိသွာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမိတ္တာမိတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ မထင်ရှားသော ရဟန်းသည် ငါသည် ယူအပ်သည်ရှိသော် ငါ၏ဥပဇ္ဈာယ်သည် ငါ့အား အမျက်မထွက်လတ္တံ့ ဟု ဥပဇ္ဈာယ်သည် ထားအပ်သော တခုသော အဝတ်လွှာပိုင်းကို အကျွမ်းဝင်သဖြင့်ယူပြီးလျှင် ဘိနပ်အိတ်ကိုပြု၍ နောက်မှ ဥပဇ္ဈာယ်ကို ပန်၏။ ထိုအခါ ထိုတပည့်ကို ဥပဇ္ဈာယ်သည် အဘယ်ကြောင့် သင်သည် ယူဘိသနည်းဟု ဆို၍ အကျွန်ုပ် ယူသည်ရှိသော် အရှင်ဘုရားသည် အမျက်မထွက်လတ္တံ့ဟု အရှင်ဘုရားတို့အား အကျွမ်းဝင်သဖြင့် ယူမိပေ၏ဟု ဆိုသည်ရှိသော် ငါနှင့်တကွ သင့်အား အဘယ်မှာလျှင် အကျွမ်းဝင်ခြင်းမည်သည် ရှိဘူးသနည်းဟု ဆို၍ အမျက် ထွက်သည်ဖြစ်၍ ထပြီးလျှင် သတ်ပုတ်၏။ ထိုရဟန်း၏ ထိုအမူအရာသည် အလွန်ထင်ရှားသည် ဖြစ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသော ပဉ္စင်းငယ်သည် ဥပဇ္ဈာယ်ဆရာအား အကျွမ်းဝင်သဖြင့် အဝတ်လွှာပိုင်းကို ယူ၍ ဘိနပ်အိတ်ကို ပြု၏။ ထို့နောင်မှ ပဉ္စင်းငယ်ကို ဥပဇ္ဈာယ်ဆရာသည် ငါနှင့်တကွ အဘယ်မှာလျှင် အကျွမ်းဝင်ခြင်းမည်သည် ရှိအံ့နည်းဟု အမျက်ထွက်ရကား တပည့်ကို ရိုက်ပုတ်၏။ ဤသို့ စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုရဟန်းသည် မိမိ၏ အတူနေတပည့်နှင့်တကွ အကျွမ်းမဝင်သည် မဟုတ်သေး၊ ရှေး၌လည်း အကျွမ်းမဝင်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်း ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ရသေ့ ရဟန်းပြု၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ရသေ့ အပေါင်းတို့၏ ဆရာဖြစ်၍ ဟိမဝန္တာအရပ်၌ နေ၏။ ထိုရသေ့တို့၏အပေါင်း၌ တယောက်သောရသေ့သည် ဘုရားလောင်း၏စကားကို မလိုက်နာ၍ တစီးသော အမိသေသော ဆင်ငယ်ကို မွေး၏။ ထိုအခါ၌ ထိုရသေ့ကို ထိုဆင်သည် ကြီးခြင်းသို့ ရောက်သည်ရှိသော် သတ်၍ တောသို့ ဝင်လေ၏။ ထိုရသေ့အလောင်း သင်္ဂြိုဟ်ခြင်း ကိစ္စကို ပြုကုန်ပြီး၍ ရသေ့အပေါင်းသည် ဘုရားလောင်းကိုခြံရံ၍ အရှင်ဘုရား အဘယ်သို့သော အကြောင်းကြောင့်လျှင် အဆွေခင်ပွန်း၏ အဖြစ်ကို၎င်း ရန်သူ၏ အဖြစ်ကို၎င်း သိအံ့သောငှါ တတ်ကောင်းအံ့ နည်းဟု မေး၏။ ထိုရသေ့တို့အား ဘုရားလောင်းသည် ဤသို့ဤသို့သော အကြောင်းကြောင့် အဆွေခင်ပွန်း၏ အဖြစ်ကို၎င်း ရန်သူ၏ အဖြစ်ကို၎င်း သိအံ့သောငှါ တတ်ကောင်း၏ဟု ကြားလိုရကား-

၉၃။ န နံ ဥမှယတေ ဒိသွာ၊ န စ နံ ပဋိနန္ဒတိ။
စက္ခူနိ စဿ န ဒဒါတိ၊ ပဋိလောမဉ္စ ဝတ္တတိ။
၉၄။ ဧတေ ဘဝန္တိ အာကာရာ၊ အမိတ္တသ္မိံ ပတိဋ္ဌိတာ။
ယေဟိ အမိတ္တံ ဇာနေယျ၊ ဒိသွာ သုတွာ စ ပဏ္ဍိတော။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၉၃။ ဘော၊ အချင်းတို့။ ယော၊ အကြင် ပုဂ္ဂိုလ်သည်။ အမိတ္တော၊ ရန်သူသည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုရန်သူဖြစ်သော ပုဂ္ဂိုလ်သည်။ နံ၊ ထိုရန်ဘက်ဖြစ်သော ပုဂ္ဂိုလ်ကို။ ဒိသွာ၊ မြင်၍။ န ဥမှယတေ၊ မပြုံးရွှင်။ အဿ၊ ထိုရန်ဘက်ဖြစ်သော ပုဂ္ဂိုလ်၏။ ဝစနံ၊ စကားကို။ သုတွာ စ၊ ကြား၍လည်း။ နံ၊ ထိုရန်ဘက်ဖြစ်သော ပုဂ္ဂိုလ်ကို။ န ပဋိနန္ဒတိ၊ မနှစ်သက်။ အဿ၊ ထိုရန်ဘက်ဖြစ်သော ပုဂ္ဂိုလ်အား။ စက္ခုနိ စ၊ ဆိုင်၍ ကြည့်ခြင်းတို့ကိုလည်း။ န ဒဒါတိ၊ မပေး။ အဿ၊ ထိုရန်ဘက်ဖြစ်သော ပုဂ္ဂိုလ်၏။ ပဋိလောမဉ္စ၊ ဆန့်ကျင့်ဘက်ကိုလည်း။ ဝတ္တတိ၊ ကျင့်၏။

֍ ဋ္ဌ ၉၄။ ယေဟိ၊ အကြင် မပြုံးရွှင်ခြင်းအစရှိကုန်သော အကြောင်း တို့ကြောင့်။ ပဏ္ဍိတော၊ ပညာရှိသည်။ တာနိ၊ ထိုမပြုမရွှင်ခြင်း အစရှိကုန်သောအကြောင်းတို့ကို။ ဒိသွာ စ၊ မြင်၍၎င်း။ သုတွာ စ၊ ကြား၍၎င်း။ အယံ၊ ဤသူသည်။ မေ၊ ငါ၏။ အမိတ္တော၊ ရန်သူတည်း။ ဣတိ၊ ဤသို့။ အမိတ္တံ၊ ရန်သူကို။ ဇာနေယျ၊ သိရာ၏။ ဧတေ အာကာရာ၊ ထိုမပြုမရွှင်ခြင်း အစရှိကုန်သော အကြောင်းတို့သည်။ အမိတ္တသ္မိံ၊ ရန်သူ၌။ ပတိဋ္ဌိတာ၊ တည်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

ဤသို့ ဘုရားလောင်းသည် အဆွေခင်ပွန်း ဖြစ်ခြင်း၊ ရန်သူဖြစ်ခြင်း၏ အကြောင်းတို့ကိုကြား၍ ဗြဟ္မဝိဟာရတို့ကို ပွားစေ၍ ဗြဟ္မာပြည်သို့ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ အတူနေ တပည့်သည် ထိုအခါဆင်ငယ်ကိုမွေးသော ရသေ့ဖြစ်ဘူးပြီ၊ ယခုအခါ ဥပဇ္ဈာယ်ဆရာသည် ထိုအခါ ဆင်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရား ပရိသတ်တို့သည် ထိုအခါ ရသေ့ အပေါင်းတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ အပေါင်းတို့၏ ဆရာ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မိတ်ဆွေ, ရန်သူ၊ နှစ်ထွေဟူ၊ ပြုမှု ကြည့်၍သိ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော မိတ္တာမိတ္တဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ရုဟကဝဂ်

၈။ ရာဓဇာတ်

ရာဓကျေးသား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ပဝါသာ အာဂတော တာတ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤရာဓာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့သတတ်ဟူသည် မှန်သလောဟု မြတ်စွာဘုရားသည် မေးတော်မူသည်ရှိသော် အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်၍ အဘယ်ကြောင့် ငြီးငွေ့သနည်းဟု မေးတော်မူသည်ရှိသော် အရှင်ဘုရား တန်ဆာဆင်အပ်သော မိန်းမတယောက်ကိုမြင်၍ ကိလေသာ၏အစွမ်းဖြင့် ငြီးငွေ့၏ ဟု လျှောက်၏။ ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း မိန်းမမည်သည်ကို စောင့်ရှောက်အံ့သောငှါ မတတ်ကောင်း၊ ရှေး၌လည်း အိမ်ရှင် ယောက်ျားတို့သည် တံခါး စောင့်တို့ကိုထား၍ စောင့်ရှောက်ကုန်သော်လည်း စောင့်ရှောက်အံ့သောငှါ မတတ်နိုင်ကုန်၊ သင့်အား မိန်းမနှင့်အကျိုးမရှိ၊ ရအပ်သော်လည်း ထိုမိန်းမကို စောင့်ရှောက်အံ့သောငှါ မတတ်နိုင်ဟု မိန့်တော်မူ၍ အတိတ်ကို အောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကျေးမျိုး၌ ဖြစ်၏။ ထိုကျေးသားအား ရာဓဟူသောအမည်ကို မှည့်ကြ၏။ ညီငယ်ကျေးသားသည်ကား ပေါဋ္ဌပါဒ အမည်ရှိ၏။ ထိုကျေးသား ညီနောင် နှစ်ခုတို့သည်လည်း ငယ်သောကာလကသာလျှင် တယောက်သော မုဆိုးသည် ယူခဲ့၍ ဗာရာဏသီပြည်၌ မထင်ရှားသော ပုဏ္ဏားအား ပေး၏။ ပုဏ္ဏားသည် ထိုကျေးသားညီနောင်တို့ကို သားအရာ၌ထား၍ မွေး၏။ ပုဏ္ဏား၏ ပုဏ္ဏေးမသည်ကား မစောင့်ရှောက်သည် ဖြစ်၏။ သီလမရှိသည် ဖြစ်၏။ ထိုပုဏ္ဏားသည် ကုန်သွယ်အံ့သောငှါ သွားသည်ရှိသော် ထိုကျေးသားငယ်တို့ကိုခေါ်၍ အမောင်ကို ငါသည် ကုန်သွယ်ခြင်းကို ပြုခြင်းငှာ သွားအံ့၊ ကာလ၌၎င်း ကာလမဟုတ်သည်၎င်း သင်တို့၏အမိ ပုဏ္ဏေးမသည် ပြုအပ်သောအမှုကို ကြည့်ရှုရစ်ကြကုန်လော့၊ တပါးသော ယောက်ျား၏ ရောက်ပေါက်သည်၏ အဖြစ်ကို၎င်း မရောက်ပေါက်သည်၏ အဖြစ်ကို၎င်း သိအောင်ပြုရစ်ကြကုန်လောဟု ဆို၍ ပုဏ္ဏေးမအား ကျေးသားငယ်တို့ကို အပ်နှင်းခဲ့၍ သွား၏။ ထိုပုဏ္ဏေးမသည် ထိုပုဏ္ဏား၏ ထွက်သွားသော ကာလမှစ၍ ယုတ်မာသော အကျင့်ကို ကျင့်၏။ ညဉ့်၌၎င်း နေ့၌၎င်း လာကုန်သော ယောက်ျားတို့၏၎င်း သွားကုန်သော ယောက်ျားတို့၏၎င်း အတိုင်းအရှည်သည် မရှိ။

ထိုအခြင်းအရာကိုမြင်၍ ပေါဋ္ဌပါဒသည် ရာဓကိုပန်၏။ အဘယ်သို့ ပန်သနည်းဟူမူကား ရာဓ ပုဏ္ဏားသည် ဤပုဏ္ဏေးမကို ငါတို့အား အပ်နှင်းခဲ့၍ သွား၏။ ဤပုဏ္ဏေးမသည်လည်း ယုတ်မာသော အမှုကို ပြု၏။ ထိုပုဏ္ဏေးမကို ငါသည်ဆိုအံ့ ဤသို့ပန်၏။ ပေါဋ္ဌပါဒ သင်သည် မဆိုလင့်ဟု ရာခသည် တားမြစ်၏။ ထိုပေါဋ္ဌပါဒသည် ရာဓ၏စကားကို မနာယူမူ၍ မိခင် အဘယ့်ကြောင့် သင်သည် ယုတ်မာသောအမှုကို ပြုသနည်းဟု ဆို၏။ ထိုပုဏ္ဏေးမသည် ထိုပေါဋ္ဌပါဒကို သတ်လိုသည်ဖြစ်၍ ချစ်သား ပေါဋ္ဌပါဒ သင်သည် ငါ၏သားတည်း၊ ငါသည် ဤနေ့မှစ၍ မပြုအံ့ဟုဆို၍ ချစ်သား ပေါဋ္ဌပါဒ လာလော့ဟု ချစ်သကဲ့သို့ခေါ်၍ လာသောပေါဋ္ဌပါဒကိုကိုင်၍ သင်သည် ငါ့ကိုဆိုဆုံးမ၏။ မိမိ၏ပမာဏကို မသိဟု လည်ကိုလိမ်၍ သတ်ပြီးလျှင် ခုံလောက်ကြားတို့၌ သွင်း၏။ ပုဏ္ဏားသည် လာလတ်၍ အပင်အပန်း ဖြေပြီးလျှင် ဘုရားလောင်းကို ချစ်သားရာဓ သင်၏အမိသည် ယုတ်မာသော အကျင့်ကို ကျင့်သလော မကျင့်သလောဟုမေးလိုရကား-

၉၅။ ပဝါသာ အာဂတော တာတ၊ ဣဒါနိ န စိရာဂတော။
ကစ္စိန္နု တာတ တေ မာတာ၊ န အညမုပသေဝတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၅။ တာတ ရာဓ၊ ချစ်သား ရာဓ။ အဟံ၊ ငါသည်။ ပဝါသာ၊ အရပ်တပါးမှ။ ဣဒါနိ၊ ယခုပင်လျှင်။ အာဂတော၊ ရောက်လာသည်။ အမှိ၊ ဖြစ်၏။ န စိရာဂတော၊ ရောက်သည် မကြာသေး။ တာတ ရာဓ၊ ချစ်သား ရာဓ။ တေ၊ သင်၏။ မာတာ၊ အမိသည်။ အညံ၊ ယောက်ျားတပါးသို့။ န ဥပသေဝတိ ကစ္စိန္နု၊ မမှီမဝဲ ကြဉ်ရှောင်ပါ၏လော။

ရာဓသည် ဘခင် ပညာရှိတို့မည်သည်ကား ဟုတ်မှန်သော်၎င်း မဟုတ်မမှန်သော်၎င်း ချမ်းသာခြင်းသို့ မပို့မဆောင်တတ်သော စကားကို မဆိုကုန်ဟု သိစေလိုသည်ဖြစ်၍-

၉၆။ န ခေါ ပနေတံ သုဘဏံ၊ ဂိရံ သစ္စုပသံဟိတံ။
သယေထ ပေါဋ္ဌပါဒေါဝ၊ မုမ္မုရေ ဥပကူထိတော။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၆။ တာတ၊ ဘခင်။ ပဏ္ဍိတေန နာမ၊ ပညာရှိသောသူ မည်သည်ကား။ သစ္စုပသံဟိတံ၊ သစ္စာနှင့်စပ်သော။ ဧတံ-ဤဒိသံ၊ ဤသို့ သဘောရှိသော။ ဂိရံ ဂိရံပိ၊ စကားကိုလည်း။ န သုဘဏံ၊ ချမ်းသာခြင်းသို့ မပို့ မဆောင်တတ်သည်ဖြစ်၍ အလွယ်တကူမဆိုအပ်။ အနိယျာနိကံ၊ ချမ်းသာခြင်းသို့မပို့ မဆောင်တတ်သော။ သစ္စံ၊ မှန်သောစကားကို။ ဘဏန္တော၊ ဆိုသော။ ပေါဋ္ဌပဒေါ၊ ပေါဋ္ဌပါဒသည်။ မုမ္မုရေ၊ ပြာပူမီး၌။ ဥပကူထိတော၊ လောင်မြိုက်သည်ဖြစ်၍။ သယတိဣဝ၊ အိပ်ရသကဲ့သို့။ ဧဝံ-တထာ၊ ထို အတူ။ သယေထ၊ အိပ်ရရာ၏။

ဤသို့ ဘုရားလောင်းသည် ပုဏ္ဏားအား တရားဟော၍ ငါသည်လည်း ဤအရပ်၌ နေအံ့သောငှါ မတတ်ကောင်းဟု ပုဏ္ဏားကိုပန်၍ တောသို့သာလျှင် ဝင်လေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ငြီးငွေ့သောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ အာနန္ဒာသည် ထိုအခါ ပေါဋ္ဌပါဒ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရာဓ ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ပညာရှိကား၊ ဟုတ်မှန်ငြားလည်း၊ မပွားချမ်းသာ၊ မပြောရာတည့်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ရာဓဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ရုဟကဝဂ်

၉။ ဂဟပတိဇာတ်

ယုတ်မာသောမိန်းမ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဥဘယံ မေ န ခမတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂဟပတိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လူ၏အဖြစ်ကို လည်တမော့မော့ မျှော်ခြင်းရှိသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဟောတော် မူသည်ကား ရဟန်း မိန်းမမည်သည်ကား မစောင့်ရှောက်နိုင် ယုတ်မာသောအမှုကိုပြု၍ တစုံတခုသော ဥပါယ်တမျဉ်ဖြင့် လင်ကို လှည့်စားတတ်သလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် သူကြွယ်မျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် အိမ်ရာထောင်ခြင်းကို ယူ၏။ ထိုဘုရားလောင်း၏ မယားသည် သီလမရှိသည်ဖြစ်၍ ရွာသူကြီးနှင့်တကွ ယုတ်မာသောအကျင့်ကို ကျင့်၏။ ဘုရားလောင်းသည် ထိုအကြောင်းကိုသိ၍ စုံစမ်းလျက် သွား၏။ ထိုအခါ၌ကား မိုဃ်းတွင်းကာလဝယ် ပဲမျိုးတို့ကို ပျိုးအပ်ကုန်ပြီးသည်ရှိသော် ငတ်မွတ်ခြင်းသည် ဖြစ်၏။ ကောက်တို့၏ အဖုံးအလုံးသည် ထွက်သောကာလ ဖြစ်လတ်သည်ရှိသော် ရွာအလုံး၌နေကုန်သော သူတို့သည် ဤလမှ နှစ်လဖြင့် ကောက်တို့ကို သိမ်းဆည်းကုန်၍ ကောက်တို့ကို ပေးကုန်အံ့ဟု တပေါင်းတည်း ဖြစ်ကုန်၍ ရွာသူကြီး၏လက်မှ တခုသော နွားအိုကိုယူကုန်၍ အသားကို စားကြကုန်၏။

ထိုအခါ တနေ့သ၌ ရွာသူကြီးသည် ထိုခိုးစားသင့်သောအခွင့်ကို ကြည့်၍ ဘုရားလောင်း အပသို့သွားသောကာလ၌ အိမ်သို့ ဝင်၏။ ထိုနှစ်ယောက်ကုန်သောသူတို့၏ စည်းဝေးကြသော ခဏ၌သာလျှင်ဘုရားလောင်းသည် ရွာတံခါးဖြင့်ဝင်လာ၍ အိမ်သို့ရှေးရှုလာ၏။ ထိုမိန်းမသည် ရွာတံခါးသို့ ရှေးရှုလာသော ထိုဘုရားလောင်းကိုမြင်၍ အဘယ်သူနည်းဟု တံခါး၌ရပ်၍ ကြည့်သည်ရှိသော် ငါ၏ယောက်ျားပင်လျှင်တည်းဟု သိ၍ ရွာသူကြီးအားကြား၏။ ရွာသူကြီးသည် ကြောက်သည်ဖြစ်၍ တုန်လှုပ်၏။ ထိုအခါ၌ ထိုရွာသူကြီးကို ထိုမိန်းမသည် မကြောက်လင့်၊ တခုသော ဥပါယ်တမျဉ်သည်ရှိ၏။ ငါတို့သည် သင်၏လက်မှ နွားသားကို စားအပ်၏။ သင်သည် အမဲဘိုးကို တောင်းဟန်ပြုလော့၊ ငါ ကျီသို့တက်၍ ကျီတံခါး၌ရပ်လျက် စပါးသည် မရှိဟု ဆိုအံ့၊ သင်သည် အိမ်လယ်၌ရပ်၍ ငါတို့အိမ်၌ သူငယ်တို့သည် ငတ်မွတ်ကုန်၏။ အမဲဘိုးကို ပေးလော့၊ ဤသို့ အဖန်တလဲလဲတောင်းလော့ဟု ဆို၍ ကျီသို့တက်၍ ကျီတံခါး၌ နေ၏။ ရွာသူကြီးသည် အိမ်လယ်၌ရပ်၍ အမဲဘိုးကို ပေးလော့ဟု ဆို၏။ ထိုမိန်းမသည် ကျီတံခါး၌ နေလျက် စပါးသည် မရှိပါ၊ ကောက်ကို သိမ်းသောအခါမှသာလျှင် ပေးပါအံ့၊ ယခု သွားပါဦးဟု ဆို၏။

ဘုရားလောင်းသည် အိမ်သို့ဝင်၍ ထိုနှစ်ယောက်ကုန်သော သူတို့၏ အမူအရာကိုမြင်၍ ဤအမှုသည် ဤမိန်းမယုတ်ပြုအပ်သော ဥပါယ်တမျဉ် ဖြစ်လတ္တံ့ဟုသိလျှင် ရွာသူကြီး ငါတို့သည် သင်၏ နွားအိုအသားကို စားကုန်သည်ရှိသော် ဤလမှ နှစ်လဖြင့် စပါးကိုပေးကုန်အံ့ဟု ဆို၍ စားကြကုန်၏။ သင်သည် လခွဲကိုလည်း မလွန်စေမူ၍ ယခုပင်လျှင် အဘယ်ကြောင့် တောင်းရဘိသနည်း။ သင်သည် ဤအမဲဘိုးကို တောင်းလိုခြင်းဟူသော အကြောင်းကြောင့် မလာ၊ တပါးသောအကြောင်းကြောင့် လာသည်ဖြစ်လတ္တံ့၊ ငါသည် သင်၏အမူအရာကို မနှစ်သက်၊ ဤယုတ်မာသောအကျင့်ကို ကျင့်သော ယုတ်မာသောသဘောရှိသော မိန်းမညစ်သည်လည်း ကျီ၌ စပါးမရှိသည်ကို သိ၏။ ထိုမိန်းမညစ်သည် ကျီသို့တက်၍ စပါးသည် မရှိဟု ဆို၏။ သင်သည်လည်း ပေးလော့ဟု ဆို၏။ နှစ်ယောက်ကုန်သော သင်တို့၏အမူအရာကို ငါသည် မနှစ်သက်ဟု ထိုအနက်ကို ဆိုလိုသည်ဖြစ်၍-

၉၇။ ဥဘယံ မေ န ခမတိ၊ ဥဘယံ မေ န ရုစ္စတိ။
ယာစာယံ ကောဋ္ဌမောတိဏ္ဏာ၊ န ဒဿံ ဣတိ ဘာသတိ။
၉၈။ တံ တံ ဂါမပတိ ဗြူမိ၊ ကဒရေ အပ္ပသ္မိ ဇီဝိတေ။
ဒွေ မာသေ သင်္ဂရံ ကတွာ၊ မံသံ ဇရဂ္ဂဝံ ကိသံ။
အပ္ပတ္တကာလေ စောဒေသိ၊ တမ္ပိ မယံ န ရုစ္စတိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၉၇။ ဂါမပတိ၊ ရွာသူကြီး။ ယေန ကာရဏေန၊ အကြင် အကြောင်းကြောင့်။ မေ၊ ငါသည်။ တုမှာကံ၊ သင်တို့၏။ ကိရိယံ၊ အမူအရာကို။ န ရုစ္စတိ၊ မနှစ်သက်။ တံ-တေန ကာရဏေန၊ ထိုအကြောင်းကြောင့်။ တံ၊ သင့်ကို။ အဟံ၊ ငါသည်။ ဗြုမိ၊ ဆိုအံ့။ အမှာကံ၊ ငါတို့၏။ ဇီဝိတေ၊ အသက်သည်။ ကဒရေ၊ ငြိုငြင်ဆင်းရဲသည်ရှိသော်။ အပ္ပသ္မိံ၊ နည်းသည်ရှိသော်။ မံသံ၊ နွားသားကို။ ဂဏှန္တာနံ၊ ဝယ်ကုန်သော။ အမှာကံ၊ ငါတို့အား။ ကိသံ၊ ကြုံသော။ ဇရဂ္ဂဝံ၊ နွားအိုကို။ ဒဒမာနာ၊ ပေးသော။ တွံ၊ သင်သည်။ ဒွီဟိ မာသေဟိ၊ နှစ်လတို့ဖြင့်။ မူလံ၊ အဘိုးကို။ ဒါတဗ္ဗံ၊ ပေးအပ်၏။ ဣတိ၊ ဤသို့။ ဒွေမာသေ၊ နှစ်လတို့ကို။ သင်္ဂရံ၊ ပိုင်းခြားခြင်းကို။ ကတွာ၊ ပြု၍။ အပ္ပတ္တကာလေ၊ ပိုင်းခြားသောကာလသို့ မရောက်မီ။ စောဒေသိ၊ အမဲအဘိုးကို တောင်းလာ၏။ တမ္ပိ၊ ထိုအမူအရာကိုလည်း။ မယှံ၊ ငါသည်။ န ရုစ္စတိ၊ မနှစ်သက်။ ယာစာယံ၊ အကြင် မိန်းမညစ်သည်လည်း။ ကောဋ္ဌံ၊ ကျီသို့။ ဩတိဏ္ဏ၊ တက်၍။ ဝီဟိံ၊ စပါးကို။ န ဒဿံ၊ မမြင်။ ဣတိ၊ ဤသို့။ ဘာသတိ၊ ဆို၏။ တမ္ပိ၊ ထိုအမူအရာကိုလည်း။ မယှံ၊ ငါသည်။ န ရုစ္စတိ၊ မနှစ်သက်။ ဣတိ၊ ဤသို့။ ဥဘယံ၊ နှစ်ပါးသော အမူအရာကို။ မေ၊ ငါသည်။ န ခမတိ၊ မနှစ်သက်။ ဥဘယံ၊ နှစ်ပါးသော အမူအရာကို။ မေ၊ ငါသည်။ နရုတိ၊ မကြိုက်။

ထိုဘုရားလောင်းသည် ဤသို့ဆိုလျက် ရွာသူကြီးကို ဥသျှောင်၌ ကိုင်ပြီးလျှင် ငင်၍ အိမ်လယ်၌ သတ်ပုတ်၍ ရွာသူကြီးဖြစ်၏ဟူ၍ သူတပါး၏ စောင့်ရှောက် ထိန်းသိမ်းအပ်သောဥစ္စာ၌ ပြစ်မှားကောင်းသလော၊ ဤသို့အစရှိသော စကားတို့ဖြင့် ဆဲရေးပုတ်သတ်၍ အားနည်းသည်ကို ပြုပြီးလျှင် လည်၌ကိုင်၍ အိမ်မှထုတ်လိုက်၍ ထိုမိန်းမကိုလည်း ဆံပင်ကိုဆွဲ၍ ကျီမှချပြီးလျှင် သတ်ပုတ်၍ တဖန် ဤသို့သဘောရှိသောအမှုကို အကယ်၍ ပြုပြန်အံ့၊ သိရလတ္တံ့ဟု ခြိမ်းချောက်၏။ ထိုအခါမှစ၍ ရွာသူကြီးသည် ထိုအိမ်ကို ကြည့်သောငှာလည်း မဝံ့လေ၊ ထိုမိန်းမသည်လည်း တဖန် စိတ်ဖြင့်လည်း လွန်ကျူး၍ ကျင့်ခြင်းငှာ မဝံ့လေ။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ လူ၏အဖြစ်သို့ လည်တမော့မော့ မျှော်ခြင်းရှိသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော် မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ရွာသူကြီးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ နှိပ်စက်ခြင်းကို ပြုတတ်သော အိမ်ရှင် ဖြစ်ဘူးပြီ၊ ဤသိုဇာတ်ကို ပေါင်းတော်မူ၏။

မိန်းမမည်လတ်၊ လှည့်ပတ်တတ်၊ စောင့်အပ်မနိုင်ပေ

ကိုးခုမြောက်သော ဂဟပတိဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ရုဟကဝဂ်

၁၀။ သာဓုသီလဇာတ်

ကိုယ်ကျင့်သီလ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သရီရဒဗျံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသာဓုသီလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုပုဏ္ဏားအား လေးယောက်ကုန်သော သ္မီးတို့သည် ရှိ ကုန်သတတ်၊ ထိုလေးယောက်ကုန်သော သ္မီးတို့ကို လေးယောက်ကုန်သော သူတို့သည် တောင်းလာကုန်၏။ ထိုလေးယောက်ကုန်သော သူတို့တွင် တယောက်သောသူသည် အဆင်းလှ၏။ တင့်အပ်သောကိုယ်နှင့် ပြည့်စုံ၏။ တယောက်သော သူသည် အရွယ်သို့ရောက်၏။ ကြီးရင့်၏။ တယောက်သောသူသည် မြတ်သော အမျိုးနှင့် ပြည့်စုံ၏။ တယောက်သော သူသည် သီလရှိ၏။ ပုဏ္ဏားသည် ကြံ၏။ အဘယ်သို့ ကြံသနည်းဟူမူကား ဤလေးယောက်သော သူတို့တွင် အဘယ်သူအားလျှင် ငါ၏သ္မီးကို အလို၌ တည်စေသောအားဖြင့် ပေးအပ်သနည်း၊ အဆင်းနှင့် ပြည့်စုံသောသူအား ပေးအပ်သလော၊ ထိုသို့ မဟုတ်မူကား ကြီးသောအရွယ်သို့ ရောက်သော မြတ်သောအမျိုးနှင့်ပြည့်စုံသောသူ သီလရှိသော သူတို့တွင် တယောက်ယောက်သောသူအား ပေးအပ်သလော၊ ဤသို့ကြံ၏။ ကြံသော်လည်း မသိ၍ ဤအကြောင်းကို မြတ်စွာဘုရားသည် သိတော်မူလတ္တံ့၊ ထိုမြတ်စွာဘုရားကို မေး၍ ထိုလေးယောက်ကုန်သော သူတို့၏အတွင်း၌ လျော်သောသူအား ပေးပါအံ့ဟု နှလုံးသွင်း၍ နံ့သာပန်းအစရှိသည်ကို ယူခဲ့စေ၍ ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရားကိုရှိခိုး၍ လျောက်ပတ်စွာနေလျက် အစမှစ၍ ထိုအကြောင်းကို လျှောက်၏။ အရှင်ဘုရား ဤလေးယောက်ကုန်သော သူတို့တွင် အဘယ်သူအား ပေးအံ့သောငှါ သင့်ပါအံ့နည်းဟု မေး၏။ သဗ္ဗညူမြတ်စွာဘုရားသည် ပုဏ္ဏား ရှေး၌လည်း ပညာရှိတို့သည် ပြဿနာကို ဖြေဘူးကုန်ပြီ၊ ထိုသို့ ဖြေဘူးကုန်သော်လည်း ဘဝဖုံးလွှမ်းသည်၏ အဖြစ်ကြောင့် မှတ်အံ့သောငှါ မစွမ်းနိုင်ဟု မိန့်တော်မူ၍ ထိုပုဏ္ဏားသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ပုဏ္ဏား လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ အတတ်ကို သင်ပြီးလျှင်လာလတ်၍ ဗာရာဏသီပြည်၌ ဒိသာပါမောက္ခဆရာ ဖြစ်၏။ ထိုအခါတယောက်သော ပုဏ္ဏားအား လေးယောက်ကုန်သော သ္မီးတို့သည် ရှိကုန်၏။ ထိုလေးယောက်ကုန်သော သ္မီးတို့ကို ယခုအခါ လေးယောက်ကုန်သောလူတို့သည် တောင်းကုန်သကဲ့သို့ ဤအတူသာလျှင် လေးယောက်ကုန်သောသူတို့သည် တောင်းကုန်၏။ ထိုပုဏ္ဏားသည် အဘယ်သူအားလျှင် ပေးအပ်ကုန်သနည်းဟု မသိသည်ဖြစ်၍ ဆရာကို မေးပြီးလျှင် ပေးသင့်သောသူအား ပေးအံ့ဟု နှလုံးသွင်းပြီး၍ ထိုဆရာ၏ အထံသို့ သွား၍ ထိုအကြောင်းကို မေးလိုရကား-

၉၉။ သရီရဒဗျံ ဝုဍ္ဎဗျံ၊ သောဇစ္စံ သာဓုသီလိယံ။
ဗြာဟ္မဏံတွေဝ ပုစ္ဆာမ၊ ကန္နု တေသံ ဝနိမှသေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၉။ ဗြာဟ္မဏ၊ ဆရာပုဏ္ဏား။ မေ၊ အကျွန်ုပ်၏။ မီတရော၊ သ္မီးတို့ကို။ စတ္တာရော ဇနာ၊ လေးယောက်ကုန်သော သူတို့သည်။ ပတ္ထေန္တိ၊ တောင်းကုန်၏။ တေသု၊ ထိုလေးယောက်ကုန်သော သူတို့တွင်။ ဧကဿ၊ တယောက်သော သူအား။ သရီရဒဗျံ၊ အဆင်းလှသည်၏ အဖြစ်သည်။ သံဝိဇ္ဇတိ၊ ရှိ၏။ ဧကဿ၊ တယောက်သော သူအား။ ဝုဍ္ဎဗျံ၊ အရွယ်ကြီးသည်၏ အဖြစ်သည်။ အတ္ထိ၊ ရှိ၏။ ဧကဿ၊ တယောက်သော သူအား။ သောဇစ္စံ၊ အမျိုးမြတ်သည်၏ အဖြစ်သည်။ အတ္ထိ၊ ရှိ၏။ ဧကဿ၊ တယောက်သောသူအား။ သာဓုသီလိယံ၊ ကောင်းသော သီလနှင့် ပြည့်စုံသည်၏ အဖြစ်သည်။ အတ္ထိ၊ ရှိ၏။ တေသု၊ ထိုလေးယောက်ကုန်သော သူတို့တွင်။ အသုကဿ၊ ဤအမည်ရှိသောသူအား။ မေ၊ ငါ၏။ တာ၊ ထိုသ္မီးတို့ကို။ ဒါတဗ္ဗာ၊ ပေးအပ်ကုန်၏။ ဣတိ၊ ဤသို့။ အဇာနန္တာ၊ မသိကုန်သည်ဖြစ်၍။ ဗြာဟ္မဏံတွေဝ၊ အရှင်ပုဏ္ဏားကိုသာလျှင်။ ပုစ္ဆာမ၊ မေးကုန်၏။ တေသံ၊ ထိုလေးယောက်ကုန်သော သူတို့တွင်။ ကန္နု၊ အဘယ်သူကိုလျှင်။ မယံ၊ ငါတို့သည်။ ဝနိမှသေ၊ အလိုရှိရကုန်အံ့နည်း။

ဆရာသည် ပုဏ္ဏား၏စကားကို ကြား၍ အဆင်းနှင့် ပြည့်စုံခြင်း အစရှိကုန်သော ဂုဏ်တို့သည် ရှိကုန်သော်လည်း သီလပျက်သောသူကို ကဲ့ရဲ့ အပ်၏။ ထို့ကြောင့် ထိုအဆင်းနှင့် ပြည့်စုံခြင်းစသည်သည် ပမာဏမဟုတ်၊ ငါတို့သည် သီလရှိသည်၏အဖြစ်ကိုသာလျှင် နှစ်သက်၏ဟု ဤအနက်ကိုပြလိုရကား-

၁၀၀။ အတ္ထော အတ္ထိ သရီရသ္မိံ၊ ဝုဍ္ဎဗျဿ နမော ကရေ။
အတ္ထော အတ္ထိ သုဇာတသ္မိံ၊ သီလံ အသ္မာကံ ရုစ္စတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

ဗြာဟ္မဏ၊ ပုဏ္ဏား။ သရီရသ္မိံ၊ တင့်တယ်သော အဆင်းနှင့်ပြည့်စုံသော ကိုယ်၌လည်း။ အတ္ထော၊ အကျိုးစီးပွားသည်။ အတ္ထိ၊ ရှိပေသလျှင် ကတည်း။ ဝုဍ္ဎဗျဿ၊ အရွယ်ကြီးသော သူအားကား။ နမော၊ ရှိခိုးခြင်းကိုလျှင်။ ကရေ၊ ပြုအပ်ပေသလျှင်ကတည်း။ သုဇာတသ္မိံ၊ မြတ်သော အမျိုးနှင့် ပြည့်စုံသော ယောက်ျား၌လည်း။ အတ္တော၊ အကျိုးစီးပွားသည်။ အတ္ထိ၊ ရှိပေသလျှင်ကတည်း။ အသ္မာကံ ပန၊ ငါတို့သည်တမူကား။ သီလံ၊ သီလရှိသောသူကို။ ရုစ္စတိ၊ နှစ်သက်အပ်၏။

ပုဏ္ဏားသည် ထိုဘုရားလောင်း၏ စကားကို ကြား၍ သီလရှိသောသူအားသာလျှင် သ္မီးတို့ကို ပေး၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကိုပြသည်၏ အဆုံး၌ ပုဏ္ဏားသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ပုဏ္ဏားသည် ထိုအခါ ဤပုဏ္ဏားသည်ပင်လျှင်ဖြစ်ဘူးလေပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဒိသာပါမောက္ခဆရာ ဖြစ်ဘူးလေပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

လှ ကြီးမြင့်သူ၊ ကိုယ်ကျင့်ထူ၊ ငါမူကျင့်တွက် လွန်နှစ်သက်

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သာဓုသီလဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-နတံဒဠှဝဂ်

၁။ ဗန္ဓနာဂါရဇာတ်

ကိလေသာနှောင်အိမ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် န တံ ဒဠှံ ဗန္ဓနမာဟု ဓီရာ အစရှိသော ဂါထာ ပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗန္ဓနာဂါရဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် နှောင်အိမ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုကာလ၌ များစွာကုန်သော အိမ်ခြံစပ်ကိုဖြတ်၍ ခိုးကုန်သော ခရီးသွားတို့ကို သတ်မှတ်၍ ခိုးကုန်သောသူတို့ကို ဆောင်ခဲ့ကုန်၍ ကောသလမင်းအား ပြကုန်သတတ်၊ ထိုခိုးသူတို့ကို ကောသလမင်းသည် ထောင်အနှောင်အဖွဲ့ ကြိုးအနှောင်အဖွဲ့ သံခြေကျဉ်း အနှောင်အဖွဲ့တို့ဖြင့် နှောင်ဖွဲ့ စေ၏။ သုံးကျိပ် မျှလောက်ကုန်သော ဇနပုဒ်၌နေကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးလိုရကား လာလတ်ကုန်၍ ဖူးမြင်ကုန်လျက် ရှိခိုး၍ နက်ဖြန်၌ ဆွမ်းခံသွားကုန်သည်ရှိသော် နှောင်အိမ်သို့ ရောက်ကုန်၍ ခိုးသူတို့ကို မြင်ကုန်၍ ဆွမ်းခံရာမှဖဲခဲ့ကုန်၍ ညချမ်းအခါ၌ မြတ်စွာဘုရားသို့ ကပ်ကုန်၍ အရှင်ဘုရား ယနေ့ ဆွမ်းခံသွားကုန်သော အကျွန်ုပ်တို့သည် ထိတ်အနှောင်အဖွဲ့ အစရှိသည်ဖြင့် နှောင်ဖွဲ့ကုန်သော ကြီးစွာသော ဆင်းရဲကို ခံရကုန်သော များစွာကုန်သော ခိုးသူတို့ကို နှောင်အိမ်၌ မြင်ခဲ့ကုန်၏။ ထိုခိုးသူတို့သည် ထိုအနှောင်အဖွဲ့တို့ကို ဖြတ်ကုန်၍ ပြေးအံ့သောငှါ မစွမ်းနိုင်ကုန်၊ ထိုအနှောင်အဖွဲ့တို့ထက် သာလွန်၍မြဲသော အနှောင်အဖွဲ့ မည်သည်ကား ရှိသလောဟု လျှောက်ကြကုန်၏။ မြတ်စွာဘုရားသည်ရဟန်းတို့ ထိုအနှောင်အဖွဲ့တို့သည် အဘယ်မှာလျှင်အနှောင်အဖွဲ့ မည်ကုန်ဦးအံ့နည်း၊ ဥစ္စာ စပါး သားမယား အစရှိသည်တို့၌ တဏှာဟူ၍ဆိုအပ်သော အကြင် ကိလေသာတည်းဟူသော အနှောင်အဖွဲ့သည်ရှိ၏။ ထိုကိလေသာတည်းဟူသောအနှောင်အဖွဲ့သည် ထိုသံခြေကျဉ်းအစရှိကုန်သော အနှောင်အဖွဲ့တို့ထက် အဆ အရာအားဖြင့်၎င်း အဆ အထောင်အားဖြင့်၎င်း သာလွန်၍ မြဲ၏ ဤသို့ သာလွန်၍မြဲသော်လည်း ဖြတ်နိုင်ခဲသော ထိုကိလေသာတည်းဟူသော အနှောင်အဖွဲ့ကို ရှေးပညာရှိတို့သည် ဖြတ်ကုန်၍ ဟိမဝန္တာသို့ဝင်ကုန်၍ ရဟန်းပြုကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တဦးသော သူဆင်းရဲအမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် အဘသည် လွန်၏။ ထိုဘုရားလောင်းသည် အခစားလုပ်၍ အမိကိုကျွေးမွေး၏။ ထိုအခါ၌ ထိုဘုရားလောင်း၏ အမိသည် သားအလိုမရှိဘဲလျက်လျှင် တယောက်သော အမျိုးသ္မီးကို။ ဆောင်ယူ၍ ပေး၏။ နောက်အဘို့၌ အမိသည် သေလွန်၏။ ထိုဘုရားလောင်း၏ မယားဝမ်း၌လည်း ပဋိသန္ဓေတည်၏။ ဘုရားလောင်းသည် ပဋိသန္ဓေတည်သည်၏အဖြစ်ကို မသိသည်ဖြစ်၍ နှမ သင်သည် အခစားလုပ်၍ အသက်မွေးရစ်လော၊ ငါကား ရဟန်းပြုအံ့ဟု ဆို၏။ အရှင်ငါသည် ပဋိသန္ဓေ တည်၏။ ငါသည် သားဖွားပြီးသည်ရှိသော် သူငယ်ကိုရှု၍ သင်သည် ရဟန်းပြုရလတ္တံ့ဟု ထိုမိန်းမသည် ဆို၏။ ထိုဘုရားလောင်းသည် ကောင်း၏ဟု ဝန်ခံ၍ ထိုမိန်းမ၏ သားဖွားသောကာလ၌ နှမ သင်သည် ချမ်းသာစွာ သားဖွားလေပြီ၊ ယခုအခါ ငါသည် ရဟန်းပြုအံ့ဟု ပန်၏။ ထိုအခါ၌ ထိုဘုရားလောင်းကို ထိုမိန်းမသည် သားငယ်ကို နို့ကွာသည့်ကာလတိုင်အောင် ငံ့ပါဦးလော့ဟုဆို၍ တဖန်ပဋိသန္ဓေကို ယူပြန်၏။

ထိုဘုရားလောင်းသည် ဤမိန်းမကို ဝန်ခံစေ၍ သွားအံ့သောငှါ မတတ်ကောင်း၊ ဤသို့ မိန်းမအား အကြောင်းမကြားမူ၍ ပြေး၍သာလျှင် ရဟန်းပြုအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုဘုရားလောင်းသည် ထိုမယားအား မကြားမူ၍ ညဉ့်အဘို့၌ ထ၍ပြေး၏။ ထိုအခါ၌ ထိုဘုရားလောင်းကို မြို့စောင့်တို့သည် ဖမ်းကုန်၏။ ထိုဘုရားလောင်းသည် အရှင်တို့ ငါသည် အမိကို မွေးကျွေးသော ယောက်ျားတည်း၊ သင်တို့သည် ငါ့ကို လွှတ်ပါကုန်လော့ဟု ဆို၍ ထိုမြို့စောင့်တို့ကို မိမိကိုယ်ကိုလွှတ်စေ၍ တခုသောအရပ်၌ နေ၍ မြတ်သောတံခါးဖြင့်လျှင်ထွက်၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ ရဟန်းပြု၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဈာန်ဖြင့် ပျော်ပါးခြင်းဖြင့် ပျော်ပါးလျက် နေ၏။ ထိုဘုရားလောင်းသည် ထိုဟိမဝန္တာ၌ နေလျက် ငါသည် ဖြတ်နိုင်ခဲသော ဤသို့စင်သဘောရှိသည်လည်းဖြစ်သော သားမယားတို့၌ ချစ်ခြင်းအနှောင်အဖွဲ့ဟု ဆိုအပ်သော ကိလေသာအနှောင်အဖွဲ့ကို ဖြတ်နိုင်၏ဟု ဥဒါန်းကျူးရင့်လိုရကား-

၁၀၁။ န တံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊
ယဒါယသံ ဒါရုဇ ပဗ္ဗဇဉ္စ။
သာရတ္တရတ္တာ မဏိကုဏ္ဍလေသု၊
ပုတ္တေသု ဒါရေသု စ ယာ အပေက္ခာ။
၁၀၂။ ဧတံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊
ဩဟာရိနံ သိထိလံ ဒုပ္ပမုဉ္စ။
ဧတမ္ပိ ဆေတွာန ဝဇန္တိ ဓီရာ၊
အနပေက္ခိနော ကာမသုခံ ပဟာယ။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၀၀။ အယသံ၊ သံဖြင့် ပြုအပ်သော။ ယံ ဗန္ဓနဉ္စ၊ အကြင် သံခြေကျဉ်းဟုဆိုအပ်သော အနှောင် အဖွဲ့သည်၎င်း။ ဒါရုဇံ၊ သစ်သားဖြင့် ဖြစ်သော။ ဗန္ဓနဉ္စ၊ အကြင် ထောင်ဟု ဆိုအပ်သော အနှောင် အဖွဲ့ သည်၎င်း။ ပဗ္ဗဇံ၊ ဖြဆံ မြက်လျှော် အစရှိသည်တို့ဖြင့် ပြုအပ်သော။ ယံ ဗန္ဓနဉ္စ၊ အကြင်ကြိုးဟု ဆိုအပ်သော အနှောင်အဖွဲ့သည်၎င်း။ အတ္ထိ၊ ရှိ၏။ တံ ဗန္ဓနံ၊ ထိုအနှောင်အဖွဲ့ကို။ ဒဠှံ၊ မြဲ၏ဟူ၍။ ဓီရာ၊ ပညာရှိတို့သည်။ န အာဟု၊ မဆိုကုန်။ မဏိကုဏ္ဍလေသု၊ ပတ္တမြားနားဍောင်းတို့၌။ တနည်းကား... မဏိကုဏ္ဍလေသု၊ ပတ္တမြားစီအပ်ကုန်သော ရွှေနားဍောင်းတို့၌။ ယေ၊ အကြင်သူတို့သည်။ သာရတ္တရတ္တာ၊ လွန်စွာ ရာဂ ရှိကုန်သည်ဖြစ်၍ တပ်စွန်းကုန်၏။ တေသံ၊ ထိုသူတို့၏။ ယော သာရာဂေါစ၊ အကြင် လွန်စွာ တပ်စွန်းခြင်းသည်၎င်း။ တေသံ၊ ထိုသူတို့၏။ ပုတ္တေသု ဒါရေသု၊ သားမယားတို့၌။ ယာ အပေက္ခာစ၊ အကြင်လောဘတည်းဟူသော ငဲ့ကွက်ခြင်း အနှောင်အဖွဲ့သည်၎င်း။ အတ္ထိ၊ ရှိ၏။

֍ ဋ္ဌ ၁၀၁။ ဧတံ ဗန္ဓနံ၊ ထိုလောဘလည်းဟူသော အနှောင်အဖွဲ့ကို။ ဒဠှံ၊ မြဲစွာ၏ဟူ၍။ ဓီရာ၊ ပညာရှိတို့သည်။ အာဟု၊ ဆိုတော်မူကုန်၏။ ဩဟာရိနံ၊ အောက်အပါယ်လေးဘုံတို့သို့ ဆောင်တတ်ထသော။ သိထိလံ၊ နှောင်ဖွဲ့ရာအရပ်တို့၌ အပေါ်ရေ, အတွင်းရေ, အသားတို့ကိုလည်း မဖြတ်တတ် သွေးကိုလည်း မထွက်စေတတ် နှောင်ဖွဲ့သည်၏အဖြစ်၌လည်း မသိစေတတ် ကုန်းကြောင်းခရီး ရေကြောင်းခရီး အစရှိသည်တို့၌ အမှုတို့ကိုပြုစိမ့်သောငှာ ပေးတတ်သည်၏အဖြစ်ကြောင့် လျော့သော အနှောင်အဖွဲ့ရှိထသော။ ဒုပ္ပမုဉ္စံ၊ ဖြေနိုင်ခက်ထသော။ ဧတမ္ပိ၊ ထိုတဏှာ အနှောင်အဖွဲ့ကိုစင်လျက်လည်း။ ဓီရာ၊ ပညာရှိတို့သည်။ ဆေတွာန၊ ဖြတ်၍။ ကာမသုခံ၊ ကာမ ဂုဏ်ချမ်းသာကို။ အနပေက္ခိနော၊ ငဲ့ကွက်ခြင်း မရှိကုန်ဘဲ။ ပဟာယ၊ စွန့်ကုန်၍။ ဝဇန္တိ၊ သွားနိုင်ကုန်၏။

ဤသို့ ဘုရားအလောင်းသည် ဤဥဒါန်းကို ကျူးရင့်လျက် မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာပြည်သို့ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူလျက် သစ္စာကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် ရဟန္တာဖြစ်ကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါမဟာမာယာဒေဝီသည် ထိုအခါ အမိဖြစ်ဘူးပြီ၊ ယခုအခါ သုဒ္ဓေါဒနမင်းမြတ်သည် ထိုအခါ အဘ ဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာ မယ်တော်သည် ထိုအခါ မယား ဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ သားဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သားမယားကိုစွန့်၍ ရဟန်းပြုသော ယောက်ျားဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

တထောင့်ငါးရာ၊ ကိလေသာ၊ ကြီးစွာ နှောင်အိမ်မှတ်

ရှေးဦးစွာသော ဗန္ဓနာဂါရဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-နတံဒဠှဝဂ်

၂။ ကေဠိသီလဇာတ်

ကစားသန်သောမင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဟံသာ ကောဉ္စာ မယူရာ စ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကေဠိသီလဇာတ်ကို ဇေတဝန် ကျောင်းတော် သီတင်းသုံး နေတော်မူစဉ် အရှင်လကုဏ္ဍကဘဒ္ဒိယမထေရ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ရှည်သောသက်တော်ရှိသော ထိုလကုဏ္ဍကဘဒ္ဒိယမထေရ်သည် မြတ်စွာဘုရား သာသနာတော်၌ ထင်ရှားကျော်စောသည် ဖြစ်၏။ သာယာသော အသံရှိသည် ဖြစ်၏။ သာယာစွာသောတရားကို ဟောတတ်သည်ဖြစ်၏။ ပဋိသမ္ဘိဒါကို ရသည်ဖြစ်၏။ ရဟန္တာကြီးဖြစ်၏။ အသီတိမဟာထေရ်တို့၏အတွင်း၌ တည်သည်ဖြစ်၏။ ပမာဏအားဖြင့်သော်ကား ငယ်၏။ ကွ၏။ ငယ်သောသာမဏေသည် ကစားအံ့သောငှါ သွားသကဲ့သို့ ဖြစ်၏။ ထိုလကုဏ္ဍကဘဒ္ဒိယမထေရ်သည် တနေ့သ၌ မြတ်စွာဘုရားကိုရှိခိုး၍ ဇေတဝန်ကျောင်း တံခါးမုတ်သို့သွားစဉ် ဇနပုဒ်မှလာကုန်သော သုံးကျိပ်အတိုင်း အရှည်ရှိကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားကို ရှိခိုးကုန်အံ့ဟူ၍ ဇေတဝန်ကျောင်းတော်သို့ ဝင်ကုန်သည်ရှိသော် ကျောင်းတံခါးမုတ်၌ မထေရ်ကိုမြင်ကုန်၍ ဤသူကားသာမဏေတည်းဟူသောအမှတ်ဖြင့် မထေရ်ကို သင်္ကန်းစွန်း၌ဆွဲကုန်လျက် လက်တို့ကိုဆွဲကုန်လျက် ဦးခေါင်းကိုကိုင်ကုန်၍ နှာခေါင်း၌ သုံးသပ်ပြီးလျှင် နားတို့ကိုင်လှုပ်ကုန်၍ လက်ဆော့ခြင်းကို ပြုကုန်လျက် သပိတ် သင်္ကန်းကိုသိုမှီးကုန်၍ မြတ်စွာဘုရားသို့ ကပ်ကုန်ပြီးလျှင် ရှိခိုးလျက် နေကုန်၍ မြတ်စွာဘုရားသည် သာယာစွာ ပဋိသန္ထာရကို ပြုတော်မူသည်ရှိသော် အရှင်ဘုရား အရှင်ဘုရားတို့၏ တပည့်တော်ဖြစ်သော သာယာစွာသော တရားကိုဟောတတ်သော တပါးသော လကုဏ္ဍကဘဒ္ဒိယအမည်ရှိသော မထေရ်သည် ရှိသတတ်၊ ထိုမထေရ်သည် ယခုအခါ အဘယ်အရပ်၌ နေသနည်းဟု လျှောက်ကုန်၏။ ရဟန်းတို့ သင်တို့သည် ဖူးမြင်လိုကုန်သလောဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား ဖူးမြင်လိုပါကုန်၏ဟု နားတော်လျှောက်ကုန်၏။ ရဟန်းတို့ သင်တို့သည် ကျောင်းတံခါးမုတ်၌ အကြင်မထေရ်ကို မြင်ကုန်၍ သင်္ကန်းစွန်းအစရှိသည်တို့၌ ဆွဲကုန်လျက် လက်ဆော့ခြင်းကို ပြုကြကုန်၍ လာကြကုန်၏။ ထိုမထေရ်သည် လကုဏ္ဍကဘဒ္ဒိယ မထေရ်တည်းဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ အရှင်ဘုရား ဤသို့သဘောရှိသော တောင်းအပ်ပြီးသော ပတ္ထနာရှိသော ကုသိုလ်ကံနှင့်ပြည့်စုံသော သာဝကသည် အဘယ်အကြောင်းကြောင့် ဘုန်းတန်ခိုးနည်းသနည်းဟု ရဟန်းတို့သည်လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ မိမိသည် ပြုအပ်သော မကောင်းမှုကံကိုအမှီပြု၍ ဘုန်းတန်ခိုးနည်းသည် ဖြစ်၏ဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိကြားမင်းဖြစ်၏။ ထိုအခါ၌ ဗြဟ္မဒတ်မင်းအား ကိုယ်ခန္ဓာ ဟောင်းမြင်းသော အိုခြင်းရောက်ပြီးသော ဆင်ကို၎င်း မြင်းကို၎င်း နွားကို၎င်း မြင်စိမ့်သောငှါ မတတ်ကောင်း၊ မင်းသည် ကစားတတ်သော အလေ့ရှိသည်ဖြစ်၍ ထိုသို့ သဘောရှိသော ဆင်အို မြင်းကို အစရှိသည်တို့ကိုမြင်လျှင် လိုက်စေ၏။ လှည်းအိုကို မြင်၍ ဖျက်စေ၏။ မိန်းမအိုကို မြင်၍လည်း ခေါ်စေ၍ ဝမ်း၌တွန်း၍ လဲစေ၏။ တဖန် ထပြန်စေ၍ ထိတ်လန့်စေ၏။ ယောက်ျားအိုတို့ကိုမြင်၍ ကျွမ်းသမားတို့ကဲ့သို့ မြေ၌ကျွမ်းထိုးခြင်း အစရှိသည်တို့ဖြင့် ကစားခြင်းကို ကစားစေ၏။ မမြင်သည်ရှိသော် ဤမည်သောအိမ်၌ သူအိုသည် ရှိ၏။ ဤသို့ ကြား၍လည်း ခေါ်၍ ကစား၏။ လူတို့သည် ရှက်ကုန်သည်ဖြစ်၍ မိမိတို့၏ မိဘတို့ကို တိုင်းတပါးတို့သို့ ပို့ကုန်၏။ အမိကိုလုပ်ကျွေးသောတရားသည်၎င်း အဘကိုလုပ်ကျွေးသောတရားသည်၎င်း ပြတ်၏။ မင်းခစားတို့သည် ကစားလေ့ရှိကုန်သည်သာလျှင် ဖြစ်ကုန်၏။ သေတိုင်း သေတိုင်းကုန်သော သူတို့သည် အပါယ်လေးဘုံတို့ကို ပြည့်စေကုန်၏။ နတ်၏ပရိသတ်တို့သည် ယုတ်ကုန်၏။

သိကြားမင်းသည် အသစ်ဖြစ်ကုန်သော နတ်သားတို့ကို မမြင်သည်ဖြစ်၍ အကြောင်း အသို့ရှိသနည်းဟု ဆင်ခြင်သည်ရှိသော် ထိုအကြောင်းကိုသိ၍ ထိုဗြဟ္မဒတ်မင်းကို ဆုံးမအံ့ဟု လူအို၏သဏ္ဌာန်ကို ဖန်ဆင်း၍ လှည်းအို၌ ရက်တက်အိုးနှစ်လုံးတို့ကိုတင်၍ နှစ်ကောင်သောနွားအိုတို့ကို က၍ တပါးသော ပွဲလမ်းသဘင်နေ့၌ ဗြဟ္မဒတ်မင်းသည် တန်ဆာဆင်အပ်သောဆင်ကို တက်စီးပြီးလျှင် တန်ဆာဆင်အပ်သော မြို့ကို လက်ျာရစ် လှည့်လည်ခြင်းကို ပြုလတ်သော် ဟောင်းနွမ်းသောအဝတ်ကို ဝတ်ဆင်ယင်လျက် ထိုလှည်းအိုကို မောင်းနှင်လျက် ဗြဟ္မဒတ်မင်းကြီး၏ ရှေ့ရှုသွား၏။ ဗြဟ္မဒတ်မင်းကြီးသည် ထိုလှည်းအိုကိုမြင်၍ ထိုလှည်းအိုကို ပယ်ကြကုန်လော့ဟု ဆို၏။ လူတို့သည် မင်းမြတ် အဘယ်မှာနည်း၊ အကျွန်ုပ်တို့သည် မမြင်ကုန်ဟု ဆိုကုန်၏။ သိကြားသည် မိမိ၏ အာနုဘော်အားဖြင့် မင်းအားသာလျှင် ပြ၏။ ထိုအခါ၌ ထိုအရပ်သို့ အများရောက်လတ်သည်ရှိသော် ထိုလှည်းအိုကို ထိုမင်း၏ အထက်အဘို့ဖြင့်နှင်လျက် မင်း၏ဦးခေါင်းထက်၌ တလုံးသော ရက်တက်အိုးကိုခွဲ၍ ပြန်လည်လတ်သည်ရှိသော် နှစ်ခုမြောက်သော ရက်တက်အိုးကို ခွဲ၏။ ထိုအခါ၌ ထိုမင်း၏ ဦးခေါင်းမှစ၍ ထိုမှဤမှ ရက်တက်ရည်သည် စီး၏။ ထိုမင်းသည် ထိုသို့ရက်တက်ရည် စီးခြင်းကြောင့် ငြီးငွေ့၏။ ရှက်၏။ စက်ဆုပ် ရွံရှာ၏။ ထိုအခါ၌ ထိုမင်း၏ ထိုပင်ပန်းဆင်းရဲ သည်၏အဖြစ်ကိုသိ၍ သိကြားသည် လှည်းကိုကွယ်စေ၍ သိကြား၏ကိုယ်ကို ဘန်ဆင်း၍ ဝရဇိန်လက်နက်စွဲလျက် ကောင်းကင်၌ တည်၍ ယုတ်မာသော တရားမစောင့်သောမင်း သင်သည် မအိုလတ္တံ့လော၊ သင်၏ကိုယ်ကို အိုခြင်းသည် မညှဉ်းဆဲလတ္တံ့လော၊ သင်သည်ကစားလေ့ရှိသည်ဖြစ်၍ သူအိုတို့အား နှိပ်စက်ညှဉ်းဆဲသောအမှုကို ပြု၏။ တယောက်တည်းသော သင့်ကိုမှီကုန်၍ ထိုအမှုကို ပြုကုန်ကြသဖြင့် သေတိုင်း သေတိုင်းကုန်သော သူတို့သည် အပါယ်တို့ကို ပြည်စေကုန်၏။ လူတို့သည် မိဘတို့ကို လုပ်ကျွေးအံ့သောငှါ မရကုန်၊ သင်သည် ဤအမှုမှ အကယ်၍ မကြဉ်အံ့၊ ဤဝရဇိန်လက်နက်ဖြင့် ဦးခေါင်းကို ခွဲအံ့၊ ဤနေ့မှစ၍ ထိုအမှုကို မပြုလင့်၊ ဤသို့ ခြိမ်းချောက်၍ မိဘတို့၏ ကျေးဇူးကို ဟော၍ ကြီးကုန်သောသူတို့အား အရိုအသေပြုသော ကောင်းမှု၏ အကျိုးဆက်ကိုပြ၍ ဆုံးမပြီးလျှင် တာဝတိံသာနတ်ပြည်သို့ ပြန်သွား၏။ မင်းသည် ထိုအခါမှစ၍ ထိုသို့သဘောရှိသောအမှုကို ပြုအံ့သောစိတ်ကိုလည်း မဖြစ်စေ။ မြတ်စွာဘုရားသည် ဤလွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၁၀၃။ ဟံသာ ကောဉ္စာ မယူရာ စ၊ ဟတ္ထယော ပသဒါမိဂါ။
သဗ္ဗေ သီဟဿ ဘာယန္တိ၊ နတ္ထိ ကာယသ္မိံ တုလျတာ။
၁၀၄။ ဧဝမေဝ မနုဿေသု၊ ဒဟရော စေပိ ပညဝါ။
သော ဟိ တတ္ထ မဟာ ဟောတိ။ နေဝ ဗာလော သရီရ ဝါ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၀၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ကာယသ္မိံ၊ ကိုယ်၌။ တုလျတာ၊ နှိုင်းယှဉ်အပ်သည်၏ အဖြစ်သည်။ ယသ္မာ၊ အကြင်ကြောင့်။ နတ္ထိ၊ မရှိ။ တသ္မာ၊ ထိုကြောင့်။ ဟံသာ စ၊ ဟင်္သာတို့သည်၎င်း။ ကောဉ္စာ စ၊ ကြိုးကြတို့သည်၎င်း။ မယူရာ စ၊ ဥဒေါင်းတို့သည်၎င်း။ ဟတ္ထယော စ၊ ဆင်တို့သည်၎င်း။ ပသဒါ၊ ချေဟုဆိုအပ်ကုန်သော။ မိဂါ စ၊ သားတို့သည်၎င်း။ တနည်း ပသဒါ စ၊ ချေတို့သည်၎င်း။ မိဂါစ၊ ဆိုအပ်ပြီးသည်မှ ကြွင်းကုန်သော သားတို့သည်၎င်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့သည်။ သီဟဿ၊ ခြင်္သေ့မှ။ ဘာယန္တိ၊ ကြောက်ကုန်၏။

֍ ဋ္ဌ ၁၀၄။ ဧဝမေဝ၊ ဤအတူသာလျှင်။ မနုဿသု၊ လူတို့တွင်။ ယော၊ အကြင်သူသည်။ ဒဟရောပိ၊ ငယ်သော်လည်း။ ပညဝါ၊ ပညာရှိသည်။ စေ ဟောတိ၊ အကယ်၍ ဖြစ်အံ့။ သော ဟိ၊ ထိုသူသည်သာလျှင်။ တတ္ထ၊ ထိုလူတို့၌။ မဟာ၊ ကြီးသည်။ ဟောတိ၊ ဖြစ်၏။ ဗာလော၊ ပညာမရှိသောသူသည်။ သရီရဝါ၊ ကိုယ်ကြီးသော်လည်း။ မဟာနာမ၊ ကြီးသောမည်သည်။ နေဝ ဟောတိ၊ မဖြစ်သလျှင်ကတည်း။ တသ္မာ၊ ထို့ကြောင့်။ တုမှေ၊ သင်တို့သည်။ လကုဏ္ဍကဘဒ္ဒိယော၊ လကုဏ္ဍကဘဒ္ဒိယသည်။ သရီရေနေ၊ ကိုယ်အားဖြင့်။ ခုဒ္ဒကော၊ ငယ်၏။ ဣတိ၊ ထို့ကြောင့်။ တံ၊ ထိုလကုဏ္ဍကဘဒ္ဒိယကို။ ဉာဏေနပိ၊ ဉာဏ်အားဖြင့်လည်း။ ခုဒ္ဒကောတိ၊ ငယ်၏ဟူ၍။ မာ မညိတ္ထ၊ မမှတ်ကြကုန်လင့်။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူပြီးလျှင် ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကိုပြတော်မူသည်၏ အဆုံး၌ ထိုရဟန်းတို့တွင် အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သောရဟန်းတို့သည် သကဒါဂါမ်ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် ရဟန္တာဖြစ်ကုန်၏ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ထိုသို့အိုမင်းကုန်သော သူတို့အား ကစားလေ့ရှိဘူးသည်၏ အဖြစ်ကြောင့် ယခုအခါ၌ သူတပါးတို့၏ ကစားခြင်း တည်ရာဖြစ်သော ထိုသို့သဘောရှိသော လကုဏ္ဍကဘဒ္ဒိယသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိကြားမင်း ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ဘယ်သူမပြု၊ မိမိမှု၊ ကြည့်ရှုဆင်ခြင်ရာ

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကေဠိသီလဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-နတံဒဠှဝဂ်

၃။ ခန္ဓဇာတ်

မေတ္တာနှစ်ပါး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်ဝိရူပက္ခေဟိ မေ မေတ္တံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤခန္ဓဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဇရုံးအိမ်တံခါး၌ ထင်းတို့ကို ခွဲသော ထိုရဟန်းကို သစ်ဆွေးကြားမှထွက်၍ တခုသောမြွေသည် ခြေချောင်း၌ ခဲသတတ်၊ ထိုရဟန်းသည် ထိုမြွေခဲရာအရပ်၌ပင်လျှင် သေ၏။ ထိုရဟန်း၏ ထိုသို့သောအခြင်းအရာအားဖြင့် သေသည်၏ အဖြစ်သည် အလုံးစုံသော ကျောင်း၌ ထင်ရှားသည် ဖြစ်၏။ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဤအမည်ရှိသောရဟန်းသည် ဇရုံးအိမ်တံခါး၌ ထင်းခွဲသည်ရှိသော် မြွေသည်ခဲ၍ ထိုမြွေခဲရာအရပ်၌လျင် သေသတတ်ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ထိုရဟန်းသည် လေးပါးကုန်သောမြွေတို့ကို အာရုံပြု၍ မေတ္တာကို အကယ်၍ပွားစေငြားအံ့၊ မြွေသည် ထိုရဟန်းကို မခဲလေရာ၊ ထိုစကားသည် မှန်၏။ ရသေ့ဖြစ်ကုန်သော ရှေးပညာရှိတို့သည်လည်း ဘုရားဖြစ်တော်မမူမီ လေးပါးကုန်သော မြွေမျိုးတို့၌ မေတ္တာကို ပွားစေကုန်၍ ထိုထိုမြွေမင်းအမျိုးတို့ကို မှီ၍ဖြစ်သောဘေးမှ လွတ်ဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ကာမတို့ကို ပယ်၍ ရသေ့ရဟန်းအဖြစ်သို့ကပ်၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဟိမဝန္တာအရပ်ဝယ် တခုသောမြစ်ကွေ့၌ အရိပ်သင်္ခမ်းကို ဘန်ဆင်း၍ ဈာန်ဖြင့်မွေ့လျော်ပျော်ပါးခြင်းဖြင့် မွေ့လျော်ပျော်ပါးလျက် ရသေ့အပေါင်း ခြံရံ၍နေ၏။ ထိုအခါဂင်္ဂါနား၌ အထူးထူးအပြားပြား များကုန်သော ရှည်သောအမျိုး၌ ဖြစ်ကုန်သော တိရစ္ဆာန်တို့သည် ရသေ့အပေါင်းတို့အား ဘေးရန်ပြုကုန်၏။ များသောအားဖြင့် ရသေ့အပေါင်းတို့သည် အသက်ကုန်ခြင်းသို့ရောက်ကုန်၏။ ရသေ့တို့သည် ထိုအကြောင်းကို ဘုရားလောင်းအား ကြား၏။ ဘုရားလောင်းသည် ခပ်သိမ်းကုန်သော ရသေ့တို့ကို စည်းဝေးစေ၍ ရသေ့တို့ သင်တို့သည် လေးပါးကုန်သော မြွေမျိုးတို့၌ မေတ္တာကို အကယ်၍ ပွားစေငြားအံ့၊ သင်တို့ကို မြွေတို့သည် မခဲကုန်ရာ၊ ထို့ကြောင့် ဤနေ့မှစ၍ လေးပါးကုန်သော မြွေတို့၌ ဤသို့ မေတ္တာကိုပွားစေကုန်လောဟု ဆို၍-

၁၀၅။ ဝိရူပက္ခေဟိ မေ မေတ္တံ၊ မေတ္တံ ဧရာပထေဟိ မေ။
ဆဗျာပုတ္တေဟိ မေ မေတ္တံ၊ မေတ္တံ ကဏှာဂေါတမကေဟိ စ။
အပါဒကေဟိ မေ မေတ္တံ၊ မေတ္တံ ဒွိပါဒကေဟိ မေ။
စတုပ္ပဒေဟိ မ မေတ္တံ၊ မေတ္တံ ဗဟုပ္ပဒေဟိ မေ။
မာ မံ အပါဒကော ဟိံသိ၊ မာ မံ ဟိံသိ ဒွိပါဒကော။
မာ မံ စတုပ္ပဒေါ ဟိံသိ၊ မာ မံ ဟိံသိ ဗဟုပ္ပဒေါ။
သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊ သဗ္ဗေ ဘူတာ စ ကေဝလာ။
သဗ္ဗေ ဘဒြာနိ ပဿန္တု၊ မာ ကိဉ္စိ ပါပမာဂမော။
၁၀၆။ အပ္ပမာဏာ ဗုဒ္ဓေါ၊ အပ္ပမာဏာ ဓမ္မာ။
အပ္ပမာဏာ သံဃာ၊ ပမာဏဝန္တာနိ သရီသပါနိ။
အဟိ ဝိစ္ဆိကာ သပဒီ၊ ဥဏ္ဏနာဘိ သရဗူ မူသိကာ။
ကတာ မေ ရက္ခာ ကတာ မေ ပရိတ္တာ၊ ပဋိက္ကမန္တု ဘူတာနိ။
သောဟံ နမော ဘဂဝတော၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၀၅။ ဘောန္တော တာပသာ၊ အို ရသေ့တို့။ တုမှေ၊ သင်တို့သည်။ ဝိရူပက္ခဟိ၊ ဝိရူပက္ခ နတ်မင်း၏ အမျိုးတို့နှင့်။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဧရာပထေဟိ စ၊ ဧရာပထနတ်မင်း၏ အမျိုးတို့နှင့်လည်း။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဆဗျာပုတ္တေဟိ စ၊ ဆဗျာပုတ္တနတ်မင်း၏ အမျိုးတို့နှင့်လည်း။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ကဏှာဂေါတမကေဟိ စ၊ ကဏှာဂေါတမနတ်မင်း၏ အမျိုးတို့နှင့်လည်း။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဣတိ၊ ဤသို့။ မေတ္တံ၊ မေတ္တာကို။ ဘာဝေထ၊ ပွားစေကြကုန်လော့။

ဘောန္တော တာပသာ၊ အို ရသေ့တို။ တုမှေ၊ သင်တို့သည်။ အပါဒကေဟိ၊ အခြေမရှိကုန်သော သတ္တဝါတို့နှင့်။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဒွိပါဒကေဟိစ၊ အခြေနှစ်ချောင်းရှိကုန်သော သတ္တဝါတို့နှင့်လည်း။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ စတုပ္ပဒေဟိ စ၊ အခြေလေးချောင်းရှိကုန်သော သတ္တဝါတို့နှင့်လည်း။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဗဟုပ္ပဒေဟိ စ၊ များသော အခြေရှိကုန်သော သတ္တဝါတို့နှင့်လည်း။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဣတိ၊ ဤသို့။ မေတ္တံ၊ မေတ္တာကို။ ဘာဝေထ၊ ပွားစေကြကုန်လော့။

ဘောန္တော တာပသာ၊ အို ရသေ့တို့။ တုမှေ၊ သင်တို့သည်။ မံ၊ ငါ့ကို အပါဒကော၊ အခြေမရှိသော သတ္တဝါသည်။ မာ ဟိံသိ၊ မညှဉ်းဆဲစေသတည်း။ ဒွိပါဒကော စ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါသည်လည်း။ မံ၊ ငါ့ကို။ မာ ဟိံသိ၊ မညှဉ်းဆဲစေသတည်း။ စတုပ္ပဒေါ စ၊ အခြေလေးချောင်းရှိသော သတ္တဝါသည်လည်း။ မံ၊ ငါ့ကို။ မာ ဟိံသိ၊ မညှဉ်းဆဲစေသတည်း။ ဗဟုပ္ပဒေါ စ၊ များသော အခြေရှိသော သတ္တဝါသည်လည်း။ မံ၊ ငါ့ကို။ မာဟိံသိ၊ မညှဉ်းဆဲစေ သတည်း။ ဣတိ၊ ဤသို့။ မေတ္တံ၊ မေတ္တာကို။ ဘာဝေထ၊ ပွားစေကြကုန်လော့။

ဘောန္တော တာပသာ၊ အို ရသေ့တို့။ တုမှေ၊ သင်တို့သည်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ သတ္တာ စ၊ ဝဋ်တရား ခန္ဓာငါးပါးတို့၌ ငြိစွန်းတတ်ကုန်သော သတ္တဝါတို့သည်၎င်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ပါဏာ စ၊ ထွက်သက် ဝင်သက်နှင့် ပြည့်စုံကုန်သော သတ္တဝါတို့သည်၎င်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဘူတာ စ၊ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်ကုန်သော သတ္တဝါတို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ ကေဝလာ-သကလာ၊ အစိတ်နှင့်တကွ ဖြစ်ကုန်သော။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့သည်။ ဘဒြာနိ၊ ကောင်းသောအာရုံတို့ကိုသာလျှင်။ ပသန္တု၊ မြင်စေကုန်သတည်း။ ကိဉ္စိ၊ တစုံတခုသော။ ပါပံ၊ ယုတ်မာသော ဆင်းရဲခြင်းသို့။ မာ ဂမာ-မာဂစ္ဆန္တု၊ မရောက်စေကုန်သတည်း။ ဣတိ၊ ဤသို့။ မေတ္တံ၊ မေတ္တာကို။ ဘာဝေထ၊ ပွားစေကြကုန်လော့။

֍ ဋ္ဌ ၁၀၆။ ဘောန္တော တာပသာ၊ အို ရသေ့တို့။ ဗုဒ္ဓေါ၊ ဘုရားသည်။ အပ္ပမာဏော၊ ကိလေသာ မရှိ။ တနည်းကား- ဗုဒ္ဓေါ -ဗုဒ္ဓဂုဏော၊ ဘုရား၏ ကျေးဇူးတော်သည်။ အပ္ပမာဏော၊ အတိုင်း အရှည် မရှိ။ ဓမ္မော၊ တရားတော်သည်။ အပ္ပမာဏော၊ ကိလေသာ မရှိ။ တနည်းကား- ဓမ္မော၊ တရားတော်၏ ဂုဏ်သည်။ အပ္ပမာဏော၊ အတိုင်းအရှည် မရှိ။ သံဃော၊ သံဃာတော်သည်။ အပ္ပမာဏာ၊ ကိလေသာမရှိ။ တနည်းကား- သံဃော၊ သံဃာတော်၏ဂုဏ်သည်။ အပ္ပမာဏော၊ အတိုင်း အရှည် မရှိ။ ဣတိ၊ ဤသို့။ တုမှေ၊ သင်တို့သည်။ တိဏ္ဏံ ရတနာနံ၊ ရတနာသုံးပါးတို့၏။ ဂုဏေ၊ ကျေးဇူးတို့ကို။ အနုဿရေထ၊ အောက်မေ့ကြကုန်လော့။

ဘောန္တော တာပသာ၊ အို ရသေ့တို့။ တုမှေ၊ သင်တို့သည်။ အဟိ ဝိစ္ဆကာ သတပဒီ၊ မြွေ ကင်းမြီးကောက် ကင်းခြေများတို့၎င်း။ ဥဏ္ဏနာဘိ၊ ပင့်ကူ၎င်း။ သရဗူ မူသိကာ၊ တက်တူကြွက်တို့၎င်း။ ဣမာနိ၊ ဤသို့ သဘောရှိကုန်သော။ သရီသပါနိ၊ တွား၍ သွားတတ်ကုန်သော သတ္တဝါတို့သည်။ တနည်းကား- သရီသပါနိ၊ ကိုယ်ဖြင့် သွားတတ်ကုန်သော သတ္တဝါတို့သည်။ ပမာဏဝန္တာနိ၊ ကိလေသာရှိကုန်၏။ ဣမေ သတ္တာ၊ ဤကိလေသာရှိကုန်သော သတ္တဝါတို့သည်။ အပ္ပမာဏာနံ၊ ကိလေသာ မရှိကုန်သော။ တိဏ္ဏံ၊ သုံးပါးကုန်သော။ ရတနာနံ၊ ရတနာတို့၏။ အာနုဘာဝေန၊ အာနုဘော်အားဖြင့်။ ရတ္တိံ ဒိဝံ၊ ညဉ့်နေ့ပတ်လုံး။ ပရိတ္တကမ္မံ၊ စောင့်ရှောက်သောအမှုကို။ ကရောန္တု၊ ပြုစေကုန်သတည်း။ ဣတိ၊ ဤသို့။ အာသိသထ၊ တောင့်တကြကုန်လော့။

ဘောန္တော တာပသာ၊ အို ရသေ့တို့။ တုမှေ၊ သင်တို့သည်။ မေ၊ ငါသည်။ ရတနတ္တယဂုဏေ၊ ရတနာသုံးပါးတို့၏ ကျေးဇူးတော်တို့ကို။ အနုဿရန္တေန၊ အောက်မေ့သောအားဖြင့်။ ရက္ခာ၊ အစောင့်အရှောက်ကို။ ကတာ၊ ပြုအပ်ပြီ။ မေ၊ ငါသည်။ ရတနတ္တယဂုဏေ၊ ရတနာသုံးပါးတို့၏ ကျေးဇူးတို့ကို။ အနုသရန္တေန၊ အောက်မေ့သောအားဖြင့်။ ပရိတ္တာ၊ အရံအတားကို။ ကတာ၊ ပြုအပ်ပြီ။ ဘူတာနိ၊ ငါ၏အကျိုးကို အလိုရှိကုန်သော သတ္တဝါတို့သည်။ ပဋိက္ကမန္တု၊ ဖဲစေကုန်သတည်း။ ဣတိ၊ ဤသို့။ အာသိသထ၊ တောင့်တကုန်လော့။ သော အဟံ၊ ထိုငါသည်။ ဘဂဝတော၊ ဘုန်းတော် ခြောက်ပါးနှင့်ပြည့်စုံသော မြတ်စွာဘုရားအား။ နမော၊ ရှိခိုးခြင်းကို။ ကရောမိ၊ ပြုပါ၏။ သော အဟံ၊ ထိုငါသည်။ သတ္တန္နံ၊ ခုနစ်ဆူကုန်သော။ သမ္မာသမ္ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့အား။ နမော၊ ရှိခိုးခြင်းကို။ ကရောမိ၊ ပြုပါ၏။ ဣတိ၊ ဤသို့။ နမက္ကာရံ၊ ရှိခိုးခြင်းကို။ ကရောထ၊ ပြုကြကုန်လော့။

ဤသို့ ဘုရားလောင်းသည် ရသေ့အပေါင်းအား ဤပရိတ်ကို ဖွဲ့၍ ပေး၏။ ထိုအခါမှစ၍ ရသေ့အပေါင်းသည် ဘုရားလောင်း၏ အဆုံးအမ၌ တည်၍ မေတ္တာကို ပွားစေ၏။ ဘုရားကျေးဇူးတော်တို့ကို အောက်မေ့၏။ ထိုရသေ့တို့သည် ဘုရားကျေးဇူးတော်တို့ကို အောက်မေ့ကုန်သည်ရှိသော် ခပ်သိမ်းကုန်သော မြွေမျိုးတို့သည် ဖဲကုန်၏။ ဘုရားလောင်းသည်လည်း ဗြဟ္မဝိဟာရကိုပွားစေ၍ ဗြဟ္မာ့ပြည်သို့လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ရသေ့အပေါင်းတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့အပေါင်းတို့၏ဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အစမှကား နှစ်ဂါထာတို့ဖြင့် မြွေမင်းမျိုးလေးပါးတို့၌ မေတ္တာကို ပြသည်၏ အဖြစ်ကြောင့် တနည်းကား ဩဒိဿက, အနောဒိဿကတို့၏ အစွမ်းအားဖြင့် နှစ်ပါးကုန်သော မေတ္တာဘာဝနာတို့ကို ပြသည်၏အဖြစ်ကြောင့် ဤခန္ဓပရိတ်ကို ဤဒုကနိပါတ်၌ ဟောအပ်၏။ ဤသို့ သိအပ်၏။

မေတ္တာမွန်းထုံ၊ ဘေးမျိုးလုံ၊ အကုန် ချမ်းသာရ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ခန္ဓဇာတ်သည် ပြီး၏။ ။

*****

ဒုကနိပါတ်-နတံဒဠှဝဂ်

၄။ ဝီရကဇာတ်

တင်ကျီး နှင့် ကျီးကန်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အပိ ဝီရက ပဿေသိအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝီရကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်သည်မြတ်စွာဘုရား၏အတုပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ သာရိပုတ္တရာ မောဂ္ဂလန်မထေရ်တို့သည် ဒေဝဒတ်၏ပရိသတ်ကို ယူကုန်၍ လာကုန်သည်ရှိသော် မြတ်စွာဘုရားသည် သာရိပုတ္တရာ ဒေဝဒတ်သည် သင်တို့ကို မြင်၍ အသို့ပြုသနည်း။ ဤသို့ မေးတော်မူ၍ အရှင်ဘုရား ဘုရားသဗ္ဗညူ အတုကို ပြု၏ဟု နားတော်လျှောက်သည်ရှိသော် သာရိပုတ္တရာ ယခုအခါ၌သာလျှင် ဒေဝဒတ်သည် ငါ၏အတုဖြစ်သော အမူအရာကိုပြုခြင်းကြောင့် ပျက်စီးခြင်းသို့ရောက်သည် မဟုတ်သေး၊ ရှေး၌လည်း ပျက်စီးခြင်းသို့ ရောက်ဘူးပြီဟု မိန့်တော်မူ၍ သာရိပုတ္တရာမထေရ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... သာရိပုတ္တရာ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်ဝယ် တင်ကျီးမျိုး၌ဖြစ်၍ တခုသောအိုင်ကို အမှီပြု၍ နေ၏။ ထိုဘုရားလောင်းအား ဝီရကဟူသော အမည်သည် ဖြစ်၏။ ထိုအခါ ကာသိတိုင်း၌ ငတ်မွတ်ခြင်းသည် ဖြစ်၏။ လူတို့သည် ကျီးစာထမင်းကို ပေးအံ့သောငှာ၎င်း ဘီလူး နဂါးတို့အား ပူဇော် ပသခြင်းအမှုကို ပြုအံ့သောငှာ၎င်း မစွမ်းနိုင်ကုန်၊ ငတ်မွတ်သောတိုင်းမှကျီးတို့သည် များသောအားဖြင့် တောသို့ ဝင်ကုန်၏။ ထိုတော၌ ဗာရာဏသီပြည်နေ သဝိဋ္ဌကအမည်ရှိသော တခုသောကျီးသည် ကျီးမကို ခေါ်ခဲ့၍ ဝီရက၏နေရာအရပ်သို့ ရောက်၍ ထိုအိုင်ကိုမှီ၍ လျောက်ပတ်သောအရပ်၌ နေ၏။ ထိုသဝိဋ္ဌကသည် တနေ့သ၌ ထိုအိုင်၌ အစာကိုရှာလတ်သည်ရှိသော် အိုင်သို့ သက်၍ ငါးတို့ကိုစား၍ အိုင်မှတက်၍ ကိုယ်ကိုခြောက်စေသော ဝီရကကို မြင်၍ ဤတင်ကျီးကိုအမှီပြု၍ များစွာကုန်သောငါးတို့ကို ရစိမ့်သောငှါ တတ်ကောင်း၏။ ဤတင်ကျီးကို ခစားအံ့ဟု နှလုံးသွင်း၍ ထိုဝီရကသို့ကပ်၍ အဆွေ အဘယ်အလိုရှိသနည်းဟု ဆိုလတ်သည်ရှိသော် အရှင်ငါသည် အရှင့်ကို ခစားအံ့သောငှါ အလိုရှိ၏ဟုဆို၍ ကောင်းပြီဟု ထိုဝီရကသည် ဝန်ခံအပ်သည်ဖြစ်၍ ထိုအခါမှစ၍ ခစား၏။ ဝီရကသည်လည်း ထိုအခါမှစ၍ မိမိမျှလောက်ရုံကိုသာ စား၍ ငါးတို့ကိုဆယ်၍ သဝိဋ္ဌကအား ပေး၏။ ထိုသဝိဋ္ဌကသည်လည်း မိမိမျှလောက်ရုံကိုသာစား၍ အကြွင်းကို ကျီးမအားပေး၏။

ထိုသဝိဋ္ဌကအား နောက်အဘို့၌ မာနသည် ဖြစ်၏။ အဘယ်သို့ ဖြစ်သနည်းဟူမူကား ဤ တင်ကျီးသည်လည်း မည်းသော အဆင်းရှိ၏။ ငါသည်လည်း မည်းသောအဆင်းရှိ၏။ မျက်စိနှုတ်သီး ခြေသည်းတို့ဖြင့်လည်း ထိုတင်ကျီး၏၎င်း ငါ၏၎င်း အထူးသည် မရှိ၊ ဤနေ့မှစ၍ တင်ကျီးသည် ယူအပ်ကုန်သော ငါးတို့ဖြင့် ငါ့အား စားခြင်းအမှုသည် မရှိ၊ ငါသည်သာလျှင် ယူအံ့၊ ဤသို့ မာနသည် ဖြစ်၏။ ဖြစ်ပြီး၍ ထိုဝီရကသို့ကပ်၍ အဆွေ ဤနေ့မှစ၍ ငါသည်သာလျှင် အိုင်သို့ဆင်း၍ ငါးတို့ကို ယူအံ့ဟု ဆို၏။ အဆွေ သင်သည် ရေသို့သက်၍ ငါးတို့ကို ဖမ်းသောအမျိုး၌ မဖြစ်ချေ၊ မပျက်စီးစေလင့်ဟု တားမြစ်သော်လည်း ဝီရကစကားကို မယူမူ၍ အိုင်သို့သက်၍ ရေသို့ဝင်၍ငုပ်သည်ရှိသော် မှော်ကိုဘောက်၍ ထွက်အံ့သောငှါ မစွမ်းနိုင်၊ မှော်ကြား၌ ငြိ၏။ နှုတ်သီးဖျားမျှသာလျှင် ထင်၏။ ထိုသဝိဋ္ဌကသည် အသက်မရှူနိုင်သည်ဖြစ်၍ ရေထဲ၌ပင်လျှင် အသက်ကုန်ခြင်းသို့ရောက်၏။ ထိုအခါ၌ သဝိဋ္ဌက၏မယားသည် လာလတ်သည်သို့ မမြင်သည်ရှိသော် အကြောင်းကိုသိစိမ့်သောငှာ ဝီရက၏အထံသို့သွား၍ အရှင်သဝိဋ္ဌကသည် မထင်၊ ထိုသဝိဋ္ဌကသည် အတီမှာလျှင် ရှိလေသနည်း ဤသို့ မေးလိုသည်ဖြစ်၍-

၁၀၇။ အပိ ဝီရက ပဿေသိ၊ သကုဏ မဉ္ဇုဘာဏိကံ။
မယူရဝိဝသင်္ကာသံ၊ ပတိံ မယှံ သဝိဋ္ဌကံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၇။ ဝီရက၊ အရှင်ဝီရက။ မဉ္ဇုဘာဏိကံ၊ သာယာသော အသံရှိထသော။ မယူရဝိဝသင်္ကာသံ၊ ဥဒေါင်းလည်နှင့်တူသော အဆင်းရှိထသော။ မယှံ၊ ငါ၏။ ပတိံ၊ လင်ဖြစ်သော။ သဝိဋ္ဌကံ၊ သဝိဋ္ဌက အမည်ရှိသော။ သကုဏံ၊ ငှက်ကို။ တွံ၊ အရှင်သည်။ ပဿေသိ အပိ၊ မြင်ပါ၏လော။

ထိုစကားကိုကြား၍ ဝီရကသည် သင်၏လင် သွားရာအရပ်ကို ငါသိ၏ဟု ဆိုလိုရကား-

၁၀၈။ ဥဒကထလစရဿ ပက္ခိနော၊
နိစ္စံ အာမကမစ္ဆဘောဇနော။
တဿာနုကရံ သဝိဋ္ဌကော၊
သေဝါလေ ပလိဂုဏ္ဌိတော မတော။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၈။ ကာကီ၊ ကျီးမ။ ဥဒကထလစရဿ၊ ရေကြည်းအရပ်၌ ကျက်စားခြင်းငှါ စွမ်းနိုင်ထသော။ ပက္ခိနော၊ ငှက်သည်။ နိစ္စံ၊ အမြဲ။ အာမကမစ္ဆဘောဇနော၊ ဆယ်၍ပေးအပ်သော ငါးစိမ်းကို စားသော။ သဝိဋ္ဌကော၊ သဝိဋ္ဌကသည်။ တဿ၊ ထိုရေကြည်အရပ်၌ ကျက်စားခြင်းငှါ စွမ်းနိုင်သောငှက်၏။ အနုကရံ-အနုကရောန္တော၊ အတုပြုခြင်းကြောင့်။ သေဝါလေ၊ မှော်၌။ ပလိဂုဏ္ဌိတော၊ လွှမ်းအပ်သည်ဖြစ်၍။ မတော၊ သေလေပြီ။

ထိုစကားကို ကြား၍ ကျီးမသည် ငို၍ ဗာရာဏသီပြည်သို့လျှင် သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သာရိပုတ္တရာ ယခုအခါ ဒေဝဒတ်သည် ထိုအခါ သဝိဋ္ဌက ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဝီရက ဖြစ်ဘူးလေပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ်မစွမ်းပေါင်၊ မာနထောင်၊ ကျီးကောင် ပျက်စီးသို့

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဝီရကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-နတံဒဠှဝဂ်

၅။ ဂင်္ဂေယျဇာတ်

အလှပြိုင် ငါး နှင့် လိပ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သောဘတိ မစ္ဆော ဂင်္ဂေယျော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂင်္ဂေယျဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပဉ္စင်းငယ်နှစ်ယောက်တို့ကို အကြောင်းပြု၍ဟောတော်မူ၏။ သာဝတ္ထိပြည်၌နေကုန်သော အမျိုးကောင်းသား ဖြစ်ကုန်သော နှစ်ယောက်ကုန်သောရဟန်းတို့သည် သာသနာတော်၌ ရဟန်းပြုကုန်၍ အသုဘဘာဝနာကို အားမထုတ်မူ၍ အဆင်းကို ချီးမွမ်းတတ်ကုန်သည်ဖြစ်၍ အဆင်းကို တင့်တယ်စေကုန်လျက် သွားကုန်သတတ်၊ ထိုနှစ်ယောက်ကုန်သော ရဟန်းတို့သည် တနေ့သ၌ သင်သည် မတင့်တယ် ငါသည်တင့်တယ်၏။ ဤသို့ အဆင်းကိုမှီ၍ ငြင်းခုံခြင်းဖြစ်ကုန်လတ်သော် အနီး၌နေသော တပါးသော မထေရ်အိုကိုမြင်၍ ဤရဟန်းအိုသည် ငါတို့၏ တင့်တယ်သည် မတင့်တယ်သည်၏ အဖြစ်ကို သိလတ္တံ့ဟု ဆိုကုန်၍ ထိုရဟန်းအိုသို့ကပ်ကုန်၍ အရှင်ဘုရား ငါတို့တွင် အဘယ်သူသည်လျှင် တင့်တယ်သနည်းဟု မေးကုန်၏။ ထိုရဟန်းအိုသည် သင်တို့, သင်တို့ထက် ငါသည်သာလျှင် လွန်၍ တင့်တယ်၏ ဟု ဆို၏။ ပဉ္စင်းငယ်တို့သည် ဤရဟန်းအိုကား ငါတို့ မေးအပ်သည်ကို မဖြေမှု၍ မမေးအပ်သည်ကို ဆို၏ဟု ထိုရဟန်းအိုကို ဆဲရေးကုန်၍ သွားကုန်၏။ ထိုရဟန်းတို့၏ ထိုအမူအရာသည် ရဟန်းသင်္ဃာ၌ ထင်ရှား၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသော မထေရ်အိုသည် အဆင်းကိုမှီကုန်သော ထိုရဟန်းငယ်တို့ကို ရှက်စေသတတ်ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော် မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြသနည်းဟု မေးတော်မူလတ်၍ အရှင်ဘုရား ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ နှစ်ယောက်ကုန်သော ရဟန်းငယ်တို့သည် ယခုအခါ၌ သာလျှင် မိမိတို့၏ အဆင်းကို ချီးမွမ်းတတ်သည် မဟုတ်ကုန်သေး၊ ရှေး၌လည်း ထိုရဟန်းငယ်တို့သည် မိမိတို့၏ အဆင်းကိုသာလျှင် ချီးမွမ်းကုန်လျက် သွားဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဂင်္ဂါမြစ်နား၌ရုက္ခစိုဝ်းနတ် ဖြစ်၏။ ထိုအခါ၌ ဂင်္ဂါယမုနာမြစ်တို့၏ ဆုံရာအရပ်၌ ဂင်္ဂါငါး ယမုနာငါး ဤငါးနှစ်ခုတို့သည် ငါသည် တင့်တယ်၏။ သင်သည် မတင့်တယ်ဟု အဆင်းကို အမှီပြုကုန်၍ ငြင်းခုံသည်ရှိသော် အနီးဖြစ်သော ဂင်္ဂါကမ်းနား၌နေသော လိပ်ကိုမြင်ကုန်၍ ဤလိပ်သည် ငါတို့၏ တင့်တယ်သည် မတင့်တယ်သည်၏အဖြစ်ကို သိလတ္တံ့ဟု ဆိုကုန်၍ ထိုလိပ်သို့ ကပ်ကုန်၍ အဆွေလိပ် ဂင်္ဂါငါးသည်တည်း တင့်တယ်လေသလော၊ ထိုသို့မဟုတ်မူကား ယမုနာငါးသည်တည်းပင် တင့်တယ်သလောဟု မေးကုန်၏။ လိပ်သည်လည်း ဂင်္ဂါငါးသည်လည်း တင့်တယ်ပေ၏။ ယမုနာငါးသည်လည်း တင့်တယ်ပေ၏။ နှစ်ခုလည်းဖြစ်ကုန်သော သင်တို့ထက်ကား ငါသည်သာလျှင် အတိုင်းထက် အလွန် တင့်တယ်၏။ ဤသို့သော အနက်ကို ပြလိုရကား-

၁၀၉။ သောဘတိ မစ္ဆော ဂင်္ဂေယျော၊ အထော သောဘတိ ယာမုနော။
စတုပ္ပဒေါယံ ပုရိသော နိဂြောဓပရိမဏ္ဍလော။

ဤသကာယတဂီဝေါ စ၊ သဗ္ဗေဝ အတိရောစတိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၉။ ဂင်္ဂေယျော မစ္ဆော၊ ဂင်္ဂါမြစ်ငါးသည်လည်း။ သောဘတိ၊ တင့်တယ်လှပေ၏။ အထော၊ ထိုမှတပါး။ ယာမုနော၊ ယမုနာ ငါးသည်လည်း။ သောဘတိ၊ တင့်တယ်လှပေ၏။ စတုပ္ပဒေါ၊ အခြေလေးချောင်းရှိထသော။ နိဂြောဓပရိမဏ္ဍလော၊ ပညောင်ပင်၏အဝန်းကဲ့သို့ ဝန်းသောကိုယ်ရှိထသော။ ဤသကာယတဂီဝေါ စ၊ ရထားသံကဲ့သို့ ရှည်သောလည်ရှိထသော။ အယံပုရိသော၊ ဤယောက်ျားသည်ကား။ သဗ္ဗေဝ၊ အလုံးစုံသော သင်တို့ကိုလျှင်။ အတိရောစတိ၊ လွန်၍ တင့်တယ်သေး၏။

ငါးတို့သည် ထိုလိပ်၏စကားကို ကြားကုန်၍ အို... လိပ်ယုတ်မာ ငါတို့သည် မေးအပ်သည်ကို မဖြေမူ၍ တပါးကိုသာလျှင် ဆို၏ဟု ဆိုလို၍-

၁၁၀။ ယံ ပုစ္ဆိတော န တံ အက္ခာသိ၊ အညံ အက္ခာသိ ပုစ္ဆိတော။
အတ္တပ္ပသံသကော ပေါသော၊ နာယံ အသ္မာက ရုစ္စတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၀။ အမ္ဘော ပါပ ကစ္ဆပ၊ အို လိပ်ယုတ်မာ။ ပုစ္ဆိတော၊ မေးအပ်သောလိပ်သည်။ ယံ၊ အကြင်ပြဿနာကို။ အမှေဟိ၊ ငါတို့သည်။ ပုစ္ဆိတော၊ မေးအပ်၏။ တံ၊ ထိုမေးအပ်သော ပြဿနာကို။ န အက္ခာသိ၊ မဖြေ။ အညံ၊ တပါးကို။ အက္ခာသိ၊ ဖြေဆို၏။ အတ္တပ္ပသံသကာ၊ မိမိကိုယ်ကို ချီးမွမ်းတတ်သော။ အမှေဟိ၊ ငါတို့သည်။ ပုစ္ဆိတော၊ မေးအပ်သော။ အယံပေါသော၊ ဤယောက်ျားသည်။ အသ္မာကံ၊ ငါတို့အား။ န ရုစ္စတိ၊ မနှစ်သက်စေ။

ဤသို့ဆိုကုန်၍ လိပ်၏အပေါ်သို့ ရေကိုပက်ခဲ့ကုန်၍ မိမိတို့၏ နေရာအရပ်သို့သာလျှင် သွားကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ နှစ်ယောက်ကုန်သော ပဉ္စင်းငယ်တို့သည် ထိုအခါ ငါးနှစ်ကောင်တို့ ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ရဟန်းအိုသည် ထိုအခါ လိပ်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဤဆိုအပ်ပြီးသော အကြောင်းကို မျက်မှောက်ပြုခဲ့ရသော ဂင်္ဂါမြစ်နား၌ ဖြစ်သော ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရူပအဆင်း၊ ချီးမွမ်းခြင်း၊ အငြင်းပွားကာ ရှက်ရရှာ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ဂင်္ဂေယျဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-နတံဒဠှဝဂ်

၆။ ကုရုင်္ဂမိဂဇာတ်

မိတ်ဆွေသုံးဦး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဣင်္ဃ ဝဋ္ဋမယံ ပါသံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုရုင်္ဂမိဂဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုအခါ၌ မြတ်စွာဘုရားအား ဒေဝဒတ်သည် သတ်အံ့သောငှါ လုံ့လပြု၏ဟု မြတ်စွာဘုရားသည် ကြားတော်မူ၍ ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ငါ့အား သတ်အံ့သောငှာ လုံ့လပြုသည် မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ကုရုင်္ဂမည်သော သမင်ဖြစ်၍ တောဝယ် တခုသောရေအိုင်၏အနီး တခုသောချုံ၌ နေ၏။ ထိုအိုင်၏အနီး တခုသောသစ်ပင်ဖျား၌ ခေါက်ရှာ ငှက်သည် နေ၏။ ရေအိုင်၌ လိပ်သည် နေ၏။ ဤသို့ သုံးခုကုန်သော တိရစ္ဆာန်တို့သည် အဆွေခင်ပွန်း ဖြစ်ကုန်၏။ အချင်းချင်း ချစ်သောနေခြင်းဖြင့် နေကုန်၏။ ထိုအခါ၌ တယောက်သော သားမုဆိုးသည် တော၌ လှည့်လည်သည်ရှိသော် ရေဆိပ်၌ ဘုရားလောင်း၏ခြေရာကို မြင်၍ သံချောင်းနှင့်တူသော လုံး၍ပြုအပ်သော သားရေကွင်းကိုထောင်၍ သွား၏။ ဘုရားလောင်းသည် ရေကိုသောက်အံ့သောငှါ လာသည်ရှိသော် ညဉ့်ဦးယာမ်ကပင်လျှင် ကျော့ကွင်း၌ မိခြင်းကြောင့်ဖြစ်သော မြည်သံကိုမြည်၏။ ထိုဘုရားလောင်း၏ အသံကြောင့် သစ်ပင်မှ ခေါက်ရှာငှက်သည်၎င်း ရေမှလိပ်သည်၎င်း လာလတ်ကုန်၍ အသို့လျှင် ပြုအပ်သနည်း၊ ဤသို့ တိုင်ပင်ကြကုန်၏။ ထိုအခါ၌ ခေါက်ရှာငှက်သည် လိပ်ကိုခေါ်၍ အဆွေလိပ် အင့်အား သွားတို့သည်ရှိကုန်၏။ သင်သည် ကျော့ကွင်းကို ဖြတ်လော့၊ ငါသည် သွား၍ အကြင်သို့ ပြုအပ်သည်ရှိသော် ထိုမုဆိုးသည် မလာလတ္တံ့၊ ထိုသို့ပြုချေအံ့။ ဤသိုနှစ်ယောက်ကုန်သော ငါတို့သည် ပြုအပ်သော လုံ့လဖြင့် ငါတို့၏ အဆွေသည် အသက်ကို ရလတ္တံ့၊ ဤသို့သော အနက်ကို ပြလိုသည်ဖြစ်၍-

၁၁၁။ ဣင်္ဃ ဝဋ္ဋမယံ ပါသံ၊ ဆိန္ဒ ဒန္တေဟိ ကစ္ဆပ။
အဟံ တထာ ကရိဿာမိ၊ ယထာ နေဟိတိ လုဒ္ဒကော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၁။ ကစ္ဆပ၊ အဆွေလိပ်။ ဣင်္ဃ၊ ငါတိုက်တွန်း၏။ တွံ၊ သင်သည်။ ဝဋ္ဋမယံ၊ လုံး၍ပြုအပ်သော။ ပါသံ၊ သားရေကျော့ကွင်းကို။ ဒန္တေဟိ၊ သွားတို့ဖြင့်။ ဆိန္ဒ၊ ဖြတ်လော။ အဟံ၊ ငါသည် ကား။ ယထာ၊ အကြင်သို့ပြုအပ်သည်ရှိသော်။ လုဒ္ဒကော၊ မုဆိုးသည်။ နေဟိတိ၊ မလာလတ္တံ့။ တထာ၊ ထိုသို့။ ကရိဿာမိ၊ ပြုချေအံ့။

ထိုအခါ၌ လိပ်သည် သားရေဖြင့်ပြီးသော လုံးသော ကျော့ကွင်းကို ကိုက်အံ့သောငှါ အားထုတ်၏။ ခေါက်ရှာငှက်သည်ကား မုဆိုး၏နေရာရွာသို့ ပြန်လေ၍ အနီးဖြစ်သော သစ်ပင်၌ နေ၏။ မုဆိုးသည် မိုးသောက်ထ၌လျှင် လှံကိုယူ၍ ထွက်၏။ ခေါက်ရှာငှက်သည် ထိုမုဆိုး ထွက်သည်၏ အဖြစ်ကိုသိ၍ မြည်လျက် အတောင်ကိုခါပြီးလျှင် အရှေ့တံခါးဖြင့် ထွက်လာသော ထိုမုဆိုးကို မျက်နှာ၌ပုတ်၏။ မုဆိုးသည် ငှက်ယုတ်မာသည် ပုတ်ခတ်အပ်သည်ဟု ပြန်၍ အတန်ငယ်အိပ်၍ တဖန် လှံကိုယူ၍ ထ၏။ ခေါက်ရှာငှက်သည် ဤမုဆိုးသည် ရှေးဦးစွာ အရှေ့တံခါးဖြင့် ထွက်လတ်၏။ ယခုအခါ၌ အနောက်တံခါးမှ ထွက်လတ္တံ့ဟု သွား၍ အိမ်၏အနောက်၌ နေ၏။ မုဆိုးသည်လည်း အရှေ့တံခါးဖြင့် ထွက်သော ငါသည် ငှက်ယုတ်မာကို မြင်အပ်၏။ ယခုအခါ၌ အနောက်တံခါးဖြင့် ထွက်အံ့ဟု ကြံလျက် ထွက်၏။ ငှက်သည် မြည်လျက် ပြေးလာ၍ မျက်နှာ၌ ပုတ်ခတ်၏။ မုဆိုးသည် ငှက်ယုတ်မာသည် ပုတ်ခတ်ပြန်၏။ ယခုအခါ၌ ဤငှက်ယုတ်မာသည် ငါ့အား ထွက်စိမ့်သောငှါ မပေးဟု ပြန်၍ အရုဏ်တက်သည့်တိုင်အောင် အိပ်၍ အရုဏ်တက်သောအခါ၌ လှံကိုယူ၍ ထွက်၏။ ငှက်သည် လျင်မြန်စွာပြန်သွား၍ မုဆိုးသည် လာချေပြီဟု ဘုရားလောင်းအား ပြောဆို၏။

ထိုခဏ၌ လိပ်သည် သားရေ တလွန်းမျှကိုသာလျှင်ထား၍ ကြွင်းသောအလွန်းကို ခဲအပ်ပြီးသည်ဖြစ်၍ ထိုလိပ်၏ သွားတို့သည်ကား ကြွေလုသော အခြင်းအရာသို့ ရောက်ကုန်၏။ ခံတွင်းသည် သွေးအလိမ်းအလိမ်း ကပ်၏။ ဘုရားလောင်းသည် လှံကိုကိုင်၍ မိုဃ်းကြိုးကဲ့သို့သောအဟုန်ဖြင့် လာလတ်သောမုဆိုးကိုမြင်၍ ထိုအနှောင်အဖွဲ့ကို ဖြတ်လေ၍ တောသို့ဝင်၏။ ခေါက်ရှာငှက်သည် သစ်ပင်ဖျား၌ နေ၏။ လိပ်သည်ကား အားနည်းသည်၏အဖြစ်ကြောင့် ထိုအရပ်၌သာလျှင် ဝပ်၏။ မုဆိုးသည် လိပ်ကိုယူ၍ အိတ်၌ ထည့်၍ တခုသော သစ်ငုတ်၌ ဆွဲ၏။ ဘုရားလောင်းသည် ပြန်၍ ကြည့်လတ်သည်ရှိသော် လိပ်ကို ယူသည်၏ အဖြစ်ကိုသိ၍ ငါ၏အဆွေအား အသက်အလှူကို ပေးအံ့ဟု အားနည်းဟန်ပြု၍ မုဆိုးအား ကိုယ်ကိုပြ၏။ ထိုမုဆိုးသည် ဤကုရုင်္ဂသမင်သည်ကား အားနည်းသည် ဖြစ်လတ္တံ့၊ ထိုကုရုင်္ဂသမင်ကို သတ်အံ့ဟု လှံကိုယူ၍ လိုက်၏။ ဘုရားလောင်းသည် မဝေးလွန်း မနီးလွန်းသဖြင့် သွားလျက် ထိုမုဆိုးကိုသွေးဆောင်၍ တောသို့ဝင်၏။ အဝေးသို့ ရောက်သည်၏ အဖြစ်ကိုသိ၍ ခြေရာလှည့်စား၍ ခရီးတပါးဖြင့် လေကဲ့သို့ လျင်မြန်သောအဟုန်ဖြင့် ပြေးလေ၏။ ချိုဖြင့် အိတ်ကိုချီ၍ မြေ၌ချ၍ ဘောက်၍ လိပ်ကိုထုတ်၏။ ခေါက်ရှာငှက်သည်လည်း သစ်ပင်မှ သက်လာ၏။ ဘုရားလောင်းသည် နှစ်ခုကုန်သော ငှက် လိပ်တို့အား အဆုံးအမကိုပေးလျက် ငါသည့ သင်တို့ကိုမှီ၍ အသက်ကို ရပေ၏။ သင်တို့သည် အဆွေဖြစ်သောငါ၏ ပြုအပ်သော ကိစ္စကိုပြုပေ၏။ ယခုအခါ၌ မုဆိုးသည် လာလတ်၍ သင်တို့ကို ဖမ်းရာ၏။ ထို့ကြောင့် အဆွေခေါက်ရှာငှက် သင်သည် မိမိ၏သားငယ်တို့ကိုယူ၍ တပါးသောအရပ်သို့ သွားလော့၊ အဆွေလိပ် သင်သည်လည်း ရေသို့ဝင်လော့ဟု ဆို၏။ ထိုငှက်လိပ်တို့သည် ထိုဘုရားလောင်းဆိုတိုင်း ပြုကုန်၏။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူ၍-

၁၁၂။ ကစ္ဆပေါ ပါဝိသီ ဝါရိံ၊ ကုရုင်္ဂေါ ပါဝိသီ ဝနံ။
သတပတ္တော ဒုမဂ္ဂမှာ၊ ဒူရေ ပုတ္တေ အပနယိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၁၂။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ မယိ၊ ငါသည်။ ဩဝါဒေ၊ အဆုံးအမကို။ ဒိနေ၊ ပေးအပ်သည်ရှိသော်။ ကစ္ဆပေါ၊ လိပ်သည်။ ဝါရိံ၊ ရေသို့။ ပါဝိသိ၊ ဝင်၏။ ကုရုင်္ဂေါ၊ ကုရုင်္ဂမည်သော သမင်သည်ကား။ ဝနံ၊ တောသို့။ ပါဝိသိ၊ ဝင်၏။ သတပတ္တော၊ ခေါက်ရှာငှက်သည်ကား။ ဒုမဂ္ဂမှာ၊ သစ်ပင်ဖျားမှ။ ဒူရေ၊ ဝေးသောအရပ်သို့။ ပုတ္တေ၊ သားတို့ကို။ အပါနယိ၊ ဆောင်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မုဆိုးဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ခေါက်ရှာငှက် ဖြစ်ဘူးပြီ၊ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ လိပ်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကုရုင်္ဂ မည်သော သမင်ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဗောဓိလောင်းလျာ၊ သေစိမ့်ငှာ၊ ဖြာဖြာလုံ့လ ကျိုးမရ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကုရုင်္ဂမိဂဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-နတံဒဠှဝဂ်

၇။ အဿကဇာတ်

နွားချေးပိုး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အယမဿကရာဇေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအဿကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖျားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့၏ဟူ၍ ကြားရသည်ကား မှန်သလောဟု မြတ်စွာဘုရားသည် မေးတော်မူသည်ရှိသော် အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်၏။ ရဟန်း သင့်ကို အဘယ်သူသည် ငြီးငွေ့စေအပ်သနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား မယားဟောင်းသည် ငြီးငွေ့စေအပ်၏ဟု လျှောက်၏။ ထိုအခါ၌ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း သင်၌ ထိုမိန်းမ၏ ချစ်ခြင်းသည် မရှိ၊ ရှေး၌လည်း ထိုမိန်းမကိုမှီ၍ သင်သည် ကြီးစွာသော ဆင်းရဲသို့ ရောက်ဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ကာသိတိုင်းဝယ် ပါဋလိမြို့၌ အဿကအမည်ရှိသောမင်းသည် မင်းပြု၏။ ထိုအဿကမင်းအား ဥပရီ အမည် ရှိသော ချစ်မြတ်နိုးစွာသော မိဖုယားသည်ရှိ၏။ ထိုဥပရီသည် အလွန် အဆင်းလှ၏။ ရှုချင်ဘွယ်ရှိ၏။ ကြည်ညိုဘွယ်ရှိ၏။ လူမိန်းမ၏ အဆင်းကိုလွန်၏။ နတ်သ္မီးအဆင်းကို မမှီတတ်၊ ထိုဥပရီ မိဖုယားသည် သေ၏။ ထိုဥပရီမိဖုယား သေခြင်းကြောင့် အဿကမင်းသည် သောကဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ပင်ပန်း သည်ဖြစ်၏။ နှလုံးမသာသည်ဖြစ်၏။ ထိုအဿကမင်းသည် ထိုဥပရီ မိဖုယား၏အလောင်းကို တလား၌ လျောင်းစေ၍ ဆီနှစ်ကိုထည့်စေ၍ ညောင်စောင်းနေရာအောက်၌ ထားစေ၍ အာဟာရကင်းလျက် မျက်ရည်ယို၍ ငိုကြွေးလျက် အိပ်၏။ မယ်တော် ခမည်းတော်တို့သည်၎င်း ကြွင်းကုန်သော အဆွေအမျိုး အဆွေခင်ပွန်း အမှူးအမတ်တို့သည်၎င်း ပုဏ္ဏားသူကြွယ် အစရှိကုန်သော သူတို့သည်၎င်း မင်းမြတ် စိုးရိမ်တော်မမူလင့်၊ သင်္ခါရတို့သည် အနိစ္စသာလျှင် ဖြစ်ကုန်၏။ ဤသို့ အစရှိသည်တို့ကို ဆိုကုန်လျက် ကောင်းစွာ သိစိမ့်သောငှါ မတတ်နိုင်ကုန်၊ ထိုအဿကမင်း၏ ငိုကြွေးမြည်တမ်းစဉ်ပင်လျှင် ခုနစ်ရက်တို့သည် လွန်ကုန်၏။ ထိုအခါ၌ ဘုရားလောင်းသည် ငါးပါးသောအဘိညာဉ်, ရှစ်ပါးသောသမာပတ်တို့ကို ရသော ရသေ့ဖြစ်၍ ဟိမဝန္တာအရပ်၌နေလျက် အလင်းကိုပွားစေ၍ ဒိဗ္ဗစက္ခုဖြင့် ဇမ္ဗူဒိပ်ကို ကြည့်လတ်သည်ရှိသော် ထိုအသာကမင်း ငိုကြွေးလျက်နေသည်ကိုမြင်၍ ငါသည် ထိုအဿကမင်း၏ကိုးကွယ်ရာဖြစ်ခြင်းငှာ သင့်၏ဟု နှလုံးသွင်း၍ တန်ခိုးအာနုဘော်အားဖြင့် ကောင်းကင်၌ပျံ၍ မင်း၏ ဥယျာဉ်၌ သက်၍ မင်္ဂလာကျောက်ဖျာ၌ ရွှေဆင်းတုကဲ့သို့ နေ၏။

ထိုအခါ၌ တယောက်သော ပါဋလိမြို့၌နေသော ပုဏ္ဏားလုလင်သည် ဥယျာဉ်သို့ ရောက်လတ်သော် ဘုရားလောင်းကိုမြင်၍ ရှိခိုး၍ နေ၏။ ဘုရားလောင်းသည် ထိုပုဏ္ဏားလုလင်နှင့်တကွ စကားစေ့စပ်ခြင်းကို ပြုလေ၏။ လုလင် မင်းသည် တရားစောင့်ပါ၏လောဟု မေး၏။ အရှင်ဘုရား မင်းသည် တရားကား စောင့်၏။ ထိုသို့တရားစောင့်သော်လည်း ထိုမင်း၏ မိဖုယားသည် သေ၏။ ထိုမင်းသည် ထိုမိဖုယား၏ကိုယ်ကို တလားငယ်၌ ထည့်စေပြီး၍ ငိုကြွေးမြည်တမ်းလျက် အိပ်သည်ကား ယနေ့ ခုနစ်ရက်ရှိလေပြီ၊ အရှင်ဘုရားတို့သည် မင်းကိုဤသို့သဘောရှိသော ဆင်းရဲမှ အဘယ်ကြောင့် မလွတ်စေကုန်သနည်း၊ အရှင်ဘုရားတို့ကဲ့သို့သော သီလရှိကုန်သော အရှင်မြတ်တို့သည်ရှိကုန်လျက် မင်းအား ဤသို့သဘောရှိသော ဆင်းရဲဒုက္ခကို ခံရအံ့သောငှါ သင့်သလောဟု ပုဏ္ဏားလုလင်သည် လျှောက်သည်ရှိသော် လုလင် ငါသည် မင်းကို မသိသလျှင်ကတည်း၊ ထိုသို့မသိသော်လည်း ထိုမင်းသည် လာလတ်၍ ငါ့ကို အကယ်၍ မေးငြားအံ့၊ ငါသည်လျှင် ထိုမိဖုယား၏ ဖြစ်ရာအရပ်ကို ထိုမင်းအားကြား၍ မင်း၏ အထံ၌သာလျှင် ထိုမိဖုယားကို စကားဆိုစေအံ့ဟု ဘုရားလောင်းသည် ဆို၏။ အရှင်ဘုရား ထိုသိုတပြီးကား အကြင်မျှလောက်သော ကာလပတ်လုံး မင်းကို ဆောင်ပါအံ့၊ ထိုမျှလောက်သော ကာလပတ်လုံး ဤအရပ်၌ သာလျှင် နေပါကုန်လော့ဟု ပုဏ္ဏားလုလင်သည် ဘုရားလောင်း၏ဝန်ခံခြင်းကို ယူ၍ မင်း၏အထံသို့သွား၍ ထိုအကြောင်းကိုကြား၏။ ဒိဗ္ဗစက္ခုနှင့်ပြည့်စုံသော ရသေ့၏အထံသို့ သွားအံ့သောငှာသင့်၏ဟု လျှောက်၏။

အဿကမင်းသည် ဥပရီမိဖုယားကိုမြင်အံ့သောငှါ ရအံ့ဟူ၍ ကြားရပေ၏ဟု နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ ရထားကိုစီး၍ ထိုဥယျာဉ်သို့ သွား၍ ဘုရားလောင်းကိုရှိခိုး၍ တင့်အပ် လျောက်ပတ်သော အရပ်၌ နေလျက် အရှင်ဘုရား အရှင်ဘုရားတို့သည် မိဖုယား၏ ဖြစ်ရာအရပ်ကို သိကုန်၏ ဟူ၍ အကျွန်ုပ် ကြားရသည်ကား မှန်သလောဟု မေး၏။ မင်းမြတ် မှန်၏ဟုဆိုသည်ရှိသော် အရှင်ဘုရား အဘယ်အရပ်၌ ဖြစ်သနည်းဟု လျှောက်၏။ မင်းမြတ် ထိုဥပရီမိဖုယားသည် အဆင်းကြောင့် ယစ်သည်ဖြစ်၍ မေ့လျော့ခြင်းကိုစွဲ၍ ကုသိုလ်ကောင်းမှု မပြုမူ၍ ဥယျာဉ်၌လျှင် နွားချေးပိုး၏ အမျိုး၌ ဖြစ်၏ဟုဆို၏။ အရှင်ဘုရား အကျွန်ုပ်သည် မယုံဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ထိုနွားချေးပိုးမကို သင်မင်းမြတ်အား ပြ၍ ဆိုစေအံ့ဟု ဆို၏။ အရှင်ဘုရား ကောင်းပြီ၊ ဆိုစေကုန်လော့ဟု ဆိုသည်ရှိသော် ဘုရားလောင်းသည် မိမိ၏ အာနုဘော်အားဖြင့် နှစ်ခုကုန်သော နွားချေးပိုးဖို, မတို့သည် နွားချေးစိုင်ကိုဘောက်ကုန်လျက် မင်း၏ရှေ့သို့ လာစေကုန်သတည်းဟု ထိုနှစ်ခုကုန်သော နွားချေးပိုးဖို, မတို့၏ လာခြင်းကို ပြု၏။ ထိုနှစ်ခုသော နွားချေးပိုး ဖို, မတို့သည် ဘုရားလောင်းအဓိဋ္ဌာန်တိုင်းလျှင် လာလတ်ကုန်၏။ ဘုရားလောင်းသည် ထိုနွားချေးပိုးမကိုပြလျက် မင်းမြတ် နွားချေးပိုးမသည် သင်မင်းမြတ်၏ ဥပရီမည်သော မိဖုယားတည်း၊ သင့်ကို စွန့်၍ နွားချေးပိုးဖို၏ နောက်မှ နောက်မှ လိုက်၏။ ထိုနွားချေးပိုးမကို ရှုကုန်လော့ဟု ဆို၏။ အရှင်ဘုရား ဥပရီမိဖုယားစင်လျက် နွားချေးပိုး၏အမျိုး၌ ဖြစ်လတ္တံ့ဟူ၍ အကျွန်ုပ်သည် မယုံဟုဆိုသည်ရှိသော် မင်းမြတ် ထိုနွားချေး ပိုးမကို ဆိုစေအံ့ဟု ဆို၍ အရှင်ဘုရား ဆိုစေကုန်လော့ဟု လျောက်သည်ရှိသော်-

ဘုရားလောင်းသည် မိမိ၏ အာနုဘော်အားဖြင့် ထိုနွားချေးပိုးမသည် ဆိုစေသတည်းဟု ဓိဋ္ဌာန်၍ ဥပရီဟူ၍ ခေါ်၏။ နွားချေးပိုးမသည် လူ့ဘာသာဖြင့် အရှင်ဘုရား အဘယ်ပြုအံ့နည်းဟု ဆို၏။ သင်သည် လွန်လေပြီးသောဘဝ၌ အဘယ် အမည်ရှိသနည်းဟု ဆိုသည်ရှိသော် အရှင်ဘုရား အဿကမင်း၏ မိဖုယားကြီးဖြစ်သော ဥပရီ အမည်ရှိသည်ဖြစ်၏ဟု ဆို၏။ ယခုအခါ၌ သင်သည် အဿကမင်းကိုတည်း ချစ်သလော၊ ထိုသို့မဟုတ်မူကား နွားချေးပိုးဖိုကိုတည်း ချစ်သလောဟု မေး၏။ အရှင်ဘုရား ထိုအဿကမင်းသည် ရှေးဘဝ၌ အကျွန်ုပ်၏ လင်ဖြစ်၏။ ထိုအခါ၌ အကျွန်ုပ်သည် ဤဥယျာဉ်၌ အသကမင်းနှင့်တကွ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကို ခံစားလျက် သွားရ၏။ ယခုတမူကား ဘဝဖုံးလွှမ်းခြင်းဖြစ်သော ကာလမှစ၍ ထိုအဿကမင်းသည် အကျွန်ုပ်အား အသို့တော်သနည်း၊ ထို့ကြောင့် ယခုအခါ အကျွန်ုပ်သည် အဿကမင်းကို သတ်၍ ထိုအဿကမင်း၏ လည်ချောင်းသွေးဖြင့် အကျွန်ုပ်၏လင်ဖြစ်သော နွားချေးပိုးဖို၏ခြေတို့ကို လိမ်းချင်၏ဟုဆို၍ ပရိသတ်၏ အလယ်၌ လူ၏ဘာသာဖြင့်-

၁၁၃။ အယမဿကရာဇေန၊ ဒေသော ဝိစရိတော မယာ။
အနုကာမယကာမေန၊ ပိယေန ပတိနာ သဟ။
၁၁၄။ နဝေန သုခဒုက္ခေန၊ ပေါရာဏံ အပိဓီယတိ။
တသ္မာ အဿက ရညောဝ၊ ကီဋော ပိယတရော မမ။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၁၃။ ဘန္တေ၊ အရှင်ဘုရား။ အယံ ဒေသော၊ ဤမွေ့လျော်ဘွယ်ရှိသော ဥယျာဉ်အရပ်သည်။ အနုကာမယကာမေန၊ နှစ်သက်ထသော။ ပိယေန၊ ချစ်စွာထသော။ ပတိနာ၊ လင်ဖြစ်သော။ အဿကရာဇေန၊ အဿကမင်းနှင့်။ သဟ၊ တကွ။ မယာ၊ အကျွန်ုပ်သည်။ ဝိစရိတော၊ သွားလာဘူးသော။ ဒေသော၊ အရပ်တည်း။

֍ ဋ္ဌ ၁၁၄။ ဣဒါနိ၊ ယခုအခါ၌။ နဝေန၊ အသစ်ဖြစ်သော။ သုခဒုက္ခေန၊ ချမ်းသာဆင်းရဲခြင်းဖြင့်။ ပေါရာဏံ၊ အဟောင်းဖြစ်သော ချမ်းသာခြင်း ဆင်းရဲခြင်းကို။ ယသ္မာ၊ အကြင့်ကြောင့်။ အပိဓီယတိ၊ ဖုံးလွှမ်းအပ်၏။ တသ္မာ၊ ထို့ကြောင့်။ အဿကကညော၊ အဿကမင်းထက်။ ကီဋောဝ၊ နွားချေးပိုးဖိုကိုလျှင်။ မယာ၊ အကျွန်ုပ်သည်။ ပိယတရော၊ အလွန်ချစ်အပ်၏။

ထိုစကားကို ကြား၍ အဿကမင်းသည် နှလုံးမသာသည်ဖြစ်၍ ထိုအရပ်၌တည်လျက် အကောင်ပုပ်ကို ထုတ်စေ၍ ဦးခေါင်းလျှော်၍ ဘုရားလောင်းကို ရှိခိုး၍ မြို့သို့ဝင်၍ တပါးသော မိန်းမကို မိဖုယားကြီးအရာ၌ထား၍ တရားသဖြင့် မင်းအဖြစ်ကို ပြု၏။ ဘုရားလောင်းသည်လည်း မင်းကိုဆုံးမ၍ သောကမရှိသည်ကိုပြု၍ ဟိမဝန္တာသို့လျှင် သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ မယားဟောင်းသည် ထိုအခါ ဥပရီမည်သော မိဖုယား ဖြစ်ဘူးပြီ၊ ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ အဿကမင်း ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ပုဏ္ဏားလုလင် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ၌ ရသေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အချစ်တဏှာ၊ လွန်ကဲပါ။ ကိုယ်သာ ဆင်းရဲဘိ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော အဿကဖာတ်သည် ပြီး၏။ ။

*****

ဒုကနိပါတ်-နတံဒဠှဝဂ်

၈။ သုသုမာရဇာတ်

မျောက် နှင့် မိကျောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အလမေတေဟိ အမ္ဗေဟိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုသုမာရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်သည် ဘုရားသဗ္ဗညူအား သတ်အံ့သောငှာ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မှု၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုအခါ မြတ်စွာဘုရားသည် ဒေဝဒတ်သည် သတ်အံ့သောငှါ လုံ့လပြု၏ဟု ကြားတော်မူ၍ ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝဒတ်သည် ငါ့အား သတ်အံ့သောငှာ လုံ့လပြုသည် မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုသည်သာလျှင်တည်း၊ ထိုသို့ လုံ့လပြုသော်လည်း ထိတ်လန့်ခြင်းကိုလည်း ပြုအံ့သောငှါ မစွမ်းနိုင်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဟိမဝန္တာအရပ်၌ ဘုရားလောင်းသည် မျောက်အမျိုး၌ ဖြစ်၍ ဆင်ပြောင်အားကိုဆောင်နိုင်သည်။ အစွမ်းနှင့် ပြည့်စုံသည်။ ကြီးသောကိုယ်ရှိသည်။ တင့်တယ်ခြင်း အစုသို့ ရောက်သည်ဖြစ်၍ မြစ်ကွေ့ဖြစ်သော တောနေရာ၌ နေ၏။ ထိုအခါ ဂင်္ဂါ၌ မိကျောင်းသည် နေ၏။ ထိုအခါ ထိုမိကျောင်း၏ မယားသည် ဘုရားလောင်း၏ကိုယ်ကိုမြင်၍ ဘုရားလောင်း၏ နှလုံးသား၌ ချင်ခြင်းကိုဖြစ်စေ၍ မိကျောင်းဖိုကို အရှင်ငါသည် ထိုမျောက်မင်း၏နှလုံးသားကို စားလို၏ဟု ဆို၏။ ရှင်မ ငါတို့သည် ရေ၌ ကျက်စားကုန်၏။ ထိုမျောက်မင်းသည်တမူကား ကုန်းကြည်း၌ ကျက်စား၏။ ထို့ကြောင့် ထိုမျောက်မင်းကို ဖမ်းအံ့သောငှါ မစွမ်းနိုင်ဟု ဆိုသည်ရှိသော် အရှင်တစုံတခုသော ဥပါယ်တမျဉ်ဖြင့် ဖမ်းလော့၊ အကယ်၍ မရအံ့၊ သေအံ့ဟု ဆို၏။ နှမ မစိုးရိမ်လင့်၊ တခုသော ဥပါယ်တမျဉ်သည်ရှိ၏။ ထို့ကြောင့် ထိုမျောက်မင်း၏ နှလုံးသားကို စားစေပါအံ့ဟု မိကျောင်းမကို နှစ်သိမ့်စေ၍ ဘုရားလောင်းသည် ဂင်္ဂါ၌ ရေကိုသောက်၍ ဂင်္ဂါနား၌နေသောကာလ၌ ဘုရားလောင်း၏အထံသို့သွား၍ မျောက်မင်း ဤအရပ်၌ ငှက်ပျောသီးတို့ကို စားလျက် ကျက်စားမြဲအရပ်၌သာလျှင် သင်သည် အဘယ်ကြောင့် ကျက်စားဘိသနည်း၊ ဂင်္ဂါ၏ တဘက်ကမ်း၌ သရက် ပိန္နဲ အစရှိကုန်သော ချိုကုန်သော သစ်သီးတို့၏ အဆုံးသည် မရှိ၊ သင်သည် ထိုဂင်္ဂါတဘက်သို့သွား၍ သစ်သီးကြီးငယ်တို့ကို စားအံ့သောငှာ မသင့်လောဟု ဆို၏။ မိကျောင်းမင်း ဂင်္ဂါသည် ရေများ၏။ အပြောကျယ်၏။ ထိုဂင်္ဂါဘက်သို့ အသို့သွားအံ့နည်းဟု မျောက်မင်း ဆိုသည်ရှိသော် မျောက်မင်း သင်သည် အကယ်၍သွားလိုအံ့၊ ငါသည် သင့်ကို ငါ၏ကျောက်ကုန်း၌တင်၍ ဆောင်အံ့ဟု မိကျောင်းသည် ဆို၏။ ဘုရားလောင်းသည် ယုံကြည်၍ ကောင်းပြီဟု ဝန်ခံ၏။ ထိုသို့တပြီးကား လာလော၊ ငါ၏ကျောက်ကုန်းသို့ တက်လော့ဟု မိကျောင်းဆိုသည်ရှိသော် မျောက်မင်းသည် တက်၏။ မိကျောင်းသည် အတန်ငယ်ဆောင်၍ ရေ၌ နှစ်၏။

ဘုရားလောင်းသည် အဆွေ သင်သည် ငါ့ကို ရေ၌မွန်းစေ၏။ ထိုသို့မွန်းစေခြင်းသည် အကြောင်းအသို့နည်းဟု ဆို၏ မျောက်မင်း ငါသည် သင့်ကို ကောင်းသော သဘောရှိသည်၏ အဖြစ်ဖြင့် ယူ၍မသွား၊ စင်စစ်ကား သင်၏နှလုံးသား၌ ငါ၏ မယားအား ချင်ခြင်းသည် ဖြစ်၏။ ငါ၏မယားကို ငါသည် သင်၏နှလုံးသားကို စားစေလို၏။ ထို့ကြောင့် သင့်ကိုယူ၍ သွား၏ဟုမိကျောင်းသည် ဆို၏။ အဆွေ အသို့မူ၍ သင်သည် ကောင်းစွာမမှတ်သနည်း၊ ထိုစကားသည် မှန်၏။ ငါတို့၏ရင်၌ နှလုံးသည် အကယ်၍ ရှိသည်ဖြစ်ငြားအံ့၊ သစ်ပင်ဖျားတို့၌ ပြေးသွားလတ်သည်ရှိသော် မှုန့်မှုန့်ညက်ညက် ကြေသည် ဖြစ်ရာ၏ဟု ဘုရားလောင်းသည် ဆို၏။ မျောက်မင်း အဘယ်အရပ်၌ကား သင်တို့သည် နှလုံးကို ထားကုန်သနည်းဟု မိကျောင်း ဆိုသည်ရှိသော် ဘုရားလောင်းသည် အနီး၌မြင်သော အသီးအပွင့်နှင့် ပြည့်စုံသော ရေသဖန်းတပင်ကိုပြ၍ ရှုပါလော့၊ ငါတို့၏ နှလုံးတို့ကို ထိုရေသဖန်းပင်၌ ဆွဲအပ်ကုန်၏ဟု ဆို၏။ မျောက်မင်း သင်သည် ငါ့အား နှလုံးကို အကယ်၍ ပေးအံ့၊ ငါသည် သင့်ကို မသတ်အံ့ဟု မိကျောင်းသည် ဆို၏။ ထိုသို့တပြီးကား ထိုအရပ်သို့ ငါ့ကို ဆောင်လော့၊ ငါ သင့်အား သစ်ပင်၌ ဆွဲ၍ထားသောနှလုံးကို ပေးပါအံ့ဟု ဘုရားလောင်းသည် ဆို၏။ ထိုမိကျောင်းသည် ထိုဘုရားလောင်းကိုယူ၍ ထိုရေသဖန်းပင်သို့ သွား၏။ ဘုရားလောင်းသည် ထိုမိကျောင်း၏ ကျောက်ကုန်းမှခုန်၍ ရေသဖန်းပင်၌ ထိုင်၍ အချင်း မိကျောင်းမိုက် သင်သည် ဤသတ္တဝါတို့၏ နှလုံးမည်သည်ကား သစ်ပင်ဖျား၌ ဖြစ်၏ဟု အမှတ်ရှိသည် ဖြစ်၏။ မိုက်လေစွတကား၊ ငါသည် သင့်ကိုလှည့်စား၏။ သင့်အား ကိုယ်သည်သာလျှင်ကြီး၏။ ပညာသည်တမူကား မရှိ၊ ဤသို့သော အနက်ကို ပြလိုရကား-

၁၁၅။ အလမေတေဟိ အမ္ဗေဟိ၊ ဇမ္ဗူဟိ ပနသေဟိ စ။
ယာနိ ပါရံ သမုဒ္ဒဿ၊ ဝရံ မယှံ ဥဒုမ္ဗရော။
၁၁၆။ မဟတီ ဝတ တေ ဗောန္ဒိ၊ န စ ပညာ တဒူပိကာ။
သုသုမာရ ဝဉ္စိတော မေသိ၊ ဂစ္ဆ ဒါနိ ယထာသုခံ။

ဟူသောဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၁၅။ သုသုမာရ၊ မိကျောင်း။ သမုဒ္ဒဿ၊ ဂင်္ဂါ၏။ ပါရံ၊ ကမ်းတဘက်၌။ ယာနိ၊ အကြင် သရက်သီး အစရှိသည်တို့ကို။ တယာ၊ သင်သည်။ ဒိဋ္ဌာနိ၊ မြင်အပ်ကုန်၏။ ဧတေဟိ အမ္ဗေဟိ စ၊ ထိုသရက်သီးတို့ဖြင့်၎င်း။ ဧတေဟိ ဇမ္ဗူဟိ စ၊ ထိုသပြေသီးတို့ဖြင့်၎င်း။ ဧတေဟိ ပနသေဟိ စ၊ ထိုပိန္နဲသီးတို့ဖွင့်၎င်း။ မေ၊ ငါ့အား။ အလံ၊ အလိုမရှိ။ မယှံ၊ ငါ့အား။ ဥဒုမ္ဗရော၊ ရေသဖန်းသည်သာလျှင်။ ဝရံ၊ ကောင်း၏။

֍ ဋ္ဌ ၁၁၆။ သုသုမာရ၊ မိကျောင်း။ ဝတ၊ စင်စစ်။ တေ၊ သင်အား။ ဗောန္ဒိ၊ ကိုယ်သည်ကား။ မဟတီ၊ ကြီး၏။ တဒူပိကာ၊ ထိုကိုယ်အား လျောက်ပတ်သော။ ပညာ စ၊ ပညာသည်တမူကား။ ၊ မရှိ။ တွံ၊ သင့်ကို။ မေ၊ ငါသည်။ ဝဉ္စိတောသိ၊ လှည့်စားရလေပြီ။ ဣဒါနိ၊ ယခုအခါ၌။ ယထာသုခံ၊ အလို အလျောက်။ ဂစ္ဆ၊ သွားလေ။

မိကျောင်းသည် ဥစ္စာတထောင်မှ ရှုံးသောသူကဲ့သို့ ဆင်းရဲခြင်းရှိသည်ဖြစ်၍ နှလုံးမယာယာသည်ဖြစ်၍ မှိုင်လျက်လျှင် မိမိ၏နေရာသို့ သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မိကျောင်း ဖြစ်ဘူးပြီ၊ ယခုအခါ စိဉ္စမာဏဝိကာသည် ထိုအခါ မိကျောင်းမ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မျောက်မင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ပညာဉာဏ်သာ၊ အရာရာ၊ လွန်စွာ အားကိုးသင့်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သုသုမာရဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-နတံဒဠှဝဂ်

၉။ ကုက္ကုဋဇာတ်

မုဆိုး နှင့် တောကြက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဒိဋ္ဌာ မယာ ဝနေ ရုက္ခာ အစရှိသော ဂါထာ ပုဒ်ဖြင့် တန်ဆာဆင်အပ်သောဤ ကုက္ကုဋဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာမထေရ်၏ အတူနေတပည့်ဖြစ်သော ပဉ္စင်းငယ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုပဉ္စင်းငယ်သည် မိမိ၏ကိုယ်ကို စောင့်ရှောက်ခြင်းအမှု၌ လိမ္မာသည် ဖြစ်သတတ်၊ ငါ၏ကိုယ်အား ချမ်းသာခြင်းသည် မဖြစ်ဟု ကြောက်သောကြောင့် အလွန်အေးသည်ကို၎င်း အလွန်ပူသည်ကို၎င်း သုံးဆောင်ခြင်းကိုမပြု၊ အချမ်းအပူတို့ဖြင့် ကိုယ်သည် ပင်ပန်းရာ၏ဟု ကြောက်သောကြောင့် အပသို့ မထွက်၊ အလွန်သောဆွမ်း မနပ်သောဆွမ်း အစရှိသည်တို့ကို မစား၊ ထိုပဉ္စင်းငယ်၏ ကိုယ်ကို စောင့်ရှောက်ခြင်း၌ လိမ္မာသည်၏အဖြစ်သည် သင်္ဃာ့အလယ်၌ ထင်ရှားစွာ ဖြစ်၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသော ငယ်သော ရဟန်းသည် ကိုယ်ကို စောင့်ရှောက်ခြင်းအမှု၌ လိမ္မာသတတ်ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ အရှင်ဘုရား ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဤ ပဉ္စင်းငယ်သည် ယခုအခါ၌ သာလျှင် ကိုယ်ကို စောင့်ရှောက်ခြင်းအမှု၌ လိမ္မာသည် မဟုတ်သေး ရှေး၌လည်း လိမ္မာသည်သာလျှင် ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တောနေရာ၌ သစ်ပင်စောင့်နတ် ဖြစ်၏။ ထိုအခါ၌ တယောက်သော ငှက်မုဆိုးသည် တခုသော တိန်ညင်ဖြစ်သော ကြက်ကိုယူ၍ သားမြီးဖြင့် ကျစ်အပ်သော ကျော့ကွင်းကြိုးကို၎င်း ကျော့ကွင်းတံကို၎င်းယူ၍ တော၌ ကြက်တို့ကို ထောင်လတ်သည်ရှိသော် ပြေး၍ တောသို့ဝင်လေသော တခုသော ကြက်ဟောင်းကို ထောင်အံ့သောငှာ အားထုတ်၏။ ထိုကြက်သည် သားမြီးကွင်း၌ လိမ္မာသည်၏ အဖြစ်ကြောင့် ကိုယ်ကို မိစိမ့်သောငှါ မပေး ပျံ၍ပျံ၍ နား၏။ မုဆိုးသည် ကိုယ်ကို သစ်ခက်ရွက်နုတို့ဖြင့် ဖုံးလွှမ်း၍ အဖန်တလဲလဲ ကျော့ကွင်းတံကို၎င်း ကျော့ကွင်းကို၎င်း ထောင်၏။ ကြက်သည် ထိုမုဆိုးကို ရှက်စေလိုသည်ဖြစ်၍ လူ၌ဖြစ်သော စကားကို မြွက်လို၍-

၁၁၇။ ဒိဋ္ဌာ မယာ ဝနေ ရုက္ခာ၊ အဿကဏ္ဏာ ဝိဘီဋကာ။
န တာနိ ဧဝံ သက္ကန္တိ၊ ယထာ တွံ ရုက္ခ သက္ကသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၇။ သမ္မ ရုက္ခ၊ အချင်းသစ်ပင်။ ဝနေ၊ တော၌။ အဿကဏ္ဏာ ရုက္ခာ စ၊ အင်ကြင်းပင်တို့ကို၎င်း။ ဝိဘီဋကာ ရုက္ခာ စ၊ သစ်ဆိမ့်ပင်တို့ကို၎င်း။ မယာ၊ ငါသည်။ ဒိဋ္ဌာ၊ မြင်ဘူးကုန်ပြီ။ တာနိ၊ ထိုသစ်ပင်တို့သည်ကား။ တွံ၊ သင်သစ်ပင်သည်။ သက္ကသိ ယထာ၊ ထိုမှ ဤမှ ရွှေ့သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ န သက္ကန္တိ၊ ထိုမှ ဤမှ မရွေ့ကုန်။

ဤသိုဆို၍ ထိုကြက်သည် ပြေး၍ တပါးသောအရပ်သို့ သွား၏။ ထိုကြက်၏ ပြေး၍ သွားသောကာလ၌ မုဆိုးသည်-

၁၁၈။ ပေါရာဏကုက္ကုဋော အယံ၊ ဘေတွာ ပဉ္ဇရမာဂတော။
ကုသလော ဝါလပါသာနံ၊ အပက္ကမတိ ဘာသတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၈။ ပဉ္ဇရံ၊ လှောင်သော ဆောင်းကို။ ဘေတွာ၊ ဘောက်၍။ အာဂတော၊ လာသော။ အယံ ပေါရာဏကုက္ကုဋော၊ ဤကြက်ဟောင်းသည်။ ဝါလပါသာနံ၊ သားမြီး ကျော့ကွင်းတို့၌။ ကုသလော၊ လိမ္မာသည်ဖြစ်၍။ အတ္တာနံ၊ မိမိကိုယ်ကို။ ဗန္ဓိတုံ၊ မိစိမ့်သောငှါ။ အဒတွာ၊ မပေးမူ၍။ အပက္ကမတိ စ၊ ကျော့ကွင်းမှရှောင်လည်းရှောင်၏။ ဘာသတိ စ၊ ငါ့ကိုလည်းဆိုခဲ့၏။ ဘာသိတွာ၊ ဆိုပြီး၍လည်း။ ပလာတော၊ ပြေး၏။

ဤသို့ဆို၍ မုဆိုးသည် တော၌လှည့်ပတ်၍ ရသမျှကိုယူ၍ အိမ်သို့လျှင် ပြန်သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မုဆိုးဖြစ်ဘူးပြီ၊ ယခုအခါ ကိုယ်ကိုစောင့်ခြင်း၌ လိမ္မာသော ငယ်သော ရဟန်းသည် ထိုအခါ ကြက်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါဆိုခဲ့ပြီးသော အကြောင်းကို မျက်မှောက်ပြုသော ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ချင့်ချိန်သင့်စွာ၊ အရာရာ၊ ကိုယ်မှာစောင့်လတ် ဘေးမကပ်

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကုက္ကုဋဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-နတံဒဠှဝဂ်

၁၀။ ကန္ဒဂလကဇာတ်

သစ်တောက်ငှက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အမ္ဘော ကော နာမာယံ ရုက္ခော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကန္ဒဂလကဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားအတုပြုခြင်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကိုချဲ့ဦးအံ့၊ ထိုအခါ ဒေဝဒတ်သည် ဘုရားအတုကိုပြု၏ဟု ဘုရားသခင်သည် ကြားတော်မူ၍ ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ငါ၏ အတုဖြစ်သော အမူအရာကို ပြုခြင်းကြောင့် ပျက်စီးခြင်းသို့ရောက်သည် မဟုတ်သေး၊ ရှေး၌လည်း ရောက်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်၌ သစ်တောက်လောက် ငှက်မျိုး၌ ဖြစ်၏။ ဘုရားလောင်းအား ခဒိရဝနိယဟူသော အမည်သည် ဖြစ်၏။ ရှားတော၌လျှင် အစာကိုယူ၏။ ထိုခဒိရဝနိယအား တခုသော ကန္ဒဂလကအမည်ရှိသောအဆွေခင်ပွန်းသည် ဖြစ်၏။ ထိုကန္ဒဂလကသည် လက်ပံတော ကသစ်တော၌ အစာရှာယူ၏။ ထိုကန္ဒဂလကသည် တနေ့သ၌ ခဒိရဝနိယ၏အထံသို့ သွား၏။ ခဒိရဝနိယသည် ငါ၏အဆွေခင်ပွန်းသည် လာ၏ဟူ၍ ကန္ဒဂလကကိုခေါ်၍ ရှားတောသို့ဝင်၍ ရှားပင်တုံးကို နှုတ်သီးဖြင့်ပေါက်၍ ရှားပင်မှပိုးတို့ကိုထုတ်၍ ထိုကန္ဒဂလကအား ပေး၏။ ကန္ဒဂလကသည် ပေးတိုင်းပေးတိုင်းကုန်သော ပိုးတို့ကို ချိုစွာကုန်သောမုန့်ကဲ့သို့ ဖြတ်၍ဖြတ်၍ စား၏။ ထိုကန္ဒဂလကအား စားစဉ်ပင်လျှင် မာနသည်ဖြစ်၏။ အဘယ်သို့ ဖြစ်သနည်းဟူမူကား ဤခဒိရဝနိယသည်လည်း သစ်တောက်လောက် အမျိုး၌ဖြစ်သော ငှက်တည်း၊ ငါသည်လည်း သစ်တောက်လောက်အမျိုး၌ ဖြစ်သောငှက်တည်း၊ ငါ့အား ထိုခဒိရဝနိယသည် ပေးအပ်သောအစာဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ အလိုလိုသာလျှင် ရှားတော၌ အစာကို ငါယူအံ့ဟု မာနသည်ဖြစ်၏။ ဖြစ်ပြီး၍ ထိုကန္ဒဂလကသည် ခဒိရဝနိယကို အဆွေ သင်သည် ဆင်းရဲကို မခံပါလင့်၊ ငါသည်ပင်လျှင် ရှားတော၌ အစာကိုယူအံ့ဟု ဆို၏။

ထိုအခါ၌ ကန္ဒဂလကကို ခဒိရဝနိယသည် အဆွေ သင်သည် လက်ပံတော ကသစ်တောဝယ် အနှစ်မရှိသောသစ်ပင်၌ အစာယူသောအမျိုး၌ ဖြစ်၏။ ရှားပင်တို့မည်သည်ကား ဇာတ်အားဖြင့် အနှစ်ရှိကုန်၏။ ချင်ချင်မာကုန်၏။ သင်သည် ဤသို့အလိုလိုအစာယူခြင်းကို မနှစ်သက်လင့်ဟု ဆို၏။ ကန္ဒဂလကသည် ငါသည် သစ်တောက်လောက် အမျိုး၌ဖြစ်သော ငှက်မဟုတ်ပါလောဟု ခဒိရဝနိယ၏စကားကို မယူမူ၍ လျင်မြန်စွာပျံ၍ ရှားပင်ကို နှုတ်သီးဖြင့် ပေါက်၏။ ထိုခဏ၌လျှင် ထိုကန္ဒဂလက၏ နှုတ်သီးသည် ပြတ်၏။ မျက်လုံးတို့သည် ထွက်သောအခြင်းအရာသို့ ရောက်ကုန်၏။ ဦးခေါင်းသည် ကွဲ၏။ ထိုကန္ဒဂလကသည် ပင်စည်၌ တည်အံ့သောငှါ မစွမ်းနိုင်သည်ဖြစ်၍ မြေသို့ကျ၍-

၁၁၉။ အမ္ဘော ကော နာမယံ ရုက္ခော၊ သိန္နပတ္တော သကဏ္ဋကော။
ယတ္ထ ဧကပ္ပဟာရေန၊ ဥတ္တမင်္ဂံ ဝိဘိဇ္ဇိတံ။

ဟူသော ရှေးဦးစွာသောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၉။ အမ္ဘာ၊ အဆွေ ခဒိရဝနိယ။ ယတ္ထ၊ အကြင်သစ်ပင်၌။ ဧကပ္ပဟာန၊ တချက်တည်းသာ ပေါက်မိသဖြင့်။ ဥတ္တမင်္ဂံ၊ ဦးခေါင်းသည်။ ဝိဘိဇ္ဇိတံ၊ ကွဲ၏။ သကဏ္ဋကော၊ အဆူးရှိထသော။ သိန္နပတ္တော၊ သေးသောအရွက်ရှိထသော။ အယံ ရုက္ခာ၊ ဤသစ်ပင်သည်ကား။ ကောနာမ၊ အဘယ်မည်သောသစ်ပင်နည်း။

ထိုကန္ဒဂလက၏ စကားကို ကြား၍ ခဒိရဝနိယသည်-

၁၂၀။ အစာရိ ဝတာယံ ဝိတုဒံ ဝနာနိ၊ ကဋ္ဌဂ္ဂရုက္ခေသု အသာရကေသု။
အထာသဒါ ခဒိရံ ဇာတသာရံ၊ ယတ္ထဗ္ဘိဒါ ဂရုဠော ဥတ္တမင်္ဂံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၁၂၀။ ဘော ကန္ဒဂလက၊ အို ကန္ဒဂလက။ ဂရုဠော၊ ငှက်မြတ်ဖြစ်သော။ အယံ-ဤဒိသော၊ ဤသို့သဘောရှိသော။ တွံ၊ သင်သည်။ ဝနာနိ၊ အနှစ်မရှိကုန်သော လက်ပံတော ကသစ်တောတို့ကို။ ဝိတုဒံ-ဝိတုဒန္ဒော၊ ထွင်းလျက်။ အသာရကေသု၊ အနှစ်မရှိကုန်သော လက်ပံကသစ် အစရှိကုန်သော။ ကဋ္ဌဂ္ဂရုက္ခေသု၊ ထင်းအစုသာ ဖြစ်ကုန်သော သစ်ပင်တို့၌။ ဝတ၊ စင်စစ်။ အစာရိ၊ ကျက်စား လှလေပြီ။ အထ၊ ထို့နောင်မှ။ ဇာတသာရံ၊ ဇာတ်ကားဖြင့် အနှစ်ရှိသော။ ခဒိရံ၊ ရှားတောသို့။ အာသဒါ ပါပုဏိ၊ ရောက်လာ၏။ ပါပုဏိတွာ၊ ရောက်လာ၍။ ယတ္ထ၊ အကြင်သစ်ပင်၌။ ဥတ္တမင်္ဂံ၊ ဦးခေါင်းကို။ အဗ္ဘိဒါ၊ ခွဲ၏။ သော သာရရုက္ခော၊ ထိုအနှစ်ရှိသောသစ်ပင်သည်။ ခဒိရော နာမ၊ ရှားပင်မည်၏။

ထိုကန္ဒဂလကသည် ထိုအရပ်၌လျှင် အသက်ကုန်ခြင်းသို့ ရောက်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကန္ဒဂလက ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ခဒိရဝနိယ ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

အထင်ကြီးက၊ ပျက်စီးရ၊ ဒုက္ခ ကိုယ်ပင်တွေ့

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကန္ဒဂလကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၁။ သောမဒတ္တဇာတ်

ကြောက်တတ်သော ပုဏ္ဏား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အကာသိ ယောဂ္ဂံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသောမဒတ္တဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လာဠုဒါယီမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကိုချဲ့ဦးအံ့၊ ထိုလာဠုဒါယီသည် နှစ်ယောက် သုံးယောက်ကုန်သောသူတို့၏ အတွင်း၌ တခွန်းသောစကားကိုလည်း ပြည့်စုံစေ၍ ဆိုအံ့သောငှါ မစွမ်းနိုင်၊ ရွံ့ရှားခြင်းများသည်ဖြစ်၍ တပါးကို ဆိုအံ့ဟူ၍ တပါးကိုသာလျှင် ဆိုမိ၏။ ထိုလာဠုဒါယီမထေရ်၏ ထိုအကြောင်းကို ရဟန်းတို့သည် တရားသဘင်၌ ပြောဟောကုန်လျက် နေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ လာဠုဒါယီသည် ယခုခါ၌သာလျှင် ရွံရှားခြင်းများသည် မဟုတ်သေး၊ ရှေး၌လည်း ရွံရှားခြင်းများသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် တဦးသော ပုဏ္ဏားမျိုးဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ အတတ်ကိုသင်၍ တဖန် အိမ်သို့လာလတ်၍ အမိအဘတို့၏ ဆင်းရဲသည်၏ အဖြစ်ကိုသိ၍ ယုတ်မာသောအမျိုးမှ မြတ်သောအမျိုးကို ဖြစ်စေအံ့ဟူ၍ အမိအဘတို့ကိုပန်၍ ဗာရာဏသီသို့သွား၍ မင်းကို ခစား၏။ မင်းသည် ချစ်မြတ်နိုးသည် ဖြစ်၏။ ထိုအခါ သောမဒတ္တ၏ နွားနှစ်ခုတို့ဖြင့်လျှင်ထွန်၍ အသက်ကိုမွေးသော အဘ၏ ထိုနွားနှစ်ခုတို့တွင် နွားတခုသည် သေ၏။ ထိုပုဏ္ဏားသည် ဘုရားလောင်းသို့ကပ်၍ ချစ်သား တခုသော နွားသည် သေ၏။ ထွန်ခြင်းအမှုသည် မဖြစ်နိုင်၊ ထို့ကြောင့် သင်သည် မင်းကို နွားတခုကို တောင်းလော့ဟုဆို၏။ ဘခင် ငါသည် မင်းကို မြင်ရသည်ကား မမြင့်သေး၊ ယခုအခါ၌လျှင် ငါသည် မင်းကို နွားတောင်းအံ့သောငှါ မသင့်၊ သင်တို့ပင်လျှင် တောင်းကုန်လောဟု ဘုရားလောင်းသည် ဆို၏။ ချစ်သား သင်သည် ငါ၏ ရှက်ကြောက် ရွံရှားခြင်းများသည်၏အဖြစ်ကိုမသိ၊ ထိုစကားသည်မှန်၏။ ငါသည် နှစ်ယောက် သုံးယောက်ကုန်သော သူတို့၏ မျက်မှောက်၌ စကားကို ပြည့်စုံစိမ့်သောငှါ မစွမ်းနိုင်၊ ငါသည် မင်း၏အထံသို့ နွားကိုတောင်းအံ့သောငှါ အကယ်၍ သွားအံ့၊ ဤနွားကိုလည်း ပေးခဲ့မိ၍ လာလတ္တံ့ ဟု ပုဏ္ဏားသည် ဆို၏။ ဘခင် ဖြစ်လိုရာရာဖြစ်စေ၊ ငါသည် မင်းအားနွားကို တောင်းအံ့သောငှါ မစွမ်းနိုင်၊ စင်စစ်သော် ငါသည် သင်တို့ကို အတတ်ပညာ သင်ခြင်းကို ပြုအံ့ဟု ဘုရားလောင်းသည်ဆို၏။ ထိုသို့တပြီးကား ကောင်း၏။ ငါ့ကို အတတ်ပညာ သင်ခြင်းကို ပြုလော့ဟု ဆိုသည်ရှိသော်-

ဘုရားလောင်းသည် အဘကို ခေါ်၍ ဗီရဏထမ္ဘက အမည်ရှိသော သုသာန်သို့သွား၍ ထိုထိုအရပ်၌ မြက်စုတို့ကိုစည်း၍ ဤကား မင်းတည်း၊ ဤကား အိမ်ရှေ့မင်းတည်း၊ ဤကား စစ်သူကြီးတည်း၊ ဤသို့ အမည်ကိုပြု၍ အစဉ်အားဖြင့်ပြ၍ ဘခင် သင်သည် မင်း၏အထံသို့သွား၍ မင်းမြတ် အရှင်သည် အောင်တော်မူစေသတည်းဟု ဆိုလော့၊ ဆိုပြီး၍-

ဒွေ မေ ဂေါဏာ မဟာရာဇာ၊ ယေဟိ ခေတ္တံ ကသာမသေ။
တေသု ဧကော မတော ဒေဝ၊ ဒုတိယံ ဒေဟိ ခတ္တိယ။

ဟူသော ဂါထာကိုရွတ်၍ နွားကို တောင်းလောဟု ဂါထာကို သင်စေ၏။

မဟာရာဇ၊ မင်းမြတ်။ မေ၊ အကျွန်ုပ်အား။ ဒွေ ဂေါဏာ၊ နွားနှစ်ခုတို့သည်။ သန္တိ၊ ရှိကုန်၏။ ယေဟိ၊ အကြင်နွားနှစ်ခုတို့ဖြင့်။ မယံ၊ အကျွန်ုပ်တို့သည်။ ခေတ္တံ၊ လယ်ကို။ ကသာမသေ၊ ထွန်ကုန်၏။ ဒေဝ၊ မင်းမြတ်။ တေသု၊ ထိုနွားနှစ်ခုတို့တွင်။ ဧကော၊ နွားတခုသည်။ မတော၊ သေ၏။ ခတ္တိယ၊ မင်းမြတ်။ ဒုတိယံ၊ အဘော်ဖြစ်သောနွားကို။ ဒေဟိ၊ ပေးတော်မူပါလော့။

ဤသို့ ပုဏ္ဏားသည် တနှစ်လည်သဖြင့် ဂါထာကို လေ့လာသည်ကို ပြု၍ ဘုရားလောင်းကို ချစ်သား သောမဒတ် ဂါထာသည် လေ့လာသည်ဖြစ်ပြီး၊ ယခုအခါ ငါသည် အမှတ်မရှိသောသူ၏ အထံ၌ ဆိုအံ့သောငှါ စွမ်းနိုင်၏။ ငါ့ကို မင်း၏အထံသို့ ဆောင်လော့ဟု ဆို၏။ ဘုရားလောင်းသည် ဘခင် ကောင်းပြီဟုဆို၍ သင့်တင့်လျောက်ပတ်သော လက်ဆောင်ကို ယူစေ၍ အဘကို မင်း၏အထံသို့ ဆောင်၏။ ပုဏ္ဏားသည် မင်းမြတ် အရှင်သည် အောင်စေသတည်းဟုဆို၍ လက်ဆောင်ကို ဆက်၏။ မင်းသည်လည်း သောမဒတ် ဤပုဏ္ဏားသည် သင်နှင့်အဘယ်သို့တော်ကြသနည်းဟု မေး၏။ မင်းမြတ် အကျွန်ုပ်၏ အဘတည်းဟု သောမဒတ်သည် လျှောက်၏။ အဘယ်အမှုကြောင့် လာသနည်းဟု မင်းသည် မေး၏။ ထိုခဏ၌ ပုဏ္ဏားသည် နွားကိုတောင်းအံ့သောငှာ-

ဒွေ မေ ဂေါဏာ မဟာရာဇ၊ ယေဟိ ခေတ္တံ ကသာမသေ။
တေသု ဧကော မတော ဒေဝ၊ ဒုတိယံ ဂဏှ ခတ္တိယ။

ဟူသော ဤဂါထာကိုဆို၏။

မဟာရာဇ၊ မင်းမြတ်။ မေ၊ အကျွန်ုပ်အား။ ဒွေ ဂေါဏာ၊ နွားနှစ်ခုတို့သည်။ သန္တိ၊ ရှိကုန်၏။ ယေဟိ၊ အကြင် နွားနှစ်ခုတို့ဖြင့်။ မယံ၊ အကျွန်ုပ်တို့သည်။ ခေတ္တံ၊ လယ်ကို။ ကသာမသေ၊ ထွန်ပါကုန်၏။ ဒေဝ၊ မင်းမြတ်။ တေသု၊ ထိုနွားနှစ်ခုတို့တွင်။ ဧကော၊ နွားတခုသည်။ မတော၊ သေ၏။ ခတ္တိယ၊ မင်းမြတ်။ ဒုတိယံ၊ နှစ်ခုမြောက်ဖြစ်သောနွားကို။ ဂဏှ၊ ယူတော်မူလော့။

မင်းသည် ပုဏ္ဏား ချွတ်ယွင်း၍ ဆိုသည်၏ အဖြစ်ကိုသိ၍ ရယ်ခြင်းကိုပြုလျက် သောမဒတ် သင်တို့၏အိမ်၌ နွားတို့သည် များကုန်ယောင်တကားဟုဆိုသည်ရှိသော် မင်းမြတ် နွားတို့ကို အရှင်မင်းမြတ်သည် ပေးတော်မူအပ်ကုန်သည်ဖြစ်၍ များကုန်လတ္တံ့ ဟု သောမဒတ် လျှောက်၏။ မင်းသည် ဘုရားလောင်းအားနှစ်သက်၍ ပုဏ္ဏားအား တဆယ့်ခြောက်ခုသော နွားတို့ကို၎င်း၊ ထိုပုဏ္ဏား၏ နေသောရွာကို၎င်း မြတ်သောပေးခြင်းဖြင့် ပေးလိုက်၍ များသောအခြံအရံဖြင့် ပုဏ္ဏားကို လွှတ်လိုက်၏။ ပုဏ္ဏားသည် ကိုယ်လုံးဖြူသော သိန္ဓောမြင်းတို့ဖြင့် က, အပ်သော ရထားကိုစီး၍ များစွာသော အခြံအရံဖြင့် ရွာသို့သွား၏။ ဘုရားလောင်းသည် အဘနှင့်တကွ ရထားစီး၍ သွားသည်ရှိသော် ဘခင် ငါသည် သင်တို့ကို တနှစ်ပတ်လုံး လေ ကျက်ခြင်းကို ပြုစေ၏။ ထိုသို့ပြုစေပါလျက် တောင်းခြင်းကို ပြီးစေသော ကာလ၌ သင်တို့၏ နွားကိုမင်းအား ပေး၏ဟု ဆိုလို၍-

၁၂၁။ အကာသိ ယောဂံ ဓုဝမပ္ပမတ္တော၊
သံဝစ္ဆရံ ဗီရဏထမ္ဘကသ္မိံ၊
ဗျာကာသိ အညံ ပရိသံ ဝိဂယှ၊
န နိယျမော တာယတိ အပ္ပပညံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၁။ တာတ၊ ဘခင်။ ဓုဝံ၊ မပြတ်။ အပ္ပမတ္တော၊ မမေ့မလျော့။ သံဝစ္ဆရံ၊ တနှစ်ပတ်လုံး။ ဗီရဏထမ္ဘကသ္မိံ၊ ဗီရဏထမ္ဘကသုသာန်၌။ ယောဂံ၊ လေ့ကျက်ခြင်းကို။ ဗျာကာသိ၊ ပြု၏။ ပန၊ ထိုသို့လျက်။ ပရိသံ၊ ပရိသတ်သို့။ ဝိဂယှ၊ ဝင်၍။ အညံ၊ တပါးကို။ ဗျာကာသိ၊ ဆို၏။ အပ္ပပညံ၊ ပညာနည်းသောသူကို။ နိယျမော၊ အမြဲလေ့ကျက်ခြင်းသည်။ န တာယတိ၊ မစောင့်မရှောက်။

ထိုအခါ ဘုရားလောင်း၏ စကားကိုကြား၍ ပုဏ္ဏားသည်-

၁၂၂။ ဒွယံ ယာစကော တာတ၊ သောမဒတ္တ နိဂစ္ဆတိ။
အလာဘံ ဓန လာဘံ ဝါ၊ ဧဝံ ဓမ္မာဟိ ယာစနာ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၂။ တာတ သောမဒတ္တ၊ ချစ်သား သောမဒတ်။ ဓနံ၊ ဥစ္စာကို။ ယာစကော၊ တောင်းသောသူသည်။ အလာဘံ ဝါ၊ မရခြင်းကို၎င်း။ လာဘံ ဝါ၊ ရခြင်းကို၎င်း။ ဣတိ၊ ဤသို့။ ဒွယံ၊ နှစ်ပါးသော အပြားသို့။ နိဂစ္ဆတိ၊ ရောက်တတ်၏။ ဟိ-သစ္စံ၊ မှန်၏။ ယာစနာ၊ တောင်းခြင်းသည်။ ဧဝံ ဓမ္မာ၊ ဤသို့ သဘောရှိ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ လာဠုဒါယီသည် ယခုအခါ၌သာလျှင် ကြောက်ရှက် ရွံရှားတတ်သော အဖြစ်များသည် မဟုတ်သေး၊ ရှေး၌လည်း ကြောက်ရှက် ရွံရှားတတ်သောအဖြစ်များသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ လာဠုဒါယီသည် ထိုအခါ သောမဒတ်အဘ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သောမဒတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကြောက်တတ်များက၊ မှားတတ်လှ၊ သူရ နေ့စဉ်လေ့

ရှေးဦးစွာသော သောမဒတ္တဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၂။ ဥစ္ဆိဋ္ဌဘတ္တဇာတ်

စားကြွင်းစားပုဏ္ဏား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အညော ဥပရိမော ဝဏ္ဏော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာ ဆင်အပ်သော ဤဥစ္ဆိဋ္ဌဘတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖျားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့သည်ဟူ၍ ငါကြားရသည်ကား မှန်သလောဟု မြတ်စွာဘုရားသည် မေးတော်မူလတ်သည်ရှိသော် မှန်ပေ၏ဟု နားတော်လျောက်၏။ သင့်ကို အဘယ်သူသည် ငြီးငွေ့စေသနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား မယားဟောင်းသည် ငြီးငွေ့စေအပ်၏ဟု နားတော်လျောက်၏။ ထိုအခါ၌ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း ဤမိန်းမသည် သင်၏ အကျိုးစီးပွားမဲ့ကိုသာ ပြုတတ်၏။ ရှေး၌လည်း မိမိ၏ သယောက်လင်၏ စားကြွင်းထမင်းကို ကျွေးဘူးပြီတကားဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တဦးသော ထမင်းကို လှည့်ပတ်တောင်းစား၍ အသက်မွေးရသော နဋအမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ဆင်းရဲသည်။ မကောင်းသောအဆင်းနှင့် ပြည့်စုံသည်ဖြစ်၍ ထမင်းကို လှည့်ပတ်တောင်းစား၍ အသက်ကို မွေး၏။ ထိုအခါ ကာသိတိုင်းဝယ် တခုသောရွာငယ်၌ တယောက်သော ပုဏ္ဏား၏ ပုဏ္ဏေးမသည် သီလမရှိသည် ဖြစ်၏။ ထိုပုဏ္ဏေးမသည် ထိုသယောက်လင်နှင့်တကွ အလွန်အကျူးကိုကျင့်၍ အတန်ငယ်နေဦးလော့ ဦးသောအစာ၌သာလျှင် စားရလတ္တံ့ဟုဆို၍ ထမင်းကို ပြည့်စုံစေ၍ အမဲဟင်းလျာနှင့် ပြည့်စုံသော နွေးသောထမင်းကိုခူး၍ စားလော့ဟု ထိုသယောက်လင်အားပေး၍ မိမိသည် ပုဏ္ဏား၏ လာခြင်းကိုမျှော်လျက် တံခါး၌ ရပ်၏။ ဘုရားလောင်းသည် ပုဏ္ဏေးမ၏ သယောက်လင်စားရာအရပ်၌ ထမင်းကို တောင့်တလျက် ရပ်၏။ ထိုခဏ၌ ပုဏ္ဏားသည် အိမ်သို့ ရှေးရှုလာ၏။ ပုဏ္ဏေးမသည် ထိုပုဏ္ဏား လာလတ်သည်ကို မြင်၍ လျင်မြန်စွာဝင်၍ ထလော့ ပုဏ္ဏားသည် လာ၏ဟု သယောက်လင်ကို ကျီတွင်းသို့ သွင်း၏။ ပုဏ္ဏားသည်ဝင်၍ နေသောကာလ၌ ဆေးရေခံခွက်ကိုဆောင်၍ လက်ဆေးရေကိုပေး၍ သယောက်လင်၏ စားကြွင်းဖြစ်သော အေးသောထမင်း၏အပေါ်၌ နွေးသောထမင်းကိုခူး၍ ပုဏ္ဏားအား ပေး၏။ ထိုပုဏ္ဏားသည် ထမင်း၌ လက်ကိုချ၍ အထက်၌ပူသော အောက်၌အေးသော ထမင်းကိုမြင်၍ ဤထမင်းသည်ကား တပါးသောလူ၏ စားကြွင်းဖြစ်ရာ၏ဟုကြံ၏။ ကြံပြီး၍ ထိုပုဏ္ဏားသည် ပုဏ္ဏေးမကို မေးလိုရကား-

၁၂၃။ အညော ဥပရိမော ဝဏ္ဏော၊ အညော ဝဏ္ဏော အဓောဋ္ဌိမော။
ဗြာဟ္မဏီတွေဝ ပုစ္ဆာမိ၊ ကိံ ဟေဋ္ဌာ ကိဉ္စ ဥပ္ပရိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၃။ ဗြာဟ္မဏီ၊ ပုဏ္ဏေးမ။ ဘတ္တဿ၊ ထမင်း၏။ ဥပရိမော ဝဏ္ဏော၊ အထက်ဖြစ်သော အခြင်းအရာ သည်ကား။ အညော၊ တပါးတည်း။ အဓောဋ္ဌိမော၊ အောက်ဖြစ်သော။ ဝဏ္ဏော၊ အခြင်းအရာသည်ကား။ အညော၊ တပါးတည်း။ တွေဝ၊ သင့်ကိုသာလျှင်။ ပုစ္ဆာမိ၊ ငါမေး၏။ ဟေဋ္ဌာ၊ အောက်ထမင်းကား။ ကိံ၊ အသို့နည်း။ ဥပ္ပရိ၊ အထက်ထမင်းကား။ ကိဉ္စ၊ အသို့နည်း။

ပုဏ္ဏမသည် မိမိသည် ပြုအပ်သောအမှု၏ ထင်ရှားအံ့သည်မှ ကြောက်သောကြောင့် ပုဏ္ဏားသည် အဖန်တလဲလဲ မေးသော်လည်း ဆိတ်ဆိတ်နေသည်သာလျှင် ဖြစ်၏။ ထိုခဏ၌ နဋအမျိုးသားအား ကျီ၌နေစေအပ်သောယောက်ျားသည် သယောက်လင် ဖြစ်၏။ ဤပုဏ္ဏားသည် အိမ်ရှင်ဖြစ်ရာ၏။ ပုဏ္ဏေးမသည်တမူကား မိမိပြုအပ်သောအမှု၏ ထင်ရှားအံ့သည်အဖြစ်မှ ကြောက်သောကြောင့် တစုံတခုသော စကားကို မဆို၊ ယခု ငါသည် ဤပုဏ္ဏေးမသည် ပြုအပ်သောအမှုကို ထင်ရှားပြ၍ သယောက်လင်ကို ကျီထဲ၌ နေစေသည်၏အဖြစ်ကို ပုဏ္ဏားအားဆိုအံ့၊ ဤသို့အကြံသည်ဖြစ်၏ ကြံပြီး၍ ထိုနဋ္ဋအမျိုးသားဖြစ်သောသူသည် ပုဏ္ဏား၏ အိမ်မှထွက်သော ကာလမှစ၍ သယောက်လင်သည် အိမ်သို့ဝင်ခြင်းကို၎င်း အလွန်အကျူးကျင့်ခြင်းကို၎င်း ထမင်းစားခြင်းကို၎င်း ပုဏ္ဏေးမသည် တံခါး၌ရပ်၍ ခရီးကို မျှော်ခြင်းကို၎င်း သယောက်လင်သည် ကျီဝင်သည်၏ အဖြစ်ကို၎င်း အလုံးစုံသော ထိုအကြောင်းကို ကြားလို၍-

၁၂၄။ အဟံ နဋောသ်မိ ဘဒ္ဒန္တေ၊ ဘိက္ခကောသ္မိ ဣဓာဂတော။
အယံ ဟိ ကောဋ္ဌမောတိဏ္ဏာ၊ အယံ သော ယံ ဂဝေသသိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၄။ ဘဒ္ဒန္တေ၊ အိုအရှင်ပုဏ္ဏား။ အဟံ၊ ငါသည်။ နဋော၊ နဋအမျိုးသည်။ အသ္မိ၊ ဖြစ်၏။ ဘိက္ခကော၊ ထမင်းတောင်းလို၍။ ဣဓ၊ ဤအရပ်သို့။ အာဂတော၊ လာသည်။ အသ္မိ၊ ဖြစ်၏။ တွံ၊ သင်သည်။ ယံ၊ အကြင်သူကို။ ဣမိနာ၊ ဤထမင်းသည်။ ကဿ နုခါ၊ အဘယ်သူ၏လျှင်။ ဥစ္ဆိဋ္ဌကေန၊ စားကြွင်းထမင်းသည်။ ဘဝိတဗ္ဗံ၊ ဖြစ်လေရာသနည်း။ ဣတိ၊ ဤသို့။ ဂဝေသသိ၊ ရှာ၏။ ဣမံ ဘတ္တံ၊ ဤထမင်းကို။ ဘုဉ္ဇန္တော၊ စားသော။ အယံဟိ၊ ဤပုဏ္ဏေးမ၏ သယောက်လင်သည်ကား။ တဝ၊ သင်မှ။ ဘယေန၊ ကြောက်သောကြောင့်။ ကောဋ္ဌံ၊ ကျီထဲသို့။ ဩတိဏ္ဏော၊ ဝင်၏။ အယံ၊ ဤသူသည်။ သော၊ ထိုသူပင်တည်း။

ထိုသူကို ဥသျှောင်ကိုဆွဲ၍ ကျီမှထုတ်၍ နောင်တဖန် ဤသို့ သဘောရှိသော ယုတ်မာသောအကျင့်ကို မကျင့်ဝံ့အောင် ဆုံးမလော့ဟုဆို၍ ဖဲ၏။ ပုဏ္ဏားသည် ထိုနှစ်ယောက်သော သူတို့ကိုလည်း ခြိမ်းမောင်းခြင်း သတ်ပုတ်ခြင်းတို့ဖြင့် အကြင်သို့ ပြုသည်ရှိသော် တဖန် ဤသို့သဘောရှိသော အမှုကို မပြုဝံ့ကုန်၊ ထိုသို့သော အခြင်းအရာအားဖြင့် ပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကိုအဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ မယားဟောင်းသည် ထိုအခါ ပုဏ္ဏေးမ ဖြစ်ဘူးပြီ၊ ယခုအခါ ငြီးငွေ့သောရဟန်းသည် ထိုအခါပုဏ္ဏား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ နဋအမျိုးသားဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သင့်ကိုဖြားယောင်း၊ မယားဟောင်း၊ နောက်နှောင်းဝတ္ထု ကျိုးမဲ့ပြု

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဥစ္ဆိဋ္ဌဘတ္တဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၃။ ဘရုဇာတ်

လာဘ်စားသောမင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဣသီနမန္တရံ ကတွာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဘရုဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကေသလမင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ မြတ်စွာဘုရားအား၎င်း ရဟန်းအပေါင်းအား၎င်း ပစ္စည်းလေးပါးတည်းဟူသော လာဘ်ပူဇော် ဝိသေသတည်းဟူသော သက္ကာရသည် များစွာ ဖြစ်၏။ ငါသည် ဆိုအပ်သော စကား၏ သက်သေဖြစ်သော အဘယ်သို့သောစကားကို ဟောတော်မူသနည်း ဟူမူကား ထိုအခါ မြတ်စွာဘုရားကို ကောင်းစွာ ပြုအပ်သည်ဖြစ်၏။ အလေးအမြတ် ပြုအပ်သည်ဖြစ်၏။ မြတ်နိုးအပ်သည်ဖြစ်၏။ ပူဇော်အပ်သည်ဖြစ်၏။ အရိုအသေပြုသည်ဖြစ်၏။ သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏အထောက်အပံ့ဖြစ်သော ဆေးတည်းဟူသော အသက်၏ အရံအတားတို့ကို ရတော်မူသည်ဖြစ်၏။ ရဟန်းအပေါင်းကိုလည်းကောင်းစွာ ပြုအပ်သည်ဖြစ်၏။ အလေးအမြတ် ပြုအပ်သည်ဖြစ်၏။ မြတ်နိုးအပ်သည် ဖြစ်၏။ ပူဇော်အပ်သည်ဖြစ်၏။ အရိုအသေပြုအပ်သည်ဖြစ်၏။ ရဟန်းအပေါင်းသည် သင်္ကန်း ဆွမ်းကျောင်း, သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးတည်းဟူသော အရံအတားတို့ကို ရသည်ဖြစ်၍ အညတိတ္ထိယဖြစ်ကုန်သော ပရဗိုဇ်တို့သည်ကား ကောင်းစွာ ပြုအပ်ကုန်သည် မဖြစ်ကုန်၊ အလေးအမြတ် ပြုအပ်ကုန်သည် မဖြစ်ကုန်၊ မြတ်နိုးအပ်ကုန်သည်မဖြစ်ကုန်၊ ပူဇော်အပ် အရိုအသေပြုအပ်ကုန်သည် မဖြစ်ကုန်၊ ပရိဗိုဇ်တို့သည် သင်္ကန်း ဆွမ်း ကျောင်း, သူနာတို့၏အထောက်အပံ့ဖြစ်သော ဆေးတည်းဟူသော အရံအတားတို့ကို ရကုန်သည်မဖြစ်ကုန်ဟု ဟောတော်မူဘူး၏။

ထိုတိတ္ထိတို့သည် ဤသို့ လာဘ်ပူဇော် သက္ကာရမှယုတ်ကုန်၍ နေ့ညဉ့်ပတ်လုံး လွန်စွာစည်းဝေးခြင်းကို ပြုကုန်၍ အရှင်တို့ ရဟန်းဂေါတမ၏ ဖြစ်ထွန်းသော ကာလမှစ၍ ငါတို့သည် ပြတ်သော လာဘသက္ကာရ ရှိကုန်သည် ဖြစ်ကုန်၏။ ရဟန်းဂေါတမသည်ကား လာဘအစု၊ အကျော်အစော အခြံအရံ အစုကိုရသည် ဖြစ်၏။ အဘယ်အကြောင်းကြောင့်လျှင် ထိုရဟန်းဂေါတမအား ထိုပြည့်စုံခြင်းသည် ဖြစ်သနည်းဟု တိုင်ပင်ကြကုန်၏။ ထိုသို့တိုင်ပင်ကြရာ၌ အချို့ကုန်သော အညတိတ္ထိယတို့သည် အရှင်တို့ ရဟန်းဂေါတမသည် ဇမ္ဗူဒိပ်ကျွန်းအလုံး၏ မြတ်သောဌာနဖြစ်သော မြေတို့၏ အထွတ်အထိပ်၌ နေရ၏။ ထို့ကြောင့် ထိုရဟန်းဂေါတမအား လာဘသက္ကာရသည် ဖြစ်၏ဟု ဆိုကုန်၏။ ကြွင်းကုန်သော အညတိတ္ထိယတို့သည်ကား အရှင်တို့ ထိုအရှင်တို့ဆိုသော အကြောင်းသည် ရှိ၏။ ငါတို့သည် ဇေတဝန်အပြင်၌ တိတ္ထိတို့၏အရံကို ပြုကြကုန်အံ့၊ ဤသို့ ပြုကုန်သည်ရှိသော် လာဘရှိကုန်သည် ဖြစ်လတ္တံ့ဟု ဆိုကုန်၏။ ထိုအလုံးစုံသော တိတ္ထိတို့သည်လည်း ထိုစကားသည် ကောင်းပြီဟု အပြီးသတ်ခြင်းကို ပြုကုန်၍ ငါတို့သည် မင်းအား မကြားကုန်မူ၍ အရံကို အကယ်၍ ပြုကုန်အံ့၊ ရဟန်းတို့သည် မြစ်ကုန်လတ္တံ့၊ တံစိုးကိုရ၍ မပျက်သောမည်သည်ကား မရှိ၊ ထို့ကြောင့် မင်းအား တံစိုးကို ပေးကုန်၍ အရံရာကို ယူကုန်အံ့ဟု တိုင်ပင်ကြ ကုန်၍ အလုပ်အကျွေးတို့ကို တောင်းကုန်၍ မင်းအား တသိန်းသော လက်ဆောင်ကို ပေးကုန်၍ မင်းမြတ် ငါတို့သည် ဇေတဝန်အပြင်၌ တိတ္ထိတို့၏အရံကို ပြုကုန်အံ့၊ ရဟန်းတို့သည် ပြုစိမ့်သောငှာ မပေးကုန်အံ့ဟူ၍ အရှင်မင်းကြီးတို့အား အကယ်၍ လာကုန်အံ့၊ ထိုရဟန်းတို့အား စကားကို မပေးပါလင့်ဟု ဆိုကုန်၏။ မင်းသည် တံစိုး၌တပ်မက်မောခြင်းကြောင့် ကောင်းပြီဟု ဝန်ခံ၏။

တိတ္ထိတို့သည် မင်းမိန့်ကို ကောင်းစွာယူကုန်၍ လက်သမားတို့ကို ခေါ်စေကုန်၍ အမှုတို့ကို ဖြစ်စေကုန်၏။ ကျယ်စွာသော အသံရှိသည် ဖြစ်၏။ မြတ်စွာဘုရားသည် အာနန္ဒာ ကျယ်စွာသော အသံရှိကုန်သော ထိုသူတို့သည်ကား အဘယ်သူတို့နည်းဟု မေးတော်မူ၏။ အာနန္ဒာသည် အရှင်ဘုရား အညတိတ္ထိယတို့သည် ဇေတဝန်အပြင်၌ တိတ္ထိတို့၏အရံကို ပြုကုန်၏။ ထိုအသံသည်ကား ထိုအရံပြုရာ၌ဖြစ်သော အသံတည်းဟု လျှောက်၏။ အာနန္ဒာ ထိုအရပ်သည်ကား တိတ္ထိတို့၏အရံအား မလျောက်ပတ်၊ တိတ္ထိတို့သည် ကျယ်သောအသံကို အလိုရှိကုန်၏။ ထိုတိတ္ထိတို့နှင့်တကွ နေအံ့သောငှါ မတတ်ကောင်းဟု မိန့်တော်မူ၍ ရဟန်းအပေါင်းကို စည်းဝေးစေ၍ ရဟန်းတို့ သင်တို့သည် သွားကြကုန်၍ မင်းအား ကြားကုန်၍ အညတိတ္ထိယတို့၏ အရံပြုခြင်းကို မြစ်ကုန်လော့ဟု မိန့်တော်မူ၏။ ရဟန်းအပေါင်းသည်သွား၍ မင်း၏နန်းတံခါး၌ ရပ်၏။ မင်းသည် သင်္ဃာလာသည်၏အဖြစ်ကို ကြား၍လည်း အညတိတ္ထိယတို့၏ အရံကိုမှီကုန်၍ လာကုန်သည် ဖြစ်ကုန်လတ္တံ့ဟု နှလုံးသွင်း၍ တံစိုးကို ယူမိသည်၏အဖြစ်ကြောင့် မင်းသည် နန်းတော်၌မရှိဟု ဆိုစေ၏။ ရဟန်းတို့သည် လာကုန်၍ မြတ်စွာဘုရားအား လျှောက်ကုန်၏။ မြတ်စွာဘုရားသည် တံစိုးကိုအမှီပြု၍ မင်းသည် ဤသို့ ပြု၏ဟု သိတော်မူ၍ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကို စေတော်မူ၏။ မင်းသည် ထိုနှစ်ပါးကုန်သော အဂ္ဂသာဝကတို့၏လည်း လာသည်၏ အဖြစ်ကိုလည်းသိ၍ ထို့အတူ၎င်းလျှင် ဆိုစေ၏။ ထိုနှစ်ပါးကုန်သော အဂ္ဂသာဝကတို့သည်လည်း လာလတ်ကုန်၍ မြတ်စွာဘုရားအား လျှောက်ကုန်၏။ မြတ်စွာဘုရားသည် သာရိပုတ္တရာ ယခုအခါ၌ မင်းသည် နန်း၌ နေအံ့သောငှာ ငါသည်မရရာဟု နှလုံးသွင်း၍ အပသို့ ထုတ်၏ဟု မိန့်တော်မူ၍ နက်ဖြန်နံနက်အခါ၌ သင်းပိုင်ကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူတော်မူ၍ ငါးရာကုန်သော ရဟန်းတို့နှင့်တကွ မင်း၏ နန်းတံခါးသို့ ကြွတော်မူ၍ မင်းသည် ကြား၍ ပြာသာဒ်မှသက်၍ သပိတ်ကိုယူ၍ မြတ်စွာဘုရားကို ပင့်၍ ဘုရားအမှူးရှိသော ရဟန်းအပေါင်းအား ယာဂုခဲဘွယ်ကိုလှူ၍ မြတ်စွာဘုရားကိုရှိခိုး၍ တင့်အပ်သောအရပ်၌ နေ၏။ မြတ်စွာဘုရားသည် မင်းသား တပါးသောအကြောင်းအားဖြင့်ဖြစ်သော ဓမ္မဒေသနာတော်ကို ဟောတော်မူလို၍ မင်းမြတ် ရှေးမင်းတို့သည် တံစိုးကိုယူကုန်၍ သီလရှိကုန်သောသူမြတ်တို့ကို တယောက်သည် တယောက်အား အငြင်းအခုံကို ပြုစေကုန်၍ မိမိတိုင်းနိုင်ငံကို အစိုးမရသည် ဖြစ်ကုန်၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ဘူးကုန်၏ဟု မိန့်တော်မူ၍ ထိုကောသလမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... မင်းမြတ် လွန်လေပြီးသောအခါ ဘရုတိုင်း၌ ဘရုမည်သောမင်းသည် မင်းပြု၏။ ထိုအခါ၌ ဘုရားလောင်းသည် ငါးပါးသော အဘိညာဉ်, ရှစ်ပါးသော သမာပတ်ကိုရသော ရသေ့အပေါင်းတို့၏ဆရာဖြစ်သော ရသေ့ဖြစ်၍ ဟိမဝန္တာအရပ်၌ ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှါ ရသေ့ငါးရာခြံလျက် ဟိမဝန္တာမှသက်၍ အစဉ်သဖြင့် ဘရုမြို့သို့ ရောက်၍ ထိုဘရုမြို့၌ဆွမ်းခံ၍ မြို့မှထွက်၍ မြောက်တံခါးအနီး၌ အခက်အခွနှင့် ပြည့်စုံသော ပညောင်ပင်အရင်း၌နေ၍ ဆွမ်းစားခြင်းကိစ္စကိုပြု၍ ထိုပညောင်ပင်အရင်း၌လျင် နေခြင်းကိုပြု၏။ ဤသို့ ထိုရသေ့အပေါင်းသည် ထိုပညောင်ပင်ရင်း၌လျှင် နေသည်ရှိသော် လခွဲလွန်သဖြင့် တပါးသော ငါးရာအခြံအရံရှိသော ရသေ့အပေါင်းတို့၏ ဆရာသည် လာလတ်၍ မြို့တွင်း၌ ဆွမ်းခံ၍ မြို့မှထွက်၍ တောင်တံခါး၌တည်၍ ထိုသို့သဘောရှိသည် သာလျှင်ဖြစ်သော ပညောင်ပင်ရင်း၌ နေခြင်းကို ပြု၏။ ဤသို့ ထိုနှစ်ဦးကုန်သော ရသေ့အပေါင်းတို့သည်လည်း ဘရုမြို့၌ မွေ့လျော်ပျော်ပိုက်သရွေ့နေကုန်၍ ဟိမဝန္တာသို့လျှင် သွားကြကုန်၏။

ထိုရသေ့တို့၏ သွားသောကာလ တောင်တံခါး၌ ပညောင်ပင်သည် ခြောက်၏။ နောက်တကြိမ်၌ ထိုရသေ့တို့သည် ရှေးဦးစွာ လာလတ်ကုန်၍ မိမိတို့၏ ပညာင်ပင်သည် ခြောက်သည်၏အဖြစ်ကို သိကုန်၍ ဆွမ်းခံကုန်၍ မြို့မှထွက်ကုန်၍ မြောက်တံခါးအနီး၌ ပညောင်ပင်အရင်းသို့ သွားကုန်၍ ဆွမ်းစားခြင်း ကိစ္စကိုပြကုန်၍ ထိုမြောက်တံခါး၏ အနီးဖြစ်သော ပညောင်ပင်ရင်း၌ နေခြင်းကိုပြုကုန်၏။ ဤမှတပါးသော ရသေ့တို့သည်ကား နောက်မှလာလတ်ကုန်၍ မြို့၌ဆွမ်းခံကုန်၍ မိမိ၏ ပညောင်ပင်ရင်းသို့သာလျှင် သွားကုန်၍ ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုကုန်၍ နေခြင်းကိုပြုကုန်၏။ ထိုရသေ့တို့သည် သင်တို့၏သစ်ပင်လော, ငါတို့၏ သစ်ပင်တကား၊ ဤသို့ သစ်ပင်ကိုမှီကုန်၍ တယောက်သည် တယောက်အား ခိုက်ရန်ကိုပြုကြကုန်၏။ ထိုခိုက်ရန်သည်ကြီးသည်ဖြစ်၏။ အချို့ကုန်သောရသေ့တို့သည် ငါတို့၏ ရှေးဦးစွာ နေသောအရပ်ကို သင်တို့သည် မရလတ္တံ့ဟု ဆိုကုန်၏။ အချို့ကုန်သော ရသေ့တို့သည် ငါတို့သည် ဤအရပ်၌ ရှေးဦးစွာလာ၍ နေကုန်၏။ သင်တို့သည် မရကုန်လတ္တံ့ဟု ဆိုကုန်၏။ ဤသို့ ထိုနှစ်ဦးကုန်သောရသေ့တို့သည် ငါတို့သည်သာ အရှင်ဖြစ်ကုန်၏။ ငါတို့သည်သာ အရှင်ဖြစ်ကုန်၏ဟု ငြင်းခုံခြင်းကို ပြုကုန်လျက် ရုက္ခမူ၏အကျိုးငှါ မင်းအိမ်သို့ သွားကြကုန်၏။ မင်းသည် ရှေးဦးစွာနေဘူးသော ရသေ့အပေါင်းကို သာလျှင် အရှင်ပြု၏။ နောက်မှနေလာကုန်သော ရသေ့တို့သည် ယခုအခါ၌ ငါတို့သည် ဤရသေ့တို့မှ မရှုံးသင့်ကုန်သေး၊ ငါတို့ကိုသာလျှင် ပေးစေကုန်ဦးအံ့ဟု ဒိဗ္ဗစက္ခုဖြင့် ကြည့်ကုန်၍ တခုသော စကြဝတေးမင်း၏ အသုံးအဆောင်ဖြစ်သော ရထားချိုင့်ကိုမြင်ကုန်၍ ဆောင်ကုန်၍ မင်းအား တံစိုးကိုပေးကုန်၍ မင်းမြတ် ငါတို့ကိုလည်း အရှင်တို့ကို ပြုဦးလော့ဟု ဆိုကုန်၏။

မင်းသည် တံစိုးကိုယူ၍ နှစ်ဦးသော ရသေ့တို့သည်လည်း နေကြကုန်လော့၊ ဤသို့နှစ်ဦးသောရသေ့တို့ကိုလည်း အရှင်တို့ကိုပြုကုန်၏။ ဤမှ တပါးကုန်သောရသေ့တို့သည် ထိုရထားချိုင့်၏ ရထားလှည်းဘီးတို့ကို ထုတ်ကုန်၍ တံစိုးကိုပေးကုန်၍ မင်းမြတ် ငါတို့ကိုသာလျှင် အရှင်တို့ကို ပြုပါလော့ဟု ဆိုကုန်၏။ မင်းသည် ထိုရသေ့တို့ ဆိုတိုင်းပြု၏။ ရသေ့အပေါင်းတို့သည် ဝတ္ထုကာမတို့ကို၎င်း ကိလေသာကာမတို့ကို၎င်း စွန့်၍ ရဟန်းပြုကုန်သော ငါတို့သည် ရုက္ခမူ၏အကြောင်းကြောင့် ငြင်းခုံခြင်းကို ပြုကုန်သဖြင့် တံစိုးကိုပေးလျက် မသင့်သည်ကိုပြုအပ်၏ဟု နှလုံးမသာကုန်သည် ဖြစ်ကုန်၍ လျင်မြန်စွာ ပြေးလေကုန်၍ ဟိမဝန္တာသို့သာလျှင် သွားကြလေကုန်၏။ အလုံးစုံသော ဘရုတိုင်း၌နေကုန်သော နတ်တို့သည် တပေါင်းတည်းဖြစ်ကုန်၍ သီလရှိကုန်သော ရသေ့တို့ကို ငြင်းခုံခြင်းကို ပြုစေသဖြင့် မင်းသည် မသင့်သည်ကို ပြုအပ်၏ဟု ဘရုမင်းအား အမျက်ထွက်ကုန်၍ ယူဇနာသုံးရာရှိသော ဘရုတိုင်းကို သမုဒ္ဒရာသို့ရောက်စေ၍ တိုင်းမဟုတ်သည်ကို ပြုကုန်၏။ ဤသို့လျှင် တယောက်သောဘရုမင်းကို အမှီပြု၍ တိုင်းအလုံး၌နေကုန်သော သူတို့သည်လည်း ပျက်စီးခြင်းသို့ ရောက်လေကုန်၏ဟု မြတ်စွာဘုရားသည် လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူ၍-

၁၂၅။ ဣသီနမန္တရံ ကတွာ၊ ဘရုရာဇာတိ မေ သုတံ။
ဥစ္ဆိန္နော သဟရဋ္ဌေဟိ၊ သရာဇာ ဝိဘဝင်္ဂတော။
၁၂၆။ တသ္မာ ဟိ ဆန္ဒာဂမနံ၊ နပ္ပသံသန္တိ ပဏ္ဍိတာ။
အဒုဋ္ဌစိတ္တော ဘာသေယျ၊ ဂိရံ သစ္စူပသံဟိတံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၂၅။ မဟာရာဇ၊ မင်းမြတ်။ ပုဗ္ဗေ၊ ရှေး၌။ ဘရုရာဇာတိ၊ ဘရုမင်းဟူ၍။ ဧတံ ဝစနံ၊ ထိုစကားကို။ မေ၊ သည်။ သုတံ၊ ကြားဘူး၏။ သောရာဇာ၊ ထိုဘရုမင်းသည်။ ဣသီနံ၊ ရသေ့တို့ကို။ အန္တရံ၊ ရန်တိုက်ခြင်းကို။ ကတွာ၊ ပြု၍။ ရဋ္ဌေဟိ၊ တိုင်းနိုင်ငံသူတို့နှင့်။ သဟ၊ တကွ။ ဥစ္ဆိန္နော၊ အမြစ်အရင်း ပြတ်လေ၍။ ဝိဘဝံ၊ ပျက်စီးခြင်းသို့။ ဂတော၊ ရောက်ဘူး၏။

֍ ဋ္ဌ ၁၂၆။ တသ္မာ၊ ထို့ကြောင့်။ ဆန္ဒာဂမနံ၊ ဆန္ဒာဂတိ အစရှိသည်သို့ လိုက်ခြင်းကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ နပ္ပသံသန္တိ၊ မချီးမွမ်းကုန်။ အဒုဋ္ဌစိတ္တော၊ ကိလေသာတို့သည် မဖျက်ဆီးအပ်သော စိတ်ရှိသည်ဖြစ်၍။ သစ္စူပသံဟိတံ၊ မှန်သည်နှင့်စပ်သော။ ဂိရံ၊ စကားကိုသာ။ ဘာသေယျ၊ ဆိုရာ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ မင်းမြတ် ဆန္ဒ၏အလိုသို့ လိုက်သောမည်သည် မဖြစ်ရာ၊ နှစ်ဦးသော ရဟန်းတို့ကို ငြင်းခုံခြင်းကို ပြုစိမ့်သောငှါ မသင့်ဟု မိန့်တော်မူ၍ မင်းမြတ် ယခုအခါ ငါဘုရားသည် ထိုအခါ ရသေ့ကြီး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။ မင်းသည် မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြု၍ ကြွတော်မူသောကာလ၌ လူတို့ကိုစေ၍ အညတိတ္ထိယ၏အရံကို ဖျက်ဆီးစေ၏။ အညတိတ္ထိယတို့သည် တည်ရာမရကုန်သည် ဖြစ်ကုန်၏။

သီလရှိသူ၊ ဖျက်ဆီးဟူ၊ ကိုယ်မူဘေးဒဏ်ကပ်

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဘရုဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၄။ ပုဏ္ဏနဒီဇာတ်

ပုရောဟိတ် နှင့် မင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ပုဏ္ဏံ နဒိံ ယေန စ ပေယျမာဟု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပုဏ္ဏနဒီဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပညာပါရမီကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တနေ့သ၌ တရား သဘင်ဝယ် ရဟန်းတို့သည် ငါ့သျှင်တို့ မြတ်စွာဘုရားသည် ကျယ်သောပညာ ရှိတော်မူ၏။ ကြီးသောပညာ ရှိတော်မူ၏။ ရွှင်သောပညာ ရှိတော်မူ၏။ လျင်သော ပညာရှိတော်မူ၏။ ထက်သောပညာ ရှိတော်မူ၏။ နက်နဲသောပညာ ရှိတော်မူ၏။ ထိုးထွင်းသောပညာ ရှိတော်မူ၏။ အကြောင်းကိုသိသော ပညာနှင့် ပြည့်စုံတော်မူ၏။ ဤသို့ မြတ်စွာဘုရား၏ စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ငါဘုရားသည် ယခုအခါ၌သာလျှင် ပညာရှိသည် အကြောင်း၌ လိမ္မာသည် မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် ပညာရှိသည်သာလျှင်တည်း၊ အကြောင်း၌ လိမ္မာသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုရောဟိတ်မျိုး၌ဖြစ်၍ အဘလွန်သဖြင့် ပုရောဟိတ်အရာကိုရ၍ ဗာရာဏသီမင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်ဖြစ်၏။ နောက်အဘို့၌ မင်းသည် ဂုံးချောတတ်ကုန်သောသူတို့၏ စကားကိုယူ၍ ဘုရားလောင်းအား အမျက်ထွက်၍ ငါ၏အထံ၌ မနေလင့်ဟူ၍ ဘုရားလောင်းကို ဗာရာဏသီပြည်မှ နှင်ထုတ်လိုက်၏။ ဘုရားလောင်းသည် သားမယားကိုယူ၍ တခုသော လယ်ထွန်မျိုးတို့၏ရွာ၌ နေ၏။ နောက်အဘို့၌ မင်းသည် ထိုဘုရားလောင်း၏ ကျေးဇူးကိုအောက်မေ့၍ တစုံတယောက်သော သူကိုစေ၍ ဆရာကိုခေါ်အံ့သောငှာ ငါ့အား မလျောက်ပတ်၊ စင်စစ်သော်ကား တခုသောဂါထာကိုဖွဲ့၍ ထန်းရွက်၌ရေး၍ ကျီးသားကိုချက်စေ၍ စာခွေကို၎င်း ကျီးသားကို၎င်း ပုဝါဖြူဖြင့်ထုပ်၍ မင်း၏တံဆိပ်ဖြင့်ခတ်၍ ပို့စေအံ့၊ ထိုဆရာသည် ပညာရှိသည်ဖြစ်အံ့၊ အမှာစာကိုဘတ်၍ ကျီးသား၏အဖြစ်ကို သိ၍ လာလတ္တံ့၊ ပညာမရှိသည်ဖြစ်အံ့၊ မလာလတ္တံ့ဟု ကြံ၍ ထိုမင်းသည်-

၁၂၇။ ပုဏ္ဏံ နဒိံ ယေန စ ပေယျမာဟု။
ဇာတံ ယဝံ ယေန စ ဂုယှမာဟု။
ဒူရံ ဂတံ ယေန စ အဝှယန္တိ၊
သော တျာဂတော ဟန္ဒ နံ ဘုဉ္စ ဗြာဟ္မဏ။

ဟူသော ဤဂါထာကို ထန်းရွက်၌ ရေး၏။

֍ ဋ္ဌ ၁၂၇။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ယေန၊ အကြင်ငှက်ကြောင့်။ ပုဏ္ဏံ၊ ရေဖြင့်ပြည့်သော။ နဒိံ စ၊ မြစ်ကိုလည်း။ ပေယျံ၊ ကမ်းနား၌ ရပ်၍ သောက်ခြင်းငှါ စွမ်းနိုင် ကောင်းသော ရေရှိသော မြစ်ဟူ၍။ အာဟု၊ ဆိုကြကုန်၏။ ယေန၊ အကြင်ငှက်ကြောင့်။ ဇာတံ၊ ရောက်သော။ ယဝံ စ၊ မုယော အစရှိသော စပါးပါးပင်နုကိုလည်း။ ဂုယှံ၊ ဖုံးလွှမ်းနိုင်ပြီးသော စပါးပင်ဟူ၍။ အာဟု၊ ဆိုကြကုန်၏။ ယေန၊ အကြင်ငှက်ကြောင့်။ ဒူရံ၊ ဝေးသောအရပ်သို့။ ဂတံ၊ သွားလတ်သော အဆွေခင်ပွန်းကို။ အဝှယန္တိ၊ ရောက်အံ့ဟူ၍ ဆိုကုန်၏။ သော၊ ထိုငှက်ကို။ တေ၊ သင်ဘို့။ အာဂတော၊ ပို့လာစေ၏။ ဟန္ဒ၊ ယူလော့။ နံ၊ ထိုငှက်သားကို။ ဘုဉ္ဇ၊ စားလေလော့။

မင်းသည် ဤဂါထာကိုထန်းရွက်၌ရေး၍ ဘုရားလောင်းအား ပို့စေ၏။ ဘုရားလောင်းသည် အမှာစာကိုဘတ်၍ မင်းသည် ငါ့ကိုမြင်လိုပြီဟု သိ၍-

၁၂၈။ ယတော မံ သရတီ ရာဇာ၊ ဝါယသမ္ပိ ပဟေတဝေ။
ဟံသာ ကောဉ္စာ မယူရာ စ၊ အသတီယေဝ ပါပိယော။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၈။ ရာဇာ၊ မင်းသည်။ ယတော-ယဒါကာလေ၊ အကြင်ကာလ၌။ ဝါယသမံသံ၊ ကျီးသားကို။ လဘိတွာ၊ ရ၍။ ဝါယသမ္ပိ၊ ကျီးသားကို စင်လျက်လည်း။ ပဟေတဝေ၊ ပို့လာခြင်းငှာ။ မံ၊ ငါ့ကို။ သရတိ၊ အောက်မေ့သေး၏။ ဟံသာ စ၊ ဟင်္သာသားတို့ကို၎င်း။ ကောဉ္စာ စ၊ ကြိုးကြာသားတို့ကို၎င်း။ မယူရာ စ၊ ဥဒေါင်းသားတို့ကို၎င်း။ ဥပနီတာ၊ ဆက်လာကုန်သည်ရှိသော်။ တာနိ၊ ထိုဟင်္သာသား အစရှိသည်တို့ကို။ ပဟေတဝေ၊ ပို့လာခြင်းငှာ။ မံ၊ ငါ့ကို။ ကသ္မာ၊ အဘယ်ကြောင့်။ န သရိဿတိ၊ မအောက်မေ့လတ္တံ့နည်း။ သရိဿတိ ဧဝ၊ အောက်မေ့လတ္တံ့ သည်သာလျှင်တည်း။ လောကသ္မိံ၊ လောက၌။ အသတီယေဝ၊ မအောက်မေ့ခြင်းသည်သာလျှင်။ ပါပိယော၊ ယုတ်မာ၏။ သတိ၊ အောက်မေ့ ခြင်းသည်ကား။ သေယျော၊ မြတ်၏။

မင်းသည် ငါ့ကို အောက်မေ့၏။ ငါ၏လာခြင်းကို တောင့်တ၏။ ထို့ကြောင့် ငါသည် သွားအံ့ဟု လှည်းကိုက, စေ၍ မင်းကိုဖူးမြင်လေ၏။ မင်းသည်နှစ်သက်၍ ပုရောဟိတ်အရာ၌လျှင် တည်စေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုရောဟိတ်ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဗောဓိလောင်းလျာ၊ နုစဉ်ခါ၊ ပညာရည်ဖြင့် ကျိုးစည်တင့်

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော ပုဏ္ဏနဒီဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၅။ ကစ္ဆပဇာတ်

ဟင်္သာ နှင့် လိပ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဝဓီ ဝတ အတ္တာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကစ္ဆပဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောကာလိကကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည်ကား မဟာတက္ကာရိဇာတ်၌ ထင်ရှားဖြစ်လတ္တံ့၊ အထူးကား ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ ကောလိကကို ယခုအခါ၌သာလျှင် မိမိစကားသည် သတ်သည် မဟုတ်သေး၊ ရှေး၌လည်း မိမိစကားသည် သတ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် အမတ်မျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ထိုဗြဟ္မဒတ်မင်း၏ အကျိုး အကြောင်းကို ဆုံးမတတ်သော အမတ်သည် ဖြစ်၏။ ထိုဗြဟ္မဒတ်မင်းသည်ကား စကားများသည် ဖြစ်၏။ ထိုဗြဟ္မဒတ်မင်းသည် ပြောဆိုသည်ရှိသော် တပါးကုန်သောသူတို့အား စကား၏ အခွင့်မည်သည် မရှိ၊ ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ စကားများသည် အဖြစ်ကို မြစ်လိုသည်ဖြစ်၍ တခုသောအကြောင်းကိုစုံစမ်းလျက် သွား၏။ ထိုကာလ၌လည်း ဟိမဝန္တအရပ်ဝယ် တခုသောအိုင်၌ လိပ်သည် နေ၏။ ဟင်္သာငယ်နှစ်ခုတို့သည် အစာရှာအံ့သောငှါ သွားကုန်သည်ရှိသော် ထိုလိပ်နှင့်တကွ အကျွမ်းဝင်ခြင်းကို ပြုကုန်၏။ ထိုဟင်္သာ, လိပ်တို့သည် မြဲစွာ အကျွမ်းဝင်ကုန်သည်ဖြစ်၍ တနေ့သ၌ လိပ်ကို အဆွေလိပ် ငါတို့၏ဟိမဝန္တာ၌ စိတ္တကုဋ်တောင်အပြင်ဝယ် ရွှေဂူ၌ နေရာအရပ်သည် ရှိ၏။ ထိုအရပ်သည် မွေ့လျော်ဘွယ်ရှိ၍ ငါတို့နှင့်တကွ လိုက်ခဲ့လောဟု ဆိုကုန်၏။ ငါသည် အဘယ်သို့ပြု၍ သွားနိုင်အံ့နည်းဟု လိပ်သည် ဆိုသည်ရှိသော် အဆွေ သင်သည် နှုတ်ကိုစောင့်အံ့သောငှါ အကယ်၍ စွမ်းနိုင်သည်ဖြစ်အံ့၊ တစုံတယောက်သော သူအား တစုံတခုသောစကားကို အကယ်၍ မဆိုလတ္တံ့၊ ငါတို့သည် သင့်ကိုယူ၍ သွားကုန်အံ့ဟု ဆိုကုန်၏။ အရှင်တို့ စောင့်ပါအံ့၊ အရှင်တို့သည် ငါ့ကိုယူ၍ သွားကြကုန်လောဟု လိပ်ဆိုသည်ရှိသော် ထိုဟင်္သာတို့သည် ကောင်းပြီဟု ဆိုကုန်၍ တခုသောတုတ်တံကို လိပ်ကိုကိုက်စေ၍ မိမိတို့သည် ထိုတုတ်တံ၏ အစွန်းနှစ်ဘက်တို့ကို ကိုက်၍ ကောင်းကင်သို့ ပျံကုန်၏။ ထိုလိပ်ကို ထိုသို့သော အခြင်းအရာအားဖြင့် ဟင်္သာတို့သည် ဆောင်လတ်သည်တို့ကို ရွာသူသားငယ်တို့သည် မြင်ကုန်၍ ဟင်္သာနှစ်ခုတို့သည် လိပ်ကိုထုတ်တံဖြင့် ဆောင်ကုန်၏ဟု ဆိုကုန်၏။

လိပ်သည် ငါ့ကို အဆွေခင်ပွန်းတို့သည် ဆောင်ကုန်၏။ သူငယ်ပျက်တို့ ဤသို့ ဟင်္သာတို့သည် ကိုဆောင်ရာ၌ သင်တို့အား အဘယ်ပြုသနည်း ဆိုလိုသည်ဖြစ်၍ ဟင်္သာတို့၏ လျင်မြန်သောအဟုန် ရှိသည်၏ အဖြစ်ကြောင့် ဗာရာဏသီမြို့၌ မင်းအိမ်၏ အထက်အဘို့သို့ ရောက်သောကာလ၌ ကိုက်ရာအရပ်မှ တုတ်တံကိုလွှတ်သော် ကောင်းကင်ပြင်မှကျ၍ နှစ်စိတ်ကွဲလေ၏။ လိပ်သည် ကောင်းကင်မှကျ၍ နှစ်စိတ်ကွဲလေ၏ဟု တပြိုင်နက် အုတ်အုတ်ကျက်ကျက် ဖြစ်၏။ မင်းသည် ဘုရားလောင်းကို ခေါ်၍ အမတ်အပေါင်းခြံရံလျက် ထိုအရပ်သို့သွား၍ လိပ်ကိုမြင်၍ ဘုရားလောင်းကို ပညာရှိ ဤလိပ်သည် အသို့ပြု၍ ကျသနည်းဟု မေး၏။ ဘုရားလောင်းသည် ငါသည် မင်းကို ဆုံးမလိုသည်ဖြစ်၍ အကြောင်းကို စုံစမ်းလျက် ကြာမြင့်စွာသော ကာလပတ်လုံးလျှင် သွား၏။ ဤလိပ်သည် ဟင်္သာတို့နှင့်တကွ အကျွမ်းတဝင်ရှိခြင်းကို ပြုအပ်သည်ဖြစ်လတ္တံ့၊ ထိုဟင်္သာတို့သည် ဤလိပ်ကို ဟိမဝန္တာသို့ဆောင်ကုန်အံ့ဟု တုတ်တံကို ကိုက်စေ၍ ကောင်းကင်သို့ ပျံသည် ဖြစ်ရာ၏။ ထိုသို့ပျံကုန်သည်ရှိသော် ဤလိပ်သည် တစုံတယောက်သောသူ၏ စကားကိုကြားလေ၍ နှုတ်မစောင့် သည်၏အဖြစ်ဖြင့် တစုံတခုသော စကားကို ဆိုလိုခြင်းကြောင့် တုတ်တံကိုလွှတ်သည် ဖြစ်လတ္တံ့၊ ဤသို့ လွှတ်သည်ရှိသော် ကောင်းကင်မှကျ၍ အသက်ကုန်ခြင်းသို့ ရောက်သည်သာလျှင် ဖြစ်ရာ၏။ ဤသို့ကြံ၍ မင်းမြတ် အလွန်နှုတ်ကြမ်းကုန်သော အဆုံးမရှိပြောဆိုတတ်သော သူတို့မည်သည်ကား ဤသို့သဘောရှိသော ဆင်းရဲခြင်းသို့ ရောက်ကုန်သလျှင်ကတည်းဟု ဆို၍-

၁၂၉။ အဝဓီ ဝတ အတ္တာနံ၊ ကစ္ဆပေါ ဗျာဟရံ ဂိရံ။
သုဂဟိတသ္မိံ ကဋ္ဌသ္မိံ၊ ဝါစာယ သကိယာဝဓိ။
၁၃၀။ ဧတမ္ပိ ဒိသွာ နရဝီရိယသေဋ္ဌ၊
ဝါစံ ပမုဉ္စေ ကုသလံ နာတိဝေလံ။
ပဿသိ ဗဟုဘာဏေန၊ ကစ္ဆပံ ဗျသနံ ဂတံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၂၉။ မဟာရာဇ၊ မင်းမြတ်။ ကစ္ဆပေါ၊ လိပ်သည်။ သုဂဟိတသ္မိံ၊ ကောင်းစွာကိုက်၍ ချီအပ်သော။ ကဋ္ဌသ္မိံ၊ တုတ်တံ၌။ ဗျာဟရံ-ဗျာဟရန္တော၊ စကားဆိုခြင်းကြောင့်။ အတ္တာနံ၊ မိမိကိုယ်ကို။ အဝဓိ ဝတ၊ သတ်လေ၏တကား။ သကိယာ၊ မိမိဥစ္စာဖြစ်သော။ ဝါစာယ၊ စကားဖြင့်။ အဝဓိ၊ မိမိကိုယ်ကိုမိမိ သတ်၏။

֍ ဋ္ဌ ၁၃၀။ နရဝီရိယသေဋ္ဌ၊ လူတို့တွင် မြတ်သောဝီရိယ ရှိတော်မူသော အရှင်မင်းမြတ်။ ပဏ္ဍိတော၊ ပညာရှိသော သူသည်။ ဧတမ္ပိ၊ ထိုအကြောင်းကိုလည်း။ ဒိသွာ၊ မြင်၍။ ကုသလံ ဝါစံ၊ အပြစ်မရှိသော စကားကိုသာလျှင်။ ပဉ္စေ၊ ပြောဆိုရာ၏။ တဉ္စ၊ ထိုအပြစ်မရှိသော စကားကိုလည်း။ အတိဝေလံ၊ အခါလေးမြင့်။ န ပမုဉ္စေ၊ မပြောဆိုရာ။ ဗဟုဘာဏေန၊ စကားများစွာ ဆိုခြင်းကြောင့်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ဂတံ၊ ရောက်သော။ ကစ္ဆပံ၊ လိပ်ကို။ ပသသိ၊ မြင်၏လော။

မင်းသည် ငါ့ကိုရည်၍ ဆို၏ဟု သိ၍ ပညာရှိ သင်သည် ငါတို့ကို ရည်၍ ဆို၏ဟု ဆို၏။ ဘုရားလောင်းသည် မင်းပြက် ရှင်မင်းမြတ်သည်မူလည်းဖြစ်စေ တပါးသော သူသည်မူလည်း ဖြစ်စေ အမှတ်မရှိသော သူသည် ပမာဏကိုလွန်သောစကားကို ဆိုသည်ရှိသော် ဤသို့သဘောရှိသော ပျက်စီးခြင်းသို့ ရောက်၏ဟု ထင်ရှားစွာပြု၍ ဆို၏။ မင်းသည် ထိုအခါမှစ၍ များစွာဆိုခြင်းမှကြဉ်ရှောင်၍ စကားနည်းသည် ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ကောကာလိကသည် ထိုအခါ လိပ် ဖြစ်ဘူးပြီ၊ ယခုအခါ နှစ်ပါးကုန်သော သာရိပုတ္တရာ, မောဂ္ဂလာန် ဖြစ်ကုန်သော မဟာထေရ်တို့သည် ထိုအခါ နှစ်ခုကုန်သော ဟင်္သာငယ်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ ပညာရှိအမတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

စောင့်အပ်စကား၊ ပြောဆိုငြား၊ စကားကိုယ့်ကိုသက်

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကစ္ဆပဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၆။ မစ္ဆဇာတ်

ငါးဖို၏ အပူမီး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် န မာယမဂ္ဂိ တပတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမစ္ဆဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖျားယောင်းသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကိုချဲ့ဦးအံ့၊ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း သင်သည် ငြီးငွေ့၏ ဟူ၍ ကြားရသည်ကား မှန်သလောဟု မေးတော်မူ၏။ အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျောက်သည်ရှိသော် သင့်ကို အဘယ်သူသည် ငြီးငွေ့စေသနည်းဟု မေးတော်မူ၏။ အရှင်ဘုရား မယားဟောင်းသည် ငြီးငွေ့စေ၏ဟု လျှောက်၏။ ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း ဤမိန်းမသည် သင်၏အကျိုးမဲ့ကို ပြုတတ်၏။ ရှေး၌လည်း သင်သည် ထိုမိန်းမကို အမှီပြ၍ တံစို့ဖြင့်လျှိူ၍ မီးကျီး၌ကင်၍ စားအပ်သည်၏အဖြစ်သို့ ရောက်၍ ပညာရှိတို့ကို အမှီပြု၍ အသက်ကိုရဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ ပုရောဟိတ် ဖြစ်၏။ ထိုအခါ တနေ့သ၌ တံငါတို့သည် ကွန်၌မိသောငါးကို ဆယ်ကုန်၍ ပူသောသဲအပြင်၌ ထားကုန်၍ မီးတို့၌ ထိုငါးကိုကင်၍ စားကုန်အံ့ဟု တံစို့ကို ချွန်သည်ရှိသော် ငါးဖိုသည် ငါးမကို အာရုံပြု၍ငိုလျက်-

၁၃၁။ န မာယမဂ္ဂိ တပတိ၊ န သူလော သာဓုတစ္ဆိတော။
ယဉ္စ မံ မညတေ မစ္ဆီ၊ အညံ သော ရတိယာ ဂတော။
၁၃၂။ သော မံ တပတိ ရာဂဂ္ဂိ၊ စိတ္တံ စူပတပေတိ မံ။
ဇာလိနော မုဉ္စထာယိရာ မံ၊ န ကာမေ ဟညတေ ကွစိ။

ဟူသော ဤနှစ်ဂါထာတို့ကိုဆို၏။

֍ ဋ္ဌ ၁၃၁။ ဇာလိနော၊ အရှင်တံငါတို့။ အယံ အဂ္ဂိ၊ ဤမီးသည်။ မံ၊ ကို။ န တပတိ၊ မပူစေ။ သာဓုတစ္ဆိတော၊ ကောင်းစွာ ချွန်အပ်သော။ အယံ သူလော၊ ဤတံစို့သည်လည်း။ မံ၊ ငါ့ကို။ န တပတိ၊ မပူစေ။ သော၊ ထိုငါ့လင် ငါးဖိုသည်။ ရတိယာ၊ ငါးပါးသော ကာမဂုဏ်၌ မွေ့လျော်သဖြင့်။ အညံ၊ တပါးသော ငါးမနောက်သို့။ ဂတော၊ လိုက်လေပြီ။ ဣတိ၊ ဤသို့။ မစ္ဆီ၊ ငါ့မယား ငါးမသည်။ မံ၊ ငါ့ကို။ ယံ စ မညတေ၊ အကြင် အောက်မေ့ခြင်းကို ပြုလတ္တံ့။ တဒေဝ၊ ထိုမယား ငါးမ၏ အောက်မေ့ခြင်းသည်သာလျှင်။ မံ၊ ငါ့ကို။ တပတိ၊ ပူစေ၏။

֍ ဋ္ဌ ၁၃၂။ သော ရာဂဂ္ဂိ၊ ထိုငါးမကို တပ်စွန်းခြင်းတည်းဟူသော ရာဂမီးလျှံသည်သာလျှင်။ မံ၊ ငါ့ကို။ တပတိ၊ ပူစေ၏။ စိတ္တဉ္စ၊ ရာဂနှင့်ယှဉ်သော စိတ်သည်သာလျှင်။ မံ၊ ငါ့ကို။ ဥပတပေတိ၊ ပူပန်စေ၏။ ကာမေ၊ ကာမတို့ကို။ ပတ္ထိတော၊ တောင့်တသော သတ္တဝါကို။ ကွစိ၊ တရံတဆစ်၌။ န ဟညတေ၊ မသတ်အပ်။ အယိရာ၊ အရှင်တံငါတို့။ မံ၊ ငါ့ကို မုဉ္စထ၊ လွှတ်ကြပါကုန်လော။

ထိုခဏ၌ ဘုရားလောင်းသည် မြစ်ကမ်းနားသို့ ရောက်၍ ထိုငါး၏ ငိုကြွေးသောအသံကို ကြားရ၍ တံငါတို့သို့ ကပ်လေ၍ ထိုငါးကို လွှတ်စေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ မယားဟောင်းသည် ထိုအခါ ငါးမ ဖြစ်ဘူးပြီ၊ ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ ငါးဖို ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုရောဟိတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ရာဂလောင်မီး၊ အပူကြီး၊ ညီးညီးပြောင်လှသည်

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော မစ္ဆဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၇။ သေဂ္ဂုဇာတ်

သီလရှိသော သတို့သ္မီး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် သဗ္ဗော လောကော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသေရူဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ဟင်းရွက်သည် ဖြစ်သော ဒါယကာကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုကို ဧကကနိပါတ်၌အပ်ပြီးသလျှင်ကတည်း၊ ဤဒုကနိပါတ်၌လည်း မြတ်စွာဘုရားသည် ထိုဒါယကာကို ဒါယကာ သင်သည် ကြာမြင့်စွာမှ လာသလောဟု မေးတော်မူ၍ အရှင်ဘုရား အကျွန်ုပ်အား အမြဲရွှင်သော မျက်နှာရှိသော သ္မီးသည် ရှိ၏။ ထိုသ္မီးကို အကျွန်ုပ်သည် စုံစမ်း၍ တယောက်သော အမျိုးသားအား ပေး၏။ ထိုထိမ်းမြားမင်္ဂလာ အမှုကိစ္စကို ဆောင်အပ်သည်၏ အဖြစ်ကြောင့် အရှင်ဘုရားတို့အား အဖူးအမြင် လာအံ့သောငှါ အခွင့်ကို မရဟု လျှောက်၏။ ထိုအခါ၌ ဒါယကာကို မြတ်စွာဘုရားသည် ဒါယကာ ယခုအခါ၌သာလျှင် ထိုသတို့သ္မီးသည် သီလရှိသည် မဟုတ်သေး၊ ရှေး၌လည်း သီလရှိသည်သာလျှင်တည်း၊ သင်သည်လည်း ယခုအခါ၌ သာလျှင် ထိုသတို့သီးကို စုံစမ်းသည် မဟုတ်သေး၊ ရှေး၌လည်း စုံစမ်းဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရုက္ခစိုဝ်းနတ် ဖြစ်၏။ ထိုအခါ၌ ဤဟင်းရွက်သည်သည်သာလျှင် သ္မီးကို စုံစမ်းအံ့ဟူ၍ တောသို့ဆောင်၍ ကိုလေသာ၏ အစွမ်းအားဖြင့် အလိုရှိသကဲ့သို့ပြု၍ လက်၌ ကိုင်၏။ ထိုအခါ၌ ငိုလတ်သော ထိုသ္မီးကို အဘသည်-

၁၃၃။ သဗ္ဗော လောကော အတ္တမနော အဟောသိ။
အကောဝိဒါ ဂါမဓမ္မဿ သေဂ္ဂု။
ကောမာရိကော နာမ တဝဇ္ဇ ဓမ္မော။
ယံ တွံ ဂဟိတာ ပဝနေ ပရောဒေသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၃။ အမ္မ၊ အမိ။ သဗ္ဗော၊ အလုံးစုံသော။ လောကော၊ သတ္တဝါသည်။ ဧတိဿာ ကာမသေဝနာယ၊ ထိုကာမကိုမှီဝဲခြင်း၌။ အတ္တမနော၊ ဝမ်းမြောက်ဝမ်းသာ ရှိခြင်းသည်။ အဟောသိ၊ ဖြစ်၏။ သေဂ္ဂု၊ ချစ်သမီး သေဂ္ဂု။ တွံ ပန၊ သင်သည်တမူကား။ ဂါမဓမ္မဿ၊ ရွာသူ၏ အကျင့်၌။ အကောဝိဒါ၊ အဘယ်ကြောင့် မလိမ္မာဘိသနည်း။ တွံ၊ သင်သည်။ ပဝနေ၊ တောအရပ်၌။ မယာ၊ ငါသည်။ သန္ထဝဝသေန၊ ပေါင်းဘော်လိုသည်၏ အစွမ်းအားဖြင့်။ ဂဟိတာ၊ လက်ကို ကိုင်လတ်သည်ရှိသော်။ ယံ ပရောဒေသိ၊ အကြင်ငို၏။ အဇ္ဇ၊ ယခု၌။ ဧသ-ဧသော၊ ဤသို့ငိုခြင်းဟုဆိုအပ်သော။ တဝ၊ သင်၏။ ဓမ္မော၊ သဘောသည်။ ကော၊ အသို့နည်း။ တွံ၊ သင်သည်။ ကောမာရိနာမ၊ သူငယ်မမည်သည် မဟုတ်တုံလော။

ထိုစကားကိုကြား၍ သူငယ်မသည် ဘခင် ကျွန်ုပ်သည် သူငယ်မ ဟုတ်သလျှင်ကတည်း၊ ကျွန်ုပ်သည် မေထုန်အကျင့်မည်သည်ကို မသိဟု ဆို၍ ငိုကြွေးလျက်-

၁၃၄။ ယော ဒုက္ခဖုဋ္ဌာယ ဘဝေယျ တာဏံ၊
သော မေ ပိတာ ဒုဗ္ဘိ ဝနေ ကရောတိ။
သာ ကဿ ကန္ဒာမိ ဝနဿ မဇ္ဈေ။
ယော တာယိတာ သော သဟသံ ကရောတိ။

ဟူသော နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၄။ တာတ၊ ဘခင်။ ယော ပိတာ၊ အကြင်အဘသည်။ ဒုက္ခဖုဋ္ဌာယ၊ ဆင်းရဲခြင်းတွေ့လတ်သည်ရှိသော်။ တာဏံ၊ စောင့်ရှောက်သည်။ ဘဝေယျ၊ ဖြစ်ရာ၏။ မေ၊ ငါ၏။ သော ပိတာ၊ ထိုအဘသည်။ ဝနေ၊ တောအရပ်၌။ ဒုဗ္ဘိ၊ ကိုယ်မှဖြစ်သောသ္မီး၌ လွန်ကျူးခြင်းကို။ ကရောတိ-ကတံ မညတိ၊ ပြုအပ်၏ဟု ထင်မှတ်၏။ သာဟံ၊ ထိုငါသည်။ ဝနဿ၊ တောအရပ်၏။ မဇ္ဈ၊ အလယ်၌။ ကဿ၊ အဘယ် သူ၏။ တာဏဂ္ဂဟဏတ္ထာယ၊ စောင့်ရှောက်ခြင်းကို ယူအံ့သောငှာ။ ကန္ဒာမိ၊ ငိုရအံ့နည်း။ ယော ပိတာ၊ အကြင် အဘသည်။ တာယိတာ၊ စောင့်ရှောက်ထိုက်၏။ သော ပိတာ၊ ထိုအဘသည်လျှင်။ သဟသံ၊ ရုန့်ရင်း သောအမှုကို။ ကရောတိ၊ ပြု၏။

ထိုဟင်းရွက်သည် ဒါယကာသည် ထိုအခါ၌ သ္မီးကိုစုံစမ်း၍ အိမ်သို့ဆောင်၍ အမျိုးသားအားပေး၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ ဟင်းရွက်သည်သည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ဒါယကာ ယခုအခါ သင့်သ္မီးသည်လျှင် ထိုအခါ သင့်သ္မီး ဖြစ်ဘူးပြီ၊ ယခုအခါ သတို့သ္မီး၏ အဘသည်လျှင် ထိုအခါ သတို့သ္မီး၏အဘ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ထိုအကြောင်းကို မျက်မှောက်ပြုခဲ့ရသော ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကျင့်မြတ် စာဂီ၊ ပြည့်စုံညီ၊ ထုံဝသီကပ် သ္မီးမြတ်

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သဂ္ဂေုဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၈။ ကူဋဝါဏိဇဇာတ်

သံ ကြွက်စား သား စွန်ချီ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်သဌဿ သာဌေယျမိဒံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကူဋဝါဏိဇဇာတ်ကို ဇေတဝန် ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ် တယောက်သော ကုန်သည်စဉ်းလဲကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ သာဝတ္ထိပြည်၌နေကုန်သော ကုန်သည်စဉ်းလဲလည်း တယောက်၊ ကုန်သည်ပညာရှိလည်း တယောက်၊ ဤနှစ်ယောက်ကုန်သော ကုန်သည်တို့သည် မိတ်ဘွဲ့ကြကုန်၍ လှည်းငါးရာတို့ကို ဘဏ္ဍာဖြင့်ပြည့်စေကုန်၍ အရှေ့အစွန်းမှ အနောက်အစွန်းသို့ သွားကုန်လျှက် ကုန်သွယ်ခြင်းကို ပြုကုန်၍ များစွာသော လာဘ်ကိုရကုန်၍ သာဝတ္ထိပြည်သို့ ပြန်လာကြကုန်၏။ ပညာရှိသော ကုန်သည်သည် စဉ်းလဲသောကုန်သည်ကို အဆွေ ဥစ္စာကို ဝေကြကုန်အံ့ဟု ဆို၏။ ကုန်သည်စဉ်းလဲသည် ဤသူသည် ရှည်မြင့်စွာသော ကာလပတ်လုံး ဆင်းရဲငြိုငြင်သော အိပ်ရခြင်းဖြင့်၎င်း မကောင်းသောဘောဇဉ်ကို စားရခြင်းဖြင့်၎င်း ပင်ပန်း၏။ မိမိအိမ်၌ အထူးထူးမြတ်သော အရသာရှိသော ထမင်းကိုစား၍ အစာမကျေခြင်းကြောင့် သေလတ္တံ့၊ ထိုသို့ သေလတ်သည်ရှိသော် အလုံးစုံလည်းဖြစ်သော ထိုဥစ္စာသည် ငါ့ဘိုသာလျှင် ဖြစ်လတ္တံ့ဟုကြံ၍ ယနေ့ နက္ခတ်သည် မကောင်းသေး၊ ရက်သည်လည်း မကောင်းသေး၊ နက်ဖြန်မှ သိရကုန်အံ့၊ သံဘက်နေ့မှ သိရကုန်အံ့ဟု ဆို၍ ကာလကို လွန်စေ၏။ ထိုအခါ၌ ထိုကုန်သည်စဉ်းလဲကို ပညာရှိသောကုန်သည်သည်နှိပ်၍ ဝေစေ၍ နံ့သာပန်းကိုယူ၍ မြတ်စွာဘုရား၏အထံတော်သို့သွား၍ မြတ်စွာဘုရားကိုရှိခိုးပူဇော်၍ တင့်အပ်လျောက်ပတ်အပ်သော အရပ်၌နေ၏။ မြတ်စွာဘုရားသည် ဒါယကာ သင်သည် အဘယ်အခါ၌ လာခဲ့သနည်းဟု မေးတော်မူ၍ အရှင်ဘုရား လာသောအကျွန်ုပ်အား လခွဲမျှရှိပြီဟု လျှောက်၏။ ထိုသို့ လခွဲမျှရှိလျှက် အဘယ့်ကြောင့်ကြာမြင့်ခြင်းကိုပြု၍ ဘုရား၏အနီးဖြစ်သော အရပ်သို့ လာခဲ့သနည်းဟု မေးအပ်သည်ရှိသော် ထိုအကြောင်းကိုလျှောက်၏။ မြတ်စွာဘုရားသည် ဒါယကာ ထိုကုန်သည်သည်ကား ယခုအခါ၌သာလျှင် စဉ်းလဲသည် မဟုတ်သေး၊ ရှေး၌လည်း ထိုကုန်သည်သည် စဉ်းလဲခြင်းဖြစ်ဘူးသလျှင် ကတည်းဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် အမတ်မျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် ထိုဗြဟ္မဒတ်မင်း၏ တရားဆုံးဖြတ်သော အမတ်ဖြစ်၏။ ထိုအခါ ရွာနေကုန်သည်လည်း တယောက်၊ မြို့နေကုန်သည်လည်း တယောက်၊ ဤနှစ်ယောက်ကုန်သော ကုန်သည်တို့သည် အဆွေခင်ပွန်း ဖြစ်ကုန်၏။ ရွာနေကုန်သည်သည် မြို့နေကုန်သည်၏အထံ၌ သံထွန်သွား ငါးရာတို့ကို အပ်ထား၏။ ထိုမြို့နေကုန်သည်သည် ထိုထွန်သွားတို့ကိုရောင်း၍ အဘိုးကိုယူ၍ ထွန်သွားတို့ကို ထားရာအရပ်၌ ကြွက်တို့၏မစင်ကို ကြဲ၍ထား၏။ နောက်အဘို့၌ ရွာနေကုန်သည်သည် လာလတ်၍ ငါ၏ထွန်သွားတို့ကို ပေးလော့ဟုဆို၏။ ကုန်သည်စဉ်းလဲသည် သင်၏ထွန်သွားတို့ကို ကြွက်တို့သည် စားအပ်ကုန်ပြီဟုဆို၍ ကြွက်တို့၏မစင်ကို ပြ၏။

ရွာနေ ကုန်သည်သည် ကြွက်ခဲအပ်သည်သာလျှင် ဖြစ်စေကုန်၊ ကြွက်တို့သည်ခဲအပ်ကုန်သည်ရှိသော် အသို့ပြုအံ့သောငှါ တတ်ကောင်းအံ့နည်းဟုဆို၍ ရေချိုးအံ့သောငှါ ထိုကုန်သည်စဉ်းလဲ၏သားကိုယူ၍ သွားသည်ရှိသော် တယောက်သော အဆွေ ခင်ပွန်း၏အိမ်၌ ဤသူငယ်ကား တစုံတခုသာအရပ်သို့ သွားစိမ့်သောငှါ မပေးပါလင့်ဟုဆို၍ တိုက်တွင်း၌နေစေ၍ မိမိသည်ရေချိုး၍ ကုန်သည်စဉ်းလဲ၏အိမ်သို့ သွား၏။ ထိုကုန်သည်စဉ်းလဲသည် ငါ၏သားကား အဘယ်မှာနည်းဟု ဆို၏။ အဆွေ သင်၏သားကို ကမ်းနား၌ထား၍ ငါရေငုက်သောကာလ၌ တခုသောစွန်သည် လာလတ်၍ သင်၏သားကို ခြေသည်းချိုင့်ဖြင့်ချီ၍ ကောင်းကင်သို့ ပျံ၏။ ငါသည် လက်ခုပ်တီးလျက် ကြော်ငြာ၍ လုံ့လပြုသော်လည်း လွှတ်စိမ့်သောငှါ မတက်နိုင်ဟု ဆိုသည်ရှိသော် အချင်း သင်သည် မမှန်သောစကားကို ဆို၏။ သူငယ်တို့ကို ချီကုန်၍ ပျံအံ့သောငှါစွမ်းနိုင်ကုန်သော စွန်တို့မည်သည်ကား မရှိကုန်ဟု ကုန်သည်စဉ်းလဲသည် ဆို၏။ အဆွေသင့်သည်မှုလည်း ဖြစ်စေ၊ မသင့်သည်မူလည်း ဖြစ်စေ စွန်သည်သာလျှင် သင်၏ သားကို ချီလေ၏။ ငါသည် အသို့ပြုအံ့နည်းဟု ဆိုသည်ရှိသော် ဟယ်.ခိုးသူပျက် ဟယ်... သူငယ်ခိုး ယခုအခါ၌ သင့်ကို တရားဆုံးဖြတ်ရာသို့သွား၍ ဆုံးဖြတ်စေအံ့ဟုဆို၍ ထွက်၏။ ထိုရွာနေကုန်သည်သည် ငါနှစ်သက်သော အမှုကိုသာလျှင် သင်သည် ပြု၏ဟု ဆို၍ ထိုကုန်သည်စဉ်းစားနှင့်တကွ တရားဆုံးဖြတ်ရာအရပ်သို့ သွား၏။

ကုန်သည်စဉ်းလဲသည် ဘုရားလောင်းကို အရှင်ဤသူသည် အကျွန်ုပ်၏သားကို ယူ၍ ရေချိုးအံ့သောငှါ သွား၏။ အကျွန်ုပ်သည် ငါ၏သားကား အဘယ်မှာနည်းဟု ဆိုလတ်သော် စွန့သည် ချီလေ၏ဟု ဆို၏။ အကျွန်ုပ်၏ တရားကို ဆုံးဖြတ်တော်မူကုန်လောဟု ဆို၏။ ဘုရားလောင်းသည် ရွာနေကုန်သည်ကို အချင်း မှန်သလောဟု မေး၏။ ထိုရွာနေကုန်သည်သည် သခင် ဟုတ်၏။ သခင် အကျွန်ုပ်သည် ထိုလူငယ်ကိုခေါ်၍ သွားလတ်သည်ရှိသော် စွန်သည် ချီသည်၏ အဖြစ်သည် မှန်သလျှင်ကတည်းဟု ဆို၏။ အချင်း လောက၌ စွန်တို့မည်သည်ကား သူငယ်ကို ချီနိုင်သည် မရှိဟုဆိုသော် အရှင်အကျွန်ုပ်သည်လည်း အရှင်တို့ကို မေးဦးအံ့၊ စွန်တို့သည် သူငယ်တို့ကို ချီကုန်၍ ကောင်းကင်၌ ပျံအံ့သောငှါ မတတ်နိုင်ကုန်၊ ကြွက်တို့သည်တမူကား သံထွန်သွားတို့ကို စားနိုင်ကုန်အံ့လောဟု ဆိုသည်ရှိသော် သင်၏ ဤစကားသည် အဘယ်မည်သော စကားနည်းဟုဆို၏။ အရှင်အကျွန်ုပ်သည် ထိုသူ၏အိမ်၌ သံထွန်သွား ငါးရာတို့ကို ထားအပ်ကုန်၏။ ထိုသူသည် သင်၏ ထွန်သွားတို့ကို ကြွက်တို့သည် စားအပ်ကုန်၏ဟု ဆို၍ ဤသည်ကား သင်၏ ထွန်သွားတို့ကို စားကုန်သောကြွက်တို့၏ မစင်တည်းဟု မစင်ကို ပြ၏။ အရှင်ကြွက်တို့သည် သံထွန်သွားတို့ကို အကယ်၍ စားနိုင်ကုန်အံ့၊ စွန်တို့သည်လည်း သူငယ်တို့ကို ချီနိုင်ကုန်လတ္တံ့။ ကြွက်တို့သည် သံထွန်သွားတို့ကို အကယ်၍မစားနိုင်ကုန်အံ့၊ စွန်တို့သည်လည်း ထိုသူငယ်ကို မချီနိုင်ကုန်လတ္တံ့၊ ဤသူသည်ကား သင်၏ထွန်သွားတို့ကို ကြွက်တို့သည် ခဲအပ်ကုန်၏ဟူ၍ ဆို၏။ ထိုကြွက်တို့၏ ခဲသည်၏ အဖြစ်ကို၎င်း မခဲသည်၏အဖြစ်ကို၎င်း သိတော်မူပါကုန်လော့ တရားကို ဆုံးဖြတ်တော် မူပါကုန်လာဟု ဆို၏။ ဘုရားလောင်းသည် ထိုကုန်သည်၏ အတုစဉ်းလဲသည်၏အဖြစ်ကို သိစေအံ့ဟူ၍ ဤကုန်သည်ပြုသည်ဖြစ်လတ္တံ့ ဟုသိ၍ သင်သည် ကောင်းစွာကြံအပ်၏ဟု ဆို၍-

၁၃၅။ သဌဿ သာဌေယျမိဒံ သုစိန္တိတံ။
ပစ္စောဍ္ဍိတံ ပဋိကူဋ္ဋဿ ကူဋံ။
ဖာလံ စေ ခါဒေယျုံ မူသိကာ။
ကသ္မာ ကုမာရံ ကုလလာ န ဟရေယျုံ။
၁၃၆။ ကူဋဿ ဟိ သန္တိ ကူဋကူဋာ။
ဘဝန္တိ စာပိ နိကတိနော နိကတျာ။
ဒေဟိ ပုတ္တနဋ္ဌ ဖာလနဋ္ဌဿ ဖာလံ။
မာ တေ ပုတ္တမဟာသိ ဖာလနဋ္ဌော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၃၅။ ဘဏေ၊ အချင်း။ တယာ၊ သင်သည်။ သဋ္ဌဿ၊ စဉ်းလဲ့သောသူ၏။ ဣဒံ သာဌေယျံ၊ ဤ အတုစဉ်းလဲသည်၏အဖြစ်ကို။ သုစိန္တိတံ၊ ကောင်းစွာကြံအပ်၏။ ကူဋဿ၊ ကောက်ကျစ် သောသူ၏။ ပဋိကူဋံ၊ အတု ကောက်ကျစ်သည်၏ အဖြစ်ကို။ ပစ္စောဍ္ဍိတံ၊ တူစွာပြု၍ ကျော့အပ်၏။ ဖာလံ၊ ထွန်သွားကို။ မူသိကာ၊ ကြွက်တို့သည်။ စေ ခါဒေယျုံ၊ အကယ်၍ စားနိုင်ကုန်အံ့။ ကုမာရံ၊ သူငယ်ကို။ ကုလလာ၊ စွန်တို့သည်။ ကသ္မာ၊ အဘယ်ကြောင့်။ န ဟရေယျုံ၊ မချီနိုင်စေကုန်အံ့နည်း။ ဟရေယျဧဝ၊ ချီနိုင်ကုန်ရာသည်သာလျှင်တည်း။

֍ ဋ္ဌ ၁၃၆။ ဣဓ လောကေ၊ ဤလောက၌။ ကူဋဿ၊ ကောက်သောသူ၏။ ကူဋကူဋာ၊ ကောက်တုံ့ ကောက်ကုန်သော သူတို့သည်။ သန္တိ၊ ရှိကုန်၏။ နိကတိနော၊ လှည့်စားတတ်သောသူကို။ နိကတျာ၊ လှည့်စားတတ်သောသူတို့သည်။ ဘဝန္တိ စာပိ၊ ဖြစ်ကုန်သလျှင်ကတည်း။ ပုတ္တနဋ္ဌ၊ သားပျောက်သောသူ။ ဖာလနဋ္ဌဿ၊ ထွန်သွားပျောက်သောသူအား။ ဖာလံ၊ ထွန်သွားကို။ ဒေဟိ၊ ပေးပေလော့။ ဖာလနဋ္ဌော၊ ထွန်သွားပျောက်သောသူသည်။ တေ၊ သင်၏။ ပုတ္တံ၊ သားကို။ မာ အဟာသိ၊ မဆောင်စေလင့်။

အရှင်ငါ၏သားကို အကယ်၍ပေးအံ့၊ ထွန်သွားကို ပေးအံ့ဟု သားပျောက်သောသူသည် ဆို၏။ အရှင်ငါ၏ထွန်သွားတို့ကို အကယ်၍ပေးအံ့၊ သူငယ်ကို ပေးအံ့ဟု ထွန်သွားပျောက်သောသူသည် ဆို၏။ ဤသို့ သားပျောက်သော သူသည် သားကို ထွန်သွားပျောက်သောသူသည် ထွန်သွားကို ရကြကုန်၍ နှစ်ယောက်ကုန်သော သူတို့သည်လည်း ကံအား လျော်စွာ လားကြကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ယခုအခါ ကုန်သည်စဉ်းလဲသည် ထိုအခါ ကုန်သည်စဉ်းလဲ ဖြစ်ဘူးပြီ၊ ယခုအခါ ကုန်သည်ပညာရှိသည်သာလျှင် ထိုအခါ ကုန်သညနပညာရှိ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ တရား ဆုံးဖြတ်သော အမတ်ကြီး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကောက်ကျစ်သည့်မှု၊ ကိုယ်ကပြု၊ အတုပေါ်လိမ့်မည်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကူဋဝါဏိဇဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၉။ ဂရဟိတဇာတ်

လူအရေး မျောက်တွေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဟိရညံ မေ သုဝဏ္ဏံ မေအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂရဟိတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော သာသနာတော်၌ ငြီးငွေ့သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုရဟန်းအား အသီးအခြားယူအပ်သော အာရုံမည်သည်ကား မရှိ၊ မမွေ့လျော်သော နေခြင်းရှိသည်ဖြစ်၍နေသော ထိုရဟန်းကို မြတ်စွာဘုရား အထံတော်သို့ ဆောင်ကုန်၍ ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့လေသည်ဟု ငါကြားရသည်ကား မှန်သလောဟု မြတ်စွာဘုရားသည် မေးအပ်သည်ရှိသော် အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်၍ အဘယ်အကြောင်းကြောင့် ငြီးငွေ့ဘိသနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား ကိလေသာ၏ အစွမ်းကြောင့် ငြီးငွေ၏ဟုလျှောက်၏။ ထိုအခါ၌ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း ဤကိလေသာမည်သည် ရှေး၌ တိရစ္ဆာန်တို့ ကဲ့ရဲ့ဘူး၏။ သင်သည် ဤသို့သဘောရှိသော သာသနာတော်၌ ရဟန်းပြုလျက် အဘယ်ကြောင့် တိရစ္ဆာန်တို့သည် ကဲ့ရဲ့အပ်သော ကိလေသာ၏ အစွမ်းအားဖြင့် ငြီးငွေဘိသနည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်၌ မျောက်မျိုး၌ ဖြစ်၍ ဟိမဝန္တာ၌ နေ၏။ ထိုဘုရားလောင်း မျောက်ကို တယောက်သော မုဆိုးသည် ဖမ်း၍ ဆောင်၍ မင်းအား ဆက်၏။ ထိုဘုရားလောင်းမျောက်သည် ကြာမြင့်စွာ မင်းအိမ်၌ နေလတ်သည်ရှိသော် ဝတ်နှင့်ပြည့်စုံ၏။ လူ့ပြည်၌ဖြစ်သော အမူအရာကို သိ၏။ မင်းသည် ထိုဘုရားလောင်း မျောက်အား ဝတ်နှင့်ပြည့်စုံသည်၏ အဖြစ်ကြောင့် ကြည်ညို၍ မုဆိုးကိုခေါ်စေ၍ ဤမျောက်ကို ဖမ်းရာအရပ်၌လျှင် လွှတ်ချေဟု စေ၏။ ထိုမုဆိုးသည် ထိုသို့စေတိုင်း ပြု၏။ မျောက်အပေါင်းသည် ဘုရားလောင်း၏ လာသည်၏အဖြစ်ကိုသိ၍ ထိုဘုရားလောင်းအား ဖူးမြင်ခြင်းအကျိုးငှါ ကြီးစွာသော ကျောက်ဖျာအပြင်၌ စည်းဝေးကုန်၏။ ဘုရားလောင်းနှင့်တကွ ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သော စကားကို ပြောကုန်၍ အရှင်သင်သည် ဤမျှလောက်သော ကာလပတ်လုံး အဘယ်အရပ်၌ နေချေသနည်းဟု မေးကြကုန်၏။ ဗာရာဏသီပြည် မင်း၏အိမ်၌ နေရ၏ဟု ဆိုသည်ရှိသော် ထိုသို့ မင်းအိမ်၌နေရသော် အသို့မူ၍ လွတ်သနည်းဟု မေးကုန်၏။ မင်းသည် ငါ့ကို ပျော်မြူးကစားသော မျောက်ပြု၍ ဝတ်နှင့်ပြည့်စုံသည်၏ အဖြစ်ကြောင့် ငါ့အား ကြည်ညိုသည်ဖြစ်၍ ငါ့ကို လွှတ်၏ဟု ဆိုပေ၏။

ထိုအခါ၌ ထိုဘုရားလောင်းကို ထိုမျောက်တို့သည် လူ့ပြည်၌ လူတို့၏ ဖြစ်သောအမူအရာမည်သည်ကို သင်တို့သည် သိကုန်လတ္တံ့၊ ငါတို့အားလည်း ပြောဆိုကုန်လော့၊ ငါတို့သည် နာလိုကုန်၏ဟု ဆိုကြကုန်၏။ လူတို့၏ အမူအရာကို သင်တို့သည် ငါ့ကို မမေးကြကုန်လင့်ဟု ဘုရားလောင်းသည် ဆိုလတ်သည်ရှိသော် ဆိုပါကုန်ဦးလော့ နာလိုကုန်၏ ဟု မျောက်တို့သည် ဆိုကုန်၏။ ဘုရားလောင်းသည်လည်း အချင်းတို့ လူတို့မည်သည်ကား မင်းတို့သည်၎င်း ပုဏ္ဏားတို့သည်၎င်း ငါ့ဥစ္စာ ငါ့ဥစ္စာ ဟူ၍သာလျှင် ဆိုကုန်လျက် ဖြစ်ကုန်၍ အတည်မရှိသော သဘောကြောင့် အနိစ္စ၏အဖြစ်ကို မသိကြကုန်၊ ယခုအခါ၌ အလွန်မိုက်ကုန်သော လူတို့၏ အကြောင်းကို သင်တို့သည် နားထောင် ကုန်လောဟု ဆို၍-

၁၃၇။ ဟိရညံ မေ သုဝဏ္ဏ မေ၊ ဧသော ရတ္တိံ ဒိဝါ ကထာ။
ဒုမ္မေဓာနံ မနုဿာနံ၊ အရိယဓမ္မံ အပဿတံ။
၁၃၈။ ဒွေဒွေ ဂဟပတယော ဂေဟေ၊ ဧကော တတ္ထ အမဿုကော။
လမ္ဗတ္ထနော ဝေဏိကတော၊ အထော အင်္ကိတကဏ္ဏကော။
ကီတော ဓနေန ဗဟုနာ၊ သော တံ ဝိတုဒတေ ဇနံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၃၇။ ဘောန္တော၊ အချင်းတို့။ ဒုမ္မေဓာနံ၊ ပညာမရှိကုန်ထသော။ အရိယဓမ္မံ၊ ဘုရားအစရှိကုန်သော အရိယာတို့၏တရားကို။ တနည်းကား- အရိယဓမ္မံ၊ အပြစ်မရှိသော ကိုးပါးသော လောကုတ္တရာတရားကို။ အပဿတံ၊ မမြင်ကုန်ထသော။ မနုဿာနံ၊ လူတို့၏။ ရတ္တိံ၊ ညဉ့်၌၎င်း။ ဒိဝါ၊ နေ့၌၎င်း။ ကထာ၊ မပြတ်ပြောသော စကားသည်ကား။ မေ၊ ငါ၏။ ဟိရညံ၊ သုံးဆောင်ပြီးသောရွှေ။ မေ၊ ငါ၏။ သုဝဏ္ဏံ၊ မသုံးဆောင်သေးသောရွှေ။ ဧသာ၊ ဤသည် သာလျှင်တည်း။

֍ ဋ္ဌ ၁၃၈။ ဂေဟေ၊ အိမ်၌။ ဒွေ ဒွေ ဂဟပတယော၊ နှစ်ယောက် နှစ်ယောက်ကုန်သော အိမ်ရှင်တို့သည်။ သန္တိ၊ ရှိကုန်၏။ တတ္ထ၊ ထိုနှစ်ယောက်ကုန်သော အိမ်ရှင်တို့တွင်။ ဧကော၊ တယောက်သောအိမ်ရှင်သည်ကား။ အမဿကော၊ မုတ်ဆိတ်ကြင်စွယ်လည်း မရှိ။ လမ္ဗတ္ထနော၊ ရှည်သော သားမြတ်လည်း ရှိ၏။ ဝေဏိကတော၊ အထူးထူးအပြားပြားသော အခြင်းအရာအားဖြင့် ထုံးအပ်သော ဆံထုံးလည်းရှိ၏။ အထော၊ ထိုမြို့။ အင်္ကိတကဏ္ဏကော၊ ထွင်းအပ်သော နားလည်းရှိ၏။ ဗဟုနာ ဗဟုံ၊ များစွာသော။ ဓနေနဓနံ၊ ဥစ္စာကို။ ကီတော၊ မိဘတို့အားပေး၍။ အာနီတော၊ ဆောင်အပ်သော။ သော၊ ထိုအိမ်ရှင်သည်။ ဇနံ၊ ကျွန်အမှုလုပ် အစရှိသောသူကို။ ဝိတုဒတေ၊ ဟယ်... ကျွန်ပျက် နင်သည် အမှုကို မပြုကောင်းလောဟု နှုတ်သီးလှံတို့ဖြင့် ထိုးတတ်၏။

ထိုစကားကို ကြားကုန်၍ ခပ်သိမ်းကုန်သော မျောက်တို့သည် မဆိုကုန်လင့် မဆိုကုန်လင့် မကြားသင့်သောစကားကို ကြားရကုန်၏ဟု လက်နှစ်ဘက်တို့ဖြင့် နားကို ကြပ်ကြပ်ပိတ်ကြကုန်၏။ ဤအရပ်၌ ငါတို့သည် မသင့်သောစကားကို ကြားအပ်၏ဟု ဤအရပ်ကို ကဲ့ရဲ့ကုန်၍ တပါးသောအရပ်သို့ သွားကြကုန်၏။ ကျောက်ဖျာသည် ကဲ့ရဲ့ရာကျောက်ဖျာဟု တွင်သည်သာလျှင် ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ရဟန်း ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ မျောက်အပေါင်းတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မျောက်မင်းဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ငါ့အိမ်ငါ့ယာ၊ ငါ့ဥစ္စာ၊ အာသာစွဲလတ် မမြဲမှတ်

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဂရဟိတဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၁၀။ ဓမ္မဓဇဇာတ်

အင်္ဂါ ၄-ပါးရှိ ဥယျာဉ်မှူး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်သုခံ ဇီဝိတရူပေါသိ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဓမ္မဓဇဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်၏ သတ်အံ့သော လုံ့လပြုခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုအခါ၌ မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝဒတ်သည် ငါ့အား သတ်အံ့သောငှါ လုံ့လပြုသည်မဟုတ်သေး၊ ရှေး၌လည်း ဒေဝဒတ်သည် ငါ့အား သတ်အံ့သောငှါ လုံ့လပြုသလျှင်ကတည်း၊ ထိုသို့ပြုသော်လည်း ထိတ်လန့်ခြင်းကိုလည်း ပြုအံ့သောငှါ မစွမ်းနိုင်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ယသပါဏိမည်သော မင်းသည် မင်းပြုလေ၏။ စစ်သူကြီးသည် ကာဠကအမည်ရှိ၏။ ထိုအခါ၌ ဘုရားလောင်းသည် ထိုယသပါဏိမင်၏ ပုရောဟိတ်ဖြစ်၏။ အမည်အားဖြင့် ဓမ္မဓဇမည်၏။ ထိုယသပါဏိမင်း၏ ဦးခေါင်းကို တန်ဆာဆင်တတ်သော ဆတ္တာသည်သည်ကား ဆတ္တပါဏိ အမည်ရှိ၏။ မင်းသည် တရားသဖြင့် မင်းပြု၏။ ထိုယသပါဏိမင်း၏ စစ်သူကြီးသည်တမူကား အဆုံးအဖြတ်ကို ပြုလတ်သည်ရှိသော် တံစိုးကို ယူ၍စား၏။ သူတပါးတို့၏ ကျောက်ကုန်းသားကို စားတတ်သော စစ်သူကြီးသည် တံစိုးကိုယူ၍ အရှင်မဟုတ်ကုန်သော သူတို့ကို ဥစ္စာရှင်ပြု၏။ ထိုအခါ၌ တနေ့သ၌ တရားအဆုံးအဖြတ်မှ ရှုံးသော လူသည် လက်တို့ကိုမြှောက်၍ ငိုလျက် တရားဆုံးဖြတ်ရာမှ ထွက်သည်ရှိသော် မင်းခစားရာသို့သွားသော ဘုရားလောင်းကိုမြင်၍ ထိုဘုရားလောင်း၏ ခြေတို့၌ ဝပ်၍ အရှင်မင်း၏ အကျိုးကို၎င်း အကြောင်းကို၎င်း ဆုံးမတတ်ကုန်သော အရှင်တို့ကဲ့သို့သော သူတို့သည် ထင်ရှားရှိကုန်စဉ်လျက် ကာဠက စစ်သူကြီးသည် တံစိုးကိုယူ၍ ဥစ္စာရှင်တို့ကို အရှင်မဟုတ်သည်ကို ပြု၏ဟုဆို၍ မိမိရှုံးသည်၏အဖြစ်ကို ဘုရားလောင်းအား ပြောဆို၏။ ဘုရားလောင်းသည် သနားခြင်းကိုဖြစ်စေ၍ အချင်း လာလှည့် သင်၏ တရားကို ဆုံးဖြတ်အံ့ဟု ထိုတရားရှုံးသောသူကိုယူ၍ တရားဆုံးဖြတ်ရာအရပ်သို့ သွား၏။ လူများသည် စည်းဝေးသည်ရှိသော် ဘုရားလောင်းသည် ထိုတရားကို တဖန် ဆုံးဖြတ်၍ ဥစ္စာရှင်ဟုတ်သောသူကို ဥစ္စာရှင်ပြု၏။

လူများသည် ကောင်းချီးပေးသော အသံသည် သည်းထန်စွာ ဖြစ်၏။ မင်းသည် ထိုကောင်းချီးပေးသောအသံကို ကြား၍ ဤအသံသည် အဘယ်မည်သော အသံနည်းဟု မေး၏။ မင်းမြတ် ဓမ္မဓဇပညာရှိသည် မကောင်းသဖြင့် ဆုံးဖြတ်အပ်သောတရားကို ကောင်းစွာ ဆုံးဖြတ်အပ်၏။ ဤအသံသည် ထိုတရားဆုံးဖြတ်ရာအရပ်၌ ကောင်းချီးပေးသော အသံတည်းဟု လျှောက်သည်ရှိသော် မင်းသည် နှစ်သက် သည်ဖြစ်၍ ဘုရားလောင်းကို ခေါ်စေ၍ ဆရာ သင်သည် တရားကို ဆုံးဖြတ်၏ဟူ၍ ငါကြားရသည် မှန်သလောဟု မေး၏။ မင်းမြတ် မှန်၏။ ကာဠကသည် မကောင်းသဖြင့် ဆုံးဖြတ်အပ်သောတရားကို ဆုံးဖြတ်အပ်၏ဟု လျှောက်သည်ရှိသော် ဤနေ့မှစ၍ သင်တို့သည်သာလျှင် တရားကို ဆုံးဖြတ်ကုန်လော့၊ ငါ၏ နားချမ်းသာခြင်းသည်လည်း ဖြစ်လတ္တံ့၊ လူ၏အစီးအပွားသည်လည်းဖြစ်လတ္တံ့ ဟု ဆို၍ အလိုမရှိသည်လည်းဖြစ်သော ထိုဘုရားလောင်းကို သတ္တဝါတို့အားသနားသဖြင့် တရားဆုံးဖြတ်သောအရာ၌ နေကုန်လော့ဟု တောင်းပန်၍ ဝန်ခံစေ၏။ ထိုနေ့မှစ၍ ဘုရားလောင်းသည် တရား ဆုံးဖြတ်သောအရာ၌ နေ၏။ ဥစ္စာရှင်ဖြစ်ကုန်သော သူတို့ကိုသာလျှင် ဥစ္စာရှင်ကို ပြု၏။

ကာဠကသည် ထိုအခါမှစ၍ တံစိုးကို မရလတ်သော် လာဘ်မှယုတ်၍ ဘုရားလောင်းအား ရန်ငြိုးဖွဲ့၍ မင်းမြတ် ဓမ္မဓဇပညာရှိသည် အရှင်၏ မင်းအဖြစ်ကို တောင့်တ၏ဟု ဘုရားလောင်းကို မင်း၏စိတ်၌ အချစ်ဖျက်၏။ မင်းသည် မယုံကြည်သည်ဖြစ်၍ ဤသိုမဆိုလင့်ဟုပယ်၍ တဖန် ထိုကာဠကသည် မင်းမြတ် အကျွန်ုပ်၏ စကားကို အကယ်၍ ယုံကြည်တော် မမူကုန်အံ့၊ ထိုဓမ္မဓဇသည် လာသောကာလ၌ လေသွန်းတံခါးပေါက်ဖြင့် ကြည့်တော်မူလော့၊ ထိုသို့ ကြည့်တော်မူလတ်သည်ရှိသော် ဤဓမ္မဓဇသည် မြို့အလုံးကို မိမိ၏လက်သို့ ရောက်စေသည်၏အဖြစ်ကို မြင်တော်မူကုန်လတ္တံ့ဟု လျှောက်သည်ရှိသော် မင်းသည် ထိုဓမ္မဓဇ၏အထံ၌ တရားတွေ့သော ပရိသတ်ကိုမြင်၍ ထိုမ္မဓဇ၏ပရိသတ်ဟူ၍ ထင်မှတ်သဖြင့် အချစ်ပျက်၍ စစ်သူကြီး အသို့ပြုကုန်အံ့နည်းဟု မေး၏။ မင်းမြတ် ထိုဓမ္မဓဇကို သတ်အံ့သောငှါ သင့်၏ဟု လျှောက်သည်ရှိသော် ရုန့်ရင်းသော အပြစ်ကိုမမြင်ဘဲ အသို့သတ်အံ့နည်းဟုဆို၏။ မင်းမြတ် တခုသော ဥပါယ်တမျဉ်သည် ရှိ၏ဟု လျှောက်သည်ရှိသော် အဘယ်မည်သော ဥပါယ်တမျဉ်နည်းဟု ဆို၏။ မင်းမြတ် ထိုဓမ္မဓဇအား ဆောင်ရွက်ခြင်းငှါ မစွမ်းနိုင်သော အမှုကိုတင်၍ အမှုကို ပြုအံ့သောငှါ မစွမ်းနိုင်ငြားအံ့၊ ထိုအပြစ်ဖြင့် သတ်ကြကုန်အံ့ဟု လျှောက်သည်ရှိသော် ထိုဓမ္မဓဇ၏ ဆောင်ရွက်ခြင်းငှာ မစွမ်းနိုင်သော အမှု သည်ကား အဘယ်အမှုနည်းဟု ဆို၏။ မင်းမြတ် ဥယျာဉ်မည်သည်ကား ကောင်းမြတ်သောမြေ၌ စိုက်ပျိုးအပ်သည်ဖြစ်၍ ပြုပြင်အပ်သည်ရှိသော် သုံးနှစ်လေးနှစ်တို့ဖြင့် အသီးကိုပေး၏။ အရှင်မင်းမြတ်တို့သည် ထိုဓမ္မဓဇကိုခေါ်စေ၍ နက်ဖြန် ဥယျာဉ်ကစားကုန်အံ့၊ ငါ့အဘို့ ဥယျာဉ် ဘန်ဆင်းလော့ဟု ဆိုတော်မူကုန်လော့၊ ထိုမ္မဓဇသည် ဘန်ဆင်းအံ့သောငှါ မစွမ်းနိုင်လတ္တံ့၊ ထိုသို့ မစွမ်းနိုင်သည်ရှိသော် ထိုဓမ္မဓဇကို ထိုအပြစ်ဖြင့် သတ်ကြကုန်အံ့ဟုလျောက်၏။

မင်းသည် ဘုရားလောင်းကိုခေါ်၍ ပညာရှိ ငါတို့သည် ဥယျာဉ်ဟောင်း၌ ကစားရသည်ကား ကြာကုန်ပြီ၊ ယခုအခါ၌ ဥယျာဉ်သစ်၌ ကစားလိုကုန်၏။ နက်ဖြန် ကစားကုန်အံ့၊ ငါတို့ကို ဥယျာဉ်ကို ဘန်ဆင်းလော့၊ ဘန်ဆင်းအံ့သောငှါ အကယ်၍ မစွမ်းနိုင်လျှင် သင်၏ အသက်သည် မရှိလတ္တံ့ ဟု ဆို၏။ ဘုရားလောင်းသည် ကာဠကသည် တံစိုးကို မရခြင်းကြောင့် မင်း၏အတွင်း၌ အချစ်ဖျက်အပ်သည် ဖြစ်လတ္တံ့ဟု သိ၍ မင်းမြတ် စွမ်းနိုင်ပါမူကား သိရလတ္တံ့ဟုဆို၍ အိမ်သို့သွား၍ ကောင်းသောဘောဇဉ်ကိုစား၍ ကြံလျက် အိပ်ရာ၌ အိပ်၏။ သိကြားမင်း၏နေရာသည် ပူသောအခြင်းအရာကိုပြ၏။ သိကြားသည် ဆင်ခြင်လတ်သော် ဘုရားလောင်း၏ စိတ်ကိုသိ၍ လျင်မြန်စွာသွား၍ ကြက်သရေရှိသော တိုက်တို့၌ဝင်၍ ကောင်းကင်၌တည်၍ ပညာရှိ အဘယ်ကို ကြံသနည်းဟု မေး၏။ သင်သည် အဘယ်သူနည်းဟု ဆိုလတ်သည်ရှိသော် သိကြားတည်းဟု ဆို၏။ သိကြားမင်း မင်းသည် ငါ့ကို ဥယျာဉ်ကို ဘန်ဆင်းလော့ဟု ဆို၏။ ငါသည် အသို့ပြု၍ ဘန်ဆင်းရအံ့နည်းဟု ကြံ၏။ ဤသို့ဆိုသည်ရှိသော် ပညာရှိ မကြံလင့်၊ ငါသည် သင့်ဘို့ နန္ဒဝန်ဥယျာဉ်စိတ္တလတာဥယျာဉ်နှင့်တူသော ဥယျာဉ်ကို ဘန်ဆင်းအံ့၊ အဘယ်အရပ်၌ ဘန်ဆင်းရအံ့နည်းဟု ဆို၏။ သိကြားမင်း ဤမည်သောအရပ်၌ တန်ဆင်းလော့ဟု ဆိုသည်ရှိသော် သိကြားသည် ဘန်ဆင်း၍ နတ်ပြည်သို့လျှင် သွား၏။

နက်ဖြန်နေ့၌ ဘုရားလောင်းသည် ဥယျာဉ်ကို မျက်မှောက်အားဖြင့် မြင်၍ သွား၍ မင်းအား မင်းမြတ် ဥယျာဉ်သည် ပြီးပြီ ကစားတော်မူပါလော့ဟု လျောက်၏။ မင်းသည် သွား၍ တဆယ့်ရှစ်တောင်ရှိသော ဆေးဒန်းမြင်းသီလာအဆင်းနှင့်တူသော အဆင်းရှိသော တံတိုင်းဖြင့် ခြံရံအပ်သော တံခါး ပစ္စင်နှင့်ပြည့်စုံသော အပွင့်အသီးတို့ဖြင့်ပြည့်သော အထူးထူးသော သစ်ပင်တို့ဖြင့် တန်ဆာဆင်အပ်သော ဥယျာဉ်ကိုမြင်၍ ကာဠကကို ကာဠက ပညာရှိသည် ငါတို့၏ စကားကို ပြုလေပြီ၊ ယခုအခါ၌ အသုံပြုရကုန်အံ့နည်းဟု မေး၏။ မင်းမြတ် တညဉ့်ခြင်းဖြင့် ဥယျာဉ်ကို ဘန်ဆင်းအံ့သောငှါ စွမ်းနိုင်သောသူသည် မင်းအဖြစ်ကို ယူအံ့သောငှါ အဘယ်မှာ မစွမ်းနိုင်ရှိအံ့နည်းဟု ကာဋ္ဌကကဆို၏။ ထိုသို့ ဆိုသည်ရှိသော် ယခုအခါ၌ အသို့ပြုရကုန်အံ့နည်းဟု ဆို၏။ မင်းမြတ် ထိုပညာရှိကို တပါးလည်းဖြစ်သော မဆောင်ရွက် မစွမ်းနိုင်သောအမှုကို ပြုစေကုန်အံ့ဟု လျှောက်၏။ အဘယ်မည်သောအမှုကို ပြုစေရကုန်အံ့နည်းဟု ဆို၏။ မင်းမြတ် ရတနာခုနစ်ပါးဖြင့်ပြီးသော ရေကန်ကို ဘန်ဆင်းစေကုန်လော့ဟု လျှောက်၏။ မင်းသည် ကောင်းပြီဟု ဘုရားလောင်းကို ခေါ်၍ ဆရာ ဥယျာဉ်ကို သင်သည် ဘန်ဆင်းအပ်လေပြီ၊ ထိုဥယျာဉ်အား လျောက်ပတ်သော ရတနာခုနစ်ပါးဖြင့် ပြီးသော ရေကန်ကို ဘန်ဆင်းဦးလော့၊ ဘန်ဆင်းအံ့သောငှါ အကယ်၍ မစွမ်းနိုင်သည်ဖြစ်အံ့၊ သင်၏ အသက်သည် မရှိရလတ္တံ့ဟု ဆို၏။ ဘုရားလောင်းသည် မင်းမြတ် ကောင်းပြီ စွမ်းနိုင်ပါမူကား ဘန်ဆင်းပါအံ့ဟု ဆို၏။ ထိုအခါ၌ ဘုရားလောင်း၏ အကျိုးငှါ သိကြားသည် ရေကန်ကို ဘန်ဆင်း၏။ ဘန်ဆင်းသည် ရှိသော်လည်း တင့်တယ်ခြင်းအစုသို့ ရောက်သော ဆိပ်တရာရှိသော အကောက်တထောင်ရှိသော ငါးပါးသော အဆင်းရှိသော ပဒုမာတို့ဖြင့် ဖုံးလွှမ်းသော နန္ဒာရေကန်နှင့်တူသော ရေကန်ကို ဘန်ဆင်း၏။

နက်ဖြန်နေ့၌ ဘုရားလောင်းသည် ထိုရေကန်ကိုလည်း မျက်မှောက် ပြု၍ မင်းအား မင်းမြတ် အကျွန်ုပ်သည် ရေကန်ကို ဘန်ဆင်းအပ်ပြီဟု လျှောက်၏။ မင်းသည် ထိုရေကန်ကိုလည်းမြင်၍ ကာဠက ယခုအခါ၌ အညိုပြုရကုန်အံ့နည်းဟု ကာဠကကို မေး၏။ မင်းမြတ် ဥယျာဉ်အား လျောက်ပတ်သော အိမ်ကို ဘန်ဆင်းစိမ့်သောငှါ စေလောဟု လျှောက်၏။ မင်းသည် ဆရာ ဤဥယျာဉ်အား၎င်း ဤရေကန်အား၎င်း လျောက်ပတ်သော အလုံးစုံ ဆင်စွယ်ဖြင့်ပြီးသော အိမ်ကို ဘန်ဆင်းဦးလော့၊ အကယ်၍ မဘန်ဆင်းနိုင်အံ့၊ သင်၏ အသက်သည် မရှိရလတ္တံ့ဟု ဆို၏။ ထိုအခါ၌ ထိုဘုရားလောင်း၏အကျိုးငှာ သိကြားသည် အိမ်ကိုလည်း ဘန်ဆင်း၏။ ဘုရားလောင်းသည် နက်ဖြန်နေ့၌ မျက်မှောက်ပြု၍ မင်းအား လျှောက်၏။ မင်းသည်လည်း ထိုအိမ်ကိုမြင်၍ ယခုအခါ၌ အသို့ပြုရကုန်အံ့နည်းဟု ကာဠကကို မေး၏။ မင်းမြတ် အိမ်အားလျောက်ပတ်သော ပတ္တမြားကို ဘန်ဆင်းစိမ့်သောငှါ စေလော့ဟု လျောက်၏။ မင်းသည် ဘုရားလောင်းကို ခေါ်၍ ပညာရှိ ဤဆင်စွယ်ဖြင့်ပြီးသောအိမ်အား လျောက်ပတ်သော ပတ္တမြားကို ဘန်ဆင်းလော့၊ ပတ္တမြားရောင်ဖြင့် သွားကုန်အံ့၊ ဘန်ဆင်းအံ့သောငှါ အကယ်၍ မစွမ်းနိုင်အံ့၊ သင်၏အသက်သည် မရှိရလတ္တံ့ဟု ဆို၏။ ထိုအခါ၌ ဘုရားလောင်း၏အကျိုးငှါ သိကြားသည် ပတ္တမြားကိုလည်းဘန်ဆင်း၏။

ဘုရားလောင်းသည် နက်ဖြန်နေ့၌ ထိုပတ္တမြားကို မျက်မှောက်ပြု၍ မင်းအား လျောက်၏။ မင်းသည် ထိုပတ္တမြားကိုလည်းမြင်၍ ယခုအခါ၌ အသို့ပြုရကုန်အံ့နည်းဟု ကာဠကကို မေး၏။ မင်းမြတ် ဓမ္မဓဇပုဏ္ဏားအား အလိုရှိတိုင်းပေးတတ်သော နတ်သည် ရှိယောင်တကား၊ ယခုအခါ၌ အကြင်အမှုကို နတ်သည်လည်း ဘန်ဆင်း၍ပြုအံ့သောငှါ မတတ်ကောင်း၊ ထိုအမှုကို စေလော့ဟု လျှောက်၍ မင်းမြတ် အင်္ဂါလေးပါးနှင့်ပြည့်စုံသော လူမည်သည်ကို နတ်တို့သည်လည်း ဘန်ဆင်းအံ့သောငှါ မတတ်နိုင်ကုန်၊ ထို့ကြောင့် အင်္ဂါလေးပါးနှင့်ပြည့်စုံသော ဥယျာဉ်စောင့်ကို ငါ့ဘို့ ဘန်ဆင်းလော့၊ ဤသို့ဆိုလော့ဟု လျှောက်၏။ မင်းသည် ဘုရားလောင်းကို ခေါ်၍ ဆရာ သင်သည် ငါတို့ကို့ ဥယျာဉ်ကို၎င်း ရေကန်ကို၎င်း ဆင်စွယ်ဖြင့်ပြီးသော ပြာသာဒ်ကို၎င်း ထိုပြာသာဒ်၏ အလင်းကိုပြအံ့သော ပတ္တမြားရတနာကို၎င်း ဘန်ဆင်းအပ်ကုန်ပြီ၊ ယခုအခါ၌ ငါ့ဘို့ ဥယျာဉ်ကို စောင့်တတ်သော အင်္ဂါလေးပါးနှင့်ပြည့်စုံသော ဥယျာဉ်စောင့်ကို ဘန်ဆင်းလော၊ အကယ်၍ မဘန်ဆင်းနိုင်အံ့၊ သင်၏အသက်သည် မရှိရလတ္တံ့ဟု ဆို၏။ ဘုရားလောင်းသည် ထိုသို့ပင် ဖြစ်စေရမူကား သိရလတ္တံ့ဟု အိမ်သို့သွား၍ ကောင်းသော ဘောဇဉ်ကို စားပြီး၍ အိပ်သည်ရှိသော် မိုးသောက်ထသောကာလ၌နိုး၍ အိပ်ရာအပြင်၌ နေလျက် သိကြားနတ်မင်းသည် အကြင်အမှုကို ဘန်ဆင်းအံ့သောငှါ စွမ်းနိုင်၏။ ထိုအမှုကို ဘန်ဆင်းလေပြီ၊ လေးပါးသော အင်္ဂါနှင့်ပြည့်စုံသော ဥယျာဉ်စောင့်ကိုတမူကား ဘန်ဆင်းအံ့သောငှါ မတတ်ကောင်းလေ၊ ဤသို့ ဘန်ဆင်းခြင်းငှာ မတတ်ကောင်းသည်ဖြစ်သော် သူတပါးတို့၏လက်၌ သေရသည်ထက် တော၌ ကိုးကွယ်ရာမရှိ သေရခြင်းသည်သာလျှင် ကောင်းမြတ်၏ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် တစုံတယောက်သောသူအား မကြားမူ၍ ပြာသာဒ်မှသက်၍ မြတ်သောတံခါးဖြင့်လျှင် မြို့မှထွက်၍ တောသို့ဝင်၍ တခုသောသစ်ပင်ရင်း၌ သူတော်ကောင်းတို့၏ လောကဓံတရားရှစ်ပါး နှိပ်စက်လတ်သော် မတုန်မလှုပ်ခြင်းဟုဆိုအပ်သော သဘောကို ဆင်ခြင်လျက်နေ၏။

သိကြားမင်းသည် ထိုအကြောင်းကိုသိ၍ တောသွားမုဆိုးကဲ့သို့ ဖြစ်၍ ဘုရားလောင်းသို့ကပ်လေ၍ ပုဏ္ဏား သင်သည် နူးညံ့သိမ်မွေ့သော သဘောရှိလျက် အလွန်ဆင်းရဲသော သဘောရှိသကဲ့သို့ ဤတောသို့ဝင်၍ အဘယ်ကို ပြုလျက်နေသနည်း၊ ဤသို့ မေးလိုရကား-

၁၃၉။ သုခံ ဇီဝိတရူပေါသိ၊ ရဋ္ဌာ ဝိဝနမာဂတော။
သော ဧကကော ရုက္ခမူလေ၊ ကပဏာ ဝိယ ဈာယသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၉။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ သုခံ၊ ချမ်းသာစွာ။ ဇီဝိတရူပေါ၊ အသက်ရှည်သော သဘောရှိသည်။ အသိ၊ ဖြစ်၏။ သော တွံ၊ ထိုသင်သည်။ ရဋ္ဌာ၊ ပြည့်သောလူရှိရာ အရပ်မှ။ ဝိဝနံ၊ ရေမရှိသော တောအရပ်သို့။ အာဂတော၊ လာ၍။ ရုက္ခမူလေ၊ သစ်ပင်ရင်း၌။ ဧကကော၊ တယောက်အထီးတည်း။ ကပဏာ ပိယ၊ အထီးကျန်သောသူကဲ့သို့။ နိသိန္နော၊ နေလျက်။ ဈာယသိ၊ အဘယ်ကိုကြံဘိသနည်း။

ထိုစကားကိုကြား၍ ဘုရားလောင်းသည်-

၁၄၀။ သုခံ ဇီဝိတရူပေါသ္မိ၊ ရဋ္ဌာ ဝိဝနမာဂတော။
သော ဧကကော ရုက္ခမူလေ၊ ကပဏာ ဝိယ ဈာယာမိ၊
သတံ ဓမ္မံ အနုဿရံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၀။ သမ္မ၊ အဆွေ။ အဟံ၊ ငါသည်။ သုခံ၊ ချမ်းသာစွာ။ ဇီဝိတရူပေါ၊ အသက်မွေးရသော သူကဲ့သို့။ အသ္မိ၊ ဖြစ်၏။ သော အဟံ၊ ထိုငါသည်။ ရဋ္ဌာ၊ ပြည့်သောသူတို့၏ နေရာအရပ်မှ။ ဝိဝနံ၊ ရေမရှိသော တောအရပ်သို့။ အာဂတော၊ ဝင်လာ၍။ ရုက္ခမူလေ၊ သစ်ပင်ရင်း၌။ ကပဏာ ဝိယ၊ အထီးကျန်သော သူကဲ့သို့။ ဧကကော၊ တယောက်အထီးတည်း။ နိသိန္နော၊ နေလျက်။ သတံ၊ ဘုရား, ပစ္စေကဗုဒ္ဓါ သာဝကဟု ဆိုအပ်ကုန်သော သူတော်ကောင်းတို့၏။ ဓမ္မံ၊ လောကဓံတရား ရှစ်ပါးသည် နှိပ်စက်၍ တုန်လှုပ်ခြင်းမရှိသောသဘောကို။ အနုဿရံ-အနုဿရန္တော၊ အောက်မေ့လျက်။ ဈာယာမိ၊ ကြံ၏။

ထိုအခါ၌ ထိုဘုရားလောင်းကို သိကြားမင်းသည် ပုဏ္ဏား ဤသို့ သူတော်ကောင်းတို့၏သဘောကို ဆင်ခြင်သည် ဖြစ်လတ်သော် သင်သည် ဤအရပ်၌ အဘယ်ကြောင့် နေဘိသနည်းဟု ဆို၏။ အဆွေ မင်းသည် လေးပါးသော အင်္ဂါနှင့်ပြည့်စုံသော ဥယျာဉ်စောင့်ကို ဆောင်စေ၏။ ထိုသို့ သဘောရှိသော ဥယျာဉ်စောင့်ကို ရအံ့သောငှါ မစွမ်းနိုင်၊ ထိုငါသည် သူတပါး၏လက်၌သေသဖြင့် အဘယ်ပြုအံ့နည်း၊ တောသို့ဝင်၍ ကိုးကွယ်ရာမရှိသော သေခြင်းဖြင့် သေအံ့ဟုကြံ၍ ဤသို့လာ၍ နေ၏ဟု ဘုရားလောင်းသည် ဆို၏။ ပုဏ္ဏား ငါသည် သိကြားနတ်မင်းတည်း၊ ငါသည် သင့်ဘို့ ဥယျာဉ်အစရှိသည်တို့ကို ဘန်ဆင်း အပ်ကုန်ပြီ၊ အင်္ဂါလေးပါးနှင့်ပြည့်စုံသော ဥယျာဉ်စောင့်ကို ဘန်ဆင်းအံ့သောငှာ မတတ်ကောင်း၊ သင်တို့၏ မင်း၏ ဦးခေါင်းကိုတန်ဆာဆင်တတ်သော ဆတ္တာသည်သည် ဆတ္တပါဏိမည်၏။ ထိုဆတ္တပါဏိသည် အင်္ဂါလေးပါးနှင့် ပြည့်စုံ၏။ အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဥယျာဉ်စောင့်ဖြင့် အလိုရှိသည်ရှိသော် ထိုဆတ္တာသည်ကို ဥယျာဉ်စောင့်ပြုစိမ့်သောငှါ ဆိုလေလော့ဟု သိကြားမင်းသည် ဘုရားလောင်းအား အဆုံးအမကိုပေး၍ မကြောက်လင့်ဟု နှစ်သိမ့်စေ၍ မိမိ၏ နတ်ပြည်သို့လျှင် သွား၏။

ဘုရားလောင်းသည် အိမ်သို့သွား၍ နံနက်စာစားပြီးသော် မင်းအိမ်တံခါးသို့သွား၍ ဆတ္တပါဏိကိုလည်း ထိုမင်းအိမ်တံခါး၌လျှင် မြင်၍ လက်၌ကိုင်၍ အဆွေဆတ္တပါဏိ သင်သည် လေးပါးသောအင်္ဂါနှင့် ပြည့်စုံသလောဟု မေး၏။ ငါ၏ အင်္ဂါလေးပါးနှင့် ပြည့်စုံသည်၏အဖြစ်ကို သင့်အား အဘယ်သူသည် ကြားသနည်းဟု ဆိုသည်ရှိသော် သိကြားနတ်မင်းသည် ကြား၏ဟုဆို၍ အဘယ်အကြောင်းကြောင့် ကြားသနည်းဟု မေးအပ်သည်ရှိသော် ဤမည်သော အကြောင်းကြောင့် ကြား၏ဟု အလုံးစုံကို ပြောဆို၏။ ထိုဆတ္တပါဏိသည် ငါသည် လေးပါးသော အင်္ဂါနှင့်ပြည့်စုံသည် မှန်၏ဟု ဆို၏။ ထိုအခါ၌ ဆတ္တပါဏိကို ဘုရားလောင်းသည် လက်၌ကိုင်၍ မင်း၏အထံသို့ သွား၍ မင်းမြတ် ဤဆတ္တပါဏိသည် အင်္ဂါလေးပါးနှင့် ပြည့်စုံ၏။ အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဥယျာဉ်စောင့်ဖြင့် အလိုရှိသည်ရှိသော် ဤဆတ္တပါဏိကို ဥယျာဉ်စောင့် ပြုစေတော်မူကုန်လော့ဟု ဆို၏။

ထိုအခါ၌ ဆတ္တပါဏိကို မင်းသည် အချင်း သင်သည် အင်္ဂါလေးပါးနှင့် ပြည့်စုံသလောဟု မေး၏။ မင်းမြတ် ဟုတ်၏ဟု ဆိုသည်ရှိသော် အချင်း သင်သည် အဘယ်မည်ကုန်သော အင်္ဂါလေးပါးတို့နှင့် ပြည့်စုံသနည်းဟု မေး၏။ မင်းမြတ် အကျွန်ုပ်သည် ငြူစူခြင်းမရှိ၊ မင်းမြတ် အကျွန်ုပ်သည် ယစ်မျိုးကိုလည်း မသောက်၊ မင်းမြတ် အကျွန်ုပ်သည် ချစ်ခြင်းလည်း မရှိ၊ မင်းမြတ် အကျွန်ုပ်သည် အမျက်မထွက်ခြင်းကို ဆောက်တည်အပ်၏။ ထိုစကားသည် မှန်၏။ မင်းမြတ် အကျွန်ုပ်အား ငြူစူခြင်းမည်သည်ကား မရှိ။ အကျွန်ုပ်သည် သေကိုလည်း မသောက်စဘူး၊ သူတပါးတို့၌ အကျွန်ုပ်သည် ချစ်ခြင်းသည်၎င်း အမျက်ထွက်ခြင်းသည်၎င်း မဖြစ်စဘူး၊ ဤသို့ အင်္ဂါလေးပါးတို့နှင့်ပြည့်စုံ၏ဟု ဆို၏။ ထိုအခါ၌ မင်းသည် အို ဆတ္တပါဏိ သင်သည် ငြူစူခြင်းမရှိသောသူ ဖြစ်၏ဟု ဆိုသလောဟု ဆို၏။ မင်းမြတ် အကျွန်ုပ် ငြူစူခြင်းမရှိသောသူ ဖြစ်၏ဟူ၍ဆိုသည် ဟုတ်၏ဟု လျှောက်သည်ရှိသော် အဘယ်အာရုံကို မြင်၍ ငြူစူခြင်း မရှိသနည်းဟု ဆို၏။ မင်းမြတ် နာတော်မူလော့ဟု လျှောက်၍ မိမိ၏ငြူစူခြင်း မရှိသည်၏အဖြစ်ကို ဆိုလိုရကား-

(က) ဣတ္ထိယာ ကာရဏာ ရာဇ၊ ဗန္ဓာပေသိံ ပုရောဟိတံ။
သော မံ အတ္ထေ နိဝေဒေသိ၊ တသ္မာဟံ အနုသူယကော။

ဟူသော ဤဂါထာကို ရွတ်၏။

ရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ ပုဗ္ဗေ၊ ရှေး၌။ ဣမသ္နိံ ဗာရာဏသိနဂရေ၊ ဤဗာရာဏသီပြည်၌ သာလျှင်။ ရာဇာ၊ မင်းဖြစ်ဘူး၏။ ဣတ္ထိယာ၊ မိန်းမ၏။ ကာရဏာ၊ အကြောင်းကြောင့်။ ပုရောဟိတံ၊ ပုရောဟိတ်ကို။ ဗန္ဓာပေသိံ၊ နှောင်ဖွဲ့ စေ၏။ သော၊ ထိုပုရောဟိတ်သည်။ မံ၊ အကျွန်ုပ်ကို။ အတ္ထေ၊ အကျိုးစီးပွားတို့ကို။ နိဝေဒေသိ၊ ကြားပေ၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ အနုသူယကော၊ ငြူစူခြင်းမရှိ။

အဗဒ္ဓ တတ္ထ ဗဇ္ဈန္တိ၊ ယတ္ထ ဗာလာ ပဘာသရေ။
ဗဒ္ဓါပိ တတ္ထ မုစ္စန္တိ၊ ယတ္ထ မီရာ ပဘာသရေ။

ဟူသော ဗန္ဓနမောက္ခဇာတ် ၌လာသော နည်းဖြင့်သာလျှင် တပါးသောကာလ၌ ဤဆတ္တပါဏိသည် မင်းဖြစ်၍ ခြေရင်း၌ မြဲကုန်သော ခြောက်ကျိပ် လေးယောက်ကုန်သော အမတ်တို့နှင့်တကွ ချွတ်ယွင်းပြီး၍ မိမိ၏နှလုံးအလိုကို မဖြည့်သောဘုရားလောင်းကို ဖျက်ဆီးလိုသော မိဖုယားသည် ချောပစ်၍ နှောင်ဖွဲ့စေ၏။ ထိုအခါ၌ ထိုဘုရားလောင်းကို နှောင်ဖွဲ့၍ ဆောင်သည်ရှိသော် ဘုရားလောင်းသည် မိဖုယား၏ အဟုတ်အမှန်ဖြစ်သောအပြစ်ကို ကြား၍ မိမိသည် လွတ်သည်ရှိသော် မင်းသည် နှောင်ဖွဲ့စေအပ်ကုန်သော အလုံးစုံလည်းဖြစ်ကုန်သော ခြေရင်း၌ မြဲစွဲကုန်သော အမတ်တို့ကို လွှတ်စေ၍ မင်းမြတ် ထိုခြောက်ကျိပ် လေးယောက်ကုန်သော အမတ်တို့၏၎င်း မိဖုယား၏၎င်း အပြစ်ကို အရှင်မင်းမြတ်သည် သည်းခံတော်မူကုန်လော့ဟု ဆုံးမ၏။ အလုံးစုံကို အောက်၌ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင် အကျယ်အားဖြင့် သိအပ်၏။ ထိုစကားကို ရည်၍-

ဣတ္ထိယာ ကာရဏာ ရာဇ၊ ဗန္ဓာပေသိံ ပုရောဟိတံ။
သော မံ အတ္ထေ နိဝေဒေသိ၊ တသ္မာဟံ အနုသူယကော။

ဟူ၍ ဆို၏။

ထိုအခါ၌ကား ထိုမင်းသည် ငါသည် တသောင်း ခြောက်ထောင်ကုန်သော မိန်းမတို့ကိုစွန့်ပစ်၍ ထိုတယောက်တည်းသော မိန်းမကိုသာလျှင် ကိလေသာ၏အစွမ်းအားဖြင့် ထောက်ပံ့ပါသော်လည်း ရောင့်ရဲစိမ့်သောငှါ မစွမ်းနိုင်၊ ဤသို့ အလိုဆန္ဒပြည့်နိုင်ခဲကုန်သော မိန်းမတို့အား အမျက်ထွက်ခြင်း မည်သည်ကား ဝတ်သော အဝတ်သည် ညစ်နွမ်းလတ်သည်ရှိသော် အဘယ့်ကြောင့် နင်ညစ်နွမ်းဘိသနည်းဟု အမျက်ထွက်သည်နှင့် တူ၏။ ထိုစားသော ထမင်းသည် မစင်၏အဖြစ်သို့ရောက်လတ်သည်ရှိသော် အဘယ့်ကြောင့် မစင်၏အဖြစ်သို့ နင်ရောက်ရဘိသနည်းဟု အမျက်ထွက်သည်နှင့် တူ၏။ ယခုအခါ ယနေ့မှစ၍ အကြင်မျှလောက်သော ကာလပတ်လုံး အရဟတ္တဖိုလ်သို့ မရောက်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး ကိလေသာကိုမှီ၍ ငါ၌ ငြူစူခြင်းတို့သည် မဖြစ်စေကုန်သတည်းဟု ဓိဋ္ဌာန်၏။ ထိုအခါမှစ၍ ငြူစူခြင်းမရှိသည်ဖြစ်၏။ ဤအကြောင်းကို ရည်၍ တသ္မာဟံ အနုသူယကောဟူ၍ ဆို၏။

ထိုအခါ၌ ထိုဆတ္တပါဏိကို မင်းသည် အချင်း ဆတ္တပါဏိ အဘယ်အာရုံကိုမြင်၍ ယစ်မျိုးကိုမသောက်သနည်းဟု မေး၏။ ထိုဆတ္တပါဏိသည် ထိုအကြောင်းကို ကြားလိုရကား-

(ခ) မတ္တော အဟံ မဟာရာဇ၊ ပုတ္တမံသာနိ ခါဒယိံ။
တဿ သောကေနာဟံ ဖုဋ္ဌော၊ မဇ္ဇပါနံ ဝိဝဇ္ဇယိံ။

ဟူသော ဤဂါထာကို ဆို၏။

မဟာရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ မတ္တော၊ ယစ်သည်ဖြစ်၍။ ပုတ္တမံသာနိ၊ သား၏အသားတို့ကို။ ခါဒယိံ၊ စားဘူး၏။ အဟံ၊ အကျွန်ုပ်သည်။ တဿ၊ ထိုသေလေသောသားအား။ သောကေန၊ အောက်မေ့ စိုးရိမ်ခြင်းသည်။ ဖုဋ္ဌော၊ နှိပ်စက်အပ်သည်ဖြစ်၍။ မဇ္ဇပါနံ၊ သေသောက်ခြင်းကို။ ဝိဝဇ္ဇယိံ၊ ကြဉ်ရှောင်၏။

မင်းမြတ် အကျွန်ုပ်သည် ရှေး၌ ထိုသို့သဘောရှိသော ဗာရာဏသီမင်းဖြစ်၍ ယစ်မျိုးနှင့်ကင်း၍ ဖြစ်အံ့သောငှါ မစွမ်းနိုင်၊ အမဲမရှိသော ထမင်းကိုလည်း စားအံ့သောငှါ မစွမ်းနိုင်၊ မြို့၌ ဥပုသ်နေ့တို့၌ အသက်သတ်ခြင်းသည် မဖြစ်စေလင့်ဟု စည်ကိုလည်စေ၏။ စားတော်ချက်သည် ပက္ခ၏ တဆယ့်သုံးရက် နေ့၌လျှင် အမဲကိုယူ၍ထား၏။ မကောင်းသဖြင့် ထားအပ်သော ထိုအမဲကို ခွေးတို့သည် စားကုန်၏။ စားတော်ချက်သည် ဥပုသ်နေ့၌ အမဲကိုမရ၍ မင်းအား အထူးထူးအပြားပြား မြတ်သော အရသာရှိသော ဘောဇဉ်ကိုချက်၍ ပြာသာဒ်ထက်သို့တင်၍ ကပ်အံ့သောငှာ မဝံ့ရကား မိဖုယားသို့ ကပ်လေ၍ အရှင်မိဖုယား ယနေ့ အကျွန်ုပ်သည် အမဲကိုမရ၊ အမဲမရှိသော စားတော်မည်သည်ကို အံ့သောငှာ မဝံ့၊ အသို့ ပြုရအံ့နည်းဟု လျှောက်၏။ အမောင်စားတော်ဆက် ငါ၏သားကို မင်းသည် ချစ်လေးမြတ်၏။ နှစ်သက်၏။ ငါ၏သားကိုမြင်၍ မင်းသည် ထိုသားတော်ကိုလျှင် နမ်းတော်မူလျက် ဘက်တော်မူလျက် မိမိ၏ ရှိသည်၏အဖြစ်ကိုလည်း မသိ၊ ငါသည် သားကို တန်ဆာဆင်၍ မင်း၏ပေါင်ပေါ်၌ နေစေအံ့၊ မင်းအား သားတော်နှင့်တကွ မွေ့လျော်ပျော်ပါး ကစားစဉ်ကာလ၌ သင်သည် စားတော်ထမင်းကို တည်လေလော့ဟု ဆို၏။ ထိုမိဖုယားသည် ဤသို့ဆို၍ မိမိ၏သားကို ဆင်အပ်သောတန်ဆာကို ဆင်ယင်၍ မင်း၏ ပေါင်ပေါ်၌ နေစေ၏။ မင်းအား သားတော်နှင့်တကွ ကစားမွေ့လျော်ရွှင်ပျော်စဉ်ကာလ၌ စားတော်ချက်သည် စားတော်ကို တည်၏။ မင်းသည် သုရာယစ်သည်ဖြစ်၍ စားတော်ခွက်၌ အမဲဟင်းလျာကို မမြင်၍ အမဲဟင်းလျာ အဘယ်မှာနည်းဟု မေး၍ မင်းမြတ် ယနေ့ ဥပုသ်နေ့ဖြစ်ရကား အသက်မသတ်စေလင့်ဟု စည်လည်သည်၏အဖြစ်ကြောင့် အမဲကို မရဟု လျှောက်သည်ရှိသော် ငါါဘို့ အမဲမည်သည်ကို ရခဲသလောဟုဆို၍ ပေါင်ပေါ်၌နေသော ချစ်စွာသောသား၏ လည်ကိုလိမ်၍ အသက်ကုန်ခြင်းသို့ရောက်စေ၍ စားတော်ချက်၏ ရှေ့သို့ပစ်လိုက်၍ လျင်မြန်စွာ ပြည့်စုံစေ၍ ဆောင်ခဲ့လော့ဟု ဆို၏။ စားတော်ချက်သည် ထိုမင်း အမိန့်ရှိတိုင်းပြု၏။ မင်းသည် သား၏အသားဖြင့် ထမင်းကို စား၏။ မင်းမှကြောက်ခြင်းကြောင့် ငိုအံ့သောငှါ၎င်း မျက်ရည်ထွက်စိမ့်သောငှါ၎င်း ဆိုအံ့သောငှါ၎င်း စွမ်းနိုင်သော တယောက်သောသူ မည်သည်လည်း မရှိ။

မင်းသည် စားပြီး၍ အိပ်ရာအပြင်၌ အိပ်ပျော်ခြင်းသို့ရောက်၍ မိုးသောက်သောကာလ၌ နိုးလတ်၍ သုရာယစ်ခြင်း ပြေလတ်သော် ငါ၏ သားတော်ကို ဆောင်ခဲ့ကြကုန်လော့ဟု ဆို၏။ ထိုကာလ၌ မိဖုယားသည် ငိုကြွေးလျက် ခြေရင်း၌ ဝပ်၏။ ရှင်မ အသို့နည်းဟု ဆိုသည်ရှိသော် မင်းမြတ် ယမန် နေ့က အရှင်မင်းမြတ်သည် သားကိုသတ်၍ သား၏ အသားဖြင့် စားတော်ထမင်းကို စားအပ်၏ဟု လျှောက်၏။ မင်းသည် စိုးရိမ်ခြင်းကြောင့် မျက်ရည်ယို၍ ငိုကြွေး၍ ငါ့အား ဤဆင်းရဲသည် သေသောက်ခြင်းကို အမှီပြု၍ ဖြစ်၏ဟု သုရာသောက်ခြင်း၌ အပြစ်ကိုမြင်၍ ဤနေ့မှစ၍ အကြင်မျှလောက် အရဟတ္တဖိုလ်သို့ မရောက်သေး၊ ထိုမျှလောက် ဤသို့သဘောရှိသော ပျက်စီးခြင်းကိုပြုတတ်သော သုရာမည်သည်ကို မသောက်အံ့ဟု မြေမှုန့်ကိုယူ၍ မျက်နှာကိုပွတ်၍ အဓိဋ္ဌာန်၏။ ထိုအခါမှစ၍ ယစ်မျိုးမည်သည်ကို မသောက်စဘူး ဤကိုရည်၍ မတ္တော အဟံ မဟာရာဇ အစရှိသော ဂါထာကို ရွတ်၏။

ထိုအခါ၌ ထိုဆတ္တပါဏိကို မင်းသည် အချင်းဆတ္တပါဏိ အဘယ်အာရုံကိုမြင်၍ ချစ်ခြင်းမရှိသနည်းဟု မေး၏။ ထိုဆတ္တပါဏိသည် ထိုအကြောင်းကို ကြားလိုရကား-

(ဂ) ကိတဝါသော နာမဟံ ရာဇ၊ ပုတ္တော ပစ္စေကဗောဓိ မေ။
ပတ္တံ ဘိန္ဒိတွာ စဝိတာ၊ နိသ္နေဟော တဿ ကာရဏာ။

ဟူသော ဂါထာကို ရွတ်၏။

ရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ ပုဗ္ဗေ၊ ရှေး၌။ ဗာရာဏသိယေဝ၊ ဗာရာဏသီပြည်၌သာလျှင်။ ကိတဝါသော နာမ၊ ကိတဝါသ အမည်ရှိသော။ ရာဇာ၊ မင်းဖြစ်ဘူး၏။ တဒါ၊ ထိုအခါ၌။ မေ၊ အကျွန်ုပ်၏။ ပုတ္တော၊ သားသည်။ ပစ္စေကဗောဓိ-ပစ္စေကဗောဓိဿ၊ ပစ္စေကဗုဒ္ဓါ၏။ ပတ္တံ၊ သပိတ်တော်ကို။ ဘိန္ဒိတွာ၊ ခွဲ၍။ စဝိတော၊ စုတေ၏။ တဿ၊ ထိုသား၏။ ကာရဏာ၊ အကြောင်းကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ နိသ္နေဟော၊ ချစ်ခြင်း မရှိ။

မင်းသည် ထိုအကြောင်းကိုကြား၍ သားကိုစွဲ၍ဖြစ်သော စိုးရိမ်ခြင်းသည် နှိပ်စက်အပ်သည်ဖြစ်၍ ငါ့အား ဤစိုးရိမ်ခြင်းသည် ချစ်သောသူကြောင့်ဖြစ်၏။ ချစ်ခြင်းသည် အကယ်၍ မဖြစ်ငြားအံ့၊ စိုးရိမ်ခြင်းသည် မဖြစ်လတ္တံ့ဟု ကြံ၏။ ကြံပြီး၍ ယခုအခါ၌ ဤကာလမှစ၍ သဝိညာဏက၌၎င်း အဝိညာဏက၌၎င်း တစုံတခုသောဝတ္ထု၌ ချစ်ခြင်းမည်သည်ကား ငါ့အား မဖြစ်စေသတည်းဟု အဓိဋ္ဌာန်၏။ ထိုအခါမှစ၍ ချစ်ခြင်းမည်သည်ကား မရှိ ထိုအကြောင်းကို ရည်၍ ကိတဝါသော နာမ အစရှိသော ဂါထာကို ရွတ်၏။

ထိုအခါ၌ မင်းသည် ဆတ္တပါဏိကို အချင်း ဆတ္တပါဏိ အဘယ် အာရုံကိုမြင်၍ အမျက်ထွက်ခြင်း မရှိလေသနည်းဟု မေး၏။ ထို ဆတ္တပါဏိသည် ထိုအကြောင်းကို ကြားလိုရကား-

(ဃ) အရကော ဟုတွာ မေတ္တစိတ္တံ၊ သတ္တဝဿာနိ ဘာဝယိံ။
သတ္တကပ္ပေ ဗြဟ္မလာကေ၊ တသ္မာ အက္ကောဓနော အဟံ။

ဟူသော ဤဂါထာကို ရွတ်၏။

မဟာရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ အရကော၊ အရကအမည်ရှိသော ရသေ့သည်။ ဟုတွာ၊ ဖြစ်၍။ သတ္တဝဿာနိ၊ ခုနစ်နှစ်တို့ပတ်လုံး။ မေတ္တစိတ္တံ၊ မေတ္တာနှင့်ယှဉ်သောစိတ်ကို။ ဘာဝယိံ၊ ပွားစေဘူး၏။ ဘာဝေတွာ၊ ပွားစေသောကြောင့်။ သတ္တကပ္ပေ၊ ခုနစ်ပါးကုန်သော သံဝဋ္ဋ ဝိဝဋ္ဋကပ်တို့ပတ်လုံး။ ဗြဟ္မလောကေ၊ ဗြဟ္မာ့ပြည်၌။ ဝသိံ၊ နေခဲ့၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ အက္ကောဓနော၊ အမျက်ထွက်ခြင်း မရှိ။

ဤသို့ ဆတ္တပါဏိသည် မိမိ၏ လေးပါးကုန်သော အင်္ဂါတို့ကို ဆိုအပ်ကုန်သည်ရှိသော် မင်းသည် ပရိသတ်အား မျက်စိမှိတ်ခြင်း လည်ညိတ်ခြင်း အမှတ်ကိုပေး၏။ ထိုခဏ ၌ပင်လျှင် အမတ် ပုဏ္ဏား သူကြွယ် အစရှိကုန်သော သူတို့သည် ထကုန်၍ ဟယ်... တံစိုးစားတတ်သော ခိုးသူဝှက် သင်သည် တံစိုးကိုမရ၍ ပညာရှိကိုစွပ်စွဲ၍ သေစေလို၏ဟု ကာဠကစစ်သူကြီးကို လက်ခြေတို့၌ ကိုင်ကုန်၍ မင်းအိမ်မှ ချကုန်၍ ကိုင်မိတိုင်း ကိုင်မိတိုင်းသာလျှင် ဖြစ်ကုန်သော ကျောက် ဆောက်ပုတ်တို့ဖြင့် ဦးခေါင်းကို ခွဲကုန်၍ အသက်ကုန်ခြင်းသို့ ရောက်စေကုန်၍ ခြေတို့၌ ကိုင်ကုန်၍ ငင်ကုန်လျက် တံမြက်ချေး အမှိုက်စွန့်ရာအရပ်၌ စွန့်ကုန်၏။ ထိုနေ့မှစ၍ မင်းသည် တရားသဖြင့် မင်းအဖြစ်ကိုပြုလျက် ကံအားလျော်စွာလား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်၍ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကာဠကစစ်သူကြီး ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဆတ္တပါဏိ အမည်ရှိသော ဆတ္တာသည် ဖြစ်ဘူးပြီ၊ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြားမင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဓမ္မဓဇ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သူများမကောင်းကြီး ကိုယ်ပြန်ဘေးဒဏ်ထိ၊ ရှေးထုံးရှိ၊ သတိမူမိစေ

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဓမ္မဓဇဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကာသာဝဝဂ်

၁။ ကာသာဝဇာတ်

ဆင်မင်း နှင့် မုဆိုး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အနိက္ကသာဝေါ ကာသာဝံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ကာသာဝဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည်ကား ရာဇဂြိုဟ်ပြည်၌ ဖြစ်၏။ တပါးသောအခါ၌ တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာသည် ငါးရာကုန်သော ရဟန်းအပေါင်းတို့နှင့်တကွ ဝေဠုဝန်ကျောင်းတော်၌ နေ၏။ ဒေဝဒတ်သည်လည်း မိမိအားလျော်သော သီလမရှိသော ပရိသတ်နှင့်ခြံရံလျက် ဂယာသီသ၌ နေ၏။ ထိုအခါ ရာဇဂြိုဟ်ပြည်၌ နေကုန်သောသူတို့သည် ဆန္ဒကို တပေါင်းတည်း ပြုကုန်၍ အလှူကို စီရင်ကုန်၏။ ထိုအခါ၌ တယောက်သော ကုန်ပြုအံ့သောငှါလာသော ကုန်သည်သည် ဤပုဆိုးကို စွန့်ကုန်၍ ငါ့ကိုလည်း ကုသိုလ်၏အဘို့ရှိသည်ကို ပြုပါကုန်လောဟု များစွာအဘိုးထိုက်သော မွှေးကြိုင်သော သင်္ကန်းလျာပုဆိုးကို ပေး၏။ ပြည်သူတို့သည် အလှူကြီးကို ဖြစ်စေကုန်၏။ အလုံးစုံသော အလှူဝတ္ထုသည် ဆန္ဒတူသောအားဖြင့် စုရုံးအပ်ကုန်သော အသပြာတို့ဖြင့်သာလျှင် ပြီး၏။ ထိုမွှေးသော အနံ့ရှိသောပုဆိုးသည် လွန်ကဲသည်ဖြစ်၏။ လူများသည် စည်းဝေးကုန်၍ မွှေးကြိုင်သောပုဆိုးသည် လွန်ကဲ၏။ အဘယ်အရှင်အား လှူရကုန်အံ့နည်း သာရိပုတ္တရာမထေရ်အားတည်း လှူရကုန်အံ့လော၊ ထိုသို့မဟုတ်မူကား အရှင်ဒေဝဒတ်အားတည်း လှူရကုန်အံ့လောဟု စည်းဝေးတိုင်ပင်ကြကုန်၏။

ထိုအစည်းအဝေး၌ အချို့ကုန်သော သူတို့သည် သာရိပုတ္တရာ မထေရ်အားလှူကုန်အံ့ဟု ဆိုကုန်၏။ တပါးကုန်သော သူတို့သည် သာရိပုတ္တရာမထေရ်သည် နှစ်ရက် သုံးရက်နေ၍ အလိုအလျောက် သွားလိမ့်မည် သတည်း၊ အရှင်ဒေဝဒတ်သည်တမူကား အမြဲငါတို့၏ မြို့ကိုသာလျှင် အမှီပြု၍ နေကုန်လတ္တံ့ သတည်း၊ သေရှင်မှုတို့၌ အရှင်ဒေဝဒတ်သည်သာလျှင် ငါတို့၏ ကိုးကွယ်ရာဖြစ်လတ္တံ့၊ ဒေဝဒတ်အား လှူကုန်အံ့ဟု ဆိုကြကုန်၏။ အကြိမ်များစွာ ဆိုကုန်သော်လည်း အရှင်ဒေဝဒတ်အား လှူကုန်အံ့ဟုဆိုကုန်သော သူတို့သည်သာလျှင် များကုန်၏။ ထိုအခါ၌ ထိုမွှေးကြိုင်သောပုဆိုးကောင်းကို ဒေဝဒတ်အား လှူကုန်၏။ ထိုပုဆိုးကိုဖြတ်၍ စနစ်ကို ချုပ်စေ၍ ဆိုးစေ၍ ရွှေပြားအဆင်းနှင့်တူသော အဆင်းရှိသည်ကိုပြု၍ ရုံ၏။ ထိုကာလ၌ သုံးကျိပ် အတိုင်းအရှည် ရှိကုန်သော ရဟန်းတို့သည် ရာဇဂြိုဟ်မှ ထွက်ကုန်၍ သာဝတ္ထိပြည်သို့ လာလတ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးကုန်၍ ပြုအပ်သော ပျူငှာလောကဝတ် ရှိကုန်သည်ဖြစ်၍ ထိုအကြောင်းကို ကြားကုန်၍ အရှင်ဘုရား ဤသို့ဒေဝဒတ်သည် မိမိအား မလျောက်ပတ်သော ရဟန္တာတို့၏ တံခွန်သဘွယ် ဖြစ်သော သင်္ကန်းကို ရုံ၏ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် မိမိအား မလျောက်ပတ်သော ရဟန္တာတို့၏ တံခွန်သဘွယ်ဖြစ်သော သင်္ကန်းကိုဝတ်သည် မဟုတ်သေး၊ ရှေး၌လည်း ဝတ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာ အရပ်ဝယ် ဆင်မျိုး၌ဖြစ်၍ တောနက်ရာ၌ နေ၏။ ထိုအခါ၌ တယောက်သော ဗာရာဏသီပြည်၌နေသော ဆင်းရဲသောလူသည် ဆင်စွယ်လုပ်ကုန်သောသူတို့၏လမ်းခရီး၌ ဆင်စွယ်တို့ကို ဆင်စွယ်လက်ကောက် အစရှိသည်တို့ကို လုပ်အပ်ကုန်သည်တို့ကိုမြင်၍ အရှင်တို့ ဆင်စွယ်တို့ကို ရကုန်သော် ယူကြကုန်လတ္တံ့ လောဟု မေး၏။ ထိုဆင်စွယ်သွားတို့သည် ယူကြကုန်အံ့ဟု ဆိုကုန်၏။ ထိုဆင်းရဲသောယောက်ျားသည် ကောင်းပြီဟု လက်နက်ကိုယူ၍ ဖန်ရည်စွန်းသော သင်္ကန်းကိုဝတ်လျက် ဗုဒ္ဓအသွင်ကို ယူ၍ ဦးခေါင်းကိုခြုံ၍ ဆင်တို့၏ခရီး၌ရပ်၍ လက်နက်ဖြင့် ဆင်ကိုသတ်၍ အစွယ်တို့ကိုယူ၍ ဗာရာဏသီပြည်၌ ရောင်းလျက် အသက်မွေးခြင်းကို ပြု၏။ ထိုယောက်ျားသည် နောက်အဘို့၌ ဘုရားလောင်း၏ အခြံအရံဖြစ်ကုန်သော ဆင်တို့တွင် အလုံးစုံသောဆင်တို့၏ နောက်ဆုံးဖြစ်သော ဆင်ကိုသတ်အံ့သောငှါ အားထုတ်၏။ ဆင်တို့သည် နေ့တိုင်း နေ့တိုင်း လျော့ကုန်သည်ရှိသော် အဘယ် အကြောင်းကြောင့်လျှင် ဆင်တို့သည် လျော့ကုန်ဘိသနည်းဟု ဘုရားလောင်းအား ကြားလျှောက်ကုန်၏။

ဘုရားလောင်းသည် စုံစမ်းသည်ရှိသော် ပစ္စေကဗုဒ္ဓါ၏ အသွင်ကိုယူ၍ ဆင်တို့သွားရာလမ်းနား၌ ယောက်ျားတယောက်သည် ရှိ၏။ ထိုယောက်ျားသည် သတ်လေသလော၊ ထိုယောက်ျားကို စုံစမ်းအံ့ဟု တနေ့သ၌ အခြံအရံ ဖြစ်ကုန်သော ဆင်တို့ကိုရှေ့ထား၍ မိမိသည် နောက်မှလိုက်၏။ ထိုယောက်ျားသည် ဘုရားလောင်းကိုမြင်၍ လက်နက်ကိုကိုင်၍ ပြေးလာ၏။ ဘုရားလောင်းသည် ပြန်လည်တည့်၍ ကြည့်လျက် ထိုယောက်ျားကို မြေ၌ရိုက်ပုတ်၍ သတ်အံ့ဟု နှာမောင်းကိုဆန့်၍ ထိုယောက်ျားသည် ဝတ်အပ်ကုန်သော သင်္ကန်းတို့ကိုမြင်၍ ဤရဟန္တာတို့၏ တံခွန်ဖြစ်သော သင်္ကန်းတော်ကို ငါသည် အလေးအမြတ် ပြုအံ့သောငှါ သင့်၏ဟု နှာမောင်းကို တဖန် သိမ်းဆည်းပြန်၍ အို ယောက်ျား ဤရဟန္တာတို့၏ တံခွန်ဖြစ်သော သင်္ကန်းတော်သည် သင့်အား မလျောက်ပတ်သည် မဟုတ်တုံလော၊ အဘယ်ကြောင့် ထိုသင်္ကန်းကိုနင် ဝတ်ဘိသနည်းဟုဆို၍-

၁၄၁။ အနိက္ကသာဝေါ ကာသာဝံ၊ ယော ဝတ္ထံ ပရိဒဟိဿတိ။
အပေတော ဒမသစ္စေန၊ န သော ကာသာဝ မရဟတိ။
၁၄၂။ ယော စ ဝန္တကသာဝဿ၊ သီလေသု သုသမာဟိတော။
ဥပေတော ဒမသစ္စေန၊ သ ဝေ ကာသာဝ မရဟတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၄၁။ အမ္ဘော ပုရိသ၊ အို ယောက်ျား။ အနိက္ကသာဝေါ၊ မနှင်ထုတ်အပ်သော တထောင့်ငါးရာ ကိလေသာရှိထသော။ ဒမသစ္စေန၊ ဣန္ဒြေကို ဆုံးမခြင်းဟုဆိုအပ်သော ဒမ, နိဗ္ဗာန်ဟုဆိုအပ်သော ပရမတ္ထသစ္စာမှ။ တနည်းကား ဒမသစ္စေန၊ ဣန္ဒြေကို ဆုံးမခြင်းဟု ဆိုအပ်သော ဒမ, လေးပါး အပြားရှိသော သစ္စာမှ။ အပေတော၊ ကင်းသော။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ကာသာဝံ၊ ဖန်ရည်စွန်းသော။ ဝတ္ထံ၊ သင်္ကန်းတော်ကို။ ပရိဒဟိဿတိ၊ ဝတ်ရုံဘိ၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ကာသာဝံ၊ သင်္ကန်းကို။ န အရဟတိ၊ မဝတ်ရုံထိုက်။

֍ ဋ္ဌ ၁၄၂။ ယော စ၊ အကြင် ပုဂ္ဂိုလ်သည်ကား။ ဝန္တကသာဝဿ၊ အန်အပ်ပြီးသော တထောင့်ငါးရာ ကိလေသာရှိသော ပုဂ္ဂိုလ်မြတ်၏။ သီလေသု၊ မဂ်ဖိုလ်သီလတို့၌။ သုသမာဟိတော၊ ကောင်းစွာ ဆောင်ရွက်၍ ထားဘိသကဲ့သို့ တည်၏။ ဒမသစ္စေန၊ ဣန္ဒကို ဆုံးမခြင်းဟု ဆိုအပ်သော ဒမ နိဗ္ဗာန်ဟု ဆိုအပ်သော ပရမတ္ထသစ္စာနှင့်လည်း။ ဥပေတော၊ ပြည့်စုံ၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ဝေ၊ စင်စစ်။ ကာသာဝံ၊ သင်္ကန်းတော်ကို။ အရဟတိ၊ ဝတ်ရုံထိုက်၏။

ဤသို့ ဘုရားလောင်းသည် ထိုယောက်ျားအား ဤအကြောင်းကို ဆို၍ ဤနေ့မှစ၍ ဤအရပ်သို့ မလာလင့်၊ အကယ်၍ လာအံ့၊ သင်၏ အသက်သည် မရှိရလတ္တံ့ဟု ခြိမ်းချောက်၍ ပြေးစေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ဆင်သတ်သော ယောက်ျား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဆင်အပေါင်းတို့၏ အကြီးဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မတန်သည့်ဟာ၊ မသုံးရာ၊ စိတ်မှာခွဲဝေချင့်

ရှေးဦးစွာသော ကာသာဝဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကာသာဝဝဂ်

၂။ စူဠ နန္ဒိယဇာတ်

သနားမဲ့ ပုဏ္ဏား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်ဣဒံ တဒါစရိယဝစော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠနန္ဒိယဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌။ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ စကားကို ချဲ့ဦးအံ့၊ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဒေဝဒတ်သည် ကြမ်းတန်း၏။ ရုန့်ရင်း၏။ နိုင်ထက်ကလူ မူတတ်၏။ မြတ်စွာဘုရား၌ လေးသမားတို့ကို လုံ့လပြုစေ၏။ ကျောက်ဖျာကို လှိမ့်၏။ နာဠာဂိရိဆင်ကို လွှတ်လိုက်၏။ မြတ်စွာဘုရား၌ ထိုဒေဝဒတ်၏ အနည်းငယ်သော သည်းခံခြင်း မေတ္တာ သနားခြင်းသည်လည်းမရှိ၊ ဤသို့ စကားကိုဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ကြမ်းတန်းသည် ရုန့်ရင်းသည် သနားခြင်း မရှိသည် မဟုတ်သေး၊ ရှေး၌လည်း ဒေဝဒတ်သည် ကြမ်းတန်းသည် ရုန့်ရင်းသည် သနားခြင်းမရှိသည် ဖြစ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်၌ မဟာနန္ဒိယ အမည်ရှိသော မျောက်ဖြစ်၏။ ညီငယ်ဖြစ်သော မျောက်သည်ကား စူဠနန္ဒိယမည်၏။ ထိုညီနောင် မျောက်နှစ်ခုတို့သည်လည်း ရှစ်သောင်းသော မျောက် အခြံအရံရှိကုန်သည်ဖြစ်၍ ဟိမဝန္တာအရပ်၌ အမိ မျက်မမြင်ကို မွေးမြူလျှက် နေကုန်၏။ ထိုစူဠနန္ဒိယ, မဟာနန္ဒိယတို့သည် အမိကို နေရာချို့၌ထားခဲ့ကုန်၍ တောသို့ ဝင်ကုန်၍ ချိုမြိန်ကောင်းမြတ်သော သစ်သီးတို့ကို အမိသို့ ပို့စေကုန်၏။ ဆောင်ကုန်သော မျောက်တို့သည် ထိုအမိအား မပေးကုန်၊ မျက်မမြင်ဖြစ်သော မျောက်မသည် ငတ်မွတ်ခြင်း နှိပ်စက်အပ်သည်ဖြစ်၍ အရိုး, အရေမျှသာ ကြွင်းသည် ဖြစ်၏။ ထိုအခါ၌ ထိုအမိကို ဘုရားလောင်းသည် မိခင် သင်တို့ကို ချိုမြိန်မြတ်ကုန်သော သစ်သီးကြီးငယ်တို့ကို ငါတို့ ပို့လာစေကုန်၏။ သင်တို့သည် အဘယ်ကြောင့် ညှိုးနွမ်းရဘိသနည်းဟု ဆို၏။ ချစ်သား ငါသည် မရဟုဆိုသည်ရှိသော် ဘုရားလောင်းသည် ကြံ၏။ အဘယ်သို့ ကြံသနည်းဟူမူကား ငါသည် မျောက်အပေါင်းကို ရွက်ဆောင်သည်ရှိသော် ငါ၏အမိသည် ပျက်စီးလတ္တံ့၊ မျောက်အပေါင်းကို စွန့်၍ အမိကိုသာလျှင် လုပ်ကျွေးအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုဘုရားလောင်းသည် စူဠနန္ဒိယကိုခေါ်၍ ညီထွေး သင်သည် မျောက်အပေါင်းကို ဆောင်လော့၊ ငါသည် အမိကို လုပ်ကျွေးအံ့ဟု ဆို၏။ ထိုစူဠနန္ဒိယသည်လည်း ထိုဘုရားလောင်းကို အစ်ကိုကြီး အကျွန်ုပ်အား မျောက်အပေါင်းကို ဆောင်ခြင်းဖြင့် အမှုသည် မရှိ၊ ကျွန်ုပ်သည်လည်း အမိကိုသာလျှင်ာလုပ်ကျွေးအံ့ဟု ဆို၏။ ဤသို့ ထိုနှစ်ယောက်ကုန်သော ညီနောင်တို့သည်လည်း တူသော ဆန္ဒရှိကုန်ရကား မျောက်အပေါင်းကို စွန့်ခဲ့ပြီးလျှင် အမိကို ဆောင်ယူကုန်လျက် ဟိမဝန္တာမှသက်ကုန်၍ အရပ်စွန်ဖြစ်သော ပညောင် ပင်၌နေကုန်၍ အမိကို လုပ်ကျွေးကုန်၏။

ထိုအခါ ဗာရာဏသီပြည်၌နေသော တယောက်သော ပုဏ္ဏားလုလင်သည် တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခဖြစ်သော ဆရာ၏အထံ၌ ခပ်သိမ်းသောအတတ်တို့ကို သင်ပြီးလျှင် သွားအံ့ဟူ၍ ဆရာကို ပန်၏။ ဆရာသည် အင်္ဂဝိဇ္ဇာ၏ အာနုဘော်အားဖြင့် ထိုပုဏ္ဏားလုလင်၏ ကြမ်းတန်းသည်၏ အဖြစ် ရုန့်ရင်းသည်၏အဖြစ် နိုင်ထက်ကလူ မူတတ်သည်၏ အဖြစ်ကို သိ၍ လုလင် သင်သည် ကြမ်းတန်း၏။ ရုန့်ရင်း၏။ နိုင်ထက်ကလူ မူတတ်၏။ ဤသို့ သဘောရှိသောသူတို့အား အခါခပ်သိမ်း အတူအမျှ သာလျှင် မပြည့်စုံတတ်၊ ကြီးစွာသောပျက်စီးခြင်းသို့ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်လတ္တံ့၊ သင်သည် ကြမ်းတန်းသည် မဖြစ်စေလင့်၊ နောင်တပူပန်ခြင်းကို ပြုတတ်သောအမှုကို မပြုလေလင့်ဟု ဆုံးမ၍ လွှတ်လိုက်၏။ ထိုပုဏ္ဏား လုလင်သည် ဆရာကိုရှိခိုး၍ ဗာရာဏသီပြည်သို့သွား၍ အိမ်ရာထောင်ခြင်းကိုယူ၍ တပါးကုန်သော အတတ်တို့ဖြင့် အသက်မွေးခြင်းကို ပြုအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ လေးအတတ်ကိုမှီ၍ အသက်မွေးအံ့၊ မုဆိုးတို့၏အမှုကိုပြု၍ အသက်မွေးခြင်းကို ပြုအံ့ဟု ဗာရာဏသီပြည်မှ ထွက်၍ အရပ်စွန်ဖြစ်သော ရွာငယ်၌ နေလျက် လေးတောင့်လွယ်လျက် တောသို့ဝင်၍ အထူးထူးသော သားတို့ကိုသတ်၍ အသားကိုရောင်းသဖြင့် အသက် မွေးခြင်းကို ပြု၏။ ထိုပုဏ္ဏားလုလင်သည် တနေ့သ၌ တောဝယ် တစုံတခုကိုမရမူ၍ လာလတ်သည်ရှိသော် အစွန်၌ တည်သော ပညောင်ပင်ကိုမြင်၍ ဤပညောင်ပင်၌ တစုံတခုရှိသည် ဖြစ်ငြားအံ့လည်းမသိဟု ပညောင်ပင်သို့ ရှေးရှုသွား၏။

ထိုခဏ၌ နှစ်ခုကုန်သော မျောက်ညီနောင်တို့သည်လည်း အမိကို သစ်သီးစားစေကုန်၍ ရှေ့မှသွားကုန်၍ သစ်ခွကြား၌ နေကုန်လျက် လာလတ်သောမုဆိုးကို မြင်ကုန်၍ အမိကို အသို့ပြုလတ္တံ့နည်းဟု သစ်ခက်ကြား၌ ပုန်းအောင်းကြကုန်၏။ ထိုနိုင်ထက်ကလူ မူတတ်သော ယောက်ျားသည်လည်း ပညောင်ပင်ရင်းသို့ လာလတ်၍ ထိုမျောက်ညီနောင်တို့၏ အိုသည်ဖြစ်၍ အားနည်းသော ကန်းသော ထိုအမိမျောက်မကို မြင်၍ ငါ့အား လက်ချည်းစည်း သွားသဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ဤမျောက်မကိုပစ်ယူ၍ သွားအံ့ဟု ထိုကြမ်းကြုတ်သော ယောက်ျားသည် ထိုမျောက်မအား ပစ်အံ့သောငှာ လေးကိုကိုင်၏။ ထိုအခြင်းအရာကိုမြင်၍ ဘုရားလောင်းသည် ညီထွေး စူဠနန္ဒိယ ဤယောက်ျားသည် ငါတို့၏အမိကို ပစ်လို၏။ ငါသည် ဇီဝိတဒါနကို လှူအံ့၊ သင်သည် ငါလွန်သဖြင့်

အမိကို လုပ်ကျွေးရစ်လောဟုဆို၍ သစ်ခက်ကြားမှထွက်၍ အို ယောက်ျား သင်သည် ငါ၏အမိကို မပစ်ပါလင့်၊ ဤမျောက်မသည် ကန်းလည်း ကန်း၏။ အိုလည်းအို၏။ အားလည်းနည်း၏။ ငါသည် ထိုမျောက်မအိုအား ဇီဝိတဒါနကို ပေးအံ့၊ သင်သည် ထိုမျောက်မအိုကို မသတ်မူ၍ ငါ့ကို သတ်လော့ဟု ထိုယောက်ျားအား ဝန်ခံခြင်းကိုယူ၍ မြား၏အနီးဖြစ်သော အရပ်၌ နေ၏။ သနားခြင်းမရှိသော ထိုယောက်ျားသည် ဘုရားလောင်းကို ပစ်၍ ကျစေ၍ ထိုဘုရားလောင်း၏ အမိကိုလည်း ပစ်အံ့သောငှါ တဖန် လေးကို တင်ပြန်၏။ စူဠနန္ဒိယသည် ထိုအခြင်းအရာကို မြင်၍ ဤယောက်ျားသည် ငါ၏အမိကို ပစ်လို၏။ တနေ့မျှလည်း ငါ၏အမိသည် အသက်ရှင်လတ်သော် အသက်ကို ရသောမည်သည်သာလျှင် ဖြစ်၏။ ထိုအမိအား ဇီဝိတဒါနကို လှူအံ့ဟု သစ်ခက်ကြားမှထွက်၍ အို ယောက်ျား သင်သည် ငါ၏အမိကို မပစ်ပါလင့်၊ ငါသည် ထိုအမိအား ဇီဝိတဒါနကို လှူအံ့၊ သင်သည် ငါ့ကိုပစ်၍ ငါတို့ညီနောင် နှစ်ခုတို့ကိုယူ၍ ငါတို့၏အမိအား ဇီဝိတဒါနကို ပေးလော့ဟု ထိုယောက်ျားအား ဝန်ခံခြင်းကိုယူ၍ မြား၏ အနီးဖြစ်သော အရပ်၌နေ၏။

ထိုယောက်ျားသည် ထိုစူဠနန္ဒိယကိုလည်းပစ်၍ ကျစေပြီးလျှင် ဤမျောက်မအိုသည် အိမ်၌သူငယ်တို့ကို့ ဖြစ်လတ္တံ့ဟု ထိုမျောက်ညီနောင်တို့၏ အမိကိုလည်း ပစ်၍ ကျစေ၍ မျောက်သုံးခုတို့ကိုလည်း ထမ်းပိုးဖြင့်ထမ်း၍ အိမ်သို့ရှေးရှူသွား၏။ ထိုအခါ ထိုယုတ်မာသော ယောက်ျား၏အိမ်ကို မိုဃ်းကြိုးသည်ကျ၍ မယားကို၎င်း သားငယ် နှစ်ယောက်တို့ကို၎င်း အိမ်နှင့်သာလျှင် တကွလောင်၏။ ခေါင်အုပ်ဝါး၏ဖွဲ့ရာတိုင်မျှသည်ကြွင်း၏။ ထိုအခါ ထိုယောက်ျားအား ရွာတံခါး၌လျှင် တယောက်သော ယောက်ျားသည် မြင်၍ ထိုအကြောင်းကို ကြား၏။ ထိုယောက်ျားသည် သားမယားတို့ကို စွဲ၍ဖြစ်သော စိုးရိမ်ခြင်းသည် နှိပ်စက်အပ်သည်ဖြစ်၍ ထိုအရပ်၌လျှင် အမဲနှင့်တကွသော ထမ်းပိုးကို၎င်း လေးကို၎င်း စွန့်ခဲ့၍ ပုဆိုးကိုပစ်၍ ကိုယ်ချည်းစည်း မောင်းတို့ကိုမြှောက်၍ ငိုကြွေးလျက်သွားလေ၍ အိမ်သို့ဝင်၏။ ထိုအခါ ထိုယုတ်မာသောယောက်ျား၏ ဦးခေါင်း၌ ခေါင်တိုင်တို့သည်လဲ၍ ဦးခေါင်းကိုခွဲ၏။ မြေသည် ဟင်းလင်းသော အခြင်းအရာကို ပေး၏။ အဝီစိမှ မီးလျှံသည် တက်၏။ ထိုယောက်ျားသည် မြေမျိုလတ်သည်ရှိသော် ဆရာ၏အဆုံးအမကို အောက်မေ့၍ စင်စစ် ဤအကြောင်းကိုမြင်၍ ရှေးဆရာဖြစ်သော ပုဏ္ဏားသည် ငါအား အဆုံးအမကို ပေး၏ဟု ငိုကြွေးလိုရကား-

၁၄၃။ ဣဒံ တဒါစရိယဝစော၊ ပါရာသရိယော ဗြဝိ။
မာသု တွံ အကရီ ပါပံ၊ ယံ တွံ ပစ္ဆာ ကတံ တပေ။
၁၄၄။ ယာနိ ကရောတိ ပုရိသော၊ တာနိ အတ္တနိ ပဿတိ။
ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီ စ ပါပကံ။
ယာဒိသံ ဝပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။

ဟူသော ဤဂါထာနှစ်ခုတို့၏အပေါင်းကို ဆို၏။

֍ ဋ္ဌ ၁၄၃။ မာဏဝ၊ လုလင်။ တွံ၊ သင်သည်။ ပါပံ၊ မကောင်းမှုကို။ မာ အကရိ၊ မပြုလေလင့်။ ကတံ၊ ပြုအပ်သော မကောင်းမှုသည်။ ပစ္ဆာ၊ နောက်ကာလ၌။ တွံ၊ သင့်ကိုသာလျှင်။ တပေ၊ လောင်ရာ၏။ ဣတိ၊ ဤသို့။ ယံ ဝစနံ၊ အကြင်စကားကို။ ပါရာသရိယော၊ တိုင်းထွာဆင်ခြင် အောက်မေ့မြင်သောပုဏ္ဏားသည်။ အဗြဝိ၊ ဆိုဘူးပေ၏။ ဣဒံ ဝစနံ၊ ဤစကားသည်။ အာစရိယဝစော၊ ဆရာ၏စကားတည်း။

֍ ဋ္ဌ ၁၄၄။ ပုရိသော၊ ယောက်ျားသည်။ ယာနိ၊ အကြင်အမှုတို့ကို။ ကရောတိ၊ ပြု၏။ တေသံ၊ ထိုအမှုတို့၏။ ဝိပါကံ၊ အကျိုးကို။ ပဋိလဘန္တော၊ ရလတ်သည်ရှိသော်။ တာနိ၊ ထိုအကျိုးတို့ကို။ အတ္တနိ၊ မိမိ၌။ ပဿတိ၊ မြင်ရ၏။ လောကေ၊ လောက၌။ ယာဒိသံ၊ အကြင်သို့သော သဘောရှိသော။ ဗီဇံ၊ မျိုးစေ့ကို။ ဝပတေ၊ စိုက်ပျိုးအံ့။ တာဒိသံ၊ ထိုသို့ သဘောရှိသော။ ဖလံ၊ အသီးကို။ ဟရတေ ယထာ၊ ဆောင်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ ကလျာဏကာရီ၊ ကုသိုလ်ကောင်းမှုကို ပြုလေ့ရှိသောသူသည်။ ကလျာဏံ၊ ကောင်းကျိုးကို။ အနုဘောတိ၊ ခံစားရ၏။ ပါပကာရီ စ၊ မကောင်းမှုကို ပြုလေ့ရှိသော သူသည်လည်း။ ပါပကံ၊ မကောင်းကျိုးကို။ အနုဘောတိ၊ ခံစားရ၏။

ထိုယောက်ျားသည် ငိုကြွေးလျက် မြေသို့ ဝင်ရလေ၏။ အဝီစိငရဲကြီး၌ ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ကြမ်းတန်းရုန့်ရင်းသည် သနားခြင်းမရှိသည်မဟုတ်သေး၊ ရှေး၌လည်း ကြမ်းတန်းသည် သာလျှင်တည်း၊ ရုန့်ရင်းသည် သာလျှင်တည်း၊ သနားခြင်းမရှိသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ရုန့်ရင်းကြမ်းတန်းသော ယောက်ျား ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဒိသာပါမောက္ခဖြစ်သော ဆရာ ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ စူဠနန္ဒိယ ဖြစ်ဘူးပြီ၊ ယခုအခါ မဟာပဇာပတိ ဂေါတမီသည် ထိုအခါ အမိ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မဟာနန္ဒိယ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အကျိုးဟူက၊ ကံမူလ၊ မုချတူသည်သာ

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော စူဠနန္ဒိယဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကာသာဝဝဂ်

၃။ ပုဋဘတ္တဇာတ်

လင်ချစ်မယား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် နမေ နမန္တဿ ဘဇေ ဘဇန္တံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ပုဋဘတ္တဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ နေသော

တယောက်သော သူကြွယ်သည် ဇနပုဒ်နေဖြစ်သော တယောက်သော သူကြွယ်နှင့်တကွ ကုန်ဘိုးမြီပေးခြင်းကိုပြု၏။ ထိုသာဝတ္ထိမြို့နေ သူကြွယ်သည် မိမိ၏ မယားကိုခေါ်၍ ထိုမြီဆောင်သောသူ၏ အထံသို့သွား၏။ ထိုမြီကို ဆောင်သောသူသည် ပေးအံ့သောငှါ မတတ်နိုင်သေးဟူ၍ တစုံတခုကို မပေး၊ မြီရှင်သည် အမျက်ထွက်၍ ထမင်းကိုမစားမူ၍ ထွက်၏။ ထိုအခါ ခရီးအကြား၌ အလွန်ဆာမွတ်သော ကိုယ်ရှိသော ထိုယောက်ျားကို မြင်ကုန်၍ ခရီးသွားကုန်သော ယောက်ျားတို့သည် မယားအားလည်းပေး၍ စားလောဟု ထမင်းထုပ်ကို ပေးကုန်၏။ ထိုယောက်ျားသည် ထိုထမင်းထုပ်ကိုယူ၍ ထိုမယားအား မပေးလိုသည်ဖြစ်၍ နှမဤအရပ်သည်ကား

ခိုးသူတို့၏ တည်ရာအရပ်တည်း၊ သင်သည် ရှေ့မှသွားလော့ဟု လွှတ်လိုက်၍ အလုံးစုံသောထမင်းကိုစား၍ အချည်းနှီးသော ထမင်းထုပ်ကိုပြ၍ နှမ မကောင်းသော အချည်းနှီးသော ထမင်းကိုသာလျှင် ပေးကြ၏ဟု ဆို၏။ ထိုမိန်းမသည် တယောက်တည်းသာလျှင်ဖြစ်သော ထိုယောက်ျားသည် စားအပ်သည်၏ အဖြစ်ကိုသိ၍ နှလုံးမသာယာခြင်းသို့ ရောက်သည်ဖြစ်၏။ ထိုနှစ်ယောက်ကုန်သော သ္မီးခင်ပွန်းတို့သည်လည်း ဇေတဝန် ကျောင်းတော်၏ နောက်အဘို့ဖြစ်သော ကျောင်းသို့သွားကြလေကုန်သည်ရှိသော် ရေကိုသောက်ကုန်အံ့ဟူ၍ ဇေတဝန်ကျောင်းတော်သို့ ဝင်ကုန်၏။

မြတ်စွာဘုရားလည်း ထိုသ္မီးခင်ပွန်းနှစ်ယောက်တို့၏သာလျှင် လာခြင်းကို ကြည့်တော်မူလျက် ခရီးကိုယူ၍ သမင်ကိုဖမ်းလို၍ စောင့်နေသော မုဆိုးကဲ့သို့ ဂန္ဓကုဋိအရိပ်၌ နေတော်မူ၏။ ထိုနှစ်ယောက်ကုန်သော သ္မီးခင်ပွန်းတို့သည် မြတ်စွာဘုရားကို မြင်ကုန်လျှင် ကပ်ကုန်၍ ရှိခိုးကုန်လျက် နေကုန်၏။ မြတ်စွာဘုရားသည် ထိုဒါယကာ ဒါယိကာမတို့နှင့်တကွ စကားစေ့စပ်ခြင်းကိုပြု၍ ဒါယိကာမ သင်၏လင်သည် သင်၏အစီးအပွားကိုအလိုရှိသလော မရှိသလောဟု မေးတော်မူ၏။ အရှင်ဘုရား အကျွန်ုပ်သည် ထိုယောက်ျားအား အလွန်ချစ်၏။ ဤယောက်ျားသည်ကား အကျွန်ုပ်အား ချစ်ခြင်းမရှိ၊ တပါးသောနေ့တို့ကိုလည်း ထားဘိဦး၊ ယနေ့ ဤယောက်ျားသည် ခရီးအကြား၌ ထမင်းထုပ်ကိုရ၍ အကျွန်ုပ်အား မပေးမူ၍ မိမိချည်းသာလျှင် စား၏ဟု လျောက်၏။ ဒါယိကာမ သင်သည် အခါခပ်သိမ်းလည်း ထိုယောက်ျား၏ အစီးအပွားကို အလိုရှိ၏။ အလွန်ချစ်၏။ ဤယောက်ျားသည်ကား သင့်အား ချစ်ခြင်းမရှိသည်သာတည်း၊ အကြင် အခါ၌ကား ပညာရှိတို့ကိုမှီ၍ သင်၏ကျေးဇူးတို့ကို သိ၏။ ထိုအခါ၌ သင့်အား အလုံးစုံသော စည်းစိမ်ချမ်းသာကို အစိုးရသည်၏အဖြစ်ကို ဆောင်နှင်းဘူး၏ဟု မိန့်တော်မူ၍ ထိုဒါယိကာမသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယိကာမ လွန်လေပြီးသောအခါ၌ ဗာရာဏသီ ပြည်၌ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် အမတ်မျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ထိုဗြဟ္မဒတ်မင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်ဖြစ်၏။ ထိုအခါ၌ မင်းသည် ဤငါ၏ သားတော်သည် ငါ့အား ပြစ်မှားငြားအံ့လည်း မသိဟု သားကိုရွံရှာနိုး၍ နှင်ထုတ်လိုက်၏။ ထိုမင်းသားသည် မိမိ၏မယားကိုယူ၍ မြို့မှထွက်၏။ တခုသော လယ်လုပ်၍ အသက်မွေးကုန်သော သူတို့၏ရွာ၌ နေ၏။ ထိုမင်းသားသည် နောက်အဘို့၌ အဘသေသည်၏အဖြစ်ကိုသိ၍ အမျိုးတို့၏ ဥစ္စာဖြစ်သော မင်းအဖြစ်ကို ယူအံ့ဟူ၍ ဗာရာဏသီပြည်သို့ ပြန်၏။ ထိုအခါ ခရီးအကြား၌ မယားအားလည်းပေး၍ စားလေလော့ဟု ဆို၍ပေးအပ်သော ထမင်းထုပ်ကိုရ၍ ထိုမယားအား မပေးမူ၍ မိမိချည်းသာလျှင် စား၏။ ထိုမိန်းမသည် ဤယောက်ျားသည် ကြမ်းတမ်းရုန့်ရင်းစွတကားဟု နှလုံးမသာသောအဖြစ်သို့ ရောက်၏။ ထိုမင်းသားသည် ဗာရာဏသီပြည်၌ မင်းအဖြစ်ကိုယူ၍ ထိုမယားကို မိဖုယားကြီးအရာ၌ထား၍ ထိုမိန်းမအား ဤမျှသည်ပင်လျှင် သင့်ပြီဟု တပါးသော လာဘသက္ကာရကို၎င်း မြတ်နိုးတနာကို၎င်း မပြု၊ အဘယ်သို့မျှ ရသနည်းဟူ၍လည်း မမေး။

ဘုရားလောင်းသည်ကြံ၏။ အဘယ်သို့ကြံသနည်းဟူမူကား ဤမိဖုယားသည် မင်းအား ကျေးဇူးများ၏။ အလွန်ချစ်၏။ မင်းသည်တမူကား ထိုမိဖုယားကို အနည်းငယ်မျှလည်း မအောက်မေ့၊ ငါသည် ထိုမိဖုယားအား လာဘသက္ကာရကို၎င်း မြတ်နိုးတနာကို၎င်း ပြုစေအံ့ဟုကြံ၏။ ကြီးပြီး၍ ဘုရားလောင်းသည် ထိုမိဖုယားသို့ကပ်၍ ခစားခြင်းကိုပြု၍ မိဖုယားသည် အမောင် အသို့နည်းဟုမေးသည်ရှိသော် စကားကိုဖြစ်စိမ့်သောငှါ ရှင်မိဖုယား အကျွန်ုပ်တို့သည် အရှင်တို့ကို ခစားပါကုန်၏။ သက်ကြီး မိဘတို့အား အဝတ်အထည် ပိုင်းကိုမျှ၎င်း ထမင်းဆုပ်ကိုမျှ၎င်း ပေးအံ့သောငှါ မသင့်လောဟု ဆို၏။ ဘခင် အကျွန်ုပ်သည် မိမိ၏အကျိုးငှါ တစုံတခုကိုမျှ မရပါ၊ သင်တို့အား အဘယ်သို့ ပေးရပါအံ့နည်း၊ ရသောကာလ၌ ပေးအံ့သည် မဟုတ်တုံလော၊ ယခုတမူကား မင်းသည် ငါ့အား တစုံတခုကိုမျှ မပေး၊ တပါးကို ပေးခြင်းကို ထားဘိဦး၊ မင်းအဖြစ်ကို ယူအံ့သောငှါ လာလတ်သည်ရှိသော် ခရီးအကြား၌ ထမင်းထုပ်ကိုရ၍ ထမင်းကိုမျှလည်း ငါ့အားမပေးမူ၍ မိမိချည်းသာလျှင် စား၏ဟု ဆို၏။ အမိ အသို့နည်း၊ မင်း၏အထံ၌ ဤသို့ဆိုအံ့သောငှါ စွမ်းနိုင်အံ့လောဟု ဆိုသည်ရှိသော် အမောင် စွမ်းနိုင်လတ္တံ့ဟု ဆို၏။ အမိ ထိုသို့တပြီးကား ယနေ့ပင်လျှင် ကျွန်ုပ်မင်း၏အထံ၌ တည်စဉ်ကာလ၌ ကျွန်ုပ်မေးလတ်သည်ရှိသော် ဤသို့ဆိုကုန်လော့၊ ယနေ့ပင်လျှင် သင်တို့၏ ကျေးဇူးကိုသိစေအံ့ဟုဆို၍ ဘုရားလောင်းသည် ရှေးဦးစွာသွား၍ မင်း၏အထံ၌ နေ၏။ ထိုမိဖုယားသည် မင်း၏အနီး၌ နေလာ၏။

ထိုအခါ၌ ထိုမိဖုယားကို ဘုရားလောင်းသည် အမိ အရှင်တို့သည်အလွန်လျှင် ရက်ရောကုန်၏။ အဘတို့အား အဝတ်ပိုင်းကိုမျှ၎င်း ထမင်းကိုမျှ၎င်း ပေးပါအံ့သောငှါသင့်သည် မဟုတ်တုံလောဟု ဆို၏။ အမောင် အကျွန်ုပ်သည်ပင် မင်း၏အထံမှ တစုံတခုကိုမရပါ၊ သင်တို့အား အဘယ်ကို ပေးရပါအံ့နည်းဟု ဆိုသည်ရှိသော် အရှင်သည် မိဖုယားမြတ်အရာကို ရသည် မဟုတ်တုံလောဟု ဆို၏။ အမောင် တစုံတခုသော ပူဇော်သက္ကာရကို ရခြင်းသည်မရှိသော် မိဖုယားမြတ်အရာသည် အဘယ်ပြုလတ္တံ့နည်းဟု ဆို၍ ယခုအခါ၌ သင်တို့၏မင်းသည် ငါ့အား အဘယ်ကို ပေးလတ္တံ့နည်း၊ ထိုမင်းသည် ခရီးအကြား၌ ထမင်းထုပ်ကိုရ၍ ထိုထမင်းထုပ်မှ တစုံတခုကိုမျှ မပေးမှု၍ မိမိချည်းသာလျှင် စား၏ဟုဆိုသည် ရှိသော် ဘုရားလောင်းသည် မင်းမြတ် ကြားရသည်ကား ဤသို့ကြားတိုင်းပင် ဟုတ်သလောဟု မေး၏။ မင်းသည်လည်း သည်းခံ၏။ ဘုရားလောင်းသည် ထိုမင်း၏သည်းခံခြင်းကိုသိ၍ အမိ ထိုသို့တပြီးကား မင်းသည် မချစ် မလေးမြတ်သော ကာလမှစ၍ အရှင်တို့အား ဤအရပ်၌ နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လောက၌ မချစ်သောသူတို့နှင့် ပေါင်းဘော်ရခြင်းသည်လည်း ဆင်းရဲ၏။ သင်တို့သည် ဤအရပ်၌ နေသည်ရှိသော် မင်းအားလည်း မချစ်သောသူနှင့် ပေါင်းဘော်ရခြင်းသည် ဖြစ်၏။ ဆင်းရဲခြင်းသည် ဖြစ်လတ္တံ့၊ ဤသတ္တဝါတို့မည်သည်ကား မိမိကို မပေါင်းဘော်သည်၏အဖြစ်ကို သိကုန်၍ တပါးသောအရပ်သို့ သွားအပ်ကုန်၏။ လူတို့နေရာသည် ကျယ်၏ဟု ဆို၍ ဤဂါထာတို့ကို ဆို၏။-

၁၄၅။ နမေ နမန္တဿ ဘဇေ ဘဇန္တံ၊
ကိစ္စာနုကြုဗ္ဗဿ ကရေယျ ကိစ္စံ။
နာနတ္ထကာမဿ ကရေယျ အတ္ထံ၊
အသမ္ဘဇန္တံပိ န သမ္ဘဇေယျ။
၁၄၆။ စဇေ စဇန္တံ ဝနထံ န ကယိရာ၊
အပေတစိတ္တေန န သမ္ဘဇေယျ။
ဒိဇော ဒုမံ ခီဏဖလန္တိ ဉတွာ၊
အညံ သမေက္ခေယျ၊ မဟာ ဟိ ဧသ လောကော။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၄၅။ အမ္မ၊ အမိ။ နမန္တဿ၊ မိမိသို့ညွတ်သော သူအားသာလျှင်။ နမေ၊ ညွတ်တုံ့ ညွတ်ရာ၏။ ဘဇန္တံ၊ မိမိသို့ ဆည်းကပ်သော သူကိုသာလျှင်။ ဘဇေ၊ ဆည်းကပ်ရာ၏။ ကိစ္စာနုကြုဗ္ဗဿ၊ မိမိကိစ္စအမှုကို ဆောင်ရွက်သော သူ၏ သာလျှင်။ ကိစ္စံ၊ ကိစ္စကို။ ကရေယျ၊ ဆောင်ရွက်ရာ၏။ အနတ္ထကာမဿ၊ မိမိအကျိုးစီးပွားကို အလိုမရှိသော သူ၏။ အတ္ထံ၊ အမှုကိစ္စကို။ န ကရေယျ၊ မဆောင်ရွက်ရာ။ အသမ္ဘဇန္တံပိ၊ အတူတကွမဆည်းကပ်သောသူကိုလည်း။ နသမ္ဘဇေယျ၊ အတူတကွ မဆည်းကပ်ရာ။

֍ ဋ္ဌ ၁၄၆။ စဇန္တံ၊ မိမိကိုစွန့်သောသူကို။ စဇေ၊ စွန့်ရာ၏။ ဝနထံ၊ မိမိကိုစွန့်သောသူ၌ တပ်စွန်းခြင်းကို။ န ကယိရာ၊ မပြုရာ။ အပေတစိတ္တေန၊ ချစ်ခြင်း ကင်းသော စိတ်ရှိသောသူနှင့်။ န သမ္ဘဇေယျ၊ မပေါင်းတော်ရာ။ ဒိဇော၊ ငှက်သည်။ ဒုမံ၊ သစ်ပင်ကို။ ခီဏဖလန္တိ၊ အသီးကုန်လေပြီဟု။ ဉတွာ၊ သိ၍။ အညံ၊ တပါးသောသစ်ပင်သို့။ သမေက္ခတိ ယထာ၊ ရှာသကဲ့သို့။ ဧဝံ တထာ၊ ထို အတူ။ အညံ၊ တပါးသော အရပ်ကို။ သမေက္ခယျ၊ ရှာရာ၏။ ဟိသစ္စံ၊ မှန်၏။ ဧသ လောကော၊ ဤလူတို့နေရာအရပ်သည်။ မဟာ၊ ကျယ်၏။

သင်တို့သည် အလွန်ချစ်သော တယောက်သောယောက်ျားကို ရကုန်လတ္တံ့ဟု ဆိုသည်ရှိသော် ထိုစကားကိုကြား၍ ဗာရာဏသီမင်းသည် အလုံးစုံသော စည်းစိမ်ကိုပေး၏။ ထိုအခါမှစ၍ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ နေကြကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ လင်မယား နှစ်ယောက်တို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ ဤလင်မယားနှစ်ယောက်တို့သည် ထိုအခါ လင်မယားနှစ်ယောက် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသောအမတ်ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

သူကမချစ်၊ ကိုယ်ကချစ်၊ အသစ်သာရှာ ငှက်ပမာ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ပုဋဘတ္တဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကာသာဝဝဂ်

၄။ ကုမ္ဘိလဇာတ်

မျောက် နှင့် မိချောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယဿေတေ စတုရော ဓမ္မာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုမ္ဘိလဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။-

၁၄၇။ ယဿေတေ စတုရော ဓမ္မာ၊ ဝါနရိန္ဒ ယထာ တဝ။
သစ္စံ ဓမ္မော ဓိတိ စာဂေါ၊ ဒိဋ္ဌံ သော အတိဝတ္တတိ။
၁၄၈။ ယဿ စေ တေ န ဝိဇ္ဇန္တိ၊ ဂုဏာ ပရမ ဘဒ္ဒက။
သစ္စံ ဓမ္မော ဓိတိ စာဂေါ၊ ဒိဋ္ဌံ သော နာတိဝတ္တတိ။

֍ ဋ္ဌ ၁၄၇။ ဝါနရိန္ဒ၊ အို မျောက်မင်း။ တဝ၊ သင်မျောက်မင်းအား။ သစ္စံ၊ အမှန်ကိုဆိုခြင်း ဝစီသစ္စာ၎င်း။ ဓမ္မော၊ ပညာ၎င်း။ ဓိတိ၊ အားထုတ်ခြင်း လုံ့လကို၎င်း။ စာဂေါ၊ စွန့်ကြဲခြင်း၎င်း။ ဣတိ၊ ဤသို့။ စတုရော၊ လေးပါးကုန်သော။ ဓမ္မာ၊ တရားရှိသည်။ သန္တိ ယထာ၊ ရှိကုန်၏သို့။ ယဿ၊ အကြင်သူအား။ ဧတေ၊ ထိုလေးပါးကုန်သော တရားတို့သည်။ သန္တိ၊ ရှိကုန်ငြားအံ့။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ အတိဝတ္တတိ ယထာ၊ လွန်၍ ဖြစ်နိုင်၏သို့။ သော၊ ထိုလေးပါးသောတရားရှိသော သူသည်။ ဒိဋ္ဌံ၊ ရန်သူကို။ အတိဝတ္တတိ၊ လွန်၍ ဖြစ်နိုင်၏။

֍ ဋ္ဌ ၁၄၈။ ပရမဘဒ္ဒက၊ အလွန်ကောင်းသော မိကျောင်းမင်း။ ယဿ စ၊ အကြင်သူအားကား။ သစ္စံ၊ အမှန်ကိုဆိုခြင်း ဝစီသစ္စာ၎င်း။ ဓမ္မော၊ ပညာ၎င်း။ ဓိတိ၊ အားထုတ်ခြင်းလုံ့လ၎င်း။ စာဂေါ၊ စွန့်ကြဲခြင်း၎င်း။ ဣတိ၊ ဤသို့။ ဧတေ ဂုဏာ၊ ထိုတရားအစုတို့သည်။ န ဝိဇ္ဇန္တိ၊ မရှိကုန်။ သော၊ ထိုသူသည်။ ဒိဋ္ဌံ၊ ရန်သူကို။ နာတိဝတ္တတိ၊ မလွန်မြောက်နိုင်။

ဤကုမ္ဘိလဇာတ်၌ ဇာတ်ပေါင်းနှင့်တကွ ကြွင်းသော အလုံးစုံသောစကားကို အောက်ဖြစ်သော ကုမ္ဘိလဇာတ်၌ ဆိုအပ်ပြီးသောနည်းဖြင့်သာ သိအပ်၏။

( ကုမ္ဘိလသဒ္ဒါနှင့် သုသုမာရသဒ္ဒါသည် မိကျောင်းဟောချည်းဖြစ်၍ ကုမ္ဘိလဇာတ်ဟူသည် သုသုမာရဇာတ်ကို ဆိုလိုသည်။ )

စကားမှန်စွာ၊ ပညာ ဝီရိယ၊ စွန့်စာဂ၊ လေးဝရန်အောင်ကြောင်း

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ကုမ္ဘိလဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကာသာဝဝဂ်

၅။ ခန္တိဝဏ္ဏဇာတ်

အိမ်ရာမှား အမတ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အတ္ထိ မေ ပုရိသော ဒေဝအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤခန္တိဝဏ္ဏဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုကောသလမင်း၏ နန်းတွင်း၌ တယောက်သော ကျေးဇူးများသော အမတ်သည် နန်းတွင်းသူ၌ မှားယွင်း၏။ မင်းသည် ဤသူသည် ငါ့အား ကျေးဇူး များ၏ဟု သိ၍လည်း သည်းခံ၍ မြတ်စွာဘုရားအားလျှောက်၏။ မြတ်စွာဘုရားသည် မင်းမြတ် ရှေးမင်းတို့သည်လည်း ဤကဲ့သို့ သည်းခံသည်လျှင်ကတည်းဟု မိန့်တော်မူ၍ ထိုကောသလမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... မင်းမြတ် လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုလတ်သည်ရှိသော် ထိုဗြဟ္မဒတ်မင်း၏ နန်းတော်တွင်း၌ တယောက်သောအမတ်သည် အိမ်ရာပြစ်မှား၏။ အမတ်ကိုလည်း ခစားသောသူသည် ထိုအမတ်၏အိမ်ရာကို ပြစ်မှား၏။ ထိုအမတ်သည် ထိုယောက်ျား၏အပြစ်ကို သည်းခံအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ထိုယောက်ျားကိုယူ၍ မင်း၏အထံသို့သွား၍ မင်းမြတ် အကျွန်ုပ်၏ တယောက်သော အလုပ်အကျွေးဖြစ်သော အလုံးစုံသောကိစ္စကို ဆောင်ရွက်သော ဤယောက်ျားသည် အိမ်ရာပြစ်မှား၏။ ထိုယောက်ျားအား အသို့ပြုအံ့သောငှါ သင့်သနည်းဟု မေးလိုသည်ဖြစ်၍-

၁၄၉။ အတ္ထိ မေ ပုရိသော ဒေဝ၊ သဗ္ဗကိစ္စေသု ဗျာဝဋော။
တဿ စေကောပရာဓတ္ထိ၊ တတ္ထ တွံ ကိန္တိ မညသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၉။ ဒေဝ၊ မင်းမြတ်။ မေ၊ အကျွန်ုပ်အား။ သဗ္ဗကိစ္စေသု၊ ခပ်သိမ်းသော ကိစ္စတို့၌။ ဗျာဝဋော၊ လုံ့လပြုတတ်သော။ ပုရိသော၊ ယောက်ျားသည်။ အတ္ထိ၊ ရှိ၏။ တဿ၊ ထိုယောက်ျားအား။ ဧကော၊ တခုသော။ အပရာဓော၊ အိမ်ရာပြစ်မှားသော အပြစ်သည်။ အတ္ထိ၊ ရှိ၏။ တတ္ထ၊ ထိုအိမ်ရာပြစ်မှားသော အပြစ်ကြောင့်။ ကိန္တိ၊ အပြုအပ်၏ဟူ၍။ တွံ၊ အရှင်မင်းမြတ်သည်။ မညသိ၊ အောက်တော်မူသနည်း။

ထိုစကားကိုကြား၍ မင်းသည်-

၁၅၀။ အမှာကမ္ပတ္ထိ ပုရိသော၊ ဧဒိသော ဣဓ ဝိဇ္ဇတိ။
ဒုလ္လဘော အင်္ဂသမ္ပန္နော၊ ခန္တိ ရမှာက ရုစ္စတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၅၀။ ဘော အမစ္စ၊ အို အမတ်။ အမှာကမ္ပိ၊ ငါတို့အားလည်း။ ဧဒိသော၊ ဤသို့သဘောရှိသော။ ပုရိသော၊ အိမ်ရာပြစ်မှားတတ်သော ယောက်ျားသည်။ အတ္ထိ၊ ရှိ၏။ ဧဒိသော၊ ဤသို့သဘောရှိသော ယောက်ျားသည်။ ဣဓ၊ ဤအရပ်၌ပင်လျှင်။ ဝိဇ္ဇတိ၊ ရှိ၏။ အင်္ဂသမ္ပန္နော၊ ကျေးဇူးအင်နှင့် ပြည့်စုံသောယောက်ျားကို။ ဒုလ္လဘော၊ ရခဲ၏။ တေန၊ ထို့ကြောင့်။ ခန္တီ၊ သည်းခံခြင်းကိုသာ။ အမှာကံ၊ ငါတို့သည်။ ရုစ္စတိ၊ နှစ်သက်၏။

ထိုအမတ်သည် မိမိကိုယ်ကိုရည်၍ မင်းဆိုသည်၏အဖြစ်ကို သိ၍ ထိုအခါမှစ၍ နန်းတွင်း၌ ပြစ်မှားအံ့သောငှာ မဝံ့၊ ထိုအမတ်ကို ခစားသော ယောက်ျားသည်လည်း မင်းအား ကြားသည်၏အဖြစ်ကိုသိ၍ ထိုအခါမှစ၍ ထိုအမှုကို ပြုအံ့သောငှာ မဝံ့။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ မင်းမြတ် ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။ ထိုအမတ်သည် ကောသလမင်းမြတ်စွာဘုရားအား လျှောက်သည်၏အဖြစ်ကို သိ၍ ထိုအခါမှစ၍ ထိုအမှုကို ပြုအံ့သောငှာ မဝံ့။

ကျေးဇူးရှိလေ၊ ထိုသူတွေ၊ မသွေ သည်းခံသင့်

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ခန္တီဝဏ္ဏဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကာသာဝဝဂ်

၆။ ကောသိယဇာတ်

ခင်ပုပ် နှင့် ကျီး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကာလေ နိက္ခမနာ သာဓု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကောသိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောသလမင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ကောသလမင်းသည် ပစ္စန္တရစ်ကို ငြိမ်းစိမ့်သောငှါ အခါမဟုတ်သည်၌ ထွက်၏။ ဝတ္ထုသည် အောက်၌ ဆိုအပ်ပြီးသော နည်းရှိသလျှင်ကတည်း၊ မြတ်စွာဘုရားသည်ကား လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၍ ဟောတော်မူ၏။

အတိတ်ဝတ္ထု... မင်းမြတ် လွန်လေပြီးသောအခါ ဗာရာဏသီမင်းသည် အခါမဟုတ်သည်၌ထွက်၍ ဥယျာဉ်ဝယ် သစ်ခက်တပ်၌ နေ၏။ ထိုကာလ၌ တခုသော ခင်ပုပ်ငှက်သည် ဝါးရုံသို့ဝင်၍ ပုန်းအောင်း၏။ ကျီးအပေါင်းတို့သည် လာလတ်ကုန်၍ ထွက်လာသော ခင်ပုပ်ငှက်ကို ဖမ်းကုန်အံ့ဟူ၍ ခြံရံကုန်၏။ ထိုခင်ပုပ်ငှက်သည် နေဝင်ခြင်းကိုမကြည့်မူ၍ အခါမဲ့၌ သာလျှင်ထွက်၍ ပြေးအံ့သောငှါ အားထုတ်၏။ ထိုအခါ၌ ထိုခင်ပုပ်ငှက်ကို ကျီးတို့သည်ခြံရံကုန်၍ နှုတ်သီးတို့ဖြင့် ထိုးကုန်၍ ကျစေကုန်၏။ မင်းသည် ဘုရားလောင်းကို ခေါ်၍ ပညာရှိ ကျီးတို့သည် ခင်ပုပ်ကို အဘယ်ကြောင့်လျှင် ကျစေဘိသနည်းဟု မေး၏။ ဘုရားလောင်းသည် မင်းမြတ် အခါမဟုတ်သည်၌ မိမိ၏နေရာအရပ်မှ ထွက်ကုန်သောသူတို့သည် ဤသို့သဘောရှိသော ဆင်းရဲကို ခံရကုန်မြဲသာလျှင်တည်း၊ ထို့ကြောင့် အခါမဟုတ်သည်၌ မိမိ၏နေရာအရပ်မှ ထွက်အံ့သောငှာမသင့်ဟု ပြလိုရကား-

၁၅၁။ ကာလေ နိက္ခမနာ သာဓု၊ နာကာလေ သာဓု နိက္ခမော။
အကာလေန ဟိ နိက္ခမ္မ၊ ဧကကမ္ပိ ဗဟုဇ္ဇနော။
န ကိဉ္စ အတ္ထံ ဇောတေတိ၊ ဓင်္ကသေနာဝ ကောသိယံ။
၁၅၂။ ဓီရော ဝိဓိဝိဓာနညူ၊ ပရေသံ ဝိဝရာနုဂူ။
သဗ္ဗာမိတ္တေ ဝသီကတွာ၊ ကောသိယောဝ သုခီ သိယာ။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၅၁။ မဟာရာဇ၊ မင်းမြတ်။ ကာလေ၊ ကာလ၌သာ။ နိက္ခမနာ၊ ထွက်ခြင်း လုံ့လပြုခြင်းသည်။ သာဓု၊ ကောင်း၏။ အကာလေ၊ အခါ မဟုတ်သည်၌။ နိက္ခမော၊ ထွက်ခြင်း လုံ့လပြုခြင်းသည်။ န သာဓု၊ မကောင်း။ ကောစိဟိ၊ တစုံတယောက်သော။ ပုရိသော၊ ယောက်ျားသည်။ အကာလေ၊ အခါမဟုတ်သည်၌။ နိက္ခမ္မ၊ ထွက်၍။ ကိဉ္စိ၊ တစုံတခုသော။ အတ္ထံ၊ အကျိုး စီးပွားကို။ န ဇောတေတိ၊ မထွန်းပစေနိုင်။ အထခေါ၊ စင်စစ်သော်ကား။ ဧကကမ္မိ၊ တယောက်တည်းသော သူကိုလည်း။ ဗဟုဇ္ဇနော၊ များစွာသော ရန်သူသည်။ အကာလေ၊ အခါ မဟုတ်သည်၌။ နိက္ခမန္တော၊ ထွက်လတ်သည် ရှိသော်။ ပရိဝါရေတွာ၊ ခြံရံ၍။ မဟာဝိနာသံ၊ ကြီးစွာသော ပျက်စီးခြင်းသို့။ ပါပေတိ၊ ရောက်စေတတ်၏။ ကိမိဝ၊ အဘယ်ကဲ့သိုနည်း ဟူမူကား။ ဓင်္ကသေနာ၊ ကျီးအပေါင်းတို့သည်။ ကောသိယံ၊ ခင်ပုပ်ကို။ တုဏ္ဍေဟိ၊ နှုတ်သီးတို့ဖြင့်။ ဝိတုဒန္တိ ဣဝ၊ ထိုးကုန်ဘိသကဲ့သို့တည်း။

֍ ဋ္ဌ ၁၅၂။ မဟာရာဇ၊ မင်းမြတ်။ ကောသိယော၊ အခါဟုတ်သည်၌သာ ထွက်သော ခင်ပုပ်လိမ္မာသည်။ သုခီ၊ ချမ်းသာခြင်းရှိသည်။ သိယာဝ၊ ဖြစ်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ ဝိဓိဝိဓာနညူ၊ ရှေးပညာရှိတို့သည် ထားအပ်သော ထုံးပဝေဏီ အစီအရင်ကို သိထသော။ ပရေသံ၊ တပါးကုန်သော သူတို့၏။ ဝိဝရာနုဂူ၊ လစ်ဟင်းခြင်းကို သိထသော။ ဓီရော၊ ပညာရှိသည်။ သဗ္ဗာမိတ္တေ၊ ခပ်သိမ်းသော ရန်သူတို့ကို။ ဝသီကတွာ၊ မိမိအလိုသို့ လိုက်သည်ကိုပြု၍။ သုခီ၊ ချမ်းသာခြင်းနှင့်ပြည့်စုံသည်။ သိယာ၊ ဖြစ်ရာ၏။

မင်းသည် ဘုရားလောင်း၏စကားကိုကြား၍ ပြန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ မင်းမြတ် ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသော အမတ်ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အခါမဟုတ်၊ စွမ်းအားထုတ်၊ ခင်ပုပ်ငှက်နှယ်ပ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကောသိယဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကာသာဝဝဂ်

၇။ ဂူထပါဏဇာတ်

ချေးပိုး နှင့် ဆင်ပြောင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သူရော သူရေန သင်္ဂမ္မ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဂူထပါဏဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုကာလ၌ ဇေတဝန် ကျောင်းတော်မှ သုံးဂါဝုတ် ယူဇနာခွဲရှိသော အရပ်၌ တခုသော နိဂုံးရွာသည် ရှိ၏။ ထိုနိဂုံးရွာ၌ များစွာကုန်သော စာရေးတံဆွမ်း လဆန်းပက္ခ လဆုတ်ပက္ခ လှူအပ်သော ဆွမ်းတို့သည် ရှိကုန်၏။ ထိုရွာ၌ တယောက်သော ပြဿနာကို မေးတတ်သော ငတုံးသည် နေ၏။ ထိုငတုံးသည် သလာကဘတ် ပက္ခိကဘတ်တို့၏ အကျိုးငှါ သွားကုန်သော ပဉ္စင်းငယ်တို့ကို၎င်း သာမဏေတို့ကို၎င်း၊ အချို့ကုန်သော ပဉ္စင်းသာမဏေတို့ကို ခဲကုန်စဉ်၊ အချို့ကုန်သော ပဉ္စင်းသာမဏေတို့ကို သောက်ကုန်စဉ်၊ အချို့ကုန်သော ပဉ္စင်းသာမဏေတို့ကို စားကုန်စဉ် ပြဿနာကိုမေး၍ ဖြေအံ့သောငှါ မစွမ်းနိုင်ကုန်သည်ရှိသော် ရှက်စေ၏။ ထိုပဉ္စင်းသာမဏေတို့သည် ငတုံးမှကြောက်ခြင်းကြောင့် သလာကဘတ် ပက္ခိကဘတ်တို့၏ အကျိုးငှါ ထိုရွာသို့ မသွားကြကုန်၊ ထိုအခါ တနေ့သ၌ တပါးသောရဟန်းသည် စာရေးတံချရာသို့သွား၍ အရှင်ဘုရားတို့ ဤအမည်ရှိသောရွာ၌ သလာကဘတ်သည်၎င်း ပက္ခိကဘတ်သည်၎င်း ရှိသလောဟုမေး၍ ငါ့သျှင် ရှိ၏။ ထိုသို့ရှိသော်လည်း ထိုရွာ၌ တယောက်သော ငတုံးသည် ပြဿနာကိုမေးသတတ်၊ ဖြေအံ့သောငှါ မတတ်နိုင်ကုန်သော ရဟန်းသာမဏေတို့ကို ဆဲရေး၏။ ငတုံးမှ ကြောက်သောကြောင့် တစုံတယောက်သော ရဟန်းသာမဏေသည် သွားအံ့သောငှါမဝံ့ဟု ဆိုသည်ရှိသော် အရှင်ဘုရားကို ထိုရွာ၌ဆွမ်းတို့ကို ငါ့သို့ရောက်စေကုန်လော့ ငါသည် ထိုငတုံးကိုဆုံးမ၍ မာနမရှိသည်ကိုပြု၍ ထိုအခါမှစ၍ သင်တို့ကို မြင်၍ ပြေးအောင်ပြုခဲ့အံ့ဟု ဆို၏။ ရဟန်းတို့သည် ကောင်းပြီဟု ဝန်ခံ၍ ထိုရဟန်းသို့ ထိုရွာ၌ ဆွမ်းတို့ကို ရောက်စေကုန်၏။

ထိုရဟန်းသည် ထိုရွာသို့သွား၍ ရွာတံခါး၌ သင်္ကန်းကို ရုံ၏။ ထိုရဟန်းကိုမြင်၍ ငတုံးသည် ကြမ်းသောဆိတ်ကဲ့သို့ လျင်မြန်စွာ ကပ်လာတည့်၍ ရဟန်း ငါ၏ပြဿနာကို ဖြေလော့ဟု ဆို၏။ ဒါယကာ ရွာ၌ ဆွမ်းခံ၍ ယာဂုကိုယူ၍ ဆွမ်းစားစရပ်သို့ အကြင်မျှလောက် လာခြင်းသည်ရှိ၏။ ထိုမျှလောက်သောအခွင့်ကို ပေးဦးလော့ဟု ဆို၏။ ထိုငတုံးသည် ထိုရဟန်းသည် ယာဂုကိုယူ၍ ဆွမ်းစားစရပ်သို့ လာသော်လည်း ထို့အတူသာလျှင်ဆို၏။ ထိုရဟန်းသည်လည်း ထိုငတုံးကို ငါ့အား ယာဂုကို သောက်စိမ့်သောငှါ အခွင့်ပေးဦးလော့၊ ဆွမ်းစားစရပ်ကို တံမြက်လှည်းအံ့သော အခွင့်ပေးဦးလော့၊ စာရေးတံဆွမ်းကို ဆောင်အံ့သောငှါ ငါ့အား အခွင့်ပေးဦးလော့ဟု ဆို၍ စာရေးတံဆွမ်းကို ဆောင်ခဲ့၍ ထိုငတုံးကိုပင်လျှင် သပိတ်ကို ကိုင်စေ၍ လာလော့ ပြဿနာကိုမေးလတ်သော် လျောက်ပတ်သောအခါကို သိသည်ဖြစ်၍ ဖြေအံ့ဟု ရွာတံခါးအပသို့ ဆောင်၍ သင်္ကန်းကို ခေါက်၍ ပခုံး၌တင်၍ ထိုငတုံး၏လက်မှ သပိတ်ကိုယူ၍ ရပ်၏။

ထိုအရပ်၌လည်း ထိုရဟန်းကို ထိုငတုံးသည် ရဟန်း ငါ၏ပြဿနာကို ဖြေလောဟု ဆို၏။ ထိုအခါ၌ ထိုငတုံးကို ထိုရဟန်းသည် သင်၏ ပြဿနာကို ဖြေအံ့ဟု ဆို၍ တချက်တည်းဖြင့်သာလျှင် လဲစေ၍ အရိုးတို့ကို ကြေစေဘိသကဲ့သို့ သတ်ပုတ်၍ ခံတွင်း၌ မစင်ကိုထည့်၍ ယခုအခါ၌ ဤနေ့မှစ၍ ဤရွာသို့လာသော ရဟန်းကို တစုံတခုသော ပြဿနာကို မေးသောကာလ၌ သိစေအံ့ဟု ခြိမ်းချောက်၍ သွား၏။ ထိုငတုံးသည် ထိုအခါမှစ၍ ရဟန်းတို့ကို မြင်လျှင်ပြေး၏။ နောက်အဘို့၌ ထိုရဟန်း၏ ထိုအမူအရာသည် ရဟန်းသင်္ဃာ၌ ထင်ရှားသည် ဖြစ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရား သဘင်ဝယ် ငါ့သျှင်တို့ ဤအမည်ရှိသော ရဟန်းသည် ငတုံး၏ခံတွင်း၌ မစင်ကိုထည့်၍ သွားသတတ်ဟု စကားကို ဖြစ်စေ၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူလတ်သော် ဤ မည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျောက်သည်ရှိသော် ရဟန်းတို့ ထိုရဟန်းသည် ယခုအခါ၌သာလျှင် ထိုငတုံးကို မစင်ကို စားစေသည် မဟုတ်သေး၊ ရှေး၌လည်း စားစေဘူးသလျင်ကတည်းဟုမိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ အင်္ဂတိုင်း မဂဓတိုင်း၌ နေကုန်သော သူတို့သည် တဦးသည် တဦး၏ တိုင်းသွားကုန်လတ်သော် တနေ့သ၌ ထိုတိုင်းနှစ်တိုင်း၏သီမန္တရိက်၌ တခုသောအိုင်ကို မှီကုန်၍ သုရာကို သောက်ကုန်၍ ငါးအမဲကို စားကုန်၍ စောစောကလျင် လှည်းတို့ကို က, ကုန်၍ သွားကုန်၏။ ထိုသူတို့သည် သွားသောကာလ၌ တခုသော မစင်စားသော ပိုးသည် မစင်နံ့နံသောကြောင့် လာလတ်၍ ထိုသူတို့၏ သောက်ရာအရပ်၌ စွန့်အပ်သော သုရာကိုမြင်၍ ချင်ခြင်းကြောင့်သောက်၍ ယစ်သည်ဖြစ်၍ မစင်ပုံသို့ တက်၏။ ထိုပိုးသည် တက်လတ်သော် မစင်စိုသည် အတန်ငယ်ညွတ်၏။ ထိုမစင်ပိုးသည် ငါ့ကို ခံအံ့သောငှာ မစွမ်းနိုင်ဟု ကြုံးဝါး၏။ ထိုခဏ၌သာလျှင် အမုန်ယစ်သော ဆင်ပြောင် တစီးသည် ထိုအရပ်သို့ လာလတ်၍ မစင်နံ့ နံခြင်းကြောင့် စက်ဆုပ်ရွံရှာ၍ ဖဲ၏။ ထိုမစင်ပိုးသည် ထိုဆင်ပြောင်ကြီးကိုမြင်၍ ဤဆင်ပြောင်ကြီးသည် ငါမှ ကြောက်သောကြောင့် ပြေး၏ဟု အမှတ်ရှိသည်ဖြစ်၍ ဤဆင်ပြောင်ကြီးနှင့်တကွ စစ်ထိုးခြင်းကို ပြုအံ့သောငှါသင့်၏ဟု နှလုံးသွင်း၍ခေါ်လိုရကား-

၁၅၃။ သူရော သူရေန သင်္ဂမ္မ၊ ဝိက္ကန္တေန ပဟာရိနာ။
ဧဟိ နာဂ နိဝတ္တဿု၊ ကိံနု ဘီတော ပလာယသိ။
ပဿန္တု အင်္ဂမာဂဓာ၊ မမ တုယှဉ္စ ဝိက္ကမံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၅၃။ ဘော နာဂ၊ အို ဆင်ပြောင်။ သူရော၊ ရဲရင့်သောသင်သည်။ ဝိက္ကန္တေန၊ ကြီးသော လုံ့လရှိထသော။ ပဟာရိနာ၊ စစ်ထိုးခြင်းငှါ စွမ်းနိုင်ထသော။ သူရေန၊ ရဲရင့်သောငါနှင့်။ သဒ္ဓိံ၊ တကွ။ သင်္ဂမ္မ၊ ဆိုင်မိကြ၍။ ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်။ အသင်္ဂါမေတွာ၊ စစ်မထိုးဘဲ။ ဂစ္ဆတိ၊ သွားဘိသနည်း။ ဧကပဟာရောပိ၊ တကြိမ်သော ထိုးခြင်းကိုလည်း။ ဒါတဗ္ဗော နနု၊ ပေးအပ်သည် မဟုတ်လော။ နာဂ၊ ဆင်ပြောင်။ ဧဟိ၊ လာလှည့်ဦး။ နိဝတ္တဿု၊ ပြန်ခဲ့ဦး။ ဘီတော၊ ကြောက်သည်ဖြစ်၍။ ပလာယသိ ကိံနု၊ ပြေးသလော။ မမ စ၊ ငါ၏၎င်း။ တုယှဉ္စ၊ သင်၏၎င်း။ ဝိက္ကမံ၊ လုံ့လကို။ အင်္ဂမာဂဓာ၊ အင်္ဂတိုင်းသား မဂဓတိုင်းသားတို့သည်။ ပဿန္တု၊ မြင်စေကုန်သတည်း။

ထိုဆင်သည် နားထောင်၍ ထိုမစင်ပိုး၏ စကားကို ကြား၍ ထိုမစင်ပိုး၏အထံသို့ သွား၍ ထိုမစင်ပိုးကို ခြိမ်းမောင်းလိုရကား-

၁၅၄။ န တံ ပါဒါ ဝဓိဿာမိ၊ န ဒန္တေဘိ န သောဏ္ဍိယာ။
မီဠှေန တံ ဝဓိဿာမိ၊ ပူတိ ဟညတု ပူတိနာ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၅၄။ ဂူထပါဏ၊ မစင်ပိုး။ တံ၊ သင့်ကို။ ပါဒါ-ပါဒေဟိ၊ ခြေတို့ဖြင့်။ န ဝဓိဿာမိ၊ ငါမသတ်အံ့။ ဒန္တေဘိ၊ အစွယ်တို့ဖြင့်လည်း။ န ဝဓိဿာမိ၊ ငါမသတ်အံ့။ သောဏ္ဍိယာ၊ နှာမောင်းဖြင့်။ န ဝဓိဿာမိ၊ ငါမသတ်အံ့။ မိဠှေန၊ မစင်ဖြင့်သာလျှင်။ တံ၊ သင့်ကို။ ဝဓိဿာမိ၊ သတ်လိုက်အံ့။ ပူတိ၊ မစင်ပိုးသည်။ ပူတိနာ၊ မစင်ဖြင့်။ ဟညတု၊ သေစေသတည်း။

ဤသို့ မစင်ပိုးသည် မစင်ဖြင့်သာလျှင် သေစေသတည်းဟု ဆို၍ ထိုမစင်ပိုး၏ထိပ်ထက်၌ ကြီးစွာသော ထိုမစင်တုံးကို ချလိုက်၍ ကျင်ငယ်ကို စွန့်လိုက်၍ ထိုအရပ်၌လျှင် ထိုမစင်ပိုးကို အသက်ကုန်ခြင်းသို့ ရောက်စေ၍ ကြိုးကြာသံနှင့်တူသော ဆင်သံကို ဟီလျက် တောသို့ဝင်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ငတုံးသည် ထိုအခါ မစင်ပိုးဖြစ်ဘူးပြီ၊ ယခုအခါ ထိုရဟန်းသည် ထိုအခါ ဆင်ပြောင်ကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ထိုအကြောင်းကို မျက်မှောက်ပြုခဲ့ရသော ထိုတောအုပ်၌ နေသောနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အံ့မတုသင့်၊ ဖက်ပြိုင်လင့်၊ ဘေးနှင့် လက်ငင်းတွေ့

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဂူထပါဏဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကာသာဝဝဂ်

၈။ ကာမနီတဇာတ်

လောဘကြီးသောမင်း

ပစ္စုပ္ပန် နှင့် အတိတ်ဝတ္တု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် တယော ဂိရိံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာမနီတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကာမနီတအမည်ရှိသော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထု အတိတ်ဝတ္ထုသည် ဒသကနိပါတ် ကာမဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ အထူးကား နှစ်ယောက်ကုန်သော ထိုမင်းသားတို့တွင် မင်းသားကြီးသည် လာလတ်၍ ဗာရာဏသီပြည်၌ မင်းဖြစ်၏။ မင်းသားငယ်သည် အိမ်ရှေ့မင်း ဖြစ်၏။ ထိုနှစ်ယောက်ကုန်သော မင်း အိမ်ရှေ့မင်းတို့တွင် မင်းသည် ဝတ္ထုကာမ ကိလေသာကာမတို့၌ မရောင့်ရဲ၊ ဥစ္စာ၌ လောဘရှိသည် ဖြစ်၏။ ထိုအခါ ဘုရားလောင်းသည် သိကြား နတ်မင်းဖြစ်၍ ဇမ္ဗူဒိပ်သို့ ကြည့်လတ်သည်ရှိသော် ထိုမင်း၏ နှစ်ပါးကုန်သော ဝတ္ထုကာမ ကိလေသာကာမတို့၌လည်း မရောင့်ရဲသည်၏အဖြစ်ကို သိလျှင် မင်းကိုနှိပ်၍ ရှက်စေအံ့ဟု ပုဏ္ဏားလုလင်၏ အသွင်ဖြင့် လာလတ်၍ မင်းကို ဖူးမြင်၏။ မင်းသည်လည်း လုလင် အဘယ်ကိစ္စကြောင့် လာသနည်းဟု မေးလတ်သည်ရှိသော် မင်းမြတ် အကျွန်ုပ်သည် ဘေးကင်းကုန်သော ဝပြောကုန်သော များစွာသော ဆင်၊ မြင်း၊ ရထား ခြေသည် ဥစ္စာ ရွှေငွေတန်ဆာတို့ဖြင့် ပြည့်ကုန်သော သုံးပြည်ထောင်တို့ကို မြင်ခဲ့၏။ ထိုသုံးပြည်ထောင်တို့ကိုကား အနည်းငယ်မျှသာလျှင်ဖြစ်သော စစ်သည်ဗိုလ်ပါဖြင့် ယူအံ့သောငှါ တတ်ကောင်း၏။ အကျွန်ုပ်တို့သည် အရှင်မင်းမြတ်အား ထိုသုံးပြည်ထောင်တို့ကို ယူ၍ ပေးအံ့သောငှါ လာခဲ့၏ဟု ဆို၏။ လုလင် အဘယ်အခါ၌ သွားအံ့နည်းဟု ဆိုသည်ရှိသော် မင်းမြတ် နက်ဖြန်သွားအံ့ဟုဆို၏။ ထိုသို့တပြီးကား သွားလေဦးလော့၊ စောစောကလျှင် ပြန်လာလှည့်ဦးလော့ဟု ဆိုသည်ရှိသော် မင်းမြတ် ကောင်းပြီဟု ဝန်ခံ၍ လျင်မြန်စွာ ဗိုလ်ပါကို စီရင်ခန့်ထားလော့ဟု ဆို၍ မိမိနေရာ တာဝတိံသာသို့သာလျှင် သွား၏။

မင်းသည် နက်ဖြန်နေ့၌ စည်ကိုလည်စေ၍ ဗိုလ်ပါစီရင်ခြင်းကို ပြုစေ၍ အမတ်တို့ကို ခေါ်စေ၍ ယမန်နေ့က တယောက်သော ပုဏ္ဏားလုလင်သည် ဥတ္တရပဉ္စာမြို့၌၎င်း ဣန္ဒပတ္တမြို့၌၎င်း ကေကကမြို့၌၎င်း ဤသုံးမြို့တို့၌ မင်းအဖြစ်ကို ယူ၍ပေးအံ့ဟု ဆို၏။ ထိုလုလင်ကို ဆောင်ယူ၍ သုံးပြည်ထောင်တို့၌ မင်းအဖြစ်ကို ယူကုန်အံ့၊ လျင်မြန်စွာ ထိုလုလင်ကို ခေါ်ကြကုန်လောဟု ဆိုသည်ရှိသော် မင်းမြတ် ထိုလုလင်အား နေရာကို အဘယ်အရပ်၌ ပေးစေအပ်သနည်းဟု ဆိုကုန်၏။ ထိုလုလင်အား ငါသည် နေရာအိမ်ကို မပေးစေအပ်ဟုဆိုသည်ရှိသော် အဝတ်ရိက္ခာကိုကား ပေးအပ်၏လော ဟုဆိုကြကုန်၏။ ထိုအဝတ်ရိက္ခာကိုလည်း မပေးအပ်ဟု ဆိုသည်ရှိသော် ထိုသို့ မပေးအပ်သည်ရှိသော် ထိုလုလင်ကို အဘယ်မှာ မြင်ရကုန်အံ့နည်းဟု ဆိုကြကုန်၏။ မြို့လမ်းတို့၌ ကြည့်ကြကုန်လော့ဟု ဆိုသည်ရှိသော် ကြည့်၍ မမြင်သောကြောင့် မင်းမြတ် မမြင်ပါကုန်ဟုဆိုကြကုန်၏။ လုလင်ကို မမြင်သောမင်းအား ဤသို့ကြီးစွာသော စည်းစိမ်ချမ်းသာ အစိုးရသည်၏ အဖြစ်မှ ယုတ်၏ဟု ကြီးစွာသော စိုးရိမ်ခြင်းသည်ဖြစ်၏။ ဟဒယဝတ္ထုသည် ပူ၏။ နှလုံးသွေးသည် ပျက်၏။ ဝမ်းသွေးသည် သွန်ခြင်းသည် ဖြစ်၏။ ဆေးသမားတို့သည် ဆေးကုအံ့သောငှာ မစွမ်းနိုင်ကုန်။

ထို့နောင်မှ သုံးလေးရက်လွန်သဖြင့် သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုမင်း၏ ထိုအနာကိုသိ၍ ထိုမင်းကို ဆေးကုအံ့ဟု ပုဏ္ဏားအသွင်ဖြင့်လာလတ်၍ တံခါး၌တည်၍ ဆေးသမား ပုဏ္ဏားသည် အရှင်မင်းမြတ်တို့အား ဆေးကုအံ့သောငှါ လာ၏ဟု ကြားစေ၏။ မင်းသည် ထိုစကားကို ကြား၍ လျင်မြန်စွာ ကြီးမြတ်ကုန်သောမင်း၏ ဆေးသသမားတို့သည် ကုစားအံ့သောငှါ မစွမ်းနိုင်ကုန်၊ ထိုဆေးသမားအား ရိက္ခာကိုပေး၍ လွှတ်လိုက်ကုန်လောဟု ဆို၏။ သိကြားသည် ထိုစကားကို ကြား၍ ငါသည် ဆေးကုအံ့၊ အဝတ်ဖြင့် အလိုမရှိသလျှင်ကတည်း၊ ဆေးခကိုလည်း မယူအံ့၊ တဖန် မင်းသည် ငါ့ကို ရှုစေသတည်းဟု ဆို၏။ မင်းသည် ထိုစကားကို ကြား၍ ထိုသို့တပြီးကား လာစေသတည်းဟု ဆို၏။ သိကြားသည် ဝင်၍ အောင်စေသတည်းဟု ဆို၍ လျောက်ပတ်စွာ ရပ်၏။ မင်းသည် သင်သည် ငါ့ကို ဆေးကုအံ့လော့ဟု မေး၏။ မင်းမြတ် ကုအံ့ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ကုလော့ဟု ဆို၏။ မင်းမြတ် ကောင်းပြီဟူ၍ ယခု အနာ၏လက္ခာကို ဆိုကုန်လော့၊ အဘယ်အကြောင်းကြောင့် ဖြစ်သနည်း ခဲဘွယ်ကို၎င်း သောက်ဘွယ်ကို၎င်း အမှီပြု၍ ဖြစ်သလော၊ ထိုသို့မဟုတ်မူကား မြင်ခြင်းကို၎င်း ကြားခြင်းကို၎င်း အမှီပြု၍ ဖြစ်သလောဟု ဆိုသည်ရှိသော် အရှင်ပုဏ္ဏား ငါ၏အနာသည် သုတကို အမှီပြု၍ ဖြစ်၏ဟုဆို၏။ အရှင်မင်းမြတ်သည် အဘယ်သို့ ကြားသနည်းဟု ဆို၏။ တယောက်သော လုလင်သည် လာလတ်၍ ငါအား သုံးပြည်ထောင်တို့၌ မင်းအဖြစ်ကိုယူ၍ပေးအံ့ဟု ဆို၏။ ငါသည် ထိုလုလင်အား နေရာအရပ်ကို၎င်း အဝတ်ရိက္ခာကို၎င်း မပေးစေမိ၊ ထိုလုလင်သည် ငါ့အား အမျက်ထွက်၍ တပါးသော မင်း၏အထံသို့ သွားလတ္တံ့၊ ထိုသို့သွားသည်ရှိသော် ဤသို့ ကြီးစွာသော စည်းစိမ်ချမ်းသာ အစိုးရသည်၏အဖြစ်မှ ငါယုတ်ရချေလိမ့်သတည်းဟု ကြံသော ငါ့အား ဤအနာသည် ဖြစ်၏ဟုဆို၍ သင်သည် ငါ၏ လောဘနှင့်ယှဉ်သော စိတ်ကိုမှီ၍ဖြစ်သောအနာကို ဆေးကုအံ့သောငှာ အကယ်၍ စွမ်းနိုင်အံ့၊ ကုစားလော့ဟု ထိုအနက်ကိုထင်စွာ ပြလိုရကား-

၁၅၅။ တယော ဂိရိံ အန္တရံ ကာမယာမိ၊
ပဉ္စာလာ ကုရုယော ကေကကေ စ။
တတုတ္တရိံ ဗြာဟ္မဏ ကာမယာမိ၊
တိကိစ္ဆ မံ ဗြာဟ္မဏ ကာမနီတံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၅၅။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တယော ဂီရိံ၊ တုန်လှုပ်စေခြင်းငှာ စွမ်းနိုင်ခဲသည်၏အဖြစ်ကြောင့် တောင်သဘွယ် ဖြစ်ကုန်သော မြို့သုံးလုံးတို့ကို၎င်း။ ပဉ္စာလာ၊ ဥတ္တရပဉ္စာလတိုင်း၎င်း။ ကုရုယော၊ ကုရုတိုင်း၎င်း။ ကေကကေ စ၊ ကေကကတိုင်း၎င်း။ ဣတိ၊ ဤသို့။ အန္တရဉ္စ၊ တိုင်းသုံးတိုင်းကို၎င်း။ ကာမယာမိ၊ လိုချင်၏။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တတုတ္တရိံပိ၊ ထိုဗာရာဏသီမင်း အဖြစ်ထက် အလွန်ဖြစ်သော သုံးပြည်ထောင်ကိုလည်း။ ကာမယာမိ၊ လိုချင်၏။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ကာမနီတံ၊ ဝတ္ထု ကာမ ကိလေသာကာမတို့သည် နှိပ်စက်အပ်သော။ မံ၊ ငါ့ကို။ သစေ သက္ကောသိ၊ အကယ်၍ ကုစားနိုင်အံ့။ တိကိစ္ဆ၊ ကုလော့။

ထိုအခါ၌ ထိုမင်းကို သိကြားမင်းသည် မင်းမြတ် သင်မင်းမြတ်ကို သစ်မြစ်အစရှိသည်တို့ဖြင့် မကုစားကောင်း၊ ဉာဏ်တည်းဟူသော ဆေးဖြင့်သာလျှင် ကုစားအပ်၏ဟု ဆိုလို၍-

၁၅၆။ ကဏှာဟိ ဒဋ္ဌဿ ကရောန္တိ ဟေကေ။
အံမနုဿ ပဝိဋ္ဌဿ သရောန္တိ ပဏ္ဍိတာ။
န ကာမနီတဿ ကရောန္တိ ကေစိ။
ဩက္ကန္တသုက္ကဿ ဟိ ကာ တိကိစ္ဆာ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

မဟာရာဇ၊ မင်းမြတ်။ ဧကေ၊ အချို့ကုန်သော။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ကဏှာဟိ၊ မည်းသော အဆင်းရှိကုန်သော မြွေတို့သည်။ ဒဋ္ဌဿ၊ ခဲအပ်သောသူအား။ တိကိစ္ဆံ၊ ဆေးကုခြင်းကို။ ကရောန္တိ၊ ပြုကုန်၏။ ဧကေ၊ အချို့ကုန်သော။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ အမနုဿပဝိဋ္ဌဿ၊ ဘီလူးဖမ်းစားသောသူအား။ တိကိစ္ဆံ၊ ဆေးကုခြင်းကို။ ကရောန္တိ၊ ပြုကုန်၏။ ကေစိ၊ အချို့ကုန်သော သူတို့သည်။ ကာမနီတဿ၊ ကာမနှိပ်စက်သော သူအား။ တိကိစ္ဆံ၊ ဆေးကုခြင်းကို။ န ကရောန္တိ၊ မပြုနိုင်ကုန်။ ကိံ ကာရဏာ၊ အဘယ့်ကြောင့်။ န ကရောန္တိ၊ မပြုနိုင်ကုန်သနည်း ဟူမူကား။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ ဩက္ကန္တသုက္ကဿ၊ အကုသိုလ်တရားသို့ သက်ဝင်သော သူအား။ မန္တောသဓာဒီဟိ၊ မန္တရား ဆေးဝါး အစရှိသည်တို့ဖြင့်။ ကာ တိကိစ္ဆာ၊ အဘယ်မှာ ကုစားနိုင်တုံအံ့နည်း။ တသ္မာ၊ ထိုကြောင့်။ ကေစိ၊ အချို့ကုန်သော သူတို့သည်။ ကာမနီတဿ၊ ကာမသည် နှိပ်စက်အပ်သော သူအား။ တိကိစ္ဆံ၊ ဆေးကုစားခြင်းကို န ကရောန္တိ၊ မပြုကုန်။

ဤသို့ ထိုမင်းအား ဘုရားလောင်းသည် ဤအကြောင်းကိုပြ၍ အလွန် ဤသို့ဆို၏။ မင်းမြတ် သင်သည် ထိုသုံးပြည်ထောင်တို့ကို အကယ်၍ ရအံ့၊ ဤလေးမြို့တို့၌ မင်းအဖြစ်ကို ပြုလတ်သော် တပြိုင်နက်ခြင်းသာလျှင် လေးထည်ကုန်သော ပုဆိုးအစုံတို့ကို ဝတ်အံ့လော၊ လေးခုကုန်သော ရွှေခွက်တို့၌လည်း တပြိုင်နက်ပင် စားအံ့လော၊ လေးခုကုန်သော မြတ်သောအိပ်ရာတို့၌ တပြိုင်နက်ပင် အိပ်အံ့လော၊ မင်းမြတ် တဏှာအလိုသို့ လိုက်သောမည်သည် ဖြစ်ခြင်းငှါမသင့်၊ ထိုတဏှာမည်သည်ကား ပျက်စီးခြင်း၏ အကြောင်း ဖြစ်၏။ ထိုတဏှာသည် ပွားလတ်သည်ရှိသော် စိုးရိမ်ခြင်းကို ပွားစေ၏။ ထိုတဏှာ၏ တည်ရာဖြစ်သော ပုဂ္ဂိုလ်ကို ရှစ်ထပ်ကုန်သော ငရဲကြီးတို့၌၎င်း ဥဿဒငရဲ တဆယ့်ခြောက်ထပ်တို့၌၎င်း အထူးထူး အပြားပြားဖြင့် များကုန်သော ငရဲမှကြဉ်ကုန်သော အပါယ်တို့၌၎င်း ပစ်ချတတ်၏ဟု ဆို၏။ ဤသို့ ဘုရားလောင်းသည် မင်းကို ငရဲ အစရှိသော ဘေးဖြင့် ခြိမ်းချောက်၍ ဤတရားကို ဟော၏။ မင်းသည်လည်း ထိုဘုရားလောင်း၏ တရားကို နာရ၍ စိုးရိမ်ခြင်းကင်းသည်ဖြစ်၍ ထိုခဏ၌လျင် အနာမရှိသည်၏ အဖြစ်သို့ ရောက်၏။ သိကြားသည်လည်း ထိုမင်းအား အဆုံးအမကိုပေး၍ သီလတို့၌ တည်စေ၍ နတ်ပြည်သို့လျှင် သွား၏။ ထိုမင်းသည်လည်း ထိုအခါမှစ၍ ဒါနအစရှိသည်တို့ကို ပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ကာမနီတ ပုဏ္ဏားသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိကြား ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

တဏှာညွန်နစ်၊ ရောဂါဖြစ်၊ ဆေးမြစ် မစွမ်းနိုင်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကာမနီတဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကာသာဝဝဂ်

၉။ ပလာယိတဇာတ်

စစ်ပြေးမင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဂဇဂ္ဂမေဃေဟိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပလာယိတဇာတ်ကို ဇေတဝန် ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ် ပြေးသောပရိဗိုင်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုပရိဗိုဇ်သည် စကားပြောဆို ပြိုင်ဆိုင်ခြင်းအကျိုးငှာ ဇမ္ဗူကျွန်းအလုံးကို လှည့်လည်၍ တစုံတယောက်သော ပြောဆိုဘက်ကိုမရ၍ အစဉ်သဖြင့် သာဝတ္ထိပြည်သို့ ရောက်၍ ငါနှင့်တကွ ပြောဆိုခြင်းကို ပြုခြင်းငှာ စွမ်းနိုင်သော တစုံတယောက်သောသူသည် ရှိသလောဟု လူတို့ကို မေး၏။ လူတို့သည် ထိုသို့သဘောရှိကုန်သောသူတို့၏ တထောင်နှင့်လည်း တကွ ပြောဆိုခြင်းငှာ စွမ်းနိုင်သော ခပ်သိမ်းသောတရားကို သိတော်မူသော အခြေနှစ်ချောင်းရှိကုန်သောသူတို့ထက် မြတ်သော တရားဖြင့် လူနတ်တို့ကို အစိုးရသော သူတပါးတို့၏ အယူဝါဒကို ဖျက်ဆီးခြင်းငှါ တတ်နိုင်သော မဟာဂေါတမသည် ရှိ၏။ ဇမ္ဗူကျွန်းအလုံး၌လည်း ဖြစ်စေသော တပါးသောဝါဒရှိသော ထိုမြတ်စွာဘုရားကို လွန်အံ့သောငှာ စွမ်းနိုင်သောသူမည်သည် မရှိ၊ ကမ်းနားသို့ ရောက်ကုန်၍ လှိုင်းတံပိုးတို့သည် ပျောက်ကုန်ဘိသကဲ့သို့ ခပ်သိမ်းကုန်သော ဝါဒတို့သည် ထိုမြတ်စွာဘုရား၏ ခြေတော်ရင်းသို့ ရောက်၍ ပျောက်ကုန်၏ဟု ဘုရားကျေးဇူးတော်တို့ကို ဆိုကြကုန်၏။ ပရိဗိုဇ်သည် ထိုဘုရားသည်ကား ယခုအခါ၌ အဘယ်မှာနည်းဟု မေး၍ ဇေတဝန် ကျောင်းတော်မှာတည်းဟု ကြား၍ ယခုအခါ၌ ထိုဘုရားအား အမေးပုစ္ဆာကို တင်အံ့ဟု လူများဖြင့် ခြံရံလျက် ဇေတဝန်ကျောင်းတော်သို့ သွားလတ်သည်ရှိသော် ဇေတမင်းသားသည် ကိုးကုဋေသောဥစ္စာကိုစွန့်၍ ဆောက်အပ်သော ဇေတဝန် ကျောင်းတော် တံခါးမုခ်ကို မြင်၍လျှင် ဤပြာသာဒ်သည်ကား ရဟန်းဂေါတမ၏ နေရာပြာသာဒ်လောဟု မေး၍ ဤပြာသာဒ်သည်ကား တံခါးမုခ်သာတည်းဟု ကြား၍ တံခါးမုခ်သည်ပင် ဤသို့စဉ်ရှိသေး၏။ နေရာကျောင်းတော်သည်ကား အဘယ်သို့ သဘောရှိသည်ဖြစ်လတ္တံ့နည်းဟု ဆို၍ ဂန္ဓကုဋိတော်မည်သည်ကား နှိုင်းယှဉ်ဘွယ် မရှိဟု ဆိုလတ်သော် ဤသို့စဉ်သဘောရှိသော ရဟန်းတို့နှင့်တကွ ပြိုင်ဆိုင်ပြောဆိုခြင်းကို အဘယ်သူ ပြုနိုင်ချေအံ့နည်းဟု ဆို၍ ထိုအရပ်မှလျှင် ပြေးလေ၏။ လူတို့သည် ကြော်ငြာလျက် လိုက်ကုန်၍ ဇေတဝန် ကျောင်းတော်သို့ ဝင်ကုန်၍ မြတ်စွာဘုရားသည် အခါမဲ့၌ အဘယ်ကြောင့်လာကြကုန်သနည်းဟု မိန့်တော်မူသည်ရှိသော် ထိုအကြောင်းကို လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဒါယကာတို့ ဤပရိဗိုင်သည် ယခုအခါ၌သာလျှင် ငါ၏နေရာအရပ်၏ တံခါးမုခ်ကိုမြင်၍ ပြေးသည်မဟုတ်သေး၊ ရှေး၌လည်း ငါ၏နေရာအရပ်၏ တံခါးမုခ်ကိုမြင်၍ ပြေးဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ ထိုဒါယကာတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာတို့ လွန်လေပြီးသောအခါ ဂန္ဓရတိုင်း တက္ကသိုလ်ပြည်၌ ဘုရားလောင်းသည် မင်းပြု၏။ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြု၏။ ထိုဗြဟ္မဒတ်မင်းသည် တက္ကသိုလ်ပြည်ကို ယူအံ့ဟု များစွာသော ဗိုလ်ပါအပေါင်းဖြင့် သွား၍ မြို့မှ မနီးမဝေးသော အရပ်၌ တည်၍ ဤသို့သောအမှတ်ဖြင့် ဆင်တို့ကို စေကုန်လော့၊ ဤသို့သောအမှတ်ဖြင့် မြင်းတို့ကို စေကုန်လော့၊ ဤသို့သောအမှတ်ဖြင့် ရထားတို့ကို စေကုန်လော့၊ ဤသို့သောအမှတ်ဖြင့် ခြေသည်တို့ကို စေကုန်လော့၊ ဤသို့ပြေးကုန်၍ လက်နက်တို့ဖြင့် ထိုးပစ်ကြကုန်လော့၊ တခဲနက်ရွာကုန်သော မိုဃ်းတို့ကဲ့သို့ မြားမိုးကို ရွာစေကုန်လော့ဟု စစ်သည်ကို စီရင်လိုရကား-

၁၅၇။ ဂဇဂ္ဂမေဃေဘိ ဟယဂ္ဂမာလိဘိ၊
ရထူမိဇာတေဘိ သရာဘိဝဿေဘိ။
ထရုဂ္ဂဟာဝဍ္ဍဒဠှပ္ပဟာရိဘိ၊
ပရိဝါရိတာ တက္ကသိလာ သမန္တတော။
၁၅၈။ အဘိဓာဝထ စူပဓာဝထ စ၊
ဝိဝိဓာ ဝိနာဒိတာ ဝဒန္တိဘိ။
ဝတ္တတဇ္ဇ တုမုလော ဃောသော ယထာ၊
ဝိဇ္ဇုလတာ ဇလဓရဿ ဂဇ္ဇတော။

ဟူသော ဤဂါထာနှစ်ခုတို့၏အပေါင်းကို ဆို၏။

֍ ဋ္ဌ ၁၅၇။ ဘောန္တော၊ အချင်းတို့။ ဂဇဂ္ဂမေဃေဘိ၊ ကြိုးကြာသံကဲ့သို့သော ဆင်တို့၏ဟီသံကို ဟီကုန်သော အမုန်ယစ်ကုန်သော မြတ်ကုန်သော ဆင်တည်းဟူသော မိုဃ်းတို့ဖြင့်၎င်း။ ဟယဂ္ဂမာလိဘိ၊ မြတ်ကုန်သော သိန္ဓောအမျိုး၌ ဖြစ်ကုန်သော မြင်းကိုစီးကုန်သော သူရဲတို့ဖြင့်၎င်း။ ထရုဂ္ဂဟာဝဍ္ဍဒဠပ္ပဟာရိဘိ၊ ထိုမှဤမှ လှည့်လည်၍ ပြင်းစွာထိုးခုတ်ကုန်သော ရတနာတို့ဖြင့် တန်ဆာဆင်အပ်သော အရိုးတပ်သော သန်လျက်ကို စွဲကိုင်အပ်သော ခြေသည်သူရဲတို့ဖြင့်၎င်း။ သရာဘိဝဿေဘိ၊ တခဲနက်သောမိုဃ်းကို ရွာစေဘိသကဲ့သို့ မြားမိုဃ်းကိုရွာစေကုန်တတ်ထသော။ ရထူမိဇာတေဘိ၊ ကောင်းစွာဖြစ်သော လှိုင်းတံပိုးအဟုန်ရှိကုန်သော သမုဒ္ဒရာရေတို့ကဲ့သို့သော ရထားစီးသူရဲအပေါင်းတို့ဖြင့်၎င်း။ သမန္တတော၊ ထက်ဝန်းကျင်မှ။ တက္ကသိလာ၊ တက္ကသိုလ်ပြည်ကို။ ယထာ၊ အကြင်သို့သော အခြင်းအရာဖြင့်။ ပရိဝါရိတာ၊ ခြံရံအပ်သည်။ ဟောတိ၊ ဖြစ်၏။ တထာ၊ ထိုသို့သောအခြင်းအရာဖြင့်။ သီဃံ၊ လျင်စွာ။ ကရောထ၊ ပြုကြကုန်လော။ ပရိဝါရိတာ၊ ခြံရံကြကုန်သည်။ ဟောထ၊ ဖြစ်ကုန်လော။

֍ ဋ္ဌ ၁၅၈။ ဘောန္တော၊ အချင်းတို့။ တုမှေ၊ သင်တို့သည်။ အဘိဓာဝထ စ၊ ရှေးမှလည်း ပြေးကြကုန်လော့။ ဥပဓာဝထစ၊ ချဉ်းလည်း ချဉ်းကပ်ကြကုန်လော။ ဝဒန္တိဘိ၊ ဆင်မြတ် ဆင်ကောင်းတို့နှင့်။ သဒ္ဓိံ၊ တကွ။ ဝိဝိဓာ၊ သေလိတ, ဂဇ္ဇိတ, ဝါဒိတ ဟူသော အထူးထူး အပြားပြားအားဖြင့်။ ဝိနာဒိတာ၊ အသီးသီးသော အသံရှိကုန်သည်။ အတ္ထ၊ ဖြစ်ကုန်လော့။ အဇ္ဇ၊ ယနေ့။ တုမုလော၊ သည်းစွာသော။ ဃောသော ယထာ၊ မိုယ်ကြိုးသံကဲ့သို့။ ဝတ္တတု၊ ဖြစ်စေလော့။ ဂဇ္ဇတော၊ ကြိုးထသော။ ဇလဓရဿ၊ မိုဃ်းတိမ်၏။ မုခတော၊ အဝမှ။ နိဂ္ဂတာ၊ ထွက်ကုန်သော။ ဝိဇ္ဖုလတာ၊ လျှပ်စစ်နွယ်တို့သည်။ စရန္တိ ယထာ၊ ပြေးသွားကုန်ဘိသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဝိစရန္တာ၊ ပြေးသွားကုန်လျက်။ နဂရံ၊ တက္ကသိုလ်ပြည်ကို။ ပရိဝါရေတွာ၊ ဝန်းရံကုန်၍။ ရာဇာနံ၊ မင်းကို။ ဂဏှထ၊ ဖမ်းကြကုန်လော့။

ဤသို့ မင်းသည် ကြုံး၍ စစ်သည်တို့ကိုစီရင်၍ မြို့တံခါး၏ အနီးသို့ရောက်၍ တံခါးမုခ်ကိုမြင်၍ ဤသည်ကား မင်း၏နေရာ နန်းလောဟု မေး၏။ ဤသည်ကား မြို့တံခါးမုခ်သည်သာတည်းဟုဆိုသည်ရှိသော် မြို့တံခါးမုခ်သည်ပင် ဤသို့စဉ် သဘောရှိသည်ဖြစ်၏။ မင်း၏နေရာ နန်းပြာသာဒ်သည်ကား အသို့သဘောရှိသည် ဖြစ်လတ္တံ့နည်းဟု ဆို၍ ဝေဇယပြာသာဒ်နှင့်တူ၏ဟု ကြား၍ ဤသို့အခြံအရံ စည်းစိမ်ချမ်းသာ ဘုန်းကြက်သရေနှင့် ပြည့်စုံသောမင်းနှင့်တကွ စစ်ထိုးအံ့သောငှါ မစွမ်းနိုင်ကုန်အံ့ဟု တံခါးမုခ်ကိုမြင်၍ ပြန်၍ပြေးလေ၍ ဗာရာဏသီပြည်သို့လျင်စွာ သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဒါယကာတို့ ယခုအခါ ပြေးသောပရိဗိုဇ်သည် ထိုအခါ ဗာရာဏသီမင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ တက္ကသိုလ်မင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အသဒိသ၊ ဟူသမျှ၊ တုပ မနိုင်ရာ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ပလာယိတဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ကာသာဝဝဂ်

၁၀။ ဒုတိယပလာယိတဇာတ်

စစ်ပြိုင် မင်းနှစ်ပါး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်ဓဇမပရိမိတံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒုတိယပလာယိတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော ပြေးသော ပရိဗိုဇ်ကိုပင်လျှင် အကြောင်းပြု၍ ဟောတော်မူ၏။ ဤဝတ္ထု၌ကား ထိုပရိဗိုဇ်သည် ဇေတဝန်ကျောင်းတော်သို့ ဝင်၏။ ထိုခဏ၌ မြတ်စွာဘုရားသည် လူများဖြင့် ခြံရံအပ်သည်ဖြစ်၍ တန်ဆာဆင်အပ်သော တရားဟောနေရာတော်၌ နေတော်မူလျက် ဆေးဒန်း မြင်းသီလာအပြင်၌ ခြင်္သေ့သံကို ကြွေးကြော်သော ခြင်္သေ့ပျိုကဲ့သို့။ တရားကို ဟောတော်မူ၏။ ပရိဗိုဇ်သည် အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ဗြဟ္မာမင်း၏ ကိုယ်နှင့်တူသော ကိုယ်တော်ကို၎င်း လပြည့်ဝန်းကဲ့သို့ တင့်တယ်ခြင်းရှိသော မျက်နှာတော်ကို၎င်း ရွှေပြားနှင့်တူသော နဖူးတော်ကို၎င်း မြင်၍ ဤသို့သဘောရှိသော ယောက်ျားမြတ်ကို အောင်အံ့သောငှါ အဘယ်သူ တတ်နိုင်ချေအံ့နည်းဟုပြန်၍ ပရိသတ်အတွင်းသို့မဝင်မူ၍ ပြေးလေ၏။

လူများသည် ထိုပရိဗိုဇ်ကိုလိုက်၍ ပြန်၍ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်၏။ မြတ်စွာဘုရားသည် ဒါယကာတို့ ထိုပရိဗိုဇ်သည် ယခုအခါ၌သာလျှင် ငါ၏ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော မျက်နှာကို မြင်၍ ပြေးသည် မဟုတ်သေး၊ ရှေး၌လည်း ငါ၏ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော မျက်နှာကိုမြင်၍ ပြေးဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာတို့ လွန်လေပြီးသောအခါ ဘုရားလောင်းသည် ဗာရာဏသီပြည်၌ မင်းပြု၏။ တက္ကသိုလ်ပြည်၌ တယောက်သော ဂန္ဓာရမင်းသည် မင်းပြု၏။ ထိုဂန္ဓာရမင်းသည် ဗာရာဏသီပြည်ကို ယူအံ့ဟူ၍ အင်္ဂါလေးပါးရှိသော စစ်သည်ဖြင့် လာလတ်၍ မြို့ကိုဝန်းရံ၍ မြို့တံခါး၏ အနီး၌ တည်လျက် မိမိ၏ ဗိုလ်ပါစစ်သည်ကိုကြည့်၍ ဤမျှအတိုင်းအရှည်ရှိသော စစ်သည်အပေါင်းကို အောင်အံ့သောငှါ အဘယ်သူ စွမ်းနိုင်လတ္တံ့နည်းဟု မိမိ၏ စစ်သည်ကို ချီးမွမ်းလို၍-

၁၅၉။ ဓဇမပရိမိတံ အနန္တပါရံ၊ ဒုပ္ပသဟံ ဓင်္ကေဟိ သာဂရံဝ။
ဂိရိမိဝ အနိလေန ဒုပ္ပသယှော၊ ဒုပ္ပသဟော အဟမဇ္ဇ တာဒိသေန။

ဟူသော ရှေးဦးစွာသောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၅၉။ ရထေသု၊ ရထားတို့၌။ မောရစ္ဆဒေ၊ ဒေါင်းတောင်တို့ကို။ ထပေတွာ၊ စိုက်၍။ ဓဇံ-ဓဇမေဝ၊ ထောင်အပ်သော တံခွန်သည်ပင်လျှင်။ အပရိမိတံ၊ မနှိုင်းယှဉ်နိုင်များ၏။ အနန္တပါရံ၊ ဆင်ကားဤမျှမြင်းဤမျှဟု ရေတွက်ခြင်း၏ အပိုင်းအခြားကို လွန်သည်ဖြစ်၍ အဆုံးမရှိသော ကမ်းရှိ၏။ ဓင်္ကေဟိ၊ ကျီးတို့သည်။ သာဂရံ၊ သမုဒ္ဒရာကို။ ဒုပ္ပသဟံ ဣဝ၊ လွှမ်းမိုးခြင်းငှါ မစွမ်းနိုင်ဘိသကဲ့သို့။ မေ၊ ငါ၏။ အယံ ဗလကာယော၊ ဤဗိုလ်ပါအပေါင်းကို။ ဒုပ္ပသဟော၊ ဆန့်ကျင်ဘက်ဖြစ်ကုန်သော ရန်သူတို့သည် နှိပ်စက်လွှမ်းမိုးခြင်းငှါ မစွမ်းနိုင်။ အနိလေန၊ လေသည်။ ဂိရိံ၊ တောင်ကို။ ဒုပ္ပသယှောဣဝ စ၊ တုန်လှုပ်စိမ့်သောငှါ မစွမ်းနိုင်ဘိသကဲ့သို့လည်း။ အဟံ၊ ဤဗိုလ်ပါအပေါင်းနှင့် ပြည့်စုံသော ငါ့ကို။ အဇ္ဇ၊ ယခု။ တာဒိသေန၊ ထိုသို့သဘောရှိသော ဗိုလ်ပါအပေါင်းသည်။ ဒုပ္ပသဟော၊ လွှမ်းမိုးခြင်းငှါ မစွမ်းနိုင်။

ထိုအခါ၌ ထိုဂန္ဓာရမင်းအား ထိုဘုရားလောင်းသည် လပြည့်ဝန်းကဲ့သို့ အသရေရှိသော မိမိ၏မျက်နှာကိုပြ၍ ဟယ်... ငမိုက် သင်သည် မယောင်ယမ်း မမြည်တမ်းလင့်၊ ယခုအခါ၌ အမုန်ယစ်သော ဆင်ပြောင်သည် ကျူးတောကို နင်းဘိသကဲ့သို့ ထို့အတူ သင်၏စစ်သည်အပေါင်းကို ဖျက်ဆီးလိုက်အံ့ဟု ခြိမ်းချောက်၍-

၁၆၀။ မာ ဗာလိယံ ဝိလေပိ န ဟိဿ တာဒိသံ၊
ဝိဍယှသေ န ဟိ လဘသေ နိသေဓကံ။
အာသဇ္ဇသိ ဂဇမိဝ ဧကစာရိနံ၊
ယော တံ ပါဒါ နဠမိဝ ပေါထယိဿတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၆၀။ ဟရေ ဗာလ၊ ဟယ်... ငမိုက်။ တွံ၊ သင်သည်။ အတ္တနော၊ မိမိ၏။ ဗာလိယံ၊ မိုက်သည်၏အဖြစ်ကို။ မာ ဝိလပိ၊ မမြည်တမ်းလင့်။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ တဝ၊ သင်၏။ ဗလကာယော၊ ဗိုလ်ပါအပေါင်းသည်။ တာဒိသံ-တာဒိသော၊ ထိုသို့ သင်ကြံသောအတိုင်း သဘောရှိသည်။ န ဟိဿ၊ မဖြစ်သလျှင်ကတည်း။ တွံ၊ သင့်ကို။ ကေဝလံ၊ စင်စစ်။ ဝိဍယှသေ၊ ရာဂဒေါသ အစရှိသောအပူသည် လောင်အပ်၏။ တွံ၊ သင်သည်။ နိသေဓကံ၊ ငါကဲ့သို့သဘောရှိသော နှိပ်စက်လွှမ်းမိုး၍ တားမြစ်တတ်သော သူကို။ န ဟိ လဘသေ၊ မရသလျှင်ကတည်း။ အာသဇ္ဇသိ၊ ချဉ်းခဲ့လော့။ ဧကစာရိနံ-ဧကစာရီ၊ တစီးတည်းသာ သွားလေ့ရှိသော။ ဂဇံ-၈ဇော၊ ဆင်ပြောင်ကြီးသည်။ နဠံ၊ ကျူတာကို။ ပါဒါ၊ ခြေတို့ဖြင့်။ ပေါထယိ ဣဝ၊ နင်းချိုးသကဲ့သို့။ ဧဝံ-တထာ၊ ထို အတူ။ ယော ရာဇာ၊ အကြင်ဗာရာဏသီမင်းသည်။ တံ၊ သင့်ကို။ ပေါထယိဿတိ၊ နင်းနှိပ်လတ္တံ့။

ဤသို့ခြိမ်းချောက်သော ထိုဘုရားလောင်း၏စကားကို ကြား၍ ဂန္ဓာရမင်းသည် ကြည့်မျှော်လေသည်ရှိသော် ရွှေပြားနှင့်တူသော မြတ်သော နဖူးကိုမြင်၍ မိမိကိုဖမ်းအံ့သည်မှ ကြောက်ရကား ပြန်၍ပြေးလျက် မိမိမြို့သို့သာလျှင်သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဒါယကာတို့ ယခုအခါ ပြေးသော ပရဗိုဇ်သည် ထိုအခါ ဂန္ဓာရမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီဟုဇာတ်ကို ပေါင်းတော်မူ၏။

ငါနဖူးပြင်၊ မြင်ခဲ့ကျင်၊ ခြေလျှင်ပြေးသည်သာ

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဒုတိယပလာယိတဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဥပါဟနဝဂ်

၁။ ဥပါဟနဇာတ်

ဆရာကိုတုသောတပည့်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယထာပိ ကီတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သာ ဤဥပါဟနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဒေဝဒတ်သည် ဆရာဖြစ်သောဘုရားကို စွန့်၍ မြတ်စွာဘုရား၏ ဆန့်ကျင်ဘက် ရန်သူသည်ဖြစ်၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ ငါလာတော်မူသောအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မိန့်တော်မူ၍ အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေး ပါကုန်၏ဟု နားတော်လျောက်သည်ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာ ဆရာဖြစ်သော ငါဘုရားကိုစွန့်၍ ဆန့်ကျင်ဘက်ဖြစ်၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်သည် မဟုတ်သေး၊ ရှေး၌လည်း ရောက်ဘူး သလျှင် ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဆင်ဆရာအမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် ဆင်အတတ်၌ အပြီးသို့ ရောက်၏။ ထိုအခါ ကာသိကရွာ၌နေသော တယောက်သော လုလင်ငယ်သည် လာလတ်၍ ထိုဘုရားလောင်း၏အထံ၌ အတတ်ကို သင်၏။ ဘုရားလောင်းတို့မည်သည်ကား အတတ်ကိုသင်ကုန်သည်ရှိသော် ဆရာကြွင်းထားခြင်းကို မပြုကုန်၊ မိမိတတ်သောအမှတ်ဖြင့် အကြွင်းမရှိသာလျှင် သင်ကုန်၏။ ထို့ကြောင့် ထိုလုလင်သည် ဘုရားလောင်းတတ်သမျှ အတတ်ကို အကြွင်းမရှိသင်၍ ဘုရားလောင်းကို ဆရာ ကျွန်ုပ်သည် မင်းကို ခစားအံ့ဟု ဆို၏။ ဘုရားလောင်းသည် အမောင် ကောင်းပြီဟု ဆို၍ မင်းအား ကြား၏။ အဘယ်သို့ ကြားသနည်းဟူမူကား မြတ်သောမင်းကြီး အကျွန်ုပ်၏တပည့်သည် အရှင်မင်းမြတ်တို့ကို ခံစားအံ့သောငှါ အလိုရှိ၏ဟု ကြား၏။ မင်းသည် ကောင်းပြီ ခစားစေလောဟု ဆို၏။ မင်းမြတ် ထိုသို့တပြီးကား ထိုယောက်ျားအား ရိက္ခာကိုသိတော်မူကုန်လော့ဟု လျှောက်၏။ သင်တို့၏တပည့်သည် သင်တို့နှင့်တူမျှသော ရိက္ခာကို မရလတ္တံ့၊ သင်တို့သည် တရာသောရိက္ခာကို ရကုန်သည်ရှိသော် သင်တို့၏ တပည့်သည် ငါးဆယ်သော ရိက္ခာကို ရလတ္တံ့၊ သင်တို့သည် နှစ်ခုတို့ကို ရကုန်သည် ရှိသော် သင်တို့၏တပည့်သည် တခုကို ရလတ္တံ့ဟု ဆို၏။ ဘုရားလောင်းသည် အိမ်သို့သွား၍ ထိုအကြောင်းကို တပည့်အား ကြား၏။ တပည့်သည် ဆရာ အကျွန်ုပ်သည် သင်တို့နှင့်အမျှ အတတ်ကို တတ်၏။ အမျှသာလျှင်ဖြစ်သော ရိက္ခာကို အကယ်၍ ရအံ့၊ ခစားအံ့၊ အကယ်၍ မရအံ့၊ မခစားအံ့ဟု ဆို၏။ ဘုရားလောင်းသည် ထိုအကြောင်းကို မင်းအား ကြား၏။ မင်းသည် သင်တို့နှင့် အမျှသောဆုလာဘ်ကို ယူလိုသော် သင်တို့နှင့်အမျှသာလျှင်ဖြစ်သော အတတ်ကိုပြအံ့သောငှါ အကယ်၍ စွမ်းနိုင်အံ့၊ အမျှဖြစ်သော ရိက္ခာကို ရလတ္တံ့ဟု ဆို၏။ ဘုရားလောင်းသည် ထိုအကြောင်းကို တပည့်အား ကြား၍ ထိုသို့တပြီးကား ကောင်းပြီ ပြအံ့ဟုဆိုသည်ရှိသော် မင်းအား ကြား၏။ မင်းသည် ထိုသို့တပြီးကား နက်ဖြန် အတတ်ကို ပြကြကုန်လော့ဟု ဆို၏။ ကောင်းပြီ ပြကုန်အံ့ဟု ဆိုသည်ရှိသော် မြို့၌ စည်လည်စေကုန်လော့ဟု ဆို၍ နက်ဖြန်၌ တပည့်သည်၎င်း ဆရာသည်၎င်း နှစ်ယောက်ကုန်သော သူတို့သည် ဆင်အတတ်ကို ပြကုန်လတ္တံ့၊ မင်းယင်ပြင်၌ စည်းဝေးကုန်၍ ရှုလိုကုန်သောသူတို့သည် ရှုစေကုန်သတည်းဟု မင်းသည် စည်လည်စေ၏။

ဆရာသည် ငါ၏တပည့်သည် ငါ၏ဥပါယ်တမျဉ်၌ လိမ္မာသည်၏ အဖြစ်ကို မသိလေဟု ဆင်တစီးကိုယူ၍ တညဉ့်ခြင်းသာလျှင် ဘောက်ပြန်သောအတတ်ကို သင်၏။ ထိုဘုရားလောင်းသည် ထိုဆင်ကို သွားလော့ဟု ဆိုသည်ရှိသော် နောက်သို့ ဆုတ်စိမ့်သောငှါ နောက်သို့ဆုတ်လော့ဟု ဆိုသည်ရှိသော် သွားစိမ့်သောငှာ ရပ်လော့ဟု ဆိုသည်ရှိသော် ဝပ်စိမ့်သောငှာ ဝပ်လော့ဟုဆိုသည်ရှိသော် ရပ်စိမ့်သောငှါ ယူလော့ဟု ဆိုသည် ရှိသော် ထားစိမ့်သောငှာ ထားလော့ဟုဆိုသည်ရှိသော် ယူစိမ့်သောငှါ သင်၍ နက်ဖြန်နေ့၌ ထိုဆင်ကိုစီး၍ မင်းယင်ပြင်သို့ သွား၏။ တပည့်သည် တစီးသော နှစ်သက်ဘွယ်သောဆင်ကို စီး၏။ လူများသည် စည်းဝေး၏။ ဆရာတပည့် နှစ်ယောက်တို့သည်လည်း အမျှအတတ်ကို ပြကုန်၏။ တဖန် ဘုရားလောင်းသည် မိမိဆင်ကို ဘောက်ပြန်သော အတတ်ကို ပြုစေ၏။ ထိုဆင်သည် သွားလော့ဟု ဆိုသည်ရှိသော် နောက်သို့ ဆုတ်၏။ နောက်သို့ ဆုတ်လော့ဟု ဆိုသည်ရှိသော် ရှေ့ သို့ပြေး၏။ ရပ်လော့ဟု ဆိုသည်ရှိသော် ဝပ်၏။ ဝပ်လော့ဟု ဆိုသည်ရှိသော် ရပ်၏။ ယူဟု ဆိုသည်ရှိသော် ချလိုက်၏။ ချလော့ဟု ဆိုသည်ရှိသော် ယူ၏။ လူများသည် ဟယ်... ပြစ်မှားတတ်သော တပည့် သင်သည် ဆရာနှင့်တကွ ပြိုင်ခြင်းကို ပြု၏။ မိမိ၏ ပမာဏကို မသိ၊ ဆရာနှင့်တကွ အမျှဖြစ်သော အတတ်ကို တတ်၏ဟု အမှတ်ရှိ၏ဟု ဆို၍ ခဲ့လှံတံ အစရှိသည်တို့ဖြင့် ပုတ်ခတ်ကုန်၍ ထိုပွဲအလယ်၌သာလျှင် အသက်ကုန်ခြင်းသို့ ရောက်စေ၏။

ဘုရားလောင်းသည် ဆင်မှသက်၍ မင်းသို့ကပ်၍ မြတ်သောမင်းကြီး အတတ်မည်သည်ကို မိမိကိုယ်ကို ချမ်းသာစေခြင်း အကျိုးငှါ သင်၏။ ထိုသို့ မိမိကိုယ်ကို ချမ်းသာစေခြင်း အကျိုးငှါ သင်ငြားသော်လည်း အချို့သောသူအား သင်အပ်သောအတတ်သည် မကောင်းသဖြင့် လုပ်အပ်သော ဘိနပ်ကဲ့သို့ ပျက်စီးခြင်းသို့သာလျှင် ဆောင်ရွက်တတ်၏ဟု ဆို၍-

၁၆၁။ ယထာပိ ကီတာ ပုရိသဿုပါဟနာ၊
သုခဿ အတ္ထာယ ဒုခံ ဥဒဗ္ဗဟေ။
ဃမ္မာဘိတတ္တာ တလသာ ပပီဠိတာ၊
တဿေဝ ပါဒေ ပုရိသဿ ခါဒရေ။
၁၆၂။ ဧဝမေဝ ယော ဒုက္ကုလိနော အနရိယော၊
တမ္မာက ဝိဇ္ဇဉ္စ သုတဉ္စ အာဒိယ။
တမေဝ သော တတ္ထ သုတေန ခါဒတိ၊
အနရိယော ဝုစ္စတိ ပါနဒူပမော။

ဟူသော ဤနှစ်ဂါထာတို့၏အပေါင်းကို ဆို၏။

֍ ဋ္ဌ ၁၆၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သုခဿ၊ ချမ်းသာခြင်း၏။ အတ္ထာယ၊ အကျိုးငှါ။ ကီတာ၊ ဝယ်၍။ ပါဒေသု၊ ခြေတို့၌။ ပဋိမုက္ကာ၊ စွပ်အပ်သော။ ဥပါဟနာ၊ မကောင်းသဖြင့် လုပ်အပ်သော ဘိနပ်သည်။ ပုရိသဿ၊ ယောက်ျား၏။ ဒုခံ၊ ဆင်းရဲကို။ ဥဒဗ္ဗဟေ၊ ဆောင်ရာ၏။ ဃမ္မာဘိတတ္တာ၊ အပူသည်နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့်။ တလာသာ စ၊ ခြေဘဝါးအပြင်သည်လည်း။ ပပီဠိတာ၊ ကျင်နာသည်ဖြစ်၍။ ကီတာ၊ ဝယ်၍။ ပါဒေသု၊ ခြေတို့၌။ ပဋိမုက္ကာ၊ စွပ်အပ်ကုန်သော။ ဥပဟနာ၊ ဘိနပ်တို့သည်။ တဿဝ ပုရိသဿ၊ ထိုယောက်ျား၏သာလျှင်။ ပါဒေ၊ ခြေတို့ကို။ ခါဒရေ-ခါဒန္တိယထာ၊ ခဲကုန်သကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ ဒုက္ကုလိနော၊ ယုတ်မာသော အမျိုးရှိသော။ ယော အနရိယော၊ အကြင်မသူတော်သည်။ တမ္မာက တမ္မာကာ၊ ထိုအတတ်ကို သင်ပေးသော ဆရာမှ။ ဝိဇ္ဇဉ္စ၊ အတတ်ကို၎င်း။ သုတဉ္စ၊ အကြားအမြင်ကို၎င်း။ အာဒိယ-အာဒိယတိ၊ သင်ယူ၏။ အာဒိယ၊ သင်ပြီး၍။ သော၊ ထိုမသူတော်သည်။ တတ္ထ၊ ထိုဆရာအထံ၌။ သုတေန၊ အကြားအမြင်ဖြင့်။ တမေဝ၊ ထိုမိမိကိုယ်ကိုသာလျှင်။ ခါဒတိ၊ ခဲ၏။ သော ဒုက္ကုလိနော၊ ထိုအမျိုးယုတ်သော သူကို။ ပါနဒူပမော၊ ခဲတတ်သော ဘိနပ်နှင့်တူသော။ အနရိယော၊ မသူတော်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ တနည်းကား- ပါနဒူပမော၊ ခြေကို ခဲတတ်သော ဘိနပ်ဆိုးရှိသော ယောက်ျားနှင့်တူသော။ အနရိယော၊ မသူတော်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

မင်းသည် နှစ်သက်သည်ဖြစ်၍ ထိုဘုရားလောင်းအား များစွာသောစည်းစိမ်ကို ပေး၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ တပည့် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆရာအံတု၊ ဆန့်ကျင်ပြု၊ မိုက်မှုသေရရွာ

ရှေးဦးစွာသော ဥပါဟနဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဥပါဟနဝဂ်

၂။ ဝီဏာထူဏဇာတ်

ဘို့ရှိလျှင် ဥသဘလော

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဧကစိန္တိတော ယမတ္ထော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝီဏာထူဏဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော သူငယ်မကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တယောက်သော သူဌေးသ္မီးသည် မိမိ၏အိမ်၌ နွားမင်း ဥသဘအား ချီးမြှောက်ခြင်းကို ပြုလတ်သည်ကိုမြင်၍ အမိကို မိခင် ဤသို့ နွားမင်းသည် အချီးအမြှောက်ကို ရ၏။ အဘယ်အမည်ရှိသနည်းဟု မေး၏။ ချစ်သ္မီး နွားမင်းသည် ဥသဘမည်၏ ဟု ဆို၏။ ထိုသူဌေးသီးသည် တနေ့သ၌ ပြာသာဒ်၌ရပ်၍ ခရီးလမ်းလယ်ကို ကြည့်လတ်သည်ရှိသော် တယောက်သော လူကုန်းကို မြင်၍ ဤနွားတို့၏ အလယ်၌ နွားမင်းကြီး၏ ကျောက်ကုန်း၌ လတို့သည်ရှိ၏။ လူမင်းကြီး၏လည်း ကျောက်ကုန်း၌ ထိုလတို့သည် ဖြစ်ရာ၏။ ဤသူသည် လူတို့တွင် ယောက်ျား ဥသဘသည် ဖြစ်လတ္တံ့၊ ငါသည် ထိုယောက်ျား ဥသဘ၏ခြေရင်း၌ အလုပ်အကျွေးဖြစ်ခြင်းငှါ သင့်၏ဟု ကြံ၏။ ကြံပြီး၍ ထိုသူဌေးသ္မီးသည် ကျွန်မကိုစေလိုက်၍ သူဌေးသ္မီးသည်။ သင်နှင့်တကွ သွားလို၏။ ဤမည်သော အရပ်သို့သွား၍ နေနှင့်လောဟု ထိုလူကုန်းအား ကြားစေ၍ မြတ်သောဥစ္စာကိုယူ၍ မထင်ရှားသောအသွင်ဖြင့် ပြာသာဒ်မှဆင်းသက်၍ ထိုလူကုန်းနှင့်တကွ ပြေး၏။ နောက်အခါ ထိုအမှုသည် မြို့သူအပေါင်း၌၎င်း ရဟန်းအပေါင်း၌၎င်း ထင်ရှားသည် ဖြစ်၏။ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို ဤအမည်ရှိသော သူဌေးသီးသည် ငကုန်းနှင့်တကွ ပြေးသတတ်ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခု ငါလာတော်မူသောအခါ၌ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့။ ထိုသူဌေးသ္မီးသည် ယခုအခါ၌သာလျှင်ငကုန်းကို တပ်စွန်းသည် မဟုတ်သေး။ ရှေး၌လည်း တပ်စွန်းဘူးသာလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသောနိဂုံး၌ သူဌေးမျိုး၌ဖြစ်၍ အရွယ်သို့ရောက်၍ အိမ်ထောင်သည်ရှိသော် သားတို့ဖြင့် ပွားလတ်၍ မိမိသား၏ အကျိုးငှါ ဗာရာဏသီသူဌေး၏သ္မီးကိုတောင်း၍ နေ့ကိုမှတ်၏။ သူဌေးသ္မီးသည် မိမိအိမ်၌ နွားမင်းဥသဘအား ကောင်းစွာပြုပြင်ခြင်း မြတ်နိုးတနာပြုခြင်းကို မြင်၍ ဤသူကား အဘယ် အမည်ရှိသနည်းဟု မေး၍ နွားမင်းဥသဘဟု ကြား၍ ခရီးအလယ်ဖြင့် သွားသော တယောက်သော လူကုန်းကိုမြင်၍ ဤယောက်ျားသည် ယောက်ျားဥသဘ ဖြစ်လတ္တံ့ဟု ကြံ၍ မြတ်သောဥစ္စာကိုယူ၍ ထိုလူကုန်းနှင့်တကွ ပြေး၏။ ဘုရားလောင်းသည် သူဌေးသ္မီးကို ဆောင်အံ့ဟူ၍ များစွာသော အခြံအရံဖြင့် ဗာရာဏသီပြည်သို့ သွားသည်ရှိသော်။ ထိုသူဌေးသ္မီး ပြေးလာသော ခရီးသို့လျှင်သွား၏။

ထိုနှစ်ယောက်ကုန်သောသူဌေးသ္မီး, ငကုန်းတို့သည်လည်း တညဉ့်ပတ်လုံး ခရီးကိုသွားကုန်၏။ ထိုအခါ တညဉ့်ပတ်လုံး မအိပ်ရသော ငကုန်း၏ကိုယ်၌ အရုဏ်တက်သောအခါ လေသည် ထ၏။ သည်းစွာသော ဝေဒနာရှိသည် ဖြစ်ကုန်၏။ ထိုငကုန်းသည် သည်းစွာသောဝေဒနာသို့ ရောက်သည်ဖြစ်၍ အညှို့ပြတ်ပြီးသော ကောက်သော အရိုးရှိသော စောင်းကဲ့သို့ ကွေးလျက်အိပ်၏။ သူဌေးသီးသည် ထိုငကုန်း၏ ခြေရင်း၌ နေ၏။ ဘုရားလောင်းသည် သူဌေးသ္မီးကို ငကုန်း၏ ခြေရင်း၌ နေသည်ကိုမြင်၍ သိသည်ရှိသော် ကပ်လေ၍ သူဌေးသ္မီးနှင့်တကွ စကားပြောလို၍-

၁၆၃။ ဧကစိန္တိတော ယမတ္ထော၊ ဗာလော အပရိဏာယကော။
န ဟိ ခုဇ္ဇေန ဝါမေန၊ ဘောတိ သင်္ဂန္တုမရဟသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၁၆၃။ အမ္မ၊ ချစ်သ္မီး။ အယံ၊ ဤသို့သဘောရှိသော။ အတ္ထော၊ အမှုကို။ ဧက စိန္တိတော၊ တယောက်တည်းသော သင်သည်သာလျှင်ကြံအပ်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဗာလော၊ မိုက်သော ငကုန်းသည်။ အပရိဏာယကော၊ အကြီး အကဲမဟုတ်။ ဘောတိ၊ ရှင်မ။ ဝါမေနံ၊ ကွထသော။ ခုဇ္ဇေန၊ ငကုန်းနှင့်။ သင်္ဂန္တုံ၊ ပေါင်းဘော်အံ့သောငှါ။ တွံ၊ သင်သည်။ န အရဟသိ၊ မထိုက်။

ထိုအခါ ဘုရားလောင်း၏စကားကို ကြား၍ သူဌေးသ္မီးသည်-

၁၆၄။ ပုရိသူသဘံ မညမာနာ၊ အဟံ ခုဇ္ဇမကာမယိ။
သောယံ သံကုဋိကော သေတိ၊ ဆိန္နတန္တိ ယထာထုဏာ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၆၄။ အယျ၊ အရှင်။ အဟံ၊ အကျွန်ုပ်သည်။ ဧကံ၊ တခုသော။ ဥသဘံ၊ နွားမင်းဥသဘကို။ ဒိသွာ၊ မြင်၍။ ဂုန္နံ၊ နွားတို့၏။ ဇေဋ္ဌကဿ၊ အကြီးဖြစ်သောနွားမင်း၏။ ပိဋ္ဌိယံ၊ ကျောက်ကုန်း၌။ ကကုမံ၊ လတို့သည်။ ဟောတိ၊ ရှိသည်ဖြစ်၏။ ဣမဿပိ၊ ဤယောက်ျားအားလည်း။ တံ၊ ထိုလတို့သည်။ အတ္ထိ၊ ရှိ၏။ ဣမိနာ၊ ဤယောက်ျားသည်။ ပုရိသဥသဘေန၊ ယောက်ျား

ဥသဘသည်။ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။ ဣတိ ဧဝံ၊ ဤသို့။ အဟံ၊ အကျွန်ုပ်သည်။ ခုဇ္ဇံ၊ ငကုန်းကို။ ပုရိသူသဘမညမာနာ၊ ယောက်ျားဥသဘဟု ထင်မှတ်မိ၍။ အကာမယိ၊ တပ်စွန်းမိ၏။ သော အယံ၊ ထိုငကုန်းသည်။ ဣဒါနိ၊ ယခုအခါ၌။ ဆိန္နတန္တိ၊ အညှို့ ပြတ်ပြီးသာ။ ထုဏာ ယထာ၊ စောင်းကဲ့သို့။ သံကုဋိကော၊ ကွေးလျက်။ သေတိ၊ အိပ်၏။

ဘုရားလောင်းသည် ထိုသူဌေးသ္မီး၏ မသိ မလိမ္မာသည်၏ အဖြစ်ကြောင့် အိမ်မှထွက်သည်၏အဖြစ်ကို သိ၍ ထိုသူဌေးသ္မီးကို ရေချိုးစေ၍ တန်ဆာဆင်အပ်သော ရထားသို့တင်၍ အိမ်သို့လျှင် သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါခါ သူဌေးသ္မီးသည် ထိုအခါ သူဌေးသ္မီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီသူဌေး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အသိအလိမ္မာ၊ လွန်ကင်းကွာ၊ ကိုယ်သာ ဒုက္ခတွေ့

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဝီဏာထူဏဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဥပါဟနဝဂ်

၃။ ဝိကဏ္ဏကဇာတ်

အရွက်မဲ့မြား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကာမံ ယဟိံ ဣစ္ဆသိ တေန ဂစ္ဆ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝိကဏ္ဏကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တပါးသော ငြီးငွေ့သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တရားသဘင်သို့ ဆောင်အပ်သော ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့ခြင်းရှိသတတ်ဟူသည် မှန်သလောဟု မြတ်စွာဘုရားသည် မေးတော်မူလတ်သည်ရှိသော် အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်၍ အဘယ်ကြောင့် ငြီးငွေ့သနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား ကာမဂုဏ်ဟူသော အကြောင်းကြောင့် ငြီးငွေ့ခြင်းရှိ၏ဟု လျှောက်၏။ ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း ကာမဂုဏ်တို့မည်သည်ကား အရွက်မရှိသော မြှားတို့နှင့် တူကုန်၏။ တကြိမ် နှလုံး၌ တည်ရာကို ရကုန်သော်လည်း အရွက်မရှိသော မြှားကဲ့သို့ စူးကုန်၏။ အရွက်မရှိသော မြှားသည် မိကျောင်းကို သေခြင်းသို့သာလျှင် ရောက်စေဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဘုရားလောင်းသည် ဗာရာဏသီပြည်၌ တရားသဖြင့် မင်းပြုသည်ရှိသော် တနေ့သ၌ ဥယျာဉ်သို့ ထွက်၍ ရေကန်နားသို့ ရောက်၏။ ကခြင်း သီခြင်းတို့၌ လိမ္မာကုန်သော သူတို့သည် ကခြင်း သီခြင်းတို့ကိုသီကုန်၏။ ရေကန်၌ ငါး လိပ်တို့သည် သီချင်းသံ၌ တပ်စွန်းသည်၏အဖြစ်ကြောင့် စည်းဝေးကုန်၍ မင်းနှင့်သာလျှင်တကွ လိုက်ကြကုန်၏။ မင်းသည် ထွန်တုံးပမာဏရှိသော ငါးအပေါင်းကိုမြင်၍ ဤငါးတို့သည် ငါနှင့်တကွ အဘယ့်ကြောင့် လိုက်လာကုန်သနည်းဟု အမတ်တို့ကို မေး၏။ အမတ်တို့သည် အရှင်မင်းကြီး ထိုငါးတို့သည် အရှင်မင်းကြီးကို ခစားကုန်၏ဟု လျောက်ကုန်၏။ မင်းကြီးသည် ငါ့ကို ထိုငါးတို့သည် ခစားကုန်သတတ်ဟု နှစ်သက်၍ ထိုငါးတို့အား ထမင်းဝတ်ကို တည်စေ၏။ နေ့တိုင်း နေ့တိုင်း တအမ္ဗဏမျှသောဆန်ကို ချက်စေ၏။ ထမင်းကျွေးသောကာလ၌ အချို့ကုန်သော ငါးတို့သည် လာကုန်၏။ အချို့ကုန်သော ငါးတို့သည် မလာကုန်၊ ထမင်းသည်ပျက်စီး၏။ မင်းအား ထိုအကြောင်းကို ကြားကုန်၏။ မင်းသည် ဤနေ့မှစ၍။ ထမင်းကျွေးသောအခါ၌ စည်ကိုတီး၍ စည်သံအမှတ်ဖြင့် ငါးတို့သည် စည်းဝေးကုန်သည်ရှိသော် ထမင်းကို ပေးကြကုန်လော့ဟု ဆို၏။ ထိုအခါမှစ၍ အမှုရွက်ဆောင်သော သူတို့သည် စည်ကို တီးစေ၍ စည်းဝေးကုန်သော ငါးတို့အား ထမင်းကို ပေး၏။ ထိုငါးတို့သည်လည်း စည်သံအမှတ်ဖြင့် စည်းဝေးကုန်၍ စားကုန်၏။

ထိုငါးတို့သည် ဤသို့ စည်းဝေးကုန်၍ စားကုန်သည်ရှိသော် တခုသော မိကျောင်းသည် လာလတ်၍ ငါးတို့ကို စားကုန်၏။ ထမင်းကျွေးခြင်းအမှု၌ ရွက်ဆောင်သောသူသည် မင်းအား ကြား၏။ ထိုမင်းသည် ထိုစကားကိုကြား၍ မိကျောင်းကို ငါးတို့ကို စားကုန်သောကာလ၌ အရွက်မတပ်သော မြားဖြင့်ပစ်၍ ဖမ်းလော့ဟု ဆို၏။ ထမင်းကျွေးခြင်းအမှုကို ရွက်ဆောင်သောသူသည် ကောင်းပြီဟု သွားလျက် လှေ၌စီး၍ ငါးတို့ကို စားအံ့သောငှါ လာသော မိကျောင်းကို အရွက်မတပ်သော မြှားဖြင့် ပစ်၏။ မြှားသည် မိကျောင်း၏ ကျောသို့ ဝင်၏။

ထိုမိကျောင်းသည် ဝေဒနာသို့ ရောက်သည်ဖြစ်၍ ထိုမြှားကိုယူ၍လျှင် ပြေး၏။ ထမင်းကျွေးခြင်းအမှုကို ရွက်ဆောင်သောသူသည် ထိုမိကျောင်းကို မြှားစူးသည်၏အဖြစ်ကို သိ၍ ထိုမိကျောင်းကိုခေါ်လျက်-

၁၆၅။ ကာမံ ယဟိံ ဣစ္ဆသိ တေန ဂစ္ဆ၊
ဝိဒ္ဓေါသိ မမမှိ ဝိကဏ္ဏကေန။
ဟတောသိ ဘတ္တေန သုဝါဒိတေန၊
လောလော စ မစ္ဆေ အနုဗန္ဓမာနော။

ဟူသော ရှေးဦးစွာ ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၆၅။ ဟရေ သုသုမာရ၊ ဟယ်... မိကျောင်း။ တွံ၊ သင်သည်။ ကာမံ၊ စင်စစ်။ ယဟိံ၊ အကြင်အရပ်သို့။ ဣစ္ဆသိ၊ ပြေးသွားလို၏။ တေန၊ ထိုအလိုရှိရာ အရပ်သို့။ ဂစ္ဆ၊ သွားလေ။ အသ္မိံ၊ ထိုအရပ်၌။ မမ၊ ငါ၏။ ဝိကဏ္ဏကေန၊ အရွက်မတပ်သော မြားသည်။ တွံ၊ သင့်ကို။ ဝိဒ္ဓေါ၊ စူးလေသည်။ အသိ၊ ဖြစ်၏။ တွံ၊ သင်သည်။ လောလော၊ လျှပ်ပေါ်သည်။ ဟုတွာ၊ ဖြစ်၍။ မစ္ဆေ၊ ထမင်းစားအံ့သောငှါ လာကုန်သော ငါးတို့ကို။ အနုဗန္ဓမာနော၊ စားအံ့သောငှါ လိုက်၏။ တေန စ၊ ထို့ကြောင့်လျှင်။ သုဝါဒိတေန၊ ကောင်းစွာတီးမှုတ်ခြင်းရှိသော။ ဘတ္တေန စ၊ ထမင်းသည်လည်း။ တွံ၊ သင့်ကို။ ဟတော၊ သတ်အပ်သည်။ အသိ၊ ဖြစ်၏။

ထိုမိကျောင်းသည် မိမိနေရာသို့သွား၍ အသက်ကုန်ခြင်းသို့ ရောက်လေ၏။ မြတ်စွာဘုရားသည် ဤအကြောင်းကို ပြတော်မူလျက် ဘုရားဖြစ်တော်မူပြီး၍-

၁၆၆။ ဧဝံ လောကာမိသံ ဩပတန္တော၊
ဝိဟညတိ စိတ္တဝသာနုဝတ္တီ။
သော ဟညတိ ဉာတိသခါနမဇ္ဈေ၊
မစ္ဆာနုဂေါ သောရိဝ သုသုမာရော။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၆၆။ ဘိက္ခဝေ၊ ရဟန်းတို့။ မစ္ဆာနုဂေါ၊ ငါးသို့ အစဉ်လိုက်သော။ သုသုမာရော၊ ထိုမိကျောင်းသည်။ ဟညတိ ဣဝ၊ ပျက်စီးခြင်းသို့ရောက်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ လောကာမိသံ၊ ကာမဂုဏ် ငါးပါးသို့။ ဩပတန္တော၊ ကျသော။ စိတ္တဝသာနုဝတ္တီ၊ ကိလေသာ၏ အစွမ်းအားဖြင့် စိတ်၏အလိုသို့ အစဉ်လိုက်သော သော၊ ထိုပုဂ္ဂိုလ်သည်။ ဉာတိသခါနံ၊ အဆွေ အမျိုး အဆွေခင်ပွန်းတို့၏။ မဇ္ဈေ၊ အလယ်၌။ ဝိဟညတိ၊ ပင်ပန်းရ၏။

ဇာတ်ပေါင်း... ဤသို့ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြသည်၏အဆုံး၌ ငြီးငွေ့သောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ဒေဝဒတ်သည် ထိုအခါ မိကျောင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရား ပရိသတ်တို့သည် ထိုအခါ ငါးတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ရွက်မဲ့မြှားပမာ၊ ကိလေသာ၊ ရှောင်ခွါ ချမ်းသာရ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဝိကဏ္ဏကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဥပါဟနဝဂ်

၄။ အသိတာဘူဇာတ်

မ, လိုက်မင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် တွမေဝ ဒါနိ မကရ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအသိတာဘူဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသော သတိုးသ္မီးကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့၏ တခုသော အလုပ်အကျွေးအိမ်၌ တယောက်သော သတိုးသ္မီးသည် အလွန် အဆင်းလှ၏။ မြတ်သောတင့်တယ်ခြင်းသို့ ရောက်၏။ ထိုသတိုးသ္မီးသည် အရွယ်သို့ရောက်သည်ရှိသော် တူသောအမျိုးရှိသော အိမ်သို့ ရောက်၏။ လင်သည် သတိုးသ္မီးကို တစိုးတစိမျှ မမြတ်နိုး သည်ဖြစ်၍ တပါးသောမိန်းမ၌ စိတ်လိုလိုက်သည်၏ အစွမ်းအားဖြင့် ကျင့်၏။ ထိုသတိုးသ္မီးသည် ထိုယောက်ျား၏ မိမိ၌ ထိုသို့ မရိုမသေကျင့်ခြင်းကို မရေမတွက်မူ၍ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကိုဘိတ်၍ အလှူကိုလှူ၍ တရားကိုနာသည်ရှိသော် သောတာပတ္တိဖိုလ်၌ တည်၏။ ထိုအမျိုးသ္မီးသည် ထိုအခါမှစ၍ မဂ်ဖိုလ်ချမ်းသာဖြင့်လွန်စေလျက် လင်သည်လည်း ငါ့ကိုအလိုမရှိ၊ ငါ့အား အိမ်ရာထောင်ခြင်းဖြင့် အလိုမရှိ၊ ငါသည် ရဟန်းပြုအံ့ဟုကြံ၍ မိဘတို့အား ကြား၍ ရဟန်းပြု၍ ရဟန္တာ အဖြစ်သို့ ရောက်၏။ ထိုအမျိုးသ္မီး၏ ထိုအမူအရာသည် ရဟန်းတို့၌ ထင်ရှားသည် ဖြစ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသော အမျိုးသ္မီးသည် အကျိုးစီးပွားကို ရှာမှီးတတ်၏။ လင်၏အလိုမရှိသည်အဖြစ်ကိုသိ၍ အဂ္ဂသာဝကတို့၏ တရားကိုနာရ၍ သောတာပတ္တိဖိုလ်၌ တည်၍ တဖန် မိဘတို့ကိုပန်၍ ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ ရောက်၏။ ဤသတိုးသ္မီးသည်အကျိုးစီးပွားကို ရှာမှီးတတ်၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုအမျိုးသ္မီးသည် အကျိုးစီးပွားကို ရှာမှီးတတ်သည် မဟုတ်သေး၊ ရှေး၌လည်း အကျိုးစီးပွားကို ရှာမှီးသည်သလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရသေ့ ရဟန်းအဖြစ်သို့ကပ်၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဟိမဝန္တာအရပ်၌ နေ၏။ ထိုအခါ ဗာရာဏသီမင်းသည် မိမိ၏သားဖြစ်သော ဗြဟ္မဒတ်မင်းသား၏ အခြံအရံနှင့် ပြည့်စုံခြင်းကိုမြင်၍ ဖြစ်သောရွံရှာခြင်းသို့ ရောက်၍ မိမိ၏သားကို တိုင်းနိုင်ငံမှ နှင်လိုက်၏။ ထိုဗြဟ္မဒတ်မင်းသားသည် အသိတာဘူအမည်ရှိသော မိမိ၏မိဖုယားကိုယူ၍ ဟိမဝန္တာသို့ဝင်၍ ငါး, အမဲ သစ်သီးငယ် သစ်သီးကြီးတို့ကို စားလျက် သစ်ရွက်မိုးသော ဇရပ်၌ နေ၏။ ထိုဗြဟ္မဒတ်မင်းသားသည် တခုသော ကိန္နရီမကိုမြင်၍ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ ဤကိန္နရီမကို မယားပြုအံ့ဟု အသိတာဘူမိဖုယားကို မရေတွက်မူ၍ ထိုကိန္နရီမ၏ ခြေရာအစဉ်သို့ လိုက်၏။

ထိုအသိတာဘူမိဖုယားသည် ကိန္နရီမသို့ အစဉ်လိုက်သော ထိုဗြဟ္မဒတ်မင်းသားကို မြင်လေ၍ ထိုဗြဟ္မဒတ်မင်းသားသည် ငါ့ကို မရေတွက်မူ၍ ကိန္နရီမသို့ အစဉ်လိုက်၏။ ဤမင်းသားဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်းဟု တပ်စွန်းခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍ ဘုရားလောင်းသို့ ကပ်လေ၍ ရှိခိုး၍ မိမိအား ကသိုဏ်းပရိကံကို ဟောစေ၍ ကသိုဏ်းကိုကျင့်လျက် အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဘုရားလောင်းကို ရှိခိုး၍ လာလတ်၍ မိမိ၏သစ်ရွက်မိုးသော ဇရပ်တံခါး၌ တည်၏။ ဗြဟ္မဒတ်မင်းသားသည်လည်း ကိန္နရီမသို့လိုက်လျက် လှည့်လည်၍ ထိုကိန္နရီမ၏ အစဉ်သွားသောခရီးကိုလည်း မမြင်၍ အာသာပြတ်သည်ဖြစ်၍ သစ်ရွက်ဖြင့်မိုးသော စရပ်သို့သာလျှင် ရှေးရှုလာလတ်၏။ အသိတာဘူမိဖုယားသည် ထိုဗြဟ္မာဒတ်မင်းသား လာသည်ကိုမြင်၍ ကောင်းကင်သို့ ပျံတက်၍ ပတ္တမြားညို အဆင်းနှင့်တူသော အဆင်းရှိသော ကောင်းကင်ပြင်၌ ရပ်လျက် အရှင်သား အရှင်သားကိုမှီ၍ ငါသည် ဤဈာန်ချမ်းသာကို ရပေ၏ဟုဆိုလို၍-

၁၆၇။ တွမေဝ ဒါနိ မကရ၊ ယံ ကာမော ဗျဂမာ တယိ။
သောယံ အပ္ပဋိသန္ဓိကော၊ ခရာ ဆိန္နံဝ ရေနုကံ။

֍ ဋ္ဌ ၁၆၇။ အယျပုတ္တ၊ အရှင်သား။ ဒါနိ၊ ယခုအခါ၌။ တွမေဝ၊ သင်သည်ပင်လျှင်။ မမ၊ ငါ၏။ ဣဒံ၊ ဤဈာန်ချမ်းသာကို။ အကရ၊ ပြုပေ၏။ ဒါနိ၊ ယခုအခါ၌။ တယိ၊ သင်၌။ မမ၊ ငါ၏။ အယံ ကာမော၊ တပ်စွန်းခြင်းကာမသည်။ ဗျဂမာ၊ ကင်းလေပြီ။ ခရာ၊ လွှဖြင့်။ ဆိန္နံ၊ ဖြတ်အပ်သော။ ရေနုကံဣဝ၊ ဆင်စွယ်ကဲ့သို့။ သော အယံ၊ ထိုသင်၌ တပ်စွန်းခြင်းကာမသည်။ အပ္ပဋိသန္ဓိကော၊ တဖန်စပ်ခြင်းသဘော မရှိပြီ။

ဤသို့ဆို၍ ထိုဗြဟ္မဒတ်မင်းသား၏ မြင်စဉ်ပင်လျှင် ပျံ၍ တပါးသောအရပ်သို့ သွား၏။ ထိုဗြဟ္မဒတ်မင်းသားသည် ထိုအသိတာဘူမင်းသို့ သွားသောကာလ၌ ငိုကြွေးလျက်-

၁၆၈။ အတြိစ္ဆံ အတိလောဘန၊ အတိလောဘ မဒေန စ။
ဧဝံ ဟာယတိ အတ္ထမှာ၊ အဟဉ္စ အသိတာဘုယာ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၆၈။ အဟံ၊ ငါသည်။ အသိတာဘုယာ၊ အသိတာဘူမင်းသ္မီးမှ။ ဟာယတိ ယထာ၊ ယုတ်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ အတြိစ္ဆံ- အတြိဂစ္ဆာဝသေန၊ ထိုထိုအာရုံ၌ အလိုရှိတတ်သော အဆုံးမရှိသော တဏှာ၏အစွမ်းအားဖြင့်။ အတြိစ္ဆမာနော၊ ထိုထိုအာရုံ၌ လိုချင်မက်မောတတ်သော ပုဂ္ဂိုလ်သည်။ အတိလောဘေန စ၊ အလွန် လောဘကြီးခြင်းကြောင့်၎င်း။ အတိလောဘ မဒေန စ၊ ပုရိသမာန်ကိုလည်း ဖြစ်စေတတ်သော အလွန်လောဘဖြင့်ယစ်ခြင်းကြောင့်၎င်း။ အတ္ထမှာ၊ အကျိုး စီးပွားမှ။ ဟာယတိ၊ ယုတ်၏။

ထိုဗြဟ္မဒတ်မင်းသည် ဤဂါထာဖြင့် ငိုကြွေး၏။ တယောက်အထီး တည်းသာလျှင် တော၌နေ၍ အဘလွန်သဖြင့် သွား၍ မင်းအဖြစ်ကို ယူ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ၌ ဤနှစ်ယောက်ကုန်သော သူတို့သည် ထိုအခါ မင်းသား၎င်း မင်းသ္မီး၎င်း ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ်၏အကျိုး၊ ကိုယ်သည်ပိုး၊ အဘိုးတန်လှသည်

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော အသိတာဘူဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဥပါဟနဝဂ်

၅။ ဝစ္ဆနခဇာတ်

ကာမဘိတ် သူဌေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သုခါ ဃရာ ဝစ္ဆနခ အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤဝစ္ဆနခဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ရောဇမည်သော မလ္လာမင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရောဇအမည်ရှိသော မလ္လာမင်းသည် အရှင်အာနန္ဒာ၏ လူ အဆွေခင်ပွန်း ဖြစ်သတတ်၊ ထိုရောဇမည်သော မလ္လာမင်းသည် တနေ့သ၌ ကြွလာစိမ့်သောငှါ အရှင်အာနန္ဒာမထေရ်အား သတင်းစကားကို မှာကြားလိုက်၏။ အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားကို ပန်၍သွား၏။ ထိုရောဇမည် မလ္လာမင်းသည် အရှင်အာနန္ဒာမထေရ်ကို အထူးထူးသော အရသာရှိသော ဘောဇဉ်ကိုဘုဉ်းပေးစေ၍ တင့်အပ်သောနေရာ၌ နေလျက် မထေရ်နှင့်တကွ ပျူငှာသော လောကဝတ်ကိုပြု၍ အရှင်အာနန္ဒာမထေရ်ကို လူတို့၏ စည်းစိမ်ဖြင့်၎င်း ငါးပါးကုန်သောကာမဂုဏ်တို့ဖြင့်၎င်း ဘိတ်၍ အရှင်အာနန္ဒာ အကျွန်ုပ်၌ များစွာသော အသက်ရှိသော ရတနာသည်၎င်း အသက်မရှိသော ရတနာသည်၎င်း ရှိ၏။ ဤရတနာတို့ကို အလယ်၌ခွဲ၍ အရှင့်အားပေးအံ့၊ လာလှည့်လော့ နှစ်ယောက်ကုန်သော ငါတို့သည် အိမ်၌ နေကြကုန်အံ့ဟု ဆို၏။ အရှင်အာနန္ဒာမထေရ်သည် ထိုရောဇမည်သောမလ္လာမင်းအား ကာမဂုဏ်တို့၌ အပြစ်ကိုဆို၍ နေရာမှထ၍ ကျောင်းသို့သွား၍ အာနန္ဒာ သင်သည် ရောဇမည်သော မလ္လာမင်းကို မြင်ခဲ့၏လောဟု မြတ်စွာဘုရား မေးသည်ရှိသော် အရှင်ဘုရား မြင်ခဲ့ပါ၏ဟု လျှောက်၏။ ထိုရောမမည်သော မလ္လာမင်းကို အသို့ဆိုခဲ့သနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား ထိုရောဇမည်သော မလ္လာမင်းသည် အကျွန်ုပ်အား ဃရာဝါသဖြင့် ဘိတ်၏။ ထိုအခါ ထိုရောဇမည်သော မလ္လာမင်းအား အိမ်ရာထောင်ခြင်းမှ၎င်း ကာမဂုဏ်တို့၌၎င်း အပြစ်ကို ဟောခဲ့၏ဟု လျောက်၏။ မြတ်စွာဘုရားသည် အာနန္ဒာ ရောဇမည်သော မလ္လာမင်းသည် ယခုအခါ၌ သာလျှင် ရဟန်းတို့ကို ဃရာဝါသဖြင့် ဘိတ်သည်မဟုတ်သေး၊ ရှေး၌လည်း ဘိတ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အာနန္ဒာမထေရ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... အာနန္ဒာ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သည်ရှိသော် ထိုအခါ ဘုရားလောင်းသည် တခုသော နိဂုံး၌ ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် ရသေ့ရဟန်းအဖြစ်သို့ကပ်၍ ဟိမဝန္တာအရပ်၌ ကြာမြင့်စွာ နေ၏။ ချဉ်ဆား မှီဝဲအံ့သောငှာ ဗာရာဏသီပြည်သို့ ရောက်၍ မင်း၏ဥယျာဉ်၌ နေ၍ နက်ဖြန်နေ့၌ ဗာရာဏသီပြည်သို့ဝင်၏။ ထိုအခါ ဗာရာဏသီသူဌေးသည် ထိုဘုရားလောင်း၏ ဣရိယာပုထ်၌ ကြည်ညို၍ အိမ်သို့ပင့်ပြီးလျှင် ဆွမ်းကျွေး၍ ဥယျာဉ်၌ နေစိမ့်သောငှါ ဝန်ခံခြင်းကို ယူစေ၍ ထိုဘုရားလောင်းကို လုပ်ကျွေး၍ ဥယျာဉ်၌ နေစေ၏။ ထိုရသေ့, သူဌေးတို့သည် အချင်းချင်းဖြစ်သော ချစ်ခြင်းရှိကုန်၏။ ထိုအခါ တနေ့သ၌ ဗာရာဏသီ သူဌေးသည် ဘုရားလောင်း၌ ချစ်ခြင်း အကျွမ်းဝင်ခြင်း၏အစွမ်းအားဖြင့် ရဟန်းအဖြစ်မည်သည်ကား ဆင်းရဲငြိုငြင်၏။ ငါ၏ အဆွေခင်ပွန်းဖြစ်သော ဝစ္ဆနခပရိဗိုဇ်ကို လူထွက်စေ၍ အလုံးစုံသောစည်းစိမ်ကို အလယ်၌ခွဲ၍ ထိုဝစ္ဆနခပရိဗိုဇ်အား ပေး၍ နှစ်ယောက်ကုန်သော ငါတို့သည်လည်း အညီအညွတ် နေခြင်းကို နေကြကုန်အံ့ဟု ကြံ၏။ ကြံပြီး၍ ထိုဗာရာဏသီ သူဌေးသည် တနေ့သ၌ ဆွမ်းဘုဉ်းပေးခြင်း ကိစ္စ၏အဆုံး၌ ထိုဝစ္ဆနခပရိဗိုဇ်နှင့်တကွ သာယာစွာသော ပျူငှာလောကဝတ် စကားကို ပြောဟောပြီး၍ အရှင်ဝစ္ဆနခ ရဟန်းအဖြစ် မည်သည်ကား ဆင်းရဲငြိုငြင်၏။ အိမ်၌နေခြင်းသည် ချမ်းသာ၏။ အရှင်ဝစ္ဆနခ အရှင်သည် လာလှည့်လော့။ နှစ်ဦးကုန်သော ငါတို့သည် အညီအညွတ် ကာမဂုဏ်တို့ကို သုံးဆောင် ခံစားကုန်လျက် နေကြကုန်အံ့၊ ဤသို့ဆို၍-

၁၆၉။ သုခါ ဃရာ ဝစ္ဆနခ၊ သဟိရညာ သဘောဇနာ။
ယတ္ထ ဘုတွာ ပိဝိတွာ စ၊ သယေယျာထ အနုဿုကော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၆၉။ ဝစ္ဆနခ၊ အရှင်ဝစ္ဆနခ။ ယတ္ထ၊ အကြင်ရတနာခုနစ်ပါး စားဘွယ်ဘောဇဉ်တို့နှင့် ပြည့်စုံသောအိမ်၌။ အနုဿုကော၊ လုံ့လမပြုဘဲ။ ဘုတွာ စ၊ စား၍သော်၎င်း။ ပိဝိတွာ စ၊ သောက်၍ သော်၎င်း။ သယေယျာထ၊ နေလာလှည့်လော့။ သဟိရညာ၊ ရွှေအစရှိသော ရတနာခုနစ်ပါးနှင့် ပြည့်စုံထသော။ သဘောဇနာ၊ စားဘွယ်ဘောဇဉ်နှင့် ပြည့်စုံထသော။ ဃရာ၊ အိမ်၌နေခြင်းသည်သာ။ သုခါ၊ ချမ်းသာ၏။

ထိုအခါ ဘုရားလောင်းသည် ထိုဗာရာဏသီ သူဌေး၏ စကားကို ကြား၍ သူဌေးကြီး သင်သည် မသိသည်၏အဖြစ်ကြောင့် ကာမဂုဏ်၌ မက်မောသည်ဖြစ်၍ အိမ်၌နေခြင်း၏ ကျေးဇူးကို ဆို၏။ သင်အား အိမ်၌ နေခြင်း၏ ကျေးဇူးမဲ့ကို ငါဆိုအံ့၊ ယခုအခါ သင်နာလော့ဟု ဤသို့ဆို၍-

၁၇၀။ ဃရာ နာနီဟမာနဿ၊ ဃရာ နာဘဏတော မုသာ။
ဃရာ နာဒိန္နဒဏ္ဍဿ၊ ပရေသံ အနိကုဗ္ဗဏှာ။
ဧဝံ ဆိဒ္ဒံဒုရဘိသမ္ဘဝံ၊ ကော ဃရံ ပဋိပဇ္ဇတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇၀။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ အနီဟမာနဿ၊ အစဉ်မပြတ် လယ်ထွန်ခြင်း နွားကျောင်းခြင်း အစရှိသောအမှုဖြင့် လုံ့လမပြုသော သူ၏။ ဃရာ၊ အိမ်မည်သည်ကား။ န တိဋ္ဌတိ၊ မတည်နိုင်။ မုသာ အဘဏတော၊ လယ်ယာ ဥစ္စာ, ရွှေငွေ အစရှိသည်တို့၏ အကျိုးငှါ မုသားမဆိုသော သူ၏လည်း။ ဃရာ၊ အိမ်မည်သည်ကား။ န တိဋ္ဌတိ၊ မတည်နိုင်။ နာဒိန္နဒဏ္ဍဿ၊ ဒဏ် ပေးခြင်းကိုမယူထသော။ ပရေသံ၊ သူတပါးတို့အား။ အနိကုဗ္ဗတော၊ နှိပ်စက်ခြင်းကို မပြုသော သူ၏လည်း။ ဃရာ၊ အိမ်မည်သည်ကား။ န တိဋ္ဌတိ၊ မတည်နိုင်။ ဧဝံ၊ ဤသို့။ ဆိဒ္ဒံ၊ အပေါက်ရှိထသော။ ဒုရဘိသမ္ဘဝံ၊ ဖြစ်နိုင်ခဲသော သဘောရှိထသော။ ဃရံ၊ အိမ်ကို။ ကော၊ အဘယ်သူသည်။ ပဋိပဇ္ဇတိ၊ အုပ်စိုး၍နေချင်ဘိအံ့နည်း။

ဤသို့ ဘုရားလောင်းသည် အိမ်၌ နေခြင်း၏အပြစ်ကိုဆို၍ ဥယျာဉ်သို့သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရောဇမည်သော မလ္လာမင်းသည် ထိုအခါ ဗာရာဏသီသူဌေးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဝစ္ဆနခပရဗိုဇ် ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

လုံ့လမုသား၊ ဒဏ်မထား၊ အိမ်ကား မတည်နိုင်

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ဝစ္ဆနခဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဥပါဟနဝဂ်

၆။ ဗကဇာတ်

ဗျိုင်းသီလကြောင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဘဒ္ဒကော ဝတာယံ ပက္ခီ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သောအံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ မြတ်စွာဘုရားသည် ဆောင်ခဲ့သော ရဟန်းကို မြင်တော်မူ၍ ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သည် မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းသည်အံ့ဘွယ်သရဲကို ဖြစ်စေဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်၌ တခုသောအိုင်ဝယ် ငါးဖြစ်၍ များစွာသော အခြံအရံရှိလျက် နေ၏။ ထိုအခါ တခုသောဗျိုင်းသည် ငါးတို့ကိုစားအံ့ဟု အိုင်၏အနီးဖြစ်သောအရပ်၌ ဦးခေါင်းကိုချ၍ အတောင်ကိုဖြန့်၍ အလွန်သိမ်မွေ့သကဲ့သို့ ငါးတို့ကို ကြည့်လျက် ထိုငါးတို့၏ မေ့လျော့ခြင်းကို ငံ့လျက် ရပ်၏။ ထိုခဏ၌ ဘုရားလောင်းသည် ငါးအပေါင်းခြံရံလျက် အစာကို ယူလတ်သော် ထိုအရပ်သို့ ရောက်၏။ ငါးအပေါင်းသည် ထိုဗျိုင်းကို မြင်၍-

၁၇၁။ ဘဒ္ဒကော ဝတာယံ ပက္ခီ၊ ဒိဇော ကုမုဒသန္နိဘော။
ဝူပသန္တေဟိ ပက္ခေဟိ၊ မန္ဒ မန္ဒောဝ ဈာယတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇၁။ ဘော၊ အချင်းတို့။ ကုမုဒသန္နိဘော၊ ကြာဖြူအဆင်းနှင့် တူထသော။ ပက္ခီ၊ အတောင်ရှိထသော။ အယံ ဒိဇော၊ ဤငှက်သည်။ ဝူပသန္တေဟိ၊ ငြိမ်းချမ်းကုန်သော။ ပက္ခေဟိ၊ အတောင်တို့ဖြင့်။ ဘဒ္ဒကော ဝတ၊ ကောင်းလေစွ။ မန္ဒမန္ဒောဝ၊ ညံ့ ညံ့ ပျောင်းပျောင်းကဲ့သို့။ ဈာယတိ၊ မှိုင်လျက်နေ၏။

ထိုအခါ ထိုဗျိုင်းကို ဘုရားလောင်းသည် ကြည့်၍-

၁၇၂။ နာဿ သီလံ ဝိဇာနာထ၊ အနညာယ ပသံသထ။
အမှေ ဒိဇော န ပါလေတိ၊ တေန ပက္ခီ န ဖန္ဒတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇၂။ ဘော၊ အချင်းတို။ တုမှေ၊ သင်တို့သည်။ အဿ၊ ထိုဗျိုင်း၏။ သီလံ၊ သီလကို။ န ဝိဇာနာထ၊ မသိကြကုန်။ အနညာယ၊ မသိကုန်ဘဲလျက်။ ပသံသထ၊ ချီးမွမ်းကြကုန်၏။ အမှေ၊ ငါတို့ကို။ ဒိဇော၊ ဗျိုင်းငှက်သည်။ န ပါလေတိ၊ မစောင့်။ တေန၊ ထိုမစောင့်သောကြောင့်။ ပက္ခီ၊ ဗျိုင်းသည်။ န ဖန္ဒတိ၊ မတုန်မလှုပ်နေ၏။

ဤသို့ဆိုသည်ရှိသော် ငါးအပေါင်းသည် ရေကိုချောက်ချားစေ၍ ပြေး၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါအံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းသည် ထိုအခါ ဗျိုင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ငါးမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အကျင့်ရှိယောင်၊ သီလကြောင်၊ ဗျိုင်းကောင် ပုံပမာ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဗကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဥပါဟနဝဂ်

၇။ သာကေတဇာတ်

မြင်လျှင်မြင်ခြင်း ချစ်ခင်ခြင်း

ပစ္စုပ္ပန်နှင့်အတိတ်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကော နု ခေါ ဘဂဝါ ဟေတု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသာကေတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာကေတအမည်ရှိသော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ ဤသာကေတဇာတ်၌ အတိတ်ပစ္စုပ္ပန်ဖြစ်သော ဝတ္ထုကား အောက် ဧကကနိပါတ်၌ ဆိုအပ်ပြီးသလျှင် ကတည်း၊ မြတ်စွာဘုရားသည် ကျောင်းဦးသို့ ကြွတော်မူသော ကာလ၌ ရဟန်းတို့သည် အရှင်ဘုရား ဤချစ်ခြင်းမည်သည်ကား အဘယ်အကြောင်းကြောင့် တည်သနည်းဟု မေးလိုကုန်သည်ဖြစ်၍-

၁၇၃။ ကော နု ခေါ ဘဂဝါ ဟေတု၊ ဧကစ္ဆေ ဣဓ ပုဂ္ဂလေ။
အတီဝ ဟဒယံ နိဗ္ဗာတိ၊ စိတ္တဉ္စာပိ ပသီဒတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇၃။ ဘဂဝါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား။ ဣဓ လောကေ၊ ဤလောက၌။ ဧကစ္စေ၊ အချို့သော။ ပုဂ္ဂလေ၊ ပုဂ္ဂိုလ်၌။ ဒိဋ္ဌမတ္တေယေဝ၊ မြင်ကာမျှသာလျှင်။ ဟဒယံ၊ နှလုံးသည်။ အတီဝ၊ အလွန်လျှင်။ နိဗ္ဗာတိ၊ ငြိမ်းချမ်း၏။ စိတ္တဉ္စာပိ၊ စိတ်သည်လည်း။ ပသီဒတိ၊ ကြည်ညို၏။ ဟေတု၊ အကြောင်းကား။ ကောနုခေါ၊ အသို့နည်း။

ထိုအခါ ထိုရဟန်းအား မြတ်စွာဘုရားသည် ချစ်ခြင်း၏ အကြောင်းကို ပြတော်မူလို၍ -

၁၇၄။ ပုဗ္ဗေဝ သံန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေန ဝါ။
ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို မိန့်တော်မူ၏။

(ဤဂါထာ၌ ဝါ နှစ်လုံးကား ရဿ ရောက်သည်။ )

֍ ဋ္ဌ ၁၇၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ဥပ္ပလံ ဝါ၊ ကြာသည်၎င်း။ သေသံ၊ ကြာမှကြွင်းသော။ ဇလဇပုပ္ဖံ ဝါ၊ ရေ၌ဖြစ်သောပန်းသည်၎င်း။ ဥဒကေ၊ ရေ၌။ ဇာယ-မာနံ၊ ဖြစ်လတ်သည်ရှိသော်။ ဥဒကဉ္စ၊ ရေကို၎င်း။ ပလ္လလဉ္စ၊ ညွန်ကို၎င်း။ ဣမာနိ ဒွေ ကာရဏာနိ၊ ဤနှစ်ခုသော အကြောင်းတို့ကို။ နိဿာယ၊ မှီ၍။ ဇာယတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ တထာ၊ ထို အတူ။ တံပေမံ၊ ထိုချစ်ခြင်းသည်။ ဇာယမာနံ၊ ဖြစ်လတ်သည်ရှိသော်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ သန္နိဝါသေနဝါ၊ အတူတကွ နေဘူးခြင်းကြောင့်၎င်း။ ပစ္စုပ္ပန္နဟိတေန ဝါ၊ ပစ္စုပ္ပန်ဘဝ၌ အစီးအပွားကို ဆောင်ခြင်းကြောင့်၎င်း။ ဣမေဟိ ဒွီဟိကာရဏေဟိ၊ ဤနှစ်ပါးသော အကြောင်းတို့ကြောင့်။ ဇာယတေ၊ ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ဤနှစ်ယောက်ကုန်သော သူတို့သည် ထိုအခါ ပုဏ္ဏားသည်၎င်း ပုဏ္ဏေးမသည်၎င်း ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ မဘောက်မပြန် ကိုယ်တော်တိုင်သာလျှင် ခပ်သိမ်းသော တရားကိုသိပြီးသော ငါဘုရားသည်သာလျှင် ထိုအခါ သား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အတူနေဘူး၊ ကျေးဇူးဆောင်လင့်၊ မေတ္တာသင့်၊ ရနှင့် ကြာပမာ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သာကေတဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဥပါဟနဝဂ်

၈။ ဧကပဒဇာတ်

စီးပွားရေး ပြဿနာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဣင်္ဃ ဧကပဒံ တာတ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဧကပဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌နေသော တယောက်သော သူကြွယ်သည် ရှိသတတ်၊ ထိုအခါ ထိုသူကြွယ်အား တနေ့သ၌ ရင်ခွင်၌ နေသော သားသည် အကျိုးအကြောင်းကိုမှီသော ပြဿနာကို မေး၏။ ဤပြဿနာသည်ကား ဘုရားအရာတည်း၊ ထိုပြဿနာကို တပါးသော သူသည် ဖြေအံ့သောငှါ မစွမ်းနိုင်လတ္တံ့ဟု ထိုသူကြွယ်သည် သားကိုယူ၍ ဇေတဝန်ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားကို ရှိခိုး၍ အရှင်ဘုရား ဤသူငယ်သည် အကျွန်ုပ်ရင်ခွင်၌ နေလျက် အကျိုးစီးပွား ဖြစ်ခြင်းအကြောင်းကိုမှီသော ပြဿနာကို မေး၏။ အကျွန်ုပ်သည် ထိုပြဿနာကို မသိသည်ဖြစ်၍ အရှင်ဘုရားအထံသို့ လာ၏။ အရှင်ဘုရား ဤပြသနာကိုဖြေတော်မူလော့ဟု လျှောက်၏။ မြတ်စွာဘုရားသည် ဒါယကာ ဤသူငယ်သည် ယခုအခါ၌သာလျှင် အကျိုး စီးပွားကို ရှာသည်မဟုတ်သေး၊ ရှေး၌လည်း အကျိုးစီးပွားကို ရှာသည်သာလျှင်ဖြစ်၍ ပညာရှိတို့ကို မေးဘူး၏။ ရှေးပညာရှိတို့သည်လည်း ထိုသူငယ်အား ဖြေဘူးကုန်၏။ ထိုသို့ မေးဘူး ဖြေဘူးသော်လည်း ဘဝဖုံးလွှမ်းသည်၏ အဖြစ်ကြောင့် မမှတ်မိဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူဌေးမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် အဘလွန်သဖြင့် သူဌေးအရာကိုရ၏။ ထိုအခါထိုသူဌေးအား ငယ်သော ပျိုနုသော သားသည် ရင်ခွင်၌နေ၍ ဘခင် ငါ့အား တခုသောပုဒ်ရှိသော အကျိုးကိုမှီသော အကြောင်းကိုဆိုပါလော့ဟု မေးလိုသည် ဖြစ်၍-

၁၇၅။ ဣင်္ဃ ဧကပဒံ တာတ၊ အနေကတ္ထပဒနိဿိတံ။
ကိဉ္စိ သင်္ဂါဟိကံ ဗြူဟိ၊ ယေနတ္ထေ သာဓယေမသေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇၅။ တာတ၊ ဘခင်။ ဣင်္ဃ၊ တိုက်တွန်း၏။ ယေန၊ အကြင် များစွာသော အကျိုးကိုမှီသော တခုသောပုဒ်ဖြင့်။ အတ္ထေ၊ အကျိုးတို့ကို။ မယံ၊ အကျွန်ုပ်တို့သည်။ သာဓယေမသေ၊ ပြီးစေကုန်အံ့။ အနေကတ္ထပဒနိဿိတံ၊ များစွာသော အကျိုး အကြောင်းကို ပြတတ်သောပုဒ်ကို မှီထသော။ ကိဉ္စိ သင်္ဂါဟိကံ၊ အလုံးစုံ အနည်းအများဖြစ်သော အကျိုးကို သင်္ဂြိုဟ်ထသော။ ဧကပဒံ၊ တခုသောပုဒ်ကို။ ဗြူဟိ၊ ဟောတော်မူပါလော့။

ထိုအခါ ထိုသူငယ်၏ အဘသည် ဖြေလိုသည်ဖြစ်၍-

၁၇၆။ အက္ခေယျေကပဒံ တာတ၊ အနေကတ္ထပဒနိဿိတံ။
တဉ္စ သီလေန သညုတ္တံ၊ ခန္တိယာ ဥပပါဒိတံ။
အလံ မိတ္တေ သုခါပေတုံ၊ အမိတ္တာနံ ဒုခါယ စ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇၆။ တာတ၊ ချစ်သား။ ဒက္ခေယျေကပဒံ၊ လာဘ်ကို ဖြစ်စေခြင်း၌ လိမ္မာသောသူ၏အဖြစ်ဟု ဆိုအပ်သော ဉာဏ်နှင့်ယှဉ်သော တခုသော ပုဒ်ရှိထသော။ အနေကတ္ထပဒနိဿိတံ၊ များစွာသော အကျိုးအကြောင်းကို ပြတတ်သောပုဒ်ကို မှီထသော။ တံ၊ ထိုဝီရိယသည်။ သီလေန၊ သီလနှင့်။ သညုတ္တံ၊ ယှဉ်လတ်သော်။ ခန္တိယာ၊ သည်းခံခြင်းနှင့်။ ဥပပါဒိတံ၊ ပြည့်စုံလတ်သည် ရှိသော်။ မိတ္တေ၊ အဆွေ ခင်ပွန်းတို့ကို။ သုခါပေတုံ စ၊ ချမ်းသာ စိမ့်သောငှါ၎င်း။ အမိတ္တာနံ၊ ရန်သူတို့ကို။ ဒုခါယ စ၊ ဆင်းရဲစိမ့်သောငှါ၎င်း။ အလံ၊ စွမ်းနိုင်၏။

ဤသို့ ဘုရားလောင်းသည် သားအား ပြဿနာကို ဖြေ၏။ ထိုသူငယ်သည်လည်း အဘဖြေအပ်သော နည်းဖြင့်သာလျှင် မိမိအကျိုးစီးပွားကိုပြီးစေ၍ ကံအားလျော်စွာလား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြသည်၏ အဆုံး၌ အဘသည်၎င်း သားသည်၎င်း သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ဤသားသည်ပင်လျင် ထိုအခါ သား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီသူဌေး ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ဝီရိယရည်၊ ဉာဏ်ကိုမှီ၊ လီလီချမ်းသာကြောင်း

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဧကပဒဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဥပါဟနဝဂ်

၉။ ဟရိတမဏ္ဍူကဇာတ်

မြွေ နှင့် ဖားညို

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အာသီဝိသမ္ပိ မံ သန္တံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဟရိတမဏ္ဍူကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အဇာတသတ်မင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ကောသလမင်း၏ အဘဖြစ်သော မဟာကောသလမင်းသည် ဗိမ္မိသာရမင်းအား သ္မီးကိုပေးလတ်သည်ရှိသော် သ္မီး၏ ကသယ်မှုန့်ဘိုးအကျိုးငှာ ကာသိကအမည်ရှိသော ရွာငယ်ကိုပေးလိုက်၏။ ထိုမိဖုယားသည် အဇာတသတ်မင်းသည် ပိတုဃာတကကံကို ပြုသည်ရှိသော် မင်းအားချစ်ခြင်းကြောင့် မကြာမြင့်မီလျှင် သေ၏။ အဇာတသတ်မင်းသည် အမိသေလတ်သည်ရှိသော် ထိုကာသိကရွာကို စားသလျှင်ကတည်း၊ ကောသလမင်းသည် အဘသတ်သူခိုးအား ငါ၏ဥစ္စာဖြစ်သော ရွာကို မပေးအံ့ဟု ထိုအဇာတသတ်မင်းနှင့်တကွ စစ်ထိုး၏။ ရံခါ ဦးရီး၏အောင်ခြင်းသည် ဖြစ်၏။ ရံခါ တူ၏ အောင်မြင်ခြင်းသည် ဖြစ်၏။ အကြင်အခါ၌ကား အဇာတသတ်မင်းသည် အောင်၏။ ထိုအခါ၌ ရထား၌ တံခွန်ကိုစိုက်၍ များစွာသောအခြံအရံဖြင့် မြို့သို့ဝင်၏။ အကြင်အခါ၌ ရှုံး၏။ ထိုအခါ နှလုံးမသာယာခြင်းသို့ ရောက်သည်ဖြစ်၍ တစုံတယောက်သောသူကို မသိစေမူ၍သာလျှင် ဝင်၏။ ထိုအခါ တနေ့သ၌ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ အဇာတသတ်မင်းသည် ဦးရီးကို အောင်၍ နှစ်သက်ဝမ်းသာရှိ၏။ ဦးရီးကိုရှုံး၍ နှလုံးမသာယာခြင်းသို့ရောက်၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဤအဇာတသတ်မင်းသည် အောင်၍နှစ်သက်သည်။ ရှုံး၍နှလုံးမသာယာခြင်းသို့ ရောက်သည်မဟုတ်သေး၊ ရှေး၌လည်း ဤအဇာတသတ်မင်းသည် အောင်၍ နှစ်သက်ဝမ်းသာရှိ၏။ ရှုံး၍ နှလုံးမသာယာခြင်းသို့ ရောက်သည်ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဖားညိုအမျိုး၌ ဖြစ်၏။ ထိုအခါ လူတို့သည် မြစ်ချောင်း အစရှိသည်တို့တွင် ထိုထိုအရပ်၌ ငါးကိုဖမ်းအံ့သောငှာ မြှုံးတို့ကို ထောင်ကုန်၏။ တခုသော မြှုံး၌ ငါးတို့သည် ဝင်ကုန်၏။ ထိုအခါ တခုသော ရေမြွေသည် ငါးတို့ကို စားလိုရကား ထိုမြှုံးသို့ ဝင်လေ၏။ များစွာကုန်သော ငါးတို့သည် တပေါင်းတည်း ဖြစ်ကုန်၍ ထိုရေမြွေကို ခဲကုန်၏။ တကိုယ်လုံး သွေးခြင်းခြင်းနီသည်ကို ပြုကုန်၏။ ထိုရေမြွေသည် ကိုးကွယ်ရာမမြင်ရကား သေဘေးမှကြောက်သည်ဖြစ်၍ မြှုံးပေါက်ဝဖြင့်ထွက်၍ ဒုက္ခဝေဒနာသို့ ရောက်သည်ဖြစ်၍ ရေ၏အဆုံး၌ အိပ်၏။ ဖားညိုသည်လည်း ထိုခဏ၌ ခုန်၍ မြှုံးတံ၏ထိပ်၌ ဝပ်၏။ ရေမြွေသည် ဆုံးဖြတ်ရာအရပ်ကို မရသည်ဖြစ်၍ ထိုမြှုံးတံထိပ်၌ ဝပ်သောဖားညိုကို မြင့၍ အဆွေဖားညို ဤငါးတို့၏အမူအရာကို သင်သည် နှစ်သက်သလောဟု မေးလိုသည်ဖြစ်၍-

၁၇၇။ အာသီဝိသမ္ပိ မံ သန္တံ၊ ပဝိဋ္ဌံ ကုမိနာ မုခံ။
ရုစ္စတေ ဟရိတာမာတာ၊ ယံ မံ ခါဒန္တိ မစ္ဆကာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇၇။ သမ္မ ဟရိတာမာတာ၊ အဆွေ ဖားညို။ ကုမိနာမုခံ၊ မြှုံးဝသို့။ ပဝိဋ္ဌံ၊ ဝင်သော။ အာသီဝိသမ္ပိ၊ ရေမြွေသည်လည်း။ သန္တံ၊ ဖြစ်လတ်သော။ မံ၊ ငါ့ကို။ မစ္ဆကာ၊ ငါးအပေါင်းတို့သည်။ ခါဒန္တိ၊ ခဲကုန်၍။ တေ-တယာ၊ သင်အဆွေသည်။ ယံ၊ အကြင်ခဲခြင်းကို။ ရုစ္စတေ၊ နှစ်သက်၏လော။

ထိုအခါ ရေမြွေကို ဖားညိုသည် အချင်းရေမြွေ ငါသည် နှစ်သက်၏။ အဘယ့်ကြောင့်နည်းဟူမူကား သင်သည် သင်၏နေရာသို့ လာကုန်သော ငါးတို့ကို စား၏။ ငါးတို့သည်လည်း မိမိအရပ်သို့ လာသော သင့်ကို ခဲကုန်၏။ မိမိ၏အရာဖြစ်သော အရပ်၌ မိမိ၏ကျက်စားရာမြေ၌ အားမရှိသောသူ မည်သည်ကား မရှိ၊ ထို့ကြောင့် ငါသည် နှစ်သက်၏ဟု ဆို၍-

၁၇၈။ ဝိလုမ္ပတေ ဝ ပုရိသော၊ ယာဝဿ ဥပကပ္ပတိ။
ယဒါ စညေ ဝိလုမ္ပန္တိ၊ သော ဝိလုတ္တော ဝိလုမ္ပတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇၈။ သမ္မ၊ အချင်းရေမြွေ။ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ ဝိလုမ္ပတော၊ လုယက်သော။ အဿ၊ ထိုယောက်ျားအား။ ဣဿရိယံ၊ အစိုးရသော အဖြစ်သည်။ ဥပကပ္ပတိ-ဣဇ္ဈတိ၊ ပြည့်စုံ၏။ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။ သော ပုရိသော၊ ထိုယောက်ျားသည်။ အညံ၊ တပါးသောသူကို။ ဝိလုမ္ပတေဝ၊ လုယက် ဖျက်ဆီးသည်သာတည်း။ ယဒါ၊ အကြင်အခါ၌။ အညေ၊ တပါးကုန်သော သူတို့သည်။ ပုရိသဿ၊ ထိုယောက်ျားအား။ ဣဿရာ၊ အစိုးရကုန်သည်။ ဟုတွာ၊ ဖြစ်ကုန်၍။ ဝိလုမ္ပန္တိ၊ လုယက် ဖျက်ဆီးကုန်၏။ အထ၊ ထိုအခါ၌။ သော ဝိလုတ္တော၊ ထိုသူတပါးကို လုယက်ဖျက်ဆီးတတ်သော ယောက်ျားသည်။ ဝိလုမ္ပတိ၊ အစိုးရကုန်သော တပါးကုန်သောသူတို့ကြောင့် ပျက်စီးရ၏။

ဤသို့ ဖျက်ဆီးတတ်သောသူသည် တဖန် ပျက်စီးခြင်းသို့ ရောက်၏ဟု ဘုရားလောင်းသည် ဆုံးဖြတ်သည်ရှိသော် ရေမြွေ၏ အားနည်းသည်၏ အဖြစ်ကိုသိ၍ ရန်သူကို ဖမ်းကုန်အံ့ဟု ငါးအပေါင်းတို့သည် မြှုံးဝမှထွက်ကုန်၍ ထိုအရပ်၌လျှင် ထိုရေမြွေကို အသက်ကုန်ခြင်းသို့ ရောက်စေ၍ ခဲကြကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ အဇာတသတ်မင်းသည် ထိုအခါ ရေမြွေ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဖားညို ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

စည်းလုံးစိတ်တူ၊ ရှိတုံမူ၊ ရန်သူပျက်ယွင်း အောင်ပွဲခင်း

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ဟရိတမဏ္ဍူကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-ဥပါဟနဝဂ်

၁၀။ မဟာပိင်္ဂလဇာတ်

မတရား မင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သဗ္ဗော ဇနော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာပိင်္ဂလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဒေဝဒတ်သည် မြတ်စွာဘုရား၌ ရန်ငြိုးဖွဲ့ခြင်းကြောင့် ကိုးလလွန်သဖြင့် ဇေတဝန် ကျောင်းတော်တံခါးမုခ်ဦး၌ မြေမျို၏။ ဇေတဝန် ကျောင်းတော်၌နေကုန်သော သူတို့သည်၎င်း တိုင်းအလုံး၌ နေကုန်သော သူတို့သည်၎င်း ဘုရားသခင်၏ ရန်ဆူး ရန်ငြောင့်ဖြစ်သော ဒေဝဒတ်ကိုမြေမျို၏။ ယခု မြတ်စွာဘုရားသည် ပျောက်ကင်းသော ရန်သူရှိ၏ဟု နှစ်သက် ရွှင်လန်းခြင်း ဖြစ်ကုန်၏။ ထိုသူတို့၏ စကားကို အဆင့်ဆင့်သော အသံဖြင့် ကြားကုန်၍ ဇမ္ဗူဒီပါကျွန်းအလုံး၌ နေကုန်သော ဘီးလူး ဘုမ္မစိုဝ်း, ရုက္ခစိုဝ်း နတ်အပေါင်းတို့သည်လည်း နှစ်သက်ရွှင်လန်းကုန်သည်သာလျှင် ဖြစ်ကုန်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဒေဝဒတ်ကို မြေမျိုသည်ရှိသော် ဘုရားသခင်၏ ရန်ဆူးရန်ငြောင့်ဖြစ်သော ဒေဝဒတ်ကို မြေမျို၏ဟု လူများသည် နှစ်သက်သော စိတ်ရှိသည် ဖြစ်၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့်

စည်းဝေးကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဒေဝဒတ်သည် သေသည်ရှိသော် လူအများသည် နှစ်သက် ရွှင်လန်းသည် မဟုတ်သေး၊ ရှေး၌လည်း ဒေဝဒတ်သည် သေသည်ရှိသော် လူများသည် နှစ်သက် ရွှင်လန်းသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတါကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ မဟာပိင်္ဂလအမည်ရှိသော မင်းသည် မတရား မညီညွတ်သဖြင့် မင်းပြု၏။ ချစ်ခြင်းအစရှိသည်တို့၏ အစွမ်းအားဖြင့် မကောင်းမှုကို ပြုလျက် ရာဇဝတ် မင်းဒဏ်ပေးခြင်း အခွန် အတုတ်ယူခြင်း ရွေ့ရှားစေခြင်း အသပြာယူခြင်း အစရှိသည်ကိုပြုသဖြင့် ကြံညှစ်ယန္တရားတို့ဖြင့် ကြံကိုညှစ်ဘိသကဲ့သို့ လူများကို နှိပ်စက်ညှဉ်းဆဲ၏။ ကြမ်းတန်းရုန့်ရင်း၏။ နိုင်ထက်ကလူ မူတတ်၏။ သူတပါးတို့၌ ထိုမဟာပိင်္ဂလမင်း၏ အနည်းငယ်မျှသော သနားခြင်းမည်သည် မရှိ၊ အိမ်၌မိန်းမတို့သည်၎င်း သားသ္မီးတို့သည်၎င်း အမတ် ပုဏ္ဏား သူကြွယ်တို့သည်၎င်း မချစ်မနှစ်သက်အပ်သည် ဖြစ်၏။ မျက်စိ၌ကျသော မြူကဲ့သို့၎င်း ထမင်းဆုပ်၌ကျသော ကျောက်စရစ်ကဲ့သို့၎င်း ဖနောင့်ကို စူး၍ဝင်သော ဆူးကဲ့သို့၎င်း ဖြစ်စေ၏။ ထိုအခါ ဘုရားလောင်းသည် မဟာပိင်္ဂလမင်း၏သား ဖြစ်၏။ မဟာပိင်္ဂလမင်းသည် အခါလေးမြင့် မင်းအဖြစ်ကိုပြု၍ သေ၏ ထိုမဟာပိင်္ဂလမင်းသည် သေသည်ရှိသော် ဗာရာဏသီပြည်၌နေသော သူတို့သည် နှစ်သက်ရွှင်လန်းကုန်သည်ဖြစ်၍ သည်းစွာသော ရယ်ခြင်းကို ရယ်ကုန်၏။ လှည်းအထောင်တို့ဖြင့် မဟာပိင်္ဂလမင်း၏အလောင်းကို သင်္ဂြိုဟ်ကုန်၍ များစွာကုန်သော ရေအိုးအထောင်တို့ဖြင့် သင်းချိုင်းမီးကို ငြိမ်းစေကုန်၍ ဘုရားလောင်းကို မင်းအဖြစ်၌ အဘိသိက် သွန်းကုန်၍ ငါတို့သည် တရားစောင့်သောမင်းကို ရကုန်ပြီဟု နှစ်သက်ရွှင်လန်းကုန်သည် ဖြစ်၍ မြို့၌ ပွဲခံခြင်းကို ပြုကုန်၍ စည်လည်စေ၍ စိုက်အပ်သော တံခွန်ကုက္ကာရှိသည်ဖြစ်၍ မြို့ကိုတန်ဆာဆင်ကုန်၍ တံခါးတိုင်းတံခါးတိုင်း မဏ္ဍပ်ကိုဆောက်စေ၍ ဖရိုဖရဲကြဲအပ်သော ပေါက်ပေါက်ပန်းတို့ဖြင့် တန်ဆာဆင်အပ်သော အပြင်ရှိကုန်သော တန်ဆာဆင်အပ်သောမဏ္ဍပ်တို့၌ နေကုန်၍ ခဲလည်းခဲကုန်၏။ သောက်လည်း သောက်ကုန်၏။

ဘုရားလောင်းသည်လည်း တန်ဆာဆင်အပ်သောပြာသာဒ်၌ စိုက်အပ်သောထီးဖြူရှိသော မြတ်သောပလ္လင်၏အလယ်၌ များစွာသောစည်းစိမ်ကို ခံစားလျက်နေ၏။ အမတ် ပုဏ္ဏား သူကြွယ်တို့သည်၎င်း တိုင်း၌ နေသောသူ တံခါးစောင့်အစရှိသော သူတို့သည်၎င်း မင်းကိုခြံရံ၍ တည်ကုန်၏။ ထိုအခါ တယောက်သော တံခါးစောင့်သည် မဝေးလွန်းသော အရပ်၌တည်၍ ပြင်းစွာသော ထွက်သက်ကို ဖြစ်စေလျက် ပြင်းစွာသောဝင်သက်ကို ဖြစ်စေလျက် ငို၏။ ဘုရားလောင်းသည် ထိုတံခါးစောင့်ကို မြင်၍ ငါ၏အဘသည် သေသည်ရှိသော် ခပ်သိမ်းကုန်သော သူတို့သည် နှစ်သက်ရွှင်လန်းကုန်သည်ဖြစ်၍ ပွဲလမ်းသဘင်ကို ကစားကုန်၏။ သွားလာကုန်၏။ သင်တမူကား ငိုလျက်တည်၏။ ငါ၏ခမည်းတော်ကို သင်သည် ချစ်မြတ်နိုးသလောဟု မေးလိုရကား-

၁၇၉။ သဗ္ဗော ဇနော ဟိံသိတော ပိင်္ဂလေန၊
တသ္မိံ မတေ ပစ္စယာ ဝေဒယန္တိ။
ပိယော နု တေ အာသိ အကဏှနေတ္တော
ကသ္မာ နု တွံ ရောဒသိ ဒွါရပါလ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇၉။ ဘော ဒွါရပါလ၊ အို တံခါးစောင့်။ ပိင်္ဂလေန၊ ပိင်္ဂလမင်းသည်။ သဗ္ဗော၊ အလုံးစုံသော။ ဇနော၊ လူအပေါင်းကို။ ဟိံသိတော၊ ညှဉ်းဆဲအပ်၏။ တသ္မိံ၊ ထိုပိင်္ဂလမင်းသည်။ မတေ၊ သေသည်ရှိသော်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ညဇနာ၊ လူတို့သည်။ ပစ္စယာ၊ နှစ်သက်ခြင်းတို့ကို။ ဝေဒယန္တိ၊ ခံစားကုန်၏။ တေ၊ သင်သည်ကား။ အကဏှနေတ္တော၊ ကြောင်သောမျက်စိ ရှိသည်၏အဖြစ်ကြောင့် အကဏှနေတ္တဟု ဆိုအပ်သော ပိင်္ဂလမင်းကို။ ပိယော၊ ချစ်သည်။ အာသိ နု၊ ဖြစ်သလော။ တွံ၊ သင်သည်။ ကသ္မာ၊ အဘယ့်ကြောင့်။ ရောဒသိ နု၊ ငိုဘိသနည်း။

ထိုတံခါးစောင့်သည် ထိုဘုရားလောင်း၏ စကားကိုကြား၍ မြတ်သောမင်းကြီး အကျွန်ုပ်သည် သေသောပိင်္ဂလမင်းကို အောက်မေ့၍မငို၊ အကျွန်ုပ်၏ဦးခေါင်းအား ချမ်းသာခြင်းသည် ဖြစ်ပေပြီ၊ ထိုစကားသည် မှန်၏။ ပိင်္ဂလ မင်းသည် ပြာသာဒ်မှ သက်သော်၎င်း တက်သော်၎င်း ပန်းဘဲတို့၏ပေ၌ တူဖြင့်ရိုက်ဘိသကဲ့သို့ အကျွန်ုပ်၏ဦးခေါင်း၌ ရှစ်ချက် ရှစ်ချက် ရိုက်ခြင်းကို ပေး၏။ ထိုပိင်္ဂလမင်းသည် တမလွန်ဘဝ၌ ငရဲသို့လား၍လည်း ငါ၏ဦးခေါင်း၌ ရိုက်ခြင်းကို ပေးဘိသကဲ့သို့ ငရဲစောင့်တို့၏ဦးခေါင်း၌ ရိုက်ခြင်းကိုပေးလတ္တံ့၊ ထိုငရဲထိန်းတို့၏ ဦးခေါင်း၌ ရိုက်ခြင်းကိုပေးလတ်သည်ရှိသော် ထိုပိင်္ဂလမင်းကို ငရဲထိန်းတို့သည် ဤမင်းသည်ကား ငါတို့ကို အလွန်လျှင် ညှဉ်းဆဲ၏ဟု ဤအရပ်သို့သာလျှင် တဖန်ပို့လိုက်ကုန်၍ လွတ်လာရာ၏။ ထိုသို့ လွတ်လာသည်ရှိသော် ထိုပိင်္ဂလမင်းသည် တဖန်လည်း အကျွန်ုပ်၏ ဦးခေါင်း၌ ရိုက်ခြင်းကို ပေးပြန်ရာ၏ဟု ဤသို့ကြောက်သောကြောင့် ငို၏ဟု ဆိုလို၍-

၁၈၀။ န မေ ပိယာ အာသိ အကဏှနေတ္တော။
ဘာယာမိ ပစ္စာဂမနာယ တဿ။
ဣတော ဂတော ဟိံသေယျ မစ္စုရာဇံ၊
သော ဟိံသိတော အာနေယျ ပုန ဣဓ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၁၈၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မေ၊ အကျွန်ုပ်သည်။ အကဏှနေတ္တော၊ ပိင်္ဂလမင်းကို။ ပိယော၊ ချစ်အပ်သည်။ န အာသိ၊ မဖြစ်။ သော၊ ထိုပိင်္ဂလမင်းသည်။ ဣတော၊ ဤဘဝမှ။ ဂတော၊ တမလွန်ဘဝသို့ ရောက်လေသည်ရှိသော်။ မစ္စုရာဇံ၊ သေမင်းကို။ ဟိံသေယျ၊ ညှဉ်းဆဲရာ၏။ သော၊ ထိုပိင်္ဂလမင်းသည်။ ဟိံသိတော၊ ညှဉ်းဆဲခြင်းကြောင့်။ တံ၊ ထိုပိင်္ဂလမင်းကို။ ဣဓ၊ ဤအရပ်သို့။ ပုန၊ တဖန်။ မစ္စရာဇာ၊ သေမင်းသည်။ အာနေယျ၊ ပို့ လာပြန်ရာ၏။ တဿ၊ ထိုပိင်္ဂလမင်း၏။ ပစ္စာဂမနာယ၊ တဖန်လာပြန်ခြင်းမှ။ ဘာယာမိ၊ ကြောက်၏။

ထိုအခါ ထိုတံခါးစောင့်ကို ဘုရားလောင်းသည် ထိုပိင်္ဂလမင်းကို ထင်းတို့၏ လှည်းအထောင်တိုက်ဖြင့် သင်္ဂြိုဟ်အပ်လေပြီ၊ သင်္ဂြိုဟ်အပ်ပြီးသော ပိင်္ဂလမင်း၏ သင်းချိုင်းမြေကိုလည်း ထက်ဝန်းကျင်မှ တူးအပ်ပြီ၊ ပြကတေ့အားဖြင့်လည်း တမလွန်ဘဝသို့ သွားကုန်သော သူတို့မည်သည် တပါးသောဘဝ၌ တည်ရာနေရာ ရလေကုန်၏။ တဖန် ထိုကိုယ်ဖြင့်လျှင် မလာနိုင်ကုန်၊ သင်သည် မကြောက်လင့်ဟု တံခါးစောင့်ကို နှစ်သိမ့်စေလျက်-

၁၈၁။ ဒဍ္ဎော ဝါဟသဟဿေဟိ၊ သိတ္တော ဃဋသတေဟိ သော။
ပရိက္ခတာ စသာ ဘူမိ၊ မာ ဘာယိ နာဂမိဿတိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၈၁။ ဒေါဝါရိက၊ တံခါးစောင့်။ သော၊ ထိုပိင်္ဂလမင်းကို။ ဝါဟသဟဿေဟိ၊ ထင်းလှည်း အထောင်တိုက်တို့ဖြင့်။ ဒဍ္ဎော၊ မီးတိုက်အပ်ပြီး။ ဃဋသတေဟိ၊ ရေအိုးတရာတို့ဖြင့်။ သိတ္တော၊ ရေသွန်းအပ်ပြီ။ သာ စ ဘူမိ၊ ထိုသင်္ချိုင်းရာ မြေကိုလည်း။ ပရိက္ခတာ၊ တူးအပ်ပြီ။ တွံ၊ သင်သည်။ မာ ဘာယိ၊ မကြောက်လင့်။ ပိင်္ဂလော၊ ပိင်္ဂလမင်းသည်။ နာဂမိဿတိ၊ မလာလတ္တံ့။

ထိုအခါမှစ၍ တံခါးစောင့်သည် သက်သာရာကို ရလေ၏။ ဘုရားလောင်းသည်လည်း တရားသဖြင့် မင်းပြု၍ အလှူအစရှိသော ကောင်းမှုတို့ကို ပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ပိင်္ဂလမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပိင်္ဂလမင်း၏သား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

နိုင်ထက်ကလူ၊ ပြုတတ်သူ၊ ဗိုလ်လူမတောင့်တ

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော မဟာပိင်္ဂလဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၁။ သဗ္ဗဒါဌိဇာတ်

ပထဝီဇယမန္တန်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သိင်္ဂါလော မာနတ္တဒ္ဓေါ အစရှိသော ဂါထာ ပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ သဗ္ဗဒါဌဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဒေဝဒတ်သည် အဇာတသတ်မင်းကို ကြည်ညိုစေ၍ ဖြစ်စေအပ်သော လာဘသက္ကာရကို ကြာမြင့်စွာတည်သည်ကို ပြုအံ့သောငှါ မစွမ်းနိုင်၊ နာဠာဂီရိဆင်ဖြင့်တိုက်သောပွဲ၌ တန်ခိုးပြာဋိဟာကို မြင်သောအခါမှစ၍ ထိုဒေဝဒတ်၏ ထိုလာဘသက္ကာရသည် ကွယ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဒေဝဒတ်သည် လာဘသက္ကာရကို ဖြစ်စေ၍ ကြာမြင့်စွာ တည်ခြင်းကိုပြုအံ့သောငှါ မစွမ်းနိုင်ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းကို ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မိန့်တော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် မိမိ၌ ဖြစ်ပြီးသော လာဘသက္ကာရကို ကွယ်စေသည် မဟုတ်သေး၊ ရှေး၌လည်း ကွယ်စေဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ဖြစ်၍ ဗေဒင်သုံးပုံတို့၏၎င်း တဆယ့်ရှစ်ပါးသော အတတ်တို့၏၎င်း ကမ်းတဘက်သို့ရောက်၏။ ထိုပုရောဟိတ် ပုဏ္ဏားသည် ပထဝီဇယအမည်ရှိသော မန္တရားကို တတ်၏။ မြေအပြင်၌ ရန်ကိုလည်စေတတ်သောမန္တရားကို ပထဝီဇယမန္တရားဟု ဆိုအပ်၏။ ထိုအခါ တနေ့သ၌ ဘုရားလောင်းသည် ထိုပထဝီဇယမန္တရားကို သရဇ္ဈာယ်အံ့ဟု တခုသောအပြင်ရှိသော ကျောက်ဖျာ၌ နေ၍ သရဇ္ဈာယ်ခြင်းကို ပြု၏။

ထိုပထဝီဇယမန္တရားကို တပါးသော တည်ကြည်ခြင်းကင်းသောသူကို ကြားစိမ့်သောငှါ မတတ်ကောင်းသတတ်၊ ထို့ကြောင့် ထိုပထဝီဇယမန္တရားကို ထိုပုရောဟိတ်သည် ထိုသို့သဘောရှိသော ကာလ၌ သရဇ္ဈာယ်၏။

ထိုအခါ ပုရောဟိတ် သရဇ္ဈာယ်သောကာလ၌ တခုသော မြေခွေးသည် တခုသောတွင်း၌ ဝပ်လျက် ထိုပထဝီဇယမန္တရားကို ကြား၍ လေ့ကျက်သည်ကို ပြု၏။ ထိုမြေခွေးသည် အခြားမဲ့ဖြစ်၍ လွန်လေပြီးသော ကိုယ်၏အဖြစ်၌ ပထဝီဇယမန္တရားကို လေ့လာသော တယောက်သော ပုဏ္ဏား ဖြစ်ဘူးသတတ်၊ ဘုရားလောင်းသည် သရဇ္ဈာယ်ခြင်းကိုပြု၍ ထ၍ ငါ့အား ဤမန္တရားသည် နှုတ်တက်ပေ၏ဟု ဆို၏။ မြေခွေးသည် တွင်းမှထွက်၍ အို ပုဏ္ဏား၍ မန္တရားသည် သင့်ထက်လည်း ငါ့အားသာလျှင် နှုတ်တက်၏ဟု ဆို၍ ပြေး၏။ ဘုရားလောင်းသည် ဤမြေခွေးသည် များစွာသော အကုသိုလ်ကို ပြုလတ္တံ့၊ ဖမ်းလော့ ဖမ်းလော့ဟုဆို၍ အတန်ငယ် လိုက်၏။ မြေခွေးသည်ပြေး၍ တောသို့ဝင်လေ၏။

ထိုမြေခွေးသည် သွားလေ၍ မြေခွေးမတခုကို အတန်ငယ် ကိုယ်၌ ကိုက်၏။ သခင် အသို့နည်းဟု မေးသည်ရှိသော် သင်သည် ငါ့အား သိ၏လော မသိလောဟု မေး၏။ မြေခွေးမသည် သခင် သိပါ၏ဟု ဆို၏။ ထိုမြေခွေးသည် ပထဝီဇယ မန္တရားကို မန်း၍ များစွာကုန်သော မြေခွေးအရာတို့ကိုစေ၍ ဤအလုံးစုံလည်းဖြစ်ကုန်သော ဆင် မြင်း ခြင်္သေ့ ကျား, ဝက် သမင် အစရှိကုန်သော ခြေလေးချောင်းရှိကုန်သော သတ္တဝါတို့ကို မိမိကို ခြံရံစေ၏။ အခြံအရံပြုပြီး၍ သဗ္ဗဒါဌ အမည်ရှိသော မင်းဖြစ်၍ မြေခွေးမတခုကို မိဖုယားကြီးပြု၍ ဆင်နှစ်စီးတို့၏ ကျောက်ကုန်း၌ ခြင်္သေ့သည် စီးရ၏။ ခြင်္သေ့၏ ကျောက်ကုန်း၌ သဗ္ဗဒါဌ အမည်ရှိသော မြေခွေးမင်းသည် မြေခွေးမမိဖုယားကြီးနှင့်တကွ စီးရ၏။ အခြံအရံများသည် ဖြစ်၏။ ထိုသဗ္ဗဒါဌမြေခွေးသည် အခြံအရံများဖြင့် မာနကို ဖြစ်စေ၏။ ဗာရာဏသီမင်းအဖြစ်ကို ယူအံ့ဟု အလုံးစုံသော အခြေလေးချောင်းရှိသော သားအပေါင်းခြံရံလျက် ဗာရာဏသီပြည်၏ အနီးဖြစ်သော အရပ်သို့ ရောက်လာ၏။ ပရိသတ်တို့သည် တဆယ့်နှစ်ယူဇနာ ရှိကုန်၏။ ထိုသဗ္ဗဒါဌမြေခွေးမင်းသည် အနီး၌တည်လျက်လျှင် မင်းအဖြစ်ကိုတည်း ပေးအံ့လော၊ စစ်ကိုတည်း ထိုးအံ့လောဟု ဗာရာဏသီမင်းအား စေလိုက်၏။ ဗာရာဏသီပြည်၌ နေကုန်သောလူတို့သည် ကြောက်ရွံ့ထိတ်လန့်ကုန်သည်ဖြစ်၍ မြို့တံခါးတို့ကို ပိတ်၍ နေကုန်၏။

ဘုရားလောင်းသည် မင်းသို့ကပ်၍ မြတ်သောမင်းကြီး သဗ္ဗဒါဌမည်သောမြေခွေးနှင့် စစ်ထိုးခြင်းသည် အကျွန်ုပ်၏ ဝန်တည်း၊ အကျွန်ုပ်ကိုထား၍ ထိုသဗ္ဗဒါဌမြေခွေးနှင့်တကွ စစ်ထိုးအံ့သောငှါ စွမ်းနိုင်သောသူမည်သည် မရှိဟုဆို၍ ဘုရားလောင်းသည် မင်းကို၎င်း မြို့သူတို့ကို၎င်း နှစ်သိမ့်စေ၍ အသို့ပြု၍ သဗ္ဗဒါဌသည် မင်းအဖြစ်ကို ယူလတ္တံ့နည်းဟု ရှေးဦးစွာ ထိုသဗ္ဗဒါဌမြေခွေးကို မေးဦးအံ့ဟု ဆို၍ တံခါးပစ္စင်သို့တက်၍ အချင်း သဗ္ဗဒါဌ အသို့ပြု၍ ဤပြည်ကို ယူအံ့နည်းဟု မေး၏။ ခြင်္သေ့ကိုဟောက်စေ၍ လူများကို ခြင်္သေ့သံဖြင့် ထိတ်လန့်စေ၍ ယူအံ့ဟု ဆို၏။ ဘုရားလောင်းသည် ထိုအကြောင်းသည် ရှိ၏ဟု သိ၍ ပစ္စင်မှ ဆင်းသက်၍ အလုံးစုံ တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီပြည်၌ နေကုန်သောလူတို့သည် နားပေါက်တို့ကို ပဲကြီး မုံညက်တို့ဖြင့် ပိတ်စေကုန် သတည်းဟု စည်လည်စေ၏။ လူများသည် စည်သံကိုကြား၍ အယုတ်သဖြင့် ကြောင်တို့ကိုအစပြု၍ အလုံးစုံသော အခြေလေးချောင်းရှိသော သားတို့၏၎င်း မိမိတို့၏၎င်း နားပေါက်တို့ကို အကြင်အခြင်းဖြင့် ဆို့ပိတ်သည်ရှိသော် သူတပါး၏အသံကို ကြားအံ့သောငှါ မတတ်ကောင်း၊ ထိုအခြင်းဖြင့် ပဲကြီးမှုံညက်ဖြင့် ပိတ်၏။

ထိုအခါ ဘုရားလောင်းသည် တဖန် ပစ္စင်သို့တက်၍ သဗ္ဗဒါဌဟု ခေါ်၏။ ပုဏ္ဏား အသို့နည်းဟု ဆိုသည်ရှိသော် ဤပြည်ကို အသို့ပြု၍ ယူအံ့နည်းဟု ဆို၏။ ခြင်္သေ့ကို ဟောက်စေ၍ လူတို့ကို ပျက်စီးစေ၍ အသက်ကုန်ခြင်းသို့ ရောက်စေ၍ ယူအံ့ဟု ဆိုသည်ရှိသော် ခြင်္သေ့ကို ဟောက်စေခြင်းငှါ မစွမ်း နိုင်လတ္တံ့၊ ထိုစကားသည် မှန်၏။ မြတ်သောအမျိုးနှင့် ပြည့်စုံကုန်သော တင့်တယ်စွာသော နီသော လက်ခြေရှိကုန်သော ကေသရာဇာ ခြင်္သေ့မင်းတို့သည် ထိုသို့သဘောရှိသော မြေခွေးအို၏ အာဏာကို မပြုကုန်လတ္တံ့ဟု ဆိုသည်ရှိသော် မြေခွေးသည် မာန်ဖြင့် ခိုင်မာသည်ဖြစ်၍ တပါးကုန်သော ခြင်္သေ့တို့ကို ထားဘိဦး၊ ငါသည် အကြင်ခြင်္သေ့၏ ကျောက်ကုန်း၌ နေ၏။ ထိုခြင်္သေ့ကိုပင်လျှင် ဟောက်စေဦးအံ့ဟု ဆို၏။ အကယ်၍ စွမ်းနိုင်သည်ဖြစ်အံ့၊ ထိုသို့ စွမ်းနိုင်တပြီးကား ဟောက်စေလောဟု ဆိုသည်ရှိသော် ထိုသဗ္ဗဒါဌ မြေခွေးသည် အကြင်ခြင်္သေ့၌ စီး၏။ ထိုခြင်္သေ့အား ဟောက်လော့ဟု ခြေဖြင့် အမှတ်ပေး၏။

ခြင်္သေ့သည် ဆင်ဦးကင်း၌ မျက်နှာကိုမော်၍ သုံးကြိမ်, တားမြစ်ခြင်းငှာ မစွမ်းနိုင်သော ခြင်္သေ့သံကို ဟောက်၏။ ဆင်တို့သည် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ မြေခွေးကို ခြေရင်း၌ ကျစေကုန်၍ ထိုမြေခွေး၏ ဦးခေါင်းကို ခြေဖြင့်နင်းကုန်၍ မှုန့်မှုန့်ညက်ညက်ကြေသည်ကို ပြုကုန်၏။ သဗ္ဗဒါဌမြေခွေးသည် ထိုအရပ်၌လျှင် အသက်ကုန်ခြင်းသို့ ရောက်၏။ ဆင်တို့သည်လည်း ခြင်္သေ့ သံကို ကြားကုန်၍ သေဘေးမှ ကြောက်ကုန်သောကြောင့် အချင်းချင်း တိုးမိကြကုန်၍ ထိုအရပ်၌လျှင် သေခြင်းသို့ ရောက်ကုန်၏။ ခြင်္သေ့တို့ကို ထားကုန်၍ ကြွင်းကုန်သော သမင် ဝက် အစရှိကုန်သော ယုန် ကြောင် အဆုံး ရှိကုန်သော ခပ်သိမ်းကုန်သော အခြေလေးချောင်းရှိကုန်သော သားတို့သည် အသက်ကုန်ခြင်းသို့ ရောက်ကုန်၏။ ခြင်္သေ့တို့သည် ပြေးကုန်၍ တောသို့ ဝင်ကုန်၏။ အသားစုသည် တဆယ့်နှစ်ယူဇနာရှိသည် ဖြစ်၏။

ဘုရားလောင်းသည် ပစ္စင်မှဆင်း၍ မြို့တံခါးတို့ကိုဖွင့်စေ၍ ခပ်သိမ်းကုန်သော ပြည်သူတို့ကို မိမိ၏နားတို့၌ ပဲကြီးမုံညက်တို့ကိုပယ်စေ၍ အသားဖြင့် အလိုရှိကုန်သောသူတို့သည် အသားကို ဆောင်စေကုန်သတည်းဟု မြို့၌ စည်လည်စေ၏။ လူတို့သည် အသားစိုင်ကို စားကုန်၍ ကြွင်းကုန်သော အသားတို့ကို အခြောက်လှန်းကုန်၍ အမဲညှင်းကို ပြုကုန်၏။ ထိုကာလ၌ အမဲညှင်းပြုခြင်းသည် ထင်ရှားသည် ဖြစ်၏ဟု ဆိုကုန်သတတ်၊ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍-

၁၈၂။ သိင်္ဂါလော မာနတ္ထဒ္ဓေါ စ၊ ပရိဝါရေန အတ္ထိကော။
ပါပုဏိ မဟတိံ ဘူမိံ၊ ရာဇာသိ သဗ္ဗဒါဌိနံ။
၁၈၃။ ဧဝမေဝ မနုဿေသု၊ ယော ဟောတိ ပရိဝါရဝါ။
သောဟိ တတ္ထ မဟာ ဟောတိ၊ သိင်္ဂါလော ဝိယ ဒါဌိနံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၈၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ယော သိင်္ဂါလော၊ အကြင်မြေခွေးသည်။ သဗ္ဗဒါဌိနံ၊ အလုံးစုံအစွယ်ရှိကုန်သော သတ္တဝါတို့၏။ ရာဇာ၊ မင်းဖြစ်၍။ မဟတိံ ဘူမိံ၊ ကြီးမြတ်သော စည်းစိမ်ကို။ လဒ္ဓါ၊ ရသည်။ အသိ၊ ဖြစ်၏။ သော သိင်္ဂါလော၊ ထိုမြေခွေးသည်။ မာနတ္တဒ္ဓေါ စ၊ အခြံအရံကိုမှီ၍ ဖြစ်သော မာနဖြင့် ခိုင်မာသည်ဖြစ်၍။ ပရိဝါရေန၊ ရပြီးသော အခြံအရံထက် အလွန်ဖြစ်သော အခြံအရံဖြင့်။ အတ္ထိကော၊ အလိုရှိသည်ဖြစ်၍။ ဝိနာသံ၊ ပျက်စီးခြင်းသို့။ ပါပုဏိ၊ ရောက်၏။

֍ ဋ္ဌ ၁၈၃။ ဘိက္ခဝေ၊ ရဟန်းတို့။ သိင်္ဂါလော၊ မြေခွေးသည်။ ဒါဌိနံ၊ အစွယ်ရှိကုန်သော သတ္တဝါတို့ထက်။ မဟာ၊ မြတ်သည်။ ဟောတိ ဝိယ၊ ဖြစ်သကဲ့သို့။ ဝေမေဝ၊ ဤအတူသာလျှင်။ မနုဿေသု၊ လူတို့တွင်။ ယော၊ အကြင်သူသည်။ ပရိဝါရဝါ၊ အခြံအရံနှင့်ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။ သော ဟိ၊ ထိုသူသည်သာလျှင်။ တတ္ထ၊ ထိုလူအပေါင်း၌။ မဟာ၊ မြတ်သည်။ ဟောတိ၊ ဖြစ်၏။ အထ-ပစ္ဆာ၊ ထို့နောင်မှ။ သော၊ ထိုသူသည်။ သိင်္ဂါလော ဝိယ၊ မြေခွေးကဲ့သို့။ ပမာဒံ၊ မေ့လျော့ခြင်းသို့။ အာပဇ္ဇိတွာ၊ ရောက်၍။ တံ ပရိဝါရံ၊ ထိုအခြံအရံကို။ နိဿာယ၊ အမှီပြု၍။ ဝိနာသံ၊ ပျက်စီးခြင်းသို့။ ပါဏာတိ၊ ရောက်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မြေခွေးဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုရောဟိတ်ပုဏ္ဏား ဖြစ်ဘူးပြီဟု ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

မန္တန်တတ်မှု၊ အကြောင်းပြု၊ သားစု သေပျက်ပြုန်း

ရှေးဦးစွာသော သဗ္ဗဒါဌဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၂။ သုနခဇာတ်

ခွေးလိမ္မာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တက္ခသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဗာလော ဝတာယံ သုနခေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုနခဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် နေရာဇရပ်ဝယ် ခွေးစားခွက်၌ ထမင်းကို စားသောခွေးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုခွေးကို မွေးဦးစ ကာလမှစ၍ ရေခပ်ကုန်သောသူတို့သည် ယူကုန်၍ ထိုဇရပ်၌ မွေးကုန်သတတ်၊ နောက်အဘို့၌ ထိုဇရပ်၌ ထမင်းကိုစားလျက် ဆူဖြိုးသောကိုယ်ရှိသည် ဖြစ်၏။ ထိုအခါ တနေ့သ၌ ရွာ၌နေသော ယောက်ျားတို့သည် ထိုဇရပ်သို့ ရောက်လေသော် ခွေးကိုမြင်၍ ရေခပ်ကုန်သောသူတို့အား အပေါ်ရုံပုဆိုးကို၎င်း အသပြာကို၎င်း ပေး၍ တောက်ဖြင့်ဖွဲ့၍ ထိုခွေးကို ယူ၍ သွား၏။ ထိုခွေးသည် ယူဆောင်သည်ရှိသော်မမြည် ပေးတိုင်း ပေးတိုင်းသောအစာကို စားလျက် နောက်မှလိုက်၏။ ထိုအခါ ထိုယောက်ျားသည် ဤခွေးသည် ယခုအခါ ငါ့ကို အကျွမ်းဝင်၏ဟု တောက်ကို ဖြေ၏။ ထိုခွေးသည် လွှတ်တည့်ကာမျှဖြင့် တဟုန်တည်း နေရာဇရပ်သို့လျှင် ပြေးလာ၏။ ရဟန်းတို့သည် ထိုခွေးကို မြင်ကုန်၍ ထိုခွေးသည် ပြုအပ်သော အကြောင်းကို သိကုန်၍ ညချမ်းသောအခါ တရားသဘင်၌ ငါ့သျှင်တို့ နေရာဇရပ်၌ ခွေးသည် အနှောင်အဖွဲ့မှ လွတ်ခြင်း၌ လိမ္မာသည်ဖြစ်၍ လွှတ်တည့်ခြင်းလျှင် တဖန် ပြန်လာ၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ထိုခွေးသည် ယခုအခါ၌သာလျှင် အနှောင်အဖွဲ့မှ လွတ်ခြင်း၌ လိမ္မာသည် မဟုတ်သေး၊ ရှေး၌လည်း လိမ္မာသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်း၌ တဦးသော များသောစည်းစိမ်ရှိသော အမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် အိမ်ရာထောင်ခြင်းကိုယူ၏။ ထိုအခါ ဗာရာဏသီပြည်၌ တယောက်သောလူအား ခွေးသည် ရှိ၏။ ထိုခွေးသည် ထမင်းဆုပ်ကို ရခြင်းကြောင့် ဆူဖြိုးသော ကိုယ်ရှိ၏။ ထိုအခါ တယောက်သော ရွာသားသည် ဗာရာဏသီပြည်သို့ လာသည်ရှိသော် ထိုခွေးကိုမြင်၍ ထိုခွေးရှင်ယောက်ျားအား အပေါ်ရုံပုဆိုးကို၎င်း အသပြာကို၎င်း ပေး၍ ခွေးကိုယူ၍ သားရေလွန်ဖြင့်ချည်၍ လွန်စွန်း၌ကိုင်၍ သွားသည်ရှိသော် တောဝ၌ တခုသောဇရပ်သို့ ဝင်၍ ခွေးကိုချည်၍ ပျဉ်၌လျောင်း၍ အိပ်ပျော်ခြင်းသို့ ရောက်၏။ ထိုအခါ ဘုရားလောင်းသည် တစုံတခုသော ပြုဘွယ်ကိစ္စကြောင့် တောဝသို့ ရောက်သည်ရှိသော် လွန်ဖြင့်ချည်၍ ထားအပ်သောခွေးကို မြင်၍-

၁၈၄။ ဗာလော ဝတာယံ သုနခေါ၊ ယော ဝရတ္တံ န ခါဒတိ။
ဗန္ဓနာ စ ပမုဉ္စေယျ။ အသိတော စ ဃရံ ဝဇေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၈၄။ ယော သုနခေါ၊ အကြင်ခွေးသည်။ ဝရတ္တံ၊ သားရေလွန်ကို န ခါဒတိ၊ မစား။ အယံ သုနခေါ၊ ဤခွေးသည်။ ဗာလော ဝတ၊ မိုက်စွတကား။ ဗန္ဓနာ စ၊ အနှောင်အဖွဲ့မှလည်း။ ပမုဉ္စေယျ၊ လွတ်စေ၍။ အသိတော စ၊ ဝသည်ဖြစ်၍လည်း။ ဃရံ၊ မိမိနေရာအရပ်သို့။ ဝဇေ၊ ပြေးလေလော့။

ထိုစကားကို ကြား၍ ခွေးသည်-

၁၈၅။ အဓိဋ္ဌိတံ မေ မနသ္မိံ မေ၊ အထော မေ ဟဒယေ ကတံ။
ကာလဉ္စ ပဋိကင်္ခါမိ၊ ယာဝ ပဿုပတူ ဇနော။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၈၅။ သာမိ၊ အရှင်။ တုမှေ၊ သင်တို့သည်။ ယံ ဝစနံ၊ အကြင်စကားကို။ ကထေထ၊ ဆိုကုန်၏။ တံ ဝစနံ၊ ထိုစကားကို။ မေ၊ ငါ၏။ မနသ္မိံ၊ စိတ်၌။ မေ၊ ငါသည်။ အဓိဋ္ဌိတံ၊ ဆောက်တည်အပ်၏။ အထော၊ ထိုမြို့။ မေ၊ ငါသည်။ ဟဒယေ၊ နှလုံး၌။ ကတံ ကတော၊ ပြုအပ်သလျှင်ကတည်း။ ဇနော၊ လူများသည်။ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ ပဿုပတု၊ အိပ်စေသတည်း။ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။ နိသီဒိသာမီတိ၊ နေဦးအံ့ဟူ၍။ ကာလဉ္စ၊ ကာလကိုလည်း။ ပဋိကင်္ခါမိ၊ ငံ့လင့်၏။

ထိုခွေးသည် ဤသို့ဆို၍ လူအများသည် အိပ်ပျော်ခြင်းသို့ ရောက်သည်ရှိသော် လွန်ကိုစား၍ ဝသည်ဖြစ်၍ ပြေးလေ၍ မိမိ၏ အရှင်တို့၏ အိမ်သို့လျှင် သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ခွေးသည်သာလျှင် ထိုအခါ ခွေးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိယောက်ျား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ်ရေးကိုယ်တာ၊ လွတ်ကြောင်းရှာ၊ မျက်နှာရွှင်ရွှင်သုံး

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သုနခဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၃။ ဂုတ္တိလဇာတ်

စောင်းဝိဇ္ဇာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သတ္တတန္တိံ သုမဓုရံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂုတ္တိလဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တရားသဘင်၌ ရဟန်းတို့သည် ဒေဝဒတ်ကို ငါ့သျှင်ဒေဝဒတ် မြတ်စွာဘုရားသည် သင်၏ ဆရာတည်း၊ ငါ့သျှင်သည် မြတ်စွာဘုရားကိုမှီ၍ ပိဋကတ်သုံးပုံတို့ကို သင်၏။ လေးပါးကုန်သော ဈာန်တို့ကိုဖြစ်စေ၏။ ဆရာ၏ ရန်သူဖြစ်ခြင်းသည် မသင့်ဟု ဆိုကုန်၏။ ဒေဝဒတ်သည် ငါ့သျှင်တို့ ရဟန်းဂေါတမသည် အဘယ်မှာလျှင် ငါ၏ဆရာ ဟုတ်အံ့နည်း၊ ငါသည် မိမိ၏အစွမ်းအားဖြင့်သာလျှင် ပိဋကတ်သုံးပုံတို့ကို၎င်း လေးပါးကုန်သော ဈာန်တို့ကို၎င်း ဖြစ်စေအပ်သည်ဟု ဆို၍ ဆရာကို စွန့်၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဒေဝဒတ်သည် ဆရာကိုစွန့်၍ ဆရာဖြစ်သော ဘုရား၏ရန်သူဖြစ်၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်သော် အရှင်ဘုရား ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဒေဝဒတ်လည် ယခုအခါ ယခုအခါ၌သာလျှင် ဆရာဖြစ်သော ငါ့ကိုစွန့်၍ ငါ၏ရန်သူဖြစ်၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်သည်မဟုတ်သေး၊ ရှေး၌လည်း ရောက်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် စောင်းသမားအမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်းအား ဂုတ္တိလသတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုဂုတ္တိလသည် အရွယ်သို့ရောက်သည်ရှိသော် စောင်းအတတ်၌ အပြီးသို့ရောက်၍ ဇမ္ဗူကျွန်းအလုံး၌ မြတ်သောစောင်းသမား ဖြစ်၏။ ထိုဂုတ္တိလစောင်းသမားသည် သားမယားမွေးခြင်းကို မပြုမူ၍ မိဘမျက်မမြင်တို့ကို မွေးကျွေး၏။ ထိုအခါ ဗာရာဏသီပြည်သားတို့သည် ကုန်သွယ်အံ့သောငှါ ဥဇ္ဇေနီပြည်သို့ သွားကုန်၍ ပွဲသဘင်ကြွေးကြော်လတ်ကုန်သည်ရှိသော် ဆန္ဒကိုတပေါင်းတည်း ပြည့်ကုန်၍ များစွာသော ပန်း နံ့သာ နံ့သာပျောင်းတို့ကို၎င်း ခဲဘွယ် ဘောဇဉ်အစရှိသည်တို့ကို၎င်း ယူကုန်၍ ကစားရာအရပ်၌ စည်းဝေးကုန်၍ အခဖြင့် တယောက်သော စောင်းသမားကို ဆောင်ချေကုန်လောဟု ဆိုကုန်၏။ ထိုအခါ ဥဇ္ဇေနီပြည်၌ မူသိလအမည်ရှိသော စောင်းသမားကြီးသည် ရှိ၏။ ထိုကုန်သည်တို့သည် မူသိလ စောင်းသမားကို ခေါ်စေကုန်၍ မိမိ၏ စောင်းတီးခြင်းအတတ်ကို ပြုစေကုန်၏။

မူသိလသည် စောင်းကိုတီးလတ်သည်ရှိသော် အမြတ်ဖြစ်သော တီးခြင်းဖြင့်တီး၍ မြည်စေ၏။ ဂုတ္တိလ စောင်းသမား၏ စောင်းသံ၌ ဖြစ်ဘူးသော လေ့ကျက်ခြင်းရှိကုန်သော ထိုကုန်သည်တို့အား ထိုမူသိလ၏ စောင်းသံသည် ဝါးခြမ်းစိပ်အတံ စောင်းကိုတီးသကဲ့သို့ဖြစ်၍ ထင်၏။ တယောက်သော သူသည်မူလည်း ရွှင်သောအခြင်းအရာကို မပြ၊ မူသိလသည် ထိုကုန်သည်တို့သည် နှစ်သက်သောအခြင်းအရာကို မပြကုန်သည်ရှိသော် ငါသည် အလွန်ကြမ်းသည်ကို ပြု၍ တီးမိယောင်တကားဟု အလတ်ဖြစ်သော တီးခြင်းဖြင့်တီး၍ အလတ်ဖြစ်သောအသံကို မြည်စေသည်ရှိသော် ထိုအလတ်ဖြစ်သော အသံတို့၌ လျစ်လျူတည်ကုန်သည်သာလျှင် ဖြစ်ကုန်၏။ ထိုအခါ ထိုမူသိလသည် ဤသူတို့သည် တစုံတခုကို မသိကုန်ယောင်တကားဟု မိမိသည်လည်း မသိသကဲ့သို့ဖြစ်၍ ညှို့တို့ကို လျော့သည်ကိုပြု၍ တီး၏။ ထိုကုန်သည်တို့သည် ထိုသို့တီးရာ၌လည်း တစုံတခုကို မဆိုကုန်၊ ထိုအခါ ထိုကုန်သည်တို့ကို မူသိလသည် အို... ကုန်သည်တို့ ငါသည် စောင်းကို တီးလတ်သော် သင်တို့သည် အဘယ်ကြောင့် မနှစ်သက်ကြကုန်သနည်းဟု မေး၏။ သင်သည် စောင်းကို တီးသလော၊ ငါတို့သည်ကား ဤမူသိလသည် စောင်းကိုတီး၏ ဟူသော အမှတ်ကို မပြုကုန်ဟု ကုန်သည်တို့သည် ဆိုကုန်၏။ သင်တို့သည် ငါ့ထက် လွန်မြတ်သော ဆရာကို သိကုန်သလော၊ ထိုသို့မဟုတ်မူကား မသိမလိမ္မာသည်၏အဖြစ်ကြောင့် မနှစ်သက်ကုန်သလောဟု ဆိုသည်ရှိသော် ကုန်သည်တို့သည် ဗာရာဏသီပြည်၌ ဂုတ္တိလ စောင်းသမား၏ စောင်းသံကို ကြားဘူးကုန်သော ငါတို့အား သင်၏စောင်းသံသည် မိန်းမတို့သည် သူငယ်တို့ကို နှစ်သိမ့်စေသော အသံကဲ့သို့ ထင်ကုန်၏ဟု ဆိုကုန်၏။ ထိုသို့တပြီးကား သင်တို့သည် ငါ့အား ပေးအပ်သောရိက္ခာကို ခံယူကြကုန်လော့။ ငါ့အား ထိုရိက္ခာဖြင့် အလိုမရှိ၊ စင်စစ်သော်ကား ဗာရာဏသီပြည်သို့ သွားကုန်သည်ရှိသော် ငါ့ကိုဆောင်၍ သွားကုန်လော့ဟု မူသိလသည် ဆို၏။ ထိုကုန်သည်တို့သည် ကောင်းပြီဟု ဝန်ခံကုန်၍ သွားသောကာလ၌ ထိုမူသိလကိုခေါ်၍ ဗာရာဏသီပြည်သို့ သွားကုန်၍ ထိုမူသိလအား ဂုတ္တိလ၏ နေရာအရပ်ကား ထိုအရပ်တည်းဟု ကြားကုန်၍ မိမိ မိမိတို့၏ အိမ်သို့ သွားကုန်၏။

မူသိလသည် ဘုရားလောင်း၏ အိမ်သို့ဝင်၍ ဆွဲ၍ထားအပ်သော စောင်းကိုမြင်၍ ယူ၍ တီး၏။ ထိုအခါ ဘုရားလောင်း၏ မိဘတို့သည် စက္ခုအလင်းမရသည်၏ အဖြစ်ကြောင့် ထိုမူသိလကို မမြင်ကုန်သည်ဖြစ်၍ ကြွက်တို့သည် စောင်းကို ကိုက်ကုန်၏ဟု ထင်ကုန်၍ သုသုဟု ဆိုကုန်၏။ ထိုအခါ မူသိလသည် စောင်းကိုထား၍ ဘုရားလောင်း၏ မိဘတို့ကို ရှိခိုး၍ မိခင် ဘခင်တို့-စောင်းတီးသည်ကား ငါတည်းဟု ဆို၍ သင်သည် အဘယ်အရပ်မှ လာသနည်းဟု ဆိုသည်ရှိသော် ဆရာ၏အထံ၌ အတတ်ကို သင်အံ့သောငှါ ဥဇ္ဇေနီပြည်မှ လာ၏ဟုဆို၏။ ထိုဘုရားလောင်း၏ မိဘတို့သည် ကောင်းပြီဟု ဆိုသည်ရှိသော် ဆရာ အဘယ်အရပ်မှာနည်းဟု မေး၍ အမောင် တပါးသို့ သွားသေး၏။ ယခုအခါ ရောက်လတ္တံ့ ဟု ဆိုသောစကားကို ကြား၍ ထိုအရပ်၌ပင်လျှင်နေ၍ ဘုရားလောင်းလာလတ်သည်ကိုမြင်၍ ထိုဘုရားလောင်းသည် ပြုအပ်သော အစေ့အစပ်ရှိသည်ဖြစ်၍ မိမိ၏ လာသောအကြောင်းကို ကြား၏။ ဘုရားလောင်းသည် အင်္ဂဝိဇ္ဇာကို တတ်သည်ဖြစ်၍ ထိုမူသိလ၏ သူတော်မဟုတ်သည်၏ အဖြစ်ကိုသိ၍ ညီထွေး သွားလေ၊ သင့်အတတ်သည် မရှိဟု ပယ်၏။ ထိုမူသိလသည် ဘုရားလောင်း၏ မိဘတို့၏ ခြေတို့ကိုကိုင်၍ ဆုပ်နယ်ခြင်းကို ပြုလျက် ထိုမိဘတို့ကို ကြား၍ အကျွန်ုပ်အား အတတ်ကို ပေးပါစေကုန်လော့ဟု တောင်းပန်၏။ ဘုရားလောင်းအား မိဘတို့သည် အဖန် တလဲလဲ ဆိုအပ်သည်ရှိသော် ထိုမိဘတို့ကို လွန့်အံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ အတတ်ကို ပေး၏။ ထိုမူသိလသည် ဘုရားလောင်းနှင့်တကွ မင်းအိမ်သို့ သွား၏။ မင်းသည် မူသိလကိုမြင်၍ ဆရာ ဤသူကား အဘယ်သူနည်းဟုမေး၏ မြတ်သောမင်းကြီး ဤသူကား အကျွန်ုပ်၏တပည့်တည်းဟု လျောက်၏။ ထိုမူသိလသည် အစဉ်သဖြင့် မင်းအား အကျွမ်းဝင်ခြင်းသည် ဖြစ်၏။ ဘုရားလောင်းသည် ဆရာ၏ လက်ဆုပ်ကို မပြုမူ၍ မိမိသိသောအမှတ်ဖြင့် အလုံးစုံသောအတတ်ကို သင်စေ၍ အမောင် အတတ်သည်ပြီး၏။ ဟု ဆို၏။

ထိုမူသိလသည် ငါသည် အတတ်ကို လေ့လာအပ်ပြီ၊ ဤဗာရာဏသီမြို့သည်လည်း ဇမ္ဗူကျွန်းအလုံး၌ မြတ်သော မြို့တည်း၊ ဆရာသည်လည်း အိုမင်းပြီ၊ ဤဗာရာဏသီမြို့၌လျှင် ငါသည် နေခြင်းငှါ သင့်၏ဟု ကြံ၏။ ကြံပြီး၍ ထိုမူသိလသည် ဆရာကို ဆရာ ကျွန်ုပ်သည် မင်းကိုခစားအံ့ဟုဆို၏။ ဆရာသည် အမောင် ကောင်းပြီ မင်းအား လျောက်ဦးအံ့ဟု ဆို၍ သွားပြီးလျှင် မြတ်သောမင်းကြီး အကျွန်ုပ်၏တပည့်သည် အရှင်မင်းကြီးကို ခစားခြင်းငှါ အလိုရှိ၏။ ထိုသူအား ပေးဘွယ်ဝတ္ထုကို သိတော်မူကုန်လော့ဟု မင်းအား လျှောက်၍ မင်းသည် သင်တို့အား ပေးအပ်သောဝတ္ထုမှ ထက်ဝက်ကို ရလတ္တံ့ဟု ဆိုသည်ရှိသော် ထိုအကြောင်းကို မူသိလအား ကြား၏။ မူသိလသည် ဆရာ ငါသည် သင်တို့နှင့်အမျှသော ဆုလာဘ်ကို ရသည်ရှိသော် ခစားအံ့၊ မရသည်ရှိသော် မခစားအံ့ဟု ဆို၏။ အဘယ်ကြောင့်နည်းဟု ဆိုသည်ရှိသော် ငါသည် ဆရာတတ်သော အလုံးစုံသောအတတ်ကို တတ်သည် မဟုတ်တုံလောဟုဆို၏။ တတ်၏ဟု ဘုရားလောင်းဆိုသည်ရှိသော် ဤသို့ ဆရာနှင့်အမျှတတ်လျက် အဘယ်ကြောင့် ငါ့အား ထက်ဝက်သောဥစ္စာကိုသာ ပေးလတ္တံ့နည်းဟု ဆို၏။ ဘုရားလောင်းသည် မင်းအား ကြား၏။ မင်းသည် ဆရာ ဤသို့ဖြစ်သည်ရှိသော် သင်တို့နှင့်အမျှ အတတ်ကို ပြခြင်းငှါ စွမ်းနိုင်မူကား အမျှဖြစ်သော ဆုလာဘ်ကို ရလတ္တံ့ဟု ဆို၏။ ဘုရားလောင်းသည် မင်း၏စကားကို မူသိလအား ကြား၍ ထိုမူသိလသည် ကောင်းပြီ ပြအံ့ဟု ဆိုသည်ရှိသော် မင်းအား ထိုအကြောင်းကို လျှောက်၍ ဆရာ ကောင်းပြီ ပြစေလော၊ အဘယ်နေ၌ ဆွေးနွေး ပြိုင်ဆိုင်ကြခြင်းသည် ဖြစ်လတ္တံ့နည်းဟု ဆိုသည်ရှိသော် မြတ်သောမင်းကြီး ခုနစ်ရက်မြောက်သော နေ့၌ ဖြစ်စေလော့ဟု လျှောက်၏။

မင်းသည် မူသိလကို ခေါ်စေ၍ မူသိလ သင်သည် ဆရာနှင့်တကွ အတတ်ပညာ ဆွေးနွေးပြိုင်ဆိုင်ခြင်းကို ပြုလတ္တံ့ဟူ၍ကြားရသည်ကား မှန်သလောဟု မေး၍ မှန်ပေ၏ဟု လျောက်သည်ရှိသော် မူသိလ ဆရာနှင့်တကွ ပြိုင်ဆိုင်ခြင်းမည်သည်ကား မအပ်၊ မပြုလင့်ဟု မြစ်သော်လည်း မြတ်သောမင်းကြီး မသင့်၊ အကျွန်ုပ်၏ ဆရာနှင့်တကွ ခုနစ်ရက်မြောက်သောနေ့၌ ပြိုင်ဆိုင်ဆွေးနွေးခြင်းသည် ဖြစ်ပါစေသတည်း၊ ဆရာတပည့်နှစ်ယောက်တို့တွင် တယောက်ယောက် တတ်သည်၏အဖြစ်ကို သိရလတ္တံ့ဟု ဆို၏။ မင်းသည် ကောင်းပြီဟု ဝန်ခံ၍ ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ဆရာဂုတ္တိလသည်၎င်း တပည့်မူသိလသည်၎င်း မင်းအိမ်တံခါး၌ အချင်းချင်း ပြိုင်ကြကုန်၍ အတတ်ကို ပြကုန်လတ္တံ့။ မြို့သူတို့သည် စည်းဝေးကုန်၍ အတတ်ကို ကြည့်ကုန်လော့ဟု စည်လည်စေ၏။ ဘုရားလောင်းသည် ကြံ၏။ အသို့ကြံသနည်း ဟူမူကား ဤမူသိလသည် ငယ်နု ပျိုမျစ်၏။ ငါကား ကြီးရင့်ချေပြီ၊ ငါ့အားအစွမ်း လျော့ချေပြီ၊ သူအို၏ အမူအရာမည်သည်ကား မပြည့်စုံ၊ တပည့်မည်သည်ကား ရှုံးသော်လည်း အထူးမရှိ၊ တပည့်အား အောင်ခြင်းသည် ရှိလတ်သော် ဆရာသည် အရှက်ရချေ၏။ တောဝင်၍ သေခြင်းသည် ကောင်းမြတ်၏ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် တောသို့ဝင်၍ သေရအံ့သည်မှ ကြောက်သောကြောင့် ပြန်၏။ ရှက်ရအံ့သည်မှ ကြောက်သောကြောင့် သွား၏။ ဤသို့ ဘုရားလောင်းသည် သွားခြင်း လာခြင်းကို ပြုစဉ်သာလျှင် ခြောက်ရက်တို့သည် လွန်ကုန်၏။ မြက်တို့သည် သေကုန်၏။ ခြေကြောင်းခရီးသည် ဖြစ်၏။ ထိုခဏ သိကြားမင်း၏နေရာ ကျောက်ဖျာသည် ပူသော အခြင်းအရာကို ပြ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သည်ရှိသော် ထိုအကြောင်းကိုသိ၍ ဂုတ္ထိလစောင်းသမားသည် တပည့်မှ ကြောက်ခြင်းကြောင့် တော၌ ကြီးစွာသောဆင်းရဲကို ခံရ၏။ ငါသည် ထိုဂုတ္တိလစောင်းသမား၏ ကိုးကွယ်ရာ ဖြစ်ခြင်းငှါ သင့်၏ဟု ကြံ၍ လျင်စွာလာလတ်၍ ဘုရားလောင်း၏ ရှေ့မှရပ်၍ ဆရာ ဆရာသည် အဘယ်ကြောင့် တောသို့ဝင်လေသနည်းဟု မေး၍ သင်သည် ဘယ်သူနည်းဟု မေးလတ်သည်ရှိသော် ငါသည် သိကြားမင်းဖြစ်၏ဟု ဆို၏။ ထိုအခါ ထိုသိကြားမင်းကို ဘုရားလောင်းသည် သိကြားမင်း ငါသည်လျှင် တပည့်မှ ရှုံးအံ့သည်ကို ကြောက်ခြင်းကြောင့် တောသို့ ဝင်၏ဟု ဆို၍-

၁၈၆။ သတ္တတန္တိံ သုမဓုရံ၊ ရာမဏေယျံ အဝါစယိံ။
သော မံ ရင်္ဂမှိ အဝှေတိ၊ သရဏံ မေ ဟောဟိ ကောသိယ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၈၆။ ဒေဝရာဇ၊ သိကြားမင်း။ အဟံ၊ ငါသည်။ မူသိလံ နာမ၊ မူသိလမည်သော။ အန္တေဝါသိကံ၊ တပည့်ကို။ သတ္တတန္တိံ၊ ညှို့ခုနစ်ချောင်းရှိထသော။ သုမဓုရံ၊ သုမဓုရ အမည်ရှိတသော။ ရာမဏေယျံ၊ မွေ့လျော်ဘွယ်ရှိထသော။ ဝီဏံ၊ စောင်းကို။ အတ္တနော၊ မိမိ၏။ ဇာနနနိယာမေန၊ သိသော အမှတ်ဖြင့်။ အဝါစယိံ၊ သင်၏။ သော၊ ထိုမူသိလသည်။ မံ၊ ငါ့ကို။ ဣဒါနိ၊ ယခုအခါ၌။ ရင်္ဂမှိ၊ ပွဲသဘင်၏အလယ်သို့။ အဝှေတိ၊ ခေါ်၏။ ကောသိယ၊ ကောသိယအနွယ်ဖြစ်သော သိကြားမင်း။ တွံ၊ သင်သည်။ တဿ-မေ၊ ထိုငါ၏။ သရဏံ၊ ကိုးကွယ်ရာသည်။ ဟောဟိ၊ ဖြစ်ပါလော့။

သိကြားမင်းသည် ထိုဂုတ္တိလ၏ စကားကိုကြား၍ ဆရာ ဆရာသည် မကြောက်လင့်၊ ငါသည် ဆရာ၏ကိုးကွယ်ရာ မှီခိုရာဖြစ်အံ့ဟု ဆို၍-

၁၈၇။ အဟံ တံ သရဏံ သမ္မ၊ အဟမာစရိယ ပူဇကော။
န တံ ဇယိဿတိ သိဿော၊ သိဿမာစရိယ ဇေဿသိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၈၇။ သမ္မ အာစရိယ၊ ကောင်းသောဆရာ။ အဟံ၊ ငါသည်။ တဝ၊ သင်၏။ သရဏံ၊ ကိုးကွယ်ရာဖြစ်၍။ တံ၊ သင့်ကို။ တာယိဿာမိ၊ ကယ်အံ့။ အာစရိယ၊ ဆရာ။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ ပူဇကော၊ ပူဇော်အံ့။ အာစရိယ၊ ဆရာ။ တံ၊ သင့်ကို သိဿော၊ တပည့် မူသိလသည်။ န ဇယိဿတိ၊ မအောင်လတ္တံ့။ အာစရိယ၊ ဆရာ။ တွံ၊ သင်သည်။ သိဿံ၊ တပည့်မူသိလကို။ ဇေဿသိ၊ အောင်လတ္တံ့။

စင်စစ်သော်ကား သင်သည် စောင်းကို တီးလတ်သည်ရှိသော် ညှို့တချောင်းကိုဖြတ်၍ ညှို့ခြောက်ချောင်းတို့ကို တီးလော့၊ သင့်စောင်းသည် ပကတိသော အသံသည် ဖြစ်လတ္တံ့၊ မူသိလသည်လည်း စောင်းညှို့ကို ဖြတ်လတ္တံ့၊ ထိုအခါ ထိုမူသိလ၏စောင်းသံသည် မဖြစ်လတ္တံ့၊ ထိုခဏ၌ ထိုမူသိလသည် ရှုံးခြင်းသို့ ရောက်လတ္တံ့။ ထိုအခါ ထိုမူသိလ၏ ရှုံးသည်၏ အဖြစ်ကို သိ၍ နှစ်ခုမြောက်ဖြစ်သော ညှို့ကို၎င်း သုံးခုမြောက်ဖြစ်သော ညှို့ကို၎င်း လေးခုမြောက်ဖြစ်သော ညှို့ကို၎င်း ငါးခုမြောက်ဖြစ်သော ညှို့ကို၎င်း ခြောက်ခုမြောက်ဖြစ်သော ညှို့ကို၎င်း ခုနစ်ခုမြောက်ဖြစ်သော ညှို့ကို၎င်း ဖြတ်၍ စောင်းရိုးသက်သက်ကိုသာလျှင် တီးလော့၊ ဖြတ်အပ်သော စောင်းညှို့စွန်းတို့မှ အသံသည်ထွက်လတ်၍ အလုံးစုံ တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီမြို့ကို လွှမ်း၍တည်လတ္တံ့ ဟု ဤသို့ဆို၍ သိကြားမင်းသည် ဘုရားလောင်းအား စောင်းသုံးလက်တို့ကို ပေးလိုက်၍ တီးအပ်သော စောင်းသံဖြင့် မြို့အလုံးကို လွှမ်းသည်ရှိသော် ဤစောင်းသုံးလက်မှ စောင်းတလက်ကို ကောင်းကင်သို့ ပစ်လော့၊ ထိုသို့ပစ်သည်ရှိသော် သင်၏ ရှေ့မှ သက်လာကုန်၍ နတ်သ္မီးသုံးရာတို့သည် က, လာကုန်လတ္တံ့၊ ထိုနတ်သီးတို့၏ ကသောကာလ၌ နှစ်ခုမြောက်သော စောင်းလက်ကို ပစ်ဦးလော့၊ ထိုသို့ပစ်သည်ရှိသော် တပါးလည်းဖြစ်ကုန်သော နတ်သ္မီးသုံးရာတို့သည်လည်း သင်၏ စောင်းဦး၌ က, ကုန်လတ္တံ့။ ထို့နောင်မှ သုံးခုမြောက်သော စောင်းလက်ကို ပစ်ဦးလော့၊ ထိုသို့ပစ်သည်ရှိသော် တပါးလည်းဖြစ်ကုန်သော နတ်သ္မီးသုံးရာတို့သည်လည်း သက်လာကုန်၍ ပွဲသဘင်အပြင်၌ က, ကုန်လတ္တံ့၊ ငါသည်လည်း ထိုပွဲသဘင်ကို ရှုကုန်သောသူတို့၏ အထံသို့ လာအံ့၊ သွားလေ မကြောက်လင့်ဟုဆို၏။ ဘုရားလောင်းသည် နံနက်အခါ အိမ်သို့သွား၏။ မြို့သူတို့သည် တံခါး၏အနီး၌ မဏ္ဍပ်ကိုပြုကုန်၍ မင်း၏ နေရာကို ခင်းကုန်၏။ မင်းသည် ပြာသာဒ်မှသက်၍ တန်ဆာဆင်အပ်သော မဏ္ဍပ်ဝယ် ပလ္လင်၏အလယ်၌ နေ၏။ တသောင်းနှစ်ထောင်ကုန်သော တန်ဆာဆင်အပ်ကုန်သော မိန်းမတို့သည်၎င်း အမတ် ပုဏ္ဏား သူကြွယ် အစရှိကုန်သော သူတို့သည်၎င်း မင်းကိုခြံရံကုန်၏။ ခပ်သိမ်းကုန်သော မြို့သူတို့သည် စည်းဝေးကုန်၏။ မင်းယင်ပြင်၌ လှည်းအဆင့်ဆင့်တို့ကို၎င်း ညောင်စောင်းအဆင့်ဆင့်တို့ကို၎င်း ဖွဲ့ကုန်၏။

ဘုရားလောင်းသည် ရေချိုး၍ လျှော်စွာလိမ်းကျံ၍ အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်တို့ကို စား၍ စောင်းကိုယူခဲ့စေ၍ မိမိဘို့ခင်းအပ်သော နေရာ၌နေ၏။ လူများသည် ခြံရံ၏။ သိကြားမင်းသည် မထင်ရှားသောကိုယ်ဖြင့် လာလတ်၍ ကောင်းကင်၌တည်၏။ ဘုရားလောင်းသည်သာလျှင် သိကြားမင်းကိုမြင်၏။ မူသိလသည်သည်း လာလတ်၍ မိမိနေရာ၌ နေ၏။ လူများသည် ခြံရံ၏။ အစမှလျှင် ဆရာတပည့်နှစ်ယောက်တို့သည်လည်း အမျှထပ်တူ တီးကြကုန်၏။ လူအပေါင်းတို့သည်လည်း ဆရာတပည့်နှစ်ယောက်တို့အားလည်း စောင်းတီးခြင်းကို နှစ်သက်သည်ဖြစ်၍ များစွာကုန်သော ကြွေးကြော်ခြင်းတို့ကို ဖြစ်စေ၏။ သိကြားမင်းသည် ကောင်းကင်၌တည်၍ ဘုရားလောင်းကိုသာလျှင် ကြားစေလျက် ညှို့တချောင်းကို ဖြတ်လော့ဟုဆို၏။ ဘုရားလောင်းသည် စောင်းညှို့ကို ဖြတ်၏။ ထိုစောင်းညို့သည် ပြတ်သော်လည်း ပြတ်သောအစွန်းမှ အသံထွက်သလျှင်ကတည်း၊ နတ်စောင်းသံကဲ့သို့ ဖြစ်၏။ မူသိလလည်း စောင်းညှို့ကို ဖြတ်၏။ ထိုဖြတ်အပ်သော စောင်းညှို့မှ အသံသည်မထွက်၊ ဆရာသည် နှစ်ခုမြောက်ဖြစ်သော စောင်းညှို့ကို၎င်း သုံးခုမြောက်ဖြစ်သော စောင်းညှို့ကို၎င်း လေးခုမြောက်ဖြစ်သော စောင်းညှို့ကို၎င်း ငါးခုမြောက်ဖြစ်သော စောင်းညှို့ကို၎င်း ခြောက်ခုမြောက်ဖြစ်သော စောင်းညှို့ကို၎င်း ခုနစ်ခုမြောက်ဖြစ်သော စောင်းညှို့ကို၎င်း ဖြတ်၏။ သက်သက်သော စောင်းရိုးကိုတီးသော ဘုရားလောင်း၏ စောင်းသံသည် ဗာရာဏသီမြို့ကို လွှမ်း၍ တည်၏။ ပုဆိုးပစ်လွှားခြင်း အထောင်တို့ကို၎င်း ကြွေးကြော်ခြင်း အထောင်တို့ကို၎င်း ဖြစ်စေကုန်၏။ ဘုရားလောင်းသည် စောင်းလက်တခုကို ကောင်းကင်သို့ ပစ်၏။ နတ်သ္မီးသုံးရာတို့သည် သက်လာကုန်၍ က, ကုန်၏ ဤအတူ နှစ်ခုမြောက်သော စောင်းလက်ကို၎င်း သုံးခုမြောက်သော စောင်းလက်ကို၎င်း ကောင်းကင်သို့ ပစ်သည်ရှိသော် သုံးရာ သုံးရာကုန်သော နတ်သ္မီးတို့သည် သက်လာကုန်၍ က, ကုန်၏။

ထိုခဏ၌ မင်းသည် လူအပေါင်းအား မျက်စိကိုမှိတ်ခြင်း လည်ကိုညိတ်ခြင်း အမှတ်ကိုပေး၍ လူအပေါင်းသည် ထ၍ သင်သည် ဆရာနှင့်တကွ ဆန့်ကျင်ဘက်ပြု၍ တူမျှသော လာဘသက္ကာရရှိသည်ကို ပြုအံ့ဟူ၍ လုံ့လပြု၏။ ပမာဏကို မသိဟု မူသိလကိုခြိမ်းချောက်၍ ကိုင်မိတိုင်း ကိုင်မိတိုင်းသာလျှင် ဖြစ်ကုန်သော ကျောက်ခဲ လှံတံ အစရှိသည်တို့ဖြင့် မှုန့်မှုန့်ညက်ညက် ကြေစေ၍ အသက်ကုန်ခြင်းသို့ ရောက်စေ၍ ခြေတို့ကိုကိုင်၍ တံမြက်ချေး အမှိုက်စုရာအရပ်၌ စွန့်ပစ်၏။ မင်းသည် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ တခဲနက်သေ မိုဃ်းကို ရွာစေဘိသကဲ့သို့ ဘုရားလောင်းအား များစွာသော ဥစ္စာကို ပေး၏။ ထို့အတူ မြို့သူတို့သည် များစွာသော ဥစ္စာတို့ကို ပေးကုန်၏။ သိကြားမင်းသည်လည်း ဘုရားလောင်းနှင့်တကွ စေ့စပ်ခြင်းကိုပြု၍ ပညာရှိ ငါသည် သင့်ဘို့ အာဇာနည်မြင်းတထောင် က, သော ရထားကိုယူ၍ သွားချေဟု မာတလိ နတ်သားကို စေလိုက်အံ့၊ အာဇာနည်မြင်းတထောင်က, သော ဝေဇယန္တာရထားမြတ်ကိုစီး၍ နတ်ပြည်သို့ လိုက်လာခဲ့လောဟု ဆို၍ ဖဲ၏။

ထိုအခါ၌ သွား၍ ပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌နေသော ထိုသိကြားမင်းကို မြတ်သောမင်းကြီး အရှင်တို့သည် အဘယ်သို့ ကြွကုန်သနည်းဟု နတ်သီးတို့သည် မေးကုန်၏။ သိကြားမင်းသည် ထိုနတ်သ္မီးတို့အား အကြောင်းကို အကျယ်အားဖြင့်ဆို၍ ဘုရားလောင်း၏ သီလကို၎င်း ကျေးဇူးကို၎င်း ချီးမွမ်း၏။ နတ်သ္မီးတို့သည် မြတ်သောမင်းကြီး အကျွန်ုပ်တို့သည်လည်း ဆရာကို ဖူးလိုကုန်၏။ ထိုဆရာကို ဤနတ်ပြည်သို့ ပင့်ဆောင်တော်မူပါကုန်လောဟု လျှောက်ကုန်၏။ သိကြားမင်းသည် မာတလိနတ်သားကို ခေါ်၍ အမောင် မာတလိ နတ်သ္မီးတို့သည် ဂုတ္တိလ စောင်းသမားကို ဖူးလိုကုန်၏။ သွားချေ ထိုဂုတ္တိလ စောင်းသမားကို ဝေဇယန္တာ ရထား၌ စီးစေ၍ ပင့်ဆောင်ချေလော့ဟု ဆို၍ မာတလိ နတ်သားသည် ကောင်းပြီးဟု သွား၍ ဘုရားလောင်းကို ပင့်ဆောင်၏။ သိကြားမင်းသည် ဘုရားလောင်းနှင့်တကွ ဝမ်းမြောက်ဝမ်းသာ ပြောဟော၍ ဆရာ ဆရာ၏စောင်းသံကို နတ်သ္မီးတို့သည် နားထောင်လိုကုန်သတည်းဟု ဆို၏။

မြတ်သောမင်းကြီး အကျွန်ုပ်တို့ စောင်းသမားတို့မည်သည်ကား အတတ်ကို မှီကုန်၍ အသက်မွေးရကုန်၏။ အဘိုးရကုန်သည်ရှိသော် တီးရချေကုန်အံ့ဟု ဆို၏။ ဆရာ တီးလော့၊ သင့်အား အဘိုးကို ပေးအံ့ဟု ဆိုသည်ရှိသော် ငါ့အား တပါးသောအဘိုးဖြင့် အလိုမရှိ၊ ဤနက်သ္မီးတို့သည်ကား မိမိ၏ကောင်းမှုကံကို ဆိုစေကုန်သတည်း၊ ဤသို့ဆိုသည်ရှိသော် ငါသည် တီးအံ့ဟု ဆို၏။ ထိုအခါ ဂုတ္တိလစောင်းသမားကို နတ်သ္မီးတို့သည် ဆရာ ငါတို့သည် ပြုအပ်သော ကောင်းမှုကံကို နောက်မှ သင့်အား ဆိုကုန်အံ့၊ စောင်းကို တီးလော့ဟု ဆိုကုန်၏။ ဘုရားလောင်းသည် ခုနစ်ရက်ပတ်လုံးနတ်တို့၏အကျိုးငှါ စောင်းကိုတီး၏။ ထိုစောင်းသည် နတ်စောင်းကို လွှမ်းမိုး၍ ဖြစ်၏။ ခုနစ်ရက်မြောက်သောနေ့၌ အစမှစ၍ နတ်သ္မီးတို့၏ ကောင်းမှုကံကို မေး၏။ တယောက်သော နတ်သီးသည် ကဿပဘုရား ပွင့်တော်မူသော ကာလ၌ တပါးသော ရဟန်းအား မြတ်သောအဝတ်ကို လှူသောကြောင့် သိကြားမင်း၏ အလုပ်အကျွေးဖြစ်၏။ ဂုတ္တိလစောင်းသမားသည် ထိုနတ်သီးကို နတ်သ္မီး သင်သည် ရှေးဘဝ၌ အဘယ်ကောင်းမှုကို ပြုသောကြောင့် နတ်သ္မီးတထောင် အခြွေအရံကို ဆောင်သော မြတ်သော အဝတ်ရှိသော နတ်သ္မီးဖြစ်သနည်းဟုမေး၏။ ထိုဂုတ္တိလ စောင်းသမား၏ မေးသော အခြင်းအရာသည်၎င်း နတ်သီးတို့၏ ဖြေသော အခြင်းအရာသည်၎င်း ဝိမာနဝတ္ထု၌ လာသလျှင်ကတည်း၊ ထိုစကားသည် မှန်၏။ ထိုဝိမာနဝတ္ထု၌-

အဘိက္ကန္တေန ဝဏ္ဏေန၊ ယာ တွံ တိဋ္ဌသိ ဒေဝတေ။
ဩဘာသန္တိ ဒိသာ သာ၊ ဩသဓီ ဝိယ တာရကာ။
ကေန တေတာဒိသော ဝဏ္ဏော၊ ကေန တေ ဣဓ မိဇ္ဈတိ။
ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ၊ ယေ ကေစိ မနသော ပိယာ။
ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ၊
မနုဿဘူတာ ကိမကာသိ ပုညံ။
ကေနသိ ဧဝံ ဇလိတာနုဘာဝါ၊
ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီတိ။
ဝတ္ထုတ္ထမဒါယိကာ နာရီ၊ ပဝရာ ဟောတိ နရေသု နာရီသု။
ဧဝံ ပိယရူပဒါယိကာ မနာပံ၊ ဒိဗ္ဗံသာ လဘတေ ဥပေစ္စ ဌာနံ။
တဿာ မေ ပဿ ဝိမာနံ၊ အစ္ဆရာ ကာမဝဏ္ဏနီဟမသ္မိ။
အစ္ဆရာသဟဿာဟံ၊ ပဝရာ ပဿ ပုညာနံ ဝိပါကံ။
တေန မေ တာဒိသော ဝဏ္ဏော၊ တေန မေ ဣဓ မိဇ္ဈတိ။
ဥပ္ပဇ္ဇန္တိ စ မေ ဘောဂံ၊ ယေ ကေစိ မနသော ပိယာ။
တေ နမှိ ဧဝံ ဇလိတာနုဘာဝါ၊
ဝဏ္ဏော စ မေ သဗ္ဗာ ဒိသာ ပဘာသတိ။

ဒေဝတေ၊ နတ်သ္မီး။ ယာတွံ၊ အကြင် သင်သည်။ ဩသဓီ၊ ဩသဓီအမည်ရှိသော။ တာရကာ ဝိယ၊ ကြယ်ကဲ့သို့။ သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ ဒိသာ၊ အရပ်မျက်နှာတို့ကို။ ဩဘာသန္တီ၊ ထွန်းပစေလျက်။ အဘိက္ကန္တန၊ အလွန်လှသော။ ဝဏ္ဏေန၊ အဆင်းဖြင့်။ တိဋ္ဌသိ၊ တည်၏။ ကေန၊ အဘယ်ကြောင့်။ တေ၊ သင်၏။ ဝဏ္ဏော၊ အဆင်းသည်။ တာဒိသော၊ ထိုသို့ သဘောရှိသနည်း။

ကေန၊ အဘယ်ကြောင့်။ တေ၊ သင့်အား။ ဣဓ၊ ဤနတ်ပြည်၌။ ဣဇ္စျတိ၊ ပြည့်စုံသနည်း။ ကေန၊ အဘယ့်ကြောင့်။ တေ၊ သင့်အား။ ယေကေစိ၊ ခပ်သိမ်းကုန်သော။ မနသော၊ စိတ်အား။ ပိယာ၊ ချစ်အပ်ကုန်သော။ ဘောဂါ စ၊ စည်းစိမ်တို့သည်လည်း။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်သနည်း။

မဟာနုဘာဝေ၊ ကြီးသောအာနုဘော်ရှိသော။ ဒေဝိ၊ နတ်သ္မီး။ တံ၊ သင့်ကို။ ပုစ္ဆာမိ၊ ငါမေး၏။ မနုဿဘူတာ၊ လူဖြစ်၍ ဖြစ်သော သင်သည်။ ကိံပုညံ၊ အဘယ်ကောင်းမှုကံကို။ အကာသိ၊ ပြုဘူးသနည်း။ တွံ၊ သင်သည်။ ကေန၊ အဘယ်ကောင်းမှုကြောင့်။ ဧဝံ၊ ဤသို့။ ဇလိဟာနုဘာဝါ၊ ထွန်းပသော အာနုဘော်ရှိသည်။ အသိ၊ ဖြစ်သနည်း။ ကေန၊ အဘယ်ကောင်းမှုကြောင့်။ တေ၊ သင်၏။ ဝဏ္ဏော စ၊ အဆင်းသည်လည်း။ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာတို့ကို။ ပကာသတိ၊ ထွန်းပသနည်း။ ဣတိ၊ ဤသို့။ ပုစ္ဆိတေ၊ မေးအပ်သည်ရှိသော်။

ဘန္တေ၊ အရှင်ဘုရား။ နရေသု စ၊ ယောက်ျားတို့တွင်၎င်း။ နာရီသု စ၊ မိန်းမတို့တွင်၎င်း။ ဝတ္ထုတ္ထမဒါယိကာ၊ မြတ်သောအဝတ်ကိုလှူသော။ နာရီ၊ မိန်းမသည်။ ပဝရာ၊ မြတ်သည်။ ဟောတိ၊ ဖြစ်၏။ ဧဝံ၊ ဤသို့။ ပိယရူပဒါယိကာ၊ ချစ်ဘွယ်သော သဘောရှိသော ဝတ္ထုကိုလှူသော။ သာ နာရီ၊ ထိုမိန်းမသည်။ ဌာနံ၊ နတ်ပြည်အရပ်သို့။ ဥပေစ္စ၊ ကပ်၍။ ဒိဗ္ဗံ၊ နတ်၌ ဖြစ်သော။ မနာပံ၊ နှစ်လိုဘွယ်သောဝတ္ထုကို။ လဘတေ၊ ရ၏။

ဘန္တေ၊ အရှင်ဘုရား။ တွံ၊ အရှင်ဘုရားသည်။ တာ မေ၊ ထိုအကျွန်ုပ်၏။ ဝိမာနံ၊ ဗိမာန်ကို။ ပဿ၊ ရှုပါလော့။ အဟံ၊ အကျွန်ုပ်သည်။ ကာမဝဏ်ဏနီ၊ နှစ်လိုဘွယ်သော အဆင်းရှိသည်။ အသ္မိ၊ ဖြစ်၏။ အဟံ၊ အကျွန်ုပ်သည်။ အစ္ဆရာသဟဿ-အစ္ဆရာသဟဿာနံ၊ နတ်သ္မီးတထောင်တို့ထက်။ ပဝရာ၊ မြတ်သော။ အစ္ဆရာ၊ နတ်သ္မီးသည်။ အသ္မိ၊ ဖြစ်၏။ ပုညာနံ၊ ကောင်းမှုရှိ၏။ ဝိပါကံ၊ အကျိုးကို။ ပဿ၊ ရှုတော်မူပါလော့။

ဘန္တေ၊ အရှင်ဘုရား။ တေန၊ ထိုမြတ်သော အဝတ်အလှူကြောင့်။ မေ၊ အကျွန်ုပ်၏။ ဝဏ္ဏော၊ အဆင်းသည်။ တာဒိသော၊ ထိုသို့သဘောရှိ၏။ တေန၊ ထိုမြတ်သောအလှူကြောင့်။ မေ၊ အကျွန်ုပ်အား။ ဣဓ၊ ဤနတ်ပြည်၌။ ဣဇ္ဈတိ၊ ပြည့်စုံ၏။ တေန၊ ထိုမြတ်သော အဝတ်အလှူကြောင့်။ ယေကေစိ၊ ခပ်သိမ်းကုန်သော။ မနသော၊ စိတ်အား။ ပိယာ၊ ချစ်အပ်ကုန်သော။ ဘောဂါ၊ စည်းစိမ်တို့သည်။ မေ၊ အကျွန်ုပ်အား။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်သလျှင်ကတည်း။

တေန၊ ထိုမြတ်သောအဝတ်အလှူကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ဧဝံ၊ ဤသို့။ ဇလိတာနုဘာဝါ၊ ထွန်းပသော အာနုဘော် ရှိသည်။ အမှိ၊ ဖြစ်၏။ မေ၊ အကျွန်ုပ်၏။ ဝဏ္ဏော စ၊ အဆင်းသည်လည်း။ သဗ္ဗာဒိသာ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာတို့ကို။ ပဘာသတိ၊ ထွန်းပ၏။ ဣတိ၊ ဤသို့။ ဝိဿဇ္ဇေတိ၊ ဖြေ၏။

တယောက်သောနတ်သ္မီးသည် ဆွမ်းခံသွားသော ရဟန်းအား ပူဇော်အံ့သောငှါ ပန်းတို့ကို လှူ၏။ တယောက်သော နတ်သ္မီးသည် စေတီ၌ နံ့သာလက်ငါးချောင်းရာကို လှူပါကုန်၏ဟုဆို၍ နံ့သာတို့ကို လှူ၏။ တယောက်သော နတ်သ္မီးသည် ချိုသော အရသာရှိကုန်သော သစ်သီး ကြီးငယ်တို့ကို လှူ၏။ တယောက်သော နတ်သ္မီးသည် မြတ်သောအရသာတို့ကို လှူ၏။ တယောက်သောနတ်သ္မီးသည် ကဿပ မြတ်စွာဘုရား စေတီတော်၌ နံ့သာလက်ငါးချောင်းရာတို့ကို လှူ၏။ တယောက်သောနတ်သ္မီးသည် ဒါယကာအိမ်၌ နားလာ နေကုန်သော ခရီးသွား ရဟန်းယောက်ျား ရဟန်းမိန်းမတို့၏ အထံ၌ တရားကိုနာ၏။ တယောက်သော နတ်သ္မီးသည် လှေ၌ ဆွမ်းဘုဉ်းပေးသော ရဟန်းအား ရေကိုကပ်လှူ၏။ တယောက်သောနတ်သ္မီးသည် အိမ်၏အလယ်၌နေလျက် အမျက်မထွက်သည်ဖြစ်၍ ယောက္ခမ ယောက်ျားသူ့ ယောက္ခမမိန်းမသူတို့၏ ဝတ်ကိုပြု၏။ တယောက်သောနတ်သ္မီးသည် မိမိရသောအဘို့မှ ခွဲခြမ်းဝေဘန်၍ သီလရှိသောပုဂ္ဂိုလ်အား လှူ၏။ တယောက်သောနတ်သ္မီးသည် သူ့အိမ်၌ ကျွန်မဖြစ်၍ အမျက်မာန် မရှိသည်ဖြစ်၍ မိမိရအပ်သောအဘို့မှ ခွဲခြမ်းဝေဘန်၍ ပေးလှူခြင်းကိုပြု၍ သိကြားမင်း၏ အလုပ်အကျွေးအားဖြင့် ဖြစ်၏။

ဤသို့အစရှိသောအပြားအားဖြင့် ဂုတ္တိလဝိမာနဝတ္ထု၌ လာကုန်သော အလုံးစုံသော သုံးကျိပ်ခြောက်ယောက်ကုန်သော နတ်သ္မီးတို့သည် အကြင်အကြင်ကောင်းမှုကိုပြုကုန်၍ ထိုနတ်ပြည်၌ ဖြစ်ကုန်၏။ ထိုအလုံးစုံသော ကောင်းမှုကို ဘုရားလောင်းသည် မေး၏။ နတ်သီးတို့သည်လည်း ထိုဘုရားလောင်းအား မိမိတို့သည် ပြုအပ်သော ကောင်းမှုကို ဂါထာတို့ဖြင့်သာလျှင် ဖြေကုန်၏။ ထိုစကားကိုကြား၍ ဘုရားလောင်းသည် အကြင်ငါသည် ဤနတ်ပြည်သို့ရောက်၍ အနည်းငယ်မျှလည်းဖြစ်သော ကောင်းမှုကြောင့် ရအပ်ကုန်သော စည်းစိမ်တို့ကို ကြားရပေပြီ၊ ထိုငါ၏ လူ၏အဖြစ်ကို ရခြင်းသည်ကား ကောင်းသောရခြင်း ပေတကားဟု ဤအခါမှစ၍ လူ့ပြည်သို့သွား၍ ဒါနအစရှိသော ကုသိုလ်ကံတို့ကိုသာလျှင် ပြုအံ့ဟု ဆို၍ ယခု ငါ၏လာခြင်းသည်ကား ကောင်းသောလာခြင်းပေတကား၊ မိုးသောက်ခြင်းသည်ကား ကောင်းသော မိုးသောက်ခြင်းပေတကား၊ ငါသည် အစ္ဆရာဟု ဆိုအပ်ကုန်သော နှစ်လိုဘွယ် အဆင်းရှိကုန်သော နတ်သ္မီးတို့ကို မြင်ရပေပြီ၊ ဤနတ်သ္မီးတို့၏ တရားကိုနာရ၍ ငါသည်သာ များစွာသော ကုသိုလ်ကို ပြုအံ့၊ သတ္တဝါတို့သည် အကြင်နတ်ပြည်သို့ရောက်ကုန်၍ မစိုးရိမ်ကုန်၊ ထိုငါသည် အလှူပေးသဖြင့်၎င်း ညီညွတ်စွာကျင့်သဖြင့်၎င်း ကိုယ်နှုတ်နှလုံးကို စောင့်ရှောက်ခြင်းဖြင့်၎င်း စက္ခုန္ဒြေ စသည်ကို ဆုံးမသဖြင့်၎င်း နတ်ပြည်သို့ လားရပေအံ့ဟု ဤဥဒါန်းကို ကျူးရင့်၏။

ထိုအခါ ထိုဘုရားလောင်းကို ခုနစ်ရက်လွန်သဖြင့် သိကြားနတ်မင်းသည် မာတလိအမည်ရှိသော နတ်သားကိုခေါ်၍ ရထား၌ စီးစေပြီးသော် ဗာရာဏသီပြည်သို့ ပို့စေ၏။ ဘုရားလောင်းသည် ဗာရာဏသီပြည်သို့ ရောက်၍ နတ်ပြည်၌ မိမိသည် မြင်ခဲ့ရသောအကြောင်းကို လူတို့အား ပြောကြား၏။ ထိုအခါမှစ၍ လူတို့သည် အားထုတ်ခြင်း ရှိကြကုန်၍ ကောင်းမှုတို့ကို ပြုအံ့သောငှာ အောက်မေ့ကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မူသိလစောင်းသမား ဖြစ်ဘူးပြီ။ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြား ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ ဂုတ္တိလစောင်းသမား ဖြစ်ဘူးပြီဟု ဖာတ်ကို ပေါင်းတော်မူ၏။

အတတ်ပညာ၊ သင်ဆရာအား၊ ပညာအန်တု၊ ဖက်ပြိုင်ပြု၊ လူထုရွံကာမုန်း

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဂုတ္တိလဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၄။ ဝိဂတိစ္ဆဇာတ်

ပရိဗိုဇ်ပြေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယံ ပဿတိ တံ န ဣစ္ဆတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သောဤဝိဂတိစ္ဆဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ပြေးသော ပရိဗိုဇ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုပရိဗိုဇ်သည် ဇမ္ဗူကျွန်းအလုံး၌ ပြောဆိုဘက်ကိုမရ၍ သာဝတ္ထိပြည်သို့ လာပြီးသော် ငါနှင့်တကွ ပြောဆိုခြင်းကို ပြုအံ့သောငှါ အဘယ်သူသည် စွမ်းနိုင်အံ့နည်းဟုမေး၍ ဘုရားရှိ၏ဟုကြား၍ လူအများ ခြံရံလျက် ဇေတဝန် ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားကို ပရိသတ်လေးပါးအလယ်၌ တရားကိုဟောစဉ် ပြဿနာကို မေးသတတ်၊ ထိုအခါ မြတ်စွာဘုရားသည် ထိုပရိဗိုဇ်၏ ပြဿနာကို ဖြေတော်မူ၍ တခုမည်သည်ကား အဘယ်နည်းဟု ပြဿနာကို မေး၏။ ထိုပရိဗိုဇ်သည် ပြဿနာကို ဖြေအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ထ၍ ပြေးလေ၏။ စည်းဝေးကုန်သော ပရိသတ်တို့သည် အရှင်ဘုရား အရှင်ဘုရားသည် တပုဒ်တည်းဖြင့်သာလျှင် ပရိဗိုဇ်ကို နှိပ်မိ၏ဟု လျောက်ကုန်၏။ မြတ်စွာဘုရားသည် ဒါယကာတို့ ငါသည် ယခုအခါ၌ သာလျှင် ထိုပရိဗိုဇ်ကို တပုဒ်တည်းဖြင့်သာလျှင် နှိပ်မိသည် မဟုတ်သေး၊ ရှေး၌လည်း နှိပ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ဝတ္ထုကာမ ကိလေသာကာမတို့ကို စွန့်၍ ရသေ့ရဟန်းအဖြစ်သို့ ကပ်၍ ရှည်စွာသော ကာလပတ်လုံး ဟိမဝန္တာ၌ နေ၏။ ထိုဘုရားလောင်းသည် တောင်မှသက်၍ တခုသောနိဂုံးရွာကို အမှီပြု၍ မြစ်ကွေ့၌ သစ်ရွက်မိုးသောသင်္ခမ်း၌ နေ၏။ ထိုအခါ တယောက်သောပရိဗိုဇ်သည် အလုံးစုံသော ဇမ္ဗူဒိပ်၌ ပြောဆိုဘက်ကိုမရ၍ ထိုနိဂုံးသို့ရောက်၍ ငါနှင့်တကွ ပြောဆိုခြင်းငှါ စွမ်းနိုင်သော တစုံတယောက်သောသူသည် ရှိသလောဟုမေး၍ ရှိ၏ဟု ဘုရားလောင်း၏ အာနုဘော်ကို ကြား၍ လူများခြံရံလျက် ထိုဘုရားလောင်း၏ နေရာအရပ်သို့သွား၍ ပဋိသန္ထာရကိုပြု၍ နေ၏။ ထိုအခါ ထိုပရိဗိုဇ်ကို ဘုရားလောင်းသည် အဆင်းအနံ့တို့နှင့် ပြည့်စုံသောပန်းတို့ကို ထုံအပ်သော ဂင်္ဂါရေကို သောက်လတ္တံ့ လောဟု မေး၏။ ပရိဗိုဇ်သည် ဝါဒဖြင့်လွှမ်းမိုး၍ ဂင်္ဂါသဲသည်ကား အဘယ်နည်း၊ ဂင်္ဂါ၏ ဤမှာဘက်ကမ်းကား အဘယ်နည်း၊ ဂင်္ဂါ၏ ထိုမှာဘက်ကမ်းကား အဘယ်နည်းဟု မေး၏။ ဘုရားလောင်းသည်ကား ပရိဗိုဇ် သင်သည် ရေကို၎င်း သဲကို၎င်း ဤမှာဘက်ကမ်းကို၎င်း ထိုမှာဘက်ကမ်းကို၎င်းထား၍ ဂင်္ဂါကို အဘယ်မှာ ရလတ္တံ့နည်း ဟုဆို၏။ ပရိဗိုဇ်သည် ဆိုဘွယ်မဲ့လျှဉ်း ပညာကင်းသည်ဖြစ်၍ ထ၍ ပြေး၏။

ထိုပရိဗိုဇ်သည် ပြေးသည်ရှိသော် ဘုရားလောင်းသည် စည်းဝေးသော ပရိသတ်အား တရားဟောလိုသည်ဖြစ်၍-

၁၈၈။ ယံ ပဿတိ တံ န ဣစ္ဆတိ၊ ယဉ္စ န ပဿတိ တံ တိရိစ္ဆတိ။
မညာမိ စိရံ စရိဿတိ၊ န ဟိ တံ လစ္ဆတိ ယံ သ ဣစ္ဆတိ။
၁၈၉။ ယံ လဘတိ န တေန တုဿတိ၊ ယံ စ ပတ္ထေတိ လဒ္ဓံ ဟီဠေတိ။
ဣစ္ဆာ ဟိ အနန္တဂေါစရာ၊ ဝိဂတိစ္ဆာန နမော ကရောမသေ။

ဟူသောဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၈၈။ ဘော၊ အချင်းတို့။ ယော ပရိဗ္ဗာဇကော၊ အကြင်ပရိဗိုဇ်သည်။ ယံ၊ အကြင် ရေအစရှိသည်ကို။ ပဿတိ၊ မြင်၏။ တံ၊ ထိုရေအစရှိသည်ကို။ န ဣစ္ဆတိ၊ ဂင်္ဂါဟူ၍ အလိုမရှိ။ ယဉ္စ၊ အကြင်ရေ အစရှိသည်တို့မှ လွတ်သော ဝတ္ထုကိုလည်း။ န ပဿတိ၊ မမြင်။ တံ၊ ထိုရေ အစရှိသည်တို့မှ လွတ်သော ဝတ္ထုကို။ ဣတိ ကိရ၊ ဂင်္ဂါဟူ၍ အလိုရှိသတတ်။ အယံ ပရိဗ္ဗာဇကော၊ ဤပရိဗိုင်သည်။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ ဂင်္ဂံ၊ ဂင်္ဂါကို။ ပရိယေသန္တော၊ ရှာလျက်။ စိရံ၊ ကြာမြင့်စွာ။ စရိဿတိ မညာမိ၊ သွားရလတ္တံ့ဟု ထင်မိ၏။ အယံ ပရိဗ္ဗာဇကော၊ ဤပရိဗိုင်သည်။ ဥဒကာဒိဝိနိမုတ္တံ၊ ရေအစရှိသည်မှ လွတ်သော။ ဂင်္ဂံ၊ ဂင်္ဂါကို။ ပရိယေသတိ ယထာ၊ ရှာသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ ရူဂါဒိဝိမုတ္တံ၊ ရုပ်အစရှိသည်မှလွတ်သော။ အတ္တာနံပိ၊ ကိုယ်ကိုလည်း။ ပရိယေသန္တော၊ ရှာလျက်။ သံသာရေ၊ သံသရာ၌။ စိရံ၊ ကြာမြင့်စွာ။ စရိဿတိ မညာမိ၊ ကျင်လည်ရလတ္တံ့ဟုထင်မိ၏။ စိရံ၊ ကြာမြင့်စွာ။ စရန္တောပိ၊ လှည့်ပတ်ကျင်လည်သော်လည်း။ သ-သော၊ ထိုပရိဗိုဇ်သည်။ ယံ၊ အကြင်သို့သဘောရှိသော ဂင်္ဂါအတ္တဘောကို။ ဣစ္ဆတိ၊ အလိုရှိ၏။ တံ၊ ထိုသို့ သဘောရှိသော ဂင်္ဂါအတ္တဘောကို။ နဟိ လစ္ဆတိ၊ မရလတ္တံ့ သလျှင်ကတည်း။

֍ ဋ္ဌ ၁၈၉။ ယံ၊ အကြင်သို့ သဘောရှိသော ရေအစရှိသော ဝတ္ထု ရူပါရုံအစရှိသည်ကို။ လဘတိ၊ ရ၏။ တေန၊ ထိုရေအစရှိသောဝတ္ထု ရူပါရုံ အစရှိသည်ဖြင့်။ န တုဿတိ၊ မနှစ်သက်။ ဧဝရူပံ၊ ဤသို့သဘောရှိသော ဝတ္ထုကို။ လဒ္ဓေန၊ ရသဖြင့်။ အတုဿန္တော၊ မနှစ်သက်သောသူသည်။ ယံ၊ အကြင်စည်းစိမ်ကို။ ပတ္ထေတိ၊ တောင့်တ၏။ တံ၊ ထိုစည်းစိမ်ကို။ လဒ္ဓံ၊ ရ၍။ ဧတာယ၊ ထိုစည်းစိမ်ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ ဣတိ၊ ဤသို့။ ဟီဠေတိ၊ မထေမဲ့မြင် အောက်မေ့၏။ ဣစ္ဆာ၊ တဏှာသည်။ အနန္တဂေါစရာ၊ အဆုံးမရှိသော အာရုံရှိသည်။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ ဝိဂတိစ္ဆာန-ဝိဂတိစ္ဆာနံ၊ တဏှာကင်းတော်မူကုန်ပြီးသော ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့အား။ မယံ၊ ငါတို့သည်။ နမော၊ ရှိခိုးခြင်းကို။ ကရောမသေ၊ ပြုကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဒါယကာတို့ ယခုအခါ ပရိဗိုဇ်သည် ထိုအခါ ပရိဗိုဇ်ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မတူတဲ့သူ၊ တုခဲ့မူ၊ ထိုသူ အရှက်ကွဲ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဝိဂတိစ္ဆဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၅။ မူလပရိယာယဇာတ်

မာန်ယစ်ပုဏ္ဏားများ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကာလော ဃသတိ ဘူတာနိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမူလပရိယာယဇာတ်ကို ဥက္ကဋ္ဌတိုင်းကိုအမှီပြု၍ မွေ့လျော်ခြင်းကို ဖြစ်စေတတ်သော တော၌ သီတင်းသုံးနေတော်မူစဉ် ဟောတော်မူအပ်သော မူလပရိယာယသုတ္တန်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအခါ ဗေဒင်သုံးပုံတို့၏ ကမ်းတဘက်သို့ ရောက်ကုန်သော ငါးရာကုန်သော ပုဏ္ဏားတို့သည် သာသနာတော်၌ ရဟန်းပြုကုန်၍ ပိဋကတ်သုံးပုံတို့ကိုသင်ကုန်၍ မာနမာန်ဖြင့် ယစ်ကုန်၍ မြတ်စွာဘုရားသည်လည်း ပိဋကတ်သုံးပုံကို တတ်ကုန်၏။ ငါတို့သည်လည်း ပိဋကတ်သုံးပုံကို တတ်ကုန်၏။ ဤသို့ ဖြစ်သည်ရှိသော် ထိုမြတ်စွာဘုရားသည် ငါတို့နှင့် အဘယ်မှာ ထူးခြားခြင်း ရှိအံ့နည်းဟု ဘုရားအား ခစားခြင်းကို မပြုကုန်၊ ဆန့်ကျင်ဘက် ဖြစ်ကုန်၍ သွားကုန်၏။ ထိုအခါ တနေ့သ၌ မြတ်စွာဘုရားသည် ထိုရဟန်းတို့သည် လာကုန်၍ အထံတော်၌ နေကုန် သည်ရှိသော် ရှစ်ပါးကုန်သော ဘူမိတို့ဖြင့် တန်ဆာဆင်၍ မူလပရိယာယသုတ္တန်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် စိုးစဉ်းမျှ မမှတ်နိုင်ကုန်၊ ထိုအခါ ရဟန်းတို့အား ငါတို့နှင့်တူကုန်သော ပညာရှိတို့သည် မရှိကုန်ဟု ငါတို့သည် မာနကိုပြုကုန်၏။ ယခုအခါ၌ကား တစုံတခုကိုမျှ မသိနိုင်ကုန်၊ ဘုရားရှင်တို့နှင့်တူသော ပညာရှိမည်သည်ကား မရှိ၊ ဘုရားကျေးဇူးတော်တို့သည်အံ့ဘွယ်သရဲရှိကုန်၏ဟု ဤသို့သောအကြံသည်ဖြစ်၏။ ထိုရဟန်းတို့သည် ထိုအခါမှစ၍ ပယ်အပ်သော မာနရှိကုန်သည်ဖြစ်၍ နုတ်အပ်သော အစွယ်ရှိကုန်သော မြွေတိုကဲ့သို့ မာန်ထောင်လွှားခြင်း ကင်းကုန်သည် ဖြစ်၏။ မြတ်စွာဘုရားသည် ဥက္ကဋ္ဌ၌ မွေ့လျော်တော်မူသမျှ နေတော်မူ၍ ဝေသာလီပြည်သို့ ကြွတော်မူပြီးလျှင် ဂေါတမနတ်၏နေရာ၌ ဆောက်အပ်သောကျောင်း၌ ဂေါတမကအမည်ရှိသော သုတ္တန်ကို ဟောတော်မူ၏။ တသောင်းသော လောကဓာတ်သည် တုန်လှုပ်၏။ မူလပရိယာယ သုတ္တန်ကိုကား နာရကုန်၍ ထိုရဟန်းတို့သည် ရဟန္တာအဖြစ်သို့ ရောက်ကုန်၏။ မူလပရိယာယ သုတ္တန်၏အဆုံး၌ကား မြတ်စွာဘုရားသည် ဥက္ကဋ္ဌ၌ နေတော်မူစဉ်လျှင် ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ -ဘုရားရှင်တို့၏ အာနုဘော်တော်သည်အံ့ဘွယ်သရဲရှိစွ၊ ရဟန်းပြုကုန်၍ ထိုထိုသို့သော အခြင်းအရာအားဖြင့် မာန်ယစ်ခြင်းဖြင့် ယစ်ကုန်သော ပုဏ္ဏားတို့ကို ထိုမြတ်စွာဘုရားသည် မူလပရိယာယ ဒေသနာတော်ဖြင့် ပယ်အပ်သော မာနရှိသည်တို့ကို ပြုအပ်ကုန်၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ငါသည် ယခုအခါ၌သာလျှင် ဤသို့ မာန်ထောင်လွှားခြင်း အလေ့ရှိကုန်၍ သွားကုန်သော ဤရဟန်းတို့ကို ပယ်အပ်သော မာနရှိသည်တို့ကို ပြုသည် မဟုတ်သေး၊ ရှေး၌လည်း ငါသည် ဤသို့ မာန်ထောင်လွှားခြင်းအလေ့ရှိကုန်သည် ဖြစ်၍ သွားကုန်သော ရဟန်းတို့ကို ပယ်အပ်သော မာနရှိသည်တို့ကို ပြုဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် ဗေဒင်တို့၏ ကမ်းတဘက်သို့ ရောက်သော ဒိသာပါမောက္ခဆရာဖြစ်၍ လုလင်ငါးရာတို့ကို ဗေဒင်သင်၏။ ထိုငါးရာကုန်သော လုလင်တို့သည် အပြီးသို့ရောက်သော အတတ်ရှိကုန်သည်ဖြစ်၍ အတတ်၌ မေးစိစစ်၍ အကြင်မျှလောက်သော အတတ်ကို ငါတို့တတ်ကုန်၏။ ဆရာသည်လည်း ထိုမျှလောက်သော အတတ်ကိုသာလျှင် တတ်၏။ အထူးမရှိပြီဟု မာနဖြင့် ခိုင်မာကုန်သည်ဖြစ်၍ ဆရာ့အထံသို့ မသွားကုန်၊ ဝတ်ကြီးဝတ်ငယ်ကို မပြုကုန်၊ ထိုငါးရာကုန်သော လုလင်တို့သည် တနေ့သ၌ ဆရာသည် ဆီးပင်ရင်း၌ နေသည်ရှိသော် ဆရာကို ကဲ့ရဲ့လိုကုန်သည်ဖြစ်၍ ဆီးပင်သို့ လက်သီးဖြင့်ခေါက်ကုန်၍ ဤသစ်ပင်သည် အနှစ်မရှိသလျှင် ကတည်းဟု ဆိုကုန်၏။ ဘုရားလောင်းသည် မိမိအား ကဲ့ရဲ့သည်၏အဖြစ်ကိုသိ၍ တပည့်တို့ သင်တို့အား ငါသည် တခုသောပြဿနာကို မေးအံ့ဟု ဆို၏။ တပည့်တို့သည် နှစ်သက် ရွှင်လန်းကုန်၍ မေးကုန်လော့ ဖြေကုန်အံ့ဟု ဆိုကြကုန်၏။ ဆရာသည် ပြဿနာကို မေးလိုသည်ဖြစ်၍-

၁၉၀။ ကာလော ဃသတိ ဘူတာနိ၊ သဗ္ဗာနေဝ သဟတ္တနာ။
ယော စ ကာလဃသော ဘူတာ၊ သ ဘူတပစနိံ ပစိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၉၀။ အန္တေဝါသိကာ၊ တပည့်တို့။ ကာလော၊ ကာလသည်။ အတ္တနာ၊ မိမိနှင့်။ သဟ၊ တကွ။ သဗ္ဗာနေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။ ဘူတာနိ၊ သတ္တဝါတို့ကို။ ဃသတိ၊ စား၏။ ယော စ ဘူတော၊ အကြင် သတ္တဝါသည်ကား။ ကာလဃသော၊ ကာလကို စား၏။ သ သော ဘူတော၊ ထိုသတ္တဝါသည်။ ဘူတပစနိံ၊ သတ္တဝါတို့ကို ကျက်စေတက်သော တဏှာတည်းဟူသော မီးကို။ ပစိ၊ ဉာဏ်တည်းဟူသော မီးဖြင့် လောင်မြိုက်စေ၏။ ကာ၊ အဘယ် သတ္တဝါနည်း။

ဤပြဿနာကို ကြား၍ လုလင်တို့တွင် တယောက်မျှလည်း သိအံ့သောငှာ စွမ်းနိုင်သော သူမည်သည် မရှိ၊ ထိုအခါ လုလင်တို့ကို ဘုရားလောင်းသည် လုလင်တို့ သင်တို့သည် ဗေဒင်သုံးပုံတို့၌ ရှိ၏ဟူသော အမှတ်ကို မပြုကြကုန်လင့်၊ သင်တို့သည် အကြင်အတတ်ကို ဆရာသည်သိ၏။ ထိုအလုံးစုံကို ငါတို့သိကုန်၏ဟူ၍ အောက်ကုန်သည်ဖြစ်၍ ငါ့ကို ဆီးပင်နှင့်တူသည်ကို ပြုကုန်၏။ သင်တို့ထက် တယောက်သောငါ၏ များသောအနက်ကို သိသည်၏အဖြစ်ကို သိရကုန်အံ့၊ သွားကြလေကုန်၊ ခုနစ်ရက်မြောက်သောနေ့၌ ကာလကို ပေး၏။ ဤမျှသောကာလဖြင့် ဤပြဿနာကို ကြံလေကုန်ဟု ဆိုသည်ရှိသော် ထိုလုလင်တို့သည် ဘုရားလောင်းကို ရှိခိုးကုန်၍ မိမိတို့၏ နေရာအရပ်သို့ သွားကုန်၍ ခုနစ်ရက်ပတ်လုံး ကြံကုန်သော်လည်း ပြဿနာ၏ အဆုံးအစကို မမြင်ကုန်သလျှင်ကတည်း၊ ခုနစ်ရက် မြောက်သောနေ့၌ ဆရာ့အထံသို့ သွားကုန်၍ ရှိခိုးလျက် နေကုန်၏။ ကောင်းသော မျက်နှာရှိကုန်သော လုလင်တို့ ပြဿနာကို သိကုန်၏လောဟု မေးသည် ရှိသော် မသိနိုင်ဟု ဆိုကြကုန်၏။ ထိုအခါ ဘုရားလောင်းသည် ထိုလုလင်တို့ကို ကဲ့ရဲ့လိုသည်ဖြစ်၍-

၁၉၁။ ဗဟူနိ နရသီသာနိ၊ လောမသာနိ ဗြဟာနိ စ။
ဂိဝါသု ပဋိမုက္ကာနိ၊ ကောစိဒေဝေတ္ထ ကဏ္ဏဝါ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၉၁။ ဂီဝါသု၊ လည်တို့၌။ ပဋိမုက္ကာနိ၊ စွပ်အပ်ကုန်သော။ ဗြဟာနိ၊ ပွားကုန်သော။ လောမသာနိ၊ အမွေးရှိကုန်သော။ ဗဟူနိ၊ များစွာကုန်သော။ နရသီသာနိ၊ လူတို့၏ ဦးခေါင်းတို့သည်။ ဒိဿန္တိ၊ ထင်ကုန်၏။ ဧတ္ထ၊ ဤဦးခေါင်း အများတို့တွင်။ ကောစိဒေဝ၊ တခုသော ဦးခေါင်းသည်သာလျှင်။ ကဏ္ဏဝါ၊ သိတတ်သော နားရှိ၏။

ထိုလုလင်တို့သည် ကြားကုန်၍ ဆရာမည်သည်အံ့ဘွယ်ရှိစွတကား၊ မြတ်စွတကားဟု ကန်တော့၍ ပယ်အပ်သောမာန် ရှိကုန်သည်ဖြစ်၍ ဘုရားလောင်းကို လုပ်ကျွေးကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်၍ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဤငါးရာကုန်သော ရဟန်းတို့သည် ထိုအခါ လုလင်ငါးရာ ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆရာဟူက၊ ဘယ်တော့မှ၊ မတုပလေရာ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော မူလပရိယာယဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၆။ ဗာလောဝါဒဇာတ်

ကျွေးပြီး ပြစ်တင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဟန္တွာ ဆေတွာ ဝဓိတွာ စ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗာလောဝါဒဇာတ်ကို ဝေသာလီပြည်ကို အမှီပြု၍ စုလစ်မွန်းချွန်တပ်သော ဇရပ်၌ သီတင်းသုံး နေတော်မူစဉ် သီဟစစ်သူကြီးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုသီဟစစ်သူကြီးသည် မြတ်စွာဘုရားကို ကိုးကွယ်ခြင်းကိုပြု၍ ဘိတ်ပြီးလျှင် နက်ဖြန်နေ့၌ သားပြွမ်းဆွမ်းကို လှူ၏။ နိဂဏ္ဌတို့သည် ထိုစကားကိုကြား၍ အမျက် ထွက်၍ နှလုံးမသာယာသည်ဖြစ်၍ မြတ်စွာဘုရားကို ညှဉ်း ဆဲလိုသည်ဖြစ်၍ ရဟန်းဂေါတမသည် သိလျက် ရည်၍ ပြုအပ်သော အသားကိုစား၏ဟု ဆဲရေးကုန်၏။ ရဟန်းတို့သည် နာဋ၏သားဖြစ်သော နိဂဏ္ဌသည် ရဟန်းဂေါတမသည် သိလျက် ရည်၍ပြုအပ်သော အသားကို စား၏ဟု ပရိသတ်နှင့်တကွ ဆဲရေးလျက် လှည့်လည်၏ဟု စကားကို ဖြစ်စေကုန်၏။ ထိုစကားကို ကြားတော်မူ၍ ရဟန်းတို့ နာဋ၏ သားဖြစ်သော နိဂဏ္ဌသည် ယခုအခါ၌သာလျှင် ရည်၍ပြုအပ်သော အသားကို စားသောအားဖြင့် ငါ့ကို ကဲ့ရဲ့သည် မဟုတ်သေး၊ ရှေး၌လည်း ကဲ့ရဲ့ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် ရသေ့ ရဟန်းပြု၍ ချဉ်ဆားမှီဝဲအံ့သောငှါ ဟိမဝန္တာမှ ဗာရာဏသီပြည်သို့သွား၍ နက်ဖြန်နေ့၌ မြို့သို့ဆွမ်းခံအံ့သောငှါ ဝင်၏။ ထိုအခါ တယောက်သော သူကြွယ်သည် ရသေ့ကို ညှဉ်းဆဲအံ့ဟူ၍ အိမ်တွင်းသို့ပင့်၍ ခင်းအပ်သောနေရာ၌ နေစေ၍ ငါးအမဲဖြင့် လုပ်ကျွေး၍ ဆွမ်းဘုဉ်းပေးသော ကိစ္စအဆုံး၌ လျောက်ပတ်သော အရပ်၌နေ၍ ရှင်ရသေ့ သင်တို့ကိုသာလျှင်ရည်၍ သတ္တဝါတို့ကို သတ်၍ ဤအမဲကို ပြုအပ်၏။ ဤအကုသိုလ်သည် ငါတို့အားသာလျှင် မဖြစ်စေလင့်၊ သင်တို့အားလည်း ဖြစ်စေသတည်းဟု ဆို၍-

၁၉၂။ ဟန္တွာ ဆေတွာ ဝဓိတွာ စ၊ ဒေတိ ဒါနံ အသညတော။
ဧဒိသံ ဘတ္တံ ဘုဉ္ဇာနော၊ သပါပေန ဥပလိပ္ပတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၉၂။ တာပသ၊ ရှင်ရသေ့။ အသညတော၊ သီလမရှိသော သူသည်။ ဟန္တွာ စ၊ ပုတ်ခတ်၍၎င်း။ ဆေတွာစ၊ ဖြတ်၍၎င်း။ ဝဓိတွာ စ၊ သတ်၍၎င်း။ ဒါနံ၊ အလှူကို။ ဒေတိ၊ လူ၏။ ဧဒိသံ၊ ဤသို့သဘောရှိသော။ ဘတ္တံ၊ ဆွမ်းကို။ ဘုဉ္ဇာနော၊ စားသော။ သ သော သမဏော၊ ထိုရဟန်းသည်။ ပါပေန၊ မကောင်းမှုဖြင့်။ ဥပလိပ္ပတိ၊ လိမ်းကျံ၏။

ဘုရားလောင်းသည် ထိုစကားကို ကြား၍-

၁၉၃။ ပုတ္တဒါရံပိ စေ ဟန္တွာ၊ ဒေတိ ဒါနံ အသညတော။
ဘုဉ္စမာနောပိ သပ္ပညော၊ န ပါပေန ဥပလိပ္ပတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၉၃။ ဥပါသက၊ ဒါယကာ။ အသညတော၊ သီလမရှိသောသူသည်။ ပုတ္တဒါရံပိ၊ သားမယားကိုသော်လည်း။ ဟန္တွာ၊ သတ်၍။ ဒါနံ၊ အလှူကို။ စေ ဒေတိ၊ အကယ်၍ လှူစေကာမူ။ သပ္ပညော၊ ပညာရှိသောပုဂ္ဂိုလ်သည်။ တံ၊ ထိုဆွမ်းကို။ ဘုဉ္စမာနောပိ၊ စားသော်လည်း။ ပါပေန၊ မကောင်းမှုဖြင့်။ န ဥပလိပ္ပတိ၊ မလိမ်းကျု။

ဤသို့ ထိုဒါယကာအား ဘုရားလောင်းသည် တရားကိုဟော၍ နေရာမှထ၍ ဖဲ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ နာဋ၏ သားဖြစ်သော နိဂဏ္ဌသည် ထိုအခါ သူကြွယ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သူများသက်သတ်၊ ပေးလှူလတ်၍၊ ခံအပ်သူများ၊ အပြစ်များ၊ မလားမကပ်ငြိ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဗာလောဝါဒဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၇။ ပါဒဉ္ဇလိဇာတ်

နှုတ်ခမ်းကိုက်မင်းသား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဒ္ဓါ ပါဒဉ္ဇလီ သဗ္ဗေ အစရှိသော ဂါထာ ပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပါဒဉ္ဇလိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လာဠုဒါယီမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ တနေ့သ၌ နှစ်ပါးကုန်သော သာဝကတို့သည် ပြဿနာကို ဆုံးဖြတ်ကုန်၏။ ရဟန်းတို့သည် ပြဿနာကို ကြားနာရကုန်သည်ဖြစ်၍ မထေရ်တို့ကို ချီးမွမ်းကုန်၏။ လာဠုဒါယီမထေရ်သည်ကား ပရိသတ်တို့၏ အလယ်၌နေလျက် ထိုသာရိပုတ္တရာ မောဂ္ဂလာန်တို့သည် ငါတို့နှင့်အမျှ တတ်ကုန်သလောဟု နှုတ်ခမ်းကို ကိုက်၏။ မထေရ်တို့သည် ထိုလာဠုဒါယီမထေရ်ကို မြင်ကုန်၍ ဖဲကြကုန်၏ ပရိသတ်သည် ပျက်၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ လာဠုဒါယီမထေရ်သည် နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကိုကဲ့ရဲ့၍ နှုတ်ခမ်းကို ကိုက်၏ဟု စကားကို ဖြစ်စေကုန်၏။ ထိုစကားကို ကြားတော်မူ၍ ရဟန်းတို့ ယခုအခါ၌ သာလျှင် လာဠုဒါယီသည် နှုတ် ခမ်းကို ကိုက်ခြင်းကိုထား၍ ထို့ထက်အလွန်ဖြစ်သော တပါးသောအမှုကို မသိသည် မဟုတ်သေး၊ ရှေး၌လည်း လာဠုဒါယီသည် နှုတ်ခမ်းကို ကိုက်ခြင်းကိုထား၍ ထိုထက်အလွန်ဖြစ်သော တပါးသောအမှုကို မသိကုန်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ် မင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်ဖြစ်၏။ မင်း၏ ပါဒဉ္ဇလီ အမည်ရှိသောသားသည် လျှပ်ပေါ်၏။ ညံ့သော လုံ့လရှိ၏။ နောက်အဘို့၌ မင်းသည် သေ၏။ အမတ်တို့သည် မင်း၏သေမှုကို ပြုကုန်၍ အဘယ်သူကို မင်းအဖြစ်၌ အဘိသိက်သွန်းကြကုန်အံ့နည်းဟု တိုင်ပင်ကုန်သည်ရှိသော် ပါဒဉ္ဇလီမင်းသားကို အဘိသိက်သွန်းကုန်အံ့ဟု ဆိုကုန်၏။ ဘုရားလောင်းသည်ကား ဤမင်းသားသည် လျှပ်ပေါ်၏။ ညံ့သောလုံ့လရှိ၏။ စုံစမ်း၍ ထိုမင်းသားကို အဘိသိက် သွန်းကုန်အံ့ဟု ဆို၏။ အမတ်တို့သည် အဆုံးအဖြတ်ကို စီရင်ကုန်၍ မင်းသားကို အနီး၌နေစေကုန်၍ တရားကို ဆုံးဖြတ်ကုန်သည်ရှိသော် ကောင်းစွာ မဆုံးဖြတ်ကုန်၊ ထိုအမတ်တို့သည် အရှင်မဟုတ်သောသူကို အရှင်ပြုကုန်၍ မင်းသား အသို့ သဘောရှိသနည်း၊ အကျွန်ုပ်တို့သည် ကောင်းစွာ ဆုံးဖြတ်ကုန်၏ လောဟု မင်းသားကို မေးကုန်၏။ ထိုပါဒဉ္ဇလီမင်းသားသည် နှုတ်ခမ်းကိုကိုက်၏။ ဘုရားလောင်းသည် ပညာရှိယောင်တကား၊ ထိုမင်းသားသည် ကောင်းစွာ မဆုံးဖြတ်သည်၏ အဖြစ်ကို သိသည် ဖြစ်လတ္တံ့ ဟု အောက်မေ့ သည်ဖြစ်၍-

၁၉၄။ အဒ္ဓါ ပါဒဉ္ဇလီ သဗ္ဗေ၊ ပညာယ အတိရောစတိ။
တထာ ဟိ ဩဋ္ဌ ဘဉ္ဇတိ၊ ဥတ္တရိံ နူန ပဿတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၉၄။ ဘော၊ အချင်းတို့။ ပါဒဉ္ဇလီ၊ ပါဒဉ္ဇလိမင်းသားသည်။ အဒ္ဓါ၊ စင်စစ်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သောသူတို့ကို။ ပညာယ၊ ပညာဖြင့်။ အတိရောစတိ၊ လွန်၍ ထွန်းပ၏။ တထာဟိ၊ ထို့ကြောင့်လျှင်။ ဩဋ္ဌံ၊ နှုတ်ခမ်းကို။ ဘဉ္ဇတိ၊ ကိုက်၏။ ဥတ္တရိံ၊ အလွန်ဖြစ်သောအကြောင်းကို။ ပဿတိ နူန၊ မြင်ယောင်တကား။

အမတ်တို့သည် တပါးသောနေ့၌လည်း အဆုံးအဖြတ်ကို စီရင်ကုန်၍ တရားကို ကောင်းစွာ ဆုံးဖြတ်ကုန်၍ မြတ်သောမင်းကြီး အဆုံးအဖြတ်ကို အဘယ်သို့ သဘောရှိသနည်းဟု မေးကုန်၏။ ထိုပါဒဉ္ဇလိမင်းသားသည် တဖန်လည်း နှုတ်ခမ်းကိုသာလျှင် ကိုက်၏။ ထိုအခါ ထိုပါဒဉ္ဇလိမင်းသား၏ အလွန်မိုက်သည်အဖြစ်ကို သိ၍ ဘုရားလောင်းသည်-

၁၉၅။ နာယံ ဓမ္မံ အဓမ္မံ ဝါ၊ အတ္ထာနတ္ထံ န ဗုဇ္စျတိ။
အညတြ ဩဋ္ဌနိဗ္ဘောဂါ၊ နာယံ ဇာနာတိ ကိဉ္စနံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၁၉၅။ ဘော၊ အချင်းတို့။ ပါဒဉ္ဇလီ၊ ဤပါဒဉ္ဇလိမင်းသားသည်။ ဓမ္မံ ဝါ၊ သင့်သော အကြောင်းကို၎င်း။ အဓမ္မံ ဝါ၊ မသင့်သော အကြောင်းကို၎င်း။ အတ္ထာနတ္ထံ ဝါ၊ အကျိုးရှိသည် မရှိသည်ကို၎င်း။ န ဗုဇ္စျတိ၊ မသိ။ အယံ၊ ဤ ပါဒဉ္ဇလိမင်းသားသည်။ ဩဋ္ဌနိဗ္ဘောဂါ၊ နှုတ်ခမ်းကို ကိုက်ခြင်းကို။ အညတြ၊ ကြဉ်၍။ ကိဉ္စနံ၊ တစုံတခုကို။ န ဇာနာတိ၊ မသိ။

အမတ်တို့သည် ပါဒဉ္ဇလိမင်းသား၏ မိုက်သည်၏အဖြစ်ကို သိကုန်၍ ဘုရားလောင်းကို မင်းအဖြစ်၌ အဘိသိက် သွန်းကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ လာဠုဒါယီသည် ထိုအခါ ပါဒဉ္ဇလိမင်းသားဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသော အမတ်ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

နှုတ်ခမ်းကိုက်တာ၊ လွဲ၍သာ၊ ဘယ်ဟာ ဘာမသိ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ပါဒဉ္ဇလိဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၈။ ကိံသုကောပမဇာတ်

မင်းသားလေးယောက် ပေါက်လေးပင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သဗ္ဗေဟိ ကိံသုကော ဒိဋ္ဌော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကိံသုကောပမဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကိံသုကောပမသုတ္တန်ကို အကြောင်းပြု၍ ဟောတော်မူ၏။ လေးယောက်ကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားသို့ကပ်၍ ကမ္မဋ္ဌာန်းကို တောင်းကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းတို့အား ကမ္မ ဋ္ဌာန်းကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် ကမ္မဋ္ဌာန်းကိုယူကုန်၍ မိမိတို့၏ ညဉ့်သန့်ရာ နေ့သန့်ရာအရပ်ကိုကပ်ကုန်၏။ ထိုရဟန်းတို့တွင် တပါးသောရဟန်းသည် ခြောက်ပါးကုန်သော ဖဿာယတနတို့ကို သိမ်းဆည်း၍ ရဟန္တာအဖြစ်သို့ ရောက်၏။ တပါးသောရဟန်းသည် ငါးပါးကုန်သော ခန္ဓာတို့ကို။ တပါးသောရဟန်းသည် လေးပါးကုန်သော မဟာဘုတ်တို့ကို။ တပါးသောရဟန်းသည် တဆယ့်ရှစ်ပါးကုန်သော ဓာတ်တို့ကို သိမ်းဆည်း၍ ရဟန္တာအဖြစ်သို့ ရောက်၏။ ထိုရဟန်းတို့သည် မိမိတို့သည် ရအပ်သော တရားအထူးကို မြတ်စွာဘုရားအား လျောက်ကုန်၏။ ထိုအခါ တပါးသော ရဟန်းအား ဤရဟန်းတို့၏ ကမ္မဋ္ဌာန်းတို့သည် ထူးကုန်၏။ နိဗ္ဗာန်သည် တူ၏။ အဘယ့်ကြောင့် ခပ်သိမ်းကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်ကို ရအပ်သနည်းဟု အကြံသည်ဖြစ်၏။ ထိုရဟန်းသည် မြတ်စွာဘုရားကို လျှောက်၏။ မြတ်စွာဘုရားသည် ရဟန်း ပေါက်ပင်ကို မြင်ဘူးကုန်သော မင်းသားညီနောင် လေးယောက်တို့နှင့်တကွ သင့်အား ထူးသောအဖြစ်သည် အသို့ရှိအံ့နည်းဟု မိန့်တော်မူ၍ အရှင်ဘုရား ဤအကြောင်းကို အကျွန်ုပ်တို့အား ဟောတော်မူပါ ကုန်လောဟု ရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်းအား လေးယောက်ကုန်သော သားတို့သည် ဖြစ်ကုန်၏။ ထိုမင်းသားတို့သည် တနေ့သ၌ ရထားထိန်းကိုခေါ်၍ အချင်း ရထားထိန်း ငါတို့သည် ပေါက်ပင်ကို မြင်လိုကုန်၏။ ငါတို့အား ပေါက်ပင်ကို ပြလော့ဟု ဆိုကုန်၏။ ရထားထိန်းသည် ကောင်းပြီ ပြအံ့ဟုဆို၍ လေးယောက်ကုန်သော မင်းသားတို့အားလည်း တပေါင်းတည်းမပြုမူ၍ မင်းသားကြီးကို ရှေးဦးစွာ ရထား၌ စီးစေ၍ တောသို့ဆောင်၍ ဤသည်ကား ပေါက်ပင်တည်းဟု မည်းသောကာလ၌ ပေါက်ပင်ကို ပြ၏။ တယောက်သော မင်းသားအား ထူသောအရွက်ရှိသောကာလ၌ ပြ၏။ တယောက်သော မင်းသားအား ပွင့်သောကာလ၌ ပြ၏။ တယောက်သော မင်းသားအား သီးသောကာလ၌ ပြ၏။

နောက်အဘို့၌ လေးယောက်ကုန်သော မင်းသားညီနောင်တို့သည်လည်း တပေါင်းတည်း နေကြကုန်လျှက် ပေါက်ပင်မည်သည်ကား အဘယ်သို့ သဘောရှိသနည်းဟု စကားကို ဖြစ်စေကုန်၏။ ထို့နောင်မှ တယောက်သော မင်း သားသည် မီးလောင်ငုတ်ကဲ့သို့ ရှိ၏ဟု ဆို၏။ နှစ်ယောက်မြောက်သော မင်းသားသည် ပညောင်ပင်ကဲ့သို့ ရှိ၏ဟု ဆို၏။ သုံးယောက်မြောက်သော မင်းသားသည် သားတစ်ကဲ့သို့ ရှိ၏ဟု ဆို၏။ လေးယောက်မြောက်သော မင်းသားသည် ကုက္ကိုပင်ကဲ့သို့ ရှိ၏ဟု ဆို၏။ ဤသို့ ထိုမင်းသားတို့သည် အချင်းချင်း စကားဖြင့် မနှစ်သက်ကုန်သည်ဖြစ်၍ အဘ၏ အထံသို့ သွားကုန်၍ ခမည်းတော်မင်းမြတ် ပေါက်ပင်မည် သည်ကား အဘယ်သို့သဘော ရှိသနည်းဟု မေး၍ သင်တို့သည် အသို့ဆိုအပ်သနည်းဟု ဆိုသည်ရှိသော် ဆိုအပ်ကုန်သော အမှတ်ကို မင်းအား လျှောက်ကြကုန်၏။ မင်းသည် လေးယောက်ကုန်သော သင်တို့သည်လည်း ပေါက်ပင်ကို မြင်ဘူးကြကုန်၏။ စင်စစ် သင်တို့သည် ပေါက်ပင်ကို ပြလတ်သည်ရှိသော် ရထားထိန်းကို ဤမည်သောကာလ၌ ပေါက်ပင်သည် အသို့ဘောရှိသနည်း၊ ဤမည်သောကာလ၌ကား အဘယ်သို့ သဘောရှိသနည်းဟု ခွဲခြမ်းဝေဘန်၍ မမေးအပ်၊ ထို့ကြောင့် သင်တို့အား ယုံမှားခြင်းသည် ဖြစ်၏ဟု ဆို၍-

၁၉၆။ သဗ္ဗေဟိ ကိံသုကော ဒိဋ္ဌော၊ ကိံနွေတ္ထ ဝိစိကိစ္ဆထ။
န ဟိ သဗ္ဗေသု ဌာနေသု၊ သာရထိ ပရိပုစ္ဆိတော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၉၆။ တာတ၊ ချစ်သားတို့။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော သင်တို့သည်။ ကိံသုကော၊ ပေါက်ပင်ကို။ ဒိဋ္ဌော၊ မြင်ဘူးကြ၏။ ဧတ္ထ၊ ဤပေါက်ပင်၌။ တေ-တုမှေ၊ ထိုသင်တို့သည်။ ကိံ နု ဝိစိကိစ္ဆထ၊ အဘယ့်ကြောင့် ယုံမှားရှိကုန်သနည်း ဟူမူကား။ တုမှေဟိ၊ သင်တို့သည်။ သဗ္ဗေသု၊ ခပ်သိမ်းကုန်သော။ ဌနေသု၊ အရာတို့၌။ သာရထိ၊ ရထားထိန်းကို။ န ပရိပုစ္ဆတော၊ မမေးအပ်။ တေန၊ ထိုသို့ မမေးအပ်သောကြောင့်။ ဝိစိကိစ္ဆထ၊ ယုံ မှားရှိကုန်၏။

မြတ်စွာဘုရားသည် ဤအကြောင်းကို ပြတော်မူ၍ ရဟန်းတို့ ထိုမင်းသားညီနောင် လေးယောက်တို့သည် ခွဲခြမ်းဝေဘန်ခြင်းကို မပြုကုန်၍ မမေးအပ်သည်၏အဖြစ်ကြောင့် ပေါက်ပင်၌ ယုံမှားခြင်းကို ဖြစ်စေကုန်သကဲ့သို့ ထို့အတူ သင်သည်လည်း ဤတရား၌ ယုံမှားခြင်းကို ဖြစ်စေ၏ဟု မိန့်တော်မူပြီး၍ မြတ်စွာဘုရားသည်-

၁၉၇။ ဧဝံ သဗ္ဗေဟိ ဉာဏေဟိ၊ ယေသံ ဓမ္မာ အဇာနိတာ။
တေ ဝေ ဓမ္မေသု ကင်္ခန္တိ၊ ကိံသုကသ္မိံဝ ဘာတရော။

ဟူသော နှစ်ခုတနု့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၉၇။ ဘိက္ခဝေ၊ ရဟန်းတို့။ ဘာတရော၊ လေးယောက်ကုန်သော မင်းသားညီနောင်တို့သည်။ ကိံသုကသ္မိံ၊ ပေါက်ပင်၌။ ကင်္ခန္တိ ဣဝ၊ ယုံမှားကုန်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ ယေသံ၊ အကြင်သူတို့သည်။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဉာဏေဟိ၊ ဝိပဿနာဉာဏ်တို့ဖြင့်။ ဓမ္မာ၊ ဖဿ အာယတန အစရှိသော တရားတို့ကို။ အဇာနိတာ၊ မသိအပ်ကုန်။ တေ၊ ထိုသူတို့သည်။ ဝေ၊ စင်စစ်။ ဓမ္မေသု၊ ဖဿအာယတန အစရှိကုန်သော တရားတို့၌။ ကင်္ခန္တိ၊ ယုံမှားကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီမင်းဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရည်မှန်းချက်မှာ၊ တူတုံပါလည်း။ လုပ်ရာအမှု၊ ကွဲပြားပြု၍၊ ဘယ်ဟုဘယ်ပင်၊ ပြစ်မတင်သင့်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကိံသုကောပမဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၉။ သာလကဇာတ်

ရှင်ကြီးနှိပ်စက်- ရှင်ငယ်ထွက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဧကပုတ္တကော ဘဝိဿတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသာလကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီ တင်းသုံး နေတော်မူစဉ် မထင်ရှားသော မထေရ်ကြီးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုမထေရ်ကြီးသည် သူငယ်တယောက်ကို ရှင်ပြု၍ နှိပ်စက်လျက် ဇေတဝန် ကျောင်းတော်၌ နေသတတ်၊ သာမဏေသည် နှိပ်စက်ခြင်းကို သည်းမခံနိုင်သည်ဖြစ်၍ လူထွက်၏။ မထေရ်ကြီးသည် သွား၍ သူငယ် သင်၏သင်္ကန်း သင်၏သပိတ်သည် သင့်ဘို့သာလျှင် ဖြစ်လတ္တံ့၊ ငါ၏ဥစ္စာဖြစ်သော သပိတ်သင်္ကန်းသည်လည်း သင့်ဘို့သာလျှင် ဖြစ်လတ္တံ့ ဟု ထိုသူငယ်ကို ဖြားယောင်း၏။ ထိုသူငယ်သည် ရှင်မပြုအံ့ဟု ဆို၍လည်း အဖန်တလဲလဲ ဖြားယောင်းဆိုလတ်သည်ရှိသော် ရှင်ပြုပြန်၏။ ထိုအခါ ထိုသူငယ်ကို ရှင်ပြုသောနေ့မှစ၍ တဖန် မထေရ်ကြီးသည် ညှဉ်းဆဲ၏။ ထိုသာမဏေသည် ညှဉ်းဆဲခြင်းကို သည်းမခံနိုင်သည်ဖြစ်၍ တဖန်ထွက်၍ အကြိမ်များစွာ တောင်းပန်သော်လည်း အရှင်ဘုရား သင်သည် ငါ့ကို သည်းခံသော်လည်း မခံနိုင်သလျှင်ကတည်း၊ ငါနှင့်ကင်း၍ နေအံ့သောငှာလည်း မစွမ်းနိုင်သလျှင်ကတည်း၊ သွားလေ ရှင်မပြုပြီဟု ဆို၍ ရှင်မပြုဘဲနေ၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ စင်စစ်လိမ္မာသောစိတ်ရှိသော ထိုသူငယ်သည် မထေရ်ကြီး၏အလိုကို သိ၍ ရှင်မပြုဘဲ နေ၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ အရှင်ဘုရား ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ဤသူငယ်သည် ယခုအခါ၌သာ လိမ္မာသောစိတ်ရှိသည် မဟုတ်သေး၊ ရှေး၌လည်း လိမ္မာသောစိတ်ရှိသည်ဖြစ်၍သာလျှင် တကြိမ် ထိုသူ၏အပြစ်ကိုမြင်၍ တဖန် မပေါင်းဘော်ပြီဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူကြွယ်မျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် စပါးရောင်းခြင်းဖြင့် အသက်မွေးခြင်းကို ပြု၏။ တယောက်သော အလမ္ပာယ်သည် မျောက်တခုကိုသင်၍ ဆေးကိုကိုင်စေ၍ ထိုမျောက်ကို မြွေကိုကစားစေ၍ အသက် မွေးခြင်းကို ပြု၏။ ထိုအလမ္ပာယ်သည် ဗာရာဏသီပြည်၌ ပွဲလမ်းသဘင် ကြွေးကြော်သည်ရှိသော် ပွဲလမ်းသဘင်ကို ကစားလို၍ ဤမျောက်ကို မမေ့မလျော့ပါလင့်ဟု ဆို၍ ထိုမျောက်ကို စပါးကုန်သည်၏လက်၌ထား၍ ပွဲလမ်းသဘင်ကစား၍ ခုနစ်ရက်မြောက်သောနေ့၌ ထိုစပါးကုန်သည်၏ အထံသို့ သွား၍ မျောက်သည် အဘယ်မှာနည်းဟု မေး၏။

မျောက်သည် အရှင်၏အသံကို ကြား၍လျှင် စပါးစိမှ လျင်မြန်စွာ ထွက်လာ၏။ ထိုအခါ ထိုမျောက်ကို ထိုအလမ္ပာယ်သည် ဝါးခြမ်းပြားနှင့် ကျောက်၌ရိုက်၍ ယူလေပြီးလျှင် ဥယျာဉ်သို့သွား၍ လျောက်ပတ်သော အရပ်၌ချည်၍ အိပ်ပျော်လေ၏။ မျောက်သည် ထိုအလမ္ပာယ် အိပ်ပျော်သည်၏အဖြစ်ကို သိ၍ မိမိ၏အနှောင်အဖွဲ့ကိုဖြေ၍ သရက်ပင်သို့တက်၍ သရက်သီးမှည့်ကိုစားပြီးလျှင် အစေ့တို့ကို အလမ္ပာယ်၏ ကိုယ်ပေါ်သို့ချ၏။ အလမ္ပာယ်သည် နိုး၍ ကြည့်လတ်သည်ရှိသော် မျောက်ကိုမြင်၍ ချိုသာနာဘွယ်သောစကားနှင့် လှည့်ပတ်၍ သရက်ပင်မှသက်စေ၍ ဖမ်းအံ့ဟု ကြံလျှက် ထိုမျောက်ကို ဖြားယောင်းလိုရကား -

၁၉၈။ ဧကပုတ္တကော ဘဝိဿတိ၊
တွဉ္စ နော ဟေဿသိ၊ ဣဿရော ကုလေ။
ဩရောဟ ဒုမသ္မာ သာလက၊
ဧဟိ ဒါနိ ဃရကံ ဝဇေမသေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၉၈။ သာလက၊ သာလက။ တွံ၊ သင်သည်။ နော၊ ငါတို့၏။ ဃရေ၊ အိမ်၌။ ဧကပုတ္တကော၊ တယောက်တည်းသော သားသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ မေ၊ ငါ၏။ ဘောဂါနံ၊ စည်းစိမ်တို့ကို။ ဣဿရော၊ အစိုးရသည်။ ဟေဿသိ၊ ဖြစ်ရလတ္တံ့။ ဒုမသ္မာ၊ သရက်ပင်မှ။ ဩရောဟ၊ ဆင်းခဲ့လော့။ ဒါနိ-ဣဒါနိ၊ ယခုအခါ၌။ အမှာကံ၊ ငါတို့၏။ ဃရကံ၊ အိမ်သို့။ ဝဇေမသေ၊ သွားကြကုန်အံ့။ ဧဟိ၊ လာလော။

မျောက်သည် ထိုစကားကို ကြား၍-

၁၉၉။ နနု မံ သုဟဒယောတိ မညသိ၊
ယဉ္စ ဟနသိ မံ ဝေဠုယဋ္ဌိယာ။
ပက္ကမ္ဗဝနေ ရမာမသေ။
ဂစ္ဆ တွံ ဃရကံ ယထာသုခံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၉၉။ ဘော အဟိတုဏ္ဍိက၊ အိုအလမ္ပာယ်သမား။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ သုဟဒယောတိ မညသိ နနု၊ လိမ္မာသောစိတ်ရှိ၏ဟူ၍ အောက်မေ့သည် မဟုတ်တုံလော။ တွံ၊ သင်သည်။ မံ၊ ကို။ ဝေဠုယဋ္ဌိယာ၊ ဝါးခြမ်းပြားဖြင့်။ ယဉ္စ ဟနသိ၊ အကြင်ကြောင့် ရိုက်၏။ တေန၊ ထို့ကြောင့်။ မယံ၊ ငါတို့သည်။ ပက္ကမ္ဗဝနေ၊ သရက်သီးမှည့်သော တော၌။ ရမာမသေ၊ မွေ့လျော်ကုန်အံ့။ တွံ၊ သင်သည်။ ဃရကံ၊ အိမ်သို့။ ယထာသုခံ၊ အလိုအတိုင်း။ ဂစ္ဆ၊ သွားလေလော့။

ဤသို့ဆို၍ တောသို့ဝင်၏။ အလမ္ပာယ်သည်လည်း နှလုံးမသာသည်ဖြစ်၍ အိမ်သို့ သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ သာမဏေသည် ထိုအခါ မျောက် ဖြစ်ဘူးပြီ၊ ယခုအခါ မဟာထေရ်သည် ထိုအခါ အလမ္ပာယ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ စပါးကုန်သည် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

တကြိမ်ပြစ်မြင်၊ သူမခင်၊ ခုတွင်မက ရှေးဘဝ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော သာလကဇာတ်သည် ပြီး၏။

*****

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၁၀။ ကပိဇာတ်

ရသေ့သွင်မျောက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အယံ ဣသီ ဥပသမသံယမေ ရတော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကပိဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သောအံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုရဟန်း၏အံ့ဘွယ်သရဲကို ဖြစ်စေ သည်၏ အဖြစ်သည် ရဟန်းတို့၌ ထင်ရှားဖြစ်၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသော ရဟန်းသည် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရာဖြစ်သော ဘုရား သခင်၏ သာသနာတော်၌ ရဟန်းပြု၍အံ့ဘွယ်သရဲကို ဖြစ်စေတတ်သော အကြောင်းကို ပြည့်စုံစေ၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျောက်သည်ရှိသော် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင်အံ့ဘွယ်သရဲကို ဖြစ်စေသည် မဟုတ်သေး၊ ရှေး၌လည်း မီးဟူသော အကြောင်းကြောင့် မျောက်ဖြစ်၍အံ့ဘွယ်သရဲ၏အဖြစ်ကို ပြုဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ထိုအခါ ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် သားသည် ရှေးရှူထက်ဝန်းကျင်ပြေး၍ သွားနိုင်သောကာလ၌ ပုဏ္ဏေးမသည် သေလတ်သည်ရှိသော် သားကိုရင်ခွင်ဖြင့်ချီ၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းအဖြစ်အားဖြင့် ရဟန်းပြု၍ ထိုသားငယ်ကိုလည်း ရသေ့ငယ်ပြု၍ သစ်ရွက်မိုးသော သင်္ခမ်း၌နေခြင်းကို ပြု၏။ မိုဃ်းလအခါ အယဉ်မပြတ်စီးသော မိုဃ်းသည် စွေလတ်သည်ရှိသော် မျောက်သည် အချမ်းနှိပ်စက်သည်ဖြစ်၍၊ သွားဖြင့် သွားတို့ကိုခဲလျက် တုန်လှုပ်လျှက် သွား၏။ ဘုရားလောင်းသည်းကြီးစွာသော ထင်းတုံးတို့ကိုဆောင်၍ မီးညှိ၍ ညောင်စောင်း၌ လျောင်း၏။ ထိုဘုရားလောင်း၏ သားငယ်သည်လည်း ထိုဘုရားလောင်း၏ ခြေတို့ကိုဆုပ်နယ်လျက်နေ၏။ ထိုမျောက်သည် တပါးသော သေလေသောရသေ့၏ ဥစ္စာဖြစ်ကုန်သော မျှော်တေသင်္ကန်းတို့ကို ဝတ်ရုံ၍ သစ်နက်ရေကို ပခုံး၌ တင်၍ ထမ်းပိုးကရားကိုယူ၍ ရသေ့အသွင်ဖြင့် လာလတ်၍ သစ်ရွက်မိုးသော သင်္ခမ်းတံခါး၌ မီးဟူသောအကြောင်းကြောင့်အံ့ဘွယ်သရဲသော အမှုကိုပြု၍ ရပ်၏။ ရသေ့ငယ်သည်လည်း မြင်၍ ဘခင် ရသေ့တယောက်သည် အချမ်းနှိပ်စက်အပ်သည်ဖြစ်၍ တုန်လှုပ်လျက် ရပ်၏။ ဤမီးဖိုသို့ ထိုရသေ့ကို ခေါ်ကုန်လော့၊ မီးလှုံလတ္တံ့ဟု အဘကို တောင်းပန်လိုသည်ဖြစ်၍-

၂၀၀။ အယံ ဣသီ ဥပသမသံယမေ ရတော၊
သ တိဋ္ဌတိ သိသိရဘယေန အဋ္ဋိတော။
ဟန္ဒ အယံ ပဝိသတု မံ အဂါရကံ၊
ဝိနေတု သီတံ ဒရထဉ္စ ကေဝလံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၂၀၀။ တာတ၊ ဘခင်။ ဥပသမသံယမေ၊ ရာဂအစရှိသည်တို့ကို ငြိမ်းစေခြင်း သီလကို ထိန်းသိမ်းခြင်း၌။ ရတော၊ မွေ့လျော်ထသော။ သ-သော အယံ ဣသီ၊ ဤရသေ့သည်။ သိသိရဘယေန၊ လေနှင့်တကွ ရွာသောမိုဃ်းသည် ဖြစ်စေအပ်သော ချမ်းအေးခြင်း ဘေးသည်။ အဋ္ဋိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။ တိဋ္ဌတိ၊ ရပ်၏။ ဟန္ဒ၊ ယခု။ အယံ၊ ဤရသေ့သည်။ ဣမံ အဂါရကံ၊ ဤကျောင်းသို့။ ပဝိသတု၊ ဝင်စေသတည်း။ ကေဝလံ၊ အလုံးစုံသော။ သိတဉ္စ၊ ချမ်းခြင်းကို၎င်း။ ဒရထဉ္စ၊ ဆင်းရဲခြင်းကို၎င်း။ ဝိနေတု၊ ဖျောက်စေသတည်း။

ဘုရားလောင်းသည် သား၏စကားကို ကြား၍ ထ၍ ကြည့်သည် ရှိသော် မျောက်၏အဖြစ်ကို သိ၍-

၂၀၁။ နာယံ ဣသီ ဥပသမသံယမေ ရတော၊
ကပီ အယံ ဒုမဝရသာခဂေါစရော။
သော ဒူသကော ရောသကော စာပိ ဇမ္မော၊
သစေ ဝဇေမံပိ ဒူသေယျဂရံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၀၁။ တာတ၊ ချစ်သား။ အယံ၊ ဤသတ္တဝါသည်။ ဥပသမသံယမေ၊ ရာဂအစရှိသည်တို့ကိုငြိမ်းစေခြင်း သီလကိုစောင့်စည်းခြင်း၌။ ရတော၊ မွေ့လျော်သော။ ဣသိ၊ ရသေ့သည်။ ၊ မဟုတ်။ အယံ၊ ဤသတ္တဝါသည်။ ဒုမဝရသာခဂေါစရော၊ မြတ်သော သစ်ပင်တို့၏အခက်၌ ကျက်စားတတ်သော။ ကပီ၊ မျောက်တည်း။ သော၊ ထိုမျောက်သည်။ ဒူသကော စ၊ ဖျက်လည်း ဖျက်ဆီး တတ်၏။ ရောသကော စာပိ၊ ချုတ်လည်း ချုတ်ချယ်တတ်၏။ ဇမ္ဗော စ၊ ယုတ်လည်း ယုတ်မာ၏။ ဣမံပိ၊ ဤကျောင်းသို့လည်း။ သစေ ဝဇေ၊ အကယ်၍ ဝင်ငြားအံ့။ အဂါရံ၊ ကျောင်းကို။ ဒူသေယျ၊ ဖျက် ဆီးရာ၏။

ဤသို့ဆိုပြီးလျှင် ဘုရားလောင်းသည် မီးစကိုကိုင်၍ ထိုမျောက်ကို ချောက်လိုက်၍ ပြေးစေ၏။ ထိုမျောက်သည် ခုန်လွှားကာ တောသို့ဝင်၍ ပြေး၏။ တဖန် ထိုအရပ်သို့ မလာပြီ၊ ဘုရားလောင်းသည် အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ရသေ့ငယ်အား ကသိုဏ်းပရိကံကို ကြား၏။ ထိုရသေ့ငယ်သည်လည်း အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၏။ ထိုနှစ်ဦးသော ရသေ့တို့သည်လည်း မယုတ်သော ဈာန်ရှိကုန်သည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လားကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သည်မဟုတ်၊ ရှေးကာလမှ စ၍လည်း ဤရဟန်းသည်အံ့ဘွယ်သရဲကို ဖြစ်စေသလျှင်ကတည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြသည်၏အဆုံး၌ အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် ရဟန္တာ ဖြစ်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ရဟန်းတို့ ယခုအခါအံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းသည် ထိုအခါ မျောက် ဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ သား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အဘရသေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

ဝါသနာဘာဂီ၊ ထုံဝသီ၊ အညီအံ့ဘွယ်ပြ

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကပိဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-သင်္ကပ္ပဝဂ်

၁။ သင်္ကပ္ပရာဂဇာတ်

ဝတ်လဲလျှော့ပြေ ဈာန်ယာဉ်ကြွေ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သင်္ကပ္ပရာဂ ဓောတေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသင်္ကပ္ပဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းအဖြစ်၌ ငြီးငွေ့သောရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌နေသော တယောက်သော အမျိုးသားသည် သာသနာတော်၌ အသက်ကိုလှူသဖြင့် ရဟန်းပြု၍ တနေ့သ၌ သာဝတ္ထိပြည်ဝယ် ဆွမ်းခံသွားသည်ရှိသော် တန်ဆာဆင်အပ်သော မိန်းမတယောက်ကိုမြင်၍ ကာမရာဂဖြစ်ရကား မမွေ့လျော်သည် ဖြစ်၍ နေသတတ်၊ မမွေ့လျော်သော ထိုရဟန်းကို ဆရာဥပဇ္ဈာယ် အစရှိသည်တို့ သိမြင်၍ မမွေ့လျော်သော အကြောင်းကို မေးပြီးလျှင် ထိုရဟန်း၏ လူထွက်လိုသော အဖြစ်ကိုသိ၍ ငါ့သျှင် ဘုရားမည်သည်ကား ကာမရာဂအစရှိသော ကိလေသာတို့သည် နှိပ်စက်အပ်ကုန်သော သူတို့၏ ကိလေသာတို့ကို ခွဲ၍ သစ္စာတို့ကို ပြတော်မူပြီးလျှင် သောတာပတ္တိဖိုလ် အစရှိသည်တို့ကို ပေးတတ်၏။ လာလော့ သင့်ကို မြတ်စွာဘုရားထံသို့ ဆောင်ကုန်အံ့ဟုဆို၍ ထိုရဟန်းကို ခေါ်၍သွားကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ အလိုမရှိသည်လျှင်ဖြစ်သော ဤရဟန်းကိုခေါ်၍ အဘယ့်ကြောင့် လာကြကုန်သနည်းဟု မေးတော်မူလတ်သော် ထိုအကြောင်းကို ကြား လျှောက်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း သင်ကား ရဟန်းအဖြစ်၌ ငြီးငွေ့သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် အဘယ့်ကြောင့် ငြီးငွေ့သနည်းဟု မေးတော်မူ၏။ ထိုရဟန်းသည် ထိုအကြောင်းကိုနားတော်လျှောက်၏။

ထိုအခါ ထိုရဟန်းကို သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်း မိန်းမတို့မည်သည်ကား ရှေးကာလ၌ ဈာန်၏အာနုဘော်အားဖြင့် ခွဲအပ်ပြီးသော ကိလေသာရှိကုန်သော စင်ကြယ်ကုန်သော သူတို့အားလည်း ကိလေသာကို ဖြစ်စေကုန်ပြီ၊ သင်ကဲ့သို့ အချည်းနှီးသောသူကို အဘယ့်ကြောင့် မညစ်ညူးစေကုန်လတ္တံ့နည်း၊ စင်ကြယ်ကုန်သော သူတို့သည်လည်း ညစ်ညူကုန်သေး၏။ မြတ်သော အကျော်အစောနှင့် ပြည့်စုံကုန်သောသူတို့သည်လည်း အကျော်အစော မဲ့သည်၏အဖြစ်သို့ ရောက်ကုန်သေး၏။ မစင်ကြယ်သော သူတို့သည်ကား အဘယ်ဆိုဘွယ်ရာ ရှိအံ့နည်း၊ မြင်းမိုရ်တောင်ကို လှုပ်စေနိုင်သော လေသည် ဟောင်းလေပြီးသော သစ်ရွက်ခြောက်ကို အဘယ်မူ၍ မလှုပ်စေနိုင်ငြားအံ့နည်း၊ ဗောဓိအပြင်၌နေ၍

သစ္စာတို့ကို သိအံ့သောသူကိုလည်း ဤကိလေသာသည် နှိပ်စက်နိုင်ဘိ၏။ သင်ကဲ့သို့သော သူကိုကား ထိုကိလေသာသည် အဘယ်မူ၍ မနှိပ်စက်နိုင်ကုန်အံ့နည်းဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်ရကား အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော ဗြာဟ္မဏမဟာသာလ အမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ ဗာရာဏသီပြည်သို့ ပြန်၍ သားမယားမွေး၏။ မိဘလွန်သဖြင့် မိဘတို့အား သင်္ဂြိုဟ်ခြင်းကိစ္စကိုပြု၍ ရွှေငွေဥစ္စာတို့ကို ကြည့်လတ်သော် ဤဥစ္စာသည်ကား ထင်၏။ ဤဥစ္စာရှင်တို့သည်ကား မထင်ဟု ဆင်ခြင်လျက် သံဝေဂရ၏။ ကိုယ်မှ ချွေးတို့သည် ယိုကုန်၏ ထိုဘုရားလောင်းသည် လူတို့ဘောင်၌ ကြာမြင့်စွာနေလျက် အလှူပေး၍ ကာမတို့ကို ပယ်ပြီးလျှင် မျက်ရည်စွတ်သော မျက်နှာရှိသော ဆွေမျိုးအပေါင်းတို့ကို စွန့်လျက် ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြုပြီးလျှင် မွေ့လျော်ဘွယ်ရှိသော အရပ်၌ ကျောင်းဆောက်၍ သစ်မြစ် သစ်သီးအစရှိကုန်သော အာဟာရတို့ဖြင့် မျှတလျှက် မကြာမြင့်မီလျှင် အဘိညာဉ်သမာပတ်တို့ကို ဖြစ်စေ၍ ဈာန်ကစားခြင်းကို ကစားလျက် ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှါ လူတို့ပြည်ကို မှီ၍ နေရမူကား ငါ၏ကိုယ်သည်လည်း ခိုင်ခံ့သည် ဖြစ်လတ္တံ့၊ ငါသည် သွားခြင်းဖြင့် ဣရိယာပုထိကို ဆောင်ခြင်းပြုရသည်လည်း ဖြစ်လတ္တံ့၊ အကြင်သူတို့သည် ထိုကဲ့သို့ သီလနှင့်ပြည့်စုံသော ရဟန်းအား ဆွမ်းကိုမူလည်း လှူကုန်လတ္တံ့၊ ရှိခိုးခြင်းအစရှိသည်ကိုလည်း ပြုကုန်လတ္တံ့၊ ထိုသူတို့သည် နတ်ပြည်ကို ပြည့်စေကုန်လတ္တံ့ဟု ကြံ၏။ ဤသို့ ကြံပြီး၍-

ထိုဘုရားလောင်းသည် ဟိမဝန္တာမှ သက်ခဲ့၍ အစဉ်သဖြင့် ဒေသစာရီ သွားလတ်သော် ဗာရာဏသီပြည်သို့ ရောက်၍ နေဝင်သောအခါ၌ နေရာအရပ်ကိုကြည့်လျှင် ဥယျာဉ်ကိုမြင်၍ ဤဥယျာဉ်ကား နေခြင်းငှါ လျောက်ပတ်၏။ ဤဥယျာဉ်၌နေအံ့ဟု ဥယျာဉ်သို့ဝင်၍ တခုသော သစ်ပင် ရင်း၌ နေလျက် ဈာန်ချမ်းသာဖြင့် ညဉ့်ကိုကုန်စေ၍ မိုး သောက်လတ်သော် ကိုယ်လက်သုတ်သင်၍ နံနက်အခါ၌လျှင် ဆံကျစ် သစ်နက်ရေ လျှော်တေ သင်္ကန်းတို့ကို ကောင်းမွန်စွာ ပြုပြင်၍ သပိတ်ကိုပိုက်လျက် ငြိမ်သက်သော ဣန္ဒြေ ငြိမ်သက်သောစိတ် ငြိမ်သက်သော ဣရိယာပုတ်နှင့် ပြည့်စုံစွာ ထမ်းပိုးတပြန်ကြည့်၍ ခပ်သိမ်းသော အခြင်းအရာနှင့် ပြည့်စုံသော မိမိ၏ အဆင်း အသရေဖြင့် လူအပေါင်း၏ မျက်စိတို့ကို ငင်ဘိသကဲ့သို့ မြို့သို့ဝင်၍ ဆွမ်းခံသွားလျက်ပင် မင်းအိမ်တံခါးသို့ ရောက်၏။ မင်းသည် မြတ်သောအပြင်၌ စင်္ကြံသွားလျက် လေသာပြူတင်းပေါက်ဖြင့် ဘုရားလောင်းကို မြင်၍ ဣရိယာပုထ်၌လျှင် ကြည်ညို၍ သူတော်ကောင်းတရားမည်သည် အကယ်၍ ရှိငြားအံ့၊ ဤရသေ့၏ကိုယ်တွင်း၌ ရှိသည်ဖြစ်ရာ၏ဟု ကြံ၍ သွားချေ ရှင်ရသေ့ကို ပင့်ချေဟု တယောက်သော အမတ်ကို စေ၏။ ထိုအမတ်သည် သွား၍ ရှိခိုးလျက် သပိတ်ကို လှမ်း၍ အရှင်ဘုရား အရှင်ဘုရားကို မင်းသည် ပင့်ခေါ်၏ဟု ဆို၏။ ဘုရားလောင်းသည် ဘုန်းတန်ခိုးကြီးသော ဒါယကာ ငါတို့ကို မင်းသည် မသိဟု ဆို၏ အရှင်ဘုရား ထိုသို့တပြီးကား အကြင်မျှလောက်သော ကာလပတ်လုံး လာပါအံ့၊ ထိုမျှလောက်သောကာလပတ်လုံး အရှင်ဘုရားတို့သည် ဤအရပ်၌သာလျှင် နေတော်မူပါကုန်လော့ဟု ဆိုလျက် သွား၍ မင်းအား ကြားလျှောက်၏။ မင်းသည် ငါတို့အားကား ဆရာရသေ့သည် မရှိ၊ သွားချေ ထိုရသေ့ကို ပင့်ဆောင်ချေဆို၍ မိမိသည်လည်း လေသာနန်းတံခါးပေါက်ဖြင့် လက်ကိုဖြန့်လျက် ရှိခိုး၍ အရှင်ဘုရား ဤအရပ်သို့ အရှင်ဘုရား ကြွတော်မူပါကုန်လော့ဟု ဆို၏။ ဘုရားလောင်းသည် အမတ်၏လက်၌ သပိတ်ကိုပေး၍ မြတ်သောပြာသာဒ်အပြင်သို့ တက်၏။

ထိုအခါ မင်းသည် ဘုရားလောင်းကို ရှိခိုးလျက် ရာဇ ပလ္လင်၌ နေစေ၍ မိမိဘို့ ကောင်းစွာ စီရင်အပ်သော ယာဂုခဲဘွယ် ဆွမ်းတို့ဖြင့် လုပ်ကျွေး၍ ဆွမ်းဘုဉ်းပေးပြီးသော် ဘုရားလောင်းကို ပြဿနာမေး၏။ ပြဿနာကို ဖြေသဖြင့် လွန်စွာကြည်ညို၍ ရှိခိုးလျက် အရှင်ဘုရား အရှင်ဘုရားတို့သည် အဘယ်အရပ်၌ သီတင်းသုံး နေကုန်သနည်း၊ အဘယ်အရပ်မှ ကြွလာကုန်သနည်းဟု မေး၏။ မြတ်သောမင်းကြီး ငါတို့သည် ဟိမဝန္တ၌ နေကုန်၏ဟု ပြောဆိုလတ်သော် တဖန် အဘယ့်ကြောင့် ကြွလာကုန်သနည်းဟု မေး၍ မြတ်သော မင်းကြီး မိုဃ်းကာလ၌ အမြဲနေရာမည်သည်ကို ရခြင်းငှါ သင့်၏။ ထို့ကြောင့် လာကုန်၏ဟု ဆိုလတ်သော် အရှင်ဘုရား ထိုသို့တပြီးကား မင်း၏ဥယျာဉ်၌ နေတော်မူပါကုန်လော့၊ အရှင်ဘုရားတို့သည် လေးပါးသော ပစ္စည်းတို့ဖြင့် မပင်မပန်းကုန်လတ္တံ့၊ အကျွန်ုပ်သည်လည်း နတ်ပြည်၌ ဖြစ်စေတတ်သော ကောင်းမှုကို ပွားစေရအံ့ဟု ဆိုလေသဖြင့် ဝန်ခံခြင်းကိုယူ၍ နံနက်စာစားပြီးသော် ဘုရားလောင်းနှင့်တကွ ဥယျာဉ်သို့သွား၍ သစ်ရွက်မိုးသော ကျောင်းစင်္ကြံတို့ကို ဆောက်စေ၍ ညဉ့်သန့် နေ့သန့်ရာအရပ် အစရှိသည်တို့ကို ဖြစ်စေ၍ ရဟန်းတို့၏ ပရိက္ခရာတို့ကို လှူပြီး၍ အရှင်ဘုရား အရှင်ဘုရားတို့သည် ချမ်းသာသဖြင့် နေပါကုန်လော့ ဟုဆို၍ ဥယျာဉ်စောင့်ကို အပ်၏။ ဘုရားလောင်းသည် ထိုအခါမှစ၍ တဆယ်နှစ်နှစ်တို့ပတ်လုံး ထိုဥယျာဉ်၌သာလျှင် နေ၏။

ထိုအခါ တနေ့သ၌ မင်း၏ပစ္စန္တရစ်ကို ခိုးသူတို့သည် ဖျက် ဆီးအပ်၏။ မင်းသည် ပစ္စန္တရစ်ကို ငြိမ်စိမ့်သောငှါ သွားလိုရကား မိဖုယားကို ခေါ်၍ မိဖုယား သင်သည် မြို့၌ နေရစ်ခြင်းငှါ သင့်၏ဟု ဆို၏။ မြတ်သောမင်းကြီး အဘယ်ကိုမှီ၍ ဆိုကုန်သနည်းဟု လျှောက်လတ်သော် မိဖုယား သီလရှိသော ရသေ့ကို မှီ၍ ဆို၏ဟု မင်းသည် ဆို၏။ မြတ်သောမင်းကြီး အကျွန်ုပ်သည်ရှင်ရသေ့၌ မမေ့မလျော့သည် ဖြစ်အံ့ ရှင်ရသေ့အား လုပ်ကျွေးခြင်းသည် အကျွန်ုပ်၏ ဝန်ဖြစ်စေ၊ အရှင်မင်းကြီးတို့သည် ရွံရှာခြင်း ကင်းကုန်သည်ဖြစ်၍ ကြွတော်မူလောဟု မိဖုယားသည် ဆို၏။ မင်းသွားသည်ရှိသော် မိဖုယားသည်လည်း ဘုရားလောင်းကို မင်းဆိုတိုင်းသာလျှင် ရိုသေစွာ လုပ်ကျွေး၏။ ဘုရားလောင်းသည်ကား မင်း၏သွားသောကာလ၌ အမြဲအခါ၌သွား၍ မိမိအလိုရှိသော ကာလ၌ ဆွမ်းစားခြင်းကိစ္စကို ပြု၏။

ထိုအခါ တနေ့သ၌ ဘုရားလောင်းသည် အလွန်ကြာမြင့်လတ်သော် မိဖုယားသည် ခပ်သိမ်းသော ခဲဘွယ်ဘောဇဉ်ကို စီရင်၍ ရေချိုး၍ တန်ဆာဆင်၍ ညောင်စောင်းငယ်ကိုခင်း၍ ဘုရားလောင်း၏ လာခြင်းကို မျှော်လျက် ပြေပြစ်သောအဝတ်ကို အလျော့လျော့ဝတ်၍ အိပ်၏။ ဘုရားလောင်းသည်လည်း အခါကိုမှတ်၍ သပိတ်ကိုယူ၍ ကောင်းကင်ဖြင့်သွား၍ လေ သွန်တံခါးသို့ရောက်၏။ ထိုဘုရားလောင်း၏ လျှော်တေ သင်္ကန်းသံကို ကြား၍ အဆောတလျင်ထသော မိဖုယား၏ ကိုယ်မှ ပြေပြစ်သောအဝတ်သည် လျှောကျ၏။ ဘုရားလောင်းသည် ဝိသဘာဂအာရုံကိုမြင်၍ ဣန္ဒြေကိုဖျက်၍ တင့်တယ်၏ ဟု နှလုံးသွင်းလျက် ကြည့်၏။ ထိုအခါ ဘုရားလောင်းအား ဈာန်၏အစွမ်းအားဖြင့်ငြိမ်သော ကိလေသာသည်လည်း ကြုတ်၌ ထည့်အပ်သော မြွေဟောက်သည် ပါးပျဉ်းထောင်၍ ထသကဲ့သို့၎င်း အစေးရှိသောသစ်ပင်ကို ပဲခွပ်ဖြင့်ပေါက်သော ကာလကဲ့သို့၎င်း ဖြစ်၏။ ကိလေသာဖြစ်သည်နှင့်တကွ ဈာန်အင်္ဂါတို့သည် ကွယ်ကုန်၏။ ဣန္ဒြေတို့သည် မပြည့်စုံသည် ဖြစ်ကုန်၏။ မိမိသည် အတောင်ပြတ်သော ကျီးကဲ့သို့ ဖြစ်၏။

ထိုဘုရားလောင်းသည် ရှေး၌ကဲ့သို့ထိုင်၍ ဆွမ်းဘုဉ်းပေးခြင်းကို ပြုအံ့သောငှါ မတတ်နိုင်၍ ထိုင်ပါလော့ဟု ဆိုငြားသော်လည်း မထိုင်၊ ထိုအခါ မိဖုယားသည် ခပ်သိမ်းသော ခဲဘွယ်ဘောဇဉ်ကို ဘုရားလောင်း၏ သပိတ်၌လျင်ထည့်၏။ ရှေး၌ ဆွမ်းဘုဉ်းပေးခြင်းကိုပြု၍ ခြင်္သေ့ခံသောပြူတင်းပေါက်ကိုဘွင့်၍ ကောင်းကင်၌သာလျင် သွားသကဲ့သို့ ထို့အတူ ထိုနေ့၌ သွားခြင်းငှါ မတတ်နိုင်၊ သပိတ်ကိုယူ၍ စောင်းတန်းမဖြင့်လျှင်သက်၍ ဥယျာဉ်သို့ သွား၏။ မိဖုယားသည်ကား မိမိ၌ ဘုရားလောင်း၏ တပ်စွန်းသောစိတ်ကို သိ၏။ ဘုရားလောင်းသည် ဥယျာဉ်သို့သွား၍ ဆွမ်းကိုမစားမူ၍လျှင် ညောင်စောင်း အောက်၌သာလျှင် သပိတ်ကိုထား၏။ မိဖုယား၏ ဤသို့ သဘောရှိသော လက်တို့သည် တင့်တယ်ကုန်၏။ ခြေတို့သည် တင့်တယ်ကုန်၏။ ဤသို့သဘောရှိသော ခါးသည် တင့်တယ်၏။ ဤသို့သဘောရှိသော ပေါင်တို့သည် တင့်တယ်ကုန်၏။ ဤသို့ အစရှိသည်တို့ကို မြည်တမ်းလျက် ခုနစ်ရက် အိပ်၏။ ဆွမ်းသည်ကား ပုပ်သိုး၏။ ယင်ညိုတို့ဖြင့် ပြည့်၏။ ထိုအခါ မင်းသည် ပစ္စန္တရစ်ကို ငြိမ်စေ၍ ပြန်လာလတ်သော် တန်ဆာဆင်သောမြို့ကို လက်ျာရစ်လှည့်၍ မင်းအိမ်သို့ မသွားမီ ဘုရားလောင်းကို ဖူးအံ့ဟု ဥယျာဉ်သွား၍ အမှိုက်တို့ဖြင့်ပြည့်သော ကျောင်းကိုမြင်၍ အရပ်တပါးသို့ ကြွသည်ဖြစ်လတ္တံ့ဟု ကျောင်းတံခါးကိုဘွင့်၍ ကျောင်းသို့ဝင်လတ်သော် လျောင်း၍ နေသော ဘုရားလောင်းကိုမြင်၍ တစုံတခုသော မချမ်းသာခြင်းရှိလတ္တံ့ ဟု ပုပ်သိုးသောဆွမ်းကို စွန့်စေ၍ ကျောင်းကိုသုတ်သင်စေ၍ အရှင်ဘုရားအား အဘယ်ရောဂါ ရှိသနည်းဟု မေး၏။ မြတ်မင်းကြီး ငါ့ကို ထိုးမိ၏ဟု ဆို၏။ မင်းသည် ငါ၏ရန်သူတို့သည်ကား ငါ့အား အခွင့်မရကုန်၍ ဤရသေ့အား အားနည်းခြင်းကို ပြုကုန်အံ့ဟု လာ၍ ဤရသေ့ကို ထိုး အပ်သည် ဖြစ်လတ္တံ့ဟု အောက်မေ့၍ ကိုယ်ကိုပြစေ၍ စူးရာအရပ်ကို မမြင်လတ်သော် အရှင်ဘုရား အဘယ်၌ ထိုးမိသနည်းဟု မေး၏။ ဘုရားလောင်းသည် မြတ်သောမင်းကြီး ငါ့ကို တပါးသောသူသည် မထိုးပေအပ်၊ ငါသည်သာလျှင် ငါ၏ နှလုံး၌ ငါ၏ကိုယ်ကို ထိုး၏ဟု ဆို၍ ထိုင်လျက်-

။ သင်္ကပ္ပရာဂဓောတေန၊ ဝိတက္ကနိသိတေန စ။
နာလင်္ကတေန ဘဒြေန၊ ဥသုကာရာကတေန စ။
။ န ကဏ္ဏာယတမုတ္တေန၊ နာပိ မောရူပသေဝိနာ။
တေနမှိ ဟဒယေ ဝိဒ္ဓေါ၊ သဗ္ဗင်္ဂ ပရိဒါဟိနာ။
။ အာဝေဓဉ္စ န ပဿာမိ၊ ယတော ရုဟိရမဿဝေ။
ယာဝ အယောနိသော စိတ္တံ၊ သယံ မေ ဒုက္ခမာဘတံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သင်္ကပ္ပရာဂဓောတေန၊ ကာမပိတက်နှင့်ယှဉ်သော ရာဂရေဖြင့် ဆေးအပ်ထသော။ ဝိတက္ကနိသိတေန စ၊ ကာမဝိတက်ဟူသော ကျောက်၌ သွေးအပ်သည်လည်း ဖြစ်ထသော။ ဘဒြေန၊ ကောင်းသော။ နာလင်္ကတေန၊ တန်ဆာဆင်ခြင်းလည်း ကင်းထသော။ ဥသုကာရာကတေန စ၊ မြှားသ္မားတို့သည်လည်း မချွန်အပ်ထသော။ နကဏ္ဏာယတမုတ္တေန၊ လကျ်ာနားစွန်း၌ ဝင်သည်ဖြစ်၍ မလွတ်အပ်ထသော။ နာပိ မောရူပသေဝိနာ၊ ဥဒေါင်း လင်းတတောင် စသည်တို့ဖြင့် မြှားလွှတ်မကပ်အပ်ထသော။ သဗ္ဗင်္ဂပရိဒါဟိနာ၊ ခပ်သိမ်းသော ကိုယ်အင်္ဂါတို့ကို လောင်စွမ်းနိုင်သော။ တေန၊ ထိုကိလေသာသည်။ မေ၊ ငါ၏။ ဟဒယေ၊ စိတ်၌။ ဝိဒ္ဓေါ၊ စူးဝင်သည်။ အမှိ၊ ဖြစ်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယတော အာဝေဓာ၊ အကြင်ကိလေသာများ စူးဝင်ခြင်းကြောင့်။ ရုဟိရံ၊ သွေးသည်။ အဿဝေ၊ ယိုစီးရာ၏။ တံ အာဝေဓဉ္စ၊ ထိုစူးရာ အရပ်ကိုလည်း။ န ပဿာမိ၊ မမြင်။ ယာဝ အတိဝိယ၊ အလွန်လျှင်။ အယောနိသော၊ မသင့်သောအားဖြင့်။ စိတ္တံ၊ ရာဂစိတ်သည်။ ဝဍ္ဎိတံ၊ ပွား၏။ မေ၊ ငါသည်။ သယံ၊ ကိုယ်တိုင်။ ဒုက္ခံ၊ ဆင်းရဲကို။ အာဘတံ၊ ဆောင်မိချေ၏။

ဤသို့ ဘုရားလောင်းသည် ဤဂါထာတို့ဖြင့် မင်းအား တရားဟော၍ မင်းကို ကျောင်းမှ အပသို့ထွက်စေ၍ ကသိုဏ်းပရိကံကိုပြု၍ ပျောက်ပြီးသောဈာန်ကို ဖြစ်စေ၍ ကျောင်းမှ ထွက်လတ်၍ ကောင်းကင်၌ နေလျက် မင်းကိုဆုံးမ၍ မြတ်သောမင်းကြီး ငါသည် ဟိမဝန္တာသို့ သွားတော့အံ့ဟု ဆို၏။ အရှင်ဘုရား ဟိမဝန္တာသို့ သွားခြင်းငှာ မသင့်ဟု ဆိုငြားသော်လည်း မြတ်သောမင်းကြီး ငါသည် ဤအရပ်၌ နေခြင်းကြောင့် ဤသို့သဘောရှိသော ဘောက်ပြန်ခြင်းသို့ ရောက်၏။ ယခု ဤအရပ်၌နေခြင်းငှါ မသင့်ဟု ဆို၍ မင်း၏ တောင်းပန်စဉ်လျှင် ကောင်းကင်၌ပျံ၍ ဟိမဝန္တာသို့ ပြန်သွား၍ အသက်ထက်ဆုံးတည်၍ ဗြဟ္မာ့ပြည်သို့လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ရဟန်းအဖြစ်၌ ငြီးငွေ့သော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။ အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ်ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် ရဟန္တာ ဖြစ်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်ကား ထိုအခါ ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သူတော်သူမြတ်၊ ဖြစ်တုံလတ်လည်း။ မ-ဓာတ်စိတ်ဖက်၊ အကျိုးပျက်၊ လျှောသက် ဈာန်ယာဉ်ကြွေ

ရှေးဦးစွာသော သင်္ကပ္ပဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-သင်္ကပ္ပဝဂ်

၂။ တိလမုဋ္ဌိဇာတ်

နှမ်းတဆုပ် ဒုတ်သုံးချက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဇ္ဇာပိ မေ တံ သရသိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတိလမုဋ္ဌိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီ တင်းသုံး နေတော်မူစဉ် မထင်ရှားသော အမျက်ထွက်တတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ မထင်ရှားသော ရဟန်းတပါးသည် အမျက် ထွက်တတ်၏။ ပင်ပန်းခြင်းများတတ်သော သဘောရှိ၏။ အနည်းငယ် ဆိုငြားသော်လည်း ပြင်းစွာ အမျက်ထွက်တတ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်ငယ် ငါ့သျှင်တို့ ဤမည်သော ရဟန်းသည် အမျက်ထွက်တတ်၏။ ပင်ပန်းခြင်းများသော သဘောရှိ၏။ ခုံလောက်၌ ထည့်အပ်သော ဆားကဲ့သို့ ဖျစ်ဖျစ် မြည်လျက် သွားတတ်၏။ ဤသို့သဘောရှိသော အမျက်ကင်းသော သာသနာတော်၌ ရဟန်းပြုလျက် အမျက်မျှကိုလည်း နှိပ်အံ့သောငှာ မတတ်နိုင်ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုရဟန်းတို့၏ စကားကိုကြား၍ ထိုရဟန်းကို ရဟန်းတပါးအား ခေါ်စေ၍ ရဟန်း သင်သည် အမျက်ထွက်တတ်သောဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင် အမျက်ထွက်တတ်သည် မဟုတ်သေး၊ ရှေး၌လည်း အမျက်ထွက်တတ်သည် သာလျှင်တည်း မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်းအား ဗြဟ္မဒတ္တမည်သော မင်းသားသည် ဖြစ်၏။ ရှေးမင်းတို့သည် မိမိ၏သားတို့ကို ဤသို့စေသည်ရှိသော် မင်းသားတို့သည် မာနကင်းကုန်လတ္တံ့။ အချမ်းအပူကို သည်းခံနိုင်ကုန်လတ္တံ့။ လောကစရိုက်ကိုလည်း သိကုန်လတ္တံ့ဟု မိမိတို့၏ မြို့၌ ဒိသာပါမောက္ခဆရာ ရှိငြားသော်လည်း အတတ်ကို သင်စိမ့်သောငှါ ဝေးစွာသော တိုင်းတပါးသို့ မင်းသားတို့ကို စေကုန်၏။ ထို့ကြောင့် ဗြဟ္မဒတ်မင်းသည် တဆယ့်ခြောက်နှစ်ရှိသော သားကို ခေါ်စေ၍ တလွှာဘိနပ် သစ်ရွက်ထီး အသပြာတထောင်ကို ပေး၍ အမောင် သင်သည် တက္ကသိုလ်ပြည်သို့ သွား၍ အတတ်ကို သင်ချေဟုစေ၏။ ထိုဗြဟ္မဒတ်မင်းသားသည် ကောင်းပြီဟု မိဘတို့ကိုရှိခိုးလျက် ထွက်၍။ အစဉ်သဖြင့် တက္ကသိုလ်ပြည်သို့ ရောက်လျှင် ဆရာ့အိမ်ကို မေး၍ ဆရာသည် တပည့်လုလင်ငယ်တို့အား အတတ်ကို သင်ပြီးလျှင် ထ၍ အိမ်တံခါး၌ စင်္ကြံသွားလျက် နေ၏။ ထိုအိမ်သို့ရောက်၍ အကြင်အရပ်၌ ရပ်လျက် ဆရာကို မြင်၏။ ထိုအရပ် ၌လျှင် ဘိနပ်တို့ကို ချွတ်၍ ထီးကိုပယ်၍ ဆရာကိုရှိခိုး၍ ရပ်၏။ ဆရာလည်း ဗြဟ္မဒတ်မင်းသား၏ ပင်ပန်းလာသောအဖြစ်ကိုသိ၍ ဧည့်သည်တို့အား ချီးမြှောက်ခြင်းကို ပြုစေ၏။ မင်း သားသည် ထမင်းစားပြီးသော် အတန်ငယ် အပင်အပန်းဖြေ၍ ဆရာ့အထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် နေ၏။ အမောင် အဘယ်အရပ်မှ လာသနည်းဟု မေးလတ်သော် ဗာရာဏသီပြည်မှ လာ၏ဟု ဆို၏။ အဘယ်သူ၏ သားနည်းဟု မေးလတ်သော် ဗာရာဏသီမင်း၏ သားတည်းဟု ဆို၏။ အဘယ်ကိစ္စကြောင့် လာသနည်းဟု မေးသည်ရှိသော် အတတ်သင်အံ့သောငှါ လာပါသည်ဟုဆိုလျှင် ဆရာ့အဘို့ကို ဆောင်ခဲ့သလော၊ သို့တည်းမဟုတ်မူ ပညာသင် တပည့် (ဓမ္မန္တေဝါသိက) ခံလိုသလောဟု မေးသည်ရှိသော် အကျွန်ုပ်သည် ဆရာ့အဘို့ကို ဆောင်ခဲ့သတည်းဟု ဆို၍ ဆရာ့ခြေရင်း၌ အသပြာတထောင်ထုပ်ကိုထားလျက် ရှိခိုး၍ လျောက်ပတ်သောအရပ်၌ နေ၏။

ပညာသင်တပည့် (ဓမ္မန္တေဝါသိက) လုလင်တို့သည် နေ့အခါ ဆရာ့အမှုကိုလုပ်၍ ညဉ့်၌ အတတ်ကို သင်ကုန်၏။ ဆရာ့အဘို့ကို ပေးကုန်သော တပည့်လုလင်တို့သည်ကား အိမ်၌ သားကြီးတို့ကဲ့သို့ ဖြစ်၍ အတတ်ကိုသာလျှင် သင်ကုန်၏။ ထို့ကြောင့် ထိုတက္ကသိုလ် ဆရာသည်လည်း အလွယ်တကူသာလျှင် ကောင်းသော နက္ခတ်ဖြင့် ဗြဟ္မဒတ်မင်းသားအား အတတ်ကို သင်စေ၏။ မင်းသားသည်လည်း အတတ်ကိုသင်စဉ် တနေ့သ၌ ဆရာနှင့်တကွ ရေချိုးအံ့သောငှါ သွား၏။ ထိုအခါ တယောက်သော မိန်းမအိုသည် နှမ်းတို့ကို အဖြူချွတ်၍ ဖြန့်ပြီးလျှင် စောင့်လျက် နေ၏။ မင်းသားသည် နှမ်းဖြူတို့ကိုမြင်၍ စားလိုသည်ဖြစ်၍ နှမ်းတဆုပ်ကို ယူ၍ စား၏။ မိန်းမအိုသည်ကား ဤလုလင်သည် ချင်ခြင်းတပ်သောသူ ဖြစ်၏ဟု အောက်မေ့လျက် တစုံတခု မဆို၊ မင်းသားသည် နောက်တနေ့၌လည်း ထိုအချိန်၌ ထို့အတူသာလျှင် ပြု၏။ ထိုမိန်းမအိုသည် ထိုမင်းသားကို တစုံတခုမဆို၊ တပါးသောသူသည် သုံးရက်မြောက်သောနေ့၌လည်း ထို့အတူသာလျှင် ပြု၏။ ထိုအခါ မိန်းမအိုသည် မြင်၍ ဒိသာပါမောက္ခ ဆရာသည် မိမိတပည့်တို့ကို ငါ့ကို လုယက်စေ၏ဟု ဆို၍ လက်တို့ကို မြှောက်၍ ငိုမြည်တမ်း၏။ ဆရာသည် ပြန်၍ မိခင် ဤအမှုကား အသို့နည်းဟု မေး၏။ သခင် အရှင့်တပည့်သည် ယနေ့ နှမ်းတဆုပ်, ယမန်နေ့က နှမ်းတဆုပ် တမြန်နေ့က နှမ်းတဆုပ်ကို စား၏။ ဤသို့ စားသော် အကျွန်ုပ်၏ ဥစ္စာအလုံးကို ကုန်စေလတ္တံ့သည် မဟုတ်လောဟု ဆို၏။ မိခင် မငိုလင့် သင့်အား အဘိုးကို ပေးစေအံ့ဟု ဆို၏။ သခင် အကျွန်ုပ်ကား အဘိုးဖြင့် အလိုမရှိ၊ ဤလုလင်ကို တဖန် ဤသို့ မပြုအောင်သာ ဆုံးမလောဟု မိန်းမအိုသည် ဆို၏။ ဆရာသည် မိခင် ထိုသို့တပြီးကား ကြည့်လော့ဆို၍ ထိုမင်းသားကို နှစ်ယောက်ကုန်သော လုလင်တို့ကို လက်ခြေတို့၌ ကိုင်စေ၍ ဝါးခြမ်းစိတ်ကိုကိုင်၍ တဖန် ဤသို့ မပြုလင့်ဟု သုံးကြိမ် ကျော၌ ရိုက်၏။ မင်းသားသည် အမျက်ထွက်၍ မျက်စိတို့ကို နိစွာပြု၍ ခြေဘမိုးမှ ဆံဖျားတိုင်အောင် ဆရာကို ကြည့်၏။ ဆရာသည် မင်း သား၏ အမျက်ထွက်၍ ကြည့်သောအဖြစ်ကို သိ၏။ မင်းသားသည် အတတ်ကို အပြီးသို့ရောက်စေ၍ ဤဆရာကို ငါသည် သတ်အံ့ဟု ဆရာပြုသောအပြစ်ကို နှလုံး၌ထား၍ သွားသောကာလ၌ ဆရာကို ရှိခိုး၍ ဆရာ အကြင်အခါ၌ အကျွန်ုပ်သည် ဗာရာဏသီမင်း အဖြစ်သို့ ရောက်၍ ဆရာတို့၏အထံသို့ စေလိုက်အံ့၊ ထိုအခါ ဆရာတို့သည် လာကုန်လောဟု ချစ်ခြင်းရှိသကဲ့သို့ ဝန်ခံခြင်းကိုယူ၍ ဖဲသွား၏။

ထိုအခါ မင်းသားသည် ဗာရာဏသီပြည်သို့ ရောက်၍ မိဘတို့ကိုရှိခိုး၍ အတတ်ကိုပြ၏။ မင်းကြီးသည် အသက်ရှင်သဖြင့် သားကို မြင်ရပြီ၊ အသက်ရှင်စဉ် သား၏ မင်းအသရေကို ကြည့်အံ့ဟု မင်းအဖြစ်၌ထား၏။ ထိုဗြဟ္မဒတ်မင်းသည် မင်း၏အသရေကို ခံစားလျက် ဆရာပြုသောအပြစ်ကို အောက်မေ့၍ အမျက်ထွက်သဖြင့် ထိုဆရာကို သတ်အံ့ဟု ခေါ်စိမ့်သောငှာ ဆရာ့ထံသို့ လက်ဆောင်ပဏ္ဏာကာရနှင့်တကွ တမန်ကို စေ၏။ ဆရာသည် ငယ်စဉ်ကာလ၌ ဗာရာဏသီမင်းကို မှတ်စိမ့်သောငှါ မတတ်ကောင်းဟု မသွားမူ၍ ထိုမင်း၏ မဇ္ဈိမအရွယ်၌ ယခုအခါ ထိုမင်းကို သိစိမ့်သောငှါ တတ်ကောင်းပြီဟုသွား၍ မင်းအိမ်တံခါး၌ ရပ်လျက် တက္ကသိုလ် ဆရာ လာ၏ဟု လျှောက်စေ၏ မင်းသည် နှစ်သက်စွာ ပုဏ္ဏားကို ခေါ်စေ၍ မိမိအထံသို့ လာသော ပုဏ္ဏားကိုမြင်လျှင် အမျက်ကို ဖြစ်စေ၍ မျက်စိတို့ကို နီစွာပြု၍ အမတ်တို့ကိုခေါ်၍ အို အမတ်တို့ ယနေ့ထက်တိုင်အောင်လည်း ငါ့အား ဆရာသည် ရိုက်အပ်သောအရာကို နာကျင်အပ်၏။ ယနေ့ဆရာသည် နဖူးပြင်ဖြင့် သေမင်းကိုယူ၍ သေအံ့ဟုလာ၏။ ယနေ့ ဆရာ၏ အသက်သည် မရှိဟု ဆိုလို၍-

။ အပိ မေတံ မနသိ၊ ယံ မံ တွံ တိလမုဋ္ဌိယာ။
ဇာဟာယ မံ ဂဟေတွာန၊ လဋ္ဌိယာ အနုတာဠယိ။
။ နနု ဇီဝိတေန ရမသိ၊ ယေနာသိ ဗြာဟ္မဏာဂတော။
ယံ မံ ဗာဟာ ဂဟေတွာန၊ တိက္ခတ္တုံ အနုတာဠယိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၄။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ တိလမုဋ္ဌိယာ၊ နှမ်းတဆုပ်ကြောင့်။ မံ၊ ငါ့ကို။ ဗာဟာယ၊ မောင်း၌။ ဂဟေတွာန၊ ကိုင်စေ၍။ လဋ္ဌိယာ၊ ဝါးခြမ်းစိတ်ဖြင့်။ မံ၊ ငါ့ကို။ ယံ အနုတာဠယိ၊ အကြင်ရိုက်ခြင်းကိုပြု၏။ တံအနုတာဠနံ၊ ထိုရိုက်ခြင်းကို။ အဇ္ဇာပိ၊ ယနေ့တိုင်အောင်လည်း။ မေ၊ ငါသည်။ မနသိ၊ စိတ်၌အောက်မေ့မိ၏။

֍ ဋ္ဌ ၅။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ယေန၊ အကြင်ကြောင့်။ တွံ၊ သင်သည်။ မမ၊ ငါ၏။ သန္တိကံ၊ အထံသို့။ အာဂတော၊ လာသည်။ အသိ၊ ဖြစ်၏။ ယံ၊ အကြင်ကြောင့်။ မံ၊ ငါ့ကို။ ဗာဟာယ၊ မောင်း၌။ ဂဟေတွာန၊ ကိုင်စေ၍။ တိက္ခတ္တုံ၊ သုံးကြိမ်။ အနုတာဠယိ၊ ရိုက်၏။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ သင်သည်။ ဇီဝိတေ၊ အသက်၌။ န ရမသိ နနု၊ မမွေ့ယောင်တကား။

ဤသို့ သေဘေးဖြင့် ခြိမ်းချောက်၍ ဆိုသော စကားကိုကြား၍ ဆရာသည်-

။ အရိယော အနရိယံ ကုဗ္ဗန္တံ၊ ယော ဒဏ္ဍေန နိသေဓတိ။
သာသနံ တံ န တံ ဝေရံ၊ ဣတိ နံ ပဏ္ဍိတာ ဝိဒူ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အရိယော၊ မြတ်သော အကျင့်ရှိသော။ ယော၊ အကြင်သူသည်။ အနရိယံ၊ မမြတ်သောအကျင့်ကို။ ကုဗ္ဗန္တံ၊ ကျင့်သောသူကို။ ဒဏ္ဍေန၊ ဒဏ်ဖြင့်။ နိသေဓတိ၊ တားမြစ်၏။ တံ၊ ထိုတားမြစ်ခြင်းသည်။ သာသနံ၊ အဆုံးအမမည်၏။ တံ၊ ထိုတားမြစ်ခြင်းသည်။ န ဝေရံ၊ ရန်မဟုတ်။ ဣတိ၊ ဤသို့။ နံ၊ ထိုတားမြစ်ခြင်းကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ဝိဒူ၊ သိကုန်၏။

မြတ်သောမင်းကြီး ဤသို့သဘောရှိသောအရာ၌ ရန်ငြိုး ဖွဲ့ခြင်းငှါ မထိုက်၊ မြတ်သောမင်းကြီး သင်မင်းကြီးကို အကယ်၍ အကျွန်ုပ် မဆုံးမငြားအံ့၊ ထို့နောင်ကာလ၌ ပဲကြီးမုန့် နှမ်းဖြင့်ပြုအပ်သောခဲဘွယ် အစရှိသည်တို့ကို၎င်း သစ်သီးကြီးငယ် အစရှိသည်တို့ကို၎င်း လုယက်ခြင်း အစရှိသည်ဖြင့် အိမ်ခြံစပ်ကိုဖြတ်ခြင်း ခရီးသွားတို့ကို လုယက်ခြင်း ရွာနိဂုံးတို့ကို တိုက်ခြင်း အစရှိသည်တို့ကိုပြု၍ မင်း၏ ဆန့်ကျင်ဘက် ခိုးသူတည်းဟု ဥစ္စာနှင့်တကွ ဖမ်း၍ မင်းအားပြလတ်သည်ရှိသော် သွားချေ ထိုခိုးသူအား လျော်သောဒဏ်ကို ဆောင်ကြကုန်ဟု မင်းစေ၍ ဒဏ်ပေးခြင်းသို့ ရောက်ရာ၏။ သင်မင်းကြီးအား အဘယ်မှာ ဤသို့သဘောရှိသော စည်းစိမ်သည် ဖြစ်ရာအံ့နည်း၊ ဆရာဖြစ်သော အကျွန်ုပ်ကိုမှီ၍ ဤစည်းစိမ်ကို သင်မင်းကြီး ရ၏ဟု ဆရာသည် မင်းကို သိစေ၏။ ခြံရံ၍ နေကုန်သော အမတ်တို့သည်လည်း ဆရာ့စကားကို ကြား၍ အရှင်မင်းကြီး အရှင်မင်းကြီး၏ ဤစည်းစိမ်သည် ဆရာ့ဥစ္စာလျှင်တည်းဟု ဆိုကြကုန်၏။ ထိုခဏ၌ မင်းသည် ဆရာ့ကျေးဇူးကို မှတ်နိုင်၍ ဆရာ သင့်အား အလုံးစုံသော စည်းစိမ်ကို ပေး၏ ဟု ဆို၏။ ဆရာသည် မြတ်သောမင်းကြီး အကျွန်ုပ်အား မင်းအဖြစ်ကို အလိုမရှိဟု ပယ်၏။ မင်းသည် တက္ကသိုလ်ပြည်သို့စေ၍ ဆရာ၏ သားမယားကို ဆောင်စေ၍ များစွာသော အခြံအရံစည်းစိမ်တို့ကို ပေး၍ ထိုဆရာကိုလျှင် ပုရောဟိတ်ပြု၍ အဘအရာ၌ထား၍ ဆရာ၏ အဆုံး အမ၌ တည်လျက် ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကိုပြသည်၏ အဆုံး၌ အမျက်ထွက်တတ်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်၏။ များစွာကုန်သော ရဟန်းတို့သည် သောတာပန် သကဒါဂါမ် ဖြစ်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ အမျက် ထွက်တတ်သော ရဟန်းသည် ထိုအခါမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဆရာ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

တပည့်တွက်တာ၊ နောင်ကျိုးရှာလစ်၊ ဆရာဖြစ်လည်း။ ကြောင်းနည်းဆင်ခြင်၊ ရိုက်ပုတ်သင်၊ ရန်လျှင်ဖွဲ့တတ်၏

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော တိလမုဋ္ဌိဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-သင်္ကပ္ပဝဂ်

၃။ မဏိကဏ္ဌဇာတ်

လည်ဆွဲ ပတ္တမြား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် မမန္နပါနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဏိကဏ္ဌဇာတ်ကို အာဠဝီပြည်ကို အမှီပြု၍ အဂ္ဂဠဝစေတီ၌ သီတင်း သုံး နေတော်မူစဉ် ကုဋိကာရသိက္ခာပုဒ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ အာဠဝီတိုင်းသား ရဟန်းတို့သည် ကိုယ်တိုင် အဆောက်အဦတို့ကိုဆောက်၍ ကုဋိတို့ကိုပြုအပ်ကန်သည်ရှိသော် ယောက်ျားကိုပေးကြ ကုန်လော့၊ ယောက်ျားတို့၏ လက်အမှုကို ပေးကြကုန်လော့၊ ဤသို့အစရှိသော စကားတို့ကိုဆိုကုန်လျက် တောင်းခြင်းဝိညတ်များကုန်သည် ဖြစ်လတ်၍ နေကုန်၏။ လူတို့သည် တောင်းခြင်းဝိညတ်နှင့် နှိပ်စက်အပ်ကုန်ရကား ရဟန်းတို့ကိုမြင်၍ ပြေးကုန်၏။ ထိုအခါ ရှင်မဟာကဿပသည် အာဠဝီပြည်သို့ ကြွတော်မူ၍ ဆွမ်းခံဝင်တော်မူ၏။ လူတို့သည် အရှင်မဟာကဿပကို မြင်၍လည်း ရှေးအတူသာလျှင် ကျင့်ကုန်၏။ အရှင်မဟာကဿပမထေရ်သည် ဆွမ်းဘုဉ်း ပေးပြီးသည်ရှိသော် ဆွမ်းခံရွာမှ ဖဲခဲ့၍ ငါ့သျှင်တို့ ဤအာဠဝီပြည်သည် ရှေး၌ ရလွယ်သော ဆွမ်းရှိ၏။ ယခု အဘယ်ကြောင့်ရခဲသော ဆွမ်းရှိသနည်းဟု ရဟန်းတို့ကို မေးလေ၍ ထိုအကြောင်းကို ကြား၍ သဗ္ဗညူမြတ်စွာဘုရားသည် အာဠဝီပြည်သို့ကြွတော်မူ၍ အဂ္ဂါဠဝစတေီ၌ သီတင်း သုံး နေတော်မူသည်ရှိသော် မြတ်စွာဘုရား အထံတော်သို့ ဆည်းကပ်၍ ထိုအကြောင်းကို နားတော်လျှောက်ကြ၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုအခါ၌ ရဟန်းသင်္ဃာတို့ကို စည်းဝေးစေ၍ အာဠဝီတိုင်းသား ရဟန်းတို့ကို သင်တို့သည် ကိုယ်တိုင်တောင်းအပ်သော အဆောက်အဦဖြင့် ကုဋိတို့ကို ပြုကြကုန်သောဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ကို ကဲ့ရဲ့တော်မူ၍ ရဟန်းတို့ ဤတောင်းခြင်းမည်သည်ကို ရတနာခုနစ်ပါးနှင့် ပြည့်စုံသော နဂါးပြည်၌ နေကုန်သော နဂါးမင်းတို့စင်လျက် မနှစ်သက်ကုန်သေး၊ လူတို့အား အဘယ်ဆိုဘွယ်ရာ ရှိအံ့နည်း၊ တသပြာကို ဝါ- တကျပ်ကို ဖြစ်စေကုန်သောသူတို့အား ကျောက်ဖျာမှ ကျောက်ချပ်ကျောက်သားကို ခွါစေသော ကာလကဲ့သို့ **(ကျောက်ဖျာမှ ကျောက်ချပ်ကျောက်သားတို့ ဖဲ့ရသကဲ့သို့ လူတို့သည် တကျပ် တသပြာသော်လည်း အလွန်ရခဲ၏ ဟူလိုသည်။ ) ဖြစ်၏ဟု မိန့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူ၏။ ရဟန်းတို့သည် တောင်းပန်လတ်သော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် များစွာသော စည်းစိမ်ရှိသော ပုဏ္ဏားမျိုး၌ဖြစ်၏။ ဘုရားလောင်းသည် ရှေးရှုထက်ဝန်းကျင် ပြေးသွားနိုင်သောကာလ၌ ဘုန်းရှိသော တပါးသော သတ္တဝါသည်လည်း ဘုရားလောင်း၏ မယ်တော်ဝမ်း၌ ဖြစ်၏။ ထိုနှစ်ယောက်ကုန်သော ညီနောင်တို့သည် အရွယ်သို့ ရောက်ကုန်လတ်သော် မိဘတို့၏ သေလွန်ခြင်းကြောင့် ထိတ်လန့်သော နှလုံးရှိ၍ ရသေ့ရဟန်းပြုလျှက် ဂင်္ဂါမြစ်နား၌ သစ်ရွက်မိုးသောကျောင်းကို ဆောက်လုပ်၍ နေကုန်၏။ ထိုရသေ့ညီနောင်တို့တွင် အစ်ကိုကြီးရသေ့၏ ကျောင်းသည်ကား ဂင်္ဂါ၏အညာ၌ ညီတော်ရသေ့၏ ကျောင်းသည်ကား ဂင်္ဂါဂါ၏အကြေ၌ ရှိ၏။ ထိုအခါ တနေ့သ၌ မဏိကဏ္ဌနဂါးမင်းသည် နဂါးပြည်မှထွက်၍ ဂင်္ဂါကမ်းနား၌ လုလင်၏အသွင်ဖြင့် သွားသည်ရှိသော် ညီတော်ရသေ့၏ ကျောင်းသို့ ရောက်၍ ရှိခိုးလျက် တင့်တယ်စွာနေ၏။ အချင်းချင်း ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သော စကားကို ပြောဆို၍ အကျွမ်းဝင်ကုန်၏။ ကင်း၍ နေအံ့သောငှါ မတတ်နိုင်ကုန်၊

မဏိကဏ္ဌ နဂါးမင်းသည် မပြတ်ညီတော် ရသေ့အထံသို့လာ၍ စကားပြောလျက်နေ၍ သွားသောကာလ၌ ရသေ့အား ချစ်ခြင်းကြောင့် လုလင်ငယ်၏ အတ္တဘောကို စွန့်၍ အခွေတို့ဖြင့် ရသေ့ကိုပတ်လျက် သုံးသပ်၍ ဦးခေါင်းထက်၌ ကြီးစွာသော ပါးပျဉ်းကို ဆောင်း၍ အတန်ငယ်နေ၍ ထိုချစ်ခြင်းကို ဖြေဖျောက်၍ အခွေတို့ကိုဖြေ၍ ရသေ့ကိုရှိခိုး၍ မိမိနေရာသို့လျှင် သွား၏။ ရသေ့သည် မဏိကဏ္ဌနဂါးမှ ကြောက်သောကြောင့် ကြုံလှီ၏။ အဆင်းမလှသည် ဖြစ်၏။ ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိသည်ဖြစ်၏။ အကြောပြိုင်း ပြိုင်းထသော ကိုယ်ရှိသည် ဖြစ်၏။ ထိုညီတော်ရသေ့သည် တနေ့သ၌ နောင်တော် အထံသို့သွား၏။ ထိုနောင်တော် ရသေ့သည် ရှင်ရသေ့ သင်သည် အဘယ်ကြောင့် ကြုံလှီသနည်း၊ အဆင်းမလှသနည်း၊ ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့ခြင်းရှိသနည်း၊ အကြောပြိုင်းပြိုင်း ထသော ကိုယ်ရှိသနည်းဟု မေး၏။ ညီတော်ရသေ့သည်လည်း နောင်တော်ရသေ့အား ထိုအကြောင်းကို ကြား၍ သင်သည် ထိုနဂါး၏လာခြင်းကို အလိုမရှိသလောဟု မေးလတ်သော် အလိုမရှိဟု ဆို၍ သင့်အထံသို့လာသော ထိုနဂါးမင်းသည် အဘယ်တန်ဆာကို ဆင်၍ လာသနည်းဟု မေးလတ်သော် ပတ္တမြားရတနာကိုဆင်၍ လာ၏ဟု ဆို၏။ ထိုသို့တပြီးကား ထိုနဂါးမင်းသည် သင့်အထံသို့လာ၍ မထိုင်မီ ရှေ့မှလာစဉ်လျှင် ထိုနဂါးမင်းအား ပတ္တမြားကို ပေးလော့ဟု တောင်းလော့၊ ဤသို့တောင်းသည်ရှိသော် ထိုနဂါးမင်းသည် အခွေတို့ဖြင့် သင့်ကိုမပတ်မူ၍သာလျှင် သွားလတ္တံ့၊ နက်ဖန်နေ့၌ ကျောင်းတံခါး၌ရပ်၍ လာစဉ်လျင် ပတ္တမြားကို တောင်းလော့၊ သုံးရက်မြောက်သောနေ့၌ ဂင်္ဂါကမ်းနား၌ တည်၍ ရေမှပေါ်စဉ်လျှင် ပတ္တမြားကို တောင်းလော့၊ ဤသို့တောင်းသည်ရှိသော် ထိုနဂါးသည် သင်၏အထံသို့ တဖန် မလာလတ္တံ့ ဟုဆို၏။

ညီတော်ရသေ့သည် ကောင်းပြီဟု ဝန်ခံ၍ မိမိ၏ကျောင်းသို့သွား၍ နက်ဖြန်လာလတ်၍ ရပ်စဉ်လျှင် နဂါးမင်းကို သင်၏ တန်ဆာဖြစ်သော ဤပတ္တမြားကို ငါ့အား ပေးလော့ဟု တောင်း၏။ ထိုနဂါးမင်းသည် မထိုင်မူ၍လျှင် ပြေး၏။ ထို နောက် နှစ်ရက်မြောက်သောနေ့၌ ကျောင်းတံခါး၌ ရပ်၍ လာစဉ်လျှင် ထိုနဂါးမင်းကို ယမန်နေ့က ငါ့အား ပတ္တမြားရတနာကို သင်မပေး၊ ယနေ့ ပေးလော့ဟု ဆို၏။ နဂါးမင်းသည် ကျောင်းသို့မဝင်မူ၍သာလျှင်ပြေး၏။ သုံးရက်မြောက်သောနေ့၌ကား ရေ၌ရပ်၍ ပေါ်စဉ်လျှင် ထိုနဂါးမင်းကို ယနေ့ပတ္တမြားကိုတောင်းသော ငါ့အား သုံးရက်ရှိပြီ၊ ယခု ငါ့အား ထိုပတ္တမြားရတနာကို ပေးလော့ဟု ဆို၏။ နဂါးမင်းသည် ရေ၌ရပ်၍ ရသေ့ကို ပယ်လိုရကား-

။ မမနူပါနံ ဝိပုလံ ဥဠာရံ၊
ဥပ္ပဇ္ဇတီမဿ မဏိဿ ဟေတု။
တံ တေ န ဒဿံ အဘိယာစကောသိ၊
န စာပိ တေ အဿမ မာဂမိဿံ။
။ သုသူ ယထာ သက္ခရဓောတပါဏီ၊
တာသေသိ မံ သေသံ ယာစမာနော။
တန္တေ န ဒဿံ အဘိယာစကောသိ။
န စာပိ တေ အဿမ မာဂမိဿ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၇။ ဘော တာပသ၊ အိုရသေ့။ ဣမဿ မဏိဿ၊ ဤပတ္တမြား၏။ ဟေတု၊ အကြောင်းကြောင့်။ မမ၊ အား။ ဝိပုလံ၊ ပြန့်ပြောသော။ ဥရံ၊ မြတ်သော။ အန္နပါနံ၊ နတ်ထမင်း နတ်အဖျော်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တံ၊ ထိုပတ္တမြားကို။ တေ၊ သင်အား။ န ဒဿံ၊ မပေးအံ့။ တွံ၊ သင်သည်။ အတိယာစကော၊ အလွန်တောင်းတတ်သည်။ အသိ၊ ဖြစ်၏။ တေ၊ သင်၏။ အဿမံ စာပိ၊ ကျောင်းသို့လည်း။ န အာဂမိဿံ၊ ငါမလာ။

֍ ဋ္ဌ ၈။ ဘော တာပသ၊ အို ရသေ့။ ယထာ၊ ဥပမာမည်သည်ကား။ သက္ခရဓောတပါဏီ၊ ဆီဖြင့် ကျောက်၌သွေးအပ်သော သန်လျက် လက်၌ရှိသော။ သုသူ၊ လုလင်ပျိုသည်။ တာသေသိ ယထာ၊ ခြိမ်းချောက်သကဲ့သို့။ တထာ၊ ထို အတူ။ ဣမံ သေလံ၊ ဤပတ္တမြားကို။ ယာစမာနော၊ တောင်းသော သင်သည်။ မံ၊ ငါ့ကို။ တာသေသိ၊ ခြိမ်းချောက်ဘိ၏။ အတိယာစကော၊ အလွန်တောင်းတတ်သည်။ အသိ၊ ဖြစ်၏။ တံ၊ ထိုပတ္တမြားကို။ တေ၊ သင့်အား။ န ဒဿံ၊ ငါမပေး။ တေ၊ သင်၏။ အဿမံ စာပိ၊ ကျောင်းသင်္ခမ်းသို့လည်း။ န အာဂမိဿံ၊ မလာပြီ။

ဤသို့ဆို၍ နဂါးမင်းသည် ရေ၌ငုပ်၍ မိမိနေရာ နဂါးဘုံသို့လျှင်သွား၍ တဖန်မလာ၊ ထိုအခါ ထိုရသေ့သည် ရှုဘွယ်ရှိသော ထိုနဂါးမင်းကို မမြင်ရခြင်းကြောင့် လွန်စွာကြုံလှီ၍ အဆင်းမလှသည်ဖြစ်၏။ ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သည် ဖြစ်၏။ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိသည် ဖြစ်၏။ ထိုအခါ နောင်တော်ရသေ့သည် ညီတော်ရသေ့၏ အကြောင်းအရာကို သိရအောင် ညီတော်ရသေ့၏အထံသို့ သွား၏။ လွန်စွာလျှင် ဖြေဖျော့တော့ခြင်းရှိသော ညီတော်ရသေ့ကို မြင်၍ ရှင်ရသေ့ သင်သည် အဘယ်ကြောင့် လွန်စွာဖြေဖျော့တော့ခြင်း ဖြစ်သနည်းဟုဆို၍ ရှုဘွယ်ရှိသော ထိုနဂါးကို မမြင်ရခြင်းကြောင့် လွန်စွာလျှင် ဖျော့တော့ခြင်း ဖြစ်၏ဟူသောစကားကို ကြား၍ ဤရသေ့သည် နဂါးမင်းနှင့် ကင်းအံ့သောငှါလည်း မတတ်နိုင်ဟု မှတ်၍-

။ န တံ ယာစေ ယဿ ပိယံ ဇိဂီသေ။
ဒေဿော ဟောတိ အတိယာစနာယ။
နာဂေါ မဏိံ ယာစိတော ဗြာဟ္မဏေန၊
အဒဿနံယေဝ တဒဇ္စျဂမာ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။
( ယဿကို ယော+အဿဟုပုဒ်ဖြတ် )

֍ ဋ္ဌ ၉။ ကနိဋ္ဌ၊ ငါ့ညီ။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ အဿ၊ ထိုပုဂ္ဂိုလ်၏။ ပိယံ၊ ချစ်အပ်သောဥစ္စာကို။ ပိယန္တိ၊ ချစ်အပ်၏ ဟူ၍။ ဇိဂီသေ၊ သိရာ၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ တံ၊ ထိုဥစ္စာကို။ န ယာစေ၊ မတောင်းရာ။ အတိယာစနာယ၊ အလွန်တောင်းခြင်းကြောင့်။ ဒေဿော၊ မုန်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဗြာဟ္မဏေန၊ ညီရသေ့သည်။ မဏိံ၊ ပတ္တမြားကို ယာစိတော၊ တောင်းအပ်သော။ နာဂေါ၊ နဂါးမင်းသည်။ တဒါ၊ ထိုတောင်းသောအခါမှ။ ပဋ္ဌာယ၊ စ၍။ အဒဿနံယေဝ၊ ငါ့ညီရသေ့ မမြင်ရာအရပ်သို့သာလျှင်။ အဇ္ဈဂမာ၊ သွားလေပြီ။

ဤသို့ကား ထိုညီတော်ရသေ့ကိုဆို၍ ယနေ့မှစ၍ ယခု သင်မစိုးရိမ်လင့်ဟု နှစ်သိမ့်စေ၍ နောင်တော်ရသေ့သည် မိမိကျောင်းသို့လျှင် သွား၏။ နောက်အဘို့၌ နှစ်ဦးကုန်သော ညီနောင် ရသေ့တို့သည်လည်း အဘိညာဉ် သမာပတ်တို့ကိုဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော နဂါးဘုံ၌နေကုန်သော ခပ်သိမ်းသော နဂါးတို့စင်လျှက်လည်း တောင်းခြင်းမည်သည်ကို မနှစ်သက်။ လူတို့အားကား အဘယ်ဆိုဘွယ်ရာ ရှိအံ့နည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ညီတော်ရသေ့ ဖြစ်ဘူးပြီ၊ ယခုအခါငါဘုရားသည်သာလျှင် ထိုအခါ နောင်တော်ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ပစ္စည်းရတနာ၊ တောင်းတုံပါ၊ မေတ္တာမဲ့တတ်လှ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော မဏိကဏ္ဌဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-သင်္ကပ္ပဝဂ်

၄။ ကုဏ္ဍကကုစ္ဆိသိန္ဓဝဇာတ်

သိန္ဓောမြင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဘုတွာ တိဏပရိဃာသံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုဏ္ဍကသိန္ဓဝဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အရှင်သာရိပုတ္တရာ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏ ထိုစကားကို ချဲ့ဦးအံ့၊ တရံရောအခါ သဗ္ဗညူမြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ဝါဆိုတော်မူပြီး၍ ဒေသစာရီ ကြွတော်မူ၍ တဖန် ပြန်လာသည်ရှိသော် လူတို့သည် အာဂန္တုကတို့အား ပူဇော်ခြင်းကိုပြုကုန်အံ့ဟု ဘုရားအမှူးရှိသော သင်္ဃာတို့အား အလှူကြီးကိုပေးကြကုန်၏ ကျောင်း၌ တပါးသော ဓမ္မဃောသကရဟန်းကိုထား၏။ ထိုရဟန်းသည် အကြင်အကြင်သူတို့သည် အကြင်မျှလောက်သော ရဟန်းတို့ကို အလိုရှိကုန်၏။ ထိုသူတို့အား ထိုမျှလောက်သော ရဟန်းတို့ကို စီရင်၍ ပေး၏။

ထိုအခါ တယောက်သော ဆင်းရဲစွာသော မိန်းမအိုသည် တပါးစာကို စီရင်၍ ထိုထိုသူတို့အား ရဟန်းတို့ကိုစီရင်၍ ပေးကုန်သည်ရှိသော် နေမြင့်သောအခါ၌ ဓမ္မဃောသက ရဟန်း ၏အထံသို့ သွား၍ အကျွန်ုပ်အား တပါးသော ရဟန်းကို ပေးပါကုန်လော့ဟု ဆို၏။ ထိုရဟန်းသည်ကား ခပ်သိမ်းသော ရဟန်းတို့ကိုစီရင်၍ ပေးအပ်ကုန်ပြီ၊ အရှင်သာရိပုတ္တရာ မထေရ်သည်ကား ကျောင်း၌လျှင်ရှိ၏။ အရှင်သာရိပုတ္တရာအား ဆွမ်းကို လှူချေလော့ဟု ဆို၏။ ထိုမိန်းမအိုသည် ကောင်းပြီဟူ၍ နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ ဇေတဝန် ကျောင်းတော် တံခါးမုခ်၌ ရပ်၍ အရှင်သာရိပုတ္တရာမထေရ် လာသောကာလ၌ ရှိခိုး၍ လက်မှသပိတ်ကိုယူ၍ အိမ်သို့ ပင့်ဆောင်၍ နေစေ၏။ တယောက်သော မိန်းမအိုသည် အရှင်သာရိပုတ္တရာမထေရ်ကို မိမိအိမ်သို့ ပင့်ဆောင်၍ နေစေသတတ်ဟု များစွာကုန်သော သဒ္ဓါတရားနှင့်ပြည့်စုံကုန်သော အမျိုးတို့သည် ကြားကုန်၏။ ထိုအမျိုးတို့တွင် ပသေနဒီကောသလမင်းသည် ထိုအကြောင်းကိုကြား၍ ထိုမိန်းမအိုအား ပုဆိုး ဥစ္စာ ထောင်ထုပ်နှင့်တကွ သိမ်မွေ့ကောင်းမြတ်သော ဘောဇဉ်တို့ကို အရှင်အား လုပ်ကျွေးသည်ရှိသော် ဤအဝတ်ကိုဝတ်၍ ဤအသပြာတို့ကို သုံးဆောင်၍ လုပ်ကျွေးပါဟု ဆို၍ ပို့စေ၏။ ပသေနဒီ ကောသလမင်း ပို့စေသကဲ့သို့ ထို့အတူ မဟာအနာထပိဏ် စူဠအနာထပိဏ် ဝိသာခါ သီတင်းသည်မကြီးတို့သည်လည်း ပို့စေကုန်၏။ တပါးကုန်သော အမျိုးတို့သည် မိမိတို့၏အစွမ်းအားလျော်စွာ တရာ နှစ်ရာစသည်တို့၏ အစွမ်းအားဖြင့် အသပြာတို့ကို ပေးစေကုန်၏။ ဤသို့ တရက်ခြင်းသာလျှင် ထိုမိန်းမအိုသည် တသိန်းသောအသပြာကို ရ၏။ အရှင်သာရိပုတ္တရာသည်ကား ထိုမိန်းမအိုသည် လှူအပ်သော ယာဂုကိုလျှင်သောက်၍ ထိုမိန်းမအိုသည် စီရင်အပ်သော ခဲဘွယ်ဘောဇဉ်ကိုသာလျှင် ဘုဉ်းပေး၍ အနုမောဒနာပြု၍ မိန်းမအိုကို သောတာပတ္တိဖိုလ်၌ တည်စေ၍ ကျောင်းသို့သာလျှင် ကြွသွားတော်မူ၏။

တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ အရှင်သာရိပုတ္တရာ မထေရ်သည် အိုမင်းပြီးသော အိမ်ရှင်မကို ဆင်းရဲမှလွတ်စေ၏။ အိုမင်းပြီးသော အိမ်ရှင်မသည်လှူအပ်သော အာဟာရကို မရွံမရှာ ဘုဉ်းပေးတော်မူ၏ဟု အရှင်သာရိပုတ္တရာမထေရ်၏ ကျေးဇူးစကားကို ပြောဆိုကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေး ပါကုန်၏ဟု နားတော်လျှောက်သည် ရှိသော် ရဟန်းတို့ သာရိပုတ္တရာသည် ယခုအခါ၌သာလျှင် ထိုမိန်းမ၏ကိုးကွယ်ရာ ဖြစ်သည်မဟုတ်၊ ယခုအခါ၌သာလျှင် ထိုမိန်းမအိုသည် ပေးအပ်သော အာဟာရကို မရွံမရှာ စားသည်မဟုတ်၊ ရှေး၌လည်း စားဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဥတ္တရာပထ မြင်းကုန်သည်အမျိုး၌ ဖြစ်၏။ ဥတ္တရာပထဇနပုဒ်မှ ငါးရာကုန်သော မြင်းကုန်သည်တို့သည် မြင်းတို့ကို ဗာရာဏသီပြည်သို့ ဆောင်၍ ရောင်းကုန်၏။ တယောက်သော မြင်းကုန်သည်လည်း မြင်းငါးရာတို့ကိုယူ၍ ဗာရာဏသီပြည်ခရီးသို့ သွား၏။ ဗာရာဏသီပြည်၏ ခရီးအကြားမှ မနီးလွန်း မဝေးလွန်းသော အရပ်ဝယ် တခုသော နိဂုံးသည် ရှိ၏။ ထိုနိဂုံး၌ ရှေးသရောအခါ များစွာသော စည်းစိမ်ရှိသော သူဌေးသည် ဖြစ်ဘူး၏။ ထိုသူဌေး၏ အိမ်သည်ကြီး၏။ အမျိုးသည်တမူကား အစဉ်သဖြင့် ကုန်ခြင်းသို့ရောက်၏။ တယောက်သော မိန်းမအိုသည်သာလျှင် ကြွင်း၏။ ထိုမိန်းမအိုသည် ထိုအိမ်၌ နေ၏။ ထိုအခါ ထိုမြင်းကုန်သည်သည် ထိုနိဂုံးသို့ရောက်၍ အခ ပေးအံ့ဟု ဆို၍ ထိုမိန်းမအို၏အိမ်၌ နေရာကိုယူ၍ မြင်းတို့ကို တင့်အပ်ရာအရပ်၌ထား၏။ ထိုနေ့၌လည်း တခုသောအာ ဇာနည်မြင်းမအား သားဖွားခြင်းသည် ဖြစ်၏။ ထိုမြင်းကုန်သည်သည် နှစ်ရက် သုံးရက်တို့ပတ်လုံး နေ၍ မြင်းတို့ကို အားယူစေ၍ မင်းကို ဖူးမြင်အံ့ဟု မြင်းတို့ကိုယူ၍သွား၏။ ထိုအခါ ထိုမြင်းကုန်သည်ကို မိန်းမအိုသည် အိမ်၌ တည်းနေခကို ပေးလော့ဟု ဆို၍ မိခင် ကောင်းပြီ ပေးအံ့ဟု ဆိုသည်ရှိသော် အမောင် အခပေးသည်ရှိသော် ဤမြင်းငယ်ကို ပေးလော့ဟု ဆို၏။ မြင်းကုန်သည်သည် မိန်းမအိုဆိုတိုင်း မြင်းငယ်ကိုပေး၍ သွား၏။ မိန်းမအိုသည် ထိုမြင်းငယ်၌ သားကဲ့သို့ ချစ်ခြင်းကိုဖြစ်စေ၍ ဆန်ခွဲ ထမင်းချိုး, စားငုတ်မြက်တို့ကို ပေး၍ မြင်းငယ်ကို လုပ်ကျွေး၏။

ထိုအခါ နောက်အဘို့၌ ဘုရားလောင်းသည် မြင်းငါးရာတို့ကို ယူ၍ သွားလတ်သော် ထိုအိမ်၌ တည်နေခြင်းကို ပြု၏။ ဆန်ခွဲစားသော သိန္ဓောမြင်းငယ်၏နေရာ အရပ်မှ အနံ့နံ၏။ တခုသော မြင်းသည်လည်း အိမ်သို့ မဝင်ဝံ့၊ ဘုရားလောင်းသည် မိခင် ဤအိမ်၌ တခုသောမြင်းသည် ရှိသလောဟု မေး၏။ အမောင် တပါးသောမြင်းကား မရှိ၊ ငါသည် သားပြု၍ တခုသော မြင်းငယ်ကိုမွေး၏။ ထိုမြင်းငယ်သည် ရှိ၏ဟု ဆို၏။ မိခင် ထိုမြင်းငယ်သည် အဘယ်မှာနည်းဟု မေး၏။ အမောင် အစာစားအံ့သောငှာ သွား၏ဟု ဆို၏။ မိခင် အဘယ်အခါ၌ လာသနည်းဟု မေးသည်ရှိသော် အမောင် ညချမ်းသောအခါ လာလတ္တံ့ဟု ဆို၏။ ဘုရားလောင်းသည် ထိုမြင်းငယ်၏ လာခြင်းကို မျှော်လျှက် မြင်းတို့ကို အပ၌ထား၍လျှင် နေ၏။ သိန္ဓောမြင်းငယ်သည်လည်း ကျက်စား၍ ညချမ်းအခါ၌လျှင် လာ၏။ ဘုရားလောင်းသည် ဆန်ခွဲကိုစားသော သိန္ဓောမြင်းငယ်ကို မြင်၍ လက္ခဏာတို့ကို ဆင်ခြင်၍ သိန္ဓောမြင်းငယ်သည် အဘိုးမပြတ်နိုင်အောင် ထိုက်သော မြင်းတည်းဟု သိ၍ မိန်းမအိုအား အဘိုးကိုပေး၍ ယူခြင်းငှါ သင့်၏ဟု ကြံ၍ သိန္ဓောမြင်းငယ်သည်လည်း အိမ်သို့ဝင်၍ မိမိနေရာအရပ်၌ နေ၏။ ထိုခဏ၌ ထိုမြင်းတို့သည် အိမ်သို့ဝင်ခြင်းငှာ တတ်နိုင်ကုန်၏။

ဘုရားလောင်းသည် နှစ်ရက် သုံးရက် နေ၍ မြင်းတို့ကို အားယူစေပြီး၍ သွားအံ့ဟု ပြင်ဆင်လတ်သည်ရှိသော် မိခင် မြင်းငယ်၏အဘိုးကို ယူ၍ အကျွန်ုပ်အား မြင်းငယ်ကို ပေးလော့ဟု ဆို၏။ အမောင် မြင်းကုန်သည် သင် အသို့ဆိုသနည်း၊ သားကိုရောင်းစားသော မိန်းမမည်သည် ရှိသလာဟု မိန်းမအိုသည် ဆို၏။ မိခင် သင်သည် ဤမြင်းငယ်ကို အဘယ်အစာကို စားစေ၍ ကျွေးမွေးသနည်းဟု ဘုရားလောင်းသည် မေး၏။ အမောင်မြင်းကုန်သည် ဆန်ခွဲထမင်းချိုး စားငုတ်မြက်တို့ကို စားစေ၍ ဆန်ခွဲယာဂုကို သောက်စေ၍ ကျွေးမွေး၏ဟု မိန်းမအိုဆို၏။ မိခင် ကျွန်ုပ်သည် ဤမြင်းငယ်ကိုရသော် ထမင်းကို စားစေအံ့၊ မြင်းနေရာအထက် ပုဆိုးဗိတာန်ကို ကြက်၍ အင်းပျဉ်အပေါ်၌ ထားအံ့ဟု ဘုရားလောင်းဆို၏။ အမောင်မြင်းကုန်သည် ဤသို့ပြုစုမူကား သားသည် ချမ်းသာခံရလတ္တံ့၊ သားကိုယူ၍ သွားလော့ဟု ဆို၏။ ထိုအခါ ဘုရားလောင်းသည် သိန္ဓောမြင်းငယ်၏ အခြေလေးချောင်း အမြီး နှုတ်သီးတို့၌ ခြောက်ထောင်သော အသပြာတို့ကိုထား၍ မိန်းမအိုကို အဝတ်သစ်ဝတ်စေ၍ သိန္ဓောမြင်းငယ်၏ရှေ့၌ ရပ်စေ၏။ သိန္ဓောမြင်းငယ်သည် မျက်စိတို့ကိုဖွင့်၍ အမိကို ကြည့်လျက် မျက်ရည်ယို၏။ မိန်းမအိုသည်လည်း သိန္ဓောမြင်းငယ်၏ ကျောက်ကို သုံးသပ်၍ ချစ်သား ငါသည် သားမွေးကျိုးကို ရပြီ၊ ငါ့သား လိုက်လေတော့ဟု ဆို၍ ပေး၏။ သိန္ဓောမြင်းငယ်သည် လိုက်၏။ ဘုရားလောင်းသည် နက်ဖြန် သိန္ဓောမြင်းငယ်၏ ထမင်းအစာကို စီရင်၍ သိန္ဓော မြင်းငယ်သည် မိမိ၏ကိုယ်အစွမ်းကို သိသလော၊ ထိုသို့မဟုတ် မသိသလော၊ ထိုသိန္ဓောမြင်းငယ်ကို စုံစမ်းအံ့ဟု မြင်းစားကျင်း၌ ဆန်ခွဲယာဂုကို လောင်း၍ ပေး၏။ သိန္ဓောမြင်းငယ်သည် ထိုဘောဇဉ်ကို ငါမစား၊ ယာဂုကို သောက်ခြင်းငှါ ငါအလိုမရှိဟု ဆို၏။ ဘုရားလောင်းသည် သိန္ဓောမြင်းငယ်အား စုံစမ်းလိုသောအားဖြင့်-

၁၀။ ဘုတွာ တိဏပရိဃာသံ၊ ဘုတွာ အာစာမကုဏ္ဍကံ။
ဧတံ တေ ဘောဇနံ အာသိ၊ ကသ္မာ ဒါနိ န ဘုဉ္ဇသိ။

ဟူသော ပဌမဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀။ အဿပေါတက၊ မြင်းငယ်။ တွံ၊ သင်သည်။ တိဏပရိဃာသံ၊ စားကြွင်းမြက်ကို။ ဘုတွာ၊ စား၍။ အာစာမကုဏ္ဍကံ၊ ထမင်းချိုး ဆန်ခွဲညှာကို။ ဘုတွာ၊ စား၍။ ဝဍ္ဎိတော၊ ကြီး၏။ ဧတံ၊ ဤဆန်ခွဲယာဂုဘောဇဉ်သည်။ တေ၊ သင်၏။ ဘောဇနံ၊ အစာသည်။ အာသိ၊ ဖြစ်၏။ ကသ္မာ၊ အဘယ်ကြောင့်။ ဒါနိ-ဣဒါနိ၊ ယခု။ ဧတံ၊ ဤဆန်ခွဲယာဂုကို။ န ဘုဉ္စသိ၊ မစားသနည်း။

ဤသို့ဆိုသော ထိုစကားကို ကြား၍ သိန္ဓောမြင်းငယ်သည်-

၁၁။ ယတ္ထ ပေါသံ န ဇာနန္တိ၊ ဇာတိယာ ဝိနယေန ဝါ။
ဗဟု တတ္ထ မဟာဗြဟ္မေ၊ အပိ အာစာမကုဏ္ဍကံ။
၁၂။ တွဉ္စ ခေါမံ ပဇာနာသိ၊ ယာဒိသာယံ ဟယုတ္တမော။
ဇာနန္တော ဇာန မာဂမ္မ၊ န တေ ဘက္ခာမိ ကုဏ္ဍကံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၁။ မဟာဗြဟ္မေ၊ မြတ်သောကုန်သည်ကြီး။ ယတ္ထ၊ အကြင်အရပ်၌။ ဇာတိယာ ဝါ၊ အမျိုးအားဖြင့်၎င်း။ ဝိနယေန ဝါ၊ အကျင့်အားဖြင့်၎င်း။ ပေါသံ၊ မွေးခြင်းငှါ။ ဝါ၊ မွေးအပ်သော ဥစ္စာကို။ န ဇာနန္တိ၊ မသိကုန်။ တတ္ထ၊ ထိုအရပ်၌။ ဗဟု၊ များစွာ။ အာစာမကုဏ္ဍကံ၊ ထမင်းချိုးဆန်ခွဲကို။ အပိ၊ စင်စစ်။ ဘက္ခာမိ၊ ငါစား၏။

֍ ဋ္ဌ ၁၂။ ယာဒိသော၊ အကြင်သို့သဘောရှိသော။ အယံ ဟယော၊ ဤမြင်းသည်။ ဥတ္တမော၊ မြင်းမြတ်တည်း။ ဣတိ၊ ဤသိုး။ တွဉ္စ၊ သင်သည်လည်း။ ခေါ၊ စင်စစ်။ မံ၊ ကို။ ပဇာနာသိ၊ သိ၏။ ဇာနန္တော၊ အစွမ်းကိုသိသော ငါသည်။ ဇာနံ၊ အစွမ်းကိုသိသော သင့်ကို။ အာဂမ္မ၊ စွဲ၍။ တေ၊ သင်၏။ ကုဏ္ဍကံ၊ ဆန်ခွဲယာဂုကို။ န ဘက္ခာမိ၊ မစားအံ့။

သင်သည် ဆန်ခွဲယာဂုကို စားစေလိုသဖြင့် အသပြာ ခြောက်ထောင်တို့ကိုပေး၍ ငါ့ကို မဝယ်၊ ဤသို့ဆိုသော် ထိုစကားကို ကြား၍ ဘုရားလောင်းသည် သင့်ကို စုံစမ်းအံ့သောငှါ ငါသည် ထိုအမှုကို ပြု၏။ အမျက်မထွက်လင့်ဟု ဆို၍ ထိုသိန္ဓောမြင်းငယ်ကို ကောင်းသော ဘောဇဉ်ကို စားစေလျက် ယူ၍ မင်းယင်ပြင်ဝယ် တခုသောအရပ်၌ မြင်းငါးရာတို့ကိုထား၍ တခုသောအရပ်၌ ဆန်းကြယ်သော တင်းတိမ်ကို ကာရံ၍ အောက်၌ အခင်းကိုခင်း၍ အထက်၌ ပုဆိုးဗိတာန်ကြက်၍ သိန္ဓောမြင်းငယ်ကိုထား၏။

မင်းသည် လာလတ်၍ မြင်းကိုကြည့်လျက်၍ ဤမြင်းကို အဘယ့်ကြောင့် အသီးထားသနည်းဟု မေး၏။ မြတ်သောမင်းကြီး ဤမြင်းကား သိန္ဓောမြင်းတည်း၊ ဤမြင်းတို့တွင် ထူးသော မြင်းတည်းဟု လျှောက်လတ်သော် အချင်းမြင်းကုန်သည် သိန္ဓောမြင်းသည် ကောင်းသလောဟုမေး၏။ ဘုရားလောင်းသည် မြတ်သောမင်းကြီး ကောင်း၏ဟု ဆို၍ မြင်း၏ လျင်မြန်ခြင်းကို ကြည့်လို၏ဟု ဆိုလတ်သော် ထိုမြင်းကို က၍ တက်စီး၍ မြတ်သောမင်းကြီး ကြည့်တော်မူလော့ဟုဆို၍ လူတို့ကိုရှားစေ၍ မင်းယင်ပြင်၌ မြင်းကို မောင်းနှင်၏။ အလုံးစုံသော မင်းယင်ပြင်သည် မြင်းအစဉ်ဖြင့် ခြံရံဘိသကဲ့သို့ ဖြစ်၏။ တဖန် ဘုရားလောင်းသည် မြတ်သောမင်းကြီး သိန္ဓောမြင်းငယ်၏ လျင်မြန်ခြင်းကို ကြည့်တော်မူလော့ဟု လွှတ်ပြန်၏။ တယောက်သောသူသည်လည်း သိန္ဓောမြင်းငယ်ကို မမြင် သည်ဖြစ်၏။ တဖန် နီသောအဝတ်ကို ရင်၌ပတ်၍ လွှတ်ပြန်၏။ နီသောအဝတ်ကိုသာလျှင် မြင်ကုန်၏။ ထို့နောင်မှ ထိုသိန္ဓောမြင်းကို မြို့တွင်းဝယ် တခုသော ဥယျာဉ်ရေကန် အပြင်၌ လွှတ်၏။ ထိုရေကန်၌ပြေးသော သိန္ဓောမြင်း၏ ခွါဖျားတို့ကိုလည်း ရေတို့သည် မစွတ်ကုန်၊ ပဒုမာကြာရွက်တို့၏ အပေါ်သို့ ပြေးသည်ရှိသော် တခုသောပဒုမာကြာရွက်ကိုလည်း ရေ၌မနစ်စေ၊ ဤသို့ ထိုမြင်း၏ လျင်မြန်ခြင်းနှင့် ပြည့်စုံခြင်းကို ပြပြီး၍ မြင်းမှ ဆင်းသက်၍ လက်ခုပ်တီး၍ လက်ဝါးအပြင်ကိုပြ၏။ မြင်းသည်လာလတ်၍ အခြေ လေးဘက်တို့ကို တပေါင်းတည်းပြု၍ လက်ဝါးအပြင်၌ ရပ်၏။ ထိုအခါ ဘုရားလောင်းသည် မင်းကို မြတ်သောမင်းကြီး ဤမြင်းငယ်သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် လျင်မြန်ခြင်းကို ပြသည်ရှိသော် သမုဒ္ဒရာအဆုံးရှိသော တိုင်းသည် လျင်မြန်ခြင်းအဟုန်ကို ချထားခြင်းငှါ မလောက်ဟု မင်းကို ဆို၏။ မင်းသည် ထိုမြင်း၏ လျင်မြန်ခြင်းကိုမြင်၍ ဘုရားလောင်းအား ထက်ဝက်သော ပြည်ကိုပေး၍ သိန္ဓောမြင်းငယ်ကိုလည်း အဘိသိက်သွန်း၍ မင်္ဂလာမြင်း ပြု၏။

ထိုမင်္ဂလာမြင်းကို မင်းသည် ချစ်မြတ်နိုး၏။ မင်္ဂလာမြင်းအား ပူဇော် သက္ကာရများ၏။ မင်း၏ တန်ဆာဆင်အပ်သော နေရာတိုက်ခန်းကဲ့သို့ မြင်း၏ နေရာသည် ဖြစ်၏။ လေးပါးသော နံ့သာမျိုးတို့ဖြင့် မြေကို လိမ်းကျံကုန်၏။ နံ့သာဆိုင်း ပန်းဆိုင်းတို့ကို ဆွဲကုန်၏။ အထက်၌ ရွှေကြယ်စီ ဗိတာန်ကြက်၏ ထက်ဝန်းကျင်မှ ဆန်းကြယ်သော တင်းတိမ်ဖြင့် ကာရံ၏။ အမြဲ နံ့သာဆီတို့ဖြင့် ဆီမီးကို ထွန်းကုန်၏။ မင်္ဂလာမြင်း၏ ကျင်ကြီးကျင်ငယ်သွားရာ အရပ်၌လည်း ရွှေအိုးကို ခံထားကုန်၏။ အမြဲလျှင် မင်းစားသော ဘောဇဉ်ကိုသာလျှင် စားစေ၏။ ထိုမင်္ဂလာမြင်း ရောက်သောကာလမှစ၍ ဇမ္ဗူဒိပ်အလုံး၌ မင်းအဖြစ်သည် ဗာရာဏသီမင်း၏ လက်သို့ရောက်သည်သာလျှင် ဖြစ်၏။ ဗာရာဏသီမင်းသည် ဘုရားလောင်း၏ အဆုံးအမ၌ တည်၍ အလှူပေးခြင်းအစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြသည်၏အဆုံး၌ များစွာကုန်သော ရဟန်းတို့သည် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်ကြကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ သူအိုမသည် ထိုအခါ သူအိုမဖြစ်ဘူးလေပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ သိန္ဓောမြင်း ဖြစ်ဘူးလေပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးလေပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မြင်းကုန်သည် ဖြစ်ဘူးလေပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အမယ်အိုကပ်၊ ပိဏ္ဍပါတ်၊ ထေရ်မြတ် သုံးဆောင်သည်

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ကုဏ္ဍကသိန္ဓဝဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-သင်္ကပ္ပဝဂ်

၅။ သုကဇာတ်

စားပိုးနင်သောကျေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် ယာဝ သော မတ္တမညာသိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် များစွာစား၍ အစာမကြေခြင်းကြောင့် သေလွန်ရသော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအခါ ထိုရဟန်းသေလွန်သည်ရှိသော် တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဤမည်သောရဟန်းသည် ဝမ်း၏ပမာဏကို မသိမူ၍ များစွာစား၍ အစာ ကြေစိမ့်သောငှါ မတတ်နိုင်ရှိရကား သေလွန်၏ဟု ထိုရဟန်း၏ ကျေးဇူးမဲ့ စကားကို ပြောဆိုကုန်သတတ်၊ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၏။ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤရဟန်းသည် အလွန် စားခြင်းကြောင့် သေသည်မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းသည် အလွန်စားခြင်းကြောင့် သေဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ ဆိတ်ဆိတ် နေတော်မူ၏။ ရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်ဝယ် ကျေးအမျိုး၌ဖြစ်၍ ဟိမဝန္တာအရပ်၌ နေကုန်သော အထောင်မကကုန်သော ကျေးတို့၏ မင်းဖြစ်၏။ ထိုဘုရားလောင်းအား တခုသော သားသည် ရှိ၏။ ထိုသားသည် အားနှင့်ပြည့်စုံလတ်သော် ဘုရားလောင်းသည် မျက်စိအားနည်းသည် ဖြစ်၏။ ကျေးတို့အား လျင်မြန်သော အဟုန်ရှိသတတ်၊ ထို့ကြောင့် ထိုကျေးတို့အား အိုသောကာလ၌ ရှေးဦးစွာ မျက်စိအားနည်းသည်လျှင် ဖြစ်၏။ ဘုရားလောင်း၏သားသည် မိဘတို့ကို အသိုက်၌ထား၍ အစာကိုဆောင်ယူ၍ မွေးမြု၏။ ထိုဘုရားလောင်း၏သားသည် တနေ့သ၌ ကျက်စားရာအရပ်သို့သွား၍ တောင်ထိပ်ဖျား၌ နေ၍ သမုဒ္ဒရာကို ကြည့်လတ်သော် တခုသောကျွန်းငယ်ကို မြင်၏။ ထိုကျွန်းငယ်၌ကား ရွှေအဆင်းနှင့်တူသော အဆင်းရှိသော အသီးနှင့်ပြည့်စုံသော သရက်တောသည် ရှိ၏။ ထိုကျေးသားသည် နက်ဖြန် အစာရှာသောအခါ၌ ပျံ၍ ထိုသရက်တော၌သက်၍ သရက်အရသာကိုခံစား၍ သရက်သီးမှည့်ကိုယူလျက် လာ၍ မိဘတို့အား ပေး၏။ ဘုရားလောင်းသည် ထိုသရက်သီးကို စားလတ်သော်။ အရသာကိုမှတ်မိ၍ အမောင် ဤသရက်သီးမှည့်ကား ဤမည်သော ကျွန်းငယ်၌ သရက်သီးမှည့် မဟုတ်လောဟု ဆို၏။ ဘခင် ဟုတ်၏ဟုဆိုလတ်သော် အမောင် ကျွန်းငယ်သို့ သွားကုန်သော ကျေးတို့မည်သည်ကား ရှည်မြင့်စွာ အသက်ကိုစောင့်နိုင်ကုန်သည် မရှိကုန်၊ သင်သည် တဖန် ထိုကျွန်းငယ်သို့ မသွားလင့်ဟုဆို၏။ ထိုကျေးသားသည် ဘုရားလောင်း၏ စကားကို မယူမူ၍ သွားသည်သာလျှင် ဖြစ်၏။

ထိုအခါ တနေ့သ၌ များစွာသော သရက်သီးရည်ကို သောက်၍ မိဘတို့၏အကျိုးငှာ သရက်သီးအမှည့်ကို ယူ၍ သမုဒ္ဒရာ၏အထက် အပြင်ဖြင့် လာလတ်သည်ရှိသော် အလွန်လေးသည်၏အဖြစ်ကြောင့် ပင်ပန်းသောကိုယ်ရှိသည်ဖြစ်၍ အိပ်ချင်ခြင်း နှိပ်စက်ရကား ငိုက်မျဉ်းလျက်လည်း လာလတ်သည်သာလျှင် ဖြစ်၏။ နှုတ်သီးဖြင့် ချီအပ်သော သရက်သီးမှည့်သည် ကျ၏။ ထိုကျေးသားသည် အစဉ်သဖြင့် လာသောလမ်းခရီးကိုစွန့်၍ ရေအပြင်၌ လာလတ်သော် ရေ၌လျှင် ကျ၍ နစ်၏။ ထိုအခါ တခုသောငါးသည် ထိုကျေးကို ဖမ်း၍ စား၏။ ဘုရားလောင်းသည် ထိုကျေးသားသည် လာချိန်အခါ၌လျှင် မရောက်သည်ရှိသော် သမုဒ္ဒရာသို့ကျ၍ သေသည် ဖြစ်လတ္တံ့ ဟုသိ၏။ ထိုအခါ ထိုကျေးသား၏ မိဘတို့သည်လည်း အာဟာရကို မရကုန်ရကား ခြောက်၍ သေကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် ဤအတိတ်ကို ဆောင်တော်မူ၍-

၁၃။ ယာဝ သော မတ္တမညာသိ၊ ဘောဇနသ္မိံ ဝိဟင်္ဂမော။
တာဝ အဒ္ဓါန မာပါဒိ၊ မာတရဉ္စ အပေါသယိ။
၁၄။ ယတော စ ခေါ ဗဟုတရံ၊ ဘောဇနံ အဇ္စျဝါဟရိ။
တတော တတ္ထေဝ သံသီဒိ၊ အမတ္တညူ ဟိ သော အဟု။
၁၅။ တသ္မာ မတ္တညုတာ သာဓု၊ ဘောဇနသ္မိံ အဂိဒ္ဓတာ။
အမတ္တညူ ဟိ သီဒန္တိ၊ မတ္တညူ စ န သီဒရေ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ယာဝ၊ အကြင်မျှလောက်။ သော ဝိဟင်္ဂမော၊ ထိုငှက်သည်။ ဘောဇနသ္မိံ၊ အစာ၌။ မတ္တံ၊ အတိုင်း အရှည်ကို။ အညာသိ၊ သိ၏။ တာဝ၊ ထိုမျှလောက်။ အဒ္ဓါနံ၊ အသက်ရှည်သော ကာလကို။ အာပါဒိ၊ ရ၏။ မာတရဉ္စ၊ မိဘကိုလည်း။ အပေါသယိ၊ မွေးမြူရ၏။

֍ ဋ္ဌ ၁၄။ ယတော စ ခေါ၊ အကြင်အခါ၌ကား။ သော၊ ထိုငှက်သည်။ ဗဟုတရံ၊ အလွန် များစွာ။ ဘောဇနံ၊ သရက်သီးရည် ဘောဇဉ်ကို။ အဇ္စျဝါဟရိ၊ စား၏။ တတော စ၊ ထိုအခါ၌ကား။ တတ္ထေဝ၊ ထိုသမုဒ္ဒရာ၌သာလျှင်။ သံသီဒိ၊ နစ်၏။ ဟိ၊ ထိုစကား မှန်၏။ အမတ္တညု၊ အတိုင်းအရှည်ကိုမသိသည်။ အဟု၊ ဖြစ်၏။

֍ ဋ္ဌ ၁၅။ တသ္မာ၊ ထို့ကြောင့်။ ဘောဇနသ္မိံ၊ ဘောဇဉ်၌။ မတ္တညုတာ၊ အတိုင်းအရှည်ကို သိသည်၏အဖြစ်သည်။ အဂိဒ္ဓတာ၊ မမက်မောသည်၏ အဖြစ်သည်။ သာဓု၊ ကောင်း၏။ ဟိ သစ္စံ၊ ထိုစကားသည် မှန်၏။ အမတ္တညူ၊ ဘောဇဉ်၌ အတိုင်းအရှည်ကို မသိကုန်သော သူတို့သည်။ သီဒန္တိ၊ နစ်ကုန်၏။ မတ္တညူ၊ အတိုင်းအရှည်ကို သိကုန်သော သူတို့ကား။ န သီဒရေ၊ မနစ်ကုန်။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ များစွာကုန်သော ရဟန်းတို့သည် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ၌ ဘောဇဉ်၌ အတိုင်း အရှည်ကို မသိသော ရဟန်းသည် ထိုအခါ ကျေးမင်း၏သား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကျေးမင်းဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အလွန်များစွာ၊ စားတုံပါ၊ ခန္ဓာပျက်ပြုန်းရ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော သုကဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-သင်္ကပ္ပဝဂ်

၆။ ဇရူဒပါနဇာတ်

တွင်းဟောင်းကြီး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဇရူဒပါနံ ခဏမာနာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဇရူဒပါန ဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာဝတ္ထိပြည်၌ နေကုန်သော ကုန်သည်တို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုကုန် သည်တို့သည် သာဝတ္ထိပြည်၌ ဘဏ္ဍာတို့ကိုယူ၍ လှည်းတို့ကို ပြည့်စေ၍ ကုန်သွယ်အံ့သောငှါ သွားအံ့သောကာလ၌ မြတ်စွာဘုရားကို ပင့်ဘိတ်၍ သရဏဂုံတို့ကိုယူ၍ သီလတို့၌တည်၍ မြတ်စွာဘုရားကို ရှိခိုး၍ ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်တို့သည် ကုန်သွယ်သွားအံ့သောငှါ ရှည်စွာသော ခရီးကို သွားပါကုန်အံ့၊ ဘဏ္ဍာကိုရောင်း၍ အပြီးသို့ ရောက်ကုန်သော် ချမ်းသာသဖြင့် ပြန်လာ၍ တဖန် အရှင်ဘုရားတို့ကို ရှိခိုးပါကုန်အံ့ဟု ဆို၍ ခရီးသို့ သွားကြကုန်၏။ ထိုကုန်သည်တို့သည်။ ကန္တာရခရီး၌ ရေတွင်းဟောင်းကိုမြင်၍ ဤရေတွင်း၌ ရေသည် မရှိ၊ ငါတို့သည်လည်း ရေငတ်ကုန်၏။ ထိုရေတွင်းကို တူးကြကုန်အံ့ဟု တူးကုန်လတ်သော် အစဉ်သဖြင့် သလွှဲစင် သလွဲပုပ် ကြေးပုပ် ကြေးနီ ကြောင်မျက်ရွဲအပေါင်းတို့ကို ရကုန်၏။ ထိုသို့ဥစ္စာကိုရသဖြင့်သာလျှင် ရောင့်ရဲကုန်၏။ ထိုရတနာတို့ဖြင့် လှည်းတို့ကို ပြည့်စေ၍ ချမ်းသာသဖြင့် သာဝတ္ထိပြည်သို့ ပြန်လာကြကုန်၏။ ထိုကုန်သည်တို့သည်လည်း ထိုဥစ္စာကိုသိုမှီး၍ ငါတို့သည် အပြီးရောက်ကုန်ရကား ဆွမ်းကိုလှူကုန်အံ့ဟု မြတ်စွာဘုရားကို ဘိတ်၍ အလှူကို လှူ၍ ရှိခိုးကုန်လျက် တင့်အပ်လျောက်ပတ်စွာ နေကုန်၍ မိမိတို့သည် ဥစ္စာရသောအကြောင်းကို မြတ်စွာဘုရားအား ကြားလျှောက်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် သီတင်းသည်ကို သင်တို့သည်ကား ထိုဥစ္စာဖြင့် ရောင့်ရဲကုန်၍ ပမာဏကိုသိကုန်၍ ဥစ္စာကို၎င်း အသက်ကို၎င်း ရကုန်၏။ ရှေးသူဟောင်းတို့သည်ကား အတိုင်းအရှည်ကို မသိကုန်၍ ပညာရှိတို့၏ စကားကိုနားမထောင်ကုန်၍ အသက်ကုန်ခြင်းသို့ ရောက်ကုန်သလျှင်ကတည်းဟု မိန့်တော်မူ၍ ထိုကုန်သည်တို့သည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာတို လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီပြည်ဝယ် ကုန်သည်အမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် လှည်းကုန်သည်မှူးဖြစ်၏။ ထိုဘုရားလောင်းသည် ဗာရာဏသီပြည်၌ ဘဏ္ဍာကိုယူ၍ လှည်းတို့ကို ပြည့်စေ၍ များစွာကုန်သော ကုန်သည်တို့ကိုခေါ်၍ ထိုကန္တာရသို့သာလျှင် သွားလတ်သော် ထိုရေတွင်းကိုလျှင် မြင်၏။ ထိုအရပ်၌ ထိုကုန်သည်တို့သည် ရေသောက်ကုန်အံ့ဟု ထိုရေတွင်းကို တူးကုန်လတ်သော် အစဉ်သဖြင့် များစွာကုန်သော ရတနာတို့ကို ရကုန်၏။ ထိုကုန်သည်တို့သည် များစွာသော ရတနာတို့ကိုလည်းရ၍ ထိုရတနာတို့ဖြင့် မရောင့်ရဲကုန်သည်ဖြစ်၍ ရေတွင်း၌ ဤထက် ကောင်း မြတ်သော တပါးသော ရတနာသည် ရှိလတ္တံ့ဟု အလွန်အားဖြင့် ထိုရေတွင်းကို တူးကြကုန်သည် သာလျှင်တည်း၊ ထိုအခါ ဘုရားလောင်းသည် ထိုကုန် သည်တို့ကို အို ကုန်သည်တို့ ဤလောဘမည်သည်ကား ပျက်စီးခြင်း၏ အကြောင်းတည်း၊ ငါတို့သည် များစွာသောဥစ္စာကို ရအပ်ပေ၏။ ဤမျှဖြင့်သာလျှင် ရောင့်ရဲကြကုန်လော့၊ အလွန်မတူးကြကုန်လင့် ဆို၏။ ဘုရားလောင်းသည် ထိုကုန်သည်တို့ကို မြစ်ကုန်သော်လည်း တူးကြကုန်သည်သာလျှင် ဖြစ်ကုန်၏။

ထိုရေတွင်းကိုလည်း နဂါးသည် သိမ်းဆည်းအပ်၏။ ထိုအခါ ရေတွင်းအောက်၌နေသော နဂါးမင်းသည် မိမိ ၏ဗိမာန် ပျက်လတ်၍ ခဲမြေမုန့် ကျလတ်ကုန်သော် အမျက် ထွက်၍ ဘုရားလောင်းကိုထား၍ ကြွင်းကုန်သော ခပ်သိမ်း သော သူတို့ကိုလည်း နှာခေါင်းလေဖြင့်မှုတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေ၍ နဂါးဘုံမှထွက်၍ လှည်းတို့ကို က၍ ခပ်သိမ်းသောရတနာတို့ဖြင့် ပြည့်စေ၍ ဘုရားလောင်းကို ချမ်းသာစွာသော ယာဉ်ငယ်၌စီးစေ၍ နဂါးလုလင်တို့ကို လှည်းတို့ကိုနှင်စေ၍ ဘုရားလောင်းကို ဗာရာဏသီပြည်သို့ ဆောင်၍ အိမ်သို့ဝင်စေ၍ ထိုဥစ္စာတို့ကို သိုမှီးခဲ့၍ မိမိနေရာ နဂါးဘုံသို့သာလျှင် သွား၏။ ဘုရားလောင်းသည် ထိုဥစ္စာတို့ကို စွန့်ကြဲ၍ အလုံးစုံသောဇမ္ဗူဒိပ်ကို လယ်ထွန်လုပ်ခြင်း မရှိသည်ကိုပြု၍ အလှူပေးလျက် ဥပုသ်သီလ ဆောက်တည်၍ အသက်၏အဆုံး၌ နတ်ပြည်ကို ပြည့်စေ၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သဗ္ဗညူဘုရား ဖြစ်တော်မူပြီး၍-

၁၆။ ဇရူဒပါနံ ခဏမာနာ၊ ဝါဏိဇာ ဥဒကတ္ထိကာ။
အဇ္စျာဂမုံ အယသံ လောဟံ၊ တိပုသီသဉ္စ ဝါဏိဇာ။
ရဇတံ ဇာတရူပဉ္စ၊ မုတ္တာဝေဠုရိယာ ဗဟူ။
၁၇။ တေ စ တေန အသန္တုဋ္ဌာ၊ ဘိယျော ဘိယျော အခါဏိသုံ။
တတ္ထသီဝိသော ဃောရော၊ တေဇသီ တေဇသာ ဟနိ။
၁၈။ တသ္မာ ခဏေ နာတိမဏေ၊ အတိခါတံ ဟိ ပါပကံ။
ခါတေန စ ဓနံ လဒ္ဓံ၊ အဘိခါတေန နာသိတံ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၆။ ဥပါသကာ၊ သီတင်းသည်တို့။ ဥဒကတ္ထိကာ၊ ရေဖြင့် အလိုရှိကုန်သော။ ဝါဏိဇာ၊ ကုန်သည်ရှိသည်။ ဇရူဒပါနံ၊ ရေတွင်းဟောင်းကို။ ခဏမာနာ၊ တူးကုန်သော်။ အယသံ၊ မည်းသော အဆင်းရှိသော ကြေးကို၎င်း။ လောဟံ၊ ကြေးနီကို၎င်း။ တိပုသီသဉ္စ၊ သလွဲဖြူ သလွှဲပုပ်ကို၎င်း။ အဇ္စျာဂမုံ၊ ရကုန်၏။ တေ စ ဝါဏိဇာ၊ ထိုကုန်သည်တို့သည်လည်း။ ဗဟူ၊ များစွာကုန်သော။ ရဇတဉ္စ၊ ငွေကို၎င်း။ ဇာတရူပဉ္စ၊ ရွှေကို၎င်း။ မုတ္တာ စ၊ ပုလဲတို့ကို၎င်း။ ဝေဠုရိယာ စ၊ ကျောက်မျက်ရွဲဘိုကို၎င်း။ အဇ္ဈာဂမုံ၊ ရကုန်၏။

֍ ဋ္ဌ ၁၇။ တေ ဝါဏိဇာ၊ ထိုကုန်သည်ရှိသည်။ တေန၊ ထိုရအပ်သော ရတနာဖြင့်။ အသန္တုဋ္ဌာ၊ မရောင့်ရဲကုန်သည်ဖြစ်၍။ ဘိယျော ဘိယျော၊ လွန်စွာ လွန်စွာ။ အခါဏိသုံ၊ တူးကြကုန်၏။ တေ၊ ထိုကုန်သည်တို့ကို။ တတ္ထ၊ ထိုတွင်း၌။ အာသီဝိသော၊ လျင်သော အဆိပ်ရှိသော။ ဃောရော၊ ပြင်းသော အဆိပ်ရှိသော။ တေဇသီ၊ အဆိပ်တန်ခိုးနှင့် ပြည့်စုံသော။ နာဂေါ၊ နဂါးသည်။ တေဇသာ၊ အဆိပ်တန်ခိုးဖြင့်။ ဟနိ၊ သတ်ပြီ။

֍ ဋ္ဌ ၁၈။ တသ္မာ၊ ထို့ကြောင့်။ ခဏေ၊ လျောက်ပတ်ရုံသာ တူးရာ၏။ နာတိခဏေ၊ လွန်စွာမတူးရာ။ ဟိ-သစ္စံ၊ မှန်၏။ အတိခါတံ၊ အလွန်ကူးခြင်းသည်။ ပါပကံ၊ ယုတ်မာ၏။ ခါတေန စ၊ လျောက်ပတ်ရုံသာ တူးသဖြင့်လည်း။ ဓနံ၊ ဥစ္စာကို။ လဒ္ဓံ၊ ရ၏။ အတိခါတေန၊ အလွန်တူးသဖြင့်။ နာသိတံ၊ သေကြေပျက်စီး၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ သာရိပုတ္တရာသည် ထိုအခါ နဂါးမင်း ဖြစ်ဘူးလေပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ လှည်းကုန်သည်မှူး ဖြစ်ဘူးလေပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

လောဘ လောဘ၊ ကြီးလွန်းက၊ မုချ ဒုက္ခတွေ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဇရူဒပါနဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-သင်္ကပ္ပဝဂ်

၇။ ဂါမဏိ စန္ဒဇာတ်

အမေး ၁၀-ထွေ၊ အဖြေ ၁၀-လွှာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နာယံ ဃရာနံ ကုသလော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂါမဏိစန္ဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပညာတော်ကို ချီးမွမ်းခြင်းကို အကြောင်းပြု၍ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ မြတ်စွာဘုရားသည် ကြီးသော ပညာရှိတော်မူ၏။ မြေကြီးအထုနှင့်တူသော ပညာရှိတော်မူ၏။ ရွှင်သော ပညာရှိတော်မူ၏။ လျင်သောပညာ ရှိတော်မူ၏။ ထက်သောပညာ ရှိတော်မူ၏။ ထိုးထွင်းသော ပညာရှိတော်မူ၏။ နတ်ပြည်နှင့် တကွသော လောကကို ပညာဖြင့် လွှမ်းမိုးတော်မူ၏ဟု သဗ္ဗညူ မြတ်စွာဘုရား၏ ပညာတော်ကို ချီးမွမ်းကုန်လျက် နေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့်စည်းဝေးကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ငါဘုရားသည် ပညာရှိတော်မူသည် မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် ပညာရှိတော်မူသလျှင် ကတည်းဟု မိန့်တော်မူ၍ ဆက်ဆိတ်နေတော်မူ၏။ ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသိပြည်၌ဇနသန္ဓမည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထို ဇနသန္ဓမင်း၏ မိဖုယားကြီး၏ ဝမ်းတိုက်၌ ဖြစ်၏။ ထိုဘုရားလောင်း၏ မျက်နှာသည် ကောင်းစွာပွတ်အပ်သော ရွှေကြေးမုံအပြင်ကဲ့သို့ စင်ကြယ်လှ၏။ အလွန်လျှင် တင့်တယ်ခြင်းအစုသို့ ရောက်လေ၏။ ထို့ကြောင့် ဘုရားလောင်းအား အမည်မှည့်သောနေ့၌ အာဒါသမုခ သတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုအခါ အာဒါသမုခ မင်းသားကို ခုနစ်နှစ်အတွင်း၌လျှင် ခမည်းတော်သည် လောက၌တတ်အပ်သော ဗေဒင်သုံးပုံ အတတ်မျိုး အပေါင်းကို သင်စေ၍ အာဒါသမုခ မင်းသား ခုနစ်နှစ်ရှိသော ကာလ၌ ခမည်းတော် သေလွန်၏။ အမတ်တို့သည် ကြီးစွာသော ပူဇော် သက္ကာရဖြင့် မင်း၏အလောင်းကို သင်္ဂြိုဟ်၍ မတကဒါန အစရှိသည်တို့ကို ပြုပြီး၍ ခုနစ်ရက်မြောက်သောနေ့၌ မင်းယင်ပြင်ဝယ် စည်းဝေး၍ မင်းသားသည် အလွန်ငယ်၏။ မင်းအဖြစ်၌ အဘိသိက်သွန်းအံ့သောငှါ မတတ်ကောင်း၊ မင်းသားကို စုံစမ်း၍ အဘိသိက်သွန်းကြကုန်အံ့ဟု။ တနေ့သ၌ မြို့ကို တန်ဆာဆင်စေ၍ တရားစီရင်ရာအရပ်ကိုလည်း တန်ဆာဆင်၍ ပလ္လင်ကို ခင်းစေ၍ မင်းသား၏ နေရာအရပ်သို့ သွား၍ အရှင်မင်းကြီး တရားစီရင်ရာ အရပ်သို့ လာခြင်းငှါ သင့်၏ဟု လျှောက်ကုန်၏။ မင်းသားသည် ကောင်းပြီဟု များစွာသော အခြံအရံဖြင့်သွား၍ ပလ္လင်ထက်၌ နေ၏။

မင်းသားနေသော ကာလ၌ အမတ်တို့သည် တခုသော အခြေနှစ်ချောင်းတို့ဖြင့် သွားတတ်သော မျောက်ကို အိမ်မြေကိုသိသော ဆရာအသွင်ကို ယူစေ၍ တရားစီရင်ရာအရပ်သို့ ဆောင်၍ အရှင်မင်းမြတ် ဤယောက်ျားကား ခမည်းတော်မင်းကြီး လက်ထက်တော်၌ အိမ်ရာမြေကို သိသော ဆရာတည်း၊ အတတ်၌ လေ့လာပွန်းတီးသော ဆရာတည်း၊ မြေ၏ အတွင်း၌ ခုနစ်တောင်ရှိသော အရပ်၌လည်း အကျိုးအပြစ်ကို သိမြင်သောသူတည်း၊ မင်းမျိုးတို့၏ အိမ်ရာကို ဤဆရာသည်သာလျှင် ယူအပ်၏။ အရှင်မင်းမြတ်သည် ဤဆရာကို ချီးမြှောက်တော်မူ၍ အရာအထူး၌ထားတော်မူပါလော့ဟု လျှောက်ကုန်၏။ မင်းသားသည် ထိုမျောက်ကို အောက်အထက်၌ ကြည့်၍ ဤသတ္တဝါကား လူမဟုတ် ဤသတ္တဝါသည် မျောက်တည်းဟု သိ၍ မျောက်တို့မည်သည်ကား လူတို့ ပြုတိုင်း ပြုတိုင်းကို ဖျက်တတ်ကုန်၏။ မပြုအပ်သေးသည်ကို ပြုခြင်းငှာ၎င်း စီရင်ခြင်းငှါ၎င်း မသိကုန်ဟုကြံ၍ အမတ်တို့အား-

၁၉။ နာယံ ဃရာနံ ကုသလော၊ လောလော အယံ ဝလီမုခေါ။
ကတံ ကတံ ခေါ ဒူသေယျ၊ ဧဝံ ဓမ္မမိဒံ ကုလံ။

ဟူသော ရှေးဦးစွာသောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၉။ ဘော အမစ္စာ၊ အို အမတ်တို့။ အယံ၊ ဤမျောက်သည် ကား။ ဃရာနံ၊ အိမ်တို့ကို။ ဝိစာရေတုံ ဝါ၊ စီရင်အံ့သောငှါ၎င်း။ ကာတုံ ဝါ၊ ပြုအံ့သောငှါ၎င်း။ န ကုသလော၊ မလိမ္မာ။ အယံ၊ ဤမျောက်သည်။ လောလော၊ လျှပ်ပေါ်သော အလေ့ရှိ၏။ ဝလီမုခေါ၊ တွန့်သော မျက်နှာရှိသော မျောက်သည်။ ကတံ ကတံ ခေါ၊ ပြုတိုင်း ပြုတိုင်းကိုသာလျှင်။ ဒူသေယျ၊ ဖျက်ဆီးရာ၏။ ဣဒံ ကုလံ၊ ဤမျောက်မျိုးသည်။ ဧဝံ ဓမ္မံ၊ ဤသို့ပြုတိုင်း ပြုတိုင်းကို ဖျက်ဆီးတတ်သော သဘောရှိ၏။

ဤသို့ ဆိုသောအခါ အမတ်တို့သည် အရှင်မင်းမြတ် အမိန့်တော်ရှိတိုင်း ဖြစ်လတ္တံ့ဟု ဆို၍ ထိုမျောက်ကို ပယ်၍ တရက် နှစ်ရက် လွန်သဖြင့် တဖန် ထိုမျောက်ကိုပင်လျှင် တန်ဆာဆင်၍ တရားစီရင်ရာ အရပ်သို့ ဆောင်၍ အရှင်မင်းမြတ် ဤသူသည် ခမည်းတော်မင်းကြီး လက်ထက်တော်၌ တရားစီရင်သော အမတ်တည်း၊ တရားအဆုံးအဖြတ်၌ လေ့လာပွန်းတီးသော သူတည်း၊ ဤသူကို ချီးမြှောက်တော်မူ၍ တရားဆုံးဖြတ်သော အမှုကို ပြုစေခြင်းငှါ သင့်၏ဟု လျောက်ကုန်၏။ မင်းသားသည် ထိုမျောက်ကိုကြည့်၍ ပညာနှင့်ယှဉ်သော စိတ်ရှိသောသူ၏ အမွေးကား ဤသို့ သဘောရှိသည်မဟုတ်၊ ဤသတ္တဝါကား ပညာနှင့် ယှဉ်သောစိတ် မရှိသော မျောက်တည်း၊ တရား အဆုံးအဖြတ် အမှုကို ပြုခြင်းငှါ မတတ်ကောင်းဟု သိ၍-

၂၀။ န ယိဒံ စိတ္တဝတော လောမံ၊ နာယံ အဿာသိကော မိဂေါ။
သိဋ္ဌံ မေ ဇနသန္ဓေန၊ နာယံ ကိဉ္စိ ဝိဇာနာတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၀။ ဘောန္တော အမစ္စာ၊ အို အမတ်တို။ ဣဒံ လောမံ၊ ဤအမွေးသည်ကား။ စိတ္တာဝတော၊ ပညာနှင့်ယှဉ်သော စိတ်ရှိသောသူ၏။ န လောမံ၊ အမွေးမဟုတ်။ အယံ၊ ဤသတ္တဝါသည်ကား။ န အဿာသိကော၊ သက်သာရာ ရစေခြင်းငှါ တတ်နိုင်သော သတ္တဝါမဟုတ်။ မိဂေါ၊ သားတည်း။ ဧဝံ၊ ဤသို့။ မေ၊ ငါ၏။ ဇနသန္ဓေန၊ ခမည်းတော် ဇနသန္ဓ မင်းသည်။ သိဋ္ဌံ၊ ဆုံးမအပ်၏။ အယံ၊ ဤမျောက်သည်။ ကိဉ္စိ၊ တစုံတခုသော အဆုံးအဖြတ်ကို။ န ဝိဇာနာတိ၊ မသိ။

ဤသို့ဆိုသော စကားကိုလည်း ကြား၍ အမတ်တို့သည် အရှင်မင်းမြတ် အမိန့်တော်ရှိတိုင်း ဖြစ်လတ္တံ့ဟု ဆို၍ ထိုမျောက်ကိုပယ်၍ တဖန်လည်း တနေ့သ၌ ထိုမျောက်ကိုပင်လျှင် တန်ဆာဆင်၍ တရားစီရင်ရာ အရပ်သို့ဆောင်၍ အရှင်မင်းမြတ် ဤယောက်ျားသည် ခမည်းတော်လက်ထက်တော်၌ မိဘတို့အား လုပ်ကျွေးသော အမျိုး၌ ကြီးသောသူအား အရို အသေအမှုကို ပြုတတ်သောသူတည်း၊ ဤသူအား ချီးမြှောက်တော်မူခြင်းငှါ သင့်၏ဟု လျောက်ကုန်၏။ မင်းသားသည် ထိုမျောက်ကိုကြည့်၍ မျောက်တို့မည်သည်ကား လျှပ်ပေါ်သော စိတ်ရှိကုန်၏။ ဤသို့သဘောရှိသောအမှုကို ပြုခြင်းငှါ မစွမ်းနိုင်ကုန်ဟု ကြံ၍-

၂၁။ န မာတရံ ပိတရံ ဝါ၊ ဘာတရံ ဘဂိနိံ သကံ။
ဘရေယျ တာဒိသော ပေါသော၊ သိဋ္ဌံ ဒသရထေန မေ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၁။ ဘောန္တော အမစ္စာ၊ အို အမတ်တို့။ တာဒိသော၊ ထိုသို့သဘောရှိသော။ ပေါသော၊ ယောက်ျားသည်။ သကံ မာတရံ ဝါ၊ မိမိအမိကို၎င်း။ သကံ ပိတရံဝါ၊ မိမိအဘကို၎င်း။ သကံ ဘာတရံ ဝါ၊ မိမိအစ်ကိုကို၎င်း။ သကံ ဘဂိနိံ ဝါ၊ မိမိနှမကို၎င်း။ န ဘရေယျ၊ မမွေးမြူရာ။ ဧဝံ၊ ဤသို့။ မေ၊ ငါ၏။ ဒသရထေန၊ ခမည်းတော် ဒသရထမင်းကြီးသည်။ သိဋ္ဌံ၊ ဆုံးမအပ်၏။

ထိုအခါ အာဒါသမုခမင်းသား၏ ခမည်းတော်မင်းသည် လေးပါးကုန်သော သင်္ဂဟဝတ္ထုတို့ဖြင့် လူတို့ကို သင်္ဂြိုဟ်တတ်သောကြောင့် ဇနသန္ဓမည်၏။ ဆယ်ခုသောရထားတို့ဖြင့် ပြုအပ်သောကိစ္စကိုရထား တခုဖြင့်သာလျှင် ပြုတတ်သောကြောင့် ဒသရထမည်၏။ ထိုမင်း၏အထံမှ ဤသို့သဘောရှိသော အဆုံးအမကို ကြားဘူးသည်၏အဖြစ်ကြောင့် အာဒါသမုခမင်းသားသည် ဤသို့ဆို၏။ အမတ်တို့သည် အရှင်မင်းမြတ် အမိန့်တော်ရှိတိုင်း ဖြစ်လတ္တံ့ ဟု ဆို၍ မျောက်ကိုပယ်၍ မင်းသားသည် ပညာရှိ၏။ မင်းပြုခြင်းငှါ စွမ်းနိုင်လတ္တံ့ဟု ဘုရားလောင်းကို မင်းအဖြစ်၌ အဘိသိက် သွန်း၍ အာဒါသမုခမင်း၏ အာဏာတည်းဟု မြို့၌ စည်လည်စေကုန်၏။ ထိုအခါမှစ၍ ဘုရားလောင်းသည် တရားသဖြင့် မင်းပြု၏။ ဘုရားလောင်း၏ ပညာရှိသော အဖြစ်သည် အလုံးစုံသော ဇမ္ဗူဒိပ်ကို နှံ့၍သွား၏။ ထိုအခါ ဘုရားလောင်း၏ ပညာရှိသောအဖြစ်ကို ပြအံ့သောငှာ နွား, သား, မြင်း ဒေါင်း ရွှေသမား ရွာစား ပြည့်တန်ဆာမ ပျိုသောမိန်းမ မြွေသမင် ခါ, ရုက္ခစိုးနတ်နဂါး ရသေ့ပုဏ္ဏားလုလင် ဟူကုန်သော တဆဲ လေးပါးကုန်သော ဝတ္ထုတို့ကို ဆောင်ကုန်၏။ ထိုဝတ္ထုတို့၌ ဤဆိုလတ္တံ့သောအစဉ်ဖြစ်သော စကားကို သိအပ်၏။ ဘုရားလောင်းကို မင်းအဖြစ်၌ အဘိသိက်သွန်းသည်ရှိသော် အမည်အားဖြင့် ဂါမဏိစန္ဒမည်သော ဇနသန္ဓမင်း၏ခြေရင်း၌ မြဲစွာသော အမတ်တယောက်သည် အရွယ်တူဖြစ်ကုန်သော မင်းတို့အား ခစားရခြင်းသည် တင့်တယ်၏။ ငါသည်လည်း လူကြီးပြီ၊ ငါသည် သတို့သားကို မခစားအံ့၊ ဇနပုဒ်၌ လယ်ထွန်ခြင်း အမှုကိုပြု၍ အသက်မွေးအံ့ဟု ကြံ၏။ ဤသို့ကြံ၍ ထိုဂါမဏိစန္ဒသည် မြို့မှသုံးယူဇနာ အတိုင်းအရှည်ရှိသော အရပ်သို့ သွား၍ တခုသောရွာငယ်၌ နေ၏။

၁။ ဂါမဏိစန္ဒအား အမှုလုပ်ဆောင်အံ့သောငှါ နွားတို့သည်လည်း မရှိကုန်၊ ဂါမဏိစန္ဒသည် မိုဃ်းရွာလတ်သော် တယောက်သော အဆွေခင်ပွန်းကို နွားနှစ်ခုတို့ကိုတောင်း၍ တနေ့ပတ်လုံးထွန်၍ မြက်ကိုစားစေပြီး၍ နွားရှင်အား အပ်ကုန်အံ့သောငှါ အိမ်သို့သွား၏။ ထိုခဏ၌ နွားရှင်သည် မယားနှင့်တကွ အိမ်၏အလယ်၌ နေ၍ ထမင်းစား၏။ နွားတို့သည်လည်း လေ့ ကျက်မြဲအားဖြင့် အိမ်သို့ ဝင်ကုန်၏။ ထိုနွားတို့သည် ဝင်ကုန်လတ်သော် နွားရှင်သည် ထမင်းခွက်ကို ချီ၏။ မယားသည် ထမင်းခွက်ကို ပယ်၏။ ဂါမဏိစန္ဒသည် ထမင်းဖြင့် ငါ့ကိုဘိတ်ရာ၏ဟု ကြည့်၍ နွားတို့ကိုမအပ်ဘဲလျှင် သွား၏။ ခိုးသူသည် ညဉ့်၌ ခြံကိုဖောက်၍ ထိုနွားတို့ကိုလျှင် ခိုး၏။ နွားရှင်သည် နံနက်စောစောကလျှင် ခြံသို့ဝင်၍ နွားတို့ကို မမြင်သော် ခိုးသူတို့သည် ခိုးယူသောအဖြစ်ကို သိလျက်လည်း ဂါမဏိစန္ဒအား လျော်စေအံ့ဟု ဂါမဏိစန္ဒထံသို့ ချဉ်းကပ်၍ အရှင်ဂါမဏိစန္ဒ နွားတို့ကို ပေးလော့ဟု ဆို၏။ နွားတို့သည် အိမ်သို့ဝင်ကုန်ပြီ မဟုတ်လောဟု ဂါမဏိစန္ဒသည် ဆို၏။ သင်သည် ငါ့အား နွားတို့ကို အပ်ကုန်သလောဟု နွားရှင်သည် ဆို၏။ ငါသည် မအပ်ကုန်ဟု ဂါမဏိစန္ဒ ဆိုသည်ရှိသော် ထိုသို့တပြီးကား ဤကား သင့်အားခေါ်သော မင်းတမန်တည်း၊ လာလော့ဟု နွားရှင်သည် ဆို၏။ ထိုဇနပုဒ်တို့၌ တစုံတခုသော ကျောက်စရစ်ကို၎င်း အိုးခြမ်းခဲကို၎င်း ပစ်ချ၍ ဤကား သင့်အား ခေါ်သော မင်းတမန်တည်း၊ လာလော့ဟု ဆိုသည်ရှိသော် အကြင်သူသည် မသွား၊ ထိုသူအား ရာဇဒဏ်ကို အကြောင်းပြု၏။ ထို့ကြောင့် ထိုဂါမဏိစန္ဒသည် မင်းအမိန့်ဟူသော စကားကိုကြား၍လျှင် ထွက်၏။

၂။ ဂါမဏိစန္ဒသည် နွားရှင်နှင့်တကွ မင်း၏မြို့သို့ သွားလတ်သော် အဆွေခင်ပွန်း၏ နေရာဖြစ်သော တခုသောနိဂုံးသို့ ရောက်၍ အလွန်လျှင် ဆာမွတ်၏။ ရွာသို့ဝင်၍ ထမင်း စား၍ လာသည်တိုင်အောင် ဤအရပ်၌လျှင် နေလင့်ပါဦးဟုဆို၍ မိမိ၏ အဆွေခင်ပွန်း၏ အိမ်သို့ ဝင်လေ၏။ ဂါမဏိစန္ဒ၏ အဆွေခင်ပွန်း ယောက်ျားသည်ကား အိမ်၌ မရှိ၊ ခင်ပွန်း၏ မယားသည် မြင်၍ အရှင်ချက်ပြီးသော ထမင်းသည် မရှိ၊ အတန်ငယ် ငံ့ဦးလော့၊ ယခုပင်လျှင် ချက်၍ ပေးအံ့ဟု ဆို၍ လှေကားဖြင့် လျင်မြန်စွာ ကျီသို့ တက်လတ်သော် မြေသို့ကျ၏။ ထိုခဏ၌လျှင် ထိုမိန်းမ၏ ခုနစ်လရှိသော ကိုယ်ဝန်သည် ကျ၏။ ထိုခဏ၌ ထိုမိန်းမ၏လင်သည် လာ၍ ဂါမဏိစန္ဒကိုမြင်၍ သင်သည် မယားကို ပုတ်ခတ်၍ ကိုယ်ဝန်ကို ကျစေ၏။ ဤကား သင့်အား ခေါ်သော မင်းတမန်တည်း၊ လာလော့ဟု ဂါမဏိစန္ဒကို ခေါ်၍ ထွက်၏။ ထိုအခါမှစ၍ နှစ်ယောက်သော သူတို့သည် ဂါမဏိစန္ဒကို အလယ်၌ထား၍ သွားကုန်၏။

၃။ ထိုအခါ တခုသော ရွာတံခါး၌ တယောက်သောမြင်းထိန်းသည် မြင်းကိုလည်စိမ့်သောငှါ မတတ်နိုင်၊ မြင်းသည်လည်း ဂါမဏိစန္ဒ၏ အထံသို့ သွား၏။ မြင်းထိန်းသည် ဂါမဏိစန္ဒကို မြင်၍ ဦးရီး ဂါမဏိစန္ဒ ထိုမြင်းကို တစုံတခုဖြင့်သာလျှင် ပစ်ခတ်၍ လည်၍ လာပါစေလော့ဟုဆို၏။ ဂါမဏိစန္ဒသည် တခုသောကျောက်ခဲကို ကိုင်၍ပစ်၏။ ကျောက်ခဲသည် မြင်းခြေ၌ ကျ၍ ကြက်ဆူရိုးကို ချိုးဘိသကဲ့သို့ မြင်းခြေကို ချိုး၏။ ထိုအခါ ဂါမဏိစန္ဒကို မြင်းထိန်းသည် ငါ၏မြင်းကို သင်သည်ချိုး၏။ ဤကား သင့်အား ခေါ်သော မင်းတမန်တည်းဟု ဆို၍ ယူ၏။

၄။ ထိုဂါမဏိစန္ဒကိုလည်း ထိုသုံးယောက်သော သူတို့သည် ဆောင်ယူ အပ်သည်ရှိသော် ဤသူတို့သည် ငါ့ကို မင်းအား ပြကုန်လတ္တံ့၊ ငါသည် နွားဘိုးလည်း မပေးနိုင်၊ ကိုယ်ဝန်ကျအလျော်ကို အဘယ်မှာလျှင် ပေးနိုင်အံ့နည်း၊ မြင်းဘိုးကိုကား အဘယ်မှာ ရအံ့နည်း၊ ထို့ကြောင့် သေခြင်းသည်သာလျှင် ကောင်းမြတ်၏ဟု ကြံ၏။ ကြံပြီး၍ သွားသည်ရှိသော် လမ်းခရီးအကြား တောအုပ်ခရီး၏ အနား၌လျှင် တဘက်မှပြတ်သော ကမ်းရှိသော တခုသော တောင်ကို မြင်၏။ ထိုတောင်၏အရိပ်၌ နှစ်ယောက်ကုန်သော ဒေါင်းရွေသမား သားအဘတို့သည် ဖျာရက်ကြကုန်၏။ ဂါမဏိစန္ဒသည် အရှင်တို့ကိုယ်လက် သုတ်သင်လို၏။ အတန်ငယ် ဤ၌လျှင် နေလင့်ကြဦးလော့၊ ပြန်လာအံ့ဟု ဆို၍ တောင်သို့တက်၍ ကမ်းပါးပြတ် နံပါးဖြင့် ဆင်းခုန်လတ်သော် ဒေါင်းရွှေသမား ကျောပေါ်၌ ကျ၏။ ဒေါင်းရွှေသမားသည် ကျသည်နှင့် တပြိုင်နက် အသက်ကုန်ခြင်းသို့ ရောက်၏။ ဂါမဏိစန္ဒသည်ကား ရပ်လျက် နေ၏။ ဒေါင်းရွှေသမားသားသည် သင်ကား ငါ၏အဘသတ် ခိုးသူတည်း၊ ဤကား သင့်အားခေါ်သော မင်းတမန်တည်းဟု ဆို၍ ဂါမဏိစန္ဒကို လက်၌ကိုင်၍ ချုံမှထွက်စေ၍ ဤအမှုကား အသို့နည်းဟု ဆိုသည်ရှိသော် ဤသူသည် ငါ၏ အဘသတ် ခိုးသူတည်းဟု ဆို၏။ ထိုအခါမှစ၍ ဂါမဏိစန္ဒကို အလယ်၌ထား၍ လေးယောက်သော သူတို့သည် ခြံရံ၍ ဆောင်ကုန်၏။ (ဤကား တရားလေးချက်)

၁။ ထိုအခါ တခုသော ရွာတံခါး၌ တယောက်သော ရွာစားသည် ဂါမဏိစန္ဒကိုမြင်၍ ဦးရီး ဂါမဏိစန္ဒ အဘယ်သို့ သွားအံ့နည်းဟု မေး၍ မင်းကို ဖူးမြင်အံ့သောငှါ သွားအံ့ဟု ဆိုသည်ရှိသော် ဦးရီး သင်သည် စင်စစ် မင်းကို ဖူးမြင်လတ္တံ့၊ အကျွန်ုပ်သည် မင်းအား သတင်းစကားကို ပေးလို၏။ ဆောင်ပါလော့ဟု ဆို၏။ ဆောင်အံ့ဟုဆိုသည်ရှိသော် ကျွန်ုပ်သည် ရှေး၌ ပကတိအားဖြင့် အဆင်းလှ၏။ ဥစ္စာရှိ၏။ အခြံအရံနှင့်ပြည့်စုံ၏။ ရောဂါကင်း၏။ ယခုတမူကား ဆင်းရဲသည်လည်း ဖြစ်၏။ ဖျော့တော့သောရောဂါ စွဲသည်မှုလည်း ဖြစ်၏။ ထိုသို့ဖြစ်ရာ၌ အကြောင်း အသို့ရှိကုန်သနည်းဟု မင်းကို မေးပါလော့၊ မင်းသည် ပညာရှိသတတ်၊ သင့်အား ဖြေဆိုလတ္တံ့၊ မင်း၏ သတင်းစကားကို တဖန် ကျွန်ုပ်အား ပြောဆိုပါလော့ဟု ဆို၏။ ဂါမဏိစန္ဒသည် ကောင်းပြီဟု ဝန်ခံ၏။

၂။ ထိုနောင် ရှေ့မှ တခုသော ရွာတံခါး၌ တယောက်သော ပြည့် တန်ဆာမသည် ဂါမဏိစန္ဒကိုမြင်၍ ဦးရီးဂါမဏိစန္ဒ အဘယ်သို့ သွားအံ့နည်းဟု မေး၍ မင်းကို ဖူးမြင်အံ့သောငှါ သွားအံ့ဟု ဆိုသည်ရှိသော် မင်းသည် ပညာရှိသတတ်၊ ကျွန်ုပ်သတင်းစကားကို ဆောင်ပါလော့ဟု ဆို၍ ရှေး၌ ကျွန်ုပ်သည် များစွာသော အခကိုရ၏။ ယခုတမူကား ကွမ်းဘိုးလည်း မရ၊ ကျွန်ုပ်ထံသို့ လာသော တစုံတယောက်သော သူမျှလည်း မရှိ၊ ထိုသို့ဖြစ်ရာ၌ အကြောင်းအသို့နည်းဟု မင်းကို မေး၍ တဖန်ပြန်၍ ကျွန်ုပ်အား ပြောဆိုပါလော့ဟု ဆို၏။

၃။ ထိုနောင် ရှေ့မှ တခုသော ရွာတံခါး၌ တယောက်သော ပျိုသောမိန်းမသည် ဂါမဏိစန္ဒကို မြင်၍ ရှေးအတူသာလျှင် မေး၍ ကျွန်ုပ်သည် လင်၏အိမ်၌ နေခြင်းငှါလည်း မတတ်နိုင်၊ မိဘအိမ်၌ နေခြင်းငှာလည်း မတတ်နိုင်၊ ထိုသို့ ဖြစ်ရာ၌ အကြောင်း အသို့နည်းဟု မင်းကို မေး၍ တဖန်ပြန်၍ ကျွန်ုပ်အား ပြောဆိုပါလော့ဟု ဆို၏။

၄။ ထိုနောင် ရှေ့သို့ သွား၍ ခရီးလမ်းမ၏အနီး တခုသော တောင်ပို့၌နေသော မြွေသည် ဂါမဏိစန္ဒကိုမြင်လေ၍ ဦးရီး ဂါမဏိစန္ဒ အဘယ်သို့ သွားအံ့နည်းဟု မေး၍ မင်းကို ဖူးမြင်အံ့သောငှါ သွားအံ့ဟု ဆိုသည်ရှိသော် မင်းသည် ပညာရှိသတတ်၊ သတင်းစကားကို ဆောင်ပါလော့ဟု ဆို၍ အစာရှာအံ့သောငှာ သွားသောကာလ၌ ဆာမွတ်သောကိုယ် ညှိုးသောကိုယ်ရှိလျက် တောင်ပို့မှထွက်လတ်သော် ကိုယ်သည် တွင်းကို ပြည့်စေ၍ ကိုယ်ကိုငင်လျှင် ငြိုငြင်သဖြင့် ထွက်ရ၏။ အစာစား၍ လာလတ်သော်ကား ဝလင်ပြည့်ဖြိုးသော ကိုယ်ရှိ၍လျှင် တွင်းနံပါးကို မထိစေဘဲ အဆောတ လျင် ဝင်နိုင်၏။ ထိုသို့ဖြစ်ရာ၌ အကြောင်း အသို့နည်းဟု မင်းကိုမေး၍ ကျွန်ုပ်အား ပြောဆိုပါလော့ဟု ဆို၏။

၅။ ထို့နောင်မှ ရှေ့သို့သွား၍ တခုသော သမင်သည် ဂါမဏိစန္ဒကို မြင်၍ ရှေးအတူသာလျှင် မေး၍ ကျွန်ုပ်သည် တပါးသောအရပ်၌ မြက်ကိုစားခြင်းငှာမတတ်နိုင်၊ တခုသော သစ်ပင်ရင်း၌သာလျှင် မြက်တို့ကို စားနိုင်၏။ ထိုသို့ဖြစ်ရာ၌ အကြောင်း အသို့နည်းဟု မင်းကို မေးပါလေလော့ဟု ဆို၏။

၆။ ထို့နောင်မှ ရှေ့သို့ သွားပြီး၍ တခုသော ခါသည် ဂါမဏိစန္ဒကို မြင်၍ ထိုရှေးအတူသာလျှင် မေး၍ ကျွန်ုပ်သည် တခုသော တောင်ပို့ခြေရင်း၌လျှင်နေ၍ တွန်သည်ရှိသော် နှစ်သက်ဘွယ် တွန်ခြင်းငှါ စွမ်းနိုင်၏။ ကြွင်းသော အရပ်တို့၌ နေ၍ တွန်သော်ကား နှစ်သက်ဘွယ် တွန်ခြင်းငှါ မစွမ်းနိုင်၊ ထိုသို့ဖြစ်ရာ၌ အကြောင်းအသို့နည်းဟု မင်းကို မေးပါလေလော့ဟု ဆို၏။

၇။ ထို့နောင်မှ ရှေ့သို့သွား၍ တယောက်သော ရုက္ခစိုး နတ်သည် ဂါမဏိစန္ဒကိုမြင်၍ ဦးရီး ဂါမဏိစန္ဒ အဘယ်သို့ သွားမည်နည်းဟု မေး၍ မင်း၏အထံသို့ သွားအံ့ဟု ဆိုသည်ရှိသော် မင်းသည် ပညာရှိသတတ်၊ ကျွန်ုပ်သည် ရှေး၌ ပူဇော် သက္ကာရကို ရ၏။ ယခုတမူကား ပန်းတဆုပ်ကိုမျှလည်း မရ၊ ထိုသို့ဖြစ်ရာ၌ အကြောင်းအသို့နည်းဟု မင်းကို မေးပါလေလော့ဟု ဆို၏။

၈။ ထိုမှ နောက်အဘို့၌ တခုသောနဂါးမင်းသည် ဂါမဏိစန္ဒကို မြင်၍ ထိုရှေးအတူသာလျှင် မေး၍ မင်းသည် ပညာရှိသတတ်၊ ရှေး၌ ဤရေကန်ဝယ် ရေသည် ကြည်၏။ မြအဆင်းနှင့်တူ၏။ ယခုတမူကား နောက်၏။ မှော်ကြီးမှော်သေး ရှက်၏။ ထိုသို့ဖြစ်ရာ၌ အကြောင်းအသို့နည်းဟု မင်းကို မေးလေလော့ဟု ဆို၏။

၉။ ထို့နောင်မှ ရှေ့သို့သွား၍ မြို့၏အနီးဖြစ်သော တခုသောအရပ်၌ နေကုန်သော ရသေ့တို့သည် ဂါမဏိစန္ဒကို မြင်၍ ထိုရှေးအတူသာလျှင် မေး၍ မင်းသည် ပညာရှိသတတ်၊ ရှေး၌ ဤအရပ်ဝယ် သစ်သီး ကြီးငယ်တို့သည် ချိုကုန်၏။ ယခုတမူကား ဩဇာမရှိသည် ဖြစ်ကုန်၏။ ထိုသို့ဖြစ်ရာ၌ အကြောင်း အသို့နည်းဟု မင်းကို မေးပါလေလော့ဟုဆိုကုန်၏။

၁၀။ ထို့နောင်မှ ရှေ့သို့ သွား၍ မြို့တံခါး၏အနီး တခုသော ဇရပ်၌ ပုဏ္ဏား လုလင်ငယ်တို့သည် ဂါမဏိစန္ဒကို မြင်၍ အရှင်ဂါမဏိစန္ဒ အဘယ်သို့ သွားအံ့နည်းဟု မေး၍ မင်း၏ အထံသို့ သွားအံ့ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ငါတို့၏ စကားကို ယူ၍သွားပါတော့၊ ငါတို့အား ရှေး၌ သင်အပ်သောဗေဒင်သည် ထင်၏။ ယခုမူကား ကွဲသောအိုး၌ ရေမတည်သကဲ့သို့ သင်အပ်သောဗေဒင်သည် မထင်၊ အမိုက်ကဲ့သို့ ဖြစ်၏။ ထိုသို့ဖြစ်ရာ၌ အကြောင်းအသို့နည်းဟုမင်းကို မေးပါလေလော့ဟု ဆို၏။ (ဤကား အမေးဆယ်ထွေ)

ဂါမဏိစန္ဒသည် ဤဆယ်ပါးကုန်သော သတင်းစကားတို့ကိုယူ၍ မင်းအထံသို့ သွား၏။ မင်းသည် တရားဆုံးဖြတ်ရာအရပ်၌ နေ၏။ နွားရှင်သည် ဂါမဏိစန္ဒကို ခေါ်၍ မင်းအထံသို့ ချဉ်းကပ်၏။ မင်းသည် ဂါမဏိစန္ဒကို မြင်လျှင်သိ၍ ဤသူသည် ငါ၏ ခမည်းတော်မင်း၏ အလုပ်အကျွေးတည်း၊ ငါတို့ကိုချီ၍ ရွက်ဆောင်ဘူး၏။ ဤမျှလောက်သော ကာလပတ်လုံး အဘယ်အရပ်၌ နေသနည်းဟု ကြံ၍ အို... ဂါမဏိစန္ဒ ဤမျှလောက်သော ကာလပတ်လုံး အဘယ်၌လျှင် နေလေသနည်း၊ ကြာမြင့်စွာသော ကာလမှစ၍ မထင်. အဘယ်ကိစ္စကြောင့် လာသနည်းဟု ဆို၏။ အရှင်မင်းမြတ် အမိန့်တော်ရှိတိုင်း ဟုတ်မှန်ပေ၏။ အကျွန်ုပ်သည် ခမည်းတော်မင်းကြီး နတ်ရွာလားတော်မူသည်မှစ၍ ဇနပုဒ်သို့သွား၍ လယ်လုပ်၍ အသက် မွေး၏။ ထိုဇနပုဒ်မှ အကျွန်ုပ်ကို ဤယောက်ျားသည် နွားမှုဟူသော အကြောင်းကြောင့် မင်းတမန်ကိုပြု၍ အရှင်မင်းမြတ်တို့၏ အထံတော်သို့ အကျွန်ုပ်ကို ငင်၏ဟု လျှောက်၏။ မငင်အပ်သည်ရှိသော် သင်သည် မလာရာ၊ ငင်သောအဖြစ်သည်လျှင် ကောင်းပေ၏။ ယခုအခါ၌ ငါသည် သင့်ကို မြင်ခြင်းငှါ ရပေ၏။ သင့်ကို ငင်သော ထိုယောက်ျားသည် အဘယ်မှာနည်းဟု မင်းသည် မေး၏။ အရှင်မင်းမြတ် ဤသူလျှင်တည်းဟု ဆို၏။ အချင်းယောက်ျား င့တို့၏ စန္ဒအား တမန်ကို ပြုသောဟူသည် မှန်သလောဟု မေး၏။ အရှင်မင်းကြီး မှန်၏ ဟု လျှောက်၏။ အဘယ်ကြောင့် တမန်ကို ပြုသနည်းဟု မေး၏။

၁။ အရှင်မင်းကြီး ဤစန္ဒသည် အကျွန်ုပ်၏ နွားနှစ်ခုတို့ကို အကျွန်ုပ်အား မပေး၊ ထို့ကြောင့် တမန်ကို ပြု၏ဟု လျှောက်၏။ စန္ဒ မှန်သလောဟု မေး၏။ အရှင်မင်းမြတ် အကျွန်ုပ် တောင်းပန်ပါ၏။ ထိုစကားကို နာတော်မူပါဟုဆို၍ အလုံးစုံသော အကြောင်းကို လျှောက်၏။ ထိုစကားကို ကြား၍ မင်းသည် နွားရှင်ကို အချင်း သင့်အိမ်သို့ ဝင်သောနွားတို့ကို မြင်၏လောဟု မေး၏။ အရှင်မင်းမြတ် မမြင်ဟု လျှောက်၏။ အချင်း ငါ့ကို အာဒသမုခ မင်းမည်၏ဟု ပြောဆိုကြကုန်သော သူတို့၏ စကားကို သင်မကြားဘူးသလော မှန်စွာ ဆိုလော့ဟု ဆို၏။ အရှင်မင်းမြတ် မြင်သည် မှန်ပေ၏ဟု ဆိုပြန်၏။ မင်းသည် စန္ဒ သင်သည် နွားတို့ကို မအပ်သည်၏ အဖြစ်ကြောင့် လျော်ထိုက်၏။ ဤယောက်ျားသည်ကား မြင်လျက်လျှင် မမြင်ဟူ၍ မုသာဝါဒကို ဆို၏။ ထို့ကြောင့် သင်သည်ပင်လျှင် မင်းမှုဆောင်လုပ်၍ ဤယောက်ျားလင်မယား၏ မျက်စိတို့ကိုထုတ်၍ သင်သည် နွားဘိုးနှစ်ဆယ့်လေးသပြာတို့ကို ပေးဟုဆိုလတ်သော် နွားရှင်ကို အပသို့ ထုတ်ကြကုန်၏။ နွားရှင်သည် မျက်စိတို့ကို ထုတ်အပ်ကုန်သည်ရှိသော် နှစ်ဆယ့်လေးသပြာတို့ဖြင့် အဘယ်မူအံ့နည်း၊ ဂါမဏိစန္ဒ၏ခြေရင်းတို့၌ ရှိခိုး၍ အရှင်စန္ဒ နွားဘိုးအသပြာတို့သည် အရှင်ဘို့သာလျှင် ဖြစ်ပါစေကုန်လော့ ဤအသပြာတို့ကိုလည်း ယူပါလော့ဟု တပါးသော အသပြာတို့ကိုလည်း ပေး၍ပြေး၏။

၂။ ထို့နောင်မှ နှစ်ယောက်မြောက်ဖြစ်သော အမှုသည်သည် အရှင်မင်းမြတ် ဤစန္ဒသည် အကျွန်ုပ်၏မယားကိုသတ်၍ ကိုယ်ဝန်ကို ကျစေ၏ ဟု လျောက်၏။ စန္ဒ မှန်သလောဟု မင်းသည် မေး၏။ မြတ်သောမင်းကြီး နာတော်မူလော့ဟု ဆို၍ ထိုအလုံးစုံတို့ကို ချဲ့၍ ဂါမဏိစန္ဒသည် လျှောက်၏။ ထိုအခါ ဂါမဏိစန္ဒကို မင်းသည် သင်သည် ဤသူ၏မယားကို သတ်၍ ကိုယ်ဝန်ကို ကျစေသလောဟု မေး၏။ အရှင်မင်းကြီး မကျပါစေဟု ဂါမဏိစန္ဒသည် လျှောက်၏။ အချင်းယောက်ျား စန္ဒသည် သတ်၍ ကိုယ်ဝန်ကျစေသည် ၏အဖြစ်ကို ပြအံ့သောငှာ သင်သည် တတ်နိုင်သလောဟု မင်းဆို၏။ အရှင်မင်းကြီး မတတ်နိုင်ပါဟု လျောက်၏။ ယခု အသို့ပြုလတ္တံ့နည်းဟုမင်းဆို၏။ အရှင်မင်းကြီး အကျွန်ုပ်သည် သားကို ရခြင်းငှါသင့်၏ဟု လျှောက်၏။ အချင်းစန္ဒ ထိုသို့တပြီးကား သင်သည် ဤသူ၏မယားကို သင့်အိမ်၌ထား၍ အကြင်အခါ၌ သားဖွား၏။ ထိုအခါ၌လျှင် ဆောင်၍ ဤသူအား ပေးလော့ဟု ဆို၏။ ထိုအမှုသည်သည်လည်း ဂါမဏိစန္ဒ၏ ခြေတို့၌ ရှိခိုး၍ အရှင်စန္ဒ အရှင်သည် အကျွန်ုပ် ၏အိမ်ကို မဖျက်ပါလင့်ဟု အသပြာကို ပေး၍ ပြေး၏။

၃။ ထို့နောင် သုံးယောက်မြောက်သော အမှုသည်သည် သွား၍ မြတ်သောမင်းကြီး ဤစန္ဒသည် မြင်း၏ခြေ၌ ပစ်ခတ်၍ မြင်း၏ခြေကို ချိုး၏ ဟု လျှောက်၏။ စန္ဒ မှန်သလောဟု မင်းသည် မေး၏။ မြတ်သောမင်းကြီး နာတော်မူပါလောဟုဆို၍ ဂါမဏိစန္ဒသည် အလုံးစုံသောအကြောင်းကို အကျယ်အားဖြင့်လျှောက်၏။ ထိုစကားကို ကြား၍ မင်းသည် မြင်း ထိန်းကို အချင်း သင်သည် မြင်းကိုပစ်၍ ပြန်လည်ပါစေ ဆိုသလောဟု မေး၏။ အရှင်မင်းကြီး မဆိုဟု လျှောက်၏။ ထိုမင်းကြီးသည် တကြိမ်ထပ်၍ မေးပြန်သော် ဆိုပေ၏ဟု လျှောက်၏။ မင်းသည် ဂါမဏိစန္ဒကိုခေါ်၍ အချင်းစန္ဒ ဤမြင်းထိန်းသည် ဆိုလျက်လည်း မဆိုဟု မုသားဆို၏။ သင်သည် မြင်းထိန်း၏လျှာကို ဖြတ်၍ မြင်းဘိုးကို ငါ၏ဥစ္စာ အသပြာတထောင်ကို ယူ၍ ပေးလော့ဟု ဆို၏။ မြင်းထိန်းသည် အရှင်စန္ဒ အကျွန်ုပ်၏လြာကို မဖြတ်ပါလင့်ဟု ဂါမဏိစန္ဒအား တပါးကုန်သော အသပြာတို့ကိုလည်းပေး၍ ပြေး၏။

၄။ ထို့နောင်မှ ဒေါင်းရွှေသမား၏သားသည် မြတ်သောမင်းကြီး ဤစန္ဒသည် အကျွန်ုပ်၏ အဘသတ် ခိုးသူတည်းဟု လျှောက်၏။ စန္ဒ မှန်သလောဟု မင်းသည် ဆို၏။ အရှင်မင်းကြီး နာတော်မူပါလောဟု ဆို၍ ဂါမဏိစန္ဒသည် ထိုအကြောင်းကိုလည်း အကျယ်အားဖြင့် လျှောက်၏။ ထိုအခါ မင်းသည် ဒေါင်းရွှေသမားကို။ ခေါ်၍ ယခု အသို့ပြုလတ္တံ့နည်းဟု မေး၏။ မြတ်သောမင်းကြီး အကျွန်ုပ်အား အဘကို ရခြင်းငှါ သင့်၏ဟု လျှောက်၏။ အချင်းစန္ဒ ဤသူ၏အဘကို ရခြင်းငှါ သင့်၏။ သေလေပြီးသော သူကိုကား ဆောင်၍ တဖန်ပေးအံ့သောငှါ မတတ်ကောင်း၊ သင်သည် ဤသူ၏အမိကို သင့်အိမ်၌ထား၍ ဤသူ၏ အဘဖြစ်လော့ဟု ဆို၏။ ဒေါင်းရွှေသမားသည် အရှင်စန္ဒ သေလေသော အကျွန်ုပ် အဘ၏ အိမ်ကို အရှင်သည် မဖျက်ပါလင့်ဟု ဂါမဏိစန္ဒအား အသပြာကို ပေး၍ ပြေး၏။ (ဤကား ဆုံးဖြတ်ချက် ၄-ခု)

၁။ ဂါမဏိစန္ဒသည် တရားနိုင်၍ နှစ်သက်သောစိတ်ရှိလျက် မင်းကို မြတ်သောမင်းကြီး မင်းကြီး၏အထံတော်သို့ အချို့သူတို့သည် သတင်း စကားကို မှာလိုက်၏။ ထိုသတင်း စကားကို လျှောက်ပါကုန်အံ့ဟုဆို၏။ စန္ဒ လျှောက်လော့ဟု မင်းသည် ဆို၏။ ဂါမဏိစန္ဒသည် ပုဏ္ဏားလုလင်တို့၏ သတင်း စကားကို အစပြု၍ ပဋိလောမ အစဉ်အားဖြင့် တပါးစီသော စကားကို လျှောက်၏။ မင်းသည် အစဉ်သဖြင့် ဖြေ၏။

အသို့ဖြေသနည်းဟူမူကား ရှေးဦးစွာသော ပဌမ သတင်း စကားကို ကြား၍ ရှေး၌ ထိုပုဏ္ဏားလုလင်တို့၏ နေရာအရပ်၌ အခါကိုသိ၍ တွန်သော ကြက်သည်ရှိ၏။ ထိုပုဏ္ဏားလုလင်တို့သည် ထိုကြက်၏အသံဖြင့် အိပ်ရာမှထ၍ ဗေဒင်တို့ကို သရဇ္ဈာယ်ကုန်စဉ်လျှင် အရုဏ်သည် တက်၏။ ထို့ကြောင့် ထိုပုဏ္ဏားလုလင်တို့အား သင်တိုင်း သင်တိုင်းသော ဗေဒင်တို့သည် မပျောက်၊ ယခုမူကား ထိုပုဏ္ဏားလုလင်တို့၏ နေရာအရပ်၌ အချိန်မဲ့ တွန်တတ်သော ကြက်သည် ရှိ၏။ ထိုကြက်သည် အလွန်စော စောမူလည်း တွန်၏။ အလွန်လင်းမှလည်း တွန်၏။ အလွန်စောစောတွန်သော ကြက်သံဖြင့်ထ၍ ဗေဒင်တို့ကို သရဇ္ဈာယ်ကုန်သော ပုဏ္ဏားတို့သည် အိပ်ချင်ခြင်း နှိပ်စက်အပ်ကုန်သည် ဖြစ်၍ သရဇ္ဈာယ်ခြင်းကို မပြုမူ၍သာလျင် တဖန်ပြန်၍ အိပ်ပြန်ကုန်၏။ အလွန်လင်းမှ တွန်သောကြက်၏ အသံဖြင့် ထ၍ သရဇ္ဈာယ်ခွင့်ကို မရကုန်၊ ထို့ကြောင့် ပုဏ္ဏားလုလင်တို့အား သင့်အပ်သော ဗေဒင်သည် မထင်ဟု ဆို၏။

၂။ ဒုတိယ သတင်းစကားကို ကြား၍ ထိုရသေ့တို့သည် ရှေး၌ ရဟန်းတရားကို ကျင့်ကုန်လျက် ကသိုဏ်းပရိကံ၌ လုံ့လပြုအပ်သည်သာလျှင် ဖြစ်ကုန်၏။ ယခုတမူကား ရဟန်းတရားကိုလွှတ်၍ မပြုအပ်သော အမှုတို့၌ လုံ့လပြုကုန်လျက် အရံ၌ဖြစ်သော သစ်သီးကြီးငယ်တို့ကို ဒါယကာတို့အား ပေး၍ ဆွမ်းပေး၍ အတုံ့ယူခြင်းဟူသော မိစ္ဆာဇီဝဖြင့် အသက်ကို မွေးကြကုန်၏။ ထို့ကြောင့် ထိုရသေ့တို့အား သစ်သီးကြီးငယ်တို့သည် မချိုကုန်၊ ထိုရသေ့တို့သည် ရှေး၌ကဲ့သို့ ရဟန်းတရား၌ လုံ့လပြုကုန်အံ့၊ တဖန် ထိုရသေ့တို့အား သစ်သီးကြီးငယ်တို့သည် ချိုကုန်လတ္တံ့၊ ထိုရသေ့တို့သည် မင်း၏ပညာရှိသော အဖြစ်ကို မသိကုန်၊ ထိုရသေ့တို့အား ရဟန်းတရားကို ကျင့်စိမ့်သောငှါ ဆိုလေလော့ဟု ဆို၏။

၃။ သုံးခုမြောက်ဖြစ်သော သတင်းစကားကို ကြား၍ ထိုနဂါးမင်းတို့သည် အချင်းချင်း ခိုက်ရန်ပြုကြကုန်၏။ ထို့ကြောင့် ထိုနဂါးတို့၏ရေသည် နောက်၏။ ထိုနဂါးတို့သည် ရှေး၌ကဲ့သို့ သင့်တင့်ပြန်ကုန်ငြားအံ့၊ တဖန် ရေသည် ကြည်လတ္တံ့ ဟု ဆို၏။

၄။ လေးခုမြောက်ဖြစ်သော သတင်းစကားကိုကြား၍ ထိုရုက္ခစိုဝ်းနတ်သည် ရှေးအခါ၌ တောအုပ်၌ ခရီးသွားကုန်သော လူတို့ကို စောင့်၏။ ထို့ကြောင့် အထူးထူး အပြားပြားရှိသော ပူဇော်သက္ကာရကို ရ၏။ ယခု တမူကား စောင့်ရှောက်ခြင်းကို မပြု၊ ထို့ကြောင့် ပူဇော်သက္ကာရကို မရ၊ ရှေး၌ကဲ့သို့ စောင့်ရှောက်ခြင်း ပြုပြန်အံ့၊ တဖန် မြတ်သောလာဘ်ကို ရသည် ဖြစ်လတ္တံ့၊ မင်း၏ ပညာရှိသောအဖြစ်ကို ရုက္ခစိုဝ်းနတ် မသိလေ၊ ထိုကြောင့် ထိုရုက္ခစိုဝ်းနတ်ကို တောသို့ ရောက်ကုန်သော လူတို့အား စောင့်ရှောက်ခြင်းကို ပြုစိမ့်သောငှါ ဆိုလေလော့ဟုဆို၏။

၅။ ငါးခုမြောက်သော သတင်းစကားကို ကြား၍ အကြင်တောင်ပို့ ခြေရင်း၌ နေ၍ ထိုခါသည် နှစ်သက်ဘွယ် တွန်၏။ ထိုတောင်ပို့ ခြေရင်း၏အောက်၌ ကြီးစွာကုန်သော ဥစ္စာတို့သည် ရှိကုန်၏။ ထိုဥစ္စာတို့ကို ထုတ်ဘော်၍ သင်ယူလော့ဟုဆို၏။

၆။ ခြောက်ခုမြောက်သော သတင်းစကားကို ကြား၍ အကြင်သစ်ပင်၏အောက်၌ ထိုသမင်သည် မြက်တို့ကို စားခြင်းငှာ တတ်နိုင်၏။ ထိုသစ်ပင်၏အထက်၌ ကြီးစွာသော ပျားသည် ရှိ၏။ ထိုသမင်သည် ပျားလူးမြက်တို့၌ တပ်မက်မော သည်ဖြစ်၍ တပါးသောမြက်တို့ကို စားခြင်းငှာ မတတ်နိုင်၊ သင်သည် ထိုပျားတို့ကိုယူ၍ ပျားဦးကို ငါ့အား ပို့လာလော့၊ ကြွင်းသောပျားကို သင်စားလော့ ဟု ဆို၏။

၇။ ခုနစ်ခုမြောက်ဖြစ်သော သတင်းစကားကို ကြား၍ အကြင်တောင်ပို့၌ မြွေသည် နေ၏။ ထိုတောင်ပို့၏အောက်၌ ကြီးစွာသော ရွှေအိုးသည် ရှိ၏။ ထိုမြွေသည် ထိုရွှေအိုးကို စောင့်လျက်နေရကား ထွက်သောကာလ၌ လောဘအားဖြင့် ကိုယ်ကိုလျော့စွာပြု၍ ကပ်ငြိလျက်ထွက်၏။ အစာစားပြီး၍ကား ဥစ္စာ၌ ချစ်သဖြင့် မကပ်မငြိ လျင်မြန်စွာ ဝင်၏။ ထိုရွှေအိုးတို့ကို ထုတ်ဘော်၍ သင်ယူလေလော့ဟု ဆို၏။

၈။ ရှစ်ခုမြောက်ဖြစ်သော သတင်းစကားကို ကြား၍ ထိုပျိုသော မိန်းမ၏လင်နှင့် မိဘတို့၏ ရွာအကြားဝယ် တခုသောရွာငယ်၌ သယောက်လင်သည် ရှိ၏။ ထိုမိန်းမသည် ထိုသယောက်လင်ကို အောက်မေ့၍ ထိုသယောက်လင်၌ ချစ်သဖြင့် လင်း၏အိမ်၌ နေအံ့သောငှါ မတတ်နိုင်၍ မိဘတို့ကို ဖူးမြင်ချေအံ့ဟုသွား၍ သယောက်လင်၏အိမ်၌ နှစ်ရက်သုံးရက်နေ၍ မိဘတို့၏အိမ်၌ နှစ်ရက်သုံးရက်နေ၍ တဖန် သယောက်လင်ကို အောက်မေ့၍ လင့်အိမ်ကို သွားအံ့ဟု သယောက် လင်၏ အိမ်သို့ သွားပြန်၏။ ထိုမိန်းမအား မင်းရှိသည်၏အဖြစ်ကို ကြား၍ လင်၏အိမ်၌သာ နေစေ၊ သင့်ကို မင်းဖမ်းငြားအံ့၊ သင်၏အသက်သည် မရှိသည်ဖြစ်အံ့၊ ထို့ကြောင့် မမေ့မလျော့ ကြဉ်အံ့သောငှါ သင့်၏ဟု ထိုမိန်းမအား ဆိုလေလော့ဟုဆို၏။

၉။ ကိုးခုမြောက်ဖြစ်သော သတင်းစကားကို ကြား၍ ထိုပြည့်တန်ဆာမသည် ရှေး၌ တယောက်သောသူ၏လက်မှ အခယူ၍ ထိုအခကို မကျေစေဘဲ တပါးသောယောက်ျား ၏လက်မှ အခကိုမယူ။ ထို့ကြောင့် ထိုပြည့် တန်ဆာမအား ရှေး၌ အခသည် များ၏။ ယခုတမူကား မိမိ၏ သဘောကို စွန့်၍ တယောက်သော သူ၏လက်မှ ယူအပ်သောအခကို မကျေစေဘဲလျှင် တပါးသော ယောက်ျား၏လက်မှ အခကို ယူ၏။ ရှေးယောင်္ကျားအား အခွင့်ကို မယူမူ၍ နောက်ယောက်ျားအား အခွင့်ကို ယူ၏။ ထို့ကြောင့် ထိုပြည့်တန်ဆာမအား အခသည် မပြည့်စုံ၊ တစုံတယောက်သော သူတို့သည် ထိုပြည့်တန်ဆာမကို မသွားကုန်၊ မိမိ၏ သဘော၌ အကယ်၍ တည်ငြားအံ့၊ ရှေးရှေးနှင့်တူသည်သာလျှင် ဖြစ်လတ္တံ့၊ မိမိသဘော၌ တည်အောင်ဆိုလေလော့ဟု ဆို၏။

၁၀။ ဆယ်ခုမြောက်ဖြစ်သော သတင်းစကားကို ကြား၍ ရွာစားသည် ရှေး၌ ဟုတ်မှန်သဖြင့် တရားကို ဆုံးဖြတ်၏။ ထို့ကြောင့် လူတို့သည် ချစ်မြတ်နိုး၏။ ချစ်မြတ်နိုးသော ရွာစားအား လူတို့သည် များစွာသော လက်ဆောင်ပဏ္ဏာကို ပေးကုန်၏။ ထို့ကြောင့် အဆင်းလှ၏။ ဥစ္စာများ၏။ အခြံအရံနှင့် ပြည့်စုံ၏။ ယခုတမူကား တံစိုးစား၍ မဟုတ်မမှန်သဖြင့် တရားကို ဆုံးဖြတ်၏။ ထို့ကြောင့် ဆင်းရဲသည် အထီးကျန်သည်ဖြစ်၍ ဖျော့တော့သော ရောဂါသည် နှိပ်စက်၏။ ရှေး၌ ကဲ့သို့ ဟုတ်မှန်သဖြင့် တရားကို ဆုံးဖြတ်ငြားအံ့၊ ရှေးနှင့်တူသည်သာလျှင် ဖြစ်လတ္တံ့၊ ထိုရွာစားသည် မင်းရှိသည်၏ အဖြစ်ကိုမသိ၊ ဟုတ်မှန်သဖြင့် တရားကို ဆုံးဖြတ်စိမ့်သောငှာ ရွာစားအား ဆိုလေလော့ဟု ဆို၏။ (ဤကား အဖြေ ၁၀- လွှာ)

ဤသို့ ထိုဂါမဏိစန္ဒသည် ဤမျှလောက်ကုန်သော သတင်းစကားတို့ကို မင်းအား လျှောက်စေ၏။ မင်းသည် မိမိ၏ပညာဖြင့် အလုံးစုံကုန်သော ထိုသတင်းစကားတို့ကို ဘုရားကဲ့သို့ ဖြေဆိုပြီး၍ ဂါမဏိစန္ဒအား များစွာသော ဥစ္စာကိုပေး၍ ထိုဂါမဏိစန္ဒ၏နေရာ ရွာကို ထိုဂါမဏိစန္ဒအားသာလျှင် မြတ်သော ပေးခြင်းဖြင့်ပေး၍ လွှတ်လိုက်၏။ ထိုဂါမဏိစန္ဒသည် မြို့မှထွက်၍ ဘုရားလောင်းသည် ပေးအပ်သော သတင်းစကားတို့ကို ပုဏ္ဏားလုလင်, ရသေ့, နဂါးမင်း, ရုက္ခစိုဝ်းနတ်တို့အား ကြား၍ ခါ၏နေရာအရပ်၌မှ ဥစ္စာတို့ကိုယူ၍ သမင်၏ မြက်စားရာအရပ်၌ သစ်ပင်မှ ပျားကိုယူ၍ မင်းအား ပျားကိုပို့စေ၍ မြွေတို့၏နေရာအရပ်၌ တောင်ပို့ကိုတူး၍ ဥစ္စာကိုယူ၍ ပျိုသောမိန်းမ, ပြည့်တန်ဆာမ, ရွာစားတို့အား မင်းဆိုသော အမှတ်ဖြင့်လျှင် သတင်းစကားကိုကြား၍ များစွာသော အခြံအာရုံဖြင့် ရွာသို့သွား၍ အသက်ထက်ဆုံးတည်၍ ကံအား လျော်စွာ လား၏။ အာဒါသမုခမင်းသည်လည်း ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ အသက်၏အဆုံး၌ နတ်ပြည်သို့လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်ဘုရားသည် ရဟန်းတို့ ငါဘုရားသည်ကား ယခုအခါ၌သာလျှင် ကြီးသောပညာရှိသည်မဟုတ်သေး၊ ရှေး၌လည်း ပညာရှိသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကိုပြတော်မူသည်၏အဆုံး၌ များစွာကုန်သော ရဟန်းတို့သည် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်ကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ အာနန္ဒာသည် ထိုအခါ ဂါမဏိစန္ဒ ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အာဒါသမုခမင်း ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ဗောဓိလောင်းလျာ၊ ပညဝါ၊ လွန်စွာကြီးကျယ်ဘိ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဂါမဏိစန္ဒဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-သင်္ကပ္ပဝဂ်

၈။ မန္ဓာတုဇာတ်

တဏှာမြစ်ကြီး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်ယာဝတာ စန္ဒိမသူရိယာအစရှိသောဂါထာပတ်ဖြင့် တန်ဆာဆင်အပ်သော ဤမန္ဓာတုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သောရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းသည် သာဝတ္ထိပြည်၌ ဆွမ်းခံဝင်သည်ရှိသော် တယောက်သော တန်ဆာဆင်သော မိန်းမကိုမြင်၍ သာသနာတော်၌ ငြီးငွေ့သတတ်၊ ထိုအခါ ရဟန်းတို့သည် ထိုရဟန်းကို တရားသဘင်သို့ဆောင်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ဤရဟန်းသည် သာသ နာတော်၌ ငြီးငွေ့၏ဟု မြတ်စွာဘုရားအား ပြကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း သင်သည်ကား ငြီးငွေ့သောဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျောက်သည်ရှိသော် ရဟန်း သင်သည် အဘယ်အခါ၌ အိမ်၌နေလျှက် တဏှာကို ပြည့်စေခြင်းငှါ တတ်နိုင်လတ္တံ့နည်း၊ ဤကာမ တဏှာ မည် သည်ကား သမုဒ္ဒရာကဲ့သို့ ပြည့်စေခြင်းငှါ မတတ်ကောင်း၊ ရှေးမင်းတို့သည် ကျွန်းငယ်နှစ်ထောင် အခြံအရံရှိကုန်သော ကျွန်းကြီး လေးကျွန်းတို့၌ စကြဝတေးမင်းအဖြစ်ကိုပြု၍ လူ့အခြံအရံဖြင့်လျှင် စတု မဟာရာဇ်နတ်ပြည်၌ မင်းအဖြစ်ကိုပြု၍ တာဝတိံသာနတ်ပြည်၌ သုံးကျိပ်ခြောက်ယောက်သော သိကြားတို့၏ နေရာအရပ်၌ နတ်မင်း၏အဖြစ်ကိုပြု၍လည်း မိမိ၏ ကာမတဏှာကို ပြည့်စေခြင်းငှါ မတတ်နိုင်ကုန်သည်ဖြစ်၍လျှင် သေကုန်၏။ သင်သည်ကား ကာမတဏှာကို အဘယ်အခါ၌ ပြည့်စေနိုင်လတ္တံ့နည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ကမ္ဘာဦး၌ မဟာသမ္မတမည်သောမင်းသည် မင်းပြုသည် ရှိသော် ထိုမင်း၏သားကား ရောဇမည်၏။ ထိုမင်း၏သားကား ဝရရာဇမည်၏။ ထိုမင်း၏သားကား ကလျာဏမည်၏။ ထိုမင်း၏သားကား ဝရကလျာဏမည်၏။ ထိုမင်း၏သားကား ဥပေါသထမည်၏။ ထိုမင်း၏သားကား မန္ဓာတုမည်၏။ ထိုမန္ဓာတုမည်သော မင်းသည် ရတနာခုနစ်ပါး တန်ခိုးလေးပါးတို့နှင့် ပြည့်စုံလျက် စကြ ဝတေးမင်း၏အဖြစ်ကို ပြု၏။ မန္ဓာတုမင်းသည် လက်ဝဲလက်ကို ခေါ၍ လက်ျာလက်ဖြင့် ခတ်သောကာလ၌ ကောင်းကင်မှ နတ်၌ဖြစ်သော မိုဃ်းကဲ့သို့ ပုဆစ်ပမာဏရှိသော ရတနာခုနစ်ပါးမိုဃ်းကို ရွာစေ၏။ ထိုမန္ဓာတုမင်းသည် ဤသို့သဘောရှိသောအံ့ဘွယ်သရဲသောလူသည် ဖြစ်၏။ ထိုမန္ဓာတုမင်းသည် အနှစ်ရှစ်သောင်း လေးထောင်သော ကာလတို့ပတ်လုံး သူငယ်၏ ကစားခြင်းကို ကစား၏။ အနှစ် ရှစ်သောင်းလေးထောင် အိမ်ရှေ့မင်း၏ အဖြစ်ကိုပြု၏။ အနှစ်ရှစ်သောင်းလေးထောင် စကြဝတေးမင်းအဖြစ်ကို ပြု၏။ အသက်ပမာဏကား အသင်္ချေယျဖြစ်၏။ ထိုမန္ဓာတုမင်းသည် တနေ့သ၌ ကာမတဏှာကို ပြည့်စေခြင်းငှာ မတတ်နိုင်၍ ငြီးငွေ့သော အခြင်းအရာကိုပြ၏။ ထိုအခါ အမတ်တို့သည် မြတ်သောမင်းကြီး အဘယ်ကြောင့် ငြီးငွေ့သနည်းဟု မေးကုန်၏။ ကောင်းမှု အစွမ်းအားဖြင့် ကြည့်သည်ရှိသော် ဤမင်း၏အဖြစ်သည် အဘယ်မူလတ္တံ့နည်း အဘယ်မည်သော အရပ်၌လျှင် မွေ့လျော်ဘွယ် ရှိသနည်းဟု မန္ဓာတုမင်းသည် အမတ်တို့ကို မေး၏။ မြတ်သောမင်းကြီး နတ်ပြည်သည် မွေ့လျာဘွယ် ရှိ၏ဟု လျောက်ကုန်၏။ ထိုမန္ဓာတုမင်းသည် စက်ရတနာကို ရေဖြင့်ဖျန်း၍ ပရိသတ်နှင့်တကွ စာတုမဟာရာဇ်နတ်ပြည်သို့ သွား၏။ ထိုအခါ မန္ဓာတုမင်းအား လေးယောက်ကုန်သော စာတုမဟာရာဇ် နတ်မင်းတို့သည် နတ်ပန်း နတ်နံ့သာတို့ကို လက်စွဲကုန်လျက် ခရီးဦး ကြိုဆိုကုန်၏။ မန္ဓာတုမင်းကို ယူကုန်၍ စာတုမဟာရာဇ်နတ်ပြည်သို့ သွားကုန်၍ နတ်မင်း၏အဖြစ်ကို ပေးကုန်၏။ မိမိပရိသတ်ဖြင့်ခြံရံလျက်လျှင် စာတုမဟာရာဇ်နတ်ပြည်၌ မန္ဓာတ်မင်း မင်းပြုစဉ် ရှည်စွာသောကာလသည် လွန်၏။

ထိုမန္ဓာတုမင်းသည် စာတုမဟာရာဇ် နတ်ပြည်၌လည်း တဏှာကို ပြည့်စေခြင်းငှါ မစွမ်းနိုင်ရကား ငြီးငွေ့သော အခြင်းအရာကိုပြ၏။ စာတုမဟာရာဇ်နတ်မင်းကြီးလေးယောက်တို့သည် မြတ်သောမင်းကြီး အဘယ်ကြောင့် ငြီးငွေ့တော်မူသနည်းဟု မေးကုန်၏။ အဘယ်အရပ်သည်လျှင် စာတုမဟာရာဇ် နတ်ပြည်ထက် သာယာသနည်းဟု စာတုမဟာရာဇ်နတ်မင်းကြီး လေးယောက်တို့ကို မန္ဓာတုမင်းသည် မေး၏။ မြတ်သောမင်းကြီး အကျွန်ုပ်တို့သည် သူတပါးတို့၏ အလုပ်အကျွေး ပရိသတ် ဖြစ်ကုန်၏။ တာဝတိံသာ နတ်ပြည်သည် မွေ့လျော်ဘွယ်ရှိ၏ဟု စာတုမဟာရာဇ်နတ်မင်းကြီး လေးယောက်တို့သည် ဆိုကုန်၏။ မန္ဓာတုမင်းသည် စက်ရတ နာကို ရေဖျန်း၍ မိမိပရိသတ် ခြံရံလျက် တာဝတိံသာသို့ ရှေးရှုသွား၏။ ထိုအခါ မန္ဓာတုမင်းအား သိကြားမင်းသည် နတ်ပန်း နတ်နံ့သာ လက်စွဲလျက် နတ်အပေါင်းခြံရံလျက် ခရီးဦးကြိုဆို၍ မန္ဓာတုမင်းကို လက်၌ကိုင်၍ မြတ်သောမင်းကြီး ဤသို့ ကြွတော်မူလော့ဟု ဆို၏။ နတ်အပေါင်းခြံရံလျက် မန္ဓာတုမင်းသည် သွားစဉ်ကာလ သားကြီးရတနာသည် စကြာရတနာကိုယူ၍ ပရိသတ်နှင့်တကွ လူ့ပြည်သို့သက်၍ မြို့တွင်းသို့ ဝင်၏။ သိကြားမင်းသည် မန္ဓာတုမင်းကို တာဝတိံသာသို့ဆောင်၍ နတ်ပြည်တို့ကို နှစ်စုစု၍ နတ်မင်းကြီး၏အဖြစ်ကို အလယ်၌ ပိုင်း၍ ပေး၏။ ထိုအခါမှစ၍ မင်းနှစ်ပါးတို့သည် မင်းပြုကုန်၏။ ဤသို့ ကာလလွန်လတ်သော် သိကြားမင်းသည် သုံးကုဋေခြောက်သန်းသော နှစ်တို့ကို ကုန်စေ၍ စုတေ၏။ တပါးသော သိကြားသည် ဖြစ်လာ၏။ ထိုသိကြားသည်လည်း နတ်အဖြစ်ကိုပြု၍ စုတေ၏။ ဤသို့သောနည်းဖြင့် သုံးကျိပ်ခြောက်ယောက်သော သိကြားတို့သည် စုတေကုန်၏။ မန္ဓာတုမင်းသည်ကား လူ၏ကိုယ်ဖြင့်လျှင် နတ်မင်း၏အဖြစ်ကို ပြု၏။

ဤသို့ ကာလလွန်လတ်သော် ထိုမန္ဓာတုမင်းအား အတိုင်းထက် အလွန်လျှင် ကာမတဏှာသည် ဖြစ်၏။ ထိုမန္ဓာတုမင်းသည် ထက်ဝက်သော မင်းအဖြစ်ဖြင့် အဘယ်ပြုအံ့နည်း သိကြားကိုသတ်၍ ဧကရာဇ်မင်းအဖြစ်ကို ပြုအံ့ဟု အကြံသည် ဖြစ်၏။ အကြံဖြစ်၍ သိကြားမင်းကို သတ်အံ့သောငှာကား မတတ်နိုင်၍ တဏှာမည်သည်ကား ပျက်စီးခြင်း၏ အကြောင်း ဖြစ်၏။ ထို့ကြောင့် မန္ဓာတုမင်း၏ အာယုသင်္ခါရသည် ဆုတ် ယုတ်၏။ အိုခြင်းတရားသည် ကိုယ်ကိုသတ်၏။ လူတို့၏ ကိုယ်မည်သည်ကား နတ်ပြည်၌ မပျက်စီးကောင်း၊ ထိုအခါ နတ်ပြည်မှ လျောကျ၍ ဥယျာဉ်သို့ သက်၏။ ဥယျာဉ်စောင့်သည် မန္ဓာတုမင်းသည် လာသည်၏ အဖြစ်ကို မင်းမျိုးတို့အား ကြားလျှောက်၏။ မင်းသည် လာလတ်၍ ဤဥယျာဉ်၌လျှင် နေရာကိုခင်းစေ၏။ မန္ဓာတုမင်းသည် မထသော အိပ်ခြင်းဖြင့် အိပ်၏။ အမတ်တို့သည် မြတ်သောမင်းကြီး အရှင်မင်းကြီးတို့၏ နောက်အဘို့၌ အဘယ်သို့ ပြောဆိုရအံ့နည်းဟု မေးကုန်၏။ သင်တို့သည် ငါ၏နောက်ကာလ၌ မန္ဓာတုမင်းသည် ကျွန်းငယ်နှစ်ထောင် အခြံအရံရှိကုန်သော ကျွန်းကြီးလေးကျွန်းတို့၌ စကြဝတေးမင်း၏ အဖြစ်ကို ပြု၍ ရှည်မြင့်စွာသော ကာလပတ်လုံး စာတုမဟာရာဇ်နတ်တို့၌ မင်း၏အဖြစ်ကိုပြု၍ သုံးကျိပ်ခြောက်ယောက်ကုန်သော သိကြားတို့၏ အသက်ပမာဏဖြင့် တာဝတိံသာ နတ်ပြည်၌ မင်းအဖြစ်ကိုပြု၍ တဏှာကို မပြည့်စေနိုင်သည် ဖြစ်၍ စုတေသေလွန်၏ဟု ဤသတင်းစကားကို လူအများအား ပြောဆိုရစ်ကြကုန်လောဟု ဆို၍ ကံအားလျော်စွာ လား၏။

သဗ္ဗညူ မြတ်စွာဘုရားသခင်သည် သဗ္ဗညူမြတ်ကဘုရား ဖြစ်တော်မူသဖြင့် ဤအတိတ်ကို ဆောင်တော်မူ၍-

၂၂။ ယာဝတာ စန္ဒိမသူရိယာ ပရိဟရန္တိ၊ ဒိသာ ဘန္တိ ဝရောစနာ။
သဗ္ဗေဝ ဒါသာ မန္ဓာတု၊ ယေ ပါဏာ ပထဝိဿိတာ။
၂၃။ န ကဟာပဏဝဿေန၊ တိတ္တိ ကာမေသု ဝိဇ္ဇတိ။
အပ္ပသာဒါ ဒုခါ ကာမာ၊ ဣတိ ဝိညာယ ပဏ္ဍိတော။
၂၄။ အပိ ဒိဗ္ဗေသု ကာမေသု၊ ရတိံ သော နာဓိဂစ္ဆတိ။
တဏှာက္ခယရတော ဟောတိ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။

ဟူသော ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၂၂။ ယာဝတာ၊ အကြင်မျှလောက်သော အပိုင်းအခြားဖြင့်။ စန္ဒိမသူရိယာ၊ လ နေတို့သည်။ ပရိဟရန္တိ၊ မြင်းမိုရ်တောင်ကို လှည့်လည်ကုန်၏။ ဝိရောစနာ၊ တင့်တယ်ကုန်သော လ နေတို့သည်။ ဒိသာ၊ အရပ်ဆယ်မျက်နှာတို့ကို။ ဘန္တိ၊ ထွန်းပကုန်၏။ တတ္တကေ၊ ထိုမျှအတိုင်းအရှည်ရှိသော အရပ်၌။ ပထဝိဿိတာ၊ မြေ၌မှီကုန်သော။ ယေ ပါဏာ၊ အကြင်သတ္တဝါတို့သည်။ သန္တိ၊ ရှိကုန်၏။ သဗ္ဗေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။ တေ ပါဏာ၊ ထိုသတ္တဝါတို့သည်။ မန္ဓာတု၊ မန္ဓာတုမင်း၏။ ဒါသာ၊ ကျွန်တို့သည်သာလျှင်။ ဟောန္တိ၊ ဖြစ်ကုန်၏။

֍ ဋ္ဌ ၂၃။ ကဟာပဏဝဿေန၊ ရတနာခုနစ်ပါးဟူသော မိုဃ်းကို ရွာစေသဖြင့်။ ကာမေသု၊ ကာမတို့၌။ တိတ္တိ၊ ရောင့်ရဲခြင်းသည်။ န ဝိဇ္ဇတိ၊ မရှိ။ ကာမာ၊ ကာမတို့သည်။ အပ္ပသာဒါ၊ သာယာဘွယ်မရှိကုန်။ ဒုခါ၊ များသောဆင်းရဲခြင်း ရှိကုန်၏။ ဣတိ၊ ဤသို့။ ပဏ္ဍိတော၊ ပညာရှိသော။ သမ္မာသမ္ဗုဒ္ဓသာဝကော၊ သဗ္ဗညူ မြတ်စွာဘုရား တပည့်သားသည်။ ဝိညာယ၊ သိ၍။ သော၊ ထိုသဗ္ဗညူ မြတ်စွာဘုရား တပည့်သည်။ ဒိဗ္ဗေသု ကာမေသု အပိ၊ နတ်၌ ဖြစ်သော ကာမတို့၌လည်း။ ရတိံ၊ မွေ့လျော်ခြင်းသို့။ နာဓိဂစ္ဆတိ၊ မရောက်။ တဏှာက္ခယရတော၊ နိဗ္ဗာန်၌ မွေ့လျော်သည်။ ဟောတိ၊ ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ တပါးသော များစွာကုန်သော ရဟန်းတို့သည်ကား သောတာပတ္တိဖိုလ် အစရှိသည်တို့သို့ ရောက်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မန္ဓာတုမင်း ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ကာမတဏှာ၊ ပြည့်စေရာဟု၊ နှစ်ဖြာလူနတ်၊ အမြတ်ကာမဂုဏ်၊ အာရုံနှင့်ဖြည့်၊ သူမပြည့်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော မန္ဓာတုဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-သင်္ကပ္ပဝဂ်

၉။ တိရီဋဝစ္ဆဇာတ်

ရသေ့နှင့်မင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နယိမဿ ဝိဇ္ဇာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ တိရီဋဝစ္ဆဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အရှင်အာနန္ဒာ မထေရ်အား ကောသလမင်း၏ မိဖုယားငါးရာလက်မှ ပုဆိုးငါးရာ, ကောသလမင်း၏လက်မှ ပုဆိုးငါးရာအားဖြင့် ပုဆိုးတထောင်ရခြင်းဝတ္ထုကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် အောက် ဒုကနိပါတ် သတ္တမမြောက် ဂုဏဇာတ်၌ လာပြီးသလျှင်ကတည်း။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ အမည်မှည့်သောနေ့၌ တိရီဋဝစ္ဆ သတို့သားဟူသော အမည်ကို မှည့်၏။ ထိုတိရီဋဝစ္ဆသတို့သားသည် အစဉ်သဖြင့် အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ အိမ်၌ နေသဖြင့် မိဘတို့သည် သေလွန်ခြင်းကြောင့် သံဝေဂရသောစိတ်ရှိရကား တောထွက်၍ ရသေ့ရဟန်းပြုပြီးလျှင် တောသစ်မြစ် သစ်သီး အာဟာရတို့သည်ဖြစ်၍ နေ၏။ တိရီဋဝစ္ဆရသေ့သည် တော၌နေစဉ် ဗာရာဏသီမင်း၏ ပစ္စန္တရစ်ကို ခိုးသူတို့ ဖျက်ဆီး၏။ ဗာရာဏသီမင်းသည် ပစ္စန္တရစ်သို့ သွား၍ စစ်ထိုးလတ်သော် ရှုံး၏။ သေဘေးမှ ကြောက်ရကား မြတ်သော ဆင်ကျောက်ကုန်း၌စီးလျက် တခုသောအရပ်မျက်နှာဖြင့် ပြေး၍ တော၌ သွားသည်ရှိသော် နံနက်အခါ၌ တိရိဋဝစ္ဆရသေ့၏ သစ်သီးကြီးငယ်အကျိုးငှါ သွားစဉ် ကျောင်းသို့ ဝင်၏။ ထိုမင်းသည် ရသေ့တို့၏ နေရာ အရပ်တည်းဟု ဆင်မှဆင်း၍ လေ, နေပူဖြင့် ပင်ပန်းရကား ရေငတ်သည်ဖြစ်၍ သောက်ရေအိုးကို ကြည့်လတ်သော် မမြင်၍ စင်္ကြံဦး၌ ရေတွင်းကို မြင်၏။ ရေခတ်အံ့သောငှာ ကြိုးအိုးတို့ကို မမြင်၍ ရေငတ်ခြင်းကို သည်းခံအံ့သောငှါ မတတ်နိုင်ရကား ဆင်၏ ဝမ်း၌ ပတ်သော ကြိုးကိုယူပြီး၍ ဆင်ကို ရေတွင်းနား၌ထား၍ ထိုဆင်၏ခြေ၌ ကြိုးကိုဖွဲ့၍ ကြိုးဖြင့် ရေးတွင်းသို့ သက်၍ ကြိုးမမှီလတ်သော် တက်၍ အပေါ်ရုံပုဆိုးကို ကြိုးစွန်းဖြင့် ဆက်၍ တဖန် သက်လေ၏။ ထိုသို့ပြုငြားသော်လည်း မမှီသည်သာလျှင်ဖြစ်၏။ ထိုမင်းသည် ခြေဖျားတို့ဖြင့် ရေကိုထိ၍ အလွန်မွတ်သိပ်ရကား ရေငတ်ခြင်းကို ဖျောက်၍ သေခြင်းသည် ကောင်းသော သေခြင်းဖြစ်၏ဟု ကြံလျက် ရေတွင်းသို့ဆင်း၍ အလိုရှိတိုင်း သောက်၏။ တဖန် တက်အံ့သောငှါ မတတ်နိုင်ရကား ထိုရေတွင်း၌ တည်၏။ ဆင်သည်လည်းကောင်းစွာ သင်အပ်သော ဆင်ဖြစ်သောကြောင့် တပါးသို့ မသွားမူ၍ မင်းကို ကြည့်လျက် နေ၏။ ဘုရားလောင်းသည် ညချမ်းသောအခါ၌ သစ်သီးကြီးငယ်တို့ကို ဆောင်ခဲ့၍ လာလတ်သော် ဆင်ကိုမြင်၍ မင်းလာသည်ဖြစ်လတ္တံ့၊ ချပ်ပိန်ညိုဝတ်သော ဆင်သည်သာလျှင် ထင်၏။ အကြောင်းအသို့နည်းဟု ဆင်၏အနီးသို့ သွား၏။ ဆင်သည်လည်း ဘုရားလောင်း လာသောအဖြစ်ကိုသိ၍ တင့်အပ်လျောက်ပတ်သော အရပ်၌ တည်၏။ ဘုရားလောင်းသည် ရေတွင်း ကမ်းနားသို့ သွား၍ မင်းကို မြင်၍ မြတ်သောမင်းကြီး မကြောက်လင့်ဟု ဆို၍ လှေကားကိုဖွဲ့၍ မင်းကို တက်စေ၍ မင်းကိုယ်ကို ဆုပ်နယ်၍ ဆီဖြင့်လိမ်း၍ သစ်သီးကြီးငယ်တို့ကို စားစေ၍ ဆင်၏ ချပ်တန်ဆာကို ဖြေ၏။ မင်းသည် နှစ်ရက် သုံးရက် အပင်ပန်းဖြေ၍ ဘုရားလောင်းကို မိမိအထံသို့ လာစိမ့်သောငှါ ဝန်ခံစေ၍ သွား၏။ မင်း၏ဗိုလ်တို့သည် မြို့၏အနီး၌ သစ်တပ်တည်၍ နေကုန်လျက် မင်းလာသည်ကိုမြင်၍ ခြံရံ၏။ မင်းသည် မြို့သို့ဝင်၍နေလတ်၏။

ဘုရားလောင်းသည်လည်း လခွဲလွန်သဖြင့် ဗာရာဏသီပြည်သို့ ရောက်၍ ဥယျာဉ်သို့ဝင်၍ နက်ဖြန် ဆွမ်းခံသွားလျက် မင်းအိမ်တံခါးသို့ ရောက်၏။ မင်းသည် လေသွန်တံခါးမကို ဖွင့်၍ မင်းယင်ပြင်သို့ ကြည့်လတ်သော် ဘုရားလောင်းကို မြင်သဖြင့် သိ၍ ပြာသာဒ်မှ ဆင်းလျက် ရှိခိုး၍ ကောင်းစွာ ဆောက်အပ်သော ထီးဖြူရှိသော ရာဇပလ္လင်၌ နေစေ၍ မိမိဘို စီရင်အပ်သော အာဟာရကို ဘုဉ်းပေးစေ၍ မိမိသည်လည်း စား၍ ဥယျာဉ်သို့ ပင့်ဆောင်၍ ဥယျာဉ်၌ ဘုရားလောင်းကို ကျောင်း စင်္ကြံ ညဉ့်သန့်ရာ နေ့သန့်ရာ အရပ်တို့ကို ပြုစေ၍ ခပ်သိမ်းသော ရဟန်း ပရိက္ခရာတို့ကို လှူ၍ ဥယျာဉ်စောင့်ကို အပ်၍ ရှိခိုး၍ ဖဲလေ၏။ ထိုအခါမှစ၍ ဘုရားလောင်းသည် မင်းအိမ်၌သာလျှင် ဆွမ်းစား၏။ များစွာသော လာဘ်ပူဇော်သက္ကာရရှိ၏။

ထိုဘုရားလောင်းကို သည်းမခံနိုင်ကုန်သော အမတ်တို့သည် ဤသို့သဘောရှိသော ပူဇော်သက္ကာရကို ရသည်ရှိသော် အဘယ်မည်သော တယောက်သော သူရဲကောင်းသည်လည်း အဘယ်မည်သောအမှုကို မပြုဘဲရှိအံ့နည်းဟု ဆို၍ အိမ်ရှေ့မင်းသို့ကပ်၍ အရှင်မင်းမြတ် အကျွန်ုပ်တို့၏မင်းသည် တပါးသောရသေ့ကို အလွန်လျှင် မြတ်နိုး၏။ ထိုရသေ့၌ မင်းသည် အဘယ်မည်သောအမှုကို မြင်သနည်း၊ အရှင်တို့သည်လည်း မင်းနှင့် ပြောဆိုပါကုန်ဦးလော့ဟု ဆိုကုန်၏။ အိမ်ရှေ့ မင်းသည် ကောင်းပြီဟု ဝန်ခံ၍ အမတ်တို့နှင့်တကွ မင်းသို့ကပ်၍-

၂၅။ နယိမဿ ဝိဇ္ဇာမယမတ္ထိကိဉ္စိ၊
န ဗန္ဓဝေါ နော ပန တေ သဟာယော။
အထ ကေန ဝဏ္ဏေန တိရီဋဝစ္ဆော၊
တေဒဏ္ဍိကော ဘုဉ္ဇတိ အဂ္ဂပိဏ္ဍံ။

ဟူသော ရှေးဦးစွာသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣမဿ၊ ဤတိရီဋဝစ္ဆရသေ့အား။ ကိဉ္စိ၊ တစုံတခုသော။ ဝိဇ္ဇာမယံ၊ အတတ်ဖြင့်ပြီးသော အမှုသည်။ န အတ္ထိ၊ မရှိ။ တေဒဏ္ဍိကော၊ တောင်ဝှေးသုံးခွကိုင်၍ သွားသော။ တိရိဋဝစ္ဆော၊ တိရီဋဝစ္ဆ ရသေ့သည်။ တေ၊ သင်မင်းကြီး၏။ န ဗန္ဓဝေါ၊ အဆွေအမျိုးလည်း မဟုတ်။ တေ၊ သင်မင်းကြီး၏။ နော ပန သဟာယော၊ ကစားဘက် အဆွေခင်ပွန်းလည်း မဟုတ်။ အထ၊ ထိုသို့ဖြစ်လျက်။ ကေန ဝဏ္ဏေန၊ အဘယ်အကြောင်းကြောင့်။ အဂ္ဂပိဏ္ဍံ၊ ထမင်းဦးကို။ ဘုဉ္ဇတိ၊ စားရသနည်း။

ထိုစကားကို ကြား၍ မင်းသည် သားကို ခေါ်၍ အမောင် ပစ္စန္တရစ်သို့သွား၍ စစ်ထိုးရာမှရှုံးသော ငါ၏ နှစ်ရက် သုံးရက် မလာသောအဖြစ်ကို အောက်မေ့မိ၏လောဟု ဆို၍ အောက်မေ့မိ၏ဟု ဆိုလတ်သော် ထိုအခါ ငါသည် ဤရသေ့ကိုမှီ၍ အသက်ကို ရ၏ဟု အလုံးစုံသော အကြောင်းကိုကြား၍ အမောင် ငါ၏ အသက်ကို ပေးသောသူသည် ငါ၏အထံသို့ ရောက်သည်ရှိသော် မင်းအဖြစ်ကို ပေးသော်လည်း ထိုရသေ့ပြုသော ကျေးဇူးအားလျော်စွာ ပေးခြင်းငှါ မတတ်နိုင်သေးဟုဆို၍-

၂၆။ အာပါသု မေ ယုဒ္ဓပရာဇိတဿ၊
ဧကဿ ကတွာ ဝိဝနသ္မိံ ဃောရေ။
ပသာရယီ ကိစ္ဆဂတဿ ပါဏိံ၊
တေနူဒတာရိံ ဒုခသမ္ပရေတော။
၂၇။ ဧတဿ ကိစ္စေန ဣဓာနုပတ္တော၊
ဝေသာယိနော ဝိသယာ ဇီဝလောကေ။
လာဘာရဟော တာတ တိရီဋဝစ္ဆော၊
ဒေထဿ ဘောဂံ ယဇထဉ္စ ယညံ။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၆။ တာတ၊ ချစ်သား။ အာပါသု၊ ဘေးရန်တို့ကြောင့်။ ယုဒ္ဓပရာဇိတဿ၊ စစ်ထိုးခြင်းမှရှုံးသော။ ဧကဿ၊ အဘော်မရှိ တယောက်တည်းသာဖြစ်သော။ ကိစ္စဂတဿ၊ ရေတွင်းသို့ကျ၍ ပင်ပန်းခြင်းသို့ရောက်သော။ မေ၊ ငါ့အား။ အယံ၊ ဤရသေ့သည်။ ဃောရေ၊ ကြမ်းကြုတ်သော။ ဝိဝနသ္မိံ၊ ရေမရှိသောတော၌။ ကတွာ၊ သနားခြင်းကိုပြု၍။ ပါဏိံ၊ ရေတွင်းမှ ဆယ်အံ့သောငှာ ဝီရိယနှင့်ယှဉ်သော လက်ကို။ ပသာရယီ၊ ကောင်းစွာဖြန့်ကမ်း၏။ တေန ကာရဏေန၊ ထိုရှင်ရသေ့လက်လှမ်းခြင်းဟူသော အကြောင်းကြောင့်။ အဟံ၊ ငါသည်။ ဒုခသမ္ပရေတော၊ ဒုက္ခသည် ဝန်းရံအပ်လျက်လည်း။ ဥဒတာရိံ၊ အထက်သို့တက်နိုင်၏။

֍ ဋ္ဌ ၂၇။ ဧတဿ၊ ထိုတိရိဋဝစ္ဆ ရသေ့၏။ ကိစ္စေန၊ ထုတ်ဆယ်သော ကိစ္စအာနုဘော်ဖြင့်။ ဝေသာယိနော၊ ယမမင်း၏။ ဝိသယာ၊ နိုင်ငံမှ။ ဣဓ ဇီဝလောကေ၊ ဤလူ့ပြည်သို့။ အနုပတ္တော၊ တဖန် လာရောက်ပြန်သည်။ အမှိ၊ ဖြစ်၏။ တိရိဋဝစ္ဆော၊ တိရီဝစ္ဆရသေ့သည်။ လာဘာရဟော၊ ပစ္စည်းလေးပါးဟူသောလာဘ်ကို ခံထိုက်၏။ အဿ၊ ထိုတိရီဋဝစ္ဆရသေ့အား။ ဘောဂံ၊ အသုံးအဆောင်ကို။ ဒေထ၊ လှူကြကုန်လော့။ ယညဉ္စ၊ ယဇ်ကိုလည်း။ ယဇထ၊ ပူဇော်ကြကုန်လော့။

ဤသို့ မင်းသည် ကောင်းကင်ပြင်၌ လပြည့်ဝန်းကို ထင်စေဘိသကဲ့သို့ ဘုရားလောင်း၏ ဂုဏ်ကျေးဇူးကို ပြသည်ရှိသော် ဘုရားလောင်း၏ ဂုဏ်ကျေးဇူးသည် အလုံးစုံသောသူ၌ ထင်သည်ဖြစ်၏။ ဘုရားလောင်းအား လာဘသက္ကာရသည်လည်း အလွန်များသည် ဖြစ်၏။ ထိုအခါမှစ၍ အမတ်တို့ သည်၎င်း အိမ်ရှေ့မင်းသည်၎င်း တပါးသော အမှတ်မရှိသော သူသည်၎င်း မင်းကိုဆိုခြင်းငှာ မဝံ့သည်ဖြစ်၏။ မင်းသည် ဘုရားလောင်း၏ အဆုံးအမ၌တည်၍ အလှူပေးခြင်းအစရှိကုန်သော ကောင်းမှုတို့ကိုပြုကုန်၍ နတ်ပြည်ကို ပြည့်စေ၏။ ဘုရားလောင်းသည်လည်း အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ရှေးပညာရှိတို့သည်လည်း ကျေးဇူး၏ အစွမ်းအားဖြင့် ပြုဘူးကုန်၏ဟူ၍ ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အသက်သခင်၊ ကျေးဇူးရှင်၊ အစဉ်ပူဇော်ချစ်

ကိုးခု၏ပြည့်ကြောင်းဖြစ်သော တိရိဋဝစ္ဆဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-သင်္ကပ္ပဝဂ်

၁၀။ ဒူတဇာတ်

ဝမ်းဗိုက်တမန်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယသတ္ထာ ဒူရမာယန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒူတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လော်လည်သော ရဟန်းတပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် နဝကနိပါတ် အဋ္ဌမမြောက်စက္ကဝါကဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်တော်မူ၍ ရဟန်း သင်သည် ယခုအခါ၌သာလျှင် လော်လည်သည် မဟုတ်သေး၊ ရှေး၌လည်း လော်လည်ဘူးသလျှင်ကတည်း၊ လော်လည်ခြင်းကြောင့် သန်လျှက်ဖြင့် ဦးခေါင်းဖြတ်ခြင်းကို ပြုလတ်သော် ပညာရှိမင်းကိုမှီ၍ ချမ်းသာရဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏သားဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသောအတတ်ကို သင်၍ အဘလွန်သဖြင့် မင်းအဖြစ်၌တည်၍ စဉ်ကြယ်သော ဘောဇဉ်ရှိသည် ဖြစ်၏။ ထိုအကြောင်းကြောင့် မင်းအား ဘောဇနသုဒ္ဓိက ဟူသော အမည်သည်ဖြစ်၏။ ထိုဘောဇနသုဒ္ဓိကမင်းသည် တခုသော ထမင်းခွက်၌ အဘိုးတသိန်းထိုက်သည်သာလျှင်ဖြစ်သော အစီအရင်ဖြင့် ထမင်းကို စားသတတ်၊ စားသည်ရှိသော်ကား အိမ်တွင်း၌ မစား၊ မိမိစားသော အစီအရင်ကို မြင်သော လူများကို ကုသိုလ်ကောင်းမှု ပြုစေလိုသောကြောင့် မင်းအိမ်တံခါး၌ မဏ္ဍပ်ကို ဆောက်စေ၍ စားသောအခါ၌ ထိုမဏ္ဍပ်ကို တန်ဆာဆင်စေ၍ ဆောင်းအပ်သောထီးရှိသော ရွှေဖြင့်ပြီးသော ရာဇပလ္လင်၌ မင်းတို့သည် ခြံရံလျက် အဘိုးတသိန်းထိုက်သော ရွှေခွက်၌ ခပ်သိမ်းသော အရသာရှိသော ဘောဇဉ်ကို စား၏။ ထိုအခါ တယောက်သော လော်လည်သော ယောက်ျားသည် ထိုမင်း၏ စားသော အစီအရင်ကို ကြည့်၍ ထိုဘောဇဉ်ကို စားလိုသည်ဖြစ်၏။ စားချင်ခြင်းကို သည်းခံအံ့သောငှာ မတက်နိုင်ရကား တခုသော ဥပါယ်သည် ရှိ၏ဟု မြဲမြံစွာဝတ်၍ လက်တို့ကို မြှောက်၍ အို အချင်းတို့ ငါ တမန်တည်းဟု ပြင်းစွာသော အသံကို ပြုလျက် မင်း၏ အထံသို့ သွားလေ၏။ ထိုအခါ ထိုအရပ်၌ တမန်တည်းဟု ဆိုသော် မတားမြစ်၊ ထို့ကြောင့် လူများသည် နှစ်ဖြာကွဲ၍ လမ်းအခွင့်ကို ပေး၏။ ထိုယောက်ျားသည် လျင်မြန်သဖြင့် သွား၍ မင်း၏ခွက်၌ တခုသော ထမင်း ဆုပ်ကိုယူ၍ ခံတွင်း၌ထည့်၏။ ထိုအခါ သန်လျက်စွဲသည် ထိုယောက်ျား၏ ဦးခေါင်းကို ဖြတ်အံ့ဟု သန်လျက်ကိုကိုင်၏။ မင်းသည် မဖြတ်လင့်ဟု တားမြစ်၏။ မကြောက်လင့် စားလော့ဟုဆို၍ လက်ကိုဆေး၍ မင်းသည် ထိုင်၏။ ထိုယောက်ျား စားပြီးသည်၏အဆုံး၌လည်း မိမိသောက်သော ရေကို၎င်း ခွက်ကို၎င်း ပေးစေ၍ အို ယောက်ျား သင်သည် တမန်တည်းဟုဆို၏။ အဘယ်သူ၏တမန်နည်းဟု မေးသည်ရှိသော် မြတ်သောမင်းကြီး အကျွန်ုပ်သည် တဏှာ၏ တမန်တည်း၊ ဝမ်း၏တမန်တည်း၊ တဏှာသည် အကျွန်ုပ်ကို စေခိုင်း၍ သင်သွားလော့ဟု တမန်ပြု၍ စေ၏ဟု ဆိုလိုရကား-

၂၈။ ယသတ္ထာ ဒူရမာယန္တိ၊ အမိတ္တမပိ ယာစိတုံ။
တဿူဒရဿဟံ ဒူတော၊ မာ မေ ကုဇ္ဈိ ရထေသဘ။
၂၉။ ယဿ ဒိဝါ စ ရတ္တော စ၊ ဝသမာယန္တိ မာဏဝါ။
တသူဒရဿဟံ ဒုယူတော၊ မာ မေ ကုဇ္ဈိ ရထေသဘ။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၈။ ရထေသဘ၊ မင်းမြတ်။ ယဿ ဥဒရဿ၊ အကြင်ဝမ်း၏။ အတ္ထာ၊ အကျိုးငှါ။ သတ္တာ၊ သတ္တဝါတို့သည်။ အမိတ္တမပိ၊ ရန်သူကိုလည်း။ ယာစိတုံ၊ တောင်းအံ့သောငှာ။ ဒူရံ၊ ဝေးသော အရပ်သို့လည်း။ အာယန္တိ၊ သွားကုန်၏။ အဟံ၊ အကျွန်ုပ်သည်။ တဿ ဥဒရဿ၊ ထိုဝမ်း၏။ ဒူတော၊ တမန်တည်း။ မေ၊ အကျွန်ုပ်အား။ မာ ကုဇ္ဈိ၊ အမျက်မထွက်လင့်။

֍ ဋ္ဌ ၂၉။ ရထေသဘ၊ မင်းမြတ်။ မာဏဝါ၊ သတ္တဝါတို့သည်။ ဒိဝါစ၊ နေ့၌၎င်း။ ရတ္တောစ၊ ညဉ့်၌၎င်း။ ယဿ ဥဒရဿ၊ အကြင်ဝမ်း၏။ ဝသံ၊ အလို့သို့။ အာယန္တိ၊ လိုက်ကုန်၏။ အဟံ၊ အကျွန်ုပ်သည်။ တဿ ဥဒရဿ၊ ထိုဝမ်း၏။ ဒူတော၊ တမန်တည်း။ မေ၊ အကျွန်ုပ်အား။ မာ ကုဇ္စျိ၊ အမျက်မထွက်လင့်။

မင်းသည် ထိုယောက်ျား၏ စကားကို ကြား၍ ထိုစကားသည် မှန်၏။ ဤသတ္တဝါတို့သည် ဝမ်း၏တမန်ဖြစ်ကုန်၍ တဏှာ၏အစွမ်းအားဖြင့် လှည့်လည်ရကုန်၏။ တဏှာသည်သာလျှင် သတ္တဝါတို့ကို စီရင်၏။ ဤယောက်ျားသည် အလွန်နှစ်သက်ဘွယ်သော စကားကို ဆို၏ဟု ထိုယောက်ျားအား နှစ်သက်၍-

၃၀။ ဒဒါမိ တေ ဗြာဟ္မဏ ရောဟိဏီနံ၊
ဂဝံ သဟဿံ သဟ ပုင်္ဂဝေန။
ဒူတော ဟိ ဒူတဿ ကထံ န ဒဇ္ဖံ။
မယမ္ပိ တဿေဝ ဘဝါမ ဒူတာ။

ဟူသော သုံးခုမြောက်ဖြစ်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၃၀။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တေ၊ သင့်အား။ ပုင်္ဂဝေန၊ ဥသဘနှင့်။ သဟ၊ တကွ ရောဟိဏီနံ၊ နီသော အဆင်းရှိကုန်သော။ ဂဝံ၊ နွားတို့၏။ သဟဿံ၊ တထောင်ကို။ ဒဒါမိ၊ ပေး၏။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ မယမ္ပိ၊ ငါတို့သည်လည်း။ တဿေဝ၊ ထိုဝမ်း၏သာလျှင်။ ဒူတာ၊ တမန်တို့သည်။ ဘဝါမ၊ ဖြစ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဒူတော၊ တမန်သည်။ ဒူတဿ၊ တမန်အား။ ကထံ န ဒဇ္ဇံ၊ အဘယ်မူ၍ မပေးရာသနည်း။ ဒဒေယျဧဝ၊ ပေးရာသလျှင်ကတည်း။

ဤသို့ဆို၍ သင်ကဲ့သို့သော သူသည် မကြားစဘူးသော အကြောင်းကို ဆိုပေ၏ဟု နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ထိုယောက်ျားအား များစွာသော စည်းစိမ်ကို ပေး၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြသည်၏အဆုံး၌ လော် လည်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်၏။ တပါးကုန်သော များစွာကုန်သော ရဟန်းတို့သည် သောတာပန် အစရှိသည် ဖြစ်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ လော်လည်သော ရဟန်းသည် ထိုအခါ လော်လည်သောယောက်ျား ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဘောဇနသုဒ္ဓိကမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သတ္တဝါမှန်၊ တဏှာကျွန်၊ အမှန်ဖြစ်ပေသည်

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဒူတဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ပဒုမဝဂ်

၁။ ပဒုမဇာတ်

ကြာပန်းခိုင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယထာ ကေသာ စ မဿူ စ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပဒုမဇာတ်ကို အာနန္ဒာဗောဓိ၌ ပန်းပူဇော်ခြင်းကို ပြုကုန်သောရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် တေရသကနိပါတ် ခြောက်ခုမြောက် ကာလိင်္ဂဗောဓိဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ထိုဗောဓိသည်ကား အရှင်အာနန္ဒာမထေရ်သည် စိုက်ပျိုးအပ်သည်၏ အဖြစ်ကြောင့် အာနန္ဒာဗောဓိ မည်၏။ အရှင်အာနန္ဒာ မထေရ်သည် ဇေတဝန် ကျောင်းတော် တံခါးမုခ်နား၌ ဗောဓိပင်ကို စိုက်ပျိုးသည် ၏အဖြစ်သည် အလုံးစုံ ဇမ္ဗူဒိပ်၌ပြန့် နှံ့၏။ ထိုအခါ အချို့ကုန်သော ဇနပုဒ်နေရဟန်းတို့သည် အာနန္ဒာဗောဓိ၌ ပန်းပူဇော်ကုန်အံ့ဟု ဇေတဝန် ကျောင်းတော်သို့သွား၍ ဘုရားကို ရှိခိုး၍ နက်ဖြန်နေ့၌ သာဝတ္ထိပြည်သို့ဝင်၍ ကြာရောင်းသောဈေးသို့ သွား၍ ကြာပန်းတို့ကို မရဘဲလာကုန်၍ အရှင်အာနန္ဒာမထေရ်အား အရှင်ဘုရား အကျွန်ုပ်တို့သည် ပန်းပူဇော်ကုန်အံ့ဟု ကြာရောင်းသော ဈေးသို့သွား၍ ပန်းတပွင့်ကိုမျှလည်း မရခဲ့ကုန်ဟု ကြားလျှောတ်ကုန်၏။ အရှင်အာနန္ဒာမထေရ်သည် ငါ့သျှင်တို့ သင်တို့အကျိုးငှါ ဆောင်ယူ ချေအံ့ဟု ကြာရောင်းသောဈေးသို့ သွား၍ ကြာညိုစည်းကို ချီ၍ လာလတ်၍ ထိုရဟန်းတို့အား ပေး၍ ထိုရဟန်းတို့သည် ထိုကြာကိုယူ၍ ဗောဓိအား ပူဇော်ကုန်၏။ ထိုသတင်းစကားကိုကြား၍ တရား သဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဇနပုဒ်နေ ရဟန်တို့သည် ဘုန်းနည်းကုန်၏။ ကြာရောင်းသော ဈေးသို့သွား၍ ပန်းကို မရကုန်၊ အရှင်အာနန္ဒာ မထေရ်သည်ကား သွား၍လျှင် ဆောင် ယူခဲ့၏ဟု အရှင်အာနန္ဒာ၏ ဂုဏ်ကျေးဇူးစကားကို ပြောဆိုကြကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် စကားတတ် လိမ္မာကုန်သော သူတို့သည် ပန်းကို ရကုန်သည်မဟုတ်သေး၊ ရှေး၌လည်း စကားတတ် လိမ္မာကုန်သော သူတို့သည် ပန်းကို ရဘူးကုန်သလျှင် ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူဌေးသား ဖြစ်၏။ မြို့တွင်း၌ တခုသောရေကန်ဝယ် ပဒုမာတို့သည်လည်း ပွင့်ကြကုန်၏။ တယောက်သော နှာခေါင်းပြတ်သော ယောက်ျားသည် ထိုရေကန်ကို စောင့်၏။ ထိုအခါ တနေ့သ၌ ဗာရာဏသီပြည်ဝယ် ပွဲသဘင် ကြွေး ကြော်လတ်သော် ပန်းပန်၍ ပွဲသဘင်ကစားလိုကုန်သော သုံးယောက်ကုန်သော သူဌေးသားတို့သည် နှာခေါင်းပြတ်သောသူအား မဟုတ်မမှန်သဖြင့် ချီးမွမ်း၍ ပန်းကို တောင်းကုန်အံ့ဟု ထိုနှာခေါင်းပြတ်သောသူ၏ ပဒုမာကြာတို့ကိုချီစဉ် ရေကန် အနီးသို့သွား၍ တင့်အပ်သော အရပ်၌ တည်နေကုန်၏။ ထိုသူတို့တွင် တယောက်သော သူဌေးသားသည် ရေကန်စောင့်ကို ခေါ်၍-

၃၁။ ယထာ ကေသာ စ မဿူ စ၊ ဆိန္နံ ဆိန္နံ ဝိရူဟတိ။
ဧဝံ ရုဟတု တေနာသာ၊ ပဒုမံ ဒေဟိ ယာစိတော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၁။ ကေသာ စ၊ ဆံတို့သည်၎င်း။ မဿူ စ၊ မုတ်ဆိတ်တို့သည်၎င်း။ ဆိန္နံ ဆိန္နံ၊ ဖြတ်တိုင်း ဖြတ်တိုင်း။ ဝိရူဟတိ ယထာ၊ ပေါက်ပြန်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ တေ၊ သင်၏။ နာသာ၊ နှာခေါင်းသည်။ ရုဟတု၊ တဖန်ပေါက်ပြန် စေသတည်း။ ယာစိတော၊ ငါတောင်းအပ်သော သင်သည်။ ပဒုမံ၊ ကြာကို။ ဒေဟိ၊ ပေးလော့။

ထိုရေကန်စောင့်သည် ထိုသူဌေးသားအားလျှင် အမျက်ထွက်၍ ကြာကို မပေး၊ ထိုအခါ ရေကန်စောင့်အား နှစ်ယောက်မြောက် ဖြစ်သော သူဌေးသားသည်-

၃၂။ ယထာ သာရဒိကံ ဗီဇံ၊ ခေတ္တေ ဝုတ္တံ ဝိရူဟတိ။
ဧဝံ ရုဟတု တေ နာသာ၊ ပဒုမံ ဒေဟိ ယာစိတော။

ဟူသော နှစ်ခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၂။ ခေတ္တေ၊ လယ်၌။ ဝုတ္တံ၊ ပျိုးအပ်သော။ သာရဒိကံ၊ တန်ဆောင်မုန်းလ၌ ယူ၍ထားအပ်သော။ ဗီဇံ၊ မျိုးစေ့သည်။ ဝိရူဟတိ ယထာ၊ ပေါက်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ တေ၊ သင်၏။ နာသာ၊ နှာခေါင်းသည်။ ရုဟတု၊ တဖန် ပေါက်ပါစေသတည်း။ ယာစိတော၊ တောင်းအပ်သော သင်သည်။ ပဒုမံ၊ ကြာကို။ ဒေဟိ၊ ပေးလော့။

ထိုရေကန်စောင့်သည် ထိုသူဌေးသားအားလည်း အမျက်ထွက်၍ ကြာကို မပေး၊ ထိုအခါ ထိုရေကန်စောင့်အား သုံးယောက်မြောက် ဖြစ်သော သူဌေးသားသည်-

၃၃။ ဥဘောပိ ပလပန္တေတေ၊ အပိ ပဒ္မာနိ ဒဿတိ။
ဝဇ္ဇုံ ဝါ တေ န ဝါ ဝဇ္ဇုံ၊ နတ္ထိ နာသာယ ရူဟနာ။
ဒေဟိ သမ္မ ပဒုမာနိ၊ အဟံ ယာစာမိ ယာစိတော။

ဟူသော သုံးခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၃။ သမ္မ၊ အဆွေ။ ဧတေ ဥဘောပိ၊ ဤနှစ်ယောက်သော သူတို့သည်လည်း။ ပဒ္မာနိ၊ ကြာတို့ကို။ အပိ ဒဿတိ၊ ပေးလတ္တံ့ ဟုကြံ၍။ ပလပန္တိ၊ ဆိုယောင်ကုန်၏။ တေ၊ ထိုသူတို့သည်။ ဝဇ္ဇုံ ဝါ၊ ဆိုသည်မူလည်း ဖြစ်စေကုန်။ န ဝဇ္ဇုံ ဝါ၊ မဆိုသည်မူလည်း ဖြစ်စေကုန်။ နာသာယ၊ ပြတ်သောနှာခေါင်း၏။ ရူဟနာ၊ ပေါက်ပြန်ခြင်းမည်သည်။ နတ္ထိ၊ မရှိ။ အဟံ၊ ငါသည်။ ပဒုမာနိ၊ ကြာတို့ကို။ ယာစာမိ၊ တောင်း၏။ ယာစိတော၊ ငါတောင်းအပ်သောသင်သည်။ ဒေဟိ၊ ပေးလော့။

ထိုစကားကိုကြား၍ ရေကန်စောင့်သည် ဤနှစ်ယောက်သော သူတို့ကား မုသာဝါဒကို ဆို၏။ သင်သည် အဟုတ်အမှန်ကို ဆို၏။ သင်အား ပဒုမာကြာတို့သည် လျောက်ပတ်ကုန်၏ဟု ကြီးသော ပဒုမာကြာစီးကို ယူ၍ ထိုသူဌေးသားအား ပေး၍ မိမိကြာကန်သို့လျှင် သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကြာပန်းရသော သူဌေးသား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

နှုတ်ခွန်းချိုသာ၊ လိမ္မာစွာ၊ လိုရာအကျိုးပြီး

ရှေးဦးစွာသော ပဒုမဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ပဒုမဝဂ်

၂။ မုဒုပါဏိဇာတ်

စောင့်ရှောက်ခက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ပါဏိ စေ မုဒုကော စဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမုဒုပါဏိဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ သဗ္ဗညူမြတ်စွာဘုရားသည် တရားသဘင်သို့ ဆောင်ခဲ့သော ထိုရဟန်းကို ရဟန်း သင်သည် သာသနာတော်၌ ငြီးငွေ့သောဟူသည် မှန်သလောဟု မေးတော်မူ၍ မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း မိန်းမမည်သည်ကား ကိလေသာ၏အစွမ်းအားဖြင့် သွားခြင်းမှ စောင့်ရှောက်ခြင်းငှါ မတတ်နိုင်သော သဘောရှိ၏။ ရှေးပညာရှိတို့သည်လည်း မိမိသ္မီးကို စောင့်ရှောက်ခြင်းငှာ မတတ်နိုင်ဘူးကုန်၊ အဘသည် လက်၌ကိုင်ထားသော သ္မီးသည်လျှင် အဘကို မသိစေမူ၍ ကိလေသာ၏ အစွမ်းအားဖြင့် ယောက်ျားနှင့် ပြေးဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ မိဖုယားကြီးဝမ်း၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ ခပ်သိမ်း သော အတတ်တို့ကို သင်၍ အဘလွန်သဖြင့် မင်းအဖြစ်၌ တည်၍ တရားသဖြင့် မင်းပြု၏။ ထိုဘုရားလောင်းသည် သ္မီး, တူ နှစ်ယောက်တို့ကို နန်းတွင်း၌ ကြီးစေလျက် တနေ့သ၌ အမတ်တို့နှင့်တကွနေလျက် ငါလွန်သော် ငါ့တူ မင်းဖြစ်လတ္တံ့၊ သ္မီးသည်လည်း ငါ့တူ၏ မိဖုယားကြီး ဖြစ်ရလတ္တံ့ ဟု ဆို၍ နောက်အဘို့၌ တူအရွယ်သို့ ရောက်သောကာလ၌ တဖန် အမတ်တို့နှင့်တကွ နေလျှက် ငါတူဘို့ တပါးသော မင်းသ္မီးကို ဆောင်ယူကြကုန်အံ့၊ ငါ့သ္မီးကို တပါးသော မင်းမျိုး၌ ပေးကြကုန်အံ့၊ ဤသို့ပြုသော် ဆွေမျိုးများကုန်အံ့ဟု ဆိုပြန်၏။ အမတ်တို့သည် ဝန်ခံကုန်၏။

ထိုအခါ မင်းသည် တူအား နန်းတော်မှအပ၌ အိမ်ကိုပေးစေ၏။ နန်းတွင်းသို့ ဝင်ခြင်းကို မြစ်၏။ ထိုမင်းသ္မီး မင်းသားတို့သည်ကား အချင်းချင်း တပ်စွန်းသော စိတ်ရှိကုန်၏။ မင်းသားသည် အဘယ်ဥပါယ်ဖြင့် မင်းသ္မီးကို အပသို့ ထုတ်ဆောင်ရအံ့နည်းဟု ကြံလတ်သော် ဥပါယ်တခုသည် ရှိ၏ဟု အထိန်းမိန်းမအား တံစိုးပေး၍ အရှင့်သား အဘယ်ကိစ္စနည်းဟု မေးသည်ရှိသော် မိခင် အသို့မူ၍ မင်းသ္မီးကို ပြင်သို့ ထုတ်အံ့သောငှါ အခွင့်ရပါအံ့နည်းဟု ဆို၍ မင်းသ္မီးနှင့်တကွ တိုင် ပင်၍ သိရအံ့ဟု အထိန်းမိန်းမ ဆိုသည်ရှိသော် မိခင် ကောင်းပြီဟု ဆို၏။ ထိုအထိန်းမိန်းမသည် သွား၍ ချစ်သ္မီး လာလော့၊ ခေါင်း၌ သန်းရှာအံ့ဟု မင်းသ္မီးကို နိမ့်သောအင်းပျဉ်၌ နေစေ၍ မိမိသည် မြင့်သောအင်းပျဉ်၌ နေ၍ မင်းသ္မီး၏ ဦးခေါင်းကို မိမိပေါင်၌ထား၍ သန်းကိုယူလျက် မင်းသ္မီးဦးခေါင်းကို လက်သည်းတို့ဖြင့် ထိုးကုန်၏။ မင်းသ္မီးသည် ဤအထိန်းမိန်းမကား မိမိလက်သည်းတို့ဖြင့် မထိုး၊ ငါ့ဦးရီးသား၏ လက်သည်းတို့ဖြင့် ထိုး၏ဟု သိ၍ မိခင် သင်သည် မင်းသားအထံသို့ သွားချေသလောဟု မေး၏။ သွားချေ၏ဟု ဆိုလတ်သော် မင်းသားသည် အဘယ်စကားကို ပြောဆိုသနည်းဟု မေး၏။ ချစ်သ္မီး သင်၏ အပသို့ ရောက်ကြောင်းကို မေး၏ဟု ဆိုလတ်သော် မင်းသီးသည် ပညာရှိမူကား သိလတ္တံ့ဟု-

၃၄။ ပါဏိ စေ မုဒုကော စဿ၊ နာဂေါ စဿ သုကာရိတော။
အန္ဓကာရော စ ဝဿေယျ၊ အဟ နူန တဒါ သိယာ။

ဟူသော ဤဂါထာကို စီကုံး၍ မိခင် ဤဂါထာကို သင်၍ မင်းသားအား လျှောက်ဟု ဆို၏။ ထိုအထိန်းမိန်းမသည် ထိုဂါထာကို သင်၍ မင်းသားအထံသို့သွား၍ မိခင် မင်းသ္မီး အသို့ဆိုလိုက်သနည်းဟု မေးသည်ရှိသော် အရှင့်သား တစုံတခု တပါးသောစကားကို မဆိုမူ၍ ဤဂါထာကို ပို့လာစေ၏ ဟု ပြောဆို၍ ထိုဂါထာကိုရွတ်၏။ မင်းသားသည် ထိုဂါထာ၏ အနက်ကို သိ၍ မိခင် သွားလေလော့ဟုဆို၍ ထိုအထိန်းမကို လွှတ်လိုက်၏။ ထိုဂါထာ၏ အနက်ကား-

֍ ဋ္ဌ ၃၄။ ဧကာယ၊ တယောက်သော။ စူဠုပဋ္ဌာကာယ၊ အလုပ် အကျွေး မိန်းမငယ်၏။ ပါဏိ၊ လက်သည်။ မုဒုကော၊ ငါ့လက်ကဲ့သို့ နူးညံ့သည်။ စေ အဿ၊ အကယ်၍ ဖြစ်ငြားအံ့။ သုကာရိတော၊ ကောင်းစွာ သင်အပ်ပြီးသော။ နာဂေါ စ၊ ဆင်သည်လည်း။ စေ အဿ၊ အကယ်၍ ရှိသည် ဖြစ်ငြားအံ့။ အန္ဓကာရော စ၊ အမိုက်မှောင်သည်လည်း။ စေ အဿ၊ အကယ်၍ ဖြစ်ငြားအံ့။ စေ ဝဿေယျ၊ အကယ်၍ မိုဃ်းရွာငြားအံ့။ အထ၊ ထိုသို့ အကြောင်းလေးပါး စုံညီသည်ရှိသော်။ တဒါ၊ ထိုအခါ၌။ တေ၊ သင်၏။ မနောရထဿ၊ နှလုံးအလို၏။ ဂမနံ၊ သွားခြင်းသည်။ မတ္ထကံ၊ အပြီးသို့ရောက်ခြင်းသည်။ သိယာ နူန၊ ဖြစ်ရာ၏။

မင်းသားသည် ထိုအနက်ကို အမှန်အားဖြင့် သိ၍ တယောက်သော အဆင်းလှသော နူးညံ့သောလက်ရှိသော အလုပ်အကျွေး မိန်းမငယ်ကို သညာပေး၍ မင်္ဂလာဆင်ထိန်းအား တံစိုးပေး၍ ဆင်ကို မလှုပ်ရှားအောင် သင်စေ၍ အခါကိုငံ့လျက် နေ၏။ ထိုအခါ လကွယ်ပက္ခ ဥပုသ်နေ့ သန်းခေါင်ယာမ်၏ အခြားမဲ့၌ တခဲနက်မည်းသော မိုဃ်းသည် ရွာ၏။ ထိုမင်းသားသည် ယခုနေ့ကား မင်းသ္မီးငါ့ကို မှာလိုက်သော နေ့တည်းဟု ဆင်ကိုစီး၍ နူးညံ့သော လက်ရှိသော အလုပ် အကျွေး မိန်းမငယ်ကို ဆင်ကျောက်ကုန်း၌ နေစေ၍ သွား၍ မင်းအိမ်၌ ကောင်းကင်ပြင်သို့ မျက်နှာပြုရာအရပ်၌ ဆင်ကို နံရံပကိုမှီ၍ လေသွန်တံခါး၏အနီး၌ မိုဃ်းစွတ်လျှက်လျှင် တည်၏။ မင်းသည်လည်း သ္မီးကို စောင့်ရှောက်ရကား တပါး၌ အိပ်စိမ့်သောငှာမပေး၊ မိမိအထံဝယ်င ယ်သောအိပ်ရာ၌ အိပ်စေ၏။ မင်းသ္မီးသည်လည်း ယနေ့ မင်းသား လာလတ္တံ့ ဟု သိ၍ အိပ်ပျော်ခြင်းသို့ မရောက်ဘဲ လျောင်းလျက် ခမည်းတော် အကျွန်ုပ် ရေချိုးလို၏ဟု ဆို၏။ မင်းသည် ချစ်သ္မီး လာလော့ဟုဆို၍ မင်းသ္မီးကို လက်၌ကိုင်၍ လေသွန် တံခါး၏ အနီးသို့ဆောင်၍ ချစ်သ္မီး ရေချိုးလော့ဟုချီ၍ လေသွန်တံခါး၏ အပ ပဒုမာအခံ၌ ရပ်စေ၍ လက်တဘက်၌ ကိုင်၍ နေ၏။ ရေချိုးစဉ်လျှင် မင်းသားသို့လက်ကို ဆန့်၏။ မင်းသားသည် မင်းသ္မီး၏လက်မှ တန်ဆာတို့ကိုချွတ်၍ အလုပ်အကျွေး မိန်းမငယ်၏လက်၌ ဆင်၍ ထိုအလုပ်အကျွေး မိန်းမငယ်ကို ချီ၍ မင်းသီးကို မှီစေ၍ ပဒုမာအခံ၌ထား၏။ ထိုမင်းသ္မီးသည် ထိုအလုပ်အကျွေး မိန်းမငယ်၏ လက်၌ကိုင်၍ အဘမင်း၏ လက်၌ထား၏။ ထိုမင်းသည် ထိုအလုပ်အကျွေးမိန်းမငယ်၏ လက်ကိုကိုင်၍ သ္မီးလက်ကိုလွှတ်၏။ မင်းသ္မီးသည် လက်တဘက်မှ တန်ဆာတို့ကို ချွတ်၍ ထိုအလုပ်အကျွေး မိန်းမငယ်၏ နှစ်ခုမြောက်ဖြစ်သောလက်၌ ဆင်၍ ခမည်းတော်လက်၌ထား၍ မင်းသားနှင့်တကွ သွား၏။ မင်းသည်လည်း သ္မီးလျှင်တည်းဟူသောအမှတ်ဖြင့် ထိုသူငယ်မကို ရေချိုးပြီးသည်၏ အဆုံး၌ အသရေရှိသော တိုက်ခန်း၌ အိပ်စေ၍ တံခါးပိတ်၍ တံကျဉ်ဖြင့်လျှို့၍ အစောင့်အရှောက်ကို ပေး၍ မိမိအိပ်ရာသို့ သွား၍ အိပ်၏။

ထိုမင်းသည် လင်းလတ်သော် တံခါးကိုဘွင့်၍ ထိုသူငယ် မကို မြင်၍ ဤသို့ဖြစ်ခြင်းကား အသို့နည်းဟု မေး၏။ ထိုသူငယ်မသည် မင်းသ္မီး၏ မင်းသားနှင့်တကွ သွားသည်၏ အဖြစ်ကို မင်းအား လျှောက်၏။ မင်းသည် နှလုံးမသာ၍ ကိုင်၍ထားသော်လည်း မာတုဂါမကို စောင့်ရှောက်ခြင်းငှာ မတတ်နိုင်သည်သာလျှင်တည်း၊ မိန်းမတို့မည်သည်ကား စောင့်ရှောက်ခြင်းငှါ မတတ်ကောင်းသော သဘောရှိ၏ဟု ကြံ၍-

၃၅။ အနလာ မုဒုသမ္ဘာသာ၊ ဒုပ္ပူရာ တာ နဒီသမာ။
သီဒန္တိ နံ ဝိဒိတွာန၊ အာရကာ ပရိဝဇ္ဇယေ။
၃၆။ ယံ ဧတာ ဥပသေဝန္တိ၊ ဆန္ဒသာ ဝါ ဓနေန ဝါ။
ဇာတဝေဒေါဝ သံဌာနံ၊ ခိပ္ပံ အနုဒဟန္တိ နံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၅။ တာ၊ ထိုမိန်းမသည်။ အနလာ မုဒုသမ္ဘာသာ၊ နူးညံ့သော စကားဖြင့် ချီးမြှောက်ခြင်းငှါ မတတ်ကောင်းကုန်။ တနည်းကား... အနလာ၊ ယောက်ျားတို့နှင့် အတူတကွနေခြင်းကို မထိုက်ကုန်။ မုဒုသမ္ဘာသာ၊ နှလုံးခိုင်မာလျက် စကားနူးညံ့ကုန်၏။ ဒုပ္ပူရာ၊ ပြည့်နိုင်ခဲကုန်၏။ နဒီသမာ၊ မြစ်နှင့်တူကုန်၏။

֍ ဋ္ဌ ၃၆။ သီဒန္တိ၊ ငရဲ၌ နစ်တတ်ကုန်၏။ ဧဝံ၊ ဤသို့။ ဝိဒိတွာန၊ သိ၍။ တာ၊ ထိုမိန်းမတို့ကို။ ပဏ္ဍိတော၊ ပညာရှိသည်။ အာရကာ၊ အဝေးမှ။ ပရိဝဇ္ဇာယေ၊ ကြဉ်ရာ၏။

ဧတော၊ ထိုမိန်းမတို့သည်။ ယံ၊ အကြင်ယောက်ျားကို။ ဆန္ဒသာ ဝါဆန္ဒသာ ဝါ၊ ဆန္ဒတူသဖြင့်၎င်း။ ဓနေန၊ ဥစ္စာဖြင့်၎င်း။ ဥပသေဝန္တိ၊ မှီဝဲကုန်၏။ နံ ပုရိသံ၊ ထိုယောက်ျားကို။ ခိပ္ပံ၊ လျင်စွာ။ အနုဒဟန္တိ၊ လောင်တတ်ကုန်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ဇာတဝေဒေါ၊ မီးသည်။ သံဌာနံ၊ မိမိတည်ရာကို။ အနုဒဟတိ ဣဝ၊ လောင်သကဲ့သို့တည်း။

ဤသို့ဆို၍ ဘုရားလောင်းသည် တူကိုလည်း ငါသည်ပင် မွေးအပ်၏ ဟု များစွာသော စည်းစိမ်ဖြင့် သ္မီးကို တူအား ပေး၍ တူကို အိမ်ရှေ့အရာ၌ထား၏။ တူသည် ဦးရီးလွန်သဖြင့် မင်းအဖြစ်၌ တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

မိန်းမဖြာဖြာ၊ အရာရာ၊ မာယာ များလှဘိ

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော မုဒုပါဏိဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ပဒုမဝဂ်

၃။ စူဠပလောဘနဇာတ်

မိန်းမစွမ်းအား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အဘိဇ္ဇမာနေ ဝါရိသ္မိံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠပလောဘနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာသနာ၌ ငြီးငွေ့သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ သဗ္ဗညူမြတ်စွာဘုရားသည် တရားသဘင်သို့ ဆောင်အပ်သော ထိုရဟန်းကို ရဟန်း သင်သည် သာသနာတော်၌ ငြီးငွေ့သောဟူသည် မှန်သလောဟု မေးတော်မူ၏။ မှန်ပေ၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ - ထိုမိန်းမတို့ မည်သည်ကား စင်ကြယ်ကုန်သော ရှေးသူဟောင်းတို့ကိုလည်း ညစ်ညူးစေကုန်၏ဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် မင်းသည် သားမရှိသည်ဖြစ်၍ မိမိမိန်းမတို့ကို သားဆုတောင်းကြကုန်လော့ဟု ဆို၏။ ထိုမိန်းမတို့သည်လည်း သားဆုကို တောင်းကြကုန်၏။ ဤသို့ သားဆုကို တောင်းသဖြင့် ကာလရှည်လတ်သည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မာ့ပြည်မှ စုတေ၍ မိဖုယားကြီးဝမ်း၌ ဖြစ်၏။ ထိုဘုရားလောင်းကို ဖွားကာမျှလျှင် ရေချိုး၍ နို့တိုက်စိမ့်သောငှါ အထိန်းမိန်းမတို့အား ပေးကုန်၏။ ထိုဘုရားလောင်းသည် နို့တိုက်အပ်သည်ရှိသော် ငို၏။ ထိုအခါ ဘုရားလောင်းကို တပါးသော မိန်းမအား ပေးကုန်၏။ မာတု ဂါမ၏လက်သို့ ရောက်သည်ရှိသော် ဆိတ်ဆိတ် မနေသည်သာလျှင် ဖြစ်၏။ ထိုအခါ ထိုဘုရားလောင်းကို တယောက်သော မင်း၏ ခြေရင်း၌ ခစားသော အမတ်အားပေးကုန်၏။ ထိုအမတ်သည် ယူအပ်သည်ရှိသော်လျှင် ဆိတ်ဆိတ်နေ၏။ ထိုအခါမှစ၍ ယောက်ျားတို့သည်သာလျှင် ထိုဘုရားလောင်းကို ယူ၍ သွားရကုန်၏။ နို့တိုက်သည်ရှိသော်ကား ညှစ်၍ တိုက်ကြကုန်၏။ တင်းတိမ်ကြားဖြင့်မူလည်း နို့ကို ခံတွင်း၌ ထည့်ကြကုန်၏။ ထို့ကြောင့် ထိုဘုရားလောင်းအား အနိတ္ထိဂန္ဓသတို့သား ဟူသောအမည်ကို မှည့်ကြကုန်၏။ ထိုမှဤမှ ပြေးသွားတတ်သော်လည်း ဘုရားလောင်းအား မာတုဂါမမည်သည်ကို မြင်ခြင်းငှါ မတက်ကောင်း၊ ထို့ကြောင့် ဘုရားလောင်းကို မင်းသည် အသီးသာလျှင် ထိုင်ရာအရပ်ရှိသည်တို့ကို၎င်း (ဈာန်)အိမ်ကို၎င်း ဆောက်လုပ်စေ၏။

ထိုမင်းသည် ဘုရားလောင်း၏ တဆယ့်ခြောက်နှစ် ရှိသောအခါ၌ ငါ့အား တပါးသော သားသည် မရှိ၊ ဤမင်းသားကား မာတုဂါမတို့ကို မသုံးဆောင်၊ မင်းအဖြစ်ကိုလည်း အလိုမရှိသည်ဖြစ်လတ္တံ့၊ ငါ့အား သားကိုရခဲ၏ဟု ကြံ၏။ ထိုအခါ ထိုမင်းသားကို ကခြင်း သီခြင်း၌ လိမ္မာသော ယောက်ျားအသွင်ဖြင့် လုပ်ကျွေး၍ မိမိအလိုသို့ လိုက်စေခြင်းငှါ စွမ်းနိုင်သော ပျိုသော ကချေသည်မတယောက်သည် ချဉ်းကပ်၍ အရှင်မင်းကြီး အဘယ်သို့ ကြံသနည်းဟု မေး၏။ မင်းသည် ထိုအကြောင်းကို ကြား၏။ အရှင်မင်းကြီး ထိုသို့ဖြစ်စေကာမူ အကျွန်ုပ်သည် ထိုမင်းသားကို ဖြား ယောင်း၍ ကာမအရသာကို သိစေအံ့ဟု လျှောက်၏။ ထိုအနိတ္ထိဂန္ဓ မည်သော သားကို ဖျားယောင်းအံ့သောငှါ အကယ်၍ သင်စွမ်းနိုင်အံ့၊ ငါ့သားသည် မင်းဖြစ်လတ္တံ့၊ သင်သည် မိဖုယားကြီး ဖြစ်ရအံ့ဟုဆို၏။ ထိုကချေ သည်မသည် အရှင်မင်းကြီး သားတော်ကိုဖြားယောင်းခြင်းသည် အကျွန်ုပ်အဘို့ဖြစ်စေ၊ အရှင်မင်းကြီးတို့သည် ကြံတော် မမူကုန်လင့်ဟု ဆို၍ အစောင့်အရှောက်လူတို့သို့ ချဉ်းကပ်၍ အကျွန်ုပ်သည် မိုးသောက် ထ၍ လာ၍ အရှင့်သား၏ အိပ်ရာအရပ်ဝယ် (ဈာန်) အိမ်၏ အပ၌ရပ်၍ သီချင်းသီလာပါအံ့၊ အရှင့်သားသည် အကယ်၍ အမျက် ထွက်အံ့၊ အကျွန်ုပ်အား ပြောဆိုကြကုန်လော့၊ အကျွန်ုပ် ဖဲသွားအံ့၊ အကယ်၍ အရှင့်သား နားထောင်ငြားအံ့၊ အကျွန်ုပ်အား ပြောဆိုကြပါကုန်လော့ဟု ဆို၏။ ထိုအစောင့် အရှောက်တို့သည် ကောင်းပြီဟု ဝန်ခံကုန်၏။

ထိုကချေသည်မသည်လည်း မိုးသောက်ထကာလ၌ ထိုအရပ်၌ နေ၍ စောင်းသံဖြင့် သီချင်းသံကို။ သီချင်းသံဖြင့် စောင်းသံကို မလွန်စေမူ၍ သာယာစွာသော အသံဖြင့် သီ၏။ မင်းသားသည် နားထောင်လျက် လျောင်း၏။ နက်ဖြန်နေ့၌ အနီး၌တည်၍ သီစိမ့်သောငှါ စေ၏။ တဖန် နက်ဖြန်နေ့၌ (ဈာန်) အိမ်၌တည်၍ သီစိမ့်သော စေ၏။ တဖန် နက်ဖြန်နေ့၌ မိမိအနီး၌တည်၍ သီစိမ့်သောငှါ စေ၏။ ဤသို့အစဉ်သဖြင့် တဏှာကိုဖြစ်စေ၍ လူတို့၏အကျင့်ကိုမှီဝဲ၍ ကာမအရသာကို သိ၍ မာတုဂါမမည်သည်ကို တပါးသောသူတို့အား မပေးအံ့ဟု သန်လျက်ကိုင်၍ ခရီးအလယ်သို့ထွက်၍ ယောက်ျားတို့ကို လိုက်၏။ ထိုအခါ ထိုမင်းသားကို မင်းသည် ဖမ်းစေ၍ ထိုသတို့သ္မီးနှင့်တကွ မြို့မှ နှင်ထုတ်၏။ နှစ်ယောက်သော သူတို့သည်လည်း တောသို့ဝင်၍ ဂင်္ဂါအကြေသို့သွား၍ တဘက်၌ ဂင်္ဂါ၊ တဘက်၌ သမုဒ္ဒရာရှိသည်ကိုပြု၍ ဂင်္ဂါ သမုဒ္ဒရာတို့၏ အကြား၌ ကျောင်းဆောက်၍ နေကုန်၏။ သတို့သီးသည် ကျောင်း၌နေ၍ သစ်ဥသစ်မြစ်တို့ကို ပြုတ်၏။ ဘုရားလောင်းသည် တောမှ သစ်သီးကြီးငယ်တို့ကို ဆောင်၏။ ထိုအခါ တနေ့သ၌ ဘုရားလောင်းသည် သစ်သီးကြီးငယ်အကျိုးငှာ သွားသည်ရှိသော် သမုဒ္ဒရာကျွန်းငယ်၌နေသော တပါးသော ရသေ့သည် ဆွမ်းခံသောအချိန်၌ ကောင်းကင်ဖြင့်လာ၍ မီးခိုးကိုမြင်၍ ကျောင်း၌သက် ဆင်း၏။ ထိုအခါထိုရသေ့ကို ထိုသတို့သီးသည် ကျက်ရုံနေဦးလော့ဟု နေစေ၍ မိန်းမတို့ အမူ အရာဖြင့် ဖြားယောင်း၍ ဈာန်မှယုတ်စေ၍ ရသေ့၏ မြတ်သောအကျင့်ကို ကွယ်စေ၏။ ထိုရသေ့သည် အတောင်ပြတ်သော ကျီးကဲ့သို့ ဖြစ်၏။ ထိုမိန်းမကို စွန့်ခြင်းငှါ မတတ်နိုင်ရကား တနေ့ပတ်လုံး ထိုအရပ်၌လျှင်နေ၍ လာလတ်သော ဘုရားလောင်းကိုမြင်၍ လျင်မြန်သဖြင့် သမုဒ္ဒရာသို့ရှေးရှု ပြေး၏။ ထိုအခါ ထိုရသေ့ကို ထိုဘုရားလောင်းသည် ဤသူကား ငါ၏ရန်သူဖြစ်လတ္တံ့ ဟု သန်လျက်ကိုကိုင်၍ လိုက်၏။ ရသေ့သည် ကောင်းကင်သို့ ပျံအံ့သော အခြင်းအရာကို ပြု၍ သမုဒ္ဒရာ၌ကျ၏။ ဘုရားလောင်းသည် ဤရသေ့ကား ကောင်းကင်ဖြင့် လာသည်ဖြစ်လတ္တံ့၊ ဈာန်မှယုတ်သည်၏ အဖြစ်ကြောင့် သမုဒ္ဒရာ၌ ကျ၏။ ယခု ငါသည် ရသေ့၏ ကိုးကွယ်ရာဖြစ်ခြင်းငှါ သင့်၏ဟု ကြံလျက် သမုဒ္ဒရာကမ်းနား၌ ရပ်၍-

၃၇။ အဘိဇ္ဇမာနေ ဝါရိသ္မိံ၊ သယံ အာဂမ္မ ဣဒ္ဓိယာ။
မိဿီ ဘာဝိတ္ထိယာ ဂန္တွာ၊ သံသီဒသိ မဟေဏ္ဏဝေ။
၃၈။ အာဝဋ္ဋနီ မဟာမာယာ၊ ဗြဟ္မစရိယ ဝိကောပနာ။
သီဒန္တိ နံ ဝိဒိတွာန၊ အာရကာ ပရိဝဇ္ဇယေ။
၃၉။ ယံ ဧတာ ဥပသေဝန္တိ၊ ဆန္ဒသာ ဝါ ဓနေန ဝါ။
ဇာတဝေဒေါဝ သံဌာနံ၊ ခိပ္ပံ အနုဒဟန္တိ နံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၇။ အယံ၊ ဤရသေ့သည်။ ဣဒ္ဓိယာ၊ တန်ခိုးဖြင့်။ ဝါရိသ္မိံ၊ ရေကို။ အဘိဇ္ဇမာနေ၊ မလှုပ်စေဘဲ။ အာဂမ္မ၊ လာလတ်၍။ ဣတ္တိယာ၊ မိန်းမနှင့်။ မိဿီဘာဝံ၊ ရောနှောသောအဖြစ်သို့။ ဂန္တွာ၊ ရောက်၍။ မဟဏ္ဏဝေ၊ သမုဒ္ဒရာ၌။ သံသီဒသိ၊ နစ်၏။

֍ ဋ္ဌ ၃၈။ ဣတ္ထိယော၊ မိန်းမတို့သည်။ အာဝဋ္ဋနီ၊ လည်စေတတ်ကုန်၏။ မဟာမာယာ၊ များစွာသော မာယာရှိကုန်၏။ ဗြဟ္မစရိယဝိကောပနာ၊ မြတ်သောအကျင့်ကို ဖျက်ဆီးတတ်ကုန်၏။ သီဒန္တိ၊ အပါယ်တို့၌ နစ်မွန်း စေတတ်ကုန်၏။ နံ၊ ထိုအကြောင်းကို။ ဝိဒိတွာန၊ သိ၍။ ဧတာ၊ ထိုမိန်းမတို့ကို။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ အာရကာ၊ အဝေးမှ။ ပရိဝဇ္ဇယေ၊ ကြဉ်ရာ၏။

֍ ဋ္ဌ ၃၉။ ဇာတဝေဒေါ၊ မီးသည်။ သံဌာနံ၊ မိမိတည်ရာကို။ အနုဒဟတိဣဝ၊ လောင်သကဲ့သို့။ ဧတာ၊ ထိုမိန်းမတို့သည်။ ယံ၊ အကြင်ယောက်ျားကို။ ဆန္ဒသာ ဝါ၊ ချစ်သဖြင့်၎င်း။ ဓနေန ဝါ၊ ဥစ္စာဖြင့်၎င်း။ ဥပသေဝန္တိ၊ မှီဝဲကုန်၏။ နံ၊ ထိုယောက်ျားကို။ ခိပ္ပံ၊ လျင်စွာ။ အနုဒဟန္တိ၊ လောင်တတ်ကုန်၏။

ဤသို့ဆိုသော ဘုရားလောင်း၏ စကားကို ကြား၍ ရသေ့သည် သမုဒ္ဒရာအလယ်၌လျှင် ပျောက်ပြီးသော ဈာန်ကို တဖန်ဖြစ်စေ၍ ကောင်းကင်ဖြင့် မိမိ၏နေရာသို့သာလျင် သွား၏။ ဘုရားလောင်းသည် ဤရသေ့ကား ဤသို့လေးသော ကိုယ်ရှိလျက် လက်ပံဂွမ်းစိုင်ကဲ့သို့ ကောင်းကင်ဖြင့်လျှင် သွား၏။ ငါသည်လည်း ရသေ့ကဲ့သို့ ဈာန်ကိုဖြစ်စေ၍ ကောင်းကင်၌ သွားခြင်းငှါ သင့်၏ဟု ကြံပြီး၍ ထိုဘုရားလောင်းသည် ကျောင်းသို့သွား၍ ထိုမိန်းမကို လူ့ပြည်သို့ဆောင်၍ သင်သည် သွားလေတော့ဟု လွှတ်လိုက်၏။ တောသို့ဝင်၍ နှစ်သက်ဘွယ်ရှိသော မြေအဘို့၌ ကျောင်းဆောက်၍ ရသေ့ရဟန်းပြု၍ ကသိုဏ်းပရိကံကို စီးဖြန်း၍ အဘိညာဉ် သမာပတ်ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အနိတ္ထိဂန္ဓမင်းသား ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

စင်ကြယ်သူပင်၊ မိန်းမညင်၊ စွန်းထင်မည်စွ ပျက်စီးရ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော စူဠပလောဘနဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ပဒုမဝဂ်

၄။ မဟာပနာဒဇာတ်

ဖြစ်ဟောင်းဘဝ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်ပနာဒေါ နာမ သော ရာဇာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာပနာဒဇာတ်ကို ဂင်္ဂါနား၌ နေတော်မူစဉ် ဘဒ္ဒဇိမထေရ်၏ အာနုဘော်ကို အကြောင်းပြု၍ ဟောတော်မူ၏။ တရံရောအခါ သဗ္ဗညူမြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ ဝင်တော်မူစဉ် ဘဒ္ဒဇိသတို့သားအား သင်္ဂြိုဟ်ခြင်းကိုပြုအံ့ဟု ရဟန်းသင်္ဃာအများ ခြံရံလျက် ဒေသစာရီကြွတော်မူသည်ရှိသော် ဘဒ္ဒိယမြို့သို့ရောက်၍ အလို လိုဖြစ်သောတော၌ ဘဒ္ဒဇိသတို့သား၏ ဉာဏ်ရင့်ခြင်းကို ငံ့တော်မူလျက် သုံးလပတ် လုံး နေတော်မူ၏။ ဘဒ္ဒဇိသတို့သားသည် များစွာသော အခြံအရံရှိ၏။ ကုဋေရှစ်ဆယ်ကြွယ်ဝသော ဘဒ္ဒိယသူဌေး၏ တယောက်တည်းသော သားဖြစ်၏။ ထိုဘဒ္ဒိယသူဌေးသားအား ဥတုသုံးပါးအား လျောက် ပတ်သော ပြာသာဒ်သုံးဆောင်တို့သည် ဖြစ်ကုန်၏။ တဆောင် တဆောင်သော ပြာသာဒ်၌ လေးလ လေးလစီ နေ၏။ တဆောင်သော ပြာသာဒ်၌ နေပြီး၍ ကချေသည်အပေါင်း ခြံရံလျက် များစွာသောအခြံအရံဖြင့် တဆောင်သော ပြာသာဒ်သို့ ပြောင်းသွား၏။ ထိုခဏ၌ သတို့သား၏ စည်းစိမ်ကို ကြည့်ကုန်အံ့ဟု မြို့အလုံးလည်း ချောက်ချား၏။ ပြာသာဒ်တို့၏ အကြား အကြား၌လည်း လှည်းအဆင့်ဆင့် ညောင်စောင်းအဆင့်ဆင့်တို့ကို ဖွဲ့ကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် သုံးလပတ်လုံး နေတော်မူပြီး၍ ငါတို့သွားကုန်အံ့ဟု မြိုသူတို့အား ကြားတော်မူ၏။ မြို့သူတို့သည် ဘုန်းတော်ကြီးသော အရှင်ဘုရား နက်ဖြန် ကြွတော်မူပါဟု သဗ္ဗညူ မြတ်စွာဘုရားကို ပင့်ဘိတ်၍ နှစ်ရက်မြောက်သောနေ့၌ ဘုရားအမှူးရှိသော ရဟန်း သင်္ဃာအား အလှူကြီးကိုစီရင်၍ မြို့လယ်၌ မဏ္ဍပ်ဆောက်၍ တန်ဆာဆင်၍ နေရာခင်း၍ ကာလကိုကြားလောက်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းသင်္ဃာ ခြံရံလျက် ထိုမဏ္ဍာပ်သို့ ကြွတော်မူ၍ နေတော်မူ၏။ လူတို့သည် အလှူကြီးကို ပေးကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်း ပေးတော်မူပြီးသော် သာယာစွာသော အသံတော်ဖြင့် အနုမောဒနာ ပြုတော်မူ၏။ ထိုခဏ၌ ဘဒ္ဒဇိသူဌေးသားသည်လည်း ပြာသာဒ်တဆောင်မှ ပြာသာဒ်တဆောင်သို့ သွား၏။ ထိုဘဒ္ဒဇိသူဌေးသား၏စည်းစိမ်ကို ကြည့်အံ့သောငှါ ထိုနေ့၌ တစုံတယောက်သောသူသည် မလာ၊ မိမိလူတို့သည်သာလျှင် သူဌေးသားကို ခြံရံကုန်၏။ ဘဒ္ဒဇိသူဌေးသားသည် တပါးသောကာလ၌ ငါသည် ပြာသာဒ် တဆောင်မှ ပြာသာဒ်တဆောင်သို့ သွားသော်မြို့အလုံးသည် ချောက်ချား၏။ လှည်းအဆင့်ဆင့် ညောင်စောင်း အဆင့် ဆင့်တို့ကို ဖွဲ့ကုန်၏ ယနေ့ကား ငါ၏ လူတို့ကိုထား၍ တပါးသော တစုံတယောက်သောသူသည် မရှိ၊ အကြောင်း အသို့နည်းဟု လူတို့ကို မေး၏။ အရှင့်သား သဗ္ဗညူ မြတ်စွာဘုရားသည် ဤဘဒ္ဒိယမြို့ကို မှီတော်မူ၍ သုံးလပတ်လုံး နေတော်မူပြီး၍ ယနေ့ပင် ကြွတော်မူအံ့၊ ထိုမြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီး၍ လူများအား တရား ဟောတော်မူ၏။ အလုံးစုံသော မြို့သူတို့သည်လည်း ဘုရား၏ တရားတော်ကို နာကုန်လတ္တံ့ ဟု ဆိုကုန်၏။ ဘဒ္ဒဇိသူဌေးသားသည် အချင်းတို့ ထိုသို့တပြီးကား လာကြကုန်လော့၊ ငါတို့သည် တရားတော်ကို နာကုန်အံ့ဟု ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက်သာလျှင် များစွာသောအခြံအရံဖြင့် ချဉ်းကပ်၍ ပရိသတ်အစွန်း၌တည်၍ နာလျက်လျှင် ခပ်သိမ်းသော ကိလေသာတို့ကို ကုန်စေ၍ အရဟတ္တဖိုလ်သို့ရောက်၏။

သဗ္ဗညူမြတ်စွာဘုရားသည် ဘဒ္ဒိယသူဌေးကို ခေါ်တော်မူ၍ သူဌေးကြီး သင်၏သားသည် တန်ဆာဆင်လျက်သာလျှင် တရားကိုနာသည်ရှိသော် အရဟတ္တဖိုလ်၌တည်၏။ ထို့ကြောင့် ဘဒ္ဒဇိအား ယနေ့လျှင် ရဟန်း ပြုအံ့သောငှါ၎င်း ပရိနိဗ္ဗာန် ပြုအံ့သောငှါ၎င်း သင့်၏ဟု မိန့်တော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်၏သားအား ပရိနိဗ္ဗာန်ပြုခြင်းဖြင့် အလိုမရှိ၊ အကျွန်ုပ်သားကို ရဟန်းပြုပါကုန်၊ ရဟန်းပြုပြီး၍ အကျွန်ုပ်သားကို ခေါ်တော်မူ၍ နက်ဖြန် အကျွန်ုပ်အိမ်သို့ ကြွတော်မူပါကုန်ဟု လျောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ပင့်ဘိတ်ခြင်းကို သည်းခံတော်မူ၍ အမျိုးသားကို ခေါ်တော်မူ၍ ကျောင်းသို့ကြွတော်မူ၍ ရဟန်းပြုစေ၍ ပဉ္စင်းအဖြစ်ကို ပေးတော်မူ၏။ ဘဒ္ဒဇိမထေရ်၏ မိဘတို့သည် ခုနစ်ရက်ပတ် လုံး ကြီးစွာသော ပူဇော်သက္ကာရကို ပြုကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး နေတော်မူ၏။ အမျိုးကောင်းသားကို ခေါ်တော်မူ၍ ဒေသစာရီကြွတော်မူသည်ရှိသော် ကောဋိရွာသို့ ရောက်တော်မူ၏။ ကောဋိရွာ၌ နေကုန်သောသူတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလှူကြီးကို ပေးကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးသော ကိစ္စအဆုံး၌ အနုမောဒနာပြုတော်မူ၏။ အမျိုးကောင်းသားသည် ဘုရားအနုမောဒနာ ပြုသောကာလ၌ ရွာအပသို့သွား၍ ဘုရားကြွတော်မူလာသော ကာလ၌ ဈာန်မှထအံ့ဟု ဂင်္ဂါကမ်းနား၏အနီး တခုသောသစ်ပင်ရင်း၌ ဈာန်ဝင်စား၍နေ၏။ မထေရ်ကြီးတို့သည် လာကုန်သော်လည်း မထမူ၍ ဘုရားကြွလာသောအခါ၌သာလျှင် ဈာန်မှ ထ၏။ ပုထုဇဉ်ရဟန်းတို့ သည်ကား ဤဘဒ္ဒဇိသည် ရှေး၌ ရဟန်းပြုဘိသကဲ့သို့ ယမန်နေ့၌ ရဟန်းပြုလျက် လာကုန်သောမထေရ်တို့ကို မြင်၍လည်း မထဟု အမျက်ထွက်ကုန်၏။

ကောဋိရွာ၌နေကုန်သော သူတို့သည် လှေဖောင်ကို ဘွဲ့ကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လှေဖောင်စီးသော သင်္ဘောအလယ်၌ တည်တော်မူ၍ ဘဒ္ဒဇိသည် ဘယ်မှာနည်းဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား ဤဘဒ္ဒဇိသည် ဤမှာလျှင်တည်းဟု လျောက်ကုန်၏။ ဘဒ္ဒဇိလာလော့ ငါတို့နှင့်အတူ တစင်းတည်းသောလှေကို စီးလော့ဟု မိန့်တော်မူ၏။ ဘဒ္ဒဇိမထေရ်သည်သွား၍ သဗ္ဗညူ မြတ်စွာဘုရားရှင်နှင့်အတူ တစင်းတည်းသော လှေ၌ စီး၏။ ထို့နောင်မှ ထိုဘဒ္ဒဇိမထေရ်ကို ဂင်္ဂါအလယ်သို့ ရောက်သောကာလ၌ သဗ္ဗညူမြတ်စွာဘုရားသည် ဘဒ္ဒဇိ သင်သည် မဟာပနာဒမင်းဖြစ်သောကာလ၌ နေသောပြာသာဒ်သည် အဘယ်မှာနည်းဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား ဤအရပ်၌ နေ၏ဟုလျောက်၏။ ပုထုဇဉ်ရဟန်းတို့သည် ဘဒ္ဒဇိမထေရ်ကား တပါးကို ပြောဆို ၏ဟု ဆိုကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဘဒ္ဒဇိ ထိုသို့တပြီးကား ရဟန်းတို့၏ ယုံမှားခြင်းကို ဖျောက်လော့ဟု မိန့်တော်မူ၏။ ထိုခဏ၌ ဘဒ္ဒဇိမထေရ်သည် သဗ္ဗညူ မြတ်စွာဘုရားကို ရှိခိုး၍ တန်ခိုးအစွမ်းဖြင့်သွား၍ ပြာသာဒ်ထုပိကာကို ခြေချောင်းဖြင့်ညှပ်၍ နှစ်ဆယ့်ငါးယူဇနာရှိသော ပြာသာဒ်ကိုယူ၍ ကောင်းကင်သို့ပျံ၏။ ကောင်းကင်သို့ပျံသော အရှင်ဘဒ္ဒဇိမထေရ်သည် ပြာသာဒ်အောက်၌ တည်ကုန်သောသူတို့အား ပြာဿာဒ်ကိုဘောက်၍ထင်၏။ အရှင်ဘဒ္ဒဇိမထေရ်သည် တယူဇနာ နှစ်ယူဇနာ သုံးယူဇနာ စသည်ဖြင့် ယူဇနာ နှစ်ဆယ်တိုင်အောင် ရေမှ ပြာသာဒ်ကို ချီ၏။ ထိုအခါ အရှင်ဘဒ္ဒဇိမထေရ်၏ ရှေးဘဝ၌ ဆွေမျိုးတို့သည် ပြာသာဒ်၌ တပ်စွန်းသဖြင့် ငါးလိပ် နဂါး ဖားတို့၏အဖြစ်ဖြင့် ထိုပြာသာဒ်၌ ဖြစ်ကုန်၏။ ပြာသာဒ်ကို ချီလတ်သော် ခုန်၍ ရေ၌လျှင် ကျကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ရေ၌ကျကုန်သော ထိုသတ္တဝါတို့ကို မြင်တော်မူ၍ ဘဒ္ဒဇိ သင့်ဆွေမျိုးတို့သည် ပင်ပန်းကုန်၏ဟု မိန့်တော်မူ၍ ဘဒ္ဒဇိမထေရ်သည် ထိုစကားကို ကြား၍ ပြာသာဒ်ကို လွှတ်၏။ ပြာသာဒ်သည် တည်မြဲတိုင်း၌လျှင် တည်၏။ ဂင်္ဂါကမ်းနား၌လျှင် မြတ်စွာဘုရား၏ နေရာတော်ကို ခင်းကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ခင်းအပ်သော မြတ်သော ဘုရားနေရာတော်၌ တက်သစ်သော နေလုလင်ကဲ့သို့ ရောင်ခြည်တော်တို့ကို လွှတ်လျက် နေတော်မူ၏။ ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားကို ရဟန်းတို့သည် ဘုန်းတော်ကြီးသော အရှင်ဘုရား အဘယ်ကာလ၌ ဘဒ္ဒဇိမထေရ်သည် သုံးဆောင်ဘူးပါသနည်းဟု လျောက်ကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် မဟာပနာဒမင်း ဖြစ်သောကာလ၌ ဘဒ္ဒဇိမထေရ်သည် သုံး ဆောင်ဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဝိဒေဟတိုင်း မိထိလာပြည်၌ သုရုစိမည်သော မင်းသည် မင်းပြု၏။ ထိုသုရုစိမင်း၏ သားသည်လည်း သုရုစိမည်သည်သာလျှင်ကတည်း၊ ထိုသုရုစိမင်း၏သားသည် မဟာပနာဒမည်၏။ ထိုမင်းတို့သည် ဤပြာသာဒ်ကို ရဘူးကုန်၏။ ရခြင်းအကျိုးကားလွန်လေပြီးသောအခါ နှစ်ယောက်ကုန်သော သားအဘတို့သည် ကျူထရံ ရေသဖန်းသား သစ်တို့ဖြင့် ပစ္စေကဗုဒ္ဓါ၏ နေရာကျောင်းကို ဆောက်လှူကုန်၏။ ဤဇာတ်၌ အလုံးစုံသော အတိတ်ဝတ္ထုသည် ပကိဏ္ဏကနိပါတ် ခြောက်ခုမြောက် သုရုစိဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ သဗ္ဗညူ မြတ်စွာဘုရားသည် ဤအတိတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၄၀။ ပနာဒေါ နာမ သော ရာဇာ၊ ယဿ ယူပေါ သုဝဏ္ဏမယော။
တိရိယံ သောဠသုဗ္ဗေဓော၊ ဥဒ္ဓမာဟုသဟဿဓာ။
၄၁။ သဟဿ ကဏ္ဍော သတဂေဏ္ဍု၊ ဓဇာလု ဟရိတာမယော။
အနစ္စုံ တတ္ထ ဂန္ဓဗ္ဗာ၊ ဆသဟဿာနိ သတ္ထဓာ။
၄၂။ ဝမေဝ တထာ အာသိ၊ ယထာ ဘာသသိ ဘဒ္ဒဇိ။
သက္ကော အဟံ တဒါ အာသိံ၊ ဝေရာဝစ္စကရော တဝ၊

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၄၀။ ယဿ၊ အကြင်မင်း၏။ ယူပေါ၊ ပြာသာဒ်သည်။ သုဝဏ္ဏမယော၊ ရွှေဖြင့် ပြီး၏။ တိရိယံ၊ အပြန့်အားဖြင့်။ သောဠသုဗ္ဗေဓော၊ တဆယ့်ခြောက်ကဏ္ဍဂမနပြန့်၏။ ဥဒ္ဓံ၊ အရပ်အားဖြင့်။ သဟဿဓာ၊ ကဏ္ဍဂမန တထောင်မြင့်သည်။ အဟု၊ ဖြစ်၏။ သော ရာဇာ၊ ထိုမင်းသည်။ ပနာဒေါ နာမ၊ ပနာဒမည်၏။

ထိုပြာသာဒ်သည် တဆဲ့ငါးယူဇနာ အမြင့်၊ ရှစ်ယူဇနာ အပြင်အကျယ်ရှိသည် ဟူလိုသည်။

֍ ဋ္ဌ ၄၁။ သဟဿကဏ္ဍော၊ ကဏ္ဍဂမန တထောင်မြင့်သော ပြာသာဒ်သည်။ သတဂေဏ္ဍု၊ ဘုံဆင့်တရာရှိ၏။ ဓဇာလု၊ များသော တံခွန်ရှိ၏။ ဟရိတာမယော၊ ပတ္တမြားစိမ်းတို့ဖြင့် ပြီး၏။ တတ္ထ၊ ထိုပြာသာဒ်၌။ ဆသဟဿာနိ၊ ခြောက်ထောင်ကုန်သော။ ဂန္ဓဗ္ဗာ၊ ကချေသည်တို့သည်။ သတ္တဓာ၊ ခုနစ်ဌာနတို့၌။ အနစ္စုံ၊ ကကုန်၏။

ဤသို့ ကကုန်သော်လည်း မင်းကို ရွှင်စေခြင်းငှါ မတတ်နိုင်ကုန်၊ ထိုအခါ သိကြားမင်းသည် နတ်ကချေသည်ကို စေလွှတ်၍ သဘင်ပြုစေ၏။ ထိုအခါ မဟာပနာဒမင်းသည် ရွှင်၏။

֍ ဋ္ဌ ၄၂။ ဘဒ္ဒဇိ၊ ဘဒ္ဒိဇိ။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ တွံ၊ သင်သည်။ ဘာသသိ၊ ဆို၏။ တထာ၊ ထိုအခြင်းအရာအားဖြင့်။ ဧဝမေဝ၊ ဤသို့ သင်ဆိုတိုင်းသာ လျှင်။ အာသိ၊ ဖြစ်၏။ အဟံ၊ ငါသည်။ တဒါ၊ ထိုအခါ၌။ တဝ၊ သင်၏။ ဝေယျာဝစ္စကရော၊ အမှုကြီးငယ်ကိုဆောင်ရွက်သော။ သက္ကော၊ သိကြားသည်။ အာသိံ၊ ဖြစ်၏။

ဤသို့ ဟောတော်မူသောခဏ၌ ပုထုဇဉ် ရဟန်းတို့သည် ယုံမှားခြင်း ကင်းကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဘဒ္ဒဇိမထေရ်သည် ထိုအခါ မဟာပနာဒမင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိကြားမင်း ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ဒါနဟူက၊ အားကိုးရ၊ ဤမျှတန်ခိုးကြွယ်

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော မဟာပနာဒဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ပဒုမဝဂ်

၅။ ခုရပ္ပဇာတ်

သေဝံ့မှ သူရဲကောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်ဘုရားသည် ဒိသွာ ခုရပ္ပေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤခုရပ္ပဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် လျော့သော ဝီရိယရှိသော ရဟန်းတပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုရဟန်းကို သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းသင်ကား လျော့သော ဝီရိယရှိသောဟူသည် မှန်သလောဟု မေးတော်မူ၏။ မှန်ပေ၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်း အဘယ့်ကြောင့် ဝဋ် ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ ဝီရိယကို လျော့ဘိသနည်း၊ ရှေးပညာရှိတို့သည် ဝဋ်ဆင်းရဲမှ မထွက်မြောက်စေတတ်သောညအရာ၌လည်း ဝီရိယကို ပြုကုန်သလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသော တောအုပ်စောင့် အမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ငါးရာသော အခြံအရံရှိသည်ဖြစ်၍ တော အုပ်စောင့်တို့တွင် အကြီးဖြစ်၍ တောအုပ်ဝယ် တခုသောရွာ၌ နေ၏။ ထိုတောအုပ်စောင့်သည်ကား အခယူ၍ လူတိုင်းကို တောအုပ်ကို လွန်စေ၏။ ထိုအခါ တနေ့သ၌ ဗာရာဏသီပြည်၌နေသော လှည်းကုန် သည်၏သားသည် လှည်းငါးရာတို့ဖြင့် ထိုရွာသို့ရောက်၍ အဆွေ တထောင်သော အသပြာကိုယူ၍ ငါ့အား တောအုပ်ကို လွန်စေလောဟု ဆို၏။ ထိုတော အုပ်စောင့်သည် ကောင်းပြီဟု လှည်းကုန်သည်လက်မှ တထောင်သော အသပြာကို ယူ၏။ အခကိုယူပြီးလျှင် လှည်း ကုန်သည်အား အသက်ကို စွန့်၏။ ထိုတောအုပ်စောင့်သည်လည်း ထိုကုန်သည်ကိုယူ၍ တောအုပ်သို့ ဝင်၏။ တောအုပ်အလယ်၌ ငါးရာကုန်သော ခိုးသူတို့သည် ထကုန်၏။ ခိုးသူတို့ကိုမြင်၍ ဘုရားလောင်းမှ ကြွင်းသောသူတို့သည် ရင်ဖြင့် ဝပ်ကုန်၏။ တောအုပ်စောင့် အကြီးသည်ကား တယောက်တည်းသာလျှင် ဟစ်ကြွေး ကြော်ငြာလျက် ပစ်လွှတ်၍ ငါးရာသော ခိုးသူတို့ကို ပြေးစေ၍ လှည်းကုန်သည်သားကိုလည်း ချမ်းသာသဖြင့် ကန္တာရကို ကူးခပ်စေ၏။

လှည်းကုန်သည်သားသည် ကန္တာရတဘက်၌ လှည်းကိုရပ်စေ၍ တောအုပ်စောင့်အကြီးကို အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်ကိုစားစေ၍ မိမိသည်လည်း နံနက်စာစား၍ ချမ်းသာစွာနေလျက် ထိုတောအုပ်စောင့်အကြီးနှင့်တကွ စကားပြောလတ်သည် ရှိသော် အဆွေ ကြမ်းကြုတ်ကုန်သော ခိုးသူတို့၏ လက်နက်တို့ကိုကိုင်၍ လွှမ်းမိုးသော ကာလ၌ အဘယ်အကြောင်းကြောင့် စိတ်ထိတ်လန့်ခြင်းသည်လည်း မဖြစ်သနည်းဟု မေးလိုရကား-

၄၃။ ဒိသွာ ခုရပ္ပေ ဓနု ဝေဂနုန္နေ၊
ခဂ္ဂေ ဂဟိတေ တိခိဏေ တေလဓောတေ။
တသ္မိံ ဘယသ္မိံ မရဏေ ဝိယူဠှေ၊
ကသ္မာ နု တေနာဟု ဆမ္ဘိတတ္တံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၃။ သမ္မ၊ အဆွေ။ ဓနုဝေဂနုန္နေ၊ လေး၏အဟုန်ဖြင့် ပစ်လွှတ်အပ်ကုန်သော။ ခုရပ္ပေ၊ စဉ်းသွားတို့ကို၎င်း။ ဂဟိတေ၊ ကိုင်စွဲအပ်ကုန်သော။ တိခိဏေ၊ ထက်စွာကုန်သော။ တေလဓောတေ၊ ဆီဖြင့်ဆေးအပ်ကုန်သော။ ခဂ္ဂေ၊ သန်လျက်တို့ကို၎င်း။ ဒိသွာ၊ မြင်၍။ ဘယသ္မိံ၊ ကြောက်ဘွယ်ရှိသော။ တသ္မိံ မရဏေ၊ ထိုသေခြင်းသည်။ ဝိယူဠှေ၊ ရွှေရှုထင်လတ်သော်။ ကသ္မာ နု၊ အဘယ်ကြောင့်လျှင်။ တေ၊ သင်အား။ ဆမ္ဘိတတ္တံ၊ ကိုယ်တုန်လှုပ်ခြင်းသည်။ နာဟု၊ မဖြစ်သနည်း။

ထိုစကားကို ကြား၍ တောအုပ်စောင့် အကြီးသည်-

၄၄။ ဒိသွာ ခုရပ္ပေ ဓနုဝေဂနုန္နေ၊
ခဂ္ဂေ ဂဟိတေ တိခိဏေ တေလဓောတေ။
တသ္မိံ ဘယ္မိံ မရဏေ ဝိယူဠှေ၊
ဝေဒံ အလတ္ထံ ဝိပုလံ ဥဠာရံ။
၄၅။ သော ဝေဒဇာတော အဇ္ဈဘဝိံ အမိတ္တေ၊
ပုဗ္ဗေဝ မေ ဇီဝိတ မာသိ စတ္တံ။
န ဟိ ဇီဝိတေ အာလယံ ကုဗ္ဗမာနော၊
သူရော ကယိရာ သူရကိစ္စံ ကဒါစိ။

ဟူသော ဤမှတပါးကုန်သော နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၄၄။ သမ္မ၊ အဆွေ။ အဟံ၊ ငါသည်။ ဓနုဝေဂနုန္နေ၊ လေး၏ အဟုန်ဖြင့် ပစ်လွှတ်အပ်ကုန်သော။ ခုရပ္ပေ၊ စဉ်းသွားတို့ကို၎င်း။ ဂဟိတေ၊ ကိုင်စွဲအပ်ကုန်သော။ တိခိဏေ၊ ထက်စွာကုန်သော။ တေလဓောတေ၊ ဆီဖြင့် ဆေးအပ်ကုန်သော။ ခဂ္ဂေ၊ သန်လျက်တို့ကို၎င်း။ ဒိသွာ၊ မြင်၍။ ဘယသ္မိံ၊ ကြောက်မက်ဘွယ်ရှိသော။ တသ္မိံ မရဏေ၊ ထိုသေခြင်းသည်။ ဝိယူဠှေ၊ ရှေ့ရှု ထင်သည်ရှိသော်။ ဝိပုလံ၊ များသော။ ဥဠာရံ၊ မြတ်သော။ ဝေဒံ၊ နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းကို။ အလတ္ထံ၊ ရ၏။

֍ ဋ္ဌ ၄၅။ ဝေဒဇာတော၊ နှစ်သက်ခြင်း ဝမ်းမြောက်ခြင်း ရှိသော။ သော အဟံ၊ ထိုငါသည်။ အမိတ္တေ၊ ရန်သူတို့ကို။ အဇ္ဈဘဝိံ၊ လွှမ်းမိုးပြီ။ ပုဗ္ဗေဝ၊ ရှေး၌သာလျှင်။ မေ၊ ငါသည်။ ဇီဝိတံ၊ အသက်ကို။ စတ္တံ၊ စွန့်အပ်သည်။ အာသိ၊ ဖြစ်ပြီ။ ဟိ သစ္စံ၊ မှန်၏။ ဇီဝိတေ၊ အသက်၌။ အာလယံ၊ တပ်စွန်းခြင်းကို။

ကုဗ္ဗ ယမာနော၊ ပြုသော။ သူရော၊ သူရဲသည်။ ကဒါစိ၊ တရံတဆစ်မျှ။ သူရကိစ္စံ၊ သူရဲကိစ္စကို။ န ကယိရာ၊ မပြုနိုင်ရာ။

ဤသို့ ထိုတောအုပ်စောင့် အကြီးသည် သူတပါးအား စွန့်အပ်သော အသက်၌ တပ်စွန်းခြင်းကို လွှတ်သဖြင့် မိမိ၏ သူရဲကိစ္စကို သိစေ၍ လှည်းကုန်သည်သားကို လွှတ်လိုက်၍ မိမိရွာသို့သာလျှင် ပြန်၍ ဒါန အစရှိသော ကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ လျော့သော ဝီရိယရှိသော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ တောအုပ်စောင့် အကြီး ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အသက်ကိုစွန့်၊ မငဲ့တွန့်၊ ရဲဝံ့ အာဇာနည်

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ခုရပ္ပဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ပဒုမဝဂ်

၆။ ဝါတဂ္ဂ သိန္ဓဝဇာတ်

အမူလွန်သော မ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယေနာသိ ကိသိယာ ပဏ္ဍု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝါတဂ္ဂသိန္ဓဝဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာဝတ္ထိပြည်၌ တယောက်သော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ အဆင်းလှသော တယောက်သော မိန်းမသည် အဆင်းလှသော တယောက်သော သူကြွယ်ကိုမြင်၍ တပ်စွန်းသောစိတ်ရှိသတတ်၊ ကိုယ်အလုံးကို မီးလောင်သကဲ့သို့ ထိုမိန်းမ ၏ကိုယ်တွင်း၌ ကိလေသာမီးသည် ဖြစ်၏။ ထိုမိန်းမသည် ကိုယ်၏။ ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်းကို မရ၊ ထမင်းကိုလည်း မစား၊ ညောင်စောင်းပေါင်ကိုလျှင်ကိုင်၍ အိပ်၏။ ထိုအခါ ထိုမိန်းမကို အလုပ်အကျွေးတို့သည်၎င်း အဆွေခင်ပွန်းတို့သည်၎င်း မိခင် သင်သည်၎င်း အဘယ့်ကြောင့်လျှင် တုန်လှုပ်သော စိတ်ရှိသည်ဖြစ်၍ ညောင်စောင်းပေါင်ကိုကိုင်၍ အိပ်သနည်း၊ သင့်အား အဘယ်ရောဂါ ဝေဒနာ ဖြစ်သနည်းဟု မေးကုန်၏။ ထိုသို့ မေးကုန်လတ်သော် အလုပ် အကျွေး အဆွေခင်ပွန်းတို့အား တကြိမ် နှစ်ကြိမ် မေးသောကာလ၌ မပြောမူ၍ အဖန်တလဲလဲ မေးအပ်သည်ရှိသော် ထိုအကြောင်းကို ကြား၏။ ထိုအခါ ထိုမိန်းမကို အလုပ်အကျွေး အဆွေ ခင်ပွန်းဖြစ်ကုန်သော မိန်းမတို့သည် နှစ်သိမ့်စေ၍ ရှင်မ သင်သည် မကြံလင့်၊ ငါတို့သည် ထိုသူကြွယ်ကို ဆောင်ကုန်အံ့ဟု ဆို၍ သွား၍ သူကြွယ်နှင့်တကွ ပြောဆိုကုန်၏။ ထိုသူကြွယ်သည် ငြင်းပယ်၍ အဖန်တလဲလဲ ဆိုအပ်သည်ရှိသော် သည်းခံ၏။ ထိုမိန်းမတို့သည် ဤမည်သောနေ့ ဤမည်သောအချိန် လာလော့ဟု ထိုသူကြွယ်ကို ဝန်ခံခြင်းကိုယူစေ၍ သွား၍ ထိုမိန်းမအား ပြောဆိုကုန်၏။ ထိုမိန်းမသည် မိမိနေရာတိုက်ခန်းကို ပြင်ဆင်၍ ကိုယ်ကိုတန်ဆာဆင်၍ အိပ်ရာအပြင်၌ နေလျက် သူကြွယ်သည် လာ၍ အိပ်ရာတပိုင်း၌နေလတ်သော် ငါသည် ဤသူကြွယ်အား အလေးမပြုမူ၍ ယခုပင်လျှင် အကယ်၍ အခွင့်ပြုချေအံ့၊ ငါ့အား အစိုးရသော အဖြစ်သည် ယုတ်လတ္တံ့၊ လာသောနေ့၌လျှင် အခွင့်ပြုခြင်းမည်သည်ကား မလျော်မသင့်၊ ယနေ့ သူကြွယ်ကို မျက်နှာမသာအောင် ပြုလိုက်၍ တပါးသောနေ့မှ အခွင့်ပြုအံ့ဟု ကြံ၏။ ထိုအခါ လက်ကိုကိုင်ခြင်း အစရှိသည်၏ အစွမ်းအားဖြင့် ကစားအံ့သောငှာ အားထုတ်သော သူကြွယ်ကို လက်၌ကိုင်၍ ဖဲလေ ဖဲလေ ငါ့အား သင်ဖြင့် အလိုမရှိဟု မြစ်၏။ သူကြွယ်သည် နောက်သို့ဆုတ်လျက် ရှက်၍ ထပြီးသော် မိမိအိမ်သို့လျှင်သွား၏။

တပါးကုန်သောမိန်းမတို့သည် ထိုမိန်းမသည် လက်ကိုင်မခံခြင်း အစရှိသောအဖြစ်တို့ကို သိ၍ သူကြွယ်ထွက်သွားသော် ထိုမိန်းမသို့ ချဉ်းကပ်၍ သင်သည် ထိုသူကြွယ်၌ တပ် စွန်းသော စိတ်ရှိသည်ဖြစ်၍ အစာအာဟာရကို ပယ်လျက် အိပ်၏။ ထိုအခါ ငါတို့သည် ထိုသူကြွယ်ကို အဖန်တလဲလဲ တောင်းပန်၍ ဆောင်ကုန်၏။ ထိုသူကြွယ်အား အဘယ်အကြောင်းကြောင့် ခွင့်မပြုသနည်းဟု မေးကုန်၏။ ထိုမိန်းမသည် ထိုအကြောင်းကို ကြား၏။ တပါးသော မိန်းမတို့သည် ထိုသို့တပြီးကား သင်သိလတ္တံ့ဟု ဆို၍ ဖဲကုန်၏။ သူကြွယ်သည် တဖန်ပြန်၍ မကြည့်၊ ထိုမိန်းမသည် ထိုသူကြွယ်ကို မရ၍ အစာစားခြင်း ကင်းသည်ဖြစ်၍ အသက်ကုန်ခြင်းသို့ ရောက်၏။ သူကြွယ်သည် ထိုမိန်းမ၏ သေသောအဖြစ်ကိုသိ၍ များစွာသော ပန်း နံ့သာပျောင်းတို့ကိုယူ၍ ဇေတဝန် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို ပူဇော်၍ တင့်အပ် လျောက် ပတ်စွာ နေ၏။ သဗ္ဗညူမြတ်စွာဘုရားသည် သီတင်းသည် သင်ကား အဘယ်ကြောင့် မထင်လာသနည်းဟု မေးတော်မူ၏။ ထိုအကြောင်းကို ကြားလျှောက်၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား ထိုမျှလောက်သော ကာလပတ်လုံး အကျွန်ုပ်သည် ရှက်၍ အရှင်ဘုရားသို့ ဆည်းကပ်အံ့သောငှါ မလာပေသည်ဟု လျှောက်လတ်သော် သီတင်းသည် ထိုမိန်းမသည် ယခုအခါ၌သာလျှင် ကိလေသာ၏အစွမ်းအားဖြင့် သင့်ကို ခေါ်စေ၍ လာသောကာလ၌ အခွင့်ကိုမပြုဘဲ ရှက်စေသည် မဟုတ်သေး၊ ရှေး၌လည်း ပညာရှိတို့၌ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ ခေါ်စေ၍ လာသောကာလ၌ အခွင့်ကိုမပြုမူ၍ ပင်ပန်းစေ၍ လွှတ်ဘူး၏ဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိန္ဓောမျိုး၌ ဖြစ်၍ ဝါတဂ္ဂသိန္ဓဝမည်သော မင်္ဂလာမြင်း ဖြစ်၏။ မြင်းထိန်းတို့သည် ထိုဝါတဂ္ဂသိန္နဝမြင်းကိုဆောင်၍ ဂင်္ဂါနား၌ ရေချိုးကုန်၏။ ထိုအခါ သိန္ဓောမြင်းကို ဘဒ္ဒလီမည်သော မြည်းမသည် မြင်၍ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ ကိလေသာ၏ အစွမ်းအားဖြင့် တုန်လှုပ်လျက် မြက်ကိုမစား၊ ရေကို မသောက် ခြောက်ကပ်ကြုံလှီ၍ အရိုးအရေမျှ ကြွင်းသည် ဖြစ်၏။ ထိုအခါ သားမြည်းငယ်သည် ခြောက်တပ်ကြုံလှီသော အမိကိုမြင်၍ မိခင် သင်သည် အဘယ်ကြောင့် မြက်ကိုမစား ရေကိုမသောက် ခြောက်ကပ်ကြုံလှီသည်ဖြစ်၍ ထိုထိုသောအရပ်၌ တုန်လှုပ်လျက် အိပ်သနည်း၊ သင့်အား အဘယ်ရောဂါ ဝေဒနာ ဖြစ်သနည်းဟု မေး၏။ ထိုမြည်းမသည် မပြောမဆိုမူ၍သာလျှင် အဖန်တလဲလဲမေးမှ ထိုအကြောင်းကို ပြောဆို၏။ ထိုအခါ မြည်းမကို သားသည်နှစ်သိမ့်စေ၍ မိခင် သင်မစိုးရိမ်လင့်၊ ငါသည် သိန္ဓောမြင်းကို ဆောင်၍ပေးအံ့ဟု ဆို၍ ဝါတဂ္ဂသိန္ဓောမြင်း ရေချိုးအံ့သောငှာ လာသောကာလ၌ ဆည်းကပ်၍ သခင် အကျွန်ုပ်၏အမိသည် သင်တို့၌ တပ်စွန်းသောစိတ်ရှိသည်ဖြစ်၍ အာဟာရစားခြင်းမှ ကင်းလျက် ခြောက်ကပ်၍ သေလတ္တံ့၊ ထိုအမိအား အသက်အလှူကို ပေးပါကုန်လော့ဟု ဆို၏။ ချစ်သား ကောင်းပြီ ပေးအံ့ဟု မြင်းထိန်းတို့သည် ငါ့ကို ရေချိုး၍ အတန်ငယ် ဂင်္ဂါမြစ်ကမ်းနား၌ထား၍ ကျက်စားစိမ့်သောငှါ လွှတ်ကုန်လတ္တံ့၊ သင်သည် အမိကိုခေါ်၍ ထိုအရပ်သို့ လာလော့ဟု သိန္ဓောမြင်း ဆို၏။ မြည်းငယ်သည် သွား၍ အမိကိုဆောင်၍ ထိုအရပ်၌လွှတ်၍ သင့်အပ်သောအရပ်၌ ပုန်းကွယ်လျက် နေ၏။

မြင်းထိန်းတို့သည်လည်း ဝါတဂ္ဂသိန္ဓောမြင်းကို ထိုအရပ်၌ လွှတ်ကုန်၏။ ထိုဝါတဂ္ဂသိန္ဓောမြင်းသည် ထိုမြည်းမကို ကြည့်၍ ချဉ်းကပ်၏။ ထိုအခါ ထိုမြည်းမသည် ဝါတဂ္ဂသိန္ဓော မြင်း ချဉ်းကပ်လာ၍ မိမိကိုယ်ကို နမ်းသည်ရှိသော် ငါသည် အလေးမပြုမူ၍ လာသောခဏ၌လျှင် သိန္ဓောမြင်းအား အခွင့်ကို အကယ်၍ပြုအံ့၊ ဤသို့ပြုသည်ရှိသော် ငါ့အား အခြံအရံ စည်းစိမ်ချမ်းသာသည် ယုတ်လတ္တံ့၊ အလိုမရှိသကဲ့သို့ ဖြစ်ခြင်းငှါ သင့်၏ဟု ကြံ၍ သိန္ဓောမြင်း၏ အောက်မေး၌ ခြေဖြင့်ကျောက်ကန်၍ ပြေး၏။ သိန္ဓောမြင်းအား သွားကျိုးအံ့သကဲ့သို့ ဖြစ်၏။ ဝါတဂ္ဂသိန္ဓောမြင်းသည်လည်း ငါ့အား ထိုမြည်းမဖြင့် အလိုမရှိဟု ရှက်၍ ထိုအရပ်မှ ပြေး၏။ ထိုမြည်းသည် နှလုံးမသာသည်ဖြစ်၍ ထိုအရပ်၌လျှင် လဲ၍ စိုးရိမ်လျက် ဝပ်၏။ ထိုအခါ သားသည် အမိထံသို့ ချဉ်းကပ်၍ မေးလိုရကား-

၄၆။ ယေနာသိ ကိသိယာ ပဏ္ဍု၊ ယေန ဘတ္တံ န ရုစ္စတိ။
အယံ သော အာဂတော ဘတ္တာ၊ ကသ္မာ ဒါနိ ပလာယသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၆။ အမ္မ၊ မိခင်။ ယေန၊ အကြင်သိန္ဓောမြင်း၌ တပ်စွန်းသော စိတ်ရှိသောကြောင့်။ တွံ၊ သင်သည်။ ကိသိယာ၊ ကြုံလှီ၏။ ပဏ္ဍု၊ ဖျော့တော့ခြင်းရှိသည်။ အသိ၊ ဖြစ်၏။ ယေန၊ အကြင်သိန္ဓောမြင်း၌ တပ်စွန်းသောစိတ် ရှိသောအကြောင်းကြောင့်။ တယာ၊ သင်သည်။ ဘတ္တံ၊ အစာကို။ န ရုစ္စတိ၊ မနှစ်သက်။ သော အယံ ဘတ္တာ၊ ထိုသိန္ဓောမြင်းသည်။ အာဂတော၊ လာ၏။ ကသ္မာ၊ အဘယ့်ကြောင့်။ ဒါနိ၊ ယခု။ ပလာယသိ၊ ပြေးစေဘိသနည်း။

မြည်းမသည် သား၏စကားကို ကြား၍-

၄၇။ သစေ ပနာဒိကေနေဝ၊ သန္ထဝေါ နာမ ဇာယတိ။
ယသော ဟာယတိ ဣတ္ထီနံ၊ တသ္မာ တာတ ပလာယဟံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၇။ တာတ၊ ချစ်သား။ အာဒိကနေဝ၊ အစ၌သာလျှင်။ သန္ထဝေါနာမ၊ ပေါင်းတော်ခြင်း မည်သည်ကား။ သစေ ပန ဇာယတိ၊ အကယ်၍ ဖြစ်အံ့။ ဣတ္ထီနံ၊ မိန်းမတို့အား။ ယသော၊ စည်းစိမ်ချမ်းသာ အခြံအရံသည်။ ဟာယတိ၊ ယုတ်တတ်၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ တံ၊ ထိုသိန္ဓောမြင်းကို။ ပလာယိံ၊ ပြေးစေ၏။

ထိုမြည်းမသည် သားအား ဤသို့ ပြုခြင်းသည် မိန်းမတို့၏ သဘောတည်းဟု ပြောဆို၏။-

၄၈။ ယသဿိနံ ကုလေ ဇာတံ၊ အာဂတံ ယာ န ဣစ္ဆတိ။
သောစတိ စိရရတ္တာယ၊ ဝါတဂ္ဂမိဝ ဘဒ္ဒလီ။

ဟူသော သုံးခုမြောက်သော ဤဂါထာကိုကား မြတ်စွာဘုရားသည် သစ္စာလေးပါးကို သိတော်မူပြီးသည်ဖြစ်၍ ဟောတော်မူ၏။

֍ ဋ္ဌ ၄၈။ ယာ ဣတ္ထိ၊ အကြင်မိန်းမသည်။ အာဂတံ၊ ရောက်လာသော ကုလေ ဇာတံ၊ အမျိုး၌ဖြစ်သော။ ယသဿိနံ၊ စည်းစိမ်နှင့်ပြည့်စုံသော ယောက်ျားကို။ န ဣစ္ဆတိ၊ အလိုမရှိ။ ဘဒ္ဒလီ၊ ဘဒ္ဒလီမည်သော မြည်းမသည်။ ဝါတဂ္ဂံ၊ ဝါတဂ္ဂသိန္ဓောမြင်းကို။ သောစတိ ဣဝ၊ စွဲ၍စိုးရိမ်စေဘိသကဲ့သို့။ သာ ဣတ္ထိ၊ ထိုမိန်းမသည်။ စိရရတ္တာယ၊ အခါလေးမြင့်။ သောစတိ၊ စိုးရိမ်ရ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ထိုမိန်းမသည် ထိုအခါ မြည်းမ ဖြစ်ဘူးလေပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဝါတဂ္ဂသိန္ဓောမြင်း ဖြစ်ဘူးလေပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အမူလွန်ကဲ၊ ချစ်သူလွဲ၊ သေပွဲရောက်တော့သည်

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဝါတဂ္ဂသိန္ဓဝဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ပဒုမဝဂ်

၇။ ကက္ကဋကဇာတ်

မ.သံ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သိင်္ဂီ မိဂေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကက္ကဋ္ဋကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသော မိန်းမကို အကြောင်း ပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တယောက်သော သူကြွယ်သည် မိမိ၏မယားကို ယူ၍ ကြွေးမြီဆပ်အံ့သောငှါ ဇနပုဒ်သို့သွား၍ ကြွေးမြီကိုဆပ်၍ ပြန်လတ်သော် လမ်းအကြား၌ ခိုးသူတို့သည် ဖမ်း၏။ ထိုသူကြွယ်၏ မယားသည်ကား အဆင်းလှ၏။ ကြည်ညိုဘွယ်ရှိ၏။ ခိုးသူကြီးသည် ထိုမိန်းမ၌ ချစ်သဖြင့် သူကြွယ်ကို သတ်အံ့သောငှါ အားထုတ်၏။ ထိုမိန်းမသည်ကား သီလရှိ၏။ အကျင့်နှင့်ပြည့်စုံ၏။ လင်ကို နတ်ကဲ့သို့ ကိုးကွယ် သည်ဖြစ်၍ ထိုမိန်းမသည် ခိုးသူကြီး၏ခြေတို့၌ ရှိခိုး၍ အရှင်ခိုးသူကြီး အကျွန်ုပ်၌ အကယ်၍ ချစ်ခင်ခြင်းရှိငြားအံ့၊ အကျွန်ုပ်လင်ကို မသတ်ပါနှင့်၊ အကယ်၍ သတ်အံ့၊ အကျွန်ုပ်သည် အဆိပ်ကို စား၍၎င်း နှာခေါင်းလေကို ချုပ်၍၎င်း သေအံ့၊ သင်နှင့်အတူ မလိုက်ရအံ့၊ အကျွန်ုပ်၏ လင်ကို အကြောင်းမရှိသဖြင့် မသတ်ပါလင့်ဟု တောင်းပန်၍ လင်ကိုလွှတ်စေ၏။ ထိုလင်မယားနှစ်ယောက်တို့သည်လည်း အသက်ချမ်းသာသဖြင့် သာဝတ္ထိပြည်သို့ရောက်၍ ဇေတဝန် ကျောင်းတော်၏နောက်ဖြစ်သော ကျောင်းအစွန်းသို့ဝင်၍ မြတ်စွာဘုရားကို ရှိခိုးကုန်အံ့ဟု ဂန္ဓကုဋိ ပရိဝုဏ်သွား၍ မြတ်စွာဘုရားကိုရှိခိုး၍ တင့်အပ်လျောက်ပတ်စွာ နေကုန်၏။ ထိုလင်မယား နှစ်ယောက်တို့ကို သီတင်းသည်တို့ အဘယ်သို့ သွားကြကုန်သနည်းဟု မြတ်စွာဘုရားသည်။ မေးတော်မူအပ်သည်ရှိသော် ကြွေးမြီဆပ်အံ့သောငှာ သွားပါကုန်၏ဟု လျောက်ကုန်၏။ ခရီးအကြား၌ ရောဂါမရှိသဖြင့် လာရကုန်၏ လောဟု မေးတော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား ခရီးအကြား၌ အကျွန်ုပ်တို့ကို ခိုးသူတို့သည် ဖမ်းကုန်၏။ အကျွန်ုပ်ကို သတ်လိုသောခိုးသူကြီးကို ဤမိန်းမသည် တောင်းပန်၍ လွှတ်စေ၏။ ဤမိန်းမကိုမှီ၍ အသက်ကို ရ၏ ဟု။ သူကြွယ်သည် လျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် သီတင်းသည် ဤမိန်းမသည် ဤသို့ သင့်အား ယခုအခါ၌ သာလျှင် အသက်ကို ပေးဘူးသည် မဟုတ်၊ ရှေး၌ ပညာရှိတို့အားလည်း အသက်ကို ပေးဘူးသည်သာလျှင်တည်းဟု သဗ္ဗညူ မြတ်စွာဘုရားသည် မိန့်တော်မူ၍ ထိုသူကြွယ်သည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဟိမဝန္တာ၌ ရေကန်ကြီးသည် ရှိ၏။ ထိုရေကန်၌ ရွှေပုဇွန်ကြီးသည် နေ၏။ ရွှေပုဇွန်ကြီး၏ နေရာဖြစ်သောကြောင့် ကုဠီရ ရေကန်ဟု ထင်ရှား၏။ ထိုပုဇွန်ကြီးသည် ကောက်နယ်တလင်းဝန်း ပမာဏ ရှိ၏။ ဆင်တို့သည် ထိုပုဇွန်မှ ကြောက်ခြင်းကြောင့် ထိုရေကန်၌ ကျက်စားအံ့သောငှါ မတတ်နိုင်ကုန်၊ ထိုအခါ ဘုရားလောင်းသည် ထိုကုဠီရရေကန်ကို မှီ၍နေသော ဆင်မင်းကိုစွဲ၍ ဆင်မဝမ်း၌ ပဋိသန္ဓေနေ၏။ ထိုအခါ ထိုဆင်မသည် ကိုယ်ဝန်ကို စောင့်အံ့ဟု တပါးသော အရပ်သို့သွား၍ ကိုယ် ဝန်ကိုစောင့်၍ သားကိုဖွား၏။ ထိုဆင်သည် အစဉ်သဖြင့် လိမ္မာသောအဖြစ်သို့ ရောက်လတ်သော် ကြီးသောကိုယ်ရှိ၏။ အစွမ်းနှင့်ပြည့်စုံ၏။ တင့်တယ်ခြင်းအစုသို့ ရောက်၏။ မျက်စဉ်းတောင်ကဲ့သို့ ဖြစ်၏။ ထိုဆင်သည် တခုသော ဆင်မ၌ ပေါင်းဘော်ခြင်းကိုပြု၍ ပုဇွန်ကိုဖမ်းအံ့ဟု မိမိမယားကို၎င်း အမိကို၎င်းယူ၍ ဆင်အပေါင်းသို့ ချဉ်းကပ်၍ အဘကို ဖူးမြင်၍ ဘခင် အကျွန်ုပ်သည် ပုဇွန်ကို ဖမ်းအံ့ဟု ဆို၏။

ထိုအခါ အဘဆင်သည် ချစ်သား ပုဇွန်ကို ဖမ်းအံ့သောငှါ မတတ်နိုင်၊ မဖမ်းလေလင့်ဟု မြစ်၏။ အဖန်တလဲလဲ ဆိုသည်ရှိသော် သင်သည်လျှင် သိလတ္တံ့ဟု ဆို၏။ ထိုဆင်သည် ကုဠီရရေကန်ကိုမှီ၍နေကုန်သော ခပ်သိမ်းကုန်သော ဆင်တို့ကို စည်းဝေးစေ၍ ခပ်သိမ်းသော ဆင်တို့နှင့် တတူတကွ ရေကန်၏ အနီးသို့ သွား၍ ထိုပုဇွန်သည် တက်သောကာလ၌ ဖမ်းသလော၊ အစာစားသောကာလ၌ ဖမ်းသလောဟု မေး၏။ တက်သောကာလ၌ ဖမ်းသည်ဟု ကြား၍ ထိုသို့တပြီးကား သင်တို့သည် ကုဠီရရေကန်သို့သက်၍ အလိုရှိတိုင်း အစာကိုယူပြီး၍ ရှေးဦးစွာ တက်ကြကုန်၊ ငါသည် နောက်၌ နေရစ်အံ့ဟု ဆို၏။ ဆင်တို့သည် ဘုရားလောင်းဆင် ဆိုတိုင်း ပြုကြကုန်၏။ ပုဇွန်သည် နောက်မှတက်သော ဘုရားလောင်းကို ညှပ်ဖြင့် ပန်းဘဲတို့၏ သံချောင်းကို ညှပ်ဘိသကဲ့သို့ တက်မ နှစ်ခုတို့ဖြင့် ခြေ၌ မြဲစွာကိုင်၏။ ဆင်မသည် ဘုရားလောင်းကို မစွန့်မူ၍ အနီး၌သာလျှင် နေ၏။ ဘုရားလောင်းသည် ဆွဲငင်အပ်သည်ရှိသော် ပုဇွန်ကိုဆောင်အံ့သောငှါ မတတ်နိုင်၊ ပုဇွန်သည်ကား ဘုရားလောင်းကိုငင်လျက် မိမိသို့ ရှေးရှုသည်ကို ပြု၏။ ဘုရားလောင်းသည် သေဘေးမှ ကြောက်သည်ဖြစ်၍ မိသော မြည်ခြင်းကို မြည်၏။ ခပ်သိမ်း သော ဆင်တို့သည် ဘေးမှကြောက်ကုန်ရကား ကြိုးကြာသံနှင့်တူသော အသံကိုမြည်၍ ကျင်ကြီးကျင်ငယ်ကို စွန့်ကုန်လျက် ပြေးကုန်၏။ ဆင်မသည်လည်း ကြောက်ခြင်းကို သည်းခံအံ့သောငှါ မတတ်နိုင်၍ ပြေးအံ့သောငှါ အားထုတ်၏။ ထိုအခါ ထိုဆင်မကို ဘုရားလောင်းသည် မိမိအား ပုဇွန်၏ ညှပ်မိသည်၏အဖြစ်ကို သိစေ၍ ထိုဆင်မကို မပြေးစိမ့်သောငှာ-

၄၉။ သိင်္ဂီမိဂေါ အာယတစက္ခုနေတ္တော၊
အဋ္ဌိတ္တစော ဝါရိသယော အလောမော။
တေနာဘိဘူတော ကပဏံ ရုဒါမိ၊
မာဟေဝ မံ ပါဏသမံ ဇဟေယျ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၉။ ကရေဏုကေ၊ ဆင်မ။ သိင်္ဂီမိဂေါ၊ ရွှေပုဇွန်သည်။ အာယတစက္ခုနေတ္တော၊ ရှည်သော မျက်စိရှိ၏။ အဋ္ဌိတ္တစော၊ အရိုးဟူသော အရေရှိ၏။ ဝါရိသယော၊ ရေ၌နေ၏။ အလောမော၊ အမွေးမရှိ။ တေန၊ ထိုရွှေဗုဇွန်သည်။ အဘိဘူတော၊ နှိပ်စက်အပ်သည်ဖြစ်၍။ အဟံ၊ ငါသည်။ ကပဏံ၊ သနားဘွယ်။ ရုဒါမိ၊ ငို၏။ ပါဏသမံ၊ အသက်နှင့်တူသော။ မံ၊ ငါ့ကို။ မာဟေဝ ဇဟေယျ၊ မစွန့်ပါလင့်။

ထိုအခါ ဘုရားလောင်းအား ဆင်မသည် ပြန်၍ နှစ်သိမ့်စေလျက်-

၅၀။ အယျ န တံ ဇဟိဿာမိ၊ ကုဉ္စရံ သဋ္ဌိဟာယနံ။
ပထဗျာ စာတုရန္တာယ၊ သုပိယော ဟောသိ မေ တုံဝံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၀။ အယျ၊ အရှင်။ အဟံ၊ ငါသည်။ သဋ္ဌိဟာယနံ၊ အနှစ်ခြောက်ဆယ် ရှိသောကာလ၌ အားယုတ်သော။ ကုဉ္ဇရံ၊ ဆင်မင်း ဖြစ်သော။ တံ၊ သင့်ကို။ န ဇဟိဿာမိ၊ မစွန့်အံ့။ စာတုရန္တာယ စ၊ သမုဒ္ဒရာလေးစင်း အဆုံးရှိသော။ ပထဗျာ၊ မြေ၌။ တုဝံ၊ သင့်ကို။ မေ၊ ငါသည်။ သုပိယော၊ အလွန်ချစ်သည်။ အဟောသိ၊ ဖြစ်၏။

ထိုအခါ ဘုရားလောင်းကို တောင်းပန်၍ အရှင်ယခု သင့်ကို ပုဇွန်နှင့်တကွ အတန်ငယ် စကားပြောဆို၍ လွတ်စေအံ့ဟု ဆို၍ ပုဇွန်ကို တောင်း ပန်လိုရကား-

၅၁။ ယေ ကုဠီရာ သမုဒ္ဒသ္မိံ၊ ဂင်္ဂါယ ယမုနာယ စ။
တေသံ တွံ ဝါရိဇော သေဋ္ဌော၊ မုဉ္စ ရောဒန္တိယာ ပတိံ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၁။ အယျ၊ အရှင်ဗုဇွန်။ ဝါရိဇော၊ ရေ၌ဖြစ်သော။ တွံ၊ သင်သည်။ သမုဒ္ဒသ္မိံ၊ သမုဒ္ဒရာ၌၎င်း။ ဂင်္ဂါယ စ၊ ဂင်္ဂါ၌၎င်း။ ယမုနာယ စ၊ ယမုနာ၌၎င်း။ ယေ ကုဠီရာ၊ အကြင်ဗုဇွန်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေသံ၊ ထိုဗုဇွန်တို့ထက်။ သေဋ္ဌော၊ မြတ်၏။ တွံ၊ သင်သည်။ ရောဒန္တိယာ၊ ငိုသော ငါ၏။ ပတိံ၊ လင်ကို။ မုဉ္စ၊ လွှတ်လော့။

ပုဇွန်သည် ဆင်မအသံ၌ မိန်းမသံဟူသော အာရုံကိုယူ၍ မိန်းမသံသည် ငင်အပ်သော စိတ်ရှိသည်ဖြစ်၍ ဆင်ခြေမှ တက်မတို့ကို ဖြေသကဲ့သို့ လျော့စေလျှက် ဤဆင်သည် လျော့သည်ရှိသော် ဤမည်သော အမှုကို ပြုလတ္တံ့ဟု တစုံတခုကို မသိသည်ဖြစ်၏။ ထိုအခါ ဆင်သည် ခြေကိုချီ၍ ပုဇွန်၏ ကျောက်ကုန်း၌ နင်း၏။ ထိုခဏ၌လျှင် အရိုးတို့သည် ကွဲကုန်၏။ ဆင်သည် ဝမ်းမြောက်သောအသံဖြင့် မြည်၏။ ခပ်သိမ်းသော ဆင်တို့သည် စည်းဝေး၍ ပုဇွန်ကိုထုတ်၍ ရေကန် ၏အပဖြစ်သော အပြင်၌ ထားလျက် မှုန့်မှုန့်ညက်ညက် ကြေစေကုန်၏။ ထိုပုဇွန်၏ နှစ်ခုသော တက်မတို့ကို ကိုယ်မှခွဲ၍ လျောက်ပတ်သောအရပ်၌ ထားကုန်၏။ ထိုကုဠီရ ရေကန်သည် ဂင်္ဂါမြစ်နှင့် တစင်တည်းဖြစ်၍ ဂင်္ဂါရေ ပြည့်သောကာလ၌ ရေဖြင့် ပြည့်၏။ ဂင်္ဂါရေ နည်းသည်ရှိသော် ရေကန်မှရေသည် ဂင်္ဂါသို့ ဝင်၏။ ထိုအခါ နှစ်ခုသော ထက်သော တက်မတို့သည်လည်း ဂင်္ဂါ၌ မျောကုန်၏။ တခုသော တက်မသည် သမုဒ္ဒရာသို့ဝင်၍ တခုသော တက်မကိုကား ဒသဘာတိကမင်းတို့သည် ရေကန်၌ ကစားကုန်သော် ရကုန်၍ အာလိင်္ဂမည်သော မရိုးစည်ကို ပြုကုန်၏။ သမုဒ္ဒရာသို့ဝင်သော တက်မကိုကား အသုရာတို့သည် ယူကုန်၍ အာလမ္ဗရမည်သော စည်ကို ပြုကုန်၏။ ထိုအသုရာတို့သည် နောက်ကာလ၌ သိကြားမင်းနှင့် စစ်ထိုးကုန်လတ်သော် ရှုံးကုန်၍ အာလမ္ဗရစည်ကို ပစ်၍ ပြေးကုန်၏။ ထိုအခါ ထိုအာလမ္ဗရစည်ကို သိကြားမင်းသည် မိမိအကျိုးငှါ ယူခဲ့စေ၏။ ထိုစည်ကိုရည်၍ အာလမ္ဗရမိုဃ်းကဲ့သို့ မြည်၏ဟု ဆိုကြကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသခင်သည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ နှစ်ယောက်သော လင်မယားတို့သည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ သီတင်းသည်မသည် ထိုအခါ ဆင်မ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဆင် ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ပညာဉာဏ်ကပ်၊ မိန်းမမြတ်၊ ဖြစ်ရပ်အထူး သက်ကယ်ဘူး

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကက္ကဋ္ဋကဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ပဒုမဝဂ်

၈။ အာရာမဒူသကဇာတ်

ဥယျာဉ်ဖျက်မျောက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တက္ခသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယော ဝေ သဗ္ဗသမေတာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအာရာမဒူသကဇာတ်ကို ဒက္ခိဏဂီရိ ဇနပုဒ်၌ မထင်ရှားသော ဥယျာဉ်စောင့်၏သားကို အကြောင်း ပြု၍ ဟောတော်မူ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဝါကျွတ်ပြီး သည်ရှိသော် ဇေတဝန်ကျောင်းတော်မှ ထွက်၍ ဒက္ခိဏဂိရိဇနပုဒ်သို့ ဒေသစာရီကြွတော်မူသတတ်၊ ထိုအခါ တယောက်သော သီတင်းသည်သည် ဘုရားအမှူးရှိသော ရဟန်းသံဃာကိုဘိတ်၍ ဥယျာဉ်၌ သီတင်းသုံးနေစေ၍ ယာဂုခဲဘွယ်တို့ဖြင့် ရောင့်ရဲစေ၍ အရှင်ကောင်းတို့သည် ဥယျာဉ်၌ လှည့်လည်ကုန်သည်ရှိသော် ဥယျာဉ်စောင့်နှင့်တကွ လှည့်လည်စေကုန်သတည်းဟုဆို၍ အရှင်ကောင်းတို့အား သစ်သီးကြီးငယ်တို့ကိုလည်း လှူရစ်လော့ဟု ဆို၍ ဥယျာဉ်စောင့်ကို စေ၏။ ရဟန်းတို့သည် လှည့်လည်ကုန်သော် တခုသော သစ်ပင်ပြတ်ရာအရပ်ကို မြင်၍ ဤအရပ်ကား သစ်ပင်ပြတ်၏။ ဤအရပ်ကား သစ်ပင်သည် မရောက်၊ အကြောင်း အသို့နည်းဟု မေးကုန်၏။ ထိုအခါ ထိုရဟန်းတို့အား ဥယျာဉ်စောင့်သည် အရှင်ဘုရားတို့ တယောက်သော ဥယျာဉ်စောင့်သားသည် စိုက်ပျိုးအပ်ကုန်သော သစ်ပင်ငယ်တို့၌ ရေလောင်းသည်ရှိသော် အမြစ်ပမာဏဖြင့် ရေလောင်းအံ့ဟု နုတ်၍ အမြစ်ပမာဏဖြင့် ရေကိုလောင်း၏။ ထိုအကြောင်းကြောင့် ဤအရပ်၌ သစ်ပင်ပြတ်၏ဟု လျှောက်၏။ ရဟန်းတို့သည် မြတ်စွာဘုရား အထံသို့သွား၍ ထိုအကြောင်းကို လျောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုသူငယ်သည် ဥယျာဉ်ကို ဖျက်သည်မဟုတ်သေး၊ ရှေး၌လည်း ဥယျာဉ်ကို ဖျက်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဝိဿသေနမည်သော မင်းသည် မင်းပြုသည်ရှိသော် ပွဲသဘင်ကို ကြွေးကြော်သောအခါ၌ ဥယျာဉ်စောင့်သည် ပွဲသဘင်ကစားအံ့ဟု ဥယျာဉ်၌ နေကုန်သော မျောက်တို့ကို ဤဥယျာဉ်သည် သင်တို့အား ကျေးဇူးများ၏။ ငါသည် ခုနစ်ရက် ပွဲသဘင် ကစားချေအံ့၊ သင်တို့သည် ခုနစ်ရက်ပတ်လုံး စိုက် ပျိုးအပ်ကုန်သော သစ်ပင်တို့၌ ရေလောင်းရစ်ကုန်လော့ဟု ဆို၏။ ထိုမျောက်တို့သည် ကောင်းပြီဟု ဝန်ခံကုန်၏။ ထိုဥယျာဉ်စောင့်သည် မျောက်တို့အား ကြိုး အိုးတို့ကိုပေး၍ ဖဲသွား၏။ မျောက်တို့သည် စိုက်ပျိုးအပ်သော သစ်ပင်ငယ်တို့၌ ရေလောင်းကုန်အံ့ဟု ဆို၏။ ထိုအခါ မျောက်အပေါင်းကို မျောက်ကြီးသည် အချင်းတို့ ငံ့ကြဦးလော့၊ ရေမည်သည်ကို အခါခပ်သိမ်း ရခဲ၏။ ထိုရေကို စောင့်ရှောက်အပ်၏။ ထိုဥယျာဉ်၌ သစ်ပင်ငယ်တို့ကို နုတ်၍ အမြစ်ပမာဏကိုသိ၍ ရှည်သော အမြစ်ရှိကုန်သော သစ်ပင်ငယ်တို့၌ များစွာသော ရေကို။ တိုသော အမြစ်ရှိကုန်သော သစ်ပင်တို့၌ အနည်းငယ်သောရေကို လောင်းခြင်းငှါ သင့်၏ဟု ဆို၏။ ထိုမျောက်တို့သည် ကောင်းပြီဟုဝန်ခံ၍လျှင် အချို့ကုန်သော မျောက်တို့သည် သစ်ပင်တို့ကို နုတ်၍ သွားကုန်၏။ အချို့ကုန်သောမျောက်တို့သည် စိုက်ပျိုး၍ ရေလောင်းကုန်၏။

ထိုကာလ၌ ဘုရားလောင်းသည် ဗာရာဏသီပြည်၌ တယောက်သော အမျိုးသားဖြစ်၏။ ထိုဘုရားလောင်းသည် တစုံတခုသော ပြုဘွယ်ကိစ္စဖြင့် ဥယျာဉ်သို့သွား၍ ထိုသို့ပြုကုန်သော ထိုမျောက်တို့ကိုမြင်၍ အဘယ်သူသည် သင်တို့ကို ဤသို့ပြုစေသနည်းဟု မေး၏။ မျောက်ကြီးသည် စီရင်အပ်သောကြောင့် ဤသို့ပြုအပ်၏ဟု ဆိုသည်ရှိသော် မျောက်ကြီးအား ပညာနည်း၏။ သင်တို့အားကား အဘယ်သို့ သဘောရှိလေအံ့နည်းဟု အနက်ကို ပြလိုရကား-

၅၂။ ယော ဝေ သဗ္ဗသမေတာနံ၊ အဟုဝါ သေဋ္ဌသမ္မတော။
တဿာယံ ဧဒိသီ ပညာ၊ ကိမေဝ ဣတရာ ပဇာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၂။ သဗ္ဗသမေတာနံ၊ အလုံးစုံတူသော အမျိုး၌ဖြစ်ကုန်သော သတ္တဝါတို့တွင်။ ယော၊ အကြင်သတ္တဝါသည်။ ဝေ၊ စင်စစ်။ သေဋ္ဌသမ္မတော၊ မြတ် သည်ဟု သမုတ်အပ်သည်။ အဟုဝါ၊ ဖြစ်ပြီ။ တဿ၊ ထိုသတ္တဝါ၏။ အယံပညာ၊ ဤပညာသည်။ ဧဒိသီ၊ ဤသို့သဘောရှိ၏။ ဣတရာ၊ ဤမှတပါးသော။ ပဇာ၊ သတ္တဝါသည်ကား။ ကိမေဝ၊ အသို့လျှင် သဘောရှိအံ့နည်း။

ဘုရားလောင်း၏စကားကိုကြား၍ မျောက်တို့သည်-

၅၃။ ဧဝမေဝ တုဝံ ဗြဟ္မေ၊ အနညာယ ဝိနိန္ဒသိ။
ကထံ မူလံ အဒိသွာန၊ ရုက္ခံ ဇညာ ပတိဋ္ဌိတံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၃။ ဗြဟ္မေ၊ သူမြတ်။ တုဝံ၊ သင်သည်။ အနညာယ၊ မသိမူ၍။ ဧဝမေဝ၊ ဤအတူသာလျှင်။ အမှေ၊ ငါတို့ကို။ ဝိနိန္ဒသိ၊ ကဲ့ရဲ၏။ မူလံ၊ အမြစ်ကို။ အဒိသွာန၊ မမြင်မူ၍။ ပတိဋ္ဌိတံ၊ တည်သော။ ရုက္ခံ၊ သစ်ပင်ကို။ ကထံ ဧညာ၊ အသို့သိခြင်းငှါ တတ်ကောင်းအံ့နည်း။

ထိုစကားကိုကြား၍ ဘုရားလောင်းသည်-

၅၄။ နာဟံ တုမှေ ဝိနိန္ဒာမိ၊ ယေ စညေ ဝါနရာ ဝနေ။
ဝိဿသေနောဝ ဂါရယှော၊ ယဿတ္ထာ ရုက္ခရောပကာ။

ဟူသော သုံးခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၄။ ဝါနရာ၊ မျောက်ဖြစ်ကုန်သော။ ယေ တုမှေ၊ အကြင်သင်တို့သည်။ ဝနေ၊ တော၌။ ဝသန္တိ၊ နေကုန်၏။ တေ တုမှေ၊ ထိုသင်တို့ကို။ အဟံ၊ ငါသည်။ န ဝိနိန္ဒာမိ၊ မ ကဲ့ရဲ့။ အညေ၊ တပါးကုန်သော။ ဧတ္ထ၊ ဤအရပ်၌။ ယဿ၊ အကြင်ဝိဿသေနမင်း၏။ အတ္ထာ-အတ္ထာယ၊ အကျိုးငှါ။ တုမှာဒိသာ၊ သင်တို့ကဲ့သို့ သဘောရှိကုန်သော သူတို့သည်။ ရုက္ခရောပကာ၊ သစ်ပင်ပျိုးကုန်၏။ သော ဝိဿသေနောဝ၊ ထိုဝိဿသေနမင်းကိုသာလျှင်။ ဂါရယှော၊ ကဲ့ရဲ့အပ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဥယျာဉ်ကို ဖျက်သော သူငယ်သည် ထိုအခါ မျောက်ကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသောယောက်ျား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

တမိုက်တထွာ၊ ဉာဏ်နုံချာ၊ လျင်စွာ ဥယျာဉ်ပျက်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော အာရာမဒူသကဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ပဒုမဝဂ်

၉။ သုဇာတဇာတ်

နှုတ်ချိုကျိုး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် န ဟိ ဝဏ္ဏေန သမ္ပန္နာအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုဇာတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အနာထပိဏ်သူဌေး၏ချွေးမ, ဓနဉ္စယသူဌေး၏ သ္မီး, ဝိသာခါ၏ ညီမဖြစ်သော သုဇာတာကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုသုဇာတာသည် များစွာသော အခြံအရံဖြင့် အနာထပိဏ်သူဌေး၏ အိမ်ကိုပြည့်စေလျက် ဝင်သတတ်၊ ငါကား ဆွေကြီး မျိုးကြီး သ္မီးတည်းဟု မာနဖြင့်ခိုင်မာ၏။ အမျက်ထွက်တတ်၏။ ကြမ်းကြုတ်၏။ ယောက္ခမဝတ် လင်ဝတ်တို့ကို မပြု၊ အိမ်သူအိမ်သားကို ခြိမ်းချောက်သည်ဖြစ်၍ ရိုက်ပုတ်လျက် လှည့်လည်၏။ ထိုအခါ တနေ့သ၌ သဗ္ဗညူ မြတ်စွာဘုရားသည် ငါးရာကုန်သော ရဟန်းတို့ဖြင့်ခြံရံလျက် အနာထပိဏ်သူဌေး၏ အိမ်သို့ကြွ၍ နေတော်မူ၏။ အနာထပိဏ်သူဌေးကြီးသည် တရားနာလိုသည်ဖြစ်၍ မြတ်စွာဘုရား အထံတော်သို့ ဆည်းကပ်၍ရှိခိုး၍ နေ၏။ ထိုခဏ၌ သုဇာတာသည် ကျွန်အမှုလုပ်တို့နှင့် ခိုက်ရန်တွေ့၏။ သဗ္ဗညူ မြတ်စွာဘုရားသည် တရားဟောတော်မူ၍လျှင် ဤအသံကား အဘယ်အသံနည်းဟု မိန့်တော်မူ၍ အရှင်ဘုရား တယောက်သော အမျိုး ချွေးမသည် ရိုသေခြင်းရှိ၊ ထိုအမျိုးချွေးမအား ယောက္ခမဝတ် လင်ဝတ်သည် မရှိ၊ သဒ္ဓါကြည်ညိုခြင်းမရှိ၊ နေ့ညဉ့်ပတ်လုံး ခိုက်ရန်ပြုလျက် သွား၏ဟု သူဌေးကြီးသည် နားတော်လျောက်၏။ ထိုသို့ တပြီးကား ထိုအမျိုး ချွေးမကိုခေါ်ကုန်လော့ဟု ဘုရားမိန့်တော်မူ၏။ ထိုအမျိုးချွေးမသည် လာ၍ ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာနေ၏။

ထိုအခါ သုဇာတာကို မြတ်စွာဘုရားသည် သုဇာတာ ယောက်ျား၏ မယားတို့သည် ခုနစ်ယောက် ရှိကုန်၏။ ထိုခုနစ်ယောက်တို့တွင် သင်သည် အဘယ်မယားနည်းဟု မေးတော်မူ၏။ ဘုန်းတော်ကြီး သော အရှင်ဘုရား အကျဉ်းအားဖြင့် ဟောအပ်သော တရား၏အနက်ကို အကျယ်အားဖြင့် အကျွန်ုပ် မသိနိုင်ပါ၊ ဟောတော်မူပါကုန်လော့ဟု လျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုသို့တပြီးကား ချသော နားရှိသည်ဖြစ်၍ နာလော့ဟု မိန့်တော်မူ၏။

၁။ သုဇာတာ အကြင်မယားသည် တပါးသော ယောက်ျားတို့၌ တပ်စွန်းသောစိတ်ရှိသည်ဖြစ်၍ မိမိလင်အား ပြစ်မှားသောစိတ်ရှိ၏။ အကျိုး စီးပွားမဲ့ကို အလိုရှိ၏။ ဥစ္စာဖြင့် ဝယ်အပ်သော ကျွန်ကဲ့သို့ မထေမဲ့မြင်ပြု၏ သတ်အံ့သောငှါ လုံ့လပြု၏။ ဤသို့ သဘောရှိသော ထိုမယားကို သူသတ်နှင့်တူသော မယားဟူ၍ ဆိုအပ်၏။

၂။ အကြင်မယားသည် လယ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းကိုပြု၍ ဥစ္စာရ၏။ ထိုဥစ္စာကို အနည်းငယ်မျှသော်လည်း ခိုးယူခြင်းငှါ မယားသည် အလိုရှိ၏။ ထိုမယားကို ခိုးသူနှင့်တူသော မယားဟူ၍ ဆိုအပ်၏။

၃။ အကြင်မယားသည် အမှုလုပ်လေ့မရှိ ပျင်းရိ၏။ အစားကြူး၏။ ကြမ်းကြုတ်၏။ အမျက်ထွက်တတ်၏။ မကောင်းသဖြင့် ဆိုတတ်၏။ လုပ် ဆောင်ကုန်သော သူတို့ကို နှိပ်စက်၍ ဆိုတတ်၏။ ထိုသို့ သဘောရှိသော မယားကို အရှင်နှင့်တူသော မယားဟူ၍ ဆိုအပ်၏။

၄။ အကြင်မယားသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် လင်၏အကျိုးစီးပွားကို အလိုရှိ၏။ အမိသည် သားကို စောင့်သကဲ့သို့ လင်ကိုစောင့်၏။ လင်သည် ဆည်းပူးသော ဥစ္စာကို စောင့်၏။ ထိုသို့ သဘောရှိသော မယားကို အမိနှင့်တူသော မယားဟူ၍ ဆိုအပ်၏။

၅။ အကြင်မယားသည် နှမကြီး နှမငယ်သည် မောင်၌ ရိုသေခြင်းရှိသကဲ့သို့ မိမိလင်၌ ရိုသေခြင်းရှိ၏။ လင်၏အလိုသို့ လိုက်၏။ ထိုသို့ သဘောရှိသော မယားကို နှမနှင့်တူသော မယားဟူ၍ ဆိုအပ်၏။

၆။ အကြင်မယားသည် လင်ကိုမြင်၍ ကြာမြင့်စွာသော ကာလမှလာသော အဆွေခင်ပွန်းကိုမြင်၍ ဝမ်းမြောက်ဝမ်းသာရှိ၏ ဝမ်းမြောက်၏။ သီလနှင့် ပြည့်စုံ၏။ လင်ကို လုပ်ကျွေးတတ်၏။ ထိုသို့သဘောရှိသော မယားကို အဆွေ ခင်ပွန်းနှင့်တူသော မယားဟူ၍ ဆိုအပ်၏။

၇။ အကြင်မယားသည် မိမိလင်သည် သတ်ခြင်းဒဏ်ဖြင့် ခြိမ်းချောက်အပ်သည်ရှိသော် လင်အား အမျက်မထွက်၊ သည်းခံ၏။ လင်၏အလိုသို့ လိုက်၏။ ထိုသို့သဘောရှိသော မယားကို ကျွန်မနှင့်တူသော မယားဟူ၍ ဆိုအပ်၏။ (ဤကား မယားအပြား ခုနစ်ပါးတည်း)

သုဇာတာ ယောက်ျား၏ မယားတို့သည် ခုနစ်ယောက်တို့တည်း၊ ထိုခုနစ်ယောက်တို့တွင် သူသတ်နှင့်တူသောမယား ခိုးသူနှင့်တူသောမယား အရှင်နှင့်တူသောမယားတို့သည် ငရဲ၌ ဖြစ်ကုန်၏။ ဤမှတပါး လေးယောက်ကုန်သော မယားတို့သည် နိမ္မာနရတိ နတ်ပြည်၌ ဖြစ်ကုန်၏ဟု ဟောတော်မူ၏။ ဤသို့ သဗ္ဗညူမြတ်စွာဘုရားသည် ခုနစ်ယောက်ကုန်သော မယားတို့ကို ပြတော်မူစဉ်လျှင် သုဇာတာသည် သောတာပတ္တိဖိုလ်၌ တည်၏။ သုဇာတာ သင်သည် ဤခုနစ်ယောက်ကုန်သော မယားတို့တွင် အဘယ် မယားနည်းဟု မိန့်တော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်သည် ကျွန်မနှင့်တူသော မယားတည်းဟု မြတ်စွာဘုရားကို ရှိခိုး၍ ကန်တော့၏။ ဤသို့ သဗ္ဗညူမြတ်စွာဘုရားသည် သုဇာတာမည်သော သူဌေးချွေးမကို တကြိမ်တည်းဖြင့်သာလျှင် ဆုံးမတော်မူ၍ ဆွမ်း ဘုဉ်းပေးပြီးသည်ရှိသော် ဇေတဝန် ကျောင်းတော်သို့ကြွတော်မူ၍ ရဟန်းအပေါင်းသည် ဝတ်ကို ပြအပ်သည်ရှိသော် ဂန္ဓကုဋိသို့ ဝင်တော်မူ၏ တရားသဘင်၌လည်း ရဟန်းတို့သည် ငါ့သျှင်တို့ မြတ်စွာဘုရားသည် တကြိမ်တည်းဖြင့်သာလျှင် သုဇာတာမည်သော သူဌေးချွေးမကို ဆုံးမ၍ သောတာပတ္တိဖိုလ်၌ တည်စေတော်မူ၏ဟု မြတ်စွာဘုရား၏ ကျေးဇူးစကားကို ဖြစ်စေကြကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည် ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် သုဇာတာကို တကြိမ်တည်းသော အဆုံးအမဖြင့် ဆုံးမအပ်သည် မဟုတ်သေး၊ ရှေး၌လည်း သုဇာတာကို တကြိမ်တည်းသော အဆုံးအမဖြင့်သာလျှင် ဆုံးမအပ်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီမင်း၏ မိဖုယားကြီး ဝမ်း၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်ကိုသင်၍ အဘလွန်သဖြင့် မင်းအဖြစ်၌တည်၍ တရားသဖြင့် မင်းပြု၏။ ထိုဘုရားလောင်း၏ မယ်တော်သည် အမျက်ထွက်တတ်၏။ ကြမ်းကြုတ်၏။ ဆဲရေးကြိမ်းမောင်းတတ်၏။ ဘုရားလောင်းသည် မယ်တော်အား အဆုံးအမကို ပေးလို၍လည်း အကြောင်းမရှိဘဲ ဆိုခြင်းငှါ မသင့်ဟု နှလုံးသွင်း၍ ထိုမယ်တော်အား ဆုံးမအံ့သောငှာ တခုသော ဥပမာကို ကြည့်လျက်သွား၏။ ထိုအခါ တနေ့သ၌ ဥယျာဉ်သို့ မင်းသွားသည်ရှိသော် မယ်တော်သည်လည်း သားနှင့်အတူလျှင်လိုက်၏။ ထိုအခါ လမ်းအကြား၌ တီတီတွတ်ငှက်သည် မြည်၏။ ဘုရားလောင်း၏ ပရိသတ်တို့သည်လည်း ထိုအသံကိုကြား၍ နားကိုပိတ်၍ အို ကြမ်းကြုတ်သောငှက် ရုန့်ရှင်းသော အသံရှိသောငှက် သင်မမြည်လင့်ဟု ဆိုကြကုန်၏။ ဘုရားလောင်းသည် ကချေသည်အပေါင်း ခြံရံလက် မယ်တော်နှင့်တကွ ဥယျာဉ်သို့ လှည့်လည်သည်ရှိသော် ကောင်းစွာပွင့်သော တခုသော အင်ကြင်းပင်၌နားလျက် တခုသောဥဩသည် သာယာစွာသောအသံဖြင့် မြည်၏။ လူများသည် ထိုဥဩ၏ သာယာစွာသော အသံဖြင့်ဟစ်၍ လက် အုပ်ချီ၍ သိမ်မွေ့သောစကားရှိသောငှက် ပြေပြစ်သော စကားရှိသောငှက် နူးညံ့သော စကားရှိသောငှက် မြည်ဦးလော့ဟု လည်ကိုမော့၍ နားထောင်၍ ကြည့်လျက် ရပ်၏။

ထိုအခါ ဘုရားလောင်းသည် ထိုအကြောင်းနှစ်ပါးကိုမြင်၍ ယခုမယ်တော်ကို သိစေခြင်းငှါ တတ်ကောင်း၏ဟု ကြံ၍ မိခင် လမ်းအကြား၌ တီတီတွတ်ငှက် အသံကိုကြား၍ လူများသည် အသို့နည်း၊ ဤအသံကို မမြည်လင့် ဤအသံကို မမြည်လင့်ဟု နားတို့ကိုပိတ်၏။ ကြမ်းကြုတ်သော စကားမည်သည်ကို တစုံတယောက်သောသူသည် မနှစ်သက်ဟု ဆိုလို၍-

၅၅။ န ဟိ ဝဏ္ဏေန သမ္ပန္နာ၊ မဉ္ဇုကာ ပိယဒဿနာ။
ခရာ ဝါစာ ပိယာ ဟောတိ၊ အသ္မိံ လောကေ ပရမှိ စ။
၅၆။ နနု ပဿသိမံ ကာဠိံ၊ ဒုဗ္ဗဏ္ဏံ တိလကာဟတံ။
ကောကိလံ သဏှဘာဏေန၊ ဗဟူနံ ပါဏိနံ ပိယံ။
၅၇။ တသ္မာ သခိလဝါစဿ၊ မန္တဘာဏီ အနုဒ္ဓတော။
အတ္ထံ ဓမ္မဉ္စ ဒီပေတိ၊ မဓုရံ တဿ ဘာသိတံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၅၅။ အမ္မ၊ မိခင်။ ဝဏ္ဏေန၊ အဆင်းနှင့်။ သမ္ပန္နာ၊ ပြည့်စုံစေကာမူ။ မဉ္ဇုကာ၊ သာယာသောအသံ ဖြစ်စေကာမူ။ ပိယဒဿနာ၊ ချစ်ဘွယ်သောအသံ ဖြစ်စေကာမူ။ ယာ ဝါစာ၊ အကြင်စကားသည်။ ခရာ၊ ကြမ်းသည်။ ဟောတိ၊ ဖြစ်၏။ သာ ဝါစာ၊ ထိုစကားကို။ အသ္မိံ လောကေ စ၊ ဤလောက၌၎င်း။ ပရမှိ စ၊ တမလွန် လောက၌၎င်း။ န ပိယာ၊ မချစ်အပ်။

֍ ဋ္ဌ ၅၆။ ကာဠိံ၊ မည်းသော။ ဒုဗ္ဗဏ္ဏံ၊ အဆင်းမလှသော။ တိလကာဟတံ၊ မှဲ့မည်းစွဲသော။ သဏှဘာဏေန၊ သိမ်မွေ့သောတွန်သံကြောင့်။ ဗဟူနံ ပါဏီနံ၊ များစွာကုန်သော သတ္တဝါတို့သည်။ ပိယံ၊ ချစ်အပ်သော။ ဣမံ ကောကိလံ၊ ဤဥဩကို။ ပဿသိ နနု၊ မြင်၏ မဟုတ်လော။

֍ ဋ္ဌ ၅၇။ တသ္မာ၊ ထိုကြောင့်။ သခိလဝါစော၊ သိမ်မွေ့သောစကားရှိသည်။ အဿ၊ ဖြစ်ရာ၏။ မန္တဘာဏီ၊ ပညာဖြင့် ဆိုလေ့ရှိသော။ အနုဒ္ဓတော၊ မပျံလွင့်သောသူသည်။ အတ္ထဉ္စ၊ အနက်ကို၎င်း။ ဓမ္မဉ္စ၊ ပါဠိကို၎င်း။ ဒီပေတိ၊ ပြ၏။ တဿ၊ ထိုသူ၏။ ဘာသိတံ၊ စကားသည်။ မဓုရံ၊ ချို၏။

ဤသို့ ဘုရားလောင်းသည် ဤဂါထာတို့ဖြင့် မယ်တော်အား တရား ဟော၍ မယ်တော်ကို သိစေ၏။ ထိုအခါမှစ၍ မယ်တော်သည် အကျင့်နှင့် ပြည့်စုံ၏။ ဘုရားလောင်းသည်လည်း မယ်တော်ကို တကြိမ်တည်းဖြင့်သာလျှင် အဆုံးအမဖြင့် မာနမရှိသည်ကိုပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ သုဇာတာသည် ထိုအခါ ငါ၏မယ်တော် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မင်းဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

နှုတ်ကြမ်းမောက်စွာ၊ မဲ့မေတ္တာ၊ ချိုသာပြေပြစ် လူတိုင်းချစ်

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော သုဇာတဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ပဒုမဝဂ်

၁၀။ ဥလူကဇာတ်

ကျီး, ခင်ပုပ် ရန်စ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သဗ္ဗေဟိ ကိရ ဉာတီဟိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဥလူကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကျီး ခင်ပုပ်တို့၏ ရန်ဖြစ်ခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုကာလ၌ ကျီးတို့သည် နေ့အခါ ခင်ပုပ်တို့ကို ထိုးကုန်၏။ ခင်ပုပ်တို့သည် နေဝင်သောအခါမှစ၍ ထိုထိုအရပ်၌ အိပ်ကုန်သော ကျီးတို့၏ ဦးခေါင်းတို့ကို ဖြတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေကုန်၏။ ထိုအခါ ဇေတဝန် ကျောင်းတော်၏အစွန်း တခုသော ပရိဝုဏ်၌နေသော တပါးသော ရဟန်းသည် တံမြက်လှည်းသော ကာလ၌ သစ်ပင်မှကျကုန်သော ခုနစ်ကွမ်းစား ရှစ်ကွမ်းစားရှိကုန်သော သွေးဖြင့် အလိမ်းလိမ်းကပ်ကုန်သော ကျီးဦးခေါင်းတို့ကို စွန့်အပ်ကုန်၏။ ထိုရဟန်းသည် ထိုအကြောင်းကို ရဟန်းတို့အား လျှောက်၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ ဤမည်သော ရဟန်း၏ နေရာအရပ်၌ နေ့တိုင်း နေ့တိုင်း ဤမျှလောက်ကုန်သော ကျီးဦးခေါင်းတို့ကို စွန့်ရကုန်၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော် မူလတ်၍

ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ကျီး, ခင်ပုပ်တို့သည် ခိုက်ရန် ပြုကြသည် မဟုတ်သေး၊ ရှေး၌လည်း ခိုက်ရန်ပြုကြသည် သာလျှင်တည်းဟု မိန့်တော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား အဘယ်အခါ၌ ကျီး ခင်ပုပ်တို့သည် ခိုက်ရန်ဖြစ်ကြပါသနည်းဟု နားတော် လျှောက်လတ်သော် ကမ္ဘာဦးကစ၍ ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကမ္ဘာဦးလူတို့သည် စည်းဝေး၍ တယောက်သော အဆင်းလှသော တင့် တယ်ခြင်းသို့ ရောက်သော အကျင့်နှင့်ပြည့်စုံသော ခပ်သိမ်း သော အခြင်းအရာနှင့်ပြည့်စုံသော ယောက်ျားကိုယူ၍ မင်းပြုကုန်၏။ အခြေလေးချောင်းတို့သည်လည်း စည်းဝေး၍တခုသောခြင်္သေ့ကို မင်းပြုကြကုန်၏။ မဟာသမုဒ္ဒရာ၌ ငါးတို့သည် အာနန္ဒာ အမည်ရှိသော ငါးကို မင်းပြုကြကုန်၏။ ထို့နောက် ငှက်တို့သည် ဟိမဝန္တာ၌ တခုသော ကျောက်ဖျာ၌ စည်းဝေး၍ လူတို့တွင် မင်းသည် ရှိ၏။ ထို့အတူ အခြေလေးချောင်းတို့၌၎င်း ငါးတို့၌၎င်း မင်းသည် ထင်၏။ ငါတို့၏အတွင်း ၌ကား မင်းသည် မရှိ၊ ရိုသေတုံ့ဝပ်ခြင်းမရှိသော နေခြင်းမည်သည် မသင့်၊ ငါတို့အားလည်း မင်းကိုရခြင်းငှာ သင့်၏။ မင်းအရာ၌ ထားခြင်းငှာ လျောက်ပတ်သော တခုသောငှက်ကို ကြည့်ကြကုန်လောဟု ဆို၍ ထိုသို့ သဘောရှိသောငှက်ကို ကြည့်လတ်သော် တခုသောခင်ပုပ်ကို နှစ်သက်၍ ဤခင်ပုပ်ကို ငါတို့နှစ်သက်၏ဟု ဆို၏။ ထိုအခါ တခုသော ငှက်သည် ခပ်သိမ်းသော ငှက်တို့၏အလိုကို ယူအံ့သောငှါ သုံးကြိမ် ကြားသိစေ၏။ နှစ်ကြိမ် ကြားခြင်းတို့ကို သည်းခံ၍ သုံးကြိမ်ကြားသောအခါ၌ တခုသော ကျီးသည်ထ၍ အမျက်မထွက်သေးသော ဤခင်ပုပ်အား ရာဇအဘိသေကကို ပြုသောကာလ၌ပင် ဤသို့သဘောရှိသော မျက်နှာကို ကြည့်ပါလော့၊ အမျက်ထွက်သော ခင်ပုပ်၏ မျက်နှာသည် အသို့သဘောရှိသည် ဖြစ်လတ္တံ့နည်း၊ ဤခင်ပုပ်သည် အမျက်ထွက်၍ ကြည့်လတ်သည်ရှိသော် ငါတို့သည် ပူစွာသောအိုးကင်း၌ ထည့်အပ်သော ဆားကဲ့သို့ ထိုကြည့်ရာအရပ်၌လျှင် ပျက်စီးကုန်အံ့၊ ဤခင်ပုပ်ကို မင်းပြုအံ့သောငှါ မနှစ်သက်ဟူသော အနက်ကို ပြအံ့သောငှာ-

၅၈။ သဗ္ဗေဟိ ကိရ ဉာတီဟိ၊ ကောသိယော ဣဿရော ကတော။
သစေ ဉာတီဟိ အနိညာတော ဘဏယျာဟံ ဧကဝါစိကံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၈။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဉာတီဟိ၊ အဆွေအမျိုးတို့သည်။ ကောသိယော၊ ခင်ပုပ်ကို။ ဣဿရော၊ မင်းကို။ ကတော ကိရ၊ ပြုသတတ်။ ဉာတီဟိ၊ အဆွေအမျိုးတို့သည်။ သစေ အနုညာတော၊ အကယ်၍ ခွင့်ပြုငြားအံ့။ အဟံ၊ သည်။ ဧကဝါစိကံ၊ တခွန်းသော စကားကို။ ဘဏေယျ၊ ဆိုလို၏။

ထိုအခါ ကျီးကို ခွင့်ပြုလိုကုန်သော ငှက်တို့သည်-

၅၉။ ဘဏ သမ္မ အနုညာတော၊ အတ္ထံ ဓမ္မဉ္စ ကေဝလံ။
သန္တိ ဟိ ဒဟရာ ပက္ခီ၊ ပညာဝန္တော ဇုတိန္ဓရာ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၅၉။ သမ္မ၊ အဆွေကျီး။ အနုညာတော၊ ငါတို့ခွင့်ပြု၏။ တွံ၊ သင်သည်။ ကေဝလံ၊ သက်သက်သော။ အတ္ထံ၊ အကျိုးကို၎င်း။ ဓမ္မဉ္စ၊ အကြောင်းကို၎င်း။ ဘဏ၊ ဆိုလော။ ဟိ သစ္စံ၊ မှန်၏။ ဒဟရာ၊ ငယ်ကုန်သော။ ပညဝါ၊ ပညာရှိကုန်သော။ ဇုတိန္ဓရာ၊ ထွန်းပခြင်းကို ဆောင်ကုန်သော။ ပက္ခီ၊ ငှက်တို့သည်။ သန္တိ၊ ရှိကုန်၏။

ဤသို့ ခွင့်ပြုအပ်သည်ရှိသော် ထိုကျီးသည်-

၆၀။ န မေ ရုစ္စတိ ဘဒ္ဒံ ဝေါ၊ ဥလူကဿာဘိသေစနံ။
အက္ကုဒ္ဓဿ မုခံ ပဿ၊ ကထံ ကုဒ္ဓေါ ကရိဿတိ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၀။ ဝေါ၊ သင်တို့အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်ပါစေ သတည်း။ မေ၊ ငါသည်။ ဥလူကဿ၊ ဤခင်ပုပ်အား။ အဘိသေစနံ၊ အဘိသိက်သွန်းလောင်းခြင်းကို။ န ရုစ္စတိ၊ မနှစ်သက်။ အက္ကုဒ္ဓဿ၊ အမျက်မထွက်သော ခင်ပုပ်၏။ မုခံ၊ မျက်နှာကို။ ပဿ၊ ရှုပါလော့။ ကုဒ္ဓေါ၊ အမျက်ထွက်သော်ကား။ ကထံ ကရိဿတိ၊ အသို့ပြုလတ္တံ့နည်း။

ထိုကျီးသည် ဤသို့ဆို၍ ငါမနှစ်သက် ငါမနှစ်သက်ဟု မြည်လျက် ကောင်းကင်သို့ ပျံ၏။ ခင်ပုပ်ငှက်သည်လည်း ထ၍ ထိုကျီးကို လိုက်၏။ ထိုအခါမှစ၍ အချင်းချင်း ရန်ငြိုးဖွဲ့ကြကုန်၏။ ငှက်တို့သည် ရွှေဟင်္သာကို မင်းပြု၍ ဖဲကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ များစွာသော ရဟန်းတို့သည် သောတာပတ္တိဖိုလ် အစရှိသည်တို့၌ တည်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မင်းအဖြစ်၌ အဘိသိက် သွန်းလောင်းသော ဟင်္သာငယ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ခင်ပုပ်နှင့်ကြီး၊ ရန်စမီး၊ ဖြစ်နည်းမှတ်ပါ ကမ္ဘာဦးခါ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဥလူကဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ဥဒပါနဝဂ်

၁။ ဥဒပါနဒူသကဇာတ်

မြေခွေးညစ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်အာရညိကဿ ဣသိနောအစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဥဒပါနဒူသကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ရေတွင်းကို ဖျက်ဆီးသော တခုသောမြေခွေးကို အကြောင်းပြု၍ ဟောတော်မူ၏။ တခုသော မြေခွေးသည် ရဟန်းသင်္ဃာ၏ သောက်ရေတွင်းကို ကျင်ကြီးစွန့်ခြင်း ကျင်ငယ်စွန့်ခြင်းကိုပြု၍ ဖျက်ဆီး၍သွား၏။ ထိုအခါ တနေ့သ၌ ရေတွင်းအနီးသို့ ရောက်လာသော မြေခွေးကို သာမဏေတို့သည် ခဲ, အုတ်တို့ဖြင့် ပစ်ခတ်၍ ပင်ပန်းစေကုန်၏။ ထိုမြေခွေးသည် ထိုအခါမှစ၍ ထိုအရပ်ကို ပြန်၍မကြည့်ဝံ့၊ ရဟန်းတို့သည် ထိုအကြောင်းကိုသိ၍ တရားသဘင်၌ ငါ့သျှင်တို့ ရေတွင်းကို ဖျက်ဆီးသော မြေခွေးကို သာမဏေတို့သည် ပင်ပန်းစေအပ်သော ကာလမှစ၍ တဖန်ပြန်၍ ထိုအရပ်ကို မကြည့်ဝံ့ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ထိုမြေခွေးသည် ယခုအခါ၌သာလျှင် ဖျက်ဆီးသည် မဟုတ်သေး၊ ရှေး၌လည်း ဖျက်ဆီးဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဤဣသိပတနအရပ်၌ ဤရေတွင်းသည် ဖြစ်၏။ ထိုအခါ ဘုရားလောင်းသည် ဗာရာဏသီပြည်၌ အမျိုးအိမ်၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ရသေ့ ရဟန်းပြု၍ ရသေ့အပေါင်းခြံရံလျက် ဣသိပတနအရပ်၌ နေ၏။ ထိုအခါ တခုသော မြေခွေးသည် ဤရေတွင်းကို ဖျက်ဆီး၍ သွား၏။ ထိုအခါ တနေ့သ၌ ထိုမြေခွေးကို ရသေ့တို့သည် ဝန်းရံ၍ တည်ကုန်လျက် တခုသော ဥပါယ်တမျဉ်ဖြင့် ဖမ်း၍ ဘုရားလောင်း၏ အထံသို့ ဆောင်ခဲ့ကုန်၏။ ဘုရားလောင်းသည် မြေခွေးနှင့်တကွစကားဆိုလိုရကား-

၆၁။ အာရညိကဿ ဣသိနော၊ စိရရတ္တ တပဿိနော။
ကိစ္ဆာကတံ ဥဒပါနံ၊ ကထံ သမ္မ အဝါဟသိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၁။ သမ္မ၊ အချင်း မြေခွေး။ အာရညိကဿ၊ တော၌နေထသော။ ဣသိနော၊ သီလ အစရှိသော ကျေးဇူးကို ရှာတတ်ထသော။ စိရရတ္တံ၊ ရှည်မြင့်စွာသော ကာလပတ်လုံး။ တပဿိနော၊ ခြိုးခြံသော ရသေ့အပေါင်းသည်။ ကိစ္ဆာကတံ၊ ငြင်သဖြင့် ပြုအပ်သော။ ဥဒပါနံ၊ ရေတွင်းကို။ ကထံ၊ အဘယ့်ကြောင့်။ အဝါဟသိ၊ ကျင်ကြီး ကျင်ငယ်စွန့်သဖြင့် ဖျက်ဆီးဘိသနည်း။

ထိုစကားကို ကြား၍ မြေခွေးသည်-

၆၂။ ဧသ ဓမ္မော သိင်္ဂါလာနံ၊ ယံ ပိတွာ ဩဟဒါမသေ။
ပိတု ပိတာမဟံ ဓမ္မော၊ န တံ ဥဇ္စျာတုမရဟသိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၆၂။ သမ္မ တာပသ၊ အချင်းရသေ့။ ယံ၊ အကြင်ရေတွင်းကို။ ပိတွာ၊ သောက်၍။ မယံ၊ ငါတို့သည်။ ဩဟဒါမသေ၊ ကျင်ကြီး ကျင်ငယ်စွန့်ကုန်၏။ ဧသ၊ ဤကျင်ကြီးကျင်ငယ် စွန့်ခြင်းသည်။ သိင်္ဂလာနံ၊ မြေခွေးကို၏။ ဓမ္မော၊ သဘောတည်း။ ပိတုပိတာမဟံ၊ အဘ အဘိုးတို့၏။ ဓမ္မော၊ သဘောတည်း။ တံ၊ ထိုအဘအဘိုးတို့မှ လာသောအကျင့်ကို။ ဥဇ္စျာတုံ၊ စွန့်အံ့သောငှါ။ န အရဟသိ၊ မထိုက်။

ထိုအခါ မြေခွေးအား ဘုရားလောင်းသည်-

၆၃။ ယေသံ ဝေါ ဧဒိသော ဓမ္မော၊ အဓမ္မော ပန ကီဒိသော။
မာ ဝေါ ဓမ္မံ အဓမ္မံ ဝါ၊ အဒ္ဒသာမ ကုဒါစနံ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၃။ သိင်္ဂါလ၊ မြေခွေး။ ယေသံ ဝေါ၊ အကြင် သင်တို့၏။ ဓမ္မော၊ အကျင့်သဘောသည်။ ဧဒိသော၊ ဤသို့သဘောရှိ၏။ အဓမ္မော ပန၊ အဓမ္မသည်တမူကား။ ကီဒိသော၊ အဘယ်သို့ သဘောရှိလတ္တံ့နည်း။ ဝေါ၊ သင်တို့၏။ ဓမ္မံ ဝါ၊ သဘောအကျင့်ကို၎င်း။ အဓမ္မံ ဝါ၊ သဘောမဟုတ်သော အကျင့်ကို၎င်း။ မယံ၊ ငါတို့သည်။ ကုဒါစနံ၊ တရံတဆစ်မျှ။ မာ အဒ္ဒသာမ၊ မမြင်လိုကုန်။

ဤသို့ ဘုရားလောင်းသည် ထိုမြေခွေးအား အဆုံးအမကို ပေး၍ တဖန် မလာလင့်ဟု ဆို၍ ထိုမြေခွေးသည် ထိုအခါမှစ၍ တဖန် ပြန်၍မျှလည်း မကြည့်။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ယခုအခါ ဤမြေခွေးသည် ထိုအခါ ရေတွင်းကို ဖျက်ဆီးသော မြေခွေး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့အပေါင်း၏ ဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မြေခွေးဟူပေ့၊ အဓလေ့၊ ကောင်းတွေ့ ဖျက်ဆီးမည်

ရှေးဦးစွာသော ဥဒပါနဒူသကဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ဥဒပါနဝဂ်

၂။ ဗျဂ္ဃဇာတ်

သားရဲထွက် တောပျက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယေန မိတ္တေန သံသဂ္ဂါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗျဂ္ဃဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောကာလိကကို အကြောင်း ပြု၍ ဟောတော်မူ၏။ ကောကာလိကဝတ္ထုသည် တေရသကနိပါတ် ရှစ်ခုမြောက် တက္ကာရိယဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ကောကာလိကသည်ကား သာရိပုတ္တရာ မောဂ္ဂလာန်တို့ကိုယူ၍ သွားအံ့ဟု ကောကာလိကတိုင်းမှ ဇေတဝန်ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားကို ရှိခိုး၍ မထေရ်တို့ကိုကပ်၍ ငါ့သျှင်တို့ ကောကာလိကတိုင်း၌နေကုန်သော သူတို့သည် ငါ့သျှင်တို့ကို ပင့်ခေါ်ကုန်၏။ လာကုန်လော့ သွားကြကုန်အံ့ဟု ဆို၏။ အရှင်သွားကုန်လော့ ငါတို့မသွားကုန်ဟု မထေရ်တို့သည် ပယ်အပ်သည်ရှိသော် ထိုကောကာလိကသည် မိမိသည်သာလျှင် သွား၏။ ထိုအခါ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ကောကာလိကသည် သာရိပုတ္တရာ မောဂ္ဂလာန်တို့နှင့် အတူတကွ နေအံ့သောငှါလည်း မတတ်နိုင်၊ ကင်း၍ နေအံ့သောငှါလည်း မတတ်နိုင်၊ တကွဖြစ်ခြင်းကိုလည်း သည်းမခံနိုင်၊ ကွေကွင်းခြင်းကိုလည်း သည်းမခံနိုင်ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းသု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ကောကာလိကသည် သာရိပုတ္တရာ မောဂ္ဂလာန်တို့နှင့်အတူတကွနေအံ့သောငှါ၎င်း ကင်း၍နေအံ့သောငှါ၎င်း မတတ်နိုင်သည်မဟုတ်သေး၊ ရှေး၌လည်း တကွနေအံ့သောငှါ၎င်း ကင်း၍နေအံ့သောငှါ၎င်း မတတ်နိုင်သလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသော၌ ရုက္ခစိုင်းနတ် ဖြစ်၏။ ထိုရုက္ခစိုဝ်းနတ်၏ ဗိမာန်အနီး၌ တောစိုးသစ်ပင်စောင့် ဖြစ်သော တပါးသော ရုက္ခစိုဝ်းနတ်သည် နေ၏။ ထိုတောအုပ်၌ ခြင်္သေ့, ကျားတို့သည်လည်း နေကုန်၏။ ထိုခြင်္သေ့ ကျားတို့မှ ကြောက်ခြင်းကြောင့် တစုံတယောက်သော သူသည် ထိုတောအုပ်၌ လယ်ကိုမထွန်၊ သစ်ပင်ကိုမဖြတ်၊ ပြန်၍ကြည့်ဝံ့သောသူသည် မရှိ၊ ထိုခြင်္သေ့ ကျားတို့သည်ကား အထူးထူး အပြားပြားကုန်သော သားတို့ကိုသတ်၍ စားကုန်၏။ စားကြွင်းတို့ကို ထိုတောအုပ်၌သာလျှင် စွန့်၍ သွားကုန်၏။ ထိုစားကြွင်း အသားတို့၏အနံ့ဖြင့် ထိုတောအုပ်သည် အပုပ်နံ့ လှိုင်သည်ဖြစ်၏။ ထိုအခါ မထင်ရှားသော အလွန်မိုက်သော ရုက္ခစိုဝ်းသည် အကြောင်းသင့် မသင့်ကို မသိဖြစ်၍ တနေ့သ၌ ဘုရားလောင်းကို အဆွေ ဤခြင်္သေ့၊ ကျားတို့ကိုမှီ၍ ငါတို့၏ ဤတောအုပ်သည် မစင်ကြယ်သော အပုပ်နံ့သည် ဖြစ်၏။ ထိုခြင်္သေ့, ကျားတို့ကို ပြေးစေအံ့ဟု ဆို၏။ ဘုရားလောင်းသည် အဆွေ နှစ်ခုကုန်သော ဤခြင်္သေ့ ကျားတို့ကိုမှီ၍ ငါတို့သည် ဗိမာန်တို့ကို စောင့်အပ်ကုန်၏။ ဤခြင်္သေ့ ကျားတို့သည် ပြေးသွားကုန်သော် ငါတို့၏ ဗိမာန်တို့သည် ပျက်စီးကုန်လတ္တံ့၊ ခြင်္သေ့ ကျားတို့၏ ခြေရာကို မမြင်ကုန်သည်ရှိသော် လူတို့သည် အလုံးစုံသောတောကို ခုတ်ဖြတ်၍ တခုတည်းသော အပြင်ကိုပြု၍ လယ်တို့ကို ထွန်ကုန်လတ္တံ့၊ သင်သည် ခြင်္သေ့ ကျားတို့၏ ပြေးခြင်းကို မနှစ်သက်လင့်ဟုဆိုလို၍-

၆၄။ ယေန မိတ္တေန သံသဂ္ဂါ၊ ယောဂက္ခေမော ဝိဟိယျတိ။
ပုဗ္ဗေဝဇ္စျဘဝံ တဿ၊ ရက္ခေ အက္ခီဝ ပဏ္ဍိတော။
၆၅။ ယေန မိတ္တေန သံသဂ္ဂါ၊ ယောဂက္ခေမော ပဝဍ္ဎတိ။
ကရေယျတ္တသမံ ဝုတ္တိံ၊ သဗ္ဗကိစ္စေသု ပဏ္ဍိတော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၆၄။ သမ္မ၊ အဆွေ။ ယေန မိတ္တေန၊ အကြင် ယုတ်မာသော အဆွေခင်ပွန်းနှင့်။ သံသဂ္ဂါ၊ ပေါင်းသော် ရခြင်းကြောင့်။ ယောဂက္ခေမော၊ ကိုယ်စိတ်ချမ်းသာ ခြင်းသည်။ ဝိဟိယျတိ၊ ဆုတ်ယုတ်၏။ တဿ မိတ္တဿ၊ ထိုအဆွေခင်ပွန်းသည်။ ပုဗ္ဗေဝ၊ ရှေး၌သာလျှင်။ အဇ္ဈဘဝံ၊ နှိပ်စက်အပ်သည်ကို။ ပဏ္ဍိတော၊ ပညာရှိသည်။ အက္ခီဝ၊ မျက်စိကဲ့သို့။ ရက္ခေ၊ စောင့်ရာ၏။

֍ ဋ္ဌ ၆၅။ သမ္မ၊ အဆွေ။ ယေန မိတ္တေန၊ အကြင်အဆွေခင်ပွန်းနှင့်။ သံသဂ္ဂါ၊ ပေါင်းဘော်ရသည်ဖြစ်၍။ ယောဂက္ခေမော၊ ကိုယ်စိတ်၏ ချမ်းသာ ခြင်းသည်။ ပဝဍ္ဎတိ၊ ပွား၏။ တဿ၊ ထိုအဆွေခင်ပွန်း၏။ သဗ္ဗကိစ္စေသု၊ ခပ်သိမ်းသော ကိစ္စတို့၌။ ပဏ္ဍိတော၊ ပညာရှိသည်။ အတ္တသမံ၊ မိမိကိစ္စနှင့်အမျှ။ ဝုတ္တိံ၊ ကောင်းသောအကျင့်ကို။ ကရေယျ၊ ပြုရာ၏။

ဤသို့ ဘုရားလောင်းသည် ထိုအကြောင်းကို ဆိုသော်လည်း ထိုမိုက်သောနတ်သည် မဆင်ခြင်မူ၍ တနေ့သ၌ ကြောက်မက်ဘွယ်သော အာရုံကို ပြ၍ ခြင်္သေ့ ကျားတို့ကို ပြေးစေ၏။ လူတို့သည် ခြင်္သေ့ ကျားတို့ကိုမမြင်၍ ခြင်္သေ့ကျားတို့သည် တပါးသောတောသို့ သွားကုန်ပြီဟု သိ၍ တောအုပ်၏ နံပါးတဘက်ကို ဖြတ်ကုန်၏။ ရုက္ခစိုဝ်းနတ်သည် ဘုရားလောင်းနတ်သို့ ချဉ်းကပ်၍ အဆွေ အကျွန်ုပ်သည် အဆွေ့စကားကို မနာယူ၍ ထိုခြင်္သေ့ ကျားတို့ကို ပြေးစေ၏။ ထိုခြင်္သေ့ ကျားတို့သည် သွားသောအဖြစ်ကိုသိ၍ လူတို့သည် တောအုပ်ကို ဖျက်ဆီးကုန်၏။ အဘယ်သို့ ပြုအပ်သနည်းဟု ဆိုသော် ယခု ထိုခြင်္သေ့, ကျားတို့သည် နေသောတောသို့သွား၍ ခြင်္သေ့ကျားတို့ကို ပင့်ဆောင်ချေလောဟု စေသည်ရှိသော် ထိုတောသို့သွား၍ ခြင်္သေ့ , ကျားတို့၏ရှေ့မှ လက်အုပ် ချီ၍-

၆၆။ ဧထ ဗြဂ္ဃါ နိဝတ္တဝှေါ၊ ပစ္စုပေထ မဟာဝနံ။
မာ ဝနံ ဆိန္ဒိ နိဗျဂ္ဃံ၊ ဗြဂ္ဃါ မာ ဟေသု နိဗ္ဗနာ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၆။ ဗြဂ္ဃါ၊ ကျား ခြင်္သေ့တို့။ တုမှေ၊ သင်တို့သည်။ ဧထ၊ လာတော်မူကြပါကုန်။ နိဝတ္တဝှေါ၊ ပြန်လည်လာကြကုန်လော့။ မဟာဝနံ၊ တောကြီးသို့။ ပစ္စု ပေထ၊ တဖန် ပြန်ကြကုန်ဦးလော့။ နိဗျဂ္ဃံ၊ ကျား ခြင်္သေ့မရှိသော။ ဝနံ၊ တောကို။ မာ ဆိန္ဒိ၊ မဖျက်စေလင့်။ ဗြဂ္ဃါ၊ ကျား ခြင်္သေ့တို့သည်။ နိဗ္ဗနာ၊ နေရာအရပ်မှ ကင်းကုန်သည်။ မာ ဟေသု၊ မဖြစ်စေကုန်လင့်။

ထိုကျား, ခြင်္သေ့တို့သည် ရုက္ခစိုဝ်းနတ် တောင်းပန်လတ်သော်လည်း သင်သည် သွားလေ၊ ငါတို့သည် မလာကုန်သလျှင်ကတည်းဟု ပယ်ကုန်၏။ ရုက္ခစိုဝ်းနတ်သည် တယောက်တည်းသာလျှင် ထိုတောအုပ်သို့ ပြန် လာ၏။ လူတို့သည်လည်း နှစ်ရက် သုံးရက်ဖြင့်သာလျှင် အလုံးစုံသော တောအုပ်ကိုဖြတ်၍ လယ်ယာလုပ်၍ ထွန်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ကောကာလိကသည် ထိုအခါ ပညာမရှိသော ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ခြင်္သေ့ ဖြစ်ဘူးပြီ၊ ယခုအခါ မေဂ္ဂလ္လာန်သည် ထိုအခါ ကျား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသောရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ပုပ်နံ့ ညှီနံ၊ သည်းမခံ၊ ဗိမာန်တောလုံးပျက်

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဗျဂ္ဃဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ဥဒပါနဝဂ်

၃။ ကစ္ဆပဇာတ်

လိပ်ခဲတန်းလန်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကော နု ဥဒ္ဓိတဘတ္တောဝ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကစ္ဆပဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် ကောသလမင်းကြီး၏ အမတ်ကြီး နှစ်ယောက်ကို ခိုက်ရန်ငြိမ်းခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုကို ဒုကနိပါတ်၌ ဆိုအပ်ပြီးသလျှင်ကတည်း။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွား၍ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ ကာမတို့ကိုပယ်၍ ရသေ့ရဟန်းပြု၍ ဟိမဝန္တာအရပ်ဝယ် ဂင်္ဂါနား၌ ကျောင်းဆောက်၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဈာန်ကစားခြင်းကို ကစားလျှက်နေ၏။ ဤဇာတ် ၌ကား ဘုရားလောင်းသည် အလွန်လျစ်လျူရှုသတတ်၊ ဥပေက္ခာပါရမီကို ဖြည့်သတတ်၊ ထိုဘုရားလောင်းသည် ကျောင်းတံခါး၌နေစဉ် တခုသော သီလမရှိသော ပြစ်မှားတတ်သော မျောက်သည် လာလတ်၍ နားပေါက်တို့၌ အင်္ဂါဇာတ်ကို သွင်းသောအမှုကို ပြု၏။ ဘုရားလောင်းသည် မမြစ်မူ၍ လျစ်လျူရှုလျက် နေ၏။ ထိုအခါ တနေ့သ၌ တခုသော လိပ်သည် ရေမှတက်၍ ဂင်္ဂါနား၌ ခံတွင်းကိုဘွင့်၍ နေပူခံလျက် အိပ်၏။ ထိုလိပ်ကိုမြင်၍ လျှပ်ပေါ်သောမျောက်သည် လိပ်ခံတွင်း၌ အင်္ဂါဇာတ်သွင်းခြင်းကို ပြု၏။ ထိုအခါ လိပ်သည်နိုး၍ မျောက်၏အင်္ဂါဇာတ်ကို ကြုပ်၌ ထည့်ဘိသကဲ့သို့ ကိုက်၏။ ပြင်းစွာသော ဝေဒနာသည် ဖြစ်၏။ ထိုဝေဒနာကို သည်းခံအံ့သောငှါ မတတ်နိုင်ရကား အဘယ်သူသည်သာလျှင် ဤဆင်းရဲမှ ငါ့ကို လွတ်ပါစေအံ့နည်း၊ အဘယ်သူ၏ အထံသို့ သွားရအံ့နည်းဟု ကြံ၍ ရသေ့ကိုထား၍ ငါ့ကို ဤဆင်းရဲမှ လွတ်စေနိုင်သော တပါးသောသူသည် မရှိ။ ငါသည် ရသေ့အထံသို့ သွားခြင်းငှာသင့်၏ဟု လိပ်ကို လက်နှစ်ဘက်တို့ဖြင့် ချီ၍ ဘုရားလောင်း အထံသို့ သွား၏။ ဘုရားလောင်းသည် ထိုသီလမရှိသော မျောက်နှင့်တကွ ပြက်ရယ်ပြုလိုရကား-

၆၇။ ကောနု ဥဒ္ဓိတဘတ္တောဝ၊ ပူရဟတ္ထောဝ ဗြာဟ္မဏော။
ကဟံ နု ဘိက္ခံ အစရိ၊ ကံ ဘတ္တံ ဥပသင်္ကမိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၇။ ယော၊ အကြင်သူသည်။ ကတ္တိကမာသေ၊ တန်ဆောင် မုန်းလ၌။ ဝစနကံ၊ မင်္ဂလာရွတ်ရာမှဆွမ်းကို။ လဘိတွာ၊ ရ၍။ ပူရဟတ္ထော၊ ပြည့်သောလက်ရှိသော။ ဗြာဟ္မဏာ ဣဝ၊ ပုဏ္ဏားကဲ့သို့။ ဥဒ္ဓိတဘတ္တောဝ၊ သပိတ်၌ ခူးလောင်းအပ်သော ပွားများသော ဆွမ်းရှိသကဲ့သို့ဖြစ်၍လျှင်။ အာဂစ္ဆတိ၊ လာ၏။ ဧသော၊ ဤသူသည်။ ကော နု၊ အဘယ်သူနည်း။ တွံ၊ သင်သည်။ ကဟံ နု၊ အဘယ်၌လျှင်။ ဘိက္ခ၊ ဆွမ်းကို။ အစရိ၊ ခံချေသနည်း။ သဒ္ဓံ၊ သဒ္ဓါတရားနှင့် ပြည့်စုံသော။ ကံ၊ အဘယ်အမျိုးသ္မီးသို့။ ဥပသင်္ကမိ၊ ဆည်းကပ်ချေသနည်း။

ထိုစကားကိုကြား၍ သီလမရှိသော မျောက်သည်-

၆၈။ အဟံ ကပိသ္မိ ဒုမ္မေဓော၊ အနာမသာနိ အာမသိံ။
တွံ မံ မောစယ ဘဒ္ဒံ တေ၊ မုတ္တော ဂစ္ဆေယျ ပဗ္ဗတံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၈။ တေ၊ အရှင်ဘုရားအား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ အဟံ၊ အကျွန်ုပ်သည်။ ဒုမ္မေဓော၊ ပညာမရှိသော။ ကပိ၊ မျောက်သည်။ အသ္မိ၊ ဖြစ်၏။ အဟံ၊ အကျွန်ုပ်သည်။ အနာမသာနိ၊ မသုံးသပ်အပ်သော အရာတို့ကို။ အာမသိံ၊ သုံးသပ်မိ၏။ တွံ၊ အရှင်ဘုရားသည်။ မံ၊ အကျွန်ုပ်ကို။ ဣမမှာ ဒုက္ခာ၊ ဤဆင်းရဲမှ။ မောစယ၊ လွတ်ပါစေလော့။ မုတ္တော၊ လွတ်သည်ရှိသော်။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗတံ၊ တောင်သို့။ ဂစ္ဆေယျ၊ သွားပါအံ့။

ဘုရားလောင်းသည် ထိုမျောက်ကို သနားသဖြင့် လိပ်နှင့်တကွ စကား ဆိုလိုရကား -

၆၉။ ကစ္ဆပါ ကဿပါဟောန္တိ၊ ကောဏ္ဍညာ ဟောန္တိ မက္ကဋာ။
မုဉ္စ ကဿပ ကောဏ္ဍညံ၊ ကတံ မေထုနကံ တယာ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၆၉။ ကစ္ဆပါ၊ လိပ်တို့သည်။ ကဿပ၊ ကဿပ အနွယ်ရှိသည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ မက္ကဋာ၊ မျောက်တို့သည်။ ကောဏ္ဍညာ၊ ကောဏ္ဍည အနွယ်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ကဿပ၊ ကဿပအနွယ်ဖြစ်သောလိပ်။ တယာ၊ သင်နှင့်။ မေထုနကံ၊ မေထုန်ကို။ ကတံ၊ ပြုသော။ ကောဏ္ဍညံ၊ ကောဏ္ဍညအနွယ်ဖြစ်သော မျောက်ကို။ မုဉ္စ၊ လွှတ်လော့။

လိပ်သည် ဘုရားလောင်း၏ စကားကိုကြား၍ အကြောင်းအားဖြင့် ကြည်ညိုရကား မျောက်၏အင်္ဂါဇာတ်ကို လွှတ်၏။ မျောက်သည် လွတ်တည့်ခြင်းလျှင် ဘုရားလောင်းကို ရှိခိုး၍ ပြေး၏။ တဖန် ထိုအရပ်ကို ပြန်၍လည်း မကြည့်၊ လိပ်သည် ဘုရားလောင်းကို ရှိခိုး၍မိမိနေရာသို့လျှင် သွား၏။ ဘုရားလောင်းသည် ဈာန်မှ မယုတ်သည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကိုပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ အမတ်နှစ်ယောက်တို့သည် ထိုအခါ မျောက် လိပ်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကာမသော့သွမ်း၊ ထင်တိုင်းရမ်း၊ သေပန်းရှာ၏သို့

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ကစ္ဆပဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ဥဒပါနဝဂ်

၄။ လောလဇာတ်

အမဲမက် ကျီးပျက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကာယံ ဗလာကာ သိခိနီ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤလောလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လျှပ်ပေါ်သော တပါးသောရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် တရား သဘင်သို့ ဆောင်အပ်သော ရဟန်းကို ရဟန်း သင်သည် ယခုမှသာလျှင် လျှပ်ပေါ်သည်မဟုတ်သေး၊ ရှေး၌လည်း လျှပ်ပေါ်သလျှင်ကတည်း၊ လျှပ်ပေါ်သည်၏ အဖြစ်ကြောင့် အသက်ကုန်ခြင်းသို့ ရောက်ဘူးပြီ၊ သင့်ကိုမှီ၍ ရှေးပညာရှိတို့သည် မိမိနေရာအရပ်မှ ယုတ်ဘူးကုန်ပြီဟု အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဗာရာဏသီသူဌေး၏ စဖိုအိမ်၌ စဖိုသည်သည် ကောင်းမှု၏အကျိုးငှါ ခိုတို့၏ အသိုက်တောင်းကိုထား၏။ ထိုအခါ ဘုရားလောင်းသည် ခိုမျိုး၌ဖြစ်၍ ထိုတောင်း၌ နေ၏။ ထိုအခါ တခုသော လျှပ်ပေါ်သောကျီးသည် စဖိုအိမ်အထက်ဖြင့် သွားသည်ရှိသော် အထူးထူး အပြားပြားရှိသော ငါးအမဲခဲဘွယ်ကိုမြင်၍ စားချင်ခြင်းနှိပ်စက်ရကား အဘယ်သူကိုမှီ၍ အခွင့်ကိုရခြင်းငှာ တတ်ကောင်းအံ့နည်းဟု ကြံ၍ ဘုရားလောင်းကိုမြင်၍ ဤခိုကိုမှီ၍ အခွင့်ရခြင်းငှာ တတ်ကောင်း၏ဟု ဘုရားလောင်းခို၏ အစာရှာအံ့သောငှါ တောသို့သွားသောကာလ၌ နောက်မှလိုက်၏။ ထိုအခါ ကျီးကို ဘုရားလောင်းသည် အချင်းကျီး ငါတို့သည်ကား တပါးသော အစာကို စားကုန်၏။ သင်သည်ကား တပါးသောအစာကို စား၏။ အဘယ့်ကြောင့် နောက်သို့ လိုက်သနည်းဟု ဆို၏။ အရှင်သင်တို့၏ အမူ အရာကို ငါနှစ်သက်၏။ ငါသည်လည်း သင်တို့နှင့်တူသော အစာရှိသည်ဖြစ်၍ သင်တို့ကို လုပ်ကျွေးလို၏။ ထို့ကြောင့် သင့်နောက်သို့ လိုက်၏ဟု ဆို၏။ ဘုရားလောင်းသည် ဝန်ခံ၏။ ကျီးသည် ဘုရားလောင်းနှင့်အတူ အစာရှာလျက် ကျက်စားဘိသကဲ့သို့ မြေ၌သက်၍ နွားချေးစုကို ပေါက်၍ ပိုးတို့ကိုစား၍ ဝမ်းကို ပြည့်စေ၍ ဘုရားလောင်းထံသို့ ဆည်း ကပ်၍ အရှင်တို့သည် ဤမျှလောက်သော ကာလပတ်လုံး ကျက်စားကုန်သည် သာလျှင်တည်း။ ဘောဇဉ်မည်သည်ကား ပမာဏကိုသိခြင်းငှါသင့်သည်မဟုတ်လော၊ လာလော မိုးမချုပ်မီ လျင်စွာသွားကြအံ့ဟု ကျီးသည် ဘုရားလောင်းကို ဆို၏။ ဘုရားလောင်းသည် ထိုကျီးကိုခေါ်၍ နေရာအရပ်သို့ သွား၏။ စဖိုသည်သည် ငါတို့ခိုသည် အဘော်ခေါ်၍ လာ၏ဟု ကျီး၏ အလို့ငှါ တခုသော ဖွဲတောင်းကိုထား၏။ ကျီးသည် လေးငါးရက်နေခြင်းတို့ဖြင့်လျှင် နေ၏။

ထိုအခါ တနေ့သ၌ သူဌေးဘို့ များစွာသော ငါးအမဲကို ဆောင်၏။ ကျီးသည် ထိုငါးအမဲကိုမြင်၍ စားချင်ခြင်းနှိပ်စက်ရကား မိုးသောက်ထ ကာလမှစ၍ ညည်းညူလျက် အိပ်၏။ ထိုအခါ ကျီးကို နောက်တနေ့၌ ဘုရားလောင်းသည် အဆွေ လာလော့ အစာရှာသွားကုန်အံ့ဟု ဆို၏။ သင်တို့သည် သွားကုန်လော့ ငါ့အား အစာမကျေသော ရောဂါသည် ရှိ၏ဟု ဆို၏။ အဆွေ ကျီးတို့အား အစာမကျေခြင်းမည်သည် မရှိ၊ သင်တို့၏ ဝမ်း၌ ဆီမီးစာမျှသာလျှင်ဖြစ်သော အနည်းငယ်သော အာဟာရသည် တည်၏။ ကြွင်းသော အာဟာရသည် မျိုထည့်ခြင်းလျှင် ကျေ၏။ ငါ့စကားကို နားထောင်လော့၊ ငါးအမဲအထူးကိုမြင်၍ ဤသို့ မပြုလင့်ဟု ဘုရားလောင်းသည် ဆို၏။ အရှင်အရှင်တို့သည်။ အဘယ်မည်သော စကားကို ဆိုကုန်သနည်း၊ ငါ့အား အစာမကျေသော ရောဂါရှိ၏ဟု ကျီးသည် ဆို၏။ ထိုသို့တပြီးကား မမေ့မလျော့ဖြစ်ရစ်လောဟု ကျီးကိုဆုံးမ၍ ဘုရားလောင်းသည် သွား၏။

စဖိုသည်သည် များစွာကုန်သော ငါးအမဲအထူးကိုစီရင်၍ ကိုယ်မှချွေးကိုသုတ်လျက် စဖိုအိမ်တံခါး၌ ရပ်၏။ ကျီးသည် ယခုအခါ ငါးအမဲကိုစားခြင်းငှာ အချိန်ကာလရောက်၏ဟု ပျံသွား၍ အမဲကိုချက်သော ဟင်းအိုးတို့၏ အထက်၌ နားနေ၏။ စဖိုသည်သည် ကျီးသံကိုကြား၍ ကြည့်လတ်သော် ကျီးကို မြင်၍ ဖမ်းယူပြီးလျှင် စဖိုအိမ်သို့ဝင်၍ ကိုယ်အလုံး၌ အမွေးတို့ကိုနုတ်၍ ထိပ်၌ဦးစွန်းထား၍ ချင်း ငြုတ် စသည်တို့ကို ဖျော်၍ သင်သည် ငါတို့အရှင်၏ ငါးအမဲကို စားကြွင်းကိုပြု ၏ဟု ကျီး၏ကိုယ်အလုံးကိုချင်းငြုတ် အစရှိသည်တို့၏ အရည်ဖြင့်လူး၍ အသိုက်တောင်း၌ ပစ်ချ၏။ သည်းစွာသော ဝေဒနာသည် ဖြစ်၏။ ဘုရားလောင်းသည် ကျက်စားရာအရပ်မှ လာ၍ ညည်းညူသောကျီးကိုမြင်၍ ပြက်ရယ်ပြုလိုကား-

၇၀။ ကာယံ ဗလာကာ သိခိနီ၊ စောရီ လင်္ဃီ ပိတာမဟာ။
ဩရံ ဗလာကေ အာဂစ္ဆ၊ စဏ္ဍော မေ ဝါယသော သခါ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၀။ သိခိနီ၊ ဦးစွန်းရှိထသော။ စောရီ၊ နေရာတောင်းကို ခိုးထသော။ လင်္ဃီ ပိတာမဟာ၊ မိုဃ်းဟူသော အဘိုးရှိထသော။ အယံ ဗလာကာ၊ ဤဗျိုင်းသည်။ ကာ၊ အသို့ပြုသနည်း။ ဗလာကေ၊ ဗျိုင်း။ မေ၊ ငါ၏။ သခါ၊ အဆွေ ခင်ပွန်းဖြစ်သော။ ဝါယသော၊ ကျီးသည်။ စဏ္ဍော၊ ကြမ်း၏။ ဩရံ၊ ဤအတွင်းသို့။ အာဂစ္ဆ၊ လာလော့။

ထိုစကားကိုကြား၍ ကျီးသည်-

၇၁။ နာဟံ ဗလာကာ သိခိနီ၊ အဟံ လောလသ္မိ ဝါယသော။
အကတွာ ဝစနံ တုယှံ၊ ပဿ လူနောသ္မိ အာဂတော။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၁။ အဟံ၊ ငါသည်။ သိခီနီ၊ ဦးစွန်းရှိသော။ ဗလာကာ၊ ဗျိုင်းသည်။ ၊ မဟုတ်။ အဟံ၊ ငါသည်။ လောလာ၊ လျှပ်ပေါ်သော။ ဝါယသော၊ ကျီးသည်။ အသ္မိ၊ ဖြစ်၏။ တုယှံ၊ သင်၏။ ဝစနံ၊ စကားကို။ အကတွာ၊ မလိုက်နာမူ၍။ လူနော၊ အမွေးကို နုတ်သည်။ အသ္မိ၊ ဖြစ်၏။ အာဂတော၊ ကျက်စားရာအရပ်မှ လာသော သင်သည်။ မံ၊ ငါ့ကို။ ပဿ၊ ရှုလော့။

ထိုစကားကိုကြား၍ ဘုရားလောင်းသည်-

၇၂။ ပုန ပါပဇ္ဇသိ သမ္မ၊ သီလံ ဟိ တဝ တာဒိသံ။
နဟိ မာနုသကာ ဘောဂါ၊ သုဘုဉ္ဇာ ဟောန္တိ ပက္ခိနာ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၂။ သမ္မ၊ အဆွေ။ တွံ၊ သင်သည်။ ပုနပိ၊ တဖန်လည်း။ ဧဝရူပံ၊ ဤသို့သဘောရှိသော ဆင်းရဲခြင်းသို့။ အာပဇ္ဇသိ၊ ရောက်လတ္တံ့။ ဟိ-သစ္စံ၊ မှန်၏။ တဝ၊ သင်၏။ သီလံ၊ အလေ့အကျင့်သည်။ တာဒိသံ၊ ထိုဆင်းရဲသို့ ရောက်ခြင်းအား လျော်သောသဘောရှိ၏။ ပက္ခိနာ၊ ငှက်သည်။ မာနုသကာ ဘောဂါ၊ လူတို့၏ အသုံးအဆောင်တို့သည်။ သုဘုဉ္ဇာ၊ သုံးဆောင်လွယ်ကုန်သည်။ န ဟိ ဟောန္တိ၊ မဖြစ်ကုန်သလျှင်ကတည်း။

ဘုရားလောင်းသည် ဤသို့ဆို၍ ယနေ့မှစ၍ ဤအရပ်၌ ငါသည် နေခြင်းငှာ မတတ်ကောင်းဟု ပျံ၍ တပါးသို့ သွား၏။ ကျီးသည်လည်း ညည်းညူလျက်လျှင် ထိုအရပ်၌ သေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သာလျှင် လျှပ်ပေါ်သောရဟန်းသည် အနာဂါမိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ လျှပ်ပေါ်သောရဟန်းသည် ထိုအခါ ကျီးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခို ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အစားငမ်းဘမ်း၊ ထိုကျီးကန်း၊ သေပန်းပွင့်ရှာသည်

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော လောလဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ဥဒပါနဝဂ်

၅။ ရုစိရဇာတ်

ခိုတွဲ-အမဲမျှော်

ပစ္စုပ္ပန် နှင့် အတိတ်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကာယံ ဗလာကာ ရုစိရာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤရုစိရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လျှပ်ပေါ်သောရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ နှစ်ခုကုန်သော ဝတ္ထုတို့သည် ရှေးနှင့် တူကုန်သလျှင်ကတည်း၊ ဂါထာသည်ကား ထူး၏။-

၇၃။ ကာယံ ဗလာကာ ရုစိရာ၊ ကာကနီဠသ္မိမစ္ဆတိ။
စဏ္ဍော ကာကော သခါ မယှံ၊ ယဿ စေတံ ကုလာဝကံ။
၇၄။ န နုမံ သမ္မ ဇာနာသိ၊ ဒိဇ သာမာကဘောဇန။
အကတွာ ဝစနံ တုယှံ၊ ပဿ လူနောသ္မိ အာဂတော။
၇၅။ ပုန ပါပဇ္ဇသိ သမ္မ၊ သီလံ ဟိ တဝ တာဒိသံ။
န ဟိ မာနုသကာ ဘောဂါ၊ သုဘုဉ္ဇာ ဟောန္တိ ပက္ခိနာ။

֍ ဋ္ဌ ၇၃။ ရုစိရာ၊ ဖြူစင်သောအဆင်းရှိသော။ အယံ ဗလာကာ၊ ဤဗျိုင်းသည်။ ကာ၊ အဘယ်သို့ သဘောရှိသော ဗျိုင်းနည်း။ ကာကနီဠသ္မိံ၊ ကျီးသိုက်၌။ အစ္ဆတိ၊ နေ၏။ မယှံ၊ ငါ၏။ ယဿာ စ၊ အကြင်အဆွေခင်ပွန်းအားလည်း။ ဧတံ ကုလာဝကံ၊ ဤအသိုက်သည်။ အတ္ထိ၊ ရှိ၏။ ကကော၊ ကျီးဖြစ်သော။ သောအခါ၊ ထိုအဆွေခင်ပွန်းသည်။ စဏ္ဍော၊ ကြမ်း၏။

֍ ဋ္ဌ ၇၄။ သာမာကဘောဇန၊ မြက်သီးဟူသော အစာကိုစားသော။ သမ္မ ဒိဇ၊ အဆွေခို။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ ဇာနာသိ နနု၊ သိသည်မဟုတ်လော။ တုယှံ၊ သင်၏။ ဝစနံ၊ စကားကို။ အကတွာ၊ နားမထောင်မူ၍။ အဟံ၊ ငါ့ကို။ လူနော၊ နုတ်အပ်သည်။ အသ္မိ၊ ဖြစ်၏။ အာဂတော၊ ကျက်စားရာအရပ်မှ လာသော သင်သည်။ မံ၊ ကို။ ပဿ၊ ရှုလော့။

֍ ဋ္ဌ ၇၅။ သမ္မ၊ အဆွေ။ တွံ၊ သင်သည်။ ပုနပိ၊ တဖန်လည်း။ ဧဝရူပံ၊ ဤသို့သဘောရှိသော ဆင်းရဲသို့။ အာပဇ္ဇသိ၊ ရောက်လတ္တံ့။ ဟိ-သစ္စံ၊ မှန်၏။ တဝ၊ သင်၏။ သီလံ၊ အလေ့အကျင့်သည်။ တာဒိသံ၊ ထိုသို့သဘောရှိသော ဆင်းရဲခြင်းသို့ရောက်အံ့သော သဘောရှိ၏။ ပက္ခိနာ၊ ငှက်သည်။ မာနုသကာ ဘောဂါ၊ လူတို့၏အသုံးအဆောင်တို့သည်။ သုဘုဉ္ဇာ၊ သုံးဆောင်လွယ်ကုန်သည်။ န ဟိ ဟောန္တိ၊ မဖြစ်ကုန်သလျှင်ကတည်း။

ဤဇာတ်၌လည်း ဘုရားလောင်းခိုသည် ယနေ့မှစ၍ ငါသည် ဤအရပ်၌ နေခြင်းငှါ မသင့်ဟု ပျံ၍ တပါးသော အရပ်သို့ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ လျှပ်ပေါ်သော ရဟန်းသည် အနာဂါမိ ဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ လျှပ်ပေါ်သောရဟန်းသည် ထိုအခါ လျှပ်ပေါ်သောကျီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခို ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

လျှပ်ပေါ်သူများ၊ သတိထား၊ ကျီးစား ဥပမာ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ရုစိရဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ဥဒပါနဝဂ်

၆။ ကုရုဓမ္မဇာတ်

အငတ်ပြဿနာ ရှင်းရေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် တဝ သဒ္ဓဉ္စ သီလဉ္စ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုရုဓမ္မဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဟင်္သာသတ်သော ရဟန်းတပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ နေကုန်သော အဆွေ ခင်ပွန်းတို့သည် ရဟန်းပြု၍ ပဉ္စင်းအဖြစ်ကို ရကုန်ပြီးသော် များသောအားဖြင့် တပေါင်းတည်းသာလျှင် သွားလာကုန်၏။ ထိုရဟန်းတို့သည် တနေ့သ၌ အစိရဝတီမြစ်သို့သွား၍ ရေချိုး၍ သဲပြင်၌ နေပူခံကုန်လျက် အသက်ထက်ဆုံး အောက်မေ့အပ်သောစကားကို ပြောဆို၍ နေကြကုန်၏။ ထိုခဏ၌ နှစ်ခုသော ဟင်္သာတို့သည် ကောင်းကင်ပြင်သို့ သွားကုန်၏။ ထိုအခါ တယောက်သော ပဉ္စင်းငယ်သည် ကျောက်စရစ်ကို ကောက်၍ တခုသော ဟင်္သာငယ်၏ မျက်စိကို ပစ်အံ့ဟု ဆို၏။ တယောက်သော ပဉ္စင်းငယ်သည် မတတ်နိုင်လတ္တံ့ ဟု ဆို၏။ ဤဘက်မျက်စိကို ထားဦးလော့၊ ထိုဘက်မျက်စိကိုလည်း ပစ်အံ့ဟု ဆို၏။ ထိုဘက်မျက်စိကိုလည်း မတတ်နိုင်သလျှင်ကတည်းဟု ဆို၏။ ထိုသို့တပြီးကား မှတ်လော့ဟု ဆို၍ ထက်စွာသော ကျောက်စရစ်ကိုကိုင်၍ ဟင်္သာ၏ နောက်အဘို့၌ ပစ်၏။ ဟင်္သားသည် ကျောက်စရစ်သံကြား၍ ပြန်၍ ကြည့်၏။ တခုသော လုံးသော ကျောက်စရစ်ကိုယူ၍ ထိုဘက်မျက်စိ၌ပစ်၍ ဤဘက်မျက်စိမှ ထွက်စေ၏။ ဟင်္သာသည် မြည်လျက် ရဟန်းတို့၏ညခြေရင်း၌သာလျှင် ကျ၏ ထိုထိုအရပ်၌ တည်ကုန်သောရဟန်းတို့သည်မြင်၍ လာလတ်၍ ငါ့သျှင် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော ဘုရားသာသနာတော်၌ ရဟန်းပြု၍ ပါဏာတိပါတကိုပြုသဖြင့် သင်တို့အား မလျောက်ပတ်ဟု ဆို၍ ရဟန်းတို့ကိုယူ၍ မြတ်စွာဘုရားအား ပြကုန်၏။ မြတ်စွာဘုရားသည် ရဟန်း သင်သည် ပါဏာတိပါတကို ပြုသောဟူသည် မှန်သလောဟု မေးတော်မူ၍ မှန်ပေ၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်း အဘယ့်ကြောင့် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ ပါဏာတိပါတကို ပြုဘိသနည်း၊ ရှေးပညာရှိတို့သည် ဘုရားမပွင့်မီ လူ၏ဘောင်၌ နေကုန်လျက် အနည်း ငယ်သော အရာတို့၌လည်း ကုက္ကုစ္စကို ပြုကုန်၏။ သင်သည် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ ကုက္ကုစ္စကိုလည်း မပြု၊ ရဟန်းမည်သည်ကား ကိုယ် နှုတ် စိတ်တို့ကို စောင့်ရှောက်ရသည် မဟုတ်တုံလောဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကုရုတိုင်း ဣန္ဒပတ္ထနဂိုရ်မြို့၌ ဓနဉ္စယကောရဗျမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်း၏ မိဖုယားကြီးဝမ်း၌ ပဋိသန္ဓေ ယူ၍ အစဉ်သဖြင့် အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်၌ ခပ်သိမ်းသော အတက်တို့ကိုသင်၍ အဘသည် အိမ်ရှေ့အရာ၌ ထားအပ်သည်ဖြစ်၍ နောက်အဘလွန်သဖြင့် မင်းအဖြစ်သို့ရောက်၍ ဆယ်ပါးသော မင်းကျင့်တရားတို့ကို မပျက်စေမူ၍ ကုရုဓမ္မ၌ တည်၏။ (ကုရုမ္မဟူသည်ကား ပဉ္စသီလတည်း) ဘုရားလောင်းသည် ပဉ္စသီလကို စင်ကြယ်စွာပြု၍ စောင့်ရှောက်သကဲ့သို့ ထို့အတူ ဘုရားလောင်း၏ မယ်တော် မိဖုယားကြီး, ညီတော် အိမ်ရှေ့မင်း, ပုရောဟိတ်ပုဏ္ဏား, ကြိုးတိုင်းအမတ်, ရထားထိန်း, သူဌေး, တင်းခြင်အမတ်ကြီး, တံခါးစောင့်, ပြည့်တန်ဆာမတို့သည် စင်ကြယ်စွာပြု၍ ပဉ္စ သီလတို့ကို စောင့်ရှောက်ကုန်၏။ မင်းသည် မြို့တံခါး လေး မျက်နှာ, မြို့လယ် နန်းတော်တံခါး ဤခြောက်ဌါနတို့၌ အလှူတင်းကုပ်တို့ကို ဆောက်စေကုန်၍ နေ့တိုင်း နေ့တိုင်း ခြောက်သိန်းသော ဥစ္စာတို့ကိုစွန့်၍ အလုံးစုံသော ဇမ္ဗူဒိပ်ကို လယ် ယာ ထွန်ခြင်း ပြတ်သည်ကိုပြု၍ အလှူပေး၏။ ထိုဘုရားလောင်း၏ အလှူပေးခြင်း၌ မွေ့လျော်သည်၏အဖြစ်သည် အလုံးစုံသော ဇမ္ဗူဒိပ်၌ ပြန့်နှံ၏။

ထိုအခါ ကာလိင်္ဂတိုင်း ဒန္တပူရမြို့၌ ကာလိင်္ဂမင်းသည် မင်းပြု၏။ ထိုမင်း၏တိုင်း၌ မိုဃ်းသည်ကား မရွာ၊ မိုဃ်းမရွာသည်ရှိသော် တိုင်းအလုံး၌ ငတ်မွတ်ခြင်းဘေးသည် ဖြစ်၏။ အာဟာရ ဘောက်ပြန်ခြင်းကြောင့် လူတို့အား ရောဂါသည်လည်း ဖြစ်၏။ မိုဃ်းမရွာသောဘေး ငတ်မွတ်သောဘေး ရောဂါဘေး ဤဘေးသုံးပါးတို့သည် ဖြစ်ကုန်၏။ လူတို့သည် ထွက်ကုန်၍ သူငယ်တို့ကို လက်တို့ကိုင်ကုန်၍ ထိုထိုသောအရပ်သို့ သွားကုန်၏။ တိုင်းအလုံး၌ နေကုန်သော သူတို့သည် တပေါင်းတည်း ဖြစ်ကုန်၍ ဒန္တပူရမြို့သို့သွား၍ မင်းအိမ်တံခါး၌ ကြွေးကြော်ကုန်၏။ မင်းသည် လေသာတံခါးကိုမှီ၍ တည်လျက် ထိုအသံကိုကြား၍ အဘယ့်ကြောင့် ထိုသူတို့သည် ကြွေးကြော်ကုန်သနည်းဟု မေး၏။ မြတ်သောမင်းကြီး အလုံးစုံသောတိုင်း၌ ဘေးသုံးပါးတို့သည် ဖြစ်ကုန်၏။ မိုဃ်းသည် မရွာ၊ ကောက်ပဲတို့သည် မပြည့်စုံကုန်၊ ငတ်မွတ်ခြင်းသည်ဖြစ်၏။ လူတို့သည် မကောင်းသောအစာကို စားခြင်းကြောင့် ရောဂါနှိပ်စက်ကုန်သောလူတို့သည် သားတို့ကို လက်၌ ကိုင်ကုန်၍ ရွာမှထွက်သွားကုန်၏။ မြတ်သောမင်းကြီး မိုဃ်းကို ရွာပါစေလော့ဟု ကြွေးကြော်ကုန်၏ဟု လျောက်ကုန်၏။ ရှေးမင်းတို့သည် မိုဃ်းမရွာသော် အသို့ပြုကုန်သနည်းဟု မေး၏။ မြတ်သောမင်းကြီး ရှေးမင်းတို့သည် မိုဃ်းမရွာသော် အလှူပေး၍ သီလဆောက်တည်၍ ဥပုသ်ကို အဓိဋ္ဌာန်၍ အသရေရှိသော တိုက်ခန်းသို့ဝင်၍ မြေစာမြက်ကိုခင်း၍ အိပ်ကုန်၏။ ထိုအခါ မိုဃ်းသည် ရွာ၏ဟု လျှောက်ကုန်၏။ မင်းသည် ကောင်းပြီဟု ဝန်ခံ၍ ဆိုတိုင်းကို ပြု၏။ ဤသို့ ပြုသော်လည်း မိုဃ်းသည် မရွာ။

ထိုအခါ မင်းသည် အမတ်တို့ကို ငါသည် ပြုအပ်သောကိစ္စကို ပြုပြီ၊ မိုဃ်းသည် မရွာ၊ အသို့ပြုရကုန်အံ့နည်းဟု မေး၏။ မြတ်သောမင်းကြီး ဣန္ဒပတ္ထနဂိုရ်မြို့ ဓနဉ္စယကောရဗျမင်းအား အဉ္ဇနဝဏ္ဏမည်သော မင်္ဂလာဆင်သည် ရှိ၏။ ထိုဆင်ကို ဆောင်ကုန်အံ့၊ ဤသို့ဆောင်သည်ရှိသော် မိုဃ်းသည် ရွာလတ္တံ့ဟု ဆိုကုန်၏။ မင်းသည် ဗိုလ်ပါ ဆင်မြင်းနှင့် ပြည့်စုံ၏။ စစ်ထိုး၍ နှိပ်စက်ခြင်းငှာ ခက်ခဲ၏။ အဘယ်သို့လျှင် ထိုမင်း၏ မင်္ဂလာဆင်ကို ဆောင်ကုန်အံ့နည်းဟု မင်းသည် ဆို၏။ မြတ်သောမင်းကြီး ကောရဗျမင်းနှင့် စစ်ထိုးခြင်းမည်သည်မရှိ၊ ဓနဉ္စယကောရဗျမင်းသည် အလှူဒါန၌ အလွန်မွေ့လျော် သည်ဖြစ်၍ တောင်းသည်ရှိသော် တန်ဆာဆင်သော ဦးခေါင်းကိုလည်း ဖြတ်၍ လှူရာ၏။ ကြည်ခြင်းနှင့် ပြည့်စုံကုန်သော မျက်စိတို့ကိုလည်း ထုတ်၍ လှူရာ၏။ အလုံးစုံသော မင်းအဖြစ်ကိုလည်း ဆောင်နှင်း၍ ပေးရာ၏။ ဆင်၌ကား ဆိုဘွယ် မရှိသည်သာလျှင် ဖြစ်၏။ မချွတ် တောင်းသော် ပေးကုန်လတ္တံ့ဟု အမတ်တို့သည် ဆိုကုန်၏။ အဘယ်သူတို့အားကား ထိုဆင်ကို တောင်းခြင်းငှာ စွမ်းနိုင်ကုန်အံ့နည်းဟု မင်းသည် ဆို၏။ မြတ်သောမင်းကြီး ပုဏ္ဏားတို့သည် စွမ်းနိုင်ကုန်၏ဟု အမတ်တို့သည် ဆိုကုန်၏။ မင်းသည် ပုဏ္ဏားအပေါင်းမှ ရှစ်ယောက်သော ပုဏ္ဏားတို့ကိုခေါ်စေ၍ ချီးမြှောက်ပေးကမ်းခြင်းကိုပြု၍ ဆင်ကို တောင်းစိမ့်သောငှါ စေ၏။ ထိုပုဏ္ဏားတို့သည် ရိက္ခာကိုယူပြီးသော် ခရီးသွားအသွင်ကိုယူ၍ ခပ်သိမ်းသောအရပ်တို့၌ တညဉ့်သာအိပ်သဖြင့် လျင်မြန်စွာသွား၍ နှစ်ရက် သုံးရက်ဖြင့် မြို့တံခါး အလှူတင်းကုပ်၌ စားကုန်၍ ကိုယ်ကို ရောင့်ရဲစေ၍ အဘယ်အခါ၌ မင်းသည် အလှူတင်းကုပ်သို့ လာလတ္တံ့နည်းဟု မေးကုန်၏။ လူတို့သည် ပက္ခ၏ စတုဒ္ဒသီ ပန္နရသီ အဋ္ဌမီဟူကုန်သော သုံးရက်တို့၌ မင်းသည်လာ၏။ နက်ဖြန် ပုဏ္ဏမီနေ့ ဖြစ်၏။ ထို့ကြောင့် နက်ဖြန် လာလတ္တံ့ ဟု ဆိုကြကုန်၏။

ပုဏ္ဏားတို့သည် နက်ဖြန် စောစောကလျင်သွား၍ အရှေ့တံခါး၌ နေကြကုန်၏။ ဘုရားလောင်းသည် စောစောကရေချိုး၍ ကိုယ်ကို နံ့သာဖြင့် လိမ်းကျံ၍ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်၍ တန်ဆာဆင်သော ဆင်ကျောက်ကုန်း၌ စီး၍ များစွာသော အခြံအရံဖြင့် ခြံရံအပ်သည်ဖြစ်၍ အရှေ့တံခါးဖြင့် အလှူတင်းကုပ်သို့သွား၍ ဆင်မှဆင်းသက်၍ ခုနစ်ယောက် ရှစ်ယောက်ကုန်သောသူတို့အား ကိုယ်တိုင်ထမင်းပေး၍ ရှေးနည်းဖြင့်လျှင် လှူကြကုန်လော့ဟု ဆို၍ ဆင်ကိုစီး၍ တောင်တံခါးသို့ သွား၏။ ပုဏ္ဏားတို့သည် အရှေ့တံခါး၌ အစောင့်အရှောက် အားကြီးသည်၏ အဖြစ်ကြောင့် အခွင့်ကိုမရ၍ တောင်တံခါးသို့သာလျှင် သွား၍ လာလတ်သောမင်းကို မျှော်ကုန်လျှက် တံခါးမှ မနီးလွန်းမဝေးလွန်းသော မြင်ရာအရပ်၌တည်၍ မင်းရောက်လာသော် လက်ကိုမြှောက်၍ ဇယတု ဘဝံ မဟာရာဇဟု အောင်ဆုပေးကုန်၏။ မင်းသည် ဝရဇိန်ချွန်းဖြင့် ဆင်ကိုနစ်စေ၍ ထိုပုဏ္ဏားတို့၏ အထံသို့သွား၍ အို ပုဏ္ဏားတို့ သင်တို့သည် အဘယ်ကို အလိုရှိကုန်သနည်းဟု မေး၏။ ပုဏ္ဏားတို့သည် ဘုရားလောင်း၏ ကျေးဇူးကို ချီးမွမ်းလိုရကား-

၇၆။ တဝ သဒ္ဓဉ္စ သီလဉ္စ၊ ဝိဒိတွာန ဇနာဓိပ။
ဝဏ္ဏံ အဉ္ဇနဝဏ္ဏေန၊ ကလိင်္ဂမှိ နိမိမှသေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၆။ ဇနာဓိပ၊ လူတို့ကို အစိုးရသော ကောရဗျမင်း။ မယံ၊ ငါတို့သည်။ တဝ၊ သင်မင်းကြီး၏။ သဒ္ဓဉ္စ၊ သဒ္ဓါကို၎င်း။ သီလဉ္စ၊ သီလကို၎င်း။ ဝိဒိတွာန၊ သိ၍။ ကလိင်္ဂမှီ၊ ကာလိင်္ဂရာဇ်၌။ အဉ္ဇနဝဏ္ဏေန၊ အဉ္ဇနဝဏ္ဏ ဆင်တော်ဖြင့်။ ဝဏ္ဏံ၊ ရွှေကို။ နိမိမှသေ၊ လဲလိုကုန်၏။ တနည်း... ကလိင်္ဂမှိ၊ ကာလိင်္ဂမင်း၏ အထံသို့။ အဉ္ဇနဝဏ္ဏေန၊ အဉ္ဇနဝဏ္ဏဆင်ဖြင့်။ တဝ၊ သင်မင်းကြီး၏။ ဝဏ္ဏံ၊ ကျေးဇူးကို။ နိမိမှသေ၊ ချီးမွမ်းကုန်အံ့။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ပုဏ္ဏားတို့ သင်တို့သည် ဤဆင်ကိုရောင်း၍ ဥစ္စာကို ပြုလိုကုန်သည် ဖြစ်အံ့၊ မစိုးရိမ်ကုန်လင့်၊ တန်ဆာဆင်တိုင်းသောဆင်ကို သင်တို့အား ပေးအံ့ဟု နှစ်သိမ့်စေ၍-

၇၇။ အန္နဘစ္စာ စဘစ္စာ စ၊ ယောဓ ဥဒ္ဒိဿ ဂစ္ဆတိ။
သဗ္ဗေ တေ အပ္ပဋိက္ခိပ္ပါ၊ ပုဗ္ဗာစရိယဝစော ဣဒံ။
၇၈။ ဒဒါမိ ဝေါ ဗြာဟ္မဏာ နာဂမေကံ၊
ရာဇာရဟံ ရာဇဘောဂ္ဂံ ယသဿိနံ။
အလင်္ကတံ ဟေမဇာလာဘိဆန္နံ၊
သသာရထိံ ဂစ္ဆထ ယေန ကာမံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၇၇။ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့။ အန္နဘစ္စာ စ၊ ထမင်းကျွေးအပ်ကုန်သော သူတို့သည်၎င်း။ အဘစ္စာ စ၊ ထမင်းမကျွေးအပ်ကုန်သော သူတို့သည်၎င်း။ ဣဓ၊ ဤလောက၌။ သန္တိ၊ ရှိကုန်၏။ တေသု၊ ထိုသူတို့တွင်။ ယော၊ အကြင်သူသည်။ ယံ၊ အကြင်သူကို။ ဥဒ္ဒိဿ၊ ရည်၍။ ဂစ္ဆတိ၊ သွား၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေ၊ ထိုရည်၍ သွားကုန်သော သူတို့ကို။ တေန၊ ထိုသူသည်။ အပ္ပဋိက္ခိပ္ပါ၊ မပယ်အပ်ကုန်။ ဣဒံ၊ ဤစကားသည်။ ပုဗ္ဗာစရိယဝစော၊ လက်ဦးဆရာဖြစ်သော မိဘတို့စကားတည်း။

֍ ဋ္ဌ ၇၈။ ဝေါ၊ သင်တို့အား။ ရာဇာရဟံ၊ မင်းအား လျှောက်ပတ်သော။ ရာဇဘောဂ္ဂံ၊ မင်း၏ အသုံးအဆောင်ဖြစ်သော။ ယသဿိနံ၊ အမျိုးငါးရာဟူသော အခြံအရံရှိသော။ အလင်္ကတံ၊ အထူးထူးသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော။ ဟေမဇာလာဘိဆန္နီ၊ ရွှေကွန်ယက်ဖြင့် လွှမ်းအပ်သော။ သသာရထိံ၊ ဆင်ထိန်းနှင့်တကွသော။ ဧတံ နာဂံ၊ ဤဆင်ကို။ ဝေါ၊ သင်တို့အား။ ဒဒမိ၊ ငါပေးအံ့။ ယေန၊ အကြင်အရပ်ဖြင့်။ ကာမံ၊ အလိုရှိ၏။ တေန၊ ထိုအရပ်ဖြင့်။ ဂစ္ဆထ၊ သွားကြကုန်လော့။

ဤသို့ ဘုရားလောင်းသည် မြတ်သော ဆင်ကျောက်ကုန်း၌ စီးလျက်လျှင် စကားဖြင့်လှူပြီး၍ ဆင်ကျောက်ကုန်းမှဆင်းသက်၍ တန်ဆာမဆင်ရာ ရှိငြားအံ့၊ တန်ဆာဆင်၍လျှင် လှူအံ့ဟုဆို၍ သုံးကြိမ် လက်ျာရစ်လှည့်လည်လျက် ကြည့်လတ်သော် တန်ဆာမဆင်ရာ အရပ်ကို မမြင်၍ ထိုဆင်၏နှာမောင်းကို ပုဏ္ဏားတို့၏ လက်၌ထား၍ ရွှေကရားဖြင့် ပန်းနံ့သာ ထုံအပ်သောရေကို သွန်း၍ လှူ၏။ ပုဏ္ဏားတို့သည် အခြံအရံနှင့်တကွသောဆင်ကို အလှူခံ၍ ဆင်ကျောက်ကုန်း၌စီး၍ ဒန္တပူရမြို့သို့သွား၍ မင်းအား ပေးကုန်၏။ ဆင်သည် ရောက်ငြားသော်လည်း မိုဃသည် မရွာ၊ မင်းသည် အကြောင်း အသို့တုံနည်းဟု မေးပြန်၏။ ဓနဉ္စယကောရဗျမင်းသည် ကုရုဓမ္မကို ကျင့်၏။ ထို့ကြောင့် မင်း၏ တိုင်း၌ လခွဲတကြိမ် ဆယ်ရက်တကြိမ် မင်း၏အာနုဘော်ဖြင့် မိုဃ်းသည် ရွာ၏။ ဤတိရစ္ဆာန်အား ကျေးဇူးသည် မရှိကုန်ဟု ကြား၍ ထိုသို့တပြီးကား တန်ဆာဆင်မြဲသာလျှင်ဖြစ်သော အခြံအရံနှင့်တကွ ဆင်ကို မင်းအား ပေးအပ်စေ၍ အကြင်ကုရုဓမ္မကို မင်းသည် စောင့်၏။ ထိုကုရုဓမ္မကို ရွှေပြား၌ရေး၍ ဆောင်ကြကုန်လောဟု ပုဏ္ဏားတို့ကို၎င်း အမတ်တို့ကို၎င်း စေ၏။ ထိုအမတ် ပုဏ္ဏားတို့သည်သွား၍ မင်းအား ဆင်ကိုအပ်နှင်း၍ မြတ်သောမင်းကြီး ဤဆင်သည် ရောက်လာငြားသော်လည်း အကျွန်ုပ်တို့၏ တိုင်း၌ မိုဃမရွာ၊ အရှင်မင်းကြီးတို့သည် ကုရုဓမ္မကို စောင့်ရှောက်ကုန်သတတ်၊ အကျွန်ုပ်တို့၏ မင်းသည်လည်း ထိုကုရုဓမ္မကို စောင့်ရှောက်လိုသည်ဖြစ်၍ ဤရွှေပြား၌ ရေး၍ ဆောင်ကြစေကုန်ဟု စေ၏။ ကျွန်ုပ်တို့အား ကုရုဓမ္မကို ပေးပါကုန်လောဟု လျှောက်ကုန်၏။ အမောင်တို့သည် ထိုကုရုဓမ္မကို စောင့်ရှောက် သည်မှန်၏။ ထိုသို့စောင့်ရှောက်ငြားသော်လည်း ယခုအခါ ထိုကုရုဓမ္မ၌ ငါ့အား ကုက္ကုစ္စရှိ၏။ ထိုကုရုဓမ္မသည် ငါ၏စိတ်ကို မနှစ်သက်စေနိုင်၊ ထိုကြောင့် သင်တို့အား ပေးခြင်းငှာမတတ်နိုင်ဟု မင်းသည် ဆို၏။

အဘယ့်ကြောင့် ထိုသီလသည် မင်းကို မနှစ်သက်စေနိုင်သနည်း ဟူမူကား ထိုအခါ မင်းတို့အား သုံးနှစ်မြောက်လျှင် တန်ဆောင်မုန်းလ၌ ပွဲသဘင်ဖြစ်၏။ ထိုသဘင်ကို ကစားကုန်သော် မင်းတို့သည် ခပ်သိမ်းသော တန်ဆာဖြင့် တန်ဆာဆင်ကုန်လျက် နတ်အသွင်ကိုယူကုန်၍ စိတ္တရာဇာမည်သော နတ်၏အထံ၌ တည်ကုန်၍ အရပ်လေးမျက်နှာတို့သို့ ပန်းတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော ဆန်းကြယ်သောမြားတို့ကို ပစ်လွှတ်ကုန်၏။ ဤကောရဗျမင်းသည်လည်း ထိုပွဲသဘင်ကို ကစားလတ်သော် တခုသော ရေကန်ဝယ် စိတ္တရာဇာနတ်၏ အထံ၌တည်၍ အရပ်လေးမျက်နှာတို့သို့ ဆန်းကြယ်သော မြှားတို့ကို ပစ်လွှတ်၍ ထိုမြားတို့တွင် ကြွင်းကုန်သော အရပ်လေးမျက်နှာတို့သို့ သွားကုန်သော မြှားသုံးစင်းတို့ကို မြင်၍ ရေအပြင်သို့ ပစ်အပ်သော မြှားကိုကားမမြင်၊ ငါပစ်အပ်သောမြားသည် ငါး၏ကိုယ်သို့ ကျလေသလောဟု မင်းအား ကုက္ကုစ္စ ဖြစ်၏။ ဤသို့ ပါဏာတိပါတကံဖြင့် သီလပျက်ခြင်းကို အာရုံပြုသောကြောင့် ထိုသီလသည် မင်းကို မနှစ်သက်စေ၊ ထိုမင်းသည် အမောင်ကို ငါ့အား ကုရုဓမ္မ၌ ကုက္ကုစ္စရှိ၏။ ငါ၏မယ်တော်သည်ကား ကောင်းစွာစောင့်၏။ ထို့ကြောင့် မယ်တော်အထံ၌ ယူကြကုန်လောဟု ဆို၏။ မြတ်သောမင်းကြီး သင်မင်းကြီးတို့အား သတ္တဝါကို သတ်အံ့ဟူသော စေတနာသည် မရှိ၊ စေတနာကိုကြဉ်၍ ပါဏာတိပါတမည်သည် မရှိ၊ ရှင်မင်းကြီးစောင့်ရှောက်သော ကုရုဓမ်မကိုအကျွန်ုပ်တို့အား ပေးပါကုန်လောဟု အမတ်တို့သည် ဆိုကုန်၏။ ထိုသို့တပြီးကား ရေးကြကုန်လောဟုဆို၍ ရွှေပြား၌ သတ္တဝါကို မသတ်အပ်၊ အရှင်မပေးသောဥစ္စာကို မခိုးယူအပ်၊ ကာမတို့၌ မှားသောအကျင့်ကို မကျင့်အပ်၊ မုသာဝါဒကို မဆိုအပ်၊ ယစ် မျိုးကို မသောက်အပ်ဟု ရေးစေ၏။ ရေးစေပြီး၍ကား ဤသို့ စေငြားသော်လည်း ငါ့ကို သီလသည် မနှစ်သက်စေ၊ ငါ၏ မယ်တော်အထံသို့ သွားကြလေကုန်ဟု ဆို၏။

တမန်တို့သည် မင်းကိုရှိခိုး၍ မယ်တော်အထံသို့ သွား၍လျှင် အရှင်မိဖုယား သင်တို့သည် ကုရုဓမ္မကို စောင့်ရှောက်ကုန်သတတ်၊ ထိုကုရုဓမ္မကို အကျွန်ုပ်တို့အား ပေးပါကုန်လောဟု ဆိုကုန်၏။ မယ်တော်မိဖုယားသည် အမောင်တို့ ငါသည် ကုရုဓမ္မကို စောင့်ရှောက်သည်ကား မှန်၏။ ထိုသို့စောင့်ရှောက်ငြားသော်လည်း ထိုကုရုဓမ္မ၌ ယခု ငါ့အား ကုက္ကုစ္စဖြစ်၏။ ထိုကုရုဓမ္မသည် ငါ့အားမနှစ်သက်စေနိုင်၊ ထို့ကြောင့် သင်တို့အား ပေးခြင်းငှာ မတတ်ကောင်းဟု ဆို၏။ ထိုမယ်တော် မိဖုယားအား သားနှစ်ယောက်တို့သည် ရှိကုန်သတတ်၊ သားကြီးသည် မင်းဖြစ်၏။ သားငယ်သည် အိမ်ရှေ့ မင်းဖြစ်၏။ ထိုအခါ မင်းတပါးသည် ဘုရားလောင်းအား အဘိုးတသိန်းထိုက်သော စန္ဒကူးနံ့သာနှစ်၊ အဘိုးတထောင်ထိုက်သော ရွှေပန်းကို ဆက်လာ၏။ ဘုရားလောင်းသည် မယ်တော်ကို ပူဇော်အံ့ဟု ထိုအလုံးစုံကို မယ်တော်အား ပို့စေ၏။ မယ်တော်သည်ကား ငါသည် နံ့သာကိုလည်း မလိမ်း၊ ပန်းကိုလည်းမပန်၊ ချွေးမတို့အား ပေးအံ့ဟု ကြံ၏။ ထိုအခါ မယ်တော်အား ငါ၏ချွေးမကြီးသည် မင်းမိဖုယားကြီးအရာ၌ တည်၏။ ချွေးမကြီးအား ပန်းကိုပေးအံ့၊ ချွေးမငယ်သည် ဆင်းရဲ၏။ ချွေးမငယ်အား စန္ဒကူးနံ့သာနှစ်ကို ပေးအံ့ဟု အကြံဖြစ်၏။ ဤသို့အကြံဖြစ်၍ မင်း၏မယ်တော်သည် မင်း၏ မိဖုယားအား ရွှေပန်းကိုပေး၍ အိမ်ရှေ့မင်းမယားအား စန္ဒကူးနံ့သာနှစ်ကို ပေး၏။ ပေးပြီး၍ကား ငါသည် ကုရုဓမ္မကို စောင့်၏။ ထိုချွေးမတို့၏ အစိုးရသောအဖြစ် ဆင်းရဲသောအဖြစ်သည် ငါအား ပမာဏမဟုတ်၊ အမျိုး၌ ကြီးသောသူတို့အား အရိုအသေပြုခြင်း အမှုကိုသာလျှင် ပြုခြင်းငှါ ငါ့အား လျောက်ပတ်၏။ ငါ့အား မပြုအပ်သည်ကို ပြုခြင်းကြောင့် သီလသည် ပျက်၏ဟု မယ်တော်အား ကုက္ကုစ္စဖြစ်၏။

ထို့ကြောင့် တမန်တို့ကို ဤသို့ဆို၏။ ထိုအခါ မယ်တော်ကို တမန်တို့သည် မိမိဥစ္စာမည်သည်ကို အလိုရှိတိုင်း ပေးအပ်၏။ အရှင်မိဖုယားကြီးတို့သည် ဤမျှဖြင့်လည်း ကုစ္စကိုပြုကုန်၏။ တပါးသော မကောင်းသောအမှုကို အသို့ပြုကုန်အံ့နည်း သီလမည်သည်ကား ဤသို့သောအမှုဖြင့် မပျက်၊ အကျွန်ုပ်တို့အား ကုရုဓမ္မကိုပေးပါကုန်လော့ဟု ဆို၍ မယ်တော်မိဖုယား၏ အထံ၌လည်း ယူ၍ ထိုကုရုဓမ္မတို့ကို ရွှေပြား၌ ရေးကုန်၏။

မယ်တော်မိဖုယားသည် အမောင်တို့ ဤသို့ ပေးငြားသော်လည်း ကုရုဓမ္မသည် ငါ့ကိုမနှစ်သက်စေနိုင်၊ ငါ၏ချွေးမသည်ကား ကောင်းစွာစောင့်၏။ ချွေးမအထံ၌ ယူကြလေကုန်ဟု ဆိုအပ်ကုန်သော် တမန်တို့သည် မိဖုယားကြီးအထံသို့ကပ်၍ ရှေးနည်းဖြင့်သာလျှင် ကုရုဓမ္မကို တောင်းကုန်၏။ မိဖုယားကြီးသည်လည်း ရှေးနည်းဖြင့်သာလျှင် ဆို၏။ ယခု ငါ့ကို သီလသည် မနှစ်သက်စေနိုင်၊ ထို့ကြောင့် သင်တို့အား ငါမပေးဟု ဆို၏။ ထိုမိဖုယားကြီးသည် တနေ့သ၌ ခြင်္သေ့ခံသော လေသာပြတင်းနား၌ ရပ်လျက် မြို့ကို လကျာရစ်လှည့်သော မင်း၏နောက်မှ ဆင်ကျောက်ကုန်း၌စီးသော အိမ်ရှေ့ မင်းကို မြင်၍ လောဘကို ဖြစ်စေ၍ ငါသည် အကယ်၍ အိမ်ရှေ့မင်းနှင့် အဆွေခင်ပွန်းဖွဲ့ငြားအံ့၊ အစ်ကိုလွန်သဖြင့် မင်းအဖြစ်၌ တည်သော အိမ်ရှေ့မင်းသည် ငါ့ကို သိမ်းယူငြားအံ့ဟု ကြံသတတ်၊ ထိုအခါ မိဖုယားအား ကုရုဓမ္မကိုစောင့်သောငါသည် လင်ရှိသည်ဖြစ်လျက် ကိလေသာ၏အစွမ်းအားဖြင့် တပါးသော ယောက်ျားကို ကြည့်မိ၏။ ထို့ကြောင့် သီလပျက်သည် ဖြစ်ရာ၏ဟု ကုက္ကုစ္စဖြစ်၏။ ထို့ကြောင့် ဤသို့ဆို၏။ ထိုအခါ မိဖုယားကြီးကို ထိုတမန်တို့သည် အရှင်မ စိတ်ဖြစ်ကာမျှဖြင့် လွန်ကျူး၍ ကျင့်ခြင်းမည်သည် မဖြစ်၊ သင်တို့သည်လည်း ဤမျှဖြင့်လည်း ကုက္ကုစ္စကို ပြုကုန်၏။ လွန်ကျူးခြင်းကို အသို့လျှင် ပြုကုန်လတ္တံ့နည်း၊ ဤမျှဖြင့် သီလ သည်မပျက်၊ အကျွန်ုပ်တို့အား ကုရုဓမ္မကို ပေးကုန်လော့ဟုဆို၍ မိဖုယားကြီး၏ အထံ၌လည်း ကုရုဓမ္မကို ရွှေပြား၌ ရေးယူကြကုန်၏။

မိဖုယားကြီးသည် အမောင်တို့ ဤသို့ပေးငြားသော်လည်း ငါ့ကို သီလသည် မနှစ်သက်စေ၊ အိမ်ရှေ့မင်းသည် ကောင်းစွာ စောင့်၏။ အိမ်ရှေ့ မင်း၏အထံ၌ ယူကြကုန်လော့ဟု ဆိုအပ်ကုန်သော် တမန်တို့သည် အိမ်ရှေ့မင်း၏ အထံသို့ကပ်၍ ရှေးနည်းဖြင့်သာလျှင် ကုရုဓမ္မကို တောင်းကုန်၏။ ထိုအိမ်ရှေ့ မင်းသည်ကား ညချမ်းသောအခါ မင်း၏အထံသို့ သွားသည်ရှိသော် ရထားဖြင့်လျှင် မင်းယင်ပြင်သို့ရောက်၍ မင်း၏အထံ၌ ခစား၍ မင်း၏အထံ၌ အိပ်လိုသည်ရှိသော် ကြိုးနှင်တံတို့ကို ရထားဦး၌ ထားခဲ့၏။ ထိုအမှတ်ဖြင့် လူများတို့သည်ဖဲ၍ နက် ဖြန် နံနက်စောစော လာလတ်၍ အိမ်ရှေ့မင်း၏ထွက်ခြင်းကို မျှော်လျက်လျှင် တည်၏။ ရထားထိန်းသည်လည်း ရထားကိုစောင့်ရှောက်၍ နက်ဖြန် နံနက် စောစောကလျှင် ရထားကိုယူ၍ မင်းအိမ်တံခါး၌ တည်၏။ ထိုခဏ၌သာလျှင် ထွက်လိုသည်ဖြစ်အံ့ ကြိုးနှင်တံတို့ကို ရထား၏အတွင်း၌သာလျှင် ထားခဲ့၍ မင်းအထံသို့ သွား၏။ လူများတို့သည်ထိုအမှတ်ဖြင့် ယခုလျှင် ထွက်လတ္တံ့ ဟု မင်းအိမ်တံခါး၌သာလျှင် တည်၏။ အိမ်ရှေ့မင်းသည် တနေ့သ၌ ဤသို့ပြု၍ မင်းအိမ်သို့ ဝင်၏။ ဝင်ကာမျှလျှင် မိုဃ်းသည် ရွာ၏။ မင်းသည် မိုဃ်းရွာ၏ဟု အိမ်ရှေ့မင်းအား ထွက်ခြင်းကိုမပေး၊ အိမ်ရှေ့မင်းသည် မင်းအိမ်၌သာလျှင် ခစား၍ အိပ်၏။ လူများသည် ယခုထွက်လတ္တံ့ဟု တညဉ့်ပတ်လုံး မိုဃ်းစွတ်လျှက် တည်၏။ အိမ်ရှေ့မင်းသည် နက်ဖြန်မှထွက်၍ မိုဃ်းစွတ်လျှက်တည်သော လူများကိုမြင်၍ ကုရုဓမ္မကို စောင့်ရှောက်သော ငါသည် ဤမျှလောက်သောလူကို ပင်ပန်းစေပြီ၊ ငါ၏သီလသည် ပျက်စီးရာ၏ဟု ကုက္ကုစ္စဖြစ်၏။ ထိုကြောင့် ထိုတမန်တို့အား ငါသည် ကုရုဓမ္မကို စောင့်ရှောက်သည်ကား မှန်၏။ ထိုသို့ စောင့်ရှောက်သော်လည်း ယခု ငါ့အား ကုက္ကုစ္စရှိ၏။ ထို့ကြောင့် သင်တို့အား ပေးခြင်းငှာ မတတ်ကောင်းဟု ဆို၍ ထိုအကြောင်းကိုကြား၏။ ထိုအခါ အိမ်ရှေ့မင်းကို တမန်တို့သည် အရှင်မင်းမြတ် သင်မင်းကြီးသည် ထိုသူတို့အား ပင်ပန်းစေကုန်သတည်း ဟူသော စိတ်သည်မရှိ၊ စိတ်မရှိသော် ကံမမြောက်၊ ဤအမှုဖြင့်လည်းကုက္ကုစ္စကို ပြုကုန်သေး၏။ အဘယ်မှာလျှင် အရှင်မင်းကြီးတို့အား လွန်ကျူးခြင်း ဖြစ်ကုန်အံ့နည်းဟုဆို၍ အိမ်ရှေ့မင်း၏ အထံမှလည်း သီလကိုယူ၍ ရွှေပြား၌ ရေးကုန်၏။

ဤသို့ ပေးသော်လည်း သီလသည် ငါ့ကို မနှစ်သက်စေနိုင်၊ ပုရောဟိတ်သည်ကား ကောင်းစွာ စောင့်ရှောက်၏။ ပုရောဟိတ်၏အထံ၌ ယူကြကုန်ဟူ၍ ဆိုအပ်ကုန်သော် တမန်တို့သည် ပုရောဟိတ်၏ အထံသို့သွား၍ တောင်းကုန်၏။ ထိုပုရောဟိတ်သည်လည်း တနေ့သ၌ မင်းအား ခစားခြင်းငှာ မင်းအထံသို့ သွားလတ်သော် မင်းတပါးသည် ထိုကောရဗျမင်းအား ဆက်အပ်သော အသစ်ဖြစ်သော ထွန်းပသော အရောင်အဆင်းရှိသော ရထားကို လမ်းအကြား၌မြင်၍ အဘယ်သူ၏ရထားနည်းဟု မေး၍ မင်းအား ဆက်သအပ်သော ရထားတည်းဟုကြား၍ ငါသည် အိုမင်းပြီ၊ မင်းသည် ဤရထားကို ငါ့အား အကယ်၍ ပေးငြားအံ့၊ ငါသည် ဤရထားကိုစီး၍ ချမ်းသာစွာ လှည့်လည်ရရာ၏ဟု ကြံ၍ မင်း၏ အထံသို့ သွား၏။ ထိုပုရောဟိတ်၏ ဇယတု ဘဝံ မဟာရာဇ ဟုဆို၍ တည်သောကာလ၌ မင်းအား ရထားကို ဆက်ကုန်၏။ မင်းသည် မြင်၍ ဤရထားသည် အလွန်လျှင်ကောင်း၏။ ဤရထားကို ဆရာအား ပေးကြကုန်လော့ဟု ဆို၏ ပုရောဟိတ်သည် အလိုမရှိ။ အဖန်တလဲလဲ ဆိုအပ်သော်လည်း အလိုမရှိသည်သာလျှင် ဖြစ်၏။ အဘယ့်ကြောင့် ထိုပုရောဟိတ်အား ဤသို့ အလိုမရှိခြင်းသည် ဖြစ်သနည်းဟူမူကား ကုရုဓမ္မကို စောင့်သောငါသည် သူတပါးဥစ္စာ၌ တပ် စွန်းခြင်းကိုပြု၏။ သီလသည် ပျက်၏။ ဤသို့သော အကြံသည် ဖြစ်၏။ ထို့ကြောင့် အလိုမရှိခြင်းသည် ဖြစ်၏။ ထိုပုရောဟိတ်သည် ထိုအကြောင်းကို ကြား၍ ကုရုဓမ္မ၌ ကုက္ကုစ္စသည် ငါ့အား ရှိ၏။ ငါ့ကို ကုရုဓမ္မသည် မနှစ်သက်စေနိုင်၊ ထို့ကြောင့် ပေးခြင်းငှာ မတတ်ကောင်းဟု ဆို၏။ ထိုအခါ ထိုပုရောဟိတ်ကို တမန့်တို့သည် လောဘဖြစ်ကာမျှနှင့် သီလသည် မပျက်။ သင်တို့သည် ဤမျှဖြင့်လည်း ကုက္ကုစ္စကို ပြုကုန်သေး၏။ အဘယ်မှာ လွန်ကျူးခြင်းကို ပြုကုန်အံ့နည်းဟုဆို၍ ပုရောဟိတ်၏ အထံ၌လည်း သီလကိုယူ၍ ရွှေပြား၌ ရေးကုန်၏။

ဤသိုပေးငြားသော်လည်း ငါ့ကို သီလသည် မနှစ်သက်စေနိုင်၊ ကြိုးတိုင်းအမတ်သည်ကား ကောင်းစွာ စောင့်၏။ ကြိုးတိုင်းအမတ်၏ အထံ၌ ယူကြကုန်လော့ဟု ဆိုကုန်သော် တမန်တို့သည် ကြိုးတိုင်းအမတ်၏ အထံသို့လည်းသွား၍ တောင်းကုန်၏။ ထိုကြိုးတိုင်းအမတ်သည်လည်း တနေ့သ၌ ဇနပုဒ်ဝယ် လယ်ကိုတိုင်းလတ်သည်ရှိသော် ကြိုးစွန်းကို လှံတံ၌ဖွဲ့၍ တခုသောအစွန်းကို လယ်ရှင်ကို ကိုင်စေ၍ တခုသောအစွန်းကို မိမိသည်ကိုင်၏။ ထို့ကြိုးတိုင်းအမတ်သည် ကိုင်အပ်သော ကြိုးစွန်းဖြင့် ဖွဲ့အပ်သော လှံတံသည် တခုသောပုဇွန်တွင်းအလယ်သို့ ရောက်၏။ ထိုကြိုးတိုင်းအမတ်သည် အကယ်၍ လှံတံကို ပုဇွန်တွင်း၌ စိုက်အံ့၊ တွင်း၏ အထဲ၌ ဗုဇွန်သည် ပျက်စီးလတ္တံ့၊ အကယ်၍ တွင်းမှ ထိုမှာဘက်၌ စိုက်အံ့၊ မင်း၏ဥစ္စာသည် ပျက်စီးလတ္တံ့၊ အကယ်၍ တွင်း၏ ဤမှာဘက်၌ စိုက်အံ့၊ သူကြွယ်၏ဥစ္စာသည် ပျက်စီးလတ္တံ့၊ အဘယ်သို့ ပြုအပ်သနည်း ဟူသော အကြံသည် ဖြစ်၏။ ထိုအခါ ထိုကြိုးတိုင်းအမတ်အား တွင်း၌ ပုဇွန်သည် မရှိတန်ရာ၊ အကယ်၍ ရှိငြားအံ့၊ ထင်ရှားရာ၏။ ပုဇွန်တွင်း၌ သာလျှင် လှံတံကို စိုက်အံ့ဟု အကြံသည် ဖြစ်၏။ ဤသို့ အကြံဖြစ်၍ တွင်း၌ လှံတံကို ချ၏။ ပုဇွန်သည် ကိရိဟူသော အသံကို ပြု၏။ ထိုအခါ ကြိုးတိုင်းအမတ်သည် လှံတံသည် ပုဇွန်၏ကျောက်ကုန်း၌ ကျသည် ဖြစ်လတ္တံ့၊ ပုဇွန် သေလတ္တံ့၊ ငါလည်း ကုရုဓမ္မကို စောင့်၏။ ထိုစောင့်သော သီလသည် ပျက်စီးရာ၏ ဟူသော အကြံသည် ဖြစ်၏။ ထိုကြိုးတိုင်းအမတ်သည် ထိုအကြောင်းကိုကြား၍ ထိုကုရုဓမ္မ၌ ငါ့အား ကုက္ကုစ္စသည် ဖြစ်၏။ ထို့ကြောင့် ပေးခြင်းငှာ မတတ်ကောင်းဟု ဆို၏။ ထိုအခါ ထိုကြိုးတိုင်းအမတ်ကို တမန်တို့သည် သင်တို့အား ဗုဇွန်သေစေသတည်း ဟူသော စေတနာသည် မရှိ၊ စေတနာမရှိသော် ကံမည်သည် မဖြစ်သင့်၊ ဤမျှဖြင့်လည်း ကုက္ကုစ္စဖြစ်သေး၏။ အဘယ်မှာလျှင် လွန်ကျူးခြင်းကို ပြုလတ္တံ့နည်းဟုဆို၍ ထိုကြိုးတိုင်းအမတ်၏ အထံ၌လည်း သီလကိုယူ၍ ရွှေပေရေးကုန်၏။

ဤသို့ ပေးငြားသော်လည်း ငါ့ကို သီလသည် မနှစ်သက်စေနိုင်၊ ရထားထိန်းသည်ကား ကောင်းစွာစောင့်ရှောက်၏။ ရထားထိန်း၏အထံ၌ ယူကြလေကုန်ဟု ဆိုအပ်ကုန်သော် တမန်တို့သည် ရထားထိန်းအထံသို့ သွား၍ တောင်းကုန်၏။ ထိုရထားထိန်းသည် တနေ့သ၌ မင်းကိုရထားဖြင့် ဥယျာဉ်သို့ဆောင်၍ မင်းသည် ဥယျာဉ်၌ တနေ့ပတ်လုံးကစား၍ ညချမ်းအခါ၌ ထွက်၍ ရထားစီး၍ မင်း၏မြို့သို့မရောက်မီလျှင် နေဝင်သောအခါ၌ မိုဃ်းသည် တက်၏။ ထိုအခါ ရထားထိန်းသည် မင်းအား မိုဃ်းစွတ်အံ့သည်မှ ကြောက်သောကြောင့် သိန္ဓော မြင်းတို့အား နှင်တံအမှတ်ကို ပေး၏။ သိန္ဓောမြင်းတို့သည် လျင်မြန်သဖြင့် ပြေးသွားကုန်၏။ ထိုအခါမှစ၍ကား ထိုသိန္ဓော မြင်းတို့သည် ဥယျာဉ်သို့ သွားကုန်သော်၎င်း ဥယျာဉ်မှ လာကုန်သော်၎င်း ထိုအရပ်သို့ရောက်လျှင် လျင်မြန်သဖြင့် သွားကုန်, လာကုန်၏။ အဘယ်ကြောင့် လျင်မြန်သဖြင့် သွားကုန်, လာကုန်သနည်းဟူမူကား ဤအရပ်သည် ဘေးရန်ရှိသည်ဖြစ်ရာ၏။ ထို့ကြောင့် ငါတို့အား ရထားထိန်းသည် နှင်တံအမှတ်ကို ပေး၏ဟု သိန္ဓောမြင်းတို့အား အကြံသည် ဖြစ်၏။ ထိုကြောင့် လျင်မြန်သဖြင့် သွားကုန် လာကုန်၏။ ရထားထိန်းလည်း မင်းအား မိုဃ်းစွတ်သော်၎င်း မစွတ်သော်၎င်း အပြစ်မရှိ၊ ငါသည်ကား အရာမဟုတ်သည်တို့၌ သင်အပ်ပြီးသောသိန္ဓောမြင်းတို့အား နှင်တံအမှတ်ကို ပေးမိ၏။ ထို့ကြောင့် ဤသိန္ဓောမြင်းတို့သည် ဤအခါ၌ အကြိမ်ကြိမ် ပြေးသွားရသဖြင့် ပင်ပန်းကုန်၏။ ငါသည် ကုရုဓမ္မကိုစောင့်၏။ ထို့ကြောင့် ငါ့အား သီလပျက်သည် ဖြစ်ရာ၏ဟု အကြံသည် ဖြစ်၏။ ထိုရထားထိန်းသည် ထိုအကြောင်းကို ကြား၍ ကုရုဓမ္မ၌ ငါ့အား ကုက္ကုစ္စသည်ရှိ၏။ ထို့ကြောင့် သင်တို့အား ပေးခြင်းငှာ မတတ်ကောင်းဟု ဆို၏။ ထိုအခါ ထိုရထားထိန်းကို တမန်တို့သည် သိန္ဓောမြင်းတို့အား နှင်တံအမှတ်ကို ပေးကုန်သော် သင်တို့အား ပင်ပန်းစေကုန်သတည်းဟူသော စိတ်သည် မရှိ၊ စိတ်စေတနာမရှိသော် ကံမည်သည် မဖြစ်၊ ဤမျှဖြင့်လည်း သင်တို့သည် ကုက္ကူ၊ စ္စကိုပြုကုန်၏။ အဘယ်သို့လျှင် လွန်ကျူးခြင်းကို ပြုကုန်လတ္တံ့နည်းဟု ဆို၍ ရထားထိန်း၏အထံ၌ သီလကိုယူ၍ ရွှေပြား၌ ရေးကုန်၏။

ဤသို့ ပေးငြားသော်လည်း ထိုသီလသည် ငါ့ကို မနှစ်သက်စေနိုင်၊ သူဌေးသည်ကား ကောင်းစွာ စောင့်ရှောက်၏။ သူဌေး၏အထံ၌ ယူကြလေကုန်ဟူ၍ ဆိုအပ်သော် တမန်တို့သည် သူဌေးအထံသို့သွား၍ တောင်းကုန်၏။ ထိုသူဌေးသည်လည်း တနေ့သ၌ မိမိသလေးလယ်သို့ သွား၍ အဖုံး အလုံးမှ ထွက်သော သလေးနှံကို မဆင်ခြင်၍ အိမ်သို့ ပြန် သည်ရှိသော် ကောက်နှံပန်းကို ပန်အံ့ဟု သလေးတဆုပ်ကို ယူခဲ့စေ၍ ဥသျှောင်၌ ပန်၏။ ထိုအခါ ထိုသူဌေးအား ဤလယ်မှ မင်း၏အဘို့ကို ငါသည် ပေးအပ်၏။ မင်း၏အဘို့ကို မပေးသေးသောလယ်မှ သလေးနှံတဆုပ်ကို ငါသည် ယူအပ်ပြီ၊ ငါသည်လည်း ကုရုဓမ္မကိုစောင့်၏။ ထို့ကြောင့် စောင့်သော သီလသည် ပျက်ရာ၏ဟု အကြံသည် ဖြစ်၏။ ထိုသူဌေးသည် ထိုအကြောင်းကိုကြား၍ ဤအကြောင်းကြောင့် ကုရုဓမ္မ၌ ငါ့အား ကုက္ကုစ္စသည်ရှိ၏။ ထို့ကြောင့် သင်တို့အား ပေးခြင်းငှာ မတတ်ကောင်းဟုဆို၏။ ထိုအခါ ထိုသူဌေးကို တမန်တို့သည် သင်တို့အား ခိုးလိုသော စိတ်သည်မရှိ၊ ခိုးလိုသောစိတ်နှင့်ကင်း၍ အဒိန္နာဒါန်မည်သည် မဖြစ်၊ ဤမျှဖြင့်လည်း ကုက္ကုစ္စကို ပြုကုန်၏။ သူတပါးတို့၏ ဥစ္စာမည်သည်ကို သင်တို့သည် အဘယ်မှာလျှင် ယူကုန်လတ္တံ့နည်းဟုဆို၍ သူဌေး၏အထံ၌ သီလကိုယူ၍ ရွှေပြား၌ ရေးကုန်၏။

ဤသို့ ပေးငြားသော်လည်း ငါ့ကို သီလသည် မနှစ်သက်စေနိုင်၊ တင်းခြင်အမတ်သည်ကား ကောင်းစွာ စောင့်ရှောက်၏။ ထိုအမတ်၏အထံ၌ ယူကြလေကုန်လော့ဟု ဆိုအပ်သော် ကမန်တို့သည် ထိုအမတ်၏အထံသို့ သွား၍ တောင်းကုန်၏။ ထိုအမတ်သည် တနေ့သ၌ စပါးကျီ၏တံခါး၌ ထိုင်၍ မင်း၏ အဘို့ဖြစ်ကုန်သော ကောက်တို့ကို ခြင်လတ်သော် မမြင်အပ်သော စပါးအစုမှ ကောက်တို့ကိုယူ၍ မှတ်စေ၏။ ထိုခဏ၌ မိုဃ်းသည်းစွာရွာ၏။ အမတ်ကြီးသည် အမှတ်တို့ကို ရေတွက်၍ ခြင်ပြီးသော ကောက်တို့သည် ဤမျှရှိကုန်၏ဟု ဆို၍ အမှတ်ကောက်စုကိုကိုင်၍ ခြင်ပြီးသော ကောက်စု၌ တည်စေ၍ လျင်မြန်သဖြင့်သွား၍ တံခါးမုခ်၌ရပ်၏။ ငါသည် အမှတ်မဲ့ ကောက်တို့ကို ကောက်စု၌ထည့်အပ်ကုန်ပြီ။ ခြင်ပြီးသော ကောက်၌ ထည့်အပ်ကုန်သလော၊ မခြင်သေးသော ကောက်စု၌ ထည့်အပ်ကုန်သလောဟု ကြံ၏။ ထိုအခါ အမတ်အား ခြင်ပြီးသောကောက်စု၌ ထည့်အပ်ကုန်ငြားအံ့၊ မသင့်သောအားဖြင့်သာလျှင် မင်း၏ ဥစ္စာကို ပွားစေအပ်၏။ သူကြွယ်တို့၏ ဥစ္စာသည် ပျက်စီး၏။ ငါသည် ကုရုဓမ္မကို စောင့်ရှောက်၏။ ထို့ကြောင့် ငါ၏ သီလသည် ပျက်စီးရာ၏။ ထိုတင်းခြင်အမတ်သည် ထိုအကြောင်းကိုကြား၍ ဤအကြောင်းကြောင့် ကုရုဓမ္မ၌ ငါ့အား ကုက္ကုစ္စသည် ရှိ၏။ ထို့ကြောင့် သင်တို့အား ပေးခြင်းငှါ မတတ်ကောင်းဟု ဆို၏။ ထိုအခါ ထိုတင်းခြင်အမတ်ကို တမန်တို့သည် သင်တို့အား ခိုးလိုသောစိတ်သည် မရှိ၊ ခိုးလိုသောစိတ်နှင့်ကင်း၍ အဒိန္နာဒါန်မည်သည်ကို ပညတ်ခြင်းငှာ မတတ်ကောင်း၊ ဤမျှဖြင့်လည်း ကုက္ကုစ္စကို ပြုကုန်သေး၏။ အဘယ်မှာလျင် သူတပါး၏ဥစ္စာကို ယူလတ္တံ့နည်းဟု ဆို၍ ထိုတင်းခြင်အမတ်၏ အထံ၌လည်း သီလကို ယူ၍ ရွှေပြား၌ ရေးကုန်၏။

ဤသို့ပေးငြားသော်လည်း သီလသည် ငါ့ကို မနှစ်သက်စေနိုင်၊ တံခါးစောင့်သည်ကား ကောင်းစွာ စောင့်ရှောက်၏။ တံခါးစောင့်၏ အထံ၌ ယူကြကုန်လော့ဟု ဆိုအပ်ကုန်သော် တမန်တို့သည် တံခါးစောင့်၏ အထံသို့သွား၍ တောင်းကုန်၏။ ထိုတံခါးစောင့်သည်လည်း တနေ့သ၌ မြို့တံခါးဝယ် ညချမ်းသောအခါ၌ သုံးကြိမ်အသံကို ကြွေးကြော်၏။ ထိုအခါ တယောက်သော သူဆင်းရဲသည် မိမိနှစ်မငယ်နှင့်တကွ ထင်းခွေအံ့သောငှာ တောသို့သွား၍ ပြန်လည်လတ်သော် တံခါးစောင့်၏ အသံကိုကြား၍ နှမကိုခေါ်၍ လျင်မြန်သဖြင့် ရောက်လာ၏။ ထိုအခါ ထိုယောက်ျားကို တံခါး စောင့်သည် မြို့၌မင်းရှိသည်၏အဖြစ်ကို မသိသလော၊ အလုံးစုံသော မြို့တံခါးသည် ပိတ်လတ္တံ့ဟု မသိသလော၊ မိမိမိန်းမကိုခေါ်၍ ကာမ၌ မွေ့ လျော်ကစားခြင်းကို ကစားလျက် တနေ့ပတ်လုံး တော၌ ကျက်စား၏ ဟု ဆို၏။ ထိုအခါ တံခါးစောင့်အား ထင်းခွေယောက်ျားသည် ဤမိန်းမကား ငါ့မယား မဟုတ်၊ နှမတည်းဟု ဆိုလတ်သော် ငါသည်ကား အကြောင်းမဟုတ်သည်၌ ဆို၏။ ငါသည်လည်း ကုရုဓမ္မကို စောင့်ရှောက်၏။ သီလသည် ပျက်စီးရာ၏ဟု အကြံသည် ဖြစ်၏။ ထိုတံခါးစောင့်သည် ထိုအကြောင်းကိုကြား၍ ဤအကြောင်းကြောင့် ကုရုဓမ္မ၌ ငါ့အား ကုက္ကုစ္စသည် ဖြစ်၏။ ထိုကြောင့် သင်တို့အား ပေးခြင်းငှါ မတတ်ကောင်းဟု ဆို၏။ ထိုအခါ ထိုတံခါးစောင့်ကို တမန်တို့သည် သင်တို့သည်ကား ထိုသို့အမှတ်ရှိသဖြင့် ဆိုအပ်၏။ သီလပျက်ခြင်းသည် မရှိ၊ ဤမျှ၌လည်း သင်တို့သည် ကုက္ကုစ္စကို ပြုကုန်သေး၏။ သိလျက်နှင့် မုသားကို အဘယ်မူ၍ ဆိုကုန်လတ္တံ့နည်းဟု ဆို၍ တံခါးစောင့်၏အထံ၌ သီလကိုယူ၍ ရွှေပြား၌ ရေးကုန်၏။

ဤပေးငြားသော်လည်း ငါ့ကို သီလသည် မနှစ်သက်စေနိုင်၊ ပြည့်တန်ဆာမသည်ကား ကောင်းစွာ စောင့်ရှောက်၏။ ပြည့်တန်ဆာမ၏ အထံ၌ ယူလေကုန်ဟု ဆိုအပ်ကုန်သော် တမန်တို့သည် ပြည့်တန်ဆာမအထံသို့သွား၍ တောင်းကုန်၏။ ထိုပြည့်တန်ဆာမသည် ရှေးနည်းဖြင့် သာလျှင် ပယ်၏။ အဘယ့်ကြောင့် ပယ်သနည်းဟူမူကား သိကြားမင်းသည် ပြည့်တန် ဆာမ၏ သီလကို စုံစမ်းအံ့ဟု လုလင်ငယ်၏အသွင်ဖြင့် လာလတ်၍ အကျွန်ုပ်လာပါအံ့ဟုဆို၍ တထောင်သောဥစ္စာကို ပေး၍ နတ်ပြည်သို့လျှင်သွား၍ သုံးနှစ်တို့ပတ်လုံး မလာ၊ မိမိ၏သီလ ပျက်အံ့သည်မှ ကြောက်သောကြောင့် သုံးနှစ်တို့ ပတ်လုံး တပါးသောယောက်ျား၏ လက်မှ ကွမ်းကိုမျှလည်း မယူ၊ ထိုပြည့်တန်ဆာမသည် အစဉ်သဖြင့် ဆင်းရဲသည်ဖြစ်၍ ငါ့အား တထောင်သောဥစ္စာကို ပေး၍သွားသော ယောက်ျားသည် မလာသည်ကား သုံးနှစ် ရှိပြီ၊ ငါသည် ဆင်းရဲ၍ အသက်မွေးခြင်းကို ပြုအံ့သောငှါ မတတ်နိုင်၊ ယခုအခါမှစ၍ တရားဆုံးဖြတ်ကုန်သော အမတ်ကြီးတို့အား အကြောင်း ကြား၍ ရိက္ခာကို ယူခြင်းငှါ သင့်၏ဟု ကြံ၏။ ကြံပြီး၍ ထိုပြည့်တန်ဆာမသည် တရားဆုံးဖြတ်ရာအရပ်သို့ သွား၍ အရှင်ရိက္ခာကိုပေး၍သွားသော ယောက်ျားသည် မလာသည်မှာ သုံးနှစ်ရှိပြီ။ ထိုယောက်ျား၏ သေသောအဖြစ်ကို မသိ၊ အကျွန်ုပ်သည် အသက်မွေးအံ့သောငှါ မတတ်နိုင်၍ အသို့ပြုရအံ့နည်းဟု ဆို၏။ သုံးနှစ်တိုင်အောင် မလာသော် အသို့ပြုရအံ့နည်း၊ ယနေ့မှစ၍ ရိက္ခာကိုယူလော့ဟု တရား စီရင်သော အမတ်ကြီးသည်ဆို၏။ ဤအဆုံးအဖြတ်ကိုရ၍ ဆုံးဖြတ်ရာအရပ်မှ ထွက်ခဲ့သော် ထိုပြည့်တန်ဆာမအား တယောက်သောယောက်ျားသည် တထောင်သောဥစ္စာကို ပေး၏။ ဥစ္စာကို ယူအံ့သောငှါ ထိုပြည့်တန်ဆာမ၏ လက်ကို ဖြန့်သောကာလ၌ သိကြားမင်းသည် ကိုယ်ကို ပြ၏။ ထိုပြည့်တန် ဆာမသည် ငါ့အား သုံးနှစ်အထက်၌ တထောင်သောဥစ္စာကို ပေးသောယောက်ျားသည် လာ၏။ အမောင့်အသပြာတို့ဖြင့် ငါ့အား အလိုမရှိဟုဆို၍ လက်ကို ခွေ၏။ သိကြားမင်းသည် မိမိကိုယ်ကို ဘန်ဆင်း၍လျှင် တက်သစ်သော နေလုလင်ကဲ့သို့ ထွန်းပလျက် ကောင်းကင်၌ တည်၏။ မြို့အလုံး၌ လူများသည် စည်းဝေး၏။ သိကြားမင်းသည် လူများ၏အလယ်၌ ငါသည်ကား ဤမိန်းမအား စုံစမ်းသည်၏အစွမ်းဖြင့် သုံးနှစ်အထက်၌ တထောင်သော ဥစ္စာကိုပေး၏။ သီလစောင့်သော သူတို့မည် သည်ကား ဤသို့ သဘောရှိသည်ဖြစ်၍ စောင့်ကုန်လော့ဟု ပြည့်တန်ဆာမ၏အိမ်ကို ရတနာခုနစ်ပါးတို့ဖြင့် ပြည့်စေ၍ ယနေ့မှစ၍ မမေ့မလျော့ ဖြစ်ဟု ပြည့်တန်ဆာမကို ဆုံးမ၍ နတ်ပြည်သို့လျှင် သွား၏။ ထိုပြည့်တန်ဆာမသည် ယူအပ်ပြီးသောအခကို မကျေစေမူ၍သာလျှင် ယောက်ျားတယောက်သည် ပေးအပ်သောအခကို ယူအံ့သောငှါ လက်ဖြန့်၏။ ဤအကြောင်းကြောင့် သီလသည် ငါ့ကို မနှစ်သက်စေနိုင်၊ ထိုကြောင့် သင်တို့အား ပေးခြင်းငှာ မတတ်ကောင်းဟု ပယ်၏။ ထိုအခါ ပြည့်တန်ဆာမကို တမန်တို့သည် လက်ဖြန့်ကာမျှဖြင့် သီလပျက်ခြင်းမည်သည် မရှိ၊ ဤသီလမည်သည်ကား အလွန်စင်ကြယ်သည် ဖြစ်၏ဟု ဆို၍ ထိုပြည့်တန်ဆာမ၏ အထံ၌ သီလကိုယူ၍ ရွှေပြား၌ ရေးကုန်၏။

ဤသို့ တကျိပ်တယောက်သော သူတို့၏သီလကို ရွှေပြား၌ ရေးကုန်၍ ဒန္တပုရမြို့သို့ သွား၍ ကာလိင်္ဂမင်းအား ရွှေပြားကိုပေး၍ ထိုအကြောင်းကို ကြားကုန်၏။ ကာလိင်္ဂမင်းသည် ထိုကုရုဓမ္မ၌တည်၍ ပဉ္စသီတို့ကို ဖြည့်၏။ ထိုခဏ၌ အလုံးစုံသော ကာလိင်္ဂတိုင်း၌ မိုဃိးသည် ရွာ၏။ ဘေးသုံးပါးတို့သည် ငြိမ်းကုန်၏။ တိုင်းနိုင်ငံသည် ဘေးဘျမ်းမ်းမရှိ၊ ဝပြောသာယာ၏။ ဘုရားလောင်းသည် အသက်ထက်ဆုံး ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ ပရိသတ်နှင့်တကွ နတ်ပြည်ကို ပြည့်စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် ရဟန္တာဖြစ်ကုန်၏ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ ပြည့်တန်ဆာမ ဖြစ်ဘူးပြီ၊ ယခုအခါ ပုဏ္ဏမထေရ်သည် ထိုအခါ တံခါးစောင့် ဖြစ်ဘူးပြီ၊ ယခုအခါ ကစ္စည်းမထေရ်သည် ထိုအခါ ကြိုးတိုင်းအမတ် ဖြစ်ဘူးပြီ၊ ယခုအခါ မောဂ္ဂလ္လာန် မထေရ်သည် ထိုအခါ တင်းခြင်အမတ် ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာ မထေရ်သည် ထိုအခါ သူဌေးဖြစ်ဘူးပြီ၊ ယခုအခါ အနုရုဒ္ဓါမထရျေသည် ထိုအခါ ရထား ထိန်း ဖြစ်ဘူးပြီ၊ ယခုအခါ ကဿပမထေရ်သည် ထိုအခါ ပုဏ္ဏား ဖြစ်သွားပြီ၊ ယခုအခါ နန္ဒပညာရှိသည် ထိုအခါ အိမ်ရှေ့မင်း ဖြစ်ဘူးပြီ၊ အခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ မိဖုယားကြီး ဖြစ်ဘူးပြီ၊ ယခုအခါ မယ်တော်မာယာသည် ထိုအခါ မင်း၏မယ်တော် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကောရဗျမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကုရုဓံငါး၊ ကိုယ်ကျင့်ထား၊ တိုင်းကားပြည်နယ် ဝဖြိုးကြွယ်

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကုရုဓမ္မဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ဥဒပါနဝဂ်

၇။ ရောမကဇာတ်

ခို နှင့် ရသေ့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝဿာနိ ပညာသ သမာဓိကာနိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤရောမကဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မြတ်စွာဘုရားအား သတ်အံ့သောငှါ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည် ထင်ရှားသလျှင်ကတည်း။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ခိုမျိုး၌ဖြစ်၍ များစွာသောခိုတို့ဖြင့် ခြံရံလျက် တောအရပ်ဝယ် တောင်လိုဏ်၌နေ၏။ မထင်ရှားသော သီလရှိသောရသေ့သည် ထိုခိုတို့၏နေရာအရပ်မှ မနီးမဝေးသောအရပ်၌ တခုသော ပစ္စန္တရစ်ရွာကိုမှီ၍ ကျောင်းဆောက်၍ တောင်လိုဏ်၌ နေ၏။ ဘုရားလောင်းသည် ရံခါရံခါ ရသေ့၏ အထံသို့သွား၍ တရားနာ၏။ ရသေ့သည် ထိုအရပ်၌ ကြာမြင့်စွာနေ၍ ဖဲ၏။ ထိုအခါ တပါးသော ကောက်ကျစ်သော ရသေ့သည် လာလတ်၍ ထိုလိုဏ်၌နေ၏ ဘုရားလောင်းသည် ခိုအပေါင်းခြံရံလျက် ထိုရသေ့ကိုဆည်းကပ်၍ ပဋိသန္ထာရ ပြု၍ ကျောင်း၌ကျက်စား၍ တောင်မြောင်ချောက်ကြား၏အနီး၌ အစာယူ၍ ညအခါ မိမိနေရာသို့ သွား၏။ ကောက်ကျစ်သော ရသေ့သည် ထိုအရပ်၌ အနှစ်ငါးဆယ်ကျော် နေ၏။

ထိုအခါ တနေ့သ၌ ပစ္စန္တရစ်ရွာသားတို့သည် ခိုသားကို ကောင်းစွာစီရင်၍ လှူကုန်၏။ ရသေ့သည် ခိုသား၌ ရသတဏှာဖြင့်တပ်စွန်း၍ အဘယ်မည်သော အသားနည်းဟု မေး၍ ခိုသားတည်းဟု ကြား၍ ငါ၏ ကျောင်း၌ များစွာကုန်သော ခိုတို့သည် ကျက်စားလာကုန်၏။ ထိုခိုတို့ကိုသတ်၍ အသားကိုစားခြင်းငှါ သင့်၏ဟု ကြံ၏။ ကြံပြီး၍ ထိုရသေ့သည် ဆန့် ထောပတ် နို့ဓမ်းနို့ရည် ငြုတ်အစရှိသည်တို့ကိုဆောင်၍ လျောက်ပတ်သောအရပ်၌ထား၍ ဆောက်ပုတ်ကို သင်္ကန်းစွန်းဖြင့်ဖုံး၍ ခိုတို့၏လာခြင်းကို မျှော်လျက် ကျောင်းတံခါး၌ နေ၏။ ဘုရားလောင်းသည် ခိုအပေါင်း ခြံရံလျှက် လာ၍ ထိုရသေ့ကောက်၏ ပျက်သောအမူအရာကို မြင်၍ ဤရသေ့ပျက်သည် တပါးသောအခြင်းအရာဖြင့် နေ၏။ ငါတို့၏ ဆွေမျိုးတို့၏အသားကို စားလိုသလော၊ ထိုရသေ့ကို စုံစမ်းအံ့ဟု လေကြေ၌ရပ်၍ ရသေ့၏ ကိုယ်မှ ခိုသားနံ့နံ၍ ဤရသေ့သည် ငါတို့ကိုသတ်၍ အသားကို စားလို၏။ ထိုရသေ့၏အထံသို့ သွားခြင်းငှာမသင့်ဟု ခိုအပေါင်းတို့ကိုခေါ်၍ ဖဲ၏။ ရသေ့သည် ထိုခိုမလာသည်ကို မြင်၍ ခိုတို့နှင့်တကွ သာယာသောစကားကိုဆို၍ အကျွမ်းဝင်သဖြင့် ကပ်လာကုန်သော ခိုတို့ကိုသတ်၍ အသားကို စားခြင်းငှါ သင့်၏ဟု ကြံ၍-

၇၉။ ဝဿာနိ ပညာသ သမာဓိကာနိ၊
ဝသိမှ သေလဿ ဂုဟာယ ရောမက။
အသင်္ခမာနာ အဘိနိဗ္ဗုတတ္တာ၊
ဟတ္ထတ္တမာယန္တိ မမဏ္ဍဇာ ပုရေ။
၈၀။ တေ ဒါနိ ဝက္ကင်္ဂ ကိမတ္ထမုဿုကာ၊
ဘဇန္တိ အညံ ဂိရိကန္ဒရံ ဒိဖာ။
န နူန မညန္တိ မမံ ယထာ ပုရေ။
စိရပ္ပဝုတ္ထာ အထ ဝါ န တေ ဣမေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၇၉။ ရောမက၊ ကောင်းစွာသွေးအပ်သော သန္တာအဆင်းနှင့် တူသော မျက်စိရှိသော ခို။ မယံ၊ ငါတို့သည်။ ပညာသ သမာဓိကာနိ၊ ငါးဆယ် အလွန်ရှိကုန်သော။ ဝဿာနိ၊ နှစ်တို့ပတ်လုံး။ သေလဿ၊ တောင်၏။ ဂုဟာယ၊ လိုဏ်၌။ ဝသိမှ၊ နေကုန်ပြီ။ ပုရ၊ ရှေး၌။ အဏ္ဍဇာ၊ ခိုတို့သည်။ အသင်္ကမာနာ၊ ရွံရှာခြင်း ကင်းကုန်သည်ဖြစ်၍။ အဘိနိဗ္ဗုတတ္တာ၊ ငြိမ်းသောစိတ် ရှိကုန်သည်ဖြစ်၍။ မမ၊ ငါ၏။ ဟတ္ထတ္တံ၊ လက်ဖြင့်မှီသော အရပ်သို့။ အာယန္တိ၊ လာကုန်၏။

֍ ဋ္ဌ ၈၀။ ဝက္ကင်္ဂ၊ ခို။ ဣဒါနိ၊ ယခု။ တေ ဒိဇာ၊ ထိုခိုတို့သည်။ ကိမတ္ထံ၊ အဘယ်အကျိုးငှါ။ ဥဿုကာ၊ လုံ့လပြုကုန်သည်ဖြစ်၍။ အညံ၊ တပါးသော။ ဂိရိကန္ဒရံ၊ တောင်ချောက်သို့။ ဘဇန္တိ၊ ပျံကုန်ဘိသနည်း။ မမံ၊ ငါ့ကို။ ဣမေ၊ ဤခိုတို့သည်။ ပုရေယထာ၊ ရှေး၌ကဲ့သို့။ န မညန္တိ နူန၊ မအောက်မေ့ကုန်သည်ထင်၏။ ဣမေ၊ ဤခိုတို့သည်။ စိရပ္ပတ္ထာ၊ ကြာမြင့်စွာ အရပ်တပါး၌ နေကုန်ပြီး၍။ အစ္စယေန၊ ရှည်စွာသောကာလကို လွန်သဖြင့်။ မံ၊ ကို။ န ဇာနန္တိ နူန၊ မသိကြကုန်ယောင်တကား။ အထ ဝါ၊ ထိုသို့တည်း မဟုတ်မူကား။ ဣမေ၊ ဤခိုတို့သည်။ တေ၊ ထိုကြာမြင့်စွာ နေကုန်သော ခိုတို့သည်။ န ဟောန္တိ နူန၊ မဟုတ်လေကုန်သလော။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် နောက်သို့ဆုတ်၍ တည်ပြီးလျှင်-

၈၁။ ဇာနာမ တံ န မယံ သပ္ပမူဠှာ၊
သောယေဝ တွံ တေ မယမသ္မ နာညေ။
စိတ္တဉ္စ တေ အသ္မိံ ဇနေ ပဒုဋ္ဌံ၊
အာဇီဝိကာ တေန တမုတ္တသာမ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သောဤဂါထာကိုဆို၏။

֍ ဋ္ဌ ၈၁။ အာဇီဝိကာ၊ အသက်မွေးခြင်းဟူသော အကြောင်းကြောင့် ရဟန်းပြုသော ရှင်ရသေ့ပျက်။ မယံ၊ ငါတို့သည်။ တံ၊ သင့်ကို။ ဇာနာမ၊ သိကုန်၏။ မယံ၊ ငါတို့သည်။ န သမ္ပမူဠှာ၊ မမိုက်မဲ မတွေဝေကုန်။ တွံ၊ သင်သည်သာလျှင်။ သောယေဝ၊ ထိုရှေးက ရသေ့ပင်တည်း။ မယံ၊ ငါတို့သည်။ တေ၊ ထိုကြာမြင့်စွာနေကုန်သော ခိုတို့သည်သာလျှင်။ အသ္မ၊ ဖြစ်ကုန်၏။ အညေ၊ တပါးကုန်သော ခိုတို့သည်။ န အသ္မ၊ မဖြစ်ကုန်။ အသ္မိံ ဇနေ၊ ဤခိုအပေါင်း၌။ တေ၊ သင်၏။ စိတ္တဉ္စ၊ စိတ်သည်ကား။ ပဒုဋ္ဌံ၊ ပြစ်မှား၏။ တေန၊ ထို့ကြောင့်။ တံ၊ သင့်ကို။ မယံ၊ ငါတို့သည်။ ဥတ္တသာမ၊ ထိတ်လန့်ကုန်၏။

ကောက်ကျစ်သော ရသေ့သည် ငါ့ကို ဤခိုတို့သည် သိပြီဟု ဆောက်ပုတ်ကိုလွှတ်၍ အချင်းခို သွားလေတော့ ချွတ် ယွင်းလေ၏ဟု ဆို၏။ ထိုအခါ ရသေ့ကို ဘုရားလောင်းသည် ရှေးဦးစွာ ငါ့ကို ချွတ်ယွင်း၏။ အပါယ်လေးပါးတို့ကိုကား မချွတ်ယွင်း၊ အကယ်၍ ဤကျောင်း၌ နေအံ့၊ ရွာသားတို့အား ဤရသေ့သည် ခိုးသူတည်းဟု အကြောင်းကြား၍ သင့်ကို ဖမ်းစေအံ့၊ လျင်စွာ ပြေးလေလော့ဟု ရသေ့ကို ခြိမ်းချောက်၍ ဖဲလေ၏။ ရသေ့ကောက်သည် ထိုကျောင်း၌နေခြင်းငှါ မတတ်နိုင်၍ တပါးသော အရပ်သို့သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကောက် ကျစ်သော ရသေ့ ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ရှေး၌နေသော သီလရှိသော ရသေ့ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခိုတို့၏အကြီး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

နဂိုစိတ်ထား၊ ပျက်စိတ်ငြား၊ အခြား သူငါသိ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ရောမကဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ဥဒပါနဝဂ်

၈။ မဟိံသရာဇဇာတ်

မျောက်ယုတ်မာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကိမတ္ထ မဘိသန္ဓာယ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟိံသရာဇဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လျှပ်ပေါ်သာ မျောက်တခုကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တဦးသော အမျိုးသားသည် မွေးကပ်သောမျောက်သည် ဆင်တင်းကုပ်သို့သွား၍ သီလရှိသော တခုသောဆင်၏ ကျောက်ကုန်း၌ နေ၍ ကျင်ကြီးကျင်ငယ် စွန့်၏။ ကျောက်ကုန်း၌ စင်္ကြံသွား၏။ ဆင်သည် သီလရှိသည်၏ အဖြစ်ကြောင့် သည်းခံခြင်းဖြင့် အမျက်မထွက်၊ တနေ့သ၌ ထိုဆင်၏နေရာ၌ တပါးသော ကြမ်းသော ဆင်ငယ်သည် နေ၏။ ထိုမျောက်သည် ထိုသီလရှိသောဆင်လျှင်တည်းဟူသော အမှတ်ဖြင့် ကြမ်းသောဆင်၏ ကျောက်ကုန်းသို့ တက်၏။ ထိုအခါ မျောက်ကို ဆင်သည် လျင်မြန်စွာ နှာမောင်းဖြင့်ယူ၍ မြေ၌ချထား၍ ခြေဖြင့်နင်း၍ ကြေစေ၏။ ထိုအကြောင်းသည် ရဟန်း သင်္ဃာ၌ ထင်ရှားစွာ ဖြစ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ လျှပ်ပေါ်သော မျောက်သည် သီလရှိသော ဆင်ဟူသော အမှတ်ဖြင့် ကျောက်ကုန်းသို့ တက်၏။ ထိုအခါ ထိုမျောက်ကို ထိုကြမ်းသောဆင်သည် အသက်ကုန်ခြင်းသို့ ရောက်စေ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မိန့်တော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်လေသည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုမျောက်သည် လျှပ်ပေါ်သည် မဟုတ်သေး၊ ရှေးအခါ ၌လည်း ဤအတူသာလျှင် လျှပ်ပေါ်သည်သာတည်းဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တအရပ်ဝယ် ကျွဲမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် အားနှင့်ပြည့်စုံ၏။ ကြီးသောကိုယ် ရှိ၏။ တောင်ခြေရင်း ချိုင့်ဝှမ်းရာ ခဲယဉ်းသော တောအုပ်တို့၌ ကျက် စားလျက် လှည့်လည်သော် တခုသော ချမ်းသာသော သစ်ပင်ရင်းကိုမြင်၍ အစာကိုယူပြီး၍ နေ့အခါ ထိုသစ်ပင်ရင်း၌ နေ၏။ ထိုအခါ တခုသော လျှပ်ပေါ်သော မျောက်သည် သစ်ပင်မှဆင်းသက်၍ ကျွဲ၏ ကျောက်ကုန်းသို့ တက်၏။ ကျင်ကြီး ကျင်ငယ်စွန့်၍ ချိုတို့ကိုင်၍ တွဲလျားဆွဲလျက် အမြီးတို့၌ ကိုင်၍ ပုခက်လွှဲသကဲ့သို့ပြု၍ ကစား၏။ ဘုရားလောင်းသည် သည်းခံခြင်း ချစ်ခြင်း သနားခြင်းနှင့် ပြည့်စုံသည်၏အဖြစ်ကြောင့် ထိုမျောက်သည် ထိုမရိုမသေ ကျင့်ခြင်းကို နှလုံးမပြု၊ မျောက်သည် အဖန် တလဲလဲ ထို့အတူသာလျှင် ပြုကျင့်၏။ ထိုအခါ တနေ့သ၌ ထိုသစ်ပင်ရင်း၌နေသောနတ်သည် သစ်ခွကြား၌တည်၍ ထိုကျွဲမင်းကို မျောက်ပျက်၏ မထေမဲ့မြင်ပြုခြင်းကို သည်းခံဘိ၏။ ထိုမျောက်ပျက်ကို မြစ်လော့ဟု ဆို၍ ထိုအနက်ကို ပြလိုရကား-

၈၂။ ကိမတ္ထ မဘိသန္ဓာယ၊ လဟုစိတ္တဿ ဒုဗ္ဘိနော။
သဗ္ဗကာမဒဒဿေဝ၊ ဣဒံ ဒုက္ခံ တိတိက္ခသိ။
၈၃။ သိင်္ဂေန နိဟနာဟေတံ၊ ပဒသာ စ အဓိဋ္ဌဟ။
ဘိယျော ဗာလာ ပကုဇ္ဈေယျုံ၊ နော စဿ ပဋိသေဓကော။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၈၂။ မဟိံသရာဇ၊ ကျွဲမင်း။ သဗ္ဗကာမဒဒဿ၊ အလုံးစုံသော အလိုကို ပေးတတ်သော အရှင်၏။ ဒုက္ခံ၊ ဆင်းရဲကို။ တိတိက္ခသိ ဣဝ၊ သည်းခံသကဲ့သို့။ ကိမတ္တံ၊ အဘယ်အကျိုးကို။ အဘိသန္ဓာယ၊ ရည်၍။ လဟုစိတ္တဿ၊ ပေါ့သောစိတ်ရှိသော။ ဒုဗ္ဘိနော၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်သောမျောက်၏။ ဣဒံ ဒုက္ခံ၊ ဤဆင်းရဲကို။ တိတိက္ခသိ၊ သည်းခံဘိသနည်း။

֍ ဋ္ဌ ၈၃။ ဧတံ၊ ထိုမျောက်ကို။ သိင်္ဂေန စ၊ ချိုဖြင့်လည်း။ နိဟနာဟိ၊ သတ်လိုက်ပါလော။ ပဒသာ စ၊ ခွါဖြင့်လည်း။ အဓိဋ္ဌဟ၊ သေအောင် သတ်လော့။ ပဋိသေဓကော၊ တားမြစ်ခြင်းသည်။ နော စဿ၊ မဖြစ်ငြားအံ့။ ဗာလာ၊ မိုက်ကုန်သော သတ္တဝါတို့သည်။ ဘိယျော၊ အဖန်တလဲလဲ။ ပကုဇ္ဈေယျုံ၊ ညှဉ်းဆဲကုန်ရာ၏။

ထိုစကားကို ကြား၍ ဘုရားလောင်းသည် သစ်ပင်စောင့်နတ် ငါသည် ဤမျောက်ထက် အမျိုးအနွယ် အစရှိသည်တို့ဖြင့် လွန်မြတ်သည် ဖြစ်လျက် ဤမျောက်၏အပြစ်ကို အကယ်၍ သည်းမခံအံ့၊ အဘယ်မှာ ငါ၏နှလုံးအလိုသည် ပြီးခြင်းသို့ ရောက်နိုင်အံ့နည်း၊ ဤမျောက်သည်ကား ငါ့ကိုကဲ့သို့ တပါးသောကျွဲကိုလည်း ထင်မှတ်၍ မရိုသေသောအမှုကို ပြုလတ္တံ့၊ ထိုအခါ ကြမ်းကုန်သော ကျွဲတို့သည် ဤမျောက်ကား ဤသို့ပြု၏ဟု သတ်ကုန်လတ္တံ့၊ ထိုသို့သော တပါးသော ကျွဲတို့သည်သတ်၍ ထိုမျောက်၏ သေခြင်းကြောင့် ငါ့အား ဆင်းရဲမှ၎င်း ပါဏာတိပါတမှ၎င်း လွတ်ခြင်းသည် ဖြစ်လတ္တံ့ ဟုဆိုလို၍-

၈၄။ မမေဝါယံ မညမာနော၊ အညေပေဝံ ကရိဿတိ။
တေ နံ တတ္ထ ဝဓိဿန္တိ၊ သာ မေ မုတ္တိ ဘဝိဿတိ။

ဟူသော သုံးခုမြောက်ဖြစ်သောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၄။ ရုက္ခဒေဝတာ၊ ရုက္ခစိုဝ်းနတ်မင်း။ အယံ၊ ဤမျောက်သည်။ မမေဝ၊ ငါ့ကိုကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ မညမာနော၊ အောက်မေ့၍။ အညေပိ၊ တပါးသော ကျွဲတို့ကိုလည်း။ ကရိဿတိ၊ ပြုလတ္တံ့။ တတ္ထ၊ ထိုအရပ်၌။ တေ၊ ထိုကျွဲတို့သည်။ နံ၊ ထိုမျောက်ကို။ ဝဓိဿန္တိ၊ သတ်ကုန်လတ္တံ့။ သာ၊ ထိုသတ်ခြင်းသည်။ မေ၊ ငါ့အား။ မုတ္တိ၊ ဆင်းရဲခြင်း ပါဏာတိပါတဖြစ်ခြင်းမှ လွတ်ခြင်းငှါ။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

နှစ်ရက်သုံးရက်လွန်သဖြင့် ဘုရားလောင်းသည် တပါးသော အရပ်သို့သွား၏။ တပါးသော ကြမ်းသော ကျွဲသည် ထိုအရပ်သို့ လာ၍ နေ၏။ ပျက်ချော်သော မျောက်သည် ဤကျွဲကား ထိုကျွဲကောင်းလျှင်တည်းဟု အမှတ်ရှိသဖြင့် ထိုကျွဲ၏ ကျောက်ကုန်းသို့တက်၍ ထို့အတူသာလျှင် မရိုမသေသောအကျင့်ကို ကျင့်၏။ ထိုအခါ ထိုမျောက်ကို ထိုကျွဲသည် ခါလျက် မြေ၌ကျစေ၍ ချိုဖြင့် ရင်၌ဘောက်၍ ခြေတို့ဖြင့်နင်း၍ ကြေစေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ယခုအခါ ဤကြမ်းသောဆင်သည် ထိုအခါ ကြမ်းသောကျွဲ ဖြစ်ဘူးပြီ၊ ယခုအခါ ဤမျောက်သည် ထိုအခါ ပျက်သောမျောက် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သီလရှိသောကျွဲမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မျိုးဇာတ်နွယ်မှာ၊ တူတုံပါလည်း၊ မှတ်ရာတူဖြင့်၊ မူမကျင့်လင့်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော မဟိံသရာဇဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ဥဒပါနဝဂ်

၉။ သတပတ္တဇာတ်

ရန်သူ မိတ်ထင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယထာ မာဏာဝကော ပန္ထေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသတပတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပဏ္ဍုကလောဟိတက ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဆဗ္ဗဂ္ဂီရဟန်းတို့တွင် မေတ္တိယဘူမဇက ရဟန်းနှစ်ပါးတို့သည် ရာဇဂြိုဟ်ပြည်ကိုမှီ၍ နေကုန်၏။ အဿဇိပုနဗ္ဗသုက ရဟန်းနှစ်ပါးတို့သည် ကီဋာဂိရိကိုမှီ၍ နေကုန်၏။ ဤပဏ္ဍုကလောဟိတက ရဟန်းနှစ်ပါးတို့သည်ကား သာဝတ္ထိပြည်ကိုမှီ၍ ဇေတဝန် ကျောင်းတော်၌ နေကုန်၏။ တရားသဖြင့်ငြိမ်းပြီးသော အဓိကရုဏ်းကို လှန်၍ ဖြစ်စေပြန်ကုန်၏။ အကြင်ရဟန်းတို့သည် ထိုပဏ္ဍုကလောဟိတကတို့၏တကွ မြင်ဘူး ဆည်းကပ်ဘူးသော အဆွေခင်ပွန်း ဖြစ်ကုန်၏။ ထိုရဟန်းတို့အားလည်း ထောက်ပံ့ခိုင်စေကုန်၍ ငါ့သျှင်တို့သည် ထိုရဟန်းတို့နှင့် အမျိုးအားဖြင့်၎င်း အနွယ်အားဖြင့်၎င်း သီလအားဖြင့်၎င်း ဝတ်အစရှိသည်တို့ဖြင့်၎င်း မတူကုန်၊ ထိုရဟန်းတို့သည် ငါ့သျှင်တို့အောက် ယုတ်ကုန်၏။ သင်တို့သည် မိမိအယူကို စွန့်ကုန်ငြားအံ့၊ ထိုရဟန်းတို့သည် သင်တို့ထက် အလွန်ထင်စွာ ဖြစ်ကုန်လတ္တံ့၊ ဤသို့ အစရှိသည်တို့ကိုဆို၍ အယူကို လွတ်စိမ့်သောငှါမပေးကုန်၊ ထိုကြောင့် ခိုက်ရန်ငြင်းခုံခြင်း အထူးထူးအပြားပြား ပြောဆိုခြင်းတို့သည် ဖြစ်ကုန်၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား ထိုအကြောင်းကို ကြားလျှောက်ကုန်၏။ ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် ထိုအရာ၌ ရဟန်းတို့ကို စည်းဝေးစေ၍ ပဏ္ဍုကလောဟိတက ရဟန်းတို့ကိုခေါ်စေ၍ ရဟန်းတို့ သင်တို့သည် မိမိ၏ငြိမ်းလေပြီးသော အဓိကရုဏ်းကို လှန်ကြကုန်သောဟူသည် တပါးကုန်သော ရဟန်းတို့အားလည်း အယူကို စွန့်စိမ့်သောငှာ မပေးကြကုန်သောဟူသည် မှန်သလောဟု မေးတော်မူ၍ မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ သင်တို့၏အမူအရာသည် ခေါက်ရှာငှက်နှင့် လုလင်၏ အမူအရာကဲ့သို့ ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မထင်ရှားသော ကာသိရွာဝယ် တဦးသော အမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် လယ်လုပ်ခြင်း ကုန်သွယ်ခြင်း အစရှိသည်ဖြင့် အသက်မွေးခြင်းကို မပြုမူ၍ ငါးရာကုန်သော ခိုးသူတို့ကိုယူ၍ ထိုခိုးသူတို့၏အကြီးဖြစ်၍ ခရီးသွားတို့ကို လုယက်ခြင်း အိမ်ခြံစပ်ကိုဖြတ်၍ ခိုးယူခြင်း အစရှိသည်တို့ကိုပြု၍ အသက်မွေးခြင်းကို ပြု၏။ ထိုအခါ ဗာရာဏသီပြည်၌ တယောက်သော သူကြွယ်သည် တယောက်သော ဇနပုဒ်သားအား အသပြာတထောင် ပေး၍ တဖန်မယူမူ၍ သေ၏။ ထိုသူကြွယ်၏မယားသည် နောက်အခါ နာ၍ သေရာညောင်စောင်း၌ အိပ်သည်ရှိသော် သားကိုခေါ်၍ ငါ့သား သင့်အဘသည် တယောက်သောသူအား တထောင်သော အသပြာကိုပေး၍ မယူမူ၍လျှင် သေ၏။ ငါသည်လည်း အကယ်၍ သေငြားအံ့၊ ထိုသူသည် သင့်အား မပေးလတ္တံ့၊ သွားချေ အသက်ရှိစဉ်လျှင် ထိုသူကိုပေးစေ၍ ယူချေလောဟုဆို၏။ ထိုလုလင်သည် ကောင်းပြီဟု ထိုဇနပုဒ်သို့သွား၍ အသပြာတို့ကို ရ၏။ ထိုလုလင်၏အမိသည် သေ၍ သား၌ချစ်သဖြင့် သား၏လာရာလမ်း၌ ဥပပါတ်မြေခွေးမ ဖြစ်၏။

ထိုအခါ ထိုခိုးသူကြီးသည် ခရီးသွားတို့ကို လုယက်လျှက် ပရိသက်နှင့်တကွ ထိုခရီး၌နေ၏။ ထိုအခါ ထိုမြေခွေးမသည် သား တောအုပ်ဝသို့ ရောက်သည်ရှိသော် အမောင် တော အုပ်သို့ မသွားလင့်၊ ထိုတောအုပ်၌ ခိုးသူတို့သည် နေကုန်၏။ ထိုခိုးသူတို့သည် သင့်ကိုသတ်၍ အသပြာတို့ကို ယူကုန်လတ္တံ့ဟု အဖန်တလဲလဲ ခရီးသို့ဖြတ်သန်း၍ တား၏။ ထိုလုလင်သည် ထိုအကြောင်းကို မသိ၍ ယုတ်မာသော မြေခွေးမသည် ငါ၏လမ်းကို ဖြတ်သန်း၏ဟု ထိုမြေခွေးမကို ခဲ လှံတံ ကိုင်၍ ပစ်ခတ်၍ ပြေးစေပြီးသော် တောအုပ်သို့သွား၏။ ထိုအခါ တခုသော ခေါက်ရှာငှက်သည် ယောက်ျား၏ လက်၌ အသပြာတထောင်ရှိ၏။ ဤယောက်ျားကိုသတ်၍ အသပြာကို ယူကုန်လော့ဟု မြည်လျှက် ခိုးသူတို့သို့ ရှေးရှုပျံ၏။ လုလင်သည် ထို ခေါက် ရှာငှက် ပြုသောအကြောင်းကိုမသိ၍ ဤငှက်ကား မင်္ဂလာငှက်တည်း၊ ယခု ငါ့အား မင်္ဂလာဖြစ်လတ္တံ့ဟု ကြံ၍ အရှင်မြည်လော့ အရှင်မြည်လော့ဟု ဆို၍ လက်အုပ်ချီ၏။

ဘုရားလောင်းသည် ခပ်သိမ်းသော သတ္တဝါတို့၏ မြည်သံကို သိ၏။ ထိုလုလင်နှင့် ခေါက်ရှာငှက်တို့၏ အမူ အရာကို မြင်၍ ဤမြေခွေးမသည် ဤလုလင်၏အမိ ဖြစ်ရာ၏။ ထိုကြောင့် မြေခွေးမသည် ဤလုလင်ကို သတ်၍ အသပြာတို့ကို ယူလတ္တံ့ဟု ကြောက်၍ လုလင်ကို မြစ်၏။ ဤခေါက်ရှာ ငှက်သည်ကား လုလင်၏ ရန်သူ ဖြစ်ရာ၏။ ထိုကြောင့် ထိုခေါက် ရှာငှက်သည် ဤလုလင်ကို သတ်၍ အသပြာတို့ကို ယူကုန်လော့ဟု ငါတို့အား ကြား၏။ ဤလုလင်သည်ကား ထိုအကြောင်းကို မသိ၍ အကျိုးစီးပွားကို အလိုရှိသောအမိကို ခြိမ်းချောက်၍ပြေးစေ၏။ အကျိုးမဲ့ကိုအလိုရှိသော ခေါက်ရှာ ငှက်အား ငါ၏ အကျိုးကို အလိုရှိ၏ဟုအမှတ်ရှိသဖြင့် လက်အုပ် ချီ၏။ ဤလုလင်သည်ကား မိုက်လေစွဟု ကြံ၏။ ထိုစကားသည် မှန်၏။ ဘုရားလောင်းဖြစ်သော ယောက်ျား မြတ်တို့အားလည်း မညီညွတ်သော ပဋိသန္ဓေယူခြင်း အစရှိသည်တို့၏ အစွမ်းအားဖြင့် ဤသို့ သူတပါးတို့၏ ဥစ္စာကို ခိုးယူခြင်းသည် ဖြစ်၏။ နက္ခတ်အပြစ်ကြောင့် ဖြစ်သည်ဟူ၍လည်း ဆိုကုန်၏။

လုလင်သည် လာလတ်၍ ခိုးသူတို့၏ အပိုင်းအခြားအတွင်းသို့ ရောက်၏။ ဘုရားလောင်းသည် ထိုလုလင်ကို ယူခဲ့စေ၍ အဘယ်အရပ်၌ နေသနည်းဟု မေး၏။ ဗာရာဏသီ ပြည်၌ နေသတည်းဟု ဆို၏။ အဘယ်သို့ သွားသနည်းဟု မေး၏။ တခုသောရွာ၌ ရအပ်သော တထောင်သော အသပြာရှိ၏။ ထိုအရပ်သို့ သွား၏ဟု ဆို၍ သင်သည် ရခဲ့သလောဟု မေးလတ်သော် ရခဲ့၏ဟု ဆို၏။ အဘယ်သူသည် သင့်ကို စေသနည်းဟု မေး၏။ အကျွန်ုပ်အဘ သေသည်ရှိသော် အမိသည်လည်း နာ၏။ ထိုအမိသည် သေလတ်သော် ဤသားသည် မရရစ်လတ္တံ့ ဟုထင်မှတ်၍ အကျွန်ုပ်ကို စေ၏ဟု ဆို၏။ ယခု သင့်အမိ၏ အကြောင်းကို သိ၏လောဟု မေး၏။ အရှင်မသိဟု ဆို၏။ သင့်အမိသည် သင်ထွက်သည် ရှိသော်လျှင် သေ၍ သား၌ချစ်ခြင်းကြောင့် မြေခွေးမဖြစ်၍ သင်၏သေခြင်းမှ ကြောက်သောကြောင့် ခရီးအကြား၌ သင့်လမ်းကို ဖြတ် သန်း၍ သင့်ကို တားမြစ်၏။ သင်သည် ထိုမြေခွေးမကို ခြိမ်းချောက်၍ ပြေးစေ၏။ ခေါက်ရှာငှက်သည်ကား သင်၏ ရန်သူဖြစ်၏။ ထိုခေါက်ရှာငှက်သည် လုလင်ကို သတ်၍ အသပြာတို့ကို ယူကုန်လော့ဟု ငါတို့အား ကြားလာ၏။ သင်သည် မိမိ၏ မိုက်သည်၏ အဖြစ်ကြောင့် အကျိုးစီးပွားကို အလိုရှိသော အမိကို ငါ၏ အကျိုးမဲ့ကို အလိုရှိ၏ဟု ထင်မှတ်၏။ အကျိုးမဲ့ကို အလိုရှိသော ခေါက်ရှာ ငှက်ကို ငါ၏အကျိုးကို အလိုရှိ ၏ဟု ထင်မှတ်၏။ ထို့ကြောင့် သင်တို့အား ပြုအပ်သော ကျေးဇူးမည်သည်မရှိ၊ သင့်အမိ၏ ကျေးဇူးတို့သည်ကား များကုန်၏။ ထိုအမိကျေးဇူးတို့ကိုရည်၍ တထောင်သော အသပြာတို့ကို ယူ၍ သင်သွားလေလော့ဟု လွှတ်လိုက်လေ၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၈၅။ ယထာ မာဏဝကော ပန္ထေ၊ သိင်္ဂါလိံ ဝနဂေါစရိံ၊
အတ္ထကာမံ ပဝေဒေန္တိံ၊ အနတ္ထကာမာတိ မညတိ။
အနတ္ထကာမံ သတပတ္တံ၊ အတ္ထကာမောတိ မညတိ။
၈၆။ ဧဝမေဝ ဣဓေကစ္စော၊ ပုဂ္ဂလော ဟောတိ တာဒိသော။
ဟိတေဘိ ဝစနံ ဝုတ္တော၊ ပဋိဂ္ဂဏှာတိ ဝါမတော။
၈၇။ ယေ စ ခေါ နံ ပသံသန္တိ။ ဘယာ ဥက္ကံသယန္တိ ဝါ။
တဉှိ သော မညတေ မိတ္တံ၊ သတပတ္တံဝ မာဏဝေါ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၈၅။ ပန္ထေ၊ ခရီး၌။ မာဏဝကော၊ လုလင်သည်။ ဝနဂေါစရိံ၊ တော၌ ကျက် စားသော။ အတ္ထကာမံ၊ မိမိအကျိုးကို အလိုရှိ၍။ ပဝေဒေန္တိံ၊ အကျိုးကိုကြားသော။ သိင်္ဂါလိံ၊ မြေခွေးမကို။ အနတ္ထကာမာတိ၊ အကျိုးမဲ့ကို အလို ရှိ၏။ မညတိ ယထာ၊ အောက်မေ့သကဲ့သို့။ အနတ္တကာမံ၊ အကျိုးမဲ့ကိုအလိုရှိသော။ သတပတ္တံ၊ ခေါက်ရှာငှက်ကို။ အတ္ထကာမောတိ၊ အကျိုးကို အလိုရှိ၏ဟူ၍။ မညတိ ယထာ၊ အောက်မေသကဲ့သို့။

֍ ဋ္ဌ ၈၆။ ဧဝမေဝ၊ ဤအတူသာလျှင်။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သော။ တာဒိသော၊ ထိုသို့ သဘောရှိသော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်၏။ တာဒိသော၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သည်။ ဟိတေဘိ၊ အစီးအပွားတို့ဖြင့်။ ဝစနံ၊ အဆုံးအမစကားကို။ ဝာတ္တော၊ ဆိုအပ်သည်ရှိသော်။ ဝါမတော၊ အယုတ်အားဖြင့်။ ပဋိဂ္ဂဏှာတိ၊ ယူ၏။

֍ ဋ္ဌ ၈၇။ ယေ စ ခေါ၊ အကြင် ပုဂ္ဂိုလ်တို့သည်လည်း။ နံ၊ ထိုပုဂ္ဂိုလ်ကို။ ပသံသန္တိ၊ ချီးမွမ်းကုန်၏။ ဘယာ၊ ဘေးကိုပြသဖြင့်။ ဥက္ကံသယန္တိ ဝါ၊ ချီးမြှောက် သည်မူလည်း ဖြစ်ကုန်၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ တံ ဟိ၊ ထိုပုဂ္ဂိုလ်ကိုသာလျှင်။ မာဏဝေါ၊ လုလင်သည်။ သတပတ္တံ၊ ခေါက်ရှာငှက်ကို။ မိတ္တံ၊ မိတ်ဟူ၍။ မညတေ ဣဝ၊ အောက်မေ့ သကဲ့သို့တည်း။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခိုးသူတို့၏ အကြီး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မိတ်စစ်ကိုပစ်၊ ရန်သူချစ်၊ လူညစ် ထုံးဓလေ့

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော သတပတ္တဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ဥဒပါနဝဂ်

၁၀။ ပုဋဒူသကဇာတ်

အထုပ်ဖျက် မျောက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဒ္ဓါဟိ နူန မိဂရာဇာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပုဋဒူသကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော အထုပ်ကို ဖျက်ဆီးတတ် သူငယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တယောက်သော အမတ်သည် ဘုရားအမှူးရှိသော ရဟန်းသင်္ဃာကို ဘိတ်၍ ဥယျာဉ်၌နေစေ၍ အလှူပေးသည်ရှိသော် ဆွမ်းမဘုဉ်းပေးမီအကြား၌ ဥယျာဉ်၌ လှည့်လည်လိုကုန်သော အရှင်တို့သည် လှည့်လည်စေကုန်သတည်းဟု။ လျှောက်၏။ ရဟန်းတို့သည် ဥယျာဉ်၌ လှည့်လည်ကုန်၏။ ထိုခဏ၌ ဥယျာဉ်စောင့်သည် အရွက်နှင့်ပြည့်စုံသော သစ်ပင်သို့တက်၍ ကြီးကုန် ကြီးကုန်သော အရွက်တို့ကိုခူး၍ ဤအထုပ်ကား ပန်းထုပ် ဖြစ်လတ္တံ့၊ ဤအထုပ်ကား သစ်သီးထုပ်ဖြစ်လတ္တံ့ဟု အထုပ်ကိုပြု၍ သစ်ပင်ရင်းသို့ ချ၏။ ထိုဥယျာဉ်စောင့်၏ သူငယ်သည် ချတိုင်း ချတိုင်းသော အထုပ်တို့ကို ဖျက်ဆီး၏။ ရဟန်းတို့သည် ထိုအကြောင်းကို ဘုရားအား လျှောက်ကြကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဤသူငယ်သည် အထုပ်ကို ဖျက်ဆီးတတ်သည် မဟုတ်သေး၊ ရှေး၌လည်း အထုပ်ကို ဖျက်ဆီးဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီပြည်၌ တဦးသော ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် အိမ်၌နေလျက် တနေ့သ၌ တစုံတခုသော ပြုဘွယ်ကိစ္စကြောင့် ဥယျာဉ်သို့ သွား၏။ ထိုဥယျာဉ်၌ များစွာကုန်သော မျောက်တို့သည် နေကုန်၏။ ဥယျာဉ်စောင့်သည် ဤနည်းဖြင့် သစ်ရွက်ထုပ်တို့ကို ချ၏။ မျောက်ကြီးသည် ချတိုင်းချတိုင်းကုန်သော သစ်ရွက်ထုပ်တို့ကို ဖျက်ဆီး၏။ ဘုရားလောင်းသည် ထိုမျောက်ကြီးကိုခေါ်၍ ဥယျာဉ်စောင့်သည် ချအပ်သော သစ်ရွက်ထုပ်ကို ဖျက်ဆီး၍ တပါးသော အလွန်နှစ်သက်ဘွယ်ရှိသော သစ်ရွက်ထုပ်ကို ပြုလိုယောင်တကားဟုဆို၍-

၈၈။ အဒ္ဓါဟိ နူန မိဂရာဇာ၊ ပုဋကမ္မဿ ကောဝိဒေါ။
တထာ ဟိ ပုဋံ ဒူသေတိ၊ အညံ နူန ကရိဿတိ။

ဟူသော ရှေးဦးကသောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၈။ မိဂရာဇာ၊ မျောက်မင်းသည်။ အဒ္ဓါ ဟိ၊ စင်စစ်လျှင်။ ပုဋကမ္မဿ၊ သစ်ရွက်ထုပ်သောအမှု၌။ ကောဝိဒေါ နူန၊ လိမ္မာ ယောင်တကား။ တထာဟိ၊ ထို့ကြောင့်လျှင်။ ပုဋံ၊ အထုပ်ကို။ ဒူသေတိ၊ ဖျက်ဆီး၏။ အညံ၊ တပါးသော နှစ်သက်ဘွယ်ရှိသော အထုပ်ကို။ ကရိဿတိ နူန၊ ပြုလတ္တံ့လာ။

ထိုစကားကိုကြား၍ မျောက်သည်-

၈၉။ န မေ မာတာ ဝါ ပိတာ ဝါ၊ ပုဋကမ္မဿ ကောဝိဒေါ။
ကတံ ကတံ ခေါ ဒူသေမ၊ ဧဝံ ဓမ္မမိဒံ ကုလံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၉။ အမ္ဘော ပုရိသ၊ အို ယောက်ျား။ မေ၊ ငါ၏။ မာတာ ဝါ၊ အမိသည်၎င်း။ ပိတာ ဝါ၊ အဘသည်၎င်း။ ပုဋကမ္မဿ၊ သစ်ရွက်ထုပ်သော အမှု၌။ န ကောဝိဒေါ၊ မလိမ္မာ။ မယံ၊ ငါတို့သည်။ ကတံ ကတံ ခေါ၊ ပြုတိုင်းပြုတိုင်းသော သစ်ရွက်ထုပ်ကိုသာလျှင်။ ဒူသေမ၊ ဖျက်ဆီးကုန်၏။ ဣဒံ ကုလံ၊ ဤမျောက်မျိုးသည်။ ဧဝံ ဓမ္မံ၊ ဤသို့ ဖျက်ဆီးတတ်သော သဘောရှိ၏။

ထိုစကားကိုကြားလျှင် ဘုရားလောင်းသည်-

၉၀။ ယေသံ ဝေါ ဧဒိသော ဓမ္မော အဓမ္မော ပန ကီဒိသော။
မာ ဝေါ ဓမ္မံ အဓမ္မံ ဝါ၊ အဒ္ဒသာမ ကုဒါစနံ။

ဟူသော သုံးခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၀။ မိဂရာဇာ၊ မျောက်မင်း။ ယေသံ ဝေါ၊ အကြင် သင်တို့၏။ ဓမ္မော၊ တရားသည်။ ဧဒိသော၊ ဤသို့ သဘောရှိ၏။ အဓမ္မော ပန၊ တရားမဟုတ်သော အကျင့်မည်သည် တမူကား။ ကီဒိသော၊ အဘယ်သို့ သဘောရှိအံ့နည်း။ ဝေါ၊ သင်တို့၏။ ဓမ္မံ ဝါ၊ တရားကို၎င်း။ အဓမ္မံ ဝါ၊ တရားမဟုတ်သော အကျင့်ကို၎င်း။ ကုဒါစနံ၊ တရံတဆစ်။ မာ အဒ္ဒသာမ၊ ငါတို့မမြင်လိုကုန်။

ဤသို့ဆို၍ မျောက်အပေါင်းကို ကဲ့ရဲ့၍ ဖဲ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အထုပ်ကို ဖျက်ဆီးသော သူငယ်သည် ထိုအခါ မျောက်ကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိယောက်ျား ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

မျောက်သတ္တဝါ၊ ဓမ္မတာ၊ မြင်ရာ တွေ့တိုင်းဖျက်

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ပုဋဒူသကဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၁။ အဗ္ဘန္တရဇာတ်

ကျေးစေတမန်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဗ္ဗန္တရံ နာမ ဒုမော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအဗ္ဘန္တရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် အရှင်သာရိပုတ္တရာ မထေရ်သည် ယသောဓရာထေရီမအား သရက်သီးအရသာပေးခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဓမ္မစကြာတရားကို ဟောတော်မူပြီး၍ ဝေသာလီပြည် ကူဋာဂါရကျောင်းတော်၌ သီတင်းသုံး နေတော်မူသည်ရှိသော် ပဇာပတိဂေါတမီသည် သာကီဝင်မင်းသ္မီး ငါးရာတို့ကိုယူလျက်သွား၍ ရဟန်းအဖြစ်ကိုတောင်းပန်၍ သာမဏေ၏ အဖြစ်ကို၎င်း ပဉ္စင်း၏အဖြစ်ကို၎င်း ရ၏။ နောက်ကာလ၌ ငါးရာကုန်သော ထိုရဟန်းမိန်းမတို့သည် နန္ဒကောဝါဒသုတ်ကိုနာရ၍ အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည်ကား သာဝတ္ထိပြည်ကိုမှီ၍ သီတင်းသုံး နေတော်မူသည်ရှိသော် ရာဟုလာမယ်တော် ဗိမ္မာဒေဝီ မိဖုယားသည် လင်သည်ရဟန်းပြု၍ သဗ္ဗညူဘုရားအဖြစ်သို့ ရောက်ပြီ၊ သားလည်း ရဟန်းပြု၍ ဘုရားအထံတော်၌ နေပြီ၊ ငါသည် အိမ်၌ နေသဖြင့် အဘယ်ပြုအံ့နည်း၊ ငါလည်း ရဟန်းပြု၍ သာဝတ္ထိပြည်သို့ သွား၍ ဘုရားကို၎င်း သားတော်ကို၎င်း မပြတ်ဖူး၍ နေအံ့ဟု ကြံ၍ ရဟန်းမိန်းမတို့၏ ကျောင်းသို့သွား၍ ရဟန်း ပြု၍ ဆရာဥပဇ္ဈာယ်တို့နှင့် တကွ သာဝတ္ထိပြည်သို့သွား၍ ဘုရားကို၎င်း ချစ်စွာသောသားကို၎င်း ဖူးမြင်လျှက် တခုသောရဟန်းမိန်းမတို့၏ကျောင်း၌ နေ၏။ ရာဟုလာ သာမဏေသည် လာ၍ မယ်တော်ကို ဖူးမြင်၏။

ထိုအခါ တနေ့သ၌ ထေရီမအား ဝမ်း၌ လေထ၏။ ထေရီမသည် ဖူးမြင်အံ့သောငှါ လာလတ်သော သားအား ဖူးမြင်ရန်ထွက်အံ့သောငှာ မတတ်နိုင်၊ တပါးကုန်သော ရဟန်းမိန်းမတို့သည်သာလျှင် လာလတ်၍ မချမ်းသာသောအဖြစ်ကို ပြောဆိုကုန်၏။ ရာဟုလာသာမဏေသည် မယ်တော်အထံသို့သွား၍ အဘယ်ကို ရခြင်းငှါ သင့်သနည်းဟု မေး၏။ အမောင် အိမ်၌နေစဉ် အကျွန်ုပ်အား သကာသကြားတို့ဖြင့် ဖျော်သော သရက်သီးရည်ကို သောက်သည်ရှိသော် လေနာသည် ငြိမ်ဘူး၏။ ယခု ဆွမ်းခံ၍ အသက်မွေးရကုန်၏။ အဘယ်မှာလျှင် သကာသကြားတို့ဖြင့် ဖျော်သော သရက်သီးရည်ကို ရအံ့နည်းဟု ဆို၏။ သာမဏေသည် ရသော် ဆောင်ခဲ့အံ့ဟု ဆို၍ ထွက်သွား၏။ ထိုအရှင်ရာဟုလာ၏ ဥပဇ္ဈာယ်ကား အရှင်သာရိပုတ္တရာ မထေရ်တည်း၊ သရဏဂုံဆရာကား အရှင်မောဂ္ဂလာန်မထေရ်တည်း၊ ဘထွေးတော်ကား အရှင်အာနန္ဒာမထေရ်တည်း၊ ခမည်းတော်ကား သဗ္ဗညူ မြတ်စွာဘုရားတည်း၊ အရှင်ရာဟုလာသည် ဤသို့ ကြီးစွာသောပြည့်စုံခြင်းရှိသည် ဖြစ်ငြားသော်လည်း တပါးသောသူ၏ အထံသို့ မသွားမူ၍ ဥပဇ္ဈာယ်ဆရာ၏အထံသို့ သွား၍ ရှိခိုးလျက် မျက်နှာမသာသော အခြင်းအရာဖြင့် ရပ်၏။ ထိုအခါ ထိုရာဟုလာကို အရှင်သာရိပုတ္တရာမထေရ်သည် ရာဟုလာ အဘယ်ကြောင့် မျက် နှာ မသာလျက် ရပ်သနည်းဟု ဆို၏။ အရှင်ဘုရား အကျွန်ုပ် ၏အမိ ထေရီမအား လေနာနှိပ်စက်၏ဟု လျှောက်၏။ အဘယ်ကိုရခြင်းငှါ သင့်သလောဟု မေးသည်ရှိသော် သကာသကြားတို့ဖြင့် ဖျော်သော သရက်သီးရည်ဖြင့် ချမ်းသာ၏ဟု ဆို၏ဟူ၍ အရှင်ရာဟုလာသည် လျောက်၏။ ရာဟုလာ ထိုသို့ဖြစ်စေ, ရအံ့၊ မကြံလင့်ဟု အရှင်သာရိပုတ္တရာသည် မိန့်တော်မူ၏။

အရှင်သာရိပုတ္တရာမထေရ်သည် နက်ဖြန် အရှင်ရာဟု လာကို ခေါ်၍ သာဝတ္ထိပြည်ကိုဝင်၍ သာမဏေကို ဆွမ်းစားဇရပ်၌ နေစေ၍ မင်းအိမ်တံခါးသို့ ကြွ၏။ ကောသလမင်းသည် အရှင်သာရိပုတ္တရာ မထေရ်ကို မြင်၍ နေစေ၏။ ထိုခဏ၌လျှင် ဥယျာဉ်စောင့်သည် ချိုစွာသော သရက်သီးမှည့်အထုပ်ကို ဆက်လာ၏။ မင်းသည် သရက်သီးခွံကိုခွဲ၍ သကာ သကြားကို ထည့်၍ မိမိကိုယ်တိုင်လျှင်နယ်၍ အရှင်သာရိပုတ္တရာ မထေရ်အား သပိတ်ကို ပြည့်စေ၍လှူ၏။ အရှင်သာရိပုတ္တရာမထေရ်သည် မင်းအိမ်မှထွက်၍ ဆွမ်းစားဇရပ်သို့ သွား၍ ရာဟုလာသာမဏေအား ပေး၏။ သာမဏေသည် ထိုသရက်သီးရည်ကို ဆောင်၍ မယ်တော်အား ပေး၏။ ထေရီမအား သုံးဆောင်ကာမျှနှင့် ပင်လျှင် လေနာသည် ငြိမ်း၏။ မင်းသည်လည်း လူတို့ကို မထေရ်သည် ဤ၌နေ၍ သရက်သီးရည်ကို မသုံးဆောင်၊ သွားကြချေ။ တစုံတယောက်သောသူအား ပေးသောအဖြစ်ကို စုံစမ်းကြချေဟု စေ၏။ ထိုလုလင်သည် အရှင်သာရိပုတ္တရာမထေရ်နှင့်တကွသာလျှင် လိုက်၍ ထိုအကြောင်းကိုသိ၍ မင်းအား လျှောက်၏။ မင်းသည် ကြံ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် အကယ်၍ အိမ်၌နေငြားအံ့၊ စကြဝတေးမင်း ဖြစ်လတ္တံ့၊ ရာဟုလာသာမဏေသည် သားကြီးရတနာဖြစ်လတ္တံ့၊ ယသောဓရာထေရီမသည် မိန်းမရတနာဖြစ်လတ္တံ့၊ အလုံးစုံသောစကြဝဠာ၌ မင်းအဖြစ်သည် ဘုရား, သားတော်ရာဟုလာ, ယသောဓရာထေရီတို့အားသာလျှင် ဖြစ်ရာ၏။ ငါတို့သည်ကား ဘုရား, သားတော်ရာဟုလာ ယသောဓရာထေရီတို့၏ အလုပ်အကျွေးဖြစ်ရာ၏။ ယခု ရဟန်းပြု၍ ငါတို့ကိုမှီလျက် နေကုန်သော သဗ္ဗညူ ဘုရားရှင်တို့၌ မေ့လျော့ခြင်းသည် ငါတို့အား မသင့်ချေဟု ကောသလမင်းကြီးကြ၏။ ကြံပြီး၍ ကောသလမင်းသည် ထိုအခါမှစ၍ မပြတ် ထေရီမအား သရက်သီးရည်ကို လှူစေ၏။ အရှင်သာရိပုတ္တရာမထေရ်သည် ဗိမ္ဗာဒေဝီထေရီမအား သရက်သီးရည်ကို လှူသောအဖြစ်သည် ရဟန်းသင်္ဃာအား ထင်ရှား ဖြစ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ အရှင်သာရိပုတ္တရာမထေရ်သည် ဗိမ္ဗာဒေဝီ ထေရီမအား သက်သီးရည်ဖြင့် ရောင့် ရဲ စေသတတ်ဟူ၍ စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ရာဟုလာ မယ်တော်ကို သာရိပုတ္တရာသည် သရက်သီးရည်ဖြင့် ရောင့်ရဲစေသည်မဟုတ်သေး၊ ရှေး၌လည်း ရောင့်ရဲစေဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ အိမ် ထောင်ခြင်းကို ဖြစ်စေပြီး၍ မိဘတို့သည် လွန်လတ်သော် ရသေ့ရဟန်းပြု၍ ဟိမဝန္တာအရပ်၌ အဘိညာဉ်, သမာပတ်တို့ကို ဖြစ်စေ၍ ရသေ့အပေါင်း ခြံရံလျက် ရသေ့အပေါင်းတို့၏ ဆရာဖြစ်၍ ကြာမြင့်သော ကာလလွန်သဖြင့် ချဉ်ဆားမှီဝဲအံ့သောငှ တောင်ခြေရင်းမှ သက်၍ ဒေသစာရီလှည့်လည်လတ်သော် ဗာရာဏသီပြည်သို့ ရောက်၍ ဥယျာဉ်၌ နေ၏။ ထိုအခါရသေ့အပေါင်း၏ သီလတန်ခိုးအားဖြင့် သိကြားနေရာသည် လှုပ်၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကိုသိ၍ ဤရသေ့တို့အား နေရာမရစိမ့်သောငှါ လုံ့လပြုအံ့၊ ထိုအခါ ထိုရသေ့တို့သည် နေရာပျက်သဖြင့် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ စိတ်၏တည်ကြည်ခြင်းကို မရကုန်လတ္တံ့၊ ဤသို့ဖြစ်သည်ရှိသော် ငါ့အား ချမ်းသာခြင်းသည် ဖြစ်လတ္တံ့ဟု ကြံ၏။ အကြောင်းအသို့ရှိသနည်းဟု ဆင်ခြင်လတ်သော် မဇ္ဈိမယာမ်၏အခြားမဲ့၌ မင်းမိဖုယားကြီး၏ ကြက်သရေတိုက်သို့ဝင်၍ ကောင်းကင်၌ရပ်၍ အရှင်မိဖုယားကြီး သင်သည်

အကယ်၍ အဗ္ဘန္တရသရက်သီးမှည့်ကို စားရငြားအံ့၊ သားကို ရလတ္တံ့၊ ထိုသားသည် စကြဝတေးမင်း ဖြစ်လတ္တံ့ဟု ငါဆိုအံ့၊ မိဖုယားကြီးသည်လည်း မင်းအား ထိုအကြောင်းကို ကြားလတ္တံ့၊ မင်းသည် မိဖုယားစကားကို ကြား၍ သရက်သီးမှည့်အကျိုးငှါ ဥယျာဉ်သို့ စေလတ္တံ့၊ ထိုအခါ ငါသည် အရက်သီးကို ကွယ်စေအံ့၊ မင်းအား ဥယျာဉ်၌ သရက်သီးတို့၏ မရှိသော အဖြစ်ကို ကြားလျှောက်လတ္တံ့၊ အဘယ်သူသည် စားကုန်သနည်းဟု မေးလတ်သော်ရသေ့တို့သည် စားကုန်၏ဟု ဆိုလတ္တံ့၊ ထိုစကားကိုကြား၍ ရသေ့တို့ကိုပုတ်ခတ်၍ နှင်ထုတ်စေလတ္တံ့၊ ဤသို့ နှင်ထုတ်စေသည်ရှိသော် ထိုရသေ့တို့သည် ဥပဒ္ဒဝေါရှိသည် ဖြစ်ကုန်လတ္တံ့။ ဤသို့ အကြောင်းကို မြင်၏။ မြင်ပြီး၍ ထိုသိကြားမင်းသည် မဇ္စျိမယာမ်၏ အခြားမဲ့၌ ကြက်သရေတိုက်သို့ဝင်၍ ကောင်းကင်၌ ရပ်လျက် မိမိ၏ သိကြားအဖြစ်ကို သိစေ၍ ထိုမိဖုယားနှင့်တကွ စကား ပြောလိုရကား-

၉၁။ အဗ္ဘန္တရော နာမ ဒုမော၊ ယဿ ဒိဗျမိဒံ ဖလံ။
ဘုတွာ ဒေါဟဠိနီ နာရီ၊ စက္ကဝတ္တိံ ဝိဇာယတိ။
၉၂။ တွံ ဟိ ဘဒ္ဒေ မဟေသီသိ၊ သာ စာ ပိ ပတိနော ပိယာ။
အာဟရိဿတိ တေ ရာဇာ၊ ဣဒံ အဗ္ဘန္တရံ ဖလံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၉၁။ ဘဒ္ဒေ၊ ရှင်မိဖုယား။ ယဿ၊ အကြင်သရက်ပင်၏။ ဒိဗျံ၊ နတ်တို့သည် သုံးဆောင်ခြင်းငှာထိုက်သော။ ဣဒံ ဖလံ၊ ဤအသီးကို။ ဘုတွာ၊ စားရ၍။ ဒေါဟဠိနီ၊ စားချင်ခြင်းရှိသော။ နာရီ၊ မိန်းမသည်။ စက္ကဝတ္တိံ၊ စကြဝတေးမင်းကို။ ဝိဇာယတိ၊ ဖွား၏။ သော ဒုမော၊ ထိုသရက်ပင်သည်။ အဗ္ဘန္တရော နာမ၊ အဗ္ဘန္တရမည်၏။

֍ ဋ္ဌ ၉၂။ ဘဒ္ဒေ၊ ရှင်မိဖုယား။ တွံ၊ သင်သည်။ မဟေသီ၊ ရှင်မိဖုယားကြီးသည်။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ အသိ၊ ဖြစ်၏။ သာ စာပိ၊ ထိုသင့်ကိုလည်း။ ပတိနော၊ လင်ဖြစ်သော ဗာရာဏ သီ မင်းသည်။ ပိယာ၊ ချစ်အပ်သည်။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ အသိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ တေ၊ သင်ဘို့။ ရာဇာ၊ မင်းသည်။ ဣဒံ အဗ္ဘန္တရဖလံ၊ ဤအဗ္ဘန္တရသရက်သီးကို။ အာဟရိဿတိ၊ ဆောင်လတ္တံ့။

ဤသို့ သိကြားမင်းသည် မိဖုယားအား ဤနှစ်ဂါထာတို့ကိုဆို၍ သင်သည် မမေ့မလျော့ ဖြစ်လော့၊ ကြာမြင့်ခြင်းကို မပြုလင့်၊ နက်ဖြန် မင်းအား ကြားလျှောက်လော့ဟု ဆုံးမ၍ မိမိနေရာသို့လျှင် သွား၏။ ထိုမိဖုယားသည် နက်ဖြန် နာသောအခြင်းအရာကို ပြု၍ အလုပ်အကျွေးတို့အား အမှတ်ပေး၍ အိပ်၏။ မင်းသည် ကောင်းစွာဆောက်အပ်သော ထီးဖြူရှိသော မြတ်သောနေရာ၌ နေလျက် ကချေသည်တို့ကို ကြည့်လတ်သော် မိဖုယားကို မမြင်၍ မိဖုယား အဘယ်မှာနည်းဟု မေး၏။ အလုပ်အကျွေးတို့သည် ရှင်မင်းကြီး မိဖုယား မကျန်းမမာရှိ၏ဟု လျှောက်ကုန်၏။ မင်းသည် မိဖုယားအထံသို့သွား၍ အိပ်ရာနံပါး၌ထိုင်၍ ကျော၌သုံးသပ်လျက် ရှင်မိဖုယား သင့်အား အဘယ်ရောဂါဝေဒနာ ဖြစ်သနည်းဟု မေး၏။ မြတ်သော မင်းကြီး အကျွန်ုပ်အား တပါးသော ရောဂါဝေဒနာမည်သည် မရှိ၊ အကျွန်ုပ်အား ချင်ခြင်းသည်ဖြစ်၏ဟု လျောက်၏။ ရှင်မိဖုယားသည် အဘယ်ကို အလိုရှိသနည်းဟု မေး၏။ မြတ်သောမင်းကြီး အဗ္ဘန္တရမည်သော သရက်သည် အဘယ်မှာ ရှိသနည်းဟု လျောက်၏။ မိဖုယား အဗ္ဘန္တရ သရက် မည်သည်ကို ငါသည် မသိဟု မင်းသည် ဆို၏။ ထိုအဗ္ဘန္တရမည်သော သရက်၏အသီးကို မရသော် အကျွန်ုပ်သည် သေအံ့ဟု မိဖုယားလျောက်၏။ ထိုသို့တပြီးကား ဆောင်ယူစေအံ့၊ သင် မစိုးရိမ်လင့်ဟု မင်းသည် မိဖုယားကို နှစ်သိမ့်စေ၍ ထသွား၍ ရာဇပလ္လင်၌နေလျက် အမတ်တို့ကို ခေါ်စေ၍ မိဖုယားအား အဗ္ဘန္တရသရက်၌ ချင်ခြင်းသည်ဖြစ်၏။ အသို့ပြုရအံ့နည်းဟု မေး၏။ မြတ်သောမင်းကြီး နှစ်ခုသောသရက်ပင်တို့၏ အကြား၌ တည်သော သရက်သည် အဗ္ဘန္တရသရက်မည်၏။ ဥယျာဉ်သို့ စေလွှတ်၍ နှစ်ခုသော သရက်ပင်တို့၏ အကြား၌ တည်သော သရက်ပင်မှအသီးကို ဆောင်စေ၍ မိဖုယားအား ပေးကုန်လော့ဟု အမတ်တို့သည် လျောက်ကုန်၏။

မင်းသည် ကောင်းပြီဟု ဆို၍ ထိုသို့သဘောရှိသော သရက်သီးကို ဆောင်ကြကုန်လော့ဟု ဥယျာဉ်သို့စေ၏။ သိကြားသည် မိမိအာနုဘော်အားဖြင့် ဥယျာဉ်၌သရက်သီးကို စားအပ်ပြီးသည်နှင့် တူသည်တို့ကိုပြု၍ ကွယ်စေ၏။ သရက်သီးအကျိုးငှါ သွားကုန်သောသူတို့သည် အလုံးစုံသော ဥယျာဉ်ကို လှည့်လည်ကုန်လျက် တလုံးသော သရက်သီးကိုမျှလည်း မရကုန်ဘဲသွားကုန်၍ ဥယျာဉ်၌ သရက်သီးတို့၏ မရှိသောအဖြစ်ကို မင်းအား လျောက်ကုန်၏။ အဘယ်သူတို့သည် သရက်သီးတို့ကို စားကုန်သနည်းဟု မင်းကြီးမေး၏။ မြတ်သောမင်းကြီး ရသေ့တို့သည် စားကုန်၏ဟု လျှောက်ကြကုန်၏။ ရသေ့တို့ကို ဥယျာဉ်မှ ရိုက်ပုတ်၍ နှင်ထုတ်ကြကုန်လော့ဟု မင်းကြီးဆို၏။ လူတို့သည် ကောင်းပြီဟု ဝန်ခံကုန်၏။ သိကြားမင်း၏ နှလုံးအလိုသည် အပြီးသို့ ရောက်၏။ မိဖုယားသည် သရက်သီးအကျိုးငှါ မပြတ်လျှင် အိပ်၏။ မင်းကြီးသည် ပြုအပ်သောကိစ္စကို မမြင်ရကား အမတ် ပုဏ္ဏားတို့ကို စည်းဝေးစေ၍ အဗ္ဘန္တရသရက်သီး၏ ရှိသောအဖြစ်ကို သိအောင် ပြုကြကုန်လော့ဟု ဆို၏။ ပုဏ္ဏားတို့သည် မြတ်သောမင်းကြီး နတ်တို့၏ အသုံးအဆောင်ဖြစ်သော အဗ္ဘန္တရမည်သော သရက်သည် ဟိမဝန္တာဝယ် ရွှေဂူ၏အတွင်း၌ ရှိ၏ဟု အဆင့်ဆင့်အားဖြင့် အကျွန်ုပ်တို့သည် ကြားဘူး၏ဟု လျောက်ကုန်၏။ ထိုအဗ္ဘန္တရ သရက်သီးကို ဆောင်အံ့သောငှါ အဘယ်သူသည် တတ်နိုင်လတ္တံ့နည်းဟု မင်းကြီးမေး၏။ မြတ်သောမင်းကြီး ထိုအရပ်သို့ လူဖြစ်သောသူသည် သွားခြင်းငှာ မတတ်ကောင်း၊ တခုသောကျေးငယ်ကို စေခြင်းငှါသင့်၏ဟု လျှောက်ကုန်၏။

ထိုအခါ၌လည်း မင်းအိမ်၌ မွေးအပ်သော ကျေးငယ်သည် ကြီးသောကိုယ်ရှိ၏။ သူငယ်တို့၏ လှည်းဘီးပုံတောင်း ပမာဏရှိ၏။ အားနှင့်ပြည့်စုံ၏။ ပညာရှိ၏။ ဥပါယ်တမျဉ်၌ လိမ္မာ၏။ မင်းသည် ထိုကျေးကို ဆောင်ယူစေ၍ အမောင်ကျေးငယ် ငါသည် သင့်အား ကျေးဇူးပြု၏။ ရွှေချိုင့်၌ နေစေ၏။ ရွှေခွက်၌ ပျားပေါက်ပေါက်တို့ကို စားစေ၏။ သကြား သကာ အဖျော်ကို သောက်စေ၏။ သင်သည်လည်း ငါတို့၏ တခုသော ကိစ္စကို ဆောင်ရွက်ခြင်းငှါ သင့်၏ဟု ဆို၏။ ရှင်မင်းကြီး ဘယ်ကိစ္စနည်းဟု လျောက်၏။ အမောင် မိဖုယားအား အဗ္ဘန္တရသရက်သီး၌ ချင်ခြင်းဖြစ်၏။ ထိုအဗ္ဘန္တရသရက်သီးသည်လည်း ဟိမဝန္တာ ရွှေတောင်အကြား၌ ရှိ၏။ နတ်တို့၏ အသုံး အဆောင် ဖြစ်၏။ ထိုအရပ်သို့ လူတို့သည် သွားခြင်းငှာ မတတ်ကောင်း၊ သင်သည် သွား၍ သရက်သီးကို ဆောင်ခြင်းငှါ သင့်၏ဟု ဆို၏။ အရှင်မင်းကြီး ကောင်းပါပြီ ဆောင်အံ့ဟုဆို၏။ ထိုအခါ ထိုကျေးကို မင်းသည် ရွှေခွက်၌ ပျားပေါက်ပေါက်တို့ကို စားစေ၍ သကြား သကာ အဖျော်တို့ကို သောက်စေ၍ အကြိမ်တရာ ချက်သောဆီဖြင့် ကျေးသား၏ အတောင်ကြားတို့ကို လိမ်း၍ လက်နှစ်ဘက်တို့ဖြင့် ကိုင်၍ ခြင်္သေ့ခံသော လေသာ ပြူတင်း၌ရပ်၍ ကောင်းကင်သို့ လွှတ်၏။ ထိုကျေးသားသည်လည်း မင်းအား ရိုသေသော အခြင်းအရာကို ပြု၍ ကောင်းကင်သို့ပျံလျက် လူ့ပြည်ကို လွန်၍ ဟိမဝန္တာဝယ် ရှေးဦးစွာသော တောင်၏အကြား၌ နေကုန်သော ကျေးတို့၏ အထံသို့သွား၍ အဗ္ဘန္တရမည်သော သရက်သီးသည် အဘယ်မှာရှိသနည်း၊ ထိုအဗ္ဘန္တရသရက်သီး၏ တည်ရာအရပ်ကို ဆိုကြကုန်လော့ဟု မေး၏။ ငါတို့သည် မသိကုန်၊ နှစ်ခုမြောက်ဖြစ်သော တောင်ကြား၌ နေကုန်သော ကျေးတို့သည် သိကုန်လတ္တံ့ဟု ဆိုကုန်၏။

ထိုကျေးသည် ထိုစကားကိုကြား၍ ထိုပဌမတောင်ကြားမှ ပျံ၍ နှစ်ခုမြောက်သော တောင်ကြားသို့ သွား၏။ ထို့အတူ သုံးခုမြောက်သော တောင်ကြား လေးခုမြောက်သောတောင်ကြား ငါးခုမြောက်သော တောင်ကြား ခြောက်ခုမြောက်သော တောင်ကြားသို့ သွား၏။ ထိုခြောက်ခုမြောက်သော တောင် ကြား၌ နေကုန်သော ကျေးသားတို့သည်လည်း ငါတို့သည် မသိကုန်၊ ခုနစ်ခုမြောက်သော တောင်ကြား၌ နေကုန်သောကျေးသားတို့သည် သိကုန်လတ္တံ့ဟု ထိုကျေးသားကို ဆိုကုန်၏။ ထိုကျေးသားသည် ထိုခုနစ်ခု မြောက်သော တောင် ကြားသို့ သွား၍ အဗ္ဘန္တရမည်သော သရက်ပင်သည် အဘယ်၌ ရှိသနည်းဟုမေး၏။ ဤမည်သောအရပ်ဝယ် ရွှေတောင်ကြား၌ ရှိ၏ဟု ဆိုကုန်၏။ ငါသည် ထိုအဗ္ဘန္တရ သရက်သီး၏ အကျိုးငှာ လာ၏။ ငါ့ကို ထိုအရပ်သို့ဆောင်၍ ငါ့အား ထိုသရက်ပင်မှ အသီးကို ပေးကြကုန်လော့ဟု ဆိုလတ်သော် ထိုကျေးကို ကျေးသားအပေါင်းတို့သည် အဆွေ အဗ္ဘန္တရသရက်ကား ဝေဿဝဏ်နတ်မင်း၏ အသုံးအဆောင်တည်း၊ ချဉ်း ကပ်အံ့သောငှါ မတတ်ကောင်း၊ အလုံးစုံသော အပင်ကို အမြစ်ရင်းမှစ၍ သံကွန်ယက် ခုနစ်ထပ်တို့ဖြင့် ဖုံးလွှမ်းအပ်၏။ တထောင်ကုန်သော ကုမ္ဘဏ်ရက္ခိုသ်တို့သည် စောင့်ကုန်၏။ ထိုကုမ္ဘက်ရက္ခိုသ်တို့သည် မြင်အပ်သော သတ္တဝါအား အသက်မည်သည် မရှိ၊ ကမ္ဘာကိုလောင်သော မီးနှင့်တူသော အရပ်ဖြစ်၏။ အဝီစိငရဲနှင့်တူသော အရပ်ဖြစ်၏။ ထိုအရပ်သို့ သွားခြင်းကို မတောင့်တလင့်ဟု ဆိုကုန်၏။ သင်တို့သည် အကယ်၍မလိုက်ကုန်အံ့၊ ငါ့အား ထိုအရပ်သို့ ကြားကြကုန်ဟု ထိုကျေးသားသည်ဆိုလျှင် ဤမည်သောအရပ်ဖြင့် သွားလေလော့ဟု ကျေးသားတို့သည် ဆိုကုန်၏။ ထိုကျေးသားသည် ထိုကျေးသားတို့ ကြားအပ်သည်၏ အစွမ်းဖြင့် ခရီးကို ကောင်းစွာမှတ်၍ ထိုအရပ်သို့သွား၍ နေ့အခါ၌ ကိုယ်ကိုမပြမူ၍ မဇ္ဈိမယာမ်၏အခြားမဲ့၌ ရက္ခိုသ်တို့၏ အိပ်ပျော်ခြင်းသို့ ရောက်သောအခါ၌ အဗ္ဘန္တရသရက်ပင်သို့သွား၍ တခုသော အမြစ်ကြားမှ သာယာစွာ တက်အံ့သောငှာ အားထုတ်၏။ သံကွန်ယက်သည် ချင်ချင်ဟူသော အသံကို ပြု၏။

ရက္ခိုသ်တို့သည် နိုးကုန်၍ ကျေးသားငယ်ကို မြင်ကုန်၍ ဤကျေးသားကား သရက်သီး ခိုးသူတည်းဟု ဖမ်း၍ ညှဉ်းဆဲခြင်း အစီအရင်ကို ဆိုကုန်၏။ တယောက်သော ရက္ခိုသ်သည်ကား ထိုကျေးသားငယ်ကို ခံတွင်း၌ထည့်၍ မျိုအံ့ဟု ဆို၏။ တယောက်သော ရက္ခိုသ်သည်ကား ထိုကျေးသားကို လက်တို့ဖြင့်နယ်၍ ချေအံ့ဟု ဆို၏။ တယောက်သော ရက္ခိုသ်သည် နှစ်ဖြာခွဲ၍ မီးကျီး၌ကင်၍စားအံ့ဟု ဆို၏။ ထိုကျေး သားသည် ရက္ခိုသ်တို့၏ ညှဉ်းဆဲသော အစီအရင်ကိုကြား၍ မထိတ်မလန့်မူ၍လျှင် ထိုရက္ခိုသ်တို့ကိုခေါ်၍ အရှင်ရက္ခိုသ်တို့ သင်တို့သည် အဘယ်သူတို့၏ လူတို့နည်းဟု မေး၏။ ဝေဿဝဏ်နတ်မင်းကြီး၏ လူတို့တည်းဟု ဆိုကုန်၏။ အရှင်ရက္ခိုသ်တို့ သင်တို့သည် မင်းတယောက်၏ လူဖြစ်ကုန်၏။ ငါသည်လည်း မင်းတယောက်၏ လူဖြစ်၏။ ဗာရာဏသီမင်းသည် ငါ့ကို အဗ္ဘန္တရသရက်သီးအကျိုးငှာ စေ၏။ ငါသည် ဗာရာဏသီ၌လျှင် မင်းအား အသက်ကိုပေး၍ လာ၏။ အကြင်သူသည် မိဘအရှင်တို့၏အကျိုးငှါ အသက်ကို စွန့်၏။ ထိုသူသည် နတ် ပြည်၌လျှင် အကြင်ကြောင့် ဖြစ်၏။ ထို့ကြောင့် ငါသည်လည်း ဤတိရိစ္ဆာန်အမျိုးမှ စုတေ၍ နတ်ပြည်၌ ဖြစ်အံ့ဟု ဆိုလို၍-

၉၃။ ဘတ္တုရတ္တေ ပရက္ကန္တော၊ ယံ ဌာန မဓိဂစ္ဆတိ။
သူရော အတ္တပရိစ္စာဂီ၊ လဘမာနော ဘဝါမဟံ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၃။ ဘတ္တုရတ္တေ၊ မိဘအရှင်၏ အမှုကိစ္စ၌။ ပရက္ကန္တော၊ လုံ့လ ပြုသော။ အတ္တပရိစ္စာဂီ၊ ကိုယ်ကိုစွန့်ကြဲသော။ သူရော၊ သူရဲသည်။ ယံဌာနံ၊ အကြင်ချမ်းသာခြင်းအကြောင်းအရာကို။ အဓိဂစ္ဆတိ၊ ရ၏။ တံ ဌနံ၊ ထိုချမ်းသာခြင်းအကြောင်းအရာကို။ အဟံ၊ ငါသည်လည်း။ လဘမာနော၊ ရသည်။ ဘဝါမိ၊ ဖြစ်အံ့။

ဤသို့ ကျေးသားသည် ဤဂါထာဖြင့် ထိုရက္ခိုသ်တို့အားတရား ဟော၏။ ထိုရက္ခိုသ်တို့သည် ထိုကျေးသား၏ တရားကိုနာရ၍ ကြည်ညိုသောစိတ် ရှိကုန်၍ ဤကျေးသားကား တရားစောင့်၏။ သတ်ခြင်းငှါ မတတ်ကောင်း၊ ထိုကျေးသားကို လွှတ်ကြကုန်အံ့ဟုဆို၍ ကျေးသား သင်သည် ငါတို့လက်မှ လွတ်သည်ဖြစ်၍ ချမ်းသာသဖြင့် သွားလေလော့ဟု ဆိုကုန်၏။ အရှင်ရက္ခိုသ်တို့ သင်တို့သည် ငါ၏လာခြင်းကို အချည်းနှီး မပြုကြကုန်လင့်၊ ငါအား တလုံးသော သရက်သီးကို ပေးကြ ကုန်လော့ဟု ကျေးသားဆို၏။ ကျေးသားငယ် သင့်အား တလုံးသော သရက်သီးကို ပေးခြင်းငှါ ငါတို့အား ဝန်မတို၊ ထိုသို့ ဝန်မတိုငြားသော်လည်း ဤသရက်ပင်၌ သရက်သီးတို့ကို ရေတွက်၍ ထားအပ်ကုန်၏။ တလုံးသော သရက်သီးကို မမြင်သည်ရှိသော် ငါတို့အား အသက်သည် မရှိ၊ ဝေဿဝဏ်နတ်မင်းသည် အမျက်ထွက်၍ တကြိမ်ကြည့်သည်ရှိသော် ပူသောအိုးကင်း၌ ထည့်အပ်သော နှမ်းတို့ကဲ့သို့ ကုမ္ဘဏ်တထောင်တို့သည် ကွဲကြေ၍ ဖရိုဖရဲ ရှိကုန်ရာ၏။ ထို့ကြောင့် သင့်အား ငါတို့ မပေးဝံ့ကုန်၊ ရရာအရပ်ကိုကား ကြားကုန်အံ့ဟု ဆိုကုန်၏။ တစုံတယောက်သောသူသည် ပေးသည်ဖြစ်စေ

ငါ့အား အသီးဖြင့် အလိုရှိသည်ဖြစ်၏။ ရရာအရပ်ကို ကြားပါကုန်လော့ဟု ဆို၏။ ဤရွှေတောင်၏အကြား၌ ဇောတိရသမည်သော ရသေ့သည် မီးပူဇော်လျှက် ရွှေတောင်လိုဏ် သစ်ရွက်မိုးသောကျောင်း၌ နေ၏။ ထိုရသေ့သည် ဝေဿဝဏ်နတ်မင်း၏ ဆရာတည်း၊ ဝေဿဝဏ်နတ်မင်းသည် ထိုရသေ့သို့ မပြတ် လေးလုံးသော သရက်သီးတို့ကို ပို့စေ၏။ ထိုရသေ့၏ အထံသို့ သွားလေလော့ဟု ဆိုကုန်၏။

ထိုကျေးသားသည် ကောင်းပြီဟုဝန်ခံ၍ ထိုရသေ့အထံသို့ သွား၍ ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာ နေ၏။ ထိုအခါ ထိုကျေးသားကို ရသေ့သည် အဘယ်မှ လာသနည်းဟု မေး၏။ ဗာရာဏသီမင်း၏ အထံမှ လာ၏ ဟု လျောက်၏။ အဘယ်အကျိုးငှါ လာသနည်းဟု မေး၏။ မြတ်သောရှင်ရသေ့ အကျွန်ုပ်တို့၏ မင်း၏မိဖုယားအား အဗ္ဘန္တရသရက်သီး၌ ချင်ခြင်းသည် ဖြစ်၏။ ထို့ကြောင့် အဗ္ဘန္တရသရက်သီးကို ရစိမ့်သောငှါ လာ၏။ ရက္ခိုသ်တို့သည်ကား အကျွန်ုပ်အား သရက်သီးကို မပေးမူ၍ အရှင်ဘုရားတို့၏အထံသို့ စေကုန်၏ဟု လျှောက်၏။ ထိုသို့တပြီးကား ရလတ္တံ့ဟု ရှင်ရသေ့ ဆို၏။ ထိုအခါ ရသေ့အား ဝေဿဝဏ်နတ်မင်းသည် လေးလုံးသောသရက်သီးတို့ကို ပို့စေ၏။ အရှင်ရသေ့သည် ထိုသရက်သီးလေးလုံးမှ နှစ်လုံးကိုဘုဉ်းပေး၏။ တလုံးသောသရက်သီးကို ကျေးသားငယ်အား စားစိမ့်သောငှာ ပေး၏။ ထိုကျေးသားငယ်သည် ထိုသရက်သီးကို စားလတ်ပြီးသော် တလုံးသော သရက်သီးကို ဆိုင်း၌ထည့်၍ ယခု သွားလေဟု ကျေးသားငယ်ကို လွှတ်၏။ ထိုကျေးသားငယ်သည် ထိုသရက်သီးကို ဆောင်၍ မိဖုယားအား ပေး၏။ ထိုမိဖုယားသည် ထိုသရက်သီးကို စား၍ ချင်ခြင်းကို ငြိမ်းစေ၏။ ထိုသရက်သီးကို စားခြင်းဟူသော အကြောင်းကြောင့် ထိုမိဖုယားအား သားရသောမည်သည် မဖြစ်။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ မိဖုယား ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ကျေးသား ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ သရက်သီးမှည့်ပေးသော ဇောတိရသရသေ့ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဥယျာဉ်၌နေသော ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ်ကျိုးတွက်တာ၊ ကြောင်းခြင်းရာကြောင့်၊ နတ်လာပေးချက်၊ မြင်အိပ်မက်၊ မှန်လျှက် မရှိပါ

ရှေးဦးစွာသော အဗ္ဘန္တရဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၂။ သေယျဇာတ်

အဆိုးမှ အကျိုး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သေယျံသော သေယျသော ဟောတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသေယျဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောလမင်း၏ တယောက်သော အမတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအမတ်သည် များစွာကျေးဇူးပြု၏။ မင်း၏ ခပ်သိမ်းသော အမှုကိစ္စတို့ကို ပြီးစေ၏။ မင်းသည် ဤအမတ်ကား ငါ့အား များစွာကျေးဇူးပြု၏ဟု ထိုအမတ်အား များစွာသော စည်းစိမ်ကို ပေး၏။ ထိုအမတ်ကို သည်းမခံနိုင်ကုန်သော တပါးကုန်သော သူတို့သည် မင်းအားဂုံးတိုက်၍ ဖျက်ဆီးကုန်၏။ မင်းသည် ထိုသူတို့၏ စကားကိုယူ၍ အပြစ်ကိုမဆင်ခြင်မူ၍သာလျှင် သီလရှိသော အပြစ်မရှိသောအမတ်ကို သံခြေကျဉ်းအနှောင်အဖွဲ့ဖြင့် ဖွဲ့စေ၍ နှောင်အိမ်သို့ သွင်းစေ၏။ ထိုအမတ်သည် နှောင်အိမ်၌ တယောက်တည်းလျှင် နေလတ်သော် သီလ၏ ပြည့်စုံခြင်းကိုမှီ၍ စိတ်၏တည်ကြည်ခြင်းကိုရ၍ သင်္ခါရတို့ကိုသုံးသပ်၍ သောတာပတ္တိဖိုလ်ကို ရ၏။ ထိုအခါ မင်းသည် နောက်ကာလ၌ ထိုအမတ်၏ အပြစ်မရှိသော အဖြစ်ကိုသိ၍ သံခြေကျဉ်း အနှောင် အဖွဲ့ကို လွှတ်စေ၍ ရှေးစည်းစိမ်ထက် အလွန်ကြီးမြတ်သော စည်းစိမ်ကို ထိုအမတ်အား ပေး၏။ ထိုအမတ်သည် ဘုရားသခင်ကို ရှိခိုးအံ့ဟု များစွာသော ပန်း, နံ့သာ အစရှိသည်တို့ကိုယူ၍ ကျောင်းသို့ သွား၍ မြတ်စွာဘုရားကို ပူဇော်ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာ နေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုအမတ်နှင့်တကွ ပဋိသန္ထာရပြုတော်မူ၍ သင့်အား အကျိုးမဲ့ ဖြစ်သည်ဟူ၍ ကြားရကုန်၏ဟု မိန့်တော်မူ၏။ ဘုန်းတောကြီးသော အရှင်ဘုရား အကျိုးမဲ့ဖြစ်ချေ၏။ ထိုအကျိုးမဲ့ဖြင့်ကား အကျိုးစီးပွားကို ပြု၏။ နှောင်အိမ်၌နေ၍ သောတာပတ္တိဖိုလ်ကို ရစေ၏ဟု လျှောက်လေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဒါယကာ သင်သည်သာလျှင် အကျိုးမဲ့ဖြင့် အကျိုးကိုဆောင်သည် မဟုတ်သေး၊ ရှေးပညာရှိတို့သည်လည်း အကျိုးမဲ့ဖြင့် အကျိုးစီးပွားကို ဆောင်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ ထိုအမတ်သည် တောင်းပန်အပ်သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ မိဖုယားကြီးဝမ်း၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ အဘလွန်သဖြင့် မင်းအဖြစ်၌ တည်၍ မင်းကျင့်တရားနှင့်ညီစွာ မင်းပြုလျက် အလှူပေး၏။ ပဉ္စသီလ ဆောက် တည်၏။ ဥပုသ်စောင့်၏။ ထိုအခါ ဘုရားလောင်းမင်း၏ တယောက်သော အမတ်သည် နန်းတွင်း၌ ပြစ်မှား၏။ ခြေရင်း၌ များစွာသော အမတ်အစရှိသည်တို့သည်သိ၍ ဤအမည်ရှိသောအမတ်သည် နန်းတွင်း၌ ပြစ်မှား၏ဟု မင်းအား လျှောက်ကုန်၏။ မင်းသည်လည်း စုံစမ်းသည်ရှိသော် အဟုတ်အမှန်အားဖြင့်သိ၍ ခေါ်စေ၍ ယနေ့မှစ၍ ငါ့ကို မခစားလင့်ဟု နှင်ထုတ်ခြင်းကို ပြု၏။ ထိုအမတ်သည်သွား၍ တပါးသော ပြည်နီးချင်းမင်းကို ခစား၏။ အလုံးစုံသော ဝတ္ထုသည် အောက် မဟာသီလဝဇာတ်၌ ဆိုခဲ့ပြီးသည်နှင့် တူသလျှင်ကတည်း၊ ဤဇာတ်၌လည်း ထိုပြည်နီးချင်းမင်းသည် သုံးကြိမ်စုံစမ်း၍ ထိုအမတ်၏စကားကို ယုံကြည်၍ ဗာရာဏသီပြည်ကို ယူအံ့ဟု များစွာသောအခြံအရံဖြင့် ပြည်အပိုင်းအခြားသို့ ရောက် လာ၏။ ဗာရာဏသီမင်း၏ ခုနစ်ရာကုန်သော အမတ်တို့သည် ထိုအကြောင်းကိုသိ၍ မင်းကြီး ဤမည်သောမင်းသည် ဗာရာဏသီပြည်ကို ယူအံ့ဟု ဇနပုဒ်ကိုဖျက်ဆီးလျက် လာသတတ်၊ ထိုမင်းကို ဖမ်းကြကုန်အံ့ဟု ဆိုကုန်၏။ ငါ့အား သူတပါးကိုညှဉ်းဆဲ၍ ရအပ်သောမင်းအဖြစ်ဖြင့် အလိုမရှိ၊ တစုံတခုကို မပြုကြကုန်လင့်ဟု ဆို၏။

ထိုခိုးသူမင်းသည်လာ၍ မြို့ကိုရံ၏။ အမတ်တို့သည် မင်းကိုကပ်၍ မြတ်သောမင်းကြီး ဤသို့သည်းခံခြင်းကို မပြုလင့်၊ အကျွန်ုပ်တို့သည် ထိုမင်းကို ဖမ်းကြကုန်အံ့ဟု ဆိုကုန်၏။ မင်းသည် တစုံတခုကို ပြုခြင်းငှါ မရအပ်၊ မြို့တံခါးတို့ကို ဖွင့်ကြကုန်လောဟု ဆို၍ မိမိသည် အမတ်အပေါင်းခြံရံလျက် မြတ်သောပြာသာဒ်အပြင် ပလ္လင်၌ နေ၏။ ခိုးသူမင်းသည် တံခါးလေးမျက်နှာတို့၌ လူတို့ကိုရိုက်ပုတ်လျက် မြို့သို့ဝင်၍ ပြာသာဒ်သို့ တက်၍ အမတ်ခုနစ်ရာ အခြံအရံရှိသောမင်းကိုဖမ်း၍ သံခြေကျဉ်းတို့ဖြင့် နှောင်ဖွဲ့၍ နှောင်အိမ်သို့ သွင်းစေ၏။ ဗာရာဏသီမင်းသည် နှောင်အိမ်၌နေလျက် ဤခိုးသူမင်းကို မေတ္တာပြု၍ မေတ္တာဈာန်ကို ဖြစ်စေ၏။ ဗာရာဏသီမင်း၏ မေတ္တာအာနုဘော်အားဖြင့် ခိုးသူမင်း၏ကိုယ်၌ ပူခြင်းသည် ဖြစ်၏။ အလုံးစုံသောကိုယ်သည် အစုံသောမီးရှူးတို့ဖြင့် လောင်စေဘိသကဲ့သို့ ဖြစ်၏။ ထိုခိုးသူမင်းသည် ကြီးစွာသောဆင်းရဲဖြင့် နှိပ်စက်ရကား အကြောင်း အသို့တုံနည်းဟု မေး၏။ သင်မင်းကြီးတို့သည် သီလရှိသောမင်းကို နှောင်အိမ်၌ သွင်းကုန်၏။ ထို့ကြောင့် ထိုဆင်းရဲသည် ဖြစ်လတ္တံ့ဟု လျှောက်ကုန်၏။ ထိုခိုးသူမင်းသည် သွား၍ ဘုရားလောင်းကို ကန်တော့၍ ရှင်မင်းကြီးတို့၏ ပြည်သည် ရှင်မင်းကြီးတို့အားသာ ဖြစ်စေဟု မင်းအဖြစ်ကို ဘုရားလောင်းအားသာလျှင် အပ်၍ ယနေ့မှစ၍ ရှင်မင်းကြီးတို့၏ရန်သူသည် အကျွန်ုပ်၏ တာဝန်ဖြစ်စေဟုဆို၍ ပြစ်မှားသော အမတ်အား မင်းအာဏာကို ပြုစေ၍ မိမိ၏မြို့သို့လျှင် သွား၏။ ဘုရားလောင်းသည် တန်ဆာဆင်အပ်သော မြတ်သော ပြာသာဒ်၌ ကောင်းစွာဆောက်အပ်သော ထီးဖြူရှိသော ပလ္လင်၌နေလျက် အမတ်တို့နှင့်တကွ ပြောဆိုလိုရကား-

၉၄။ သေယျံသော သေယျသော ဟောတိ၊ ယော သေယျမုပသေဝတိ။
ဧကန သန္ဓိံ ကတွာန၊ သတံဝဇ္ဈေ အမောစယိံ။
၉၅။ တသ္မာ သဗ္ဗေန လောကေန၊ သန္ဓိံ ကတွာန ဧကတော။
ပေစ္စ သဂ္ဂံ နိဂစ္ဆေယျ၊ ဣဒံ သုဏာထ ကာသိယာ။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၉၄။ ကာသိယာ၊ ကာသိတိုင်းသား အမတ်တို့။ သေယျံသော၊ မြတ်သောကုသိုလ်တရားဟု ဆိုအပ်သော အဘို့အစုရှိသော။ ယော၊ အကြင်သူသည်။ သေယျံ၊ မြတ်သောကုသိုလ်တရားကို။ ဝါ၊ မြတ်သောပုဂ္ဂိုလ်ကို။ ဥပသေဝတိ၊ မှီဝဲ၏။ သော၊ ထိုသူသည်။ သေယျသော၊ အလွန်မြတ်သည်။ ဟောတိ၊ ဖြစ်၏။ ဧကေန၊ တယောက်သော ခိုးသူမင်းနှင့်။ သန္ဓိံ ကတွာန၊ စေ့စပ်ခြင်းကိုပြု၍။ သတံဝဇ္ဈေ၊ သတ်ထိုက်ကုန်သော ခုနစ်ရာကုန်သောအမတ်တို့ကို။ အမောစယိံ၊ လွတ်စေရပြီ။

֍ ဋ္ဌ ၉၅။ တသ္မာ၊ ထို့ကြောင့်။ သဗ္ဗေန၊ ခပ်သိမ်းသော။ လောကေန၊ လောကနှင့်။ ဧကတော၊ တပေါင်းတည်း။ သန္ဓိံ ကတွာန၊ စေ့စပ်ခြင်းကို ပြု၍။ ပေစ္စ၊ တမလွန်ဘဝ၌။ သဂ္ဂံ၊ နတ်ပြည် ဗြဟ္မာ့ပြည်သို့။ နိဂစ္ဆေယျ၊ လားရာ၏။ ဣဒံ၊ ဤစကားကို။ ကာသိယာ၊ ကာသိတိုင်းသားဖြစ်ကုန်သော။ တုမှေ၊ သင်တို့သည်။ သုဏာထ၊ နာကြကုန်လော့။

ဤသို့ ဘုရားလောင်းသည် လူများအား မေတ္တာဘာဝနာ၏ ကျေးဇူးကို ချီးမွမ်း၍ တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏ သီပြည်၌ ထီးဖြူကို စွန့်ပစ်၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်း ပြု၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူ၍-

၉၆။ ဣဒံ ဝတွာ မဟာရာဇာ၊ ကံသော ဗာရာဏသိဂ္ဂဟော။
ဓနုံ ကဏ္ဍဉ္စ နိက္ခိပ္ပ၊ သံယမံ အဇ္ဈုပါဂမိ။

ဟူသော သုံးခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၆။ ဗာရာဏသိဂ္ဂဟော၊ ဗာရာဏသီပြည်ကို သိမ်းပိုက်တော်မူသော။ ကံသော၊ ကံသ အမည်ရှိသော။ မဟာရာဇာ၊ မင်းကြီးသည်။ ဣဒံ၊ ဤဂါထာစကားကို။ ဝတွာ၊ ဆို၏။ ဓနုဉ္စ၊ လေးကို၎င်း။ ကဏ္ဍဉ္စ၊ မြားကို၎င်း။ နိက္ခိပ္ပ၊ ချ၍။ သံယမံ၊ ရသေ့ ရဟန်းအဖြစ်သို့။ အဇ္စျုပါဂမိ၊ ကပ်၏။

ရသေ့ပြုပြီး၍ကား ဈာန်ကိုဖြစ်စေ၍ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်၌ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ခိုးသူမင်း ဖြစ်ဘူးပြီ၊ ယခုအခါငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဘေးရန်နှင့်တွေ့၊ မေတ္တာမွေ့၊ ရန်ငွေ့ပျက်ပြုန်းမည်

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သေယျဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၃။ ဝဍ္ဎကီ သူကရဇာတ်

ဝက်စစ်ဗိုလ်ကြီး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝရံ ဝရံ တွံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝဍ္ဎကီသူကရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဓနုဂ္ဂဟတိဿမည်သော မထေရ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ပသေနဒီ ကောသလမင်း၏ ခမည်းတော် မဟာကောသလ မင်းသည် ဗိမ္ဗိသာရမင်းအား ဝေဒေဟီမည်သောသ္မီးတော်ကိုပေးသည်ရှိသော် မင်းသ္မီးအား ရေချိုးကသယ်မှုန့်ဘိုးပြု၍ အခွန်တသိန်းထွက်သော ကာသိရွာကို ပေးလိုက်၏။ အဇာတသတ် မင်းသည်ကား ခမည်းတော်ကို သတ်သည်ရှိသော် ဝေဒေဟီမိဖုယားသည်လည်း သောကနှိပ်စက်သည်ဖြစ်၍ သေလွန်၏။ ထို့နောင်မှ ပသေနဒီကောသလမင်းသည် အဇာတသတ်မင်းကား အဘကိုသတ်၏။ နှမသည် လင်သေလတ်သော် ထိုသောကဖြင့် နှိပ်စက် သည်ဖြစ်၍ သေ၏။ အဘသတ်ခိုးသူအား ကာသိရွာကို မပေးဟု ကြံ၏။ ကြံပြီး၍ ကောသလမင်းသည် ထိုကာသိကရွာကို အဇာတသတ်မင်းအား မပေး၊ ထိုရွာကို အမှီပြု၍ မင်းနှစ်ပါးတို့အားလည်း ရံခါရံခါ စစ်ထိုးခြင်းသည် ဖြစ်၏။ အဇာတ သတ်သည်ကား ပျို၏။ ပသေနဒီကား အို၏။ ပသေနဒီမင်းသည် မပြတ်လျှင် ရှုံး၏။ ပသေနဒီမင်း၏ လူတို့သည်လည်း ရှုံးကုန်၏။ ထိုအခါ ပသေနဒီမင်းသည် ငါတို့သည် မပြတ်လျှင် ရှုံးကုန်၏။ အသို့လျှင်ပြုကုန်အံ့နည်းဟု အမတ်တို့ကို မေး၏။ မြတ်သောမင်းကြီး အရှင်ကောင်းတို့သည် ပညာရှိကုန်၏။ ဇေတဝန်ကျောင်းတော်၌ ရဟန်းတို့၏စကားကို နားထောင်ခြင်းငှါ သင့်၏ဟု လျှောက်ကုန်၏။ မင်းသည် ထိုသို့တပြီးကား ထိုအခါ၌ ရဟန်းတို့၏စကားကို နားထောင်ကြ ကုန်လောဟု သူလျှို ယောက်ျားတို့ကို စေ၏။ ထိုသူလျှိုယောက်ျားတို့သည် ထိုအခါမှစ၍ မင်းစေတိုင်း ပြုကုန်၏။

ထိုကာလ၌ကား ဒတ္တမထေရ်, ဓနုဂ္ဂဟတိဿမထေရ် ဟူကုန်သော နှစ်ပါးကုန်သော အိုမင်းကုန်သော မထေရ်တို့သည် ကျောင်း၏ အစွန်ဖြစ်သောကျောင်း၌ နေကုန်၏။ ထိုနှစ်ပါးကုန်သော မထေရ်တို့တွင် ဓနုဂ္ဂဟတိဿမထေရ်သည် ပဌမယာမ် မဇ္ဈိမယာမ်၌အိပ်၍ ပစ္ဆိမယာမ်၌နိုး၍ မီးစတို့ကို သုတ်သင်၍ မီးလှုံ၍ ထိုင်လျက် အရှင်ဒတ္တ အိပ်သဖြင့် အဘယ် အကျိုးရှိအံ့နည်း ထ၍ထိုင်လောဟု ဆို၏။ ထိုဒတ္တမထေရ်သည် ထ၍ ထိုင်သည်ရှိသော် ထိုဒတ္တမထေရ်ကို အရှင်ဒတ္တမထေရ် သင်၏ ဝမ်းပိုက်ကြီးသော ကောသလမင်းသည် အိုးစရည်းမျှလောက်သော ထမင်းကိုသာလျှင် ပုပ်သည်ကို ပြုတတ်၏။ တစုံတခုသော စစ်ထိုးခြင်း အစီအရင်ကိုကား မသိ၊ ရှုံး၍သာလျှင် ပြေးရ၏ဟု ဆို၏။ အဘယ်သို့ ပြုခြင်းငှါသင့်သနည်းဟု ဒတ္တမထေရ်သည် မေး၏။ ထိုခဏ၌ ထိုသူလျှိုယောက်ျားတို့သည် ထိုနှစ်ပါးကုန်သော မထေရ်တို့၏ စကားကို နားထောင်လျက် ရပ်ကုန်၏။

ဓနုဂ္ဂဟတိဿမထေရ်သည် စစ်ထိုးခြင်းအစီအရင်ကို ဆို၏။ အရှင်ဘုရား စစ်ထိုးခြင်းမည်သည်ကား ပဒုမဗျူဟာ စစ်ထိုးခြင်း, စက္ကဗျူဟာစစ်ထိုးခြင်း သကဋဗျူဟာစစ်ထိုးခြင်းဟူ၍ သုံးပါးအပြားရှိ၏။ အဇာတသတ်ကို ဖမ်းလိုသော် ဤ မည်သော တောင်ဝှမ်းဝယ် နံရံနှစ်ဘက်တို့၌ လူတို့ကိုထား၍ ရှေ့မှအားနည်းသော စစ်သည်ကိုပြ၍ တောင်ကြားသို့ ဝင်သောအဖြစ်ကို မသိစေမူ၍ ဝင်သောခရီးကို ပိတ်ဆို့၍ ရှေ့ နောက်နှစ်ဘက်ကုန်သော တောင်နံရံတို့၌ ကြော်ငြာကုန်၍ ကွန်၌ထည့်အပ်သော ငါးတို့ကဲ့သို့၎င်း လက်ဆုပ်၌ရှိသော ငုံးငယ်ကဲ့သို့၎င်း ပြု၍ဖမ်းခြင်းငှာ တတ်ကောင်း၏ဟု ဆိုလတ်သော် သူလျှိုယောကျ်ာတို့သည် ထိုသတင်း စကားကို မင်းအား ကြားလျှောက်ကုန်၏။ မင်းသည် ထိုစကားကို ကြား၍ စစ်ထိုးခြင်းစည်ကို လည်စေ၍ သွား၍ သကဋဗျူဟာ စစ်ထိုးခြင်းကို စီရင်၍ အဇာတသတ်မင်းကို အရှင်ဖမ်းစေ၍ မိမိ၏ဝဇိရမည်သော မင်းသ္မီးကို တူအားပေး၍ ကာသိမည်သောရွာကို ဝဇိရမည်သော မင်းသ္မီး၏ ကသယ်မှုန့်ဘိုးပြု၍ ပေး၍ လွှတ်လိုက်၏။ ထိုအကြောင်းသည် ရဟန်းသင်္ဃာ၌ ထင်ရှားစွာ ဖြစ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ ကောသလမင်းသည် ဓနုဂ္ဂဟတိဿမထေရ်၏ အစီအရင်ဖြင့် အဇာတသတ်မင်းကို အောင်ပေ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ငါလာတော်မူသောအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤဓနုဂ္ဂဟတိဿသည် စစ်ထိုးခြင်း အစီအရင်၌ လိမ္မာသည်မဟုတ်သေး၊ ရှေး၌လည်း စစ်ထိုးခြင်း အစီအရင်၌ လိမ္မာသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တော၌ ရုက္ခစိုဝ်းနတ် ဖြစ်၏။ ထိုအခါ ဗာရာဏသီပြည်ကို မှီ၍နေသော လက်သမားရွာမှ တယောက်သောလက်သမားသည် အဆောက်အဦအကျိုးငှါ တောသို့သွား၍ တွင်း၌ကျသော ဝက်ငယ်ကိုမြင်၍ ထိုဝက်ငယ်ကို အိမ်သို့ဆောင်၍ မွေး၏။ ထိုဝက်ငယ်သည် ကြီးလတ်သော် ကြီးသော ကိုယ်ရှိ၏။ ကောက်သော အစွယ်ရှိ၏။ အကျင့်နှင့် ပြည့်စုံ၏။ လက်သမားသည် မွေးအပ်သည်၏ အဖြစ်ကြောင့်ကား ဝဍ္ဎကီသူကရ ဟူ၍လျှင် ထင်ရှား၏။ လက်သမားအား သစ်ရွေသော ကာလ၌ နှုတ်သီးဖြင့် သစ်ကိုလှန်၍ ပေး၏။ နှုတ်သီးဖြင့် ကိုက်၍ ပဲခွပ် ပုဆိန် ဆောက်ပုတ်တို့ကို ဆောင်ယူ၍ ပေး၏။ မျဉ်း ကြိုးစွန်း၌ ကိုက်၏။ ထိုအခါလက်သမားသည် တစုံတယောက်သော သူသည်လျှင် ဤဝက်ကို စားရာ၏ဟု ကြောက်သောကြောင့် ဆောင်၍ တော၌လွှတ်၏။ ထိုဝက်သည်လည်း တောသို့ဝင်၍ ဘေးကင်းရာ ချမ်းသာရာ အရပ်ကိုကြည့်လတ်သော် တောင်ကြား၌ တခုသော ကြီးကျယ်စွာသော တောင်ချောက်ကြားကို မြင်လေ၏။ ထိုတောင်ချောက်ကြား၌ ချမ်းသာသဖြင့် နေကုန်သော များစွာကုန်သော ဝက်တို့ဖြင့်ပြွမ်း၏။ ထိုဝက်တို့သည် ဝဍ္ဎကီသူကရမည်သော ဝက်ကိုမြင်၍ ဝဍ္ဎကီသူကရမည်သော ဝက်၏အထံသို့ သွားကုန်၏။ ထိုဝဍ္ဎကီသူကရ ဝက်သည်လည်း ထိုဝက်တို့ကို ငါသည် သင်တို့ကိုသာလျှင် ကြည့်လျက်သွား၏။ စင်စစ်သော်ကား သင်တို့ကို ငါသည် မြင်အပ်၏။ ဤအရပ်သည် မွေ့လျော်ဘွယ်ရှိ၏။ ဤအရပ်၌သာလျှင် ငါနေအံ့ဟု ဆို၏။ ဤအရပ်သည် မွေ့လျော်ဘွယ်ရှိသည် မှန်၏။ ထိုသို့မွေ့လျော်ဘွယ် ရှိငြားသော်လည်း ဤအရပ်၌ ဘေးရန်ရှိ၏ဟု ဆိုကုန်၏။ ငါလည်း ထိုသင်တို့ကို မြင်၍လျှင် ဤသို့အစာနှင့်ပြည့်စုံသောအရပ်၌ နေကုန်သော ထိုဝက်တို့၏ ကိုယ်တို့၌ အသား အသွေးသည် မရှိဟု အောက်မေ့မိ၏။ ဤအရပ်၌ သင်တို့အား အဘယ်ဘေးရန် ရှိသနည်းဟု မေး၏။ တခုသာကျားသည် စောစောကလျှင် လာလတ်၍ မြင်တိုင်း မြင်တိုင်းသော ဝက်ကိုယူ၍ သွား၏ဟု ဆိုကုန်၏။ ထိုကျားသည် မပြတ်လာ၍ ယူသလော၊ ရံခါ ရံခါလာ၍ ယူသ လောဟု မေး၏။ မပြတ်လာ၍ ယူ၏ဟုဆိုကုန်၏။ ထိုကျားတို့သည် အဘယ်မျှ ရှိကုန်သနည်းဟု မေး၏။ တခုတည်းလျှင်တည်းဟု ဆိုကုန်၏။ ဤမျှလောက်ကုန်သော သင်တို့သည် တခုတည်းသော ကျားအား စစ်ထိုးအံ့သောငှါ မတတ်နိုင်သ လောဟု မေး၏။ မတတ်နိုင်ကုန်ဟု ဆိုကုန်၏။ ထိုကျားကို ငါဖမ်းအံ့၊ ငါ့စကားကို သင်တို့ လိုက်နာကြကုန်လော့၊ ထိုကျားသည် အဘယ်မှာနေသနည်းဟု မေး၏။ ဤတောင်၌ နေ၏ ဟု ဆို၏။

ထိုဝဍ္ဎကီသူကရမည်သော ဝက်သည် ညဉ့်၌လျှင် ဝက်တို့ကို ကျက် စားစေ၍ စစ်ထိုးအံ့သောငှါ အစီအရင်ကို စီရင် သည်ရှိသော် စစ်ထိုးခြင်းမည်သည်ကား ပဒုမဗျူဟာ စက္ကဗျူဟာ သကဋဗျူဟာတို့၏အစွမ်းအားဖြင့် သုံးပါး အပြားရှိ၏ဟု ဆို၍ ပဒုမဗျူဟာ၏ အစွမ်းအားဖြင့် စီရင်၏။ ထိုဝက်သည် မြေ၏ဦးခေါင်းကို သိ၏။ ထို့ကြောင့် ဤအရပ်၌ စစ်ထိုးခြင်းကို စီရင်ခြင်းငှါ သင့်၏ဟု ဝက်တို့၏ ဝက်ငယ်ကလေးတို့ကို၎င်း အမိအဘတို့ကို၎င်း အလယ်၌ထား၏။ ဝက်ငယ်ကလေးနှင့် မိဘတို့ကို ခြံရံ၍ ဝက်မတို့ကိုထား၏။ ဝက်မတို့ကို ခြံရံ၍ ဝက်ငယ်တို့ကိုထား၏။ ဝက်ငယ်တို့ကို ခြံရံ၍ ဝက်အိုတို့ကိုထား၏။ ဝက်အိုတို့ကိုခြံရံ၍ အစွယ်ရှည်ကုန်သော ဝက်တို့ကိုထား၏။ ထိုဝက်တို့ကို ခြံရံ၍ စစ်ထိုးခြင်း၌ စွမ်းနိုင်ကုန်သော အားရှိကုန်သော တဆယ် နှစ်ဆယ် သုံးဆယ်ကုန်သောဝက်တို့ကို ထိုထိုအရပ်၌ အစုအစုပြု၍ထား၏။ မိမိနေရာ၏ရှေ့မှ တခုသော ဝန်းသောတွင်းကို တူးစေ၏။ နောက် မှ တခုသော ဆောင်းသဏ္ဌာန်ရှိသော အစဉ်သဖြင့် ဝှမ်းသာလိုဏ်နှင့်တူသော တွင်းကို တူးစေ၏။ ထိုဝဍ္ဎကီသူကရမည်သော ဝက်၏ ခြောက်ဆယ် ခုနစ်ဆယ်မျှကုန်သော စစ်ထိုးဝက်တို့ကိုယူ၍ ထိုထိုအရပ်၌ မကြောက်ကြကုန်လင့်ဟု အမှုကိုစီရင်စဉ် အရုဏ်သည် တက်၏။

ကျားသည် ထ၍ အချိန်ရောက်ပြီဟုသိ၍ သွား၍ ထိုဝက်တို့၏ရှေ့ တောင်အပြင်၌ရပ်၍ မျက်စိတို့ကို ဖွင့်၍ ဝက်တို့ကို ကြည့်၏။ ထိုဝဍ္ဎကီသူကရမည်သောဝက်သည် ထိုကျားကို အတူကြည့်ကြကုန်လော့ဟု ထိုဝက်တို့အား အမှတ်သညာကိုပေး၏။ ထိုဝက်တို့သည် အတူ ကြည့်ကြကုန်၏။ ကျားသည် မျက်နှာကိုမော်၍ နားထောင်၏။ ဝက်တို့သည်လည်း ထို့အတူပြုကြကုန်၏။ ကျားသည် ကျင်ငယ်ကို စွန့်၏။ ဝက်တို့သည်လည်း ထို့အတူ စွန့်ကုန်၏။ ဤသို့ အကြင် အကြင် အမှုကို ပြု၏။ ထိုထိုအမှုကို ဝက်တို့သည် အတူပြုကုန်၏။ ထိုကျားသည် ရှေး၌ ဝက်တို့သည် ကြည့်သော ကာလ၌ ပြေးကြကုန်၏။ ကြည့်အံ့သောငှါလည်း မတတ်နိုင်ကုန်၊ ယနေ့ကား မပြေးမူ၍ ငါ၏ ဆန့်ကျင်ဘက် ရန်သူ ဖြစ်ကုန်၏။ ပြုတိုင်းလျှင် အတူပြုကုန်၏။ ထိုမြေဦးခေါင်းအရပ်၌ တည်သော ထိုဝက်တို့ကို စီရင်သော တခုသော ဝက်သည် ရှိရာ၏။ ယနေ့ သွားသော် ငါ့အား အောင်ခြင်းသည် မထင်ဟု ကြံ၍ ထိုကျားသည် ပြန်လည်၍ မိမိနေရာအရပ်သို့သာလျှင် သွား၏။ ထိုကျားသည် ယူခဲ့သောအစာကို စားသော တယောက်သော ရသေ့စဉ်းလဲသည် ရှိ၏။ ထိုရသေ့စဉ်းလဲသည် လက်ချည်းစည်း လာသော ထိုကျားကိုလျှင် မြင်၍ တိုကျားနှင့် တကွ စကားပြောဆိုလိုရကား-

၉၇။ ဝရံ ဝရံ တွံ နိဟနံ ပုရေ စရိ၊
အသ္မိံ ပဒေသေ အဘိဘုယျ သူကရေ။
သော ဒါနိ ဧကော ဗျပဂမ္မ ဈာယသိ၊
ဗလံ နု တေ ဗျဂ္ဃ န စဇ္ဇ ဝိဇ္ဇတိ။

ဟူသော ရှေးဦးစွာသော ဤဂါတာကို ဆို၏။

֍ ဋ္ဌ ၉၇။ ဗျဂ္ဃ၊ ကျား။ ပုရေ၊ ရှေး၌။ တွံ၊ သင်သည်။ အသ္မိံ ပဒေသေ၊ ဤအရပ်၌။ သူကရေ၊ ဝက်တို့ကို။ အဘိဘုယျ၊ နှိပ်စက်၍။ ဝရံ ဝရံ၊ ကောင်းမြတ်သော ကောင်းမြတ်သော ဝက်ကို။ နိဟနံ၊ သတ်လျက်။ စရိ၊ ကျက်စား၏။ ဒါနိ-ဣဒါနိ၊ ယခုအခါ၌။ သော တွံ၊ ထိုသင်သည်။ ဧကောဝ၊ တယောက်တည်းသာ လျှင်။ အပဂမ္မ၊ တိမ်းရှောင် ထွက်ပြေးခဲ့၍။ ဈာယသိ၊ မှိုင်၏။ ဗျဂ္ဃ၊ ကျား။ တေ၊ သင့်အား။ အဇ္ဇ၊ ယနေ့။ ဗလံ၊ အားသည်။ န ဝိဇ္ဇတိ နု၊ မရှိသလော။

ထိုစကားကိုကြား၍ ကျားသည်-

၉၈။ ဣမေ သုဒံ ယန္တိ ဒိသောဒိသံ ပုရေ။
ဘယဋ္ဋိတာ လေဏဂဝေသိနော ပုထူ။
တေ ဒါနိ သင်္ဂမ္မ ဝသန္တိ ဧကတော၊
ယတ္တဋ္ဌိတာ ဒုပ္ပသဟာဇ္ဇ မေ မယာ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၈။ ဣမေ သူကရာ၊ ဤဝက်တို့သည်။ ပုရေ၊ ရှေး၌။ မံ၊ ငါ့ကို။ ဒိသွာ၊ မြင်၍။ ဘယဋ္ဋိတာ၊ ကြောက်ခြင်းဖြင့် နှိပ်စက်အပ်ကုန်သည်ဖြစ်၍။ လေဏဂဝေသိနော၊ ပုန်းအောင်းရာကို ရှာကုန်လျက်။ ပုထူ၊ အသီး အသီးဖြစ်ကုန်၏။ ဒိသောဒိသံ၊ ထိုထိုအရပ်လေးမျက်နှာသို့။ ယန္တိ၊ ပြေးကုန်၏။ ဒါနိ-ဣဒါနိ၊ ယခုအခါခါ၌။ ယတ္ထ၊ အကြင်အရပ်၌။ ဌိတာ၊ တည်ကုန်သော။ တေ၊ ထိုဝက်တို့ကို။ အဇ္ဇ၊ ယနေ့။ မယာ၊ ငါသည်။ ဒုပ္ပသဟာ၊ မအောင်ကုန်။ တတ္ထ၊ ထိုအရပ်၌။ သင်္ဂမ္မ၊ စည်းဝေး၍။ ဧကတော၊ တပေါင်းတည်း။ ဝသန္တိ၊ နေကုန်၏။

ထိုအခါ ကျားအား ရသေ့စဉ်းလဲသည် အားထုတ်ခြင်းကို ဖြစ်စေလို၍ မကြောက်လင့်၊ သွားချေ၊ သင် အသံပြု၍ သွားသည်ရှိသော် ခပ်သိမ်းသော ဝက်တို့သည် ကြောက်ကုန်ရကား ကွဲ၍ ပြေးကုန်လတ္တံ့ဟု ဆို၏။ ကျားသည် ထိုရသေ့စဉ်းလဲ အားထုတ်ခြင်းကို ဖြစ်စေသည်ရှိသော် ရဲသည်ဖြစ်၍ တဖန်သွား၍ တောင်မြင့်၌ရပ်၏။ ဝဍ္ဎကီသူကရမည်သော ဝက်သည် တွင်းနှစ်ခုတို့၏အလယ်၌ နေ၏။ ဝက်တို့သည် အရှင်ခိုးသူ ကြီး လာပြန်၏ဟု ဆိုကုန်၏။ မကြောက်ကြလင့် ယခု ဖမ်းအံ့ဟု ဆို၏။ ကျားသည် မြည်၍ ဝဍ္ဎကီသူကရမည်သော ဝက်၏ အပေါ်သို့ ပြေးလာ၏။ ဝက်သည် ကျား၏ မိမိ၏ အပေါ်သို့ ပြေးလာသောကာလ၌ ပြန်၍ လျင်မြန်သဖြင့် ဖြောင့်စွာ တူးသောတွင်းသို့ သက်၏။ ကျားသည် အဟုန်ကိုချုပ်အံ့သောငှါ မတတ်နိုင်ရကား အထက်အဘို့ဖြင့်သွား၍ ဆောင်းကဲ့သို့ မျက်နှာရှိသည်ဖြစ်၍ ဖီလာတူးအပ်သောတွင်း၏ အလွန်ကျဉ်းသော မျက်နှာဝ၌ကျ၍ လက်အုပ်ချီသကဲ့သို့ နေ၏။ ဝက်သည် တွင်းမှထွက်၍ မိုဃ်းကြီးကဲ့သို့သာ လျင်မြန်ခြင်းဖြင့် သွား၍ ကျား၏ပေါင်ကြား၌ အစွယ်ဖြင့်မြွင်း၍ အညှို့တိုင် အောင်ခွဲ၍ ကောင်းသော အသားငါးပါးတို့ကို အစွယ်ဖြင့်ထွင်း၍ ကျား၏ထိပ်ထက်၌ လှည့်လည်၍ သင်တို့ရန်သူကို ယူကြကုန်လော့ဟု ချီ၍ တွင်းဝသို့ ပစ်ချ၏။ ရှေးဦးစွာ လာကုန်သော ဝက်တို့သည် ကျား၏အသားကို ရကုန်၏။ နောက်မှလာသော ဝက်တို့သည် ကျားသားကား အသို့သဘောရှိသနည်းဟု ကျားသားကို စားသောဝက်တို့၏ နှုတ်သီးကိုနမ်း၍ သွားကုန်၏။

ဝက်တို့သည် ကျားသေကာမျှဖြင့် မနှစ်သက်ကုန်သေး၊ ဝဍ္ဎကီသူကရသည် ထိုဝက်တို့၏ အရိပ်နိမိတ်ကိုမြင်၍ သင်တို့သည် အဘယ့်ကြောင့် မနှစ်သက်ကြကုန်သနည်းဟုဆို၏။ အရှင်စားတတ်သော တခုသော ကျားသေသဖြင့် အဘယ်ပြုအံ့နည်း၊ တပါးကိုစေခိုင်းခြင်းငှါ စွမ်းနိုင်သော ရသေ့စဉ်းလဲ ရှိသလျှင်ကတည်းဟု ဆိုကုန်၏။ အဘယ်မည်သော ရသေ့နည်းဟု မေး၏။ တယောက်သော သီလမရှိသော ရသေ့တည်းဟု ဆိုကုန်၏။ ကျားကိုလျှက်လည်း ငါသည် သတ်အပ်ပြီ၊ ထိုရသေ့ကိုကား အဘယ်မှာ သတ်လောက်အံ့နည်းဟု ဆို၍ လာကြကုန်၊ ထိုရသေ့ကို ဖမ်းကြကုန်အံ့ဟု ထိုဝက်အပေါင်းတို့နှင့်တကွ သွား၏။

ရသေ့စဉ်းလဲသည်လည်း ကျား ကြာမြင့်သည်ရှိသော် ဝက်တို့သည် ကျားကိုဖမ်းလေကုန်သလောဟု ခရီးဦးကြို သွားလတ်သော် လာကုန်သော ထိုဝက်တို့ကိုမြင်၍ မိမိပရိက္ခရာကိုယူ၍ ပြေး၏။ ဝက်တို့သည် လိုက်လတ်သော် ပရိက္ခရာကိုစွန့်၍ လျင်မြန်သဖြင့် ရေသဖန်းပင်သို့ တက်၏။ ဝက်တို့သည် သခင် ယခု ရသေ့ပြေး၍ သစ်ပင်သို့ တက်၏ဟု ဆိုကုန်၏။ အဘယ်သို့သော သစ်ပင်ကို တက်သနည်းဟု မေး၏။ ရေသဖန်းပင်ကို တက်၏ဟု ဆိုကုန်၏။ ထိုဝဍ္ဎကီသူကရသည် ဝက်မတို့သည် ရေကို ဆောင်ကြကုန်၊ ဝက်ငယ်တို့သည် မြေကိုတူးကြကုန်၊ အစွယ်ရှည်ကုန်သော ဝက်တို့သည် အမြစ်ကို ဖြတ်ကြကုန်၊ ကြွင်းသော ဝက်တို့သည် ခြံရံ၍ စောင့်ကြကုန်ဟု စီရင်၍ ထိုဝက်တို့သည် စီရင်တိုင်းပြုကုန်သော် မိမိသည် ရေသဖန်းပင်၏ ဖြောင့်စွာသွားသော အမြစ်ကို ပုဆိန်ဖြင့် ဖြတ်ဘိသကဲ့သို့ တချက်ထည်းဖြင့်လျှင် ဖြတ်၍ ရေသဖန်းပင်ကို လဲစေ၏။ ခြံရံ၍နေကုန်သော ဝက်တို့သည် ရသေ့စဉ်းလဲကို မြေသိုကျစေ၍ အပိုင်းပိုင်းဖြတ်၍ အရိုးတိုင်အောင်စား၍ ဝဍ္ဎကီသူကရမ ည်သောဝက်ကို ရေသဖန်းတုံး၌ နေစေ၍ ရသေ့စဉ်းလဲ၏ အသုံးအဆောင် ခရုသင်းဖြင့် ရေကိုဆောင်၍ အဘိသိက်သွန်း၍ မင်းပြုကုန်၏။ တခုသော ပျိုသောဝက်မကိုလည်း ထိုဝက်မင်း၏ မိဖုယားကြီး ပြုကြကုန်၏။ ထိုကာလမှစ၍ ယနေ့ထက်တိုင် မင်းတို့ကို ရေသဖန်းပျဉ်၌လျှင်နေစေ၍ ခရုသင်းသုံးခုတို့ဖြင့် အဘိသိက် သွန်းကုန်သတည်း၊ ထိုတောအုပ်၌နေသော နတ်သည် ထိုအံ့ဘွယ်သရဲကိုမြင်၍ တခုသော သစ်ခွကြား၌ ဝက်တို့ကို ရှေးရှူသည်ဖြစ်၍-

၉၉။ နမတ္ထု သံဃာန သမာဂတာနံ၊
ဒိသွာ သယံ သချံ ဝဒါမိ အဗ္ဘုတံ။
ဗျဂ္ဃံ မိဂါ ယတ္ထ ဇိနိံသု ဒါဌိနော၊
သာမဂ္ဂိယာ ဒါဌဗလေသု မုစ္စရေ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၉။ သမာဂတာနံ၊ ညီညွတ်ကုန်သော။ သံဃာနံ၊ ဝက်အပေါင်းတို့အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေ သတည်း။ အဗ္ဘုတံ၊ ရှေး၌မဖြစ်ဘူးသော။ သချံ၊ မိတ်ခင်ပွန်း ၏အဖြစ်ကို။ သယံ၊ ကိုယ်တိုင်။ ဒိသွာ၊ မြင်၍။ အဟံ၊ ငါသည်။ ဝဒါမိ၊ ဆို၏။ ဒါဌိနော၊ အစွယ်ရှိကုန်သော။ ယတ္ထ၊ အကြင်သို့ သဘောရှိကုန်သော။ မိဂါ၊ ဝက်တို့စင်လျက်။ ဗျဂ္ဃံ၊ ကျားကို။ ဇိနိံသု၊ အောင်ကုန်၏။ ဒါဌဗလေသု၊ အစွယ်အားရှိကုန်သော ဝက်တို့၌။ သာမဂ္ဂိယာ၊ ညီညွတ်ခြင်းဖြင့်။ တေ၊ ထိုဝက်တို့သည်။ မုစ္စရေ၊ သေဘေးမှ လွတ်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဓနုဂ္ဂဟတိဿမထေရ်သည် ထိုအခါ ဝဍ္ဎကီသူကရမည်သော ဝက် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ညီညွတ်သည့်အား၊ ဝက်အများ၊ ကျား, ရသေ့အောင် ဘိသိက်ဆောင်

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဝဍ္ဎကီသူကရဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၄။ သိရိဇာတ်

ကြက်သရေ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် ယံ ဥဿုကာ သင်္ဃရန္တိ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသိရိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ကြက်သရေကို ခိုးသော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ ဤသိရိဇာတ်၌ ပစ္စုပ္ပန်ဝတ္ထုကို အောက် ခရာဒိရဇာတ်၌ ချဲ့အပ်သလျှင်ကတည်း၊ ယခုအခါ၌ကား ထိုအနာထပိဏ်သူဌေးအိမ်၌ လေးခုမြောက်ဖြစ်သော တံခါးမုခ်၌နေသော မိစ္ဆာဒိဋ္ဌိနတ်သည် ဒဏ်အမှုကိုပြုသောအားဖြင့် ငါးဆယ့်လေးကုဋေသော ရွှေတို့ကိုဆောင်၍ ကျီတို့၌ပြည့်စေ၍ သူဌေးနှင့်တကွ အဆွေခင်ပွန်းဖြစ်၏။ ထိုအခါ ထိုနတ်ကို သူဌေးသည် ခေါ်၍ မြတ်စွာဘုရားအထံသို့ ဆောင်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုနတ်အား တရားဟောတော်မူ၏။ ထိုနတ်သည် တရားတော်ကို နာရ၍ သောတာပန် ဖြစ်၏။ ထိုအခါမှစ၍ အနာထပိဏ်သူဌေးအား ရှေး၌ကဲ့သို့ စည်းစိမ်သည် ဖြစ်၏။ ထိုအခါ သာဝတ္ထိပြည်၌နေသော ကြက်သရေလက္ခဏာကိုသိသော တယောက်သောပုဏ္ဏားသည် အနာထပိဏ်ကား ရှေး၌ ဆင်းရဲသည်ဖြစ်၍ ယခု စည်းစိမ်ရှင် ဖြစ်၏။ ငါသည် အနာထပိဏ်ကို ဖူးမြင်လိုသကဲ့သို့ ပြု၍ အနာထပိဏ်၏ အိမ်မှကြက်သရေကို ခိုးယူ၍ လာရမူကား ကောင်း၏ဟု ကြံ၏။ ကြံ၍ ထိုပုဏ္ဏားသည် အနာထပိဏ်အိမ်သို့ သွား၍ အနာထပိဏ်သူဌေးသည် ချီးမြှောက်ပေးကမ်းခြင်းကို ပြုအပ်သည်ဖြစ်၍ တသက်ပတ်လုံး အောက်မေ့အပ်သော စကားကို ပြောဟောပြီး၍ အဘယ်အကျိုးငှါ လာခဲ့သနည်းဟု မေးသည်ရှိသော် အဘယ် ၌လျှင် ကြက်သရေ တည်သနည်းဟု ကြည့်၏။ အနာထပိဏ် သူဌေးအားလည်း ကိုယ်လုံးဖြူသော ပွတ်အပ်သော ခရုသင်း နှင့်တူသော ရွှေချိုင့်၌ထည့်၍ ထားအပ်သော ကြက်သည် ရှိ၏။ ထိုကြက်၏ အမောက်၌ ကြက်သရေတည်၏။ ပုဏ္ဏားသည် ကြည့်လတ်သော် ထိုကြက်၏အမောက်၌ ကြက်သရေ တည်သည်၏အဖြစ်ကို သိ၍ သူဌေးကြီး အကျွန်ုပ်သည် တပည့်လုလင် ငါးရာတို့ကို ဗေဒင်သင်စေ၏။ အချိန်မမှန်တွန်တတ်သော တခုသောကြက်ကို အမှီပြု၍ ထိုတပည့်တို့သည်၎င်း ကျွန်ုပ်တို့သည်၎င်း ပင်ပန်းကုန်၏။ ဤကြက်သည်ကား အချိန် မှန်စွာတွန်တတ်၏။ ဤကြက်၏ အကျိုးငှါ လာ၏။ အကျွန်ုပ်အား ဤကြက်ကိုပေးလောဟု ဆို၏။ ပုဏ္ဏား ယူလော့ သင့်အား ငါပေး၏ဟု ဆိုစဉ်ခဏ၌လျှင် ကြက်သရေသည် ကြက်၏ အမောက်မှ ဖဲ၍ ဦးခေါင်းရင်း၌ ထားအပ်သော ပတ္တမြားတုံး၌ တည်၏။

ပုဏ္ဏားသည် ပတ္တမြား၌ ကြက်သရေ၏ တည်သောအဖြစ်ကို သိ၍ ပတ္တမြားကိုလည်းကောင်း၏။ ပတ္တမြားကိုလည်း ပေး၏ဟု ဆိုစဉ်ခဏ၌လျှင် ကြက်သရေသည် ပတ္တမြားမှဖဲ၍ ဦးခေါင်းရင်း၌ ထားအပ်သော အစောင့်အရှောက်ဖြစ်သော တောင်ဝှေး၌ တည်၏။ ပုဏ္ဏားသည် တောင် ဝှေး၌ ကြက်သရေတည်သောအဖြစ်ကိုသိ၍ တောင်ဝှေးကိုလည်း တောင်း၏။ ယူ၍သွားလော့ဟု ဆိုစဉ် ခဏ၌လျှင် ကြက်သရေသည် တောင်ဝှေးမှဖဲ၍ ပုညလက္ခဏဒေဝီမည်သော မိဖုယား၏ ဦးခေါင်း၌ တည်၏။ ကြက်သရေခိုးပုဏ္ဏားသည် မိဖုယားဦးခေါင်း၌ တည်သည်၏အဖြစ်ကို သိ၍ မိဖုယားသည်ကား မစွန့်အပ်သာ ဥစ္စာဖြစ်၏။ ဤမိဖုယားကို တောင်းအံ့သောငှါ မတတ်ကောင်းဟု ကြံ၍ သူဌေးကြီး အကျွန်ုပ်သည် သင်တို့အိမ်၌ ကြက်သရေကို ခိုး၍ သွားအံ့ဟု လာ၏။ ကြက်သရေသည်ကား ကြက်၏ကမောက်၌ တည်၏။ ထိုကြက်ကို ကျွန်ုပ်အားပေးသည်ရှိသော ကြက်အမောက်မှ ပတ္တမြားတုံး၌ တည်၏။ ပတ္တမြားတုံးကို ပေးသည်ရှိသော် အစောင့်အရှောက်ဖြစ်သော တောင်ဝှေး၌ တည်၏။ တောင်ဝှေးကို ပေးသည် ရှိသော် တောင်ဝှေးမှဖဲ၍ ပုညလက္ခဏဒေဝီ မိဖုယား၏ဦးခေါင်း၌ တည်၏။ ဤဥစ္စာသည်ကား မစွန့်အပ်သော ဥစ္စာတည်း၊ ထို့ကြောင့် ဤဥစ္စာကိုလည်း အကျွန်ုပ် ယူခြင်းငှာ မတတ်ကောင်း၊ သင်၏ ကြက်သရေကို ခိုးခြင်းငှာ မတတ်ကောင်း၊ သင်၏ဥစ္စာသည် သင်တို့သာလျှင် ဖြစ်စေဟု ဆို၏။ ဆိုပြီး၍ နေရာမှထ၍ ဖဲ၏။ အနာထပိဏ်သူဌေးသည် ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်အံ့ဟု ကျောင်းတော်သို့ သွား၍ ဘုရားကို ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာ နေလျက် အလုံးစုံကို ဘုရားအား ကြားလျှောက်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုစကားကို ကြားတော်မူ၍ သူကြွက် ယခုအခါ၌သာလျှင် ကြက်သရေသည် တပါးသို့သွားသည် မဟုတ်သေး၊ ရှေး၌လည်း ဘုန်းနည်းကုန်သော သူတို့သည် ဖြစ်စေအပ်သော ကြက်သရေသည် ဘုန်းရှိကုန်သောသူတို့၏ ခြေ ရင်းသို့ သွားဘူး၏ဟု မိန့်တော်မူ၍ သူဌေးသည် တောင်း ပန်အပ်သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်း ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်သင်၍ အိမ်ရာထောင်သော လူတို့ဘောင်၌နေလျက် မိဘလွန်သဖြင့် သံဝေဂရကား တောထွက်၍ ဟိမဝန္တာ၌ ရသေ့ရဟန်းပြု၍ ငါးပါးသော အဘိ ညာဉ် ရှစ်ပါးသော သမာပတ်တို့ကိုဖြစ်စေ၍ ရှည်မြင့်စွာ ကာလလွန်သဖြင့် ချဉ် ဆားမှီဝဲအံ့သောငှါ ဇနပုဒ်သို့သွား၍ ဗာရာဏသီမင်း၏ ဥယျာဉ်၌နေ၍ နက်ဖြန် ဆွမ်းခံသွားသည်ရှိသော် ဆင်ဆရာ၏ အိမ်တံခါးသို့ ရောက်၏။ ထိုဆင်ဆရာသည် ဘုရားလောင်း၏ ငြိမ်သက်ခြင်း၌ ကြည်ညို၍ ဆွမ်းလှူ၍ ဥယျာဉ်၌ နေစေ၍ အမြဲလုပ်ကျွေး၏။ ထိုအခါ တယောက်သော ထင်းခွေယောက်ျားသည် တောမှထင်းတို့ကို ဆောင်ခဲ့ သည်ရှိသော် အချိန်၌ မြို့တံခါးသို့ ရောက်အံ့သောငှါ မတတ်နိုင်၍ ညအခါ၌ တခုသောနတ်ကွန်းဝယ် ထင်းစည်းကို ဦးခေါင်းရင်း၌ထား၍ အိပ်၏။ နတ်ကွန်း၌ လွှတ်အပ်ကုန်သော များစွာသော ကြက်တို့သည် နတ်ကွန်း၏အနီး တခုသောသစ်ပင်၌ အိပ်ကုန်၏။ ထိုကြက်တို့တွင် အထက်၌အိပ်သော ကြက်သည် မိုးသောက်ထကာလ၌ ကျင်ကြီးကို စွန့်ချသည်ရှိသော် အောက်၌ အိပ်သော ကြက်၏ကိုယ်ပေါ်၌ ကျ၏။ အဘယ်သူသည် ငါ၏ကိုယ်ပေါ်၌ ကျင်ကြီးကို စွန့်ချသနည်းဟု ဆိုသည်ရှိသော် ငါသည် ချ၏ ဟုဆို၏။ အဘယ်ကြောင့် ချသနည်းဟု ဆိုသည်ရှိသော် မဆင်ခြင်မိ၍ ချ၏ ဟုဆို၍ တဖန် ချပြန်၏။ ထိုကြက်နှစ်ခုတို့သည်လည်း အချင်းချင်း ခိုက် ရန်ပြုကုန်လတ်သော် သင့် အစွမ်း အသို့နည်း၊ သင့်အစွမ်း အသို့နည်းဟု ခိုက်ရန်ပြုကြကုန်၏။ ထိုအခါ အောက်၌အိပ်သောကြက်သည် ငါ့ကိုသတ်၍ မီးကျီး ၌ကင်အပ်သော အသားတို့ကိုစားသောသူသည် စောစောကလျှင် အသပြာတထောင်ကို ရ၏ဟု ဆို၏။ အထက်၌ အိပ်သော ကြက်သည် အချင်းကြက် ဤမျှဖြင့် ငါ့ကို မခြိမ်းချောက်လင့်၊ ငါ၏ ကြီး မြတ်သော အသားကို စားသောသူသည် မင်းဖြစ်၏။ အပ၌ အသားကို စားသောသူသည် ယောက်ျားဖြစ်အံ့၊ သေနာပတိအရာကို ရ၏။ မိန်းမဖြစ်အံ့ မိဖုယားအရာကို ရ၏။ အရိုးအသားကို စားသောသူသည် လူဖြစ်အံ့၊ ဘဏ္ဍာစိုးအရာကို ရ၏။ ရဟန်းဖြစ်အံ့ မင်းဆရာအဖြစ်ကို ရ၏ဟုဆို၏။

ထင်းခွေယောက်ျားသည် ထိုကြက်တို့၏ စကားကို ကြား၍ မင်းအဖြစ်သို့ ရောက်သော် တထောင်သောဥစ္စာဖြင့် ကိစ္စသည်မရှိဟု သာယာစွာတက်၍ အထက်၌အိပ်သော ကြက်ကို ဖမ်းပြီးလျှင် သတ်၍ ခါးပိုက်၌ ထည့်၍ မင်းဖြစ်အံ့ဟုဆို၍ ဖွင့်သောတံခါးဖြင့်လျှင် မြို့သို့ဝင်၍ ကြက်ကို အမွေး အတောင်နုတ်၍ ဝမ်းကိုသုတ်သင်၍ ဤကြက်သားကို ကောင်းစွာစီရင်လော့ဟု မယားအားပေး၏။ မယားသည် ကြက်သားကို၎င်း ထမင်းကို၎င်း ကောင်းစွာစီရင်၍ အရှင်စားလော့ဟု လင်အား တည်၏။ လင်သည် ရှင်မ ဤအသားကား အာနုဘော်ကြီး၏။ ဤကြက်သားကို စား၍ ငါမင်းဖြစ်အံ့၊ သင်သည် မိဖုယားဖြစ်လတ္တံ့၊ သင်သည် ထမင်းနှင့် ကြက်သားကိုယူခဲ့၍ ဂင်္ဂါသို့သွား၍ ရေချိုး၍ စားကြကုန်အံ့ဟုဆို၍ ထိုသူတို့သည် ထမင်းတောင်းကို ကမ်းနား၌ထား၍ ရေချိုးအံ့သောငှာ ဆင်း သက်ကုန်၏။ ထိုခဏ၌ လေခတ်ရကား ရေသည်လာ၍ ထမင်းတောင်းကိုယူ၍ သွား၏။ မြစ်၌မျောသော ထိုထမင်းတို့ကိုလည်း အောက်ဆိပ်၌ ဆင်ကိုရေချိုးသော တယောက်သော ဆင်ဆရာအမတ်ကြီးသည် မြင်၍ ဆယ်စေ၍ ဖွင့်စေ၍ အဘယ်နည်းဟု မေး၏။ အရှင်ထမင်းနှင့် ကြက်သားတည်းဟု ဆို၏။ ထိုအမတ်ကြီးသည် ထိုထမင်းတောင်းကို ပိတ်ဖုံးစေ၍ တံဆိပ်ခပ်စေ၍ ငါမရောက်မီ မဖွင့်လင့်ဟု မှာလိုက်၍ မယားထံသို့ပို့ စေ၏။ ထိုထင်းခွေ ယောက်ျားသည်လည်း ခံတွင်းသို့ဝင်သော သဲရေဖြင့် ဖူးဖူးရောင်သော ဝမ်းရှိသည်ဖြစ်၍ ပြေး၏။

ထိုအခါဆင်ဆရာ၏ တပါးသော ဆရာဖြစ်သော ဒိဗ္ဗစက္ခုရှင်ရသေ့သည် ငါ၏ အလုပ်အကျွေးသည် ဆင်ဆရာ၏အရာကိုစွန့်၍ အဘယ်အခါ စည်းစိမ်ကို ရလတ္တံ့နည်းဟု ဒိဗ္ဗစက္ခုဖြင့် ကြည့်လတ်သော် ထိုယောက်ျားကို မြင်၍ ထိုအကြောင်းကိုသိ၍ ရှေးဦးစွာလျှင်သွား၍ ဆင်ဆရာ၏အိမ်၌ နေ၏။ ဆင်ဆရာသည် လာလတ်၍ ရသေ့ကို ရှိခိုး၍ တင့်အပ်လျှောက်ပတ်စွာနေလျက် ထိုထမင်းတောင်းကို ဆောင်ယူခဲ့စေ၍ ရှင်ရသေ့ကို ကြက်သားဆွမ်းဖြင့် လုပ်ကျွေးကြကုန်လောဟု ဆို၏။ ထိုရသေ့သည် ဆွမ်းကိုယူ၍ ကြက်သားကို ကပ်လာသော် မယူမူ၍ ဤကြက်သားကို စီရင်အံ့ဟုဆို၍ စီရင်တော်မူပါကုန်လော့ဟု ဆိုလတ်သော် ကြီးမြတ်သော အသားအစရှိသည်တို့ကို တခုတခုစီ စုစေ၍ ကြီးမြတ်သောအသားကို ဆင်ဆရာအား ပေးစေ၏။ အပဖြစ်သောအသားကို ဆင်ဆရာ၏မယားအား ပေးစေ၏။ ဤအရိုးအသားကို မိမိသည်စား၏။ ထိုရသေ့သည် ဆွမ်းစားပြီး၍ သွားသည်ရှိသော် သင်သည် ယနေ့မှ သုံးရက်မြောက်၌ မင်းဖြစ်လတ္တံ့၊ မမေ့မလျော့လင့်ဟု ဆို၍ သွား၏။ သုံးရက်မြောက်သောနေ့၌ တယောက်သော ပြည်နီးချင်းမင်းသည် လာလတ်၍ ဗာရာဏသီပြည်ကို ဝန်းရံ၏။ ဗာရာဏသီမင်းသည် ဆင်ဆရာကို မင်းအသွင်ကိုယူစေ၍ ဆင်စီး၍ စစ်တိုက်လော့ဟု စေ၏။ မိမိသည် မထင်ရှားသော အသွင်ကိုယူ၍ စစ်သည်၌ စီရင်သည်ရှိသော် ကြီးသောအဟုန်ရှိသော တစင်းသောမြားသည် မှန်၍ ထိုခဏ၌ဘသာလျှင် သေ၏။ ထိုဆင်ဆရာသည် မင်း၏ သေသည်၏ အဖြစ်ကိုသိ၍ များစွာသော အသပြာတို့ကို ထုတ်ယူစေ၍ ဥစ္စာဖြင့်အလိုရှိသောသူတို့သည် ရှေ့၌နေ၍ စစ်တိုးစေကုန်ဟု စည်ကိုလည်စေ၏။ ဗိုတ်ပါ အပေါင်းသည် ခဏချင်းဖြင့် ပြည်နီးချင်းမင်းကို အသက်ကုန်စေ၏။ အမတ်တို့သည် မင်း၏ အလောင်းကို သင်္ဂြိုဟ်၍ အဘယ်သူကို မင်းပြုကုန်အံ့နည်းဟု တိုင်ပင်ကြကုန်သော် ငါတို့မင်းသည် အသက်ရှင်စဉ်လျှင် မိမိ၏ အသွင်ကို ဆင်ဆရာအားပေး၏။ ဆင်ဆရာသည်လျှင် စစ်ထိုး၍ ပြည်ကို ယူ၏။ ထိုဆင်ဆရာအားသာလျှင် မင်းအဖြစ်ကို ပေးကြကုန်အံ့ဟု ဆင်ဆရာကို မင်းအဖြစ်၌ အဘိ သိက်သွန်းကြကုန်၏။ ဆင်ဆရာ၏ မယား မိယားကြီး ပြုကြကုန်၏။ ဘုရားလောင်းသည် မင်းဆရာဖြစ်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ဤအတိတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၁၀၀။ ယံ ဥဿုက္ကာ သင်္ဃရန္တိ၊ အလက္ခိကာ ဗဟုံ ဓနံ။
သိပ္ပဝန္တော အသိပ္ပါ ဝါ၊ လက္ခိဝါ တာနိ ဘုဉ္ဇတိ။
၁၀၁။ သဗ္ဗတ္ထ ကတပုညဿ၊ အကိစ္စညေဝ ပါဏိနော။
ဥပ္ပဇ္ဇန္တိ ဗဟူ ဘာဂါ၊ အပ္ပ နာယတနေသုပိ။

ဟူသော နှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၀၀။ သိပ္ပဝါ၊ အတတ်ရှိသည်လည်းဖြစ်ကုန်သော။ အသိပ္ပ ဝါ၊ အတတ်မရှိသည်လည်း ဖြစ်ကုန်သော။ အလက္ခိကာ၊ ဘုန်း ကံ မရှိကုန်သော သူတို့သည်။ ဥဿုက္ကာ၊ လုံ့လပြုကုန်၍။ ယံ ဗဟုံ ဓနံ၊ အကြင် များစွာသော ဥစ္စာကို။ သင်္ဃရန္တိ၊ ဆည်းပူးကုန်၏။ တာနိ၊ ထိုဥစ္စာတို့ကို။ လက္ခိဝါ၊ ဘုန်းရှိသောသူသည်။ ဘုဉ္ဇတိ၊ ခံစားရ၏။

֍ ဋ္ဌ ၁၀၁။ သဗ္ဗတ္ထ၊ ခပ်သိမ်းသောအရပ်၌။ အညေ၊ ဘုန်းမရှိသောသူတို့ကို။ အတိစ္စ ဧဝ၊ လွန်၍လျှင်။ အပ္ပနာတနေသုပိ၊ ရတနာတို့၏ ဖြစ်ရာမဟုတ်သော အရပ်တို့၌လည်း။ ကတပုညဿ၊ ပြုအပ်သော ကောင်းမှုရှိသော။ ပါဏိနော၊ သတ္တဝါအား။ ဗဟူ၊ များစွာကုန်သော။ ဘောဂါ၊ စည်းစိမ်တို့သည်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် ဤဂါထာတို့ကို ဟောတော်မူ၍ သူကြွယ်ဤသတ္တဝါတို့အား ကောင်းမှုနှင့်တူသော တပါးသော တည်ရာမည်သည် မရှိကုန်၊ ကောင်းမှုရှိသော သူတို့အားကား ဖြစ်ရာမဟုတ်သော အရပ်၌လည်း ရတနာတို့သည် ဖြစ်ကုန်သလျှင်ကတည်းဟု မိန့်တော်မူ၏။

ဤကောင်းမှု မည်သည်ကား လူနတ်တို့အား အလုံးစုံသော အလိုကိုပေးတတ်သော ဥစ္စာရွှေအိုးတည်း၊ လူနတ်တို့သည် အကြင်အကြင် ဆုကို တောင့်တကုန်၏။ အလုံးစုံသော ထိုထိုဆုကို ကောင်းမှုဖြင့်လျှင် ရ၏။

အဆင်းကောင်းခြင်း၊ အသံကောင်းခြင်း သဏ္ဌာန်ကောင်းခြင်း၊ အစိုးရခြင်း အခြံအရံများခြင်းဟူသော အလုံးစုံကို ကောင်းမှုကြောင့် ရ၏။

ပဒေသရာဇ် ဧကရာဇ်စည်းစိမ် စကြဝတေးမင်းချမ်းသာ နတ်တို့၌ဖြစ်သော နတ်မင်းချမ်းသာဟူသော အလုံးစုံကို ကောင်းမှုဖြင့် ရ၏။ လူ၌ဖြစ်သော စည်းစိမ် နတ်၌ဖြစ်သော မွေ့လျော်ခြင်း နိဗ္ဗာန်ချမ်းသာဟူသော ဤအလုံးစုံကို ကောင်းမှုဖြင့် ရ၏။

အဆွေခင်ပွန်း၏ ပြည့်စုံခြင်းကိုစွဲ၍ အသင့်အားဖြင့် လုံ့လပြုသော ပုဂ္ဂိုလ်အားဖြစ်သော ဝိဇ္ဇာဝိမုတ္တိဝသီဘော်ဟူသော အလုံးစုံကို ကောင်းမှုဖြင့် ရ၏။

ပဋိသမ္ဘိဒါ ဝိမောက္ခ သာဝကပါရမီဉာဏ် ပစ္စေကဗောဓိဉာဏ် သဗ္ဗညုတဉာဏ်ဟူသော အလုံးစုံကို ကောင်းမှုဖြင့် ရ၏။

ဤသို့ အကြင်ကောင်းမှု၏ ဖြစ်ခြင်းသည် ရှိ၏။ ထိုကောင်းမှု၏ ဖြစ်ခြင်းသည် ကြီးမြတ်သော ပြည့်စုံခြင်းကို ဆောင်၏။ ထို့ကြောင့် တည်ကြည်ကုန်သော ပညာရှိတို့သည် ပြုခဲ့ပြီးသော ကောင်းမှုရှိသောသူ၏အဖြစ်ကို ချီးမွမ်းကုန်၏ ဟု တရားဟောတော်မူ၏။

ယခုအခါ၌ အနာထပိဏ်သူဌေး၏ ကြက်သရေ တည်ရာ ရတနာတို့ကို ပြတော်မူအံ့သောငှါ-

၁၀၂။ ကုက္ကုဋော မဏယော ဒဏ္ဍော၊ ထိယော စ ပုညလက္ခဏာ။
ဥပ္ပဇ္ဇန္တိ အပါပဿ၊ ကတပုညဿ ဇန္တုနော။

ဟူသောဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၀၂။ အပါပဿ၊ မကောင်းမှုမရှိသော။ ကတပုညဿ၊ ပြုအပ်ပြီးသော ကောင်းမှုရှိသော။ ဇန္တုနော၊ အနာထပိဏ်သူဌေးအား။ ကုက္ကုဋော စ၊ ကြက်သည်၎င်း။ မဏယော စ၊ ပတ္တမြားတို့သည်၎င်း။ ဒဏ္ဍော စ၊ တောင်ဝှေးသည်၎င်း။ ပုညလက္ခဏာ၊ ပုညလက္ခဏဒေဝီ မည်သော။ ထိယော စ၊ မိန်းမတို့သည်၎င်း။ ဥပ္ပန္တိ၊ ဖြစ်ကုန်၏။

ဇာတ်ပေါင်း... ဤသို့ ဟောတော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မင်း၏ ဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဘုန်းနည်းသူပြု၊ ကြက်သရေမှု၊ တခုမကျန် ဘုန်းရှိထံ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော သိရိဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၅။ မဏိသူကရဇာတ်

ပတ္တမြားဂူ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဒရိယာ သတ္တဝဿာနိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဏိသူကရဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သုန္ဒရီ၏သေခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုအခါ၌ မြတ်စွာဘုရားကို ပူဇော်အပ်သည် အလေးဂရုပြုအပ်သည် ဖြစ်၏။ ပစ္စုပ္ပန်ဝတ္ထုသည် ဥဒါန်း၌လာသလျှင်ကတည်း၊ ဤဇာတ်၌ အကျဉ်းကား ဤသို့တည်း၊ မြတ်စွာဘုရားအား၎င်း ရဟန်းသင်္ဃာအား၎င်း မြစ်ကြီးငါးစင်းတို့၏ ကြီးစွာသော ရေအယဉ်နှင့်တူသော လာဘ သက္ကာရသည် ဖြစ်သည်ရှိသော် သာသနာတော်မှ အပဖြစ်ကုန်သော တိတ္ထိတို့သည်ကား နေထွက်သောအခါ ပိုးစုန်းကြူးတို့ကဲ့သို့ အရောင်အဝါ မရှိကုန်သည်ဖြစ်၍ ရဟန်းဂေါတမ၏ ဖြစ်သောကာလမှစ၍ ငါတို့သည် လာဘသက္ကာရမှ ယုတ်ကုန်၏။ တစုံတယောက်သောသူသည် ငါတို့၏ ရှိသောအဖြစ်ကိုလည်း မသိ၊ အဘယ်သူနှင့် တပေါင်းတည်းဖြစ်၍ ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ကိုဖြစ်စေ၍ ရဟန်းဂေါတမ၏ လာဘသက္ကာရကို ငါတို့ကွယ်စေကုန်ရအံ့နည်းဟု တပေါင်းတည်း စည်းဝေး၍ တိုင်ပင်ကုန်၏။ ထိုအခါ တိတ္ထိတို့အား သုန္ဒရီနှင့် တပေါင်းတည်းဖြစ်၍ ကွယ်စေအံ့ဟု အကြံသည်ဖြစ်၏။

ထိုတိတ္ထိတို့သည် တနေ့သ၌ တိတ္ထိတို့၏အရံသို့ဝင်၍ တည်သော သုန္ဒရီကို စကားမဆိုဘဲ နေကြကုန်၏။ သုန္ဒရီသည် အဖန်တလဲလဲ ဆိုငြားသော်လည်း စကားတုံ့ကိုမဆို၍ အရှင်ကောင်းတို့ကို တစုံတယောက်သော သူသည် ညှဉ်းဆဲသလောဟု မေး၏။ နှမ သင်သည် ငါတို့ကို နှိပ်စက်၍ လာဘသက္ကာရ မရှိသည်ကိုပြု၍ သွားသော ရဟန်းဂေါတမကို မမြင်လောဟု ဆိုကုန်၏။ ဤအရာ၌ အကျွန်ုပ်သည် အဘယ်သို့ ပြုရအံ့နည်းဟု သုန္ဒရီသည် ဆို၏။ နှမ သင်သည် အဆင်းလှ၏။ တင့်တယ်ခြင်းအစုသို့ ရောက်၏။ ရဟန်းဂေါတမအား အကျော်အစောမဲ့ကို တင်၍ လူများကို သင့်စကားကိုယူစေ၍ လာဘသက္ကာရပျောက်အောင် ပြုလော့ဟု တိတ္ထိတို့သည် ဆိုကုန်၏။ သုန္ဒရီသည် ကောင်းပြီဟုဝန်ခံ၍ ရှိခိုး၍ သွား၏။ ထိုအခါမှစ၍ ပန်း နံ့သာ, နံ့သာပျောင်း, ပရုပ် ဆောင်းမေးခါးသီး အစရှိသည်တို့ကို ယူ၍ ညချမ်းအခါ၌ လူများ၏ ဘုရားတရားတော်ကိုနာ၍ မြို့သို့ဝင်သောကာလ၌ ဇေတဝန်ကျောင်းတော်သို့ ရှေးရှုသွား၏။ အဘယ်သို့ သွားသနည်းဟု မေးသည်ရှိသော် ရဟန်းဂေါတမ၏အထံသို့ သွားအံ့၊ ငါသည် ရဟန်းဂေါတမနှင့်အတူ ဂန္ဓကုဋိတိုက်၌ နေချေအံ့ဟုဆို၍ တပါးသော တိတ္ထိတို့၏အရံ၌ အိပ်၍ နံနက်စောစောကလျှင် ဇေတဝန်ကျောင်းတော်ခရီးသို့ သက်၍ မြို့သို့ ရှေးရှူ သွား၏။ သုန္ဒရီ အဘယ်မှ လာသနည်းဟု မေးသည်ရှိသော် ရဟန်းဂေါတမနှင့်အတူ တခုသောဂန္ဓကုဋီ၌နေ၍ ရဟန်းဂေါတမကို ကိလေသာဖြင့် မွေ့လျော်စေ၍ လာခဲ့၏ဟု ဆို၏။

ထိုအခါ နှစ်ရက် သုံးရက် လွန်သဖြင့် သေသောက်ကြူးတို့အား အသပြာပေး၍ သွားကြကုန် သုန္ဒရီကို သတ်၍ ရဟန်းဂေါတမ၏ ဂန္ဓကုဋိအနီး၌ ပန်းအမှိုက်ကြား၌ ပစ်၍ လာကြကုန်ဟု တိတ္ထိတို့သည် ဆိုကုန်၏။ သေသောက်ကြူးတို့သည် တိတ္ထိတိုဆိုတိုင်း ပြုကုန်၏။ ထိုနောက်မှ တိတ္ထိတို့သည် သုန္ဒရီကို မမြင်ကုန်ဟု အုတ်အုတ်ကျက်ကျက်ပြု၍ မင်းအား ကြား၍ အဘယ်အရပ်၌ သင်တို့သည် တွေးတောခြင်းရှိကုန်သနည်းဟု ဆို၍ ဤမည်သောနေ့၌ ဇေတဝန် ကျောင်းတော်၌ နေ၏။ ထိုဇေတဝန် ကျောင်းတော်၌ သုန္ဒရီ၏ အကြောင်းကို ငါတို့မသိကုန်ဟု ဆို၍ ထိုသို့တပြီးကား သွားကြကုန်လော့၊ သုန္ဒရီကို ရှာကြကုန်လောဟု မင်းသည် ခွင့်ပြုအပ်သည်ဖြစ်၍ မိမိတို့၏ အလုပ်အကျွေးတို့ကိုခေါ်၍ ဇေတဝန် ကျောင်းတော်သို့ သွား၍ ရှာကုန်လတ်သော် ပန်းမှိုက်အကြား၌မြင်၍ ညောင်စောင်းသို့တင်၍ မြို့သို့ဝင်၍ အချင်းတို့ ရဟန်းဂေါတမ၏ တပည့်တို့သည် ဆရာပြုသော ထိုမကောင်းမှုကို ဖုံးလွှမ်းလိုကုန်၍ သုန္ဒရီကို သတ်၍ ပန်းမှိုက်အကြား၌ ပစ်ကုန်၏ဟု မင်းအား ကြားလျှောက် စေကုန်၏။ မင်းသည် ထိုသို့တပြီးကား သွားကြကုန်၊ မြို့ကို လှည့်လည်ကြကုန်လော့ဟု ဆို၏။ ထိုတိတ္ထိတို့သည် မြို့လမ်းခရီး၌ သာကီဝင်မင်းသား ရဟန်းတို့၏အမှုကို ကြည့်ကြကုန်လော့ အစရှိသောစကားတို့ကို ဆို၍ တဖန် မင်းအိမ်တံခါးသို့လာကုန်၏။

မင်းသည် သုန္ဒရီ၏အလောင်းကောင်ကို အစိမ်းပစ်ရာ သုသာန်၌ ညောင်စောင်းသို့ တင်၍ စောင့်စေ၏။ အရိယာတပည့်တို့ကိုထား၍ ကြွင်းကုန်သော သာဝတ္ထိပြည်၌နေကုန်သော သူတို့သည် များသောအားဖြင့် သာကီဝင်မင်းသား ရဟန်းတို့၏အမှုကို ကြည့်ကြကုန်လော့၊ ဤသို့အစရှိသောစကားတို့ကို ဆို၍ မြို့တွင်း၌၎င်း မြို့ပ၌၎င်း ရဟန်းတို့ကို ဆဲရေးကုန်၏။ ရဟန်းတို့သည် ထိုအကြောင်းကို ဘုရားသခင်အား ကြားလျှောက်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ထိုသို့တပြီးကား သင်တို့သည် ထိုသူတို့ကို မဟုတ်မမှန် စွပ်စွဲသော သူသည်၎င်း ပြုလျက် မပြုဟု ဆိုသောသူသည်၎င်း ငရဲသို့ ရောက်၏။ တမလွန်၌ ယုတ်မာသော အမှုရှိကုန်သော ထိုသူနှစ်ယောက်တို့သည် တူကြကုန်၏။ ဤသို့ စကားတို့ကို ဆိုကြကုန်လော့ဟု မိန့်တော်မူ၏။ မင်းသည် သုန္ဒရီကို တပါးသောသူတို့သည် သတ်သောအဖြစ်ကို သိအောင်ပြုကြကုန်လော့ဟု အချင်းတို့ကို စေ၏။ ထိုအခါ၌ သေသောက် ကြူးသူတို့သည်လည်း အသပြာတို့ဖြင့်သေသောက်ကုန်လျက် အချင်းချင်း ခိုက်ရန်ဖြစ်ကြကုန်၏။ ထိုသေ သောက်ကြူးတို့တွင် တယောက်သော သေသောက် ကြူးသည် သင်ကား သုန္ဒရီကို တချက်တည်းဖြင့်လျှင် သတ်၍ ပန်းအမှိုက်ကြား၌ ပစ်၍ ရသောအသပြာတို့ဖြင့် သေကို သောက်ရ၏။ သင်တို့ကဲ့သို့သော သူတို့သည် အဘယ်လူ မည်ကုန်သနည်းဟု ဆို၏။ မင်းချင်းယောက်ျားတို့သည် ထိုသေသောက်ကြူးတို့ကို ဖမ်း၍ မင်းအား ပြကြကုန်၏။ ထိုအခါ ထိုသေသောက်ကြူးတို့ကို မင်းသည် သင်တို့ သုန္ဒရီကို သတ်သလောဟု မေး၏။ အရှင်မင်းကြီး သတ်၏ဟု ဆိုကုန်၏။ အဘယ်သူတို့သည် သင်တို့ကို သတ်စေသနည်းဟု မင်းသည် မေး၏။ မြတ်သော မင်းကြီး သာသနာတော်မှ အပဖြစ်ကုန်သော တိတ္ထိတို့သည် သတ်စေ၏ဟု ဆိုကုန်၏။ မင်းသည် တိတ္ထိတို့ကိုခေါ်စေ၍ သုန္ဒရီကို ညောင်စောင်း၌တင်၍ ဤသုန္ဒရီကို ရဟန်းဂေါတမအား ကျေးဇူးမဲ့ကို တင်လိုကုန်သော ငါတို့သည် သတ်စေ၏။ ရဟန်းဂေါတမ၏ တပည့်တို့အား အပြစ်မရှိပေ၊ ငါတို့အားသာလျှင် အပြစ် ရှိ၏ဟု ဆိုကုန်လျှက် မြို့ကိုလှည့်လည်ကြကုန်ဟု ဆို၏။ တိတ္ထိတို့သည် မင်းဆိုတိုင်းပြုကြကုန်၏။ မိုက်သော လူများသည် ထိုအခါမှ ယုံကြည်၏။ တိတ္ထိတို့သည်လည်း လူသတ်ဒဏ်ဖြင့် နှောက်ရှက်ကုန်၏။ ထိုအခါမှစ၍ သဗ္ဗညူ မြတ်စွာဘုရားတို့အား အတိုင်း ထက်အလွန် ကြီးစွာသော လာဘသက္ကာရသည် ဖြစ်၏။

ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် ငါ့သျှင်တို့ တိတ္ထိတို့သည် ဘုရားရှင်တို့၏ မည်းညစ်သည်၏ အဖြစ်ကို ဖြစ်စေကုန်အံ့ဟု အမှုကိုပြုကုန်လျက် မိမိတို့သည်သာ မည်းညစ်သည်၏အဖြစ်သို့ ရောက်၏။ ဘုရားရှင်တို့အားကား ကြီးစွာသော လာဘသက္ကာရသည် ဖြစ်၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့်စည်းဝေးကြပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ဘုရားတို့၏ညစ်နွမ်းခြင်းကို ပြုခြင်းမည်သည်ကား ပတ္တမြား၏ ညစ်နွမ်းခြင်းကို ပြုသည်နှင့်တူ၏။ ရှေးသရော အခါ ဇောတိရသပတ္တမြား၏ ညစ်နွမ်းခြင်းကို ပြုကုန်အံ့ဟု သတ္တဝါတို့သည် လုံ့လပြုကုန်သော်လည်း ညစ်နွမ်းခြင်းကို ပြုအံ့သောငှါ မတတ်နိုင်ကုန်ဟု မိန့်တော်မူ၍ ရဟန်းတို့သည် တောင်းပန်အပ်သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသော်ရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ကာမတို့၌ အပြစ်ကိုမြင်၍ တောထွက်၍ ဟိမဝန္တာအရပ်၌ သုံးခုသော တောင်အရေးတို့ကို လွန်၍ ရသေ့ပြု၍ ကျောင်းဆောက်၍ နေ၏။ ထိုကျောင်း၏အနီး၌ ပတ္တမြားလိုဏ်သည် ရှိ၏။ ထိုပတ္တမြားလိုဏ်၌ သုံးဆယ်ကုန်သော ဝက်တို့သည် နေကုန်၏။ ပတ္တမြားလိုဏ်၏အနီး၌ တခုသောခြင်္သေ့သည် ကျက်စား၏။ ထိုခြင်္သေ့၏အရိပ်သည် ပတ္တမြား၌ ထင်၏။ ဝက်တို့သည် ခြင်္သေ့အရိပ်ကိုမြင်၍ ထိတ်လန့်ကုန်ရကား နည်းသော အသားအသွေး ရှိကုန်၏။ ထိုဝက်တို့သည် ဤပတ္တမြား၏ ကြည်လင်သည်၏ အဖြစ်ကြောင့် ဤအရိပ်သည် ထင်၏။ ဤပတ္တမြားကို ညစ်နွမ်းအောင် ပြုကြကုန်အံ့ဟု ကြံ၍ မနီးမဝေးသောအရပ်ဝယ် တခုသော ရေကန်သို့သွား၍ ညွန်၌ လူး၍ လာလတ်၍ ထိုပတ္တမြားကို ပွတ်ကုန်၏။ ပတ္တမြားသည် ဝက်တို့၏ အမွှေးတို့ဖြင့် ပွတ်အပ်သည်ရှိသော် အတိုင်း ထက်အလွန် ကြည်လင်၏။ ဝက်တို့သည် အကြောင်းကို မမြင်နိုင်ကုန်၍ ပတ္တမြား၏ ညစ်နွမ်းခြင်းကို ပြုတတ်သော အကြောင်းကို ရသေ့ကို မေးကုန်အံ့ဟု ဘုရားလောင်းသို့ ဆည်းကပ်၍ လျောက်ပတ်စွာ တည်ကုန်၍-

၁၀၃။ ဒရိယာ သတ္တ ဝဿာနိ၊ တိံသမတ္တာ ဝသာမသေ။
ဟညာမ မဏိနော အာဘံ၊ ဣတိ နော မန္တနံ အဟု။
၁၀၄။ ယဝတာ မဏိံ ဃံသာမ၊ ဘိယျော ဝေါဒါယတေ မဏိ။
ဣဒဉ္စ ဒါနိ ပုစ္ဆာမ၊ ကိံ ကိစ္စံ ဣဓ မညသိ။

ဟူသော ဤဂါထာတို့ကို ဆိုကုန်၏။

֍ ဋ္ဌ ၁၀၃။ ဘော တာပသ၊ အို ရှင်ရသေ့။ ဒရိယာ၊ ပတ္တမြားဂူ၌။ သတ္တဝဿာနိ၊ ခုနစ်နှစ်ပတ်လုံး။ တိံသမတ္တာ၊ သုံးဆယ်ကုန်သော။ မယံ၊ ငါတို့သည်။ ဝသာမသေ၊ နေကုန်၏။ မဏိနော၊ ပတ္တမြား၏။ အာဘံ၊ ရောင်ကို။ ဟညာမ၊ သတ်ကုန်အံ့။ ဣတိ၊ ဤသို့။ နော၊ အကျွန်ုပ်တို့၏။ မန္တနံ၊ တိုင်ပင်ခြင်းသည်။ အဟု၊ ဖြစ်၏။

֍ ဋ္ဌ ၁၀၄။ ယာဝတာ၊ အကြင်မျှလောက်သော ညွန်ဖြင့်။ မယံ၊ ငါတို့သည်။ မဏိံ၊ ပတ္တမြားကို။ ဃံသာမ၊ ပွတ်ကုန်၏။ မဏိ၊ ပတ္တမြားသည်။ ဘိယျော၊ လွန်စွာ။ ဝေါဒါယတေ၊ အရောင်ထွက်၏။ ဣဒါနိ၊ ယခုအခါ၌။ တံ၊ ထိုရှင်ရသေ့ကို။ ဣဒံ၊ ဤအကြောင်းကို။ ပုစ္ဆာမ၊ မေးကုန်၏။ ဣဓ၊ ဤအရာ၌။ ကိစ္စံ၊ ငါတို့၏ အမှုကိစ္စကို။ တွံ၊ အရှင်ဘုရားသည်။ ကိံ မညသိ၊ အသို့အောက်မေ့သနည်း။

ထိုအခါ ထိုဝက်တို့အား ကြားလိုရကား ဘုရားလောင်းသည်-

၁၀၅။ အယံ မဏိ ဝေဠုရိယော၊ အကာစော ဝိပုလော သုဘော။
နာဿ သက္ကာ သိရိံ ဟန္တုံ၊ အပက္ကမထ သူကရာ။

ဟူသော သုံးတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၅။ သူကရာ၊ ဝက်တို့။ အယံ မဏိ၊ ဤပတ္တမြားသည်။ ဝေဠုရိယော၊ ကြောင်မျက်ရွဲတည်း။ အကာစော၊ မကြမ်း။ ဝိပုလော၊ ပြန့်ပြောသော အရောင်ရှိ၏။ သုဘော၊ တင့်တယ်၏။ အဿ၊ ထိုပတ္တမြား၏။ သိရိံ၊ အရောင်အဝါကို။ ဟန္တုံ၊ ဖျောက်အံ့သောငှာ။ န သက္ကာ၊ မတတ်ကောင်း။ တုမှေ၊ သင်တို့သည်။ အပက္ကမထ၊ ဖဲကြကုန်လော့။

ထိုဝက်တို့သည် ဘုရားလောင်းစကားကို ကြား၍ ဘုရားလောင်းဆိုတိုင်း ဖဲကြကုန်၏။ ဘုရားလောင်းသည် ဈာန်ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မလိုသူတပါး ဂုဏ်များယုက်စေ၊ ပြုလေသူများ သတိထား၊ မြသား အရောင်သစ်

ငါးခု၏ပြည့်ကြောင်းဖြစ်သော မဏိသူကရဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၆။ သာလူကဇာတ်

လက်သုပ်ဟင်းလျာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် မာ သာလူကဿ ပိဟယိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသာလူကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အပျိုကြီးဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည် တေရသကနိပါတ် လေးခုမြောက် စူဠနာရဒဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ မြတ်စွာဘုရားသည် ထိုရဟန်းကိုကား ခေါ်တော်မူ၍ ရဟန်း သင်သည် ငြီးငွေ့သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် သင့်ကို အဘယ်သူသည် ငြီးငွေ့စေသနည်းဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား အပျိုကြီးသည် ငြီးငွေ့စေ၏ဟု နားတော်လျှောက်သည်ရှိသော် သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း ဤမိန်းမသည် သင်၏အကျိုးမဲ့ကို ပြု၏။ ရှေး၌လည်း သင်သည် ထိုမိန်းမအား ထိမ်းမြားသောကာလ၌ လာသောပရိသတ်၏ လက်သုပ်ဟင်းလျာ ဖြစ်ဘူးပြီဟု မိန့်တော်မူ၍ ရဟန်းတို့သည် တောင်းပန်အပ်သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မဟာလောဟိတ မည်သော နွားဖြစ်၏။ ဘုရားလောင်း၏ ညီဖြစ်သော နွားသည်ကား စူဠလောဟိတ မည်၏။ နွားနှစ်ခုတို့သည်လည်း တဦးသောအမျိုး၌ အမှုကိုပြုကုန်၏။ ထိုအမျိုးအား အရွယ်သို့ရောက်သော တယောက်သောအမျိုးသ္မီးသည် ရှိ၏။ ထိုအမျိုးသ္မီးကို တဦးသော အမျိုးသားသည် တောင်း၏။ ထိုအခါ သ္မီးကို အမျိုး၌ ထိမ်းမြားသောကာလ၌ လက်သုတ်ဟင်းလျာ ဖြစ်လတ္တံ့ဟုသာလူက မည်သောဝက်ကို ယာဂုထမင်းဖြင့်မွေး၏။ ထိုသာလူကသည် ညောင်စောင်းအောက်၌ အိပ်ရ၏။ ထိုအခါ တနေ့သ၌ စူဠလောဟိကမည်သော နွားသည် အစ်ကို နောင်တော် ငါတို့သည် ဤအမျိုး၌ အမှုကို ပြုကြကုန်၏။ ငါတို့ကိုမှီ၍ ဤအမျိုးသည် အသက် မွေး၏။ ထိုသို့ဖြစ်လျက်လည်း ဤလူတို့သည် ငါတို့အား မြက် ကောက်ရိုးကိုသာ ပေးကုန်၏။ ဤဝက်ကိုကား ယာဂုထမင်းဖြင့် မွေးကုန်၏။ ညောင်စောင်းအောက်၌ အိပ်စေကုန်၏။ ဤသူတို့သည် အဘယ်သို့ ပြုလေကုန်သနည်းဟု ဆို၏။ မဟာလောဟိတနွားသည် ညီထွေး စူဠလောဟိတ သင်သည် သာလူကဝက်၏ ယာဂုထမင်းကို မတောင့်တလင့်၊ ထိုသတို့သ္မီးကို ထိမ်းမြားသောနေ့၌ သာလူကကို လက်သုပ်ဟင်းလျာပြု၍ အသားပွားများစိမ့်သောငှါ ထိုသူတို့သည် မွေးကုန်၏။ နှစ်ရက် သုံးရက်လွန်သဖြင့် သာလူကကို ညောင် စောင်းအောက်မှ ထုတ်၍ သတ်၍ အပိုင်းပိုင်းဖြတ်၍ ဧည့်သည်တို့၏ အစာလုပ်သည်ကို မြင်ရကုန်အံ့ဟု ဆိုလို၍-

၁၀၆။ မာ သာလူကဿ ပိဟယိ၊ အာတုရန္နာနိ ဘုဉ္ဇတိ။
အပ္ပေါသုက္ကော ဘုသံ ခါဒ၊ ဧတံ ဒီဃာယုလက္ခဏံ။
၁၀၇။ ဣဒါနိ သော ဣဓာဂန္တွာ၊ အတိထိ ယုတ္တသေဝကော။
အထ ဒက္ခသိ သာလူကံ၊ သယန္တံ မုသလုတ္တရံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၀၆။ တာတ၊ ညီထွေး စူဠလောဟိတ။ တွံ၊ သင်သည်။ သာလူကဿ၊ သာလူကဝက်၏။ ဘောဇနံ၊ အစာကို။ မာ ပိဟယိ၊ မချစ်လင့်။ သာလူကော၊ သာလူကသည်။ အာတုရန္နာနိ၊ သေအံ့သော အစာတို့ကို။ ဘုဉ္ဇတိ၊ စား၏။ တွံ၊ သင်သည်။ အပ္ပေါသုက္ကော၊ ကြောင့်ကြမဲ့ဖြစ်၍။ ဘုသံ၊ မြက်ကောက်ရိုးတို့နှင့် ရောသောဖွဲကို။ ခါဒ၊ စားလော့။ ဧတံ၊ ဤအရာသည်။ ဒီဃာယုလက္ခဏံ၊ အသက်ရှည်ခြင်း၏ လက္ခဏာအကြောင်းတည်း။

֍ ဋ္ဌ ၁၀၇။ ဣဒါနိ၊ ယခုအခါ၌။ သော၊ ထိုထိမ်းမြားသောယောက်ျားသည်။ ဣဓ၊ ဤအိမ်သို့။ ယုတ္တသေဝကော၊ ယှဉ်လာ မှီဝဲလာသော။ အတိထီ၊ ဧည့်သည်ဖြစ်၍။ အာဂန္တွာ- အာဂတော၊ လာသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ အထ၊ ထိုအခါ၌။ မုသလုတ္တရံ၊ ကျည်ပွေ့နှင့်တူသော အထက်နှုတ်ခမ်း ရှိသော။ သာလူကံ၊ သာလူကကို။ သယန္တံ၊ သတ်အံ့သော အိပ်သည်ကို။ ဒက္ခသိ၊ မြင်ရလတ္တံ့။

ထိုသို့ဆိုသောနေ့မှ နှစ်ရက် သုံးရက် လွန်လတ်၍ ထိမ်းမြားခြင်းသို့ ရောက်သည်ရှိသော် သာလူကကိုသတ်၍ လက်သုပ်ဟင်းလျာ ပြုကုန်၏။ ထိုနွားနှစ်ခုတို့သည် သာလူက၏ ထိုပျက်စီးခြင်းကို မြင်၍ ငါတို့၏ မြက် ကောက်ရိုးဟူသော အစာသည်သာလျှင် ကောင်းမြတ်၏ဟု ကြံကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ထိုအနက်ကိုပြအံ့သောငှါ-

၁၀၈။ ဝိကန္တံ သူကရံ ဒိသွာ၊ သယန္တံ မုသလုတ္တရံ။
ဇရဂ္ဂဝါ ဝိစိန္တသုံ၊ ဝရမှာကံ ဘုသာမိဝ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၀၈။ ဝိကန္တံ၊ ငိုမြည်တမ်းသော။ မုသလုတ္တရံ၊ ကျည်ပွေ့နှင့်တူသော အထက်နှုတ်ခမ်းရှိသော။ သူကရံ၊ ဝက်ကို။ သယန္တံ၊ သတ်အံ့သောငှါ အိပ်သည်ကို။ ဒိသွာ၊ မြင်၍။ ဇရဂ္ဂဝါ၊ နွားအိုတို့သည်။ အမှာကံ၊ ငါတို့၏။ ဘုသံ ဣဝ၊ မြက် ကောက်ရိုးတို့နှင့် ရောသော ဖွဲသည်သာလျှင်။ ဝရံ၊ မြတ်၏ ဟူ၍။ ဝိစိန္တေယုံ၊ ကြံကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ အပျိုကြီးသည် ထိုအခါ အမျိုးသ္မီး ဖြစ်ဘူးပြီ၊ ယခုအခါ ငြီးငွေ့သောရဟန်းသည် ထိုအခါ သာလူကဝက် ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ စူဠလောဟိတနွား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မဟာလောဟိတနွား ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အစားကောင်းကျွေး၊ ဤအရေး၊ ဉာဏ်တွေးထောက်ချင့် စူးစမ်းလင့်

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော သာလူကဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၇။ လာဘဂရဟဇာတ်

လာဘ်များဘို့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တက္ခသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နာနုမ္မတ္တော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤလာဘဂရဟဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်သာရိပုတ္တရာမထေရ်၏ အတူနေတပည့်ကို အကြောင်းပြု၍ ဟောတော်မူ၏။ အရှင်သာရိပုတ္တရာမထေရ်၏ အတူနေတပည့်သည် အရှင်သာရိပုတ္တရာမထေရ်သို့ ဆည်းကပ်၍ ရှိခိုး၍ နေလျက် အရှင်ဘုရား အကျွန်ုပ် လာဘ်ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အကျင့်ကို ဟောတော်မူပါလော့၊ အဘယ်သို့ပြုသောသူသည် သင်္ကန်းအစရှိသော လာဘ်တို့ကို ရသနည်းဟု မေး၏။ ထိုအခါ ထိုရဟန်းအား အရှင်သာရိပုတ္တရာ မထေရ်သည် ငါ့သျှင် လေးပါးသော အင်္ဂါတို့နှင့် ပြည့်စုံသော ရဟန်းအား လာဘသက္ကာရဖြစ်၏။ မိမိကိုယ်တွင်း၌ ဟိရိဩတ္တပ္ပကို ဖျက်၍ ရဟန်းအဖြစ်ကို စွန့်၍ မရူးသော်လည်း ရူးသကဲ့သို့ ဖြစ်ရာ၏။ ပိသုဏဝါစာကို ဆိုရာ၏။ ၊ ကချေသည်နှင့် တူသည် ဖြစ်ရာ၏။ ဖရိုဖရဲသော စကားရှိသည် ဖြစ်ရာ၏။ ဤအကျင့်သည်ကား လာဘ်ဖြစ်ခြင်း၏အကြောင်းဖြစ်သော အကျင့်တည်းဟု ဟော၏။ ထိုရဟန်းသည် ထိုအကျင့်ကိုကဲ့ရဲ့၍ ထ၍ ဖဲသွား၏။ အရှင်သာရိပုတ္တရာမထေရ်သည် မြတ်စွာဘုရားသို့ ဆည်းကပ်၍ ရှိခိုး၍ ထိုအကြောင်းကို ကြား၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းသည် ယခုအခါ၌သာလျှင် လာဘ်ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အကျင့်ကို ကဲ့ရဲ့သည် မဟုတ်သေး၊ ရှေး၌လည်း ကဲ့ရဲ့ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အရှင်သာရိပုတ္တရာမထေရ်သည် တောင်းပန်လတ်သော် အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တဆယ့်ခြောက်နှစ်ကပင်လျှင် ဗေဒင်သုံးပုံ တဆယ့်ရှစ်ပါးသော အတတ်တို့၏ အဆုံးသို့ရောက်၍ ဒိသာပါမေက္ခဆရာဖြစ်၍ လုလင်ငါးရာတို့ကို အတတ်သင်၏။ လုလင်တို့တွင် တယောက်သော လုလင်သည် သီလအကျင့်နှင့် ပြည့်စုံ၏။ ထိုလုလင်သည် တနေ့သ၌ ဆရာသို့ ဆည်းကပ်၍ သတ္တဝါတို့အား အဘယ်အကြောင်းကြောင့် လာဘ်ဖြစ်သနည်းဟု လာဘ်ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အကျင့်ကို မေး၏။ ဆရာသည် အမောင် ဤသတ္တဝါတို့အား လေးပါးကုန်သာ အကြောင်းတို့ဖြင့် လာဘ်သည် ဖြစ်၏ဟု ဆို၍-

၁၀၉။ နာနုမ္မတ္တော နာပိသုဏော၊ နာနဋော နာကုတူဟလော။
မူဠှေသု လဘတေ လာတံ၊ ဧသာ တေ အနုသာသနီ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၉။ တာတ၊ အမောင်။ နာနုမ္မတ္တော၊ မရူးဘဲလျက် ရူးသောသူတို့၏ အမူအရာကို ကျင့်သော။ နာပိသုဏော၊ ချောပစ်ကုံးတိုက်တတ်သော အမျိုးမဟုတ်ဘဲလျက် ချောပစ်ကုံးတိုက်သောအကျင့်ကို ကျင့်သော။ နာနဋော၊ ကချေသည် မဟုတ်ဘဲလျက် ကချေသည်တို့၏အမူအရာကို ကျင့်သော။ နာကုတူဟလော၊ ဖရိုဖရဲပြောဆိုတတ်သော အမျိုးမဟုတ်ဘဲလျက် ဖရိုဖရဲ ပြောဆိုတတ်သောသူတို့၏ အမူအရာကို ကျင့်သော။ သတ္တော၊ သတ္တဝါသည်။ မူဠှေသု၊ မိုက်မဲ တွေဝေကုန်သော သူတို့မှ။ ဝါ၊ မိုက်မဲတွေဝေကုန်သော သူတို့ဆီက။ လာဘံ၊ လာဘ်ကို။ လဘတေ၊ ရ၏။ ဧသာ၊ ဤသည်ကား။ တေ၊ သင်အား။ ဒိန္နာ၊ ပေးအပ်သော။ အနုသာသနီ၊ အဆုံး အမတည်း။

တပည့်သည် ဆရာ၏စကားကိုကြား၍ လာဘ်ကို ကဲ့ရဲ့ လိုရကား -

၁၁၀။ ဓိရတ္ထု တံ ယသလာဘံ၊ ဓနလာဘဉ္စ ဗြာဟ္မဏ။
ယာ ဝုတ္တိ ဝိနိပါတေန၊ အဓမ္မစရဏေန ဝါ။
၁၁၁။ အပိ စေ ပတ္တမာဒါယ၊ အနဂါရော ပရိဗ္ဗဇေ။
ဧသာဝ ဇီဝိကာ သေယျော၊ ယာ စာဓမ္မေန ဧသနာ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၁၀။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဝိနိပါတေန ဝါ၊ ကိုယ်ကို ဖျက်ဆီးသဖြင့်၎င်း။ အဓမ္မစရဏေန၊ အဓမ္မကို ကျင့်သဖြင့်၎င်း။ ယာ ဝုတ္တိ၊ အကြင် စည်းစိမ်ဥစ္စာရခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တံ ယသလာဘဉ္စ၊ ထိုစည်းစိမ်ရခြင်းကို၎င်း။ တံ ဓနလာဘဉ္စ၊ ထိုဥစ္စာ ရခြင်းကို၎င်း။ ဓိရတ္ထု၊ ငါ စက်ဆုပ်၏။ အဓမ္မေန၊ အဓမ္မဖြင့်။ ယာ စ ဧသနာ၊ အကြင် ဥစ္စာရှာခြင်းသည်လည်း။ အတ္တိ၊ ရှိ၏။ တတော၊ ထိုအဓမ္မဖြင့် ဥစ္စာရှာခြင်းထက်။ အနာဂါရော၊ နေရာမရှိသည်ဖြစ်၍။ ပတ္တံ၊ သပိတ်ကို။ အာဒါယ၊ ယူ၍။ ပရိဗ္ဗဇေ အပိစေ၊ အကယ်၍ ဆွမ်းခံသွားငြားအံ့။ ဧသာဝ ဇီဝိကာ၊ ဤအသက်မွေးခြင်းသည်။ သေယျာ၊ မြတ်၏။

ဤလုလင်သည် ရဟန်းအဖြစ်၏ ကျေးဇူးကိုဆို၍ တောထွက်၍ ရသေ့ရဟန်းပြု၍ တရားသဖြင့် ဆွမ်းကိုရှာလျက် အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေလျက် ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သညု မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ လာဘ်ရခြင်း၏ အကြောင်းဖြစ်သော အကျင့်ကို ကဲ့ရဲ့ သော ရဟန်းသည် ထိုအခါ လုလင် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ ဆရာဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အရူး, အက၊ အံ့ဘွယ်ပြ၍၊ ပြောကချောပစ်၊ ဤသနစ်၊ စင်စစ် လာဘ်များကြောင်း

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော လာဘဂရဟဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၈။ မစ္ဆုဒ္ဒါနဇာတ်

မျှဝေကျိုး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဂ္ဃ န္တိ မစ္ဆာအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမစ္ဆဒ္ဒါန ဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော စဉ်းလဲသော ကုန်သည်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုကို အောက်၌ ဆိုအပ်ပြီး သလျှင်ကတည်း။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူကြွယ်မျိုး၌ဖြစ်၍ လိမ္မာသောအဖြစ်သို့ ရောက်သည်ရှိသော် ဥစ္စာကိုဖြစ်စေ၏။ ဘုရားလောင်းအား ညီသည်လည်း ရှိ၏။ နောက်ကာလ၌ ထိုညီအစ်ကိုတို့၏ အဘသည် သေလွန်၏။ ထိုညီအစ်ကိုတို့သည် တနေ့သ၌ အဘဥစ္စာကို ကုန်သွယ်ကုန်အံ့ဟု တခုသော ရွာသို့သွား၍ တထောင်သော အသပြာကိုရ၍ လာကုန်လတ်သော် မြစ်ဆိပ်၌ လှေကိုဆိုက်ကုန်၍ ထမင်းစားကြကုန်၏။ ဘုရားလောင်းသည် ထမင်းစားကြွင်းကို ဂင်္ဂါ၌ ငါးတို့အားကျွေး၍ မြစ်စောင့်နတ်အား ဒါနအဘို့ကိုပေး၏။ မြစ်စောင့်နတ်သည် ဒါနအဘို့ကို ဝမ်းမြောက်၍ နတ်စည်းစိမ် အခြံအရံဖြင့် ပွားများ၏။ မိမိစည်းစိမ်ပွားခြင်းကို ဆင်ခြင်လတ်သော် အကြောင်းကို သိ၏။ ဘုရားလောင်းသည်လည်း သဲပြင်၌ အပေါ်ရုံပုဆိုးကိုခင်း၍ လျောင်းလျက် အိပ်ပျော်ခြင်းသို့ ရောက်၏။ ဘုရားလောင်း၏ ညီသည်ကား အတန်ငယ် ခိုးတတ်သော သဘောရှိ၏။ ထိုဘုရားလောင်း၏ ညီသည် ထိုအသပြာတို့ကို ဘုရားလောင်းအား မပေးမူ၍ မိမိချည်းသာ ယူလိုသည်၏ အဖြစ်ကြောင့် အသပြာထုပ်နှင့် တူသော တခုသော ကျောက်စရစ်ထုပ်ကိုပြု၍ နှစ်ခုသော အထုပ်တို့ကိုလည်း တပေါင်းတည်းထား၍ လှေစီး၍ ဂင်္ဂါလယ်သို့ ရောက်သည်ရှိသော် ညီသည် လှေကို လှုပ်စေ၍ ကျောက်ထုပ်ကို ရေ၌ချအံ့ဟု အသပြာတထောင်ထုပ်ကို ရေ၌ချ၍ အစ်ကို အသပြာတထောင်ထုပ်သည် ရေ၌ကျ၏။ အသို့ပြုအံ့နည်းဟု ဆို၏။ ရေ၌ကျသော် အသို့ပြုကုန်အံ့နည်း၊ မစိုးရိမ်လင့်ဟု ဆို၏။ မြစ်စောင့်နတ်သည် ဤသူသည် ပေးအပ်သော ဒါနတို့ကို ဝမ်းမြောက်၍ နတ်စည်းစိမ်ဖြင့် ငါ့အား ပွားများ၏။ ထိုသူ၏ဥစ္စာကို စောင့်အံ့ဟု ကြံ၏။ ကြံပြီး၍ မိမိအာနုဘော်ဖြင့် ထိုဥစ္စာထုပ်ကို ငါးကြီးကိုမျိုစေ၍ မိမိသည် စောင့်၏။ ထိုဥစ္စာခိုး ညီသည်လည်း အိမ်သို့သွား၍ အစ်ကိုကို လှည့်စားအပ်ပြီဟု အထုပ်ကို ဖြေလတ်သော် ကျောက်စရစ်ထုပ်ကို မြင်၍ နှလုံးချောက်ကပ်သည်ဖြစ်၍ ညောင်စောင်းပေါင်ကိုဘက်၍ အိပ်၏။

ထိုအခါ တံငါတို့သည် ငါးဖမ်းအံ့သောငှာ ကွန်ကိုပစ်ကုန်၏။ ထိုငါးသည် နတ်၏ အာနုဘော်အားဖြင့် ကွန်သို့ဝင်၏။ တံငါတို့သည် ငါးကိုယူ၍ ရောင်းအံ့သောငှာ မြို့သို့ဝင်ကုန်၏။ လူတို့သည် ငါးကြီးကိုမြင်ကုန်၍ အဘိုးကိုမေးကုန်၏။ တံငါတို့သည် အသပြာတထောင်နှင့် ခုနစ်ပဲပေး၍ ယူကြ ကုန်လောဟု ဆိုကုန်၏။ လူတို့သည် အသပြာတထောင်ထိုက်သော ငါးကို ငါတိုမမြင်စဘူးဟု ပြက်ရယ်ပြုကြကုန်၏။ တံငါတို့သည် ငါးကိုယူ၍ ဘုရားလောင်း၏ အိမ်တံခါးသို့သွား၍ ငါးဝယ်ကုန်လော့ဟု ဆိုကုန်၏။ ငါးဘိုးအဘယ်မျှနည်းဟု မေး၏။ ခုနစ်ပဲပေး၍ ယူကုန်လော့ဟု ဆိုကုန်၏။ တပါးသော သူတို့အားပေးကုန်သော် အသို့ သင်တို့ ပေးကုန်သနည်းဟု မေး၏။ တပါးသော သူတို့အား အသပြာ တထောင်နှင့် ခုနစ်ပဲတို့ဖြင့် ပေးကုန်၏ဟု ဆိုကုန်၏။ သင်တို့ သည်ကား ခုနစ်ပဲမျှပေး၍ ယူကုန်လော့ဟု တံငါတို့သည် ဆိုကုန်၏။ ဘုရားလောင်းသည် တံငါတို့အား ခုနစ်ပဲပေး၍ ငါးကို မယားထံသို့ ပို့စေ၏။ ဘုရားလောင်း၏ မယားသည် ငါး၏ဝမ်းကိုခွဲ၍ အသပြာ တထောင်ထုပ်ကိုမြင်၍ ဘုရားလောင်းအား ကြား၏။ ဘုရားလောင်းသည် ထိုအသပြာထုပ်ကို မြင်၍ မိမိ၏တံဆိပ်ကိုမြင်၍ မိမိဥစ္စာအဖြစ်ကိုသိ၍ ယခု ဤတံငါတို့သည် ဤငါးကို သူတပါးတို့အား အသပြာတထောင်နှင့် ခုနစ်ပဲတို့ဖြင့် ပေးကုန်၏။ ငါတို့အထံသို့ ရောက်၍ကား အသပြာတထောင်သည် ငါတို့၏ ဥစ္စာဖြစ်သောကြောင့် ခုနစ်ပဲတို့ကိုသာလျှင်ယူ၍ ပေးကုန်၏။ ဤအကြောင်းကို မသိသော တစုံတယောက်သောသူကို ယုံစေခြင်းငှာ မတတ်ကောင်းဟု ကြံ၍-

၁၁၂။ အဂ္ဃန္တိ မစ္ဆာ အဓိကံ သဟဿံ၊
န သော အတ္ထိ ယော ဣမံ သဒ္ဒဟေယျ။
မယှဉ္စ အဿု ဣဓ သတ္တ မာသာ၊
အဟမ္မိ တံ မစ္ဆဒ္ဒါနံ ကိဏေယျံ။

ဟူသော ရှေးဦးသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၂။ မစ္ဆာ၊ ငါးတို့သည်။ အဓိကံ သဟဿံ၊ ခုနစ်ပဲ အလွန်ရှိသော အသပြာတထောင်ကို။ အဂ္ဃ န္တိ၊ ထိုက်ကုန်၏။ ဣတိ၊ ဤသို့။ ပုစ္ဆိတာ၊ သူတပါးတို့သည် မေးအပ်ကုန်သော။ ကေဝဋ္ဋာ၊ တံငါတို့သည်။ ဝဒန္တိ၊ ဆိုကုန်၏။ ယော၊ အကြင်သူသည်။ ဣမံ၊ ဤစကားကို။ သဒ္ဒဟေယျ၊ ယုံရာ၏။ သော၊ ထိုသူသည်။ န အတ္ထိ၊ မရှိ။ ဣဓ၊ ဤငါးအပေါင်း၌။ မယှဉ္စ၊ ငါ့အားကား။ သတ္တမာသာ၊ ခုနစ်ပဲတို့သည်။ အသု၊ ဖြစ်ကုန်၏။ အဟမ္ပိ၊ ငါသည်လည်း။ တံ မစ္ဆဒ္ဒါနံ၊ ထိုငါးအပေါင်းကို။ ကိဏေယျံ၊ ဝယ်၏။

ဤသို့ဆို၍ အဘယ်ကို အမှီပြု၍လျှင် ငါသည် ထိုအသပြာတို့ကို ရအပ်ကုန်သနည်းဟု ကြံ၏။ ထိုခဏ၌ မြစ်စောင့်နတ်သည် ကောင်းကင်၌ ထင်သောအဆင်းဖြင့် ရပ်လျက် ငါကား ဂင်္ဂါစောင့်နတ်တည်း၊ သင်သည် ငါးတို့အား အကြွင်းဖြစ်သော ထမင်းကိုပေး၍ ငါ့အား ဒါနအဘို့ကို ဝေပေး၏။ ထို့ကြောင့် ငါသည် သင်၏ဥစ္စာကို စောင့်၏ဟု ပြလိုရကား-

၁၁၃။ မစ္ဆာနံ ဘောဇနံ ဒတွား မမ ဒက္ခိဏမာဒိသိ။
တံ ဒက္ခိဏံ သရန္တိယာ၊ ကတံ အပစိတိံ တယာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၃။ မစ္ဆာနံ၊ ငါးတို့အား။ ဘောဇနံ၊ ထမင်းကို။ ဒတွာ၊ ပေး၍။ မမ၊ ငါ့အား။ ဒက္ခိဏံ၊ ဒါနအဘို့ကို။ အဒိသိ၊ သင် ပေးဝေ၏။ တယာ၊ သင်သည်။ ကတံ၊ ပြုအပ်သော။ ဒက္ခိဏံ၊ ဒါနအဘို့ကို ပေးဝေခြင်းဟူသော။ တံ အပစိတိံ၊ ထိုပူဇော်ခြင်းကို။ သရန္တိယာ၊ အောက်မေ့သော ငါသည်။ တဝ၊ သင်၏။ ဓနံ၊ ဥစ္စာကို။ ရက္ခိတံ၊ စောင့်အပ်၏။

ဤစကားကိုဆို၍ ထိုနတ်သားသည် ဘုရားလောင်းအား ညီသည် ပြုအပ်သော စဉ်းလဲသော အမှုအလုံးစုံကိုဆို၍ ဤသူသည် ယခု နှလုံးချောက်ကပ်သဖြင့် အိပ်၏။ ပြစ်မှားသောစိတ်ရှိသောသူအား စီးပွား မည်သည် မရှိ၊ ငါသည်ကား သင်၏ ဥစ္စာသည် မပျက်စီးစေလင့်ဟု ဥစ္စာကို ဆောင်ခဲ့၍ သင့်အား ပေး၏။ ဥစ္စာကို ညီခိုးသူအား မပေးမူ၍ သင်သာလျှင် ယူလော့ဟု ဆိုလို၍-

၁၁၄။ ပဒုဋ္ဌစိတ္တဿ န ဖာတိ ဟောတိ၊
န စာပိ တံ ဒေဝတာ ပူဇယန္တိ။
ယော ဘာတရံ ပေတ္တိကံ သာပတေယျံ၊
အဝဉ္စယိ ဒုက္ကဋကမ္မကာရီ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၄။ ဒုက္ကဋကမ္မကာရီ၊ မကောင်းသော အမှုကို ပြုလေ့ရှိသော။ ယော၊ အကြင် သူသည်။ ဘာတရံ၊ အစ်ကိုကို။ ပေတ္တိကံ၊ အဘို့ရှိသော။ သာပတေယျံ၊ ဥစ္စာကို။ အဝဉ္စယိ၊ လှည့်စား၏။ ပဒုဋ္ဌစိတ္တဿ၊ ပြစ်မှားသော စိတ်ရှိသော သူအား။ ဖာတိ၊ အစီးအပွားသည်။ န ဟောတိ၊ မဖြစ်။ တံ၊ ထိုသူကို။ ဒေဝတာ စာပိ၊ နတ်တို့သည်လည်း။ န ပူဇယန္တိ၊ မပူဇော်ကုန်။

ဤသို့ နတ်သည် အဆွေခင်ပွန်း ပြစ်မှားသော ခိုးသူအား အသပြာကို ပေးဝေခြင်းငှါ အလိုမရှိ၍ ဆို၏။ ဘုရားလောင်းသည်ကား ဤသို့ ပြုအံ့သောငှာ မတတ်ကောင်းဟု ညီအားလည်း ငါးရာသော အသပြာတို့ကို ပို့ စေသလျှင်ကတည်း။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ကုန်သည်သည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ စဉ်းလဲသော ကုန်သည်သည် ထိုအခါ ညီ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ အစ်ကို ကုန်သည် ဖြစ်ဘူးပြီ၊ ဤသိုဇာတ်ကို ပေါင်းတော်မူ၏။

လှည့်စားကောက်ကျစ်၊ အကြံညစ်၊ မချစ် နတ်, လူများ

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော မစ္ဆဒ္ဒါနဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၉။ နာနာဆန္ဒဇာတ်

ဆုထူး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နာနာဆန္ဒာ မဟာရာဇ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤနာနာဆန္ဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီ တင်းသုံး နေတော်မူစဉ် အရှင်အာနန္ဒာမထေရ်၏ ဆုရှစ်ပါးရခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည် ဧကာဒသကနိပါတ် နှစ်ခုမြောက် ဇုဏှဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ မိဖုယားကြီးဝမ်း၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ အဘလွန်သဖြင့် မင်းအဖြစ်သို့ ရောက်၏။ ထိုဘုရားလောင်းအား အရာမှပယ်ချအပ်သော အဘ၏ ပုရောဟိတ်သည် ရှိ၏။ ထိုပုရောဟိတ်သည် ဆင်းရဲ၍ တခုသောအိမ်အို၌ နေ၏။ ထိုအခါ တနေ့သ၌ ဘုရားလောင်းသည် မထင်ရှားသော အသွင်ဖြင့် မြို့သို့ စုံစမ်းလျက် လှည့်လည်၏။ ထိုဘုရားလောင်းကို ပြုအပ်ပြီးသော အမှုရှိကုန်သော ခိုးသူတို့သည် တခုသော သေတင်းကုပ်၌ သေသောက်၍ အိုးတို့ကိုယူ၍ မိမိအိမ်သို့ သွားကုန်လတ်သော် လမ်းခရီးအကြား၌ မြင်၍ အချင်း သင်ကား အသူနည်းဟု ဆို၍ ပုတ်ခတ်လတ်၍ အပေါ်ရုံ ပုဆိုးတို့ကိုယူ၍ အိုးကိုထမ်းစေ၍ သွားကြကုန်၏။ ထိုပုဏ္ဏားသည်လည်း ထိုခဏ၌ ထွက်၍ ခရီးလမ်းလယ်၌ရပ်လျက် နက္ခတ်တို့ကိုကြည့်၍ မင်း၏ ရန်သူလက်သို့ ရောက်သောအဖြစ်ကိုသိ၍ ပု ဏ္ဏေးမကိုခေါ်၏။ ထိုပုဏ္ဏေးမသည် အရှင်အဘယ်နည်းဟုဆို၍ လျင်မြန်စွာ ပုဏ္ဏားအထံသို့ သွား၏။ ထိုအခါ ပုဏ္ဏေးမကို ပုဏ္ဏားသည် ရှင်မ တို့မင်းသည် ရန်သူလက်သို့ ရောက်၏ဟု ဆို၏။ အရှင်သင့်အား အဘယ်ပြုအံ့နည်း၊ မင်း၏အထံမှ စည်းစိမ်ကို ရကုန်သောပုဏ္ဏားတို့သည် ဆိုကုန်လတ္တံ့ဟု ပုဏ္ဏေးမဆို၏။

မင်းသည် ပုဏ္ဏား၏အသံကို ကြား၍ အတန်ငယ်လိုက်၍ သေသောက် ကြူးတို့ကို အရှင်တို့ ကျွန်ုပ်လူဆင်းရဲတည်း၊ အပေါ်ရုံကိုယူ၍ အကျွန်ုပ်ကို လွှတ်ကြကုန်လော့ဟု ဆို၏။ သေသောက်ကြူးတို့သည် အဖန်တလဲလဲ ဆိုသော် သနားသဖြင့် လွတ်ကုန်၏။ မင်းသည် ပုဏ္ဏား၏ နေရာအိမ်ကိုမှတ်၍ ပြန်၏။ ထိုအခါ ပုရောဟိတ်ဟောင်းဖြစ်သော ပုဏ္ဏားသည် ရှင်မ တို့မင်းသည် ရန်သူလက်မှလွတ်၏ဟု ဆို၏။ မင်းသည် ထိုစကားကိုလည်းကြား၍ အိမ်ကိုမှတ်၍ ပြာသာဒ်သို့ တက်၏။ မင်းသည် လင်းသောအခါ၌ ပုဏ္ဏားတို့ကို ခေါ်စေ၍ ဆရာတို့ သင်တို့သည် ညဉ့်၌ နက္ခတ်ကို ကြည့်ကြကုန်၏ လောဟု မေး၏။ ရှင်မင်းကြီး ကြည့်ကြကုန်၏ဟု ဆို၏။ ကောင်း၏လောဟု မင်းကြီး မေးလေ၏။ ရှင်မင်းကြီး ကောင်း၏ဟု ဆိုကုန်၏။ တစုံတခုသော အန္တရာယ်သည် မရှိလောဟု မေး၍ ရှင်မင်းကြီး မရှိဟု ဆိုကုန်၏။ မင်းသည် ဤမည်သောအိမ်မှ ပုဏ္ဏားကို ခေါ်စေကုန်ဟု ဆို၍ ပုရောဟိတ်ဟောင်းကို ခေါ်စေ၍ ဆရာ ညဉ့်က နက္ခတ် အသို့နည်း၊ သင် ကြည့်၏ လောဟု မေး၏။ ရှင်မင်းကြီး ကြည့်၏ဟု ဆို၏။ တစုံတခုသော ဘေးရန် ရှိသလောဟု မေး၏။ ရှင်မင်းကြီး ရှိ၏။ ယနေ့ ညဉ့်လျှင် မင်းကြီးတို့သည် ရန်သူလက်သို့ရောက်၍ ခဏခြင်းဖြင့်လျှင် လွတ်၏ဟု ဆို၏။ မင်းသည် နက္ခတ်တတ်သော သူမည်သည်ကား ဤသို့ သဘောရှိသည် ဖြစ်ရာ၏ဟု ဆို၍ ကြွင်းသောပုဏ္ဏားတို့ကို မြို့တွင်းမှနှင်ထုတ်စေ၍ ပုဏ္ဏား သင့်အား ကြည်ညို၏။ ဆုကို ယူလော့ဟု ဆို၏။ မြတ်သောမင်းကြီး သားမယားနှင့်တိုင်ပင်၍ ယူပါအံ့ဟု ဆို၏။ သွားချေ တိုင်ပင်၍ လာလော့ဟု မင်းကြီးဆို၏။

ပုဏ္ဏားသည် သွား၍ ပုဏ္ဏေးမ သား ချွေးမ ကျွန်မတို့ကို ခေါ်စေ၍ မင်းသည် ငါ့အား ဆုကိုပေး၏။ အဘယ်ဆုကို ယူကုန်အံ့နည်းဟု မေးလေ၏။ ပုဏ္ဏေးမသည် ငါ့ဘို့ နွားမတရာကို ဆောင်ခဲ့လောဟု ဆို၏။ ဆတ္တမာဏဝမည်သော သားသည် ငါ့ဘို့ ကုမုဒြာကြာအဆင်းနှင့်တူသော အဆင်းရှိသော သိန္ဓောမြင်းလေးစီးတို့ဖြင့် က, အပ်သော ရထားကို ဆောင် ခဲ့လော့ဟု ဆို၏။ ချွေးမသည် ပတ္တမြားနားဍောင်းကိုအစပြု၍ အလုံးစုံသောတန်ဆာကို ဆောင်ခဲ့လော့ဟု ဆို၏။ ပုဏ္ဏမည်သော ကျွန်မသည် ငါ့ဘို့ ဆုံ, ကျည်ပွေ့ကို၎င်း မန်း(ဗန်း)ကို၎င်း ဆောင်ခဲ့လော့ဟု ဆို၏။ ပုဏ္ဏားသည်ကား မြတ်သောရွာကို ယူလို၏။ ပုဏ္ဏားသည် မင်းအထံသို့သွား၍ ပုဏ္ဏား သင်သည် သားမယားကို မေးခဲ့ပြီလောဟု ဆို၏။ မြတ်သောမင်းကြီး မေးခဲ့ပြီ၊ ထိုသူတို့သည် အထူးထူးသော အလိုရှိကုန်၏ဟု ဆို၍-

၁၁၅။ နာနာဆန္ဒာ မဟာရာဇ၊ ဧကာဂါရေ ဝသာမသေ။
အဟံ ဂါမဝရံ ဣစ္ဆေ၊ ဗြာဟ္မဏီ စ ဂဝံ သတံ။
၁၁၆။ ပုတ္တော စ အာဇညရထံ၊ ကညာ စ မဏိကုဏ္ဍလံ။
ယာ စေသာ ပုဏ္ဏိကာ ဇမ္ဘီ၊ ဥဒုက္ခလံ ဘိကင်္ခတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၁၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ နာနာဆန္ဒာ၊ အထူးထူးသော အလိုရှိကုန်သော။ မယံ၊ အကျွန်ုပ်တို့သည်။ ဧကာဂါရေ၊ တအိမ်တည်း၌။ ဝသာမသေ၊ နေကုန်၏။ အဟံ၊ အကျွန်ုပ်သည်။ ဂါမဝရံ၊ ရွာမြတ်ကို။ ဣစ္ဆေ၊ အလိုရှိ၏။ ဗြာဟ္မဏီ စ၊ ပုဏ္ဏေးမသည်ကား။ ဂဝံသတံ၊ နွားမတရာကို။ အဘိကင်္ခတိ၊ အလိုရှိ၏။

֍ ဋ္ဌ ၁၁၆။ ပုတ္တော စ၊ သားသည်ကား။ အာဇညရထံ၊ အာဇာနည်မြင်းက သောရထားကို။ အဘိကင်္ခတိ၊ အလိုရှိ၏။ ကညာ စ၊ ချွေးမသည်ကား။ မဏိကုဏ္ဍလံ၊ ပတ္တမြားနားဍောင်းကို။ အဘိကင်္ခတိ၊ အလိုရှိ၏။ ဇမ္မီ၊ ယုတ်မာသော။ ပုဏ္ဏိကာ၊ ပုဏ္ဏာမည်သော။ ယာ၊ အကြင်ကျွန်မလည်။ အတ္တိ၊ ရှိ၏။ ဧသာ၊ ထိုကျွန်မသည်ကား။ သုပ္ပမုသလေဟိ၊ ဗန်း ကျည်ပွေ့တို့နှင့်။ သဒ္ဓိံ၊ တက္ခ။ ဥဒုက္ခလံ၊ ဆုံကို။ အဘိကင်္ခတိ၊ အလိုရှိ၏။

မင်းသည် ခပ်သိမ်းသောသူတို့အား အလိုရှိတိုင်း အလိုရှိတိုင်းကို ပေးကြကုန်ဟု စေလိုရကား-

၁၁၇။ ဗြာဟ္မဏဿ ဂါမဝရံ၊ ဗြာဟ္မဏိယာ ဂဝံ သတံ။
ပုတ္တဿ အာဇညရထံ၊ သုဏှာယ မဏိကုဏ္ဍလံ။
ယဉ္စေတံ ပုဏ္ဏိကံ ဇမ္မိံ၊ ပဋိပါဒေထုဒုက္ခလံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၇။ ဗြာဟ္မဏဿ၊ ပုဏ္ဏားအား။ ဂါမဝရံ၊ ရွာမြတ်ကို။ ဗြာဟ္မဏိယာ၊ ပုဏ္ဏေးမအား။ ဂဝံသတံ၊ နွားမတရာကို။ ပုတ္တဿ၊ သားအား။ အာဇညရထံ၊ အာဇာနည်မြင်း ကသော ရထားကို။ သုဏှာယ၊ ချွေးမအား။ မဏိကုဏ္ဍလံ၊ ပတ္တမြားနားဍောင်းကို။ ဇမ္မိံ၊ ယုတ်မာသော။ ယဉ္စေတံ ပုဏ္ဏိကံ၊ အကြင်ပုဏ္ဏမာည်သော ကျွန်မကို။ ဥဒုက္ခလံ၊ ဗန်းနှင့် ဆုံကျည်ပွေ့ကို။ ပဋိပါဒေထ၊ ပေးကြလေကုန်။

ဤသို့ မင်းသည် ပုဏ္ဏားသည် တောင့်တအပ်သော တပါးသော များစွာသော စည်းစိမ်ကိုလည်းပေး၍ ဤယနေ့မှစ၍ ငါတို့၏ပြုအပ်သော ကိစ္စတို့၌ လုံ့လပြုလောဟု ဆို၍ ပုဏ္ဏားကို မိမိ၏အထံ၌ နေစေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ပုဏ္ဏားဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အလိုဆန္ဒ၊ ဟူသမျှ၊ မုချမတူ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော နာနာဆန္ဒဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၁၀။ သီလဝီမံသကဇာတ်

သီလစုံစမ်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်သီလံ ကိရေဝ ကလျာဏံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသီလဝီမံသကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သီလကို စုံစမ်းသော တယောက်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုကို၎င်း။ အတိတ်ဝတ္ထုကို၎င်း အောက် ဧကကနိပါတ် သီလဝီမံသကဇာတ်၌ ဆိုအပ်ပြီးသလျှင်ကတည်း၊ ဤသီလဝီမံသကဇာတ်၌ အထူးကား-

အတိတ်ဝတ္ထု... ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်သည် မိမိသီလကို စုံစမ်းအံ့ဟု ရွှေပန်းထိမ်သည်၏ပျဉ်မှ နှစ်ရက်ပတ်လုံး တသပြာ တသပြာကိုယူ၏။ ထိုအခါ သုံးရက်မြောက်သောနေ့၌ ထိုပုရောဟိတ်ကို ခိုးသူတည်းဟု ဖမ်း၍ မင်း၏ အထံသို့ ဆောင်ကုန်၏။ ထိုပုရောဟိတ်သည် ခရီးအကြား၌ မြွေကို ကစားသော အလမ္ပာယ်ကို မြင်ခဲ့၏။ ထိုအခါ မင်းသည် ထိုပုရောဟိတ်ကို အဘယ်ကြောင့် ဤသို့သဘောရှိသောအမှုကို ပြုသနည်းဟု မေး၏။ ပုရောဟိတ်သည် မိမိ၏သီလကို စုံစမ်းလိုသည်၏အဖြစ်ကြောင့် ပြု၏ဟု ဆိုလို၍-

၁၁၈။ သီလံ ကိရေဝ ကလျာဏံ၊ သီလံ လောကေ အနုတ္တရံ။
ပဿ ဃောရဝိသော နာဂေါ၊ သီလဝါတိ န ဟညတိ။
၁၁၉။ သောဟံသီလံ သမာဒိဿံ၊ လောကေ အနုမတံ သိဝံ။
အရိယဝုတ္တိသမာစာရော၊ ယေန ဝုစ္စတိ သီလဝါ။
၁၂၀။ ဉာတီနဉ္စ ပိယာ ဟောတိ၊ မိတ္တေသု စ ဝိရောစတိ။
ကာယဿ ဘေဒါ သုဂတိံ၊ ဥပပဇ္ဇတိ သီလဝါ။

ဟူသောဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၁၈။ လောကေ၊ လောက၌။ သီလံဧဝ၊ သီလသည်သာလျှင်။ ကလျာဏီ ကိရ၊ ကောင်းသတတ်။ သီလံ၊ သီလသည်။ အနုတ္တရံ ကိရ၊ မြတ်သတတ်။ ပဿ၊ ရှုပါလော့။ ဃောရဝိသော၊ ကြမ်းသောအဆိပ်ရှိသော။ နာဂေါ၊ မြွေကို။ သီလဝါတိ၊ သီလရှိ၏ဟူ၍။ န ဟညတိ၊ မညှဉ်းဆဲအပ်။

֍ ဋ္ဌ ၁၁၉။ ယေန၊ အကြင် သီလကြောင့်။ အရိယဝုတ္တိသမာစာရော၊ အရိယာတို့၏အကျင့်ကို ကျင့်သောသူကို။ လောကေ၊ လော၌။ သီလဝါ၊ သီလရှိသော သူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ သိဝံ၊ ဘေးမရှိဟူ၍။ အနုမတံ၊ ပညာရှိတို့သည် ဝန်ခံအပ်သော။ တံ သီလံ၊ ထိုသီလကို။ သော အဟံ၊ ထိုငါသည်။ သမာဒိဿံ၊ ဆောက်တည်အံ့။

֍ ဋ္ဌ ၁၂၀။ သီလဝါ၊ သီလရှိသော သူကို။ ဉာတီနဉ္စ၊ အဆွေအမျိုးတို့သည်လည်း။ ပိယော၊ ချစ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ သီလဝါ၊ သီလရှိသော သူသည်။ မိတ္တသု စ၊ အဆွေခင်ပွန်းတို့၌လည်း။ ဝိရောစတိ၊ တင့်တယ်၏။ ကာယဿ၊ ကိုယ်၏။ ဘေဒါ၊ ပျက်သည်မှ။ ပရံ၊ နောက်၌။ သုဂတိံ၊ သုဂတိသို့။ ဥပပဇ္ဇတိ၊ ဖြစ်ရ၏။

ဤသို့ ဘုရားလောင်းသည် သုံးဂါထာတို့ဖြင့် သီလ၏ ကျေးဇူးကို ပြလျက် မင်းအား တရားဟော၍ မြတ်သောမင်းကြီး အကျွန်ုပ်၏အိမ်၌ မိဘ၏ဥစ္စာဖြစ်သော ကိုယ်သည်ဖြစ်စေအပ်သော အရှင်မင်းကြီးသည် ပေးအပ်သော များစွာသော ဥစ္စာသည် ရှိ၏။ ဥစ္စာ၏ အဆုံးမည်သည်ကား မထင်၊ အကျွန်ုပ်သည်လည်း သီလကို စုံစမ်းလို၍ ရွှေပန်းထိမ်သည်၏ ပျဉ်မှ အသပြာတို့ကိုယူ၏။ ယခုအခါ အကျွန်ုပ်သည် ဤလောက၌ အမျိုးအနွယ် ဆွေစဉ်မျိုးဆက်တို့၏ ယုတ်သောအဖြစ်ကို၎င်း သီလ၏သာလျှင် မြတ်သောအဖြစ်ကို၎င်း သိရပြီ၊ အကျွန်ုပ်သည် ရဟန်းပြုအံ့၊ အကျွန်ုပ်အား ရဟန်းအဖြစ်ကို ခွင့်ပြုလော့ဟု အခွင့်ပြုစေ၍ မင်းသည် အဖန် တလဲလဲ တောင်းပန်သော်လည်း တောထွက်၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ ရဟန်းပြု၍ အဘိညာဉ်, သမာပတ်တို့ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သီလကို စုံစမ်းတတ်သော ပုရောဟိတ်ပုဏ္ဏား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အမျိုးနွယ်ဇာတ်၊ မမြင့်လတ်၊ အမြတ်သီလသာ

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သီလဝီမံသကဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ကုမ္ဘဝဂ်

၁။ သုရာဃဋဇာတ်

လူမိုက်ခဲ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သဗ္ဗကာမဒဒကုမ္ဘံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုရာဃဋဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အနာထပိဏ် သူဌေး၏တူကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအနာထပိဏ်သူဌေး၏ တူသည် မိဘတို့၏ ဥစ္စာဖြစ်ကုန်သော ကုဋေလေးဆယ်ကုန်သော ရွှေတို့ကို သုရာ သောက်သဖြင့် ဖျက်ဆီး၍ အနာထပိဏ် သူဌေးအထံသို့ သွား၏။ အနာထပိဏ်သူဌေးသည်လည်း တူအား ကုန်သွယ်လော့ဟု တထောင်သော ဥစ္စာကို ပေး၏။ ထိုဥစ္စာကိုလည်း ဖျက်ဆီး၍ တဖန် သွားပြန်၏။ တဖန် ထိုတူအား ငါးရာသော ဥစ္စာတို့ကို ပေး၏။ ထိုဥစ္စာတို့ကိုလည်း ဖျက်ဆီး၍ တဖန် လာသောတူအား နှစ်ထည်သော ပုဆိုးကြီးတို့ကိုပေး၏။ ထိုပုဆိုးကြီးတို့ကိုလည်း ဖျက်ဆီး၍ တဖန် လာသောတူကို လည်၌ ကိုင်စေ၍ နှင်ထုတ်စေ၏။ ထိုသူသည် ကိုးကွယ်ရာမရှိသည်ဖြစ်၍ သူတပါးတိုက်နံရံကိုမှီ၍ သေ၏။ ထိုတူကို ငင်ထုတ်၍ အပ၌စွန့်ပစ်ကုန်၏။ အနာထပိဏ်သူဌေးသည် ကျောင်းတော်သို့သွား၍ တူ၏ ထိုအလုံးစုံသောအကြောင်းကို သဗ္ဗညူမြတ်စွာဘုရားအား ကြားလျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည်လည်း သူဌေး ထိုတူကို အသို့ရောင့်ရဲစေနိုင်အံ့နည်း၊ ရှေးကာလ၌ ငါသည် ခပ်သိမ်းသောအလိုကို ပေးတတ်သော အိုးကိုပေး၍လည်း ရောင့်ရဲစိမ့်သောငှါ မတတ်နိုင်ဟု မိန့်တော်မူ၍ သူဌေးသည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူဌေးမျိုး၌ဖြစ်၍ အဘလွန်သဖြင့် သူဌေးအရာကို ရ၏။ ထိုသူဌေးကို အိမ်၌ မြေမြှုပ်ဥစ္စာ ကုဋေလေးဆယ် ရှိ၏။ ထိုသူအား တယောက်တည်းသာလျှင်ဖြစ်သော သားသည်လည်း ရှိ၏။ ထိုဘုရားလောင်းသည် ဒါနအစရှိသော ကောင်းမှုကို ပြု၍ သေလွန်သော် သိကြားဖြစ်၏။ ထိုဘုရားလောင်း၏ သားသည် ခရီးကို ပိတ်၍ မဏ္ဍပ်ကိုဆောက်လုပ်စေ၍ လူအပေါင်းခြံရံလျက်နေ၍ သေ သောက်အံ့သောငှာ အားထုတ်၏။ ထိုသူဌေးသည် ကျွမ်းထိုးခြင်း ပြေးခြင်း ကခြင်း သီခြင်း အစရှိသည်တို့ကို ပြုကုန်သောသူတို့အား တထောင် တထောင်သော ဥစ္စာကိုပေးလျက် မိန်းမကြူးခြင်း သုရာကြူးခြင်း, အမဲစားကြူးခြင်း အစရှိသောအဖြစ်သို့ ရောက်၍ အဘယ်အရပ်၌ သီ, သနည်း၊ အဘယ်အရပ်၌ က, သနည်း၊ အဘယ်အရပ်၌ တီးမှုတ်သနည်းဟု ပွဲသဘင်ဖြင့် အလိုရှိလျက် မေ့လျော့သည်ဖြစ်၍ လှည့်လည်လတ်သော် မကြာမြင့်မီလျှင် ကုဋေလေးဆယ်သော ဥစ္စာ, အတွင်း အပအသုံးအဆောင် အစရှိသည်တို့ကို ဖျက်ဆီး၍ ဆင်းရဲသော အထီးကျန်သော သူဖြစ်၍ ပုဆိုးနွမ်းကို ဝတ်၍ သွားရ၏။

သိကြားမင်းသည် ဆင်ခြင်လတ်သော် သား၏ ဆင်းရဲသောအဖြစ်ကိုသိ၍ သား၌ချစ်ခြင်းဖြင့် လာလတ်၏။ အလုံးစုံ သောအလိုကို ပေးတတ်သော အိုးကိုပေး၍ အမောင် ထိုအိုးကို မကွဲရအောင် စောင့်ရှောက်လော့၊ ဤအိုးရှိသော် ဥစ္စာ၏ အပိုင်းအခြားမည်သည် မဖြစ်လတ္တံ့၊ မမေ့မလျော့ ဖြစ်ရစ်လော့ဟု ဆုံးမ၍ နတ်ပြည်သို့သာလျှင် သွား၏။ ထိုအခါမှ၍ သေသောက်လျက် သွား၏။ ထိုအခါ တနေ့သ၌ သေယစ်၍ ထိုအိုးကို ကောင်းကင်သိုမြှောက်၍ ခံလတ်သော် တကြိမ်တည်းဖြင့်သာလျှင် ချော်လဲ၍ အိုးသည် မြေ၌ကျ၍ ကွဲ၏။ ထိုအိုးကွဲသောအခါမှစ၍ တဖန်ဆင်းရဲ၍ ပုဆိုးနွမ်းကိုဝတ်၍ ခွက်လက်စွဲ၍ တောင်းစား၍ သူတပါးတို့ တိုက်နံရံကို မှီ၍ သေလေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဤအတိတ်ကိုဆောင်တော်မူ၍-

၁၂၁။ သဗ္ဗကာမဒဒံ ကုမ္ဘံ၊ ကုဋံ လဒ္ဓါန ဓုတ္တကော။
ယာဝ နံ အနုပါလေတိ၊ တာဝ သော သုခမေဓဟိ။
၁၂၂။ ယဒါ မတ္တော စ ဒိတ္တော စ၊ ပမာဒါ ကုမ္ဘမဗ္ဘိဒါ။
တဒါ နဂ္ဂေါ စ ပေါတ္ထော စ၊ ပစ္ဆာ ဗာလော ဝိဟညတိ။
၁၂၃။ ဧဝမေဝ ယော ဓနံ လဒ္ဓါ၊ ပမတ္တော ပရိဘုဉ္ဇတိ။
ပစ္ဆာ တပ္ပတိ ဒုမ္မေဓော၊ ကုဋံ ဘိတွာဝ ဓုတ္တကော။

ဟူသော သုံးဂါထာတို့ကို ဟောတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။

֍ ဋ္ဌ ၁၂၁။ ဓုတ္တကော၊ သေသောက်ကြူးသည်။ သဗ္ဗကာမဒဒံ၊ အလုံးစုံသောအလိုရှိတိုင်းပေးတတ်သော။ ကုမ္ဘံ၊ ကုမ္ဘာ့ဟု ဆိုအပ်သော။ ကုဋံ၊ အိုးကို။ လဒ္ဓါန၊ ရ၍။ ယာဝ၊ အကြင်မျှလောက်။ နံ၊ ထိုအိုးကို။ အနုပါလေတိ၊ စောင့်ရှောက်၏။ တာဝ၊ ထိုမျှလောက်။ သော၊ ထိုသေသောက်ကြူးသည်။ သုခံ၊ ချမ်းသာကို။ ဧတိ၊ ရ၏။

֍ ဋ္ဌ ၁၂၂။ သော၊ ထိုသေသောက်ကြူးသည်။ ယဒါ၊ အကြင်အခါ၌။ မတ္တော စ၊ ယစ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ ဒိတ္တော စ၊ ဟော့ရမ်း ကြမ်းတန်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ တဒါ၊ ထိုအခါ၌။ ပမာဒါ၊ မေ့လျော့သဖြင့်။ ကုမ္ဘံ၊ အိုးကို။ အဗ္ဘိဒါ၊ ခွဲ၏။ ပစ္ဆာ၊ အိုးကိုခွဲသော နောက်ကာလ၌။ ဗာလော၊ မိုက်စွာသော သေသောက်ကြူးသည်။ နဂ္ဂေါစ၊ ရံခါ အချည်းစည်းဖြစ်၍၎င်း။ ပေါတ္ထော စ၊ ရံခါ ပုဆိုးနွမ်းကို ဝတ်၍၎င်း။ ဝိဟညတိ၊ ပင်ပန်း၏။

֍ ဋ္ဌ ၁၂၃။ ဓုတ္တကော၊ သေသောက်ကြူးသည်။ ကုဋံ၊ အိုးကို။ ဘိတွာ၊ ခွဲ၍။ ပစ္ဆာ၊ နောက်၌။ တပ္ပတိ ဣဝ၊ ဆင်းရဲသကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ ယော ဒုမ္မေဓော၊ အကြင် သူမိုက်သည်။ ဓနံ၊ ဥစ္စာကို။ လဒ္ဓါ၊ ရ၍။ ပမတ္တော၊ မေ့လျော့လျက်။ ပရိဘုဉ္ဇတိ၊ သုံးဆောင်၏။ သော ဒုမ္မေဓော၊ ထိုသူမိုက်သည်။ ပစ္ဆာ၊ နောက်၌။ တပ္ပတိ၊ စိုးရိမ်ပူပန်ရ၏။

ဇာတ်ပေါင်း... အဘယ်သို့ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ အနာထပိဏ်သူဌေး၏ တူသည် ထိုအခါ သုရာယစ်၍ အိုးကို ခွဲသော သေသောက်ကြူး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိကြားမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သေးသောက်ကြူးငြား၊ ပျက်ဆုံးပါး၊ သိကြားကိုယ်တိုင်မကယ်နိုင်

ရှေးဦးစွာသော သုရာဃဋဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ကုမ္ဘဝဂ်

၂။ သုပတ္တဇာတ်

ကျီးစစ်ဗိုလ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်ဗာရာဏသျံ မဟာရာဇ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုပတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် ဗိမ္ဗာဒေဝီ ထေရီမအား အရှင်သာရိပုတ္တရာမထေရ်သည် ပေးအပ်သော ငါးကြင်းအရသာကို အသစ်ဖြစ်သော ထောပတ်နှင့် ရောသောသလေးဆွမ်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် အောက် အဗ္ဘန္တရဇာတ်ဝတ္ထုနှင့် တူသည်သာလျှင်ကတည်း၊ ထိုအခါ၌လည်း ဗိမ္မာဒေဝီထေရီမ၏ဝမ်း၌ လေသည် ထ၏။ အရှင်ရာဟုလာသည် အရှင်သာရိပုတ္တရာမထေရ်အား ကြား၏။ အရှင်သာရိပုတ္တရာမထေရ်သည် အရှင်ရာဟုလာကို ဆွမ်းစားဇရပ်၌ နေစေ၍ ကောသလမင်း၏ နန်းတော်သို့သွား၍ ငါးကြင်းသားအရသာကို အသစ်ဖြစ်သော ထောပတ်နှင့်ရောသော သလေးဆွမ်းကို ဆောင်၍ အရှင်ရာဟုလာအား ပေး၏။ အရှင်ရာဟုလာသည် ဆောင်၍ မယ်တော် ထေရီမအား ပေး၏။ ဗိမ္ဗာဒေဝီထေရီမအား စားကာမျှ၌သာလျှင် ဝမ်းလေသည် ငြိမ်း၏။ မင်းသည် မင်းချင်းတို့ကို စုံစမ်းစေ၍ ထိုအခါမှစ၍ ဖိမ္ဗာဒေဝီ ထေရီမအား ထိုသို့သဘောရှိသောဆွမ်းကို လှူ၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ အရှင်သာရိပုတ္တရာ မထေရ်သည် ဗိမ္ဗာဒေဝီ ထေရီမအား ဤသို့သဘောရှိသော ဘောဇဉ်ဖြင့် ရောင့်ရဲစေ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလဒ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သာစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည် ရှိသော် ရဟန်းတို့ သာရိပုတ္တရာသည် ယခုအခါ၌သာလျင် ရာဟုလာမယ်တော်အား တောင့်တအပ်သောဘောဇဉ်ကို ပေးသည်မဟုတ်သေး၊ ရှေး၌လည်း ပေးဘူးသည်သာလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ပြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကျီးအမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် ကျီးရှစ်သောင်းတို့၏ အကြီးအမှူးဖြစ်သော သုပတ္တမည်သော ကျီးမင်းဖြစ်၏။ သုပတ္တမည်သော ကျီးမင်း၏ မိဖုယားကား သုဖဿာမည်၏။ စစ်သူကြီးကား သုမုခ မည်၏။ ထိုကျီးမင်းသည် ကြီးရှစ်သောင်းတို့ဖြင့် ခြံရံလျက် ဗာရာဏသီပြည်ကို မှီ၍ နေ၏။ ထိုကျီးမင်းသည် တနေ့သ၌ သုဖဿာမည်သော ကျီးမိဖုယားကိုခေါ်၍ အစာရှာလတ်သော် ဗာရာဏသီမင်း၏ စဖိုအိမ်အထက်ဖြင့် သွား၏။ စဖိုသည်သည် မင်း၏ အထူးထူးသော ငါးအမဲ၊ ထူးထွေသောအခြံအရံရှိသော ဘောဇဉ်ကို အတန် ငယ် အိုးတို့ကိုဖွင့်၍ အငွေ့ကိုလွှတ်လျက် ရပ်၏။ သုဖဿာ ကျီးမိဖုယားသည် ငါး အမဲအနံ့နံ၍ မင်း၏ဘောဇဉ်ကိုစားလို၍ ထိုနေ့၌ မပြောဆိုမူ၍ နှစ်ရက်မြောက်သောနေ့၌ ရှင်မ လာလော့၊ အစာရှာကုန်အံ့ဟု ဆိုသည်ရှိသော် သင်တို့သည် သွားကုန်လော့၊ ငါ့အား တခုသော ချင်ခြင်းသည် ရှိ၏ဟု ဆို၍ ရှင်မ အဘယ်ချင်ခြင်းနည်းဟု မေးသည်ရှိသော် ငါသည် ဗာရာဏသီမင်း၏ ဘောဇဉ်ကို စားလို၏။ ရှင်မင်းကြီးသည် ထိုဘောဇဉ်ကိုရခြင်းငှါ မတတ်ကောင်းအံ့၊ ထို့ကြောင့် အသက်ကိုစွန့်အံ့ဟု ဆို၏။ ဘုရားလောင်းသည် ကြံလျက်နေ၏။ သုမုခ စစ်သူကြီးသည် လာ၍ မြတ်သောမင်းကြီး အဘယ့်ကြောင့် နှလုံးမသာ ရှိသနည်းဟု မေး၏။ ထိုမင်းသည် ထိုအကြောင်းကို ကြား၏။ ကျီးစစ်သူကြီးသည် မြတ်သောမင်းကြီး မစိုးရိမ်လင့်ဟု ဆို၍ ထိုကျီးမင်း မိဖုယားတို့ကို နှစ်သိမ့်စေ၍ ယနေ့ သင်တို့သည် ဤနေရာ၌သာလျှင် နေကြကုန်လော့၊ အကျွန်ုပ်သည် ထမင်းကို ဆောင်ခဲ့ကုန်အံ့ဟု ဆို၍ ဖဲလေ၏။

ထိုကျီးစစ်သူကြီးသည် ကျီးတို့ကို စည်းဝေးစေ၍ ထိုအကြောင်းကို ဆို၍ လာကြကုန်လော၊ ထမင်းကို ဆောင်ကုန်အံ့ဟု ကျီးတို့နှင့်တကွ ဗာရာဏသီသို့ဝင်၍ စဖိုအိမ်၏အနီး၌ ကျီးတို့ကို အစုအစု နေစေ၍ ထိုထိုအရပ်၌ အစောင့် အရှောက်အကျိုးငှါထား၍ မိမိသည် ကျီးသူရဲရှစ်ခုတို့နှင့်တကွ စဖိုအိမ်အမိုး၌ မင်း၏စားတော်ကို ဆောင်သောကာလကို မျှော်လျက်နေ၏။ ထိုကျီးတို့ကိုလည်း ငါသည် မင်း၏စားတော်ကို ဆောင်ပို့ သည်ရှိသော် ခွက်တို့ကိုကျစေအံ့၊ ခွက်တို့သည် ကျကုန်သော် ငါ၏ အသက်သည် မရှိပြီ၊ လေးယောက်ကုန်သော သင်တို့သည် နှုတ်သီး၌ပြည့်အောင် ထမင်းကိုယူ၍ လေးယောက်ကုန်သော သင်တို့သည်ကား နှုတ်သီး၌ ပြည့်အောင် ငါး အမဲတို့ကိုယူ၍ ကျီးမင်းနှင့်တကွသော သုဖဿာမိဖုယားကို ကျွေးကြလေကုန်၊ စစ်သူကြီးကား အဘယ်မှာနည်းဟု မေးသော် နောက်မှလာအံ့ဟု ဆိုကြလေကုန်ဟူ၍ ဆို၏။ ထိုအခါ စဖိုသည်သည် မင်း၏ ဘောဇဉ်အထူးကို ပြည့်စုံစေ၍ ထမ်းပိုးဖြင့် ယူခဲ့စေ၍ မင်းအိမ်သို့ သွား၏။ စဖိုသည်၏ မင်းယင်ပြင်သို့ ရောက်သောကာလ၌ ကျီးစစ်သူကြီးသည် ကျီးတို့အား အမှတ်ကိုပေး၍ မိမိသည်ပျံ၍ စဖိုသည်၏ရင်၌ နား၍ လက်သည်းချိုင့်ဖြင့်ခတ်၍ သံချောင်းနှင့်တူသော နှုတ်သီးဖြင့် စဖိုသည်၏ နှာခေါင်းဖျားကို ကိုက်လျက် အတောင်နှစ်ဘက်တို့ဖြင့် မျက်နှာကို ပိတ်၏။ မင်းသည် မြတ်သော ပြာသာဒ်အပြင်၌ စင်္ကြံသွားလျက် လေသာတံခါးဖြင့် ကြည့်၍ ထိုကျီး၏ အမူအရာကို မြင်၍ စဖိုသည်အား အသံပေး၍ အချင်း စဖိုသည် ထမင်းချက်တို့ကိုစွန့်၍ ကျီးကိုသာလျှင် ဖမ်းလော့ဟု ဆို၏။ စဖိုသည်သည် ထမင်းခွက်တို့ကိုစွန့်၍ ကျီးကို မြဲစွာဖမ်း၏။ မင်းသည်လည်း ထိုကျီးကို ဤသို့ဆောင်ခဲ့ဟု ဆို၏။

ထိုခဏ၌ ကျီးတို့သည် လာလတ်၍ မိမိတို့သည် ဝအောင်စား၍ အကြွင်းကို စစ်သူကြီးဆိုသော အမှတ်ဖြင့်ယူ၍ သွားကုန်၏။ ထို့နောင်မှ ကြွင်းသောကျီးတို့သည် လာ၍ အကြွင်းကို စားကုန်၏။ ထိုရှစ်ခုသော ကျီးတို့သည်လည်းသွား၍ မိဖုယားနှင့်တကွသော ကျီးမင်းကို ကျွေးကုန်၏။ သုဖဿာ ကျီးမိဖုယားအား ချင်ခြင်းသည် ငြိမ်း၏။ စဖိုသည်သည် ကျီးစစ်သူကြီးကို မင်း၏အထံသို့ ဆောင်၏။ ထိုအခါ ထိုစစ်သူကြီး ကျီးကို မင်းသည် ကျီး သင်သည် ငါ့ကိုလည်းမရှက်၊ စဖိုသည်၏ နှာခေါင်းကိုလည်း ဖြတ်၏။ ထမင်းခွက်တို့ကိုလည်း ခွဲ၏။ မိမိအသက်ကိုလည်း မစောင့်၊ အဘယ့်ကြောင့် ဤသို့သဘောရှိသောအမှုကို ပြုသနည်းဟု မေး၏။ ကျီးသည် မြတ်သောမင်းကြီး အကျွန်ုပ်တို့၏ ကျေးမင်းသည် ဗာရာဏသီပြည်ကိုမှီ၍ နေ၏။ အကျွန်ုပ်သည် ကျီးမင်း၏ စစ်သူကြီးတည်း၊ ထိုကျီးမင်း၏ သုဖဿာမည်သော မိဖုယားသည် သင်မင်းကြီးတို့၏ စားတော်ကို စားလို၏။ ကျီးမင်းသည် ကျီးမိဖုယား၏ချင်ခြင်းကို အကျွန်ုပ်အား ကြား၏။ အကျွန်ုပ်သည် ကျီးမင်းအထံ၌သာလျှင် အသက်ကိုစွန့်၍ လာ၏။ ယခု အကျွန်ုပ်သည် ကျီးမိဖုယား၏ စားဘွယ်ကို ပေးပို့စေအပ်ပြီ၊ အကျွန်ုပ်၏ နှလုံးအလိုသည် အပြီးသို့ရောက်ပြီ၊ ဤအကြောင်းကြောင့် အကျွန်ုပ်သည် ဤသို့သဘောရှိသော အမှုကိုပြု၏ဟု ပြလိုရကား-

၁၂၄။ ဗာရာဏသျံ မဟာရာဇ၊ ကာကရာဇာ နိဝါသကော။
အသီတိယာ သဟဿေဟိ၊ သုပတ္တာ ပရိဝါရိတော။
၁၂၅။ တဿ ဒေါဟဠိနီ ဘရိယာ၊ သုဖဿာ ဘက္ခိတုမိစ္ဆတိ။
ရညော မဟာနသေ ပက္ကံ၊ ပစ္စဂ္ဃံ ရာဇဘောဇနံ။
၁၂၆။ တေသာဟံ ပဟိတော ဒူတော၊ ရညော စမှိ ဣဓာဂတော။
ဘတ္တု အပစိတိံ ကုမ္မိ၊ နာသာယမကရံ ဝဏံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၂၄။ မဟာရာဇ၊ မြတ်သော မင်းကြီး။ ဗာရာဏသျံ၊ ဗာရာဏ သီပြည်၌။ သုပတ္တော၊ သုပတ္တမည်သော။ ကာကရာဇာ၊ ကျီးမင်းသည်။ အသီတိယာ သဟဿေဟိ၊ ရှစ်သောင်းကုန်သော ကျီးတို့ဖြင့်။ ပရိဝါရိတော၊ ခြံရံလျက်။ နိဝါသကော၊ အမြဲနေ၏။

֍ ဋ္ဌ ၁၂၅။ တဿ၊ ထိုသုပတ္တကျီးမင်း၏။ သုဖဿာ၊ သုဖဿာမည်သော။ ဘရိယာ၊ မိဖုယားသည်။ ဒေါဟဠိနီ၊ ချင်ခြင်းဖြစ်၏။ ရညော၊ မင်း၏။ မဟာနသေ၊ စဖိုအိမ်၌။ ပက္ကံ၊ ချက်အပ်သော။ ပစ္စဂ္ဃံ၊ အသီးသီး အဘိုးများစွာ ထိုက်သော။ ရာဇဘောဇနံ၊ မင်း၏ဘောဇဉ်ကို။ ဘက္ခိတုံ၊ စားခြင်းငှါ။ ဣစ္ဆတိ၊ အလိုရှိ၏။

֍ ဋ္ဌ ၁၂၆။ အဟံ၊ အကျွန်ုပ်သည်။ တေသံ၊ ထိုကျီးမင်း ကျီးမိဖုယားတို့၏။ အတ္ထကာရော၊ အကျိုးစီးပွားကို ပြုတတ်သော။ ဒူတော၊ တမန်တည်း။ ရညော စ၊ ကျီးမင်းသည်လည်း။ ပဟိတော၊ စေအပ်သောသူသည်။ အမှိ၊ ဖြစ်၏။ တသ္မာ၊ ထိုကြောင့်။ ဣဓ၊ ဤအရပ်သို့။ အာဂတော၊ လာ၏။ ဘတ္တု၊ အရှင်ကျီးမင်းအား။ အပစိတိံ၊ ပူဇော်ခြင်းကို။ ကုမ္မိ-ကရောမိ၊ ပြုပေ၏။ နာသာယ၊ စဖိုသည်၏ နှာခေါင်း၌။ ဝဏံ၊ အနာကို။ အကရံ၊ ပြု၏။

ယခု ရှင်မင်းကြီးသည် အကြင်ဒဏ်ကို ပြုလို၏။ ထိုဒဏ်ကို ပြုကုန်လောဟူ၍ ဆို၏။ မင်းသည် ထိုစစ်သူကြီး၏စကားကို ကြား၍ လူဖြစ်ကုန်သော ငါတို့သည် ကြီးစွာသော စည်း စိမ်ကို ပေးကုန်လျှက်လည်း ငါတို့အား ချစ်စိမ့်သောငှာ မတတ်နိုင်ကုန်၊ ရွာအစရှိသည်တို့ကို ပေးကုန်လျှက်လည်း ငါတို့အား အသက်ကိုပေးသောသူကို မရကုန်၊ ဤသူမူကား ကျီးဖြစ်လျှက် မိမိအသက်ကို ကျီးမင်းအား စွန့်၏။ အလွန်လျှင် သူတော်ကောင်း ဖြစ်၏။ သာယာသော အသံရှိ၏။ တရားဟောတတ်၏ဟု ဂုဏ်ကျေးဇူး၌ ကြည်ညို၍ ထိုစစ်သူကြီးကို ထီးဖြူဖြင့်ပူ၏။ ကျီးစစ်သူကြီးသည် မိမိရသောထီးဖြူဖြင့် မင်းကို တဖန်ပူဇော်၍ ဘုရားလောင်း၏ ကျေးဇူးတို့ကို ဆို၏။ မင်းသည် ဘုရားလောင်းကို ခေါ်စေ၍ တရားနာ၍ နှစ်ပါးကုန်သော ကျီးစစ်သူကြီး ကျီးမင်းတို့အားလည်း မိမိစားသောနည်းဖြင့် ထမင်းအစာကို မပြတ်ပေး၏။ ကြွင်းသောကျီးတို့အား နေ့တိုင်း တအမ္ဗဏချက် ထမင်းကို ပေး၏။ မိမိသည်လည်း ဘုရားလောင်း၏ အဆုံးအမ၌တည်၍ ခပ်သိမ်း သော သတ္တဝါတို့အား ဘေးမဲ့ပေး၍ ပဉ္စသီလတို့ကို စောင့်၏။ သုပတ္တကျီးမင်း၏ အဆုံးအမသည်ကား အနှစ်ခုနစ်ရာ တည်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ သုမုခမည်သော ကျီးစစ်သူကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ သုဖဿာမည်သော ကျီးမိဖုယား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သုပတ္တကျီးမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သက်စွန့်ကြိုးပမ်း၊ မှုတော်ထမ်း၊ ခွင့်လမ်း မျိုးဆွေသာ

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သုပတ္တဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ကုမ္ဘဝဂ်

၃။ ကာယနိဗ္ဗိန္ဒဇာတ်

ရွံဘွယ်ကိုယ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဖုဋ္ဌဿ မေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာယနိဗ္ဗိန္ဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသောယောကျ်ားကို အကြောင်း ပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တယောက်သော ယောက်ျားသည် ဖျော့တော့သော ရောဂါ နှိပ်စက်အပ်သည်ဖြစ်၍ ဆေးသွားတို့သည်လည်း ပယ်အပ်သည် ဖြစ်၍ မယားသည်လည်း လုပ်ကျွေးအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ ငါသည် ရောဂါမှ လွတ်သည်ရှိသော် ရဟန်းပြုအံ့ဟု ကြံ၏။ ထိုယောက်ျားသည် နှစ်ရက် သုံးရက်ဖြင့်သာလျှင် တစုံတခု လျောက်ပတ်သင့်တင့်သော ဆေးကိုရ၍ ရောဂါကင်း၍ ဇေတဝန် ကျောင်းတော်သို့သွား၍ သဗ္ဗညူ မြတ်စွာဘုရားကို ရဟန်းအဖြစ်ကို တောင်း ပန်၍ ဘုရားအထံတော်၌ သာမဏေအဖြစ် ပဉ္စင်းအဖြစ်ကိုရ၍ မကြာမြင့်မီပင်လျှင် ရဟန္တာအဖြစ်သို့ ရောက်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤမည်သောသူသည် ဖြေတော့သော အနာစွဲ၍ ဤရောဂါမှ ထ မြောက်လတ်သော် ရဟန်းပြုအံ့ဟု ကြံ၍ ရဟန်းပြု၍ ရဟန္တာအဖြစ်သို့ ရောက်၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤသူသည်သာလျှင်ရောဂါမှ ထ၍ ရဟန်းပြု၍ မိမိစီးပွားကို ပြုသည်မဟုတ်သေး၊ ရှေး၌ ပညာရှိတို့သည်လည်း ဤအတူသာလျှင် ရောဂါမှထ၍ ရဟန်းပြု၍ မိမိစီးပွားကို ပြုဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ ဥစ္စာကိုဖြစ်စေ၍ နေလတ်သော် ဖျော့တော့သောအနာစွဲ၍ ဆေးသ္မားတို့သည်လည်း ကုအံ့သောငှါ မတတ်နိုင်ကုန်၊ သားမယားသည်လည်း နှလုံးမသာယာရှိ၏။ ထိုဘုရားလောင်းသည် ဤရောဂါမှ ထမြောက်လတ်သည်ရှိသော် ရဟန်းပြုအံ့ဟု ကြံ၍ တစုံတခုလျှင်ဖြစ်သော သင့်တင့်လျောက်ပတ်သော ဆေးကိုရ၍ ရောဂါကင်း၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဈာန်ချမ်းသာဖြင့်နေလျက် ဤမျှလောက်သော ကာလပတ်လုံး ဤသို့သဘောရှိသော ဈာန်ချမ်းသာမည်သည်ကို မရစဘူး ရပေပြီဟု ဥဒါန်းကျူးလိုရကား-

၁၂၇။ ဖုဋ္ဌဿ မေ အညတရေန ဗျာဓိနာ၊
ရောဂေန ဗာဠှံ ဒုခိတဿ ရုပ္ပတော။
ပရိသုဿတိ ခိပ္ပမိဒံ ကဠေဝရံ၊
ပုပ္ဖံ ယထာ ပံသုမှိ အာတပေ ကတံ။
၁၂၈။ အဇညံ ဇညသင်္ခါတံ၊ အသုစိံ သုစိသမ္မတံ။
နာနာကုဏပပရိပူရံ၊ ဇညရူပံ အပဿတော။
၁၂၉။ ဓိရတ္ထုမံ အာတုရံ ပူတိကာယံ၊
ဇေဂုစ္ဆိယံ အဿုစိ ဗျာဓိဓမ္မံ။
ယတ္ထပ္ပမတ္တာ အဓိမုစ္ဆိတာ ပဇာ၊
ဟာပေန္တိ မဂ္ဂံ သုဂတူပပတ္တိယာ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၂၇။ အညတရေန၊ ကိုးဆယ့်ရှစ်ပါးသော ရောဂါတို့တွင် တပါးဖြစ်ထသော။ ဗျာဓိနာ၊ နှိပ်စက်တတ်သော။ ရောဂေန၊ ရောဂါသည်။ ဗာဠှံ၊ ပြင်းစွာ။ ဖုဋ္ဌဿ၊ နှိပ်စက်အပ်သည်ဖြစ်၍။ ဒုခိတဿ၊ ဆင်းရဲထသော။ ရုပ္ပတော၊ စွန့်အပ်သော။ မေ၊ ငါ၏။ ဣဒံ ကဠေဝရံ၊ ဤအကောင်သည်။ အာတပေ၊ ပူသော။ ပံသုနိ၊ သဲပြင်၌။ ကတံ၊ ပစ်ချအပ်သော။ ပုပ္ဖံ ယထာ၊ သိမ်မွေ့စွာသော ပန်းကဲ့သို့။ ခိပ္ပံ၊ လျင်စွာ။ ပရိသုဿတိ၊ ခြောက်ကပ်၏။

֍ ဋ္ဌ ၁၂၈။ ကဠေဝရံ၊ အကောင်သည်။ အဇညံ၊ နှစ်သက်ဘွယ်မရှိ။ ဇညသင်္ခါတံ၊ သူမိုက်တို့သည် နှစ်သက်ဘွယ် ရှိ၏ဟု သမုတ်အပ်၏။ အသုစိံ၊ မစင်ကြယ် ရွံရှာဘွယ်ဖြစ်လျှက်။ သုစိသမ္မတံ၊ သူမိုက်တို့သည် စင်ကြယ်၏ဟု သမုတ်အပ်၏။ နာနာကုဏပပရိပူရံ၊ အထူးထူးသော အပုပ်တို့ဖြင့် ပြည့်၏။ အပဿတော၊ မမြင်သော ပုထုဇဉ် သူမိုက်အား။ ဇညရူပံ၊ နှစ်သက်ဘွယ်သော သဘောရှိ၏။

֍ ဋ္ဌ ၁၂၉။ ယတ္ထ၊ အကြင်အကောင်ပုပ်၌။ ပဇာ၊ သတ္တဝါတို့သည်။ ပမတ္တာ၊ မေ့လျော့ကုန်သည်ဖြစ်၍။ အဓိမုစ္ဆိတာ၊ အလွန်တပ် စွန်းကုန်သည်ဖြစ်၍။ သုဂတူပပတ္တိယာ၊ သုဂတိ၌ ဖြစ်ခြင်း၏။ မဂ္ဂံ၊ အကြောင်းကို။ ဟာပေန္တိ၊ ယုတ်စေကုန်၏။ အာတုရံ၊ ကျင်နာထသော။ ဇေဂုစ္ဆိယံ၊ စက်ဆုပ်ဘွယ်ရှိထသော။ အသုစိံ၊ မစင်ကြယ်ထသော။ ဗျာဓိဓမ္မံ၊ ဖျားနာတတ်သော သဘော ရှိထသော။ ဣမံ ပူတိကာယံ၊ ဤကိုယ်ကောင်ပုပ်ကို။ ဓိရတ္ထု၊ စက်ဆုပ်စွ။

ဤသို့ ဘုရားလောင်းသည် ကိုယ်၌ အထူးထူး အပြားပြားအားဖြင့် မစင်ကြယ်သည်၏ အဖြစ်ကို၎င်း အမြဲ နာ သည်၏အဖြစ်ကို၎င်း ဆင်ခြင်လျှက် ငြီးငွေ့၍ အသက် ထက်ဆုံး လေးပါးကုန်သော ဗြဟ္မဝိဟာရတို့ကိုပွားစေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ များစွာကုန်သော ပုထုဇဉ်တို့သည် သောတာပတ္တိဖိုလ် အစရှိသည်တို့ကိုကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်၏။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အနာဗျာဓိ၊ ဆင်ခြင်ဘိ၊ မိမိကောင်းကျိုးကြံ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ကာယနိဗ္ဗိန္ဒဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ကုမ္ဘဝဂ်

၄။ ဇမ္ဗုခါဒကဇာတ်

ကျီး နှင့် မြေခွေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကောယံ ဗိန္ဒုဿရော ဝဂ္ဂု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဇမ္ဗုခါဒကဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ် ကောလိကတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအခါ ဒေဝဒတ်အား လာဘသက္ကာရ ဆုတ်ယုတ်သည်ရှိသော် ကောကာလိကသည် ဒါယကာတို့သို့ ဆည်းကပ်၍ ဒါယကာတို့ ဒေဝဒတ်မည်သော မထေရ်သည် မဟာသမ္မတမင်း၏ အစဉ်အဆက် ဩက္ကာကရာဇ်မင်းမျိုး၌ ဖြစ်၏။ မရောရှက်သော မင်းမျိုး၌ကြီး၏။ ပိဋကတ်သုံးပုံကို ဆောင်၏။ ဈာန်ကို ရ၏။ သာယာစွာသော အသံရှိ၏။ တရား ဟောတတ်၏။ ဒေဝဒတ်အား လှူဒါန်းကြကုန်လော့ဟု ဒေဝဒတ်၏ ကျေးဇူးကို ပြောဆို၏။ ဒေဝဒတ်သည်လည်း ကောကာလိက မထေရ်သည် ဥဒိစ္စပုဏ္ဏားမျိုးမှ တောထွက်၍ ရဟန်းပြုသော သူတည်း၊ ဗဟုသုတရှိ၏။ တရားဟောတတ်၏။ ကောကာလိက မထေရ်အား လှူဒါန်းကြကုန်လော့ဟု ကောကာလိက၏ ကျေးဇူးကို ဆို၏။ ဤသို့ ဒေဝဒတ် ကောကာလိကတို့သည် အချင်းချင်း ကျေးဇူးကိုဆို၍ ဒါယကာတို့၏အိမ်တို့၌ စားကုန်လျက် လှည့်လည်ကုန်၏။ ထိုအခါ တနေ့သ၌ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဒေဝဒတ် ကောကာကာလိကတို့သည် အချင်းချင်း မဟုတ်မမှန်သော ကျေးဇူးစကားကို ဆိုကုန်၍ စားကုန်လျှက် လှည့်လည်ကုန်၏ဟု စကားကို ဖြစ်စေကုန်၏ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုဒေဝဒတ် ကောကာလိကတို့သည် အချင်းချင်း မဟုတ်မမှန်သော ကျေးဇူးကိုဆို၍ စားကုန်သည်မဟုတ်သေး၊ ရှေး၌လည်း စားဘူးကုန်သလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မထင်ရှားသော သပြေတောအုပ်၌ ရုက္ခစိုဝ်းနတ် ဖြစ်၏။ ထိုတောအုပ်၌ တခုသော ကျီးသည် သပြေခက်၌နားလျှက် သပြေသီးမှည့်တို့ကို စား၏။ ထိုအခါ တခုသော မြေခွေးသည် လာလတ်၍ အထက်သို့ ကြည့်လတ်သော် ကျီးကိုမြင်၍ ငါသည် ထိုကျီးအား မဟုတ်မမှန်သော ကျေးဇူးစကားကိုဆိုရသော် သပြေသီးတို့ကို စားရအံ့ဟု ထိုကျီး၏ကျေးဇူးကို ဆိုလိုရကား-

၁၃၀။ ကောယံ ဗိန္ဒုဿရော ဝဂ္ဂု၊ သရဝန္တာန မုတ္တမော။
အစ္စုတော ဇမ္ဗုသာခါယ၊ မောရစ္ဆာပေါဝ ကူဇတိ။

ဟူသော ဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၀။ အယံ၊ ဤငှက်သည်။ ဗိန္ဒုဿရော၊ လုံးသောအသံရှိ၏။ ဝဂ္ဂု၊ သာယာသော အသံရှိ၏။ သရဝန္တာနံ၊ အသံနှင့်ပြည့်စုံကုန်သော ငှက်တို့ထက်။ ဥတ္တမော၊ မြတ်၏။ အစ္စုတော၊ ရွေ့လျောခြင်း မရှိ။ ဇမ္ဗုသာခါယ၊ သပြေခက်၌။ မောရစ္ဆာပေါဝ၊ ဥဒေါင်းငယ်ကဲ့သို့။ ကူဇတိ၊ တွန်၏။ ကော၊ အဘယ်ငှက်နည်း။

ထိုအခါ မြေခွေးကို ကျီးသည် ချီးမွမ်းတုံ့ ချီးမွမ်းလိုရကား-

၁၃၁။ ကုလပုတ္တော ပဇာနာတိ၊ ကုလပုတ္တံ ပသံသိတုံ။
ဗျဂ္ဃစ္ဆာပသရီဝဏ္ဏ၊ ဘုဉ္စ သမ္မ ဒဒမီ တေ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၁။ ကုလပုတ္တော၊ အမျိုးကောင်းသားသည်။ ကုလပုတ္တံ၊ အမျိုးကောင်းသားကို။ ပသံသိတုံ၊ ချီးမွမ်းအံ့သောငှါ။ ပဇာနာတိ၊ သိ၏။ ဗျဂ္ဃစ္ဆာပသရီဝဏ္ဏ၊ ကျားငယ်နှင့်တူသော ကိုယ်ရှိသော။ သမ္မ၊ အဆွေမြေခွေး။ တေ၊ သင့်အား။ အဟံ၊ ငါသည်။ ဒဒါမိ၊ ပေး၏။ တွံ၊ သင်သည်။ ဘုဉ္စ၊ စားလော့။

ဤသို့ဆို၍ သပြေခက်ကိုလှုပ်၍ သပြေသီးတို့ကို ကျစေ၏။ ထိုအခါ ထိုသပြေပင်၌ နေသောနတ်သည် မဟုတ်မမှန်သော ဂုဏ်ကျေးဇူးကိုဆို၍ သပြေသီးတို့ကိုစားကုန်သော မြေခွေးနှင့် ကျီးတို့ကို မြင်၍-

၁၃၂။ စိရဿံ ဝတ ပဿာမိ၊ မုသာဝါဒီ သမာဂတေ။
ဝန္တာဒံ ကုဏပါဒဉ္စ၊ အညမညံ ပသံသကေ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၂။ မုသာဝါဒီ၊ မဟုတ်မမှန်သော စကားကို ဆိုလေ့ရှိကုန်သော။ သမာဂတေ၊ ဆိုင်မိကြကုန်သော။ ဝန္တာဒဉ္စ၊ အန်ဖတ်စား ကျီးလည်းဖြစ်သော။ ကုဏပါဒဉ္စ၊ အကောင်ပုပ်စား ခွေးလည်းဖြစ်သော။ အညမညံ၊ အချင်းချင်း။ ပသံသကေ၊ ချီးမွှမ်းကုန်သော သတ္တဝါတို့ကို။ စိရဿံ၊ ရှည်မြင့်မှ။ ဝတ၊ စင်စစ်။ ပဿာမိ၊ မြင်ရ၏။

ဤဂါထာကို ဆို၍ ထိုနတ်သားသည် ကြောက်မက်ဘွယ်သော အဆင်းကိုပြ၍ ထိုမြေခွေး, ကျီးတို့ကို သပြေပင်မှ ပြေးစေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မြေခွေးဖြစ်ဘူးပြီ၊ ယခုအခါကောကာလိကသည် ထိုအခါ ကျီးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဂုဏ်ရည်မဲ့ချင်း၊ အကဲသွင်း၊ ကြားပြင်း လူတိုင်းကပ်

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဇမ္ဗုခါဒက ဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ကုမ္ဘဝဂ်

၅။ အန္တဇာတ်

ဂုဏ်မဲ့ချင်း ဂုဏ်တင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သောသဗ္ဗညူမြတ်စွာဘုရားသည် ဥသဘဿေဝ တေ ခန္ဓော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအန္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ထိုဒေဝဒတ် ကာလိကတို့ကိုသာလျှင် အကြောင်း ပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည် ရှေးဝတ္ထုနှင့် တူသည်သာလျှင်ကတည်း။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသောရွာ၏ ဥပစာ၌ ကြက်ဆူပင်စောင့်နတ် ဖြစ်၏။ ထိုအခါ တခုသောရွာ၌ သေသောနွားကို ငင်ထုတ်၍ ရွာတံခါး ကြက်ဆူတော၌ စွန့်ကုန်၏။ တခုသော မြေခွေးသည် လာလတ်၍ ထိုနွားအို၏အသားကို စား၏။ တခုသောကျီးသည် လာလတ်၍ ကြက်ဆူပင်၌ နားလတ်သည်ရှိသော် ထိုမြေခွေးကိုမြင်၍ မြေခွေးအား မဟုတ်မမှန်သော ကျေးဇူးကိုဆိုသော် အမဲကို စားရရာ၏ဟု ကြံ၍-

၁၃၃။ ဥသဘဿေဝ တေ ခန္ဓော၊ သီဟဿေဝ ဝိဇမ္ဘိတံ။
မိဂရာဇ နမောတျတ္ထု၊ အပိကဉ္စိ လဘာမသေ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၃။ မိဂရာဇ၊ သားမင်း။ တေ၊ သင်၏။ ခန္ဓော၊ ပခုံးသည်။ ဥသဘဿ၊ နွားလားဥသဘ၏။ ခန္ဓော ဣဝ၊ ပခုံးကဲ့သို့။ ဟောတိ၊ ဖြစ်၏။ တေ၊ သင်၏။ ဝိဇမ္ဘိတံ၊ ကိုယ်၏ တင့်တယ်ခြင်းသည်။ သီဟဿ၊ ခြင်္သေ့၏။ ဝိဇမ္ဘိတံ ဣဝ၊ တင့်တယ်ခြင်းကဲ့သို့။ ဟောတိ၊ ဖြစ်၏။ တေ၊ သင့်အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ အပိကိဉ္စိ၊ စိုးစဉ်းအကြွင်းဖြစ်သော အမဲကိုလည်း။ မယံ၊ ငါတို့သည်။ လဘာမသေ၊ ရလိုကုန်၏။

ထိုစကားကို ကြား၍ မြေခွေးသည် -

၁၃၄။ ကုလပုတ္တော ပဇာနာတိ၊ ကုလပုတ္တံ ပသံသိတုံ။
မယူရဂီဝသင်္ကာသ၊ ဣတော ပရိယာဟိ ဝါယသ။

ဟူသော ဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၄။ ကုလပုတ္တော၊ အမျိုးကောင်းသားသည်။ ကုလပုတ္တံ၊ အမျိုးကောင်းသားကို။ ပသံသိတုံ၊ ချီးမွမ်းအံ့သောငှါ။ ပဇာနာတိ၊ သိ၏။ မယူရဂီဝသင်္ကာသ၊ ဥဒေါင်း၏ လည်နှင့်တူသော အဆင်းရှိသော။ ဝါယသ၊ ကျီး။ တွံ၊ သင်သည်။ ဣတော၊ ဤအရပ်သို့။ ပရိယာဟိ၊ လာလော့။

ထိုကျီးနှင့် မြေခွေးတို့၏ အမူအရာကို မြင်၍ ရုက္ခစိုဝ်းနတ်သည်-

၁၃၅။ မိဂါနံ သိင်္ဂါလော အန္တော၊ ပက္ခီနံ ပန ဝါယသော။
ဧရဏ္ဍော အန္တော ရုက္ခာနံ၊ တယော အန္တာ သမာဂတာ။

ဟူသော ဤဂါထာကို ဆို၏-

֍ ဋ္ဌ ၁၃၅။ မိဂါနံ၊ သားတို့တွင်။ သိင်္ဂါလော၊ မြေခွေးသည်။ အန္တော၊ ယုတ်မာ၏။ ပက္ခီနံ ပန၊ ငှက်တို့တွင်ကား။ ဝါယသော၊ ကျီးသည်။ အန္တော၊ ယုတ်မာ၏။ ရုက္ခာနံ၊ သစ်ပင်တို့တွင်။ ဧရဏ္ဍော၊ ကြက်ဆူပင်သည်။ အန္တော၊ ယုတ်မာ၏။ တယော၊ သုံးခုကုန်သော။ အန္တာ၊ အယုတ်တို့သည်။ သမာဂတာ၊ ပေါင်းဆုံမိကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မြေခွေး ဖြစ်ဘူးပြီ၊ ယခုအခါ ကောကာလိကသည် ထိုအခါ ကျီး ဖြစ်ဘူးပြီ၊ ယခုအခါငါဘုရားသည်သာလျှင် ထိုအခါ ကြက်ဆူပင်စောင့် ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မရှိဂုဏ်ပုဒ်၊ ထင်တိုင်းထုတ်၊ အဟုတ် လူတိုင်းမုန်း

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော အန္တဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ကုမ္ဘဝဂ်

၆။ သမုဒ္ဒဇာတ်

သမုဒ္ဒရာရေ ချွေတာသုံး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည်ကော နာယံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသမုဒ္ဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဥပနန္ဒမထေရ်ကို အကြောင်းပြ၍ ဟောတော်မူ၏။ ဥပနန္ဒမထေရ်သည် အစားကြီး၏။ လောဘကြီး၏။ လှည်းတို့၌ ပြည့်ကုန်သော ပစ္စည်းတို့ဖြင့် ရောင့်ရဲစေခြင်းငှါ မတတ်ကောင်း၊ ဝါဆိုသော ကာလ၌ ကျောင်းနှစ်ကျောင်း သုံးကျောင်းတို့၌ ဝါကပ်၍ တခုသောကျောင်း၌ ဘိနပ်ကိုထား၏။ တခုသောကျောင်း၌ တောင်ဝှေးကိုထား၏။ တခုသောကျောင်း၌ ရေဗူးကိုထား၏။ တခုသောကျောင်း၌ မိမိနေ၏။ ဇနပုဒ်ကျောင်းသို့သွား၍ ကောင်းမြတ်သော ပရိက္ခရာရှိကုန်သော ရဟန်းတို့ကိုမြင်၍ အရိယဝံသတရားကိုဟော၍ ထိုရဟန်းတို့ကို ပံသုကူသင်္ကန်းတို့ကို ဆောင်စေ၍ ထိုရဟန်းတို့၏သင်္ကန်းကိုယူ၍ မြေသပိတ်တို့ကို ဆောင်စေ၍ ထိုရဟန်းတို့၏ နှစ်သက်ဘွယ်ရှိသော သပိတ်ခွက်တို့ကို ယူ၍ လှည်းကို ပြည့်စေ၍ ဇေတဝန်ကျောင်းတော်သို့ လာ၏။ ထိုအခါတနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ သာကီဝင်မင်းသား ဥပနန္ဒသည် အစားကြီး၏။ လောဘရမ္မက်ကြီး၏။ တပါးသော ရဟန်းတို့အား ကျင့်ဝတ်ကိုဟော၍ ရဟန်းတို့၏ ပရိက္ခရာဖြင့် လှည်းကိုပြည့်စေ၍ လာ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်း ဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဥပနန္ဒသည် တပါးကုန်သော ရဟန်းတို့အား အရိယဝံသတရားစကားကို ဟောသဖြင့် မသင့်မလျော်သည်ကိုပြု၏။ ရှေးဦးစွာ မိမိသည် အလိုနည်းသည်ဖြစ်၍ နောက်မှ သူတပါးတို့အား အရိယဝံသကို ဟာသင့်၏ဟု-

အတ္တာနမေဝ ပဌမံ၊ ပတိရူပေ နိဝေသယေ။
အထညမနုသာသေယျ၊ န ကိလိဿေယျ ပဏ္ဍိတော။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

ပဌမံ၊ ရှေးဦးစွာ။ ပဏ္ဍိတော၊ ပညာရှိသည်။ အတ္တာနမေဝ၊ မိမိကိုယ်ကိုသာလျှင်။ ပတိရူပေ၊ လျောက်ပတ်သော တရား၌။ နိဝေသယေ၊ တည်စေရာ၏။ အထ-ပစ္ဆာ၊ ထို နောက်မှ။ အညံ၊ သူတပါးကို။ အနုသာသေယျ၊ ဆုံးမရာ၏။ န ကိလိဿေယျ၊ မပင်ပန်းစေရာသလျှင်ကတည်း။

ဓမ္မပဒ၌လာသော ဤဂါထာကို ပြတော်မူ၍ ဥပနန္ဒကို ကဲ့ရဲ့တော်မူ၍ ရဟန်းတို့ ဥပနန္ဒသည် ယခုအခါ၌သာလျှင် အလိုကြီးသည် မဟုတ်သေး၊ ရှေး၌လည်း မဟာသမုဒ္ဒရာရေကိုလည်း စောင့်ရှောက်အပ်၏ဟု ထင်မှတ်ဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သမုဒ္ဒရာစောင့်နတ် ဖြစ်၏။ ထိုအခါ တခုသော သမုဒ္ဒရာနား၌နေသော ကျီးသည် သမုဒ္ဒရာ၏ အထက်အဘို့၌ သွားလတ်သည်ရှိသော် သမုဒ္ဒရာရေကို အတိုင်းအရှည်အားဖြင့် သောက်ကြကုန်၊ စောင့်ရှောက်သဖြင့် သောက်ကြကုန်ဟု ငါးအပေါင်း ငှက်အပေါင်းတို့ကို မြစ်လျက် သွား၏။ ထိုကျီးကိုမြင်၍ သမုဒ္ဒရာစောင့်နတ်သည်-

၁၃၆။ ကောနာယံ လောဏတောယသ္မိံ၊ သမန္တာ ပရိဓာဝတိ။
မစ္ဆေ မကရေ စ ဝါရေတိ၊ ဦမီသု စ ဝိဟညတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၆။ အယံ၊ ဤငှက်သည်။ လောဏတောယသ္မိံ၊ သမုဒ္ဒရာရေ၌။ သမန္တာ၊ ထက်ဝန်းကျင်မှ။ ပရိဓာဝတိ၊ ပြေး၏။ မစ္ဆေ စ၊ ငါးတို့ကို၎င်း။ မကရေ စ၊ မကတို့ကို၎င်း။ ဝါရေတိ၊ မြစ်၏။ ဦမီသု စ၊ လှိုင်းတံပိုးတို့၌လည်း။ ဝိဟညတိ၊ ပင်ပန်း၏။ ကော နု၊ အဘယ်ငှက်နည်း။

ထိုစကားကိုကြား၍ သမုဒ္ဒရာအနီး၌ နေသော ကျီးသည်-

၁၃၇။ အနန္တပါယီ သကုဏော၊ အတိတ္တောတိ ဒိသာသုတော။
သမုဒံ ပါတုမိစ္ဆာမိ၊ သာဂရံ သရိတံ ပတိံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၇။ အဟံ၊ ငါသည်။ အတိတ္တာတိ၊ မရောင့်ရဲသော ငှက်ဟူ၍။ ဒိသာသုတော၊ အရပ်မျက်နှာတို့၌ ထင်ရှားသော။ အနန္တပါယီ၊ အဆုံးမရှိသော သမုဒ္ဒရာရေကို သောက်သော။ သကုဏော၊ ငှက်တည်း။ အဟံ၊ ငါသည်။ သာဂရံ၊ ကောင်းမြတ်သော ရတနာတို့၏ တည်ရာဖြစ်သော။ သရိတံ ပတိံ၊ မြစ်တို့၏အကြီးဖြစ်သော။ သမုဒ္ဒံ၊ သမုဒ္ဒရာရေကို။ ပါတုံ၊ သောက်ခြင်းငှာ။ ဣစ္ဆာမိ၊ အလိုရှိ၏။

ထိုစကားကိုကြား၍ သမုဒ္ဒရာစောင့်နတ်သည်-

၁၃၈။ သော အယံ ဟာယတိ စေဝ၊ ပူရတေ စ မဟောဒဓိ။
နဿ နာယတိ ပီတန္တော၊ အပေယျော ကိရ သာဂရော။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၈။ သော အယံ မဟောဒဓိ၊ ထိုသမုဒ္ဒရာသည်။ ဟာယတိ စေဝ၊ ယုတ်လည်း ယုတ်၏။ ပူရတေ စ၊ ပြည့်လည်းပြည့်၏။ အဿ၊ ထိုသမုဒ္ဒရာ၏။ နံ၊ ထိုရေကို။ သကလလောကော၊ အလုံးစုံသော လူအပေါင်းသည်။ သစေ ပိဝေယျ၊ အကယ်၍ သောက်ငြားအံ့။ တထာပိ၊ ထိုသို့ပင် သောက်သော်လည်း။ ဣတော၊ ဤသမုဒ္ဒရာမှ။ ဧတ္တကံ နာမ ဥဒကံ၊ ဤမျှသောရေကို။ ပီတံ၊ သောက်အပ်ပြီဟု။ အန္တော၊ အဆုံးသည်။ န နာယတိ၊ မထင်။ သာဂရော၊ သမုဒ္ဒရာသည်။ အပေယျော ကိရ၊ တစုံတယောက်သောသူသည် ရေကိုကုန်စေ၍ သောက်ခြင်းငှာ မတတ်ကောင်းသတတ်။

ဤစကားကိုဆို၍ ထိုနတ်သည် ကြောက်မက်ဘွယ်သော အဆင်းကို ပြ၍ သမုဒ္ဒရာ၏အနီး၌နေသော ကျီးကို ပြေးစေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဥပနန္ဒသည် ထိုအခါ သမုဒ္ဒရာ၏အနီး၌ ကျီးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သမုဒ္ဒရာစောင့်နတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သူများကိုယ်က၊ ကျင့်ပုံပြ၊ ကိုယ်က ထင်ရာလုပ်

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော သမုဒ္ဒဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ကုမ္ဘဝဂ်

၇။ ကာမဝိလာပဇာတ်

ကာမပူ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဥစ္ဆေ သကုဏ ချေမာန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာမဝိလာပဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မယားဟောင်း ဖျားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုကို ပုပ္ဖရတ္တဇာတ်၌ ဆိုအပ်ပြီ၊ အတိတ်ဝတ္ထုသည်ကား အဋ္ဌကနိပါတ် ခုနစ်ခုမြောက် ဣန္ဒြိယဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... ထိုယောက်ျားကိုကား အသက်ရှင်စဉ်လျှင် တံကျင်၌ လျှိုကုန်၏။ ထိုယောက်ျားသည် ထိုတံကျင်၌ နေလျက် ကောင်းကင်ဖြင့် လာသော တခုသော ကျီးကိုမြင်၍ ပြင်းထန်စွာသော ဝေဒနာကိုလည်း မရေတွက်မူ၍ ချစ်စွာသော ယမယားသို့ သတင်းစကားကို ပို့စိမ့်သောငှါ ခေါ်လျက်-

၁၃၉။ ဥစ္စေ သကုဏ ဍေမာန၊ ပတ္တယာန ဝိဟင်္ဂမ။
ဝဇ္ဇာသိ ခေါ တွံ ဝါမူရုံ၊ စိရံ ခေါသာ ကရိဿတိ။
၁၄၀။ ဣဒံ ခေါသာ န ဇာနာတိ၊ အသိံ သတ္တိဉ္စ ဩဍ္ဍိတံ။
သာ စဏ္ဍီ ကာဟတိ ကောဓံ၊ တံ မေ တပတိ နော ဣဒံ။
၁၄၁။ ဧသာ ဥပ္ပလသန္နာဟော၊ နိက္ခဉ္စုဿီသကောဟိတံ။
ကာသိကဉ္စ မုဒုံ ဝတ္ထံ၊ တပွေတု ဓနိကာ ပိယာ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၃၉။ ဥစ္ဆေ၊ မြင့်သော ကောင်းကင်၌။ ဍေမာန၊ ပျံသွားတတ်သော။ ဝိဟင်္ဂမ၊ ကောင်းကင်ပြင်၌ ပျံသွားတတ်သော။ ပတ္တယာန၊ အတောင်ဟူသော ယာဉ်ရှိသော။ သကုဏ၊ အိုကျီး။ တွံ၊ သင်သည်။ ဝါမူရုံ၊ ငှက်ပျောတုံးနှင့်တူသော ပေါင်ရှိသော ငါ၏မိန်းမကို။ ဝဇ္ဇာသိ ခေါ၊ ပြောဆိုပါလေလော့။ သာ၊ ထိုငါ၏ မိန်းမသည်။ စိရံ ခေါ၊ ကြာလေစွဟု။ ကရိသတိ၊ ကြံအောက်လတ္တံ့။

֍ ဋ္ဌ ၁၄၀။ ဩဍ္ဍိတံ၊ လျှိုခြင်းငှာ ထောင်အပ်သော။ အသိံ စ၊ သန် လျက်နှင့် တူသည်လည်းဖြစ်သော။ သတ္တိံ စ၊ လှံမနှင့်တူသည်လည်းဖြစ်သော။ ဣဒံ ခေါ၊ ဤတံကျင်ကိုလျှင်။ သာ၊ ထိုမယားသည်။ န ဇာနာတိ၊ မသိရှာလေ။ သာ၊ ထိုမိန်းမသည်။ အတိစိရာယတီတိ၊ အလွန်ကြာလေစွဟူ၍။ မယိ၊ ငါ၌။ စဏ္ဍီ၊ ကြမ်းသောသဘောရှိသော ကောဓံ၊ အမျက်ကို။ ကာဟတိ၊ ပြုလတ္တံ့။ တံ၊ ထိုမိန်းမ၏ အမျက်ထွက်ခြင်းသည်။ မံ၊ ငါ့ကို။ တပတိ၊ ပူပန်စေ၏။ ဣဒံ၊ ဤတံကျင်သည်။ နော တပတိ၊ မပူပန်စေ။

֍ ဋ္ဌ ၁၄၁။ ဥပ္ပလသန္နာဟော၊ ကြာနှင့်တူသော တန်ဆာချပ်ကို၎င်း။ နိက္ခဉ္စ၊ ငါးသုဝဏ်အတိုင်းအရှည်ရှိသော ရွှေဖြင့်ဝယ်အပ်သော လက်စွပ်ကို၎င်း။ ကာသိကံ၊ ကာသိတိုင်း၌ ဖြစ်သော။ မုဒုံ၊ နူးညံ့သော။ ဝတ္ထံဉ္စ၊ ပုဆိုးအစုံကို၎င်း။ ဧတ္တကံ၊ ဤမျှသော ဥစ္စာကို။ ဥဿီသကေ၊ ဦးခေါင်းရင်း၌။ ဩဟိတံ၊ ထားအပ်၏။ တံ၊ ထိုဥစ္စာစုကို။ ဓနိကာ၊ ဥစ္စာဖြင့်အလိုရှိသော။ ဧသော ပိယာ၊ ထိုမယားသည်။ ဂဟေတွာ၊ ယူ၍။ တပ္ပေတု၊ ရောင့်ရဲစေသတည်း။

ဤသို့ ထိုယောက်ျားသည် ငိုကြွေးမြည်တမ်းလျှက် သေ၍ ငရဲ၌ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သောရဟန်းသည်သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ မယားသည်သာလျှင် ထိုအခါ မယား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အကြောင်းကို မြင်သောနတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကာမအပူ၊ လောင်မြိုက်မူ၊ ထိုသူပန်းလှသည်

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကာမဝိလာပဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ကုမ္ဘဝဂ်

၈။ ဥဒုမ္ဗရဇာတ်

နေရာဂူလုမျောက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တက္ခသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘရားသည် ဥဒုမ္ဗရာ စိမေ ပက္ကာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဥဒုမ္ဗရဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းသည် ပစ္စန္တရစ်ရွာငယ်၌ ကျောင်းဆောက်၍ နေ၏။ ကျောင်းသည် မွေ့လျော်ဘွယ်ရှိ၏။ ကျောက်ဖျာရင်း၌ တည်၏။ တံမျက်လှည်းရာအရပ် နည်း၏။ ရေဖြင့် ချမ်းသာ၏။ ဆွမ်းခံရွာ မနီးလွန်း မဝေးလွန်းရှိ၏။ လူတို့ ချစ်မြတ်နိုးကုန်လျက် ဆွမ်းကိုလှူကုန်၏။ ထိုအခါ တပါးသော ရဟန်းသည် ဒေသစာရီ သွားလတ်သော် ထိုကျောင်းသို့ ရောက်၏။ ကျောင်းနေရဟန်းသည် ထိုရဟန်းအား အာဂန္တုကဝတ်ကိုပြု၍ နက်ဖြန် အာဂန္တုကရဟန်းကိုခေါ်၍ ရွာသို့ဆွမ်းခံဝင်၏။ လူတို့သည် မွန်မြတ်သော ဆွမ်းကိုလှူ၍ နက်ဖြန်အကျိုးငှါ ဘိတ်ကုန်၏။ ထိုအာဂန္တုက ရဟန်းသည် နှစ်ရက် သုံးရက်စား၍ တခုသောဥပါယ်ဖြင့် ကျောင်းနေရဟန်းကို လှည့်စား၍ နှင်ထုတ်၍ ဤကျောင်းကိုငါယူအံ့ဟု ကြံ၏။ ထိုအခါ မထေရ်ကြီးကို ခစားလာသော ထိုကျောင်းနေရဟန်းကို ငါ့သျှင် သင်ကား ဘုရားအား ဆည်းကပ်ခြင်းကို အဘယ့်ကြောင့် မပြုသနည်းဟု မေး၏။ အရှင်ဘုရား ဤကျောင်းကို စောင့်သောသူမရှိ၊ ထို့ကြောင့် ကျွန်ုပ်သည် ဘုရားအထံတော်သို့ မရောက်မဖူးရဟု ဆို၏။ အကြင်မျှလောက် သင်သည် ဘုရားအထံတော်သို့သွား၍ လာ၏။ ထိုမျှလောက် စောင့်ရစ်အံ့ဟုဆို၏။ အရှင်ဘုရား ကောင်းပြီဟု ကျောင်းနေရဟန်းသည် ငါလာသည့်တိုင်အောင် မထေရ်ကို မမေ့ရစ်ကြကုန်လင့်ဟု လူတို့ကို ဆို၍ သွား၏။

ထိုအခါမှစ၍ အာဂန္တုက ရဟန်းသည် ဤသည် ဤသည်လည်း ထိုကျောင်းနေ ရဟန်း၏အပြစ်တည်းဟု ဆို၍ ထိုလူတို့ကို ဖျက်ဆီး၏။ ကျောင်းနေရဟန်းသည်လည်း ဘုရားကိုရှိခိုး၍ တဖန်ပြန်လာ၏။ ထိုအခါ ကျောင်းနေရဟန်းအား အာဂန္တုကရဟန်းသည် ကျောင်းကိုမပေး၊ ထိုကျောင်းနေရဟန်းသည် တခုသောအရပ်၌နေ၍ နက်ဖြန် ရွာသို့ဆွမ်းခံ ဝင်၏။ လူတို့သည် အရိုအသေအမှုကိုလည်း မပြုကြကုန်၊ ထိုကျောင်းနေ ရဟန်းသည် နှလုံးမသာယာ၍ တဖန် ဇေတဝန် ကျောင်းတော်သို့ သွား၍ ထိုအကြောင်းကို ရဟန်းတို့အား ကြားလျှောက်၏။ ထိုရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤမည်သောရဟန်းသည် ဤမည်သောရဟန်းကို ကျောင်းမှနှင်ထုတ်၍ မိမိသည် ထိုကျောင်း၌ နေ၏ဟု စကားကိုဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုရဟန်းသည် ဤရဟန်းကို နေရာမှ နှင်ထုတ်သည် မဟုတ်သေး၊ ရှေး၌လည်း နေရာမှ နှင်ထုတ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တော၌ ရုက္ခစိုဝ်းနတ် ဖြစ်၏။ ထိုတော၌ မိုဃ်းကာလဝယ် ခုနစ်ရက် ခုနစ်လီ မိုဃ်းရွာ၏။ ထိုအခါ တခုသော နီသော မျက်နှာရှိသော မျောက်ငယ်သည် တခုသော မိုယ်းမစွတ် သော ကျောက်ဂူ၌ နေလတ်သော် တနေ့သ၌ ဂူတံခါး မိုယ်းမစွတ် သောအရပ်၌ ချမ်းသာသဖြင့်နေ၏။ ထိုအရပ်၌ တခုသော မည်းသော မျက်နှာရှိသော မျောက်ကြီးသည် မိုယ်းစွတ်၍ အချမ်းနှိပ်စက်လျှက် လှည့်လည်လတ်သော် ထိုသို့နေသော ထိုမျောက်ငယ်ကိုမြင်၍ ထိုမျောက်ငယ်ကို ဥပါယ်ဖြင့် နှင်ထုတ်၍ ထိုအရပ်၌ နေအံ့ဟုကြံ၍ ဝမ်းကို တွဲလျားကျစေ၍ ဝသောအခြင်းအရာကိုပြ၍ ထိုမျောက်ငယ်၏ ရှေ့၌ ရပ်၍-

၁၄၂။ ဥဒုမ္ဗရာ စိမေ ပက်က်ကာ၊ နိဂြောဓာ စ ကပိတ္ထနာ။
ဧဟိ နိက္ခမ ဘုဉ္စဿု၊ ကိံ ဇိဃစ္ဆာယ မိယျသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၁၄၂။ ခုဒ္ဒကမက္ကဋ၊ အို မျောက်ငယ်။ ဣမေ ဥဒုမ္ဗရာ စ၊ ဤရေသဖန်းတို့သည်၎င်း။ ဣမေ နိဂြောဓာ စ၊ ဤပညောင်တို့သည်၎င်း။ ဣမေ ကပိတ္ထနာ စ၊ ဤညောင်ချဉ်တို့သည်၎င်း။ ပက္ကာ၊ မှည့်ကုန်၏။ ဧဟိ၊ လာလော့။ နိက္ခမ၊ ထွက်လော့။ ဘုဉ္ဇဿု၊ စားလှည့်လော့။ ဇိဃစ္ဆာယ၊ ငတ်မွတ်သဖြင့်။ ကိံ မိယျသိ၊ အဘယ်ကြောင့် သေလိုဘိသနည်း။

ထိုမျောက်ငယ်သည်လည်း ထိုမျောက်ကြီး၏ စကားကိုကြား၍ ယုံကြည်၍ အသီးတို့ကို စားလိုရကား ထွက်၍ ထိုထိုအရပ်သို့ လှည့်လည်၍ တစုံတခုသောသစ်သီးတို့ကို မရ၍ တဖန်ပြန်လာ၍ ကျောက်ဂူ၏အတွင်းသို့ ဝင်၍နေသော မျောက်ကြီးကိုမြင်၍ ထိုမျောက်ကြီးကို လှည့်စားအံ့ဟု မျောက်ကြီး၏ရှေ့၌ရပ်၍-

၁၄၃။ ဧဝံ သော သုဟိတော ဟောတိ၊ ယော ဝုဍ္ဎ မပစာယတိ။
ယထာဟမဇ္ဇ သုဟိတော၊ ဒုမပက္ကာနိ မာသိတော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၃။ အဟံ၊ ငါသည်။ အဇ္ဇ၊ ယနေ့။ ဒုမပက္ကာနိ၊ သစ်သီးမှည့်တို့ကို။ အာသိတော၊ စားရ၍။ သုဟိတော ယထာ၊ ဝသကဲ့သို့။ ဧဝံ၊ ဤအတူ။ ယော၊ အကြင်သူသည်။ ဝုဍ္ဎံ၊ ကြီးသောသူကို။ အပစာယတိ၊ ပူဇော်၏။ သော၊ ထိုသူသည်။ ဟိတော၊ ဝသည်။ ဟောတိ၊ ဖြစ်၏။

ထိုစကားကိုကြား၍ မျောက်ကြီးသည်-

၁၄၄။ ယံ ဝနေဇော ဝနေဇဿ၊ ဝဉ္စေယျ ကပိနော ကပိ။
ဒဟရော ကပိ သဒ္ဓေယျ၊ န ဟိ ဇိဏ္ဏော ဇရာကပိ၊

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၄။ ဝနေဇော၊ တော၌ဖြစ်သော။ ကပိ၊ မျောက်သည်။ ဝနေဇဿ၊ တော၌ဖြစ်သော။ ကပိနော၊ မျောက်အား။ ယံ၊ အကြင် စကားကို။ ဝဉ္စေယျ၊ လှည့်စားရာ၏။ တံ၊ ထိုစကားကို။ ဒဟရော ကပိ၊ မျောက်ငယ်သည်။ သဒ္ဓေယျ၊ ယုံရာ၏။ ဇိဏ္ဏော၊ ရင့်ပြီးသော။ ဇရာကပိ၊ မျောက်အိုသည်ကား။ န ဟိ သဒ္ဓေယျ၊ မယုံသလျှင်ကတည်း။

အချင်း မျောက်ငယ် ဟိမဝန္တာ၌ သစ်သီး ကြီးငယ်သည် မိုယ်းစွတ်၍ ကြွေလေပြီ၊ တဖန် သင့်အား ဤနေရာသည် မရှိပြီ၊ သွားလေဟုဆို၏။ ထိုမျောက်ငယ်သည် ထိုအရပ်မှ ဖဲသွားရ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ကျောင်းနေရဟန်းသည် ထိုအခါ မျောက်ငယ် ဖြစ်ဘူးပြီ၊ ယခုအခါ အာဂန္တုက ရဟန်းသည် ထိုအခါ မည်းသောမျောက်ကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရှေးဝါသနာ၊ အထုံပါ၊ လိမ်ကာ လှည့်စားပြီ

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဥဒုမ္ဗရဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ကုမ္ဘဝဂ်

၉။ ကောမာရပုတ္တဇာတ်

ပေါင်းသင်းမှု

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ပုရေ တုဝံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကောမာရပုတ္တဇာတ်ကို ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကစားလေ့ရှိကုန်သော ရဟန်းတို့ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုရဟန်းတို့သည် သဗ္ဗညူ မြတ်စွာဘုရားသည် အထက် ပြာသာဒ်၌ သီတင်းသုံး နေတော်မူသည်ရှိသော် အောက်ပြာသာဒ်၌ မြင်ဘူးကြားဘူးသော စကားအစရှိသည်တို့ကို ပြောဆိုကုန်လျက် ငြင်းခုံခြင်းကို၎င်း ပြောင်လှောင်ခြင်းကို၎င်း ပြုကုန်၍ နေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် မဟာမောဂ္ဂလ္လာန်မထေရ်ကို ခေါ်တော်မူ၍ ထိုရဟန်းတို့ကို ထိတ်လန့်စေလော့ဟု မိန့်တော်မူ၏။ အရှင်မောဂ္ဂလ္လာန်မထေရ်သည် ကောင်းကင်သို့ ပျံတက်တော်မူ၍ ခြေမဖြင့် ပြာသာဒ် ထုပိကာကို ခတ်၍ ရေအဆုံးရှိသည်တိုင်အောင် ပြာသာဒ်ကို လှုပ်စေ၏။ ထိုရဟန်းတို့သည် သေဘေးဖြင့် ကြောက်ကုန်ရကား ထွက်၍ အပ၌တည်ကုန်၏။ ထိုရဟန်းတို့၏ ထိုကစားတတ်သော အလေ့သဘောသည် ရဟန်းတို့၌ ထင်ရှားစွာ ဖြစ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ အချို့ကုန်သော ရဟန်းတို့သည် ဤသို့ သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ ကစားတတ်သော အလေ့ရှိကုန်လျက် နေကုန်၏။ အနိစ္စ, ဒုက္ခ, အနတ္တဟု ဝိပဿနာဉာဏ်ဖြင့် ကမ္မဋ္ဌာန်းကိုမပြုကုန်ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ထိုရဟန်းတို့သည် ယခုအခါ၌သာလျှင် ကစားတတ်သော အလေ့ရှိသည် မဟုတ်ကုန်သေး၊ ရှေး၌လည်း ကစားတတ်သော အလေ့ရှိကုန်သလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသောရွာငယ်၌ ပုဏ္ဏားမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်းကို ကောမာရပုတ္တဟု မှည့်ကုန်၏။ ထိုကောမာရပုတ္တသည် နောက်အဘို့၌ တောထွက်၍ ရသေ့ရဟန်းပြု၍ ဟိမဝန္တာအရပ်၌ နေ၏။ ထိုအခါ တပါးကုန်သော ကစားတတ်သော အလေ့ရှိကုန်သော ရသေ့တို့သည် ဟိမဝန္တာအရပ်၌ ကျောင်းဆောက်၍ နေလာကုန်၏။ ကစားတတ်သော အလေ့ရှိကုန်ရကား ထိုရသေ့တို့အား ကသိုဏ်း ပရိကံသည်လည်း မရှိ၊ တောမှ သစ်သီးကြီးငယ်တို့ကို ဆောင်ကုန်၍ ရယ်ကုန်လျက် အထူး ထူး အပြားပြားအားဖြင့် ကစားသောအလေ့ ရှိကုန်သည်ဖြစ်၍ ကာလကို လွန်စေကုန်၏။ ထိုရသေ့တို့၏အထံ၌ တခုသော မျောက်သည် ရှိ၏။ ထိုမျောက်သည်လည်း ကစားတတ်သောအလေ့ ရှိသလျှင်ကတည်း၊ မျက်နှာဖောက်ပြန်ခြင်း အစရှိသည်တို့ကိုပြုလျက် ရသေ့တို့အား အထူးထူးသော ကစားခြင်းကို ပြုသလျှင်ကတည်း၊ ရသေ့တို့သည် ထိုအရပ်၌ ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှါ သွားကုန်၏။ ထိုရသေ့တို့၏ သွားသောကာလမှစ၍ ဘုရားလောင်းသည် ထိုအရပ်သို့ သွား၍ နေ၏။ မျောက်သည် ထိုရသေ့တို့အား ကစားခြင်းကို ပြုသကဲ့သို့ ထို့အတူ ဘုရားလောင်းအားလည်း ကစားခြင်းကို ပြု၏။

ဘုရားလောင်းသည် လက်ဖျစ်တီး၍ ကောင်းစွာကျင့်သော ရဟန်းတို့၏ အထံ၌နေသော သူမည်သည်ကား အကျင့်နှင့်ပြည့်စုံခြင်း၊ ကိုယ်အစရှိသည်တို့ကို ကောင်းစွာ စောင့်ရှောက်ခြင်း ဈာန်တရားတို့၌ လုံ့လပြုခြင်းငှါ ဖြစ်သင့်၏ ဟု ထိုမျောက်အား အဆုံးအမကို ပေး၏။ ထိုမျောက်သည် ထိုအခါမှစ၍ သီလအကျင့်နှင့် ပြည့်စုံ၏။ ဘုရားလောင်းသည်လည်း ထိုအရပ်မှ တပါးသောအရပ်သို့ သွား၏။ ထိုအခါ ထိုရသေ့တို့သည် ချဉ်ဆားမှီဝဲပြီး၍ ထိုအရပ်သို့ လာကုန်၏။ မျောက်သည် ရှေး၌ကဲ့သို့ ထိုရသေ့တို့အား ကစားခြင်းကို မပြု၊ ထိုအခါ ထိုမျောက်ကို ရသေ့တို့သည် သင်သည် ရှေး၌ငါတို့အား ကစားခြင်းကို ပြု၏။ ယခုကား ကစားခြင်းကို မပြု၊ အဘယ့်ကြောင့် မပြုသနည်းဟု မေးလိုရကား-

၁၄၅။ ပုရေ တုဝံ သီလဝတံ သကာသေ။
ဩက္ကန္တိကံ ကီဠသိ အဿမမှိ။
ကရောဟရေ မက္ကဋိယာနိ မက္ကဋ၊
န တံ မယံ သီလဝတံ ရမာမ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၅။ အရေ မက္ကဋ၊ အချင်းမျောက်။ တုဝံ၊ သင်သည်။ ပုရေဝ၊ ရှေး၌ကဲ့သို့။ သီလဝတံ၊ ကစားလေ့ရှိကုန်သောငါတို့၏။ သကာသေ၊ အထံ၌။ ဩက္ကန္တိကံ၊ သက်ဝင်၍ ကစားခြင်းကို။ ကီဠသိ၊ ကစားလော့။ အဿမမှိ၊ ကျောင်း ၌။ မက္ကဋိယာနိ၊ မျောက်၏ မျက်နှာ ဖောက်ပြန်ခြင်းတို့ကို။ ကရောဟိ၊ ပြုဦးလော။ မက္ကဋ၊ အို မျောက်။ တံ သီလဝတံ၊ ထိုရှေး၌ ကစားမြဲဖြစ်သော အကျင့်ကို။ မယံ၊ ငါတို့သည်။ ဧတရဟိ၊ ယခု။ န ရမာမ၊ မမွေ့လျော်ရကုန်။ တွမ္ပိ၊ သင်သည်လည်း။ နော၊ ငါတို့ကို။ န ရမာပေသိ၊ မမွေ့လျော်စေ။ ကိံ၊ အဘယ့်ကြောင့်နည်း။

ထိုစကားကို ကြား၍ မျောက်သည်-

၁၄၆။ သုတာ ဟိ မယှံ ပရမာ ဝိသုဒ္ဓိ၊
ကောမာရပုတ္တဿ ဗဟုဿုတဿ။
မာ ဒါနိ မံ မညိ တုဝံ ယထာ ပုရေ။
ဈာနာနုယုတ္တော ဝိဟရာမိ အာဝုသော။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၆။ အာဝုသော၊ ငါ့သျှင်။ မယှံ၊ ငါသည်။ ဗဟုဿုတဿ၊ များသော အကြားအမြင်ရှိသော။ ကောမာရပုတ္တဿ၊ ကောမာရပုတ္တ ရှင်ရသေ့၏။ ပရမာ၊ မြတ်သော။ ဝိသုဒ္ဓိ၊ ဈာန်၏ အထူးသဖြင့် စင်ကြယ်ခြင်းကို။ သုတာ ဟိ-သုတာ ဧဝ၊ ကြားအပ်သည်သာလျှင်တည်း။ ဣဒါနိ၊ ယခု။ မံ၊ ငါ့ကို။ တုဝံ၊ သင်သည်။ ပုရေယထာ၊ ရှေး၌ကဲ့သို့။ မာ မညိ၊ မအောက်မေ့လင့်။ ဣဒါနိ၊ ယခု။ အဟံ၊ ငါသည်။ လဒ္ဓါ၊ ဆရာကောင်းကိုရသည်ဖြစ်၍။ ဈာနာနုယုတ္တော၊ ဈာန်ကိုလုံ့လပြု၍။ ဝိဟရာမိ၊ နေ၏။

ထိုစကားကို ကြား၍ ရသေ့သည်-

၁၄၇။ သစေပိ သေလသ္မိ ဝပေယျ ဗီဇံ၊
ဒေဝေါ စ ဝဿေ န ဟိ တံ ဝိရူဠှေ။
သုတာ ဟိတေသာ ပရမာ ဝိသုဒ္ဓိ၊
အာရာ တုဝံ မက္ကဋ ဈာနဘူမိယာ။

ဟူသော သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၇။ မက္ကဋ၊ မျောက်။ သေလသ္မိံ၊ ကျောက်ဖျာ၌။ ဗီဇံ၊ မျိုးစေ့ကို။ သစေပိ ဝပေယျ၊ အကယ်၍ ပျိုးငြားအံ့။ ဒေဝေါ စ၊ မိုဃ်းသည်လည်း။ သစေ ဝဿေ၊ အကယ်၍ ရွာငြားအံ့။ တံ၊ ထိုမျိုးစေ့သည်။ န ဟိ ဝိရူဠှေ၊ မပေါက်ရာသည်သလျှင်ကတည်း။ တေ၊ သင်သည်။ ပရမာ၊ မြတ်သော။ ဝိသုဒ္ဓိ၊ စင်ကြယ်သော။ သာ၊ ထိုဈာန်အကျင့်ကို။ သုတာ ဟိ-သုတာဧဝ၊ ကြားရရုံသာဖြစ်၏။ တုဝံ၊ သင်သည်။ ဈာနဘူမိယာ၊ ဈာန်၏ အရာမှ။ အာရာ၊ ဝေး၏။

သင်သည် ဈာန်ကို ဖြစ်စေခြင်းငှာ မတတ်နိုင်ဟု မျောက်ကို ကဲ့ရဲ့ကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရဟန်းတို့သည် ထိုအခါ ကစားလေ့ရှိကုန်သော ရသေ့တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကောမာရပုတ္တ ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သူတော်ကောင်းနှင့်၊ ပေါင်းဖက်လင့်၊ ကိုယ်ကျင့်ကောင်းမွန်လာ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ကောမာရပုတ္တဇာတ်သည် ပြီး၏။

*****

တိကနိပါတ်-ကုမ္ဘဝဂ်

၁၀။ ဝကဇာတ်

ဝမ်းမဝ သီလစောင့်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ပရပါဏရောဓာ ဇီဝ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အခင်းနှီးအဟောင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည် ဝိနည်း၌ အကျယ်အားဖြင့် လာသလျှင်ကတည်း၊ ဤဇာတ်၌ကား အကျဉ်းအားဖြင့် ဤသို့ သိအပ်၏။ အရှင်ဥပသေနသည် နှစ်ဝါရသည်ရှိသော် တဝါရသော အတူနေတပည့်နှင့်တကွ မြတ်စွာဘုရားအထံတော်သို့ ဆည်းကပ်၍ သဗ္ဗညူ မြတ်စွာဘုရားသည် ကဲ့ရဲ့အပ်သည်ရှိသော် ရှိခိုး၍ ဖဲသွားပြီးလျှင် ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်း၍ အရဟတ္တဖိုလ်သို့ရောက်၍ အလိုနည်းသည်အဖြစ် အစရှိသော ကျေးဇူးနှင့် ယှဉ်သည်ဖြစ်၍ တဆယ့်သုံးပါးသော ဓုတင်တို့ကို ဆောက် တည်၍ ပရိသတ်ကိုလည်း ဓုတင်ကို ဆောက်တည်စေ၍ သဗ္ဗညူ မြတ်စွာဘုရားသည် သုံးလပတ် လုံး ကိုယ်တော်တပါးတည်း ကိန်းအောင်းတော် မူသည်ရှိသော် ပရိသတ်နှင့်တကွ သဗ္ဗညူမြတ်စွာဘုရား အထံတော်သို့ဆည်းကပ်၍ ရှေးဦးစွာ ပရိသတ်ကိုမှီ၍ ကဲ့ရဲ့ခြင်းကိုရ၍ အဓမ္မိကဖြစ်သော ကတိကသို့ အစဉ်မလိုက်သောအရာ၌ ချီးမွမ်းခြင်းကိုရ၍ ဤနေ့မှစ၍ ဓုတင်ကိုဆောင်ကုန်သော ရဟန်းတို့သည် အလိုရှိတိုင်း ဆည်းကပ်လာ၍ ငါဘုရားကို ဖူးမျှော်ကုန်ဟု သဗ္ဗညူမြတ်စွာဘုရားသည် ပြုတော်မူအပ်သော အခွင့်လွှတ်ခြင်းရှိသည်ဖြစ်၍ ထွက်ခဲ့၍ ရဟန်းတို့အား ထိုအကြောင်းကို ကြား၏။ ထိုအခါမှစ၍ ရဟန်းတို့သည် ဓုတင်ကိုဆောင်ကုန်သည်ဖြစ်၍ သဗ္ဗညူ မြတ်စွာဘုရားအား ဖူးမြင်အံ့သောငှာ ဆည်းကပ်ကုန်၍ သဗ္ဗညူ မြတ်စွာဘုရားသည် ကိုယ်တော်တပါးတည်း ကိန်းအောင်းတော်မူရာမှ ထတော်မူသည်ရှိသော် ထိုထိုအရပ်၌ ပံသုကူတို့ကိုစွန့်၍ မိမိသပိတ် သင်္ကန်းတို့ကိုသာလျှင် ယူကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် များစွာကုန်သော ရဟန်းတို့နှင့်တကွ ကျောင်းစဉ်လှည့်လည်တော်မူသည်ရှိသော် ထိုထိုအရပ်၌ စွန့်ပစ်အပ်ကုန်သော ပံသုကူကိုမြင်တော်မူ၍ မေးမြန်းတော်မူ၍ ထိုအကြောင်းကို ကြားတော်မူ၍ ရဟန်းတို့ ဤရဟန်းတို့၏ ဓုတင် ဆောက်တည်ခြင်းမည်သည်ကား ကြာမြင့်စွာ မတည်၊ သစ်ကျုတ်၏ ဥပုသ်ဆောက်တည်ခြင်းနှင့် တူသည်ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိကြားမင်းဖြစ်၏။ ထိုအခါ တခုသော သစ် ကျုတ်သည် ဂင်္ဂါကမ်းနား ကျောက်ဖျာအပြင်၌ နေ၏။ ထိုအခါ ဂင်္ဂါ၌ ဆီးနှင်းရေသည်လာ၍ ထိုကျောက်ဖျာကို ခြံရံ၏။ သစ် ကျုတ်သည် တက်၍ ကျောက်ဖျာအပြင်၌ အိပ်၏။ သစ်ကျုတ်အား ကျက်စားရာသည်မရှိ၊ ကျက်စားရာသို့သွားသော လမ်းသည်လည်း မရှိ၊ ရေသည် ပွားသည်သာလျှင် ဖြစ်၏။ ထိုသစ် ကျုတ်သည် ငါ့အား ကျက်စားရာသည် မရှိ၊ ကျက်စားရာသို့ သွားသောလမ်းသည် မရှိ၊ ထွက်သော ငါ့အား ပျက်စီးခြင်းထက် ဥပုသ်ဆောက်တည်ခြင်းသည် မြတ်၏ဟုကြံ၏။ ကြံပြီး၍ စိတ်ဖြင့်သာလျှင် ဥပုသ်ကိုဓိဋ္ဌာန်၍ သီလတို့ကို ဆောက်တည်၍ အိပ်၏။ ထိုအခါ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုသစ်ကျုတ်၏ အားနည်းစွာသော ထိုသီလ ဆောက်တည်ခြင်းကို သိ၍ ထိုသစ်ကျုတ်ကို ညှဉ်းဆဲအံ့ဟု ဆိတ်၏အသွင်ဖြင့် လာလတ်၍ သစ်ကျုတ်၏အနီး၌ ရပ်၍ ကိုယ်ကိုပြ၏။

သစ်ကျုတ်သည် ထိုဆိတ်ကိုမြင်၍ တပါးသောနေ့၌ ဥပုသ်မှုကို သိအံ့ဟု ထ၍ ထိုဆိတ်ကို ဖမ်းအံ့သောငှာ ပြေးလာ၏။ ဆိတ်သည်လည်း ထိုမှ ဤမှပြေး၍ မိမိကိုယ်ကို ဖမ်းစိမ့်သောငှါ မပေး၊ သစ်ကျုတ်သည် ထိုဆိတ်ကို ဖမ်းအံ့သောငှါ မတတ်နိုင်၍ ပြန်လည်လာလတ်၍ ဥပုသ်အမှုသည် ငါ့အား မပျက်သေးဟု ရှေးအတူသာလျှင် တဖန် အိပ်၏။ သိကြားမင်းသည် သိကြားကိုယ်၏အဖြစ်ဖြင့် ကောင်းကင်၌ရပ်၍ ထိုသို့ သဘောရှိသော အားနည်းသော ကုသိုလ်ဆန္ဒရှိသောသင့်အား ဥပုသ်ဆောက်တည်သဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ သင်သည် ငါ့ကို သိကြားမင်းအဖြစ်ကို မသိ၍သာ ဆိတ်သားကို စားလို၏ဟု ထိုသစ်ကျုတ်ကို နှိပ်စက်ကဲ့ရဲ့၍ နတ်ပြည်သို့သာလျှင်။ သွား၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဤအတိတ်ကိုဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၁၄၈။ ပရပါဏရောဓာ ဇီဝန္တော၊ မံသလောဟိတဘောဇနော။
ဝကော ဝတံ သမာဒါယ၊ ဥပပဇ္ဇိ ဥပေါသထံ။
၁၄၉။ တဿ သက္ကော ဝတညာယ၊ အဇရူပေနုပါဂမိ။
ဝီတတပေါ အဇ္စျပ္ပတ္တော၊ ဘဉ္ဇိ လောဟိတပေါ တပံ။
၁၅၀။ ဧဝမေဝ ဣဓေကစ္စေ၊ သမာဒါနမှိ ဒုဗ္ဗလာ၊
လဟုံ ကရောန္တိ အတ္တာနံ၊ ဝကောဝ အဇကာရဏာ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၄၈။ ပရပါဏရောဓာ၊ သူ့အသက်ကို နှစ်သက်သောအမျိုး၌။ ဇီဝန္တော၊ အသက်ရှင်သော။ မံသလောဟိတဘောဇနော၊ အသားအသွေးကိုစားသော။ ဝကော၊ သစ်ကျုတ်သည်။ ဝတံ၊ သီလကို။ သမာဒါယ၊ ဆောက် တည်၍။ ဥပေါသထံ၊ ဥပုသ်ကို။ ဥပပဇ္ဇိ၊ သုံး၏။

֍ ဋ္ဌ ၁၄၉။ သက္ကော၊ သိကြားသည်။ တဿ၊ ထိုသစ်ကျုတ်၏။ ဝတံ၊ အကျင့်ကို။ အညာယ၊ သိသောကြောင့်။ အဇရူပေန၊ ဆိတ်၏ အသွင်ဖြင့်။ ဥပါဂမိ၊ ချဉ်း ကပ်၏။ ဝီတတပေါ၊ ကင်းသော ဥပုသ်ရှိသည်ဖြစ်၍။ ဝကော၊ သစ်ကျုတ်သည်။ တံ၊ ထိုဆိတ်သို့။ အဇ္စျပ္ပတ္တော၊ ကပ်လာ၏။ လောဟိတပေါ၊ သွေးကိုသောက်တတ်သော သစ်ကျုတ်သည်။ တပံ၊ ဥပုသ်ကို။ ဘဉ္ဇိ ယထာ၊ ဖျက်ဆီး၏သို့။

֍ ဋ္ဌ ၁၅၀။ ဧဝမေဝ၊ ဤအတူသာလျှင်။ ဣဓ၊ ဤသာသနာတော်၌။ ဧကစ္ဆေ၊ အချို့ကုန်သော သူတို့သည်။ သမာဒါနမှိ၊ ဆောက် တည်အပ်သောကုသိုလ်၌။ ဒုဗ္ဗလာ၊ အားနည်းကုန်သည် ဖြစ်ဘ၍။ အဇကာရဏာ၊ ဆိတ်ဟူသောအကြောင်းကြောင့်။ ဝကောဝ၊ သစ်ကျုတ်ကဲ့သို့။ အတ္တာနံ၊ မိမိကိုယ်ကို။ လဟုံ၊ ပေါ့သည်ကို။ ကရောန္တိ၊ ပြုကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိကြား ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ဝမ်းရေးမလှ၊ စောင့်သီလ၊ ညီမျှသစ်ကျုတ်သာ

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဝကဇာတ်သည် ပြီး၏။

*****

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ