Skip to main content

ဇိနတ္ထပကာသနီကျမ်း

(စာမျက်နှာ-က)

နိဒါန်း

အောင်မြင်ခြင်းကိုအလိုရှိသူများသို့ တိုက်တွန်းနှိုးဆော်ချက်

အောင်မြင်ခြင်း။ ။ကမ္ဘာသူ ကမ္ဘာသားတိုင်းပင်လျှင် အောင်ပန်းကို ဆင်မြန်းလိုကြသည်။ အောင်ပွဲကို ဆင်နွှဲလိုကြသည်။ ဤစကားရပ်၌ ပါဝင်သည့် အောင်ပန်း,အောင်ပွဲဟူသည်တို့မှာ စကားအရာ အလင်္ကာသဘောဖြင့် ချောမောအောင် ရေးသားပြောဆိုခြင်း ဖြစ်ပါသည်၊ သိစေချင်သည့် လိုရင်းအဓိပ္ပာယ်မှာမူကား “အောင်မြင်ခြင်း”ကိုသာ ဆိုလိုပါသည်။

ထိုကြောင့် ကမ္ဘာသူ ကမ္ဘာသားတိုင်းပင် အောင်မြင်ခြင်းကို အလိုရှိကြသည်ဟု ဆိုလိုရင်း ဖြစ်ပါသည်။

အောင်မြင်ခြင်းဟူသည်မှာလည်း လိုချင်တောင့်တ မှန်းဆရည်ရွယ်သည့်အတိုင်း အပိတ်အပင် အဆီးအတား အနှောင့်အယှက် မရှိပဲ ဖြစ်ပေါ်လာခြင်းပင် ဖြစ်သည်။ သို့ဖြစ်ပေရာ စာရှုသူသည် ကမ္ဘာသူ ကမ္ဘာသားတိုင်းဟူသော စကားတွင် ပါဝင်သည်ဟု ဆိုခြင်းကို လက်မခံပဲ အောင်မြင်ခြင်းကို အလိုမရှိပါဟု ဆိုလျှင်ကား မည်သို့မျှ မပြောဆိုလိုပါ။

သိုသော်- အကယ်၍များ စာရှုသူသည် ကမ္ဘာသူ ကမ္ဘာသားတိုင်းဟူသော စကားအရတွင် ပါဝင်သောကြောင့် အောင်မြင်ခြင်းကို အလိုရှိပါသည်ဆိုလျှင်မူကား ဤဇိနတ္ထပကာသနီကျမ်း နိဒါန်းကို ဆက်လက်ဖတ်ရှုပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်ပါသည်။

ဇိနဘွဲ့ထူး ခံယူထိုက်သည့် ပုဂ္ဂိုလ်

ကိုယ်တော်တိုင် ဝန်ခံချက်။ ။ဇိန-ဟူသော အမည်တော်သည် အကျွန်ုပ်တို့ အားထားကိုးကွယ်နေကြသည့် မြတ်ဗုဒ္ဓရှင်တော်ဘုရား၏ အမည်တော်ဖြစ်ပါသည်။ ယင်း ဇိန-ဟူသော အမည်မှာ အောင်နိုင်သူဟု မြန်မာလို အဓိပ္ပာယ်ကို ဆောင်ပါသည်။ ဇိန-ဟူသော အမည်သည် မိမိ၏ အမည်ဖြစ်ကြောင်း မြတ်ဗုဒ္ဓရှင်တော်ဘုရား ကိုယ်တိုင်က ဝန်ခံ,မိန့်ဆိုတော်မူဘူးပါသည်။ ထင်ရှားစေရန် အနည်းငယ်ချဲ့၍ ဖော်ပြပါအံ့။

မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့်နေ့၌ သုံးလောကထွတ်ထား ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် တဌာန၌ ၇-ရက်စီဖြင့် ၇-ဌာန စံနေတော်

(စာမျက်နှာ-ခ)

မူပြီး၍ ၄၉-ရက် ကြာသောအခါ တရားဦးဓမ္မစကြာဟောရန် မိဂဒါဝုန်တောသို့ ကြွတော်မူရာတွင် လမ်းခရီးအကြား၌ ဥပကအမည်ရှိ တက္ကတွန်းကြီးနှင့် တွေ့ဆုံ၍-

“ငါ့ရှင်- သင်၏ဣန္ဒြေတို့သည် ကြည်ညိုဖွယ်ရှိ၏၊ သင်၏ဆရာ မည်သူ ဖြစ်သနည်း၊ သင်သည် အဘယ်အမည် ရှိသနည်း-ဟု ဥပက တက္ကတွန်းက မေးသည်။

ထိုအခါ မြတ်ဗုဒ္ဓဘုရားရှင်က-

“ဥပက...ငါသည် တရားအားလုံးကို လွှမ်းမိုးသိမြင်သူဖြစ်၏။ တရားအားလုံးကို မငြိတွယ်ပဲ စွန့်ပယ်နိုင်ခဲ့ပြီး လွတ်မြောက်သူဖြစ်၏။ ငါကိုယ်တိုင် တရားကို ထိုးထွင်းသိမြင်သူဖြစ်ပေရာ အဘယ်သူကို “ဆရာ”ဟု ညွှန်းရအံ့နည်း။”
“ဥပက ယုတ်မာသော အကုသိုလ် အာသဝေါတရား ကုန်ခြင်းသို့ရောက်သော ငါကဲ့သို့သော ပုဂ္ဂိုလ်တို့သည် ဇိန အမည်ရှိကြကုန်၏။ ငါသည်လည်း ယုတ်မာသော အကုသိုလ် အာသဝေါတရားတို့ကို အောင်မြင်ပြီး ဖြစ်သောကြောင့် ဇိန အမည်ရှိ၏”ဟု ဖြေဆိုတော်မူသည်။ (ဝိနည်းမဟာဝါ၊ စာမျက်နှာ-၁၂။ ဤကျမ်း စာမျက်နှာ- ၄၆။)

နတ်ကြီးများရှိခိုးခြင်း။ ။မြတ်ဗုဒ္ဓ ရှင်တော်ဘုရား ကိုယ်တော်တိုင်က “ငါ့အမည် ဇိန-ဖြစ်သည်”ဟု ဝန်ခံသည့်အတိုင်းပင်လျှင် ဓတရဋ္ဌ, ဝိရူဠှက, ဝိရူပက္ခ, ကုဝေရ အမည်ရှိ လောကပါလခေါ် ကမ္ဘစောင့်နတ်ကြီး ၄-ပါးကလည်း မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံး နေတော်မူသောအခါ အညီအညွတ် မြတ်စွာဘုရားထံတော်သို့ လာရောက်၍-

“ဂေါတမနွယ်ဖွား ဇိန-အမည်ရှိ မြတ်စွာဘုရားကို ရှိခိုးကြကုန်လော့၊ ဂေါတမနွယ်ဖွား ဇိန- အမည်ရှိ မြတ်စွာဘုရားကို အကျွန်ုပ်တို့ ရှိခိုးကြပါကုန်၏။ အသိဉာဏ် ဝိဇ္ဇာ, အကျင့်စရဏတရားနှင့် ပြည့်စုံသည့် ဂေါတမနွယ်ဖွား မြတ်စွာဘုရားကို အကျွန်ုပ်တို့ ရှိခိုးကြပါကုန်၏”ဟူ၍ ရွတ်ဆိုရှိခိုးကြလေသည်။ (ပါထိကဝဂ္ဂ၊ နှာ-၁၆၀။)

ယင်းမြတ်ဗုဒ္ဓရှင်တော်ဘုရား၏ ဝန်ခံချက် ကမ္ဘာစောင့်နတ်ကြီးလေးပါး၏ ချီးကျူးဂုဏ်ပြု ရှိခိုးချက်တို့ကို ထောက်၍ “ဇိန-ဟူသော အမည်သည် မြတ်စွာဘုရား၏ အမည်တော်ဖြစ်ပါသည်”ဟု နိဒါန်းအစကို မင်္ဂလာစကားအဖြစ် ဖွင့်လှစ်ပြဆိုလိုက်ခြင်း ဖြစ်ပါသည်။

ဇိနပုဒ်၏ အနက်ဖွင့်ပြခြင်း။ ။ဇိန-ဟူသော မြတ်စွာဘုရားအမည်တော်ကို အနက်အဓိပ္ပာယ် ပေါ်လွင်ထင်ရှားစေရန် ဝိဂြိုဟ်ပြုမည်ဆိုလျှင်-

ပါပကေ အကုသလေ ဓမ္မေ ဇိနာတိ အဇိနိ ဇိနိဿတီတိ ဇိနော-

ဟူ၍ ပါဠိသဒ္ဒါကျမ်းများသမိုင်းတွင် ရှေးအကျဆုံးဖြစ်သည့် ကစ္စည်းသဒ္ဒါကျမ်း “ဇိတော ဣန သဗ္ဗတ္ထ”-သုတ်၌ ပြဆိုထားသည့်အတိုင်း ဝိဂြိုဟ်ပြုရပေမည်။

ယင်းဝိဂြိုဟ်ကို အနက်မြန်မာ ပြန်ဆိုမည်ဆိုလျှင်-

ပါပကေ၊ ယုတ်မာကုန်သော။ အကုသလေ ဓမ္မေ၊ အကုသိုလ်တရားတို့ကို။ ဇိနာတိ၊ အောင်ဆဲ။ အဇိနိ၊ အောင်ပြီး။ ဇိနိဿတိ၊ အောင်လတ္တံ့။ ဣတိ၊ ထိုကြောင့်။ ဇိနော၊ ဇိနအမည်ရှိ၏-ဟူ၍ ပြန်ဆိုရမည်ဖြစ်ပေသည်။ ဤ ဝိဂြိုဟ်နှင့်အညီ ဇိန-ပုဒ်ကို ပုဒ်ခွဲမည်ဆိုလျှင်-
(စာမျက်နှာ-ဂ)

အောင်နိုင်ခြင်းအနက်ရှိသည့် ဇိ-ဓာတ်နောင် ကတ္တုသာဓန ကာလသုံးပါးကို ပြဆိုနိုင်သည့် ဣန-ပစ္စည်းသက်၍ (ဇိ+ဣန) ဇိန-ဟု ပါဠိဝေါဟာရ ပုဒ်တခုဖြစ်ကြောင်း တွေ့ရပေသည်။

ဇိန-ပါဠိကို သဒ္ဒတ္ထ-မြန်မာပြန်လိုမူ “အောင်နိုင်သူ” “အောင်ပွဲရှင်”ဟု ပြန်သင့်ပေသည်။

ယင်းဝိဂြိုဟ်, ပုဒ်, ဓာတ်, ပစ္စည်းတို့အရ ဇိန-ဟူသော ပါဠိဝေါဟာရသည် အောင်နိုင်သူဟူသော အနက်အဓိပ္ပာယ်ကို ဆောင်နေပေရာ ဘာတွေကိုအောင်နိုင်ပါသနည်းဟု မေးမြန်းဖွယ်ရှိသောကြောင့် “မာရ်ငါးပါးနှင့် အောင်သင့် အောင်ထိုက်သမျှ ရန်သူကို အောင်နိုင်ပါသည်”ဟု ဖြေရပေမည်။ ယင်းအဖြေကို ပေါ်လွင်ထင်ရှားအောင် ပြပါဦးမည်။

မာရ်ငါးပါးကို အောင်မြင်ခြင်း

မာရ် အဓိပ္ပာယ်။ ။မာရ်-ဟူသည်မှာ မာရ-ဟူသော ပါဠိစကားကို မြန်မာမှုပြု၍ မာရ်-ဟု ပါဠိသက် ဝေါဟာရအဖြစ် မြန်မာစကားတွင် သွတ်သွင်းမွေးစားခြင်းဖြစ်သည်။

ယင်းမာရ-ဟူသော ပါဠိစကားလုံးကို အနက်အဓိပ္ပာယ်ထင်ရှားစေရန်“မာရေတီတိ မာရော”ဟု ဝိဂြိုဟ်ပြုရသည်။ မာရေတိ၊ သတ်ဖြတ်ညှဉ်းဆဲတတ်၏။ ဣတိ၊ ထိုကြောင့်။ မာရော၊ မာရ်မည်၏ဟု အနက်ပြန်ရသည်။ ထိုကြောင့် မာရ=မာရ်-ဟူသည်မှာ သတ်ဖြတ်ညှဉ်းဆဲတတ်သော ပုဂ္ဂိုလ်၊ သတ်ဖြတ်ညှဉ်းဆဲတတ်သော တရားဟူ၍ မြန်မာအဓိပ္ပာယ်ရှိသည်၊ ပါဠိအနွယ်ဝင် ဟိန္ဒူဘာသာမှာမူ “ရိုက်ပါ, သတ်ပါ”ဟု ခိုင်းသောအခါ “မာရို” ဟု ပြောကြသည်။

ဗုဒ္ဓစာပေလောက၌ သတ်ဖြတ်ညှဉ်းဆဲတတ်သော မာရ ခေါ် မာရ်ကို ၅-မျိုးရှိကြောင်း ဖော်ပြထားသည်။ ယင်းတို့မှာ-

၁။ ဒေဝပုတ္တမာရ်=မာရ်နတ်သား။
၂။ ကိလေသမာရ်= အကုသိုလ်ကိလေသာတရား (၁၅၀၀)။
၃။ အဘိသင်္ခါရမာရ်= ပြုလုပ်စီရင်တတ်သည့် လောကီ ကုသိုလ်ကံ, အကုသိုလ်ကံတရား။
၄။ ခန္ဓမာရ်= လောကီခန္ဓာ ၅-ပါး။
၅။ မစ္စုမာရ်=သေခြင်းတရား။ ဟူသည့် တရားများဖြစ်သည်။

ယင်းမာရ်၌ ၅-ပါးကို မြတ်ဗုဒ္ဓ ရှင်တော်ဘုရားသည် ဘုရားဖြစ်သည့်နေ့မှာပင် အကြွင်းအကျန်မရှိ ပယ်ရှင်းအောင်မြင်တော်မူပါသည်။ ထင်ရှားစေရန် ဆက်လက်၍ တခုစီ ဖော်ပြပါအံ့။

(စာမျက်နှာ-ဃ)

မာရ်နတ်ကို အောင်ခြင်း။ ။မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် ဘုရားဖြစ်မည့်နေ့ နေဝင်ကာနီးအခါ၌ ဗောဓိပင်အနီး ရွှေပလ္လင်ထက်မှာ စံနေတော်မူစဉ် တသောင်းသောစကြဝဠာမှ နတ်ဗြဟ္မာများလာ၍ ပူဇော်နေကြပါသည်။ ထိုအခါ မာရ်နတ်သားသည် လက်ဝဲလက်ယာ ၁၂-ယူဇနာရှိ၍ နောက်မှ စကြဝဠာတံတိုင်းအထိ များပြားကြီးမားလှသော နတ်စစ်သည်များဖြင့် ချီတက်လာ၍ “ဗောဓိပင်နှင့် ရွှေပလ္လင်မှ ဖယ်ရှားရမည်”ဟု မြတ်စွာဘုရားကိုပြော၍ စစ်တိုက်သည်။ မြတ်စွာဘုရားသည် တည်နေရာမှ ဆံချည်တမျှင်စာမျှ မလှုပ်ရှားပဲ အောင်ပွဲဆင်နိုင်တော်မူခဲ့ပါသည်။

ယင်းသို့ မာရ်နတ်သားကို မြတ်စွာဘုရား နှိမ်နင်းအောင်မြင်ပုံ အပြည့်အစုံကို ဤကျမ်း စာမျက်နှာ ၃၁-မှစ၍ အကျယ်ဖတ်ရှု လေ့လာနိုင်ပေသည်။

ယင်းသို့ အောင်မြင်သောကြောင့် ဇိန-ဟူသော ဘွဲ့အမည်ကို ရတော်မူခြင်းဖြစ်ပါသည်။ ဤသည်ကား ဒေဝပုတ္တမာရ်ကို အောင်ခြင်းတည်း။

ကိလေသမာရ်ကို အောင်ခြင်း။ ။ယင်းသို့ မာန်နတ်သားကို အောင်နိုင်တော်မူပြီးနောက် ဆက်လက်၍ တရားတော်များကို ရှုမှတ်ပွားများတော်မူရာ မကြာမီပင် မိုးသောက်ယံ၌ ကိလေသာရန်သူကို အောင်မြင်တော်မူပါသည်။

ကိလေသာ ၁၀-ပါး။ ။ကိလေသာဟူသည်မှာ သတ္တဝါတို့ကို ညှဉ်းဆဲနှိပ်စက် ညစ်နွမ်းပင်ပန်းအောင် ပြုလုပ်တတ်သည့် အကုသိုလ် တရားဆိုးများ ဖြစ်ပါသည်။ ယင်းကိလေသာတရားတို့သည်-

၁။ လောဘ=လိုချင်တပ်မက်မှု။
၂။ ဒေါသ=ကြမ်းတမ်းပြစ်မှားမှု။
၃။ မောဟ=အမှန်မသိမြင် မိုက်မဲမှု။
၄။ မာန= ထောင်လွှားတက်ကြွမှု။
၅။ ဒိဋ္ဌိ=အထင်အမြင် အယူအဆ လွဲမှားမှု။
၆။ ဝိစိကိစ္ဆာ=အမှန်မဆုံးဖြတ်နိုင်ပဲ ယုံမှားမှု။
၇။ ထိန=ပျင်းရိ,ထိုင်းမှိုင်း,လေးလံမှု။
၈။ ဥဒ္ဓစ္စ=မငြိမ်မသက် လှုပ်ရှားပျံလွင့်မှု။
၉။ အဟိရိက=မကောင်းမှုလုပ်ရန် မရှက်မှု။
၁၀။ အနောတ္တပ္ပ=မကောင်းမှုဖြစ်မှာ မကြောက်မှု-ဟူ၍ အကျဉ်းအားဖြင့် ၁၀-ပါးရှိသည်။

ကိလေသာ ၁၅၀၀။ ။အကျယ်အားဖြင့်မူ ယင်းကိလေသာ ဆယ်ပါးကို မူတည်၍ ကိလေသာ၏ အာရုံဖြစ်သော ရုပ်နာမ်တရား ၇၅-ပါးနှင့် မြှောက်ရသည်။ (၁၀ x ၇၅ = ၇၅၀။)

(စာမျက်နှာ-င)

ဤ၌-

(က) ရုပ်တရားဟူသည်မှာ နိပ္ဖန္နရုပ် ၁၈-ပါးနှင့် လက္ခဏရုပ် ၄-ပါး၊ ပေါင်း-၂၂။
(ခ) နာမ်တရားဟူသည်မှာ စိတ်-၁၊ စေတသိက်-၅၂၊ ပေါင်း-၅၃။
(ဂ) ယင်းရုပ်တရား ၂၂-နှင့် နာမ်တရား ၅၃၊ ပေါင်း ရုပ်နာမ်တရား ၇၅-ဖြစ်သည်။

ဖော်ပြခဲ့သည့် ၇၅၀-ကို သန္တာန် ၂-ပါးဖြင့် မြှောက်လျှင် (၇၅၀ x ၂ = ၁၅ဝဝ) ဖြစ်သည်။ ဤ၌ သန္တာန် ၂-ပါးဟူသည်မှာ အတွင်းအဇ္ဈတ္တနှင့် အပ-ဗဟိဒ္ဓ ဖြစ်သည်။

ယင်းကိလေသာ အကျဉ်း ၁ဝ-ပါး၊ အကျယ် ၁၅၀၀-ကို ပယ်ရှင်း၊အောင်နိုင်တော်မူကြောင်းကို ဤကျမ်းစာမျက်နှာ ၄၅-မှ ၅၂-အထိ၌ ဝိက္ခမ္ဘနပဟာန်ဖြင့် သမပတ် ၈-ပါးက ပယ်ပုံ။ သမုစ္ဆေဒပဟာန်ဖြင့် မဂ်လေးပါးက ပယ်ပုံ၊ ပဋိပဿဒ္ဓိပဟာန်ဖြင့် ဖိုလ်လေးပါးက ပယ်ပုံများကို အကျယ် ရေးသားဖော်ပြထားပေသည်။

ယင်းသို့ ရှင်တော်ဘုရား ကိုယ်တော်တိုင် ကိလေသာတရားများကို ပဟာနသတ္တိ ၄-ပါးဖြင့် ပယ်ရှား အောင်နိုင်တော်မူခြင်းကြောင့် ဇိန-ဟူသော ဘွဲ့အမည်ကို ခံယူရရှိပေသည်။ ရှင်တော်ဘုရား၏ ဟောပြညွှန်ကြားချက်ကို ခံယူလျက် အရိယာတပည့်သာဝက အဆက်ဆက်တို့က ယင်းကိလေသာကို သမုစ္ဆေဒပဟာန်, ပဋိပဿဒ္ဓိပဟာန်တို့ဖြင့် ပယ်သတ်နိုင်ခြင်းတို့ကြောင့်လည်းကောင်း၊ ကလျာဏပုထုဇဉ် တပည့်သာဝက အဆက်ဆက်တို့ တဒင်္ဂပဟာန်, ဝိက္ခမ္ဘနပဟာန်တို့ဖြင့် ပယ်သတ်နိုင်ခြင်းတို့ကြောင့်လည်းကောင်း နည်းပေးသူ ဆရာသခင် မြတ်ဗုဒ္ဓဘုရားရှင်သည်သာလျှင် ဇိန-ဟူသော ဘွဲ့အမည်တော်ကို ခံယူရရှိထိုက်ပေတော့သည်။ ဤသည်မှာ ကိလေသမာရ်ကို အောင်ခြင်းတည်း။

ကျန်မာရ် ၃-ပါးကိုအောင်ခြင်း။ ။ဖော်ပြခဲ့သည့်အတိုင်း ဒေဝပုတ္တမာရ်နှင့် ကိလေသမာရ်ကို အောင်ပြီးသည့်အခါ ကုသိုလ်ကံနှင့် အကုသိုလ်ကံဟူသော အဘိသင်္ခါရမာရ်ကိုလည်း အောင်မြင်တော်မူသည်၊ နောက်ထပ် ဖြစ်ခွင့်မရှိ‌တော့ချေ။

ခန္ဓာ ၅-ပါးဟူသော ခန္ဓမာရ်မှာလည်း ရှေးအတိတ်ဘဝက ဆည်းပူးခဲ့သည့် ကံအရှိန်ကြောင့် ဖြစ်ဆဲ ခန္ဓာ ၅-ပါးသာ ရှိတော့သည်။ နောက်ဘဝ အနာဂတ်ခန္ဓာဟူ၍ မဖြစ်နိုင်တော့ပဲ ခန္ဓမာရ်ကို အောင်မြင်တော်မူသည်။

သေခြင်းတရားဟူသော မစ္စုမာရ်အရာမှာလည်း ယခုလက်ရှိ ခန္ဓာချုပ်ငြိမ်းပြီးနောက် ထပ်မံ၍ ခန္ဓာမရှိသောကြောင့် သေခြင်းမစ္စုတရား မရှိတော့ပဲ မစ္စုမာရ်ကို အောင်နိုင်တော်မူပြီး ဖြစ်သည်။ ဤသို့ မာရ်ငါးပါးကို အောင်မြင်တော်မူသောကြောင့် ဇိန-ဟူသောဘွဲ့ထူးကို ဆွတ်ခူးတော်မူခဲ့ပေသည်။

(စာမျက်နှာ-စ)

အောင်မြင်ထိုက်သည့် ရန်သူများ

မာရ် ၅-ပါးအပြင်လည်း အောင်မြင်ရမည့် ရန်သူများ ရှိပေသေးသည်။ မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် အောင်စရာရှိသမျှ အောင်ရမည်ပင် ဖြစ်သည်။ ယင်း အောင်ရမည့် ရန်သူတို့ကား-

၁။ ပြိုင်ဆိုင်ယှဉ်တု အနိုင်လုသည့်ရန်သူ။
၂။ ဆန့်ကျင်နှောင့်ယှက် နှိပ်စက်ညှဉ်းဆဲသည့်ရန်သူ။
၃။ ထိခိုက်ဖျားနာ မကျန်းမာမှု ရောဂါဘေးဒဏ်ရန်သူ။
၄။ မရှိဆင်းရဲ မွဲတေခြင်းရန်သူ-ဟူသော ရန်သူကြီး ၄-မျိုး ဖြစ်ပေသည်။

ယင်းရန်သူ ၄-မျိုး အောင်မြင်ပုံကို အကျဉ်းမျှ ဖော်ပြပါအံ့။

ပြိုင်ဆိုင်ယှဉ်တု အနိုင်လုသည့် ရန်သူကို အောင်မြင်ခြင်း

၁။ သစ္စကပရိဗိုဇ်။ ။သစ္စကပရိဗိုဇ်သည် မြတ်စွာဘုရားကို ပြိုင်ဆိုင်ယှဉ်တုသူ ဖြစ်သည်။ သူသည် လောကရေးရာ ဝတ္ထုပုံပြင် ဗေဒင်ဓမ္မသတ် အတတ်ပညာမျိုးစုံကို တတ်သည့်ပြင် အယူဝါဒပညာမှာလည်း အမိဘက်မှ ဝါဒငါးရာ၊ အဖဘက်မှ ဝါဒငါးရာ ပေါင်း-ဝါဒတထောင်တတ်သူ ဖြစ်သည်။

ဇမ္ဗူဒီပါတကျွန်းလုံး လှည့်လည်ပြီး အချေအတင် ပြောဆို ပြိုင်ဆိုင်ခဲ့ရာ အားလုံးကို နိုင်ခဲ့သည်။ မြတ်စွာဘုရားထံလာ၍ ပြိုင်သောအခါ အနိုင်မရပဲ အရှုံးကြီးရှုံးပြီး တပည့်ခံရလေသည်။

ဤအကြောင်းအရာ အပြည့်အစုံ အကျယ်ကို ဤကျမ်း စာမျက်နှာ ၂၅၄-မှစ၍ စိတ်ဝင်စားဖွယ် ရေးပြထားသည်ကို တွေ့ရှိရပေသည်။ ဤအောင်ပွဲသည်လည်း မြတ်စွာဘုရား ဇိန-ဟူသော ဘွဲ့အမည်ကို ရထိုက်သည့် အောင်ပွဲကြီးပင် ဖြစ်သည်။

၂။ ဒိဋ္ဌိဘုရားများကို အောင်မြင်ခြင်း။ ။မိစ္ဆာဒိဋ္ဌိဘုရားများသည် မြတ်စွာဘုရားကို ပြိုင်ဆိုင်တိုက်ခိုက်နေသူများဖြစ်သည်။ မိစ္ဆာဒိဋ္ဌိတို့သည် ဂေါတမဘုရားနှင့် တန်ခိုးပြိုင်လိုသည်ဟု သတင်းလွှင့်ကြသည်။ ထိုအခါ မြတ်စွာဘုရားရှင်ကလည်း မဟာသက္ကရာဇ် ၁၁ဝ-နှစ်၊ ဝါဆိုလပြည့်နေ့၌ သာဝတ္ထိပြည်အနီး ကဏ္ဍမ္ဗမည်သော သရက်ပင်ရင်း၌ တန်ခိုးပြာဋိဟာ ပြမည်ဟု မိန့်တော်မူသည်။

ယင်းဝါဆိုလပြည့်နေ့ ရောက်သောအခါ မြတ်စွာဘုရားသည် ရေမီးအစုံစုံသော တန်ခိုးတော်များကိုပြပြီး တာဝတိံသာနတ်ပြည်သို့ ကြွသွား ဝါကပ်တော်မူသည်။ ဤတန်ခိုးပြာဋိဟာများကို လောကသားအားလုံး တွေ့မြင် ဖူးမြော်ကြရပြီး မြတ်စွာဘုရား သာသနာတော်ကို ကြည်ညိုကြသည်။ မိစ္ဆာဒိဋ္ဌိများအားလုံး ပျောက်သုဉ်းသွားလေတော့သည်။

ဤမြတ်စွာဘုရား၏ မိစ္ဆာဒိဋ္ဌိများကို အောင်နိုင်ပုံ အကြောင်းအရာ အပြည့်အစုံကို ဤကျမ်း စာမျက်နှာ ၃ဝ၄-မှစ၍ အကျယ်ရေးသားထားပေသည်။ ဤအောင်ပွဲကို ထောက်ဆ၍ မြတ်စွာဘုရား ဇိန-ဟူသော ဘွဲ့အမည်ရနိုင်ကြောင်း သိသာပေသည်။

(စာမျက်နှာ-ဆ)

၃။ ဗကဗြဟ္မာကို အောင်နိုင်ခြင်း။ ။“ဤသက်ရှိ,သက်မဲ့ လောကကြီးကခုလုံးတွင် ဗြဟ္မာဘဝသည် အမြတ်ဆုံးနိဗ္ဗာန်တရားဖြစ်သည်၊ အိုခြင်း,နာခြင်း,သေခြင်းမရှိ၊ ပကတိ အမြဲတည်နေသော နိစ္စဓုဝ တရားဖြစ်သည်”ဟု မှားယွင်းစွဲလမ်း ယူဆနေသည်ကို မြတ်စွာဘုရားကြွသွား၍ အမေးအဖြေ ပြုလုပ်ဟောတော်မူပြီး အောင်မြင်တော်မူသည်။ အောင်မြင်တော်မူပုံအကျယ်ကို ဤကျမ်းစာမျက်နှာ ၃၇၃-မှစ၍ အပြည့်အစုံ ရေးသား ပြဆိုထားပေသည်။ ဤသို့ ဗကဗြဟ္မာကြီးကို နှိမ်နင်းအောင်နိုင်ခြင်းသည်လည်း မြတ်စွာဘုရား ဇိန-ဟူသော ဘွဲ့အမည်ကို ခံယူထိုက်သည့် အထောက်အထား တရပ်ပင်ဖြစ်ပေသည်။

ဖော်ပြခဲ့သည့်အတိုင်း သစ္စကပရိဗိုဇ်, မိစ္ဆာဒိဋ္ဌိဘုရားများနှင့် ဗကဗြဟ္မာကို အောင်နိုင်ခြင်းသည် ပြိုင်ဆိုင်ယှဉ်တု အနိုင်လုသည့် ရန်သူများကို အောင်နိုင်ခြင်းဖြစ်ပေသည်။

ဆန့်ကျင်နှောင့်ယှက် နှိပ်စက်ညှဉ်းဆဲသည့် ရန်သူကို အောင်မြင်ခြင်း

၁။ နန္ဒောပနန္ဒနဂါးကို အောင်နိုင်ခြင်း။ ။အလွန်တန်ခိုးကြီး၍ ဒေါသမာန်ဖြင့် ခက်ထန်လှသော နန္ဒောပနန္ဒအမည်ရှိသော နဂါးကြီးကို မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် လက်ဝဲတော်ရံ အရှင်မောဂ္ဂလာန်အား နည်းပေးညွှန်ပြ၍ ဆုံးမစေသဖြင့် အောင်မြင်တော်မူခဲ့သည်။

ဤနဂါးဆုံးမပုံအကျယ်ကို ဤကျမ်းစာမျက်နှာ ၄၆၉-မှစ၍ ဖော်ပြထားပေသည်။ ဤသို့ တန်ခိုးကြီးမားသော နဂါးကို ဆုံးမနိုင်ခြင်းသည်လည်း မြတ်စွာဘုရား၏ ဇိန-ဟူသော ဘွဲ့အမည်ရခြင်း အကြောင်းများစွာမှ အကြောင်းတခု ဖြစ်ပေသည်။

၂။ အင်္ဂုလိမာလကိုအောင်မြင်ခြင်း။ ။အင်္ဂုလိမာလသည် ပဋိသန္ဓေတည်နေသည်မှစ၍ ဂြိုဟ်ဆိုး, နက္ခတ်ဆိုးများနှင့်ယှဉ်၍ အတိတ်ဆိုး, နိမိတ်ဆိုးများပြကာ မွေးဖွားလာသည့်သန္ဓေဆိုး လူမိုက်ကြီးတဦးဖြစ်သည်။ လမ်းဆုံလမ်းလေးခွမှနေပြီး ခရီးသွားလာသူများကို သတ်သည်။ လူတယောက်သတ်ပြီးတိုင်း လက်ညှိုးတချောင်းဖြတ်ယူကာ ပန်းကုံးပမာသီ၍ လည်ပင်းမှာ ဆွဲထားသောကြောင့် ယင်းလူဆိုးကြီးကို လူအများက “အင်္ဂုလိမာလ”ဟု ခေါ်ခြင်းဖြစ်သည်။ (အင်္ဂုလိ=လက်ညှိုး+မာလ=ပန်းကုံးဖြစ်ရာ “လက်ညှိုးပန်းကုံးဝတ် လူဆိုးကြီး)ဟု အဓိပ္ပာယ်ရှိသည်။ မိဘမှည့်ခေါ်သည့် နာမည်ရင်းမှာ “အဟိံသက” ဖြစ်သည်။

မြတ်စွာဘုရားသည် အင်္ဂုလိမာလအား မိခင်ရင်းကို လိုက်သတ်မည့်ဆဲဆဲအခါမှာ ကြွသွား၍ ဆုံးမတော်မူသည်။ အင်္ဂုလိမာလ ဓားကိုချ၍ ဘုရားကို ရှိခိုးရသည်။ မကြာမီ ရဟန္တာဖြစ်သွားသည်။ မီးမဖွားနိုင်သော အမျိုးသမီးကို အရှင်အင်္ဂုလိမာလ သစ္စာပြု ကုသပေးသောကြောင့် အမျိုးသမီးမှာ မီးဖွားနိုင်ပြီး မိခင်ရော,ကလေးပါ အသက်ချမ်းသာခွင့် ရသွားသည်။

ဤအင်္ဂုလိမာလအား မြတ်ဘုရား အောင်နိုင်တော်မူပုံကို ဤကျမ်း စာမျက်နှာ ၃၉၁-မှစ၍ အကျယ်ဖော်ပြထားသည်။ မီးဖွားခြင်း အန္တရာယ်ကင်းခြင်းစသည့် အကျိုးများကို ပေးနိုင်သည့် အရှင်အင်္ဂုလိမာလ ဂါထာကိုလည်း အပြည့်အစုံ ဖော်ပြထားပေသည်။

၃။ အာဠဝက ဘီလူး။ ။အလွန်ကြမ်းတမ်း ခက်ထန်၍ တန်ခိုးကြီးမားသည့် နတ်ဘီလူးဖြစ်သည်။ မြတ်စွာဘုရားကို အသေသတ်ရန် လက်နက် ၉-ပါးကို အသုံးပြု၍ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်သည်။

(စာမျက်နှာ-ဇ)

အာဠဝကဘီလူး၏ တိုက်ခိုက်မှုသည် မြတ်စွာဘုရားကို အသက်သေရန် မဆိုထားဘိ မွေးညှင်းတပင်မျှကိုပင် လှုပ်အောင်,ပြုတ်အောင် မတတ်နိုင်ပဲ နောက်ဆုံး ဘီလူးကြီး အရှုံးပေးရသည်။ မြတ်စွာဘုရားက အောင်မြင်တော်မူသည်။

ဤအောင်ပွဲအကြောင်းကို ဤကျမ်း စာမျက်နှာ ၄၀၀-မှစ၍ ၄၁၂-အထိ စိတ်ဝင်စားဖွယ် ရေးချယ်ထားပေသည်။ ထိုသို့ ရန်ပြုတိုက်ခိုက်သူ နတ်ဘီလူးကို နှိမ်နင်းအောင်မြင်သောကြောင့် မြတ်စွာဘုရား ဇိန-ဟူသော ဘွဲ့အမည်ထူးကို ရရှိတော်မူခြင်း ဖြစ်သည်။

၄။ ဒေဝဒတ်ကို အောင်နိုင်ခြင်း။ ။ဒေဝဒတ်သည် မြတ်စွာဘုရားအား ရန်အပြုလုပ်ဆုံး ပုဂ္ဂိုလ်တယောက်ဖြစ်သည်။ မာရ်နတ်သားသည် မြတ်စွာဘုရားအား ရန်လုပ်သူမှန်သော်လည်း “မြတ်ဘုရားအား ရန်ပြုသတ်နိုင်ရပါလို၏”ဟု ဆုတောင်းဆုယူ မပြုလုပ်ခဲ့ဘူးချေ။ ဘုရားဖြစ်မည့် ပစ္ဆိမဘဝကျမှသာ ရန်ပြုခြင်းဖြစ်သည်။

ဒေဝဒတ်မှာမူကား... သေရိဝဇာတ် ရွဲကုန်သည်ဘဝမှစ၍ “ဘဝဆက်တိုင်း သတ်နိုင်ရပါလို၏”ဟု ဆုတောင်းပြီး ဘဝပေါင်းများစွာ ရန်ပြုလာသူဖြစ်ကြောင်း အပဒါန်အဋ္ဌကထာ စာမျက်နှာ-၁၃၆-၌ ဖော်ပြထားပေသည်။

ဒေဝဒတ်သည် မြတ်စွာဘုရား၏ ညီတဝမ်းကွဲလည်း တော်သည်။ ယောက်ဖလည်း တော်သည်။ မြတ်စွာဘုရားကို သုဒ္ဓေါဒနမင်းကြီးနှင့် မဟာမာယာတို့မှ ဖွားမြင်သည်၊ ဒေဝဒတ်နှင့် ယသောဓရာဒေဝီတို့ကို သုပ္ပဗုဒ္ဓမင်းကြီးနှင့် အမိတာဒေဝီတို့မှ ဖွားမြင်သည်။ ခမည်းတော် သုဒ္ဓေါဒနနှင့် အမိတာဒေဝီတို့မှာ မောင်နှမအရင်းပင်ဖြစ်သည်။ မယ်တော် မဟာမာယာနှင့် သုပ္ပဗုဒ္ဓမင်းကြီးတို့မှာ မောင်နှမအရင်းပင်ဖြစ်သည်။ ထိုကြောင့် မြတ်စွာဘုရားနှင့် ဒေဝဒတ်တို့သည် ညီအစ်ကိုတဝမ်းကွဲ ၂-ထပ်တော်ရုံမျှမက ယောက်ဖလည်းတော်ကြပေသည်။ ဤအကြောင်းကို မူလပဏ္ဏာသအဋ္ဌကထာ ပဌမတွဲ၊ စာမျက်နှာ ၃၃၆နှင့် မဟာဝံသ ဒုတိယပိုင်း ဂါထာ ၂၁-တို့၌ ပြဆိုထားပေသည်။ ဤကျမ်းစာမျက်နှာ ၂ဝ-၌လည်း ရှုနိုင်ပါသည်။

ပဌမအကြိမ် မြားသမားကို ပစ်ခတ်သတ်ဖြတ်ရန် စနစ်တကျ ညွှန်ကြား၍ မြတ်စွာဘုရားအား သေကြောင်းကြံစည်သည်။ (ဤကျမ်းစာမျက်နှာ-၄၂၆။)

ဒုတိယအကြိမ် မြတ်စွာဘုရားအပေါ်သို့ တောင်ပေါ်မှကျောက်လုံးကြီးကို မောင်းဆင်ပြီး လှိမ့်ချသည်။ (ဤကျမ်းစာမျက်နှာ-၄၂၄။)

တတိယအကြိမ် နာဠာဂိရိ အမည်ရှိ စစ်ဆင်ပြောင်ကြီးကို အရက်တိုက်ပြီး မြတ်စွာဘုရားအား နင်းသတ်စေရန် မြတ်စွာဘုရားနှင့် ရင်ဆိုင်လွှတ်သည်။ (ဤကျမ်းစာမျက်နှာ-၄၂၇။)

ယင်းသို့ အမျိုးမျိုး သေကြောင်းကြံသော်လည်း မတတ်နိုင်ပဲ အရှုံးပေးရသည်။ မြတ်စွာဘုရားကသာ အောင်နိုင်တော်မူသည်။ ဤသို့စသည်ဖြင့် ဒေဝဒတ်က မြတ်စွာဘုရားအား ရန်ပြုသော်လည်း မထိရောက်မူ၍ မြတ်စွာဘုရားကသာ အောင်နိုင်သည့် အကြောင်းများကို ဤကျမ်းစာမျက်နှာ ၄၁၆-မှစ၍ လေ့လာဖတ်ရှုနိုင်ပေသည်။

ဤသည်တို့ကား မြတ်စွာဘုရားရှင်က ဆန့်ကျင်နှောင့်ယှက် နှိပ်စက်ညှဉ်းဆဲသည့် ရန်သူကို အောင်နိုင်ပုံများ ဖြစ်ပေသည်။

(စာမျက်နှာ-ဈ)

ထိခိုက်ဖျားနာ မကျန်းမာမှု ဘေးဒဏ်ရန်သူကို အောင်မြင်ခြင်း

၁။ ဝေသာလီဘေးကြီး ၃-ရပ်။ ။ထိခိုက်မိခြင်း မကျန်းမာခြင်း ဘေးဒဏ်ရန်သူကို အောင်နိုင်သည့် သာဓကပြရမည်ဆိုလျှင် ဝေသာလီပြည် ဘေးကြီး၃-ရပ်ကို ဦးစွာပြရမည်ဖြစ်သည်။ ဝေသာလီပြည်၌ ဖြစ်သည့် ဘေးကြီး ၃-ရပ်မှာ-

၁။ ကူးစက်သေပျောက်စေသည့် ရောဂါဘေး၊
၂။ ငတ်မွတ်ခေါင်းပါး အစာရှားခြင်းဘေး၊
၃။ သူရဲဘီလူး ပူးကပ်နှိပ်စက်သည့်ဘေး-

ဟူသော ဘေးအန္တရာယ် ၃-မျိုးဖြစ်သည်။ ယင်းဘေးကြီး ဖြစ်ပေါ်သောအခါ ဝေသာလီပြည်အစိုးရသည် မည်သို့မျှမတတ်နိုင်ပဲ မြတ်စွာဘုရားကို ပင့်လျှောက်ရသည်။ မြတ်စွာဘုရားသည် ရဟန်းသံဃာများနှင့်အတူ ကြွရောက်ပြီး ရတနသုတ် ပရိတ်တော်ကိုရွတ်၍ ဘေးကင်းအောင် ပြုလုပ်တော်မူသည်၊ ၇-ရက်အတွင်း ဘေးကင်းသည်။ ဤအကြောင်းကို သုတ္တနိပါတ် ပါဠိတော် (ခု-၁-၃၁၂-မှ)စ၍ ပါရှိသည်။

၂။ အရှင်မဟာကဿပ၏ရောဂါ။ ။မြတ်စွာဘုရား၏ သားတော်အကြီးဆုံး ဖြစ်တော်မူသော အရှင်မဟာကဿပ ထေရ်ကြီးသည် ဓုတင်၁၃-ပါးကို ဆောင်တော်မူသည်၊ ဓုတင်ဆောင်အရာ၌ အသာဆုံး အမြတ်ဆုံး ဧတဒဂ္ဂဘွဲ့ကို ရရှိတော်မူသည်။ ထိုအရှင်မြတ်ကြီးသည် ရာဇဂြိုဟ်ပြည် ပိပ္ပလိလိုဏ်ဂူ၌ သီတင်းသုံးနေတော်မူစဉ် တနေ့သောအခါ မကျန်းမမာ ဖျားနာခြင်းဖြစ်သည်၊ ထိုအခါ မြတ်စွာဘုရား ကြွသွားတော်မူပြီး ရောဂါအခြေအနေကို မေးမြန်းတော်မူသည်။ ရှင်မဟာကဿပက-

“အရှင်ဘုရား မခံသာပါ၊ မမျှတပါ၊ ရောဂါက တိုး၍တိုး၍သာ နေပါသည်။ လျော့သည်ဟူ၍ မရှိပါဘုရား”

ဟု လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်က ဗောဇ္ဈင် ၇-ပါးတရားကို ဟောတော်မူသည်။ တရားဆုံးသောအခါ အရှင်မဟာကဿပ ချက်ခြင်းပင် အကောင်းပကတိ ကျန်းမာသွားလေသည်။ (သံ ၃-၇၁။)

၃။ အရှင်မောဂ္ဂလာန်၏ရောဂါ။ ။ဤရှင်မဟာကဿပ နည်းတူပင် လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးတော်မူစဉ် မကျန်းမမာဖြစ်သောကြောင့် မြတ်စွာဘုရား ကြွသွားပြီး ဗောဇ္ဈင်တရား ဟောသောကြောင့် ကျန်းမာသွားဘူးပေသည်။ ဤအကြောင်းကို မဟာဝဂ္ဂသံယုတ်ပါဠိတော် စာမျက်နှာ ၇၂-တို့၌ အကျယ်ပါရှိပေသည်။

ဤအတ္ထုပ္ပတ္တိကိုစွဲ၍ ယခုခေတ်တိုင်အောင် ကျန်းမာရေးအတွက် ဗောဇ္ဈင်သုတ်ကို ရွတ်ဖတ်ခြင်း နာယူခြင်း ပြုနေကြပေသည်။ ဤသည်မှာ မြတ်ဗုဒ္ဓရှင်တော်ဘုရား မကျန်းမမာ ရောဂါဘေးရန်ကို အောင်မြင်ခြင်း ဖြစ်ပေသည်။

(စာမျက်နှာ-ည)

၄။ ဒကာမ သုပ္ပဝါသာ။ ။မြတ်စွာဘုရား လက်ထက်တော်အခါက ရတနာသုံးပါးကို အလွန်ကြည်ညိုသည့် ဇနီးမောင်နှံ ၂-ဦး ရှိသည်။ သူတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာအား ပစ္စည်း ၄-ပါး အလှူခံရန် ဖိတ်ကြားထားသည်။

တနေ့သောအခါ ရဟန်းတော်တပါးသည် ဝမ်းနုတ်ဆေးစားပြီး အသားဟင်းစားရန် လိုအပ်သောကြောင့် အသားဟင်းလှူရန် အလှူခံသည်၊ ဒကာ,မရှိသေးချိန်ဖြစ်ပြီး ဈေးသို့သွား၍ အသားရှာပါသော်လည်း မရသောကြောင့် ဒကာမ သုပ္ပဝါသာသည် မိမိ၏ပေါင်သားကို လှီးဖြတ်ကြော်ချက်ပြီး အစေခံမအား လှူစေသည်၊ မိမိကိုယ်တိုင်မူကား အိပ်ရာထဲ လှဲနေရသည်။ ဒကာပြန်လာ၍ အကြောင်းစုံသိသောအခါ မိမိဇနီးအား ချီးကျူးသည်၊ ဤအကြောင်းကို မြတ်စွာဘုရား သိတော်မူသောအခါ အိမ်သို့ကြွလာပြီး ဒကာမကို ရှေ့တော်သို့ ခေါ်တော်မူသည်၊ နေမကောင်း၍ မလာနိုင်ပါဟု ပြန်လျှောက်သော် “တွဲခေါ်ပြီးလာခဲ့ပါ”ဟု မိန့်တော်မူသောကြောင့် အိပ်ရာမှထလျှင်ပင် အသားလှီးထားသည့် ဒဏ်ရာသည် အသားကောင်းပကတိ ပျောက်ကင်းသွားသည်၊ တရားလည်း ဟောတော်မူသည်။

ဤအကြောင်းကိုထောက်၍ ရဟန်းများ လူသားမစားရန် သိက္ခာပုဒ် ပညတ်တော်မူသည်။ (ဝိနည်းမဟာဝါပါဠိတော် စာမျက်နှာ ၃၁၀-မှစ၍ ရှုပါ။)

ဤသည်တို့မှာ မြတ်စွာဘုရားရှင်၏ မကျန်းမမာ ရောဂါဘေးဒဏ် ရန်ကို အောင်နိုင်တော်မူသည့် အထောက်အထားများ ဖြစ်ပေသည်။

မရှိဆင်းရဲ မွဲတေမှုရန်သူကို အောင်နိုင်ခြင်း

ဆင်းရဲမွဲတေခြင်းသည်ရန်သူ။ ။ဆင်းရဲခြင်း မွဲတေခြင်းသည် လောကသားတို့အား အလွန်နှိပ်စက် ညှဉ်းဆဲသည်။ ထို့ကြောင့် လောကသားတို့၏ ရန်သူအဖြစ် ယူဆသတ်မှတ်လိုက်သည်။

မြန်မာ့သမိုင်းတွင် ပညာရှင်များ ထွန်းကားခဲ့သည့် ပင်းယခေတ်က ထင်ရှားသည့် ပညာရှိအမတ်ကြီး စတုရင်္ဂဗလပြုစုသော လောကနီတိကျမ်း၌-

ပညာသုတမရှိသူ၏ ပါးစပ်သည် (ပြောစရာမရှိ) ဆိတ်သုဉ်း၏။
ကလေးငယ်မရှိသော အိမ်သည် (ပျော်ဘွယ်ကင်းမဲ့) ဆိတ်သုဉ်း၏။
မင်းမဲ့တိုင်းပြည်သည် (ပျော်ရွှင်ချမ်းသာမှုမရှိ) ဆိတ်သုဉ်း၏။
ဆင်းရဲမွဲတေခြင်းသည် (အဖက်ဖက်မှ) ဆိတ်သုဉ်း၏-ဟူ၍ ဆင်းရဲခြင်းအပြစ်ကို ဖော်ပြထားသည်။

မှန်လှပေသည်၊ လောက၌ မရှိဆင်းရဲ မွဲတေသူများသည် စားရေးဝတ်ရေး နေထိုင်ရေး အောက်တန်းကျလှ၍ ပြည့်ဝစုံလင်ခြင်း မရှိကြပေ၊ မသေရုံမျှသာ ဝတ်စားနေထိုင်ကြရသည်။ ပျော်ဖွယ်ရွှင်ဖွယ် နည်းပါးလှသည်။ တနေ့တနေ့ စားသောက်ရန် ပင်ပန်းကြီးစွာ ရှာဖွေရသည်။ တဝမ်းဝ, တခါးလှရန်ပင် ကြပ်တည်းခက်ခဲလှပေရာ လှူရေးဒါန်းရေး ကုသိုလ်ရေးနှင့် ဝေးကွာလှချေသည်။ မရှိလို့ မလှူ၊ မလှူလို့ မရှိ၊ သံသရာလည်၍သာ နေတော့သည်။

(စာမျက်နှာ-ဋ)

မြတ်စွာဘုရား လက်ထက်တော်အခါက သာဝတ္ထိမြို့ကြီး၌ လူဦးရေ သန်း-၇၀+ရှိရာ သန်း-၅ဝ-မှာ အရိယာပုဂ္ဂိုလ်များဖြစ်သည်။ သန်း-၂ဝ-မှာ ပုထုဇဉ်များဖြစ်သည်။ အရိယာပုဂ္ဂိုလ်တို့သည် နံနက်ပိုင်း၌ ကျောင်းသို့သွား၍ မြတ်စွာဘုရားနှင့် ရဟန်းသံဃာအား ဆွမ်းဘောဇဉ်ခဲဖွယ် လှူဒါန်းကြပြီး ညနေပိုင်း၌ ထောပတ် ဆီများ တင်လဲများ ကပ်လှူကာ တရားနာကြကြောင်း ဓမ္မပဒအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ ၂၂၀-၌ ဖော်ပြထားသည်။ ဤသည်ကို ထောက်ထား၍ ကျောင်းသွားနိုင်, တရားနာနိုင်နိုင်အောင် ချမ်းသာပြည့်စုံသူများသာ အများအားဖြင့် အရိယာဖြစ်နိုင်သည်ကို သိသာပေသည်။

ကျန်သန်း-၂၀-သောသူတို့မှာ ကျောင်းသွားနိုင် တရားနာနိုင်အောင်ပင် အချိန်အားလပ်ခွင့်မရပဲ လှူရန်ဝေးစွ, ကိုယ်ဝမ်းတွက် မနည်းကျိုးစားနေရသည့် ဆင်းရဲမွဲတေသူများဖြစ်ကြောင်း သိသာသည်။ သို့ဖြစ်ရာ မရှိဆင်းရဲ မွဲတေခြင်းသည် အလွန်ဆိုးဝါးသော ရန်သူကြီး ဖြစ်ပေသည်။

ယင်းသို့ကြောက်မက်ဖွယ် ရန်သူကြီးကို မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် လိုက်နာကျင့်သုံးဖွယ် နည်းဥပါယ်ကို ဟောခြင်းဖြင့်လည်းကောင်း၊ ရှေးကံအားလျော်စွာ ကိုယ်တိုင်ကိုယ်ကျ၊ စောင့်ရှောက်မ,စခြင်းဖြင့်လည်းကောင်း တပည့်သာဝကတို့အား အောင်မြင်နိုင်ရန် ဆောင်ရွက်တော်မူသည်။

၁။ ကာဠဝလိယ ဆင်းရဲရာမှ ချမ်းသာခြင်း။ ။မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါက ရာဇဂြိုဟ်ပြည်၌ ကာဠဝလိယ အမည်ရှိ ဆင်းရဲသားလယ်သမား လင်မယားသည် အရှင်မဟာကဿပ ဆွမ်းခံကြွလာသောအခါ စားရန်ပြုတ်ထားသော ဟင်းရွက်ရော ဆန်ပြုတ်ကို လောင်းလှူ၏။ အရှင်မဟာကဿပသည် ဆန်ပြုတ်ကို အလှူခံပြီး မြတ်စွာဘုရားအား ဆက်ကပ်၏။ ရဟန်းသံဃာ အားလုံးကိုလည်း ဆက်ကပ်၏။ အပိုကို ကျောင်းတော်သို့ ရောက်လာသော ကာဠဝလိယအားလည်း ကျွေး၏။

“၇-ရက်အတွင်း ကာဠဝလိယသည် သဌေးကြီးဖြစ်လိမ့်မည်”ဟု မြတ်စွာဘုရားက ဗျာဒိတ်ပေးသည်။ မကြာမီ ဆက်တိုက် ရွှေအိုးပေါင်းများစွာကို တူးဖော်ရရှိကာ ၇-ရက်အတွင်း သဌေးကြီးဖြစ်သွားလေသည်။

ဤအကြောင်းကို ဥပရိပဏ္ဏာသ အဋ္ဌကထာ စာမျက်နှာ ၄-၌ ဖော်ပြထားသည်။ ဤကျမ်းစာမျက်နှာ ၂၃၈-မှ စ၍လည်း ပါရှိပေသည်။

၂။ မလ္လိကာ မိဖုရားဖြစ်ခြင်း။ ။မလ္လိကာအမည်ရှိ ဆင်းရဲသည့် ပန်းသည်မကလေးသည် မြတ်စွာဘုရားအား ကြည်ညိုသဒ္ဓါ ဖြစ်ပွား၍ မိမိစားရန်ထားသော ညလွန်သည့် ဂျုံမုန့်လုံးကိုလှူသည်။ မြတ်စွာဘုရားရှင်က “ယနေ့ပင် မိဖုရားဖြစ်လိမ့်မည်”ဟု ဗျာဒိတ်ပေးတော်မူသည်။ ထိုနေ့မှာပင် ပဿေနဒီ ကောသလမင်းကြီး၏ မိဖုရားကြီး ဖြစ်ရသည်။

နောင်အခါ မြတ်စွာဘုရားအား ပြိုင်ဘက်ကင်းသော ဒါနကြီးခေါ် အသဒိသဒါကြီးကို ပေးလှူသည့် ဒကာမဖြစ်လာသည်။

ဤအကြောင်းကို မိလိန္ဒပဉှပါဠိတော် စာမျက်နှာ-၂၈၁။ ယင်းမြန်မာပြန် ၃ဝ၂-၌ ပါရှိပေသည်။ သံယုတ်အဋ္ဌကထာ ပဌမတွဲ စာမျက်နှာ-၁၂၉-၌လည်း ပြဆိုထားသည်။

(စာမျက်နှာ-ဌ)

၃။ ဧကသာဋကယောက်ျား ချမ်းသာခြင်း။ ။ဧကသာဋကဟူသည် ခါးဝတ်တထည်ဟု အဓိပ္ပာယ်ရှိသည်။ ဆင်းရဲလှသော ပုဏ္ဏားလင်မယား၂-ဦးမှာ ခါးမှာဝတ်စရာ တထည်စီသာရှိသည်။ အပေါ်ပိုင်းခြုံစရာမူ ၂-ယောက်လုံးမှ တထည်တည်းသာရှိသည်။ ကိစ္စရှိ၍ အပြင်သွားလျှင် တလှည့်စီသာ သွားရသည်။ ခါးဝတ်ထည်ကိုသာဝတ်၍ အိမ်မှာ တဦးနေခဲ့ရသည်။

လင်ယောက်ျားသည် အပေါ်ရုံကိုခြုံ၍ မြတ်စွာဘုရားထံ သွားတရားနာရင်း သဒ္ဓါတရားဖြစ်သောကြောင့် တထည်တည်းသော အပေါ်ရုံကိုခွဲ၍ လှူချင်သည်။ လင်မယား၂-ယောက်မှ တထည်သာရှိ၍လည်း နှမြောသည်။ သို့ဖြင့် လှူရကောင်းနိုး, မလှူပဲနေရကောင်းနိုး စဉ်းစားကာ ညဉ့်ဦးပိုင်း ညဉ့်လယ်ပိုင်းကုန်သွားသည်၊ ညဉ့်နက်ပိုင်းရောက်သောအခါ အတင်းစွန့်၍ ယင်းတထည်သာရှိသော အပေါ်ရုံကို မြတ်စွာဘုရားအား လှူလိုက်သည်။

ယင်းကုသိုလ်အကျိုးကြောင့် မကြာမီ ရက်အတွင်းမှာပင် အဝတ်အထည်များစွာနှင့် ဆင်၄-ကောင်၊ မြင်း၄-ကောင်၊ ခိုင်းစရာ ယောက်ျား ၄-ယောက်၊ မိန်းမ ၄-ယောက်၊ ကျွန် ၄-ယောက် ရရှိပြီး ရွာကြီး ၄-ရွာကို အပိုင်စားရသည့် ရွာစားကြီးဖြစ်သွားသည်။ ဤအကြောင်းကို ဓမ္မပဒအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ-၁-မှစ၍ ပါရှိပေသည်။

ဤသို့လျှင် ဖော်ပြခဲ့သည့် အထောက်အထား သက်သေဝတ္ထုများအရ မြတ်ဗုဒ္ဓရှင်တော်ဘုရားသည်--

၁။ ဒေဝပုတ္တမာရ်၊
၂။ ကိလေသမာရ်၊
၃။ အဘိသင်္ခါရမာရ်၊
၄။ ခန္ဓမာရ်၊
၅။ မစ္စုမာရ်-

ဟူသော မာရ်၅-ပါးကိုလည်း အောင်တော်မူခဲ့သည်။

၁။ ပြိုင်ဆိုင်ယှဉ်တု အနိုင်လုသည့် ရန်သူ၊
၂။ ဆန့်ကျင်နှောင့်ယှက် နှိပ်စက်ညှဉ်းဆဲသည့် ရန်သူ၊
၃။ ထိခိုက်ဖျားနာ မကျန်းမာ ရောဂါဘေးဒဏ် ရန်သူ၊
၄။ မရှိဆင်းရဲ မွဲတေခြင်း ရန်သူ-

ဟူသော အောင်သင့်သော ရန်သူအမျိုးမျိုးတို့ကိုလည်း နှိမ်နင်းအောင်မြင်တော် မူခဲ့ပေရာ “အောင်နိုင်သူ”ဟု အဓိပ္ပာယ်ရှိသည့် ဇိန-ဟူသော ဘွဲ့အမည်ထူးကို ရရှိတော်မူခြင်းဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

ဤမှတပါးသော မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် အောင်မြင်ခဲ့ပုံများနှင့် မြတ်စွာဘုရား၏ ညွှန်ကြားချက်တရားတော်အတိုင်း လိုက်နာကြသည့် တပည့်သာဝကတို့၏ အောင်မြင်ပုံများမှာ များစွာပင် ကျန်ရှိပေသေးသည်။ ဖော်ပြမည်ဆိုက များစွာ ဖော်ပြနိုင်သေးသည်။

(စာမျက်နှာ-ဍ)

သို့သော် ယင်းတို့ကို ဖော်ပြလျှင် နိဒါန်းက ကျမ်းရင်းထက် များသွားမည် ဖြစ်သောကြောင့် မပြဆိုတော့ပဲ ဤမျှဖြင့်ပင် မြတ်စွာဘုရား အောင်နိုင်သူ အောင်ပွဲရှင်ဟု အနက်အဓိပ္ပါယ်ရှိသည့် ဇိန-ဟူသော ဘွဲ့အမည်ထူးကို ခံယူထိုက်ကြောင်း သိသာနိုင်ပြီဟု ယုံကြည်ပါသည်။

ဇိနတ္ထပကာသနီ အဓိပ္ပာယ်

ပုဒ်ခွဲပြခြင်း။ ။ယခု စာရှုသူဖတ်နေသော ကျမ်းစာအုပ်၏ အပြင်မျက်နှာဖုံးနှင့် အတွင်းမျက်နှာဖုံးများကို လှန်ကြည့်လိုက်မည်ဆိုလျှင် “ဇိနတ္ထပကာသနီ”ဟူသော ဤကျမ်းအမည်စာလုံးကြီးများကို ထင်းကနဲ တွေ့မြင်ရမည် ဖြစ်ပါသည်။

ယင်းဇိနတ္ထပကာသနီကို ပုဒ်ခွဲမည်ဆိုလျှင် ဇိန+အတ္ထ+ပကာသနီ-ဟူ၍ ၃-ပုဒ်ရှိကြောင်း တွေ့ရပါမည်။

ဇိနအနက်။ ။ယင်း-၃-ပုဒ်တို့တွင် ပဌမဆုံးပုဒ်ဖြစ်သည့် “ဇိန”ဟူသည်မှာ ဤနိဒါန်းအစတွင် အကျယ်ပြခဲ့သည့် “အောင်နိုင်သူ”ဟု အဓိပ္ပာယ်ရသည့် မြတ်စွာဘုရားပင် ဖြစ်ပေသည်။

အတ္ထအနက်။ ။အတ္ထ-ဟူသည်မှာ အကြောင်းအရာ-ဟူသော အနက်အဓိပ္ပာယ် ရရှိသည့် ပုဒ်ဖြစ်ပါသည်။ ဥပမာ-

ယောမင်းကြီးဦးဘိုးလှိုင် အတ္ထုပ္ပတ္တိ၊
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ၊

စသည်၌ပါသော အတ္ထမျိုး ဖြစ်ပါသည်။ မှန်ပါသည်။ ဤအတ္ထုပ္ပတ္တိကို အတ္ထ-ဥပ္ပတ္တိ-ဟု ပုဒ်ခွဲပြီး-

အတ္ထ= အကြောင်းအရာ၊
ဥပ္ပတ္တိ=ဖြစ်ပုံ၊
“အကြောင်းအရာ ဖြစ်ပေါ်လာပုံ”ဟု တပုဒ်စီ အနက်ပြန်ရပါသည်။

ထိုနှင့် အတူတူပင်လျှင် ဇိနတ္ထပကာသနီဟူသော အမည်၌ ပါသည့် ဒုတိယပုဒ်ဖြစ်သော အတ္ထသည်လည်း အကြောင်းအရာ-ဟူသော အနက်၌ ဖြစ်ပါသည်။

ပကာသနီအနက်။ ။ပကာသနီ-ဟူသည်မှာ “ထင်ရှားအောင် ပြဆိုခြင်း”ဟု အဓိပ္ပာယ်ရပါသည်။

ဥပမာပြရလျှင် လောကမှာ ကိုယ့်မှာရှိကြောင်း, ပေါကြောင်း, ကိုယ်တော်ကြောင်း, သိကြောင်း စသည်များကို ပြောတတ်သူကို ဖြစ်စေ၊ ကိုယ့်မှာရှိသည်, ပေါသည်, ကိုယ်တော်သည်, တတ်သည် စသည်ကို ထုတ်ဖော်ပြတတ်သူကို ဖြစ်စေ၊ “ဒီလူ အလွန် ပကာသနများသည်”ဟု ပြောလေ့ရှိကြပါသည်။ ဤ၌ ပကာသနဟူသည် ထင်ရှားအောင် ပြောမှု, ထုတ်ပြမှုကို ဆိုလိုကြောင်း သိနိုင်ပါသည်။

ဤအတူပင် ဇိနတ္ထပကာသနီ၌ ပါဝင်သည့် တတိယပုဒ်ဖြစ်သော ပကာသနီသည် “ထင်ရှားခြင်း”အနက်ကို ဟောပါသည်။

(စာမျက်နှာ-ဎ)

သို့ဖြစ်ရာ ဇိနတ္ထပကာသနီဟူသော အမည်၌ ပါရှိသည့် ၃-ပုဒ်၏ အစိတ်အစိတ် အနက်များမှာ-

ဇိန=မြတ်စွာဘုရား။
အတ္ထ=အကြောင်းအရာ။
ပကာသနီ=ထင်ရှားအောင် ပြဆိုခြင်း။

ဟု-သိရပါသည်၊ သုံးပုဒ်လုံးကိုပေါင်း၍ ဇိနတ္ထပကာသနီ-ဟု တပုဒ်တည်း ဖြစ်လာသောအခါ-

“ဇိနတ္ထပကာသနီ=မြတ်စွာဘုရား၏ အကြောင်းအရာများကို ထင်ရှားအောင် ပြဆိုသောကျမ်း”ဟု မြန်မာအနက်အဓိပ္ပာယ် ရရှိပါတော့သည်။ ထိုကြောင့် ပါဠိဘာသာဖြင့် ဇိနတ္ထပကာသနီဟူသော အမည်သည် မြန်မာဘာသာဖြင့် မြတ်စွာဘုရား အကြောင်းအရာကို ထင်ရှားအောင် ဖော်ပြသောကျမ်းဟု သိနိုင်ပါတော့သည်။

ယင်းဇိနတ္ထပကာသနီဟူသော ပါဠိအမည်၏ မြတ်စွာဘုရားအကြောင်းအရာကို ထင်ရှားအောင်ပြသော ကျမ်းဟူသည် သဒ္ဒါရှိသည့်အလျောက် မြန်မာအနက်ရတိုင်း ပြဆိုသည့် သဒ္ဒတ္ထဖြစ်သည်။ ယင်းကို ယခုခေတ် သုံးစွဲနေသည့် အမည်ဝေါဟာရဖြင့် ပြနိုင်လျှင် ဝေါဟာရဖြင့်လည်း ပြဆိုသင့်သည်။ ထင်ရှားစေအံ့-

အတိစ္ဆထ-ဥပမာ။ ။ဤဥပမာ ပါဠိ၌ “အတိစ္ဆထ”ဟူသော ဝေါဟာတခုရှိသည်။ အရှင်မောဂ္ဂလိပုတ္တတိဿ၏ ငယ်ဆရာဖြစ်သော အရှင်သိဂ္ဂဝသည် မိစ္ဆာဒိဋ္ဌိပုဏ္ဏားကြီး အိမ်ပေါက်ဝ၌ ဆွမ်းရပ်သောအခါ ပုဏ္ဏားကြီးက “အတိစ္ဆထ”ဟု ပြောလိုက်သော ဝေါဟာရဖြစ်သည်။

ယင်းအတိစ္ဆထ-ကို (သဒ္ဒါနက်) သဒ္ဒတ္ထပြန်မည်ဆိုလျှင်-

အတိ=ကျော်လွန်၍+ဣစ္ဆထ=အလိုရှိပါ-ဟု အစိတ်အစိတ် အနက်ရပေသည်။ ယင်းကို ပေါင်းလိုက်လျှင်-

အတိစ္ဆထ=ကျော်လွန်၍ အလိုရှိပါ-ဟူ၍ အပေါင်းအနက်ရပေသည်။ ဤသည်မှာ သဒ္ဒတ္ထ-အနက်ပြန်ခြင်းဖြစ်သည်။

ယင်းအတိစ္ဆထကို “ကျော်လွန်၍ အလိုရှိပါ”ဟူသည်နှင့် အပ္ပာယ်တူညီသည့် သုံးစွဲနေကျ မြန်မာစကားတခုမှာ “ကန်တော့ဆွမ်း” ဖြစ်သည်။ ယင်း“ကန်တော့ဆွမ်း”သည် ဝေါဟာရတ္ထ ဖြစ်သည်။ ထိုကြောင့် ပါဠိလို “အတိစ္ဆထ”ကို “ကျော်လွန်၍ အလိုရှိပါ”ဟု ပြန်လျှင် သဒ္ဒတ္ထဖြစ်သည်၊ “ကန်တော့ဆွမ်း”ဟု ပြန်လျှင် ဝေါဟာရတ္ထဖြစ်သည်။ (ဤ ဝတ္ထုအကြောင်းအရာ အပြည့်အစုံကို ဤကျမ်း စာမျက်နှာ ၅၃၂-မှာ ကြည့်ပါ။)

ဥပမာ ဥပမေယျ စပ်ဟပ်ပြခြင်း။ ။ဤအတိစ္ဆထ-ဥပမာ အတူပင်လျှင် ဇိနတ္ထပကာသနီ-ဟူသော ပါဠိအမည်၏ မြတ်စွာဘုရား အကြောင်းအရာကို ထင်ရှားအောင် ဖော်ပြသည့်ကျမ်းဟူသော သဒ္ဒတ္ထအနက်နှင့် တူညီသည့် ဝေါဟာရတ္ထကို

(စာမျက်နှာ-ဏ)

ပြဆိုရမည်ဆိုလျှင် “ဗုဒ္ဓဝင်ကျမ်း”ဟူ၍ ပြရလျှင် သင့်မည်ထင်ပေသည်၊ မှန်ပေသည်။ ဗုဒ္ဓဝင်ကျမ်းဟူသော မြန်မာဝေါဟာရသည် မြတ်စွာဘုရားအကြောင်းအရာကို ပြဆိုသောကျမ်းဟု အဓိပ္ပာယ်ရပေသည်။

ဗုဒ္ဓဝင်ကျမ်းများ သမိုင်းမှတ်တမ်း

ဖော်ပြခဲ့သည့် အကြောင်းအရာများဖြင့် ဇိနတ္ထပကာသနီဟူသည် မြတ်စွာဘုရား၏ အကြောင်းအရာကို ပြဆိုသည့် ဗုဒ္ဓဝင်ကျမ်းဖြစ်သည်ဟု သိရှိခဲ့ရပေပြီ။ ဗုဒ္ဓဝင်ကျမ်းဟုဆိုလျှင် ယင်းနှင့်စပ်လျဉ်း၍ ပေါ်ထွက်ခဲ့သည့် ဗုဒ္ဓဝင်ကျမ်းများအကြောင်းကို လက်လှမ်းမီသမျှ ဗဟုသုတအဖြစ် ဖော်ပြလိုပါသည်။ ယင်းသို့ပြရာ၌ မှတ်သားလွယ်ကူစေရန် ပါဠိဘာသာရေးကျမ်း, မြန်မာဘာသာရေးကျမ်းများကို တသတ်စီ ခွဲခြားဖော်ပြပါမည်။

ပါဠိဘာသာရေးကျမ်းများ။ ။ပါဠိဘာသာရေးကျမ်းများကို အစဉ်အတိုင်း ဖော်ပြရလျှင်-

၁။ ဗုဒ္ဓဝင်ပါဠိတော်၊
၂။ ဗုဒ္ဓဝင် အဋ္ဌကထာ၊
၃။ ဇာတတ္ထကီ၊
၄။ သောတတ္ထကီ၊
၅။ ဇိနာလင်္ကာရဋီကာ၊
၆။ ဇိနစရိတ၊
၇။ တထာဂတုပ္ပတ္တိ၊
၈။ မဟာအဓိဋ္ဌာန်ဗုဒ္ဓဝင်-

ဟူ၍ ကျမ်း၈-စောင်ကို တွေ့ရှိရပါသည်။

၁။ ဗုဒ္ဓဝင်ပါဠိတော်။ ။ဗုဒ္ဓဝင်ပါဠိတော် ဟူသည်မှာ မြန်မာတို့က ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။ ပါဠိဘာသာဖြင့်မူကား ဗုဒ္ဓဝံသပါဠိ-ဟု အမည်ရှိပါသည်။ ယင်းဗုဒ္ဓဝင်ကို အရှင်သာရိပုတ္တရာ တောင်းပန်လျှောက်ထားသောကြောင့် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောတော်မူပါသည်။

ဗုဒ္ဓဝင်ပါဠိတော်၌ ဂေါတမ မြတ်စွာဘုရားအလောင်းတော် သုမေဓာရသေ့ဘဝ၌ “ဧကန္တ ဘုရားဖြစ်လိမ့်မည်”ဟု နိယတဗျာဒိတ်ခံယူသည့် ဒီပင်္ကရာမြတ်စွာဘုရား အကြောင်းအရာမှစ၍ ဘုရားပေါင်း ၂၄-ဆူ အကြောင်းများနှင့်တကွ ဂေါတမဘုရားအလောင်းတော် ဘုရားရှင်တို့ထံ ဗျာဒိတ်ခံယူပုံ, ပွင့်တော်မူပုံများကို ဖော်ပြထားပေသည်။

ဆဋ္ဌသံဂါယနာမူအားဖြင့် အပဒါနပါဠိ ( ဒုတိယတွဲ)၊ ဗုဒ္ဓဝံသပါဠိ၊ စရိယပိဋကပါဠိ-ဟူ၍ ၃-ကျမ်းတွဲပြီး ရိုက်နှိပ်ထားသည်။ စာပေလောက၌ (၃-၄)ဟု အတိုကောက်ခေါ်သည်၊ အရှည်အားဖြင့်မူ ခုဒ္ဒကနိကာယ် စတုတ္ထတွဲဟု ခေါ်ရမည်ဖြစ်သည်၊ ဆဋ္ဌမူအရွယ်ဖြင့် စာမျက်နှာ ၈၂-ရှိပေသည်၊ ပါဠိဂါထာပေါင်း ၁၀၇ဝ-ရှိသည်။

၂။ ဗုဒ္ဓဝင် အဋ္ဌကထာ။ ။ဗုဒ္ဓဝင် အဋ္ဌကထာမှာ ဗုဒ္ဓဝင်ပါဠိတော်ကို အကျယ်ချဲ့၍ ဖွင့်ဆိုသောကျမ်း ဖြစ်သည်။

(စာမျက်နှာ-ဏ)

အကျယ်ချဲ့သည် ဆိုခြင်းဖြင့် အဋ္ဌကထာ ထုံးစံအတိုင်း တိမ်မြုပ်,အသိခက်သော ပါဠိ၏အနက်များကို ဖော်ထုတ်ခြင်း, ကြွင်းကျန်နေ၍ သိရန်လိုအပ်သောအဓိပ္ပာယ်များကို ထည့်သွင်းပြခြင်း, ပါဠိအကွဲအပြား အဓိပ္ပာယ်အကွဲအပြားများကို ညှိနှိုင်းဆုံးဖြတ်ပြခြင်း စသည်ဖြင့်ချဲ့၍ ဖွင့်ပြခြင်းဖြစ်ကြောင်း သိရပေသည်။

ပြုစုစီရင်သူမှာ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာဝင်၌ ထင်ရှားကျော်ကြားသည့် “မဟာကဝိ”ဘွဲ့ခံ ကျမ်းပြုဆရာတော်ကြီး အရှင်ဗုဒ္ဓဒတ္တ ဖြစ်သည်။ ဆရာတော်သည် သာသနာ၌ အသုံးများလှသော-

၁။ အဘိဓမ္မာဝတာရ အဋ္ဌကထာ၊
၂။ ဝိနယဝိနိစ္ဆယ အဋ္ဌကထာ၊
၃၊ ဥတ္တရဝိနိစ္ဆယ အဋ္ဌကထာ၊
၄။ ဗုဒ္ဓဝံသ အဋ္ဌကထာ-

ကျမ်းကြီးများကို ပြုစုတော်မူခဲ့ခြင်းဖြင့် ထင်ရှားကျော်ကြားသည်။

ထို့ပြင် ပြုစုသည့်ကျမ်းများမှာ သာယာချောမွေ့သော ပါဠိကဗျာများဖြင့် သီကုံးရေးသား ပြုစုသည်က များပေသည်။ မဟာယာန ဗုဒ္ဓဘာသာ သာသနာဝင်၌ အရှင်အဿဃောသသည် ကဗျာရေးကောင်းသည့် ကျမ်းပြုဆရာကြီးအဖြစ် ကြွားဝင့်ဂုဏ်ယူကြသည့် နည်းတူပင် ထေရဝါဒ ဗုဒ္ဓသာသနာဝင်၌လည်း အရှင်ဗုဒ္ဓဒတ္တသည်လည်း ပါဠိကဗျာများဖြင့် ရေးသားသော ကျမ်းများကို ပြုစုတော်မူသောကြောင့် “မဟာကဝိ”ဘွဲ့ထူးဖြင့် ချီးကျူးဂုဏ်ပြုကြပေသည်။

ဤဗုဒ္ဓဝင်အဋ္ဌကထာကျမ်းနိဂုံး၌ ကျမ်း၏အတိုင်းအတာကို နှစ်ဆယ့်ခြောက် (၂၆)ဘာဏဝါရ၊ ခြောက်ထောင့်ငါးရာ (၆၅၀၀)ဂန္ထ၊ နှစ်သိန်းသုံးထောင် (၂ဝ၃၀၀ဝ) စာလုံးပေါင်းရှိကြောင်း ဖော်ပြထားပေသည်။ ယခုခေတ် သုံးခဲ့သည့် အတိုင်းအတာအရမူ ဆဋ္ဌမူအရွယ်ဖြင့် စာမျက်နှာ ၃၅၄-ရှိသည်။

၃။ ဇာတတ္ထကီ ဗုဒ္ဓဝင်။ ။ဇာတတ္ထကီ ဗုဒ္ဓဝင်ကျမ်းမှာ သီးခြားရေးသားသော ဗုဒ္ဓဝင်ကျမ်းတဆူမဟုတ်၊ ဇာတ် အဋ္ဌကထာကျမ်း၏ နိဒါန်းသာဖြစ်ကြောင်း ပိဋကတ်တော်သမိုင်း စာမျက်နှာ-၁၀၄၊ စာပိုဒ်နံပါတ် ၁၂၆၌၊ “ဧကနိပါတ် ဇာတ်နိဒါန်းအဖွင့် အဋ္ဌကထာကို ဇာတတ္ထကီ အမည်မှည့်သည်”ဟု ပြဆိုထားပေသည်။

ဇာတ်အဋ္ဌကထာ နိဒါန်းကို လေ့လာကြည့်သောအခါ ဘုရားရှင်၏ဖြစ်တော်စဉ်ကို သုမေဓာဘဝ ဒီပင်္ကရာမြတ်ဘုရားထံတော်၌ နိယတဗျာဒိတ်ခံသည်မှစ၍ ဘုရားဖြစ်ပြီးနောက် ဒုတိယဝါအရ၌ အနာထပိဏ် သဌေးလှူဒါန်းသော ဇေတဝန်ကျောင်းတော် အလှူခံပြီးသည်အထိ အသေးစိတ် ဖော်ပြ၍ ပရိနိဗ္ဗာန်စံသည်အထိ အကျဉ်းချုံးဖော်ပြပြီး ဒူရေနိဒါန်း, အဝိဒူရေနိဒါန်း, သန္တိကနိဒါန်းဟူ၍ အပိုင်း ၃-ပိုင်းခွဲခြား၍ ရေးသားထားသည်ကို တွေ့ရပေသည်။

ဇာတတ္ထကီအမည်၏ မူရင်းပါဠိမှာ “ဇာတတ္ထ ကိံ” ဖြစ်သည်။ ဇာတာ+အတ္ထ+ကိံ-ဟု ၃-ပုဒ်ခွဲရသည်။

(စာမျက်နှာ-တ)
ဇာတာ= မြတ်စွာဘုရား ဖြစ်တော်မူခဲ့သည့်၊
အတ္ထာ=အကြောင်းအရာတို့ကား၊
ကိံ=မည်သို့နည်း (ဘယ်လိုလဲ)-

ဟု-သဒ္ဒတ္ထ၊ အစိတ်စိတ် အနက်ပြန်ရပေသည်။ ဇာတတ္ထကိံ-ဟု ပုဒ်တခု ဖြစ်လာသောအခါ “မြတ်စွာဘုရား ဖြစ်တော်စဉ် အကြောင်းအရာကား မည်သို့နည်း”ဟု သဒ္ဒတ္ထအပေါင်းအနက် ပြန်ရပေသည်။ ဝေါဟာရတ္ထအားဖြင့်မူ ဗုဒ္ဓဝင်ဟူ၍ပင် ပြန်သင့်ပေသည်။

ယင်း ဇာတတ္ထကိံမှ ပါဠိဂတိအတိုင်း ဇာတတ္ထကီ-ဟု ပြောင်းလဲလာခြင်း ဖြစ်သည်။

မှန်ပေသည်။ ပါဠိစာပေ၌ ဣံနှင့်ဤ-သည် လက်ခုပ် လက်ဝါး ပြောင်းလဲလေ့ရှိပေသည်။ သိုသော် အနက်အဓိပ္ပာယ်မှာ အတူပင် ဖြစ်ပေသည်၊ မပြောင်းပေ။

ဥပမာပြရလျှင်-

သီသပဝနနှင့် သိံသပဝန (မဟာဝဂ္ဂသံယုတ်၊ စာမျက်နှာ-၃၈၃)။
သီတိံ ကရိတွာနှင့် သီတီ ကရိတွာ (ဝိနည်းမဟာဝါ၊ စာမျက်နှာ-၄၀၅)။
ဘီသနကနှင့် ဘိံသနက (ဝိဘင်္ဂပါဠိတော် မျက်နှာ-၂၆၀)

တို့ကို-ကြည့်လျှင် သိသာသည်၊ ဤပုဒ်များ၌ ဣနှင့်ဤ ပြောင်းလဲနေသည်၊ ဤအတူပင် ဇာတတ္ထ ကိံမှ ဇာတတ္ထ ကီ ဖြစ်လာသည်။

ထို့ပြင်လည်း ပါဠိအစဉ်အလာမှာ အချို့နေရာ၌ ကိံမှ ကီ-ဟု ပြောင်းလာတတ်ပေသည်။ ဥပမာ ပြရလျှင်-

ကီဒိသော-ဘယ်လိုသဘောရှိသနည်း (ဗုဒ္ဓဝင်ပါဠိတော် စာမျက်နှာ-၃၀၅)၊ ဤ၌ ကိံဒိသောမှ ကီဒိသော-ဟု ဖြစ်လာသည်။ ဗုဒ္ဓဝင် အဋ္ဌကထာ စာမျက်နှာ ၃၉-ရှုပါ၊ ရူပသိဒ္ဓိ နှာ-၅၅-၈၈လည်း ရှုပါ။

ကီဝစိရံ-ဘယ်လောက်ကြာပြီနည်း၊ (သံယုတ်ပါဠိတော် ဒုတိယတွဲ၊ စာမျက်နှာ-၄၈၉)၊ ဤ၌ ကိံဝစိရံမှ ကီဝစိရံ ဖြစ်လာသည်။

ကီဝဒူရော-ဘယ်လောက်ဝေးသလဲ ( ပါရာဇိက ပါဠိတော် စာမျက်နှာ ၃၄၀)၊ ဤ၌ ကိံဝဒူရောမှ ကီဝဒူရော ဖြစ်လာသည်။

ဤပုဒ်များ၌ ကိံမှ ကီ-ဖြစ်လာသည့်အတိုင်းပင် ဇာတတ္ထကိံမှ ဇာတတ္ထကီ-ဟု ပြောင်းလဲလာခြင်း ဖြစ်ပေသည်။

ဤဇာတတ္ထကီကျမ်းကို အဋ္ဌကထာဆရာကြီး အရှင်မဟာဗုဒ္ဓဃောသ ပြုစုတေတော်မူသည်။ ဇာတ်အဋ္ဌကထာ ပထမတွဲ၌ နိဒါန်းအဖြစ် ဖော်ပြထားသည်၊ ဆဋ္ဌအရွယ်ဖြင့် စာမျက်နှာ ၁၁၀-ရှိသည်။

(စာမျက်နှာ-ထ)

၄။ သောတတ္ထကီဗုဒ္ဓဝင်။ ။သောတတ္ထကီကျမ်းသည်လည်း ပါဠိဘာသာရေး ဗုဒ္ဓဝင်ကျမ်းတဆူဖြစ်သည်။ ယင်းကျမ်းမှာ-

စိန္တိတံ သတ္တသင်္ချေယျံ၊ နဝသင်္ချေယျ ဝါစကံ။
ကာယဝါစံ စတုချာတံ၊ ဗုဒ္ဓတ္တံ သမုပါဂမိ-

ဟူသော ဂါထာကို မူထား၍-

(က) ဘုရားဖြစ်ရန် စိတ်ဖြင့်ကြံစည်သည်မှာ ကမ္ဘာပေါင်း ၇-အသင်္ချေ ကြာသည်၊ ဘုရား-၁၂၅၀၀၀-ဆူ ပွင့်သည်။
(ခ) ဘုရားဖြစ်ရန် နှုတ်ဖြင့် ဆုတောင်းသည်မှာ ကမ္ဘာပေါင်၊ ၉-အသင်္ချေ ကြာသည်။ ဘုရား-၃၈၇၀၀၀-ဆူ ပွင့်သည်။
(ဂ) စိတ်ရောကိုယ်ပါ ဆုတောင်း၍ ပါရမီဖြည့်ရသည်မှာ ၄-အသင်္ချေ ကြာသည်၊ ဘုရားပေါင်း ၂၈-ဆူ ပွင့်သည်။

သို့ကြာမှ ဂေါတမဘုရားဖြစ်သည်-ဟူသော အဆိုကို မူထား၍ အကျယ်ဖွင့်ဆိုပြသည့် ကျမ်းဖြစ်သည်။

မြန်မာပြည်၌ အသုံးအစွဲများသော “သမ္ဗုဒ္ဓေ” ဘုရားရှိခိုးမှာ ဤသောတတ္ထကီကျမ်းလာအတိုင်း ရေးထားသော ဘုရားရှိခိုးဂါထာဖြစ်သည်။ ယင်းဂါထာ၌-

အဋ္ဌဝီသဉ္စ=ဘုရား-၂၈-ဆူ ဟူသည်မှာ ဖော်ပြခဲ့သည့် (ဂ) အမှတ်ပါ ၂၈-ဆူပင် ဖြစ်သည်။

ဒွါဒသဉ္စသဟဿကေ ပဉ္စသတသဟဿာနိ=၅-သိန်း ၁-သောင်း ၂-ထောင် ဘုရားများဟူသည်မှာ... ဖော်ပြခဲ့သည့် (က)နှင့် (ခ)အမှတ်ပြ ၂-ခုပေါင်း ဘုရားများဖြစ်သည်။

ယင်းသောတတ္ထကီ ဗုဒ္ဓဝင်ကျမ်းကို အရှင်ဗုဒ္ဓဃောသ ပြုစုသည်ဟု ကျမ်း၏နိဂုံး၌ မှာထားသည်၊ အဋ္ဌကထာဆရာကြီး အရှင်မဟာဗုဒ္ဓဃောသအား အဋ္ဌသာလိနီကျမ်းရေးရန် တိုက်တွန်းတောင်းပန်သူမှာ ဗုဒ္ဓဃောသထေရ်ဖြစ်ကြောင်း အဋ္ဌသာလိနီကျမ်း ပဏာမ၌ ပြဆိုထားသည်။ အဋ္ဌသာလိနီကျမ်းပြုသူမှာ မဟာဗုဒ္ဓဃောသအမည် ခံယူထားသောကြောင့် ကျမ်းပြုရန် တိုက်တွန်းသူကို စူဠဗုဒ္ဓဃောသဟု အမည်ပေးကြဟန်တူသည်၊ ဗုဒ္ဓဃောသအကြီး, ဗုဒ္ဓဃောသအငယ်ဟု ဆိုလိုသည်။

အဋ္ဌသာလိနီရေးရန် တိုက်တွန်းသူ ဗုဒ္ဓဃောသနှင့် သောတတ္ထကီကျမ်းပြုသူ ဗုဒ္ဓဃောသ တပါးတည်းပင် ဖြစ်သည်ဟု အစဉ်အလာ ပြောကြသည်။ လေ့လာရန် များစွာလိုပေသေးသည်။

သောတတ္ထကီအဓိပ္ပါယ်။ ။သောတတ္ထကီ-ဟူသော ဝေါဟာရကို သုဂတ+အတ္ထ+ကိံ-ဟု ၃-ပုဒ်ခွဲရသည်။ ယင်းကို-

သုဂတ =မြတ်စွာဘုရား၏
အတ္ထ=အကြောင်းအရာကား
ကိံ=မည်သို့နည်း--
(စာမျက်နှာ-ဒ)

ဟု-အနက်ပြန်ရသည်၊ “မြတ်စွာဘုရား၏ အကြောင်းအရာများကား မည်သို့ဖြစ်သနည်း”ဟု ဆိုလိုပေသည်။

သုဂတတ္ထကိံမှာ ဝါစာသိလိဋ္ဌခေါ်၍ မချောမွေ့သောကြောင့် ကျမ်းပြုဆရာကိုယ်တိုင် သောတတ္ထကီဟု မိမိကျမ်းကို အမည်ပေးသည်။

ဘုရားဟော ဗုဒ္ဓဝင်ပါဠိတော် ဗုဒ္ဓဝင်အဋ္ဌကထာတို့၌ မပါသော ကမ္ဘာပေါင်း ၇-အသင်္ချေအတွင်း၌ ဘုရားပေါင်း တသိန်းနှစ်သောင်း ငါးထောင်ထဲမှာ စိတ်ဖြင့် ဘုရားဖြစ်ရန် ဆုတောင်းကြံစည်သည့် အကြောင်းအရာများနှင့် ကမ္ဘာပေါင်း ၉-အသင်္ချေအတွင်း၌ ဘုရားပေါင်း ငါးသိန်းထံမှာ နှုတ်ဖြင့် ဖွင့်ဟဆုတောင်းခဲ့သည့် အကြောင်းအရာများ ပါရှိသောကြောင့် သောတတ္ထကီ ဗုဒ္ဓဝင်ကျမ်းကို ပညာရှိထေရဝါဒ ဆရာတော်ကြီးများ အသုံးအစွဲ နည်းခဲ့ဟန် တူပေသည်။

ယင်းအကြောင်းကို ဤဇိနတ္ထပကာသနီကျမ်း စာမျက်နှာ ၂-နှင့် ၃-တို့၌ စိစစ်ပြဆိုထားပေသည်။

အထူးသဖြင့် ဂေါတမဘုရားရှင် ပွင့်တော်မူပြီးနောက် ပွင့်တော်မူမည့် ရင့်မာတကျိပ်ခေါ် ပါရမီရင့်ပြီး ဘုရားအလောင်းတော် ၁၀-ဦးအကြောင်းကို ဤကျမ်း၌ ဖော်ပြထားသည်။ မြန်မာပြည် ဆရာစဉ်ဆက် “ရင့်မာတကျိပ်”ဟု ရေးသားပြောဆိုသည်မှာ ဤကျမ်းမှ အစပြုခြင်း ဖြစ်နိုင်ပေသည်၊ တကယ်ယုံကြည်နိုင်ရန်အတွက် ဆက်လက်လေ့လာသင့်လှပေသည်။

သောတတ္ထကီကျမ်းသည် ရှေးက ပေမူအဖြစ်သာ တည်ရှိခဲ့သည်၊ မြန်မာသက္ကရာဇ် ၁၂၉၀-ခုနှစ်၌ ညောင်တုန်းမြို့ ရွှေဟင်္သာတောရတိုက် စာချဘုန်းကြီး ဦးအာလောက (လူ့ဘဝအမည် ဦးအုန်းရွှေ)က နိဿယရေး၍ ပါဌ်နိဿယတွဲပြီး သုဓမ္မဝတီပုံနှိပ်တိုက်မှ ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ဒီမိုင်းအရွယ်ဖြင့် ပါဠိစာမျက်နှာ -၈၉၊ နိဿယစာမျက်နှာ ၂၀၃-ရှိ၍ ပေါင်း-စာမျက်နှာ၂၉၂-ရှိသည်။

၅။ ဇိနာလင်္ကာရဋီကာဗုဒ္ဓဝင်။ ။ဇိနာလင်္ကာရဗုဒ္ဓဝင်၌ ဂေါတမဘုရားအလောင်းတော်သည် ဒီပင်္ကရာဘုရားမှစ၍ ၂၄-ဆူသော ဘုရားရှင်တို့၏အထံ၌ ဗျာဒိတ်ခံခဲ့ပုံများကို ဖော်ပြပြီး ဂေါတမဘုရားရှင်အဖြစ်သို့ ရောက်ပြီးသည်အထိ အပိုင်းကဏ္ဍပေါင်း ၂၀-ဖြင့် ခွဲခြားဝေဖန် ပြဆိုထားပေသည်။

အထူးသဖြင့် ဘုရားဂုဏ်တော်များကို ဖွင့်ဆိုရေးသားထားသည်မှာ အလွန်ပင် ကြည်ညိုသဒ္ဓါဖြစ်ပေါ်စရာ ကောင်းလှပေသည်။

ကြည်ညိုဖွယ်ကောင်းလှသော မြတ်စွာဘုရားဂုဏ်တော်များကို ရွတ်ဖတ်ဖွယ်ကောင်းလှသော ပါဠိကဗျာတို့ဖြင့် ဆန်းဆန်းကြယ်ကြယ် ဖွဲ့နွဲ့သီကုံးထားသည်မှာ ဤဗုဒ္ဓဝင်ကျမ်းအတွက် တောင့်တင်းသော အင်အားဖြစ်သည်။

ဆန်းကြယ်သည်မှာ န-အက္ခရာတလုံးတည်းဖြင့် ဖွဲ့ဆိုသည့်ဂါထာ၊ သ-နှင့် ရ-အက္ခရာ ၂-လုံးတည်းဖြင့် ဖွဲ့ဆိုသည့်ဂါထာ၊ လည်ချောင်းအရပ်ဟူသော ကဏ္ဌဌာန်၌ဖြစ်သော အက္ခရာတို့ဖြင့် ဖွဲ့ဆိုသောဂါထာ၊ စာအက္ခရာစာလုံး ပဒ-အစုံအစုံပါဝင်ဖွဲ့ဆိုသော ယမကဂါထာ စသည်ဖြင့် ကြည်ညိုဖွယ်ရာ ဘုရားဂုဏ်တော်များကို ဖွဲ့ဆိုသောဂါထာများစွာ ဤကျမ်း၌ ရေးသားထားပေရာ အလွန်အံ့သြဖွယ်ကောင်းလှပေသည်။

(စာမျက်နှာ-ဓ)

ဇိနာလင်္ကာရ အဓိပ္ပာယ်။ ။ဖော်ပြခဲ့သည့် ထူးခြားဆန်းကြယ်၍ ကြည်ညိုဖွယ်ဂုဏ်တော်များ ပါဝင်သည့် ထူးခြားဆန်းကြယ် တင့်တယ်တော်မူသော ကဗျာ,ဂါထာ,အဖွဲ့အနွဲ့တို့ဖြင့် အောင်ပွဲရှင် ဇိန-ဘွဲ့မည်ရ မြတ်စွာဘုရားအား တန်ဆာဆင်ယင်ခြင်း ဖြစ်သောကြောင့် ဤကျမ်းအမည်ကို ဇိနာလင်္ကာရဟု အမည်ပေးထားခြင်းဖြစ်သည်။ ဇိန=အောင်နိုင်သူမြတ်စွာဘုရားကို+အလင်္ကာရ=တန်ဆာဆင်ခြင်းပြုသောကြောင့် ဇိနာလင်္ကာရ အမည်ရပေသည်။

ဤကျမ်းကို သုဓမ္မဝတီပုံနှိပ်တိုက်မှ ၁၃၁၂-ခုနှစ်က ပုံနှိပ်ခဲ့သည်။ ရွိုင်အရွယ်ဖြင့် စာမျက်နှာ ၃၇၁-မျက်နှာရှိသည်။

၆။ ဇိနစရိတ ဗုဒ္ဓဝင်။ ။ဇိနစရိတကျမ်းကို သာသနာနှစ် ၂ဝ၃ဝ၊ ဝိဇယဗာဟုမင်း ဆောက်လုပ်သည့် ဝိဇယဗာဟု ကျောင်းနေ သီဟိုဠ်ဘုန်းတော်ကြီး အရှင်သုမင်္ဂလ ပြုစုတော်မူသည်။

ပါဠိစကားပြေခေါ် စုဏ္ဏိယ အနည်းငယ်မျှသာပါ၍ ပါဠိ ကဗျာ ဂါထာပေါင်း ၄၇၃-ဂါထာ ပါဝင်သည်။

ရန်ကုန်မြို့ မင်္ဂလာဇေယျုံ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်သုမင်္ဂလထေရ်က သီဟိုဠ်စာလုံးမှ မြန်မာစာလုံး ပြန်ရေးပြီး ယင်းပါဠိကို မြန်မာနိဿယ ပြန်ဆိုတော်မူသည်။

ဒီမိုင်းအရွယ် စာမျက်နှာ ၁၇၁-ရှိသည်။ ပြည်ကြီးမဏ္ဍိုင် ပုံနှိပ်တိုက်က မြန်မာသက္ကရာဇ် ၁၂၉၆-ခုနှစ်တွင် ရိုက်နှိပ်သည်။

၇။ တထာဂတုပ္ပတ္တိဗုဒ္ဓဝင်။ ။တထာဂတုပ္ပတ္တိ-ဟူသည်မှာ မြတ်စွာဘုရား ဖြစ်တော်မူပုံဟု မြန်မာလို အဓိပ္ပါယ်ရသည်။ ယင်းအဓိပ္ပါယ်အရ ဗုဒ္ဓဝင်ကျမ်းပင် ဖြစ်နိုင်စရာရှိသည်ဟု ခန့်မှန်းရသည်။

ပုဂံပြည် အရှင်ဉာဏဂမ္ဘီ ပြုစီရင်သည်ဟု ပိဋကတ်တော်သမိုင်း စာပိုဒ်နံပါတ် ၃၄ဂ-ပါဠိစာပေစုထဲ၌ ရေးသားထားသည်ကို တွေ့ရသည်။ ပေမူ စက္ကူမူအဖြစ် မတွေ့ရဘူးချေ၊ ပျောက်ကွယ်သွားပြီဟု ယူဆရပေသည်။

ယင်းတထာဂတုပ္ပတ္တိ ပါဠိကျမ်းကို ညောင်ရမ်းခေတ်၊ မင်းရဲကျော်ထင်လက်ထက် သက္ကရာဇ် ၁ဝ၄၆-ခု၌ အရှင်ဓမ္မန၊ မြန်မာပြန်သည့် ပေမူရှိကြောင်း သိရသည်၊ စက္ကူမူမရှိသေးပေ။ ၁၁၄၃-ခုနှစ် ကျမ်ပြီး တထာဂတဥဒါနဒီပနီ အမည်ရှိ မြန်မာဘာသာရေး ဗုဒ္ဓဝင်ကျမ်း ပဉ္စမတွဲ အဆုံးနိဂုံးသတ်ခါနီး၌-

စတုဝီသတာသင်္ချေယျေ၊ တထာသဋ္ဌိစ ကောဋိယော။
ပါဏာသတသဟဿာနိ၊ ဧကော ဗုဒ္ဓေါ ပမောစယိ-

ဟူသော ဘုရားတဆူပွင့်တိုင်း ၂၄-အသင်္ချေနှင့် ကုဋေ ၆၀-မျှသော သတ္တဝါများ အကျွတ်တရားရသည်ဟု ပြဆိုသော တထာဂတုပ္ပတ္တိကျမ်းလာ စကားကို ကိုးကားပြဆိုသည်ကို ထောက်ဆလျင် ၁၁၄၃-ခု ဘိုးတော်ဘုရား လက်ထက်တိုင် တထာဂတုပ္ပတ္တိကျမ်း ရှိသေးကြောင်း သိရှိရပေသည်။

၈။ မဟာအဓိဋ္ဌာန်ဗုဒ္ဓဝင်။ ။မဟာအဓိဋ္ဌာန်ဗုဒ္ဓဝင်မှာ မြန်မာပြည်ဖြစ် ပါဠိဘာသာဖြင့် ပြုစုထားသည့် ဗုဒ္ဓဝင်ဖြစ်သည်။ ပါဠိဘာသာရေး ဗုဒ္ဓဝင်ကျမ်းများထဲတွင် နောက်ဆုံးပေါ် ဗုဒ္ဓဝင်လည်းဖြစ်သည်။

(စာမျက်နှာ-န)

ကျမ်းပြုဆရာသည် ဤကျမ်းကို ဉာဏ်အလတ်တန်းစားပုဂ္ဂိုလ်များ အရကျက် အာဂုံဆောင်ပြီး ဘုရားရှိခိုးနိုင်စေရန် ရည်ရွယ်၍ ပြုစုထားခြင်းဖြစ်သည်။

ဤကျမ်းအမည် အပြည့်အစုံမှာ “သစ္စာတော်ပြန်တမ်း သိဒ္ဓိလမ်းခေါ် မဟာအဓိဋ္ဌာန်တော်ကြီး ဘုရားရှိခိုးကျမ်း” ဖြစ်သည်။ ဂေါတမမြတ်စွာဘုရား ဒီပင်္ကရာဘုရားရှင်ထံ နိယတဗျာဒိတ် ခံတော်မူပြီး ပစ္ဆိမဘဝ သိဒ္ဓတ္ထမင်းသားအဖြစ်ရောက်သည်အထိနှင့် သိဒ္ဓတ္ထမင်းသားဘဝမှ ဘုရားဖြစ်၍ ပရိနိဗ္ဗာန်စံသည်အထိ ပြည့်စုံစွာရေးသားထားသည်။

အဓိဋ္ဌာန်ချက် ၃၁-ချက်ကို ပါဠိစာခေါင်းထိုးပြီး တသတ်စီရေးသားထားသည်။ ပါဠိအသွား ညက်ညောချောမွေ့သည်။ စုဏ္ဏိယခေါ် ပါဠိစကားပြေဖြင့် ရေးသားထားသည်။ ဤကျမ်း၌-

(က) လောကီသိဒ္ဓိနှင့် လောကုတ္တရာသိဒ္ဓိ ပေါက်နိုင်ရန် ရည်ရွယ်ချက်ထားခြင်း၊
(ခ) ဤကျမ်းကို လောကီသိဒ္ဓိလမ်း ပေါက်မြောက်ပြီး ပုဂ္ဂိုလ်၏ တိုက်တွန်းချက်ဖြင့်ရေးခြင်း၊
(ဂ) ကျမ်းပြုပုဂ္ဂိုလ်မှာ လူဝတ်ကြောင်မဟုတ်၊ ရဟန်းသာမဏေလည်းမဟုတ်ပဲ ဝေရဝိဇယ ဘွဲ့အမည်ခံယူသည့် ပရိဗိုဇ်ပုဂ္ဂိုလ်ဖြစ်ခြင်း-တို့မှာ ထူးခြားချက်ဖြစ်သည်။

သို့သော် ယခုအခါ ကျမ်းပြုပုဂ္ဂိုလ်သည် ရဟန်းအဖြစ် ခံယူပြီး ပြည်မြို့အနီး မြင်ဗာဟုတောင်မှာ သီတင်းသုံးကာ တောရဆောက်တည်နေကြောင်း သိရှိရပေသည်။

ဤမဟာအဓိဋ္ဌာန်ဗုဒ္ဓဝင် ပါဠိကျမ်းကို ကျမ်းပြုဆရာကိုယ်တိုင် နိဿယပြန်သည်။ ဒီမိုင်းအရွယ်ဖြင့် ပါဠိစာမျက်နှာ-၂၉၊ နိဿယစာမျက်နှာ-၉၉၊ ပေါင်း-၁၂၀-မျက်နှာရှိသည်။

မြန်မာသက္ကရာဇ် ၁၃၃၆-ခုနှစ်တွင် သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်က ရိုက်နှိပ်ခဲ့သည်။

မြန်မာဘာသာဗုဒ္ဓဝင်ကျမ်းများ

မြန်မာဘာသာဖြင့် ရေးသားထားသည့် ဗုဒ္ဓဝင်ကျမ်းများကို ရှာဖွေလေ့လာ ကြည့်သောအခါ-

၁။ တထာဂတဥဒါန ဒီပနီကျမ်း၊
၂။ မာလာလင်္ကာရကျမ်း၊
၃။ ဇိနတ္ထပကာသနီကျမ်း၊
၄။ ဇမ္ဗူ့မိတ်ဆွေ မဟာဗုဒ္ဓဝင်၊
၅။ မူလ ဗုဒ္ဓဝင်ကျမ်း၊
၆။ ၇-နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုး၊
၇။ သုဓမ္မဝတီ ဗုဒ္ဓဝင်ဝတ္ထု၊
၈။ ဝိုင်အမ်ဘီအေ ရုပ်စုံဗုဒ္ဓဝင်၊
၉။ ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်-ဟူ၍

ကျမ်း-၉-စောင် တွေ့ရှိရပေသည်။ နိဒါန်းရေးသူ မတွေ့ဘူးသေးသော ဗုဒ္ဓဝင်ကျမ်းများလည်း ရှိကောင်း ရှိပေလိမ့်မည်။ မတွေ့ဘူးသော ဗုဒ္ဓဝင်ကျမ်းများကိုထား၍ တွေ့ဘူးသော ဗုဒ္ဓဝင်ကျမ်းများအကြောင်းကို ဤနိဒါန်း၌ အကျဉ်းမျှ တင်ပြလိုပါသည်။

(စာမျက်နှာ-ပ)

၁။ တထာဂတဥဒါနဒီပနီ။ ။ဤဗုဒ္ဓဝင်ကျမ်းမှာ မြန်မာသက္ကရာဇ် ၁၁၄၃-ခုနှစ်တွင် ဒီပဲရင်းမြို့ ဇေယျဝဍ္ဎန သူကြီးလှူသည့်ကျောင်း၌ သီတင်းသုံးနေတော်မူသော သိရီသဒ္ဓမ္မာဘိလင်္ကာရ ဆရာတော် ရေးသားစီရင်တော်မူသော ကျမ်းဖြစ်သည်။ ဤကျမ်းအမည်၌-

၁။ တထာဂတ။
၂။ ဥဒါန၊
၃။ ဒီပနီ၊

ဟူ၍-၃-ပုဒ် ပါဝင်ပေါင်းစပ်ထားသည်ကို တွေ့ရသည်။ ယင်း၌-

တထာဂတ-မှာ မြတ်စွာဘုရားဟူသော အနက်ကို ဟောသည်။
ဥဒါန-မှာ အကြောင်းအရာဟူသော အနက်ကို ဟောသည်။
ဒီပနီ-မှာ အလင်းပြဟူသော အနက်ကို ဟောသည်။

တထာဂတ ဥဒါန ဒီပနီ-ဟု ၃-ပုဒ် ပေါင်းလိုက်သောအခါ “မြတ်စွာဘုရား အကြောင်းအရာ အလင်းပြကျမ်း”ဟု သဒ္ဒတ္ထ အနက်ရရှိပေသည်။ ဝေါဟာရတ္ထဖြင့်မူ ဗုဒ္ဓဝင်ကျမ်းဟုပင် ပြန်ရမည်ဖြစ်ပေသည်။

မှန်လှ၏။ တထာဂတဥဒါန ဒီပနီကျမ်း၌ မြတ်စွာဘုရား၏ အကြောင်းအရာများကို အကျယ်တဝင့် ဖော်ပြရေးသားထားသည်မှာ အလွန် ကြည်ညိုဖွယ်ရာ ပြည့်ပြည့်စုံစုံ ရှိလှပေသည်။ ကျမ်းပြုပုဂ္ဂိုလ်သည် ပိဋကတ်စာပေ ပါဠိတော် အဋ္ဌကထာ ဋီကာ စသည်၌ နှံ့စပ်ကျွမ်းကျင်သည်ကို ဤကျမ်း၌ ပေါ်လွင်ထင်ရှားလှပေသည်။

သို့ပါလျက် ဤကျမ်းကို မြန်မာပြည်၌ အသုံးအစွဲ မများသည်ကို တွေ့ရ၍ အကြောင်းကို ရှာဖွေသောအခါ ထေရဝါဒ ပိဋကတ်စာပေ၌ မတွေ့ရသည့်အကြောင်းအရာ အချို့ကို ရေးသားဖော်ပြထားသောကြောင့် ရှေးဆရာတော်ကြီးများ အကြိုက်နည်းပုံသည်ဟု တွေးထင်ရပေသည်။ သာဓက ပုံစံအချို့ကို ဖော်ပြရလျှင်-

(က) ဝသုန္ဒြေမြေစောင့်နတ်က ဆံရေညှစ်၍ မာရ်နတ်ပြေးရခြင်း၊
(ခ) ဇမ္ဗုပတိမင်းကို မြတ်စွာဘုရား ချွေချွတ်ခြင်း၊
(ဂ) နက္ခတ္တပရိစ္ဆေဒ ၁၀-ပါးကိုပြခြင်း-

စသည်တို့ကိုပင် ပြရမည်ထင်မိပေသည်။ အနည်းငယ်မျှ ၍ပြပါအံ့-

(က) ဝသုန္ဒြေဆံရေညှစ်ခြင်း။ ။မြတ်စွာဘုရားအလောင်းတော် ဘုရားဖြစ်မည့်နေ့ နေမဝင်မီအချိန် ဗောဓိပင်ရင်း ရွှေပလ္လင်တော်၌ စံနေတော်မူစဉ် မာရ်နတ်ကလာ၍ စစ်တိုက်သည်။ လက်နက်အမျိုးမျိုးဖြင့် ပစ်ခတ် တိုက်ခိုက်သော်လည်း မထိရောက်သောကြောင့် “ငါ၏ ပလ္လင်ပေါ်မှဆင်းပေး”ဟု စကားစစ်ထိုးပြောသည်။ အလောင်းတော်က “သင့်ပလ္လင်ဖြစ်ကြောင်း မည်သူ သက်သေရှိသနည်း”ဟု မေးသည်။ မာရ်နတ်က သူ၏ စစ်သည်တော်များကို သက်သေခံခိုင်းသည်။ မာရ်စစ်သည်အားလုံးက သက်သေခံသည်။

(စာမျက်နှာ-ဖ)

တဖန် မာရ်နတ်က ပြန်၍ အလောင်းတော်အား “သင့်ပလ္လင်ဖြစ်ကြောင်း မည်သူသက်သေရှိသနည်း”ဟု မေးသည်။ အလောင်းတော်က “ငါ၏ ပလ္လင်ဖြစ်ကြေင်းကို ငါဝေဿန္တရာဘဝတုံးက အလှူကြီးများပေး၍ ရေစက်ချခဲ့သည့် ဤမြေကြီး သက်သေရှိသည်”ဟု ညွှန်ပြသောအခါ ညွှန်ပြရာအရပ်မှ မြေကြီးကိုခွဲ၍ မြေစောင့်နတ်ထွက်လာပြီး သက်သေခံသည်။ “ထိုအခါက ချခဲ့သည့် ရေစက်သည် ငါ၏ဦးခေါင်းမှ ဆံပင်ကိုထိ၍ စိုနေသည်မှာ ယခုတိုင်အောင် မခြောက်သေး”ဟု ဆိုကာ ဆံပင်မှရေကို ညှစ်ချလိုက်သောအခါ ထိုရေသည် မာရ်နတ်သား၏ နားတွင်းသို့ သံပူရေအသွင် ဝင်သောကြောင့် မာရ်နတ်ထွက်ပြေးရကြောင်း စသည်ဖြင့် ယင်းတထာဂတဥဒါနဒီပနီကျမ်း ပဌမတွဲ၌ အကျယ်ရေးသား ဖော်ပြထားပေသည်။

ယင်းပြဆိုချက်မျိုး ထေရဝါဒ ဗုဒ္ဓစာပေများ၌ မတွေ့မမြင်ရသောကြောင့် ရှေးဆရာတော်ကြီးများ သဘောမတွေ့ ဖြစ်နိုင်စရာရှိပေသည်။ ဤအကြောင်းကို တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ ပြုစုသော နောက်ဆုံးပေါ်ဖြစ်သည့် နိုင်ငံတော် ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်၌လည်း မတွေ့မြင်မိချေ။ အကယ်၍သာ လေးစားလောက်သည့် ပါဠိကျမ်းတစောင်၌ရှိလျှင် ဤမျှအရေးကြီးသော အကြောင်းကို မချန်ထားပဲ ဆရာတော် ထည့်သွင်းရေးလိမ့်မည်ဟု ယုံကြည်ပါသည်။

ဤဝသုန္ဒြေ မြေစောင့်နတ် ဆံရေညှစ်သည့် အကြောင်းကား မြန်မာပြည် ရှေးခေတ်သာသနာဝင်၌ တွင်ကျယ်ခဲ့ဟန်တူပေသည်၊ ဘုရားတန်ဆောင်းများ၊ စာတိုက်သေတ္တာကြီးများ စသည်၌ ရုပ်လုံးရုပ်ကြွ ပန်းချီရုပ်များကို များစွာပင် တွေ့မြင်ဘူးပေသည်။

(ခ) ဇမ္ဗုပတိမင်းကို ချွတ်ခြင်း။ ။တထာဂတဥဒါနဒီပနီကျမ်း တတိယတွဲ၌ ယင်းဇမ္ဗုပတိချွတ်ခန်းကို အကျယ်တဝင့် ရေးသားဖော်ပြထားပေသည်။ အကျဉ်းချုပ် အဓိပ္ပာယ်မှာ ပဉ္စာလတိုင်းပြည်ကို အစိုးရသော ဇမ္ဗုပတိမင်းသည် အလွန် ဘုန်းတန်ခိုးကြီးသည်၊ ဖွားမြင်စဉ်ကပင် ထူးဆန်းအံ့သြဖွယ် အတိတ်နိမိတ်များ ပေါ်ပေါက်လျက် ဖွားမြင်ခဲ့သည်၊ ကောင်းကင်ကို ပျံသွားနိုင်သော ခြေနင်းစကြာ ဆိုက်ရောက်ခဲ့သည်၊ မြေပေါ်မြေအောက် တယူဇနာမျှ အစိုးရသည်။

ဘုန်းတန်ခိုးကြီးသည့်အလျောက် မာန,ဒေါသလည်း ပြင်းထန်ထက်မြက်သည်၊ သူ့အား မခစားသည့် မင်းရှိလျှင် ခြေနင်းစကြာကိုလွှတ်၍ သတိပေးထိတ်လန့်စေပြီး ခစားစေသည်၊ ဗိမ္ဗိသာရမင်းကြီးထံ ခြေနင်းစကြာလွှတ်သောအခါ ဗိမ္ဗိသာရမင်းကြီး ကြောက်ရွံ့၍ မြတ်စွာဘုရားထံ ခညွတ်တောင်းပန်သည်၊ မြတ်စွာဘုရားကလည်း မင်းကြီးအား သက်သာရာရစေ၍ ဒေါသ,မာနကြီးလှသော ဇမ္ဗုပတိမင်းကို သူထက်လွန်ကဲ တန်ခိုးကြီးသော ရှင်ဘုရင်အဖြစ် ဝတ်စားဆင်ယင်ဖန်ဆင်း၍ တန်ခိုးတော်ဖြင့် နှိမ်နင်းချွေချွတ်တော်မူသည်၊ နောက်ဆုံး ဇမ္ဗုပတိမင်း မာန,ဒေါသပျောက်၍ မြတ်စွာဘုရားအား တောင်းပန်ရှိခိုးပြီး ရဟန်းပြုသည့် ဝတ္ထုဖြစ်သည်။

ဤဝတ္ထုကို အစွဲပြု၍ ယခုခေတ်တိုင် ဘုရားရုပ်ပွားတော်များကို ရှင်ဘုရင်များ ပုံစံကဲ့သို မကိုဋ်,သရဖူ,စလွယ် အချွန်အတက်များ ဆင်ယင်၍ ကိုးကွယ်ကြသည်ကို တွေ့မြင်ရပေသည်။

(စာမျက်နှာ-ဗ)

ဤဝတ္ထုသည် မြတ်စွာဘုရား တန်ခိုးကြီးသည်ကို ဖော်ပြနိုင်သော်လည်း ထေရဝါဒ ပိဋကတ်စာပေများ၌ မတွေ့မြင် မဖတ်ရှုရဘူးပေ၊ ဆဋ္ဌသံဂါယနာ၏ ဖွားဖက်တော်ဖြစ်သည့် နိုင်ငံတော် ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်၌လည်း ဖော်ပြထားခြင်းမရှိပေ။

အထူးသဖြင့် ဆန်းဆန်းကြယ်ကြယ် ရေးသားဖော်ပြလေ့ရှိသော ပါဠိဗုဒ္ဓဝင်ဖြစ်သော သောတတ္ထကီကျမ်းမှာပင် မတွေ့ရှိရပေ။ ယခုအခါ ပျောက်ကွယ်နေသေးသော ပုဂံခေတ် အရှင်ဉာဏဂမ္ဘီရေးသော တထာဂတုပ္ပတ္တိကျမ်းမှာများ ရှိလေမည်လားဟု ထင်မိပေသည်။

ဤအကြောင်းအရာကိုလည်း ထေရဝါဒ သင်္ဂါယနာဝင် ပိဋကတ်ကျမ်းစာများကို လေးစားရိုသေကြသည့် ရှေး ဆရာတော်များ နှစ်မြို့တော်မူကြလိမ့်မည် မဟုတ်ဟု တွေးမိပေသည်။

(ဂ) နက္ခတ္တပရိစ္ဆေဒ ၁၀-ပါး။ ။ဗုဒ္ဓဝံသပါဠိတော်အဖွင့် ဗုဒ္ဓဝံသ အဋ္ဌကထာ၌ ဂေါတမဗုဒ္ဓဝင်အပြီး၌ ဝေမတ္တခေါ် ထူးခြားချက်များကို ပြဆိုသည်။ ယင်းတို့မှာ-

၁။ အာယုဝေမတ္တ=ဘုရားရှင်တို့၏ အသက်အပိုင်းအခြား ထူးခြားပုံ။
၂။ ပမာဏဝေမတ္တ= အရပ်တော် အတိုင်းအတာ ထူးခြားပုံ၊
၃။ ကုလဝေမတ္တ=အမျိုးအနွယ် ထူးခြားပုံ-

စသည်ဖြင့် ထူးခြားပုံ ဝေမတ္တများကို ၈-မျိုးသာ ပြဆိုထားသည်။ နောက်ထပ် ပြဆိုချက်မရှိချေ။ (ဗုဒ္ဓဝံသ အဋ္ဌကထာ စာမျက်နှာ ၃၄၈။)

တထာဂတဥဒါနဒီပနီ ပဉ္စမတွဲပြီးကာနီး၌မူ နက္ခတ္တပရိစ္ဆေဒ ၁၀-ပါးဟူ၍ မြတ်စွာဘုရားသည် ဘယ်နက္ခတ်နှင့် ယှဉ်၍ဖြစ်သည် စသည်ဖြင့် ၁ဝ-မျိုး ဖော်ပြထားသည်ကို တွေ့ရသည်။ ယင်းပြဆိုချက်မှာလည်း ပါဠိတော်,အဋ္ဌကထာ စသည်၌မရှိပဲ လောကီ ဗေဒင်ပညာဆန်ဆန် ရေးသားသည်ဟုယူဆ၍ လေးစားမှုနည်းခြင်း ဖြစ်လေသလားဟု စဉ်းစားရပြန်သည်။ ဤသည်မှာ ပညာရှိများ အသုံးအစွဲ နည်းခြင်းအကြောင်းကို ထင်မြင်ချက်ပေးခြင်း ဖြစ်ပေသည်။

ဤတထာဂတ ဥဒါနဒီပနီကို ဟံသာဝတီပုံနှိပ်တိုက်က အတွဲ ၅-တွဲခွဲ၍ ရိုက်နှိပ်ထားသည်။ ခရစ်နှစ် ၁၉၅၈-ခုနှစ် ရိုက်သည်။ ၅-တွဲပေါင်းမှာ ရွိုင်အရွယ် စာမျက်နှာ ၁၄၁၅-ရှိသည်။

၂။ မာလာလင်္ကာရ ဗုဒ္ဓဝင်ကျမ်း။ ။မာလာလင်္ကာရကျမ်းမှာ ဗုဒ္ဓဖြစ်တော်စဉ်ကို တုသိတာနတ်ပြည်၌ အလောင်းတော် သေတကေတုနတ်သားဘဝမှ ဘုရားဖြစ်ပြီး ပရိနိဗ္ဗာန်စံတော်မူသည်အထိ ရေးသားပြဆိုသည့်ကျမ်းဖြစ်သည်၊ ရှေးဘုရားရှင်များထံ ဗျာဒိတ်ခံယူပုံ စသည်မပါပေ၊ ပစ္ဆိမဘဝဖြစ်ပျက်ပုံ အကြောင်းအရာအချို့ကိုသာ ကြည်ညိုဖွယ် သဒ္ဓါတရားဖြစ်လောက်အောင် ရေးသားဖော်ပြထားပေသည်။ အတွဲ ၅-တွဲ ပိုင်းခြားရေးသားထားပေသည်။

(စာမျက်နှာ-ဘ)

အတိတ်ကာလ ရှေးဘုရားရှင်များထံ ဗျာဒိတ်ခံခဲ့ပုံ ပါရမီ ၁၀-ပါး, စွန့်ခြင်းကြီး ၅-ပါး, စရိယ ၃-ပါး ဖြည့်ကျင့်ဆည်းပူးခဲ့ပုံများ ပစ္စုပ္ပန်ဘဝ ဒုက္ကရစရိယာကျင့်ပုံ အောင်မြင်သင့်သမျှ အောင်မြင်ပုံများကို အပြည့်အစုံ ရေးသားဖော်ပြခြင်းမရှိပေ။

မာလာလင်္ကာရဟူသော ကျမ်းအမည်ကို မာလာ+အလင်္ကာရဟူ၍ ပုဒ်ခွဲပြီး မာလာ=မြတ်စွာဘုရားဖြစ်တော်စဉ်များကို+ အလင်္ကာရ=တန်ဆာဆင်ယင် ရေးသားထားခြင်းဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုရပေသည်၊ ကျမ်း၏ နိဂုံးဂါထာကို အနက်ပြန်ရာတွင်-

မာလာလင်္ကာရနာမိကော၊ ပါရမီတော် ဘုန်းတော်အစဉ်၏ တန်ဆာသဖွယ်ဖြစ်၍ မာလာလင်္ကာရ အမည်ရှိသော-ဟူ၍ ပြန်ဆိုထားပေသည်။

ဤကျမ်းကို ဒုတိယ မဲထီးဆရာတော် ကဝိဝံသာဘိဓဇ မဟာဓမ္မရာဇဂုရု ဘွဲ့တံဆိပ်တော်ရ အရှင်ကဝိ ရေးသားတော်မူသည်၊ သာသနာနှစ် ၂၃၄၂-ခု ( မြန်မာ သက္ကရာဇ် ၁၁၆၀-ခု)တွင် ရေးပြီးကြောင်း နိဂုံး၌ ရေးသားထားပေသည်။

ဟံသာဝတီပုံနှိပ်တိုက်မှ ဒုတိယအကြိမ် ခရစ်နှစ် ၁၉၆၁-ခုတွင် ရိုက်နှိပ်သည်၊ ရွိုင်အရွယ် စာမျက်နှာ ၃၃၅-ရှိသည်။

၃။ ဇိနတ္ထပကာသနီကျမ်း။ ။ဇိနတ္ထပကာသနီဟူသော ကျမ်းအမည် ရှင်းလင်းချက်ကို ဤနိဒါန်းအစ၌ ဖော်ပြရေးသားပြီး ဖြစ်သည်။ ဤဇိနတ္ထပကာသနီကျမ်း၏ နိဂုံး၌ ကျမ်းပြီးသည့် ခုနှစ်အမှတ်အသားကို ဖေါ်ပြမထားချေ။ သို့သော် ကျမ်းပြုပုဂ္ဂိုလ်မှာ မြန်မာသက္ကရာဇ် ၁၁၇၉-ခုနှစ်တွင် ဖွားမြင်တော်မူပြီး ၁၂၅၆-ခုနှစ်တွင် ပျံလွန်တော်မူကြောင်း သိရပေရာ ဤခုနှစ်အတွင်းမှာ ပြုစုကြောင်းကိုကား မှန်းဆသိနိုင်ပေသည်။

ယင်းသို့ဖြစ်သောကြောင့် ဤဇိနတ္ထပကာသနီကျမ်းကို သိရသမျှ မြန်မာဘာသာရေး ဗုဒ္ဓဝင်ကျမ်းတို့တွင် တတိယမြောက် ၃-နံပါတ်ကျမ်းအဖြစ် ဤနိဒါန်း၌ သတ်မှတ်ဖော်ပြခြင်း ဖြစ်ပါသည်။

ဇိနတ္ထပကာသနီ ကျမ်းပြုဆရာတော်သည် မိမိ ဇိနတ္ထပကာသနီကျမ်းကို မပြုစုသေးမီအခါက ပြုစုပြီးဖြစ်နေသည့် ၁၁၄၃-ကျမ်းပြီး တထတဥဒါနဒီပနီကျမ်းနှင့် ၁၁၆၀-ခုနှစ် ကျမ်းပြီး မာလာလင်္ကာရကျမ်းတို့ကို ကြည့်ရှုလေ့လာတော်မူပြီး ဖြစ်ပေလိမ့်မည်။ ယင်းကျမ်း ၂-ဆူတို့မှာ ဖော်ပြခဲ့သည့်အတိုင်း အားနည်းချက်များ ရှိနေကြပေသည်။ ထင်ရှားအောင် ထပ်မံဖော်ပြရမည်ဆိုလျှင်-

(က) တထာဂတဥဒါနဒီပနီကျမ်းမှာ ထေရဝါဒပိဋကတ်စာပေများ၌ မပါရှိသည့် အကြောင်းအရာများ ထည့်သွင်းရေးသားထားခြင်းကြောင့် ကျယ်လွန်းခြင်း၊
(စာမျက်နှာ-မ)
( ခ) မာလာလင်္ကာရကျမ်းမှာ မြတ်စွာဘုရားရှင်၏ အရေးကြီးသည့် အောင်ပွဲ တရားပွဲများကို မရေးသားပဲ ချန်လှပ်ထားသောကြောင့် ကျဉ်းလွန်းခြင်း-

ဟူသော အားနည်းချက်တမျိုးစီ ရှိနေပေသည်။

ထို့ကြောင့် ကျီးသဲလေးထပ် ဆရာတော်ဘုရားသည် ကျယ်လွန်းသော တထာဂတဥဒါနဒီပနီကျမ်းမှ အားနည်းချက်ဖြစ်သော ထေရဝါဒပိဋကက်တော်မှာ မပါရှိသည့် ဝတ္ထုဇာတ်လမ်း အကြောင်းအရာများကို ပယ်နုတ်၍ အလွန်မကျယ်လွန်းသော ဗုဒ္ဓဝင်ကျမ်းတဆူ ဖြစ်စေရန်လည်း နှလုံးသွင်းတော်မူပေလိမ့်မည်။ ကျဉ်းလွန်းသော မာလာလင်္ကာရကျမ်း၏ အားနည်းချက်ကို ပယ်ဖျက်သောအားဖြင့် လိုအပ်နေသော မြတ်စွာဘုရားရှင်၏ အောင်ပွဲများ တရားပွဲများကို ထည့်သွင်းကာ အလွန်မကျဉ်းလွန်းသာ ဗုဒ္ဓဝင်ကျမ်းတဆူ ဖြစ်စေရန်ကိုလည်း နှလုံးသွင်းတော်မူပေလိမ့်မည်။ ဤသို့ မကျယ်လွန်း မကျဉ်းလွန်း အလယ်အလတ် ဤဇိနတ္ထပကာသနီအမည်ရှိ ဗုဒ္ဓဝင်ကျမ်းကို ပြုစုတော်မူခြင်း ဖြစ်သည်ဟု မှန်းဆရပေသည်။ မှန်ပေသည်၊ ကျမ်းပမာဏကို နှိုင်းစာလိုက်လျင် ရွိုင်အရွယ်ဖြင့်---

တထာဂတဥဒါနဒီပနီကျမ်းမှာ စာမျက်နှာ ၁၄၁၅-ရှိသည်။
မာလာလင်္ကာရကျမ်းမှာ စာမျက်နှာ ၃၃၅-ခဲ့သည်။
ဤဇိနတ္ထပကာသနီကျမ်းမှာ စာမျက်နှာ ၈၂၀။ ဆဋ္ဌအရွယ် ၅၇၂-ရှိသည်။

ဤသို့ စာမျက်နှာ အလယ်အလတ်ရှိသည်ကို ထောက်ခြင်းဖြင့်လည်း ကျမ်းပမာဏ အလယ်အလတ်ရှိသည်ကို သိနိုင်သည်။

အဓိပ္ပာယ် သဘောတရားဘက်မှ ကြည့်လျှင်လည်း တထာဂတဥဒါနဒီပနီကျမ်းမှာ ပြဆိုသည့် ဝသုန္ဒြေ မြေစောင့်နတ် ဆံရေညှစ်ခန်း၊ ဇမ္ဗုပတိချွတ်ခန်းစသည် ထေရဝါဒ ပိဋကတ်စာပေ၌ မပါရှိသော အကြောင်းများကိုလည်း ထည့်သွင်းရေးသားခြင်း မရှိချေ၊ မာလာလင်္ကာရကျမ်းမှာမပါရှိသည့် ရှေးဘုရားရှင်တို့ထံ ပါရမီတော် ၁၀-ပါး၊ စွန့်ခြင်းကြီး ၅-ပါး၊ စရိယ ၃-ပါး ဖြည့်ကျင့်ခဲ့ပုံများနှင့် အောင်ပွဲ တရားပွဲများကိုလည်း တထာဂတဥဒါနဒီပနီကျမ်းလောက် မကျယ်ဝန်းသော်လည်း အသင့်အတင့် မှန်းနိုင်အောင် ထည့်သွင်း ရေးသားထားပေသည်။

တထာဂတဥဒါနဒီပနီနှင့် မာလာလင်္ကာရ ၂-ကျမ်းလုံး၌ ပါဝင်သည့် မှတ်သားဖွယ်ကောင်းသည့် အချက်အလက်များလည်း ပါဝင်ပေသည်၊ အကျဉ်းချုပ်မျှ ဖော်ပြရလျှင်-

(က) တင်ပြချက်၊
(ခ) ကျမ်းညှိချက်များ၊
(ဂ) ဆုံးဖြတ်ချက်များ၊
(ဃ) မှတ်ချက်များ၊
(င) ကျမ်းညွှန်းများ၊

စသည်တို့ကိုလည်း အလျဉ်းသင့်သလို ထည့်သွင်းရေးသား ဖော်ပြထားခြင်းပင် ဖြစ်ပေသည်။

(စာမျက်နှာ-ယ)

ထင်ရှားစေအံ့--

တင်ပြချက်။ ။စိန္တိတံ သတ္တသင်္ချေယျံ-စသော သောတတ္ထကီကျမ်းအဆိုကို လက်ခံသင့်ကြောင်း အပဒါန်အဋ္ဌကထာကို ကိုးကား၍ ဤကျမ်း စာမျက်နှာ ၂-မှစ၍ တင်ပြဆွေးနွေးထားပေသည်။

ကျမ်းညှိချက်။ ။သုဒ္ဓေါဒနမင်းကြီး၏ ဆရာရသေ့ကြီးအမည်ကို ကာဠဒေဝီလရသေ့ကြီး ဟူသောအမည်ဖြင့် ဗုဒ္ဓဝင်အဋ္ဌကထာ စသည်၌ ဖော်ပြသည်၊ ဤကျမ်း၌လည်း ဤအတူပင် ကာဠဒေဝီလဟုပင် ဖော်ပြသည်။ သို့သော် သုတ္တနိပါတ်အဋ္ဌကထာ၌ အသိတရသေ့ဟု ဆိုသည်။ ဤသည်မှာ ငယ်မည်ကိုစွဲ၍ ခေါ်ခြင်းဖြစ်သည်။ ၂-မျိုးကွဲလွဲ မှားယွင်းသည်ဟု မမှတ်စေရန် ဤကျမ်း စာမျက်နှာ ၁၂-၌ ကျမ်းညှိဖော်ပြထားသည်။

ဆုံးဖြတ်ချက်။ ။မြတ်စွာဘုရားမယ်တော် မဟာမာယာဒေဝီ နတ်ရွာစံသောအခါ တုသိတာနတ်ပြည်၌ နတ်သမီးဖြစ်သည်ဟု ကျမ်းငယ်များ၌ ပြဆိုကြသည်။ နတ်သမီးမဟုတ်၊ နတ်သားဖြစ်ကြောင်း အဋ္ဌကထာကြီးများကို ကိုးကား၍ ဤကျမ်း စာမျက်နှာ၁၄-၌ ဆုံးဖြတ်ချက် ချမှတ်ထားပေသည်။

မှတ်ချက်။ ။မောနေယျအကျင့် ကျင့်သူသည် ဘုရားတဆူပွင့်လျှင် တပါးပေါ်သည်၊ ဥက္ကဋ္ဌအမျိုးမှာ ၇-ရက် အသက်ရှည်သည်၊ မဇ္ဈိမအမျိုးမှာ ၇-လ အသက်ရှည်သည်၊ မုဒုအမျိုးအစားမှာ ၁၂-နှစ် အသက်ရှည်သည်၊ ဤဂေါတမဘုရားလက်ထက်ပေါ်သော နာလကထေရ်သည် ဥက္ကဋ္ဌဖြစ်၍ ၇-ရက် အသက်ရှည်သည်ဟု မှတ်ချက်ရေးသားထားသည်ကို ဤကျမ်း စာမျက်နှာ ၁၂-၌ တွေ့ရပေသည်။

ကျမ်းညွှန်း။ ။ဤကျမ်း စာမျက်နှာ ၁ဂ-၁၉-၌ အလောင်းတော် ပျော်စံရန် ရေကန်ကြီး ၄-ကန်ကို မြို့လေးမျက်နှာ၌ တူးထားကြောင်း အကျယ်တဝင့် ရေးသားထားသည်။ ယင်းရေးသားချက်သည် အင်္ဂုတ္တိုရ်အဋ္ဌကထာမှ ယူရေးကြောင်း ဤကျမ်း စာမျက်နှာ၁၉-၌ ကျမ်းညွှန်းထားပေသည်။

ဤသို့ စသည်ဖြင့် မှတ်သားဖွယ် ကျမ်းညှိချက်, ဆုံးဖြတ်ချက်, မှတ်ချက်, ကျမ်းညွှန်းများမှာ ဖော်ပြမကုန်နိုင်အောင် ဤကျမ်းမှာ ပါဝင်ပေသည်။

ယင်းသို့ ကျမ်းအတိုင်းအတာဖြင့်ဖြစ်စေ, အဓိပ္ပာယ်သဘောအားဖြင့်ဖြစ်စေ, မှတ်သားဖွယ် အချက်အလက်များအားဖြင့်ဖြစ်စေ အလယ်အလတ်ကျ၍ ကောင်းမြတ်လှသောကြောင့် ပုံနှိပ်တိုက်ပေါင်း မည်မျှက အကြိမ်ပေါင်းမည်မျှ, အုပ်ရေပေါင်းမည်မျှ ဖြန့်ချီခဲ့သည်ကို ဖော်ပြရန်ပင် မစွမ်းနိုင်အောင် ရှိပေသည်။

သေချာသည့် တခုတည်းသောအချက်ကို ဖော်ပြရမည်ဆိုလျှင်ကား သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်က ဤဇိနတ္ထပကာသနီကျမ်း ဆဋ္ဌသံဂါယနာအရွယ်ဖြင့် အုပ်ရေ ၅၀၀၀-ကို ယခု ပထမ

(စာမျက်နှာ-ရ)

အကြိမ် ရိုက်နှိပ်ခြင်းဖြစ်ပါသည်။ အဘယ်အကြောင်းကြောင့် ရိုက်နှိပ်သည်ကို ဗုဒ္ဓဝင်ကျမ်းများအကြောင်း ရေးပြီးမှ ဆက်၍ဖော်ပြပါအံ့။

၄။ ဇမ္ဗူ့မိတ်ဆွေ မဟာဗုဒ္ဓဝင်။ ။ဇမ္ဗူ့မိတ်ဆွေ မဟာဗုဒ္ဓဝင်ဟူသော အမည်သည် စာပုံနှိပ်တိုက်၏ အမည်ကိုစွဲ၍မှည့်ခေါ်သော အမည်ဖြစ်သည်။ ရှေးအမည်ရင်းမှာ ဗုဒ္ဓဝင်ပါဠိတော်နိဿယသစ်ပင် ဖြစ်သည်။ ရှေးက အရှင်သဒ္ဓမ္မဇောတနိဿယနှင့် အရှင်သာရဒဿီ နိဿယ ၂-စောင် ရှိဖူးသောကြောင့် ဗုဒ္ဓဝင်ပါဠိတော်နိဿယသစ်ဟု အမည်ခံယူသည်။

ဤကျမ်းကို ရှေးနိဿယများကဲ့သို့ အနက်ယောဇနာရုံ မဟုတ်ပဲ စကားပြေလည်း ထည့်သွင်းရေးသားထားသည်။ မန္တလေးခေတ်၌ ငါးခုံဆရာတော် အရှင်အာဒိစ္စဝံသ ပြုစုတော်မူသည်။ နှစ်ကျိပ်လေးဆူ ကဿပဗုဒ္ဓဝင်အထိသာ ပါရှိသည်။

ဇမ္ဗူ့မိတ်ဆွေစာပုံနှိပ်တိုက်က ၁၂၉၆-ခုနှစ်တွင် ပေမူမှ စက္ကူမူအဖြစ် ပုံနှိပ်သည်။ ပ-ဒု-တ ၃-တွဲခွဲ၍ ရိုက်နှိပ်သည်၊ ရွိုင်အရွယ် စာမျက်နှာ ၆၈၀-ခန့် ရှိသည်။

၅။ မူလဗုဒ္ဓဝင်ဝတ္ထုကျမ်း။ ။မူလဗုဒ္ဓဝင်ကျမ်းမှာ ဗုဒ္ဓဝံသပါဠိတော် အဋ္ဌကထာ၊ သောတတ္ထကီစသော ရှေးဦးစွာ ပေါ်ပေါက်ခဲ့သည်။ ဗုဒ္ဓဝင်ကျမ်းများကို ကြည့်ရှုပြီး အကျဉ်းချုပ် ရေးသားထားသည်ဟု ထင်မှတ်ပေသည်။ အကျဉ်းချုပ်လွန်းသောကြောင့် ပါသင့်သည့် မြတ်စွာဘုရားဖြစ်တော်စဉ် တော်တော်များများ ကြွင်းကျန်နေပေသည်။

အကယ်၍သာ ပါဠိမြန်မာ ဗုဒ္ဓဝင်ကျမ်းကြီးများမှ ယူသင့်သမျှယူ၍ ပယ်သင့်သမျှပယ် ကျဉ်းသင့်သမျှကျဉ်းလိုက်မည်ဆိုပါလျှင် အားကိုးထိုက်သည့် ဗုဒ္ဓဝင်ကျမ်းကြီးတဆူ ဖြစ်လာနိုင်ပေသည်။

ယခု မူလဗုဒ္ဓဝင်မှာမူ ကျမ်းပြုသူအမည်၊ ကျမ်းဦးပဏာမ၊ နိဂုံးများမပါပဲ ၁၂၆ဝ-ပြည့်နှစ် ရေးပြီးကြောင်းသာ ပါရှိပေသည်။ ဟံသာဝတီပုံနှိပ်တိုက်မှ ခရစ်နှစ် ၁၉၅၈-မှာ ရိုက်နှိပ်သည်။ ရွိုင်အရွယ် စာမျက်နှာ ၁၇ဝ-ရှိသည်။

၆။ ခုနစ်နေ့ဗုဒ္ဓဝင်ဘုရားရှိခိုး။ ။ခုနစ်နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုးမှာ နေ့ခုနစ်နေ့ ရှိရာတွင်-

၁။ ကြာသပတေးနေ့၌ မြတ်ဘုရားအလောင်းတော် ပဋိသန္ဓေယူသည်။
၂။ သောကြာနေ့၌ မြတ်ဘုရားအလောင်းတော် ဖွားမြင်တော်မူသည်။
၃။ တနင်းလာနေ့၌ မြတ်စွာဘုရားအလောင်းတော် တောထွက်တော်မူသည်။
၄။ ဗုဒ္ဓဟူးနေ့၌ မြတ်စွာဘုရား သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်အဖြစ်သို့ ရောက်သည်။
၅။ စနေနေ့၌ မြတ်စွာဘုရား ဓမ္မစကြာတရားကို ဟောတော်မူသည်။
၆။ အင်္ဂါနေ့၌ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူသည်။
၇။ တနင်္ဂနွေနေ့၌ မြတ်စွာဘုရား၏ ရုပ်ကလာပ်တော် တေဇောဓာတ်မီးလောင်တော်မူသည်-
(စာမျက်နှာ-လ)

ဟူသော နေ့စဉ်အလိုက် မြတ်ဗုဒ္ဓရှင်တော်ဘုရား၏ ဖြစ်တော်စဉ်ကို ဘုရားရှိခိုး လင်္ကာစီကုံး၍ထားသည့် ဗုဒ္ဓဝင်ဖြစ်သည်။

လယ်တီဆရာတော်ဘုရားကြီး ရေးသားပြုစုတော်မူ၍ ခုနစ်နေ့ ဗုဒ္ဓဖြစ်စဉ်ကို တိတိကျကျ ပေါ်လွင်ထင်ရှားအောင် ဖော်ပြနိုင်ပေသည်။ လင်္ကာများ ချောမွေ့သာယာ၍ ကြည်ညိုဖွယ်အဓိပ္ပာယ် အလွန်ဆောင်ပေသည်။ ယင်းတွင်-

ဗုဒ္ဓဝင်လင်္ကာ ၇-ပုဒ်၊
ဘုရားရှိခိုးလင်္ကာ ၁-ပုဒ်၊
ဆုတောင်းလင်္ကာ ၆-ပုဒ်၊
ပေါင်း-လင်္ကာ ၁၄-ပုဒ် ဖြစ်သည်။

ဤခုနစ်နေ့ဗုဒ္ဓဝင် ဘုရားရှိခိုးလာ ၁၄-ပုဒ်မှာ မြတ်ဗုဒ္ဓရှင်တော်ဘုရား ဖြစ်တော်စဉ်ကို ကျဉ်းကျဉ်းဖြင့် လိုရင်းပါအောင် ရေးထားသော သာယာချောမွေ့သော လင်္ကာများဖြစ်ပေရာ ဗုဒ္ဓဘာသာအခြေပြုဖြစ်ရန် ဗုဒ္ဓဘာသာဝင်တိုင်း လေ့လာကျက်မှတ်ထားသင့်သည့် ဗုဒ္ဓဝင်ကျမ်းတဆူအဖြစ် မော်ကွန်းတင်ထိုက်လှပေသည်။

၇။ သုဓမ္မဝတီဗုဒ္ဓဝင်ဝတ္ထု။ ။ဗုဒ္ဓဝင်ကို နဘေထပ် ကာရန်မိသော စကားပြေဖြင့် သံပေါက်ကဗျာ, ရှစ်လုံးဘွဲ့ကဗျာများတန်ဆာဆင်၍ ရေးသားထားသည်။ သုဓမ္မဝတီ စာပုံနှိပ်တိုက်က ရိုက်နှိပ်သောကြောင့် သုဓမ္မဝတီဗုဒ္ဓဝင်ဝတ္ထု-ဟု အမည်ပေးထားသည်။ တတိယအကြိမ်ရိုက်နှင့် ဆဋ္ဌမအကြိမ်ရိုက် ၂-မျိုးတွေ့ရ၍ ဖတ်ရှုလေ့လာကြည့်ရာ ဘယ်အကြိမ်ရိုက်မှာမှ ကျမ်းပြုပုဂ္ဂိုလ်အမည် မတွေ့ရှိရပေ။

မကြာလွန်းလှသောအချိန်က ရေးသားပြုစုပြီး ရိုက်နှိပ်သည့် ဗုဒ္ဓဝင်ကျမ်းတဆူမှာ ကျမ်းပြုသူအမည် မဖော်ပြသည်မှာ စာပေရှင်များအတွက် စဉ်းစားတွေးတောရန် အကွက်တခု ဖြစ်နေပေသည်။ ရွိုင်အရွယ်ဖြင့် စာမျက်နှာ ၅၁၂-ရှိသည်။

၈။ ရုပ်စုံဗုဒ္ဓဝင်။ ။ရုပ်စုံဗုဒ္ဓဝင်ဟူသော အမည်နှင့်လိုက်အောင်ပင် မြတ်ဗုဒ္ဓရှင်တော်ဘုရား၏ ဖြစ်တော်စဉ်များကို လက်ရာမြောက်လှသော သရုပ်ဖော် ပန်းချီရုပ်ပုံများဖြင့်ရေးဆွဲဖော်ပြထားပေသည်။

စာသားကို အဂ္ဂမဟာပဏ္ဍိတ တောင်မြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ရေးသားပြီး ယင်းစာသားအရ သရုပ်ဖော် ပန်းချီပုံများကို နိုင်ငံကျော် ပန်းချီဆရာကြီး ဦးဘကြည်က ရေးဆွဲသည်။ ရုပ်ပုံပေါင်း ၅၆-ပုံပါရှိသည်။

ဤကျမ်းသည် ဗုဒ္ဓ၏ ဖြစ်တော်စဉ်များကို ရုပ်ပုံများ ကြည့်ရှုပြီး သဘောပေါက်နားလည်ကာ အသဲစွဲအောင် မှတ်မိစေသည့် ဗုဒ္ဓသာသနာပြု ကျမ်းတဆူဖြစ်သည်။ ဗုဒ္ဓဘာသာကလျာဏယုဝ-ခေါ် ဝိုင်အမ်ဘီအေအသင်းကြီးက တာဝန်ခံ၍ ဖြန့်ချိသည်။

(စာမျက်နှာ-ဝ)

၉။ ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်။ ။ဤဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်ကျမ်းသည် ပေါ်ထွက်ခဲ့သမျှ ဗုဒ္ဓဝင်ကျမ်းများတွင် နောက်ဆုံးပေါ်ထွက်သော ကျမ်းဖြစ်သောကြောင့် နောက်ဆုံးပိတ် အိတ်နှင့်လွယ်ဟူသော မြန်မာစကားပုံအတိုင်း အစုံလင်ဆုံး အကြီးမားဆုံး အကောင်းဆုံး ဗုဒ္ဓဝင်ကျမ်းကြီး ဖြစ်သည်။

ဤဗုဒ္ဓဝင်ကျမ်းကြီးကို ယခု နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် အဂ္ဂမဟာပဏ္ဍိတ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသက ဗုဒ္ဓရှင်တော်ဘုရားအကြောင်းမှန်လျှင် အပ်ကျသည်မှ မကျန်အောင် ပြုစုတော်မူခဲ့ခြင်း ဖြစ်သည်။ ရှေးက ရေးခဲ့သော ဗုဒ္ဓဝင်ကျမ်းများ၏ ရေးသားချက်များမှ သင့်လျော်သည့် ဗုဒ္ဓအကြောင်းများကို ပါဝင်စေလျက်၊ မပါဝင်သင့်သော အကြောင်းများကို ဖယ်ရှားပြီး ပါဠိတော်, အဋ္ဌကထာ, ဋီကာ, အာစရိယဝါဒများကိုပါ ဖော်ပြလျက် ကျယ်ကျယ်ဝန်းဝန်းရေးသားသည်ကို လေ့လာဖတ်ရှုရသည်။ ခဲရာခက်ဆစ်များကို နောက်ဆက်တွဲ အနုဒီပနီဖွင့်၍ ဖြေရှင်းရေးသားသည်။

ဤဗုဒ္ဓဝင်ကျမ်းကြီးကို ပဌမတွဲ ပဌမပိုင်း၊ ပဌမတွဲ ဒုတိယပိုင်း၊ ဒုတိယတွဲ၊ တတိယတွဲ စတုတ္ထတွဲ၊ ပဉ္စမတွဲ၊ ဆဋ္ဌမတွဲ ပဌမပိုင်း၊ ဆဋ္ဌမတွဲ ဒုတိယပိုင်းဟူ၍ အတွဲ ၆-တွဲ အုပ်ရေ ဂ-အုပ် ရိုက်နှိပ်ထားသည်၊ ရွိုင်အရွယ်ဖြင့် စာမျက်နှာ ၄၆၀၃-ရှိသည်။

ဇိနတ္ထပကာသနီ ရိုက်နှိပ်ခြင်းအကြောင်း

မဟာဗုဒ္ဓဝင် အသုံးများခြင်း။ ။ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်ကျမ်းကြီးကား သာသနာတော်တဝက်၌ ဆဋ္ဌသံဂါယနာ ဖွားဘက်တော်အဖြစ် ပေါ်ထွက်လာသော ကျမ်းကြီးတဆူ ဖြစ်ပေရာ တတိုင်းလုံး တပြည်လုံး အုံးအုံးထအောင် ရဟန်းပညာရှိ, လူပညာရှိများ ဝယ်ယူကြည့်ရှုကြပေသည်။ သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်မှာ ဗုဒ္ဓဝင်ကျမ်းတခုတည်းကိုပင် ရိုက်နှိပ်၍ မနိုင်နိုင်အောင်ပင် ဖြစ်နေသည်။ ရှေ့အတွဲများစုံလျှင် နောက်အတွဲများ ကုန်နေတတ်၍ နောက်အတွဲများ စုံလျှင်လည်း ရွှေအတွဲများ ကုန်နေတတ်ပြီး ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်သဖွယ် စုံတယ်,ကုန်တယ်၊ ကုန်တယ်,စုံတယ် ချာချာလည်နေတတ်ပေသည်။

မဟာဗုဒ္ဓဝင်အကျဉ်းချုပ်။ ။ဤတွင် သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များ တိုက်တွန်းနှိုးဆော်လိုက်လေသည်ဟု ထင်မှတ်ရအောင် သာသနာရေးဦးစီးဌာန အကြီးအကဲပုဂ္ဂိုလ်များ စိတ်သန္တာန်၌ သမ္မာသင်္ကပ္ပ ကောင်းမြတ်လှသည့် အကြံအစည်တခု ပေါ်ပေါက်လာခဲ့ပေသည်။ ယင်းမှာ-

ဤဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်ကျမ်းကြီးသည် အတွဲလည်း များသည်။ တန်ဖိုးလည်း ကြီးမားသည်၊ လေးနက်သော အဓိပ္ပါယ်သဘောများလည်း ပါသည်။ စကားလုံးနှင့် ဝါကျဖွဲ့ထုံးများလည်း အထက်တန်းကျ မြင့်လွန်းလှသည်။ ထိုကြောင့် ပညာရှင်များ ငွေကြေးပေါများသူများသာ ဝယ်ယူဖတ်ရှု နားလည်နိုင်သည်။

အကယ်၍များ အတွဲလည်း မများသည့် တန်ဖိုးလည်း မများသည့် ပေါ်လွင်သော အဓိပ္ပာယ်သဘောများပါသည့် သိလွယ်သော စကားလုံး ဝါကျဖွဲ့ထုံးများဖြင့် အလယ်

(စာမျက်နှာ-သ)

အလတ်တန်းစား ရေးသားပြုစုထားသည့် ဗုဒ္ဓသာသနမဟာဗုဒ္ဓဝင်ကျမ်းကြီး၏ အကျဉ်းချုပ်သဘောဖြစ်၍ လူတိုင်း ဝယ်ယူဖတ်ရှု နားလည်နိုင်သော ဗုဒ္ဓဝင်ကျမ်းတဆူ ရိုက်နှိပ်ဖြန့်ဝေရပါမူ ဗုဒ္ဓဖြစ်စဉ် ဗုဒ္ဓဝင်ကို ပို၍ လူသိများပြီး ဗုဒ္ဓသာသနာတော် ပို၍ ထွန်းကားပွင့်လင်းလာနိုင်ပေမည်-ဟူသော-အကြံအစည်ပင် ဖြစ်ပေသည်။

ယင်းသို့ ဖြစ်ပေါ်လာသည့် အကြံအစည်အားလျော်စွာ ယင်းကြံစည်ချက်နှင့် ကိုက်ညီသည့် ရှေးကရှိပြီးသော ဗုဒ္ဓဝင်ကျမ်းများကို လေ့လာကြည့်သောအခါ ဤရွှေတောင်မြို့ ကျီးသဲလေးထပ် ဆရာတော်ဘုရား ရေးသားပြုစုသည့် ဇိနတ္ထပကာသနီကျမ်းကို တွေ့ရှိရပေသည်။ ဇိနတ္ထပကာသနီကျမ်းသည် ယင်းကြံစည်ရည်မှန်းချက်များနှင့်လည်း ကိုက်ညီသည်။ ထို့ပြင်-

(က) ကျမ်းပမာဏ မကြီးလွန်း မငယ်လွန်း အလယ်အလတ်ဖြစ်သည်။
( ခ) ထေရဝါဒ ပိဋကတ်စာပေများနှင့် ဆန့်ကျင်သော သဘောအဓိပ္ပါယ်မပါ၊ သိသင့်သမျှ ဗုဒ္ဓအကြောင်းအရာများလည်း မကြွင်းမကျန် ပြည့်စုံစွာပါ၍ အဓိပ္ပါယ်အားဖြင့် အလယ်အလတ်စားပင် ဖြစ်သည်။
( ဂ) ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်ကို အကျဉ်းချုပ်ရေးသားထားသည်ဟု ထင်ရလောက်အောင် တူညီသည်။ အကျယ်နှင့် အကျဉ်းသာ ကွာခြားသည်။
(ဃ) တချိန်က မြန်မာနိုင်ငံအစိုးရ ပညာရေးဌာနက ကျောင်းသားလူငယ်များနှင့် သင့်လျော်ကိုက်ညီသောကြောင့် ကျောင်းသုံးအဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့ဘူးသည်-

ဟူသော အကြောင်းအင်္ဂါများနှင့် ပြည့်စုံသောကြောင့် ဇိနတ္ထပကာသနီကျမ်းကို ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်ကျမ်းကြီး၏ ရှေးဦးသင်ကျမ်းအဖြစ် ရိုက်နှိပ်ဖြန့်ချီရန် သတ်မှတ်ဆုံးဖြတ်လိုက်ကြသည်။

ကျမ်းပြုပုဂ္ဂိုလ် စွမ်းအား။ ။ထို့ပြင် အဓိကကျသော အကြောင်းတခုကို ဖော်ပြရမည်ဆိုလျှင် ဤဇိနတ္ထပကာသနီကျမ်းကို ရေသားပြုစုသူမှာ ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော် အရှင်မုနိန္ဒာဘိဓဇ ဖြစ်သည်။ ဆရာတော်သည် သမိုင်းဝင်ကျမ်းများဖြစ်သည့်-

စွယ်စုံကျော်ထင် အဖြေကျမ်း၊
အစိန္တေယျ ဘုရားရှိခိုးကြီး၊
မနောရထပူရဏီကျမ်း၊
မဟာဝံသ မြန်မာပြန်ကျမ်း-

စသည့်-များစွာသော ကျမ်းကြီးများကိုလည်း ပြုစုတော်မူခဲ့ပေရာ ဤသို့သော ကျမ်းပြုစုသည့်စွမ်းအားကို ထောက်ဆ၍လည်း ဤဇိနတ္ထပကာသနီကျမ်းသည် ကောင်းမြတ်သော ဗုဒ္ဓဝင်ကျမ်းတဆူ ဖြစ်နိုင်လိမ့်မည်ဟု စိတ်ချယုံကြည်သောကြောင့်လည်း တိုင်းပြည်သို့ သာသနာပြုကျမ်းတစောင်အဖြစ် ရိုက်နှိပ်ထုတ်ဝေခြင်း ဖြစ်ပေသည်။

(စာမျက်နှာ-ဟ)

ပြင်ဆင်မွမ်းမံခြင်း။ ။ဆုံးဖြတ်ချက်ချသည်နှင့်အညီ ရိုက်နှိပ်မည်ရှိသောအခါ ရှေးနှစ်ပေါင်းတရာခန့်က ရေးသားထားသည့် ဇိနတ္ထပကာသနီကျမ်းကို ယခုခေတ်လူသားများ ဖတ်ရှုလွယ်ကူစေရန် စာမူပြင်ဆင်မွမ်းမံမှုပြုရသည်။

၁။ စာပိုဒ်ရှည်ကြီးများ အနေတော်ပိုင်းဖြတ်ခြင်း၊
၂။ ဆီလျော်သည့် ထိပ်ခေါင်းစီးများ တပ်ခြင်း၊
၃။ ဆီလျော်သည့် ဘေးခေါင်းစည်းများ တပ်ခြင်း၊
၄။ စာလုံး အဖြူ အမဲ၊ ပွိုင့်အကြီး,အသေး ခွဲခြင်း၊
၅။ ဒေါင့်ကွင်း လက်သည်းကွင်းများ သုံးခြင်း၊
၆။ မာတိကာစဉ်များ ရေးထည့်ခြင်း၊
၇။ မှတ်သားဖွယ် အက္ခရာစဉ်များ ထည့်ခြင်း၊
၈။ နာမည်အက္ခရာစဉ်များ ထည့်ခြင်း၊
၉။ သိမှတ်ဖွယ် နိဒါန်းသွယ်ခြင်း-

စသည့်-ခေတ်မီသော ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်၍ ဆဋ္ဌသံဂါယနာအရွယ်အစား စာအုပ်ကြီးဖြင့် ရိုက်နှိပ်သည်။

ယခုအခါ၌ အဖက်ဖက်မှ ကောင်းမွန်ပြည့်စုံအောင် မွမ်းမံပြင်ဆင်ထားသော ဇိနတ္ထပကာသနီကျမ်းကြီးသည် စာရှုသူ၏လက်ဝယ်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။

ဤဇိနတ္ထပကာသနီကျမ်းဟူသည် မြန်မာလိုအပ္ပါယ်မှာ အောင်နိုင်သူ အောင်ပွဲရှင် မြတ်စွာဘုရား၏ အကြောင်းအရာများကို ပြဆိုသော ကျမ်းတဆူဖြစ်ကြောင်းကိုလည်း ဤနိဒါန်း၌ပင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

ကျမ်းအမည်နှင့် လိုက်လျောညီစွာပင် အောင်ပွဲရှင် မြတ်ဗုဒ္ဓရှင်တော်ဘုရား၏ အောင်ပွဲဆင်တော်မူပုံ အကြောင်းအရာများနှင့် အောင်ပွဲဝင်ကျင့်စဉ်များကို အပြည့်အစုံ ဖော်ပြထားသည်ကို တွေ့ရှိဖတ်ရှုရမည် ဖြစ်ပေသည်။

ယင်းရေးသားချက် မှန်ကန်ခြင်းကို အနည်းငယ်မျှ ဖော်ပြရလျှင် အောင်ပွဲရှင် မြတ်ဗုဒ္ဓရှင်တော်ဘုရား၏ ဒေဝပုတ္တမာရ်-စသော အောင်သင့်သမျှ အောင်ပွဲရသည့် အကြောင်းအရာ အပြည့်အစုံကို ဤကျမ်းစာမျက်နှာ ၃၁-စသည်၌ ရေးသားဖော်ပြထားသည်ကိုလည်း တွေ့မြင်ဖတ်ရှုနိုင်ပေသည်။

အောင်ပွဲရှင် မြတ်စွာဘုရား၏ အောင်ပွဲငင် ကျင့်စဉ်ဖြစ်သော ပါရမီတော် ၁၀-ပါး၊ စွန့်ခြင်းကြီး ၅-ပါး၊ စရိယ ၃-ပါး၊ အင်္ဂါ ၄-ပါးရှိသော ဝီရိယတရားစသော ဣဒ္ဓိပါဒ်တရား၊ ဗောဓိပက္ခိယ တရားများအကြောင်းကိုလည်း ဤကျမ်းစာမျက်နှာ ၃၈-စသည်၌ ရေးသားထားသည်ကိုလည်း ဖတ်ရှုရမည် ဖြစ်ပေသည်။

(စာမျက်နှာ-ဠ)

လောကသဘာဝနည်းအရဆိုလျှင် ကတိုးစသော အမွှေးနံ့သာထုပ်သည် ပိုးပဝါစသည်၌ ကတိုးစသည်၏ မွှေးရနံ့များ သင်းပျံ့ကြိုင်လှိုင်အောင် ကူးစက်တတ်ပေသည်။

ဗုဒ္ဓ၏ သုတ္တန်ဒေသနာနည်းအရဆိုလျှင် “ကြံစည်တွေးဆ၍ မရနိုင်လောက်အောင် ထူးခြားဆန်းကြယ် ကြီးကျယ်များပြားသည့် မြတ်စွာဘုရားနှင့် မြတ်စွာဘုရား၏ ဂုဏ်တော်များ၌ ကြည်ညိုမှုသဒ္ဓါတရား ဖြစ်ပွားသူတို့မှာ ကြံစည်တွေးဆ၍ မရနိုင်လောက်သည့် ကောင်းကျိုးတရားများ ရရှိနိုင်သည်”ဟူ၍ အပဒါန်ပါဠိတော် ပဌမတွဲ စာမျက်နှာ ၇-၌ ဟောတော်မူသည်။

ထို့ပြင်လည်း “မြတ်စွာဘုရားဂုဏ်တော်ကို အောက်မေ့၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများကြလော့၊ ယင်းဗုဒ္ဓါနုဿတိဘာဝနာကို ပွားများခြင်းကြောင့် စိတ်၏ အလိုဆန္ဒ ပြည့်ဝကြကုန်လတ္တံ့”ဟူ၍လည်း အပဒါန်ကျမ်း ပဌမတွဲ စာမျက်နှာ ၇၆-၌ ဟောကြားတော်မူချက် ရှိပေသေးသည်။

အဘိဓမ္မာနည်းအရ ဆိုပြန်လျှင်လည်း- မြတ်စွာဘုရား အောင်ပွဲဆင်မှု ဂုဏ်တော်စုကို သိရှိရပြီး စေတနာ,သဒ္ဓါ ကြီးမှူးသည့် ကုသိုလ်တရားများ ဖြစ်ပွားနိုင်သည်။ မြတ်စွာဘုရား၌ ယုံကြည်အားကိုးမှု စေတနာ,သဒ္ဓါတရား ဖြစ်ပွားသောအခါ မြတ်စွာဘုရား၏ အောင်ပွဲဝင် ကျင့်စဉ်များဖြစ်သည့် ပါရမီ ၁၀-ပါး၊ စွန့်ခြင်းကြီး ၅-ပါး၊ စရိယ ၃-ပါး၊ အင်္ဂါ ၄-ပါးရှိသည့် ဝီရိယစသော ဣဒ္ဓိပါဒ်တရား၊ ဗောဓိပက္ခိယတရားများ အပါအဝင် အဓိပတိ, ဥပနိဿယ, ဗလဝကမ္မ, အာသေဝန, အာဟာရ, ဣန္ဒြိယ, ဈာန, မဂ္ဂစသော ပဋ္ဌာန်းပစ္စည်း တပ်နိုင်သည့် ကုသိုလ်တရားကြီးများ ဖြစ်ပွားနိုင်သည်၊ ယင်းကုသိုလ်တရားကြီးများ၌ ဆန္ဒ, ဝီရိယ, စိတ္တ, ပညာဟူသော အဓိပတိကိစ္စတပ်သည့် ဣဒ္ဓိပါဒ်စသော အကြောင်းပစ္စည်းတရားများ ပါဝင်ပေရာ အဆက်ဆက် အဆင့်ဆင့် ကျေးဇူးပြုသောကြောင့် လောကီလောကုတ္တရာ လိုရာရာအောင်မြင်မှုသိဒ္ဓိ အကျိုးပစ္စယုပ္ပန်တရားများ ဖြစ်ပေါ်ရရှိနိုင်ပေသည်။

ယင်းသို့ ဖော်ပြခဲ့သော အကြောင်းအထောက်အထားများကို အောက်မေ့ဆင်ခြင်လျက် အောင်ပွဲရှင် မြတ်ဗုဒ္ဓဘုရားသခင်၏ ဖြစ်တော်စဉ် ဗုဒ္ဓဝင်ကိုပြဆိုရာ ဤဇိနတ္ထပကာသနီကျမ်းကို လေ့လာဖတ်ရှုကြသော စာရှုသူတို့အား အောင်ပွဲရှင်မြတ်စွာဘုရား၏ ဂုဏ်တော်များကို ယုံကြည်အားကိုးကြ၍ အောင်ပွဲဝင် ကျင့်စဉ်များကို ကြိုးစားအားထုတ် ကျင့်ကြံပြုလုပ်ကြပါလျှင် အမှန်မလွဲပင် အောင်ပန်းကို ဆင်မြန်းနိုင်ကြပါလိမ့်မည်။ အောင်ပွဲကို ဆင်နွှဲနိုင်ကြပါလိမ့်မည်ဟု အောင်သိဒ္ဓိ သိုက်ညွှန်းစာကို ရေးသားဖော်ပြလိုက်ရပေသတည်း။

(စာမျက်နှာ-အ)

ဦးထွန်းလှိုင် (ဝိနယပါရဂူ)

ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ ဝဋံသကာ

သာသနဓဇ သိရီပဝရ ဓမ္မာစရိယ သိရောမဏိ

စေတိယင်္ဂဏ ပရိယတ္တိဓမ္မာစရိယ ဂဏဝါစက

(စာမျက်နှာ-၁)

ဇိနတ္ထပကာသနီကျမ်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ပဏာမ

အနန္တ ကပ္ပသဉ္စိတ-ပါရမိနာ ဇိနဗ္ဘာဝံ။
ပတွာ တာရေသိ ဒမ္မကံ၊ သော ပါတု သာသနေ စိရံ။

ယော ဇိနော၊ အကြင် ငါးမာရ်အောင်တတ် သုံးလူ့နတ်သည်။ အနန္တကပ္ပသဉ္စိတပါရမိနာ၊ ထောင်သောင်းသိန်းနေ အကုဋေတို့ဖြင့် တွက်ရေမသိ ဆုံးမရှိသော ကပ်ကမ္ဘာ ကာလပတ်လုံး ဖြည့်ကျုံးဆည်းပူးတော်မူအပ်သော ဆယ်ပါးသုံးလီ ပါရမီတော်ကြောင့်။ ဇိနဗ္ဘာဝံ၊ ငါးမာရ်ပယ်ရှား ဘုရားအဖြစ်သို့။ ပတွာ၊ ရောက်တော်မူ၍။ ဒမ္မကံ၊ ဆုံးမထိုက်ရာ သတ္တဝါကို။ တာရေသိ၊ မဂ်,ဖိုလ်အမြိုက် ထိုက်သင့်ရာရာ တိုက်ကျွေးကာဖြင့် သံသရာယဉ်ဘောင် ဝဲလယ်ကောင်မှ ထုတ်ဆောင်ကယ်ငင် တင်တော်မူလေပြီ။ သော ဇိနော၊ ထိုငါးမာရ်အောင်ပြီး သုံးလူ့ထီးသည်။ သာသနေ၊ ဆုံးမဟောကြား ဘုရားဩဝါ သာသနာတော်၌။ ဝါ၊ စတုပါရိ သုဒ္ဓိမြဲမြံ ဂန္ထဓုရ ဝိပဿနဟု လမ်းမနှစ်ဖြာ သာသနာတော်၌။ စိရံ၊ အာယု,ဝဏ္ဏ သုခပဋိဘာန် မြဲမြံရှည်စွာ။ ဌိတတ္ထာယ၊ တည်စေခြင်းငှါ။ မံ၊ အကျွန်ုပ်ကို။ ပါတု၊ တွင်း,ပနှစ်တန် ရန်မာရ်ခွာရှဲ အမြဲစောင်မတော်မူစေသတည်း။

ပဋိညာဉ်

ဤဂါထာဖြင့် ဂန္ထာရမ္ဘ သုံးပါးတို့တွင် အာသီသပုဗ္ဗက ဂန္ထာရမ္ဘကိုပြု၍ ဆရာကြီး “ဦးရန်ကင်း”အမည်ရှိသော ဥပါသကာသည် မြတ်စွာဘုရား သဗ္ဗညုတဉာဏ်ကို ပန်တော်မူသည်မှစ၍ ဘုရားအဖြစ်သို့ ရောက်ပြီးသော် အနုပါဒိသေသနိဗ္ဗာန် စံယူတော်မူသည့်တိုင်အောင် ဝေနေယျတို့အကျိုးကို ဆောင်တော်မူလျက် လေးဆ့ယ်ငါးဝါ တည်တော်မူသောအစဉ်ကို အစီအလျဉ်မှန်ကန်စွာ ကျမ်းဂန်လာအတိုင်း မှတ်သိလိုပါသည့် အကြောင်းနှင့် တောင်းပန် လျှောက်ထားသည့်အတိုင်း ဗုဒ္ဓဝင်ပါဠိတော် အဋ္ဌကထာ, အပဒါန်ပါဠိတော် အဋ္ဌကထာ, ဒီဃနိကာယ်, မဇ္ဈိမနိကာယ်, အင်္ဂုတ္တရနိကာယ် ပါဠိတော်, အဋ္ဌကထာ, ခုဒ္ဒကနိကာယ် အဝင်ဖြစ်သော ဝိနည်းပါဠိတော် အဋ္ဌကထာ, ဓမ္မပဒ, သုတ္တနိပါတ်, ဇာတ်ပါဠိ, အဋ္ဌကထာ, စရိယာပိဋက အဋ္ဌကထာ,

(စာမျက်နှာ-၂)

အနာဂတဝင်, မဟာဝင်, ဒီပဝင် အဋ္ဌကထာ, ဇာတတ္ထကီနိဒါန်း, သောတတ္ထကီ နိဒါန်း, တထာဂတုပ္ပတ္တိကျမ်းတို့၌ ဆိုအပ်သော အဆုံးအဖြတ်ကို ညီညွတ်နှိုင်းဆကာ သင့်ရာ သင့်ရာခင်း၍ အကျဉ်းမျှ ပြဆိုပေအံ့။

၁။ ဂေါတမဘုရားလောင်း ဆုပန်ခြင်း

ငါတို့ ဂေါတမဘုရားလောင်းသည်-

စိန္တိတံ သတ္တသင်္ချေယျံ၊ နဝသင်္ချေယျဝါစကံ။
ကာယဝါစံ စတုချာတံ၊ ဗုဒ္ဓတ္တံ သမုပါဂမိ-

ဟူသော-ပါဌနှင့်အညီ ဤရွေ့ဤမျှဟု တွက်ဆမှတ်သားခြင်းငှါ မတတ်ရာသော မဟာကပ်ပေါင်း အသင်္ချေယျတို့တွင် နန္ဒ အသင်္ချေ, သုနန္ဒ အသင်္ချေ, ပထဝီ အသင်္ချေ, မဏ္ဍ အသင်္ချေ, ဓရဏီ အသင်္ချေ, သာဂရ အသင်္ချေ, ပုဏ္ဍရိက အသင်္ချေ တည်းဟူသော ခုနစ်အသင်္ချေအတွင်း၌ ပွင့်တော်မူကုန်သော ဗြဟ္မဒေဝ အစရှိကုန်သော တသိန်းနှစ်သောင်းငါးထောင်ကုန်သော ဘုရားရှင်တို့ကို ဖူးမြင်တွေ့ကြုံရသဖြင့် ဓမ္မဒေသနာကို ကြားနာရလေလျှင် ဘုရားဖြစ်ချင်သော စိတ်တော်ရှိလှ၍ ဒသပါရမီ ငါးလီသော ပရိစ္စာဂတို့ကို တစ,တစ ဖြည့်တော်မူလေသည်။ ထို့နောက် သဗ္ဗဘဒ္ဒ အသင်္ချေ, သဗ္ဗဖုလ္လအသင်္ချေ, သဗ္ဗရတန အသင်္ချေ, ဥသဘက္ခန္ဓ အသင်္ချေ, ခန္ဓုတ္တမ အသင်္ချေ, မာဏိတ အသင်္ချေ, ဘဒ္ဒ အသင်္ချေ, ပဒုမ အသင်္ချေ, သဗ္ဗဘလ္လ အသင်္ချေ တည်းဟူသော ကိုးအသင်္ချေထက်၌ ပွင့်တော်မူကြကုန်သော ပေါရာဏ သကျဂေါတမ အစရှိကုန်သော သုံးသိန်းရှစ်သောင်း ခုနစ်ထောင်ကုန်သော ဘုရားရှင်တို့နှင့် တွေ့ကြုံပြန်လျှင်လည်း ထိုဘုရားရှင်တို့အား ပစ္စည်းလေးပါးတို့ဖြင့် မြှောက်စားပူဇော်ကာ တရားတော်ကိုနာ၍ “နောင်သောအခါ ငါလည်းထို့သွင် လူတွင်ထင်ရှား ဘုရားစင်စစ် ဖြစ်စေသော”-ဟု နှုတ်ရောစိတ်ပါ ပတ္ထနာ၍ ပါရမီသုံးဆယ်, ငါးသွယ်သော ပရိစ္စာဂ, စရိယတို့ကို နိစ္စကြိုးကုတ် အားထုတ်တော်မူသဖြင့် ဆောက်ဦရင့်မာ၍ သုမေဓာ ရှင်ရသေ့အဖြစ်သို့ ရောက်တော်မူသည်။

ထိုမှစ၍ သေလ အသင်္ချေ, ဘာသအသင်္ချေ, ဇေယျ အသင်္ချေ, ရုစိယအသင်္ချေ တည်းဟူသော လေးသင်္ချေနှင့် ကမ္ဘာတသိန်းထက်၌ ပွင့်တော်မူကြကုန်သော နှစ်ကျိပ်ခုနစ်ဆူကုန်သော ဘုရားရှင်တို့တွင် ဒီပင်္ကရာ မြတ်စွာဘုရားမှစ၍ နိယတဗျာဒိတ်ကို ခံရလျက် ဗောဓိသမ္ဘာရအပေါင်းကို ဖြည့်တော်မူကာ အစဉ်လာသဖြင့် ဤကမ္ဘာဝယ် မဟာသမ္မတမင်း တကြိမ်, သုဒဿနဝရ မန္ဓာတ်မင်း တကြိမ်, မဃဒေဝမင်း တကြိမ်, နေမိမင်း, တေမိမင်း, သိဝိရာဇ်, စန္ဒကုမာရ, မဟာဂေါဝိန္ဒ, အကိတ္တိဗြာဟ္မဏ, သင်္ခဗြာဟ္မဏ, ဓနဉ္စယ, သသရာဇ, ဟတ္ထိပါလ, ဘူရိဒတ္တ, စမ္ပေယျ, စူဠဗောဓိ, မဟိံသ, ရုရုမိဂ, မာတင်္ဂ, ဓမ္မဓဇ, ဇယဒိသ, သင်္ခပါလ, ယုဓဉ္ဇယ, သောမနဿ, အယောဃရ, သောဏဒန္တ, ကပိရာဇ, သစ္စယုဂ, ဝဋ္ဋပေါတက, မစ္ဆရာဇ, ကဏှဒီပါယန, မဟာသုတသောမ, သုဝဏ္ဏသာမ, ဧကရာဇ, မဟာလောမဟံသ တကြိမ်စီအားဖြင့် သုံးဆယ့်ငါးဇာတ်ဖြစ်တော်မူ၍ ဆောက်ဦးရင့်မာသဖြင့် ဝေဿန္တရာမင်း၏အဖြစ်သို့ ရောက်တော်မူသည်။

စိန္တိတံ-ဂါထာရှင်းချက်

ဤစကားအစဉ်၌ ဦးတင်၍ပြအပ်သော “စိန္တိတံ သတ္တသင်္ချေယျံ”-စသော ဂါထာသည် သံဂါယနာဝင်ရှိ ကျမ်းကြီးကျမ်းခိုင်တို့၌ မလာ။ ဇာတတ္ထကီ, သောတတ္ထကီနိဒါန်း

(စာမျက်နှာ-၃)

ဤကျမ်းငယ်တို့၌သာ လာသည်ဖြစ်၍လည်းကောင်း၊ ဤအတိုင်းယူချေသော် ပညာဓိက, သဒ္ဓါဓိက, ဝီရိယာဓိကဟူသော သုံးဆူသော ဘုရားတို့ပါရမီ ဖြည့်တမ်းသည် အထူးအပြားမရှိ အသင်္ချေ နှစ်ဆယ်စီ အညီကျရာသောကြောင့်လည်းကောင်း၊ ယသောဓရာမှာ ဘုရားလောင်း၏ အလုပ်အကျွေး ဖြစ်ရပါကြောင်းကို သုံးသိန်းခြောက်သောင်း သုံးရာ့ရှစ်ဆယ့် ခုနစ်ကုဋေသော ဘုရားအပေါင်း, ခြောက်ဆယ့် လေးကုဋေသော ပစ္စေကဗုဒ္ဓါ အပေါင်း, အသင်္ချေသော ရဟန္တာအပေါင်းတို့ထံ ဆုပန်ခဲ့ရသည်ဟု ကျမ်းဂန်လာလျက် ဘုရားမြတ်စွာ အလောင်းမှာမူ ဤမျှသာ မကလေရာသောကြောင့်လည်းကောင်း ယုတ္တိမရ မုချမယူသာ။ နောက်ဆရာတို့ ကြံစည်၍ ဆိုသောစကားသာ ဖြစ်ရာသည်ဟု ပညာရှိပြုသော အချို့ဆရာတို့ ဆိုကုန်သည်။ ထိုဆရာတို့၏စကားသည် ကျမ်းဂန်အများကိုလည်း မတိုင်းမထွာ၊ ယုတ္တိကိုလည်း မစာနာ၊ ပုဗ္ဗာစရိယကိုလည်း မညှာပဲ စိတ်ရှိတိုင်းသာ ဆိုရာရောက်မည်ထင်သည်။ အဘယ့်ကြောင့်နည်းဟူလျှင် ထိုသူတို့ အပြစ်တင်ကြသော ဇာတတ္ထကီနိဒါန်း, သောတတ္ထကီကျမ်းကို အရှင်စူဠဗုဒ္ဓဃောသ စီရင်သည်ဟု ကျမ်းနိဂုံးတွင်ပါသည်။ ထိုဆရာလည်း အဘိဓမ္မာအဋ္ဌကထာကို စီရင်တော်မူပါဟု မဟာဗုဒ္ဓဃောသထံ တောင်းပန်သော သံဂါယနာတင် ကျမ်းဝင်ဆရာပင် ဖြစ်ပေသည်။ ထိုဆရာ၏ ဂုဏ်ဝိသေသကို အဋ္ဌသာလိနီ၌--

ဝိသုဒ္ဓါစာရသီလေန၊ နိပုဏာမလဗုဒ္ဓိနာ။
ဘိက္ခုနာ ဗုဒ္ဓဃောသေန၊ သက္ကစ္စံ အဘိယာစိတော-

ဟု-မိန့်သောကြောင့် သိရသည်။

ထိုသို့ချီးမွမ်းထိုက်သော သီလ,ပညာ, သမာဓိရှိသော ဆရာသည် မှီခိုရာ သံဂါယနာဝင်ကျမ်းဂန်မရှိပဲ မိမိကြံစည်၍ အနာဒေယျ, သမ္ဖပ္ပလာပစကားကို မရေးထားပေရာ။ ဤကျမ်းကိုမျှ မယူသာသော် ဆရာအဆက်ဆက်တို့ ဖွဲ့စီရင်အပ်သော “သမ္ဗုဒ္ဓေ”-စသော ဂါထာတို့သည် အနာဒေယျဝါစာ သမ္ဖပ္ပလာပချည်းဖြစ်ရာတော့သည်။ ယင်းသို့ ယုတ္တိအဝိစရဏ, ဂုရုဂါရယှ ဖြစ်ရုံသာမဟုတ်၊ ဗုဒ္ဓဝစနဖြစ်သော အပဒါန်ပါဠိတော်, ၎င်း၏ အဋ္ဌကထာတို့ကိုလည်း မမြော်ရာ ရောက်ချေသည်။ ထိုပါဠိတော်၌-

အဟမ္ပိ ပုဗ္ဗဗုဒ္ဓေသု၊ ဗုဒ္ဓတ္တမဘိပတ္ထယိံ။
မနသာယေဝ ဟုတွာန၊ ဓမ္မရာဇာ အသင်္ခယာ-

ဟု-ဟောတော်မူသည်။

[အနက်ကား]အာနန္ဒ၊ အာနန္ဒာ။ အဟမ္ပိ၊ ငါဘုရားသည်လည်း။ ပုဗ္ဗဗုဒ္ဓေသု၊ ရှေးရှေးသော ဘုရားသခင်တို့၏ အထံတို့၌။ မနသာယေဝ၊ စိတ်ဖြင့်သာလျှင်။ အဓိဋ္ဌိတံ၊ ဆောက်တည်သည်။ ဟုတွာန၊ ဖြစ်၍။ ဗုဒ္ဓတ္တံ၊ ဘုရားအဖြစ်ကို။ အဘိပတ္ထယိံ၊ ဆုတောင်းဖူးပြီ။ တေ၊ ထိုငါဆုတောင်းအပ်ကုန်သော။ ဓမ္မရာဇာ၊ ဘုရားအပေါင်းတို့သည်။ အသင်္ခယာ၊ ရေတွက်ခြင်းငှါ မတတ်ရာကုန်ပြီ။

ဤသို့ ကိုယ်,နှုတ်နှစ်ပါးဖြင့် ဘုရားဆုကို မပန်မီက စိတ်ဖြင့်တောင့်တ၍သာ ပါရမီဖြည့်ရသောဘဝ အသင်္ချေရှိကြောင်း, ဘုရားအသင်္ချေနှင့် တွေ့ကြောင်းကို ဟောတော်မူသည်။

(စာမျက်နှာ-၄)

ယသောဓရာ အပဒါန်၌ကား-

ဗြဟ္မဒေဝဉ္စ သမ္ဗုဒ္ဓံ၊ ပေါရာဏံ သကျဂေါတမံ။
အညေသံ လောကနာထာနံ၊ အဓိကာရံ ဗဟူ မယာ-

ဟူ၍-ဗြဟ္မဒေဝဘုရား လက်ထက်ကို အစပြု၍ လာသည်။ ၎င်းအပဒါန်အဋ္ဌကထာ, စရိယာပိဋက အဋ္ဌကထာတို့၌လည်း-

ဣဓ မဟာပုရိသော ဥပနိဿယသမ္ပန္နောဝ ဟောတိ၊ ပုရိမကေသု ဗုဒ္ဓေသု ကတာဓိကာရော၊ အယံ ပဌမော ဟေတု မဟာဘိနီဟာနာယ။စသည်ဖြင့် လာသည်။

ယင်းသို့ ပါဠိတော်, အဋ္ဌကထာတို့ကို ထောက်လျှင် သုမေဓာဇာတ်သို့ မရောက်မီ ပါရမီဖြည့်ရသော ကာလကား အရှည်အလျားပင် ရှိ၏။ ယင်းသို့ရှိငြားသော်လည်း ကပ်ကမ္ဘာများသောကြောင့် ဘုရားဆုကို တောင့်တသသူတို့ ထိတ်လန့်ပေရာသောကြောင့်လည်းကောင်း၊ အဋ္ဌကထာကြီးတို့သည် ဂန္ထဘာရ ဖြစ်မည်ကြောင့်လည်းကောင်း ထင်စွာမပြသည်ကို အရှင်စူဠဗုဒ္ဓဃောသ ထုတ်ပြပြန်သည်ဟု ကြံဖွယ်ရှိသည်။ တကြောင်းလည်း မဟာအဋ္ဌကထာ၌ ကျယ်သောစကားကို ချုံးရုံး၍ အဋ္ဌကထာသစ်ကို စီရင်ကုန်သောကြောင့် ဒူရေနိဒါန်းကြွင်းသည်ကို ထိုအရှင် သွင်းသည်ဟု ယူရန်ရှိသည်။ ဤအရာကို ငါတို့သာ ယုံကြည်၍ ကြံဆိုသည်မဟုတ်၊ ဗုဒ္ဓမတညု ကျမ်းပြုဆရာတို့၏ အာဘော်ကို သိလှသော အတ္ထယုတ္တိ မဟာဝေယျာကရဏ တိပိဋကဓရ သာသနဝိသောဓန ဖြစ်တော်မူသော အရှင်သာဂရဗုဒ္ဓိ မထေရ်မြတ်သည် စီရင်အပ်သော “သီမဝိသောဓန”ကျမ်း၌လည်း အရှင်စူဠဗုဒ္ဓဃောသ၏ ထိုဝါဒသည် အစလ သုပ္ပတိဋ္ဌိတဖြစ်၍ စင်စစ် မှတ်ယူကောင်းရကား ထိုဝါဒကို ထောက်ပံ့သောအားဖြင့် ရှေ့ဖျားအစ၌—

အမှာကံ ကိရ ဘဂဝါ ဗြဟ္မဒေဝဗုဒ္ဓံ အာဒိံ ကတွာ ယာဝ ပေါဏသကျဂေါတမာ မနောပဏိဓိဝသေန ကဋ္ဌဝါဟနဇာတကံ အာဒိံ ကတွာ ။ပ။ ဝုတ္တနယေန အသူရော ဟုတွာ ဗုဒ္ဓတ္တံ စိန္တေန္တဿေဝ သတ္တ အသင်္ချေယျာနိ ဝီတိဝတ္တာနိ၊ အနတိသူရော ဟုတွာ ဝါစာမတ္တမေဝ နဝ အသင်္ချေယျာနိ ဝီတိဝတ္တာနိ၊ အတိသူရော ဟုတွာ ကယင်္ဂဝါစင်္ဂဝသေန ပူရေန္တဿ စတ္တာရိ အသင်္ချေယျာနိ ဝီတိဝတ္တာနိ-ဟု ဆိုတော်မူသည်။

အရှင်သီလဝံသ မထေရ်မြတ် စီရင်အပ်သော ဆုတောင်းခန်း၌လည်း-

“ဆယ်ခြောက်သင်္ချေ၊ ကပ်လုံးကြေ၍၊ လူ့ဆွေမြတ်မွန်၊ အဖန်ဖန်လျှင်၊ နိဗ္ဗာန်ပျော်မိန်း၊ အသိန်းသိန်းတည့်၊ ရှင်ဖိန်းပညာ၊ ပွင့်သောခါက၊ ဆိုရာမသီး၊ လုံ့လမှီးလျက်၊ မှုကြီးလုပ်ကြံ၊ သူမြတ်ထံ၌၊ အကမ္ဘာဘာ၊ လေ့လာစွာလျှင်”-စသည်ဖြင့် စပ်ဆိုတော်မူသည်။

ယင်းသို့ စိန္တိတံ-စသော ဂါထာသည် သံဂါယနာဝင်ကျမ်းတို့၌ မပါသော်လည်း သံဂါယနာဝင်ကျမ်းနှင့် မထူးမပြား စကားအဓိပ္ပါယ် ညီညွတ်သည်။ ဆရာကောင်း

(စာမျက်နှာ-၅)

ဆရာမြတ်တို့ ယုံမှတ်သည်ဖြစ်ရကား ဇာတတ္ထကီ, သောတတ္ထကီကျမ်းများကို ပေါ့စားမပြုသင့်ပေ။ ကျမ်းဆရာကို ရိုသေသဖြင့်လည်း ယုံကြည်စွာ မှတ်သင့်ပေသည်။

(အနာဂတဝင် အဋ္ဌကထာ၌ကား အာယုကပ်ပေါင်း ခြောက်ထောင့်ငါးရာ ပါရမီဖြည့်သဖြင့် သုမေဓာရှင်ရသေ့အဖြစ်သို့ ရောက်သောဟူ၏။)

၂။ ဘုရားလောင်းနတ်သား ပဋိသန္ဓေယူခြင်း

ထိုဝေဿန္တရာမင်းအဖြစ်မှ စုတေလေသော် တုသိတာနတ်ပြည်ဝယ် သေတကေတု အမည်ရှိသော နတ်မင်းဖြစ်၍ နတ်တို့၏ အရေအတွက်အားဖြင့် အနှစ်လေးထောင်, လူတို့၏ အရေအတွက်အားဖြင့် ငါဆယ့်ခုနစ်ကုဋေခြောက်သန်းစေ့အောင် နတ်စည်းစိမ်ကို ခံစား၍ နေတော်မူသည်တွင် လူ့ခွင်လူခေတ်၌ အနှစ်တထောင်ကပင် လူတွင်ထင်ရှား ဘုရားဖြစ်လတ္တံ့ဟူသော ဗုဒ္ဓကောလာဟလ ဖြစ်လေသော် စကြဝဠာတသောင်း၌ ရှိကုန်သော သိကြား, သုယာမ, သန္တုဿိတ, သုနိမ္မိတ, ဝသဝတ္တိ, မဟာဗြဟ္မာ အပေါင်းတို့သည် ငံ့ညောင်းရှုမြော်ကြကုန်သော် အလောင်းတော် နတ်သားကိုမြင်၍ ထက်ဝန်းကျင်မှ လာကြကုန်လျက် “အလောင်းတော်နတ်သား... ဘုရားဖြစ်ချိန် တန်ပါပြီ၊ လူ့ပြည်သို့သွား၍ ဘုရားဖြစ်တော်မူပါ၊ သတ္တဝါအပေါင်းတို့ကို ကောင်းမြတ်သော အမြိုက်ရေအေးဖြင့် တိုက်ကျွေးတော်မူပါ”-ဟု နတ်ဗြဟ္မာအပေါင်းတို့သည် တောင်းပန်ကြကုန်၏။ ထိုသို့ တောင်းပန်ကြကုန်သော် အလောင်းတော် နတ်သားလည်း ဝန်ခံတော်မမူဦးပဲ ဘုရားဖြစ်ထိုက်သော ကာလ, ဖြစ်ရာဒီပ, ဖြစ်ရာအရပ်, ဖြစ်ရအံ့သော အမျိုးအနွယ်, မယ်တော်၏ အာယုပရိစ္ဆေဒ တည်းဟူသော ကြည့်ခြင်းကြီးငါးပါးတို့ကို ကြည့်တော်မူ၏။

၃။ ကြည့်ခြင်းကြီးငါးပါးကို ပြခြင်း

ကြည့်ဟန်ကား-

၁။ လူတို့အသက် အသင်္ချေနေသည်မှ တသိန်းတမ်း၏ အထက်တိုင်အောင်သော ကာလသည် ဇာတိ,ဇရာ,ဗျာဓိ, မရဏတို့ ကာလကွာဝေး၍ လက္ခဏာရေးသုံးပါးနှင့်စပ်သော တရားစကားကို ဟောပြသော်လည်း တရားကို မယုံကြည်ပေရာ၊ အကျိုးမဲ့သာ ဖြစ်လေရာသောကြောင့် မြတ်စွာဘုရားတို့ ဖြစ်မြဲကာလ မဟုတ်ချေ။ လူတို့ အသက်တရာနေသည်မှ ဆုတ်ယုတ်သောအခါလည်း သတ္တဝါတို့ ကိလေသာပြန့်ပြော၍ လောဘ,ဒေါသ,မောဟတရား အားကြီးရကား ဆုံးမဟောကြားသော တရားဒေသနာကို လိုက်နာ၍ မကျင့်လိုကုန်၊ အကျိုးမဲ့သာ ဖြစ်လေရာသောကြောင့် မြတ်စွာဘုရားတို့ ဖြစ်မြဲကာလ မဟုတ်ချေ။ အသက်တသိန်းနေသည်မှ တရာတမ်းတိုင်ရုံသော ကာလသည်သာလျှင် ဘုရားဖြစ်ထိုက်သော အခါဖြစ်သည်။ ယခုလည်း လူတို့ အသက်တရာ ရှည်သောအခါဖြစ်၍ ဘုရားဖြစ်ခြင်းငှါ သင့်ပေသည်။
၂။ ဖြစ်ရာဒီပလည်း ဝိတ္ထာရ အချင်းအားဖြင့် ယူဇနာ တသန်းနှစ်သိန်း သုံးထောင့် လေးရာ့ငါးဆယ်ကျယ်သော စကြဝဠာ၏အတွင်း၌ သင်းပင်းငါးရာစီ, ငါးရာစီ ဝန်းရံသော ကျွန်းငယ်နှင့်တကွ လေးရပ်သော ဒီပတွင် မြင်းမိုရ်တောင်မှ လက်ယာဝယ် ယူဇနာ တသောင်းရှိသော ဇမ္ဗူဒိပ်ကျွန်းသည်သာ ဘုရားမြတ်စွာတို့ ပွင့်ရာဒီပဖြစ်သည်။
(စာမျက်နှာ-၆)
၃။ ထိုကျွန်းတွင်မှလည်း တောနေ သုံးထောင်, ရေနေ လေးထောင်, လူနေ သုံးထောင် ရှိသည်တွင် လူနေ သုံးထောင်၏အလယ်၌ တောင်,မြောက် အလျားအားဖြင့် ယူဇနာသုံးရာ၊ အရှေ့အနောက် အနံအားဖြင့် ယူဇနာ နှစ်ရာ့ငါးဆယ်၊ အဝန်းယူဇနာ ကိုးရာရှိသော အရှေ့သို့လားသော် ဂဇင်္ဂလနိဂုံးရွာ၊ အရှေ့တောင်သို့လားသော် သလ္လာဝတီမြစ်၊ တောင်သို့လားသော် သေတကဏ္ဏိက နိဂုံးရွာ၊ အနောက်သို့လားသော် ထူဏမည်သော ပုဏ္ဏားရွာ၊ မြောက်သို့လားသော် ဥသိရဒ္ဓဇတောင် ဤနိမိတ်ငါးရပ်တို့ဖြင့် သတ်မှတ်အပ်သော မဇ္ဈိမဒေသ ဌာနသာလျှင် ဘုရားတကာတို့ ပွင့်ရာအရပ်ဖြစ်သည်။
၄။ လူမျိုးလေးပါးတို့တွင်လည်း အကြင် မင်း,ပုဏ္ဏားမျိုးတို့သည် လူတို့ အမြတ်တနိုး ကိုးကွယ်ရိုသေရာဖြစ်၍ ဤဇာတ်နှစ်ပါး၌သာ ဘုရားတကာတို့ ဖြစ်ကြကုန်သည်။ ထိုအမျိုးနှစ်စုတွင်လည်း ယခုအခါ မင်းမျိုးသာလျှင် လွန်စွာ သင့်မြတ်ချေသည်။ ထိုမင်းမျိုးတွင်မှလည်း သက္ကတိုင်း ကပိလဝတ်ပြည်ကို အစိုးရသော သုဒ္ဓေါဒနမင်းကြီးသည် မဟာသမ္မတမင်းမှစ၍ သုံးသိန်း သုံးသောင်း လေးထောင် ငါးရာ့ခြောက်ကျိပ် ခုနစ်ပါးသော ဥက္ကာဝံသ မဟာဝံသ အသမ္ဘိန္န ခတ္တိယအစစ် ဖြစ်ပေသည်။
၅။ ထိုမင်း၏မိဖုရားသည်လည်း လော်လည်ခြင်း ငါးပါး, မာန်မူခြင်း ကိုးပါး, အယုတ်တရားတို့မှကင်းလျက် မကျိုးမပျက်သော ပဉ္စသီဓမ္မ ရှိရကား ငါ့အမိဖြစ်ခြင်းငှာ ထိုက်သည်။ အာယုပရိစ္ဆေဒလည်း ဆယ်လ၏အထက်၌ ခုနစ်ရက်သာ ကြွင်းတော့သည်။

သို့ကြည့်တော်မူ၍ ပြည့်စုံစွာမြင်လေလျှင် ထက်ဝန်းကျင်မှ တောင်းပန်ကြသော နတ်ဗြဟ္မာအပေါင်းတို့အား “ကောင်းပြီ”ဟု ဝန်ခံတော်မူ၏။

ယင်းသို့ဝန်ခံပြီးမှ နတ်အပေါင်းခြံရံလျက် နန္ဒဝန်အမည်ရှိသော နတ်ဥယျာဉ်သို့ဝင်၍ စုတေခဲ့ပြီးသော် အဝန်းကိုးရာရှိသော မဇ္ဈိမဒေသအချက် သက္ကတိုင်း ကပိလဝတ်ပြည် အာဒိစ္စဝင်မင်းဖြစ်သော သိရီသုဒ္ဓေါဒနမင်းကြီး၏ မိဖုရားခေါင် တောင်ညာစံဒေဝီဖြစ်သော သိရီမဟာမာယာ မိဖုရားကြီး၏ဝမ်း၌ စွဲလမ်းသန္ဓေ တည်နေတော်မူ၏။

၄။ ဘုရားလောင်း ဖွားမြင်တော်မူခြင်း

ဘိုးတော် အဉ္စနမင်းကြီးသည် ရှစ်ထောင့်ခြောက်ရာ လေးဆယ့်ငါးခုသော သက္ကရာဇ် ဖြိုပစ်သည့်နောက် ခြောက်ဆယ့်ခုနစ်ခု ဝါဆိုလပြည့် ကြာသပတေးနေ့ ဥတ္တရာသာဠ်နက္ခတ်နှင့် လနတ်ယှဉ်စံသော သန်းခေါင်ယံအချိန်တွင် သန္ဓေယူတော်မူသည်။ ယင်းသို့ သန္ဓေစံနေတော်မူလျှင်-

ရေ)

ပုဗ္ဗနိမိတ် ၃၂-ပါး

၁။ မြေရေအပေါင်း တစ်သောင်းသော လောကဓာတ်တို့သည် တစ်ပြိုင်နက် ဆတ်ဆတ်ခါမျှ တုန်လှုပ်ကုန်သည်။
၂။ ပူခြင်း, ချမ်းခြင်းဟူသော ဥတုနှစ်ဝ ကင်းငြိမ်းမျှတသည်။
၃။ လောကဓာတ်အလုံး ဆိတ်ညံလျက် အသံမရှိ အနှောင့်အယှက်ကင်းသည်။
၄။ လေပြင်းမုန်တိုင်း မလာ၊ လေသာလေပြည် မြူးသည်။
၅။ ဂင်္ဂါ, ယမုံနာစသော မြစ်ခပင်းတို့၌ ရေစီးခြင်းမရှိ၊ တန့်ရပ်သည်။
၆။ မြေအရပ်၌ မြင်မြင်သမျှသော ပန်း, သစ်ပင်အပေါင်းတို့ နှာမောင်း ဆင့်ကာဆင့်ကာ ပွင့်ကုန်,သီးကုန်သည်။
၇။ ကောင်းကင်ထက် ကွန့်မြူးကာတည်သော အာကာသဋ္ဌ ရတနာတို့သည် လွန်စွာ အရောင်ထွက်ကုန်သည်။
၈။ လူ့ပြည်,နတ်ပြည်၌ရှိကုန်သော စည်, စောင်း, ပတ်သာ, တူရိယာအသီးသီးတို့သည် မတီးမမှုတ်ဘဲ မြည်ကုန်သည်။
၉။ နတ်ပြည်၌ရှိသော ပန်း, နံ့သာမိုးတို့သည် ဖြိုးဖြိုးပြည့်မျှ ရွာကုန်သည်။
၁၀။ စကြဝဠာ ကောင်းကင်, မြေပြင်ရိုက်ဟည်းလျက် တော်ပဲ့တင်လည်းသည်။
၁၁။ ရှစ်ထပ်သောငရဲဘုံ၌ မီးဟုန်အပူ ငြိမ်းသည်။
၁၂။ မီးခိုး, သူရိန်, မြူတိမ်, မိုးလျှံကင်းလျက် နေမင်း၏ အရောင် တောက်ပသည်။
၁၃။ နက္ခတ်တာရာ ကြယ်တကာတို့ နေ့အခါ၌ ညဉ့်မှာကဲ့သို့ မြင်ရသည်။
၁၄။ မြေညစ်ကြေးကို ဆေးလျှော်သည့်ပမာ မိုးမရွာဘဲပင် ရေယဉ်ဖြိုင်ဖြိုင်စီးသည်။
၁၅။ တာရာအပေါင်း, သောကြာ, ဗုဒ္ဓဟူးစသော ဂြိုဟ်ကြယ်ဘုံဆောင်တို့ အရောင်အလွန် ထွန်းပသည်။
၁၆။ သတ္တဗီသနက္ခတ်တို့ ပြတ်သားစွာထင်မြင်သည်။
၁၇။ ငွေစင်စန္ဒာသည် ဝိသာခါနက္ခတ်နှင့် ယှဉ်သည်။
၁၈။ တွင်း,ဂူ,လိုဏ်ခေါင်း မြေအောင်းသတ္တဝါတို့ ထွက်ကုန်သည်။
၁၉။ လူခပ်သိမ်းတို့ ရောင့်ရဲလွယ်ကုန်သည်။
၂၀။ ကိုးဆယ့်ခြောက်ဖြာ ဝေဒနာရှိသူတို့ ကျန်းခံ့သည်။
၂၁။ မွတ်သိပ်ဆာလောင်ခြင်း ငြိမ်းသည်။
၂၂၊ ပြိတ္တာအပေါင်းတို့ ဝပြောနေသည်။
၂၃။ လောဘ, ဒေါသ, မာနထန်သူတို့ အလွန်ခေါင်းပါးကုန်သည်။
၂၄။ အပါယ်လေးရွာ၌ နှစ်ဆယ့်ငါးဖြာသော ဘေးအပေါင်း ကင်းသည်။
၂၅။ ရေမှုန် မြူညက်တို့ တက်လွင့်ခြင်းမရှိ၊ စင်ကြယ်သည်။
၂၆။ မကောင်းရနံ့ ပျောက်သည်။
၂၇။ နတ်၏ရနံ့သာ လှိုင်သည်။
၂၈။ အရူပလေးဘုံကိုထား၍ ခြောက်ပါးသော နတ်ရွာ, ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံကို အကုန်မြင်ရသည်။
၂၉။ ငရဲကြီးရှစ်ဝဝယ် ခံရသောသူအပေါင်းတို့ကို မြင်ရကုန်သည်။
(စာမျက်နှာ-၈)
၃၀။ တိုက်,နံရံ,တံခါး တောင်ဖျား,တိမ်တိုက်တို့ မကွယ်မကာ ဟင်းလင်းသာ ဖြစ်ကုန်သည်။
၃၁။ သတ္တဝါတို့ ခန္ဓာပျက်ကြွေ သေလွန်ရခြင်း မရှိကုန်။
၃၂။ သန္ဓေယူခြင်း ဖွားမြင်ခြင်း မရှိကုန်။

ဤသို့ သုံးဆယ့်နှစ်ပါးသော ပုဗ္ဗနိမိတ်တို့ ထင်ကုန်သည်။

မယ်တော်၌ ကြီးစွာသောအိပ်မက်ကို မြင်သည်

အိပ်မက်ကား-“စတုမဟာရာဇ်နတ်မင်း လေးယောက်တို့သည် မိဖုရားကို အိပ်ရာသလွန်နှင့်တကွ ချီ၍ ဟိမဝန္တာသို့ ဆောင်ပြီးလျှင် ယူဇနာ ခြောက်ဆယ်ရှိသော ဆေးဒန်း မြင်းသီလာ ကျောက်ဖျာ၏အပြင် အင်ကြင်းပင်ကြီး၏အောက်၌ ချထား၏၊ ထိုအခါ နတ်မိဖုရား လေးဦးတို့သည် လာကုန်၍ သီတာနဝတတ်ရေတို့ကို ချိုးစေပြီးလျှင် နတ်တို့၏ ပန်းနံ့သာတန်ဆာကို ဆင်ယင်လျက် ငွေတောင်ထွတ်ထက်ရှိသော ရွှေဗိမာန်သို့ဆောင်၍ အိပ်စေပြန်၏။ ထိုအခါ ငွေသာခွာတောင်သို့သော ဆင်ပြောင်ရတနာသည် မြောက်အရပ်မှလာ၍ မာယာမိဖုရား၏ လက်ယာနံပါးကိုလှစ်၍ ဝင်သည်”ဟု မြင်မက်တော်မူ၏။

ထိုသို့ သန္ဓေယူသောအခါမှစ၍ ငါတို့စကြဝဠာမှ စတုမဟာရာဇ် နတ်မင်းကြီး လေးယောက်တို့သည် သန်လျက်လက်စွဲကုန်လျက် ရွှေနန်းကျက်သရေတိုက်၌ စောင့်လာကုန်သည်။ ထက်ဝန်းကျင်သော စကြဝဠာတသောင်းမှ နတ်ဗြဟ္မာအပေါင်းတို့သည် ကောင်းစွာ စောင့်ရှောက်လာကုန်သည်။ ယင်းသို့ သန္ဓေတည်နေသည်မှစ၍ မယ်တော်မိဖုရားသည် ယောက်ျားတို့၌ ညွတ်ငိုက်တပ်ငြိသော ရာဂရမ္မက်ဖြင့် နှောင့်ယှက်ခြင်းမရှိ အမြိုက်အတိဖြင့်ဝလျက် နှစ်သက်အပ်သော မင်းစည်းစိမ်ကိုခံ၍ ခြွေရံသင်းပင်းနှင့်သာလျှင် သန့်ရှင်းစွာ စံတော်မူ၏။ ကြည်စွာသော ပတ္တမြားရတနာ၌သီသော သန္တာနီကြိုးကဲ့သို့လည်းကောင်း၊ ဖန်တကောင်းအတွင်း၌ သွင်းထားအပ်သော ပုလဲရုပ်ကဲ့သို့လည်းကောင်း၊ တရားဟောပလ္လင်ထက် ထိုင်နေသော တရားဟော ပုဂ္ဂိုလ်ကဲ့သို့လည်းကောင်း မယ်တော်ဝမ်းဝယ် ထက်ဝယ်ရှေးရှူ နေတော်မူသည်ကို မယ်တော်နှင့်တကွ လူအပေါင်းတို့ ထင်မြင်ကုန်သတည်း။

ယင်းသို့ သန္ဓေတည်နေတော်မူ၍ ဆယ်လစေ့သော် ဆွေတော်မျိုးတော် မယ်တော်ခမည်းတော်တို့၏ နေရာဖြစ်သော ဒေဝဒဟပြည်သို့ သွားလိုသော ဆန္ဒဖြစ်၍ သိရီသုဒ္ဓေါဒနမင်းကြီးအား လျှောက်လေရာ ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏အကြား ငါးယူဇနာရှိသောအရပ်ကို ခတ်အပ်သော တလင်းအသွင် သန့်စင်စွာညီညွတ်၍ ကြာသွတ်အိုး, ရေချမ်း, ကွန်းထောက်, မဏ္ဍပ်, ဇရပ်, ကန္နား, ကုက္ကား, တံခွန် စသည်တို့ဖြင့် ခင်းကျင်းပြုပြင် တန်ဆာဆင်၍ စစ်အင်္ဂါလေးပါး ဝန်းရံစေလျက် ရွှေထမ်းစင်စီးပြီးလျှင် ထွက်စေတော်မူ၏။ ယင်းသို့ ထွက်ကြွ၍ ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်၏ အကြား၌ နှစ်ပါးသော ပြည်သူတို့ ဆွတ်ယူသုံးဆောင်ရာ သာယာနုပျို ကြည်ညိုဖွယ်ရှိလှသော လုမ္ဗိနီအင်ကြင်းတောသို့ ရောက်၍ ပင်လုံးကျွတ်ပွင့်လျက် သားငှက်ပိတုန်း အပေါင်းတို့ဖြင့် တင့်တယ်သော အင်ကြင်းပင်စည်ကို မြင်တော်မူလျှင် ပျော်ရွှင်ဝင်နား ကစားမြူးထူးလိုသော နှလုံးတော်ရှိလှ၍ ရွှေထမ်းစင်ထက်မှ သက်ဆင်းပြီးသော် အင်ကြင်းပင်အောက်သို့ ဝင်ကြွတော်မူ၏။

(စာမျက်နှာ-၉)

ယင်းသို့ ဝင်ကြွတော်မူပြီးလျှင် မင်္ဂလာရှိသော အင်ကြင်းပင်ကြီး၏ အခက်သည် ညွတ်လျက်ခံလာ၏။ ထိုသို့ ခံလာသော မင်္ဂလာအင်ကြင်းခက်ကို ရပ်လျက် လှမ်းတော်မူလျှင် စကြဝဠာတသောင်းသည် ကောင်းချီးပေးသကဲ့သို့ အေးအေးကြည်ကြည် ကျူးမြည်ရိုက်ဟည်းလျက် မြေကြီးတုန်လှုပ်ခြင်း၊ ဥက္ကာပျံညီး မီးရှူးရောင်ဝေ လ,နေ,ကြယ်စုံထွက်၍ တပြိုင်နက် ထွန်းလင်းခြင်း အစရှိသော သုံးဆယ့်နှစ်သွယ်သော အံ့ဖွယ်သရဲ လွန်ကဲသော အတိတ်နိမိတ်တို့ကို ထင်ရှားစွာပြလျက် ကမ္မဇလေ လှုပ်လတ်သော် အထိန်းအယ မောင်းမကိုယ်လုပ်တို့အား အကြောင်းကိုကြား၍ ထိုအင်ကြင်းပင်၏ အပါးတွင် တင်းထိမ်အရံဖြင့် ကာရံခ,ယလျက် မစပြုပြင်ကုန်စဉ် “သန့်ရှင်းလွန်ကဲသော ပုလဲမှည့်ရတနာသည် အာကာတိမ်ညွန့်မှ မြူးကွန့်ထွက်ဆင်းသကဲ့သို့ သန့်ရှင်းစင်ကြယ်စွာ လက္ခဏာကြီးငယ်နှင့် ပြည့်စုံသော အလောင်းတော် မင်းသားကို မဟာသက္ကရာဇ် ၆၇-ခု ဥတုဂိမှာန ကဆုန်လပြည့် သောကြာနေ့ နံနက် တချက်တီးအချိန် သိဟ်လဂ် ဗြိစ္ဆာစန်း ဝိသာခါနက္ခတ်နှင့် ယှဉ်လျက် ဖွားမြင်တော်မူ၏။ ယင်းသို့ ဖွားမြင်တော်မူလျှင် ကောင်းကင်ပြင်မှ ရေယဉ်နှစ်သွယ်တို့သည် မယ်တော်၏လည်းကောင်း၊ အလောင်းမင်းသား၏လည်းကောင်း ချမ်းမြကြည်သာ ဝေဒနာမရှိစေခြင်းငှါ သက်ဆင်းသွန်းဖျန်း လာကုန်၏။ အလောင်းမင်းသားသည်လည်း တပါးသောသူတို့ကဲ့သို့ လိမ်းကျံရစ်ထွေး ညစ်ကြေးသမ်းမို့ခြင်းမရှိ ပကတိသွန်းသစ်သော ဇမ္ဗူရာဇ်ရွှေစင်ကဲ့သို့ စင်ကြယ်စွာ ဖွားမြင်တော်မူလာ၏။

ကြုံးဝါးသံ ၃-ခွန်း

ထိုအခါ ရဟန္တာဖြစ်ပြီး ဗြဟ္မာကြီး လေးယောက်တို့သည် ရတနာ ရွှေကွန်ရက်ဖြင့် ဖြန့်လျက်ခံလာကုန်၏။ ထို့နောင်မှ စတုမဟာရာဇ် နတ်မင်းကြီး လေးယောက်တို့သည် အလွန်မင်္ဂလာရှိသည်ဟု သမုတ်အပ်သော နုထွတ်ချောမြေ့ သိမ်မွေ့ပြေပြစ်သော သစ်နက်ရေဖြင့် ခံလာကုန်သည်။ ထို့နောင်မှ လူမင်းသား လေးယောက်တို့သည် အဖိုးအတိုင်းမသိထိုက်သော ဘွဲ့ဖြူပုဆိုးဖြင့် ခံကြကုန်သည်။ ထိုသူတို့လက်မှ မြေကြီးထက်သို့သက်၍ အရှေ့ကို မျက်နှာမူလျက် ရပ်တော်မူသော် တခဲနက်သော စကြဝဠာ အပေါင်းတို့သည် ကောင်းစွာ ထင်လာကုန်သည်။ အတိုင်းမသိ ရှိနေကုန်သော လူ,နတ်,ဗြဟ္မာ သတ္တဝါအပေါင်းတို့သည်လည်း “သိန်းသောင်းကုဋေဖြင့် တွက်ရေမဆုံး အလုံးစုံသော လောကဓာတ် ခေတ်သုံးရပ်အတွင်းတွင် အလောင်းမင်းနှင့် တူသောသူကား မရှိပြီ၊ အရှင့်ထက် သာလွန်သောသူကို အဘယ်မှာ ရှာဖွယ်ရာ ရှိတော့အံ့နည်း”ဟု ကောင်းချီးပေးကုန်လျက် ဦးယှက်တိုက်ကြကုန်သည်။ ထိုအခါ ဗြဟ္မာကြီးတို့သည် ထီးဖြူအုပ်ကာလျက် သုယာမ နတ်မင်းသည် သားမြီးယပ်ခပ်လျက် တပါးသော နတ်တို့သည် သန်လျက်, ခြေနင်း, သင်းကျစ် စွဲကုန်လျက် ကောင်းချီးကြွေးကြော် ပူဇော်ကြကုန်၏။ အလောင်းမင်းမြတ်လည်း အရှေ့အရပ်မှ မြောက်သို့ လှည့်တော်မူလျက် ခုနစ်ဖဝါးသွား၍ မတ်မတ်ရပ်တန့်ပြီးသော်-

အဂ္ဂေါ ဟမသ္မိ လောကဿ၊

ဇေဋ္ဌော ဟမသ္မိ လောကဿ၊

သေဋ္ဌော ဟမသ္မိ လောကဿ-

ဟူ၍-သုံးခွန်းသော စကားဖြင့် ကြုံးဝါးတော်မူ၏။

(စာမျက်နှာ-၁၀)
(ထိုသို့သွားစဉ် မြင်ကုန်သော လူ,နတ်အပေါင်းတို့ကား အလောင်းမင်းသားသည် ဖွားတိုင်းသောကိုယ်ဖြင့် သွားသည်ကို ဝတ်စားဆင်ယင်လျက် သွားသကဲ့သို့ ငယ်သောအရွယ်ဖြင့် သွားသည်ကို တဆယ့်ခြောက်နှစ် အရွယ်ဖြင့် သွားသကဲ့သို့ ထင်ကြကုန်၏။)

ဖွားဖက်တော် ၇-ပါး

ဘုရားလောင်း ဖွားသည်နှင့် တပြိုင်နက် ဒေဝဒဟပြည်ကို အစိုးရသော သုပ္ပဗုဒ္ဓမင်း အမိတာမိဖုရားတွင် ဘဒ္ဒကဉ္စနာ မင်းသမီးကို ဖွားမြင်သည်။ ဘထွေးတော် အမိတောဒနတွင်လည်း အာနန္ဒာမင်းသားကို ဖွားမြင်သည်၊ ဆန္နအမတ်, ကာဠုဒါယီ, ကဏ္ဍကမြင်းတို့လည်း ဖွားကုန်သည်။ မဇ္ဈိမဒေသ မြေများအချာ၌လည်း မဟာဗောဓိပင် ပေါက်သည်။ ရွှေနန်းတော်အတွင်း၌ ရွှေအိုးကြီးလေးလုံး ပေါ်သည်။

ဆောင်။ ။

ကာဠု,ယသော်၊ ညီတော်, ဆန္န၊ ကဏ္ဍက၊ သောဏ္ဏ, ဗုဒ္ဓဟေ။
ဖွားဖက်တော်မြတ်၊ ခုနစ်ရပ်၊ မှတ်ကြ မျိုးလေးထွေ။

ရွှေအိုးကြီး ၄-လုံးရှင်းချက်

ရွှေအိုးကြီး လေးလုံးတို့တွင် သင်္ဃမည်သော ရွှေအိုးတလုံးသည် တဂါဝုတ်ပမာဏရှိသည်။ ဧဠမည်သော ရွှေအိုးတလုံးသည် ယူဇနာဝက် ပမာဏရှိသည်။ ဥပ္ပလမည်သော ရွှေအိုးတလုံးသည် သုံးဂါဝုတ် ပမာဏရှိသည်။ ပုဏ္ဍရိကမည်သော ရွှေအိုးတလုံးသည် တယူဇနာ ပမာဏရှိသည်။ အစောက်ကား နှစ်သိန်းလေးသောင်း အထုရှိသောမြေနှင့် တမျှတည်း ဖြစ်ကုန်သည်။

ယင်းသို့ အလောင်းမင်းသားကို ဖွားတော်မူပြီးသော် ပြည်ကြီးနှစ်ပြည်မှ ရောက်လာကြကုန်သော ဆွေတော်မျိုးတော် အပေါင်းတို့သည် ကောင်းစွာဝန်းညီ၍ ကပိလဝတ်ပြည်သို့ ပြန်ပို့ကြကုန်၏။

ပဌမ ရှိခိုးခံရခြင်း

ထိုအခါ သုဒ္ဓေါဒနမင်းကြီး၏ ဆရာ သမာပတ်ရှစ်ပါးကိုရသော ကာဠဒေဝိလမည်သော ရသေ့သည် မိမိနေရာ သင်္ခမ်းမှ နေ့သန့်တော်မူခြင်းငှါ တာဝတိံသာ နတ်ပြည်သို့ ကြွလည်လေသော် တာဝတိံသာ နတ်အပေါင်းတို့သည် သောင်းသောင်းအုတ်အော် ကြွေးကြော်ရွှင်ပျလျက် “ကပိလဝတ်ပြည်ကြီး၏အရှင် ဘုရင်သုဒ္ဓေါဒန မင်းတရားဝယ် ဘုရားလောင်းဖြစ်သော သားကောင်းရတနာကို ရလာပေသည်။ ထိုမင်းသား ဘုရားဖြစ်သောအခါ ငါတို့ ဖူးရတော့မည်၊ တရားတော် နာရတော့မည်”ဟု ရုံးစုပြောကြား ကစားမြူးခုန်ကြသည်ကိုမြင်၍ ကြောင်းအင်စုံစမ်း မေးမြန်းလေလျှင် နတ်တို့က အကြောင်းကို လျှောက်ထား၍ ကြားသိရသဖြင့် ထိုကာဠဒေဝီလလည်း အားရဝမ်းသာစွာ တာဝတိံသာနတ်ပြည်မှ လျင်စွာသက်ခဲ့ပြီး၍ မင်းကြီးနန်းတော်သို့ ကြွရောက်လာ၏။

သုဒ္ဓေါဒနမင်းကြီးလည်း ခရီးဦးကြိုဆိုခြင်း၊ နေရာခင်းခြင်း စသော ပဋိသန္ဓာရကိုပြုပြီးသော် ရသေ့၏အနီး၌ နေ၏။ ကာဠဒေဝီလ ရသေ့လည်း “ဒကာတော် မင်းတရား၌ ဘုရားလောင်းဖြစ်သော သားကောင်းရတနာကို ယနေ့ ဖွားသည်ဟု တာဝတိံသာနတ်တို့ ပြောစကားကို

(စာမျက်နှာ-၁၁)

ငါကြားသိရသောကြောင့် ဒကာတော်ထံ ငါလာသည်၊ ဟုတ်မှန်ပါ၏လော”ဟု မေး၏။ မင်းကြီးလည်း ဟုတ်မှန်ကြောင်းကို လျှောက်ကြား၏။ “ထိုသားရတနာကို ငါရှုမြင်လိုသည်”ဟု ဆိုလေသော် သားတော်ကို ယူဆောင်ခဲ့စေ၍ မင်းကြီး၏ ရင်ခွင်၌ထားပြီးမှ ရသေ့အား ရှိခိုးစိမ့်သောငှါ လက်နှစ်ဖက်ကို ယှက်စေသော် အလောင်းမင်းသား၏ ဖဝါးတော်အစုံသည် လျှပ်ခြည်စက်ကဲ့သို့ ပျံတက်၍ ရသေ့၏ ဦးထိပ်ပြင်ထက်၌ တည်လေ၏။ ဤသို့သော အံ့ဖွယ်သရဲ ထူးကဲစွာဖြစ်သည်ကိုမြင်လျှင် ရှင်ရသေ့သည် ထ၍ ညွတ်ကျိုး ရှိခိုးဦးတိုက်၏။ ဖခင်မင်းတရားလည်း သားတော်မြတ်ကို တုပ်ဝပ်ရိုကျိုး ရှိခိုးလေသတည်း။

ကာဠဒေဝိလရသေ့ နိမိတ်ဖတ်ပုံ

ရှေ့နောက် ကမ္ဘာလေးဆယ်စီ မြင်နိုင်သော ပုဗ္ဗေနိဝါသ, အနာဂတံသဉာဏ်နှင့် ပြည့်စုံသော ထိုကာဠဒေဝိလရသေ့လည်း ယနေ့ဖွားစသော ဘုရားလောင်း၏ လက္ခဏာကြီးငယ်ကိုမြင်လျှင် “စင်စစ်မချွတ် ဘုရားဖြစ်လတ္တံ့သောသူမြတ်ကို ထက်ကြပ် ဖူးမြင်ရသည်”ဟု ရွှင်ကြည်လှသော နှလုံးဖြင့် ပြုံးရယ်တော်မူ၏။ ထို့နောင်မှ “ဤမင်းသား ဘုရားဖြစ်သောအခါ ငါဖူးတွေ့ရပါအံ့လော”ဟု မိမိ၏ အာယုပရိစ္ဆေဒကို ဆင်ခြင်ပြန်လျှင် ဘုရားမဖြစ်ခင် သေလွန်၍ အထက် အရူပဘုံ၌ ဖြစ်လတ္တံ့သည်ကိုသိ၍ “တွေ့ခဲလှသော အစ္ဆရိယပုရိသကို တွေ့ရငြားလျက် ဘုရားဖြစ်သည့်တိုင်အောင် ငါမနေရပါ”ဟု မိမိကံကြမ္မာကို ဝမ်းနည်း၍ သည်းစွာ ငိုပြန်၏။

ထိုအကြောင်းကို သုဒ္ဓေါဒနမင်းကြီး မေးလျှောက်လေသော် “ဒကာတော်မင်းကြီးသား၌ ဖြစ်ထိုက်သော အန္တရာယ်သည် စိုးစဉ်းမျှ မရှိပေ၊ ဧကန်စင်စစ် ဘုရားဖြစ်လတ္တံ့သူ မှန်ပေသည်။ ထိုသို့သောသူကို တွေ့ရ၍ ဝမ်းမြောက်လှသောကြောင့်သာ ငါရယ်မိသည်၊ ဤသို့ တွေ့ပါငြားလျက် ဘုရားဖြစ်သောအခါ ငါမဖူးမြင်ရပြီ၊ တရားတော်ကို မနာရပြီ၊ ဘုရားမဖြစ်မီ အကျိုးမဲ့ စုတေရမည်ကိုမြင်၍ ငါ၏အဖြစ်ကို ဝမ်းနည်းသဖြင့် ငိုမိသည်”ဟု ပြောဆို၏။ မင်းတရားကလည်း “အကျွန်ုပ်သားသည် အဘယ်အရွယ်ရှိမှ ဘုရားဖြစ်လတ္တံ့နည်း”ဟု လျှောက်ပြန်သော် “သုံးဆယ့်ငါးနှစ်တိုင်မှ ဘုရားဖြစ်မည်”ဟု ဆို၏။

နာဠက ရဟန်းပြုခြင်း

ထိုသို့ ပြောဟောကြပြီးမှ ကာဠဒေဝိလ ရသေ့လည်း မိမိနေရာသို့ ကြွလေ၍ နှမတော်၏သားဖြစ်သော နာဠကသူကြွယ်ကိုခေါ်ပြီး “ငါ့တူ နာဠက- သုဒ္ဓေါဒနမင်းကြီးသားသည် သုံးဆယ့်ငါးနှစ်တိုင်လျှင် စင်စစ်မချွတ် ဘုရားဖြစ်လိမ့်မည်၊ ထိုအခါ တရားတော်ကိုနာ၍ ကျင့်သဖြင့် ချမ်းသာတကာတို့၏ အထွတ်အထိပ်ဖြစ်သော နိဗ္ဗာန်ချမ်းသာကိုရအောင် ယနေ့ပင် သင်-ရဟန်းပြုလေ”ဟု တိုက်တွန်း၏။ ထိုစကားကိုကြားသော် တူတော် နာဠကလည်း “ငါ့ဦးရီးသည် အကျိုးမဲ့ကို မဆိုပေရာ၊ ကောင်းကျိုးရှိသည်သာ ဖြစ်လတ္တံ့”ဟု ယုံကြည်သည်ဖြစ်၍ ရှစ်ဆယ့်လေးကုဋေ ကြွယ်ဝသော ရွှေငွေဥစ္စာ လယ်ယာကျွန်နွား သားမယားတို့ကို စွန့်ပစ်၍ ထိုနေ့ပင် ရဟန်းပရိက္ခရာကို ဖွေရှာလျက် ဘုရားလောင်းရှိရာ အရပ်သို့ ရှိခိုးရည်မှန်း၍ ရဟန်းပြုလေ၏။

ထိုနာဠကကား ဘုရားပွင့်သောအခါ ဓမ္မစကြာတရားကို ဟောကြားပြီးသည့်နောက် ခုနစ်ရက်မြောက်သောနေ့တွင် ဘုရားသခင်နှင့်တွေ့၍ မောနေယျအကျင့်ကို လျှောက်ထားပြီးလျှင်

(စာမျက်နှာ-၁၂)

ဘုရားရှင် ဟောကြားတိုင်း အားထုတ်၍ကျင့်သဖြင့် တခုသော ရွှေတောင်ကိုမှီလျက် ပရိနိဗ္ဗာန်ပြုလေ၏။

မောနေယျအကျင့် ရှင်းချက်

ဘုရား တဆူ,တဆူတွင် မောနေယျကျင့်သူ တယောက်သာ ရှိမြဲ၊ ဤနာဠကမထေရ်ကား ဥက္ကဌ် ကျင့်သောကြောင့် ကျင့်သည့်နေ့မှ ခုနစ်လသာ အသက်ရှည်သည်၊ မဇ္ဈုံကျင့်သော် ခုနစ်နှစ်၊ မုဒုံကျင့်သော် တဆယ်နှစ်နှစ် အသက်ရှည်သည်။

ကာဠဒေဝိလ ရသေ့အကြောင်း

ကာဠဒေဝိလ ရသေ့ကား- သုဒ္ဓေါဒနမင်း၏ ခမည်းတော် သီဟဟနုမင်းကြီး၏ ပုရောဟိတ် ပုဏ္ဏားသားဖြစ်သော အသိတလုလင်တည်း၊ သုဒ္ဓေါဒနမင်း ငယ်စဉ်အခါကပင် အတတ်သင်သော ဆရာဖြစ်၍ တနေ့မပြတ် မင်းသားအထံသို့ကပ်၍ အတတ်သင်ရ၏။ သီဟဟနုမင်းလွန်၍ သားတော် သုဒ္ဓေါဒနမင်း ဘိသိက်ခံ၍ နန်းစံသောအခါ ထိုဆရာ အသိတကို ကာဠဒေဝိလဟူသော အမည်ဖြင့် ပုရောဟိတ်အရာ၌ ထား၏။ သာကီဝင်မင်းတို့ ဓမ္မတာသည် ဘိသိက်ခံသော အခါမှစ၍ မိဘမှ တပါးသောသူတို့အား ညွတ်တွား ရိုကျိုး ရှိခိုးမြဲ မဟုတ်ရကား သုဒ္ဓေါဒန မင်းတရားလည်း ဆရာဖြစ်သော ကာဠဒေဝိလပုဏ္ဏားအား ညွတ်တွားရှိခိုးခြင်းကို မပြု၊ ပစ္စည်းပရိကံ အထိုက်အလျောက်သာလျှင် ချီးမြှောက်ပေးကမ်း၏။ ထိုအခါ ဆရာ ကာဠဒေဝိလလည်း “ဤမင်းသားသည် မင်းမာန်ပွား၍ ငါ့အား ရိုသေခြင်း မရှိပြီ၊ ဤမင်းသား ရှိခိုးရအောင် ဤလူ့ဘောင်မှ ခွာရှောင်၍ ရဟန်းပြုတော့အံ့”ဟု ကြံ၍ သုဒ္ဓေါဒနမင်းကြီးထံ ခွင့်ပန်၍ ရဟန်းပြုလေ၏။ မင်းကြီးလည်း “အရှင်မြတ်အား မပြတ် ဖူးမြင်လိုပါသည်။ ရဟန်းပင်ပြုသော်လည်း အကျွန်ုပ် ဥယျာဉ်၌သာ နေတော်မူ၍ အကျွန်ုပ်အား သင်ကြားဆုံးမပါ”ဟု လျှောက်၏။ ကာဠဒေဝိလ ဆရာလည်း ကောင်းပြီဟု ဝန်ခံလျက် မင်းကြီး ဥယျာဉ်၌နေ၍ ကမ္မဋ္ဌာန်း ဝိပဿနာကို လွန်စွာ အားထုတ်သဖြင့် သမာပတ်ရှစ်ပါး အဘိညာဉ်ငါးပါး တရားအထူးကို ရ၏။ ထိုသို့ရသည်မှစ၍ မင်းအိမ်၌ ဆွမ်းခံလျက် ရံဖန်ရံခါ ဟိမဝန္တာ၌, ရံဖန်ရံခါ စတုမဟာရာဇ် နတ်ပြည်တို့၌ လှည့်လည်ကာ နေ့သန့်တော်မူ၏။ ဘုရားလောင်း ဖွားမြင်သောနေ့မှာ တာဝတိံသာတွင် နေ့လှည့်ကျသည်နှင့် ကြွတော်မူရာတွင် တာဝတိံသာနတ်တို့ မြူးထူးချီးပခြင်းကို ကြားမြင်ရလေသတည်း။

(သုတ္တနိပါတ် အဋ္ဌကထာ၌ကား- ငယ်မည်ကိုစွဲ၍ အသိတရသေ့ဟု ဆို၏။)

ပုဏ္ဏား ၈-ယောက်တို့ လက္ခဏာဖတ်ကြပုံ

အလောင်းမင်းသားကို ဖွားမြင်သည့်နောက် ငါးရက်မြောက်၌ အမည်မှည့်အံ့သောနေ့သို့ ရောက်သောအခါ အလုံးစုံသော မင်းအိမ်တော်ကို အကျော်, ဇလပ်, ပရုတ်, စန္ဒကူးဟူသော နံ့သာမျိုးလေးပါး ထူးပြားသော အခိုးအထုံတို့ဖြင့် လိမ်းကျံပက်ဖျန်း၍ ဇလပ်ပန်း, မုလေးပန်း, ပေါက်ပေါက်ပန်း, နေဇာ, မာလာကျိကျုစသော ပန်းမျိုးတို့ကို ဖြိုးဖြိုးပြည့်မျှ ကြဲစေလျက် သားတော်ကို နံ့သာရေတို့ဖြင့် ခုနစ်ကြိမ်ချိုးလျက် ကိုးပါးသော ရတနာအစုထက် နေစေ၍ ဗေဒင်သုံးကျမ်း ကမ်းတဖက်ရောက် တတ်မြောက်စွာသော ပုဏ္ဏား တရာ့ရှစ်ယောက်ကိုခေါ်၍

(စာမျက်နှာ-၁၃)

အဖျော်ယမကာ ဃနာထမင်းတို့ဖြင့် ကျွေးမွေးပြီးသော် ပူဇော်သက္ကာရအများ ဆောက်နှင်း၍ မင်းသား၏ လက္ခဏာနိမိတ်ကို စစ်ဆေးမေးတော်မူ၏။ ထိုအခါ တရာ့ရှစ်ယောက်သော ပုဏ္ဏားတို့တွင် ထင်ရှားတတ်မြောက်စွာသော ရာမ, ဓဇ, လက္ခဏ, ဇောတိမန္တ, ယည, သုဗောဓ, သုယာမဟူသော ပုဏ္ဏားခုနစ်ယောက်တို့က လက်နှစ်ချောင်းမြှောက်၍ “အရှင့်သားတော်မြတ်သည် ကျွန်းရပ်လေးမည်ကို လှည့်လည်ပိုင်နင်းသော စကြာမင်းသော်လည်း ဖြစ်လတ္တံ့၊ လူတွင်ထင်ရှား ဘုရားသော်လည်း ဖြစ်လတ္တံ့”ဟူ၍ လျှောက်ထားကြ၏။ ကောဏ္ဍညအနွယ်ဖြစ်သော သုဒတ္တအမည်ရှိသော ပုဏ္ဏားငယ် တယောက်မူကား “အရှင့်သားသည် သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီး, ရှစ်ဆယ်သော လက္ခဏာတော်ငယ်, အံ့ဖွယ် တဆယ့်နှစ်ဖြာ, တရာ့ရှစ်ကွက်သော စက်တော်အစုံ ပါပေသည်၊ သုံးဆယ့်တဘုံဝယ် တစုံတယောက်သောသူမျှ အတုမရှိ အသဒိသအစစ် ဓမ္မရာဇ်ထွတ်ထား ဘုရားဧကန် ဖြစ်ပါလိမ့်မည်။ လူတို့ဘောင်တွင် တည်အံ့သောငှါ မဟုတ်ပါ” ဟု လက်ညှိုးတချောင်းကိုသာမြှောက်၍ ကြားလျှောက်၏။

(ထိုကောဏ္ဍညကား ပစ္ဆိမဘဝ၌ တည်သောသူဖြစ်၍ စင်စစ် သိနိုင်လေသတည်း။)

သိဒ္ဓတ္ထကုမာရ အမည်မှည့်ပုံ

ထိုစကားကို ကြားလေသော် ခမည်းတော် မင်းတရားသည်လည်း “ငါ၏သားသည် ဘုရားဖြစ်လတ္တံ့ဟု ဆိုသော် အဘယ်အကြောင်းကိုမြင်၍ လူ၏ဘောင်တွင် မရွှင်ပျော်ပဲ ရှောင်လွှဲတောထွက်လတ္တံ့နည်း”ဟု မေးတော်မူ၏။ ကောဏ္ဍညပုဏ္ဏားလည်း “အရှင့်သားသည် ကြီးမားရင့်မာသော ပါရမီသမ္ဘာ ပညာသတ္တိ ရှိပါသည်။ တဏှာရမ္မက် ငေါ်ငက်ခြင်း ကင်းပါလိမ့်မည်။ သူအို, သူနာ, သူသေ, ရဟန်းတည်းဟူသော နိမိတ်လေးပါးကို မြင်ဘိ၍ သတိသံဝေဂရသဖြင့် မုချဆက်ဆက် တောထွက်ပါလိမ့်မည်”ဟု လျှောက်၏။ ထိုစကားကိုကြားသော် ခမည်းတော် သုဒ္ဓေါဒန မင်းတရားသည်လည်း သား၏ ရဟန်းဖြစ်ခြင်းကို မနှစ်သက်၊ စကြာရတနာကို ရှေ့ဆောင်၍ နှစ်ထောင်ရံဝန်းသော ကျွန်းငယ်နှင့်တကွ ဒီပလေးမည်ကို လှည့်လည်ပိုင်နင်းသော စကြာမင်းဖြစ်သည်ကို မြင်လိုရကား သားတော်၏ သံဝေဂရခြင်း အကြောင်းကင်းအောင် ပြည်တွင်းပြည်ပ တဂါဝုတ်မျှသောအရပ်၌ အစောင့်အရှောက်ထားလျက် သူအို, သူနာ, သူသေ, ရဟန်းအသွင်ကို မြင်ရမည်ကို မဆိုထားဘိ၊ သတင်းစကားမျှ မကြားရအောင် ကြံဆောင် အားထုတ်တော်မူသတည်း။ မင်းသား၏ အမည်နာမကို ရွေးချယ်ကြကုန်သော်- အလုံးစုံသော လူနတ်တို့၏ အလိုခပ်သိမ်းကို ပြီးငြိမ်းစေတတ်ရကား “သိဒ္ဓတ္ထကုမာရ”ဟူသော အမည်ကို မှည့်ကုန်၏။ ထိုမင်္ဂလာအခါ နေ့ရက်၌ စုဝေးလာသော မဟာဆွေတော်မျိုးတော် အပေါင်းတို့မှလည်း တယောက်,တယောက်သော မင်းသားကို နှံထားဆောက်နှင်းကြရ၏။ အသောင်းအသိန်းမကသော အထိန်း အယ မောင်းမကိုယ်လုပ်တို့ကိုလည်း အပ်နှင်းတော်မူ၏။ အတိုင်းမသိသော အခြံအရံနှင့်တကွ ကြီးပွားရ၏၊ အလောင်းမင်းသားကို ဖွားမြင်တော်မူသည်မှနောက် ခုနစ်ရက်မြောက်သောနေ့ဝယ် မယ်တော် သိရီမဟာမာယာ မိဖုရားသည် ဓမ္မတာဝန်အားဖြင့် အိပ်ပျော်သော ယောက်ျားကဲ့သို့ များစွာသော အန္တရာယ်မတွေ့ပဲ စုတေခဲ့ပြီးသော် ဘုရားမယ်တော်တို့၏ဖြစ်ရာ တုသိတာနတ်ပြည်ဝယ် သန္တုသိတအမည်ရှိသော နတ်မင်းဖြစ်လေ၏။

(စာမျက်နှာ-၁၄)

သန္တုသိတနတ်သား ရှင်းချက်

အချို့သော ဆရာတို့ကား - “မာတရံ ပမုခံ ကတွာ” ဟူ၍ အဘိဓမ္မာ အဋ္ဌကထာလာသည်ကို ထောက်၍ နတ်မိန်းမအဖြစ်ဖြင့်ပင် မယ်တော်ဖြစ်၏ဟု ဆိုကုန်သည်။ မဓုသာရတ္ထဒီပနီဋီကာ ဆရာသည် မယ်တော် ယောက်ျားဖြစ်ကြောင်းကို သံဂါယနာဝင်ကျမ်းတို့၌မလာ၊ ရှေးဆုတောင်းလည်း မပါ၊ ဓမ္မတာသုံးဆယ်၌လည်း မဝင်၊ ထို့ကြောင့် နတ်မိန်းမပင် ဖြစ်သည်ဟူ၍ ယူရန်ရှိသည်ဟု ဆို၏။ ယင်းသို့ ဆိုကုန်သော်လည်း ထိုဆရာတို့ထက် ခိုင်ခံ့သော ထေရအဋ္ဌကထာ၌-

ဒေဝူပပတ္တိ ပန ပုရိသဘာဝေန ဝုတ္တာ-ဟု လာသောကြောင့် လည်းကောင်း၊

ဓမ္မပဒအဋ္ဌကထာ၌-

မာတုဘူတပုဗ္ဗော သန္တုသိတဒေဝပုတ္တော-ဟူ၍ လာသောကြောင့်လည်းကောင်း၊

အဘိဓမ္မာဝတာရဋီကာ၌-

မာတုဒေဝပုတ္တော-ဟု မိန့်သောကြောင့်လည်းကောင်း

ထိုဆရာတို့၏ဝါဒသည် အစလ သုပ္ပတိဋ္ဌိတ မဖြစ်။ ဤသို့သော သံဂါယနာဝင် အဋ္ဌကထာ, ဋီကာတို့၌ ရှိပြီးဖြစ်၍ စင်စစ် ယောက်ျားဖြစ်၏ဟု မှတ်အပ်သည်။ မယ်တော်ကိုလည်း ဒေဝဒဟပြည်သို့ယူဟန် အချို့စာငယ်များတွင် ဆိုသည်။ အဋ္ဌကထာကြီး၌ကား ကပိလဝတ်ပြည်သို့ ပြန်ပို့ကြောင်းကို ဆိုသည်။

ဒုတိယရှိခိုးခံရခြင်း

မယ်တော် နတ်ပြည်စံခဲ့သော် မိထွေးတော်ဖြစ်သော မဟာပဇာပတိဂေါတမီ မိဖုရားသည် သားတော်နန္ဒမင်းသားကို နို့ထိန်းတို့အား အပ်နှင်း၍ အလောင်းမင်းသားကို မိဖုရားကိုယ်တိုင် နို့တိုက်၍ မွေးမြူတော်မူ၏။ ဤသို့ သိဒ္ဓတ္ထမင်းသားကိုဖွား၍ တလမြောက်သောအခါ ခမည်းတော် မင်းတရားသည်လည်း များစွာသော မှူးမတ်ဗိုလ်ပါ အခြံအရံနှင့် ထွက်စံ စံပယ်၍ လယ်ထွန်မင်္ဂလာ ပြုတော်မူသည်။ ထိုအရပ်၏အနီး ကြီးစွာသော ဇမ္ဗုသပြေပင်ရင်းဝယ် ခင်းကျင်းကာရံ စီမံအပ်သော ကောင်းမြတ်သောနေရာ၌ အလောင်းတော်မင်းသားကို ထားပေ၏။ အထိန်းအယ မိန်းမတို့လည်း မင်းကြီး၏ လယ်ထွန်သဘင်ကို ရှုမျှော်လျက် မေ့လျော့၍နေစဉ်တွင် အလောင်းမင်းသားသည် သိပ်ထားသော နေရာထက်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူပြီးသော် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းသဖြင့် ပထမဈာန်ကို ဝင်စားတော်မူ၏။ ထိုအလောင်းမင်းသား၏ အာနုဘော်ကြောင့် ဇမ္ဗုသပြေပင်ရိပ်သည် နံနက်ကာလမှစ၍ ညနေ မွန်းစောင်းသည့်တိုင်အောင် မပြောင်းမယွန်းပဲ ထီးဝန်းအုပ်သကဲ့သို့ တည်၏။ နို့ထိန်းမိန်းမတို့သည် သတိရသဖြင့် တင်းထိမ်တွင်းသို့ဝင်၍ ကြည့်ရှုကြသော် အလောင်းမင်းမြတ်၏ သမာပတ်ဝင်နေသော အခြင်းအရာကို မြင်၍ အလျင်တဆော သုဒ္ဓေါဒနမင်းကြီးအား

(စာမျက်နှာ-၁၅)

လျှောက်ပေ၏။ မင်းကြီးလည်း လျင်စွာလာ၍ ရှုမျှော်သော် သားတော်မြတ်၏ အခြင်းအရာကို မြင်သဖြင့် ရွှင်ကြည် ညွတ်တုပ် လက်အုပ်ချီမိုး၍ ရှိခိုးပူဇော်တော်မူ၏။ ဤကား နှစ်ကြိမ်မြောက်သော ခမည်းတော်၏ ရှိခိုးခြင်းတည်း။

အပျော်ကစားရန် ရေကန်တော်

ဤမှသည် အစဉ်အတိုင်း ကြီးပွား၍ ဘုရားလောင်း ခုနစ်နှစ်အရွယ်သို့ ရောက်သောအခါ ခမည်းတော်မင်းမြတ်သည် မှူးမတ်အပေါင်းတို့ကို စည်းဝေးတော်မူစေ၍ “ခုနစ်နှစ်ရှိသော သူငယ်တို့မည်သည် အဘယ်အမူအရာကို လွန်စွာ မြတ်နိုးတတ်ကုန်သနည်း၊ အဘယ်ကိစ္စနှင့် မိဘတို့ ချီးမြှောက်သဖြင့် တင့်တယ်ရာသနည်း”ဟု မေးတော်မူ၏။ အမတ်တို့လည်း “ဤအရွယ်သို့ရောက်သော မင်းသားတို့မည်သည် ရေသဘင် ပျော်ရွှင်ခြင်းကို အလိုရှိတတ်ပါသည်။ ဤအမှုဖြင့်လည်း သင့်တင့်လျောက်ပတ်ပါသည်” ဟု လျှောက်ကြကုန်လျှင် ဖခင်မင်းတရားလည်း မြို့ပြုပြင်သော လက်သမားတို့ကို ခေါ်တော်မူ၍ “ဤမည်သောဌာန၌ လှပကြီးကျယ်သော ရေကန်ကို စီမံပြုပြင်ကြလေကုန်” ဟု စေတော်မူ၏။

ထိုလက်သမားတို့လည်း ရေကန်နေရာကို တိုင်းတာစနစ်ကြပြီးသော် “ယနေ့ကား အကာလဖြစ်ပြီ၊ နက်ဖြန်နံနက်မှ ပြုလုပ်ကြကုန်အံ့”ဟု အိမ်သို့ပြန်လေသော် နေဝင်အခါ၌ သိကြားနေရာ ပဏ္ဍုကမ္ဗလာသည် တင်းမာဘိသဖြင့် အဋ္ဌုပ္ပတ္တိကို ရှုမျှော်သော် အလောင်းမင်းသား၏ ပျော်ပါးရန် ရေကန်ပြုလိုကြောင်းကိုသိ၍ ဝိသကြုံနတ်သားကို “သင်-သွား၍ ဖန်ဆင်းချေ”ဟု စေတော်မူ၏။ ထိုနတ်သားလည်း လျင်လျားစွာ လာပြီးသော် မြို့လေးမျက်နှာ၌ တဂါဝုတ်မျှလောက်ကျယ်သော ရေကန်ကို ဖန်ဆင်း၍ပေး၏။ ထိုရေကန်သည်ကား သန္တာရစ်, ပုလဲရစ်, ဥဿဖယားရစ်, ပတ္တမြားရစ်, ကြောင်မျက်ရွဲရစ်, ဝံသဝဏ်ရစ်, ရွှေဖလံနီရစ်တို့ဖြင့် ခုနစ်ဆစ် ခုနစ်ကန့် တန့်လျက် ပြိုးပြိုးပြက်မျှ ရှိ၏။ ရေ၏အစ၌ လှပဖြူစင် ထိန်လွင်တောက်ပသော ရွှေသလဲ, ငွေသလဲတို့သည် ကြဲဖြန့်ကာ တည်ကုန်၏။ ရတနာခုနစ်ပါးအတိပြီးသော အုတ်ကျောက်နံရံ သုံးတန်ဝန်းပတ်လျက် ပြင်အထပ်မှ ရွှေ့ပွတ်လုံး ရွှေပွတ်တိုင်တို့သည် အဆိုင်,အဆိုင်ခြံရံကာ တည်ကုန်၏။ ပန်းစုံရုပ်စုံ ထည့်လုပ်အပ်သော သန္တာနီအဆင်းရှိသော စောင်းတန်းလှေကားတို့ဖြင့် ခင်းထားအပ်သော ရေဆိပ် ခုနစ်သွယ်တို့သည် ပတ်လည်ရံကာရှိကုန်၏။ ရွှေသွတ်အိုးတို့ဖြင့် စိုက်ပျိုးစီထားဘိသကဲ့သို့ တဖို့တကန့်စီ ပေါက်ရောက်သော ကြာမျိုးခုနစ်ပါးတို့သည် ထွားထွားဖွံ့ဖွံ့ အညွန့်အညှောက် ပေါက်ရောက်ပြည့်စုံလျက် ငုံကာပွင့်ကာ ရံခါမလပ် မပြတ်သောရနံ့တို့ဖြင့် လှိုင်လျက် တကြိုင်ကြိုင် တကြူကြူ ဖြစ်၏။ ထိုကန်ဦး၌ ကွန့်မြူးပျံသွားကုန်သော ကျေးငှက်အပေါင်းတို့သည်လည်း ပြောင်းကာပျံကာ တွန်သာရင့်ကြွေးသော အသံတို့ဖြင့် တရံမပြတ် နတ်တူရိယာကဲ့သို့ သာယာစွာဖြစ်၏။

ထိုကန်မြတ်ဝယ် လှော်ခတ်ပျော်ပါးစေခြင်းငှါ ရတနာခုနစ်ပါး အတိပြီးသော လှေ,ဖောင်,ကတ္တူ, သရဂူ,သမ္ဗန်တို့ကိုလည်း ဖန်ဆင်းပြုထား၏။ ထိုဖောင်,လှေတို့တွင် ရွှေအတိပြီးသောလှေ၌ ငွေဖြင့်ပြီးသော ထီးဖြူ ရာဇပလ္လင် ဥကင်ကနက်တင်လျက်, ငွေအတိပြီးသောလှေ၌ ရွှေဖြင့်ပြီးသော ထီးဖြူ ရာဇပလ္လင် ဥကင်ကနက်တင်လျက် နှစ်သက်စဖွယ် မင်းဆောင်မင်းခမ်း ကျင်းပကာ ကောင်းစွာစီမံပေ၏။ ဤသို့လျှင် လူတို့ရပ်၌ မမြင်စဖူး လွန်ကြူးတင့်တယ် အံ့ဖွယ်ရှိလှသော

(စာမျက်နှာ-၁၆)

နတ်ရေကန်ကို ညဉ့်သုံးယံအတွင်း၌ ဖန်ဆင်းခဲ့ပြီးမှ မိမိနေရာ နတ်ရွာသို့ ပြန်လေ၏။ နံနက်ကာလ လူတို့မြင်ကြကုန်သော် “အံ့သြဘနန်း ရှုမခန်းသော ရေကန်သည် ညဉ့်သုံးယံအတွင်း အလိုအလျောက် မြေမှပေါက်၍ ဖြစ်မြောက်လာပေသည်”ဟု အံ့သြချီးပ၍ သုဒ္ဓေါဒနမင်းကြီးအား လျှောက်ကြားကြကုန်၏။ မင်းတရားလည်း အားရဝမ်းသာ ထွက်သွားကာ ရှုမျှော်၍ “ငါ့သားတော်ဘုန်းကံကြောင့် နတ်ဖန်၍ ပေးလာသည်”ဟု ဝမ်းသာလှရကား သားတော်အား ဆောက်နှင်းပေ၏၊ အလောင်းတော် မင်းသားလည်း နတ်သိကြားကဲ့သို့ များစွာသော အခြွေအရံဖြင့် ရေကန်ဝယ် စံပယ်ပျော်ပါးတော်မူ၏။

(ဤကား အင်္ဂုတ္တိုရ်အဋ္ဌကထာ, အနာဂတဝင် အဋ္ဌကထာတို့၌လာသော အတ္ထုပ္ပတ္တိတည်း။)

ရွှေနန်းပြာသာဒ် ၃-ဆောင်

ယင်းသို့ အစဉ်သဖြင့် ချမ်းသာကြီးပွား၍ မင်းသားတဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်လတ်သော် ဘေးတော်,ဘိုးတော် အဆက်ဆက်တို့သည် တကြိမ်တရံမျှ မစံစဖူး ထူးမြတ်လှသော ကာလသုံးစု ဥတုသုံးရပ်နှင့်လျော်သော ရမ္မ, သုရမ္မ, သုဘ, အမည်ရှိသော ရွှေနန်းပြာသာဒ်သုံးဆောင်ကို တည်ထောင်ဆောက်လုပ်၍ ပေးအပ်တော်မူ၏။

ရမ္မ-ပြာသာဒ်ကား ဘုံကိုးဆင့်ရှိသည်။
သုရမ္မ-ပြာသာဒ်ကား ဘုံခုနစ်ဆင့်ရှိသည်။
သုဘ-ပြာသာဒ်ကား ဘုံကိုးဆင့်ရှိသည်။

ထိုပြာသာဒ် သုံးဆောင်တို့သည် အစောက်အားဖြင့် အပိုင်းအခြားမရှိ မြင့်သည်။ အပြန့်အားဖြင့် ရွေရံရှစ်သောင်းကျော် နေပျော်လောက်သည်၊ အဆန်းအကြယ်အားဖြင့် ပြောပချီးမွမ်း၍ မကုန်နိုင်အောင် တင့်တယ်သတည်း။

၅။ ဘုရားလောင်း သိဒ္ဓတ္ထမင်းသား လေးအတတ်ကိုပြခြင်း

သမီးတော်တောင်း ရာဇသံ

ဤရွှေနန်းသုံးရပ်ကို အပ်နှင်းတော်မူပြီးမှ သုဒ္ဓေါဒနမင်းကြီးသည် ဤသို့ ကြံတော်မူ၏၊ “ငါ၏သားတော်မြတ်သည် လျောက်ပတ်သော အရွယ်သို့ရောက်ပြီ၊ အတိုင်းမသိသော မင်းမိဖုရားတို့ ခစားဝန်းရံလျက် နိုင်ငံတိုင်းကားကို စိုးမိုးအုပ်ချုပ်၍ မင်းလုပ်စိမ့်မည်၊ မယား,သားတို့နှင့် ပျော်ပါးတပ်ငြိခြင်းရှိမှ သတိသံဝေဂ မသက်၊ တောထွက်၍ ရဟန်းမပြုပဲ လူ့စည်းစိမ်၌ မွေ့လျော်ကာ စကြာမင်းဖြစ်သည်ကို ငါမြင်ရချိမ့်မည်၊ စကြာမင်းအဖ ငါခံရချိမ့်မည်”ဟု ကြံရည်တော်မူပြီးသော် အသီးသီးသော ဆွေတော်မျိုးတော်တို့၏အထံသို့ ရာဇသံရွှေပေနှင့် စေလွှတ်၍ သမီးရတနာ ပို့ဆက်လာရမည့်အကြောင်းနှင့် တောင်းတော်မူ၏။

ထိုရာဇသံကိုကြားသော် ဒေဝဒဟပြည် ကပိလဝတ်ပြည်၌ ရှိနေကုန်သော သုပ္ပဗုဒ္ဓမင်း အစရှိကုန်သော အချို့သော ဆွေတော် မျိုးတော်အပေါင်းတို့သည် ဤသို့ ဆိုကြကုန်၏။

(စာမျက်နှာ-၁၇)

“ဤသိဒ္ဓတ်မင်းသားသည် ဘုရားဖြစ်လတ္တံ့ဟု ပုဏ္ဏားတို့ မြှောက်စားသော စကားကိုမှီ၍ ဂုဏ်မာန်တက်သဖြင့် မည်သည့်အတတ်ကိုမျှ မသင်မကြား၊ ကိုးစားယုံမှတ်လောက်အောင် အဋ္ဌာရသသိပ္ပတွင် တခုခုမျှမတတ်ချေ။ အဆင်းအဝါ လှပ၍ စွမ်းပကားပညာ ကင်းရကား မြိုင်တွင်း၌ရောက်နေသော ပေါက်ပင်ကဲ့သို့သာ ဖြစ်ချေသည်။ ပြည်ဝင်ချင်းချင်း မင်းတပါးတို့ အကယ်၍ ရန်မူလာက လဲဝါဂွမ်းကဲ့သို့ လွင့်ဖိုရာသာ ဖြစ်ချေသည်။ ငါတို့ရင်သွေးကိုပေး၍ မလျော်”ဟု ဆိုကြကုန်၏။

ထိုမင်းတို့ ဆိုလိုက်သောစကားကို မှူးမတ်တို့ ပြန်ကြား လျှောက်ထား၍ သုဒ္ဓေါဒနမင်းကြီး ကြားလေသော် သားတော်၏ အစွမ်းကိုလည်း မသိရသေးရကား ဘုရားလောင်းထံသို့သွား၍ မင်းတပါးတို့ ကဲ့ရဲလိုက်သော အကြောင်းကိုကြားပြီးမှ အဋ္ဌာရသသိပ္ပကို သင်စိမ့်သောငှါ တိုက်တွန်း၏။ အလောင်းမင်းသားလည်း “သင်ကြားဖွယ်မရှိ၊ ပဋိသန္ဓေက တတ်မြောက်ပြီး ဖြစ်ပါသည်။ မည်သည့်အတတ်ကို ရှုလိုသည်ဟု မိန့်တော်မူပါ၊ ရှေ့တော်တွင် ပြပါမည်”ဟု လျှောက်၏။ ယင်းသို့ လျှောက်ကြားသော် ခမည်းတော် မင်းတရားလည်း အားရဝမ်းသာတော်မူ၍ မင်းရင်ပြင်ဝယ် ကြီးကျယ်သော တလင်းမင်းကွန်းကို ပြုပြီးလျှင် ဗိုလ်တထောင် တင်ထိုက်သော လေးတော်ကိုအပ်၍ လေးအတတ်ကို ပြစေ၏။

လေးအတတ်များကို ပြခြင်း

ထိုအခါ အလောင်းမင်းမြတ်သည်လည်း ကပိလဝတ်ပြည်တော်တွင် ထက်ဝန်းကျင်မှ ကျော်စောကုန်သော အက္ခဏဝေဓိ, ဝါလဝေဓိ, သရဝေဓိ, သဒ္ဒဝေဓိ အမည်ရှိသော လေးသမားတို့ကိုခေါ်၍ မင်းရင်ပြင်၌ စည်းဝေးပြီးသော် ကိုယ်တော်မြတ်မူကား ပတ္တမြားပြောက်ဖြင့်ပြီးသော ချပ်မိန်ညို, မျဉ်းတို,မျဉ်းရှည် စသည်တို့ကိုဝတ်၍ နဝရတ်ကိုးပါးဖြင့် စီတပ်သော သင်းကျစ်မကိုဋ်ကို ဦးခေါင်း၌စွပ်လျက် တခဲနက် ရတနာခုနစ်ပါးဖြင့် ချုပ်အပ်သော ခါးကြိုးကိုပန်း၍ လခြမ်းသဏ္ဌာန်ရှိသော သားချိုလေးဝယ် သန္တာအဆင်းရှိသော ညှို့ဖြင့်ဖွဲ့လျက် မြအဆင်းကဲ့သို့သော တောင့်ကိုလွယ်ပြီးလျှင် မြေကြီးမှ ခွဲ၍ထွက်သော နဂါးလုလင်, စစ်သဘင်ကျင်းရာသို့ထွက်သော သိကြားကဲ့သို့ ပရိသတ်လေးပါး၏အလယ်၌ တင့်တယ်စွာ ရပ်တော်မူပြီးလျှင် ယခင် လေးသမားကြီးတို့ကို လေးထောင့်ကန်ပမာ လေးမျက်နှာအရပ်က နေစေပြီးသော် မြားကမ်းသူနှင့်တကွ သုံးသောင်း,သုံးသောင်းမျှလောက်သော မြားတို့ကိုအပ်၍ “တညီတညွတ်တည်း ပစ်လွှတ်ကြကုန်”ဟု ဆို၏။ ထိုလေးသမားတို့ကလည်း “အရှင့်သား.. အကျွန်ုပ်တို့အများကို မဆိုထားဘိ၊ တယောက်တည်းပစ်သော မြားကိုမျှ တားမြစ်ခြင်းငှါ မတတ်နိုင်ရာ၊ ပြုတော် မမူပါလင့်”ဟု လျှောက်ကုန်၏။ အလောင်းမင်းသားက “ငါ့အား သင်တို့ မစိုးရိမ်လင့်၊ ကိုယ်စွမ်းရှိသမျှသာ ပစ်လွှတ်ကြကုန်”ဟု မိန့်တော်မူ၍ မင်းကွန်းအလယ် ကျယ်လှသောအပြင်ဝယ် ရွှေခြင်္သေ့ကဲ့သို့ ရပ်တော်မူသည်။ လေးသမားတို့လည်း စွမ်းပကားရှိသမျှ အားထုတ်လျက် လျှပ်တပြက်လျှင် အချက်အရာအထောင်ရှိသမျှ စေလွှတ်ကြသည်။ လာသမျှသော မြားတို့ကို အလောင်းမင်းသားသည် ဝဇိရစိန်စဉ်းသွားတပ်သော မြားတစင်းဖြင့် ဆီးကာပုတ်ခတ်၍ ထိုထိုအရပ်သို့ ကျစေသည်။ ဤသို့ မြားလာကို ဆီးကာဖယ်ရှားသော “သရပဋိက္ခိပ”အတတ်ကို ပြတော်မူရာတွင် ထက်ဝန်းကျင် မြေပြင်ပြည့်မျှ ရှုနေကုန်သော မင်းညီမင်းသား, ပုဏ္ဏား,သဌေးစသော ပရိသတ်တို့၏ ရင်ဘတ်လက်တီး အံ့ချီးပြောပသော အသံသည် မိုးယံအပြင်၌ တော်ပဲ့တင်ဟည်းလျက် မြေကြီးတုန်ဘနန်းမျှရှိ၏။

(စာမျက်နှာ-၁၈)

ထို့နောက်မှ ထိုလေးသားတို့၏နေရာ၌ စီစိုက်ထားအပ်သော ငှက်ပျောပင်တို့ကို တကြိမ်တည်း ပစ်အပ်သောမြားဖြင့် အားလုံးကိုမှန်စေပြီးမှ လက်တွင်းသို့ မြားကျလာသော “စက္ကဝေဓိ”အတတ်ကို ပြတော်မူသည်။ ထို့နောက် လျှပ်တပြက်ကို အချက်အသောင်းအသိန်း ပစ်ခြင်းတည်းဟူသော “အက္ခဏဝေဓိ”အတတ်, ခါးရမ်းသီးစသော အမှတ်ကို ချက်ရာမစပ် မှန်အောင်ပစ်ခြင်း, သားမြီးမွေးမှင်ကိုလျက် ထက်ဝက်ထွင်းအောင် ပစ်ခြင်းတည်းဟူသော “ဝါလဝေဓိ”အတတ်၊ ရှေ့ပစ်လိုက်သောမြားကို နောက်မြားဖြင့် မှန်အောင် ပစ်ခြင်းတည်းဟူသော “သရဝေဓိ”အတတ်၊ မျက်စိဖြင့်မမြင်ပဲ အသံကိုနားထောင်၍ မှန်အောင် ပစ်ခြင်းတည်းဟူသော “သဒ္ဒဝေဓိ”အတတ်၊ ဤလေးပါးသော မြားရေးကြီးတို့ကိုလည်းကေင်း၊ နွယ်တန်းကဲ့သို့ မြားတန်းမပြတ်အောင် ပစ်ခြင်းတည်းဟူသော “သရလဋ္ဌိ”အတတ်၊ ကြိုးအစဉ်ကဲ့သို့ ပစ်ခြင်းတည်းဟူသော “သရရဇ္ဇု”အတတ်၊ မြားပြာသာဒ် ဆင့်တက်အောင် ပစ်ခြင်းတည်းဟူသော “သရပါသာဒ”အတတ်၊ မြားစောင်းတန်းဆင့်အောင် ပစ်ခြင်းတည်းဟူသော “သရသောပါန”အတတ်၊ မြားကို မြားဖြင့် ဆီးကာအောင် ပစ်ခြင်းတည်းဟူသော “သရပ္ပဋိဗာဟန”အတတ်၊ မဏ္ဍပ်ပ်ကဲ့သို့ ပစ်ခြင်းတည်းဟူသော “သရမဏ္ဍပ”အတတ်၊ မြားတံတိုင်းဝိုင်းအောင် ပစ်ခြင်းတည်းဟူသော “သရပါကာရ”အတတ်၊ လေးထောင့်ကန်ကဲ့သို့ တည်အောင် ပစ်ခြင်းတည်းဟူသော “သရပေါက္ခရဏီ”အတတ်၊ ပဒုမ္မာပွင့်ချပ်ကဲ့သို့ မြားထပ် အဆိုင်ဆိုင်တက်အောင် ပစ်ခြင်းတည်းဟူသော “သရပဒုမ”အတတ်၊ မြားမိုးရွာစေခြင်း တည်းဟူသော “သရ၀ဿ”အတတ်၊ မြားစက်ဝန်းသွားအောင် ပစ်ခြင်းတည်းဟူသော “စက္ကဝိဒ္ဓ”အတတ်၊ မြားရဟတ်လည်အောင် ပစ်ခြင်းတည်းဟူသော “သရအာဝဋ္ဋန”အတတ်၊ ဤသို့ သူတပါးနှင့် မဆက်ဆံသော တဆယ့်နှစ်ပါးသော မြားရေးငယ်တို့ကိုလည်းကောင်း၊ လက်တဆယ့်နှစ်သစ်ထူသော ရေသဖန်းပျဉ်ကို ထုတ်ချင်းထွင်းအောင် ပစ်ခြင်း, လက်ရှစ်သစ်ထူသော ပိတောက်နှစ်ပျဉ်ကို ထုတ်ချင်းထွင်းအောင် ပစ်ခြင်း, လက်လေးသစ်ထူသော ကြေးနီပြားကို ထုတ်ချင်းထွင်းအောင် ပစ်ခြင်း, လက်နှစ်သစ်ထူသော သံပြားကို ထုတ်ချင်းထွင်းအောင် ပစ်ခြင်း, တရာဝန်တင်လှည်းကို နောက်မှရှေ့, ရှေ့မှနောက် ထွင်းဖေါက်အောင်ပစ်ခြင်း, ကောက်ရိုး အပြည့်တင်သော လှည်းကို ထွင်းပေါက်အောင် ပစ်ခြင်း, သဲအပြည့်တင်သော လှည်းကို ထွင်းပေါက်အောင် ပစ်ခြင်းတည်းဟူသော ခုနစ်ပါးသော အားအစွမ်းတို့ကိုလည်းကောင်း ပြတော်မူသည်။

လေးပစ်ခန်းရှင်းချက်

ဤပမာဏကို ပြသောအရာဝယ် ဗုဒ္ဓဝင်အဋ္ဌကထာ၌-

ဝိဒတ္ထိဗဟလံ ဥဒုမ္မရဖလကံ၊
အဋ္ဌင်္ဂုလဗဟလံ အယောပဋ္ဋံ၊
စတုရင်္ဂုလဗဟလံ အသနဖလကံ-

စသည်ဖြင့် တထွာထူသော ရေသဖန်းပျဉ်, လက်ရှစ်သစ်ထူသော သံပြား, လက်လေးသစ်ထူသော ပိတောက်နှစ်ပျဉ်တို့ကို ထွင်းအောင်ပစ်သည်ဟု ကျိတကျု အနုက္ကမ လာသည်။

သရဘင်္ဂဇာတ်ကား-

အဋ္ဌင်္ဂုလဗဟလံ ဥဒုမ္ဗရပဒရံ၊ စတုရင်္ဂုလဗဟလံ အသနပဒရံ။
ဒုဝင်္ဂုလဗဟလံ တမ္ဗပဋ္ဋံ၊ ဧကင်္ဂုလဗဟလံ အယောပဋ္ဋံ--
(စာမျက်နှာ-၁၉)

ဟူသောပါဌ်ဖြင့် လက်ရှစ်သစ်ထူသော ရေသဖန်းပျဉ်, လက်လေးသစ်ထူသော ပိတောက်နှစ်ပျဉ်, လက်နှစ်သစ်ထူသော ကြေးနီပြား, လက်တသစ်ထူသော သံပြားကို ပစ်သည်ဟူ၍ ယထာက္ကမ လာသည်၊ ဤအဋ္ဌကထာ နှစ်စောင်ကိုညှိ၍ ယုတ္တိရာကို ဆိုလိုက်သည်။

ဤဗိုလ်တထောင်တင်သော လေးကို လက်ဝဲလက်ဖြင့်ချီ၍ လက်ယာလက်ဖြင့် ညှို့ကိုဖြန်းအပ်သော အသံသည် မိုးကြိုးပဲ့တင် ငလျင်တော်ဟိန်းသကဲ့သို့ လန့်ကြိမ်းကြောက်မက်ဖွယ်ဖြစ်၍ ကပိလဝတ်ပြည်အလုံး ထိတ်လန့်တုန်လှုပ်၏။ ဝဇီရစိန်သွားတပ်အပ်သော မြားရတနာကို လက်ယာလက်ဖြင့်ဆွဲ၍ လက်ဝဲလက်သန်းအသည်းဖြင့် စဉ်းကိုခတ်အပ်သော အသံသည် ပဉ္စင်, ဒုံမင်း, လင်ကွင်း, စည်းဆုပ်ကို တီးမှုတ်သောအခါကဲ့သို့ သာယာနာပျော်ဖွယ်ရှိ၏။ မြားတော်ကို ရေထဲသို့ လွှတ်သည်ရှိသော် လေးဥသဘတိုင်အောင် ရောက်သည်။ အထက်သို့ အစောက်ပစ်သော် ရှစ်ဥသဘတိုင်အောင် ရောက်သည်။ ဖီလာအားဖြင့် ပစ်သော် တယူဇနာအရပ်သို့ ရောက်သည်။ (ဤကား-ပကတိပစ်သော အစွမ်းတည်း။) အလိုတော်ရှိ၍ အားထုတ်တော်မူသော် စတုမဟာရာဇ်သို့ စေသော်လည်း ရောက်ရာ၏။

မင်းသားတို့တတ်အပ်သောပညာ ၁၈-ရပ်ပြခြင်း

ထိုမှတပါး မင်းသားတကာတို့ တတ်သမျှသော ဆင်စီး, မြင်းစီး, စက်မီး, ဓားတင်, ကာငင်, လှံထိုး အစရှိသော အတတ်မျိုးအပေါင်းတို့ကိုလည်း ကောင်းစွာ ပြသတော်မူ၏။ ယင်းသို့ မင်းအဆက်ဆက်တို့ လေ့ကျက်နိုင်မည်ကို မဆိုထားဘိ၊ သတင်းစကားမျှ မကြားစဖူး ထူးမြတ်လွန်ကဲ အံ့အဲချီးမွမ်း၍မကုန် လူတို့ဘုံတွင် တစုံတယောက်သောသူမျှ ပြိုင်တူဖက်ယှဉ်ခြင်းငှါ မတတ်နိုင်ရာသော အဋ္ဌာရသသိပ္ပအပေါင်းကို ဆွေတော်ရှစ်သောင်း မျိုးတော်အပေါင်းတို့၏ အလယ်၌ ဆန်းကြယ်စွာ ပြတော်မူ၍ ပြည်သူအပေါင်းတို့မြင်လျှင် ကြည်ရွှင်ဝမ်းမြောက်ကြကုန်၍ ပုဆိုးမြှောက်ခြင်း ဦးရစ်မြှောက်ခြင်း ပန်းပေါက်ပေါက် ကြဲဖြန့်ခြင်း ရွှေသလဲ ငွေသလဲကြဲခြင်း ရင်သပ်လက်တီး ချီးမွမ်းအံ့ဩခြင်း အစရှိသည်တို့ဖြင့် ပူဇော်ကုန်သည်။ ထက်ဝန်းကျင်သော အရပ်တို့၌ နတ်တို့ ပန်းမိုး,နံ့သာမိုး ရွာကုန်သည်။ လူနတ်အပေါင်းတို့၏ ကောင်းချီးပေးကြသော အသံသည် မိုးယံအပြင်ဝယ် တော်ပဲ့တင် ကျော်ဟည်းလျက် မြေကြီးပြိုမတတ် ရှိလေ၏။

(ဤကား-အကျဉ်းတည်း၊ အကျယ်ကိုလိုသော် စတ္တာလီသနိပါတ် သရဘင်္ဂဇာတ်အဋ္ဌကထာ၌ ယူပါကုန်။)

အဘိသိက်ခံ စည်းစိမ်တော်စံပုံ

ထိုအခါမှ မဟာဆွေတော်မျိုးတော် အပေါင်းတို့သည် ဦးခေါင်းနှိမ်ချ ချီးပပြောကြလျက် သားကောင်း,သမီးကောင်းနှင့်တကွ များစွာသော ပဏ္ဏာကာရကို ဆက်သလာကုန်သတည်း။ ဒေဝဒဟပြည်ကို အစိုးရသော သုပ္ပဗုဒ္ဓမင်းကလည်း ဘဒ္ဒကဉ္စနာအမည်ရှိသော မင်းသမီးကို အထိန်းအယ မိန်းမကိုယ်ရံနှင့်တကွ ပို့သလေသည်။ ကပိလဝတ်ပြည်သို့ရောက်လျှင် အသီးအသီး ရွေးကောက်တော်မူ၍ လေးသောင်းသော မောင်းမတို့နှင့်တကွ ဘဒ္ဒကဉ္စနာကို “‌ယသောဓရာ ဗိမ္ဗာဒေဝီ” ဟူသောအမည်ဖြင့် ဘိသိက်ခံ၍ အဂ္ဂမဟေသီ ထားတော်မူသည်။ ဤသို့လျှင် အလောင်းမင်းသား ကိုယ်တော်မြတ်သည် ပြာသာဒ်သုံးခုဝယ် ဥတုအလှည့်အလှည့်အားဖြင့် ယောက်ျား

(စာမျက်နှာ-၂၀)

ကင်းလျက် စောင်း, ငြင်း, ပတ်သာ, ခရာ, အငြိမ့် အစရှိသော အတီး,အက ခယမ်းစေပါးခြင်းတို့၌ မိန်းမအခြံအရံဖြင့်သာလျှင် ပျော်စံတော်မူ၍ တဆယ့်သုံးနှစ်တိုင်တိုင် ရှိ၏။

၆။ ဆွေတော်မျိုးတော် အဆက်ကို ပြခြင်း

ဆွေတော်မျိုးတော် အဆက်ကား- ကပိလဝတ်ပြည်ကို အစိုးရသော ဇယသေနမင်းသားတော် သီဟဟနုမင်းနှင့် ဒေဝဒဟပြည်ကို အစိုးရသော အဉ္စနမင်းနှမတော် ဘဒ္ဒကဉ္စနာနှင့် စုံဖက်ရာတွင် ဖွားမြင်သည်ကား- သုဒ္ဓေါဒန, သုက္ကောဒန, ဓောတောဒန, သက္ကောဒန, အမိတောဒန, သားတော်ငါးပါး၊ နှမတော် အမိတာ မင်းသမီး, ပါလိတာ မင်းသမီး, သမီးတော်နှစ်ပါး၊ ပေါင်း-ခုနစ်ပါးတည်း။

ဇယသေနမင်းသမီးတော် ယသောဓရာနှင့် အဉ္စနမင်းတို့ စုံဖက်ရာတွင် ဖွားမြင်သည်ကား- သိရီမဟာမာယာ မင်းသမီး, မဟာပဇာပတိဂေါတမီ မင်းသမီး, မောင်တော် ဒဏ္ဍပါဏိ, ညီတော် သုပ္ပဗုဒ္ဓ, ပေါင်း-လေးပါးတည်း။

သီဟဟနုမင်းသားတော် သုဒ္ဓေါဒနမင်းနှင့် အဉ္စနမင်းသမီးတော် သိရီမဟာမာယာတပါး, ညီမတော် ပဇာပတိဂေါတမီတပါး၊ သည်နှစ်ပါးနှင့် စုံဖက်ရာတွင် ဖွားမြင်သည်ကား- ညီမတော် ဂေါတမီတွင် ဇနပဒကလျာဏီနှင့် နန္ဒမင်းသားကို ဖွားမြင်ပြီးမှ အမတော် သိရီမဟာမာယာတွင် ဘုရားလောင်း သိဒ္ဓတ္ထကုမာရကို ဖွားမြင်သည်။

သီဟဟနုမင်းသမီးတော် အမိတာနှင့် အဉ္စနမင်းသားတော် သုပ္ပဗုဒ္ဓမင်း စုံဖက်ရာတွင် ဖွားမြင်သည်ကား- သမီးတော် ဘဒ္ဒကဉ္စနာနှင့် မောင်တော် ဒေဝဒတ်ကို ဖွားမြင်လေသည်။

သုဒ္ဓေါဒနမင်းကြီးသားတော် သိဒ္ဓတ္ထကုမာရနှင့် သုပ္ပဗုဒ္ဓမင်းသမီးတော် ဘဒ္ဒကဉ္စနာတို့ စုံဖက်တော်မူပြန်၍ သက္ကရာဇ် ၉၇-ခု ဝါဆိုလတွင် သားတော်ရာဟုလာကို ဖွားမြင်သည်။

(ဤကား ဒီပဝင်စသည်၌ လာသော မဟာဆွေတော် အစဉ်တည်း။)

၇။ ဘုရားလောင်း မင်းသားအား နိမိတ်ကြီးလေးပါး ထင်ခြင်း

သူအိုကို မြင်ရပုံ

ဤသို့ ရွှေနန်းသုံးရပ်ဝယ် နတ်စည်းစိမ်နှင့် မယွင်းသော လူမင်းချမ်းကို ကောင်းစွာ ခံစားတော်မူ၍ သက်တော် နှစ်ဆယ့်ရှစ်နှစ်၊ သက္ကရာဇ် ကိုးဆယ့်ခြောက်ခုသို့ ရောက်သောအခါ ဥယျာဉ်တော်သို့ ထွက်စံတော်မူလိုသောစိတ် ရှိရကား ကိုးပါးသော နဝရတ်ဖြင့် ခြယ်တပ်စီမံသော ဝေဇယန်ရထားဝယ် ကုမုဒြာကြာချပ်နှင့် အလားတူသော သိန္ဓောမြင်းလေးစီးကို က,စေလျက် မှူးမတ်ဗိုလ်ပါ အပေါင်းနှင့်တကွ စစ်အင်္ဂါလေးပါးခင်းကျင်းလျက် ထွက်ကြွတော်မူ၍ ဥယျာဉ်တော်၏အနီးသို့ ရောက်သောအခါ တုသိတာ နတ်အပေါင်းတို့သည် “အလောင်းမင်း၏ ရဟန်းပြုရာသော အချိန်သင့်ပြီ၊ သတိသံဝေဂရအောင် ငါတို့ပြတော့မည်”ဟု ကြံ၍ ဝေဇယန်ရထား၏ ရှေ့တူရူ၌ ဆံဖြူသွားကြွေ အရေတွန့်တို အိုမင်းစွာသော သူ၏အသွင်ကို ဖန်ဆင်း၍ပြ၏။ အလောင်းမင်းနှင့် ရထားမှူးကိုသာ မြင်စေသည်၊ တပါးသော ဗိုလ်ပါပရိသတ်တို့ မမြင်ရကုန်။ ဘုရားလောင်းလည်း ထိုသူအိုကိုမြင်လျှင် ရထားမှူးကို ခေါ်တော်မူ၍ “အချင်းရထားမှူး- ဤလမ်းဦး၌ ထူးကဲယိုယွင်းသော အဆင်းသဏ္ဌာန်ဖြင့် အလွန်ပင်ပန်းစွာ လာလတ်သည်ကား

(စာမျက်နှာ-၂၁)

အဘယ်သူနည်း”ဟု မေးတော်မူ၏။ ရထားမှူးကလည်း “သူအိုဖြစ်ပါသည်”ဟု လျှောက်၏။ “ငါတို့လည်း ဤကဲ့သို့ အိုရဦးမည်လော”ဟု မေးတော်မူပြန်လျှင် “အရှင်မင်းမြတ်... လောကဓာတ်သုံးခွင်ဝယ် မြင်မြင်သမျှသော သတ္တဝါအပေါင်းတို့သည်ကား အကြောင်းသုံးပါးနှင့်ဖြစ်၍ ခေတ်ကာလ သုံးရပ်နှင့်ယှဉ်သော သစ်ပင်သစ်သီး၏ပမာ မာတာ,ပိတ အမှီရ၍ ကလလရေကြည် တည်နေပေါက်ဖွားသော လူအပေါင်းတို့သည် အကြောင်းသုံးပါးနှင့်ကြိုက်၍ အခိုက်အတန့် သုံးရပ်ဖြင့် ပျက်စီးမြဲ ဓမ္မတာဖြစ်ချေသည်၊ ဇာတိရှိက ဇရာရ၍ ဒုက္ခဗျာဓိ ပရိဒေဝ မရဏသဘော ရောက်သောဓမ္မတာ ဤအရာကို သူငါမလွတ် တွေ့တတ်ရကား ရှင်မင်းဖျားလည်း မရှားရှောင်သာ ဤခန္ဓာသည် အိုပါမည် ဆက်ဆက်ပင်ဘုရား”ဟု နားတော်လျှောက်သော် အလောင်းတော်မြတ်လည်း အတ္ထုပ္ပတ္တိကိုဆင်ခြင်လျက် ဘဝင်တုန်လှုပ် သည်းဆုတ်အေးမျှ ပူဆွေးကြောက်လန့်တော်မူ၍ ဥယျာဉ်သို့မဝင်ပဲ မြင်ရာအရပ်ကပင် ရထားဦးလည်၍ ရွှေပြည်ဗိမာန်သို့ ပြန်ဝင်တော်မူလေ၏။ ခမည်းတော်မင်းကြီးလည်း ထိုအကြောင်းကို သိတော်မူလျှင် စိုးရိမ်တော်မူလှ၍ ရှေးကထားသော အစောင့်အရှောက်ထက် လုံခြုံအောင် ထပ်မံကာ တဂါဝုတ်တိုးချဲ့၍ ထားတော်မူလေ၏။

သူနာကို မြင်ရပုံ

ထို့နောက် လေးလမြောက်သောအခါ မင်္ဂလာဥယျာဉ်သို့ ထွက်လိုသော ဆန္ဒဖြစ်၍ ထွက်တော်မူပြန်လျှင် ယခင်နတ်တို့ပင် သူနာအဟန်ကို ဖန်ဆင်း၍ပြပြန်သဖြင့် ရထားမှူးအား ရှေးနည်းမေးတော်မူသော် “ဤသူနာကဲ့သို့ မချွတ် နာရဦးမည်”ဟု လျှောက်တင်၍ သိမြင်တော်မူလျှင် ယနေ့နက်ဖြန်ပင် တွေ့ရအံ့သကဲ့သို့ သံဝေဂ ရှိတော်မူသည်။ ထိုအကြောင်းကို ခမည်းတော်မင်းတရား သိပြန်လျှင် ယခင်ရှေးကထက် တဂါဝုတ်တိုးချဲ့၍ အစောင့်အရှောက်ထားတော်မူပြန်သည်။

သူသေကို မြင်ရပုံ

ထို့နောက် လေးလမြောက်တကြိမ် ထွက်တော်မူရာဝယ် ထိုတုသိတာနတ်တို့ပင် လူသေအဟန်ကို ဖန်ဆင်း၍ ပြပြန်သဖြင့် တဖန် ရထားမှူးအား မေးတော်မူသော် “ဤသူသေကဲ့သို့ မသွေမလွဲ အမြဲသေရပါဦးမည်”ဟု လျှောက်ထား၍ ကြားတော်မူလျှင်ပင် ယနေ့နက်ဖြန်ပင် သေရမည်ကဲ့သို့ထင်၍ အတိုင်းထက်အလွန် သံဝေဂရှိတော်မူသည်။ ထိုအကြောင်းကို ခမည်းတော်မင်းကြီး သိပြန်လေသော် မှူးတော်မတ်တော်တို့အား စိစစ်မေးမြန်းတော်မူလျက် ရှေးကထားသော အစောင့်အရှောက်ထက် တဂါဝုတ် တိုးချဲ့ထားတော်မူပြန်သည်။

ရဟန်းကိုမြင်ရပုံ

ထို့နောက် လေးလမြောက်တကြိမ် ထွက်တော်မူပြန်လျှင် ယခင်နတ်တို့ပင် ရဟန်းအသွင်ကို ပြသဖြင့် ထိုရဟန်းတို့၏ ဂုဏ်ကျေးဇူးကိုမေး၍ သိတော်မူရသော် ရဟန်းအဖြစ်၌ ညွတ်သောစိတ်ရှိတော်မူ၍ ဥယျာဉ်သို့ ဝင်တော်မူ၏။

(အသက်ရှည်သော ဘုရားလောင်းတို့မှာ အနှစ်တရာ,တရာရှိမှ နိမိတ်တပါး,တပါးကို မြင်သည်၊ ငါတို့ ဘုရားလောင်းမှာ အသက်တိုသော ကာလ၌ဖြစ်၍ လေးလတခါ မြင်ရသည်။)
(စာမျက်နှာ-၂၂)

သားတော်ရာဟုလာ ဖွားမြင်ခြင်း

ယင်းသို့ ဥယျာဉ်သို့ ဝင်တော်မူ၍ မင်္ဂလာ ကျောက်ဖျာထက်ဝယ် စံပယ်တော်မူပြီးမှ တန်ဆာဆင်ယင်လိုသောစိတ် ရှိလေသော် သိကြားနေရာ ပဏ္ဍုကမ္ဗလာသည် တင်းမာသောအကြောင်း ဖြစ်သဖြင့် အခွင့်ကို ရှုလေသော် အလောင်းတော်မြတ်သည် တန်ဆာဆင်ယင်လိုသောစိတ် ရှိကြောင်းကိုသိ၍ ဝိသကြုံနတ်သားအား “သင်-သွား၍ တန်ဆာဆင်ချေ”ဟု စေတော်မူလိုက်၏၊ ဝိသကြုံနတ်သားလည်း မထင်ရှားသော အသွင်ဖြင့်လာ၍ နတ်တန်ဆာတို့ကို ကောင်းစွာ ဆင်ယင်ပေ၏။ ထိုအခိုက်တွင် ဘဒ္ဒကဉ္စနာ မိဖုရားသည် သားတော် မျက်နှာမြင်ကြောင်းကို လျှောက်လာ၍ ကြားသိတော်မူသော် အလောင်းတော်မြတ်လည်း ကျဉ်းကျပ်သော နှလုံးတော်ရှိလှ၍ “လကို ရာဟုဖမ်းသကဲ့သို့ မယားဟူသောအနှောင်အဖွဲ့တခုတွင် ယခု ထပ်မံ၍ နှောင်ဖွဲ့ဘိသည်”ဟု မိန့်တော်မူလိုက်၏။ ထိုစကားကို သုဒ္ဓေါဒနမင်းကြီးအား လျှောက်ကြား သံတော်ဦးတင်လေသော် မြေးတော်ကို “ရာဟုလာ”ဟု မှည့်တော်မူ၏။

ကိသာဂေါတမီ ဥဒါန်းကျူးပုံ

သိဒ္ဓတ်မင်းလည်း ညချမ်းသောအခါ ဗိုလ်ပါအပေါင်း ဝန်းရံလျက် ဗိမာန်ရွှေနန်းသို့ ဝင်တော်မူ၏။ ထိုအခါ မင်းလမ်း၏အနီး ကြီးစွာသောအိမ်နန်းမှ ကိသာဂေါတမီသည် လေသာပြတင်းကိုဖွင့်၍ ရှုသဖြင့် ဘုရားလောင်း၏ တင့်တယ်ခြင်း အသရေကို မြင်လေသော် ရွှင်လန်းသော စိတ်ရှိလှ၍-

နိဗ္ဗုတာ နူန သာ မာတာ၊ နိဗ္ဗုတာ နူန သော ပိတာ။
နိဗ္ဗုတာ နူန သာ နာရီ၊ ယဿာယံ ဤဒိသော ပတိ-

ဟူသော ဥဒါန်းဖြင့် ချီးမွမ်းဆိုလင့်၏။

ထိုဂါထာ၏အဓိပ္ပာယ်သော်ကား-အို..ခင်ပွန်းမတို့.. လောကဤရွာဝယ် ဘုန်းပညာအသရေ အခြွေအရံတို့ဖြင့် စံပယ်တင့်တယ်ခြင်းအမှု၌ အတုမရှိ အသဒိသဖြစ်သော သားတော်မြတ်၏ မိခင်,ဖခင်သည် အလွန်သာလျှင် ကြည်လင်ငြိမ်းချမ်း ရွှင်လန်းပေအံ့သည်တကား၊ ဤကဲ့သို့သော လင်ကောင်းမယား ညားထငယ်ကြင်သည် အလွန်သာလျှင် ရှုမြင်မရဲ ယှဉ်နွှဲပျော်မြန်း ငြိမ်းချမ်းလေအံ့သည်တကား-ဟူလိုသည်။

ဤကိသာဂေါတမီ ဆိုအပ်သော ဥဒါန်းစကားကို အလောင်းမင်းသား ကြားတော်မူလျှင် “ပုထုဇဉ်သာ ဖြစ်သေးသော ဤလူ၏အတ္တဘောကို မြင်သဖြင့် မိခင်,ဖခင်, ငယ်ကြင်မယားတို့အား ငြိမ်းချမ်းခြင်းဆိုသည်မှာ အသို့ဖြစ်နိုင်ရာအံ့နည်း၊ ရာဂ,ဒေါသ,မောဟဟူသော မီးငြိမ်းမှသာလျှင် ဇာတိ, ဇရာ, ဗျာဓိ, မရဏ ဒုက္ခကင်းဝေးလျက် ဘေးအပေါင်းမှ ငြိမ်းနိုင်ရာသည်တကား၊ ထိုသို့ငြိမ်းအောင်‌ ဆောင်သောသားမှ နိဗ္ဗုတာ မည်ရာသည်တကား”ဟု ဉာဏ်တော်ဖြင့်ယူ၍ “ဤသူမ ချီးမွမ်းအပ်သော ထုတိမင်္ဂလာနှင့်မယွင်း ငြိမ်းချမ်းခြင်းသဘောကိုရအောင် ယနေ့ပင်လျှင် ဤလူ့ခွင်မှထွက်၍ တောနက်မြိုင်ဝှမ်းဝယ် ရဟန်းပြုပြီးလျှင် နိဗ္ဗုတာကို ရှာတော့အံ့”ဟု အကြံတော်ဖြစ်၍ လည်၌ရစ်ဆင်သော အဖိုးတသိန်းထိုက်သော ပုလဲသွယ်ကို ထိုကိသာဂေါတမီအား ဆရာစားပြု၍ ပို့စေ၏။ ထိုမင်းသမီးကလည်း “သိဒ္ဓတ္ထမင်းသားသည် ငါ့ကို မြင်၍သွားဖြင့် ငါ့အား နှစ်သက်တပ်မက် မြတ်နိုးခြင်းရှိ၍

(စာမျက်နှာ-၂၃)

လက်ဆောင်ပဏ္ဏာ ပို့ရောက်လာသည်၊ ယသောဓရာမှာမူကား သားဖွား၍အိုပြီ၊ ငါ့ကိုသိမ်းမြန်းက ငါမိဖုရားကြီး ဖြစ်ရတော့မည်”ဟု ကြံအောက်မေ့လျက် ဝမ်းမြောက်ဝမ်းသာ မျက်နှာတရွှင်ရွှင်နှင့် စားမဖြောင့် စက်မပျော်ရှိ၏။ ဤကိသာဂေါတမီကား ဘုရားလောင်း နှမတော်ပင်တည်း။

၈။ ဘုရားလောင်း သိဒ္ဓတ္ထမင်းသား တောထွက်တော်မူခြင်း

သိဒ္ဓတ်မင်းသား သံဝေဂရတော်မူပုံ

အလောင်းမင်းမြတ်သည်လည်း ရွှေနန်းပြာသာဒ်သို့ တက်တော်မူ၍ ထီးကနက် ဖြန့်ကျက်လျက် ခင်းအပ်သော အသရေရှိသော မင်းနေရာထက်၌ တက်စံတော်မူလျှင် ထက်ဝန်းကျင် ရံခ၍နေကြသော ကချေသည် မင်းသမီးတို့သည်လည်း အထူးထူးသော စည်,စောင်း,ငြင်း စသည်တို့ဖြင့် သီ,က,မှုတ်,တီးလျက် မငြီးငွေ့ကြောင်းကို ကောင်းစွာ ဖျော်ဖြေကုန်၏။ ဘုရားလေင်းလည်း ကိလေသာ၌ အာသာကင်းတော်မူ၍ မပျော်ရွှင်ရကား ထိုခဏ၌ပင် စက်တော်မူ၏။ အတီး,အက မောင်းမအပေါင်းတို့သည်လည်း စည်,စောင်း,ငြင်းတို့ကိုပိုက်၍ အိပ်စက်ကြလေသော် ရွှေနန်းတော်၌ ထွန်းမြဲဖြစ်သော နံ့သာဆီမီးသည် ထွန်းညှိလျက်ပင် ရှိ၏။ ညဉ့်ဦးယံလွန်သော် အလောင်းတော်မြတ်နိုး၍ နဝရတ်ကိုးပါးဖြင့် စီအပ်သော သလွန်တော်ထက်ဝယ် နေပြီးလျှင် အသီးအသီး အိပ်ကြကုန်သော ကချေသည်မိန်းမတို့ကို ကြည့်ရှုတော်မူလျှင် အချို့ရှူလျက်, အချို့ဟောက်လျက်, အချို့ စက်ယိုသော အရိအရည်ဖြင့် လိမ်းကျံလျက်, အချို့ အံသွားကြိတ်လျက်, အချို့ ယောင်ယမ်းကုန်လျက်, အချို့ကား မိမိခံတွင်းကို ဟင်းလင်းဖွင့်ကုန်လျက်, ထိုခံတွင်းမှ မကောင်းသော ရနံ့လှိုင်လျက်, အချို့ကား ခါးဝတ်ကျွတ်ကုန်လျက် အိပ်စက်ကြကုန်သည်ကို မြင်၍ မြတ်သော ပြာသာဒ်အပြင်ကို မစင်ဘင်ပုပ် စက်ဆုပ်ဖွယ်သော သူကောင်တို့ဖြင့်ပြည့်သော သုသာန်ခွင်ကဲ့သို့ ထင်မှတ်တော်မူ၍ ကာမဂုဏ်တို့၌ အတိုင်းထက်အလွန် ငြီးငွေ့တော်မူလျက် “နှိပ်စက်လေစွတကား, နှိပ်စက်လေစွတကား, အယုတ်တရား၌ ကာလရှည်လျား ပျော်ပါး၍သာ ငါနေမိချေ၏တကား”ဟု မြည်တမ်းလျက် “ယခုပင် တောထွက်အံ့”ဟု ကြံတော်မူပြီးသော် သလွန်ပေါ်ထက်မှ ဆင်းသက်တော်မူ၍ တံခါး၌ ခေါင်းစိုက်လျက်အိပ်သော ဆန္နအမတ်ကို နှိုးခေါ်၍ “ကဏ္ဍကမြင်းတော်ကို ယခု က,ချေ”ဟု စေတော်မူ၏။ ဆန္နအမတ်လည်း ဆင်အပ်သော တန်ဆာတို့ကို ပိုက်လျက် မြင်းတင်းကုပ်သို့သွား၍ မြင်းတော်ကို က-လေသော် ကဏ္ဍကမြင်းတော်က “ငါ့ကို အချိန်မဲ့ က-ခြင်းသည် အလောင်းမင်းသား တောထွက်တော်မူလိုသည် ဖြစ်လတ္တံ့” ဟု ကြံ၍ အားသန်ရွှင်လန်းသော စိတ်ရှိရကား သည်းစွာ ဟီလေ၏။ ထိုဟီသံသည် ကပိလဝတ်ပြည်အလုံးကို လွှမ်း၍သွားသော်လည်း နတ်တို့ ပိတ်ပင်သောအားဖြင့် မည်သူတယောက်မျှ မကြားကြကုန်။

သားတော်ရာဟုလာကို ကြည့်ရှုပြီး တောထွက်တော်မူခြင်း

အလောင်းမင်းမြတ်သည်လည်း ဆန္နအမတ်ကို စေလိုက်ပြီးလျှင် ဖွားမြင်သော သားတော်ရာဟုလာကို ရှုလိုသော အကြံတော်ရှိ၍ ယသောဓရာမိဖုရား စံမြန်းသော ရွှေနန်း ကျက်သရေဆောင်သို့ ဝင်၍ ကြည့်တော်မူလျှင် နံ့သာဆီမီးရောင်ဖြင့် ထွန်းလင်းလျက် တအမ္ဗဏမျှလောက်သော ပန်းတို့ဖြင့်ပြွမ်းသော ရတနာသလွန်ပေါ်ဝယ် သားတော်ရာဟုလာ၏ ထိပ်ထက်၌ လက်ထား၍ စက်ပျော်သော ယသော်မိဖုရားကို မြင်တော်မူ၏။

(စာမျက်နှာ-၂၄)

ထိုအခါ “ငါသည် သားတော်ကိုယူ၍ ကြည့်ပြန်သော် ယသော်မိဖုရားနိုး၍ အားကြိုးရည်ဆောင်သော ငါ၏ တောထွက်အံ့သောအကြံသည် မမြောက်ရှိချေမည်”ဟု ရပ်လျက်သာ ကြည့်တော်မူပြီးလျှင် လျင်စွာပြန်ခဲ့၍ ကဏ္ဍကမြင်း၏အထံသို့ သွားပြီးသော် “ဖွားဖက်တော် ကဏ္ဍက... ယနေ့ ငါ့ကို ကူပံ့လော့၊ သင့်ကိုမှီ၍ သုံးလီသော ဘဝနှောင်ချိုင့်မှ ငါထွက်မြောက်လျှင် သုံးခွင်သောလောက၌ ဝေနေယျသတ္တဝါတို့ကို ခေမာရပ်ခွင်သို့ ငါတင်ပေအံ့”ဟု ဆို၍ မြင်းတော်ကို လက်ဖြင့် သုံးကြိမ်သပ်ပြီးမှ အလျား တဆယ့်ရှစ်တောင်, အရပ်ရှစ်တောင်ရှိသော ခရုသင်းပွတ်သစ်ကဲ့သို့ ဖြူနစ်သော အဆင်းရှိသော ကဏ္ဍကမြင်းထက်သို့ တက်တော်မူ၍ ငယ်ဖော်ဆန္နကို အမြီးကဆွဲစေလျက် သက်တော် နှစ်ဆယ့်ကိုးနှစ် သက္ကရာဇ် ၉၇-ခု ဝါဆိုလပြည့် တနင်္လာနေ့ သန်းခေါင်ယံအခါ ဥတ္တရာသာဠ်နက္ခတ်နှင့် စန်းမြတ်ယှဉ်သော အခိုက်တွင် တောထွက်တော်မူ၏။ မြင်းခြေသံကို နိုင်ငံပြည်သားတို့ ကြားမည်ကို ကြောင့်ကြ၍ ခြေချတိုင်း, ခြေချတိုင်း နတ်သားလေးယောက်တို့ လက်ဝါးဖြင့် ခံကုန်၏။

မာရ်နတ်မင်း တားမြစ်ပုံ

သုဒ္ဓေါဒနမင်းကြီးသည် အမှတ်မဲ့ သားတော်ထွက်မည်ကို စိုးရိမ်၍ လုံခြုံစွာပြုလုပ်အပ်သော အရပ် တဆယ့်ရှစ်တောင် မြို့တံတိုင်းဝိုင်းလျက် တံခါးရွက်တခု,တခုကို ယောက်ျားတထောင်ဖွင့်မှ ပွင့်နိုင်သော တံခါးရွက် ပိတ်လျက်ရှိသည်ကို နတ်တို့ဖွင့်၍ အသင့်ပင် ထွက်တော်မူရ၏။ မြို့တော်မှ ထွက်မိလျှင်ပင် ဝသဝတ္တီနတ်ပြည်မှ မာရ်နတ်မင်းလာ၍ ခရီးဦး၌ရပ်ပြီးသော် “သိဒ္ဓတ်မင်းသား- အဘယ့်ကြောင့် ဆင်းရဲရန်ကို ရှာကြံဘိသနည်း၊ ယနေ့မှ ခုနစ်ရက်လွန်လျှင် စကြာရတနာရောက်လိမ့်မည်၊ ကျွန်းငယ်နှစ်ထောင် ရံဝန်းသော ကျွန်းကြီးလေးကျွန်းကို အုပ်ကွပ်စိုးမိုးရလိမ့်မည်။ နန်းသို့ပြန်၍ စံတော်မူချေဦး”ဟု ဆို၍ တားလင့်၏။ ထိုစကားကိုကြားသော် ဘုရားလောင်းကလည်း “ဟယ်-မကောင်းသောမာရ်နတ်... ကျွန်းရပ် လေးမည်ကို လှည့်လည်နိုင်သော စကြာရတနာ ရောက်လိမ့်မည်ကို ငါသိသော်လည်း မင်းအဖြစ်ကို အလိုမရှိပြီ၊ လောကီချမ်းသာကို တံတွေးပေါက်ကဲ့သို့သာ ငါစွန့်မည်”ဆို၍ မတန့်မရပ် ထွက်တော်မူသဖြင့် မြို့နှင့် သင့်ရုံကွာလေသော် ဥက္ကာမုခစသော အာဒိစ္စဝင် မင်းမျိုးတို့၏နေရာ မဟာကပိလဝတ်ပြည်ကို လည်၍ ကြည့်လိုသောဆန္ဒဖြစ်စဉ် “အလောင်းမင်းမြတ်... ကြည့်ရှုဖွယ်မရှိပြီ၊ လှည့်လည်၍ပြအံ့” ဟူဘိသကဲ့သို့ ရှေ့တော်နောက်ဝယ် အိုးထိန်းစက်သဖွယ် လည်၍ ရွှေပြည်တော်တည်လာ၏။

(ထိုတည်ရာဌာနကို နေက်ကာလ၌ ကဏ္ဍကအနိဝတ္တနစေတီ တည်သတည်း။)

ဆံတော်ပယ်ခန်း

ထို့နောက်မှ အစဉ်အတိုင်း ထွက်တော်မူလေသော် နတ်အပေါင်းတို့သည် လက်ဝဲ,လက်ယာ, ရှေ့နောက် ခြောက်သောင်း ခြောက်သောင်းသော မီးရှူးတို့ကို ညှိထွန်းကုန်လျက် တပါးသောနတ်တို့သည် စကြဝဠာ အနားရေးအထိ မရေတွက်နိုင်သော မီးရှူးတို့ကို ညှိထွန်းကုန်လျက် လေဝန်းဖြင့်ရွာသော မိုးပေါက်ကဲ့သို့ ပန်းနံ့သာ အထုံအခိုးတို့ကို တဖြိုးဖြိုးကျစေလျက် နတ်၌ဖြစ်သော စည်,စောင်းငြင်း တူရိယာတို့ဖြင့် သာယာစွာ မှုတ်တီး၍ ကြီးမြတ်သော မင်္ဂလာသဘင်ကို ဖြစ်စေလျက် ထက်ဝန်းကျင်မှ ပူဇော်၍ လိုက်ကြကုန်သည်။ အလောင်းမင်းသည်လည်း တညဉ့်ချင်းတွင် ယူဇနာ သုံးဆယ်မျှသောခရီးကို လွန်၍ ရှစ်ဥသဘကျယ်သော အနောမာမြစ်ကို

(စာမျက်နှာ-၂၅)

တွေ့လေလျှင် “အချင်းဆန္န.. ဤမြစ်ကား အဘယ်အမည် တွင်သနည်း” ဟု မေး၏။ “အနောမာမြစ်” မည်ပါကြောင်းကို လျှောက်လျှင် “ငါတို့ ရဟန်းပြုခြင်းသည် မယုတ်မာ၊ မြင့်မြတ်ကောင်းမွန်သည်သာ ဖြစ်လတ္တံ့”ဟု နိမိတ်ယူ၍ မြစ်ကိုကူးစေသည်။ လေ၏ လျင်ခြင်းကဲ့သို့ မြင်းတော်ကဏ္ဍကလည်း ဆန္နအမတ်နှင့်တကွသော ဘုရားလောင်းကိုဆောင်၍ အနောမာမြစ်ကို ခုန်သဖြင့် ထိုမှာဘက်ကမ်း၌ တည်လေ၏။ ထိုအခါ ဘုရားလောင်းလည်း မြင်းမှဆင်းသက်၍ ဆန္နအမတ်ကို ခေါ်ပြီးသော် ဆင်ဝတ်တော်မူသော တန်ဆာနှင့် မြင်းတော်ကိုအပ်၍ “နေပြည်တော်သို့ သင်တို့ ပြန်ကြလေ”ဟု စေတော်မူ၏။ ထို့နောင်မှ မကိုဋ်နှင့်တကွသော ဆံကျစ်တော်ကို စွဲတော်မူသော သန်လျက်ဖြင့်ဖြတ်၍ “ငါသည် စင်စစ် ဘုရားဖြစ်မည်မှန်မူ ဆံတော်သည် မြေသို့မသက်ပဲ အထက်ကောင်းကင်၌ တည်စေသော”ဟု အဓိဋ္ဌာန်၍ ကောင်းကင်သို့ လွှင့်မြှောက်တော်မူသော် တယူဇနာမျှလောက်သော အရပ်၌ ပန်းဆိုင်းဆွဲသကဲ့သို့ တည်၏။ ထိုဆံတော်ကိုမြင်သော သိကြားမင်းသည် တယူဇနာရှိသော ရတနာပန်းတောင်းဖြင့် ခံယူ၍ တာဝတိံသာ၌ စူဠာမဏိ ပုထိုးတော်တည်၍ ကိုးကွယ်သတည်း။

ရဟန်းပြုတော်မူခြင်း

ဘုရားလောင်းလည်း “ဤကောင်းမြတ်သော ကာသိတိုင်းဖြစ် ပုဆိုးတို့နှင့် မလျောက်ပတ်ချေ”ဟု အကြံတော် ဖြစ်လေသော် ကဿပဘုရားရှင်၏ လက်ထက်က အဆွေဖြစ်ခဲ့ဖူးသော ဃဋိကာရ ဗြဟ္မာမင်းသည် ပရိက္ခရာရှစ်ပါးနှင့် တကွသော ကြာသင်္ကန်းအစုံကို ယူလာ၍ “ဤကြာသင်္ကန်းဖြင့် ရဟန်းပြုတော်မူပါ”ဟု ကပ်၏။

(ပရိက္ခရာရှစ်ပါးကား- ကိုယ်ဝတ်, ဒုကုဋ်, သင်းပိုင်, ခါးပန်း, အပ်, ပဲကွပ်, သပိတ်, ရေစစ်၊ ဤရှစ်ပါးတည်း၊ ဤပရိက္ခရာရှစ်ပါးသည် ကမ္ဘာတည်စက ပုဗ္ဗနိမိတ်အဖြစ်ဖြင့်ပေါက်သော ကြာပွင့်တွင် အစုံပါလာသည်။

ဘုရားလောင်းလည်း အဖိုး အတိုင်းမသိထိုက်သော ကာသိကရစ်တိုင်းဖြစ် ပုဆိုးတို့ကိုချွတ်၍ ထိုပရိက္ခရာ ကြာသင်္ကန်းဖြင့် ရဟန်းပြုတော်မူ၏။ ဃဋိကာရဗြဟ္မာလည်း လဲတော်မူသော ပုဆိုးကိုယူ၍ ဗြဟ္မာ့ပြည်သို့ ဆောင်ပြီးသော် အကနိဋ္ဌဘုံ၌ ကိုးပါးသော ရတနာအတိပြီးသော အုတ်တို့ဖြင့် ဒုဿစေတီတည်၍ ကိုးကွယ်လေသတည်း။

ဆန္နအမတ် ပြည်တော်သို့ရောက်ခြင်း

ထိုသို့ ရဟန်းပြုပြီးမှ ဆန္နအမတ်နှင့် ကဏ္ဍကမြင်းတော်သည် မပြန်ပါရမည့်အကြောင်းနှင့် တောင်းပန်လျက် နေသည်ကို ဖျောင်းဖျတော်မူ၍ “ခမည်းတော် မယ်တော်တို့အား သတင်းစကား ကြားသိရအောင် ပြန်ကြချေ”ဟု စေတော်မူသဖြင့် ပြန်ကြလေသော် အနောမြစ်တဘက်သို့ ရောက်လျှင်ပင် ကဏ္ဍကမြင်းသေ၍ တာဝတိံသာ နတ်ပြည်၌ ကဏ္ဍကနတ်သား ဖြစ်လေ၏။ ဆန္နအမတ်လည်း မြင်းတော်ကို အနောမာမြစ် သဲခုံ၌ သင်္ဂြိုဟ်ခဲ့ပြီးမှ ကကြိုး,တန်ဆာကိုထမ်းလျက် လမ်းတလျှောက်လုံး ငိုယိုကာ ပြန်လာသဖြင့် နန်းတော်သို့ရောက်သော် ခမည်းတော်, မယ်တော်, ယသောဓရာစသော မောင်းမမိဿံ အပေါင်းတို့အား အကြောင်းကိုပြန်ကြား၍ နန်းသူနန်းသားအပေါင်းတို့သည် သောင်းသောင်းညံမျှ ငိုကြွေးကြကုန်၏။

(စာမျက်နှာ-၂၆)

ဆွမ်းခံ၍ ဘုဉ်းပေးတော်မူပုံ

ဘုရားလောင်းသည် ထိုရဟန်းပြုရာ အရပ်အနီး၌ ကြီးစွာသော အနုပိယမည်သော သရက်တော၌ ပဗ္ဗဇ္ဇသုခဖြင့် စံနေတော်မူ၍ ခုနစ်ရက်လွန်ပြီးသော် ယူဇနာသုံးဆယ်ရှိသော ခရီးကို နေ့ချင်းသွား၍ ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်တော်မူသည်။ ထိုအခါ နာဠာဂိရိဆင်လာ၍ မြို့အလုံး ချောက်ချားသကဲ့သို့, အသုရာနတ်မင်းဝင်လာ၍ အသုရာပြည် ချောက်ချားသကဲ့သို့ ဘုရားလောင်း၏ အဆင်းတော်ကိုမြင်လျှင် ကြည်ရွှင်ဝမ်းသာ အံ့အာသရဲရှိကြ၍ ပြည်အလုံး ချောက်ချား၏။ မင်းချင်းယောက်ျားတို့မြင်၍ ဗိမ္ဗိသာရမင်းကြီးအား ကြားလျှောက်လျှင် ပြာသာဒ်ပြင်ထက်ရပ်၍ လေသွန်ပြတင်းဖြင့် မင်းကြီး ကြည့်တော်မူလတ်သော် “လူလော, နတ်လော, နဂါးလော, ဂန္ဓဗ္ဗလော, အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲတကား၊ သွား၍ ကြည့်ချေကုန်”ဟု မင်းချင်းတို့ကို စေတော်မူ၏။ အလောင်းမင်းသား ဆွမ်းခံပြီးလျှင် မြို့မှထွက်ခဲ့၍ မြို့ရှေ့ ပဏ္ဍဝတောင်ရိပ်သို့ကပ်၍ အရှေ့သို့မျက်နှာမူ၍ ထိုင်တော်မူပြီးသော် ဆွမ်းဘုဉ်းပေးတော်မူအံ့သောငှါ သပိတ်တော်ကိုဖွင့်၍ ကြည့်လျှင် အနီ, အဖြူ, အကြောင်, အကျား အရောရောဆွမ်းကို မြင်တော်မူ၍ အူအသည်း ပြောင်းပြန်လန်၍ ပျို့အန်မည်ကဲ့သို့ ရှိတော်မူ၏။ ထိုအခါ ကိုယ်တော်ကို အလိုလို ဆုံးမတော်မူသည်ကား “သိဒ္ဓတ်မင်းသား... သင်သည် သန့်စင်ပျံ့မွှေးလှသော သလေးထမင်းကို စွန့်ခွာ၍ ရလွယ်သော အာဟာရဖြင့် မျှတမှီတင်းလျက် သေမင်းမတွေ့ရာ ဘဝ၏အဆုံးကို ရှာအံ့ဟု ရည်မှတ်၍ ကြီးမြတ်သော မင်း၏ချမ်းသာကို စွန့်ခွာခဲ့သည် မဟုတ်လော၊ အပုပ်အတိပြီးသော ဤကိုယ်ကို တန်ဆာဆင်ခြင်း၌ အဘယ့်ကြောင့် ရောင့်ရဲခြင်းမရှိသနည်း”ဟု ဆုံးမလျက် ဘုဉ်းပေးတော်မူ၏။

ဗိမ္ဗိသာရမင်းလျှောက်ချက်ကို ဝန်ခံပြီ

ထိုအကြောင်းကို မင်းချင်းယောက်ျားတို့ မြင်သဖြင့် အလျင်ပြန်၍ ဗိမ္ဗိသာရမင်းကြီးအား လျှောက်ထားလျှင် ပြည့်ရှင်မင်းကြီးလည်း ဆောစွာလာ၍ ဝမ်းမြောက်ဝမ်းသာ ပြောကြသဖြင့် သုဒ္ဓေါဒနမင်းကြီးသား ဘုရားလောင်း၏အဖြစ်ကို သိလေသော် “ပြည်တော်ထက်ဝက်ကို ပေးအပ်ပါမည်၊ အသက်အရွယ် ငယ်ပါသေးသည်၊ တောမထွက်ပါနှင့်၊ မင်းပြု၍ စံစားပါဦး”ဟု လျှောက်၏။ ထိုစကားကို ကြားလေသော် “အဆွေတော်မင်းမြတ်- ခံစားအပ်သော မင်း၏ချမ်းသာသည် ရေပေါ်၌တက်သော ရေပွက်၏ပမာ တသက်လျာမျှသာ ဖြစ်ချေသည်။ ထိုစည်းစိမ်ကိုမှီ၍ ကိလေသာပွားသဖြင့် များသော အကုသိုလ် ဒုစရိုက်ဖြစ်၍ သံသရာ၌ နစ်မွန်းရခြင်း၏အကြောင်းသာ ဖြစ်ချေသည်။ ထို့ကြောင့် ပြည်၏စည်းစိမ်ကို ဘင်အိမ်၌ လောက်, တံတွေးပေါက်ကဲ့သို့ ရွံရှာ၍ ငါ-စွန့်ခွာ ထွက်ခဲ့သည်”ဟု မိန့်တော်မူ၏။ ထိုစကားကို ကြားသောအခါ ဗိမ္ဗိသာရမင်းကြီးလည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပြီးလျှင် “အရှင်သိဒ္ဓတ္ထ.. ဖြောင့်မတ်စွာသာ အားထုတ်ပါလော့၊ သို့ရာတွင် သင်ဘုရားဖြစ်လျှင် အကျွန်ုပ်ပြည်သို့ ရှေးဦးစွာ ကြွတော်မူပါ”ဟု လျှောက်၏။ ဘုရားလောင်းလည်း “ကောင်းပြီ”ဟု ဝန်ခံတော်မူ၏။

(စာမျက်နှာ-၂၇)

၉။ ဘုရားအလောင်း ဒုက္ကရစရိယာ ကျင့်တော်မူခြင်း

ပဉ္စဝဂ္ဂီ ၅-ဦးနှင့် တွေ့ခြင်း

ထိုအရပ်မှသည် အစဉ်သဖြင့် ကြွတော်မူလေသော် တခုသောတောအုပ်၌ လောကီဈာန်ကို စီးဖြန်း၍နေသော ကာလာမအမျိုး၌ဖြစ်သော အာဠာရ ရသေ့ထံသို့ ကပ်၍ ဈာန်သမာပတ်ကို နှီးနှော၍ အားထုတ်သဖြင့် လောကီဈာန်ခုနစ်တန်ကို ရတော်မူ၏။ ထို့နောက်မှ ဥဒက ရသေ့ထံသို့ကပ်၍ အထက်ဈာန်ကို နှီးနှောစီးဖြန်းပြန်သော် ရှစ်တန်သော သမာပတ်ကို ရတော်မူ၏။ “ဤရှစ်ပါးသော သမာပတ်တို့သည် မြတ်သော သဗ္ဗညုတဉာဏ်၏အကြောင်း မဟုတ်ချေ။ အကြောင်းကို ရှာဖွေဦးမှ ဖြစ်ချေမည်”ဟု အကြံတော်ဖြစ်ပြန်၍ တဖန် ဥရုဝေလတောအုပ်သို့ ကပ်တော်မူသည်။ ထိုတောအုပ်သို့ ရောက်သော် “ဤအရပ်ကား ကမ္မဋ္ဌာန်းစီးဖြန်းခြင်းငှါ သင့်လှစွာသော အရပ်ပေတည်း”ဟု နှလုံးပြု၍ နေတော်မူစဉ် ပဉ္စဝဂ္ဂီတို့နှင့် တွေ့လေ၏။

ထိုပဉ္စဝဂ္ဂီတို့၏ အကြောင်းကား-- လက္ခာဖတ် ပုဏ္ဏားခုနစ်ယောက်တို့သည် မိမိ,မိမိတို့၏အိမ်သို့ ပြန်သွားကြ၍ သားတို့ကိုခေါ်ပြီးလျှင် “သုဒ္ဓေါဒနမင်းကြီးသားသည် ဘုရားစင်စစ် ဖြစ်လိမ့်မည်။ ထိုမင်းသား ဘုရားဖြစ်သောအခါ အဆုံးအမ၌တည်၍ ရဟန်းပြုကြလေကုန်”ဟု မှာ၍ ကံအားလျော်စွာ သေလွန်ကြကုန်၏။ ကောဏ္ဍညအနွယ်ဖြစ်သော သုဒတ္တပုဏ္ဏား တယောက်သာ အသက်ရှည်၍ တည်ရစ်သတည်း၊ ဘုရားလောင်း ရဟန်းပြု၍ ဥရုဝေလ တောအုပ်ကို ရောက်ပြီဟုကြားလျှင် ကောဏ္ဍညနှင့်တကွ ပုဏ္ဏားသား လေးယောက်တို့သည် ရဟန်းပြု၍ ဥရုဝေလတောသို့ လာကြကုန်သဖြင့် ဘုရားလောင်းနှင့် တွေ့ကြလေသတည်း။

(ပဉ္စဝဂ္ဂီတို၏အမည်ကား-ကောဏ္ဍည, ဝပ္ပ, ဘဒ္ဒိယ, မဟာနာမ်, အဿဇိတည်း။)

ဒုက္ကရစရိယာကျင့်စဉ် လဲကျတော်မူခြင်း

ဘုရားလောင်းလည်း ထိုပဉ္စဝဂ္ဂီတို့လျှင် အလုပ်အကျွေး ရှိသည်ဖြစ်၍ တနေ့လုံးကို ဆွမ်းတလုတ်ဖြင့်သာလည်းကောင်း၊ သစ်သီးတလုံးဖြင့်သာလည်းကောင်း၊ နှမ်းတစေ့, ဆန်တစေ့ဖြင့်သာလည်းကောင်း နေ့ရက်ကိုလွန်စေခြင်း၊ အလျင်းပင် အဟာရကိုမမှီဝဲပဲ ဖြတ်ခြင်း စသည်ကိုပြု၍ ကျင့်တော်မူသဖြင့် ကိုယ်တော် ကြုံလှီစွာရကား လက္ခဏာတော်ကြီး လက္ခဏာတော်ငယ်များ ကွယ်ပျောက်၏။ အဟာရကို မှီဝဲခြင်း နည်းပါးသဖြင့် အလွန်ပင်ပန်းလှရကား အာနာပါနဈာန်ကို ဝင်စားသည်တွင် မဝင်စားနိုင်ပဲ စင်္ကြံဦး၌ လဲတော်မူသည်။ ထိုသို့ လဲသည်ကိုမြင်သော် စိတ်ကျွမ်းမဝင်သော နတ်တို့သည် သုဒ္ဓေါဒနမင်းကြီးထံသွား၍ “သင်၏သားသည် ဘုရားမဖြစ်ရရှာပြီ၊ ဒုက္ကရစရိယာ ကျင့်စဉ်တွင် စင်္ကြံဦး၌ ကမ္မဋ္ဌာန်း စီးဖြန်းယင်း လဲ၍သေပြီ”ဟု ကြားကြ၏။ ခမည်းတော်လည်း အကြိမ်များစွာ နတ်တို့လာ၍ ကြားသော်လည်း “ဘုရားမဖြစ်ပဲ ငါ့သား မသေနိုင်”ဟု ယုံတော်မမူ။

ဆွမ်းခံ၍ မျှတတော်မူခြင်း

ဘုရားလောင်းသည်လည်း ယင်းသို့ ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင်အောင် ကျင့်တော်မူပြီးမှ “ငြိုငြင်စွာသော အကျင့်ဖြင့် ဘုရားအဖြစ်သို့ မရောက်နိုင်ရာ၊ သတ္တဝါတို့၏ ဓမ္မတာလည်း သဒ္ဓါလွန်လျှင် ကွန့်သည်၊ ပညာလွန်လျှင် ဆွံ့သည်။ ဝီရိယလွန်လျှင် ပြန့်သည်၊ သမာဓိလွန်လျှင်

(စာမျက်နှာ-၂၈)

တွန့်သည်၊ သတိသာလျှင် လွန်သည်မရှိ၊ လိုသည်သာ ဖြစ်သည်၊ ထို့ကြောင့် ယခု ငါသည် အာဟာရကိုမျှစေလျက် ကိုယ်လက်ဖြည့်တင်း၍ သဒ္ဓါနှင့်ပညာ, ဝီရိယနှင့် သမာဓိကို မျှတစေအံ့”ဟု ကြံလျက် ထိုထိုမြို့ရွာသို့ ချဉ်းကပ်၍ ခံအပ်သောဆွမ်းကို ဘုဉ်းပေးတော်မူ၏။ ထိုသို့ ဘုဉ်းပေးရာတွင်မှ မဟာပုရိသ လက္ခဏာတော်တို့သည် ပေါ်မြဲပြကတေ့ ဖြစ်ပြန်သတည်း။

ပဉ္စဝဂ္ဂီတို့ ထွက်ခွါသွားကြပြီ

ထိုအခါ ပဉ္စဝဂ္ဂီတို့က “သိဒ္ဓတ်မင်းသားသည် အလွန်ခြိုးခြံစွာ ကျင့်သည်ကို ဘုရားမဖြစ်နိုင်၊ ယခု အဘယ်မှာ ဖြစ်တော့အံ့နည်း”ဟု ဘုရားအလောင်းကို စွန့်ခွါ၍ တဆယ့်ရှစ်ယူဇနာကွာသော ဣသိပတန မိဂဒါဝုန်တောသို့ သွားကြကုန်သည်။ ထို့နောက်မှ ကိုယ်တော်တယောက်တည်း ကျင့်တော်မူ၍ လူတို့သက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လဆန်း ၁၄-ရက် အင်္ဂါနေ့ညဉ့်တွင် အိပ်မက်ကြီးငါးအင်ကို မြင်တော်မူ၏။

အိပ်မက်ကြီး ငါးပါးကား-

၁။ မြေအပြင်ကို အိပ်ရာပြု၍ ယူဇနာ ငါးရာရှိသော ဟိမဝန္တာတောင်ကို ခေါင်းအုံးလျက် အရှေ့,အနောက် သမုဒ္ဒရာအပြင်ထက် လက်တော်ကို ထားပြီးသော် ခြေတော်အစုံကို တောင်သမုဒ္ဒရာ၌ထားလျက် စက်တော်မူရသည်ဟု မြင်မက်သည်လည်း တပါး။
၂။ ဝင်ရိုးပမာ သန္တာနီအဆင်းရှိသော တိရိယမည်သော မြက်သည် ချက်တော်မှဖောက်၍ ဘဝဂ်သို့ရောက်အောင် တက်သည်ဟု မြင်မက်သည်လည်း တပါး၊
၃။ အဆင်းဖြူသော ပိုးမျိုးသည် ခြေတော်မှ ပုဆစ်တိုင်အောင် လွှမ်း၍တက်သည်ဟု မြင်မက်သည်လည်း တပါး။
၄။ အထူးထူးသော အဆင်းရှိသော ငှက်အပေါင်းတို့သည် လေးမျက်နှာမှ လာကုန်၍ ခြေတော်ရင်းမှာ နေကုန်သော် အလုံးစုံ အဖြူချည်းသာ ဖြစ်သည်ဟု မြင်မက်သည်လည်း တပါး၊
၅။ ကြီးစွာသော မစင်တောင်ထက်သို့တက်၍ စင်္ကြံသွားသော်လည်း မစင်လိမ်းကပ်ခြင်းမရှိဟု မြင်မက်တော်မူသည်လည်း တပါး။

ဤငါးပါးသော အိပ်မက်ကို မြင်မက်တော်မူ၍ ဆင်ခြင်တော်မူလျှင် “ငါသည် ယနေ့ စင်စစ် ဘုရားဖြစ်အံ့သည်”ဟု ကြံရည်ဆုံးဖြတ်၍ မိုးသောက်ယံ၌ ဆွမ်းခံသွားသော အချိန်ကို ငံ့လင့်တော်မူလျက် နံနက်စောစောကလျှင် လာတော်မူ၍ သေနနိဂုံး၏အနီး ကြီးစွာသော ညောင်ပင်ရင်း၌ ထွန်းလင်းသော ကိုယ်ရောင်ကို ဖြစ်စေလျက် နေတော်မူလင့်၏။

ဃနာနို့ဆွမ်းချက်ပုံ

ထိုအခါ၌ ကြိမ်ကြိုက်သော လာဘ်သည်ကား ဥရုဝေလတော၏အနီး သေနနိဂုံး၌ မဟာသေနမည်သော သူကြွယ်သမီး သုဇာတာသည် အရွယ်သို့ ရောက်စကာလက ညောင်ပင်ရင်းသို့ကပ်၍ “အကျွန်ုပ်သည် အမျိုးတူသော ယောက်ျားနှင့် ပေါင်းမိကြ၍ အစစွာ သားယောက်ျားကို ရပါအံ့၊ အရှင်ရုက္ခစိုးအား တနှစ်တကြိမ် တသိန်းသောဥစ္စာကိုစွန့်၍ ပူဇော်ပါမည်၊ အကျွန်ုပ်အား

(စာမျက်နှာ-၂၉)

မ-စတော်မူပါ”ဟု ဆုတောင်း၏။ ဆုတောင်းတိုင်း ပြည့်စုံလျှင် ကဆုန်လပြည့်နေ့ ဗလိနတ်စာကို ပြုလိုပါရကား မဆွကပင် နွားမတထောင်ကို နွယ်ချိုတော၌ ကျောင်း၍ ထိုတထောင်သော နွားကို ငါးစုပြု၍ ရှစ်ရာသော နွားတို့၏နို့ရည်ကို နှစ်ရာသော နွားတို့၌ တိုက်သည်၊ ၎င်းနှစ်ရာကို ငါးစုပြုပြန်၍ တရာ့ခြောက်ဆယ်သော နွားတို့၏နို့ရည်ကို လေးဆယ်သော နွားတို့၌ တိုက်သည်။ ထိုလေးဆယ်ကို ငါးစုပြုပြန်၍ လေးစုသောနွားတို့၏ နို့ရည်ကို ရှစ်ခုသောနွားတို့၌ တိုက်ပြန်သည်။ ထိုရှစ်ခုသော နွားတို့၏ နို့ရည်ဖြင့်သာ ဃနာနို့ဆွမ်းချက်လေသော် အလောင်းတော်မြတ် ဘုဉ်းပေးရမည်ကိုသိ၍ လောကပါလ နတ်မင်းကြီးလေးယောက်တို့ ခုံလောက်၌ စောင့်လာကုန်သည်၊ ဗြဟ္မာကြီး ထီးဖြင့်ကာသည်၊ သိကြားမင်းလည်း ထင်းထိုးသည်၊ တသောင်းသော စကြဝဠာမှ နတ်ဗြဟ္မာအပေါင်းတို့သည် ကောင်းမြတ်သော နတ်သြဇာတို့ကို ထည့်ကြကုန်သည်။

ဃနာနို့ဆွမ်း ရှင်းချက်

ပါရမီခန်း၌-

“ငါးရာနွားကို၊ ကြိမ်များဖန်ဖန်၊ ရည်ပြန်တိုက်ပြီး မကားကြီးတည်း၊ သင်းသီးရှစ်ခု၊ နို့နပ်ပြုလျက်” ဆိုသည်မှာ-

သဟဿဂါဝီနံ လတာဝနေ စရာပေတွာ တတော ဂဟေတွာ ပဉ္စရာသိံ ကတွာ တိက္ခတ္တုံ ဘဇိတွာ အန္တေ အဋ္ဌဂါဝီနံ မဓုရရသံ ဒုဟိတွာ-ဟူသော သုတ်မဟာဝါ အဋ္ဌကထာ,

ဓေနုသဟဿံ လဋ္ဌိမဓုဝနေ စရာပေတွာ တတော တိက္ခတ္တုံ ဝိဘာဂေန ပါယေတွာ-ဟူသော

ဗုဒ္ဓဝင်အဋ္ဌကထာ, အပဒါန် အဋ္ဌကထာတို့နှင့် မညီ။ ကျမ်းတို့၌ နွားမတထောင်ဟုလာလျက် ငါးရာဟု မဆိုတန်၊ “ငါးရာနွားကို”ဟု စပ်ရင်းစကားသည် အရေးအသား ပျက်၍သာ ရှိမည်ထင်သည်။

ဃနာနို့ဆွမ်း အလှူခံခြင်း

ယင်းသို့ ထူးမြတ်သော နို့ဃနာကို ချက်ပြီးမှ ပုဏ္ဏာအမည်ရှိသော ကျွန်မကို “ငါတို့ညောင်စောင့်နတ်မင်း နေရာကို သုတ်သင်ပါချေ”ဟု စေသဖြင့် ကျွန်မသွား၍ ကြည့်ရှုလေသော် ကိုယ်တော်ရောင်ဖြင့် ညောင်ပင်အလုံးကို ထွန်းလင်းစေလျက် ညောင်ပင်ရင်း၌ အရှေ့လောကဓာတ်ကို ရှေးရှုနေတော်မူသော ဘုရားလောင်းကို မြင်သဖြင့် ရွှင်လှသောစိတ်ရှိလျက် မြက်မှိုက်တို့ကို သုတ်သင်ခဲ့ပြီးမှ အိမ်သို့လာ၍ သုဇာတာအား လျှောက်၏။ “အရှင်မ... ယနေ့ ငါတို့အရှင်နတ်မင်းသည် ညောင်ပင်ရင်း၌ ကိုယ်ထင်ပြ၍ အတုမရသော အသရေဖြင့် စံတော်မူသည်။ အံ့ဖွယ်ရှိလှ၏၊ လျင်စွာကြွ၍ ပူဇော်လော့”ဟု လျှောက်၏။ သုဇာတာလည်း ပုဏ္ဏာအမည်ရှိသော ကျွန်မ၏စကားကို ကြားသော် အားရဝမ်းသာလှသည်ဖြစ်၍ အသပြာ တသိန်းထိုက်သော ရွှေခွက်၌ အလုံးစုံသော ဃနာနို့ဆွမ်းကိုထည့်၍ တခုသော ရွှေခွက်ကိုဖုံး၍ ယူဆောင်လေသဖြင့် ညောင်ပင်ရင်းသို့ရောက်၍ ဘုရားလောင်း၏ တင့်တယ်ခြင်းကို မြင်ပြန်လျှင် အတိုင်းထက်

(စာမျက်နှာ-၃၀)

အလွန်ပင် နှစ်သက်ရကား ရွှေခွက်ပါပူဇော်၏။ ထိုအခါ ဃဋိကာရ ဗြဟ္မာလှူသော သပိတ်တော် ကွယ်ပြီးဖြစ်၍ ရွှေခွက်နှင့်တကွ ခံတော်မူ၏။

(ဘုရားလောင်းတို့သည် ဘုရားဖြစ်သည့်နေ့ အဖိုးတသိန်း ထိုက်သော ရွှေခွက်ရမြဲ ဓမ္မတာတည်း)

၁၀။ ဘုရားလောင်း သိဒ္ဓတ္ထမင်းသား ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း

ရွှေခွက်ကိုမျှောလိုက်သော်

ယင်းသို့ နို့ဃနာဆွမ်းကို ခံတော်မူပြီးလျှင် အနီးဖြစ်သော နေရဉ္ဇရာမြစ်သို့ ကပ်တော်မူ၍ ဘုရားလောင်းတို့ ရေချိုးမြဲဖြစ်သော သုပ္ပတိဋ္ဌိတမည်သောဆိပ်၌ ရေချိုးတော်မူပြီးမှ ကမ်းခုံစပ်ထက် ထက်ဝယ်ဖွဲ့၍ အရှေ့အရပ်သို့ ရှေးရှုနေတော်မူလျက် ထန်းသီးမှည့် ပမာဏရှိသော ဆွမ်းလုတ်ဖြင့် လေးဆယ့်ကိုးလုတ် ပရိဘုတ်တော်မူပြီးလျှင် “ငါသည် ယနေ့စင်စစ် ဘုရားဖြစ်မည်မှန်မူ ရေညာသို့ ဆန်စေသတည်း”ဟု အဓိဋ္ဌာန်၍ ရွှေခွက်ကို မျှောတော်မူလျှင် ရွှေခွက်သည် ရေအယဉ်ကိုဖြတ်၍ မတ်မတ်ဆန်ပြီးမှ မြစ်လယ်သို့ ကျသောအခါ ရေညာသို့ အတောင်ရှစ်ဆယ်ခန့်ဆန်၍ မြုပ်လေသဖြင့် ကာဠနဂါးဗိမာန်၏အပါး ရှေးဘုရားတို့ ရွှေခွက်သုံးလုံးကိုထိ၍ ထိုရွှေခွက်တို့အောက်၌ တည်လေ၏။

အပရာဇိတပလ္လင်တော်

ဘုရားလောင်းလည်း ဆွမ်းဘုဉ်းပေးပြီးလျှင် ထိုနေရဉ္ဇရာမြစ်၏ အနီးဖြစ်သော အင်ကြင်းတော၌ နေ့သန့်၍ မူလကမ္မဋ္ဌာန်းဟု ဆိုအပ်သော ကာယဂတာသတိ ဘာဝနာကို ကောင်းစွာစီးဖြန်း၍ ညချမ်းသောအခါ ကာဠနဂါးမင်းသည် “ဘုရား ခုတင်ခု ပွင့်ပေသည်”ဟု မြည်တမ်းသော ကောင်းချီးသံကို နာခံ၍ ကုမ္ဘဏ်, ဂန္ဓဗ်, နတ်, အသုရာ, ဗြဟ္မာ, သိကြားစသော နတ်တို့သည် စီမံဖန်ဆင်းအပ်သည်ဖြစ်၍ ရှစ်ဥသဘကျယ်သော ပန်းတို့ဖြင့်ပြွမ်းသော နတ်လမ်းမဖြင့် မဟာဗောဓိရှိရာသို့ ကြွတော်မူသော် သောတ္ထိယအမည်ရှိသော မြက်ထမ်းယောကျ်ားသည် လမ်း၌ ကပ်လှူအပ်သော မြက်ရှစ်ဆုပ်ကို ခံတော်၍ မဟာဗောဓိပင်သို့ ကပ်ပြီးမှ တောင်အရပ်က ရပ်တော်မူလျှင် ထက်ဝန်းကျင် မြေပြင်စကြဝဠာတို့သည် စောင်းထောင်လာဘိသကဲ့သို့ ထင်မှတ်၍ “ဤအရပ်ကား ဘုရားဖြစ်ရာမဟုတ်”ဟု ကြံလျက် တဖန် အနောက်အရပ်, မြောက်အရပ်တို့ကို အစဉ်အတိုင်းလည်၍ ရပ်တော်မူပြန်လျှင် မြေပြင်စကြဝဠာတို့သည် စောင်းထောင်၍သာ ထင်လာရကား “ဘုရားဖြစ်ရာ မျက်နှာမဟုတ်ချေသေး”ဟု ကြံတွေးတော်မူ၍ အရှေ့သို့လည်၌ ရပ်တော်မူပြန်လျှင် မြေပြင်ကြံ့ကြံ့ခံရကား “ဘုရားဖြစ်ရာဌာန မှန်ပြီ”ဟု နှလုံးပြု၍ မြက်ရှစ်ဆုပ်ကို အဖျားကကိုင်၍ ကြဲဖြန့်တော်မူလျှင် တဆယ့်လေးတောင် အပြန့်ကျယ်သော အပရာဇိတပလ္လင်ဖြစ်၍ ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူကာ အာနာပါနဈာန်ကို ဝင်စား၍ “ဘုရားမဖြစ်သမျှ ဤနေရာက ငါမထပြီ”ဟု စတုရင်္ဂဝီရိယဖြင့် နေတော်မူသော် သိကြားမင်းသည် တကြိမ်မှုတ်လေလျှင် လေးလကြာမှ အသံစဲသော အတောင်တရာ့နှစ်ဆယ်ရှိသော ဝိဇယုတ္တရမည်သော ခရုသင်းကိုမှုတ်လျက်, ကာဠနဂါးမင်းသည် တထောင်သော ဂါထာတို့ဖြင့် ကောင်းချီးပေးလျက်, ဗြဟ္မာမင်းသည် ထီးဖြူမိုးလျက်, သုယာမနတ်မင်းကြီးကား

(စာမျက်နှာ-၃၁)

သားမြီးယပ်ခတ်လျက်, သန္တုသိတနတ်မင်းကြီးကား ပတ္တမြားယပ်ဖြင့် ခတ်လျက်, ပဉ္စသိခနတ်မင်းသည် ဥသျှစ်မည့်အဆင်းရှိသော ဗေလုဝပဏ္ဍုမည်သော စောင်းကိုတီးလျက် များစွာသော နတ်တို့သည် အထူးထူးသော ပူဇော်သက္ကာရဖြင့် ပူဇော်လျက် နေကြကုန်စဉ် ဝသဝတ္တီမာရ်နတ်မင်းလာ၍ လက်ဝဲ တဆယ့်နှစ်ယူဇနာ, လက်ယာ တဆယ့်နှစ်ယူဇနာ, နောက်မျက်နှာက စကြဝဠာတံတိုင်းထိ, အထက်ကို ကိုးယူဇနာရှိသော နတ်စစ်သည် ဗိုလ်ပါအပေါင်းတို့ ဝန်းရံလျက် ယူဇနာ တရာ့ငါးဆယ်ရှိသော ဂီရိမေခလာ ဆင်ထက်၌စီး၍ အသီးသီး လက်နက်ကိုင်သော လက်ရုံးတထောင်ကို ဖန်ဆင်းလျက် တိုက်ဖျက်လာသည်ကို ပါရမီတော်အဟုန်ဖြင့် နေမဝင်မီ အောင်တော်မူပြီးမှ ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်, သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်ကိုရ၍ မိုးသောက်ထအခါ စကြဝဠာတသောင်းလုံးကို တုန်လှုပ်စေလျက် ပဋိစ္စသမုပ္ပါဒ်မှစ၍ အာနပါန စတုတ္ထဈာန်ကို ဝင်စား၍ ဝိပဿနာကို ပွားစေသည်တွင် အစဉ်အတိုင်း ရအပ်သော အာသဝက္ခယဉာဏ်ဖြင့် ကိလေသာအပေါင်းကို ထောင်းထောင်းပိုင်းဖြတ်လျက် မဂ်လေးတန်ကို အစဉ်အတိုင်းရ၍ ထိုရအပ်သော မဂ်,ဖိုလ်ကိုဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိ တဆယ့်ကိုးချက်၏ အဆုံး၌ အလုံးစုံသောတရားကို သိတတ်သော သဗ္ဗညုတဉာဏ်ကိုရ၍ သက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့အကုန် နေအရုဏ်တက်သည်နှင့်တပြိုင်နက် စန်းနှင့်ဝိသာခါ အကြိုက်တွင် လောကသုံးပါး၏ အထွတ်အထိပ် ဘဝိဿရအဖြစ်သို့ ရောက်တော်မူ၍ “အနေကဇာတိသံသာရံ”စသော ဥဒါန်းကို ကျူးရင့်တော်မူ၏။

ဤကား ဘုရားဖြစ်ခြင်း၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။

မကျဉ်းမကျယ် အဓိပ္ပါယ်

ဝိဇ္ဇာသုံးပါးကို ရတော်မူခြင်းသည် အကြောင်းကင်းလျက် ရတော်မူသည် မဟုတ်၊ အားထုတ်စီးဖြန်းအပ်သော အာနာပါနကမ္မဋ္ဌာန်းလျှင် အကြောင်းရင်း ဖြစ်သည်။ ထိုကမ္မဋ္ဌာန်းကို စီးဖြန်းသော အခြင်းအရာစသည်ကို ဤသို့ သိအပ်၏။ မဟာဗောဓိပင်၏ အောက်အပြင် ရွှေပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူပြီးသောအခါ “ငါ၏ အရေ, အကြော, အသွေး, အသားတို့သည် ခြောက်ကပ်၍ အရိုးစုမျှပင် ကြွင်းသော်လည်း ကြွင်းပေစေ၊ သဗ္ဗညုတဉာဏ်ကို မရသမျှ ဤထက်ဝယ်မှ မပြောင်းပြီ”ဟု အဓိဋ္ဌာန်တော်မူ၍ အင်္ဂါလေးပါးနှင့် ပြည့်စုံစွာသော သမ္မာဝါယာမ လုံ့လတော် နှိုးဆော်ချီးပင့်လျက် ထွက်သက် ဝင်သက် နှစ်ပါးကို အာရုံပြု၍ မနောဒွါရဝီထိများစွာဖြင့် အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူလျှင် ထင်စွာသော သမ္မာသတိသည်ဖြစ်၏။ ထိုသတိဖြစ်ခြင်းကြောင့် မေ့လျော့ခြင်း, တွေဝေခြင်း ကင်းကွာလျက် ကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိဟူသော ကိုယ်၏ ငြိမ်းချမ်းခြင်း, စိတ်၏ ငြိမ်းချမ်းခြင်းသည် ဖြစ်၏။

ရူပဈာန်များ ရတော်မူပြီ

ထိုပဿဒ္ဓိ၏ ဖြစ်ခြင်းကြောင့် စိုးရိမ်ပူပန် ပေါ့လျှံခြင်း ကင်းဝေးလျက် အာနာပါနအာရုံ မတုန်မလှုပ် မင်းတုပ်ကျောက်စာတိုင်ကဲ့သို့ ခံ့ခိုင်တည်ကြည်စွာသော သမ္မာသမာဓိသည် ဖြစ်၏။ ထိုသမာဓိ၏အဟုန်ကြောင့် ကာမဂုဏ်အာရုံတို့၌ စုံမက်တိမ်းညွတ်တတ်သော ဆန္ဒ, ပြင်းပြစွာတပ်သော ရာဂ, အလွန်အားကြီး ဖိစီးလိုလားတတ်သော ဆန္ဒရာဂ, မိန်းမယောက်ျား စသည်ဖြင့်

(စာမျက်နှာ-၃၂)

ကြံခြင်း, ထိုမိန်းမယောကျ်ားတို့၏ လက်,ခြေ,အင်္ဂါ, မျက်နှာ,ကိုယ်ပြင်, ရုပ်သွင်,သက်ရွယ်တို့၏ တင့်တယ်ဟန် မတင့်တယ်ဟန်ကို ကြံခြင်း အစရှိသော သင်္ကပ္ပရာဂတို့သည်လည်းကောင်း၊ ထိုဝတ္ထုကာမ ကိလေသာကာမကို မှီ၍ဖြစ်သော စိုးရိမ်ခြင်း, အမျက်ထွက်ခြင်း, ရန်ငြိုးဖွဲ့ခြင်း အစရှိသော ဗျာပါဒတရား၊ စိတ်,စေတသိက်တို့၏ မခံ့မရံ လေးလံထိုင်းမှိုင်း ပျင်းရိခြင်း, ငိုက်မျဉ်းခြင်းဟူသော ထိနမိဒ္ဓတရား၊ မတည်မတံ့ ပျံ့လွင့်ခြင်း, နှလုံးမသာခြင်းဟူသော ဥဒ္ဓစ္စကုက္ကုစ္စတရား၊ အာရုံ၏သဘာဝကို မုချဆတ်ဆတ် မဆုံးဖြတ်နိုင်ခြင်းဟူသော ဝိစိကိစ္ဆာတရား၊ ဤငါးပါးသော နီဝရဏဓမ္မဘေးရန်ကို တွန်းလှန်ပယ်ခွါလျက် ထိနမိဒ္ဓကိုနှိပ်စက်၍ သမ္ပယုတ်တရားတို့ကို အာရုံသို့ တက်စေခြင်းလက္ခဏာရှိသော ဝိတက်အင်္ဂါ, ဝိစိကိစ္ဆာကိုနှိပ်စက်၍ အာရုံသို့တက်ပြီးသော သမ္ပယုတ်တရားအလုံးစုံကို သုံးသပ်ခြင်း လက္ခဏာရှိသော ဝိစာရအင်္ဂါ, ဗျာပါဒကိုနှိပ်စက်၍ အာရုံကို နှစ်သက်ခြင်း လက္ခဏာရှိသော ပီတိအင်္ဂါ, ဥဒ္ဓစ္စကုက္ကုစ္စကို နှိပ်စက်၍ နှစ်သက်အပ်သော အာရုံ၏အရသာကို ကောင်းစွာခံစားခြင်း လက္ခဏာရှိသော သုခအင်္ဂါ, ကာမစ္ဆန္ဒကို နှိပ်စက်၍ ယွင်းကွက်မလည် တည်ကြည်ခြင်းလက္ခဏာရှိသော သမာဓိအင်္ဂါ, ဤဈာန်အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရူပါဝစရကုသိုလ် ပဌမဈာန်သို့ ရောက်တော်မူလျက် မျက်မှောက်ပြုပြီးသော် ထိုပဌမဈာန်ကိုပင် ငါးအင်သော ဝသီဘော်တို့ဖြင့် ဝင်စားတော်မူလျက် ရှစ်ချက်သောဝီထိ၏ နောက်၌ “ငါ-ရမြောက်ပြီးသော ပဌမဈာန်သည် ဘေးရန်ဖြစ်သော နီဝရဏ နီးလှချေသေး၏”ဟု ရှေးရှုတင်အပ် သုံးသပ်အပ်သော ဝိတက်, ဝိစာရကိုခွာလျက် အာနာပါနသို့ ရှေးရှုတော်မူပြန်လျှင် ထိုအခါ အင်္ဂါနှစ်ပါး၏ ကင်းခြင်းကြောင့် နှောင့်ယှက်ခြင်းမရှိ အတိပသန္နဖြစ်သော ပီတိ, သုခ, ဧကဂ္ဂတာ ဈာန်အင်္ဂါ သုံးပါးနှင့် ပြည့်စုံသော ရူပါဝစရကုသိုလ် ဒုတိယဈာန်သို့ ရောက်တော်မူပြန်၏။

အရူပဈာန်များ ရတော်မူခြင်း

ထိုသို့ရောက်၍ ခြောက်တန်သော ဝီထိတို့ဖြင့် ဒုတိယဈာန် သမာပတ်ကို ဝင်စားတော်မူပြီးမှ ထိုဒုတိယဈာန်၌ရှိသော ပီတိကို ခွာခြင်းငှါ အာနာပါနသို့ ရှေးရှုတော်မူပြန်လျှင် ယခင် ပီတိတရားကင်းလျက် သန့်ရှင်းထူးမြတ်သည်ဟု သမုတ်အပ်သော သုခ, ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော တတိယဈာန်သို့ ရောက်ပြန်၍ ငါးတန်သော ပီတိတို့ဖြင့် တတိယဈာန်ကို ဝင်စားတော်မူပြီးမှ “ကာယိကသုခသည် သောမနဿ ဖြစ်ခြင်း၏အကြောင်း, သောမနဿသည် ဆန္ဒဖြစ်ခြင်း၏ အကြောင်း, ဆန္ဒသည် ရာဂဖြစ်ခြင်း၏ အကြောင်းဖြစ်၍ စင်စစ် ရုန့်ရင်းသေး၏တကား”ဟု သုခကိုပယ်ခြင်းငှါ အာနာပါနသို့ ရှေးရှုတော်မူပြန်လျှင် ယခင် သုခမှကင်းလျက် အလွန် ဖြူစင်သန့်ရှင်း မယွင်းမဖည် တည်ကြည်လှစွာသော ဥပေက္ခာ, ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော စတုတ္ထဈာန်သို့ ရောက်တော်မူပြန်၍ အလေ့အလာပြုအပ်သော ဝသီဘော်ငါးတန်ဖြင့် ထိုဈာန်ကို ဝင်စားတော်မူပြီးမှ ပဉ္စမဝီထိ၏အချုပ်၌ ထိုစတုတ္ထဈာန်မှ ထတော်မူ၍ အရူပဘာဝနာကို အာရုံပြုတော်မူပြန်သဖြင့် လေးတန်သော အရူပါဝစရဈာန်သို့ အစဉ်အတိုင်း ရောက်တော်မူသည်။ ထိုသို့ရောက်ပြီးသော် အသီးအသီးသော အရူပဈာန်ကို ငါးတန်သော ဝသီဘော်တို့ဖြင့် ဝင်စားတော်မူလျက် ရှစ်ချက်သော သမာပတ်ကို အလေးအမြတ်ပြုကာ လူးလာထက်အောက် မှောက်မှောက်လှန်လှန် ဧကန္တရိက, ဒွန္တရိကစသော နည်းအားဖြင့်လည်း ဝင်စားတော်မူ၏။

(စာမျက်နှာ-၃၃)

ပုဗ္ဗေနိဝါသဉာဏ် ရတော်မူပုံ

ထိုသို့ဝင်စားပြီးမှ စတုတ္ထဈာန် သမာပတ်၌ဖြစ်သော ကောင်းမြတ် တည်ကြည်သော သတိ,သမာဓိ၏ အစွမ်းနှင့် အလွန် စင်ကြယ်ခြင်း, ဖြူစင်ခြင်း, ကိလေသာ ရာဂကို ဖျောက်ခြင်း, နူးညံ့စွာဖြစ်ခြင်း, တန်ခိုးဖန်ဆင်းခြင်း၌ စွမ်းနိုင်ခြင်း, စင်ကြယ်သော အာရုံ၌သာ တည်ကြည်ခြင်း, မတုန်မလှုပ်သောအဖြစ်သို့ ရောက်ခြင်း, လျင်သောစိတ်ရှိခြင်း တည်းဟူသော အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော အဘိညာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရားတို့ကို မျက်မှောက်ပြုခြင်းငှါ အာလောကကသိုဏ်းကို အာရုံပြု၍ ရူပါဝစရ စတုတ္ထဈာန်ဖြစ်သော ပါဒကဈာန်ကို ဝင်စားတော်မူပြန်၍ ပါဒကဈာနဝီထိ, အဓိဋ္ဌာနဝီထိ၊ ၎င်းပါဒကဈာနဝီထိ, အဓိဋ္ဌာနဝီထိတို့နောက် ကျမြောက်သော အဘိညာဏ်ဝီထိဖြင့် မိမိသန္တာန် သူတပါးသန္တန်၌ဖြစ်ဖူးသော ခန္ဓာအစဉ် အမည်အမျိုး အကျိုးအကြောင်း ပြောင်းဟန်ပြန်ဟန်ကို မကျန်ကုန်စင် သိမြင်တော်မူနိုင်သော ပုဗ္ဗေနိဝါသ အတီတံသ အမည်ရသော ပဌမဝိဇ္ဇာဉာဏ်ကို ညဉ့်ဦးယံ၌ ရတော်မူ၏။

ဒိဗ္ဗစက္ခုဉာဏ် ရတော်မူပုံ

ထိုပုဗ္ဗေနိဝါသဉာဏ်ဖြင့် ပုဗ္ဗန္တအလုံးကို ဖုံးလွှမ်းမြှေးယှက်တတ်သော အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်ကို ဖွင့်လှစ်တော်မူ၍ သုံးဆူသောဘုံဝယ် တလုံလဲလဲ မြင့်မြဲလှစွာ ကမ္ဘာအသင်္ချေ လွန်လေသမျှ ဘဝရှေးရှေးက ဖြစ်ခဲ့ဖူးသော ကိုယ်တော်၏ခန္ဓာ, ထိုခန္ဓာ၏ ဖြစ်ရာဌာန ခံစားရသောအာရုံ, တွေ့ကြုံခဲ့ရသော သား,မယား,ဆွေမျိုး အစရှိသော ဒဗ္ဗသမ္ဘာရတို့ကိုလည်းကောင်း၊ ပစ္စေကဗုဒ္ဓါ သာဝကတို့နှင့် မဆက်ဆံသော “ဤမည်သောကမ္ဘာ၌ ဤမည်သော ဘုရားလောင်းသည် ဤမျှလောက်သော စည်းစိမ်ချမ်းသာကို စွန့်သဖြင့် ဤသို့ တောထွက်တော်မူ၍ ဤမည်သော ဗောဓိပင်ရင်း၌ ဤမည်သော ဝိပဿနာကို ရှုတော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူသဖြင့် ဤမျှသော သတ္တဝါတို့ကို ဤမည်သော တရားအမြိုက်ဖြင့် တိုက်ကျွေးတော်မူ၏”ဟု စေ့ငုစဉ်လာ ဤကမ္ဘာမှသည် ပဋိလောမ ပြန်သဖြင့်လည်းကောင်း၊ ရှေးရှေးသော ကမ္ဘာမှသည် ဤကမ္ဘာရောက် တလျှောက်တည်းရှုအပ်သော အနုလောမ နည်းအားဖြင့်လည်းကောင်း၊ အစဉ်အတိုင်း မလျှောက်မူ၍ သီဟောက္ကန္တိကာနုဿရဏဟု ဆိုအပ်သော ကေသရရာဇာခြင်္သေ့မင်း၏ ခုန်လွှားခြင်းနှင့်တူစွာ လိုရာလိုရာ ကမ္ဘာအထက်၌ ပျက်ဟန်,ဖြစ်ဟန်ကိုလည်းကောင်း တပြောင်းပြန်ပြန် အဖန်ဖန်ရှုလျက် အကုဋေမကသော သမာပတ်ကို ၀င်စားတော်မူသဖြင့် ညဉ့်ဦးယံလွန်လတ်သော် သုံးဖော်သောဘဝ၌ ဖြစ်ကြသော သတ္တဝါတို့၏ စုတိပဋိသန္ဓေ နေဟန်ကို တဖန် ရှုတော်မူအံ့ဟု စိတ်တော်ညွတ်ကာမျှဖြင့် ပရိကံအထူးမပြုရပဲ စတုတ္ထဈာန်ကို ဝင်စားတော်မူ၍ သုံးတန်သော ဝီထိတို့၏နောက် ကျမြောက်သော အဘိညာဏ်ဝီထိဖြင့် အတိပသန္နဖြစ်သော ပသာဒဝတ္ထု, ဟဒယဝတ္ထုရှိလျက် နတ်မျက်စိမက အဆအရာ သာလွန်၍ မြင်နိုင်သော တဆယ့်တပါးသော အညစ်အကြေးမရှိသော ဒိဗ္ဗစက္ခုဟု ဆိုအပ်သော ဒုတိယဝိဇ္ဇာဉာဏ်ကို သန်းခေါင်ယံ၌ ရတော်မူ၏။

ဒိဗ္ဗစက္ခု၏စွမ်းအား

ဝိစိကိစ္ဆာ, အမနသိကာရ, ထိနမိဒ္ဓ, ဆမ္ဘိတတ္တ, ဥပ္လဝ, ဒုဋ္ဌုလ္လ, အစ္စာရဒ္ဓဝီရိယ, အတိလီနဝီရိယ, အဘိဇပ္ပ, နာနတ္တသညီ, အဘိနိဇ္ဈာယိတတ္တတည်းဟူသော တဆယ့်တပါးသော အညစ်အကြေးမှ ကင်းသည်ဖြစ်၍ အလွန်သန့်ရှင်းစင်ကြယ်သော ထိုဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့် အပရန္တ, ဣဒပ္ပစ္စယတာ

(စာမျက်နှာ-၃၄)

ဤနှစ်ဖြာသော အစွန်း၌ ဖုံးလွှမ်းမြှေးယှက်တတ်သော အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်ကို ဖွင့်လှစ်၍ ရှုတော်မူသဖြင့် စုတေလတ္တံ့သော သတ္တဝါ, ပဋိသန္ဓေနေလတ္တံ့သော သတ္တဝါတို့ကိုလည်းကောင်း၊ သန္ဓေဇာတိ, အမိ, အဖ, သုခသမ္ပတ္တိ, ဣဿရိယ, ဘောဂ, ယသ စသောအားဖြင့် ယုတ်သော သတ္တဝါ, မြတ်သော သတ္တဝါ, အဆင်းလှသော သတ္တဝါ, အဆင်းမလှသော သတ္တဝါ, ကြွယ်ဝသော သတ္တဝါ, ဆင်းရဲသော သတ္တဝါ, နတ်ပြည်သို့သွားသော သတ္တဝါ, လူ့ပြည်၌တည်သော သတ္တဝါ, ငရဲသို့လားသော သတ္တဝါတို့ကိုလည်းကောင်း၊ နတ်ပြည်ခြောက်ခွင်ဝယ် ဥယျာဉ်, ရေကန်, ဗိမာန်, နန်းအိမ်၌ စည်းစိမ်ကြီးစွာကို ခံစားကာနေသော နတ်သမီး, နတ်သား, သိကြား, ဗြဟ္မာ သတ္တဝါတို့ကိုလည်းကောင်း၊ ဤဇမ္ဗူဒိပ်ကျွန်းမြေ လူနေဌာန၏အောက် အစောက်တသောင်းစီ ခြားကွာလျက် ကြီးစွာသော ဥမင်လိုဏ်တွင်းဝယ် ပြည့်တင်းစွာစွဲသော ပျား၏သဖွယ် သိပ်နယ်စည်းကျပ်စွာ ဌာနရှစ်ရပ် မပြတ်မစဲ ဆင်းရဲကြီးစွာ ခံနေရရှာကုန်သော ငရဲသူ သတ္တဝါတို့ကိုလည်းကောင်း တပြောင်းပြန်ပြန် ရှုသဖြင့် အဏုမြူမျှမကြွင်း လက်ငင်းပစ္စုပ္ပန်ဖြစ်သော ရူပါရုံအပေါင်းတို့ကို မြင်တော်မူ၏။ ထိုဒိဗ္ဗစက္ခုအဘိညာဉ်ကို တဖန် အခြေပြုသဖြင့် ယထာကမ္မူပဂအဘိညာဉ်, နာဂတံသအဘိညာဉ် နှစ်ပါးကို ပွားစေတော်မူပြန်လျှင် ပဋိသန္ဓေနေကုန်သော သတ္တဝါတို့တွင် ယုတ်ညံ့သော သတ္တဝါသည် တဏှာမောဟ၏ အကျိုးဆက်တည်း၊ မြတ်သော သတ္တဝါသည် ပညာ၏ အကျိုးဆက်တည်း၊ အဆင်းလှသော သတ္တဝါသည် မေတ္တာ၏ အကျိုးဆက်တည်း၊ မလှသော သတ္တဝါသည် ဒေါသ၏ အကျိုးဆက်တည်း၊ ကြွယ်ဝသော သတ္တဝါသည် အလောဘ၏ အကျိုးဆက်တည်း၊ ဆင်းရဲလှသော သတ္တဝါသည် လောဘ၏ အကျိုးဆက်တည်း၊ သုဂတိသတ္တဝါသည် သုစရိုက်၏ အကျိုးဆက်တည်း။ ဒုဂ္ဂတိသတ္တဝါသည် ဒုစရိုက်၏ အကျိုးဆက်တည်း၊ ဤသို့ စသည်ဖြင့် အကြောင်းဖြစ်သော ကံကြမ္မာကိုလည်းကောင်း၊ ဤသတ္တဝါကား ဤစာရိတ္တရှိ၏၊ ဤဂတိသို့ လားရလတ္တံ့, ဤမည်သော ဆင်းရဲကို ခံရလတ္တံ့, ဤမည်သော ချမ်းသာကို စံရလတ္တံ- စသည်ဖြင့် အနာဂတ်၌ ဖြစ်လတ္တံ့သော အာရုံအပေါင်းကိုလည်းကောင်း ကျိုးကြောင်းကုန်စင် သိမြင်တော်မူ၏။

ဝိပဿနာဉာဏ်ဆယ်ပါး

ဤသို့ စုတူပပါတဉာဏ်, ယထာကမ္မူပဂဉာဏ်, အနာဂတံသဉာဏ်လျှင် အခြံအရံရှိသော ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် အစဉ်အတိုင်း ရှုတော်မူ၍ သန်းခေါင်ယံလွန်မြောက်သဖြင့် မိုးသောက်ယံသို့ ကျလတ်သော် ကိုယ်တော်၏ မပင်ပန်းခြင်းအကျိုးငှာ ထိုတတိယယံ၏ သုံးဖို့တဖို့ခန့်မျှ ကျိန်းစက်တော်မူ၍ ရှေးရှုပြီးသော စတုတ္ထဈာန်ကို တဖန်ဝင်စား၍ ထိုဈာန်မှ ထပြီးသော် ကိုယ်တော်၏လည်းကောင်း, စိတ်တော်၏လည်းကောင်း အမြဲမရှိသောသဘော၊ ဆင်းရဲသောသဘော၊ အတ္တဟု မှတ်ဖွယ်မရှိသော သဘောသို့ တင်ဘိ၍ ဝိပဿနာကို ကောင်းစွာရှေးရှု ပြုတော်မူလျှင် ဆင်ခြင်သုံးသပ်တတ်သော သမ္မသနဉာဏ်, သင်္ခါရတရားတို့၏ ဖြစ်ခြင်းပျက်ခြင်းကို သိတတ်သော ဥဒယဗ္ဗယဉာဏ်, ဖြစ်ခြင်းတည်းဟူသော ဥပါဒ်ကို လွှတ်လျက် ပျက်ခြင်းတည်းဟူသော ဘင်ကိုသာ ရှုသဖြင့် ယခု ယခု ချုပ်လတ္တံ့သည်ကို မြင်တတ်သော ဘင်္ဂဉာဏ်, စိတ် စေတသိက် စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ် ဗာဟိရရုပ် အာဟာရဇရုပ် ဥတုဇရုပ် ပဝတ္တိကမ္မဇရုပ် တည်းဟူသော သင်္ခါရတရားတို့၏ ချုပ်ခြင်းအလျဉ် စသည်ကို အစဉ်မပြတ်ရောက်၍ ကြောက်မက်ဖွယ်ရှိ၏ဟု သိသော ဘယဉာဏ်, ထိုတရားတို့၌ အပြစ်ကိုသိသော အာဒီနဝဉာဏ်, အပြစ်ကို မြင်ပြီး၍ ငြီးငွေ့စက်ဆုပ်တတ်သော နိဗ္ဗိဒါဉာဏ်, ထိုသင်္ခါရဝဋ်မှ ကင်းလွတ်လိုသောအဖြစ်ကို သိသော

(စာမျက်နှာ-၃၅)

မုစ္စိတုကမျတာဉာဏ်, လွတ်နိုင်အံ့သော အကြောင်းကိုရှာ၍ ထိုသင်္ခါရတို့ကို တဖန် သိမ်းဆည်းခြင်း၌ သိတတ်သော ပဋိသင်္ခါဉာဏ်, သိမ်းဆည်းမိသော သင်္ခါရတို့ကို အာသင်္ကမဖက် သက်သက် လျစ်လျူရှုတတ်သော သင်္ခါရုပေက္ခာဉာဏ်, သုံးဆယ့်ခုနစ်ပါးသော ဗောဓိပက္ခိယ တရားတို့နှင့်တကွ ဝိမောက္ခသုံးပါး မဂ်ကိစ္စ ဆယ့်ခြောက်ပါးတို့အားလျော်သော အနုလောမဉာဏ်, ဤဆယ်တန်သော ဝိပဿနာဉာဏ်၏ ရင့်ခြင်းသို့ ရောက်သဖြင့်-

မဂ်ဖိုလ်ကိုရပြီ

လင်းပျောက်ခဲစွာ သစ္စာလေးပါး, ပဋိစ္စသမုပ္ပါဒ်တရားတို့၌ လွှမ်းထားပိတ်ပင်တတ်သော အဝိဇ္ဇာကွန်ရက်ကို ပယ်ရှားဖြတ်ခွာလျက် ဒုက္ခသစ္စာ၏ ပီဠနဋ္ဌ, သင်္ခတဋ္ဌ, သန္တာပဋ္ဌ, ဝိပရိဏာမဋ္ဌ သဘာဝတရားတို့ကို ပိုင်းခြား၍ သိခြင်း၊ သမုဒယသစ္စာ၏ အာယူဟနဋ္ဌ, နိဒါနဋ္ဌ, သံယောဂဋ္ဌ, ပလိဗောဓဋ္ဌ သဘာဝလေးပါးတို့ကို ပယ်ရှားဖြက်ခွာခြင်း၊ နိရောဓသစ္စာ၏ နိဿရဏဋ္ဌ, ဝိဝေကဋ္ဌ, အသင်္ခတဋ္ဌ, အမတဋ္ဌဌ သဘာဝလေးပါးကို မျက်မှောက်ပြုထားခြင်း၊ မဂ္ဂသစ္စာ၏ နိယျာနဋ္ဌ, ဟေတွဋ္ဌ, ဒဿနဋ္ဌ, အဓိပတေယျဋ္ဌ သဘာဝလေးပါးတို့ကို ပွားစည်းစေနိုင်ခြင်း တည်းဟူသော ကိစ္စလေးပါး, ကိစ္စ တဆယ့်ခြောက်ပါးတို့ကို သိကြားမင်း၏လက်နက် ဝဇိရစိန်စက်ကဲ့သို့ တပြိုင်နက် တချက်တည်း ပြီးစေလျက် သောတာပတ္တိမဂ်စိတ်သည် ဒိဋ္ဌိဂတသမ္ပယုတ် စိတ်လေးဖြာ, ဝိစိကိစ္ဆာတရားတို့ကို ပယ်ရှားတုံဘိ၍ မဂ်ဝီထိအဖြစ်သို့ သက်၏။ ထိုမဂ္ဂါနန္တဖိုလ်မှသည် ဥပနိဿယ ပစ္စည်းဆက်၍ သကဒါဂါမိမဂ်, သကဒါဂါမိဖိုလ်ကိုလည်း အလိုလို ရောက်တော်မူ၏။ ထို့နောက် ဆက်၍ ဝိပဿနာကို ရှုတော်မူလျှင် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အနာဂါမိမဂ်သည် ပယ်ဖျက်ထိုက်သော ဒေါသကို နိရဝသေသအားဖြင့် ငြိမ်းစေလျက် မဂ်ကိစ္စဖြစ်၍ ချုပ်၏။ ထိုမဂ္ဂါနန္တရဖိုလ်မှသည် ကာလမခြား တဏှာမခြားပဲ ဝိပဿနာတရားကို ပွားစေတော်မူပြန်လျှင် သုံးအင်သောမဂ်တို့ဖြင့် ပယ်ဖျက်၍ ကြွင်းသေးသော ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် လေးခု, ဥဒ္ဓစ္စစိတ်တခုနှင့်တကွ တထောင့်ငါးရာမျှသော ကိလေသာရန်သင်းကို အကြွင်းမဲ့ ချုပ်စေလျက် အာသဝက္ခယဟု သမုတ်အပ်သော အရဟတ္တမဂ်ဉာဏ်ကို မိုးသောက်ယံအကုန် နေအရုဏ်ထွက်သည်နှင့် တပြိုင်နက်ရ၍-

သဗ္ဗညုဘုရားဖြစ်တော်မူခြင်း

မဂ္ဂါနန္တရဖိုလ်၏နောက် ကျမြောက်သော ပစ္စဝေက္ခဏာဖလသမာပတ္တိဝီထိ, ဉေယျဓမ္မလျှင် အာရုံရှိသော မနောဒွါရဝီထိတို့ဖြင့် အပရိမာဏ ဆုံးဆထုတ်ဖွေ မရေတွက်နိုင်သော ဆအသာဓာရဏ, စတုဝေသာရဇ္ဇ, ဒသဗလ, ဆအဘိညာ, ဝိဇ္ဇာရှစ်ဝ, စရဏ တဆယ့်ငါး တရားအပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော သဗ္ဗညုတဉာဏ်ဖြင့် နိဗ္ဗာန်သင်းကျစ် ဓမ္မရာဇ်ထွတ်ဖျား ဘုရားအဖြစ်သို့ ရောက်တော်မူ၏။

(ဤကား- မကျဉ်းမကျယ် အဓိပ္ပါယ်တည်း၊ အကျယ်ကိုလိုသော် ပဋိသမ္ဘိဒါမဂ် ပါဠိတော်, အဋ္ဌကထာ, သာရတ္ထဒီပနီ စသည်တို့၌ ယူပါကုန်။)

ရှေ့ဉာဏ်နှစ်ပါး ရခဲ့, ကွယ်ခဲ့ကြောင်း ရှင်းချက်

[ဉာဏ်တော် သုံးပါးတို့တွင် ပုဗ္ဗေနိဝါသဉာဏ်နှင့် ဒိဗ္ဗစက္ခုဉာဏ် နှစ်ပါးတို့သည် ရှေးတောထွက်တော်မူစအခါ အာဠာရ ရသေ့၊ ဥဒက ရသေ့တို့ထံ လောကီဈာန်

(စာမျက်နှာ-၃၆)

ကို-နည်းခံ၍ စီးဖြန်းသည့်ကာလ သမာပတ်ရှစ်ပါး, အဘိညာဏ် ငါးပါးတို့ကို ရသည်ဖြစ်၍ ထိုအဘိညာဏ်၌ ဝင်ပြီမဟုတ်လော၊ အဘယ့်ကြောင့် ဤအခါမှ ပုဗ္ဗေနိဝါသ, ဒိဗ္ဗစက္ခုကို ရ၏ဟု ဆိုပြန်သနည်းဟူမူ-

ထိုတောထွက်တော်မူစက အာဠာရရသေ့တို့ထံ လောကီဈာန်ကို ရစကပင် အဘိညာဏ်နှစ်ပါးကို ရ၏။

ရသော်လည်း အာလောက ကသိုဏ်းကို ပွားစေ၍ ဒိဗ္ဗစက္ခုဉာဏ်ဖြင့် ပစ္စုပ္ပန်ရူပါရုံကို မြင်သည်ရှိသော် ဤအဆင်းကား အဘယ်အဆင်းနည်းဟု ယုံမှားခြင်း ဝိစိကိစ္ဆာဖြစ်ခြင်းကြောင့် ထိုအလင်း ကွယ်ခဲ့၏။

အလင်းကို နှလုံးသွင်းသောကြောင့်သာ ဝိစိကိစ္ဆာဖြစ်ဘိ၏။ မသွင်းသော် မဖြစ်ရာပြီဟု နှလုံးသွင်းခြင်းကို မပြု, အမနသိကာရ ဖြစ်ပြန်ခြင်းကြောင့်လည်း အလင်းတဖန် ကွယ်ခဲ့ပြန်၏။

အမနသိကာရ အားကြီး၍ အိပ်မွေ့ငိုက်မျဉ်းခြင်း များသောအခါ လွန်စွာ ထိနမိဒ္ဓဖြစ်ခြင်းနှင့်လည်း အလင်းတဖန် ကွယ်ခဲ့ပြန်၏။

တဖန် အားထုတ်၍ အလင်းကို ရပြန်သဖြင့် ဟိမဝန္တာ စသည်ကို ရှုလတ်သော် ထိုဟိမဝန္တာ သီဒါခုနစ်တန် သတ္တရဘန် ဂိရိန် အာလိန်ငါးထပ်၌ တည်ကုန်သော နဂါး,ဂဠုန်, ကုမ္ဘဏ်, ရက္ခိုသ်တို့ကို မြင်ရခြင်းကြောင့် ထိတ်လန့်ခြင်း ဥဗ္ဗိဂ္ဂ ဆမ္ဘိတတ္တ ဖြစ်ပြန်၍လည်း တဖန် အလင်း ကွယ်ခဲ့၏။

ထိုသို့ ထိတ်လန့်ခြင်းကို ဖျောက်၍ ရဲရင့်ခြင်း အဆင်ခြင်ပညာကို ဖြစ်စေပြန်လျှင် ထိုကောသလ္လကိုမှီ၍ ဗလဝပီတိ တည်းဟူသော စိတ်ပေါ်လွင်ခြင်း ဥပ္လဝ ဖြစ်ပြန်၍လည်း တဖန် အလင်းကွယ်ခဲ့၏။

ထိုဥပ္လဝ မဖြစ်ရအောင် လုံ့လကိုလျှော့ပြန်လျှင် ဝီရိယ လျော့ခြင်းကြောင့် ကိုယ်၏လေးလံခြင်း ဒုဋ္ဌုလ္လဖြစ်ပြန်၍လည်း တဖန် အလင်းကွယ်ခဲ့၏။

လုံ့လလျော့ခြင်းကြောင့် ဒုဠုလ္လ ဖြစ်သည်တကားဟု လွန်စွာအားထုတ်သောအခါ အစ္စာရဒ္ဓဝီရိယ ဖြစ်ပြန်၍လည်း တဖန် အလင်းကွယ်ခဲ့၏။

လုံ့လလွန်သောကြောင့် ဖြစ်သည်တကားဟု အားလျှော့ပြန်လျှင် တွန့်တိုခြင်း အတိလီနဝီရိယ ဖြစ်ပြန်၍လည်း တဖန် အလင်းကွယ်ခဲ့၏။

နတ်သမီးဗိမာန် စသည်ကို မြင်သောအခါ ငါလည်း ဤကဲ့သို့ ဖြစ်လိုသည်ဟု စုံမက်တပ်ငြိခြင်း အဘိဇပ္ပ ဖြစ်ပြန်၍လည်း တဖန် အလင်းကွယ်ခဲ့၏။

ထိုနတ်သမီး နတ်သားတို့၏ အရောင်အဆင်း တင့်တယ်ခြင်းကိုသာ တပ်မက်၍ နှစ်သက်ခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ အထူးထူးကြံခြင်းဟူသော နာနတ္တသညီ ဖြစ်ပြန်၍လည်း တဖန် အလင်း ကွယ်ခဲ့၏။

(စာမျက်နှာ-၃၇)

ထိုသို့ အထူးထူးသော အမှတ်သညာကို မဖြစ်စေပဲ ဣဋ္ဌာရုံ အနိဋ္ဌာရုံကိုသာ ရှုအံ့ဟု နှလုံးပြုသဖြင့် အလွန်ရှုမောခြင်း, ကြံမှိုင်ထိုင်းမှိုင်းခြင်း အဘိနိဇ္ဈာယိတတ္တ ဖြစ်ပြန်သဖြင့်လည်း တဖန် အလင်းကွယ်ခဲ့၏။

ဤသို့ ဝိစိကိစ္ဆာ, အမနသိကာရ, ထိနမိဒ္ဓ, ဆမ္ဘိတတ္တ, ဥပ္လဝ, ဒုဋ္ဌုလ္လ, အစ္စာရဒ္ဓဝီရိယ, အတိလီနဝီရိယ, အဘိဇပ္ပ, နာနတ္တသညီ, အဘိနိဇ္ဈာယိတတ္တအားဖြင့် တဆယ့်တပါးသော အညစ်အကြေးသည် မြှေးယှက်ဖုံးကွယ်ရာ ဘုရားလောင်းသန္တာန်၌ မြဲမြံစွာ မတည်ချေ။

ဒုက္ကရစရိယာ ကျင့်လွန်းစွာ၍ လက္ခဏာတော်ကြီး,ငယ်တို့ ကွယ်သောအခါကပင် ဤဉာဏ်တို့လည်း ကွယ်ပြန်လေသည်။

ဤဗောဓိမဏ္ဍိုင်သို့ ကပ်သောအခါမှ သဒ္ဓါနှင့် ပညာ, ဝီရိယနှင့် သမာဓိ မျှသော မဇ္ဈိမပဋိပဒါကြောင့် ထင်ရှားစွာ ဖြစ်လေသတည်း။ ထို့ကြောင့် ဤနှစ်ယံ၌ အဘိညာဏ်နှစ်ပါးကို ရသည်ဟု ဆိုသတည်း။

ပဌမဈာန်၌ ရှစ်တန်သော ဝီထိဟူသည်ကား- ရှေးဦးစွာ ရသော အာဒိကမ္မိက တဝီထိ, ဝိတက်ကို ဆင်ခြင်သည့် ပစ္စဝေက္ခဏာ တဝီထိ, ဝိစာရကို ဆင်ခြင်သည့် တဝီထိ, ပီတိကိုဆင်ခြင်သည့် တဝီထိ, သုခကို ဆင်ခြင်သည့် တဝီထိ, ဧကဂ္ဂတာကို ဆင်ခြင်သည့် တဝီထိ, အပေါင်းကို ဆင်ခြင်သည့် တဝီထိ, သမာပတ္တိ တဝီထိ, ပေါင်း-ရှစ်ပါးတည်း။ နောက်ကိုလည်း ဤနည်းအတူ ကြံလေ။ ပရမတ္ထအရာ၌ မလေ့လာဖူးသူအား နားပါးမူးမည်ကြောင့် အထူးအကျယ် မဆိုသတည်း။ ဤကား ပါရာဇိကဏ် ပါဠိတော်, ၎င်း အဋ္ဌကထာ, ၎င်း ဋီကာတို့၌လာသော အဓိပ္ပါယ်တည်း။]

၁၁။ မြတ်စွာဘုရား သတ္တသတ္တာဟ စံတော်မူခြင်း

(၁) ယင်းသို့ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးလျှင် ဗောဓိပင်နှင့် လေးတောင်ကွာ အရှေ့မျက်နှာ၌တည်သော ထိုရွှေပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူ၍ ပဋိစ္စသမုပ္ပါဒဓမ္မကို အနုလောမ ပဋိလောမအားဖြင့် ဆင်ခြင်ရှုကြံလျက် ကုဋေတသိန်းမကသော ဖလသမာပတ်ကို ဝင်စား၍ သိကြား, သုယာမ, သန္တုသိတ, မဟာဗြဟ္မာစသော နတ်တို့၏ ပူဇော်ခြင်းကို ခံလျက် ခုနစ်ရက်ပတ်လုံး စံပယ်တော်မူသည်၊ ထိုအရပ်သည် ပလ္လင်္ကသတ္တာဟမည်၏။

(၂) ထို့နောက် ရွှေပလ္လင်မှ ထတော်မူ၍ ဗောဓိပင်၏ အရှေ့မြောက်ယံ တဆယ့်လေးလံကွာသော အရပ်၌ ရပ်တော်မူ၍ “ငါသည် ဤဗောဓိရပ်ခွင် ရွှေပလ္လင်ဝယ် သဗ္ဗညုတဉာဏ်ကို ရပေသည်တကား”ဟု မမှိတ်သောမျက်စိဖြင့် ရှုကြည့်တော်မူလျက် ခုနစ်ရက်ပတ်လုံး စံပယ်တော်မူရာ အရပ်သည် အနိမိသသတ္တာဟမည်၏။

(၃) ထိုသို့ ပလ္လင်တော်ကို စိန်းစိန်းတည့်တည့် ကြည့်တော်မူသောအခါ နတ်တို့က “ဤသိဒ္ဓတ်မင်းသား ဘုရားအလောင်းတော်သည် စံပျော်ဖူးသည့် ရွှေပလ္လင်ကိုမျှ ခင်မင်တောင့်တခြင်းမပြတ် ထပ်၍ပြုအပ်သော မဂ်ကိစ္စ ရှိချေသေးသည်”ဟု အကြံဖြစ်၏။ ထိုအကြံကို သိမြင်တော်မူလတ်၍ နတ်တို့၏ သံသယကို ပယ်ဖျက်ခြင်းငှါ တယူဇနာမျှလောက်သော ကောင်းကင်သို့ ပျံတက်၍ ရေအစုံ မီးအစုံထွက်စေခြင်း အစရှိသော ယမိုက်ပြာဋိဟာကို ပြတော်မူပြီးလျှင်

(စာမျက်နှာ-၃၈)

ကောင်းကင်မှ သက်တော်မူ၍ ရွှေပလ္လင်နှင့် အနိမိသအကြား အတောင်နှစ်ဆယ်ရှိသော အရပ်ကို အလယ်ထား၍ တဘက် ငါးလံကွာဌာနတွင် အရှေ့မှသည် အနောက်သို့ အတောင်ခြောက်ဆယ်ရှိသော ရတနာစင်္ကြံကို ဖန်ဆင်းလျက် ခုနစ်ရက်ပတ်လုံး စင်္ကြံကြွတော်မူရာ အရပ်သည် ရတနစင်္ကမသတ္တာဟမည်၏။

(၄) ထို့နောက် မဟာဗောဓိပင်မှ အနောက်မြောက် အတောင်လေးဆယ် အကွာတွင် ရတနာခုနစ်ပါး အတိပြီးသော နတ်တို့စီမံ ဖန်ဆင်းအပ်သော ရတနာရွှေအိမ်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူလျက် ဝိနည်းပိဋကတ်, သုတ္တန်ပိဋကတ်, အဘိဓမ္မာပိဋကတ်တို့ကို သုံးသပ်ဆင်ခြင်တော်မူရာ မဟာပကရဏဖြစ်သော ပဋ္ဌာန်းကျမ်းသို့ ရောက်လျှင် ထက်ဝန်းကျင် ကိုယ်တော်မှ အညို, အရွှေ, အနီ, အဖြူ, အမောင်း, ပြိုးပြိုးပြက်အားဖြင့် ခြောက်ပါးသော အဆင်းရှိသော ရောင်ခြည်တော်တို့သည် ထွက်၍ အထက်အဖို့အားဖြင့် ဘဝဂ်တိုင်အောင်, အောက်အဖို့အားဖြင့် သုံးပါးသော မြေ,ရေ,လေထုတို့ကိုဖောက်၍ အောက်ကောင်းကင်တိုင်အောင်, ဖီလာအားဖြင့် အနန္တစကြဝဠာတိုင်အောင် ပျံ့နှံ့စေလျက် ခုနစ်ရက်ပတ်လုံး စံပယ်တော်မူရာ အရပ်သည် ရတနဃရသတ္တာဟမည်၏။

(၅) ထို့နောက် မဟာဗောဓိပင်မှ အရှေ့မျက်နှာ သုံးဆယ့်နှစ်လံကွာ အဇပါလမည်သော ညောင်ပင်ရင်းသို့ ကပ်တော်မူ၏။ ထိုအခါ မာရ်နတ်မင်းသည် ဤမျှလောက်သော ကလပတ်လုံး ရဟန်းကြီး၏ ယုတ်သောအဖြစ်ကို ရှုကြည့်ပါသော်လည်း တစုံတခုမျှ ချော်ချွတ်သည်ကို မမြင်ချေ။ ငါ၏နိုင်ငံကို လွန်ရလေ၏ဟု နှလုံးမသာရှိလှ၍ ခရီးလမ်းမ၌ ငေးမှိုင်ကာ ထိုင်လျက် တဆယ့်ခြောက်ကြောင်းသော အရေးတို့ကို ငင်၍နေ၏။

မာရ်နတ်၏ တဆယ့်ခြောက်ကြောင်းသော အရေးငင်ဟန် အကြံကား-

(၁) ဤရဟန်းကြီးသည် ဖြစ်လေရာဘဝ၌ပင် ဒါနပါရမီကို သူတထူးထက်လွန်၍ ဖြည့်သောကြောင့် ဤရွှေပလ္လင်ကို ရပေသည်၊ ငါ-ဤကဲ့သို့ မဖြည့်မိသောကြောင့် ဤရွှေပလ္လင်ကို မရချေ။
(၂) သီလ ပါရမီ၊
(၃) နိက္ခမ ပါရမီ၊
(၄) ပညာ ပါရမီ၊
(၅) ဝီရိယ ပါရမီ၊
(၆) ခန္တီ ပါရမီ၊
(၇) သစ္စာ ပါရမီ၊
(ဂ) မေတ္တာ ပါရမီ၊
(၉) အဓိဋ္ဌာန ပါရမီ၊
(၁၀) ဥပေက္ခာ ပါရမီ၊
(စာမျက်နှာ-၃၉)
(၁၁) ဓနပရိစ္စာဂ၊
(၁၂) အင်္ဂပရိစ္စာဂ၊
(၁၃) ပုတ္တပရိစ္စာဂ၊
(၁၄) ဘရိယပရိစ္စာဂ၊
(၁၅) ဇီဝိတပရိစ္စာဂ၊
(၁၆) စရိယတရား သုံးပါးတို့ကို သူတပါးနှောင့်ယှက်၍ မဖြစ်၊ အားသစ်၍သာ ပြုသောကြောင့် ဤရွှေပလ္လင်ကိုရပေသည်၊ ငါ-ဤကဲ့သို့ မဖြည့်မိသောကြောင့် လွန်ကဲစွာ မရချေ-

ဟု-တဆယ့်ခြောက်ကြောင်းသော အရေးကို ငင်၍နေ၏။

မာရ်နတ်သမီးတော် ၃-ယောက်တို့ ဖျားယောင်းကြခြင်း

ထိုသို့နေရာဝယ် တဏှာ, အရတိ, ရဂါမည်သော သမီးသုံးယောက်တို့က “ဖခင်... အဘယ့်ကြောင့် စိုးနှောင့်ပူဆာ မျက်နှာမရွှင် စားမဝင်ပဲ မြေတွင်အကြောင်းခြစ်၍ နေဘိသနည်း”ဟု မေးလေသော်“သမီးတော်တို့.. ဤဂေါတမရဟန်းသည် ငါမှန်း၍ထားသော ရွှေပလ္လင်ဝယ် ငါ့အလျင် သူဘုရားလုပ်ချေပြီ၊ ဤရဟန်းကြီး၏ ပျက်စီးကြောင်းကို ကြံပါသော်လည်း မကြံနိုင်၍ တွေမှိုင်ရတော့သည်”ဟု အကြောင်းကို ပြောဆိုလေ၏။ ထိုစကားကို ကြားလျှင် သမီးသုံးယောက်တို့က “ဖခင်... မစိုးရိမ်လင့်၊ ငါတို့ မိန်းမမာယာအစွမ်းဖြင့် ဤရဟန်းကြီးကို ဖျောင်းဖျ၍ ဖခင်နိုင်ငံသို့ ပါအောင်ပြုအံ့”ဟု ဝန်ခံကြ၍ တယောက်ကား တဆယ့်သုံးနှစ်အရွယ်, တယောက်ကား တဆယ့်နှစ်နှစ်အရွယ်, တယောက်ကား တကြိမ်သားဖွားပြီးသော မိန်းမအရွယ်ဖြင့် တင့်တယ်စွာ တန်ဆာဆင်ပြီးလျှင် ဘုရားရှိရာသို့ကပ်၍ ခြေတော်ရင်း၌ အလုပ်အကျွေး ပြုလုပ်လိုပါကြောင်း တောင်းပန်လာသည်ကို ပယ်ခွာတော်မူလျက်--

(၁) ယဿ ဇိတံ နာဝဇီယတိ၊ ဇိတမဿ နော ယာတိ ကောစိ လောကေ။
တံ ဗုဒ္ဓမနန္တဂေါစရံ၊ အပဒံ ကေန ပဒေန နေဿထ။
(၂) ယဿ ဇာလိနီ ဝိသတ္တိကာ၊ တဏှာ နတ္ထိ ကုဟိဉ္စိ နေတဝေ။
တံ ဗုဒ္ဓမနန္တဂေါစရံ၊ အပဒံ ကေန ပဒေန နေဿထ-

ဟူသော ဂါထာကို ဟောတော်မူသည်။

[အနက်ကား]မာရဓီတရော၊ မာရ်မင်းရင်နှစ် သမီးချစ်တို့။ ယဿ၊ အကြင် မြတ်စွာဘုရားအား။ ဇိတံ၊ အောင်အပ်လှစွာသော ကိလေသာကို ကောင်းစွာ အောင်တော်မူသည်ဖြစ်၍။ နာဝဇီယတိ၊ တဖန် မရှုံးနိုင်ပြီ။ အဿ၊ ထိုမြတ်စွာဘုရားသည်။ ဇိတံ၊ အောင်ပြီးသော ကိလေသာရန်သူကို။ လောကေ၊ လောကသုံးပါး၌။ ကောစိ၊ တစုံတယေက်သော သူသည်။ နော ယာတိ၊ တဖန်ထပ်ကာ ရန်မူလာအောင် မဆောင်နိုင်ချေ။ အပဒံ၊ တဏှာဟူသော အကြောင်းလည်း ကင်းထသော။ အနန္တဂေါစရံ၊ အဆုံးမထင် အကုန်မြင်သော သဗ္ဗညုတဉာဏ်လျှင် အာရုံရှိထသော။ တံ ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ ကေန ပဒေန၊ အဘယ်အကြောင်းဖြင့်။ တုမှေ၊ သင်နတ်သမီးတို့သည်။ နေဿထ၊ ဆောင်နိုင်ကုန်လတ္တံ့နည်း။

(စာမျက်နှာ-၄၀)

မာရဓီတရော၊ မာရ်မင်းရင်နှစ် သမီးချစ်တို့။ ယဿ၊ အကြင်မြတ်စွာဘုရားအား။ ဇာလိနီ၊ ကွန်ရက်နှင့်လည်း တူထသော။ ဝိသတ္တိကာ၊ ငါးပါးအာရုံ ကာမဂုဏ်၌ ခုံမင်ကပ်ငြိတတ်ထသော။ တဏှာ၊ တဏှာသည်။ နတ္ထိ၊ မရှိပြီ။ တဿ၊ ထိုမြတ်စွာဘုရားအား။ ကုဟိဉ္စိ၊ တစုံတရာ အယုတ်မာသို့။ နေတဝေ၊ ဆောင်ခြင်းငှါ။ န သက္ကာ၊ မတတ်နိုင်ရာ။ အပဒံ၊ တဏှာဟူသော အကြောင်းလည်း ကင်းပြီးထသော။ အနန္တဂေါစရံ၊ အဆုံးမမြင်သော သဗ္ဗညုတဉာဏ်လျှင် အာရုံရှိထသော။ တံ ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ ကေန ပဒေန၊ အဘယ်အကြောင်းဖြင့်။ တုမှေ၊ သင်နတ်သမီးတို့သည်။ နေဿထ၊ ဆောင်နိုင်ကုန်လတ္တံ့နည်း။

ဤဂါထာဖြင့် “ကိလေသာရန်သူကို အောင်တော်မူသော အခြင်းအရာကို ပြလျက် သင်တို့ ဖျောင်းဖျသော အမူအရာသည် ရာဂ, ဒေါသ, မောဟ အဘိဇ္ဈာစသော အညစ်အကြေးမကင်း သိမ်ဖျင်းယုတ်ညံ့သော သတ္တဝါသာလျှင် ဝမ်းသာနှစ်သက် စုံမက်လိမ့်မည်၊ ငါဘုရားသည် ကိလေသာတရားတို့ကို ပယ်ရှား အောင်မြင်အပ်ပြီးဖြစ်၍ သုသာန်၌စွန့်ပစ်အပ်သော သူကောင်ပုပ်ကဲ့သို့ စက်ဆုပ်တော်မူသည်”ဟု ကဲ့ရဲ့တော်မူသဖြင့် နတ်သမီး သုံးယောက်တို့သည် “လောက၌ မြတ်သောအလှူကို ခံတော်မူထိုက်ပေ၏၊ ကောင်းသောအလား ရှိပေ၏၊ လူအပေါင်းတို့ တပ်အပ်သော အရာ၌လည်း ဆုံးမတော်မူနိုင်ပေ၏”ဟု ဆို၍ မာရ်နတ်မင်းထံသို့ ပြန်ကြရလေကုန်၏။

ထို့နောက် ဟုံဟုင်္ကမည်သော ပုဏ္ဏားသည် ဘုရားအထံသို့ လာ၍ “အရှင်ဂေါတမ... အဘယ်သို့သောသူသည် ဗြဟ္မဏ မည်ပါသနည်း”ဟု မေးလျှောက်သည်တွင် “ပုဏ္ဏား.. အကြင်သူသည် တဟုန်းဟုန်းတက်သော အမျက်ကင်းကွာလျှက် သတ္တဝါတို့အား သနားချစ်ခင်ခြင်းလည်းရှိ၏၊ ရာဂစသော ကိလေသာတို့ကိုလည်း ပယ်ခွာစွန့်ပစ်တတ်၏၊ မြတ်သည်ဟု သမုတ်အပ်သော ပုညကြိယာဝတ္ထုတို့၌သာ ပျော်၏၊ ထိုသူသာလျှင် မြတ်ရာသို့ သွားအံ့သည်ဖြစ်၍ ဗြာဟ္မဏမည်၏”ဟု ဖြေတော်မူသည်။ ဤသို့ မာရ်နတ်မင်း သမီးသုံးယောက်, ဟုံဟုင်္ကပုဏ္ဏားတို့အား တရားအမြိုက် တိုက်ကျွေးတော်မူလျက် ခုနစ်ရက်ပတ်လုံး စံပယ်တော်မူရာ အရပ်သည် အဇပါလသတ္တာဟမည်၏။

(၆) ထို့နောက် မဟာဗောဓိပင်၏ အရှေ့တောင်မျက်နှာ ငါးဆယ့်တလံကွာ (ဝါ) နှစ်ဆယ့်ကိုးလံကွာတွင် မုစလိန္ဒာမည်သော အိုင်၏အနီး ကျည်းပင်ကြီးအရင်း၌ သီတင်းသုံး နေတော်မူရာ စကြဝဠာတိုက်အလုံး နှံ့အောင်ရွာသော အခါမဲ့မိုးကြီး စွေသည်တွင် မုစလိန္ဒ နဂါးမင်းသည် မိမိဗိမာန်မှထွက်၍ မြတ်စွာဘုရားအား တစုံတခုသော ဖြုတ်, ခြင်, ယင်ရဲ စသည်တို့ မထိပါးစေခြင်းငှါလည်းကောင်း၊ အပူ,အချမ်း,လေကြမ်း, မိုးဖွဲတို့သည် မညှဉ်းဆဲစေခြင်းငှါလည်းကောင်း၊ ရတနာအတိပြီးသော ဗိမာန်ကို ဖန်ဆင်းလျက် လှူခြင်းငှါ တတ်နိုင်လျက်လည်း မိမိကိုယ်ဖြင့် ကုသိုလ်ပြုခြင်းငှါ ကြီးစွာသော ကိုယ်ကိုဖန်ဆင်း၍ တပိုင်းတခွေကို ပလ္လင်ခင်းပြီးသော် ကိုယ်တော်ကို ခုနစ်ရစ်ပတ်ရံလျက် ဦးခေါင်းတော်ထက်က ပါးပျဉ်းဖြင့် အုပ်မိုး၍ မိုးမစွတ်ရအောင် တည်လာသည်။ မြတ်ဘုရားလည်း နဂါးမင်း၏ အခွေထက် ခုနစ်ရက်ပတ်လုံး ဖလသမာပတ်ကို ၀င်စား၍နေတော်မူသည်။ ခုနစ်ရက်စေ့၍ မိုးစဲသောကာလမှ နဂါးမင်းသည် လုလင်ယောင် ဖန်ဆင်းလျက် ရှေ့တော်၌ ရှိခိုး၍ နေလေသော်-

(စာမျက်နှာ-၄၁)
သုခေါ ဝိဝေကာ တုဋ္ဌဿ၊ သုတဓမ္မဿ ပဿတော-

စသော-ဥဒါန်းစကားဖြင့် “လေးပါးသော မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကိုမြင်ပြီးသောရဟန္တာသည် လွန်စွာ ချမ်းသာ၏၊ ထို့အတူ သတ္တဝါအပေါင်းတို့၌ တိုက်ခိုက်ထိပါးတတ်သော ဒေါသ၏ကင်းခြင်းသည် အလွန်ချမ်းသာ၏၊ ကာမဂုဏ်ငါးပါး၌ လိုက်စားတပ်ငြိတတ်သော ရာဂ၏ကင်းခြင်းသည်လည်း အလွန်ချမ်းသာ၏၊ ငါဟူသော မာန်ယစ်ခြင်းကိုခွာ၍ သတ္တဝါတို့အား မညှဉ်းဆဲပဲ သည်းခံခြင်းသည်လည်း အလွန်ချမ်းသာ၏”ဟု ဟောတော်မူရာအရပ်သည် မုစလိန္ဒသတ္တာဟမည်၏။

(၇) ထို့နောက် မဟာဗောဓိပင်မှ တောင်မျက်နှာ အလံလေးဆယ်ကွာတွင် လင်းလွန်းပင်ရင်း၌ ခုနစ်ရက်ပတ်လုံး သမာပတ်ကို ဝင်စားတော်မူ၍ ခုနစ်ရက်စေ့သော နံနက်၌ မျက်နှာသစ်တော်မူလိုသော အကြံတော်ဖြစ်လေသော် သိကြားမင်းသည် ကြဇုသီး, ကွမ်းရိုးဒန်ပူ, အနောတတ်ရေများကို ကပ်လှူလာ၍ သုံးဆောင်တော်မူပြီးစ အခါတွင် ရာမညတိုင်း ဥက္ကလာဇနပုဒ် ပေါက္ခရဝတီမြို့မှ တပုဿ, ဘလ္လိက ကုန်သည်ညီနောင်တို့သည် ကုန်သွယ်ခြင်းငှါ လှည်းငါးရာနှင့် မဇ္ဈိမဒေသသို့ လာကြသည်တွင် ဘုရားရှင်ရှိရာ အရပ်သို့ ရောက်လေသော် မိမိတို့ အဆွေဖြစ်ဖူးသောနတ်က လှည်းကို မသွားနိုင်အောင် ချုပ်နှောင်၍ ဗလိနတ်စာ ပြုသောကာလ နတ်က ကိုယ်ထင်ပြလျက် “လောကသုံးပါးတွင် အတုမရသောဘုရား ထင်ရှားဖြစ်တော်မူ၍ ယခု လင်းလွန်းပင်ရင်း၌ သီတင်းသုံး နေတော်မူသည်။ သင်တို့ အကျိုးစီးပွား များလိုမူကား တစုံတခုဖြင့် လှူဒါန်းပူဇော်ချေ”ဟု ဆို၏။ ထိုစကားကိုကြားလျှင် ညီနောင်နှစ်ပါးတို့သည် အားရဝမ်းသာရှိ၍ မိမိတို့တွင်ပါသော ကြွက်ကျစ်မုန့် ပျားဆုပ်မုန့်တို့ကိုယူ၍ ကပ်လာ၏။ ထိုအခါ ဃဋိကာရ ဗြဟ္မာလှူသော သပိတ်တော်သည် သုဇာတာ နို့ဆွမ်းလှူစကပင် ကွယ်ခဲ့၍ “အဘယ်ဝတ္ထုဖြင့်ခံသော် လျော်အံ့နည်း၊ နောင်တော်ဘုရားတို့သည် အဘယ်ဝတ္ထုဖြင့် ခံသနည်း”ဟု ရှုတော်မူသော် နောင်တော်ဘုရားတို့သည် သပိတ်တော်ဖြင့် ခံတော်မူကြသည်ကိုမြင်၍ သပိတ်တော်ကို အောက်မေ့လျက် ထိုမုန့်ကိုခံလိုသော အကြံတော်ဖြစ်လေသော် စတုမဟာရာဇ် နတ်မင်းကြီးလေးယောက်တို့သည် ဣန္ဒနီလာ ကျောက်ညိုဖြင့်ပြီးသော သပိတ်လေးလုံးကို ကပ်လာ၏။ ဘုရားသခင်လည်း ထိုသပိတ်ကို ခံတော်မမူ။ ယင်းသို့ ခံတော်မမူသော် ပဲနောက်အဆင်းရှိသော ကျောက်သပိတ်လေးလုံးကို လှူပြန်၏။ ထိုကျောက်သပိတ်ကို ခံတော်မူလျက် လေးလုံးသော သပိတ်ကို ဓိဋ္ဌာန်၍နှိပ်လျှင် အနားရေး လေးခုရှိသော သပိတ် တလုံးတည်းဖြစ်သဖြင့် ထိုသပိတ်နှင့် ခံတော်မူ၏။ ထိုကုန်သည် ညီနောင်တို့အားလည်း-

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ-

ဟူသော-ဒွေဝါစိက သရဏဂုံကို ပေးတော်မူသည်။ ဦးခေါင်းတော်ကို သုံးသပ်၍ ဆံတော်ဓာတ် တလက်ဆုပ်ကိုလည်း အပ်တော်မူလိုက်၏။ ဤအရပ်သည် ရာဇာယတနသတ္တာဟမည်၏။

သတ္တဋ္ဌာနရှင်းချက်

(ဤစကားစဉ်၌ ဗောဓိပင်နှင့် သတ္တဋ္ဌာန နေရာအရပ်မျက်နှာတို့ကား သံဂါယနာဝင် အဋ္ဌကထာကြီးတို့၌ တိုက်ရိုက်သေချာစွာ လာ၏။ အဝေး, အကွာ, တောင်,တာ, လက်သစ်များကား မလာ၊ အာစရိယ ပရမ္ပရရေးထားကြသော ဗောဓိဝင်စာကိုယ် ဋီကာ,

(စာမျက်နှာ-၄၂)

ဗောဓိဝိဘာဝနီစသော ကျမ်းငယ်တို့၌သာ လာသည်။ ယင်းသို့လာသော်လည်း စာတစောင်နှင့်တစောင် မညီကြ၊ ယုတ္တိရသည်ကို မှီ၍သာ ဆိုရသည်။ ထိုစကားရပ်တို့တွင် ပလ္လင်တော်သည် ဗောဓိပင်မှ အရှေ့မျက်နှာဟူသော စကားကို-

ပုရတ္ထိမဒိသာဘာဂံ ဂန္တွာ ပစ္ဆိမာဘိမုခေါ အဋ္ဌာသိ၊ ပုရတ္ထိမဒိသာဘာဂေ ပန သဗ္ဗဗုဒ္ဓါနံ ပလ္လင်္ကဋ္ဌာနံ အဟောသိ-ဟူသော

အပဒါန် အဋ္ဌကထာ, ၎င်းနည်းတူလာသော ဗုဒ္ဓဝင်အဋ္ဌကထာ, မဟာဝါ အဋ္ဌကထာတို့ကို မှီ၍ဆိုသည်။

လေးတောင်ထွာ ခြား၏ဟူသော စကားကို-

ဗောဓိဿ သမီပေ ဝိဒတ္ထာဓိကစတုဟတ္ထဗ္ဘန္တရေ ဌာနေ ပဝတ္တော ပလ္လင်္ကော-ဟူသော

ပရိတ်ကြီးဋီကာကို မှီ၍ဆိုသည်။

တဆယ့်လေးတောင် အပြောကျယ်၏ဟူသော စကားကို-

တာနိ တိဏာနိ အဂ္ဂေ ဂဟေတွာ စာလေသိ။ တာဝဒေဝ စုဒ္ဒသဟတ္ထော ပလ္လင်္ကော အဟောသိ-

ဟူသော-အပဒါန် အဋ္ဌကထာ, ၎င်းနည်းတူလာသော ဗုဒ္ဓဝင်အဋ္ဌကထာ, ဇာတ်အဋ္ဌကထာ,

စုဒ္ဒသဟတ္ထဝိတ္ထတံ တိဏသန္ထာရံ-

ဟူသော-၎င်းအဋ္ဌကထာတို့ကိုလည်းကောင်း၊

ပထဝိတော အမုတ္တော ဟုတွာ သဏ္ဌတော-ဟူသော မဏိဒီပပါဌ်,
တိဏသန္ထာရံ ပလ္လင်္ကံ၊ တံ ဘူမိတော ကေသဂ္ဂမတ္တမ္ပိ ဥဒ္ဓံ န ဧတိ-ဟူသော မဓုသာရတ္ထဒီပနီပါဌ်ကို မှီ၍ဆိုသည်။

အရုဏဝတီသုတ်၌ကား-

တိဏသန္ထာရံ သန္ထရိတွာ စတုဒ္ဒသဟတ္ထပ္ပမာဏော ပလ္လင်္ကော ဥဋ္ဌဟိတွာ ပလ္လင်္ကေ နိသီဒိတွာ-

စသည်ဖြင့် တဆယ့်လေးတောင် ပမာဏရှိသော ပလ္လင်ပေါက်သည်ဟု ဆို၏။ ဤ“ဥဋ္ဌဟိတွာ”ပါဌ်ကိုမှီ၍ ပရိတ်ကြီးဋီကာ ဆရာလည်း-

ပထဗျာ ဥဋ္ဌိတော သဗ္ဗရတနမယော စုဒ္ဒသဟတ္ထုစ္စဝိတ္ထာရော တဒနုကူလာယာမော ဘူမိကဏ္ဏိကော အပ္ပရာဇိတပလ္လင်္ကော-

ဟူ၍-အမြင့်,အစောက် တဆယ့်လေးတောင်, အပြန့်အကျယ် တဆယ့်လေးတောင်တို့နှင့်လျော်သော အလျားရှိကြောင်းကို ဆိုသည်။ ထိုစကားများသည် ယခင်ကျမ်းများနှင့်

(စာမျက်နှာ-၄၃)

မလျော်။ ယင်းသို့ မလျော်လျက် ကျမ်းဂန်အရေးအခင်း၌ မြင်းပြေးသကဲ့သို့ ပဋိဘာန်ရှိတော်မူသော အရှင်သီလဝံသထေရ်မြတ်သည်-

ဗောဓိညောင်ရွှေ၊ ဗုဒ္ဓဟေအောက်၊ ဆန်းကြယ်ပေါက်သား၊ ရောင်တောက်ပလ္လင်၊ သမိုက်ပြင်ထက်-ဟူ၍

အဘယ့်ကြောင့် စပ်ပြန်သနည်းဟူမူ လောက၌ ဆားဆပ်ပြာ ပေါက်သည်ဟူသော စကားကဲ့သို့ ဝေါဟာရကိုလိုက်၍ စပ်သည်ဟု ယူရမည်ဟူ၍ အဋ္ဌသာလိနီ ဂဏ္ဌိ၌ မိန့်၏။

အနိမိသသည် မဟာဗောဓိမှ အရှေ့မြောက်ဟူသော စကားကို-

ပလ္လင်္ကတော ဤသကံ ပါစီနနိဿိတေ ဥတ္တရဒိသာဘာဂေ ဌတွာ-

ဟူ၍-အဋ္ဌကထာကြီး လေးကျမ်းနှင့်အညီ လာသည်ကို မှီ၍ဆိုသည်။

“တဆယ့်လေးလံကွာ”ဟူသော စကားကို ယုတ္တိရသော စာဟောင်းမှတ်ပုံကို မှီ၍ဆိုသည်။ ဗောဓိဝိဘာဝနီ၌ ပလ္လင်နှင့် အနိမိသ လေးလံကွာဟု ဆိုသည်။ သမိုင်းမှတ်ပုံတို့၌ တဆယ့်လေးလံကွာ ဆိုသည်။ ထိုစကားသုံးရပ်ကို စပ်၍ညှိသော် အနိမိသနှင့် မဟာဗောဓိအကြား စင်္ကမဋ္ဌာနခြားရကား တဆယ့်လေးလံကွာဟူသော သမိုင်းစကားသာ သင့်မြတ်သည်ဟု ဆရာကြီးတို့ဆိုသည်။ ရတနာစင်္ကြံ ဟူသည်လည်း အမှတ်မဲ့ ဘုရားကြွတော်မူသည့် နေရာသာ မဟုတ်၊ နတ်တိုဖန်ဆင်းအပ်သော ရတနာအတိပြီးသော စင်္ကြံဖြစ်သည်။ ထို့ကြောင့်-

ရတနစင်္ကမေတိ ဒေဝတာဟိ မာပိတေ ရတနမယေ စင်္ကမေ-ဟု တေရသကဏ်ဋီကာ မိန့်သည်။

အလျား အတောင် ခြောက်ဆယ်ဟူသော စကားကို-

ပုထုလတော ပန ဒိယဍ္ဎရတနံ ဒွီသု ပဿေသု ရတနမတ္တံ အနုစင်္ကမံ ဒီဃတော သဋ္ဌိဟတ္ထံ မုဒုတလံ သမဝိပ္ပကိဏ္ဏဝါဠုကံ စင်္ကမံ ဝတ္တတိ-ဟူသော အဘိဓမ္မာ အဋ္ဌကထာကို မှီ၍ဆိုသည်။

ရတနာရွှေအိမ် တည်ရာသည် ဗောဓိပင်မှ အနောက်မြောက်ဟူသော စကားကို-

စတုတ္ထေ ပန သတ္တာဟေ ဗောဓိတော ပစ္ဆိမုတ္တရဒိသာဘာဂေ ဒေဝတာ ရတနဃရံ မာပယိံသု-ဟူသော အဋ္ဌကထာကြီး သုံးစောင်ကို မှီ၍ဆိုသည်။

ဗောဓိပင်မှ အတောင်လေးဆယ်ကွာဟူသော စကားကို-

ဧဝံ ဗောဓိသမီပေယေဝ စတ္တာရိ သတ္တာဟာနိ ဝီတိနာမေသိ-ဟူသော အဋ္ဌကထာကြီးလေးစောင်,
(စာမျက်နှာ-၄၄)
တတော ပစ္ဆိမဒိသာဘာဂေ ဒေဝတာ ရတနဃရံ မာပယိံသု-

ဟူသော-မဟာဝါအဋ္ဌကထာ၌ “တတော”၏ အရကို အနိမိသ၏ အကြား စင်္ကမဋ္ဌာနကိုစွဲ၍ အနုမာနအားဖြင့်လည်းကောင်း၊ မှတ်ပုံကိုမှီ၍လည်းကောင်း ဆိုသည်။

ဗောဓိဝိဘာဝနီ၌ နှစ်ဆယ့်သုံးလံ ခြားသည်၊ ဗောဓိဝင်၌ အလံလေးဆယ် ခြားသည်။ မှတ်ပုံ၌ သုံးဆယ်ခြားသည်ဟု ဆိုသည်။

အဘိမ္မာပိဋကတ်ကို သုံးသပ်ဆင်ခြင်သည်ဟု အဋ္ဌကထာ အစောင်စောင်ရှိလျက် ဝိနည်း,သုတ္တန်တို့ကိုလည်း သုံးသပ်၏ဟူသော စကားကို-

ဝိသေသတော စေတ္ထ အဘိဓမ္မပိဋကံ ဝိစိနန္တော သတ္တာဟံ ဝီတိနာမေသိ-

ဟူသော မဟာဝါ အဋ္ဌကထာ၏ သိဒ္ဓေယျသိဒ္ဓိကိုလည်းကောင်း၊

န ကေဝလံ အဘိဓမ္မမေဝ၊ ဝိနယသုတ္တန္တာနိပိ သမ္မသိ-

ဟူသော သုမင်္ဂလဝိလာသိနီ ဋီကာသစ်ကိုလည်းကောင်း မှီ၍ဆိုသည်။

အဇပါလညောင်ပင်သည် ဗောဓိပင်မှ အရှေ့ဟူသော စကားကို-

ဗောဓိတော ပုရတ္ထိမဒိသာဘာဂေ ဧသ ရုက္ခော အဟောသိ-

ဟူသော ဝိနည်းအဋ္ဌကထာကို မှီ၍ဆိုသည်။

ကြွင်းသော အဋ္ဌကထာ သုံးကျမ်း၌ အရပ်ညွှန်း မရှိ။ သုံးဆယ့်နှစ်လံကွာဟူသော စကားကို ဗောဓိဝိဘာဝနီစသော စာငယ် အစောင်စောင် ညီကြ၍ ဆိုသည်။

မုစလိန္ဒဌာနသည် ဗောဓိပင်မှ အရှေ့တောင်ဟူသော စကားကို-

မုစလိန္ဒမူလာတိ မဟာဗောဓိတော ပါစီနကောဏေ ဌိတာ မုစလိန္ဒမူလာ-

ဟူသော-မဟာဝါ အဋ္ဌကထာကို မှီ၍ဆိုသည်။ ငါးဆယ့်တလံကွာ ဟူသောစကားကို ဗောဓိဝိဘာဝနီကို မှီ၍ဆိုသည်။

သမိုင်း စာငယ်များမှာ နွားလားဥသဘ တတွန်ကွာ ဟူ၍လည်းကောင်း၊ သုံးဆယ့်ငါးလံကွာ ဟူ၍လည်းကောင်း၊ နှစ်ဆယ့်သုံးလံကွာ ဟူ၍လည်းကောင်း ဆိုကြသည်။

ရာဇာယတန အရပ်ညွှန်းကို မဟာဝါအဋ္ဌကထာ၌ လာသည်။ အလံလေးဆယ်ဟူသော စကားကို ကျမ်းငယ်များစွာ လာသည်ကို မှီ၍ဆိုသည်။ အချို့သမိုင်းမှာ တဆယ်ငါးလံကွာ, အချို့မှတ်ပုံမှာ တဆယ့်တလံကွာဟု ဆို၏။ ဤကား ကျမ်းများမညီကြ၍ အပ္ပသုတတို့အား ဥပါရမ္ဘကင်းစိမ့်သောငှါ ပြဆိုလိုက်သည်။)

၁၂။ သဟမ္ပတိ ဗြဟ္မာမင်း တရားဟောရန် တောင်းပန်ခြင်း

သဟမ္ပတိဗြဟ္မာ ပန်းပူဇော်၍ လျှောက်ထားပုံ

ဤသို့ သတ္တသတ္တာဟ စေ့တော်မူလျှင် လင်းလွန်းပင်မှသည် အဇပါလညောင်ပင်ရင်းသို့ တဖန် ကပ်တော်မူပြန်၍ နေတော်မူသောအခါ ဤသို့သော အကြံတော်ဖြစ်၏။ “ငါ သိအပ်သော

(စာမျက်နှာ-၄၅)

တရားတော်သည် မြင်းမိုရ်တောင်ဖြင့် ဖုံးလွှမ်းအပ်သော မုန်ညင်းသီးကဲ့သို့ အလွန်သိမ်မွေ့နက်နဲ မြင်နိုင်ခဲ၏၊ ပဋိစ္စသမုပ္ပါဒဓမ္မသည်လည်း ပံသုပထဝီ၏ အောက်၌ဖြစ်သော မြေဆီဩဇာကဲ့သို့ လွန်စွာ နက်နဲခက်ခဲလှ၏၊ ဤလောက၌ ဖြစ်ကုန်သော သတ္တဝါတို့သည် ပညာနည်းပါး၍ ကိလေသာသာလျှင် များရကား စဉ်းစားခြင်း အလွန်နည်းပါးကြ၏၊ ကာမဂုဏ် ငါးပါး၌သာ လိုက်စားပျော်မွေ့ကြ၏၊ ငါဟောငြားသော်လည်း တရားတော်ကို မမြင်နိုင်ကုန်ရာ၊ ငါပင်ပန်းရုံသာ ရှိချိမ့်မည်”ဟု တရားမဟောလိုသော အကြံတော်ဖြစ်လတ်လျှင် ကဿပဘုရားရှင် သာသနာ၌ “သဟဿက”မည်သော ပဌမဈာနလာဘီ ရဟန်းသည် စုတေ၍ ပဌမဈာန်ဘုံ၌ဖြစ်လေသော သဟမ္ပတိဗြဟ္မာမင်း သိလေ၍ “နဿတိ ဝတ ဘော လောကော”ဟူသော စကားဖြင့် ကြွေးကြော်လျက် နတ်ဗြဟ္မာအပေါင်းတို့ကိုခေါ်၍ ဘုရားသခင်ထံ လာပြီးလျှင် မြင်းမိုရ်တောင်လုံးမျှလောက်သော ရတနာပန်းကုံးဖြင့် ပူဇော်လျက်-

ဒေသေတု ဘန္တေ ဘဂဝါ၊ ဓမ္မံ ဒေသေတု သုဂတော-

စသော-ဂါထာဖြင့် “အရှင်ဘုရား... တရားဟောတော်မူပါ၊ သတ္တဝါတို့အား တရားဟောရွတ် ချွတ်ခြင်းငှါလျှင် ပါရမီသုံးဆယ်ကို ဖြည့်တော်မူပါသည်၊ ကိုယ်တော်ဘုရားမှ တရားမဟောချေသော် ဘယ်သူလာ၍ ဟောပါအံ့နည်း၊ ယခုအခါ မဂဓရစ်တိုင်း၌ ပူရဏကဿပ, မက္ခလိဂေါသာလ, ပကုဓကစ္စာယန, နိဂဏ္ဌနာဋပုတ္တ, အဇိတကေသကမ္ဗလ, သိဉ္စည်း၊ ဤခြောက်ယောက်သော သူတို့သည် ဘုရားမဟုတ်ပဲလျက် ဘုရားဟုဝန်ခံ၍ များစွာသော သတ္တဝါတို့ကို လှည့်ပတ်လျက် မိစ္ဆာဝါဒကို ပြ၍နေကြချေပြီ၊ အပါယ်လေးပါး တံခါးဟင်းလင်းပွင့်ချေပြီ၊ နတ်ရွာ နိဗ္ဗာန် ဝင်ရန်တံခါး ပိတ်ချေပြီ၊ တရားစည်ကြီး တီးတော်မူပါ၊ အပါယ်တံခါး ပိတ်တော်မူပါ၊ နတ်ရွာတံခါး ဖွင့်တော်မူပါ၊ ကျွတ်ထိုက်သော သတ္တဝါလည်း ရှိပါလိမ့်မည်၊ ထိုသူတို့အား တရားမိုးဖြင့် သွန်းဖြိုးတော်မူပါ”ဟု တောင်းပန်၏။ ထိုသို့တောင်းပန်လျှင် အာသယာနုသယ ဣန္ဒြိယပရောပရိယတ္တဉာဏ် တည်းဟူသော ဘုရားရွှေမျက်စိဖြင့် ကျွတ်လတ္တံ့သောသူကို ရှု၍မြင်တော်မူသဖြင့် ပဋိညာဉ်ပေးတော်မူ၏။

တရားဟောရမည့်သူတို့ကို ကြည့်ရှုခြင်း

ထို့နောက်မှ တရားဟောရအံ့သောသူကို ကြည့်တော်မူသော် “ကာလာမ အမျိုးဖြစ်သော အာဠာရ ရသေ့သည် ပညာ အဆင်အခြင် လျင်လျားလှသည်၊ တရားဟောရသော် လျင်စွာသိလတ္တံ့”ဟု အကြံဖြစ်၏။ ထိုအခါ နတ်သားတယောက်သည် “အရှင်ဘုရား... အာဠာရရသေ့ သေလွန်၍ ခုနစ်ရက်ရှိချေပြီ”ဟု လျှောက်၏။ ဘုရားသခင်လည်း ထိုရသေ့သေလွန်၍ အာကိဉ္စညာယတနဘုံ၌ ဖြစ်သည်ကို မြင်တော်မူသော် “အာဠာရရသေ့သည် ရှုံးခြင်းကြီး ရှုံးလေစွ၊ ငါ့တရားကို နာရမူ ကိစ္စပြီးငြိမ်းလေရာ၏”ဟု အောက်မေ့လျက် ရင်ကို သပ်တော်မူ၏။

ထို့နောက်မှ အဘယ်သူအား တရားဟောရအံ့နည်းဟု အကြံတော် ဖြစ်ပြန်သော် ရာမမင်း၏သားဖြစ်သော ဥဒကရသေ့ကို မြင်တော်မူ၍ ထိုရသေ့အား တရားဟောလိုသော အကြံ ဖြစ်ပြန်လျှင် ယခင်နတ်က “ဥဒကရသေ့သည် ယမန်နေ့ သန်းခေါင်ယံတွင်ပင် သေလွန်ကြောင်း”ကို လျှောက်ပြန်၏။ ဘုရားသခင်လည်း ဥဒကရသေ့ သေလွန်၍ နေဝသညာ နာသညာယတနဘုံ၌ ဖြစ်သည်ကို မြင်တော်မူသော် “ဤရသေ့လည်း ရှုံးခြင်းကြီး ရှုံးလေစွ”ဟု လက်ခုတ်ခတ်တော်မူ၏။

(စာမျက်နှာ-၄၆)

ဥပကဝတ္ထု

ထို့နောင်မှ တရားဟောရအံ့သောသူကို ရှုပြန်လျှင် တင်ပေဖူးသော ကျေးဇူးရှိသော ပဉ္စဝဂ္ဂီတို့ကို မြင်တော်မူ၏။ ထိုသို့ မြင်ပြီးမှ အဇပါလ ညောင်ပင်ရင်း၌ နှစ်ရက်သုံးရက်ခန့် စံတော်မူပြီးလျှင် အစဉ်အတိုင်း ဗာရာဏသီပြည်သို့ ရှေးရှုကြွတော်မူလတ်သော် မဟာဗောဓိနှင့် ဂယာသီသ၏ အကြား၌ ဥပကအမည်ရှိသော တက္ကတွန်းကိုတွေ့၍ ထိုတက္ကတွန်းက-

“ငါ့ရှင်... သင်၏ ဣန္ဒြေတို့သည် နှစ်လိုကြည်ညိုဖွယ် ရှိပေ၏၊ သန့်ရှင်းစင်ကြယ် သပ္ပါယ်ပြည့်ဖြိုးလျက် ပြိုးပြိုးပြက်မျှ ထွက်ထွန်းသော အရောင်လည်း ရှိပေ၏၊ အဘယ်သူကို ရည်မှန်းလျက် ရဟန်းပြုဘိသနည်း၊ သင့်ဆရာကား အဘယ်သူနည်း၊ သင်ကား အဘယ်အမည် ရှိသနည်း”ဟု မေး၏။

မြတ်စွာဘုရားလည်း-

“ချစ်သားဥပက... ငါကား ကိလေသာ ရန်သင်းကို နှိမ်နင်းဖျက်ဆီး၍ တည်သဖြင့် အလုံးစုံ ဘုံသုံးပါး၌ဖြစ်သော တရားအပေါင်းကို သိတော်မူ၍ တေဘူမက ဓမ္မခပ်သိမ်းတို့၌ လိမ်းကျံကပ်ငြိခြင်းမှ ကင်းတော်မူ၏၊ အလုံးစုံသော အကုသိုလ်တရားကို ပယ်ရှားစွန့်ခွါ၍ တဏှာ၏ကုန်ရာ နိဗ္ဗုတာ အောင်ဘုံကို အာရုံပြုဘိသဖြင့် ကိလေသာအပေါင်းတို့မှ လွတ်၏၊ ချစ်သားဥပက… စတုဘူမက ဓမ္မအလုံးစုံကို အလိုလိုသာ ငါသိတော်မူရကား လောကသုံးပါး၌ ထင်ရှားပြစရာ ငါ့ဆရာသည် အဘယ်မှာ ရှိတော့အံ့နည်း၊ ငါ့အမည်ကား ငါးပါးသောမာရ်ကို ပယ်လှန်အောင်ဘိ၍ အနန္တဇိန မည်သတည်း”ဟု ပြတော်မူခြင်းငှါ-
သဗ္ဗာဘိဘူ သဗ္ဗဝိဒူဟမသ္မိ၊ သဗ္ဗေသု ဓမ္မေသု အနုပလိတ္တော။
သဗ္ဗံ ဇဟော တဏှာက္ခယေ ဝိမုတ္တော၊ သယံ အဘိညာယ ကမုဒ္ဒိသေယျံ-

အစရှိသော ဂါထာကို မိန့်တော်မူလျှင်-

“အရှင်ဂေါတမ... ဟုတ်ရာပေ၏၊ သို့ရာတွင် သင်ကား ယခု အဘယ်သို့ ကြွအံ့နည်း”

ဟု မေးပြန်၏။

“ချစ်သားဥပက.. သမုဒ္ဒရာ ဂင်္ဂါသဲလုံးမျှ ပွင့်ကုန်ကြသော ဗုဒ္ဓတို့ဓမ္မတာ ဓမ္မစကြာဟူသော တရားစည်ကြီးကို တီးတော်မူခြင်းငှါ ဗာရာဏသီပြည်၏အနီး မိဂဒါဝုန်တောကြီးသို့ ကြွတော်မူအံ့”ဟု မိန့်တော်မူလေသော်-

“ဟုပေယျ အာဝုသော”ဟူသော စကားကိုဆိုလျက် ခေါင်းညိတ်ပြီးလျှင် ခရီးလွှဲ၍ ဝင်္ကမည်သော ဇနပုဒ်သို့ သွားလေ၏။

ထိုဥပကသည် ဝင်္ကဇနပုဒ်၌ မုဆိုးရွာငယ်တခုကို မှီ၍ ဤရွာတွင် အကြီးဖြစ်သော “စဏ္ဍာမိ”မုဆိုး၏ ကိုးကွယ်လုပ်ကျွေးခြင်းကို ခံလျက် ခြံစောင်ရန်းအတွင်းဝယ် ကျောင်းငယ်တခုဖြင့် နေ၏။ ထိုမုဆိုးဝယ် ရှုချင်စဖွယ် တင့်တယ်လှပစွာ “စာပါ”ဟူသော သမီးငယ်တယောက်သာ ရှိ၏။

(စာမျက်နှာ-၄၇)

တရံရောအခါ စဏ္ဍာမိမုဆိုးသည် ဝေးစွာသော သမင်တောသို့ သွားခြင်းငှါ ရိက္ခာစားနပ် ပြင်ဆင်ပြီးသော် သမီးစာပါကိုခေါ်၍ “ငါတို့ဆရာ ရဟန္တာမြတ်ကို လျောက်ပတ်ကောင်းမွန်စွာ လုပ်ကျွေးရစ်လော့၊ မမေ့မလျော့စေနှင့်”ဟု မှာထားခဲ့၍ များစွာသော အဖော်တို့နှင့် တောသို့ဝင်လေ၏။

အဖထွက်၍ နှစ်ရက်မြောက်သောနေ့ရက် နံနက်သောအခါ ထိုစာပါလည်း ဆရာဥပကရဟန်းအား ဆွမ်းပန်းလုပ်ကျွေးခြင်းငှါ တင့်တယ်စွာ တန်ဆာဆင်ယင်လျက် ဘောဇဉ်ခဲဖွယ်တို့ကို စီရင်ပြီးသော် ဆွမ်းစားနေရာအနီး၌ စောင့်နေ၏။

ဥပကလည်း ဆွမ်းစားကာလ အချိန်တန်လျှင် သပိတ် သင်္ကန်းကို ပြင်ဆင်လျက် အိမ်သို့သွား၍ ခင်းထားအပ်သော နေရာ၌ နေပြီးသော် အနီးသို့ကပ်၍ ဆွမ်းလုပ်ကျွေးလာသော စာပါ၏ အဆင်းပြင်လျာ အမူအရာအလုံးစုံကို မြင်လျှင် အသင်္ချေသောဘဝက အဇ္ဈတ္တသန္တာန်၌ ကိန်းစက်သော ရာဂမီးသည် ညီးညီးပြောင်ပြောင် တောက်လောင်ဘိရကား စားမိသော ဆွမ်းကိုမျှ မျို၍မကျနိုင်၊ မေးပါးခိုင်ခိုင် ငေးမှိုင် ဝေနောက်လှသဖြင့် ခွက်ကဆွမ်းကို သပိတ်၌ထည့်သွတ်၍ နေအပ်သောကျောင်းသို့ သွားပြီးသော် လျော်ရာအရပ်၌ ဆွမ်းကိုထားလျက် အိပ်ရာထက်၌ ပက်လက်တလန်းကြားနေပြီးလျှင် “ရှင်စာပါကို ငါရမှ ချမ်းသာတော့မည်။ မရချေလျှင် သည်နေရာက သေရွာသို့ လိုက်တော့သည်၊ စာပါကိုရလျှင် သည်ကထား၍ စံစားမည်” ဤသို့ စသည်ဖြင့် တဖျစ်ဖျစ်မြည်လျက် ခုနစ်ရက်ပတ်လုံးနေ၏။

ခုနစ်ရက်မြောက်၍ မုဆိုးပြန်ရောက်သောအခါ သမီးစာပါကို “ငါ့ဆရာအား ကောင်းစွာ လုပ်ကျွေးပါ၏လော”ဟု မေးလျှင် “ဖခင်ဆရာသည် အိမ်သို့ တနေ့သာလာ၍ ဆွမ်းဩဇာကိုမျှ မစားပဲ လျင်လျားစွာ ပြန်၏”ဟု ပြောလေသော် မုဆိုးလည်း ဆရာသည် ဝေဒနာရှိသည် ဖြစ်လတ္တံ့ဟုဆို၍ ကျောင်းသို့သွားလေ၏။

ကျောင်းသို့ရောက်လျှင် ကိုယ်တွင် အဝတ်မကပ်၊ ပါးစပ်မှ တဖျစ်ဖျစ်မြည်၍နေသော ဥပကရဟန်း၏ အမူအရာကိုမြင်၍ “အရှင်ဘုရား.. အဘယ်သို့ မချမ်းသာရှိသနည်း”ဟု မေး၏။

ဥပကလည်း အဘယ်စကားမျှ မပြန်ကြားပဲ ညည်းတွား မြည်တမ်းလျက် တဖက်မှသည် တဖက်သို့ပြန်၏။

မုဆိုးလည်း “အရှင်ဘုရား အကျွန်ုပ်အား အကြောင်းကို ကြားလော့၊ အားနာတော်မမူလင့်၊ လိုအပ်သမျှသော ဆန္ဒကို ပြည့်စုံစေအံ့”ဟု ဆိုသော် “အို...ဒါယကာ... ငါသည် သင်၏သမီး စာပါကြောင့်ပင်လျှင် ဤဖြစ်အင်သို့ ရောက်ချေသည်၊ စာပါကိုမျှ ငါမရမူ ငါ့အသက် ရှည်မည်မဟုတ်”ဟု ပြော၏။

မုဆိုးလည်း “အရှင်ရဟန်း.. အကျွန်ုပ်သမီးစာပါကို ရခြင်းသည် ခဲယဉ်းလှသည် မဟုတ်၊ လူလုပ်သောသူတို့ မည်သည်မှာ ပညာရှိမှ ဥစ္စာရသည်၊ ဥစ္စာရှိမှ ချမ်းသာရသည်၊ လုပ်ကျွေးနိုင်သော ကိုယ်စွမ်းပညာ, ဥစ္စာသာလျှင် ခဲယဉ်းပါသည်၊ အဘယ် အတတ်ပညာကို အကျွန်ုပ်ဆရာ တတ်ပါသနည်း”ဟု မေး၏။

(စာမျက်နှာ-၄၈)

ထိုစကားကိုကြားလျှင် “အသင်မုဆိုး... ငါကား အဘယ်အတတ်ကိုမျှ မတတ်ပါ၊ သင်၏ အဖော်သာပြု၍ ရကစု သားငှက်ကို ထမ်းလျက် ဈေးလမ်း၌ ရောင်းခြင်းငှါ တတ်နိုင်ပါ၏”ဟု ဆိုလေလျှင်-

“ရှင်ရဟန်း... အသိန်းအသန်းသော ဥစ္စာကို ရှာနိုင်၏ဟူသော်လည်း အကျွန်ုပ် မနှစ်သက်၊ သင်ထွက်၍ ဝန်ခံသော အမှုကိုသာ နှစ်သက်ပါ၏၊ ငါ့ပုဆိုးတပိုင်းကိုဝတ်၍ ယခုပင် အိမ်သို့ လိုက်ခဲ့လော့”ဟု ခေါ်ပြီးလျှင် သမီးစာပါနှင့် ထိမ်းမြား၏။

ကာလရှည်လျားလေသော် သားတယောက်ကိုရ၍ “သုဘဒ္ဒ”ဟူသော အမည်ကို မှည့်၏။ ထိုသူငယ် ငိုယိုသောအခါ အမိစာပါလည်း လွန်စွာ ငေါက်ငမ်းလျက် “သားထမ်းသမား၏ သား, မုဆိုးနောက်လိုက် လူထွက်မိုက်၏သား ငါ့အား အပူမရှာနှင့်” စသည်ဖြင့် တိုက်ခိုက်ထိပါးကာ ဆို၏။ ရံခါရံခါ သားကျူးရာ၌လည်း “နင့်ဘ ရူးနှမ်း၊ ရဟန်းပေါ့ပျက်၊ ငါ့ကိုမက်၍၊ လူထွက်လာသည်၊ ပညာပေတုံး၊ ထမင်းဖြုန်းသည်၊ ခေါင်းတုံးမွဲ၏သား” ဤသို့ အစရှိသော သားကျူးခြင်းဖြင့် ပြက်ရယ်ဆို၏။

ထိုအခါ ဥပကလည်း “ငါ့ကို စာပါသည် ကိုးကွယ်ရာမရှိသည်ဟု ထင်မှတ်သလော၊ လောကဓာတ်၌ ပြိုင်ဖက်မရ အနန္တဇိန အမည်ရသော ငါ့အဆွေ ဘုရားသည် ထင်ရှားစွာရှိ၏။ ထိုအဆွေထံ ငါပြန်၍ ရဟန်းပြုလျှင် သားတခုနှင့် ယခုပင် သင်-မုဆိုးမဖြစ်တော့မည်”ဟု ကြိမ်းပလေ့ပြု၏။

စာပါလည်း “ငါဆိုသောစကားကို ဤလူထွက်ကား ရှက်လည်းရှက်၏၊ နားလည်းငြီးငွေ့၏”ဟု နေ့တိုင်း နေ့တိုင်း ကြိမ်ဖန်များစွာ ဆို၏။

ထိုသို့ ဆိုဖန်များသဖြင့် နားငြီးငွေ့လေလျှင် ရှင်စာပါအား မပန်ကြားပဲ ဘုရားရှိရာ မဇ္ဈိမဒေသသို့ ရှေးရှုသွားလေ၏။ သာဝတ္ထိပြည် ဇေတဝန်ကျောင်းသို့ ရောက်လျှင် “ငါ့ရှင်တို့... အနန္တဇိနသည် အဘယ်မှာရှိသနည်း”ဟု မေး၏။ ရဟန်းတို့လည်း ဘုရားသခင်က ရှေးမဆွကပင် “အနန္တဇိနဟူသော အမည်ဖြင့်မေး၍ လာသောသူကို ငါ့ထံသို့ ဆောင်ခဲ့”ဟု မှာတော်မူရင်း ရှိသည်နှင့် ထိုဥပကကို ဘုရားထံသို့ဆောင်၍ ပြကြလေ၏။

ဘုရားသခင်ကိုမြင်လျှင်

“အရှင်ဘုရား... အကျွန်ုပ်အား သိတော်မူပါသေး၏လော”ဟု လျှောက်၏။
“ဥပါသကာ.. ငါ သိသေး၏၊ ယခုအခါ သင်-အဘယ်အရပ်မှာ နေသနည်း”ဟု မေးတော်မူလျှင်-
“အရှင်ဘုရား... အကျွန်ုပ်ကား ဝင်္ကဇနပုဒ်၌ မုဆိုးသမက်ဖြစ်၍ နေပါသည်”ဟု လျှောက်၏။

ဘုရားသခင်လည်း

“အချင်းဥပက... အသက်အရွယ်လည်း ကြီးလှချေပြီ၊ ဤလလော, နောင်လလောဟု သေရအံ့သော ကာလကို တွေးတောရသော အခွင့်သို့ ရောက်ချေပြီ၊ အဆီအသားမကပ်သော အမဲရွတ်ကို ဝါးသောသူ၏ပမာ ကာမချမ်းသာကို မြိန်နိုး၍ အကျိုးမဲ့ သေရချေမူ လူ၏အဖြစ်ကို ရတော့မည် မဟုတ်ချေ၊ သတိသံဝေဂ ဖြစ်ချိန်တန်ပြီ”ဟု

မိန့်တော်မူလျှင် “အရှင်ဘုရား ဟုတ်မှန်ပေ၏”ဟု ဝန်ခံလေ၏။

(စာမျက်နှာ-၄၉)

“ဟုတ်မှန်လျှင် သင်ရဟန်းပြုနိုင်ပါအံ့လော”ဟု မေးတော်မူ၏။

“အရှင်ဘုရား... ရဟန်းပြုခြင်းငှါ တတ်နိုင်ပါ၏၊ အကျွန်ုပ်အား ရဟန်းပြုတော်မူပါလော့”ဟု လျှောက်လျှင် ဘုရားသခင်လည်း လျင်စွာ ရဟန်းပြုတော်မူ၍ တစပဉ္စက ကမ္မဋ္ဌာန်းကို ပေးတော်မူ၏။

ဥပကရဟန်းလည်း ကမ္မဋ္ဌာန်းကို လွန်စွာ အားထုတ်သဖြင့် အနာဂါမိဖိုလ်၌ တည်ပြီးမှ အသက်အတိုင်းနေ၍ စုတေခဲ့သော် အဝိဟာဘုံ၌ ပဋိသန္ဓေ နေလေ၏။ ထိုဘုံ၌ဖြစ်သော ခဏ၌ပင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။

မဟာဗောဓိ ရှင်းချက်

(အဝိဟာဘုံသို့ ရောက်ဆဲခဏ၌ ရဟန္တာဖြစ်ကြသော သူတို့ကား- ဥပက, သလဘဏ္ဍ, ပုက္ကုသာတိ, ဘဒ္ဒိယ, ခဏ္ဍဒေဝ, ဗဟုရန္တိ, ပိင်္ဂိယ၊ ဤခုနစ်ယောက်တို့တည်း။ မဟာဗောဓိနှင့် ဂယာသီသကား သုံးဂါဝုတ် ကွာသည်။ မဟာဗောဓိနှင့် ဗာရာဏသီပြည်ကား တဆယ့်ရှစ်ယူဇနာ ကွာသည်။ ရှေးဘုရားတို့ တရားဓမ္မစကြာကို ဟောခြင်းငှါ မိဂဒါဝုန်သို့ကြွသော် ကောင်းကင်ခရီးဖြင့် ကြွကုန်သည်။ ငါတို့ဘုရားမှာ ဥပက၏ အနာဂါမ်ဖြစ်လတ္တံ့သော ဥပနိဿယကို ရည်၍ ခြေဖြင့် ကြွတော်မူသည်။)

၁၃။ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရား ဟောတော်မူခြင်း

ဘုရားသခင်လည်း အစဉ်အတိုင်း ကြွတော်မူ၍ ဗာရာဏသီပြည်၏ အနီးဖြစ်သော မိဂဒါဝုန်တောသို့ ရောက်တော်မူလျှင် ပဉ္စဝဂ္ဂီတို့က မြင်စဦး၌ ကတိကဝတ် ထားကြ၏။ “အရှင်ဂေါတမသည် ဘုရားအဖြစ်ကို ရခြင်းငှါ ဒုက္ကရစရိယာ အကျင့်ကို ကျင့်သည်၊ မဖြစ်မီကပင် ဤအကျင့်မှထွက်၍ ဆွမ်း,သင်္ကန်းများအောင် ရှာလျက် မြို့ရွာအရပ်ရပ်သို့ လှည့်လည်သည်။ အကျင့်ပျက်သသူ ဖြစ်သည်။ ခရီးဦး ကြိုဆိုခြင်း, နေရာခင်းခြင်း, သောက်ရေ သုံးဆောင်ရေ တည်ထားခြင်းစသော ဝတ်ကို မပြုကြလင့်”ဟု ကတိကဝတ်ကို ထားကြလင့်၏။

အနီးသို့ ရောက်သောကာလ ထားကြသော ကတိကဝတ်၌ မတည်နိုင်၊ ယိမ်းယိုင် တုန်လှုပ်သောစိတ် ရှိကြရကား ထားရင်း ကတိကဝတ်ကိုဖျက်၍ အချို့က သပိတ်သင်္ကန်းကို လှမ်းယူသည်၊ အချို့က ခြေဆေးရေ တည်လင့်သည်။ အချို့က နေရာခင်းလင့်သည်။

ဤသို့ ဝတ်ကြီးဝတ်ငယ်ကိုပြု၍ ခင်းအပ်သော နေရာထက် နေတော်မူပြီးသော် ကိုယ်တော်မြတ်က “ငါကား ဘုရားဖြစ်တော်မူပြီ၊ အလုံးစုံသော တရားတို့ကို သိတော်မူပြီ၊ သင်တို့အား အမြိုက်တရားကို ဟောကြားခြင်းငှါ ငါလာတော်မူသည်၊ ရိုသေစွာ တရားနာကုန်လော့”ဟု တိုက်တွန်း၏။

ထိုအခါ ပဉ္စဝဂ္ဂီတို့က “ငါ့ရှင်ဂေါတမ... သင်သည် ငြိုငြင်လှသော ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်ပတ်လုံး ကျင့်၍မျှ သဗ္ဗညုတအဖြစ်သို့ မရောက်တုံသေး၏၊ ယခုမူကား ဆွမ်း, သင်္ကန်း, ကျောင်းစသော ပစ္စည်းကိုများအောင် လုံ့လပြုကာ ဒါယကာ ဒါယိကာမတို့ကိုရှာ၍ မြို့ရွာတိုင်း လှည့်လည်လျက် မဂ်ဖိုလ်ချမ်းသာကို အဘယ်မှာ ရချေအံ့နည်း၊ သင်ဝါကြား၍ လှည့်ဖြားကာနှင့် ငါတို့ မယုံနိုင်ချေ”ဟု သုံးကြိမ်တိုင်အောင် ပယ်ရှား၏။

(စာမျက်နှာ-၅၀)

ထိုသို့ ပယ်ရှားငြားသော်လည်း အပြစ်ထားတော်မမူ၊ များစွာသော ပရိယာယ်စကားဖြင့် ဘုရားဖြစ်ကြောင်းကို သိစေတော်မူလျက် သက္ကရာဇ် ၁၀၃-ခု ဝါဆိုလပြည့် စနေနေ့ညဉ့် နေဝင်စအချိန်တွင်-

ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ-

အစရှိသော ဓမ္မစက္ကပဝတ္တနသုတ်ကို ဟောတော်မူသည်။

ဒေသနာတော်၏ အဆုံး၌ အရှင်ကောဏ္ဍညသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုအခါ တသောင်းသော လောကဓာတ်မှ စည်းဝေးလာသော နတ်ဗြဟ္မာ တဆယ့်ရှစ်ကုဋေတို့သည်လည်း အကျွတ်တရားကို ရလေကုန်သည်။ ဤဓမ္မစကြာတရားကို ဟောတော်မူသော အခါလည်း စကြဝဠာတသောင်း မြေအပေါင်းသည် ကောင်းချီးကျူးသကဲ့သို့ အထူးသဖြင့် တုန်လှုပ်သည်၊ သုံးဆယ့်နှစ်ပါးသော နိမိတ်တို့ ထင်ကုန်သည်။

ဤဓမ္မစကြာ ဒေသနာကား ထိုနေ့ညဉ့် ပဌမယံအဆုံး မဇ္ဈိမယံအစ၌ ပြီးဆုံးသတည်း။

သာတာဂိရိနတ်နှင့် ဟေမဝတနတ်တို့ အကြောင်း

ပစ္ဆိမယံသို့ ရောက်သောအခါ သာတာဂိရိနတ်, ဟေမဝတ နတ်မင်းတို့သည် အသင်းအပင်းဖြစ်သော နတ်ဘီလူး စစ်သူကြီးတို့နှင့်တကွ တရားကိုနာအံ့သောငှါ ရောက်လာကုန်သတည်း။

ကဿပဘုရားလက်ထက်

ထိုနတ်တို့၏ အကြောင်းကား- ကဿပမြတ်စွာဘုရား ပွင့်တော်မူသောခါ ရတနာသုံးပါးအထံသို့ ကပ်နွံ မှီဝဲလေ့ရှိသော အမျိုးကောင်းသား နှစ်ယောက်တို့သည် ပရိနိဗ္ဗာန်ဝင်တော်မူရာ၌ တခဲနက်ဖြင့်သာ ကြွင်းရစ်သော မွေတော်ဓာတ် အပေါင်းတို့ကို ရှည်မြင့်စွာ တည်စေခြင်းငှါ ရတနာခုနစ်ပါး အတိပြီးသော အုတ်တို့ဖြင့် စေတီတည်လုပ်ပြုစု၍ စေတီပြီးလတ်သော် သာသနာတော်၌ အလွန်စုံမက် မြတ်နိုးခြင်း ရှိရကား ဘုရားရှေ့တော်၌ တပည့်ခံရသော သာဝကကြီးတို့၏အထံ၌ ရဟန်းပြုကြ၏၊

သာသနာပြုကြပုံ

ပဉ္စင်းအဖြစ်ကို ရကြပြီးသော် သာသနာတော်၌ မှီဝဲရာတရားကို ဆရာဥပဇ္ဈာယ်အား လျှောက်ထားမေးမြန်း၍ ဂန္ထဓုရ, ဝိပဿနာဓုရ နှစ်ဝရှိကြောင်းကို သိလေလျှင် “ငါတို့ကား အသက်အရွယ် ငယ်သေး၏၊ ပရိယတ်ဓမ္မဖြင့် ဘုရားကျေးဇူးကို ဆပ်ပြီးမှ ဝိပဿနာဓုရကို ဖြစ်စေတော့အံ့”ဟု ကြံ၍ ကျမ်းဂန်သင်ကြားခြင်းကို အားထုတ်သဖြင့် မရှည်မမြင့်မီပင် အဋ္ဌကထာနှင့် တကွသော ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်၏။ အထူးထူးသော အာစရိယဝါဒ ဝိနိစ္ဆယကထာမဂ္ဂတို့၌ လိမ္မာသည်ဖြစ်၍ သာသနာတော်ဝယ် ထင်ပေါ် ကျော်စော၏။ ပရိယတ်, ပဋိပတ် နည်းနာကို မှီလို၍ အရပ်ရှစ်မျက်နှာမှ ရောက်လာကုန်သော ရဟန်း တပည့်သားတို့သည် တပါးတပါး၌ ငါးရာစီ, ငါးရာစီ အရံရှိကုန်၏။ ပရိသတ် လေးပါးတို့အားလည်း ဘုရားရှင့် အဆုံးအမကို

(စာမျက်နှာ-၅၁)

ပြသညွှန်ကြားလျက် ဘုရားတဖန် ပွင့်ပြန်သောအခါကဲ့သို့ သာသနာတော်သည် လွန်စွာ ထွန်းလင်း၏။

အဂတိတရား လိုက်စားမိခြင်း

တရံရောအခါ ဓမ္မဝါဒီ လဇ္ဇီရဟန်းတို့သည် ကြမ်းတမ်း ရုန့်ရင်းလှသော အဓမ္မဝါဒီ အလဇ္ဇီပုဂ္ဂိုလ်၏ ယွင်းယိုပျက်စီးသော သီလရှိသည်ကို သိလျှင် “ငါ့ရှင်.. သင်ပြုသောအမှုသည် သာသနာတော်နှင့် မတန်ချေ”ဟု ဆိုဆုံးမပါသည်ကို ထိုအဓမ္မဝါဒီက “သင်-အဘယ်သို့ သိသနည်း၊ အဘယ်ကို မြင်သနည်း” စသည်ဖြင့် ပစ်လွှင့်ဖယ်ရှား၏။

ဓမ္မဝါဒီကလည်း “ငါ-မသိသော် ရှိစေ၊ ဝိနည်းဓိုရ်ဆရာတို့ သိလတ္တံ့”ဟု ဆို၏။ ထိုစကားကိုကြားလျှင် အလဇ္ဇီပုဂ္ဂိုလ်က မိမိအမှုကို ကြောင့်ကြသဖြင့် ထိုဆရာနှစ်ဦးတို့၏ အထံသို့လာ၍ ပရိက္ခရာစသည်ကို လှူပြီးလျှင် ဝတ်ကြီးဝတ်ငယ်တို့ကို ရိုသေစွာ ဆောင်ရွက်၍ နှစ်သက်ကျွမ်းဝင်သောကာလ “အရှင်ဘုရား.. အကျွန်ုပ်သည် ဤမည်သေသိက္ခာပုဒ်၌ ငြိစွန်းခြင်းကြောင့် ဤမည်သော ရဟန်းနှင့် ဝိဝါဒ ကလဟ ရှိကြပါသည်။ အကယ်၍ ဤရဟန်းသည် အရှင်တို့ထံ လျှောက်ကြားလာသော် တရားသက်တိုင်း ဆုံးဖြတ်တော် မမူပါလင့်”ဟု လျှောက်၏။

မထေရ်နှစ်ပါးတို့လည်း “တရားသက်လတ်မူ မဆုံးဖြတ်ပဲ နေခြင်းငှါ မထိုက်ပေ”ဟု ဆိုလျှင် “အရှင်ဘုရား.. အကျွန်ုပ်အား တရားသက်တိုင်း ဆုံးဖြတ်တော်မူချေလျင် တပည့်တော်သည် သာသနာ၌ တည်ရာမရနိုင်ပြီ၊ အကျွန်ုပ် ပြုမိသောကံကို အကျွန်ုပ်တာဝန်သာ ရှိပါစေလော့”ဟု အကြိမ်ကြိမ် တောင်းပန်ဖန်များသဖြင့် မထေရ်နှစ်ပါးတို့ သနားခြင်းဖြစ်ရကား “ကောင်းပြီ”ဟု ဝန်ခံလိုက်၏။

အဓမ္မဝါဒီပုဂ္ဂိုလ်လည်း ထိုပဋိညာဉ်ကိုရလျှင် ယခင်အရပ်သို့ပြန်၍ ဓမ္မဝါဒီထံ၌ လွှမ်းမိုးနှိပ်စက်သော စကားကို ဆို၏။ ဓမ္မဝါဒီကလည်း “ဤရဟန်းကား မိမိအပြစ်ကို ဖုံးလွှမ်းစုံစမ်း၍ မှီငြမ်းကိုးစားရာ ဆရာကောင်း တွေ့ဟန်ရှိချေပြီ၊ ဝိနည်းဓိုရ်ဆရာတို့အား ငါကြားလျှောက်တော့အံ့”ဟု ကြံလျက် မထေရ်နှစ်ဦးတို့ထံသို့ ဓမ္မဝါဒီလာ၍ အလဇ္ဇီပုဂ္ဂိုလ်၏ အခြင်းအရာကို လျှောက်ကြားသော် မထေရ်နှစ်ပါးတို့က စကားမဆိုပဲ ဆိတ်ဆိတ်နေလေ၏။

ထိုအခါ အဓမ္မဝါဒီကလာ၍ “ငါ၌ အပြစ်ရှိသည်ကို ဝိနည်းဓိုရ်ဆရာများ သိလတ္တံ့၊ သင်ဆိုသောအမှုသည် ယခု သိပါစေတော့လော့၊ သဘောကောက်ကျစ်၍ ငါ့အပြစ်ကို သင်သာရှာဘိသည်”ဟု ကြမ်းတမ်းစွာဆို၏။ ထိုကာလ ဓမ္မဝါဒီပုဂ္ဂိုလ်က ဝိနည်းဓိုရ်ဆရာတို့အား ဤသို့ လျှောက်ထား၏။ “အရှင်ဘုရားတို့သည် အကျွန်ုပ်တို့၏ ကိုးကွယ်ရာ ဖြစ်ပါသည်၊ အဂတိမလိုက်ပါလင့်၊ တရားသက်တိုင်းသာ ဆုံးဖြတ်တော်မူပါ၊ မဆုံးဖြတ်သော် သာသနာတော်၌ အညစ်အကြေး များပါလိမ့်မည်”ဟု လျှောက်၏။

ဝိနည်းဓိုရ် နှစ်ပါးလည်း မည်သို့သောစကားကိုမျှ မပြန်နေလေလျှင် “အရှင်ဘုရားတို့သည် အကျွန်ုပ်တို့၏ အလုပ်အကျွေးကို ခံရသူဖြစ်ပါလျက် သာသနာတော်၏ အညစ်အကြေး ဘေးရန်ဖြစ်မည်ကို မရှု၊ သဗ္ဗညုဘုရား၏ မျက်နှာတော်ကို မထောက်၊ တရားတော်ကိုလည်း မစောင့်ရှောက်၊ တယောက်သော ဒုဿီလပုဂ္ဂိုလ်ကိုသာ စောင့်ရှေက်ညှာတာ၍ ဘုရားသာသနာတော် တည်းဟူသော ရတနာစိုင်ကို ထုံးအိုင်၌ စွန့်ပစ်ဘိသည်တကား၊ ကဿပဘုရားသည် ငါတို့အား စွန့်ပစ်၍

(စာမျက်နှာ-၅၂)

ယနေ့ပင် ပရိနိဗ္ဗာန် စံတော်မူချေပြီ၊ ငါတို့ ကိုးကွယ်ရာ မရှိ”ဟု ငိုကြွေးမြည်တမ်းလျက် သွားလေ၏။

နတ်ဘီလူးများ ဖြစ်ကြရခြင်း

ထိုနေ့မှစ၍ မထေရ်နှစ်ပါးတို့သည်ကား “သာသနာတော်ကို မငဲ့ကွက်၊ ဒုဿီလပုဂ္ဂိုလ်ကိုသာ ငဲ့ကွက်ရာရောက်ပေသည်”ဟု ကြီးစွာသော ကုက္ကုစ္စရှိလျက် အသက်ထက်ဆုံး နှလုံးမသာခြင်းဖြစ်၏။ စုတေကြသောအခါ အထက်နတ်ရွာ၌ ဖြစ်ထိုက်သောကံ ရှိပါလျက် မိမိတို့ ကုက္ကုစ္စ နှိပ်စက်သောအားဖြင့် တယောက်ကား ဟိမဝန္တာတော၏အတွင်း ဟေမပတမည်သောတောင်၌ နတ်ဘီလူးစစ်သူကြီးဖြစ်၏၊ တယောက်ကား မဇ္ဈိမဒေသအတွင်း သာတာဂိရိမည်သောတောင်၌ နတ်ဘီလူးစစ်သူကြီးဖြစ်၏။ ထိုသူတို့၏ ပရိသတ်ဖြစ်သော ရဟန်းတို့လည်း အလိုတူ ကျင့်ကြသဖြင့် နတ်စစ်သူကြီးတို့၏အထံ၌ အခြံအရံပင် ဖြစ်ကြကုန်သတည်း။ ထိုသူတို့၏ အလုပ်အကျွေးဖြစ်သော ကျောင်းဒါယကာကား တာဝတိံသာနတ်ပြည်၌ ဖြစ်၏။ ဤသာတာဂိရိ, ဟေမဝတတို့သည် နှစ်ကျိပ်ရှစ်ယောက်သော နတ်စစ်သူကြီးတို့တွင် အကျုံးဝင်သော နတ်တို့ပေတည်း။ ထိုနတ်တို့ကား တရားဆုံးဖြတ်ခြင်းငှါ တလ,တလ၌ ရှစ်ခါ ဟိမဝန္တာတောင်၏အတွင်း မန္ဒာကိနီတောင်ရင်းဝယ် တင့်တယ်စွာ ပြုလုပ်အပ်သော ဘဂလဝတီမည်သော မဏ္ဍပ်၌ နတ်အစည်းအဝေးကို ပြုမြဲဓမ္မတာ ဖြစ်သတည်း။

ကတိကဝတ် ထားကြပုံ

ထိုသာတာဂိရိ, ဟေမဝတတို့သည် နတ်အစည်းအဝေးသို့ ဝင်ရာ၌ အချင်းချင်း တွေ့ကြုံသိမြင်ကြ၍ ဤဘဝ ရှေးဘဝ ဖြစ်ရသောဒေသကို မေးမြန်းပြန်ကြားလျက် အဆအရာ ကြင်နာစုံမက်ကြသဖြင့် ဤသို့သော ကတိကဝတ်ကို ထားကြ၏။ “အဆွေဟေမဝတ... သင်၏နေရာ ဟိမဝန္တာတောကား အံ့ဖွယ်သရဲ ထူးကဲသော တောပေတည်း၊ တစုံတရာ ထူးကဲစွာသော အကြောင်းရှိသည် ဖြစ်အံ့၊ ငါ့အား ကြားပါလော့”ဟု သာတာဂိရိကဆို၏။

ထိုဟေမဝတကလည်း “သင်၏နေရာ မဇ္ဈိမဒေသအရပ်လည်း မြတ်သောသူတို့ နေရာပင်ဖြစ်သည်။ အံ့ဖွယ်သရဲ ထူးကဲသော အကြောင်းရှိလျှင် ငါ့အား ကြားလှည့်ပါ”ဟု ဆို၏။ ထိုကတိကဝတ်အားဖြင့် ဘုရားတဆူမှသည် တဆူအကြား မြေသား တယူဇနာနှင့် သုံးဂါဝုတ် တက်သည့်တိုင်အောင်ပင် နတ်ဘီလူးအဖြစ်တွင်သာ တည်၍ ငါတို့ ဘုရားအလောင်းတော် ပဋိသန္ဓေ နေသောအခါ, ဖွားတော်မူသောအခါ စသည်တို့၌ တသောင်းသော လောကဓာတ် တုန်လှုပ်လျက် ပုဗ္ဗနိမိတ် သုံးဆယ့်နှစ်ပါးတို့ ထင်သည်ကို မြင်ကုန်သော်လည်း ကာမဘော်ဖြင့် ပျော်မြူးခြင်း များသောကြောင့်လည်းကေင်း၊ နိမိတ်များလည်း ရှည်လျားစွာ မတည်သောကြောင့်လည်းကောင်း ဗုဒ္ဓုပ္ပါဒနိမိတ်ဟု မသိလိုက်ကြကုန်။

သဗ္ဗညုတဉာဏ်ကို ရသောအခါ, ဓမ္မစကြာတရားကို ဟောကြားတော်မူသောအခါမှ နိမိတ်ရှည်မြင့်စွာ တည်လတ်၍ နတ်နှစ်ယောက်တို့တွင် သာတာဂိရိနတ်သည် ရှေးဦးစွာ သိသတည်း။

ယင်းသို့ သိလတ်သော် ဘုရားသခင်ထံသို့ကပ်၍ ဓမ္မစကြာတရားမြတ်၏ နက်နဲခက်ခဲသိမ်မွေ့လှသော တရားတော်ကို ကြားနာ၍နေစဉ် “ငါ့အဆွေ ဟေမဝတသည် အစည်းအဝေးသို့ ပါလာလိမ့်မည်လော”ဟု တွေးတော ကြည့်မျှော်လျက် နာ၍ သမာဓိကို မရသောကြောင့်

(စာမျက်နှာ-၅၃)

မဂ်ဖိုလ်ဓမ္မကို မရနိုင်လေ။ တရားပြီးဆုံးသောအခါမှ “ငါ့အဆွေ ဟေမဝတသည် ဆန်းကြယ်လှသော တရားဓမ္မစကြာကို မနာရလေသေး၊ ရှေးက ထားဖူးသော ကတိကဝတ်လည်း ရှိပေသည်၊ ငါ့အဆွေကို ခေါ်ပြီးမှ အတူတကွလာ၍ တရားနာအံ့”ဟု ကြံလျက် မိမိဗိမာန်သို့ပြန်၍ ဆင်ယာဉ်, မြင်းယာဉ်, ဂဠုန်ယာဉ် စသည်တို့ကို ဖန်ဆင်းပြီးလျှင် ဘီလူးအရံ ငါးရာနှင့်တကွ ဟိမဝန္တာသို့ ရှေးရှုထွက်၏။

ဟေမဝတနတ်မင်းလည်း မိမိနေရာ ဟိမဝန္တာ၌ အခါမဲ့ပွင့်သောပန်း, တောက်ထွန်းသော ကြယ်လျှံ, လလျှံ, ရတနာလျှံတို့ဖြင့် အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲ လွန်ကဲထွေထူးသော တောတောင်၏ တင့်တယ်ခြင်း အသရေကိုမြင်၍ ရွှင်လန်းပျော်မွေ့စွာ ရှိရကား “ငါ၏အဆွေ သာတာဂိရိနတ်ကိုခေါ်၍ ကာမဘော်ဖြင့် ပျော်ပါးမြူထူးအံ့”ဟု ကြံ၍ အခြံအရံ ငါးရာနှင့်တကွ သာတာဂိရိနတ်ကို ခေါ်အံ့သောငှါ မဇ္ဈိမဒေသသို့ ရှေးရှုလာ၏။

ထိုနတ်စစ်သူကြီး နှစ်ဦးတို့သည် ရာဇဂြိုဟ်ပြည်၏ အထက်၌ မျက်နှာရင်ဆိုင် ပေါင်းမိကြ၍ သာတာဂိရိနတ်က လာသောအကြောင်းကို မေးလေသော် ဟေမဝတနတ်ကလည်း ထိုအကြောင်းကို ကြားပေ၏။

နတ်ဘီလူးတို့ ချီးမွမ်းသော ဘုရားဂုဏ်တော်များ

ထိုအခါ သာတာဂိရိ နတ်ကလည်း “ဤလောက၌ အသဒိသ ပုဂ္ဂိုလ်ထူး ဂုဏ်ကျေးဇူးအပေါင်းတို့၏ တည်ရာဖြစ်တော်မူသော မြတ်စွာဘုရား ထင်ရှားဖြစ်၍ ယနေ့ ဓမ္မစကြာတရားကိုဟောသဖြင့် အခါမဲ့ပွင့်သောပန်း ထူးဆန်းသော အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲသော ပုဗ္ဗနိမိတ်တို့သည် ဖြစ်သတည်း”ဟု ဗုဒ္ဓုပ္ပါဒကိုကြား၍ ဘုရားသခင်ထံသို့ ဟေမဝတကို ဆောင်လို၍-

အဇ္ဇ ပန္နရသော ဥပေါသထော၊ ဒိဗျာ ရတ္တိ ဥပဋ္ဌိတာ။
အနောမနာမံ သတ္ထာရံ၊ ဟန္ဒ ပဿာမ ဂေါတမံ-

ဟူသော-ဂါထာကို ရွတ်လျက်-

“အချင်းဟေမဝက...နွယ်တာလ ပန္နရသီ တိထီရက်စေ့ ဤယနေ့ည ဤသမယကား လောကသုံးဘုံဝယ် တစုံတယောက်မျှ နှိုင်းထောက်ပြိုင်သူ အတူမမြော် တိလော်အဂ္ဂ အနုတ္တရမုနိ ဖြစ်တော်မူသော မြတ်စွာဘုရားသည် တရားဓမ္မစကြာ ဒေသနာကို ကောင်းစွာ ဟောတော်မူ၍ တသောင်းသော လောကဓာတ်မှလာသော နတ်ဗြဟ္မာအပေါင်းတို့၏ ကိုယ်ရောင် တန်ဆာရောင်တို့ဖြင့် တပြောင်ပြောင်ထွန်းပလျက် နှစ်သက်စဖွယ် တင့်တယ်လှသော အခါတည်း။
အချင်း ဟေမဝတ... အနောမသညာဖြင့် သာကီဝင်မင်းမျိုးမှဖြစ်သော ဓမ္မရာဇ်ထွတ်ဖျား ဘုရားဂေါတမကို အားရအောင်ဖူးမြော်၍ တရားတော်ကို နာကြကုန်အံ့”ဟု ဆိုပေ၏။

သာတာဂိရိနတ်၏ စကားကို ဟေမဝတနတ် ကြားလျှင် “ဤသူကား မိမိဆရာ၏ သဗ္ဗညုအဖြစ်ကို ပြ၏၊ သဗ္ဗညုဖြစ်မည်ကား စင်စစ် ခဲယဉ်းသည်သာတည်း။ ပူရဏကဿပ-စသော

(စာမျက်နှာ-၅၄)

သူတို့သည် သဗ္ဗညုဟု ဝန်ခံလျက် မိစ္ဆာဉာဏ်တရားဖြင့် လူများအပေါင်းကို အလွန်နှိပ်စက် ဖျက်ဆီးကြ၏။ ယခုပြောပြန်သော ဂေါတမဘုရားသည် အကယ်၍ သဗ္ဗညုဖြစ်အံ့၊ စင်စစ် တာဒိဂုဏ်နှင့် ပြည့်စုံရာ၏၊ လက္ခဏာကို ငါ စုံစမ်းဦးအံ့”ဟု ကြံ၍-

ကစ္စိ မနော သုပဏိဟိတော၊ သဗ္ဗဘူတေသု တာဒိနော။
ကစ္စိ ဣဋ္ဌေ အနိဋ္ဌေ စ၊ သင်္ကပ္ပဿ ဝသီကတာ-

ဟူသော ဂါထာဖြင့်-

“အဆွေသာတာဂိရိ.. သင်၏ဆရာသည် ဗြဟ္မာနတ်လူတို့၏ အထွတ်အမြတ်ဖြစ်သော “ဘုရား”ဟု သင်ကား ဆိုပေပြီ၊ ထိုသင့်ဆရာသည် ကောင်းစွာ တည်တံ့သော စိတ်နှလုံး ရှိပါ၏လော၊ ခပ်သိမ်းသော ဒုက္ခိတ သတ္တဝါ, သုခိတ သတ္တဝါ, ရန်သူဖြစ်သော သတ္တဝါ, မိတ်ဆွေဖြစ်သော သတ္တဝါတို့၌ ချစ်ခြင်း မုန်းခြင်း မရှိ၊ ပကတိ အညီအညွတ်ဖြစ်သော လက္ခဏာနှင့် ပြည့်စုံပါ၏လော၊ အလုံးစုံသော ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့မှ တုန်လှုပ်ကပ်ငြိ ထိပါးတတ်သော သင်္ကပ္ပရာဂ, ဆန္ဒ, ဒေါသ, မောဟ တဏှာတို့ ကင်းကွာပါ၏လော”ဟု မေး၏။

သာတာဂိရိလည်း မိမိဉာဏ်အား ဘုရားဖြစ်ကြောင်းကိုသာသိ၍ အတိဝိတ္ထာရဖြစ်သော သဗ္ဗညုတ၏ ဂုဏ်ဝိသေသကို စိတ်ဖြာ၍ မပြနိုင်သေးရကား ဂေမဝတ၏ပုစ္ဆာကို အစဉ်လျှောက်သဖြင့် မျက်မှောက် သိသမျှသော ဘုရားကျေးဇူးတော်ကို ထုတ်ဖော်၍ ပြလိုကား-

မနော စဿ သုပဏိဟိတော၊ သဗ္ဗဘူတေသု တာဒိနော။
အထော ဣဋ္ဌေ အနိဋ္ဌေ စ၊ သင်္ကပ္ပဿ ဝသီကတာ-

ဟူသော-ဂါထာကို ဆို၏။

အဓိပ္ပါယ်ကား-အချင်းဟေမဝတ.. သုံးလောကမျက်ရှု သဗ္ဗညုဘုန်းမော်၏ နှလုံးတော်မြတ်သည်ကား အာရုံငါးပါး၌ လိုက်စားတုန်လှုပ်ခြင်း မရှိ၊ ဂိရိဗဟို မြင်းမိုရ်တောင်မင်းသည် လေပြင်းမုန်တိုင်း ခတ်သော်လည်း မညွတ်မယိုင် အမြဲ တည်နိုင်ဘိသကဲ့သို့လည်းကောင်း၊ နှစ်သိန်းလေးသောင်း အထုရှိသော ဤမြေဝသုန်သည် မတုန်မလှုပ်ပဲ အမြဲ တည်နိုင်ဘိသကဲ့သို့လည်းကောင်း၊ ကိလေသ, ခန္ဓ, မစ္စု, အဘိသင်္ခါရအားဖြင့် လေးပါးသော အဇ္ဈတ္တမာရ်, ဒေဝပုတ္တ အစရှိသော ဗာဟိရမာရ်တို့ကို တိုက်လှန်ချိုးဖျက်၍ ယွင်းကွက်မရှိ ပကတိ ကောင်းမွန်စွာ တည်တော်မူ၏။ ဤတည်တံ့ခြင်းသည် ယခုဘဝ ဘုရားအဖြစ်သို့ ရောက်မှသာ မဟုတ်၊ ဗုဒ္ဓသမ္ဘာရကိုဖြည့်စဉ် ဆဒ္ဒန်ဆင်မင်း ဖြစ်သောအခါကပင် ပစ်သတ်လာသော မုဆိုးကို ငြိုးထားခြင်း မရှိ၊ မိမိအစွယ်ကိုပင် ဖြတ်၍ပေးသည်။ မဟာကပိလ မျောက်မင်းဖြစ်သော အခါကလည်း သတ်ခြင်းငှာ ရိုက်ခတ်သော ပုဏ္ဏားကိုလျက် အမျက်မဆီး ခရီးညွှန်ပြလိုက်သေးသည်၊ ဝိဓုရဇာစ် ဖြစ်စဉ်ကလည်း ယူဇနာ ခြောက်ဆယ်မျှသော ကာဠတောင်အောက်သို့ စောက်ထိုးပစ်ချသော ပုဏ္ဏက ဘီလူးကိုလျက် အမျက်မထား တရားဟောတော်မူသေးသည်။ ထိုအကြောင်းကြောင့် ကောင်းစွာထားအပ် မြတ်သောစိတ်တော် ရှိသည်ဟု သိအပ်သတည်း။ သုခိတ ဒုက္ခိတ စသည်များစွာ သတ္တဝါခပ်သိမ်း၌
(စာမျက်နှာ-၅၅)
မယိမ်းမယိုင် ကိုယ်တော်နှင့်ညီမျှသော မေတ္တာစိတ်တော် ရှိခြင်း, ဣဋ္ဌာရုံ အနိဋ္ဌာရုံ အလုံးစုံတို့၌ ခုံမင်စွဲလမ်းခြင်းမရှိ၊ ပကတိ သည်းခံတော်မူနိုင်ခြင်း, လာဘ အလာဘ, ယသ အယသစသော လောကဓံတရား ရှစ်ပါးတို့၌ လှုပ်ရှားမရှိ၊ ပကတိ သည်းခံတော်မူနိုင်ခြင်း တည်းဟူသော တာဒိလက္ခဏာနှင့် ကောင်းစွာ ပြည့်စုံတော်မူ၏။ သင်္ကပ္ပရာဂစသော တရားမှလည်း သမုဒ္ဒရာခြားသကဲ့သို့ လွတ်ရှားကင်းကွာတော်မူ၏-ဟု

ဖြေသော် ဟေမဝတလည်း ဒွါရတ္တယသုဒ္ဓိကို စိစစ်ပြန်ခြင်းငှါ-

ကစ္စိ အဒိန္နံ နာဒိယတိ၊ ကစ္စိ ပါဏေသု သညတော။
ကစ္စိ အာရာ ပမာဒမှာ၊ ကစ္စိ ဈာနံ န ရိဉ္စတိ-

ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား–ဆွေသာတာဂိရိ... သင်၏ဆရာသည် သတ္တဝါအပေါင်းတို့အား ညှဉ်းဆဲကြောင်းဖြစ်သော ပါဏာတိပါတ, လောဘရမ္မက်ဖြင့် ခိုးဝှက်ခြင်းဟူသော အဒိန္နာဒါနမှ ကောင်းမွန်စွာ စောင့်စည်းပါ၏လော၊ လူတို့မွေ့လျော်ရာ ငါးဖြာသော ကာမဂုဏ်အာရုံတို့၌ ခုံမင်ငြိကပ် တပ်မက်မော၍ စိတ်ပျော်မွေ့သော မေ့လျော့ခြင်း ပမာဒမှ ထမြောက်နိုင်ပါ၏လော၊ မာတုဂါမစသော သတ္တဝါ၌ တဏှာရမ္မက်ဖြင့် နှစ်သက်လွန်ကျူး ညစ်ညူးခြင်းတည်းဟူသော အဗြဟ္မစာရီ အကျင့်ညီမှ ဝသီအားဖြင့် ကင်းပါ၏လော၊ နီဝရဏခြောက်ပါး တရားဝေးလံလျက် ဈာန်သမာပတ် မြတ်သည့်တရား ဘိဉာဏ်များကို ပွားများစည်ပင်အောင် ရွက်ဆောင်နိုင်ပါ၏လော-ဟု

မေးမြန်းသော်- အဆွေတော် သာတာဂိရိလည်း ပဋိဝစန ဂါထာဖြင့် ထင်ရှားစွာ ဖြေဆိုခြင်းငှါ-

န သော အဒိန္နမာဒိယတိ၊ အထော ပါဏေသု သညတော။
အထော အာရာ ပမာဒမှာ၊ ဗုဒ္ဓေါ ဈာနံ န ရိဉ္ဇတိ-

ဟူသော-ဂါထာကို ဆို၏။

အပ္ပါယ်ကား-အချင်းဟေမဝတ.. ငါတို့ဆရာ မြတ်စွာဘုရား ဂေါတမကား ထိုပါဏာတိပါတ အဒိန္နာဒါန် မိစ္ဆာကံတို့မှ ပစ္စုပ္ပန်ဖြစ်သော ယခုဘဝ၌သာ ကင်းကွာပေသည် မဟုတ်၊ ရှေးရှေးသောကာလ ဘဝများစွာကပင် ရှောင်ခွါ ကင်းလွတ်တော်မူလှ၍ နိဂြောဓဗိမ္ဗ အစရှိသော လက္ခဏာတော်ကြီး သုံးဆယ့်နှစ်သွယ် ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် တင့်တယ်ပြည့်စုံတော်မူ၏၊ ဈာန်ဝိမောက္ခစသော တရားသည်လည်း ဘုရားဖြစ်မှ ပြည့်စုံသည်မဟုတ်၊ မယ်တော်ဝမ်းမှဖွား၍ တလသားစဉ်ကပင် ဈာန်ဝင်စားတော်မူနိုင်သတည်း-ဟု

ဖြေပေသော် ဟေမ၀တနတ်လည်း ကာယဒွါရသုဒ္ဓိကိုကြား၍ အားရဝမ်းသာသဖြင့် ဝစီဒွါရသုဒ္ဓိကို တဖန် မေးပြန်လိုရကား-

ကစ္စိ မုသာ န ဘဏတိ၊ ကစ္စိ န ခီဏဗျပ္ပထော။
ကစ္စိ ဝေဘူတိယံ နာဟ၊ ကစ္စိ သမ္ဖံ န ဘာသတိ-

ဟူသော-ဂါထာကို ဆို၏။

(စာမျက်နှာ-၅၆)
အဓိပ္ပါယ်ကား-အဆွေသာတာဂိရိ.. သင်၏ဆရာသည် သတ္တဝါတို့အား လှည့်ဖြားလိုခြင်းဖြင့် ချွတ်ယွင်းစွာ ဆိုတတ်သော မုသာဝါဒ, သူတပါးအား စိတ်ထားညစ်ညူးသွားစေတတ်သော ဗျပ္ပထယုတ် ဖရုသဝါစာ, ညီညွတ်သော သူနှစ်ပါးတို့၏ မေတ္တာတရားကို ပျက်ပြားစေတတ်သော ပိသုဏဝါစာ, စီးပွားမဲ့ဆိုရာဖြစ်သော သမ္ဖပ္ပလာပ၊ ဤလေးဝသော ဝစီကံမှလည်း ပယ်လှန်စွန့်နိုင်ပါလော-ဟု

မေးပြန်၏။ သာတာဂိရိနတ်သည်လည်း ပဋိဝစနဂါထာဖြင့် ကောင်းစွာ ဖြေဆိုလိုရကား-

မုသာ စ သော န ဘဏတိ၊ အထော န ခီဏဗျပ္ပထော။
အထော ဝေဘူတိယံ နာဟ၊ မန္တာ အတ္ထံ သုဘာသတိ-

ဟူသော-ဂါထာကို ဆို၏။

အဓိပ္ပါယ်ကား-အချင်းဟေမဝတ... ငါ့ဆရာသည် မုသာဝါဒ, ဖရုသဝါစာ, ပိသုဏဝါစာ, သမ္ဖပ္ပလာပတို့မှ ယခုဘဝ၌သာ ပယ်ခွာတော်မူသည်မဟုတ်၊ ရှေးရှေးသော ဘဝကပင် မြူကြေးမတင် ကင်းစင်တော်မူသောကြောင့် သလိပ် သည်းခြေ ပျောက်ပြေစင်လင်း သန့်ရှင်းချေငံ ဗြဟ္မာသံကဲ့သို့ အလွန်အမင်း သန့်ရှင်းသာယာ သိသာနာဖွယ် မပြယ်လုံးခဲ နက်နဲစေ့စပ် ပဲ့တင်ထပ်သော အင်္ဂါရှစ်ဖော် အသံတော်နှင့်လည်း ပြည့်စုံတော်မူ၏။ ပညာဖြင့်လွှမ်းမိုး၍ အကျိုးရှိသော စကားကိုသာ ဆိုတတ်သည့်အမှု‌ကြောင့် ယခုအဖို့ဝယ် မည်သို့မသွေ ဖြစ်စေဆိုက ဖြစ်လာရသော သီဟနာဒဂုဏ်နှင့် ပြည့်စုံတော်မူ၏-ဟု

ဖြေလတ်သော် ဟေမဝတနတ်လည်း တဖန်ထုတ်၍ မနောဒွါရိကသုဒ္ဓိကို စိစစ်ပြန်ခြင်းငှာ-

ကစ္စိ န ရဇ္ဇတိ ကာမေသု၊ ကစ္စိ စိတ္တံ အနာဝိလံ။
ကစ္စိ မောဟံ အတိက္ကန္တော၊ ကစ္စိ ဓမ္မေသု စက္ခုမာ-

ဟူသော ဂါထာကို ဆို၏။

အဓိပ္ပါယ်ကား-အဆွေ သာတာဂိရိ.. သင်၏ဆရာသည် ကိလေသာ၏အာရုံ ကာမဂုဏ်ငါးပါး၌ လိုလားတောင့်တခြင်းတည်းဟူသော အဘိဇ္ဈာမှ ကြဉ်နိုင်ပါ၏လော၊ စိတ်၏ဖောက်ပြန် မှောက်လှန်နောက်ကျူခြင်း တည်းဟူသော ဗျာဒကို ပယ်စွန့်နိုင်ပါ၏လော၊ မာနကြီးကြွား မောဟပွား၍ ဖောက်ပြားစွာ အယူရှိသော မိစ္ဆာဒိဋ္ဌိတရားမှ ပယ်ရှားနိုင်ပါ၏လော၊ ခပ်သိမ်းသော တရားတို့၌ မပိတ်ပင် သိမြင်တတ်သော ပညာမျက်စိ ရှိပါ၏လော-ဟု

မေးပြန်၏။ သာတာဂိရိလည်း ပဋိဝစနဂါထာဖြင့် ထင်ရှားစွာ ဖြေပြန်လိုရကား-

န သော ရဇ္ဇတိ ကာမေသု၊ အထော စိတ္တံ အနာဝိလံ။
သဗ္ဗမောဟံ အတိက္ကန္တော၊ ဗုဒ္ဓေါ ဓမ္မေသု စက္ခုမာ-

ဟူသော ဂါထာကို ဆို၏။

အဓိပ္ပါယ်ကား-အချင်းဟေမဝတ... ထိုငါ့ဆရာသည် ကိလေသာဆယ်ပါး တရား၏အာရုံ ကာမဂုဏ်တို့၌ ခုံမင်ကပ်ငြိခြင်း ကင်းတော်မူလှသောကြောင့် ဝသဝတ္တီနတ်မင်း
(စာမျက်နှာ-၅၇)
သမီးတို့သော်မှ ရှုံးခြင်းကြီး ရှုံးရချေသည်။ နှလုံးတော်အနေလည်း အထွေအထူး ညစ်ညူးနောက်ကျုသော အရာသည် မည်သည့်အခါမှ မဖြစ်ဖူးပေ။ ခြောက်ဆယ့်နှစ်ထွေသော မိစ္ဆာအယူမှ ဖြူစင်တော်မူလှ၍ လောကသုံးခွင်ဝယ် မမြင်တရားကား မရှိ၊ သိမြင်ပေသည်သာတည်း-ဟု

ဖြေလေသော် ဟေမဝတလည်း ဒွါရသုံးပါး၌ ဖြစ်ထိုက်သော ဒုစ္စရိတ၏ စင်ကြယ်မျှဖြင့် သဗ္ဗညုတဟု မခေါ်ဝေါ်လောက်ချေသေး၊ မေးခွင့်ရှိသမျှကို ငါမေးဦးအံ့ဟု ကြံ၍-

ကစ္စိ ဝိဇ္ဇာယ သမ္ပန္နော၊ ကစ္စိ သံသုဒ္ဓစရဏော။
ကစ္စိဿ အာသဝါ ခီဏာ၊ ကစ္စိ နတ္ထိ ပုနဗ္ဘဝေါ-

ဟူသော ဂါထာကို ဆို၏။

အဓိပ္ပါယ်ကား…အဆွေသာတာဂိရိ.. သင်၏ဆရာသည် ဘုရားတကာ ပြည့်စုံရာသော ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါး မြတ်တရားနှင့် ပြည့်စုံပါ၏လော၊ နိဗ္ဗာန်သွားကြောင်း ကောင်းစွာတင့်တယ် စင်ကြယ်လှသော စရဏတရား တဆယ့်ငါးပါးနှင့် မခြားပြည့်စုံပါ၏လော၊ အဝီစိမှ နေဝသညာနာသညာဘုံ လွှမ်းခြုံမိအောင် စီးဝင်တတ်သော အာသဝေါဥဿုံတို့သည် ကုန်ခန်းပါ၏လော၊ အသစ်သော ဘဝဝယ် တဖန် ပဋိသန္ဓေ တည်နေခြင်းမှ ကင်းပါပြီလော-ဟု

မေး၏။ ထိုသို့ မေးပြန်သောအခါ သာတာဂိရိကလည်း သင် မေးသမျှသော ကျေးဇူးဂုဏ်သည် ပြည့်စုံသည်သာတည်းဟု ပြလို၍-

ဝိဇ္ဇာယ စေဝ သမ္ပန္နော၊ အထော သံသုဒ္ဓစရဏော။
သဗ္ဗဿ အာသဝါ ခီဏာ၊ နတ္ထိ တဿ ပုနဗ္ဘဝေါ-

ဟူသော ဂါထာကို ဆို၏။

အဓိပ္ပါယ်ကား–အချင်းဟေမဝတ... ငါ၏ဆရာ မြတ်စွာဘုရားသည် ပုဗ္ဗေနိဝါသ, ဒိဗ္ဗစက္ခု, အာသဝက္ခယ တည်းဟူသော ဝိဇ္ဇာသုံးပါး၊ ဣဒ္ဓိဝိဓ, ဒိဗ္ဗစက္ခု, ဒိဗ္ဗသောတ, ပရစိတ္တဝိဇာနန, ပုဗ္ဗေနိဝါသာနုဿတိ, အာသဝက္ခယ, မနောမယိဒ္ဓိ, ဝိပဿနာဉာဏ် တည်းဟူသော ဝိဇ္ဇာရှစ်ပါး၊ သီလသံဝရ, ဣန္ဒြိယသံဝရ ဘောဇနမတ္တညုတာ, ဇာဂရိယာနုယောဂ, သတ္တသဒ္ဓမ္မ, စတ္တာရိဈာန တည်းဟူသော စရဏ တဆယ့်ငါးပါး တရားအပေါင်းတို့နှင့်လည်း ကောင်းစွာ ပြည့်စုံတော်မူ၏၊ အလုံးစုံသော အာသဝေါ ကုန်ခန်းလျက် သုံးခန်းသော ဘဝဝယ် ပဋိသန္ဓေနေခြင်းကိစ္စ မရှိပြီ-ဟု

ဖြေပေသော် ဟေမဝေတလည်း အစ္ဆရိယဖြစ်သော ဘုရား၏ကျေးဇူးတော်ကို ကြားနာရ၍ ဝမ်းသာနှစ်မြို့လှသောစိတ် ရှိရကား-

အဆွေသာတာဂိရိ.. ဤမျှသောဂုဏ်နှင့် ပြည့်စုံပေလျှင် သင်၏ဆရာသည် စကြဝဠာ လောကဓာတ်၌ နှိုင်းယှဉ်အပ်သော ပုဂ္ဂိုလ်မရှိ ပုရိသထွတ်ဖျား ဘုရားသဗ္ဗညုအစစ် မှန်ပေပြီ၊ ဤမြတ်စွာဘုရားကို သွား၍ဖူးမြင်ကုန်အံ့, တရားတော်ကို နာကုန်အံ့-ဟု ခေါ်ခြင်းငှါ--

(စာမျက်နှာ-၅၈)
ဧဏိဇင်္ဃံ ကိသံ ဝီရံ၊ အပ္ပါဟာရံ အလောလုပံ။
မုနိံ ဝနသ္မိံ ဈာယန္တံ၊ ဧဟိ ပဿာမ ဂေါတမံ။
သီဟံဝေကစရံ နာဂံ၊ ကာမေသု အနပေက္ခိနံ။
ဥပသင်္ကမ္မ ပုစ္ဆာမ၊ မစ္စုပါသပ္ပမောစနံ-

ဟူသော ဂါထာကို ဆိုသတည်း။

[အနက်ကား]သမ္မ၊ အဆွေ သာတာဂိရိ။ ဟန္ဒ၊ ယခု။ ဧဟိ၊ အမြန်လာလော့။ ဧဏိဇင်္ဃံ၊ ဟိမဝန္တာ မြိုင်ခန်းဝါ၌ ကောင်းစွာခိုမှီ သားဧဏီကဲ့သို့ ညီညွတ်ဖွံ့ထွား ဆစ်လျားမမြင် အစဉ်စုရုံး စပါးဖုံးကဲ့သို့ လုံးဝန်းပြည့်ဖြိုးသော မြင်းခေါင်းတော်လည်း ရှိတော်မူထသော။ ကိသံ၊ ရှည်ခြင်းငါးမည် တိုသည်ကားလေး အသေးစတု မြင့်မှုခြောက်ဆင့် ဝန်းသင့်သည့်အရာ ဝန်းလှစွာသော အင်္ဂါကြီးငယ်၏ ပြည့်စုံခြင်းဖြင့် သင့်တင့်လှပသော အင်္ဂါလည်း ရှိထသော။ ဝီရံ၊ ကြီးမြတ်သော လုံ့လလည်း ရှိတော်မူထသော။ အပ္ပါဟာရံ၊ တထပ်တည်းသာ ခန္ဓာတည်ရုံ မှီဝဲဟုန်ကြောင့် အကုန်ခေါင်းပါးသော အာဟာရလည်း ရှိထသော။ အလောလုပံ၊ လျှပ်ပေါ်လော်လည်ခြင်း မရှိထသော။ မုနိံ၊ မောနေယျဂုဏ်နှင့် ပြည့်စုံစွာထသော။ ဝနသ္မိံ၊ ဆိတ်ငြိမ်သော တောအုပ်၌။ ဈာယန္တံ၊ ဈာန်ဝင်စားကာ မွေ့လျော်စွာထသော။ သီဟံဝ၊ သိန်းခတ်အသပြာ ကမ္ဗလာဟန် မှင်ဆံရှိခြင်း ခြင်္သေ့မင်းကဲ့သို့ ရဲတင်းသော နှလုံးလည်း ရှိထသော။ ဧကစရံ၊ ဝဲယာရှေ့နောက် ဖော်မလောက်ပဲ တယောက်တည်းသာ ကျင့်လေ့ရှိထသော။ ဝါ၊ လောကဓာတ်၌ ပြိုင်ဖက်မပြူ တဆူတည်းသော ယောက်ျားလည်း ဖြစ်ထသော။ နာဂံ၊ ဘဝတပါး သွားလာခြင်းလည်း မရှိထသော။ ကာမေသု၊ ကိလေသာကာမ, ဝတ္ထုကာမ ဤနှစ်ဝတို့၌။ အနပေက္ခိနံ၊ ဆန္ဒရာဂအားဖြင့် ငဲ့ကွက်ခြင်း မရှိထသော။ ဂေါတမံ၊ ဂေါတမ အမည်တော်ရှိသော မြတ်စွာဘုရားကို။ ပဿာမ၊ ဖူးမြင်ကြကုန်အံ့။ တံ၊ ထိုမြတ်စွာဘုရားကို၊ ဥပသင်္ကမ္မ၊ ကပ်လတ်၍။ မစ္စုပါသပ္ပမောစနံ၊ သေမင်း၏ကျော့ကွင်းမှ လွတ်ကင်းရာဖြစ်သော အမြိုက်နိဗ္ဗာန်ကို။ ပုစ္ဆာမ၊ မေးလျှောက်ကြကုန်အံ့။

ဤသို့ချီးပ၍ ဘုရားအထံတော်သို့ သွားကြလေ၏။

(ဤနတ်နှစ်ဦးတို့ကား ကဿပဘုရားရှင် သာသနာတော်ကပင် အဋ္ဌကထာနှင့်တကွ ပိဋကတ်သုံးပုံကို အာဂုံဆောင်ဖူးသည်ဖြစ်၍ ဉာဏ်ကြီးလှသောကြောင့် ဘုရားဂုဏ်ကျေးဇူး အမြွက်ကို အချက်ကျကျ သိနိုင်လေသတည်း။)

ကာဠီအမျိုးသမီး သောတာပန်ဖြစ်ပုံ

နတ်စစ်သူကြီးတို့၏ အသီးအသီး ပြောဆိုကြသော ဘုရားကျေးဇူးတော်စကားကို “ကာဠီ”အမည်ရှိသော အမျိုးသမီးတယောက်သည် ပြာသာဒ်သို့တက်၍ လေသွန်တံခါးကိုဖွင့်လျက် ကိုယ်ဝန်၏ ပင်ပန်းခြင်းကို ဖျောက်ခြင်းငှါ ရပ်နေသောအခိုက်တွင် နားစိုက်၍ အစ, အလယ်, အဆုံးတိုင်အောင် ကြားလျှင် “ဘုရားတို့သဘောသည် ဤသို့သော ဂုဏ်အထူးနှင့် ပြည့်စုံပေသည်တကား”ဟု ဘုရားဂုဏ်လျှင် အာရုံရှိသော ပီတိကို ဖြစ်စေလျက် ထိုပီတိဖြင့် နီဝရဏ

(စာမျက်နှာ-၅၉)

တရားကိုခွာ၍ ဝိပဿနာကို စီးဖြန်းလျှင် ထိုပြာသာဒ်ထက်၌ ရပ်လျက်ပင် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။

(ထို့ကြောင့် ထိုကာဠီအား ဘုရားသခင်သည် ရာဇဂြိုဟ်ပြည်သို့ ရောက်သောအခါ ဧတဒဂ်အရာ၌ ထားတော်မူသည့် အကြောင်းကို နောက်မှ ဆိုလတ္တံ့။)

နတ်ဘီလူးတို့ သရဏဂုံ ပဉ္စသီတည်ပုံ

ထိုနတ်ဘီလူး စစ်သူကြီးတို့သည်လည်း တထောင်သော နတ်ဘီလူးအပေါင်း ခြံရံလျက် ပစ္ဆိမယံ၌ ဣသိပတန မိဂဒါဝုန်တောသို့ ရောက်ကုန်၍ ဓမ္မစကြာတရား ဟောတော်မူလျက် ထက်ဝယ်ဖြင့် ထိုင်နေတော်မူသော ဘုရားရှင်၏အထံသို့ကပ်၍ လက်အုပ်ချီလျက် “အက္ခာတာရံ” အစရှိသော ဂါထာဖြင့် မြတ်စွာဘုရားအား ချီးမွမ်းခြင်းကိုပြု၍ ဆယ်ခုသော ပြသနာတို့ကို လျှောက်ကုန်သည်တွင် ဘုရားသခင်လည်း ဟေမဝတသုတ် ဒေသနာကို ဟောတော်မူပေ၏။ တရားတော်၏အဆုံး၌ ထိုနတ်စစ်သူကြီး နှစ်ဦးတို့သည် သောတာပန် တည်လေကုန်၏၊ ကြွင်းကုန်သော နတ်ဘီလူးတို့သည် သရဏဂုံ ပဉ္စသီ တည်ကြကုန်သတည်း။

ပဉ္စဝဂ္ဂီတို့ ရဟန္တာဖြစ်ကြခြင်း

ထို့နောက် ဓမ္မစက္ကပဝတ္တနသုတ်ကိုပင် အကျယ်တဖန် ဟောတော်မူပြန်သဖြင့် ၎င်းဝါဆိုလပြည့်ကျော် တရက်နေ့ အရှင်ဝပ္ပသည် သောတာပတ္တိဖိုလ်၌ တည်သည်။ နှစ်ရက်နေ့ အရှင်ဘဒ္ဒိယ, သုံးရက်နေ့ အရှင်မဟာနာမ, လေးရက်နေ့ အရှင်အဿဇိ ထေရ်တို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၍ ဧဟိဘိက္ခု ရဟန်းအဖြစ်ကို ရကြကုန်သည်။ လပြည့်ကျော် ငါးရက်နေ့၌ ငါးဦးသော ရဟန်းတို့ကို စည်းဝေးစေ၍ အနတ္တလက္ခဏသုတ်ကို ဟောတော်မူသဖြင့် ငါးဦးလုံးပင် ရဟန္တာအဖြစ်သို့ ရောက်ကုန်၏။ ဤသို့ ပဉ္စဝဂ္ဂီတို့ ရဟန္တာဖြစ်ကြပြီးလျှင် ဘုရားသခင်လည်း ထိုမိဂဒါဝုန်တော၌ပင် လှည့်လည်၍ မွေ့လျော်တော်မူ၏။

၁၄။ နာဠကထေရ် မောနေယျအကျင့်ကို ကျင့်ခြင်း

လပြည့်ကျော် ခုနစ်ရက်နေ့သို့ ရောက်သောအခါ ဒေဝိလရသေ့၏ တူဖြစ်သော နာဠကထေရ် ရောက်လာ၍ မောနေယျပဋိပတ်ကို ဟောကြားတော်မူသဖြင့် ကျင့်ရလေသည်။

အတ္ထုပ္ပတ္တိ အကျဉ်းကား- ဒေဝိလရသေ့၏ နှမတော်ဖြစ်သော မန္တာနီပုဏ္ဏေးမ၌ နာဠကမည်သော တယောက်သောသားသည် ရှိသတတ်။ ထိုသတို့သားသည် အဆင်းလည်း လှ၏။ မိဘဘိုးဘွားတို့အားလည်း ရိုသေ၏။ အရွယ်ရောက်သောကာလ အမျိုးအနွယ် အရွယ်တူသော မယားရ၍ များသော စည်းစိမ်ချမ်းသာတို့၏ အရှင်ဖြစ်၏။

မောနေယျပဋိပတ်ကိုတောင်းပုံ

အထက်က ဆိုခဲ့ပြီးသော နည်းအားဖြင့် ဘုရားလောင်း ဖွားစကပင် အရှင်ဒေဝိလ၏ ဆုံးမသောစကားကြောင့် ဘုရားလောင်းကိုရည်မှန်း၍ ရဟန်းပြုပြီးလျှင် တခုသော တောအုပ်ကို မှီ၍နေ၏။ “ရေငုပ်ဖန်များက နားချို့တဲ့ရာသည်၊ နားချို့တဲ့၍ မကြားလျှင် တရားတော်မှ ရှုံးခြင်းသို့ ရောက်ရာချေသည်”ဟု နှလုံးပြု၍ အမျိုးတို့၏ စာရိတ္တဖြစ်သော ရေငုပ်ခြင်းကိုပယ်လျက် သုံးဆယ့်ငါးနှစ်ပတ်လုံး စင်ကြယ်စွာသော အကျင့်ဖြင့် နေသည်တွင် ဘုရားသခင်

(စာမျက်နှာ-၆၀)

ဓမ္မစကြာတရားကို ဟောကြားတော်မူရာ၌ ကြားနာရသော သဟာယဖြစ်သော နတ်သားတယောက်သည် အရှင်နာဠကအား ဘုရားဖြစ်ကြောင်းကို ကြားလာ၍ သိသဖြင့် မိဂဒါဝုန်တောသို့ လာပြီးသော် အထံတော်သို့ကပ်၍ ထက်ဝန်းကျင် အတောင်ရှစ်ဆယ်မျှလောက်သော အရပ်၌ တလျှပ်လျှပ် ပထွန်းသော ရောင်ခြည်တော်အဝန်းဖြင့် တင့်တယ်တော်မူသော ဘုရားသခင်ကိုမြင်လျှင် ကြည်ရွှင်ရိုညွတ်လှသောစိတ် ရှိရကား “ငါ့ဦးရီး ဟောကြားတိုင်း ဘုရားစင်စစ် ဖြစ်သည်မှန်ချေပြီ၊ ဆင်းရဲကင်းရာ နိဗ္ဗာန်ညာကို ကောင်းစွာညွှန်တတ်သောသူကို တွေ့ရချေပြီတကား”ဟု အားရဝမ်းသာလျက် မောနေယျပဋိပတ်ကို သိခြင်းငှါ-

အနဂါရိယုပေတဿ၊ ဘိက္ခာစရိယံ ဇိဂီသတော။
မုနိ ပဗြူဟိ မေ ပုဋ္ဌော၊ မောနေယျံ ဥတ္တမံ ပဒံ-

ဟူသော ဂါထာဖြင့်-

“သံသရာ၏ ကမ်းတဖက်သို့ ကူးမြောက်တော်မူပေသော အရှင်ဘုရား... အိမ်ရာမထောင် ရဟန်းဘောင်၌ ကျင့်ဆောင်သဖြင့် ဆွမ်းခံခြင်းကို မှီတင်း၍နေလင့်ပါသော အကျွန်ုပ်အား အလျင်အမြန် နိဗ္ဗာန်ရကြောင်း ကောင်းမြတ်သော မောနေယျပဋိပတ်ကို ကောင်းစွာ ဟောတော်မူပါလော့-ဟု လျှောက်၏။

မောနေယျအကျင့်ကိုဟောခြင်း

ယင်းသို့လျှောက်သောအခါ မြတ်စွာဘုရားလည်း-

ချစ်သားနာဠက... ဤမောနေယျ ပဋိပတ်ကား ဆည်းပူးအပ်သော ပါရမီရှိမှသာလျင် ကျင့်နိုင်ရာသည်၊ ပြုခြင်းငှါ အလွန်ခဲယဉ်းသော တရားတည်း၊ သင်ကျင့်လိုမူကား ငါဟောကြားအံ့၊ မှတ်သားနာယူ၍ ကောင်းစွာ အားထုတ်လော့--ဟု

တိုက်တွန်းတော်မူလိုရကား-

မောနေယျံ တေ ဥပညိဿံ၊ ဒုက္ကရံ ဒုရဘိသမ္ဘဝံ။
ဟန္ဒ တေ နံ ပဝက္ခာမိ၊ သန္ထမ္ဘဿု ဒဠှော ဘ၀-

ဟူသော-ဂါထာကို ဟောတော်မူ၏။

[အနက်ကား]နာဠက၊ ချစ်သားနာဠက။ ဟန္ဒ၊ ယခု။ ဒုက္ကရံ၊ ပြုနိုင်ခဲစွာထသော။ ဒုရဘိသမ္ဘဝံ၊ လွန်၍ ကျင့်ရထသော။ ဝါ၊ ဖြစ်စေခြင်းငှါ ငြိုငြင်စွာ ကျင့်ရထသော။ မောနေယျံ၊ မောနေယျ ကျင့်ဝတ်ကို။ တေ၊ သင့်အား။ အဟံ၊ ငါသည်။ ဥပညိဿံ၊ သိစေအံ့။ တေ၊ သင့်အား။ နံ၊ ထိုမောနေယျပဋိပတ်ကို။ ပဝက္ခာမိ၊ ဟောပေအံ့။ တွံ၊ သင်သည်။ သန္ထမ္ဘဿု၊ ဝီရိယဖြင့် ထောက်ပင့်လော့။ ဒဠှော၊ မြဲမြံသည်။ ဘဝ၊ ဖြစ်လော့။

(စာမျက်နှာ-၆၁)

မောနေယျအကျင့်

ဤဂါထာဖြင့် နာဠကမထေရ်အား သန္ထမ္ဘန ဒဠှီဘာဝအဖြစ်၌ တိုက်တွန်းတော်မူပြီး၍ ယခုအခါ ပဋိပတ်အစဉ်ကို ထင်စွာပြတော်မူခြင်းငှါ-

သမာနဘာဂံ ကုဗ္ဗေထ၊ ဂါမေ အက္ကုဋ္ဌဝန္ဒိတံ။
မနောပဒေါသံ ရက္ခေယျ၊ သန္တော အနုဏ္ဏတော စရေ-

အစရှိသော နှစ်ဆယ့်နှစ်ဂါထာကို ဟောတော်မူ၏။

[အနက်ကား]နာဠက၊ ချစ်သား နာဠက။ ဂါမေ၊ ရွာ၌။ အက္ကုဋ္ဌဝန္ဒိတံ၊ အမျက်ထွက်ငြား ထိပါးသောသူ, ကြည်ညွတ်ရိုကျိုး ရှိခိုးလာသော သူကို။ သမာနဘာဂံ၊ မုန်းချစ်မဟူ အတူအမျှ။ ကုဗ္ဗေထ၊ ပြုရာ၏။ မနောပဒေါသံ၊ စိတ်ဖြင့် ပြစ်မှားခြင်းကို။ သန္တော၊ သူတော်ကောင်းသည်။ ရက္ခေယျ၊ စောင့်ရာ၏။ အနုဏ္ဏတော၊ ဝမ်းမမြောက်သည်ဖြစ်၍။ စရေ၊ ကျင့်ရာ၏။

ဒါယေ၊ တော၌။ အဂ္ဂိသိခူပမာ၊ လောင်သောမီးလျှံနှင့် တူကုန်သော။ နာရိယော၊ မိန်းမတို့သည်။ ဥစ္စာဝစာ၊ ယုတ်ယုတ်မြတ်မြတ် ဖြစ်ကုန်သော စကားတို့ကို။ နိစ္ဆရန္တိ၊ မြွက်ဆို ပြောကြားကုန်လျက်။ မုနိံ၊ ရဟန်းကို။ ပလောဘေန္တိ၊ စကားချိုသာ လှူဒါန်းပေးငြား လှည့်ပတ်သောအားဖြင့် ဖျားယောင်း သွေးဆောင်တတ်ကုန်၏။ တာ၊ ထိုတောမီးပမာ လောင်တတ်စွာတုံ အာရုံငါးဝ မိန်းမအပေါင်းတို့သည်။ တံ၊ သင့်ကို။ မာ ပလောဘယုံ၊ မပျက်စီးစေကုန်လင့်။ ဝါ၊ မဖြားယောင်းစေကုန်လင့်။

မေထုနာ ဓမ္မာ၊ ယှဉ်ဖက်မြူးခုန် မေထုန်အကျင့်မှ။ ဝိရတော၊ ကြဉ်သည်။ ဘဝ၊ ဖြစ်လော့။ အပရာပရေ၊ ထိုမှတပါးကုန်သော။ ကာမေ၊ ငါးပါးအာရုံ ကာမဂုဏ်တို့ကို။ ဟိတွာ၊ စွန့်၍။ ပါဏေသု၊ ရန်မူသော သတ္တဝါတို့၌။ အဝိရုဒ္ဓေါ၊ မဆန့်ကျင်သည်။ ပါဏေသု၊ အဖော်ကျွမ်းဝင် ကြင်နာသော သတ္တဝါတို့၌။ အသာရတ္တော၊ တပ်မက်ခြင်း မရှိသည်။ ဘဝ၊ ဖြစ်လော့။ တသထာဝရေ၊ ပုထုဇဉ်သေက္ခဖြစ်သော သတ္တဝါ, အသေက္ခဖြစ်သော သတ္တဝါတို့ကို။ အဟံ ယထာ၊ ငါကဲ့သို့။ ဧတေ၊ ထိုသတ္တဝါတို့သည်။ တထာ၊ ထို့အတူ။ ဘဝန္တိ၊ ဖြစ်ကုန်၏၊ ဧတေ ယထာ၊ ထိုသတ္တဝါတို့ကဲ့သို့။ တထာ၊ ထို့အတူ။ အဟံ၊ ငါသည်။ ဘဝတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ အတ္တာနံ၊ မိမိကိုယ်ကို။ ဥပမံကတွာ၊ ထပ်တူ ဥပမာကိုပြု၍။ န ဟနေယျ၊ သူ့ကို မထိပါးရာ။ န ဃာတယေ၊ မညှဉ်းဆဲရာ။

(ဤပါဌ်တို့ဖြင့် ပါတိမောက္ခသံဝရသီလ, ဣန္ဒြိယသံဝရသီလ နှစ်ပါးကို အကျဉ်းအားဖြင့် ပြတော်မူ၏။)

ပုထုဇ္ဇနော၊ ပုထုဇဉ်သည်။ ယတ္ထ၊ အကြင်ပစ္စည်းလေးပါး၌။ သတ္တော၊ ကပ်ငြိသည်ဖြစ်၍။ တိဋ္ဌတိ၊ တည်၏။ တတ္ထ၊ ထိုပစ္စည်းလေးပါး၌ ဣစ္ဆဉ္စ၊ မရသေးသည်ကို လိုချင်တပ်မက်သော ဣစ္ဆာကိုလည်းကောင်း။ လောဘဉ္စ၊ ရပြီးသည်ကို မဖိတ်မယို လိုချင်မက်မောသော လောဘကိုလည်းကောင်း။ ဟိတွာ၊ ပယ်စွန့်၍။ စက္ခုမာ၊ ဆင်ခြင်ခြင်း

(စာမျက်နှာ-၆၂)

ပညာစက္ခုရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဣမံ၊ ဤမောနေယျအကျင့်ကို။ ပဋိပဇ္ဇေယျ၊ ကျင့်ရာ၏။ ဧဝံ၊ ဤသို့ကျင့်သောသူသည်။ နရကံ၊ ငရဲသို့ဆောင်တတ်သော။ ဣမံ၊ ဤမိစ္ဆာဇီဝ၏အကြောင်းဖြစ်သော ပစ္စယတဏှာကို။ တရေယျ၊ ကူးရာ၏။

(ဤဂါထာဖြင့် ကုလဒူသန, အနေသန စသည်မှခွာ၍ အာဇီဝပါရိသုဒ္ဓိသီလကို ပြတော်မူသည်။)

ဦနောဒရော၊ လျသောဝမ်းရှိသည်။ မိတာဟာရော၊ နှိုင်းယှဉ်ပိုင်းခြားအပ်သော အာဟာရရှိသည်။ အဿ၊ ဖြစ်ရာ၏။ အပ္ပိစ္ဆော၊ အလိုနည်းသည်။ အလောလုပေါ၊ မလျှပ်ပေါ်သည်။ အဿ၊ ဖြစ်ရာ၏။ ဧဝံ၊ ဤသို့ ဖြစ်သည်ရှိသော်။ သဒါ၊ အခါခပ်သိမ်း။ ဣစ္ဆာယ၊ လိုချင်ခြင်းဖြင့်။ နိစ္ဆာတော၊ ဆာလောင်ခြင်းမရှိသည်။ အနိစ္ဆော၊ အလိုမရှိသည်ဖြစ်၍။ နိဗ္ဗုတော၊ ငြိမ်းပြီးသော ကိလေသာတည်းဟူသော ပူပန်ခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။

မုနိ၊ မောနေယျအကျင့်ကို ကျင့်သော။ သော ဘိက္ခု၊ ထိုရဟန်းသည်။ ပိဏ္ဍစာရံ၊ ဆွမ်ခံရွာသို့။ စရိတွာ၊ သွား၍။ ဘတ္တကိစ္စံ ဝါ၊ ဆွမ်းစားခြင်းကိစ္စကိုမူလည်း။ ကတွာ၊ ပြု၍။ ဝနန္တံဝ၊ တောသို့သာလျှင်။ အဘိဟာရယေ၊ ရှေးရှုသွားရာ၏။ ရုက္ခမူလသ္မိံ၊ သစ်ပင်ရင်း၌။ ဥပဋ္ဌိတော၊ ရပ်သည်ဖြစ်၍။ အာသနူပဂတော၊ နေရာသို့ကပ်လျက်။ နိသိန္နော၊ မလျောင်းမစက် ထက်ဝယ်ထိုင်နေသည်။ အဿ၊ ဖြစ်ရာ၏။

ဓုတင်မှတ်ချက်

(လူတို့နှင့် ဟောပြောခြင်းစသည်ကို မပြုပဲ တောထဲသို့ကပ်၍ ရပ်လျက်, ထိုင်လျက်သာ နေအပ်၏ဟူလိုသည်၊ ဤဂါထာဖြင့် ပိဏ္ဍပါတိက ဓုတင်, သပဒါနစာရီ, ဧကာသနိက်, ပတ္တပိုဏ်, ခလုပစ္ဆာ ဓုတင်တို့ကို သဘာဝအားဖြင့် ပြသည်၊ တေစီဝရိက, ပံသုကူလ ဓုတင်တို့ကို သမာဒါနတ္ထအားဖြင့် ပြသည်၊ အာရညကင်ဓုတင်, ရုက္ခမူဓုတင်, နိသဇ္ဇိဓုတင်တို့ကို နီတတ္ထအားဖြင့် ပြတော်မူသည်။ အဗ္ဘောကာသိက, ယထာသန္ထတိ, သောသာနိက ဓုတင်တို့ကိုလည်း အတ္ထုပတ္တိအားဖြင့် ပြတော်မူသည်။)

သော၊ ထိုဓုတင်တေရသကို ဆောင်ပြီးသော ရဟန်းသည်။ ဈာနပသုတာ၊ အာရမ္မဏူပနိဇ္ဈာနဈာန်, လက္ခဏူပနိဇ္ဈာနဈာန်တို့၌ လေ့ကျက်သည်။ ဓီရော၊ ဝီရိယ ပညာ သမာဓိနှင့် ပြည့်စုံသည်။ ဟုတွာ၊ ဖြစ်၍။ ဝနန္တေ၊ တောအတွင်း၌။ ရမိတော၊ မွေ့လျော်သည်။ သိယာ၊ ဖြစ်ရာ၏။ ရုက္ခမူလသ္မိံ၊ သစ်ပင်ရင်း၌။ လောကုတ္တရဈာနေန၊ လောကုတ္တရာဈာန်ဖြင့်။ အတ္တာနံ၊ မိမိကိုယ်ကို။ အဘိတောသယံ၊ အလွန်နှစ်သက်ပေလျက်။ ဈာယေထ၊ ဈာန်ဝင်စားရာ၏။

တတော၊ ထိုသို့သော ရှေးရှုသွားသည်မှ။ ဥတ္တရိ၊ အထက်၌။ ရတျာဝိဝသာနေ၊ ညဉ့်ကို လွန်လတ်သည်ရှိသော်။ ဂါမန္တံ၊ ရွာတွင်းသို့။ အဘိဟာရယေ၊ အာဘိသမာစာရိက ကျင့်ဝတ်ကို ဖြစ်စေလျက် ကမ္မဋ္ဌာန်းကို နှလုံးသွင်း၍ သွားရာ၏။ အဝှာနံ၊ အကျွန်ုပ်တို့၏အိမ်၌ ဆွမ်းစားပါဟု ပင့်ခေါ်ခြင်းကို။ နာဘိနန္ဒေယျ၊ မနှစ်သက်ရာ။ ဝါ၊ မခံရာ။

(စာမျက်နှာ-၆၃)

ဂါမတော၊ ရွာမှ။ အဘိဟာရဉ္စ၊ ရှေးရှုဆောင်ခဲ့သော ဆွမ်းကိုလည်း။ နာဘိနန္ဒေယျ၊ မခံရာ။

မုနိ၊ မောနေယျအကျင့်ကို ကျင့်သော ရဟန်းသည်။ ဂါမံ၊ ရွာသို့။ အာဂမ္မ၊ ရောက်၍။ ကုလေသု၊ ဒါယကာတို့၌။ သဟသာ၊ တကွရောနှောသဖြင့်။ န စရေ၊ မပြုကျင့်ရာ။ ဆိန္နကထော၊ မပြောဟောလတ် ပြတ်သောစကားရှိသည်ဖြစ်၍။ စရေ၊ ကျင့်ရာ၏။ ပယုတ္တံ၊ ပရိယာယ်ရိပ် နိမိတ်ဩဘာသနှင့် ယှဉ်သော။ ဃာသေသနံ၊ အစားအဝတ်ရှာခြင်းနှင့် စပ်သော။ ဝါစံ၊ စကားကို။ န ဘဏေ၊ မဆိုရာ။

ဂါမံ၊ ရွာသို့။ ပဝိဋ္ဌော၊ ဝင်သော။ ဘိက္ခု၊ ရဟန်းသည်။ ကိဉ္စိ၊ စိုးစဉ်းမျှသော ဝတ္ထုကို။ လဒ္ဓေ၊ ရသည်ရှိသော်။ ယံ၊ အကြင်ဝတ္ထုကို၊ အလတ္ထံ၊ ရအပ်ပြီ။ တံ၊ ထိုသို့ရခြင်းသည်။ သာဓု၊ ကောင်း၏။ အလဒ္ဓေ၊ စိုးစဉ်းမျှ မရသည်ရှိသော်။ ယံ နာလတ္ထံ၊ အကြင်အခြင်းဖြင့် မရ။ ဧဝံ၊ ဤသို့မရခြင်းသည်လည်း။ ကုသလံ၊ ကောင်း၏။ ဣတိ၊ ဤသို့။ ဥဘယေနေဝ၊ ရ,မရ နှစ်ပါးဖြင့်ပင်လျှင်။ တာဒီ၊ ဖောက်ပြန်ခြင်းမရှိသည်။ ဟုတွာ၊ ဖြစ်၍။ ရုက္ခံဝ၊ သစ်ပင်ကဲ့သို့။ ဥပနိဝတ္တတိ၊ လျစ်လျူပြု၍ လွန်ရာ၏။

သပတ္တပါဏိ၊ သပိတ်ကိုပိုက်လျက်။ စရန္တော၊ သွားသည်ရှိသော်။ သော ဘိက္ခု၊ ထိုရဟန်းသည်။ အမူဂေါ၊ မအပဲလျက်။ မူဂသမ္မတော၊ အ-၏ဟူ၍ သမုတ်အပ်သည်။ အဿ၊ ဖြစ်ရာ၏။ အပ္ပဒါနံ၊ အနည်းငယ် လှူခြင်းကို။ န ဟီဠေယျ၊ မရှုတ်ချရာ။ ဒါတာရံ၊ လှူသောသူကို။ နာဝဇာနိယာ၊ မထေမဲ့မြင်မပြုရာ။

(ဤမှတပါး ဟောတော်မူအပ်သော ပဋိပတ်ကား များသေး၏၊ ကျမ်းလေးအံ့စိုး၍ မရေးချေပြီ။ အလိုရှိမူ သုတ္တနိပါတ် ပါဠိတော်၌ ယူလေ၊ မောနေယျ ပဋိပဒါကို မနာရဖူးသေးသူ များသောကြောင့် အမြွက်မျှ ရေးလိုက်သည်။)

နာဠကလည်း ဘုရားဆုံးမသော ဩဝါဒအတိုင်း မှတ်နာ၍ “ငါကား တဖန် ဘုရားရှင်ကို ဖူးမြင်ရမူ, တဖန် တရားတော်ကို နာရပြန်မူ, တဖန် မောနေယျပဋိပတ်ကို မေးလျှောက်ရပြန်မူ ပေါ့တန်လျှပ်ပေါ်ရာ ရောက်ချေမည်”ဟု နှလုံးပြုလျက် တခုသော တောအုပ်သို့ ဝင်ပြီးသော် သစ်တပင်ရင်း၌ နှစ်ရက်မနေ, တရွာတွင် နှစ်ရက် ဆွမ်းမခံ, တတောမှသည် တတော, သစ်တပင်မှသည် သစ်တပင်, တရွာမှသည် တရွာသို့ လှည့်ပတ်ကာသာ ခြိုးခြံစွာ ကျင့်သဖြင့် ခုနစ်လတိုင်လျှင် အရဟတ္တဖိုလ်ကိုရ၍ မိမိ၏ အာယုသင်္ခါရ ကုန်သည်ကိုလည်းသိ၍ ရေချိုးပြီးသော် သင်းပိုင်, ကိုယ်ဝတ်, ဒုကုဋ်, ခါးပန်းတို့ကို ရိုသေစွာ ဝတ်ရုံလျက် ဘုရားရှိရာ မျက်နှာပြုလျက် တခုသော ဆေးဒန်းမြင်းသီလာတောင်ကို မှီလျက် ထိပ်ထက် လက်အုပ်ကိုထား၍ ရပ်လျက်ပင် ပရိနိဗ္ဗာန် ပြုလေ၏။ ဘုရားသခင်လည်း သံဃာတော်အပေါင်းနှင့်တကွ ကြွ၍ သင်္ဂြိုဟ်တော်မူ၏။

ပဌမပိုင်း ပြီးပြီ။

(စာမျက်နှာ-၆၄)

ဒုတိယပိုင်း

၁၅။ ယသသဌေးသား ရဟန်းပြုခြင်း

ယသသဌေးသား စည်းစိမ်

သဗ္ဗညုမြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီ ငါးဦးတို့အား တရားဟောရွတ် ချွတ်တော်မူ၍ မိဂဒါဝုန်တော၌ နေတော်မူသောအခါ ဗာရာဏသီပြည် သေနနိဂုံး၌ ဗြဟ္မဏမဟာသာလ သဌေးကြီးသမီး နို့ဆွမ်းလှူသော သုဇာတာ၏သားဖြစ်သော ယသလုလင်သည် စင်ကြယ်သန့်ရှင်းသော အဆင်းအဝါလည်း ရှိ၏၊ သိမ်မွေ့နူးညံ့သော အပြင်အလျာလည်းရှိ၏၊ များလှစွာသော စည်းစိမ်ဥစ္စာလည်း ရှိ၏။ ထိုသဌေးသားသည် သုံးပါးသောဥတုနှင့် လျောက်ပတ်သော ပြာသာဒ်သုံးဆောင်၌ တထောင့်ငါးရာမျှလောက်သော အတီး,အက မောင်းမမိဿံတို့ကို ခြံရံခစားစေလျက် မိမိမှတပါး ယောက်ျားမရှိပဲ လွန်ကဲကြီးမြတ်စွာသော ကာမဂုဏ်ချမ်းသာကို ခံစား၍နေသတည်း။

ထိုသတို့သားအား တဥတုမှသည် တဥတုသို့ ပြောင်း၍ ဆောင်းစံသောပြာသာဒ်မှ နွေစံသောပြသာဒ်သို့, နွေစံသော ပြာသာဒ်မှ မိုးစံသော ပြာသာဒ်သို့, မိုးစံသော ပြာသာဒ်မှ ဆောင်းစံသော ပြာသာဒ်သို့ ပြောင်းလတ်သောအခါ နတ်ကညာတို့ကဲ့သို့ တင့်တယ်စွာ တန်ဆာဆင်အပ်သော မင်းမိန်းမတို့သည် အချို့ကား စောင်း, ငြင်း, ပတ်သာ တူရိယာ တီးမှုတ်ကုန်လျက်, အချို့ကား သီချင်းသီကုန်လျက်, အချို့ကား အလွန်က,မြူးကုန်လျက် ခြံရံ၍ လိုက်ကြသဖြင့် ပွဲသဘင်ကြီးစွာဖြစ်၍ ပြည်သူပြည်သားအပေါင်းတို့သည် သောင်းသောင်းအုတ်အင် မြေပြင်ပြည့်မျှ ရှုကြကုန်သတည်း။

သံဝေဂဖြစ်ခြင်း

ဤသို့ ကြီးမြတ်သော လောကီချမ်းသာကို ခံစားလျက်နေစဉ် တနေ့သောအခါ ကာမဂုဏ်ချမ်းသာတို့ဖြင့် စံပယ်ပျော်ပါးလျက် ယသသတို့သားသည် စောစောကလျှင် အိပ်ပျော်၍ ပစ္ဆိမယံအစ၌ နိုးလေသော် အခြွေအရံဖြစ်သော ကိုယ်လုပ်မောင်းမတို့သည် အချို့ကား ရှူဟောက်၍ အာစောက်ခံတွင်း ဟင်းလင်းပွင့်ကုန်လျက် စက်ဆုပ်ဖွယ်သော အနံ့တို့ဖြင့်လှိုင်လျက်, အချို့ကား ကိုယ်ဝတ်ပုဆိုးကျွတ်ကုန်လျက်, အချို့ကား ဦးဆံဖားရား ကြဲကုန်လျက်, အချို့ကား စောင်းကိုပိုက်လျက်, အချို့ကား မုရိုးစည်လွယ်လျက်, ပက်လက်ကားကား တလန်းကြားဖားသီ မှီလျက် ဖိလျက် ရှုပ်ယှက်ခတ်မျှ အိပ်စက်ကြသည်ကို ညဉ့်သုံးယံလုံး ထွန်းညှိသော နံ့သာဆီမီးရောင်ဖြင့် မြင်လေလျှင် မရွှင်မပျော် ညှိုးလျော်တုန်လှုပ်သော နှလုံးနှင့် ယူကျုံးမရရှိလျက်-

ဥပဒ္ဒုတံ ဝတ ဘော, ဥပဿဋ္ဌံ ဝတ ဘော-

ဟူသော-ဥဒါန်းကို ဆိုလျက်-

“အို-အချင်းတို့... အလုံးစုံသော ကိုယ်၏အဖြစ်သည် နှစ်သက်ခင်မင်ဖွယ် မရှိပဲလျက် တပ်ငြိစွဲလမ်းသဖြင့် ပင်ပန်းနှိပ်စက်လေစွတကား၊ ဤခန္ဓာငါးပါး၏အဖြစ်သည် အနှစ်သာရ မရှိ၊
(စာမျက်နှာ-၆၅)
တစီးတွင်း၌ တက်သောအမြှုပ်ကဲ့သို့ ယုတ်မာလှစွာလျက် တဏှာ၏အဟုန်ဖြင့် စုံမက်ခြင်းပြင်း၍ ညှဉ်းဆဲ ပူလောင်လေစွတကား”ဟု မြည်တမ်း၏။

စံတော်အိမ်မှ ထွက်ပြေးခြင်း

ဤသို့သော ဥဒါန်းစကားကို ဆိုပြီးလျှင် မိမိကိုယ်၏ အဖြစ်အပျက်ကို စဉ်းစား၍ ချောက်ချားထိတ်လန့်ရကား အိပ်ရာညောင်စောင်းမှထ၍ ရွှေခြေနင်းတို့ကိုစီးလျက် ထွက်လေသဖြင့် အိမ်တံခါးဝသို့ ရောက်လေလျှင် နတ်တို့သည် “သဌေးသား၏ ရဟန်းပြုခြင်း၌ တစုံတခုသော အန္တရာယ်သည် မတွယ်မငြိစေသတည်း”ဟု တံခါးကိုဖွင့်လင့်၍ ပွင့်နှင့်လေသဖြင့် အသင့်ပင် ထွက်သွားရ၍ မြို့တံခါးဝသို့ ရောက်ပြန်လျှင် ယခင်ကကဲ့သို့ နတ်တို့ဖွင့်ပြီးဖြစ်၍ အဆီးအတားမရှိ ထွက်သွားရဘိ၍ မိဂဒါဝုန်တောသို့ ရောက်လေ၏။ ထိုအခါ မြတ်စွာဘုရားသည်လည်း ထိုညဉ့်မိုးသောက်ယံ၌ ကျောင်းတော်မှ မနီးမဝေးဖြစ်သော လွင်တီးခေါင်၌ စင်္ကြံကြွ၍ နေတော်မူစဉ် အဝေးမှလာသော ယသသဌေးသားကို မြင်တော်မူလျှင် စင်္ကြံမှ သင့်တင့်လျောက်ပတ် ခင်းအပ်သောနေရာ၌ နေတော်မူလင့်၏။

သဌေးသားလည်း ဘုရားရှင်၏ အနီးသို့ရောက်လျှင် ယခင်ဆိုအပ်သော-

ဥပဒ္ဒုတံ ဝတ ဘော, ဥပဿဋ္ဌံ ဝတ ဘော-

ဟူသော ဥဒါန်းစကားကို ကျူး၏။ ဘုရားသခင်သည်လည်း ရွှင်လှသော မျက်နှာဖြင့်-

ဣဒံ ခေါ ယသ အနုပဒ္ဒုတံ အနုပဿဋ္ဌံ၊ ဧဟိ ယသ နိသီဒ၊ ဓမ္မံ တေ ဒေသေဿာမိ-

ဟူသောစကားဖြင့်-

“ချစ်သား ယသ... ငါရအပ်သော အမြိုက်နိဗ္ဗာန်သည် ရွံရှာ စက်ဆုပ်အပ်သော သဘောမရှိ၊ ထိပါးနှိပ်စက်ခြင်းလည်း ကင်း၏၊ သန့်ရှင်းစင်ကြယ်စွာ ချမ်းသာတကာတို့၏ အထွတ်လည်း ဖြစ်၏၊ ယုတ်ညံ့သော သတ္တဝါတို့ ရောက်ခြင်းငှါမထိုက်၊ ကြီးမြတ်သော ပုညသမ္ဘာရရှိသော သူတို့၏ နေရာသာလျှင် ဖြစ်၏ အနှစ်သာရနှင့် ပြည့်စုံ၍ ဂုဏ်အပေါင်းတို့၏ တည်ရာလည်း ဖြစ်၏၊ ချစ်သားယသ... စင်ကြယ်လှသော သုခကို သင်အလိုရှိမူကား လျင်စွာ လာလော့၊ ချမ်းသာကြောင်းဖြစ်သော နိဗ္ဗာန်တရားကို သင့်အား ငါဟောအံ့”ဟု မိန့်တော်မူ၏။

ယင်းသို့ခေါ်၍ မိန့်တော်မူလျှင် ယသလည်း ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ ရွှေခြေနင်းတို့ကို ချွတ်လျက် ဘုရားအထံသို့ကပ်၍ ရိုသေစွာနေ၏။

သောတာပန်ဖြစ်ပြီ

ဘုရားသခင်လည်း အစဉ်အတိုင်းသော တရားစကားဖြင့် ဟောကြားတော်မူ၍ သစ္စာလေးပါးကို ပြတော်မူလျှင် ဖြူစင်သောအဝတ်ကို တပ်လှသော ဆိုးရည်ဖြင့် ဆိုးတပ်ဘိသကဲ့သို့ ဒိဋ္ဌိ,ဝိစိကိစ္ဆာကင်းလျက် ရုတ်ခြည်းပင် သောတာပတ္တိဖိုလ်သို့ ရောက်သတည်း။

(စာမျက်နှာ-၆၆)

သား ရဟန္တာ, အဖ ဥပါသကာ

ထိုအခါ ရှင်ယသ၏အိမ်၌လည်း ယသ၏မိခင် သဌေးမသည် နံနက်စောစောထ၍ ယသသတို့သား၏ စံရာပြာသာဒ်သို့တက်၍ ကြည့်လေသော် သားကို မမြင်သဖြင့် ပူပင်လောင်ဆာ ဗျာပါဒကြီး ရင်တီးလက်ခတ် ရေရွတ်မြည်တမ်းလျက် အဖသဌေးအား အကြောင်းကိုကြား၏။ ယသ၏ဖခင် သဌေးလည်း အရပ်လေးမျက်နှာတို့သို့ မြင်းသည်တမန်တို့ကို စေလွှတ်လိုက်ဘိ၏။ မိမိလည်း သားသွားလေသော ရွှေခြေနင်းရာကို အစဉ်မှီးသဖြင့် လိုက်လာသော် ထိုမိဂဒါဝုန်တောသို့ ရောက်လေ၏။

ဘုရားသခင်လည်း သဌေးလာလတ်သည်ကို အဝေးကမြင်လျှင် အထံတော်တွင်ရှိသော ယသသတို့သားကို ဝှက်ထားဦးမှ သင့်မည်ဟု အကြံဖြစ်၍ ယသကို မမြင်ရအောင် တန်ခိုးဖန်ဆင်းတော်မူ၏။

သဌေးလည်း ဘုရားရှိရာ ကပ်ပြီးလျှင် “အရှင်ဘုရား... အကျွန်ုပ်ကား သားပျောက်၍ ရှာလာပါသည်။ သတို့သားတယောက် လာသည်ကို မြင်ပါသလော”ဟု လျှောက်၏။

ဘုရားသခင်လည်း “သင်... ထိုင်ဦးလော့၊ ဤအရပ်၌ပင် သင်၏သား ယသကို မြင်ရလတ္တံ့”ဟု မိန့်တော်မူ၏။ သဌေးလည်း သားကိုမြင်ရအံ့ဟူသော စကားကို ကြားလျှင် အားရဝမ်းသာဖြစ်ကာ ဘုရားခြေတော်ရင်းကပ်၍ နေလေ၏။

ဘုရားသခင်လည်း ဒါနကထာ, သီလကထာ, သဂ္ဂကထာ, ကာမာဒီနဝ, ဩကာရ, သံကိလေသ, နေက္ခမ္မာနိသံသ တည်းဟူသော အစဉ်သောတရားစကားကို ဟောကြားတော်မူပေ၏။

ဒေသနာတော်၏အဆုံး၌ သဌေးသည် သောတာပန်တည်လေ၍ “အရှင်ဘုရား၏ တရားဒေသနာသည် အလွန်ကောင်းလေစွတကား၊ ခရီးမှားသောသူအား ဖြောင့်သားစွာ လမ်းညွှန်သကဲ့သို့လည်းကောင်း, ဖုံးမှောက် ဝှက်ထားသော ဝတ္ထုကို လှစ်လှန်၍ ပြသကဲ့သို့လည်းကောင်း, အင်္ဂါလေးပါးရှိသော အမိုက်မှောင်၌ တန်ဆောင်မီးကို ထွန်းညှိသကဲ့သို့လည်းကောင်း ဖြစ်ပေသည်။ အကျွန်တို့ သိရပေသည်။ ယနေ့မှစ၍ အကျွန်ုပ်သည် ဘုရားသခင်ကိုလည်းကောင်း, တရားတော်ကိုလည်းကောင်း, သံဃာတော်ကိုလည်းကောင်း ကိုးကွယ်မှီခိုရာဟူ၍ ဆည်းကပ်ပါ၏၊ အကျွန်ုပ်ကို ဥပါသကာဟူ၍ မှတ်တော်မူပါ၊ အရှင်ဘုရား ဟေကြားဆုံးမရာကို နာခံ၍ ကျင့်ပါတော့မည်”ဟု လျှောက်၏။ ထိုသဌေးကား လောကသုံးရွာ၌ ရှေးဦးစွာ တေဝါစိက သရဏဂုံတည်သော ဒါယကာတည်း။ ယသသတို့သားလည်း အဖသဌေးအား ဟောကြားသော တရားတော်ကို နာရ၍ လူဝတ်နှင့်ပင် ရဟန္တာဖြစ်လေသတည်း။

ဧဟိဘိက္ခု ခေါ်တော်မူခြင်း

ထိုအခါ မြတ်စွာဘုရားလည်း ဤသို့ အကြံတော်ဖြစ်၏။ “ယသလည်း အာသဝေါကုန်၍ ရဟန္တာဖြစ်လေပြီ၊ အိမ်ရာထောင်သော လူ့ဘောင်သို့ဝင်၍ ကာမဂုဏ်ချမ်းသာကို ခံစားခြင်းငှါ မထိုက်ပြီ၊ အဖသဌေးကြီးလည်း သာသနာတော်ကို မဖျက်ဆီးရာပြီ၊ တန်ခိုးတော်ကို ငြိမ်းစေသင့်၏” ဟု ကြံတော်မူ၍ သားအဖနှစ်ဦးကို ဤနေရာ၌ပင် ထင်မြင်စေ၏။ သဌေးလည်း အနီး၌ရှိသော ယသသတို့သားကို မြင်လျှင် ရွှင်လန်းသောစိတ် ရှိသည်ဖြစ်၍

(စာမျက်နှာ-၆၇)

“ချစ်သား-- သင်၏အမိသည် စိုးရိမ်ခြင်း ငိုကြွေးခြင်း ကြီးစွာဖြစ်ချေသည်၊ သင့်အမိအား အသက်ကိုပေးခြင်းငှါ အိမ်သို့လိုက်ပါဦး”ဟု ဆိုလျှင် အရှင်ယသလည်း ဘုရားမျက်နှာတော်ကို မော်၍ကြည့်၏။ ဘုရားသခင်လည်း “သင်သဌေးသည် ငါဟောကြားသော သစ္စာတရားကို ထင်ရှားမြင်သကဲ့သို့ ယသသတို့သားသည်လည်း တရားတော်ကိုမြင်ပြီ၊ အာသဝေါတရား လေးပါးတို့မှ လွတ်ပေပြီ၊ ရှေးလူဖြစ်သော အခါကဲ့သို့ ကာမဂုဏ်ချမ်းသာကို ခံစားခြင်းငှါ မထိုက်ပြီ” ဟု မိန့်တော်မူ၏။ ထိုစကားကို သဌေးကြားလျှင် အားရဝမ်းသာ လွန်စွာချီးပ၍ ယသနှင့်တကွ ဘုရားသခင်အား နက်ဖြန်အလို့ငှါ ဆွမ်းဖိတ်၍ အိမ်သို့ပြန်လေ၏။ သဌေးသွား၍ မကြာမြင့်မီပင် အရှင်ယသလည်း ဘုရားအထံတော်တွင် ရှင်ရဟန်းအဖြစ်ကို တောင်းပန်၍ “ဧဟိဘိက္ခု” ခေါ်တော်မူသဖြင့် ဆံ,မုတ်ဆိတ်, လူဝတ်လူစားတို့သည် ကွယ်ပ၍ ဘိက္ခုဘာဝသည် ပြည့်စုံလေသတည်း။

(ထိုအခါ သုံးရွာသော လောက၌ ခုနစ်ဦးသော ရဟန္တာတို့သည် ဖြစ်ကုန်၏။)

ရှင်ယသ၏ ဆွေမျိုးမိတ်သင်္ဂဟများ

နက်ဖြန် နံနက်သောအခါ၌ မြတ်စွာဘုရားလည်း ရှင်ယသနှင့်တကွ သဌေးအိမ်သို့ကြွ၍ ဆွမ်းဘုဉ်းပေးပြီးလျှင် ရှင်ယသ၏ အမိ,မယားတို့အား အစဉ်သော တရားစကားကို ဟောကြားတော်မူ၍ သောတာပတ္တိဖိုလ်၌ တည်စေလေ၏။

(ထိုသူတို့လည်း မိန်းမအပေါင်းတို့တွင် ရှေးဦးစွာ တေဝါစိကသရဏဂုံ တည်သောသူတို့တည်း။)

ဤဗာရာဏသီပြည်၌ အဆက်ဆက်သော သဌေးတို့၏ သားဖြစ်ကုန်သော အရှင်ယသ၏ လူကအဆွေခင်ပွန်း ဖြစ်ကုန်သော ဝိမလ, သုဗာဟု, ပုဏ္ဏ, ဂဝံပတိဟူသော လေးယောက်သော ပုဏ္ဏားတို့သည် မိမိတို့၏ မိတ်ဆွေဖြစ်သော ယသသည် ကြီးကျယ်လှသော စည်းစိမ်ဥစ္စာ, လယ်ယာ, သားမယားတို့ကို စွန့်ပစ်၍ ရဟန်းပြုလေပြီဟု ကြားလျှင် ဤသို့ ကြံကြ၏။ “ရဟန်းအဖြစ်သည် စင်စစ် အကျိုးနည်းသည်ဖြစ်အံ့၊ ငါတို့အဆွေ ယသသည် ကြီးမြတ်လှသော စည်းစိမ်ချမ်းသာကို ခွာသန်း၍ ရဟန်းမပြုလေရာ၊ ထူးမြတ်လှသည်သာ ဖြစ်လတ္တံ့”ဟု ကြံတွေး၍ ထိုသဌေးသား လေးယောက်တို့သည် အရှင်ယသထံသို့ သွားပြီးလျှင် ဘုရားသခင်အထံတော်သို့ ပို့ပါမည့်အကြောင်းနှင့် တောင်းပန်၏။ ရှင်ယသလည်း ထိုသူလေးယောက်တို့ကို ဘုရားရှေ့တော်သို့ဆောင်၍ ရဟန်းဘောင်သို့ သွင်းတော်မူပါဟု လျှောက်လျှင် အစဉ်သော တရားစကားကို ဟောကြားပြသတော်မူ၍ အရဟတ္တဖိုလ်၌ တည်စေပြီးမှ “ဧဟိဘိက္ခု” ခေါ်တော်မူ၍ လေးဦးလုံးပင် ရဟန္တာဖြစ်ကြလေသတည်း။

ထို့နောင် ဗာရာဏသီပြည်၏အနီး ဇနပုဒ်၌ နေကုန်သော ရှင်ယသ၏ လူကအဆွေခင်ပွန်း ဖြစ်ကုန်သော ရှေးရှေးသောဘဝက အနာထသရီရကို သင်္ဂြိုဟ်ခြင်းကိစ္စ အသုဘကမ္မဋ္ဌာန်းကို စီးဖြန်းသောကာလ၌ တကွဖြစ်ဖူးကုန်သော သဌေးသား ငါးကျိပ်တို့သည် ရှင်ယသ၏ ရဟန်းပြုခြင်း သတင်းစကားကို ကြားသိလေသော် “ငါတို့အဆွေ ယသသည် လူ့စည်းစိမ်ထက် ရဟန်းစည်းစိမ် ယုတ်ညံ့လျှင် ကြီးကျယ်များမြတ်လှသော ဥစ္စာရွှေငွေ အခြွေအရံကို စွန့်ပစ်၍ ရဟန်းဇာတ်သို့ မဝင်လေရာ”ဟု မဟာမိတ်ဖြစ်လေသော ယသသတို့သားကို အားကျသဖြင့်

(စာမျက်နှာ-၆၈)

မိဘဥစ္စာ သားမယားတို့ကို စွန့်ပစ်၍ ဘုရားရှင်ခြေတော်ရင်း၌ ရဟန်းပြုကြသဖြင့် ဧဟိဘိက္ခု ရဟန္တာချည်း ဖြစ်ကြကုန်၏။

(ထိုအခါ သုံးရွာသောလောက၌ ခြောက်ကျိပ်တယောက်သော ရဟန္တာတို့ ထင်ရှားစွာ ဖြစ်ကြကုန်၏။)

ပထမ ဝါတော်

ယင်းသို့ ပဉ္စဝဂ္ဂီ အစရှိကုန်သော ခြောက်ကျိပ်ကုန်သော သူတို့အားလည်းကောင်း၊ ထိုသူတို့၏ မိဘဆွေညာ ဒါယကာတို့အားလည်းကောင်း တရားအမြိုက် တိုက်ကျွေးတော်မူ၍ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ နန္ဒိယမည်သော ဥပါသကာသည် ဆောက်လုပ်အပ်သောကျောင်း၌ ပထမဝါ ဆိုတော်မူသည်။

သာသနာပြု လွှတ်တော်မူခြင်း

ထိုဝါကျွတ်လျှင် တပည့်ရဟန်းတို့ကို ခေါ်တော်မူ၍ “လူ့ပြည်နတ်ရွာ ဗြဟ္မာ့ဘုံတိုင်အောင် တလုံလဲလဲ တဝဲလည်လည် ကြိုးရှည်သောနွားကို လှန်ထားဘိသကဲ့သို့ လူနတ်တို့၌ ငြိယှက်ဖွဲ့နှောင်တတ်သော ကာမဂုဏ်ငါးပါး၌ တပ်ကြိုက်ခင်မင်သော လောဘ ဒေါသ မောဟဟူသော ကျော့ကွင်းကို ရှင်းရှင်းကျွတ်အောင် ငါလည်း ချွတ်နိုင်ပေပြီ၊ သင်တို့လည်း ချွတ်နိုင်ပေပြီ၊ မကျွတ်လွတ်နိုင်ပဲ ဝဋ်ဆင်းရဲ၌ ပျော်ပိုက်သော သတ္တဝါတို့သည် လွန်စွာ များလှကုန်သည်၊ ထိုသူတို့အား စီးပွားချမ်းသာကို ပြုခြင်းငှါ ထိုထိုမြို့ရွာသို့ ဒေသစာရီ ကိုယ်စီကိုယ်င သွားကြလေကုန်၊ ထိုဝဋ်ဆင်းရဲဘေးမှ ကင်းဝေးအောင် ကြံဆောင် ဖျောင်းဖျ၍ တရားဟောကြလေကုန်၊ ပါရမီရင့်မာ၍ ပညာကြီးသော သတ္တဝါလည်း ရှိပါလိမ့်မည်။ ထိုသူတို့အား တရားဟူသော မိုးဖြင့် နှိုးကြလေကုန်၊ ရဟန်းခွင်သို့ ဝင်လိုမူကား ငါဘုရားထံသို့ မခေါ်ပဲပင် သင်တို့ ရဟန်းပြုကြလေကုန်”ဟု သရဏဂုံသုံးပါးဖြင့် ရဟန်းပြုခြင်းကို ခွင့်ပေးတော်မူ၍ စေလွှတ်တော်မူ၏။

၁၆။ ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်တို့ ရဟန်းပြုခြင်း

ကိုယ်တော်မြတ်သည်လည်း မိဂဒါဝုန် တောအရပ်မှသည် ဥရုဝေလတောသို့ ရှေးရှုကြွတော်မူ၏၊ ထိုအခါ ခရီးအကြား၌ တောအုပ်တခုကိုတွေ့၍ ထိုတောအုပ်သို့ ဝင်ပြီးသော် သစ်ပင်ကြီးရင်း၌ သီတင်းသုံးနေတော်မူစဉ် သုံးကျိပ်မျှလောက်သော ဘဒ္ဒဝဂ္ဂီ မင်းသားတို့နှင့် တွေ့တော်မူ၏။

ဘုရားရှင်နှင့် တွေ့ကြပုံ

ထိုမင်းသားတို့၏ အကြောင်းကား- ကောသလမင်းကြီး၏ သားဖြစ်ကုန်သော လှပတင့်တယ်သော အဆင်းအရောင် ရှိကုန်သော ပျိုမျစ်နုနယ်သော အသက်အရွယ်ရှိကုန်သော ဘဒ္ဒဝဂ္ဂီမင်းသား သုံးကျိပ်တို့သည် “မြို့ပြည်ရွာဝယ် လူများစွာတို့၏ အလယ်၌ ငါတို့ အလိုရှိတိုင်း ကာမဂုဏ်ချမ်းသာကို ခံစားမြူးထူးလျှင် သူတထူး ကဲ့ရဲ့လေရာသည်၊ တောခန်းဝါ၌ နေရမူကား သူတပါးကို မငဲ့ကွက် မရှက်မကြောက်ရပြီ၊ ငါတို့ဆန္ဒရှိတိုင်းပင် ပျော်ပါးရတော့မည်”ဟု ကြံ၍ မိမိတို့၏

(စာမျက်နှာ-၆၉)

မယားနှင့်တကွ ထိုတောအုပ်ဝယ် စံပယ်ပျော်ပါးလျက် နေကြကုန်၏။ ထိုသုံးကျိပ်တို့တွင် တယောက်သော မင်းသားသည် မယားမရှိ၍ အဆင်းပြင်လျာ လှပသော ပြည့်တန်ဆာမတယောက်ကို မယားပြု၍ ပျော်ပါးလေသော် တနေ့သ၌ မင်းသားအိပ်ပျော်သော အခိုက်တွင် အဖိုးထိုက်သော ဥစ္စာရတနာတို့ကို ထိုပြည့်တန်ဆာမသည် ယူ၍ပြေးလေ၏။ ထိုသို့ပြေးလေသော် အဖော်ဖြစ်ကုန်သော မင်းသား နှစ်ကျိပ်ကိုးယောက်တို့အား အကြောင်းကိုကြား၍ အားလုံး လိုက်လံရှာဖွေကြသော် သစ်ပင်ရင်း၌ သီတင်းသုံးနေတော်မူသော ဘုရားသခင်ကိုမြင်၍ ချဉ်းကပ်ပြီးလျှင် “အရှင်ဘုရား... မိန်းမတယောက်ကို မြင်ပါသလော”ဟု မေး၏။

ရဟန်းပြုကြခြင်း

ဘုရားသခင်လည်း “သင်မင်းသားတို့... အဘယ့်ကြောင့် မိန်းမကို ရှာကုန်သနည်း”ဟု မေးတော်မူလျှင် ယခင်အကြောင်းကို လျှောက်ထား၍ မြတ်စွာဘုရားလည်း “သင်မင်းသားတို့... မယားကိုရှာခြင်းသည် မြတ်သလော။ သင်တို့၏ ကိုယ်ကိုရှာခြင်းသည် မြတ်သလော”ဟု မေးတော်မူ၏။ မင်းသားတို့လည်း “အကျွန်ုပ်တို့၏ ကိုယ်ကိုရှာခြင်းသည်ပင် မြတ်သည်ထင်ပါ၏ဘုရား”ဟု လျှောက်ကြလျှင် “သင်မင်းသားတို့.. မယားကိုရှာ၍ ပေါင်းဖက်ခြင်းမည်သည်ကား သူ၏အလိုသို့ လိုက်ရခြင်း, ကိုယ်အလိုသို့ပါအောင် သွေးဆောင်ရခြင်း, များစွာသောဘဏ္ဍာကို ရှာမှီးသိမ်းဆည်းရခြင်း, သူ့ကိုမပြတ် စောင့်ရှောက်ရခြင်း, မွေးကျွေးပြုပြင် သုတ်သင်ရခြင်း အစရှိသော ဆင်းရဲအပေါင်းတို့၏ အကြောင်းသာဖြစ်၍ သာယာအပ်သောသဘော နည်းပါးလျက် ချောက်ချားပူပန်ရခြင်းသာလျှင် များ၏၊ အိပ်မက်တွင်စားရသော အရသာနှင့်တူ၏။ ထိုသူတို့ကို ကြည်ညိုယှဉ်နွှဲ မှီဝဲရခြင်းသည်ကား အဆိပ်သီးကို စားရသည်နှင့်တူ၏၊ မြွေ၏ခံတွင်း, မီးကျီးတွင်း ဆင်းရသည်နှင့်လည်းတူ၏။ ထို့ကြောင့် မိန်းမတို့မည်သည်ကား လှည့်ဖြားတတ်သော မျက်လှည့်သည်နှင့်လည်းကောင်း၊ အာသာငမ်းငမ်း တမ်းယမ်းစေတတ်သော တံလှပ်နှင့်လည်းကောင်း တူ၏၊ စိုးရိမ်ပူပန်ရခြင်း၏အကြောင်း, အနာရောဂါရခြင်း၏အကြောင်း, နှိပ်စက်တတ်သော ဘေးရန်ကို ခံရခြင်း၏အကြောင်းသာ ဖြစ်၏။ လောဘ ဒေါသ အစရှိသော အကုသိုလ်အစု ဒုစရိုက်တရား ပွားခြင်း၏အကြောင်း, အပါယ်လေးပါး လားရခြင်း၏အကြောင်း ဖြစ်၏၊ ဆင်းရဲဒုက္ခ ဟူသမျှတို့သည် မာတုဂါမတို့ကိုမှီ၍သာ ဖြစ်ကုန်၏၊ ထိုအကြောင်းကြောင့် မိန်းမတို့ကို ကြည်ညိုယှဉ်နွှဲ မှီဝဲသောသူသည်ကား ယောက်ျားတကာတို့တွင် အယုတ်မာဆုံးတည်း”ဟု ပြတော်မူခြင်းငှါ-

မာယာ စေသာ မရီစိဝ၊ သောကော ရောဂေါ စုပဒ္ဒဝေါ။
ခရာ စ ဗန္ဓနာ စေသာ၊ သော နရေသု နရာဓမော-

ဟူသော-ဒေသနာကို ဟောတော်မူ၏။

[အနက်ကား]ဧသာ၊ ဤမိန်းမသည်ကား။ မာယာ စ၊ သူ့မျက်စိအား လှည့်ဖြားတတ်သော မျက်လှည့်သည်နှင့်လည်း တူ၏။ မရီစီဝ၊ သားတကာကို အာသာငတ်ငတ် ရေဟုမှတ်၍ စွဲကပ်လိုက်လံ နှိပ်နွံရိနွမ်း ပင်ပန်းစေတတ်သော တံလှပ်နှင့်လည်း တူ၏။ သောကော စ၊ စိုးရိမ်ပူပန်ရခြင်း၏ အကြောင်းလည်းဖြစ်၏။ ရောဂေါ စ၊ ကိုးဆယ်ခြောက်ဖြာ အနာဟူသမျှကို

(စာမျက်နှာ-၇၀)

ရခြင်း၏ အကြောင်းလည်းဖြစ်၏။ ဥပဒ္ဒဝေါ စ၊ မင်း,ခိုးသူ စသော ဘေးရန်တို့ နှိပ်နွံခြင်း၏ အကြောင်းလည်း ဖြစ်၏။ ခရာ စ၊ ကြမ်းတမ်းခက်ထန် စောင်မာန်ငြိုးထား ပျက်ပြားအောင်လည်း ညှဉ်းဆဲတတ်၏။ ဧသာ၊ ဤမိန်းမမည်သည်ကား။ ဗန္ဓနာ စ၊ ကွန်အုပ်သည့်ငှက် မြှုံးချက်ဝင်ငါး ပိုက်မိသားကဲ့သို့ မထွက်သွားနိုင်အောင်လည်း ချည်နှောင်ဖွဲ့ယှက်တတ်၏။ တသ္မာ၊ ထို့ကြောင့်။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ ဣတ္ထိံ၊ မိန်းမကို။ နပ္ပဋိသေဝေယျ၊ မမှီဝဲရာ။ ယော နရော၊ အကြင်သူသည်။ ပဋိသေဝေယျ၊ ပေါင်းဖော်ယှဉ်နွှဲ မှီဝဲငြားအံ့။ သော နရော၊ ထိုသူသည်။ နရေသု၊ ယောက်ျားတကာတို့တွင်။ နရာဓမော၊ ယောက်ျားယုတ်တည်း။

ဤသို့ ကာမာဒီနဝကို ပြတော်မူ၍ သစ္စာလေးပါးကို ဟောကြားတော်မူလျှင် မင်းသားတို့သည် အချို့ကား သောတာပန်, အချိုကား သကဒါဂါမ်, အချိုကား အနာဂါမ်တည်၍ “ဧဟိဘိက္ခု” ရဟန်းချည်း ဖြစ်ကုန်၏။

(ထိုမင်းသား သုံးကျိပ်တို့ကား တုဏ္ဏာလဇာတ်၌ သေသောက်ကြူး သုံးကျိပ်ဖြစ်ကုန်၍ ဘုရားလောင်းအဆုံးအမ၌ တည်သဖြင့် ပဉ္စ, အဋ္ဌ, ဒသသီတို့ကို ဆောက်တည်ကြ၏။ ထိုကောင်းမှုကြောင့် မဂ်ဖိုလ်ကို ရကြလေသတည်း။)

၁၇။ ဥရုဝေလကဿပစသော ရသေ့ညီနောင်တို့ ရဟန်းပြုခြင်း

ရှင်တထောင်တို့အကျင့်

ထိုရဟန်းသုံးကျိပ်တို့ကို ထိုတောအုပ်၌ပင်ထားခဲ့၍ ဘုရားကိုယ်တော်မြတ်သည် ထိုအရပ်မှ ဒေသစာရီ ကြွချီလေသော် ဥရုဝေလတောအုပ်သို့ ရောက်တော်မူ၏။ ထိုအခါ ထိုတောအုပ်၌ ဥရုဝေလကဿပ, နဒီကဿပ, ဂယာကဿပဟူသော ရသေ့ညီနောင် သုံးဦးတို့ အကြီးအမှူးပြု၍ မြစ်ကွေ့တခုတခုစီ မှီလျက် ရသေ့တထောင်တို့ နေကြကုန်၏။ ဥရုဝေလကဿပ၌ တပည့်ရသေ့ ငါးရာ, နဒီကဿပ၌ တပည့်ရသေ့ သုံးရာ, ဂယာကဿပ၌ တပည့်ရသေ့ နှစ်ရာ, အသီးသီး ရှိကြကုန်၏။ ထိုသူတို့၏ အယူဝါဒကား ကိလေသာ ခြောက်ခန်းမှ ရဟန္တာဖြစ်မည်၊ ကိလေသာ ခန်းအောင်ကိုလည်း ပင်ပန်းစွာ ကစားပျော်ပါးမှ တပါးသောအာရုံသို့ စိတ်မထွက် ရှိမည်ဟု နှလုံးပြု၍ နံနက်နေမထွက်မီ ရေ၌ဆင်း၍ မြူးထူးသည်၊ ဆွမ်းစားချိန်တန်မှတက်၍ ဆွမ်းစားပြီးသော် ကျေးသား, ဇယ်ပုံ, တံကျစ်ခုံစသော ကစားခြင်းတို့ဖြင့် ကစား၍ ကိုယ်ကိုမီးကင်လျက် ပူပင်လှမှ ကိလေသာကို ရေမှာမျောအံ့ဟု ရေသို့သက်ပြန်၍ အိပ်ချိန်တန်မှ တက်သတည်း။ ဤသို့သော အကျင့်ကို ဆောက်တည်၍ ကြာမြင့်ရှည်စွာ နေကြကုန်၏။

ဧည့်သည်မြတ်စွာဘုရား

ဘုရားသခင်လည်း ဥရုဝေလကဿပ ရသေ့၏ သင်္ခမ်းသို့ကပ်၍ “ကဿပ.. သင်သည် ဝန်မလေးမူ ကျောင်း၏အနီး မီးတင်းကုပ်၌ တည်းပါရစေ”ဟု မိန့်တော်မူ၏။ “ရဟန်းကြီး.. ငါကား ဝန်မလေး၊ မီးတင်းကုပ်၌ ကြမ်းကြုတ်ခက်ထန် စောင်မာန်တန်ခိုးကြီးသော နဂါးမင်းသည် နေ၏၊ ထိုနဂါးသည် သင့်ကို ညှဉ်းဆဲလတ္တံ့၊ ထို့ကြောင့် မတည်းလင့်”ဟု ဆို၏။ ဘုရားသခင်ကလည်း “ကဿပ... ငါ့ကို နဂါး မညှဉ်းဆဲနိုင်ရာ၊ သင်ကသာ ခွင့်ပေးလော့”ဟု မိန့်တော်မူ၏။

(စာမျက်နှာ-၇၁)

ကဿပ ရသေ့ကလည်း “နဂါးကို မကြောက်လျှင် နေလော့”ဟု အခွင့်ပြု၍ မီးတင်းကုပ်သို့ဝင်လျက် မြက်အခင်းထက်၌ ထက်ဝယ်ဖွဲ့ခွေကာ အာနာပါနကမ္မဋ္ဌာန်းသို့ ရှေးရှုပြု၍ နေတော်မူ၏။

နဂါးကို ဆုံးမပုံ

ထိုသို့ နေတော်မူသော ဘုရားကို နဂါးမြင်လျှင် အမှင်ရဲရဲ တောက်ဆဲသော မီးကဲ့သို့ ကြီးစွာသော အမျက်ရန်ငြိုးဖြင့် အခိုးအလျှံကို လွှတ်၏။ ထိုနဂါးမင်း၏မာန်ကို ချိုးလှန်တော်မူခြင်းငှါ မြတ်စွာဘုရားလည်း တေဇောကသိုဏ်းကို ဝင်စား၍ နဂါး၏ အခိုးအလျှံထက် လွန်ကဲသော အခိုးအလျှံကို လွှတ်တော်မူ၏။ နဂါး,ဘုရား ထိုနှစ်ပါးတို့၏ အခိုးအရှိန်သည် ထိန်ထိန်ပြောင်ပြောင် တောက်လောင်သော မီးပုံကြီးကဲ့သို့ ရှိ၏။ ရသေ့တို့လည်း မီးတင်းကုပ်ကို အဝေးကဝန်းရံ၍ “အချင်းတို့... ရဟန်းကြီးသည် အလွန်အဆင်းလှလေစွ၊ နဂါးမင်းသည် ညှဉ်းဆဲပေါက်သတ်၍ ယနေ့ သေရှာလေတော့မည်”ဟု ဆိုတကြလေကုန်၏။ ဘုရားသခင်သည်လည်း ညဉ့်သုံးယံပတ်လုံး ထိုနဂါးကို နှိမ်နင်းတော်မူ၍ နံနက်မိုးသောက် ရောက်လတ်သောအခါ နဂါးကို သပိတ်တော်၌ ထည့်ပြီးလျှင် “ငါ့အရှင် ဥရုဝေလ.. ဤကား သင်တို့နဂါးမင်းပင်တည်း”ဟု ပြတော်မူ၏။ ထိုအခါ ဥရုဝေလကဿပသည် ဤသို့ အကြံဖြစ်၏။ “ဂေါတမရဟန်းကား အဟုတ်အဟတ် တန်ခိုးကြီးပေ၏။ ကြမ်းတမ်းခက်ထန် စောင်မာန်တန်ခိုးကြီးသော နဂါးမင်းကိုလျက် နှိမ်နင်းနိုင်ပေ၏၊ ငါတို့ကဲ့သို့ ရဟန္တာမဟုတ်သည်သာတည်း”ဟု အကြံဖြစ်၏။

နတ်ဗြဟ္မာတို့ ခစားလာခြင်း

ဥရုဝေလ ကဿပသည်လည်း ဤသို့သော ဘုရား၏ တန်ခိုးတော်ကိုမြင်၍ ချစ်ခင်ကြည်ညိုရကား “ရဟန်းကြီး... ဤအရပ်၌ပင် အစဉ်နေပါလော့၊ ငါတို့ အမြဲ ဆွမ်းလုပ်ကျွေးပါအံ့”ဟု လျှောက်၏။ ဘုရားသခင်သည်လည်း ဝန်ခံတော်မူ၍ ဥရုဝေလကဿပ သင်္ခမ်း၏အနီး တောအုပ်ကြီးတခုတွင် နေတော်မူ၏။ ညဉ့်ဦးယံသို့ ရောက်သောအခါ စဘုမဟာရာဇ် နတ်မင်းကြီး လေးယောက်တို့သည် ထက်ဝန်းကျင်မှ တောက်ပသော ကိုယ်ရောင်ကို ဖြစ်စေလျက် လေးမျက်နှာအရပ်တို့မှ ခစားဖူးမြော်လာကုန်၏၊ နံနက်မိုးသောက် ရောက်လာသောကာလ ဥရုဝေလလည်း ဘုရားအထံတော်သို့ကပ်၍ “ရဟန်းကြီး.. ဆွမ်းစားချိန်တန်ပြီ၊ ဆွမ်းပြင်၍လည်း ပြီးပြီ၊ ကြွတော်မူပါ”ဟု ပင့်၍ လာခဲ့ကြသော် လမ်းတွင် ဤသို့မေး၏။ “ရဟန်းကြီး... သင့်ထံ၌ ညဉ့်ဦးယံက မီးပုံကြီးကဲ့သို့ တောက်ပသော ကိုယ်ရောင်ကိုယ်ဝါဖြင့် အရပ်လေးမျက်နှာမှ နေလာကြသော သူတို့ကား အဘယ်သူတို့နည်း”ဟု မေး၏။ ဘုရားသခင်ကလည်း “ကဿပ... ထိုလေးယောက်သောသူတို့ကား စတုဟာရာဇ် နတ်မင်းကြီးတို့တည်း၊ ငါ့တရားကို ကြားနာခြင်းငှာလည်းကောင်း ငါ့ကို လုပ်ကျွေးခြင်းငှါလည်းကောင်း ဆည်းကပ်လာကုန်သတည်း”ဟု မိန့်တော်မူလျှင် “ရဟန်းကြီးကား တန်ခိုးကြီးပေ၏။ စတုမဟာရာဇ် နတ်မင်းတို့ပင် ဝပ်စင်းလာရပေသည်၊ ငါတို့ကဲ့သို့ ရဟန္တာမဟုတ်သည်သာ”ဟု အကြံဖြစ်ပြန်၏။ ဘုရားသခင်သည်လည်း ထိုအကြံကိုသိလျက် သည်းခံတော်မူ၍ ဥရုဝေလ၏ဆွမ်းကို ဘုဉ်းပေးတော်မူပြီးလျှင် ထိုတောအုပ်၌ပင် နေတော်မူ၏။

(စာမျက်နှာ-၇၂)

နောက်တနေ့၌ ညဉ့်အခါ နတ်ရွာနှစ်ထပ်ကို အစိုးရသော သိကြားမင်းသည် ဝပ်စင်းခစားလာပြန်၏။ ဥရုဝေလလည်း နံနက်မိုးသောက် ထသောအခါ မြတ်စွာဘုရားအား ဆွမ်းစားပင့်ခဲ့ပြီးလျှင် ခရီးအကြား၌ ရှေးနည်းမေးပြန်၏။ ဘုရားသခင်ကလည်း “ကဿပ... ယမန်နေ့ ညဉ့်သန်းခေါင်အခါက ရောက်လာသောသူကား သိကြားမင်းတည်း၊ ငါ့တရားကို နာအံ့သောငှါလည်းကောင်း ဝတ်ကြီးဝတ်ငယ်ကို ပြုခြင်းငှါလည်းကောင်း ဆည်းကပ်လာသတည်း”ဟု မိန့်တော်မူလျှင် ဥရုဝေလကလည်း “ရဟန်းကြီးကား သိကြားမင်းပင် ခစားလာရပေသည်။ တန်ခိုးအာနုဘော် ကြီးပေ၏၊ ငါတို့ကဲ့သို့ ရဟန္တာမဟုတ်သည်သာ” ဟု အကြံဖြစ်ပြန်၏။

နောက်တနေ့၌ ညဉ့်အခါ ဗြဟ္မာမင်း ခစားလာသည်ကိုလည်း ရှေးနည်းမေး၍ အကြောင်းကို မိန့်တော်မူလျှင် ဤနည်းပင် အကြံဖြစ်ပြန်၏။

မြတ်စွာဘုရား သီဟိုဠ်ကြွပုံ

ဤသို့သောနည်းဖြင့် နေတော်မူ၍ ပြာသိုလပြည့်သို့ ရောက်သောအခါ များစွာသော အင်္ဂတိုင်း,မဂဓတိုင်းသူတို့သည် ကြီးစွာသော ပွဲလမ်းသဘင် ခင်းကျင်းလျက် ဥရုဝေလရသေ့တို့အား ပူဇော်လှူဒါန်းမြဲဖြစ်၍ အဖိတ်နေ့ကပင် ဆွမ်းဘောဇဉ်တို့ကို စီရင်နှိုးဆော်လျက် အုတ်အုတ်ကျက်ကျက် ဖြစ်ကြ၏။ ထိုအခါ ကဿပရသေ့သည် ဤသို့ အကြံဖြစ်၏။ “နက်ဖြန် ငါတို့အထံသို့ ကြီးစွာသော ပူဇော်သက္ကာဖြင့် ဒါယကာတို့ ရောက်ကြလတ္တံ့၊ ရဟန်းကြီးသည် အလွန်လည်း အဆင်းလှသည်၊ တန်ခိုးလည်း ကြီးသည်၊ လူအပေါင်းတို့၏ အလယ်၌ ကြီးကျယ်သော တန်ခိုးပြာဋိဟာကို ပြခဲ့လျှင် မြင်သမျှသောသူတို့သည် အလွန်ကြည်ညိုကြလိမ့်မည်။ ငါတို့အား သဒ္ဓါတရားပြတ်၍ ပူဇော်သက္ကာ နည်းလိမ့်မည်၊ နက်ဖြန် ငါတို့အထံသို့ ရဟန်းကြီး မလာပါမူကား ကောင်းရာ၏”ဟု အကြံဖြစ်၏။ ဘုရားသခင်လည်း ထိုရသေ့တို့၏အကြံကို သိတော်မူ၍ ၁၀၃-ခုနှစ် ပြာသိုလပြည့်နေ့နံနက် မြောက်ကျွန်းသို့ ဆွမ်းခံကြွလတ်၍ အနောတတ်အိုင်၏အနီး၌ ဆွမ်းဘုဉ်းပေးခဲ့ပြီးသော် နောင်သောအခါ သာသနာတော်၏ ထွန်းပရာဖြစ်မည်ကို မြင်တော်မူ၍ လင်္ကာဒီပမည်သော သီဟိုဠ်ကျွန်းသို့ ကိုယ်တော်တည်း ကြွတော်မူ၍ နတ်ဘီလူးတို့ကို နှိမ်နင်းလျက် သုမနနတ်မင်းအား ဆံတော် တလက်ဆုပ်မျှ ပေးအပ်ခဲ့၍ အရုဏ်မတက်မီ ပြန်ကြွသဖြင့် ဥရုဝေလတောအရပ်သို့ ရောက်တော်မူသည်။ လပြည့်ကျော် တရက်နေ့ ဥရုဝေလရသေ့ ဆွမ်းစားပင့်လာသောအခါ ပျူငှါစကားဖြင့် ဤသို့ ဆိုကြ၏။ “ရဟန်းကြီး... ယမန်နေ့ သင်-အဘယ့်ကြောင့် မလာသနည်း၊ ငါတို့ အလွန် တောင့်တမျှော်ခေါ်ပါသည်၊ ဆွမ်းဘောဇဉ် များစွာထားပါသည်။ သင်မလာနေဘိ၏”ဟု ဆိုလျှင် ဘုရားသခင်ကလည်း “ကဿပ... သင်သည် ဤသို့ အကြံဖြစ်သည် မဟုတ်လော၊ သင်၏စိတ်အကြံကို ဧကန် ငါသိတော်မူ၍ ဥတ္တရကုရုမည်သော မြောက်ကျွန်း၌ ဆွမ်းခံတော်မူပြီးလျှင် စန္ဒကူးမြိုင်တွင်ဝင်၍ နေ့သန့်တော်မူသည်”ဟု စိတ်အကြံရှိတိုင်းကိုဖော်၍ မိန့်တော်မူ၏။ ထိုအခါမူ ကဿပရသေ့လည်း “ရဟန်းကြီးသည် အလွန်တန်ခိုးကြီး၏၊ ပညာလည်း ရှိ၏။ ငါကြံတိုင်းကိုပင် သိပေသည်၊ အံ့ဖွယ်ရှိစွ၊ ငါတို့ကဲ့သို့ ရဟန္တာမဟုတ်သည်သာ”ဟု အကြံဖြစ်ပြန်၏။ ဘုရားသခင်လည်း ကဿပရသေ့၏ဆွမ်းကို ဘုဉ်းပေးတော်မူ၍ ထိုအရပ်၌ပင် နေတော်မူ၏။

(စာမျက်နှာ-၇၃)

ပံသုကူ ကောက်တော်မူပုံ

တနေ့သောအခါ ဒေသစာရီ ကြွချီတော်မူရာ သေနနိဂုံးရွာမှ သဌေးကျွန်မ ပုဏ္ဏာ၏ အသေကောင်ကို ထုပ်၍ပစ်သော ပိုက်ဆံလျော်ပုဆိုးကိုတွေ့၍ အရိယဝံသတရားကို ရှေးရှုလျက် တတုံ(တပြည်)မျှလောက်သော ပိုးလောက်ကိုပယ်၍ ပံသုကူကောက်တော်မူ၏။ ထိုအခါ မဟာပထဝီမြေကြီးသည် ကောင်းချီးပေးသဖြင့် ဧယင်စက်ကဲ့သို့ သွက်သွက်ခါမျှ တုန်လှုပ်၏။ ယင်းသို့ ပံသုကူ ကောက်ယူတော်မူပြီးသော် “ဤသင်္ကန်းကို ဘယ်အရပ်၌ ဖွပ်လျှော်ရအံ့နည်း”ဟု အကြံတော်ဖြစ်လျှင် သိကြားမင်းလာ၍ လေးထောင့်ကန်တူးပြီးလျှင် “အရှင်ဘုရား.. ဤရေကန်၌ ဖွပ်လျှော်တော်မူပါ”ဟု လျှောက်၏။ ဖွပ်သောအခါလည်း မဟာပထဝီမြေကြီးသည် သည်းစွာတုန်လှုပ်၏။ ဖွပ်လျှော်ပြီးလျှင် “ဤသင်္ကန်းကို အဘယ်အရပ်၌ လှန်းရပါအံ့နည်း”ဟု အကြံတော်ဖြစ်ပြန်၍ သိကြားမင်း သိလေလျှင် ကျောက်ဖျာကြီးကို အနီး၌ထားလာ၍ “ဤကျောက်ဖျာပေါ်၌ လှန်းတော်မူပါ”ဟု လျှောက်၏။ လှန်းတော်မူပြီးသော် “ဤသင်္ကန်းကို အဘယ်မှာ ဆွဲရအံ့နည်း”ဟု အကြံတော်ဖြစ်ပြန်၍ ရေခံတက်ပင်စောင့်နတ် သိလေလျှင် ရေခံတက်ကိုင်းကို ညွတ်စေ၍ “အရှင်ဘုရား.. ဤတန်း၌ ဆွဲတော်မူပါ”ဟု လျှောက်၏။ ထို့နောက် “အဘယ်မှာ ဖြန့်ရအံ့နည်း၊ အဘယ်သို့ ဆိုးရည် ကျိုရအံ့တုံနည်း”ဟု အကြံတော်ဖြစ်လျှင် ကြံတော်မူတိုင်း ပြည့်စုံရအောင် သိကြားမင်း ဖန်ဆင်း၍ ပေး၏။ ထိုညဉ့်ကုန်မြောက်၍ မိုးသောက်သောကာလ ကဿပရသေ့လည်း မြတ်စွာဘုရားထံသွား၍ ဆွမ်းစားပင့်လေသော် ရေကန်, ကျောက်ဖျာ, ရေခံတက်ပင်, စသည်တို့ကိုမြင်၍ “ရှင်ကြီး ဂေါတမ... ရှေးကာလ၌ ဤအရပ်တွင် ရေကန်, ကျောက်ဖျာ, မရှိစဖူး၊ ဤရေခံတက်ပင်လည်း မညွတ်စဖူး၊ ယခုအခါ ဘယ်သူ ပြုပြင်လာသနည်း”ဟု မေး၏။

ဘုရားသခင်လည်း ပံ့သုကူသင်္ကန်းကို ကောက်ယူသည်မှစ၍ အလုံးစုံ ဖြစ်လာသော အခြင်းအရာများကို မိန့်ကြားတော်မူ၏။ ထိုသို့ မိန့်တော်မူသော် ဥရုဝေလကဿပလည်း “ရဟန်းကြီးကား တန်ခိုးအာနုဘော် ကြီးပေသည်၊ သိကြားမင်းသော်မှ ခြေရင်းအလုပ်အကျွေးဖြစ်သော သာမဏေကဲ့သို့ အမှုကြီးငယ်ကို ရွက်ဆောင်လာရပေသည်၊ အံ့ဖွယ်ရှိပေစွ၊ သို့ရာတွင် ငါတို့ကဲ့သို့ ရဟန္တာမဟုတ်သည်သာ”ဟု ကြံ၏။ ဘုရားသခင်လည်း ထိုကဿပရသေ့တို့၏ဆွမ်းကို ဘုဉ်းပေးတော်မူ၍ နေမြဲသော တောအုပ်၌ပင် နေတော်မူ၏။

ဇမ္ဗူ့သပြေသီးစသည်

နောက်တနေ့ နံနက် ဆွမ်းစားပင့်လာသောကာလ “ကဿပ သွားနှင့်လော့၊ ငါလာခဲ့အံ့”ဟု ဆို၍ ရသေ့ကို လွှတ်လိုက်ပြီးမှ ဇမ္ဗူ့သပြေသီးကို ယူဆောင်ခဲ့၍ ရှေးဦးစွာ ကြွလာသဖြင့် မီးတင်းကုပ်၌ နေတော်မူလင့်၏။ ကဿပရသေ့ မြင်လေသော် “ရှင်ကြီးဂေါတမ.. ငါ့ရှင်သည် ငါတို့နောက်မှလာလျက် အဘယ့်ကြောင့် ရှေးဦးစွာ ရောက်သနည်း၊ ဘယ်ခရီးဖြင့်လာသနည်း”ဟု မေး၏။ “ကဿပ.. ငါသည် ဇမ္ဗူဒိပ်ကျွန်းဦး၌ ပေါက်ရောက်သော ဇမ္ဗူ့သပြေပင်အောက်ဝယ် သပြေသီးကိုကောက်ခဲ့၍ လာသဖြင့် ရှေးဦးစွာ မီးတင်းကုပ်သို့ ရောက်သတည်း၊ ကဿပ.... သင်တို့ သပြေသီးကို မသုံးဆောင်ဖူးမူ ယူ၍သုံးဆောင်လော့၊ အလွန်ကောင်းမြတ်သော အနံ့အရသာနှင့် ပြည့်စုံ၏”ဟု မိန့်တော်မူ၏။ ကဿပရသေ့လည်း “ဤသပြေသီးသည် အကျွန်ုပ်တို့နှင့် မထိုက်ပေ၊ ရှင်ရဟန်းကြီးသည်သာ သုံးဆောင်လော့”ဟု လျှောက်၏။ “ဤရှင်ကြီးဂေါတမကား..

(စာမျက်နှာ-၇၄)

စင်စစ် တန်ခိုးကြီးလှပေသည်၊ ငါတို့ကို ရှေးဦးစွာ လွှတ်လိုက်ပြီးမှ သပြေသီးကိုလည်း ဆောင်ခဲ့သေး၏၊ ငါတို့အလျင်လည်း ရောက်သေး၏၊ မကြံကောင်းဖွယ်ပင် ဖြစ်ပေသည်။ သို့ရာတွင် ငါတို့ကဲ့သို့ ရဟန္တာမဟုတ်သည်သာတည်း”ဟု အကြံဖြစ်ပြန်၏။

ဘုရားသခင်လည်း ကဿပရသေ့တို့၏ဆွမ်းကို ဘုဉ်းပေးတော်မူ၍ ထိုတောအုပ်၌ နေတော်မူ၏။ နောက်တနေ့ ဆွမ်းစားပင့်လာသောကာလ “ကဿပ... သွားနှင့်လော့”ဟု လွှတ်လိုက်ပြီးသော် ကိုယ်တော်မြတ်သည် ကျွန်းဦးဇမ္ဗူ့သပြေပင်၏အနီး သရက်ဖြူသီးကိုဆောင်၍ ရှေးနည်းအတူ နေတော်မူလင့်သည်။ တနေ့သ၌လည်း ထိုသပြေပင်၏အနီး သျှိသျှားသီးကိုဆောင်၍ နေတော်မူလင့်သည်။ တနေ့လည်း ထိုသပြေပင်၏အနီး ကြဇုသီးကိုဆောင်၍ နေတော်မူလင့်သည်။ တနေ့လည်း တာဝတိံသာနတ်ပြည်မှ ပင်လယ်ကသစ်ပွင့်ကို ဆောင်ယူ၍ နေတော်မူလင့်သည်။ ဤသို့ အံ့ဖွယ်သရဲသော ပြာဋိဟာကိုပြ၍ မြင်သမျှကိုပင် “ရှင်ကြီးဂေါတမကား.. တန်ခိုးအာနုဘော် ကြီးပေ၏၊ သို့ရာတွင် ငါတို့ကဲ့သို့ ရဟန္တာမဟုတ်သည်သာ”ဟု အကြံဖြစ်၏။ ဘုရားသခင်လည်း ထိုရသေ့တို့၏အကြံကို ရွှေဉာဏ်တော်ဖြင့်သိလျက် သိုဝှက်သည်းခံတော်မူကာ ထိုသူတို့၏ဆွမ်းကို ဘုဉ်းပေး၍ နေမြဲနေတော်မူ၏။

တန်ခိုးအမျိုးမျိုး ပြတော်မူပုံ

တနေ့သောအခါ ထိုရသေ့တို့ မီးကိုလုပ်ကျွေးခြင်းငှါ ထင်းခွဲပါသော်လည်း မတတ်နိုင်ကြကုန်။ ထိုအခါ ဥရုဝေလ ကဿပက “ရှင်ကြီးဂေါတမသည် တန်ခိုးလည်း ကြီးလှ၏၊ ငါ့ကိုလည်း ကြင်နာ၏။ ဤထင်းငါးရာကို ခွဲစေသော် ကောင်း၏”ဟု ကြံ၍ ဘုရားထံသို့သွား၍ လျှောက်လေသော် “ကွဲစေသတည်း”ဟု ဘုရားသခင်မိန့်တော်မူလျှင် ထင်းငါးရာလုံး တကြိမ်တည်းဖြင့်သာ ကွဲကုန်၏။ ထိုထင်းကို မီးညှိပါသော်လည်း တောက်စေခြင်းငှါ မတတ်နိုင်ပြန်လျှင် ဘုရားသခင်ကို လျှောက်ကြား၍ ဘုရားသခင်က “မီးညှိစေ”ဟု မိန့်တော်မူလျှင် တပြိုင်နက်ပင် တောက်ကုန်၏။ တောက်ပြီးသောမီးကို ငြိမ်းစိမ့်သောငှါ မတတ်နိုင်ပြန်လျှင် ဘုရားသခင်ကို လျှောက်ကြား၍ ဘုရားသခင်က “မီးငြိမ်းစေ”ဟု မိန့်တော်မူလျှင် တပြိုင်နက်ပင် ငြိမ်း၏။ ရေကစားရာမှ ချမ်း၍တက်လာလျှင် မီးလှုံစိမ့်သောငှါ မီးမယ်ဖျူး ငါးရာတို့ကိုလည်း ဖန်ဆင်း၍ပေးတော်မူ၏။ ဤသို့သော ပြာဋိဟာကိုမြင်လျှင်“ရှင်ကြီးဂေါတမကား.. ကြီးမြတ်သော တန်ခိုးအာနုဘော် ရှိပေသည်၊ ထင်းငါးရာလည်း တပြိုင်တည်း ကွဲစေနိုင်သည်၊ မီးကိုလည်း တောက်စေနိုင်သည်။ တောက်ပြီးသော မီးကိုလည်း ငြိမ်းစေနိုင်သည်။ မီးမယ်ဖျူး ငါးရာကိုလည်း တပြိုင်နက် ဖန်ဆင်း၍ ပေးနိုင်ပေသည်၊ အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲသော သူပါပေတည်း၊ သို့ရာတွင် ငါတို့ကဲ့သို့ ရဟန္တာမဟုတ်သည်သာတမင့်”ဟု အကြံဖြစ်ပြန်၏။

ဆောင်းလအခါ သည်းထန်စွာရွာသော မိုးကြီးရွာလတ်၍ အရပ်ထက်ဝန်းကျင်မှ ရေအယဉ်တို့သည် သွင်သွင်ဒီးဒီး စီးလတ်ကုန်၍ အလုံးစုံသော နေရာမြေတို့ကို ရေလွှမ်း၏။ ဘုရားသခင်လည်း ထိုရေပြင်အလယ်၌ စံပယ်တော်မူရာအရပ်ကို ရေမလွှမ်းစေပဲ သဲဖုတ်တထောင်းထောင်း လွှင့်စေလျက် ထိုမြေပြင်တွင် စင်္ကြံကြွတော်မူ၏။ ဥရုဝေလကဿပတို့သည် “ရှင်ကြီးဂေါတမသည် ရေ၌မျော၍ ပါလေပြီ၊ ရေမွန်း၍ သေရှာတော့မည်၊ မသေပါစေလင့်”ဟု တပည့်တို့ကို လျင်စွာခေါ်၍ လှေလှော်ကာဖြင့် ဘုရားရှိရာ သွားလေသော် ရေအယဉ်၏ ထက်ဝန်းကျင် အလယ်ချက်၌ ဖုတ်ညက်တထောင်းထောင်း လွင့်သောမြေ၌ စင်္ကြံကြွ၍ နေတော်မူသည်ကို

(စာမျက်နှာ-၇၅)

မြင်လျှင် “ရှင်ကြီးဂေါတမ... ရေ၌မျော၍ လာသည်မှတ်ထင်၍ သင့်ကို ယူဆောင်ရအောင် ငါတို့လာသည်၊ သင့်မှာ ရေမထိပဲ နေသည်တကား”ဟု လျှောက်၏။ ဘုရားသခင်လည်း မြေအပြင်မှသည် ရသေ့တို့၏လှေထက်သို့ ပျံတက်တော်မူပြန်၏။ ထိုအခါ ကဿပရသေ့က “ရဟန်းကြီးသည် စင်စစ်တန်ခိုးကြီးသည် မှန်ပေ၏၊ အဝိညာဏကဖြစ်သော ရေမှ မညှဉ်းဆဲနိုင်ပဲ သဲသောင်ပေါ်၍ ခံရပေသည် အံ့ဖွယ်သရဲ ရှိလှပေ၏၊ သို့ရာတွင် ငါတို့ကဲ့သို့ ရဟန္တာမဟုတ်သည်သာတမင့်”ဟု အကြံဖြစ်ပြန်၏။

ဥရုဝေလကဿပ ချွတ်ခန်း

ထိုအခါ မြတ်စွာဘုရားက “ဤရသေ့ကား ဤမျှလောက်သော တန်ခိုးတော်ကို မြင်၍လည်း မာနကိုမလျှော့ဘိ၊ မိမိကိုယ်ကို ရဟန္တာပင် မှတ်ထင်လျက် ရှိချေသည်၊ ထိတ်လန့်ခြင်းသံဝေဂကို ယခု ဖြစ်စေတော့အံ့”ဟု ကြံ၍ “ချစ်သား ကဿပ... သင်၏မာနကား မြင့်စွင့်လေစွ၊ နေ,လတို့၏ အရောင်သည် ငါ့ကိုယ်ရောင်ကဲ့သို့ မလင်းဟု နေမင်းကို ဂုဏ်ပြိုင်သော ပိုးမြည်မြူးမိုက်ကဲ့သို့ မိမိသန္တာန်၌ရှိသော ဉာဏ်အာနုဘော်ကိုလည်း မချင့်၊ ကိုယ်၏အကျင့်ကိုလည်း မတွက်၊ မဂ်ဖိုလ်၏ အကြောင်းကိုလည်း မမြင်၊ သို့စင်မျှဖြစ်ပါလျက် ငါကဲ့သို့ ရဟန္တာမဟုတ်ဟူ၍ ယုတ်မာသော အကြံဖြင့်သာလျှင် သင်နေဘိ၏တကား”ဟု မိန့်တော်မူသော် ကဿပရသေ့လည်း သတိသံဝေဂကိုရ၍ ဘုရားခြေရင်း၌ ဦးခေါင်းဖြင့်ဝပ်၍ “အရှင်ဘုရား... အကျွန်ုပ်သည် အထံတော်၌ ရဟန်းအဖြစ်ကို ရလိုပါ၏”ဟု လျှောက်၏။ ဘုရားသခင်ကလည်း “ကဿပ.. သင်သည် ရသေ့အများကို သင်ကြားပြသ ဆုံးမတတ်သော ဂဏပါမောက္ခ ဖြစ်ပေသည်၊ ငါ့အထံ၌ ရဟန်းပြုလိုလျှင် သင်၏တပည့်များကို ပန်ကြားဦးလော့”ဟု မိန့်တော်မူ၏။ ထိုကဿပရသေ့လည်း တပည့်တို့၏အထံသို့ကပ်၍ စည်းဝေးပြီးလျှင် “အချင်းတို့…. ငါသည် ရဟန်းဂေါတမ၏အထံ၌ အဆုံးအမကိုခံ၍ မြတ်သောအကျင့်ကို ကျင့်လိုပြီ၊ ငါတို့စာရိတ္တသည် မဂ်ဖိုလ်ရကြောင်း မဟုတ်ချေ။ သင်တို့ကြံအောက်မေ့ကြလော့”ဟု ဆို၏၊ တပည့်တို့ကလည်း “အကျွန်ုပ်တို့လည်း ရဟန်းကြီးအထံ၌ အဆုံးအမကိုခံ၍ ရဟန်းပြုလိုသည်က ကြာမြင့်ပြီ၊ ဆရာသည် အကယ်၍ ရဟန်းကြီးအထံ၌ အဆုံးအမခံသည်ဖြစ်အံ့၊ အကျွန်ုပ်တို့လည်း အဆုံးအမကို ခံပါအံ့”ဟု လျှောက်ကြ၍ တညီတညွတ်တည်း ဘုရားသခင်ထံ၌ ရဟန်းပြုရန် တောင်းပန်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားလည်း မှားယွင်းသောအကျင့်ကို ထင်စွာပြခြင်းငှါ---

န နဂ္ဂစရိယာ န ဇဋာ န ပင်္ကာ၊ နာနာသကာ ထဏ္ဍိလသာယိကာ စ။
ရဇောဇလ္လမုက္ကုဋိကပ္ပဓာနံ၊ သောဓေန္တိ မစ္စံ အဝိတိဏ္ဏကင်္ခံ-

အစရှိသော တရားဖြင့် ဟောကြားဆုံးမတော်မူသည်။

အဝိတိဏ္ဏကင်္ခံ၊ ရှစ်ပါးသောအရာ၌ သင်္ကာမကင်း ယုံမှားခြင်းကို မလွန်နိုင်သော။ မစ္စံ၊ သတ္တဝါကို။ နဂ္ဂစရိယာ၊ အဝတ်မဆီး အချည်းနှီးကျင့်သော အကျင့်ဖြင့်လည်း။ န သောဓေန္တိ၊ မစင်ကြယ်စေနိုင်ကုန်။ ဇဋာ-ဇဋေန၊ အိမ်ရာစွန့်ပစ် ဆံကျစ်ထုံး၍ တော၌မွေ့လျော်သော ရသေ့အကျင့်ဖြင့်လည်း။ န သောဓေန္တိ၊ မစင်ကြယ်စေနိုင်ကုန်။ ပင်္ကာ-ပင်္ကေန၊ လူတို့ဓမ္မ ကိစ္စပယ်ရှား သွားကိုမျှစင် မသုတ်သင်ပဲ ညွန်တင်အောင် ကျင့်သဖြင့်လည်း။ န သောဓေန္တိ၊ မစင်ကြယ်စေနိုင်ကုန်။ နာနာသကာ-န အနာသကေန၊ ထမင်းမစား ဖြတ်ထားသော အကျင့်ဖြင့်လည်း။ န သောဓေန္တိ၊ မစင်ကြယ်စေနိုင်ကုန်။

(စာမျက်နှာ-၇၆)

ထဏ္ဍိလသာယိကာ စ၊ ယဇ်ခုံထက်၌ အိပ်စက်၍ကျင့်သော အကျင့်ဖြင့်လည်း။ န သောဓေန္တိ၊ မစင်ကြယ်စေနိုင်ကုန်။ ရဇောဇလ္လံ၊ မြူဖြင့်ပြွမ်းလျက် ညစ်ညမ်းသော ကိုယ်ရှိသော အကျင့်ဖြင့်လည်း။ န သောဓေန္တိ၊ မစင်ကြယ်စေနိုင်ကုန်။ ဥက္ကုဋိကပ္ပဓာနံ၊ တုံးလုံးမစက် ရပ်လျက်မတည် သွားသည်မရှိ ပကတိ ဆောင့်ကြောင့်နေသော အကျင့်ဖြင့်လည်း။ န သောဓေန္တိ၊ မစင်ကြယ်စေနိုင်ကုန်။ တု၊ စင်စစ်သော်ကား။ သတ္ထံ၊ ဝိစိကိစ္ဆာဟူသော ငြောင့်ကို။ ဟန္တွာ၊ နုတ်ပယ်ပိုင်းဖြတ်၍။ ဓမ္မေသု၊ ကုသိုလ်ဆယ်ပါး တရားတို့၌။ ဝါ၊ ဗောဓိပက္ခိယ တရားတို့၌။ ဝါယမန္တောဝ၊ လုံ့လပြုသောသူသည်သာလျှင်။ အမတဿ၊ အမြိုက်ခေါ်ဆို မဂ်ဖိုလ်တရား၏။ ဘာဂေါ၊ အဖို့ပေတည်း။

ဤသို့အစရှိသော တရားကို ဟောကြားဆုံးမတော်မူ၍ “ဧဟိ ဘိက္ခု” ခေါ်တော်မူလျှင် ရဟန်းချည်း ဖြစ်ကြကုန်၏၊ ယင်းသို့ ရဟန်းအဖြစ်ကို ရပြီးသော် မီးမွေးယောက်မ, သစ်သားသုံးခွ, ခြင်းတောင်း, တံချူ, တံကျစ်, ပြာစစ်, ထမ်းပိုး အစရှိသော ရသေ့တို့၏ပရိက္ခရာကို ဂင်္ဂါမြစ်၌ မျောလိုက်လေ၏။

နဒီကဿပနှင့် ဂယာကဿပ

အောက်မြစ်ကွေ့၌နေသော နဒီကဿပလည်း ရေ၌မျောလာသော ရသေ့ပရိက္ခရာတို့ကို မြင်လေသော် ငါ့နောင်တော်၌ ရောက်ဆိုက်သော ဘေးအန္တရာယ်ရှိသည် ဖြစ်လတ္တံ့ဟု ကြံ၍ တမန်စေလွှတ်သဖြင့် နောင်တော်များသည် ဘုရားရှင်ထံ အဆုံးအမခံ၍ ရဟန်းဖြစ်ကြောင်းကို ကြားသော် ညီတော်အငယ် ဂယာကဿပအား အကြောင်းကိုကြား၍ ခေါ်ပြီးလျှင် မိမိတို့၏ ပရိသတ်ဖြစ်သော ရသေ့ငါးရာတို့နှင့်တကွ လာ၍ မြတ်စွာဘုရားထံ၌ ခွင့်ပန်၍ ရဟန်းပြုကြလေ၏။

(ဥရုဝေလ ကဿပ စသော ရသေ့တို့ကို ဆုံးမရာ၌ ပြာဋိဟာပေါင်းကား တထောင့်ငါးရာ့ခြောက်ပါး ရှိသတည်း။)

ဤရသေ့တထောင်ကို မြူမှောင်ပယ်သန်း၍ ရဟန်းဖြစ်စေတော်မူပြီးလျှင် ထိုရဟန်းတထောင်နှင့်တကွ ဥရုဝေလတောမှ ထွက်ကြွတော်မူ၍ ဂယာသီသသို့ ရောက်တော်မူလျှင် ရွာ၏အနီး ကြီးစွာသော ကျောက်ဖျာထက်၌ စည်းဝေး၍ အာဒိတ္တပရိယာယသုတ်ကို ဟောတော်မူသည်။ ဒေသနာတော်၏အဆုံး၌ ရဟန်းတထောင်တို့ ရဟန္တာဖြစ်ကုန်၏၊ ဤသူတို့လည်း “ဧဟိ ဘိက္ခု” ရဟန္တာတို့ချည်းတည်း။

၁၈။ မြတ်စွာဘုရား ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူခြင်း

ကဿပတို့ တပည့်ခံကြပုံ

ဂယာသီသ၌ မွေ့လျော်သမျှ နေတော်မူ၍ “ဘုရားဖြစ်လျှင် အကျွန်ုပ်ပြည်သို့ ရှေးဦးစွာ ပဌမ ကြွတော်မူပါ”ဟု ဗိမ္ဗိသာရမင်းကြီး ကြားလျှောက်သောစကားကို နှလုံးထားတော်မူ၍ ရာဇဂြိုဟ်ပြည်သို့ ရှေးရှုကြွတော်မူ၍ မြို့၏အနီး ကြီးစွာသော ထန်းတောဥယျာဉ်သို့ ရောက်တော်မူလျှင်

(စာမျက်နှာ-၇၇)

ဥယျာဉ်၏အလယ် ကျယ်သော အရိပ်ရှိသော သစ်ပင်ရင်း၌ သီတင်းသုံးနေတော်မူ၏။ ဗိမ္ဗိသာရမင်းကြီး ကြားလေလျှင် တသိန်းနှစ်သောင်းမျှလောက်သော မှူးမတ် သဌေး ပုဏ္ဏားတို့ ခြံရံလျက် အထံတော်သို့ ကပ်လာ၏။ ထိုတသိန်းနှစ်သောင်းသော မှူးမတ် သဌေး ပုဏ္ဏားတို့တွင် အချို့ကား မြတ်စွာဘုရားကို ရိုသေစွာရှိခိုးလျက်, အချို့ကား မြတ်စွာဘုရားနှင့် ဝမ်းမြောက်ဝမ်းသာ တသက်လျာလုံး ယူကျူးမှတ်ပိုက် အောက်မေ့ထိုက်သော စကားကို ပြောကြားကုန်လျက်, အချို့ကား အမျိုးအမည်ကိုလျှောက်၍ ပစ္စည်းလေးပါးဖြင့် ဖိတ်ကုန်လျက် သင့်တင့်ရာ၌ နေကြကုန်၏။ ထိုအခါ ရောက်လာသမျှသော လူအပေါင်းတို့သည် ဤသို့ အကြံဖြစ်ကြ၏။ “ငါတို့ဆရာ ကဿပသည် ဂေါတမ ရဟန်းကြီးထံ နည်းခံ၍ ကျင့်ရလေသလော၊ ထိုသို့မဟုတ် ရဟန်းကြီးဂေါတမသည်ပင်လျှင် ကဿပရသေ့တို့၏ထံ၌ နည်းခံ၍ ကျင့်ရလေသလော”ဟု တွေးတောကြံစည်ခြင်း ရှိကြ၏၊ ဘုရားသခင်လည်း ထိုသူတို့၏အကြံကို သိတော်မူ၍ ဥရုဝေလကဿပကို ခေါ်တော်မူလျက်-

ကိမေဝ ဒိသွာ ဥရုဝေလဝါသီ၊
ပဟာသိ အဂ္ဂိံ ကိသကောဝဒါနော-

စသောဂါထာဖြင့် မေးတော်မူ၏။

အဓိပ္ပာယ်ကား-ဥရုဝေလ ဌာနပျော်မွေ့ တရားလေ့သည့် ရသေ့ကဿပ... သင်သည် အကျင့်ဖြင့် ကြုံလှီသောကိုယ်ရှိသော ရသေ့ငါးရာတို့၏ ဆရာဖြစ်လျက် အဘယ်အကျိုးကိုမြင်၍ သင်တို့မပြတ် လေ့ကျင့်အပ်သော မီးပူဇော်ခြင်းကို စွန့်သနည်းဟု မေးတော်မူသတည်း။

ဤသို့ ဘုရားသခင် မေးတော်မူလျှင် ဥရုဝေလ ကဿပသည်—

ရူပေ စ သဒ္ဒေ စ အထော ရသေ စ၊
ကာမိတ္ထိယော စာဘိဝဒန္တိ ယညာ-

စသောဂါထာဖြင့်-

“ရွှေဘုန်းတော်ရှင် သခင်ဘုရား... လူအများတို့ ခံစားစုံမက် နှစ်သက်ကြသော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူသော အလုံးစုံသော ဝတ္ထုကာမ, လှပတင့်တယ် ငယ်ရွယ်သော မိန်းမအတွေ့ သိမ်မွေ့သော ကိလေသာကာမ ဤနှစ်ဝသော လောကီချမ်းသာသည် ယဇ်ပူဇော်ခြင်းကြောင့်သာ ပြည့်စုံ၏ဟု တပည့်စဉ်လာ ဆရာအဆက်ဆက်တို့ ဆိုမြွက်ဟောပြကြကုန်သည်၊ ထိုအကျိုးကို မြတ်နိုးမှား၍ နှစ်ပါးသော ယဇ်ကြီးယဇ်ငယ်ကို ကိုးကွယ်ပူဇော်မိပေသည်၊ ယခုမှာတုံ အလုံးစုံသော ထိုကာမချမ်းသာသည် ခန္ဓာဟူသော ဥပဓိတို့၌ ကပ်ငြိတတ်သော အညစ်အကြေးသာ ဖြစ်ချေသည်ဟု ဒေသနာတော်ကိုမှီ၍ သိသဖြင့် ကျင့်မိသော ယဇ်ပူဇော်ခြင်းကို စွန့်ပါသတည်း”ဟု လျှောက်၏။

ထို့နောက်တဖန် ထပ်၍ မေးတော်မူပြန်လျှင် အရှင်ကဿပလည်း နေရာမှထ၍ ခြေတော်ကို ဦးဖြင့်တိုက်လျက်-

(စာမျက်နှာ-၇၈)
“အရှင်ဘုရားကား ဟောကြားဆုံးမ ပြသပေသော ဆရာ၊ အကျွန်ုပ်ကား တပည့်ပါတည်း။ ပြဿနာကို ဖြေဆိုခြင်းငှါ မဝံ့ပါ”ဟု လျှောက်၏။

ထိုအခါမှ များစွာသော လူအပေါင်းတို့သည် ကဿပရသေ့တို့ ဘုရားရှင်ထံ တပည့်ခံကြောင်းကို သိသတည်း။ ထိုသို့ သိကုန်၍ ထိုရသေ့တို့အား ဟောကြားဆုံးမတော်မူသော အခြင်းအရာကို လွန်စွာ ချီးမွမ်းကြသော စကားစပ်တွင် “ကဿပ-စသော သူတို့ကို ယခုဘဝသာ ငါဆုံးမသည် မဟုတ်သေး၊ ရှေးသောဘဝ နာရဒရသေ့ ဖြစ်သောအခါ၌လည်း မိစ္ဆာဝါဒကင်းအောင် နှိမ်နှင်း ဆုံးမတော်မူဖူးပြီ”ဟု အတ္ထုပ္ပတ္တိကိုပြ၍ ဂါထာတရာ့ကိုးဆယ်ရှိသော နာရဒကဿပဇာတ်ကို ဟောတော်မူသည်။ ဗိမ္ဗိသာရမင်းနှင့်တကွ တသိန်းတသောင်းသော သူတို့သည်လည်း သောတာပန် တည်ကုန်သည်။ တသောင်းသောသူတို့ သရဏဂုံ တည်ကုန်သတည်း။

ဗိမ္ဗိသာရမင်း နန်းတော်လှူခြင်း

ထိုအခါ မဂဓတိုင်းကို အစိုးရသော ဗိမ္ဗိသာရမင်းကြီးသည် ဤသို့ နားတော်လျှောက်၏။ “အရှင်ဘုရား... အကျွန်ုပ်သည် အိမ်ရှေ့မင်းဖြစ်သော ကာလကပင် ချင်ခြင်းငါးပါး ဖြစ်ပါသည်-

(၁) ငါသည် ရွှေထီးရွှေနန်းကို စိုးအုပ်၍ မင်းလုပ်ရပါမူကား ကောင်းလေစွ ဟူ၍လည်းကောင်း၊
(၂) ငါမင်းပြုသောအခါ ငါ၏နိုင်ငံသို့ ဘုရားသခင် ကြွလာပါမူကား ကောင်းရာ၏ ဟူ၍လည်းကောင်း၊
(၃) ဘုရားကြွလာသောအခါ၌ ငါဆည်းကပ်၍ တရားတော်မြတ်ကို နာရပါမူကား ကောင်းရာ၏ ဟူ၍လည်းကောင်း၊
(၄) မြတ်စွာဘုရား တရားဟောပြောတိုင်း ငါသိရပါမူကား ကောင်းရာ၏ ဟူ၍လည်းကောင်း၊
(၅) မိစ္ဆာဒိဋ္ဌိဖြစ်သော အယူဝါဒ ကင်းကွာလျက် ဟုတ်မှန်စွာသော တရားလမ်းကို ဖြောင့်တန်းစွာ လိုက်ရပါမူကား ကောင်းရာ၏ ဟူ၍လည်းကောင်း

ဤငါးပါးသော တောင့်တခြင်း ဖြစ်ပါသည်။ ယခု အကျွန်ုပ်အား ငါးပါးသောဆန္ဒ ပြည့်စုံပါပြီ။ ဤယနေ့မှစ၍ အကျွန်ုပ်ကို ဥပါသကာဟု မှတ်တော်မူပါ၊ နက်ဖြန်နံနက်လည်း သံဃာတော်နှင့်တကွ နန်းတော်သို့ကြွ၍ ဆွမ်းအလှူကို ခံတော်မူပါ”ဟု လျှောက်၍ ပြန်လေ၏။

မိုးသောက်သောကာလ ဆွမ်းကွမ်းနေရာ ပြင်ဆင်ပြီးလျှင် အမတ်တယောက်ကို ပင့်လျှောက်စေ၍ သံဃာတော် တထောင်နှင့်တကွ ဘုရားကိုယ်တော်မြတ်သည် ကြွတော်မူ၏။ ထိုအခါ သိကြားမင်းသည် လုလင်အသွင် ဖန်ဆင်းလျက် ရှေ့တော်မှလာ၍ ဘုရားကျေးဇူးတော်ကို လှစ်ဖော်ချီးမွမ်းခြင်းငှါ-

ဒန္တော ဒန္တေဟိ သဟ ပုရာဏဇဋိလေဟိ ။ပ။ ရာဇဂဟံ ပါဝိသိ ဘဂဝါ-

အစရှိသော ဂါထာဖြင့် သာယာစွာသီလျက် ကြွေးကြော်၏။ ထိုအသံကိုကြား၍ ပြည်သားပြည်သူတို့သည် သောသောအူမျှ ပူဇော်ကြကုန်သတည်း။

(စာမျက်နှာ-၇၉)

ဘုရားသခင် နန်းတော်သို့ တက်တော်မူလျှင် ဗိမ္ဗိသာရမင်းကြီးသည် ခရီးဦး ကြိုဆိုခြင်း စသောဝတ်ကို ရိုသေစွာ ဆောင်ရွက်လျက် မွန်မြတ်သော ဆွမ်းဘောဇဉ်တို့ဖြင့် လုပ်ကျွေး၍ တရားတော်မြတ်ကို နာပြီးသော် ကိန်းဝပ်တော်မူရန်အကျိုးငှါ “ဝေဠုဝန် ဥယျာဉ်တွင်း၌ မင်း၏နန်းတော်ကို အရံနှင့်တကွ ရေစက်သွန်းချ၍ လှူတော်မူ၏။ ရေစက်သွန်းချသည်နှင့် တပြိုင်နက်ပင် စကြဝဠာတိုက်ဘွေ ဤမြေနှစ်သိန်းသည် အိုးထိန်းစက်ကဲ့သို့ တုန်လှုပ်၏။

(မြေနှစ်သိန်းလည်း၊ ပျက်ကိန်းဘနန်း၊ ရှင့်ဘုန်းတန်းကား- ဟူသကဲ့သို့ အဓိကသင်္ချာနည်းတည်း။)

ဘုရားသခင်လည်း ဗိမ္ဗိသာရမင်းကြီးအား တရားအနုမောဒနာ ပြုတော်မူ၍ ဝေဠုဝန်ဥယျာဉ်သို့ ပြန်ကြွတော်မူ၏။ ဘုရားသခင် ရာဇဂြိုဟ်ပြည်၌ သီတင်းသုံးတော်မူကြောင်းကို ကြားလျှင် ပဉ္စဝဂ္ဂီတို့တွင် အကျုံးဝင်သော အရှင်အဿဇိသည်လည်းကောင်း, ဘဒ္ဒဝဂ္ဂီမင်းသားများသည်လည်းကောင်း ရှင်ယသစသော မထေရ်တို့သည်လည်းကောင်း ရောက်လာကြကုန်သတည်း။

၁၉။ ရှင်သာရိပုတြာ ရှင်မောဂ္ဂလာန် အလောင်းတို့ သိဉ္စည်းဆရာထံ ဆည်းကပ်ခြင်း

ဥပတိဿနှင့် ကောလိတ

ထိုရာဇဂြိုဟ်ပြည်၌လည်း သိဉ္စည်းမည်သော ပရိဗိုဇ်ရဟန်းသည် တပည့် နှစ်ရာ့ငါးကျိပ်နှင့်တကွ ထင်ရှားစွာ နေ၏။ ထိုရိဗိုဇ်၏အထံ၌ အရှင်သာရိပုတြာ အရှင်မောဂ္ဂလာန်တို့၏ အလောင်းဖြစ်ကြသော ဥပတိဿ ကောလိတတို့သည် နှစ်ရာ့ငါးကျိပ် နှစ်ရာ့ငါးကျိပ်စီဖြစ်သော အခြံအရံနှင့်တကွ ရဟန်းပြုကြသတည်း။ ရဟန်းပြုကြောင်းကား- ဘုရားဖြစ်တော်မမူမီ ရာဇဂြိုဟ်ပြည်၏ မနီးမဝေးသောအရပ်၌ ဥပတိဿမည်သော ရွာကြီးတရွာ, ကောလိတမည်သော ရွာကြီးတရွာသည် ရှိ၏။ ထိုနှစ်ရွာတို့တွင် ဥပတိဿရွာ၌ ဥစ္စာအင်အား ကြီးမားပြည့်ဖြိုး၍ အမျိုးခုနစ်ဆက်တိုင် ကြွယ်ဝလျက် ဗြာဟ္မဏ မဟာသာလဟု ခေါ်ဝေါ်အပ်သော ဝင်္ကန္တမည်သော ပုဏ္ဏားသည် ရူပသာရီမည်သော ပုဏ္ဏေးမနှင့် သင့်မြတ်၍ ထိုအရပ်ကို ကြီးစိုးအုပ်ချုပ်သတည်း။ ကောလိတရွာ၌လည်း ဤနည်းတူ ကြွယ်ဝသော သုဇာတပုဏ္ဏားသည် မောဂ္ဂလီမည်သော ပုဏ္ဏေးမနှင့် သင့်မြတ်၍ ထိုကောလိတအရပ်ကို အုပ်ကွပ်စိုးမိုးရသတည်း။ ထိုနှစ်ဦးသော ပုဏ္ဏားတို့သည် တမိဝမ်းဖွားကဲ့သို့ သားမယား ဆွေမျိုးနှင့်တကွ ချစ်ကြည်လေးမြတ်စွာ မဟာမိတ်ဖြစ်ကြ၍ တရံသောအခါ ဥပတိဿရွာ၌ ရူပသာရီမည်သော ပုဏ္ဏေးမ၏ဝမ်းဝယ် ပဋိသန္ဓေ တည်နေလေသော် အဆွေဖြစ်သော မောဂ္ဂလီ ပုဏ္ဏေးမတွင်လည်း ထိုနေ့၌ပင် သန္ဓေရလေ၏။ ယင်းသို့ သန္ဓေရကြောင်းကို တဦးသည် တဦးအား သတင်းစကား ပြန်ကြားနှုတ်ဆက်ကြရကား ဂဗ္ဘပရိဟာရကို တညီတမျှတည်း ထားကြကုန်သတည်း။ ဆယ်လလွန်၍ ဖွားလေသော် အဆင်းနိကာယ် တင့်တယ်လှစွာသော သားကောင်းရတနာချည်း ဖြစ်ကြ၍ သာရီပုဏ္ဏေးမ၏သားကို ဥပတိဿ အမည်မှည့်၏။ မောဂ္ဂလီ ပုဏ္ဏေးမ၏သားကို ကောလိတ အမည်မှည့်၏။

မိတ်ဆွေနှစ်ဦး ချစ်ကြည်နူး

ထိုသူငယ်နှစ်ဦးတို့သည် အရွယ်သို့ ရောက်လေသော် ဗေဒင်အတတ်ကို သင်စေ၍ ဗေဒင်သုံးကျမ်း၌ ကမ်းတဖက်ရောက် တတ်မြောက် လိမ္မာကြ၏။ မိမိဆရာမှ တပါးသောသူတို့သည် အယူ

(စာမျက်နှာ-၈၀)

ဝါဒ-စသည်နှင့် စပ်သောစကားကို နှီးနှောခြင်းငှါမျှ မဝံ့ကုန်။ အလုံးစုံသော လောကီသိပ္ပ၌လည်း အပြီးတိုင်၏။ ထိုသူနှစ်ယောက်အား အမိအဖတို့သည် များစွာ ချီးမြှောက်အပ်သည်ဖြစ်၍ ဥပတိဿလုလင်သည် ဥယျာဉ်ကစား မြစ်နားကမ်းခွင် ပွဲသဘင်သို့ ထွက်ဝင်မြူးထူးသောအခါ အရွယ်တူသော ပုဏ္ဏားလုလင်တို့သည် ရွှေထမ်းစင် ငါးရာစီးလျက် ခြံရံ၍ လိုက်ရကုန်၏။ ကောလိတ လုလင်လည်း မြင်းရထားစီးသော ပုဏ္ဏားလုလင်ငါးရာ ခြံရံလျက် လိုက်ရကုန်သတည်း။

ရာဇဂြိုဟ်ပြည်တွင် ထက်ဝန်းကျင်သော ပြည်သူပြည်သားတို့ ပျော်ပါးခြင်းငှါ နှစ်စဉ်မပြတ် ပြုလုပ်အပ်သော တောင်ထွတ်သဘင်သည် ဖြစ်၏။ ထိုသဘင်သို့ မြူးရွှင်ရန် သွားသောအခါ ဥပတိဿ, ကောလိတ နှစ်ဦးတို့သည် မိမိတို့ပရိသတ်ကို ရောနှောစေလျက် တနေရာတည်းနေ၍ ပွဲသဘင်ရှုသဖြင့် ရွှင်သင့်သော အရာ၌လည်း အတူတကွ ရွှင်ကြသည်။ ပြောဆိုသင့်သော အရာ၌လည်း အတူတကွ ပြောဆိုကြသတည်း။ မြူးထူးသင့်သောအရာ၌ အတူတကွ မြူးထူးကြသည်။

သတိသံဝေဂ ရကြပြီ

ဤသို့ နေ့ရှည်ရက်များ ပျော်ပါးပေါင်းဖက်ကြသည်တွင် တရံသောကာလ ဥပတိဿ သတို့သားအား ကြီးပွားရင့်မာသော ပညာရှိသည်၏အဖြစ်ကြောင့် ဤသို့သော အကြံသည် ဖြစ်၏။ “လောက၌ဖြစ်ကြသော လူအပေါင်းတို့ကား ဖြစ်ကြောင်းအားဖြင့် အစာဟောင်းအတွင်းဝယ် ငြိတွယ်ကြီးပွားသော ပိုးလောက်အစုကဲ့သို့ အမိ၏ဥတုသွေး, အဖ၏သုက်ရည် ဤနှစ်ထွေသော အညစ်အကြေးကိုမှီ၍ ဖြစ်ရကား အလွန်စက်ဆုပ်ဖွယ် ဖြစ်၏၊ မှီရာအားဖြင့် အမိစားသော အစာဟောင်း အစာသစ်တို့၏ အလယ်၌နစ်၍ တဆယ့်ရှစ်ထပ်သော အူခွေကြားဝယ် အိမ်ငယ်ကိုမှီ၍ တည်ရကား အလွန်ဆိုးဝါး ညစ်ညမ်း၏၊ ဖွားမြောက်လာလည်း များလှစွာသော အနာရောဂါတို့သည် လွန်နှိပ်စက်ခြင်း ဖြစ်၏။ ရောဂါကင်းလျက် သန့်ရှင်းစွာ ကြီးပွားသောသူမှ လွန်စွာ့အဆုံး အနှစ်တရာခန့်သာ နေရချေသည်၊ သေမင်း၏ခံတွင်းသို့ ဆင်းရမည့်သူချည်း ဖြစ်ချေသည်။ မသေမီအကြား၌လည်း စားရန် ဝတ်ရန် နေထိုင်ရန်ကို ရှာကြံခြင်းကြောင့်ဖြစ်သော ဆင်းရဲ၊ မိဘဆွေဝါး သားမယားတို့ကြောင့် ဖြစ်သောဆင်းရဲ၊ ဤဆင်းရဲအပေါင်းနှင့်သာ များစွာတွေ့ရချေသည်။ ထိုသို့ဖြစ်၍ ပျော်မွေ့ရွှင်မြူးခြင်း မရှိပဲလျက် အုတ်အုတ်ကျက်ကျက် အားတက်ရွှင်လန်း ရယ်သွမ်းသွေးကာ ပျော်နိုးရှာကြဘိလေသည်”ဟု စိတ်အကြံဖြစ်လတ်၍ ရှေးရှေးသော နေ့ကဲ့သို့ ပျော်မွေ့ရွှင်မြူးခြင်းမရှိ၊ ပကတိ ညှိုးခြောက်သော မျက်နှာဖြင့်လျှင် တောင်ထွတ်သဘင်ကို ရှု၏။ ထိုသို့ ညှိုးနွမ်းလေသည်ကို အဆွေကောလိတ မြင်လျှင် “အချင်းဥပတိဿ.. သင်သည် ရှေးအခါတပါးကဲ့သို့ မြူးစားခြင်း အဘယ့်ကြောင့် မရှိသနည်း”ဟု မေး၏။ ထိုအခါ ဥပတိဿကလည်း မိမိကြံဆသော အကြောင်းကို ပြန်ကြား၍ ပွဲသဘင်ပျော်ပါးခြင်း၌ အကျိုးမဖြစ် အနှစ်မရှိကြောင်းကိုပြော၏။

ပရိဗိုဇ်ရဟန်းပြုကြခြင်း

ထိုစကားကို ကောလိတကြားလျှင် သံဝေဂရ၍ “အဆွေ... သင်မြင်အပ်သော သဘောတရားသည် ဖြောင့်သား ဟုတ်မှန်လေစွ၊ သို့ရာတွင် သေခြင်းသဘောတရား ဆင်းရဲခြင်း သဘောတရားသည် ထင်ရှားရှိခဲ့သော် ထိုသေခြင်း ဆင်းရဲခြင်းတို့၏ ကင်းလွတ်ရာ ချမ်းသာတရားလည်း ရှိတန်ပါ၏၊ ငါတို့ရှာကြကုန်အံ့”ဟု တိုင်ပင်၍ မိခင်,ဖခင်တို့အား ခွင့်တောင်းပြီးလျှင် မိမိတို့ အခြံအရံနှင့်တကွ

(စာမျက်နှာ-၈၁)

သိဉ္စည်းပရိဗိုဇ်အထံသို့ လာ၍ ရဟန်းပြုကြ၏။ ထိုသူတို့ ရဟန်းပြုသည်မှစ၍ သိဉ္စည်းဆရာ၌လည်း များစွာသော လာဘ်ပူဇော် အခြံအရံရှိသည် ဖြစ်ကုန်၏။

ဆရာထက်လွန် ပညာချွန်

ရဟန်းပြု၍ နှစ်ရက်,သုံးရက်ရှိလျှင် “သိဉ္စည်းဆရာ၏ ဉာဏ်အမြင်သည် ဤမျှပင်တည်း”ဟု သိကြ၍ လောက၏ အစအဆုံးကို မမြင်သောကြောင့် မေးကြကုန်၏။ “ဆရာ ယခုပြသော နည်းနာမှတပါး ဆရာတို့သိအပ်သော အနှစ်သာရရှိသော အတတ်သည် ရှိသေးသလော”ဟု မေး၏၊ သိဉ္စည်းဆရာကလည်း “တပည့်တို့... မရှိချေပြီ၊ ဤမျှကိုသာ ငါသိမြင်သတည်း”ဟု ဆို၏။ ထိုစကားကိုကြားလျှင် ရှင်ဥပတိဿက ဤသို့ဆို၏။ “အရှင်ကောလိတ.. ဤမျှသောအကျင့်ဖြင့် အမြိုက်တရားကို မရပေရာ၊ ဤဆရာ့ဝါဒကား အနှစ်သာရမရှိ၊ ဤဆရာကို မှီ၍သာနေသဖြင့် သေခြင်းကင်းသော နိဗ္ဗာန်ကို မမြင်ရာ၊ ငါတို့ ဇမ္ဗူဒိပ်ကျွန်းသည် ကျယ်ဝန်းပါသေး၏၊ ထိုထိုမြို့၌ ပညာရှိဟု ကျော်စောသောသူတို့ကို ဖွေရှာ၍ စုံစမ်းမေးမြန်းကြဦးအံ့၊ သို့ရာတွင်မူကား ငါတို့နှစ်ဦးတွင် အကြင်သူသည် တရားအထူးကို ရှေးဦးစွာ မြင်အံ့၊ ထိုသူသည် တဦးအား ကြားစတမ်း”ဟု ကတိကဝတ် ထားကြ၏။

အမြိုက်တရားရှာကြပြီ

ထို့နောက်မှ မိမိတို့၏ပရိက္ခရာကို မိမိတို့ဆောင်လျက် တပါးမြို့သို့ လှည့်လည်ပြီးလျှင် ပညာရှိတို့ကိုရှာ၍ ပြဿနာမေးကြ၏။ ထိုသူနှစ်ဦးတို့၏ ပြဿနာကို တစုံတယောက်သော လူ,ရဟန်း,ပုဏ္ဏားတို့သည် မဖြေဆိုနိုင်ကုန်။ ထိုထိုရပ်ခန်း၌ ရဟန်း, ပုဏ္ဏားတို့၏ ပြဿနာကို ထိုသူနှစ်ဦးသာ ဖြေဆို၍ လာရကုန်သတည်း။ ဤသို့အားဖြင့် ဇမ္ဗူဒိပ်ကျွန်းအလုံးကို လှည့်ပတ်၍ မတွေ့သဖြင့် နေရင်းဌာန သိဉ္စည်းဆရာ့အထံသို့ ပြန်လာကြ၏။

၂၀။ ရှင်သာရိပုတြာ, ရှင်မောဂ္ဂလာန်အလောင်းတို့ ဘုရားရှင်ထံ ရဟန်းပြုခြင်း

ရဟန်းတော်တို့ဣန္ဒြေ

ထိုအခါ မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းကို ခံတော်မူ၍ သုံးရက်မြောက်သောနေ့၌ ပဉ္စဝဂ္ဂီတို့တွင် အကျုံးဝင်သော အရှင်အဿဇိသည် နံနက်သောအခါတွင် သင်္ကန်းကိုပြင်ဝတ်၍ သပိတ်ပိုက်လျက် ငြိမ်သက်မြတ်မွေ့သော ဣန္ဒြေဖြင့် ရိုသေကြည်ညွတ်ဖွယ်ရှိသော ရှေ့သို့တက်ခြင်း, နောက်သို့ဆုတ်ခြင်း, တူရူကြည့်ခြင်း, တစောင်းကြည့်ခြင်း, ကွေးခြင်း, ဆန့်ခြင်း, သပိတ်သင်္ကန်း လှမ်းယူခြင်း, စသည်နှင့် ပြည့်စုံလျက် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံဝင်၏။

အရှင်အဿဇိကို တွေ့ပုံ

ထိုအခါ ရှင်သာရိပုတြာ အလောင်းဖြစ်သော ဥပတိဿ ပရိဗိုဇ်သည် မြို့တွင်းမှ ဆွမ်းစားပြီး ကျောင်းသို့ပြန်လာသည်နှင့် အခန့်သင့်တွေ့မြင်လျှင် ဤသို့ အကြံဖြစ်၏။ “ဤအရှင်ကဲ့သို့ ယဉ်ကျေးငြိမ်သက်သော ဣန္ဒြေအမူအရာနှင့် ပြည့်စုံသော ရဟန်းကို ငါမမြင်စဖူး၊ ထူးမြတ်တင့်တယ်ပေစွ၊ ဤလောကတွင် ဤအရှင်ကား အမြိုက်တရား၏ တည်ရာ ရဟန္တာသော်လည်း ဖြစ်လတ္တံ့၊ ရဟန္တာဖြစ်ကြောင်း အကျင့်ကောင်းနှင့် ပြည့်စုံသော သူသော်လည်း ဖြစ်လတ္တံ့၊ ဤရဟန်းအထံသို့ကပ်၍

(စာမျက်နှာ-၈၂)

ကျင့်အပ်သော စာရိတ္တ နည်းဖြင့်ပြသော ဆရာတို့ကို ငါမေးရသော် ကောင်း၏”ဟု ကြံ၏။ ထို့နောက်မှ ဤသို့ကြံပြန်၏။ “ယခုအခါ ရွာတွင်းသို့ ဝင်ဆဲဖြစ်ပေသည်။ မေးမြန်းခြင်းငှါ အခါမဟုတ်သေးချေ၊ သူ့နည်းကို ခံလိုမူ သူ၏ပရိကံကို ပြုဦးမှ သင့်ချိမ့်မည်”ဟု ကြံဆင်ခြင်၍ အရှင်အဿဇိ ကြွသောခရီးဖြင့် မနီးမဝေးမှ လိုက်၏။ ထိုအရှင်အဿဇိလည်း ဆွမ်းရပြီးသော် ဘုဉ်းပေးခြင်းငှါ သင့်တင့်သော ဇရပ်တခုသို့ ကပ်၏။

ထိုသို့ ကပ်သည်ကိုမြင်လျှင် မိမိတွင်ပါသော ပရိဗိုဇ်တို့၏ အင်းပျဉ်ကိုခင်းလျက် ကရားမှရေကိုပေး၍ ဆွမ်းစားရေး၌ ပြုထိုက်သမျှသော အာစရိယဝတ်ကိုပြု၍ အရှင်အဿဇိ ဆွမ်းဘုဉ်းပေးပြီးလျှင် ရွှင်ပဝမ်းသာစွာ ပဋိသန္ဓာရစကား ပြောဟောပြီးမှ ထိုဥပတိဿက-

“ငါ့ရှင်.. သင်၏ ဣန္ဒြေအမူအရာတို့သည် လွန်စွာနှစ်သက်ဖွယ်ရှိ၏၊ ဖြူစင်သန့်ရှင်းသော အဆင်းအသရေလည်း ရှိပေ၏၊ သင်သည် အဘယ်ကို ရည်မှန်း၍ ရဟန်းပြုသနည်း၊ သင်၏ဆရာကား အသူနည်း၊ အဘယ်သူ၏ တရားစကားကို သင်ကား နှစ်သက်သနည်း၊ အဘယ်သူ၏ ဩဝါဒကို သင် ရဘိသနည်း”-ဟု

မေး၏။ အရှင်အဿဇိလည်း-

“ငါ့ရှင်.. ငါကား သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ကိုးပါးသောဂုဏ်နှင့် ပြည့်စုံတော်မူသော နတ်နှင့်တကွသောလူတွင် အတုမရှိ အသဒိသပုဂ္ဂိုလ် ဖြစ်တော်မူသော သာကီဝင်မင်းသား ဘုရားကို ရည်မှန်း၍ ရဟန်းပြုသတည်း၊ ထိုဘုရားသည် ငါ၏ဆရာပေတည်း၊ ထိုဘုရားသည် ဟောကြားအပ်သော တရားကိုသာ ငါနှစ်သက်၍ မိန့်မြွက်သောဩဝါဒကို ခံသတည်း”-ဟု

ဆိုပေသော်-

“ငါ့ရှင်... သင်တို့ဆရာ မြတ်စွာဘုရားသည် အသို့အယူရှိသနည်း၊ မည်သို့သောတရားကို ဟောကြားသနည်း၊ ငါ့အား ဟောပါ”ဟု

ဆိုပြန်လျှင် အရှင်အဿဇိလည်း “ထိုပရိဗိုဇ် ရဟန်းတို့သည် သာသနာတော်၏ ရန်သူကွန်ရက် ဆန့်ကျင်ဘက် ဖြစ်ကုန်သည်၊ သာသနာတော်၏ နက်နဲကျယ်ဝန်းကြောင်းကို ဆိုဦးမှ သင့်မည်”ဟု အကြံရှိ၍-

“ငါ့ရှင်… ငါကား သာသနာတော်၌ ရဟန်းပြု၍ မကြာမြင့်ပါသေး၊ လေးပါးသော ဂမ္ဘီရဂုဏ်နှင့် ပြည့်စုံသော တရားတော်ကို အကျယ်ဟောခြင်းငှါ မစွမ်းနိုင်ပါ၊ စိုးစဉ်းမျှသာ ဟောနိုင်ပါသေးသည်”-ဟု

ဆိုလျှင် ထိုဥပတိဿက-

“ငါ့ရှင်... ငါတမူကား ဇမ္ဗူဒိပ်ကျွန်းခွင်ဝယ် ပညာအရာ၌ လွန်စွာ ကျော်စောသသူ တယောက်ပင်တည်း၊ အရှင်၏ အစွမ်းအားရှိသမျှပင် ငါ့အား ဟောပါလော့၊ နည်းအရာ
(စာမျက်နှာ-၈၃)
နည်းအထောင်တို့ဖြင့် ကုန်အောင်ချဲ့ထွင်၍ သိမြင်ခြင်းငှါ အကျွန်ုပ်တာဝန် ရှိစေသတည်း”-ဟု

ဆိုလျှင် အဿဇိလည်း-

ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော။
အာဟ တေသဉ္စ ယော နိရောဓော၊ ဧဝံဝါဒီ မဟာသမဏော-

ဟူသော-ဂါထာကို ဟောပေ၏။

[အနက်ကား]ယေ ဓမ္မာ၊ အကြင် ဇာတိ,ဇရာ ဗျာဓိ,မရဏ အစရှိသော ဒုက္ခသစ္စာ တရားတို့သည်။ ဝါ၊ ဒုက္ခဒုက္ခ, သင်္ခါရဒုက္ခ, ဝိပရိဏာမဒုက္ခ, အစရှိသော ဒုက္ခသစ္စာတို့သည်။ ဟေတုပ္ပဘဝါ၊ တဏှာဟူသော သမုဒယသစ္စာလျှင် အမွန်ရှိကုန်၏။ တေသံ၊ ထိုဒုက္ခ, သမုဒယသစ္စာ နှစ်ပါးတို့၏။ ဟေတုံ၊ ဖြစ်ရာဖြစ်ကြောင်း ချုပ်ရာချုပ်ကြောင်းဖြစ်သော မဂ္ဂသစ္စာကိုလည်း။ တထာဂတော၊ ငါတို့ဆရာ မြတ်စွာဘုရားသည်။ အာဟ၊ ဟောတော်မူ၏။ တေသဉ္စ၊ ထိုအလုံးစုံသော တရားတို့၏လည်း။ နိရောဓော၊ ချုပ်ရာဧကန် နိဗ္ဗာန်တရားကို။ အာဟ၊ ဟောတော်မူ၏။ မဟာသမဏော၊ ရဟန်းမြတ်စွာ တို့ဆရာသည်။ ဧဝံဝါဒီ၊ ဤသို့အယူရှိ၏။ ဝါ၊ ဤသို့ ဟောတော်မူလေ့ရှိ၏။

(၎င်းဂါထာ၏ အနက်ယောဇနာနည်းကို မမိလျှင် နေတ္တိ အဋ္ဌကထာ, ဋီကာ-စသည်ကို မျှော်။)

သောတာပန်ဖြစ်ကြပြီ

ဤဂါထာကိုဟော၍ နှစ်ပါဒကို ကြားရလျှင် အရှင်ဥပတိဿသည် နည်းတထောင်ဖြင့် တန်ဆာဆင်အပ်သော သောတာပတ္တိမဂ်သို့ ရောက်တော်မူ၏။ နောက်နှစ်ပါဒကို ဖလဋ္ဌာန်ဖြစ်မှ နာရသတည်း။

ဤဂါထာဆုံးလျှင် လေးအင်သော သစ္စာကိုမြင်၍ “အရှင်ဘုရား... အရှင်ဘုရား၏ တရားဒေသနာကို မပွားပါလင့်လော့၊ ဤမျှတည်းဖြင့် ဆိုင်းသင့်သောအကြောင်းသည် အကျွန်ုပ်၌ ရှိပါသည်။ သို့ရာတွင် အကျွန်ုပ်တို့၏ဆရာ မြတ်စွာဘုရားသည် အဘယ်မှာနေပါသနည်း”ဟု မေး၏။

အရှင်အဿဇိလည်း ဘုရားသခင် ဝေဠုဝန်ကျောင်းတော်တွင် ရှိကြောင်းကိုဆိုလျှင် “အရှင်ဘုရား ကြွတော်မူလင့်ပါလော့၊ အကျွန်ုပ်မှာ အထက်က ကတိကဝတ် ရှိဖူးကြသော အဆွေတယောက် ရှိပါသည်၊ ထိုအဖော်ကိုခေါ်၍ ဘုရားထံတော်သို့ လာပါအံ့”ဟု လျှောက်လိုက်၍ အရှင်အဿဇိ ကြွလေလျှင် အရှင်ဥပတိဿလည်း မိမိနေရာသို့ ပြန်ခဲ့၏။

ထိုသို့ လာသည်ကို ကောလိတပရိဗိုဇ် အဝေးကမြင်လျှင် “အရှင် ငါ့အဆွေ၏ ဣန္ဒြေအမူအရာတို့သည် ယနေ့ ထူးခြားစွာ ဖြစ်၏၊ မြတ်သောတရားကို ကြားနာခဲ့ရသည် ဖြစ်လတ္တံ့၊ ငါမေးရသော် ကောင်း၏”ဟု ကြံ၍ နေသည်နှင့် အနီးသို့ရောက်လျှင် “ငါ့ရှင်... သင်-ယနေ့ကား နေ့တိုင်းတပါးထက် ထူးခြားစွာဖြစ်သော ဣန္ဒြေအမူအရာရှိ၏၊ လပြည့်လဝါ ထန်းမှည့်ညှာကဲ့သို့

(စာမျက်နှာ-၈၄)

သာယာရွှင်လန်းသော မျက်နှာအဆင်းလည်းရှိ၏၊ အကြောင်း အသို့နည်း၊ အမြိုက်တရားကို ကြားနာရပြီလော”ဟု မေး၏။

ဥပတိဿလည်း အရှင်အဿဇိကို တွေ့သည်မှစ၍ တရားကို နာရသည့်တိုင်အောင် အလုံးစုံသော အတ္ထုပ္ပတ္တိကို ပြန်ပြောင်း၍ပြော၏။

ကောလိတလည်း “သင်နာခဲ့ရသော တရားကို ငါ့အား ဟောပါ”ဟု ဆိုလေသော် “ယေဓမ္မာ ဟေတုပ္ပဘဝါ” စသောဂါထာကို ဟော၏။ ထိုဂါထာဒေသနာ၏ အဆုံး၌ ကောလိတပရိဗိုဇ်သည် သောတာပတ္တိဖိုလ်သို့ ရောက်၏။

သိဉ္စည်းဆရာကြီးထံ သွားခွင့်ပန်

ထိုသို့ သောတာပန်ဖြစ်ပြီးလျှင် “ငါ့ရှင်... ငါတို့ဆရာ မြတ်စွာဘုရားသည် အဘယ်မှာနေသနည်း၊ ဘုရားရှိရာသို့ လျင်စွာ သွားကုန်အံ့”ဟု ဆိုပေသော် ဥပတိဿလည်း ဤသို့ဆို၏။ “ငါ့ရှင်... ငါတို့လက်ဦးဆရာမြတ် အဿဇိထေရ် ပြောသည်မှာ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ နေသတည်း၊ သို့ရာတွင် ဤနှစ်ရာ့ငါးကျိပ်သော ပရိဗိုဇ်တို့သည် ငါတို့ကိုမှီ၍ပင် နေကုန်သတည်း၊ ထိုသူတို့အားလည်း အကြောင်းကို ကြားဦးမှသင့်မည်”ဆို၍ ထိုပရိဗိုဇ်တို့အား ဘုရာထံသွားမည့် အကြောင်းကိုကြားလျှင် “အရှင်တို့နှင့် အတူလိုက်၍ ဘုရားအဆုံးအမကို အကျွန်ုပ်တို့လည်း ခံပါအံ့”ဟု ဆိုကုန်၏။ ထို့နောက်မှ ဥပတိဿ, ကောလိတ နှစ်ဦးတို့သည် သိဉ္စည်းထံသွား၍ “အရှင်ဘုရား... အကျွန်ုပ်တို့သည် နိဗ္ဗာန်တရားကို ဟောကြားပြညွှန်တတ်သော ဆရာမြတ်ကို တွေ့ပါပြီ၊ ဤလောက၏ အစအဆုံးကိုမြင်၍ အဝိဇ္ဇာ၏စင်ခြင်းကို ပြုတတ်သော မြတ်စွာဘုရားသည် ထင်ရှားဖြစ်တော်မူပေပြီ၊ တရားတော်သည်လည်းကောင်း၊ သံဃာတော်သည်လည်းကောင်း ထင်ရှားဖြစ်ပြီ၊ ဆရာတို့သည် အနှစ်သာရမရှိ အကာအတိသာဖြစ်၍ စင်စစ် အချည်းနှီးသော အကျင့်ကို စွန့်ခွာလော့၊ မြတ်စွာဘုရားထံ ဆုံးမခံ၍ ကျင့်ရအောင် သွားကြကုန်အံ့”ဟု ဆို၏။

ထိုအခါ သိဉ္စည်းဆရာက “ငါသည် ဤရာဇဂြိုဟ်ပြည်ကြီး၌ ထင်ရှားသော ဂိုဏ်းဆရာတယောက်ပင် ဖြစ်သည်။ အိုးစရည်းကြီးကို လက်ငင်အိုးပြုချင်၍ အမြင်မတော်သကဲ့သို့ သူတပါးလက်အောက်ခံ၍ မလျော်ကန်ရာပြီ၊ ငါတို့ပရိသတ်လည်း များပါ၏၊ ဆရာတပည့် သုံးဦးပင် ဤသံဃာအပေါင်းကို ဆောင်ကြကုန်အံ့။ သင်တို့လည်း မသွားလေလင့်”ဟု သုံးကြိမ်မြောက်အောင် တားမြစ်၏။

ဥပတိဿ, ကောလိတတို့ကလည်း “ဤလောက၌ အတုမရှိ အသဒိသပုဂ္ဂိုလ်ဖြစ်သော ဘုရားရှိကြေင်းကို လူအပေါင်းတို့သိလျှင် မည်သည့်သူမျှ ဆရာ့အထံသို့ ကျိုးနွံပူဇော်ခြင်းငှါ မရောက်ပေရာ၊ ဘုရားရှင်ထံသို့သာလျှင် ပန်းနံ့သာ လက်စွဲလျက် မှီဝဲဆည်းကပ်ကုန်လတ္တံ့၊ အနှစ်မရှိသော ဂုဏ်အရောင်ဖြင့် မထောင်လွှားပါလိုလင့်”ဟု ဆို၏။

သိဉ္စည်းဆရာကလည်း “ချစ်သားတို့.. ဤလူ့ရွာ၌ ပညာရှိသောသူတည်း များသလော၊ ပညာနည်းသောသူတည်း များသလော”ဟု မေး၏။

(စာမျက်နှာ-၈၅)

“ဆရာ...ပညာနည်းသောသူသာ များ၏”ဟု ဆိုပေသော်- တပည့်တို့.. ယုတ်ညံ့သော သတ္တဝါသည် ယုတ်မာသောခင်ပွန်းကိုသာ မှီဝဲသည်၊ ဆင်းရဲသောသတ္တဝါသည် ဆင်းရဲသော မိတ်ဆွေနှင့် ယှဉ်နွှဲသည်။ မလိမ္မာသော သတ္တဝါသည် မလိမ္မာသော ဆရာကိုသာ မှီဝဲသည်၊ ဤကား လူခပဲတို့၏ ဖြစ်မြဲဓမ္မတာတည်း။ ထို့အတူ ပညာမရှိ ဂုဏ်အထူးကို မသိတတ်သောသူသည် ငါတို့ထံသို့ လာလတ္တံ့၊ ထို့ကြောင့် လာဘ်ပူဇော်နည်းမည်ကို မစိုးရိမ်လင့်၊ သင်တို့သွားလိုသော် သွားကြလေကုန်”ဟု ဆို၏။

ထိုအခါ ဥပတိဿ ကောလိတတို့လည်း မိမိတို့၏ ပရိသတ်ငါးရာကိုခေါ်၍ ဝေဠုဝန်ကျောင်းတော်သို့ ရှေးရှုထွက်၏။ သိဉ္စည်းဆရာ၏ တပည့်ဟောင်းတို့လည်း လိုက်ကြလေ၍ သံဃာမရှိ အချည်းနှီးသော ကျောင်းအာရာမ်တို့ကို ထိုသိဉ္စည်းဆရာမြင်လျှင် ရင်ဝမှဆူ၍ သွေးပူအန်သော ဝေဒနာသည် ဖြစ်၏၊ ထိုအကြောင်းကြောင့် တပည့်ဟောင်းတို့သည် ပြန်၍ လုပ်ကျွေးရကုန်သတည်း။

ဘုရားထံမှောက် ဖူးမြော်ရောက်

မြတ်စွာဘုရားလည်း ပရိသတ်လေးပါးတို့အား တရားဟောလျက် နေတော်မူစဉ် နှစ်ရာ့ငါးကျိပ်စီသော ပရိဗိုဇ်အခြံအရံနှင့်တကွ လာကြသော ဥပတိဿ ကောလိတတို့ကို အဝေးက မြင်တော်မူလျှင် သံဃာတော်တို့ကို ခေါ်တော်မူ၍ “ချစ်သားတို့.. ဥပတိဿ ကောလိတဟူသော အဆွေခင်ပွန်း နှစ်ယောက်တို့သည် ယခုလာကုန်ပြီ၊ ဤသူနှစ်ပါးကား ငါဘုရား၏ တပည့်မြတ်အစုံ ဖြစ်လတ္တံ့”ဟု မိန့်တော်မူလင့်၏။ ဘုရားအထံတော်သို့ ရောက်လာလျှင် ခြေတော်ကို ဦးတိုက်၍ “ဘုန်းတော်ကြီးသော အရှင်ဘုရား... အကျွန်ုပ်တို့အား တရားအမြိုက်ဆေး တိုက်ကျွေးတော်မူပါ၊ အထံတော်၌ ရဟန်းအဖြစ်ကို ရလိုပါကုန်၏”ဟု လျှောက်ကြလျှင် ဘုရားသခင်လည်း-

ဧထ ဘိက္ခဝေါ သွာက္ခာတော ဓမ္မော၊ စရထ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ-

ဟု-“ဧဟိဘိက္ခု” ခေါ်တော်မူ၍ တန်ခိုးဖြင့်ပြီးသော သင်္ကန်းသပိတ် ပရိက္ခရာကိုရလျက် ရဟန်းဖြစ်ကြလေကုန်၏။ အရှင်ဥပတိဿ ကောလိတမှတပါး ငါးရာသောသူတို့သည် အစဉ်အတိုင်းသော မဂ်ကိစ္စဖြင့် အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။

ရဟန္တာဖြစ်ကြပုံ

ထိုသူနှစ်ဦးတို့ကား ကြီးမားသော သာဝက ပါရမီဉာဏ်၏ ပရိကံ မပြည့်စုံသေးသောကြောင့် ရှေးရရင်း သောတာပန်၏ အဖြစ်ဖြင့်သာ တည်၏။ အရှင်ကောလိတသည် ရဟန်းဖြစ်သည့်နောက် ခုနစ်ရက်မြောက်သောနေ့၌ ဤရာဇဂြိုဟ်၏အနီး ကလ္လဝါဠ ရွာကြီး၏အတွင်း သစ်ပင်ရင်း၌ ကမ္မဋ္ဌာန်းစီးဖြန်းယင်း ငိုက်မျဉ်း၍နေစဉ် ဘုရားသခင်လည်း “အချင်းကောလိတ... သင်သည် အိုခြင်း နာခြင်း သေခြင်းကို လွန်မြောက်ရာ အမြိုက်ချမ်းသာကို ဖွေရှာသောသူဖြစ်လျက် ထိနမိဒ္ဓ ပမာဒဟူသော မသူတော်တို့နှင့် အဘယ့်ကြောင့် ပေါင်းဖော်ပြန်သနည်း”ဟု မိန့်တော်မူ၍ ဓာတုကမ္မဋ္ဌာန်းကို ဟောတော်မူသည်ကို နာရလျှင် သုံးအင်သော မဂ်နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏၊ အရှင်ဥပတိဿကား ရဟန်းဖြစ်ပြီးနောက် လခွဲမြောက်သောအခါ “သူကရခါတ”မည်သော လိုဏ်၌နေစဉ် ဘုရားသခင်သည် အရှင်ဥပတိဿ၏ တူဖြစ်သော

(စာမျက်နှာ-၈၆)

ဒီဃနခပရိဗိုဇ်အား ဝေဒနာပရိဂ္ဂဟ လက္ခဏသုတ်ကို ဟောတော်မူရာဝယ် ကြားနာရ၍ သာဝကပါရမီဉာဏ်၏ အပြီးအဆုံးသို့ ရောက်သတည်း။

(ဤသို့ မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ၌ လာသည်။)

အဂ္ဂသာဝက ရာထူးများရ

ဤသို့လျှင် အရှင်ဥပတိဿ ရဟန္တာဖြစ်ပြီး၍ ထိုသည့်နေ့ပင် ဘုရားသခင်လည်း ဝေဠုဝန်ကျောင်းတော်၌ တပည့်သံဃာတော် အားလုံးကို စုရုံးစည်းဝေးစေ၍ အရှင်ဥပတိဿကို “ဓမ္မသေနာပတိ သာရိပုတြာ”ဟူသော အမည်နှင့် လက်ယာရံ အဂ္ဂသာဝကအရာ, အရှင်ကောလိတကို “မဟာမောဂ္ဂလာန်”ဟူသော အမည်နှင့် လက်ဝဲရံ အဂ္ဂသာဝကအရာ ထားတော်မူသည်။

ဩဝါဒပါတိမောက်

သမုဒ္ဒရာ ဂင်္ဂါသဲလုံးနှင့်အမျှ ပွင့်တော်မူကုန်သော အဆူဆူသော ဘုရားရှင်တို့၏ အစဉ်ပြတော်မူကုန်မြဲ ဖြစ်သော-

ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။
သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။
အနူပဝါဒေါ အနူပဃာတော၊ ပါတိမောက္ခေ စ သံဝရော။
မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္တဉ္စ သယနာသနံ။
အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါနသာသနံ-

ဟူသော ဩဝါဒပါတိမောက်ကို ပြတော်မူသည်။

[အနက်ကား]တိတိက္ခာ၊ အားခုနစ်ပါးထက် ထက်သန်သော။ ခန္တီ၊ သည်းခံခြင်းသည်။ ပရမံ၊ မြတ်သော။ တပေါ၊ အကျင့်တည်း။ နိဗ္ဗာနံ၊ နိဗ္ဗာန်တရားကို။ ပရမံ၊ မြတ်၏ဟူ၍။ ဗုဒ္ဓါ၊ ဘုရားရှင်တို့သည်။ ဝဒန္တိ၊ ဟောတော်မူကုန်၏။ ပရူပဃာတီ၊ သူတပါးအား ထိပါးသတ်ဖြတ်တတ်သောသူသည်။ န ပဗ္ဗဇိတော၊ ရဟန်းမမည်။ ပရံ၊ သူတပါးကို။ ဝိဟေဌယန္တော၊ ညှဉ်းဆဲနှိပ်စက်လေ့ ရှိသောသူသည်။ သမဏော၊ ကိလေသာကို ငြိမ်းစေတတ်သောသူမည်သည်။ န ဟောတိ၊ မဖြစ်။

သဗ္ဗပါပဿ၊ အလုံးစုံသော အကုသိုလ်ကို။ အကရဏံ၊ မပြုခြင်းလည်းကောင်း။ ကုသလဿ၊ ကုသိုလ်ဆယ်ပါးတရားကို။ ဥပသမ္ပဒါ၊ ဆည်းပူးခြင်းလည်းကောင်း။ ဝါ၊ ပြည့်စုံစေခြင်းလည်းကောင်း။ သစိတ္တပရိယောဒပနံ၊ မိမိစိတ်ကို ဖြူစင်စွာ ထားခြင်းလည်းကောင်း။ ဧတံ၊ ဤတရားသည်လျှင်။ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။ သာသနံ၊ အဆုံးအမတော်တည်း။

အနူပဝါဒေါ၊ သူတပါးအား စွပ်စွဲပြစ်ဖွဲ့ မကဲ့ရဲ့ခြင်းလည်းကောင်း။ အနူပဃာတော၊ ကိုယ်,နှုတ်,ဥစ္စာ ဒဏ်သုံးဖြာဖြင့် လွန်စွာ မနှိပ်စက်ခြင်းလည်းကောင်း။ ပါတိမောက္ခေစ သံဝရော၊ အာပတ်ခုနစ်ပုံကို စောင့်စည်းခြင်းလည်းကောင်း။

(စာမျက်နှာ-၈၇)

ဘတ္တသ္မိံ၊ အစာအာဟာရ၌။ မတ္တညုတာ စ၊ အတိုင်းအရှည်ကို သိသောအဖြစ်လည်းကောင်း။ ပန္တဉ္စ သယနာသနံ၊ ရွာနီးကျောင်း၌ မနေခြင်းလည်းကောင်း။ အဓိစိတ္တေ စ၊ ဂေါတြဘူ ဝေါဒါန် ဈာန် မဂ်နှင့်ယှဉ်လတ်၍ လွန်မြတ်သော စိတ်၌သာလျှင်။ အာယာဂေါ၊ လွန်စွာ လုံ့လပြုခြင်းလည်းကောင်း။ ဧတံ၊ ဤတရားသည်။ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။ သာသနံ၊ အဆုံးအမတော်တည်း။

ဤကား ရှေးဦးစွာသော သာဝကသန္နိပါတတည်း။

၂၁။ ရှင်ကောဏ္ဍည၏ ရှေးအကြောင်းကို ပြခြင်း

ထိုအခါ အချို့သော သံဃာတို့က ဤသို့ အပြစ်တင်ကုန်သည်။ “ငါတို့ဆရာ မြတ်စွာဘုရားသည် မျက်နှာကိုကြည့်၍ ဆွမ်းပေးသကဲ့သို့ ပြုတော်မူသည်။ အကယ်၍ အဂ္ဂသာဝကအရာကို ပေးတော်မူလျှင် သာသနာသို့ ရှေးဦးစွာဝင်သော ပဉ္စဝဂ္ဂီတို့အားသော်လည်း ပေးသင့်ပါ၏၊ ထိုသူတို့အား သနားတော်မမူပါသော် နှစ်ကြိမ်မြောက်ဝင်သော ရှင်ယသစသော ငါးကျိပ်ငါးယောက်သော သူတို့အားသော်လည်း သနားတော်မူသင့်ပါ၏၊ ထိုသူတို့ကိုမျှ မပေးလိုမူ သုံးကြိမ်မြောက်ဝင်သော ဘဒ္ဒဝဂ္ဂီမင်းသား ရဟန်းတို့အားလည်း ပေးသင့်ပါ၏။ ထိုသူတို့ကိုမျှ မထားလိုမူ ဥရုဝေလ ကဿပစသော ရသေ့ညီနောင်တို့အားသော်လည်း သနားသင့်ပါ၏၊ ထိုသို့ဖြစ်လျက် ထိုသူတို့၏မျက်နှာကို မညှာမလှည့် ကြည့်တော်မမူပဲ နောက်ဆုံးမှ ဝင်လာသော ရှင်သာရိပုတြာ ရှင်မောဂ္ဂလာန်တို့အား အဂ္ဂသာဝကအရာ၌ ထားတော်မူဘိသည်၊ အကြောင်းမသင့်”ဟု အပြစ်တင်ကုန်၏။

ပဒုမုတ္တရမြတ်စွာဘုရား

ထိုစကားကို အဆင့်ဆင့်အားဖြင့် ကြားတော်မူလျှင် ဘုရားရှင်လည်း “သင်ချစ်သားတို့.. ငါကား မျက်နှာကိုကြည့်၍ အရာပေးသည်မဟုတ်၊ ရှေးရှေးသောဘဝက ထိုသူတို့ တောင့်တသောဆု, ပြုကြသော ပါရမီအတိုင်းသာလျှင် အရာပေးတော်မူသတည်း”ဟု မိန့်တော်မူ၍ ထိုသူတို့၏ ရှေးပါရမီတို့ကို သိလိုပါကြောင်းနှင့် သံဃာတော်အပေါင်းတို့ လျှောက်တောင်းပန်ရာတွင်-

အညာတကောဏ္ဍညော ပန ဘိက္ခဝေ-

အစရှိသော ပုဗ္ဗကမ္မစကားကို ဟောကြားတော်မူသည်။

အဓိပ္ပာယ်ကား-ချစ်သားတို့.. ငါးဦးသော ပဉ္စဝဂ္ဂီတို့တွင် အညာတ ကောဏ္ဍညသည် ဤကမ္ဘာမှ ပြန်၍ရေသော် ကမ္ဘာတသိန်းထက်၌ ပဒုမုတ္တရ အမည်ရှိသော မြတ်စွာဘုရားသည် လောကသုံးပါး၌ ထင်ရှားဖြစ်တော်မူ၏။ ထိုဘုရားရှင်ကား လူတို့၏အသက် တသိန်းတမ်း၌ ပွင့်တော်မူ၏။ ကိုယ်ရပ်တော်ကား ငါးဆယ့်ရှစ်တောင်ရှိ၏။ အရောင်တော်ကား တဆယ့်နှစ်ယူဇနာရှိ၏။ ထိုဘုရားရှင်သည် သဗ္ဗညုတဉာဏ်ကို ရပြီး၍ ဗောဓိအောက်ပြင် ရွှေပလ္လင်မှ ထတော်မူလတ်တော် ခြေတော်လှမ်း၍ ချရာ,ချရာအရပ်၌ ကြီးစွာသော ပဒုမ္မာကြာပွင့်တို့သည် အသင့် မြေမှထွက်၍ ခံလာ၏။ ထိုကြာပွင့်ချပ်အား အလျား အတောင်ကိုးဆယ်, အနံ အတောင်ခြောက်ဆယ်ရှိ၏။ ဝတ်ဆံကား အတောင်သုံးဆယ်, အချက်ကား တဆယ့်နှစ်တောင်ရှိ၏။ ထို၏အထက်၌ လက်ယာခြေတော်ကို ချတော်မူလျှင် တတုံ(တပြည်)မျှလောက်သော

(စာမျက်နှာ-၈၈)

ဝတ်မှုန်တို့လည်း မီးခိုးဟုန်ကဲ့သို့ တက်ကြွ၍ ကိုယ်တော်ကိုလွှမ်းပြီးမှ သက်၏။ လက်ဝဲခြေတော်ကို တဖန် ချပြန်လျှင်လည်း ရှေးနည်းအတူ ကြာပွင့်ပေါက်ပြန်၍ အလျောက်ခံလာသဖြင့် လက်ယာခြေထောက်ကို ချီတော်မူလျှင် ယခင်ခံရသော ပထမပွင့်သည် ကွယ်ပျောက်၍ အသစ်ပေါက်လာပြန်သတည်း။ ဤသို့သောနည်းအားဖြင့် ဖဝါးလှမ်းတိုင်း လှမ်းတိုင်းသာ ပဒုမ္မာကြာ ခံလာရသော ဂုဏ်ကြောင့် “ပဒုမုတ္တရ”ဟူသော အမည်တော်ဖြင့် ကျော်စောသတည်း။

အလှည့်ကျ ဆွမ်းလုပ်ကျွေးကြပုံ

ထိုဘုရားသခင်သည် သံဃာတသိန်းခြံရံလျက် လူအပေါင်းတို့ကို သင်္ဂြိုဟ်ချီးမြောက်ခြင်းငှါ ထိုထိုမြို့ရွာသို့ ဒေသစာရီ ကြွချီတော်မူလာသဖြင့် ချက်တော်သိုရာ ဟံသာဝတီပြည်သို့ ရောက်တော်မူလာ၏၊ ထိုအခါ မြတ်စွာဘုရား ခမည်းတော်ဖြစ်သော အာနန္ဒာမင်းကြီးသည် ခရီးဦးကြိုဆိုခြင်းစသော အမှုကိုပြု၍ ဥယျာဉ်၏အတွင်း သန့်ရှင်းသောအရပ်၌ ကျောင်းတော်ကိုဆောက်၍ သီတင်းသုံးနေစေပြီးသော် ဆွေတော်မျိုးတော် မှူးတော်မတ်တော် အပေါင်းနှင့်တကွ တရားတော်ကိုနာ၏၊ ဘုရားမြတ်စွာလည်း ဓမ္မဒေသနာကို ကောင်းစွာဖြစ်စေ၏၊ ဒေသနာ၏အဆုံး၌ အချို့သောသူတို့သည် သောတာပန်, အချို့သောသူတို့သည် သကဒါဂါမ်, အချို့ကား အနာဂါမ်, အချို့ကား ရဟန္တာအဖြစ်သို့ ရောက်ကုန်၏။ ထိုနေ့မှစ၍ မင်းနှင့်တကွသော ပြည်သူပြည်သားတို့သည် ဘုရားအမှူးရှိသော သံဃာတော်တို့အား တနေ့ကား မင်း, တနေ့ကား ဆင်းရဲသားအားဖြင့် အလှည့်ထား၍ လုပ်ကျွေးကြကုန်သတည်း။

တရားဦးနာ၍ သိရန်ဆုတောင်း

ထိုအခါ အညာတ ကောဏ္ဍည၏ အလောင်းသည် ဟံသာဝတီပြည်၌ ဂဟပတိ မဟာသာလအမျိုး၌ ဖြစ်၏။ တနေ့သောအခါ မြတ်စွာဘုရားအထံသို့ ပန်းနံ့သာ လက်စွဲလျက် ကပ်လေသော် ဘုရားကိုယ်တော်မြတ်လည်း တပည့်သားတို့အား တရားအမြိုက်ဆေး တိုက်ကျွေးတော်မူ၍ ဒေသနာတော်အဆုံး၌ ရှေးဦးအစ တရားရသော ရဟန်းတယောက်ကို ဧတဒဂ်အရာထားသည်ကို မြင်သဖြင့် ဤအရှင်ကဲ့သို့ ဖြစ်ချင်သော ဆန္ဒရှိရကား ဘုရားအမှူးရှိသော သံဃာတော်တို့အား များစွာသော အလှူကိုပေး၍ ငါ-ဆုတောင်းအံ့ဟု ကြံပြီးလျှင် ဘုရားသခင်နှင့်တကွ တသိန်းမျှလောက်သော သံဃာတို့ကို မိမိအိမ်သို့ ပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး ယာဂုဆွမ်းဖြင့် လှူဒါန်းလုပ်ကျွေး၏၊ ခုနစ်ရက်မြောက်သောအခါ သံဃာတပါး,တပါးလျှင် အသပြာ ငါးရာ,ငါးရာထိုက်သော တိစီဝရိတ်သင်္ကန်းဖြင့် လှူဒါန်းပူဇော်ပြီးမှ ဘုရားခြေတော်ရင်းသို့ကပ်၍ “အရှင်ဘုရား... အကျွန်ုပ် ယခုပြုရသော ကောင်းမှုကြောင့် ယခုဘဝမှစ၍ နိဗ္ဗာန်ရသည့်တိုင်အောင် ဆင်းရဲကင်းသည်ဖြစ်စေသော၊ အရှင်ဘုရား သသနာတော်ဝယ် ရှေးဦးစွာ တရားရ၍ ဧတဒဂ်ချီးပသော သာဝကမြတ်ကဲ့သို့ နောင်ဘုရားတို့၏ သာသနာ၌ ရှေးဦးစွာ တရားကိုသိရပါလိုသော”ဟု ဆုတောင်း၏။ ဘုရားမြတ်စွာလည်း အနာဂတံသဉာဏ်ဖြင့် ရှုတော်မူ၍ စင်စစ် ပြည့်စုံလတ္တံ့သော အကြောင်းကို မြင်တော်မူလျှင် “အချင်းဥပါသကာ... ငါဘုရားနောက် ကမ္ဘာတသိန်းမြောက် ကျရောက်သော ဘဒ္ဒကမ္ဘာ၌ ဂေါတမအမည်ရှိသော ဘုရားဖြစ်တော်မူလိမ့်မည်။ ထိုအခါ သင်သည် နတ်,ဗြဟ္မာ တဆယ့်ရှစ်ကုဋေတို့နှင့်တကွ ဓမ္မစကြာတရားဦးကို နာရ၍ ရှေးဦးစွာသိသဖြင့် “အညာတကောဏ္ဍည” အမည်ရှိသော ဧတဒဂ်ရသော သာဝကကြီး

(စာမျက်နှာ-၈၉)

ဖြစ်လတ္တံ့” ဟု ဗျာဒိတ်စကား ကြားတော်မူ၏။ သူကြွယ်လည်း ထိုအခါမှစ၍ ဒါနသီလကို အားထုတ်လျက် အသက်ဆုံးသောအခါ နတ်ရွာ၌ ဖြစ်လေ၏။

ကောက်ဦးဒါနများ

ထိုမှသည် လူ့ပြည်,နတ်ပြည် ကျင်လည်ကာသာ အစဉ်လာသဖြင့် ဤကမ္ဘာမှ ပြန်၍ရေတွက်သော် ကိုးဆယ့်တကမ္ဘာထက်၌ ဝိပဿီဘုရား ပွင့်တော်မူ၏။ ထိုအခါ ပစ္စန္တရစ်ရွာ၌ စူဠကာလ, မဟာကာလ အမည်ရှိသော သူကြွယ်ညီနောင်နှစ်ဦးတို့သည် သလေးလယ် လုပ်ကြသည်တွင် ကောက်ပင်ကို အဖုံးအလုံးတက်သောအခါ ကောဏ္ဍညအလောင်းဖြစ်သော ညီ-စူဠကာလလည်း စပါးဖုံးကိုနွှာလျက် အရသာကို မြည်းမိသဖြင့် အလွန်ချိုမြိန်ရကား ဘုရားအမှူးရှိသော သံဃာတော်တို့အား ဤစပါးဖုံးအရသာကို လှူရသော် ကောင်း၏ဟု ကြံ၍ အစ်ကိုကြီးအား တိုင်ပင်၏။ အစ်ကို မဟာကာလလည်း ဆဲရေး၍ “ရှေးရှေးသောသူများပင် စပါးဖုံးကို လှူသည်ဟု သင်-ကြားဖူးပါသလော၊ ငါ့စပါးကို ဖျက်ဆီးခြင်းငှါ သင်-မကြလင့်”ဟု ဆို၏။ ယင်းသို့ဆိုသော်လည်း ထိုအကြံကို အဖန်တလဲလဲ ညည်းညူးသဖြင့် မဟာကာလ အမျက်ထွက်၍ လယ်ကိုဝက်ပြီးလျှင် “သင်၏အဖို့ကို သင်အလိုရှိတိုင်း ပြုလော့” ဟု ဆို၏။ ထိုစူဠကာလလည်း အားရဝမ်းသာစွာ မိမိတာ၌ စပါးဖုံးကိုဆွတ်၍ လူအများတို့ကို ခေါ်ပြီးလျှင် အခွံကိုနွှာစေ၍ ရေမရောပဲ နွားနို့, ထောပတ်, ပျားသကာတို့ဖြင့် ကောင်းစွာရောနှောလျက် ကျက်စေပြီးသော် ဘုရားအမှူးရှိသော သံဃာတော်တို့အား လှူဒါန်းလုပ်ကျွေး၏။ ဆွမ်းဘုဉ်းပေးပြီးသော အဆုံး၌ “အကျွန်ုပ်သည် ဦးဦးဖျားဖျား စပါးဖုံးအလှူကို လှူရသော ကုသိုလ်ကံကြောင့် နောင်ပွင့်တော်မူလတ္တံ့သော ဘုရားရှင်တို့၏အထံဝယ် သူတပါးတို့၏ ရှေးဦးစွာ တရားအရသာကို သောက်ရသည် ဖြစ်စေသော”ဟု ဆုပန်၏။ ဘုရားသခင်လည်း “သင်တောင်းသော ဆုအတိုင်း ပြည့်စုံလတ္တံ့”ဟု မိန့်တော်မူပြီးလျှင် တရားအနုမောဒနာပြု၍ ကြွတော်မူ၏။ ထိုသူ၏လယ်၌လည်း သလေးစပါးသည် ရိတ်ရာယူရာမထင်၊ သီးမြဲတိုင်းသီး၏။ ထိုသို့ရှိသည်ကို စူဠကာလမြင်လျှင် အတိုင်းထက်အလွန်ပင် ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ “ငါသည် လူ၏အဖြစ်ကို အရတော်စွတကား၊ ကောင်းမြတ်သော အမှုကို ပြုမိပေသည်တကား”ဟု ကြံအောက်မေ့လျက် မုန့်ဆန်းကာလ၌ မုန့်ဆန်းဦး အလှူကိုလည်းကောင်း, ရိတ်သောကာလ ရိတ်ဦးအလှူကိုလည်းကောင်း, အဆုပ်ပြုသောကာလ ဆုပ်ဦးအလှူကိုလည်းကောင်း, လှိုင်းသောကာလ လှိုင်းဦးအလှူကိုလည်းကောင်း, နင်းသောကာလ နင်းဦးအလှူကိုလည်းကောင်း, ချင့်သောကာလ ချင့်ဦးအလှူကိုလည်းကောင်း, ရောင်းသောကာလ ရောင်းဦးအလှူကိုလည်းကောင်း, စားသောက်သောကာလ စားဦးလှူကိုလည်းကောင်း, သံဃာတော်တို့ သုံးဆောင်လောက်အောင်လှူသတည်း။ ဤသို့ လှူငြားသော်လည်း စပါးအရသည် ယုတ်လျော့သည်မရှိ၊ အစ်ကိုကြီးထက်ပင် လွန်၍ရ၏။ ထိုအကြောင်းကို ဘုရားသခင်အား လျှောက်ကြားသော် ရှင်တော်ဘုရားလည်း-

ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ၊ ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ။
ဧသာနိသံသော ဓမ္မေ သုစိဏ္ဏေ၊ န ဒုဂ္ဂတိံ ဂစ္ဆတိ ဓမ္မစာရီ-

ဟူသော ဒေသနာကို ဟောတော်မူ၏။

[အနက်ကား]ဓမ္မစာရိံ၊ တရားကို ကျင့်သောသူကို။ ဓမ္မော၊ တရားသည်။ ဟဝေ၊ စင်စစ်။ ရက္ခတိ၊ စောင့်ရှောက်ပေ၏။ သုစိဏ္ဏော၊ ကောင်းစွာ ကျင့်အပ်သော။ ဓမ္မော၊ ကုသိုလ်

(စာမျက်နှာ-၉၀)

တရားသည်။ သုခံ၊ ချမ်းသာကို။ အာဝဟတိ၊ ဆောင်ပေ၏။ ဧသ၊ ဤသို့ ချမ်းသာကို ဆောင်ခြင်းသည်ကား။ သုစိဏ္ဏေ၊ ကောင်းစွာကျင့်အပ်သော။ ဓမ္မေ၊ တရားတော်၏။ အာနိသံသော၊ အကျိုးဆက်တည်း။ ဓမ္မစာရီ၊ ကုသိုလ်ကမ္မပထတရား ဆယ်ပါးကို ကျင့်လေ့ရှိသောသူသည်။ ပရမ္မရဏာ၊ သေသည်၏ အခြားမဲ့၌။ ဒုဂ္ဂတိံ၊ မကောင်းသော အလားသို့။ န ဂစ္ဆတိ၊ မလားရ။ (ဤကား ဒေသနာတော်၏ အနက်တည်း။)

ဤသို့ တနှစ်တည်းလုပ်သော လယ်၌ ကိုးကြိမ်တိုင်တိုင် အဦးသောအလှူကိုပေး၍ “တရားဦးကို ရပါစေသော”ဟု ဆုတောင်း၏၊ “ဤသို့လျှင် အညာတ ကောဏ္ဍညသည် ရှေးကတောင်းခဲ့ဖူးသော ဆုထူးဝိသေသရှိရကား ထိုဆုအတိုင်းသာလျှင် ငါပေးတော်မူသတည်း၊ မျက်နှာကိုကြည့်၍ ငါ-အရာပေးတော်မူသည် မဟုတ်”ဟု မိန့်တော်မူ၏။

၂၂။ ရှင်မဟာယသ, ဘုဒ္ဒဝဂ္ဂီ, ဥရုဝေလကဿပတို့၏ ရှေးအကြောင်းကို ပြခြင်း

ထို့နောက်မှ အရှင်ဝပ္ပ, အရှင်ဘဒ္ဒိယ, အရှင်မဟာနာမ, အရှင်အဿဇိတို၏ ပုဗ္ဗကမ္မကို လျှောက်ကြပြန်၍လည်း အသီးအသီး ဆုတောင်းကြသော အကြောင်းကို လှစ်ဖော်၍ ဟောတော်မူသည်။

အသုဘဘာဝနာ အထုံပါ

ထို့နောက် ရှင်ယသ အမှူးရှိသော ငါးကျိပ်ငါးဦးသော အရှင်တို့၏ ပုဗ္ဗကမ္မကို မေးလျှောက်ကြပြန်၏။ ဘုရားသခင်လည်း “ချစ်သားတို့.. ထိုငါးကျိပ် ငါးဦးသော သူတို့သည်လည်း တဆူသော ဘုရားရှင်၏ သာသနာဝယ် ရဟန်းပြု၍ နောင်သောအခါ မဂ်ဖိုလ်ချမ်းသာကို ရပါလိုသော”ဟု ဆုတောင်း၍ ပါရမီကို ဖြည့်ကြ၏။ ဘုရားမဖြစ်သောခေတ်၌ ကြုံကြိုက်သောအခါ ကောင်းမှုဖြစ်ရာကို ပြုခြင်းငှါ ဖွေရှာကြံစည်ကုန်လျက် အဆွေအမျိုး အစုဖွဲ့၍ ကိုးကွယ်ရာမဲ့ သေသောသူတို့၏ အကောင်ကို ထင်း,တလား စသည်တို့ဖြင့် ကောင်းမွန်စွာ ဖုတ်ကြည်းသင်္ဂြိုဟ်၏။ ထိုသူတို့လည်း တနေ့သောအခါ ကိုယ်ဝန်နှင့်တကွ သေသောမိန်းမ၏ အလောင်းကို တွေ့၍ သင်္ဂြိုဟ်ခြင်းငှါ သုသာန်သို့ ဆောင်ပြီးသော် ရှင်ယသ၏အလောင်း အမှူးရှိသော ငါးယောက်သော သူတို့ကို သင်တို့သင်္ဂြိုဟ်ရစ်ဟု မှာခဲ့၍ ငါးကျိပ်သောသူတို့သည် ရွာသို့ ပြန်လေ၏။ ရှင်ယသအလောင်း ယောက်ျားလည်း တံစူးဝါးဖြင့် ထိုမိန်းမ၏ အသေကောင်ကို ပြန်ကာလှန်ကာ မီးဖုတ်ရာတွင် စက်ဆုပ်ဖွယ်ရာသော အဖြစ်ကိုမြင်၍ ခင်မင်အပ် မနှစ်သက်အပ် မလေးမြတ်ထိုက်သော အသုဘရုပ်ပင် ဖြစ်ချေသည်ဟု နှလုံးသွင်း၍ ကြွင်းသောသူ လေးယောက်တို့အားလည်း ပြောပြလျက် အသုဘတရားကို ပွားစေ၏။ ရွာသို့ပြန်သောအခါ ငါးကျိပ်သော ခင်ပွန်းတို့အားလည်းကောင်း၊ မိမိ၏မိဘ, မယားတို့အားလည်းကောင်း အကြောင်းကိုကြား၍ အသုဘ ဘာဝနာကို ပွားစေလျက် မဂ်ဖိုလ်ရကြောင်းဖြင့် ဆုတောင်းကြ၏။ နောက်နောက်သောကမ္ဘာ၌ မြတ်စွာဘုရားတို့နှင့် တွေ့သောအခါလည်း ဤဘာဝနာကို ပွားစေလျက် ဒါန,သီလစသည်ကို အားထုတ်၍ ဤနည်းတူပင် ဆုတောင်း၏။ ထို့ကြောင့် ထိုသူတို့သည် ငါဘုရား ရှေ့မှောက်တော်၌ ရှေးဆုတောင်းအတိုင်းသာ ဖြစ်လာကြကုန်သတည်း၊ ငါဘုရားသည် မျက်နှာကို ကြည့်၍ အရာပေးတော်မူသည် မဟုတ်”ဟု မိန့်တော်မူ၏။

(စာမျက်နှာ-၉၁)

သီလဆောက်တည်ခဲ့ကြပုံ

ထို့နောက် ဘဒ္ဒဝဂ္ဂီ မင်းသားသုံးကျိပ်တို့၏ အကြောင်းကို လျှောက်ကြပြန်သော် “ချစ်သားတို့.. ထိုသူတို့သည်လည်း ရှေးဘုရားတို့၏အထံ၌ ရဟန္တာဖြစ်ရခြင်းကို ဆုတောင်းပတ္ထနာဖြင့် ပါရမီဖြည့်ကြကုန်၍ ငါဘုရား တုဏ္ဍိလဝက်မင်း ဖြစ်သောကာလ သုံးကျိပ်မျှလောက်သော သေသောက်ကြူးဖြစ်လာ၍ ငါဆုံးမသော တရားစကားဖြင့် ငါးပါးသော သီလကို အနှစ်ခြောက်သောင်းမျှလောက် စောင့်ရှောက်ခဲ့ဖူး၏၊ တရားစကားကို ကြားနာခဲ့ဖူး၏ဟု တုဏ္ဍိလဇာတ်ကို ဟောတော်မူ၍ ထိုသူတို့၏ ရှေးဆုတောင်း အဟောင်းရှိတိုင်းသာ ဖြစ်လာကုန်သည်။ ငါဘုရား မျက်နှာကိုကြည့်၍ အရာပေးတော်မူသည် မဟုတ်”ဟု မိန့်တော်မူ၏။

ဖုဿဘုရားရှင်လက်ထက်

ထို့နောက် ဥရုဝေလ ကဿပတို့၏ ပုဗ္ဗကမ္မကို မေးလျှောက်ကြပြန်၏။ ထိုအခါ မြတ်စွာဘုရားလည်း ဤသို့ မိန့်တော်မူ၏။ “ချစ်သားတို့.. ဥရုဝေလ ကဿပတို့သည်လည်း ပဒုမုတ္တရ ဘုရားရှင်၏ လက်ထက်တော်ကပင် ကတာဓိကာရ ပူရိတပါရမီရှိလျက် အဆက်ဆက်သော ဘဝဖြင့် လာခဲ့ကြ၍ ဤကမ္ဘာမှ ပြန်၍ရေသော် ကိုးဆယ့်နှစ်ကမ္ဘာထက်၌ တိဿအမည်ရှိသော ဘုရား, ဖုဿအမည်ရှိသော ဘုရားတို့သည် ပွင့်တော်မူကုန်၏။ ထိုနှစ်ဆူတို့တွင် ဖုဿဘုရားသခင်၏ ခမည်းတော်ကား မဟိန္ဒမင်းမည်၏၊ ထိုမင်း၏ ညီတော်များသည် လက်ယာရံ အဂ္ဂသာဝက ဖြစ်၏၊ ပုရောဟိတ်ပုဏ္ဏား၏ သားသည် လက်ဝဲရံ အဂ္ဂသာဝက ဖြစ်၏၊ နှမတော်၏သားသည် အလုပ်အကျွေး ရဟန်းဖြစ်၏။ ထိုမဟိန္ဒမင်းကြီး၌ ဘုရားသခင်မှတပါး သားတော်လည်း သုံးယောက်ရှိ၏။ ထိုသုံးယောက်တို့တွင် သားကြီး၌ အခြံအရံ သူရဲငါးရာ, သားလတ်၌ အခြံအရံ သူရဲသုံးရာ, သားငယ်၌ အခြံအရံ သူရဲနှစ်ရာ ရှိ၏။ ထိုသုံးယောက်တို့ကား ဥရုဝေလ ကဿပ ညီနောင်တို့၏ အလောင်းများတည်း။

ဖုဿဘုရားသခင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးသော် ခမည်းတော်ပြည်သို့ ကြွတော်မူလာသောအခါ ခမည်းတော် မဟိန္ဒမင်းလည်း ဘုရားရှင်ထံသို့သွား၍ ငါးပါးသော ရှိခိုးခြင်းတို့ဖြင့် ရှိခိုးလျက် သားဘုရားကို တစိန်းစိန်းရှု၍ ဤသို့ အကြံသည် ဖြစ်၏။ “ငါ့သားပင် ဘုရား, ငါ့သား၏ စကားသည်ပင် တရား, ငါ့သားပင် သံဃာ, ဤလူ့ရွာ၌ ငါကဲ့သို့ ကောင်းမြတ်ခြင်း အသရေနှင့် ပြည့်စုံသောမင်းသည် ရှေးရှေးသော ကာလ၌လည်း မဖြစ်ဖူးရာ၊ နောင်အခါလည်း မဖြစ်လတ္တံ့၊ ငါကား ကောင်းမြတ်လှစွာသော လူမင်းအဖြစ်ကို ရပေသည်တကား”ဟု ကြံအောက်မေ့သဖြင့် ကြက်သီးမွေးညင်းထလျက် အားရဝမ်းသာ မြတ်စွာဘုရားနှင့် စကားပြောဟောပြီးလျှင် ဘုရားသခင်အား ဤသို့ နားတော်လျှောက်ပေ၏။ “သားတော်ဘုရား.. အကျွန်ုပ်၏အသက်သည် အလွန်ရှည်သည် ဖြစ်ပါမှ အနှစ် ကိုးသောင်းခန့်သာ ရှည်ပါမည်၊ ကြမ်းစွန်းဖျား၌လည်းကောင်း၊ ကမ်းပါးပြတ်၌လည်းကောင်း အိပ်ရသောသူကဲ့သို့ သေခြင်းသဘော နီးလှပါသည်။ အကျိုးရှိရှိ အသက်ရှည်လိုပါသည်။ သို့ဖြစ်၍ ခမည်းတော် အသက်ရှည်သမျှ ကာလပတ်လုံး သားဘုရားသည် သံဃာတော်နှင့်တကွ သူတပါးအိမ်ဝသို့ မကြွမူ၍ ဖခင်၏ ဆွမ်း,သင်္ကန်း, ကျောင်း,ဆေးဟူသော ပစ္စည်းလေးပါးကို ခံတော်မူပါ။ ခမည်းတော်ကချည်း လုပ်ကျွေးပါရစေ”ဟု လျှောက်၏။ ဘုရားသခင်လည်း ဖခင်၏ဣန္ဒြေကို ငံ့လင့်၍ သည်းခံတော်မူ၏။ ထိုနေ့မှစ၍ တစုံတယောက်သောသူမျှ လှူဒါန်း ပူဇော်ခြင်းကို

(စာမျက်နှာ-၉၂)

မရကုန်။ မင်းသားညီနောင် သုံးယောက်တို့လည်း ခမည်းတော်အား နောင်တော်ဘုရားကို လုပ်ကျွေးပါရမည့် အကြောင်းဖြင့် တောင်းပန်ကြသော်လည်း အခွင့်မရကုန်။

ဘုရားကို လုပ်ကျွေးကြခြင်း

တရံသောအခါ ပစ္စန္တရစ်ရွာ၌ ကြီးစွာသော စစ်မက်ဘေးရန်ဖြစ်၍ သားတော်သုံးယောက်ကို စေတော်မူ၏။ သားတော်တို့လည်း ထိုရန်ကို ငြိမ်းစေပြီးသော် ခမည်းတော်ထံသို့ ပြန်လာကြ၏။ ထိုအခါ မဟိန္ဒမင်းကြီးလည်း ဝမ်းမြောက်တော်မူလှ၍ “ငါ့သားတို့အား လိုအပ်သောဆုကို ငါပေးအံ့၊ သင်တို့ယူကြကုန်”ဟု ဆို၏။ ထိုမင်းသားတို့လည်း “တပါးသောဆုကို မလိုပါ။ နောင်တော်ဘုရားကိုသာ အသက်ထက်ဆုံး လုပ်ကျွေးပါရစေ”ဟု တောင်း၏။ မင်းကြီးလည်း “ငါ့သားတို့.. ဤဆုကိုကား ငါမပေးနိုင်၊ တပါးသောဆုကို ငါပေးအံ့”ဟူ၍ ဆို၏။ သားတော်တို့ကလည်း “အရှင်မင်းကြီး... အသက်ထက်ဆုံး မပေးနိုင်လျှင် အနှစ်တသောင်းမျှသာ ပေးတော်မူပါ”ဟု တောင်း၏။ ဤမျှကိုလည်း ငါမပေးနိုင်ဟုဆိုလျှင် ထို့အောက် ယုတ်၍,ယုတ်၍ တောင်းသဖြင့် ဝါတွင်းသုံးလတိုင်၏။ ခမည်းတော်လည်း ဝါတွင်းသုံးလမျှ ငါမပေးမူ ငါ့သားတို့သည် ငါ၏ရန်သူ ဖြစ်ချိမ့်မည်ဟု ကြံ၍ “အမောင်တို့သုံးယောက်တွင် တယောက်တလခန့်ရည်၍ ဝါတွင်းသုံးလကို ငါပေးတော့အံ့”ဟု ဆို၏။ ထိုသို့ အခွင့်ရလျှင် မင်းသားတို့သည် မိမိတို့အိမ်သို့သွား၍ တရားသူကြီး ဘဏ္ဍာစိုး စချီစမာတို့ကိုခေါ်၍ ဘဏ္ဍာတိုက်ကို အပ်နှင်းပြီးလျှင် “ဤဝါတွင်းသုံးလကို ဘုရားအမှူးရှိသော သံဃာတော် ကိုးသောင်းနှင့်တကွ ငါတို့နှင့်ပါသော ပရိသတ်တို့အား ပစ္စည်းလေးပါးဖြင့် ပြည့်စုံလုံလောက်အောင် ထောက်ပံ့လုပ်ကျွေးကြကုန်”ဟု ဆို၍ ထိုမင်းသားညီနောင် သုံးယောက်တို့သည် အခြံအရံတထောင်နှင့်တကွ ဘုရားအထံတော်သို့ လာ၍ ဖန်ရည်စွန်းသောအဝတ်ကို ဝတ်ပြီးလျှင် ဆယ်ပါးသောသီလကို ဆောက်တည်၍ ဘုရားရှင်ထံ၌ နေကုန်၏။ ဘဏ္ဍာစိုး စချီစမာတို့လည်း ရှစ်သောင်းလေးထောင်မျှလောက်သော ဝတ်ချက်သမားတို့ကိုရှာလျက် ယာဂု, ဆွမ်း, အဖျော် စသည်တို့ကို စီရင်လျက် နေ့စဉ်မပြတ် လုပ်ကျွေးသတည်း။

ထိုအခါ သံဃာအပေါင်း ကိုးသောင်းမျှစင် များလှကြောင့် ချက်ပြုတ် လုပ်ကိုင်သူတို့သည် မိမိတို့ သားငယ်သမီးငယ်တို့အား ယာဂုကြွင်း ဆွမ်းကြင်းမျှ မပေးမကျွေးရကုန်။ ချက်တိုင်း ချက်တိုင်းပင် ကုန်၍ လောက်ငရုံသာရှိ၏။ ထိုသို့ မကြွင်း၍ မပေးကြရသော် သံဃာတော်တို့၏ အဦးအဖျားကို ဝှက်ထား၍ သားငယ်,သမီးငယ်တို့အား ပေးကုန်၏။ ထိုဝတ်ချက်သမားတို့သည် သံဃာတော်တို့အား လှူအပ်သော ပစ္စည်းများကို သုံးစားပေးကမ်းသောကြောင့် သေလွန်သောအခါ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်၏၊ မင်းသားသုံးယောက်တို့သည် ဝါကျွတ်သောအခါ သံဃာတော်တို့အား ရှစ်ပါးသော ပရိက္ခရာဖြင့် လှူဒါန်း၍ “ဤသို့ပြုရသော ဒါန သီလ ဘာဝနာ၏ အကျိုးအားဖြင့် နောင်ဘုရားရှင်တို့၏ အထံ၌ အရံတထောင်နှင့်တကွ အရဟတ္တဖိုလ်ကို ရပါလိုသော”ဟု ဆုတောင်း၏။ ထိုဘဝမှ စုတေကြကုန်သော် နတ်ပြည်၌ ဖြစ်ကုန်၏။ ဤသို့ လူ့ပြည်,နတ်ပြည် လှည့်လည်ကာ ကိုးဆယ့်နှစ်ကမ္ဘာပတ်လုံး စံစားခဲ့၍ ငါတို့ဘုရား လက်ထက်တော်၌ ဥရုဝေလ ကဿပညီနောင် ရှင်တထောင်တို့ ဖြစ်လာကုန်သတည်း။ ထို့ကြောင့် ထိုသူတို့တောင်းသော ဆုအတိုင်းသာ ရကြကုန်သည်။ မျက်နှာကိုကြည့်၍ အရာပေးတော်မူသည် မဟုတ်ဟု မိန့်တော်မူ၏။

(စာမျက်နှာ-၉၃)

ကကုသန်ဘုရားနှင့် ပြိတ္တာများ

ထိုမင်းသားတို့၏ တရားသူကြီးဖြစ်သော စချီသည် ယခုအခါ ဗိမ္ဗိသာရမင်း ဖြစ်လာ၏။ ကျီစိုးသည် ဝိသာခဥပါသကာ ဖြစ်လာ၏။ ဝတ်ချက်သမားတို့သည် ကိုးဆယ့်နှစ်ကမ္ဘာပတ်လုံး သုဂတိ,ဒုဂ္ဂတိအားဖြင့် များစွာကျင်လည်ပြီးမှ ဤဘဒ္ဒကမ္ဘာဝယ် ရာဇဂြိုဟ်ပြည်၏အနီး တောင်ကြီးငါးလုံးတို့၏အကြား၌ ကြီးမားသောကိုယ်, ငယ်သော ဦးခေါင်းရှိသော အရိုးစုပြိတ္တာ, အသားစုပြိတ္တာ ဖြစ်လာကုန်၍ ကကုသန်ဘုရား ပွင့်တော်မူသောကာလ ဖူးတွေ့ကြလျှင် “အရှင်ဘုရား... အကျွန်ုပ်တို့အား အစာအာဟာရကို ဘယ်အခါမှ သုံးဆောင်ရပါအံ့နည်း”ဟု မေးလျှောက်ကြလျှင် ဘုရားသခင်လည်း “သင်တို့ ငါ့အားမလျှောက်ကြားကုန်လင့်၊ ငါလွန်သည့်နောက် မြေကြီး တယူဇနာ မြောက်သောအခါ ငါ၏ညီတော် ကောဏာဂုံဘုရား ပွင့်လတ္တံ့။ ထိုအခါမှ လျှောက်ကြကုန်”ဟု မိန့်တော်မူသဖြင့် ငံ့လင့်၍ နေကြရကုန်၏။

ကောဏာဂုံဘုရားနှင့် ပြိတ္တာများ

ကောဏာဂုံဘုရား ပွင့်တော်မူသောအခါလည်း ရှေးနည်းပင် လျှောက်ကြပြန်၏၊ ဘုရားသခင်လည်း “ငါ့လက်ထက်တော်တွင် သင်တို့ မလျှောက်ကြလင့်ဦး၊ ငါ၏နောက် မြေကြီး တယူဇနာမြောက်သောကာလ ကဿပ အမည်တော်ရှိသော ဘုရားပွင့်လိမ့်မည်၊ ထိုအခါမှ လျှောက်ကြလေကုန်”ဟု မိန့်တော်မူသဖြင့် ငံ့လင့်၍နေကြရကုန်၏။

ကဿပဘုရားနှင့် ပြိတ္တာများ

ကဿပဘုရား ပွင့်တော်မူသောကာလ ယခင်နည်းလျှောက်ကြပြန်လျှင် ဘုရားသခင်က “သင်တို့သည် ငါ့လက်ထက်တွင် မစားရ မဝတ်ရချေသေး၊ ငါလွန်သည့်နောက် မြေကြီးတယူဇနာနှင့် သုံးဂါဝုတ် မြောက်သောအခါ ငါ၏ညီတော် ဂေါတမမည်သောဘုရား ပွင့်တော်မူလိမ့်မည်။ ထိုအခါ သင်တို့၏ အလျင်က အဆွေအမျိုးဖြစ်ဖူးသော တရားသူကြီးသည် ရာဇဂြိုဟ်ပြည်၌ ဗိမ္ဗိသာရမည်သော မင်းဖြစ်လိမ့်မည်၊ ထိုသောအခါ ဘုရားအမှူးရှိသော သံဃာတော်တို့အား အလှူပေး၍ တရားတော်ကို နာပြီးလျှင် သင်တို့အား အမျှပေးလိမ့်မည်။ ထိုအခါ သင်တို့လောက်ငအောင် စားရ, သောက်ရ, ဝတ်ရလိမ့်မည်”ဟု မိန့်တော်မူ၏။ ထိုစကားကိုကြားလျှင် ဘုရားတဆူနှင့် တဆူအကြား ကာလကိုပင် နက်ဖြန်သန်ဘက်ကဲ့သို့ထင်၍ ရွှင်လန်းဝမ်းသာကြကုန်၏။

ဂေါတမဘုရားနှင့် ပြိတ္တာများ

ငါတို့ဘုရား ပွင့်တော်မူ၍ ရာဇဂြိုဟ်ပြည်သို့ ကြွရောက်သောအခါ ဗိမ္ဗိသာရမင်းကြီးသည် ဘုရားအမှူးရှိသော သံဃာတော်အား အလှူပေးသောကာလ အမျှမဝေမိသဖြင့် ညဉ့်သောအခါ ထိုပြိတ္တာတို့သည် ငါတို့ ရှည်မြင့်စွာ ငံ့လင့်၍ နေရပါလျက် ငါတို့အား အမျှမပေးဝေပါဟု လွန်စွာသော ဝမ်းနည်းခြင်းဖြင့် နန်းတွင်းသို့ဝင်၍ ရုပ်အသွင်ကို ပြသကုန်၏။ မင်းကြီးလည်း ထိတ်လန့်လှသဖြင့် ဘုရားအထံတော်သို့ သွားရောက်လျှောက်ကြားလေလျှင် “မင်းကြီး... သင်၏ ဆွေမျိုးဖြစ်ဖူးသော ပြိတ္တာတို့သည် ကိုးဆယ့်နှစ်ကမ္ဘာပတ်လုံး မွတ်သိပ်ခဲ့ကြ၍ နောင်တော် ကဿပဘုရားထံလျှောက်လျှင် ဘုရားသခင်က သင်မင်းကြီး အလှူပေး၍ အမျှဝေလတ္တံ့သော

(စာမျက်နှာ-၉၄)

အကြောင်းစကားကို ကြားတော်မူ၍ ထိုအခါမှစ၍ တောင့်တနေသည်ကို သင်အလှူပေးအခါ အမျှမဝေပါသောကြောင့် ချမ်းသာမရ၍ မလှသော ရုပ်အသွင်ကို သင်မင်းကြီးအား ပြသတည်း”ဟု အထက်ကနည်း အကျယ်ဖြစ်သော အတ္ထုပ္ပတ္တိကိုပြ၍ “တိရောကုဋ္ဋ”သုတ်ကို ဟောတော်မူ၏။

(ဤအကြောင်းကား စကားစပ်၍ သွင်းလိုက်သည်။)

၂၃။ ရှင်သာရိပုတြာ ရှင်မောဂ္ဂလာန်တို့၏ ရှေးအကြောင်းကိုပြခြင်း

သဌေးသား ၂-ဦး

ထို့နောက်မှ သံဃာတော်အပေါင်းတို့သည် အဂ္ဂသာဝကနှစ်ပါး၏ အကြောင်းကို တောင်းပန်ကြပြန်၏။ ဘုရားသခင်လည်း “သင်ချစ်သားတို့.. နာကြကုန်လော့၊ ဤကမ္ဘာမှ ပြန်၍ရေသော် တသင်္ချေနှင့် ကမ္ဘာတသိန်းထက်၌ သာရိပုတြာသည် ဗြာဟ္မဏ မဟာသာလ အမျိုး၌ဖြစ်၍ အမည်အားဖြင့် သရဒလုလင် အမည်ရှိ၏၊ မောဂ္ဂလာန်သည် ဂဟပတိ မဟာသာလ အမျိုး၌ဖြစ်၍ သိရိဝဍ္ဎန အမည်ရှိ၏။

အကြံဉာဏ်ပေါ်လာပုံ

ထိုသူနှစ်ဦးတို့သည် မြေမှုန့်ကစားဖော်ဖြစ်၍ အလွန် ချစ်ကျွမ်းဝင်ကြ၏။ အရွယ်ရောက်လတ်သော် သရဒလုလင်သည် ဖခင်လွန်သဖြင့် အမျိုးစဉ်ဆက်မှလာသော ဥစ္စာစည်းစိမ်ကိုရ၍ တနေ့သ၌ ဆိတ်ငြိမ်ရာသို့ကပ်လျက် ဤသို့ကြံ၏။ “ငါသည် မျက်မှောက်သော ဤကိုယ်၏အဖြစ်ကိုသာ သိချေသည်၊ တမလွန်ဘဝ ဖြစ်လတ္တံ့သည်ကို မသိချေ။ ပဋိသန္ဓေအားဖြင့်ဖြစ်သော သတ္တဝါတို့ကား သေခြင်းတရားသည် မြဲ၏၊ ထိုသို့ သေသောအခါ ဥစ္စာ,ရွှေ,ငွေ, ဆန်,ရေ,စပါးတို့ကို ဆောင်သွားယူခြင်းငှါ မတတ်နိုင်၊ သားမယား ဆွေမျိုးအပေါင်းတို့သည်လည်း ကောင်းအောင်လိုက်၍ မပြုပြင်နိုင်ချေ၊ မသေမီကာလက ပျော်နိုးကြသော ကာမချမ်းသာသည်လည်း အနှစ်သာရ မရှိ၊ ထိုသို့ အနှစ်သာရမရှိပဲ မှီဝဲပျော်ပါးကာ နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လူ့ဘောင်ကို ခွာသန်း၍ ရဟန်းပြုပြီးလျှင် နိဗ္ဗာန်ကိုရှာရမူ ကောင်း၏”ဟု အကြံဖြစ်၍ အဆွေဖြစ်သော သိရိဝဍ္ဎနအား ပြောကြားတိုင်ပင်၏။

သိရိဝဍ္ဎနလည်း “အဆွေ.. ငါကား ရဟန်းပြုခြင်းငှါ မစွမ်းနိုင်ပါ။ သင်စွမ်းနိုင်က ပြုလေလော့”ဟု ဆို၏။

ရသေ့ရဟန်းပြုကြခြင်း

ထိုအခါ သရဒလုလင်သည် အိမ်တွင်ရှိသမျှသော ဥစ္စာရတနာတို့ကို များစွာသော ပြည်သူလူအပေါင်းတို့အား စွန့်ခဲ့၍ တခုသော တောင်ကိုမှီလျက် ရသေ့ရဟန်းပြု၍ နေလေ၏။ ထိုသို့ သရဒလုလင် ရဟန်းပြုလေလျှင် မြော်မြင်လိမ္မာကုန်သော သူတို့သည် အတူလိုက်၍ တရွေ့ရွေ့ ရဟန်းပြုကြကုန်သဖြင့် ခုနစ်နှစ်တိုင်လျှင် ခုနစ်သောင်းလေးထောင်သော ရသေ့တို့သည် ဖြစ်ကုန်၏။ သရဒရသေ့လည်း တပည့်တို့အား ဈာန်အဘိညဉ်တရားကို ရကြောင်းဖြစ်သော ကသိုဏ်းပရိကံကို

(စာမျက်နှာ-၉၅)

ညွှန်ကြား၍ အားထုတ်စေသဖြင့် အလုံးစုံပင် အဘိညာဉ် ခြောက်ပါး, သမာပတ်ရှစ်ပါးကို ရကြ၏။

အနောမဒဿီ မြတ်စွာဘုရား

ထိုအခါ မဇ္ဈိမဒေသ စန္ဒဝတီပြည်ဝယ် အနောမဒဿီ မြတ်စွာဘုရားသည် ထင်ရှားဖြစ်တော်မူ၏။ ထိုဘုရားရှင်၏ ခမည်းတော်ကား ယသဝါမင်း, မယ်တော်ကား ယသောဓရာ, မြောက်သားတော်ကား သုနန္ဒာ, ပွင့်ရာဗောဓိပင်ကား ဖောက်ကြံ့ပင်တည်း။ လက်ယာရံကား အရှင်နိသဘ, လက်ဝဲရံကား အရှင်အနောမ, အလုပ်အကျွေးကား အရှင်ဝရုဏ အမည်ရှိ၏။ လက်ယာရံ ဘိက္ခုနီမကား သုန္ဒရာ, လက်ဝဲရံကား သုမနာတည်း။ ထိုဘုရားကား လူတို့အသက် တသိန်းတမ်း၌ ပွင့်တော်မူသည်။ ကိုယ်အရပ်တော်ကား ဆယ့်ရှစ်တောင် မြင့်သည်။ ကိုယ်တော်ရောင် တဆယ့်နှစ်ယူဇနာရှိသည်။ ရဟန်းတသိန်း အခြံအရံရှိသတည်း။

သရဒရသေ့ထံ ကြွတော်မူပုံ

တနေ့သောအခါ မြတ်စွာဘုရားသည် မဟာကရုဏာ သမာပတ်မှ ထတော်မူ၍ လောကကို ရှုတော်မူသော် တခုသော တောင်ခြေရင်း၌ တပည့်အပေါင်းနှင့်တကွနေသော သရဒရသေ့ကိုမြင်၍ ထိုရသေ့တို့အား တရားတော်မိုး ရွာဖြိုးသွန်းဖျန်းလျက် ဗျာဒိတ်ပန်းကို ပေးကမ်းတော်မူခြင်းငှါ သာဝကတို့ကို မခေါ်ပဲ ကိုယ်တော်တည်းပင် ကောင်းကင်ခရီးဖြင့် ကြွတော်မူ၍ သရဒရသေ့၏ အထံအပါး၌ ငှက်နားသကဲ့သို့ သက်တော်မူ၏။ ထိုအခါ များစွာကုန်သော တပည့်ရသေ့တို့သည် သစ်သီးအာဟာရကို ဆောင်ခြင်းငှါ တောသို့ဝင်ကြသဖြင့် သရဒရသေ့ တဦးတည်းသာ ရှိသတည်း။ သရဒရသေ့လည်း အတိုင်းမသိသော လက္ခဏာတော်ကြီး လက္ခဏာတော်ငယ် အံ့ဖွယ်တဆယ့်ရှစ်နဲ့ ရောင်ဟုန်ခြောက်စိုင်တို့ဖြင့် တပြိုင်နက်ထွန်းပသော ဘုရားကိုယ်တော်၏ ပြည့်စုံခြင်းကိုမြင်လျှင် ဗေဒင်ကျမ်းတို့၌လာသော လက္ခဏာကို အစဉ်မှီသဖြင့် “ဤသို့သောသူမြတ်ကား လောကဓာတ်အတွင်းမှ ပြိုင်ဘက်ကင်းမြောက် တယောက်တည်းသော ပုဂ္ဂိုလ်ဖြစ်ပေရာသည်။ အိမ်ယာထောင်သော လူ၏ဘောင်၌ ကိလေသာ မှောင်လွှမ်းလျက် ရွှင်လန်းမွေ့လျော်အံ့သောသူ မဟုတ်ပေရာ၊ သဗ္ဗညုဘုရားသာ ဖြစ်ပေရာ၏”ဟု ကြံဆကာသိသဖြင့် မိမိကိုယ်တိုင် ခရီးဦးကြိုဆိုခြင်း သောက်ရေ သုံးဆောင်ရေတည်ခြင်း နေရာခင်းခြင်းစသော ဝတ်ကိုပြုပြင်လျက် ငါးအင်သော ရှိခိုးခြင်းတို့ဖြင့် ရိုသေစွာ ရှိခိုးလျက် သင့်တင့်သောအရပ်၌နေ၏။

မြတ်စွာဘုရားကိုဖူးမြော်ခြင်း

ထိုအခိုက်တွင် ခုနစ်သောင်း လေးထောင်မျှလောက်သော တပည့်ရသေ့တို့သည် မွန်မြတ်သော သစ်သီးကို ဆောင်၍လာကြကုန်သဖြင့် တင့်တယ်စွာ နေတော်မူသော ဘုရားရှင်နှင့် မိမိတို့ဆရာကို မြင်လေသော် ဤသို့ဆိုကြကုန်၏။ “ဆရာ... အကျွန်ုပ်တို့သည် ဤလောကဓာတ်၌ ဆရာ့ထက် လွန်မြတ်သောသူကား မရှိပြီဟု အောက်မေ့ပါကုန်သည်၊ ယခုမှာ ဆရာပင် အမြတ်တနိုး ရှိခိုးရပြန်သည်။ ဤပုဂ္ဂိုလ်ကား ဆရာထက် လွန်မြတ်သလော”ဟု မေး၏။ သရဒ ရသေ့လည်း “ချစ်သားတို့.. အသို့ဆိုကုန်ဘိသနည်း၊ မုန်ညင်းစေ့နှင့် ယူဇနာ တသိန်းခြောက်သောင်းရှစ်ထောင် မြင့်ခြင်းဆောင်သော မြင်းမိုရ်တောင်ကို နှိုင်းစာဘိသကဲ့သို့ နှိုင်းခိုင်းခြင်းငှါ မထိုက်သော ပုဂ္ဂိုလ်နှင့် ငါ့ကို နှိုင်းခိုင်းဘိသည်။ ဤပုဂ္ဂိုလ်ကား သုံးပါးသော လောကဝယ် အတုမရ အသဒိသဖြစ်သော

(စာမျက်နှာ-၉၆)

မြတ်စွာဘုရားပေတကား။ ငါတို့ကား သာသနာ၏အပ အရည်းမျှသာတကား”ဟု ဆို၏။ ထိုစကားကိုကြားလျှင် ရသေ့အပေါင်းတို့လည်း ဘုရားခြေရင်း၌ ဦးဖြင့်တိုက်၍ ရှိခိုးကြကုန်း၏၊ သရဒရသေ့လည်း တပည့်တို့အား ဘုရားသခင်နှင့် လျောက်ပတ် မွန်မြတ်သော သစ်သီးကြီးငယ်တို့ကို ဆောင်စေ၍ ရိုသေစွာ လုပ်ကျွေးပြီးသော် တရားတော်ကိုနာ၍ တဆယ့်နှစ်ဂါထာတို့ဖြင့် ဥပမာ ဥပမေယျပြုလျက် သဗ္ဗညုတဉာဏ်တော်ကို ပူဇော်ချီးမွမ်း၏။

(ထိုဂါထာတို့ကား အပဒါန်ပါဠိတော်၌ လာကုန်သည်။)

သံဃာတော်များ ကြွလာခြင်း

ထိုအခါ မြတ်စွာဘုရားလည်း အဂ္ဂသာဝက နှစ်ပါးတို့၏ လာခြင်းကို တောင့်တတော်မူ၏။ ထိုသို့ တောင့်တကြောင်းကို သိလေလျှင် သံဃာတော် တသိန်းနှင့်တကွ အဂ္ဂသာဝက နှစ်ပါးတို့ ရောက်လာကြ၍ ဘုရားထံပါး၌ ခစားရှိခိုးလျက် နေကုန်၏၊ သရဒရသေ့လည်း တပည့်များကို “ဘုရားသခင်၏နေရာ သံဃာတော်တို့၏ နေရာသည် လွန်စွာ နိမ့်သေး၏၊ သိမ်မွေ့နူးညံ့သော ပန်းနေရာဖြင့် ပူဇော်ရမူ ကောင်းရာ၏။ လျင်စွာ အားထုတ်ကြကုန်”ဟု ဆိုလျှင် ထိုရသေ့တို့လည်း အားရဝမ်းသာ များစွာသော ပန်းပွင့်တို့ကိုဆောင်၍ ခင်းကြကုန်၏။ ဘုရားသခင်၏ နေရာကား တယူဇနာမြင့်သည်၊ အဂ္ဂသာဝကတို့ နေရာကား သုံးဂါဝုတ် မြင့်သည်။ မဟာသာဝကတို့ နေရာကား ယူဇနာခွဲမြင့်သည်။ သံဃာတော်တို့၏ နေရာကား တဂါဝုတ်မျှ မြင့်သတည်း။

အနောမဒဿီ မြတ်စွာဘုရားလည်း ရသေ့တို့အား များစွာသောကုသိုလ် ဖြစ်စိမ့်သောငှါ ပန်းနေရာထက်၌ ခုနစ်ရက်ပတ်လုံး နိရောဓသမာပတ်ကို ၀င်စား၍ နေတော်မူ၏။ ဘုရားသခင် သမာပတ်ဝင်စားကြောင်းကို သိလျှင် သံဃာတော်တသိန်းနှင့်တကွ အဂ္ဂသာဝက နှစ်ပါးတို့လည်း သမာပတ် ဝင်စားကြသတည်း။ ထိုအခါ သရဒ ရသေ့သည် ခုနစ်ရက်ပတ်လုံးပင် ဘုရားရှင်အား ပန်းထီးကာလျက် သစ်သီးအာဟာရကို မှီဝဲခြင်းမရှိ ပီတိချမ်းသာဖြင့်သာလျှင် နေသတည်း၊

အဂ္ဂသာဝကဆုပန်ပုံ

ဘုရားမြတ်စွာလည်း သမာပတ်မှ ထတော်မူပြီးလျှင် လက်ယာတော်တွင်ရှိသော နိသဘထေရ်မြတ်ကို ခေါ်တော်မူ၍ “ရသေ့တို့အား ပန်းနေရာ အနုမောဒနာကို ပြုလော့”ဟု မိန့်တော်မူ၏။ ထိုအခါ နိသဘထေရ်မြတ်သည်လည်း ပိဋကတ်သုံးပုံကို ရောပြွမ်းလျက် ပန်းအနုမောဒနာကို ပြု၏။ ထို့နောက်မှ ဒုတိယ သာဝကဖြစ်သော အနောမထေရ်ကို ခေါ်တော်မူ၍ ယခင်နည်းတူ စေတော်မူ၏။ ထိုသို့ အဂ္ဂသာဝကနှစ်ပါးကို တရားဟောတော်မူစေသော်လည်း ဒေသနာတော်၏အဆုံး၌ တစုံတယောက်သော ပုဂ္ဂိုလ်မျှ မဂ်ဖိုလ်မရကြကုန်။ ထို့နောက်မှ အနောမဒဿီ မြတ်စွာဘုရားသည် ထူးပြားဆန်းကြယ်စွာသော အာကာသဂင်္ဂါကို လွှတ်ဘိသကဲ့သို့ မြတ်သောတရား ဒေသနာဖြင့် အနုမောဒနာ ပြုတော်မူ၏။ ဒေသနာတော်၏ အဆုံး၌ သရဒရသေ့မှတပါး ခုနစ်သောင်း လေးထောင်သော ရသေ့တို့သည် တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်း ရဟန်းတို့ ပရိက္ခရာတို့ကိုရလျက် ရဟန္တာဖြစ်ကြကုန်၍ သရဒရသေ့မူကား နိသဘထေရ်မြတ်၏ တရားစကား ကြားနာရစဉ်ကပင် “ဤအရှင်ကဲ့သို့ နောင်ပွင့်တော်မူသော ဘုရားရှင်တို့၏ သာသနာတော်ဝယ် ငါဖြစ်လို၏”ဟု စိတ်အကြံရှိ၍ သမာဓိကို မရနိုင်သောကြောင့် အရဟတ္တဖိုလ်ကို မရောက်သတည်း။ တရားနာပြီးသော နောက်မှ သရဒရသေ့လည်း ဘုရားရှင်အား ဤသို့ နားတော်လျှောက်၏။

(စာမျက်နှာ-၉၇)

“အရှင်ဘုရား... အကျွန်ုပ်သည် ဤသို့ ပန်းထီးပူဇော်ရသော ကောင်းမှု, သဗ္ဗညုတ ဂုဏ်ကျေးဇူးကို ချီးကျူးရသော ကောင်းမှု, ဘုရားအမှူးရှိသော သံဃာတော်တို့ကို ရိုသေမြတ်လေး လုပ်ကျွေးရသော ကောင်းမှု အစုစုတို့ကြောင့် အရှင်ဘုရား၏ လက်ယာရံဖြစ်သော နိသဘထေရ်ကဲ့သို့ နောင်ပွင့်တော်မူလတ္တံ့သော ဘုရားရှင်တို့၏ သာသနာဝယ် လက်ယာရံ အဂ္ဂသာဝက ဖြစ်ရပါလိုသော”ဟု ဆုတောင်း၏။

ဗျာဒိတ်ပေးတော်မူခြင်း

ဘုရားသခင်လည်း အနာဂတံသဉာဏ်ဖြင့် ရှုတော်မူ၍ နောင်ပြည့်စုံအံ့သော အခြင်းအရာကိုမြင်လျှင် “အချင်းသရဒ.. ဤကမ္ဘာမှ စ၍ရေသော် တသင်္ချေနှင့် ကမ္ဘာတသိန်း လွန်သောကာလ ဘဒ္ဒကမ္ဘာ ဖြစ်လိမ့်မည်။ ထိုကမ္ဘာ၌ ကကုသန်, ကောဏာဂုမ်, ကဿပဟူသော ဘုရားသုံးဆူတို့နောက်၌ ဂေါတမအမည်ရှိသော ဘုရားပွင့်တော်မူလိမ့်မည်။ ထိုအခါ သင်သည် သာဝကပါရမီတို့၏ အထွတ်အထိပ်သို့ရောက်၍ ဓမ္မသေနာပတိ သာရိပုတြာဟူသော အမည်ဖြင့် ကြေငြာလျက် လက်ယာရံ အဂ္ဂသာဝကကြီး ဖြစ်လတ္တံ့။ သင်၏ဉာဏ်သည် ပံသုပထဝီ မဟီမြူဏုနှင့် မတူနိုင်သည်သာ ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား ကြားတော်မူ၏၊ ဤသို့ ဗျာဒိတ်စကား ကြားတော်မူပြီးလျှင် ဘုရားသခင်လည်း သံဃာတော်အပေါင်းနှင့်တကွ ကျောင်းသို့ ကြွတော်မူ၏။

မိတ်ဆွေကို တိုက်တွန်းခြင်း

သရဒရသေ့လည်း မိမိတပည့်တို့ ရဟန္တာဖြစ်၍ ဘုရားသခင်နောက်တော်သို့ လိုက်ခြင်းငှါ အားထုတ်ကြသည်ကို မြင်လျှင် “အရှင်ဘုရားတို့.. အကျွန်ုပ်အား မြတ်စွာဘုရားသည် ဗျာဒိတ်စကား ကြားတော်မူသော အကြောင်းကို အကျွန်ုပ်မိတ်ဆွေဖြစ်သော သိရိဝဍ္ဎနသူကြွယ်အား ကြားခွင့်သင့်သောအခါ ကြားကြပါလေကုန်”ဟု မှာဘိ၍ မိမိသည်လည်း ခရီးတကြောင်းဖြင့်သွား၍ အိမ်တံခါးဝ၌ ရပ်လေ၏။ သိရိဝဍ္ဎန သူကြွယ်မြင်လျှင် “အရှင်ဘုရား.. အရှင်အား မဖူးမြင်ရသည်မှာ ကြာလှပေပြီ၊ ဤသို့ ကြွတော်မူပါ၊ ဤနေရာ၌ နေတော်မူပါ၊ ဤပူဇော်သက္ကာရကို ခံတော်မူပါ” ဤသို့ စသောစကားဖြင့် မြတ်နိုးတနာပြု၍ တပည့်တို့ မပါလာသော အကြောင်းကို မေးလျှောက်၏။ သရဒရသေ့လည်း မိမိတို့နေရာသို့ ဘုရားသခင် ကြွတော်မူသည်မှစ၍ ဗျာဒိတ်ရသည့်တိုင်အောင် အလုံးစုံသော အကြောင်းကို မြွက်ကြား၍ “ငါကား လက်ယာရံ အဂ္ဂသာဝကဆုကို ရပြီ၊ သင်သည်လည်း ငါနှင့် အတူမကွဲ လက်ဝဲရံ အဂ္ဂသာဝက ဖြစ်ရမည့်အကြောင်းကို ဆုတောင်း၍ ပါရမီဖြည့်လော့”ဟု ဆိုပေ၏။ ထိုစကားကို ကြားလျှင် “အရှင်ဘုရား... အကျွန်ုပ်ကား ဘုရားသခင်နှင့်လည်း အကျွမ်းမဝင်ပါ၊ အကျွန်ုပ်အိမ်သို့ ဘုရားသခင်ကြွအောင် မ,စတော်မူပါလျှင် စွမ်းနိုင်ပါသမျှ ကောင်းမှုကိုပြု၍ ဆုတောင်းပါမည်”ဟု လျှောက်၏။ သရဒရသေ့လည်း “ဘုရားသခင်ကို ဖူးမြင်ခြင်းငှါ ငါ့တာဝန်ရှိစေ၊ ပူဇော်သက္ကာရကိုသာ စီရင်လော့”ဟု ဆိုလျှင် ထိုသူကြွယ်လည်း ကြီးကျယ်စွာ သံဃာနှစ်သိန်းခန့် နေလောက်သော မဏ္ဍပ်ကိုဆောက်၍ မွန်မြတ်သော ဆွမ်းဟင်း, အဖျော်, ပူဇော်ရန် ပစ္စည်းများကို ခုနစ်ရက်ကာလ မျှလောက်အောင် ပြုပြင်စီရင်၍ ရသေ့အား ကြားလျှောက်၏။

(စာမျက်နှာ-၉၈)

သိရိဝဍ္ဎန ဗျာဒိတ်ရပုံ

သရဒရသေ့လည်း ဘုရားရှင်အား သံဃာတော် တသိန်းနှင့်တကွ ပင့်လျှောက်၍ ကြွရောက်တော်မူလျှင် “ဤသူကြွယ်အား သနားတော်မူသဖြင့် ခုနစ်ရက်ပတ်လုံး အလှူကို ခံတော်မူပါ၊ တရားရေအေး တိုက်ကျွေးတော်မူပါ”ဟု လျှောက်၏၊ ဘုရားသခင်လည်း ဝန်ခံတော်မူလျက် နံနက်တိုင်းကြွ၍ ဘုဉ်းပေးတော်မူ၏။ ခုနစ်ရက်စေ့သောနေ့၌ သိရိဝဍ္ဎန သူကြွယ်လည်း ဘုရားအမှူးရှိသော သံဃာတော်တို့အား တိစီဝရိတ်သင်္ကန်း, ဆွမ်း, အဖျော်တို့ဖြင့် ပူဇော်လှူဒါန်း၍ တရားတော်ကို နာပြီးလျှင် ဘုရားရှင်အား ဤသို့လျှောက်၏။ “အကျွန်ုပ်၏ အဆွေဖြစ်သော သရဒရသေ့သည် နောင်ပွင့်လတ္တံ့သော ဂေါတမဘုရားသခင် သာသနာဝယ် လက်ယာရံ အဂ္ဂသာဝကအဖြစ်ကို ရလိုသောဟု ဆုတောင်း၏၊ အကျွန်ုပ်လည်း ယခုပြုရသော ဤပုညကောင်းမှုကြောင့် ထိုဂေါတမဘုရား ပွင့်တော်မူသောအခါ လက်ဝဲရံ အဂ္ဂသာဝကအဖြစ်ကို ရပါလိုသော”ဟု ဆုတောင်း၏။ ဘုရားမြတ်စွာလည်း အနာဂတံသဉာဏ်ဖြင့် ကြည့်တော်မူ၍ ပြည့်စုံအံ့သော အကြောင်းကို မြင်တော်မူလျှင် “ချစ်သားသိရိဝဍ္ဎန.... ထိုအရှင်ဂေါတမဘုရား ပွင့်သောအခါ သင်လည်း မဟာမောဂ္ဂလာန် အမည်ရှိသော လက်ဝဲရံ အဂ္ဂသာဝကကြီး ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား ကြားတော်မူ၍ ထိုသူတို့အား တရားဟောတော်မူပြီးလျှင် သံဃာတော် အပေါင်းနှင့်တကွ ကျောင်းသို့ ကြွတော်မူ၏။

(ဤသည်လျှင် ရှင်သာရိပုတြာ, ရှင်မောဂ္ဂလာန်တို့၏ အကြောင်းရင်းတည်း)

“ချစ်သားတို့.. ယင်းသို့ဖြစ်ရကား ငါ့သားတော်ကြီး နှစ်ဦးတို့ ရှေးတောင်းခဲ့ဖူးသော ဆုအတိုင်းသာလျှင် ငါပေးတော်မူသည်၊ မျက်နှာကို ကြည့်၍ အရာပေးတော်မူသည် မဟုတ်”ဟု မိန့်တော်မူ၏။ ဤသို့ ရှေးဆုတောင်းအကြောင်းကို ထုတ်ဖော်၍ ဟောတော်မူလျှင် သံဃာတော်အပေါင်းတို့လည်း ဝမ်းမြောက်ဝမ်းသာ ရှိကြကုန်၏။

အနှစ်သာရတရား မသိနိုင်ကြောင်း

ထိုအခါ အရှင်သာရိပုတြာ အရှင်မောဂ္ဂလာန်တို့သည် ဤသို့ နားတော်လျှောက်ကုန်၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... အကျွန်ုပ်တို့သည် အရှင်အဿဇိထေရ် ဟောပြောသော ဓမ္မဒေသနာကိုမှီ၍ သောတာပန်အဖြစ်သို့ ရောက်သောအခါ ဘုရားသာသနာ၌ အနှစ်သာရရှိသည်ကို သိ၍ သိဉ္စည်းဆရာ၏အထံသို့ ကပ်ပြီးလျှင် “ဆရာ၏ အယူဝါဒ, ဆရာ၏အကျင့်, စာရိတ္တသည် အနှစ်သာရ မရှိချေ။ ဤမျှနှင့်သာ နေသဖြင့် သေခြင်းကင်းသော နိဗ္ဗာန်ချမ်းသာကို ရရာမည် မဟုတ်၊ ထို့ကြောင့် ဘုရားအထံတော်သို့ သွား၍ မြတ်သောတရားကို ကျင့်ကြကုန်အံ့”ဟု ဆို၍ အထံတော်သို့ ခေါ်ပါသော်လည်း သိဉ္စည်းဆရာက “ငါအိုးစရည်းနှင့် တူချေသည်၊ သူတပါးအောက်ဝယ် လက်ငင်အိုးငယ်ကဲ့သို့ ပြုခြင်းငှါ မတတ်နိုင်၊ ပညာရှိသော သူတို့သာလျှင် မြတ်စွာဘုရားအထံသို့ သွား၍ ဆည်းကပ်ကြလိမ့်မည်။ ပညာနည်းပါးသော သူတို့ကား ငါ့အထံသို့ ရောက်လတ္တံ့၊ သင်တို့သွားလိုမူ သွားလေကုန်”ဟု ဆို၍ နေပါသည်ဘုရား”ဟု နားတော်လျှောက်၏။ ထိုအခါ မြတ်စွာဘုရားလည်း အခွင့်အား လျောက်ပတ်သော တရားဒေသနာကို ပြတော်မူခြင်းငှါ-

(စာမျက်နှာ-၉၉)
အသာရေ သာရမတိနော၊ သာရေစာ သာရဒဿိနော။
တေ သာရံ နာဓိဂစ္ဆန္တိ၊ မိစ္ဆာသင်္ကပ္ပဂေါစရာ-

ဟူသော ဂါထာကို ဟောတော်မူသည်။

[အနက်ကား]သာရိပုတ္တမောဂ္ဂလာနာ၊ ချစ်သား သာရိပုတြာ မောဂ္ဂလာန်တို့။ အသာရေ၊ အကျိုးမပေးလတ္တံ့သည်ဖြစ်၍ အနှစ်မရှိသော အယူဝါဒ၌။ သာရမတိနော၊ အနှစ်ရှိသည်ဟု ထင်မှတ်လေ့ရှိကုန်သော။ သာရေ စ၊ အကျိုးပေးတတ် မြတ်သောအကျင့်စာရိတ္တ၌လည်း။ အသာရဒဿိနော၊ မမြတ်ဟူ၍ ယူလေ့ရှိကုန်သော။ တေ ဗာလာ၊ ထိုပညာရှိယောင်ဆောင်သော လူမိုက်တို့သည်။ မိစ္ဆာသင်္ကပ္ပဂေါစရာ၊ ကာမဝိတက်စသော မှားသောအကြံလျှင် အာရုံရှိကုန်သည် ဖြစ်၍။ သာရံ၊ အနှစ်ဆိုအပ် မြတ်သော သီလ, သမာဓိ, ပညာတရားကို။ နာဓိဂစ္ဆန္တိ၊ မရကုန်။

(ဤဒေသနာတော်၏ အဆုံး၌ များစွာသော ပရိသတ်တို့သည် မဂ်ဖိုလ်သို့ ရောက်ကြကုန်သတည်း။)

ရဟန်းတော်တို့ ရှုတ်ချခံရပုံ

ထိုအခါ ရာဇဂြိုဟ်ပြည်၌ ထင်ရှားကုန်သော အမျိုးသားကောင်းတို့သည်လည်း ဘုရားသခင့်အထံတော်၌ များစွာပင် ရဟန်းပြုကြကုန်၏။ ယင်းသို့ ရဟန်းပြုကြကုန်သော် ပြည်သူပြည်သားတို့က “အရှင်ဂေါတမသည် သူ့လင်, သူ့သားကို ဖျောင်းဖျချော့မော့၍ နောက်လိုက်ဖြစ်အောင် ဆောင်ယူတတ်သည်၊ ငါတို့အား သားမြေးမရှိစိမ့်သောငှါ ကျင့်သည်၊ မိန်းမအမျိုးကို မုဆိုးမဖြစ်စိမ့်သောငှါ ကျင့်သည်၊ လူမျိုးလူဆက် ပျက်စီးပြတ်ကင်းစိမ့်သောငှါ ကျင့်သည်။ ယခု သိဉ္စည်းဆရာ့တပည့် နှစ်ရာ့ငါးကျိပ်တို့ကိုလည်း မျက်ချိုသွေး၍ ဆောင်လေပြီ၊ မာဂဓတိုင်းသား ထင်ရှားကြွယ်ဝသော အမျိုးကောင်းသားတို့ကိုလည်း ရဟန်းပြု၍ သူနောက်လိုက် ခေါ်လေပြီ၊ ငါတို့လင်, ငါတို့သားကိုလည်း ထိုနည်းအတူ ဆောင်ယူခေါ်ငင်လိမ့်မည်” ဤသို့စသည်ဖြင့် ကဲ့ရဲ့ရှုတ်ချကုန်လျက် လင်သားတို့ကို အသွားအလာ မရှိစေရ၊ အိမ်တံခါးဝကိုပိတ်လျက် ဆွမ်းလောင်းရုံ, ဖူးမြော်ရုံမျှ မထွက်ရအောင် ချုပ်နှောင်ကြကုန်၍ ရဟန်းတို့လာသည်ကို မြင်လျှင်-

အာဂတော ခေါ မဟာသမဏော၊ မာဂဓာနံ ဂိရိဗ္ဗဇံ။
သဗ္ဗေ သဉ္စယေ နေတွာန၊ ကံ သု ဒါနိ နယိဿတိ-

ဟူသော-ဂါထာဖြင့် ကြွေးကြော်ကာ အပြစ်တင်ကုန်၏။

အနက်ကား– မာဂဓာနံ၊ မာဂဓတိုင်းသူတို့၏။ ဂိရိဗ္ဗဇံ၊ တောင်ငါးတန်သည် နွားခြံကဲ့သို့ ရံအပ်သော ရာဇဂြိုဟ်ပြည်သို့။ မဟာသမဏော၊ လူကိုဖျက်ဆီးတတ်သော ရဟန်းကြီးသည်။ အဂတော ခေါ၊ လာလတ်ပြီ။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ သဉ္စယေ၊ သိဉ္စည်းဆရာ၏ တပည့်တို့ကို။ နေတွာန၊ နောက်လိုက်ဖြစ်အောင် ခေါ်ဆောင်ပြီး၍။ ဒါနိ၊ ယခု။ ကံ၊ အဘယ်သူကို။ နယိဿတိ၊ ဆောင်လတ္တံ့ လည်း မသိ။

(စာမျက်နှာ-၁၀၀)

ကဲ့ရဲ့စကား ချေပချက်

ရဟန်းတို့ကို ဤသို့ ကဲ့ရဲ့ရှုတ်ချ၍ ဖရိုဖရဲဆိုသော စကားကို ဘုရားသခင်အား လျှောက်ကြကုန်၏။ ဘုရားသခင်လည်း “ချစ်သားတို့.. ထိုကဲ့ရဲ့ကြသော စကားသည် ရှည်လျားစွာ တည်မည်မဟုတ်၊ သင်တို့၌ ယုတ်ရာသော အကြောင်းလည်း မရှိ၊ ထိုသူတို့ကို သတိရစေလိုမူကား “အာဂတော ခေါ” စသောစကားဖြင့် အပြစ်တင်သောအခါ သင်တို့ကလည်း-

နယန္တိ ဝေ မဟာဝီရာ၊ သဒ္ဓမ္မေန တထာဂတာ။
ဓမ္မေန နီယမာနာနံ၊ ကာ ဥဿူယာ ဝိဇာနတံ-

ဟူသော-ဂါထာတို့ဖြင့် ဆိုလင့်ကြကုန်”ဟု မိန့်တော်မူ၏။

[အနက်ကား]မဟာဝီရာ၊ ကြီးမြတ်သော လုံ့လရှိကုန်သော။ တထာဂတာ၊ မြတ်စွာဘုရားတို့သည်။ သဒ္ဓမ္မေန၊ အနိုင်အထက် နှိပ်စက်မမူ သူတော်ကောင်းတရား၌ တည်သဖြင့်။ နယန္တိ၊ ဆောင်ကုန်၏။ ဓမ္မေန၊ တရားသဖြင့်။ နီယမာနာနံ၊ ဆောင်ကုန်သော။ ဝိဇာနတံ၊ ပညာရှိ သူတော်ကောင်းတို့အား။ ဥဿူယာ၊ စောင်းမြောင်းငြူစူ ပြစ်ယူကျိုးမဲ့ ကဲ့ရဲ့ခြင်းသည်။ ကာ၊ အဘယ်အကျိုးရှိအံ့နည်း။ ဝါ၊ တနည်းကား။ ကာ-ကုအာ၊ စက်ဆုပ်အပ်စွာ အပါယ်ရွာသို့ လားရာသလျှင်ကတည်း။

(ဤဂါထာတို့ဖြင့် ဆိုသောအခါမှ ပြည်သူတို့ ကဲ့ရဲ့ကြသော အသံသည် ငြိမ်းသတည်း။)

၂၄။ မြတ်စွာဘုရား ကပိလဝတ်ပြည်သို့ ကြွတော်မူခြင်း

ကိုးကြိမ် ဘုရားအပင့်ခိုင်းခြင်း

ယင်းသို့ လူနတ်တို့အား တရားအမြိုက်ဆေး တိုက်ကျွေးတော်မူ၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ ဘုရားသခင် သီတင်းသုံးနေတော်မူကြောင်းကို သုဒ္ဓေါဒနမင်းကြီး ကြားသိလေသော် အမတ်တယောက်ကိုခေါ်၍ “အချင်းအမတ်... သင်သည် ယောက်ျားအခြံအရံ တထောင်နှင့်တကွ ရာဇဂြိုဟ်ပြည်သို့သွား၍ ငါ့စကားဖြင့် သားတော်ဘုရားကို ပင့်လျှောက်ချေ။ အရှင့်ခမည်းတော်သည် အိုမင်းသော အရွယ်သို့ ရောက်ချေပြီ၊ သားတော်ဘုရားကို မတွေ့မမြင်သည်လည်း ကာလရှည်လေပြီ၊ မသေခင်ကို ဖူးမြင်လိုပါသည်။ မဖျားမနာ ကျန်းမာစဉ်က မွေးသည့်ဖခင် ဖူးမြင်ရအောင် ကြွတော်မူပါဟု လျှောက်၍ ငါ့သားဘုရားကို ပင့်ဆောင်ချေ”ဟု စေလိုက်၏။ ထိုအမတ်လည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ ဗိုလ်ရံတထောင်နှင့်တကွ သွား၍ ဘုရားရှေ့မှောက်သို့ ရောက်သောအခါ ရာဇဂြိုဟ်ပြည်သားတို့ တရားနာခိုက်နှင့်ကြုံ၍ ပရိသတ်စွန်က တရားတော်ကိုနာ၍ နေကြသော် ဒေသနာတော်၏အဆုံး၌ အလုံးစုံသော ကိလေသာအစဉ်ပြတ်၍ အရဟတ္တဖိုလ်သို့ ရောက်သဖြင့် ရဟန်းပြုလိုကြောင်းကို တောင်းပန်ကြလေလျှင် ဧဟိဘိက္ခု ခေါ်တော်မူ၍ ရဟန္တာဖြစ်ကြလေကုန်၏။ ယင်းသို့ ရဟန္တာဖြစ်ပြီးသော အခါမှစ၍ အရိယာတို့သဘောသည် အလုံးစုံသောကိစ္စ၌ လျစ်လျူရှုသည်သာ ဖြစ်ရကား သုဒ္ဓေါဒနမင်းကြီး မှာအပ်သောစကားကို မြတ်စွာဘုရားအား မလျှောက်ပဲ နေလေကုန်၏။

သုဒ္ဓေါဒနမင်းကြီးလည်း သွားလေသောအမတ်တို့ ပြန်ချိန်သင့်၍ မပြန်လာသော် လိမ္မာသော အမတ်တယောက်ကိုခေါ်၍ ရှေးနည်းအတူ စေပြန်၏။ ထိုအမတ်လည်း ဘုရားအထံသို့ရောက်လျှင်

(စာမျက်နှာ-၁၀၁)

ယခင်သူတို့ကဲ့သို့ ပရိတ်သတ်နှင့်တကွ ရဟန္တာဖြစ်ကြ၍ ဘုရားသခင်အား မလျှောက်ကြားပဲ ဆိတ်ဆိတ်သာ နေ၏။

ကာဠုဒါယီ ပင့်ခဲ့ပုံ

ဤသို့ ထပ်ကာထပ်ကာ ကိုးကြိမ်တိုင်တိုင် စေပါသော်လည်း သတင်းစကားမျှ မရောက်၊ ဆိတ်ဆိတ်သာ ဖြစ်လေကုန်လျှင် ဖခင်သုဒ္ဓေါဒနမင်းကြီးသည်လည်း “ငါ၏နန်းတော် နေပြည်တော်၌ ရှိကုန်သော လူအပေါင်းတို့သည် ငါ၌ ချစ်ခြင်းပင် မရှိကြချေသောကြောင့် သတင်းစကားကိုမျှ မကြားလာကြကုန်၊ ယခုအခါ ဘယ်သူသာလျှင် ငါ့အား သတင်းစကားကို ကြားရအောင် ရွက်ဆောင်ပါမည်နည်း၊ ငါ့သားဘုရားကို ဖူးမြင်ရအောင် ပင့်ဆောင်နိုင်ပါမည်နည်း”ဟု မြည်တမ်းလျက် ဗိုလ်ပါအပေါင်းကို ကြည့်လတ်သော် ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီ အမတ်ကိုမြင်၍ “အချင်း ကာဠုဒါယီ... သင်သည် ငါ့သားဘုရားကို ဖူးမြင်ရအောင် ပင့်ဆောင်နိုင်ပါမည်လော”ဟု မေးလတ်လျှင် “အရှင်မင်းကြီး အကျွန်ုပ် ရဟန်းပြုရပါမူ တတ်နိုင်ပါ၏”ဟု လျှောက်ပေ၏။ မင်းကြီးလည်း “အချင်းအမတ်.. သင်-ရဟန်းပြုလိုလည်း ပြုလေ၊ မပြုလိုလည်း မပြုပဲ နေစေ၊ ငါ့သားကိုသာ မြင်ရအောင် ကြံဆောင်ပါလေ”ဟု ဆို၏။ ကာဠုဒါယီအမတ်လည်း ဗိုလ်ပါတထောင်နှင့်တကွ သွားလေ၍ ဘုရားခြေတော်ရင်းသို့ ရောက်လျှင် ပရိသတ်တို့အား တရားဟောတော်မူခိုက် ကြုံသည်နှင့် ပရိသတ်စွန်က တရားနာလေလျှင် အခြွေအရံ တထောင်နှင့်တကွ ရဟန္တာအဖြစ်ကိုရ၍ ဧဟိဘိက္ခုချည်း ဖြစ်ကြလေကုန်၏။ ထိုသို့ ကာဠုဒါယီရောက်၍ ခုနစ်ရက် ရှစ်ရက်မြောက်ရှိလျှင် အလုံးစုံသော ဆောင်းဥတုကုန်လေ၍ နွေဥတုအပြောင်း တပေါင်းလပြည့်နေ့ကြိမ်၍ ခြောက်ဆယ်မျှလောက်သော ဂါထာတို့ဖြင့် ကာလသမယကို ချီးမွမ်း၍ သုဒ္ဓေါဒနမင်းကြီးမှာလိုက်သော သတင်းစကားကို ဘုရားသခင်အား လျှောက်၍ ဆွေတော်မျိုးတော်တို့ကို ချီးမြှောက်ခြင်းငှါ ကပိလဝတ်ပြည်သို့ ကြွရောက်တော်မူပါမည့်အကြောင်းကို ခွင့်တောင်းလျှောက်ထား၏။ ဘုရားသခင်လည်း သံဃာတော်အပေါင်းတို့အား ခရီးသွားခြင်း၌ ပြုထိုက်သော ဂမိယဝတ်ကို ပြည့်စုံစေလျက် မာဂဓတိုင်းသား သံဃာတသောင်း, ကပိလဝတ်မြို့သား သံဃာတသောင်း ခြံရံလျက် တပေါင်းလပြည့်ကျော် တရက်နေ့ပင် ရာဇဂြိုဟ်ပြည်မှ ထွက်ကြွတော်မူ၏။

ကပိလဝတ်ကြွပုံ ရှင်းချက်

ဤအရာ၌ ကျမ်းဂန် လာတိုင်းယူရန် ခက်ခဲသည်ကား-

ဗုဒ္ဓဝင်အဋ္ဌကထာ၌-

ယဒါ ပန သတ္ထာ ဗုဒ္ဓေါ ဟုတွာ ဗာရာဏသိယံ ဣသိပတနမိဂဒါယေ ပထမဝဿံ ဝသိတွာ ဝုတ္ထဝဿော ပဝါရေတွာ ဥရုဝေလာယံ ဂန္တွာ တတ္ထ တယော မာသေ ဝသန္တော တေဘာတိကဇဋိလေ ဒမေတွာ ဘိက္ခုသဟဿပရိဝါရော ဖုဿမာသပုဏ္ဏမိယံ ရာဇဂဟံ ဂန္တွာ ဒွေ မာသေ တတ္ထ ဝသိ-

အစရှိသော ဥဒ္ဒေသပါဌ်ဖြင့် ဘုရားသခင်သည် ဗာရာဏသီပြည် မိဂဒါဝုန်တော၌ ပထမဝါ ကပ်တော်မူ၍ ဝါကျွတ်ပြီးသော် ပဝါရဏာပြုတော်မူ၍ ဥရုဝေလသို့ ကြွတော်မူသည်။ ထိုတောအုပ်၌ သုံးလနေတော်မူ၍ ရသေ့ညီနောင် ရှင်တထောင်တို့ကို ဆုံးမတော်မူပြီးလျှင် ထိုရဟန်းတထောင် ခြံရံလျက် ပြာသိုလပြည့်နေ့ ဥရုဝေလတောမှ ထွက်ကြွတော်မူ၍

(စာမျက်နှာ-၁၀၂)

ယူဇနာသုံးဆယ် ကွာခြားသော ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူသည်၊ ဤရာဇဂြိုဟ်ပြည်၌လည်း နှစ်လသာ နေတော်မူ၍ တပေါင်းလပြည့်နေ့ ရောက်သောအခါ ကာဠုဒါယီ ပင့်လျှောက်သော စကားဖြင့် ကပိလဝတ်ပြည်သို့ လပြည့်ကျော် တရက်နေ့ပင် ထွက်ကြွတော်မူသည်ဟု ဆိုသောစကားသည် အထက်ဆိုလတ္တံ့သော-

သုဒ္ဓေါဒနမဟာရာဇာ ပုတ္တော မေ ဆဗ္ဗဿာနိ ဒုက္ကရကာရိယံ ကတွာ ပရမာဘိသမ္ဗောဓိံ ပတွာ ပဝတ္တိတဝရဓမ္မစက္ကော ရာဇဂဟံ ပတွာ ဝေဠုဝနဝိဟာရေ ဝိဟရတီတိ သုတွာ အညတရံ မဟာအမစ္စံ အာမန္တေသိ ။ပ။ တေနေဝ နိယာမေန နဝက္ခတ္တုံ အမစ္စေ ပေသေသိ။

ဟူသော-စကားနှင့် ဆန့်ကျင်၏။ အသို့ ဆန့်ကျင်သနည်း ဟူမူကား- ကပိလဝတ်ပြည်နှင့် ရာဇဂြိုဟ်ပြည်သည် ယူဇနာခြောက်ဆယ် ခရီးကွာရကား နှစ်လသွား ခရီးဖြစ်သည်။ ရာဂြိုဟ်ပြည်၌ နှစ်လသာ နေတော်မူတည့်လျှင် ဘုရားသခင် ရာဇဂြိုဟ်ပြည်သို့ ရောက်ကြောင်း သတင်းစကားကို ကပိလဝတ်ပြည်က ကြားအံ့ရုံမျှ ရှိသေးသည်။ ခမည်းတော် မင်းကြီးလည်း သတင်းစကားကို ကြားရမှပင် အမတ်တို့ကို စေလွှတ်ရမည်။ ရှေးစေလိုက်သော အမတ်တို့ ပြန်ချိန်သင့်၍ မပြန်လာမှ ထပ်ဆင့်ကာ လွှတ်ပြန်ရမည်၊ ဤသို့သောနည်းဖြင့် အမတ်ဆယ်ယောက်ကို ဆယ်ခေါက်လွှတ်မှ ဘုရားကြွတော်မူချေသည်။ ထိုစေသောကာလ အမတ်တို့လည်း ဆဠဘိည မဟုတ်ကြသေး၍ ယူဇနာခြောက်ဆယ်မျှကို နှစ်လနှင့် ဆယ်ခေါက်မသွားနိုင်ရာ။ ဘုရားတန်ခိုးတော်ကြောင့်သာ ဖြစ်သည်ဟု ကြံရမည်လည်း ဘုရားသခင်က တန်ခိုးနှင့်စေကြောင်းကို အရိပ်အမြွက်မျှမထင်၊ ဆယ်ပါးသော တန်ခိုးတွင်လည်း မဝင်။ ထို့ကြောင့် ဆင်ခြင်ခြင်းငှါ ခဲယဉ်းသည်။

ဥရုဝေလတောမှ သီဟိုဠ်ကို ပြာသိုလပြည့်နေ့ ဘုရားကြွတော်မူကြောင်းကို အင်္ဂုတ္တိုရ်အဋ္ဌကထာ သာရတ္ထဒီပနီ ဋီကာတို့၌-

ဘဂဝါ ကိရ အဘိသမ္ဗောဓိတော နဝမေ မာသေ ဖုဿပုဏ္ဏမဒိဝသေ ယက္ခာဓိဝါသံ လင်္ကာဒီပံ ဥပဂန္တွာ-

ဟု-လာသည်။ မဟာဝင် ဒီပဝင်တို့၌လည်း ဤနည်းတူပင်ဆိုကုန်သည်။

ထိုပြာသိုလပြည့်နေ့သည် အင်္ဂတိုင်း မဂဓတိုင်းသူတို့ ဥရုဝေလရသေ့တို့အား ကြီးမားသော ပူဇော်သက္ကာပွဲဖြစ်၍ ယနေ့ ရှင်ဂေါတမ ငါ့ထံသို့မလာမူ ကောင်း၏ဟု ရသေ့တို့ အကြံရှိသည်ကို သိတော်မူ၍ မြောက်ကျွန်း၌ ဆွမ်းခံပြီးသော် အနောတတ်အိုင်နား၌ ဘုဉ်းပေးတော်မူ၍ စန္ဒကူးတော၌ နေ့သန့်တော်မူပြီးလျှင် ညချမ်းသောအခါ လင်္ကာဒီပသို့ ကြွတော်မူကြောင်းကို ဝိနည်းမဟာဝါ အဋ္ဌကထာ, တေရသကဏ်ဋီကာ စသည်တို့၌ လာသည်။

ထို့နောက်လည်း တန်ခိုးပြာဋိဟာတို့ကိုပြ၍ ဥရုဝေလ၌ပင် နေတော်မူသေးသည်ဖြစ်၍ “ပြာသိုလပြည့် ဥရုဝေလတောမှ ထွက်ကြွတော်မူ၏”ဟူသော စကားတို့သည် တပါးကျမ်းဂန်နှင့်ညှိ၍ ယုတ္တိမရနိုင်။

(စာမျက်နှာ-၁၀၃)

ဝေဠုဝန်ကျောင်းကို ခံတော်မူသည့်နောက် နှစ်ရက်, သုံးရက်မြောက်နေ့ပင် ရှင်သာရိပုတ္တရာ မြတ်စွာဘုရားထံ ရောက်ကြောင်းကိုလည်း ဓမ္မပဒအဋ္ဌကထာ, အပဒါန်အဋ္ဌကထာတို့၌ လာသည်။

ဤသို့ ကျမ်းဂန်များလာသည်ကို နှီးနှောသော် ဥရုဝေလတောမှ ပြာသိုလပြည့်ကျော် ဆယ်ရက်နေ့တွင် ထွက်တော်မူ၍ ဆယ်တရက်နေ့ ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူလျှင် ပြည်သူပြည်သား အပေါင်းနှင့်တကွ ဗိမ္ဗိသာရမင်းကြီးအား နာရဒဇာတ်ကို ဟောတော်မူသည်။ ၎င်းလကွယ်နေ့ပင် အရှင်သာရိပုတ္တရာတို့ ရဟန်းပြုလာကြသည်။ တဆယ့်ငါးရက်မြောက် တပို့တွဲလပြည့်နေ့မှ ရဟန္တာဖြစ်၍ ထိုနေ့ပင် သာဝကသန္နိပါတကို ပြုတော်မူ၍ ပါတိမောက် ပြတော်မူသည်။ ထို့နောက်မှလည်း ကျွက်ထိုက်သော ဝေနေယျတို့အား တရားအမြိုက်ဆေး တိုက်ကျွေးတော်မူ၍ ဤနှစ်ဝါဆိုပြီးမှ သက္ကရာဇ် ၁၀၄-ခုနှစ် တပေါင်းလတွင် ကပိလဝတ်ပြည်သို့ ကြွတော်မူသည်ဟု ယူမှ ဗုဒ္ဓဝင်, ရာဇဝင်, အနာဂတဝင်, မဟာဝင်တို့ အစဉ်ကျန ညီညွတ်မည်။ ဉာဏ်စွမ်းရှိတိုင်းမျှော်၍ ကြံတော်မူကုန်။

(ကျမ်းဂန်ကျန နိုင်နင်းလှ၍ မြန်မာ့တိုင်းအလုံး ကျော်စောသော အရှင်သီလဝံသ ထေရ်မြတ်လည်း ရာဇဂြိုဟ်ပြည်၌ ဝါကပ်ပြီးမှ ကပိလဝတ်ပြည်သို့ ကြွတော်မူကြောင်းကို ဆုတောင်းခန်း၌-

ဥရုဝေလ၊ ကဿပက၊ စသည့်ညီနောင်၊ ရှင်တထောင်အား၊ တိမ်မှောင်မိစ္ဆာ၊ ဒိဋ္ဌိခွာ၍၊ အရာနောက်တော်၊ ပါအောင်ခေါ်ပြီး၊ ပြည်ကျော်နဂိုရ်၊ ရာဇဂြိုဟ်တွင်၊ ရောက်တုံကျင်မှ၊ ဖူးမြင်လာရှောင်း၊ တသိန်းပေါင်းနှင့်၊ နှစ်သောင်းမကြွင်း၊ ဗိမ္ဗိမင်းကို၊ လင်းစေမျက်မှောက်၊ အမိုက်ဖျောက်၍၊ ရောက်တုံထိုခါ၊ ဝါလနီးသော်၊ စောဓီးရှင်မွန်၊ ဝေဠုဝန်၌၊ တဖန်ပျော်မိန်း၊ ငြိမ်သက်ကိန်းသည်။ ရွှင်ဖိန်းမဂ်ဖိုလ် ပီတိတည်း။

ဟူ၍- ဗုဒ္ဓဝင်အဋ္ဌကထာသို့ မလိုက်၊ ရာဇဂြိုဟ်၌ ဝါဆိုကြောင်းကို စပ်သည်။)

မြတ်စွာဘုရား ကြွလာတော်မူပုံ

ယင်းသို့ ဘုရားကြွတော်မူလျှင် ကာဠုဒါယီထေရ်လည်း သုဒ္ဓေါဒနမင်းကြီးအား သတင်းကြားသိစေခြင်းငှါ မြတ်စွာဘုရား အလျင်ပင် ကောင်းကင်ခရီးဖြင့် ကြွသွားလေ၍ သုဒ္ဓေါဒနမင်းကြီးရှေ့တွင် ထင်ရှားပြပေ၏။ မင်းကြီးလည်း ကာဠုဒါယီ မထေရ်ကိုမြင်လျှင် ရွှင်လန်းသောစိတ်ရှိရကား “ငါ့သားကာဠုဒါ... အမောင်တို့ဆရာ မြတ်စွာဘုရားသည် ဤကဲ့သို့ပင် အသွင်အပြင်ရှိသလော၊ အသင့်လိုပင် ကောင်းကင်ခရီးကို ပျံနိုင်သလော၊ ယခုအခါ ဘုရားအဘယ်မှာ ရှိသနည်း” စသည်ဖြင့်မေးမြန်း၏။

ကာဠုဒါယီမထေရ်လည်း “ဒကာတော်မင်းကြီး.. မီးပွားပမာဏရှိသော ပိုးမြည်မြူး၏အရောင်နှင့် နေရောင်ကို ပုံဆောင်ခြင်းငှါ မထိုက်သကဲ့သို့လည်းကောင်း, နွားဦးချိုနှင့် မြင်းမိုရ်တောင်ကို ပုံဆောင်ခြင်းငှါ မထိုက်သကဲ့သို့လည်းကောင်း ငါတို့နှင့် ဘုရားအရုပ်အဝါကို အဘယ်မှာ နှိုင်းခိုင်းထိုက်မည်နည်း။ ဒကာတော်သား ဘုရားသခင်၏ အသွင်တော်ကား ခြောက်ပါးသော ရောင်ခြည်တော်အဝန်းဖြင့် ထွန်းပလျက် တက်သစ်သော နေလုလင်တထောင်၏ အရောင်အသရေထက်လည်း ကဲထက်လွန်မြတ်၏၊ ဣဿရိယစသော ဘုန်းတော်ခြောက်ပါး, လောကီတန်ခိုးရှစ်ပါး,

(စာမျက်နှာ-၁၀၄)

လောကုတ္တရာတန်ခိုး ရှစ်ပါး, တရားအပေါင်းနှင့် ပြည့်စုံသည်ဖြစ်၍ သုံးဆယ့်တဘုံတွင် တစုံတယောက်သောသူမျှ အတုမရ၊ အနန္တစကြဝဠာ ဝိသယာခေတ်ကုန်အောင်ကို မျက်တောင်တခတ် လျှပ်တပြက်မျှဖြင့်လည်း ကြွလည်ပြန်ခေါက် ရောက်တော်မူနိုင်၏၊ ဤသို့ စသည်ဖြင့် အစိန္တေယျဖြစ်သော ဂုဏ်တော်,တန်ခိုးတော်ကို ချီးကျူးမြွက်ကြား၍ ဘုရားသခင်သည် သင်မင်းကြီး ဖူးမြင်စေခြင်းငှါ သံဃာတော်နှစ်သောင်းနှင့်တကွ ကြွတော်မူလာပြီ၊ ယနေ့ မည်သည့်စခန်းသို့ ရောက်ပြီ”ဟု ကြား၏။ မင်းကြီးလည်း အလွန်အားရတော်မူ၍ မထေရ်အား ဘောဇဉ်ငါးပါးတို့ဖြင့် ကောင်းစွာ လုပ်ကျွေးပြီးသော် သားတော်ဘုရားအလို့ငှါ မွန်မြတ်သော ဘောဇဉ်တို့ကို ပြင်ဆင်၍ ကပ်လှူပြီးသော် “သားတော်ဘုရားသည် ကျွန်ုပ်တို့မြို့သို့ ရောက်သည့်တိုင်အောင် ကျွန်ုပ်နန်းတော်က ဆွမ်းကိုသာ ဆောင်၍ လုပ်ကျွေးတော်မူပါ” ဟူ၍လည်း လျှောက်လိုက်၏။ မထေရ်လည်း ထိုဆွမ်းကိုဆောင်လျက် ကောင်းကင်ခရီးဖြင့်ကြွ၍ ဘုရားသခင်အား ကပ်ပေ၏။ ဤသို့သောနည်းဖြင့် ကာဠုဒါယီသည် နေ့တိုင်းနေ့တိုင်း နန်းတော်မှ ဆွမ်းကိုဆောင်၍ လုပ်ကျွေးရကား ခရီးအကြား၌ ဘုရားသခင်သည် ဘခင်မင်းကြီး၏ ဆွမ်းကိုသာ ဘုဉ်းပေးတော်မူရ၏။

ထိုကြောင့် ကာဠုဒါယီကို-

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ကုလပ္ပသာဒကာနံ ယဒိဒံ ကာဠုဒါယီ-

ဟူ၍-“ကုလပ္ပသာဒက ဧတဒဂ်” အရာ၌ ထားတော်မူသတည်း၊

ဘုရားသခင်လည်း တနေ့ တယူဇနာစီကြွ၍ နှစ်လမြောက်သဖြင့် ကပိလဝတ်ပြည်သို့ ရောက်တော်မူ၏။ ထိုအခါ ဆွေတော်မျိုးတော်ဖြစ်သော သာကီဝင်မင်းတို့သည်လည်း ဘုရားသခင်နှင့် လျော်သောနေရာကို ရွေးချယ်စိစစ်၍ နိဂြောဓ သာကီဝင်မင်းသား၏ ဥယျာဉ်အလယ် မွေ့လျော်ဖွယ်ရှိသော အရပ်၌ လျောက်ပတ်ကောင်းမွန်စွာ ကျောင်းတော်ကိုဆောက်၍ လှူဒါန်းကုန်သဖြင့် ထိုနိဂြောဓာရုံကျောင်း၌ နေတော်မူ၏။

တန်ခိုးပြာဋိဟာ ပြတော်မူခြင်း

သာကီဝင် မင်းသားတို့သည်လည်း မာန်မာနကြွား၍ “ဤသိဒ္ဓတ္ထမင်းသားကား ငါတို့တူ, ငါတို့သားသာ၊ ငါတို့အောက် ငယ်၏၊ ငါတို့ ရှိခိုးခြင်းငှါ မထိုက်”ဟု နှလုံးပြု၍ ငယ်ကုန်,ငယ်ကုန်သော သူတို့ကိုသာ ရှေ့တင်၍ သွားစေပြီးသော် ကြီးသောသူတို့သည် နောက်မှ,နောက်မှလိုက်၍ ရှိမခိုးပဲပင် ရှေ့တော်တွင် ထိုင်နေကြကုန်၏။ ထိုအကြောင်းကို မြင်တော်မူသော် ဆွေတော်မျိုးတော်တို့၏ မာန်မာန ကျစိမ့်သောငှါ စံတော်မူရာ ပလ္လင်ထက်၌ စတုတ္ထဈာန်ကို ဝင်စားတော်မူ၍ ကောင်းကင်ထက်သို့ တက်တော်မူပြီးသော် လက်ယာခြေတော်ကိုဆန့်၍ စင်္ကြံကြွတော်မူလျက် အထက်ကိုယ်တော်မှ မီးအလျှံ, အောက်ကိုယ်တော်မှ ရေအယဉ်, လက်ဝဲဖဝါးတော်မှ မီးအလျှံ, လက်ယာဖဝါးတော်မှ ရေအယဉ်, လက်ယာမျက်လုံးတော်မှ မီးအလျှံ, လက်ဝဲမျက်လုံးတော်မှ ရေအယဉ်, ခံတွင်းတော်အပြင် နှာခေါင်းတော် အစဉ်တို့မှ မီးရေအစုံအစုံ, အလုံးစုံသော ကိုယ်တော်မှ အညို, အရွှေ, အနီ, အဖြူ, အမောင်း, အနက်, ပြိုးပြက်သော ရောင်ခြည်တော်ခြောက်သွယ်ကို လှယ်ကာ,လှယ်ကာ အဇဋာပြင်လုံးပြည့်မျှ ထွက်ထွန်းစေလျက် အံ့ဖွယ်ဘနန်း ရှုမခန်းသော ယမိုက်ပြာဋိဟာကို ရတနာစင်္ကြံထက်၌ ပြတော်မူ၍ သာကီဝင်မင်းအပေါင်းတို့၏ ဦးခေါင်းထက်၌ ဖဝါးခြေမှုန့်ကို ကြဲဘိသကဲ့သို့ ဖြစ်စေတော်မူ၏။

(စာမျက်နှာ-၁၀၅)

သာကီဝင်မင်းတို့ မာနကျပြီ

ထိုသို့ အံ့ဖွယ်သရဲ ထူးကဲလွန်မြတ်သော တန်ခိုးပြာဋိဟာကိုမြင်လျှင် ဖခင်သုဒ္ဓေါဒနမင်းကြီးလည်း ခြေတော်ကို ဦးဖြင့်တိုက်၍ “အရှင်ဘုရား ဖွားတော်မူစက ဒေဝိလရသေ့၏ ထိပ်ထက်၌ ရွှေစက်စုံတင်သည်ကိုမြင်၍ ဖခင် တကြိမ်ရှိခိုးပါပြီ၊ လယ်ထွန်မင်္ဂလာပြုသောအခါ ကြီးစွာသော ဇမ္ဗူ့သပြေပင်ရိပ်ဝယ် သိပ်ထားသည်တွင် သစ်ပင်အပေါင်း ပြန်ရိပ်ပြောင်းလျက် သားကောင်းစံနေသော သပြေပင်ရိပ်ပန်းသည် မယွန်းမရွေ့ ပြကတေ့ တည်သည်ကို မြင်၍လည်း ဖခင် တကြိမ်ရှိခိုးပါပြီ၊ ဤယခုမှာ တခါတုံမျှ မကြုံစဖူး မမြင်ဖူးအောင် ထူးမြတ်သော တန်ခိုးပြာဋိဟာကို မြင်ပါရ၍ ဖခင်ပူဇော်ပါသည်။ ဤအခါကား သုံးကြိမ်မြောက် ရှိခိုးခြင်းပါတည်း”ဟု လျှောက်၏။ ဤသို့ မင်းကြီးရှိခိုးသည်ကိုမြင်လျှင် ရှိမခိုးပဲ နေဝံ့သောသူကား မရှိပြီ၊ အလုံးစုံသော သာကီဝင်မင်း အပေါင်းတို့သည် ဦးခေါင်းနှိမ်ချလျက် ရှိခိုးကြကုန်သတည်း။ ဘုရားသခင်လည်း ကောင်းကင်မှသက်၍ ရတနာပလ္လင်ထက်၌ စံတော်မူလျှင် ကောင်းကင်အလုံးမှချီ၍ ကြေးနီရည်ကဲ့သို့သော ပေါက္ခရဝဿ မိုးကြီးရွာလတ်၍ အချို့သောသူကား စွတ်၏၊ အချို့သောသူကား မစွတ်။ ထိုသို့ စွတ်လိုသောသူကိုစွတ်၍ မစွတ်လိုသောသူကား မစွတ်ရသော အခြင်းအရာကိုမြင်လျှင် ထက်ဝန်းကျင်သော ပရိတ်သတ်အပေါင်းတို့သည် သောင်းသောင်းချီးကျူး အံ့မူးပြောကြားကုန်၏။ ထိုစကားစပ်တွင် ဘုရားသခင်လည်း ယခုသာလျှင် မဟာဆွေတော်မျိုးတော်တို့၏ မျက်မှောက်၌ ပေါက္ခရဝဿမိုးကို ရွာစေသည် မဟုတ်သေး၊ ရှေးသောကာလ ဤနှစ်မှလျှင် တွက်ဆရေဖွဲ့သော် ငါးဆယ့်ခုနစ်ကုဋေ အနှစ်ခြောက်သန်းကျော်အကွာ ဝေဿန္တရာမင်းကြီး ဖြစ်စဉ်ကလည်း ဤနည်းတူပင် ရွာသွန်းဖူးပြီဟု မြွက်ချီတော်မူ၍ နာလိုသောသူအပေါင်းတို့ တောင်းပန်ကြသော စကားစပ်တွင် ကဆုန်လပြည့်ကျော် တရက် အင်္ဂါနေ့ညချမ်း သုံးချက်တီး အခါတွင် ဂါထာ တထောင်ကျော်ရှိသော ဝေဿန္တရာဇာတ်ကို ဟောတော်မူ၏။

(ဇာတ်ဂဏ္ဌိတွင် ဆိုသောလသည် ဘုရားရောက်သည်နှင့် မမျှ၍ ပြင်လိုက်သည်။)

တရားဒေသနာကိုနာပြီး မဟာဆွေတော်အပေါင်းတို့သည် ဦးခေါင်းညွတ်ကျိုး ရှိခိုးပြီးလျှင် အသီးသီးပြန်ကြကုန်၏။ တယောက်သောသူမျှ ဆွမ်းအလှူ ခံတော်မူပါဟု မပင့်မိကြကုန်။ ဖခင် မင်းတရားကြီးသည်လည်း ငါ့သားဘုရားသည် ငါ၏နန်းတော်သို့သာ ဆွမ်းစားလာလတ္တံ့ဟု နှလုံးချင့်၍ မပင့်ပဲ ပြန်လေ၏။

ဆွမ်းခံလှည့်လည်ခြင်း

ဘုရားကိုယ်တော်မြတ်လည်း ထိုညဉ့်ကုန်လျက် နံနက်သောအခါ “များစွာသော နောင်တော်ဘုရားတို့သည် ဖွားတော်မူသောပြည်သို့ ကြွသောအခါ ဖခင်အိမ်၌သာ ဆွမ်းခံ၍ ဘုဉ်းပေးကြကုန်သလော၊ ထိုသို့မဟုတ် အိမ်စဉ်လည်ပတ်၍ ဆွမ်းခံရပ်ကုန်သလောဟု ဆင်ခြင်တော်မူလျှင် အိမ်စဉ်လည်ပတ်၍ ဆွမ်းခံရပ်တော်မူကြသော အဖြစ်ကိုမြင်၍ ငါဘုရားလည်း နောင်တော်များ၏ ပဋိပတ်ကို ချီးမြှောက်အပ်ပေသည်”ဟု နှလုံးပြုတော်မူ၍ သံဃာတော် နှစ်သောင်းနှင့်တကွ မြို့တွင်းသို့ဝင်၍ အိမ်စဉ်အတိုင်း ဆွမ်းခံတော်မူ၏။ ထိုအခါ သာကီဝင်မင်းအပေါင်းနှင့်တကွ ကပိလဝတ်ပြည်အလုံး ရုန်းရင်းတက်မျှ အုတ်အုတ်ကျက်ကျက် လက်အုပ်ချီ၍ ကိုယ်စီကိုယ်ငှ ပြောကြ, အံ့ဩကြကုန်သည်။ ထိုအသံကို ယသောဓရာမင်းသမီး ကြားလတ်သော် “မောင်တော် မင်းသားသည်

(စာမျက်နှာ-၁၀၆)

သိကြားမင်း၏ အသရေကဲ့သို့ ခြွေရွေဝန်းရံလျက် ဆဒ္ဒန်ပြောင်သွင် ရွှေထမ်းစင်နှင့် အစဉ်သွားမြဲ ဖြစ်ပါလျက် ယခု ခွက်လက်စွဲ၍ ဆွမ်းခံ၏ဟူသည်မှာ တင့်တယ်ပါလိမ့်လော”ဟု နန်းပြူတင်းကိုဖွင့်၍ မျှော်လင့်လေသော် ရောင်ခြည်တော် ခြောက်ဆိုင်သည် တပြိုင်နက်ထွန်းလင်းလျက် သင်းကျစ်တော်ဖျားမှ ဖဝါးတော်အပြင်တိုင်အောင် မအံ့ဩနိုင်သော ဘုရားအသရေကိုမြင်၍ နရသီဟမည်သော ရှစ်ဂါထာတို့ဖြင့် လွန်စွာချီးမွမ်းလျက် လွမ်းမောဆွတ်လွတ် ကြည်ညွတ်မြတ်နိုးလှသဖြင့် ပရိဒေဝသဘော ဖြစ်၏။ ထို့နောက်မှ သုဒ္ဓေါဒနမင်းကြီးထံသွား၍ “အရှင့်သားသည် သားမယား မိဖကိုမျှ အားမနာ၊ ဝမ်းစာရှာအံ့သောငှါ အိမ်တကာရှေ့၌ ရပ်၍ရပ်၍သာ စားစရာကိုတောင်းသည် ကောင်းပါသလော”ဟု လျှောက်၏။ ခမည်းတော်မင်းကြီးလည်း ထိုစကားကိုကြားလျှင် တုန်ရင်ထိတ်လန့်သော နှလုံးရှိရကား ရုတ်ချည်းထ၍ ပုဆိုးစကို လက်ဖြင့်မလျက် နန်းတော်မှ အဆောတလျင် သက်ပြီးသော် သားတော်ဘုရားအနီး၌ ရပ်၍ “အရှင်ဘုရား.. အဘယ့်ကြောင့် အကျွန်ုပ်အား အရှက်ခွဲပါသနည်း၊ အဘယ်အကျိုးကိုမျှော်၍ တအိမ်တလုပ် ဝမ်းစာရှာဘိသနည်း၊ ဤနှစ်သောင်းမျှသော သံဃာကို ဒကာတော် မကျွေးနိုင်ဟု ထင်ဘိသလော”ဟူ၍ လျှောက်၏။

ခမည်းတော်မယ်တော်တို့ အရိယာဘဝ

ဘုရားသခင်လည်း “ဖခင်မင်းကြီး.. ဤဆွမ်းခံသောအရာသည် ငါတို့အနွယ်အဆက်မှ လာသဖြင့် သင့်တင့်လျောက်ပတ် ချီးမွမ်းအပ်သော အကျင့်ပေတည်း”ဟု မိန့်တော်မူလျှင် “အရှင်ဘုရား… မဟာသမ္မတမင်းမှစ၍ ဘုရားဘိုးတော် သီဟဟနုမင်းတိုင် သုံးသိန်း သုံးသောင်း လေးထောင် ငါးရာ့ ခြောက်ကျိပ် ကိုးယောက်သော အနွယယ်သည် အကျွန်ုပ်တို့၏ အနွယ်မဟုတ်လော၊ ထိုမင်းအနွယ် အပေါင်းတို့တွင် တယောက်ကောင်းမျှ ဆွမ်းတောင်းစားသည်ကို အကျွန်ုပ်တို့ မကြားဖူးပါ”ဟု လျှောက်လေ၏။ “ခမည်းတော်မင်းကြီး.. ဤမဟာသမ္မတမင်းမှလာသော ရာဇပဝေဏီသည်ကား မင်းတရားတို့၏ အနွယ်သာတည်း။ ဒကာတော်သား ငါဘုရားမူ ရှေးဖျားလွန်လေ အသင်္ချေများစွာ ကမ္ဘာဘာက ဂင်္ဂါဝါဠု သဲစုထပ်မျှ ပွင့်ကြကုန်သော သမ္ဗုဒ္ဓရာဇာ စောမြတ်စွာတို့၏ မဟာဝံသ ဖြစ်ပေသည်။ ထိုဘုရားတို့သည် ဖိတ်ကြားအပ်သော ဒါယကာမရှိမူ ဆွမ်းခံ၍သာ စားမြဲဓမ္မတာဖြစ်သတည်း”ဟု မိန့်တော်မူပြီးမှ ခရီးအလယ်၌ ရပ်တော်မူလျက်-

ဥတ္တိဋ္ဌေ နပ္ပမဇ္ဇေယျ၊ ဓမ္မံ သုစရိတံ စရေ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိ စ-

ဟူသော ဂါထာကို ဟောတော်မူ၏။

[အနက်ကား]မဟာရာဇ၊ ခမည်းတော်မင်းကြီး။ ဥတ္တိဋ္ဌေ၊ ဘုရားစဉ်လာ ကျင့်ရာမချွတ် ဆွမ်းခံဝတ်၌။ နပ္ပမဇ္ဇေယျ၊ မမေ့မလျော့ရာ။ သုစရိတံ၊ ကောင်းစွာ ကျင့်အပ်သော။ ဓမ္မံ၊ ကုသိုလ်ဆယ်ပါး တရားမူရှိ ဗောဓိပက္ခိယ မြတ်ဓမ္မကို။ စရေ၊ အမြဲမကွာ ကျင့်ပေရာ၏။ ဓမ္မစာရီ၊ ကုသိုလ်တရားကို အားထုတ်၍ ကျင့်လေ့ရှိသောသူသည်။ အသ္မိံ လောကေ စ၊ ဤပစ္စုပ္ပန်ဘဝ၌လည်းကောင်း။ ပရမှိ စ၊ တမလွန်ဘဝ၌လည်းကောင်း။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ နေရ၏။

(စာမျက်နှာ-၁၀၇)

ထိုဂါထာ၏အဆုံး၌ မင်းကြီး သောတာပန်တည်လေ၏။ ထိုသို့ သောတာပန်တည်ပြီးသော် မင်းကြီးလည်း သပိတ်တော်ကိုလှမ်း၍ ရွှေနန်းပြာသာဒ်သို့ ပင့်လေ၏။ နန်းတော်သို့ တက်ပြီးလျှင် ခြင်္သေ့ခံသော ရာဇပလ္လင်ထက်၌ နေ၍-

ဓမ္မဉ္စရေ သုစရိတံ၊ န နံ ဒုစ္စရိတံ စရေ-

အစရှိသော ဂါထာကို ဟောတော်မူရာတွင် မင်းကြီး သကဒါဂါမ် တည်လေသည်။ မိထွေးတော်လည်း သောတာပန် တည်လေသည်။

ယသောဓရာတိုက်ခန်းကြွ

ယင်းသို့ ရွှေနန်းဥကင် ရာဇပလ္လင်ထက်၌ တက်စံတော်မူလျှင် ဖခင်မင်းမြတ်သည်လည်း လျောက်ပတ်ကောင်းမွန်သော ဘောဇဉ်ခဲဖွယ်တို့ဖြင့် လုပ်ကျွေး၏။ ဆွမ်းဘုဉ်းပေးပြီးသောအဆုံး၌ အလုံးစုံသော မောင်းမမိဿံ ခြွေရံကိုယ်လုပ်တို့သည် အုတ်အုတ်ကျက်ကျက် လာကြကုန်၍ ဘုရားရှင်အား ညွတ်တွားရိုကျိုး ရှိခိုးပူဇော်ကြကုန်၏။ ယသောဓရာ ဗိမ္ဗာဒေဝီသည် ပူဇော်ခြင်းငှါ မထွက်လာ၍ များစွာသော နန်းသူနန်းသားတို့က “သခင်မ ထွက်ကြွတော်မူ၍ သုံးလူ့သခင်ကို ဦးတင်ပူဇော် ဖူးမြော်ပါလော့”ဟု လျှောက်ကြသော် “အကယ်၍ အကျွန်ုပ် ကျေးဇူးရှိသည်ကို ထောက်မြော်၍ သနားတော်မူပါလျှင် ကိုယ်တော်ဝင်၍ ကြွလာပါလိမ့်မည်။ ဤသို့ကြွလာမှ ပူဇော်ပါတော့မည်”ဆို၍သာ နေ၏။ ထိုအကြောင်းကို နန်းသူနန်းသားတို့က ဘုရားရှင်အား လျှောက်ကြားကြသော် ခမည်းတော်မင်းကြီးအား သပိတ်ကို ကမ်းတော်မူ၍ နှစ်ဦးသော အဂ္ဂသာဝကတို့ကို ခေါ်တော်မူလျက် ယသောဓရာ မင်းသမီး၏နေရာ တိုက်ခွင်သို့ ဝင်တော်မူ၍ “ယနေ့ ယသောဓရာ မင်းသမီးကို အလိုရှိတိုင်း ရှိခိုးစေ၊ မည်သူအားမျှ တခွန်းစကား မဆိုကြလင့်”ဟု မိန့်တော်မူ၍ ခင်းအပ်သောနေရာ ရတနာသလွန်ထက်၌ တက်စံတော်မူ၏။ ထိုအခါ ယသောဓရာ မင်းသမီးသည်လည်း ပန်းကြီးခုံမင်စွာလာ၍ ခြေဖမျက်တော်ကို လက်ဖြင့်ပိုက်လျက် ဖမိုးတော်ထက်၌ မျက်နှာဦးခေါင်းကိုထား၍ ဖဝါးတော်မြတ်ကို နမ်းကာနမ်းကာ ခြင်းရာစကား ဘယ်သည်များမှ မကြားနိုင်စွာ မျက်နှာမျက်ရည် မဆည်နိုင်ပြီး ဖြိုင်ဖြိုင်စီးလျက် သက်ကြီးရှိုက်ငင် ဘဝင်ပြောင်းပြန် လန်လုမတတ် ဆံဖြင့်ပွတ်သပ် ပါးဖြင့်အပ်၍ အထပ်ထပ် ရှိခိုးလေသတည်း။

စန္ဒကိန္နရီဇာတ်တော် ဟောခြင်း

ထိုအခါ ခမည်းတော်မင်းကြီးက “အကျွန်ုပ်သမီးသည် သားကြီးဘုရားကို အလွန်စုံမက် နှစ်သက်လေးမြတ်ပေသည်၊ သားဘုရား ထွက်သွားတော်မူသော်လည်း ရှိတော်မူစဉ်က ပြုပြင်ခယမြဲဖြစ်သော ဝတ်ကို မချတ်မယွင်းစေရ၊ ညတိုင်းနေ့တိုင်း ပြုပေသည်၊ သားဘုရားသည် ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ပြီဟု ကြားသည်မှစ၍ အကျွန်ုပ်သမီးလည်း ဖန်ရည်စွန်းသော အဝတ်ကိုသာ ဝတ်ပေသည်။ သားဘုရားသည် တထပ်သာစားသည်ဟု ကြားသည်မှစ၍ အကျွန်ုပ်သမီးလည်း တထပ်သာ စားပေသည်၊ သားဘုရားသည် မြတ်သောအခင်းနေရာကို ပယ်သည်ဟု ကြားသည်မှစ၍ နိမ့်သော ညောင်စောင်း၌သာ အိပ်ပေသည်။ သားဘုရားသည် ပန်းနံ့သာမျိုး အခိုးအထုံတို့၌ တပ်မက်ခြင်းမရှိဟု ကြားသည်မှစ၍ ပန်းနံ့သာတို့၌ တပ်မက်ခြင်းကို မပြုပေ၊ အဆွေအမျိုးဖြစ်သော မင်းညီမင်းသား သူတပါးတို့

(စာမျက်နှာ-၁၀၈)

မြှောက်စား မြတ်လေးစွာ မွေးမြူပါအံ့ဟု သတင်းစကားကြားပါသော်လည်း တယောက်ကိုမျှ ပြန်၍မကြည့်ပေ၊ ဤသို့ အကျွန်ုပ်သမီးသည် စောင့်ထိန်းပေသည်”ဟု ချွေးမတော်၏ ဂုဏ်ကျေးဇူးကို ချီးကျူးလျှောက်ထားရာတွင် “ယခုအခါ ဒကာတော်မင်းကြီးသည် စောင့်ရှောက် ထိန်းအပ်သည်ဖြစ်၍ ဖြောင့်မတ်တည်ကြည်သည်ကား အံ့ဖွယ်မရှိသေး၊ ရှေးသောအခါ စန္ဒကိန္နရီဖြစ်သောအခါက ဆွေညာမိဘ စောင့်သူမရှိပဲလျက် မိမိကိုယ်ကို မိမိ စောင့်သဖြင့် ကာလရှည်မြင့်စွာ ကြင်နာဘူးပြီ”ဟု စန္ဒကိန္နရီဇာတ်ကို ဟောတော်မူ၏။ ယင်းသို့ တရားဟောတော်မူပြီးသော် နိဂြောဓာရုံကျောင်းတော်သို့ ပြန်ကြွတော်မူ၏။

၂၅။ ညီတော် နန္ဒမင်းသား ရဟန်းပြုခြင်း

သုဒ္ဓေါဒန မင်းတရားလည်း ငါ့သားတော် အကြီးလည်း ရွှေထီးရွှေနန်း တိုင်းခန်းပြည်ထောင်ကို စိုးဆောင်အုပ်ကွပ်၍ လေးမြတ်စံပယ်ခြင်း တည်းဟူသော လူမင်းတို့၏ စည်းစိမ်ချမ်းသာကို ငြီးငွေ့သည် မှန်ချေပြီ၊ နောင်သောအခါ ငါ့ရိုက်ရာကို အုပ်ချုပ်၍ မင်းလုပ်စိမ့်သောငှါ သားတော်နန္ဒမင်းသားကို နှမတော် ဇနပဒကလျာဏီနှင့် စုံဖက်၍ အိမ်ရှေ့နှင်းမည်ဟု ကြံ၍ စီမံခင်းကျင်းရှိသည်နှင့် ဘုရားသခင်ရောက်၍ သုံးရက်မြောက်သောနေ့၌ ညီတော်နန္ဒမင်းသား၏ အိမ်တက်မင်္ဂလာ, ဥသျှောင်ထုံးမင်္ဂလာ, သင်းကျစ်ဆင်းမင်္ဂလာ, ထိမ်းမြားမင်္ဂလာ, အိမ်ရှေ့ထီးဆောင်းမင်္ဂလာ ဤငါးဖြာသော မင်္ဂလာသဘင်သည် ဖြစ်၏။

ညီတော်မင်းနန် သပိတ်ထမ်းရပုံ

ထိုအခါ မြတ်စွာဘုရားလည်း ဆွမ်းခံဝင်တော်မူ၍ မင်္ဂလာမဏ္ဍပ်တော်၌ ထူးမြတ်သောမင်္ဂလာတရားကို ဟောကြားပြီးသော် ညီတော် နန္ဒမင်းသားအား သပိတ်တော်ကို ကမ်း၏။ နန္ဒမင်းသားလည်း ဘုရား၌ ရိုသေခြင်းပြင်းသဖြင့် သပိတ်တော်ကို သူတပါးအားလည်း မပေးဝံ့၊ ဘုရားရှင်အားလည်း မကပ်ပဲ ပခုံးထက် ထမ်းကာသာ နောက်တော်ကလိုက်၍ ရွှေနန်းရင်ပြင်သို့ ရောက်လျှင် ဘုရားသခင် ယူတော်မူလိမ့်သတည်းဟု ကြံ၏။ ထိုသို့ရောက်၍မှ မယူပြန်လျှင် ဥကင်စောင်းတန်းရင်းသို့ ရောက်သော် ယူလတ္တံ့ဟု ကြံပြန်၏။ ဤသို့ရောက်၍ မယူပြန်လျှင် မြင်ရတော်မမူဘိ၍ သတိမရသောကြောင့်သာ မယူသည်ဟု အောက်မေ့၍ နောက်တော်မှ လမ်းစောင်းတက်ကာ သံဃာတော်တို့အား စကားပြောဟောကာ ဤဌာနသို့ ရောက်သော် ယူလတ္တံ့၊ ဤဌာနသို့ရောက်သော် ယူလတ္တံ့ စသည်ဖြင့်ကြံလျက် နောက်တော်ရံက သပိတ်ထမ်းပိုက်၍ တစိုက်စိုက် လိုက်ရလေ၏။

ဇနပဒကလျာဏီ မှာလိုက်ပုံ

မင်းသမီးကား မောင်းမများက “သခင်မဖျား- မောင်တော်ကို သူ့နောင်တော်ရဟန်းက သပိတ်ထမ်းခေါ်ချေသည်”ဟု လျှောက်ကြားကြလျှင် ဇနပဒကလျာဏီသည် လျင်မြန်စွာထမျှော်၍ မောင်တော်၏ အမူအရာကိုမြင်လျှင် ရင်အုံထဲ၌ ရေဝဲလှိုက်သကဲ့သို့ ရိုက်ရိုက်တုံမျှ ဆွတ်မောလှ၍ စီးကျသောမျက်ရည် ဖြည်အပ်သောဆံတို့ဖြင့် ငယ်သံငယ်မှုကို ဖြစ်စေလျက် “အရှင့်သား ရှည်လျားစွာ မနေပါလင့် လျင်စွာ ပြန်ခဲ့ပါလော့”ဟု လျှောက်လိုက်၏။ ထိုစကားသည် နန္ဒမင်းသား၏ သည်းကြားဝမ်းပြင်၌ တံကျင်လျှိုသကဲ့သို့ ပါ၏။

(စာမျက်နှာ-၁၀၉)

နန္ဒမင်းသား ရဟန်းပြုရပြီ

မြတ်စွာဘုရားလည်း ကျောင်းတော်သို့ရောက်လျှင် “ညီတော်နန္ဒ... ရဟန်းပြုနိုင်ပါမည်လော”ဟု မေး၏။ နန္ဒမင်းသားလည်း ဘုရားရှင်၌ ရိုသေကြောက်ရွံ့ခြင်းကြောင့် “မပြုလိုပါ”ဟု မဆိုဝံ့ရကား “ပြုပါမည်”ဟု လျှောက်၏။ ဘုရားရှင်လည်း ရှင်သာရိပုတြာကို ခေါ်တော်မူ၍ ညီတော်ကို ရဟန်းပြုစေ၏။

လူဝတ်လဲလိုကြောင်း

မင်းသားလည်း ထိုနေ့မှစ၍ သာဝတ္ထိပြည်သို့ ရောက်သည့်တိုင်အောင် ထိုင်တိုင်း, နေတိုင်း, စက်မွေ့တိုင်းပင် နှမတော်မှာလိုက်သော အသံကိုသာ ကြား၍ စားမဖြောင့် စက်မပျော်ရှိ၏။ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော် နေသောအခါ၌ “ငါသည် သာသနာ၌ ချမ်းသာမရနိုင်ပြီ၊ လူထွက်၍ ထီးဆက်နန်းရာကို ခံစံတော့မည်”ဟု သီတင်းသုံးဖော်တို့အား ပြောကြားလေသော် သံဃာတော်တို့လည်း ဘုရားသခင်အား နားတော်လျှောက်ကြ၏။ ကိုယ်တော်မြတ်လည်း ညီမင်းနန်ကို ခေါ်တော်မူလျက် “လူထွက်လိုသည်ဟု ငါကြားတော်မူသည်။ မှန်သလော”ဟု မေးတော်မူ၍ မှန်ကြောင်းကို လျှောက်လျှင် “ငါ့ညီခင်..သင် အဘယ်အကြောင်းအရာကြောင့် သာသနာ၌ မမွေ့လျော်ဘိသနည်း”ဟု မေးတော်မူပြန်၏။ နန္ဒမင်းသားလည်း “နှမတော်ငိုယိုကာနှင့် အမြန်ပြန်လာပါ ဟု မှာလိုက်သော စကားသည် အသည်းကြား၌ ချပ်လျက်ပါသကဲ့သို့ရှိ၍ နွမ်းရိညှိုးချုံး နှလုံးမရွှင်နိုင်ပါသောကြောင့် လူထွက်လိုပါသည်”ဟု လျှောက်လျှင် ဘုရားသခင်လည်း “သင်ငြီးငွေ့လျှင် ဒေသစာရီ ချီတော်မူရာ ငါနှင့်လိုက်လှည့် ”ဟု မိန့်တော်မူလျက် ညီတော်၏လက်ရုံးကို ကိုင်ပြီးလျှင် မြိုင်စခန်းသို့ခေါ်၍ ကြွတော်မူ၏။

မျောက်အိုမနှင့် ဇနပဒကလျာ

တောခရီး၌ မီးလောင်ပြင်စု တခုသော သစ်ငုတ်တိုဝယ် အိုမင်းဆိုးရွား မေးပါးရှုံ့တွန့် နှာလွန့်ဖြိုးဖြိုး အရိုးပြိုင်းပြိုင်း ခါးကိုင်းကိုင်းနှင့် လူတိုင်း စက်ဆုပ်ဖွယ်ရှိသော မျောမတခုကိုမြင်လျှင် ထိုတွင်ရပ်လျက် လက်ညှိုး ညွှန်တော်မူပြီးသော် “ဤသူကား အဘယ်သူနည်း”ဟု မေးတော်မူ၍ မျောက်မဖြစ်ကြောင်းကို နားတော်လျှောက်လျှင် “ထိုမျောက်မနှင့် ငါ့ညီမ ဇနပဒကလျာ ဤနှစ်ဖြာသည် ဘယ်သူက သာသနည်း”ဟု မေးတော်မူ၏။ ညီတော်လည်း အလွန်ဝမ်းနည်းရကား သည်းစွာ ငိုကြွေးမြည်တမ်းလျက် “ရဟန်းမင်းသည် ကိုယ်ချင်းမစာ မညှာမရှု ပြုတော်မူဘိသည်”ဟု လျှောက်သော် ကိုယ်တော်မြတ်က “ငါ့ညီသဘောကို သိလို၍သာ ငါကျီဆယ်သည်၊ စိတ်မငယ်နှင့်”ဟု မိန့်တော်မူပြီးလျှင် တာဝတိံသာ နတ်ပြည်သို့ တက်ကြွတော်မူ၏။

ဒေဝစ္ဆရာ လှကညာ

နတ်လမ်းမသို့ ရောက်သောအခါ ဝေဇယန္တာ နန်းရင်ပြင်၌ အရှင်သိကြားမင်းအား ခစားအံ့သောငှါ တင့်တယ်စွာ တန်းဆာဆင်လျက် လာကုန်သော ခိုခြေအသွင် နီလွင်တောက်ပ အလွန်လှသော အဆင်းအရောင်ရှိကုန်သော ငါးရာမျှလောက်ကုန်သော နတ်သမီးတို့ကို ခရီးရင်ဆိုင် တွေ့ကြသဖြင့် ပြတော်မူပြီးသော် “ညီတော်နန္ဒ.. ငါးရာမျှသော ဒေဝစ္ဆရာ နတ်ကညာတို့သည် မူရာအင်ပြင် ကြန်အင်လက္ခဏာဖြင့် ရှုချင်စဖွယ် တင့်တယ်ပါ၏လော”ဟု မေးတော်မူ၏။ အလွန်တင့်တယ် ချစ်ဖွယ်ရှိကြောင်းကို လျှောက်လျှင် “ယခုမြင်သော ဤနတ်ကညာတို့နှင့်

(စာမျက်နှာ-၁၁၀)

သာကီဝင်မင်းစစ် ညီချစ်နှမ ဇနပဒကလျာဏီသည် ဘယ်သူသာ၍ ဆင်းဝါလွန်ကျူး အထူးတင့်တယ်ဘိသနည်း”ဟု မေးတော်မူပြန်၏။ ညီတော်မြတ်လည်း “ရွှေဘုန်းတော်ရှင် သခင်ဘုရား ငါးရာမျှလောက်သော ဤနတ်သမီးတို့နှင့် စာနာပါမူ သာကီဝင်မ ဇနပဒကလျာဏီသည် မီးလောင်ရာ မြေအပြင်တွင် ယခင် ပြတော်မူခဲ့သော မျောက်အိုမနှင့်သာ တူပါတော့သည်ဘုရား”ဟု လျှောက်ထား၏။

နတ်သမီးရည်မှန်း ကမ္မဋ္ဌာန်း

ဘုရားသခင်လည်း “ညီတော်နန္ဒ... ငါ့သာသနာ၌ ကောင်းစွာ ကျင့်ဘိလော့၊ ဤနတ်သမီးများသည် သင့်ထံသို့ ခစားစေတတ်သော အတတ်ပညာကို ငါပေးတော်မူအံ့”ဟု ဆို၍ ထိုနတ်ပြည်မှ ပြန်လည်တော်မူ၍ ကျောင်းသို့ရောက်သောအခါ လက္ခဏာရေးသုံးပါးနှင့်စပ်သော တရားဒေသနာကို ဂါထာဖွဲ့သီ၍ ပေးတော်မူသဖြင့် နေ့ညဉ့်မခြား ထိုင်လျက်လျှင် နတ်ကလျာတို့လာအောင် ရည်မှန်း၍ စီးဖြန်းသရဇ္ဈာယ်၏။

ထိုအခါ များစွာသော ရဟန်းတို့က “ညီတော်မြတ်ဖြစ်၍ နတ်သမီးလာစေတတ်သော ဂါထာကို မြတ်စွာဘုရား ပေးသနားတော်မူပေသည်။ မင်းနန္ဒလည်း နတ်သမီးကို ရစိမ့်သောငှါ သာသနာတော်၌ ရဟန်းပြုလေသည်၊ ဤအကျင့်ဖြင့် နတ်သမီးကို ဝယ်မည်ဟု ကြံသည်။ အံ့ဖွယ်ရှိစွ”၊ ဤသို့စသည်ဖြင့် ပြက်ရယ်ပြု၍ ကျီစယ်ကြသော် ညီတော်ရဟန်းလည်း အဆွေခင်ပွန်းတို့ကို ရှက်ရကား ကွယ်ဝှက်ရာ၌နေ၍ စီးဖြန်း၏။

ရဟန္တာဖြစ်လေပြီ

ထိုသို့ စီးဖြန်းဖန်များသဖြင့် တရားတော်၏ အနက်အဓိပ္ပါယ်သည် မျက်စိဝယ် မြင်သကဲ့သို့ ထင်ရကား များများမမြင့်မီပင် အရဟတ္တဖိုလ်သို့ ရောက်၏။ ထိုအခါ တဦးတည်းသော နတ်သည် ဘုရားထံသို့ကပ်၍ “အရှင်မြတ်၏ ညီတော်ဖြစ်သော နန္ဒမင်းသားသည် အာသဝေါတရား လေးပါးမှ လွတ်ပေပြီ၊ ဤလောက၏အဆုံးကို မြင်ပေပြီ”ဟု နားတော်လျှောက်၏။ နန္ဒမင်းသားလည်း ထိုညဉ့်လွန်လျှင် ဘုရားသခင်ထံသို့ကပ်၍ “နတ်သမီးများကို အကျွန်ုပ် မလိုပါပြီ၊ ဤမျှလောက်သော ကာလပတ်လုံး အဆုံးမရှိသော ဒုက္ခကို ရခြင်း၏ အကြောင်း၌သာလျှင် ပျော်ရွှင်နေမှားဘိ၍ ယခုမှသာ ဒေသနာဖြင့် ဖြောင့်စွာသောလမ်းကို မြင်ပေသည်၊ သံသရာ၏အဆုံးသို့ ရောက်ပေသည်၊ မှောက်အပ်သော ဝတ္ထုကို လှန်ဘိသကဲ့သို့ ရှိပေသည်”ဟု သဗ္ဗညု၏ ကျေးဇူးတော်ကို ချီးမွမ်း၍ လျှောက်၏၊ ဘုရားသခင်လည်း “သင်သည် နတ်သမီးကို အလိုမရှိပါမူ ငါ၏ဝန်ခံခြင်း ငြိမ်းတော့သည်”ဟု မိန့်တော်မူ၍-

ယဿ ကာမပင်္ကော တိဏ္ဏော--

စသော-ဥဒါန်းကို ကျူးရင့်တော်မူ၏။

[အနက်ကား]ယဿ၊ အကြင်ရဟန္တာသည်။ ကာမပင်္ကော၊ ကာမဂုဏ်တည်းဟူသော ညွန်ပျောင်းကို။ တိဏ္ဏော၊ ကူးမြောက်ပြီ။ ကာမကဏ္ဋကော၊ ကာမဂုဏ် အာရုံတည်းဟူသော ဆူးငြောင့်ကို။ မဒ္ဒိတော၊ ချိုးနှိပ်အပ်ပြီ။ မောဟက္ခယံ၊ မောဟ၏ ကုန်ရာဖြစ်သော နိဗ္ဗာန်သို့။ အနုပ္ပတ္တော၊ အစဉ်ရောက်ပြီ။ သော၊ ထိုရဟန္တာသည်။ သုခဒုက္ခေ၊ ချမ်းသာဆင်းရဲ၌။ န ဝေဓတိ၊ မတုန်မလှုပ်။

(စာမျက်နှာ-၁၁၁)

ဘာဝနာ၏ စွမ်းအား

ဤသို့ အရှင်နန္ဒ ရဟန္တာဖြစ်၍ နှစ်ရက်သုံးရက်မြောက်လျှင် သံဃာတော်တို့လည်း ဤသို့ မေးကြကုန်၏။ “ငါ့ရှင်နန္ဒ... သင်သည် သာသနာ၌ လွန်စွာ ဆန့်ကျင်၏ဟူသည်၊ ယခုမူကား အသို့နည်း” စသည်ဖြင့် မေးကြကုန်သော် “အဆွေသံဃာတော်တို့.. အကျွန်ုပ်သည် လူ၏ဘဝကို တောင့်တခြင်း ကင်းပါပြီ”ဟု ပြော၏။ ထိုစကားကို မယုံစား၍ ဘုရားရှင်အား လျှောက်လေသော် ဘုရားရှင်လည်း “သင်ချစ်သားတို့... နန္ဒမင်းသားသည် ရှေးရှေးသော နေ့များက ပျက်ပြားသော အမိုးအကာရှိသော အိမ်နှင့်တူသည်၊ ယခုမူကား လွှမ်းထားလုံခြုံစွာ မိုးကာပိတ်ဆို့အပ်သော အိမ်နှင့် တူလေပြီ၊ ကိလေသာဟူသော နေပူ,လေပြင်း မိုးညှင်းပေါက်တို့သည် မဖောက်ထွင်းနိုင်ပြီ”ဟု ပြတော်မူခြင်းငှါ-

ယထာ အဂါရံ ဒုစ္ဆန္နံ၊ ဝုဋ္ဌိ သမတိ ဝိဇ္ဈတိ။
ဧဝံ အဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိ ဝိဇ္ဈတိ ။ပ။--

[အနက်ကား]ဒုစ္ဆန္နံ၊ ပျက်စီးဆိုးဟောင်း မကောင်းသော အမိုးရှိသော။ အဂါရံ၊ အိမ်ကို။ ဝုဋ္ဌိ၊ မိုးသည်။ သမတိ ဝိဇ္ဈတိ ယထာ၊ ထွင်းဖောက်လေသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ အဘာဝိတံ၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းမရှိသော။ စိတ္တံ၊ စိတ်ကို။ ရာဂေါ၊ ရာဂသည်။ သမတိ ဝိဇ္ဈတိ၊ ထွင်းဖောက်နိုင်၏။

သုစ္ဆန္နံ၊ ကောင်းစွာမိုးအပ်သော။ အဂါရံ၊ အိမ်ကို။ ဝုဋ္ဌိ၊ မိုးသည်။ န သမတိ-န ဝိဇ္ဈတိ၊ မထွင်းနိုင်သကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ သုဘာဝိတံ၊ ရံခါမလပ် ပွားစေအပ်သော ဝိပဿနာရှိသော။ စိတ္တံ၊ စိတ်ကို။ ရာဂေါ၊ ရာဂသည်။ န သမတိ- န ဝိဇ္ဈတိ၊ မထွင်းဖောက်နိုင်။

ဤဒေသနာတော်ကို ဟောတော်မူရာဝယ် များစွာသော သူတို့သည် အကျွတ်တရားကို ရကုန်သတည်း။

(မှတ်လွယ်စိမ့်သောငှါ ရှေ့မှာစပ်၍ ဆိုလိုက်သည်။)

၂၆။ သားတော် ရာဟုလာမင်းသား ရှင်ပြုခြင်း

သားတော်ကို အမွေတောင်းစေပုံ

ထို့နောက်မှ ခုနစ်ရက်မြောက်သောအခါ ရာဟုလာမယ်တော် ယသောဓရာ မိဖုရားသည် သားတော်ကို တန်ဆာဆင်ယင်ပြီးသော် ဘုရားသခင်အထံတော်သို့ အမွေတောင်းစေလို၍ “ချစ်သား.. သုံးပါးသော လောကဝယ် အတုမရ အသဒိသစစ် ဖြစ်တော်မူ၍ နတ်လူအလုံးတို့ ညွတ်ရုံးဦးခိုက်ကြကာ ရဟန္တာနှစ်သောင်း ခြံရံလျက် စံပယ်တော်မူသော ဤပုဂ္ဂိုလ်မြတ်သည်ကား အခြားမဟုတ်၊ မောင့်ဖခင် ကျေးဇူးရှင်တည်း၊ မွေးမိခင်နှင့် ရွှေနန်းပြင်ဝယ် စံရွှင်တော်မူသောကာလက တယူဇနာ သုံးဂါဝုတ်မျှ ကြီးကျယ်လှသော ရွှေအိုးလေးလုံးတို့သည် ရှိကုန်၏၊ ထိုရွှေအိုးတို့သည် သားတော်ဖခင် တောဝင်သည်မှစ၍ မိခင်တို့ မမြင်ရကုန်၊ ဘယ်ရပ်,ဘယ်ကွက် ဘယ်သူ့လက်၌ လျှို့ဝှက်ခဲ့သည်ဟု မသိရပါ၊ ငါ့သားမှာမူ အောင်ချာပြည်ကြီး ရွှေထီးရွှေနန်း သည်တိုင်းခန်းကို သိမ်းမြန်းစိုးချုပ် ရှစ်ဖြူအုပ်၍ မင်းလုပ်ရမည့်သူ ဖြစ်ချေသည်။

(စာမျက်နှာ-၁၁၂)

ဘိုးတော်, ဘွားတော်, မယ်တော်တို့အား နှစ်,လ,ရှည်လျား သင်ချစ်သားပင် စောင့်စားကျွေးမွေးရလိမ့်မည်၊ သားဟူသမျှသည် အဘအမွေကို ခံရစမြဲဖြစ်သည်၊ သို့ဖြစ်သောကြောင့် မောင့်ဘဘုရားမှာ သွား၍ အမွေ မောင်တောင်းချေလော့”ဟု စေလွှတ်လိုက်လေ၏။

ရာဟုလာ ရှင်ပြုရပုံ

ရာဟုလာမင်းသားလည်း ဘုရားရှင် ဆွမ်းဘုဉ်းပေးတော်မူရာ အနီးသို့ကပ်၍ ဖခင်၏ချစ်ခြင်းဖြင့် ရဲတင်းရွှင်လန်းစွာ မိမိနှင့်လျော်ရာ များစွာသော စကားတို့ကိုဆိုလျက် ရပ်၏။ ဘုရားသခင်လည်း ဆွမ်းဘုဉ်းပေးပြီး၍ ကြွတော်မူလေသော် နောက်တော်ကကပ်၍ သင်္ကန်းစကိုငင်လျက် “ဖခင်ရဟန်းမြတ်... အကျွန်ုပ်အား အမွေ သနားတော်မူပါ၊ အဖဥစ္စာဟူက သားရမြဲဓမ္မတာ ဖြစ်ပါသည်”ဟု တောင်းကာတောင်းကာ လိုက်၏။ ကိုယ်တော်မြတ်လည်း သားတော်ကို ပြန်လေတော့လည်း အမိန့်တော် မရှိ၊ မိမိ၏ အခြွေအရံများကလည်း ပြန်ပါဟု မဆိုဝံ့ကြ၍ ကျောင်းတော်သို့တိုင်အောင် လိုက်ပါလေ၏။ ထိုအခါ မြတ်စွာဘုရားလည်း “ငါ့သား ရာဟုလာသည် ဥစ္စာအမွေကို အလိုရှိ၏၊ ထိုဥစ္စာကား ဝဋ်တရား၌ ရှည်လျားစွာ ကျင်လည်ရကြောင်း မကောင်းသော အဆောက်အဦးသာ ဖြစ်သည်။ မောင့်ဖမြတ်စွာ ငါဘုရားသည် ကြိုးစားကုတ်ကပ်၍ ရှာသဖြင့် မဟာဗောဓိပင် ပလ္လင်ရွှေဘုံ၌ အလုံးစုံရအပ်သော လောကုတ္တရ ဓမ္မအမွေကိုသာ ငါပေးတော်မူမည်”ဟု မိန့်တော်မူပြီးလျှင် အရှင်သာရိပုတြာကို ခေါ်တော်မူ၍ “ဤရာဟုလာမင်းသားကို ငါအမွေ သနားတော်မူလိုသည်၊ ရှင်ပြုဘိလော့”ဟု မိန့်တော်မူ၏။ ထိုအခါ အရှင်မဟာမောဂ္ဂလာန်သည် ဆံရိတ်၍ သင်္ကန်းဝတ်ရ၏၊ အရှင်သာရိပုတြာသည် သရဏဂုံ ပေး၏။ အရှင်မဟာကဿပသည် ဩဝါဒဆရာဖြစ်၏။

ခွင့်မရက ရှင်ရဟန်းမပြုရ

ထိုသို့ သားတော်, မြေးတော်တို့ကို ရဟန်းပြုလေလျှင် ဖခင် သုဒ္ဓေါဒနမင်းတရားသည် နှလုံးမသာ ကြီးစွာသော ဆင်းရဲခြင်းဖြစ်၍ ဘုရားသခင်အထံသို့ လာပြီးသော် ဤသို့ နားလျှောက်၏။ “သားတော်ဘုရားသည် ငယ်စဉ်ကပင် လေးဝသော နိမိတ်ကိုမြင်၍ လူ့ခွင်၌ မပျော်မြန်းပဲ ရဟန်းပြုလိမ့်မည်ဟု ပုဏ္ဏားတို့ဖတ်သော နိမိတ်စကားကို ကြားသည်မှစ၍ ဖခင် နှလုံးမသာ လုံ့လကြီးစွာဖြင့် မခွာမထွက်နိုင်အောင် ဗိုလ်တထေင်ဖွင့်မှ ပွင့်နိုင်သောတံခါးတို့ကို ထား၍ သုံးပါးသောဥတုနှင့် လျောက်ပတ်သော ရွှေနန်းပြာသာဒ်ဝယ် ဝန်းပတ်ခညောင်း လေးသောင်းမျှလောက်သော မောင်းမမိဿံ အလွန်အကျူး ထူးမြတ်သော မင်း၏ စည်းစိမ်ချမ်းသာတို့ဖြင့် မြှောက်စား၍ အားထုတ်ထားပါသော်လည်း သားဘုရားသည် အကျွန်ုပ်အား မငဲ့ကွက် တောထွက်၍ ရဟန်းပြုခြင်းကြောင့် ကြီးမားသော ဒုက္ခဝန်ကို ကျွန်ုပ် သည်းမခံနိုင်အောင် ရှိရပါပြီ။ သည်နှင့်မနေ နန်းလျာထားသော သားမင်းနန်ကို တဖန်ဆောင်ယူ၍ ရဟန်းပြုပြန်သောကြောင့်လည်း ကြီးစွာသော စိတ်ဒုက္ခ ဖြစ်ရပါသည်။ သားကြီး,သားငယ်ပင် ရဟန်းဖြစ်စေကာမူ မြေးတော် ရာဟုလာ နန်းမှာကျန်ရစ်၍ ဧကရာဇ်မင်းကောင်း ဘေးလောင်းတို့၏ အနွယ်မပျက် ထီးနန်းကနက်ကို စိုးဆက်စံမြန်းကာ စကြာမင်းအသရေကို ရှုမြင်ရပါမူ စိတ်က ဖြေနိုင်ပါ၏၊ သို့ပါလျက် မြေးတော် ရာဟုလာကိုလည်း ဆောင်ယူ၍သာ ရဟန်းပြုခဲ့၏၊ ခမည်းတော်မှာ အရိုက်အရာ ခံမည့်သူလည်းမရှိ၊ ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းကို

(စာမျက်နှာ-၁၁၃)

အုပ်ဆောင်း စောင်မနိုင်သူလည်း မရှိပြီ၊ ရာဇပဝေဏီ အစီအလျဉ်ယုတ်၍ လူ့သစ်ငုတ်ကဲ့သို့ ဖြစ်ချေပြီ၊ အကျွန်ုပ်သည် ဘုရား,တရား,သံဃာကို လွန်စွာ လေးမြတ်သောသူ ဖြစ်လျက် အတိုင်းထက်အလွန် ပူပန်ဆင်းရဲ ကြေကွဲသောနှလုံးရှိပါသည်၊ သူတထူးတို့မှာ အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ အရှင်ဘုရား.. မိဘများ၏ သားမြေးတို့၌ ချစ်ခြင်းသည် ရိုးတွင်းခြင်ဆီကိုထိလျက် တည်ပါသည်”။ ထိုသို့ လျှောက်လျှင် ဘုရားသခင်လည်း မင်းကြီးအား တရားစကား ဟောကြားညွှန်ပြတော်မူ၍ ပဗ္ဗဇိတသုတ်ဒေသနာကို ဟောတော်မူ၏။ ထို့နောက်မှ ဖခင် မင်းကြီးလည်း ဤသို့ လျှောက်ပြန်၏။ “အရှင်ဘုရား.. ကြီးမားသော အကျိုးပင် ရှိသော်လည်း မသိမမြင်သော မိဘတို့သည် စိတ်ကို မသိမ်းနိုင်ရာ၊ အကျွန်ုပ် တောင်းပန်ပါမည်၊ ယနေ့မှစ၍ မိဘတို့ အနူးအညွတ် ခွင့်မလွှတ်သော သားသမီးကို အရှင်ဘုရားယူ၍ ရဟန်းမပြုပါလင့်”ဟု လျှောက်၏။ ဘုရားသခင်လည်း ဝန်ခံတော်မူ၍ ရဟန်းတို့ကို ခေါ်ပြီးသော်-

န ဘိက္ခဝေ အနနုညာတော မာတာပိတူဟိ ပုတ္တော ပဗ္ဗာဇေတဗ္ဗော။ ယော ပဗ္ဗာဇေယျ၊ အာပတ္တိ ဒုက္ကဋဿ-

ဟူသော သိက္ခာပုဒ်ကို ပညတ်တော်မူ၏။

(ယသောဓရာ သားတောင်းလာသော အကြောင်းကို နောက်မှပြတော့အံ့။)

ခမည်းတော် အနာဂါမ်တည်ခြင်း

တနေ့သ၌ ဘုရားသခင်သည် နန်းတော်တွင် ဆွမ်းဘုဉ်းပေး၍ အပြီးတွင် ဖခင်မင်းကြီးက “အရှင်ဘုရား... ဒုက္ကရစရိယာ ကျင့်စဉ်က မထင်ရှားသော နတ်သားတယောက်သည် လာ၍ ရှင်မင်းကြီးသား ဘုရားမဖြစ်နိုင်ပြီ။ စင်္ကြံဦးတွင် ကမ္မဋ္ဌာန်းစီးဖြန်းစဉ် လဲ၍ အသည်းကွဲသဖြင့် သေရှာပြီ”ဟု သုံးကြိမ် လေးကြိမ် ပြောဆိုလာသည်၊ ထိုစကားကို အကျွန်ုပ်မယုံပါ၊ ငါ၏သားသည် ဘုရားမဖြစ်ပဲကို မသေနိုင်ရာဟု ဆိုလိုက်ပါသည်၊ ဆိုသည့်အတိုင်းပင် ယခု မှန်ပေသည်။ ထိုအကြောင်းကို အောက်မေ့၍ အလွန်ဝမ်းမြောက်ပါသည်”ဟု နားတော်လျှောက်၏။ ဘုရားသခင်လည်း “ခမည်းတော် မင်းကြီး... ယခုဘဝ၌ ပါရမီရင့်လှပြီကို အဘယ်မှာ ယုံပေအံ့နည်း။ ပါရမီနုစဉ်သာ ဖြစ်သေးသော ရှေးလွန်လေပြီးသော ဘဝက မဟာဓမ္မပါလသဌေး ဖြစ်သောအခါ ဒိသာပါမောက္ခဆရာသည် တူရာအရိုးကို ယူဆောင်၍ ပြသဖြင့် အသင့်သား သေပြီဟု အလီလီပြောသော်လည်း မယုံကြည်ဖူးလေပြီ”ဟု အတ္ထုပ္ပတ္တိကိုပြ၍ မဟာဓမ္မပါလဇာတ်ကို ဟောတော်မူလေ၏။ ထိုအခါ မင်းကြီး အနာဂါမ် တည်လေ၏။

၂၇။ မြတ်စွာဘုရား ဝါဆိုစဉ်ကို အကျဉ်းပြခြင်း

ယင်းသို့ ခမည်းတော် မင်းကြီးအား သုံးပါးသောဖိုလ်၌ တည်စေပြီးမှ ဝါဆိုလတွင် ရာဇဂြိုဟ်ပြည်သို့ပြန်၍ ဝေဠုဝန်ကျောင်း၌ ဒုတိယ, တတိယ, စတုတ္ထသုံးဝါ ကပ်တော်မူသည်။ ထို့နောင် လူ,နတ်,ဗြဟ္မာ သတ္တဝါအပေါင်းတို့ကို မဂ်ဖိုလ်ခရီး၌ တည်စေတော်မူလျက် ဝေသာလီပြည် မဟာဝုန်တောဝယ် စုလစ်မွန်းချွန်တပ်သော ဇရပ်ကျောင်း၌ ပဉ္စမဝါ ဆိုတော်မူသည်။ ထို့နောင် မကုဠတောင် ချရားတော၌ ဆဋ္ဌမဝါ ဆိုတော်မူသည်။ ထို့နောင် တာဝတိံသာနည်ပြည်ဝယ် ပင်လယ်ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ ကျောက်ဖျာထက်၌ သတ္တမဝါ ဆိုတော်မူသည်။

(စာမျက်နှာ-၁၁၄)

ထို့နောင် ဘဂ္ဂတိုင်း သံသုမာရဂိရိပြည် ဘဂ္ဂါသယဇနပုဒ်၏ အနီးဖြစ်သော ဘေသကလာ မိဂဒါဝုန်တော၌ အဋ္ဌမဝါ ဆိုတော်မူသည်။ ထို့နောင် ဥတေနမင်း၏နေရာ ကောသမ္ဘီပြည်၌ ကောသမ္ဗကသဌေးတို့ ဆောက်လှူအပ်သော ဃောသိတာရုံ, ကုက္ကုဋာရုံ, ပါဝါရိကာရုံ ကျောင်းသုံးရပ်၌ နဝမဝါ ဆိုတော်မူသည်။ ထို့နောင် ကောသမ္ဗီပြည်သား ရဟန်းတို့၏ ဝိဝါဒကို ဆုံးမခြင်းမှ ရှောင်တော်မူလျက် ပါလိလေယျက တောအုပ်၌ ပလလည်းဆင်မင်း၏ အလုပ်အကျွေးကိုခံ၍ ကိုယ်တော်တည်းပင်လျှင် အင်ကြင်းပင်အရိပ်၌ ဒသမဝါ ဆိုတော်မူသည်။ ထို့နောင် နာဠမည်သော ပုဏ္ဏားရွာအနီး နာဠိကာရုံကျောင်းကြီး၌ ဧကာဒသမဝါ ဆိုတော်မူသည်။ ထို့နောင် ဝေရဉ္ဇပုဏ္ဏား ပင့်ဖိတ်သည်ဖြစ်၍ ဝေရဉ္ဇတိုင်း၏အနီး ကြီးစွာပေါက်ရောက်သော နဠေရုအမည်ရှိသော ဘီလူးသည် စောင့်ရှောက်အပ်သော တမာပင်ရင်း၌ ဒွါဒသမဝါ ဆိုတော်မူသည်။ ထိုအခါ ဝသဝတ္တီ မာရ်နတ်မင်းသည် ဘုရားသခင်ကို နှိပ်နင်းလိုသောဆန္ဒဖြင့် နေ့ညဉ့် ကြည့်ရှု၍နေသဖြင့် အခွင့်ရလေရကား ဝေရဉ္ဇပုဏ္ဏားနှင့်တကွ တိုင်းသူတိုင်းသားတို့ကို ဖီတား(တားမြစ်)၍ မေ့လျော့စေသဖြင့် ဘုရားရှိသည်ကို သတိမရသောကြောင့်လည်းကောင်း၊ မိုးရေခေါင်းပါး၍ အစားအစာ လွန်စွာ ရှားပါးသောကြောင့်လည်းကောင်း ဘုရားနှင့်တကွသော သံဃာတော်ငါးရာတို့ လွန်စွာ ဆွမ်းပန်းခေါင်းပါးကြသတည်း။

(ထိုအခါ အရှင်မောဂ္ဂလ္လာန်လျှောက်သော အကြောင်းကို နောက်မှ ဆိုတော့အံ့။)

ထို့နောက် နတ်ဘီလူးအပေါင်းတို့အား တရားဟောရွတ် ချွတ်တော်မူ၍ စာလိယတောင်၌ တေရသမဝါ ဆိုတော်မူသည်။ ထို့နောင် အနာထပိဏ်သဌေးတို့ ပင့်လျှောက်သည်ကို ထောက်တော်မူ၍ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ စုဒ္ဒသမဝါ ဆိုတော်မူသည်။ ထိုအခါ လူတို့၏ ကောဇာသက္ကရာဇ် ၁၁၇-ခု နွယ်တာလဆန်း လေးရက်နေ့ နေလွဲ တဖဝါးတွင် သံဃာတော်တို့ အတိုင်းမသိသော ပညတ်တော်နှင့် ပြည့်စုံတော်မူသည်ကို ချီးမွမ်းကြသော စကားစပ်တွင် ဂါထာတထောင်ဖြင့် တန်ဆာဆင်အပ်သော မဟာဥမင်္ဂဇာတ်ကို ဟောတော်မူသည်။ ထိုနှစ် တန်ဆောင်မုန်း လဆန်းတရက် သောကြာနေ့ ညချမ်းအခါတွင် သံဃာတော်တို့ မဟာဘိနိက္ခမနကို ချီးမွမ်းကြသော စကားစပ်ဖြစ်၍ အတ္ထုပ္ပတ္တိကို ပြလျက် တရာနှစ်ဆယ့် လေးဂါထာရှိသော မဟာဇနကဇာတ်ကို ဟောတော်မူသည်။ ထို့နောက် နတ်တော်လဆန်း လေးရက် ဗုဒ္ဓဟူးနေ့ ညဉ့်အခါ မဟာဘိနိက္ခမနကို ချီးမွမ်းကြသော စကားစပ်ဖြစ်၍ တရာ့သုံးဂါထာရှိသော တေမိဇာတ်ကို ဟေတော်မူသည်။ အကြားအကြား၌ ဟောတော်မူအပ်သော သုတ်,နိပါတ်,ဇာတ် ဒေသနာတော်ကား အပရိမာဏပင် ဖြစ်သတည်း။ ထို့နောက် ဆွေတော်မျိုးတော်တို့ကို သင်္ဂြိုဟ်ထောက်ပံ့တော်မူခြင်းငှါ ကပိလဝတ်ပြည် နိဓာရုံကျောင်း၌ ပန္နရသမဝါ ဆိုတော်မူသည်။ ထိုအခါ ဤကျောင်းရာတွင် ဈာန်ချမ်းသာဖြင့် ရှေးသောအခါ ငါနေဖူးပြီဟု မဟာကဏှဇာတ်ကို ဟောတော်မူသည်။

(ဗုဒ္ဓဝင် ဒေသနာတော်ကိုလည်း ဤတဆယ့်ငါးဝါမြောက်မှ ဟောတော်မူသည်ဟု အနာဂတဝင် အဋ္ဌကထာ၌ ဆိုသည်။ ဗုဒ္ဓဝင် အဋ္ဌကထာ၌ကား ပထမ ကြွတော်မူစဉ်ကပင် ဟောတော်မူသည် ဟူ၏။ နှစ်ကျမ်း မတူညီကြ။)

ထို့နောက် အာဠဝကဘီလူး အစရှိသော သတ္တဝါတို့ကို ကောင်းစွာ ချေချွတ်တော်မူလျက် အာဠဝီပြည်၏အနီး မဟာဝုန်ကျောင်းကြီး၌ သောဠသမဝါ ဆိုတော်မူသည်။ ထို့နောင်

(စာမျက်နှာ-၁၁၅)

နတ်ဘီလူးအပေါင်းတို့အား တရားရသကို ဝေငှတိုက်ကျွေးတော်မူ၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သတ္တရသမဝါ ဆိုတော်မူသည်။ ထိုအခါ ယောက်ဖတော် ဒေဝဒတ်သည် အဇာတသတ်မင်းကို ညီညွတ်၍ တောင်ပေါ်မှ ကျောက်ကိုလှိမ့်ခြင်း, လေးဖြင့် ပစ်ခြင်း, နာဠာဂိရိဆင်ကို လွှတ်ခြင်း စသည်ကို ပြုသည်။ သားတော် အဇာတသတ်မင်းကိုလည်း ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်စေသည်။ ဗိမ္ဗိသာရမင်းကြီးကား သက္ကရာဇ် ၁၂ဝ-ပြည့်တွင် လွန်တော်မူသည်။ ထိုမင်းကား ဘုရားသခင်အောက် နှစ်နှစ်ငယ်သည်။ ထိုဝါ၌ အဇာတသတ် ဒေဝဒတ်တို့ကို အကြောင်းစပ်လျဉ်းမိ၍ အသီတိနိပါတ်၌ မဟာသုဝဇာတ်, ကပိရာဇဇာတ်, ဝါနရဇာတ်, သောမနဿဇာတ် အစရှိသော များစွာသော ဇာတ်တို့ကိုလည်း ဟောတော်မူသည်။ နယုန်လဆန်း လေးရက် တနင်္ဂနွေနေ့ မွန်းလွဲအချိန်တွင် ဂါထာကိုးဆယ်ရှိသော စန္ဒကုမာရဇာတ်ကို ဟောတော်မူသည်။ ထို့နောင် နတ်ဘီလူးတို့ကို ဆုံးမတော်မူလျက် စာလိယတောင်၌ အဋ္ဌာရသမဝါ, ဧကူနဝီသတိမဝါ ဆိုတော်မူသည်။

ထို့နောင် သတ္တဝါအပေါင်းတို့အား တရားအမြိုက်ဆေး တိုက်ကျွေးတော်မူလျက် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ ဝီသတိမဝါ ဆိုတော်မူသည်။ ထိုအခါ အဇာတသတ်မင်းသည် ဖခင်ကိုသတ်မိ၍ နှလုံးမသာ ချမ်းသာမရ ရှိလေသော် ဆရာဇီဝကကိုမှီ၍ ဘုရားအထံတော်သို့ လာသဖြင့် တရားတော်ကို နာရသော် ဘုရားသာသနာတော်၌ လွန်စွာစုံမက်၍ မစက်မရက် မြတ်နိုးသဖြင့် ချီးပင့်ပူဇော်လေသည်။ များစွာသော သုတ်, နိပါတ်, ဇာတ်တို့ကိုလည်း ဟောတော်မူသည်။ ထို့နောင် ဝေနေယျ အများကို တရားရသ ဝေငှတော်မူ၍ သာဝတ္ထိပြည်၏ တောင်မျက်နှာ ရှစ်ပယ်စာခန့်တွင် ဆောက်လုပ်အပ်သော ဇေတဝန်ကျောင်းတော်မြတ်၌ ဧကဝီသတိမဝါမှစ၍ တဆယ့်ကိုးဝါတိုင်တိုင် နေတော်မူသည်။ ထို့နောက် ဝိသာခါ ဒါယိကာမမြတ်သည် ဆောက်လှူအပ်သော ပုဗ္ဗာရုံကျောင်းတော်မြတ်၌ စတ္တာလီသမဝါမှစ၍ ခြောက်ဝါတိုင်တိုင် ဝါဆိုတော်မူသည်။ အဆုံးစွန်သော ကာလ၌ကား ဝေဠုဝရွာ၌ ဝါကပ်တော်မူသည်။ ၎င်းဝါဆိုစဉ်ကို လင်္ကာဖြင့်ပြအံ့-

ဝါဆိုစဉ်လင်္ကာ

သုံးလူ့သခင်၊ ငါးမာရ်သင်၍၊ ပလ္လင်ပတ်ရံ၊ သတ္တဋ္ဌာန်ဝယ်၊ သတ္တာဟံဖွဲ့၊ စံပယ်ခဲ့ပြီး၊ တဆယ့်ရှစ်ယူဇနာ၊ ထိုမှကွာသည့်၊ ဗာရာနဂရ၊ မိဂဒ၌၊ နန္ဒိယဝိဟာ၊ ပထမဝါတည့်၊ ဒွါ,တိ,ဇယ၊ ရာဇဂဟံ၊ ဝေဠုဝန်ပျော်၊ ငါးသော်ဝေသာလီ၊ လိစ္ဆဝီဝိဟာ၊ ဆဝါ မကုဠ၊ သတ္တမ ဝတိံသာ၊ အဋ္ဌာ ဘဂ္ဂ၊ နဝမ ကောသမ္ဗီ၊ ဃောသီ ရွှေဘုံ၊ ရဂုံ ပလလေယျ၊ ဒသမတည့်၊ နာဠပုဏ္ဏားရွာ၊ ဧကာဒသဉ်၊ ဝေရဉ် ဗာရသ်၊ တောင်မြတ် စာလိယ၊ တေရသတည့်၊ စုဒ္ဒသဝါ၊ သာဝတ်တောင်စွန်၊ ဇေတဝန်စံမှီ၊ ကပီ ပန္နရသ်၊ ကျောင်းမြတ် နိဂြော၊ သောဠသမီ၊ အာဠဝီတည့်၊ ဂိရိဗ္ဗဇ၊ သတ္တရသာ၊ ဆယ့်ရှစ်ဝါနှစ်၊ နဝါဒသ၊ စာလိယ ကပ်ဆို။ ရာဇဂြိုဟ်ဝီသ၊ ဤထိုမျှကား၊ ပထမဗောဓိ၊ အနိယ ဝါ၊ နောင်လာတွက်ဖွဲ့၊ နှစ်ဆယ့်လေးတန်၊ ဇေတဝန် ပုဗ္ဗာ၊ လှည့်လည်ကာဖြင့်၊ ခေမာနီးသော်၊ ရွာကြီးဝေဠုဝ၊ ဝါတော်မျှ၍။ ပဉ္စစတ္တာလီ၊ အသီတျာယု၊ တိုင်သမှုဖြင့်၊ ဤလူ့သက္ကရာဇ်၊ အဌ်, ဇော, ဧက်၌၊

(စာမျက်နှာ-၁၁၆)

နှစ်သစ်ကဆုန်၊ ပုဏ္ဏမီစေ့၊ အင်္ဂါနေ့တွင်၊ နိဗ္ဗာန်ဝင်သား၊ ရှင်ဘုရားကို၊ ညွတ်တွားဝန္ဒနာ၊ ပူဇော်ပါ၏။

အဋ္ဌကထာပါဌ်ဖြင့် မှတ်သားလိုမူကား-

ပဌမဝဿံ ဣတိပတနေ မိဂဒါယေ ဓမ္မစက္ကံ ပဝတ္တေတွာ အဋ္ဌာရသ ဗြဟ္မကောဋိယော အမတပါနံ ပါယေတွာ ဗာရာဏသိံ ဥပနိဿာယ ဣသိပတနေ မိဂဒါယေ ဝသိ။ ဒုတိယဝဿံ ရာဇဂဟံ ဥပနိဿာယ ဝေဠုဝန မဟာဝိဟာရေ၊ တတိယစတုတ္တာနိပိ တတ္ထေဝ၊ ပဉ္စမံ ဝေသာလိံ ဥပနိဿာယ မဟာဝနေ ကူဋာဂါရသာလာယံ၊ ဆဋ္ဌံ မကုဠပဗ္ဗတေ၊ သတ္တမံ တာဝတိံသဘဝန၊ အဋ္ဌမံ ဘဂ္ဂေသု သံသုမာရဂိရိံ ဥပနိဿာယ ဘေသကလာဝနေ၊ နဝမံ ကောသမ္ဗိယံ၊ ဒသမံ ပါလိလေယျက ဝနသဏ္ဍေ၊ ဧကာဒသမံ နာဠာယံ ဗြာဟ္မဏဂါမေ၊ ဒွါဒသမံ ဝေရဉ္ဇာယံ၊ တေရသမံ စာလီယ ပဗ္ဗတေ၊ စုဒ္ဒသမံ ဇေတဝန မဟာဝိဟာရေ၊ ပဉ္စဒသမံ ကပိလဝတ္ထု မဟာနဂရေ၊ သောဠသမံ အာဠဝကံ ဒမေတွာ စတုရာသီတိ ပါဏသဟဿာနိ အမတပါနံ ပါယေတွာ အာဠဝိယံ၊ သတ္တရသမံ ရာဇဂဟေယေဝ၊ အဋ္ဌာရသမံ စာလိယပဗ္ဗတေယေဝ၊ တထာ ဧကူနဝီသတိမံ၊ ဝီသတိမံ ပန ဝဿံ ရာဇဂဟေယေဝ ဝသိ။ တေန ဝုတ္တံ ‘ဘဂဝါ ဟိ ပဌမဗောဓိယံ ဝီသတိဝဿာနိ အနိဗဒ္ဓံ နိဝါသေတွာ ယတ္ထ ယတ္ထ ဖာသုကံ ဟောတိ၊ တတ္ထတတ္ထေဝ ဂန္တွာ ဝသီ’တိ။ တတော ပဋ္ဌာယ ပန သာဝတ္ထိယေဝ ဥပနိဿာယ ဇေတဝနမဟာဝိဟာရေ စ ပုဗ္ဗာရာမေ စ ဓုဝပရိဘောဂဝဿေန ဝသိ-

ဟူသော အဋ္ဌကထာပါဌ်ကို ဆောင်ရာသည်။

[အနက်ကား]ပဌမဝဿံ၊ ရှေးဦးစွာသော ဝါကို။ ဣသိပတနေ၊ ဣသိပတန အမည်ရှိသော။ မိဂဒါယေ၊ မိဂဒါဝုန် တောရဂုံ၌။ ဓမ္မစက္ကံ၊ ကို။ ပဝတ္တေတွာ၊ ၍။ အဋ္ဌာရသ ဗြဟ္မကောဋိယော၊ တစ်ဆယ့်ရှစ်ကုဋေသော နတ်ဗြဟ္မာတို့ကို။ အမတပါနံ၊ အမြိုက်တည်းဟူသော အဖျော်ကို။ ပါယေတွာ၊ သောက်စေပြီး၍။ ဗာရာဏသိံ၊ ကို။ ဥပနိဿာယ၊ အမှီပြု၍။ ဣသိပတနေ၊ အမည်ရှိသော။ မိဂဒါယေ၊ ၌။ ဝသိ၊ ဝါဆိုတော်မူ၏၊ ဒုတိယဝဿံ၊ ဝါကို။ ရာဇဂဟံ၊ ပြည်ကို။ ဥပနိဿာယ၊ အမှီပြု၍။ ဝေဠုဝနမဟာဝိဟာရေ၊ ဝေဠုဝန်အမည်ရှိသော ကျောင်းကြီး၌။ ဝသိ၊ မူ၏။ တတိယစတုတ္တာနိပိ၊ တတိယ, စတုတ္ထဝါတို့ကိုလည်း။ တတ္ထေဝ၊ ထိုရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌သာလျှင်။ ဝသိ၊ ၏။ ပဉ္စမံ၊ ပဉ္စမဝါကို။ ဝေသာလိံ၊ ကို။ ဥပနိဿာယ၊ ၍။ မဟာဝနေ၊ မဟာဝန်တောကြီး၌။ ကူဋာဂါရသာလာယံ၊ စုလစ်မွမ်းချွန်တပ်သော ဇရပ်၌။ ဝသိ၊ မူ၏။ ဆဋ္ဌံ၊ ဝါကို။ မကုဠပဗ္ဗတေ၊ ၌။ သတ္တမံ၊ ဝါကို။ တာဝတိံသဘဝနေ၊ ၌။ အဋ္ဌမံ၊ ကို။ ဘဂ္ဂေသု၊ ဘဂ္ဂတိုင်းတို့၌။ သံသုမာရဂိရိံ၊ ငါးမိကျောင်း၏ ဦးခေါင်းတူပြီ တောင်ကိုမှီ၍ တည်အပ်သောကြောင့် သံသုမာရဂိရိ မည်ရှိဝေါဟာ မြို့ပြည်ရွာကို။ ဥပနိဿာယ၊ မှီ၍။ ဘေသကလာဝနေ၊ ဘေသကလာ မိဂဒါဝုန်တော၌။ ဝသိ၊ မူ၏။ နဝမံ၊ ကို။ ကောသမ္ဗိယံ၊ ၌။ ဒသမံ၊ ကို။ ပါလိလေယျက ဝနသဏ္ဍေ၊ ပါလိလေယျက တောအုပ်၌။ ဧကာဒသမံ၊ ဝါကို။ နာဠာယံ၊ နာဠအမည်ရှိသော။ ဗြဟ္မဏဂါမေ၊ ပုဏ္ဏားရွာ၌။ ဝသိ၊ ၏။ ဒွါဒသမံ၊ ဝါကို။ ဝေရဉ္စာယံ၊ ၌။

(စာမျက်နှာ-၁၁၇)

တေရသမံ၊ ဝါကို။ စာလိယပဗ္ဗတေ၊ ၌။ စုဒ္ဒသမံ၊ ဝါကို။ ဇေတဝန မဟာဝိဟာရေ၊ ၌။ ဝသိ၊ ၏။ ပဉ္စဒသမံ၊ တစ်ဆယ့်ငါးကြိမ်မြောက်သော ဝါကို။ ကပိလဝတ္ထု မဟာနဂရေ၊ ကပိလဝတ်ပြည်မြတ်၌။ ဝသိ၊ ၏။ သောဠသမံ၊ ဝါကို။ အာဠဝကံ၊ အာဠဝကဘီလူးကို။ ဒမေတွာ၊ ဆုံးမတော်မူ၍။ စတုရာသီတိ ပါဏသဟဿာနိ၊ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့ကို။ အမတပါနံ၊ အမြိုက်အရသာကို။ ပါယေတွာ၊ သောက်စေတော်မူ၍။ အာဠဝိယံ၊ ပြည်၌။ ဝသိ၊ ၏။ သတ္တရသမံ၊ ကို။ ရာဇဂဟေယေဝ၊ ၌သာလျှင်။ ဝသိ၊ ၏။ အဋ္ဌာရသမံ၊ တစ်ဆယ့်ရှစ်ဝါကို။ စာလိယပဗ္ဗတေယေဝ၊ ၌သာလျှင်။ ဝသိ၊ ၏။ တထာ၊ ထို့အတူ။ ဧကူနဝီသတိမံ၊ တစ်ဆယ့်ကိုးဝါကို။ စာလီယပဗ္ဗတေယေဝ၊ ၌သာလျှင်။ ဝသိ၊ ၏။ ဝီသတိမံ၊ နှစ်ဆယ်ပြည့်မြောက်သော။ ဝဿံ ပန၊ ဝါကိုကား။ ရာဇဂဟေယေဝ၊ ပြည်၌သာလျှင်။ ဝသိ၊ မူ၏။ တေန၊ ထို့ကြောင့်။ ဘဂဝါ ဟိ ။ပ။ ဝသီတိ၊ ဝသိဟူ၍။ ဝုတ္တံ၊ ၏။ တတော၊ ထိုဝါတော်နှစ်ဆယ် ပြည့်သည်မှ။ ပဋ္ဌာယ ပန၊ စ၍ကား။ သာဝတ္ထိယေဝ၊ ကိုသာလျှင်။ ဥပနိဿာယ၊ မှီ၍။ ဇေတဝနမဟာဝိဟာရေ စ၊ ၌လည်းကောင်း။ ပုဗ္ဗရာမေ စ၊ ပုဗ္ဗာရုံ ကျောင်းတော်၌လည်းကောင်း။ ဓုဝပရိဘောဂဝသေန၊ အမြဲနေခြင်း၏ အစွမ်းဖြင့်။ ဝသိ၊ ဝါဆိုတော်မူ၏။

ဒုတိယပိုင်းပြီးပြီ။

(စာမျက်နှာ-၁၁၈)

တတိယပိုင်း

၂၈။ သာကီဝင်မင်းသား ခြောက်ယောက် ရဟန်းပြုခြင်း

လူသုံးပါးတို့၏ ပတ္တမြားသင်းကျစ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ခမည်းတော် မင်းတရားနှင့်တကွ တသိန်း, ကိုးသောင်းမျှလောက်သော မဟာဆွေတော်အပေါင်းတို့အား တရားအမြိုက်ဆေး တိုက်ကျွေးတော်မူပြီး၍ ဝါဆိုခါနီးလတ်သော် ချက်တော်သိုရာ မဟာကပိလဝတ်ပြည်မှသည် ပြန်လည်ထွက်ကြွကာ ဒေသစာရီ ချီတော်မူခဲ့၍ အနုပိယ အမည်ရှိသော ရွာနိဂုံးသို့ ရောက်သောအခါ လွန်စွာ ကျော်စောထင်ရှားသော သာကီဝင် မင်းသားဖြစ်ကုန်သော အနုရုဒ္ဓါ, အာနန္ဒာ, ဘဒ္ဒိယ, ကိမိလ, ဘဂု, ဒေဝဒတ်ဟူသော မင်းသားခြောက်ယောက်၊ ဥပါလိ အမည်ရှိသော ဆတ္တာသည်တယောက်၊ ဤခုနစ်ယောက်သော သူတို့သည် ဘုရားနောက်တော်သို့လိုက်၍ ရဟန်းပြုကြကုန်သတည်း။

သုဒ္ဓေါဒနမင်း အဆိုတင်သွင်းချက်

ပြုကြောင်းကား- သုဒ္ဓေါဒနမင်းတရားသည် ဘုရားကြွတော်မူသောနေ့ပင် သာကီဝင်မင်းအပေါင်းကို စည်းဝေးစေ၍ ဤသို့ ဆိုတော်မူ၏။ “အမောင်တို့သည် ငါ့သား ဖွားဦးစကပင် ဤမင်းသားသည် အကယ်၍ အိမ်ရာထောင်သော လူ၏ဘောင်၌နေ၍ စကြဝတေးမင်း စည်းစိမ်ကို ခံစားငြားအံ့၊ ဆွေတော်မျိုးတော်ဖြစ်သော မင်းညီမင်းသား ပရိသတ်ခြံရံကာ စကြာရတနာကို ရှေ့ညွှန်း၍ လေးကျွန်းလုံးကို လည်စေအံ့၊ အကယ်၍ ဘုရားဖြစ်ငြားအံ့၊ မင်းညီမင်းသားဖြစ်သော ရဟန်းပရိသတ် ခြံရံလျက် နိုင်ငံတိုင်းကားသို့ ဒေသစာရီ ကြွချီလှည့်လည်စေအံ့ဟူ၍ အမောင်တို့ ဆိုကြကုန်သည်။ ယခု ငါ့သားသည် ဘုရားစင်စစ် ဖြစ်တော်မူပြီ၊ အရင်းအချာ မဟာဆွေတော်ဖြစ်သော ရဟန်းတဦးမျှ မရှိကြသေး၊ ရှေးကဝန်ခံသော ပဋိညာဉ်အတိုင်း တဦးတဦးသောအမျိုးမှ တယောက်တယောက်စီသော မင်းသားကို ဘုရားရှင်နောက်၌ ရဟန်းပြုကြစေကုန်လော့”ဟု ဆိုတော်မူ၏။

အနုရုဒ္ဓါ

ထိုအခါ မဟာဆွေတော်အပေါင်းတို့တွင် မင်းကြီးညီတော် သုက္ကောဒနမင်း၌ မဟာနာမ်, အနုရုဒ္ဓါဟူသော သားနှစ်ယောက်တို့သည် ရှိကုန်၏။ ထိုနှစ်ယောက်တို့တွင် ညီတော် အနုရုဒ္ဓါမင်းကား အဆင်းလည်းလှ၏၊ ဘုန်းကံလည်းကြီး၏၊ အလွန်လည်း သိမ်မွေ့နူးညံ့၏။ မရှိဟူသော စကားကို မကြားစဖူး။ ထိုစကားသည် မှန်၏၊ တရံသောအခါ ဂုဏ်ဝါတူမျှသော သာကီဝင်မင်းသားတို့နှင့် မုန့်လောင်းတမ်း အန်ကစားကုန်သော် အနုရုဒ္ဓါမင်းသားလည်း မုန့်များရှုံးသည်ဖြစ်၍ မိခင်ထံ မုန့်တောင်းစေသော် နှစ်ကြိမ်သုံးကြိမ်သာ ပေးလိုက်၍ လေးကြိမ်မြောက် တောင်းသောအခါ မုန့်မရှိပြီဟု ဆိုလိုက်၏။ ထိုစကားကို တမန်‌ယောက်ျားသည်

(စာမျက်နှာ-၁၁၉)

မင်းသားအား လျှောက်လေသော် “ငါ့မယ်တော်ပြောလိုက်သော မရှိမုန့်ကိုပင် တောင်းခဲ့”ဟု မှာလိုက်၏။ တမန်ယောက်ျားလည်း မင်းသားစေလိုက်တိုင်း လျှောက်လေသော် မယ်တော်ကလည်း ငါ့သားသည် “မရှိ”ဟူသော စကားကိုမျှ မကြားဖူးသောကြောင့် မုန့်အထူးဖြစ်မည်ထင်၍ မှာလိုက်သည်။ ယခုကား “မရှိသည်ကို သိစေအံ့”ဟု ကြံလျက် အချည်းနှီးသော ရွှေခွက်ကို အထက်က ဖုံးအုပ်၍ ပေးလိုက်၏။

ထိုအခါ မင်းသား၏ ကုသိုလ်သမ္ဘာကြောင့် မြို့စောင့်နတ်တို့လည်း မနေသာ၍ နတ်ဩဇာဖြင့်ပြည့်သော မုန့်ယှက်တို့ကို ရွှေခွက်၌ ပြည့်အောင်ထည့်လိုက်၏။ အန်ကစားရာ မဏ္ဍပ်သို့ ရောက်သောအခါ အနုရုဒ္ဓါမင်းသား ဖွင့်၍ကြည့်လျှင် အပြည့်ပါလာသော မုန့်တို့ကိုမြင်လျှင် ထိုမုန့်၏အနံ့တို့သည် တမြို့လုံးပျံ့လှိုင်၍ တည်၏။ မင်းသားလည်း စားလိုသောအာသာဖြင့် လျှာထက်၌တင်မိသော် ခုနစ်ထောင်သောအကြောမှ စိမ့်၍ နှစ်သက်ခြင်း အလွန်ဖြစ်ရကား ဤသို့ကြံ၏။ “ငါ့မိခင်သည် ငါ့၌ ချစ်ခြင်းနည်းဘိ၏။ ဤမရှိမုန့်ကို ယခုမှ ပေးလေသည်။ ယနေ့မှစ၍ မရှိမုန့်ကိုသာ ငါစားအံ့”ဟု ကြံ၏။ အိမ်သို့ပြန်သောကာလ မိခင်ရင်ခွင်ထက်၌ နေပြီးလျှင် “မိခင် အကျွန်ုပ်အား ချစ်ပါ၏လော, မချစ်လော”ဟု မေး၏။ မွေးမိခင်ကလည်း “ချစ်သား... အသို့ဆိုသနည်း၊ မျက်စိတဖက်သာ ရှိသောသူ၏ မျက်စိကဲ့သို့လည်းကောင်း၊ ရင်တွင်း၌ရှိသော နှလုံးသားကဲ့သို့လည်းကောင်း အလွန်ချစ်ခင် စုံမက်၏၊ ဤလောက၌ မိဘတို့အား သားနှင့်တူသော ချစ်ခင်သူကား မရှိပြီ”ဟု ဆို၏။ “ထိုသို့ချစ်ပါမူ အခါတပါး စားသောမုန့်ထက် အဆအရာသာ၍ ကောင်းမြတ်သော ဤမရှိမုန့်ကို အဘယ့်ကြောင့် ယခုမှ ပေးပါသနည်း”ဟုဆို၏။

ထိုစကားကိုကြားသော် မယ်တော်ကလည်း မုန့်ယူလာသော ယောက်ျားကို “ငါကား ရွှေခွက်ချည်းသာ ပေးလိုက်လျက် သားထံသို့ရောက်သောအခါ မုန့်ပါသလော”ဟု မေးလျှင် “အရှင်မ... အလွန် အနံ့အရသာရှိသော မုန့်တို့သည် ခွက်ပြည့်ပင် ပါပါသည်၊ ဤလူ့ရွာ၌ ရံခါမျှပင် ဤမုန့်ကဲ့သို့ အဆင်းအနံ့ သင်းပျံကောင်းမွန်သောမုန့်ကို အကျွန်ုပ်တို့ မမြင်ရဖူးပါ”ဟု လျှောက်၏။ ထိုအခါမှ မိခင်ကလည်း “ငါ့သားသည် ဘုန်းရှိသော ယောက်ျားဖြစ်ပေသည်၊ ရှေးဆုတောင်း အကြောင်းကြီးစွာ ရှိလိမ့်မည်”ဟု အောက်မေ့၏။ မင်းသားလည်း “မိခင်... ယနေ့မှစ၍ ကျွန်ုပ်အား မရှိမုန့်ကိုသာ ပေးပါ”ဟု ဆို၏။ မုန့်စားလို၍တောင်းလျှင် မိခင်ကလည်း အချည်းနှီးသော ရွှေခွက်ကိုဖုံးလျက်သာ ပေးလိုက်၏။ ထိုအခါမှသည် အိမ်ရာထောင်သော လူ၏ဘောင်၌ နေသမျှကာလပတ်လုံး နတ်တို့မုန့်ကိုသာ သုံးဆောင်ရဘိသတည်း။

ထမင်းဖြစ်ရာ မသိကြရှာ

အရွယ်သို့ရောက်လတ်သော် လျောက်ပတ်သော အမျိုးသမီးနှင့် ထိမ်းမြား၍ ဥတုသုံးပါးနှင့် လျောက်ပတ်သော ပြာသာဒ်သုံးဆောင်ဝယ် ကြီးကျယ်မွန်မြတ်သော နတ်စည်းစိမ်ကဲ့သို့သော စည်းစိမ်ချမ်းသာကို ကောင်းစွာ ခံစားစေ၏။ မိုးဥတုရောက်လတ်သော် မိုးစံသော ပြာသဒ်ဝယ် အောက်ထပ်သို့မျှ မဆင်းရ၊ ယောက်ျားကင်းလျက် စောင်း, ငြင်း, တူရိယာ, ပတ်သာ, တံပိုးစသော အတီးအက ခယမ်းစေပါးခြင်းတို့၌ နတ်ကညာကဲ့သို့သော မင်းမိန်းမ ငါးရာရံလျက် ပျော်စံမြူးထူးရ၏။ ဆောင်းဥတု နွေဥတု၌လည်း ထိုနည်းတူပင် ပျော်ရွှင်ရသည်ဖြစ်၍ ထမင်းဖြစ်ရာကိုမျှ မသိပဲ အတိုင်းမသိသော စည်းစိမ်ချမ်းသာ၏ အရှင်ဖြစ်၏။ ထိုစကားသည် မှန်၏၊ တရံသောအခါ အနုရုဒ္ဓါမင်းသားသည် ဘဒ္ဒိယမင်းသား, ကိမိလမင်းသားတို့နှင့် ကစားမြူးထူးကြရာ “သင်တို့-

(စာမျက်နှာ-၁၂၀)

ပညာရှိ၏ဟူသော် သင်တို့နေ့တိုင်းစားသော ထမင်းသည် အဘယ်ကဖြစ်သည်ကို သိကြ၏လော”ဟူ၍ မေး၏။ ထိုအခါ ကိမိလမင်းသားသည် ကျီကစပါးကို ထုတ်လှန်းထောင်းဖွပ်၍ ချက်ပြုတ်သည်ကို မြင်ဖူးသောကြောင့် “ထမင်းသည် ကျီက ဖြစ်သည်”ဟု ဆို၏။ ထိုစကားကိုကြားလျှင် ဘဒ္ဒိယမင်းသားက ထမင်းအိုးမှခူးသည်ကို မြင်ဖူးသောကြောင့် “သင်ကား ထမင်းဖြစ်ရာကိုမျှ မသိ၊ အဘယ်မှာ ပညာရှိ ဆိုရအံ့နည်း၊ ထမင်းမည်သည်ကား ထမင်းအိုးမှ ဖြစ်သတည်း”ဟု ဆို၏။ ထိုအခါ အနုရုဒ္ဓါက သည်းစွာရယ်ရွှင်လျက် “သင်တို့နှစ်ယောက်လုံးပင် မသိကြ၊ ငါ့စကားကိုသာ အသက်ထက်ဆုံး မှတ်လေကုန်၊ ထမင်းသည်ကား ရွှေအိုးလှလှဝယ် ယောက်မနှင့်မွှေ၍ ဖြစ်သတည်း”ဟု ဆို၏။

(ထိုသူတို့ကား မြင်ဖူးသမျှကို စွဲမှတ်၍ ထမင်းဖြစ်ရာအရပ်က ဤသည်ပင်ဟု ထင်ကြလေသတည်း။)

ရဟန်းပြုရန် တိုင်ပင်ကြပုံ

ဆိုခဲ့ပြီးသောနည်းအားဖြင့် သုဒ္ဓေါဒနမင်းကြီး ဆိုသောစကားကို ကြားရသောအခါ မဟာနာမ်မင်းသားသည် ညီတော် အနုရုဒ္ဓါထံသွား၍ “ညီဖွားအနုရုဒ္ဓါ... ငါတို့အမျိုးတွင် အကြင်တဦးဦးသောသူမျှ နောင်တော်ဘုရားထံလိုက်၍ ရဟန်းမပြုကြကုန်။ တပါးသောအမျိုးမှ ရဟန်းပြုကြသည်ကား များလှလေပြီ။ သင်-ရဟန်းပြုလိုမူလည်း ပြုလေ။ ငါသော်မူလည်း ရဟန်းပြုအံ့”ဟု ဆို၏။

ထိုစကားကိုကြားသော် ညီတော် အနုရုဒ္ဓါကလည်း “ရဟန်းဟူသည်မှာ ဘယ်သို့ နေထိုင်ရသနည်း”ဟု မေး၏။

“ငါ့ညီဖွား... ရဟန်းဟူသည် ဤလူ့ဘောင်မှ စွန့်ရှောင်ပယ်ရှား၍ ဆံမုတ်ဆိတ်များကို ဖြတ်ပြီးလျှင် ဖန်ရည်စွန်းသောအဝတ်ကို ဝတ်လျက် သက်သက်သော သစ်သားညောင်စောင်း, ကြိမ်ညောင်စောင်းတို့၌ တယောက်တည်းသာ လျောင်း၍ စားကောင်းသောက်ဖွယ် လိုသောအခါ ရွာတွင်းသို့ သပိတ်ပိုက်လျက် လာသဖြင့် ဆွမ်းခံကာ စားရ၏။ ဤကား ရဟန်းအဖြစ်တည်း”ဟု ကြားပေသော် “နောင်တော်... အကျွန်ုပ်ကား အလွန် သိမ်မွေ့နူးညံ့၏၊ ပင်ပန်းဆင်းရဲခြင်းကို သည်းမခံနိုင်၊ ဤမျှလောက် ကြမ်းတမ်းမူ ရဟန်းပြုနိုင်မည်မထင်၊ နောင်တော်သာ ပြုလိုလျှင် ပြုပါလော့”ဟု ဆို၏။

လယ်ယာလုပ်ငန်းနှင့် လူမှုကိစ္စ

ထိုအခါ မဟာနမ်မင်းသားကလည်း “သင်ရဟန်းမပြုလိုသော် မိဘတို့၌ပြုအပ်သော လူမှုကိစ္စကို လုံ့လပြု၍သာ ဆောင်ရွက်ပါလော့၊ ငါပင် ရဟန်းပြုတော့အံ့”ဟု ဆိုပြန်၏။

“နောင်တော်... လူမှုကိစ္စဟူသည် အဘယ်သို့ပြုရသနည်း”ဟု မေးပြန်လျှင် “ညီချစ်... ကောင်းစွာမှတ်လော့၊ အရပ်ရပ်သော လူတို့ကိစ္စတွင် လယ်လုပ်ရသော အမှုတခု၌ ရှေးဦးစွာ လယ်ယာတီထွင်လျက် မြေကိုညက်အောင် ထွန်ယက်ရာ၏၊ ထွန်ယက်ပြီးသောအခါ ရွာသောမိုးရေကို တင်စေခြင်းငှါလည်း ကောင်းစွာ ကန်သင်းဆည်ရာ၏၊ ဆည်ပြီးမှ စပါး, ကောက်, ပဲမျိုးတို့ကို ကြဲရာ၏။ ရေများသော် ဖောက်လွှဲ၍ ရေနည်းသော် သွင်းရာ၏၊ ကောက်ပင် ကြီးသောအခါ ကောင်းစွာယူ၍ စိုက်ရ၏၊ စိုက်ပြီးသော် နွမ်းရော်ခြင်း မရှိရအောင် ရေကိုသွင်းရာ၏၊ ရေဟောင်းပုပ်သော် ထုတ်ဖောက်ပစ်၍ ရေသစ်သွင်းရာ၏၊ အသီးအနှံ ဖြစ်သောအခါ စာငယ်ကျေးငှက်တို့ကိုလည်း ကန့်ကွက် စောင့်ရှောက်ရာ၏၊ ကောက်မှည့်သောအခါ ကောင်းစွာရိတ်၍ အလှိုင်းပြုရာ၏၊

(စာမျက်နှာ-၁၂၁)

အလှိုင်းပြုပြီးမှ စု၍ နယ်ရာ၏၊ နယ်ပြီးမှ ကောက်ရိုးအဖျင်းတို့ကို လွှင့်ရာ၏၊ လွှင့်ပြီးမှ စည်, ကျီ, တိုက်, ကြတို့ကို ပြု၍ ထားရာ၏၊ ထားပြီးသောအခါ စင်ကြယ်စွာ ထောင်းဖွပ်၍ ဆန်ဖြစ်စေရာ၏။ ဤကား စားရန်ထမင်း၌ ပြုထိုက်သော အရေးတည်း။

ဝတ်ရန်ကိစ္စ၌လည်း ဤသို့ ပြုရာ၏၊ ရွှေ,ငွေဘဏ္ဍာရခြင်းငှါ ကိစ္စ၌လည်း ဤသို့ပြုရာ၏။ နောင်နှစ်သောကာလ စားရကြောင်း, ဝတ်ရကြောင်းကိုလည်း ဤသို့ ကြံဆောင်ရာ၏၊ လူမှုကိစ္စကား ဆုံးပါးကုန်ခန်းသည်မရှိ၊ လုပ်ကြံဆောင်ရွက်စဉ်ပင် အသက်ဆုံး တုံးရချေသည်”ဟု စေ့ငုစွာ ပြောဆိုဆုံးမသော် ညီတော် အနုရုဒ္ဓါက “နောင်တော် ယင်းသို့ ဖြစ်မူကား ဤလူ့ဘုံတွင် ကာမဂုဏ်ဖြင့် မွေ့လျော်၍နေခြင်း၌ အဘယ်အကျိုး ရှိအံ့နည်း၊ နောင်တော်ပင် လူ့ဘောင်တွင်နေ၍ မိဘဆွေမျိုးတို့ကို လုပ်ကျွေးပြုစုပါလော့၊ အကျွန်ုပ်မူကား ရဟန်းပြုလုပ်ပါအံ့”ဟု ဝန်ခံ၍ မယ်တော်ထံ ခွင့်တောင်းလေ၏။

ရဟန်းပြုရန် အဖော်ညှိပုံ

မယ်တော်ကလည်း “ချစ်သား အနုရုဒ္ဓါ.. ငါတို့ ကိုးစားရာသည် အမောင်တို့ နှစ်ယောက်သာ ရှိချေသည်တကား၊ အသက်တမျှ အဆအရာ ကြင်နာစုံမက်သော သားပါတကား, သေသဖြင့် ကွဲရခြင်းကို အလိုမရှိပဲလျက် ပကတိမျက်မြင် သင်နှင့်ငါတို့ ကွေကွင်းဖို့ကို ဘယ်သို့ ခွင့်လွှတ်နိုင်ချေအံ့နည်း”ဟု ဆို၍ ငိုမြည်တမ်း၏။ အနုရုဒ္ဓါမင်းသားလည်း ဤနည်းတူ သုံးကြိမ်မြောက် ကြားလျှောက်ခွင့်ပန်သော် မယ်တော်က ပရိကပ္ပ စကားမျှဖြင့် ဖြားယောင်း၍ဖျက်လိုရကား “ချစ်သား.. မောင်၏ အဆွေဖြစ်သော ဘဒ္ဒိယမင်းသည် အကယ်၍ ရဟန်းပြုမူကား ချစ်သားလည်း အတူလိုက်၍ ရဟန်းပြုလော့”ဟု ဆို၏။ ထိုစကားကို ကြားလျှင် အနုရုဒ္ဓါမင်းသားလည်း ဘဒ္ဒိယမင်းသားထံ သွား၍ ဖျောင်းဖျ သွေးငင်၏။

(ထိုဘဒ္ဒိယ မင်းသားကား သာကီဝင် မင်းတို့နေရာ ကောလိယမြို့ကို အုပ်စိုးသော မင်းတယောက်တည်း။)

“အဆွေဘဒ္ဒိယ.. ငါကား အိမ်ရာထောင်သော လူ၏ဘောင်တွင် မရွှင်မပျော်ပြီ၊ နောင်တော်ဘုရားထံလိုက်၍ ရဟန်းပြုတော့အံ့၊ သို့ရာတွင် ငါ့မိခင်က သင်ရဟန်းပြုမှ ငါ့ကို ခွင့်လွှတ်အံ့ဟု ဆိုသည်။ ထို့ကြောင့် ငါ၏ ရဟန်းအဖြစ်သည် သင်နှင့်စပ်၏၊ ငါ့ကို ကြင်နာမူ ငါနှင့်အတူ သင်ရဟန်းပြုပါ”ဟု ဆို၏။ ဤသို့သောနည်းဖြင့် အကြိမ်များစွာ ဆိုသောစကားကို ဘဒ္ဒိယမင်းသား ကြားလျှင် များစွာ ရဟန်းမပြုလိုသော်လည်း ထိုအနုရုဒ္ဓါကို ကြင်နာလေးမြတ်လှရကား အားနာသဖြင့်ပင် “သင်၏ ရဟန်းပြုခြင်းသည် အကယ်၍ ငါနှင့်စပ်ဘိမူကား နှစ်ယောက်အတူပင် သွား၍ ရဟန်းပြုကြအံ့”ဟု ဆို၏။ ထိုစကားကို ကြားရလျှင် အနုရုဒ္ဓါလည်း “အဆွေဘဒ္ဒိယ... ယနေ့ပင် လာလော့၊ မြတ်စွာဘုရား ကြွသွားသည်ကို အမှီလိုက်အံ့”ဟု ဆို၏။ ထိုအခါ လူတို့သည် မြဲသောပဋိညာဉ်, မှန်သော စကားရှိရကား ဘဒ္ဒိယမင်းသားလည်း အားနာ၍သာ ဆိုသည်၊ ရဟန်းပြုလိုစိတ် မရှိလှ၍ “အဆွေ.. ခုနစ်နှစ်မျှ ငါ့ကိုငံ့ပါဦးလော့”ဟု တောင်းပန်၏။ အနုရုဒ္ဓါကလည်း “ငါ မငံ့နိုင်”ဟု ဆိုလျှင် “ခြေခက်နှစ်မျှငံ့ပါ, ငါးနှစ်မျှငံ့ပါ, တနှစ်မျှငံ့ပါ” ဤသို့စသည်ဖြင့် လခွဲတိုင်အောင် တောင်းပန်၏။ ထိုသို့ တောင်းပန်ပါသော်လည်း အနုရုဒ္ဓါက “ကြာမြင့်လှသည် ငါမငံ့နိုင်”ဟု ဆို၏။ ဘဒ္ဒိယကလည်း “ထိုမျှလောက်

(စာမျက်နှာ-၁၂၂)

မငံ့နိုင်လျှင် ပြင်ပရပ်ခြား သွားလေကုန်သော ညီတော်,သားတော်များ ရောက်ရုံ ခုနစ်ရက်သာ ငံ့ပါလော့”ဟု ဆို၏။ အနုရုဒ္ဓါလည်း “ကောင်းပြီ”ဟု ဝန်ခံ၍ ပြန်ခဲ့ပြီးသော် မယ်တော်အား ဘဒ္ဒိယမင်းသား ရဟန်းပြုဖော် ရကြောင်းကိုကြား၍ အားရဝမ်းသာ ငံ့လင့်၏။

သာကီဝင်မင်းသား ၆-ပါး

ထိုအခါ သုဒ္ဓေါဒနမင်းကြီးညီတော် အမိတောဒနမင်း၏ သားဖြစ်သော အာနန္ဒာ သတို့သားကိုလည်း အနုရုဒ္ဓါမင်းနည်းတူ မိဘတို့ တိုက်တွန်းကြသဖြင့် ကိမိလ, ဘဂု, ဒေဝဒတ်တို့နှင့်တကွ အနုရုဒ္ဓါ၏အထံသို့ ရောက်လာ၏။ ခုနစ်ရက်စေ့သောကာလ ဘဒ္ဒိယမင်းသားလည်း ရောက်လာ၍ သာကီဝင် မင်းမျိုးဖြစ်သော အနုရုဒ္ဓါ, အာနန္ဒာ, ဘဒ္ဒိယ, ကိမိလ, ဘဂု, ဒေဝဒတ်ဟူသော မင်းသားခြောက်ယောက်၊ ဥပါလိ အမည်ရှိသော ဆတ္တာသည်တယောက် ဤခုနစ်ယောက်သော သူတို့သည် မင်းပွဲသဘင် ဥယျာဉ်ဝင်သော အခါကဲ့သို့ စစ်အင်္ဂါလေးပါး ဝန်းရံလျက် ဘုရားရှင်ကြွတော်မူသော ခရီးဖြင့် လိုက်လေ၏။ နိုင်ငံတပါးသို့ ရောက်သောအခါ စစ်အင်္ဂါလေးပါးနှင့်တကွ မှူးမတ် ပရိသတ်တို့ကို ပြန်စေ၍ ခြေဖြင့် သွားကြ၏။ လမ်းခရီး၌ တောအုပ်ကြီးတခုကိုတွေ့လျှင် ကိုယ်တွင် ဆင်ယင်ဝတ်စားသော တန်ဆာရတနာတို့ကို ချွတ်၍ အထုပ်ပြုပြီးမှ ဥပါလိမည်သော ဆတ္တာသည်အား အပ်၏။ “အချင်းဥပါလိ... ဤတန်ဆာရတနာကိုမှီ၍ ငါတို့ ဘေးရန်အန္တရာယ် ရှိတော့မည်၊ သင်ဆောင်၍ အသက်မွေးလေလော့”ဟု ဆို၏။ ထိုအခါ ဥပါလိကလည်း “အကျွန်ုပ်သည် အရှင်မင်းသားတို့နှင့် ကောင်းတူဆိုးဖက် ပေါင်းလို၍ လိုက်လာပါသည်၊ မပြန်ရပါစေလင့်”ဟု တောင်းပန်၏။ မင်းသားတို့ကလည်း “ပြန်လော့ ပြန်လော့” ဟု သုံးကြိမ်ဆိုသော် အာဏာကို မလွန်ဆန်ဝံ့ရကား ငိုယိုလျက် ပြန်သွားရ၏။

ဥပါလိ ဆတ္တာသည်

ထိုခဏ၌ တောအုပ်ကြီးသည် ကောင်းချီးကျူးဘိသကဲ့သို့ ထူးကဲစွာသော အသံသည် ဖြစ်၏။ ပြန်၍ အတန်ငယ် ရောက်သောအခါ ဥပါလိလည်း ဤသို့ ကြံပြန်၏။ “ဤသာကီဝင် မင်းမျိုးတို့သည် ကြမ်းကြုတ်ခက်ထန် စောင်မာန်ဒေါသကြီး၏၊ ဤဆတ္တာသည်ကား မင်းသားတို့ကိုသတ်၍ ဆင်အပ်သော တန်ဆာတို့ကို ဆောင်၍လာသည်ဟု ထင်မှတ်သဖြင့် ငါ့ကို သတ်လတ္တံ့။ စည်းစိမ်ချမ်းသာ ကြီးကျယ်စွာသော သာကီဝင် မင်းသားတို့လျက် ရဟန်းဖြစ်ခြင်းကို အလိုရှိသေး၏၊ ငါမူကား သူတို့၏ ကျေးကျွန်မျှသာ ဖြစ်သည်။ အဘယ့်ကြောင့် ရဟန်းမပြုနိုင်ရှိအံ့နည်း၊ လိုက်၍ ရဟန်းပြုတော့အံ့”ဟု ကြံ၍ ဘဏ္ဍာထုပ်ကို သစ်ပင်၌ ဆွဲပြီးလျှင် “အကြင်သသူ တွေ့မြင်မူကား ယူလေဘိလော့”ဟု ဆို၍ ပြန်ခဲ့၏။ မင်းသားတို့ထံသို့ ရောက်သောအခါ “အဘယ့်ကြောင့် ပြန်လာသနည်း”ဟု မေးသော် မိမိတွေးခေါ်၍ အကြံဖြစ်ကြောင်း, ဘဏ္ဍာထုပ်ကို ပစ်ခဲ့ကြောင်း, ရဟန်းပြုလိုကြောင်းများကို ကြား၍ မင်းသားတို့နှင့်တကွ ဘုရားအထံတော်သို့ သွားလေ၏။

ရဟန်းပြုကြပြီ

ဘုရားရှေ့မှောက် ရောက်သောကာလ မင်းသားတို့ကလည်း “အကျွန်ုပ်တို့ သာကီဝင် မင်းမျိုးတို့သည် ဇာတိမာန်ဖြင့် ခက်ထန်တင်းမာလှပါသည်။ ရဟန်းဖြစ်သောအခါ ရိုသေရာဖြစ်အောင်

(စာမျက်နှာ-၁၂၃)

ဤဥပါလိကိုပင် ရှေးဦးစွာ ရဟန်းပြုတော်မူပါ”ဟု တောင်းပန်၍ ဆတ္တာသည် ဥပါလိကိုပင် အလျင် ရဟန်းပြုစေပြီးမှ မင်းသားတို့လည်း ရဟန်းပြုကြကုန်၏။ ရဟန်းဖြစ်ကြပြီးလျှင် ခရီးစဉ်အတိုင်း ကြွတော်မူ၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ ဝါကပ်တော်မူ၏။ ဤဝါတွင်းပင် အရှင်ဘဒ္ဒိယသည် ဝိဇ္ဇာသုံးပါးနှင့်တကွ ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်၏။ အရှင်အနုရုဒ္ဓါကား ဒိဗ္ဗစက္ခုဉာဏ်ကိုရ၏။ အရှင်အာနန္ဒာကား သောတာပတ္တိဖိုလ်၌ တည်၏။ အရှင် ဒေဝဒတ်ကား ပုထုဇဉ်၏ အဘိညာဉ်တန်ခိုးနှင့် ပြည့်စုံ၏။ ဘဂုထေရ်, ကိမိလထေရ်, ဥပါလိထေရ်တို့ကား နောင်သောအခါမှ ရဟန္တာဖြစ်ကြ၏။

ဒိဗ္ဗစက္ခု ဧတဒဂ်ရ အရှင်အနုရုဒ္ဓါ

အရှင်အနုရုဒ္ဓါထေရ်ကား ဝါကျွတ်သောကာလ ဓမ္မသေနာပတိဖြစ်သော အရှင်သာရိပုတြာအထံ၌ လျော်ကန်သော ကမ္မဋ္ဌာန်းကို ယူပြီးသော် စေတိယတိုင်း ပါစီနဝံသမြို့သို့သွား၍ ရဟန်းတရားကို အားထုတ်လေသော် ခုနစ်ပါးသော မဟာပုရိသဝိတက်တို့ကို ကြံမိ၍ ရှစ်ခုမြောက်သောအကြံ၌ ကထံကထဖြစ်၍ အလွန်ပင်ပန်း၏။ ထိုအကြောင်းကို ဘုရားသခင်သိတော်မူ၍ အကြံကို ပြည့်စေခြင်းငှါ ကိုယ်တိုင်ကြွ၍ အကြံကို ဖြေဖျောက်ပြီးသော် လေးပါးသောပစ္စည်း၌ ရောင့်ရဲခြင်း ဘာဝနာ၌ မွေ့လျော်ရာကိစ္စဖြင့် တန်ဆာဆင်အပ်သော မဟာအရိယဝံသ ပဋိပတ်ကို ဟောတော်မူလေလျှင် ကင်းစင်သော အာသဝေါတရား ရှိသည်ဖြစ်၍ ဝိဇ္ဇာသုံးပါးနှင့်တကွ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်လေ၏။

ဘုရားသခင်လည်း ဇေတဝန်ကျောင်းတော်သို့ရောက်၍ သာဝကသန္နိပါတ ပြုတော်မူသောအခါ အရှင်အနုရုဒ္ဓါကို-

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဒိဗ္ဗစက္ခုကာနံ ဘိက္ခူနံ ယဒိဒံ အနုရုဒ္ဓေါ-

ဟူ၍ ဧတဒဂ်အရာ၌ ထားတော်မူသည်။

[အနက်ကား]ဘိက္ခဝေ၊ ရဟန်းတို့။ မမ၊ ငါဘုရား၏။ သာဝကာနံ၊ တပည့်ဖြစ်ကုန်သော။ ဒိဗ္ဗစက္ခုကာနံ၊ နတ်မျက်စိလား ဝေးခြားစွာဘိ တည်ရှိလေတုံ ရူပါရုံကို ချက်ကုန်ထင်ထင် သိမြင်တတ်ကုန်သော။ ဘိက္ခူနံ၊ ရဟန်းတို့တွင်။ ယဒိဒံ ယော အယံ အနုရုဒ္ဓေါ၊ အကြင်အနုရုဒ္ဓါသည်။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤအနုရုဒ္ဓါသည်။ အဂ္ဂံ-အဂ္ဂေါ၊ လွန်ကဲ၏။

၂၉။ ရှင်အနုရုဒ္ဓါ၏ ရှေးအကြောင်းကို ပြခြင်း

အပါကဋသူကြွယ်

ထိုအရှင်အနုရုဒ္ဓါ၏ ရှေးပတ္ထနာ ကောင်းမှုကား- ဤကမ္ဘာမှ ပြန်၍ရေသော် ကမ္ဘာတသိန်းထက်၌ ပဒုမုတ္တရဘုရား ထင်ရှားစွာ ပွင့်တော်မူ၏။ ထိုအခါ ဟံသာဝတီပြည်ဝယ် အပါကဋမည်သော သူကြွယ်တဦးသည် ညချမ်းအခါ ပန်းနံ့သာ လက်စွဲလျက် ကျောင်းသို့သွား၍ တရားနာကုန်သော သူတို့နှင့်အတူ လိုက်သွား၍ ဘုရားသခင်အထံသို့ ရောက်သော် ချီးမြှောက်အပ်သော အရာအထူးရှိကုန်သော မင်း, အမတ်, သဌေး, သူကြွယ်, ပရိသတ်တို့သည် ချပ်ကာချပ်ကာ နေရာအသီးအသီး၌ နေကြ၍ အပါကဋသူကြွယ်မှာ ပရိသတ်စွန်းကသာ တရားတော်ကိုနာ၏။ ဘုရားသခင်လည်း အစဉ်သော တရားစကားဖြင့် ဟောကြားတော်မူပြီး၍ ဒေသနာတော်၏အဆုံး၌

(စာမျက်နှာ-၁၂၄)

တဦးသော ရဟန်းကို ဖုံးလွှမ်းကွယ်ဝှက်သော အရပ်, ဝေးကွာသော အရပ်၌ တည်သော ရူပါရုံ, အလွန် သေးဖွဲသိမ်မွေ့သော ရူပါရုံတို့ကို မြင်နိုင်စွမ်းသောအရာ၌ ဧတဒဂ်ထားတော်မူ၏။

ဆုတောင်းခဲ့ပုံ

ထိုသို့ ဧတဒဂ်ထားသည်ကို မြင်လျှင် ဤအရှင်ကဲ့သို့ ဖြစ်ချင်သောဆန္ဒ အလွန်ရှိရကား ပရိသတ်တို့သွားအောင် ငံ့နေ၍ ပရိသတ် ရှင်းသောအခါမှ မြတ်စွာဘုရား အထံတော်သို့ကပ်၍ “နက်ဖြန် သံဃာတော်နှင့်တကွ ကိုယ်တော်မြတ်သည် တပည့်တော်အိမ်သို့ကြွ၍ ဆွမ်းခံတော်မူပါ”ဟု ပင့်ဖိတ်၍ နံနက်သောအခါ သံဃာတော်တို့အား ဆွမ်း, အဖျော် စသည်ဖြင့် လုပ်ကျွေး၏။

ဤသို့သောနည်းဖြင့် ခုနစ်ရက်ပတ်လုံး ဆွမ်းကွမ်းလုပ်ကျွေးလျက် ခုနစ်ရက်မြောက်သောနေ့၌ တိစီဝရိတ် သင်္ကန်း၊ ရဟန်း၏ ပရိက္ခရာတို့ကို သံဃာစေ့ ကပ်လှူပြီးသော် ဘုရားထံတော်သို့ကပ်၍ “အရှင်ဘုရား အကျွန်ုပ်ကား ဤကောင်းမှု အကျိုးအားဖြင့် သိကြား, ဗြဟ္မာ, စကြာမင်း စသည်တို့၏အဖြစ်ကို အလိုမရှိပါ။ ရှေးခုနစ်ရက်အခါက ဒိဗ္ဗစက္ခု အဘိညာဉ်အရာ၌ ဧတဒဂ်ရသော ရဟန္တာကဲ့သို့ နောင်ဘုရားတို့၏ သာသနာတော်၌ အကျွန်ုပ်သည်လည်း ဧတဒဂ်ရရဟန္တာ ဖြစ်စေသော”ဟု ဆုတောင်း၏။

ဗျာဒိတ်ရခဲ့ခြင်း

ဘုရားသခင်သည်လည်း အနာဂတံသဉာဏ်ဖြင့် ရှုတော်မူ၍ ပြည့်စုံလတ္တံ့သည်ကို မြင်တော်မူလျှင် “အချင်းအပါကဋ… ငါပွင့်တော်မူရာ ဤကမ္ဘာမှနောက် ကပ်တသိန်းလွန်မြောက်၍ ဘဒ္ဒကမ္ဘာသို့ ရောက်သောကာလ ဂေါတမအမည်ရှိသော ဘုရားပွင့်တော်မူလိမ့်မည်။ ထိုအခါ သင်သည် အနုရုဒ္ဓါဟူသော အမည်ဖြင့် ထင်ရှားလျက် ဒိဗ္ဗစက္ခုဉာဏ်အရာ၌ ဧတဒဂ်ရ ရဟန္တာဖြစ်လတ္တံ့”ဟူ၍ ဗျာဒိတ်စကား ကြားတော်မူ၏။

ဒိဗ္ဗစက္ခုဉာဏ်ရကြောင်း

သူကြွယ်ကလည်း “ဒိဗ္ဗစက္ခုဉာဏ်ကို ရကြောင်း၌ အဘယ်ကောင်းမှုကို ပြုရပါအံ့နည်း”ဟု မေးလျှောက်ပြန်သော် “ဆီမီးအလှူသည် ထိုဉာဏ်၏ အဆောက်အဦပင်တည်း”ဟု ဖြေတော်မူ၏။ ထိုသို့ ပြောဟောပြီးမှ တရားအနုမောဒနာကိုပြု၍ ကြွတော်မူ၏။

သူကြွယ်လည်း ထိုနေ့မှစ၍ ဘုရားသက်တော်ထင်ရှားရှိသမျှ ကာလပတ်လုံး သရဏဂုံ ပဉ္စသီကို အမြဲဆောက်တည်လျက် ဆီမီးဝတ် မပြတ်တည်၏။ ဘုရား ပရိနိဗ္ဗာန်စံလွန်သောကာလ သရီရဓာတ်တော် အပေါင်းတို့ကို ကောင်းစွာတည်စေခြင်းငှါ ခုနစ်ယူဇနာမျှလောက် တည်လုပ်အပ်သော ရွှေစေတီကြီး၌လည်း ဆီမီးတိုင် တထောင်ဖြင့် ထွန်းညှိခြင်းဝတ်ကို ပြု၏၊ ထိုသို့ပြုလျက် အသက်အတိုင်းနေ၍ စုတေလေသော် တာဝတိံသာ နတ်ပြည်၌ သိကြားမင်းအဖြစ် အကြိမ်တထောင်တိုင်အောင် ဖြစ်၏။ ထိုနတ်မင်း၏ ဗိမာန်သည် အလျှံတညီးညီး တောက်လောင်ပြီးသော မီး၏အရောင်ကဲ့သို့ တပြောင်ပြောင် ထွန်းပ၏၊ ထက်ဝန်းကျင် တယူဇနာမျှလောက်သော အရပ်၌ တောက်ပပြန့်နှံ့သော ကိုယ်ရောင်လည်း ရှိ၏။ ထိုမှသည် လူ့ပြည်သို့

(စာမျက်နှာ-၁၂၅)

လာပြန်သော် စကြဝတေးမင်း၏အဖြစ် အကြိမ်တရာ၊ ပဒေသရာဇ်မင်း, ဧကရာဇ်မင်းအဖြစ်ကား မရေမတွက်နိုင် ဖြစ်၏။ သုမေဓာ ဘုရားလက်ထက်သို့ ရောက်သောအခါ၌လည်း တဦးသော သူကြွယ်ဖြစ်၍ ဆီမီးနှစ်ထောင် ပူဇော်ပြန်သောကြောင့် သိကြားမင်းအဖြစ် အကြိမ်သုံးဆယ်, စကြာမင်းအဖြစ် နှစ်ဆယ့်နှစ်ကြိမ် ဖြစ်ရ၏။

ဤသို့ လူ့ပြည်နတ်ပြည် လှည့်လည်ကာ လာသဖြင့် ဤကမ္ဘာဝယ် ကဿပမြတ်စွာဘုရား လက်ထက်တော်၌ ဗာရာဏသီပြည်ဝယ် ကုဋေလေးဆယ်ကြွယ်ဝသော သဌေးမျိုး၌ဖြစ်၍ ပရိနိဗ္ဗာန် စံတော်မူသော ဘုရားရှင်၏ ဓာတုစေတီဝယ် ကြီးကျယ်သော ရွှေခွက်တို့၌ ထောပတ်ဖြင့်ပြည့်စေ၍ ဆီမီးတထောင်ဖြင့် ပူဇော်၏။ ဤသို့ ကုသိုလ်ကောင်းမှုကို ပြုလျက် အသက်အတိုင်းနေ၍ လွန်လေသော် နတ်ပြည်၌ ဖြစ်ပြန်၏။

အန္နဘာရဆင်းရဲသား

ထိုမှသည် လူ့ပြည်သို့ လာပြန်သော် တခုသော မကောင်းမှုကံကြောင့် ငါတို့ဘုရား မပွင့်မီ ဗာရာဏသီပြည်၌ပင် သုမနသဌေးကို မှီ၍နေရသော သူဆင်းရဲတဦး၏အိမ်၌ ပဋိသန္ဓေ နေလာ၏။ ဖွားမြင်သောကာလ၌ ထမင်းအိုးထမ်း ယောက်ျား၏ သားဖြစ်သောကြောင့် အန္နဘာရဟူသော အမည်ကို မှည့်၏။ သုမနသဌေးကား ကိုယ်ထီး ကပဏာ မှီခိုရာမဲ့သောသူ ဖုန်းတောင်း ယာစကာ ရဟန်း ပုဏ္ဏားတို့အား တနေ့မပြတ် လှူဒါန်း ပေးကမ်းလေ့ရှိ၏။

ဆွမ်းအလှူ

တရံသောအခါ ဥပရိဋ္ဌမည်သော ပစ္စေကဗုဒ္ဓါတဦးသည် ဂန္ဓမာဒနတောင်၌ နိရောဓသမာပတ်ကို ဝင်စားရာမှ ထတော်မူ၍ “ယနေ့ ဘယ်သူ့အား ငါချီးမြှောက်ရလတ္တံ့နည်း”ဟု ရှုတော်မူသော် ထိုအန္နဘာရ သူဆင်းရဲကို ချီးမြှောက်အံ့ဟု ကြံလျက် ဂန္ဓမာဒနတောင်မှ ကောင်းကင်ခရီးဖြင့် ကြွတော်မူခဲ့၍ ထိုသူ၏အိမ်ဝ၌ ရပ်လာ၏။ ထိုအခါ အန္နဘာရလည်း သဌေးအား လုပ်ကျွေးရန် ထင်း ဟင်းရွက်အလို့ငှာ တောသို့သွား၍ ထိုတောမှ ပြန်လာသဖြင့် အိမ်သို့ရောက်ဆဲတွင် သပိတ်ချည်းသာ ပိုက်၍လာသော ပစ္စေကဗုဒ္ဓါကိုမြင်လျှင် ရွှင်လှသော နှလုံးရှိ၍ “အရှင်ဘုရား.. ဤတွင် ရပ်တော်မူပါဦး”ဟု လျှောက်၍ အိမ်သို့ဝင်ပြီးသော် မိမိမယားကိုခေါ်၍ “ရှင်မ... ငါစားရန် ထမင်းကျက်ပြီလော”ဟု မေး၏။ မယားက ကျက်ကြောင်းကိုပြောသော် အဆောတလျင်ခူး၍ သပိတ်ကို တောင်းပြီးလျှင် သပိတ်တွင် အပြည့်လောင်းပြီးမှ ပစ္စေကဗုဒ္ဓါအား ကပ်လှူ၏။

မယားအလိမ္မာနှင့် ဆုတောင်းခဲ့ပုံ

လိမ္မာသော မယားလည်း “ငါ့လင်ကား ပင်ပန်းလာလျက် အစာကိုမမက်ပဲ လှူပေသည်။ အိမ်၌နေရစ်သော ငါမူကား အဘယ့်ကြောင့် မလှူနိုင်အံ့နည်း”ဟု ကြံလျက် မိမိဖို့ဖြစ်သော ထမင်းကိုလည်း ထို့အတူ သပိတ်၌လောင်း၏။ ပြီးမှ အန္နဘာရလည်း သတိရပြန်၍ အပေါ်ကိုယ်ဝတ်ကို ခင်းပြီးလျှင် “အရှင်ဘုရား.. ဤနေရာ၌ထိုင်၍ ဆွမ်းဘုဉ်းပေးတော်မူပါ”ဟု လျှောက်ပြန်သော် ပစ္စေကဗုဒ္ဓါလည်း ထိုင်၍ ဆွမ်းဘုဉ်းပေးတော်မူ၍ ဤသို့ ရိုသေစွာ ဆွမ်းလုပ်ကျွေးပြီးမှ တရားအနုမောဒနာကို နာပြီးသော် “အရှင်ဘုရား... အကျွန်ုပ်တို့ မောင်နှံကား

(စာမျက်နှာ-၁၂၆)

ရှေးဘဝက ဒါနသီလ နည်းသောကြောင့် ယခု ဆင်းရဲလှစွာ သူတကာကိုမှီ၍ နေရချေသည်။ ယခုပြုသော ကုသိုလ်ကံကြောင့် နိဗ္ဗာန်မရသေးသမျှ ဘဝခပ်သိမ်းတို့၌ ဆင်းရဲဒုက္ခကို မတွေ့မမြင်ရသည် ဖြစ်စေသော၊ အလိုရှိက ခဏခြင်းသာ ပြည့်စုံလာသည် ဖြစ်စေသော၊ ထမင်းဖြစ်ရာ ဌာနကိုမျှ မသိရအောင် သုခတရား ပွားစေသော”ဟု ဆုတောင်း၏။

ပစ္စေကဗုဒ္ဓါလည်း-

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ စန္ဒော ပန္နရသော ယထာ-

ဟူသောဂါထာဖြင့် အနုမောဒနာပြု၍ ကြွတော်မူ၏။

နတ်သမီး၏ကောင်းချီးသံ

ထိုခဏ၌ သုမနသဌေး၏ ပြာသာဒ်ထက်၌ ထီးချက်စောင့်နေသော နတ်သမီးသည်-

“အဟော ဒါနံ ပရမဒါနံ ဥပရိဋ္ဌေ သုပ္ပတိဋ္ဌိတံ”-

ဟူ၍ သုံးကြိမ်တိုင်အောင် ကောင်းချီးနုမော် သာဓုခေါ်၏။ ထိုအသံကို သုမနသဌေး ကြားလေသော် “ငါသည် ရှည်မြင့်သော ကာလပတ်လုံး ဖုန်းတောင်းယာစကာ ကိုးကွယ်ရာမဲ့သော သူအပေါင်းတို့အား တနေ့မပြတ် လှူဒါန်းစွန့်ကြဲပါလျက် သင်သည် ရှေးက သာဓုမခေါ်၊ ယနေ့မှ အဘယ့်ကြောင့် သာဓုခေါ်သနည်း”ဟု မေး၏။ ထီးချက်စောင့် နတ်သမီးကလည်း “သင်သဌေး၏ ဒါနကို ငါသာဓုမခေါ်၊ အန္နဘာရသည် ပစ္စေကဗုဒ္ဓါအား လှူဒါန်းသော ကောင်းမှုကို အကျွန်ုပ် သာဓုခေါ်သည်”ဟု ဆို၏။

ကုသိုလ်ကို ရောင်း၍မရ

ထိုစကားကို ကြားလျှင် သဌေးကလည်း “ငါသည် အရှည်အကြာ လှူဒါန်းပါသည်ကိုမျှ နတ်-သာဓုမခေါ်ချေ၊ ဤအန္နဘာရသည် တကြိမ်မျှပင် ပြုသော်လည်း ကောင်းမြတ်သော အလှူခံနှင့် ကြုံကြိုက်၍ အဖိုးထိုက်သော အကျိုးကို ရပေသည်၊ ငါဝယ်ယူ၍ရသော် ကောင်း၏”ဟု ကြံလျက် အန္နဘာရကို ခေါ်ပြီးလျှင် “သင်-အဘယ်သူအား အဘယ်အလှူကို ပေးသနည်း”ဟု မေး၍ ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူကြောင်းကို ပြန်ကြားသဖြင့် သိရလျှင် “သင်၏ဒါနကို ငါ့အား ရောင်းပါ၊ ငွေတသပြာကို “ငါ ပေးမည်”ဟု ဆို၏။ ထိုအန္နဘာရကလည်း “အရှင်သဌေးမင်း... တကြိမ်မျှပင် ပြုရသော ကောင်းမှုဖြစ်၍ မရောင်းလိုပါ”ဟု ဆိုသော် နှစ်သပြာ, သုံးသပြာ, တရာ, တထောင်တိုင်အောင်ပေး၍ ရောင်းပါဟု တောင်းပန်၏။ “အကျွန်ုပ် မရောင်းလို”ဟု ဆိုသော် “မရောင်းလိုလျှင် သင်၏ကုသိုလ်အဖို့ကို ငါ့အား ဝေပါ”ဟု တောင်းပန်၏။ အန္နဘာရကလည်း “အရှင်သဌေး... အကျွန်ုပ်ဆရာ ပစ္စေကဗုဒ္ဓါကိုမေး၍ ပေးဝေသင့်မူ အကျွန်ုပ် ပေးဝေအံ့”ဟု ဆို၍ ထိုပစ္စေကဗုဒ္ဓါနောက်သို့ လိုက်လေ၏။ မီသောကာလ “အရှင်ဘုရား.. အကျွန်ုပ် ပေးလှူသော ဒါနကို သုမနသဌေးက ငါ့အား အမျှပေးဝေပါဟု တောင်းပန်ပါသည်၊ အမျှပေးဝေသော် သင့်လျော်ပါအံ့လော”ဟု လျှောက်၏။

အမျှဝေကျိုး ကုသိုလ်တိုး

ပစ္စေကဗုဒ္ဓါကလည်း “ဒါယကာ... သင်တို့အိမ်တွင် ညဉ့်အခါ၌ ထွန်းထားသော ဆီမီးကို သူတပါးတို့မီးစာဖြင့် ကူးညှိလာအံ့၊ ထိုအခါ ရှေးဦးစွာ ထွန်းထားသော ဆီမီးရောင်သည် နည်းပါးကုန်ခန်းသလော”ဟု မေး၏။

(စာမျက်နှာ-၁၂၇)

“အရှင်ဘုရား.…. မညှိုးမှိန်ပါ၊ တိုး၍သာ တင့်တယ်ပါသည်”ဟု လျှောက်၏။ “ဒါယကာ.. ဤအတူပင် သင်၏ ကုသိုလ်အဖို့ကို သူတပါးအား ပေးဝေငြားသော်လည်း ကုန်ခန်းလျော့ပါးသည် မရှိ။ တိုး၍သာ ကုသိုလ်တရား ပွားများဘိသည်၊ ရဟန်းတဦးအား တသပိတ်သော ဆွမ်းကို လှူဒါန်းပြီးသော် လူတကျိပ်အား အမျှဝေခဲ့အံ့၊ ဆယ်သပိတ်ပင် လှူသည်မည်၏၊ တရာ, တထောင်သော သူတို့အား အမျှဝေခဲ့အံ့၊ သပိတ်တရာ, တထောင်ပင် လှူသည်မည်၏၊ ထို့ကြောင့် ဘယ်သူမဆို အလိုရှိသမျှကို ပေးလော့”ဟု မိန့်တော်မူ၏။

အန္နဘာရလည်း ပစ္စေကဗုဒ္ဓါအား ရှိခိုး၍ အမြန်ပြန်ခဲ့ပြီးသော် သုမနသဌေးကြီးအား အမျှပေးဝေ၏။ သဌေးကလည်း “ဤတထောင်မျှလောက်သော အသပြာကို ယူပါ”ဟု ပေးသော် “အကျွန်ုပ် မယူလိုပါ၊ အရှင့်ကို ကြင်နာ၍ သဒ္ဓါခြင်းဖြင့်သာ ပေးဝေပါသည်”ဟု ဆို၏။ ထိုသဌေးကလည်း “သင်-သဒ္ဓါတရားဖြင့် ငါ့အား အမျှပေးဝေသကဲ့သို့ ငါသဒ္ဓါ၍ပင် ဤအသပြာတထောင်ဖြင့် ပူဇော်ပါသည်၊ ယူသာယူပါလော့”ဟု ဆို၏။

ဘုရင့်ထံမှောက် ခစားရောက်

ထိုအခါမှ အန္နဘာရလည်း အသပြာကို သိမ်းယူ၏။ ထိုအခါမှစ၍ သဌေးထံ၌ ကိုယ်တိုင်ဆောင်ရွက်ရန်ကိစ္စ မရှိပြီ။ ဤသို့ ဖြစ်သော်လည်း အကျိုးဆက်မကုန်သေး၍ သုမနသဌေးသည် ညချမ်းသောအခါ မင်းကြီးအထံသို့ ညီလာခံဝင်မြဲဖြစ်၍ ဝင်ခြင်းငှါ နောက်ပါလူကိုရှာသော် အန္နဘာရမှတပါး အခြားသူကို မတွေ့ရကား ထိုသူကိုပင် ခေါ်၍သွားရ၏။ မင်းကြီးအထံသို့ရောက်လျှင် ပြည့်ရှင်မင်းကြီးကလည်း သဌေးကို မကြည့်၊ အန္နဘာရကိုသာ လွန်စွာကြည့်ရှု၏။ သဌေးကလည်း “အရှင်မင်းကြီး… ယနေ့ အဘယ့်ကြောင့် ဤသူကိုသာ ကြည့်သနည်း”ဟု မေး၏။ “ငါမမြင်ဖူးသောကြောင့် ကြည့်သည်”ဟု ဆိုပေသော် “မမြင်ဖူး၍သာ ကြည့်အပ်သည်မဟုတ်၊ ဤသူ့၌ ကြည့်ထိုက်သော ကောင်းမှုလည်း ရှိပေသည်”ဟု လျှောက်လျှင် “သင်သဌေး.. ဤသူ၌ ကြည့်ထိုက်သောကောင်းမှု အသို့ရှိသနည်း”ဟု မေးပြန်သော် အရှင်ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူသည်မှစ၍ မိမိက အသပြာတထောင် ပေးသည့်တိုင်အောင်သော အကြောင်းကို လျှောက်၏။

သဌေးဘွဲ့ရ မဟာသုမန

ထိုစကားကိုကြားလျှင် ပြည့်ရှင်မင်းကြီးလည်း “ဤအန္နဘာရကို သင်သဌေးသာ ပူဇော်သင့်သည်မဟုတ်၊ ငါလည်း ပူဇော်သင့်ပေသည်၊ ကောင်းမြတ်သောအရာ၌ ထားသင့်ပေသည်”ဟု ဆို၍ လျှောက်ပတ်သောနေရာကို ရှာစေပြီးလျှင် အိမ်ရာကို ပြုပြင်စေသော် မြေညှိဒွန်းစဏ္ဍားတို့သည် ပေါက်တူးနှင့်ဆွဲ၍ ညှိကြသောကာလ ပေါက်တူးချသမျှ အရပ်၌ ရွှေအိုးကြီးတို့သည် လည်ချင်းမှီကာ ပေါ်လာကုန်၏။ ထိုအိုးတို့ကိုမြင်၍ ပြည့်ရှင်မင်းကြီးအား လျှောက်ကြားကြလျှင် ပြည့်ရှင်မင်းကြီးလည်း “မြေမှဖြစ်သော ဥစ္စာသည် မြေရှင်ဖြစ်သော ငါနှင့်သာ ထိုက်သည်။ ဖော်ယူချေ”ဟု စေလိုက်၏။ မင်းချင်းတို့လည်း ယူမည်ဟု တူးဆွလျှင် မြေပြင်ဖြစ်မြဲဖြစ်၍ တဖန် ကြားလျှောက်ကြသဖြင့် “အန္နဘာရ၏ ဥစ္စာဟုဆို၍ ယူလေကုန်”ဟု မှာပြန်၏။ မင်းချင်းတို့လည်း မှာလိုက်တိုင်းဆို၍ ဖော်လေသော် မြေမှပေါ်သော မှိုငုံကဲ့သို့ အလုံးစုံသော ရွှေအိုးကြီးတို့သည် တက်လတ်ကုန်၏။ ထိုရွှေအိုးတို့ကို မင်းရင်ပြင်သို့ဆောင်၍ ပုံစေလျှင် ထန်းပင်သုံးဆင့် မြင့်သောဟူ၏။

(စာမျက်နှာ-၁၂၈)

မင်းကြီးလည်း အမတ်တို့ကိုခေါ်၍ “ငါတို့နိုင်ငံတွင် ဤသူကဲ့သို့ ဥစ္စာကြွယ်ဝသောသူ ရှိသေးသလော”ဟု မေး၏။ မရှိကြောင်းကို လျှောက်ကြသော် “ယနေ့မှစ၍ ဤအန္နဘာရကို “မဟာသုမနသဌေး”ဟု ခေါ်ဝေါ်လေကုန်”ဟု ဆို၍ သဌေးကြီးတို့၏ အဆောင်အယောင်ကို ပေးလေ၏။

(နိရောဓသမာပတ်မှထသော ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာတို့အား လှူရမူ ထိုနေ့ပင် အကျိုးပေးမြဲတည်း။)

ဤမဟာသုမန သဌေးသည်လည်း ကုသိုလ်ကောင်းမှုကို များစွာပြုလျက် အသက်တိုင်းနေ၍ စုတေလေသော် နတ်ပြည်၌ သိကြားမင်းဖြစ်၏။ ထိုမှသည် လူ့ပြည် နတ်ပြည် လှည့်လည်ကာ လာသဖြင့် ငါတို့ဘုရား ဖြစ်အံ့သောအခါ ကပိလဝတ်ပြည်၌ သုဒ္ဓေါဒနမင်းကြီး၏ညီတော် သုက္ကောဒန၏သား ဖြစ်လာသတည်း။

အနုရုဒ္ဓါ၏ဖခင် ရှင်းချက်

(အင်္ဂုတ္တိုရ် အဋ္ဌကထာ၌ကား- “အမိတောဒနဿ သက္ကဿ ဂေဟေ ပဋိသန္ဓိံ ဂဏှိ”ဟူ၍ လာသည်။ “အရှင်အာနန္ဒာလည်း အမိတောဒန၏သား, အရှင်အနုရုဒ္ဓါလည်း အမိတောဒန၏သား ဖြစ်ခဲ့လျှင် ညီနောင်အရင်းအချာ ဖြစ်လေရာသည်။ အရင်းအချာလည်း မဟာနာမ်နှင့်အနုရုဒ္ဓါ နှစ်ယောက်သာ ရှိကြောင်းကို စူဠဝါပါဠိတော် အဋ္ဌကထာ, ဓမ္မပဒအဋ္ဌကထာတို့၌ လာသည်။ ၎င်းအဋ္ဌကထာတို့၌ အဖအမည်ကို မဆို။ အမိတောဒနကို နှစ်ဦးယူရမည်လည်း မင်း၏ညီတော် ငါးယောက်တွင် တယောက်မဝင် ဖြစ်ရာသည်။ ယင်းသို့ ယုတ္တိမရပဲလျက် ဗုဒ္ဓဝင် အဋ္ဌကထာ, အပဒါန် အဋ္ဌကထာ၌လည်း အင်္ဂုတ္တိုရ်နည်းသာ ဆိုကုန်သည်။ ပပဉ္စသူဒနီမည်သော မူလပဏ္ဏာသ အဋ္ဌကထာ၌လည်း ညီတော် သုက္ကောဒန၏သားဟု ဆိုသည်။ ရှင်ဗုဒ္ဓဃောသပြုချည်းဖြစ်လျက် မညီမညွတ်ကြ။ ရှေ့ဝါဒကား ကျမ်းပင်များသော်လည်း ယုတ္တိမရသော စကားဖြစ်၍ မူလပဏ္ဏာသ အဋ္ဌကထာကိုမှီကာ ဆိုလိုက်သည်။)

ဤကား အရှင်အနုရုဒ္ဓါ၏ အတ္ထုပ္ပတ္တိတည်း။

၃၀။ အရှင်ဘဒ္ဒိယ၏ ရှေးအကြောင်းကို ပြခြင်း

ကုသိုလ်ပြုခဲ့ပုံ

အရှင်ဘဒ္ဒိယထေရ်၏ အကြောင်းကား— ၎င်း-ပဒုမုတ္တရဘုရား လက်ထက်တော်ဝယ် သူကြွယ်အမျိုး၌ဖြစ်၍ ဘုရားရှင်ထံသို့ တရားတော်နာသွားရာ၌ အမျိုးမြတ်သော ရဟန္တာတဦးအား ဥစ္စာကုလဧတဒဂ် ထားတော်မူသည်ကိုမြင်၍ ဤအရှင်ကဲ့သို့ ဖြစ်ချင်သော ဆန္ဒရှိရကား ဘုရားထံတော်သို့ကပ်၍ “ဤသို့ မြင့်မြတ်သောအမျိုး၌ ဖြစ်ကြောင်းကို အဘယ်ကောင်းမှုကို ပြုရပါအံ့နည်း”ဟု လျှောက်လျှင် ဘုရားသခင်က “ဒါယကာ... သံဃာတို့၏ နေရာပလ္လင်ကို လှူသဖြင့် မြင့်မြတ်သောအမျိုး၌ ဖြစ်ရာ၏”ဟု မိန့်တော်မူ၏။

ထိုစကားကိုကြားသော် သူကြွယ်လည်း ဘုရားအမှူးရှိသော သံဃာတော်တို့အား ခုနစ်ရက်ပတ်လုံး ဆွမ်း, အဖျော်တို့ဖြင့် ပူဇော်လုပ်ကျွေး၍ ခုနစ်ရက်မြောက်သော နေ့၌ အဖိုးများစွာထိုက်သော ညောင်စောင်းဝယ် တင့်တယ် ကောင်းမြတ်လှသော ကော်ဇောအခင်း, လဲဖြင့်သွတ်အပ်သော

(စာမျက်နှာ-၁၂၉)

မွေ့ရာအခင်း, ခေါမတိုင်း ကောဋုမ္ဗရတိုင်း၌ ဖြစ်ကုန်သော ရွှေချည်ဖြင့် ရက်အပ်သော အခင်းတို့ကိုခင်းလျက် မျက်နှာကြက် ဗိတာန်နှင့် တကွသော အိပ်ရာနေရာကို သံဃာတသိန်းစေ့အောင် ပူဇော်၏။

ဗျာဒိတ်တော်ရပုံ

ထိုသို့ ပူဇော်ပြီးသော် ဘုရားအထံတော်သို့ကပ်၍ “အရှင်ဘုရား အကျွန်ုပ်သည် ဤကောင်းမှုကြောင့် ဘဝများစွာ ဖြစ်လေရာ၌ ယုတ်မာသော အမျိုးတို့မှ ကင်းလွတ်၍ မြင့်မြတ်သောအမျိုး၌သာ ဖြစ်ရ၍ နောင်ဘုရားတို့၏ သာသနာဝယ် ယခုအခါ ဥစ္စာကုလ ဧတဒဂ်ရသော အရှင်ကဲ့သို့ ထင်ရှားမြင့်မြတ်စွာ ဥစ္စာကုလ ဧတဒဂ်ရသော မဟာသာဝက ဖြစ်ရပါလိုသော”ဟု ဆုတောင်း၏။

ဘုရားမြတ်လည်း အနာဂတံသဉာဏ်ဖြင့် ရှုတော်မူ၍ ပြည့်စုံအံ့သော အကြောင်းကိုမြင်သော် “အချင်းဥပါသကာ.. ပါရမီကိုဖြည့်လော့၊ ငါပွင့်တော်မူရာ ဤကမ္ဘာမှနောက် ကပ်တသိန်းမြောက်၌ ဂေါတမဘုရား ပွင့်တော်မူသောကာလ ဘဒ္ဒိယအမည်ရှိသော ဥစ္စာကုလ ဧတဒဂ်ရ ရဟန္တာ ဖြစ်လတ္တံ့၊ မဖြစ်မီအကြားလည်း သိကြားမင်း ခုနစ်ဆယ့်လေးကြိမ်, စကြဝတေးမင်း ငါးဆယ့်တကြိမ်, ဧကရာဇ်မင်း အကြိမ်တထောင်, ပဒေသရာဇ် ဒီပရာဇ်မင်းအဖြစ်ကား မရေတွက်နိုင်, သဌေးသူကြွယ် မရေတွက်နိုင် ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား ကြားတော်မူ၏။

ဘဒ္ဒိယမင်းသား ရဟန်းပြုပြီ

ယင်းသို့ ဗျာဒိတ်စကားကြားပြီးမှ တရားအနုမောဒနာပြု၍ ကြွတော်မူ၏၊ သူကြွယ်လည်း အသက်အတိုင်း တည်နေ၍ စုတေသောအခါ တာဝတိံသာနတ်ရွာ၌ သိကြားမင်း ဖြစ်လေ၏။ ဤသို့ လူ့ပြည်နတ်ပြည် လှည့်လည်ကာသာ ဥစ္စာကုလချည်းဖြစ်၍ ငါတို့ဘုရား လက်ထက်တော်တွင် ကပိလဝတ်ပြည်၌ သုဒ္ဓေါဒနမင်း၏ နှမတော်ဖြစ်သော ကာဠိဂေါဓာမည်သော မိဖုရား၏သား ဖြစ်လာသတည်း၊ အရွယ်သို့ရောက်သောအခါ တဆယ့်ငါးယူဇနာရှိသော အရပ်၌ ပဒေသရာဇ်မင်းအဖြစ်ကိုရ၍ မင်း၏စည်းစိမ်ကို ခံစားလျက်နေစဉ် ယခင် ဆိုအပ်ခဲ့ပြီးသော နည်းအားဖြင့် မင်းသားငါးယောက်တို့နှင့်တကွ ရဟန်းပြုကြသတည်း။

ရဟန်းဖြစ်ပြီးသောကာလ ထိုဘဒ္ဒိယကား ရဟန်းတရားကို အားထုတ်လျက် တောတောင်သစ်ပင်ရင်းစသော ဆိတ်ငြိမ်ရာအရပ်သို့ ကပ်သောအခါ “ချမ်းသာစွ-ချမ်းသာစွ”ဟူသော ဥဒါန်းကို မပြတ်ဆိုလေ့ပြု၏။

တနေ့သောအခါ သံဃာတော်တို့ကြား၍ ဘုရားသခင်အား လျှောက်လေသော် ဘဒ္ဒိယကို ခေါ်တော်မူ၍ “ချစ်သား ဘဒ္ဒိယ... တောဖျားတောင်ချောက် သစ်ပင်အောက်သို့ ရောက်တိုင်းရောက်တိုင်းပင် သင်-ဥဒါန်းကျူး၏ဟူသည် မှန်သလော”ဟု မေးတော်မူ၏။ မှန်ပါကြောင်းကို လျှောက်လျှင် “သင်-ဘယ်သို့သော အကျိုးဆက်ကိုမြင်၍ ရွှင်ရွှင်လန်းလန်း ချမ်းသာစွဟူသော စကားကို ဆိုသနည်း”ဟု မေးတော်မူ၏။ ဘဒ္ဒိယကလည်း “အရှင်ဘုရား... အကျွန်ုပ်သည် ရှေး-လူမင်းစည်းစိမ်နှင့် နေသောကာလ အိမ်တွင်း အိမ်ပမှလည်းကောင်း မြို့တွင်းမြို့ပြင်မှလည်းကောင်း အစောင့်အရှောက်ကို များစွာထားလျက် သွားခြင်း, ရပ်ခြင်း, ဥယျာဉ်ဝင်ခြင်း စသည်တို့ကို ပြုသောအခါ လွန်စွာ ထိတ်လန့် တုန်လှုပ်ရပါသည်။ ကြက်သီးဖြိုက်ဖြိုက်

(စာမျက်နှာ-၁၃၀)

ချွေးကြီးအိုက်မျှ ကိုယ်၌ ကြောင့်ကြရပါသည်။ ယခု၌မူကား တယောက်တည်းပင် သွား,လာ,ရပ်,ထိုင်ခြင်းကို ပြုသော်လည်း ကြောက်ရွံ့မှု မရှိပါပြီ၊ ထို့ကြောင့် ဝမ်းမြောက်လှ၍ “အဟော သုခံ”ဟူသော ဥဒါန်းကို မြည်တမ်းမိပါသည်”ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားလည်း-

ယဿဗ္ဘန္တရတော န သန္တိ ကောပါ၊
ဣတိ ဘဝါဘဝဉ္စ ဝီတိဝတ္တော။
တံ ဝိဂတဘယံ သုခီ ဝိဝေကံ၊
အသောကံ နာနုဘောန္တိ ဒေဝါ ဒဿနာယ-

ဟူသော ဥဒါန်းကို ကျူးတော်မူ၏။

[အနက်ကား]ယဿ၊ အကြင် အရိယာပုဂ္ဂိုလ်၏။ အဗ္ဗန္တရတော၊ ကိုယ်တွင်း၌။ ကောပါ၊ ငြူစူနှောက်ယှက် အမျက်စောင်းမာန်တို့သည်။ န သန္တိ၊ မရှိကုန်။ ဣတိ ဘဝါဘဝဉ္စ၊ သဿတ, ဥစ္ဆေဒ အစရှိသော မာန်တို့သည်။ န သန္တိ၊ မရှိကုန်။ ဣတိ ဘဝါဘဝဉ္စ၊ သဿတ,ဥစ္ဆေဒ အစရှိသော ဒိဋ္ဌိတရားကိုလည်း။ ဝီတိဝတ္တော၊ လွန်နိုင်၏။ ဝိဂတဘယံ၊ ကင်းပြီးသော ဘေးရှိသော။ သုခီ၊ ချမ်းသာလည်း ရှိထသော။ ဝိဝေကံ၊ ကာယ,စိတ္တ ဝိဝေကလည်း ရှိထသော။ အသောကံ၊ စိုးရိမ်ခြင်းလည်း မရှိထသော။ တံ၊ ထိုရဟန္တာ၏ စိတ်ကို။ ဒေဝါပိ၊ သူ၏စိတ်ကို သိတတ်သော နတ်တို့သည်လည်း။ ဒဿနာယ၊ မြင်ခြင်းငှါ။ နာနုဘောန္တိ၊ မစွမ်းနိုင်ကုန်။

ဤဒေသနာ၏အဆုံး၌ များစွာသော ပရိသတ်တို့သည် အကျွတ်တရားကို မြင်ကုန်သတည်း။

(ဤကား အရှင်ဘဒ္ဒိယ၏ အကြောင်း အတ္ထုပ္ပတ္တိတည်း။)

၃၁။ အရှင်အာနန္ဒာ၏ ရှေးအကြောင်းကို ပြခြင်း

ပဒုမုတ္တရ မြတ်စွာဘုရား

အရှင်အာနန္ဒာ၏ အကြောင်းကား– ဤကမ္ဘာမှ ပြန်၍ရေသော် ကမ္ဘာတသိန်းထက်၌ ပဒုမုတ္တရဘုရား ထင်ရှားဖြစ်တော်မူ၏။ ထိုဘုရားရှင်ကား လူတို့၏ အသက်တသိန်းတမ်း၌ ပွင့်တော်မူသည်။ ဖွားတော်မူရာပြည်ကား ဟံသာဝတီပြည်မည်၏။ ခမည်းတော် အာနန္ဒာ, မယ်တော်ကား သုဇာတာမိဖုရား, ဘုရားလောင်းအမည်ကား ဥတ္တရကုမာရမည်၏။ ငါတို့ဘုရားလောင်းကဲ့သို့ ရွှေနန်းသုံးရပ်ဝယ် နတ်မင်း၏ စည်းစိမ်ကဲ့သို့သော ရွှေနန်းစည်းစိမ်ကို ခံစား၍ အနှစ်သုံးသောင်း ရှိသောအခါ သူအို သူနာ သူသေ ရဟန်းတည်းဟူသော နိမိတ်ကြီးလေးပါးကိုမြင်၍ သံဝေဂဖြစ်သဖြင့် မြောက်သားတော် ဝသုလဒတ္တာဒေဝီတွင် သားတော် ဥတ္တရမင်းသားကို မျက်နှာမြင်သောနေ့၌ တောထွက်တော်မူ၍ ခုနစ်ရက် ဒုက္ကရစရိယာ ကျင့်ပြီးသော် အင်ကြင်းဗောဓိ၌ ဘုရားအဖြစ်သို့ ရောက်တော်မူ၏။ သတ္တသတ္တာဟကိုလွန်၍ ဓမ္မစကြာတရား ဟောခြင်းငှါ ဒေသစာရီ ကြွချီတော်မူသော် ခြေတော်ချတိုင်း, ချတိုင်းသောအရပ်၌ ရထားလှည်းဘီး ပမာဏရှိသော ပဒုမာကြာပွင့်သည် မြေမှ ထွက်၍,ထွက်၍ ခံလာ၏။ ထိုသို့ ခံလာသည်ကိုစွဲ၍ ပဒုမုတ္တရဟူသော အမည်တော်သည် ဖြစ်၏။ ထိုဘုရားရှင်၏ လက်ယာရံ အဂ္ဂသဝကကား ဒေဝလထေရ်မည်၏။ လက်ဝဲရံကား သုဇာတထေရ်မည်၏။ တပည့်မိန်းမအစုံကား အမိတာထေရီ, အသမာထေရီ မည်၏၊ အလုပ်အကျွေးကား သုမနထေရ်မည်၏။

(စာမျက်နှာ-၁၃၁)

မြတ်စွာဘုရားအား ပြုစုလုပ်ကျွေးခွင့်

တရံသောအခါ မြတ်စွာဘုရားသည် ခမည်းတော်အားလည်းကောင်း ဆွေတော်မျိုးတော်တို့အားလည်းကောင်း တရားအမြိုက်ဆေး တိုက်ကျွေးချီးမြှောက်ခြင်းငှါ သံဃာတသိန်းခြံရံလျက် ဟံသာဝတီပြည်သို့ ကြွလာ၍ သီတင်းသုံးနေတော်မူ၏။

ထိုဘုရား၏ ညီတော်အငယ်ဖြစ်သော သုမနမင်းသားကို ခမည်းတော် အာနန္ဒာမင်းကြီးသည် ဟံသာဝတီပြည်မှ ယူဇနာ တရာ့နှစ်ဆယ်ကွာသောအရပ် တိုင်းကျပ်မြို့ငယ်၌ မြို့စားပေး၍ မင်းပြုရသတည်း။ ထိုသုမနမင်းသားသည် နောင်တော် ဘုရားရှင်အားလည်းကောင်း ခမည်းတော် မင်းကြီးအားလည်းကောင်း ဖူးမြင်ခြင်းငှါ ရံခါရံခါ ဟံသာဝတီပြည်သို့ လာရောက်စမြဲတည်း။ တရံသောအခါ မင်းကြီးနိုင်ငံ၌ ပစ္စန္တရစ်အရပ်သည် မငြိမ်မဝပ်ဖြစ်၍ သားတော် သုမနမင်းသားကို “သင်သွား၍ ငြိမ်ဝပ်အောင် ပြုချေ”ဟု စေလိုက်၏။ မင်းသားလည်း စစ်အင်္ဂါလေးပါးနှင့်တကွ သွား၍ ရန်သူတို့ကို ငြိမ်ဝပ်စေပြီးသော် ခမည်းတော်အထံသို့ တမန်စေလွှတ်၍ ငြိမ်ဝပ်ပါကြောင်းကို လျှောက်လိုက်၏။

မင်းကြီးလည်း အလွန် ဝမ်းသာစိတ်ရှိရကား “သားတော်ကို အမြန်ခေါ်ချေ”ဟု စေလိုက်၏။ အမတ်တို့လည်း မင်းသားအား လျှောက်ကြား ခေါ်ဆောင်ခဲ့၍ ခရီးအကြားသို့ ရောက်သောကာလ မင်းသားက ဤသို့တိုင်ပင်၏။ “ခမည်းတော်သည် ငါ့အား နှစ်သက်စုံမက် မြတ်လေး၍ ဆုပေးခဲ့သော် အဘယ်ဆုကို ယူ၍ကောင်းမည်နည်း”ဟု တိုင်ပင်၏။

ထိုအခါ အချို့အမတ်တို့ကလည်း ဆင်ရတနာကို ယူပါ၊ မြင်းရတနာကို ယူပါ၊ မြို့ရွာကိုယူပါ စသည်ဖြင့် ဆိုကြကုန်၏။ လိမ္မာသော အမတ်တဦးကမူ “အရှင့်သားတို့၌ ရတနာခုနစ်ပါးတွင် အဘယ်ရတနာမျှ ရခဲသည်မရှိပြီ၊ ဤလောကီရတနာဖြင့် အဘယ်မူ စံအံ့နည်း၊ လောကုတ္တရာ ရတနာကိုသာ ရခဲပါသည်၊ ထို့ကြောင့် ခမည်းတော် ဆုပေးခဲ့သော် နောင်တော် မြတ်စွာဘုရားအား ကိုးကွယ်ရမည့် ဆုကိုသာ ယူပါ”ဟု ဆို၏။

သုမနမင်းသားလည်း “ဤဆုကား ကောင်းလှပြီ၊ ဤအမှုကိုသာ ငါလည်း နှစ်သက်သည်”ဟု ဆို၍ လာခဲ့ကြသဖြင့် ဖခင်မင်းကြီးအထံသို့ ရောက်လျှင် ရှေ့တော်တွင် ရှိခိုး၍နေ၏။ မင်းကြီးလည်း သားတော်မြင်လျှင် ရာဇပလ္လင်မှသက်၍ ဖက်ယမ်းနမ်းရှုပ်လျက် ရင်ခွင်ထက်ဝယ် နေစေပြီးသော် “သားတော် လိုသမျှဆုကို ငါပေးမည်၊ ယူလော့”ဟု ဆိုပေ၏။ မင်းသားလည်း “ဆင်,မြင်း,ရထား, မြို့,ရွာ,ရွှေငွေကို အကျွန်ုပ်မလိုပါ၊ နောင်တော်ဘုရားကိုသာ အသက်ထက်ဆုံး လုပ်ကျွေးပါရစေ”ဟု ခွင့်တောင်း၏။ ခမည်းတော်ကလည်း “ချစ်သား- ဤဆုကိုကား ငါမပေးနိုင်၊ တပါးဆုကိုသာ ယူလော့”ဟု ဆိုပေ၏။ မင်းသားကလည်း “ခမည်းတော်- မင်းတို့မည်သည်ကား နှစ်ခုသောစကားကို ဆိုမြဲမဟုတ်ပါ၊ အကျွန်ုပ်လည်း ဤဆုကိုသာ လိုပါသည်”ဟု လျှောက်သော် ခမည်းတော်က “ချစ်သား.. ဤဆုကိုသာ လိုတပြီးကား ဝါတွင်းသုံးလမျှ ကိုးကွယ်လော့”ဟု ဆို၏။

အရှင် သုမနထေရ်

ထိုသို့ အခွင့်ရလျှင် သုမနမင်းသားကလည်း “နောင်တော်ဘုရား အလိုရှိမှလည်း ဖြစ်ပါမည်။ အလိုတော် ရှိ-မရှိ သိရအောင် စုံစမ်းပါဦးအံ့”ဟု လျှောက်ကြား၍ ဘုရားကျောင်းတော်သို့

(စာမျက်နှာ-၁၃၂)

သွားလေ၏။ ထိုအခါ မြတ်စွာဘုရားလည်း ဆွမ်းစားခြင်းကိစ္စပြီးလတ်၍ ဂန္ဓကုဋိတိုက်တွင်းသို့ဝင်၍ သီတင်းသုံးတော်မူသဖြင့် တရားရုံအပြင်၌ သံဃာတော် စည်းဝေးနေသည်ကိုသာ တွေ့၏။ မင်းသားလည်း သံဃာတော်တို့ထံကပ်၍ “မြတ်စွာဘုရားကို ယခုဖူးမြင်လိုပါသည်၊ ဖူးမြင်ရအောင် မ-စ-တော်မူပါ”ဟု လျှောက်လျှင် သံဃာတော်တို့ကလည်း “မင်းသား.. ငါတို့ကား မလျှောက်ကြားဝံ့ချေ၊ ငံ့လင့်၍သာ နေဦးလော့”ဟု ဆိုကြ၏။ မင်းသားကလည်း “အရှင်ဘုရားတို့ မစွမ်းနိုင်လျှင် အဘယ်အရှင် စွမ်းနိုင်သနည်း”ဟု လျှောက်၏။ “အလုပ်အကျွေးဖြစ်သော သုမနထေရ်သာ ဤအရာကို စွမ်းနိုင်သည်”ဟု ဆိုလျှင် “ထိုအရှင်သည် အဘယ်တွင် ရှိပါသနည်း”ဟု မေး၍ သုမနထေရ်ထံ ကပ်ပြီးသော် “ဒကာတော်သည် ယခုပင် ဘုရားရှင်ကို ဖူးမြင်လိုပါသည်။ အရှင်ဘုရား မ-စ-တော်မူပါ”ဟု လျှောက်လျှင် အရှင်သုမနလည်း “ကောင်းပြီ”ဟု ဝန်ခံ၍ မြင်စဉ်ပင်လျှင် မြေအပြင်ကို ငုပ်လျှိုး၍သွားသဖြင့် ဘုရားစံရာ ဂန္ဓကုဋိသို့ဝင်လျက် “အရှင်ဘုရား.. ညီတော်သုမန မင်းသားသည် ဘုရားသခင်ကို ယခုအလျင် ဖူးမြင်လို၍ ရောက်ပါသည်”ဟု လျှောက်ထား၏။ ဘုရားသခင်ကလည်း “ဖူးမြင်လိုသော် နေရာတော်ကို ခင်းဘိလော့”ဟု မိန့်တော်မူလိုက်၏။

ထိုအရှင် သုမနလည်း ဘုရားရှင်၏ နေရာတော်ကိုဆောင်လျက် မြေကိုငုပ်လျှိုး၍ လာပြီးသော် သံဃာတော်တို့ ညီမူရာအပြင်၌ ခင်းထား၍ မင်းသားအား ဘုရားကြွလာလတ္တံ့သော အကြောင်းကို ကြား၏။ မင်းသားလည်း ထိုသုမနထေရ်၏ တန်ခိုးဣဒ္ဓိပါဒ်ကိုမြင်လျှင် “ဤအရှင်ကား ကြီးမားသော တန်ခိုးအာနုဘော် ရှိပေစွ၊ ဤအရှင်ကဲ့သို့ နောင်ဘုရားတို့အထံတွင် ဖြစ်ရမူကား ကောင်း၏”ဟူသော အကြံသည် ဖြစ်၏။

ဘုရားသခင်လည်း ဂန္ဓကုဋိတိုက်မှ ထွက်တော်မူ၍ ခင်းအပ်သောနေရာ၌ စံပယ်တော်မူလာသော် ညီတော် သုမနမင်းသားလည်း ညွတ်တွားရိုကျိုး ရှိခိုးခယလျက် ဘုရားခြေတော်ရင်းသို့ကပ်၍ လျောက်ပတ်သောစကားကို လျှောက်ကြား ဟောပြောပြီးသော် “နောင်တော်ဘုရား.. ကိုယ်တော်မြတ်သည် ဂန္ဓကုဋိတိုက်တွင်း၌ သီတင်းသုံးနေတော်မူသည်ကို ဖူးမြင်ရအောင် မ-စပါဟု သံဃာတော်တို့အား ခွင့်တောင်းပါလျက်လည်း ဘယ်အရှင်မှ မလျှောက်ဝံ့ကြ။ ဤအရှင် သုမနသာ အရှင်ဘုရားကို ဖူးမြင်ရအောင် စွမ်းနိုင်ပေသည်၊ ကိုယ်တော်မြတ်၏သာသနာ၌ ဤအရှင်သည် အလွန်အကျွမ်းဝင်ပေသည်”ဟု လျှောက်၏။

ဘုရားအလုပ်အကျွေးဖြစ်ရန် ကောင်းမှုကံ

ဘုရားသခင်လည်း “ဤသုမနကား ငါဘုရားအား လုပ်ကျွေးသူဖြစ်၍ လေးပါးသောဆုကို ပေးသနားသဖြင့် ခွင့်ရကျွမ်းဝင်ရှိသည်”ဟု မိန့်တော်မူ၏။ မင်းသားကလည်း “အဘယ်ကောင်းမှုကို ပြုသဖြင့် နောင်ဘုရားတို့၏ အထံတွင် ဤအရှင်ကဲ့သို့ အကျွမ်းတဝင် ဖြစ်ရအံ့နည်း”ဟု လျှောက်ပြန်သော် “ညီတော်သုမန.. ဘုရားအမှူးရှိသော သံဃာတော်တို့၏ ကံကိစ္စကို ရိုသေစွာ ဆောင်ရွက်သဖြင့်လည်းကောင်း၊ အလှူပေးခြင်း သီလဆောက်တည်ခြင်းကို ပြုသဖြင့်လည်းကောင်း ဖြစ်ရာ၏”ဟု မိန့်တော်မူ၏။

ထိုသို့ မိန့်တော်မူလျှင် “အရှင်ဘုရား... အကျွန်ုပ်အား နောင်ဘုရားတို့အထံတွင် ဤအရှင်ကဲ့သို့ ဖြစ်ပါရအောင် မ-စချီးမြှောက်သောအားဖြင့် နက်ဖန် တပည့်တော်အလှူကို ခံတော်မူပါ”ဟု

(စာမျက်နှာ-၁၃၃)

ပင့်ဖိတ်၍ နေရာသို့ပြန်ပြီးသော် သံဃာတော်တို့အား လုပ်ကျွေးလှူဒါန်းရန်ကို စီမံပြုပြင်၏။ ဘုရားသခင်လည်း နံနက်သောအခါ သံဃာတသိန်းနှင့်တကွကြွ၍ ဆွမ်းဘုဉ်းပေးတော်မူ၏။

ဤသို့သောနည်းအားဖြင့် ခုနစ်ရက်ပတ်လုံး လှူဒါန်းလုပ်ကျွေးလျက် ခုနှစ်ရက်မြောက်လတ်သော် ညီတော်မင်းသားသည် ဘုရားခြေရင်း၌ ရိုသေစွာရှိခိုးလျက် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.... အကျွန်ုပ်သည် ခမည်းတော်ထံ တောင်းပန်ခယ၍ ဝါတွင်းသုံးလမျှ အရှင်မြတ်ကို ကိုးကွယ်ခွင့် ရပါသည်။ ဤသုံးလကြွတော်မူ၍ အကျွန်ုပ်၏အလှူကို ခံတော်မူပါ”ဟု လျှောက်၏။ ဘုရားသခင်လည်း ရှေးရှေးသော နောင်တော်ဘုရားတို့၏ ကျင့်စဉ်ကိုမျှော်၍ သည်းခံတော်မူ၏။

ထိုသို့ ဆိတ်ဆိတ်နေသဖြင့် အခွင့်ပေးကြောင်းကိုသိလျှင် “အရှင်ဘုရား.. အကျွန်ုပ်ကား စားသောမြို့ရွာသို့ ပြန်၍ ကျောင်းအာရာမ် ပြုလုပ်ပါတော့မည်၊ ပြီးစီး၍ ပင့်လျှောက်လာသောအခါ သံဃာတသိန်းနှင့်တကွ ကြွတော်မူပါ”ဟု လျှောက်ထား၍ ပြန်ခဲ့ပြီးလျှင် ဖခင်မင်းကြီးအား ဘုရားသခင် ခွင့်ပေးတော်မူကြောင်းကို လျှောက်၍ ပူဇော်ကန်တော့ပြီးလျှင် ခရီးစဉ်အတိုင်း ပြန်လာ၍ တယူဇနာလျှင် ကျောင်းတဆောင်ကျစီ ဆောက်စေ၏။ ခရီးလမ်းကိုလည်း ကောင်းမွန်စွာ ညီညွတ်စေလျက် တံခွန်,ကုက္ကားတို့ဖြင့် စိုက်ထား ခင်းကျင်းစေ၏။ နေရာမြို့သို့ ရောက်သောကာလ သောဏအမည်ရှိသော သဌေး၏ဥယျာဉ်ကို အသပြာတသိန်းဖြင့် ဝယ်ပြီးသော် ကမ္မိက လက်ခတသိန်းပေး၍ တသိန်းသောအသပြာဖြင့် သစ်ဖိုး, ကျောက်ဖိုးပြုလျက် ကျောင်းတော်ဆောက်လုပ်၏။ ပြီးစီးသောကာလ ဖခင်မင်းကြီးထံ တမန်စေလွှတ်၍ ဘုရားကြွတော်မူပါမည့် အကြောင်းကို တောင်းပန်စေ၏။

ဘုရားနှင့်သံဃာကို လုပ်ကျွေးပုံ

ဘုရားသခင်လည်း သံဃာတော် တသိန်းနှင့်တကွ ကြွတော်မူ၏၊ မင်းသားလည်း ဘုရားကြွတော်မူလာကြောင်းကို ကြားလျှင် တယူဇနာသောအရပ်က ခရီးဦးကြိုဆို၍ ထိုထိုသို့သော ပူဇော်ဖွယ်ဝတ္ထုတို့ဖြင့် ကပ်လှူပူဇော်လျက် ကျောင်းတော်သို့ ပင့်ဆောင်လာ၏။ ကျောင်းအရာမ်တို့ကို ကပ်လှူပူဇော်ပြီး၍ ဝါဆိုခါနီးလတ်သော် ညီတော် သုမနမင်းသားသည် မိမိသားမယားနှင့်တကွ ကျောင်းတော်သို့လာ၍ သံဃာတော်တို့အား ရှစ်ပါးသော ပရိက္ခရာတို့ကို ကပ်လှူပြီးလျှင် မိမိအမတ်တို့ကိုခေါ်၍ ဤသို့ဆို၏။ “ဘုရားမြတ်စွာသည် ငါတို့ဌာနသို့ ဝေးမင်းလှလျက်ပင် ကြွတော်မူလာပေသည်။ ဘုရားတို့မည်သည်လည်း တရား၌သာ ဂရုပြုသည်။ အာမိသ စသည်၌ ဂရုပြုတော်မမူ၊ ထို့ကြောင့် ငါသည် ဝါတွင်းသုံးလပတ်လုံး ဖန်ရည်စွန်းသော ပုဆိုးကိုဝတ်၍ ဒသသီလကို ဆောက်တည်ပြီးလျှင် ကျောင်းတော်တွင်နေ၍ လုပ်ကျွေးခြင်းကိုပြုအံ့၊ သင်တို့သည် စည်, ကျီ, တိုက်, ကြ၌ ရှိသမျှသော ပစ္စည်းတို့ဖြင့် တသိန်းသောသံဃာကို လုံလောက်စွာ လုပ်ကျွေးဘိလော့”ဟု ဆို၏။

အလုပ်အကျွေး ဆုတောင်းပုံ

ထိုနေ့မှစ၍ အမတ်တို့လည်း စီရင်အပ်သောအတိုင်း လုပ်ကျွေးပြုစုလျက် ဝါကျွတ်သောအခါ တသိန်းသော သံဃာတော်တို့အား အသပြာတထောင် တထောင်စီထိုက်သော တိစီဝရိတ် သင်္ကန်းပရိက္ခရာတို့ကို ကပ်လှူ၏။ လှူပြီးသောကာလမှ ဘုရားခြေရင်းသို့ကပ်၍ ပျပ်ဝပ်ရှိခိုးပြီးလျှင် “အရှင်ဘုရား.. အကျွန်ုပ်သည် ဤမျှလောက်ပြုရသော ကုသိုလ်ကံ၏ အကျိုးအားဖြင့် သိကြား,

(စာမျက်နှာ-၁၃၄)

စတုလောကပါလ, စကြာမင်းတို့၏အဖြစ်ကို အလိုမရှိပါ၊ ကိုယ်တော်မြတ် သာသနာ၌ အလွန် ချစ်ကျွမ်းဝင်သော အရှင်သုမနကဲ့သို့ နောင်ဘုရားရှင်တို့၏ သာသနာ၌ လွန်စွာ ချစ်ကျွမ်းဝင်သော ဘုရားသခင်၏ အလုပ်အကျွေး ဖြစ်ပါစေသော”ဟု လျှောက်၏။

ဘုရားမြတ်စွာလည်း အနာဂတံသဉာဏ်ဖြင့် ဧကန် ပြည့်စုံလတ္တံ့သည်ကို မြင်သော် “ညီတော်သုမန... ငါဘုရားနောက် ကပ်တသိန်းမြောက်၍ ဘဒ္ဒကမ္ဘာ ပေါ်သောအခါ သာကီဝင်မျိုးမှ ဂေါတမအမည်ရှိသော မြတ်စွာဘုရား ပွင့်တော်မူလိမ့်မည်၊ ထိုအခါ သင်သည် မဟာဆွေတော်ဖြစ်သော အမိတောဒနမင်း၏ သားဖြစ်၍ ထင်ရှားကျော်စောစွာ အာနန္ဒာဟူသော အမည်ကိုရလျက် အရှင်သုမနကဲ့သို့ ဗုဒ္ဓဝလ္လဘ ဘုရားအလုပ်အကျွေး ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား ကြားတော်မူ၏။

သုမနမင်းသားလည်း ထိုဗျာဒိတ်စကားကို ကြားလျှင် “ဘုရားရှင်တို့၏ စကားမည်သည် ယွင်းပါး တိမ်းယိမ်းခြင်းမရှိ၊ စင်စစ်လျှင် ငါဖြစ်ရတော့မည်”ဟု ရွှင်ကြည်စိတ်သန်လျက် ယနေ့ နက်ဖြန်ပင် အရှင်ဂေါတမဘုရား၏ သင်္ကန်း, သပိတ် ပရိက္ခရာတို့ကိုလွယ်လျက် နောက်တော်က လိုက်ရအံ့သကဲ့သို့ ထင်၏။ ထိုပဒုမုတ္တရဘုရား ပွင့်သောအခါ ငါတို့ဘုရားလောင်းသည် ဇဋိလရသေ့ဖြစ်၍ နိယတဗျာဒိတ်ကို ခံရ၏။ သုမနမင်းသားလည်း ဗျာဒိတ်ရသည်မှစ၍ ဒါန သီလ ဘာဝနာကို လွန်စွာအားထုတ်လျက် ဂေါတမဘုရားလောင်းဖြစ်သော ဇဋိလရသေ့အားလည်း များစွာချီးမြှောက်လျှက် အသက်အတိုင်းတည်၍ စုတေလေသော် တုသိတာနတ်ပြည်၌ ဖြစ်၏။ ထိုမှသည် လူ့ပြည်သို့လာ၍ စကြာမင်းအဖြစ် အကြိမ်တထောင်, နတ်မင်းအဖြစ် အကြိမ်တထောင်, ဗြဟ္မာမင်းအဖြစ် အကြိမ်သုံးဆယ်, ပဒေသရာဇ် ဧကရာဇ်မင်းအဖြစ် မရေမတွက်နိုင် ဖြစ်၏။

နောက်ထပ် ကုသိုလ်များပြုပုံ

ဤသို့ လူ့ပြည်နတ်ပြည် လှည့်ကာသာ ကမ္ဘာတသိန်း တပေါင်းတည်းသာ များစွာဖြစ်ရ၍ ကဿပဘုရား ပွင့်တော်မူသောအခါ တဦးသော ပုဏ္ဏားမျိုး၌ဖြစ်၍ ဆွမ်းခံလာသော ရဟန်းတပါးအား သပိတ်ကိုဖွဲ့ခြင်းငှါ ကိုယ်၌ရုံလျက်ပါသော စုလျားပုဆိုးကို ကပ်လှူ၍ ခုနစ်ရက်မြောက်သော နေ့၌ပင် ရွှေအိုးပဒေသာတို့၏ အရှင်ဖြစ်၏။ ထိုဘုရားလက်ထက်လည်း အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို အားထုတ်၏။ စုတေသောအခါ နတ်ရွာ၌ နတ်မင်းခုနစ်ကြိမ် ဖြစ်ပြီးသော် လူ့ပြည်သို့လာ၍ ဗာရာဏသီမင်းကြီး ဖြစ်ပြန်၏။ ထိုအခါ ဂန္ဓမာဒနတောင်မှ ကြွလာသော ပစ္စေကဗုဒ္ဓါ ငါးကျိပ် ရှစ်ပါးတို့အား ငါးဆယ့်ရှစ်ဆောင်သော ကျောင်းကန်ကို ဆောက်၍ ပူဇော်၏။

ဖွားဖက်တော်ဖြစ်ရပြီ

ထိုမှသည် တုသိတာနတ်ပြည်၌ ဘုရားလောင်းနှင့် အတူတကွ ဖြစ်ခဲ့ကြ၍ ဘုရားလောင်း ပဋိသန္ဓေနေလာသောအခါ မိမိလည်း အမိတောဒန သာကီဝင်မင်းအိမ်တွင် တချိန်တည်း ဖြစ်လာ၏။ ဖွားမြောက်၍ အရွယ်ရောက်သောကာလ အထက်ကဆိုခဲ့ပြီးသော နည်းအားဖြင့် မင်းသားငါးယောက်တို့နှင့် အတူတကွ ရဟန်းပြုကြသတည်း။

(စာမျက်နှာ-၁၃၅)

၃၂။ အရှင်အာနန္ဒာ မြတ်စွာဘုရားအား အမြဲလုပ်ကျွေးခြင်း

အလုပ်အကျွေး မထေရ်များ

ဘုရားသခင်လည်း ဝါတော်နှစ်ဆယ်တိုင်အောင်ပင် အရှင်အာနန္ဒာအား ဥပဋ္ဌာကအရာ၌ မထားပဲ မမြဲသော လုပ်ကျွေးခြင်းဖြင့်သာ လုပ်ကျွေးစေရ၏။ ရံဖန်ရံခါလည်း နာဂသမာလထေရ် လုပ်ကျွေးသည်။ ရံခါလည်း နာဂိတထေရ် လုပ်ကျွေးသည်၊ ရံဖန်လည်း ဥပဝါနထေရ် လုပ်ကျွေးသည်၊ ရံခါလည်း သုနက္ခတ္တရဟန်း လုပ်ကျွေးသည်၊ ရံဖန်လည်း စုန္ဒသာမဏေ လုပ်ကျွေးသည်။ ရံခါ စုန္ဒထေရ်, ရံဖန်လည်း သာဂတထေရ်, ရံဖန်လည်း ရာဓထေ,ရ် ရံဖန်လည်း မေဃိယထေရ်တို့ လုပ်ကျွေးသတည်း။ ထိုမထေရ်တို့ လစ်လပ်သောအခါသာ ရှင်အာနန္ဒာ လုပ်ကျွေးရ၏။

လစ်လပ်ကြောင်းကား

တရံသောအခါ နာဂသမာလထေရ် အလုပ်အကျွေးပါလျက် ဒေသစာရီ ကြွချီတော်မူလေသော် ခရီးမ၌ လမ်းနှစ်ခွရှိသည်ကို တွေ့လေလျှင် ဘုရားသခင်က လက်ယာလမ်းဖြင့် ကြွတော်မူလိုသည်။ ရှင်နာဂသမာလကလည်း လက်ဝဲလမ်းဖြင့် သွားလို၍ “အကျွန်ုပ် ဤလမ်းသို့ သွားလိုပါသည်”ဟု လျှောက်၏။ ဘုရားသခင်ကလည်း “ဤလမ်းဖြင့် မသွားလင့်”ဟု တားတော်မူ၏။ ထိုသို့ တားသော်လည်း မဆုတ်မနစ်ပဲ သွားခြင်းငှါ ဘုရားရှင်၏ ပရိက္ခရာကို မြေမှာချထားအံ့ဟု အားထုတ်၏။ ထိုကိုမြင်လျှင် ဘုရားသခင်က “ငါ့ထံသို့ ဆောင်ခဲ့”ဟု မိန့်တော်မူ၍ ကိုယ်တိုင်ဆောင်ယူပြီးလျှင် ကြွတော်မူ၏။ ထိုနာဂသမာလထေရ်လည်း လက်ဝဲလမ်းဖြင့်သွားသော် ခရီးအကြားဝယ် ခိုးသားတို့နှင့်တွေ့၍ သပိတ်သင်္ကန်းကို လုယူပြီးလျှင် ထိုအရှင်ကိုလည်း ရိုက်ခတ်၍ ကွဲပြတ်သွေးယို ဖြစ်လေသတည်း။ ထိုနာဂသမာလထေရ်လည်း “ဘုရားရှင်ကို မထောက်မညှာ၍ ငါ-ယခု ကိုးကွယ်ရာမဲ့ ဖြစ်ချေပြီ”ဟု မြည်တမ်းလျက် ဘုရားနောက်တော်သို့ လိုက်လေလျှင် ဘုရားသခင်က “သင်-အသို့ဖြစ်သနည်း”ဟု မေးတော်မူ၍ ခိုးသူနှိပ်စက်ကြောင်းကို လျှောက်လျှင် “ငါ့ရှင် နာဂသမာလ.. ရှေးကပြုသောဝဋ်ရှိမူ မရှောင်လွဲသာ ခံရမြဲဓမ္မတာ ဖြစ်ချေသည်။ ဝေနေယျတို့အား မေတ္တာကိုသာ ပွားလော့”ဟု မိန့်တော်မူ၏။

တရံသောကာလ မေဃိယထေရ် လုပ်ကျွေးပြန်သောအခါ ပါစီနဝံသ မိဂဒါဝုန်တော ဇန္တုမည်သောရွာသို့ ဒေသစာရီ ကြွချီလေသော် ဘုရားရှင်နှင့်တကွ မေဃိယထေရ်သည် ဇန္တုမည်သောရွာ၌ ဆွမ်းခံပြီးသော် ဂင်္ဂါမြစ်နား၌ ကြည်ညိုဖွယ်ရှိသော သရက်တောကိုမြင်၍ “အရှင်ဘုရား.. အကျွန်ုပ်ကား ဤသရက်တော၌နေ၍ ရဟန်းတရားကို အားထုတ်လိုပါသည်။ သပိတ်ပရိက္ခရာကို ယူတော်မူပါ”ဟု အပ်၏။ ဘုရားသခင်လည်း သုံးကြိမ်တိုင်အောင်ပင် တားမြစ်လျက် မဆုတ်မနစ်ပဲ ယုတ်သောအကြံဖြင့် ချန်ရစ်၍ သရက်ဥယျာဉ်သို့ ဝင်၍နေလေ၏။

အလုပ်အကျွေး လိုတော်မူခြင်း

ဘုရားသခင်လည်း အစဉ်သဖြင့် ကြွတော်မူ၍ သာဝတ္ထိပြည်သို့ ရောက်သောအခါ သံဃာတော် အပေါင်းတို့ကို စည်းဝေးစေ၍ ဤသို့ မိန့်တော်မူ၏။ “ချစ်သားရဟန်းတို့.. ယခုအခါ ငါဘုရားသည် အသက်အရွယ်လည်း ကြီးရင့်ပြီ၊ အမြဲလုပ်ကျွေးသော ရဟန်းရှိမှ သင့်တော့မည်၊ ငါ၏

(စာမျက်နှာ-၁၃၆)

သာသနာဝယ် သဒ္ဓါပဗ္ဗဇိတဟု ဝန်ခံလျက် မကျိုးမနွံသော ရဟန်းလည်း ရှိချေသည်။ အချို့သံဃာလည်း ငါနှင့်အတူ သွားအံ့ဟူလျက် အယူပြား၍ ခရီးတပါး သွားလိုသောအခါ ငါဘုရား၏ပရိက္ခရာကို မြေမှာထား၍ သွားကြဘိသည်။ အချို့လည်း ဂရုမမူ မယူငင်ပဲ သွေလွှဲကုန်သည်။ အချို့ကလည်း ငါဘုရားကို ထောက်ထားမညှာ လိုရာဝင်နေကြကုန်သည်၊ အသိန်း,အသန်းမျှသော တပည့်သံဃာရှိပါလျက် သင်္ကန်းသပိတ် ပရိက္ခရာကို ငါကိုယ်တိုင် လွယ်ရချေလျှင် သင်တို့အပေါ် သူတော်ကောင်းတို့ ကဲ့ရဲ့ဖွယ်ဖြစ်ချေသည်။ ထို့ကြောင့် အမြဲလုပ်ကျွေးသောသူကို ငါလိုသည်”ဟု မိန့်တော်မူ၏။ ထိုအမိန့်တော်ကို ကြားလျှင် တပည့်သာဝကတို့သည် ဓမ္မသံဝေဂ အလွန်ဖြစ်၍ ကြက်သီးတပြိုက်ပြိုက် ရှိကုန်၏။

အရှင်သာရိပုတြာတို့ကို ပယ်တော်မူပုံ

ထိုအခါ အရှင်သာရိပုတြာသည် နေရာမှထ၍ ငါးဝသော ရှိခိုးခြင်းဖြင့် ရှိခိုးပြီးသော် ဤသို့ နားတော်လျှောက်၏၊ “ဘုန်းတော် အလွန်ကြီးမြတ်တော်မူသော အရှင်ဘုရား… အကျွန်ုပ်သည် အရှင်ဘုရားတို့ကဲ့သို့သော ပုရိသုတ္တမ အနုတ္တရပုဂ္ဂိုလ်ကို လုပ်ကျွေးလိုသောကြောင့်သာ ကမ္ဘာတသိန်း အလွန်ရှိသော တသင်္ချေ ကာလပတ်လုံး ပါရမီကို ဖြည့်ခဲ့ပါသည်၊ ကိုယ်တော်မြတ်၏ ကျေးဇူးတော်ကိုခံ၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါသည်။ အရှင်မြတ်၏ သာသနာဝယ် အကျွန်ုပ်ကဲ့သို့ ပညာကြီးသော အရာကြီးသောသူ မရှိပါ၊ အကျွန်ုပ်ကဲ့သို့သော တပည့်သာလျှင် မြတ်စွာဘုရားအား လုပ်ကျွေးလိုက်ပါသည်၊ ထို့ကြောင့် အကျွန်ုပ် လုပ်ကျွေးပါအံ့”ဟု နားတော်လျှောက်၏။

ဘုရားသခင်လည်း “ချစ်သား သာရိပုတြာ... သင်သည် အကြင်အရပ် အကြင်နေရာ၌ နေ၏။ ထိုအရပ် ထိုနေရာသည် လေးဖြာသော ပရိသတ်တို့ဖြင့် မဆိတ်ညံ၊ သင်၏ ဆုံးမဩဝါဒသည် ငါဘုရား ဆုံးမဩဝါဒနှင့်တူ၏။ သင် ဟောကြားသော တရားသည် ငါဘုရား ဟောကြားသည်နှင့်တူ၏၊ ထို့ကြောင့် သင်သို့သော အဂ္ဂသာဝကသည် ငါဘုရားအား လုပ်ကျွေးဖွယ်ကိစ္စ မရှိပြီ”ဟု မိန့်တော်မူ၏။

ထို့နောက် အရှင်မောဂ္ဂလာန် လျှောက်ထားပြန်လျှင်လည်း ဤနည်းပင်ဆို၍ ပယ်တော်မူ၏။ ထို့နောက် အနုရုဒ္ဓါ, ဥပါလိ, ဘဒ္ဒိယစသော အသီတိ မဟာသာဝကတို့သည် လုပ်ကျွေးပါမည့်အကြောင်းကို အသီးအသီး လျှောက်ထားကြကုန်၏။ ဘုရားသခင်လည်း အခွင့်မပေးပဲ ပယ်တော်မူသည်သာတည်း။

အရှင်အာနန္ဒာအား အလုပ်အကျွေးခန့်အပ်ခြင်း

ထိုအခါ အရှင်အာနန္ဒာကား ခွင့်မတောင်းပဲ ဆိတ်ဆိတ်သာ နေ၏၊ သံဃာတော်တို့ကလည်း အရှင်အာနန္ဒာကို လုပ်ကျွေးခြင်းငှါ ခွင့်တောင်းပါဟု တိုက်တွန်းကြ၏။ အရှင်အာနန္ဒာကလည်း “ငါ့ရှင်တို့.. တောင်း၍ရသော အရာမည်သည်ကား သူရင်းငှါးကဲ့သို့သာ ဖြစ်သည်၊ ဘုရားသခင်သည် အကျွန်ုပ်ကို မမြင်အံ့လော၊ အကယ်၍ နှစ်သက်တော်မူသည်ဖြစ်အံ့၊ ချစ်သားအာနန္ဒာ... ငါဘုရားကို လုပ်ကျွေးလော့ဟု မိန့်တော်မူလတ္တံ့”ဟု ဆို၍သာ နေ၏။

မြတ်စွာဘုရားကလည်း “ချစ်သားရဟန်းတို့ အာနန္ဒာသည် ငါဘုရားကိုလည်း အလွန်ချစ်ခင်၏။ သူတပါးတို့ထက်လည်း အားထုတ်ခြင်းဝီရိယ လုံ့လနှင့် ပြည့်စုံ၏၊ ဤအာနန္ဒာပင်

(စာမျက်နှာ-၁၃၇)

ကောင်းစွာအခွင့်သိ၍ ငါဘုရားအား လုပ်ကျွေးလတ္တံ့”ဟု မိန့်တော်မူ၏။ ထိုအမိန့်ကိုကြားသော် သံဃာတော်တို့ကလည်း “ငါ့ရှင်အာနန္ဒာ.. မြန်စွာထလော့၊ ဘုရားရှင်၌ အလုပ်အကျွေးအရာကို တောင်းပန်ပါလော့”ဟု ဆိုကုန်၏။

ထိုအခါ အရှင်အာနန္ဒာသည် နေရာမှထ၍ ပဉ္စပတိဋ္ဌိတတို့ဖြင့် ရှိခိုးပြီးသော် “ရွှေဘုန်းတော်ရှင် သခင်ဘုရား... အကျွန်ုပ်အား လေးပါးသောဆုကိုပယ်၍ လေးသွယ်သောဆုကို သနားတော်မူပါမူ မြတ်စွာဘုရားအား လုပ်ကျွေးပါအံ့”ဟု လျှောက်၏။ “သင်ပယ်လိုသော ဆုလေးပါးကား အဘယ်နည်း”ဟု မေးတော်မူလျှင်-

အရှင်အာနန္ဒာပယ်သော ဆုလေးပါး

၁။ “အရှင်ဘုရား... ကိုယ်တော်မြတ်သည် ရအပ်သော မွန်မြတ်သော ဆွမ်း,ကွမ်းပစ္စည်းဖြင့် မချီးမြှောက်ခြင်းလည်း တပါး။
၂။ မွန်မြတ်သော သင်္ကန်းပစ္စည်းဖြင့် မချီးမြှောက်ခြင်းလည်း တပါး၊
၃။ ကိုယ်တော်မြတ် ကျိန်းဝပ်သော ဂန္ဓကုဋိတိုက်သို့ဝင်၍ မအိပ်ရခြင်းလည်း တပါး၊
၄။ ဆွမ်းဖိတ်သော ဒါယကာတို့အိမ်သို့ အမြဲခေါ်၍ ကြွတော်မမူခြင်းလည်း တပါး၊

ဤလေးပါးသောဆုကို ပယ်လိုပါသည်”ဟု လျှောက်၏။

ပယ်ရခြင်းအကြောင်း

“အဘယ်အပြစ်ကိုမြင်၍ သင်-ပယ်လိုသနည်း”ဟု မေးတော်မူလျှင် “အရှင်ဘုရား.. များစွာသော ရှင်,လူ,ရဟန်းတို့သည် ငြူစူခြင်းများ၍ သူတပါး၏ကျေးဇူးမဲ့ကို ဆိုတတ်ပါသည်။ “အရှင်အာနန္ဒာကား ဘုရားချီးမြှောက်တော်မူသော ဆွမ်းသင်္ကန်းကို ရသောကြောင့်သာလည်းကောင်း, ဘုရားနှင့်အတူတကွ တခန်းတနေရာတည်း အိပ်ရသောကြောင့်သာလည်းကောင်း, ဒါယကာတို့ ပင့်ဖိတ်ရာသို့ အတူမကွာ ပါရသောကြောင့်သာလည်းကောင်း လုပ်ကျွေးပြုစုရသည်။ ငါတို့ကို ဤကဲ့သို့ မချီးမြှောက်၍ လုပ်ကျွေးဖွယ် မရှိ”ဟု ဆိုဘိရာ၏၊ ထို့ကြောင့် ဤဆုလေးပါးကို အကျွန်ုပ် ပယ်လိုပါသည်”ဟု လျှောက်၏။ “ယူလိုသော ဆုလေးပါးကား အဘယ်နည်း”ဟု မေးတော်မူပြန်လျှင်-

အရှင်အာနန္ဒာယူသော ဆုလေးပါး

၁။ “အရှင်ဘုရား.. အကျွန်ုပ်ဝန်ခံ၍ နိမာန်အပ်သောဆွမ်းကို ခံတော်မူပါသော်လည်းကောင်း-
၂။ အနီးအဝေး မြို့ကျေးရွာက ရောက်လာကုန်လတ်သော ပရိသတ်လေးပါးသည် ဘုရားသခင်ကို ဖူးမြင်လို၍ အကျွန်ုပ်ကိုကပ်သဖြင့် အကျွန်ုပ်လျှောက်လာလျှင် ဖူးမြင်ခွင့် ရပါသော်လည်းကောင်း-
၃။ အကျွန်ုပ်သည် အကြင်အခါ၌ တစုံတခုသောတရား၌ ယုံမှားခြင်းရှိသဖြင့် မြတ်စွာဘုရားထံ ဆည်းကပ်၍ မေးလျှောက်ခြင်းငှါ အလိုရှိ၏၊ ထိုအခါ ဆည်းကပ်ရပါသော်လည်းကောင်း-
(စာမျက်နှာ-၁၃၈)
၄။ ကွယ်ရာ အခြားတပါးဒေသ၌ ဟောတော်မူသမျှသော တရားစကားကို အကျွန်ုပ်အား ပြန်၍ ဟောကြားတော်မူပါသော်လည်းကောင်း-

အကျွန်ုပ် လုပ်ကျွေးပါအံ့၊ ဤလေးပါးသောဆုကို ရလိုပါသည်”ဟု လျှောက်၏။

ဆုလေးပါး ယူရသောအကြောင်း

“အဘယ်သို့သော အကျိုးထူးကိုမြင်၍ လေးအင်သောဆုကို ရလိုသနည်း”ဟု မေးတော်မူပြန်လျှင် “အရှင်ဘုရား.. သဒ္ဓါပသန္နရှိသော အမျိုးသားတို့သည် ဘုရားရှင်ကိုပင့်ရန် အခွင့်မရသောအခါ အကျွန်ုပ်ထံသို့လာ၍ “အရှင်အာနန္ဒာ... မြတ်စွာဘုရားနှင့်တကွ နက်ဖြန် အကျွန်ုပ်တို့အိမ်သို့ကြွ၍ ဆွမ်းသင်္ကန်းအလှူကို ခံတော်မူပါ”ဟု လျှောက်လတ္တံ့။ ထိုအခါ အကျွန်ုပ်တောင်းပန်၍ ခွင့်မရခဲ့သော်လည်းကောင်း, အဝေးမှရောက်လာသော ပရိသတ်တို့သည် ဘုရားသခင်ကို ဖူးမြင်လို၍ အကျွန်ုပ်သို့ ကပ်လာသောကာလ ဖူးမြင်ရအောင် မပြနိုင်သော်လည်းကောင်း, လူအပေါင်းတို့ ဤသို့ ဆိုဖွယ်ရှိပါသည်။ “အရှင်အာနန္ဒာသည် မြတ်စွာဘုရားအား အလွန်လုပ်ကျွေးခ-ယလျှက် ဤမျှသော အခွင့်ကို ဘုရားမ,စတော်မမူပါ၊ ဝဋ်တုံ့ရှိ၍သာ ပြုရှာရသည်”ဟု ဆိုပါလတ္တံ့၊ အကျွန်ုပ်သည် ခက်ခဲသောအရာ၌ သင်္ကာယနရှိ၍ ထိုသံသယကို ကင်းစိမ့်သောငှါ အထံတော်သို့ ကပ်လိုသောခဏ၌ ကပ်ခွင့်မရသော်လည်းကောင်း, တပါးသော သတ္တဝါအား ဟောကြားခဲ့သောတရားကို အကျွန်ုပ်အား ပြန်၍ ဟောကြားတော် မမူသည်ဖြစ်အံ့၊ ကိုယ်တော်မြတ်၏ ကွယ်ရာ၌ အကျွန်ုပ်ထံသို့လာ၍ “အရှင်အာနန္ဒာ.. ဤဒေသနာကား သုတ်လော, ဝိနည်းလော, အဘိဓမ္မာလော, အဘယ်အရပ်၌ အဘယ်ဇာတ် အဘယ်တရားကို ဟောကြားသနည်း” စသည်ဖြင့် မေးလျှောက်သောကာလ မဖြေဆိုနိုင်ရှိပါလိမ့်မည်။ ထိုအခါ “အရှင်အာနန္ဒာသည် မြတ်စွာဘုရားထံ၌ သွားလေရာပါသော အရိပ်ကဲ့သို့ ဖဝါးခြေထပ် ထက်ကြပ်ပါသူဖြစ်လျက် ဘုရားဒေသနာကို ရိုသေစွာ မမှတ်ဘိ၊ သိသင့်လျက်မှ မသိရှာလေ”ဟု သူတထူးတို့ ကဲ့ရဲ့လေရာသည်၊ ထို့ကြောင့် “ဤဆုလေးပါးကို အကျွန်ုပ် ရလိုပါသည်”ဟု လျှောက်လေ၏။

ဘုရားသခင်ကလည်း “သင်အလိုရှိတိုင်းပင် ပေးတော်မူမည်”ဟု ဆုပေး၍ အလုပ်အကျွေး၏အရာ၌ ဌာနန္တရဖြင့် ထားတော်မူ၏။ အရှင်အာနန္ဒာလည်း ဤအလို့ငှါ ကမ္ဘာတသိန်း ကာလပတ်လုံး ဖြည့်ခဲ့သော ပါရမီအကျိုးသည် ပြည့်ဖြိုးစုံညီစွာ ဖြစ်သတည်း။

အရှင်အာနန္ဒာ ပြုစုလုပ်ကျွေးပုံများ

ဤသို့ ဥပဋ္ဌာက အရာဝိသေသကို ရသည်မှစ၍-

နံနက်သောကာလ၌ ဘုရားထတော်မမူမီ ထ၍ ဂန္ဓကုဋိဝဝယ် ဘုရားနေရာကို စင်ကြယ်စွာ တံမြက်လှည်းလျက် အထူ,အလတ် အပါးအားဖြင့် သုံးပါးသော ဒန်ပူကိုလည်းကောင်း ရေအေး, ရေကျက်အားဖြင့် နှစ်ပါးသော မျက်နှာသစ်ရေကိုလည်းကောင်း တည်ထား၍ မိမိကား မျက်နှာသုတ်ပုဆိုးဖြင့် နေလင့်၏။
မျက်နှာတော် သစ်ပြီးမှ ဘုရားနေရာ၌ စံပယ်တော်မူလာသော် ကောင်းစွာ ခြေသုတ်ခြင်းကို ပြု၏။
ထ၍ စင်္ကြံကြွသောအခါ မိမိနေရာသို့လာ၍ ယာဂုကိုစီရင်ပြီးမှ ကပ်၏။
(စာမျက်နှာ-၁၃၉)
ဆွမ်းခံကြွတော်မူလိုသော် ရွာဝတ်သင်းပိုင်ကိုပေးခြင်း, ကျောင်းဝတ်သင်းပိုင်ကို ခေါက်၍ထားခြင်း, နေရာတော်ကို သိမ်းဆည်းခြင်းစသော ကိစ္စကိုပြုပြီးမှ သပိတ်တော်ကိုလွယ်၍ လိုက်၏။
ပြန်လတ်သောအခါ နေရာကို ခင်းလင့်ခြင်း, သင်္ကန်းကို လှမ်းယူခြင်း, ယပ်လေခပ်ခြင်း, ဆွမ်းအဖျော်တို့ကို ကပ်ခြင်းစသော ကိစ္စကို ပြု၏။
ပစ္ဆာဘတ္တတိုင်လျှင် အစဉ်ကျိန်းတော်မူမြဲဖြစ်သော ညောင်စောင်းအင်းပျဉ်ကို ခါလျက် တင့်တယ်စွာ နေရာခင်းထား၏။
မြတ်စွာဘုရား လျောင်းတော်မူလတ်သော် ယပ်လေးခပ်ခြင်း, ခြေဆုပ်ခြင်း စသည်တို့ကို ပြု၏။
ဂန္ဓကုဋိမှ ထတော်မူသော် သုံးတော်ရေ, သောက်တော်ရေ တည်ထားခြင်း, နေရာခင်းခြင်း, တရားဟောပလ္လင် တည်ခြင်း, သံဃာတို့စည်းဝေးရာ နေရာသုတ်သင်ခြင်း စသည်ကို ပြု၏။
ညချမ်းသောကာလ ဒေသစာရီ ချီတော်မူရာမှ ပြန်လေသော် ခြေဆေးတော်မူရန် သုံးဆောင်တော်မူရန် ချိုးတော်မူရန် ရေပူ ရေချမ်းကိုလည်းကောင်း ခြေသုတ်ပုဆိုး ခြွေပွတ်အိုးခြမ်း ရေသနုပ် သင်္ကန်းတို့ကိုလည်းကောင်း ထားလင့်၏။
ရေသပ္ပာယ်တော်မူလျှင် ချေးတွန်းခြင်းစသော ပရိကံကို ပြု၏။
ညဉ့်မိုက်သောအခါ ဆီမီးညှိထွန်းခြင်း, လျောင်းတော်မူသော် ထူသောအရုံ, ပါးသောအရုံဖြင့် လွှမ်းခြင်း, ခြေလက် ဆုပ်နယ်ခြင်း, ယပ်လေခပ်ခြင်း စသည်တို့ကို ပြု၏။

ဤသို့ စသည်ဖြင့် အရာမကသော ဝတ်တို့ကို တနေ့မပြတ် ပြုတော်မူသတည်း။

ဇေတဝန်ကျောင်းတော်သို့ရောက်၍ သာဝကသန္နိပါတကို ပြုသောအခါ မြတ်စွာဘုရားသခင်လည်း အရှင်အာနန္ဒာကို များစွာသော အတ္ထုပ္ပတ္တိဖြင့် ချီးမွမ်းတော်မူ၍ ဓမ္မဘဏ္ဍာဂါရိကအရာ၌ ထားပြီးသော်--

ဧတဒဂ် ၅-တန် ရှင်အာနန်

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဗဟုဿုတာနံ ဘိက္ခူနံ, သတိမန္တာနံ ဘိက္ခူနံ, ဂတိမန္တာနံ ဘိက္ခူနံ, ဓိတိမန္တာနံ ဘိက္ခူနံ, ဥပဋ္ဌာကာနံ ယဒိဒံ အာနန္ဒော-

ဟူ၍ ဧတဒဂ် ထားတော်မူ၏။

[အနက်ကား]ဘိက္ခဝေ၊ တို့။ ဣမသ္မိံ သာသနေ၊ ဤငါဘုရားသာသနာတော်၌။ ဗဟုဿုတာနံ၊ များသော အကြားအမြင် ရှိကုန်သော။ မမ၊ ငါဘုရား၏။ သာဝကာနံ၊ တပည့်ဖြစ်ကုန်သော။ ဘိက္ခူနံ၊ ရဟန်းတို့တွင်။ သတိမန္တာနံ၊ သတိရှိကုန်သော။ ဘိက္ခူနံ၊ ရဟန်းတို့တွင်။ ဂတိမန္တာနံ၊ ပညာရှိကုန်သော။ ဘိက္ခူနံ၊ ရဟန်းတို့တွင်။ ဓိတိမန္တာနံ၊ တည်ကြည်ခြင်း သမာဓိရှိကုန်သော။ ဘိက္ခူနံ၊ တို့တွင်။ ဥပဋ္ဌာကာနံ၊ အလုပ်အကျွေး ဖြစ်ကုန်သော။

(စာမျက်နှာ-၁၄၀)

ဘိက္ခူနံ၊ ရဟန်းတို့တွင်။ ယဒိဒံ-ယော ဧသော အာနန္ဒော၊ အကြင်အာနန္ဒာသည်။ အတ္ထိ၊ ရှိ၏။ ဧတံ-ဧသော အာနန္ဒော၊ ဤအာနန္ဒာမည်ခေါ် ငါ့ညီတော်သည်။ အဂ္ဂံ-အဂ္ဂေါ၊ ကဲလွန်၏။

ဤကိုရည်၍ ပါရမီခန်း၌-

ငါးခါဧတဒဂ်၊ မိန့်မြွက်သံတော်၊ ကောင်းချီးခေါ်သည်၊ ရှင်ကျော်မထေရ်၊ ညီတော်သည်လျှင်-ဟူ၍ စပ်ဆိုတော်မူလေသည်။
ဤကား အရှင်အာနန္ဒာ၏အကြောင်း အတ္ထုပ္ပတ္တိတည်း။

၃၃။ ရှင်ဥပါလိ၏ ရှေးအကြောင်းကို ပြခြင်း

သုဇာတပုဏ္ဏား

အရှင်ဥပါလိ အကြောင်းကား- ဤကမ္ဘာမှ ပြန်၍ရေသော် ကမ္ဘာတသိန်းထက်၌ ပဒုမုတ္တရဘုရား ပွင့်တော်မမူမီကပင် ဟံသာဝတီပြည်တွင် ဘေး,ဘိုး အစဉ်အားဖြင့် စင်ကြယ်သန့်ရှင်းသော သုဇာတ ပုဏ္ဏားသည်ရှိ၏။ ထိုပုဏ္ဏားသည် ကုဋေရှစ်ဆယ် ဥစ္စာကြွယ်၏၊ များစွာသော ဥစ္စာစပါးလည်းရှိ၏၊ လက္ခဏာကျမ်း ဣတိဟာသကျမ်းနှင့် တကွသော ဗေဒင်သုံးပုံ အလုံးစုံကိုလည်း အာဂုံရွက်ဆောင်၏။ ထိုသို့ အမျိုး, ဥစ္စာ, ပညာကြီးမြတ်သော ဂုဏ်ကြောင့် ဤပြည်၌ရှိကုန်သော ပရိဗိုဇ်ရဟန်း, ဦးစွန်းတခုရှိသော တက္ကတွန်း, ဂေါတမအနွယ်ဖြစ်သော တက္ကတွန်း, ဗုဒ္ဓသာဝက အမည်ရသော တက္ကတွန်း, ရသေ့အယောင်ဆောင်သော တက္ကတွန်း, သူလျှို, ထိုထိုသော ရသေ့အရည်းတို့သည် ညွတ်ကျိုးဦးနှိမ်ကာ ခြံရံပူဇော်လာရကုန်၏။ ထိုသို့ အပူဇော်ကိုခံရလျက် ဇာတိမာန်, ဂုဏမာန်, ပညာမာန်တို့ဖြင့်ယစ်၍ ဘုရားမဖြစ်မီကပင် နေလင့်၏။

သုနန္ဒာရသေ့

တရံသောအခါ ထိုသုဇာတပုဏ္ဏားသည် သားမယားတို့အား စည်းစိမ်ဥစ္စာ ရတနာရွှေငွေတို့ကို အပ်နှင်းခဲ့၍ တောအရပ်သို့ ကပ်ပြီးသော် ရသေ့ရဟန်းပြု၍ ကမ္မဋ္ဌာန်းကို စီးဖြန်းသဖြင့် လောကီဈာန် အဘိညာဉ်တို့ကို ရ၏။ ထိုအခါ သုနန္ဒာရသေ့ဟု တွင်၏။

ရသေ့ပြု၍ မမြင့်မီ ဟံသာဝတီပြည်ဝယ် ပဒုမုတ္တရဘုရား ထင်ရှားဖြစ်တော်မူသဖြင့် ခမည်းတော်အား တရားရသ တိုက်ကျွေးခြင်းငှါ သံဃာတသိန်းနှင့်တကွ ကြွတော်မူလာ၍ ဥယျာဉ်၌ ထက်ဝန်းကျင် တယူဇနာမျှလောက်သော ပရိသတ်တို့အား တရားဟောပြလျက် နေတော်မူ၏။

ထိုခဏ၌ သုနန္ဒာရသေ့သည် ချဉ်,ဆားမှီဝဲအံ့သောငှါ ဟိမဝန္တာမှ ဟံသာဝတီပြည်သို့ ကြွလာသည်နှင့် တင့်တယ်စွာ နေတော်မူသော ဘုရားရှင်ကိုမြင်လျှင် ကြည်လင်မြတ်နိုးလျက် ရှိခိုးပူဇော်၏။ ထိုသို့ ပူဇော်ပြီးလျှင် “ဘုရားရှင် သီတင်းသုံးတော်မူသော ဤနေရာကား အမိုးအကာလည်းမရှိ၊ လွင်တီးခေါင်အတိသာ ဖြစ်ချေသည်၊ ပန်းနေရာဖြင့် ငါပူဇော်အံ့”ဟု ကြံမိ၍ ဟိမဝန္တာ၌ ပန်းနံ့သာတို့ကို လျင်စွာဆောင်ပြီးလျှင် အဘိညာဉ်တန်ခိုးဖြင့် ပန်းမိုးမဏ္ဍပ်ကို ဖန်ဆင်းပေ၏။

(စာမျက်နှာ-၁၄၁)

ဘုရားသခင်လည်း ဤမဏ္ဍပ်အတွင်း၌ သီတင်းသုံးနေလျက် ခုနစ်ရက်ပတ်လုံး တရားဟောတော်မူသဖြင့် ကုဋေတသိန်းမျှလောက်သော သူတို့သည် အကျွတ်တရားကို ရကုန်၏။ ရှစ်ရက်မြောက်သောအခါ မြတ်စွာဘုရားလည်း သဗ္ဗပါဌိကမည်သော ရဟန္တာတဦးအား တရားဆုံးဖြတ်သောအရာ, ဝိနည်းကိုဆောင်ရွက်သောအရာ၌ သံဃာတသိန်းတို့ထက် ကဲလွန်၍ ဧတဒဂ် ထားတော်မူ၏။

ဗျာဒိတ်ခံရခြင်း

ထိုသို့ ထားသည်ကိုမြင်လျှင် ဤအရှင်ကဲ့သို့ ဖြစ်ချင်သော ဆန္ဒရှိရကား ဘုရားရှင်ထံသို့ကပ်၍ “အကျွန်ုပ် ယခုပြုအပ်သော ကုသိုလ်ကံကြောင့် နောင်ဘုရားတို့၏ သာသနာဝယ် ဤသဗ္ဗပါဌိက ရဟန်းကဲ့သို့ ဝိနယဓရအရာ၌ ဧတဒဂ်ရသည်သာ ဖြစ်ရပါလိုသော”ဟု ဆုတောင်း၏။ ဘုရားသခင်လည်း ပြည့်စုံလတ္တံ့သော အကြောင်းကိုမြင်၍ “သင်ရသေ့ ဤကမ္ဘာမှနောက် တသိန်းမြောက်ကျသော ဘဒ္ဒကမ္ဘာ၌ ဂေါတမဘုရား ပွင့်တော်မူသောအခါ ဥပါလိအမည်ရသော ဓမ္မဒါယာဒ, ဝိနယဓရ, သာသနာနုဂ္ဂဟ ပဉ္စမသာဝကကြီး ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား ကြားတော်မူ၏။

ကျောင်းနှင့်အာရာမ်လှူခြင်း

ထိုအခါ သုနန္ဒာရသေ့လည်း ဤသို့ ကြံပြန်၏။ “ငါလူဖြစ်သောအခါက ကောင်းစွာ သိမ်းဆည်းစုထားခဲ့သော ရွှေငွေ ဥစ္စာကား အလွန်များစွာ ရှိ၏၊ ထိုဥစ္စာကို အကျိုးရှိရာ၌တည်အောင် ဘုရားရှင်၏နေရာ ကျောင်းအာရာမ်ကို ပြုစေအံ့”ဟု ကြံ၍ သားမယားဖြစ်ဖူးသော သူတို့ထံ သွားပြီးသော် နှိုးဆော်ကြပ်မလျက် ဟံသာဝတီပြည်မှ အရှေ့ ကုပ်လုပ်လေးတာ ငါးရာခန့်ကွာသောအရပ်၌ သောဘနမည်သော ဥယျာဉ်ကို အသပြာတသိန်းဖြင့်ဝယ်လျက် လက်ခကံကျွေး အသပြာတသိန်းပေးသဖြင့် တင့်တယ်ကောင်းမွန်စွာ ကျောင်းနေရာကို ပြုလုပ်၏။ ထိုကျောင်းကား များစွာသော စုလစ်မွန်းချွန်, ပြာသာဒ်ဝန်း, ပြာသာဒ်တို, ထိုထိုသို့သော မုခ်ထွတ်တို့ဖြင့်လည်းကောင်း၊ သံဃာတို့ စည်းဝေးရာမဏ္ဍပ်, ပြာသာဒ် ဦးပြည်းတို့ဖြင့်လည်းကောင်း၊ သစ်လိုဏ်, အုတ်လိုဏ်, ကျောက်လိုဏ်အားဖြင့် သုံးပါးသောလိုဏ်၊ ရပ်,ထိုင်,သွားလာရန် စင်္ကြံကြီးငယ်တို့ဖြင့်လည်းကောင်း၊ ဇရုံးအိမ်, ရေချိုးအိမ်, မီးတင်းကုပ် စသည်တို့ဖြင့်လည်းကောင်း တင့်တယ်ပြည့်စုံစွာ ခြံရံအပ်၏။ ကျောင်း၏ အသုံးအဆောင်ဖြစ်သော ညောင်စောင်း, အင်းပျဉ်, ခုတင်, ဘုံလျှို ထိုထိုသော အသုံးအဆောင်တို့ကိုလည်း ကောင်းစွာ ထားပေ၏။ သံဃာတော်တို့အား တစုံတခုသော ဘေးအန္တရာယ်မျှ မတွယ်မငြိစေခြင်းငှါ ရှစ်မျက်နှာသောအရပ်မှ ဝန်းပတ်ခြံရံလျက် တံတိုင်း, မီးတားတို့ကိုလည်း ပြုပြင်ပေ၏။ သစ်သီးအာရာမ်, ပန်းအာရာမ်, ရေကန်,ရေတွင်း စသည်တို့ကိုလည်း စိုက်လုပ်ပြုပြင်ပေ၏။

ဆုတောင်းပတ္ထနာ

ဤသို့ တင့်တယ်ဆန်းကြယ် ပြည့်စုံသော ကျောင်းအာရာမ်ကို ဖန်ဆင်းပြုလုပ်ပြီးလျှင် ဘုရားသခင်အမှူးရှိသော သံဃာတော်တို့အား လျှောက်ကြား ပင့်ဆောင်၍ ဆွမ်းဘောဇဉ်တို့ဖြင့် လုပ်ကျွေးပြီးသော် ပူဇော်လှူဒါန်း၍ မိမိရည်မှန်းသောဆုကို ပတ္ထနာခြင်းငှါ-

(စာမျက်နှာ-၁၄၂)
ကီတော သတသဟဿေန၊ တတ္တကေနေဝ ကာရိတော။
သောဘနေ နာမ အာရာမော၊ သမ္ပဋိစ္ဆ တုဝံ မုနိ။
ဣမိနာရာမဒါနေန၊ စေတနာပဏိဓီဟိ စ။
ဘဝေ နိဗ္ဗတ္တမာနောဟံ၊ လဘာမိ မမ ပတ္ထိတံ-

ဟူသော ဂါထာဖြင့် လျှောက်၏။

[အနက်ကား]မုနိ၊ မောနေယျ ပဋိပတ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ အဟံ၊ အကျွန်ုပ်သည်။ သတသဟဿေန၊ တသိန်းသော အသပြာဖြင့်။ သောဘနေ နာမ အာရာမော၊ သောဘနမည်တွင် ဥယျာဉ်ကို။ ကီတော၊ ဝယ်ရပါ၏။ တတ္တကေနေဝ၊ ထိုမျှလောက်သော သိန်းအသပြာဖြင့်လျှင်။ ဝိဟာရော၊ ကျောင်းကို။ ကာရိတော၊ ဆောက်လုပ် ပြုပြင်ရပါ၏။ တံ၊ ထိုအလုံးစုံသော ကျောင်းအာရာမ်ကို။ တဝ၊ အရှင်ဘုရားအား။ နိယျာတေမ၊ ဆောင်နှင်းပါကုန်၏။ တုဝံ၊ အရှင်ဘုရားသည်။ သမ္ပဋိစ္ဆ၊ ခံတော်မူပါလော့။

အဟံ၊ သည်။ ဣမိနာရာမဒါနေန၊ ဤကျောင်းအာရာမ် လှူရသော ဒါနကြောင့်လည်းကောင်း။ စေတနာပဏိဓီဟိ စ၊ ဆုတောင်းပတ္ထနာ စေတနာတို့ကြောင့်လည်းကောင်း။ ဘဝေ၊ ယုတ်,မြတ်,ကြီး,ငယ် အသွယ်သွယ် ဘဝသံသာရ၌။ နိဗ္ဗတ္တမာနော၊ ဖြစ်သည်ရှိသော်။ မမ၊ အကျွန်ုပ်၏။ ပတ္ထိတံ၊ တောင့်တအပ်သော ဆုကို။ လဘာမိ၊ ရပါလို၏။

ရရှိမည့်ဆုများ

ဤသို့ ဆုတောင်းပတ္ထနာ၍ လှူသောအခါ မြတ်စွာဘုရားလည်း ဖြစ်လတ္တံ့သော ဘဝ, ရလတ္တံ့သော အကျိုးဆက်ကို ပြက်ပြက်ကုန်စင် သိမြင်တတ်သော အနာဂတံသ ဉာဏ်စက္ခုဖြင့် ရှုတော်မူ၍ အစဉ်အတိုင်းမြင်လျှင် ထက်ဝန်းကျင်သော ပရိသတ်တို့အား သဒ္ဓါပသန္နပွား၍ ထင်ရှားသိစေခြင်းငှါ-

ယော သော ဗုဒ္ဓဿ ပါဒါသိ၊ သံဃာရာမံ သုမာပိတံ။
တမဟံ ကိတ္တယိဿာမိ၊ သုဏာထ မမ ဘာသတော။
ဟတ္ထီ အဿာ ရထာ ပတ္တီ၊ သေနာ စ စတုရင်္ဂိနီ။
ပရိဝါရေဿန္တိမံ နိစ္စံ၊ သံဃာရာမဿိဒံ ဖလံ။

(လ)

သဗ္ဗမေတ အဘိညာယ၊ ဂေါတမော သကျပုင်္ဂဝေါ။
ဘိက္ခုသံဃေ နိသီဒိတွာ၊ ဧတဒဂ္ဂေ ဌပေဿတိ-

ဟူသော တဆယ့်သုံးဂါထာကို ဟောတော်မူ၏။

[အနက်ကား]ယော နရော၊ အကြင်သူသည်။ သုမာပိတံ၊ ကောင်းစွာစီမံ ဖန်ဆင်းအပ်သော။ သံဃာရာမံ၊ ကျောင်းအာရာမ်ကို။ ဗုဒ္ဓဿ၊ ဘုရားရှင်အား။ ပါဒါသိ၊ လှူဒါန်းပူဇော်၏။ သော နရော၊ ထိုသူသည်။ လဘိတဗ္ဗံ၊ ရအပ် ခံစားအပ်သော။ ယံ ဖလံ၊ အကြင်အကျိုးသည်။ အတ္ထိ၊ ရှိ၏။ တံ ဖလံ၊ ထိုအကျိုးကို။ အဟံ၊ ငါသည်။

(စာမျက်နှာ-၁၄၃)

ကိတ္တယိဿာမိ၊ ဟောကြားပေအံ့။ ဘာသတော၊ ဟောကြားလတ္တံ့သော။ မမ၊ ငါဘုရား၏။ ဝစနံ၊ စကားတော်ကို။ သုဏာထ၊ နာလင့်ကုန်။

သော၊ ထိုကျောင်းအာရာမ် လှူဒါန်းသော ဒါယကာသည်။ မနုဿေသု၊ လူ့ပြည်တို့၌။ နိဗ္ဗတ္တမာနော၊ ပဋိသန္ဓေ နေရဘိသော်။ စတုရင်္ဂိနီ၊ အင်္ဂါလေးပါးရှိကုန်သော။ ဟတ္ထီအဿာရထာပတ္တီသေနာ၊ ဆင်, မြင်း, ရထား, ခြေသည်ဟူသော ဗိုလ်ပါအပေါင်းတို့သည်။ ဣမံ၊ ဤသူကို။ နိစ္စံ၊ အမြဲ။ ပရိဝါရေဿန္တိ၊ ခြံရံကုန်လတ္တံ့။ ဣဒံ၊ ဤသို့ဖြစ်ခြင်းသည်။ သံဃာရာမဿ၊ ကျောင်းအာရာမ် အလှူ၏။ ဖလံ၊ အကျိုးတည်း။

သဋ္ဌိတူရိယသဟဿာနိ၊ ငါးပါးတူရိယာ သင်္ချာရေရှောင်း ခြောက်သောင်းမျှလောက်တို့သည်လည်းကောင်း။ သမလင်္ကတာ၊ အနီ, အပြာ, ရွှေ, ငွေ,ဝါဖြင့် တန်ဆာဆင်အပ်ကုန်သော။ ဘေရိယော၊ မုဒိန်းတံပိုး မုရိုးအာလာမ် ပုစွန်မည်ရှောင်း စည်ကြီးအပေါင်းတို့သည်လည်းကောင်း။ ဣမံ၊ ဤသူကို။ နိစ္စံ၊ အမြဲ။ ပရိဝါရေဿန္တိ၊ တီးမှုတ်ကခုန် ခြံရံကုန်လတ္တံ့။ ဣဒံ၊ ဤသို့ဖြစ်ခြင်းသည်။ သံဃာရာမဿ၊ ကျောင်းအာရာမ် အလှူ၏။ ဖလံ၊ အကျိုးတည်း။

သမလင်္ကတာ၊ သက်ရွယ်သင့်ရာ တန်ဆာဆင်အပ်ကုန်သော။ ဝိစိတ္တဝတ္ထာဘာရဏာ၊ ရှုမောစဖွယ် ဆန်းကြယ်သော အဝတ်လည်း ဝတ်ကုန်သသော။ အာမုတ္တမဏိကုဏ္ဍလာ၊ အလျှံရွဲရွဲ ပုလဲမြသား ခြယ်စီထားသည့် ပတ္တမြားနားတောင်းလည်း ဝတ်ကုန်ထသော။ အာဠာရပမှာ၊ ကျယ်သောနဖူး ကော့မြူးသော မျက်တောင်လည်း ရှိကုန်ထသော။ ဟသုဠာ၊ ပြုံးရယ်ချိုသာ ဆိုတတ်စွာကုန်ထသော။ သုသညာ၊ သာယာသောအမည် ဖွဲ့ချည်အပ်ကုန်ထသော။ တနုမဇ္ဈိမာ၊ မကြီးသက်ရွယ် နုငယ်အလတ်သာ ဖြစ်ကုန်ထသော။ ဆဠာသီတိသဟဿာနိ၊ ရှစ်သောင်း လေးထောင်ကုန်သော။ နာရိယော၊ မိန်းမတို့သည်။ ဣမံ၊ ဤသူကို။ ပရိဝါရေဿန္တိ၊ ခြံရံကုန်လတ္တံ့။ ဣဒံ၊ ဤသို့ဖြစ်ခြင်းသည်။ သံဃရာမဿ၊ ကျောင်းအာရာမ် အလှူ၏။ ဖလံ၊ အကျိုးတည်း။

တိံသကပ္ပသဟဿာနိ၊ ကမ္ဘာသုံးသောင်းတို့ပတ်လုံး။ ဒေဝလောကေ၊ နတ်ပြည်၌။ ရမိဿတိ၊ မွေ့လျော်ရလတ္တံ့။ ဒေဝိန္ဒော၊ နတ်တကာတို့ကို အစိုးရသော သိကြားနတ်မင်းသည်။ ဟုတွာ၊ ဖြစ်၍။ သဟဿက္ခတ္တုံ၊ အကြိမ်တထောင်။ ဒေဝရဇ္ဇံ၊ နတ်မင်းအဖြစ်ကို။ ကရိဿတိ၊ ပြုရလတ္တံ့။ ဒေဝရာဇေန၊ နတ်မင်းသည်။ ပတ္တဗ္ဗံ၊ ရအပ်သော။ သဗ္ဗံ၊ အလုံးစုံသော စည်းစိမ်ချမ်းသာ ဘုန်းအာနုဘော်ကို။ ပဋိလဘိဿတိ၊ ရလတ္တံ့။ အနူနဘောဂေါ။ မယုတ်သော စည်းစိမ်ရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဒေဝရဇ္ဇံ၊ နတ်မင်းအဖြစ်ကို။ ကရိဿတိ၊ ပြုရလတ္တံ့။

သဟဿက္ခတ္တုံ၊ အကြိမ်တထောင်။ စက္ကဝတ္တိရာဇာ၊ စကြဝတေးမင်းသည်။ ဟုတွာ၊ ဖြစ်၍။ ရဋ္ဌေ၊ ကျွန်းငယ်နှစ်ထောင် ဝန်းဆောင်ပတ်ရံ တိုင်းနိုင်ငံ၌။ ဘဝိဿတိ၊ စိုးမိုးနှိမ်နင်းရလတ္တံ့။ ဝိပုလံ၊ ပြန့်ပြောသော။ ပထဗျာရဇ္ဇံ၊ ပဒေသရာဇ် ဧကရာဇ်မင်းအဖြစ်ကို။ ဂဏနတော၊ ဂဏန်း သင်္ချာအားဖြင့်။ အသင်္ခယံ၊ မရေတွက်နိုင်အောင်။ ဘဝိဿတိ၊ ဖြစ်ရလတ္တံ့။ ဣတော။ ဤငါပွင့်သော ကမ္ဘာမှ။ ပစ္ဆာ၊ နောက်ဖြစ်သော။ ကပ္ပသတသဟဿမှိ၊ ကမ္ဘာတသိန်းထက်၌။ သြက္ကာက ကုလသမ္ဘဝေါ၊ ဥက္ကာကရာဇ် မင်းမျိုး၌ ဖြစ်သော။

(စာမျက်နှာ-၁၄၄)

ဂေါတ္တေန၊ အနွယ်အားဖြင့်။ ဂေါတမော နာမ၊ အမြတ်တို့ထက် ကဲတက်လွန်စွာ မွန်မြတ်လှသောကြောင့် ဂေါတမအမည်ရှိသော။ သတ္ထာ၊ မြတ်စွာဘုရားသည်။ လောကေ၊ လောကသုံးပါး၌။ ဘဝိဿတိ၊ ထင်ရှား ဖြစ်လတ္တံ့။

တဿ၊ ထိုသကျဝံသာ ဥက္ကာကရာဇ် မင်းစစ်နွယ်ဝင် အရှင်ဂေါတမဘုရား၏။ ဓမ္မေသု၊ တရားတို့၌။ ဒါယာဒေါ၊ အမွေခံသည်။ ဩရသော၊ ရွှေရင်တော်ဖြစ် သားတော်စစ်သည်။ ဓမ္မနိမ္မိတော၊ တရားတော်ကို ဖန်ဆင်းအပ်သည်။ ဟုတွာ၊ ဖြစ်၍။ နာမေန၊ အမည်အားဖြင့်။ ဥပါလိ နာမ၊ ဥပါလိဟူသော အမည်ရှိသည်ဖြစ်၍။ သတ္ထုသာဝကော၊ ဘုရားတပည့်သည်။ ဟေဿတိ၊ ဖြစ်လတ္တံ့။ တဒါ၊ ထိုဥပါလိဖြစ်သော အခါ၌။ ဝိနယေ။ ဝိနည်းပိဋကတ်၌။ ပါရမိံပတွာ၊ အထွတ်အထိပ်သို့ ရောက်သည်ဖြစ်၍။ ဌာနာဌာနေစ၊ အရာဟုတ်သည် မဟုတ်သည်၌လည်း။ ကောဝိဒေါ၊ လိမ်မာသည်ဖြစ်၍။ ဇိနသာသနံ၊ ဘုရားမြတ်စွာ သာသနာကို။ ဓာရေန္တော၊ ခုနစ်ဆယ့်ရှစ်ဝါ ဆောင်ရွက်ရှာလျက်။ အနာသဝေါ၊ အာသဝေါကင်းလတ် ရဟန္တာမြတ်ဖြစ်၍။ ဝိဟရိဿတိ၊ နေရလတ္တံ့။ ဧတံ သဗ္ဗံ၊ ဤအလုံးစုံကို။ အဘိညာယ၊ သဗ္ဗညုတ ဉာဏ်ဖြင့်သိ၍။ ဂေါတမော နာမ၊ ဂေါတမ အမည်ရှိသော။ သကျပုင်္ဂဝေါ၊ သာကီဝင်မင်းသား ယောက်ျားတမွတ် သုံးလူ့ထွတ်သည်။ ဘိက္ခုသံဃေ၊ ရဟန်းအပေါင်းတို့၏ အလယ်၌။ နိသီဒိတွာ၊ နေတော်မူ၍။ ဧတဒဂ္ဂေ၊ ဝိနယဓရ ဧတဒဂ်အရာ၌။ တံ၊ သင့်ကို။ ဌပေဿတိ၊ ထားလတ္တံ့။

ဤသို့ ဗျာဒိတ်စကား ကြားတော်မူသည်ကို နာရလျှင် သုနန္ဒာရသေ့လည်း အလွန် ရွှင်လန်းဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ အထူးထူးသော ဥပမာ ဥပမေယျတို့ဖြင့် ဘုရားကျေးဇူးတော်ကို ချီးမွမ်းလျက် မိမိဖြစ်လမ်းကိုလည်း ဥဒါန်းကျူးလျက် မျက်မှောက်တော်မှ ဖဲခဲ့၍ မိမိနေရာသို့ သွားလေ၏။

နန္ဒနမင်းသားဘဝ

ထိုအခါမှစ၍ ကုသိုလ်သမ္ဘာကို များစွာဆည်းပူးလျက် အသက်အတိုင်းနေ၍ စုတေသောအခါ နတ်ရွာ၌ဖြစ်၍ ဘုရားဗျာဒိတ်ကြားတော်မူသောအတိုင်း ခံစားစံစားကာ အစဉ်သာလျှင် လူ့ရွာနတ်ပြည် ကျင်လည်ခဲ့သဖြင့် ဤဘဒ္ဒကမ္ဘာ မပေါ်လာမီ ရှေးကမ္ဘာဝယ် ဘုန်းအာနုဘော် အကျော်အစောနှင့် ပြည့်စုံသော အတိုင်းမသိသော ဥစ္စာ အခြံအရံရှိသော အဉ္ဇသမည်သော ဧကရာဇ်မင်းဖျား၏ သားကြီးရတနာ ဖြစ်လာ၏။ ထိုမင်းသားကား နှစ်သက်စဖွယ် တင့်တယ်သော အဆင်းအဝါရှိလှ၍ နန္ဒနကုမာရဟု အမည်တွင်၏။

ထိုနန္ဒနမင်းသားသည် ဥတုသုံးပါးနှင့်လျော်သော ပြာသာဒ်သုံးဆောင်ဝယ် ကြီးကျယ်သော မင်းစည်းစိမ်ကို ခံစားရ၏။ ဥယျာဉ်ကစား သွားသောကာလ စသည်တို့၌ တသိန်းတသိန်းမျှသော ဆင်စီးသူရဲ မြင်းစီးသူရဲ ရထားစီးသူရဲ ခြေသည်သူရဲတို့သည် ခြံရံကာ လိုက်ကြရကုန်၏။ တသောင်းမျှလောက်ကုန်သော ကချေသည် မင်းမိန်းမ အပေါင်းတို့သည်လည်း စည်, စောင်း, ပတ်သာ, တူရိယာတို့ကို တီးမှုတ်၍ မငြီးငွေ့ကြောင်း ဖျောင်းဖျဖြေဖျော်ကာ လိုက်ရကုန်၏။

(စာမျက်နှာ-၁၄၅)

ယင်းသို့ ကြီးကျယ်သော စည်းစိမ်ချမ်းသာ အာဏာတန်ခိုးရှိရကား မင်းသားသည် ဇာတိမာန်ဖြင့် ခက်ထန်ကြမ်းကြုတ်၏၊ သူယုတ်သူကောင်း၏ ဂုဏ်ကျေးဇူးကိုလည်း အထူးမသိ၊ မိမိ မာန်တံခွန်ကိုသာ အလွန် ထောင်လွှားလေ့ရှိ၏။

ပစ္စေကဗုဒ္ဓါအား ပြစ်မှားပုံ

တရံသောကာလ ထိုနန္ဒနမင်းသားသည် ဥယျာဉ်ကစားခြင်းငှါ များစွာသော အခြံအရံတို့နှင့်တကွ “သိရိက”မည်သော ဆင်တော်ကိုစီးလျက် ထွက်လတ်သော် မြို့၏အပ၌ စရဏ တဆယ့်ငါးပါး သံဝရလေးပါး တရားအပေါင်းနှင့် ပြည့်စုံသော “ဒေဝလ”မည်သော အရှင်ပစ္စေကဗုဒ္ဓါသည် ရှေ့မှလာသည်နှင့် မျက်နှာချင်းဆိုင် တွေ့လေ၏။ ထိုသို့ မြင်လျှင်ပင် “ငါသို့စင်သော ယောကျ်ားမြတ်၏ မျက်နှာ၌ ရှေးရှုလာရာသလော”ဟု ဒေါသ မာန်စောင်ရှိ၍ မိမိစီးသော သိရိကဆင်ပြောင်ကို အမျက်ထွက်အောင် ပြုသဖြင့် ချွန်းဖွင့်၍ လွှတ်လေသော် ဆင်ပြောင်ကြီးသည် တောမီးဟိန်းသကဲ့သို့ ကြောက်ကြိမ်းဖွယ်သော အသံကိုဟစ်လျက် အရှင်ပစ္စေကဗုဒ္ဓါအား တိုးဝှေ့ညှဉ်းပန်း၏။ ထိုသို့ ညှဉ်းပန်းပြီးမှ ဥယျာဉ်သို့သွား၍ ကစားမြူးထူးပြီးသော် နန်းတော်သို့ ပြန်လာ၏။ ထိုအခါမှစ၍ နန္ဒနမင်းသားသည် ကြီးမားသော အရိယူပဝါဒကံကြောင့် သံကောက်ကို မျိုမိသောငါး, လှံသွား၌ အိပ်ရသောသူကဲ့သို့ ပူပန်သောက ဗျာပါဒအပုံသည် မီးဟုန်ကဲ့သို့တောက်၍ တချောက်ချားချား မစားနိုင် မအိပ်နိုင် ကိုယ်စိတ်နှစ်ဖြာပင် သက်သာရာမရရှိ၏။

သူတော်ကောင်းအား ပြစ်မှားပြစ်

ထိုအကြောင်းကို ဖခင် အဉ္ဇသမင်းကြီးအား ကြားလျှောက်လျှင် ဖခင်မင်းကြီးလည်း “ငါ့သားတော်မြတ်သည် လတ်တလော သေစေတတ်သော အဆိပ်ရှိသော မြွေပွေးမြွေဟောက်ကို ကောက်၍ ကိုင်ဘိသကဲ့သို့လည်းကောင်း၊ အလျှံပြောင်ပြောင်လောင်သော မီးကြီးတွင်းသို့ ဆင်းဘိသကဲ့သို့လည်းကောင်း၊ အမုန်ယစ်သောဆင်၏ စွယ်ပြောင်ကို ကိုင်ငင်ဘိသကဲ့သို့လည်းကောင်း မပြုကောင်း မပြစ်မှားထိုက်သော ပုဂ္ဂိုလ်ကို ပြစ်မှားမိချေသည်။ ဤသို့သောအမှုကို ပြုခြင်းသည် ပြစ်မှားရင်းသူသာလျှင် ပျက်စီးတတ်သည်မဟုတ်၊ အခြံအရံ တိုင်းနိုင်ငံသားနှင့်တကွ ပျက်စီးရအံ့သော အကြောင်းဖြစ်သည်။ ငါတို့အထက်က မင်းပြုကြသော သုခမေလမင်း, ကောသလမင်း, သိဂ္ဂဝမင်း, သတ္တကမင်းတို့သည် ဤကဲ့သို့သော ရဟန်းကောင်းအား ပြစ်မှားဘိ၍ မိမိတိုင်းနိုင်ငံနှင့်တကွ ပျက်စီးကြဖူးလေသည်။ ထိုအရှင်မြတ်တို့သည် အကယ်၍ အမျက်ထွက်ကုန်အံ့၊ ငါတို့လူကို မဆိုထားဘိ ခြောက်ပါးသော နတ်ဘုံသော်လည်း အကုန်ပျက်သုဉ်းဘိရာ၏။ ယူဇနာ ရှစ်သောင်း လေးထောင်နက်သော မဟာသမုဒ္ဒရာသော်လည်း ခန်းခြောက်ဘိရာ၏။ ဤသို့သောအရာကို ပြေပျောက်စေခြင်းငှါ သူတပါးပြုနိုင်မည် မဟုတ်၊ ဤအရှင်မြတ်ကိုသာ လျင်စွာသွား၍ ပူဇော်ကန်တော့လော့”ဟု ဆို၏။

တောင်းပန်ဝန်ချခြင်း

ထိုစကားကိုကြားလျှင် နန္ဒနမင်းသားသည် အလွန် ထိတ်လန့် ကြောက်ရွံ့ခြင်းရှိရကား လူနေဖြစ်သော ယူဇနာ သုံးထောင်၏ အတွင်း၌ မင်းချင်းယောက်ျားတို့ကို စည်းဝေးစေ၍ ပူဇော်ရန် ပန်းနံ့သာ

(စာမျက်နှာ-၁၄၆)

လက်စွဲကုန်လျက် စိုသောအဝတ်, စိုသောဆံရှိသော ကိုယ်ဖြင့် ထိုပစ္စေကဗုဒ္ဓါ၏ထံသို့ သွားပြီးသော် ခြေတော်ကို ဦးဖြင့်ခိုက်၍ “အရှင်ဘုရား... အကျွန်ုပ်အား သနားတော်မူပါသဖြင့် လွန်ကျူးမိသော အပြစ်ကို သည်းခံတော်မူပါ၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသောဘဝ၌ ဒုက္ခကင်းကွာအောင် မေတ္တာတရားကို ပွားတော်မူပါ”ဟု လျှောက်၏။

ပစ္စေကဗုဒ္ဓါ ဆုပေးခြင်း

အရှင်ပစ္စေကဗုဒ္ဓါလည်း “ဒကာမင်းသား.. ငါတမူကား ခြောက်ပါးနတ်ရွာ သူရာဂန္ဓဗ် နတ်နတ်တလွှား နဂါးဒါနောနှင့် တကွသော သူအပေါင်းတို့သည် ဦးခေါင်းထက်၌ သန်လျက်,လှံတံ, နှင်တံ,သံတူဖြင့်နှက်၍ အသက်ပင် ဆုံးစေကာမူ ဘယ်သူကိုမျှ မာန်မူခြင်း အမျက်ထွက်ခြင်းကို ငါမပြုပြီ၊ အကုသိုလ် စေတနာကို ပယ်ပြီးဖြစ်ရကား မီးသည် ရေ၌မတည်သကဲ့သို့လည်းကောင်း၊ မျိုးစေ့သည် ကျောက်ဖျာထက်၌စိုက်၍ မပေါက်သကဲ့သို့လည်းကောင်း၊ ပိုးရွသည် မီးကျီးစု၌ မတည်သကဲ့သို့လည်းကောင်း ဘုရားပစ္စေကဗုဒ္ဓါတို့၏ သန္တာန်၌ စောင်မာန်ဒေါသ မတည်ချေ၊ ကန်တော့ပေသော သူတို့အားလည်း တဆယ့်ခြောက်ပါးသော ဥပဒ်, နှစ်ဆယ့်ငါးရပ်သော ဘေးသည် ကင်းဝေးလွင့်ကွာစေသတည်း၊ ဣရိယာပုထ်လေးဖြာ၌ ချမ်းသာပွားစေသတည်း” ဤသို့စသည်ဖြင့် ဆုပေး၍ သက်သာရာကို ရစေပြီးမှ ကောင်းကင်ခရီးဖြင့်ပျံ၍ ဟိမဝန္တာတောသို့ ကြွတော်မူ၏။

နောက်ဆုံးဘဝ ဧတဒဂ်ရ

နန္ဒနမင်းသားလည်း ထိုအခါမှစ၍ သံဝေဂဖြစ်သဖြင့် ဒါန သီလကို အားထုတ်လျက် အသက်အတိုင်းတည်၍ စုတေသောအခါ လူ့ရွာနတ်ပြည် ကျင်လည်ပြီးမှ ငါတို့ဘုရား သာသနာဝယ် ထိုပစ္စေကဗုဒ္ဓါကို မထေမဲ့မြင် ပြုမိသောကံကြောင့် အမျိုးမသန့်သော ဆတ္တာသည်၏ဝမ်း၌ ဖြစ်လာ၏။ ယခင် ဆိုအပ်ပြီးသောနည်းဖြင့် မင်းသားတို့နှင့်အတူ ရဟန်းပြုပြီးလျှင် ဘုရားသခင်က ဝိနည်းပိဋကတ်ကို အဋ္ဌကထာနှင့်တကွ သင်စေ၍ တတ်မြောက်လိမ္မာသဖြင့် ဘာရုကစ္ဆကဝတ္ထု, အဇ္ဇကဝတ္ထု, ကုမာရကဿပ ဝတ္ထုတို့ကို သဗ္ဗညုတဉာဏ်နှင့် ညီညွတ်အောင် ဆုံးဖြတ်နိုင်လျှင် ဘုရားသခင်က များစွာ ချီးမွမ်းတော်မူ၍-

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဝိနယဓရာနံ ဘိက္ခူနံ ယဒိဒံ ဥပါလိ-

ဟူ၍ ဧတဒဂ်အရာ၌ ထားတော်မူသည်။

[အနက်ကား]ဘိက္ခဝေ၊ ရဟန်းတို့။ ဝိနယဓရာနံ၊ ဝိနည်းကို ဆောင်ကုန်သော။ မမ၊ ငါဘုရား၏။ သာဝကာနံ၊ တပည့်ဖြစ်ကုန်သော။ ဘိက္ခူနံ၊ ရဟန်းတို့တွင်။ ယဒိဒံ ဥပါလိ၊ အကြင်ဥပါလိထေရ်သည်။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤဥပါလိထေရ်သည်။ အဂ္ဂံ-အဂ္ဂေါ၊ ကဲလွန်၏။

အရှင်ဥပါလိ၏ ဩဝါဒများ

ထိုအရှင် ဥပါလိလည်း ဘဝဟောင်းကို ပြန်ပြောင်း၍ မြင်သောအခါမှစ၍ များစွာသော လူအပေါင်းတို့အား ငါးဆယ့်လေးဂါထာတို့ဖြင့် ဩဝါဒ ပေးစမှတ်ပြု၏။

(ဂါထာတို့ကား များသောကြောင့် သင့်ရုံမျှသာ ရေးတော့အံ့။)
(စာမျက်နှာ-၁၄၇)
သယမ္ဘုံ တံ ဝိမာနေတွာ၊ သန္တစိတ္တံ သမာဟိတံ။
တေန ကမ္မေနာဟံ အဇ္ဇ၊ ဇာတောမှိ နီစယောနိယံ။

(ပ)

အဗ္ဗတီတာ စ ယေ ဗုဒ္ဓါ၊ ဝတ္တမာနာ အနာဂတာ။
ဓဇေနာနေန သုဇ္ဈန္တိ၊ တသ္မာ ဧတေ နမဿိယာ။

ဘောန္တော၊ အို..လူများတို့။ အဟံ၊ ငါဥပါလိသည်။ ပုရေ၊ ရှေးဘဝ၌။ သန္တစိတ္တံ၊ ငြိမ်သက်သော စိတ်ရှိသော။ သမာဟိတံ၊ ကောင်းစွာတည်ကြည်သော အကျင့်ရှိသော။ သယမ္ဘုံ၊ သစ္စာလေးဝ မြတ်ဓမ္မကို အလိုလို သိတော်မူသော။ တံ ဗုဒ္ဓံ၊ ထိုအရှင် ပစ္စေကဗုဒ္ဓါကို။ ဝိမာနေတွာ၊ ပြစ်မှားမိ၍။ တေန ကမ္မေန၊ ထိုမကောင်းမှုကံကြောင့်။ အဇ္ဇ၊ ယခု။ အဟံ၊ ငါသည်။ နီစယောနိယံ၊ ယုတ်သော ဆတ္တာသည်အမျိုး၌။ ဇာတော၊ ပဋိသန္ဓေနေရသည်။ အမှိ၊ ဖြစ်၏။

တုမှေ၊ သင်တို့သည်။ ခဏံ၊ ဗုဒ္ဓုပ္ပါဒ ခဏကို။ မာ ဝိရာဓေထ၊ မချွတ်မယွင်းကြစေလင့်။ ဟိ၊ ထိုစကားမှန်၏။ ခဏာတီတာ၊ ခဏကိုလွန်ကုန်သော သူတို့သည်။ သောစရေ၊ လိမ္မာသောအခါ စိုးရိမ်စွာဖြစ်ရ၏။

သဒတ္ထေ၊ မိမိ အကျိုးစီးပွား၌။ ဝါယမေယျာထ၊ လုံ့လပြုကြကုန်။ ဝေါ၊ သင်တို့သည်။ ခဏော၊ ဘုရားမြတ်စွာ ဖြစ်စဉ်ခါကို။ ပဋိပါဒိတော၊ ဒါန သီလ စသည်ဥဿုံ ပြီးပြည့်စုံအောင် ဆောင်ကုန်လဿေး။

သာသနံ၊ ဘုရား အဆုံးအမတော်သည်။ ဧကစ္စာနံ၊ အချို့ ကုန်သော သူတို့အား။ ဝမနံ၊ ပျို့အန်စေတတ်သော ဆေးတည်း။ ဧကစ္စာနံ၊ အချို့ကုန်သော သူတို့အား။ ဝိရေစနံ၊ ဝမ်းလားဆေးတည်း။ ဧကစ္စာနံ၊ အချို့ကုန်သော သူတို့အား။ ဟလာဟလံ၊ လတ်တလော သေစေတတ်သော။ ဝိသံ၊ အဆိပ်တည်း။ ဧကစ္စာနဉ္စ၊ အချို့သော သူတို့အားကား။ ဩသဓံ၊ အမြိုက်ဆေးတည်း။

ပဋိပန္နာနံ၊ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်တို့အား။ ဝါ၊ ကောင်းမြတ်စွာ ကျင့်ကုန်သော ပုဂ္ဂိုလ်တို့အား။ ဝမနံ၊ ကိလေသာမာရ်ကို အန်စေတတ်သော ဆေးတည်း။ ဖလဋ္ဌာနံ၊ ဖလဋ္ဌာန် ပုဂ္ဂိုလ်တို့အား။ ဝိရေစနံ၊ ဝမ်းလား ဆေးတည်း။ ဖလလာဘီနံ၊ အကျိုးကို အလိုရှိကုန်သော သူတို့အား။ ဩသဓံ၊ အမြိုက်ဆေးတည်း။ ဂဝေသီနံ၊ စီးပွားကို ရှာကုန်သောသူတို့အား။ ပုညခေတ္တံ၊ ကောင်းမှုတည်းဟူသော မျိုးစေ့၏ စိုက်ပျိုးရာ လယ်မြေကောင်းတည်း။

သာသနေန၊ ဘုရားဩဝါ သာသနာနှင့်။ ဝိရုဒ္ဓါနံ၊ ဆန့်ကျင်ကုန်သော သူမိုက်တို့အား။ ဟလာဟလံ၊ လတ်တလော သေစေတတ်သော။ ဝိသံယထာ၊ အဆိပ်ကဲ့သို့ ဖြစ်၏။

ဒဋ္ဌဝိသော၊ မျက်စောင်းရိပ်ကာ သတ္တဝါကို ဖွဲ့ပြာအသွင် လျင်စွာ သေစေတတ်သော အဆိပ်ရှိသော။ အာသိဝိသော၊ မြွေပွေး မြွေဟောက်သည်။ တံ နရံ၊ ထိုသို့ဆန့်ကျင် ဖမ်းငင်ဆွဲကိုင်သောသူကို။ ဈာပေတိ ယထာ၊ ကိုယ်လုံးကျွတ်အောင် လောင်စေသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ သာသနံ၊ သာသနာတော်သည်။ တံ နရံ၊ ထိုမထေမဲ့မြင် ဆန့်ကျင်သော သူကို။ ဈာပေတိ၊ ညက်ညက်ကြေအောင် လောင်စေတတ်၏။

(စာမျက်နှာ-၁၄၈)

သကိံ ပီတံ၊ တကြိမ်သောက်အပ်သော။ ဟလာဟလံ၊ အဆိပ်သည်။ ဇီဝိတံ၊ ဇီဝိတိန္ဒြေကို။ သကိံ၊ တကြိမ်။ ဥပရုန္ဒတိ၊ ဖြတ်တတ်၏။ သာသနေ၊ သာသနာတော်၌။ သော၊ ထိုပြစ်မှားတတ်သော သူမိုက်သည်။ ဝိရုဇ္ဈိတွာ၊ ဆန့်ကျင်စွာ ကျင့်မိသော်။ ကပ္ပကောဋီဟိပိ၊ ကမ္ဘာအကုဋေတို့ ပတ်လုံးလည်း။ ဍယှတိ၊ လောင်၏။

ခန္တိယာ၊ သည်းခံခြင်းဖြင့်လည်းကောင်း။ အဝိဟိံသာယ စ၊ မညှဉ်းဆဲခြင်းဖြင့်လည်းကောင်း။ မေတ္တစိတ္တဝတာယ စ၊ မေတ္တာစိတ်ဖြင့်လည်းကောင်း။ သဒေဝကံ၊ နတ်နှင့်တကွသော လူကို။ သော ဗုဒ္ဓေါ၊ ထိုဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာသည်။ တရတိ၊ ကယ်ဆယ်တော်မူ၏။ တသ္မာ၊ ထို့ကြောင့်။ တေ၊ ထိုမြတ်စွာဘုရား ပစ္စေကဗုဒ္ဓါ သံဃာတို့ကို။ အဝိရောဓိယာ၊ မဆန့်ကျင်အပ်ကုန်။

လာဘာလာဘေ၊ ရခြင်း မရခြင်း၌။ န သဇ္ဇန္တိ၊ မကပ်ငြိကုန်။ သမ္မာနန ဝိမာမာနနေ၊ မြတ်နိုးခြင်း, မမြတ်နိုးခြင်း၌။ န သဇ္ဇန္တိ၊ မကပ်ငြိကုန်။ ဗုဒ္ဓါ၊ မြတ်စွာဘုရားတို့သည်။ ပထဝီသဒိသာ၊ မြေကြီးနှင့် တူကုန်၏။ တသ္မာ၊ ထို့ကြောင့်။ တေ၊ ထိုဘုရား, ပစ္စေကဗုဒ္ဓါ အရိယာတို့ကို။ အဝိရောဓိယာ၊ မဆန့်ကျင်အပ်ကုန်။

ပန္ထေ၊ ခရီး၌။ ဆဍ္ဍိတံ၊ စွန့်အပ်သော။ မီဠှမက္ခိတံ၊ မစင်လိမ်းကပ်သော။ ကာသာဝံ၊ သင်္ကန်းကို၊ ဒိသွာန၊ မြင်ရဘိသော်။ သိရသ္မိံ၊ ဦးခေါင်း၌။ အဉ္စလိံ ကတွာ၊ လက်အုပ်ချီခြင်းကို ပြု၍။ ဣသိဒ္ဓဇံ၊ အရဟတ္တဖိုလ်၏ တံခွန်ဖြစ်ပေသည်ဟူ၍။ ဝန္ဒိတံ၊ ရှိခိုးအပ်ပြီ။

အဗ္ဘတီတာ၊ လွန်လေကုန်ပြီးသော။ ယေ ဗုဒ္ဓါ စ၊ အကြင် ဘုရားတို့သည်လည်းကောင်း။ ဝတ္တမာနာ၊ ဖြစ်ဆဲကုန်သော။ ယေ ဗုဒ္ဓါစ၊ တို့သည်လည်းကောင်း။ အနာဂတာ၊ ပွင့်တော်မူလတ္တံ့ကုန်သော။ ယေ ဗုဒ္ဓါ စ၊ တို့သည်လည်းကောင်း။ အနေန ဓဇေန၊ ဤသင်္ကန်းတည်းဟူသော တံခွန်ဖြင့်။ သုဇ္ဈန္တိ၊ စင်ကြယ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဧတေ၊ ထိုသင်္ကန်းတို့ကို၊ နမဿိယာ၊ ရှိခိုးထိုက်ကုန်၏။

(သဝိညာဏကသန္တာန်ကို မဆိုထားဘိ၊ ဘုရားအစရှိသော သူတော်သူမြတ်တို့၏ အသုံးအဆောင်ဖြစ်သော သင်္ကန်းကို မြင်ရကုန်သော် ပူဇော်မြတ်နိုး ရှိခိုးရာ၏ဟူလိုသည်။)

ဤကား အရှင်ဥပါလိ မပြတ်ဆုံးမသော ဩဝါဒတော်တည်း။

အပဒါန် ပါဠိတော်, အဋ္ဌကထာ, အင်္ဂုတ္တိုရ် အဋ္ဌကထာတို့နှင့် ညီညွတ်၍ စီရင်အပ်သော အရှင်ဥပါလိ၏ အကြောင်း အတ္ထုပ္ပတ္တိတည်း။

၃၄။ အရှင်မဟာကဿပ၏ ရှေးအကြောင်းကို ပြခြင်း

သဗ္ဗညုအထွတ် သုံးလူ့နတ်သည် ကပိလဝတ်ပြည်မှပြန်၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ စံနေတော်မူသောအခါ အရှင်မဟာကဿပ အလောင်းဖြစ်သော ပိပ္ပလိလုလင်သည် သာသနာသို့ဝင်၍ ရှင်ရဟန်း ပြုလာသတည်း။

(စာမျက်နှာ-၁၄၉) ့ (စာမျက်နှာ-၁၅၀)

ဝေဒေဟ ဥပါသကာ

ထိုအရှင်မဟာကဿပ၏ အကြောင်းကား- ဤကမ္ဘာမှ ပြန်၍ရေသော် ကမ္ဘာတသိန်း၏ အထက်၌ ပဒုမုတ္တရဘုရား ထင်ရှားဖြစ်တော်မူ၏။ ဟံသာဝတီပြည်ကို အမှီပြုလျက် သားငှက်အပေါင်းတို့ကို ဘေးမဲ့ပေးရာ ခေမာအမည်ရှိသော ဥယျာဉ်တွင်း၌ သီတင်းသုံးတော်မူသောအခါ ထိုဟံသာဝတီမြို့တွင်းမှ ကုဋေရှစ်ဆယ်ကြွယ်ဝသော ဝေဒေဟ အမည်ရှိသော သူကြွယ်တဦးသည် ဘုရားရှင်ထံ နိယံရိုညွတ် ဆည်းကပ်ကိုးကွယ်လေ့ရှိ၏။

ဓုတင် ဧတဒဂ်ရထေရ်

တရံသောအခါ ပန်းနံ့သာလက်စွဲလျက် ကျောင်းတော်သို့ သွားပြီးလျှင် အင်္ဂါရှစ်ပါးရှိသောဥပုသ်ကို ဆောက်တည်၍ ဘုရားရှင်၏အနီး၌ နေ၏။ ထိုခဏ၌ တတိယ သာဝကဖြစ်သော မဟာနိသဘ အမည်ရှိသော မထေရ်မြတ်သည် ဆည်းကပ်ခစားလာသည်ကို ပဒုမုတ္တရ ဘုရားသခင်သည်-

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဓုတဝါဒါနံ ယဒိဒံ နိသဘော-

ဟူ၍ ဓုတင်တေရသကို ဆောင်သော ဧတဒဂ်အရာ၌ထား၍ ချီးမြှင့်တော်မူ၏။

ဆွမ်းကျွေးပွဲမကြွ

ထိုသို့ ချီးမြှင့်သည်ကို သူကြွယ်သိမြင်လျှင် ထိုအရှင်ကဲ့သို့ ဖြစ်ချင်သောဆန္ဒသည် ဖြစ်လတ်၍ ပရိသတ်တို့ သွားကြသောအခါ မြတ်စွာဘုရားအထံ ကပ်၍ “နက်ဖြန် နံနက်သောအခါ သံဃာတော်အပေါင်းနှင့်တကွ အရှင်ဘုရားသည် ဒကာတော်အိမ်သို့ကြွ၍ ဆွမ်းဘုဉ်းပေးတော်မူပါ”ဟု ပင့်လျှောက်၏။ ဘုရားသခင်လည်း “ဥပါသကာ.. သံဃာတော်ကား အလွန်များ၏။ ခြောက်သန်းမျှစင် ရှိ၏၊ အဘယ်မျှလောက်သော သံဃာဖြင့် ကြွလာရအံ့နည်း”ဟု မေးတော်မူလျှင် “အရှင်ဘုရား...တပည့်သား သံဃာမှန်လျှင် ရှင်သာမဏေကိုမျှ မကြွင်းစေပဲ သံဃာခြောက်သန်းနှင့်ပင် ကြွတော်မူပါ”ဟု လျှောက်၏။ ဘုရားသခင်လည်း ဆိတ်ဆိတ်ဝန်ခံတော်မူ၏။ ဥပါသကာလည်း မြတ်စွာဘုရား ဝန်ခံကြောင်းကိုသိလျှင် အိမ်သို့ အလျင်အမြန်လာ၍ လုပ်ကျွေးစရာ ဆွမ်း,ကွမ်း,အချို,အချဉ် စီရင်ပြီးသော် သံဃာတော်တို့၏နေရာကို ကောင်းစွာ ပြုလုပ်၏။ နံနက်သောအခါ မြတ်စွာဘုရားအား ကြားလျှောက် ပင့်ဆောင်၍ ယာဂုဆွမ်းတို့ဖြင့် လုပ်ကျွေးပြီးသော် အထံတော်ပါး၌ နေ၏။

ထိုအခါ တတိယသာဝကဖြစ်သော မဟာနိသဘထေရ်မြတ်သည် သပိတ်သင်္ကန်းပြင်လျက် အိမ်စဉ်အတိုင်း ဆွမ်းခံ၍လာသည်ကို ဝေဒေဟ ဥပါသကာမြင်လျှင် လျင်စွာလိုက်၍ “အရှင်ဘုရား.. သပိတ်ကို သနားတော်မူပါ၊ ဤအိမ်သို့လည်း ကြွတော်မူပါ၊ ဘုရားမြတ်စွာလည်း ဤအိမ်၌ ရှိပါသည်”ဟု လျှောက်၏။ မဟာနိသဘ ထေရ်သည်လည်း မည်သည့်စကားကိုမျှ မပြန်ပဲ သွားမြဲတိုင်း သွားလေလျှင် သပိတ်တွင်းသာ ဘောဇဉ်ငါးပါးဖြင့် ပြည့်စေလျက် လိုက်၍ကပ်ရ၏။

(စာမျက်နှာ-၁၅၁)

ဓုတင်္ဂဓရ ဆုကိုပန်

ပြီးသောကာလ ဘုရားထံတော်သို့ကပ်၍ “အရှင်ဘုရား ဤမဟာနိသဘထေရ်ကား “ဘုရားသခင် ဤတွင်ရှိပါသည်၊ အိမ်သို့ ကြွတော်မူပါဦး”ဟု ကျွန်ုပ် ပင့်ဖိတ်ပါသော်လည်း မဝင်လိုပါ၊ ဤပုဂ္ဂိုလ်၌ ကိုယ်တော်မြတ်ထက် သာလွန်သော ဂုဏ်ကျေးဇူး အထူးရှိပါသလော”ဟု လျှောက်၏။

ဘုရားသခင်တို့ မည်သည်လည်း သူတထူး၏ ကျေးဇူးဂုဏ်ကို တစုံတခုမျှ ကွယ်ဝှက်ဝန်တိုသည် မရှိရကား ထိုနိသဘထေရ်၏ ကျေးဇူးစကားကို မိန့်ကြားတော်မူခြင်းငှါ “ဥပါသကာ.. ဤမဟာနိသဘသည် အဘယ်မှာ ငါတို့မျှ က,ပါအံ့နည်း၊ ငါတို့ကား ပင့်ဖိတ်လာသော ဒါယကာတို့၏ဆွမ်းကို သုံးဆောင်၏၊ ဤနိသဘမထေရ်မြတ်ကား မသုံးဆောင်၊ ဆွမ်းခံ၍ သုံးဆောင်သည်။ ငါတို့ကားရွာ၏အနီးအပါးဖြစ်သော ကျောင်း၌ နေ၏၊ ဤနိသဘမထေရ်ကား မနေပေ။ တောကျောင်း၌သာ မွေ့လျော်ပေသည်။ ငါတို့ကား အမိုးရှိသောကျောင်းသို့ ဝင်သေး၏၊ ဤနိသဘမထေရ်ကား မဝင်၊ ဟင်းလင်းအပြင်၌သာ နေသည်” ဤသို့စသည်ဖြင့် သန္တုဋ္ဌီ, သလ္လေခနှင့် တကွသော အရိယဝံသ ဓမ္မကျေးဇူးကို ချီးကျူးမိန့်ကြားတော်မူလျှင် ဥပါသကာလည်း အလျှံအဝါနှင့်တကွ တောက်ပသော ဆီမီးဟောင်းတွင် ဆီထပ်၍လောင်းသကဲ့သို့ အတိုင်းထက်အလွန် ကြည်ညို၍ “ဤပုဂ္ဂိုလ်ကဲ့သို့သာ နောက်နောက်သော ဘုရားရှင်တို့၏ သာသနာ၌ ဖြစ်ပါစေသောဟု ငါဆုပန်တော့အံ့”ဟု ကြံလျက် ခုနစ်ရက်ပတ်လုံး ရှေးနည်းအတူ အလှူကြီးကိုပေး၍ ခုနစ်ရက်မြောက်သောနေ့၌ သံဃာတော် ခြောက်သန်းတို့အား တပါးတပါးလျှင် အသပြာ တထောင်ထိုက်သော တိစီဝရိတ်သင်္ကန်းကို ကပ်လှူပြီးလျှင် ဘုရားရှင်ခြေတော်ရင်း၌ ဝပ်၍ “အရှင်ဘုရား... အကျွန်ုပ်ကား သိကြားလိမ္မာသည်မှစ၍ စွမ်းနိုင်သမျှ ဖြည့်အပ်သော ကုသိုလ်စေတနာ, သံဃာတော် ခြောက်သန်းနှင့်တကွ ကိုယ်တော်မြတ်အား ခုနစ်ရက်ပတ်လုံး ဆွမ်း,သင်္ကန်း ကပ်လှူသော စေတနာ, ကာယကံ ဝစီကံ မနောကံတို့ကို အလွန်သိမ်းဆည်းအပ်သော သီလပရိပူရဏ မေတ္တာသဟဂတ စေတနာ, ဤစေတနာအပေါင်းတို့ကြောင့် လူကောင်း နတ်ကောင်းတို့၏ အဖြစ်ကို မလိုပါ၊ နောင်ဘုရားရှင်တို့၏ သာသနာ၌ ဤမဟာနိသဘထေရ်ကဲ့သို့ အရာအထူးကိုရ၍ ဓုတင်တေရသကို ဆောင်နိုင်သည်သာ ဖြစ်စေသော”ဟု ဆုတောင်း၏။

ထိုမြတ်စွာကလည်း အနာဂတံသဉာဏ်ဖြင့်ရှု၍ ဆုတောင်းတိုင်း ပြည့်အံ့သည်ကို မြင်တော်မူလျှင် ရွှင်လှသော ဣန္ဒြေကိုထားလျက် “ချစ်သားဝေဒေဟ.. ဤကမ္ဘာမှနောက် တသိန်းမြောက်ကျသော ဘဒ္ဒကမ္ဘာ၌ ဂေါတမအမည်ရှိသောဘုရား ပွင့်တော်မူလိမ့်မည်၊ ထိုအခါ သင်သည် မဟာကဿပ အမည်ရလျက် ဓုတင်တေရသကို ဆောင်နိုင်သော တတိယသာဝကကြီး ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကားကို ကြားတော်မူ၏။

ဧကသာဋက ဘဝ

ထိုအခါမှစ၍ ဥပါသကာလည်း ဒါန သီလ ဘာဝနာကို လွန်စွာ အားထုတ်လျက် ခန္ဓာပျက်သောအခါ တာဝတိံသာ နတ်ပြည်၌ ဖြစ်‌လေ၏။ ထိုမှစ၍ လူ့ပြည်နတ်ပြည် လှည့်လည်ကာသာ ချမ်းသာကို ခံစားလျက် ဤကမ္ဘာမှ ကိုးဆယ့်တကမ္ဘာထက်၌ ဝိပဿီဘုရား ပွင့်တော်မူသောအခါ ဗန္ဓုမတီပြည် သိမ်ငယ်သော ပုဏ္ဏားဆင်းရဲအမျိုး၌ ဖြစ်လာ၏။ ထိုဘဝကား တခုသော

(စာမျက်နှာ-၁၅၂)

မကောင်းမှုကံကြောင့် အလွန်ဆင်းရဲ၍ ဟင်းရွက်ခူး ထင်းခွေဖြင့်သာ အသက်မွေးရ၏။ မိမိ၌လည်းကောင်း, မယား၌လည်းကောင်း ကိုယ်ဝတ် တထည်စီ, အပေါ်ရုံစုလျားမှာ တထည်တည်းသာ ရှိ၏။ ပုဏ္ဏားတို့ အစည်းအဝေးရှိ၍ လင်သွားရလျှင် မယားအိမ်တွင်းက မထွက်ဝံ့၊ ပုဏ္ဏေးမတို့ အစည်းအဝေးရှိ၍ မယားသွားရလျှင် လင်-အိမ်တွင်းက မထွက်ဝံ့ဖြစ်၍ “ဧကသာဋက”ဟု အမည်ရ၏။

ဝိပဿီ မြတ်စွာဘုရားလည်း သတ္တဝါအပေါင်းတို့အား ခုနစ်နှစ်တကြိမ် တရားဟောတော်မူ၏။ ဟောချိန်နီးသောအခါ ပြည်ရွာတောတောင်စောင့် နတ်တို့သည် ဇမ္ဗူဒိပ်ကျွန်းအလုံးကို လှည့်ပတ်၍ “မြတ်စွာဘုရား တရားဟောချိန်သင့်ပြီ၊ စည်းဝေးကြကုန်”ဟု ဆော်ကြားလျက် ကြီးစွာသော အုတ်အုတ်ကျက်ကျက်သည် ဖြစ်၏။ ဧကသာဋက ပုဏ္ဏားလည်း ထိုသတင်းစကားကိုကြားလျှင် တရားနာလိုသော ဆန္ဒရှိ၍ မိမိပုဏ္ဏေးမအား ဤသို့ ဆို၏။ “အဆွေမ... တရားတော်ကိုနာခြင်းငှါ ငါသော်လည်း သွားအံ့၊ သင်သော်လည်း သွားချေ”ဟု ဆို၏။ ပုဏ္ဏေးမကလည်း “အကျွန်ုပ်တို့ မိန်းမမည်သည်ကား ညဉ့်အခါသွား၍ မသင့်ချေ၊ နေ့အခါမှ ကျွန်ုပ်သွားပါအံ့၊ ယခု အမောင်သာ သွားပေလော့”ဟု ဆိုပေသော် ထိုဧကသာဋကသည်လည်း ဝတ်စားပြင်ဆင်လျက် ဘုရားရှင့်ကျောင်းတော်သို့သွား၍ တရားနာလေ၏။

မြတ်စွာဘုရားလည်း မင်းနှင့်တကွသော ပရိသတ်လေးပါးတို့အား ဒါနကထာ, သီလကထာ, သဂ္ဂကထာ, မဂ္ဂကထာဟူသော တရားစကားအစဉ်ဖြင့် ကောင်းကင်မြစ်ကြီး စီးဘိသကဲ့သို့ နှစ်မြို့လောက်စွာ အင်္ဂါရှစ်ပါးရှိသော အသံဖြင့် စိတ်ဖန်ကာ ဟောတော်မူ၏။

တထည်တည်းကိုပင်လှူ

ပရိသတ်စွန်ကနေ၍သာ တရားတော်ကို နာရသော ဧကသာဋကလည်း အဆအရာ ဝမ်းသာနှစ်မြို့ခြင်းရှိ၍ ပီတိငါးပါးဖြစ်လျက် ပခုံးထက်၌ပါသော စုလျားပုဆိုးကို ပုံစုလျက် “ဤဝတ္ထုကို ဘုရားရှင်အား လှူတော့အံ့”ဟု ကြံ၏။ တဖန်လည်း “ဤစုလျားကိုပင် ငါလှူ၍ သွားခဲ့သော် ပုဏ္ဏားတို့ အစည်းအဝေးရှိသောအခါ ငါလည်း မဝင်ဝံ့၊ ပုဏ္ဏေးမလည်း မဝင်ဝံ့ရှိချိမ့်မည်။ နောက်တထည်ရမှပင် လှူတော့အံ့”ဟု ကြံပြန်၏။ ဤသို့စသည်ဖြင့် သဒ္ဓါစိတ် တရံဖြစ်သည်ကို မစ္ဆေရစိတ် တထောင်မျှလောက် ဖျက်၍ ပခုံးထက်၌ တင်မြဲတင်ပြန်၏။ တဖန် လှူဦးမည်ဟု ကြံစည်ပြန်လျှင်လည်း ယခင်နည်းကဲ့သို့ စေးနှဲစုံမက်သော မစ္ဆေရစိတ်သာ ကပ်ငြိ၍ မလှူမိပဲ ပဌမယံ, မဇ္ဈိမယံ လွန်မြောက်၍ ပစ္ဆိမယံသို့ ရောက်လေသော် မိမိကိုယ်ကို မိမိနှလုံးဖြင့် ဆိုဆုံးမသည်ကား “အချင်း ဧကသာဋက.. သင်သည် ဤတထည်မျှလောက်သော ပုဆိုးကိုလျက် မလှူရက်ဘိသကဲ့သို့ အထက်အထက်သော ဘဝက မစ္ဆေရနောက်သို့ လိုက်လံကာ ဒါနကောင်းမှုကို မပြုခဲ့သောကြောင့် ယခုဘဝ၌ ဆင်းရဲရသည် မဟုတ်လော၊ နောက်နောက်သော ဘဝတို့၌လည်း ဤကဲ့သို့ ဆင်းရဲလိုသလော၊ အဆောတလျင် သင်လှူမှသာ ဒါနဖြစ်တော့မည်”ဟု တိုက်တွန်းဆုံးမ၍ ပခုံးမှစုလျားကို ချပြီးလျှင် ဘုရားရှင့် ခြေတော်ရင်း၌ထား၍ အားရဝမ်းသာ လက်ယာလက်ဖြင့် လက်ပမ်းပေါက်တီးလျက် “အောင်ပြီ”ဟု သုံးကြိမ်ဆို၏။

(စာမျက်နှာ-၁၅၃)

မျက်မှောက် အကျိုးရပုံ

ထိုအသံကို ဗန္ဓုမမင်းကြီး ကြားလေလျှင် “သင်ကား အဘယ်သူကို အောင်သနည်း”ဟု မေး၏။ ဧကသာဋကလည်း “ညဉ့်ဦးယံ၌ အကြံဖြစ်သည်မှစ၍ မစ္ဆေရနှင့် သဒ္ဓါသည် အခါခါစစ်ထိုးကြရာတွင် ယုတ်မာသော မစ္ဆေရသည် ပစ္ဆိမယံမှ ရှုံးနစ်လျက် လှူနိုင်သည်ဖြစ်၍ ထိုမစ္ဆေရကို အောင်ပြီဆိုပါသည်”ဟု လျှောက်၏။ မင်းကြီးလည်း အားရဝမ်းသာ လွန်စွာချီးပ၍ တစုံမျှသော ပုဆိုးကိုပေး၏။ ဧကသာဋကလည်း ဘုရားကျေးဇူးတော်ကို မှီ၍သာ ရလာသော ဝတ္ထုဖြစ်ရကား ဘုရားနှင့်သာ ထိုက်ပေသည်ဟု ကြံ၍ တဖန်လှူပြန်၏။ ထိုသို့လှူသည်ကို မင်းကြီးသိပြန်လျှင် နှစ်စုံပင် ထပ်၍ပေး၏။ ဧကသာဋကလည်း ဘုရားအား လှူပြန်၏။ တဖန် လေးစုံလည်းကောင်း၊ ရှစ်စုံလည်းကောင်း ပေးပြန်လျှင်လည်း ယခင်ကဲ့သို့ အကုန်ပင်လှူ၏။ ထို့နောက် တဆယ့်ခြောက်စုံ ပေးလေသော် “ဤဧကသာဋကသည် တဆ,တဆ ရမှန်းသိ၍သာ လှူသည်ဟု လူတထူးတို့ ကဲ့ရဲ့စရာ ဖြစ်ပေတော့မည်”ဟု ကြံမိ၍ မိမိအဖို့တစုံ, မယားအဖို့တစုံထား၍ အကြွင်းကို ဘုရားရှင်အား လှူ၏။ ထိုအခါမှစ၍ ဧကသာဋကသည် ဘုရားသခင်နှင့် အကျွမ်းဝင်ကြ၍ သရဏဂုံ သီလကိုခံလျက် ဘုရားရှင်ထံ နိယံမပြတ် ဆည်းကပ် ခစားသတည်း။

နောက်အလှူနှင့် အကျိုးကြီး

တရံသောကာလ ဆောင်းလအခါ မဟာဗန္ဓုမ မင်းကြီးသည် ဘုရားရှင်ထံ တရားနာခြင်းငှါ လာရာဝယ် အသပြာ တသိန်းထိုက်သော ကမ္ဗလာတစုံကို ပဋ္ဋုဏ္ဏရာဇ်တိုင်းမှ ဆက်လာ၍ ရသဖြင့် ဘုရားထံပါးတွင်နေသော ထိုဧကသာဋကအား “ဤကမ္ဗလာအစုံကို အမြဲဝတ်ရုံ၍ တရားတော်ကို နာပါ၊ ဘုရားရှင့်အမှုကို ဆောင်ရွက်ပါ”ဟု ဆို၍ ပေး၏။ ဧကသာဋကကလည်း “ဤကောင်းမြတ်လှသော ကမ္ဗလာဖြင့် အပုပ်ကောင်သာဖြစ်သော ငါ၏ကိုယ်ကို ဆင်ယင်၍ အဘယ်အကျိုးရှိအံ့နည်း၊ ဘုရားအား လှူရမူ ဘဝဆက်တိုင်း ပါ၏”ဟု ကြံ၍ ဘုရားစံရာ ဂန္ဓကုဋီဝယ် တထည်ကို အခင်းပြုလျက် တထည်ကို ဗိန်တာန်ကြက်၍ လှူ၏။

တနေ့သ၌ မင်းကြီး ကျောင်းတော်သို့ လာလတ်သော် ကိုယ်တော်မြတ်၏ ရောင်ခြည်ဟုန်သည် အစုံသော ကမ္ဗလာရောင်ဖြင့် ကူးယှက်ရကား ပြိုးပြိုးပြက်ထွန်းသော ပတ္တမြားတောင်ကို နေရောင်,လရောင်ဖြင့် ဟပ်သကဲ့သို့ တလျှပ်လျှပ် တညီးညီး အံ့ချီးဖွယ်ဖြစ်၍ နှစ်သက်ဝမ်းသာစွာ “ဤကမ္ဗလာကို ဘယ်ဒါယကာ လှူပါသနည်း”ဟု လျှောက်မေး၏။ ဧကသာဋကလှူကြောင်းကို ဘုရားမိန့်တော်မူသဖြင့် သိလေလျှင် “အရှင်ဘုရား…. ဤကမ္ဗလာကို ဧကသာဋကကို အကျွန်ုပ် ပေးပေသည်၊ ဧကသာဋကလည်း သင့်တင့်သောဌာန၌ပင် ထားပေသည်”ဟု ဆို၍ ကြည်ညိုဝမ်းသာ ပြောဟောပြီးမှ ထိုဧကသာဋကကိုခေါ်၍ သံဃာတော်တို့၏ အလုပ်အကျွေး ပြုစိမ့်သောငှါ အသပြာတသိန်းထွက်သော ရွာကြီးရှစ်ရွာ, ရထားစီးကညာ ရှစ်ယောက်, ဆင်ပေါက်ရှစ်စီး, ကျွန်သီး ရှစ်အိမ်ထောင်, ရှစ်ဆောင်သော တိုက်ပြာသာဒ်, ရှစ်ရပ်စီသာဖြစ်သော ဆင်, မြင်း, ကျွဲ, နွားတို့ကို ပေးတော်မူ၏။ ဧကသာဋကလည်း ထိုနေ့မှစ၍ ဒါန သီလ ဘာဝနာကို လွန်စွာ အားထုတ်လျက် အသက်ဆုံးသောအခါ တာဝတိံသာ နတ်ပြည်၌ ဖြစ်လေ၏။

(စာမျက်နှာ-၁၅၄)

လင်၏သင်္ကန်းလျာလှူပုံ

ထိုမှသည် လူ့ပြည်နတ်ပြည် ကျင်လည်လာသဖြင့် ဤဘဒ္ဒကမ္ဘာဝယ် ကောဏာဂုံဘုရားနှင့် ကဿပဘုရား၏ အကြား၌ ဗာရာဏသီပြည်တွင် သူကြွယ်၏အမျိုး၌ ဖြစ်လာ၏။ အရွယ်ရောက်သောအခါ အိမ်ရာထောင်ခြင်းဖြင့်နေ၍ တနေ့သ၌ တောကစား သွားလေသော် ရေနီးသော တောအုပ်တခု၌နေသော ပစ္စေကဗုဒ္ဓါတို့၏ ကျောင်းကိုမြင်၍ ကျောင်းသို့ဝင်လေ၏။ အရှင်ပစ္စေကဗုဒ္ဓါတို့လည်း သင်္ကန်းချုပ်လုပ်ရာ အနားပတ် မလောက်သဖြင့် ခေါက်ထားခြင်းငှာ ရုံးစုသည်ကိုမြင်လျှင် “အရှင်ဘုရားတို့.. သင်္ကန်းမလောက်သလော”ဟု လျှောက်၏။ အနားပတ်တင်ရန် လိုကြောင်း ပြောဆိုလျှင် ကိုယ်တွင်ဝတ်သော ပုဆိုးကိုဖြတ်၍ လိုအပ်သမျှ သုံးတော်မူပါဟု လှူ၍ “အကျွန်ုပ်သည် ဤကောင်းမှုကြောင့် ဖြစ်လေရာရာ ဘဝဝယ် တောင့်တတိုင်း ပြည့်စုံသည်သာ ဖြစ်ပါစေ”ဟု ဆုတောင်း၏။

မယား၏ ကောင်းကျိုးဆိုးပြစ်

ထိုအခိုက်၌ သူကြွယ်အိမ်ဝယ် သူကြွယ်၏မယားနှင့် သူကြွယ်၏နှမသည် ငြင်းခုံခိုက်ရန်ဖြစ်၍ နေကြစဉ် ရှင်ပစ္စေကဗုဒ္ဓါ တဦးသည် ဆွမ်းရပ်လာသတည်း။ ထိုသို့ရပ်လာသည်ကို မြင်က သူကြွယ်နှမသည် ရှိသမျှဆွမ်းကို ကပ်လှူပြီးလျှင် “အရှင်ဘုရား... အကျွန်ုပ်သည် ဤကောင်းမှုကြောင့် ဖြစ်ဖြစ်သမျှသော ဘဝတို့၌ ဤမိန်းမမိုက်ကိုလည်းကောင်း၊ ဤကဲ့သို့ မိုက်သောသူကိုလည်းကောင်း ယူဇနာတရာကပင် ကြဉ်ရှောင်ရသည် ဖြစ်စေသော”ဟု ဆုတောင်း၏။

ထိုစကားကို သူကြွယ်မယားသည် တံခါးဝ၌ရပ်ခိုက် ကြားသဖြင့် “ဤမိန်းမကား ငါ့အကြောင်းကြောင့် ဆုတောင်းလေသည်။ ဤမိန်းမ၏ဆွမ်းကို အရှင်ကောင်း မသုံးဆောင်စေအံ့”ဟု ကြံ၍ ပစ္စေကဗုဒ္ဓါထံသွား၍ သပိတ်ကိုတောင်းလျက် ညွန်ပျောင်းဖြင့် ပြည့်စေ၍ ကပ်၏။

ယောက်မကလည်း “ဟယ် အယုတ်မ... ငါ့ကိုမူကား သင်ဆဲလိုမူလည်း ဆဲ, ရေရွတ်လိုမူလည်း ရေရွတ်လော့၊ နှစ်သင်္ချေပတ်လုံး ဖြည့်အပ်သော ပါရမီရှိသော အရှင်မြတ်၏ သပိတ်တော်ဝယ် အဘယ့်ကြောင့် ညွန်ပျောင်းကို ထည့်ပါသနည်း”ဟု ဆို၏။

ထိုစကားကိုကြားလျှင် သူကြွယ်မယားလည်း သတိရ၍ လက်တော်မှ သပိတ်ကို တောင်းပြီးလျှင် “အရှင်ဘုရား... သည်မှာ ရပ်တော်မူပါဦး”ဟု တောင်းပန်၍ အမြန်သွားပြီးသော် သပိတ်တော်ကို ပွတ်ဆေး၍ မွှေးလှသော နံ့သာတို့ဖြင့် ပွတ်ပြီးလျှင် နီလွင်ဝင်းဝါ မဟာလှေခါးပွင့် အဆင်းနှင့်တူသော စတုမဓုအရသာဖြင့် ပြည့်စေလျက် သပိတ်တော်ကိုကပ်၍ “အကျွန်ုပ် ဤကောင်းမှုကြောင့် ရှု၍ မရောင့်ရဲနိုင်သော အဆင်းနှင့် ဘဝတိုင်း ပြည့်စုံသည် ဖြစ်စေသော”ဟု ဆုတောင်း၏။ ပစ္စေကဗုဒ္ဓါလည်း အနုမောဒနာ ပြုပြီးလျှင် ကောင်းကင်ခရီးဖြင့် ကြွတော်မူ၏။

တောကစားရာမှ သူကြွယ်ပြန်လာသော် အိမ်မှပြုလင့်သော ဒါနကို ပြောကြား၍ လင်အား အမျှဝေ၏။ သူကြွယ်ကလည်း သင်္ကန်းအနားပတ် ဖြည့်ခဲ့ရသော ဒါနကို အမျှဝေ၏။

(စာမျက်နှာ-၁၅၅)

နောက်ဘဝတွင် အကျိုးထင်

ထိုသူနှစ်ဦးတို့သည် အသက်အတိုင်းနေ၍ စုတေလေသော် အထက်နတ်ပြည်၌ ဖြစ်၍ ကဿပဘုရား ပွင့်တော်မူသောအခါ လူ့ပြည်သို့လာ၍ ဗာရာဏသီပြည်ဝယ် ကုဋေရှစ်ဆယ် ဥစ္စာကြွယ်သော သူကြွယ်၏အမျိုး၌ ဖြစ်လာ၏။ ထိုသူ၏မယားလည်း ထိုနည်းကြွယ်ဝသော သဌေးသမီးပင် ဖြစ်၏။

အရွယ်ရောက်သောကာလ မိဘနှစ်ပါးတို့သည် ထိမ်းမြားကုန်သဖြင့် လင့်အိမ်သို့ ရောက်လေသော် အဆင်းကိုမြင်သဖြင့် လင်ယောက်ျားသည် သနားစုံမက်ခြင်းရှိ၍ ကိုယ်ထိလက်ပါး စံစားခြင်းငှါ အနီးသို့ ချဉ်းလာသော် ပစ္စေကဗုဒ္ဓါအား ပြစ်မှားခဲ့ဖူးသော မကောင်းမှုကံကြောင့် အရံအကာကို လှစ်ခွါ၍ ထားအပ်သော ဘင်ပုပ်စိုင်ကဲ့သို့ မကောင်းသော ရနံ့သည် လှိုင်၍ မကပ်နိုင်ရှိသဖြင့် မိဘတို့၏အိမ်သို့သာ ပြန်၍ပို့ရ၏။

ထို့အတူ သူကြွယ်ခြောက်ဦးတို့သည် အနူးအညွတ် တောင်းဆိုလာ၍ ထိမ်းမြားပါသော်လည်း အနီးသို့ ကပ်သောအခါ ရွှံ့ညွန်မစင်နံ့သာ လှိုင်၍ အတူမနေနိုင်ဘိသဖြင့် မိဘတို့အိမ်သို့သာ ပို့လာကြရလေသတည်း။

မျက်မှောက်ဘဝ အကျိုးရ

တရံသောအခါ ကဿပ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူ၍ တခဲနက် ကျန်ရစ်သော သရီရဓာတ်တော်ကို တယူဇနာမျှလောက်သော စေတီတည်ခြင်းငှါ များစွာသော ပြည်သူအပေါင်းတို့သည် ရွှေအုတ်,ငွေအုတ် ပြုလုပ်ကြကုန်လျှင် ယခင်သဌေးသမီးသည်လည်း ဤသို့ ကြံ၏။ “ငါသည် ခုနစ်ကြိမ်ပင် လင်၏အိမ်သို့ ရောက်ပါလျက် ယုတ်မာသော အနံ့ဖြစ်၍ ပြန်ရချေသည်။ အများနည်းတူ လူမလုပ်ရပြီတကား၊ ကိုယ်ကိုပြုပြင်သဖြင့် အဘယ်အကျိုးရှိတော့အံ့နည်း”ဟု ကြံ၍ ဆင်ဝတ်သမျှသော တန်ဆာကို ရောင်းချ၍ ရွှေအုတ်ဝယ်ပြီးသော် စေတီတော်တည်ရာသို့သွား၍ အကျွန်ုပ်အား တခုသောနေရာကို ချပါဟု တောင်းပန်၏။ အထက် ထီးချက်ခံရာ၌ စီ၍ဆင်းလာသော ယောက်ျားလည်း ဤအဖျား၌ပင် စီချေလော့ဟု ဆိုလျှင် ထိုသဌေးသမီးလည်း ဆေးဒန်းမြင်းသီလာကို နံ့သာရေတို့ဖြင့် သွေးပြီးလျှင် လေးခိုင်သော ကြာလက်တို့ကိုယူ၍ ကိုယ်တိုင်တက်ပြီးမှ မြင်းသီလာညက်တို့ဖြင့် သရွတ်တင်၍ ယခင် ရွှေအုတ်တို့ကို စီပြီးသော် အပေါ်၌ ကြာလက်တို့ကိုစိုက်၍ ဆင်းသက်ခဲ့ပြီးမှ လက်ယာရစ် သုံးပတ်လည်ကာ ရိုသေစွာ ပူဇော်ပြီး၍ “အကျွန်ုပ်သည် ယခုပြုရသော ကောင်းမှုကြောင့် ယခုဘဝမှစ၍ နိဗ္ဗာန်ရသော ဘဝတိုင်အောင် လှိုင်လှသော စန္ဒကူးနံ့ကဲ့သို့ သင်းပျံ့မွှေးကြိုင်သော ကိုယ်၏အနံ့, ကြာဝတ်ကဲ့သို့ပျံ့သော ခံတွင်း၏အနံ့ ရှိသည်သာ ဖြစ်ပါစေ”ဟု ဆုတောင်း၍ အိမ်သို့ပြန်လာ၏။

မျက်နှာပွင့်လင်းခဲ့ပြန်ပြီ

ထိုခဏ၌ လက်ဦးစွာ ထိမ်းမြားသော သူကြွယ်သည် ထိုမိန်းမငယ်အား သတိရ၍ “ငါက ပြန်ပို့သော သတို့သမီးငယ်သည် အဘယ်၌ နေသနည်း”ဟု မေး၏။ အချင်းအရင်းတို့ကလည်း သူ့မိဘအိမ်၌ပင် နေပါသည်ဟု ပြောလျှင် “သင်တို့သွား၍ ဆောင်ကြချေ”ဟု စေလိုက်၏။

(စာမျက်နှာ-၁၅၆)

တမန်တို့ရောက်လာလျှင် “သင်တို့ အဘယ့်ကြောင့် လာသနည်း”ဟု မေး၍ သဌေးစေလွှတ်ကြောင်းကို ကြားပေသော် “အမောင်တို.. အကျွန်ုပ် ဆင်ယင်သော တန်ဆာကို ဓာတုစေတီ၌ ပူဇော်ပြီးဖြစ်၍ မရှိပါ။ ထို့ကြောင့် မလိုက်လိုပါ”ဟု ဆို၏။

ထိုအကြောင်းကို သဌေးအား ပြန်ကြားပေသော် “အိမ်သို့ ရောက်သောအခါ တန်ဆာကို ရလတ္တံ့ဆို၍ ဆောင်ခဲ့”ဟု မှာလိုက်၏။ အချင်းအရင်းတို့လည်း မှာသည့်အတိုင်း ရထားထက်၌ တင်ဆောင်ခဲ့၍ အိမ်တံခါးဝသို့ရောက်လျှင် ထက်ဝန်းကျင်သော အိမ်အလုံးသည် စန္ဒကူးနံ့, ကြာဝတ်နံ့တို့ဖြင့် လှိုင်ပျံ့ဖုံးလွှမ်းလေ၏။

သဌေးသားလည်း ထိုသတို့သမီးအား ဆီးကြို၍ ကြည်ညိုဝမ်းသာ ဟောပြောပြီးလျှင် “သင်သည် ရှေးသောအခါ လွန်စွာ စက်ဆုပ်ဖွယ်သော ကိုယ်နံ့ရှိ၏၊ ယခုမူကား အဘယ့်ကြောင့် စန္ဒကူးနံ့, ကြာဝတ်နံ့တို့ဖြင့် လှိုင်ပျံ့သနည်း”ဟု မေး၏။ “အရှင့်သား.. အကျွန်ုပ်သည် ကဿပ ဘုရားမြတ်စွာ၏ ဘဏ္ဍာစေတီတော်ကို ပူဇော်ပြုလုပ်ခဲ့သော ကောင်းမှုကြောင့် မကောင်းသောအနံ့ ပျောက်၍ ကောင်းသောအနံ့ ရောက်လာပေသည်”ဟု ပြောလေသော် သဌေးသားလည်း “ဘုရားသာသနာမည်သည်ကား သတ္တဝါတို့၏ ကိုးကွယ်မှီခိုရာ ဖြစ်ပေသည်၊ အယုတ်မှသည် အမြတ်သို့ရောက်ကြောင်း ဖြစ်ပေသည်”ဟု အလွန်ယုံကြည်ခြင်း သဒ္ဓါပသန္နဖြစ်၍ ထိုတယူဇနာလောက်သော စေတီကို ကမ္ဗလာနီအဆင်းရှိသော အုတ်တို့ဖြင့်ရံလျက် ကြာတံကြာလက် စိုက်အပ်သော ကြာသွတ်အိုး, မုခ်ထွတ်, တုရင်တို့ဖြင့် တင်လှူပူဇော်၏။ ထိုသူနှစ်ဦးတို့သည် အသက်အတိုင်းနေ၍ စုတေလေသော် နတ်ပြည်၌ ဖြစ်ကြကုန်၏။

နောက်တဘဝတွင်

ထိုမှတခါ စုတေလေသော် ဗာရာဏသီပြည်မှ တယူဇနာကွာသော အမတ်တို့၏ရွာ၌ အမတ်ကြီးသား ဖြစ်လေ၏။ ထိုသူ၏ မယားကား ဗာရာဏသီမင်းကြီး၏ သမီးဖြစ်၏။ သတို့သားသည် ဖွားစကပင် သန့်စင်လှပရကား လူအပေါင်းတို့ နှစ်သက်စဖွယ်ရှိလှ၍ နန္ဒိယဟူသော အမည်ကိုမှည့်၏။ မင်းသမီးလည်း ရှု၍မငြီး ဆီမီးအဝါကဲ့သို့ တင့်တယ်စွာသော အဆင်းအရောင်ရှိလှ၍ “ဘဒ္ဒကာ”ဟူသော အမည်ကို မှည့်၏။

ထိုနန္ဒိယသတို့သားသည် အရွယ်သို့ရောက်သောအခါ ထိုမြို့ရွာ၌ ကြီးစွာသော နက္ခတ်သဘင်သည်ဖြစ်၍ ထိုသဘင်၌ ရွှင်မြူးပျော်ပါးခြင်းငှါ မိခင်အား ဝတ်စားတန်ဆာကို တောင်း၏။ မိခင်လည်း အသပြာ တထောင်ထိုက်သော ပုဆိုးကို ပေး၏။ ပုဆိုးကိုမြင်လျှင် “ဤပုဆိုးကား ကြမ်းတမ်း ရုန့်ရင်းလှသည်၊ အကျွန်ုပ်ကား မဝတ်လို”ဟု ပယ်၏။ တထည်လဲကာ အသပြာ နှစ်ထောင်ထိုက်သော ပုဆိုးကို ပေးပြန်လျှင်လည်း ရှေးနည်းဆို၍ ပယ်၏။ ထို့နောက် အသပြာ တသောင်းထိုက်သော ပုဆိုးကို ပေးပြန်သော် “ဤခက်ချော် ကြမ်းတမ်းသော ပုဆိုးဖြင့် အဘယ်မူစအံ့နည်း”ဟု ဆို၍ ပယ်ပြန်၏။

ထိုစကားကိုကြားသော် မယ်တော်က “အမောင် နန္ဒိယ... သည်ထက်သာ၍ နူးညံ့ကောင်းမွန်သော ပုဆိုးကား ငါတို့အိမ်တွင် မဆိုထားဘိ, ငါတို့နေရာ ဗာရာဏသီပြည်တွင်မျှ မရှိပြီ၊ သင့်ဘုန်းနှင့်သာ ရှာကြံလေတော့”ဟု ဆို၏။ နန္ဒိယ သတို့သားလည်း “မိဘနှစ်ပါးတို့ အခွင့်ပေးပါလျှင် အကျွန်ုပ် ရှာပါအံ့”ဟု ခွင့်တောင်း၏။ မိခင်ကလည်း “ချစ်သား နန္ဒိယ... ယနေ့ပင် သင်-ဗာရာဏသီပြည်၌

(စာမျက်နှာ-၁၅၇)

မင်းအဖြစ်ကိုရ၍ ကြွယ်ဝသည်ကို ငါတို့မြင်လို၏။ ကြွသာ ကြွတော်မူ”ဟု ဆိုပေသော် ထိုနန္ဒိယ သတို့သားလည်း မိခင်ဖခင်တို့အား ရှိခိုး၍ ထွက်သွားလေသဖြင့် ဗာရာဏသီ မြို့၏အနီး မင်းကြီးဥယျာဉ်၏အလယ် ကျယ်သော မင်္ဂလာကျောက်ဖျာထက်၌ အိပ်လျက်နေလေ၏။

မိဘနှစ်ပါးတို့ကလည်း နန္ဒိယ သတို့သားသည် ထိုမှဤမှ သွားလာ၍ ဆွေမျိုးများအိမ်၌သာ နေလတ္တံ့ဟူသောအမှတ်ဖြင့် ခပ်မဆိတ်နေ၏။

ဖုတ်သွင်းရထား ဆိုက်လေပြီ

ထိုအခါကား ဗာရာဏသီပြည်၌ ပြည့်ရှင်မင်းကြီးလွန်၍ ခုနစ်ရက်ရှိသဖြင့် သရီရဈာပနကို ပြုပြီးသော် မှူးမတ်, ပုရောဟိတ်စသော သူတို့သည် မင်းရင်ပြင်၌ တိုင်ပင် စည်းဝေးကြလျက် “ငါတို့မင်းကြီးကား သမီးနန်းနွယ်သာ ရှိသည်။ ညီတော်, သားတော်ဖြစ်သော နန်းမြစ်နန်းဆက် မရှိချေ။ မင်းမဲ့သော ပြည်မည်သည်လည်း မတည်မတံ့ ရှိရာသည်။ ထို့ကြောင့် ရှေးသူဟောင်းများကဲ့သို့ ဖုဿရထားကို လွှတ်၍ မင်းဖြစ်ထိုက်သောသူကို ရှာကြအံ့”ဟု ကြံ၍ စီမံပြုပြင်ကြပြီးလျှင် မင်္ဂလာရထား၌ ကုမုဒြာကြာချပ် အဆင်းကဲ့သို့သော သိန္ဓောမြင်း လေးစီးကလျက် သန်လျက်, ခြေနင်း, သင်းကျစ်, သားမြီးယပ်, ထီးဖြူဟူသော မင်းမြှောက်တန်ဆာ ငါးပါးကိုတင်လျက် စစ်အင်္ဂါလေးပါး ခင်းကျင်း၍ ပြည်တွင်းပြည်ပရှိသော နတ်တို့ကို ပူဇော်ပသ၍ လွှတ်၏။ ထိုဖုဿရထားသည် မြို့အရှေ့တံခါးမှသည် ဥယျာဉ်သို့ ရှေးရှုသွား၍ နန္ဒိယသတို့သား အိပ်နေရာ ကျောက်ဖျာကို လက်ယာရစ် သုံးပတ်လည်၍ တည်လေ၏။

ပုရောဟိတ် ပုဏ္ဏားလည်း လှုပ်ရှားခြင်းမရှိ ပကတိ ဦးခေါင်းခြုံလျက် စက်နေသော သတို့သား၏ ဖဝါးအစုံကိုလှစ်၍ ရှုလေသော် ဘုန်းတော်ကြီးအံ့သော အကြောင်းကိုမြင်၍ ကျောက်ဖျာအပြင်မှ ဆင်းပြီးလျှင် “အချင်း အမတ်တို့.. ဤမင်းမြတ်ကား ငါတို့ဗာရာဏသီပြည်ကို မဆိုထားဘိ၊ ငါးရာစီသော ကျွန်းငယ်တို့ဖြင့် ခြံရံအပ်သော ကျွန်းကြီးလေးရပ်ကို အုပ်ကွပ်စိုးမိုးနိုင်လတ္တံ့”ဟု ဆို၏။ ထိုအခါ များစွာသော မှူးမတ်အပေါင်းတို့သည် စည်,စောင်း, တူရိယာတို့ကို တညီတညာတည်း တီးမှုတ်စေလျက် ဦးရှက်တိုက်ကြကုန်၏။

နန္ဒိယ မင်းသားလည်း လွှမ်းထားသော မျက်နှာကိုဖွင့်၍ “ဘယ်အခွင့်ကြောင့် ရောက်လာသနည်း”ဟု မေးတော်မူသော် ခြေတော်ရင်းသို့ ဗာရာဏသီပြည် ရောက်ပါကြောင်းကို လျှောက်ထား၍ အလုံးစုံသော အကြောင်းကို ကြားပြီးလျှင် ထိုဥယျာဉ်၌ပင် မင်္ဂလာမဏ္ဍပ်ကိုပြု၍ မင်းသမီးနှင့် ထိမ်းမြားလျက် သုံးပါးသော အဘိသိက်ကို သွန်းကုန်၏။

သင်္ကန်းလျာ လှူရကျိုး

ထိုအခါ များစွာသော မှူးမတ်, မင်းဆွေမင်းမျိုးတို့သည် အဖိုးတသိန်းထိုက်သော ဝတ်လဲပုဆိုးကို ဆက်လာ၏။ နန္ဒိယမင်းမြင်သော် “သင်တို့ပုဆိုးကား အလွန် ရုန့်ရင်းစွာ့တကား”ဟု မိန့်တော်မူလျှင် “အရှင်မင်းကြီး.. ဤထက်သာသော အထည်သည် အကျွန်ုပ်တို့ပြည်၌ မရှိ”ဟု လျှောက်ကြ၏၊ “သင်တို့အရှင်မင်းကြီးသည် ဤမျှလောက်သော ဝတ်လဲကိုပင် ဝတ်ဆင်ရသလော”ဟု မေးပြန်၍ မှန်ပါကြောင်းကို လျှောက်တင်သော် “သင်တို့မင်းသည် ဘုန်းကံကောင်းမှု

(စာမျက်နှာ-၁၅၈)

နည်း၍သာ ဤရုန့်ရင်းစွာသော ဝတ်လဲကို ဝတ်ဆင်ရသည်၊ ငါမူကား မဆင်လို”ဟု ဆို၍ ရွှေကရားနှင့်ရေကို ဆောင်စေပြီးလျှင် နေရာမှထ၍ မျက်နှာခံတွင်းကို သန့်ရှင်းတော်မူလျက် လက်ယာလက်ဖြင့် ရွှေကရားကို ကိုင်ပြီးသော် “သုံးဖော်သောလောက၌ ဝေနေယျအပေါင်းတို့အား ကြီးမားသော ချမ်းသာကို ပေးနိုင်ခြင်းငှါ ကုသိုလ်ပြုခဲ့သည် မဟုတ်လော၊ ထိုအကျိုးသည် ယခုမျက်မှောက် ရောက်လာစေသော”ဟု ဆို၍ အရှေ့အရပ်သို့ သွန်းဖျန်းတော်မူလျှင် မြေအပြင်ကို ဝက်ဝက်ခွဲ၍ ဝတ်လဲပဒေသာတို့သည် ပေါက်လာကုန်၏။ ထို့အတူ တောင်,မြောက်, အနောက် အရပ်သို့လည်း သွန်းဖျန်းလေလျှင် လိုအင်ရှိသမျှသီးသော ပဒေသာပင်ကြီးတို့သည် ရှစ်ပင်,ရှစ်ပင်စီပေါက်၍ လေးမျက်နှာ၌ ပဒေသာ သုံးဆယ့်နှစ်ပင်တို့သည် ဖြစ်ကုန်၍ ထိုပဒေသာပင်တို့မှ အသပြာ အတိုင်းမသိထိုက်သော နတ်ဝတ်လဲကိုသာလျှင် ဆွတ်ယူဆင်ယင်တော်မူသတည်း။ ပြည်သူတို့ကိုလည်း အလိုရှိသမျှ ဆွတ်လှည့်ကြကုန်ဟု စည်လည်စေ၍ နေပြည်တော် နိုင်ငံသားတို့သည် ဗိုင်းယက်ကန်းမျှ မဝင့်ရပဲ ပဒေသာပင်၌သာ ဆွတ်ကာ သုံးဆောင်ရကုန်၏။

ပစ္စေကဗုဒ္ဓါ ထေရ်ငါးရာ

နန္ဒိယမင်းဖျားလည်း မိဖုရားနှင့်တကွ ဆောင်းအပ်သော ထီးဖြူရှိသော ဆင်ကျောက်ကုန်းထက်သို့ တက်ပြီးသော် မြို့နန်းတော်သို့ဝင်၍ မင်းစဉ်စံမြဲဖြစ်သော ပြာသာဒ်အပြင်ထက် ထက်ဝန်းကျင်ရံခသော မင်းမောင်းမ တသောင်းခြောက်ထောင်နှင့်တကွ သိကြားမင်း စည်းစိမ်ကဲ့သို့သော မင်း၏စည်းစိမ်ကို ခံစား၍ အနှစ်တသောင်းကျော်ရှိလတ်သော် တနေ့သ၌ ကြင်ဖော်ဖြစ်သော ဘဒ္ဒကာ မိဖုရားအား ဤသို့ဆို၏။ “အချင်းမိဖုရား.. ငါတို့ကား ရှည်လျားသောဘဝက ပုညဝတ္ထုကို ပြုစုအားထုတ်ခဲ့ဖူးသောကြောင့် ထူးမြတ်သောသုခကို ယခုဘဝ ရကြပေပြီ။ နောင်သောအခါ သည်ကဲ့သို့ ချမ်းသာကို ခံစားပါရအောင် ယခုကလည်း ပုညအထူးကို ဆည်းပူးမှသာ သင့်ချိမ့်မည်၊ လယ်မြေကောင်းသဖွယ် စင်ကြယ်သော သီလရှိသူ အလှူခံပုဂ္ဂိုလ်ကို စူးစမ်း၍ လှူဒါန်းပူဇော်လော့”ဟု ဆို၏။

ထိုစကားကိုကြားလျှင် မိဖုရားလည်း မှူးမတ်မင်းချင်းတို့အား “သတင်းစကားကိုနာ၍ အရပ်ရှစ်မျက်နှာ၌ ပေးလှူရာပုဂ္ဂိုလ်ကို ရှာကြကုန်”ဟု စေလွှတ်၏။ နှစ်လည်၍ အလှူခံမတွေ့လျှင် “ငါတို့ဇမ္ဗူဒိပ်ကျွန်းသည် အချည်းနှီး မရှိလေရာ၊ ပူဇော်ထိုက်သော ရဟန္တာတို့လည်း ရှိတန်ရာ၏”ဟု ကြံ၍ လှူဒါန်းရန်ဖြစ်သော ဒါတဗ္ဗဝတ္ထုတို့ကို စီရင်ပြီးသော် မင်း,မိဖုရား နှစ်ပါးတို့သည် ပြာသာဒ်သို့တက်၍ လေသာနန်းတံခါးကို ဖွင့်ပြီးလျှင် အင်္ဂါရှစ်ပါးရှိသော ဥပုသ်ကို ဆောက်တည်၍ အရှေ့သို့ ရှိခိုးပူဇော်ကာ “ရဟန္တာအရှင်မြတ်တို့သည် ဤအရပ်ဝယ် အကယ်၍ ရှိပါကုန်မူ, အကျွန်ုပ်တိုအလှူကို ခံတော်မူလှည့်ပါ”ဟု လျှောက်၏။ အချိန်ကုန်၍ မကြွလာသော် ခရီးသွား ယာစကာတို့အား စွန့်ကြဲ၏။ နောက်တနေ့သောအခါလည်း ဤနည်းအတူ အလှူဝတ္ထုကို ပြင်ဆင်လျက် တောင်လေသာ နန်းတံခါးကိုဖွင့်၍ ပင့်ဖိတ်လျှောက်ထား၏။ နောက်တနေ့သောအခါလည်း အနောက်မျက်နှာ လေသာနန်းတံခါးကိုဖွင့်၍ ပင့်ဖိတ်လျှောက်ထား၏။ နောက်တနေ့သော အခါလည်း မြောက်အရပ်မျက်နှာ လေသာနန်းတံခါးကိုဖွင့်၍ ပင့်ဖိတ်လျှောက်ထား၏။

ထိုအခါ ဟိမဝန္တာ၌နေကုန်သော ပဒုမဒေဝီမိဖုရား၏ သားဖြစ်ကုန်သော ပစ္စေကဗုဒ္ဓါ ငါးရာတို့တွင် နောင်တော်အကြီးဖြစ်သော မဟာပဒုမ ပစ္စေကဗုဒ္ဓါသည်

(စာမျက်နှာ-၁၅၉)

ညီတော် လေးရာ့ကိုးကျိပ် ကိုးယောက်တို့အား စည်းဝေးခေါ်ဆောင်၍ အနောတတ်အိုင်၌ မျက်နှာဆေးပြီးသော် သပိတ်သင်္ကန်းကို ပြင်လျက် ကောင်းကင်ခရီးဖြင့် ကြွလာ၍ ဗာရာဏသီပြည် မြောက်တံခါး၌ သက်ကြလေကုန်၏။ လူအပေါင်းတို့မြင်လျှင် ပြည့်ရှင်မင်းကြီးအား ပစ္စေကဗုဒ္ဓါတို့ ကြွလာကြောင်းကို လျှောက်ကြ၏။

ဥယျာဉ်တော်တွင်းမှာ ပူဇော်ကာ

မင်းမိဖုရား နှစ်ပါးတို့သည် ခရီးဦးကြိုဆို၍ သပိတ်ကို လှမ်းယူပြီးလျှင် ပြာသာဒ်ထက် ပင့်တင်၍ ကြည်ရွှင်ဝမ်းသာစွာ ယာဂုဆွမ်း အဖျော်တို့ဖြင့် လုပ်ကျွေး၏။ ဆွမ်းဘုဉ်းပေးပြီးသောအခါ တရားတော်ကိုနာ၍ “အရှင်မြတ်တို့သည် အကျွန်ုပ်တို့အား သနားတော်မူပါသဖြင့် ဤပြည်၏အနီး ဥယျာဉ်ကြီးအတွင်းဝယ် သီတင်းသုံးတော်မူပါ၊ အရှင်တို့အားလည်း လေးပါးသော ပစ္စည်းတို့ဖြင့် မပင်မပန်းရအောင်, အကျွန်ုပ်တို့လည်း ဒါနသီလ ပွားများရအောင် အားထုတ်လျက် အသက်ထက်ဆုံး ကိုးကွယ်ကြပါရစေ”ဟု လျှောက်၏။ ပစ္စေကဗုဒ္ဓါတို့လည်း ကောင်းပြီဟု ပဋိညာဉ်ကို ပေးလေလျှင် ထိုဥယျာဉ်၌ ငါးရာမျှလောက်သော ကျောင်းသင်္ခမ်း ကမ္မဋ္ဌာန်းစီးဖြန်းရာ ဇရပ်တို့ကိုလည်းကောင်း၊ ငါးရာသော စင်္ကြံ, ငါးရာသော တံကဲပြင်တို့ကိုလည်းကောင်း စီရင်လှူဒါန်း၍ ဆွမ်း,သင်္ကန်း ပရိက္ခရာတို့ဖြင့် ရံခါမပြတ် လုပ်ကျွေး၏။

ပရိနိဗ္ဗာန်စံကြပြီ

နေ့ရက်ရှည်လျား၍ တရံသောအခါ ပစ္စန္တရစ်ရပ်ရွာ မငြိမ်မဝပ်ရှိ၍ ထိုကို ငြိမ်းစိမ့်သောငှါ မင်းကြီးထွက်လိုသော် မိဖုရားကိုခေါ်၍ “သင်သည် အရှင်ပစ္စေကဗုဒ္ဓါတို့အား လုပ်ကျွေးခြင်း၌ မမေ့မလျော့စေလင့်”ဟု မှာ၍ စစ်အင်္ဂါလေးပါး စီရင်လျက် ထွက်တော်မူ၏။ မိဖုရားလည်း ကျွေးမြဲတိုင်းသောဝတ်ဖြင့် ကျွေးမွေး၍ တနေ့သောအခါ ပစ္စေကဗုဒ္ဓါတို့၏ အာယုသင်္ခါရသည် ကုန်လေခဲ့ရကား မဟာပဒုမ ပစ္စေကဗုဒ္ဓါသည် ဈာန်သမာပတ်ကို ညဉ့်သုံးယံပတ်လုံး ဝင်စား၍ အရုဏ်တက်အချိန်တွင် ပရိနိဗ္ဗာန် ယူလေ၏။ ကြွင်းသော ပစ္စေကဗုဒ္ဓါတို့လည်း ထိုနည်းအတူ ပရိနိဗ္ဗာန် ယူကြလေကုန်၏။ နံနက်ကာလတိုင်ဘိသော် မင်းမိဖုရားလည်း ဆွမ်းလုပ်ကျွေးမြဲသော နေရာ၌ ကောင်းစွာသန့်ရှင်း၍ ပန်းမွေ့ရာတို့ကို ခင်းပြီးလျှင် ဘောဇဉ်ငါးပါးဖြင့် ခင်းကျင်းလျက် စောင့်နေ၏။ အချိန်သင့်၍ မကြွလာလျှင် “အရှင်ကောင်းတို့အား သွား၍ရှုချေ”ဟု မင်းချင်းတို့ကို စေလိုက်သော် ပစ္စေကဗုဒ္ဓါတို့၏ ကျောင်းသို့ရောက်လျှင် ပရိနိဗ္ဗာန်ဝင်သော အဖြစ်ကိုသိ၍ မိဖုရားအား အကြောင်းကို ပြန်ကြား၏။

သံဝေဂရ ရဟန်းပြုကြ

မိဖုရားလည်း များစွာ ငိုကြွေးမြည်တမ်းလျက် နန်းမှထွက်၍ နှစ်သက်ဖွယ်သော ထင်း,တလားတို့ကို ပြုလျက် သင်္ဂြိုဟ်ဖုတ်ကြည်းပြီးသော် ဓာတ်တော်တို့ကို စေတီတည်လေ၏။ စေတီတည်ပြီးသောကာလ နန္ဒိယမင်းကြီးလည်း ပစ္စန္တရစ်ကို ငြိမ်ဝပ်စေရာမှ ပြန်လာသော် ဘဒ္ဒကာမိဖုရားသည် ခရီးကြိုဆိုရာ လျှောက်တင်၍ အရှင်ပစ္စေကဗုဒ္ဓါတို့ ပရိနိဗ္ဗာန်ယူခြင်းကို သိလျှင် မြို့တွင်းသို့မဝင်ပဲ ဥယျာဉ်အရပ်၌ ပြုအပ်သော ဓာတုစေတီတော်ကို ပူဇော်ဖူးမြင်၍ “ကောင်းကင် ပျံခြင်း, မြေလျှိုးခြင်းစသော တန်ခိုးအဘိညာဉ်နှင့် ပြည့်စုံသော ဤအရှင်တို့မှသော်လည်း

(စာမျက်နှာ-၁၆၀)

သေမင်းနိုင်ငံသို့ လိုက်ရချေသည်၊ ငါတို့ကား အဘယ် ဆိုဖွယ်ရာ ရှိတော့အံ့နည်း”ဟု သတိသံဝေဂရ၍ သားအကြီးအား ထီးနန်းတိုင်းပြည်ကို အပ်ပြီးလျှင် ထိုဥယျာဉ်၌ ရဟန်းပြု၍ နေလေ၏။

မိဖုရားလည်း “မင်းကြီး ရဟန်းပြုခဲ့သော် နန်းတော်၌ ငါနေသဖြင့် အဘယ်အကျိုးရှိတော့အံ့နည်း”ဟု ဆင်ခြင်၍ ဥယျာဉ်တွင်ပင် ကျောင်းသင်္ခမ်းတခုဖြင့် ရဟန်းပြု၍ နေလေ၏။ ထိုရဟန်း နှစ်ပါးတို့သည် ဈာန်ဝိပဿနာကို ပွားစေလျက် အသက်အတိုင်းနေ၍ စုတေသောအခါ ဗြဟ္မာ့ပြည်၌ ဖြစ်ကြကုန်၏။

နောက်ဆုံးဘဝ ရောက်လာကြသော်

ငါတို့ဘုရား ထင်ရှားဖြစ်လတ္တံ့သောအခါ ထိုနန္ဒိယမင်းသားသည် ဗြဟ္မာ့ပြည်မှ စုတေခဲ့၍ မဂဓရာဇ်တိုင်း မဟာတိတ္ထ မည်သော ပုဏ္ဏားရွာ၌ ကပိလမည်သော ကဿပအနွယ်ဖြစ်သော မင်းပုဏ္ဏား၏ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေ နေလေ၏။ အမည်မှည့်သောအခါ လွန်စွာ ချစ်ဖွယ်ရှိသောကြောင့် ပိပ္ပလိဟူသော အမည်ကို မှည့်၏။ ဘဒ္ဒကာ မိဖုရားလည်း မဒ္ဒရာဇ်တိုင်း သာဂလမြို့၌ ကောသိယမည်သော မင်းပုဏ္ဏား၏ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေ နေ၏။ အမည်မှည့်သောအခါ တင့်တယ်စွာသော အဆင်းအရောင် ရှိရကား ဘဒ္ဒကာပိလာနီဟူသော အမည်ကို မှည့်၏။

အိမ်ထောင်မပြုလိုပုံ

ထိုသူနှစ်ဦးတို့သည် အစဉ်သဖြင့် ကြီးပွား၍ ပိပ္ပလိ သတို့သားသည် အသက်နှစ်ဆယ်, ဘဒ္ဒကာပိလာနီ တဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သောကာလ သတို့သား၏ မိဘတို့သည် ဤသို့ ဆိုကြကုန်၏။ “ချစ်သားပိပ္ပလိ.. ကျက်သရေရှိသော အရွယ်သို့ သင်-ရောက်ပေပြီ၊ ဤငါတို့အမျိုးအနွယ်ကို ဆက်သွယ်ပြန့်ပွားအောင် သင်ကား ဆောင်ရလတ္တံ့၊ သင်နှစ်မြို့သော သတို့သမီးကို ညွှန်ပြလော့၊ ငါတို့ ဆောင်နှင်းမည်”ဟု ဆို၏။ ထိုစကားကိုကြားလျှင် ပိပ္ပလိလုလင်လည်း “မိခင်ဖခင်တို့... အကျွန်ုပ်အား ဤစကားကို မဆိုပါလင့်၊ ကာမဂုဏ်ဖြင့် မွေ့လျော်ခြင်းကို အလိုမရှိပါ၊ မိဘနှစ်လီ အသက်ရှည်သမျှကို အကျွန်ုပ် လုပ်ကျွေး၍ မိဘတို့လွန်သောအခါ ရဟန်းပြုပါအံ့”ဟု ဆိုလေ၏။ လေးငါးရက်ကြာ၍ ထပ်ကာတဖန် တိုက်တွန်းပြန်လျှင်လည်း ရှေးနည်းပင်ပယ်၍ နှစ်သွယ်သောနားတွင်းကို ပိတ်၏။

ရွှေစင်ရုပ်ပမာ မိန်းမရှာ

ဤနည်းတူသာ အကြိမ်များစွာ ခြင်းရာပြညွှန်း၍ တိုက်တွန်းလေဘိသော် “မွေးမိခင်အား နားလည်းသာယာ ရှာလည်းမရ ဤကိစ္စကို နောင်မဆိုအောင်”ဟု နှလုံးပြု၍ ရွှေစင်နိက္ခတထောင်ကို မိန်းမယောင်ထုလုပ်ပြီးလျှင် စင်ကြယ်စွာပွတ်သပ်၍ ကောင်းမြတ်သော အဝတ်တန်ဆာတို့ကို ဆင်ယင်လျက် “ဤရွှေရုပ်၏ အသွင်အပြင်နှင့်တူသော မိန်းမကိုရလျှင် အများနည်းတူ လူပြုပါအံ့”ဟု ဆို၍ မိခင်အား ပြလေ၏။

မယ်တော်ကလည်း “ငါ့သားသည် ဘုန်းကံရှိသော ယောက်ျားဖြစ်သည်၊ ဤရွှေရုပ်ကဲ့သို့ လှသောမိန်းမကို မရပဲမရှိရာ”ဟု ကြံ၍ ရှစ်ယောက်သောပုဏ္ဏားတို့ကို ခေါ်၍ ပဏ္ဏာကာရပေးပြီးသော် ရွှေရုပ်ကို ရထားထက်၌တင်၍ “ဤရွှေစင်ရုပ်နှင့်တူသော မိန်းမကို ရှာကြလေကုန်”ဟု

(စာမျက်နှာ-၁၆၁)

စေလွှတ်၏။ ပုဏ္ဏားတို့လည်း အမြို့မြို့ အပြည်ပြည်သို့ လှည့်လည်ရှာဖွေသည်ဖြစ်၍ မဒ္ဒရာဇ်တိုင်း သာဂလမြို့သို့ ရောက်သောအခါ လူတို့စုဝေးရာ ရေဆိပ်နား၌ ရွှေရုပ်ကိုထား၍ ပုဏ္ဏားတို့ သင့်တင့်ရာက ရှုမျှော်ကာ ငံ့နေကြ၏။

မိန်းမလှရတနာ

ညချမ်းသောအခါ ဘဒ္ဒကာပိလာနီ၏ အလုပ်အကျွေးဖြစ်သော မိန်းမသည် မိမိ၏ အရှင်မဖြစ်သော ဘဒ္ဒကာပိလာနီကို နံ့သာရေတို့ဖြင့် ချိုးစေလျက် ဘယက်တန်ဆာ ပန်းနံ့သာတို့ကို ဆင်ယင်ခဲ့ပြီးလျှင် မိမိရေချိုးခြင်းငှါ ရေဆိပ်သို့လာသော် ကောင်းစွာထားလင့်သော ထိုရွှေစင်ရုပ်ကို မြင်လေက “အရှင်မ.. ဌာနမသင့်ရာသို့ အဘယ့်ကြောင့် လာသနည်း၊ ယခု အမြန်ပြန်လော့”ဟု ဆိုလျက် လက်ဝါးဖြင့်ရိုက်၏။ ရွှေရုပ်ကိုခတ်မိ၍ လက်နာသောအခါမှ ဘဒ္ဒကာပိလာနီ မဟုတ်မှန်းသိ၍ ရယ်ရွှင်၏။

ထိုအခြင်းအရာများကို ပုဏ္ဏားတို့မြင်လျှင် “သင်၏ အရှင်မသည် ဤရွှေရုပ်ကဲ့သို့ လှသလော”ဟု မေး၏။ အထိန်းခုဇ္ဇာလည်း “အကျွန်ုပ်၏သခင်မသည် အဘယ်မှာ ဤရွှေရုပ်မျှ ကအံ့နည်း၊ အဆအရာ အဆအထောင်ပင် ကဲလွန်၏၊ ရုတ်ခြင်းမြင်သော်သာ ရိုးရိပ်တူပါသည်။ အရှင်မကိုယ်ရောင်သည် တဆယ့်နှစ်တောင်ရှိသော တိုက်ခန်း၌ မီးထွန်းရခြင်းမရှိ၊ ပကတိသာ ထွန်းလင်း၏။ အရှေ့, အနောက်, တောင်, မြောက် ခုနစ်အိမ်ပြန့်အောင် ကိုယ်နံ့မွှေးကြု၏”ဟု ဆိုပေသော် ရွှေရုပ်ကို ရထားထက်၌တင်ပြီးလျှင် “ဤတွင် ငါတို့အလို ပြည့်လတ္တံ့”ဟု ဆို၍ ထိုအထိန်းခုဇ္ဇာနှင့် အတူတကွ ကောသိယ ပုဏ္ဏားအိမ်သို့ ဝင်လေ၏။

စေ့စပ်ကြောင်းလမ်းပုံ

ကောသိယ ပုဏ္ဏားသည် “အဘယ်ဒေသမှ အဘယ်ကိစ္စကြောင့် လာသနည်း”ဟု မေး၏။ ပုဏ္ဏားတို့လည်း “မဂဓတိုင်း မဟာတိတ္ထရွာ၌ ဥစ္စာ ကုဋေရှစ်ဆယ်ရှိသော ကပိလပုဏ္ဏားသည် သားပညာရှိ ပိပ္ပလိလုလင်ကိုရ၍ ဂုဏ်ရည်မျှသော အမျိုးသမီးနှင့် ထိမ်းမြားအံ့ဟု ကြံပါသော်လည်း အခါခါပစ်ပယ်၍ ဤဇမ္ဗူရာဇ်ရွှေရည်နှင့်တူသော မိန်းမမှ မိဘစကားကို နားထောင်ပါမည်ဟု ဆို၍ သားအလိုသို့ လိုက်သဖြင့် လွှတ်လိုက်၍ လာရပါသည်”ဟု လျှောက်၏။ ကောသိယ ပုဏ္ဏားလည်း “အမျိုးကောင်းသား ဘုန်းရှိသော ယောက်ျားပင် ဖြစ်ပေသည်၊ စိတ်မတူ ရှိရတော့မည်လော”ဆို၍ ရွှေရုပ်နှင့်တကွသော ပဏ္ဏာကာရကို သိမ်း၏။

သဝဏ်လွှာ လဲ၍ပို့ကြခြင်း

ထိုအကြောင်းကို ဘဒ္ဒကာပိလာနီ သိကြားလျှင် ပိပ္ပလိ သတို့သားအား တဝမ်းဖွားကဲ့သို့ ချစ်ခြင်းမေတ္တာကား ရှိ၏၊ ကာမဂုဏ်ဖြင့် ရောပြွမ်းခြင်းကိုကား အလိုမရှိပေ။ ထိုစေလိုက်သော ပုဏ္ဏားတို့သည် မိမိတို့၏အရှင်ဖြစ်သော ကပိလပုဏ္ဏားအား “ရွှေရုပ်နှင့်တူသော သတို့သမီးရကြောင်း” သတင်းစကားကို ကြားမှာလိုက်ဘိ၍ ကပိလပုဏ္ဏားက သား-ပိပ္ပလုလိလင်ကို ပြောဆိုပေလျှင် “သို့စင်သော မိန်းမကိုကား မရနိုင်တန်ဟု ကြံစည်၍ ငါဆိုပါလျက် ယခု ရပြန်လာခဲ့သည်”ဟု နှလုံးမသာခြင်းရှိ၍ တနေ့သောအခါ ဆိတ်ကွယ်ရာ၌ နေပြီးလျှင် ရွှေပေဖြင့် သဝဏ်စာရေး၍ မှာလိုက်၏။

(စာမျက်နှာ-၁၆၂)

“အချင်း ဘဒ္ဒကာပိလာနီ... သင်တို့အရိုး အမျိုးအရွယ်တူမျှသော ယောက်ျားတပါးနှင့်သာလျှင် အိမ်ရာထောင်ခြင်းကို ပြုကုန်လော့၊ ငါတို့မူကား လူတို့ဘောင်တွင် ပျော်ရွှင်ခြင်းကို အလိုမရှိ၊ မိဘနှစ်ပါးတို့ အနိုင်အထက် ထိမ်းမြားသော်လည်း ထွက်သွား၍ ငါရဟန်းပြုလိမ့်သတည်း၊ ထိုအခါ သင်-နှလုံးမသာ ရှိလတ္တံ့”ဟု မှာလိုက်၏။

ဘဒ္ဒကာပိလာနီလည်း ဤနည်းတူပင် “အရှင့်သားသည် အကျွန်ုပ်မှတပါး ကောင်းမြတ်သော အမျိုးအနွယ် တင့်တယ်လျောက်ပတ်သော သတို့သမီးနှင့်သာ အိမ်ထောင်မှုကို ပြုတော်မူလော့၊ ကျွန်ုပ်ကား လင်သားနေမှုကို အလိုမရှိပါ။ ရဟန်းအဖြစ်ကိုသာ တောင့်တပါ၏”ဟု သဝဏ်စာ ရေးပို့စေ၏။

သဝဏ်စာဆောင်ယူသော သူနှစ်ဦးတို့သည် ခရီးလမ်း၌ ဆုံမိ၍ “သင်-ဘယ်ကိစ္စဖြင့် လာရသနည်း”ဟု မေးလျှင် မင်းသား၏လုလင်က “အကျွန်ုပ်တို့ အရှင့်သားသည် ဘဒ္ဒကာပိလာနီအား ဤသဝဏ်စာခွေကို ပို့ချေစေ၍ လာရသည်”ဟု ဆိုဘိ၍ မိမိ၌ပါသောစာကို ပြ၏။ ဘဒ္ဒကာပိလာနီ၏ တမန်ကလည်း ဤနည်းအတူ ပြောဆိုဘိ၍ မိမိဆောင်ခဲ့သောစာကို ပြ၏။ သဝဏ်စာနှစ်ခုကို ဖတ်ပြီးလျှင် စေသူလုလင်တို့သည် ရင်ခတ်လက်တီး ချီးမွမ်းအံ့ဩ၍ “သူငယ်နှစ်ဦးတို့၏ ဖြစ်အင်ကို သင်တို့ ရှုပါကုန်”ဟု ပြောဆိုကြပြီးသော် ပါလာရင်းကို တညီတညာတည်း “ချစ်ခင်ပေါင်းသင်းလိုကြောင်း”ဟု ပြင်၍ အသစ် ကောင်းမွန်စွာရေးပြီးမှ ပေးကမ်းကြ၏။

ထိမ်းမြားလက်ထပ်အပြီး

ဤသို့သာနည်းအားဖြင့် မိဘနှစ်ဦးသားနှင့် အကြားစေ့ဆော်သူတို့သည် သူငယ်နှစ်ဦးကို အလိုမရှိပဲပင် ဖက်ယှဉ်ထိမ်းမြား၍ လင်မယားအဖြစ်သို့ ရောက်စေ၏။

ဘဒ္ဒကာပိလာနီသည် ပိပ္ပလိသတို့သား၏ အိမ်သို့ရောက်သောနေ့ ထမင်းညစာ စားပြီးသော် သတို့သားသည် တခုသော ပန်းကုံးကိုကိုင်၍ ဘဒ္ဒကာပိလာနီလည်း တခုသော ပန်းကုံးကိုကိုင်၍ တပြိုင်နက် အိပ်ရာသို့တက်ပြီးလျှင် နှစ်ယောက်၏အကြား၌ တခုသော နေရာကိုထား၍ ပန်းကုံးအသီးအသီး သားပြီးလျှင် “သင်၏ပန်းကုံးညှိုးက သင်-ရာဂစိတ်ဖြစ်သည်ကို သိရလတ္တံ့၊ ငါ့ပန်းကုံးညှိုးခဲ့မူကား ငါ-ရာဂစိတ်ဖြစ်သည်ဟူ၍ သိဘိလော့၊ ရာဂကြူးသောသတ္တဝါကို စွန့်ခွာစတမ်း”ဟု ဆို၍ ပိပ္ပလိသတို့သားလည်း လက်ယာနံတောင်းဖြင့် စောင်းလျက် ဘဒ္ဒကာပိလာနီလည်း လက်ဝဲနံစောင်းဖြင့် စောင်းလျက် ကိုယ်လက် မထိပါးစေရပဲ ညဉ့်သုံးယံပတ်လုံး စက်မွေ့ကြ၏၊ နေ့ကာလ၌လည်း ရယ်ရွှင်မြူးထူးခြင်းကိုမျှ မပြု၊ စားမှု, သောက်မှု, စီမံမှုတို့၌သာ အတူတကွဖြစ်၏၊ ဤသို့သောနည်းဖြင့် အဘအမိ ရှိသမျှကာလပတ်လုံး “လောကာမိသ”ဖြင့် ရောယှက်လျက် နှစ်သက်ခြင်းကို မပြု၊ အမှုခပ်သိမ်းကိုလည်း မစီရင်၊ မိခင်,ဖခင်တို့အား လုပ်ကျွေး၍သာ နေ၏။

ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာ

မိဘတို့လွန်လေသော် ရွှေငွေစသော စည်းစိမ်အလုံးစုံကို စုရုံး၍ သိမ်းပိုက်ရ၏။ ထိုသူတို့၏ ဘဏ္ဍာကား ရွှေငွေအသပြာပေါင်း ရှစ်ဆယ့်ခုနစ်ကုဋေ ရှိ၏။ တနေ့သ၌ ကိုယ်ကိုချေးတွန်း၍ ပစ်အပ်သော ရွှေမှုန့်သည် မဂဓရာဇ် ကွမ်းစားဖြင့် တဆယ့်နှစ်ကွမ်းစား ရ၏။

(စာမျက်နှာ-၁၆၃)

ယခုလူတို့ ခေါ်ဝေါ်ကြသော တင်းဖြင့်ကား တဆယ့်နှစ်ပြည်ရှိ၏။ ကာလသုံးထွေ၌ ရေကိုယူခြင်းငှါ ကောင်းစွာပြုအပ်သော တဖက်ဆည်ကန်ကြီး ခြောက်ဆယ်ရှိ၏။ အမှုလုပ်သောသူတို့သည် တဆယ့်နှစ်ယူဇနာမျှလောက်သောအရပ်၌ ပြည့်၏။ သီဟိုဠ်ကျွန်း၌ အနုရာဓမြို့ ပမာဏရှိသော ဆင်ထိန်း တဆယ့်လေးရွာ, မြင်းထိန်း တဆယ့်လေးရွာ, ရထားထိန်း တဆယ့်လေးရွာ ရှိ၏။

သံဝေဂရကြပုံ

ဤသို့ ကြီးကျယ်စွာသော ဥစ္စာစည်းစိမ်ကို သိမ်းပိုက်ရ၍လည်း တနေ့သောအခါ ပိပ္ပလိသည် များစွာသောလူအပေါင်းခြံရံလျက် တန်ဆာဆင်အပ်သော မြင်းရထားထက် စီးပြီးသော် အမှုလုပ်တို့ကို နှိုးဆော်ခြင်းငှါ လယ်လုပ်ရာသို့ သွားလေသော် ထွန်သွားခွဲရာမြေ၌ ပေါ်နေသော တီ,ပိုးရွ သတ္တဝါတို့ကို များစွာသော ကျီးစွန်တို့ စားနေသည်ကိုမြင်လျှင် “ဤလယ်ပြင်၌ ကျီးစွန်တို့ အဘယ်ကိုစားသနည်း”ဟု မေး၏။ “တီ,ပိုးရွ စသည်တို့ကို ဖော်၍စားပါသည်”ဟု လျှောက်လျှင် “ဤမကောင်းမှုသည် အဘယ်သူနှင့် စပ်သနည်း”ဟု မေးပြန်၏။ “ဤလယ်မြေ၏ အရှင်နှင့်သာ စပ်သည်”ဟု ဆိုကြသော် “ငါ့ကိုမှီ၍ ဤသတ္တဝါတို့ ပျက်စီးရှာရပေသည်။ လူ့ဘောင်တွင် နေသောငါသည် အဘယ်မှာ ကောင်းမှုပွားနိုင်အံ့နည်း၊ ဤမျှလောက်သော စည်းစိမ်ချမ်းသာကို ဘဒ္ဒအား ဆောက်နှင်းခဲ့၍ ယနေ့ပင် ငါရဟန်းပြုတော့အံ့”ဟု ကြံလျက် အိမ်သို့ပြန်ခဲ့၏။

ထိုသနေ့၌ ဘဒ္ဒကာပိလာနီလည်း များစွာသော အထိန်း မိန်းမတို့နှင့်တကွ နှမ်းလုပ်ခင်း၌ နှမ်းကို သိမ်းကြရာဝယ် ကျီးတို့သည် ကပ်တွယ်သော ပိုးတို့ကို စားကြသည်ကို မြင်လျှင် ကြောင်းအင်ခြင်းရာကို မေးမြန်း၍ “ဤနှမ်းခင်းအရှင်နှင့်သာ ဤမကောင်းမှုသည် စပ်၏”ဟု ဆိုကြသဖြင့် ထိတ်လန့်ခြင်း သံဝေဂရှိရကား ဤသို့ကြံ၏။ “ငါတို့ခန္ဓာသည် အလျားတလံ အနံနှစ်ထွာ ဒုတထွာမျှသာ ဖြစ်ချေသည်၊ ရိက္ခာ တကွမ်းစား, အလွှား လေးတောင်ရှိက ကိစ္စငြိမ်းသင့်ရာလျက် ဇမ္ဗူဒီပါ ပြည့်ဘနန်းသော စီးပွားဘဏ္ဍာကို ရ၍လည်း ဆန္ဒမငြိမ်းနိုင်ကြချေ။ သေသောအခါလည်း တချင်ရွေးမျှ ပါသည်မဟုတ်၊ ဤသူယုတ်အများတို့ပြုသော မကောင်းမှုအပေါင်းသည် ငါတို့ခေါင်း၌သာ ဖြစ်ချေလျှင် သေစေတတ်သော အဆိပ်ဆေးကို ငွေတထောင်ပေး၍ ဝယ်သကဲ့သို့ ဖြစ်သည်တကား၊ လူ့ဘောင်တွင်နေ၍ အဘယ်အကျိုးရှိအံ့နည်း၊ အရှင့်သားအား စီးပွားဘဏ္ဍာ ဟူသမျှကို အပ်၍ ယနေ့ပင် ငါရဟန်းပြုတော့အံ့”ဟု ကြံလျက် အိမ်သို့ပြန်လာ၏။

ယင်းသို့ ပြန်လာ၍ မောင်နှံနှစ်ပါးတို့သည် ပြာသာဒ်အထက်သို့ ရောက်လျှင် ထက်ဝန်းကျင်မှ စောင့်ရှောက်ကာနေကြသော အလုပ်အကျွေးတို့သည် စကြဝတေးမင်းနှင့်သာထိုက်သော ဘောဇဉ်ခဲဖွယ်တို့ကို ပြင်ဆင်၍ ဆက်သလာကြကုန်၏။

ကိုယ်တိုင်ရဟန်းပြုကြပြီ

မောင်နှံနှစ်ပါးတို့သည် စားသောက်ခြင်း ပြီးလတ်၍ ပရိသတ်တို့ ရှင်းသောအခါ ဆိတ်ငြိမ်ရာသို့ဝင်ပြီးသော် “အချင်းဘဒ္ဒါ.. ငါ့အိမ်သို့ သင်လာသောကာလ အဘယ်မျှလောက် ရွှေငွေဥစ္စာပါသနည်း”ဟု မေး၏၊ ဘဒ္ဒကာပိလာနီလည်း “အကျွန်ုပ် မိဘပေးလိုက်သော ဥစ္စာကား အသပြာ ငါးသန်းငါးသိန်း ပါပါ၏”ဟု ဆိုသော် “ထိုမျှလောက်သော ဥစ္စာကိုလည်းကောင်း, ငါ၌ရှိသော

(စာမျက်နှာ-၁၆၄)

ရှစ်ဆယ့်ခုနစ်ကုဋေသော ရွှေငွေဥစ္စာ, တဆယ့်နှစ်ယူဇနာ ပြည့်မျှလောက်သော အမှုလုပ်လူသူ, အဆူခြောက်ဆယ်သော တဖက်ဆည်ကန်, တဆယ့်လေးတန်သုံးလီသော ရွာကြီး, ဤအသီးသီးသော စီးပွားဥစ္စာတို့ကိုလည်းကောင်း သင်သိမ်းယူဘိလော့၊ ငါတမူကား လူ၏ဘောင်တွင် မရွှင်နိုင်ပြီ။ ဤယခုပင် တောထွက်၍ ရဟန်းပြုတော့အံ့”ဟု ဆို၏။

ထိုစကားကိုကြားသော် ဘဒ္ဒကာပိလာနီကလည်း “အရှင့်သားသာ ဤချမ်းသာကို စွန့်ခွါလိုသည် မဟုတ်၊ အကျွန်ုပ်လည်း ဤလူ့ဘောင်ကို အလျှံပြောင်ပြောင် တောက်လောင်သော မီးကဲ့သို့မှတ်ထင်၍ ရဟန်းပြုချင်လှသဖြင့် အရှင့်သားကို မျှော်တ၍သာ နေပါသည်၊ နှစ်ဦးသဘောပင် ညီညာမှုအတူ ရဟန်းပြုကြကုန်အံ့”ဟု ဆို၍ အခြံအရံတို့ကို မသိစေပဲ ဖန်ရည်စွန်းသောအဝတ် မြေညက်သပိတ် ပရိက္ခရာတို့ကို အိမ်ဈေးမှဆောင်စေ၍ ထိုနေ့ည၌ပင် တယောက်၏ဆံကို တယောက်ပယ်ဖြတ်လျက် “ဤလောကဓာတ်၌ ရဟန္တာ အရှင်မြတ်တို့သည် အကယ်၍ ရှိကုန်အံ့၊ ထိုအရှင်မြတ်တို့ကို ဆရာဟုရည်မှန်း၍ ကျွန်ုပ်တို့ ရဟန်းပြုပါသည်”ဟု ဆို၍ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ကြပြီးသော် ပြာသာဒ်ပေါ်မှသက်၍ အရှေ့သို့ ရှေးရှုထွက်လေ၏။ အိမ်နေ ရွာသားတို့သည် တစုံတယောက်မျှ မသိကုန်။

ကျွန်များကို တော်လှန်စေကြ၍

နံနက်သောအခါ ကျေးကျွန်တို့၏ရွာကို မလွန်သေးသဖြင့် ထိုကျေးကျွန်တို့မြင်လျှင် သွင်ပြင်နိမိတ် အရိပ်အသံကိုဖမ်း၍ မိမိတို့အရှင်မှန်း သိရကား ခြေရင်း၌ဝတ်လျက် “အကျွန်ုပ်တို့အား ကိုးကွယ်ရာမဲ့အောင် ပြုလေဘိသည်”ဟု ငိုမြည်တမ်းလျက် ဝန်းရံမြစ်တားကြ၏။ မထေရ်နှစ်ပါးတို့သည်လည်း “သင်တို့ အလျောက်အလျား စီးပွားဖွေရှာသော်လည်း အနှစ်တရာတိုင် ငါ့ကျွန်အဖြစ်မှ မတော်လှန်နိုင်ရာ၊ ငါတို့ ယခု ခွင့်ပြုတော့အံ့၊ သင်တို့ အသီးအသီးသာ ဦးခေါင်းဆေး၍ အသက်မွေးကြလေကုန်”ဟု ဆို၍ ထိုကျေးကျွန် အပေါင်းတို့ သောင်းသောင်းဖျဖျ ငိုကြွေးကြစဉ်ပင် အစဉ်အတိုင်း ထွက်လေ၏။

လမ်းခွဲကြလေသော်

တခုသော တောအုပ်သို့ရောက်သော် ပိပ္ပလိမထေရ်သည် ပြန်၍ရှုသဖြင့် နောက်မှလိုက်သော ဘဒ္ဒကာပိလာနီကို မြင်လျှင် “ဤအရှင်မဘဒ္ဒါသည် ငါတို့ ဇမ္ဗူဒိပ်ကျွန်းဝယ် အဘယ်သူမျှ မတူနိုင်သော မိန်းမရတနာ ဖြစ်ချေသည်။ ရဟန်းပြု၍လာသော ငါ၏နောက်၌ လိုက်စေ၍ မသင့်မလျော်ချေ၊ တစုံတယောက်သောသူ မြင်ခဲ့သော် “ဤသူတို့ကား ရဟန်းဖြစ်၍မျှ မပစ်ခွါနိုင်ချေသေး”ဟု တွေးတော၍ ကဲ့ရဲ့ပေရာသည်”ဟု ကြံစည်လျက် သွားသဖြင့် နှစ်ပါးသော ခရီးလမ်းကြောင်းကို တွေ့သော် ခရီးလမ်းထိပ်ပေါ်၌ ရပ်လင့်၏။ ဘဒ္ဒကာပိလာနီလည်း ရှိခိုးကာဝပ်၏။

ထိုအခါ ပိပ္ပလိထေရ်က ဤသို့ဆို၏။ “အချင်းဘဒ္ဒါ.. သင်သို့သော မိန်းမမြတ်သည် တကပ်ကပ် နောက်မှလိုက်သဖြင့် အခွင့်မလျော်ချေ၊ သူတထူးတို့ မြင်ခဲ့မူ “ဤသူတို့သည် ရဟန်းပြု၍မျှ လူမှုမကင်း၍ ကွေကွင်းရခြင်းငှါ မတတ်နိုင်သေး”ဟု တွေးတောပြစ်မှား၍ အပါယ်သို့ လားဘိရာ၏။ ငါတို့ကိုမှီ၍ သူတထူး အပါယ်လေးပါး မလားပါစေနှင့်၊ သင့်တင့်သော ခရီးဖြင့်သာ သင်သွားလေ၊ ငါလည်း ဤခရီးဖြင့် သွားတော့အံ့”ဟု ဆို၏။

(စာမျက်နှာ-၁၆၅)

ထိုအခါ ဘဒ္ဒကာပိလာနီလည်း ရပ်ကာနေသော ပိပ္ပလိမထေရ်၏ ခြေကိုဖက်၍ လက်ယာရစ် သုံးပတ်လည်လျက် ငါးမည်သော ရှိခိုးခြင်းတို့ဖြင့် ရိုသေစွာ ရှိခိုးလျက် “မြတ်နိုးစုံမက်စွာ ကမ္ဘာတသိန်း၏ အထက်က တူစုံဖက်၍ ငှက်ပင်ဖြစ်သော်လည်း သစ်တကိုင်းဖျား နားပါရကြောင်းဖြင့် ဆုပန်တောင်းကာ ကြင်နာကျွမ်းဝင်ခဲ့ကြသော မိတ္တသန္ထဝအဖြစ်သည် စင်စစ်ယနေ့ ပျက်ချေပြီ၊ ဤအရာတွင် အရှင်တို့ကား ယောက်ျားဖြစ်၍ လက်ယာအရပ် မည်ချေသည်၊ လက်ယာလမ်းမဖြင့် ကြွတော်မူ၊ ကျွန်ုပ်တို့ မိန်းမသည် လက်ဝဲအရပ် မည်ရကား လက်ဝဲလမ်းဖြင့် သွားပါအံ့”ဟု ဆို၍ မငိုမယို တကိုယ်တည်းသာ သွားကြ၏။

(ဘဒ္ဒကာပိလာနီ ရဟန်းပြုပုံ နောက်မှာပါသည်။)

ထိုသူနှစ်ဦးတို့ ခရီးခြား၍ သွားသောခဏ၌ စကြဝဠာတောင်နှင့် တကွသော ဤမြေကြီးသည် “အသီးသီးရှိသော ဟိမဝန္တာ, သမုဒ္ဒရာရှစ်တန်, သတ္တရဘန်, မြင်းမိုရ်, ထိုထိုသော အစုအပုံကို မတုန်မလှုပ် ဆောင်ခြင်းငှါ ငါစွမ်းနိုင်၏။ မထေရ်နှစ်ဦးတို့၏ ကျေးဇူးဂုဏ်ကို မတုန်မလှုပ် ဆောင်ခြင်းငှါ ငါမစွမ်းနိုင်ချေ”ဟု ဆိုလေဘိသကဲ့သို့ အတိုင်းမသိသော အသံကို ကြော်ညံထစ်ကြိုးလျက် အိုးထိန်းစက်ကဲ့သို့ သွက်သွက်ခါမျှ တုန်လှုပ်၏။ ကောင်းကင်အပြင် ထက်ဝန်းကျင်မှလည်း တော်ပဲ့တင် ရိုက်ကြိုးလျက် မိုးကြိုး ပြင်းထန်စွာ ထစ်၏။ လျှပ်စစ်မီးဝါ ဥက္ကာကြယ်ပျံတို့လည်း အလျှံတပြောင်ပြောင် တောက်လောင်ဘနန်း ဖြစ်၏။

ဘုရားမြတ်စွာ ကြိုဆိုလာ

ဘုရားသခင်လည်း ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၏ ဂန္ဓကုဋီတိုက်တွင်း၌ သီတင်းသုံးတော်မူလျက်ပင် မိုးရိပ်ကောင်းကင် ပဲ့တင်တော်ဟည်းလျက် မြေကြီးတုန်လှုပ်သော အသံကို ကြားတော်မူ၍ “အကြောင်းဘယ်သို့ ရှိသနည်း”ဟု သမန္တစက္ခုဖြင့် ရှုတော်မူလေသော် “ပိပ္ပလိလုလင်နှင့် ဘဒ္ဒကာပိလာနီတို့သည် အတိုင်းမသိသော စည်းစိမ်ချမ်းသာကို ပယ်ခွာ၍ ငါဘုရားကို ရည်မှန်းလျက် ရဟန်းပြုပြီးမှ လာလတ်ကြရာဝယ် မဟာမိတ် ဖျက်ကြလေသော အကြောင်းကြောင့် ဤမြေနှစ်သိန်းလေးသောင်းသည် ကောင်းချီးပေးသည်”ဟု သိတော်မူ၍ “ငါဘုရားလည်း ထိုသူတို့ကို ကြို၍ ချီးမြှောက်တော်မူအံ့”ဟု ကြံလျက် ခြွေရံသံဃာမခေါ် ကိုယ်တော်တည်းသာ သုံးဂါဝုတ်မျှသော အရပ်သို့ ကြွတော်မူ၍ ရာဇဂြိုဟ်ပြည်နှင့် နာလန္ဒမြို့၏ အကြား၌ “ဗဟုပုတ္တက”မည်သော ပညောင်ပင်ရင်းဝယ် တင့်တယ်ဆန်းကြယ်လှသော အပရာဇိတ ပလ္လင်ထက်၌ တခဲနက်သော ရောင်ခြည်တော် ခြောက်သွယ်ကို အတောင် ရှစ်ဆယ်မျှလောက်သော အဝန်းဖြင့် တောက်ထွန်းကွန့်မြူစေလျက် ထက်ဝယ်ဖွဲ့ခွေ နေတော်မူလင့်၏။

ထိုသို့ နေလင့်သော ဘုရားသခင်ကို အစဉ်သဖြင့် လာသော ပိပ္ပလိမထေရ်မြင်လျှင် “ဤအရှင်ကား သုံးခွင်လောက၌ အတုမရသော ဘုရားသာလျှင် ဖြစ်ရာပေ၏။ ဤဘုရားအား ကိုးစားရည်မှန်း၍ ငါရဟန်းပြုပေသတည်း”ဟု ရွှင်ကြည်လှသော သဘောဖြင့် မြင်သောအရပ်မှစ၍ တုပ်ကွရိုကျိုး ရှိခိုးပူဇော်ကာ-

သတ္ထာ မေ ဘန္တေ ဘဂဝါ၊ သာဝကောဟမသ္မိ-

ဟူသော စကားကိုဆို၍ ချဉ်းကပ်၏။

(စာမျက်နှာ-၁၆၆)

ရဟန်းတော်ဘ၀ ရောက်ပြီ

မြတ်စွာဘုရားလည်း ငယ်မည်အားဖြင့် ပိပ္ပလိတွင်သည်ကို သိတော်မူသော်လည်း မိစဉ်ဖရိုး အမျိုးတို့၏ဂုဏ်ဖြင့်ဖြစ်သော အမည်ဖြင့် ခေါ်တော်မူလိုရကား “ချစ်သားကဿပ... သင်၏ ရိုသေတုပ်ဝပ်ခြင်းအမှုကို မြေအပြင်ဝယ် အကယ်၍ ပြုမိအံ့၊ ဤမြေကြီးသည် ပကတိ မတည်နိုင်လေရာ၊ ယူဇနာ နှစ်သိန်းလေးသောင်း မြေအပေါင်းသည် ထောင်းထောင်းကွဲအက် မုန့်မုန့်ညက်၍ ပြိုပျက်ဘိရာ၏။ သီလ, ပညာ, သမာဓိဖြင့် နှိုင်းယှဉ်ဖက်ပြိုင် မတုနိုင်သော ငါဘုရားသာလျှင် သင်၏ တုပ်ဝပ်ခြင်းကိုခံ၍ အန္တရာယ်မရှိ ဖြစ်လေသည်။ ချစ်သား ကဿပ.. ငါ့ရှေ့တော်တွင် နေလော့၊ လောကုတ္တရာ တရားတည်းဟူသော အမွေကို ငါပေးအံ့”ဟု အမိန့်တော်ကြားလျက် သုံးပါးသော ဩဝါဒဂါထာဖြင့် ကောင်းစွာဆုံးမ၍ ဥပသမ္ပဒအဖြစ်သို့ ရောက်စေ၏။

(ဤမဟာကဿပကား ဥပသမ္ပဒါ ရှစ်ပါးတွင် ဩဝါဒပဋိဂ္ဂဟဏူပသမ္ပဒါတည်း။)

သင်္ကန်းချင်းလဲ ငလျင်တော်လည်း

ယင်းသို့ ပဉ္စင်းဖြစ်စေပြီးသော် နေတော်မူလင့်သော ဗဟုပုတ္တက ပညောင်ရိပ်မှ ထွက်လတ်၍ ထိုအရှင်မဟာကဿပကိုပင် ပစ္ဆာသမဏ ပြုပြီးသော် ကြွတော်မူလေ၍ တဂါဝုတ်မျှတိုင် ရောက်သောအခါ သွားရာခရီးမှဖဲ၍ တခုသော သစ်ပင်ရိပ်သို့ ဝင်လိုသော အချင်းအရာကိုပြသော် အရှင်မဟာကဿပလည်း ပခုံးထက်မှာပါသော အသပြာ တထောင်ထိုက်သော ဒုကုဋ်ကို လေးထပ်ပြု၍ ခင်း၏။ ဘုရားသခင်လည်း ထိုဒုကုဋ်ထက် ထိုင်ပြီးလျှင် “သင်၏ ဒုကုဋ်သည် အလွန် နူးညံ့ပေစွ”ဟု ချီးမွမ်းလျက် လက်တော်ဖြင့် သုံးသပ်၏။ အရှင်မဟာကဿပလည်း “ငါ့ဒုကုဋ်ကို ဘုရားသခင် လက်တော်တင်၍ သုံးသပ် ချီးမွမ်းဘိသည်၊ ဝတ်ရုံတော်မူလိုသည် ဖြစ်လတ္တံ့”ဟု ကြံ၍ “အရှင်ဘုရား... အကျွန်ုပ်အား သနားတော်မူပါသဖြင့် ဤသင်္ကန်းကို သုံးဆောင်တော်မူပါ၊ အကျွန်ုပ် ကပ်လှူပါအံ့”ဟု လျှောက်၏။ မြတ်စွာဘုရားလည်း “ချစ်သားကဿပ... ငါ့အား ဒုကုဋ်ကိုလှူလျှင် သင်-အဘယ်ကို ဆောင်အံ့နည်း”ဟု မေးတော်မူ၍ “အရှင်ဘုရား၏ သင်းပိုင်များကို သနားတော်မူပါလျှင် အကျွန်ုပ် သုံးဆောင်ပါအံ့”ဟု လျှောက်လျှင် ဘုရားသခင်လည်း ပခုံးတော်ထက်တွင်ပါသော ပိုက်ဆံလျှော်ဒုကုဋ်ကို ပြလျက် “ချစ်သားကဿပ.. ၀တ်ရုံ၍ နွမ်းပြီးသော ဤဒုကုဋ်ကို သင်-ဆောင်နိုင်ပါအံ့လော၊ ဤပံ့သုကူဒုကုဋ်ကို ကောက်သောအခါ မဟာပထဝီ မြေကြီးသည် ရေအဆုံးရှိသည်ကို ပြုလျက် စက်ရဟတ်ကဲ့သို့ လည်သည်၊ နှစ်ဆယ့်ခြောက်ဘုံ ရှိနေကုန်သော နတ်ဗြဟ္မာတို့ လွန်စွာ ကောင်းချီးပေးကြသည်။ ရှေးရှေးသော ဘုရားရှင်တို့ ဓမ္မတာ အရိယဝံသတရားသို့ လိုက်သဖြင့် ငါကောက်ယူ သုံးဆောင်တော်မူသည်ဖြစ်၍ နုမျစ်သိမ်ငယ်သော သီလဂုဏ် သမာဓိဂုဏ်ရှိသော သူတို့နှင့်ကား မထိုက်ချေ”ဟု မိန့်တော်မူပြီးမှ ရှင်မဟာကဿပအား ဒုကုဋ်ကို ပေးတော်မူ၏။ ဘုရားသခင်လည်း ရှင်မဟာကဿပ၏ ဒုကုဋ်ကို တင်၏။ ရှင်မဟာကဿပလည်း ဘုရားဒုကုဋ်ကို ဆောင်၏။ ယင်းသို့ လဲလှယ်၍ သုံးဆောင်သော ခဏ၌ အဝိညာဏကသာဖြစ်သော မဟာပထဝီ မြေကြီးသည် ကောင်းချီးကျူးသည့်ပမာ ဆတ်ဆတ်ခါမျှ တုန်လှုပ်သတည်း။

(စာမျက်နှာ-၁၆၇)

ရဟန္တာဖြစ်၍ ဧတဒဂ်ရပုံ

ဘုရားသခင်လည်း အစဉ်အတိုင်းကြွ၍ ဝေဠုဝန်ကျောင်းသို့ ရောက်လျှင် ရှင်မဟာကဿပအား ခေါ်တော်မူ၍ ဓုတင်တေရသ ကျင့်ဝတ်ကို ဟော၏။ ရှင်မဟာကဿပလည်း ဥဿာဟပြု၍ ကျင့်လေလျှင် ပုထုဇဉ်အဖြစ်ဖြင့် ခုနစ်ရက်သာတည်၍ ရှစ်ရက်မြောက်သောနေ့ အရုဏ်တက်၌ အရဟတ္တမဂ်ကိုရ၍ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ဆဠဘိည ရဟန္တာဖြစ်၏။ ဘုရားသခင်လည်း ရှင်မဟာကဿပကို အကြောင်းပြု၍ ကဿပသံယုတ်စသော ဒေသနာကို များစွာ ဟောတော်မူသည်။ ကိုယ်တော်နှင့်အမျှ ထား၍လည်း ချီးမြှောက်တော်မူသည်။ နောက်-ဇေတဝန်ကျောင်းတော်သို့ ရောက်၍ သံဃာတော်တို့အား အရာအသီးသီး ထားတော်မူသောအခါ-

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဓုတင်္ဂဓရာနံ ဘိက္ခူနံ ယဒိဒံ မဟာကဿပေါ-

ဟူ၍ ဓုတင်္ဂဓရ ဧတဒဂ်ဖြင့် တတိယ မဟာသာဝကအရာ၌ ထားတော်မူသည်။ (အနက်ကား သိသာပြီ)

(ဤအရှင်မဟာကဿပကား ကုမာရကဿပ, ဥရုဝေလကဿပတို့နှင့် ခြားနားစိမ့်သောငှါ မဟာကဿပဟု ခေါ်တော်မူသည်။)
ဤကား အရှင်မဟာကဿပ၏ အကြောင်း အတ္ထုပ္ပတ္တိတည်း။

၃၅။ ရှင်ရာဟုလာ,ရှင်ရဋ္ဌပါလထေရ် နှစ်ပါးတို့၏ ရှေးအကြောင်းကို ပြခြင်း

ရှင်ရာဟုလာနှင့် ရှင်ရဋ္ဌပါလထေရ် နှစ်ပါးတို့၏ အကြောင်းကား- ယခင် ပဒုမုတ္တရဘုရား ထင်ရှားဖြစ်တော်မူသောအခါ ဟံသာဝတီပြည်ဝယ် ကုဋေလေးဆယ် ဥစ္စာကြွယ်ဝသော ဂဟပတိမဟာသာလ အမျိုး၌ ဖြစ်ကြကုန်၍ အသက်အရွယ် ငယ်သောအခါက မိဘတို့သည် အမည်နာမဖြင့် တပ်မှတ်၍ မခေါ်ရက်ကြကုန်၊ မောင်,ဘ စသည်ဖြင့်သာ ခေါ်ကြကုန်၏။ အရွယ်သို့ရောက်လတ်သော် လျောက်ပတ်သော အမျိုးကောင်းသမီးနှင့် ထိမ်းမြား၍ စီးပွားဥစ္စာတို့၏အရှင် ပြုစေ၏။

သဌေး ၂-ဦး

မိဘတို့ လွန်သောအခါ ဘဏ္ဍာတိုက်စိုး စချီစမာ အစရှိသောသူတို့သည် ကမ္ပည်းစာရင်းကိုပြလျက် “အဘေး,အဘိုးမှလာသော ဥစ္စာကား ဤမျှ, မိဘတို့၏ဥစ္စာကား ဤမျှ ရှိသည်။ ဤအလုံးစုံကို အရှင့်သားတို့ သိမ်းဆည်းလော့”ဟု အပ်နှင်းလာသည်တွင် မိမိတို့ ဘဏ္ဍာတိုက်သို့လိုက်၍ ကြည့်ရှုပြီးသော် ဤသို့ကြံ၏။ “ငါတို့ ဘိုး,ဘေး,မိဘတို့သည် ဤမျှလောက် ရွှေငွေဥစ္စာကို သိမ်းဆည်းကြလျက် တဘဝသို့ ပြောင်းသောအခါ တချင်ရွေးမျှပါအောင် မယူဆောင်နိုင်ကြချေ၊ ငါတို့ ရွှေငွေပုံကို ကုန်အောင်စားသုံးအံ့ဟု ငံ့လင့်၍လည်း မနေကြရ၊ ထိုမျှလောက်သော ဥစ္စာသည် အိမ်မှာ တပုံပုံသာ ရှိရစ်ချေသည်၊ အကြင်ငါတို့လည်း သိမ်းဆည်း၍ စောင့်စားသဖြင့် ဘိုးဘေးများကဲ့သို့ သူတပါးဖို့သာ ပစ်ခွါခဲ့ရအံ့သည်ကား မချွတ်ပြီ၊ ထို့ကြောင့် ဘဝတိုင်းပါအောင် ငါဆောင်ယူအံ့”ဟု ကြံပြီးသော် ငယ်ဖော်တဦးအား ညှိနှိုင်းပြောကြား၍ သဌေးသားနှစ်ဦးပင် စိတ်ညီကြရကား မြို့တံခါးလေးဝဝယ် အလှူမဏ္ဍပ်ဆောက်၍ ရောက်လာသမျှသော ရဟန်းပုဏ္ဏား ခရီးသွားသူတို့အား ကျွေးမွေးပေးကမ်း၏။

(စာမျက်နှာ-၁၆၈)

ထိုအခါမှစ၍ ရှင်ရာဟုလာ၏ အလောင်းသည် အာဂတပါကသဌေးဟု တွင်၏၊ ရှင်ရဋ္ဌပါလ၏ အလောင်းဖြစ်သော သူကြွယ်သည်လည်း အလှူမဏ္ဍပ်သို့ ကပ်ရောက်သမျှသော အလှူခံတို့၏ လက်၌ပါသော ခွက်ယောက်ကို ဖြိုးမောက်စွာ ပြည့်စေလျက် လှူတတ်ရကား အနဂ္ဂတပါကသဌေးဟု တွင်၏။ ထိုသူနှစ်ဦးတို့သည် ကြည်နူးစုံမက် သွားလာနေထိုင်ရာ၌လည်း အတူတကွဖြစ်ကြ၏။

ရသေ့ကိုယ်စီ တွေ့ကြပြီ

တနေ့သ၌ နံနက်အခါကပင် တခုသော ပြုရာကိစ္စကြောင့် မြို့၏အပသို့ သွားကြလေသော် ဟိမဝန္တာမှ ဆွမ်းခံခြင်းငှါ ကောင်းကင်ခရီးဖြင့်လာသော ရသေ့နှစ်ဦးတို့သည် သဌေးနှစ်ယောက်၏အနီးသို့ ဆင်းသက်၍ သပိတ်သင်္ကန်း ပြင်ပြီးလျှင် ရွာသို့ ဆွမ်းခံဝင်လေ၏။ ထိုသို့ ဝင်သည်ကိုမြင်သော် သဌေးနှစ်ဦးသားတို့သည် တပါးသို့မသွားပဲ ရသေ့နှစ်ပါးတို့၏ နောက်သို့သာ ရှိခိုးကာ လိုက်ခဲ့၍ မိမိတို့အိမ်သို့ရောက်လျှင် တယောက်တပါးစီ ပင့်ဆောင်၍ ဆွမ်းလုပ်ကျွေးခြင်းကို ပြု၏။ ယင်းသို့ လုပ်ကျွေးပြီးလျှင် “အရှင်ဘုရားတို့သည် ဤကဲ့သို့ နေ့စဉ်မပြတ် အကျွန်ုပ်အိမ်သို့ကြွ၍ ဆွမ်းဘုဉ်းပေးတော်မူပါ”ဟု ပင့်ဖိတ်လိုက်၏။ ရသေ့တို့လည်း “ကောင်းပြီ”ဟု ဝန်ခံလျက် ပြန်ကြကုန်၍ နေ့စဉ်မပြတ် ကြွလာ၏။

နဂါးဖြစ်လိုကြောင်း

တရံသောအခါ အာဂတပါက သဌေး၏အိမ်၌ ဆွမ်းဘုဉ်းပေးသော ရသေ့သည် ပူပန်ခြင်းကို ဖျောက်အံ့သောငှါ မဟာသမုဒ္ဒရာသို့ သွားလေ၍ မိမိ၏အဘိညာဉ်တန်ခိုးအားဖြင့် သမုဒ္ဒရာရေကို ခွဲပြီးသော် ပထဝိန္ဓရမည်သော နဂါးဗိမာန်သို့ဝင်၍ နေ့သန့်ခြင်းကို ပြု၏။ နက်ဖြန် ဆွမ်းခံကြွ၍ မိမိဒါယကာအား ဆွမ်းအနုမောဒနာ ပြုသောကာလ “သင်သဌေး၏ နေရာအိမ်သည် ပထဝိန္ဓရမည်သော နဂါးဗိမာန်ကဲ့သို့ ကြီးကျယ်သော စည်းစိမ်ကို ရစေသော”ဟု ဆုပေး၏။ ထိုအခါ သဌေးကလည်း “ထိုနဂါးမင်း၏ စည်းစိမ်သည် အဘယ်မျှလောက် ကြီးကျယ်ပါသနည်း”ဟု မေးသော် “ဒါယကာ.. ထိုနဂါးမင်၏ဗိမာန်ကား အပြန်အားဖြင့် ငါးယူဇနာ၊ အစောက်အားဖြင့် ခုနစ်ယူဇနာရှိ၏၊ အလုံးစုံသော ရတနာခုနစ်ပါးဖြင့် ပြီး၏၊ မရေတွက်နိုင်သော နဂါးလုလင် နဂါးမင်းသမီးတို့သည် တီးမှုတ်ကခုန်လျက် ခြံရံရသည်ဖြစ်၍ လောက၌ အတုမမြင် ပျော်ရွှင်ဖွယ်ဖြစ်၏”ဟု ဆိုပေ၏။ ထိုစကားကို ကြားရလျှင် အာဂတပါက သဌေးလည်း ထိုနဂါး၏စည်းစိမ်၌ တိမ်းညွတ်သောစိတ်သည် ဖြစ်၏။

သိကြားမင်း ဖြစ်လိုကြောင်း

အနဂ္ဂတပါကသဌေး၏ ဆရာရသေ့သည်လည်း ဆွမ်းစားပြီးသော် တာဝတိံသာသို့သွား၍ နေ့သန့်သဖြင့် သိကြားမင်း စည်းစိမ်ကို မြင်ရ၍ ဆွမ်းအနုမောဒနာ ပြုသောကာလ “သိကြားမင်းစည်းစိမ်နှင့်တူသော နတ်မင်း၏စည်းစိမ်ကို ရစေသော”ဟု ဆုပေး၏။ သဌေးလည်း သိကြားမင်းနေဟန် ဗိမာန်စည်းစိမ်များကို မေးမြန်း၍ စေ့စုံစွာ ပြန်ကြားသဖြင့် သိရသော် သိကြားမင်းစည်းစိမ်၌ တိမ်းညွတ်သောစိတ်သည် ဖြစ်၏။

ထိုသူနှစ်ဦးသည် အသက်အတိုင်းတည်၍ ကုသိုလ်ကောင်းမှုကိုပြုလျက် စုတေသောအခါ မိမိတို့တပ်ရာဘုံသို့ရောက်၍ တယောက်ကား ပထဝိန္ဓရ နဂါးမင်း ဖြစ်၏။ တယောက်ကား သိကြားမင်း ဖြစ်၏။

(စာမျက်နှာ-၁၆၉)

နဂါးဘဝတွင်

ထိုအခါ အာဂတပါက သဌေးသည် မိမိရအပ်သော နဂါးမင်း၏ ရုပ်အသွင်ကိုမြင်လျှင် မရွှင်မလန်း ဝမ်းပန်းကွဲမျှ ဆင်းရဲသောနှလုံးရှိလျက် “ငါသည် မလိမ္မာသော အဆွေခင်ပွန်း၏ ချီးမွမ်းသောစကားကို နားယောင်၍ တပ်ငြိမှားသဖြင့် ဖားစိမ်းငါးစိမ်းကို စားလျက် ရင်ဖြင့်သွားရသော တိရစ္ဆာန်မျိုး၌ ဖြစ်ချေပြီ”ဟု မြည်တမ်း၏။ ထိုခဏ၌ လှပတင့်တယ်စွာ တန်ဆာဆင်ယင်အပ်သော နဂါး ကချေသည်တို့သည် လူ၏အရုပ်အဝါကို ဖန်ဆင်းလျက် ကခြင်း သီခြင်း တီးမှုတ်ခြင်းတို့ဖြင့် ခြံရံဖျော်ဖြေလာကြကုန်၏။ ထိုအခါမှ မိမိလည်း နဂါး၏ အရုပ်အဝါပယ်လျက် တင့်တယ်သော လုလင်၏အဟန်ကို ဖန်ဆင်း၍ ပျော်ပါးသတည်း။

သိကြားမင်းနှင့် တွေ့ရပုံ

ဓတရဋ္ဌ, ဝိရူဠှက, ဝိရူပက္ခ, ကုဝေရစသော စတုမဟာရာဇ် နတ်မင်းကြီးတို့သည် လခွဲတကြိမ် တာဝတိံသာသို့တက်၍ နတ်သဘင်ကို ဝင်မြဲဓမ္မတာ ဖြစ်ရကား ထိုသဌေးမှဖြစ်သော ပထဝိန္ဓရ နဂါးမင်းလည်း ဝိရူပက္ခ နတ်မင်းကြီးနှင့်တကွ သိကြားမင်းအား ခစားခြင်းငှါ လိုက်လေသော် လူ့ပြည်က အဆွေဖြစ်ကြဖူး၍ သိကြားမင်းမြင်လျှင် သိသဖြင့် မိမိအပါးသို့ ခစားရောက်လာသောအခါ “အဆွေ.. သင်-ယခု အဘယ်မှာ ဖြစ်သနည်း”ဟု မေး၏။ နဂါးမင်းကလည်း “အရှင်မင်းမြတ်... အကျွန်ုပ်ကား ယုတ်ညံ့သော မိတ်ဆွေ၏စကားကို တပ်မက် ယောင်မှားသောကြောင့် ရင်ဖြင့်သွားရာ နဂါးမျိုး၌ ဖြစ်ချေပြီ၊ အရှင့်မှာကား ကလျာဏမိတ္တကို အမှီရ၍ ကောင်းမြတ်သော ဘုံဘဝ၌ ဤမျှလောက်သော စည်းစိမ်ချမ်းသာကို ရပေသည်”ဟု ဆို၏။

ထိုစကားကိုကြားသော် သိကြားမင်းကလည်း “အချင်းနဂါး... ဂတိယွင်းပါးကာဖြင့် နေရာမဟုတ်သည်၌ ဖြစ်သည်ဟု နှလုံးမသာ မရှိလင့်၊ ရှင်ရသေ့အား ပြစ်မှားခြင်းကို မပြုလင့်၊ ယခုအခါ လူတို့နေရာ ဟံသာဝတီပြည်ဝယ် ပဒုမုတ္တရဘုရား ထင်ရှားဖြစ်တော်မူပြီ၊ သတ္တဝါတို့အား ဘုရားရှင်ကဲ့သို့ ကယ်တင်နိုင်သောသူ မရှိပြီ၊ သင်သွား၍ ဘုရားသခင်အား ပူဇော်လော့၊ တရားတော်ကိုနာ၍ ငါ၏နေရာကို တောင့်တလော့၊ ငါတို့နှစ်ယောက်ပင် နတ်၏ချမ်းသာကို ခံစားကြကုန်အံ့”ဟု ဆိုပေ၏။ ထိုအခါ နဂါးမင်းလည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ မိမိနေရာ နဂါးရွာသို့မပြန်ပဲ ဘုရားရှင်ထံသို့ သွားပြီးသော် “သံဃာတော်နှင့်တကွ နဂါးပြည့်သို့ ကြွတော်မူပါ”ဟု ပင့်လျှောက်၏။ ဘုရားသခင်လည်း နဂါးမင်း၏ ဥပနိဿယကို မြင်သဖြင့် ဆိတ်ဆိတ် သည်းခံတော်မူ၏။

ဘုရားရှင်အား ပူဇော်ပြီ

နဂါးမင်းလည်း ခွင့်ရကြောင်းကိုသိသော် မိမိနေရာသို့ပြန်၍ ခြွေရံပရိသတ်တို့နှင့် စည်းဝေးတိုင်ပင်လျက် လှူဒါန်းပူဇော်ရန် ပရိကံတို့ကို ညဉ့်သုံးယံလုံး စီမံပြုပြင်၏။ နံနက် အရုဏ်တက်သောအခါ မြတ်စွာဘုရားလည်း အလုပ်အကျွေးဖြစ်သော သုမနထေရ်ကို ခေါ်တော်မူ၍ “ယနေ့ ဝေးသောဆွမ်းခံရွာသို့ ငါကြွတော်မူမည်၊ ပုထုဇဉ်သံဃာတို့ မပါစေပဲ ဆဋ္ဌဘိည ပဋိသမ္ဘိဒါပတ္တဖြစ်သော ရဟန်းတို့ကိုသာ လိုက်လာကြစေ”ဟု မိန့်တော်မူ၏။ သုမနထေရ်လည်း အမိန့်တော်ရှိတိုင်း အရိယာရဟန်းတို့ကိုသာ ခေါ်၍ ရှေ့တော်၌ စည်းဝေးစေ၏၊ အချိန်သင့်လတ်သော်

(စာမျက်နှာ-၁၇၀)

ကိုယ်တော်မြတ်သည်လည်း သပိတ်သင်္ကန်းပြင်လျက် ကောင်းကင်ခရီးဖြင့် ကြွတော်မူ၍ သမုဒ္ဒရာရေထဲ၌တည်သော ပထဝိန္ဓရ နဂါးမင်းဖိမာန်သို့ ဝင်လေ၏။

ထိုအခါ နဂါးမင်းလည်း များစွာသော ကချေသည် မောင်းမအပေါင်း ခြံရံလျက် ဘုရားရှင်အား ခရီးဦးကြိုဆို၍ နောက်တော်မှ လိုက်သဖြင့် သံဃာတို့၏ နောက်စွန်၌ပါသော ဘုရားသားတော်ဖြစ်သော ဥပရေဝတ သာမဏေ၏ တင့်တယ်ခြင်းအသရေကို မြင်လေလျှင် “ဘုရားသခင်သာ အံ့ဖွယ်သရဲ ထူးကဲသော တန်ခိုးအာနုဘော် ရှိသည်မဟုတ်၊ ကိုယ်တော်၏ နောက်၌ပါသော ဤသာမဏေငယ်စဉ်လျက်လည်း ကောင်းကင်ပျံခြင်း မြေလျှိုးခြင်းစသော တန်ခိုးအရာ၌ လွန်စွာ အံ့ဖွယ်ဖြစ်ပေသည်”ဟု ချစ်ကြည်စုံမက် နှစ်သက်လှသောစိတ်သည် ဖြစ်၏။

ဘုရားသားတော်ကို ကြည်ညို၍

ဘုရားသခင်လည်း ခင်းအပ်သော ရတနာပလ္လင်၌ နေတော်မူသောအခါ သံဃာတော်တို့သည် ဝန်းရံ၍ ထေရ်စဉ်အတိုင်း နေကြသော် သားတော်ဖြစ်သော ဥပရေဝတ သာမဏေ၏ နေရာသည် ဘုရားရှေ့တော်သို့ ကျ၏။ နဂါးမင်းလည်း နတ်၌ဖြစ်သော ယာဂုဆွမ်း စသည်တို့ဖြင့် ကပ်လှူလုပ်ကျွေးပြီးသောအခါ မြတ်စွာဘုရားကို တကြိမ်, သာမဏေကို တကြိမ် လှည့်ကာလှည့်ကာ ကြည့်လေသော် ဘုရားကိုယ်တော်မြတ်ကဲ့သို့ သုံးဆယ့်နှစ်ရပ်သော မဟာပုရိသလက္ခဏာ, အရာမကသော လက္ခဏာတော်ငယ်တို့နှင့် ပြည့်စုံလျက် ထက်ဝန်းကျင် ပြောင်ပြောင်လောင်သော ရွှေတန်ဆောင်းကြီးကဲ့သို့ တညီးညီး ထွန်းပစွာတည်သော သာမဏေ၏ အသရေကို မြင်သဖြင့် အနီးတွင်ရှိသော ရဟန်းတဦးအား ဤသို့ မေး၏။ “ဤသာမဏေကား ဘုရားသခင်နှင့် သွင်ပြင်တူလှပါသည်၊ မြတ်စွာဘုရားနှင့် အသို့တော်သနည်း”ဟု မေး၏။ ထိုရဟန်းကလည်း ဘုရားသားတော်ဖြစ်ကြောင်းကို ပြန်ပေသော် “ဤအရှင်ကား အလွန်မွန်မြတ်ပေစွတကား၊ ဘုရားသခင်နှင့် အသွင်သဏ္ဌာန်သည်လည်းကောင်း လက္ခဏာကြီးငယ်၏ တင့်တယ်ဟန်သည်လည်းကောင်း တစံတမျှတည်း ဖြစ်ပေသည်တကား၊ နောင်ဘုရားရှင်တို့၏ သာသနာ၌ ငါလည်း ဤကဲ့သို့ ဖြစ်ရအောင် ဆုတောင်းရသော် ကောင်း၏”ဟု ကြံ၍ ဘုရားထံသို့ ကပ်ပြီးလျှင် “အရှင်ဘုရား- အကျွန်ုပ်လည်း ဤသာမဏေငယ်ကဲ့သို့ ဖြစ်လိုပါသည်။ အဘယ်ကောင်းမှုကို ပြုပါရအံ့နည်း”ဟု လျှောက်၏။ ဘုရားသခင်ကလည်း “အချင်းပထဝိန္ဓရ... အသီးဟူသမျှသည် မျိုးစေ့ကြောင့်သာ ဖြစ်သကဲ့သို့ အကျိုးတရား ဟူသမျှသည် အကြောင်းကြောင့်သာဖြစ်၏၊ ဒါန,သီလ,ဘာဝနာသည် ပတ္ထနာသမျှသော ဆုကိုပင် ပြီးစေတတ်၏”ဟု မိန့်တော်မူ၏။

ကုသိုလ်ကောင်းမှုပြု ဆုတောင်းခြင်း

နဂါးမင်းလည်း ထိုတရားစကားကိုကြားလျှင် ကြေးမုံသဏ္ဌာန် အလျှံလက်သော ကြေးအုတ်တို့ကို ဘုရားကျောင်းတော်သို့ ဆောင်စေ၍ ကျောင်းတော်၏ အတွင်း၌ ခင်းလှူပေ၏။ ပြီးသောကာလ ပဉ္စသီလကို ဆောက်တည်၍ ဘုရားရှင်အား တလသုံးကြိမ် လုပ်ကျွေးပါရမည့်အကြောင်းဖြင့် တောင်းပန်၏။ ထို့နောက်မှ ဤသို့ နားတော်လျှောက်၏။ “အရှင်ဘုရား.. အကျွန်ုပ်သည် ယခုပြုရသော ကောင်းမှုကံ စေတနာကြောင့် နောင်ဘုရားတို့ ပွင့်သောအခါ ဤဥပရေဝတ သာမဏေငယ်ကဲ့သို့ ဘုရားသားတော် အဖြစ်ဖြင့် နိဗ္ဗာန်ရသည် ဖြစ်စေသော” ဟု ဆုပန်၏။

(စာမျက်နှာ-၁၇၁)

ဗျာဒိတ်ရလေပြီ

ဘုရားသခင်လည်း အနာဂတံသဉာဏ်ဖြင့် ရှုတော်မူ၍ ပြည့်စုံအံ့သည်ကို မြင်လျှင် အင်္ဂါရှစ်ပါးရှိသော အသံတော်ဖြင့် ခေါ်တော်မူ၍ “အချင်း ပထဝိန္ဓရ… သင်သည် ယခုပြုသော ကောင်းမှုကံကြောင့် ဘဝသံသရာ၌ ကျင်လည်ရသောအခါ ရတနာခုနစ်ပါးအတိပြီးသော ဗိမာန်၌ ပျော်စံရသော လေးကျွန်းသနင်း စကြာမင်းလည်း အကြိမ်တထောင် ဖြစ်လတ္တံ့၊ သိကြားမင်းလည်း ခြောက်ဆယ့်လေးကြိမ် ဗြဟ္မာမင်းလည်း အကြိမ်သုံးဆယ် ဖြစ်လတ္တံ့၊ ဤကမ္ဘာမှနောက် နှစ်ဆယ့်တကပ် မြောက်သောအခါ နတ်ရွာခြောက်ထပ်ကိုပိုင်သော ဝိမလမည်သော စကြဝတေးမင်း ဖြစ်လတ္တံ့၊ သဌေးသူကြွယ် ပဒေသရာဇ် ဧကရာဇ်အဖြစ်တို့မှာ မရေမတွက်သာပြီ၊ ဤကမ္ဘာမှနောက် တသိန်းမြောက်သော ဘဒ္ဒကမ္ဘာဝယ် ဥက္ကာကရာဇ် မင်းမျိုးမှဖြစ်သော ဂေါတမဘုရား ထင်ရှား ပွင့်တော်မူလိမ့်မည်၊ ထိုအခါ သင်သည် ဘုရားလောင်း မြောက်သားတော် ယသောဓရာဒေဝီ၏ဝမ်း၌ စွဲလမ်း၍ “ရာဟုလာ”ဟူသော အမည်နှင့် ထင်ရှားစွာ ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား ကြားတော်မူ၏။

သိကြားမင်းကို တိုက်တွန်းပုံ

ထိုစကားကို ကြားရသော် နဂါးမင်းသည် ဝမ်းမြောက်ဝမ်းသာ ရှိလှ၍ ဘုရားနှင့်တကွ သံဃာတော်တို့အား ပူဇော်သက္ကာ ကြီးစွာပြုပေ၏။ ဘုရားသခင်လည်း အစဉ်အတိုင်း ပြန်တော်မူခဲ့၏။ နောက်-လခွဲမြောက်သောအခါ နဂါးမင်းသည် ဝိရူပက္ခ နတ်မင်းတို့နှင့်တကွ သိကြားထံသွား၍ ခစားကြလေသော် သိကြားမင်းက “အဆွေပထဝိန္ဓရ.. ဘုရားထံသွား၍ သိကြားဆုကို တောင်းပြီလော”ဟု မေး၏၊ “အကျွန်ုပ် ဆုမတောင်း”ဟု လျှောက်သော် “အဘယ့်ကြောင့် မတောင်းသနည်း”ဟု မေးပြန်၏။ နဂါးမင်းလည်း “အရှင်သိကြားမင်း.. အကျွန်ုပ် ဘုရားသခင်ကို ဖူးမြင်ရသောအခါ သားတော်ဖြစ်သော ဥပရေဝတ သာမဏေကိုမြင်၍ တပါးသောဆုကို မလိုချင်ပြီ၊ ဤအရှင်ကဲ့သို့သာ ဖြစ်ချင်သော ဆန္ဒရှိ၍ ကျွန်ုပ် ဆုတောင်းဘိသတည်း၊ ဘုရားသခင်လည်း သို့စင်သော ဗျာဒိတ်တော်ကို ကြား၏”ဟု စေ့ငုစွာ လျှောက်ထား၍ “အရှင်သိကြားလည်း ရှည်လျားဘဝ ဖြစ်သမျှ၌ အတူတကွသာ ကြုံကြိုက်၍ ကျွတ်ထိုက်သောဘဝ ရောက်သောအခါ အတူတကွသာ ကျွတ်ရအောင် ဘုရားထံသွား၍ ဆုတောင်းပါ”ဟု တိုက်တွန်းပြန်၏။

သိကြားမင်းအလှူနှင့် ဆုတောင်း

သိကြားမင်းလည်း “ကောင်းပြီ”ဟု ဝန်ခံလျက် တရံသောအခါ မြတ်စွာဘုရားထံသို့ သွားလေသော် ကိုယ်တော်မြတ်သည်လည်း ဘုန်းအာနုဘော် ကြီးမြတ်သော ရဟန်းတဦးအား သဒ္ဓါပဗ္ဗဇိတအရာ၌ ဧတဒဂ်ထားသည်ကိုမြင်၍ ဤအရှင်ကဲ့သို့ ဖြစ်ရအောင် ငါဆုတောင်းအံ့ဟု ရည်ရွယ်လျက် မြတ်စွာဘုရားအမှူးရှိသော သံဃာတော်တို့အား ခုနစ်ရက်ပတ်လုံး နတ်၌ဖြစ်သော ဆွမ်းယာဂု အဖျော်တို့ဖြင့် ပူဇော်လုပ်ကျွေးလျက် ခုနစ်ရက်စေ့သောကာလ မြတ်လှစွာသော ဧရာဝဏ်ဆင်ပြောင်ကို လှူ၏။ ဘုရားသခင်လည်း ခံတော်မမူ။ ထိုသို့မခံလျှင် ဆင်ကို အဖိုးဖြတ်စေ၍ ထိုက်လတ်သောရတနာတို့ဖြင့် သံဃာတို့၏ နေထိုင်သုံးဆောင်ရန် ကျောင်းအာရာမ်ကို ပြုလုပ်စေ၏။ ထိုအာရာမ်ကား ပြာသာဒ်ပေါင်း လေးသောင်း ငါးထောင်တို့ဖြင့် တင့်တယ်၏။

(စာမျက်နှာ-၁၇၂)

ဘုရားစံရာ ဂန္ဓကုဋိတိုက် ပြာသာဒ်၏ အထက်၌ကား တိမ်မီးခိုးအဆင်းရှိသော နတ်ဝတ်လဲကို ထီးဖြူပြု၍ မိုးပေ၏။ အလုံးစုံ ဖန်ဆင်းပြီးသောကာလ ဘုရားရှင်အား ကပ်လှူပြီးသော် အထံတော်သို့ကပ်၍ “အရှင်မြတ်အား ပူဇော်ရသော ကောင်းမှုကံ စေတနာကြောင့် နောင်ဘုရားရှင်တို့ သာသနာဝယ် ဤသဒ္ဓါပဗ္ဗဇိတ ဧတဒဂ်ရ ရဟန္တာကဲ့သို့ ဖြစ်ပါစေသော”ဟု ဆုတောင်း၏။

သိကြားမင်း ဗျာဒိတ်ရလေပြီ

ဘုရားသခင်လည်း အနာဂတံသဉာဏ်ဖြင့် ကြည့်၍ ပြည့်စုံလတ္တံ့သည်ကို မြင်တော်မူလျှင် “အချင်းသိကြား... သင်ကား ငါဘုရားပွင့်သည့်နောက် တသိန်းမြောက်ဖြစ်သော ဘဒ္ဒကမ္ဘာ၌ ဂေါတမမြတ်စွာဘုရား ထင်ရှား ပွင့်တော်မူလိမ့်မည်။ ထိုအခါ သင်သည် “ရဋ္ဌပါလ”မည်သော ရဟန္တာဖြစ်၍ သဒ္ဓါပဗ္ဗဇိတ ဧတဒဂ်ကို ရလတ္တံ့၊ ထိုသို့မရောက်မီ အကြားလည်း နှစ်ပါးသော လူ့ရွာ,နတ်ဘုံ၌ ဆန်စုန်သွားလာလျက် သိကြားအဖြစ် အကြိမ်ငါးဆယ်, စကြာမင်းအဖြစ် အကြိမ်ငါးဆယ်, ပဒေသရာဇ် ဧကရာဇ်အဖြစ် အကြိမ်များစွာ ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား ကြားတော်မူ၏။ ထိုအခါ သိကြားမင်းလည်း အလွန် ဝမ်းမြောက်သော စိတ်ရှိလျက် မိမိနေရာနတ်ပြည်သို့ ပြန်လေ၏။

နောက်နောင်ဘဝ အတူဖြစ်ကြရ

ထိုသူနှစ်ဦးတို့သည် အသက်အတိုင်းတည်၍ ကုသိုလ်ကောင်းမှုကို အားထုတ်လျက် စုတေကြသောကာလ ဘုရားဗျာဒိတ်ရသောအတိုင်း လူမင်းစည်းစိမ် နက်မင်းစည်းစိမ်ကို ခံစားကာလာသဖြင့် ဤကမ္ဘာမှ ပြန်၍ရေသော် ကိုးဆယ့်တကမ္ဘာထက်၌ ဖုဿမြတ်စွာဘုရား ထင်ရှားပွင့်တော်မူသောအခါ ထိုဘုရား၏ ညီတော်ဖြစ်သော မင်းသားသုံးပါး၏ ပရိသတ်တို့တွင် ရှင်ရဋ္ဌပါလ၏ အလောင်းသည် အလှူဒါန၌ ကြပ်မစီရင်ရသော အမတ်ဖြစ်လာ၏၊ ရှင်ရာဟုလာ၏ အလောင်းကား သိကြားမင်း ဖြစ်လာ၏။

ပထဝိန္ဓရမင်းသားဘဝ

ထိုလူတို့သည် ကုသိုလ်ကောင်းမှုကိုပြုလျက် အသက်အတိုင်းတည်၍ စုတေသောအခါ လူ့ရွာနတ်ပြည် ကျင်လည်ကြကုန်၍ ကဿပဘုရား ပွင့်တော်မူသောအခါ ရှင်ရာဟုလာ၏ အလောင်းသည် ကိကီမင်း၏ သားကြီးဖြစ်လာ၏။ ရှေးက သညာအတိုင်း ပထဝိန္ဓရမင်းသားဟူသော အမည်ကိုရ၏။ ထိုမင်းသားအား နှမတော် ခုနစ်ယောက်ရှိ၏။ ထိုခုနစ်ယောက်တွင် အငယ်ဆုံးဖြစ်သော သင်္ဃဒါသီ မင်းသမီးကား ဝိသာခါ ဒါယိကာမ၏ အလောင်းတည်း။ အရွယ်သို့ ရောက်သောကာလ ပထဝိန္ဓရမင်းသားသည် အိမ်ရှေ့အရာကိုရ၏။ ကဿပမြတ်စွာဘုရား ထင်ရှားဖြစ်တော်မူ၍ မိမိတိုင်းပြည်သို့ ကြွရောက်သောအခါ ထိုမင်းသမီး ခုနစ်ဦးတို့သည် အသီးအသီး တည်ထောင်၍ ခုနစ်ဆောင်သော ကျောင်းပရိဝုဏ်ကို ပြုလုပ်၏။

ထိုအခါ မောင်တော် ပထဝိန္ဓရမင်းသားက “သင်တို့ဆောက်လုပ်သော ကျောင်းများမှ ငါ့အား တဆောင်ပေးပါ”ဟု တောင်း၏။ နှမတော်တို့ကလည်း “အရှင့်သား... ဥစ္စာများသော သဌေးဖြစ်လျက် မုဆိုးမလက်၌ရှိသော အသပြာကို ချေးငှါးသကဲ့သို့ အဘယ့်ကြောင့် ပြုပါသနည်း၊ မောင်တော်သည် ဤတိုင်းနိုင်ငံကို အစိုးရသော အိမ်ရှေ့မင်း မဟုတ်ပါလော၊ အကျွန်ုပ်တို့သာ

(စာမျက်နှာ-၁၇၃)

တောင်းသင့်ပါလျက် မောင်တော်က တောင်းခြင်းသည် သတင်းမျှ မဖွယ်ချေတကား၊ အခြားသာပြုတော်မူလော့”ဟု ဆို၏။ ထိုစကားကိုကြားမှ သတိရ၍ ပထဝိန္ဓရမင်းသားလည်း ငါးရာမျှလောက်သော ကျောင်းပရိဝုဏ်တို့ကို ဆောက်လုပ်လှူဒါန်း၏။

ရာဟုလာဖြစ်လာပြီ

ဤသို့သောနည်းဖြင့် ကုသိုလ်ကောင်းမှုကိုပြုလျက် အသက်အတိုင်းနေ၍ စုတေခဲ့သော် တုသိတာနတ်ပြည်၌ ဖြစ်လေ၏။ ငါတို့ဘုရား ထင်ရှားပွင့်အံ့သောအခါ နတ်ပြည်မှ စုတေလာ၍ ဘုရားလောင်း၏ မိဖုရားခေါင်ကြီးဖြစ်သော ယသောဓရာ ဗိမ္ဗာဒေဝီ၏ဝမ်း၌ ပဋိသန္ဓေစွဲနေ၍ ဖွားသောကာလ ဘိုးတော် သုဒ္ဓေါဒနမင်းတရားသည် “ငါ့သားမှည့်လိုရာ အမည်ကို ဖွဲ့ချည်မည်၊ သားတော်ဖွားကြောင်းကို လျှောက်ချေ”ဟု အမတ်တယောက်ကို စေလိုက်၍ ဥယျာဉ်ကစားနေသော သိဒ္ဓတ်မင်းသားအား ကြားလျှောက်သော် “လ-ကို ရာဟုဖမ်းသကဲ့သို့ ငါအား ညှဉ်းပန်းနှောင်ဖွဲ့ခြင်းငှါ ဖြစ်လာသည်”ဟု ဆိုသော စကားကြောင့် မင်းသားကို “ရာဟုလာ”ဟု မှည့်၏။

အဆုံးမလွယ်ပုံ

အထက်ဆိုခဲ့ပြီးသော နည်းအားဖြင့် ဘုရားရှင် သာသနာသို့ဝင်၍ ရှင်အဖြစ်ကိုရသောအခါ ခုနစ်နှစ်သားသာ ရှိသေးရကား မြတ်စွာဘုရားလည်း သားတော်၏ သိက္ခာပုဒ်၌ မယုတ်မယိုစေခြင်းငှါ ရာဟုလောဝါဒသုတ် ဒေသနာဖြင့် မပြတ်ဆုံးမတော်မူ၏။ ရှင်ရာဟုလာလည်း နံနက်စောစွာကထ၍ သဲကိုလည်း လက်ခုပ်ဖြင့် ကျုံးပြီးသော် “ဘုန်းတော်ကြီးလှသော ဘုရားအထံမှလည်းကောင်း ဥပဇ္ဈာယ်ဆရာ အရှင်သာရိပုတြာ အရှင်မဟာကဿပတို့၏ အထံမှလည်းကောင်း ဤသဲလုံးမျှလောက်သော ဩဝါဒစကားကို ယနေ့ ရပါမူကား ငါ့အား ကောင်းရာ၏”ဟု တောင့်တလေ့ပြု၏။ ဆရာဥပဇ္ဈာယ်တို့ ဆုံးမသော သိက္ခာပုဒ်တို့ကိုလည်း တဆံဖျားမျှ မတိမ်းပါးရအောင် ကျင့်၏။ ထိုအကြောင်းအရာကို သံဃာတို့သိလေ၍ တရားသဘင်၌ အရှင်ရာဟုလာအား များစွာချီးမွမ်းကြ၏။

ထိုအခါ မြတ်စွာဘုရားလည်း တရားဟောနေရာသို့ ကြွတော်မူလာ၍ အကြောင်းအရာကို မေးတော်မူသည်တွင် သံဃာတော်မြတ်တို့လည်း “အရှင်ရာဟုလာသည် ခုနစ်နှစ်သားသာဖြစ်လျက် သိက္ခာပုဒ်ကို အားထုတ်လိုသော သမ္မာဆန္ဒ ရှိလှပေသည်၊ အတုမရသော အဖကောင်းသား ပီပေသည်ဟု ပြောဆိုချီးမွမ်း၍ နေပါသည်”ဟု နားတော်လျှောက်ကြသော် ကိုယ်တော်မြတ်ကလည်း “ချစ်သားတို့.. ငါ့သားရာဟုလာသည် ယခုဘဝသာ ဆရာဆုံးမသော စကားကို ရိုသေစွာ မှတ်သားကျင့်ဆောင်တတ်သည် မဟုတ်၊ ပညာမရင့်သေးသော သမင်အဖြစ်ကပင် သွန်သင်ပြသသော ဆရာ့စကား၌ မှတ်သားရိုသေခြင်းကြောင့် သေခွင့်သို့ရောက်လျက် အသက်မသေ လွတ်ဖူးလေပြီ”ဟု အကြောင်းကိုပြ၍ မိဂပေါတကဇာတ်ကို ဟောတော်မူ၏။

(ဇာတ်ကား ဧကနိပါတ်၌ အကျယ်လာ၏။)

သိက္ခာပုဒ်ကိုရိုသေပုံ

ခုနစ်နှစ်အရွယ်မှစ၍ တဆယ့်ရှစ်နှစ်ရွယ် ရှိသည့်တိုင်အောင် ပြက်ရယ်သောစကားကိုမျှ ဆိုသောမည်သည် မရှိ။ မိမိဇာတိမာန်ဖြင့် ခက်ထန် တင်းမာခြင်းကိုလည်း ရံခါမျှမပြု။

(စာမျက်နှာ-၁၇၄)

ရပာန်းသံဃာတို့အား လူ,သာမဏေတို့နှင့် တမိုးတရံတည်းသောကျောင်း၌ အရုဏ်တက်အောင် မအိပ်အပ်ဟု သိက္ခာပုဒ် ပညတ်သောအခါ သံဃာတော်တို့ကို ညှာသောအားဖြင့် ရှင်ရာဟုလာသည် မြတ်ဘုရား၏ ဝစ္စကုဋီ၌သာ ဝင်၍အိပ်နေသတည်း။ ဘုရားသခင်တွေ့၍ အကြောင်းကိုမေးသဖြင့် သိတော်မူသောအခါ များစွာသော ပရိယာယ်တို့ဖြင့် ချီးမွမ်းတော်မူသည်။ တဆယ့်ရှစ်နှစ် အရွယ်ရောက်သောကာလ ဘုရားနောက်က သပိတ်ပိုက်လျက် လိုက်လေသော် ကိုယ်တော်မြတ်၏ တင့်တယ်ခြင်း အသရေနှင့် မသွေမခြား သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခာတော်ကြီး, ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် ပြည့်စုံလျက် ပြိုးပြိုးပြက်မျှ ထွက်ထွန်းသော ရူပကာယသမ္ပ္ပတ္တိကို မြင်သော် ထက်ဝန်းကျင်သော ပြည်သူပြည်သား ယောက်ျားမိန်းမတို့သည် သဒ္ဓါပေမဖြင့် ဖူးမြင်ခြင်းငှါမတတ်နိုင်။ တဏှာပေမသာလှိုင်၍ ယိမ်းယိုင်တုန်လှုပ်လျက် အုတ်အုတ်ကျက်ကျက်သော ချီးမွမ်းသံသည် ဖြစ်၏။

ဧတဒဂ်ရတော်မူခြင်း

ထိုအခါ မြတ်စွာဘုရားလည်း မဟာရာဟုလောဝါဒသုတ်ကို ဟောတော်မူ၏။ သက်တော် တဆယ်ရှစ်နှစ် ပြည့်လုသော် သားတော်၏ ဉာဏ်ရင့်သောအဖြစ်ကိုသိ၍ တခုသော တောအုပ်၌ နေတော်မူလျက် စူဠရာဟုလောဝါဒသုတ်ကို ဟောတော်မူသည်။ ထိုဒေသနာအဆုံး၌ အရှင်ရာဟုလာသည် တရားနာလာသော နတ်ဗြဟ္မာ ကုဋေတသိန်းတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်၏။ သောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်ကြသော နတ်တို့ကား မရေတွက်နိုင်သည်သာတည်း။

နောက် ဇေတဝန်ကျောင်းတော်သို့ရောက်၍ သာဝကတို့အား ဌာနန္တရ ကြားသောအခါ ရှင်ရာဟုလာကို-

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ သိက္ခာကာမာနံ ဘိက္ခူနံ ယဒိဒံ ရာဟုလော-

ဟူ၍ ဧတဒဂ် ထားတော်မူသည်။

[အနက်ကား]ဘိက္ခဝေ၊ ရဟန်းတို့။ သိက္ခာကာမာနံ၊ သိက္ခာသုံးပါးကို ဖြည့်ကျင့်လိုကုန်သော။ မမ၊ ငါဘုရား၏။ သာဝကာနံ၊ တပည့်သားဖြစ်ကုန်သော။ ဘိက္ခူနံ၊ ရဟန်းတို့တွင်။ ယဒိဒံ ယော အယံ ရာဟုလော၊ အကြင် ရာဟုလာသည်။ အတ္ထိ၊ ရှိ၏။ ဧတံ-ဧသော၊ ဤရှင်ရာဟုလာသည်။ အဂ္ဂံ- အဂ္ဂေါ၊ လွန်ကဲ၏။

(ဤကား အရှင်ရာဟုလာ၏ အကြောင်း အတ္ထုပ္ပတ္တိ အမြွက်တည်း။)

ရဋ္ဌပါလသတို့သား

အရှင်ရဋ္ဌပါလ၏ အလောင်းသည်လည်း ဆိုအပ်ခဲ့ပြီးသော အစဉ်အားဖြင့် လူ့ပြည်နတ်ပြည် ကျင်လည်ခဲ့၍ ငါတို့ဘုရား ထင်ရှားပွင့်တော်မူသောအခါ ကုရုတိုင်း ထုလ္လကောဋ္ဌိကမည်သော နိဂုံး၌ ရဋ္ဌပါလ အမည်ရသော သဌေးအိမ်၌ ဖြစ်လာ၍ ဝံသာနုရက္ခဖြစ်သော သညာအားဖြင့် ရဋ္ဌပါလ သတို့သားဟူသော အမည်ကိုရ၏။ ထိုသတို့သားသည် များစွာသော အခြံအရံတို့နှင့်တကွ ကြီးပွား၍ အရွယ်သို့ရောက်သောကာလ မိဘတို့သည်

(စာမျက်နှာ-၁၇၅)

အမျိုးကောင်းသမီးနှင့် ထိမ်းမြား၍ များစွာသော အခြံအရံနှင့်တကွ နတ်စည်းစိမ်ကဲ့သို့သော စည်းစိမ်ချမ်းသာကို ခံစားစေ၏။

ရဟန်းပြုခွင့်မရသဖြင့် ဆန္ဒပြခြင်း

တရံသောအခါ မြတ်စွာဘုရားလည်း ကုရုတိုင်းသို့ ဒေသစာရီ ချီတော်မူလာ၍ ထိုနိဂုံးသို့ ရောက်သောအခါ ရဋ္ဌပါလ သဌေးသားလည်း များစွာသောသူတို့နှင့်တကွ ဘုရားထံသို့လာ၍ တရားတော်ကို နာလေသော် သာသနာတော်၌ သဒ္ဓါတရားတက်ပွားခြင်း အလွန်ရှိရကား “အကျွန်ုပ်အား ရဟန်းပြုတော်မူပါ”ဟု လျှောက်၏။ ဘုရားသခင်လည်း “သင်၏ အမိအဘတို့ကို ခွင့်တောင်းဦးလော့”ဟု မိန့်တော်မူလျှင် အိမ်သို့ပြန်၍ မိဘတို့ထံ၌ ခွင့်တောင်း၏၊ မိဘတို့ကလည်း “ချစ်သားရဋ္ဌပါလ- သင်ကား ငါတို့၏ တယောက်တည်းသောသား ဖြစ်ပါ၍ ကြင်နာစုံမက် အသက်အသွင် ထင်မှတ်ပါ၏၊ သင်ရဟန်းပြုခဲ့မူ ဤလူ့ခွင်၌ ငါတို့အသက်ရှည်မည် မဟုတ်ပြီ”ဟု ဆို၍ အကြိမ်ကြိမ်ဖျက်ဆီး၏။ သတို့သားလည်း အကြိမ်များစွာ တောင်းပန်၍မျှ ခွင့်မရလေလျှင် အိမ်ဝမြေပြင်၌ မှောက်ခုံအိပ်၍ “ရဟန်းမပြုရလျှင် ဤနေရာ၌ပင် ငါသေတော့မည်”ဟု ဆို၍ အစာအာဟာရကို ဖြတ်လျက် ခုနစ်ရက်တိုင်တိုင်နေ၏။ ဆွေမျိုးမိဘစသည်တို့ တောင်းပန်လာသော်လည်း စကားမပြန်ပဲ နေ၏။

ရဟန်းပြုရပြီ

ထိုအခါ မိဘတို့က “ငါတို့ အခွင့်မပြုချေမူ သေခြင်းသို့ ရောက်ချေတော့မည်၊ ရဟန်းပြုမူကား ငါတို့သားကို မြင်ရသေး၏။ ခွင့်ပေးတော့အံ့”ဟု တိုင်ပင်ကြ၍ “ချစ်သား ရဋ္ဌပါလ.. ထလော့၊ ထလော့၊ အမောင် စိတ်မှန်းတိုင်း ရဟန်းပြုလော့”ဟု ခွင့်ပေး၏။ ထိုအခါမှ နေရာကထ၍ အာဟာရကိုစားလျက် ကိုယ်လက်ဖြည့်တင်းပြီးလျှင် ဘုရားရှင်ထံတော်သို့ကပ်၍ “အကျွန်ုပ်အား ရဟန်းပြုတော်မူပါ”ဟု တောင်းပန်၏။ ဘုရားသခင်လည်း ရဟန်းပြုတော်မူ၍ ကာယဂတာသတိ ကမ္မဋ္ဌာန်းကို စီးဖြန်းစေပြီးလျှင် ဝိပဿနာကို ပွားစေ၍ များမကြာမီပင် ရဟန္တာဖြစ်ပြီးသော် ဘုရားထံတော်၌ ခွင့်ပန်၍ မိဘတို့အား တရားဟောခြင်းငှါ ထုလ္လကောဋ္ဌိကသို့ဝင်၍ အိမ်စဉ်အတိုင်း ဆွမ်းခံလျက်လာ၍ မိဘတို့အိမ်သို့ရောက်သော် ရပ်တော်မူလင့်၏။

ခေါင်းပါးသောအကျင့်

ထိုအခါ အစေအပါးဖြစ်သော ကျွန်မသည် ညစာကကြွင်း၍ သိုးပြီးထမင်းကို စွန့်ခြင်းငှါ ထွက်လာသည်နှင့် ရှင်ရဋ္ဌပါလကမြင်လျှင် “နှမ.. စွန့်ထိုက်သော ဝတ္ထုဖြစ်မူကား ဤသပိတ်၌ လောင်းလော့”ဟု ဆို၍ ခံယူပြီးလျှင် တခုသော နံရံကိုမှီ၍ အမြိုက်သုဓာဘုတ်ကဲ့သို့ သုံးဆောင်၏။ ထိုသို့ သုံးဆောင်လာသည်ကို ကျွန်မမြင်လျှင် “ငါတို့အရှင့်သားသည် ပျက်ပြားသောစိတ်ပင် ရှိလေသလော၊ မမြင်ဝံ့အောင် စွန့်စားလေဘိသည်တကား”ဟု ဆို၍ သဌေးကြီးတို့အား အကြောင်းကို ကြားလျှောက်၏။ သဌေးလင်မယားတို့လည်း လျင်စွာလာ၍ သားကိုရှုပြီးသော် ငိုယိုမြည်တမ်းလျက် ပြာသာဒ်ထက်သို့ ပင့်လေ၍ ဆွမ်းလုပ်ကျွေးခြင်းငှာ အားထုတ်၏။ ရှင်ရဋ္ဌပါလလည်း “ဒါယကာ-ဒါယိကာမကြီးတို့.. ယနေ့ ဆွမ်းကိစ္စ ပြီးပြီ”ဟု မိန့်တော်မူ၏။

(စာမျက်နှာ-၁၇၆)

လူထွက်လာအောင် ဖျောင်းဖျကြပုံ

ထိုအခါ သဌေးကြီးတို့က နက်ဖြန်အလို့ငှါ ဆွမ်းဖိတ်၏။ အရှင်လည်း ဆိတ်ဆိတ်ဝန်ခံ၍ ပြန်ခဲ့ပြီးမှ နက်ဖြန်သောကာလ မိဘအိမ်သို့ သွား၏။ မိဘနှစ်ပါးတို့ကလည်း သားကို လူထွက်စေချင်လှရကား များစွာသော ရွှေတိုက်ငွေတိုက်တို့ကို ဖွင့်လှစ်၍ “ဤမျှလောက်ကား အဘဥစ္စာ, ဤမျှလောက်ကား အမိဥစ္စာ, ဤရတနာအပေါင်းကို ကောင်းစွာသိမ်းဆည်း၍ ကာမဂုဏ်ချမ်းသာကို ခံစားပါဦး”ဟု အကြိမ်ကြိမ်တောင်းပန်၍ အခွင့်မရလေလျှင် ချွေးမနှင့်တကွ အရွယ်သင့်စွ လှပသော ကိုယ်လုပ်မောင်းမတို့ကို တန်ဆာဆင်ယင်စေ၍ “သင်တို့ဖျောင်းဖျ နားပါးချလျက် ငါ့သား လူထွက်အောင် တောင်းပန်ကြဦး”ဟု ဆို၏။

ထိုမိန်းမတို့သည် နတ်ကညာကဲ့သို့ တင့်တယ်စွာ ဆင်ယင် ဝတ်စားလျက် “အရှင့်သား.. များလှစွာသော စည်းစိမ်ချမ်းသာ၏ အရှင်ဖြစ်လျက် ခွက်လက်စွဲ၍ တောင်းစားသော အမူအရာဖြင့် အဘယ့်ကြောင့် ဆင်းရဲခံပါသနည်း၊ နတ်သမီးကိုရအောင် ရည်မှန်း၍ ရဟန်းပြုကြသည်မှာ နတ်ကညာတို့သည် အကျွန်ုပ်တို့ထက် ဘယ်လောက်သာ၍ လှပတင့်တယ်ပါသနည်း၊ ကျွန်ုပ်တို့အားလည်း ကြင်နာ သနားတော်မူပါဦးလော့” စသည်ဖြင့် ခယလျှောက်ထားကြ၏။

တရားဟောတော်မူခြင်း

ထိုအခါ ရှင်ရဋ္ဌပါလလည်း ကာမဂုဏ်ငါးပါး၌ မက်မော ယောင်မှားသော သူများကို တရားညွှန်ပြ ဆုံးမတော်မူခြင်းငှါ-

ပဿ စိတ္တကတံ ဗိမ္ဗံ၊ အဒုံ ကာယံ သမုဿိတံ။
အာတုရံ ဗဟုသင်္ကပ္ပံ၊ ယဿ နတ္ထိ ဓုဝံ ဌိတိ။
အစိရံ ဝတာယံ ကာယော၊ ပထဝိံ အဓိသေဿတိ။
ဆုဒ္ဓေါ အပေတဝိညာဏော၊ နိရတ္ထံဝ ကလိင်္ဂရံ-

အစရှိသော ဂါထာကို ဟောတော်မူ၏။

[အနက်ကား]စိတ္တကတံ၊ နှီးနွယ်ပုဆိုး ကြိုးသေးကြိုးမွှားတို့ဖြင့် ဆန်းကြယ်စွာ ပြုလုပ်အပ်သော။ ဗိမ္ဗံ၊ ညဲမင်း (ချစ်ဖွယ် သတို့သမီး) ရုပ်နှင့်လည်း တူထသော။ သမုဿိတံ၊ ပထဝီ အာပေါ တေဇော ဝါယော ဓာတ်လေးဝတို့ဖြင့် စိုက်ဆောက် ပြုလုပ်အပ်သော။ ဝါ၊ ကေသာ လောမာ စသည်သွယ်သွယ် စက်ဆုပ်ဖွယ်တို့၏ စုဝေးပေါင်းရုံးရာလည်း ဖြစ်ထသော။ အာတုရံ၊ ကိုးဆယ့်ခြောက်ဖြာ ရောဂါအပေါင်းတို့သည် သောင်းသောင်းပြင်းဝှန် နှိပ်စက်ဟန်ကြောင့် အလွန်နာကျင်စွာထသော။ ဗဟုသင်္ကပ္ပံ၊ များစွာသော ပြုပြင်ရန်လည်း ရှိထသော။ ဝါ၊ အယုတ်တရားကိုလည်း များစွာ ကြံတတ်ထသော။ အဒုံ ကာယံ၊ ဤခန္ဓာကိုယ်ကို။ တုမှေ၊ သင်တို့သည်။ ပဿ၊ ရှုကြကုန်လော့။ ယဿ၊ အကြင်ခန္ဓာကိုယ်၏။ ဓုဝံ၊ မြဲစွာ။ ဌိတိ၊ တည်ခြင်းသည်။ နတ္ထိ၊ မရှိတကား။

အယံ ကာယော၊ ဤခန္ဓာကိုယ်သည်။ အစိရံ၊ မကြာမြင့်မီပင်လျှင်။ အပေတဝိညာဏော၊ ကင်းသော ဝိညာဉ်ရှိသည် ဖြစ်၍ နိရတ္ထံ၊ အကျိုးမရှိသော။

(စာမျက်နှာ-၁၇၇)

ကလိင်္ဂရံ၊ ဖွဲကိုကဲ့သို့။ ဆုဒ္ဓေါ၊ စွန့်ပစ်အပ်သည်ဖြစ်၍။ ပထဝိံ၊ မြေ၌။ အဓိသေဿတိ ဝတ၊ အိပ်ရလတ္တံ့သည်တကား။

(ဟောသောတရားကို အပြည့်အစုံလိုမူ မဇ္ဈိမနိကာယ် ရဋ္ဌပါလသုတ်၌ ယူလေ။ ကျယ်အံ့စိုး၍ အမြွက်မျှသာ ရေးလိုက်သည်။)

ကောင်းကင်မှ ကြွတော်မူပုံ

ဤသို့ မိဘဆွေညာ များစွာသော မောင်းမတို့အား ကာမာဒီနဝ လက္ခဏသမ္ပန္နဖြစ်သော တရားကို ဟောကြားပြီးလျှင် “မိခင်ဖခင်တို့... အကယ်၍ ငါ့ကို ချစ်ခင်ကြင်နာလျက် ငါဆိုတိုင်း လိုက်နာမည် ဖြစ်အံ့၊ မိခင်ဖခင်တို့တွင်ရှိသော အကုဋေမကသော ဤဥစ္စာ ရတနာတို့ကို ကြီးစွာသောအိတ်ဖြင့် ထည့်သိပ်၍ လှည်းရထားတို့ဖြင့်တင်လျက် ရေတွင် စွန့်ပစ်ချေလော့၊ ဤဥစ္စာ၌ အာသာမပြတ် တပ်ငြိခြင်း တဏှာရမ္မက်ကို မဖြစ်စေလင့်၊ ဥစ္စာဟူသည်ကား များစွာသော ဘေးရန်အပေါင်းကိုလည်း ရကြောင်း,တွေ့ကြောင်း မကောင်းသော ဂတိဘ၀သို့ ရကြောင်းသာ ဖြစ်၏”ဟု ဆုံးမပြီးလျှင် ပလ္လင်ထက်မှ လျင်စွာထ၍ ကောင်းကင်ခရီးဖြင့် ကြွတော်မူ၏။

အမှာစကားချပ်

(အဘယ့်ကြောင့် ကောင်းကင်ခရီးဖြင့် ကြွတော်မူသနည်း ဟူမူကား ထိုရှင်ရဋ္ဌပါလ၏ အဖသဌေးသည် “သားကြွလာသောအခါ အသာအယာ ဖျောင်းဖျ၍ ရလျှင်လည်း လူထွက်စေမည်၊ မရလျှင်လည်း အတင်းပင် သင်္ကန်းကိုချွတ်၍ လူဝတ်လဲစေမည်”ဟု ကြံလျက် ခုနစ်တန်သော တံခါး၌ စောင့်နေသော သူတို့အား “သင်တို့ တံခါးကို မြဲမြံစွာ ပိတ်ကြကုန်၊ ငါ့သားထွက်လာလျှင် သင်္ကန်းကိုချွတ်၍ လူဝတ်လဲကြကုန်”ဟု မှာထားသောကြောင့် တံခါးလုံခြုံစွာပိတ်လျက်ရှိ၏။ ထို့ကြောင့် ကောင်းကင်ခရီးဖြင့်ပျံ၍ ကြွရလေသတည်း။)

ရဟန်းပြုရခြင်း အကြောင်းများ

ယင်းသို့ကြွ၍ ကောရဗျမင်းကြီး၏ နန်းတော်အတွင်း မိဂါဇိန်ဥယျာဉ်ဝယ် မင်္ဂလာရှိသော ကျောက်ဖျာထက်၌ သက်တော်မူ၏။ ထိုအကြောင်းကို မင်းကြီးသိလေသော် လာ၍ သင့်တင့်စွာနေပြီးမှ ဤသို့ လျှောက်ထား၏။ “ချစ်သား ရဋ္ဌပါလ.. ဤလူ့လောက၌ ရဟန်းပြုကြသည်ကား အချို့သူမှာ အနာရောဂါ သည်းစွာနှိပ်စက်၍ အသက်မမွေးနိုင်ကြသောကြောင့်လည်း ပြုသည်၊ သားချင်းဆွေမျိုး ကိုးစားရာမရှိ ပျက်စီးဘိသောကြောင့်လည်း ပြုကြသည်။ စည်းစိမ်ဥစ္စာ ပျော်ရာမရ နွမ်းပါးလှသောကြောင့်လည်း ပြုကြသည်။ မိဘနှစ်ပါး မယားသားကြီးတို့ ပျက်စီးသောကြောင့်လည်း ပြုကြသည်။ သင့်မှာမူကား တစုံတခုသော ပျက်စီးကွေကွင်း ဆင်းရဲခြင်းသည် မရှိပါလျက် ကြီးစွာသောစည်းစိမ်ကို စွန့်ခဲ့၍ အဘယ့်ကြောင့် ရဟန်းပြုပါသနည်း”ဟု မေး၏။

ရှင်ရဋ္ဌပါလကလည်း “ဒါယကာမင်းကြီး... ပျက်စီးသောအမှုသည် တစုံတခု ငါ၌မရှိသေးသော်လည်း ပျက်စီးလတ္တံ့သောဘေးကို တရေးရေး ငါမြင်လင့်သတည်း၊ အကြင်လူ့ရွာ၌

(စာမျက်နှာ-၁၇၈)

ခန္ဓာငါးပါးကိုရကြသော သတ္တဝါဟူသမျှသည် နိစ္စ ဓုဝသဘော မဟုတ်ချေ၊ ချုပ်ခြင်း, ဖြစ်ခြင်းနှင့်သာ စပ်ယှဉ်ရကား ပျက်စီးလတ္တံ့သော ဗျသနသဘောသည် ထင်ရှား၏။ ထွက်သက်,ဝင်သက် နှစ်ပါးသာ သတ္တဝါတို့ကို ကပ်၍ဆောင်၏။ မအိုမနာ မသေရခြင်းငှါ မြစ်တားစောင့်ရှောက်အံ့သော သူလည်းမရှိ၊ ဒုဂ္ဂဘိမလားရအောင် ကိုးစားမှီခိုရာလည်း မရှိ၊ သုဂတိသို့ရောက်အောင် ပို့ဆောင်တတ်သော အဖော်သဟာယလည်း မရှိ၊ စည်းစိမ်ဥစ္စာ, သားမယားစသော အဖော်ဟူသမျှသည် ဒုဂ္ဂတိဘဝသို့ ပို့ဆောင်တတ်သော ကူးတို့သမားသာ ဖြစ်ချေသည်၊ ဤကာမဂုဏ်ကို တလုံလဲလဲ (အကြိမ်များ) မြင့်မြဲရှည်စွာ ခံစားငြားသော်လည်း အားရခြင်း ရောင့်ရဲခြင်း မဖြစ်နိုင်၊ နွံအိုင်သို့ ဆင်းစေတတ်သော တဏှာ၏ ကျွန်ချည်းသာ ဖြစ်ချေသည်၊ ထိုအကြောင်းကိုသိ၍ တေဘူမကဝဋ်၌ ငါငြီးငွေ့လှရကား မြတ်သောတရားကို ရှာခြင်းငှါ ငါရဟန်းပြုသတည်း”ဟု မိန့်တော်မူ၍-

ပဿာမိ လောကေ သဓနေ၊ မနုဿေ လဒ္ဓါန ဝိတ္တံ-

အစရှိသော တဆယ့်ငါးဂါထာတို့ကို ဟောတော်မူ၏။

ဧတဒဂ် ရတော်မူပြီ

ယင်းသို့ ကောရဗျမင်းကြီးအား တရားဟောပြီးမှ ဘုရားအထံတော်သို့ ပြန်လာ၏။ ထိုသို့ တပါးသော ရဟန်းတို့ထက် သာသနာ၌ သဒ္ဓါတရား အားကြီးလှသောကြောင့် ထိုရဋ္ဌပါလကို ဇေတဝန်ကျောင်းတော်သို့ ရောက်သောအခါ-

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ သဒ္ဓါပဗ္ဗဇိတာနံ ဘိက္ခူနံ ယဒိဒံ ရဋ္ဌပါလော-

ဟူ၍ ဧတဒဂ် ထားတော်မူသည်။

[အနက်ကား]ဘိက္ခဝေ၊ ရဟန်းတို့။ သဒ္ဓါပဗ္ဗဇိတာနံ၊ သဒ္ဓါ၍ ရဟန်းပြုကြကုန်သော။ မမ၊ ငါဘုရား၏။ သာဝကာနံ၊ တပည့်ဖြစ်ကုန်သော။ ဘိက္ခူနံ၊ ရဟန်းတို့တွင်။ ယဒိဒံ- ယော အယံ ရဋ္ဌပါလော၊ အကြင်ရဋ္ဌပါလသည်။ အတ္ထိ၊ ရှိ၏။ ဧတံ-ဧသော ရဋ္ဌပါလော၊ ဤရဋ္ဌပါလသည်။ အဂ္ဂံ-အဂ္ဂေါ၊ ကဲလွန်၏။

ရှင်ရာဟုလာ ရှင်ရဋ္ဌပါလတို့ ဗျာဒိတ်ရပုံရှင်းချက်

ဤမထေရ်နှစ်ပါးတို့၏ ပုဗ္ဗကမ္မကိုဆိုရာ အပဒါန်အဋ္ဌကထာ၌ ပဒုမုတ္တရ ဘုရားရှင်ထံ ဗျာဒိတ်ခံသောအခါ ရှင်ရာဟုလာမှာ နဂါးအဖြစ်မှစုတေ၍ လူသဌေးအဖြစ်ဖြင့် ဗျာဒိတ်ခံရသည်ဟု ဆိုသည်။ ရှင်ရဋ္ဌပါလလည်း သိကြားမင်းအဖြစ်မှ စုတေ၍ လူသဌေးအဖြစ်ဖြင့် ခံရသည်ဟု ဆိုသည်။ အင်္ဂုတ္တိုရ် အဋ္ဌကထာ၌ကား နဂါးမင်း, သိကြားမင်းအဖြစ်ဖြင့်ပင် ခံရသည်ဟု ဆိုသည်။ ထိုအဋ္ဌကထာ နှစ်စောင်ပင် မညီကြ။ ပရိကပ္ပသိဒ္ဓိအားဖြင့်ကား နှစ်ပါးသောဘဝ၌ပင် ဘုရားရှင်ကို တွေ့မြင်ရသည်, ဗျာဒိတ်ခံရသည်ဟု ယူဆရန် ရှိသည်။

ဤကား ရှင်ရာဟုလာ ရှင်ရဋ္ဌပါလ မထေရ်တို့၏ အကြောင်း အတ္ထုပ္ပတ္တိ အမြွက်တည်း။

တတိယပိုင်း ပြီးပြီ။

(စာမျက်နှာ-၁၇၉)

စတုတ္ထပိုင်း

ဝက္ခမာနံ ဣတော ပရံ၊ န ဒဿိတံ ကမေန တု။
အမုမှိ အယမာဝသေ၊ ကတ္ထစိ ယုတ္တိမာဂမံ။

[အနက်ကား]ဣတော၊ ဤဆိုအပ်ခဲ့ပြီးသော တတိယ ပရိစ္ဆေဒမှ။ ပရံ၊ နောက်၌။ ဝက္ခမာနံ တု၊ ဆိုလတ္တံ့သော စကားရပ်ကိုကား။ အမုမှိ၊ ဤမည်သောနှစ် သက္ကရာဇ်၌။ အာဝသေ၊ ဤသည့်ပြည်ရွာ ဝါဆိုခါ၌။ အယံ၊ ဤပုဂ္ဂိုလ်သည်။ သာသနောဂတောတိ၊ သာသနာတော်သို့ ဝင်၏ဟူ၍။ ကမေန၊ အစဉ်အလာ မှန်ကန်စွာဖြင့်။ ဂန္ထေသု၊ ပါဠိ, အဋ္ဌကထာ, ဋီကာကျမ်းဂန်တို့၌။ ယသ္မာ၊ အကြင့်ကြောင့်။ န ဒဿိတံ၊ မပြအပ်။ တသ္မာ၊ ထို့ကြောင့်။ ကတ္ထစိ၊ အချို့သောအရာ၌။ ယုတ္တိံ၊ အသင့်ကို။ ကတ္ထစိ၊ အချို့သော အရာ၌။ အာဂမံ၊ တိုက်ရိုက်ညွှန်ပြ အာဂမကို။ သံသန္ဒိတွာ၊ နှီးနှောနှိုင်းစာ၍။ ဝက္ခံ-ဝက္ခာမိ၊ ပြဆိုပေအံ့။

(ဝဇိရဗုဒ္ဓိ၌ ပြအပ်သော ပါဌ်ခြောက်ပါးတွင် သာဝသေသနယဖြင့် စီအပ်သော ပါဌ်ဖြစ်၍ ပါဌသေသနှင့်တကွ ယောဇနာသည်။)

၃၆။ ရှင်ပိဏ္ဍောလမထေရ်၏ ရှေးအကြောင်းကို ပြခြင်း

ကေသရခြင်္သေ့မင်း

ဆအသာဓာရဏ, စတုဝေသာရဇ္ဇ, ဒသဗလ စသည်ကျေးဇူး ဂုဏ်အထူးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ ရဟန်းပြုလာကြသော သာဝကအပေါင်းတို့တွင် အရှင်ပိဏ္ဍောလ၏ အကြောင်းကား- ဤကမ္ဘာမှ ပြန်၍ရေသော် ကမ္ဘာတသိန်းထက်၌ ပဒုမုတ္တရဘုရား ထင်ရှား ဖြစ်တော်မူသောကာလ ဤပိဏ္ဍောလ၏ အလောင်းသည် ဟိမဝန္တာတောင်အနီး တောင်ကြီးတခုကို အမှီပြု၍နေသော ကေသရရာဇာ ခြင်္သေ့မင်း၏အမျိုး၌ ဖြစ်၏။

ဘုရားမြတ်စွာ ဖူးမြင်ရပုံ

တရံသောအခါ မြတ်စွာဘုရားသည် ပစ္စူသသမယ၌ ကျွတ်ထိုက်သော ဝေနေယျကို ရှုတော်မူလတ်သော် ဉာဏ်တော် ကွန်ရက်အတွင်းသို့ ဝင်လာသော ကေသရရာဇာ ခြင်္သေ့၏ ဟေတုသမ္ပတ္တိကိုမြင်၍ “ခြင်္သေ့အား ယနေ့ ငါဘုရားသွား၍ တရားရေချမ်းဖြင့် ဆွတ်ဖျန်းတော်မူအံ့”ဟု ကြွလျက် ဟံသာဝတီပြည်ခွင်သို့ ဆွမ်းခံဝင်တော်မူပြီးလျှင် အစဉ်သဖြင့် ကြွလာ၍ နံ့သာတော၌ ဆွမ်းဘုဉ်းပေးပြီးမှ ညချမ်းသော အခါဝယ် ခြင်္သေ့နေရာ ရတနာရွှေဂူသို့ဝင်၍ ကောင်းကင်ပြင်၌ ပလ္လင်ဖွဲ့ခွေလျက် နိရောဓသမာပတ်ကို ဝင်စား၍ နေတော်မူလင့်၏။

(စာမျက်နှာ-၁၈၀)

ပန်းဖြင့် ပူဇော်ခြင်း

ခြင်္သေ့မင်းလည်း အစာရှာသွားရာမှ ပြန်လာသော် ရတနာဂူတွင် ကောင်းကင်ပြင်၌ ပလ္လင်ဖွဲ့ခွေ နေတော်မူသော ဘုရားသခင်ကိုမြင်လျှင် ကြည်ရွှင်ဝမ်းသာသော စိတ်ရှိလျက် “ဟုတ်ဟုတ်ငြားငြား တပါးသော သတ္တဝါသည် ငါ၏နေရာဂူခွင်သို့ မဝင်ဝံ့ မနေဝံ့ရာ၊ ယနေ့လာသော ယောက်ျားမြတ်ကား အခင်းတည်ရာမရှိ၊ ပကတိ ဟင်းလင်းအပြင်၌ပင် ပလ္လင်ဖွဲ့ခွေ၍ နေစွမ်းနိုင်ပေသည်၊ အညို, အရွှေ, အနီ, အဖြူ, အမောင်း, အနက်, ပြိုးပြိုးပြက်သော ရောင်ခြည်တော်အဝန်းဖြင့် တထိန်ထိန် တောက်ထွန်းလျက် နေဝန်းတထောင် ထွက်သကဲ့သို့ ရှိပေသည်။ ဤသို့သော အစ္ဆရိယပုရိသကို ဤလောကတွင် တခါမျှစင် ငါမမြင်စဖူး၊ ထူးမြတ်သော ဤယောက်ျားကား အာဇာနည်လေးပါးတွင် အထွတ်အထိပ် ထားအပ်သော ယောက်ျားမြတ် ဇာနေယျ အနုတ္တရပုဂ္ဂိုလ် ဖြစ်ရာသည်၊ ဤသူမြတ်အား အစွမ်းရှိသမျှ ပူဇော်ရမူ ကောင်းကျိုးများစွာ ဖြစ်ရာလတ္တံ့”ဟု ကြံ၍ မြိုင်ယံတဝန်း၌ရှိသော ရေးပန်း, ကြည်းပန်းတို့ကို ဆောင်၍ ညောင်စောင်းအလို့ငှါ ဖွဲ့နေတော်မူရာ ထက်ဝယ်ခိုက်အောင် ခင်းပေ၏။ ညဉ့်သုံးယံပတ်လုံးလည်း မအိပ်စက်ပဲ ဘုရားသခင်ကို ဖူးမြင်လျက်သာနေ၏။ မိုးသောက်သောအခါလည်း ညှိုးလေပြီးသော ပန်းတို့ကိုစွန့်ပစ်၍ အသစ်သော ပန်းနေရာကို ရှေးအတူသာ ခင်းပေ၏။

ဤသို့သော နည်းအားဖြင့် ခုနစ်ရက်ပတ်လုံး ပူဇော်၍ ဂူဝ၌သာ အခါမပြတ် စောင့်နေ၏။ ခုနစ်ရက်မြောက်သောအခါ မြတ်စွာဘုရားလည်း သမာပတ်မှ ထတော်မူ၍ ခြင်္သေ့မင်းအား သင့်တင့်သော တရားစကားဖြင့် ဟောကြားဆုံးမတော်မူပြီးသော် ရောင်ခြည်တော်ခြောက်ဆိုင်ကို တပြိုင်တည်း လွှတ်တော်မူလျက် လက်ယာရစ် သုံးပတ်လည်၍ ပူဇော်သော ခြင်္သေ့မင်းအား လက်ယာလက်ဖြင့် သုံးသပ်ပြီး၍ ကောင်းကင်ခရီးဖြင့်သာ စံနေရာ ကျောင်းတော်သို့ ပြန်လာ၏။

သဌေးဘဝ ဗျာဒိတ်ရ

ခြင်္သေ့မင်းလည်း “တွေ့ခဲလှစွာသော အစ္ဆရိယပုဂ္ဂိုလ်ကို တွေ့ရလျက် နှစ်သက်ဝမ်းသာ ရှည်မြင့်စွာမှ ငါမလုပ်ကျွေးရပါ”ဟု လွန်စွာသော စိုးရိမ်ခြင်း ဖြစ်ပွားလျက် ဘုရားရှင်နှင့် ကွေကွင်းရခြင်းဟူသော ဒုက္ခသည် နှိပ်စက်၍ အသက်အဆုံးတိုင်လေသော် ဟံသာဝတီပြည်ဝယ် ဥစ္စာ နှစ်ဆယ့်လေးကုဋေ ကြွယ်ဝသော မဟာသာလအမျိုး၌ ပဋိသန္ဓေနေရ၍ အရွယ်ရောက်သောကာလ ဘုရားအထံ၌ နိယံမပြတ် ဆည်းကပ်ကုန်သော ဥပါသကာတို့နှင့် ပေါင်းမိ၍ ကျောင်းတော်သို့ သွားပြီးလျှင် တရားတော်ကိုနာ၍ ဥပါသကာအဖြစ်ကို ယူ၏။ ဘုရားအမှူးရှိသော သံဃာတော်တို့အား လေးပါးသောပစ္စည်းဖြင့် ဖိတ်မန်၍ နိယံမပြတ် ဒါန,သီလကို အားထုတ်၍ “နောင်-ဗုဒ္ဓုပ္ပါဒဝယ် သာဝကပါရမီဉာဏ်ကို လျင်မြန်ထုတ်ချောက် ရောက်ရလိုသော”ဟု ဆုတောင်း၏။

ပဒုမုတ္တရဘုရားလည်း နောင်ကို မြင်တော်မူ၍ “သင်သည် ယခု ပြုစုဆည်းပူးအပ်သော ပုညကြောင့် ကမ္ဘာတသိန်း ကာလပတ်လုံး အပါယဂတိသို့ မကပ်ပဲ လူ့ရပ်နတ်ပြည်၌သာ ကျင်လည်ကာဖြစ်ရ၍ ဤကမ္ဘာမှနောက် ရှစ်ခုမြောက်သောကမ္ဘာ၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသော လေးကျွန်းသနင်း စကြာမင်းသည် ခြောက်ဆယ့်လေးကြိမ် ဖြစ်လတ္တံ့၊ ထို့နောက်ရှည်ကြာ

(စာမျက်နှာ-၁၈၁)

သံသရာ၌ လူ့ရွာနတ်ရပ် ဗြဟ္မာ့ဇာတ်၌ ကြီးမြတ်သော မင်း၏စည်းစိမ်ကို ခံစား၍ ဘုရားဂေါတမ ပွင့်တော်မူသောအခါ ဘာရဒွါဇ အမည်ရှိသော ဣဒ္ဓိမန္တ သာဝကကြီးဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား ကြားတော်မူ၏။

ဘာရဒွါဇလုလင်

ထိုအခါမှစ၍ ပိဏ္ဍောလ၏ အလောင်းဖြစ်သော သူကြွယ်လည်း ကြီးကျယ်စွာ ဒါနသီလကို အားထုတ်လျက် အသက်အတိုင်းနေ၍ စုတေလေသော် ဘုရားဗျာဒိတ်တော်အတိုင်း လူနတ်ဗြဟ္မာ ဘုံသုံးရွာ၌ ချမ်းသာကို ခံစားလျက် ငါတို့ဘုရား ထင်ရှားပွင့်ချိန်နီးသောအခါ ရာဇဂြိုဟ်ပြည်ဝယ် ဥစ္စာကြွယ်ဝသော ဗြာဟ္မဏ မဟာသာလအမျိုး၌ ဖြစ်လာ၍ ဘာရဒွါဇဟူသော အမည်ကိုမှည့်၏။ အရွယ်သို့ရောက်သောအခါ ဣတိဟာသ, ကေဋုဘကျမ်းတို့နှင့် တကွသော ဗေဒင်သုံးပုံတို့၏ ကမ်းတဖက်သို့ရောက်၍ ငါးရာမျှလောက်သော ပုဏ္ဏားလုလင်တို့ကို သွန်သင်ပြသလျက် နေ၏။

ပိဏ္ဍောလ ဘာရဒွါဇ

ရာဇဂြိုဟ်ပြည်၌ မင်း, အမတ်, သဌေး, သူကြွယ်တို့ဝယ် ကြီးကျယ်သော မင်္ဂလာကိစ္စရှိ၍ ဗြာဟ္မဏဘတ်အလို့ငှါ ဖိတ်မန်လာသည်ရှိသော် ထိုဘာရဒွါဇသည် အကြီးမိဘအရာ၌ တည်သူဖြစ်သောကြောင့် ခပ်သိမ်းသော သူတို့၏အလို့ငှါ ဆောင်လာသော ထမင်းကို မိမိသာလျှင် ဦးစွာခံယူ၍ ဝေဖန်၏။ အတန်ငယ် လျှပ်ပေါ်သော သဘောရှိရကား မိမိသာ သူတကာထက် လွန်၍လည်း ယူလေ့ရှိ၏။ “ယာဂု အဘယ်မှာနည်း, ခဲဖွယ် အဘယ်မှာနည်း” စသည်ဖြင့် မေးလေ့လည်းရှိ၏။ ထို့ကြောင့် ပိဏ္ဍောလဘာရဒွါဇ ဟူသောအမည်သည် ဖြစ်သတည်း။

ထိုပိဏ္ဍောလ ဘာရဒွါဇ ပုဏ္ဏားသည် ဘုရားသခင် ရာဇဂြိုဟ်ပြည်၌ ဝါဆိုတော်မူသောအခါ ဥပါသကာတို့နှင့်တကွ ဘုရားကျောင်းတော်သို့ လိုက်လာ၍ မြတ်စွာဘုရားဟောကြားသော တရားတော်ကိုနာရလျှင် အားကြီးစွာသော သဒ္ဓါတရားသည်ဖြစ်၍ “အနှစ်မရှိသော ဤဗေဒင်ကိုမှီ၍ အသက်မွေးသဖြင့် အဘယ်အကျိုးနပ်အံ့နည်း၊ မြတ်လှစွာသော တရားကိုကျင့်ရအောင် သာသနာ၌ ငါ ရဟန်းပြုတော့အံ့”ဟု ကြံ၍ ဘုရားရှင်ထံ တောင်းပန်၍ ရဟန်းပြုလေ၏။ ရဟန်းပြု၍ မကြာမြင့်မီပင် ဝိပဿနာကို လွန်စွာအားထုတ်၍ ဝိမုတ္တိသုခကို မျက်မှောက်ပြုရသော ပဋိသမ္ဘိဒါပတ္တ ဆဠဘိညရဟန္တာ ဖြစ်သတည်း။

ဧတဒဂ်ရတော်မူခြင်း

ယင်းသို့ အရဟတ္တဖိုလ်သို့ ရောက်သည်မှစ၍ သံကောက်တခုကို ကိုင်ပြီးလျှင် “အကြင်သူသည် မဂ်တရားဖိုလ်တရားတို့၌ ယုံမှားသံသယရှိသည်ဖြစ်အံ့၊ ထိုသူကား ငါ့အား မေးလာဘိလော့”ဟု ခြင်္သေ့မင်းကဲ့သို့ ရဲတင်းသော အသံကိုပြုလျက် တခုသော ပရိဝုဏ်မှသည် တခုသော ပရိဝုဏ်သို့, တကျောင်းမှသည် တကျောင်းသို့ လှည့်လည်၏။ တရံတခါ မြတ်စွာဘုရား၏ ရှေ့တော်၌နေ၍လည်း “ဤသာသနာတော်တွင် အကြင်ရဟန်းသည် မကုန်ခန်းသော ပြုဖွယ်ကိစ္စရှိသည်ဖြစ်အံ့၊ ထိုရဟန်းအား ကုန်ခန်းပြီးငြိမ်းအောင် ယခုပင် ငါပြုအံ့”ဟု ကြုံးဝါးလေ့ရှိ၏။ ထိုအကြောင်းကြောင့် ဤပိဏ္ဍောလကို သာဝကတို့အား အသီးအသီး အရာထားသောအခါ-

(စာမျက်နှာ-၁၈၂)
ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ သီဟနာဒိကာနံ ဘိက္ခူနံ ယဒိဒံ ပိဏ္ဍောလဘာရဒွါဇော-

ဟု-သီဟနာဒိက ဧတဒဂ်အရာ၌ ထားတော်မူသည်။

(အနက်ကား လွယ်၏။ ဤပိဏ္ဍောလထေရ်၏ တန်ခိုးဝိသေသကို အထက်မှာမှ ထင်စွာပြလတ္တံ့။)

ဤကား အရှင်ပိဏ္ဍောလ ဘာရဒွါဇထေရ်၏ အကြောင်းအတ္ထုပ္ပတ္တိ အမြွက်တည်း။

၃၇။ ရှင်မဟာကစ္စည်းမထေရ်၏ ရှေးအကြောင်းကို ပြခြင်း

အရှင်မဟာကစ္စည်း မထေရ်၏ အကြောင်းကား- ပဒုမုတ္တရဘုရား ထင်ရှားဖြစ်တော်မူသောအခါ ရှင်မဟာကစ္စည်းထေရ်၏ အလောင်းသည် ဟံသာဝတီပြည်ဝယ် အသည်သူကြွယ်၏ အမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သောအခါ မြတ်စွာဘုရားအထံသို့ ဆည်းကပ်၍ မပြတ် တရားတော်ကိုနာ၏။

ကုသိုလ်ပြု၍ ဗျာဒိတ်ရ

တရံသောကာလ ရူပတင့်တယ် သပ္ပါယ်လှသော ရဟန်းတဦးသည် ကွန့်မြူးကျယ်ဝန်း ထိုးထွင်းသိမြင်နိုင်သော ပဋိဘာန်ရှိသည်ဖြစ်၍ ရှင်ချစ်ဘုရား ဟောကြားတော်မူအပ်သော သင်္ခေပဒေသနာကို အထူးထူးသော နည်းနာဖြင့် ဆန်းကြယ်စွာဖွင့်လှစ်၍ တပည့်တို့အား သင်ကြားပြသသဖြင့် ပဒုမုတ္တရဘုရား ကြားသိတော်မူသော် သံဃာတော်တို့၏ အစည်းအဝေး၌ ထိုရဟန်းအား များစွာချီးမွမ်းလျက် ဧတဒဂ်အရာ၌ ထားတော်မူသည်ကို မြင်လျှင် ဤအရှင်ကဲ့သို့ ဖြစ်ချင်သော အာသာသည် လွန်စွာရှိလတ်ရကား မိမိအိမ်သို့သွား၍ များစွာသော အလှူဝတ္ထုတို့ကို ပြုပြင်စီရင်ပြီးလျှင် ဘုရားသခင်နှင့်တကွသော သံဃာတော်အပေါင်းတို့အား ဆွမ်းအဖျော်တို့ဖြင့် လုပ်ကျွေး၍ တရားတော်ကို ကြားနာပြီးသော် ဘုရားကိုယ်တော်မြတ် ကျိန်းဝပ်တော်မူရန်အလို့ငှါ ရတနာခုနစ်ပါးတို့ဖြင့် ခြယ်လှယ်အပ်သော ရွှေသလွန် ညောင်စောင်းကိုလည်းကောင်း, ကောင်းစွာ ကြက်အပ်သော ကွန်ရက်ဗိတာန်နှင့် တကွသော ရတနာထီး, ရတနာ သားမြီးယပ်တို့ကိုလည်းကောင်း ကောင်းစွာပေးလှူ ပူဇော်ပေ၏။ ထိုသို့ပူဇော်ပြီးမှ ဘုရားရှင်ခြေတော်ရင်း၌ ဝပ်လျက် “အကျွန်ုပ်သည် အားထုတ်၍ပြုသော ဤဒါနစေတနာကြောင့် လူချမ်းသာ နတ်ချမ်းသာတို့ထက် ကဲလွန်မြတ်သော အရဟတ္တဖိုလ်ချမ်းသာကို ယမန်နေ့က ဧတဒဂ်ရသော ရဟန္တာကဲ့သို့ နောင်ဘုရားတို့၏ သာသနာ၌ ဌာနန္တရသို့ရောက်၍ မျက်မှောက်စံရပါလိုသော”ဟု ဆုတောင်း၏။

ဘုရားသခင်လည်း ပြည့်စုံအံ့သော အကြောင်းကို မြင်တော်မူ၍ “ဒါယကာ... သင်သည် ယခုပြုရသော ဒါနကြောင့် သုံးဆယ်မျှလောက်သော အာယုကပ်ပတ်လုံး သုံးကုဋေခြောက်သန်းသော နတ်သမီးနတ်သားတို့ဖြင့် ခစားဝန်းရံလျက် စိုးစံပျော်ပါးရသော သိကြားမင်းအဖြစ်သည် ဖြစ်လတ္တံ့၊ ထိုအခါ ထက်ဝန်းကျင် ယူဇနာတရာမျှလောက်သော အရပ်၌ နှံ့စပ်ထွန်းပသော ကိုယ်ရောင်သည် ဖြစ်လတ္တံ့၊ ထိုမှသည် လူ့ပြည်သို့ သက်လာသော် စကြဝဠာတိုက်အလုံးကို လွှမ်းဖုံးအုပ်မိုး၍ အစိုးပိုင်သော ကိုယ်မှအရောင် ရှစ်ထောင်သော အရပ်၌ မပြတ်ထွန်းပသော

(စာမျက်နှာ-၁၈၃)

ပဘဿရ-အမည်ရှိသော စကြာမင်းသည် ဖြစ်လတ္တံ့၊ ထို့နောက်မပြတ် လူ့ရပ်နတ်ရွာ လှည့်လည်ကာလျှင် ချမ်းသာငါးပါးကို ခံစားသုံးဆောင်ရလတ္တံ့၊ ဤကမ္ဘာမှနောက် တသိန်းမြောက်ကျသော ဘဒ္ဒကမ္ဘာ၌ ဥက္ကာကရာဇ် နွယ်မြစ်တော်ရိုး မင်းအမျိုးမှ ဂေါတမအမည်ရှိသောဘုရား ထင်ရှား ဖြစ်တော်မူသောအခါ မဟာကစ္စာယနဟူသော အမည်ဖြင့် ဧတဒဂ်ရ သာဝကကြီးဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား ကြားတော်မူ၏။

နောက်ထပ်ကုသိုလ် များထိုထို

ထိုအခါမှစ၍ သူကြွယ်လည်း စင်ကြယ်သန့်ရှင်းသော အသက်မွေးခြင်းဖြင့်သာ အသက်မွေး၍ ဒါန,သီလ,ဘာဝနာကို လွန်စွာ အားထုတ်လျက် အသက်အတိုင်းနေ၍ စုတေခဲ့သော် ဘုရားဗျာဒိတ်တော်အတိုင်း လူနတ်တို့စည်းစိမ်ချမ်းသာကို ခံစားကာလာခဲ့၍ ဤဘဒ္ဒကမ္ဘာ၌ ကဿပမြတ်စွာဘုရား ပွင့်တော်မူသောအခါ ဗာရာဏသီပြည်ဝယ် ကြွယ်ဝကုံထံသော သဌေးအမျိုး၌ဖြစ်၍ ဘုရားအမှူးရှိသော သံဃာတော် တသိန်းတို့အား တိစီဝရိတ်သင်္ကန်းဖြင့် လှူဒါန်းပူဇော်၏။

ကစ္စာယန ပုရောဟိတ်

ဘုရားသခင် ပရိနိဗ္ဗာန်စံသောကာလ သရီရဓာတ်တော်တို့ကို စေတီတည်၍ ကိုးကွယ်ကြသောအခါလည်း အသပြာတသိန်းထိုက်သော ရွှေအုတ်တို့ဖြင့် စီလုပ်ပူဇော်လျက် “ဤကောင်းမှုအကျိုးဆက်ကြောင့် ဖြစ်တိုင်းဖြစ်တိုင်းသော ဘဝတို့၌ ဇမ္ဗူနဒ ရွှေစင်ကဲ့သို့ မြင်၍မရောင့်ရဲ လွန်ကဲသောအဆင်းနှင့် ပြည့်စုံသည် ဖြစ်စေသော”ဟု ဆုတောင်း၍ ထိုဘဝမှသည် တဖြစ်နှင့် တဖြစ်အကြား ကာလပတ်လုံး လူရပ်ရွာတို့၌သာ လူးလာစံစားလျက် ငါတို့ဘုရား ပွင့်ချိန်နီးသောအခါ အဝန္တိတိုင်း ဥဇ္ဇေနီပြည်၌ စဏ္ဍပဇ္ဇောတမင်းကြီး၏ မိတ်ဖြစ်သော ပုရောဟိတ်ပုဏ္ဏား၏အိမ်၌ ပဋိသန္ဓေနေလာ၏။ ဖွားသောကာလ ထွန်းသစ်သော ဇမ္ဗူရစ်ရွှေ၏ အရောင်အဝါကဲ့သို့ လွန်စွာထွန်းပသော ကိုယ်ရောင်ရှိရကား ငါတို့သားသည် မိမိအမည်ကို မိမိဆောင်၍ပင် လာသည်ဟု အမည်မှည့်သောအခါ ကဉ္စန သတို့သားဟူသော အမည်ကို မှည့်၏။ အရွယ်သို့ ရောက်သောအခါ သိက္ခာ, နိရုတ္တိ, အဘိဓာန, ကေဋုဘကျမ်းတို့နှင့် တကွသော ဗေဒင်သုံးပုံကို အာဂုံဆောင်စွမ်းလျက် ကမ်းတဘက်ရောက် တတ်မြောက်လိမ္မာသဖြင့် အဖလွန်သောအခါ ပုရောဟိတ်အရာကို ရသတည်း။ ထိုအခါ အနွယ်မှလာသော နာမဖြင့် ကစ္စာယနဟူသော အမည်သည် ဖြစ်၏။

ဘုရားပင့် သွားရပုံ

တရံသောအခါ ရာဇဂြိုဟ်ပြည်သား ကုန်သည်များတို့သည် ဥဇ္ဇေနီပြည်သို့သွား၍ ဖောက်ကားရောင်းဝယ်ကြရာ ရာဇဂြိုဟ်ပြည်၌ ဘုရားရှိတော်မူကြောင်း၊ လူနတ်တို့အား တရားအမြိုက်ဆေး တိုက်ကျွေးတော်မူကြောင်း၊ မင်းနှင့်တကွသော ပြည်သူများတို့ သောတာပန်အဖြစ်သို့ရောက်ကြောင်း သတင်းစကားများကို ပြောကြားကြသဖြင့် စဏ္ဍပဇ္ဇောတမင်း သိလေသော် မှူးတော်မတ်တော် အပေါင်းတို့ကို စည်းဝေးစေ၍ ဤသို့ တိုင်ပင်တော်မူ၏။ “အချင်းတို့... ဤလောကဓာတ်အတွင်း၌ သတင်းစကားကို ကြားရရုံမျှလည်း အတိဒုလ္လဘ ကြုံခဲလှသော

(စာမျက်နှာ-၁၈၄)

လောကစက္ခု သဗ္ဗညုဓိပတိ မုနိအစစ် ဓမ္မရာဇ် ဘုရားဖြစ်ကြောင်းများကို ယခု ကြားသိရချေပြီ။ ထိုဘုရားကို ငါတို့တိုင်းပြည်သို့ ရောက်အောင် သွား၍ ပင့်ဆောင်ကြရမည်၊ သည်အရာဝယ် ဘယ်သူသွားသဖြင့် အခွင့်လျော်တုံအံ့နည်း”ဟု မေးတော်မူလျှင် “အရှင်မင်းကြီး.. ပညာရှိသော ပုဂ္ဂိုလ်တို့၏အထံ၌ ပညာခံရှိသော ပရိသတ်တို့သာ တန့်ရပ်နိုင်ပါသည်။ ဘုန်းအာနုဘော်ရှိသော ပုဂ္ဂိုလ်တို့၏အထံ၌ ဘုန်းကံရှိသော ပရိသတ်သာ ဝန်းပတ်ခြံရံနိုင်ပါသည်။ ယင်းသို့ဖြစ်ရကား အားတော်ဆယ်တန်, ဉာဏ်တော်ဆယ်စုံ, ဂုဏ်တော် အစိန္တေယျ ဖြစ်တော်မူသော မြတ်စွာဘုရားအား ကျွန်ုပ်တို့ဆရာ ကစ္စာယန ပုရောဟိတ်မှတပါး သွား၍ပင့်ခေါ်ရာ၌ လျော်ကန်သူ မရှိပြီ”ဟု ဆိုကြ၏။

စဏ္ဍပဇ္ဇောတမင်းလည်း ထိုအရေးကို နှစ်သက်တော်မူ၍ ပုရောဟိတ်ပုဏ္ဏားအား “ဆရာ.. သွား၍ ဘုရားရှင်ကို ပင့်ဆောင်ချေ”ဟု စေ၏။ ကစ္စာယနပုဏ္ဏားလည်း “အကျွန်ုပ် ရဟန်းပြုရပါမူ ပင့်ဆောင်နိုင်ရာ၏”ဟု ဆိုပေသော် “သင်အလိုရှိတိုင်းပင် ပြုလေ၊ ဘုရားသခင်ကိုသာ ပါအောင်ပင့်လော့”ဟု အခွင့်ပေးတော်မူ၏။

ရဟန္တာဖြစ်ပြီ

ထိုအခါ ဆရာပုဏ္ဏားလည်း ရေးခြားလိမ္မာ ပညာကြီးကျယ်သော ပုဏ္ဏားခုနစ်ယောက်ကိုခေါ်၍ ဘုရားနေတော်မူရာ ရာဇဂြိုဟ်ပြည်သို့ လာခဲ့၏။ ကျောင်းတော်သို့ ရောက်သောအခါ မြတ်စွာဘုရားသည်လည်း ပရိသတ်လေးပါးတို့အား တရားဟောပြတော်မူခိုက်နှင့် ကြိမ်သဖြင့် ပရိသတ်အစွန်ကနေ၍ တရားတော်ကို နာလေသော် ဒေသနာတော်၏အဆုံး၌ အလုံးစုံသော ပုဏ္ဏားရှစ်ဦးတို့သည် ပဋိသမ္ဘိဒါလေးပါး, အဘိညာဉ်ခြောက်ပါးနှင့်တကွ အရဟတ္တဖိုလ်ကိုရ၍ “ဧဟိဘိက္ခု” ခေါ်တော်မူလျှင် လူဝတ်လူစား ဆံမုတ်ဆိတ်တို့သည် ကွယ်ပ၍ ဣဒ္ဓိမယပတ္တစီဝရဖြင့် ဝဿသဋ္ဌိက ဝါတော်ခြောက်ဆယ်ရ မထေရ်ကဲ့သို့ ရဟန္တာ ဖြစ်လေကုန်သတည်း။

မြတ်စွာဘုရား ကတိပေးတော်မူခြင်း

မဟာကစ္စာယန မထေရ်လည်း မိမိ၏ကိစ္စ ပြီးမြောက်သော် တုဏှီဘောဖြင့်သာ မနေမူ၍ ကာဠုဒါယီ မထေရ်ကျော်သည် ပင့်ခေါ်သော အလားကဲ့သို့ ဘုရားသခင်ကို ဥဇ္ဇေနီပြည်ခွင်သို့ ကြွစေချင်သော အခြင်းအရာဖြင့် ကာလသမယ ဒေသခရီးကို ချီးမွမ်း၍ နားတော်လျှောက်၏။

ဘုရားမြတ်စွာလည်း အခြင်းအရာကို သိတော်မူလျက် ငဲ့ကွက်အပ်သော အကြောင်းတပါးရှိမူ ဘုရားတို့ဓမ္မတာသည် ကြွရာကြွခွင့် သင့်လေးငြားလည်း ကြွသွားမြဲ မဟုတ်ရကား “ချစ်သားကစ္စာယန.. သင်တို့သာလျှင် ရှေးဦးစွာ ဥဇ္ဇေနီပြည်သို့သွား၍ ဗုဒ္ဓုပ္ပါဒကို ကြားကြလေဦး၊ သင့်တင့်သောအခါမှ ငါကြွတော်မူအံ့” ဟု မိန့်တော်မူ၏။

အရှင်ကစ္စာယန ဥဇ္ဇေနီပြန်ခန်း

ထိုအခါ မဟာကစ္စည်းထေရ်လည်း မိမိနှင့် အတူလာသော ရဟန္တာခုနစ်ဦးနှင့်တကွ ကောင်းကင်ခရီးဖြင့် ကြွလေ၍ တေလပနာဠိ အမည်ရှိသော ခရီးအကြား နိဂုံးသို့ရောက်လျှင် ဝင်၍ ဆွမ်းရပ်တော်မူ၏။

(စာမျက်နှာ-၁၈၅)

ဒီဃကေသာ အမျိုးသမီး

ထိုနိဂုံး၌ နှစ်ဦးသော သဌေးသမီးတို့သည် ရှိကုန်၏။ ထိုနှစ်ဦးတို့တွင် တယောက်ကား ပျက်ပြားသော စည်းစိမ်ဥစ္စာလည်း ရှိ၏။ အမိအဖတို့ လွန်လေသဖြင့် အထိန်းမိန်းမကို မှီ၍သာ ဆင်းရဲစွာ အသက်မွေးရ၏။ ထိုသတို့သမီးကား အပြင်အလျာလည်း လွန်စွာလှပ၏။ ရှည်သွယ်ကောင်းမြတ်သော ဆံရှိရကား ဒီဃကေသာဟု အမည်ရှိ၏။

တယောက်သော သတို့သမီးကား ကြီးကျယ်မြင့်မြတ်သော စည်းစိမ်ချမ်းသာ ရှိ၏။ မိဘဆွေမျိုးတို့နှင့်လည်း ပြည့်စုံ၏။ အဆင်းပြင်လျာကား သင့်ရုံသာ ဖြစ်၏။ ဆံပင်လည်း မရှိ၍ နိကေသီ အမည်ရှိ၏။

ထိုနိကေသီသည် ရှေးသောအခါက ဒီဃကေသာ၏ အထံ၌ “ဆံကိုဖြတ်၍ ရောင်းပါ”ဟု အသပြာတရာလည်းကောင်း၊ တထောင်လည်းကောင်းပေး၍ အကြိမ်ကြိမ် တောင်းသော်လည်း မရောင်း၍ မရချေ။

ဆံပင်ရောင်း၍ ဆွမ်းကပ်ပုံ

ထိုနေ့၌ကား မထေရ်ရှစ်ပါးတို့သည် နိကေသီ၏အထံ၌ ဆွမ်းခံ၍မရသဖြင့် အိမ်စဉ်အတိုင်းကြွ၍ ဒီဃကေသာ၏အထံသို့ ရောက်လေလျှင် “အရှင်ဘုရားတို့... အကျွန်ုပ်အား သနားတော်မူသဖြင့် ဆွမ်းအလှူကို ခံတော်မူပါ၊ ဤအိမ်ထက်သို့တက်၍ ဆိုင်းတော်မူပါ”ဟု လျှောက်ထား၍ မထေရ်တို့ တက်နေပြီးသော် အထိန်းမိန်းမကိုခေါ်၍ ဦးခေါင်းမှဆံကို ဖြတ်စေပြီးလျှင် “မိခင်.. အကျွန်ုပ်တို့မှာ အလှူကောင်းမှု ပြုလုပ်ရန် ဥစ္စာလည်းမရှိပြီ၊ ဤဆံတို့ကိုယူ၍ နိကေသီ အမည်ရှိသော သဌေးသမီးအထံ ရောင်းချချေ၊ ရခဲ့သမျှသော အသပြာဖြင့် ဤမဟာထေရ်တို့ကို ဆွမ်းလုပ်ကျွေးအံ့”ဟု ဆို၏။ ထိုအထိန်းမလည်း “ရှေးက ကြီးကျယ်စွာ ဥစ္စာစည်းစိမ်၏ အရှင်ဖြစ်လျက် သို့စင် ဆင်းရဲရချေသည်”ဟု လွန်စွာ သနားခြင်းဖြစ်လျက် မျက်ရည်တို့ကိုသုတ်၍ ဆံပင်ကို ထုပ်ပြီးလျှင် နိကေသီအထံသို့သွား၍ ရောင်းလေ၏။

ထိုအခါ နိကေသီလည်း “ရှေး-ငါတောင်းစဉ်အခါက မပေးမရောင်း၊ ယခုမှ ရောင်းလာသည်၊ ကုန်တို့၏ သဘောသည် ဝယ်သူက ရှာရမူ လွန်စွာအဖိုးကောင်း၏၊ ရောင်းသူကလာမူ အဖိုးယုတ်ရာသည်၊ ထို့ကြောင့် ဤဆံသည် ဤမျှသာတန်၏”ဟု ဆို၍ ရှစ်အသပြာသောငွေကို ပေးလိုက်၏ အထိန်းမိန်းမလည်း ပေးလိုက်သမျှသော အသပြာတို့ကိုဆောင်၍ ဒီဃကေသာအား အပ်နှင်းလျှင် ချက်ခြင်းပင် ဘောဇဉ်ခဲဖွယ်တို့ကို ဝယ်ယူပြုပြင်လျက် အရှင်မြတ် ရှစ်ပါးတို့အား လှူဒါန်းလုပ်ကျွေးစေ၏။

ယခုဘဝ ဆုတောင်းပြည့်ပုံ

မဟာကစ္စည်း ထေရ်မြတ်လည်း အတိတ်, အနာဂတ်ကို ဆင်ခြင်သော် ယခင်က ဒီဃကေသာ၏ ကြီးစွာသော ဥပနိဿယကို မြင်တော်မူသဖြင့် ဆွမ်းဘောဇဉ် ဘုဉ်းပေးပြီးသော် “သဌေးသမီးဖြစ်သော ဒါယိကာမသည် အဘယ်မှာနည်း”ဟု မေး၍ အထိန်းမိန်းမက တိုက်ခန်းတွင် ရှိပါကြောင်းကို လျှောက်လျှင် “ယခုပင် လာစေလော့”ဟု မိန့်တော်မူ၏။

(စာမျက်နှာ-၁၈၆)

ဒီဃကေသာလည်း မဟာထေရ်မြတ်တို့အား တုံ့ဝပ်ရိုသေခြင်းဖြင့် ချက်ခြင်းပင် ထွက်လာ၍ မဟာကစ္စည်းထေရ်အား ဖူးမြင်သော် အတိုင်းထက်အလွန်ပင် ကြည်လင်သော သဒ္ဓါတရားသည် ဖြစ်ပွားတိုးတက်ပြန်၍ “ကျွန်ုပ်ပြုရသော ဤပုညကို မျက်မှောက်ဘဝပင် စံရပါလိုသော”ဟု ဆုတောင်း၏။

မထေရ်ရှစ်ပါးလည်း တရားအနုမောဒနာ ပြုတော်မူ၍ ထိုသူတို့မြင်စဉ်ပင် ကောင်းကင်ခရီးဖြင့် ကြွတော်မူလေ၏။ ဒီဃကေသာလည်း သဒ္ဓါဗလဝဖြင့် ပူဇော်လိုက်သော ခဏပင် ဖြတ်သမျှသော ဆံပင်တို့သည် ပြကတေ့ ဖြစ်ပြန်သတည်း။

မိဖုရားကြီးဖြစ်ပြီ

မထေရ်ရှစ်ပါးတို့လည်း ကောင်းကင်ခရီးဖြင့် ကြွသွားလေ၍ ဥဇ္ဇေနီပြည်သို့ရောက်လျှင် ကဉ္စနအမည်ရှိသော မင်းကြီး၏ဥယျာဉ်၌ သက်လေ၏။ ဥယျာဉ်စောင့်ယောက်ျား မြင်လျှင် ပြည့်ရှင်မင်းကြီးအထံသို့သွား၍ အရှင်မင်းတရား၏ဆရာ ကစ္စာယနပုဏ္ဏားသည် ရဟန်းပြု၍ ယခုရောက်လာသဖြင့် ဥယျာဉ်၌ရှိကြောင်းကို လျှောက်တင်၏။

စဏ္ဍပဇ္ဇောတ မင်းတရားလည်း အားရဝမ်းသာ များစွာသော မှူးမတ်အပေါင်း ဝန်းရံလျက် ဥယျာဉ်သို့ထွက်လာ၍ ဝမ်းမြောက်ဝမ်းသာ ပြောဟောပြီးလျှင် “အရှင်ဘုရား... ယခု ဘုရားမြတ်စွာ အဘယ်မှာနည်း”ဟု မေးသော် “ဒကာတော်မင်းကြီး.. ဘုရားမြတ်စွာသည် ငါတို့ပြည်ရွာသို့ ကြွလာတော် မမူလိုသေး၊ ရှေးဦးစွာ ငါတို့ကို လွှတ်လိုက်၍ လာရချေသည်”ဟု ကြားလျှင် “ဘုရားသခင် ဟောတော်မူအပ်သော တရားကို အကျွန်ုပ်အား ဟောတော်မူပါလော့”ဟု တောင်းပန်၍ အတန်ငယ်သော တရားစကားတို့ကို ဟောကြားပြသပေ၏။

ထို့နောက်မှ စဏ္ဍပဇ္ဇောတမင်းကြီးလည်း “အရှင်ဘုရား... ယနေ့ ရာဇဂြိုဟ်ပြည်မှလာသော် အဘယ်မှာ ဆွမ်းဘုဉ်းပေးရသနည်း”ဟု မေး၍ သဌေးသမီးနှစ်ဦးတို့၏ အခြင်းအရာကို စေ့စုံစွာပြောတော်မူလျှင် ပြည့်ရှင်မင်းကြီးသည်လည်း နှီးရင်းခဲ့ဖူးသော ကံဟောင်းပါသူဖြစ်၍ ဒီဃကေသာ၌ လွန်စွာတိမ်းညွတ်ခြင်းရှိရကား မထေရ်ရှစ်ပါးတို့၏နေရာကို ကောင်းစွာစီမံပြီးလျှင် နန်းတော်သို့ပြန်လာခဲ့၍ နက်ဖြန်နံနက်ပင် တေလပနာဠိနိဂုံး၌နေသော သဌေးသမီး ဒီဃကေသာကို ဆောင်စေ၍ အဂ္ဂမဟေသီအရာ၌ ထားပေ၏။ ဒီဃကေသာလည်း ပတ္ထနာလိုက်သောအတိုင်း မျက်မှောက်သော ဘဝ၌ပင် ကြီးကျယ်မြင့်မြတ်လှသော မင်းမိဖုရား၏ စည်းစိမ်ကို ခံရလေ၏။

မိဖုရားဖြစ်၍ မကြာမြင့်မီပင် ဒီဃကေသာ၌ အဆင်းအဝါနှင့်ပြည့်စုံသော သားကိုရ၍ အဘိုးဖြစ်သော သဌေး၏နာမဖြင့် ဂေါပါလ မင်းသားဟူသော အမည်ကိုမှည့်၏။

အရှင်ကစ္စာယနအား ကိုးကွယ်ပုံ

မိဖုရားလည်း အရှင်ကစ္စည်းထေရ်၌ အလွန်ကြည်ညိုရကား မင်းကြီးအား ပန်ကြား၍ ကဉ္စနဥယျာဉ်၌ အရှင်မြတ်နေရန်ဟု ကျောင်းအာရာမ် ကြီးကျယ်စွာ ဆောက်လုပ်လှူဒါန်း၏။ အရှင်မြတ်လည်း ဥဇ္ဇေနီပြည်အရပ်၌ နေကုန်သော လူအပေါင်းတို့အား တရားဟောပြ၍ အလွန်သော သဒ္ဓါပသန္နကို ဖြစ်စေလျက် ရဟန်းပြုလိုသော မိန်းမ,ယောကျ်ားတို့အားလည်း များစွာ ရဟန်းပြုတော်မူ၏။ ယင်းသို့ ဥဇ္ဇေနီပြည်အလုံးကို ညွတ်ရုံးကြည်ညိုစေပြီးမှ အရှင်ကစ္စာယနလည်း ဘုရားရှေ့မှောက်တော်သို့ ပြန်လာသတည်း။

(စာမျက်နှာ-၁၈၇)

အရှင်ကစ္စာယနဟော ပါဠိတော်များ

ထိုမထေရ်ကား အဆင်းအဝါလည်း သူတကာထက်သာလွန်၍ သပ္ပါယ်၏။ လျင်သောပညာ, ထက်သောပညာ, နက်နဲသောပညာ, ထိုးထွင်းသော ပညာ, ကြီးကျယ်များပြားသော ပညာနှင့်လည်း ပြည့်စုံ၏။ မြတ်စွာဘုရားသခင် ဟောကြားတော်မူအပ်သော ပိဋကတ်သုံးပုံ၏ သံဝဏ္ဏနာဖြစ်သော သဒ္ဒါကျမ်း, နိရုတ္တိကျမ်း, နေတ္တိကျမ်း, ပေဋကောပဒေသကျမ်းတို့ကိုလည်း ဟောတော်မူ၏။

ဧတဒဂ် ရတော်မူပြီ

နောက် ဇေတဝန်ကျောင်းတော်သို့ ရောက်သောအခါ မြတ်စွာဘုရား အမြွက်မျှဟောကြားအပ်သော မဓုပိဏ္ဍိကသုတ်, ကစ္စာယနပေယျာလ, ပါရာယနသုတ်တို့ကို အကျယ်ဖွင့်အပ်သော အတ္ထုပ္ပတ္တိအဖြစ်တွင်-

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ သံခိတ္တေန ဘာသိတဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇန္တာနံ ဘိက္ခူနံ ယဒိဒံ မဟာကစ္စာယနော-

ဟု-ဧတဒဂ်အရာ၌ ထားတော်မူ၏။ (အနက်ကား လွယ်၏။

ဤကား ရှင်မဟာကစ္စည်းထရ်၏ အကြောင်း အတ္ထုပ္ပတ္တိ အမြွက်တည်း။

၃၈။ ရှင်မဟာပန်,စူဠပန် ထေရ်နှစ်ပါးတို့၏ ရှေးအကြောင်းကို ပြခြင်း

အရှင်မဟာပန်နှင့် စူဠပန် မထေရ်မြတ်တို့၏ အကြောင်းကား- ပဒုမုတ္တရ ဘုရားရှင်၏ လက်ထက်တော်၌ ထိုမထေရ်နှစ်ပါးတို့၏ အလောင်းဖြစ်သော သူတို့သည် ဟံသာဝတီပြည်ဝယ် သူကြွယ်ညီနောင်ဖြစ်ကြ၍ ဘုရားရှင်တရားတော်ကို နာသဖြင့် သာသနာ၌ သဒ္ဓါပသန္နရှိရကား ဘုရားအထံ၌ နိယံမပြတ် ဆည်းကပ်ကိုးကွယ်လေ့ ရှိသတည်း။

သူကြွယ်ညီနောင် ဗျာဒိတ်ရခြင်း

တနေ့သောအခါ မြတ်စွာဘုရားသည် ငါးပါးသောအင်္ဂါနှင့် ပြည့်စုံသော ရဟန်းတဦးအား တန်ခိုးဖန်ဆင်းခြင်း အရာ၌လည်းကောင်း၊ စေတောဝိဝဋ္ဋ အရာ၌လည်းကောင်း ကဲလွန်စွာ သတ္တိရှိသည်ဖြစ်၍ ဧတဒဂ်ထားတော်မူသည်ကို ညီသူကြွယ်မြင်လေလျှင် ဤအရှင်ကဲ့သို့ ဖြစ်ချင်သော ဆန္ဒရှိရကား ဘုရားအမှူးရှိသော သံဃာတော်တို့ကို အိမ်သို့ပင့်ဆောင်ပြီးလျှင် ကြီးစွာသော အလှူကိုပေး၍ ဆုတောင်း၏။ ဘုရားသခင်လည်း ပြည့်စုံအပ်သော အကြောင်းကို မြင်တော်မူ၍ ယခင်မထေရ်များကဲ့သို့ ဗျာဒိတ်စကား ကြားတော်မူ၏။

ထိုအခြင်းအရာကို အစ်ကိုဖြစ်သော သူကြွယ်သိလေလျှင် ငါလည်း တဦးသော ဧတဒဂ်ရ သာဝကဆုကို ပန်အံ့ဟု ကြံလျက် ဘုရားရှင်ထံသို့ ကပ်လေသော် သညာဝိဝဋ္ဋအရာ၌ လိမ်မာကဲလွန်သော ရဟန်းတဦးအား ဧတဒဂ်ထားသည်ကို တွေ့မြင်၍ ဤအရှင်ကဲ့သို့ ဖြစ်ချင်သော ဆန္ဒရှိရကား ဘုရားအမှူးရှိသော သံဃာတော်တို့အား အလှူကြီးကိုပေး၍ ရှေးသူတော်ကောင်းတို့ကဲ့သို့

(စာမျက်နှာ-၁၈၈)

ဆုတောင်းပတ္ထနာပြု၏။ ဘုရားသခင်လည်း ရှေးနည်းအတိုင်း ဗျာဒိတ်စကား ကြားတော်မူ၏။

ရှင်စူဠပန်၏ ဗျာဒိတ်ရပုံမှတ်ချက်

ဤအရာဝယ် အပဒါန်ပါဠိတော်လာသည်နှင့် အင်္ဂုတ္တိုရ်အဋ္ဌကထာ မညီကြ။ ပါဠိတော်ကား– စူဠပန်၏အလောင်းသည် ရသေ့ရဟန်းပြု၍ ဟိမဝန္တာ၏အနီး၌ နေသည်တွင် ဘုရားသခင်လည်း ကိုယ်တော်တည်း ကြွတော်မူလာ၍ နံ့သာတော၌ နိရောဓသမာပတ်ကို ဝင်စား၍နေသဖြင့် အသင့်ဖူးတွေ့ရလျှင် အဆအရာ သဒ္ဓါပသန္နရှိရကား ဘုရားကိုယ်တော်မြတ်ကို အထပ်တရာရှိ ပဒုမ္မာကြာထီးဖြင့် ဆောင်းမိုးပူဇော်၏။ သမာပတ်မှ ထမြောက်သောအခါလည်း များစွာသော သစ်သီးကြီးငယ်တို့ဖြင့် လုပ်ကျွေး၍ ဧတဒဂ်ရ သာဝကဆုကို ပန်၏။ ထိုအခါ မြတ်စွာဘုရားလည်း “ချစ်သားရသေ့... သင်သည် ဤပန်းထီးကိုလှူရသော ဒါနကြောင့် နတ်မင်းအဖြစ်နှင့် နှစ်ဆယ့်ငါးကြိမ်, စကြာမင်းအဖြစ် သုံးဆယ့်လေးကြိမ်, ပဒေသရာဇ်, ဧကရာဇ်မင်းအဖြစ် အကြိမ်များစွာဖြစ်ရ၍ ဂေါတမဘုရား ထင်ရှားပွင့်တော်မူသောအခါ မဟာပန်၏ညီ စူဠပန်အမည်ရသော သာဝကကြီးဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား ကြားတော်မူသည်ဟု လာ၏။ နှစ်သက်ရာ မှတ်လေကုန်။

ကဿပဘုရားရှင်လက်ထက်

ထိုကိုယ်၏အဖြစ်၌ အသက်အတိုင်းနေ၍ စုတေလေသော် ကြားတော်မူသော ဗျာဒိတ်တော်အတိုင်း လူနတ်တို့၏စည်းစိမ်ကို ခံစားခဲ့၍ ကဿပဘုရား ပွင့်တော်မူသောအခါ စူဠပန်၏ အလောင်းဖြစ်သောသူသည် ဗြာဟ္မဏ မဟာသာလ အမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သောကာလ ကဿပဘုရားရှင်သာသနာ၌ သိက္ခာသုံးပါးကို ဖြည့်စွမ်းနိုင်သော ရဟန်းဖြစ်လေ၍ အနှစ် နှစ်သောင်းပတ်လုံး သြဒါတကသိုဏ်းကို စီးဖြန်းလျက် ရဟန်းအပေါင်းတို့အားလည်း ဘုရားမုခပါဌ်ကို မပြတ်ပို့သကာနေ၏။ တရံသောအခါ ပညာထိုင်းမှိုင်းသော ရဟန်းတဦးအား များစွာ ရှုတ်ချကဲ့ရဲ့ခြင်းကို ပြုမိ၏။

နောက်ဆုံးဘဝ

ထိုအဖြစ်မှ စုတေလေသော် နတ်ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း ပြောင်းကာပြန်ကာ ချမ်းသာစည်းစိမ်ကို ခံစားခဲ့၍ ငါတို့ဘုရား လက်ထက်တော်၌ ရာဇဂြိုဟ်ပြည်ဝယ် ဥစ္စာကြွယ်ဝသော မဟာဓနသဌေး၏မြေး ဖြစ်လာ၏။ ဖြစ်သောအကြောင်းကား-

သဌေးသမီးနှင့် ငယ်ကျွန်ရင်း

ဤသဌေး၌ ယဉ်ကျေးနုနယ် တင့်တယ်လှပသော သမီးတယောက်သည်ရှိ၏။ ထိုသမီးသည် အရွယ်သို့ရောက်သောအခါ အမျိုး, ဥစ္စာ, ဂုဏ်, အာနုဘော် တူမျှသောအမျိုးသားနှင့် ထိမ်းမြားဆောင်နှင်းအံ့ဟု မိဘတို့သည် ပြောဆိုစေ့စပ်ကြသတည်း။

(စာမျက်နှာ-၁၈၉)

ထိုသို့စေ့စပ်စဉ်ပင် ယခင်သဌေးသမီးသည် မိမိ၏အိမ်၌ စာရင်းငှါး၍ နေလာသော ကျွန်ယောကျ်းနှင့် ယဉ်ပါးရည်ငံကြ၍ “မိဘတို့ ပေးစားသောလင်ကို ငါမလို၊ သင့်ကိုသာ ငါလင်ပြုအံ့၊ ငါ့ကို သင်အလိုရှိရာသို့ ဆောင်လေ”ဟု ဆို၏။ ထိုကျွန်ယောက်ျားကလည်း “ငါတို့ကြောင်းလျားကို မိဘသဌေးများ သိလျှင် ငါ့အား မချွတ်သတ်ပေလတ္တံ့၊ အရပ်တပါးသို့သွား၍ အသက်မွေးမှသာ ချမ်းသာရာရမည်”ဟု ကြံလျက် ထိုက်တန်ကောင်းမွန်သော ဥစ္စာနှစ်တို့ကို ခိုးယူစေဘိ၍ မိမိရောက်ပေါက်ဖူးသော ရွာငယ်တရွာသို့ ဆောင်ပြေး၍ မထင်ရှားသောအသွင်ဖြင့် နေလေ၏။

နှစ်,လရှည်ဝေးသော် သဌေးသမီး၏ဝမ်း၌ ပဋိသန္ဓေ တည်နေစွဲလမ်းသဖြင့် ကိုယ်ဝန်ရင့်သောအခါ လင်ယောကျ်ားအား ဤသို့တိုင်ပင်၏။ “အမောင်.. ငါ၏ကိုယ်ဝန်ကား အတန်ရင့်မာချေပြီ၊ ဤအရပ်၌ ငါတို့နှင့်နီးစပ်သော အဆွေအမျိုးလည်း တစုံတယောက်မျှမရှိ၊ ထိုသို့ မရှိသောဒေသ၌ သားဖွားရချေမူ အမောင်သည်လည်းကောင်း၊ ငါသည်လည်းကောင်း အလွန်ဆင်းရဲ ပင်ပန်းခြင်း ဖြစ်လတ္တံ့၊ ထို့ကြောင့် မိဘတို့၏အထံသို့ ပြန်၍နေကြအံ့”ဟု ဆို၏။

ထိုအခါ လင်ယောကျ်ားလည်း “မိဘထံသို့ ပြန်သွားရမူ သင်ကား မထောင်းတာ၊ ငါ့ကိုမူကား သတ်လတ္တံ့”ဟု ဆို၏။ သဌေးသမီးကလည်း “အမောင်.. မိဘတို့မည်သည်ကား သမီးသားတို့၏ စီးပွားမဲ့ကို ပြုလေ့မရှိကုန်၊ အသက်တည်သမျှ မိဘတို့ မေတ္တာပြယ်ရိုးမရှိ”ဟု ဆို၏။ ထိုစကားကိုကြားလျှင် လင်ယောက်ျားကလည်း မယား၏အာဏာကို မဆန်သာရကား နက်ဖြန်သွားအံ့, သန်ဘက်သွားအံ့ဟု နေ့ရက်ရှည်လျားအောင်သာ သွေးဆောင်နေ၏။

မဟာပန္ထက

ထိုအခါ သဌေးသမီးလည်း “ဤယောက်ျားကား ငါ့အား မိဘထံသို့ မပို့ဝံ့သည်မှန်ပြီ၊ ဤသူ၏အလိုကို လိုက်၍သာ ငါနေသဖြင့် ကြီးစွာသော ဒုက္ခကို တွေ့ရတော့မည်။ ထို့ကြောင့် ငါချည်းပင် သွားတော့အံ့”ဟု ကြံ၍ လင်-အရပ်တပါးသို့သွားသော အခိုက်ဝယ် အိမ်၌ ပရိကံတို့ကို သိုမှီး၍ အိမ်နီးချင်းလူတို့ကို ပြောဆိုမှာထား၍ မိဘတို့ရှိရာ ရာဇဂြိုဟ်ပြည်သို့ လာခဲ့၏။

လင်ယောက်ျားလည်း ခရီးသွားရာမှ ပြန်လာ၍ အိပ်၌ မယားကို မတွေ့လတ်သော် အိမ်နီးချင်းတို့ကိုမေး၍ မိဘထံသို့ ပြန်လေကြောင်းကို သိသဖြင့် အဆောတလျင် လမ်းစဉ်အတိုင်း လိုက်လာ၍ ခရီးအကြား ရွာတခု၌ မှီလေ၏။ ထိုရွာသို့ ရောက်သောနေ့ပင် သဌေးသမီးလည်း ကိုယ်ဝန်မွေးဖွား၍ နားရာဇရပ်၌ပင် ဥပဒ်ကင်းစင်အောင် နေရ၏။ ဖွားမြင်သော သတို့သားကိုလည်း ခရီးသွားစဉ် ရသောကြောင့် ပန္ထကဟူသော အမည်ကို မည့်၏။

ကိုယ်ဝန်မှ ထ(ဖွားမြင်)ပြီးနောက် လင်ယောက်ျားလည်း ဤသို့ဆို၏။ “ရှင်မ.. သင်သည် ကိုယ်ဝန်မှ ထမြောက်လိုသော ကိစ္စကြောင့် မိဘထံသို့ လာခဲ့ချေသည်၊ ယခု ချမ်းသာစွာ ထမြောက်ပြီ၊ သွား၍ အဘယ်အကျိုး ရှိအံ့နည်း၊ ငါတို့ နေရင်းဒေသကို ပြန်ကြကုန်အံ့”ဟု ဆို၍ အလိုတူသဖြင့် မိမိနေရာသို့ ပြန်လာကြ၏။

(စာမျက်နှာ-၁၉၀)

စူဠပန္ထက

နောက်တဖန် ကိုယ်ဝန်ရပြန်လျှင်လည်း ရှေးနည်းအတူ အကြံဖြစ်၍ မိဘတို့ရှိရာသို့ သွားခြင်းငှာ အခွင့်တောင်းပြန်သော် လင်ယောက်ျားလည်း မသွားရအောင်သာ ရက်ရှည်သွေး၍ နေ၏။ သဌေးသမီးလည်း ရှေးအတူ လာခဲ့၍ ခရီးအကြား ရွာသို့ရောက်လျှင် တဖန် ဖွားမြင်ပြန်၏။ လင်ယောကျ်ားလည်း ရှေးနည်းအတူ လိုက်လာ၍ ချမ်းသာကြောင်းဖြင့် ကောင်းစွာ ပြုစု၏။ ထို့နောက် ဖွားသောသားကိုလည်း ခရီးသွားစဉ်ပင် မျက်နှာမြင်ရကား စူဠပန္ထကဟူသော အမည်ကိုမှည့်၏။ သားငယ်မှ ထောက်၍ ရှေးဖွားမြောက်သော သားကို မဟာပန္ထကဟု ခေါ်ဝေါ်သတည်း။

မြေးနှစ်ယောက် အဘိုးထံရောက်

ထိုလင်မယားတို့လည်း သားငယ်နှစ်ဦးကိုယူ၍ မိမိတို့နေရာ ရွာသို့ပင်ပြန်၍ နေကြသဖြင့် မဟာပန်သည် ထိုမှဤမှ ပြေးသွား၍ ကစားနိုင်သောအရွယ်သို့ ရောက်သောအခါ ကျေးရွာ၌ရှိသော တပါးသော သူငယ်တို့သည် အဘိုး,အဘွားဟူ၍လည်းကောင်း၊ ဘကြီး,ဘထွေးဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်ကို ကြားသော် မိခင်အား ဤသို့မေး၏။ “မိခင်.. တပါးသော သူငယ်တို့မှာ အဘိုး,အဘွား စသည်ဖြင့် ခေါ်ဝေါ်ကြကုန်သည်၊ အကျွန်ုပ်တို့မှာ ခေါ်ဝေါ်စရာပင် မရှိ၊ မွေးမိခင်တို့၏ အဆွေအမျိုးသည် သေကျေပျက်စီး၍ ကုန်ဘိသလော”ဟု မေး၏။ မိခင်ကလည်း “ချစ်သားပန္ထက… ဤအရပ်ဌာန၌ ငါတို့ မိဘဆွေမျိုးတို့သည် မရှိချေ၊ ရာဇဂြိုဟ်ပြည်၌ မဟာဓနအမည်ရှိသော သဌေးကြီးသည် သင်တို့၏ အဘိုးပင်တည်း၊ ထိုမှတသီး ဦးရီး,အရီး, ဘကြီး,ဘထွေးစသော သားချင်းဆွေမျိုးတို့လည်း များစွာပင် ရှိကုန်၏”ဟု ဆိုပေ၏။

ထိုစကားကိုကြားလျှင် သား-မဟာပန္ထကလည်း “မိခင်... ထိုသို့ မိဘဆွေမျိုးတို့ များစွာရှိလျက် မိခင်ဖခင်တို့သည် အဘယ့်ကြောင့် မသွားပါသနည်း”ဟု မေးပြန်သော် မိမိတို့၏အခြင်းအရာကို ထင်စွာမကြားပဲ လှည့်စား၍သာ ပြောဆို၏။ သားငယ်တို့က အကြိမ်ကြိမ် မေးမြန်းတသလျက် ဘိုးဘွားဆွေမျိုးတို့ထံ သွားရန်အခွင့်ကို တောင်းသော် သဌေးသမီးလည်း လင်ယောက်ျားကို ဤသို့ ဆို၏။ “အမောင်.. မိဘတို့မည်သည်ကား အကယ်၍ အမျက်ရှိသော်လည်း သားသမီး၏အသားကို မစားပေရာ၊ ဤဝေးကွာသော အရပ်၌နေမူ မိဘတို့ သေသဖြင့်လည်း အမွေဥစ္စာ ကင်းချေတော့မည်၊ ဤနှစ်ယောက်သောသားကို မိဘတို့အား ပြကုန်အံ့”ဟု ဆို၏။

လင်ယောက်ျားလည်း ကောင်းပြီဟု ဝန်ခံ၍ အိမ်ထောင် ပရိကံတို့ကို သိုမှီးပြီးလျှင် မိဘဆွေမျိုးရှိရာ ရာဇဂြိုဟ်ပြည်သို့ လာခဲ့ကြ၍ ရောက်သော် အိမ်သို့ မဝင်ဝံ့ရကား မြို့တံခါးဝ၌နေ၍ အဆွေခင်ပွန်းတို့ကိုသာ “ဤသူငယ်နှစ်ယောက်ကို ကျွန်ုပ်မိဘထံသို့ ပို့၍ ကျွန်ုပ်တို့ရောက်ကြောင်းကို ကြားပါ”ဟု စေလိုက်၏။

မဟာဓနသဌေးလည်း သမီး၏ သတင်းစကားကို ကြားလျှင် “ဘဝများစွာ သံသရာဝယ် သူငါကစ မြင်သမျှပင် အဖအမိ မဖြစ်ဖူးသောသူ မရှိ, ဖြစ်ဖူးကြသည်သာ၊ သို့ရာတွင် ဤအယုတ်မာမကား ငါ့အား အလွန်ပြစ်မှားသည်၊ ငါတို့၏အရှက်ကို ခွဲသည်၊ ငါတို့မြင်သော

(စာမျက်နှာ-၁၉၁)

အရပ်တွင် မနေလာလင့်၊ ဤမျှလောက်သော ဥစ္စာကိုယူ၍ တပါးအရပ်မှာ အသက်မွေးလေ၊ မြေးနှစ်ယောက်ကိုသာ ငါတို့ထံ၌ ထားခဲ့လော့”ဟု ဆို၍ ဥစ္စာရွှေငွေတို့ကို ပို့စေ၏။ သဌေးသမီးလည်း သားနှစ်ယောက်ကို မိဘတို့၏အထံ၌ ထားခဲ့၍ သနားပေးကမ်းသမျှသော ဥစ္စာကိုယူပြီးလျှင် ယခင်နေရင်းရွာသို့ပြန်၍ နေကြလေ၏။ ထိုအခါ မဟာပန်ကား ဆယ်နှစ်အရွယ်, စူဠပန်ကား ငါးနှစ်အရွယ်သာ ရှိ၏။

မဟာပန္ထက ရဟန္တာဖြစ်ပုံ

သဌေးကြီးလည်း ဘုရားရှင်ထံသို့ နိယံမပြတ် ဆည်းကပ်မြဲဖြစ်၍ ကျောင်းတော်သို့ သွားလေသော် မြေးနှစ်ဦးကိုခေါ်၍ သွားသတည်း။ သူငယ်နှစ်ယောက်တို့လည်း ဘုရားရှေ့မှောက်တော်၌နေ၍ ဟောတော်မူသော တရားသံကို နာရဖန်များသဖြင့် ဘုရားအထံတော်၌ ရဟန်းပြုလိုသော အကြံရှိသည်ဖြစ်၍ အဘိုးဖြစ်သော သဌေးကြီးအား အကြောင်းကိုလျှောက်ကြား ခွင့်တောင်းသော် သဌေးကလည်း သဒ္ဓါပသန္နရှိသော ဥပါသကာပင်ဖြစ်ရကား “ချစ်မြေးပန္ထက- ဤလောက၌ ရှိရှိသမျှသော မိန်းမယောက်ျားပင် ရဟန်းဖြစ်ကြသည်ကို ငါမြင်လို၏၊ ထို့ကြောင့် သင်စွမ်းနိုင်ပါမူ မြန်စွာပင် ရဟန်းပြုလော့”ဟု ဆို၍ ထိုမဟာပန်ကို ခေါ်ပြီးလျှင် ဘုရားအထံတော်သို့ သွားလေ၏။

ဘုရားသခင်လည်း “သဌေးကြီး... ဤသူငယ်ကို အဘယ်မှ ရအပ်သနည်း”ဟု မေးတော်မူလျှင် “အရှင်ဘုရား... အကျွန်ုပ်၏ သမီးမှဖြစ်သော မြေးစစ်အရင်းပါတည်း၊ ယခု ဤသူငယ်သည် အရှင်ဘုရား၏ သာသနာတော်ဝယ် ရဟန်းအဖြစ်ကို ရလိုပါ၏”ဟု လျှောက်သော် ကိုယ်တော်မြတ်လည်း တဦးသော ပိဏ္ဍစာရိက ရဟန်းကိုခေါ်၍ “ဤသူငယ်ကို ရှင်ပြုလော့” ဟု စေတော်မူ၏။ ထိုရဟန်းလည်း မဟာပန်အား တစပဉ္စက ကမ္မဋ္ဌာန်းကိုကြား၍ သရဏဂုံသုံးပါးဖြင့် ရှင်ပြု၏။ ရှင်အဖြစ်ကို ရပြီးသော် ဘုရားစကားတော်ဖြစ်သော ပိဋကတ်ကို မပြတ်သင်ကြား၍ အသက်နှစ်ဆယ်ပြည့်သော် ပဉ္စင်းအဖြစ်ကို ရလေသတည်း။ ပဉ္စင်းဖြစ်သောကာလ ယောနိသော မနသိကာရဖြင့် ပထဝီကသိုဏ်း စသည်၌ အားထုတ်၍ စတုက္က စတုတ္ထဖြစ်သော ရူပ,အရူပဈာန်တို့ကို အလွန် လေ့လာသဖြင့် ထိုသမာပတ်၌ သင်္ခါရအားဖြင့် သုံးသပ်၍ အရဟတ္တဖိုလ်သို့ ရောက်လေသတည်း။

စူဠပန္ထက ဉာဏ်ထိုင်း၍ အနှင်ခံရပုံ

ထိုသို့ ရောက်သောအခါ မိမိရအပ်သော ဈာန်မဂ်ဖိုလ်ချမ်းသာဖြင့် လေ့လာပျော်မြူးလျက် ကြည်နူးနှစ်သက်လှရကား “ငါရအပ်သော ချမ်းသာတရားကို ငါ့ညီ စူဠပန်အား ပေးရသော် ကောင်း၏”ဟု ကြံပြီးလျှင် အဘိုးဖြစ်သော သဌေးကြီးအထံသို့ လာခဲ့၍ ညီစူဠပန်ကို ဘုရားသာသနာတွင်းသို့ သွတ်သွင်းလိုကြောင်းကို ကြား၍ သဌေးကြီးလည်း “ကောင်းပြီ”ဟု ဝန်ခံ၍ စူဠပန်ကို ရဟန်းပရိက္ခရာနှင့်တကွ မဟာပန်ထေရ်ထံ၌ အပ်နှံ၍ ရှင်ပြုလေ၏။ ရှင်အဖြစ်ကို ရပြီးသော်-

ပဒ္မံ ယထာ ကောကနဒံ သုဂန္ဓံ၊ ပါတော သိယာ ဖုလ္လမဝီတဂန္ဓံ။
အင်္ဂီရသံ ပဿ ဝိရောစမာနံ၊ တပန္တမာဒိစ္စမိဝန္တလိက္ခေ-

ဟူသော ဂါထာကို သင်စေ၏။

(စာမျက်နှာ-၁၉၂)

[အနက်ကား]ကောကနဒံ၊ ကောကနဒ အမည်ရသော။ ပဒ္မံ၊ ရွှေသားဝတ်ဆံ ချပ်ရံတရာ ပဒုမ္မာကြာသည်။ ပါတော၊ နေမင်းဂုဏ်ဖြင့် အရုဏ်တက်သော နံနက်အခါ၌။ ဖုလ္လံ၊ ကားကားလှတင့် ပွင့်သည်ဖြစ်၍။ အဝီတဂန္ဓံ၊ ထက်ဝန်းဒိသာ ယူဇနာတိုင်တိုင် သင်းကြိုင်ထုံပျံ့ ရနံ့မွှေးကြူခြင်း ရှိသည်ဖြစ်၍။ သုဂန္ဓံ၊ အေးချိုပျံ့လှောင်း ကောင်းသောရနံ့ရှိသည်ဖြစ်၍။ ဝိရောစမာနံ၊ ထွန်းပစံပယ် လွန်တင့်တယ်သည်။ သိယာ ယထာ၊ ဖြစ်သကဲ့သို့။ အန္တလိက္ခေ၊ မင်းလွင်တိမ်ထပ် မြူလျှပ်စင်ဆုံး တန်ဆောင်မုန်းမာသ ကောင်းကင်ဝ၌။ တေဇသာ၊ တန်ခိုးရောင်ခြည် ထွန်းလည်ပြောင်ပြောင် ထိန်ထိန်လောင်သဖြင့်။ တပန္တံ၊ တောက်ပသော။ အာဒိစ္စံ ဣဝ၊ လေးကျွန်းမှန်ကင်း ရှင်နေမင်းကဲ့သို့။ ဝိရောစမာနံ၊ ရောင်ခြည်ခြောက်သွယ် ထွန်းစံပယ်လျက် တင့်တယ်တော်မူထသော။ သုဂန္ဓံ၊ ခံတွင်းတော်နံ့ ကိုယ်တော်နံ့ဖြင့် သင်းပျံ့အေးလှိုင် လွန်မွှေးကြိုင်တော်မူထသော။ အဝီတဂန္ဓံ၊ တသိန်းကုဋေ တွက်ရေစကြဝဠာ အနှံ့ဖြာသော အာဏာတော်နံ့ ဂုဏ်တော်နံ့လည်း ရှိထသော။ အင်္ဂီရသံ၊ ကိုယ်တော်မှ ပြိုးပြိုးပြက်ထွက်သော ရောင်ခြည်တော်ရှိသော မြတ်စွာဘုရားကို။ တွံ၊ သင်သည်။ ပဿ၊ ရှုလော့။

ဤဂါထာကို သင်ပါသော်လည်း ရှေးသောဘဝ ကဿပဘုရား လက်ထက်တော်၌ ရဟန်းဖြစ်သောအခါ ပညာထုံသော ရဟန်းတဦးအား ကျီစားပြက်ရယ်မှုပြုလျက် နှိပ်စက်ဖူးသော ဝိပါက်ကြောင့် အနက်အဓိပ္ပါယ်ကို မဆိုထားဘိ၊ စကားအစဉ်ကို ပဌမပါဒဆုံး၍ ဒုတိယပါဒသို့ရောက်လျှင် သင်ခဲ့သော ပဌမပါဒ မေ့ရစ်၏။ ယင်းသို့ဖြစ်လျက် အားသစ်၍သာ သင်အံသရဇ္ဈာယ်သဖြင့် လေးလတိုင်တိုင် လွန်၍မှ ထိုဂါထာကို မရလေသော် နောင်တော် မဟာပန်လည်း ဤသို့ဆို၏။ “အချင်းစူဠပန္ထက... သင်သည် လေးပုဒ်မျှသာရှိသော ဤဂါထာကို ဝါတွင်းလေးလပတ်လုံး သင်၍မျှ မရမမိချေ၊ သင်ကဲ့သို့သောသူသည် လူမည်ကာသာဖြစ်၍ အနှစ်သာရနှင့် ပြည့်စုံလှသော ဘုရားရှင်သာသနာတော်နှင့် မထိုက်တန်ပေ၊ မြေနုကျွန်း၌ ရေသွန်း၍ မပေါက်သော မျိုးစေ့ကဲ့သို့ အကျိုးမဲ့သောဘဝသာ ဖြစ်ရချေသည်၊ ယနေ့ပင် လူထွက်၍ အသက်မွေးလေလော့”ဟု နှင်ထုတ်၏။

ယင်းသို့ နောင်တော်နှင်သောကာလ စူဠပန်လည်း သာသနာတော်မှ ရွေ့လျောလိုသောစိတ်သည် မရှိ၊ မိမိဉာဏ်, ကံကိုသာ ဝမ်းနည်းသဖြင့် ကျောင်းစွန်သို့ထွက်၍ တရှိုက်မက်မက် ငိုလျက်သာ နေသတည်း။

စူဠပန်၏ လူထွက်ရန်အကြံ

ထိုအခါ၌ ဆရာဇီဝကသည် ဘုရားအမှူးရှိသော သံဃာတော်တို့အား ဆွမ်းလုပ်ကျွေးခြင်းငှါ အပင့်ရောက်လာသော် မြတ်စွာဘုရားအထံ၌ အတန်ငယ်သာနေခဲ့၍ မဟာပန်ထေရ်သည် ထိုအခါ သံဃာတော်တို့၌ ဆွမ်းညွှန်းဖြစ်ရကား ထိုအရှင်ထံသို့ကပ်၍ “အရှင်မြတ်.. ဘုရားရှင်နှင့်တကွသော သံဃာတော်သည် အဘယ်မျှ ရှိသနည်း”ဟု လျှောက်၏။ “ငါးရာရှိသည်”ဟု ဆိုလျှင် “ထိုငါးရာသော သံဃာတော်အပေါင်းသည် နက်ဖြန် အကျွန်ုပ်အိမ်၌ ဆွမ်းဘုဉ်းပေးတော်မူပါ”ဟု လျှောက်၏။ ထိုမဟာပန်ထေရ်ကလည်း “စူဠပန်ကိုထား၍ တပါးသော သံဃာတို့နှင့်တကွ ကြွလာအံ့”ဟု ဆိုပေ၏။ အဘယ့်ကြောင့် စူဠပန်ကို ခြွင်းပါသနည်းဟု မေးသော် “ဒါယကာ...

(စာမျက်နှာ-၁၉၃)

စူဠပန်ကား အလွန်လေးလံထိုင်းမှိုင်း၏၊ လေးပုဒ်သော ဂါထာကိုမျှ လေးလပတ်လုံးသင်၍ မတတ်နိုင်၊ ထို့ကြောင့် သူ့အလှူကိုခံခြင်းငှါ မလျောက်ပတ်”ဟု ဆို၏။

ထိုအခါ စူဠပန်လည်း မနီးမဝေးသောဌာနတွင် ရှိသည်နှင့် နောင်တော်ဆိုသော စကားကိုကြားလျှင် “နောင်တော်ကား ငါ့အား ချစ်ခြင်း စုံမက်ခြင်းမရှိ၊ ပကတိ စွန့်ပစ်သည် မှန်ပြီ၊ ညီနောင်အရင်းအချာဖြစ်သော ပုဂ္ဂိုလ်မှ ငါ့ကို မသနားမူ ငါကိုးစားရာ အဘယ်မှာရှိတော့အံ့နည်း၊ ဤသာသနာ၌ ရှည်မြင့်နေ့၍ အကျိုးမရှိရာပြီ၊ ဂိဟိဘာဝဖြင့်ပင် ဒါနသီလကို အားထုတ်ရအောင် နက်ဖြန်နံနက်ပင် ငါလူထွက်တော့အံ့”ဟု ကြံလျက် ကျောင်းတံစက်အောက်၌ အိပ်နေ၍ မိုးသောက်သောကာလ ကျောင်းမှဆင်းခဲ့လေသော် ဘုရားကိုယ်တော်မြတ်လည်း ထိုစူဠပန်၏ အခြင်းအရာကို ကုန်စင်စွာ သိတော်မူလင့်၍ လာအံ့သော လမ်းမတံခါးမုခ်ဝ၌ စင်္ကြံကြွ၍ နေတော်မူ၏။ စူဠပန်လာ၍ မြတ်စွာဘုရားကိုမြင်လျှင် ခြေတော်ရင်းတွင်ဝပ်၍ ရှိခိုး၏။

အရှင်စူဠပန် ရဟန္တာဖြစ်ပုံ

ဘုရားသခင်လည်း “ချစ်သားစူဠပန်... အလွန်စောစွာလျက် အသို့သော အခြင်းအရာဖြင့် သင်-လာဘိသနည်း”ဟု မေးတော်မူ၏။ စူဠပန်ကလည်း “တပည့်တော်သည် ပညာလေးလံလှသောကြောင့် နောင်တော်က နှင်လိုက်သည်ဖြစ်၍ လူထွက်ခြင်းငှါ လာပါတော့သည်”ဟု ငိုယိုလျက် နားတော်လျှောက်လေသော် ဘုရားကိုယ်တော်မြတ်လည်း စူဠပန်၏ ဦးခေါင်းကို လက်ဖြင့်သုံးသပ်တော်မူ၍ “ချစ်သား စူဠပန်... ငါသို့စင်သော သဗ္ဗညုဘုရား ထင်ရှားရှိပါလျက် ပညာလေးလံရုံမျှနှင့် ရဟန်းဘဝကို အသို့စွန့်ရတုံအံ့နည်း၊ သင်၏အစ်ကိုကား သူတပါးတို့၏ အာသယာနုသယကို မုချအားဖြင့် သိတတ်သောဉာဏ်သည် မရှိ။ သင်ကား သာဝကဝေနေယျ မဟုတ်၊ ဗုဒ္ဓဝေနေယျဖြစ်သော ပုဂ္ဂိုလ်ပေတည်း၊ လျင်စွာလာလော့၊ ငါသင်ဦးအံ့”ဟု မိန့်တော်မူ၍ စူဠပန်၏လက်ကို ကိုင်ငင်ပြီးသော် ကျောင်းတော်ထက်သို့ ခေါ်ခဲ့၍ တန်ခိုးဖြင့် စီရင်လျက် ဖြူစင်စွာသော ပုဆိုးပိုင်းကို အပ်ပြီးမှ “ဤအဝတ်ကို ပွတ်နယ်လျက်- “ရဇော ဟရဏံ, ရဇော ဟရဏံ”ဟု စီးဖြန်းလော့”ဟု မိန့်တော်မူ၏။

ထိုသို့ မိန့်တော်မူခဲ့၍ သပိတ်သင်္ကန်းကို ပြင်ပြီးလျှင် တပါးဖြင့်ယုတ်သော ငါးရာသော သံဃာတော်တို့နှင့်တကွ ဆရာဇီဝက၏အိမ်သို့ ကြွတော်မူလေ၏။

စူဠပန်လည်း ဘုရားမြွက်ဟတော်မူသောအတိုင်း ပုဆိုးပိုင်းကို ဆုပ်နယ်လျက် ကမ္မဋ္ဌာန်းကို စီးဖြန်းလေသော် ပုဆိုးပေါ်၌ ချေးညှော် အလိမ်းလိမ်းကပ်သဖြင့် မကြာမြင့်မီပင် ညစ်နွမ်းခြင်းသို့ ရောက်သည်ကိုမြင်၍ “ဤစင်ကြယ်စွာသော ပုဆိုးသည်လျက် ဥပါဒိန္နကဖြစ်သော ငါ့ခန္ဓာကိုယ်ကိုမှီ၍ ဤသို့ဖောက်ပြန်ခြင်းသည် ဖြစ်သေး၏၊ ရူပကာယဖြစ်သော ဤခန္ဓာသည်မူကား ယွင်းပါးပျက်စီးတတ်သော ခယ, ဝယသဘော ဧကန်တည်း၊ ဤငါ၏ စိတ်,စေတသိက်သည်လည်း ဤနည်းအတူသာဖြစ်၏” ဤသို့ စသည်ဖြင့် သတိ,သမာဓိ,ပညာကို လွန်စွာပွားစေလျက် လေးပါးသော ရူပါဝစရဈာန်ကိုရ၏။

(စာမျက်နှာ-၁၉၄)

ထိုဈာန်ကို အခြေပြု၍ သင်္ခါရတရားတို့ကို လက္ခဏာရေးအားဖြင့် သုံးသပ်စဉ် သဗ္ဗညု မြတ်စွာဘုရားသည် ထင်ရှားသောကိုယ်ဖြင့်ကြွ၍ ဟောပြသကဲ့သို့ ဩဘာသဘုရားကို တန်ခိုးအားဖြင့် လွှတ်တော်မူ၍-

ရာဂေါ ဒေါသော စ မောဟော စ၊ ရဇော ရေဏူတိ ဝုစ္စတိ။
ရာဂဿေတံ ဓိဝစနံ၊ ဧတံ ရဇံ ဇဟိတွာန။
ဘိက္ခဝေါ ဝိဟရန္တိ တေ၊ ဝီတရဇဿ သာသနေ-

ဟူသော ဂါထာကို ဟောတော်မူ၏။

[အနက်ကား]ရာဂေါ စ၊ ကပ်ငြိတတ်သော ရာဂကိုလည်းကောင်း။ ဒေါသော စ၊ ပြစ်မှားတတ်သော ဒေါသကိုလည်းကောင်း။ မောဟော စ၊ တွေဝေတတ်သော မောဟကိုလည်းကောင်း။ ရဇောတိ၊ မြူဟူ၍လည်းကောင်း။ ရေဏူတိ၊ မှုန်နည်းညစ်ကြေး ဟူ၍လည်းကောင်း။ ဝုစ္စတိ၊ ဆိုအပ်၏။ ဧတံ နာမံ၊ ဤရဇောဟူသော အမည်သည်။ ရာဂဿ၊ ရာဂတရား၏။ အဓိဝစနံ၊ အမည်တည်း။ ဧတံ ရဇံ၊ ဤရာဂစသော မြူမှုန်ညစ်ကြေးကို။ ဇဟိတွာန၊ စွန့်၍။ တေ ဘိက္ခဝေါ၊ ထိုရဟန်းတို့သည်။ ဝီတရဇဿ၊ ကင်းသောမြူ ရှိတော်မူသော မြတ်စွာဘုရား၏။ သာသနေ၊ သာသနာတော်၌။ ဝိဟရန္တိ၊ နေကုန်၏။

ဤသို့ ဟောတော်မူသော ဒေသနာကို ကြားရလျှင် သင်္ခါရတို့သည် ဉာဏ်အားထင်လာ၍ ပဋိသမ္ဘိဒါ လေးပါး, အဘိညဉ်ခြောက်ပါး တရားအထူးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏။

အမှာစကားချပ်

(ဤစူဠပန်ထေရ်ကား ရှေးသောအခါ ဗာရာဏသီပြည်ကို အစိုးရသော ဗြဟ္မဒတ်မင်းဖြစ်၍ မြို့ကိုလှည့်သောအခါ နဖူးကချွေးယိုသောကြောင့် ဖြူစင်သော ပုဆိုးဖြင့်သုတ်၍ ညစ်ညူးသည်ကိုမြင်လျှင် “ဤဖြူစင်သော ပုဆိုးသည်လျက် ကိုယ်ခန္ဓာကိုမှီ၍ ဖောက်ပြန်ခြင်းသို့ ရောက်ရချေသည်၊ ဤငါ၏ကိုယ်ခန္ဓာကား အသာရက အနတ္တသဘော အနိစ္စသဘောသာတည်း”ဟု နှလုံးပြုလျက် အသုဘတရားကို ပွါးစီးစေဖူး၏။ ထို့ကြောင့် အဝတ်စကိုမှီ၍ မဂ်ဖိုလ်ကို ရလွယ်လေသတည်း။)

အရှင်စူဠပန်၏ အဘိညာဉ်တန်ခိုး

ဆရာဇီဝကလည်း ဘုရားအမှူးရှိသော သံဃာတော်တို့အား ဆွမ်းယာဂုတို့ကို ကပ်လှူခြင်းငှါ အားထုတ်သော် ကိုယ်တော်မြတ်ကလည်း သပိတ်ကို အပ်တော်မမူပဲ ကျောင်းတွင် သံဃာတဦး ကျန်ခြင်းကို မိန့်တော်မူ၏။ ဇီဝကလည်း တဦးသော ယောက်ျားကို “သင်သွား၍ ပင့်ချေ”ဟု စေလိုက်သော်-

ရှင်စူဠပန်က “ငါ့နောင်တော်သည် ကျောင်းတွင် သံဃာမရှိပြီဟု ဆိုသည်။ ယခုအခါ သံဃာရှိကြောင်ကို ပြလိုက်အံ့”ဟု ကြံ၍ စတုတ္ထဈာန် အဘိညဉ်ကို ဝင်စားပြီးလျှင် ကျောင်းအာရာမ်ပြည့်အောင် မျှလောက်သော သံဃာတော်တို့ကို ဖန်ဆင်း၍နေ၏။

(စာမျက်နှာ-၁၉၅)

ထိုသံဃာတော်တို့တွင် အချို့ရဟန်းကား သင်္ကန်းချုပ်လျက်, အချို့ရဟန်းကား သင်္ကန်းဖွပ်လျက်, အချို့ကား ဆိုးရည်ကျိုလျက်, အချို့ကား စာပေသရဇ္ဈာယ်လျက်, တဦးလေ့ကျက်သော ကိစ္စနှင့် တဦးကိစ္စသည် မတူရ၊ အသွင်သဏ္ဌာန် ထူးခြားစွာ ဖန်ဆင်း၍နေ၏။

အပင့်သွားသော ယောက်ျားလည်း များစွာသော ရဟန်းတို့ကိုမြင်လျှင် မည်သည့်အရှင်အား ပင့်ခဲ့ရမည်ဟု မသိနိုင်ရကား လျင်မြန်စွာပြန်လာ၍ “ဆရာဇီဝက.. ကျောင်း၌ သံဃာတို့ကား အလွန်များ၏၊ အဘယ်အရှင်အား ပင့်ရမည်နည်း”ဟု မေးလျှင် ဘုရားသခင်ကြားတော်မူ၍ “ဒါယကာ... စူဠပန်အမည်ရှိသော ရဟန်းကို ပင့်ဆောင်ခဲ့လော့”ဟု မိန့်တော်မူ၍ တဖန်ပြန်ရလေ၏။

စူဠပန်လည်း အသွင်သဏ္ဍာန် တူမျှအောင်ပင် ဖန်ဆင်း၍ နေပြန်သည်နှင့် ပင့်သောဒါယကာက “အရှင်စူဠပန် ကြွတော်မူပါ”ဟု လျှောက်လျှင် “ငါလည်း စူဠပန်တည်း”ဟု ရဟန်းတထောင်လုံးကပင် ဆိုကြ၏၊ ထိုဒါယကာလည်း မည်သည့်ပုဂ္ဂိုလ်ကြွပါဟု မလျှောက်တတ်ရကား ဘုရားရှင်ထံသို့ပြန်၍ “အရှင်ဘုရား ... အကျွန်ုပ်သွား၍ ပင့်ပါသော် အလုံးစုံသော သံဃာကပင် “ငါလည်း စူဠပန်, ငါလည်း စူဠပန်”ဟု ပြောဆိုကြပါသည်”ဟု လျှောက်၏။

ဘုရားသခင်ကလည်း “ဒါယကာ.. ပင့်ခေါ်သောအခါ ရှေးဦးစွာထူးသော ရဟန်းကိုသာလျှင် လက်ကိုကိုင်၍ ပင့်ခဲ့လော့”ဟု မိန့်တော်မူလိုက်၏။ ထိုဒါယကာလည်း မြတ်စွာဘုရား မိန့်တော်မူတိုင်းသွား၍ လျှောက်ထားကိုင်ငင်သော် သံဃာတော်တို့သည် ကွယ်ပျောက်၍ တယောက်တည်း ဖြစ်လေ၏။ ထိုအခါ အပါပင့်ခဲ့၍ အိမ်သို့ရောက်လျှင် ဆွမ်းဘောဇဉ်တို့ဖြင့် လုပ်ကျွေး၏။

ဆွမ်းဘုဉ်းပေးပြီးသော် ဘုရားကိုယ်တော်မြတ်လည်း စူဠပန်ထေရ်အား “တရားအနုမောဒနာကို ပြုလော့”ဟု တိုက်တွန်းတော်မူ၏။ ရှင်စူဠပန်လည်း ခြင်္သေ့မင်းကဲ့သို့ ရဲတင်းသောအသံဖြင့် သုံးတန်သော ပိဋကတ်ကို အနှံ့အစပ် နှီးနှောလျက် ဆွမ်းအနုမောဒနာ ပြုပေ၏။ ပြီးစီးသောအခါ မြတ်စွာဘုရားလည်း ငါးရာသော သံဃာတော်တို့နှင့်တကွ ကျောင်းသို့ပြန်၍ ကြွတော်မူ၏၊

စူဠကသဌေးဝတ္ထု

ညချမ်းသောအခါ သံဃာတော်အပေါင်းတို့သည် တရားနာရာကျောင်း၌ ရုံးပေါင်းစည်းဝေးကြလျက် “ငါ့ရှင်တို့... မဟာပန်ထေရ်သည် လေးလပတ်လုံး တဂါထာကိုသင်၍မျှ မတတ်နိုင်သဖြင် နှင်ထုတ်လိုက်ရသော စူဠပန်ကို သုံးလောကသင်းကျစ် ဓမ္မရာဇ်ဖြစ်တော်မူသော ဘုရားမြတ်စွာသည် နေအရုဏ်တက် တနံနက်ဖြင့်သာ မဂ်ဖိုလ်ကိစ္စကို ပြီးစေ၍ လေးထွေသော ပဋိသမ္ဘိဒါနှင့်တကွ ဆဠဘိညဖြစ်အောင် သွန်သင်ပြသတော်မူနိုင်သည်။ အလွန်အံ့ဖွယ်ရှိပေစွ၊ အနုတ္တရ ဓမ္မရာဇာဖြစ်တော်မူသော ဘုရားသခင်တို့၏ ကျေးဇူးဂုဏ်ကို ဝသုန္ဓရေ ဤမြေနှစ်သိန်းနှင့် နှုန်းသော်လည်း အဆုံးမရှိပေရာတကား”ဟု ဘုရားကျေးဇူးတော်ကို အံ့သြချီးမွမ်း၍ နေကြကုန်သည်တွင် ဘုရားသခင်လည်း ဂန္ဓကုဋိတိုက်မှ ကြွတော်မူလာ၍ “အဘယ်မည်သော ခြင်းရာစကားဖြင့် စည်းဝေးကြသနည်း”ဟု မေးတော်မူ၍ သံဃာတော် အပေါင်းတို့က အကြောင်းကို

(စာမျက်နှာ-၁၉၆)

လျှောက်ပန်ဆင်သော် သဗ္ဗညု မြတ်စွာဘုရားသည်လည်း “ဤစူဠပန်အား ယခုဘဝ၌သာလျှင် ငါမစတော်မူသည် မဟုတ်သေး၊ ရှေးရှေးသောဘဝကလည်း မစတော်မူဖူးပြီ၊ ဤစူဠပန်လည်း ယခုဘဝ၌သာ ငါဆုံးမတိုင်း လိုက်နာ၍ လောကုတ္တရာစည်းစိမ်ကို ရသည်မဟုတ်၊ ရှေးရှေးသော ဘဝကလည်း ဩဝါဒကို လိုက်နာ၍ ကြီးစွာသော လောကီစည်းစိမ်ကို ရဖူးပြီ”ဟု မိန့်တော်မူ၍ အတိတ်အကြောင်းကို ဖော်တော်မူ၏။

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီးသည် မင်းပြု၏။ ထိုအခါ ငါဘုရားလောင်းလည်း ဥစ္စာကြွယ်ဝသော စူဠကမည်သော သဌေးသည်ဖြစ်၏၊ အလွန်လည်း လိမ္မာ၏၊ ပညာလည်း ကျယ်ဝန်း၏၊ အလုံးစုံသော နက္ခတ်နိမိတ် တိတ်တပေါင်တို့ကိုလည်း ကျွမ်းကျင်၏။ ထိုစူဠကသဌေးသည် တရံသောအခါ မင်းခစားရာမှပြန်လာသော် ခရီးမ၌ကျသော ကြွက်သေတခုကိုမြင်၍ နက္ခတ်ရှုပြီးလျှင် “ပညာမျက်စိရှိသော အမျိုးသားသည် ဤကြွက်သေကို အရင်းထား၍ စီးပွားရှာရမူ အသက်မွေးခြင်းငှါ ပြည့်စုံရာသတည်း”ဟု မြည်တမ်း၏။

ကြွက်သေတခု အရင်းပြု

ထိုစကားကို အနီးအပါး၌ရှိသော သူဆင်းရဲတယောက်ကြားလျှင် “ဤသဌေးကား ပညာကြီး၏၊ အကြောင်းမသိပဲ မဆိုရာ”ဟု ယုံကြည်လှရကား ထိုကြွက်သေကိုယူ၍ တခုသော အိမ်ဈေး၌ ကြောင်စာအလို့ငှါ ရောင်းသော် သပြာကောင်း တချင်ရွေးမျှ ရ၏။ ထိုဥစ္စာဖြင့် တင်လဲကိုဝယ်ပြီးလျှင် ခရီးစခန်းမ၌ အေးလှသော ရေချမ်းဖြင့် တောမှ အရောင်းလာကြသော ပန်းသည်တို့အား အတန်ငယ် အတန်ငယ်ကမ်း၏။ ပန်းသည်တို့ကလည်း တဆုပ်တဆုပ်စီမျှသော ပန်းတို့ကိုပေး၍ ရသမျှသောပန်းတို့ကို ဈေး၌ရောင်းသောအခါ တသပြာသော ဥစ္စာကိုရ၏။ ထိုဥစ္စာဖြင့် တင်လဲကိုဝယ်ပြီးလျှင် ယခင်ကကဲ့သို့ ကမ်းပြန်၏။ ပန်းသည်တို့ကလည်း ပေးမြဲ ပေးခဲ့၍ ရသောပန်းကို ရောင်းသဖြင့် မရှည်မမြင့်မီပင် ရှစ်သပြာသောဥစ္စာကို ရ၏။ ထိုသူသည် စူဠကသဌေး၏ စကားကိုမှီ၍ ကြံစည်ရကား စူဠန္တေဝါသိကဟု တွင်၏။

ထိုစူဠန္တေဝါသိကလည်း ရှစ်အသပြာရသောအခါ များစွာသော တင်လဲကို ဝယ်နိုင်ပြီဖြစ်၍ တွေ့ကြုံသမျှသော ကုန်သည်တို့အားလည်းကောင်း, ဆိတ်ကျောင်း, နွားကျောင်းဖြစ်သော သူတို့အားလည်းကောင်း တင်လဲရည်ဖြင့် ပေးကမ်း၍ အကျွမ်း မိတ်ဆွေဖွဲ့သတည်း။ ထိုသူတို့ကလည်း “အကြောင်းကိစ္စရှိလျှင် အကျွန်ုပ်တို့အားကြားပါ”ဟု ဆိုကြ၏။

တရံသောအခါ သည်းထန်စွာသောလေသည် လာသည်ဖြစ်၍ မင်းဥယျာဉ်၌ သစ်ပင်သစ်ခက်တို့သည် များစွာကျိုးပျက်ကုန်၏။ ထိုအခါ စူဠန္တေဝါသိကလည်း ဥယျာဉ်မှူးအထံသို့သွား၍ “သစ်ပင်သစ်ခက်တို့ကို အကျွန်ုပ်ရှင်းလင်းပါမည်၊ ထင်းကိုယူပါရစေ”ဟု ဆို၏။ ဥယျာဉ်မှူးက “ကောင်းပါပြီ”ဟု ဝန်ခံလျှင် မြို့ပြင်၌ ကစား၍နေကြသော နွားကျောင်းသား သူငယ်တို့ကိုခေါ်၍ သိမ်းဆည်းစုရုံးစေကာ ကောင်းမွန်စွာ ထား၏။

နှစ်ရက်,သုံးရက်ခန့် ကြာလျှင် ပြည့်ရှင်မင်းကြီး၏ အိုးတော်လုပ်သည် အိုးဖုတ်ခြင်းငှါ ထင်းဝယ်လာသဖြင့် တဆယ့်ခြောက်သပြာတို့ကို ရ၏။ အရင်းရှစ်သပြာနှင့်တကွ နှစ်ဆယ့်လေးသပြာတို့ကို ရလေသော် မြို့တံခါး လေးမျက်နှာ၌ ကြီးစွာသော တင်လဲရည်အိုးကိုထမ်း၍ ဖောက်ကားရောင်းဝယ်သမျှ သူတို့အားလည်းကောင်း, ငါးရာမျှလောက်သော မြက်ထမ်းယောက်ျားတို့အားလည်းကောင်း

(စာမျက်နှာ-၁၉၇)

ကျွေးမွေး၏။ မြက်ထမ်းယောက်ျားတို့ကလည်း “အကျွန်ုပ်တို့အား များစွာကျေးဇူးရှိပေသည်။ အရှင်အလိုရှိလျှင် အကျွန်ုပ်အား အကြောင်းကို ကြားပါ”ဟု ဖိတ်၏။

တနေ့သောအခါ ကြည်းကြောင်းကို ခရီးသွားသော မိတ်ဆွေတို့က ဥတ္တရပထတိုင်းမှ မြင်းကုန်သည် ငါးရာတို့ မြင်းရောင်းလာသော သတင်းစကားကို ပြောဆိုသော် ထိုစူဠန္တေဝါသိကလည်း မြက်ထမ်းယောက်ျား ငါးရာတို့ကိုခေါ်၍ “သင်တို့ နက်ဖြန် သူတပါးတို့ထံသို့ မသွားပဲ အကျွန်ုပ်အားသာ မြက်ကိုရောင်းပါ”ဟု ဆို၍ အလုံးစုံသောမြက်တို့ကို ဝယ်၏။ မြင်းကုန်သည်တို့ ရောက်လာသောကာလ တပါးဌာန၌ မရနိုင်သော် စူဠန္တေဝါသိက၏ အထံ၌သာ ဝယ်ရ၍ တထောင်မျှလောက်သော အသပြာတို့ကို ရ၏။

တရက်နှစ်ရက်ကြာလျှင် သမုဒ္ဒရာလမ်း ကူးသန်းသွားလာကြသော သူတို့က နက်ဖြန် သင်္ဘောဆိုက်အံ့သော အကြောင်းကို ကြား၏။ စူဠန္တေဝါသိကလည်း “ဤသင်္ဘော၌ ပါသမျှသော အထုပ်ထည်ကို ဥပါယ်တံမျဉ်ဖြင့် ဝယ်ယူအံ့”ဟု ကြံ၍ အဖိုးတန်သော လက်စွပ်တချည်ကို ဝယ်ပြီးလျှင် သင်္ဘောသူကြီး၏ မိန်းမထံသို့ လက်ဆောင်ပို့၍ “ပါသမျှသောဥစ္စာကို ဝယ်ပါရစေ”ဟု ခွင့်တောင်း၏၊ သင်္ဘောသူကြီးကလည်း “ကောင်းပြီ”ဟု ဝန်ခံလိုက်၏။ သင်္ဘောဆိုက်သောအခါ အရာမကသော သဌေးကုန်သည်တို့ အဝယ်လာကြသော် သင်္ဘောသူကြီးက “စူဠန္တေဝါသိကနှင့် ချိန်းချက်မိကြလေပြီ၊ ဤသူကိုသာ ငါတို့ ရောင်းရအံ့၊ အလိုရှိမူ ထိုသူ၏အထံ၌သာ ပန်ကြားကြကုန်”ဟု ဆို၏။

ထိုစူဠန္တေဝါသိကလည်း မြစ်ကမ်းဝ၌ ချမ်းမြသာယာ နေရာဆိပ်ကွန်း ဆောက်လုပ်၍ မဟာသလသူကြွယ်ကဲ့သို့ တင့်တယ်စွာ နေလင့်၏။ အရာမျှလောက်သော ကုန်သည်တို့လည်း စူဠန္တေဝါသိကကိုသာ အသပြာ တထေင်,တထောင်စီ လက်ဆောင်ပေး၍ “အကျွန်ုပ် ဤမျှ,ဤမျှသော ဘဏ္ဍာကို ဝယ်ပါရစေ”ဟု ခွင့်တောင်းကြသဖြင့် တသိန်းမျှလောက်သော ဥစ္စာကိုရ၏။ သင်္ဘော၌ပါသော ဘဏ္ဍာတို့ကို အသီးအသီး ဝယ်စေပြီးလျှင် မိမိမှာ အသပြာတသိန်းဖြင့် အလုံးစုံဝယ်၍ ရောင်းသော ကြေးကောင်းထမ်ပိုး ကြွသဖြင့် နှစ်သိန်းမျှလောက်သော အသပြာကို ရသတည်း။

ကျေးဇူးသိတတ်၍

ဤသို့လျှင် ကြွက်သေတခု အရင်းပြု၍ လှယ်ပယ်သဖြင့် လေးလအတွင်းဝယ် နှစ်သိန်းမျှလောက်သော အသပြာတိုကို ရလတ်သော် “ငါသည် ဤမျှလောက်သော ဥစ္စာကို ဩဝါဒပေးသော စူဠကသဌေးကို မှီ၍သာ ရပေသည်၊ ဤသဌေးအား ကျေးဇူးဆပ်အံ့”ဟု ကြံ၍ တသိန်းသော အသပြာကို သဌေးထံသို့ ဆောင်ယူပြီးလျှင် “အရှင်သဌေး.. ဤအသပြာကို အလိုရှိရာ သုံးတော်မူပါ”ဟု လျှောက်၏။ စူဠကသဌေးကလည်း “သင်-အဘယ်မှရ၍ ငါ့အား ပေးလာသနည်း”ဟု မေးသော် သဌေးဆိုသောစကားကို အမှီပြုလျက် ကြွက်သေတခုကို ရောင်းသည်မှစ၍ အသပြာနှစ်သိန်း ရသည့်တိုင်အောင် အလုံးစုံသော အကြောင်းကို ပြန်ပေ၏။

သဌေးကြီးဖြစ်ရပြီ

စူဠကသဌေးလည်း ထိုအကြောင်းကို ကြားလျှင် အားရဝမ်းသာဖြစ်၍ “ဤသူကဲ့သို့ ပညာအသိ ဝီရိယရှိသော ယောက်ျားကား အလွန်ရှားပေသည်သာတည်း၊ ပညာ သတိ ဝီရိယရှိရုံသာလည်း

(စာမျက်နှာ-၁၉၈)

မဟုတ်သေး၊ သူ၏ကျေးဇူးကို သိတတ်သော ကတညုတ ကတဝေဒီ ဂုဏ်နှင့်လည်း ပြည့်စုံပေသည်”ဟု ချီးမွမ်း၍ အရွယ်ရောက်ရုံသာရှိသော မိမိသမီးငယ်နှင့် ထိမ်းမြား၍ ထပ်တူကိုယ်စား ပြုပေ၏။ စူဠကသဌေး လွန်သောအခါ သဌေးအရာကိုရ၍ ကြီးကျယ်လှသော စည်းစိမ်အရှင် ဖြစ်သတည်းဟု အတ္ထုပ္ပတ္တိကို ဖော်ပြလျက်-

အပ္ပကေနာပိ မေဓာဝီ၊ ပါဘတေန ဝိစက္ခဏော။
သမုဋ္ဌာပေတိ အတ္တာနံ၊ အဏုံ အဂ္ဂိံဝ သန္ဓမံ-

ဟူသော ဂါထာကို ဟောတော်မူ၏။

[အနက်ကား]ဝိစက္ခဏော၊ ရောင်းဝယ်ကုန်သွယ်ခြင်း၌ မြော်မြင်လိမ္မာသော။ မေဓာဝီ၊ ပညာရှိသောသူသည်။ အပ္ပကေနာပိ၊ အနည်းငယ်သာလည်း ဖြစ်သော။ ပါဘတေန၊ အရင်းအိမ်ပါ ကိုယ့်ဥစ္စာဖြင့်။ အတ္တာနံ၊ မိမိအစီးအပွားကို။ သမုဋ္ဌာပေတိ၊ ဖြစ်ပွားကြီးမြင့်စေ၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ကုလပုတ္တော၊ အမျိုးကောင်းသားသည်။ အဏုံ၊ အနည်းငယ်သော။ အဂ္ဂိံ၊ မီးကို။ သန္ဓမံ၊ မှုတ်သည်ဖြစ်၍ တံ-အဂ္ဂိံ၊ ထိုမီးကို။ သမုဋ္ဌာပတိ ဣဝ၊ ကြီးပွား စည်ပင်စေသကဲ့သို့တည်း။

ဤဒေသနာတော်ကို ဟောတော်မူပြီး၍ “ချစ်သားတို့... ရှေးသောအခါ ထိုစူဠန္တေဝါသိကသည် ယခု စူဠပန်ထေရ် ဖြစ်လာ၏၊ စူဠကသဌေးသည် ငါဘုရား ဖြစ်တော်မူ၏၊ ထို့ကြောင့် စူဠပန်ကို ယခုဘဝသာ လောကုတ္တရာ စည်းစိမ်ကို ငါပေးတော်မူသည်မဟုတ်၊ ရှေးရှေးသော ဘဝကလည်း လောကီသုခကို ရစေပြီ”ဟု မိန့်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။

၃၉။ ရှင်စူဠပန်ထေရ် ဉာဏ်ပညာထိုင်းမှိုင်းခြင်းအကြောင်းကို ပြခြင်း

“ချစ်သားတို့.. ဤစူဠပန်ကား ယခုဘဝသာ ပညာနုံ့သည် လေးလံထိုင်းမှိုင်းသည် မဟုတ်၊ ဘဝရှေးရှေးကလည်း လေးလံ ထိုင်းမှိုင်းသည်သာတည်း၊ ငါဘုရားလည်း ယခုဘဝသာ စူဠပန်၏ ကိုးကွယ်ရာဖြစ်သည် မဟုတ်၊ ရှေးအခါကလည်း ကိုးကွယ်ရာ ဖြစ်ဖူးပြီ”ဟု မိန့်တော်မူ၍ ရဟန်းတို့ တောင်းပန်လတ်သော် ရှေးအတိတ်ကို ဆောင်တော်မူ၏။

ဃဋ္ဋေသိ

ရှေးလွန်လေပြီးသောအခါ ငါတို့ဘုရားလောင်းသည် တက္ကသိုလ်ပြည်ဝယ် ပညာကြီးကျယ်လှသော ဒိသာပါမောက္ခ ဆရာဖြစ်၍ အရပ်လေးမျက်နှာမှ ရောက်လာကုန်သော သူတို့အား အတတ်ပညာကို သင်ကြားပြသ၍ နေသတည်း။ တရံသောအခါ ဗာရာဏသီပြည်မှ ဒန္ဓကမည်သော အမျိုးသားတဦးသည် အတတ်ပညာသင်ခြင်းငှါ ရောက်လာ၏။ ထိုဒန္ဓကသည် ဆရာ့ထံသို့ ရောက်သည်မှစ၍ နေ့ညဉ့်မပြတ် ဆည်းကပ်ခစားလျက် ဆရာအား ခြေဆုပ်လက်နယ်ပြုခြင်း, သောက်ရေသုံးရေ တည်ခြင်း, နေရာခင်းခြင်း, ချေးတွန်းခြင်း, ယပ်ခပ်ခြင်း, ခရီးဦးကြိုဆိုခြင်း, ဥစ္စာပစ္စည်းကို သိမ်းဆည်းသိုမှီးခြင်းစသော ကိစ္စခပ်သိမ်းတို့၌ မပြတ်မလပ် ကြည်ညွတ်ရိုသေစွာ ပြု၏။

ဒိသာပါမောက္ခဆရာလည်း ကျေးဇူးများစွာ ပြုပေသောသူ ဖြစ်ရကား သူတပါးထက် ဆထက်လေးမြတ်၍ အတတ်ပညာကို လွန်စွာသင်သတည်း။ ထိုသို့ သင်သော်လည်း ပညာနုံ့လှရကား

(စာမျက်နှာ-၁၉၉)

တပုဒ်တဂါထာကိုမျှ သေချာစွာ မတတ်နိုင်ဖြစ်၏။ လေးနှစ်ပတ်လုံး သင်၍မျှ မတတ်သဖြင့် သင်အပ်သော သိပ္ပ၌ အာလယကင်းရကား ပျင်းရိဆန့်ကျင်သည်ဖြစ်၍ မိဘထံသို့ ပြန်ခြင်းငှါ ဆရာအား ခွင့်တောင်းသော် ဆရာကလည်း “ဤသူသည် ငါ့အား အလွန်လေးမြတ်စွာ ဆည်းကပ် လုပ်ကျွေးပါလျက် တစုံတခုသော ပညာကိုမျှ မရသော် ပဏ္ဍိတသေဝန မင်္ဂလာ မပြည့်စုံရာ၊ အသက်မွေးခြင်းငှါ တခုသောဂါထာကို ငါသင်ဦးအံ့”ဟု ကြံ၍ ဒန္ဓကလုလင်ကို တောအရပ်သို့ ခေါ်ဆောင်ပြီးလျှင်-

ဃဋ္ဋေသိ ဃဋ္ဋေသိ၊ ကိံ ကာရဏာ ဃဋ္ဋေသိ။
အဟမ္ပိ တံ ကာရဏံ ဇာနာမိ ဇာနာမိ-

ဟူသော ဂါထာကို အကြိမ်များစွာ သင်၏။

တပည့်က “အကျွန်ုပ် မြဲစွာ မှတ်မိပါပြီ”ဟု ဆိုသော် “ဤဂါထာကို အခါမပြတ် ရွတ်ဖတ်သရဇ္ဈာယ်လော့၊ သင်-အသက်မွေးခြင်းငှါ တတ်ကောင်းရာလတ္တံ့”ဟု ဆိုပေ၏။ တပည့်ကလည်း ဆရာသင်သမျှသော ဂါထာကို ရိုသေစွာ မှတ်သား၍ ဆရာအား ပို့လိုက်ပြီးမှ မိဘတို့နေရာ ဗာရာဏသီပြည်သို့ ပြန်ခဲ့၏။ မိဘတို့လည်း အတတ်သင်၍ ပြန်လာသည်ဟု မြတ်နိုးတနာဖြင့် များစွာသော ပူဇော်သက္ကာရတို့ကို ပြုပေ၏။

ဂါထာ၏စွမ်းအင်

ထိုအခါ ဗာရာဏသီပြည့်ရှင်မင်းကြီးလည်း “ငါသည် ဤပြည်ကို တရားနှင့်အညီပင် မင်းပြုသည်။ သို့ရာတွင် သတ္တဝါတို့၏သဘောသည် မိမိ၌ရှိသော အပြစ်ကို မိမိမမြင် သူတပါးကသာ မြင်တတ်ချေသည်၊ ငါ၌ မကောင်းပြစ် ရှိသည်ဖြစ်အံ့၊ ပြည်ရွာသားတို့ ထင်ရှားစွာ မကဲ့ရဲ့ဝံ့ရာ၊ ဆိတ်ဆိတ်ကဲ့ရဲ့၍ ရန်ငြိုးဖွဲ့ကြလတ္တံ့၊ မကောင်းပြစ်ကို သိမှသာလည်း ကောင်းအောင် ငါကျင့်နိုင်ရာသည်။ ထို့ကြောင့် ငါ၏သတင်းကို အချင်းချင်းပြောဆိုရာ၌ ချောင်းမြောင်း၍ နာအံ့”ဟု ကြံစည်ပြီးလျှင် ထမင်းညစာ စားပြီးအချိန်ဝယ် တယောက်တည်းလည်၍ ဝှက်ကွယ်ရာဖြစ်သောအရပ်က ကပ်၍ကပ်၍ အိမ်စေ့နားထောင်သတည်း။

အတတ်သင်၍ ပြန်လာသော ဒန္ဓကတို့၏ အိမ်အနီးသို့ ရောက်သောကာလ အိမ်ရိပ်ကပ်၍ နားထောင်စဉ် ဥမင်တူးဖောက်၍ ခိုးတတ်သော လူတို့သည် ဤအိမ်၌ ဥစ္စာကို ခိုးယူအံ့ဟု လူဆံ့ရုံသော ဥမင်ကို တူးဖောက်၍ အိမ်အောက်မှ တက်ဝင်လေသော် ယခင် ဒန္ဓကလည်း အိပ်ရာမှနိုးလတ်၍ ဆရာသင်အပ်သော ဂါထာကို ကောင်းစွာ သရဇ္ဈာယ်၏။ ထိုအသံကိုကြားလျှင် ခိုးသူများလည်း ကြောက်လန့်သည်ဖြစ်၍ မိမိတို့၌ပါသော လက်နက်ဥစ္စာကိုပစ်၍ ပြေးကြလေ၏။ ထိုအခြင်းအရာကို မင်းကြီး စေ့စုံစွာမြင်လျှင် ဤအိမ်ရှင်ကား ထူးခြားကောင်းမွန်သော ပညာကို တတ်ပေစွ၊ ငါသင်ရမူ ကောင်း၏ဟု ကြံ၍ အိမ်ကိုမှတ်ပြီးသော် နန်းတော်သို့ ပြန်လေ၏။

အသပြာတထောင်ရပုံ

နံနက်မိုးသောက် ရောက်လတ်သောကာလ ထိုဒန္ဓကကို ခေါ်စေလျက် “သင်-ညဉ့်ဦးက အဘယ်အတတ်ကို ရွတ်ဖတ် သရဇ္ဈာယ်သနည်း”ဟု မေး၏။ “ဆရာပေးလိုက်သော မန္တန်ကို ရွတ်အံ သရဇ္ဈာယ်ပါသည်”ဟု လျှောက်လျှင် “သင်သည် တက္ကသိုလ်ပြည်မှ အတတ်သင်၍

(စာမျက်နှာ-၂၀၀)

ပြန်လာသလော”ဟု မေး၏။ ဟုတ်မှန်ကြောင်းကို လျှောက်လျှင် “သင်၏မန္တန်ကို ငါ့အားသင်ပါ”ဟု တောင်းပန်၍ ကောင်းမွန်မြင့်မြတ်သော နေရာ၌ နေစေပြီးသော် မင်းကြီးသည် နိမ့်ရာကနေ၍ ဂါထာကို သင်ယူ၏။ ထိုသို့ သင်ယူပြီးမှ ဆရာ့ကျေးဇူးကို ဆပ်ခြင်းငှါ အသပြာ တထောင်ဖြင့် ပူဇော်လိုက်၏။ မင်းကြီးလည်း ထိုမန္တန်ကို အလွန်ယုံမှတ်ရကား မပြတ် သရဇ္ဈာယ်၏။

လုပ်ကြံမှုကြီးပေါ်ပြီ

တရံသောအခါ စစ်သူကြီးသည် ပြည်စည်းစိမ်ကို တောင့်တသဖြင့် ရာဇဝလ္လဘဖြစ်သော ဆတ္တာသည်ကို ဤသို့ဆို၏။ “အချင်းဆတ္တာသည်.. သင်သည် မင်းကြီး၏ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးတို့ကို သုတ်သင်သောအခါ လက်၌ပါသောဓားဖြင့် မင်းကြီးအား သတ်ဘိလော့၊ ငါမင်းပြုရလျှင် သင့်အား စစ်သူကြီးအရာကို ငါပေးမည်”ဟု ဆို၏။ ထိုဆတ္တာသည်လည်း ယုံကြည်ရကား “ကောင်းပါပြီ”ဟု ဝန်ခံ၍ မင်းကြီး၏ မုတ်ဆိတ်,ဆံကို ပြုပြင်ရသောအခါ ထက်လှစွာသောဓားဖြင့် လည်ကို တချက်တည်းဖြတ်အံ့ဟု ကြံ၍ မင်းကြီးထံပါးသို့ကပ်လျက် လက်တဖက်ဖြင့် မေးကိုမ,၍ လက်တဖက်က ဓားကိုကိုင်၍ ရွယ်၏၊ ထိုအခါ မင်းကြီးက-

ဃဋ္ဋေသိ ဃဋ္ဋေသိ ကိံ ကာရဏာ ဃဋ္ဋေသိ-

စသောဂါထာကို ရွတ်၏။

ဆတ္တာသည်လည်း “ငါတို့၏အကြံကို မင်းကြီးသိလေပြီတကား”ဟု အလန့်တကြား တုန်လှုပ်လျက် ကြက်သီးမွေးညှင်းထ၍ ကိုယ်မှ ဇောချွေးတို့သည် စီးယိုသဖြင့် ခြေရင်း၌ဝပ်၍ ရှိခိုးလျက် “အရှင်မင်းကြီး.. အကျွန်ုပ်အား ထားလျှင်လည်း ရှင်ရပါတော့မည်။ သတ်လျှင်လည်း သေရပါတော့မည်”ဟု လျှောက်၏။ မင်းကြီးလည်း ရာဇမာယာ၌ လိမ္မာတော်မူရကား “ငါ့အား ဘုန်းကံပညာရှိသောမင်းဟူ၍ သင်မသိသလော၊ သင်၏အမှုကို ထင်စွာဆိုမှ သင်ချမ်းသာရာ ရမည်”ဟု ခြိမ်းခြောက်၏။

ဆတ္တာသည်ကလည်း “အကျွန်ုပ်၏ အကြံမဟုတ်ပါ၊ စစ်သူကြီးကသာ မင်းကိုသတ်ပါဟု အသပြာတထောင်ကိုပေး၍ တိုက်တွန်းသောကြောင့် အကျွန်ုပ် ကြံမိပေသည်”ဟု လျှောက်၏။

စစ်သူကြီးအား ပြည်မှနှင်ထုတ်ခြင်း

ထိုစကားကိုကြားတော် စစ်သူကြီးကိုခေါ်၍ မေးမြန်း စစ်ဆေးပြီးမှ ပြည်မှ နှင်ထုတ်လိုက်၍ “ငါ့ဆရာကို မှီ၍သာ ငါ-စည်းစိမ်မပျက် အသက်မသေ ရှိပေသည်”ဟု နှလုံးထားလျက် ဒန္ဓကသတို့သားကို ခေါ်ပြီးလျှင် စစ်သူကြီးအရာ၌ ထားလေ၏။

ဤသို့ တဂါထာကိုမှီ၍ စစ်သူကြီးအရာကိုရသော ဒန္ဓကကား ယခုအခါ စူဠပန်ထေရ် ဖြစ်လာ၏၊ ဒိသာပါမောက္ခ ဆရာကား ငါဘုရားဖြစ်တော်မူ၏၊ ချစ်သားရဟန်းတို့.. ထို့ကြောင့် “စူဠပန်သည် ယခုမှသာ ဉာဏ်လေးသည်မဟုတ်၊ ရှေးကလည်း လေးဖူးပြီ”ဟု ဇာတ်တော်ကို ပေါင်းတော်မူ၏။

မထေရ်ညီနောင်တို့အစွမ်း

ဤမထေရ် ညီနောင်နှစ်ပါးတွင် မဟာပန်ထေရ်ကား အရူပဈာန်ကို အလွန်အားဖြင့် ဝင်စားလေ့လာနိုင်သောကြောင့် ရူပသညာ စသည်ကို လည်စေခြင်း၌လည်းကောင်း၊ အနိစ္စာနုပဿနာ

(စာမျက်နှာ-၂၀၁)

အစရှိသော ခုနစ်ပါးသော အနုပဿနာ, တဆယ့်ရှစ်ပါးသော မဟာဝိပဿနာတို့၌လည်းကောင်း၊ အင်္ဂသင်္ကန္တ အာရမ္မဏဝဝတ္ထာန်တို့၌လည်းကောင်း လိမ္မာ၏။ ညီဖြစ်သော စူဠပန်ထေရ်ကား ရူပါဝစရစတုတ္ထဈာန်ကို အလွန်အားဖြင့် ဝင်စားလေ့လာနိုင်သောကြောင့် ရူပဈာန် သမာဓိစိတ်ကို တည်စေခြင်း၌လည်းကောင်း၊ အာရမ္မဏသင်္ကန္တ, အရမ္မဏဝဝတ္ထာန်တို့၌လည်းကောင်း အလွန်လိမ္မာ၏၊ ဣဒ္ဓိဝိဓ အဘိညာဉ်တရားကို ဝင်စားသောအရာ၌လည်း တပါးသော ရဟန္တာတို့ထက် သာလွန်လျင်မြန်၏။ တပါးသော ရဟန္တာတို့မှာ နိမ္မိတကာယကို ဖန်ဆင်းလိုကြသော် နှစ်ဦး,သုံးဦး စသည်တို့ဖြင့်လည်းကောင်း, မိမိ၏ကိုယ်နှင့် အသွင်အတူအမျှကိုလည်းကောင်း ဖန်ဆင်းနိုင်ကြကုန်သည်။ စူဠပန်ထေရ်မူကား တခုသော အာဝဇ္ဇန်းရှိသော အဘိညာဉ်တဝီထိဖြင့်လည်း ကိုယ်ခန္ဓာ တရာ, တထောင်တိုင်အောင်သော်လည်းကောင်း၊ မိမိကိုယ်နှင့် တသွင်တသဏ္ဌာန်တည်းသော်လည်းကောင်း၊ တပုံတခြား သဏ္ဌာန်ပြား အဆင်ကွဲအောင်သော်လည်းကောင်း ဖန်ဆင်းနိုင်သတည်း။

ဧတဒဂ်ရတော်မူကြပုံ

ထို့ကြောင့် ဇေတဝန်ကျောင်းတော်သို့ရောက်၍ သာဝကတို့ကို အသီးအသီး အရာဌာန၌ ထားသောအခါ မဟာပန်ထေရ်ကို သညာဝိဝဋ္ဋ‌ဧတဒဂ်အရာ၌, စူဠပန်ထေရ်ကို အဘိညာဉ်စိတ်ဖြင့်ပြီးသော နိမ္မိတကာယကို ဖန်ဆင်းနိုင်သော ပုဂ္ဂိုလ်တို့ထက် မြတ်သော နိမ္မိတတဒဂ်အရာ, စေတောဝိဝဋ္ဋဧတဒဂ်အရာ၌ ထားတော်မူသည်။

ရှင်စူဠပန်, မဟာပန် မှတ်ချက်

(ဤမဟာထေရ်တို့ကား ဘုရားသခင် ရာဇဂြိုဟ်ပြည်၌ ဒုတိယ, တတိယ ဝါဆိုသောအခါမှစ၍ ရှင်ရဟန်း ဖြစ်ကြသဖြင့် နောင်တဖန် ကြွလာတော်မူပြန်မှ ကိစ္စပြီးမြောက်ကြသည်။ နှစ်ကာလ မြင့်သော်လည်း အမှတ်လွယ်အောင် တပေါင်းတည်းစပ်၍ ဆိုလိုက်သည်။ အတိတ်ဇာတ်ကို ဟောရာ၌ အင်္ဂုတ္တိုရ်, ဓမ္မပဒအဋ္ဌကထာ နှစ်စောင်ပြတိုင်း ဆိုလိုက်သည်။ ပန္ထ-ဟူသောပုဒ်မှာ ခရီးဟောဖြစ်၍ ဒန္တဇ ဒုတိယက္ခရာ, ပဉ္စက္ခရာ အဆင့်နှင့် ရေးသင့်သည်ဟု အဘိဓာန်ဋီကာ မိန့်၏။ အဋ္ဌကထာတို့မှာ မုဒ္ဓဇ ဒုတိယက္ခရာ, ပဉ္စမက္ခရာ အဆင့်နှင့် ရှိကြ၏။)

ဤကား စူဠပန့် မဟာပန်တို့၏ အကြောင်းအတ္ထုပ္ပတ္တိ အမြွက်တည်း။

၄၀။ အရှင်သောဏမထေရ်၏ ရှေးအကြောင်းကို ပြခြင်း

အရှင်သောဏမထေရ်၏ အကြောင်း အတ္ထုပ္ပတ္တိကား- ဤကမ္ဘာမှ ပြန်၍ရေသော် တသင်္ချေနှင့် ကမ္ဘာတသိန်းမြောက်ကျသော ဝရကမ္ဘာ၌ အနောမဒဿီ အမည်ရှိသော မြတ်စွာဘုရားသည် ထင်ရှား ဖြစ်တော်မူ၏။ ထိုကာလ အရှင်သောဏမထေရ်၏ အလောင်းသည် တဦးသော အမျိုးကောင်းသားဖြစ်၍ ဘုရားသခင်အထံ၌ နိယံမပြတ် ဆည်းကပ်ကိုးကွယ်သတည်း။

ကုသိုလ်စုနှင့် ပဌမဗျာဒိတ်

တရံရောအခါ မြတ်စွာဘုရားသည် လွင်တီးခေါင်၌သာ စင်္ကြံကြွတော်မူသည်ကို မြင်၍ “ပြည့်ရှင်မင်းနှင့် တကွသော လူအများတို့သည် မကြံမစည်မိသော အရာဝယ် ငါ-ကုသိုလ်ပြုအံ့”ဟု ကြံလျက်

(စာမျက်နှာ-၂၀၂)

သစ်,ကျောက်,အုတ် အင်္ဂတေတို့ကို စုရုံးပြီးလျှင် ဘုရားသခင်ကြွတော်မူသော ဌာန၌ သံတောင်တရာမျှ အလျားရှိသော ရတနာစင်္ကြံကို ကောင်းမွန်စွာ ဆောက်လုပ်၍ လှူဒါန်းပူဇော်၏။ အနုမောဒနာ ပြုသောကာလ ဘုရားအမှူးရှိသော သံဃာတော်တို့အား ပရိက္ခရာရှစ်ပါးနှင့်တကွ လှူဒါန်းပူဇော်၍ တရားတော်ကို နာ၏။ ထိုအခါ မြတ်စွာဘုရားသည်လည်း ခံစားရလတ္တံ့သော အကျိုးဆက်ကို ပြတ်ပြတ်ထင်ထင် သိမြင်စေခြင်းငှါ

ယော သော ဟဋ္ဌေန စိတ္တေန၊ ဒီဃသာလံ အဒါသိ မေ-

အစရှိသော ဂါထာဖြင့် ဗျာဒိတ်စကား ကြားတော်မူ၏။

ထိုဂါထာတို့ကို မြန်မာပြန် ဖြေတင်သော်- အကြင်ဒါယကာသည် ငါ၏ လေးပါးသော ဣရိယာပုထ်ကို မျှတစေခြင်းငှါ ကြွရာဖြစ်သော ဤရတနာစင်္ကြံကိုလည်း ဆောက်လုပ်လှူဒါန်း၏။ သပရိဝါရဒါနဖြစ်သော သုံးဆောင်စရာ ပရိက္ခရာတို့ကိုလည်း လှူဒါန်း၏။ သရဏဂုံ,သီလတို့ကိုလည်း နိစ္စဆောက်တည်၏။ ထိုဒါယကာကား မျက်မှောက် လောကဓံ ပစ္စုပ္ပန်လည်း ကြံကြံသမျှသော ဣစ္ဆာသယတို့သည် ပြည့်စုံလတ္တံ့၊ ရောဂါဘေးဒဏ် အန္တရာယ်မနှောင့် မကြောင့်မကြ သုခပွားစည်လျက် အသက်ရှည်သည် ဖြစ်လတ္တံ့၊ ဘဝပြောင်းစေ့ စုတေ့သောအခါ နတ်တို့ရွာမှ ဝေဇယန္တာရထားဖြင့် သိမ်းဆောင်ယူလာလတ္တံ့၊ နတ်ပြည်သို့ ရောက်သောအခါ ရတနာခုနစ်သွယ်တို့ဖြင့် စီခြယ်မွမ်းမံအပ်သော ပြာသာဒ်ဗိမာန် ဝေဇယန်ဘုံကြီး၌ နတ်သ္မီး,နတ်သား ဝန်းလျားခယ ဖျောင်းဖျရိုညွတ်သော နတ်မင်း၏စည်းစိမ်ကို အကြိမ်အားဖြင့် မရေတွက်သာ, ကမ္ဘာအားဖြင့် သုံးသောင်းပတ်လုံး ခံစားမွေ့လျော်ရလတ္တံ့၊ ထို့နောက် တွက်ဖွဲ့၍ နှစ်ဆယ့်ငါးကမ္ဘာတိုင်တိုင် နတ်တကာတို့ကို စိုးပိုင်သော သိကြားမင်း ဖြစ်လတ္တံ့၊ ထိုမှလူ့ရွာ စုတေလာသော် ယသောဓရာ သညာနာမ သမုတ်ကြသော စတုဒီပိဿရ စကြဝတေးမင်း၏ အဖြစ်သည် ခုနစ်ဆယ့်ခုနစ်ကြိမ် ဖြစ်လတ္တံ့၊ ထိုဤ အန္တရဘဝ အဆစ်ဆစ်တို့၌လည်း ပဒေသရာဇ်, ဧကရာဇ်, သဌေး,သူကြွယ်အဖြစ်သာ အကြိမ်များစွာ ဖြစ်လတ္တံ့၊ ငါ့နောက်စဉ်ကာ ပွင့်လာကြကုန်သော ဘုရားတို့၏အထံ၌ အလွန်သော ကုသိုလ်သမ္ဘာရကို ဆည်းပူးသဖြင့် လူနတ်ဗြဟ္မာ ဘုံသုံးရွာ၌ ကြီးကျယ်သော ချမ်းသာစည်းစိမ်ကို ခံစားရလျက် ဘဒ္ဒကမ္ဘာ ဖြစ်သောအခါဝယ် ဥက္ကာကရာဇ် မင်းစစ်ဧကန်ဖြစ်လတ္တံ့၊ ထိုအနွယ်မှ ဆက်သွယ်ပွား၍ ဘုရားဂေါတမ လူ့ဘသင်းကျစ် ဖြစ်သောအခါ ထိုဒါယကာသည် သာဝက ပါရမီဉာဏ်၏ အဆုံးသို့ ရောက်လတ္တံ့ဟူ၍ အနုမောဒနာဖြင့် ဗျာဒိတ်စကား ကြားတော်မူ၏။

(ပါဠိဂါထာကို လိုလျှင် အပဒါန် ပါဠိတော်မှ ယူလေ။)

ကုသိုလ်ကောင်းမှုအစုစုနှင့် ဒုတိယဗျာဒိတ်

ထိုအမျိုးကောင်းသားသည် ဗျာဒိတ်စကားကို ကြားလျှင် အားရဝမ်းသာ သဒ္ဓါတရား တိုးတက်ပွားများခြင်း ရှိရကား ဒါနသီလ အစရှိသော ကုသိုလ်ကံကို အလွန်အားထုတ်လျက် အသက်အတိုင်းနေ၍ စုတေလေသော် နတ်ပြည်,လူ့ရွာ၌ မြတ်စွာဘုရား ဗျာဒိတ်စကား ကြားတော်မူတိုင်း လူနတ်တို့၏ စည်းစိမ်ကို အကြိမ်ကြိမ် ခံစားခဲ့ရ၍ ပဒုမုတ္တရဘုရား ထင်ရှားဖြစ်တော်မူသောကာလ ဟံသာဝတီပြည်ကြီးဝယ် ကြွယ်ဝကုံထံသော သိရီဝဍ္ဎန အမည်ရှိသော သဌေးဖြစ်လာ၏။

(စာမျက်နှာ-၂၀၃)

အရွယ်သို့ ရောက်သောအခါ တရားတော်ကို နာရ၍ သာသနာ၌ သဒ္ဓါခြင်းရှိရကား ဘုရားသခင်အား ပစ္စည်းလေးပါးဖြင့် လှူဒါန်းလုပ်ကျွေး၏။

တနေ့သောအခါ မြတ်စွာဘုရားသည် ရဟန်းတရား၌ အလွန်အားထုတ်သော ရဟန်းတဦးအား များစွာ ကောင်းချီးပေးတော်မူ၍ ဧတဒဂ်အရာ၌ ထားသည်ကိုမြင်လျှင် ဤအရှင်ကဲ့သို့ ဖြစ်ချင်သောဆန္ဒ ရှိရကား ဘုရားသခင်နှင့် တကွသော သံဃာတော်တို့အား အလှူကြီးပေး၍ “ယမန်နေ့ ဧတဒဂ်ရသော ရဟန္တာကဲ့သို့ နောင်ဘုရားတို့ သာသနာ၌ ဖြစ်ပါစေ”ဟု ဆုတောင်း၏။ ဘုရားသခင်လည်း အစဉ်သော ဓမ္မဒေသနာဖြင့် ဗျာဒိတ်စကား ကြားတော်မူခဲ့သတည်း။

ကုသိုလ်ကောင်းမှု

သိရီဝဍ္ဎန သဌေးလည်း ကုသိုလ်ကောင်းမှုကိုသာ လွန်စွာအားထုတ်လျက် အသက်အတိုင်းနေ၍ စုတေလေသော် လူ့ပြည်နတ်ရွာ၌ ကမ္ဘာတသိန်းပတ်လုံး ကျင်လည်ခဲ့ရ၍ ကဿပဘုရား နိဗ္ဗာန်လားသည့်နောက် ထားတော်မူအပ်သော သာသနာကုန်သောအခါ ဗာရာဏသီပြည်ဝယ် သူကြွယ်အမျိုး၌ ဖြစ်လာ၍ မဟာသာလဟူသော အမည်ကိုရ၏။ ထိုမဟာသာလ သတို့သားသည် ငါးရာမျှလောက်သော အဆွေခင်ပွန်းတို့နှင့် အတူတကွသာလျှင် သွားလာ လှည့်ပတ်လေ့ ပြု၏။

တရံသောအခါ ပစ္စေကဗုဒ္ဓါတဦးသည် ဗာရာဏသီပြည်ကို အမှီပြု၍ ဝါကပ်လိုသဖြင့် ဝါဆိုကျောင်းအလို့ငှါ ဂင်္ဂါမြစ်၌ မျောလာသော သစ်,ဝါး,ကြိမ်နွယ်တို့ကို ဆယ်ငင်ရုံးစု၍ နေ၏။ ထိုသို့နေသည်ကို မဟာသာလ သတို့သားမြင်လျှင် ငါးရာသော အဆွေခင်ပွန်းတို့နှင့်တကွ ပစ္စေကဗုဒ္ဓါအထံသို့ကပ်၍ “အရှင်မြတ် အဘယ်အလို့ငှါ ရုံးစုပါသနည်း”ဟု မေး၏။ ပစ္စေကဗုဒ္ဓါကလည်း “ဒါယကာ.. ငါတို့ရဟန်းမည်သည်ကား ဝါတွင်းကာလ၌ ဝါဆိုကျောင်းကို ရခြင်းငှါအပ်၏”ဟု ပြောလျှင် “အရှင်ဘုရား... ယနေ့ကား မပြီးရာပြီ၊ နက်ဖြန် အကျွန်ုပ် ဆောက်ပါအံ့၊ သန်ဘက်ခါသာ ကြွလာ၍ အလှူခံတော်မူပါ”ဟု လျှောက်၏။ ပစ္စေကဗုဒ္ဓါလည်း ထိုဒါယကာအား ချီးမြှောက်ခြင်းငှါပင် ကြွလာသည်ဖြစ်၍ “ကောင်းပြီ”ဟု ဝန်ခံ၏။

မဟာသာလလည်း အိမ်သို့ရောက်လျှင် အကျွမ်းဝင်သော အဆွေခင်ပွန်းတို့ကို ညီညွတ်၍ လျောက်ပတ်သော ဌာန၌ သစ်ရွက်မိုးသော ကျောင်းသင်္ခမ်း, နေ့သန့်ရာ, ညဉ့်သန့်ရာတို့ကိုလည်းကောင်း၊ စင်္ကြံ, မဏ္ဍပ်, ဇရပ်, တဲကွန်းတို့ကိုလည်းကောင်း စောင်ရန်းမီးတားတို့ဖြင့် ခြံရံကာ ကောင်းမွန်စွာ ဆောက်လုပ်ပေး၏။ ပြီးလျှင် ဆွမ်း,ယာဂုစသော ပူဇော်သက္ကာရကို ပြင်ဆင်လျက် အရှင်ကောင်း၏လာခြင်းကို မျှော်လင့်ကာနေ၏။ အချိန်းအချက်စေ့၍ ပစ္စေကဗုဒ္ဓါ ကြွလာလျှင် ဘောဇဉ်ငါးပါးတို့ဖြင့် လုပ်ကျွေး၍ အလုံးစုံသော အဆောက်အဦတို့ကို ပေးလှူပူဇော်၏။ ပစ္စေကဗုဒ္ဓါ အရှင်ကောင်းသခင် ကျောင်းသို့ဝင်သောအခါ “မြူလွှာဖြင့် လိမ်းကပ်ခြင်း မရှိစေသတည်း”ဟု မိမိအပေါ်ရုံဖြစ်သော အသပြာတသိန်းထိုက်သော ကမ္ဗလာနီကို မြေအခင်းပြုပေ၏။ ပစ္စေကဗုဒ္ဓါတက်၍ ထိုင်တော်မူလျှင် ယခင် ကမ္ဗလာနီ၏ အရောင်ဖြင့်ဟပ်၍ လျှပ်စစ်တိမ်မီးခိုးကဲ့သို့ တညီးညီးတောက်ပလျက် အလွန် နှစ်သက်စဖွယ်ဖြစ်၏။

ဆုတောင်းခဲ့ခြင်း

ထိုသို့ တင့်တယ်သည်ကိုမြင်လျှင် သာရွှင်ဝမ်းမြောက်လှသောစိတ် ရှိသည်ဖြစ်၍ “အကျွန်ုပ်သည် ဤသို့ပြုရသော ကုသိုလ်သမ္ဘာရကြောင့် ဖြစ်တိုင်းဖြစ်တိုင်းသော ဘဝတို့၌ လယ်ခေါင်ရန်းပန်းကဲ့သို့

(စာမျက်နှာ-၂၀၄)

တပ်စွမ်းလှပသော လက်ခြေအဆင်းရှိသည် ဖြစ်စေသော၊ အကြိမ်တရာဖတ်သော ဝါဂွမ်းကဲ့သို့ နုထွတ်သိမ်မွေ့သော ကိုယ်အသားအရေရှိသည် ဖြစ်စေသော၊ လျှပ်စစ်တိမ်တောင်ကဲ့သို့ ကိုယ်ရောင်ထွန်းပသည် ဖြစ်စေသော”ဟု သုံးပါးသောဆုကို ပတ္ထနာ၏။

ထိုအခါမှစ၍ ပစ္စေကဗုဒ္ဓါတို့အား ဝါတွင်းသုံးလပတ်လုံး လုပ်ကျွေးပြုစုလျက် ဝါကျွတ်သောအခါ အသပြာတသိန်းထိုက်သော ကမ္ဗလာသင်္ကန်းတို့ဖြင့် လှူဒါန်းပူဇော်၏၊ ပဝါရဏာပြုပြီးသောအခါ ပစ္စေကဗုဒ္ဓါလည်း ဟိမဝန္တာသို့ ပြန်ကြွတော်မူ၏။

သာကီဝင်မင်းမျိုး ဖြစ်လာပုံ

မဟာသာလလည်း ထိုဘဝ၌ အသက်အတိုင်းနေ၍ စုတေလေသော် တာဝတိံသာနတ်ပြည်၌ နတ်မင်းအဖြစ်ကိုရ၏။ ဤသို့ လူ့ပြည်နတ်ပြည် လှည့်လည်ကာလာသဖြင့် ဤကမ္ဘာဝယ် ဧကာဒသမမြောက်သော မဟာသမ္မတမင်းမှစ၍ နှစ်သိန်း ငါးသောင်း နှစ်ထောင့်ငါးရာ ငါးကျိပ် ငါးယောက်သော မင်းတို့၏နောက်၌ ဗာရာဏသီပြည်ဝယ် ဥက္ကာကရာဇ် အမည်ရှိသော မင်းကြီးဖြစ်လာ၏။ ထိုမင်းကား ကြီးမားသော တန်ခိုးအာနုဘော် ရှိ၏။ စကားပြောလျှင် ခံတွင်းမှ စက်ပြောင်ပြောင်တောက်၏။ ကိုယ်အဆင်းအင်္ဂါသည်လည်း လွန်စွာ တင့်တယ်ထွန်းပ၏။

ထိုဥက္ကာကရာဇ်မင်း၌ ဟတ္ထာ, စိတ္တာ, စန္ဒာ, ဇာလိနီ, ဝိသာခါဟူ၍ မိဖုရားငါးယောက် ရှိသတည်း။ ထိုငါးယောက်တို့တွင် အဂ္ဂမဟေသီဖြစ်သော ဟတ္ထာမိဖုရား၌ သားတော်လေးပါး, သမီးတော် ငါးပါးအားဖြင့် ကိုးယောက်သော သားတော် သမီးတော်တို့ကို ရသတည်း။ သားတော်လေးပါးတို့၏ အမည်ကား ဥက္ကာမုခမင်း, ဘဒရမင်း, ဝဏ္ဏမင်း, ဟတ္ထိနီမင်းတည်း။ သမီးတော်တို့၏ အမည်ကား- အနုပိယာမင်းသမီး, သုပိယာမင်းသမီး, အာနန္ဒာမင်းသမီး, ဝိစိတ္တာမင်းသမီး, သေနာမင်းသမီး ဤငါးပါးတို့တည်း။ ဤသားတော်,သမီးတော် ကိုးယောက်ကို မြင်ပြီးလျှင် ဟတ္ထာမိဖုရားသည် အနိစ္စ ရောက်တော်မူ၏။ ဥက္ကာကရာဇ်မင်းကြီးလည်း စိတ္တာမိဖုရားကို အဂ္ဂမဟေသီ ထားတော်မူပြန်၏။ ထား၍ များမကြာမီ စန္ဒုအမည်ရှိသော သားကို ဖွားမြင်သတည်း။

တရံသောအခါ ဥက္ကာကရာဇ်မင်းကြီးသည် လက်ညှိုး၌ ခူကိုက်သော ဝေဒနာကပ်၍ စက်တော်မခေါ်ရ ရှိလတ်သော် စန္ဒုမင်းသား၏မယ်တော် မိဖုရားသည် ခံတွင်း၌ထား၍ အိပ်သဖြင့် အာငွေ့သင့်၍ ပြည်ပုပ်ထွက်လေသော် မင်းကြီးနိုးတော်မူမည် စိုးရကား ထိုပြည်ပုပ်ကို မထွေးပဲ ဝမ်းထဲသို့မျိုချ၏။ နံနက်သ၌ ဝေဒနာသက်သာ၍ အခြင်းအရာကို မေးသဖြင့် အကြေင်းကို သိတော်မူလျှင် “သင်မိဖုရားကဲ့သို့ ငါ့အား ချစ်ခင်သူမရှိပြီ၊ သင်လိုသောဆုကို ငါပေးအံ့”ဟု မိန့်တော်မူ၏။ မိဖုရားလည်း “တပါးသောဆုကို အကျွန်ုပ်မလိုပါ၊ သားတော် စန္ဒုကိုသာ အရှင်မင်းကြီး၏ အရိုက်အရာကို ခံပါစေ”ဟု လျှောက်၏။ မင်းကြီးလည်း သားတော်အကြီးတို့ ရှိပေသည်ဟု အကြိမ်ကြိမ် ပယ်တော်မူလျက် လျှောက်ဖန်များသဖြင့် “မိဖုရားတောင်းသော ဆုကို ယူလော့”ဟူ၍ ပေးတော်မူ၏။

ယင်းသို့ ပေးပြီးသော် သားတော်လေးပါးတို့ကိုခေါ်၍ ဤသို့ မိန့်တော်မူ၏၊ “ငါ့သားတို့ရှိလျက်ကို မိဖုရားသည် စန္ဒုသတို့သားကို မင်းပြုပါစေဟူသောဆုကို အကြိမ်ကြိမ် တောင်းသောကြောင့် ငါပေးမိချေပြီ၊ ဤငါ့အပါးတွင် နေသဖြင့် အန္တရာယ်များအံ့သော အကြောင်းကို

(စာမျက်နှာ-၂၀၅)

ငါမြင်သည်။ မင်္ဂလာပြုသော ဆင်, မြင်း, ကျေးကျွန်တို့ကို ထား၍ ငါ့သားတို့ အလိုရှိသမျှသော ဆင်,မြင်း,ရထားကိုယူ၍ အရပ်တပါးသို့ သွားကြလေကုန်၊ ငါမရှိမှ လာ၍ မင်းပြုကုန်”ဟု မိန့်တော်မူလျှင် သားတော်တို့ကလည်း ခယရိုသေစွာ ရှိခိုး၍ ငါးဦးသော နှမတော်ကို ခေါ်ပါရမည့်အကြောင်းဖြင့် ခွင့်တောင်း၏။

မြို့သစ်တည်ကြပြီ

ခမည်းတော်လည်း အခွင့်ပေးပြီးသော် အမတ်ကြီး ရှစ်ယောက်နှင့် တကွသော အထူးထူးသော ပေးဖွယ်ကမ်းဖွယ်တို့ကို ပေးတော်မူ၍ သားတော်သမီးတော်တို့ကို လွှတ်တော်မူ၏။ ပြည်သူပြည်သားတို့လည်း အရှင့်သားတို့နှင့်အတူ လိုက်မည်ဟူ၍ သုံးရက်ပတ်လုံး အစဉ်မပြတ် လိုက်ကြကုန်သည်။ ဗိုလ်ပါအထုကား သုံးယူဇနာ ရှိသတည်း။

ထိုမင်းသားတို့လည်း ထိုမျှလောက်သော ရဲမက်ဗိုလ်ပါကို မြင်လျှင် “သို့စင်သော ပရိသတ်နှင့် မည်သည့်တိုင်းနိုင်ငံမဆို နှိမ်နင်းလျှင် မခံနိုင်လေရာ၊ သို့သော်လည်း သူ့ပြည်ကို ငါ့ပြည်မူ၍ အဘယ်အကျိုး ရှိအံ့နည်း၊ ဇမ္ဗူဒီပါဝယ် မိုးမြေကျယ်သေးသည် ဖြစ်ရကား လွတ်လပ်သော မြေယာ၌ ငါတို့ ပြည်တည်၍ နေတော့အံ့”ဟု ကြံ၍ ပြည်တည်ထောင်ရာ ရှာကြလေသော် ငါတို့ ဘုရားအလောင်းတော် ကပိလပုဏ္ဏားသည် ကြွယ်ဝသော ဥစ္စာစည်းစိမ်ကိုစွန့်၍ ရသေ့ရဟန်းပြုကာနေသော အင်ကြင်းတောအုပ်ကို တွေ့လေသတည်း။

ထိုတောအုပ်၌ရောက်သော မြက်နွယ်ချုံတို့သည်ကား လက်ယာရစ်လည်လျက် အရှေ့မျက်နှာသို့သာ ညွတ်သော အကိုင်းအဖျား ရှိကုန်၏။ ခြင်္သေ့, သစ်, ကျား, အစရှိကုန်သော သတ္တဝါတို့သည် သမင်, ဒရယ်, ချေငယ်, စိုင်, ဆတ်တို့ကို သတ်အံ့ဟု လိုက်လာသော် ထိုအရပ်သို့ရောက်လျှင် ချစ်ခင်စုံမက်၍ အမျက်ပြေသဖြင့် သင့်တင့်ငြိမ်းချမ်းစွာ ဖြစ်ကုန်၏။ ကပိလ ရှင်ရသေ့လည်း ဤသို့သောဂုဏ်ကို မြင်၍ “ဤမြေအရပ်ကား အလွန်မြတ်သော ဘူမိနက်သန်ပေတည်း”ဟု သင်္ခမ်းပြု၍ နေ၏၊ ထိုရသေ့ကား ဘူမိဇာလမည်သော မန္တရားကို အပြီးတိုင် တတ်တော်မူ၏။ ထိုမန္တရား၏ အာနုဘော်ကား မြေထဲ၌လည်းကောင်း ကောင်းကင်၌လည်းကောင်း အတောင်ရှစ်ဆယ်တိုင်အောင် ရှိရှိသမျှသော အကျိုးအပြစ်ကို သိသတည်း။

ဥက္ကာမုခ မင်းသားတို့လည်း ကပိလ ရှင်ရသေ့ကိုတွေ့၍ မြို့ရာမြေ ရှာကြောင်းကိုလျှောက်လျှင် ရှင်ရသေ့ကလည်း “ဤအရပ်ကား မြတ်သော ဘူမိနက်သန်ပေတည်း၊ ဤနေရာ၌ နေရသောသူတယောက်ကို အထောင်အသောင်းသော ဗိုလ်ပါတို့ ကြောက်ရွံ့ရလတ္တံ့၊ ဤဇမ္ဗူဒိပ်၌ ထီးစိုက်နန်းဆောက်ဖြစ်သော ပြည်စုတွင် အတုမရှိသော ပြည်ကြီးဖြစ်လတ္တံ့၊ ထို့ကြောင့် ငါ့သင်္ခမ်းကို တောဝှမ်းတခု၌ ဆောက်ထား၍ သင်မင်းသားတို့ ငါ့သင်္ခမ်းရာ၌နေ၍ ပြည်တည်လေကုန်”ဟု မိန့်တော်မူ၏။ မင်းသားတို့လည်း ရှင်ရသေ့ဆိုတိုင်း မယုတ်မလွန်ပြု၍ ပြည်တည်ကုန်၏။ (ထိုပြည်သည် ကပိလရသေ့ကိုစွဲ၍ ကပိလဝတ်ဟု တွင်သတည်း။)

သာကီဝင်အမည်

ပြည်တည်၍ နေထိုင်ပြီးလျှင် အမတ်ကြီး ရှစ်ယောက်တို့လည်း ဤသို့ ကြံကုန်၏။ “မင်းသားတို့သည် အရွယ်သို့ ရောက်လတ်တော်မူကြကုန်ပြီ၊ ခမည်းတော်ထံမှာဖြစ်သော် ကြင်ဖော်စုံကြပြီ၊

(စာမျက်နှာ-၂၀၆)

ယခုမှာ ငါတို့ဝန်ပင် ဖြစ်တော့သည်”ဟု ကြံ၍ မင်းသားတို့အား ဤသို့ နားတော်လျှောက်၏။ “အရှင့်သားတို့နှင့် ထိုက်တန်သော မင်းသမီးတပါးကို မရပြီ၊ အမျိုးအနွယ်ကို စောင့်ရှောက်တော်မူသဖြင့် နှမတော်ငါးဦးတွင် အကြီးဖြစ်သော အနုပိယာကို အမိအရာထား၍ နှမတော်လေးပါးနှင့် သင့်မြတ်မှ အနွယ်တော်သန့်ရှင်းနိုင်ပါမည်”ဟု လျှောက်၏။ မင်းသားတို့လည်း အမတ်တို့လျှောက်ထားတိုင်း နာယူသဖြင့် နှမတော်လေးပါးနှင့် မောင်တော်လေးပါးတို့သည် အသီးအသီး သင့်မြတ်ကြသတည်း။ ထိုအကြောင်းကို ခမည်းတော် ဥက္ကာကရာဇ်မင်းကြီး ကြားတော်မူလျှင်-

သကျာ ဝတ ဘော ရာဇကုမာရာ-

ဟူသော စကားဖြင့် “ငါ့သားတော် လေးယောက်တို့သည် အမျိုးအနွယ်ကို စင်ကြယ်အောင် စောင့်ရှောက်နိုင်ပေစွတကား”ဟု ချီးမွမ်းတော်မူ၏။

(ထိုစကားကိုစွဲ၍ ကပိလဝတ်ပြည်၌ နေကုန်သော မင်းမျိုးတို့သည် သာကီဝင်ဟု တွင်ကုန်သတည်း။)

သောဏသဌေးသား စည်းစိမ်

ဤသာကီဝင်မင်းတို့၏ အဖဖြစ်သော ဥက္ကာကရာဇ်မင်းကြီးသည် ထိုကိုယ်၏အဖြစ်မှ စုတေလေသော် လူ့ပြည်နတ်ရွာ၌ များစွာကျင်လည်ခဲ့ပြီးမှ ငါတို့ဘုရား ပွင့်တော်မူအံ့သော အခါကာလ စမ္ပာနဂိုရ်ပြည်ဝယ် ဥပသေဋ္ဌိအမည်ရှိသော သဌေးအိမ်၌ ပဋိသန္ဓေနေလာ၏။

ထိုအခါမှစ၍ သဌေးအိမ်၌ များစွာသော လာဘ်ပူဇော် သက္ကာရတို့သည် ရောက်လာကုန်၏။ ဘဏ္ဍာတိုက်တို့၌ ထားအပ်သော ရွှေ,ငွေ ရတနာတို့သည်လည်း လွန်စွာတိုးတက် ပွားစီးကုန်၏။ ဖွားမြင်သော အခါကာလ၌လည်း စမ္ပာနဂိုရ် ပြည်အလုံးသည် အုံးအင်းတက်မျှ ပူဇော်သက္ကာရတို့ကို ပြုကြကုန်သတည်း။ အမည်မှည့်အံ့သောနေ့သို့ ရောက်သောကာလ မိဘနှစ်ပါးတို့သည် “ငါတို့သားကား ဇမ္ဗူဒိပ်တလွှား၌ တိုင်းစား နှိုင်းယှဉ်အပ်သူမရှိ၊ မီးကျီးခဲကဲ့သို့ ရဲရဲပြောင်ပြောင် လောင်လုဘနန်းသော ဇမ္ဗူရစ်ရွှေရုပ်ကို သွန်းလုပ်ဘိသကဲ့သို့ တင့်တယ်သော အဆင်းအရောင်ရှိသည်ဖြစ်၍ မိမိအမည်ကို မိမိပင် ဆောင်သောသူဖြစ်ရကား သောဏသတို့သားဟူသော အမည်ကို မှည့်ကြကုန်၏။ ထိုသတို့သား၏ လက်ဖဝါး ခြေဖဝါး အပြင်တို့သည် နီလွင်တပ်စွန်းသော လယ်ခေါင်ရန်းပန်းကဲ့သို့ ထူးဆန်းတင့်တယ်စွာ ဖြစ်ကုန်၏။ အကြိမ်တရာဖတ်သော ဝါဂွမ်းစုပမာ နူးညံ့သိမ်မွေ့စွာသော ကိုယ်အတွေ့သည်လည်းဖြစ်၏။

ထိုသောဏသတို့သားသည် အရွယ်အဆင်းအားဖြင့် သင့်တင့်ကောင်းမြတ်သော ခြောက်ကျိပ် လေးယောက်မျှလောက်သော အထိန်းအယ မိန်းမကိုယ်လုပ်တို့နှင့်တကွ ချမ်းသာစွာကြီးပွားရ၏။

ဆန်မွှေးစီမံပုံ

ထမင်းစားခြင်းကိစ္စ၌ ဤမျှလောက်သော အသရေသည် ဖြစ်၏။ ပယ်ခြောက်ဆယ်မျှလောက်သော မြေအကွက်ကို ညက်ညောစွာ ထွန်ပြီးသော် ပကတိရေ, နံ့သာရေ, နို့ရည်ဟူသော ရေသုံးပါးတို့ဖြင့် အကြိမ်များစွာ သွန်းလောင်း၍ ကောင်းမြတ်နူးညံ့လှသော သလေးစပါးတို့ကို စိုက်ပြီးလျှင် ယခင် ရေသုံးပါးတို့ဖြင့် ဖျန်းလျက် အဖုံးအလုံး တက်သောအခါ ကျေးငှက်တို့မလာစိမ့်သောငှါ

(စာမျက်နှာ-၂၀၇)

ရတနာချည်တို့ဖြင့်ပြီးသော ကွန်ရက်တို့ဖြင့် အုပ်မိုးလျက် အရပ်ရှစ်မျက်နှာမှ ဖျာဖြင့်ကာရံ၍ စောင့်ရှောက်ရန်ဖြစ်သော ယောက်ျားတို့နှင့်တကွ ထားပေ၏။ ကောက်မှည့်သောအခါ နံ့သာမျိုး လေးပါးတို့ဖြင့် ပက်ဖျန်းလျက် အသိန်းအသန်းမျှလောက်သော ယောက်ျားတို့သည် သီးနှံဖျားကိုသာ ရိတ်ယူပြီးသော် ကြီးစွာသောတလင်း၌ ခြောက်စေ၍ ကျီသွင်းသောအခါ လုံခြုံစွာသောနံရံ၌ အင်္ဂတေ သရွတ်တို့ကို မံပြီးမှ စတုဇာတိကဖြစ်သော နံ့သာမှုန့်တို့ကို ခံလျက် အထက်၌ သလေးနှံတို့ကို ထားကုန်၏။ ဤသို့ နံ့သာမှုန့်တထပ် သလေးနှံတထပ် စီ၍ ကျီပြည့်သောအခါ လုံခြုံစွာ ပိတ်ထားလျက် သုံးနှစ်လည်မှ စပါးကျီကို ဖွင့်ယူသော် နတ်ကက္ကရုပန်းကဲ့သို့ မြို့အလုံးလွှမ်း၍ ကြိုင်လှိုင်၏။

ထိုသလေးစပါးကို ထောင်းဖွပ်သောအခါ ကွာသော ဖွဲနုဖွဲကြမ်းတို့ကို သေသောက်ကြူးတို့သည် သေအိုး၌ ဖြူးခြင်းငှါ ယူကုန်၏။ ကျိုးသော ဆန်ကွဲတို့ကို အလုပ်အကျွေးဖြစ်သော မိန်းမယောက်ျားတို့သည် စားသုံးရကုန်၏။ မကွဲမဖျ လှပကောင်းမွန်သော ဆန်တို့ကိုသာလျှင် ရတနာဖြင့်ပြီးသော တောင်း၌ထည့်၍ အကြိမ်တရာ ဆေးပြီးသော် ကြိုက်ကြိုက်ဆူသောရေ၌ တကြိမ်နှစ်၍ ရေစစ်ပြီးမှ ရွှေခွက်၌ထား၍ ကြိုက်ကြိုက်ဆူသော ထောပတ်, ဃနာ, ပျားသကာတို့ဖြင့် သွန်းလျက် အငွေ့ဖြင့် နပ်စေပြီးမှ ငွေလင်ပန်းထက်၌ခူး၍ သဌေးသား၏အထံသို့ ဆောင်၏။

စည်းစိမ်ရှင်ဘဝ

သတို့သားလည်း မျှတလောက်ရုံသာ စားပြီးလျှင် နံ့သာတို့ဖြင့် ထုံအပ်သောရေဖြင့် ခံတွင်းကိုဆေး၍ မွှေးလှသော နံ့သာဆီတို့ကို ပွတ်လိမ်းလျက် အသပြာတသိန်းထိုက်သော ခြင်္သေ့,သစ်,ကျား သားရဲရုပ်တို့ဖြင့် ဆန်းကြယ်သော သားမွေးလက်လေးသစ်, ရှစ်သစ်ရှိသော ကော်ဇောအခင်း၌သာ စင်္ကြံလူးလာ သွားပြီးမှ ရတနာသလွန်ထက်၌ အိပ်စက်ပေ၏။

ထိုအခါ လက်ဝဲလက်ယာမှ တရာတရာစီသော မိန်းမကညာတို့သည် ရတနာ ခြယ်တတ်သော ရွှေယပ်,ငွေယပ်တို့ဖြင့် တလွှဲလွှဲခပ်ကုန်လျက် အတိုင်အဖောက် သီချင်းကောက်၍ လျှောက်ကြရကုန်၏။

ဤသို့ ကြီးကျယ်စွာသော ချမ်းသာစည်းစိမ်ကိုသာ ခံစံကာ ကြီးပွားရကား ထိုသောဏသတို့သား၏ လက်ဖဝါး ခြေဖဝါးအပြင်၌ ပတ္တမြားနားတောင်းဝယ် လက်ယာရစ်လည်၍ တည်သော ကြာခြည်၏သဏ္ဌာန်ကဲ့သို့ အလွန်တင့်တယ်သော မွေးညှင်းတို့သည် ပေါက်ရောက်ကုန်၏။ တစုံတယောက်သော အထိန်းအယ မောင်းမကျေးကျွန်တို့အား မျက်မာန်ပွားသောအခါ “ငါ-မြေကို နင်းအံ့”ဟု ဆို၍ ခြိမ်းခြောက်သတည်း။ ထိုသောဏသတို့သားသည် အရွယ်သို့ ရောက်လတ်သော် ဥတုသုံးပါးနှင့်လျော်သော ပြာသာဒ်သုံးဆောင်ကို တည်ထောင်ပြုစု၍ တခုခုသော ပြာသာဒ်၌ နတ်ကညာကဲ့သို့ အဆင်းအဝါ လှပသော မိန်းမငါးရာ,ငါးရာ အရံဖြင့် စံစားရသတည်း။

ဘုရားပွင့်ပြီဟူသော သတင်းစကား

ငါတို့ဘုရား ပွင့်တော်မူ၍ ရာဇဂြိုဟ်ပြည်၌ စံနေတော်မူသောအခါ ဗိမ္ဗိသာရမင်းကြီးသည် မိမိနှင့် အဆွေခင်ပွန်းဖြစ်ကြသော ထိုသောဏသတို့သား ဘုရားသခင်ကို ဖူးမြင်စေခြင်းငှါ-

(စာမျက်နှာ-၂၀၈)
တထာဂတော လောကေ သမုပ္ပန္နော-

စသော ဂါထာကို ရတနာရွှေပေဖြင့် ရေးသား၍ သတင်းစကား ကြားစေ၏။

သတို့သားလည်း “ဘုရား”ဟူသော အသံကို ကြားရလျှင် အားရဝမ်းသာစွာဖြစ်၍ ရှစ်သောင်းမျှလောက်သော ဂါမိယ ပရိသတ်တို့နှင့်တကွ ဘုရားအထံတော်သို့ လာခဲ့၏။ အထံတော်သို့ရောက်၍ တရားတော်ကို နာရလျှင် သာသနာ၌ သဒ္ဓါခြင်း အလွန်ရှိသည်ဖြစ်၍ ရဟန်းပြုခြင်းငှါ အခွင့်တောင်း၏။

ဘုရားသခင်လည်း “အချင်း သောဏ.. အမိအဖတို့သည် အနူးအညွတ် ခွင့်မလွှတ်သောသားကို ဘုရားရှင်တို့ ရဟန်းပြုတော်မမူကုန်”ဟု ပယ်တော်မူ၏။

ထိုစကားကိုကြားသော် သောဏသတို့သားလည်း မိဘတို့၏ထံသို့ ပြန်လေ၍ ဘုရားသာသနာ၌ ရဟန်းပြုလိုပါကြောင်းဖြင့် အခွင့်တောင်း၏။ မိဘသဌေးတို့ကလည်း “ချစ်သားသောဏ.. သင်ကား ငါတို့၏ တယောက်တည်းသော သားတည်း၊ အလွန်လည်း ချစ်ခင်စွာ၏။ နှစ်လိုစုံမက် အသက်ပမာ ငါတို့ အောက်မေ့ကုန်၏၊ သေမင်းခွဲမှ မလွဲစသာ ကွဲရပါအံ့၊ ငါတို့မျက်မြင် သက်ရှင်ပင်လျှင် သင်ချစ်သားကို အသို့ခွင့်ပေးနိုင်အံ့နည်း”ဟု ဆိုသော် ထိုသောဏလည်း ခယရိုသေစွာ သုံးကြိမ်တိုင်အောင်ပင် ခွင့်တောင်း၏။ မိဘတို့ကလည်း အဆအရာ လွန်စွာ ပိတ်ပင်လေသော် ရှင်သုဒိန်ကဲ့သို့ ခုနစ်ရက်ပတ်လုံး ထမင်းအာဟာရကို မစားပဲ အိပ်ရာ၌ အလျားမှောက်၍ “ရဟန်းမပြုရမူ ဤဌာန၌ပင် သေတော့အံ့”ဟု နေ၏။ မိခင်ဖခင်တို့က ပုံပြင်နည်းနာဖြင့် များစွာချော့မော့ ပြောဆိုသော်လည်း မတုန်မလှုပ်ပဲ နေလေလျှင် “သင်အလိုရှိတိုင်း ပြုပါလော့”ဟု ခွင့်ပေးရ၏။

ထိုအခါမှ အားရဝမ်းသာထ၍ ထမင်းအာဟာရတို့ဖြင့် ကိုယ်လက် ဖြည့်တင်းလျက် သုံးရက်လေးရက်ခန့်ရှိသော် ရှင်တော်ဘုရားအထံသို့လာ၍ ရဟန်းပြုလေ၏။

(ရဟန်းပြုရာ ဝိတ္ထာရစကားကိုလိုမူ ဝိနည်းပါဠိတော်မှာ ယူလေ။)

ယင်းသို့ ရဟန်းပြုပြီးသောအခါ ရာဇဂြိုဟ်ပြည်၌ ရှိကုန်သော အရှင်သောဏ၏ လူက အဆွေအမျိုးဖြစ်ကုန်သော သဌေး သူကြွယ်တို့သည်လည်းကောင်း၊ သံဒိဋ္ဌ,သမ္ပတ္တ ဖြစ်ကုန်သော ခင်ပွန်းတို့သည်လည်းကောင်း၊ အထူးထူးသော ပူဇော်သက္ကာရတို့ဖြင့် နေ့ညဉ့်မပြတ် ဆည်းကပ်ပူဇော် လာကုန်၏။ သိမ်မွေ့သပ္ပါယ် တင့်တယ်လှသော အဆင်းအရောင်ကို ရှုလိုကြသော သူတပါးတို့သည်လည်း တိုးဝှေ့မအားမျှ လာကြကုန်သတည်း။

ထိုအခါ အရှင်သောဏသည် ဤသို့ကြံ၏။ “များစွာသော သူတို့သည် ငါ့ထံသို့သာ လာကြသဖြင့် ကမ္မဋ္ဌာန်း ဝိပဿနာကို စီးဖြန်းရာတွင် အခွင့်မရနိုင်ပြီ၊ ဤအရပ်၌ ငါနေ၍ မဂ်ဖိုလ်ချမ်းသာကို အဘယ်မှာ ရချေအံ့နည်း၊ လူတို့စက်ဆုပ်သော ယင်းတိုက်တော သုသာန်သို့သွား၍ ရဟန်းတရားကို အားထုတ်မှသာ ငါ၏ကိစ္စ ပြီးမြောက်တော့အံ့”ဟု ကြံ၍ ဘုရားထံ၌ ကမ္မဋ္ဌာန်းကို ယူပြီးလျှင် မြို့နှင့် မနီးမဝေးသော ယင်းတိုက်တော သုသာန်သို့ သွားလေ၏။ ထိုသို့ ရောက်သောအခါ “ငါကား အလွန် သိမ်မွေ့နူးညံ့၏၊ လောကီချမ်းသာကို ခံစားလိုသဖြင့် ထို့ထက်လွန်မြတ်သော လောကုတ္တရာ ချမ်းသာသို့ မရောက်နိုင်ရာ၊ ဤခန္ဓာကိုယ်ကို ပင်ပန်းစေလျက် ရဟန်းတရားကို အားထုတ်အံ့”ဟု ကြံပြီးလျှင် အိပ်ခြင်း ဣရိယာပုထ်ကိုပယ်၍ ထိုင်ခြင်း,ရပ်ခြင်း

(စာမျက်နှာ-၂၀၉)

ဖြင့်သာလျှင် ဘာဝနာကို ပွားစေ၏။ ရုပ်ပင်ပန်းသောကာလ ထိနမိဒ္ဓဖြစ်လာလျှင် ထိုထိနမိဒ္ဓကို ဖျောက်ခြင်းငှါ စင်္ကြံသွားဖန်များသဖြင့် ခြေဖဝါးနှစ်ဘက်တို့သည် ဖူးရရူးထ၍ ပေါက်ပြဲကွဲအက်ကုန်ရကား စင်္ကြံသွားရာဖြစ်သော မြေတလင်းသည် ခြင်းခြင်းနီမျှ သွေးတို့ဖြင့် ပြွမ်းကုန်၏။

ပုဂ္ဂိုလ်လေးမျိုး

ဤသို့သာလျှင် ဝါတွင်းသုံးလပတ်လုံး လွန်စွာ အားထုတ်ပါသော်လည်း ဈာန်သမာပတ် မြတ်သောတရားတို့၏ အရိပ်နိမိတ်ကိုမျှ မထင်သောကြောင့် ဤသို့ ဆင်ခြင်ပြန်၏။ “သူတပါးတို့သည် ရဟန်းတရားကို အလွန်အားထုတ်၏ ဟူသော်လည်း ငါတို့နှင့် တူရုံမျှသာရှိရာသည်။ သို့စင် အားထုတ်ပါလျက် ဩဘာသမျှ ငါ့အား မထင်နိုင်ချေ၊ အကျဉ်းပြလျှင် အကျယ်မြင်သော ဥဂ္ဃဋိတညူ ပုဂ္ဂိုလ်, အကျယ်ဟောကြားမှ တရားကိုသိတတ်သော ဝိပဉ္စိတညူပုဂ္ဂိုလ်, တခုသောပုဒ်ကို ဥဒ္ဒေသ နိဒ္ဒေသ ပဋိနိဒ္ဒေသအားဖြင့် ဖွင့်၍ပြမှ သိစွမ်းနိုင်ကြသော နေယျပုဂ္ဂိုလ်, ဟောသမျှသာ မှတ်နိုင်စွာသော ပဒပရမ ပုဂ္ဂိုလ်အားဖြင့် လေးပါးသော ပုဂ္ဂိုလ်စုတွင် ငါသည် ပဒပရမပုဂ္ဂိုလ်သာ ဖြစ်ရာလတ္တံ့။ ထို့ကြောင့် ရဟန်းပြု၍နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လူထွက်၍ ကြီးမြတ်သော လောကီစည်းစိမ်ကိုပင် ခံစားဦးအံ့”ဟု အကြံဖြစ်၏။

ထိုအကြံကို ဘုရားသခင် သိမြင်တော်မူ၍ ထိုနေ့ညချမ်းသော အခါဝယ် သံဃာတော်အပေါင်း ခြံရံလျက် ယင်းတိုက်တော သုသာန်သို့ ကြွတော်မူလေ၍ မြေပြင်အလုံး၌ ခြင်းခြင်းနီသောသွေးတို့ဖြင့် လိမ်းကျံသည်ကို မြင်တော်မူလျှင် အရှင်သောဏ မထေရ်ကိုခေါ်စေ၍ အခြင်းအရာကိုမေးပြီးမှ မတင်းမလျော့ပြု၍ တီးသော စောင်းဥပမာဖြင့် ဩဝါဒပေးခဲ့၍ ကျောင်းသို့ပြန်ကြွတော်မူသည်။ အရှင်သောဏလည်း ဘုရားဆုံးမတော်မူတိုင်း ဝီရိယနှင့်သမာဓိ သဒ္ဓါနှင့်ပညာကို မျှစေလျက် အားထုတ်တော်မူသဖြင့် မရှည်မြင့်မီပင် ပဋိသမ္ဘိဒါ လေးပါး, အဘိညာဉ်ခြောက်ပါး, သမာပတ်ရှစ်ပါး, တရားအထူးနှင့်တကွသော အရဟတ္တဖိုလ်သို့ ရောက်ပေ၏။

ထိုအရှင်သောဏကို ဇေတဝန်ကျောင်းတော်သို့ရောက်၍ သာဝကတို့ကို အရာဌာန အသီးအသီး ထားတော်မူသောအခါ အာရဒ္ဓဝီရိယ ဧတဒဂ်အရာ၌ ထားတော်မူသည်။

ကောဠိဝိသ မှတ်ချက်

(ဤအရှင်သောဏကား အထွတ်အဖျားရောက်သော စည်းစိမ်အခြံအရံရှိသော အမျိုးမှ ရဟန်းပြုသည်ဖြစ်၍ “ကောဋိယသသောဏဟု အမည်တွင်သတည်း၊ အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ကား ကောဠိဝိသဟူ၏။ တရားစာတို့၌ ထမင်းဖြစ်ရာကိုမျှ မသိသော အနုရုဒ္ဓါမထေရ်, လက်ခြေ၌ အမွေးရောက်သော သောဏုတ္တရမထေရ်ဟု ရေးကြသည်ကား အမည်မှားသာ။)

၄၁။ ရှင်ဥပသေနထေရ်၏ ရှေးအကြောင်းကို ပြခြင်း

တရားစစ်သူကြီးဖြစ်သော ရှင်သာရိပုတြာ၏ ညီတော်သုံးဦးတို့တွင် အရှင်ဥပသေန၏ အကြောင်းကား- ပဒုမုတ္တရဘုရား၏ လက်ထက်တော်၌ ဟံသာဝတီပြည်ဝယ် သူကြွယ်တဦးဖြစ်၍

(စာမျက်နှာ-၂၁၀)

ရှေးအရှင်တို့၏ အလောင်းများကဲ့သို့ ဘုရားအထံတော်သို့ ချဉ်းကပ်၍ တရားတော်မြတ်ကို နာသဖြင့် သရဏဂုံပဉ္စသီ၌ တည်၏။

ကုသိုလ်နှင့် ဆုတောင်း

တရံသောအခါ မြတ်စွာဘုရားသည် တခုသော တောအုပ်တောင်ဝှမ်း၌ နေ့သန့်တော်မူသည်ကို ထိုသူကြွယ်သည် တောလည်သွားသည်နှင့် မြင်လျှင် ထက်ဝန်းကျင်သော တောအုပ်၌ရှိသော မဟာလှေခါးပန်းတို့ကို ဆွတ်၍ ဘုရားရှင်၏ နေရာတော်ကိုလည်း ခင်း၏၊ ပန်းထီးပြု၍လည်း မိုးကာ၏။ မြို့သို့ ပြန်သောအခါ များစွာသော ဆွေမျိုးတို့အား နှိုးဆော်တိုက်တွန်း၍ ဆွမ်းအဖျော်တို့ကို စီရင်လျက် ဘုရားသခင်နှင့်တကွသော သံဃာတော် အပေါင်းတို့အား ဆွမ်းလောင်းခြင်းကို ပြု၏။ မိမိအိမ်၌လည်း ရှစ်ပါးသော သံဃာတော်တို့ကိုပင့်၍ အမြဲ ဆွမ်းလုပ်ကျွေး၏။ တရံသောအခါ မြတ်စွာဘုရားသည် တဦးသော သံဃာအား သမန္တပါသာဒိက ဧတဒဂ်အရာ၌ ထားသည်ကိုမြင်၍ “ဤအရှင်ကဲ့သို့ နောင်ဘုရားတို့၏ သာသနာ၌ ဖြစ်ရပါလိုသော”ဟု ဆုတောင်း၏။ ဘုရားသခင်လည်း ယခင်မထေရ်ကဲ့သို့ ဗျာဒိတ်စကား ကြားတော်မူသတည်း။

နောက်ဆုံးဘဝ ရဟန်းပြုပုံ

ထိုအဖြစ်မှ စုတေခဲ့သော် ယခင်ပြုခဲ့သော ကောင်းမှုအရင်းကြောင့် နတ်တကာတို့ကို ပိုင်နင်းသော နတ်မင်း၏အဖြစ် အကြိမ်သုံးဆယ်, စကြဝတေးမင်း၏အဖြစ် နှစ်ဆယ့်တကြိမ်, ပဒေသရာဇ်, ဧကရာဇ်, သဌေးသူကြွယ်တို့၏ အဖြစ်သည် မရေမတွက်နိုင်ဖြစ်ခဲ့၍ ငါတို့ဘုရားရှင် လက်ထက်တော်၌ ရာဇဂြိုဟ်ပြည်၏အနီး နာဠန္ဒမည်သောရွာကြီး၏ တံခါး၌ ဝင်္ကန္တပုဏ္ဏား၏မယား သာရီမည်သော ပုဏ္ဏေးမ၏ဝမ်း၌ ပဋိသန္ဓေနေလာ၍ ဖွားသောအခါ ဥပသေနဟူသော အမည်ကို မှည့်၏။ အရွယ်သို့ ရောက်သောအခါ ဗေဒင်သုံးပုံကိုသင်၍ ကျွမ်းကျင်လိမ္မာသတည်း။ အစ်ကိုကြီးဖြစ်သော ရှင်သာရိပုတြာသည် ရဟန်းပြု၍ အဂ္ဂသာဝကကြီးအဖြစ်သို့ ရောက်လျှင် နောင်တော်၌ ကြင်နာသောအားဖြင့် ဘုရားကျောင်းတော်သို့ တလတကြိမ် လာသတည်း။ တရားတော်ကိုနာသဖြင့် သာသနာ၌ သဒ္ဓါတရားဖြစ်ပွားလေ၍ ထိုနေ့ပင်လျှင်ဝင်၍ ရဟန်းပြုလေ၏။

တပည့်ကြောင့် ကဲ့ရဲ့ခံရပုံ

ယင်းသို့ ရဟန်းပြု၍ တဝါရလျှင်ပင် ငါသည် ဘုရားသာသနာတော်၌ အရိယာဖြစ်သော ပရိသတ်ကို ပွားစေအံ့ဟု နှလုံးထား၍ တဦးသော အမျိုးကောင်းသားအား ရဟန်းပြု၍ပေး၏။ ထိုဆရာတပည့် နှစ်ဦးတို့သည် ဝါကျွတ်သောအခါ မြတ်စွာဘုရားကို ပူဇော်ခြင်းငှါ လာခဲ့၍ မြတ်စွာဘုရားအား ရှိခိုးပူဇော်လေသော် ကိုယ်တော်မြတ်သည်လည်း ပေးအပ်သော ပဋိသန္ဓာရစကားတို့ကို မြွက်ကြားတော်မူပြီး၍ “ချစ်သား ဥပသေန.. သင်ကား အဘယ်မျှ ဝါရပြီနည်း”ဟု မေးတော်မူ၏။ နှစ်ဝါရကြောင်းကို လျှောက်လျှင် “သင်နှင့်အတူပါသော ရဟန်းကား အဘယ်မျှ ဝါရပြီနည်း။ သင်နှင့် အသို့စပ်သနည်း”ဟု မေးတော်မူပြန်၏။ တဝါသာရကြောင်း သဒ္ဓိဝိဟာရိက တပည့်ဖြစ်ကြောင်းကို လျှောက်လျှင် ဘုရားသခင်လည်း “ချစ်သား ဥပသေန... သင်၏ အစီးအပွားဖြစ်သော မဂ်ဖိုလ်တရားကို မရှာပဲ လျင်စွာ ပရိသတ်ပွားစေခြင်းငှါ အဘယ့်ကြောင့် လှည့်လည်ပါဘိသနည်း၊ သင်ကား သူတပါး ဆုံးမထိုက်သေးသော သူဖြစ်ပါလျက် အဘယ့်ကြောင့် သူတပါးကို ဖျက်ဆီးခြင်းငှါ အားထုတ်သနည်း”ဟု ကဲ့ရဲ့တော်မူ၍ သိက္ခာပုဒ်ကို ပညတ်တော်မူ၏။

(စာမျက်နှာ-၂၁၁)

ထိုအခါမှစ၍ အရှင်ဥပသေနလည်း “ငါ့အား ဘုရားသခင်သည် ပရိသတ်ကိုမှီ၍ ယခု ကဲ့ရဲ့တော်မူချေသည်။ နောင်သောအခါ ပရိသတ်ကိုမှီ၍ပင် လပြည့်ဝန်းနှင့်တူသော ရွှေမျက်နှာတော်ဖြင့် အံ့သြချီးမွမ်းခြင်းကိုရအောင် ငါလုံ့လပြုအံ့”ဟု ကြံပြီးလျှင် ဘုရားသခင်ကို ပူဇော်ခဲ့၍ မိမိနေရာသို့ ပြန်လာ၏။ ကျောင်းသို့ ရောက်သောအခါ ကမ္မဋ္ဌာန်း ဝိပဿနာကို လွန်စွာ အားထုတ်သဖြင့် မမြင့်မီပင် အရဟတ္တဖိုလ်သို့ ရောက်၏။ ထိုအခါမှစ၍ မိမိအထံသို့ ဆည်းကပ်လာသော ဥပါသကာ ဥပါသိကာမတို့အား ကာမာဒီနဝ, နေက္ခမ္မာနိသံသ စသောတရားတို့ကို ဆန်းကြယ်စွာ ဟောကြား၏။

တပည့်ကြောင့် ချီးမွမ်းခံရပုံ

ထိုအရှင်ကား ကြီးမားမြင့်မြတ်သော အမျိုးမှ ရဟန်းပြုသော ပုဂ္ဂိုလ်ဖြစ်၍လည်းကောင်း၊ နှစ်သက်ဖွယ်သော တရားစကားကို ဟောကြားပြသတတ်သောကြောင့်လည်းကောင်း အရှင်ဥပသေန၏တရား၌ ကြည်ညိုသောအားဖြင့် များစွာသောသူတို့သည် ရဟန်းပြုကြကုန်သတည်း။ ပြုတိုင်းပြုတိုင်းသော သူတို့အားလည်း “ငါကား အာရညကင် ဓုတင်ဆောင်သည်။ သင်တို့လည်း အာရညကင်ဓုတင် ဆောင်ကြပါမူ ငါ့ထံ၌ ရဟန်းပြုလော့ဟူ၍လည်းကောင်း၊ ငါသည် သပဒါနဓုတင် ဆောင်သည်။သင်တို့လည်း ငါကဲ့သို့ဆောင်ကြပါမူ ငါ၏အထံ၌ ရဟန်းပြုလော့” ဟူ၍လည်းကောင်း ဓုတင်တေရသတို့၌ အသီးသီး ဝန်ခံစေပြီးမှ ရဟန်းပြုပေးသတည်း။ မိမိသည် ဆယ်ဝါပြည့်၍ ထေရသမ္မုတိကို ရသောအခါ ဝိနည်းဒေသနာကို ဝါစုဂ္ဂတပြုလျက် အလုံးစုံသောသူတို့အား ပဉ္စင်းခံစေကုန်၏။ ယင်းသို့ ပဉ္စင်းခံစေ၍ အခြံအရံဖြစ်သော ရဟန်းတပည့် ငါးရာမျှရှိလတ်သော် ဘုရားကိုယ်တော်မြတ်ကို ဖူးမြင်ခြင်းငှါ ကျောင်းတော်သို့ လာခဲ့၏။

ထိုအခါ ဘုရားသခင်လည်း ဇေတဝန် ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၍ ဘိက္ခုသံဃာအပေါင်းတို့ကို စည်းဝေးစေပြီးလျှင် “ချစ်သားတို့... ငါဘုရားသည် လခွဲကာလပတ်လုံး ဆိတ်ငြိမ်ရာ၌ ကိန်းအောင်းခြင်းငှါ အလိုရှိတော်မူ၏၊ ဆွမ်းဆောင်သော ရဟန်းမှ တပါးသော ရဟန်းသည် ငါဘုရားကို မဖူးမြင်စေအပ်၊ အကြင်ရဟန်းသည် ဖူးမြင်လာငြားအံ့၊ ပါစိတ်အာပတ်သင့်စေ”ဟု ကတိကဝတ်ထား၍ ဘုရားကိန်းအောင်းတော်မူသော အခါတွင် အရှင်ဥပသေနမထေရ် ရောက်လာသည်နှင့် မြတ်စွာဘုရားအားဝင်၍ ဖူးမြင်လေသော် ကိုယ်တော်မြတ်သည်လည်း အရပ်ရပ်ရှိသော အာလာပ,သလ္လာပ စကားကို ဆိုတော်မူပြီး၍ တဦးသော ရဟန်းငယ်အား “သင်သည် ခေါင်းပါးသော ပံသုကူသင်္ကန်းကို အဘယ့်ကြောင့် ဆောင်သနည်း”ဟု မေးတော်မူသော် “ဥပဇ္ဈာယ်ဆရာက ငါကဲ့သို့ဆောင်မှ ငါ၏အထံ၌ ရဟန်းပြုရမည်ဟု ပညတ်သောကြောင့် တပည့်သံဃာ ငါးရာလုံးပင် အရှင်ဥပသေနကဲ့သို့ အာရညကင်ဓုတင် ဆောင်ရပါသည်။ သောသာနိကဓုတင် ဆောင်ရပါသည်၊ အဗ္ဘောကာသိကဓုတင်, ရုက္ခမူဓုတင်, နိသဇ်ဓုတင်, တေစီဝရိကဓုတင်, ပံသုကူဓုတင်, ပိဏ္ဍပါတိကဓုတင်, သပဒါနစာရိကဓုတင်, ဧကာသနိက်ဓုတင်, ပတ္တပိုဏ်ဓုတင်, ခလုပစ္ဆာဓုတင်, ယထာသန္ထတိဓုတင်တို့ကို စွမ်းနိုင်သမျှ ဂရုဂါရဝအားဖြင့် ဆောင်ရပါသည်”ဟု နားတော်လျှောက်တင်သော် ဘုရားသခင်လည်း ရွှင်လှသော မျက်နှာတော်ဖြင့် သုံးကြိမ် သာဓုခေါ်၍ ကောင်းချီးပေးတော်မူသည်။ ထိုအရှင်အား ကျေးဇူးစကားဖြင့် များစွာ ချီးမွမ်းတော်မူသည်။ ယင်းသို့ ချီးမွမ်းပြီးမှ အရှင်ဥပသေနအား သမန္တပါသာဒိက ဧတဒဂ်အရာ၌ ထားတော်မူသတည်း။

(ဤကား အကျဉ်းသာတည်း၊ အကျယ်ကိုလိုမူ ဝိနည်းပါဠိတော်၌ ယူပါကုန်။)
(စာမျက်နှာ-၂၁၂)

၄၂။ ရှင်စုန္ဒထေရ်၏ ရှေးအကြောင်းကို ပြခြင်း

ကုသိုလ်နှင့် ဗျာဒိတ်ရပုံ

အရှင်စုန္ဒထေရ်၏ အကြောင်းကား- ဤကမ္ဘာမှ ပြန်၍ရေသော် ကိုးဆယ့်ခြောက်ကမ္ဘာထက်၌ သိဒ္ဓတ်အမည်ရှိသော မြတ်စွာဘုရား ထင်ရှားဖြစ်တော်မူသောကာလ အရှင်စုန္ဒ၏အလောင်းသည် တဦးသော ဥပါသကာဖြစ်၍ သရဏဂုံ ပဉ္စသီလကို ဆောက်တည်လျက် နံနက်,နေ့, ညဉ့်ပင် ဘုရားအထံသို့ ဆည်းကပ်သတည်း။ တရံသောအခါ မြတ်စွာဘုရားအား ထူးခြားသော ဒါနဝတ္ထုဖြင့် လှူဒါန်းချီးမြှင့်အံ့ဟု ကြံပြီးလျှင် ကြီးကျယ်လှသော ပန်းစေတီကိုပြု၍ ပူဇော်၏။

ဘုရားကိုယ်တော်မြတ်လည်း လှူအပ်သော‌ဒါန၏ အကျိုးဆက်ကို မြွက်ကြားတော်မူခြင်းငှာ--

ဒိဗ္ဗဂန္ဓံ ပဝါယန္တံ၊ ယော မေ ပုပ္ဖဂ္ဃိယံ အဒါ။
တမဟံ ကိတ္တယိဿာမိ၊ သုဏာထ မမ ဘာသတော-

စသော ဂါထာတို့ဖြင့် ဗျာဒိတ်စကား ကြားတော်မူ၏။

[အနက်ကား]ယော၊ အကြင်ဒါယကာသည်။ ဒိဗ္ဗဂန္ဓံ၊ နတ်၏ရနံ့ကို။ ပဝါယန္တံ၊ လှိုင်စေတတ်သော။ ပုပ္ဖဂ္ဃိယံ၊ ပန်းစေတီကို။ မေ၊ ငါဘုရားအား။ အဒါ၊ လှူပြီ။ တံ၊ ထိုလှူခြင်း၏ အကျိုးကို။ အဟံ၊ ငါဘုရားသည်။ ကိတ္တယိဿာမိ၊ ကြားပေအံ့။ ဘာသတော၊ ဟောတော်မူသော။ မမ၊ ငါဘုရား၏။ ဝစနံ၊ စကားကို။ သုဏာထ၊ နာလင့်ကုန်။

အယံ ပေါသော၊ ဤယောက်ျားသည်။ ဣတော၊ ဤလူ၏ ဘဝမှ။ စုတော၊ စုတေခဲ့သော်။ ဒေဝသင်္ဃပုရက္ခတော၊ နတ်သမီး နတ်သားအပေါင်း ခြံရံလျက်။ ဇာတိပုပ္ဖေဟိ၊ မုလေးပန်းတို့ဖြင့်။ ပရိကိဏ္ဏော၊ ပြွမ်းလျက်။ ဒေဝလောကံ၊ နတ်ပြည်သို့။ ဂမိဿတိ၊ ရောက်လတ္တံ့။ တဿ၊ ထိုသူ၏။ ပုညကမ္မဘာဝိတံ၊ ကောင်းမှုကံကြောင့်ဖြစ်သော။ ဘဝနံ၊ ဘုံဟုသမုတ်အပ်သော။ ဥဗ္ဗိဓံ၊ အစောက်မြင့်သော။ သောဝဏ္ဏဉ္စ၊ ရွှေဖြင့်ပြီးသည်လည်းဖြစ်သော။ မဏိမယံ၊ ပတ္တမြားဖြင့် ပြီးသည်လည်းဖြစ်သော။ ဗျမှံ၊ ရတနာဗိမာန်သည်။ ပါတု ဘဝိဿတိ၊ ထင်ရှားဖြစ်လတ္တံ့။

သော၊ ထိုသူသည်။ စတုသတ္တတိက္ခတ္တုံ၊ ခုနစ်ဆယ့် လေးကြိမ်တိုင်တိုင်။ ဒေဝရဇ္ဇံ၊ နတ်မင်းအဖြစ်ကို။ ကရိဿတိ၊ ပြုရလတ္တံ့။ အစ္ဆရာဟိ၊ ပျူငှါဆန်းကြယ် သက်ရွယ်မကြီး နတ်သမီးအပေါင်းတို့ဖြင့်။ ပုရက္ခတော၊ ခြံရံအပ်သည်ဖြစ်၍။ သမ္ပတ္တိံ၊ နတ်၏ စည်းစိမ်ကို။ အနုဘောဿတိ၊ အစဉ် ခံစားရလတ္တံ့။ တိသတံ၊ အကြိမ်သုံးရာတိုင်တိုင်။ ပထဗျာရဇ္ဇံ၊ ဧကရာဇ်မင်းသည်။ ဟုတွာ၊ ဖြစ်၍။ ဝသုဓံ၊ မြေပြင်ပတ်ကုံး ကျွန်းအလုံးကို။ အာဝသိဿတိ၊ စိုးမိုးပိုင်ချုပ် မင်းလုပ်ရလတ္တံ့။ ပဉ္စသတ္တတိက္ခတ္တုံ၊ ခုနစ်ဆယ့်ငါးကြိမ် တိုင်တိုင်လည်း။ စက္ကဝတ္တိံ၊ စကြာရှေ့တည် လေးကျွန်းလည်သော မန္ဓာတ်မင်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

နာမေန၊ အမည်အားဖြင့်။ ဒုဇ္ဇယော နာမ၊ ရန်ခပဲတို့ အောင်ခဲလှ၍ ဒုဇ္ဇယအမည်ရှိသော။ မနုဇာဓိပေါ၊ လူတို့သနင်း စကြာမင်းသည်။ ဟေဿတိ၊ ဖြစ်လတ္တံ့။

(စာမျက်နှာ-၂၁၃)

သကကမ္မံ၊ မိမိ၏ ကုသိုလ်ကံကို၊ အပဿိတော၊ မှီလျက်။ တံ ပုညံ၊ ထိုကုသိုလ် အကျိုးကို။ အနုဘောတွာန၊ ခံစား,စံစားခဲ့၍။ ဝိနိပါတံ၊ အပါယ်လေးရွာသို့။ အနာဂန္တွာ၊ မလားမူ၍။ မနုဿတ္တံ၊ လူ၏အဖြစ်သို့။ ဂမိဿတိ၊ လားလတ္တံ့။ ဟိရညဿ၊ ငွေအသပြာ၏။ ကောဋိသတာနမ္ပိ၊ ကုဋေအရာတို့ဖြင့်လည်း။ အနပ္ပကံ၊ မနှိုင်းယှဉ်နိုင်သော။ ဝါ၊ ကောဋိသတမနပ္ပကံ၊ ကုဋေငါးရာ ခြောက်ဆယ်သာမျှ အနပ္ပကမ်း။ နိစိတံ၊ ဘိုးဘေးစဉ်လျက် ခုနစ်ဆက်မီ ရှစ်ဆယ်စီလျှင် အညီ ဆည်းပူး၍။ နိဟိတဓနေ၊ လက်မထိသီး သိုမှီးပိုက်ထုပ် မြှုပ်သောဥစ္စာရှိသော။ ယောနိမှိ ဗြာဟ္မဏေ၊ ပုဏ္ဏားအမျိုး၌။ နိဗ္ဗတ္တိဿတိ၊ ဖြစ်လတ္တံ့။ ဝင်္ကန္တဿ၊ ဝင်္ကန္တပုဏ္ဏား၏။ သာရိယာ၊ သာရီပုဏ္ဏေးမ၏။ ပိယော၊ ချစ်အပ်သော။ ဩရသော၊ ရင်၌ဖြစ်သော။ ဓီမာ၊ ပညာရှိသော။ သုတော၊ သားသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

(ဓမ္မပဒ အဋ္ဌကထာ၌ အရှင်သာရိပုတြာ၏ မိဘတို့၌ ဥစ္စကုဋေ ငါးရာ့ခြောက်ဆယ် ရှိသည်ဟု ဆိုသည်။ ဘိုးဘေးခုနှစ်ဆက်မှ ရှစ်ဆယ်စီ ရှစ်ဆယ်စီလာ၍ ငါးရာ့ခြောက်ဆယ် ဖြစ်ဖွယ်ရှိ၏၊ ဤကိုထောက်ဆ၍ ကောဋိသတမနပ္ပကံကို အဓိပ္ပါယတ္ထ ယောဇနာသည်။)

သော၊ ထိုဝင်္ကန္တပုဏ္ဏား၏ သားသည်။ ပစ္ဆာ၊ နောက်၌။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ အင်္ဂီရသဿ၊ ဂေါတမမြတ်စွာဘုရား၏။ သာသနေ၊ သာသနာ၌။ စူဠစုန္ဒောတိ နာမေန၊ စူဠစုန္ဒဟူသော အမည်ဖြင့်။ သတ္ထုသာဝကာ၊ ဘုရားတပည့်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

သော၊ ထိုစူဠစုန္ဒသည်။ သာမဏေရောဝ သမာနော၊ ခုနစ်နှစ်ဝင် ရှင်သာမဏေပြုလေ၍။ ခီဏာသဝေါ၊ ရဟန္တာသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ သဗ္ဗာသဝေါ၊ အလုံးစုံသော အာသဝေါ တရားတို့ကို။ ပရိညာယ၊ သိ၍။ အနာသဝေါ၊ အာသဝေါမရှိပဲ။ နိဗ္ဗာယိဿတိ၊ ပရိနိဗ္ဗာန် စံယူလတ္တံ့။

နောက်ဆုံးဘဝ

ဤဒေသနာဖြင့် မြတ်စွာဘုရားသည် ဗျာဒိတ်စကား ကြားတော်မူလတ်သော် ထိုစုန္ဒထေရ်၏ အလောင်းဖြစ်သော ဥပါသကာသည်လည်း သဒ္ဓါတရား အတိုင်းထက်အလွန်ဖြစ်၍ အသစ်အသစ်သော ကုသိုလ်သမ္ဘာရတို့ကို များစွာဆည်းပူးလျက် အသက်အတိုင်းနေ၍ စုတေသောအခါ မြတ်စွာဘုရား မိန့်ကြားတော်မူသော ဗျာဒိတ်တော်အတိုင်း လူ့ပြည်နတ်ရွာ၌ ချမ်းသာစည်းစိမ်ကို ခံစားခဲ့၍ ငါတို့ဘုရား ထင်ရှားဖြစ်တော်မူသောအခါ ရာဇဂြိုဟ်ပြည်၏ အနီးဖြစ်သော နာဠန္ဒရွာကြီး၌ ဝင်္ကန္တအမည်ရှိသော ပုဏ္ဏား၏မယား သာရီမည်သော ပုဏ္ဏေးမ၏ဝမ်း၌ ပဋိသန္ဓေနေ၍ ဖွားသောကာလ ဥပတိဿ, ဥပသေနဟူသော သားကြီးနှစ်ယောက်၊ ဇာလာ ဥပဇာလာ သီသဇာလာ ဟူသော သမီးသုံးယောက်တို့၏နောက်မှ ဖွားမြောက်လာ၍ ငယ်သောသား ဖြစ်ရကား စူဠစုန္ဒဟူသော အမည်ကို မှည့်၏။

ထိုစုန္ဒသတို့သားလည်း အစဉ်အတိုင်း ချမ်းသာကြီးပွား၍ ခုနစ်နှစ်အရွယ်သို့ ရောက်သောအခါ နောင်တော်နှစ်ဦး အစ်မသုံးဦးတို့သည် ဘုရားရှင်သာသနာ၌ ရဟန်းချည်း ဖြစ်ကြလေကုန်ရကား

(စာမျက်နှာ-၂၁၄)

ကျောင်းသို့မပြတ် သွားစမှတ်ပြု၏။ တရံသောအခါ နောင်တော် ရှင်သာရိပုတြာက “ညီချစ်စုန္ဒ.. သင်သည် ငါတို့ကဲ့သို့ ရဟန်းပြုလို၏လော”ဟု မိန့်တော်မူလျှင် “နောင်တော်တို့ကို ကြင်နာသောအားဖြင့်ပင် ရဟန်းပြုချင်ပါ၏”ဟု လျှောက်၏။ ထိုအခါ ရှင်သာရိပုတြာသည်လည်း ဆင်အပ်သာ တန်ဆာတို့ကို ချွတ်စေ၍ ဦးခေါင်းကို ရေစွတ်စေပြီးလျှင် ဆံပင်ကို သန့်ရှင်း၏။ ထိုသို့ ဆံရိတ်သောအခါ ကေသာ,လောမာစသော တစပဉ္စကကို သင်စေ၍ ဆံပင်အမွေးတို့၏ ဝဏ္ဏသဏ္ဌာန, ဓာတုအာကာရ စသည်ကို ပြောဟောတော်မူလျှင် သံသရာဘဝက ဥပနိဿယ ကြီးသသူဖြစ်၍ တရာ့ရှစ်ပါးသော တဏှာအစေးတို့သည် ပြတ်၍ အရဟတ္တဖိုလ်သို့ ရောက်လေ၏။

ထိုအခါမှစ၍ စုန္ဒသာမဏေသည် နောင်တော် တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတြာအား နိယံမပြတ် ဆည်းကပ်လုပ်ကျွေး၏။ တရံတခါဝယ် မြတ်စွာဘုရားအားလည်း ရေနွေးရေချမ်း ကမ်းလှမ်းခြင်း, ခြေဆုပ်လက်နယ်ပြုခြင်း, နေရာခင်းခြင်း, မျက်သစ် ဒန်ပူကပ်ခြင်းဖြင့် လုပ်ကျွေးပြုစုသတည်း။ အသက်နှစ်ဆယ် ပြည့်သောအခါ ဉတ္တိစတုတ္ထ ကမ္မဝါစာဖြင့် ရဟန်းပြု၍ သဗ္ဗညုသာသနာ၌ ထင်ရှားစွာသော သာဝကမြတ် ဖြစ်သတည်း။

ရှင်စုန္ဒ မှတ်ချက်

(ဤစုန္ဒထေရ်ကား ဧတဒဂ်ရ သာဝကတွင် မပါ၊ အသီတိသာဝကတွင်သာ ပါသည်။ ၎င်းတို့ညီဖြစ်သော အရှင်ရေဝတကား ဘုရားရှင် ရာဇဂြိုဟ်ပြည်ဝယ် ဝီသတိမဝါ ဆိုတော်မူသောအခါမှ သာသနာသို့ ဝင်ရောက်ဟန်ရှိသည်။ ဤမှတပါး များစွာသော မထေရ်တို့၏ အတ္ထုပ္ပတ္တိကိုပြဆိုလျှင် လိုရင်းမကျ ဂန္ထဂရု ဖြစ်ရာသောကြောင့် ထင်ရှားစွာသော ပုဂ္ဂိုလ်တို့ကိုသာ ပြဆိုလိုက်သည်။)

၄၃။ စိတ္တသူကြွယ်၏ ရှေးအကြောင်းကို ပြခြင်း

ကုသိုလ်နှင့် ဗျာဒိတ်ရပုံ

ရာဇဂြိုဟ်ပြည်တွင် ဘုရားရှင်ထံသို့ ဆည်းကပ်ကြသော ဥပါသကာအပေါင်းတို့တွင် စိတ္တသူကြွယ်၏ အကြောင်းကား- ပဒုမုတ္တရဘုရား ထင်ရှားဖြစ်တော်မူသောကာလ စိတ္တသူကြွယ်၏ အလောင်းသည် ဟံသာဝတီပြည်ဝယ် သိမ်ငယ်သော အမျိုး၌ဖြစ်၍ တရံသောကာလ ဘုရားအထံသို့ ဆည်းကပ်လေသော် အထံတော်၌ ပုစ္ဆာပြဿနာကို မေးလျှောက် ပြောဟောကာနေသော ဧတဒဂ်ရ ဓမ္မကထိက သဌေးတဦးကိုမြင်၍ “အရှင်သဌေး၏ ကုသိုလ်ကံကား ကြီးမားမြင့်မြတ်ပေစွ၊ ငါတို့လောကတွင် ဤသူ တောင့်တစရာပင်မရှိ၊ အတိုင်းမသိသော ရွှေငွေဥစ္စာ, အတိုင်းမသိသော သား,မြေး,ကျေးကျွန်တို့နှင့်လည်း ပြည့်စုံ၏။ အံ့ဩစဖွယ် တင့်တယ်သော အဆင်းအဝါ ဆန်းကြယ်လိမ္မာသော ပညာတို့နှင့်လည်း ပြည့်စုံ၏။ ဘုရားသခင်ကိုလျက် ကျွမ်းဝင်ရောပြွမ်းနိုင်၏။ ဤသဌေးကဲ့သို့ နောင်ဘုရားရှင်တို့၏ သာသနာ၌ ငါလည်းဖြစ်ရအောင် ပုညအထူးကို ဆည်းပူး၍ ဆုတောင်းအံ့” ဟု ကြံလျက် သံဃာတို့၏ အာရာမ်ကိုလည်း သုတ်သင်ပြင်ဆင်၏၊ သံဃာတို့၏ အလိုရှိသမျှသော ကိစ္စခပ်သိမ်းကိုလည်း ရွက်ဆောင်၏။ အားတန်အင်မျှသော လှူဖွယ်ဝတ္ထုတို့ကိုလည်း ပြုစုလှူဒါန်း၏။ သရဏဂုံ ပဉ္စသီကိုလည်း ဆောက်တည်၍ တရားတော်ကိုနာပြီးလျှင် “အကျွန်ုပ်သည် ဤသို့ပြုရသော ပုညအစုံကြောင့် ယခု ဧတဒဂ်ရသော ဓမ္မကထိက ဒါယကာကဲ့သို့ နောင်ဘုရားရှင်တို့၏ သာသနာတော်၌ ဖြစ်ပါစေသော”ဟု

(စာမျက်နှာ-၂၁၅)

ဆုတောင်း၏။ ဘုရားသခင်လည်း ပြည့်စုံလတ္တံ့သော အကြောင်းကိုမြင်၍ ဗျာဒိတ်စကား ကြားတော်မူ၏။

နောက်ထပ်ကုသိုလ်ပြုပုံ

ထိုသူဆင်းရဲလည်း ထိုဘဝ၌ အသက်အတိုင်းနေ၍ စုတေလေသော် ကာမသုဂတိ ခုနစ်ဘုံ၌ ဆန်,စုန်လှည့်လည်ကာဖြစ်ရ၍ ကဿပဘုရား ပွင့်တော်မူသောအခါ တခုသော ရွာငယ်၌ မုဆိုးအိမ်ဝယ် ပဋိသန္ဓေနေလေ၏။ ဖွားမြောက်၍ အရွယ်သို့ ရောက်သောအခါ သား,ငါးဖွေရှာခြင်းငှါ တောသို့ သွားလာလှည့်ပတ်လေသော် တခုသောတောင်ဝှမ်း၌ ရဟန်းတရားကို အားထုက်၍နေသော မထေရ်တဦးကိုမြင်၍ အရှင်မြတ်အား ဆွမ်းအဖျော်ဖြင့် ပူဇော်လှူဒါန်းမူ ကောင်းမြတ်သောအကျိုး ဖြစ်ရာ၏ဟု ဖြောင့်တန်းစွာသော သဒ္ဓါစိတ်သည်ဖြစ်၍ အိမ်သို့ပြန်ပြီးလျှင် ယမန်နေ့ကဆောင်ခဲ့၍ ကင်ထားသော သားဟင်းမျိုးတို့ကိုလည်းကေင်း၊ တကွမ်းစားသော ဆန်ကိုလည်းကောင်း ချက်၍ ထိုသို့ချက်စဉ် ဆွမ်းခံဝင်လာသော ရဟန်းတဦးကိုလည်း အတန်ငယ်ခူး၍ လှူပြီးလျှင် တပါးစာသော ဆွမ်းနှင့်ဟင်းကိုပြင်၍ ယခင်တောသို့ လာခဲ့၏။ ခရီးအကြား၌ ထူးခြားတင့်တယ်စွာသော ပန်းတို့ကို မြင်ပြန်သော် အရှင်မြတ်၏နေရာ၌ ဤပန်းတို့ကို ခင်းရသော် ကောင်း၏ဟုကြံ၍ ဆွတ်ယူဆောင်ခဲ့ပြီးလျှင် ယခင်ရဟန်း၏ နေရာ၌ ကောင်းစွာခင်းလှူ၏။ ယူခဲ့သော ဆွမ်းနှင့်ဟင်းတို့ကိုလည်း ကပ်လှူပေ၏။

ယင်းသို့ ကပ်လှူပြီးသော် “အကျွန်ုပ်သည် ဤနှစ်သက်ဖွယ်သော သားဟင်းမျိုးနှင့် တကွသော ဆွမ်းပန်းနေရာတို့ကို ကပ်လှူရသော ပုညကြောင့် ဖြစ်တိုင်းဖြစ်တိုင်းသော ဘဝတို့၌ တထောင်မျှလောက်သော ပဏ္ဏာကာရတို့ကို ရလတ်စေသတည်း၊ ငါးပါးသော အဆင်းရှိသော ပန်းမိုးတို့သည် ရွာစေသတည်း”ဟု ဆုတောင်း၏။ ထိုရဟန်းလည်း ဒါယကာ၏ သဒ္ဓါသမ္ပတ္တိကို ဆင်ခြင်လျက် ပဉ္စသီလတို့ကိုပေး၍ ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို သင်စေပေ၏။ မုဆိုးသားသည်လည်း ထိုအခါမှစ၍ ဒုစ္စရိတတို့ကို ပယ်ပစ်၍ ကုသိုလ်တရားတို့ကို အားထုတ်လျက် အသက်ကုန်သောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်လေ၏။ ဖြစ်သောခဏ၌ ပုဆစ်ဒူးကျွံမျှလောက်သော နတ်ပန်းမိုးတို့သည် ရွာကုန်၏။ ထိုနတ်သားသည် တပါးသော နတ်သားတို့ထက် လွန်မြတ်သော အဆင်းအဝါ ပညာခွန်အားနှင့်လည်း ပြည့်စုံ၏။

နောက်ဆုံးဘဝ

ယင်းသို့အားဖြင့် ဘုရားတဆူမှသည် တဆူ၏အကြား ကာလပတ်လုံး နတ်ပြည်လူ့ပြည် ကျင်လည်ကာလာခဲ့၍ ငါတို့ဘုရား ဖြစ်တော်မူအံ့သောကာလ မဂဓတိုင်း ရာဇဂြိုဟ်ပြည်တွင် မစ္ဆိကာသဏ္ဍမည်သော မြို့ဝယ် ငါးဆယ့်လေးကုဋေ ကြွယ်ဝသော သဌေးအမျိုး၌ ဖြစ်လာ၏။ ဖွားသောကာလ ပုဆစ်ဒူးနစ်မျှလောက်သော ပန်းမိုးသည် ဆန်းကြယ်စွာ ရွာပေ၏။ အမည်မှည့်သောကာလ အမိအဖတို့လည်း ငါတို့သားကား ကြီးမားသော ဘုန်းကံရှိ၏၊ မိမိ၏အမည်ကို မိမိပင်ဆောင်၍ လာပေသည်ဟု နှလုံးပြု၍ စိတ္တသတို့သားဟူသော အမည်ကိုမှည့်၏။ ထိုစိတ္တသတို့သားသည် အရွယ်ရောက်၍ အိမ်ရာကျသောအခါ အဖသဌေးလွန်သဖြင့် ထိုမစ္ဆိကာသဏ္ဍမြို့၌ သဌေးကြီးအရာကို ရ၏။

(စာမျက်နှာ-၂၁၆)

ဘုန်းကြီးကိုးကွယ်ပုံ

ငါတို့ဘုရား ဖြစ်တော်မူ၍ ဥရုဝေလတော၌ နေတော်မူသော အခါကပင် ပဉ္စဝဂ္ဂီတို့တွင် အကျုံးဝင်သော မဟာနာမ်ထေရ်သည် မစ္ဆိကာသဏ္ဍမြို့သို့ ကြွရောက်၍ စိတ္တသဌေးမြင်လျှင် ထိုအရှင်၏ ဣရိယာပုတ်၌ ကြည်ညိုရကား ဆွမ်းအဖျော်တို့ဖြင့် ပူဇော်လုပ်ကျွေး၍ တရားတော်ကို နာပြီးလျှင် ထိုအရှင်မဟာနာမ်အား တောင်းပန်၍ အမ္ဗဋ္ဌကမည်သော ဥယျာဉ်၌ ကျောင်းကန်ဆောက်လုပ်၍ လှူဒါန်းပြီးသော် “အကျွန်ုပ်၏အိမ်၌ အမြဲဆွမ်းဆောင်ပါ”ဟု လျှောက်ထား၏။

မဟာနာမ်ထေရ်လည်း သူကြွယ်အိမ်၌ ဆွမ်းဘုဉ်းပေး၍ အနုမောဒနာ ပြုသောအခါ အာယတန ခြောက်ပါးကိုသာ စိတ်ဖြာခွဲခြမ်း၍ ဟောပေ၏။ တရားတော်ကို နာရလျှင် စိတ္တသဌေးလည်း ရှေးရှေးသောဘဝက သုံးသပ်ဖူးသော သင်္ခါရတရား ရှိသောသူဖြစ်၍ မကြာမြင့်မီပင် သောတာပန်အဖြစ်သို့ ရောက်၏။

တရံသောကာလ စိတ္တသူကြွယ်သည် ထိုမဟာနာမ်ထေရ်အား “ထူးပြားသော တန်ခိုးပြာဋိဟာကို ပြတော်မူပါ”ဟု တောင်းပန်သော် မဟာနာမ်ထေရ်လည်း အရိယာတို့၏ အစွမ်းသတ္တိကို သိစေခြင်းငှါ အံ့ဖွယ်သရဲဖြစ်သော တန်ခိုးပြာဋိဟာကို ပြ၏။ ထိုသို့ပြပြီးမှ ဤဒေသ၌ ငါနေသဖြင့် မသင့်ပြီဟု နှလုံးထား၍ အရပ်တပါးသို့ ကြွလေ၏။

တရံသောအခါ ဣသိဒတ္တထေရ် ကြွလာ၍လည်း ရှင်မဟာနာမ်ကဲ့သို့ တောင်းပန်၍ ကိုးကွယ်၏။ ထိုအခါ စိတ္တသူကြွယ်သည် ဆန်းကြယ်နက်နဲ ခက်ခဲသိမ်မွေ့သော ပုစ္ဆာကိုကြံမိ၍ ဣသိဒတ္တထေရ်အား လျှောက်ကြားလေသော် အထွေထွေသော ပုံပြင်နည်းနာဖြင့် စိတ်ဖြာခွဲခြမ်း၍ ဖြေပေ၏။ ဖြေပြီးလျှင် အစဉ်သော လောကီလောကုက္ကရာ စကားတို့ကို ပြောကြားကြသော စကားစပ်တွင် ရှင်ဣသိဒတ္တ၏ လူက အဆွေခင်ပွန်းဖြစ်သော အကြောင်းကိုသိ၍ အတိုင်းထက်လွန်စွာသော သဒ္ဓါတရားဖြင့် ချီးမြှောက်ပူဇော်၏။ ထိုအခါ ဣသိဒတ္တလည်း ဤအရပ်တွင် ငါနေသဖြင့် မသင့်ချေပြီဟု အရပ်တပါးသို့ ကြွသွားပြန်လေ၏။

ထို့နောင် သုဓမ္မထေရ် ကြွလာပြန်လျှင် ယခင်မထေရ်တို့ကဲ့သို့ တောင်းပန်၍ အမ္ဗဋ္ဌကဥယျာဉ်၌ ဆောက်လုပ်အပ်သော ကျောင်းတွင် သီတင်းသုံးစေ၏။ ဘုရားသခင် ရာဇဂြိုဟ်ပြည်ဝယ် စံပယ်တော်မူသောကာလ အရှင်သာရိပုတြာ, အရှင်မောဂ္ဂလာန်ဟူသော အဂ္ဂသာဝက နှစ်ဦးတို့သည် တထောင်မျှလောက်သော ရဟန်းအခြံအရံတို့နှင့်တကွ မစ္ဆိကာသဏ္ဍသို့ ကြွလေသဖြင့် အမ္မဋ္ဌကာရာမသို့ ရောက်လေသော် စိတ္တသူကြွယ်သည် သတင်းကိုကြား၍ ထိုအရှင်တို့အား များစွာသော ပူဇော်သက္ကာရတို့ဖြင့် ပူဇော်ဆည်းကပ်၍ တရားတော်ကို နာပါရစေဟု ခွင့်တောင်း၏။

အရှင်သာရိပုတြာလည်း “ဒါယကာ... ငါတို့ကား ရှည်သောခရီးကို လာရသဖြင့် ပင်ပန်းစွာဖြစ်၏၊ အတန်ငယ်သော တရားကိုသာ နာလော့”ဟု ဆို၍ ထိုသူနှင့်လျောက်ပတ်သော ပရမတ်တရားကို ဟောကြား၏။ သူကြွယ်လည်း တရားကိုနာရလျှင် အနာဂါမိဖိုလ်၌ တည်လေ၏။ ထိုအခါမှစ၍ သာဝကနှစ်ဦးတို့အား များစွာသော ပူဇော်သက္ကာကိုပြု၍ တနေ့ သုံးကြိမ်သုံးကြိမ် ဆည်းကပ်၏။

(စာမျက်နှာ-၂၁၇)

ကျောင်းထိုင်ဘုန်းကြီး ဝန်တိုပုံ

တနေ့သောအခါ သံဃာတထောင်နှင့် တကွသော သာဝကနှစ်ပါးတို့ကို “အကျွန်ုပ်အိမ်၌ ဆွမ်းဘုဉ်းပေးတော်မူပါ”ဟု ပင့်လျှောက်၍ ကျောင်းနေဖြစ်သော သုဓမ္မထေရ်အားလည်း ဘုဉ်းပေးခြင်းငှါ ပင့်၏။ ထိုအခါ သုဓမ္မထေရ်ကား “ငါ-“နေဝါသိက” ရဟန်းဖြစ်လျက် နောက်မှ ငါ့ကိုပင့်သည်။ ငါ့ထံသို့ကား ဆယ်ရက်တကြိမ် လခွဲတကြိမ်သာ ဆည်းကပ်သည်၊ သာဝကနှစ်ဦးတို့အား တနေ့ သုံးကြိမ်ဆည်းကပ်၍ ကြီးမြတ်သော ပူဇော်သက္ကာကို ပြုသည်”ဟု ဣဿာမစ္ဆရိယဖြင့် ဒေါသဖုံးလွှမ်း၍ နှလုံးမသာရှိရကား “ငါမကြွလို”ဟု ဆို၏။ ပင့်သော ဒါယကာသည် အကြိမ်ကြိမ် တောင်းပန်သော်လည်း “တပါးမှာ ငါဆွမ်းရှာမည်”ဟူ၍သာ နေ၏။ နံနက်သောကာလ စိတ္တသူကြွယ်လည်း သံဃာတော်တို့အား လုပ်ကျွေးရန် ကောင်းမွန်စွာသော ဆွမ်းခဲဖွယ်တို့ကို ပြင်ဆင်၍ နေလင့်၏။

သုဓမ္မထေရ်လည်း နံနက်သောအခါ အဂ္ဂသာဝကတို့အား ပြုအပ်သော ပူဇော်သက္ကာကို ငါသွား၍ရှုအံ့ဟု ကြံလျက် သပိတ်သင်္ကန်းကိုပြင်၍ သူကြွယ်အိမ်သို့ ရှေးဦးစွာလာလတ်၏။ စိတ္တသူကြွယ်လည်း “အရှင်ဘုရား... ဤသို့ ကြွတော်မူပါ၊ ဤနေရာ၌ နေတော်မူပါ”ဟု လျှောက်သည်ကို “ငါကား နေခြင်းငှါမလာ၊ ပူဇော်သက္ကာကို ကြည့်ခြင်းငှါသာ လာသည်”ဟု ဆို၍ ထိုထိုခဲဖွယ် ဘောဇဉ်တို့ကို ကြည့်ရှုပြီးမှ စိတ္တသူကြွယ်အား နှမ်းကြွပ်မုန့်သည်အမျိုးကို ယိုးကိုး၍ ဆိုသောစကားဖြင့် ရှုတ်ချလိုရကား “ဒါယကာ... သင်ပြုအပ်သော ပူဇော်သက္ကာသည် အလွန်များပြားပေစွ၊ သို့ရာတွင် နှမ်းကြွပ်မုန့်တမျိုးကား မပါချေ”ဟု ဆို၏။

ထိုအခါ သူကြွယ်ကလည်း “အရှင်သုဓမ္မ.. အရှင်ကား တခဏမျှပင် နား၍ရှုသော်လည်း အကုန်အစင် မြင်တတ်သော ကျီးငှက်နှင့်တူပေ၏”ဟု ဆို၍ ခြိမ်းမောင်းလိုက်၏။

ဒကာကို ကန်တော့ရပုံ

သုဓမ္မထေရ်လည်း လွန်စွာ အမျက်ထွက်၍ အိမ်ထက်မှ ဆင်းခဲ့ပြီးသော် “ဤသူကြွယ်ကျောင်း၌ ငါမနေပြီ”ဟု မိမိပရိက္ခရာတို့ကိုယူ၍ လာခဲ့သဖြင့် ရာဇဂြိုဟ်ပြည်သို့ရောက်သော် ဘုရားအထံတော်သို့ ကပ်လေ၏။

ကိုယ်တော်မြတ်လည်း အတ္ထုပ္ပတ္တိကို မေးတော်မူ၍ စိတ္တသူကြွယ် ဆိုအပ်သောစကား မိမိဆိုအပ်သောစကားကို နားတော်လျှောက်တင်သော် “သင်သည် ဒါယကာတို့၏ သဒ္ဓါပသန္နကို ယုတ်မာသော ဣသာ,မစ္ဆေရဖြင့် ဖျက်ဆီးဘိ၏၊ ထိုအပြစ်ကား သူတပါး၌ မထင်၊ သင်ရဟန်းအားသာ ဖြစ်သည်”ဟု ဆို၍ ပဋိသာရဏီယကံကို ပညတ်တော်မူသည်။ ထိုကံကို ပြုပြီးမှ စိတ္တသူကြွယ်အား သွား၍ ကန်တော့ချေဟု စေလိုက်၏။

သုဓမ္မထေရ်လည်း ဘုရားအာဏာတော်ဖြင့် လာခဲ့၍ သူကြွယ်အား “သည်းခံပါ”ဟု တောင်းပန်၏။ သူကြွယ်ကလည်း “အကျွန်ုပ် သည်းမခံလိုသေး”ဟု ဆို၍ သုံးကြိမ်တိုင်တိုင် ပယ်သဖြင့် ဘုရားထံသို့ ပြန်ရလေ၏။ ဘုရားကိုယ်တော်လည်း ဤရဟန်းကား ပင်ပန်းစွာ သွားလာရမှ ခက်ထန်သောမာန်စောင် ကျချိမ့်မည်ဟု ရည်မှတ်လျက် သည်းခံလတ္တံ့သောအကြောင်းကို မသင်ကြားပဲ “သွား၍တဖန် ကန်တော့ချေ”ဟု လွှတ်တော်မူပြန်၏။ သူကြွယ့်ထံသို့ရောက်၍ ရှေးနည်းအတူ “ငါ့အား သည်းခံပါ”ဟု ဆိုလျှင် ထိုသူကြွယ်ကလည်း “ရှင်ပင့်အပြစ်ကို

(စာမျက်နှာ-၂၁၈)

ကျွန်ုပ် သည်းမခံလို၊ ဘုရားကိုသာ လျှောက်လော့”ဟု ဆိုသဖြင့် တဖန် ဘုရားထံသို့ ပြန်ရပြန်၏။

အထင်ကြီးသူ၏ အပြစ်များ

အထံတော်သို့ရောက်၍ သူကြွယ် သည်းမခံပါကြောင်းကို လျှောက်လျှင် ဘုရားသခင်ကလည်း “ချစ်သားသုဓမ္မ.. ရဟန်းတို့မည်သည်ကား ငါ၏ကျောင်း, ငါ၏နေရာ, ငါ၏ ဒါယကာဟု အမှတ်ပြု၍ မာနတရား ဣဿာတရားတို့ကို မပွားစေအပ်၊ အကယ်မှတ်မှားသဖြင့် ထိုတရားကို ပွားစေသူအား ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ဖြစ်သော ကိလေသာတို့သည် လွန်စွာ ပွားစီးကုန်၏”ဟုမိန့်တော်မူ၍-

အသန္တံ ဘာဝံ နမိစ္ဆေယျ၊ ပုရေက္ခာရဉ္စ ဘိက္ခုသု။
အာဝါသေသု ဣဿရိယံ၊ ပူဇာ ပရကုလေသု စ။
မမေဝ ကတ မညန္တု၊ ဂိဟီ ပဗ္ဗဇိတာ ဥဘော။
မမေဝါတိဝသာ အဿု၊ ကိစ္စာကိစ္စေသု ကိသ္မိဉ္စိ။
ဣတိ ဗာလဿ သင်္ကပ္ပေါ၊ ဣစ္ဆာ မာနော စ ဝဍ္ဎတိ-

ဟူသော ဒေသနာကို ဟောတော်မူ၏။

[အနက်ကား]သုဓမ္မ၊ ချစ်သား သုဓမ္မ။ ဣဓ၊ ဤငါဘုရား သာသနာတော်၌။ ယော ဗာလော၊ အကြင်ရဟန်းမိုက်သည်။ အဿဒ္ဓေါ၊ မိမိ၌ သဒ္ဓါတရား မရှိပဲလျက်။ သဒ္ဓေါတိ၊ သဒ္ဓါတရားရှိပေ၏ဟူ၍။ မံ၊ ငါ့ကို။ ဇနော၊ လူသည်။ ဇာနာတု၊ သိစေသတည်း။ ဣတိ စ၊ ဤသို့လည်းကောင်း။ ဒုဿီလော၊ မိမိ၌ သီလသိက္ခာ ပြည့်စုံစွာမရှိပဲလျက်။ သီလဝါတိ၊ သီလရှိ၏ဟူ၍။ မံ၊ ငါ့ကို။ ဇနော၊ လူသည်။ ဇာနာတု၊ သိစေသတည်း။ ဣတိ ဝါ၊ ဤသို့လည်းကောင်း။ အပ္ပဿုတော၊ နည်းသော အမြင်ရှိလျက်။ ဝါ၊ ပိဋကတ်နည်းနာ အရာရာ၌ လေ့လဆောင်ရွက်ခြင်း မရှိပဲလျက်။ ဗဟုဿုတောတိ၊ များသော အကြားအမြင်ရှိ၏ဟူ၍။ ဝါ၊ လေ့လာဆောင်ရွက်ခြင်း ရှိ၏ဟူ၍။ မံ၊ ငါ့ကို။ ဇနော၊ လူသည်။ ဇာနာတု၊ သိစေသတည်း။ ဣတိ စ၊ ဤသို့လည်းကောင်း။ အဝိဝိတ္တော၊ ကိလေသာစိတ် မဆိတ်ညံသည်။ သမာနော၊ ဖြစ်လျက်။ ဝိဝိတ္တော၊ ဆိတ်ညံ၏ဟူ၍။ မံ၊ ငါ့ကို။ ဇနော၊ လူသည်။ ဇာနာတု၊ သိစေသတည်း။ ဣတိ စ၊ ဤသို့လည်းကောင်း။ ကုသိတော၊ ရဟန်းတရားကို အားထုတ်ခြင်း၌ ပျင်းရိထိုင်းမှိုင်းသည်။ သမာနော၊ ဖြစ်လျက်။ အာရဒ္ဓဝီရိယောတိ၊ အားထုတ်သော လုံ့လရှိ၏ဟူ၍။ မံ၊ ငါ့ကို။ ဇနော၊ သည်။ ဇာနာတု၊ တည်း။ ဣတိ စ၊ လည်းကောင်း။ အနုပဋ္ဌိတဿတိ၊ မထင်သော သတိရှိသည်။ သမာနော၊ ဖြစ်လျက်။ ဥပဋ္ဌိတဿတီတိ၊ ထင်သောသတိရှိ၏ဟူ၍။ မံ၊ ငါ့ကို။ ဇနော၊ လူသည်။ ဇာနာတု၊ တည်း။ ဣတိ စ၊ လည်းကောင်း။ အသမာဟိတော၊ သူတော်ကောင်းတရား၌ မတည်ကြည်သည်။ သမာနော၊ ဖြစ်လျက်။ သမာဟိတောတိ၊ တည်ကြည်၏ဟူ၍။ မံ၊ ငါ့ကို။ ဇနော၊ လူသည်။ ဇာနာတု၊ သိစေသတည်း။ ဣတိ စ၊လည်းကောင်း။ ဒုပ္ပညော၊ အသိပညာ မရှိသည်။ အခီဏာသဝေါ၊ မကုန်ခန်းသော အာသဝေါရှိသည်။ သမာနော၊ ဖြစ်လျက်။

(စာမျက်နှာ-၂၁၉)

ပညဝါတိ၊ ပညာရှိ၏ ဟူ၍လည်းကောင်း။ ခီဏာသဝေါတိ၊ အာသဝေါကုန်၏ ဟူ၍လည်းကောင်း။ မံ၊ ကို။ ဇနော၊ လူသည်။ ဇာနာတု၊ သိစေသတည်း။ ဣတိ စ၊ လည်းကောင်း။ အသန္တံ၊ မိမိ၌ ထင်ရှားမရှိသော။ နံ ဘာဝံ၊ ထိုဂုဏ်ကို။ ဣစ္ဆေယျ၊ အလိုရှိတတ်ချေ၏။ သဗ္ဗေသု၊ အလုံးစုံကုန်သော။ ဘိက္ခုသု၊ ရဟန်းတို့၌။ ပုရေက္ခာရဉ္စ၊ အခေါင်အဖျား ရှေ့သွားအမှူး၏ အဖြစ်ကိုလည်း။ ဣစ္ဆေယျ၊ အလိုရှိတတ်၏။ အာဝါသေသု စ၊ သံဃာ့အာရာမ် ကျောင်းကန် ခပ်သိမ်းတို့၌လည်း။ သယမေဝ ဝိစာရိတော၊ မိမိသာလျှင် စီရင်ပေးကမ်းပိုင်သည်။ ဟုတွာ၊ ဖြစ်၍။ ဣဿရိယံ၊ အစိုးရခြင်းကို။ ဣစ္ဆေယျ၊ အလိုရှိတတ်၏။ ပရကုလေသု စ၊ မိဘဆွေမျိုးမှတပါး အခြားသော ဒါယကာ,ဒါယိကာမတို့သည်လည်း။ ပူဇာ၊ ပူဇော်သက္ကာရကို၊ မယှမေဝ၊ ငါ့အားသာလျှင်။ ဒဒေယျုံ၊ ပေးလှူကုန်မူကား။ အညေသံ၊ ငါမှတပါး ရဟန်းများတို့အား။ န ဒဒေယျုံ၊ မလှူကုန်မူကား။ အဟော ဝတ၊ ဪ-ကောင်းရာ၏။ ဣတိ၊ ဤသို့၊ ဣစ္ဆေယျ၊ အလိုရှိတတ်၏။

ဝိဟာရာနိ စ၊ ကျောင်းတို့ကိုလည်းကောင်း။ ဥပေါသထာဂါရာနိ စ၊ ဥပုသ်အိမ်တို့ကိုလည်းကောင်း။ အညာနိ၊ တပါးကုန်။ ဒဗ္ဗသမ္ဘာရာနိ စ၊ အဆောက်အဦတို့ကိုလည်းကောင်း။ မမေဝ ကတံ၊ ငါပြု၏, ငါ့ကိုမှီ၍ပြု၏ ဟူ၍သာလျှင်။ မညန္တု၊ အောက်မေ့စေကုန်သတည်း။ ဣတိ သင်္ကပ္ပေါ၊ ဤသို့သောအကြံသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဂိဟီ စ၊ လူတို့သည်လည်းကောင်း။ ပဗ္ဗဇိတာ စ၊ ရဟန်းတို့သည်လည်းကောင်း။ ဥဘော၊ နှစ်ပါးသော သူတို့သည်။ ကိသ္မိဉ္စိ၊ အလုံးစုံကုန်သော။ ကိစ္စာကိစ္စေသု၊ ကိစ္စကြီးငယ်တို့၌။ မမေဝ၊ ငါ၏သာလျှင်။ အတိဝသာ၊ အလိုလိုက်ရကုန်သည်။ အဿု၊ ဖြစ်စေကုန်သတည်း။ ဣတိ၊ ဤသို့။ ဗာလဿ၊ ရဟန်းမိုက်၏။ သင်္ကပ္ပေါ၊ အကြံသည်။ အဟောသိ၊ ဖြစ်၏။ တဿ ဗာလဿ၊ ထိုရဟန်းမိုက်အား။ ဣစ္ဆာ စ၊ ရမ္မက်တဏှာ ကိလသာသည်လည်းကောင်း။ မာနော စ၊ ထောင်လွှားခြင်းဟူသော မာန်ကိုးပါးသည်လည်းကောင်း။ ဝဍ္ဎတိ၊ တနေ့တခြား တိုးပွားစည်ပင်၏။ ကုသလာ၊ ကုသိုလ်တရားတို့သည်။ န ဝဍ္ဎန္တိ၊ မပွားကုန်။

(အဓိပ္ပါယ် ထင်စိမ့်သောငှါ အဋ္ဌကထာပါဌ်ကိုသွင်း၍ ယောဇနာသည်။)

သုဓမ္မထေရ် ကျွတ်တမ်းဝင်ပြီ

သုဓမ္မထေရ်လည်း မြတ်စွာဘုရား ဟောကြားဆုံးမတော်မူသော ဩဝါဒကိုကြားလျှင် ဘုရားသခင်အား ရှိခိုးခဲ့၍ အဖော်ရဟန်းတဦးနှင့်တကွ မစ္ဆိကာသဏ္ဍသို့လာ၍ စိတ္တဒါယကာ၏ မြင်ရာအရပ်၌ အာပတ်ကိုကုစားပြီးမှ “အပြစ်ကို သည်းခံပါ”ဟု တောင်းပန်၏။ စိတ္တသူကြွယ်လည်း “အရှင်ဘုရား၏အပြစ်ကို အကျွန်ုပ် သည်းခံပါတော့မည်၊ အကျွန်ုပ် ဆောက်လုပ်သောကျောင်း၌နေ၍ အကျွန်ုပ်အလှူကိုခံပါ”ဟု လျှောက်၏။ သုဓမ္မထေရ်လည်း “ကောင်းပြီ”ဟု ဝန်ခံ၍ အမ္ဗဋ္ဌကကျောင်း၌ နေပြီးလျှင် ဝိပဿနာတရားကို အားထုတ်သဖြင့် မမြင့်မီပင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏။

(စာမျက်နှာ-၂၂၀)

စိတ္တသူကြွယ် ဘုရားဖူးသွားပုံ

စိတ္တသူကြွယ်လည်း “ငါကား မြတ်စွာဘုရားကို မဖူးမြင်ရပဲလျှင် တရားတော်ကိုမှီ၍ သုံးလီသောမဂ်ဖိုလ်၌ တည်ပေပြီ၊ ဤသို့ ကျေးဇူးရှင်ဖြစ်သော မြတ်စွာဘုရားကို ယခု ငါသွား၍ ဖူးမြင်တော့အံ့၊ သို့ရာတွင် ဘုရားရှင်ထံ လက်ချည်းသွားသဖြင့် မသင့်ပေရာ”ဟု များစွာသော ဆီ,ဆန်,ထောပတ် ပျားသကာတို့ကို ငါးရာသော လှည်းတို့ဖြင့် တင်ပြီးသော် “ငါတို့မြို့တွင် ဘုရားသခင်အထံသို့ လိုက်လိုကုန်ကြသော ယောက်ျား မိန်းမတို့သည် ငါ့ရိက္ခာကိုသာစားသဖြင့် ငါနှင့်လိုက်လှည့်ကုန်လော့”ဟု စည်လည်စေ၍ သုံးထောင်မျှလောက်သော ပရိသတ်နှင့်တကွ လာခဲ့ကြ၏။

ထိုအခါ မစ္ဆိကာသဏ္ဍနှင့် ရာဇဂြိုဟ်ပြည်၏အကြား ယူဇနာ သုံးဆယ်မျှလောက်သော ခရီးဝယ် အသီးအသီး နေကုန်သော ဘုမ္မစိုး,ရုက္ခစိုးစသော နတ်တို့သည် တယူဇနာလျှင် တဆောင်,တဆောင်စီသော တဲကွန်းမဏ္ဍပ်ကိုပြု၍ အထူးထူးသော ပူဇော်သက္ကာရတို့ဖြင့် ကြိုလင့်ကာ ပေးကမ်းကြ၏။ ထိုမျှလောက်သော ခရီးပတ်လုံး မိမိ၏ အိမ်ကပါသော ခဲဖွယ်ဘောဘောဇဉ်တို့ကို တစုံတယောက်သောသူမျှ မသုံးဆောင်ရကုန်၊ နတ်တို့၏ ပဏ္ဏာကာရကိုသာ သုံးဆောင်ရကုန်၏။ ဤသို့သောနည်းဖြင့် တနေ့လျှင် တယူဇနာသွား၍ တလစေ့သောအခါ ရာဇဂြိုဟ်ပြည်သို့ရောက်၍ ဘုရားသခင်ကို ဖူးမြင်လေသော် ထိုခဏ၌ ထက်ဝန်းကျင်သော အရပ်မှ ပုဆစ်ဒူးနစ်မျှသော ပန်းမိုးသည် ရွာလတ်၏။

ထိုအခါ မြတ်စွာဘုရားလည်း ထိုသူတို့ အဇ္ဈာသယကို သိတော်မူ၍ သဠာယတနသံယုတ္တ ဒေသနာတော်မြတ်ကို ဟောတော်မူ၏။ ထိုနေ့မှစ၍ ဘုရားကျောင်းတော်ရင်း၌ နေလျက် သံဃာတော်အပေါင်းနှင့် တကွသော မြတ်စွာဘုရားကို ဆွမ်း, ယာဂု, အဖျော်တို့ဖြင့် ပူဇော်လုပ်ကျွေးလျက် နံနက်တကြိမ် ညဉ့်တကြိမ် တရားတော်ကိုနာလျက် လခွဲကာလပတ်လုံး နေသတည်း။

စိတ္တသူကြွယ်သည် ကြီးကျယ်များပြားလှသော ပရိသတ်တို့နှင့်တကွ ဘုရားသခင်ကို ဖူးမြင်ခြင်းငှါလာသည်ဟု ရာဇဂြိုဟ်ပြည်သားတို့ကြားလျှင် များစွာသော လက်ဆောင်ပဏ္ဏာကိုယူလျက် သူကြွယ်၏ အသရေကိုရှုခြင်းငှါ လာကြကုန်သဖြင့် ဆီ,ပျားတင်လဲစသော အဆောက်အဦတို့သည် အတိုင်းမသိ ပြည့်စုံသည်သာဖြစ်၏။ စိတ္တသူကြွယ်လည်း လခွဲလွန်သောအခါ လှည်းငါးရာ၌ ပါသမျှသော လှူဖွယ်ဝတ္ထုတို့ကို ဘုရားအမှူးရှိသော သံဃာတော်တို့အား လှူဒါန်းခဲ့၍ မိမိနေရာ မစ္ဆိကာသဏ္ဍမြို့သို့ ပြန်လာ၏။ ဝန်မပါသော လှည်းတို့ဖြင့် ပြန်လာသည်ကို နတ်တို့ကမြင်လျှင် ကုသိုလ်ရှင်ဖြစ်သော ဤသူကြွယ်အား အချည်းနှီးသောလှည်းတို့ဖြင့် မပြန်သင့်ပေဟု တော၌ အရှင်မဲ့သာ ရွှေ,ငွေတို့ကို ယူဆောင်၍ လှည်း၌တင်သဖြင့် လာစဉ်ကထက်ပင် ပြည့်လေ၏။

သဒ္ဓါသီလတို့နှင့် ပြည့်စုံရကျိုး

ထိုအကြောင်းကို များစွာသောလူတို့ သိ,ကြား၍ အလွန် ချီးမွမ်းသော စကားဖြင့် ဘုရားရှင်အား နားတော်လျှောက်သော် ဘုရားကိုယ်တော်မြတ်လည်း လျှောက်ပတ်သော တရားစကားကို ဟောကြားပြသတော်မူခြင်းငှာ-

(စာမျက်နှာ-၂၂၁)
သဒ္ဓေါ သီလေန သမ္ပန္နော၊ ယသော ဘောဂသမပ္ပိတော။
ယံ ယံ ပဒေသံ ဘဇတိ၊ တတ္ထ တတ္ထေဝ ပူဇိတော-

ဟူသော ဒေသနာတော်ကို ဟောတော်မူ၏။

[အနက်ကား]ဘောန္တော၊ အို..သူတော်ကောင်း အပေါင်းတို့။ သဒ္ဓေါ၊ ရတနာသုံးပါးဂုဏ်၌ ယုံကြည်ခြင်း သဒ္ဓါတရားနှင့် ပြည့်စုံသော။ သီလေန၊ အကျင့်သီလနှင့်။ သမ္ပန္နော၊ ပြည့်စုံသော။ ယသော၊ အခြံအရံ အကျော်အစောနှင့် ပြည့်စုံသော။ ဘောဂသမပ္ပိတော၊ လောကီဥစ္စာ လောကုတ္တရာဥစ္စာ ရတနာတို့နှင့် ပြည့်စုံသော။ ကုလပုတ္တော၊ အမျိုးသားသည်။ ယံ ယံ ပဒေသံ၊ အကြင်အကြင် အရပ်သို့။ ဘဇတိ၊ ဆည်းကပ်သွားလာ၏။ တတ္ထ တတ္ထေဝ၊ ထိုထိုအရပ်၌သာလျှင်။ ပူဇိတော၊ နတ်လူကကာတို့ ပူဇော်သက္ကာကို ခံရသည်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ တုမှေ၊ သင်တို့သည်။ ဧတေဟိ၊ ထိုသဒ္ဓါ သီလတရားတို့နှင့်။ သမ္ပန္နာ၊ ပြည့်စုံအောင်။ ဥဿာဟေထ၊ အားထုတ်ကုန်လော့။

လူ့ဘဝဖြင့် ဧတဒဂ်ရသူ

စိတ္တသူကြွယ်သည်လည်း ဘုရားသခင်ကို ဖူးမြင်၍ ပြန်သည်မှစ၍ ငါးရာမျှလောက်သော ဗုဒ္ဓသာဝက ဥပါသကာတို့နှင့်တကွ လှည့်လည်ကာ ဒါန,သီလကို အားထုတ်နေသတည်း။ ထို့ကြောင့် ထိုဒါယကာကို သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်သို့ရောက်၍ အသီးအသီး ဧတဒဂ် ထားတော်မူသောအခါ ဤစိတ္တသူကြွယ်ကို ဓမ္မကထိက ဧတဒဂ်အရာ၌ ထားတော်မူ၏။ ထို့ကြောင့် ပါရမီခန်း၌-

ငါးရာငါးရာ၊ အရံပါသား၊ ထိုခါသင်းမှူး၊ သီတင်းဦးဟု၊ မည်ထူးခေါ်လောက်၊ ခုနစ်ယောက်တွင်၊ လက်မြောက်တွင်ကျယ်၊ စိတ်သူကြွယ်နှင့်၊ လူဝယ်လူဆန်း၊ မာန်ဖြင့်ကျန်းသား၊ မြတ်မှန်းမသိ၊ ရှင်မုနိအား၊ ပြစ်မှားရှေးဦး၊ စားမူးမူးဝယ်၊ ဘီလူးအာဠဝက၊ လှူ၍ရသား၊ အာဠဝကရွာစား၊ မင်း၏သားလျှင်၊ ရှည်လျားကြီးပြင်း၊ မိုက်မျက်ကင်း၍၊ သီတင်းဦးကြီး၊ မည်သီးထင်စွာ၊ ထိုအခါ၌၊ ဟတ္ထာဠဝက၊ ခေါ်တွင်ကြအံ့-ဟူ၍ စပ်ဆိုတော်မူသည်။

အမှာစကားချပ်

(ဤစိတ္တသူကြွယ်၏ အတ္ထုပ္ပတ္တိကိုပြရာ ဓမ္မပဒအဋ္ဌကထာ၌ သာဝတ္ထိပြည်တွင် ဘုရားစံနေတော်မူသောအခါ ရောက်လာသည်ဟု ဆိုသည်။ အင်္ဂုတ္တိုရ် အဋ္ဌကထာ, သံယုတ်အဋ္ဌကထာတို့၌ကား ရာဇဂြိုဟ်ပြည်တွင် နေတော်မူခိုက် ရောက်လာသည်ဟု ဆိုသည်။ ထိုသုံးကျမ်းလုံးပင် အရှင်ဗုဒ္ဓဃောသ စကားချည်းဖြစ်လျက် မညီညွတ်ကြ။ ယုတ္တိကိုဆသော် ဓမ္မပဒ၌ ပမာဒလေခဖြစ်မည် ထင်သည်၊ ဟတ္ထာဠဝက မင်းသားအကြောင်းမှာ အထက်၌ ထင်ရှားစွာ ဖြစ်လတ္တံ့။)

(စာမျက်နှာ-၂၂၂)

၄၄။ ဇောတိကသဌေး၏ ရှေးအကြောင်းကို ပြခြင်း

ဤရာဇဂြိုဟ်ပြည်၌ ဗိမ္ဗိသာရမင်းမျှ မကမူ၍ ဇမ္ဗူဒိပ်ကျွန်းလုံးသိမျှ ဘုန်းရှိသောသူကား ဇောတိက, ဇဋိလ, မေဏ္ဍက, ကာကဝလိယ, ပုဏ္ဏဟူသော သဌေးကြီး ငါးဦးရှိသတည်း။

သူကြွယ်ညီနောင်

ထိုငါးဦးတို့တွင် ဇောတိကသဌေး၏ အကြောင်းကား- ရှေးလွန်လေပြီးသော ကမ္ဘာ၌ ဗာရာဏသီပြည်ဝယ် သူကြွယ်ညီနောင် နှစ်ဦးတို့သည် ကြီးစွာသော ကြံခင်းကို ပြုလုပ်ကြ၏။ တနေ့သ၌ ညီဖြစ်သော သူကြွယ်သည် ကြံခင်းသို့ သွားလေ၍ အိမ်သို့ပြန်လတ်သောအခါ မိမိအလို့ငှါလည်း တချောင်း, အစ်ကိုအလို့ငှါလည်း တချောင်းအားဖြင့် နှစ်ချောင်းသော ကြံတို့ကိုဖြတ်၍ ထိုဖြတ်ရာမှ အရသာကို မယိုထွက်စိမ့်သောငှါ ဖက်တို့ဖြင့် လုံခြုံစွာ ထုပ်စည်း၍ ယူခဲ့၏။

(ထိုအခါကား အသီးအပင်တကာတို့ပင် ဩဇာရှိသော ကာလ၌ဖြစ်၍ ကြံရည်တို့ကို ညှစ်၍မယူရ၊ အရင်းမှလည်းကောင်း, အဖျားမှလည်းကောင်း ဖြတ်၍ မှောက်လတ်သည်ရှိသော် အလုံးစုံသော အရသာတို့သည် ဓမကရိုဏ်မှကျသော ရေကဲ့သို့ အကြွင်းမဲ့ ဆင်းလာကုန်၏၊ ထို့ကြောင့် ဖက်တို့ဖြင့်ထုပ်၍ ယူရသတည်း။)

ကြံလှူရကျိုး

သူကြွယ်ငယ်လည်း ထိုကြံနှစ်ချောင်းကို ကောင်းစွာဆောင်၍ လာလတ်သော် ဂန္ဓမာဒနတောင်၌နေသော ပစ္စေကဗုဒ္ဓါသည် သမာပတ်မှထပြီး၍ ချီးမြှောက်ထိုက်သောသူကိုရှာလျက် ကြွတော်မူလာသည်နှင့် အသင့်ဖူးမြင်ရလေလျှင် အလွန်ရွှင်လန်းသော သဒ္ဓါတရားသည် ဖြစ်လတ်၍ မိမိကိုယ်ဝတ်ပုဆိုးကို ခင်းပြီးလျှင် “အရှင်ဘုရား... ဤနေရာ၌ ထိုင်တော်မူပါ၊ အကျွန်ုပ်အား သနားတော်မူသဖြင့် အကျွန်ုပ်၏အလှူကို ခံတော်မူပါ”ဟု လျှောက်၏။ အရှင်ပစ္စေကဗုဒ္ဓါလည်း ငြိမ်သက်စွာ ထိုင်တော်မူ၏။ သူကြွယ်အား သပိတ်ကိုအပ်လျှင် မိမိအလို့ငှါပါသော ကြံချောင်းမှ အရည်ကိုလောင်း၍ သပိတ်ကို ပြည့်စေပြီးမှ ပစ္စေကဗုဒ္ဓါအား ကပ်လှူ၏။ အရှင်မြတ်လည်း အားရဝမ်းသာ ဘုဉ်းပေးတော်မူ၏။

ထိုသို့ ဘုဉ်းပေးတော်မူသည်ကိုမြင်လျှင် အတိုင်းထက်အလွန်ပင် သဒ္ဓါတရားဖြစ်ပြန်၍ အစ်ကိုဖို့ရာ ပါလာသောကြံကိုလည်း “သူမလှူခဲ့ပါမူ ငါအဖိုးပေးတော့အံ့”ဟု ကြံ၍ တဖန် သပိတ်၌ လောင်းပြီးလျှင် “အရှင်ဘုရား... အကျွန်ုပ်သည် အဦးအဖျား ထူးပြားမွန်မြတ်လှသော ဤကြံရည်ကိုလှူရသော ပုညစေတနာဟုန်ကြောင့် လူ့ဘုံနတ်ရွာ ဖြစ်လေရာဘဝတို့၌ တောင့်တတိုင်း ပြီးမြောက်သည် ဖြစ်စေသော၊ နောင်သောကာလ အရှင်မြတ်တို့ရအပ်သော တရားကိုလည်း ရသည်ဖြစ်စေသော”ဟု ဆုပတ္ထနာ၏။ ပစ္စေကဗုဒ္ဓါလည်း “ဒါယကာ တောင်းသောဆုအတိုင်း ပြည့်စုံစေ”ဟု ဆုပေး၍ သူကြွယ်မြင်စဉ် ကောင်းကင်ခရီးဖြင့် မိမိနေရာ ဂန္ဓမာဒနတောင်သို့ ကြွလေပြီးသော် သီတင်းသုံးဖော်ဖြစ်သော ပစ္စေကဗုဒ္ဓါ ငါးရာတို့အား ထိုကြံရည်ကို လှူပေ၏။

သူကြွယ်လည်း ထိုအံ့ဩဖွယ်သော တန်ခိုးပြာဋိဟာကို ဖူးမြင်ရလျှင် အတိုင်းထက်အလွန်ပင် ရွှင်ပျဝမ်းသာခြင်းရှိလျက် မိမိအိမ်သို့ ပြန်ခဲ့သော် အစ်ကိုသူကြွယ်က “သင်-အဘယ်သို့

(စာမျက်နှာ-၂၂၃)

သွားသနည်း”ဟု မေး၍ ကြံခင်းသို့ သွားကြောင်းကို ပြောလျှင် “သင်-အဘယ့်ကြောင့် ကြံမယူခဲ့သနည်း”ဟု ဆို၏။ ထိုညီသူကြွယ်ကလည်း “အစ်ကိုအလို့ငှါလည်းကောင်း၊ အကျွန်ုပ် အလို့ငှာလည်းကောင်း နှစ်ချောင်းသောကြံကို ဆောင်ခဲ့သည်တွင် အရှင်ပစ္စေကဗုဒ္ဓါနှင့် ခရီးမှာ တွေ့ကြ၍ အကျွန်ုပ် လှူလိုက်သည်။ ထိုအရှင်လည်း တချောင်းသော ကြံရည်ကို ရှေ့တွင်ဘုဉ်းပေး၍ တချောင်းသော ကြံရည်ကို ကောင်းကင်ခရီးဖြင့် ဆောင်ပြီးသော် ငါးရာသော ပစ္စေကဗုဒ္ဓါတို့အား ကျွေးမွေး၏၊ အစ်ကိုသည် ကုသိုလ်အဖို့ကို လိုလျှင်လည်း ယူတော်မူ၊ အဖိုးကိုလိုလျှင်လည်း အကျွန်ုပ် ပေးပါအံ့”ဟု ဆို၏။

ထိုစကားကိုကြားလျှင် အစ်ကိုကလည်း အားရဝမ်းသာ ငါးဖြာသော ပီတိသည်ဖြစ်လျက် “အသက်ထက်ဆုံးနေ၍မျှ ပြုရခဲစွာသော ဒါနကို ငါ့ညီပြုရပေသည်၊ အဘယ်မှာ အဖိုးလိုအံ့နည်း။ ကုသိုလ်အဖို့ကိုသာ ငါယူအံ့၊ မျက်မှောက်တွင်ပင် ထိုအရှင်ကဲ့သို့ ဖြစ်ရပါလိုသော”ဟု ဆုပတ္ထနာ၏။

နောက်တဘဝ

ထိုညီနောင် နှစ်ဦးတို့သည် မျက်မှောက်ဘဝ၌ပင် တနေ့ထက်တနေ့ စည်းစိမ်ဥစ္စာတိုးပွား၍ များပြားကြီးကျယ်သော ချမ်းသာကို ခံစားလျက် အသက်အတိုင်းနေ၍ စုတေလေသော် နတ်ပြည်ခြောက်ရွာ၌သာ လူးလာစုန်ဆန်ဖြစ်ရ၍ ဝိပဿီဘုရား ထင်ရှားဖြစ်တော်မူသောအခါ ဗန္ဓုမတီပြည်ဝယ် တဦးသော သူကြွယ်မျိုး၌ ညီနောင်ပင် ပဋိသန္ဓေနေလာ၏။ ဖွားသောကာလ အစ်ကိုအကြီးအား သေနဟူသော အမည်ကို၊ ညီငယ်အား အပရာဇိတဟူသော အမည်ကို မှည့်၏။ အရွယ်သို့ရောက်၍ သားမယား အိမ်ရာကျသောအခါ ထိုသူ၏ ဘုန်းကြမ္မာကြောင့် များစွာသော စည်းစိမ်ဥစ္စာတို့၏ အရှင်ဖြစ်၏။

ဘုရားသခင်သည် ခမည်းတော်အား ချီးမြှောက်ခြင်းငှါ ဗန္ဓုမတီပြည်သို့ ကြွလာ၍ များစွာသော ပြည်သူပြည်သားတို့သည် တရားနာခြင်း လှူဒါန်းပူဇော်ခြင်း ပြုကြသောကာလ သေနသူကြွယ်သည် လှူဖွယ်ဝတ္ထုတို့ကိုပြင်လျက် ဘုရားရှင်ထံသို့ကပ်၍ တရားတော်မြတ်ကို နာလေသော် ရှင်တော်ဘုရားသည်လည်း ထိုသူ၏ပါရမီအား လျောက်ပတ်သော ဒါနကထာ သီလကထာ သဂ္ဂကထာ မဂ္ဂကထာ ကာမာဒီနဝ နေက္ခမ္မာနိသံသ တည်းဟူသော အစဉ်သောတရားတို့ကို ဟောကြားတော်မူသဖြင့် သာသနာတော်၌ သက်ဝင်ကြည်ညိုခြင်း ပြင်းစွာရှိရကား တရားတော်၏အဆုံး၌ ဘုရားရှင်ထံသို့ကပ်၍ ရဟန်းပြုလိုပါကြောင်းဖြင့် ခွင့်တောင်း၏။ ဘုရားသခင်လည်း “သင်၌ ပန်ကြားထိုက်သော ဆွေမျိုးညာတိရှိမူ ပန်ကြားဦး”ဟု မိန့်တော်မူ၏။

ထိုသေနသူကြွယ်လည်း ကျောင်းမှပြန်ခဲ့ပြီးသော် ညီအပရာဇိတကို ခေါ်၍ “ငါ့ညီချစ်... အမျိုးခုနစ်ဆက်မှ ဆင်းသက်၍လာသော ဤငါ၏အိမ်၌ရှိသော ဥစ္စာနှစ်ကို သင်ယူဘိလော့၊ ငါမူကား ဘုရားသာသနာ၌ ရဟန်းပြုတော့အံ့”ဟု ဆို၏။ ထိုစကားကို ကြားသောအခါ ညီအပရာဇိတကလည်း “နောင်တော် အသို့ဆိုသနည်း၊ မိဘနှစ်ပါးတို့ လွန်လေသော် နောင်တော်ကိုပင် ဖခင်,မိခင်လုပ်၍ အကျွန်ုပ် ကိုးကွယ်ရပါသည်တကား၊ အကျွန်ုပ်အား ကိုးစားရာမဲ့ မပြုပါလင့်၊ များစွာသော ဥစ္စာနှစ်ကို စွန့်ပစ်မခွာ စောင်မကာလျှင် ဒါနသီလ ဘာဝနာကိုသာ အားထုတ်ကာ နေပါလော့”ဟု ငိုယိုလျက်တောင်းပန်၏။ အစ်ကိုသေနကလည်း “ငါ့ကို မကန့်ကွက်လင့်၊ ငါ့ညီလျှင် ဤဥစ္စာကို သိမ်းရုံး၍ ခံစားရစ်လော့”ဟု ဆို၍ ရဟန်းပရိက္ခရာတို့ကို ယူပြီးလျှင်

(စာမျက်နှာ-၂၂၄)

ဘုရားရှင်ထံသို့သွား၍ ရဟန်းပြုလေ၏။ ရဟန်းပြု၍ မကြာမြင့်မီပင် ကမ္မဋ္ဌာန်း ဝိပဿနာကို လွန်စွာအားထုတ်သဖြင့် အရဟတ္တဖိုလ်သို့ ရောက်၏။

ဂန္ဓကုဋိလှူရကျိုး

ညီအပရာဇိတသည်လည်း နောင်တော် ရဟန်းပြုသည်မှစ၍ ဘုရားအမှူးရှိသော သံဃာတော်တို့အား များစွာ အလှူကြီးကိုပေး၍ တရားတော်ကိုနာသဖြင့် ဥပါသကာမြတ်၏အဖြစ်သို့ ရောက်၏။ တရံသောအခါ ထိုအပရာဇိတသည် နောင်တော် မဟာသေနမထေရ်အား ဤသို့‌လျှောက်၏။ “အရှင်ဘုရားတို့သည် ဘဝသုံးပါးမှ ထွက်လွတ်ပေပြီ၊ အကျွန်ုပ်မှာ ကာမဂုဏ်တည်းဟူသော အနှောင်အဖွဲ့မှ မလွတ်မြောက်နိုင်ချေသေး၊ နောင်-လွတ်မြောက်ခြင်း၏အကြောင်း ကောင်းမှုကို ယခုပြုလိုပါသည်၊ အကျွန်ုပ်နှင့်လျော်သော ကောင်းမှုကို ကြားတော်မူပါ”ဟု လျှောက်၏။ နောင်တော် မထေရ်မြတ်ကလည်း “အချင်း အပရာဇိတ.. အလွန်ကောင်းစွ ကောင်းစွ၊ သင်သည် ပစ္စုပ္ပန်သံသရာ ချမ်းသာစီးပွား များလိုမူကား ဘုရားမြတ်စွာ၏ ကိန်းဝပ်တော်မူရာဖြစ်သော ဂန္ဓကုဋိတို့ကို ဆောက်လုပ်လော့”ဟု ဆိုပေ၏။

ထိုစကားကိုကြားလျှင် ညီဒါယကာလည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ အထူးထူးသော သစ်,ကျောက်,အုတ် အင်္ဂတေတို့ကို စုပြီးလျှင် သစ်သည်တိုင်၌ အချို့ကို ရွှေဖြင့်စီသည်။ အချို့ကို ငွေဖြင့်စီသည်၊ အချို့ကို ပတ္တမြားဖြင့်, အချို့ကို ပုလဲဖြင့်, အချို့ကို ကျောက်မျက်ရွဲဖြင့် စီသည်။ ဤသို့ ရတနာခုနစ်ပါးဖြင့် စီအပ်သော ရွှေသည်တိုင်တို့ကိုစိုက်၍ အထက်၌ ရွှေပြားအုတ်ကြွပ်တို့ဖြင့် မိုးလျက် ထက်ဝန်းကျင်သော အရပ်မှလည်း ရတနာခုနစ်ပါးဖြင့် စီခြယ်သော နံရံတို့ကိုကာလျက် နှစ်ဂါဝုတ်ကျယ်သော ဂန္ဓကုဋိကို ဆောက်လုပ်၏။ ထိုမှသည် တဂါဝုတ်စီ ချဲ့ပတ်၍ ကောင်းမြတ်စွာသော တံတိုင်းမီးတားကို ပြုပြီးလျှင် အာရာမ်အတွင်းမြေပြင်၌ အခင်းကဲ့သို့ အုတ်အင်္ဂတေတို့ကို ပြေပြစ်စွာ ပြုလုပ်၏။ အာရာမ်၏ ထက်ဝန်းကျင်မှလည်း ပန်းသစ်ပင် အပေါင်းတို့ကို ကောင်းစွာစိုက်ထား၏။ တံခါးလေးမျက်နှာတို့၌ ကြီးကျယ်စွာသော ရေကန်လေးခုတို့ကို တူး၍ ထူးမြတ်သော ရေတို့ဖြင့် ပြည့်စေ၏။ ကျောင်းတော်၏ အနီးအပါး၌လည်း ငါးပါးသော အဆင်းရှိသော တံခွန်လုံး, တံခွန်ပြားတို့ကို ဆွဲထားစိုက်ဆောက်ပေ၏။ ကျောင်းတော်အချက်၌လည်း ရွှေကွန်ရက်ဖြင့် အုပ်လွှမ်းကာ သန္တာဖြင့်ပြီးသော အထွတ်တို့ကိုတပ်၍ အထောင့်အထောင့်သော အရပ်တို့၌ ပတ္တမြားဖြင့်ပြီးသော ကြာသွတ်အိုး နီလာရိုးတပ်သော ရတနာပန်းခိုင်တို့ကို အပြိုင်အပြိုင်ပြုလုပ်၏။ ကျောင်းတော်လက်ရန်း အမွမ်းခြင်ပိတ် စသည်တို့၌လည်း ရတနာခုနစ်ပါးတို့ဖြင့် ထူးပြားဆန်းကြယ်စွာ ပြုလုပ်အပ်သော အရုပ်အပေါင်းတို့သည် သောင်းသောင်းခြံရံလျက် ကဟန်,ခုန်ဟန် တည်ကုန်၏။ ဘုရားသခင် ဝင်တော်မူသောကာလ ရောင်ခြည်တော်ထူး၍ တောက်ပစိမ့်သောငှါ အသပြာတသိန်းထိုက်သော ပတ္တမြား၊ နှစ်သိန်း,သုံးသိန်း စသည်ထိုက်သော ပတ္တမြား၊ အလျားလေးတောင် လုံးပတ် သုံးထွာရှိသော မနောမယပတ္တမြားတို့ကိုလည်း နေရာတော်ပါး၌ တည်ထားစီမံ၏။ ကျောင်းအာရာမ်တွင်း၌လည်း ဆီးသီး, သျှိသျှားသီးပမာဏရှိသော ရွှေငွေကျောက်သံ ပတ္တမြားတို့ကို ပုဆစ်ဒူးကျွံမျှ ကြဲဖြန့်ပေ၏။

ယင်းသို့ ကျောင်းဆောက်လုပ်သောကာလ မိမိနှမ၏သားဖြစ်သော အပရာဇိတ အမည်ရသော တူတော်သဌေးသည် “ဦးရီးတော်ပြုသော ကောင်းမှု၌ အကျွန်ုပ်လည်း တစုံတခုဝင်ပါရစေ”ဟု

(စာမျက်နှာ-၂၂၅)

ခွင့်တောင်းသော် “ငါ့ကျောင်းအာရာမ်၌ သင်မဝင်လင့်၊ ပြုလိုသော် အခြားသာ ပြုလုပ်လော့”ဟု ဆို၏။ ထို့အတူ အပရာဇိတလည်း အကြိမ်ကြိမ်ခွင့်တောင်း၍ ခွင့်မရလေရကား ကျောင်းတော်ဦး၌ သံဃာတော်တို့၏ စည်းဝေးရန် ဆိတ်ရုပ်ခံသော ဇရပ်ကို ရတနာခုနစ်ပါးတို့ဖြင့် ခြယ်တပ်လျက် ကောင်းမြတ်စွာ ဆောက်လုပ်၏။

(ထိုသူကား ငါတို့ဘုရားလက်ထက်တော်၌ မေဏ္ဍကသဌေး အလောင်းပင်တည်း။)

ထိုအပရာဇိတ ဒါယကာလည်း ကြီးကျယ်ကောင်းမြတ်လှစွာသော ကျောင်းတော်ကို ဆောက်လုပ်ပြီးလျှင် အစ်ကို မဟာသေနမထေရ်အား လျှောက်ကြား၏။ မဟာသေနထေရ်လည်း ဘုရားရှင်ထံတော်သို့ကပ်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... ကိုယ်တော်မြတ်အား ရည်မှတ်၍ အပရာဇိတမည်သော ညီဒါယကာသည် နေရာ ကျောင်းတော်အလို့ငှါ ဆောက်လုပ်ပါမည်၊ ထိုဒါယကာအား သနားတော်မူသဖြင့် ကျောင်းအလှူကို ခံတော်မူပါ”ဟု လျှောက်၏။

ဘုရားသခင်လည်း သံဃာတော်အပေါင်းနှင့်တကွ ကြွတော်မူလေ၍ ကျောင်းသို့တက်သောအခါ အဖိုးများစွာထိုက်သော ရတနာတို့ဖြင့် ပြည့်သည်ကိုမြင်လျှင် ကျောင်းတော်တွင်းသို့မဝင်ပဲ တံခါးမုခ်တွင်သာ ရပ်တော်မူ၏။ ဒါယကာက “ဝင်တော်မူပါ”ဟု အကြိမ်များစွာ လျှောက်လေလျှင် ဘုရားသခင်က အရှင်မဟာသေနအား ကြည့်တော်မူ၏။ ထိုမထေရ်လည်း အလိုတော်ကိုသိသဖြင့် “သင့်ကျောင်း၌ အဖိုးထိုက်သော ရတနာတို့ကား အလွန်များ၏၊ ထိုရတနာတို့ကို အကျွန်ုပ် အစောင့်အရှောက် ထားပါအံ့ဟု လျှောက်လေလော့”ဟူ၍ သင်၏။ ဒါယကာလည်း မဟာသေနထေရ် သင်တိုင်း လျှောက်သောအခါမှ မြတ်စွာဘုရားလည်း ကျောင်းတွင်းသို့ ဝင်တော်မူ၏။

ယုံမှားက အပါယ်လားတတ်ကြောင်း မှတ်ချက်

ရတနာတို့၏ အစောင့်အရှောက်ကို ဘုရား အဘယ့်ကြောင့် အလိုရှိသနည်းဟူမူကား- ယုတ်ယုတ်မြတ်မြတ်သော လူအများတို့သည် ငါဘုရားအား ဖူးမြင်ခြင်းငှါ အခါခပ်သိမ်း ရောက်ကုန်လတ္တံ့။ ထိုသူတို့သည် အဖိုးထိုက်သော ရတနာကို ယူသွားခဲ့လေသော် ငါဘုရားလည်း မတားမြစ်စကောင်း၊ ကျောင်း၌ ယိုယွင်းသောအခါ ဤကျောင်းဒါယကာသည် ငါဘုရားအားလည်းကောင်း၊ သံဃာတော်တို့အားလည်းကောင်း ယုံမှားယိုးကိုး၍ ရန်ငြိုးဖွဲ့သဖြင့် အပါယ်လားကြောင်း မကောင်းမှုအစုသည် ဖြစ်ခဲ့ရာ၏ဟု နှလုံးပြု၍ အစောင့်အရှောက်ကို အလိုရှိတော်မူသတည်း။

ကျောင်းဒါယကာဖြစ်သော အပရာဇိတသဌေးလည်း ဘုရားသခင်အား ကျောင်းတော်ကို ကပ်လှူပြီးသော် အချင်းယောက်ျားတို့ကိုခေါ်၍ တံခါးလေးမျက်နှာတို့၌ လေးယောက် လေးယောက်စီသော အစောင့်အရှောက်တို့ကိုထား၏။ “ဘုရားသခင်အထံသို့ ဆည်းကပ်ဖူးမြော် ပူဇော်လာကုန်သောသူတို့တွင် အချို့လည်း ကုံထံကြွယ်ဝလတ္တံ့၊ အချို့လည်း လျစ်လျူသာ ရှိလတ္တံ့၊ အချို့လည်း ပင်ပန်းဆင်းရဲစွာလတ္တံ့၊ ထိုသူတို့သည် ဤကြဲအပ်သော ရတနာတို့ကို လက်ဖြင့်သာ ကောက်ယူမူ အလိုရှိသမျှ ယူစေ၊ ခါးပိုက်, အိတ်ထောင်, တင်း, တောင်း, အုတ်, ခွက်တို့ဖြင့် ယူသော်သာလျှင် သင်တို့ မြစ်တားဘိလော့”ဟု ဆို၏။

(စာမျက်နှာ-၂၂၆)

ဇောတိကအလှူမှတ်ချက်

ထိုသဌေးအား ဤသို့သောအကြံသည် ဖြစ်၏။ “ဘုရား ရတနာ၌ သဒ္ဓါသော သူတို့သည်ကား ဘုရားသခင်ကို ဖူးမြင်ခြင်း တရားတော်ကို နာခြင်းငှါ အလှူကောင်းမှု ပြုခြင်းငှါ သက်သက်ပင်လာကုန်လတ္တံ့၊ မသဒ္ဓါသော သူတို့မူကား ဥစ္စာကိုလိုချင်သော လောဘဖြင့်သာ လာကုန်လတ္တံ့၊ ရောက်သောအခါ တရားတော်ကို နာရသဖြင့် ဒုက္ခ၏ကင်းလွတ်ခြင်းကို မြင်ပါစေသတည်း”ဟု နှလုံးပြု၍ ဤရတနာတို့ကို လက်ဖြင့်ပါသမျှ ယူစေဟု ခွင့်ပြုသတည်း။

ထိုအခါ နီးရာဝေးရာမှ များစွာသော လူအပေါင်းတို့သည် ကျောင်းကို ရှုခြင်းငှါလည်းကောင်း၊ ဘုရားသခင်ကို ဖူးမြင်ခြင်းငှါလည်းကောင်း လာကြကုန်၍ အိမ်သို့ပြန်သောကာလ ပရိဝုဏ်ထဲ၌ ကြဲအပ်သော ရတနာတို့ကို ကောက်ယူကုန်၏။ အပရာဇိတသဌေးလည်း လျော့ပါးသမျှသောအရပ်၌ ထပ်၍သာ လောင်းစေ၏။ ဘုရားသခင်၏ ခြေတော်ရင်း၌လည်း ရောင်ခြည်တော်ကို နှိုင်းစံခြင်းငှါ သခွားသီးပမာဏရှိသော အဖိုးအနဂ္ဃထိုက်သော ပတ္တမြားရတနာကို ထားပေ၏။ ထိုပတ္တမြားကြောင့်လည်း ဘုရားသခင်၏ ရောင်ခြည်တော်တို့သည် အထူးသဖြင့် တောက်ပတင့်တယ်သည်ဖြစ်၍ လူအပေါင်းတို့ပင် ဖူးမြင်၍ မရောင့်ရဲနိုင်သော အသရေတော် ဖြစ်သတည်း။

ပစ္စည်းမပျောက်ရန် ဆုတောင်း

တနေ့သ၌ တယောက်သော မိစ္ဆာဒိဋ္ဌိပုဏ္ဏားသည် ဘုရားသခင်ကို ဖူးမြင်လိုသကဲ့သို့ ကျောင်းတော်သို့သွား၍ ဘုရားခြေတော်ရင်းသို့ ကပ်ပြီးသော် ပရိသတ်ရှင်းခိုက်တွင် အဖိုးအနဂ္ဃထိုက်သော ပတ္တမြားရတနာကို ခိုးယူလေ၏။ ကျောင်းဒါယကာ သဌေးလည်း ပတ္တမြားမရှိသည်ကိုမြင်လျှင် စိတ်ကြည်လင်ခြင်းငှါ မတတ်နိုင်ရကား အလွန်တုန်လှုပ် ချောက်ချားလျက် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... အကျွန်ုပ်သည် ဂန္ဓကုဋီကိုရစ်၍ ပုဆစ်ဒူးကျွံမျှလောက်သော ရတနာတို့ကို ကြဲဖြန့်ရာ လာသမျှသောသူတို့ ကျုံးယူသည်ကိုမျှ နှလုံးမသာမရှိပါ၊ အလွန်သာလျှင် ရွှင်လန်းဝမ်းမြောက်ခြင်း ဖြစ်ပါ၏၊ ယခုမူကား အရှင်ဘုရာ၏ ရောင်ခြည်တော်ကို ထောက်ပံ့ခြင်းငှါထားသော ပတ္တမြားရတနာကို ဤမိစ္ဆာဒိဋ္ဌိပုဏ္ဏားသည် ဝှက်သွားခိုးယူလေခြင်းကြောင့် နှလုံးသာရွှင်ခြင်းငှါ မတတ်နိုင်ပါ”ဟု လျှောက်၏။ ဘုရားသခင်ကလည်း “ဥပါသကာ.. ရှေးဆုတောင်း မပါသောကြောင့် သင်၏ဥစ္စာကို သူတပါး ယူနိုင်လေသည်။ ယခု ဆုတောင်းလော့”ဟု မိန့်တော်မူ၏။ သဌေးလည်း “အရှင်ဘုရား... ယနေ့မှစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် ဖြစ်ဖြစ်သမျှ၌ အကျွန်ုပ်ရအပ်သော စည်းစိမ်ဥစ္စာကို ငါးဖြာသော ရန်သူတို့သည် လုယက်ဖျက်ဆီးခြင်းငှါ မတတ်နိုင်သည် ဖြစ်စေသော၊ မြိတ်ဆာချည်မျှင်ကိုမျှ အကျွန်ုပ်မပေးက အရာမကသော မင်း, အရာမကသော ခိုးသူတို့သည် လုယူ၍မရသည် ဖြစ်စေသော”ဟု ဆုပန်၏။ ဘုရားသခင်ကလည်း သင်ကောင်းသောဆုအတိုင်း ပြည့်စုံစေသောဟု အနုမောဒနာပြုတော်မူ၏။

ထိုအပရာဇိတသဌေးလည်း ထိုနေ့မှစ၍ ဂန္ဓကုဋီတော်ကို ပူဇော်ပွဲအလို့ငှါ ခြောက်သန်းရှစ်သိန်းသော သံဃာတို့အား ကိုးလပတ်လုံး ယာဂုဆွမ်း အဖျော်တို့ဖြင့် လုပ်ကျွေး၍ အဆုံးနေ့သို့ ရောက်သောအခါ သံဃာတော်အပေါင်းတို့အား တိစီဝရိတ်သင်္ကန်းဖြင့် လှူဒါန်းပူဇော်ပေ၏၊ အငယ်ဆုံးသံဃာတို့ ရအပ်သော သင်္ကန်းသည်ပင် အသပြာတထောင် ထိုက်သတည်း။

(စာမျက်နှာ-၂၂၇)

နောက်ဆုံးဘဝ

ဤသို့ ကုသိုလ်ကောင်းမှုကိုသာ များစွာအားထုတ်လျက် အသက်အတိုင်းနေ၍ စုတေသောအခါ လူ့ပြည်နတ်ရွာ၌ ကြီးကျယ်စွာသော လူ့ချမ်းသာ နတ်ချမ်းသာကို ခံစားခဲ့၍ ငါတို့ဘုရား ပွင့်တော်မူအံ့သောအခါ ရာဇဂြိုဟ်ပြည်၌ တဦးသော သဌေးအိမ်ဝယ် ပဋိသန္ဓေနေ၍ ကိုးလနှင့် တစ်ဆယ့်ငါးရက် လွန်သဖြင့် ဖွားမြင်သတည်း။

ဖွားသောနေ့မှာပင် ရာဇဂြိုဟ်ပြည်အလုံး၌ ရှိကုန်သော လက်နက် အသုံးအဆောင်တို့သည်လည်းကောင်း အလုံးစုံသော ယောက်ျားမိန်းမတို့၏ ကိုယ်တွင်ဆင်အပ်သော တန်ဆာရတနာတို့သည်လည်းကောင်း လွန်စွာ တောက်ပကုန်သည်ဖြစ်၍ တခဲနက်သော အရောင်အလျှံသည်ဖြစ်၏။ အဘသဌေးလည်း ထိုနေ့နံနက်၌ မင်းခစားခြင်းငှါ သွားလေလျှင် ပြည့်ရှင်မင်းကြီးက ယနေ့နံနက် လက်နက်ကိရိယာ တန်ဆာအရောင်တို့သည် တောက်လောင် ထွန်းပလတ်သည်ကား အကြောင်းအသို့နည်းဟု မေးတော်မူ၏။ “အရှင်မင်းကြီး... မစိုးရိမ်လင့်၊ အကျွန်ုပ်တို့အိမ်တွင် အရှင်တို့၏ ကျွန်းယောက်ျားကို ဖွားမြင်သတည်း”ဟု လျှောက်သော် “အချင်းသဌေး... သင်၏သားကား ထူးခြားလှလေစွ၊ သူခိုးသော်လည်း ဖြစ်လတ္တံ့လော၊ ငါ၏စည်းစိမ်ကို လုယက်အံ့သော မင်းလျာသော်လည်း ဖြစ်လတ္တံ့လော”ဟု မေးပြန်လျှင် “အရှင်မင်းကြီး ထိုသို့ ဖြစ်အံ့သောသူမဟုတ်၊ ပုဗ္ဗသမ္ဘာရရှိ၍ အတိုင်းမသိသော စည်းစိမ်ချမ်းသာတို့ကို ကောင်းစွာ ခံစားအံ့သောသူတည်း”ဟု လျှောက်ဆို၏။ “ထိုသို့ဖြစ်တပြီးကား သင်၏သားကို ကောင်းစွာမွေးဘိလော့”ဟု ဆို၍ နို့ဖိုးအလို့ငှါ တထောင်တထောင်သော အသပြာကို နေ့တိုင်း မင်းကြီးကပေးပေ၏။ အမည်မှည့်သောအခါ လက်နက်တန်ဆာတို့သည် လွန်စွာ တောက်ပသော ပဝတ္တနိမိတ်ကြောင့် ဇောတိကဟူသော အမည်ကိုမှည့်၏။

ထူးဆန်းသော အိမ်

အစဉ်အတိုင်း ကြီးပွား၍ အရွယ်ရောက်သောကာလ မိဘနှစ်ပါးတို့သည် ဇောတိကသတို့သား၏နေရာ အိမ်ရာကို ပြုပြင်ဆောက်လုပ်ခြင်းငှါ ဘူမိနက်သန် ရှာလတ်သော် တာဝတိံသာနတ်ပြည်မှ သိကြားမင်းသည် ပဏ္ဍုကမ္ဗလာတင်း၍ အကြောင်းကို ရှုမြင်လျှင် လက်သမား၏အသွင်ဖြင့် လာခဲ့၍ “အဘယ်ကို ရှာသနည်း”ဟု မေး၏။ လူလက်သမားတို့က ဇောတိက၏အလို့ငှါ အိမ်ရာစီရင်းကြောင်းကို ဆိုလျှင် “သင်တို့ ဖဲကြကုန်၊ သင်တို့ပြုအပ်သောအိမ်၌ အရှင်ဇောတိကသည် အဘယ်မှာ နေထိုင်ပေအံ့နည်း၊ ငါပြုလုပ်အံ့”ဟု ဆို၍ တဆယ့်ခြောက်မင်းပယ် မြေအရပ်ကို သတ်မှတ်ခြားနားလေသော် မြေဌာနသည် တခဏခြင်းပင် ကသိုဏ်းဝန်းအပြင်ကဲ့သို့ သန့်စင်ညီညွတ်စွာ ဖြစ်၏။

ထို့နောက်မှ “ဤမြေဌာန၌ ရှေးကပြုဖူးသော ကောင်းမှုနှင့် လျော်ကန်အောင် ဘုံဗိမာန်ပေါက်လော့”ဟု ဆိုပြန်လျှင် မြေအပြင်ကို ခွဲဖောက်၍ ရတနာခုနစ်ပါးအတိပြီးသော ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်သည် ထူးမြတ်စွာ ပေါက်လာပေ၏။

ထို့နောက်မှ တံတိုင်းရာတို့ကို လှည့်ကာ သားနားပြန်လျှင် အရပ်ရှစ်မျက်နှာမှ တဂါဝုတ်စီကျယ်သော ရတနာခုနစ်ပါးဖြင့်ပြီးသော တံတိုင်းခုနစ်ထပ်တို့သည် ပတ်ပတ်ဝန်းရံကာ တံခါးလေးမျက်နှာနှင့်တကွ ပေါ်လာကုန်၏။

(စာမျက်နှာ-၂၂၈)

“ထိုတံတိုင်းတို့၏ အကြား၌ ထူးခြားသော အဆောက်အအုံတို့သည် ဖြစ်စေကုန်သတည်း”ဟု ကြည့်ရှုသားနားပြန်လျှင် လိုအင်ရှိသမျှသီးသော ပရိက္ခရာပဒေသာပင်ကြီးတို့သည်လည်းကောင်း ရှေးကောင်းမှုအင်အားကို ထင်ရှားပြခြင်းငှါ ထန်းလုံးပမာဏရှိသော ကြံပဒေသာပင်တို့သည်လည်းကောင်း စီကာစီကာ ပေါက်လာပေကုန်၏။ ပြာသာဒ်လေးထောင့်၏ အနီး၌လည်း တဂါဝုတ် နှစ်ဂါဝုတ် သုံးဂါဝုတ် တယူဇနာကြီးသော ရွှေအိုးကြီး လေးလုံးတို့သည် ပေါက်လာကုန်၏။ ခုနစ်ထပ်သော တံတိုင်းတို့၏ တံခါးလေးမျက်နှာတို့တွင် ပဌမတံခါးမုခ်၌ ယမကောလိမည်သော နတ်ဘီလူးသည် အခြံအရံ တထောင်နှင့်တကွ စောင့်ရှောက်၏၊ ဒုတိယတံခါးမုခ်ဝ၌ ဥပ္ပလမည်သော နတ်ဘီလူးသည် အခြံအရံ နှစ်ထောင်နှင့်တကွ စောင့်ရှောက်၏။ တတိယ တံခါးမုခ်ဝ၌ ဝဇိရမည်သော နတ်ဘီလူးသည် အခြံအရံ သုံးထောင်နှင့်တကွ စောင့်ရှောက်၏။ စတုတ္ထတံခါးမုခ်ဝ၌ ဝဇိရဗာဟု နတ်ဘီလူးသည် အခြံအရံ လေးထောင်နှင့်တကွ စောင့်ရှောက်၏၊ ပဉ္စမတံခါးမုခ်ဝ ကသန္ဒကမည်သော နတ်ဘီလူးသည် အခြံအရံ ငါးထောင်နှင့်တကွ စောင့်ရှောက်၏။ ဆဋ္ဌမဖြစ်သော တံခါးမုခ်ဝ၌ ကဋဋ္ဌမည်သော နတ်ဘီလူးသည် အခြံအရံ ခြောက်ထောင်နှင့်တကွ စောင့်ရှောက်၏၊ သတ္တမဖြစ်သော တံခါးမုခ်ဝ၌ ဒိသာပါမုခမည်သော နတ်ဘီလူးသည် အခြံအရံဖြစ်သော နတ်ဘီလူးခုနစ်ထောင်နှင့်တကွ စောင့်ရှောက်ပေ၏။

ယင်းသို့ တံတိုင်းခုနစ်ထပ် လေးရပ်သော ရွှေအိုး, ပဒေသာပင်တို့နှင့်တကွ ရတနာမယပြာသာဒ်သည် မြေမှပေါက်လတ်သော အခြင်းအရာကို ဗိမ္ဗိသာရမင်းကြီး ကြားတော်မူလေလျှင် ဇောတိကသတို့သားအား အဆက်ဆက်သော သဌေးတို့၏ ဆောင်းမြဲဖြစ်သော ထီးဖြူကို ဆောက်နှင်းပေ၏။

မြောက်ကျွန်းသူဇနီး

ထိုသဌေးနှင့် ရှေးကောင်းမှုပြုဘက်ဖြစ်သော မိန်းမသည် ဥတ္တရကုရုကျွန်း၌ ပဋိသန္ဓေနေ၏။ အရွယ်သို့ရောက်သဖြင့် နတ်တို့ဆောင်၍ ပြာသာဒ်၏အချက် ကျက်သရေရှိသောတိုက်၌ ထားလာ၏။ ဤမိန်းမက အကြိမ်တရာဖတ်အပ်သော လဲဝါဂွမ်းစုကဲ့သို့ နုထွတ်သိမ်မွေ့လှရကား တူလကာယီ အမည်ရှိ၏။ ထိုမိန်းမ၌ တကွမ်းစားသောဆန်နှင့် ဇောတိပါသာဏမည်သော မြခနောက်သုံးလုံးသာ ပါသတည်း။

ထိုတကွမ်းစားသော ဆန်ကို ရွှေအိုး၌ထည့်၍ မြခနောက်ထက်တင်လျှင် တခဏခြင်းပင် အငွေ့ခြောင်းခြောင်းတက်၍ ကျက်နပ်သဖြင့် အငွေ့တို့သည် ငြိမ်းကုန်၏။ ထိုထမင်း စားလိုသမျှသောသူတို့ ခူးသော်လည်း ယောက်မရာ မထင် ပြည့်မြဲပင် ပြည့်သတည်း၊ ပါသော ဆန်တကွမ်းစားကို အလိုရှိမူ လှည်းတရာဖြင့် တိုက်သော်လည်း မကုန်။ ထိုသူနှစ်ပါးတို့သည် အသက်ထက်ဆုံး စား၍မျှ မကုန်သောဟူ၏။ ထမင်းချက်သော အခါ၌လည်း ထိုနည်းတူ အလိုလိုပင် အငွေ့တက်၍ ကျက်လေ၏။ ချက်သောကာလ ဇောတိပါသာဏ ကျောက်တို့၏ ရောင်ဟုန်ကြောင့် မြင်ကုန်သောသူတို့သည် မီးပုံမီးလျှံကဲ့သို့ ထင်သတည်း။

“ဇောတိကအား ဤမျှလောက်သော စည်းစိမ်ချမ်းသာတို့သည် မြေမှပေါက်လာကုန်၏”ဟူ၍ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ ထင်ရှားလတ်သော် များစွာသော လူအပေါင်းတို့သည် ရေကြောင်း ကြည်းကြောင်းဖြင့်လာ၍ ရှုကြကုန်သည်။ ထိုလာတိုင်း, လာတိုင်းသော သူတို့အားလည်း

(စာမျက်နှာ-၂၂၉)

မြောက်ကျွန်းမှပါသော ဆန်တကွမ်းစားဖြင့်သာ ချက်၍ ကျွေးမွေး၏။ ပဒေသာပင်၌ ဆင်ယင်အပ်သော အဝတ်တန်ဆာ ဘဏ္ဍာအသုံးအဆောင်တို့ကိုလည်းကောင်း တဂါဝုတ်ရှိသော ရွှေအိုးကြီးမှ မီးကျီးခဲကဲ့သို့သော ရွှေဆိုင်ရွှေတုံးတို့ကိုလည်းကောင်း အလိုရှိသမျှယူ၍ ပြန်စေ၏။ ယူလေရာရာ ရွှေအိုးပဒေသာပင်တို့၌လည်း ယူရာမထင် ပြကတေ့ပင် ဖြစ်ပြန်၏။

ဘုရင်ကြည့်ရှုလာပုံ

တရံသောအခါ ဗိမ္ဗိသာရမင်းကြီးသည် ဇမ္ဗူဒိပ်ကျွန်းသူ အပေါင်းတို့ သောင်းသောင်းညံမျှ အံ့ဩကြသော ကောင်းချီးသံကိုကြား၍ ဇောတိကသဌေး၏ ဘုံဗိမာန်ကို ရှုမြင်လိုသော ဆန္ဒသည်ဖြစ်၍ ဇောတိက၏အဖ သဌေးကိုခေါ်ပြီးလျှင် “သင့်သားပြာသာဒ်သို့ သွား၍ ရှုကြအံ့”ဟု ဆိုပြီးလျှင် ထိုသဌေးလည်း “ကောင်းပြီ”ဟု ဝန်ခံ၍ ဇောတိကသဌေးထံသို့ တမန်စေလိုက်၏။

ဗိမ္ဗိသာရမင်းကြီးလည်း များလှစွာသော စစ်သည်ဗိုလ်ပါအပေါင်းနှင့်တကွ ထွက်ကြွတော်မူ၍ ပြာသာဒ်သို့ ရောက်သောအခါ ရှေးဦးစွာ မုခ်ဝ၌ အမှိုက်သိမ်းခြင်းငှါ စောင့်နေသော အမျိုးကျွန်မသည် ဗိမ္ဗိသာရမင်းကြီးအား လက်ကို ကမ်းလင့်၏။ မင်းကြီးလည်း ထိုမိန်းမ၏ အသွင်မူရာ တန်ဆာအဝတ် လျောက်ပတ်လှသောကြောင့် ဇောတိက၏မယားပင်ဟု ထင်မှတ်လျက် ရှက်နိုးရကား လက်ဖျားကိုမှ မလှမ်းဝံ့ရှိ၏။

ထိုကတဖန် တက်လေပြန်လျှင် ယခင်ကကဲ့သို့ ဒုတိယ တတိယစသော တံခါးမုခ်တို့၌လည်း စောင့်နေသော မိန်းမတို့သည် လက်လှမ်းလင့်ကြသည်ကို မင်းကြီးက ဇောတိက၏မယားဟု ထင်မှတ်လျက် လက်ကိုမျှ မပေးဝံ့ရှိသတည်း။

သတ္တမမုခ်ဝသို့ ရောက်သောအခါ ဇောတိကလည်း ခရီးဦးကြိုဆိုလျက် ရိုသေစွာ ရှိခိုးပြီးလျှင် မင်းကြီး၏ နောက်တော်မှလိုက်၍ တိုက်ခန်းတံခါးကို ဖွင့်ကာဖွင့်ကာပြလျက် လှည့်လည်၍ ရှုစေသော် တခုသော ပတ္တမြားညိုဖြင့်ပြီးသော တိုက်ခန်းသို့ရောက်၍ အောက်သို့ကြည့်လေလျှင် အသူတရာနက်သော ချောက်ကဲ့သို့ထင်၍ “ရှင်ဇောတိကသည် ငါ့ကိုသတ်ခြင်းငှါ ဤနက်စွာသောချောက်ကို ထားသည်ဖြစ်လတ္တံ့”ဟု အောက်မေ့လျက် ပြာသာဒ်ထက်၌ပင် ခြေမလှမ်းဝံ့ပဲ ကြောက်ရွံ့တုန်လှုပ်စွာ ရပ်၏။ ထိုသို့ရပ်သည်ကို မြင်လျှင် “အရှင်မင်းကြီး ဤကား တွင်းမဟုတ်၊ အကျွန်ုပ်၏နောက်မှ ကြွတော်မူပါ”ဟု ဆို၍ ဇောတိကသည် ရှေ့မှတက်၍ သွား၏။

ထိုအခါ အဇာတသတ်မင်းသားသည် ခုနစ်နှစ်အရွယ်သာရှိ၏။ မင်းကြီးလက်တော်ကိုဆွဲလျက် ပါသည်နှင့် ဤသို့ ကြံ၏။ “ငါ၏ဖခင်မင်းကြီးသည် အလွန်မိုက်ပလေစွ၊ မိမိ၏ကျေးကျွန်ဖြစ်သော သဌေးသည် ရတနာခုနစ်ပါး အတိပြီးသော ပြာသာဒ်ဖြင့်နေလျက် မိမိမှာ သစ်သားဖြင့်ပြီးသောအိမ်၌ နေရှာဘိသည်၊ ငါသာ မင်းဖြစ်မူကား ဤ ဇောတိကကိုသတ်၍ ပြာသာဒ်ကို ယူအံ့”ဟု ကြံအောက်မေ့၏။

ထမင်းကျွေးပွဲ

ဗိမ္ဗိသာရမင်းကြီးလည်း အထက်ပြသာဒ်သို့ လှည့်ပတ်၍ရှုစဉ်ပင် နံနက်စာ စားချိန်တန်လေ၏။ ရှင်သဌေးလည်း “အရှင်မင်းကြီး နံနက်စာ သုံးဆောင်တော်မူခြင်းငှါ ဤသို့ကြွပါ” ဟု

(စာမျက်နှာ-၂၃၀)

လျှောက်၍ တဆယ့်ခြောက်လုံးသော နံ့သာရေတို့ဖြင့် ချိုး‌စေပြီးသော် ရတနာအစုဖြင့်ပြီးသော အခင်းနေရာ၌ ကောင်းစွာနေစေ၍ “အသပြာတသိန်းထိုက်သော ရွှေခွက်ဖြင့် လက်တော်ကို ပွတ်သပ်ခြင်းငှါ ပျော့ပျောင်းသော နို့ဃနာကို ကပ်လာ၏။

ဗိမ္ဗိသာရမင်းကြီးလည်း စားတော်ထမင်းပင်ဟုမှတ်၍ စားခြင်းငှါ အားထုတ်သည်ကိုမြင်လျှင် “အရှင်မင်းကြီး.. ဤကား စားတော်မူရန် မဟုတ်ပါ၊ လက်သုံးသပ်တော်မူရန် ဖြစ်ပါသည်”ဟု လျှောက်၍ နောက်မှ ရွှေစင်တသိန်းထိုက်သော မနောလင်ပန်းဖြင့် မြောက်ကျွန်းသူ၏ အိုးမှဖြစ်သော နတ်သုဓာဘုတ်နှင့်တူသော ထမင်းဩဇာကို ကောင်းစွာဆက်ပေ၏။

မင်းကြီးလည်း အရသာ၏ မွန်မြတ်ခြင်းကြောင့် အလွန် စားတော်မူလိုသော်လည်း “အရှင်မင်းကြီး- ဤမျှဖြင့်ပင် တန်တော်မူပါ၊ ထိုထက်သာ၍ သုံးဆောင်တော်မူလျှင် အစာမကျေနိုင် ရှိပါလိမ့်မည်”ဟု လျှောက်၏။ မင်းကြီးကလည်း “အချင်းဇောတိက... ဤထမင်းမျှကို အဘယ့်ကြောင့် အလေးပြု၍ ဆိုသနည်း”ဟု မိန့်လျှင် “အရှင်မင်းကြီး အကျွန်ုပ် အလေးပြု၍ဆိုသည်မဟုတ်၊ ဤအိမ်၌နေကုန်သော သူခပ်သိမ်းတို့အားလည်းကောင်း ရောက်လာသမျှ ဧည့်သည်အာဂန္တုတို့အားလည်းကောင်း ဤထမင်းကိုသာ ကျွေးမြဲဖြစ်ပါ၏။ သို့ရာတွင် အရှင်မင်းကြီးတို့သည် နန်းတော်သို့ ပြန်သောကာလ ယမန်နေ့က ဇောတိကသသည် ကျွေးအပ်သော အာဟာရကြောင့်ပင် မအီမသာ ငါရရှိသည်ဟု ကဲ့ရဲ့တော်မူမည်ကိုသာ အကျွန်ုပ် ကြောက်ပါသည်”ဟု လျှောက်၏။

ထိုအခါ ဗိမ္ဗိသာရမင်းကြီးလည်း စားတော်ပွဲကိုယူစေ၍ နံ့သာဖြင့်ထုံအပ်သောရေကို သုံးတော်မူ၏။ ထို့နောက်မှ ရာဇပရိဝါရဖြစ်သော ဗိုလ်ပါအပေါင်းတို့အားလည်း ဤထမင်းကိုသာ ကျွေးမွေးပေ၏။

မီးရောင်မမြင်ဖူးပုံ

ထမင်းစားပြီးသော် ဗိမ္ဗိသာရမင်းကြီးလည်း ချီးမွမ်းအံ့ဩကာ ချမ်းသာသောစကားကို ပြောကြားလျက် “အချင်း ဇောတိက.. သင်၏အိမ်၌ စည်းစိမ်ရှင်မသည် မရှိသေးသလော”ဟု မေး၏။ သဌေးကလည်း “မြောက်ကျွန်းသူ သဌေးမသည် ကျက်သရေတိုက်ခန်း၌ ရှိ၏။ အရှင်မင်းကြီး ကြွလာတော်မူသည်ကို သူမသိ၍သာ မဖူးမြင်လာပါသည်”ဟု လျှောက်လျှင် “သင်၏ ကြင်ဘက်ဖြစ်သော သဌေးမကို ငါမြင်လိုသည်”ဟု ဆို၏။

ထိုစကားကိုကြားလျှင် ဇောတိကလည်း သဌေးမအထံသို့သွားလေ၍ “စည်းစိမ်ရှင်မ.. ငါတို့မင်းကြီးသည် ယခု ငါတို့အိမ်သို့ ကြွလာ၏။ သင်လည်း ဖူးမြင်ခြင်းငှါ မသင့်ပါသလော”ဟု ဆိုလျှင် “အရှင်သဌေး.. မင်းဟူသည်ကား အဘယ်သူနည်း”ဟု မေး၏။ “ဤရာဇဂြိုဟ်ပြည်နှင့်တကွ ငါတို့ကိုအစိုးရသော သူပေတည်း”ဟု ပြောသော် သဌေးကတော်က နှလုံးမသာသော အခြင်းအရာကို ကြားလျက် “ဪ.. ငါတို့ကား ရှေးကောင်းမှုပြုသောအခါက သဒ္ဓါတရား ချို့တဲ့သောအမှုကြောင့် ယခုဘဝ၌ သူတပါးအစိုးရသော ဌာနအတွင်းဝယ် ဆင်းရဲစွာ ဖြစ်လာလေဘိသည်”ဟု မြည်တမ်း၍ “မင်းကြီးထံ၌ အကျွန်ုပ် အဘယ်ကဲ့သို့ ပြုရအံ့နည်း”ဟု မေး၏။ သဌေးကလည်း “ရတနာစီတပ်သော ထန်းရွက်ယပ်ဖြင့် ခတ်လှည့်လော့”ဟု ဆိုလျှင် ထိုသဌေးမလည်း နေရာမှထ၍ မင်းကြီးအား ယပ်ခတ်လာ၏။

(စာမျက်နှာ-၂၃၁)

ထိုသို့ ယပ်ခတ်ကာနေစဉ် မင်းကြီး၏ ဘောင်းတော်မှ အနံ့လေသည် သဌေးမ၏မျက်စိကို ခတ်မိလေသောကြောင့် မျက်ရည်တို့သည် တွေတွေစီးဆင်းကုန်၏။ ထိုသို့ဖြစ်သည်ကို မင်းကြီးမြင်လျှင် “ရှင်ဇောတိက.. မိန်းမတို့မည်သည်မှာ ပညာအလွန်နဲ၏။ ငါ၏စည်းစိမ်ကို မင်းကြီးယူလေအံ့ဟု တွေးတောကြောက်ငြင်၍ သင်၏သဌေးမ ငိုဟန်ရှိချေသည်”ဟု ဆိုသော် သဌေးကလည်း “အရှင်မင်းကြီး တွေးသည့်အတိုင်းမဟုတ်၊ အကျွန်ုပ်၏သဌေးမကား ပကတိသော မီးရောင် ဆီမီးရောင်တို့ကို မမြင်စဖူး၊ ပတ္တမြားရောင်ဖြင့်သာလျှင် သွားလာခြင်း စားသောက်ခြင်း စသည်တို့ကို ပြု၏။ အရှင်မင်းကြီးကား ဆီမီးရောင်ဖြင့် နေတော်မူသည် ဖြစ်လတ္တံ့။ ထိုအရောင်နှင့်စပ်သော အဝတ်တို့မှကြွသော လေဟုန်ခတ်သောကြောင့်သာ မျက်ရည်ယိုပါသည်”ဟု လျှောက်၏။

ဇောတိကလက်ဆောင်

မင်းကြီးကလည်း “ဟုတ်မှန်ပေ၏၊ ငါတို့ကား ဆီမီးရောင်၌သာ နေပေသည်”ဟု ပြောလျှင် “အရှင်မင်းကြီး... ယနေ့မှစ၍ ပတ္တမြားရောင်ဖြင့်သာ အခါခပ်သိမ်း နေတော်မူပါ”ဟု လုံးပတ်သုံးထွာရှိသော သခွါးသီးပမာဏမျှလောက်သော ပတ္တမြားရတနာကို ဆက်ပေ၏၊ ဗိမ္ဗိသာရမင်းကြီးလည်း ငါ၏အဆွေဖြစ်သော ဇောတိက၏ စည်းစိမ်ချမ်းသာသည်ကား ဤကမ္ဘာလုံး ပြောမဆုံးအောင်ပင် ကြီးကျယ်မြတ်ထွတ်ပေစွတကားဟု အံ့ဩလျက် နန်းတော်သို့ ပြန်လေ၏။

ဤကား ဇောတိကသဌေး၏ အကြောင်း အတ္ထုပ္ပတ္တိ အမြွက်တည်း။
(ရဟန်းဖြစ်ကြောင်းကို နောက်မှာမှ ဆိုလတ္တံ့။)

၄၅။ ဇဋိလသဌေး၏ အကြောင်းကို ပြခြင်း

ဇဋိလသဌေး၏ အကြောင်းကား- ဗာရာဏသီပြည်၌ နှစ်ဆယ့်လေးကုဋေ ကြွယ်ဝသော သဌေးသမီးတဦးသည် အဆင်းလှသည်ဖြစ်၍ မိဘတို့သည် အလွန်လေးမြတ်ရကား တဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်လတ်သော် ပြာသာဒ်မ၏အထက် ကျက်သရေရှိသော တိုက်ခန်း၌ အလုပ်အကျွေးဖြစ်သော မိန်းမတယောက်နှင့်သာ နေစေ၏။

ဇဋိလ၏မိခင်

တနေ့သောအခါ လေသာပြူတင်းပေါက်ကို လှစ်လတ်၍ ကောင်းမြတ်သော တန်ဆာတို့ဖြင့် ဆင်ယင်လျက် ပျော်ရွှင်မြူးထူးကာ နေသည်တွင် ကောင်းကင်ခရီးဖြင့် သွားလာသော ဝိဇ္ဇာဓိုရ်တဦးသည် မြင်၍ ကြင်နာစုံမက်ခြင်းရှိရကား လေသာနန်းတံခါးဖြင့်ဝင်၍ သဌေးသမီးနှင့် ယဉ်ပါးမိကြသတည်း။

ယင်းသို့ ယဉ်ပါးဖန်များသဖြင့် သဌေးသမီး၌ ကိုယ်ဝန်ရလေသော် အထိန်းမိန်းမက “အရှင်မ.. ဤဖောက်ပြန်ခြင်းကား အကြောင်းအသို့နည်း”ဟု မေး၍ ဝိဇ္ဇာဓိုရ်ယောက်ျားနှင့် ယဉ်ပါးမိသဖြင့် ကိုယ်ဝန်ရှိကြေင်းကိုပြောလျှင် “အရှင်မ.. ထိုသို့ဖြစ်စေကာမူ သူတထူးအား မကြားသိစေလင့်”ဟု ဆို၍ ဆိတ်ငြိမ်စွာနေကြ၏။ နေ့လစေ့သောအခါ အဆင်းအင်္ဂါနှင့်ပြည့်စုံသော သတို့သားငယ်ကိုဖွား၏။ သဌေးသမီးလည်း “အထိန်းမ.. ဤဖွားသောသူငယ်ကို အိုးသစ်ဝယ် ထည့်ပိတ်၍ အိုး၏အဝ ပြင်ပခပ်သိမ်းတို့၌ ပန်းခိုင်ပန်းကုံးတို့ကိုရံလျက် ခေါင်းဖြင့်ရွက်သွား၍ ဂင်္ဂါမြစ်၌

(စာမျက်နှာ-၂၃၂)

စွန့်ချေ။ သူတပါးမေးသောအခါ ငါတို့အရှင်မ၏ နတ်ပူဇော်ခြင်း ကိစ္စတည်းဟူ၍ ဆိုလေ”ဟူ၍ စေလိုက်၏။

ဇဋိလအမည်

ထိုကျွန်မလည်း သွန်သင်တိုင်းစီရင်၍ ဂင်္ဂါမြစ်တွင်မျှောလေ၏။ ထိုအိုးသည် အစဉ်အတိုင်းမျောလေ၍ ဥဇ္ဇေနီပြည်သို့ ရောက်လေသော် ဂင်္ဂါမြစ်ဆိပ်၌ မိန်းမနှစ်ဦးတို့သည် ရေချိုး၍နေခိုက် ကြိမ်သည်နှင့် မျောလာသောအိုးကို မြင်လျှင် တယောက်သောမိန်းမက “ဤအိုးကား ငါ့အိုးတည်း”ဟု ဆို၏။ တယောက်ကလည်း “အိုး၏အတွင်း၌ပါမူ ငါ၏ဥစ္စာတည်း”ဟု ဆို၍ အိုးကို ဆယ်ယူကြပြီးလျှင် ကြည့်လတ်သော် အဆင်းအင်္ဂါနှင့်ပြည့်စုံသော သူငယ်ကိုမြင်၍ အလျင်အိုးကိုမှတ်သော မိန်းမက “ဤသူငယ်ကို ငါရသင့်သည်”ဟု ဆို၏။ ပါသောအရာဝတ္ထုကို မှတ်သောမိန်းမကလည်း “ငါသာ ရသင့်သည်”ဟု ဆို၍ ငြင်းခုံခိုက်ရန် ဖြစ်ကြသော် တရားဆုံးဖြတ်ရာ အရပ်သို့သွား၍ တရားသူကြီးတို့အား လျှောက်ကြားလျှင် တရားသူကြီးတို့သည် မဆုံးဖြတ်နိုင်ရကား မင်း၏အထံသို့သွား၍ အကြောင်းကို လျှောက်ကြား၏။

မင်းကြီးလည်း အခြင်းအရာကိုမေးပြီးမှ “အိုးကိုမှတ်သော မိန်းမက အိုးကိုရစေ၊ အိုး၌ပါသောဝတ္ထုကို မှတ်သောမိန်းမကသာ ဤသူငယ်ကိုရစေ”ဟု ဆုံးဖြတ်၏။ ထိုသူငယ်ကိုရသော မိန်းမကား အရှင်မဟာကစ္စည်းထေရ်၏ အလုပ်အကျွေး ဒါယိကာမဖြစ်၍ ဤသူငယ်ကို အရွယ်သို့ရောက်သောအခါ ဆရာ၏အထံ၌ ရဟန်းပြုစေအံ့ဟုကြံ၍ ကောင်းမွန်စွာလုပ်ကျွေး၏။ အမည်မှည့်သောအခါဝယ် သတို့သားငယ်ကား ဖွားစသောအခါကပင် ကင်ပွန်းရေစင်ဖြင့် သုတ်သင်ဆေးကြောခြင်း မရှိခဲ့သောကြောင့် ဦးခေါင်း၌ရောက်သော ဆံတို့သည် ရောယှက်တွန့်လိမ်ကာ တည်ကုန်ရကား ဇဋိလဟူသော အမည်ကို မှည့်၏။

အရှင်မဟာကစ္စည်းထေရ် စောင့်ရှောက်ပုံ

ထိုးဇဋိလသည် ခြေဖြင့်သွားနိုင်သောအခါ မဟာကစ္စည်းထေရ်သည် အိမ်သို့ကြွလာ၍ “ဥပါသိကာမ.. ဤသူငယ်ကို အဘယ်မှရသနည်း”ဟု မေး၍ ရသောအခြင်းအရာကို စေ့စုံစွာ လျှောက်လျှင် “သင်၏သားကား ဘုန်းရှိသောသူတည်း၊ ကောင်းမွန်စွာ မွေးလော့”ဟု ဆို၍ ထိုသူငယ်အား သရဏဂုံ ပဉ္စသီလကိုပေး၏။ ဥပါသိကာမလည်း “ဤသူငယ်ကို အရှင်ဘုရားထံတော်တွင် ရှင်ရဟန်းပြုလို၍သာ အကျွန်ုပ်မွေးမြူပါသည်။ အလိုရှိရာဆောင်၍ ရှင်ရဟန်းပြုတော်မူပါ”ဟု အပ်နှံ၏။ မထေရ်မြတ်လည်း “ကောင်းပြီ”ဟု ဝန်ခံ၍ ကျောင်းသို့ခေါ်ခဲ့ပြီးလျှင် ဆင်ခြင်လတ်သည်ကား “ဤသတို့သားသည် ကြီးမားသော ဘုန်းကံပါရမီရှိ၏။ ဂီဟိသမ္ပတ္တိကိုခံစားပြီးမှ ရဟန်းအဖြစ်ကို ရလတ္တံ့၊ ယခုကား ငယ်နုစွာသေး၏။ ရှေးကကံ၏အဟုန်ကို စိတ်ကုန်အောင် ခံစားစံစားစေဦးလော့၊ ဉာဏ်ရင့်လောက်သောအခါမှ ငါယူ၍ ရဟန်းပြုတော့အံ့”ဟု ကြံလျက် တက္ကသိုလ်ပြည်သို့ ဆောင်လေပြီးလျှင် မိမိ၏ အလုပ်အကျွေးဖြစ်သော သူကြွယ်တဦးအထံ၌ အပ်နှံထား၏။

ထိုဒါယကာလည်း မဟာကစ္စည်းထေရ်၌ ရိုသေသောအားဖြင့်လည်းကောင်း၊ သူငယ်ကို သနားသောအားဖြင့်လည်းကောင်း မိမိသားကဲ့သို့ သနားစုံမက်စွာ လူရေးလူရာ၌ လိမ္မာပွန်းတီးအောင် သွန်သင်၍ ကျွေးမွေးသဖြင့် တဆယ့်နှစ်နှစ်တိုင်အောင်ပင် ကြာမြင့်၏။

(စာမျက်နှာ-၂၃၃)

တရံသောအခါဝယ် သူကြွယ်သည် ရွာတပါးသို့ သွားခွင့်ရှိ၍ ဇဋိလသူငယ်အား “ဤဝတ္ထုကား ဤမျှထိုက်၏၊ ဤမျှလောက် အဖိုးကိုရလျှင် ရောင်းချနှင့်ဘိ”ဟု မှာထား၍ သွား၏။ ထိုသို့ ဇဋိလသည် စောင့်ရှောက်ရသောအခါ မြို့ရွာ၌စောင့်နေသော နတ်တို့သည် ကုန်ဝယ်လိုသော သူခပ်သိမ်းအား လှည့်ပတ်သွေးဆောင်၍ ဆိုင်သဖြင့် တထိုင်တည်းတွင်ပင် အထောင်အသောင်းမျှလောက်သော အထုပ်အထည်တို့ကို ရောင်းရ၏။ တဆယ့်နှစ်နှစ်ကာလပတ်လုံး စုထားအပ်သော ဘဏ္ဍာကို တနေ့ချင်းဖြင့်သာ ကုန်အောင်ရောင်းပေး၏။

သူကြွယ်ပြန်ရောက်သောအခါ ဆိုင်၌ ဘဏ္ဍာတို့ကို မမြင်၍ “သင်ချစ်သား ဤဘဏ္ဍာတို့ကို အသို့ပြုသနည်း”ဟု မေးလျှင် “အရှင်သူကြွယ်တို့ မှာခဲ့တိုင်း အကျွန်ုပ်ရောင်းနှင့်ပါသည်”ဟု ဆို၍ အသပြာတို့ကို အပ်နှင်း၏။ သူကြွယ်လည်း အလွန်ကြည်ညိုဝမ်းမြောက်ရကား “ငါ့သားဇဋိလသည် အဖိုးအနဂ္ဃထိုက်သော ယောက်ျားပေတကား”ဟု ချီးမွမ်း၍ မိမိအိမ်၌ နားထွင်းမင်္ဂလာ ဆောင်ချိန်တန်သော သတို့သမီးငယ်နှင့် ထိမ်မြား၍ တခုသောအရပ်၌ အိမ်ကိုဆောက်လုပ်၍ ပေး၏။

ဇဋိလသဌေးကြီး ဖြစ်လာခြင်း

ထိုဇဋိလ လင်မယားတို့သည် အိမ်သို့တက်သောကာလ အိမ်တံခါးဝ၌ အတောင်ရှစ်ဆယ်မျှရှိသော ရွှေတောင်ကြီးသည် မြေမှပေါက်လာ၏။ ထိုအကြောင်းကို ပြည့်ရှင်မင်းကြီး ကြားသိသော် ထိုဇဋိလအား သဌေးကြီးတို့၏ ဆောင်းမြဲဖြစ်သော ထီးဖြူကိုဆောင်းစေဟု စေလွှတ်တော်မူ၏။

ကာလရှည်ဘိသော် ထိုဇဋိလသဌေးအား သားသုံးယောက်တို့ကိုရ၍ သားတို့အရွယ်ရောက်သောအခါ မိမိသည် ရဟန်းပြုလိုသော အာသာဖြစ်သဖြင့် “ဤဇမ္ဗူဒိပ်ကျွန်း၌ ငါနှင့်အတူ စည်းစိမ်ဥစ္စာ ဘဏ္ဍာရွှေငွေ ရတတ်သသူ ရှိလေမူကား ငါရဟန်းပြုအံ့၊ မရှိမူကား လူ၏ဘောင်တွင် ပျော်ရွှင်ဦးအံ့”ဟု ကြံလျက် အချင်းယောက်ျားတို့ကို ခေါ်ပြီးလျှင် ရွှေဖြင့်ပြီးသော အုတ်, ရွှေလှံတံ, ရွှေသန်လျက်, ရွှေခြေနင်းတို့ကို ပေးအပ်၍ “အရပ်ရပ်သော မြို့ပြနိုင်ငံသို့ ရောင်းဟန်ပြု၍ လှည့်လည်လေကုန်၊ ငါနှင့်တူသော စည်းစိမ်ချမ်းသာ ရှိသသူကိုတွေ့မူကား ငါ့အား ပြန်ကြားလှည့်ကုန်”ဟု ဆို၍ လွှတ်လိုက်၏။

မေဏ္ဍကသဌေးသားစည်းစိမ်

ထိုယောက်ျားတို့သည် အစဉ်အတိုင်းသွားလေ၍ ဘဒ္ဒိယမြို့သို့ ရောက်သောကာလ မေဏ္ဍကသဌေး၏ သတင်းကိုကြား၍ ထိုသဌေးထံဝင်လေလျှင် မေဏ္ဍကသဌေးလည်း “ငါ့သားတို့သည် အဘယ်အလို့ငှါ လာကုန်သနည်း”ဟု မေး၍ တစုံတခုကို ကြည့်ရှုခြင်းငှါ လာပါကြောင်းကို လျှောက်လျှင် “ငါ့အိမ်နောက်တွင်ရှိသော ဝတ္ထုကို ကြည့်လေလော့”ဟု ဆို၏။ ထိုယောကျ်ားတို့လည်း သွား၍ ကြည့်ကြလတ်သော် ရှစ်မင်းပယ်စာမျှသော မြေပြင်၌ ဆင်ကြီး မြင်းကြီး ပမာဏရှိသော ရွှေဆိတ်ရုပ်တို့သည် ကျောချင်းထိကာ,ထိကာ တည်သည်ကိုမြင်၍ ရင်တီးလက်မ အံ့ဩကြပြီးလျှင် မေဏ္ဍကသူဌေးထံသို့ ဝင်ပြန်၏။ သဌေးကလည်း “ငါ့သားတို့သည် တစုံတခုကို ကြည့်ရှုလို၍လာသော် မြင်ခဲ့ပါ၏လော”ဟု မေး၏။ မြင်ခဲ့ရကြောင်းကိုလျှောက်လျှင် “သင်တို့အလိုရှိမူ ထမ်းနိုင်သမျှယူလေ”ဟု ဆို၍ လွှတ်လိုက်၏။

(စာမျက်နှာ-၂၃၄)

ထိုသူတို့ရောက်သောကာလ ဇဋိလသဌေးကလည်း “အမောင်တို့ လှည့်လည်ရာ၌ ငါကဲ့သို့ရတတ်သောသူကို တွေ့ခဲ့ပါ၏လော”ဟု မေး၏။ ဘဒ္ဒိယမြို့၌ မေဏ္ဍကအမည်ရှိသော သဌေးကို တွေ့ခဲ့ကြောင်း စည်းစိမ်ဥစ္စာ လွန်စွာများပြားကြောင်းကို လျှောက်လျှင် အလွန်ရွှင်လန်းသောစိတ် ရှိသည်ဖြစ်၍ ထိုမှတပါး ငါနှင့်တူသော စည်းစိမ်ဥစ္စာ ရှိသောသူသည် ဇမ္ဗူဒိပ်ကျွန်း၌ ရှိဦးမည်လောဟု တွေးတောဆင်ခြင်ပြန်၍ အဖိုးတသိန်းထိုက်သော ကမ္ဗလာကို အပ်ပြီးလျှင် “အမောင်တို့.. ဤကမ္ဗလာကို ရောင်းအံ့သောအခြင်းအရာဖြင့် ငါကဲ့သို့ ဥစ္စာကြွယ်ဝသောသူကို ရှာကြချေဦး”ဟု လွှတ်ပြန်၏။

ဇောတိကသဌေးစည်းစိမ်

အချင်းယောက်ျားတို့သည် အစဉ်သဖြင့်သွား၍ ရာဇဂြိုဟ်ပြည်သို့ ရောက်သောကာလ ဇောတိကသဌေး၏အိမ်နှင့် မနီးမဝေးသော အရပ်တွင် သစ်ခြောက်တို့ကို စုရုံးပြီးသော် မီးထည့်၍ နေကြကုန်၏။ ပြည်သူပြည်သားတို့က “အဘယ်အလို့ငှါ မီးပုံပါသနည်း”ဟု မေးသေ“ငါတို့သည် ဤကမ္ဗလာတထည်ကို ရောင်းလို၍ လာပါသည်။ ဝယ်မည့်သူကိုပင် မတွေ့၍ ခိုးသူတို့ကိုစိုးရိမ်သောကြောင့် မီးတိုက်၍ သွားတော့မည်အကြံနှင့် မီးပုံသည်”ဟု ပြောလျှင် “ငါတို့အရှင် ဇောတိက၏အိမ်သို့ သွား၍ရောင်းချေ၊ ကျေးကျွန်အလို့ငှါ ယူကောင်းရာ၏”ဟု ဆိုသဖြင့် ထိုသူတို့လည်း ဇောတိကထံသို့ဝင်သော် ရှင်ဇောတိကက “သင်တိုကမ္ဗလာသည် အဘယ်မျှ ထိုက်သနည်း”ဟု မေး၏။ တသိန်းထိုက်ကြောင်းကိုပြော၍ ပါသောကမ္ဗလာကိုပြလျှင် တသိန်းမျှလောက်သော အသပြာကို ပေးစေ၍ “တံခါးမုခ်ထွက်၌ တံမြက်ချေး သိမ်း၍နေသော ကျွန်မတယောက်အား ဤကမ္ဗလာကိုပေးချေ”ဟု ထိုသူတို့ရှေ့တွင် စေလိုက်၏။ ကျွန်မလည်း ထိုကမ္ဗလာကိုမြင်လျှင် ရင်ဝကိုလက်ဖြင့်ထု၍ ငိုပြီးမှ ဇောတိက၏ ခြေရင်းသို့လာ၍ “အရှင်သဌေး.. ကျွန်တော်မအား ယွင်းမှားသော အပြစ်ရှိခဲ့သော် ပုတ်ခတ်ဆုံးမတော်မူပါလော့၊ ဘုန်းကံမဲ့သောသူတို့၏ သုံးဆောင်ရာဖြစ်သော ကမ္ဗလာကြမ်းကြီးကို အဘယ့်ကြောင့် ကျွန်တော်မအား သနားပါသနည်း၊ ဤကဲ့သို့သော ကမ္ဗလာကို တခါမျှ မဝတ်ရဖူးပဲလျက် အဘယ်သို့ ဝတ်နိုင်ရုံနိုင်ပါအံ့နည်း”ဟု လျှောက်၏။ ထိုစကားကို ကြားလျှင် ရှင်ဇောတိကကလည်း “ချစ်သမီး.. သင့်အား ဝတ်ရုံစိမ့်သောငှါ ငါပေးသည်မဟုတ်၊ ခြေသုတ်ပုဆိုးအလို့ငှါသာ ပို့လာပါစေသည်။ ခြေသုတ်ခြင်းမျှ မတတ်နိုင်သလော”ဟု ဆို၏။ ထိုကျွန်မလည်း “အရှင်ကပေးလျှင် မသုတ်ချင်သော်လည်း သုတ်ပါရတော့မည်”ဆို၍ ယူလေ၏။

သားတို့ကိုအမွေပေးပုံ

ထိုသို့သောအခြင်းအရာကို ကမ္ဗလာသည်တို့ မြင်ရသော် ရင်တီးလက်မ အံ့ဩကြလျက် မိမိတို့ဌာနသို့ ပြန်လေ၏၊ ရောက်သောကာလ ဇဋိလသဌေးက“အမောင်တို့.. အသို့နည်း၊ ငါကဲ့သို့ ကြွယ်ဝသောသူကို တွေ့ခဲ့သေး၏လော” ဟု မေးပြန်လျှင် “အရှင်သဌေး- အရှင်တို့၏ စည်းစိမ်ချမ်းသာသည် အဘယ်မှာ ပြောစလောက်အံ့နည်း၊ ရာဇဂြိုဟ်ပြည်၌ ဇောတိကသဌေး၏ စည်းစိမ်ချမ်းသာကား ဤသို့သဘောရှိ၏” စသည်ဖြင့် အလုံးစုံသော အတ္ထုပ္ပတ္တိကို ပြန်ပေးသော် ဇဋိလသဌေးလည်း အလွန်ဝမ်းမြောက်သော စိတ်ရှိလျက် မိမိသည် ရဟန်းပြုအံ့ဟု ကြံပြီးသော်

(စာမျက်နှာ-၂၃၅)

သားသုံးယောက်တို့ကို ခေါ်၍ ဝဇိရစိန်အသွားတပ်သော ရွှေဖြင့်ပြီးသော ပေါက်တူးကို သားကြီးအား အပ်ပြီးလျှင် “ဖခင်၏ အိမ်နောက်တွင်ရှိသော ရွှေတောင်ကို ပေါက်ချေ”ဟု စေ၏။

သားကြီးလည်း သွား၍ပေါက်သော် ကျောက်ဖျာအပြင်ကဲ့သို့ တင်းမာစွာ တည်၏။ ထို့နောက် သားလတ်အား သွား၍ ပေါက်စေပြန်လျှင် ထိုနည်းတူပင် တည်လေ၏။ ထို့နောက် သားငယ်အား သွား၍ ပေါက်စေသော် မြေစိုင်ကို ခွဲသကဲ့သို့ ရွှေခဲအတုံးအတုံးကို ရ၍ အဖသဌေးလည်း သားတို့ကို ခေါ်ပြီးသော် “သားကြီး, သားလတ်တို့၏အလို့ငှါ ဤရတနာရွှေတောင်သည် မပေါက်၊ ငါ၏လည်းကောင်း, ငါ့သားငယ်၏လည်းကောင်း အလို့ငှါသာ ပေါက်လာပေသည်၊ အမောင်တို့မှာ ညီငယ်ပေးသမျှကိုမှီ၍ အသက်မွေးရစ်ကုန်၊ ငါ့သားငယ်သာလျှင် ငါ၏စည်းစိမ်ကို သိမ်းယူရစ်”ဟု အပ်ပေးပြီးမှ ဇဋိလသဌေးသည် ဘုရားသခင်အထံသို့ သွား၍ ရဟန်းပြုလေ၏၊ ရဟန်းဖြစ်၍ နှစ်ရက်သုံးရက်ကြာလျှင်ပင် ရဟန္တအဖြစ်သို့ ရောက်လေ၏။

တရံသောအခါ မြတ်စွာဘုရားလည်း ငါးရာသော သံဃာတော်တို့နှင့်တကွ ဒေသစာရီ ကြွချီတော်မူ၍ ဇဋိလမထေရ်၏ သားအိမ်သို့ ရောက်လာသော် သားသုံးယောက်တို့လည်း အဆအရာ သဒ္ဓါမြတ်နိုးလျက် ဘုရားအမှူးရှိသော သံဃာတော်တို့အား အခွင့်ကိုလျှောက်ကြား၍ လခွဲပတ်လုံး ဆွမ်းလုပ်ကျွေး၍ တရားတော်ကို နာ၏။

ထိုအခါ သံဃာတော်တို့က ဤသို့ မေးကြ၏။ “ငါ့ရှင် ဇဋိလ.. သင်-ရှေးကနေဖူးသော အာရုံနှင့် တွေ့ကြုံရချေသည်၊ သင်၏ သားမယားတို့၌လည်းကောင်း၊ အတောင်ရှစ်ဆယ်မျှလောက်သော ရွှေတောင်ကြီး၌လည်းကောင်း တပ်ငြိခြင်း စုံမက်ခြင်း အာသာသည် မဖြစ်သလော”ဟု မေးလျှင် “ရှင်ပင်တို့... အကျွန်ုပ်သည် ဤလောကီချမ်းသာ၌ သာယာမက်မောတတ်သော တဏှာသည် မရှိပြီ”ဟု ဆိုပေ၏။ ထိုစကားကို သံဃာတို့မယုံသဖြင့် လောကသနင်း တရားမင်းအား နားတော်လျှောက်လေသော် ကိုယ်တော်မြတ်သည်လည်း-

ယောဓ တဏှံ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ။
တဏှာဘဝပရိက္ခိဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ-

ဟူသော ဒေသနာကို ဟောတော်မူ၏။

[အနက်ကား]ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဣဓ၊ ဤငါဘုရားသာသနာတော်၌။ တဏှံ၊ အာရုံခြောက်ပါး၌ ကျက်စားတတ်သော တဏှာကို။ ပဟန္တွာန၊ ပယ်ဖျောက်၍။ အနာဂါရော၊ အိမ်ရာထောင်ခြင်း၌ ကင်းသော စိတ်ရှိသည်ဖြစ်၍။ ပရိဗ္ဗဇေ၊ ကျင့်၏။ တဏှာဘဝပရိက္ခိဏံ၊ ကုန်ပြီးသော တဏှာ, ကုန်ပြီးသော ဘဝရှိသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသော ရဟန္တာဟူ၍။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။

ဤဒေသနာ၏ အဆုံး၌ များစွာကုန်သော သူတို့သည် အကျွတ်တရားကို ရကြကုန်၏။
(စာမျက်နှာ-၂၃၆)

ဇဋိလ၏ အတိတ်မှတ်ချက်

ဤဇဋိလထေရ်သည် ငယ်သောအခါ ဂင်္ဂါမြစ်၌မျှောသည်ကို အဘယ့်ကြောင့် ခံရသနည်း၊ သားကြီးနှစ်ယောက်တို့သည် အဘအမွေဖြစ်သော ရွှေတောင်ကို အဘယ့်ကြောင့် မရထိုက်သနည်း ဟူမူကား- ဤဇဋိလသဌေး၏ အလောင်းသည် ကဿပဘုရား ပွင့်တော်မူသောအခါ ဗာရာဏသီပြည်၌ ရွှေပန်းထိမ်သည်ဖြစ်၍ ဘုရားအထံတော်၌ နိယံမပြတ် ဆည်းကပ်ကိုးကွယ်သတည်း။ ကဿပဘုရား နိဗ္ဗာန်လားတော်မူသောကလ ကြွင်းရစ်သော ဓာတ်တော်တို့ကို ရှည်မြင့်စွာ တည်စေခြင်းငှါ များစွာသော သူတို့သည် ဥစ္စာအသပြာစုရုံး၍ စေတီတော်တည်ကြရာဝယ် မြောက်မုခ်မျက်နှာ၌ တဖျာခန့်သော ရွှေသည် မလောက်ရှိ၏။ ထိုသို့မလောက်သည်ကို ရဟန္တာတဦးမြင်လျှင် စေတီတွင်ပြုလုပ်သော ပန်းရံတို့အား “မြို့တွင်းသို့ ငါသွား၍ ဒါယကာရှာဦးမည်၊ သင်တို့ဆိုင်းလင့်ကုန်”ဟု ဆို၍ မြို့တွင်းသို့ဝင်ခဲ့ပြီးလျှင် ရွှေပန်းထိမ်သည်၏အိမ်သို့ တက်၍ရပ်၏၊ ပန်းထိမ်သည်လည်း “အဘယ်အလို့ငှာ ကြွလာသနည်း”ဟု လျှောက်သော် “ယခုလုပ်သော ဓာတုစေတီတော်၌ ဒါယကာတို့ တာဝန်ခံ၍ လုပ်သောမုခ်ဝ၌ ရွှေမလောက်သောကြောင့် နှိုးဆော်ခြင်းငှါ လာသည်”ဟု ဆိုလျှင် ရွှေပန်းထိမ်သည်လည်း မိမိ၏မယားနှင့် အချင်းများ၍ နှလုံးညစ်ညူးခိုက် ကြိမ်သည်နှင့် “အရှင်ဘုရားတို့ စေတီကို ဂင်္ဂါမြစ်၌သာ မျှောဘိလော့”ဟု ဆို၏။

ထိုစကားကို မယားကြားလတ်သော် “အမောင်သည် အကျွန်ုပ်အား အမျက်ထွက်ငြားက အကျွန်ုပ်ကိုသာ ပုတ်ခတ်ဆဲရေးပါလော့၊ မြတ်စွာဘုရားအား အဘယ့်ကြောင့် ဆဲရေးပါသနည်း”ဟု ဆိုလျှင် လင်ယောက်ျားလည်း သတိသံဝေဂကိုရ၍ ကြွလာသော အရှင်မြတ်အား ပူဇော်ကန်တော့၏။ ရဟန္တာကလည်း “ဒါယကာသည် ငါ့အား ပြစ်မှားသည်မဟုတ်၊ ဗုဒ္ဓသရီရဖြစ်သော ဘုရားကိုသာ ပြစ်မှားရှာချေသည်၊ ဘုရား၌သာ ပူဇော်ကန်တော့လော့”ဟု ဆို၏။ ထိုအခါ ပန်းထိမ်သည် ဒါယကာကလည်း “အဘယ်သို့ ကန်တော့ရအံ့နည်း”ဟု လျှောက်ပြန်သော် “ဓာတ်တော် ဌာပနာတိုက်တွင်း၌ ရွှေပန်းခိုင်သုံးခုကိုပြု၍ ကန်တော့လော့”ဟု နည်းပေး၏။ ပန်းထိမ်သည်လည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ မီးလျှံကဲ့သို့ တောက်ပသော ဇမ္ဗူရစ်ရွှေတို့ကို ပန်းခိုင်ပြုလုပ်သောကြောင့် သားသုံးယောက်တို့တွင် သားကြီးကို ခေါ်လတ်သော် “အဘသာလျှင် မြတ်စွာဘုရားအား ပြစ်မှားသည်၊ အကျွန်ုပ်ကား မပြစ်မှား၊ ထို့ကြောင့် အဘသာလျှင် ပြုပါတော့လော့”ဟု ဆို၍နေ၏။ သားအလတ်ကို ခေါ်ပြန်သော်လည်း ယခင်ကဲ့သို့သာဆို၍ နေ၏။ သားအထွေးကို ခေါ်သောကာလ “မိဘတို့၏ ကံကိစ္စဟူသမျှသည် သားသမီးတို့တာဝန်ပေတည်း”ဟု ဆို၍ မငြိုမငြင် အတူပင်လုပ်ဆောင်၏။ တထွာစီမြင့်သော ရွှေပန်းခိုင်ပြီးသောအခါ ဓာတ်တော် ဌာပနာသော တိုက်တွင်း၌ စီစိုက်၍ စိုသောဆံ, စိုသောပုဆိုးတို့ဖြင့် ရိုသေစွာရှိခိုးလျက် ပူဇော်ကန်တော့၏။ စေတီ၌ မပြည့်သောရွှေတို့ကိုလည်း ကောင်းမွန်စွာ ချပေ၏။ ဤသို့ ဖြစ်မှားပြောဆိုခဲ့ဘူးသော ဝစီကံကြောင့် ဇဋိလသည် ခုနစ်ဘဝတိုင်တိုင် ရေ၌မျှောသည်ကို ခံရသတည်း။ သားကြီး နှစ်ယောက်တို့သည်လည်း

(စာမျက်နှာ-၂၃၇)

အဖ၏ ပြုရန်ဝန်ကို မကူဖူးသောကြောင့် အဖ၏အမွေဖြစ်သော ရွှေတောင်ကြီးကို မထိုက်ကြလေသတည်း။

ဤကား ဇဋိလသဌေး၏ အကြောင်းအတ္ထုပ္ပတ္တိ အမြွက်တည်း။

၄၆။ ဇောတိကသဌေး ရဟန်းပြုခြင်း

ယခင်က ပြဆိုခဲ့ပြီးသော ဇောတိကသဌေးသည် ဘုရားမြတ်စွာ ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူစကပင် ဘုရားသခင် အထံတော်သို့ကပ်၍ တရားတော်ကို နာသဖြင့် မြတ်သော ဥပါသကာအဖြစ်ကို ယူသတည်း။ ထိုအခါမှစ၍ ပဉ္စသီဓမ္မကို နိစ္စသုံးစွဲလျက် တလ,တလလျှင် ရှစ်ရက်,ရှစ်ရက်သော နေ့တို့၌ အဋ္ဌင်္ဂဥပုသ်ကို ဆောက်တည်သတည်း။

အဇာတသတ်မင်း စစ်ရှုံးခြင်း

ကာလရှည်လျား၍ ဘုရားမြတ်စွာ ဝါတော်နှစ်ဆယ်ပြည့်သောအခါ အဇာတသတ်မင်းသားသည် ဒေဝဒတ်နှင့် အပေါင်းအဖော်ရ၍ ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို သတ်ပြီးလျှင် ထီးနန်းတိုင်းပြည်ကို သိမ်းအုပ်၍ မင်းလုပ်၏။ ထိုအခါ အဇာတသတ်မင်းသည် ဇောတိကသဌေး၏ စည်းစိမ်ချမ်းသာကို ငါလုယက် သိမ်းယူအံ့ဟု ကြံ၍ နိုင်ငံတော်အတွင်းဝယ် စစ်ခင်းရေးရာ၌ လိမ္မာသော အမတ်သူရဲကြီးတို့ကို ရုံးစုစီရင်၍ မင်းကြီးကိုယ်တိုင်ပင် ထွက်လေသဖြင့် ဇောတိကသဌေး၏ ပြာသာဒ်ပါးသို့ ရောက်လတ်သော် ပတ္တမြားတံတိုင်း၌ ဆင်မြင်းဗိုလ်ပါ အခြံအရံနှင့် တကွသော မိမိစစ်သည်၏ အရိပ်ထင်သည်ကိုပင် ရှင်ဇောတိကသည် ငါ့အား စစ်ထိုးခြင်းငှါ ဗိုလ်ပါနှင့် ထွက်သည်ဟု ထင်မှတ်၍ အနီးသို့မကပ်ဝံ့ပဲ အဝေးကသာ ဝန်းရံကာနေ၏။

ထိုနေ့၌ သဌေးကြီးလည်း ဥပုသ်ဆောက်တည်သည်ဖြစ်၍ နံနက်စောစောကပင် ဘုရားသခင်နေတော်မူရာ ဝေဠုဝန်ကျောင်းတော်သို့သွား၍ တရားတော်ကိုနာလျက် ချမ်းသာစွာ နေလေသတည်း။ ထိုသို့ စစ်ထိုးအံ့သောငှါ ဝန်းရံလာနေသော အဇာတသတ်မင်းကို ပဌမတံခါးမုခ်၌ စောင့်နေသော ယမကာဠိမည်သော နတ်ဘီလူးသည် မြင်လျှင် စစ်သည်ဗိုလ်ပါနှင့်တကွ ထွက်၍ ကြောက်မက်ဖွယ်သော အသံကိုပြုလျက် “ယခု ဝန်းရံသည်ကား အသူနည်း၊ ငါတို့အရှင်ကို ဘယ်သို့မှတ်ထင်၍ စစ်ခင်းကျင်းလာသနည်း၊ လာသမျှကို တယောက်မျှ မကြွင်းအောင် ချက်ခြင်းသေစေအံ့”ဟု ခြိမ်းခြောက်လျက် တိုက်ဖျက်လေလျှင် အဇာတသတ်မင်း စစ်သည်တို့သည် ကိုးကွယ်ရာမဲ့ ပရမ်းပတာ ပြေးလေကုန်၏။

အဇာတသတ်မင်းလည်း မြင်းစီး၍ တယောက်တည်းသာ ပြေးလာသဖြင့် မြတ်စွာဘုရားကျောင်းတော်သို့ ဝင်လေသော် အထံတော်၌ တရားနာ၍နေသော ဇောတိကသဌေးမြင်လျှင် “အရှင်မင်းကြီး.. အဘယ်အလို့ငှါ ကြွရောက်လာသနည်း” စသည်ဖြင့် ပျူငှါပြု၍ နေရာမှထလင့်၏။ မင်းကြီးကလည်း “သင်သဌေးသည် ကျေးကျွန်တော်တို့ကို ငါနှင့် စစ်ထိုးစိမ့်သောငှါ မှာထားစီရင်ခဲ့၍ အဘယ့်ကြောင့် ကျောင်းတော်၌ ဥပုသ်ဆောက်တည်ဟန် တရားနာဟန်ပြု၍ နေပါသနည်း”ဟု မေး၏။

(စာမျက်နှာ-၂၃၈)

ဇောတိကပစ္စည်း လု၍မရပုံ

သဌေးကလည်း “အကျွန်ုပ်မသိပါ၊ အရှင်မင်းကြီးသာ အကျွန်ုပ်ကို အဘယ်အလို့ငါ စစ်ထိုးကြွပါသနည်း”ဟု မေးသော် “သင်၏ ဗိမာန်ပြာသာဒ်ကို အလိုရှိ၍ပင် ငါစစ်ထိုးပေသည်”ဟု ဆို၏။ “အရှင်မင်းကြီး.. အကျွန်ုပ် မပေးလိုငြားက ပြာသာဒ်ကို မဆိုထားဘိ၊ မြိတ်ဆာချည်မျှင်အဖျားကိုမျှ တထောင်မျှလောက်သောမင်း တထောင်မျှလောက်သော ရန်သူတို့သည် လုယူ၍ မရပေရာ”ဟု လျှောက်လျှင် “သင်သဌေးသည် ငါ၏ဥစ္စာကို ငါသာအစိုးရသည်ဟု ထင်မှတ်သလော”ဟု ဆို၍ ကြုံးဝါး၏။ သဌေးကလည်း “အရှင်မင်းကြီး သိလိုမူကား အကျွန်ုပ်လက်၌ ဝတ်ဆင်သော လက်စွပ်ကို ချွတ်တော်မူစမ်းလော့”ဟု ဆို၏။

ထိုအခါ အဇာတသတ်မင်းလည်း ထ၍ချွတ်သည်။ မကျွတ်နိုင်လေ။ ထိုမင်းကား ဆောင့်ကြောင့်ထိုင်လျက် အထက်သို့ခုန်သော် တဆယ့်နှစ်တောင်, ရပ်လျက်ခုန်သော် အတောင်ရှစ်ဆယ်ကို ကျော်နိုင်၏။ အသွားခုန်သော် တဥသဘ ရောက်နိုင်၏။ သို့လောက်စဉ် အင်အားကြီးသောသူဖြစ်လျက် လက်၌ဝတ်ဆင်သော လက်စွပ်ကွင်းနှစ်ဆယ်တို့တွင် တကွင်းကိုမျှ ထ၍လည်းကောင်း ထိုင်၍လည်းကောင်း ပြောင်းပြန်လူးလည်းလျက် ချွေးစက်စက်ကျအောင် ချွတ်၍မရနိုင်ရှိ၏။

ထိုအခါ သဌေးကလည်း “အရှင်မင်းကြီး.. ဝတ်လဲကို ဖြန့်တော်မူ၊ အကျွန်ုပ်ပေးပါအံ့”ဟု ဆို၍ လက်ကိုမြှောက်၍ စောင်းသော် လက်ဆယ်ချောင်း၌ ဝတ်ဆင်သော လက်စွပ်နှစ်ဆယ်တို့သည် ဓမကရိုဏ်မှ ရေလွှတ်သကဲ့သို့ ကျွတ်၍ကျလေကုန်၏။ ထိုသို့ဖြစ်ပြီးမှ “အရှင်မင်းကြီး သိတော်မူလော့၊ အကျွန်ုပ်၏ဥစ္စာကို အကျွန်ုပ်သဒ္ဓါသဖြင့် မပေးက အသောင်းအသိန်းမျှသော မင်းတို့သည် စစ်ခင်း၍ ယူငြားသော်လည်း မရပေရာ”ဟု ဆိုပြီးသော် မင်းကြီးပြုအပ်သော အမူအရာဖြင့်ပင် လွန်စွာထိတ်လန့်သော သံဝေဂရှိသည်ဖြစ်၍ “အရှင်မင်းကြီး ဤစည်းစိမ်ကို အကျွန်ုပ် မနှစ်သက်ပါပြီ၊ ရဟန်းပြုခြင်းငှါ ခွင့်ပေးတော်မူပါ”ဟု တောင်းပန်၏။

ရဟန်းပြု၍ ပစ္စည်းများ ကွယ်ပြီ

အဇာတသတ်မင်းလည်း ဤသဌေး ရဟန်းပြုခဲ့သော် ပြာသာဒ်နှင့်တကွသော စည်းစိမ်ချမ်းသာကို ငါယူအံ့ဟု ကြံ၍ တကြိမ် တောင်းပန်သောစကားဖြင့်ပင် “သင်ရဟန်းပြုလိုသော် ပြုလော့”ဟု ခွင့်ပေး၏။ သဌေးလည်း အားရဝမ်းသာ မြတ်စွာဘုရားအထံတော်၌ ရဟန်းပြုလေ၏။ ရဟန်းဖြစ်၍ မကြာမြင့်မီပင် အရဟတ္တဖိုလ်ကိုရ၍ ဇောတိကမထေရ်ဟု ထင်ရှားစွာ ဖြစ်သတည်း။

ဤသို့ ဇောတိက အရဟတ္တဖိုလ်ကို ရသောနေ့ပင် အလုံးစုံသော ရွှေအိုး, အိမ်, ပဒေသာပင်တို့သည် ကွယ်လေကုန်၏။ တူလကာယီ အမည်ရှိသော မြောက်ကျွန်းသူ သဌေးမကိုလည်း နတ်တို့ဆောင်၍ ဥတ္တရကုရုကျွန်းသို့ ပို့ကြလေကုန်သတည်း။

(ရဟန်းပြုသောကာလ ဝေးကွာသည်ကို သိသာစိမ့်သောငှါ အဋ္ဌကထာမှ ဇဋိလဝတ္ထုခြားလျက် ပြထားသောကြောင့် ဤ၌ ခြား၍ ဆိုလိုက်သည်။)
ဤကား ဇောတိကသဌေး၏ အကြောင်းအတ္ထုပ္ပတ္တိ အမြွက်တည်း။
(စာမျက်နှာ-၂၃၉)

၄၇။ ကာကဝလိယ သဌေးကြီး၏ ရှေးအကြောင်းကိုပြခြင်း

ဆင်းရဲလှပုံ

ကာကဝလိယသဌေး၏ အကြောင်းကား- ရာဇဂြိုဟ်ပြည်တွင် ဆင်းရဲစွာသော ပုဏ္ဏားလင်မယား နှစ်ဦးတို့သည် ရှိကုန်၏၊ ထိုနှစ်ဦးတို့တွင် လင်ပုဏ္ဏားသည် နေ့တိုင်းနေ့တိုင်း နံနက်စောစွာက တောသို့သွားလေ၍ ထင်းခွေခဲ့ပြီးလျှင် မြို့တွင်ရောင်းချ၍ တကွမ်းစားမျှသော ဆန်ကိုရသဖြင့် မွန်းတည့်နီးအခါမှ အိမ်သို့လာ၍ နံနက်စာထက်ဝက်, ညဉ့်စာထက်ဝက်ထား၍ စားရ၏။ မယားပုဏ္ဏေးမလည်း သူတပါးအိမ်၌ စပါးထောင်း ဆန်ဖွပ်ငှါး၍ သနားပေးကမ်းသမျှသော ဥစ္စာကို ဟင်းလျာတို့ပြု၍ ကြွင်းကျန်သည်ကို စုပြီးမှ အဝတ်တန်ဆာ ဝယ်ရ၏။ ထိုသူတို့၏အိမ်၌ကား စားစရာထမင်းမျှ မကြွင်းကျန်သည်သာ များသောကြောင့် ကျီးငှက်မျှမနားလို၊ ကျီးငှက်တို့ကို အစောင့်လွတ်ရကား ကာကဝလိယပုဏ္ဏဟု ခေါ်စမှတ်ပြုကြ၏။

တရံသောအခါ အရှင်သာရိပုတြာသည် နိရောဓသမာပတ်မှ ထတော်မူ၍ ချီးမြှောက်အပ်သော ဝေနေယျတို့ကို ကြည့်ရှုတော်မူလျှင် ကာကဝလိယ သူဆင်းရဲလင်မယားတို့ကို မြင်လျှင် “ဤသူတို့ကား ရှေးပြုဖူးသော ကံဟောင်းရှိလျက် တခုသော မကောင်းမှု နှိပ်စက်သောကြောင့် ဖုံးဝှက်အုပ်ထားသော မီးကဲ့သို့ မကြီးပွားနိုင် ရှိချေသည်။ ငါသွား၍ ချီးမြှောက်ရမှ ဒိဋ္ဌဓမ္မပင် သုခသမ္ပတ္တိကို ရရာ၏”ဟု ကရုဏာဉာဏ်တော် သက်သဖြင့် နံနက်အခါ၌ ဆွမ်းခံကြွလာတော်မူ၏။

စိတ်တူသော ဇနီးမောင်နှံ

သူဆင်းရဲမလည်း လင်ယောက်ျားအလို့ငှါ ထတ်ထတ်သော ယာဂုကို ချက်ပြီးလျှင် ခရီးမကိုမျှော်လျက် နေသဖြင့် သပိတ်ပိုက်ကာ ရပ်လာသော အရှင်သာရိပုတြာကိုမြင်လျှင် ကြည်လင်ညွတ်နူးလှသော သဒ္ဓါတရားရှိသည်ဖြစ်၍ “ရှေးရှေးသောနေ့တို့၌ အရှင်ကောင်းကို မြင်လျှင်လည်း အိမ်တွင် အလှူဝတ္ထုမရှိ၊ ဝတ္ထုရှိခိုက်ဖြစ်လျှင်လည်း အရှင်ကောင်းကို မတွေ့ရ၊ ယနေ့မူကား အလှူဝတ္ထုလည်း ပြည့်စုံ, အရှင်ကောင်းနှင့်လည်း ကြုံပေသည်၊ ဤအခါမှ ငါမလှူချေမူ အဘယ်မှာ ဒါနဖြစ်နိုင်တော့အံ့နည်း”ဟု ကြံ၍ အရှင်မြတ်အထံသို့ ကပ်ပြီးလျှင် ပဉ္စပတိဋ္ဌိတတို့ဖြင့် ရှိခိုး၍ “အရှင်ဘုရား အကျွန်ုပ်တို့အား သနားတော်မူပါသဖြင့် အကျွန်ုပ်အလှူကို ခံတော်မူပါ”ဟု လျှောက်၍ သပိတ်တော်၌ ယာဂုအိုးကိုမှောက်၍ လောင်းပေ၏၊ ထိုသို့လောင်းပြီးမှ “ဤပုညကြောင့် ဒိဋ္ဌဓမ္မပင် ဒုက္ခကင်းလွတ်ရပါစေသော”ဟု ဆုတောင်း၏။ အရှင်သာရိပုတြာလည်း “ဒါယိကာမတောင်းသော ဆုအတိုင်း ပြည့်စုံစေ”ဟု ဆုပေး၍ ကြွတော်မူ၏။ ထင်းခွေရာမှ ပုဏ္ဏားပြန်လာသော အခါလည်း ထိုအခြင်းအရာကို ပြန်ကြားက လင်မယားနှစ်ဦးပင် ဝမ်းမြောက်ဝမ်းသာ ရှိကြသတည်း။

ထမင်းပို့ မသွားဝံ့ကြပုံ

ထိုနေ့၌ ဗိမ္ဗိသာရမင်းကြီးလည်း ရထားစီး၍ မြို့ကိုလှည့်ရာတွင် သုသာန်ပြင်၌ တံကျင်လျှို၍ထားသော ယောက်ျားတဦးသည် သေခြင်းသို့ မရောက်သေးသည်နှင့် မင်းကြီးလာသည်ကို

(စာမျက်နှာ-၂၄၀)

မြင်လျှင် “အရှင်မင်းကြီး... အကျွန်ုပ်အား မသေမီ ထမင်းတနပ်စာနှင့် ရေတမှုတ်မျှ သနားတော်မူပါ”ဟု လျှောက်၏။ မင်းကြီးလည်း ထိုသူအား အလွန်သနားတော်မူလှ၍ ငါ့တွင် ယခု ထမင်းမပါလာပြီ၊ နန်းတော်သို့ကျသော အခါမှ ပို့စိမ့်မည်ဆို၍ သွားလေသဖြင့် နန်းတော်သို့ ရောက်သောအခါလည်း များစွာသော ကချေသည်မောင်းမတို့ ခယဖျော်ဖြေသည့် ကိစ္စကြောင့် မေ့လျော့သဖြင့် နေဝင်သောကာလ သတိရလတ်သော် မင်းချင်းတို့ကိုခေါ်၍ “ဝန်ခံတော်မူခဲ့သော ကတိရှိပေသည်။ သုသာန်ပြင်၌ တံကျင်လျှို၍ထားသော ယောက်ျား၏အထံသို့ ထမင်းနှင့် ရေကို ပို့ပါချေ”ဟု စေ၏။

မင်းချင်းတို့လည်း မည်သူမျှ မသွားဝံ့ကြ၊ အဘယ့်ကြောင့်နည်းဟူမူကား မြို့တံခါး ထန်းနှစ်ပင်၌နေသော ဒီဃတာလ အမည်ရှိသော ဘီလူးကို “နေဝင်သည်မှစ၍ အရုဏ်တက်သည့်တိုင်အောင် မြို့တံခါးမှထွက်သောသူ ဝင်သောသူတို့ကို သင်ဖမ်းယူ၍ စားဘိလော့”ဟု မင်းကြီးအပိုင်စားပေး၍ ထား၏။ ထို့ကြောင့် မသွားဝံ့ကြသတည်း။

မယ်ကာက ထမင်းပို့သွားပြီ

ထိုအခါ မင်းကြီးလည်း ကတိပျက်မည်ကိုစိုး၍ “သုသာန်သို့ သွားဝံ့သောသူကို အသပြာ တထောင်ပေးမည်”ဟု စည်လည်စေသော် ကာကဝလိယ သူဆင်းရဲမကြား၍ “ငါသွား၍ ပိုချေအံ့”ဟု လင်ယောက်ျားကို တိုင်ပင်လျှင် “ရှင်မ သွား၍ ဘီလူးစားခဲ့သော် ငါကား အသို့အသက်ရှင်နိုင်တော့အံ့နည်း၊ ကိုယ်ပင် ဆင်းရဲငြားသော်လည်း ငါတို့လင်မယား အတူနေရမူ စိတ္တသုခ ရှိပါသေး၏။ အသင်မှ သေချေမူ လူ့ပြည်တွင် ငါမနေနိုင်ပြီ၊ ထို့ကြောင့် ဥစ္စာကို မမက်ပါလင့်”ဟု ဆို၏။ သူဆင်းရဲမကလည်း “မကြောင့်ကြလင့်၊ ဘီလူးမစားရအောင် ငါကြံနိုင်၏”ဟု ဆို၍ မင်းကြီးထံသို့ ရောက်လေလျှင် “ကျွန်တော်မ သွား၍ပို့ပါမည်”ဟု ဝန်ခံ၏။ မင်းကြီးလည်း အလွန်ဝမ်းသာလျက် တယောက်စာထမင်းကို ခွက်တွင်း၌ထည့်၍ ရေအိုးနှင့်တကွ ပေး၏။ သူဆင်းရဲမကလည်း “မင်းလက်ဆောင်ပီသစွာ ဤထမင်းကို မနောလင်ပန်ဖြင့်ထည့်၍ သနားတော်မူပါ”ဟု လျှောက်၏။ မင်းကြီးက လျှောက်တိုင်းပေးလေလျှင် လင်ပန်းကိုရွက်၍ တဘက်ကို ခါးပန်းလျက် ရေခွက်ရေအိုးတို့ကို ဆွဲပြီးလျှင် အစဉ်အတိုင်းထွက်သွား၍ တံခါးဝသို့ရောက်လတ်သော် ထန်းပင်၌နေသော ဒီဃတာလဘီလူးသည် ကိုယ်ထင်ပြလျက် “ဟယ်မိန်းမ... သင်ကား ငါ့အစာဖြစ်ပြီ ရပ်လော့၊ ရပ်လော့”ဟု ဆို၏။

သတင်းပို့ခဲ့ပုံ

ထိုအခါ သူဆင်းရဲမကလည်း “အမောင် ဒီဃတာလ.. သူတပါးကို စားခွင့်ရသော်လည်း ငါ့ကို သင်မစားပိုင်ချေ။ သင်သည်လည်း ပြည့်ရှင်မင်းကြီး၏ အမှုထမ်း ကျေးဇူးခံ၊ ငါလည်း မင်းကြီး၏ တမန်တော်ဖြစ်သည်၊ ငါ့စကားကို မယုံသော် ငါ့တွင်ပါသော မနောလင်ပန်းကို ကြည့်ဦးလော့”ဟု ဆို၏။ ထိုစကားကိုကြားလျှင် ဒီဃတာလ ဘီလူးကလည်း “ဟုတ်ရာပေ၏။ သို့ရာတွင် ငါတို့မင်းကြီး တမန်တော်ဖြစ်လျှင် တမန်အင်္ဂါနှင့် ပြည့်စုံရာပေလတ္တံ့၊ ငါမှာလိုသော

(စာမျက်နှာ-၂၄၁)

သတင်းစကားကိုလည်း မှာထားလိုက်အံ့”ဟု ကြံလျက် “တမန်မိန်းမ.. မင်းကြီးက စေလွှတ်မူ သွားလော့၊ ငါ၏သတင်းစကားကိုလည်း ကြားခဲ့စေချင်သည်”ဟု ဆို၏။ “အဘယ်ကို ကြားရအံ့နည်း”ဟု မေးလျှင် “သုသာန်ပြင်၏အနီး မန်ကျည်းပင်ကြီးခုနစ်ပင်၌ စောင့်နေသော သုမနနတ်မင်းကြီးအား သင်နတ်မင်း၏သမီး ဒီဃတာလ၏ မယားဖြစ်သော ကာလီမည်သော နတ်သမီးဝယ် စင်ကြယ်လှပသော သားကောင်းရတနာကို ယနေ့ မျက်နှာမြင်ပါကြောင်းကို လျှောက်လိုက်ပါသည်ဟု ကြားပါလေ”ဟူ၍ မှာလိုက်၏။

သူဆင်းရဲမလည်း “ကောင်းပြီ”ဟု ဝန်ခံ၍ လာခဲ့ပြီးလျှင် တံကျင်လျှိုထားသောသူအား စားဖွယ်ထမင်းနှင့် ရေကိုပေးပြီးလျှင် မန်ကျည်းပင်အောက်သို့လာ၍ ဒီဃတာလ မှာလိုက်သောအတိုင်းကို ကြားလေ၏။

နတ်တို့ မ,စခြင်း

သုမန နတ်မင်းကြီးလည်း အလွန်ဝမ်းမြောက်ရကား ထင်ရှားစွာသော ကိုယ်ကိုပြလျက် “သုတမင်္ဂလာစကားကို ငါ့အား သင်လျှောက်လာသည်၊ သင့်ကို ငါဆုပေးမည်၊ ငါ့မန်ကျည်းပင် ခုနစ်ပင်တွင် တပင်တပင်စီအတွင်း၌ ရွှေအိုး နှစ်လုံးစီ ရှိသည်ကို နံနက်အခါ လာ၍ဖော်လှည့်လော့”ဟု ဆို၏။

ထိုသူဆင်းရဲမလည်း သုမန နတ်မင်းကြီးအား ရှိခိုးလျက် “ကောင်းပြီ”ဟု ဝန်ခံ၍ လာခဲ့ပြီးလျှင် မြို့ဝင်တံခါးဝသို့ ရောက်သောအခါ ဒီဃတာလ၏နေရာ ထန်းပင်သို့ကပ်၍ “အရှင်နတ်မင်း.. အရှင်မှာလိုသော သတင်းစကားကို အကျွန်ုပ်ကြားခဲ့ပါပြီ၊ အရှင့်ယောက္ခမ သုမနနတ်မင်းက ကောင်းမြတ်လှသော သုတမင်္ဂလာကို အခါမဲ့ ငါ့အား ကြားလာပေသည်ဟု ဝမ်းမြောက်ဝမ်းသာ ရှိလှ၍ ကျွန်တော်မအား များစွာသော ရွှေအိုးတို့ကို ဆုပေးလိုက်ပါသည်”ဟု ပြန်ဆိုသော် ဒီဃတာလလည်း ငါ့ယောက္ခမပင် ဤမျှဆုပေးပေသည်၊ ငါစေရင်းသူကား ထိုထက်အဆသာ၍ ပေးဖွယ်ရှိသည်ဟု ကြံလျက် “ နက်ဖြန် ထန်းပင်ရင်း၌လည်း ရွှေအိုးကြီးလေးလုံးကို တူးယူလှည့်လော့”ဟု ဆိုလိုက်၏။

သဌေးကြီးဖြစ်ပြီ

ထိုမှသည် အစဉ်အတိုင်း ဝင်လာ၍ ဗိမ္ဗိသာရမင်းကြီး၏အထံသို့ ရောက်သောအခါ ရိုသေစွာရှိခိုးလျက် အကြောင်းမျိုးစုံကို လျှောက်လျှင် ပြည့်ရှင်မင်းကြီးလည်း အလွန်အားရလျက် မိမိကပေးလိုက်သော အသပြာ တထောင်ထုပ်ကိုလည်း အပ်ပေ၏၊ နံနက်အခါ များစွာသော မင်းချင်းတို့နှင့်တကွ နတ်တို့ကပေးအပ်သော ရွှေအိုးတို့ကို ဖော်စေ၍ မင်းရင်ပြင်၌ စုပုံပြီးသော် အမတ်ကြီးတို့ကို တိုင်ပင်တော်မူ၍ “ဤမျှလောက်သော ရွှေရတနာရှိပေက သဌေး၏အရာဌာနကို ရသင့်ပေပြီ”ဟု ဆိုပြီးလျှင် သဌေးတို့၏ ဆောင်းမြဲသောထီးကို ပေးပေ၏။ ထိုအခါမှစ၍ ကာကလိဝယသဌေးဟု တွင်သတည်း။

(စာမျက်နှာ-၂၄၂)

ထိုလင်မယားတို့သည် သူတပါး၏ အိမ်ကြား၌သာ အိမ်ငယ်နှင့် နေကြရ၍ နေရာဌာနလည်း မရသေးရကား မင်းကြီးအား အိမ်ရာကို တောင်းလေလျှင် ပျက်စီးလေသော သဌေးတဦး၏ အိမ်ရာကိုပေး၍ ချုံပုပ္ပေါင်းတို့ကို သုတ်သင်လျက် အိမ်ဆောက်ခြင်းငှါ တွင်းတူးလေသော် တူးတိုင်းတူးတိုင်းပင် ရွှေအိုး,ငွေအိုးတို့သာရ၍ အတိုင်းမသိသော စည်းစိမ်ချမ်းသာတို့သည် ဖြစ်သတည်း။ ထိုကာကဝလိယ သဌေးလင်မယားတို့သည်လည်း ငါတို့ကား အရှင်သာရိပုတြာ၏ ကျေးဇူးတော်ကြောင့် ဤသို့သော စည်းစိမ်ချမ်းသာကို ရပေသည်ဟု ကျေးဇူးတော်ကို အောက်မေ့၍ တနေ့တနေ့ဝယ် ငါးရာမျှလောက်သော သံဃာတော်မြတ်တို့အား မပြတ်လုပ်ကျွေးလေသတည်း။

အမှာစကားချပ်

ဤကာကဝလိယအကြောင်းကား ပပဉ္စသူဒနီမည်သော မဇ္ဈိမနိကာယ် အဋ္ဌကထာ ကမ္မဝိဘင်္ဂသုတ်တွင် လာသည်။ အင်္ဂုတ္တိုရ် အဋ္ဌကထာတို့၌ ရှင်မဟာကဿပဟူ၍ ဆို၏။ မေဏ္ဍကသဌေး၏ အကြောင်းမှာ ဝိသာခါ၏ အတ္ထုပ္ပတ္တိကိုပြရာ အထက်မှာမှ ထင်စွာဖြစ်လတ္တံ့။

စတုတ္ထပိုင်း ပြီးပြီ။

(စာမျက်နှာ-၂၄၃)

ပဉ္စမပိုင်း

ဣဿရိယစသော ဘုန်းတော်ခြောက်ပါး, လောကီတန်ခိုး ရှစ်ပါး, ကျေးဇူးတော် တဆယ့်ရှစ်ပါး, တရားအထူးနှင့် ပြည့်စုံတော်မူသော သုံးလူ့ထွတ်ဖျား ဘုရားသခင်သည် ပဉ္စမဝါဝယ် ဝေသာလီပြည်၌ ဝါကပ်တော်မူသော အခြင်းအရာကို ဝေသာလီပြည်၏ အတ္ထုပ္ပတ္တိမှစ၍ ပြဆိုပေအံ့။

၄၈။ သာကီဝင်မင်းသမီး ငါးရာတို့နှင့် မိထွေးတော် ဂေါတမီ ရဟန်းပြုခြင်း

လိစ္ဆဝီမင်းမျိုး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ကို အစိုးရသော ဗြဟ္မဒတ်မင်းကြီး၏ မိဖုရားဝမ်းဝယ် ပဋိသန္ဓေ စွဲလမ်းသဖြင့် မင်းအား အကြောင်းကိုကြားလတ်သော် များစွာသော အခြံအရံ အစောင့်အရှောက်တို့ကို ပေးတော်မူ၏။ ဆယ်လစေ့သဖြင့် ကိုယ်ဝန်ရင့်သောအခါ သားဖွားရာအိမ်သို့ ဝင်လတ်သော် ဘုန်းကံရှိသောသူတို့အား နံနက်ထ၌ သားဖွားမြဲဓမ္မတာ ဖြစ်ရကား မိဖုရားကြီး၏ သားသည်လည်း ကြီးမားသော ဘုန်းပါရမီရှိသောသူဖြစ်၍ မည်းညစ်ကင်းပျောက် မိုးသောက်ထအခါဝယ် လယ်ခေါင်ရန်းပန်း အဆင်းကဲ့သို့ ခြင်းခြင်းနီသော သားတစ်စိုင်ကို ဖွား၏။ တပါးသော မိဖုရားငယ်တို့မူကား လှပတင့်တယ်စွာ သတို့သားကို ဖွားကုန်၏။

ထိုအခါ မိဖုရားကြီးသည် ဤသို့ကြံ၏။ “ငါ၌ သားစိမ်းတစ်ဖွားသော အကြောင်းကို မင်းကြီးသိလေက ငါ့အား ရှုတ်ချကဲ့ရဲ့ခြင်းကိုသော်လည်း ပြုရာသည်၊ စည်းစိမ်အသရေကိုသော်လည်း လျှော့ရာသည်၊ မင်းကြီးမသိမီ စွန့်တော့အံ့”ဟု ကြံ၍ တခုသောအိုးသစ်၌ သားတစ်ကိုထည့်သွင်း၍ မင်းတို့ဝတ်ဆင်သော လက်စွပ်ဖြင့် တံဆိပ်ဖွဲ့ခတ်လျက် ဂင်္ဂါမြစ်ရေအလယ်၌ မျှောလေ၏။ လူတို့လက်မှလွတ်လျှင် ထက်ဝန်းကျင်သော အရပ်မှ နတ်သည် စီရင်ဖန်ဆင်းလျက် “ဤအိုး၏အတွင်း၌ ကြီးမားသော ဘုန်းပါရမီရှိသော ဗာရာဏသီမင်း၏ မိဖုရားကြီး၏ သားတော်သည် တည်သတည်း”ဟု ဆေးဒန်းမြင်းသီလာဖြင့် အက္ခရာတံဆိပ် ရေးမှတ်လျက် မပြတ်စောင်မကြသဖြင့် လှိုင်းတံပိုးစသော ဘေးဘျမ်းဒုက္ခ မငြိ မထိတင်ပဲ အစဉ်အတိုင်း မျောလေ၏။

ထိုအခါ ဂင်္ဂါမြစ်၏အကြေ၌ ကျွဲ,နွားမွေးမြူသော လူတို့၏နေရာ ရွာငယ်တခုကို အမှီပြု၍ ရသေ့တဦးသည် နေ၏။ ထိုရသေ့သည် နံနက်ထခါ ဂင်္ဂါမြစ်သို့ သက်လတ်သော် အထက်မှမျောလာသော အိုးကိုမြင်၍ ပံ့သုကူထင်မှတ်သဖြင့် ကူးခပ်ဆယ်တင်၍ အိုးတွင်ပါသောအက္ခရာအမှတ်နှင့် လက်စွပ်တံဆိပ်ကို ကြည့်ပြီးသော် အိုးပေါ်မှအဖုံးကို ဖွင့်၍ရှုလေလျှင် နုထွတ်သိမ်မွေ့စွာ သန္တာအဆင်းကဲ့သို့သော သားတစ်ပိုင်းကို မြင်၏။

ထိုအခါ ရသေ့သည် ဤသို့ကြံ၏။ “ဤသားတစ်ကား ဆိုးညစ်နံလှောင်း မကောင်းသော အနံ့လည်းမရှိ၊ ပုပ်လည်းမပုပ်၊ ဥတုဇရုပ်သာဖြစ်သော သားတစ်မျှ မဟုတ်ရာ၊ ရှေးကြမ္မာ နှိပ်နင်းသဖြင့်

(စာမျက်နှာ-၂၄၄)

မပွင့်မပွားသေးသော သူငယ်သာ ဖြစ်ဘိရာသည်၊ ငါသိမ်းမွေးရသော် ကောင်း၏”ဟု ကြံ၍ မိမိနေရာသင်္ခမ်းသို့ ဆောင်ပြီးလျှင် သန့်စင်ချမ်းမြေ့သော နေရာ၌ထား၍ စောင့်စားကြည့်ရှု၏။

လခွဲကာလလွန်လျှင် ယခင်က သားတစ်စိုင်သည် နှစ်ခုဖြစ်၏။ ရှင်ရသေ့လည်း ချမ်းမြေ့ မွှေးကြူသော ပန်းရွက်ကြား၌ အိုးကိုထားပေ၏။ လခွဲတဖန် လွန်ပြန်လျှင် တခု,တခုသော သားတစ်မှ ခြေနှစ်ဖက် လက်နှစ်ဖက် အထက်ဦးခေါင်းအားဖြင့် ငါးဖြာသော ခက်မတို့သည် ထင်ကုန်၏။ ထို့နောက် လခွဲတဖန် လွန်ပြန်သောကာလ သားတစ်တခုမှသည် လှပတင့်တယ် စင်ကြယ်စွာ သွန်းလုပ်သော ရွှေရုပ်တုကဲ့သို့ နုထွတ်လှပသော သတို့သားငယ်သည် ဖြစ်၏။ တခုသောသားတစ်မှလည်း ထိုနည်းလှပသော သတို့သမီးငယ်သည် ဖြစ်၏။

ရှင်ရသေ့လည်း ထိုသူငယ်နှစ်ယောက်တို့ကို မြင်လျှင် ရင်မှဖွားသော သားကဲ့သို့ ချစ်ခင်ခြင်းဖြစ်ရကား မိမိလက်ချောင်းမှ နို့ရည်ကို ဖြစ်စေ၏။ ဆွမ်းခံရွာမှ နို့ဆွမ်းရလာလျှင်လည်း မိမိမှာ ဆွမ်းကိုသာ ဘုဉ်းပေး၍ သူငယ်တို့အား နို့ရည်ကိုတိုက်ပေ၏။ ထိုသူငယ်တို့၏ဝမ်းတွင်းသို့ ဝင်လေသမျှသော အစာအာဟာရသည် မြခွက်,ဖန်ခွက်အတွင်း၌ တည်သောရေကဲ့သို့ သက်လေသောအတိုင်းပင် အပြင်က မြင်ရလေသတည်း။

ယင်းသို့လျှင် ထိုသူငယ်တို့သည် ကာကွယ်မြေးယှက်သော အရေအလွှာ မရှိသကဲ့သို့ဖြစ်၍လည်းကောင်း၊ ချုပ်အပ်စပ်အပ်သကဲ့သို့ နုဖပ်တွန့်လိပ်သော အရေအလွှာရှိသည် ဖြစ်၍လည်းကောင်း လိစ္ဆဝီဟူသော အမည်သည် ဖြစ်၏။ ထိုအခါမှစ၍ ရှင်ရသေ့သည် အဆောတလျင် ရွာသို့ဝင်၍ ဆွမ်းခံပြီးသော် အမြန်ပင် ကျောင်းသို့ဝင်၍ ကောင်းမွန်စွာ လုပ်ကျွေးစောင့်ရှောက်၏။

ဝဇ္ဇီတိုင်း

ထိုသို့သော ဗျာပါရကို ရွာသူဒါယကာတို့ သိကြလျှင် “အရှင်ဘုရား... ရသေ့ရဟန်းတို့အား သားငယ် မွေးမြူရခြင်းကိစ္စသည် ကြောင့်ကြကြီးတခုပင် ဖြစ်ချေသည်။ ထိုသူငယ်တို့ကို အပ်တော်မူပါ၊ အကျွန်ုပ်တို့ မွေးမြူပါမည်၊ အရှင်မြတ်မှာ ရဟန်းတရားကိုသာ အားထုတ်တော်မူပါ”ဟု လျှောက်၏။ ရှင်ရသေ့ကလည်း “ဤအရေးကား သင့်၏၊ ဤသူငယ်တို့ကား ကြီးမားသော ဘုန်းပါရမီရှိ၏၊ မမေ့မလျော့ မွေးမြူကြကုန်၊ အရွယ်ရောက်သောကာလ သင်းတို့မောင်နှမကို ထိမ်းမြား၍ ပြည့်ရှင်မင်းကြီးအား ငါးပါးသော ဂေါရသတို့ဖြင့် နှစ်သက်စေလျက် မြို့ရွာမြေအဖို့ကို တောင်း၍ မြို့တည်လေကုန်၊ ယင်းသို့ တည်ပြီးသော် ငါ့သမီး,ငါ့သားနှစ်ပါးကို မင်းအဖြစ်၌ အဘိသိက်သွန်းလေကုန်၊ သင်တို့အား ရှည်မြင့်စွာ ကောင်းကျိုးမင်္ဂလာ ဖြစ်လတ္တံ့”ဟု ဆိုပေ၏။

ရွာသူကြီးလည်း အိမ်သို့ပြန်၍ နက်ဖြန် နံနက်သောအခါ ခရီးကို ညီညွတ်စွာညှိ၍ ပန်းပေါက်ပေါက်တို့ဖြင့် ကြဲဖြန့်ပြီးသော် တံခွန်,ကုက္ကား, မုလေးပွားတို့ဖြင့် စိုက်ဆောက်၍ စည်,စောင်း,ပတ်သာ တူရိယာမှုတ်တီးလျက် ကြီးစွာသော ပူဇော်သက္ကာနှင့်လာ၍ မင်းသားမောင်နှံတို့ကို ဆောင်ယူ၍ မွေးမြူပေ၏။ သူငယ်နှစ်ပါးတို့သည် “ကစားမြူးထူးနိုင်သောအရွယ်သို့ ရောက်လတ်သော် သူငယ်ဖော်ချင်းနှင့် ဂုံညင်း, ကျေးသား စသည်ဖြင့်

(စာမျက်နှာ-၂၄၅)

ကစားကြရာဝယ် ငြင်းခုံခိုက်ရန်ဖြစ်ကြ၍ ပုတ်ခတ်သောအခါ တပါးသူငယ်တို့ နာကျင်၍ ငိုယိုကြလျှင် မိဘတို့က “ဤမောင်နှမကား မိဘမရှိပဲလျက် ငါတို့သားကို ညှဉ်းဆဲကလူ ပြုဘိသည်။ ချင်းတို့နှင့် အပေါင်းအဖော် မပြုကြလင့်၊ ကြဉ်ကြကုန်”ဟု ဆို၏။ ထိုစကားကို အစွဲပြု၍ ထိုအရပ်သည် ဝဇ္ဇီတိုင်းဟု တွင်သတည်း။

ဝေသာလီပြည်

ထိုမင်းသားငယ်တို့ အရွယ်သို့ရောက်သောအခါ ရွာသူကြီးသည် ရသေ့ဆုံးမလိုက်သောအတိုင်း ဗာရာဏသီပြည့်ရှင် မင်းကြီးအား များစွာသော ပဏ္ဏာကာရဖြင့် နှစ်သက်စေပြီးမှ ယူဇနာ တရာမျှလောက်သော မြေအရပ်ကို ခွင့်တောင်း၍ လူတို့နေရာ မြို့ရွာတည်ထောင်၏။ မင်းသားတို့ နေစိမ့်သောငှါလည်း သုံးဂါဝုတ် ပမာဏရှိသော အရပ်ကို ကျုံးမြောင်း တံတိုင်းတို့ဖြင့် ရစ်ဝိုင်းကာရံလျက် အတန်တန်သော တိုက်ရုံးပြာသာဒ်တို့ကို တည်လုပ်ပြုစု၏။ မင်းသားမောင်နှမတို့ကိုလည်း ထိမ်းမြားလက်ထပ်၍ ထိုအရပ်ကို မင်းပြုစိမ့်သောငှါ အဘိသိက်သွန်းပေ၏။

မင်းသားတို့လည်း မင်းအဖြစ်ကိုရလျှင် ဤသို့ ကတိကဝတ်ထားကြ၏။ “တပါးသောအမျိုးမှ မင်းမိန်းမကိုလည်း မယူဆောင်အံ့၊ ငါတို့အမျိုးမှ ပွားစီးသော မင်းသမီးကိုလည်း တပါးသောမင်းတို့နှင့် ဆက်ဆံခြင်းကို မပြုအံ့”ဟူ၍ ကတိကဝတ် ထားကြ၏။

ထိုအစစွာသော မင်း၏မိဖုရား၌ မိန်းမ,ယောက်ျား အစုံအားဖြင့် တဆယ့်ခြောက်ကြိမ်ဖွား၍ သားသမီး သုံးကျိပ်နှစ်ယောက် ရ၏။ ထိုသားသမီးတို့အားလည်း မိဘအလားကဲ့သို့ ထိမ်းမြားပြန်လျှင်လည်း ရှေးနည်း အစုံအစုံစီ တဆယ့်ခြောက်ကြိမ်လည်း ဖွားသဖြင့် မင်းညီမင်းသားတို့သည် အလွန်ပွားစီးကုန်၏။ ကာလရှည်လတ်သော် မြို့တွင်းမြို့ပြင် မြေပြင်အနှံ့ မဆန့်နိုင်အောင် ဗိုလ်လူအများ ပွားတိုးစည်ပင်ရကား အရပ်လေးမျက်နှာ၌ တဂါဝုတ်စီပတ်၍ တထပ် မြို့တည်ရ၏။ ထို့နောက်တဖန် မြင့်ရှည်ပြန်လျှင်လည်း ရှေးနည်း တိုးပွားသဖြင့် လေးပါးသော အရပ်မျက်နှာ၌ တဂါဝုတ်စီ ချဲ့ပတ်၍ တထပ် မြို့တည်ရပြန်သတည်း။ ယင်းသို့ ချဲ့၍ချဲ့၍သာ သုံးဂါဝုတ် မြို့တည်လတ်ရကား ထိုအရပ်ကို ဝေသာလီပြည်ဟူ၍ ခေါ်ဝေါ် ပညတ်ကြ၏။

ကပ်ကြီးသုံးပါး ဆိုက်ရောက်ပြီ

ဤဝေသာလီပြည်သည် ငါတို့ဘုရား ထင်ရှားဖြစ်တော်မူသောအခါ ပြန့်ပြောစည်ပင်စွာဖြစ်၏။ ခုနစ်ထောင့် ခုနစ်ရာ ခုနစ်ကျိပ် ခုနစ်ယောက်သော မြို့စားထီးဆောင်း မင်းအပေါင်းတို့သည်လည်းကောင်း၊ ခုနစ်ထောင့် ခုနှစ်ရာ ခုနစ်ကျိပ် ခုနှစ်ယောက်သော အိမ်ရှေ့မင်း, စစ်သူကြီး, ဘဏ္ဍာစိုး, စချီစမာတို့သည်လည်းကောင်း ရှိကုန်သည်ဖြစ်၍ ခုနစ်ထောင့် ခုနစ်ရာ ခုနစ်ဆယ့် ခုနှစ်ဆောင်သော ပြာသာဒ်ရှည်, ထိုမျှလောက်သော ပြာသာဒ်တို, ထိုမျှလောက်သော တရားရုံး, ထိုမျှလောက်သော စုလစ်မွမ်းချွန် တပ်သောဇရပ်, ထိုမျှလောက်သော ဥယျာဉ်, အာရာမ်, ရေကန်, ရေတွင်းတို့သည် ရှိကုန်၏။ မရေတွက်နိုင်သောလူနေအိမ်ခြေတို့သည်လည်း ရှိကုန်၏။

ထိုဝေသာလီပြည်သည် တရံသောအခါ မိစ္ဆာဝါဒီရှိကုန်သော သူတို့၏ အယူဝါဒစကားဖြင့် နှောင့်ယှက်ချောက်ချားလေရကား မိုးရေဆွံ့ရှား၍ ကောက်ပဲစပါးတို့သည် သီးနှံမထွက်

(စာမျက်နှာ-၂၄၆)

ရိုးတံချက်သာ ဖြစ်သဖြင့် လူအပေါင်းတို့သည် ခေါင်းပါး ငတ်မွတ်ကြကုန်၏။ အနာရောဂါ များစွာနှိပ်စက်ကုန်၏။ ထိုသူတို့သေလွန်လေလျှင် တစ္ဆေ, ဘုတ်, ပြိတ်, အဟိတ် ဘီလူးတို့ဖြစ်သည် များကုန်၏၊ သေသော သူကောင်တို့၏ အပုပ်နံ့ကိုမှီ၍ ဘီလူးတို့သည် မြို့တွင်းသို့ဝင်သဖြင့် ရှင်သောသူတို့ကိုလည်း ဖမ်းဆီးနှိပ်စက်လေရကား လူအများတို့သည် အဟိဝါတမည်သော ကူးနာယဉ်းနာရောက်၍ သေပျောက်ပျက်စီးကြကုန်၏။

ထိုသို့ မွတ်သိပ်ခြင်းဘေး, ဘီလူးဘေး, အနာရောဂါဘေး, တည်းဟူသော ဘေးသုံးပါးနှိပ်စက်လေသော် ဝေသာလီပြည်သားတို့သည် လိစ္ဆဝီမင်းတို့၏ အထံသို့ကပ်ကုန်၍ ဤသို့လျှောက်ကြ၏။ “အရှင်မင်းကြီးတို့.. ယခုအခါ အကျွန်ုပ်တို့၏ ဝေသာလီပြည်သည် ရှေးဘေး,ဘိုး,ဘတို့၏ လက်ထက်မှစ၍ ဆွေခုနစ်ဆက်တိုင်အောင် မဖြစ်ဖူးမြဲ ထူးကဲလွန်မင်းသော ဘေးသုံးပါးတို့သည် ဖြစ်ခဲ့ကုန်၏။ ဤသို့ဖြစ်ခြင်းသည် အရှင်မင်းကြီးတို့ တရားမစောင့်သောကြောင့်သာ ဖြစ်သည်ဟု ထင်ပါသည်။ တရားစောင့်တော်မူပါကုန်”ဟု လျှောက်ကြ၏။ ထိုအခါ မင်းပြုသောသူတို့ကလည်း “ငါတို့ မတရားသောအပြစ်ကို စိစစ်ရှာဖွေကြပါကုန်၊ မည်သည့်အရေးအခင်း၌ ယိုယွင်းကျင့်မှားသည်ဟု ထင်ရှားမြင်လျှင် စင်ကြယ်ကောင်းမွန်အောင် ငါတို့ပြုပါမည်”ဟု ဝန်ခံ၏။ ပြည်သားတို့လည်း တရားစီရင်သော မင်းကွန်းလွှတ်ရုံးစသည်တို့၌ စုဝေး၍ မင်းတို့၏ မတရားသောအပြစ်ကို စိစစ်ရှာဖွေပါသော်လည်း စိုးစဉ်းမျှ မမြင်ကုန်၊ ထိုသို့ မမြင်လေသော် “ငါတို့ပြည်၌ ဤသုံးပါးသောဘေးသည် အဘယ်သို့ ငြိမ်းချမ်းပါအံ့နည်း”ဟု ကြံစည်တိုင်ပင်ကြကုန်၏။

ထိုအခါ အချို့သောသူတို့က “ရာဇဂြိုဟ်ပြည်၌ မက္ခလိဂေါသာလမည်သော ဘုရားသည် လူအပေါင်းတို့အား တရားရေအေး တိုက်ကျွေးလျက် ရှိသည်။ ထိုဘုရားကိုပင့်၍ တရားနာရမူ ငြိမ်းချမ်းရာ၏”ဟု ဆိုကြကုန်၏။ အချို့သော သူတို့ကလည်း “ပူရဏကဿပကို ပင့်ဆောင်မူ ငြိမ်းရာ၏”ဟု ဆိုကြကုန်၏။ အချို့ကလည်း ပကုဓကစ္စာယနကို, အချို့ကလည်း နိဂဏ္ဌဆရာကို, အချို့ကလည်း သိဉ္စည်းဆရာကို ပင့်ရမူ ငြိမ်းရာ၏ဟု ဆိုကြကုန်၏။ မြတ်စွာဘုရား၏ ကျေးဇူးတော်ကို သိကုန်သော အချို့သော သူတို့ကလည်း “လောကသနင်း တရားမင်းဖြစ်တော်မူသော ဘုရားသခင်သည် တန်ခိုးအာနုဘော်လည်းကြီး၏၊ ပစ္စုပ္ပန် အတိတ် အနာဂတ်၌ဖြစ်သော အကျိုးအကြောင်းကိုလည်း သိမြင်တော်မူ၏။ ထိုဘုရားကို ပင့်ဆောင်ရလျှင် ဤဘေး ငြိမ်းလတ္တံ့”ဟု ဆိုကုန်၏။

ရတနသုတ်တော်စွမ်းရည်

ထိုနောက်စကားကို ပြည်သူပြည်သားတို့နှင့်တကွ လိစ္ဆဝီမင်းတို့နှစ်သက်ကုန်၍ “အချင်းတို့.. ယခုအခါ မြတ်စွာဘုရားသည် အဘယ်ပြည်၌ သီတင်းသုံးနေတော်မူသနည်း”ဟု မေး၏။ သတင်းစကားကို သိသောသူတို့ကလည်း ရာဇဂြိုဟ်ပြည်၌ နေတော်မူကြောင်းကို ပြောလျှင် “ဘုရားသခင်ကို ငါတို့ပင့်ခေါ်သော် ကြွတော်မူပါလတ္တံ့လော”ဟု မေးပြန်၏။ ထိုသူတို့ကလည်း “ဘုရားတို့ဓမ္မတာသည် သတ္တဝါတို့အား အလွန်သနားခြင်းရှိသည်။ လူတို့၏ အကျိုးစီးပွား များစေခြင်းငှါသာလျှင် ဖြစ်တော်မူသည်။ ထို့ကြောင့် ကြွတော်မူရာပါ၏။ သို့ရာတွင် ရာဇဂြိုဟ်ပြည့်ရှင်ဖြစ်သော ဗိမ္ဗိသာရမင်းသည် ဝပ်စင်းခယ နေ့ညဆည်းကပ် မပြတ်ကိုးကွယ်လျက် ရှိချေသည်။ ထိုမင်းကလည်း အခွင့်ပေးမည် မပေးမည်ကို မသိနိုင်”ဟု ဆိုကြကုန်၏။

(စာမျက်နှာ-၂၄၇)

ထိုစကားကိုကြားလျှင် လိစ္ဆဝီမင်းကြီးလည်း “ယင်းသို့တပြီးကား ဗိမ္ဗိသာရမင်းအား ပန်ကြားပြီးမှ ဘုရားသခင်ကို ပင့်လေကုန်”ဟု ဆို၍ နှစ်ယောက်သော လိစ္ဆဝီမင်းသားတို့ကို အခြံအရံနှင့်တကွ များစွာသော လက်ဆောင်ပဏ္ဏာတို့ဖြင့် ဗိမ္ဗိသာရမင်းထံ စေလွှတ်၏။ မင်းသားနှစ်ယောက်တို့လည်း ရာဇဂြိုဟ်ပြည်သို့ရောက်လျှင် ပြည့်ရှင်မင်းအား များစွာသော ပဏ္ဏာလက်ဆောင်တို့ကို ဆက်သ၍ ဝေသာလီပြည်၌ ဘေးဖြစ်သောအကြောင်းကိုကြား၍ “အရှင်မင်းဖျား... ဘုရားသခင်ကို အကျွန်ုပ်တို့ပြည်သို့ကြွအောင် ပင့်၍ပေးတော်မူပါ”ဟု လျှောက်၏။ ဗိမ္ဗိသာရမင်းကလည်း “မင်းသားတို့.. ဘုရားသခင်ကို ငါမဆိုင်ပေ၊ သင်တို့အလျောက်သာ ပင့်လျှောက်ပါ”ဟု ခွင့်ပေး၏။

ယင်းသို့ အခွင့်ရလျှင် မင်းသားတို့လည်း ဘုရားအထံတော်သို့ကပ်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... တပည့်တော်တို့ ဝေသာလီပြည်သည် ရောဂ, အမနုဿ, ဒုဗ္ဘိက္ခဟူသော ဘေးသုံးပါးနှိပ်စက်၍ ပျက်လုဘနန်း ရှိပါသည်။ ကိုယ်တော်မြတ်ကြွပါမှ သတ္တဝါတို့ ချမ်းသာရာရတော့မည်”ဟု နားတော်လျှောက်ကုန်၏။

ဘုရားသခင်လည်း ဆင်ခြင်ရှုမြင်သော် “ငါကြွတော်မူ၍ ဝေသာလီပြည်သူတို့အား ရတနသုတ်တရားကို ဟောကြားတော်မူလျှင် ဘေးသုံးပါးလည်းငြိမ်းလတ္တံ့၊ ကုဋေတသိန်းသော စကြဝဠာ၌ အာဏာစက် နှံ့လတ္တံ့၊ ဒေသနာ၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့ မဂ်ဖိုလ်ချမ်းသာကို ရလတ္တံ့”ဟု မြင်တော်မူ၍ “ငါကြွမည်”ဟု ဝန်ခံတော်မူ၏။

ဗိမ္ဗိသာရမင်းကြီးလည်း ဘုရားသခင် ဝန်ခံတော်မူကြောင်းကို ကြားလျှင် ဘုရားသခင်ထံသို့ လျင်စွာလာ၍ အခြင်းအရာကို စုံစမ်းပြီးသော် “ကြွတော်မူရာ လမ်းခရီးကို အကျွန်ုပ် သုတ်သင်ပါဦးမည်၊ ငံ့လင့်တော်မူပါဦး”ဟု လျှောက်၏။

ယင်းသို့ လျှောက်ပြီးမှ နန်းတော်သို့ပြန်ခဲ့၍ “ဘုရားသခင်သည် ဝေသာလီပြည်သို့ ကြွတော်မူလတ္တံ့၊ လမ်းခရီးကို သုတ်သင်ကြကုန်အံ့”ဟု ပြည်၌ စည်လည်စေ၍ ရာဇဂြိုဟ်ပြည်နှင့် ဂင်္ဂါမြစ်အကြား ငါးယူဇနာသော တောအရပ်ကို ညီညွတ်စွာ သုတ်သင်ပြီးသော် တယူဇနာလျှင် ကျောင်းကြီး တဆောင်,တဆောင်စီဆောက်၍ လမ်းတလျှောက်၌ ပန်းပေါက်ပေါက်တို့ဖြင့် ကြဲဖြန့်လျက် ကုက္ကား, တံခွန်, ဗိတာန်, ရာဇမတ်, ကြာသွတ်အိုး, ငှက်ပျောပင် စသည်တို့ကို စိုက်စေ၍ လမ်း၏အသရေရှိသောအခါမှ မြတ်စွာဘုရားအား ကြွအံ့သောအခါကို လျှောက်စေ၏။ မြတ်စွာဘုရားလည်း သံဃာတော်ငါးရာ ခြံရံလျက် တရက် တယူဇနာစီ ဖြန့်ချီထွက်ကြွတော်မူ၏။

ဗိမ္ဗိသာရမင်းကြီးလည်း ဘုရားသခင်အား ထီးဖြူနှစ်စင်း, သံဃာတော်တို့အား ထီးဖြူတစင်းစီ ဆောင်းစေလျက် အခြွေအရံနှင့်တကွ နောက်တော်မှလိုက်၍ ဆွမ်း, အဖျော်တို့ဖြင့် ပူဇော်လုပ်ကျွေး၏။ ငါးရက်တို့ဖြင့် ဂင်္ဂါမြစ်နားသို့ ရောက်လေသော် အထူးထူးသော တန်ဆာတို့ဖြင့် ကောင်းစွာစီရင်အပ်သော ရွှေလှေ, ရွှေဖောင်တို့ကို ပြုပြင်စေလျက် ဝေသာလီပြည်သား လိစ္ဆဝီမင်းသားတို့အားလည်း ဘုရားသခင်ကြွလာ၍ ဂင်္ဂါမြစ်ဆိပ်သို့ ရောက်ကြောင်းကို စေလိုက်၏။ လိစ္ဆဝီမင်းတို့ကလည်း “နှစ်ဆတက် ပူဇော်ကြကုန်အံ့”ဟု ဝေသာလီပြည်နှင့် ဂင်္ဂါမြစ်အကြား သုံးယူဇနာခရီးကို ညီညွတ်စေ၍ ရွှေသလဲ, ငွေသလဲ ကြဲဖြန့်လျက် ယူဇနာဝက်၌ ကျောင်းကြီး တဆောင်စီဆောက်၍ ပေါက်ပေါက်, ဆီမီး, ထီး, တံခွန်တို့ဖြင့် ကောင်းမွန်စွာ ပူဇော်လျက် ခရီးဦး ကြိုဆိုလာကုန်၏။

(စာမျက်နှာ-၂၄၈)

ဗိမ္ဗိသာရမင်းကြီးလည်း နှစ်စင်းသော လှေတို့ကို ဖောင်ဖွဲ့ပြီးသောအပေါ်၌ မဏ္ဍပ်ပြာသာဒ်ဆောက်၍ ပန်းဆိုင်း, ကြာယပ်တို့ဖြင့် တန်ဆာဆင်လျက် ရတနာပလ္လင်တင်ပြီးသော် ပလ္လင်ပေါ်၌ ဘုရားသခင်ကို ကိန်းဝပ်စေလျက် သံဃာတော်တို့အားလည်း လျောက်ပတ်သော လှေ၌တင်၍ ပဉ္စင်,တူရိယာ တီးမှုတ်လျက် ပို့စေ၏။ ထိုအခါ ဗိမ္ဗိသာရမင်းကြီးလည်း လည်ပင်းအတိုင်းအရှည်ရှိသော ရေသို့ဆင်းလျက် “ကိုယ်တော်အရှင်မြတ် ကြွလာသည့်တိုင်အောင် ဂင်္ဂါမြစ်နားတွင်သာ ဒကာတော် စောင့်နေပါမည်”ဟု လျှောက်၏။

ဘုရားသခင်လည်း အစဉ်သဖြင့် ကြွတော်မူလေသော် ဖောင်တော်၏ ထက်ဝန်းကျင်သောအရပ်၌ နတ်ဗြဟ္မာအပေါင်းတို့သည်လည်းကောင်း၊ နဂါး, အသူရာ, အာကာသစိုး, ဘုမ္မစိုး, နတ်တို့သည်လည်းကောင်း၊ တံခွန်, ဆီမီး, ထီးဖြူအထပ်ထပ်တို့ဖြင့် အဆင့်ဆင့် ပူဇော်ကုန်သတည်း။ ယင်းသို့ ပူဇော်သက္ကာကိုခံလျက် တယူဇနာကျယ်သော ဂင်္ဂါမြစ်ကိုကူး၍ ဝေသာလီပြည်ဘက်သို့ ရောက်တော်မူလျှင် လိစ္ဆဝီမင်းသည် လည်ပင်းနစ်လောက်သော ရေသို့သက်၍ နှစ်ဆတက်သော ပူဇော်သက္ကာဖြင့် ကြိုဆိုလာကုန်၏။ မြတ်စွာဘုရားလည်း ဂင်္ဂါမြစ်နား၌ ဖဝါးချတော်မူလျှင်ပင် အရပ်ကိုးခွင် ထက်ဝန်းကျင်မှ လျှပ်စစ်တိမ်မီးခိုးတို့သည် တောက်၍ ပေါက္ခရဝဿမည်သော မိုးကြီးသည် ရွာ၏။ စွတ်လိုသောသူသာ စွတ်သည်၊ မစွတ်လိုသောသူကား မစွတ်။ ဝေသာလီပြည် မြေအပြင်၌ လည်မျှလောက်သော ရေအယဉ်သည် စီးလတ်၍ အပုပ်အစပ်ဟူသမျှတို့သည် ရေ၌မျောသဖြင့် သန့်ရှင်းစင်ကြယ်စွာ ဖြစ်၏။

ဘုရားသခင်လည်း အစဉ်အတိုင်း ကြွတော်မူလာ၍ ဝေသာလီပြည်သို့ ရောက်လတ်သော် ကိုယ်တော်မြတ်ကို ဆည်းကပ်ပူဇော်ခြင်းငှါ နတ်ရွာနှစ်ထပ်ကို အစိုးရသော သိကြားမင်းသည် သင်းပင်းကျေးကျွန်ဖြစ်သော နတ်မင်းကြီးတို့နှင့်တကွ ခစားဆည်းကပ်လာရကား များစွာသော ဘုတ်, ပြိတ်, ဘီလူးတို့သည် ထွက်ပြေးရလေကုန်၏။

မြတ်စွာဘုရားလည်း မြို့တံခါးဝ၌ ရပ်တော်မူ၍ ညီတော်အာနန္ဒာကို ခေါ်ပြီးသော် ရတနသုတ် ဒေသနာတော်ကို ကောင်းစွာသင်စေ၍ “ဘုတ်, ပြိတ်, ဘီလူးတို့ နောင်မဝင်နိုင်စိမ့်သောငှါ မြို့ရှစ်မျက်နှာမှ ရံဝိုင်းသော တံတိုင်းသုံးထပ်၏အကြား၌ အရံအတားကို ပြုလေ”ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာလည်း ညဉ့်သုံးယံပတ်လုံး ရွတ်ဖတ်သရဇ္ဈာယ်ပေ၏။ ထိုဒေသနာတော်၏အဆုံး၌ အလုံးစုံသော ဘေးတို့သည် ငြိမ်းချမ်းသာယာ ပြေပျောက်ကုန်၏။ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့သည်လည်း အကျွတ်တရားကို ရကုန်၏။

နဂါးပြည်၌ တရားဟောခြင်း

ဘုရားသခင်လည်း ဝေသာလီပြည်၌ လခွဲသာ နေတော်မူ၍ ပြန်ကြွသောအခါ ဝေသာလီ ပြည်သူပြည်သားတို့သည် နှစ်ဆတက်သော ပူဇော်သက္ကာဖြင့် ဂင်္ဂါမြစ်ဆိပ်သို့ရောက်အောင် ပူဇော်လျက် ပို့ကြကုန်သည်။ မြစ်ဆိပ်သို့ ရောက်သောအခါ ဂင်္ဂါမြစ်၌နေသော နဂါးမင်းတို့သည် ဤသို့ ကြံကြကုန်၏။ “လူနတ်တို့ကား မြတ်စွာဘုရားကို များစွာ ပူဇော်ကြရလေပြီ၊ ငါတို့မူကား မပူဇော်ရချေသေး၊ အရေးအခွင့်သင့်သော ယခုအခါတွင် ငါတို့ပြည်သို့ရောက်အောင် ပင့်ဆောင်ကြအံ့”ဟု ကြံ၍ အလျှံညီးညီး ယိုစီးဘနန်းသော လှေ,ဖောင်,လှော်ကားတို့ကို တန်ဆာဆင်ပြီးလျှင် ဘုရားရှင်ခြေတော်ရင်းသို့ ကပ်လျက် “အရှင်ဘုရား... ဒါယကာတို့အား သနားချီးမြှောက်တော်မူပါသဖြင့်

(စာမျက်နှာ-၂၄၉)

ရတနာ လှေဖောင်ထက်သို့ တက်ကြွတော်မူပါ”ဟု ပင့်၍ နဂါးပြည်သို့ ဆောင်ပြီးလျှင် ကြီးစွာသော ပူဇော်သက္ကာကို ပြုကုန်၏။ ဘုရားသခင်လည်း သံဃာတော် ငါးရာနှင့်တကွ နဂါးပြည်၌ ညဉ့်သုံးယံပတ်လုံး အမြိုက်တရား ဟောကြားပြသတော်မူလျက် နံနက် ဆွမ်းစားပြီးအခါမှ လူ့ရွာသို့ ပြန်တော်မူခဲ့၏။ ထိုအခါ အာကာသစိုး ဘုမ္မစိုးမှစ၍ အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် နတ်ဗြဟ္မာအပေါင်းတို့သည် ထီး,တံခွန် အဆင့်ဆင့်ဆောင်းလျက် ကောင်းချီးကြွေးကြော် ပူဇော်ကြကုန်သတည်း။

ရာဇဂြိုဟ်ပြည်ဘက်သို့ ရောက်တော်မူလျှင် ကမ်း၏အနီးတွင် စောင့်နေသော ဗိမ္ဗိသာရမင်းကြီးလည်း ဝေသာလီမင်းထက် နှစ်ဆတက်ပူဇော်၍ ကျောင်းတော်သို့ ပင့်ဆောင်လေ၏။ ဝေဠုဝန်ကျောင်းသို့ ရောက်သောအခါ တပည့် သံဃာတော် အပေါင်းတို့သည် တရားနာရာကျောင်း၌ စည်းဝေးကြပြီးလျှင် ဘုရားသခင် ဘုန်းအာနုဘော် ကြီးတော်မူကြောင်း အတိုင်းမသိသော ပူဇော်သက္ကာကို ခံရကြောင်းများကို ပြောကြားချီးမွမ်း၍ နေကုန်သော် ကိုယ်တော်မြတ်သည်လည်း ကြွတော်မူလာ၍ “အဘယ်မည်သော ခြင်းရာစကားကို ပြောကြား၍ နေကုန်သနည်း”ဟု မေးတော်မူသော် သံဃာတော်တို့ကလည်း အလုံးစုံသော အကြောင်းစကားကို ရွှေနားတော် လျှောက်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည်လည်း “ချစ်သားတို့... သင်တို့ဆရာ ငါဘုရားသည် ကြွသွားလေရာဝယ် အံ့ဖွယ်သရဲ လွန်ကဲထူးမြတ်သော ပူဇော်သက္ကာကို ခံရခြင်းသည်ကား ဘုရားတို့၏ ဘုန်းအာနုဘော်ကြောင့် ဖြစ်သည်လည်းမဟုတ်၊ ဂဠုန်, နဂါး, သိကြား, ဂန္ဓဗ္ဗတို့၏ ဘုန်းအာနုဘော်ကြောင့် ဖြစ်သည်လည်းမဟုတ်၊ ရှေးသောဘဝ သင်္ခပုဏ္ဏား ဖြစ်သောအခါ သုသိမမည်သော ပစ္စေကဗုဒ္ဓါ၏ ဓာတုစေတီတော်ကို ပူဇော်ချီးမြှောက်ခဲ့ဖူးသော ကုသိုလ်ပုည သမ္ဘာရ အဆောက်အဦကြောင့် ဤမျှလောက်သော ပူဇော်သက္ကာကို ငါခံရသတည်း”ဟု မိန့်တော်မူ၍ သင်္ခဗြာဟ္မဏဇာတ်ကို ဟောတော်မူ၏။

(ယင်းသို့ ဝေသာလီပြည်မှပြန်၍ တဖန် ရာဇဂြိုဟ်ပြည်၌ ဆိုတော်မူသော ဝါသည် စတုတ္ထဝါနှင့် ဆိုင်သည်။)

သုဒ္ဓေါဒနမင်းကြီး ပရိနိဗ္ဗာန်စံပုံ

မြတ်စွာဘုရားလည်း ရာဇဂြိုဟ်ပြည်၌ စတုတ္ထဝါ ပြည့်တော်မူလျှင် သံဃာတော်အပေါင်းတို့အား ဂမိကဝတ်ကို နှိုးဆော်တော်မူ၍ ဒေသစာရီ ကြွချီလေသော် လိစ္ဆဝီမင်းတို့၏နေရာ ဝေသာလီပြည်သို့ရောက်၍ မြို့အနောက်မျက်နှာ တဂါဝုတ်ကွာသော အရပ်တွင် လျောက်ပတ်တင့်တယ် ကြီးကျယ်စွာ ပြုလုပ်အပ်သော စုလစ်မွန်းချွန်တပ်သော အရပ်၌ တန့်ရပ်မှီတင်း သီတင်းသုံးနေတော်မူ၏။

ထိုအခါ ဝေသာလီပြည်သား မင်းအများတို့သည် သတင်းစကား ကြားသိကုန်၍ ဘုရားရှင်ထံသို့ မြန်စွာလာပြီးလျှင် “ကိုယ်တော်မြတ်သည် ဤအရပ်၌ ဝါကပ်သီတင်းသုံးတော်မူပါ”ဟု လျှောက်ထား၍ ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားကြကုန်၏။ ဘုရားသခင်လည်း ဆိတ်ဆိတ် ဝန်ခံတော်မူ၏။ ထိုသို့ ဝန်ခံတော်မူလျှင် ပြည်သူပြည်သားတို့သည် အားရဝမ်းသာစွာ သံဃာတော်တို့နေရန်

(စာမျက်နှာ-၂၅၀)

ကျောင်းကန်, ဇရပ်, မဏ္ဍပ်, ကနား, တရားသဘင်တို့ကိုလည်းကောင်း၊ နေ့သန့်ရာ, ညဉ့်သန့်ရာ, ကမ္မဋ္ဌာန်းစီးဖြန်းရာ, လိုဏ်သာ ဥမင်တို့ကိုလည်းကောင်း ပြုပြင်လှူဒါန်းကုန်၏။

ယင်းသို့ ဝေသာလီပြည်သို့ ရောက်တော်မူ၍ တလကျော်ရှိလျှင်ပင် ဖခင် သုဒ္ဓေါဒနမင်းတရား၌ ကြီးမားသည်းထန်စွာ ရောဂါကပ်လာ၍ “သားတော်ဘုရားကို သွား၍ပင့်ချေ”ဟု အမတ်တယောက်ကို စေလိုက်သဖြင့် ခြေတော်ရင်းသို့ ရောက်လေ၏။ မြတ်စွာဘုရားလည်း အတ္ထုပ္ပတ္တိကိုကြားလျှင် ဖခင်မင်းကြီးအား ချီးမြှောက်လိုသော စိတ်ဓာတ်ရှိသည်ဖြစ်၍ အမှုသစ် ပြုလုပ်ကုန်သော သူတို့၏ ဝတ္ထုကံကို စီမံစိမ့်သောငှါ အချို့သံဃာကို ဝေသာလီပြည်၌ ထားခဲ့၍ ငါးရာသော သံဃာတော်တို့နှင့်တကွ ကိုယ်တော်မြတ်သည် ကပိလဝတ်ပြည်သို့ ကြွတော်မူ၏။ နိဂြောဓာရုံကျောင်းသို့ရောက်၍ သုံးရက်မြောက်သောနေ့၌ပင် သုဒ္ဓေါဒနမင်းကြီးလည်း သိအပ်သော တေဘူမကဓမ္မကို သင်္ခါရသို့တင်၍ ဆင်ခြင်သုံးသပ်သဖြင့် ဖြန့်အုပ်သော ထီးဖြူအောက်ဝယ် အရဟတ္တဖိုလ်သို့ရောက်၍ ပရိနိဗ္ဗာန်စံလေ၏။

ဘုရားသခင်လည်း ဖခင်မင်းတရားကြီး၏ အလောင်းကို ကောင်းမွန်တင့်တယ်စွာ တန်ဆာဆင်ယင်လျက် နန်းဥကင်အချက်ဝယ် စကြဝတေးမင်း၏ အလောင်းကို သင်္ဂြိုဟ်သောနည်းအားဖြင့် သင်္ဂြိုဟ်တော်မူ၏။ သရီရဈာပနကိစ္စ ပြီးဘိ၍ နိဂြောဓာရုံကျောင်းဝယ် စံပယ်တော်မူသောအခါ မဟာပဇာပတိ ဂေါတမီမိဖုရားသည် သားတော်ဘုရား၏ထံသို့ကပ်၍ လေးမြတ်ရိုကျိုး ရှိခိုးပြီးသော် ဤသို့ နားတော်လျှောက်၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. သားတော်မြတ်သည် ပညတ်ဟောပြ ဆုံးမအပ်သော သာသနာ၌ အကျွန်ုပ်တို့ မာတုဂါမတို့သည် အိမ်ထောင်သော လူ၏ဘောင်မှ ခွါရှောင်ပယ်သန်း၍ ရဟန်းအဖြစ်ကို ရလိုပါ၏၊ မယ်တော်မှစ၍ မာတုဂါမတို့ကို ရဟန်းပြုတော်မူပါ”ဟု လျှောက်၏။

ဘိက္ခုနီမ သာသနာ

ဘုရားသခင်လည်း “မယ်တော်... ငါဘုရား၏သာသနာ၌ မာတုဂါမတို့ကို ရဟန်းပြုခြင်းငှါ မသင့်၊ ပြုသဖြင့်လည်း ရှည်မြင့်စွာ မစင်ကြယ်ရာ၊ ထို့ကြောင့် ရဟန်းအဖြစ်၌ မနှစ်သက်လင့်”ဟု မိန့်တော်မူ၏။ မယ်တော်ဂေါတမီလည်း ဤသို့သောစကားဖြင့် သုံးကြိမ်တိုင်အောင် လျှောက်ကြား၍ ရဟန်းပြုခြင်းငှါ တောင်းပန်ပါသော်လည်း မြတ်စွာဘုရားက ခွင့်သနားတော်မမူ၍ ဆာပူလှိုက်လဲ ဆင်းရဲငြိုငြင်သော နှလုံးဖြင့် ယူကျုံးမရ တသငိုယိုကာ ဘုရားမြတ်စွာကို လက်ယာရစ် သုံးပတ်လည်၍ ပူဇော်ပြီးမှ နန်းတော်သို့ ပြန်လေ၏။

ဘုရားသခင် ကိုယ်တော်မြတ်လည်း ကပိလဝတ်ပြည်တော်ဝယ် မွေ့လျော်သမျှ နေခဲ့၍ ဝေသာလီပြည်သို့ တဖန် ပြန်တော်မူလာသဖြင့် မဟာဝုန်တော ကူဋာဂါရဇရပ်တွင်းဝယ် သီတင်းသုံး နေတော်မူသတည်း။ ထိုအခါ မိထွေးတော် မဟာပဇာပတိ ဂေါတမီသည် သားတော်ဘုရားထံ ရဟန်းပြုရန် တောင်းပန်၍ ခွင့်မရဘိရကား မိမိအလိုလိုပင် ဆတ္တာသည်တို့ကိုခေါ်၍ ဆံကိုဖြတ်စေပြီးသော် ဖန်ရည်စွန်းသော အဝတ်တို့ကိုဆီးလျက် သာကီဝင်မင်းသမီးအပေါင်းနှင့်တကွ ဘုရားကြွတော်မူရာ သတင်းနာ၍ လိုက်လာသဖြင့် ဝေသာလီပြည်သို့ရောက်လျှင် ဘုရားရှင်ရှိရာ မဟာဝုန်တော ကူဋာဂါရသို့ကပ်၍ ကျောင်းတော်မြတ်၏ တံခါးဝဝယ် ခရီးပြင်းစွာ

(စာမျက်နှာ-၂၅၁)

လာခဲ့ရခြင်းကြောင့် ခြင်းခြင်းနီမျှ စီးကျသော သွေးရှိသော ဖဝါး, မြူသား အလိမ်းလိမ်းကပ်သော ကိုယ်တို့ဖြင့် ပြင်းပြစွာ ငိုယိုလျက် နေလတ်၏။

ထိုငိုသံကို အရှင်အာနန္ဒာကြားသဖြင့် အပါးသို့လာ၍ ရှုလတ်သော် မယ်တော်မိဖုရား၏ အခြင်းအရာ ပူဆာပင်ပန်းသော အဖြစ်ကိုမြင်၍ “ကျေးဇူးရှင် ဒါယိကာမ.. အဘယ်ဆန္ဒ မပြည့်ဝ၍ ဤမျှလောက်ပင် ရှိုက်ငင်ငိုယိုဘိသနည်း၊ ဝေးလံကြမ်းတမ်း ဤသည့်လမ်းက ပင်ပန်းဆင်းရဲစွာ ဘယ်ခြင်းရာကြောင့် လာဘိသနည်း”ဟု မေး၏။ မယ်တော်မိဖုရားလည်း “ချစ်သားအာနန္ဒာ.. သားတော်ဘုရား၏ သာသနာဝယ် မယ်တော်နှင့်တကွ မာတုဂါမတို့သည် ရဟန်းအဖြစ်ကို ရလိုပါသည်။ ထိုအကြောင်းကို ခွင့်တောင်းခြင်းငှါ လာပါသတည်း”ဟု လျှောက်၏။

ထိုစကားကိုကြားလျှင် အရှင်အာနန္ဒာကလည်း “မယ်တော်... ထိုသို့ ရဟန်းပြုလိုတပြီးကား နောင်တော်ဘုရားကို အကျွန်ုပ်သွား၍ နားတော်လျှောက်ဦးအံ့၊ ဤအရပ်၌ပင် ဆိုင်းနှင့်လော့”ဟု ဆို၍ ဘုရားသခင်ထံ ကပ်လေပြီးလျှင် “အရှင်ဘုရား.. မယ်တော် ဂေါတမီမိဖုရားသည် မိမိဆံဖျားကို မိမိအလိုလိုဖြတ်ပယ်လျက် သာသနာတော်ဝယ် ရဟန်းပြုလိုသောဆန္ဒဖြင့် ဖဝါးမှ သွေးဒီးဒီး ယိုစီးကွဲပြတ်အောင်လာ၍ မြူလွှာလိမ်းသောကိုယ်ဖြင့် ငိုယိုရှိုက်ငင် မမြင်ဝံ့မျှရှိလျက် ကျောင်းထွက်တံခါးဝ၌ နေလာပါသည်။ အရှင်ဘုရား.. အကျွန်ုပ် တောင်းပန်ပါအံ့၊ ကိုယ်တော်မြတ်သည် သိအပ်သော သာသနာဝယ် မာတုဂါမတို့ကို ရဟန်းပြုခြင်းငှါ အခွင့်ပေးတော်မူပါ”ဟု လျှောက်၏။

ဘုရားသခင်ကလည်း “ချစ်သားအာနန္ဒာ... ငါဘုရား၏ သာသနာ၌ မာတုဂါမတို့ကို ရဟန်းပြုစေသဖြင့် မသင့်မလျော်ချေ၊ အကယ်၍ ပြုစေမူကား ရှည်လျားစွာ မစင်ကြယ်ရာ၊ ထို့ကြောင့် မာတုဂါမတို့ရဟန်းပြုခြင်းကို သင် အလိုမရှိလင့်”ဟု မိန့်တော်မူ၏။

အရှင်အာနန္ဒာလည်း ဤနည်းဖြင့်သာ သုံးခါသုံးကြိမ်တိုင်အောင် လျှောက်ထားလျက် ဘုရားခွင့်ပြုတော်မမူလေသော် မယ်တော်၏ဂုဏ်ကို ချီးပ၍ ခွင့်ရအောင် တောင်းလိုရကား ဤသို့ နားတော်လျှောက်၏။ “ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော ဘုရားကိုယ်တော်မြတ်သည် သိအပ်ရအပ် ဆုံးမအပ်သော သာသနာ၌ မာတုဂါမတို့သည် ရဟန်းဖြစ်ခြင်းငှါ မထိုက်ပါသလော၊ ထိုသူတို့ကို ရဟန်းပြုသဖြင့် မြတ်သော သောတာပတ္တိဖိုလ်တို့ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်, အနာဂါမိဖိုလ်, အရဟတ္တဖိုလ်တို့ကိုလည်းကေင်း မျက်မှောက်ပြုခြင်းငှါ မစွမ်းနိုင်ပါသလော။ အကယ်၍ ထိုတရားတို့ကို ရခြင်းငှါ စွမ်းနိုင်ပါသည်ဖြစ်အံ့၊ ရဟန်းပြုခြင်းငှါ အခွင့်ပေးတော်မူသင့်ပါ၏။ မြတ်စွာဘုရား.. မယ်တော်ဂေါတမီ မိဖုရားသည် ကိုယ်တော်မြတ်အား များသောကျေးဇူးရှိပေသည်၊ ငယ်ကတည်းက ထိန်းယချီပိုးလျက် မြတ်နိုးတနာ ပြုပေသည်၊ နို့ရည်ကျွေး၍ မွေးမြူပေသည်။ ကိုယ်တော်မြတ်ကို ဝမ်းဖြင့်လွယ်သော မယ်တော်ရင်းနှင့် ထက်အောက်ဆင်းသော မိထွေးချစ်လည်း ဖြစ်ပါသည်။ မယ်တော်ရင်းထက် တိုးတက်ကဲ၍ ဆင်းရဲခံရသူလည်းဖြစ်ပါသည်၊ ထိုမျှလောက်ပင် ကျေးဇူးရှင်ကို သခင်ဘုရား ခွင့်မသနားက နောက်သားနောင်လာ လူများစွာကို မာတုဂုဏ ဝိသေသကို မနှိုင်းဆပဲ ရှိပါလိမ့်မည်၊ ထို့ကြောင့် မယ်တော်မြတ်ကို ရဟန်းပြုခြင်းငှါ ခွင့်ပေးတော်မူပါ”ဟု လျှောက်၏။

(စာမျက်နှာ-၂၅၂)

ထိုအခါ မြတ်စွာဘုရားကလည်း “ချစ်သားအာနန္ဒာ.. ငါ၏မယ်တော် မိဖုရားသည် ရှစ်ပါးသော ဂရုဓမ္မကို အသက်တည်သမျှ မကျူးလွန်ရအောင် နိစ္စဖြည့်စွမ်းနိုင်သည်ဖြစ်အံ့၊ ရဟန်းပြုခြင်းငှါ ခွင့်ပေးတော်မူမည်”ဟု မိန့်တော်မူ၏။

ထိုအခါ အရှင်အာနန္ဒာလည်း ရှစ်ဖြာသော ဂရုဓမ္မတို့ကို ဘုရားထံ၌ သင်ခဲ့ပြီးသော် မယ်တော်အထံသို့လာ၍ မြတ်စွာဘုရား ဟောကြားအပ်သော ဂရုဓမ္မကို ညွှန်ပြလိုရကား- “ဝသသတမဘိက္ခုကံ”စသော ဂါထာကို ဆို၏။ ထိုဂါထာ၏ အဓိပ္ပါယ်ကား-

ဂရုဓမ်တရား ရှစ်ပါး

၁။ “မယ်တော်... အဝါတရာရှိသော ဘိက္ခုနီမသည် ယနေ့ပြုစသော ရဟန်းယောက်ျားအား ညွတ်တွားရိုသေရခြင်း၊
၂။ ရဟန်းယောက်ျားကင်းသော ကျောင်းရပ်၌ ဝါမကပ်ရခြင်း၊
၃။ လခွဲတကြိမ် ရဟန်းယောက်ျားတို့အား နှစ်ပါးသော ဓမ္မတို့ကို တောင်းပန်ရခြင်း၊
၄။ ဝါကျွတ်သောအခါ ဥဘတောသံဃာ၌ ပဝါရဏာပြုရခြင်း၊
၅။ ပက္ခမာနတ်ကို နှစ်စဉ်မပြတ်ကျင့်ရခြင်း၊
၆။ သိက္ခမာန်အဖြစ်၌ နှစ်နှစ်တိုင်အောင် တည်ပြီးမှ ဥဘတောသံဃာ၌ ဥပသမ္ပဒကံဆောင်ရခြင်း၊
၇။ ရဟန်းယောက်ျားတို့အား ပရိယာယ်စကားမျှဖြင့်လည်း မဆဲရေး မမြည်တမ်းရခြင်း၊
၈။ ရဟန်းယောကျ်ားတို့ ဟောကြားဆုံးမတိုင်း လိုက်နာရခြင်း-

ဤရှစ်ပါးသော ဂရုဓမ္မတို့ကို လုံ့လအားထုတ်၍ မယုတ်မယိုရအောင် အသက်တည်သမျှ ကျင့်ပါအံ့ဟု ဝန်ခံပါလျှင် သာသနာတော်ဝယ် မယ်တော်တို့ ရဟန်းဖြစ်တော့မည်”ဟု ဆိုပေ၏။

ထိုစကားကိုကြားလျှင် ဂေါတမီမိဖုရားလည်း အားရဝမ်းသာသော စိတ်ရှိသည်ဖြစ်၍ “ချစ်သားအာနန္ဒာ.. ဤရှစ်ဖြာသော ဂရုဓမ္မကို ရိုသေလေးမြတ်စွာ မယ်တော်လည်း ကျင့်ပါအံ့၊ သာကီဝင်မင်းသမီးတို့ကိုလည်း ထို့အတူ ကျင့်ပါစေအံ့”ဟု ဝန်ခံ၏။ ယင်းသို့ ဝန်ခံသောအခြင်းအရာကို မြတ်စွာဘုရားအား ကြားလျှောက်လျှင် ဘုရားသခင်ကလည်း “ချစ်သားအာနန္ဒာ.. မာတုဂါမတို့သည် ရဟန်းအဖြစ်ကိုရ၍ ဂရုဓမ္မရှစ်ပါးကို အားထုတ်သည်ဖြစ်အံ့၊ ငါဘုရား၏ သာသနာသည် မာတုဂါမတို့၏ဘောင်၌ အနှစ်တထောင်ပတ်လုံး တည်ရစ်လတ္တံ့၊ ထို့ကြောင့် မာတုဂါမတို့ကို ရဟန်းပြုကြစေလော့”ဟု ခွင့်ပြုတော်မူ၍ ဘိက္ခုနီ ဥပသမ္ပဒကံကို တဖန် ပညတ်တော်မူသတည်း။

ထိုအခါ မဟာပဇာပတိ ဂေါတမီ မိဖုရားသည် ငါးရာသော သာကီဝင်မင်းသမီးတို့နှင့်တကွ ရဟန်းအဖြစ်ကို ရကုန်၏။ မယ်တော်လည်း ရဟန်းပြုပြီးလျှင် ဘုရားသခင်ထံသို့ကပ်၍ လျောက်ပတ်သော ကမ္မဋ္ဌာန်းကိုသင်လျက် အစဉ်အတိုင်း အားထုတ်သဖြင့် လောကုတ္တရာတရား၏

(စာမျက်နှာ-၂၅၃)

အထွတ်သို့ ရောက်၏။ ကြွင်းသော ဘိက္ခုနီမတို့ကား နန္ဒကောဝါဒသုတ်ကို ဟောတော်မူသောအဆုံးမှ အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။

(အကျယ်ကိုလိုမူ စူဠဝါပါဠိတော် အဋ္ဌကထာတို့မှ ယူပါကုန်။)

၄၉။ မိထွေးတော်ဂေါတမီ၏ ရှေးအကြောင်းကို ပြခြင်း

ဆုတောင်းနှင့် ဗျာဒိတ်

ထိုမိထွေးတော် ဂေါတမီ၏ ရှေးအကြောင်းကား- ပဒုမုတ္တရဘုရား ပွင့်တော်မူသောအခါ မထင်ရှားသော အမျိုး၌ ပဋိသန္ဓေနေရ၍ သင့်သောအရွယ်သို့ ကျသောအခါ မြတ်စွာဘုရားအထံသို့ ဆည်းကပ်လျက် တရားတော်မြတ်ကို နာသတည်း။

တရံသောကာလ ဘုရားမိထွေးတော်ဖြစ်သော ဘိက္ခုနီမသည် အခြံအရံနှင့်တကွ ဘုရားထံရင်းသို့ ကပ်လာသော် ရှင်တော်ဘုရားသည် ရတ္တညူဧတဒဂ်အရာ၌ ထား၍ မြှောက်စားချီးမြှင့်သည်ကို မြင်သဖြင့် ဤအရှင်မကဲ့သို့ ဖြစ်ချင်သော ဆန္ဒရှိရကား ဘုရားအမှူးရှိသော သံဃာတော်တို့အား အလှူကြီးကိုပေး၍ “နောင်ဘုရားရှင်တို့၏ သာသနာဝယ် ဤဘိက္ခုနီမကဲ့သို့ ဘုရား၏မိထွေးတော် ဖြစ်ပါစေသော၊ ဧတဒဂ်ကို ရစေသော”ဟု ဆုတောင်း၏။

ဘုရားမြတ်စွာလည်း အနာဂတံသဉာဏ်ဖြင့် ကြည့်၍ ပြည့်စုံလတ္တံ့သည်ကို မြင်တော်မူလျှင် “သင်သည် ငါဘုရား ပွင့်တော်မူရာ သာရကမ္ဘာ၏နောက် ကပ်တသိန်းမြောက်ကျသော ဘဒ္ဒကမ္ဘာ၌ ဥက္ကာကရာဇ် နေမြစ်နွယ်ရိုးမှ ဂေါတမအမည်ရှိသော ဘုရားသည် ထင်ရှားဖြစ်လတ္တံ့၊ ထိုအခါ မဟာပဇာပတိ ဂေါတမီ အမည်ရသော ဘုရားမိထွေးတော်ရင်းဖြစ်၍ အစ်မတော်၏သား ဘုရားအလောင်းကို ကောင်းစွာ နို့ကျွေး၍ မွေးရလတ္တံ့”ဟု ဗျာဒိတ်စကား ကြားတော်မူ၏။

ကျွန်မကြီးဘဝ

ထိုအခါမှစ၍ ထိုဒါယိကာမလည်း ဒါနသီလကို များစွာပြုလျက် အသက်အတိုင်းနေ၍ စုတေလေသော် တာဝတိံသာ နတ်ပြည်၌ ဖြစ်၏။ ထိုမှတဖန် စုတေပြန်သော် ဗာရာဏသီပြည်၌ ကုဋေငါးဆယ် ကြွယ်ဝသော သဌေးအိမ်ဝယ် ငါးရာသော သူခစားတို့၏ အကြီးဖြစ်သော ကျွန်မသည် ဖြစ်၏၊ ဇေဋ္ဌကဒါသီ အမည်ရှိ၏။ ထိုငါးရာသော ကျွန်မတို့ကား မိမိလင်သားတို့နှင့်တကွ တအိမ်တွင်နေ၍ နေ့အခါ အရှင့်အမှုကို ဆောင်ရွက်ရသဖြင့် ညဉ့်အခါမှ မိမိတို့ကိစ္စကို ပြုလုပ်ရသတည်း။

တရံသောအခါ ဂန္ဓမာဒနတောင်၌နေသော ပစ္စေကဗုဒ္ဓါ ငါးဦးတို့သည် ဝါလနီးသောအခါ ဝါဆိုရာကျောင်းကို ပြုလိုလှရကား ဟတ္ထကံအလို့ငှာ ဗာရာဏသီသဌေးအိမ်သို့ ကြွလာသတည်း။ ထိုအခါ ဇေဋ္ဌကဒါသီအမည်ရှိသော ကျွန်မကြီးသည် ရေအိုးကိုရွက်လျက် မြစ်ဆိပ်သို့သွားခိုက် ကြုံ၏။ သဌေးကြီးလည်း ပစ္စေကဗုဒ္ဓါတို့အား ကြွလာသောအကြောင်းကို မေးမြန်း၍ “ကျောင်သင်္ခမ်းပြုရန် ဟတ္ထကံအလို့ငှါ လာသည်”ဟု ပြောဆိုလျှင် “အရှင်ဘုရားတို့.. အကျွန်ုပ်ကား အားလပ်သောအခွင့်ကို မရပါ၊ သင့်တင့်ရာ၌ ရပ်ပါဦးလော့”ဟု ဆို၍ ကန်တော့လိုက်၏။

(စာမျက်နှာ-၂၅၄)

ပစ္စေကဗုဒ္ဓါတို့လည်း မြို့၏အပသို့ ထွက်ခဲ့ကြသော် မြစ်မှရေခပ်၍ ပြန်လာသော ဇေဋ္ဌကဒါသီနှင့်တွေ့၍ “အရှင်ဘုရားတို့.. မကြာမီပင် မြို့တွင်းသို့ဝင်လျက် ယခုပင် ထွက်လာပေသည်။ အကြောင်းအသို့နည်း”ဟု လျှောက်၏၊ ပစ္စေကဗုဒ္ဓါတို့ကလည်း ဝါကပ်ရန် တောင်းခံခြင်းငှါ ကြွလာကြောင်းကို ဆိုလျှင် “အရှင်ဘုရားတို့.. ရခဲ့ပါ၏လော”ဟု လျှောက်ပြန်၏။ “ဒါယိကာမ.. ငါတို့မရခဲ့ချေ၊ သင့်တင့်ရာ၌ပင် ရှာဖွေဦးအံ့”ဟု ဆိုသော် “ကိုယ်တော်မြတ်တို့၏ကျောင်းကို အစိုးရသောသူတို့သာ ပြုထိုက်ပါသလော၊ ဆင်းရဲသောသူတို့အား မပြုထိုက်ပါသလော”ဟု လျှောက်၍ ပစ္စေကဗုဒ္ဓါတို့ကလည်း “ဒါယိကာမ.. မည်သူမဆို ပြုလိုသမျှပင် ပြုခြင်းငှါ တတ်ကောင်းပါ၏”ဟု ဆိုလျှင် “အရှင်ဘုရား.. ယင်းသို့တပြီးကား ကျောင်းကို အကျွန်ုပ် အားထုတ်ပြုပြင်ပါအံ့၊ နက်ဖြန် အကျွန်ုပ်၏ဆွမ်းကို ခံယူတော်မူပါ”ဟု လျှောက်လိုက်၏။

မိမိအိမ်သို့ပြန်လာ၍ ရောက်သောအခါ ငါးရာသော ကျွန်မတို့ကို စည်းဝေးစေ၍ “ရှင်မတို့သည် ကျွန်အဖြစ်မှ လွတ်လိုကြ၏လော မလွတ်လိုလော”ဟု မေး၏။ ထိုမိန်းမတို့လည်း “အခွင့်ရမူ ယခုပင် လွတ်ချင်ပါ၏”ဟု ဆိုလျှင် “သင်တို့ရှေးက ပုညအထူး ဆည်းပူးသမှု မပြုခဲ့ရ၍ ယခုဘဝ၌ သူတပါးကျွန် ဖြစ်သည်မဟုတ်လား၊ ကုသိုလ်အစု ကောင်းမှုဥစ္စာ ရတနာသာလျှင် ငါတို့ကို တော်လှန်အောင် ပြုပေလတ္တံ့သည်တကား၊ ယင်းသို့ဖြစ်၍ ကျောင်းပြုပြင်ရန် ဟတ္ထကံရှာလာသော ပစ္စေကဗုဒ္ဓါတို့အား နက်ဖြန်အလို့ငှါ ငါဆွမ်းဖိတ်ခဲ့အပ်ပြီ၊ သင်တို့၏လင်တို့ကို ကြည်လင်စေကြောင်း ဖြောင်းဖျပြောဆို၍ ကျောင်းကို ပြုပြင်စေကုန်လော့”ဟု ဆို၏။

ထိုမိန်းမတို့လည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ မိမိတို့လင် တောဝင်ရာမှ ပြန်လာသောကာလ ထိုအကြောင်းကို ပြောဆိုကြ၏။ လင်ယောက်ျားတို့ကလည်း အားရဝမ်းသာ သဒ္ဓါသောစိတ်ဖြစ်၍ ဇေဋ္ဌကဒါသီ၏အိမ်၌ စုဝေးကြကုန်၏။ မိုးသောက်ထ၌ ပစ္စေကဗုဒ္ဓါတို့ ကြွလာသော် မွန်မြတ်စွာသော အာဟာရတို့ဖြင့် လုပ်ကျွေး၍ ရှေးရှိရင်းကျောင်းရပ်ကို မေးမြန်းပြီးလျှင် အသီးအသီးသော အဆောက်အဦတို့ကို ယူငင်၍ ပြုပြင်လုပ်ဆောင်ကြသတည်း။

မိမိတို့က ထပ်မံ၍လည်း စင်္ကြံ ,မဏ္ဍပ်, ဇရပ်, တဲကွန်း, နေ့ညသန့်ရာ စသည်တို့ကို ဆောက်လှူ၏။ ထိုပစ္စေကဗုဒ္ဓါတို့အား ဝါတွင်းသုံးလပတ်လုံး အလှည့်အလည်ထား၍ နှစ်ပါးသောပစ္စည်းတို့ဖြင့်လည်း လုပ်ကျွေးပူဇော်ကြကုန်၏။ ဝါလကျွတ်သောအခါ တရာတရာစီ စုဝေးဘိ၍ တိစီဝရိတ်သင်္ကန်းဖြင့် လှူဒါန်းပူဇော်ကြ၏။ ရှင်ပစ္စေကဗုဒ္ဓါတို့လည်း ဂန္ဓမာဒနတောင်သို့ ကြွလေကုန်၏။

ယက်ကန်းသည်မဘဝ

ထိုသူတို့လည်း အသက်အတိုင်းနေ၍ စုတေလေသော် တုသိတာနတ်ပြည်၌ ဖြစ်လေကုန်၏။ ထိုဇေဋ္ဌကဒါသီသည် နတ်ပြည်မှတခါ စုတေလာသော် ဗာရာဏသီပြည်၏ အနီးအပါး ငါးရာသော ယက်ကန်းသည်တို့တွင် အကြီးဖြစ်သော ယက်ကန်းသည်အိမ်၌ ဖြစ်လေ၍ အရွယ်သို့ ရောက်သောအခါ ကြွယ်ဝစွာသော လင်၏အိမ်သို့ရောက်၍ ထွန်းတောက်သော စည်းစိမ်ကျက်သရေဖြင့် လူ့ပြည်၌ ထင်ရှားစွာဖြစ်၏။

(စာမျက်နှာ-၂၅၅)

နောက်ဆုံးဘဝ

တရံသောအခါ ပဒုမဝတီမိဖုရား၏ သားဖြစ်ကုန်သော ပစ္စေကဗုဒ္ဓါတို့နှင့် တွေ့ကြိမ်ရ၍ ဝါတွင်းသုံးလပတ်လုံး ကိုးကွယ်လုပ်ကျွေးပေ၏။ ထိုမျှလောက်သော ကုသိုလ်ကောင်းမှုကိုပြု၍ လူ့ပြည်နတ်ပြည် လှည့်လည်ကာသာ ကမ္ဘာတသိန်းပတ်လုံး စံစားခဲ့၍ ငါတို့ဘုရား ထင်ရှားဖြစ်တော်မူခါနီးလတ်သော် ဘုရားဘိုးတော်ဖြစ်သော အဉ္စနမင်းကြီး၏ကြင်ဖော် ယသောဓရာဝမ်းဝယ် စွဲလမ်းဖြစ်ထွန်းလာသတည်း။ အမည်မှည့်အံ့သောအခါ လက္ခဏာဖတ်သော ပုဏ္ဏားတို့က “ဤမိန်းမငယ်သည် အကယ်၍ သားယောကျ်ားကိုဖွားမူ စကြဝတေးမင်း ဖြစ်လတ္တံ့၊ မိန်းမဖွားမူကား စကြဝတေးမင်း၏ မိဖုရားဖြစ်လတ္တံ့”ဟူ၍ ဆိုကုန်၏။ ထိုစကားကို အစွဲထား၍ မြတ်သော သမီးသားတို့၏ အရှင်ဖြစ်ရာသောကြောင့် မဟာပဇာပတိ ဂေါတမီဟူသော အမည်ကိုမှည့်၏။ အရွယ်သို့ ရောက်သောကာလ အစ်မတော် သိရီမဟာ မာယာနှင့်တကွ ညီအစ်မနှစ်ယောက်ကိုပင် ကပိလဝတ်ပြည့်ရှင်ဖြစ်သော သုဒ္ဓေါဒနမင်းအား ဆောက်နှင်းကြသတည်း။

ငါတို့ဘုရားလောင်းသည် နတ်ပြည်မှလာ၍ မာယာမိဖုရားကြီး၏ဝမ်း၌ စွဲလမ်းတော်မူလျှင်ပင် ဘုရင်သုဒ္ဓေါဒနသည် ညီမတော် ဂေါတမီကို အဂ္ဂမဟေသီအရာ၌ ထားတော်မူ၏။ ထား၍ များမကြာမီပင် နန္ဒမင်းသားကို မျက်နှာမြင်သတည်း။ ထို့နောက်မှ အစ်မတော် သိရီမဟာမာယာတွင် ဘုရားလောင်းကို ဖွားမြင်၍ ခုနစ်ရက်မြောက်၌ နတ်ပြည်စံလေသော် ညီမတော် ဂေါတမီမိဖုရားသည် နန္ဒမင်းသားကို နို့ထိန်းတို့အား အပ်နှင်း၍ မိမိမှာ ဘုရားလောင်းကိုသာ ကောင်းစွာ နို့ကျွေး၍ မွေးမြူပေ၏။

(ယခင် ဆိုအပ်ပြီးသော အစဉ်အလာအားဖြင့် ဘုရားရှင်အထံ၌ တောင်းပန်၍ ရဟန်းပြုလေသဖြင့် ဇေတဝန်ကျောင်းတော်သို့ ဘုရားရှင်ရောက်သောကာလ ပတ္ထနာပြုခဲ့ဖူးသော ကုသိုလ်ကံအဆက်နှင့် ရတ္တညူ ဧတဒဂ်ကို ရလေသည်။)

အင်္ဂုတ္တိုရ်အဋ္ဌကထာ၌-

အမှာကံ သတ္ထု နိဗ္ဗတ္တိတော ပုရေတရမေဝ ဒေဝဒဟနဂရေ မဟာသုပ္ပဗုဒ္ဓဂေဟေ ပဋိသန္ဓိံ ဂဏှိ၊ ဂေါတမီတိဿာ နာမံ အကံသု-ဟု ရှိ၏။
ဤကား မိထွေးတော် ဂေါတမီ၏အကြောင်း အတ္ထုပ္ပတ္တိ အမြွက်တည်း။

၅၀။ သစ္စကပရိဗိုဇ်ကို အောင်မြင်တော်မူခြင်း

ဘုရားမြတ်စွာသည် ဤဝေသာလီပြည်၌ နေတော်မူသောအခါပင် မိစ္ဆာဒိဋ္ဌိအယူရှိသော သစ္စကပရိဗိုဇ်ကို အောင်တော်မူသော အကြောင်းကား-

နိဂဏ္ဌမောင်နှံ

ဘုရားပွင့်တော်မမူမီကပင် ဝေသာလီပြည်ဝယ် ကြွယ်ဝသော အမျိုးသားတယောက်သည် တပြည်ရပ်ခြား သွားလာဘိ၍ နိဂဏ္ဌအယူရှိသော သူတို့၏ထံ၌ ကပ်နွံ၍ သင်ကြားသဖြင့် ငါးရာသောဝါဒကိုတတ်လျှင် ဇမ္ဗူဒိပ်ကျွန်းပြင်၌ ထင်ရှားသမျှသော မြို့တို့သို့ လှည့်ပတ်၍

(စာမျက်နှာ-၂၅၆)

မိမိသင်အပ်သော ဝါဒကို ပြောပြချေတင်နိုင်သောသူကို မတွေ့သဖြင့် နေရင်း ဝေသာလီပြည်သို့ ပြန်လာ၍ များစွာသော လိစ္ဆဝီမင်းသားတို့အား သင်ကြားပြသ မင်းဆရာပြု၍ နေသတည်း။

တရံသောကာလ နိဂဏ္ဌအယူရှိသော ပရိဗိုဇ်မတဦးသည်လည်း ဤနည်းအတူ ငါးရာသောဝါဒကိုတတ်၍ အရပ်ရပ်သောမြို့သို့ လှည့်လည်လာသဖြင့် ဝေသာလီပြည်သို့ ရောက်လတ်သော် လိစ္ဆဝီမင်းတို့က “အဘယ်အလို့ငှါ လှည့်လည်လာသနည်း”ဟု မေး၍ “ငါနှင့်အတူ အယူဝါဒနှင့်စပ်သော ပြဿနာကို ပြောဆိုတင်ခြင်းငှါ စွမ်းနိုင်သောသူကို ရှာလာသည်”ဟု ဆိုလျှင် “ငါတို့ပြည်တွင်ရှိသော နိဂဏ္ဌဆရာနှင့် ဝါဒပြိုင်စိမ့်မည်”ဟု ဆို၍ မင်းရင်ပြင်၌ တွေ့မြင်ကြစေပြီးသော် နှီးနှောမေးဖြေစေသည်။ တဦး၏ပြဿနာကို တဦးမဖြေနိုင် ရှိ၏။ ထိုအခါ လိစ္ဆဝီမင်းတို့က ဤသို့ဆိုကုန်၏။ “ဆရာနှစ်ပါးပင် ပညာရှိချည်း ဖြစ်ကြပေသည်၊ အတူနှစ်စုံ ပေါင်းစုံနေငြားက ငါတို့ဝေသာလီပြည်အပါးသို့ တပါးမြို့ရွာမှ ပညာရှိတို့ မချဉ်းကပ်ဝံ့ရာပြီ၊ ထို့ကြောင့် အတူတကွ နေကြပါလော့”ဟု တောင်းပန်၍ အထိုက်အတန် မြှောက်စားလျက် ထိမ်းမြားပေးကုန်၏။

နှမလေးယောက်

ထိုနိဂဏ္ဌနှစ်ဦးတို့သည် ကာလမြင့်ရှည်လတ်သော် “သဇ္ဈာ” အမည်ရှိသော သမီးတယောက်၊ “‌လောကာ”မည်သော သမီးတယောက်၊ “ဂေါစရာ”မည်သော သမီးတယောက်၊ “အာစာရတ”မည်သော သမီးတယောက်၊ “သစ္စက”မည်သော သားတယောက်အားဖြင့် ငါးယောက်သောသူတို့ကို ရ၏။ ထိုငါးယောက်တို့တွင် သမီးလေးယောက်တို့သည် အမိမှလာသော ဝါဒငါးရာကို ကောင်းစွာသင်ယူ၍ အရွယ်သို့ ရောက်သောကာလ မိဘနှစ်ပါးတို့က ဤသို့ဆိုကုန်၏။ “ချစ်သမီးတို့.. ငါတို့အမျိုး၌ဖြစ်ကြသော မိန်းမတို့တွင် အကြင် တစုံတယောက်သောသူကိုမျှ မိဘတို့က ရွှေငွေဥစ္စာ သုံးဆောင်ရာ စသည်ကိုပေး၍ လင်၏အိမ်သို့ ပို့ရဖူးသေးသောသူမည်သည် မရှိ၊ မိမိ၏ ဝါဒတည်းဟူသော အတတ်ဖြင့် အရပ်ထက်ဝန်းကျင်သို့ လှည့်လည်၍ အကြင်သူသည် ဤအယူဝါဒကို ပြောပြနှိမ်နင်းနိုင်သည် ဖြစ်အံ့၊ ထိုသူအား ကိုယ်ကိုဆောင်နှင်းလျက် ခြေရင်းအလုပ်အကျွေးပြု၍ နေရာ၏၊ အကြင်ရဟန်းသည် နှိမ်နင်းဖြေရှင်းနိုင်သည် ဖြစ်အံ့၊ ထိုရဟန်း၏အထံ၌ နည်းခံ၍ ရဟန်းပြုရာ၏၊ ဤကား ငါတို့အနွယ်မှလာသော အကျင့်တည်း”ဟု ဆို၏။ ထိုစကားကိုကြားသော် သမီးလေးယောက်တို့ကလည်း “မိမိတို့ ထုံးနည်းအတိုင်းသာ အကျွန်ုပ်တို့ ကျင့်ပါအံ့”ဟု ဝန်ခံ၍ ပရိဗိုဇ်တို့၏သဏ္ဌာန်ကို ယူပြီးသော် “ဤဇမ္ဗူကျွန်းကား သပြေပင်တည်းဟူသော တံခွန်ဖြင့် အလွန် ထင်ရှားသတည်း”ဟု နှလုံးပြု၍ ဇမ္ဗုသပြေခက်ကို ကိုင်ပြီးလျှင် အသီးအသီးသော မြို့ရွာနိဂုံးအရပ်သို့ လှည့်ပတ်ကြလေ၏။ အကြင်မြို့ရွာသို့ ရောက်သောကာလ ရွာတံခါးဝ၌ မြေကိုလည်းကောင်း၊ သဲကိုလည်းကောင်း စုပုံလျက် သပြေခက်ကို စိုက်ပြီးလျှင် “အကြင်သူသည် အယူဝါဒဖြင့် ငါတို့ကို တင်ဆိုနိုင်ငြားအံ့၊ ထိုသူသည် ဤစေတီကို ဖျက်စေသတည်း”ဟု ဆို၍ ထားခဲ့ပြီးမှ ရွာတွင်းသို့ ဝင်သတည်း။ ဤသို့သောအကျင့်ကို ဆောက်တည်၍ လရှည်နှစ်ကြာ ရှာဖွေလှည့်လည်လေ၏။

(သာဝတ္ထိပြည်သို့ ဘုရားသခင်ရောက်သောအခါ ပရိဗိုဇ်မ လေးယောက်တို့ ရောက်လာ၍ အရှင်သာရိပုတြာနှင့် တွေ့သဖြင့် ဘိက္ခုနီမဖြစ်ကြောင်းကို နောက်မှဆိုတော့အံ့။)
(စာမျက်နှာ-၂၅၇)

သစ္စကပရိဗိုဇ်

ထိုသူတို့၏ မောင်အငယ်ဖြစ်သော သစ္စကမူကား အဖမှလာသော ဝါဒငါးရာ, အမိမှလာသော ဝါဒငါးရာကို ကောင်းစွာသင်ဆောင်၍ တထောင်မျှသော ဝါဒကို တတ်သဖြင့်လည်းကောင်း၊ ထိုမှတပါး လောကီ ဗာဟိရကဖြစ်သော ဝတ္ထုပုံပြင် ဗေဒင် ဓမ္မသတ်ကို တတ်သဖြင့်လည်းကောင်း အရပ်ထက်ဝန်းကျင်၌ ပညာရှိဟု ထင်ရှားလျက် လိစ္ဆဝီမင်းတို့အား သင်ကြားဆုံးမကာ ဤဝေသာလီပြည်၌ပင် နေသတည်း။ ဤသစ္စကပရိဗိုဇ်သည် “ငါ၏ဝမ်း၌ရှိသော ပညာကား အလွန်များ၏၊ ဆန်စပါးထည့်သော အိတ်သည် ပြည့်သိပ်လွန်းသောကာလ ပေါက်ကျသကဲ့သို့ ငါ့ဝမ်းလည်း ပညာအလွန် ပြည့်လွန်းရကား မခံနိုင်ပဲ ကွဲပေါက်ဘိရာသည်”ဟု ဝမ်းကွဲမည်ကို စိုးသောကြောင့် သံပြားဖြင့် ရစ်ပတ်၍သာ နေလေ့သွားလေ့ရှိ၏။

ဝါဒတင်ရန်အကြံ

ထိုသစ္စကသည် ဘုရားသခင် ဝေသာလီပြည်သို့ ရောက်သည်မှစ၍ “ရှင်ဂေါတမကို ဝါဒဖြင့် ငါတင်ဆိုမည်၊ သို့ရာတွင် ထိုအရှင်၏ဝါဒကို သိရမှသာလျှင် ငါတင်နိုင်ချိမ့်မည်။ သို့ဖြစ်၍ အရှင်ဂေါတမ၏ဝါဒကို သိရအောင် ပြုဦးအံ့”ဟု ကြံ၍ နေသည်နှင့် တရံသောအခါ ရှင်သာရိပုတြာ၏ ဆရာဖြစ်သော အဿဇိမထေရ်သည် အိမ်စဉ်လည်လျက် ကြွသည်ကို သစ္စကပရိဗိုဇ် မြင်လေသော် “ဤရဟန်းကား ဘုရားဂေါတမ၏ သာဝကကြီးပင်တည်း၊ မိမိဆရာ၏ဝါဒ၌ လိမ္မာသည်ဖြစ်လတ္တံ့၊ ဤရဟန်းကို မေးရမူ ရှင်ဂေါတမ၏အယူကို ငါသိရာ၏”ဟု ကြံ၍ အမြန်လိုက်လာပြီးလျှင် “အရှင်ရဟန်း... သင်တို့ဆရာ ဂေါတမသည် အဘယ်ဝါဒဖြင့် ဆုံးမပြောဆိုလေ့ရှိသနည်း”ဟု မေး၏။

အရှင်အဿဇိကလည်း “ဤသစ္စကသည် မိစ္ဆာဝါဒ၌ တည်သောသူ ဖြစ်ချေသည်။ ပရိယာယ်စကားဖြင့် မသင့်ရာ၊ နိပ္ပရိယာယဒေသနာဖြင့် လွန်စွာ ချောက်ချားစေအံ့”ဟု ကြံ၍ “ဒါယကာ... ဤငါတို့ဆရာ မြတ်စွာဘုရားကား ဘုံသုံးပါး၌ ဖြစ်ကြိုက်သော သတ္တဝါတို့၏ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်တရားကား အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောသာတည်းဟူ၍ အယူရှိ၏။ တပည့်တို့အားလည်း ဤသို့ပင် ဟောကြားဆုံးမလေ့ရှိ၏”ဟု ဆိုလျှင် ထိုသစ္စကလည်း “ရှင်ဂေါတမ၏ အယူမကျသောအဖြစ်ကို ငါသိပြီ၊ ဤဝါဒကို အစပြု၍ပင် အပြစ်တင်တော့အံ့”ဟု ကြံ၍ အိမ်သို့ပြန်ပြီးသော် မိမိတပည့်ဖြစ်သော လိစ္ဆဝီမင်းသား ငါးရာတို့၏ထံသို့သွား၍ ဤသို့ ကြုံးဝါးပြောဆို၏။ “မင်းသားတို့... ဤလောက၌ ငါပညာရှိသောသနစ်ကို သင်တို့အသိ ဖြစ်တော့သည်၊ ယခု အသီးအသီး ပညာကြီး ပညာကျယ် အသွယ်သွယ်ရောက်လာသမျှ ဆရာများသည် ငါ့စကားတခွန်းအမေးကိုမျှ မခံနိုင်ကုန်၊ ငါ၏ဝါဒအတင်ကို ပြေပြစ်အောင် ချေဆိုနိုင်သောသူကား လူတို့ဘုံတွင် တစုံတယောက်မျှ ငါမမြင်၊ လူတွင်ထင်ရှား ဘုရားဆိုသော သူပင်လည်း ငါနှင့်ကြုံက တုန်လှုပ်ရမည်၊ ငါမေးရက ဇောချွေးပြန်ရမည်၊ လူတို့ကို မဆိုထားဘိ၊ သစ်ပင်များမှ တုန်လှုပ်ရသေးသည်။ မင်းသားအပေါင်းတို့.. ယခု လောကတွင် ရှင်ဂေါတမသည် ဘုရားဟု မိမိပြုလျက် သုံးလူ့ဆရာ သူလုပ်သည်။ ထိုဘုရားကား ဘုန်းတန်ခိုး ကြီးမားသည်။ အယူဝါဒ၌ ကျနမည်ဟု ငါမထင်၊ ထိုရှင်ဂေါတမကို ဝါဒဖြင့်တင်၍ ရယ်ချင်ဖွယ် အရှက်ရအောင် ငါမေး၍ပြမည်၊ ပရိသတ်အလည်တွင် ရှုံးစေ၍ နှလုံးမသာ မျက်နှာမလှအောင် ဝါဒဖြင့် ငါကျီစယ်မည်၊

(စာမျက်နှာ-၂၅၈)

သင်တို့မင်းသား လူအများနှင့် ဘုရားဂေါတမထံသို့ ငါသွားရာ လိုက်လာကြကုန်”ဟု ခေါ်၏။

ထိုအခါ အချို့သော လိစ္ဆဝီမင်းတို့က သစ္စကဆရာပင် သာလွန်၍ တတ်သဖြင့် မြတ်စွာဘုရားကို ဝါဒဖြင့် နှိပ်နင်းနိုင်မည်လော၊ ဂေါတမမြတ်စွာဘုရားကပင် ဆရာသစ္စကကို ဝါဒတင်နိုင်လိမ့်မည်လောဟု တွေးတောပြောဆိုကြ၏။ အချို့သော မင်းတို့ကလည်း “ဘုရားဂေါတမကိုပြိုင်၍ နိုင်ရိုးမရှိချေ၊ သစ္စကဆရာဝယ် ဘယ်ဗြဟ္မာ ဘယ်သိကြား ဘယ်နတ်များက စွဲကပ်၍ တတ်နိုင်ချေအံ့နည်း”ဟု ဆို၏။ ထိုသို့ ဖြစ်ငြားသော်လည်း ပညာရှိနှစ်ပါး၏ တရားနှီးနှောသံကို နာခံရအေင် လိုက်ကြမည်ဟုဆို၍ လာကြ၏။

ပြဿနာမေးပြီ

သစ္စကဆရာလည်း ထမင်းနံနက်စာ စားပြီးသော် များစွာသောမင်း, ဆင်းရဲသား, ပုဏ္ဏားပရိသတ် ခြံရံလျက် ဝေသာလီမြို့မှထွက်၍ ဘုရားရှင်နေရာ မဟာဝုန်တော ကုဋာဂါရသို့ ကပ်လာ၏။ မြတ်စွာဘုရားသည်လည်း ထိုနေ့နံနက် အရုဏ်တက်သောအခါကပင် ဓမ္မတာ ဝင်စားမြဲဖြစ်သော မဟာကရုဏာ သမာပတ်မှ ထတော်မူ၍ တသောင်းသော စကြဝဠာတိုက်၌ ကျွတ်ထိုက်သော ဝေနေယျတို့ကို သမန္တစက္ခုဖြင့် ရှုတော်မူလျှင် ယခင် သစ္စကပရိဗိုဇ်၏ အခြင်းအရာကို ကုန်စင်စွာ သိတော်မူလင့်၍ ပြုသင့်သမျှသော ပုရေဘတ္တကိစ္စကို ပြည့်စုံစေပြီးသော် ကျောင်းတော်မှ မဝေးမနီး ကြီးစွာသော သစ်ပင်ရိပ်အတွင်း၌ သီတင်းသုံးနေတော်မူ၏။

သစ္စကလည်း ပရိသတ်တို့နှင့်တကွ ကူဋာဂါရသို့ရောက်၍ ဘုရားသခင်ကို မြင်လေသော် သံဃာတော်တို့အား “ဘုရားဂေါတမသည် အဘယ်ဌာန၌ ရှိသနည်း”ဟု မေးမြန်း၍ “နေ့သန့်ရာ သစ်ပင်ရင်း၌ သီတင်းသုံးတော်မူသည်”ဟု ပြောလျှင် ထိုသစ်ပင်သို့ ကပ်လေ၏။ အထံတော်သို့ ရောက်သောကာလ ချမ်းမြေ့သာယာသော အလ္လာပ,သလ္လာပစကားကို လျှောက်ကြားပြောဆို၍ နေကြ၏။

ထိုသို့နေပြီးမှ သစ္စကဆရာသည် မြတ်စွာဘုရားအား “အရှင်ဂေါတမ.. အကျွန်ုပ်အား အခွင့်သနားပါလျှင် ပြဿနာတခုကို မေးလိုပါသည်၊ ထိုပြဿနာကို ဖြေတော်မူအံ့လော”ဟု လျှောက်၏။ ဘုရားသခင်ကလည်း “အချင်း အဂ္ဂိဝေဿန.. ပြဿနာဖြေရသော အရာဝယ် ငါ၌ ဝန်လေးသောမည်သည် မရှိ၊ အလိုရှိသမျှကိုပင် မေးလော့”ဟု ခွင့်တော်မူ၏။

ထိုသို့ အခွင့်ရသောအခါ ဆရာသစ္စကလည်း အထက်က အရှင်အဿဇိဖြေသော ပြဿနာ၌ ဝါဒကိုတင်လိုကား “အရှင်ဂေါတမ တပည့်သာဝကတို့ကို အဘယ်သို့ ဆုံးမတော်မူသနည်း။ တပည့်သားတို့အား မှတ်သားသိစေခြင်းငှါ အဘယ်ဒေသနာဖြင့် အနုသာသနီကို ပြုပါသနည်း”ဟု လျှောက်၏။

ဘုရားမြတ်စွာအဖြေ

ဘုရားသခင်လည်း အရှင်အဿဇိဖြေသောအတိုင်းပင် ဖြေတော်မူ၏--

ရူပံ ဘိက္ခဝေ အနိစ္စံ၊ ဝေဒနာ အနိစ္စာ၊ သညာ အနိစ္စာ၊ သင်္ခါရာ အနိစ္စာ၊ ဝိညာဏံ အနိစ္စံ၊ ရူပံ ဘိက္ခဝေ အနတ္တာ၊ ဝေဒနာ အနတ္တာ၊ သညာ အနတ္တာ၊
(စာမျက်နှာ-၂၅၉)
သင်္ခါရာ အနတ္တာ၊ ဝိညာဏံ အနတ္တာ၊ သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ ဓမ္မာ အနတ္တာ–

ဟူသော ဒေသနာကို ဟောတော်မူ၏။

အဓိပ္ပါယ်-အချင်းအဂ္ဂိဝေဿန.. တပည့်သာဝကတို့အား ငါဘုရား ဆုံးမလေ့ပြုသော အနုသာသနီမူကား-

ချစ်သားရဟန်းတို့- လောက၌ လူနတ်ဗြဟ္မာ သတ္တဝါဟု သမုတ်ကြသည်ကား ခန္ဓာငါးပါး၏ အစုသာဖြစ်သည်၊ ထိုငါးပါးတို့တွင် အကြင်နှစ်ဆယ့်ရှစ်ပါး ရုပ်တရားတို့၏ အပေါင်းဖြစ်သော ရူပက္ခန္ဓာသည်လည်း မြဲစွာတည်သော သဘောမရှိ၊ မိမိကိုယ်လည်း မဟုတ်ချေ။ ဝေဒနာသုံးပါး, ဝေဒနာငါးပါး ဝေဒနာခြောက်ပါး တရားအစုဖြစ်သော ဝေဒနာက္ခန္ဓာသည်လည်း မြဲစွာတည်တတ်သော သဘောမရှိ၊ မိမိကိုယ်လည်း မဟုတ်။ သညာနှစ်ပါး သညာခြောက်ပါး တရားအစုဖြစ်သော သညာက္ခန္ဓာသည်လည်းကောင်း၊ ဖဿ, စေတနာ, စသည်ဖြင့်ပြားသော ငါးဆယ်သော စေတသိက်ဟုဆိုအပ်သော သင်္ခါရက္ခန္ဓာသည်လည်းကောင်း၊ စိတ်တခုယုတ် ကိုးဆယ်, အကျယ် တရာ့နှစ်ဆယ့်တပါးဟု ဆိုအပ်သော ဝိညာဏက္ခန္ဓာသည်လည်းကောင်း၊ မြဲစွာတည်တတ်သော သဘောမရှိ၊ မိမိ၏ ကိုယ်လည်းမဟုတ်။ ဒုက္ခရှစ်ပါး, ဒုက္ခတဆယ့်နှစ်ပါးတို့သာ သက်ဝင်ရာ ရှိချေသည်။ ထို့ကြောင့် ဤခန္ဓာ၌ အာသာငမ်းငမ်း စွဲလမ်းတပ်မက်ခြင်းကို မဖြစ်စေလင့်၊ ဤသို့သော နည်းအားဖြင့် ငါဘုရား ဆုံးမလေ့ပြုသတည်း”ဟု

ဖြေတော်မူသော်-

ဝါဒတင်ပြီ

အယူတိမ်းလှသော သစ္စကလည်း သမ္မာသမ္ဗုဒ္ဓ၏ ဒေသနာကို ပုံဆောင်ကာ ပယ်လိုရကား- “ဘုရားဂေါတမ.. အရှင်ကဲ့သို့ ဖောက်ဖောက်ပြန်ပြန်ကြံ၍ ဆုံးမသော် ဤလောက၌ ဝိပဿနာချည်း ဖြစ်ရာသည်တကား၊ မြေမှပွားစီးသော သစ်ပင်သည် မြေကြီးသာလျှင် တည်ရာမှီရာ ဖြစ်သကဲ့သို့ ထို့အတူ သတ္တဝါတို့သည်လည်း ခန္ဓာငါးပါး၌ တည်၍သာလျှင် ချမ်းသာဆင်းရဲကို ခံစားရသည်၊ ကုသိုလ် အကုသိုလ်တရားကို အားထုတ်ရသည်၊ မဂ်ဖိုလ်ချမ်းသာကို ဖွေရှာကြရသည် မဟုတ်လော၊ မပျက်စီးသေးသောကာလ၌ အတ္တဟု ထင်ရှားရှိပါလျက် သဗ္ဗေ ဓမ္မာ အနတ္တာဟု ပြောပြခြင်းသည် အဘယ်သို့ သင့်ချေတုံအံ့နည်း”ဟု ဆို၏။

သစ္စကကို ချည်မိတုပ်မိပြီ

ထိုစကားကိုကြားလျှင် ဘုရားသခင်ကလည်း “အချင်းအဂ္ဂိဝေဿန.… ဤငါးဝသော ရုပ်နာမ်ခန္ဓာကို ငါ၏ကိုယ်ဟူ၍ပင် သင်အလိုရှိသလော”ဟု မေး၏။ သစ္စကလည်း “အရှင်ဂေါတမ အကျွန်ုပ်သာ ငါ၏ကိုယ်ဟူ၍ အယူရှိသည် မဟုတ်၊ ဤပရိသတ်လေးပါး လူအများပင် မှတ်ထင်ခေါ်ဆိုကြပါ၏”ဟု ဆိုသော် “သူတပါးအပေါ်၌ သင်ပစ်၍ မတင်လင့်၊ သင်၏အယူကိုသာ ထင်စွာဆိုလော့”ဟု တိုက်တွန်းတော်မူပြန်၏။ သစ္စကလည်း လွှဲချခြင်းငှါ မတတ်သာရကား “ဘုရားဂေါတမ... အကျွန်ုပ်လည်း ဤရုပ်နာမ်ခန္ဓာကို ငါ၏ကိုယ်ဟု အယူရှိပေသတည်း”ဟု ဆို၏။

(စာမျက်နှာ-၂၆၀)

ထိုစကားကိုကြားလျှင် ဘုရားသခင်လည်း ရွှင်လှသောမျက်နှာဖြင့် “ဆရာအဂ္ဂိဝေဿန... ဤငါးဝသော ခန္ဓာကို ငါ၏ကိုယ်ပင်ဟု သင်ဝန်ခံသော် တဖန် သင့်ကို ငါမေးဦးအံ့၊ အကြင် ပြည့်ရှင်မင်းတို့သည် မိမိပိုင်သော နိုင်ငံအတွင်း၌ နှိပ်နင်းကွပ်ညှပ်ထိုက်သူကိုလည်း နှိပ်နင်းကွပ်ညှပ်ခြင်း, နှင်ထုတ်ထိုက်သော သူကိုလည်း နှင်ထုတ်ခြင်း, ချီမြှောက်ထိုက်သောသူကိုလည်း ချီးမြှောက်ခြင်းငှါ အစိုးရ၏ မဟုတ်လော”ဟု မေး၏။ “အစိုးရသည် မှန်၏”ဟု ဝန်ခံလျှင် “သင်၏ ရုပ်တရားသည် မတင့်တယ်သောအားဖြင့် ငါမဖြစ်လို၊ ကြည်ညိုနှစ်သက်စဖွယ် တင့်တယ်လှပသည် ဖြစ်လို၏ ဟူ၍လည်းကောင်း, ဆံဖြူသွားကြွေ သားရေတွန့်တို အိုခြင်းသို့မရောက်ပဲ တဆယ့်ခြောက်နှစ်ရွယ်သာ တည်ပါလို၏ ဟူ၍လည်းကောင်း သင်၏အလိုသည် ဖြစ်၏၊ ထိုအလိုအတိုင်း သင်၏ရုပ်ကို လိုက်စေခြင်းငှါ အစိုးရပါ၏လော”ဟု မေး၏။

အကျပ်အတည်းကျပုံ

ထိုအမေးကို ကြားသောအခါ ဆရာသစ္စကလည်း “အကယ်၍ ငါ၏ရုပ်သည် ငါ၏အလိုသို့ လိုက်၏ဟု ဖြေချေသော် ဝေသာလီမင်းအပေါင်းထ၍ “ဆရာ့ရုပ်သည် ငါတို့ကဲ့သို့ လှပတင့်တယ်ပါစေ”ဟု ဆိုရာ၏၊ အလိုသို့မလိုက်ပေဟု ဆိုလျှင်လည်း အရှင်ဂေါတမ၏ အနတ္တဟူသော စကားသည် ဆိုပိုင်၍ ငါ့ကိုနိုင်ဘိလေသည်ဟု စဉ်းစားလျက် မည်သည့်စကားကိုမျှ မဆိုပဲ ဆိတ်ဆိတ်နေလေ၏။

ထိုအခါ မြတ်စွာဘုရားကလည်း “သစ္စက.. ဤဝါဒကို သင်ချေဆိုဦးလော့”ဟု နှစ်ကြိမ်မြောက် တိုက်တွန်းတော်မူ၏၊ ထိုအခါ နတ်ရွာနှစ်ထပ်ကို အစိုးရသော သိကြားမင်းသည် ဘီလူးအသွင် ဖန်ဆင်းလျက် သံတင်းပုတ်တို့ဖြင့် နှက်အံ့သကဲ့သို့ ရွယ်လျက် “ဟယ်သစ္စက.. အဘယ့်ကြောင့် မေးတော်မူသည်ကို မလျှောက်ဆိုသနည်း”ဟု ခြိမ်းခြောက်၏။ ထိုသို့ ခြိမ်းခြောက်လာသော သိကြားကို ဘုရားသခင်နှင့် သစ္စကတို့သာ မြင်ရသတည်း။

သစ္စကကြီး အရှုံးပေးရပြီ

ထိုအခါ ဆရာသစ္စကလည်း ဆိတ်ဆိတ်မနေဝံ့ရကား “အရှင်ဘုရား... အကျွန်ုပ်ကား မှားခြင်းကြီး မှားပေပြီ၊ အရှင်၏ဝါဒကို အသက်ရှည်သမျှ ယုံမှတ်ကိုးကွယ်ပါတော့မည်”ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားလည်း ငါးပါးသောခန္ဓာ၌ ပုစ္ဆာပြဿနာထား၍ လေးပါးသော နက်နဲခြင်းနှင့် ပြည့်စုံသော ဓမ္မဒေသနာကို ကေင်းစွာ ဟောတော်မူ၏၊ တရားတော်၏အဆုံး၌ အလုံးစုံသော ပရိသတ်တို့သည် အကျွတ်တရားကို မြင်သတည်း။

(ဂန္ထဂရု ဖြစ်ရာသောကြောင့် အကျဉ်းသာရုံး၍ သတ်ရသည်၊ စေ့စုံစွာသိလိုမူ မဇ္ဈိမနိကာယ်ပါဠိတော်, အဋ္ဌကထာ မဟာသစ္စက စူဠသစ္စကသုတ်တို့၌ ယူပါကုန်။)

၅၁။ ဗိမ္ဗိသာရမင်းကြီးနှင့် ခေမာမိဖုရားတို့၏ ရှေးအကြောင်းကို ပြခြင်း

ဤသို့ သစ္စကပရိဗိုဇ် စသောသူတို့အား ဘုရားဟောရွတ် ချွတ်တော်မူကာ ဝေသာလီပြည်၌ ဝါကပ်တော်မူ၍ ဝါကျွတ်သောအခါ ရာဇဂြိုဟ်ပြည်သို့ တဖန်ပြန်ကြွတော်မူ၏။ ဘုရားမြတ်စွာသည်

(စာမျက်နှာ-၂၆၁)

ဝေသာလီပြည်မှ ပြန်လည်တော်မူ၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ ဗိမ္ဗိသာရမင်းကြီး၏ မိဖုရားခေါင် တောင်ညာဒေဝီဖြစ်သော ခေမာမိဖုရားသည် တရားတော်မြတ်ကို နာရ၍ အရဟတ္တဖိုလ်ကိုရသဖြင့် ဘိက္ခုနီမဖြစ်သတည်း။

ထိုမိဖုရား၏ အကြောင်းကား- ဤကမ္ဘာမှ ပြန်၍ရေသော် ကမ္ဘာတသိန်းထက်၌ ပဒုမုတ္တရဘုရား ထင်ရှားဖြစ်တော်မူသောကာလ ဟံသာဝတီပြည်ဝယ် ကြွယ်ဝထင်ရှား ဥစ္စာ နှစ်ဆယ့်လေးကုဋေရှိသော သဌေးသမီး ဖြစ်၏။ တနေ့သောအခါ သုဇာတာအမည်ရှိသော အဂ္ဂသာဝကမထေရ်သည် ဆွမ်းခံကြွလာသည်ကို မြင်သဖြင့် ကြည်ရွှင်ရိုညွတ်သောစိတ် ရှိရကား မိမိအိမ်သို့ပင့်၍ ဆွမ်းဘောဇဉ်ဖြင့် လုပ်ကျွေးပြီးလျှင် “အရှင်မြတ်... အကျွန်ုပ်သည် လူ့ပြည်၌ဖြစ်သော ဆင်းရဲကို အလိုမရှိပါ၊ အရှင်မြတ်တို့ ရအပ်သောတရားကို ရလိုပါသည်”ဟု လျှောက်၏။ သုဇာတထေရ်ကလည်း “ဒါယိကာမ.. ငါတို့ရအပ်သောတရားကို ရလိုလျှင် ဘုရားသခင်အထံသို့သာ ဆည်းကပ်ပါတော့လော့”ဟု မိန့်တော်မူ၍ အတန်ငယ်သော တရားစကားကို ဟောကြားပြီးမှ ကြွတော်မူလေ၏။

ဆုတောင်းနှင့် ဗျာဒိတ်တော်

သဌေးသမီးလည်း နက်ဖြန် နံနက်သောကာလ ဘုရားအထံသို့ ဆည်းကပ်ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း ကျောင်းသို့လိုက်၍ တရားတော်မြတ်ကို နာရလျှင် အဆအရာသာလွန်၍ သဒ္ဓါတရားဖြစ်သဖြင့် ပြန်နစ်သောကာလ မိဘတို့အား ပန်ကြားပြီးသော် ဘုရားအမှူးရှိသော သံဃာတော်တို့အား ခုနစ်ရက်ပတ်လုံး အလှူကြီးကိုပေး၍ တရားတော်မြတ်ကိုနာ၏။ အဆုံးနေ့သို့ ရောက်သောအခါ မြတ်စွာဘုရားသည်လည်း ကြီးမားသော ပညာနှင့်ပြည့်စုံသော “နန္ဒာ” အမည်ရှိသော ဘိက္ခုနီမအား တရားအနုမောဒနာပြုစေ၍ ဒေသနာ၏အဆုံး၌ အလုံးစုံသော ပရိသတ်တို့ ရင်သပ်လက်တီး ကောင်းချီးပေးကြကုန်လေသော် ရှင်တော်ဘုရားသည်လည်း ထိုနန္ဒာဘိက္ခုနီမအား အဂ္ဂသာဝိကာ အရာ၌ထား၍ မဟာပညာ ဧတဒဂ်ကို သနားတော်မူ၏။

ထိုအခြင်းအရာကို ခေမာ၏ အလောင်းဖြစ်သော သဌေးသမီး မြင်လေသော် ဤအရှင်မကဲ့သို့ ဖြစ်ရအောင် ငါ ဆုတောင်းအံ့ဟု ကြံ၍ ဘုရားအထံတော်သို့ ချဉ်းကပ်၍ ခြေတော်ရင်းသို့ ဦးဘိုက်ပြီးသော် “ဘုန်းတော်ကြီးလှသော မြတ်စွာဘုရား.. ဒကာတော်မသည် ဤမျှလောက်သော ကုသိုလ်အစုကို ပြုရသောစေတနာကြောင့် နောင်ပွင့်တော်မူကုန်သော ဘုရားသခင်တို့၏ သာသနာဝယ် ပညာကြီးကျယ်သော ဘိက္ခုနီမဖြစ်၍ အဂ္ဂသာဝိကာအရာကို ရပါစေသော”ဟု ဆုတောင်း၏။

ဘုရားမြတ်စွာသည် အနာဂတံသဉာဏ်ဖြင့် ကြည့်၍ ပြည့်စုံအံ့သည်ကို မြင်တော်မူလျှင် “အချင်းဒါယိကာမ.. ကုသိုလ်သမ္ဘာရကိုသာ များစွာဆည်းပူးလော့၊ ငါပွင့်တော်မူရာ ဤသာရကမ္ဘာ၏နောက် တသိန်းမြေက်ကျသော ဘဒ္ဒကမ္ဘာ၌ ဥက္ကာကရာဇ် နေမြစ်နွယ်ရိုးမှ ဂေါတမအမည်ရှိသော ဘုရားသည် ထင်ရှားဖြစ်လတ္တံ့။ ထိုအခါ သင်သည် ခေမာအမည်ရသော အဂ္ဂသာဝိကာမြတ် ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား ကြားတော်မူ၏။

ထိုအခါမှစ၍ သဌေးသမီးလည်း ကြီးစွာသော ဥဿာဟဖြင့် ဒါနသီလဘာဝနာကို လွန်စွာဖြည့်ကျင့်လျက် အသက်အတိုင်းနေ၍ စုတေလေသော် တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်၏။

(စာမျက်နှာ-၂၆၂)

ထိုမှတဖန် ရွေ့ပြန်သောအခါ ယာမာနတ်ပြည်၌ ဖြစ်၏။ ထိုယာမာမှသည် တုသိတာ, တုသိတာမှသည် နိမ္မာနရတိ, နိမ္မာနရတိမှသည် ဝသဝတ္တီနတ်ပြည်၌ ဖြစ်၏။ ထိုမှတဖန် ပြန်လာခဲ့၍ လူ့ရွာ၌ဖြစ်လေသော် ပဒေသရာဇ် ဧကရာဇ် စကြဝတေး မတ်မင်းမြတ်တို့၏ မိဖုရားသာလျှင် အကြိမ်များစွာ ဖြစ်ရ၏။

ဝိပဿီဘုရားရှင်လက်ထက်

ဤသို့ လူ့ပြည်နတ်ပြည် လှည့်လည်စုန်ဆန်ကာ လာသဖြင့် ဤကမ္ဘာမှသည် ကိုးဆယ့်တကမ္ဘာထက်၌ ဝိပဿီဘုရား ထင်ရှားဖြစ်တော်မူသောအခါ မဟာသာလ သဌေးသမီး ဖြစ်လာ၍ အရွယ်သို့ရောက်သောကာလ ဘုရားအလုပ်အကျွေးဖြစ်သော ဥပါသိကာမတို့နှင့် ပေါင်းဖော်၍ တရားတော်ကို နာရလေလျှင် ဘုရားရှင်သာသနာ၌ သဒ္ဓါသော စိတ်ရှိရကား များစွာသော စည်းစိမ်ခြွေရံကို ပယ်သန်း၍ ရဟန်းပြုလေသတည်း။

ယင်းသို့ ရဟန်းပြုပြီးလျှင် ဘုရားသခင် ဟောတော်မူအပ်သော ပိဋကတ်သုံးပုံကို အာဂုံသင်ဆောင်လျက် တထောင်မျှလောက်သော ဘိက္ခုနီမတို့အား သင်ကြားပြသ၍ ဓမ္မကထိကကြီး ဖြစ်သတည်း။ ထိုမှတထွေ စုတေလေသော် တုသိတာနတ်ပြည်ဝယ် ရွှေဗိမာန်ကြီး၌ နတ်သမီးဖြစ်၍ အတိုင်းမသိသော နတ်ချမ်းသာကိုခံစားပြီးမှ လူ့ပြည်သို့တဖန် လာပြန်သောအခါလည်း သာသနာ၌ ရဟန်းပြုခဲ့သော ကုသိုလ်အဟုန်ကြောင့် လူ့ဘုံတွင် မနှိုင်းအပ် ထူးမြတ်၍ အဆင်းလှခြင်း, ပညာကြီးခြင်း, အသံသာခြင်း၊ ဥစ္စာများခြင်း, အခြွေအရံများခြင်း, သားမြေးကျေးကျွန်တို့ ကြောက်ရွံ့ရိုသေခြင်း, လင်ရဘိလည်း မိမိအလိုသို့သာ လိုက်ရခြင်း, အမိတမျှ နှမထပ်တူ ကြည်ဖြူရိုသေခြင်း တည်းဟူသော အကျိုးနှင့်ပြည့်စုံသော သဌေးသူကြွယ် ပဒေသရာဇ် ဧကရာင်တို့၏ မိဖုရားကြီးသာ ဖြစ်ရ၍-

ကောဏာဂုံဘုရားလက်ထက်

ဤဘဒ္ဒကမ္ဘာ၌ ကောဏာဂုံဘုရား လက်ထက်တော်ဝယ် ကုဋေငါးဆယ် ဥစ္စာကြွယ်သော ဗာရာဏသီ သဌေးကြီး၏ သမီးသုံးယောက်တွင် ခေမာအမည်တွင်သော သတို့သမီးဖြစ်လာ၏။

ဓနဉ္စာနီ အမည်ရှိသော အစ်မတယောက်, သုမေဓာ အမည်ရှိသော အစ်မတယောက်, ဤနှစ်ယောက်တို့နှင့် အတူတကွ ဘုရားတပည့်ဖြစ်သော သံဃာတော်တို့၏နေရာ ကျောင်းကန်,အာရာမ်, ဥယျာဉ်စသည်ကို ပြုပြင်လှူဒါန်းကြ၏။

ကဿပဘုရားလက်ထက်

ထိုမှတဖန် စုတေပြန်၍ ခြောက်တန်သော နတ်ရပ်ဝယ် နတ်တို့၏စည်းစိမ်ကို ခံစားပြီးမှ ကဿပဘုရား ပွင့်တော်မူသောအခါ လူ့ပြည်သို့လာ၍ ဗာရာဏသီပြည်ဝယ် ကိကီမင်း၏ သမီးခုနစ်ယောက်တို့တွင် သမဏီ အမည်ရသော အစ်မအကြီးဆုံး ဖြစ်လာ၏။

မင်းသမီး ခုနစ်ယောက်တို့၏ အမည်ကား-

( ၁) ခေမာ၏ အလောင်းဖြစ်သော သမဏီလည်း တယောက်၊
(၂) ဥပ္ပလဝဏ်၏ အလောင်းဖြစ်သော သမဏဂုတ္တာလည်း တယောက်၊
(စာမျက်နှာ-၂၆၃)
( ၃ ) ပဋာစာရီ၏ အလောင်းဖြစ်သော ဘိက္ခုနီလည်း တယောက်။
( ၄ ) ကုဏ္ဍလကေသီ၏ အလောင်းဖြစ်သော ဘိက္ခုဒါယိကာလည်း တယောက်၊
(၅) ကိသာဂေါတမီ၏ အလောင်းဖြစ်သော ဓမ္မာလည်း တယောက်၊
( ၆ ) ဓမ္မဒိန္နာ၏ အလောင်းဖြစ်သော သုဓမ္မာလည်း တယောက်၊
( ၇) ဝိသာခါ၏ အလောင်းဖြစ်သော သင်္ဃဒါသီလည်း တယောက်၊

ဤခုနစ်ယောက်တို့တည်း။

ထိုမင်းသမီး ခုနစ်ပါးတို့သည် ဘုရားသခင်အထံတော်၌ ရဟန်းပြုလိုသော ဆန္ဒရှိ၍ မိဘတို့အား ခွင့်တောင်းလတ်သော် ခမည်းတော် မယ်တော် နှစ်ဦးတို့က ခွင့်မပြုကြသဖြင့် လူမိန်းမအဖြစ်၌ပင် တည်လျက် အနှစ်နှစ်သောင်းရှည်သမျှ ကာလပတ်လုံး ဘုရားအမှူးရှိသော သံဃာတော်တို့အား လေးပါးသော ပစ္စည်းတို့ဖြင့် ထောက်ပံ့လုပ်ကျွေးလျက် မြတ်သောအကျင့်ကို ကျင့်ကြ၏။

နောက်ဆုံးဘဝ

ထိုမှတခါ စုတေလာသော် တာဝတိံသာပြည်၌ဖြစ်၍ ငါတို့ဘုရား ထင်ရှားဖြစ်ချိန်နီးသောအခါ မဇ္ဈိမဒေသဝယ် သာဂလပြည်မြတ်၌ မဒ္ဒရာဇ်မင်းကြီး၏ သမီးဖြစ်လာ၏။

မင်းသမီးကို ဖွားသောခဏ၌ သာဂလပြည်သူပြည်သား အပေါင်းတို့အား မကောင်းသောဘေးဥပဒ်, စွဲကပ်သော ရောဂါတို့သည် ကင်းစင်ကြယ်လေရကား ခေမာဟူသော အမည်ကို မှည့်၏။ ဇမ္ဗူရာဇ်ရွှေကို ခုနစ်ထွေသော ရတနာတို့ဖြင့်စီလျက် ပန်းချီ,ပန်းပုကို ရေးထု၍ ထားဘိသကဲ့သို့ မြင်သမျှသော ယောက်ျားမိန်းမတို့သည် နှစ်မြို့လေးမြတ်လျက် မရပ်တည်နိုင် မူးမှိုင်တွေဝေလောက်သော အရေအဆင်းနှင့်လည်း ပြည့်စုံ၏။ အရွယ်သို့ရောက်သောအခါ ရာဇဂြိုဟ်ပြည်ကို အစိုးရသော ဗိမ္ဗိသာရမင်းနှင့် ဆောက်နှင်းသင့်မြတ်ကြသဖြင့် အဂ္ဂမဟေသီ ဒေဝီရတနာ၏ ချမ်းသာစည်းစိမ်ကို ခံစားရလေသတည်း။

ဝေဠုဝန်ကျောင်းတော်

မြတ်စွာဘုရားသည်လည်း ဝေဠုဝန်ဥယျာဉ်ဝယ် စံပယ်တော်မူလာ၍ သုံး,လေးဝါတိုင်အောင်ပင် ဘုရားသခင်သည် အဆင်းလှသောသူတို့၏ အဆင်း၌ အပြစ်ကိုတင်၍ ကဲ့ရဲ့တော်မူတတ်သည်ဟု ကြားရကား ငါ့အားလည်း အဆင်းလှခြင်း၌ အပြစ်ကိုရှာ၍ ကဲ့ရဲ့ဘိရာသည်ဟု အဆင်းအဝါ၌ ယစ်သောမနဖြင့် ဘုရားထံသို့ ဖူးမြင်ခြင်းငှာမျှ မသွားသတည်း။ ထိုအခါ ဗိမ္ဗိသာရမင်းကြီးသည် ဤသို့ ကြံ၏။ “ငါသည် မြတ်စွာဘုရားအား အသက်ဆံဖျားထား၍ ကိုးကွယ်လုပ်ကျွေးသော ဥပါသကာမြတ်ဖြစ်သည်၊ ငါကဲ့သို့သော မင်း၏မိဖုရားသည် ဘုရားရှင်အား ဖူးမြင်ခြင်းငှါ မသွားပဲနေသော် မလျော်ကန်ပေ၊ အာဏာဖြင့် စေကလည်း ပြည်သူပြည်သားတို့ မိဖုရားအား ကဲ့ရဲ့ခြင်း ဖြစ်ရာသည်၊ တခုသော ပရိယာယ်ဖြင့်သာ မြတ်စွာဘုရားအထံသို့ ရောက်စေအံ့”ဟု ကြံ၍ ရတု,ကဗျာ, လင်္ကာ,သီချင်း ဖွဲ့တတ်ကုန်သော

(စာမျက်နှာ-၂၆၄)

သူတို့အား ဝေဠုဝန်ဥယျာဉ်၏ တင့်တယ်သာယာဟန်ကို သီကုံး၍ နှလုံးမွေ့လျော်ခြင်းရှိအောင် ခေမာမိဖုရားကြီး ကြားလောက်ရာ၌နေ၍ သီလေကုန်ဟု စေတော်မူ၍ ထိုသူတို့သည်လည်း-

ရမ္မံ ဝေဠုဝနံ ယေန၊ န ဒိဋ္ဌံ သုဂတာလယံ။
န ဒိဋ္ဌံ နန္ဒနံ တေန၊ ဣတိ မညာမသေ မယံ။
ယေန ဝေဠုဝနံ ဒိဋ္ဌံ၊ နရနန္ဒန နန္ဒနံ။
သုဒိဋ္ဌံ နန္ဒနံ တေန၊ အမရိန္ဒ သုနန္ဒနံ။
ဝိဟာယ နန္ဒနံ ဒေဝါ၊ ဩတရိတွာ မဟီတလံ။
ရမ္မံ ဝေဠုဝနံ ဒိသွာ၊ န တပ္ပေန္တိ သုဝိမှိတာ။
ရာဇပုညေန နိဗ္ဗတ္တံ၊ ဗုဒ္ဓပုညေန ဘူသိတံ။
ကော ဝတ္တာ တဿ နိဿေသံ၊ ဝနဿ ဂုဏသဉ္စယံ။

ဟူသော ဂါထာတို့ဖြင့် ကောင်းစွာ သီပေ၏။

ထိုဂါထာတို့၏ အနက်ကား။ ။သဟာယကာ၊ အိုခင်ပွန်းတို့။ ယေန၊ အကြင်သူသည်။ ရမ္မံ၊ ပန်းရက်ခြွေသုံး ပျားပိတုံးကျေးငှက် ထွေးကာယှက်၍ နှစ်သက်မွေ့လျော်ဖွယ်လည်း ရှိထသော။ သုဂတာလယံ၊ ဘုရားမြတ်စွာ စောသတ္ထာ၏ ဣရိယာလေးဖော် မျှတတော်မူရာလည်း ဖြစ်ထသော။ ဝေဠုဝနံ၊ ဝေဠုဝန်ခေါ် ဥယျာဉ်တော်ကို။ န ဒိဋ္ဌံ၊ ရောက်ပေါက်ကိုယ်ထင် မမြင်ရလေ။ တေန၊ ထိုသူသည်။ နန္ဒနံ၊ နတ်သိကြားတို့ ပျော်ပါးစံရာ နန္ဒဝန်မည်တွင် နတ်ဥယျာဉ်ကို။ န ဒိဋ္ဌံ၊ မမြင်ရသည် မည်၏။ ဣတိ၊ ဤသို့။ မယံ၊ ငါတို့သည်။ မညာမသေ၊ မှတ်ထင်ကုန်၏။

ယေန နရေန၊ အကြင်ကံညွှန် လူ့တံခွန်သည်။ နရနန္ဒနံ၊ လူအပေါင်းတို့ နှစ်လို့စဖွယ် တင့်တယ်စွာထသော။ နန္ဒနံ၊ နတ်တို့ရပ်ဌာန် နန္ဒဝန်လည်း မလွန်နိုင်အောင် လှိုင်သောရနံ့လည်း ရှိထသော။ ဝေဠုဝနံ၊ ဝေဠုဝန်ခေါ် ဥယျာဉ်တော်ကို။ ဒိဋ္ဌံ၊ ပေါက်ရောက်ကိုယ်ထင် မြင်သည်ဖြစ်အံ့။ တေန၊ ထိုသူသည်။ အမရိန္ဒ သုနန္ဒနံ၊ မအိုမသေ နေပေတတ်ငြား နတ်သိကြားတို့ ကစားရွှင်ပျရာလည်းဖြစ်သော။ နန္ဒနံ၊ နန္ဒဝန်မည်တွင် နတ်ဥယျာဉ်ကို။ သုဒိဋ္ဌံ၊ ကိုယ်တိုင်ထုတ်ချောက် ရောက်၍ထင်ထင် မြင်သည်မည်၏။

ဒေဝါ၊ နတ်ရွာပျော်ပါး နတ်အများတို့သည်။ နန္ဒနံ၊ နန္ဒဝန်ဥယျာဉ်ကို။ ဝိဟာယ၊ စွန့်ခဲ့၍။ မဟီတလံ၊ မြေအပြင်သို့။ ဩတရိတွာ၊ သက်လာကြကုန်၍။ ရမ္မံ၊ နှလုံးမွေ့လျော် ပျော်ဖွယ်ရှိထသော။ ဝေဠုဝနံ၊ ဝေဠုဝန်ဥယျာဉ်ကို။ ဒိသွာ၊ မြင်ကုန်၍။ သုဝိမှိတာ၊ ငါတို့နတ်ပင် မမြင်ဖူးအောင် ထူးဆန်းပေစွ သာယာလှဟု အံ့ဩကြကုန်လျက်။ န တပ္ပေန္တိ၊ ရောင့်ရဲမပြေ ပျော်ကြပေကုန်၏။

ရာဇပုညေန၊ ငါတို့သနင်း မင်း၏ဘုန်းတော် အာနုဘော်ကြောင့်။ နိဗ္ဗတ္တံ၊ ကောင်းစွာ ဖြစ်ထသော။ ဗုဒ္ဓပုညေန၊ ဘုရားရှင်ဂုဏ် ဘုန်းတော်ဟုန်ဖြင့်။ ဘူသိတံ၊ တင့်တယ်လှစွာ တန်ဆာဆင်အပ်ထသော။ တဿ ဝနဿ၊ ထိုဥယျာဉ်၏။ နိဿေသံ၊ အကြွင်းမဲ့သော။

(စာမျက်နှာ-၂၆၅)

ဂုဏသဉ္စယံ၊ ဂုဏ်ကျေးဇူးအပေါင်းကို။ ကော၊ အဘယ်သူသည်။ ဝတ္တာ၊ ရတုကဗျာ လင်္ကာသံချို ဖွဲ့ဆိုနိုင်ပေအံ့နည်း။

ခေမာချွတ်ခန်း

ဤသို့သော ဂါထာဖြင့် များစွာသော နန်းသူနန်းသား ယောက်ျားမိန်းမတို့ ကျူးသီချီးမွမ်းကြသော အသံကိုကြားသော် ခေမာမိဖုရားသည် ဤသို့ကြံ၏။ “ငါတို့ ဝေဠုဝန်ဥယျာဉ်သည် ရှေးယခင်ကဲ့သို့ သာမည မဟုတ်ရာပြီ၊ သီချင်း ကဗျာ လင်္ကာ ရတု ပြုလောက်အောင်ပင် ဥယျာဉ်၏အသရေ ဖြစ်ဟန်ရှိချေသည်၊ ငါသွား၍ရှုရသော် သင့်၏”ဟု ကြံ၍ ဗိမ္ဗိသာရမင်းကြီးအား ဥယျာဉ်ကစား ထွက်သွားလိုကြောင်းဖြင့် လျှောက်ထား၏။ မင်းတရားကလည်း “သင်မိဖုရား ဥယျာဉ်သို့သွားမူ ဘုရားသခင်ကို ဝင်၍ဖူးမြော်ခဲ့လော့”ဟု မိန့်တော်မူ၏။ မိဖုရားကလည်း “ကောင်းပါပြီ”ဟု ဝန်မခံပဲ ဆိတ်ဆိတ်သာလျှင် ဗိမ္ဗိသာရမင်းကြီးအား ရှိခိုး၍ လာခဲ့၏။

မင်းကြီးလည်း အနီးအပါး၌နေသော မှူးမတ်တို့အား “မိဖုရားသည် ဥယျာဉ်သို့သွားလျက် ဘုရားသခင်ကို မဖူးမြင်ပဲ ပြန်ခဲ့မူ မင်းဒဏ်ဖြစ်စေအံ့”ဟု မှာလိုက်၏။ မိဖုရားလည်း များစွာသော အခြွေအရံတို့နှင့်တကွ ထွက်လေ၏။ တနေ့ပတ်လုံး ဥယျာဉ်တော်၌ ပျော်ပါးရွှင်လန်းလျက် ညချမ်းသောအခါ နန်းသို့ပြန်လာမည်ဟု စီမံသော် ခြွေရံမှူးမတ်တို့က “အရှင်မ ဘဝရှင်မင်းတရားကြီးက အကျွန်ုပ်တို့အား မှာတော်မူလိုက်ချေသည်၊ ဘုရားသခင်ကို မဖူးမြင်ပဲ ပြန်လာချေသော် မင်းဒဏ်ရာဇဝတ်ကို ဆက်ဆက်ခံရတော့မည်”ဟု လျှောက်ကြ၏။ ခေမာမိဖုရားလည်း မင်း၏အာဏာကို မဆန်သာခြင်းကြောင့် ဘုရားခြေတော်ရင်းသို့ ဝင်လေ၏။

ဘုရားကိုယ်တော်မြတ်လည်း အတ္ထုပ္ပတိအလုံးစုံကို အကုန်သိတော်မူ၍ ထိုသူနှင့် လျောက်ပတ်သော တရားစကားကို ဟောကြားခွင့်ရအောင် လူနှင့်မမျှ နတ်ထက်လှသော မိန်းမကညာကို ရတနာအတိစီသော ယပ်ဖြင့် ခပ်စေလျက် ခြေတော်ရင်း၌ ဖန်ဆင်း၍ ထားလင့်၏။

ခေမာမိဖုရားသည်လည်း ဘုရားကိုယ်တော်မြတ်ကို ယပ်ခပ်၍နေသော မိန်းမငယ်ကိုမြင်လျှင် “ဤလူ့ခွင်ဌာနဝယ် ငါ့ထက်သာ၍ အဆင်းအဝါလှပသော မိန်းမမည်သည် မရှိပြီဟု ထင်ပေသည်၊ ယခုမြင်ရသော ဤမိန်းမနှင့်မူ ငါ၏အဆင်းသည် ရွှေဟင်္သာနှင့်လင်းပြငှက်ကဲ့သို့ မဆက်ဆံမူ၍ သူ၏အလုပ်အကျွေး ပြုခြင်းငှါမျှ မတန်ဖြစ်ချေသည်။ သို့ဖြစ်ပါလျက် အဆင်းအဝါကိုမှီ၍ ငါမာန်တက်ခြင်းသည် ပျက်လေစွတကား”ဟု နှလုံးပြုလျက် တစိုက်မက်မက် ကြည့်ရှုကာနေ၏။

ယင်းသို့ နေသောခဏ၌ပင် ထိုမိန်းမငယ်လည်း အရွယ်ကြီးပွား၌ သားတယောက်မိ, နှစ်ယောက်မိ သဏ္ဌာန်သည် ဖြစ်၏။ ထို့နောက် အတန်ငယ်ကြာလတ်သော် ဆံဖြူသွားကြွေ အရေတွန့်တို အိုသောအရွယ်သို့ရောက်၍ မှည့်မည်း အပြောက်အပြောက် ထလျက် ပါးစပ်မှ အရိအရည်တို့သည် ယိုစီးကုန်၏။ ထို့နောက် အတန်ကြာလတ်ပြန်က ယပ်နှင့်တကွ ဘုရားခြေရင်း၌ပင် လဲ၍ တညည်းတွားတွား နာဘိ၏။

ထိုသို့သော ဖောက်ပြန်ခြင်းကို မြင်သောအခါ ခေမာမိဖုရားလည်း ကြီးမားရင့်မာသော ပါရမီရှိသူဖြစ်ရကား ဤသို့သော ယထာဘူတဉာဏ်သည် ဖြစ်၏။ “နှစ်သက်ရှုချင်ဖွယ် တင့်တယ်ခြင်း၏ အထွတ်သို့ရောက်သော ဤမိန်းမ၏ကိုယ်သည် ထိုထိုသို့သော သဏ္ဌာန်ဖြင့် ဖောက်ပြန်

(စာမျက်နှာ-၂၆၆)

ပျက်စီးရဘိသကဲ့သို့ ငါ၏ခန္ဓာသည်လည်း ယွင်းယိုဖောက်ပြန်၍ ဧကန်ပျက်စီးလတ္တံ့သည်တကား၊ မှောက်မှားယွင်းချွတ်သော အယူဝါဒဖြင့် ငါ-မာနထောင်မိချေသည်တကား”ဟု ကြံအောက်မေ့လျက် ကြက်သီးတပြိုက်ပြိုက် ဆူလှိုက်ဘနန်းသော သံဝေဂသည် ဖြစ်၏။

တရားဟောတော်မူပြီ

ထိုအခါ မြတ်စွာဘုရားလည်း ခေမာမိဖုရားအား တရားအမြိုက်ဆေး တိုက်ကျွေးတော်မူခြင်းငှါ-

အာတုရံ အသုစိံ ပူတိံ၊ ပဿ ခေမေ သမုဿယံ။
ဥဂ္ဃရန္တံ ပဂ္ဃရန္တံ၊ ဗာလာနံ အဘိနန္ဒိတံ။
အသုဘာယ စိတ္တံ ဘာဝေဟိ၊ ဧကဂ္ဂံ သုသမာဟိတံ။
သတိ ကာယဂတာ တျတ္ထု၊ နိဗ္ဗိဒါ ဗဟုလာ ဘဝ။

။ ပ ။

ယေ ရာဂရတ္တာနုပတန္တိ သောတံ၊
သယံ ကတံ မက္ကဋကောဝ ဇာလံ။
ဧတမ္ပိ ဆေတွာန ပရိဗ္ဗဇန္တိ၊
န ပေက္ခိနော ကာမသုခံ ပဟာယ-

ဟူသော တရားဒေသနာကို ဟောတော်မူ၏။

[အနက်ကား]ခေမေ၊ ခေမာမိဖုရား။ အာတုရံ၊ ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါတို့ဖြင့် ကျင်နာတတ်ထသော။ အသုစိံ၊ အညစ်အကြေးတို့၏ စုဝေးရာဖြစ်၍လည်း မစင်ကြယ်ထသော။ ပူတိံ၊ ညှီငေါ်စက်ဆုပ် ပုပ်နံ့အတိသာ လှိုင်ထသော။ ဣမံ သမုဿယံ၊ ဤခန္ဓာကိုယ်ကို။ ပဿ၊ စေ့စေ့စာနာ ရှုစပါလော့။ ဥဂ္ဃရန္တံ၊ ဒွါရကိုးခွင် ထက်ဝန်းကျင်မှ မစင်အတိသာ ယိုစီးထသော။ ပဂ္ဃရန္တံ၊ ဖောက်ပြန်ထွေထူး ရူးမူးဖွယ်လိ ညစ်ကျိအပေါင်း၏ ကိန်းအောင်းရာလည်း ဖြစ်ထသော။ သမုဿယံ၊ ကိုယ်ခန္ဓာကို။ ဗာလာနံ၊ အဆင်အခြင် ပညာမဲ့ငြား လူအများတို့သည်။ အဘိနန္ဒိတံ၊ အလွန်စုံမက် နှစ်သက်ယောင်မှားအပ်လေ၏။

ခေမေ၊ ခေမာ။ တသ္မာ၊ ထိုသို့သော အကြောင်းကြောင့်။ ဣမံ၊ ဤခန္ဓာကိုယ်ကို။ အသုဘာယ၊ မတင့်တယ်ဟူ၍။ စိတ္တံ၊ စိတ်ကို။ ဘာဝေဟိ၊ နေ့ညဉ့်မသွေ ဖြစ်ပစေလော့။ ဧကဂ္ဂံ၊ တခုတည်းသော အာရုံရှိသော။ သုသမာဟိတံ၊ ကောင်းစွာတည်ကြည်သော။ စိတ္တံ၊ စိတ်ကို။ ဘာဝေဟိ၊ ပွားစေလော့။ တေ၊ သင်၏။ သတိ၊ သတိသည်။ ကာယဂတာ၊ ကေသာ, လောမာ စသည်၌သာ ကျွမ်းလေ့လာသည်။ အတ္ထု၊ ဖြစ်စေလော့။ ဗဟုလာ၊ များစွာ။ နိဗ္ဗိဒါ၊ ငြီးငွေ့သည်။ ဘဝ၊ ဖြစ်လော့။

ဣဒံ ယထာ၊ ဤငါမြင်ရသော မိန်းမငယ်ကဲ့သို့။ တထာ၊ ထို့အတူ။ ဧတံ၊ ထိုငါ၏ကိုယ်သည်။ ဝိပလ္လတိ၊ ဖောက်ပြန်လတ္တံ့။ ဣတိ၊ ဤသို့။ မနသိကရောဟိ၊ နှလုံးသွင်းလေလော့။ ကာယေ၊ ကိုယ်၌။ အဇ္ဈတ္တဉ္စ၊ အတွင်းသန္တာန်၌လည်းကောင်း။ ဗဟိဒ္ဓါ စ၊ အပသန္တာန်၌လည်းကောင်း။ နန္ဒိံ၊ နှစ်သက်ခြင်း တဏှာကို။ ဝိရာဇယေ၊ ကင်းစေလော့။

(စာမျက်နှာ-၂၆၇)

အနိမိတ္တဉ္စ၊ အနိစ္စသညာကိုလည်း။ ဘာဝေဟိ၊ ပွားစေလော့။ မာနာနုသယံ၊ ကိုယ်ခန္ဓာအတွင်း၌ ကိန်းအောင်းသော မာနကို။ ဥဇ္ဇဟ၊ စွန့်ခွါလော့။ တတော မာနာဘိသမယာ၊ ထိုမာန်ကို စွန့်ခြင်းကြောင့်။ ဥပသန္တာ၊ ကိလေသာမီး ပြီးငြိမ်းကုန်သည်ဖြစ်၍။ စရိဿသိ၊ သွားရလတ္တံ့။

ခေမေ၊ ခေမာမိဖုရား။ မက္ကဋကော၊ ပင့်ကူသည်။ သယံ ကတံ၊ မိမိပြုအပ်သော။ ဇာလံ၊ ကွန်ရက်အမျှင်ကို။ အနုပတတိ ဣဝ၊ အစဉ်တစိုက် လိုက်ဘိသကဲ့သို့။ ရာဂရတ္တာ၊ ရာဂရမ္မက်ဖြင့် နှစ်သက်တပ်ငြိကုန်သော။ ယေ နရာ၊ အကြင်လူတို့သည်။ သယံ ကတံ၊ မိမိပြုအပ်သော။ သောတံ၊ ရာဂအယဉ်သို့။ အနုပတန္တိ၊ အစဉ်တစိုက် လိုက်ရကုန်၏။ ဧတမ္ပိ၊ ထိုရာဂတဏှာ ကိလေသာ အယဉ်ကိုလည်း။ ဆေတွာန၊ ဖြတ်၍။ အနပေက္ခိနော၊ ငဲ့ကွက်ခြင်း ကင်းကုန်သည်ဖြစ်၍။ ကာမသုခံ၊ ကာမဂုဏ် ချမ်းသာကို။ ပဟာယ၊ ပယ်၍။ ပရိဗ္ဗဇန္တိ၊ ကျင့်ကုန်ဘိရာ၏။

လူရဟန္တာမ

ဤသို့ ဟောကြားသော တရားဒေသနာကို ကြားနာရလေလျှင် ခေမာမိဖုရားလည်း တဆယ့်ခြောက်ပါးသော ယုံမှားခြင်း ကင်းကွာလျက် သောတာပတ္တိမဂ်မှစ၍ အစဉ်အတိုင်းရသဖြင့် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုအခါမှ မြတ်စွာဘုရားအား ကြံမှားအောက်မေ့မိသော အပြစ်ကို ကန်တော့ခြင်းငှါ-

နမော တေ သဗ္ဗဒဿာဝိ၊ နမော တေ ကရုဏာကရ။
နမော တေ တိဏ္ဏသံသာရ၊ နမော တေ အမတံ ဒဒ။

အစရှိသော ဂါထာဖြင့် လျှောက်၏။

အဓိပ္ပါယ်ကား။ ။“တရားခပ်သိမ်းကို မြင်တော်မူသော မြတ်စွာဘုရား.. အကျွန်ုပ်သည် အရှင်မြတ်အား ညွတ်တွားရိုကျိုး ရှိခိုးကန်တော့ပါ၏၊ မဟာကရုဏာ၏ တည်ရာဖြစ်တော်မူသော မြတ်စွာဘုရား.. သံသရာတည်းဟူသောဝဋ်မှ ကျွတ်လွတ်ကူးမြောက်တော်မူပြီးသော မြတ်စွာဘုရား.. လူနတ်ဗြဟ္မာ သတ္တဝါတို့ကို ခေမာအမြိုက် နိဗ္ဗာန်ဆိုက်အောင် ဆောင်တော်မူတတ်သော မြတ်စွာဘုရား.. အကျွန်ုပ်သည် အရှင်မြတ်အား ကံသုံးပါးဖြင့် ညွတ်တွားရိုကျိုး ရှိခိုးကန်တော့ပါ၏၊ ဤမျှလောက်သော ကာလပတ်လုံး ရှုံးခြင်းကြီး ကြီးမားလျက် ဘုရားကိုယ်တော်မြတ်ကို မအပ်မရာထင်၍ ဖူးမြင်ခြင်းငှါမျှ မရောက်ပဲ နေမိချေသည်။ ဤအပြစ်ကိုလည်း သည်းခံတော်မူပါ၊ ဒကာတော်မကိုလည်း မစချီးမြှောက်တော်မူပါ”ဟု လျှောက်၏။

ယင်းသို့ လျှောက်ပြီးမှ မိမိ၏ အာယုသင်္ခါရကို ဆင်ခြင်သော် ရဟန္တာဖြစ်သော လူတို့မည်သည်ကား ထိုဖြစ်သည့်နေ့ပင် ရှင်ရဟန်းသော်လည်း ပြုရာ၏၊ ပရိနိဗ္ဗာန်သော်လည်း ပြုရာ၏။ သို့ဖြစ်၍ ဤ၌ ငါမြင့်စွာနေသဖြင့် မသင့်ချေ။ မင်းကြီးအား ပြန်၍ ခွင့်ပန်ဦးအံ့ဟု ကြံလျက် မြန်စွာ နန်းတော်သို့ ဝင်လာ၏။

ဗိမ္ဗိသာရမင်းလည်း ထွန်းလင်းတင့်တယ်စွာ အရိယာတို့၏ ဣန္ဒြေဖြင့် လာလင့်သော မိဖုရားကိုမြင်လျှင် ဆင်ခြင်မိလေ၍ “အချင်းခေမာ... ယနေ့ သင်-ဥယျာဉ်သို့သွားသော် ဘုရားသခင်ကို ဖူးမြင်ခဲ့ပါ၏လော”ဟု မေး၏။ မိဖုရားကလည်း “အရှင်မင်းတရား... ဘုရားသခင်ကို

(စာမျက်နှာ-၂၆၈)

အရှင်တို့ ဖူးမြင်ရခြင်းသည်ကား ကြီးမားသောအကျိုးမရှိ၊ အကျွန်ုပ်၏ ဖူးမြင်ရခြင်းသာ လွန်စွာသော အကျိုးရှိချေသည်။ အကျွန်ုပ်ကို ယနေ့ပင် ရဟန်းခွင်သို့ ဝင်ရောက်ရအောင် ချီးမြှောက်တော်မူပါ”ဟု လျှောက်၏။

ခေမာထေရီဘိက္ခုနီ

ဗိမ္ဗိသာရမင်းကြီးလည်း အားရဝမ်းသာ ရတနာအတိမွှမ်းသော ရွှေထမ်းစင်ဖြင့် ဆောင်စေ၍ တထောင်မျှလောက်သော ဘိက္ခုနီမတို့ထံ၌ ရဟန်းပြုပေ၏။ ရဟန်းပြုပြီးသောအခါ ခေမာထေရီဟု ထင်ရှားလျက် များစွာကျယ်ဝန်းသော ပညာရှိရကား အဂ္ဂသာဝိကာအရာ၌ ထားတော်မူ၏။

ထို့နောက် ဇေတဝန်ကျောင်းတော်သို့ ရောက်သောကာလ ဘိက္ခုနီမတို့အား အရာအသီးအသီး ချီးမြှောက်တင်ထားသောအခါ ထိုခေမာထေရီကို-

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ မဟာပညာနံ ဘိက္ခုနီနံ ယဒိဒံ ခေမာ-

ဟူ၍ မဟာပညာ ဧတဒဂ်အရာ၌ ထားတော်မူ၏။

ဤကား ခေမာမိဖုရား၏ အကြောင်းတည်း။

ဝေသာလီဝါမှတ်ချက်

ဤမိဖုရား၏ ရဟန်းပြုသောနှစ်,ဝါကို ပါဠိ,အဋ္ဌကထာ၌ တိုက်ရိုက်မလာသော်လည်း ဝေသာလီ၌ ဝါဆိုတော်မူမှ ဘိက္ခုနီမတို့၏ ဥပသမ္ပဒါကို ထပ်မံ၍ ခွင့်ပြုတော်မူသော အတ္ထစ္ဆာယာ, “သုဝဏ္ဏ သိဝိကာယ ဘိက္ခုနီဥပဿယံ ဥပနေတွာ ပဗ္ဗာဇေသိ”ဟူသော အဋ္ဌကထာဂမ ဤနှစ်ဝကိုမှီ၍ ယုတ္တိကြောင့် ပြဆိုလိုက်သတည်း။ ဤခေမာထေရီ၏ အဖက် အဂ္ဂသာဝိကဖြစ်သော ဥပ္ပလဝဏ်ကား သာဝတ္ထိပြည်သို့ရောက်မှ ရဟန်းပြုသည်ဖြစ်၍ ထိုသို့ရောက်မှ ပြဆိုတော့အံ့။

၅၂။ ဓမ္မဒိန္နာနှင့် ဘဒ္ဒကာပိလာနီတို့၏ အကြောင်းကို ပြခြင်း

ယင်းသို့ ရာဇဂြိုဟ်ပြည်ဝယ် စံပယ်တော်မူသောအခါ ဓမ္မဒိန္နာ အမည်ရသော သဌေးမသည် ဘုရားသာသနာ၌ ရဟန်းပြုလာသတည်း။ ထိုဓမ္မဒိန္နာ၏ အကြောင်းကား-

ဆုတောင်းနှင့်ဗျာဒိတ်တော်

ပဒုမုတ္တရဘုရား ထင်ရှား ဖြစ်တော်မူသောကာလ ဟံသာဝတီပြည်ဝယ် သူကြွယ်တဦးကိုမှီ၍ အသက်မွေးရသော အမျိုးကျွန်မတယောက်သည် မိမိအိမ်သို့ ဆွမ်းရပ်လာသော သုဇာတအမည်ရှိသော အဂ္ဂသာဝက ထေရ်မြတ်အား မပြတ် ဆွမ်းကွမ်းဖြင့် လုပ်ကျွေးလေ့ပြု၏၊

တရံသောကာလ ဘုရားအထံသို့ ကပ်သော် သံဃာတော်တို့၏ အလယ်၌ ပညာကြီးကျယ်သော ဘိက္ခုနီမတဦးအား ဧတဒဂ်အရာထား၍ ချီးမြှောက်တော်မူသည်ကို မြင်၍ ဤဘိက္ခုနီမကဲ့သို့ နောင်ဘုရားတို့၏ သာသနာ၌ ငါလည်း ဖြစ်ရအောင် ဆုတောင်းအံ့ဟု ကြံပြီးလျှင် အရှင်သုဇာတထေရ်အား အကြောင်းကို လျှောက်ကြား၍ ဘုရားအမှူးရှိသော သံဃာတော်တို့အား

(စာမျက်နှာ-၂၆၉)

စွမ်းနိုင်သမျှ ဒါနကောင်းမှုကိုပြုလျက် “ဤကုသိုလ် အကျိုးအားကြောင့် နောင်ပွင့်လတ္တံ့သော ဘုရားရှင်တို့၏ သာသနာဝယ် မဟာပညာ ဧတဒဂ်ကိုရသော ဘိက္ခုနီမ ဖြစ်ပါစေသော”ဟု ဆုတောင်း၏။

ဘဝများစွာသံသရာ

ထိုမှ အသက်အတိုင်းနေ၍ စုတေလေသော် နတ်ပြည်လူ့ရွာ၌ စုန်ဆန်ကာ ဖြစ်ရ၏။ ဖုဿမြတ်စွာဘုရား ထင်ရှားပွင့်တော်မူသောကာလ ဘုရားညီတော်ဖြစ်သော မင်းသုံးပါးတို့ အလုပ်အကျွေးဖြစ်သော တရားသူကြီး၏ မယားဖြစ်၍ ဝါတွင်းသုံးလပတ်လုံး ဘုရားအမှူးရှိသော သံဃာတော် နှစ်သောင်းတို့အားလည်းကောင်း ဖန်ရည်စွန်းသော အဝတ်ကိုဆီးလျက် ဒသသီလဖြင့်နေကုန်သော မင်းသားသုံးဦးတို့အားလည်းကောင်း လုပ်ကျွေးပြုစုရ၏။ တခုသောဝတ္ထုကို အလိုရှိ၍ တောင်းလာမူ ကြည်ဖြူသောစေတနာဖြင့် နှစ်ခုသုံးခုသာ ပေးလေ့ရှိ၏။ ဤသို့သော စေတနာဖြင့် ထိုမိန်းမသည် ဒါနသီလကို လွန်စွာအားထုတ်လျက် အသက်အတိုင်းနေ၍ စုတေပြန်သောအခါ နတ်ပြည်လူ့ရွာ၌ လူးလာစုန်ဆန်ဖြစ်ရ၍ ကဿပမြတ်စွာဘုရား ထင်ရှားပွင့်တော်မူသောအခါ ဗာရာဏသီပြည်၌ ကိကီမင်းကြီး၏ သမီးခုနစ်ယောက်တို့တွင် သုဓမ္မာ အမည်ရှိသော မင်းသမီးဖြစ်လာ၍ အစ်မညီမတို့နှင့် အတူတကွ ကဿပဘုရားအမှူးရှိသော သံဃာတော်အပေါင်းတို့အား ကျောင်း, အာရာမ်, ရေကန်, ရေတွင်းတို့ကို လှူဒါန်းပူဇော်၏၊ အနှစ်နှစ်သောင်း ကာလပတ်လုံးလည်း မြတ်သောအကျင့်ကို ကျင့်သုံးဆောက်တည်၏။

နောက်ဆုံးဘဝ

ထိုဘဝမှ စုတေလေသော် တာဝတိံသာနတ်ပြည်၌ သိကြားမင်း၏ မိဖုရားကြီးအဖြစ် အကြိမ်ငါးဆယ်, သဌေး သူကြွယ် ပဒေသရာဇ် ဧကရာဇ်မင်းတို့၏ မိဖုရားကြီးအဖြစ် အကြိမ်များစွာဖြစ်၍ ငါတို့ဘုရား ထင်ရှားဖြစ်တော်မူသောအခါ ရာဇဂြိုဟ်ပြည်ဝယ် ကုဋေနှစ်ဆယ် ဥစ္စာကြွယ်သော သဌေးအမျိုး၌ဖြစ်လာ၍ ဓမ္မဒိန္နာဟူသော အမည်ကိုမှည့်၏။ အရွယ်သို့ ရောက်သောအခါ ဗိမ္ဗိသာရမင်း၏ သူငယ်ချင်း အတတ်သင်ဖက်ဖြစ်သော ဝိသာခ အမည်ရှိသော သဌေးနှင့် ရည်ငံသင့်မြတ်ကြသဖြင့် ကြီးစွာသော စည်းစိမ်ချမ်းသာကို ခံစားရသတည်း။

ထိုသဌေး ဝိသာခကား ဗိမ္ဗိသာရမင်းနှင့် အတူတကွ ဘုရား ရာဇဂြိုဟ်ပြည်သို့ ကြွစကပင် ဖူးမြင်ရ၍ ဓမ္မဒေသနာကို နာသဖြင့် သောတာပန်အဖြစ်၌ တည်သတည်း။ ထို့နောက် ကာလရှည်လျား၍ တပါးသောအခါ တရားတော်ကို နာရပြန်လျှင် အနာဂါမ်အဖြစ်ကို ရပြန်၏။ ထိုသဌေးသည် အနာဂါမိဖိုလ်ကို ရသည့်နေ့ အိမ်သို့ပြန်လတ်၍ ပြာသာဒ်မ၏လှေကား စောင်းတန်းဦးသို့ ရောက်သောအခါ သဌေးမဖြစ်သော ဓမ္မဒိန္နာလည်း အခါခပ်သိမ်း ကြိုမြဲဖြစ်၍ ချစ်စဖွယ်သော အမူအရာဖြင့် ကောင်းစွာဆီး၍ ခရီးဦးကြိုဆိုလျက် လက်ကို ကမ်းလင့်၏။ သဌေးလည်း ကမ်းသောလက်ကို မဆန့်လှမ်းပဲ ကိုယ်စွမ်းဖြင့်သာ တက်လတ်၍ ပြာသာဒ်အတွင်းသို့ ဝင်လတ်၏။

ထိုအခါ ဓမ္မဒိန္နာလည်း မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို ပြုပြင်စီမံလျက် သဌေးထံသို့ ဆောင်ပြီးသောအခါ ကောင်းမွန်စွာ လုပ်ကျွေး၏။ သဌေးလည်း အေးကြောင်း ပူကြောင်း

(စာမျက်နှာ-၂၇၀)

ကောင်း-မကောင်း စသည်၌ မည့်သည့်စကားကိုမျှ မဆိုပဲ အာဟာရကို သုံးဆောင်၍သာ နေ၏။ ထိုအခါ ဓမ္မဒိန္နာလည်း ရွှေယောက်မကိုကိုင်ပြီးလျှင် အနီး၌စောင့်နေလျက် ဤသို့ကြံ၏။ “ဤသဌေးသည် ယနေ့ တပါးမှပြန်လတ်၍ ပြာသာဒ်သို့ တက်မည်ပြုသောအခါ ငါလက်ကမ်းလည်း လှမ်းမယူ၊ ယခုမူလည်း မည်သည့်စကားကိုမျှ မကြားမဆို၊ စားဖွယ်ကိုသာ စား၍နေခဲ့သည်။ ငါ့အား အဘယ်အပြစ်ဖြင့် မနှစ်သက် အမျက်ရှိပါလိမ့်မည်နည်း”ဟု ကြံဆကာနေ၏။

သဌေး ထမင်းစားပြီးသောအခါ ဓမ္မဒိန္နာလည်း သာယာချေငံသောစကားဖြင့် “အရှင့်သား... အကျွန်ုပ်အား အဘယ်အပြစ်များကြောင့် စကားမဆိုပဲ နေပါသနည်း”ဟု မေးသော် သဌေးဝိသာခလည်း “ဓမ္မဒိန္နာ... နှလုံးမသာယာအပ်သော သင်၏အပြစ် မရှိပေ၊ ယနေ့ ငါသာလျှင် ထူးကဲလှသောတရားကိုရ၍ ရှေးကကဲ့သို့ တဏှာသန္ထဝဖြင့် မရွှင်မယူနိုင်ပြီ၊ သင်၏အိမ်ဝယ် စည်းစိမ်ချမ်းသာကို ခံစံ၍ ငါမနေလိုပြီ၊ ရှင်မသာလျှင် အိမ်တွင်း၌ ရှိသမျှပစ္စည်းကို သိမ်းဆည်း၍ ခံစားရစ်လော့၊ မိတ်ဆွေအသစ် လိုသည်ဖြစ်လည်း သင်နှစ်သက်သမျှ ဥစ္စာကိုဆောင်သွား၍ ပျော်ပါးသသူထံမှာ နေလေလော့”ဟု ဆို၏။ ထိုစကားကို ကြားသောအခါ ဓမ္မဒိန္နာကလည်း “အရှင့်သား.. အသို့သောစကားကို ဆိုသနည်း၊ အရှင်တို့ထွေး၍ ပျို့အန်ခဲ့သော တံတွေးပေါက်ကို အကျွန်ုပ်ကောက်၍ အဘယ်အကျိုးငှါ မျိုပါတော့အံ့နည်း၊ အကျွန်ုပ်ကိုသာ ရဟန်းပြုခြင်းငှါ လျင်စွာခွင့်ပေးလော့”ဟု ဆို၏။

ထိုအခါ ဝိသာခသဌေးလည်း ကောင်းချီးကြွေးကြော်က ဗိမ္ဗိသာရမင်း၏ အထံသို့သွား၍ အကြောင်းကို လျှောက်ထားပြီးမှ သဌေးမဖြစ်သော ဓမ္မဒိန္နာကို ရတနာထမ်းစင်ဖြင့် ဆောင်ယူ၍ ဘိက္ခုနီမတို့၏ကျောင်းသို့ ပို့လေ၏။ ဓမ္မဒိန္နာသည် လူ၏အရုပ်အဝါကို ပယ်သန်း၍ ရဟန်းပြုပြီးသော် ဤသို့ကြံ၏။ “ငါ၏ခင်ပွန်းဖြစ်သော ဝိသာခသူကြွယ်သည် အိမ်၏အလယ်၌နေလျက်သာ သံသရာဝဋ်ဆင်းရဲ၏ လွတ်စဲဆုံးခန်းခြင်းကို ပြုနိုင်သေးသည်၊ ငါမူကား ရဟန်းပြု၍မှ ဒုက္ခ၏အဆုံးသို့ မရောက်သဖြင့် မသင့်ပေရာ၊ ခြိုးခြံစွာ ကျင့်ဦးအံ့”ဟု ကြံလျက် ဆရာဥပဇ္ဈာယ်ထံသို့ ကပ်ပြီးလျှင် “အရှင်မတို့... အကျွန်ုပ်သည် လူသူရောပြွမ်းသော ဤအရပ်ခန်း၌ မမွေ့လျော်နိုင်ပါ၊ ရွာငယ်ကျောင်းသို့သွား၍ တရားကို အားထုတ်ပါဦးအံ့”ဟု လျှောက်ထား၏။ ဆရာဥပဇ္ဈာယ်ဖြစ်သော ထေရီတို့လည်း ထိုဓမ္မဒိန္နာကို ကြီးကျယ်မြင့်မြတ်စွာသော အမျိုးမှ ရဟန်းပြုလာသူဖြစ်၍ တားမြစ်ခြင်းငှါ မတတ်နိုင်ရကား မိမိတို့ပါ ရွာငယ်ကျောင်းသို့သွား၍ နေရလေ၏။

ထိုဓမ္မဒိန္နာလည်း ရွာငယ်ကျောင်းသို့ရောက်၍ မကြာမီပင် အတိတ်ဘဝက ဗုဒ္ဓုပ္ပါဒကြုံ၍ ထုံအပ်, လေ့အပ်, နှိပ်နယ်အပ်သော သင်္ခါရတရားရှိသူ ဖြစ်ရကား လေးပါးသော ပဋိသမ္ဘိဒါတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏။

ထိုအခါ ဓမ္မဒိန္နာထေရီလည်း ဤသို့ကြံပြန်၏၊ “ငါသည် အရဟတ္တဖိုလ်အကျိုးငှါသာ ဤအရပ်သို့လာသည်၊ ယခုမှာ ငါ၏ကိစ္စပြီးမြောက်ပြီ၊ ဤတွင်နေ၍ အဘယ်အကျိုးရှိအံ့နည်း၊ ရာဇဂြိုဟ်ပြည်သို့ ပြန်လည်၍ နေရမူ များလှစွာသော ငါ၏အမျိုးတို့သည် ငါ့ကိုအမှီပြု၍ ကုသိုလ်ဆယ်ပါး ပွားများလတ္တံ့၊ ငါ့ဆရာ ထေရီများလည်း ပစ္စည်းလေးပါးဖြင့် မပင်ပန်းလတ္တံ့”ဟု ကြံ၍ ဆရာဥပဇ္ဈာယ်တို့နှင့်တကွ ရာဇဂြိုဟ်ပြည်သို့ ပြန်လာ၏။

ခင်ပွန်းလင်ဖြစ်ဖူးသော ဝိသာခသဌေးလည်း ဓမ္မဒိန္နာထေရီ ရောက်လာပြီဟု ကြားလျှင် “ဤရဟန်းမကား တောသို့သွား၍ များမကြာမီပင် ပြန်လာချေသည်၊ သာသနာတော်၌ပင်

(စာမျက်နှာ-၂၇၁)

မမွေ့လျော်ခြင်း ဖြစ်လေသလော”ဟု တွေးတောကြံဆလျက် ညချမ်းသောအခါ ကျောင်းသို့လာပြီးလျှင် “ဆန့်ကျင်သော အကြောင်းကို တိုက်ရိုက်မေးသဖြင့် မသင့်ချေ၊ လေးထွေသောမဂ်၌ ခဲခက်သောပြဿနာကို ငါမေးတော့အံ့”ဟု ကြံ၍ ခန္ဓာငါးပါးဝယ် တဆယ့်ခြောက်ပါးသောကိစ္စဖြင့် သိထိုက်သမျှသော လက္ခဏာကိုမေး၏။ ထေရီမလည်း မေးသမျှသော ပြဿနာ၌ ကြာရိုးကို သန်လျက်ဖြင့်ပိုင်းသကဲ့သို့ မဆိုင်းမရပ်ပဲ ဖြေပေ၏။ ယင်းသို့ ဖြေပြီးမှ “ဝိသာခ ဒါယကာ... တရားတော်မည်သည်ကား လေးပါးသော ဂမ္ဘီရဂုဏ်နှင့် ပြည့်စုံသည်။ ငါဖြေသောတရားကို ဘုရားသခင်အား လျှောက်ကြား၍ သဗ္ဗညုတဉာဏ်နှင့် ဆက်ဆံညီညွတ်မူကား မှတ်သား ပိုက်ကျုံးလေလော့”ဟု မှာဆို၏။

ထိုသဌေးလည်း ဖြေသောအတိုင်းမှတ်သား၍ ဘုရားရှင်အထံ၌ လျှောက်လေလျှင် ဘုရားသခင်လည်း “ဒါယကာ.. ငါ၏သမီးတော်ဖြစ်သော ဓမ္မဒိန္နာသည် အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်ကုန်သော ခန္ဓာတို့၌ မြှေးယှက်လွှမ်းကာသော အဝိဇ္ဇာကွန်ရက်ကို ပယ်ဖျက်စွန့်ခွာလေပြီ၊ တဏှာဟူသော အကြောင်းအားဖြင့် တပြောင်းပြန်ပြန် သံသရာ၌ကျင်လည်ခြင်း မရှိပြီ၊ ဤပုစ္ဆာကို ငါဘုရားအား လျှောက်ပန်ငြားသော်လည်း ဤအတိုင်းသာ ငါဖြေလတ္တံ့”ဟု မိန့်တော်မူ၍-

ယဿ ပုရေ စ ပစ္ဆာ စ၊ မဇ္ဈေ စ နတ္ထိ ကိဉ္စနံ။
အကိဉ္စနံ အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ-

ဟူသော ဂါထာကို ဟောတော်မူ၏။

[အနက်ကား]ဂဟပတိ၊ သူကြွယ်။ ယဿ၊ အကြင်သူအား။ ပုရေ စ၊ ရှေးအတိတ်ဖြစ်သော ခန္ဓာငါးရပ် ဓာတ် အာယတနတို့၌လည်းကောင်း။ ပစ္ဆာ စ၊ လာလတ္တံ့သော ခန္ဓာ အာယတန ဓာတ်တို့၌လည်းကောင်း။ မဇ္ဈေ စ၊ အလယ်ဖြစ်သော ပစ္စုပ္ပန်ခန္ဓာ၌လည်းကောင်း။ ကိဉ္စနံ၊ တဏှာအားဖြင့် စွဲလမ်းခြင်းဟုဆိုအပ်သော စိုးရိမ်ကြောင့်ကြ ဗျာပါရသည်။ ဝါ၊ ပိတ်ပင်ရစ်ပတ် မြှေးယှက်တတ်သော အဝိဇ္ဇာသည်။ နတ္ထိ၊ မရှိ။ အကိဉ္စနံ၊ ကြောင့်ကြခြင်းလည်း မရှိထသော။ အနာဒါနံ၊ တဏှာဒိဋ္ဌိအားဖြင့် စွဲလမ်းခြင်းလည်း မရှိထသော။ တံ၊ ထိုသူကို။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသော ရဟန္တာဟူ၍။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်၏။

ဤဒေသနာကို ဟောပြီးမှ ဓမ္မဒိန္နာထေရီအား ပညာကြီးသော အခြင်းအရာဖြင့် များစွာကောင်းချီးပေးတော်မူ၏။ ထိုအခါမှစ၍ ဓမ္မဒိန္နာထေရီလည်း ဘိက္ခုနီအပေါင်းတို့တွင် ထင်ရှားလှသော ဓမ္မကထိကလည်း ဖြစ်၏။ နောက် ဇေတဝန်ကျောင်းသို့ ရောက်သောအခါ ဓမ္မဒိန္နာကို--

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဓမ္မကထိကာနံ ဘိက္ခုနီနံ ယဒိဒံ ဓမ္မဒိန္နာ-

ဟု ဓမ္မကထိက ဧတဒဂ်အရာ၌ထား၍ မြှောက်စား ချီးမြှင့်တော်မူသတည်း။

(ဤကား ဓမ္မဒိန္နာထေရီ၏ အကြောင်းအတ္ထုပ္ပတ္တိ အမြွက်တည်း။)

ဘဒ္ဒကာပိလာနီ ရဟန်းပြုပုံ

အရှင်မဟာကဿပ၏ လူက အဆွေခင်ပွန်းဖြစ်ခဲ့သော ဘဒ္ဒကာပိလာနီသည်လည်း ရှေး၌ဆိုအပ်ပြီးသော အစဉ်အားဖြင့် ဘုရားရှင်ထံသို့လာကြရာ နှစ်ဖြာသောခရီးလမ်းကို တွေ့သည်တွင်

(စာမျက်နှာ-၂၇၂)

ပိပ္ပလိလုလင်ကလည်း လက်ယာလမ်းကို လိုက်သွား၍ ဘုရားနှင့်တွေ့လေသည်။ ဘဒ္ဒကာပိလာနီမူကား လက်ဝဲလမ်းကိုလိုက်၍ အစဉ်တစိုက်လာခဲ့သဖြင့် ရာဇဂြိုဟ်ပြည်သို့ ရောက်လျှင် ဘုရားသခင်လည်း မာတုဂါမတို့၏ ရဟန်းဖြစ်မှုကို ခွင့်ပြုတော်မမူသေး၍ ဘိက္ခုနီမတို့ မရှိသေးရကား မြတ်သော တရားရှိသောသူကို ရှာဖွေသော် ထိုပြည်နှင့် မဝေးမနီး ကြီးစွာသော ပရိဗိုဇ်မတို့၏ ကျောင်းတိုက်ကိုမြင်၍ ထိုသို့ဝင်ပြီးလျှင် ရှင်ရဟန်းပြုလိုခြင်းဖြင့် တောင်းပန်ခယလျက် ပရိဗိုဇ်ရဟန်းမပြု၍ နေ၏။

အကြင်အခါ၌ မဟာပဇာပတိ ဂေါတမီတို့သည် ဘိက္ခုနီအဖြစ်ကို ရလာ၍ ရာဇဂြိုဟ်ပြည်သို့ ရောက်သည်ဟုကြားလျှင် များစွာသော ပရိဗိုဇ်မတို့နှင့်တကွလာ၍ ပုစ္ဆာပြဿနာကို နှီးနှောကြသဖြင့် ဘုရားတရားတော်ကို ကြားနာရလေသော် သာသနာတော်၌ အနှစ်သာရရှိကြောင်းကိုသိ၍ ထိုမဟာပဇာပတိ ထေရီအထံ၌ပင် တောင်းပန်၍ ရဟန်းပြုလေ၏။ ရဟန်းပြု၍ မကြာမြင့်မီပင် သင်္ခါရတရားတို့၏ အခြင်းအရာကို လေးဖြာသောမဂ်တို့ဖြင့်ဖြတ်၍ အရဟတ္တဖိုလ်သို့ ရောက်လေသတည်း။ ရဟန္တာဖြစ်ပြီးလျှင် အဘိညာဉ်တရားတို့ကို မပြတ်ပွားစေသဖြင့် ပုဗ္ဗေနိဝါသဉာဏ်၌ အလွန်အကဲပင် မြော်မြင်လေ့လာနိုင်၏၊ ထို့နောက် ဘုရား ဇေတဝန်ကျောင်းတော်သို့ ရောက်သောအခါ ဤဘဒ္ဒကာပိလာနီထေရီကို-

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ပုဗ္ဗေနိဝါသာနုဿတီနံ ဘိက္ခုနီနံ ယဒိဒံ ဘဒ္ဒကာပိလာနီ-

ဟု ဧတဒဂ်အရာဖြင့် ချီးမြှင့်တင်ထားတော်မူသတည်း။

ဤကား ဘဒ္ဒကာပိလာနီထေရီ၏ အကြောင်းအတ္ထုပ္ပတ္တိအမြွက်တည်း။

၅၃။ နန္ဒမာတာဥတ္တရာ၏ အကြောင်းကို ပြခြင်း

နန္ဒမာတာဥတ္တရာဟူသော ဥပါသိကာမ၏ ရှေးအတိတ် အကြောင်းကား- ဘုရားရှင် ရာဇဂြိုဟ်၌ ဝါဆိုတော်မူသောအခါ ဤရာဇဂြိုဟ်ပြည်ဝယ် ကုဋေငါးဆယ် ဥစ္စာကြွယ်ဝသော သုမနအမည်ရှိသော သဌေးအိမ်ဝယ် လယ်ယာလုပ်မှုဖြင့် သူရင်းငှါးပြု၍နေရသော ပုဏ္ဏအမည်ရှိသော သူဆင်းရဲတယောက်သည်ရှိ၏။ ထိုသူဆင်းရဲ၏ မယားဖြစ်သော ဘာရိတာ၌ ဥတ္တရာအမည်ရှိသော သတို့သမီးကို ရသတည်း။

ပုဏ္ဏသဌေးကြီးဖြစ်ပုံ

တရံသောအခါ ရာဇဂြိုဟ် ပြည်သူပြည်သားတို့သည် နှစ်စဉ် ပျော်ပါးမြဲဖြစ်သော နက္ခတ်သဘင်အချိန်နှင့် ကြုံ၍ အလုံးစုံသော မိန်းမယောက်ျားတို့သည် ခုနစ်ရက်ပတ်လုံး နက္ခတ်သဘင် ပျော်ရွှင်ကစားကုန်အံ့ဟု ကြွေးကြော်ကြသော အသံကို သုမနသဌေး ကြားလတ်သော် နံနက်စောစွာ လာလတ်သော ပုဏ္ဏသူရင်းငှါးကိုခေါ်၍ “အချင်းပုဏ္ဏ.. ယနေ့ သင်တို့သည် နက္ခတ်သဘင် ပျော်ရွှင်မြူးထူးကြအံ့လော၊ ထိုသို့မဟုတ် လုပ်မြဲယူမြဲတိုင်းသော အခဖြင့် လယ်ထွန်ကိစ္စ ပြုအံ့လော”ဟု မေး၏။ ပုဏ္ဏသူဆင်းရဲကလည်း “အရှင်သဌေး... အကျွန်ုပ်တို့မှာ ဥစ္စာစည်းစိမ်ရှိသော သူတို့ကို မတုသာချေ။ ယနေ့ လုပ်ခွင်တွင် မဝင်ငြားက နက်ဖြန် စားစရာမရှိပြီ၊ သို့ဖြစ်၍ အဘယ်မှာ နက္ခတ်သဘင် ပျော်ရွှင်နိုင်အံ့နည်း၊ ထွန်နှင့်နွားကို သနားပါလျှင် ယခုပင် လယ်သို့ သွားပါအံ့”ဟု ဆို၏။

(စာမျက်နှာ-၂၇၃)

ထိုစကားကိုကြားသော် သုမနသဌေးလည်း ပေးမြဲတိုင်းသော အခကိုပေး၍ ထွန်နွားတို့ကို အပ်ပေ၏။ ပုဏ္ဏသူရင်းငှါးလည်း ထွန်နွားကို ဆောင်ယူပြီးလျှင် အိမ်ရှင်မ ဘာရိတာကို ခေါ်၍ “ရှင်မ… ယနေ့ လယ်သို့သွား၍ များစွာပြီးအောင် ထွန်အံ့၊ နေ့တိုင်းထက် အဆသာ၍ ငါ့အား ထမင်းပို့လာလော့”ဟု မှာပြီးမှ လယ်ထွန်ရာအရပ်သို့ သွားလေ၏။

ထိုအခါ အဂ္ဂသာဝကကြီးဖြစ်သော အရှင်သာရိပုတြာလည်း နံ့သာတော၌ နိရောဓသမာပတ်ကို ခုနစ်ရက်ပတ်လုံး ဝင်စားတော်မူပြီး၍ ထိုနေ့နံနက်၌ သမာပတ်မှ ထတော်မူပြီးသော် “ငါသည် ယနေ့ အဘယ်သူအား ချီးမြှောက်ရအံ့နည်း”ဟု ကြည့်ရှုလေလျှင် ထွန်နွားငင်၍ လယ်ပြင်သို့လာသော ပုဏ္ဏသူဆင်းရဲကို မြင်လေ၍ “ဤပုဏ္ဏအား ချီးမြှောက်သဖြင့် ကြီးမြတ်ကြွယ်ဝထိုက်သော ရှေးပါရမီ, ဤဘဝ၌ ရအပ်သောတရားနှင့် ပြည့်စုံပါ၏လော မပြည့်စုံပါ၏လော”ဟု တွေးတောဆင်ခြင်ပြန်လျှင် စုံလင်ညီညွတ်စွာရှိ၍ သမ္ပတ္တိလေးပါးကို လျင်လျားစွာ ရအပ်သောအကြောင်းကို မြင်၍ သင်္ကန်းသပိတ် ပရိက္ခရာကိုလွယ်ပြီးသော် လာတော်မူခဲ့၍ ပုဏ္ဏသူဆင်းရဲလုပ်သော လယ်ကန်သင်း၌ ရေတွင်း၏အနီး ချုံကြီးတခုကိုရှု၍ ရပ်လင့်၏။

ထိုသို့ ရပ်သည်ကို ပုဏ္ဏသူဆင်းရဲမြင်လျှင် ကြည်ရွှင်ဝမ်းသာစွာ သဒ္ဓါတရားသည် ဖြစ်လတ်၍ အရှင်မြတ်ကား မျက်သစ်ဒန်ပူအလို့ငှာ ရပ်လာသည် ဖြစ်လတ္တံ့ဟု ကြံပြီးသော် အနီးသို့ကပ်လေ၍ ငါးရပ်သော ရှိခိုးခြင်းတို့ဖြင့် ရှိခိုးလျက်နေလာ၏။ အရှင်သာရိပုတြာလည်း ကိုယ်တွင်ပါသော သပိတ်ရေစစ်တို့ကို ထုတ်အပ်၏၊ ပုဏ္ဏလည်း မျက်နှာသစ်ရေကိုခတ်၍ ကောင်းမြတ်သော ဒန်ပူနှင့်တကွ ကပ်ပေ၏။

အရှင်မြတ်လည်း ကပ်သော ရေဒန်ပူကို ခံယူသုံးဆောင်ပြီးလျှင် ဆင်ခြင်တော်မူသည်ကား “ဤပုဏ္ဏတို့သည် သူတပါး၏ အိမ်နောက်ဖေး၌သာ နေရရှာချေသည်၊ အကယ်၍ ချင်းတို့အိမ်သို့ သွားသော်လည်း ချင်းမယား ငါ့ကို မဖူးမြင်ရရာ၊ ထမင်းပို့လာသောအခါမှ လမ်းမှာတွေ့စေတော့အံ့”ဟု ကြံလျက် အတန်ငယ် ဆိုင်းတော်မူပြီးသော် ခရီးစဉ်အတိုင်း ကြွတော်မူလေ၍ ထိုပုဏ္ဏ၏ မယားဖြစ်သော ဘာရိတာလည်း ထမင်းအဖျော်တို့ကို သင့်လျော်စွာ စီရင်၍ လင်၏ထံသို့ ပို့ခြင်းငှါ လာခဲ့သော် ခရီးအကြား၌ အရှင်သာရိပုတြာကို မြင်၍ ဆင်ခြင်လတ်သည်ကား “ရှေးရှေးသော နေ့တို့၌ ဤအရှင်မြတ်တို့ကို တပ်အပ်ကိုယ်ထင် ငါတွေ့လျှင်လည်း ကိုယ်တွင် လှူဒါမပါပဲရှိခဲ့သည်။ ကိုယ်တွင်လှူဒါ ပါသောအခါလည်း ပက်ပင်းပါ မတွေ့ခဲ့ဖြစ်သည်။ ယခုမူကား အလှူဝတ္ထုလည်း ငါ၌ပါ၏၊ အရှင်ကောင်းကိုလည်း တွေကြုံရ၏ ဤအခါမှ မလှူရမူ ငါ့အား အဘယ်မှာ ကုသိုလ်ဖြစ်တော့အံ့နည်း”ဟု ကြံပြီးလျှင် အရှင်သာရိပုတြာ၏ ခြေရင်း၌ ထမင်းခွက်ကိုချ၍ ပဉ္စပတိဋ္ဌိတတို့ဖြင့် ရှိခိုးပြီးသော် “ကိုယ်တော်မြတ်သည် ဒကာမအား သနားကယ်မတော်မူသဖြင့် ကောင်းဆိုးယုတ်မြတ်မဟူ ဤဆွမ်းအလှူကို ခံတော်မူပါ”ဟု လျှောက်၍ ခွက်မှထမင်းကို သပိတ်အတွင်းသို့ လောင်း၏၊ ထမင်း တဝက်ခန့်ရောက်လျှင် အရှင်မြတ်လည်း “တန်ပြီ”ဟု သပိတ်ကို ဖုံးစေ၏။

ထိုအခါ ဘာရိတာလည်း “အရှင်ဘုရား.. ဤဆွမ်းကား တယောက်စာ ဝလောက်ရုံသာ ဖြစ်ပါသည်၊ ချန်၍ထားခြင်းငှါ မတတ်ကောင်းပါ၊ ဒကာတော်မအား ဤလောက်ဖြင့် ချီးမြှောက်ခြင်းကို မပြုပါလင့်၊ တမလွန်ဖြင့်သာ သင်္ဂြိုဟ်တော်မူပါ”ဟု လျှောက်၍ အကြွင်းမဲ့လောင်းပြီးမှ “ဤကောင်းမှု၏ အာနိသံသကို ဒိဋ္ဌဓမ္မ၌ပင် ခံစားရပါလို၏”ဟု ဆုတောင်း၏။ အရှင်သာရိပုတြာလည်း

(စာမျက်နှာ-၂၇၄)

“ဒါယိကာမတောင့်တတိုင်း ပြည့်စုံစေ”ဟု ဆို၍ ရပ်လျက်ပင် တရားအနုမောဒနာပြုပြီးမှ ကြွတော်မူလေ၏။ ထိုဘာရိတာလည်း အိမ်သို့တဖန် ပြန်ပြီးသော် ဆန်, ဟင်းရွက်တို့ကိုရှာ၍ ကောင်းစွာ ချက်ပြီးမှ လင်ပုဏ္ဏထံသို့ ပို့ခြင်းငှါလာ၏။

ထိုပုဏ္ဏလည်း ရှစ်မင်းပယ်မျှလောက်သော လယ်အရပ်သို့ လှည့်ပတ်ကာထွန်ပြီး၍ အလွန်မောပန်း ဆာမွတ်ရကား နွားတို့ကို သင့်ရာ၌ လှန်ဘိ၍ မိမိမှာ လယ်ကန်သင်းကို ခေါင်းစိုက်လျက် အိပ်နေ၏၊ မယားဘာရိတာ အနီးသို့ရောက်လျှင် “လင်မောင်ပုဏ္ဏသည် အာဟာရ ဆာမွတ်ခြင်းဖြင့် ငါ့အား အမျက်ထွက်၍ နှိပ်စက်ခြိမ်းမောင်းလျှင် ယခင်ပြုခဲ့သော ဒါနသည် ငါ့အားလည်းကောင်း၊ သူ့အားလည်းကောင်း အကျိုးမရှိ နိရတ္ထကသာ ဖြစ်ဘိရာသည်၊ ရှေးဦးစွာ အကြောင်းကိုကြားအံ့”ဟု ကြံ၍ အသံကြားလောက်သော ဌာနသို့ရောက်လျှင် “ချစ်လင်ပုဏ္ဏ.. အကျွန်ုပ်သည် ယနေ့စောစွာကပင် ထမင်းအစာဆောင်၍ လာသည်ကို အရှင်သာရိပုတြာနှင့် လမ်းခရီးမှာတွေ့ရ၍ ပါသမျှကို ကပ်လှူလိုက်ပြီးမှ အိမ်သို့ တဖန်ပြန်၍ ချက်ရသဖြင့် နေမြင့်ချေသည်။ အကျွန်ုပ်၏အပြစ်ကို သည်းခံပါ၊ သင့်အစာကို လှူလိုက်ရသော ဒါနအထူးကိုလည်း ကြည်နူးဝမ်းမြောက်ပါလော့”ဟု ဆို၏။

ထိုစကားကိုကြားလျှင် လင်မောင်ပုဏ္ဏလည်း အားရဝမ်းသာ သဒ္ဓါတိုးပွားလျက် “နံနက်အခါကပင် ငါလည်း ဤရှင်ချစ်အား မျက်သစ်ဒန်ပူ ကပ်လှူလိုက်ရပါသည်၊ သင်-အမျှသာယူလော့”ဟု ပျူပျူငှါငါပြောဆို၍ ပါသောထမင်းကို စားကြ၏၊ ထိုသို့စားပြီးလျှင် ပင်ပန်းခြင်း မပြေလတ်ရကား မယား ဘာရိတာ၏ တင်ထက်၌ ခေါင်းစိုက်၍ အိပ်ပြန်၏။

ထိုအခါ မိမိထွန်ယက်ခဲ့သော လယ်ယာမြေ တပြင်လုံးသည် ထွန်ကျစ်မှစ၍ ရွှေတုံးအတိဖြစ်လျက် လျှပ်စစ်တိမ်မီးရောင်ကဲ့သို့ တပြောင်ပြောင် ထွန်းတောက်၏။

မောင်ပုဏ္ဏလည်း အိပ်ရာမှနိုးသောအခါ ဖြစ်လာသော ရွှေတို့ကိုမြင်၍ “အိမ်ရှင်မ... ထ၍ မျှော်စမ်းဦးလော့၊ ငါမောပန်းစွာ ထမင်းအစာကို စားရဘိ၍ မျက်စိလည်သဖြင့်ပင် ထင်လေသလော၊ အလုံးစုံသော လယ်မြေတွင် ရွှေအတိပင်မြင်ခဲ့၏တကား”ဟု ဆိုသော် ထိုဘာရိတာကလည်း “အကျွန်ုပ်လည်း ရွှေအတိသာမြင်ပါ၏”ဟု ပြောလျှင် ဆောစွာထ၍ ကျုံးပြီးမှ ထွန်တုံးထက်၌ ရိုက်နှက်ထုချေ၍ စမ်းသဖြင့် ရွှေစစ်မှန်းကို သိလေက မယားဘာရိတာကိုခေါ်၍ “အိမ်ရှင်မ... အမြန်လာ၍ ရှုပါဦးလော့၊ ရှေးရှေးသောအခါက ငါတို့ စိုက်ပျိုးအပ်သော မျိုးပဲဗီဇသည် သုံးလေးလကြာမှ စားသုံးရသည်။ ယခု အရှင်သာရိပုတြာ၏အထံ၌ အတန်ငယ်မျှ မျိုးချစိုက်ပျိုးအပ်သော ကုသိုလ်မျိုးစေ့သည် ကာလမရွေ့ ယနေ့ပင်ပွားစီး၍ အတိုင်းမသိ သီးပေသည်။ အံ့ဖွယ်ရှိစွ၊ ငါထွန်ခဲ့သမျှမြေကြီးသည် ဆီးကင်းခန့်မျှမကျန်ပြီ၊ အလွန်နီသော ရွှေဆိုင်ရွှေခဲသာ ဖြစ်တော့သည်”ဟု ဆို၏။

ထိုဘာရိတာကလည်း “ဤမျှလောက်သောဥစ္စာကို ငါတို့ဖုံးလွှမ်း၍ သုံးဆောင်ခြင်းငှါ မတတ်နိုင်ရာ၊ ဗိမ္ဗိသာရမင်းကြီးအား လျှောက်ကြားမှသင့်မည်”ဟု တိုင်ပင်လျက် ဘာရိတာတွင်ပါသော ထမင်းခွက်ကို ရွှေဖြင့်ပြည့်စေပြီး၍ မင်းကြီး၏နန်းတော်သို့ ဝင်လေ၏။

မင်းကြီးလည်း “အကြောင်းအသို့ရှိသနည်း”ဟု မေးတော်မူလျှင် “အရှင်မင်းမြတ်... ယနေ့ အကျွန်ုပ်တို့ထွန်အပ်သော လယ်ယာမြေရပ်အလုံးသည် ရွှေတုံးရွှေခဲအတိသာ ဖြစ်လာပါသည်။

(စာမျက်နှာ-၂၇၅)

ဆောင်ယူခြင်းငှါ များစွာသော လှည်းတို့ကို လွှတ်တော်မူပါ”ဟု လျှောက်၏။ မင်းကြီးက “သင်-အဘယ်အမည်ရှိသနည်း၊ အဘယ်ကောင်းမှုကို ပြုခဲ့ဘိသနည်း”ဟု မေးပြန်လျှင် “အကျွန်ုပ်ကား ပုဏ္ဏအမည်ရှိသော သူရင်းငှါးပါတည်း၊ နံနက်အခါက ဓမ္မသေနာပတိဖြစ်သော အရှင်သာရိပုတြာအား မျက်သစ်ရေ ဒန်ပူတို့ကိုလည်းကောင်း၊ တထပ်စာသော ဆွမ်းကိုလည်းကောင်း လှူဒါန်းပူဇော်ပါသည်”ဟု လျှောက်၏။

မင်းကြီးကလည်း “သင်တို့ အရှင်မြတ်အား လှူအပ်သော ဒါန၏အကျိုးဆက်ကို မျက်မှောက်ပင် ခံစားရတော့မည်”ဟု ဆို၍ မင်းချင်းတို့ကို ခေါ်ပြီးလျှင် “ယခုပေါ်သော ရွှေရတနာတို့ကို များစွာသောလှည်းတို့ဖြင့် ဆောင်ယူချေ”ဟု စေတော်မူ၏။ မင်းချင်းယောက်ျားတို့သွား၍ များစွာသော ရွှေအထုကိုမြင်လျှင် “ငါတို့အရှင် ဗိမ္ဗိသာရမင်းကြီး၏ ဘုန်းတော်ကြောင့် ပေါ်ပေါက်လာသော ဥစ္စာပေတည်း”ဟု ဆို၍ ကျုံးယူကြ၏။ လက်သို့ရောက်သောအခါ မြေအတိသာ ဖြစ်ပြန်သတည်း။

ထိုအကြောင်းကို ဗိမ္ဗိသာရမင်းကြီးအား လျှောက်ပြန်လျှင် “သင်တို့ အဘယ်သို့ဆို၍ ကျုံးသနည်း”ဟု မေး၍ “အရှင်မင်းကြီး၏ ဥစ္စာဟုဆို၍ ကျုံးပါသည်”ဟု လျှောက်လျှင် “ငါ၏ဥစ္စာ မဟုတ်ပေ၊ ပုဏ္ဏသူဆင်းရဲ၏ ဥစ္စာဟု ဆို၍သာ ကျုံးလေ”ဟု စေတော်မူ၏။ မင်းချင်းတို့လည်း မှာလိုက်သောအတိုင်းဆို၍ ကျုံးသောအခါမှ ရွှေဇာတိရ၍ လှည်းတို့၌ အပြည့်တင်ပြီးသော် မင်းရင်ပြင်သို့ဆောင်၍ ပုံထားသည်။ အစောက်အားဖြင့် အတောင်ရှစ်ဆယ် မြင့်သတည်း။

မင်းကြီးသည် ပြည်သူပြည်သားတို့ကို စည်းဝေးစေ၍ “ငါတို့ရာဇဂြိုဟ်ပြည်ဝယ် အဘယ်သူ၏အိမ်၌ ဤမျှလောက်သောရွှေ ရှိသနည်း”ဟု မေး၍ မရှိပါကြောင်းကို လျှောက်ကြလျှင် “ပုဏ္ဏကား သဌေးအရာဌာနကို ရသင့်ပေပြီ”ဟု ဆို၍ ထိုထိုသို့သော သဌေးကြီးတို့၏ အစီးအနင်း အဆောင်အရွက်ဖြစ်သော ထီး,စည်နှင့်တကွ ပေးတော်မူ၏။

ထိုအခါ ပုဏ္ဏကလည်း “အရှင်မင်းကြီး... အကျွန်ုပ်တို့သည် ဤမျှလောက်သော ကာလပတ်လုံး သူတပါးအိမ်ကိုသာ မှီ၍နေရပါသည်၊ လျောက်ပတ်သောအိမ်ကို သနားတော်မူပါဦး”ဟု လျှောက်တင်လေသော် “သင်တို့နှစ်သက်သော အရပ်၌ နေလေလော့”ဟု ခွင့်ပေး၍ ရှေးသဌေးဟောင်းတို့ နေရာတခုကို သုတ်သင်၍ နေရ၏။ ထိုပုဏ္ဏသဌေးကား လေးငါးရက်ပတ်လုံး အိမ်ကိုပြုပြင်ပြီးသော် သဘင်ကြီးစွာ ခံလျက် တပြိုင်နက်ပင် အိမ်တက်မင်္ဂလာ၊ ထီးဆောင်းမင်္ဂလာ၊ သမီးဥတ္တရာ၏ နားထွင်းမင်္ဂလာတို့ကို ပြုလျက် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော သံဃာတော်တို့အား အလှူကြီးကို ပေး၏။

ထိုအခါ မြတ်စွာဘုရားလည်း အစဉ်သောစကားဖြင့် တရားအနုမောဒနာ ပြုတော်မူသော် ဒေသနာတော်၏အဆုံး၌ သုံးယောက်သော သူတို့သည် သောတာပတ္တိဖိုလ်၌ တည်လေကုန်၏။ ထိုနေ့မှစ၍ သဌေးလင်မယားတို့သည် ဘုရားသခင်အားလည်းကောင်း၊ သံဃာတော်တို့အားလည်းကောင်း လုပ်ကျွေးခြင်းကိုပြုလျက် သီတင်းသီလ ဆောက်တည်ကြသတည်း။

သမီးဥတ္တရာ အိမ်ထောင်သည်ဘဝ

တရံသောကာလ မိမိမှီ၍နေခဲ့ရသော သုမနသဌေးကြီးက သမီးဥတ္တရာကို သားနန္ဒနှင့် ထိမ်းမြားလိုပါကြောင်းဖြင့် တောင်းလာ၏။ ထိုအခါ ပုဏ္ဏသဌေးက “ဤသုမနကား

(စာမျက်နှာ-၂၇၆)

ဘုရား,တရား,သံဃာ ရတနာသုံးပါးတို့၏ ကျေးဇူးဂုဏ်ကို မသိ၊ မိစ္ဆာဒိဋ္ဌိကြီး ဖြစ်သည်၊ ငါ့သမီးဥတ္တရာကား ရတနာသုံးပါးနှင့်ကင်း၍ မနေနိုင်၊ ထို့ကြောင့် ငါ့သမီးကို ထိုသူ၏သားနှင့် မထိမ်းမြားလို”ဟု ဆို၏။ ထိုအခါ များစွာသော အဆွေခင်ပွန်း သဌေးတို့ကလည်း “အဆွေပုဏ္ဏ.. ယောကျ်ားဟူသမျှသည် တဘဝလုံး ဤကဲ့သို့ချည်း အယူရှိသည် မဖြစ်ရာ၊ သင်သည် ဤသုမနသဌေးအိမ်ဝယ် ကပ်တွယ်မှီတင်းသဖြင့် ရှည်မြင့်စွာ နေရဖူးပေသည်၊ မိတ်ဆွေ၏အဖြစ်ကို မဖျက်ပါလင့်၊ သင့်သမီးဥတ္တရာကို မဟာမိတ် ဆက်လက်မိအောင် သုမနသဌေးသား နန္ဒအားပေးပါလော့”ဟု ဆိုကြ၏။

သဌေးပုဏ္ဏလည်း အကြိမ်ကြိမ် တောင်းပန်ကြသောစကားကို အားနာသဖြင့် “ကောင်းပါပြီ”ဟု ဝန်ခံလိုက်ပြီးမှ အချိန်းအချက် ရက်နီးသောအခါ သမီးဥတ္တရာကို ကောင်းစွာပြင်ဆင်၍ အခြံအရံနှင့်တကွ နွယ်တာလပြည့်နေ့၌ သုမနသဌေးအိမ်သို့ ပို့ရလေ၏။ ထိုသုမနသဌေးလည်း ချွေးမဥတ္တရာ ရောက်လာသောနေ့ပင် မိမိသားနှင့် ထိမ်းမြားလက်ထပ်ခြင်းကို ပြုပေ၏၊ သတို့သမီး ဥတ္တရာလည်း လင့်အိမ်သို့ရောက်၍ နှစ်ရက်သုံးရက်မြောက်ရှိလျှင် မိမိလင်ကို ရိုသေစွာခ-ယ၍ “အရှင့်သား.. အကျွန်ုပ်ကား မိဘတို့အိမ်၌ နေသောကာလ လဆန်းပက္ခ၌ လေးရက်, လဆုတ်ပက္ခ၌ လေးရက်အားဖြင့် ရှစ်ပါးသော ဥပုသ်နေ့တို့၌ အဋ္ဌင်္ဂဥပုသ်ကို ဆောက်တည်မြဲဖြစ်ပါသည်၊ ဘုရားသခင်ကိုဖူးမြင်၍ တရားတော်ကို နာမြဲဖြစ်ပါသည်။ ယခုလည်း အရှင့်သားသည် အကျွန်ုပ်အား ခွင့်သနားပါလျှင် ရှေးကာလ ပြုမြဲတိုင်းသောကုသိုလ်ကို ပြုလိုပါသည်”ဟု ခွင့်တောင်း၏။ လင်နန္ဒသဌေးကလည်း “သင့်အား ငါခွင့်မလွှတ်နိုင်”ဟု ဆို၏။

ထို့နောက် အဖန်ဖန် ခွင့်တောင်းပြန်သောကာလ “သင်တို့ဆရာ ဂေါတမကို ခ-ယဝပ်တွားသဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ပူဇော်လှူဒါန်းသဖြင့် ဥစ္စာကုန်ခန်းရုံသာ မဟုတ်လော၊ ဥပုသ်ဆောက်တည်ပါသဖြင့် ကာမချမ်းသာမြတ်သည် လစ်လပ်ရုံသာ မဟုတ်လော”ဟု ဆို၍ ဆိတ်ဆိတ်နေ၏။ ယင်းသို့လျှင် ရှင်မဥတ္တရာသည် လင့်အိမ်သို့ ရောက်သည်မှစ၍ တစုံတခုသော ဒါနသီလကိုမျှ မပြုရပဲ နှစ်လခွဲတိုင်တိုင် ရှိလေသော် မမွေ့လျော်ခြင်းဖြင့် ပြင်းစွာနှိပ်စက်သော နှလုံးရှိရကား မိဘ သဌေးတို့၏အထံသို့ တမန်စေလိုက်၏။

စာတွင် မှာလိုက်သည့်စကား

ကြီးမားသော ကျေးဇူးအရှင် မိခင်,မွေးဘတို့.. အကျွန်ုပ်ကို ယုတ်ညံ့သိမ်ဖျင်း ကျဉ်းကျပ်စွာသော ဤနှောင်အိမ်အတွင်း၌ အဘယ့်ကြောင့် သွင်းပါသနည်း၊ ဆင်းရဲလှသော သူနုပ်တို့၏အထံဝယ် တသက်ပတ်လုံး ကျွန်စာရင်းဖြင့် သွတ်သွင်း၍အပ်သော်လည်း မြတ်၏ဟု ထင်ပါသေး၏၊ ဤမျှလောက်စင် အမြင်အကျင့် ယုတ်မာသော မိစ္ဆာဒိဋ္ဌိအမျိုး၏ အိမ်သို့ပို့ခြင်းကို အကျွန်ုပ် မနှစ်သက်နိုင်ပါ၊ ဤအိမ်ကို လာသည်မှစ၍ ယနေ့ထက်တိုင်အောင်ပင် ဘုရားသခင်နှင့် သံဃာတော်တို့အား ခစားလုပ်ကျွေးရမည်ကို မဆိုသာ၊ ဖူးမြင်ပူဇော်ရုံကိုမျှ အခွင့်မရပါ-

ဟု မှာလိုက်၏။

(စာမျက်နှာ-၂၇၇)

အငှါးမယား သိရိမာ

ထိုစကားကို အဖဖြစ်သော ပုဏ္ဏသဌေးကြားလျှင် “ငါကား မှားခြင်းကြီးမှား၍ ငါ့သမီးအား နှလုံးဆင်းရဲစွာ ရှိရှာလေပြီ”ဟု အလွန်သော သနားပင်ပန်းခြင်းသည် ဖြစ်၏။ ထို့နောက်မှ အကြံရ၍ တသောင်း ငါးထောင်မျှလောက်သော အသပြာကို ထုတ်ပေးပြီးလျှင် သမီးဥတ္တရာကို ဤသို့မှာလိုက်၏။ “ချစ်သမီး... ဤရာဇဂြိုဟ်ပြည်၌ သိရိမာမည်သော ပြည့်တန်ဆာမသည် မိမိကိုယ်ခဖြင့် အသက်မွေး၏၊ တနေ့တနေ့၌ အသပြာတထောင် တထောင်ပေး၍ ပျော်ပါးရ၏။ ထိုသိရိမာကိုငှါး၍ သင့်လင်အား လုပ်ကျွေးစေ၊ သင်မူကား အလိုရှိသမျှ ဒါနသီလကို အားထုတ်၍ နေလေ”ဟု မှာလိုက်၏။

ဥတ္တရာလည်း မှာသောတမန်တို့ ရောက်၍ ဖခင်မှာလိုက်သော စကားကိုကြားလျှင် အားရဝမ်းသာဖြစ်၍ သိရိမာ အမည်ရှိသော ပြည့်တန်ဆာမကို ခေါ်ပြီးလျှင် “အဆွေမ... ငါကား ဤနှစ်လခွဲမျှလောက်ကို ဥပုသ်ဆောက်တည်လိုပါသည်။ သင်မူကား ဤတသောင်း ငါးထောင်သော အသပြာကိုယူ၍ ငါ၏လင်သဌေးကို လုပ်ကျွေးရစ်ပါ”ဟု ဆို၏။ သိရိမာလည်း “ကောင်းပါပြီ”ဟု ဝန်ခံလျှင် မိမိလင်ဖြစ်သော သဌေးအထံသို့ဆောင်၍ “အမောင်သဌေး.. ဤမိန်းမငယ်ကား အကျွန်ုပ်၏ ခင်ပွန်းမတည်း၊ ဤလခွဲကာလကို အကျွန်ုပ်ကိုယ်စား အရှင့်သားကို လုပ်ကျွေးပါလတ္တံ့၊ အကျွန်ုပ်မှာ ဘုရားသခင်၏ တရားတော်ကိုနာ၍ ဥပုသ်ဆောက်တည်ကာ နေပါရစေ”ဟု ခွင့်တောင်း၏။ လင်သဌေးလည်း အဆင်းပြင်လျာနှင့် ပြည့်စုံသော သိရိမာကိုမြင်လျှင် ချစ်ခင်တိမ်းညွတ်သော စိတ်ရှိသည်ဖြစ်၍ “ကောင်းပြီ”ဟု ခွင့်လွှတ်လိုက်၏။

ယင်းသို့ အခွင့်ရလျှင် ဥတ္တရာလည်း များစွာသော ကျွန်မတို့နှင့်တကွ အထူးထူးသော ဘောဇဉ်ကို စီရင်ပြုထားလျက် ဘုရားသခင်အထံတော်သို့ကပ်၍ “ကိုယ်တော်မြတ်သည် တပည့်သံဃာ ငါးရာနှင့်တကွ ဤလခွဲကာလကို သူတပါးအိမ်သို့ မကြွမူ၍ ဒကာတော်မအိမ်၌သာကြွ၍ ဆွမ်းဘုဉ်းပေးတော်မူပါ”ဟု ပင့်ဖိတ်၏။ ဘုရားသခင်လည်း ဝန်ခံတော်မူ၍ တနေ့မခြား ထိုဥတ္တရာ၏အိမ်၌သာ ဆွမ်းဘုဉ်းပေးတော်မူ၏။ ဥတ္တရာလည်း တရားတော်ကိုနာ၍ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ဥပုသ်ကို ဆောက်တည်ပြီးလျှင် တခုသော ပြာသာဒ်အပြင်၌သာ ကောင်းစွာနေလေ့ပြုသတည်း။

ဝါကျွတ်လပြည့် အဖိတ်နေ့သို့ ရောက်သောအခါ ရှင်မဥတ္တရာလည်း များစွာသော ကျွန်မတို့နှင့် စဖိုအိမ်ဝယ် အသွယ်သွယ်သော ခဲဖွယ်ဘောဇဉ်တို့ကို ပြုပြင်လုပ်ဆောင်လျက် နေသည်နှင့် လင်ဖြစ်သော သဌေးလည်း လေသွန်တံခါးဝ၌ရပ်၍ ရှုသဖြင့် စားမှုသောက်မှုကို ပြုပြင်နေသော ဥတ္တရာကိုမြင်လျှင် “ဤကျွန်ယုတ်မကား အလွန်မိုက်မဲလေစွတကား၊ ကြီးမားမြင့်မြတ်လှသော စည်းစိမ်ချမ်းသာကို ခံစားကာ မနေလိုပဲ ဤစဖိုအိမ်ထဲဝယ် ပြာ,အိုးမဲ အလိမ်းလိမ်းကပ်သော ကိုယ်ဖြင့် ပြိုက်ပြိုက်စီးယိုသော ချွေးရှိအောင် ဆင်းရဲလျက် ဦးပြည်းဖြစ်သော ရဟန်းဂေါတမတို့ကို လုပ်ကျွေးခြင်းငှါ ချက်ပြုတ်၍ နေဘိတကား”ဟု ကဲ့ရဲ့ရှုတ်ချလျက် သည်းစွာရယ်ရွှင်၍ တိုက်တွင်းသို့ ဝင်လေ၏။

သိရိမာယုတ်မာပုံ

ထိုသို့ ရယ်ရွှင်သည်ကို သိရိမာမြင်လျှင် “အရှင်သဌေးသည် အဘယ်ကိုမြင်၍ ရယ်ဘိသနည်း”ဟု ထိုလေသွန်တံခါးဖြင့် ရှုလတ်သော် ဥတ္တရာကိုမြင်၍ “ငါ့လင်သဌေးကို ဤမိန်းမသည်

(စာမျက်နှာ-၂၇၈)

ဖျောင်းဖျဖျက်ဆီးဟန်ရှိသည်”ဟု ကြံဘိ၍ မိမိ၏ ဇင်္ဂမဘရိယ၏အဖြစ်ကို မဆင်ခြင်ပဲ စည်းစိမ်ရှင်ကဲ့သို့ မာန်ကြွ၍ ထာဝရစည်းစိမ်ရှင်ဖြစ်သော ဥတ္တရာကို ကြီးစွာ ရန်ငြိုးထားလျက် ထောပတ်ချက်ရာသို့သွား၍ ယူပြီးလျှင် ကျိုက်ကျိုက်ဆူသော ထောပတ်ရည်ကျက်ဖြင့် ဥတ္တရာ၏အထက်၌ သွန်းလောင်းအံ့သောငှါ မှုတ်ဖြင့်ယူ၍ လာ၏။

ဥတ္တရာလည်း ထိုသို့လာသည်ကိုမြင်လျှင် “ဤခင်ပွန်းမ သိရိမာကား ငါ၏ ကျေးဇူးသခင်ဖြစ်သည်၊ ငါ့လင်သဌေးကို သူလုပ်ကျွေးပေသောကြောင့်သာ ဒါနသီလဘာဝနာကို ငါပြုခွင့်ရပေသည်၊ ယူဇနာ တသန်းနှစ်သိန်း သုံးထောင့်လေးရာ့ငါးဆယ် ကျယ်သော စကြဝဠာနှင့် သိရိမာ၏ကျေးဇူးကို စာသော် စကြဝဠာကား ကျဉ်း၏၊ သိရိမာ၏ကျေးဇူးသာ ကျယ်ဝန်း၏၊ အကနိဋ္ဌဗြဟ္မာ့ပြည်နှင့် သိရိမာ၏ကျေးဇူးကို စာသော် ဗြဟ္မာ့ပြည်ကား နိမ့်သေး၏၊ သိရိမာ၏ကျေးဇူးကား မြင့်မြတ်၏၊ ထို့ကြောင့် သိရိမာကို ငါအမျက်မရှိသင့်ပေ၊ အကယ်၍ အမျက်ရှိချေအံ့၊ ယခုလောင်းသော ထောပတ်ရည်သည် ငါ့ကို လောင်စေသတည်း၊ အကယ်၍ အမျက်မရှိမူကား ချမ်းအေးစွာသော နံ့သာရည်ပျောင်းကဲ့သို့ သွန်းလောင်းတိုင်း အေးစေသတည်း”ဟု မနောအဓိဋ္ဌာန်ဖြင့် ခံလင့်ကာနေ၏။

သိရိမာလည်း ယူလာခဲ့သော ထောပတ်ကျက်ဖြင့် ဥတ္တရာ၏ဦးခေါင်းထက်၌ သွန်းလောင်းသော် မေတ္တာအာနုဘော်အဟုန်ကြောင့် တစုံတခုမျှ ပူခြင်းသည် မရှိ၊ ပကတိသော ရေချမ်းဖြင့် ဆွတ်ဖျန်းသကဲ့သို့သာ ဖြစ်၏။ သိရိမာလည်း “ဤထောပတ်ကား အယူနှေး၍ အေးမြဟန်ရှိသည်။ တဖန်လာ၍ ငါလောင်းဦးအံ့”ဟု ကြံလျက် မြန်စွာသွား၍ ခပ်ယူပြီးလျှင် ယခင်ကကဲ့သို့ လာပြန်သော် ဥတ္တရာ၏ကျွန်မတို့က မြန်စွာထ၍ “ဟယ်မိန်းမယုတ်... သင်သည်ကား ကမ်းနားသစ်ပင်ကဲ့သို့ ဇင်္ဂမသာဖြစ်လျက် ငါတို့အရှင်မကို ဘယ်မာနဖြင့် နှိပ်စက်ဘိသနည်း”ဟု ဆို၍ ဆံထုံးကိုငင်လျက် အိမ်ပြင်၌ လှဲပြီးလျှင် သည်းစွာပုတ်ခတ်ကြကုန်၏။

ထိုကိုမြင်သောအခါ ဥတ္တရာလည်း လျင်စွာထ၍ “ငါ့ခင်ပွန်းမကို မပြုကြပါလင့်”ဟု မြစ်တား၍ ပုတ်ခတ်မိသော ဒဏ်ရာများကို ဆီနံ့သာဖြင့် ကောင်းစွာ သုတ်လိမ်းပေး၏။ ထိုအခါမှ သိရိမာလည်း မိမိ၏ ဗာဟိရ မိန်းမ၏အဖြစ်ကိုသိ၍ “ငါသည် ဝန်လေးစွာသော အမှုကို ပြုမိချေသည်တကား၊ လင်ယောက်ျား ရယ်ကာမျှဖြင့် မစ္ဆေရ ဣဿာဖြစ်၍ စင်စစ်သူတော်ကောင်းမကို ပြစ်မှားမိပေသည်တကား၊ သူ့အား ငါဝန်မချမူ ဦးခေါင်းသော်လည်း ခုနစ်စိတ် ကွဲဘိရာ၏”ဟု ကြံ၍ လွန်စွာ ထိတ်လန့်ခြင်းဖြင့် ဥတ္တရာ၏ခြေရင်း၌ ဝပ်စင်းဦးတိုက်ပြီးလျှင် “အရှင်မ... အကျွန်ုပ်ပြုမိသော အပြစ်ကို သည်းခံပါ”ဟု တောင်းပန်၏။

သိရိမာ သောတာပန်ဖြစ်ပြီ

ထိုအခါ ဥတ္တရာကလည်း “အဆွေသိရိမာ... ငါကား အဖရှိသော သမီးပေတည်း၊ ငါ၏အဖဖြစ်သော ဘုရားသခင်က သည်းခံစေလိုလျှင် သင့်ကို ငါသည်းခံအံ့”ဟု ဆို၏။ ထိုသိရိမာကလည်း “အကျွန်ုပ်သည် ဘုရားသခင်နှင့်လည်း အကျွမ်းမဝင်ပါ၊ အသို့ တောင်းပန်ရပါအံ့နည်း”ဟု ဆိုလျှင် “ဘုရားသခင်သည် နက်ဖြန်နံနက်ပင် ငါတို့အိမ်သို့ ကြွလာလတ္တံ့၊ ထိုအခါ သင်သဒ္ဓါသမျှသော အရာဝတ္ထုဖြင့် ပူဇော်၍ တရားတော်ကိုနာပြီးမှ အပြစ်ကိုပြ၍ တောင်းပန်လော့”ဟု သင်ပေး၏၊ သိရိမာကလည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ အခြံအရံဖြစ်သော

(စာမျက်နှာ-၂၇၉)

မိန်းမငါးရာတို့နှင့်တကွ အိမ်သို့သွားပြီးလျှင် ဆွမ်းဘောဇဉ်တို့ကို စီရင်ဆောင်ယူခဲ့၏။ နံနက်အရုဏ်တက်၍ ဘုရားကြွလာတော်မူသောအခါ မိမိ၏အလှူဒါနကို ဥတ္တရာအားအပ်၍ ကပ်လှူလုပ်ကျွေး၏။ ဆွမ်းဘုဉ်းပေးပြီးသော် ဘုရားသခင် ခြေတော်ရင်း၌ ဝပ်စင်းလျက် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် ဥတ္တရာအမည်ရှိသော ခင်ပွန်းမအား ယမန်နေ့က ဤမျှသောအပြစ်ကို ပြုမိပေသည်။ ထိုအပြစ်ကို လွှတ်စိမ့်သောငှါ ကန်တော့ပါသော်လည်း ကိုယ်တော်မြတ် သည်းခံစေမှ သည်းခံအံ့ဟု ဆိုပါသည်။ ထိုအပြစ်ကို သည်းခံစေတော်မူပါ”ဟု လျှောက်ထား၏။

ထိုအခါ မြတ်စွာဘုရားလည်း သိရိမာအား သူတော်ကောင်းကို ပြစ်မှားခြင်း၌ ကြီးမားသော အပြစ်ရှိသည်ကို ဟောတော်မူ၍ ဥတ္တရာကိုခေါ်ပြီးလျှင် “ချစ်သမီးဥတ္တရာ... သိရိမာသည် ကျိုက်ကျိုက်ဆူသော ထောပတ်နှင့်လောင်းလာသောကာလ အသို့နှလုံးရှိသနည်း”ဟု မေး၏။ ဥတ္တရာကလည်း “ဒကာတော်မကား သိရိမာကြောင့် ဒါနသီလကို ပြုခွင့်ရပေသည်၊ ကိုယ်တော်မြတ်ကို ဖူးခွင့်ရပေသည်၊ တရားတော်ကို နာရပေသည်။ ဤသိရိမာကား ငါ၏ ကျေးဇူးရှင်ဖြစ်ပေသည်၊ စကြဝဠာ ကောင်းကင် မြေပြင်မက ကြီးကျယ်လှသော ဂုဏ်သခင် ဖြစ်ပေသည်ဟု သိရိမာကို လွန်စွာချစ်ကြည်သော မေတ္တာစိတ်ဖြင့်သာ ခံနေပါသည်”ဟု လျှောက်သော် ကိုယ်တော်မြတ်ကလည်း ဥတ္တရာအား သာဓု သာဓု သာဓုဟု သုံးကြိမ် ကောင်းချီးပေးတော်မူ၍-

အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလိကဝါဒိနံ-

ဟူသော ဂါထာကို ကောင်းစွာ ဟောတော်မူ၏။

[အနက်ကား]ဥတ္တရေ၊ သမီးမြတ်စွာ ဥတ္တရာ။ ကောဓံ၊ ကြမ်းကြုတ်ခက်ထန် စောင်မာန် အမျက်ကြီးသောသူကို။ အက္ကောဓေန၊ အမျက်မကူ ကြည်ဖြူသာယာ မေတ္တာစကားဖြင့်။ ဇိနေ၊ အောင်ရာ၏။ အသာဓုံ၊ သူတော်မဟုတ် ယုတ်သောအကျင့်ရှိသောသူကို။ သာဓုနာ၊ နူးညံ့စင်ကြယ် တင့်တယ်ကောင်းမြတ်သော အကျင့်ဖြင့်။ ဇိနေ၊ အောင်ရာ၏။ ကဒရိယံ၊ ဝန်တိုစဉ်းလဲ စေးနှဲချုပ်ချယ်သောသူကို။ ဒါနေန၊ စွန့်ကြဲပေးကမ်း အော်အမ်းထောက်ပံ့သော အမှုဖြင့်။ ဇိနေ၊ အောင်ရာ၏။ အလိကဝါဒိနံ၊ ချွတ်လွဲဖောက်ပြန် မမှန်စကား မုသားဆိုတတ်သောသူကို။ သစ္စေန၊ မဖောက်မပြန် ဟုတ်မှန်သောစကားဖြင့်။ ဇိနေ၊ အောင်ရာ၏။

ဤသို့သော ဒေသနာကို ဟောကြား၍ သစ္စာလေးပါးကို ပြတော်မူလျှင် သိရိမာလည်း သောတာပတ္တိဖိုလ်၌ တည်လေ၏။ များစွာသော တရားနာပရိသတ်တို့လည်း အကျွတ်တရားကို မြင်ကြကုန်သတည်း။

ယင်းသို့ သိရိမာလည်း သောတာပန်အဖြစ်ကို ရပြီးသော် ရှင်တော်ဘုရားအား နက်ဖြန်အလို့ငှါ မိမိအိမ်သို့ ပင့်ဖိတ်၍ ဆွမ်းလုပ်ကျွေးပြီးလျှင် “အရှင်ဘုရား.. အကျွန်ုပ်အား သနားတော်မူပါသဖြင့် တပည့်သံဃာရှစ်ပါးကို ဤအိမ်၌ မပြတ်ဆွမ်းရပ်ပါစေ”ဟု ခွင့်တောင်း၏။ ဘုရားသခင်လည်း ပဋိညာဉ်ပေးတော်မူ၍ ရှစ်ဦးသော သံဃာတော်တို့ကို အလှည့်အလည်

(စာမျက်နှာ-၂၈၀)

လွှတ်တော်မူသတည်း။ သိရိမာလည်း တဆယ့်ခြောက်သပြာဖြင့် ဝယ်ချမ်းလျက် ဆွမ်းဘောဇဉ်တို့ကို ပြုပြင်လှူဒါန်း၏။ ဆွမ်းခံလာသော သံဃာတော်ရှစ်ပါးတို့တွင် တပါးပါး၌ ရအပ်သော ဆွမ်းစသော အာဟာရသည် သုံးလေးပါးပင် သုံးဆောင်ခြင်းငှါ လောက်၏။

လှပသော သိရိမာ

တနေ့သ၌ သိရိမာ၏အိမ်၌ ဆွမ်းခံလာသော ရဟန်းတပါးသည် သုံးယူဇနာကွာခြားသော အရပ်သို့ သွားလေသော် တဦးသော သံဃာ့ထေရ်၏ အထံသို့ဝင်၍ ကြောင်းအင်စုံစမ်း မေးမြန်းပြောဆိုကြသောအခါ သိရိမာ၏ ရုပ်ဝါဟန်ပန် ကြန်ပုံလက္ခဏာကား ဤသို့ သဘောရှိ၏။ နတ်နှင့်တကွသော လူတွင် အတူမရအောင် လှပယဉ်ကျေး၏။ သို့စင်မျှလောက်သော ခဲဖွယ်ဘောဇဉ်ဖြင့်လည်း နေ့စဉ်မပြတ် လှူပေ၏။ ကောင်းမြတ်သောဆွမ်းကို ရသောထက်လည်း သိရိမာကို မြင်ရခြင်းသည် အဆအရာ သာလွန်၍ မြတ်၏။ ဤသို့ စသည်ဖြင့် ပြောပြချီးမွမ်းလေလျှင် ထိုသံဃာ့ထေရ်ရဟန်းသည် အသိန်းအသန်းမကသော ဘဝသံသရာက ကိုယ်ခန္ဓာအတွင်း၌ ကိန်းဝပ်၍နေသော ကိလေသာမီးသည် တညီးညီးတောက်လာ၍ သိရိမာကို တခါစင်မျှ မမြင်ဖူးပဲလျက် နှလုံးထဲသို့ရောက်လာသော သတင်းစကားဖြင့် ချောက်ချားရိပွတ်လျက် မရပ်မတည်နိုင်ရှိ၍ ထိုသိရိမာကို ငါသွား၍ ရှုအံ့ဟုကြံလျက် မြန်စွာလာခဲ့၏။ ရောက်သောအခါ သိရိမာ၏အိမ်သို့ ဆွမ်းခံစာရေးတံကျသော ရဟန်းတို့နှင့်အတူတကွ သံဃာ့ထေရ်ပြု၍ ကြွလာ၏။

ထိုနေ့၌ သိရိမာလည်း ရောဂါနှိပ်စက်ဘိ၍ ပကတိသောကိုယ်ဖြင့် မတည်နိုင်ရကား ဆင်ယင်သော တန်ဆာတို့ကိုချွတ်၍ နွမ်းပါးသောကိုယ်ဖြင့်သာ အိပ်နေ၏။ သံဃာတို့ကြွလာသည်ကို ကျွန်မတို့မြင်၍ သိရိမာအား လျှောက်ကြားသော် “ငါကား မထကြွနိုင်ပြီ၊ သင်တို့သာလျှင် ရှေးအခါကဲ့သို့ ယာဂု ဆွမ်း ခဲဖွယ်တို့ဖြင့် သံဃာတော်တို့အား လုပ်ကျွေးလှူဒါန်းပါလော့”ဟု ဆို၍ ထိုကျွန်မတို့ပင် ပြုပြင်လုပ်ကျွေးရသတည်း။ မထေရ်တို့ ကြွခါနီးလတ်သော် ပူဇော်ရှိခိုးခြင်းငှာ သိရိမာကို ကျွန်မတို့သည် မ-စ-ပိုက်ချီ၍ ဆောင်ခဲ့၏။ သိရိမာလည်း ရိနွမ်းပင်ပန်းစွာသောကိုယ်ဖြင့် ရိုသေစွာ ရှိခိုးသည်ကို သံဃာ့ထေရ်မြင်လျှင် ချစ်ကျွမ်းဝင်သော ရာဂစိတ်သည် ဖြစ်လတ်၍ “ဤမိန်းမမြတ်ကား လျောက်ပတ်တင့်တယ်လေစွ၊ နှိပ်စက်သောရောဂါဖြင့် တန်ဆာမဆင်ယင်ပဲပင် ဤမျှလောက်သော ရှုဖွယ်ရှိသေး၏၊ ရှေး-ကောင်းမွန်သောအခါကမူ အဘယ်ဆိုဖွယ်ရာ ရှိပေအံ့နည်း”ဟု ကြံဆလျက် တရှိုက်မက်မက် ပြန်ခဲ့၍ ကျောင်းသို့ရောက်လျှင် ဆွမ်းဘောဇဉ်ကိုမျှ မသုံးဆောင်နိုင်၊ ငေးမှိုင်တွေဝေစွာ ဖြစ်၏။ သိရိမာလည်း ထိုညနေချမ်းအခါ၌ပင် ဝေဒနာအဟုန်ဖြင့် ကံကုန်လေ၏။

အသုဘတရားတော်

ထိုသို့ ကံကုန်ကြောင်းကို ဗိမ္ဗိသာရမင်းကြီး ကြား၍ ဘုရားသခင်ထံသို့ ကပ်ပြီးလျှင် “အရှင်ဘုရား... ဆရာဇီဝက၏ နှမအငယ်ဖြစ်သော သီရိမာသည် ကြမ္မာကုန်ချေပြီ”ဟု လျှောက်လျှင် ဘုရားသခင်လည်း “အသင်မင်းကြီး... သီရိမာ၏အလောင်းကို သင်္ဂြိုဟ်ဖုတ်ကြည်းခြင်းကို မပြုလင့်၊ သုသာန်အပြင်၌သာ ကျီး,လင်းတစာ မဖြစ်အောင် ထားရမူ များစွာ အကျိုးရှိရာ၏”ဟု မိန့်တော်မူ၏။ မင်းကြီးလည်း ဘုရားမိန့်တော်မူသောအတိုင်း သုသာန်၌ထား၍

(စာမျက်နှာ-၂၈၁)

လေးငါးရက်ရှိသော် နံစော်ညှီလှောင်း မကောင်းသော ရနံ့သည်ဖြစ်၍ ဖူးဖူးရောင်သောကိုယ်၌ ထိုထိုသို့သော အပေါက်မှ ပိုးလောက်အစုတို့သည် ယိုစီးကျထွက်ကုန်၏။

ထိုအခါ ဗိမ္ဗိသာရမင်းကြီးလည်း ရာဇဂြိုဟ်ပြည်သူပြည်သားတို့ကို “အိမ်စောင့်သာချန်ထား၍ သိရိမာအားသွား၍ ကြည့်ရှုကြချေကုန်၊ မရှုသောသူအား ရှစ်သပြာသောဒဏ်ကို ခံရလတ္တံ့”ဟု စည်လည်စေ၏။ ဘုရားသခင်ကိုလည်း သံဃာတော်အပေါင်းနှင့်တကွ ကြွ၍ သိရိမာကို ရှုတော်မူပါဟု ပင့်စေ၏။ ဘုရားကိုယ်တော်မြတ်လည်း တပည့်သံဃာတို့အား အကြောင်းကို ကြားတော်မူ၏။ ထိုအခါ သိရိမာကိုမြင်သဖြင့် ပူပင်စွာဖြစ်သော ရဟန်းကြီးသည် လေးငါးရက်တိုင်အောင်ပင် ဆွမ်းဘောဇဉ်ကိုမစားပဲ သပိတ်၌ထားသော ဆွမ်းဘောဇဉ်တို့သည် ပုပ်သိုး၍ အကျိုးမဲ့ဖြစ်သဖြင့် သီတင်းသုံးဖော်တို့ တရားပြလျက် ဖျောင်းဖျပြောဆိုပါသော်လည်း မနာယူ၊ ဘယ်အဟာရကိုမျှမစားပဲ ညောင်စောင်းကြား၌ အလျားမှောက်၍သာ နေသည်ကို သံဃာတို့က “သိရိမာအား ယခု သွား၍ရှုရမည်ဟု ဘုရားအမိန့်တော်ရှိသည်”ဟု ဆိုလျှင် ထိုရဟန်းကြီးက လျင်စွာထ၍ “အဘယ်ကို ပြောကြသနည်း”မေး၍ “သိရိမာအား ငါတို့သွား၍ ရှုရမည်”ဟု ပြောသော် အဆောတလျင်ထ၍ သပိတ်မှ ဆွမ်းကိုစွန့်ပြီးလျှင် သင့်ရာ၌ထား၍ “ယခုပင် သွားကြအံ့”ဟု အားရဝမ်းသာဆို၍ လိုက်လာ၏။

ဘုရားမြတ်စွာလည်း တပည့်သံဃာအပေါင်းနှင့်တကွ ကြွတော်မူလာ၍ သိရိမာ၏လက်ယာနံပါး၌ ရပ်တော်မူ၏။ ဘိက္ခုနီမပရိသတ် လူပရိသတ်တို့လည်း အထပ်ထပ် ဝန်းရံကာနေကြကုန်၏။ ထိုအခါ မြတ်စွာဘုရားလည်း မင်းကြီးအား ခေါ်တော်မူ၍ “ဒကာတော်မင်းကြီး.. ဇီဝက၏ နှမငယ်ဖြစ်သော ဤသိရိမာကား ရှေးသောအခါ သပြာမည်မျှ ထိုက်သနည်း”ဟု မေးတော်မူ၏။ “တနေ့ တနေ့တာကိုပင် အသပြာတထောင် ထိုက်ပါသည်”ဟု လျှောက်လျှင် “ယခုအခါ ဤသိရိမာကို အသပြာတထောင်ပေး၍ အဘယ်သူ ဝယ်ယူအံ့နည်း”ဟု မေးပြန်၏။ “အရှင်ဘုရား... ယခုအခါ အသပြာတထောင်ကို မဆိုထားဘိ၊ သက်သက်အားဖြင့် ပေး၍မျှ မယူကြလိုပါ”ဟု လျှောက်သော် ကိုယ်တော်မြတ်လည်း လျောက်ပတ်သော တရားစကားဖြင့် ဟောကြားပြသတော်မူခြင်းငှါ-

ပဿထ ဘိက္ခဝေ မဟာဇနဿ ပိယံ မာတုဂါမံ၊ ဣမသ္မိံယေဝ နဂရေ သဟဿံ ပုဗ္ဗေ လဘိံသု-

အစရှိသောစကားဖြင့် မြွက်ကြားတော်မူ၍-

ပဿ စိတ္တကတံ ဗိမ္ဗံ၊ အဒုံ ကာယံ သမုဿိတံ။
အာတုရံ ဗဟုသင်္ကပ္ပံ၊ ယဿ နတ္ထိ ဓုဝံ ဌိတိ-

ဟူသော ဓမ္မပဒဂါထာကိုလည်း ဟောတော်မူ၏။

[အနက်ကား]ဘိက္ခဝေ၊ သံသရာဘေးကို ရှုလေ့ရှိကုန်သော သူတော်ကောင်းအပေါင်းတို့။ မဟာဇနဿ၊ ရာဇဂြိုဟ်ပြည်သား လူအများသည်။ ပိယံ၊ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော။ မာတုဂါမံ၊ မာတုဂါမကို။ ပဿထ၊ ရှုကြပါကုန်လော့။ ဣမသ္မိံယေဝ နဂရေ၊ ဤရာဇဂြိုဟ်ပြည်၌ပင်လျှင်။ ပုဗ္ဗေ၊ အသက်ရှင်စဉ် ရှေးယခင်၌။

(စာမျက်နှာ-၂၈၂)

ဧကဒိဝသံ၊ တနေ့၌။ သဟဿံ၊ တထောင်မျှလောက်သော အသပြာကို။ ဒတွာ၊ ပေးမှလျှင်။ လဘိံသု၊ ရပေကုန်၏။ ဣဒါနိ ပန၊ ယခုမူကား။ မုဓာ၊ အဖိုးမကျ သက်သက်မျှလျှင်။ ဂဏှန္တောပိ၊ ယူလိုသော သူသည်လည်း။ နတ္ထိ၊ မရှိချေပြီ။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ ခယဝယပ္ပတ္တံ၊ ကုန်ခြင်းပျက်ခြင်းသို့ ရောက်တတ်သော။ နာမရူပံ၊ နာမ်ရုပ်အစုကို။ ပဿထ၊ ရှုကြကုန်လော့။

စိတ္တကတံ၊ အဝတ်တန်ဆာ ဖုံးလွှမ်းကာဖြင့် ဆန်းကြယ်စွာ ပြုအပ်သော။ ဗိမ္ဗံ၊ သဏ္ဌာန်ထုလုပ် အရုပ်နှင့်လည်း တူထသော။ သမုဿိတံ၊ အရိုးသုံးရာ ကြောကိုးရာဖြင့် ဖွဲ့ကာ စိုက်ဆောက်အပ်ထသော။ အာတုရံ၊ ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါဖြင့် ကျင်နာတုန်လှုပ်ခြင်းလည်း ရှိထသော။ ဗဟုသင်္ကပ္ပံ၊ များသောအကြံလည်း ရှိထသော။ ဝါ၊ များစွာ ဖောက်ပြန် ကြံစည်နှစ်သက် တပ်မက်ငြိတွယ်ခြင်းလည်း ရှိထသော။ အဒုံကာယံ၊ ဤခန္ဓာကိုယ်ကို။ ပဿ၊ ရှုကြပါလော့။ ယဿ၊ အကြင် ရုပ်နာမ်နှစ်ဖြာ စုဝေးရာဖြစ်သော ခန္ဓာကိုယ်၏။ ဓုဝံ၊ မြဲမြံကြာရှည်စွာ။ ဌိတိ၊ တည်ခြင်းသဘောသည်။ နတ္ထိ၊ မရှိချေတကား။

နန္ဒမာတာနှင့် ဥတ္တရာ

ဤဒေသနာကို ဟောတော်မူသောအဆုံး၌ ရှစ်သောင်း လေးထောင်သော ပရိသတ်တို့သည် အကျွတ်တရားကို မြင်ကြကုန်သတည်း။ ထိုအခါ ဥတ္တရာ၏ ခင်ပွန်းဖြစ်သော သဌေးသားနန္ဒသည်လည်း ဘုရားဟောပြသော တရားစကားကို ကြားရ၍ သတိသံဝေဂရသဖြင့် “ဥတ္တရာမသည် ငါ့အား အလွန် ကျေးဇူးရှိပေသည်၊ သူ့ကိုအမှီပြု၍ ဆင်းရဲအပေါင်း၏ ကင်းရာလမ်းကို မြင်ရပေသည်”ဟု နှလုံးထား၍ ဥတ္တရာမအား အလွန် ချစ်ခင်စုံမက် နှစ်သက်ရိုသေခြင်း ရှိသဖြင့် အမိအရာ၌တင်၍ “သင်-ဆုံးမတိုင်း လိုက်နာပါတော့မည်”ဟု ဝန်ချ၍ ပေါင်းဖက်ကြသတည်း။ ထိုအခါမှစ၍ ဥတ္တရာလည်း “နန္ဒမာတာ”ဟု အမည်တွင်သတည်း။

အင်္ဂုတ္တိုရ် အဋ္ဌကထာ, ဓမ္မပဒ အဋ္ဌကထာတို့၌-

နန္ဒမာတရံ နာမ ဥတ္တရံ ဈာယီနံ အဂ္ဂဋ္ဌာနေ ဌပေသိ-

စသည်ဖြင့် “နန္ဒမာတာ” မည်သော “ဥတ္တရာ”ဟု တယောက်တည်းဆိုသည်။ ဗုဒ္ဓဝင်ပါဠိတော်ကား-

နန္ဒမာတာ စ ဥတ္တရာ၊ အဂ္ဂါ ဟေဿန္တုပါသိကာ-

ဟူ၍ အဂ္ဂသာဝိကာအစုံ ဟောတော်မူသည်။

ဗုဒ္ဓဝင်အဋ္ဌကထာ, အပဒါန်အဋ္ဌကထာ, ဇိနာလင်္ကာရ ဋီကာတို့၌လည်း နန္ဒမာတာလည်းတယောက်, ဥတ္တရာလည်းတယောက် ဖြစ်ကြောင်းကို ဆိုသည်။ အရှင်သီလဝံသအကျော် စီရင်တော်မူအပ်သော ပါရမီခန်း၌လည်း-

နန္ဒမာတာ၊ ဥတ္တရာဟု၊
ဒကာမိန်းမ၊ တကွနှစ်စုံ၊
တရားယုံလည်း၊ ဥဿုံပရိသတ်၊
(စာမျက်နှာ-၂၈၃)
လေးပါးမှတ်လျက်၊ ချေချွတ်ပွဲတွင်၊
မည်ရည်ထင်အံ့၊ သဘင်တလင်း၊
ဤသူခင်းသည်.. ခပင်း စုံစုံစေ့စေ့တည်း-

ဟူ၍ စပ်ဆိုတော်မူသည်။

အဂ္ဂသာဝိကာ မှတ်ချက်

ရှေးရှေးသော ဘုရားတို့လက်ထက်လည်း အဂ္ဂသာဝက ရဟန်းယောက်ျားအစုံ, ရဟန်းမိန်းမအစုံ, အဂ္ဂသာဝက ဥပါသကာ ယောက်ျားအစုံ, ဥပါသိကာ မိန်းမအစုံချည်း ဖြစ်ရကား ငါတို့ဘုရား၏ အဂ္ဂသာဝိကာလည်း နှစ်ယောက်ပင် ဖြစ်သင့်သည်။ သို့ဖြစ်လျက် ပုဏ္ဏသဌေး၏သမီး ဥတ္တရာမှတပါး နန္ဒမာတာမည်သော ဥပါသိကာမကား ကျမ်းများစွာ၌ မလာမတွေ့ပြီ။ ထို့ကြောင့် ဥတ္တရာကို နန္ဒမာတာဟူသော အမည်နှင့် သာမာဝတီ၏ ဆရာဖြစ်သော ခုဇ္ဇုတ္တရာကို ဥတ္တရာဟူသော အမည်နှင့် ဆိုသည်ဟုယူမှ ယခင်ပါဠိတော်, အဋ္ဌကထာ, ဋီကာတို့နှင့် ညီညွတ်ကြတော့မည်။

၅၄။ ရူပနန္ဒာမည်သော ဇနပဒကလျာဏီ ဘိက္ခုနီမ၏ ရှေးအကြောင်းကို ပြခြင်း

ရူပနန္ဒာအမည်ရသော ဇနပဒကလျာဏီ ဘိက္ခုနီမ၏ ရှေးအကြောင်းကား- ပဒုမုတ္တရဘုရား ထင်ရှားဖြစ်တော်မူသောကာလ ဤရူပနန္ဒာ၏ အလောင်းသည် ဟံသာဝတီပြည်၌ ကြွယ်ဝလှစွာသော မဟာသုခသဌေးကြီး၏ သမီးဖြစ်၍ အရွယ်သို့ရောက်သောအခါ မြတ်စွာဘုရားအထံသို့သွား၍ တရားတော်ကိုနာသဖြင့် ဥပါသိကာမအဖြစ်သို့ ရောက်၏။

ဆုတောင်းခြင်းနှင့် ဗျာဒိတ်တော်

တရံသောအခါ မြတ်စွာဘုရားသည် ဈာန်ဝင်စားခြင်း၌သာ လွန်စွာမွေ့လျော်သာ ဘိက္ခုနီမတဦးအား ဧတဒဂ်အရာ၌ထား၍ မြှောက်စားတော်မူသည်ကို မြင်သဖြင့် ဤအရှင်မကဲ့သို့ ဖြစ်ရအောင် ငါဆုတောင်းအံ့ဟု ကြံလျက် သံဃာတို့၏ ကျောင်းအာရာမ်ကို ဆောက်လုပ်လှူဒါန်း၏။ ဆွမ်းသင်္ကန်းတို့ဖြင့်လည်း လုပ်ကျွေးပြုစု၏။ အိမ်သို့ ရောက်လာကုန်သော အလှူခံတို့အားလည်း များစွာ ပေးလှူစွန့်ကြဲ၏။ ကုသိုလ်ပြုတိုင်း ပြုတိုးင်လည်း “ဈာနာဘိရတ ဧတဒဂ်ရသော ထေရီမကဲ့သို့ နောင်ဘုရားရှင်တို့၏ သာသနာ၌ ဖြစ်ရပါလိုသော”ဟု ဆုတောင်း၏။

ပဒုမုတ္တရဘုရားလည်း ရှေးရှေးသောသူများကဲ့သို့ နောင်လားကို ရှုတော်မူ၍ ပြည့်စုံလတ္တံ့သည်ကို မြင်တော်မူလျှင် “အချင်းဥပါသိကာမ.. သင်သည် ယခုပြုရသော ပုည ပတ္ထနာဝိသေသကြောင့် ဘဝများစွာ သံသရာဝယ် ချမ်းသော အမျိုး၌သာဖြစ်၍ သာရကမ္ဘာ၏နောက် တသိန်းမြောက်အကျ၌ ဘဒ္ဒကမ္ဘာဖြစ်သောအခါ ဥက္ကာကရာဇ် နွယ်မြစ်တော်ရင်း မင်းတို့ဇာတိမှ ဂေါတမအနွယ်ရှိသောဘုရား ထင်ရှားပွင့်တော်မူလိမ့်မည်၊ ထိုအခါ သင်သည် ဘုရားသခင်၏နှမ ဇနပဒကလျာဏီအမည်ရှိသော ဘိက္ခုနီမဖြစ်၍ ဈာနာဘိရတ ဧတဒဂ်ကို ရလတ္တံ့”ဟု ဗျာဒိတ်စကား ကြားတော်မူ၏။

(စာမျက်နှာ-၂၈၄)

ဥပါသိကာမလည်း အနှစ်တသိန်း ကာလပတ်လုံး ဘုရားသခင်အား ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေးလျက် အသက်အတိုင်းနေ၍ စုတေလေသော် တာဝတိံသာနတ်ပြည်၌ သိကြားမင်း၏ မိဖုရားသည် အကြိမ်တထောင်ဖြစ်၏။ ထိုမှသည် တုသိတာနတ်ပြည်ဝယ် နတ်မင်းကြီးတို့၏ မိဖုရားသည် အကြိမ်များစွာ ဖြစ်၏။ ထိုမှသည် နိမ္မာနရတိ, ပရနိမ္မိတဝသဝတ္တီဘုံ၌ အလုံးစုံသောနတ်တို့၏ စည်းစိမ်ချမ်းသာကို ခံစားရ၏။ ထိုမှတဖန် လူ့ပြည်သို့လာပြန်သော် ကျွန်းရံနှစ်ထောင်နှင့်တကွ လေးကျွန်းလုံးကို အစိုးရသော စကြဝတေးမင်း၏မိဖုရား အကြိမ်တထောင်ဖြစ်ရ၏။ ပဒေသရာဇ် ဧကရာဇ်မင်းတို့၏ မိဖုရားဖြစ်သည်ကား မရေမတွက်နိုင်ပြီ။

ယင်းသို့ လူ့ပြည်နတ်ပြည် ကျင်လည်ကာလာခဲ့၍ ဤဘဒ္ဒကမ္ဘာဝယ် ကောဏာဂုံဘုရား ပွင့်တော်မူသောအခါ ဗာရာဏသီပြည့်ရှင် မင်းကြီး၏ မိဖုရားဖြစ်၍ ဘုရားအမှူးရှိသော သံဃာတော်တို့၏ မှီခိုရန် ကျောင်း,ကန်,ပြာသာဒ်, ဇရပ်,ဥမင်တို့ကိုလည်း ပြုပြင်လှူဒါန်း၏။ သီတင်းသီလတို့ကိုလည်း နိစ္စမပြတ် ဆောက်တည်၏။

နောက်ဆုံးဘဝ

ထိုမှတဖန် စုတေပြန်သော် လူ့ဌာန်နတ်ပြည် ကျင်လည်ခဲ့၍ ငါတို့ဘုရား ဖြစ်တော်မူချိန်နီးသောအခါ မယ်တော် မဟာပဇာပတိ ဂေါတမီ၏ဝမ်း၌ စွဲလမ်းသန္ဓေ တည်နေ၍ ဖွားမြင်လာသတည်း။ အမည်မှည့်သောအခါ သာကီဝင်မင်းမျိုးတို့၏ နှစ်လိုစုံမက်ဖွယ် တင့်တယ်လှပသော အဆင်းအရောင်ရှိရကား ရူပနန္ဒာဟူသောအမည်ကို မှည့်၏။

(ထိုမင်းသမီးကား ဘုရားအလောင်းထက် သုံးနှစ်ကြီးသည်၊ နန္ဒမင်းသားကား ငါးရက်ကြီးသည်။)

မင်းသမီးလည်း အစဉ်အတိုင်းကြီးပွား၍ အရွယ်သို့ ရောက်သောအခါ လွန်စွာထွန်းပသော အပြင်အလျာဖြင့် ငါးဖြာသော ကောင်းခြင်းနှင့် ပြည့်စုံရကား ယသောဓရာမှ တပါးသော မိန်းမတို့သည် မမျှမယှဉ်နိုင်ပဲ လွန်ကဲသော အဆင်း အသရေ ရှိသည်ဖြစ်၍ ဇနပဒကလျာဏီ ဟူသောအမည်ဖြင့် သမုတ်လျက် ကြီးစွာသော နန်းပြာသာဒ်၌ လျောက်ပတ်တင့်တယ် အရွယ်တူမျှသော မင်းမိန်းမအပေါင်း ခြံရံလျက် နတ်သမီးကဲ့သို့ ကြီးမြတ်သော လူမင်းစည်းစိမ်ကို ခံစားရသတည်း။

လက်ထပ်မင်္ဂလာပွဲ

အထက်က ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်လည်း ဘုရားသခင် ကပိလဝတ်ပြည်သို့ ကြွလည်စံနေတော်မူသောအခါ ခမည်းတော် သုဒ္ဓေါဒနမင်းတရားက “ငါ့သားတော်အကြီးသည် ရွှေထီးရွှေနန်းကို စိုးအုပ်တော်မူ၍ မင်းမလုပ်သည် မှန်ပြီ၊ သားတော် မင်းနန္ဒကိုသာ ဘေးလောင်းတော် ဥက္ကာမုခတို့ကဲ့သို့ မောင်ရင်းနှမ စုံဖက်၍ ငါ့အရိုက်အရာကို ခံစေအံ့”ဟု ကြံပြီးလျှင် ကြီးစွာသော မင်္ဂလာလက်ထပ်ပွဲကို စီရင်စဉ် ဘုရားသခင်က နန္ဒမင်းသားကို ခေါ်တော်မူ၍ ရဟန်းပြုတော်မူလေသော် နှမတော် ဇနပဒသည် မောင်တော်ဘုရား၌ များစွာ မကြည်မသက် ရှိတော်မူ၏။

(စာမျက်နှာ-၂၈၅)

ရဟန်းမ ပြုပြီ

ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ပရိနိဗ္ဗာန်စံလေသည့်နောက် မယ်တော် ဂေါတမီမိဖုရားလည်း ငါးရာသော သာကီဝင်မင်းသမီးတို့နှင့်တကွ ဘုရားသာသနာ၌ ရဟန်းပြုလေသော် သမီးတော် ဇနပဒကလျာဏီသည် ဤသို့ အကြံဖြစ်၏။ “ငါ၏ မောင်တော်အကြီးဖြစ်သော သိဒ္ဓတ်မင်းသားသည်လည်း သိကြားမင်း၏ စည်းစိမ်နှင့်တူသော မင်း၏စည်းစိမ်ကို ပယ်သန်း၍ ရဟန်းပြုတော်မူသဖြင့် သဗ္ဗညုတအစစ် ဓမ္မရာဇ်မှန်ကူ ဖြစ်တော်မူပြီ၊ ငါ့တူရင်းချာ ရာဟုလာသည်လည်း စကြာမင်းဖြစ်လတ္တံ့သော ဘုန်းတန်ခိုးရှိလျက် ထိုစည်းစိမ်ကို မငဲ့ကွက်ပဲ ဘုရားဘက်သို့ ပါချေပြီ၊ ငါကိုးစားရာ တအူချာဆင်း လင်ရင်းဥပရာဇ် ဖြစ်တော်မူသော မောင်တော်မင်းနန္ဒလည်း ငါ့အားမညှာ မပြန်လာပဲ ရဟန်းပြုကာ နေရှာလေပြီ၊ ဤအပေါ်တွင် မယ်တော်ဘုရား ငါ့ထိပ်ထားလည်း သူ့သားများအသွင် ရဟန်းခွင်သို့ ဝင်လေပြီ၊ ဤနန်းမ၌ ငါချည်းသာနေသဖြင့် အဘယ်အကျိုး ရှိတော့အံ့နည်း၊ ယခုပင်သွား၍ မယ်တော်များနှင့်အတူ နေတော့အံ့”ဟု ကြံ၍ အခြွေအရံဖြစ်သော ကိုယ်လုပ်မောင်းမတို့နှင့်တကွ ရာဇဂြိုဟ်ပြည်သို့ လာခဲ့၍ ရောက်သောအခါ မယ်တော်ထံမှာပင် လူဝတ်ဖြင့် နေ၏။

ခုနစ်ရက်, ရှစ်ရက် ရှိသောအခါဝယ် မယ်တော် ဂေါတမီလည်း ဤသို့ဆုံးမ၏။ “ချစ်သမီး... သင်သည် မြတ်လှစွာသော သာကီဝင် မင်းမျိုးတို့၌ဖြစ်၍ မောင်ချစ်ဘုရားသို့ အတူလိုက်သော အဆင်းရှိ၏၊ ကြင်ဖော်ရင်းဖြစ်သော မင်းနန္ဒနှင့်လည်း အတူတကွ မနေရပဲ နန်းပွဲသဘင်ဝယ် အဘယ့်ကြောင့် တယောက်တည်း နေချင်ဘိသနည်း၊ အရွယ်ကောင်းခြင်းသည် အိုမင်းရင့်ရော်ခြင်းလျှင် အဆုံးရှိ၏။ တင့်တယ်သော အဆင်းပြင်လျာသည် အနာရောဂါ နှိပ်စက်ခြင်းလျှင် အဆုံးရှိ၏။ အသက်ဟူသော ဇီဝိတိန္ဒြေသည် သေမင်းဟူသော ရန်သူလျှင် အဆုံးရှိ၏။ အညစ်အကြေးတို့၏ စုဝေးရာဖြစ်သော ဤကိုယ်တင့်တယ်သဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လောကသုံးဘုံဝယ် တစုံတယောက်သောသူမျှ အတူမရသော ရူပကာယသမ္ပတ္တိ ဣဿရိယ သိရီ ကာမ စသည်ကျေးဇူး ဂုဏ်အထူးနှင့် ပြည့်စုံတော်မူသော မောင်တော်ဘုရားကိုသာ ရှုပါလော့၊ သို့စင်တေဇော် အာနုဘော်နှင့် ပြည့်စုံသော မောင်တော်ထိပ်ပန်းမှ ရဟန်းပြုပေသေး၏တကား”ဟု ပြောဆိုဆုံးမသော် ဇနပဒကလျာဏီလည်း သာသနာ၌ သဒ္ဓါကြည်ညွတ်သော စိတ်ဖြစ်၍ မယ်တော်ထံ၌ ရဟန်းပြုလေ၏။

ဇနပဒကလျာဏီချွတ်ခန်း

ရဟန်းအဖြစ်ကို ရပြီးသော် “မောင်တော်ဘုရားသည် လှပသော အဆင်းရှိသောသူ၏ ကိုယ်ခန္ဓာကို အပြစ်ရှာ၍ ကဲ့ရဲ့တတ်သည်၊ အနိစ္စ ဒုက္ခ အနတ္တသဘော, အသုဘသဘောသို့တင်၍ ရှုတ်ချတတ်သည်ဟု အဆင့်စကားကြား၍ ငါ၏ အဆင်းကိုလည်း အပြစ်ဖွဲ့၍ ကဲ့ရဲ့လတ္တံ့သည်”ဟု စိုးရိမ်ရကား ဘုရားအထံတော်သို့လည်း မချဉ်းကပ်၊ မိမိနေအပ်သော ကျောင်းအနီးအပါးသို့ ဘုရားကြွလာလျှင်လည်း ပုန်းရှောင်ကွယ်ဝှက်၍သာ နေ၏။ ဘိက္ခုနီမတို့ ဘုရားထံ၌ သြဝါဒခံအလှည့်ကျလျှင် မိမိအလုပ်အကျွေးဖြစ်သော ဘိက္ခုနီမကိုသာ စေလွှတ်၏။

ဘုရားသခင်လည်း နှမတော် ရူပနန္ဒာ၏ အဆင်းအင်္ဂါကိုမှီ၍ မာန်ယစ်သော အခြင်းအရာကို သိတော်မူသဖြင့် “ဘိက္ခုနီမသံဃာတို့သည် ဩဝါဒခံ အလှည့်ကျသောနေ့၌ သူတပါးကို

(စာမျက်နှာ-၂၈၆)

မစေလွှတ်လင့်၊ ကိုယ်တိုင်လာ၍ ဩဝါဒခံစေ၊ မခံလာသော် ပါစိတ်အာပတ်သင့်စေ”ဟု ပညတ်တော်မူ၏။ ထိုအခါ ရူပနန္ဒာလည်း အာဏာတော်ကို မဆန်ဝံ့ရကား နောက်အလှည့်ကျသောအခါ မြတ်စွာဘုရားထံသို့ ဩဝါဒခံ လာရ၏။ လာသော်လည်း တပါးသော ဘိက္ခုနီမတို့၏ နောက်ကသာ ကွယ်ဝှက်ကာ နေသတည်း။

ဘုရားသခင်လည်း နှမတော် ဇနပဒ၏ မာနတည်းဟူသော တံခွန်ကို တွန်းလှန်ချိုးဖျက်တော်မူခြင်းငှါ လူ့ရွာနတ်ခွင်၌ မမြင်ဖူးအောင် ထူးဆန်းလှပသော မိန်းမငယ်၏သဏ္ဌာန်ကို ဖန်ဆင်းတော်မူ၍ ခြေရင်း၌ ရွှေယပ်,ငွေယပ်တို့ဖြင့် ယပ်ခတ်လျက် နေစေ၏။ ထိုဖန်ဆင်းသော မိန်းမကို ပရိသတ်တို့နှင့်တကွ မြင်ရသတည်း။

ရူပနန္ဒာလည်း ထိုမိန်းမငယ်ကိုမြင်လျှင် ကြံဆင်ခြင်လတ်သည်ကား- ဤလောက၌ ငါ့ထက်သာ၍ အဆင်းအဝါလှသူ မရှိပြီဟု ထင်ပေသည်၊ ဤမိန်းမနှင့် ငါ့ကိုစာမူ ကေသရာဇာ ခြင်္သေ့မင်း၏အပါး၌ သွားလာသော မြေခွေးငယ်ကဲ့သို့သာ ဖြစ်ချေသည်၊ အံ့ဖွယ်သရဲ မမြင်ဖူးမြဲသော အဆင်းအဝါကို မြင်ရပေသည်၊ ဤလူ၏မျက်စိကို ရခြင်းသည် အကျိုးရှိပေစွတကား၊ မောင်တော်ဘုရားလည်း သို့လောက်စင် လှပတင့်တယ်သော မိန်းမ၏ အလုပ်အကျွေးကို ခံသေး၏တကား၊ ငါ-မှားသောနှလုံးဖြင့် ပုန်းရှောင်နေမိပေသည်ဟု ကြံအောက်မေ့လေ၏။

ထိုသို့ကြံစဉ်တွင်ပင် ဖန်ဆင်းသော မိန်းမသည် ဘုရားအထံမှခွါ၍ ရူပနန္ဒာ၏အနီးသို့ ကပ်လာသော် အလွန်ကြင်နာစုံမက် နှစ်သက်သောစိတ်ရှိရကား “တမဟံ ဧဟိ သုဘာဂေ”စသော ဂါထာဖြင့် ပျူငှါလင့်၏။

အဓိပ္ပါယ်ကား—“ဖွံ့ထွားမွေ့ညက် ပြိုးပြက်အရောင် လောင်ဘနန်းမျှ တင့်တယ်လှပသော ညီမချစ်.. သင်ကဲ့သို့မူ ငါတို့လူတွင် တခါစင်မျှ မမြင်ဖူးပေ၊ ရူးမူးစရာ သင်ကလျာသည် ဘယ်ရွာဌာန ဘယ်ကနွယ်စစ် ဖြစ်ပေသနည်း၊ မြင်ကတည်းက အဆအရာ ကြင်နာပါ၏၊ ငါ၏ရင်ခွင် တင်အပြင်၌ မုဟုတ်မျှစင် ရွှင်ပမြူးကာ စက်လှည့်ပါလော့”ဟု ခေါ်ဆို၏။ ထိုနိမ္မိတမိန်းမလည်း ပိယပါစာဖြင့် သာယာစွာတုံ့ပြန်လျက် ရင်ခွင်ထက်၌ အိပ်စက်တုံလေ၏။ ယင်းသို့ အိပ်ခိုက်တွင် နဖူးပြင်၌ ဝက်ခြံအနာသည်ပေါက်၍ တောက်သစ်စမီးကဲ့သို့ တခဏချင်း ကြီးပွါးသဖြင့် တညည်းတွားတွားသောကိုယ်သည် ဖြစ်၏။ ထိုမှတဖန် ပွားစီးပြန်သဖြင့် အလွန်ကြီးကျယ်သော အိုင်းအမာသည်ဖြစ်၍ အညစ်အကြေး ပြည်သွေးအတိ ယိုစီးလျက် ငြီးငွေ့စက်ဆုပ်ဖွယ်သော အပုပ်နံ့သည် လှိုင်လာ၏။ ကိုယ်ခန္ဓာလည်း အိုဆာကြုံချောက်လျက် မှဲ့ပြောက်အမျိုးမျိုး နံရိုးပြိုင်းရရိုင်းထလျက် ခံတွင်းမှ သွေးပြည်တို့သည်လည်း အန်ကုန်၏။ မျက်နှာနှုတ်ခမ်းလည်း ရောင်ရမ်းတက်ကြွ၍ ဥဒ္ဓုမာတက ဝိနီလက လက္ခဏာသည် ဖြစ်၏။ ထိုနိမ္မိတမိန်းမသည် အလွန်တုန်ယင် ဘဝင်ဆူလှိုက် ရှူရှိုက်ပန်းမောလျက် မမြင်ဝံ့ဖွယ်သော ဆင်းရဲဝေဒနာကိုခံလျက် အဖန်တလဲလဲ မြည်တမ်းသည်ကား-

အဟံ၊ ငါသည်။ ဒုက္ခေန၊ နာခြင်းအိုခြင်းဟူသော ဆင်းရဲဖြင့်။ ဒုက္ခိတာ၊ ပင်ပန်းခြင်းသို့ ရောက်သည်။ ဟောမိ၊ ဖြစ်၏။ ဝေဒနာ၊ ဆင်းရဲဝေဒနာတို့သည်။ ဖုသယန္တိ၊ ပြင်းစွာ နှိပ်စက်ကုန်၏။ မဟာဒုက္ခေ၊ ကြီးစွာသော ဆင်းရဲအလယ်၌။ နိမုဂ္ဂါ၊ မွန်းနစ်သည်။

(စာမျက်နှာ-၂၈၇)

အမှိ၊ ဖြစ်၏။ သခီ၊ အို..ခင်ပွန်းမ။ မေ၊ အကျွန်ုပ်၏။ သရဏံ၊ ကိုးကွယ်ရာသည်။ ဟောဟိ၊ ဖြစ်ပါလော့။

ဤသို့ သနားစဖွယ် လှယ်ပယ်ယောင်ယမ်း မြည်တမ်းတသသောအခါ ရူပနန္ဒာလည်း လွန်စွာသော ကရုဏာစိတ် ရှိသည်ဖြစ်၍ မြွေဆိပ်ဖြင့် လတ်တလောဖမ်းသောသားကို ပိုက်ဖြား၍ မြည်တမ်းသော မိခင်ကဲ့သို့ ရင်တီးလက်မ တ-သမြည်တမ်းခြင်းငှါ “ကုဟိံ ဝဒနသောဘံ တေ” စသော ဂါထာတို့ကို ဆို၏။

[အနက်ကား]သုဘဂေ၊ အလွန်တင့်တယ် ရှုချင်ဖွယ်သော သတို့သမီး။ တေ၊ သင်၏။ ဝဒနသောဘံ၊ တင့်တယ်သော မျက်နှာသည်။ ကုဟိံ၊ အဘယ်မှာနည်း။ တေ၊ သင်၏။ တုင်္ဂနာသိကာ၊ ပန်းဆိုင်းပုံသင့် မြင့်သော နှာခေါင်းသည်။ ကုဟိံ၊ အသို့ဖြစ်ဘိသနည်း။ တေ၊ သင်၏။ တမ္ဗဗိမ္ဗဝရောဋ္ဌံ၊ နီမြန်းလှစွာသော ကျီးအာသီးမှည့်နှင့်တူသော နှုတ်ခမ်းသည်။ ကုဟိံ၊ အသို့ခုခါ ဖြစ်ရှာဘိသနည်း။ တေ၊ သင်၏။ ဝဒနံ၊ ကြာတိုက်သဖွယ် မွှေးကြွယ်လှသော ခံတွင်းသည်။ ကုဟိံဂတံ၊ အဘယ်သို့ သွားရှာဘိသနည်း။ သသီနိတံ၊ ပန္နရသီ ရက်ဆီပြည့်ထွန်း လဝန်းသဖွယ် လွန်တင့်တယ်သော။ ဝဏ္ဏံ၊ အရောင်အဆင်းသည်။ ကုဟိံ၊ အဘယ်သို့သာ ပျောက်ပါဘိသနည်း။ ကမ္ဗုဂီဝါ၊ ရွှေမုရိုးစည်နှင့်တူသော လည်သည်။ ကုဟိံဂတာ၊ အဘယ်သို့သာ ဖြစ်ရှာသနည်း။ ဒေါလောလုလ္လာဝ၊ ရွှေဧယာဉ် လွှဲသကဲ့သို့ တနွဲ့နွဲ့တင့်တယ်သော။ တေ၊ သင်၏။ ကဏ္ဏာ၊ နားနှစ်ဖက်တို့သည်။ ကုဟိံဂတာ၊ အဘယ်သို့သာ သွားရှာလေသနည်း။ ဝေဝဏ္ဏံ၊ ရှေးနှင့်မတူ အမူဖောက်ပြန် မှောက်လှန်သော အဆင်းသို့။ သမုပါဂတာ၊ မကြာမျက်မှောက် ရောက်ခဲ့ပြီတကား။

မကုဠခါရကာကာရာ၊ ဖြုနစ်ရင့်မုံ ပန်းငုံသီးနု သဏ္ဌာန်ရှိကုန်သော။ ပယောဓရာ၊ ရင်ဦးရတနာ ပန်းနှစ်မွှာတို့သည်။ ဣဒါနိ၊ ယခုအခါ၌။ ကလိကာဝ၊ သီးရင့်တမျှ ရှုံ့တွတွဲ့တွဲ့ အိခဲ့ကုန်ပြီတကား။ ပဘိန္နာ၊ ပေါက်ပြဲပျက်စီးကုန်သည်ဖြစ်၍။ ပူတိကုဏပါ၊ အကောင်ပုပ်ကဲ့သို့ စက်ဆုပ်ရွံရှာဖွယ် ရှိသည်ဖြစ်၍။ တွံ၊ သင်သည်။ ဒုဋ္ဌဂန္ဓိတ္တံ၊ မကောင်းသော အနံ့ရှိသည်၏အဖြစ်သို့။ အာဂတာ၊ ရောက်ရှာခဲ့ပြီတကား။

ဝေဒိမဇ္ဈာဝ၊ ရွှေပွတ်တိုင်သဖွယ် တင့်တယ်လှသော။ သုဿောဏီ၊ ပန်းစီးသဖွယ် တင့်တယ်သော ခါးသည်။ သူနာဝ နီတကိဗ္ဗိသာ၊ စည်သို့တဖြောင့် တောင့်တင်းကြမ်းမာ၏။ အမဇ္ဈဘရိတာ၊ မစင်ဖြင့် ပြည့်သည်။ ဇာတာ၊ ဖြစ်၏။ ရူပံ၊ အဆင်းသည်။ အဟော အသဿတံ၊ ဪ.. မမြဲချေစွတကား။ သဗ္ဗံ၊ အလုံးစုံသော။ သရီရသဉ္ဇာတံ၊ ကိုယ်ကိုမှီ၍ဖြစ်သော။ ပူတိဂန္ဓံ၊ ပုပ်နံ့တကြိုင်ကြိုင်လှိုင်သော။ ဘယာနကံ၊ အလွန် ကြောက်မက်ဖွယ်ရှိသော။ သုသာနမိဝ၊ သူကောင်ဖုတ်သော သုသာန်ပြင်ကဲ့သို့။ ဗိဘစ္ဆံ၊ မတင့်တယ်လေစွတကား။ ယေ ဗာလာ၊ အကြင်သူမိုက်တို့သည်။ ယတ္ထ၊ အကြင် မတင့်တယ်သောကိုယ်၌။ သုဘံဣဝ၊ တင့်တယ်လှပသကဲ့သို့။ ပဿိယ၊ ထင်မှတ်ရှုစား၍။ ရမန္တေ၊ မွေ့လျော်ယောင်ယမ်းကုန်ဘိ၏။

(စာမျက်နှာ-၂၈၈)

တရားနာရပြီ

ဇနပဒကလျာဏီလည်း ဤဂါထာတို့ဖြင့် လွန်စွာ မြည်တမ်းဆိုတလျက် ထိုမိန်းမ၏အပါးမှခွါ၍ “ငါ၏ ခန္ဓာကိုယ်သည်လည်း ဤကဲ့သို့ပင် စင်စစ်မုချ ဖြစ်အံ့သည်တကား၊ ဤသို့ဖြစ်လျက် အဆင်းအရောင်ကိုမှီ၍ ငါ-မာန်ယစ်မိသည်တကား၊ မှားခြင်းကြီး မှားလေစွ၊ မောင်ကြီးဘုရားသည် ဤသို့သောတရားကို မြင်တော်မူ၍ ဇမ္ဗူတသောင်း မြေညောင်းမတတ် ခံစားအပ်သော နတ်မင်းစည်းစိမ်ကဲ့သို့သော စည်းစိမ်ချမ်းသာကို ပယ်ခွါသန်း၍ ရဟန်းပြုပေသည်တကား၊ ဘုရားဘုန်းခေါင်ကို ငါရှောင်ကွင်းခြင်းသည် ရှုံးခြင်းကြီး ရှုံးလေစွတကား”ဟု အောက်မေ့လျက် ဘုရားရွှေမျက်နှာတော်ကို ဖူးမြော်၍ ကြည့်၏။

ထိုသို့ကြည့်လျှင် ဘုရားသခင်လည်း “နှမတော် ဇနပဒ... ယခုရအပ်သော ငါတို့ခန္ဓာကား ကိုးဆယ့်ခြောက်ဖြာသော ဘေးရောဂါတို့ဖြင့် နာကျင်တုန်လှုပ်ခြင်း ရှိ၏၊ အပုပ်အစပ် မပြတ်သော အညစ်အကြေးတို့၏ စုဝေးပေါင်းရုံးရာလည်း ဖြစ်၏၊ ယုတ်မာသော အကုသိုလ်တရားတို့၏ ပွားစီးစည်ပင်ရာလည်း ဖြစ်၏၊ မြွေသေကောင်ကို လှောင်သော အိုးကဲ့သို့ ပုပ်သိုးသော အနံ့အတိသာ လှိုင်၏၊ ထိုသို့သော ခန္ဓာကိုယ်ကို သူမိုက်တို့သာလျှင် အလွန်စုံမက် နှစ်သက်တပ်ငြိခြင်း ရှိ၏”ဟု ပြတော်မူခြင်းငှါ-

အာတုရံ ကုဏပံ ပူတိံ၊ ပဿ နန္ဒေ သမုဿယံ-

အစရှိသော ဒေသနာကို ဟောတော်မူသည်။

ထို့နောက်မှ နိမ္မိတဖြစ်သော မိန်းမသည် ဖူးရောင်ပေါက်ပြဲ အက်ကွဲယိုကျသော အရေအသားရှိလျက် အရိုးအတိသာ ထင်စွာဖြစ်ပြန်၏။ ယင်းသို့ဖြစ်သည်ကို ရူပနန္ဒာမြင်သော် မရွှင်သောနှလုံးဖြင့် ယူကျုံးမရ သံဝေဂဖြစ်ခြင်းရှိလျက် မိမိကိုယ်၌လည်း ထို့အတူ ငြီးငွေ့ရွံရှာခြင်း ဖြစ်၏။ ထိုသို့ ဖြစ်သည်ကို ဘုရားသခင် သိမြင်တော်မူ၍-

အဋ္ဌီနံ နဂရံ ကတံ၊ မံသလောဟိတလေပနံ။
ယတ္ထ ဇရာ စ မစ္စု စ၊ မာနော မက္ခော စ ဩဟိတော-

ဟူသော ဒေသနာကို ဟောတော်မူသည်။

[အနက်ကား]ရူပနန္ဒေ၊ ရူပနန္ဒာ သညာမည်ခေါ် နှမတော်။ အယံ ကာယော၊ ဤခန္ဓာကိုယ်သည်။ အဋ္ဌီနံ၊ သုံးရာသော အရိုးတို့ဖြင့်။ ဥဿာပေတွာ၊ စိုက်ထောင်၍။ နဂရံ၊ မြို့ကို။ ကတံ၊ ပြုအပ်၏၊ မံသလောဟိတလေပနံ၊ တလက်ဆွမ်းမျှသော သံသရဏသွေး, တတုံမျှလောက်သော အသံသရဏသွေး, စိုစွတ်သော သားတစ်ကိုးရာတို့ဖြင့် လိမ်းကျံကာ တည်၏။ ယတ္ထ၊ အကြင်ခန္ဓာကိုယ်၌။ ဇရာ စ၊ အိုခြင်းသည်လည်းကောင်း။ မစ္စု စ၊ သေခြင်းသည်လည်းကောင်း။ မာနော စ၊ ထောင်လွှားခြင်းသည်လည်းကောင်း။ မက္ခော စ၊ သူကျေးဇူးကို ခြေခြင်းသည်လည်းကောင်း။ ဩဟိတော၊ တည်၏။

ထိုမှတပါး “စရံ ဝါ ယဒိ ဝါ တိဋ္ဌံ၊ နိသိန္နော ယဒိ ဝါ သယံ” အစရှိသော သုတ်ဒေသနာကိုလည်း ဟောတော်မူ၏။

(စာမျက်နှာ-၂၈၉)

ရဟန္တာဖြစ်၍ ဧတဒဂ်ရပုံ

ဤသို့သော ဒေသနာကို ကြားနာရလျှင် နှမတော် ရူပနန္ဒာလည်း ပါရမီရှိသသူ ဖြစ်ရကား အားသစ်သော ဝိပဿနာဇော၏နောက်၌ အရဟတ္တဖိုလ်သို့ ရောက်လေ၏။ တပါးသော ဘိက္ခုနီမတို့သည်လည်း အကျွတ်တရားကို ရကြသည် များ၏။ ယင်းသို့ ရဟန္တာဖြစ်ပြီးသော် ဆုံးမတော်မူသော ဩဝါဒကိုခံလျက် ရူပဈာန် အရူပဈာန်တို့၌သာ လွန်စွာ အားထုတ်ရသဖြင့် ဈာနလာဘီ ပုဂ္ဂိုလ်တို့ထက် သာလွန်ထူးမြတ်စွာ ဖြစ်၏။ ထို့ကြောင့် သာဝတ္ထိပြည်သို့ ရောက်သောအခါ ထိုရူပနန္ဒာကို ဈာယိနီဧတဒဂ်အရာ၌ ထားတော်မူသတည်း။

ဇနပဒကလျာဏီဝတ္ထု မှတ်ချက်

ပါဠိတော်၌ ထင်စွာလာသည်ကို အဋ္ဌကထာဆရာတို့ မဖွင့်ကြ၊ အနုတ္တာနကိုသာ ဖွင့်ကုန်သည်ဖြစ်၍ အဋ္ဌကထာတို့၌ သင်္ခေပသာရှိသည်။ ထိုအတိုင်းသာ ဆရာစဉ်ဆက် ရေးသားပြောဆိုကြရကား ဇနပဒကလျာဏီ၏ ဝတ္ထုသည် မပြည့်စုံသည်ဖြစ်၍ အပဒါန်ပါဠိတော်, အဋ္ဌကထာ, ဓမ္မပဒ, အင်္ဂုတ္တိုရ် အဋ္ဌကထာနှင့် နှီးနှောကာ ပြဆိုလိုက်သည်။ ။ တနည်းတွေ့နှင့်၊ လွေ့လွေ့ရမ်းရမ်း၊ လျှာသရမ်း၍၊ ချီးမွမ်းခြေဆောင့် မမူရာ။
ဤကား ဇနပဒကလျာဏီ ထေရီမ၏ အကြောင်းအတ္ထုပ္ပတ္တိ အမြွက်တည်း။

၅၅။ ဘဒ္ဒကဉ္စနာမည်သော ယသောဓရာ မိဖုရား၏ ရှေးအကြောင်းကို ပြခြင်း

ဗျာဒိတ်ရခဲ့ပုံနှင့် နောက်ဆုံးဘဝ

ဘဒ္ဒကဉ္စနာ အမည်ရှိသော ရာဟုလာမယ်တော် ယသောဓရာမိဖုရား၏ အကြောင်းကား- ဤကမ္ဘာမှ ပြန်၍ရေသော် သင်္ချေနှစ်ဆယ်နှင့် ကမ္ဘာတသိန်းထက်၌ ပွင့်တော်မူကြသော ဗြဟ္မဒေဝအစရှိသော ဘုရားရှင်တို့၏ လက်ထက်တော်ကပင် ငါတို့ဘုရားသခင် အလောင်းတော်နှင့် တွေ့ကြုံကြ၍ “ပိယသံဝါသဖြင့် ဘဝအဆက်ဆက် မပျက်သောမေတ္တာဖြင့် ပါရမီဖြည့်ရ၍ အတူတကွပင် ဘဝအထွတ် တိုင်စေသော”ဟု မနောပဏိဓိ ရှိကြသည်နှင့်အညီ ပါရမီဖြည့်ခဲ့သမျှ အပရိမေယျဘဝတို့၌ အတူတကွသာ ဖြစ်ရသည်များ၍ သူတပါးအား မယားပြုစေခြင်းငှါ စွန့်ခွာပေးလှူသော ဘဝလည်း ကုဋေအထောင်မက၊ ကျွန်ပြုစေခြင်းငှါ စွန့်ခွာပေးလှူသော ဘဝလည်း ကုဋေအထောင်မက၊ မွတ်သိပ်သောသူတို့အား စားရန်အလို့ငှါ ပေးလှူသော ဘဝလည်း ကုဋေအရာမက၊ အသက်ကို လှူသောဘဝ, လက်, ခြေ, အင်္ဂါ, နား, နှာခေါင်းတို့ကို လှူစေသော ဘဝလည်း ကုဋေအရာမက၊ ရွှေငွေဥစ္စာ ဘဏ္ဍာပရိကံတို့ကို မကြွင်းမကျန် လှူရသောဘဝ, အားတန်အင်မျှသာ လှူရသော ဘဝလည်း အသင်္ချေ၊ ယင်းသို့ ရှည်လှစွာသော သံသရာ၌ ဘုရားလောင်းအကျိုးငှါသာ ခံနိုင်ခဲစွာသော ဒုက္ခကိုခံလျက် အဆက်ဆက်လာကြသဖြင့် ငါတို့ဘုရားလောင်း သုမေဓာရှင်ရသေ့ ဖြစ်သောအခါ ရမ္မဝတီပြည်၌ သုမိတ္တာအမည်ရှိသော သတို့သမီးဖြစ်၍ ကြာရှစ်လက်တို့ကို ဘုရားလောင်းအား ကမ်းသဖြင့် ရည်မှန်းခဲ့ဖူးသောအတိုင်းပင် ပတ္ထနာပြု၍ ပါရမီဖြည့်ကြသဖြင့် ပဒုမုတ္တရဘုရား လက်ထက်တော်သို့ ရောက်သောအခါ

(စာမျက်နှာ-၂၉၀)

နိယတဗျာဒိတ်ကိုရ၍ သတသဟဿကပ်ပတ်လုံး လူ့ပြည်နတ်ပြည် ကျင်လည်ခဲ့သဖြင့် ငါတို့ဘုရားလောင်းနှင့် အတူပင် တုသိတာနတ်ပြည်မှ စုတေခဲ့၍ ဒေဝဒဟပြည်ကို အစိုးရသော သုပ္ပဗုဒ္ဓမင်းကြီး၏ မိဖုရားခေါင် တောင်ညာဒေဝီဖြစ်သော မိဖုရား၏ဝမ်း၌ စွဲလမ်းတည်နေ၍ ဘုရားလောင်း ဖွားသည့်နေ့ပင် ဖွားမြင်လာသတည်း။

ထိမ်းမြားမင်္ဂလာ

အမည်မှည့်သောအခါ အကြိမ်တရာ လှော်ပြီး,ဦးပြီးသော ရွှေဇမ္ဗူရစ်ကို နတ်ဖြစ်ပန်းချီတို့သည် ပီပြင်စွာ ပြုလုပ်ရေးထားသကဲ့သို့ အလွန် လှပတင့်တယ် စင်ကြယ်ကောင်းမြတ်ခြင်းနှင့် ပြည့်စုံရကား ဘဒ္ဒကဉ္စနာဟူသော အမည်ကို မှည့်၏၊ ဆည်းခဲ့သမျှသော ကုသိုလ်ကံဟောင်းသည် တပေါင်းတည်းစု၍ ပေးသောဘဝ ဖြစ်သောကြောင့် ကာမလောကဓာတ်ဟု ဆိုအပ်သော နတ်ရပ်ခြောက်မည် လူ့ပြည်တဝန်း ကျွန်းကြီးကျွန်းငယ် အသွယ်သွယ်သောဌာန၌ ဘုရားလောင်းမှတပါးသော ယောက်ျားမိန်းမ ဟူသမျှတို့သည် တူမျှတန်၏ဟု နှိုင်းစံဖက်ယှဉ်စရာမရှိ၊ အဘိက္ကန္တိယ သိရီသောဘဂ္ဂဖြစ်သော လူနတ်တို့အဆင်းကို လွန်၏။ မနောမယဖြစ်သော မဏိဇောတိရသ် ကျောက်မြတ်ရတနာကဲ့သို့ လွန်စွာထွန်းလင်းသော ကိုယ်အဆင်းအရောင်နှင့်လည်း ပြည့်စုံ၏၊ မယ်တော် ခမည်းတော်တို့နှင့်တကွသော သာကီဝင်မင်းအပေါင်းတို့သည်လည်း သောင်းသောင်းကြွေးကြော် အံ့ဩချီးကျူးလျက် အထူးသဖြင့် မြတ်နိုးတနာ ရှိကုန်သည်ဖြစ်၍ တသောင်းမျှလောက်သော အထိန်းအယ မိန်းမအခြွေအရံတို့ကို ဆောက်နှင်းပေ၏။ ယင်းသို့လျှင် အစဉ်အတိုင်း ချမ်းသာစွာ ကြီး၍ မင်းသမီး တဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သောကာလ ဘုရားလောင်း သိဒ္ဓတ္ထကုမာရနှင့် စုံဖက်ကြသတည်း။

သားတော်လူထွက်ရန်စီမံပုံ

အထက်က ဆိုခဲ့ပြီးသော အစဉ်အားဖြင့် ဘုရားသခင် သာသနာတော်၌ မယ်တော် ဂေါတမီမိဖုရား ယောက်မတော် ဇနပဒကလျာဏီတို့သည် ဘိက္ခုနီမပြုကြလေသော် ယသောဓရာ ဗိမ္ဗာဒေဝီလည်း ဤသို့ကြံ၏။ “ငါတို့သခင် ဘုရင်သုဒ္ဓေါဒန စောမြတ်လှလည်း ဘဝဧကန် ငြိမ်းလေပြီ၊ နန်းရိုးဥပရာဇ် ဖြစ်တော်မူသော နန္ဒမင်းသားလည်း ဘုရားဖက် ပါချေပြီ၊ ထို့နောက် နန်းလျာရည်စူးပါသော ရာဟုလာမင်းစစ် ငါ့ရင်နှစ်ကိုလည်း ရှင်ချစ်ဘုရား ယူလေပြီ၊ ဤကဲ့သို့သာ ရဟန်းပြုကြလျှင် ဘေးလောင်းတော် ဥက္ကာမုခ မင်းမှစ၍ ပြုစုတည်ထောင်ခဲ့သော ဤကပိလဝတ်ပြည်ကြီး ရွှေထီးရွှေနန်းသည် စိုးမြန်းဆက်ခံသူဆုံး၍ သုဉ်းဖျဉ်းပျက်စီးလေရာသည်။ ယင်းသို့ ပျက်စီးလေသော် ဆွေတော်ရှစ်သောင်း မျိုးတော်အပေါင်းတို့သည် ဆောင်းလွန်နွေစ၌ရောက်သော ကြာကဲ့သို့ တနေ့တပါးသာ ညှိုးငယ်လေရာသည်၊ ငါလည်း မင်းမိန်းမသာဖြစ်၍ မင်းမူခြင်းငှါ မသင့်သေး၊ ငါ့ရင်သွေး ရာဟုလာကို ဘုရားထံမှတောင်း၍ ထီးဆောင်းဘိသိက် ခံစေအံ့”ဟု ကြံ၍ အခြံအရံဖြစ်သော မောင်းမမှူးမတ်တို့နှင့်တကွ ရထားစီး၍ ဘုရားထံသို့လာခဲ့၏။

ဝေဠုဝန်ကျောင်းတော်သို့ ရောက်သောအခါ မြတ်စွာဘုရားအား ဤသို့ နားတော်လျှောက်၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ကိုယ်တော်၏ အစီးအပွားကိုသာ ကျင့်ဆောင်တော်မမူပါနှင့်၊ သတ္တဝါတို့၏ အစီးအပွား ဆွေတော်မျိုးတော်တို့၏ အစီးအပွားကိုလည်း ကျင့်တော်မူပါ၊ ယခု အကျွန်ုပ်တို့၏ ကပိလဝတ်ပြည်သည် ရောင်ခြည်မဲ့သော ကျောက်, အတောက်အခိုးမဲ့သော

(စာမျက်နှာ-၂၉၁)

မီးကဲ့သို့ ထီးဆောင်းနန်းနေသုဉ်း၍ ပြည်လုံးဂုဏ်သရေ မဲ့ချေပြီ၊ အကျွန်ုပ်သား ရာဟုလာကို သာသနာမှထွက်၍ ထီးဆက်နန်းရံကို ဆက်ခံအုပ်စိုးစေမှ ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းနှင့် တကွသော ပြည်သူပြည်သားတို့သည် ကိုးစားမှီတင်းရာ ရှိပါတော့မည်။ သို့ဖြစ်၍ ရာဟုလာသတို့သားကို အကျွန်ုပ်အား ပေးတော်မူပါ၊ ဘေးတော်ဘိုးတော်တို့၏ အမွေအနှစ်ဖြစ်သော ထီးနန်းစည်းစိမ်ကို ခံစံပါစေ”ဟု နားတော်လျှောက်၏။

တရားနာရပြီ

ထိုအခါ မြတ်စွာဘုရားလည်း “အချင်း ဘဒ္ဒကဉ္စနာ... ငါဘုရားကား ကိုယ်တော်၏ အစီးအပွားကိုသာလည်း ကျင့်တော်မမူ၊ ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့၏ အကျိုးစီးပွားကိုသာလည်း ကျင့်တော်မမူ၊ အလုံးစုံသော ဘုံသုံးပါး၌ဖြစ်ကုန်သော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကိုပင် ရင်သွေးရာဟုလာနှင့်မခြား သနားစုံမက်တော်မူသဖြင့် ထိုသူတို့၏ အစီးအပွားကိုပင် ငါကျင့်တော်မူ၏၊ သင်လျှောက်ထားသော အရေးကား သားတော်ရာဟုလာ၏ ချမ်းသာစီးပွားကြောင်းလည်းမဟုတ်၊ သင်၏ ချမ်းသာစီးပွားကြောင်းလည်း မဟုတ်၊ ဆွေတော်မျိုးတော်တို့၏ အစီးအပွားလည်း မဟုတ်၊ ယုတ်ညံ့သော ဤလောကီစည်းစိမ်ကို ခံစံသဖြင့် သံသရာဝဋ်၌ ဆီပွတ်ယန္တရားကဲ့သို့ သွားလာကျင်လည်ရခြင်း၏ အကြောင်းသာဖြစ်၏၊ မင်း၏ချမ်းသာမည်သည်ကား ကာမဂုဏ်ဟူသော ရန်သူငါးပါးတို့သည် ချောက်ချားတုန်လှုပ်စေအပ်သည်ဖြစ်၍ ဒေါမနဿ ပဋိဃ အဘိဇ္ဈာ ဗျာပါဒစသော သူရဲတို့သည် ခြိမ်းမဲထောင်လွှားသဖြင့် ပါဏာတိပါတစသော ဒုစရိုက်တရားတို့သည် စည်ပင်သဖြင့် မျက်မြင်ဘဝ၌ နာနာဘာဝ ဝိနာဘာဝ အညထာဘာဝ ဘယဘေရဝုပ္ပါဒ အလာဘစသော ဒုက္ခတရားတို့သည် များစွာဖြစ်လာကုန်၏၊ စုတေမြောက်သော နောက်နောက်သော ဘဝ၌လည်း အပါယဒုက္ခကို ခံရခြင်း၏အကြောင်းသာ ဖြစ်၏။ ထို့ကြောင့် ဤလူ့ဘုံ၌ ကာမဂုဏ်ဟူသော အမှိုက်ကိုစု၍ ကိလေသာဟူသော မီးကိုမွှေးသဖြင့် တခြေးခြေး တပြောင်ပြောင် တောက်လောင်ပျက်စီးခြင်း အကျိုးကိုသာ ဖြစ်ရာသည်မဟုတ်လော၊ သံသရာက ပါရမီဖြည့်ဖက်ဖြစ်သော ငါဘုရားနှင့်လည်းကောင်း သားရာဟုလာ မဟာဆွေတော်မျိုးတော်တို့နှင့်လည်းကောင်း စုပေါင်းမကွာ ခေမာဘူမိ သိရီပဝရ ပြည်မနိဗ္ဗာန်ကို လျင်မြန်စွာလိုက်ရအောင် ဤလူ့ဘောင်မှ ခွါသန်း၍ ငါ၏သာသနာ၌ ရဟန်းသာ ပြုဘိလော့”ဟု မိန့်တော်မူ၏။

ရဟန္တာဖြစ်၍ ဧတဒဂ်ရပုံ

ယင်းသို့ ဆန်းကြယ်စွာသော ကာမာဒီနဝ နေက္ခမ္မာနိသံသ ဓမ္မကထာကို ကြားနာရလေလျှင် ဘဒ္ဒကဉ္စနာ မိဖုရားလည်း လေးပါးသော သစ္စာကိုမြင်၍ ဘုရားသခင်အား ညွတ်တွားပူဇော်ခဲ့ပြီးသော် ကျောင်းတော်မှသက်ခဲ့၍ အခြံအရံဖြစ်သော မောင်းမတို့နှင့်တကွ ဇနပဒကလျာဏီထေရီ၏အထံ၌ ရဟန်းပြုလေ၏။ ရဟန်းဖြစ်သောအခါမှစ၍ ကမ္မဋ္ဌာန်းဝိပဿနာကို လွန်စွာအားထုတ်သဖြင့် မမြင့်မီပင် ပဋိသမ္ဘိဒါလေးပါး, အဘိညာဉ် ခြောက်ပါး, သမာပတ်ရှစ်ပါး တရားထူးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်၏၊ ထိုအခါ သာသနာ၌ ဘဒ္ဒကဉ္စနာထေရီဟု ထင်ရှားစွာ ဖြစ်သတည်း။

(စာမျက်နှာ-၂၉၂)

ထိုဘဒ္ဒကဉ္စနာသည် ပုဗ္ဗေနိဝါသဉာဏ်အရာ၌ တပါးသော ရဟန္တာတို့ထက် ကဲလွန်စွာမြင်နိုင်၏။ ပဋိလောမအားဖြင့် ပြန်၍ရေသော် တသင်္ချေ နှစ်သင်္ချေ သုံးသင်္ချေ လေးသင်္ချေ တဆယ့်ခြောက်သင်္ချေသော ကာလ၌ ဖြစ်ဖြစ်သမျှ ဘဝအစုကိုလည်း တခုသော အာဝဇ္ဇန်းရှိသော ဝီထိစိတ်အစဉ်ဖြင့် တပြိုင်နက် မြင်နိုင်၏။ ထို့ကြောင့် ဘဒ္ဒကဉ္စနာကို သာဝတ္ထိပြည်သို့ ရောက်သောအခါ မဟာဘိညာဧတဒဂ်အရာ၌ ထားတော်မူသည်။

ပုဗ္ဗေနိဝါသနှင့် ပါရမီဖြည့်သက် မှတ်ချက်

တဆူတဆူသော ဘုရားရှင်သာသနာ၌ မဟာဘိညာဖြစ်သော ပုဂ္ဂိုလ်ကား လေးပါးရှိသတည်း၊ ငါတို့ဘုရားရှင် သာသနာ၌လည်း အဂ္ဂသာဝက နှစ်ပါး, အရှင်ဗာကုလ တပါး, ယသောဓရာထေရီတပါး, ဤလေးပါးသော ပုဂ္ဂိုလ်တို့သာလျှင် အသင်္ချေသော ကပ်ကမ္ဘာကာလ၌ ဖြစ်ခဲ့သမျှသော ခန္ဓာအစဉ်ကို မြင်သိနိုင်သည်။ တပါးသော ရဟန္တာတို့မှာ လွန်စွာသော အပိုင်းအခြားဖြင့် ကမ္ဘာတသိန်းမျှသာ သိမြင်နိုင်သတည်း။

အင်္ဂုတ္တိုရ် အဋ္ဌကထာ၌ ကမ္ဘာတသိန်းထက်ကပွင့်သော ပဒုမုတ္တရဘုရား လက်ထက်တော်က အစပြု၍ဆိုသော်လည်း အပဒါန် ပါဠိတော်၌ပင်-

ဗြဟ္မဒေဝဉ္စ သမ္ဗုဒ္ဓံ၊ ဂေါတမံ သကျနာယကံ။
အညေသံ လောကနာထာနံ၊ သင်္ဂမံ တေ ဗဟုံ မယာ-

အစရှိသည်ဖြင့် သင်္ချေနှစ်ဆယ်ထက်က ပွင့်ကုန်ကြသော ဗြဟ္မဒေဝဘုရား လက်ထက်မှစ၍ စုံဖက်ကာ ပါရမီဖြည့်၍ ဆုတောင်းခဲ့ကြောင်းကို ဟောတော်မူပြီးဖြစ်သောကြောင့် ထိုအဋ္ဌကထာ၌ နိယတဗျာဒိတ်ရသည်ကို ရည်၍သာ ဆိုသည်ဟု မှတ်ရာ၏၊ ဤမှတပါး များစွာသော ဘိက္ခု, ဘိက္ခုနီတို့၏အကြောင်း အတ္ထုပ္ပတ္တိကိုပြလျှင် ဂန္ထဂရု ဖြစ်ရာသောကြောင့် လျစ်လျူသာ ရှုရတော့သည်။

ပဉ္စမပိုင်း ပြီး၏။

(စာမျက်နှာ-၂၉၃)

ဆဋ္ဌမပိုင်း

၅၆။ ရှင်ပိဏ္ဍောလမထေရ် တန်ခိုးပြခြင်း

ဘုရားမြတ်စွာသည် ဝေသာလီပြည်မှသည် ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူလာ၍ ခေမာ, နန္ဒမာတာ, ယသောဓရာ စသောသူတို့အား အမြိုက်တရား ဟောကြား ကယ်ချွတ်တော်မူပြီးမှ ဆဋ္ဌမြောက်သောဝါဝယ် ရာဇဂြိုဟ်မြို့နှင့် မနီးမဝေးဖြစ်သော မကုလတောင် ချရားတော၌ ဝါကပ်တော်မူ၏။

ထိုအခါ ရာဇဂြိုဟ်သဌေးသည် ကျေးကျွန်ပရိသတ်နှင့်တကွ ဂင်္ဂါမြစ်သို့သွား၍ ထက်ဝန်းကျင်မှ ပိုက်ကွန်ရံတားလျက် ရေကစားလေသော် ရေ၏အညာ ဟိမဝန္တာတောမှ ကျမျောလာသော စန္ဒကူးသစ်သည် မြစ်ကွေ့ ချောင်းကောက် ကျောက်ဆောင် ကမ်းစွန်းတို့၌ ရေဟုန်ဖြင့် တွန်းတိုက်၍ အပိုင်းပိုင်းပြတ်လျက် သဲခုံကျောက်ဖျာတို့၌ များစွာသွေးပွတ်သဖြင့် အကာမရှိ အနှစ်အတိသာ တိတိဝန်းဝန်းဖြစ်လျက် ဂင်္ဂါမြစ်အယဉ်ဖြင့် မျော၍ ပိုက်ကွန်၌ ငြိလာသတည်း။

သဌေးလည်း ထိုသစ်ကိုယူစေ၍ ခုတ်ရွေစူးစမ်းသော် အဖိုးများစွာထိုက်သော စန္ဒကူးနှစ်အဖြစ်ကိုသိ၍ မိမိအိမ်သို့ ဆောင်ခဲ့ပြီးလျှင် ထိုသဌေးလည်း မိစ္ဆာဒိဋ္ဌိနှင့်လည်း မယှဉ်, သမ္မာဒိဋ္ဌိသို့လည်း မသက်ဝင်, ဆင်ခြင်တိုင်းစာ ယုံမှားသံသယများသူ ဖြစ်ရကား ဤသို့သောအကြံသည် ဖြစ်၏။ “ထိုကဲ့သို့သော စန္ဒကူးနှစ်တို့သည် ငါ၏အိမ်၌ အလွန်များစွာရှိပြီ၊ ဤစန္ဒကူးနှစ်ဖြင့် လောကစီးပွားကို မပြုပဲ တခုသော သံသယကို ကင်းစေတော့အံ့၊ ဤလောက၌ ဘုရားရဟန္တာဖြစ်ကြသည်ဟု ပြောဆို၍ ဂိုဏ်းဆရာလုပ်ကြသည်ကား အလွန်များကုန်ပြီ၊ အကယ်၍ ရဟန္တာဖြစ်လျှင် ကောင်းကင်သို့ ပျံနိုင်ရာ၏၊ ယခု သိသာအောင် ငါ-စုံစမ်းအံ့”ဟု ကြံလျက် သပိတ်သဏ္ဌာန်ဖြင့် ကောင်းမွန်စွာ ပွတ်တိုက်ပြီးလျှင် ဝါးအဆက်ဆက်တို့ဖြင့် စိုက်ထောင်၍ အတောင်ခြောက်ဆယ်မျှလောက်သော ကောင်းကင်၌ ဆွဲထား၍ ထိုအပါး၌ တံဆိပ်အက္ခရာကို ထင်စွာရေးထားပေ၏၊ စာကား-

ငါတို့လောက၌ ဘုရားရဟန္တာ ဖြစ်သောသူ အကယ်၍ ရှိမူကား ကောင်းကင်မှပျံလာ၍ ငါထားသောသပိတ်ကို ယူလှည့်ကုန်၊ အကယ်၍ ယူနိုင်မူကား သားမယား ဆွေမျိုးနှင့်တကွ နှိမ့်ချပျပ်ဝပ်လျက် အသက်ထက်ဆုံး ငါ-လုပ်ကျွေးအံ့-

ဟု-ရေးထား၏။

ထိုအခါ ပူရဏကဿပဆရာသည် သဌေးထံသို့လာ၍ “ဒါယကာ... ငါကား တပည့်ငါးရာတို့အား ဆုံးမသင်ကြား၍ ဘုရားပြုနေသည်ကို သင်တို့ မျက်မြင်ပင်ဖြစ်သည်၊ ဤသပိတ်ကား ငါ့အား ထိုက်တန်၏၊ ငါ့ကိုလှူလော့”ဟု ဆို၏။ ထိုသဌေးကလည်း “ကောင်းကင်ဖြင့်ကြွ၍ ယူနိုင်မူ ယူပါလော့”ဟု ဆိုလိုက်၍ ရှက်သောကိုယ်ဖြင့်သာ ပြန်ရ၏။

(စာမျက်နှာ-၂၉၄)

တနေ့သ၌ နာဋပုတ္တ အမည်ရှိသော တက္ကတွန်းသည် မိမိတပည့်တို့ကိုခေါ်၍ “သဌေးအား သင်တို့သွား၍ ဆိုချေကုန်၊ ငါတို့ဆရာကား အရေးအရာကြုံလျှင် ကောင်းကင်သို့ ကြွသည်ကို ငါတို့အမြင်ဖြစ်သည်။ ထို့ကြောင့် ဤသပိတ်ကား ငါတို့ဆရာအား လျောက်ပတ်၏၊ သို့ရာတွင် ပမာဏ မမူလောက်သော ဤသပိတ်မျှအကြောင်းဖြင့် ကောင်းကင်သို့ မပျံပေရာ၊ သဒ္ဓါကြည်ညိုမူ ငါတို့ဆရာကိုသာ လှူလော့ဟု ဆိုချေကုန်”ဟူ၍ စေလိုက်၏။

တပည့်တိုလည်း ဆရာစေလိုက်တိုင်း ပြောလေသော် သဌေးကလည်း “ထွေထွေရာရာ မပြောလာနှင့်၊ ကောင်းကင်ဖြင့်သာ ပျံ၍ယူစေကုန်”ဟု ဆိုလိုက်၏။ ထို့နောက်မှ နာဋပုတ္တဆရာသည် မိမိကိုယ်တိုင်လာလို၍ တပည့်တို့ကို ဤသို့ သညာပေး၏၊ “ငါကား ကောင်းကင်သို့ပျံ၍ ယူမည့်အဟန်ပြုမည်၊ သင်တို့ကား “ဤသစ်သားသပိတ်မျှနှင့် ကြီးကျယ်လှသော အာနုဘော်ကို ဆရာမပြပါလင့်၊ ဆရာရအပ်သော အရဟတ္တဖိုလ်၏ ကျေးဇူးလက္ခဏာကို လွန်စွာ လျှို့ဝှက်အပ်ပါသည်”ဟု ဆို၍ ငါ့ကိုဆွဲလင့်ကုန်”ဟု အမှတ်ပေး၍ သဌေးအိမ်သို့လာပြီးသော် “သဌေးကြီး... သင်၏သပိတ်ကား ငါမှတပါး သုံးဆောင်ထိုက်သူ မရှိပြီ၊ ဤသပိတ်ကို ငါ့အားသာ လှူလော့၊ အနည်းငယ်မျှသော အကြောင်းဖြင့် ကောင်းကင်ပျံခြင်းကို သင်-အလိုမရှိလင့်”ဟု ဆို၏။

သဌေးလည်း “အကျွန်ုပ် စကားပြင်၍ မဆိုပြီ၊ အလိုရှိလျှင် ကောင်းကင်သို့သာ ပျံ၍ယူ”ဟု ဆိုပေ၏။ ထိုအခါ နာဋပုတ္တဆရာလည်း “ ယခုပင် ကောင်းကင်သို့ပျံ၍ ယူမည်၊ ဖဲကုန် ရှားကုန် ကြည့်ကြကုန်”ဟု ဆို၍ အိမ်မှဆင်းသွားပြီးလျှင် သပိတ်အနီး၌ရပ်၍ ကိုယ်ဝတ်သင်္ကန်းတို့ကို ပြင်ဆင်ပြီး ကောင်းကင်သို့ ပျံတက်မည်ဟု လက်တဖက်ကိုမြှောက်၍ အောက်ခြေတဖက် ကြွ၏။ ထိုခဏ၌ တပည့်တို့ ဝန်းအုံကြ၍ “ဆရာ... အသို့ပြုဘိနည်း၊ ဤသပိတ်ငယ်မျှ အကြောင်းဖြင့် ကောင်းကင်သို့ မပျံပါလင့်”ဟု ဆရာမှာတိုင်းဆို၍ ကြွသောခြေကို ဆွဲကြ၏၊ ထိုသို့ပြုပြီးသောအခါ အနီးသို့လာ၍ ကြည့်ကုန်သော ပရိသတ်တို့တွင် အချို့သော သူတို့ကလည်း “ဤဆရာကား ပြနိုင်ရာလတ္တံ့”ဟု သံသယရှိကုန်၏၊ အချို့ကား မပြနိုင်မည်ကိုသိ၍ ပြက်ရယ်ပြုကုန်၏။

ထိုအခါ နာဋပုတ္တလည်း “သဌေးကြီး ငါကောင်းကင်သို့ ပျံနိုင်သောအကြောင်းကို သင်သိကောင်းရာပြီ၊ ငါပျံမည်ဟု ကြံလျက် တပည့်တို့ အခွင့်မပေးကြသောကြောင့် မပျံရပါ။ သပိတ်ကိုသာ ငါ့အား လှူဘိလော့”ဟု ဆို၏။ ရာဇဂြိုဟ်သဌေးကလည်း “ကောင်းကင်သို့ မပျံသမျှ မရချေရာ”ဟု ဆို၍ ရှက်ကိုးရှက်ကန်းနှင့်သာ ပြန်ရ၏။

ထိုနေ့နောက်မှ ပကုဓကစ္စာယန, ကေသကမ္ဗလ အစရှိကုန်သော တိတ္ထိဆရာကြီးတို့သည် အသီးအသီးလာ၍ ထွေထွေရာရာ ပြောဆို တောင်းရမ်းကုန်လျက် ခြောက်ရက်တိုင်တိုင် ရှိလေ၏။

ခုနစ်ရက်မြောက်သောနေ့၏ နံနက်တွင် အရှင်မောဂ္ဂလာန်နှင့် အရှင်ပိဏ္ဍောလ နှစ်ပါးတို့သည် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်အံ့သောငှါ ကြွလာ၍ မြို့တံခါးအနီး ကြီးစွာသော ကျောက်ဖျာထက်၌ သင်္ကန်းသပ္ပါယ်လျက်နေစဉ် မြို့တွင်းသို့ဝင်သော သေသောက်ကြူးတို့သည် ဤသို့ အချင်းချင်း ပြောဆိုကြကုန်၏။ “အချင်းတို့.. ငါတို့ပြည်ရွာဝယ် ဘုရားရဟန္တာဟု အသီးအသီး ပြောဆိုလျက် မိမိကိုယ်ကို ချီးမြှောက်ကြသောသူများ အလွန်များ၏၊ ငါတို့သဌေးထားသော သပိတ်ကို ကောင်းကင်ဖြင့်လာ၍ ယူနိုင်သောသူကား တလူမျှပင် မပေါ်လာ၊ ဤလူ့ရွာ၌

(စာမျက်နှာ-၂၉၅)

ဘုရားရဟန္တာ မရှိသောအဖြစ်ကို စင်စစ် ယခုသိရပြီ၊ ဤအခါမှစ၍ ရဟန္တာဟု ဝါလားငြားသော်လည်း နားမထောင်လိုပြီ”ဟု ပြောဆို၏။

ထိုစကားကိုကြားလျှင် အရှင်မောဂ္ဂလာန်က “ငါ့ရှင် ပိဏ္ဍောလ.. ဤသူတို့ကား ဘုရားရှင်သာသနာကို ဂွမ်းဝါထုပ်ကဲ့သို့ ရှုတ်ချပစ်လွှင့်ချေပြီ၊ သို့အရာကို ငါတို့ကြားသိလျက် သတိမချပ် အမှတ်မဲ့သာ နေချေသော် သုံးထွေသောရတနာ၌ သတ္တဝါတို့သည် ကြီးစွာသော ယုံမှားခြင်းဖြစ်၍ သံသရာမြစ်၌ မွန်းနစ်သူ များကုန်လတ္တံ့၊ ထို့ကြောင့် သင်သည် ကောင်းကင်ဖြင့်သွား၍ ထားသောသပိတ်ကို ယူပါ” ဟု ဆို၏။

အရှင်ပိဏ္ဍောလကလည်း “အရှင်မြတ်ကား ကြီးမားသော တန်ခိုးရှိကုန်သော သူတို့ထက် အဆ အရာအထေင်မက သာလွန်သောပုဂ္ဂိုလ် ဖြစ်ပါသည်၊ ကေသရာဇာခြင်္သေ့ရှိလျက် တိဏ,ကာဠတို့ မဟောက်သင့်သကဲ့သို့ ဖြစ်သည်။ အရှင်မြတ်သာ ကြွ၍ ယူတော်မူပါ”ဟု လျှောက်၏။

အရှင်မောဂ္ဂလာန်ကလည်း “ငါ့ရှင်သာ ယူချေ”ဟု တိုက်တွန်းပြန်လျှင် အရှင်ပိဏ္ဍောလလည်း အဘိညာပါဒကဖြစ်သော စတုတ္ထဈာန်ကို ဝင်စား၍ အလျား သုံးဂါဝုတ်, အနံ သုံးဂါဝုတ်ရှိသော ကျောက်ဖျာကြီးကို ခြေမတော်ဖျားဖြင့် ညှပ်ယူပြီးသော် ရာဇဂြိုဟ်မြို့ပေါ်ထက်၌ ဟင်္သာငှက်ဝဲသကဲ့သို့ တလူးလာလာ စင်္ကြံကြွတော်မူ၏။

ထိုအခါ ရာဇဂြိုဟ်ပြည်သူတို့လည်း ကျောက်ဖျာဖြင့် မြို့အလုံးကို ဖုံးအုပ်အံ့သကဲ့သို့ထင်၍ အတွင်းအပြင် နေကုန်သော လူတလွှားပင် ပြေးသွားအုန်းအင်း ရုန်းရင်းခတ်ကုန်လျက် “ငါတို့ထိပ်ထက်သို့ ဤကျောက်ဖျာကျ၍ သေရကုန်လတ္တံ့”ဟု အလွန်ကြောက်လန့်ခြင်း ဖြစ်ကြရကား အချို့လည်း အိမ်အေက်ကြားသို့ ဝင်ကုန်သည်၊ အချို့လည်း တွင်းကျင်းသို့ဆင်း၍ ဝပ်ကုန်သည်၊ အချို့လည်း သစ်ပင်ရင်းသို့ ချဉ်းကြကုန်သည်။ အချို့လည်း သစ်ငုတ်စိုက်၍ လာကုန်သည်၊ အချို့လည်း ထိပ်ဦးထက်ဝယ် ဗန်းငယ်ဖြင့် ဖုံးကုန်သည်၊ ခုနစ်ပတ်ရစ်၍ စေ့သောအခါ ကျောက်ဖျာကို ထွင်းဘိ၍ မိမိကိုယ်ကို ထင်ရှားစေ၏။

ပြည်သူပြည်သားတို့လည်း အရှင်ပိဏ္ဍောလကိုမြင်လျှင် “သခင်ပိဏ္ဍောလ... သခင်၏ကျောက်ကို မြဲမြံစွာ ဆွဲတော်မူပါလော့၊ အကျွန်ုပ်တို့ကိုပိ၍ စိစိမကြေပါစေလင့်”ဟု တောင်းပန်လျက် ဦးရှက်တိုက်ကြကုန်၏။ ပိဏ္ဍောလမထေရ်လည်း မြို့ထိပ်၌ရပ်လျက် ကျောက်ဖျာကို ခြေဖြင့်ခတ်လေသော် မိုးကြိုးပဲ့တင် ငလျင်ကျော်ဟိန်းသကဲ့သို့ လန့်ကြိမ်း ကြောက်မက်ဖွယ်သော အသံသည်ဖြစ်၍ တည်မြဲတိုင်းနေရာသို့ ကျစေပြီးမှ သဌေးကြီးအိမ်ထက်၌ ထန်းခုနစ်ဆင့်မြင့်သော ကောင်းကင်ဖြင့် ရပ်တော်မူ၏။

သဌေးကြီးလည်း အရှင်ပိဏ္ဍောလကိုမြင်လျှင် မြေအပြင်ဝယ် ရင်ဖြင့်ဝပ်၍ “အရှင်မြတ်.. ဆင်းသက်တော်မူပါ အကျွန်ုပ်တို့၏အလှူကို ခံတော်မူပါ”ဟု လျှောက်ထား၍ ဆင်းသက်သောအခါ ကောင်းမြတ်သောနေရာ၌ နေစေပြီးလျှင် စန္ဒကူးသပိတ်ကို ချစေ၍ စတုမဓုအရသာဖြင့် ပြည့်စေလျက် အရှင်ပိဏ္ဍောလအား ကပ်လှူ၏၊ မထေရ်မြတ်လည်း သပိတ်ကိုဆောင်၍ ကျောင်းသို့ကြွလေသော် သီတင်းသုံးဖော်ဖြစ်သော မထေရ်တို့တွင် အချို့သော ပုဂ္ဂိုလ်တို့သည် ဆိတ်ငြိမ်ရာ၌ နေခိုက်ဖြစ်သောကြောင့် ပြသောတန်ခိုးပြာဋိဟာကို မမြင်ရကုန်၊ ထိုမမြင်ရသော

(စာမျက်နှာ-၂၉၆)

မထေရ်တို့သည် အညီအညွတ် စည်းဝေးကုန်၍ “အရှင်ဘုရား အကျွန်ုပ်တို့အားလည်း တန်ခိုးတော်ကို ပြပါဦး”ဟု တောင်းပန်၍ တဖန်ရှေးနည်းပင် ပြရပြန်၏။

ထိုအခါ များစွာကုန်သော လူရဟန်းအပေါင်းတို့သည် ကောင်းချီးပေးကုန်လျက် အုတ်အုတ်ကျက်ကျက်သော အသံသည် ဖြစ်၏။

ထိုအသံကို မြတ်စွာဘုရား ကြားတော်မူလျှင် သဗ္ဗညုတဉာဏ်တော်ဖြင့် သိတော်မူလျက်ပင် အရှင်အာနန္ဒာကို ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ.. ဤကြော်ငြာသော အသံကား အဘယ်အသံနည်း”ဟု မေးတော်မူ၍ အရှင်ပိဏ္ဍောလ၏ အခြင်းအရာကို စုံစေ့စွာ လျှောက်ကြားလျှင် အရှင်ပိဏ္ဍောလကို ခေါ်တော်မူ၍ “သင်သည် ဤသို့သောအမှုကို ပြုသည်မှန်သလော”ဟု မေးတော်မူ၍ “မှန်ပါကြောင်းကို” နားတော်လျှောက်တင်သော် “ငါ့ရှင်ပိဏ္ဍောလ.. သင်သည် ဤသပိတ်ငယ်မျှသော အကြောင်းအရာဖြင့် အဘယ့်ကြောင့် ပြာဋိဟာကို ပြသနည်း”ဟု အပြစ်တင်တော်မူ၍ ထိုစန္ဒကူးသပိတ်ကို အစိတ်စိတ် ခွဲစေပြီးမှ သံဃာတို့အား မျက်စဉ်းမှုန့်ကြိတ်စေခြင်းငှါ ဝေတော်မူ၍ “ဆွမ်း သင်္ကန်း ကျောင်း ဆေးဟူသော အကြောင်းမျှဖြင့် အရဟဒ္ဓဇဖြစ်သော တန်ခိုးပြာဋိဟာကို မပြရ”ဟု သိက္ခာပုဒ်ကို ပညတ်တော်မူ၏။

ယင်းသို့ သိက္ခာပုဒ်ကို ပညတ်တော်မူသော အကြောင်းကို တိတ္ထိတို့ကြားလျှင် “ရဟန်းဂေါတမ၏ တပည့်သား သံဃာတို့ကား မိမိအသက်ပင် သေကြသော်လည်း ပညတ်သောသိက္ခာပုဒ်ကို မလွန်ကျူးကုန်၊ ရဟန်းဂေါတမလည်း မိမိပညတ်သော သိက္ခာပုဒ်တော်ကို မိမိပင် အလွန်ထိန်းသိမ်းတတ်သည်။ ယခုအခါ ငါတို့အခွင့်ရပြီ”ဟု ကြံအောက်မေ့လျက် မြို့လေးမျက်နှာကို လှည့်လည်၍ ပြောဟောကြသည်ကား “လူအများတို့.. ငါတို့ကား မိမိရအပ်သော ဂုဏ်ကျေးဇူးကို စောင့်ရှောက်သည်ဖြစ်၍ ဤသစ်သားသပိတ်ဟူသော အကြောင်းမျှဖြင့် တန်ခိုးပြာဋိဟာကို မပြကုန်၊ ရဟန်းဂေါတမ၏ တပည့်သာဝကတို့သည် ပညာမဲ့ကြသောကြောင့် သပိတ်ငယ်မျှသော အကြောင်းဖြင့် ကောင်းကင်ပျံခြင်းကို ပြုဘိ၏၊ မိမိတို့ဆရာက တားမြစ်ဆုံးမရပြီ၊ ဂေါတမဆရာကား ပညာအတန်ရှိ၍ သတိရသောကြောင့် ရခဲ့သောသပိတ်ကို ခွဲစေသည်၊ အကယ်၍ သင်တို့သိလိုမူ ရဟန်းဂေါတမ တန်ခိုးပြလျှင် ဆယ်ဆထောင်ရာ ထို့ထက်သာ၍ ငါတို့တန်ခိုးပြမည်၊ နှစ်ဦးဆိုင်၍ ပြိုင်သည့်ပွဲမှ သူသာငါသာ ဘုန်းတေဇာကို ရှုကြပါလော့”ဟု ဆိုကုန်၏။

ထိုစကားကို အဆင့်ဆင့်အားဖြင့် ဗိမ္ဗိသာရမင်းကြီးကြားလေသော် ဘုရားထံတော်သို့လာ၍ “မြတ်စွာဘုရား.. ကိုယ်တော်မြတ်သည် သာဝကတို့အား ပြာဋိဟာပြခြင်းကို ပညတ်တော်မူ၏ဟူသည် မှန်သလော”ဟု လျှောက်၏။ ဘုရားသခင်ကလည်း မှန်ကြောင်းကို မိန့်တော်မူလျှင် “အရှင်ဘုရား.. ဤပညတ်တော်ကား တိတ္ထိများကို အားပေးသကဲ့သို့ ဖြစ်ချေပြီ၊ ချင်းတို့ အခွင့်သာ၍ လွန်စွာပြောဆိုကြကုန်သည်။ အရှင်ဘုရားနှင့် တန်ခိုးပြိုင်၍ ပြမည်ဟု ကြုံးဝါးကြကုန်သည်၊ အသို့ ပြုပါအံ့နည်း”ဟု လျှောက်၏။

ဘုရားသခင်ကလည်း “မင်းကြီး.. တိတ္ထိတို့ကို နှိပ်နင်းစိမ့်သောငှါ တန်ခိုးပြာဋိဟာ ပြစေလိုသော် ငါကိုယ်တိုင်ပင် ပြအံ့”ဟု မိန့်တော်မူ၏။ “အရှင်ဘုရားတို့မှာ သိက္ခာပုဒ် ပညတ်တော်မူပြီ မဟုတ်လော”ဟု လျှောက်ပြန်လျှင် “မင်းကြီး.. ပညတ်သည်မှန်၏၊ ပညတ်သော်လည်း ငါ၏အကျိုးငှါ မပညတ်၊ သာဝကတို့၏ အကျိုးငှါသာ ပညတ်တော်မူသည်”ဟု မိန့်တော်မူ၏။ “အရှင်ဘုရား.. မိမိကား မကျင့်ပဲ သူတပါးကို ကျင့်စေသော် လျော်ပါတုံအံ့လော”ဟု

(စာမျက်နှာ-၂၉၇)

လျှောက်ပြန်လျှင် “သင်မင်းကြီး... သင့်အား ငါမေးဦးအံ့၊ သင်အစိုးပိုင်သော နိုင်ငံတွင်း၌ မင်း၏ဥယျာဉ်တို့သည် ရှိကုန်၏လော”ဟု မေး၍ ရှိကြောင်းကိုလျှောက်လျှင် “ထိုဥယျာဉ်၌ သစ်ပင်သစ်သီးတို့ကို သူတပါး စားသုံးဖျက်ဆီးသော် အသို့ ပညတ်အံ့နည်း”ဟု မေး၏။ “အရှင်ဘုရား... သူတပါးတို့ သုံးစားဖျက်ဆီးသော် မင်းဒဏ်ပေးပါသည်”ဟု လျှောက်လျှင် “သင်မင်းကြီးသုံးစားဖျက်ဆီးရာ၌ အသို့ပြုသနည်း”ဟု မေးပြန်၏။ “ဒကာတော်မှာ ဥစ္စာရှင်ဖြစ်၍ သုံးစားသဖြင့်လည်းကောင်း၊ ဖျက်ဆီးသဖြင့်လည်းကောင်း အပြစ်မရှိပါ”ဟု လျှောက်လျှင် “သင်မင်းကြီးအား အပြစ်မရှိသကဲ့သို့ ကာလသမယကို သိမြင်တော်မူသော ငါဘုရားအားလည်း သိက္ခာပုဒ်ကို ပညတ်ခြင်းကြောင့် မလွန်ကျူးရသောမည်သည် မရှိ၊ သာဝကတို့သာ မလွန်ကျူးရာသည်။ ထို့ကြောင့် တန်ခိုးပြာဋိဟာကို ပြတော်မူမည်”ဟု မိန့်တော်မူ၏။ ဗိမ္ဗိသာရမင်းကြီးလည်း ဝမ်းမြောက်ဝမ်းသာ “ကောင်းလှပါပြီ ပြတော်မူပါ”ဟု လျှောက်ထား၍ ပြန်လေ၏။

ထိုစကားကို အဆင့်ဆင့်ပွားသဖြင့် တိတ္ထိများ ကြားလေလျှင် ဤသို့ဆိုပြန်၏။ “ရဟန်းဂေါတမသည် သာဝကတို့အား ပြန့်ပွားကျော်စောသော ဂုဏ်သတင်း မဖြစ်ရအောင် တန်ခိုးပြခြင်းကို မြစ်တား၍ မိမိသာပြမည်ဟု ဆိုသည်။ ထိုသို့ဖြစ်လျက် ရဟန်းဂေါတမကို သူတော်ကောင်းဟု သမုတ်မှားကြလေသည်”ဟူ၍ ကဲ့ရဲ့ကုန်၏။ ထိုသို့ ကဲ့ရဲ့ဖန်များသဖြင့် ဗိမ္ဗိသာရမင်းကြီးကြားလေလျှင် ဘုရားသခင်ထံတော်သို့လာ၍ “မြတ်စွာဘုရား... တိတ္ထိတို့သည် အရှင်မြတ်အား များစွာကဲ့ရဲ့ကြချေပြီ၊ တန်ခိုးပြာဋိဟာကို အဘယ်အခါမှ ပြတော်မူအံ့နည်း”ဟု လျှောက်၏။

ဘုရားသခင်လည်း “ပြည့်ရှင်မင်းကြီး.. ဤလမှသည် လေးလလွန်သဖြင့် ဝါဆိုလပြည့်နေ့၌ ပြတော်မူမည်”ဟု မိန့်တော်မူ၏။ “အဘယ်အရပ်၌ ပြတော်မူအံ့နည်း”ဟု လျှောက်ပြန်လျှင် “ပြည့်ရှင်မင်းကြီး... ရှေးရှေးသော နောင်တော်ဘုရားတို့သည် သာဝတ္ထိပြည်ကို မှီ၍သာ ယမိုက်ပြာဋိဟာကို ပြတော်မူကုန်မြဲဖြစ်သည်။ သင်တို့ဆရာ ငါဘုရားလည်း ရှေးနောင်တော်များ ထုံးစံကို မလွန်စကောင်းပေ။ သာဝတ္ထိပြည်ကို အမှီပြု၍သာ ပြာဋိဟာကို ပြတော်မူအံ့”ဟု မိန့်တော်မူ၏။ ဗိမ္ဗိသာရမင်းလည်း ထိုစကားကို ကြားရမှ စိတ်ချ၍ နန်းတော်သို့ ပြန်၏။

ထိုစကားကို တိတ္ထိတို့ ကြားကြကုန်လျှင် ဥပါယ်တမျဉ်ဖြင့် ကြံဆင်ခြင်၍ ဘုရားသခင်ကြွတော်မူတိုင်း နောက်ကလိုက်ကြကုန်၏။ လူတို့က “အဘယ့်ကြောင့် လိုက်ကြသနည်း”ဟု မေးလျှင် “ရှင်ကြီးဂေါတမကို ငါတို့နှင့် တန်ခိုးပြိုင်မည်ဆိုသဖြင့် ထွက်ပြေးအံ့သည်ကို စိုးရိမ်၍ လိုက်သည်”ဟု ပြောကြကုန်၏။ ပြည်သူပြည်သား လူအများတို့လည်း “ပြတော်မူသော တန်ခိုးပြာဋိဟာကို ငါတို့ကိုယ်ထင် ဖူးမြင်ရအောင် လိုက်ကြကုန်အံ့”ဟု စည်းဝေးတိုင်ပင်၍ နေကြ၏။ ထိုအခါတွင် မြတ်စွာဘုရားလည်း အနာထပိဏ်သဌေးပင့်လာ၍ သာဝတ္ထိပြည်သို့ ကြွတော်မူသတည်း။

၅၇။ အနာထပိဏ်သဌေး၏ အကြောင်းကို ပြခြင်း

အနာထပိဏ်သဌေး၏ အကြောင်းကား.. သာဝတ္ထိပြည်ဝယ် အဆွေခုနစ်ဆက်တိုင်တိုင် ဖြိုးခိုင်ကြွယ်ဝသော သုဒတ္တ အမည်ရှိသော သဌေးသည် ရှိ၏။ ထိုသဌေးသည် သက်မွေးခဲကပ် မွတ်ငတ်ဝမ်းလျကုန်သော ဖုန်းတောင်းယာစကာတို့အား စားဖွယ်ထမင်းဖြင့် တနေ့မပြတ် ပေးကမ်းတတ်သော အလေ့ရှိသောကြောင့် အနာထပိဏ္ဍိက-ဟု တွင်သတည်း။

(စာမျက်နှာ-၂၉၈)

ဘုရားဟု ကြားရပုံ

ထိုအခါ အနာထပိဏ်သဌေးသည် ရာဇဂြိုဟ်ပြည်၌နေသော ဝိသာလသဌေး၏နှမ သိရီသုမနနှင့် သင့်မြတ်ကြသဖြင့် အမျိုးယောက်ဖ တော်စပ်၏။ ယင်းသို့ တော်စပ်ရကား ထိုသူတို့အား အကြောင်းပြုသဖြင့်လည်းကောင်း ရောင်းဝယ်ဖောက်ကား စီးပွားရှာလိုသည်ဖြစ်၍လည်းကောင်း နှစ်နှစ် တခေါက်, သုံးနှစ်တခေါက် ရောက်မြဲဓမ္မတာ ဖြစ်သတည်း။

တရံသောအခါ ထိုအနာထပိဏ်သဌေးသည် လှည်းငါးရာတို့ဖြင့် ရာဇဂြိုဟ်ပြည်သို့ လာရောက်သော် အမျိုးယောက်ဖဖြစ်သော ဝိသာလသဌေးအိမ်သို့ ဝင်၏။ ထိုသဌေးလည်း နက်ဖြန်အလို့ငှါ ဘုရားအမှူးရှိသော သံဃာတော်တို့အား ဆွမ်းဖိတ်သည်ဖြစ်၍ ကျွေးမွေးလှူဒါန်းရန်အလို့ငှါ များစွာသော ကျေးကျွန် အမှုလုပ်တို့နှင့်တကွ အဖျော်ယမကာ ဆွမ်းယာဂုတို့ကို စီမံပြုပြင်ကာ နေ၏။ အနာထပိဏ်သဌေးအား အလ္လာပ,သလ္လာပ စကားမျှ မပြောဖြစ်လေ။

အနာထပိဏ် သဌေးလည်း ဤသို့ ကြံ၏၊ “ငါ၏ယောက်ဖ ဝိသာလသည် ရှေးအခါက ငါရောက်လာမူ များစွာသောကိစ္စတို့ကို စွန့်ထား၍ ငါ့အား ပျူငှါပြုမြဲ ဖြစ်သည်။ ယခုမူကား ကျေးကျွန်များနှင့် စားရေးသောက်မှုကိုသာ စီရင်ကာ နေခဲ့၏၊ ဤသဌေးကား ငါ့အား သုန်မာန်ဒေါသခံ၍ ရန်ငြိုးမူလေသလော၊ သို့မဟုတ် သမီးသားပင် ထိမ်းမြားမင်္ဂလာ အခါနှင့်ကြုံလေသလော၊ ဗိမ္ဗိသာရ ပြည်မသနင်း မင်းသော်မူလည်း သူ၏အိမ်သို့ လာမည့်အခါနှင့် ဆုံလေသလော”ဟု တွေးတောလျက် နေလင့်၏။ ဝိသာလသဌေးလည်း အရေးပြီးသောအခါ အနာထပိဏ်ထံသို့လာ၍ ဝမ်းမြောက်ဝမ်းသာ များစွာပြောဆို၏။

ထိုအခါ အနာထပိဏ်ကလည်း “အချင်းဝိသာလ.. သင်သည် အဘယ်ကိစ္စကြောင့် ဗျာပါရဖြစ်သနည်း”ဟု မေးလေသော် “အဆွေ အနာထပိဏ်.. အစိန္တေယျ အပ္ပမေယျ လောကသင်းကျစ် ဓမ္မရာဇ်မှန်ကူ ဖြစ်တော်မူသော မြတ်စွာဘုရားသခင်သည် ယခု ငါတို့ရာဇဂြိုဟ်ပြည်၌ လူနတ်တို့အား တရားအမြိုက်ဆေး တိုက်ကျွေး စံနေတော်မူသည်။ ထိုဘုရားရှင်နှင့် သင်္ဃာတို့အား ဆွမ်းလုပ်ကျွေး၍ တရားတော်ကိုနာခြင်းငှါ ငါ၏အိမ်သို့ ပင့်ဆောင်အပ်သည်ဖြစ်၍ ကောင်းမြတ်သော ဆွမ်းယာဂုကို ပြုပြင်စီမံသတည်း”ဟု ပြောလေ၏။

ထိုစကားကိုကြားလျှင် အနာထပိဏ်သဌေးလည်း ဝမ်းမြောက်ဝမ်းသာ သဒ္ဓါတက်ပွားခြင်းဖြင့် “အချင်း ဝိသာလ... ဘုရားဟူသော သတင်းစကား ကြားရရုံလည်း အတိဒုလ္လဘ ရခဲတောင်းပင် ဖြစ်ပေသည်။ ယင်းသို့ ဖြစ်ခဲ့လျက် စောရဲဘုရား ရှိကြောင်းများကို ကြားသိရ၍ အဆအရာ ဝမ်းသာပါ၏၊ ငါတို့၏ လူအဖြစ်ကိုရခြင်းသည် ကောင်းမြတ်လှလေစွ၊ ငါ့အား ယခု သဗ္ဗညုထံ အမြန်ပို့ပါ၊ ဖူးမြင်လိုပါသည်”ဟု တောင်းပန်၏။ ဝိသာလကလည်း “အချင်းအနာထပိဏ်... ယနေ့ကား အချိန်မဟုတ်ပြီ၊ နက်ဖြန်နံနက် နေစက်ထွန်းတောက် မိုးသောက်သောအခါ စောမြတ်စွာသည် ငါတို့အိမ်သို့ ကြွလာလတ္တံ့၊ ထိုအခါမှ အားရအောင်ပင် သင်ဖူးမြင်လော့”ဟု ဆိုပေ၏။

အနာထပိဏ်သဌေးလည်း “နံနက်အခါတွင် ဘုရားရှင်ကို ဖူးမြင် တွေ့ကြုံရအံ့သည်တကား”ဟု ငါးပါးသော ပီတိဖြင့်ထုံလျက် ဂုဏ်ကျေးဇူးတော်ကို အောက်မေ့၍ အိပ်လေသော် သန်းခေါင်ယံကျော်လျှင် မပျော်နိုင်ခြင်းဖြင့် “လင်းပြီ”ဟု မှတ်ထင်၍ သုံးကြိမ်တိုင်အောင်ပင်ထ၍ တတိယယံသို့ ရောက်လာသောအခါ ထင်စွာသော အလင်းရောင်သည် ဖြစ်သဖြင့် အရုဏ်တက်ပြီထင်၍

(စာမျက်နှာ-၂၉၉)

အလျင်တဆော ထွက်သွားသဖြင့် သိဝကမည်သော မြို့တံခါးသို့ ရောက်လေသော် တံခါးကိုစောင့်သော နတ်တို့က ဖွင့်လင့်သဖြင့် အသင့်ပင် ထွက်ရ၏။ မြို့မှထွက်မိလျှင် ယခင် အလင်းရောင်သည်ပျောက်၍ အမိုက်အတိ ရောက်လာ၏။ ထိုအခါ အနာထပိဏ်သဌေးလည်း ထိတ်လန့်ကြောက်ရွံ့ခြင်း, ကိုယ်ခက်တရော်ရှိခြင်း, ကြက်သီးမွေးညင်းထခြင်းတို့သည် ဖြစ်၍ “ပြန်နစ်နေဦးအံ့”ဟု ကြံလတ်သော် မြို့တံခါးပေါက်၌ စောင့်နေသော သိဝကမည်သော နတ်သားသည် မိမိကိုယ်ကိုဝှက်ထား၍ ထင်ရှားသော အသံဖြင့်-

သတံ ဟတ္ထီ သတံ အဿာ၊ သတံ အဿတရီ ရထာ။
သတံ ကညာ သဟဿာနိ၊ အာမုတ္တ မဏိကုဏ္ဍလာ။
ဧကဿ ပဒဝီတိဟာရဿ၊ ကလံ နာဂ္ဃတိ သောဠသိံ-

ဟူသော ဂါထာကို ရွတ်၏။

[အနက်ကား]ဘော ဂဟပတိ၊ အိုရှင်သဌေး။ အာမုတ္တ မဏိကုဏ္ဍလာ၊ ကောင်းစွာစွပ်အပ်သော ပတ္တမြားတန်ဆာရှိကုန်သော။ သတံ သဟဿာနိ၊ တသိန်းကုန်သော။ ဟတ္ထီ၊ ဆင်ပြောင်ကြီးတို့သည်လည်းကောင်း။ သတံ သဟဿာနိ၊ တသိန်းကုန်သော။ အဿာ၊ မြင်းတို့သည်လည်းကောင်း။ သတံ သဟဿာနိ၊ တသိန်းကုန်သော။ အဿတရီရထာ၊ အဿတိုရ်မြင်းက,သော ရထားတို့သည်လည်းကောင်း။ အာမုတ္တ မဏိကုဏ္ဍလာ၊ အလျှံရိုးရဲ လည်၌ဆွဲသော ပုလဲသွယ်ပျောင်း မြနားတောင်းလည်း ဆင်ကုန်ထသော။ သတံ ကညာ သဟဿာနိ၊ အသိန်းမျှသော မိန်းမကညာတို့သည်လည်းကောင်း။ ပရိဝါရေတွာ၊ ခြံရံ၍။ ဌိတံ၊ တည်သော။ ရဇ္ဇသိရီ၊ မင်း၏အသရေသည်။ ဝိဟာရံ၊ ဘုရားနေရာ ကျောင်းတော်သာသို့။ ဂစ္ဆန္တဿ၊ သွားသော။ တဝ၊ ရှင်သဌေး၏။ ဧကဿ ပဒဝီတိဟာရဿ၊ ဖဝါးတလှမ်းတလှမ်း၌ဖြစ်သော စေတနာကို။ သောဠသိံ၊ တဆယ့်ခြောက်စိတ် စိတ်သည်ကို။ ကတွာ၊ ပြု၍။ ဧကကလံပိ၊ တစိတ်ရှိခန့်မျှလည်း။ နာဂ္ဃတိ၊ မမီလာ၊ ဝါ၊ အဖိုးမထိုက်။ ဂဟပတိ၊ ရှင်သဌေး။ အဘိက္ကမ၊ ရှေ့သို့တက်လော့။ နော ပဋိက္ကမ၊ နောက်သို့ မဆုတ်လင့်။ တေ၊ သင်၏။ ဂမနံ၊ သွားခြင်းကား။ အဘိက္ကန္တံ၊ အလွန် နှစ်လိုဖွယ်ရှိ၏။ သေယျော၊ အထူးသဖြင့် ချီးမွမ်းအပ်၏။

ဤဂါထာဖြင့် သုံးခါ သုံးကြိမ်တိုင်အောင် ဟစ်ကြွေး၍ ကောင်းချီးပေးလေသော် သဌေး အနာထပိဏ်လည်း စိုးရိမ်ခြင်း ကင်းပျောက်လျက် ဘုရားကျောင်းတော်သို့ ရောက်အောင်ပင် အစဉ်သဖြင့် သွားလေ၏။

သောတာပန်တည်ပြီ

ဘုရားကိုယ်တော်မြတ်လည်း လွင်တီးခေါင်အရပ်၌ စင်္ကြံကြွ၍ နေတော်မူသည်နှင့် အဝေးမှလာသော အနာထပိဏ်သဌေးကိုမြင်လျှင် ကျောင်းတော်အပြင်သို့တက်၍ မြတ်သော ဘုရားနေရာ၌ နေတော်မူလင့်၏။ သဌေးလည်း အထံတော်သို့ကပ်၍ ခြေရင်း၌ဝပ်လျက် အထပ်ထပ် ရှိခိုးလေသော် ကိုယ်တော်မြတ်လည်း “အချင်းသုဒတ္တ.. သင်၏လာခြင်းကား စောစွာ့တကား”ဟု ငယ်မည်ဖြင့်ခေါ်၍ နှုတ်ဆက်တော်မူ၏။

(စာမျက်နှာ-၃၀၀)

သဌေးလည်း အတိုင်းထက်အလွန်ပင် ရွှင်လန်းဝမ်းသာသော စိတ်ရှိသည်ဖြစ်၍ တသက်ပတ်လုံး ကျင့်သုံးမှတ်ပိုက် အောက်မေ့ထိုက်သော စကားကို လျှောက်ကြားပန်ထွာ၍ နေသည်တွင် ဘုရားသခင်လည်း အစဉ်သော တရားစကားဖြင့် ဟောကြဆုံးမတော်မူ၍ ကြည်ဖြူနူးညံ့သောအခါ သစ္စာလေးပါးကို ပြတော်မူသဖြင့် ထိုအနာထပိဏ် သဌေးသည် ရှေးဦးစွာ သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုအခါ မြတ်စွာဘုရားအားလည်းကောင်း, တရားတော်, သံဃာတော်တို့အားလည်းကောင်း ကောင်းချီးပေးခြင်းကို ပြု၍ ဥပါသကာ၏အဖြစ်ကို တောင်းပန်လျက်

သောဟံ ဘန္တေ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ၊ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ၊
ဥပါသကံ မံ ဘဂဝါ ဓာရေတု၊ အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတန္တိ-

ဟူသော စကားဖြင့် သရဏဂုံကို ယူ၏။

[အနက်ကား]ဘန္တ၊ အရှင်ဘုရား။ သော အဟံ၊ ထိုအကျွန်ုပ်သည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ခြင်းသို့။ ဂစ္ဆာမိ၊ ရောက်ပါ၏။ ဓမ္မဉ္စ၊ တရားတော်ကိုလည်းကောင်း။ ဘိက္ခုသံဃဉ္စ၊ ရဟန်းသံဃာကိုလည်းကောင်း။ သရဏံ၊ ကိုးကွယ်ခြင်းသို့။ ဂစ္ဆာမိ၊ ရောက်ပါ၏။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ မံ၊ အကျွန်ုပ်ကို။ အဇ္ဇတဂ္ဂေ၊ ယနေ့မှစ၍။ ပါဏုပေတံ၊ အသက်ရှည်သမျှ ကာလပတ်လုံး။ သရဏံဂတံ၊ ကိုးကွယ်ခြင်းသို့ ရောက်သော။ ဥပါသကံ၊ ဒါယကာဟူ၍။ ဓာရေတု၊ မှတ်တော်မူပါလော့။

ထို့နောက်မှ ဘုရားအမှူးရှိသော သံဃာတော်တို့အား နက်ဖြန်အလို့ငှါ ဆွမ်းဖိတ်၍ ဝန်ခံတော်မူလေသော် ကိုယ်တော်မြတ်ကို သုံးပတ် လကျ်ာရစ်လည်၍ ပူဇော်ခဲ့ပြီးမှ ဝိသာလသဌေးအိမ်သို့ ပြန်လာ၏။ ဘုရားကြွတော်မူ၍ ဝိသာလသဌေးအိမ်၌ ဆွမ်းဘုဉ်းပေးပြီးသော် တရားဟောတော်မူသောအခါလည်း ကောင်းစွာနာယူရ၏။ ဝိသာလသဌေးလည်း အရေးပြီးသောအခါ အနာထပိဏ်သဌေးအား မေးမြန်း၍ ဆွမ်းဖိတ်ခဲ့ကြောင်းကိုသိလျှင် “သင်ကား ခရီးသွား အာဂန္တု ဖြစ်သည်၊ ဘုရားအမှူးရှိသော သံဃာတော်တို့အား ပူဇော်လုပ်ကျွေးခြင်းငှါ မတတ်နိုင်ရာ၊ အကျွန်ုပ်အဖို့သာ ဖြစ်စေလော့”ဟု ဆို၏။

ထိုအနာထပိဏ်သဌေးကလည်း “အချင်းဝိသာလ... ဤမျှလောက်သောကိစ္စကို ပြုပြင်ဆောင်ရွက်ခြင်းငှါ ငါစွမ်းနိုင်၏၊ သင်တို့အား လွှဲခြင်းငှါ မသင့်”ဟု ဆိုပ၏။ ထို့အတူ နိဂုံး၌နေကုန်သော မိတ်ဆွေ သဌေးတို့သည်လည်းကောင်း၊ ဗိမ္ဗိသာရမင်းကြီးသည်လည်းကောင်း ခွင့်တောင်းပြောဆိုသော်လည်း ထို့အတူပင် ပယ်ရှား၍ ဘုရားအမှူးရှိသော သံဃာတော်တို့အား ပူဇော်လုပ်ကျွေးရန် ဆွမ်းဘောဇဉ်တို့ကို မိမိတွင်ပါသော ပရိသတ်နှင့်သာလျှင် ပြုပြင်စီမံ၍ နက်ဖြန်နံနက်သောအခါ ဝိသာလသဌေး၏ အိမ်၌ပင် ဆွမ်းကွမ်းနေရာကို ကောင်းစွာပြင်ဆင်၍ ဘုရားသခင်နှင့် တကွသော သံဃာတော်တို့အား လုပ်ကျွေးသတည်း။

ဘုရားကို ပင့်ခဲ့ပြီ

ယင်းသို့ လုပ်ကျွေးမွေး၍ တရားတော်ကိုနာပြီးသော် “ဘုရားကိုယ်တော်မြတ်လည်း အကျွန်ုပ်အား သနားတော်မူပါသဖြင့် သာဝတ္ထိပြည်သို့ကြွလည်၍ သီတင်းသုံးတော်မူပါ”ဟု ပင့်လျှောက်၏။ ဘုရားသခင်လည်း “အချင်းဥပါသကာ... ငါဘုရားကား သုံးပါးသောဘဝ၌ ကျင်လည်သမျှသော

(စာမျက်နှာ-၃၀၁)

ဝေနေယျတို့၏ အကျိုးငှါ ပါရမီဖြည့်တော်မူသည်၊ ရာဇဂြိုဟ်ပြည်သူတို့၏ အကျိုးငှါသာ ဖြစ်သည်မဟုတ်၊ ထိုထိုခန်းဝါ၌ လှည့်လည်ကာ နေတော်မူမည်၊ သို့ရာတွင်ကား ဘုရားတို့ဓမ္မတာသည် လူနှင့်မပြွမ်းသော တောခန်းဝါ၌သာ မွေ့လျော်စွာသဘည်း”ဟု မိန့်တော်မူ၏။

သဌေးလည်း ဤသို့သော အမိန့်တော်ကိုကြားလျှင် “အရှင်ဘုရား.. အကျွန်ုပ်သိပါပြီ၊ သင့်မြတ်ရာ၌သာ နေရာကျောင်းကန်ကို စီမံဆောက်လုပ်ပါတော့မည်”ဟု လျှောက်ထား၏။ ဘုရားသခင်လည်း အစဉ်သော ဓမ္မဒေသနာဖြင့် အနုမောဒနာပြု၍ ကြွတော်မူ၏။

အနာထပိဏ်သဌေးလည်း ရာဇဂြိုဟ်ပြည်ဝယ် ပြုဖွယ်ကိစ္စဟူသမျှကို ပြီးဆုံးစေ၍ မိမိနေရာ သာဝတ္ထိပြည်သို့ ပြန်လေသော် အဆွေခင်ပွန်းအများ ရှိသသူဖြစ်ရကား ခရီးအကြား မြို့ကျေးရွာတို့၌ သဟာယဖြစ်သော သူတို့ကို ရောက်တိုင်းရောက်တိုင်း စည်းဝေးစေ၍ အသပြာတသိန်း တသိန်းစီ ပေးပြီးမှ သင်တို့ကျေးရွာ၌ ကျောင်းတဆောင် ဆောက်ပါဟု မှာဆို၏။

ဇေတဝန်ကျောင်းတော်

ဤသို့သော နည်းအားဖြင့် ရာဇဂြိုဟ်ပြည်နှင့် သာဝတ္ထိပြည် လေးဆယ့် ငါးယူဇနာသော ခရီးကို တယူဇနာလျှင် တကျောင်းစီ တကျောင်းစီ ဆောက်စေ၍ သွားလေသဖြင့် သာဝတ္ထိပြည်သို့ ရောက်သောအခါ ဘုရားကိန်းဝပ်ခြင်းငှါ သင့်ရာအရပ်ကို ရှာလတ်သော် မြို့၏ အနောက်တောင်မျက်နှာ တကောသအရပ်ဝယ် ဇေတမင်းသား စိုက်လုပ်အပ်သော ဥယျာဉ်ကိုမြင်၍ “ဤဥယျာဉ်ကား လူတို့နှင့် ဝေးလည်းမဝေး, နီးလည်းမနီး, အသွားအလာနှင့် ပြည့်စုံသည်၊ သူတော်ကောင်းတို့ နှစ်သက်မွေ့လျော်ဖွယ် တင့်တယ်သော အရပ်လည်းဖြစ်သည်၊ နေ့အခါ လူတို့နှင့် မပြွမ်း၊ ညဉ့်အခါ လူသံမကြား၊ အခါခပ်သိမ်း စည်းဝေးစေသောသူတို့၏ ကြွေးကြော်သံမရှိ၊ ယင်းသို့ဖြစ်ရကား ဘုရားမွေ့လျော်တော်မူလတ္တံ့၊ ဤဥယျာဉ်ကိုဝယ်၍ ကျောင်းဆောက်တော့အံ့”ဟု ကြံပြီးလျှင် ဇေတမင်းသားထံသို့ကပ်၍ “အရှင့်သား.. ဤဥယျာဉ်၌ ဘုရားရှင်နေရာ ကျောင်းဆောက်လိုပါသည်၊ အကျွန်ုပ်အား ရောင်းပါ”ဟု ဆိုရာ ထိုမင်းသားကလည်း “အဖိုးအဘယ်မျှ ပေးမည်နည်း”ဟု မေးသော် လိမ္မာသော အမတ်တယောက်ကိုခေါ်၍ “ဤဥယျာဉ်အား အဘယ်မျှ အဖိုးတန်သနည်း”ဟု မေး၏။ “ဥယျာဉ်မြေဝယ် ငွေခွက်အပြည့်ခင်း၍တန်၏”ဟု ဆိုသော် ထိုအမတ်ဆိုတိုင်း ငွေကို လှည်းဖြင့်တိုက်စေ၍ မြေပြင်အပြည့်ခင်းသော် တဆယ့်ခြောက်ပယ်ကျယ်သော မြေ၌ ငွေအသပြာ တဆယ့်ရှစ်ကုဋေဝင်၏။ “ထိုမျှလောက်ကိုပင် ပေးပါမည်”ဟု ဆိုလေသော် ဇေတမင်းသားလည်း ထိုအသပြာတို့ကိုသိမ်း၍ “ဥယျာဉ်ကို သင်-အလိုရှိတိုင်း ပြုလော့”ဟု ပေး၏။

သဌေးလည်း ထိုအခါမှစ၍ များစွာသော အမှုလုပ် လက်သမားတို့ကို ငှါး၍ သစ်,ကျောက်,အုတ်, အင်္ဂတေတို့ကို ရုံးစုစေ၏၊ စုဝေးပြီးလျှင် တဆယ့်ရှစ်ကုဋေသော ငွေအသပြာကို ဓမ္မစရိတ်ထုတ်လျက် ဆောက်လုပ်ပြုပြင်လေသတည်း။

ဇေတဝန်မှတ်ချက်

ထိုကျောင်းတော်ကား ဘုံအားဖြင့် သုံးဆင့်ရှိ၏။ တဆင့်, တဆင့်သော ဘုံဆောင်၌ တထောင်, တထောင်မျှလောက်သော တိုက်ခန်းရှိ၏၊ ဂန္ဓကုဋိ, သလာကကုဋိ, ကောသမ္ဗကကုဋိ,

(စာမျက်နှာ-၃၀၂)

ကရေရီကုဋိ တည်းဟူသော ကုဋိလေးလုံးတို့ဖြင့် တင့်တယ်၏။ တထောင်မျှလောက်သော ပြာသာဒ်အရံလည်းရှိ၏၊ များလှစွာသော စင်္ကြံ, မဏ္ဍပ်, ဇရပ်, ဂူ, လိုဏ်တို့ကိုလည်း ခြံရံကာ ဆောက်လုပ်ပေ၏။

ထိုကျောင်းတော်ကား သိကြားနေရာ ဝေဇယန္တာပြာသာဒ်ကဲ့သို့ ထူးမြတ်ဆန်းကြယ် ရှုဖွယ်ဘနန်းဖြစ်၏၊ လက်သမား တထောင်တို့သည် ကိုးလတိုင်အောင် ဆောက်မှ ပြီးမြောက်သတည်း။

ဇေတဝန်မှတ်ချက်

(အကျယ်ကိုသိလိုမူ- စူဠဝါပါဠိတော်, အဋ္ဌကထာ, ဋီကာ, ဒီဃနိကာယ် မဟာဝါအဋ္ဌကထာ, ဋီကာတို့၌ ရှုလေ။ အချို့မှတ်ပုံများ၌ သစ်ဖြင့် ဆောက်လုပ်ကြောင်း, ထုတ်,လျောက်တိုင်ဝ မည်မျှရှိကြောင်းကို ဆို၏။ ထိုအတိုင်း ကျမ်းဂန်မတွေ့ချေ။)

ယင်းသို့ ဆောက်လုပ်ပြီးသောအခါ အနာထပိဏ်သဌေးလည်း လိမ္မာသော သူကြွယ်တဦးအား ယောက်ျားအခြံအရံနှင့်တကွ ဘုရားထံတော်သို့ စေလိုက်၏။ ဘုရားကိုယ်တော်မြတ်လည်း သာဝတ္ထိပြည်၌ အရှည်သဖြင့်သီတင်းသုံးတော်မူရအံ့သော အကြောင်း, အတိုင်းမသိသော ဘုရားကျေးဇူးတော်၏ ကျော်စောပျံ့နှံအံ့သောအကြောင်း, များစွာသော ပြည်သူပြည်သားတို့ အကျွတ်တရားကို ရလတ္တံ့သော အကြောင်းကို မြင်တော်မူ၍ ရာဇဂြိုဟ်ပြည်၌ အနည်းငယ်သော သံဃာတော်တို့ကို ထားပြီးလျှင် လေးအင်သော သံဃာပရိသတ် ခြံရံလျက် ထွက်ကြွတော်မူ၍ တယူဇနာ တယူဇနာလျှင် တကျောင်း တကျောင်း၌ ကိန်းအောင်းတည်းခိုတော်မူကာ ဒေသစာရီ ကြွချီလာသဖြင့် သာဝတ္ထိမြို့အနီးသို့ ရောက်တော်မူ၏။

ယင်းသို့ ဘုရားရှင်ကြွလာကြောင်းကို အနာထပိဏ်သဌေးကြားလျှင် မယား,ဆွေမျိုးတို့ကို စုရုံး၍ လှူဖွယ်ဝတ္ထုတို့ကို ပြုပြင်စေပြီးလျှင် သားကြီးဖြစ်သော မဟာကာလကို ဝတ်စားတန်ဆာ ကောင်းစွာဆင်ယင်စေလျက် ငါးရာသော အခြံအရံနှင့်တကွ ပဉ္စရူပတံခွန်ကို ကိုင်စေလျက် ထွက်၍ ကြိုစေ၏။

ထို့နောက်မှ စူဠသုဘဒ္ဒါ, မဟာသုဘဒ္ဒါဟူသော သမီးနှစ်ယောက်တို့ကို ငါးရာ ငါးရာမျှလောက်သော သတို့သမီးအခြံအရံနှင့် ရွှေမြူတာ, ငွေမြူတာအိုးတို့ကို ရွက်စေ၍ လက်မှ ပန်းပေါက်ပေါက်ကိုင်စေလျက် ထွက်၍ ကြိုရကုန်၏။

ထို့နောက်မှ သိရီသုမနမည်သော သဌေးမယားသည် ငါးရာမျှလောက်သော အရွယ်တူမိန်းမတို့နှင့်တကွ ရေပြည့်အိုး, ရေဖလား ရွက်စေလျက် ထွက်၍ ကြိုရကုန်၏။

ထို့နောက်မှ အနာထပိဏ်သဌေးသည် အဆွေခင်ပွန်းဖြစ်သော သဌေးငါးရာတို့နှင့်တကွ အစာမကြေသေးသော ပုဆိုးတို့ကိုဝတ်ကုန်၍ ပန်းနံ့သာအဖျော် လက်စွဲကုန်လျက် ထွက်၍ကြိုဆိုကုန်၏။

ဘုရားကိုယ်တော်မြတ်လည်း များလှစွာသော ဘိက္ခု, ဘိက္ခုနီ, ဥပါသကာ, ဥပါသိကာမဟူသော ပရိသတ်လေးပါး ဝန်းရံကာ ရတနာ့ဂူမှထွက်သော ခြင်္သေ့မင်းကဲ့သို့လည်းကောင်း, ညချမ်းဆည်းဆာဝယ် တိမ်ဝါလျှပ်ရောင်ဖြင့် တောက်ပသော ဣန္ဒနီလာတောင်မင်းကဲ့သို့လည်းကောင်း, ဝိုးဝင်းထိန်ပြောင် ရောင်ခြည်တော်အဝန်းဖြင့် ထွန်းလင်းတောက်ပသော ဘုရားအသရေကိုဆောင်လျက် ဇေတဝန်ကျောင်းတော်သို့ တက်တော်မူ၏။

(စာမျက်နှာ-၃၀၃)

ကျောင်းရေစက်ချပွဲ

ကျောင်းတော်သို့ရောက်၍ နှစ်ရက်မြောက်သောအခါ အနာထပိဏ်သဌေးလည်း သံဃာတော်အပေါင်းနှင့်တကွ ပါသမျှသော ပရိသတ်တို့အား ထူးခြားမွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ဖြင့် လုပ်ကျွေးပြီးသော် ရှင်တော်ဘုရားထံသို့ကပ်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤကျောင်းကို အသို့ဆို၍ လှူအပ်ပါသနည်း”ဟု နားတော်လျှောက်၏။ ဘုရားသခင်လည်း “ဤသို့ပြုပြင်”ဟု သွန်သင်တော်မူပြီးမှ-

ဣမံ ဇေတဝနဝိဟာရံ အာဂတာနာဂတဿ စာတုဒ္ဒိသဿ ဗုဒ္ဓပ္ပမုခဿ ဘိက္ခုသံဃဿ ဒေမ-

ဟု-ဆို၍ ရေစက်ကို ဘုရားလက်တော်၌ လောင်းစေ၏။

[အနက်ကား]မဟာကာရုဏိက၊ ကြီးမြတ်သော ကရုဏာ၏ တည်ရာဖြစ်သော မြတ်စွာဘုရား။ ဣမံ ဇေတဝနဝိဟာရံ၊ ဤဇေတဝန်ကျောင်းတော်ကို။ ဗုဒ္ဓပ္ပမုခဿ၊ ဘုရားအမှူးရှိသော။ အာဂတာနာဂတဿ၊ ရောက်ဆဲ,ရောက်လတ္တံ့သော။ စာတုဒ္ဒိသဿ၊ အရပ်လေးမျက်နှာ၌တည်သော။ ဘိက္ခုသံဃဿ၊ ရဟန်းသံဃာတော်အား။ ဒေမ၊ လှူဒါန်းပူဇော်ပါကုန်၏။

ယင်းသို့ လှူစေပြီးသော် ကိုယ်တော်မြတ်လည်း ဝတ္ထုနှင့် လျောက်ပတ်စွာ တရားအနုမောဒနာပြုလို၍ “သီတံ ဥဏှံ ပဋိဟနတိ” အစရှိသော ဓမ္မဒေသနာကို ဟောတော်မူ၏။

သဌေးလည်း ထိုနေ့မှစ၍ သပရိဝါရဒါန ဖြစ်စေခြင်းငှါ များစွာသော ရှင်,လူ, ပုဏ္ဏား မျိုးလေးပါးတို့အား တဆယ့်ရှစ်ကုဋေသော ရွှေငွေဥစ္စာတို့ဖြင့် စွန့်ကြဲလှူဒါန်းကာ ကြီးစွာသောသဘင်ကို ဖြစ်စေ၏။ ထိုသဌေး၏ ကျောင်းပူဇော်ပွဲကား ကိုးလတိုင်တိုင်ရှိမှ ပြီးသတည်း။

ဘုရားသခင်ကို တင်လှူသောနေ့မှစ၍ သဌေးအိမ်၌ တနေ့မပြတ် လှူဒါန်းအပ်သော ဒါတဗ္ဗတို့ကား ငါးရာမျှလောက်သော စာရေးတံဆွမ်း, စာရေးတံ ယာဂုတို့ကိုလည်းကောင်း၊ ငါးရာမျှလောက်သော ပက္ခိကဆွမ်း ပက္ခိက ယာဂုတို့ကိုလည်းကောင်း၊ ငါးရာမျှလောက်သော အိမ်ဦး၌ကျွေးအပ်သော ဓုရဘတ်, ဓုရ ယာဂုတို့ကိုလည်းကောင်း၊ ငါးရာမျှလောက်သော အာဂန္တုကဆွမ်း, အာဂန္တုကယာဂုတို့ကိုလည်းကောင်း၊ ငါးရာမျှလောက်သော ခရီးသွားလိုသော ရဟန်းတို့အား လှူအပ်သော ဂမိကဆွမ်း, ဂမိက ယာဂုတို့ကိုလည်းကောင်း၊ ငါးရာမျှလောက်သော သူနာရဟန်းတို့အား လှူအပ်သော ဂိလာနဘတ်, ဂိလာန ယာဂုတို့ကိုလည်းကောင်း၊ ငါးရာမျှလောက်သော သူနာကိုလုပ်ကျွေးသော ရဟန်းတို့အား လှူအပ်သော ဂိလာနုပဋ္ဌာကဘတ်, ဂိလာနုပဋ္ဌာက ယာဂုတို့ကိုလည်းကောင်း တည်ကျွေးလှူဒါန်းကာ ငါးရာမျှလောက်သော အိပ်ရာနေရာတို့ကို တနေ့မပြတ် အိမ်ဦးရပ်၌ ခင်းထားအပ်သတည်း။ ဘုရားသခင်အား ခစားခြင်းငှါ တနေ့သုံးကြိမ် ကျောင်းတော်သို့ သွားရာ၌လည်း အလှူဝတ္ထုမပါပဲ သွားဖူးသောမည်သည် မရှိ၊ အိမ်တံခါးမုခ်၌ စောင့်နေသော နတ်သမီး မြစ်တား၍မျှလည်း မယူမနာ၊ လွန်စွာ အားထုတ်သောကြောင့် နောက်သောအခါ၌ “ဒါနပတိ”အရာ၌ ဧတဒဂ်ထား၍ ဘုရားချီးမွမ်းတော်မူရသတည်း။

(စာမျက်နှာ-၃၀၄)

အဝိဇဟိတဋ္ဌာန

ဇေတဝန်ကျောင်းတော်ရာဝယ်-

ဝိပဿီမြတ်စွာဘုရား ပွင့်တော်မူသောအခါ သုစိတ္တမည်သော သဌေးသည် ရွှေအုတ်တို့ဖြင့် ခင်းဝယ်၍ တယူဇနာကျယ်သော သံဃာ့အာရာမ်ကို ပြုလုပ်လှူဒါန်းသည်။
သိခီဘုရား ပွင့်တော်မူသောကာလ သိရီဝဍ္ဎနမည်သော သဌေးသည် ရွှေထွန်သွားဖြင့် ခင်းဝယ်၍ သုံးဂါဝုတ်ကျယ်သော သံဃာ့အာရာမ်ကို ပြုလုပ်သည်။
ဝေဿဘူဘုရား ပွင့်တော်မူသောကာလ သောတ္ထိယမည်သော သဌေးသည် ရွှေပြားအခင်းဖြင့် ဝယ်၍ နှစ်ဂါဝုတ်ကျယ်သော သံဃာ့အာရာမ်ကို ပြုလုပ်သည်။
ကကုသန်ဘုရား ပွင့်တော်မူသောကာလ အစ္စုတမည်သော သဌေးသည် ရွှေအုတ်ဖြင့် ခင်းဝယ်၍ တဂါဝုတ်ကျယ်သော သံဃာ့အာရာမ်ကို ပြုလုပ်၍ လှူဒါန်းသည်။
ကောဏာဂုံဘုရား ပွင့်တော်မူသောကာလ ဥဂ္ဂအမည်ရှိသော သဌေးသည် ရွှေလိပ်ရုပ်အခင်းဖြင့် ဝယ်၍ နှစ်ကောသကျယ်သော သံဃာ့အာရာမ်ကို ပြုလုပ်လှူဒါန်းသည်။
ကဿပဘုရား ပွင့်တော်မူသောကာလ သုမင်္ဂလအမည်ရှိသော သဌေးသည် ရွှေထွန်တုံးအခင်းဖြင့်ဝယ်၍ တကောသ ပမာဏရှိသော သံဃာ့အာရာမ်ကို ပြုလုပ်လှူဒါန်းသည်။
ငါတို့ဘုရား ပွင့်တော်မူသောအခါ၌ကား ငယ်မည်အားဖြင့် သုဒတ္တအမည်ရှိသော ဆင်းရဲသော သူဖုန်းစားတို့အား စားရန်ထမင်းဖြင့် ထောက်ပံ့တတ်စွာ၍ အနာထပိဏ် အမည်ရှိသော သဌေးမြတ်သည် တဆယ့်ရှစ်ကုဋေသော အသပြာငွေအခင်းဖြင့် ဝယ်၍ တဆယ့်ခြောက်ပယ် ပမာဏရှိသော သံဃာ့အာရာမ်ကို ပြုလုပ်လှူဒါန်းသည်။

ထို့ကြောင့် ဤဇေတဝန် ကျောင်းတော်ရာကား ဘုရားတကာတို့ စွန့်ခွါမြဲမဟုတ်သော အဝိဇဟိတဋ္ဌာနတည်း။

မင်းပယ်မှတ်ချက်

သက်တော်ရှည်သော ဘုရားရှင်တို့လက်ထက်၌ ကျောင်းတော်ကြီး၌ အာရာမ်နေရာကျယ်သည်။ “မင်းပယ်”ဟူသော စကား၌ ဆယ့်တစိတ်ဝင် ဇလားသည် တအမ္ဗဏ မည်၏၊ ထိုအမ္ဗဏဖြင့် လေးအမ္ဗဏ မျိုးကြဲလောက်သော အရပ်ကို တပယ်ဟူ၍ အဘိဓာန် စာကိုယ်ဋီကာ၌ ဆိုသည်၊ တင်းနှင့်ချင့်သော်လည်း ဆယ့်တတင်းကျ ဖြစ်သည်၊ တောင်တာကို ကျမ်း၌မဆို၊ စတုရန်း တရာ့ခုနစ်ဆယ့်ငါးတောင်ကို တပယ်ဟူ၍ သင်္ချာပကာသက ကျမ်း၌ဆိုသည်၊ မျိုးဝင်ကိုမဆို။ ယင်းသို့ မဆိုသော်လည်း စပါးတတင်း အစေ့ သုံးသိန်း,ရှစ်သောင်း,လေးထောင်ကို ဆယ့်တခုမြှောက်၍ တလက်သစ်ခြား ကြဲလျှင် မျိုးဝင်ဆယ့်တစ်တင်း ဖြစ်ရာသည်၊ ထိုစတုရန်း တရာ့ခုနစ်ဆယ့် ငါးတောင်ကို ခုနစ်တောင်တာဖြင့်ချင့်သော် ရှစ်ဆယ့်ငါးတာဖြစ်သည်။

(စာမျက်နှာ-၃၀၅)

တဆယ့်နှစ်တောင်တာနှင့် စတုရန်း ဆယ်တာကို တပယ်ဟူ၍ ဂဏန်းကျမ်း၌ ဆိုသည်၊ မျိုးဝင်ကို မဆို၊ လက်သစ် နှစ်ဆယ့်ရှစ်သစ် တောင်နှင့် ခုနစ်ထောင်တာ၊ စတုရန်းအတာ နှစ်ဆယ်ကို တပယ်ဟူ၍ ရှေးစာဟောင်း ရှိသည်။ ယင်းသို့ နာနာဒေသဝေါဟာရဖြစ်၍ မညီညွတ်ကြသည်တွင် သင်္ချာပကာသ၌ ဆိုအပ်သော တရာ့ခုနစ်ဆယ့် ငါးတောင်, ခုနစ်တောင်တာနှင့် နှစ်ဆယ့်ငါးတာရသော လေးအမ္ဗဏ မျိုးကြဲရာအရပ်သည် တပယ်မည်၏ဟူသော စကားသာလျှင် သင်္ဂါယနာဝင်ကျမ်းဂန်တို့နှင့် ညီညွတ်သည်၊ ၎င်း ပကတိပယ်ထက် မင်းပယ် တပြန်ကြီးသည် ဆိုသောကြောင့် ခုနစ်တောင်တာဖြင့် စတုရန်းအတာ ငါးဆယ်သည် မင်းပယ် တပယ်မည်၏၊ ထိုမင်းပယ်ဖြင့် ရှစ်ပယ်သည် ဇေတဝန်ကျောင်းတော်ရာဟု မှတ်ရာသည်၊ စတုရန်းတွင် တမျက်နှာလျှင် ခုနစ်တောင်နှင့် အတာကိုးရာရှိ၏။

၅၈။ မြတ်စွာဘုရား ကဏ္ဍမ္ဗသရက်ပင်ရင်း၌ တန်ခိုးပြာဋိဟာ ပြတော်မူခြင်း

ဘုရားသခင်လည်း ဇေတဝန်ကျောင်းတော်ကို အလှူခံပြီးလျှင် သာသနာသို့ ဝင်လာသော ဥပ္ပလဝဏ်, မလ္လိကာ အစရှိသော မာတုဂါမတို့အားလည်းကောင်း၊ ကောသလမင်းကြီး, စူဠအနာထပိဏ် အစရှိသော ဥပါသကာတို့အားလည်းကောင်း တရားရသကို ဝေငှတိုက်ကျွေးတော်မူ၍ သက္ကရာဇ် ၁၁၀-ပြည့် ဝါဆိုလ ရောက်သောအခါ ရာဇဂြိုဟ်ပြည်မှ ကြွတော်မူစဉ်ကပင် အတူလိုက်လာကြသော တိတ္ထိတို့သည် မိမိတို့၏ တပည့်အလုပ်အကျွေးဖြစ်သော ဒါယကာတို့ကို နှိုးဆော်ဟောပြော၍ တသိန်းမျှလောက်သော မျိုးရိက္ခာကိုရသဖြင့် လိမ္မာသော လက်သမားတို့ကို ငှါး၍ ရှားသည်တိုင်တို့ဖြင့် ကြီးစွာသော မဏ္ဍပ်ကို ဆောက်ပြီးသော် ကြာညိုပန်းတို့ဖြင့် မိုးစေ၍ “ငါတို့ တန်ခိုးပြာဋိဟာကို ပြအံ့”ဟု အရပ်အနှံ့ သတင်းလွှင့်ပြီးလျှင် မီးပုံး, မီးပန်းစသည်ဖြင့် စီရင်၍နေကြသတည်း။

ထိုအကြောင်းကို ပသေနဒီ ကောသလမင်းကြီးကြားလျှင် ဘုရားသခင်အထံတော်သို့ကပ်၍ “မြတ်စွာဘုရား... တိတ္ထိတို့သည် တန်ခိုးပြအံ့ဟု မဏ္ဍပ်ဆောက်ချေပြီ၊ အကျွန်ုပ်လည်း အရှင်ဘုရားအလို့ငှါ မဏ္ဍပ်ဆောက်လုပ်ပါမည်၊ အဘယ်အရပ်မှာ ဆောက်ရအံ့နည်း”ဟု လျှောက်၏။

ဘုရားသခင်လည်း “မင်းကြီး မဆောက်လင့်”ဟု မိန့်တော်မူလျှင် “အရှင်ဘုရားမှာ ဒကာကိုထား၍ အဘယ်သူ ဆောက်လုပ်တော့အံ့နည်း”ဟု လျှောက်၏။ “သိကြားမင်း၊ ဆောက်လုပ်လတ္တံ့”ဟု မိန့်တော်မူလျှင် “အရှင်ဘုရား... အဘယ်အရပ်၌ ယမိုက်ပြာဋိဟာကို ပြတော်မူအံ့နည်း”ဟု လျှောက်ပြန်၏။ ကဏ္ဍမ္ဗအမည်ရှိသော သရက်ပင်ရင်း၌ ပြတော်မူအံ့”ဟု မိန့်တော်မူသော် “အဘယ်နေ့၌ ပြတော်မူအံ့နည်း၊ အကျွန်ုပ်တို့ အဘယ်အရပ်မှ ဖူးမြော်ရအံ့နည်း”ဟု လျှောက်၍ “ဝါဆိုလပြည့်နေ့၌ ငါပြတော်မူမည်၊ ထက်ဝန်းကျင်သော မြေပြင်ကပင် သင်တို့ စည်းဝေးဖူးမြော်ကြကုန်”ဟု မိန့်တော်မူ၏။

ထိုအမိန့်တော်ကို ကြားရလျှင် ကောသလမင်းကြီးလည်း အသီးသီးသော မြို့ရွာနိုင်ငံသို့ သဝဏ်စာခွေဖြင့် စေတော်မူ၏။

(စာမျက်နှာ-၃၀၆)

တိတ္ထိတို့သည်လည်း “ဘုရားသခင်သည် သရက်ပင်ရင်း၌ တန်ခိုးပြာဋိဟာပြအံ့”ဟူသော စကားကို ကြားလျှင် များစွာသော အလုပ်အကျွေးတို့ကိုခေါ်၍ တယူဇနာအတွင်း၌ ရှိရှိသမျှသော သရက်ပင်တို့ကို ခုတ်ထွင်ဖျက်ဆီးစေသည်။ အယုတ်သဖြင့် ထိုနေ့၌ပေါက်သော သရက်ပင်မျှလည်း မကြွင်းရသောဟူ၏။

အံ့ဩဖွယ် သရက်ပင်

ဘုရားကိုယ်တော်မြတ်သည်လည်း ဝါဆိုလပြည့်နေ့သို့ ရောက်သောအခါ နံနက်စောစောကပင် သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံဝင်တော်မူ၏။ ကောသလမင်း၏ ဥယျာဉ်စောင့်ဖြစ်သော ကဏ္ဍအမည်ရှိသော သူသည် မိမိဥယျာဉ် သရက်ပင်ဝယ် ခါချဉ်အုံအတွင်း၌ ကြွင်းရစ်သော သရက်ဖြူသီးတလုံးကိုရ၍ မင်းကြီးအား ဆက်ခြင်းငှါ ဆောင်၍လာခဲ့သော် မြတ်စွာဘုရားနှင့်တွေ့၍ “ယနေ့ မင်းကြီးအား ဤသရက်သီးကို ငါဆက်ရသော် တဆယ့်ခြောက်သပြာမျှသာ ရရာသည်၊ မြတ်စွာဘုရားအား ကပ်လှူရမူ ဘဝသင်္ချေပတ်လုံး မဆုံးမကုန်နိုင်သော အကျိုးဖြစ်ရလတ္တံ့”ဟု ကြံလျက် ဘုရားလက်တော်သို့ ကပ်အံ့သောအခြင်းအရာကိုပြုလျှင် ဘုရားသခင်လည်း အရှင်အာနန္ဒာကို ကြည့်တော်မူ၏။

အရှင်အာနန္ဒာလည်း စတုမဟာရာဇ် နတ်မင်းတို့ လှူအပ်သော သပိတ်ကို အိတ်မှထုတ်၍ လက်တော်သို့ကပ်လျှင် ယခင်သရက်သီးကို သပိတ်ဖြင့် ခံတော်မူ၏။

ယင်းသို့ခံပြီးလျှင် ထိုဥယျာဉ်အနီး၌ပင် ရပ်တော်မူသော် ညီတော်အာနန္ဒာလည်း ပခုံးထက်ပါသော သင်္ကန်းတော်ကို ခင်းပေး၏။

ဘုရားကိုယ်တော်မြတ်လည်း ထိုခင်းအပ်သော နေရာ၌ ထိုင်တော်မူပြီးလျှင် ယခင်သရက်သီးကို ဘုဉ်းပေးတော်မူ၏။ ဘုဉ်းပေးပြီး၍ သရက်စေ့ကို ထိုဥယျာဉ်စောင့်အား “ဤနေရာ၌ စိုက်လော့”ဟု အပ်တော်မူ၏။

ဥယျာဉ်စောင့်လည်း မိန့်တော်မူတိုင်း စိုက်လေသော် ကိုယ်တော်မြတ်လည်း စိုက်ရာမြေထက်၌ လက်ဆေးတော်မူ၍ ဆေးရေ မြေသို့ကျလျှင်ပင် မီးပုံမှသက်သော မီးအခိုးကဲ့သို့ ဖြိုးဖြိုးလုံးလုံး ထွန်တုံးရှည်လောက်သော အညှောက်, အကိုင်း, အခက်တို့သည် ဖြာထွက်၍ တက်လတ်သဖြင့် တခဏခြင်းတွင်ပင် အစောက်အားဖြင့် သံတောင် ငါးဆယ်, အကျယ်အပြန့်အားဖြင့် သံတောင်တရာရှိသော ငါးဖြာသော ခက်မ, တရာ့ငါးဆယ်သော ခက်သေး, မွှေးလှစွာသော အရွက်အပွင့်အသီးတို့နှင့် ပြည့်စုံသော သရက်ပင်ကြီးသည်ဖြစ်၏။ နောက်တော်သို့ လိုက်လာသော သံဃာတော်အပေါင်းတို့လည်း ထိုအပင်၌သီးသော သရက်သီးကို စားရကုန်၏။

အစောင့်ထားပုံ

ထိုသို့ဖြစ်သော အံ့ဖွယ်သရဲကို ကဏ္ဍအမည်ရှိသော ဥယျာဉ်စေင့် ယောက်ျားမြင်လျှင် သာရွှင်ဝမ်းမြောက်စွာ ဥဗ္ဗေဂါပီတိကိုရ၍ ခုန်ကမြူးထူးလျက် သာဝတ္ထိပြည်တွင်းသို့ ဝင်ပြီးလျှင် အိမ်စဉ်အတိုင်း ကြွေးကြော်၍ မင်းကြီးနန်းတော်သို့ ဝင်လေ၏။

(စာမျက်နှာ-၃၀၇)

ကောသလမင်းကြီးလည်း သရက်ပင် ဖြစ်လာသောအကြောင်းကို ကြားလျှင် အလွန်အားရဝမ်းသာခြင်းဖြင့် မင်းချင်းယောက်ျားတို့ကို သွား၍စောင့်ရှောက်ချေဟု စေလိုက်ပြီးလျှင် နန်းတော်တွင်ရှိသော မင်းသမီး မင်းသား မိဖုရားတို့ကိုလည်းကောင်း၊ မှူးမတ်သေနာပတိတို့ကိုလည်းကောင်း “ဘုရားမြတ်စွာ ပြာဋိဟာပြသည်ကို ထွက်၍ကြည့်ကြကုန်”ဟု နှိုးဆော်ပေ၏။

ထိုစကားကို ကြားကြသဖြင့် ပြာဋိဟာပွဲကို ကြည့်ရှုခြင်းငှါ အဝေးမှလာ၍ နေလင့်ကုန်သော သူတို့သည်လည်း အချင်းချင်း ပြောဆိုခေါ်ငင်ကြဘိ၍ သာဝတ္ထိပြည်အလုံးသည် ရုန်းရင်းတက်မျှ အုတ်အုတ်ကျက်ကျက်သော အသံသည် ဖြစ်၏။

သရက်ပင်ကို စောင့်နေကုန်သော သေသောက်ကြူးတို့သည်လည်း သရက်ပင်မှကြွေကျသော အသီးတို့ကို စားပြီးသော် ရှုမျှော်ဖျက်ဆီးခြင်းငှါ လာကုန်သော တိတ္ထိတို့အား စားဖတ်အစေ့တို့ဖြင့် ပစ်ခတ်ကုန်လျက် “ဟယ်...တိတ္ထိတို့.. ငါတို့ဆရာ ဂေါတမနှင့် တန်ခိုးပြိုင်၍ ပြမည်ဟု သင်တို့ကြုံးဝါးကြကုန်သည်၊ တစုံတခုမျှသော အထူးအကဲကို ငါတို့မမြင်ရကုန်၊ မြို့တွင်းမြို့ပြင်၌ သရက်ပင်အပေါင်းသာလျှင် သင်တို့ဖြုန်းတီး၍ ပြုန်းတီးလေဘိသည်”ဟု ခြိမ်းမောင်းဆဲရေးကြကုန်၏။ တိတ္ထိတို့လည်း အလိုလိုပင် ရှက်ကြောက်ရကား မိမိတို့ဆောက်သော မဏ္ဍပ်၌ စုဝေးကာနေကုန်၏။

ထိုအခါ နတ်ရွာနှစ်ထပ်ကို အစိုးရသော သိကြားမင်းသည် လေနတ်သားကိုခေါ်၍ “မလျော်သော အကြံရှိသော တိတ္ထိတို့၏မဏ္ဍပ်ကို လေမုန်တိုင်းဖြင့်ခတ်၍ ဖျက်ဆီးလော့”ဟု စေပေ၏။

လေနတ်သားလည်း သိကြားမင်း အာဏာတော်အတိုင်း အပိုင်းပိုင်း ကျိုးပြတ်လောက်သော လေပြင်းကို လာစေ၏။ ထို့နောက်မှ နေနတ်သားကိုခေါ်၍ “တိတ္ထိတို့၏ အပေါ်၌သာ လွန်စွာနှိပ်စက်၍ ပူလော့”ဟု စေ၏။

ထို့နောက် မိုးနတ်သားကိုခေါ်၍ “လွန်ကဲသောမိုးကြီးကို ရွာစေဘိလော့”ဟု စေ၏။ ထိုနတ်သားတို့လည်း သိကြားမင်းစေလိုက်တိုင်း ပြုဘိ၍ တိတ္ထိအပေါင်းတို့မှာ တည်းခိုရာမရေ မြေမှတက်သော ဖုတ်အလိမ်းလိမ်းကပ်သောကိုယ်တွင် ရွာစိုသော မိုးပေါက်ကြောင့် နွားပြောက်, မြင်းကျားကဲ့သို့ ဆိုးရွားညစ်ညမ်းသော ကိုယ်ကာယရှိသည် ဖြစ်၍ ပရိသတ်အမြင်ကိုမျှ မခံဝံ့ပဲ ပြေးလွှဲပုန်းရှောင်ရလေကုန်၏။

ပူရဏကဿပ သေဆုံးပုံ

ထိုအခါ ပူရဏကဿပဆရာ့ အလုပ်အကျွေးဖြစ်သော လယ်လွန်ယောက်ျား တယောက်သည် “ငါ့ဆရာတို့ တန်ခိုးပြာဋိဟာပြသည်ကို ဖူးမြင်အံ့”ဟု ကြံလျက် နံနက်စောစွာကပင် လယ်ထွန်ရာမှ နွားကိုလွှတ်လိုက်ပြီးသော် ကြိုးနှင့်ထမင်းအိုးကိုဆွဲ၍ လာခဲ့၏။ ရှေ့တူရူမှ ပူရဏကဿပဆရာ လျင်စွာပြေးလာသည်ကို မြင်လျှင် “အရှင်ဘုရား.. အဘယ်မှာ တန်ခိုးပြတော်မူအံ့နည်း၊ အကျွန်ုပ်တို့ ဖူးမြင်ခြင်းငှါ လာပါသည်၊ ယခု အဘယ်ဌာနသို့ ကြွတော်မူအံ့နည်း”ဟု မေးလျှောက်၏။ ကဿပဆရာကလည်း “ဒါယကာ... ပြာဋိဟာကို ဖူးမြင်လိုလျှင် ငါ၏ကိုယ်ကိုသာကြည့်လော့၊ အသော့ သင့်ကြိုးနှင့်အိုးကို ငါ့အားပေးပါ”ဟု ဆို၍ ကြိုးနှင့်အိုးကို တောင်းယူပြီးလျှင် လည်တွင်ရစ်ဆွဲ၍ မြစ်ရေဝဲကြီး၌ဆင်း၍ သေလေ၏။ ထိုသေသော ခဏ၌ပင် အဝီစိငရဲ၌ ဖြစ်လေသတည်း။

(စာမျက်နှာ-၃၀၈)

ပဏာမတန်ခိုးတော်

ဘုရားကိုယ်တော်မြတ်လည်း သုံးဆယ့်ခြောက်ယူဇနာသောမြေအရပ်၌ ခြေရာစပ်မျှ ပရိသတ်တို့ စည်းဝေးရောက်လာကြသည်ကို မြင်လျှင် ထက်ဝန်းကျင်သော စကြဝဠာတိုက်အလုံးကို ဖုံးကွယ်ခြင်းမရှိ ပကတိ မြင်စေတတ်သော လောကဝိဝရဏတန်ခိုးကို ဖွင့်တော်မူ၍ ယူဇနာဝက် ပမာဏမြင့်သော ကောင်းကင်ပြင်၌ အရှေ့စကြဝဠာမှ အနောက်စကြဝဠာ ခိုက်အောင်သော ရတနာစင်္ကြံကို ဖန်ဆင်းတော်မူ၍ ထိုနေ့ မွန်းတိမ်းသောအခါဝယ် ရတနာဂူမှထွက်သော ရွှေခြင်္သေ့မင်းကဲ့သို့ ဂန္ဓကုဋီတိုက်မှထွက်၍ ရတနာစင်္ကြံဦး၌ ရပ်တော်မူ၏။

ဥပါသိကာမ တန်ခိုးပြနိုင်ပုံ

ထိုအခါ ဃရဏီအမည်ရှိသော ဥပါသိကာမသည် ဘုရားခြေတော်ရင်း၌ဝပ်၍ ဤသို့ နားတော်လျှောက်၏။ “ဘုန်းတော်ကြီးလှသော မြတ်စွာဘုရား.. အကျွန်ုပ်ကဲ့သို့သော သမီးကောင်းရှိပါလျက် ကိုယ်တော်မြတ် အပင်ပန်းမခံသင့်ပါ။ တန်ခိုးပြာဋိဟာကို အကျွန်ုပ်ပြပါအံ့”ဟု လျှောက်၏။

ဘုရားသခင်လည်း “ချစ်သမီး... သင်သည် အဘယ်သို့သော တန်ခိုးကို ပြအံ့နည်း”ဟု မေးတော်မူလျှင် “အရှင်ဘုရား... တခုသော စကြဝဠာတိုက်အပြင်ကို ရေအယဉ်ဖြင့် ပြည့်စေ၍ အကျွန်ုပ် ကြက်မငယ်သဏ္ဌာန် ဖန်ဆင်းပြီးလျှင် အနောက်စကြဝဠာမှ ငုပ်၍ အရှေ့စကြဝဠာနား၌ ပေါ်ပါမည်၊ ၎င်း အရှေ့စကြဝဠာမှငုပ်၍ အနောက်စကြဝဠာနား၌ ပေါ်ပါမည်၊ တောင်စကြာဝဠာမှငုပ်၍ မြောက်စကြဝဠာနား၌ ပေါ်ပါမည်၊ မြောက်စကြဝဠာမှငုပ်၍ တောင်စကြဝဠာ၌ ပေါ်၍ပြပါအံ့၊ ထိုသို့ပြသည်ကို လူတို့မြင်ရလျှင် “ဘုရားသမီးတော် ဃရဏီဥပါသိကာမျှလည်း ရေကြက်မအသွင်ဖြင့် သို့စင်သော တန်ခိုးပြာဋိဟာကို ပြနိုင်ချေသည်။ ဘုရားကိုယ်တော်မြတ်မူကား အဘယ်မှာ ဆိုစရာရှိအံ့နည်း”ဟု အံ့သြချီးပ၍ တိတ္ထိတို့ ပြေးရပါလတ္တံ့”ဟု လျှောက်၏။

ဘုရားကိုယ်တော်မြတ်လည်း “ချစ်သမီး ဃရဏီ.. ဤသို့သော တန်ခိုးပြာဋိဟာကို သင်ပြနိုင်သော အခြင်းအရာကို ငါသိတော်မူ၏၊ သို့ရာတွင် ဤမျှစွာသော ပရိသတ်အစည်းအဝေးကို သင်၏အလို့ငှါ ငါဖွဲ့တော်မူသည်မဟုတ်”ဟု မိန့်တော်မူ၏။ ဃရဏီဥပါသိကာမလည်း “ငါ့ထက်လွန်၍ တန်ခိုးပြနိုင်သော သာဝကကား များစွာရှိပေသေးသည်”ဟု ရှား၍ နေလေ၏။

ဥပါသကာ တန်ခိုးပြနိုင်ပုံ

ဘုရားမြတ်စွာလည်း သာဝကအပေါင်းတို့အား ကြည့်ရှုတော်မူ၍ “သင်တို့ကား အသို့သော တန်ခိုးပြာဋိဟာကို ပြနိုင်ကုန်အံ့နည်း”ဟု မေးတော်မူသော် စူဠအနာထပိဏ် အမည်ရှိသော အနာဂါမ်တည် သဌေးသည် ခြေတော်ရင်း၌ ဝပ်လျက် “အရှင်ဘုရား... အကျွန်ုပ်ကဲ့သို့သော သးကောင်းရတနာ ရှိပါလျက် ကိုယ်တော်မြတ် မပင်ပန်းသင့်ပါ၊ တန်ခိုးပြာဋိဟာကို အကျွန်ုပ် ပြပါအံ့”ဟု လျှောက်၏။ “အဘယ်သို့ သင်-ပြအံ့နည်း”ဟု မိန့်တော်မူလျှင် “အရှင်ဘုရား.. အကျွန်ုပ်သည် တဆယ့်နှစ်ယူဇနာရှိသော ဗြဟ္မာမင်း၏ ကိုယ်သဏ္ဌာန်ကို ဖန်ဆင်း၍ လေပြင်းမိုးကြိုး၏ အသံနှင့်တူသော အသံဖြင့် လောကဓာတ်ကို လွှမ်းမိုးအောင် လက်ပန်းပေါက်တီးပါအံ့၊ ထိုအသံကို ပရိသတ်တို့ကြားလျှင် များစွာထိတ်လန့်ခြင်းဖြစ်၍ “ဘုရားသားတော်ငယ်

(စာမျက်နှာ-၃၀၉)

ဖြစ်သော စူဠအနာထပိဏ် သဌေးသည်လျှင် ဗြဟ္မာကြီး၏အဟန် ဖန်ဆင်း၍ တန်ခိုးပြနိုင်ချေသေးသည်၊ ဘုရားကိုယ်တော်မြတ်မူကား ဆိုဖွယ်ရာမရှိပြီဟု အံ့ဩချီးမွမ်းကြ၍ တိတ္ထိတို့ ပြေးရလတ္တံ့”ဟု လျှောက်၏။ ဘုရားသခင်ကလည်း “သင်၏ တန်ခိုးပြနိုင်သောအဖြစ်ကို ငါသိတော်မူ၏၊ ဤသုံးဆယ့်ခြောက်ယူဇနာရှိသော ပရိသတ်တို့ကား ငါဘုရားကိုသာ ရည်၍ စုဝေးလာချေသည်၊ သင်ရှား၍သာ နေဘိဦး”ဟု မိန့်တော်မူ၏။

သာမဏေ တန်ခိုးပြနိုင်ပုံ

ထို့နောက်မှ ပဋိသမ္ဘိဒါပတ္တဖြစ်သော ခုနစ်နှစ်အရွယ်သာရှိသော စီရအမည်ရှိသော သာမဏေသည် ဘုရားခြေတော်ရင်း၌ဝပ်၍ “အကျွန်ုပ်လည်း ကျေးဇူးတော်ကို ဆပ်သောအားဖြင့် တန်ခိုးပြပါအံ့”ဟု လျှောက်၏။ “အသို့သော အခြင်းအရာဖြင့် သင်-ပြအံ့နည်း”ဟု မေးတော်မူလျှင် “အရှင်ဘုရား မြင်းမိုရ်, စကြဝဠာ, သီဒါ, သတ္တရဘန်တောင်ရံ, သမုဒ္ဒရာတို့ကို ဤအရပ်သို့ဆောင်၍ အစဉ်အတိုင်းထားပြီးလျှင် အကျွန်ုပ်သည် ဟင်္သာမင်းသဏ္ဌာန် ဖန်ဆင်း၍ ထိုထိုအရပ်မှ ထွက်လျက် မငြိမယှက် ပျံပါအံ့၊ ထိုအခါ များစွာသော လူအပေါင်းတို့မြင်လျှင် “ဘုရားသခင်၏ မြေးတော်ငယ်ဖြစ်သော စီရသာမဏေစင်လျက် ဤသို့သော တန်ခိုးပြာဋိဟာကို ပြနိုင်ချေသေးသည်၊ ဘုရားကိုယ်တော်မှာ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း”ဟု ချီးပ၍ တိတ္ထိတို့ ပြေးရကုန်လတ္တံ့”ဟု လျှောက်၏။ ဘုရားသခင်လည်း “သင်၏ တန်ခိုးပြနိုင်သော အခြင်းအရာကို ငါသိတော်မူ၏”ဟု ဆို၍သာ ခွင့်မပေးပဲ နေတော်မူ၏။

ထို့နောက် ပဋိသမ္ဘိဒါပတ္တ ခီဏာသဝဖြစ်သော ခုနစ်နှစ်အရွယ်ရှိသော စုန္ဒသာမဏေသည် ခြေတော်ရင်း၌ဝပ်၍ အထပ်ထပ်ရှိခိုးလျက် “အကျွန်ုပ်လည်း တခုသော တန်ခိုးပြာဋိဟာကို ပြပါအံ့”ဟု လျှောက်၏။ “အသို့ပြအံ့နည်း”ဟု မေးတော်မူလျှင် “အရှင်ဘုရား... အကျွန်ုပ်သည် ဤဇမ္ဗူဒိပ်ကျွန်းဦး၌ ပေါက်ရောက်သော အစောက်ယူဇနာ တရာရှိသော ဇမ္ဗူ့သပြေပင်ကြီးကို အသီးအပွင့်နှင့်တကွ နုတ်သိမ်း၍လာပြီးလျှင် များစွာသော လူပရိသတ်တို့အား ကြီးမားကောင်းမြတ်လှသော ဇမ္ဗူ့သပြေသီးကို စားပါစေအံ့၊ တာဝတိံသာ နတ်ပြည်ဝယ် ပင်လယ်ကသစ်ပင်ကြီးကိုလည်း ဤနည်းတူ ထမ်းယူခဲ့၍ ကသစ်ပန်းကို လူအများတို့အား ဝေပါအံ့၊ ထိုအခါ များစွာကုန်သော ပရိသတ်တို့မြင်ကုန်၍ “ဘုရားရှင်၏ မြေးတော်ငယ်ဖြစ်သော စုန္ဒသာမဏေစင်လျက် ဤသို့သော တန်ခိုးပြာဋိဟာကို ပြနိုင်ချေသေးသည်၊ ဘုရားကိုယ်တော်မှာ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း”ဟု အံ့သြချီးပ၍ တိတ္ထိတို့ ပြေးရကုန်လတ္တံ့”ဟု လျှောက်၏။ ဘုရားသခင်လည်း ယခင်ကကဲ့သို့ပင် ဆို၍ ပယ်တော်မူ၏။

ဘိက္ခုနီမ တန်ခိုးပြနိုင်ပုံ

ထို့နောက်မှ “ဥပ္ပလဝဏ်” အမည်ရှိသော အဂ္ဂသာဝိကာ ဘိက္ခုနီမသည် ခြေတော်ရင်း၌ဝပ်၍ နားတော်လျှောက်ပြန်သည်။ “အရှင်ဘုရား.. အကျွန်ုပ်လည်း တခုသော တန်ခိုးပြာဋိဟာကို ပြပါအံ့”ဟု လျှောက်၏။ “အသို့ပြအံ့နည်း”ဟု မေးတော်မူလျှင် “အရှင်ဘုရား... အကျွန်ုပ်သည် စကြဝတေးမင်း၏အဟန် ဖန်ဆင်း၍ သုံးဆယ့်ခြောက်ယူဇနာ ပြည့်လောက်သော ပရိသတ်အခြံအရံနှင့်တကွ ကောင်းကင်ခရီးဖြင့် လာ၍ မြတ်စွာဘုရား၏ ခြေတော်ကို ဦးတိုက်ပါမည်”ဟု

(စာမျက်နှာ-၃၁၀)

လျှောက်၏။ ဘုရားသခင်ကလည်း “ချစ်သမီး ဥပ္ပလဝဏ်... သင်၏အာနုဘော်ကို ငါဘုရား သိတော်မူ၏။ သို့ရာတွင် ဤသုံးဆယ့်ခြောက်ယူဇနာသော ပရိသတ်ကား ငါဘုရား၏အကျိုးငှါသာ ဖွဲ့လာချေသည်”ဟု ဆို၍ ပယ်တော်မူ၏။

အရှင်မောဂ္ဂလာန် တန်ခိုးပြနိုင်ပုံ

ထို့နောက်မှ လက်ဝဲရံ အဂ္ဂသာဝကဖြစ်သော အရှင်မောဂ္ဂလာန်ထေရ်သည် ရှေ့တော်၌ဝပ်၍ “အရှင်ဘုရား.. ဤလောက၌ မိဘတို့၏ အရေးအရာသည် သားကြီးတို့၏တာဝန်သာ ဖြစ်ရာသကဲ့သို့ ဆရာတို့၏ အရေးအရာသည်လည်း တပည့်ကြီးတို့၏ဝန်သာ ဖြစ်ပါသည်။ ကိုယ်တော်မြတ်၏ အရေးအရာသည်လည်း တပည့်ကြီးဖြစ်သော အကျွန်ုပ်တို့ဝန်သာ ဖြစ်ပါသောကြောင့် တန်ခိုးပြာဋိဟာကို အကျွန်ုပ်ပြပါရစေ”ဟု လျှောက်၏။

မြတ်စွာဘုရားလည်း “ချစ်သားမောဂ္ဂလာန်.. သင်သည် အဘယ်သို့သော တန်ခိုးကို ပြလိုသနည်း”ဟု မေးတော်မူလျှင် “အရှင်ဘုရား... အကျွန်ုပ်သည် ယူဇနာ ရှစ်သောင်း လေးထောင် နှစ်ပြန်ဆောင်သော မြင်းမိုရ်တောင်မင်းကို ခံတွင်းသွားကြား၌ထား၍ သခွါး,ဖရုံကဲ့သို့ ညက်ညက်ကြေအောင် ဝါးပါအံ့၊ ထိုမှတပါးလည်း ဤစကြဝဠာသား သတ္တဝါများကို လက်ဝါးတဖက်၌ နေစေ၍ ဤမြေကြီးကို နှီးဖျာသင်ဖြူကဲ့သို့ လိပ်လျက် လက်ချောင်း၏အကြား၌ ထားပါအံ့၊ ဤမှတပါးလည်း ရထားလှည်းဘီးစက်ကဲ့သို့ သွက်သွက်ခါမျှ မဟာပထဝီကို လည်စေပြီးလျှင် မြေကြီးအောက်၌ တည်နေသော မြေလွှာဩဇာကိုယူ၍ ဗိုလ်လူအများ သုံးစားပါစေအံ့”ဟူ၍ လျှောက်၏။ “ထိုမှတပါး ချစ်သား အဘယ်သို့ ပြနိုင်အံ့နည်း”ဟု မေးပြန်လျှင် “အရှင်ဘုရား... ဤစကြဝဠာ၌နေကုန်သော သတ္တဝါများကို လက်ဝါးတဖက်၌ နေစေ၍ အစိုင်အတိပြီးသော မြင်းမိုရ်တောင်ကို ထီးရိုးပြုလျက် ဤစကြဝဠာမြေကြီးကို ထီးရွက်တပ်ပြီးလျှင် ထီးလက်စွဲသော ရဟန်းကဲ့သို့ လက်တဖက်ဖြင့်ကိုင်၍ လူမြင်လောက်သော ကောင်းကင်ယံ၌ စင်္ကြံသွား၍ ပြပါအံ့”ဟု လျှောက်၏။

ထိုစကားကိုကြားလျှင် ဘုရားသခင်ကလည်း “ချစ်သား မောဂ္ဂလာန်... သင်၏ အစွမ်းအာနုဘော်ကို ငါသိတော်မူ၏၊ သို့ရာတွင် ဤသုံးဆယ့်ခြောက်ယူဇနာရှိသော ပရိသတ်ကား ငါဘုရားကိုရည်မှတ်၍သာ စုဝေးလာချေသည်၊ ထို့ကြောင့် ယခုအခါကား ငါဘုရား၏သဘင်တော်သာ ဖြစ်ရာသည်၊ သမုဒ္ဒရာ ဂင်္ဂါသဲမျှ ပွင့်ကုန်ကြသော နောင်တော်ဘုရားတို့ပင် အစဉ်ပြတော်မူမြဲလည်း ဖြစ်သည်၊ သင်ချစ်သားတို့ တန်ခိုးအာနုဘော် ကြီးမားသော်လည်း ငါဘုရား၏ဝန်ကို မရွက်ဆောင်နိုင်ရာ၊ ယခုသာလျှင် ငါဘုရား ဆောင်ထိုက်သောဝန်ကို သင်တို့ မဆောင်နိုင်သည်မဟုတ်၊ လွန်လေပြီးသောဘဝ နန္ဒိဝိသာလ နွားမင်းဖြစ်သော အခါကလည်း မဆောင်နိုင်ကြသည်သာတည်း”ဟု မိန့်တော်မူ၍ ထိုအရှင်မောဂ္ဂလာန် တောင်းပန်သော စကားစပ်တွင် နန္ဒိဝိသာလဇာတ်ကို ဟောတော်မူ၏။

မြတ်စွာဘုရား ဈာန်ဝင်စားပုံ

ထို့နောက်မှ ဘုရားမြတ်စွာလည်း ရတနာစင်္ကြံသို့ တက်တော်မူ၍ သုံးဆယ့်ခြောက်ယူဇနာရှိသော လူပရိသတ်တို့၏ အလယ်ချက် အထက်ကောင်းကင်၌ ရပ်တော်မူပြီးလျှင် စတုတ္ထဈာန်ကို

(စာမျက်နှာ-၃၁၁)

ဝင်စားတော်မူ၍ ထက်ဝန်းကျင်သော ကိုယ်တော်မှ မီးအလျှံ ဖြစ်စိမ့်သောငှါ တေဇောကသိုဏ်းကို အာရုံပြုလျက် ပစ္စဝေက္ခဏာ သုံးကြိမ်,လေးကြိမ်၊ ရေအယဉ်ဖြစ်စိမ့်သောငှာ အာပေါကသိုဏ်းကို အာရုံပြုလျက် ပစ္စဝေက္ခဏာ သုံးကြိမ်,လေးကြိမ်၊ အရှိန်အလျှံနှင့်တကွသော ရောင်ခြည်တော်ခြောက်သွယ် ဖြစ်စိမ့်သောငှါ နီလာဒိကသိုဏ်းကို အာရုံပြု၍ ပစ္စဝေက္ခဏာ သုံးကြိမ် လေးကြိမ်အားဖြင့် များစွာသော ဝီထိစိတ်တို့ကို ဖြစ်စေတော်မူလျှင် ယခင် ပစ္စဝေက္ခဏာ သမာပတ်တို့၏ အာနုဘော်ကြောင့်-

ရေမီးအစုံ တန်ခိုးတော်အဖုံဖုံ

အထက်အဖို့ဖြစ်သော ကိုယ်တော်မှ မီးဟုန်သည် တောက်လတ်၍ လောကဓာတ်တသိန်း ထစ်ခြိမ်းပဲ့တင် သံရှင်ကြည်းဟည်း မြေကြီးခုန်လှိုက် အစုံကြိုက်သော ယမိုက်တော်သံကို ဖြစ်စေလျက် ဘဝဂ်တိုင်အောင် တပြောင်ပြောင် တက်လေ၏။ အောက်အဖို့ဖြစ်သော ကိုယ်တော်မှလည်း ရေအယဉ်သည် သွင်သွင်ဒီးဒီး ယိုစီးထွက်ဖြာလျက် စကြဝဠာနရန်း ရစ်သန်းဖြိုးနှက် မိုးကြိုးစက်ကဲ့သို့ အောက်ထက်အုပ်လွှမ်း တင်းကျမ်းနစ်မြုပ် သဲသဲရုတ်မျှသော ရေအယဉ်သည်ဖြစ်၏။ ထို့နောက်တဖန် အောက်ကိုယ်တော်မှ မီးအလျှံသည် ထွက်ပြန်လေသော် အထက်ကိုယ်တော်မှ ရေအယဉ်သည် ဖြစ်၏။ ရှေ့အဖို့ဖြစ်သော ကိုယ်တော်မှ မီးအလျှံ တောက်ပြန်လတ်သော် နောက်အဖို့ဖြစ်သော ကိုယ်တော်မှ ရေအယဉ်သည် ဖြစ်၏။ နောက်ကိုယ်တော်မှတဖန် မီးအလျှံတောက်လတ်သော် ရှေ့ကိုယ်တော်မှ ရေအယဉ်သည် ဖြစ်၏။ လက်ယာမျက်လုံးတော်မှ မီးအလျှံထွက်လတ်သော် လက်ဝဲမျက်လုံးတော်မှ ရေအယဉ်သည် ဖြစ်၏။ လက်ဝဲမျက်လုံးတော်မှ မီးအလျှံ ထွက်လတ်သော် လက်ယာမျက်လုံးတော်မှ ရေအယဉ်သည် စီး၏။ လက်ယာနားအတွင်းမှ မီးအလျှံထွက်လတ်သော် လက်ဝဲနားတွင်းတော်မှ ရေအယဉ်သည် စီး၏။ လက်ဝဲနားတွင်းတော်မှ မီးအလျှံထွက်လတ်သော် လက်ယာနားတွင်းတော်မှ ရေအယဉ်သည် စီး၏။

ဤအတူ လက်ယာနှာခေါင်းတော်မှ မီးအလျှံ, လက်ဝဲနှာခေါင်းတော်မှ ရေအယဉ်၊ လက်ဝဲနှာခေါင်းတော်မှ မီးအလျှံ, လက်ယာနှာခေါင်းတော်မှ ရေအယဉ်၊ လက်ယာပခုံးတော်မှ မီးအလျှံ, လက်ဝဲပခုံးတော်မှ ရေအယဉ်၊ လက်ဝဲပခုံးတော်မှ မီးအလျှံ, လက်ယာပခုံးတော်မှရေအယဉ်၊ လက်ယာ လက်ရုံးတော်မှ မီးအလျှံ, လက်ဝဲလက်ရုံးတော်မှ ရေအယဉ်၊ လက်ယာနံပါးတော်မှ မီးအလျှံ, လက်ဝဲနံပါးတော်မှ ရေအယဉ်၊ လက်ယာခြေတော်မှ မီးအလျှံ, လက်ဝဲခြေတော်မှ ရေအယဉ်၊ လက်ဝဲခြေတော်မှ မီးအလျှံ, လက်ယာခြေတော်မှ ရေအယဉ်၊ အစဉ်သော ခြေချောင်း လက်ချောင်းတို့မှ မီးအလျှံတော်ထွက်လတ်သော် ခြေချောင်းလက်ချောင်းတော်ကြားတို့မှ ရေအယဉ်သည် ဖြစ်၏။ အကြားအကြားတို့မှ မီးအလျှံဖြစ်သည်ရှိသော် ခြေချောင်း လက်ချောင်းတို့မှ ရေအယဉ်သည် ဖြစ်၏၊ အချို့အချို့သော မွေးတွင်းတော်တို့မှ မီးအလျှံဖြစ်သည်ရှိသော် အချို့အချို့သော မွေးတွင်းတော်တို့မှ ရေအယဉ်သည် ဖြစ်၏။ အလုံးစုံသော ကိုယ်မှသည် ညိုသောရောင်ခြည်တော်, ရွှေသော ရောင်ခြည်တော်, နီသော ရောင်ခြည်တော်, ဖြူသော ရောင်ခြည်တော်, မောင်းသော ရောင်ခြည်တော်, ပြိုးပြိုးပြက် ရိုးရိုးရက် တခဲနက်သော ရောင်ခြည်တော်တို့သည်

(စာမျက်နှာ-၃၁၂)

နေခြည်ပျက်ထွန်းသော ညချမ်းဆည်းဆာဝယ် လွန်စွာတောက်လောင်သော ရွှေတန်ဆောင်းကြီးမှ ဆီမီးအလျှံကဲ့သို့ ပျံကာပျံကာ ထွက်၍ အထက် ဗြဟ္မာ့ပြည်တိုင်အောင် တက်လေ၏။

ထိုအခါ မြတ်စွာဘုရားလည်း ကိုယ်တော်ပွား နိမ္မိတ ဗုဒ္ဓတဆူကို ကိုယ်တော်နှင့် အသွင်တူဖန်ဆင်း၍ ကိုယ်တော် စင်္ကြံကြွလတ်သော် နိမ္မိတဘုရားသည် လျောင်း၏၊ ကိုယ်တော် ရပ်သည်ရှိသော် နိမ္မိတဘုရားသည် စင်္ကြံကြွပေ၏။ ကိုယ်တော်ထိုင်ဘိသော် နိမ္မိတဘုရားသည် ရပ်သော်လည်းရပ်၏၊ လျောင်းသော်လည်း လျောင်း၏။ နိမ္မိတဘုရားသည် ထူးခြားနက်နဲသော ပြဿနာကိုမေး၍ ကိုယ်တော်မြတ် ဖြေတော်မူ၏။

ဤသို့လျှင် ပစ္စေကဗုဒ္ဓါ, သာဝကတို့နှင့် မဆက်ဆံရာ အသာဓာရဏဖြစ်သော ယမကပါဋိဟာရိယဉာဏ်ဖြင့် ရတနာစင်္ကြံ ထက်မိုးယံဝယ် တပြောင်းပြန်ပြန် အဖန်ဖန်ကြံ၍ ပြတော်မူပေ၏။ ထိုအခါဝယ် ကိုယ်တော်မှထွက်သော မီးအလျှံ ရေအယဉ်တို့သည် စပ်ယှဉ် ရောပြွမ်းခြင်းမရှိပဲ တကွဲတခြားစီသာ ထွက်လေ၍ အထက်အဖို့အားဖြင့် နေဝသညာနာသညာယတနဘုံ တိုင်အောင်, ဖီလာအားဖြင့် ယူဇနာ တသန်း,နှစ်သိန်း,သုံးထောင့်, လေးရာ့,ငါးဆယ်ကျယ်သော စကြဝဠာအနားရေးတိုင်အောင် တပြိုင်တည်းထွက်၍ တလက်လက် တထိန်ထိန် တည်လေကုန်၏။ ဘုရားသခင်လည်း တန်ခိုးပြာဋိဟာကို ပြတော်မူလျက်ပင် အကြားအကြား၌ လူအပေါင်းတို့အား တရားဟောတော်မူ၏။ ထိုသို့ ဟောကြားသော တရားတော်ကို နာရသဖြင့် အကုဋေမကသော သတ္တဝါတို့သည် ဓမ္မာဘိသမယကို ရကြလေကုန်သတည်း။

တာဝတိံသာ ကြွတော်မူပြီ

ဘုရားသခင်လည်း ဤသို့သော တန်ခိုးပြာဋိဟာကို ပြတော်မူပြီးလျှင် “အဘယ်အရပ်၌ ဝါကပ်တော်မူရအံ့နည်း၊ ရှေးရှေးသော နောင်တော်ဘုရားတို့သည် တန်ခိုးပြပြီးသော အဆုံးဝယ် အဘယ်အရပ်၌ ဝါကပ်တော်မူကြသနည်း”ဟု ကြည့်ရှု ဆင်ခြင်တော်မူသော် တာဝတိံသာနတ်ပြည်၌ ဝါကပ်၍ မယ်တော်နတ်သားအား တရားဟောတော်မူကြသော ဘုရားတို့ဓမ္မတာကို မြင်တော်မူသဖြင့် ထိုဝါဆိုလပြည့်နေ့ ညချမ်းဆည်းဆာဝယ် တာဝတိံသာနတ်ပြည်သို့ တက်ခြင်းငှါ လက်ယာခြေတော်ကို ချီတော်မူလျှင် ယူဇနာ လေးသောင်းနှစ်ထောင် မြင့်ခြင်းဆောင်သော ယုဂန္ဓိုရ်တောင်ထိပ်သည် ဦးညိတ်ညွတ်ပြားလျက် ဖဝါးတော်အောက်တွင် ခံလာသည်။ ထိုတောင်ထိပ်၌ လက်ယာခြေတော်ကို ချပြီး၍ လက်ဝဲမှ တဖန်ချီပြန်လျှင် ယူဇနာ ရှစ်သောင်းလေးထောင် နှစ်ပြန်ဆောင်သော မြင်းမိုရ်တောင်သည် မီးမျှဉ်းသော ကြိမ်ညှောက်ကဲ့သို့ ခြေတော်အောက်သို့ ညွှတ်လျက် ခံလာသည်။

ဤသို့ ဘုရားမြတ်စွာ ကြွလာတော်မူသည်ကို သိကြားမင်းမြင်လျှင် မိမိထံတွင်ရှိသော နတ်မှူးမတ်တို့နှင့်တကွ ခရီးဦးကြိုဆိုလာ၍ မြတ်စွာဘုရားနောက်တော်မှ လိုက်လျက်ပင် ဤသို့ ကြံဆင်ခြင်၏။ “ဘုရားသခင်သည် ငါတို့တာဝတိံသာနတ်ရွာ ပဏ္ဍုကမ္ဗလာ ကျောက်နေရာထက်၌ ဝါကပ်တော်မူလိုယောင် ရှိသည်။ အကယ်၍ စံနေတော်မူခဲ့သော် ဤကျောက်နေရာသည် ဗုဒ္ဓါသနဖြစ်၍ နတ်အများတို့သည် လက်ဖျားမျှ မတင်ဝံ့ကုန်ရာ၊ မြတ်စွာဘုရားကိုယ်တော်ကား တဆယ့်ရှစ်တောင်သာ ရှိသည်။ ဤပဏ္ဍုကမ္ဗလာကား အလျားအားဖြင့် ယူဇနာ ခြောက်ဆယ်,

(စာမျက်နှာ-၃၁၃)

အနံအားဖြင့် ယူဇနာ ငါးဆယ်, အထုအားဖြင့် တဆယ့်ငါးယူဇနာရှိသည်၊ ဤသို့ နေရာကျယ်ဝန်းစွာလျက် အနည်းငယ်၌သာ နေသဖြင့် တပြင်လုံး သုဉ်းလေတော့မည်”ဟု အကြံဖြစ်၏။ ထိုအကြံကို ဘုရားသခင် သိမြင်တော်မူ၍ ဒုကုဋ်သင်္ကန်းဖြင့် ကျောက်ဖျာကို လွှမ်းလေသော် သင်္ကန်းတော်သာလျှင် ကျော်လွန်၍ ကျဘိ၏။ ထို့နောက် ကျောက်ဖျာထက်သို့ တက်တော်မူ၍ ရှစ်ရပ်မျက်နှာဝယ် ကျောက်ဖျာတပြင်လုံး ပြည့်စေလျက် ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူသတည်း။

လူအများ စောင့်စားနေကြပုံ

ဤသို့ ဘုရားမြတ်စွာသည် တာဝတိံသာနတ်ပြည်သို့ ကွန့်လည် တက်ကြွတော်မူလေလျှင် လူ့မြေအပြင်၌ ယမိုက်ပြာဋိဟာပွဲသို့ စည်းဝေးရောက်လာကုန်သော လူဗိုလ်ပါအပေါင်းတို့သည်လည်း ကောင်းကင်သို့ ကြည့်မျှော်၍ ရှင်တော်ဘုရားကို မမြင်သဖြင့် ပူပင်ထိတ်လန့်သော နှလုံးရှိရကား လူစုများရာသို့ ပြေးကူး၍ တဦးမှသည် တဦးကို စူးစမ်းမေးမြန်းကြကုန်၏။ “အချင်းတို့... မြတ်စွာဘုရားသည် အာကာသ စင်္ကြံထက် ခေါက်ပြန်လူးလာ ခုတင်ခါဝယ် ပြာဋိဟာပြပြီးလျှင် ယခု ဘယ်သို့ဝင်၍ စံရွှင်တော်မူလေသနည်း၊ စိတ္တကုဋ်တောင်, ကေလာသတောင်, ယုဂန္ဓိုရ်တောင်တို့သို့ပင် ရှောင်တခင် ကြွတော်မူလေသလော၊ နေဝန်း, လဝန်းတို့သည် အနောက်ကျွန်း အတ္ထတောင်သို့ရောက်၍ ကွယ်ပျောက်လေသကဲ့သို့ ပကတိကိုယ်တော် ကွယ်လေပြီတကား”ဟု မြည်တမ်းလျက် မေးမြန်းကြကုန်၏။

ထိုအခါ အချို့သော သူတို့ကလည်း “လောကသနင်းသည် တိတ္ထိတို့ကို နှိပ်နင်းအံ့ဟု ကြီးမားသော တန်ခိုးပြာဋိဟာကို ပြမိ၍ ရှက်နိုးဘိရကား တပါးသော ပြည်နိုင်ငံသို့ ဈာန်ဖြင့်ကြွတော်မူသည် ထင်၏”ဟု ဆိုကြကုန်သည်။ အချို့သော သူတို့ကလည်း တပည့်သားတော်တို့သာ သိနိုင်ရာသည်ဟု ကြံ၍ အရှင်မောဂ္ဂလာန်ကို မေးလျှောက်ကြကုန်သည်။ ထိုသို့ လျှောက်ကြသော် အရှင်မောဂ္ဂလာန်သည် မိမိသိမြင်ငြားသော်လည်း အရှင်အနုရုဒ္ဓါ၏ဂုဏ် ထင်ရှားစိမ့်သောငှာ “နတ်မျက်စိကဲ့သို့ သိမြင်သောအရာ၌ မြတ်စွာဘုရားမှ ဧတဒဂ်ထားရသော အနုရုဒ္ဓါထေရ်ကို မေးကြကုန်”ဟု တိုက်တွန်း၏။ ဒါယကာတို့လည်း အရှင်အနုရုဒ္ဓါထံသွား၍ လျှောက်ထားကြသော် အရှင်အနုရုဒ္ဓါကလည်း “ဒါယကာတို့.. မြတ်စွာဘုရားသည် တာဝတိံသာ နတ်တို့ရွာဝယ် ဝါကပ်ဝါဆိုတော်မူလို၍ မြင်းမိုရ်တောင်သို့ တက်ကြွတော်မူသည်၊ ယခု သုဒဿနမြို့ ပင်လယ်ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ ကျောက်နေရာထက် တင့်တယ်စွာ စံပယ်တော်မူသည်”ဟု မိန့်ဆိုပေ၏။ ထိုစကားကို ကြားမှပင် ပရိသတ်လေးပါးလည်း အားရဝမ်းသာဖြစ်၍ “ဘယ်အခါမှ လူတို့ရွာသို့ ကြွလာတော်မူလတ္တံ့နည်း”ဟု လျှောက်ပြန်၏။ အရှင်အနုရုဒ္ဓါကလည်း “ဝါတွင်းသုံးလပတ်လုံး သီတင်းသုံးတော်မူ၍ သီတင်းကျွတ်လပြည့်နေ့တိုင်မှ ကြွတော်မူလတ္တံ့”ဟု ဆိုပေသော် ထိုပရိသတ်အများလည်း “ဘုရားသခင်ကို မဖူးမြင်ရသမျှ ဤပြည်က မပြန်”ဟု ကြံကြပြီးလျှင် သာဝတ္ထိမြို့၏အနီးဝယ် အသီးအသီးသော သစ်ခက်တဲကိုပြု၍ နေကြကုန်၏။ ထိုသူတို့၏တဲကား မှီဝဲရုံသာ အမိုးအကာမှ လုံစွာမရှိကုန်၊ အချို့ကား ဟင်းလင်းအတိသာ ဖြစ်ကုန်၏။ သို့ဖြစ်ငြားသော်လည်း ဘုရားရှင်၌ ခင်မင်ရိုညွတ်သော အကျိုးဆက်ကြောင့် ကိုယ်လက်ကျင်နာ ရောဂါဘေးဘျမ်း မသန်းမငြိကုန်။ မြေအခင်းသည်လည်း သန့်ရှင်းစင်ကြယ်စွာ ဖြစ်ကုန်၏။

(စာမျက်နှာ-၃၁၄)

၅၉။ တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောတော်မူခြင်း

ဘုရားသခင်လည်း ပြာဋိဟာမပြမီကပင် အရှင်မောဂ္ဂလာန်ကို မှာဆိုတော်မူလင့်သည်ကား “ချစ်သားမောဂ္ဂလာန်.. ဝန်းရံစုဝေးလတ်သော ဤပရိသတ်အပေါင်းတို့အား ငါ၏ကိုယ်စား တရားဟောရစ်လော့၊ စူဠအနာထပိဏ်သဌေးသည် သင်တို့အား လုပ်ကျွေးချီးမြှင့်လတ္တံ့”ဟု မှာတော်မူ၏။ ထို့ကြောင့် အရှင်မောဂ္ဂလာန်ကား အရံသံဃာများနှင့်တကွ စူဠအနာထပိဏ်သဌေးသည် ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့လျက် ရောက်လာသမျှသော ဗိုလ်လူပရိသတ်တို့အား တရားအမြိုက်ဆေး တိုက်ကျွေးပေသတည်း။

ဘုရားသခင်လည်း ပင်လယ်ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်၌ စံပယ်တော်မူသောအခါဝယ် တာဝတိံသာနတ်အပေါင်းတို့သည် သောင်းသောင်းအုတ်အော် ကြွေးကြော်ကာ လာကြကုန်သည်။ အထက်အထက်သော နတ်ဘုံ, ဗြဟ္မာဘုံတို့မှလည်း ထိုအသံကိုကြားလေ၍ မယ်တော်ဖြစ်ဖူးသော သန္တုသိတ နတ်သားနှင့်တကွ အင်္ကုရ, ဣန္ဒကစသော များစွာသော နတ်ဗြဟ္မာတို့သည် တရားနာခြင်းငှါ ရောက်လာကြကုန်၏။ ဤစကြဝဠာမှ နတ်ဗြဟ္မာအပေါင်းတို့၏ ကောင်းချီး ကြော်ငြာသောအသံကို ကြားသဖြင့် တပါးသော စကြဝဠာတသောင်း၌ နေကုန်သော နတ်ဗြဟ္မာအများတို့သည်လည်း “ဘုရား ယခု နတ်ရွာသို့ ကြွလာတော်မူပြီ၊ တရားရသကို ငါတို့သောက်ရအောင် သွားကြကုန်အံ့”ဟု တဦးမှတဦးကို ဆင့်ကူးခေါ်ငင်၍ ထိုညဉ့်ပင် ရောက်လာကြကုန်သတည်း။

အင်္ကုရနှင့် ဣန္ဒက

ဘုရားသခင်၏ ထက်ဝန်းကျင်သောအရပ်မှ နတ်ဗြဟ္မာအပေါင်းတို့ သောင်းသောင်းဝန်းရံကာ နေသော်လည်း မိမိတို့၏ကိုယ်ရောင် တန်ဆာရောင်တို့သည် မပြောင်မလင်းနိုင်ကုန်။ ဘုရားသခင်၏ ကိုယ်တော်မှထွက်သော ရောင်ခြည် ခြောက်ဆိုင်တို့သည်သာလျှင် တပြိုင်တည်း ထွန်းလင်းကုန်၏။ ထိုပရိသတ်တို့၏အလယ်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုသိတ နတ်သားသည် ဘုရားသခင်၏ လက်ယာနံပါးတော်၌ နေ၏။ ထို၏အနီး၌ ကြီးသော တန်ခိုးရှိသော ဣန္ဒကနတ်သားသည် နေ၏။ ဘုရားသခင်၏ လက်ဝဲနံပါးမှာကား အင်္ကုရနတ်သားသည် နေ၏။ ထိုနှစ်ဦးတို့တွင် အင်္ကုရနတ်သားသည် တန်ခိုးကြီးသော နတ်ဗြဟ္မာတို့ ရောက်လာသောအခါ မိမိနေရာမှ တရွေ့ရွ နောက်သို့ဆုတ်ရသဖြင့် ဘုရားမှ တဆယ့်နှစ်ယူဇနာ ကွာလေ၏။

ထိုအခါ မြတ်စွာဘုရားသည် နတ်သားနှစ်ဦးတို့၏ ကုသိုလ်အထူးအပြားကို အများသိစေလို၍ ဤသို့ မိန့်တော်မူ၏။ “အချင်းအင်္ကုရနတ်သား.. သင်သည် ရှေးလူ့ပြည်၌ နေသောအခါ မဇ္ဈိမဒေသကို အုပ်စိုးရသော မင်းဖြစ်၍ အနှစ်တသိန်းမျှပတ်လုံး တဆယ့်နှစ်ယူဇနာရှိသော အရပ်ကို ခုံလောက်ချင်း စပ်စေလျက် အလှူကြီးကို ပေးခဲ့သည် မဟုတ်လော၊ သို့ဖြစ်လျက် ယခုအခါ အဘယ့်ကြောင့်သာလျှင် ငါဘုရားနှင့် ဝေးခြားရာက သင်နေသနည်း”ဟု မေးတော်မူ၏။ အင်္ကုရနတ်သားသည်လည်း “အရှင်ဘုရား... အကျွန်ုပ်ကား များစွာသော အလှူကို ပေးပါသော်လည်း

(စာမျက်နှာ-၃၁၅)

သာသနာတော်၏အတွင်းနှင့် မကြုံသဖြင့် သရဏဂုံ ပဉ္စသီတည်သော အလှူခံမြတ်ကိုမျှ မရပါ၊ ညံ့သော အလှူခံပုဂ္ဂိုလ်တို့ကိုသာ လှူရ၍ အကျိုးပေးနည်းလှသောကြောင့် တန်ခိုးကြီးသော နတ်တို့လာလျှင် ရှောင်ခွာ၍ နေရပါသတည်း”ဟု နားတော်လျှောက်၏။

ထို့နောက် ဣန္ဒကနတ်သားကိုခေါ်၍ မိန့်တော်မူပြန်သည်ကား “အချင်း ဣန္ဒကနတ်သား.. သင်သည် ရှေးလူဖြစ်သောအခါ ညီတော်အနုရုဒ္ဓါ ဆွမ်းခံရာ၌ တထပ်စာသော ဆွမ်းကို လှူဒါန်းဖူးသူဖြစ်လျက် ယခုအခါ သင့်နေရာမှ မထမကြွပဲ ငါ့အနီး၌ အဘယ့်ကြောင့် နေနိုင်သနည်း”ဟု မေးတော်မူ၏။ ဣန္ဒကနတ်သားလည်း “အရှင်ဘုရား... အကျွန်ုပ်သည် အနည်းငယ်သော ဒါနကိုပင် ပြုရသော်လည်း ရှင်တော်ဘုရား သာသနာတော်၌ မြတ်လှစွာသော သီလဝန်, ဂုဏဝန် ပုဂ္ဂိုလ်မွန် အလှူခံနှင့်ကြုံ၍ ပြည့်စုံထူးမြတ်သော အကျိုးရှိပေရကား သူတပါးကို ခန့်ညားကြောက်ရွံ့ခြင်းမရှိ ပကတိ နေနိုင်ပါသတည်း”ဟု နားတော်လျှောက်ပေ၏။ ထိုအခါ မြတ်စွာဘုရားလည်း ထိုနတ်သားတို့အား သက်သေထား၍ တရားဩဝါဒကို ညွှန်ပြတော်မူခြင်းငှာ-

ဝိစေယျ ဒါနံ ဒါတဗ္ဗံ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ။
ဝိစေယျ ဒါနံ သုဂတပ္ပသတ္ထံ၊ ယေ ဒက္ခိဏေယျာ ဣဓ ဇီဝလောကေ။
ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ၊ ဗီဇာနိ ဝုတ္တာနိ ယထာ သုခေတ္တေ။

ဟူသော ဂါထာကို ဟောတော်မူ၏။

[အနက်ကား]ဝိစေယျ၊ အလှူခံမြတ် ရွေးချယ်လတ်၍။ ဒါနံ၊ အလှူကို။ ဒါတဗ္ဗံ၊ ပေးလှူအပ်၏။ ယတ္ထ ပဋိဂ္ဂါဟကေ၊ အကြင်မြတ်သော အလှူခံပုဂ္ဂိုလ်၌။ ဒိန္နံ၊ ပေးအပ်သော အလှူသည်။ မဟပ္ဖလံ၊ ကြီးသော အကျိုးရှိ၏။

ဝိစေယျ ဒါနံ၊ မြတ်ထက်မြတ်ရာ ရွေးချယ်ရှာ၍ သဒ္ဓါကြည်ဖြူ ပေးလှူရသော ဒါနကို။ သုဂတပ္ပသတ္ထံ၊ ဘုရားမြတ်စွာ အရိယာတို့ လွန်စွာ ချီးမွမ်းတော်မူအပ်၏။ ဣဓ ဇီဝလောကေ၊ ဤအသက်ရှည်သော လူ၏ဘောင်၌။ ယေ ဒက္ခိဏေယျာ၊ အကြင် သီလဖြူစင် အလှူခံတတ် ပုဂ္ဂိုလ်မြတ်တို့သည်။ သန္တိ၊ ရှိကုန်၏။ ဧတေသု၊ ထိုပုဂ္ဂိုလ်မြတ်တို့၌။ ဒိန္နာနိ၊ ပေးလှူရကုန်သည်ရှိသော်။ မဟပ္ဖလာနိ၊ ကြီးကျယ်များမြတ်သော အကျိုးရှိကုန်၏။ ယထာ၊ အဘယ်သို့ နှိုင်းစာဘိရာသနည်း ဟူမူကား။ သုခေတ္တေ၊ ဩဇာလေးနက် အလွန်ထက်သော လယ်မြေကောင်း၌။ ဝုတ္တာနိ၊ စိုက်ပျိုးအပ်ကုန်သော။ ဗီဇာနိ၊ မျိုးစေ့တို့သည်။ မဟပ္ဖလာနိ ယထာ၊ အသီးအနှံ အလွန်များစွာ ထွက်လာကုန်သကဲ့သို့တည်း။

ခေတ္တာနိ၊ လယ်တို့ကို။ တိဏဒေါသာ၊ မြက်သည် ဖျက်ဆီးအပ်ကုန်၏။ အယံ ပဇာ၊ ဤသတ္တဝါ အပေါင်းကိုလည်း။ ရာဂဒေါသာ၊ ရာဂသည် ဖျက်ဆီးအပ်ကုန်၏။ ဒေါသဒေါသာ၊ ဒေါသသည် ဖျက်ဆီးအပ်ကုန်၏။ မောဟဒေါသာ၊ မောဟသည် ဖျက်ဆီးအပ်ကုန်၏။ ဣစ္ဆာဒေါသာ၊ အလိုရမ္မက်သည် ဖျက်ဆီးအပ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဝီတရာဂေသု၊ ရာဂကင်းသော ပုဂ္ဂိုလ်တို့၌။ ဝီတဒေါသေသု၊ ဒေါသကင်းသော

(စာမျက်နှာ-၃၁၆)

ပုဂ္ဂိုလ်တို့၌။ ဝီတမောဟေသု၊ မောဟကင်းသော ပုဂ္ဂိုလ်တို့၌။ ဝီတဣစ္ဆေသု၊ အလိုရမ္မက်ကင်းသော ပုဂ္ဂိုလ်တို့၌။ ဒိန္နံ၊ ပေးလှူခြင်းသည်။ မဟပ္ဖလံ၊ ကြီးသော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။

(ဤသို့ နတ်သားနှစ်ဦးတို့ကို မေးတော်မူသော အသံ, နတ်တို့က လျှောက်ထားသော အသံ, တရားဟောတော်မူသော အသံတို့ကို လူ့နိုင်ငံဌာနမှ အတိုင်းပင် ကြားနာရကုန်သတည်း။)

အဘိဓမ္မာဒေသနာ

ဤသို့ တရားဟောပြီးလျှင် ဘုရားသခင်လည်း ဆင်ခြင်တော်မူလတ်၍ “ဤနတ်တို့ကား ကြီးမားသော ဉာဏ်အမြင် ရှိကုန်၏၊ သိမ်မွေ့နက်နဲ မြင်နိုင်ခဲသော ပရမတ္ထတရားနှင့်သာ လျော်၏။ ထိုတရားတို့ကို ကြားနာရမှ ငါ-ဟူသော မာန, တောင့်တခြင်း တဏှာ, မိစ္ဆာဉာဏ် ကုန်ခန်း၍ မဂ်လမ်းဖိုလ်လမ်းကို မြင်လွယ်မည်”ဟု ကြံတော်မူလျက်-

ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ-

အစရှိသော အဘိဓမ္မာ ဒေသနာတော်မြတ်ကို ဟောတော်မူသတည်း။

လူ့ပြည် ဆွမ်းခံကြွခြင်း

ယင်းသို့ တရားဟောလျက် အထက်နတ်ရွာ၌ ဝါဆိုတော်မူသောကာလ ဥပါဒိန္နက စတုဇရုပ်သာဖြစ်သော မြတ်စွာဘုရား၏ ကိုယ်ခန္ဓာတော်သည် အဘယ်သို့သော အကြောင်းဖြင့် မျှတနိုင်သနည်းဟူမူကား- လူတို့ရွာ၌ အခါအချိန်ကို မှတ်တော်မူ၍ ဤဇမ္ဗူဒိပ်ကျွန်း၌ နေဝန်းတက်ချိန် သင့်လတ်သော် ကိုယ်တော်မြတ်သည် သွင်ပြင်ဟန်ပန် အသံရုပ်ဝါ ရည်တူမျှသော နိမ္မိတဘုရားကို ဖန်ဆင်းတော်မူ၍ “ငါ၏ကိုယ်စား ဤဘုရားသည် ဤမျှလောက်သော တရားကို ဟောကြားစေသတည်း”ဟု မိန့်တော်မူလျက် ပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌ ကောင်းစွာ ထားခဲ့ပြီးသော် ကိုယ်တော်အစစ်မူကား သင်္ကန်းသပိတ်ပြင်လျက် သက်ခဲ့ပြီးမှ ဟိမဝန္တတော အနောတတ်အိုင်၏အနီး နံ့သာပင်ကြီးအရင်းဝယ် ခင်းအပ်သော ဆေးဒန်း မြင်းသီလာကျောက်မြေ၌ ရပ်တော်မူ၏။

ထိုအခါ ဟိမဝန္တာ၌နေကြသော နတ်နဂါးတို့သည် နာဂလတာမည်သော ကွမ်းရိုးဒန်ပူကို ကပ်လာကုန်၏။ ကိုယ်တော်မြတ်လည်း ထိုဒန်ပူကို ခံတော်မူ၍ အနောတတ်အိုင်သို့ သက်လျက် မျက်နှာခံတွင်းကို သန့်ရှင်းတော်မူပြီးသော် ထိုကျောက်ဖျာပေါ်၌ ရပ်တော်မူကာ တိမ်နီလာအဆင်းနှင့်တူသော အလွန်နီမြန်းသော သင်္ကန်းအစုံကို ဝတ်ရုံသပ္ပါယ်တော်မူပြီးမှ နတ်မင်းကြီးလေးယောက်တို့ ကပ်လှူအပ်သော ပတ္တမြားညိုဖြင့်ပြီးသော သပိတ်ကို ဆောင်တော်မူလျက် မြောက်ဥတ္တရကုရုကျွန်းသို့ ဆွမ်းခံကြွတော်မူ၏။ ထိုကျွန်းသူကျွန်းသားတို့သည်လည်း ဘုရားဟူ၍ အမှတ်မရှိ၊ မိမိတို့ကိုးကွယ်အပ်သော နတ်မင်းဟု မှတ်ထင်လျက် ကြည်ရွှင်ဝမ်းသာစွာ နတ်သုဓာကဲ့သို့သော ဆွမ်းကို လှူဒါန်းပူဇော်ကုန်၏။ ကိုယ်တော်မြတ်လည်း မျှလောက်ရုံသော ဆွမ်းကိုရလျှင် မြောက်ကျွန်းမှ ပြန်တော်မူခဲ့၍ အနောတတ်အိုင်၏ အနီး၌ ဆွမ်းဘုဉ်းပေးပြီးသော် ကြီးစွာသော စန္ဒကူး နံ့သာတောသို့ဝင်၍ နေ့သန့်တော်မူ၏။

(စာမျက်နှာ-၃၁၇)

ထိုအခါ ဓမ္မသေနာပတိဖြစ်သော အရှင်သာရိပုတြာသည် နံ့သာတော၌ ဘုရားစံပယ်တော်မူသည်ကို မြင်၍ လျင်စွာလာပြီးသော် ခြေတော်ကို ဆုပ်နယ်ခြင်း, သုံးရေသောက်ရေ တည်ခြင်း, ယပ်လေခတ်ခြင်းစသော ဝတ်ကြီး ဝတ်ငယ်ကိုပြု၍ ဆည်းကပ်ခစားလာ၏။ မြတ်စွာဘုရားလည်း “ချစ်သား သာရိပုတြာ.. ငါ-ယနေ့ကား ဤမျှလောက်သော တရားကို နတ်တို့အား ဟောကြားခဲ့သတည်း”ဟု အကျဉ်းအားဖြင့် မိန့်ကြား နည်းပေးတော်မူ၏။ ထိုအခါ အရှင်သာရိပုတြာလည်း မဟာပညတိက္ခပုဂ္ဂိုလ်ဖြစ်၍ နည်းအမြွက်မျှ သင်နာရလျှင် ကမ်းစွန်မှ ရပ်တည်ကာ သမုဒ္ဒရာကို ညွှန်ပြသကဲ့သို့ ဟောတော်မူသမျှတရားကို အကျယ်အားဖြင့် မြင်လေသတည်း။ ဘုရားသခင်လည်း ထိုတွင် နေ့သန့်၍ ညချမ်းသောအခါ တာဝတိံသာနတ်ပြည်သို့ တက်ပြီးလျှင် အစဉ်သောတရားကို ဟောကြားတော်မူ၏။

ဤသို့ ဘုရားမြတ်စွာ လူ့ပြည်သို့လာလျက် ဆွမ်း,ဩဇာ မှီတင်းကြောင်းကို တရားနာ နတ်အပေါင်းတို့တွင် တန်ခိုး ပညာကြီးသော နတ်တို့သာ သိကုန်သည်။ တန်ခိုးငယ်သောနတ်တို့ မသိကုန်။ အဘယ့်ကြောင့်နည်းဟူမူ ကိုယ်တူရုပ်ပွားထားခဲ့သော နိမ္မိတဘုရားနှင့် ကိုယ်တော်စစ် ဘုရားသည် အသွင်သဏ္ဌာန် အသံအမူအရာဖြင့် ထူးပြားကွဲလွဲခြင်း မရှိ၍ မသိနိုင်လေသတည်း။

လူ့ပြည်အဘိဓမ္မာ

အရှင်သာရိပုတြာလည်း မြတ်စွာဘုရားထံမှ သင်ခဲ့ရသော အဘိဓမ္မာကထာမဂ္ဂကို မဇ္ဈိမဒေသသို့ ဆောင်လာ၍ မိမိ၏တပည့်ဖြစ်သော ရဟန်းငါးရာတို့အား သင်ကြားပို့ချပေ၏။ ဤသို့သော နည်းအားဖြင့် ဘုရားသခင် နေ့စဉ်မပြတ် နည်းပေးအပ်သော ပရမတ္ထဒေသနာကို ထိုတပည့် ရဟန်းတို့အားလည်း နေ့တိုင်း သင်ကြားလေရကား နတ်တို့ရွာဝယ် မြတ်စွာဘုရား၏ တရားဟော၍ ပြီးဆုံးခြင်း, အရှင်သာရိပုတြာသည် တပည့်ငါးရာတို့အား သင်ကြား၍ ပြီးဆုံးခြင်းသည် တနေ့တရက် တပြိုင်နက်ပင် ဖြစ်၏။

ထိုရဟန်းငါးရာတို့ကား- ကဿပဘုရား လက်ထက်တော်၌ လင်းနို့သားဖြစ်ကုန်၍ တခုသော ဥမင်လိုဏ်ခေါင်းထဲ၌ တွဲလဲနေကြရာ အဘိဓမ္မာကို ဆောင်ကုန်သော ရဟန်းခုနစ်ဦးတို့သည် စင်္ကြံသွားလျက် တရားသရဇ္ဈာယ်သော အသံကိုကြား၍ တရားဟူသောအမှတ်ဖြင့် လေးမြတ်စွာ နာကြကုန်၏။ ဤကောင်းမှုကြောင့် ထိုအဖြစ်မှ စုတေလေသော် တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်လေကုန်၏။ ထိုနတ်သားတို့သည် ဘုရားတဆူမှ တဆူ၏အကြား ကာလပတ်လုံး လူ့ပြည်နတ်ပြည် လှည့်လည်ကာ စံစား၍ ငါတို့ဘုရား ပွင့်သောအခါ နတ်ပြည်မှလာ၍ သာဝတ္ထိပြည်၌ အမျိုးကောင်းသား ဖြစ်လာကြသဖြင့် ဘုရားသခင် တန်ခိုးပြသည်ကို မြင်လျှင် အဆအရာ သဒ္ဓါပသန္နပွား၍ အရှင်သာရိပုတြာ၏ ထံပါး၌ ရဟန်းပြုကြလေကုန်၏။ ထို့ကြောင့် ထိုရဟန်းငါးရာတို့ကို သင်စေခြင်းငှါ အရှင်သာရိပုတြာအား ဘုရားနည်းပေးတော်မူသတည်း။

ဤသို့ ဆိုအပ်ခဲ့ပြီးသောနည်းအားဖြင့် ဘုရားမြတ်စွာသည် ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားကို ဟောကြားတော်မူလေ၍ ဒေသနာတော်၏အဆုံး၌ ကုဋေ ရှစ်သန်းမျှလောက်သော နတ်ဗြဟ္မာတို့သည် သစ္စာလေးပါးတရားကို မြင်လေကုန်၏။ မယ်တော်နတ်သားလည်း သောတာပတ္တိဖိုလ်၌ တည်လေ၏။

(စာမျက်နှာ-၃၁၈)

၆၀။ မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းတော်မူခြင်း

လူ့ပြည်ဌာန၌ စုဝေးနေကြသော သုံးဆယ့်ခြောက်ယူဇနာမျှလောက်သော ပရိသတ်တို့သည်လည်း သီတင်းကျွတ်လဆန်း ရှစ်ရက်နေ့သို့ ရောက်လတ်သော် သားတော် မောဂ္ဂလာန်၏အထံသို့ ကပ်ပြီးလျှင် “အရှင်ဘုရား.. အကျွန်ုပ်တို့လူ့ရွာသို့ ဘုရားကြွလာအံ့သော နေ့ရက်နီးချေပြီ၊ ဘယ်ဆီနိုင်ငံ ရပ်ဌာန်နယ်ကွက်သို့ ဆင်းသက်တော်မူမည်ကို မသိရပါ။ အရှင့်ကြံရေးသာ ဖြစ်ပါတော့သည်”ဟု လျှောက်ကြကုန်၏။

သင်္ကဿကို သတ်မှတ်ပြီ

အရှင်မောဂ္ဂလာန်ကလည်း “ဤအရာက ငါ၏ဝန်ပင် ဖြစ်ပေသည်”ဟု ဆိုပြီးမှ မြေကြီးကို ငုပ်လျှိုး၍သွားခြင်းငှါ အဓိဋ္ဌာနိဒ္ဓိကိုပြုပြီးလျှင် သာဝတ္ထိပြည်၏ အနီးဝယ် မြေကြီးအတွင်းသို့ သက်ဝင်၍ အစဉ်အတိုင်းသာလျှင် ဖြူစွာသော ပတ္တမြား၌တည်သော ပိုးနီကြိုးကဲ့သို့ အမျိုးလေးပါး လူတလွှားတို့ကို ထင်ရှားမြင်စေလျက် မြင်းမိုရ်တောင် အလယ်ချက်ဖြင့် တက်ကြွလေ၏။ လူတို့သည်လည်း “အရှင်မောဂ္ဂလာန် ပျံတက်လေသည်ကား တယူဇနာခန့် ရောက်ပြီ, နှစ်ယူဇနာခန့် ရောက်ပြီ” စသည်ဖြင့် ပြောပြလျက် ကြည့်မျှော်ကြကုန်၏။ မြင်းမိုရ်ထိပ်သို့ရောက်သော် ဘုရားခြေတော်ကို ဦးခေါင်းဖြင့်ရွက်လျက် ပေါ်ထွက်လတ်၍ မြတ်စွာဘုရား၏အနီး၌ လက်အုပ်ချီကာ ထိုင်ပြီးသော် ဤသို့ နားတော်လျှောက်၏။ “ဘုန်းတော်ကြီးလှသော တရားမင်းဘုရား.. များစွာ စည်းဝေးကုန်လတ်သော လူပရိသတ်အပေါင်းတို့သည် ကိုယ်တော်မြတ်အား ထက်ကြပ် ဖူးမြင်ရမှသာလျှင် နေရင်းဌာနသို့ ပြန်ကြနိုင်ပါမည်၊ ဤနတ်ရွာမှ ဆင်းသက်မည့်ကာလ ရပ်ဌာနကို ယခုက သိလိုပါသည်။ ဗျာဒိတ်စကား မိန့်ကြားတော်မူပါ”ဟု လျှောက်၏။

မြတ်စွာဘုရားလည်း “ချစ်သားမောဂ္ဂလာန်... သင်၏ နောင်ကြီးဖြစ်သော သာရိပုတြာသည် အဘယ်ပြည်၌ ဝါကပ်သနည်း”ဟု မေးတော်မူ၏။ “အရှင်ဘုရား... သင်္ကဿနဂိုရ်ပြည်၌ ဝါကပ်ပါသည်”ဟု လျှောက်ကြားလျှင် “ချစ်သားမောဂ္ဂလာန်... ငါဘုရားသည်လည်း ဤနေ့မှနောက် ခုနစ်ရက်မြောက်ဖြစ်သော သီတင်းကျွတ်လပြည့်နေ့၌ သင်္ကဿနဂိုရ်ပြည်၏ တောင်တံခါးရင်းဝယ် ဆင်းသက်တော်မူအံ့။ ငါဘုရားကို ဖူးမြင်လိုကုန်သော ပရိသတ်တို့သည် ထိုအရပ်သို့ လာစေကုန်လော့။ သင်တို့၏ နေခိုရာ သာဝတ္ထိပြည်မှသည် သင်္ကဿနဂိုရ်ပြည်ကား ယူဇနာအားဖြင့် သုံးဆယ်ခြား၏။ ယင်းသို့ ခြားသော်လည်း “လူအများတို့သည် စားနပ်ရိက္ခာ မယူဆောင်ပဲ ဥပုသ်သုံးဆဲသော သူတော်ကောင်းတို့သည် သွားမြဲကျောင်းသို့ တရားနာသွားသကဲ့သို့သာလျှင် လျင်စွာ သွားလေကုန်”ဟု ပရိသတ်တို့အား အကြောင်းစကားကို သင်ကြားလေဘိလော့”ဟူ၍ မိန့်တော်မူ၏။

အရှင်မောဂ္ဂလာန်လည်း “ကောင်းပါပြီ”ဟု ဝန်ခံလျက် ခြေတော်ကို ဦးဖြင့်ရွက်၍ မြင်းမိုရ်တောင်မှ သက်ခဲ့ပြီးသော် ဘုရားမှာတော်မူတိုင်းသော စကားကို ပရိသတ်တို့အား ကြားပေ၏။ သာဝတ္ထိပြည်သားတို့နှင့်တကွ စည်းဝေးလင့်ကြသော လူအပေါင်းတို့လည်း သောင်းသောင်းဖြဖြ ညှိနှိုင်းကြလျက် လဆန်းကိုးရက်နေ့ပင် သင်္ကဿနဂိုရ်ပြည်သို့ ရှေးရှုလျက် ထွက်လေကုန်၏။

(စာမျက်နှာ-၃၁၉)

လောကဝိဝရဏတန်ခိုး

သီတင်းကျွတ်လပြည့်နေ့သို့ ရောက်သောအခါ မြတ်စွာဘုရားလည်း သိကြားမင်းအား ဤသို့ မိန့်တော်မူ၏။ “အချင်းသိကြားမင်း... သင်တို့နတ်ရွာဝယ် ငါပြုအပ်သောကိစ္စ ပြီးပြီ၊ လူ့ပြည်ခရီးသို့ ယနေ့ ငါ-သက်တော်မူအံ့”ဟု မိန့်တော်မူ၏။ ထိုစကားကိုကြားလျှင် သိကြားမင်းလည်း အချင်းအရင်းဖြစ်သော နတ်တို့အား အကြောင်းကို ပြန်ကြား၍ သုဒဿနမြို့ တောင်တံခါးမှသည် သင်္ကဿနဂိုရ်ပြည် တောင်တံခါးဝတိုင်အောင် ထောင်အပ်သောလှေကားကဲ့သို့ ရှည်လျားကြီးကျယ် ရှုဖွယ်ရှိလှသော ပတ္တမြားစောင်းတန်းကို ဖန်ဆင်းပြီးလျှင် ထို၏အနီး၌လည်း ရွှေဖြင့်ပြီးသော စောင်းတန်းတသွယ်, ငွေဖြင့်ပြီးသော စောင်းတန်းတသွယ်ကို တင့်တယ်စွာ ဖန်ဆင်းပေ၏။ ဘုရားကိုယ်တော်မြတ်လည်း သုဒဿနမြို့ထိပ်၌ ရပ်တော်မူလျက် နတ်ဗြဟ္မာအပေါင်းတို့၏ ပီတိသောမနဿတရားကို ပွားစေခြင်းငှါ လောကဝိဝရဏမည်သော တန်ခိုးပြာဋိဟာကို ပြတော်မူလို၍ စတုတ္ထဈာန်ကို ဝင်စားတော်မူလျက် အထက်သို့ ကြည့်တော်မူ၏။ ထို့နောက်မှ အောက်သို့တဖန် ကြည့်တော်မူပြန်၏။

လူ့ပြည်ကြွတော်မူပုံ

ထို့သို့ ကြည့်တော်မူလတ်သော် မြတ်စွာဘုရား တန်ခိုးတော်ကြောင့် အဝီစိမှသည် အထက်ဘဝဂ်တိုင်အောင် အလုံးစုံသော လောကဓာတ်သည် ပွတ်အပ်သော ကြေးမုံပြင်ကဲ့သို့ စင်ကြယ်သန့်ရှင်းသည်ဖြစ်၍ ဟင်းလင်းတပြင်တည်းသာ ဖြစ်လေ၏။ မြေ၌တည်သော လူတို့ကလည်း နတ်ပြည်ခြောက်ရွာ, ဗြဟ္မာနှစ်ဆယ်နှင့်တကွ ဩကာသအလုံးစုံကို အကုန်မြင်ရ၏။ နတ်တို့ကလည်း လူတို့ပြည်မှသည် အဝီစိကျအောင် ရှိသမျှသော ရူပါရုံတို့ကို အကုန်မြင်ကြ၏။ ဘုရားသခင်လည်း ထက်ဝန်းကျင် အတောင်ရှစ်ဆစီရှိသော ဌာနသို့ နီလ,ပီတစသော ရောင်ခြည်တော် ခြောက်ဆိုင်ကို တပြိုင်တည်း ထွက်ထွန်းစေလျက် ကေတုမာလာဟုဆိုအပ်သော ရတနာဦးထိပ်မှ သိင်္ဂနိက်ဇမ္ဗူရစ် ချက်သစ်သော ရွှေစိုင်နှင့်တူသော ရောင်လျှံတော်မကိုဋ်ကို ဘဝဂ်ခိုက် တောက်ပစေလျက် သိနေရုထိပ်ဖျားမှသည် ပတ္တမြားစောင်းတန်းဖြင့် သက်တော်မူ၏။ ထိုအခါ ဗြဟ္မာမင်းကြီးတို့သည် ရွှေထီး, ငွေထီး, သန္တာထီးတို့ဖြင့် အသီးသီး မိုးကာလျက် ဗြဟ္မာပရိသတ် အပေါင်းနှင့်တကွ လက်ယာရွှေစောင်းတန်းဖြင့် သက်ကုန်၏။ သုံးကျိပ်သုံးပါးသော သိကြားမင်းတို့သည်လည်း အချို့ကား ရွှေတံခွန်, ငွေတံခွန်, ပုလဲတံခွန်တို့ကို ကိုင်ကုန်လျက်၊ အချို့ကား ဝိဇယုတ္တရမည်သော ခရုသင်းကို မှုတ်ကုန်လျက်၊ ပဉ္စသိခနတ်သားလည်း ဦးသျှောင်ငါးခုရှိသော မကိုဋ်ကိုဆောင်းလျက် ဗေလုဝမည်သော နတ်စောင်းကိုတီး၍ မငြီးငွေ့ဖွယ်သော အသံဖြင့် ပူဇော်လျက်၊ မာတလိနတ်သားလည်း စာမရီသားမြီးယပ်ဖြင့် တလွှဲလွှဲခတ်လျက် နတ်ဂန္ဓဗ္ဗအပေါင်းနှင့်တကွ လက်ဝဲငွေစောင်းတန်းဖြင့် သက်ကုန်၏။ ယင်းသို့ ရှုဖွယ်မရဲ ထူးကဲလွန်မြတ်သော ဘုရားသခင်၏ အသရေတော်ကို ရှုမျှော်လင့်ကုန်သော လူအပေါင်းတို့မြင်ရလျှင် အဆအရာ ဝမ်းသာနှစ်မြို့ခြင်း ရှိသည်ဖြစ်၍ ချီးမွမ်းအံ့သြကုန်လျက် သောသောရုတ်ရုတ် အုတ်အုတ်ကျက်မျှ ပူဇော်ကြကုန်၏။ သုံးဆယ့်ခြောက်ယူဇနာ အဝန်းရှိသော ပရိသတ်အပုံတွင် တစုံတယောက်မျှ ဘုရားဆုကို မတောင်းသောသူမည်သည် မရှိ၊ ဆုတောင်းကြသည်ချည်းတည်း။

(စာမျက်နှာ-၃၂၀)

နတ်ချစ် တရားတော်

ကိုယ်တော်မြတ်လည်း နတ်ဗြဟ္မာအပေါင်း ခြံရံလျက် ဆင်းသက်တော်မူ၍ သင်္ကဿနဂိုရ်ပြည် တောင်တံခါးဝ၌ ရပ်တော်မူလျှင် အရှင်သာရိပုတြာလည်း တပည့်သံဃာတော်တို့နှင့်တကွ လာလတ်၍ မြတ်စွာဘုရား ခြေတော်၌ ဦးဖြင့်တိုက်၍ ရှိခိုးပူဇော်ပြီးလျှင် “အရှင်ဘုရား.. သုံးပါးသောဘုံဝယ် တစုံတခုသောဝတ္ထုဖြင့်လည်း နှိုင်းတုစာနာခြင်းငှါ မအပ်၊ လူနတ်အပေါင်းတို့၏ မျက်စိအရသာကို ရှုဖွယ်ရာဟူသမျှထက် အဆအရာ အဆအထောင် မကသော ဘုရားအသရေတော်ကို ဖူးမြော်ရပေသည်၊ အကျွန်ုပ်တို့လည်း ဤလူ့ဘဝကို အရတော်ပေစွ၊ ကိုယ်တော်မြတ်အား နတ်ဗြဟ္မာတို့သည် လွန်စွာ ချစ်မြတ်နိုးပေကုန်စွ”ဟု ချီးပ၍ လျှောက်ကြားသည်တွင် ဘုရားသခင်လည်း အရှင်သာရိပုတြာကို ခေါ်တော်မူ၍-

ယေ ဈာနပ္ပသုတာ ဓီရာ၊ နိက္ခမူပသမေ ရတာ။
ဒေဝါပိ တေသံ ပိဟယန္တိ၊ သမ္ဗုဒ္ဓါနံ သတီမတံ-

ဟူသော ဂါထာကို ဟောတော်မူသတည်း။

[အနက်ကား]သာရိပုတ္တ၊ ချစ်သား သာရိပုတ္တရာ။ ယေ ဓီရာ၊ အကြင် ဘုရားအစရှိကုန်သော သူတော်ကောင်းတို့သည်။ ဈာနပ္ပသုတာ၊ အာရမ္မဏူပနိဇ္ဈာနဈာန်, လက္ခဏူပနိဇ္ဈာနဈာန်တို့၌ ငါးတန်သော ဝသီဘော်တို့ဖြင့် ရွှင်ပျော်လေ့လာခြင်း ရှိကုန်၏။ နိက္ခမူပသမေ၊ ကိလေသာတို့၏ငြိမ်းရာ နိဗ္ဗာန်ချမ်းသာ၌။ ရတာ၊ မွေ့လျော်ကုန်၏။ တေသံ၊ ထိုဈာန်သမာပတ် ကျေးဇူးမြတ်နှင့် ပြည့်စုံကုန်သော။ သတီမတံ၊ သတိရှိကုန်သော။ သမ္ဗုဒ္ဓါနံ၊ ဘုရားသခင်တို့အား။ ဒေဝါပိ၊ နတ်ဗြဟ္မာတို့သည်လည်း။ ပိဟယန္တိ၊ ချစ်ကြည်မြတ်နိုးကုန်၏။

ဤဂါထာ၏အဆုံး၌ တကုဋေ အတိုင်းအရှည်ရှိကုန်သော သတ္တဝါတို့သည် အမြိုက်အရသာကို သုံးရလေကုန်သတည်း။

(ဘုရားမြတ်စွာသည် တာဝတိံသာနတ်ပြည်မှသက်၍ လက်ယာခြေတော်ကို ချရာဖြစ်သော ဤသင်္ကဿနဂိုရ်ပြည် တောင်တံခါးဝသည်လည်း ဘုရားတကာတို့ စွန့်ခွာမြဲမဟုတ်သော အဝိဇဟိတဋ္ဌာနပင်တည်း။)

တရားတော် ဂမ္ဘီရဖြစ်ပုံ

ဘုရားသခင်လည်း ထိုတံခါးဝတွင် ရပ်တော်မူ၍ ရှင်လူအပေါင်းတို့အား တရားရသကို သောက်ကြစေခြင်းငှါ ပုထုဇဉ်တို့၏ အရာဖြစ်သော ပြဿနာကို စည်းဝေးလာသော ပုထုဇဉ်တို့အား မေးတော်မူ၏။ ထို့နောက် သောတာပန်တို့၏ အရာဖြစ်သော ပြဿနာကို သောတာပန်ပုဂ္ဂိုလ်တို့အား၊ သကဒါဂါမ်, အနာဂါမ်တို့၏ အရာဖြစ်သော ပြဿနာကို ထိုသကဒါဂါမ်, အနာဂါမ်တို့အား မေးတော်မူ၏။ ထိုပုဂ္ဂိုလ်တို့လည်း မိမိတို့အရာဖြစ်သော ပြဿနာကို ဖြေဆိုနိုင်ကုန်၍ အထက်အထက် ပုဂ္ဂိုလ်တို့၏ အရာဖြစ်သော ပြဿနာကို မဖြေဆိုနိုင်ကုန်။ ထို့နောက်မှ အရှင်မောဂ္ဂလာန်, အရှင်သာရိပုတြာတို့အားလည်း ဘုရားတို့၏အရာဖြစ်သော ပြဿနာကို မေးတော်မူ၍ ထိုအရှင်နှစ်ဦးတို့ မဖြေနိုင်လေလျှင် ထက်ဝန်းကျင်သော အရပ်မျက်နှာကို လှည့်လည်ကာ မျှော်တော်မူ၏။

(စာမျက်နှာ-၃၂၁)

ထိုအခါ များစွာကုန်သော ပုထုဇဉ်, အရိယာ, နတ်ဗြဟ္မာအပေါင်းတို့သည် ဦးခေါင်းထက်၌ လက်အုပ်ကို ချီတင်၍ “အရှင်ဘုရား... သုံးပါးသော ဘုံရပ်၌ အရှင်မြတ်၏ ပြဿနာကို ဖြေနိုင်အံ့သောသူသည် မထင်ပြီ၊ အရှင်ဘုရားပင် ဖြေတော်မူပါမှ သတ္တဝါတို့ ကြားနာရပါမည်”ဟု လျှောက်၏။ ဘုရားသခင်လည်း “သာရိပုတြာကား ဤပြဿနာကို ဖြေခြင်းငှါ ပင်ပန်း၏၊ ယင်းသို့ ဖြစ်သော်လည်း နည်းပေးတော်မူလတ်က မချွတ် ဖြေနိုင်လတ္တံ့”ဟု ကြံတော်မူ၍ ခန္ဓာ,အာယတန စသည်တို့နှင့် ရောယှက်သော နည်းအမြွက်ကို ပြတော်မူ၏။ အရှင်သာရိပုတြာလည်း နည်းနာ ဥပဒေသကိုရလျင် ဗုဒ္ဓဝိသယဖြစ်သော ပြဿနာကို နည်းနာ အရာ,အထောင်ဖြင့် တန်ဆာဆင်လျက် ဟောမြွက်ဖြေဆို၏။

ထို့နောက်မှ စည်းဝေးကြသော ပရိသတ်အများတို့အား တရားတော်၏ ဂမ္ဘီရအဖြစ်ကို သိစေခြင်းငှါ အရှင်သာရိပုတြာသည် ဤသို့ နားတော်လျှောက်၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... အကျွန်ုပ်သည် လောကုတ္တရာ အထွတ်သို့ ရောက်သည်မှစ၍ တကမ္ဘာ ကာလပတ်လုံးရွာသော မိုးရေမိုးပေါက်ကို ဤမျှလောက်ကား သမုဒ္ဒရာ၌ ကျ၏။ ဤမျှလောက်ကား မြင်းမိုရ် သတ္တရဘန် ကျွန်းရံမြေပြင်၌ ကျ၏ဟု ကာလမကြာ ရေတွက်ခြင်းငှါ စွမ်းနိုင်ပါ၏။ သို့စင်ပညာ ရှိစပါလျက် ဒေသနာတော်၏အနက်ကို နည်းအမြွက်မျှ မရလျှင် မဖြေဆိုနိုင်ရှိချေသည်”ဟု နားတော်လျှောက်တင်၏။ သဗ္ဗညု မြတ်စွာဘုရားလည်း အရှင်သာရိပုတြာအား ကောင်းချီးပေးတော်မူ၍ “ပရော သဟဿံ”စသော ဂါထာကို ဟောတော်မူ၏။

ဤကား မြတ်စွာဘုရားသည် တာဝတိံသာ နတ်တို့ရွာ၌ ဝါကပ်တော်မူသော အကြောင်းအတ္ထုပ္ပတ္တိ အမြွက်တည်း။

၆၁။ ဥပ္ပလဝဏ်ထေရီမ၏ အကြောင်းကို ပြခြင်း

ဘုရားမြတ်စွာသည် သာဝတ္ထိပြည်သို့ရောက်မှ တရားရကုန်သော ပုဂ္ဂိုလ်အပေါင်းတို့တွင် အရှင်ဥပ္ပလဝဏ် ထေရီမ၏ အကြောင်းကား- ရှေး-ပဒုမုတ္တရဘုရား ထင်ရှားဖြစ်တော်မူသောအခါ သမုဒ္ဒရာကမ်းယံ ဟိမဝန္တာတောစပ်၌ ရေနတ်နဂါးမျိုးတို့ နေသည်တွင် အရှင်ဥပ္ပလဝဏ်၏ အလောင်းလည်း မဟာရဂမည်သော နဂါးမင်းကြီး၏ မြောက်သား ဝိမလာဒေဝီမည်သော နဂါးမဖြစ်သတည်း။ ထိုဝိမလာဒေဝီကား ငါးရာမျှလောက်သော နဂါးမ အခြံအရံတို့ဖြင့် ကဲလွန်သော ကာမချမ်းသာကို ခံစားကာ နေ၏။

ဆုတောင်းမှုနှင့် ဗျာဒိတ်တော်

လူတို့ပြည်ရွာဝယ် မြတ်စွာဘုရားပွင့်တော်မူသော အကြောင်းကိုကြားလျှင် မင်းနှစ်ပါးတို့သည် နဂါးအခြွေအရံနှင့်တကွ လာကုန်ကြ၍ ခယပူဇော်ကာ သံဃာတော်နှင့်တကွသော ဘုရားသခင်အား နဂါးပြည်သို့ ပင့်ဆောင်၍ ကြွရောက်တော်မူသောအခါ ငွေသာခွါသဲပြင်၌ ရတနာပလ္လင် ခင်းပြီးလျှင် ကြီးကျယ်စွာသော ရတနာမဏ္ဍပ်ကို ပြုလုပ်၍ နတ်သုဓာဆွမ်းတို့ဖြင့် လှူဒါန်းပူဇော်၏။ ရှင်တော်ဘုရားလည်း နဂါးတို့၏အလှူကို ခံယူသုံးဆောင်တော်မူပြီးသော် သင့်လျော်သော တရားစကားကို ဟောကြားဆုံးမတော်မူပြီးမှ နဂါးမ ဝိမလာဒေဝီ၏ ဥပနိဿယ သမ္ပတ္တိကို မြင်သဖြင့် ရွှင်ပဝမ်းသာ သဒ္ဓါအထူး လွန်ကြူးတက်ပွားစေခြင်းငှါ အဂ္ဂသာဝိကာဖြစ်သော

(စာမျက်နှာ-၃၂၂)

ဘိက္ခုနီထေရီကို ခေါ်တော်မူ၍ အသူတရာ ကြီးမြင့်စွာသော ဗြဟ္မာ၏သဏ္ဌာန်ကို ဖန်ဆင်းခြင်း, သမုဒ္ဒရာရေပေါ်၌ လူးလာ စင်္ကြံကြွခြင်း, နေဝန်း လဝန်းကို ဒုကုဋ်စွန်းကြား၌ဆောင်၍ စကြဝဠာတောင်ကို လှည့်လည်ခြင်းစသော တန်ခိုးပြာဋိဟာကို များစွာ ပြစေ၏။

ယင်းသို့ ပြသည်ကို နဂါးမ ဝိမလာဒေဝီမြင်လျှင် ဤအရှင်မကဲ့သို့ ဖြစ်ချင်သောဆန္ဒ အားကြီးရကား သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို ခံယူ၍ ပူဇော်ဖွယ် အထူးထူးတို့ဖြင့် ဘုရားအမှူးရှိသော သံဃာတော်တို့ကို ပူဇော်လှူဒါန်း၏။ နဂါးပြည်၌ဖြစ်သော “အရုဏ”မည်သော ကြာပန်းဖြင့် လှူဒါန်းပူဇော်၍ “နောင်သောအခါ ဤပန်း၏ အရောင်အဝါကဲ့သို့ လှပစွာသော ကိုယ်အသွင်လည်း ရှိစေသော၊ ဤတန်ခိုးကြီးသော ထေရီမကဲ့သို့ နောင်ဘုရားတို့၏ သာသနာ၌ သာဝိကာမလည်း ဖြစ်စေသော”ဟု ဆုတောင်း၏။

ဘုရားသခင်လည်း အစဉ်သောတရားကို ဟောကြားဆုံးမ၍ နဂါးပြည်မှ ပြန်လည်တော်မူခဲ့၏။ နဂါးမ ဝိမလာလည်း ထိုအခါမှစ၍ နဂါးအဖြစ်ကို ငြီးငွေ့လျက် အသက်အတိုင်းနေ၍ စုတေသေလွန်ခဲ့သော် ဟံသာဝတီပြည်ဝယ် ကုဋေလေးဆယ် ဥစ္စာကြွယ်ဝသော သဌေးသမီးဖြစ်လာ၍ အရွယ်သို့ရောက်သောအခါ မြတ်စွာဘုရားထံ၌ ဆည်းကပ်၍ မပြတ် သရဏဂုံသီလကို ယူလျက် အလှူကြီး အကြိမ်များစွာ ပေး၏။

ကိကီမင်းသမီးဘဝ

တရံသောအခါ များစွာသော ပရိသတ်နှင့်တကွ တရားနာကြကုန်၏။ ဘုရားသခင်လည်း အပါးတွင်ရှိသော ဘိက္ခုနီမတဦးအား အထူးသဖြင့် တန်ခိုးကြီးသောအရာ၌ ဧတဒဂ်ထား၍ မြှောက်စားသည်ကို မြင်လျှင် “ဤအရှင်မကဲ့သို့ ဣဒ္ဓိမန္တ ဧတဒဂ်ရသည် ဖြစ်ရပါလိုသော”ဟု ဆုတောင်းပတ္ထနာပြန်၏။ ထိုသဌေးသမီးလည်း ကြီးကျယ်သော ကုသိုလ်ကံကို ပွားစေလျက် အသက်အတိုင်းနေ၍ စုတေလေသော် နတ်ပြည်လူ့ ရွာ၌ လူးလာစုန်ဆန် အဖန်ဖန် ဖြစ်ခဲ့ပြီးမှ ဤဘဒ္ဒကမ္ဘာဝယ် ကဿပမြတ်စွာဘုရား လက်ထက်တော်၌ ဗာရာဏသီပြည်ကို အစိုးရသော ကိကီမင်းကြီး၏ သမီးခုနစ်ယောက်တို့တွင် သမဏဂုတ္တာမည်သော မင်းသမီး ဖြစ်လာ၏။ ထိုဘဝ၌လည်း အနှစ်နှစ်သောင်းမျှ ကာလပတ်လုံး ဘုရားအဆုံးအမတော်ကို နာ၍ သရဏဂုံသီလကို ကျင့်ဆောင်လျက် သံဃာတသောင်းတို့ မှီဝဲရန် ကျောင်း, ကန်, ပရိဝုဏ်ကို လှူဒါန်း၏။ ထိုအဖြစ်မှ စုတေလေသော် တာဝတိံသာ နတ်ပြည်၌ဖြစ်၍ နတ်ချမ်းသာကို ခံစားရ၏။

သူဆင်းရဲမ သင်္ကန်းလှူပုံ

ထိုမှ စုတေသောအခါ ဗာရာဏသီပြည်တွင်းဝယ် သူဆင်းရဲတဦး၏ သမီးတဦး ဖြစ်လာ၏၊ အရွယ်သို့ ရောက်သောအခါ များစွာသော ပြည်သူအပေါင်းတို့ ကောင်းမြတ်သော ပန်းဝတ်တန်ဆာကိုဆင်လျက် နတ်သဘင် ရွှင်မြူးကြသည်ကို မြင်၍ ဝတ်ချင်စိတ်ရှိလှရကား မိဘတို့အား “တထည်မျှသော ပန်းဝတ်ကို ဝတ်ပါရစေ”ဟု တောင်း၏။ မိဘတို့ကလည်း “ချစ်သမီး.. ငါတို့ကား အလွန်နွမ်းပါး၏၊ စားရုံ,ဝတ်ရုံမျှကို ပင်ပန်းစွာ ကြံစည်ရချေသည်။ ပန်းဝတ်တန်ဆာကို အဘယ်မှာ ပေးနိုင်အံ့နည်း၊ ဝတ်ဆင်လိုက ကြွယ်ဝသောသူ၏ထံ၌ ကျွန်ခံ၍ ဝတ်လေ”ဟု ဆိုလျှင် ထိုသတို့သမီးလည်း သဌေးကြီးတဦးအထံ၌ သုံးနှစ် စာရင်းနှံ၍ ကျွန်ခံလေ၏။ အမှုကြီးငယ်၌ ဥပါယ်မခို ရိုသေစွာ ရွက်ဆောင်ဘိရကား ထိုမိန်းမငယ်အား

(စာမျက်နှာ-၃၂၃)

သဌေးလင်မယားတို့သည် သနားခြင်း ရှိသည်ဖြစ်၍ သုံးနှစ် မစေ့မီပင် သန့်စင်ချောမွတ်သော ပန်းဝတ်တစုံကို ပေးလိုက်၏။ သူငယ်မလည်း မိဘတို့အိမ်သို့ ပြန်ခဲ့၍ ခရီးအကြား၌ ရေကန်ကိုမြင်လျှင် ရေသန့်စင်ပြီးမှ ပန်းဝတ်သစ်ကို ဆည်းအံ့ဟု ကြံ၍ ရေကန်၌ ရေချိုး၏။

ထိုအခါ ကဿပမြတ်စွာဘုရား၏ သာဝကဖြစ်သော ရဟန္တာတဆူသည် ခိုးသားတို့ သင်္ကန်းကို လုယက်သည်ဖြစ်၍ သစ်ခက်ကို ဖုံးကာလျက် ကြွလာသည်ကိုမြင်လျှင် “ဤအရှင်ကား ခိုးသားတို့ သင်္ကန်းကိုလုယူသည် ဖြစ်လတ္တံ့၊ ငါလည်း ရှေးရှေးဘဝက ဒါနမဲ့ခဲ့သောကြောင့် တဆယ့်ခြောက်နှစ် အရွယ်တိုင်အောင် ပန်းဝတ်တထည်ကိုမျှ မဝတ်ဆင်ရ၊ တောင့်တောင့်တတ ရှိရချေသည်။ ယခု ငါလည်း ထိုနည်းအတူ အလှူကောင်းမှု မပြုငြားက ဘဝနောင်လာ ဆင်းရဲစွာပင် ဖြစ်ချေမည်၊ ထို့ကြောင့် သုံးနှစ်ကျွန်ခံမှ ရခဲ့သော ဤပန်းဝတ်ကို အရှင်မြတ်အား ငါ-ကပ်လှူအံ့”ဟု ကြံ၍ ရေကန်မှ တက်ပြီးလျှင် “အရှင်ဘုရား.. အကျွန်ုပ်ကိုသနားသဖြင့် ဤပုဆိုးအစုံကို ဝတ်ရုံသုံးဆောင်တော်မူပါဘုရား”ဟု ကပ်၏၊ ရဟန္တာမြတ်လည်း ဝတ်ရုံ သုံးဆောင်တော်မူလေလျှင် ထွက်သစ်သော နေလုလင်ကဲ့သို့ ရှုချင်စဖွယ် တင့်တယ်သော အရောင်အဝါသည်ဖြစ်၏။ ဒါယိကာမငယ်လည်း သပ္ပါယ်သော အဆင်းအဝါကို မြင်သဖြင့် ရွှင်လန်းလှသော စိတ်ရှိလျက် လက်အုပ်ချီပြီးလျှင် “အရှင်ဘုရား... အကျွန်ုပ်သည် ဤသင်္ကန်းလှူရသော အကျိုးအားဖြင့် ရှည်လျားဘဝ နောက်ကာလတို့၌ လှပတင့်တယ် ရှုချင်ဖွယ်သော အရောင်အဝါနှင့် ပြည့်စုံသော အမျိုးကောင်းသမီး ဖြစ်ရပါလိုသော၊ အကျွန်ုပ်ကို မြင်ငြားက ယောက်ျားတကာ စေတနာပျံပျူး၍ ရူးမူးတိမ်းညွတ်သည် ဖြစ်စေသော”ဟု ဆုတောင်း၏။ ရဟန္တာမြတ်လည်း လျောက်ပတ်သော တရားဒေသနာတော်ဖြင့် အနုမောဒနာပြု၍ ကြွလေ၏။

သိဝိဇာတ်တော်

သူငယ်မလည်း မိဘတို့ထံသို့ ပြန်ခဲ့လျက် အသက်အတိုင်းနေ၍ စုတေလေသော် နတ်ပြည်၌ တကြိမ်ဖြစ်ပြီးမှ သိဝိတိုင်း အရိဋ္ဌပုရမြို့ကြီးဝယ် ကုဋေရှစ်ဆယ် ဥစ္စာကြွယ်သော 'တိရိတဝစ္ဆ'မည်သော သဌေးကြီး၏ သမီးရတနာ ဖြစ်လေ၏။ ငယ်သောအခါကပင် မြင်မြင်သမျှသော မိန်းမယောက်ျားတို့သည် တိမ်းပါးရူးမူးမတတ် လေးမြတ်စဖွယ် တင့်တယ်သော အဆင်းအရောင်ရှိရကား ဥမ္မာဒန္တီဟူသော အမည်ကို မှည့်ကုန်၏။

ဥမ္မာဒန္တီအလှ

ထိုသတို့သမီးလည်း ချမ်းသာစွာ ကြီးမြောက်၍ တဆယ့်ခြောက်နှစ် အရွယ်ရှိလတ်သော် ပကတိသော လူတို့၏အဆင်းကို လွန်လတ်၍ နတ်သမီးအကဲ့သို့ ဖွံ့ထွားနုထွတ် ချောမွတ်ပြေပြစ်သော အဆစ်အမျက် ခြေလက်အင်္ဂါ မျက်နှာရင်ဝ လှပကောင်းမြတ်သော ကိုယ်အပြင်အလျာရှိရကား ယောက်ျားတကာတို့ မြင်ရလျှင် ကိလေသာမာန်ဝင်၍ ခင်မင်နူးညွတ် သည်းပွတ်လှိုက်ဆူလျက် သုရာယစ်သော ယောက်ျားကဲ့သို့ တိမ်းပါးရူးသွပ်ကြသည်သာ ဖြစ်၏။

ထိုအခါ ငါတို့ ဘုရားအလောင်းတော်သည် သိဝိတိုင်း အရိဋ္ဌပုရပြည်၌ မင်းပြုတော်မူ၏။ ဘထွေးတော်၏သား အဘိပါရကကား စစ်သူကြီးဖြစ်၏။

(စာမျက်နှာ-၃၂၄)

တနေ့သောအခါ ဥမ္မာဒန္တီ၏ အဖဖြစ်သော တိရိတဝစ္ဆ သဌေးသည် သိဝိရာဇ်မင်းထံသို့ကပ်၍ “အရှင်မင်းမြတ်.. အကျွန်ုပ်အိမ်တွင် အရှင်တို့နှင့်သာ ထိုက်တန်သော မိန်းမရတနာသည် ဖြစ်လာပါ၏။ လက္ခဏာကြန်အင်ကို စုံစမ်း၍ နန်းတော်သို့ ဆောင်ပါလော့”ဟု လျှောက်ကြား၏။ မင်းကြီးလည်း အားရဝမ်းသာစွာ ကြန်အင်လက္ခဏာ၌ လိမ္မာသော ဆရာပုဏ္ဏားတို့ကို “သွား၍ရှုချေ”ဟု စေလိုက်၏။ ပုဏ္ဏားတို့လည်း သဌေးအိမ်သို့ရောက်လျှင် ဖခင်သဌေးက ကျွေးမွေးအပ်ရာ မွန်မြတ်သော ဃနာထမင်းတို့ဖြင့် လုပ်ကျွေး၏။ ပုဏ္ဏားတို့ ထမင်းစားစဉ်အခါဝယ် ဥမ္မာဒန္တီ သတို့သမီးလည်း ညီးရရီးသော တန်ဆာကို ဆင်ယင်လျက် အချို့အချဉ် ကပ်အံ့သောငှါ အနီးသို့ ချဉ်းလာသည်ကို မင်းဆရာပုဏ္ဏားတို့ မြင်လျှင် ဘဝင်လှိုက်ဆူ သည်းအူပြောင်းပြန် မျက်ဆံချာချာလည်လျက် မတည်မရပ်နိုင်ပဲ ထမင်းပွဲအပါးတွင် အချို့ပုဏ္ဏားလည်း လဲ၏၊ အချိုပုဏ္ဏားလည်း စားခြင်းငှါယူသော ထမင်းလုတ်ကို ထိပ်ထက်၌တင်၏၊ အချို့ပုဏ္ဏားလည်း လက်ကတီးကြားသို့ ထမင်းလုတ်ကိုသွင်း၏၊ အချို့ပုဏ္ဏားလည်း နှုတ်ခမ်းသားကိုကိုက်၍ ငိုက်ဆိုက်နေ၏၊ ဤသို့ ပုဏ္ဏားအားလုံး ရုန်းရင်းတက်မျှ ရူးကြလေသည်ကို ဥမ္မာဒန္တီမြင်လျှင် “ပြည့်ရှင်မင်းကြီးက ငါ့လက္ခဏာကို ရှုစိမ့်သောငှါ စေငြားသော်လည်း ဤပုဏ္ဏားတို့သည် မစူးစမ်းနိုင်ရာပြီ”ဟု ကြိုးဖြင့်ငင်၍ အိမ်ပြင်သို့ထုတ်၏။

စစ်သူကြီးကတော်

ပုဏ္ဏားတို့လည်း သတိရသောအခါ လျင်စွာ မင်းအိမ်သို့ပြန်ခဲ့၍ ဥမ္မာဒန္တီအား ရန်ငြိုးထားသဖြင့် “အရှင်မင်းဖျား ကြားတော်မူသော မိန်းမရတနာသည် အဆင်းအဝါကား တင့်တယ်၏၊ မိဖုရားပြုခြင်းငှါ မလျောက်ပတ်၊ မမြတ်သော မိန်းမတည်း”ဟု လျှောက်၏။ မင်းကြီးလည်း ပုဏ္ဏားတို့၏စကားကိုယုံ၍ ဥမ္မာဒန္တီအား ဂရုမမူ မသိမ်းယူပဲ နေလေ၏။ သဌေးလည်း မင်းမယူကြောင်းကိုသိလျှင် အဘိပါရက စစ်သူကြီးအား ဆက်နှင်းလေ၏။ စစ်သူကြီးလည်း “အလွန်ရခဲသော မိန်းမရတနာကို ရလာပေသည်”ဟု နှလုံးထားလျက် အခေါင်အဖျား မြှောက်စားချီးပင့်၏။

တန်ဆောင်မုန်းလပြည့်အခါ ထိုပြည်ရွာ၌ ကြတ္တိကာ နက္ခတ်သဘင်သည် အစဉ်ခံကြမြဲ ဖြစ်သတည်း၊ အဘိပါရက စစ်သူကြီးလည်း ထိုအခါ မိမိစားသော မြို့ကျေးရွာသို့ သွားခြင်းငှာ အခွင့်ကြုံလာ၍ ဥမ္မာဒန္တီအား ဤသို့ မှာထား၏။ “မြောက်သား ဥမ္မာဒန္တီ.. ဤသဘင်အတွင်း၌ ငါတို့မင်းကြီးသည် ရထားစီး၍ ပြည်ကိုလှည့်လည်လတ္တံ့။ ထိုအခါ သင်၏အဆင်းအင်္ဂါကို ထင်စွာမပြလင့်၊ ပြသဖြင့်ကား ငါနှင့်သင် မပေါင်းရ ရှိလတ္တံ့”ဟု မှာခဲ့၏။ ဥမ္မာဒန္တီကလည်း “အရှင်.. မစိုးရိမ်လင့်၊ သွားခွင့်ရှိရာ ကောင်းစွာသာသွားလေ”ဟု ဆိုလိုက်၏၊ မိမိစိတ်၌ကား “ထိုမင်းဖျားသည် ပုဏ္ဏားမိုက်တို့ ကုန်းတိုက်စကားဖြင့် ငါ့အား မိန်းမယုတ်ထင်မှတ်သည်၊ ယုတ်,မြတ်သည့်အဖြစ် ငါ့သနစ်ကို စင်စစ်ကိုယ်တွေ့ ယနေ့ပင် သိမြင်စေအံ့”ဟု ကြံလျက် ကျေးကျွန်တို့အား “ဤအိမ်ပါးသို့ ရထားစီးနင်း၍ မင်းကြီးရောက်လာလျှင် ငါ့အား ကြားကုန်လော့”ဟု မှာထား၏။

သိဝိဘုရင်ကို ဖမ်းစားပုံ

သိဝိရာဇ်မင်းကြီးလည်း တန်ဆောင်မုန်းလပြည့်နေ့ အရှေ့လောကဓာတ်မှ လဝန်းထွက်မြူးသော ညဉ့်ဦးယံအချိန်ဝယ် အိမ်စဉ်ထွန်းသော ဆီမီးရောင်ကိုခံလျက် ခြွေရံများစွာ မပါပဲ မင်္ဂလာရှိသော မြင်းရထားကိုစီးလျက် ခရီးမဖြင့် ကြွတော်မူလာ၍ ဥမ္မာဒန္တီ၏အိမ်သို့ ရောက်လေ၏။

(စာမျက်နှာ-၃၂၅)

ကျွန်မတို့ကလည်း မှာထားတိုင်းလျှောက်၍ သိလျှင် ဥမ္မာဒန္တီသည် ကိန္နရီမကဲ့သို့ လှပတင့်တယ် ရှုချင်စဖွယ်သော အမူအရာဖြင့် တန်ဆာဆင်ယင်လျက် အိမ်မှသက်ပြီးလျှင် မင်းကြီး၏အပါးသို့ကပ်၍ နတ်၏ရနံ့ကဲ့သို့သော ကိုယ်နံ့ကို သင်းပျံ့မွှေးထုံစေလျက် ရထားထက်သို့ ရွှေခွက်ဖြင့် ပန်းဝတ်ကိုကြဲလိုက်၏။

သိဝိဘုရင် ရူးရပြီ

သိဝိရာဇ်မင်းကြီးလည်း အနီးသို့ရောက်လာသော ဥမ္မာဒန္တီကိုမြင်လျှင် နတ်သမီးထင်လျက် ခင်မင်တိမ်းညွတ်ဘိ၍ သတိကို မတန့်စားနိုင်ရကား ရထားမှူးကိုခေါ်၍ “ရှုမျှော်စဖွယ် တင့်တယ်လှသော ဤအိမ်ကား ဘယ်သူ့အိမ်နည်း၊ နတ်၏သဖွယ် ဤမိမယ်ကား ဘယ်သူ့ဇနီးဖြစ်သနည်း”ဟု မေး၏။ ရထားမှူးကလည်း “အရှင်မင်းမြတ်.. ဤအိမ်ကား စစ်သူကြီး အဘိပါရက၏အိမ်တည်း၊ ဤမိန်းမငယ် အရွယ်ရောက်စ အခါကပင် အရှင့်ထံ၌ လျှောက်ပန်လာသော ဥမ္မာဒန္တီ ကျော်ညီတွင်ထ မိန်းမလှတည်း၊ ပြည်မသခင် မယူချင်သောကြောင့် အရှင့်ကျွန်သီး စစ်သူကြီးသည် ဇနီးပြုရလေသတည်း”ဟု လျှောက်၏။

မင်းကြီးလည်း ထိုစကားကိုကြားလျှင် မြင်းမိုရ်ဖျားမှ လျှောကျလာသော အသူရာ, အသပြာတသိန်းမှရှုံးသော ယောက်ျားကဲ့သို့ နှလုံးသားမှဆူ၍ သည်းအူပြေင်းပြန် လန်ဘနန်းမျှ ပင်ပန်းတုန်လှုပ်သော စိတ်ရှိရကား “ရထားမှူး.. ယနေ့ ငါ-နက္ခတ်သဘင် မရွှင်လိုပြီ၊ ရထားကိုလှည့်လော့”ဟု ဆို၍ ထိုအရပ်ကပင် ပြန်လည်တော်မူ၏။

နန်းတော်သို့ ရောက်ဘိသော် သိရိသယန ပလ္လင်မထက် ပက်လက်တစောင်း ပြန်ပြောင်းအိပ်ကာ-

ဥမ္မာဒန္တီ နတ်တညီသည် ဒေဝီငါ့မှာ ဖြစ်သင့်စွာလျက် ယုတ်မာမိုက်မဲ ပုဏ္ဏားမွဲတို့ကြောင့် လွဲရချေသည်။ လူတို့ဘုံတွင် မကြုံဖူးဘိ အံ့ဖွယ်ရှိသော ဣတ္ထိရတနာ လာဘ်များစွာမူ ငါရှုံးဘိသည်။ ကံကောင်းမ,ကာ သိကြားလာ၍ ငါ့အားယခု ဆုပေးငြားအံ့၊ တပါးဆုကို မယူလိုပြီ၊ ဥမ္မာဒန္တီ ဒေဝီကိုသာ ရလိုပါ၏ဟု ငါဆုယူအံ့”။

ဤသို့စသည်ဖြင့် တ-သရေရွတ်လျက် ရူးသွပ်ပျံ့လွင့်ခြင်းသို့ ရောက်၏။ မှူးမတ်အများ မိဖုရားတို့သည် ခစားမေးမြန်းကြပါသော်လည်း မည်သည့်အခြင်းအရာကိုမျှ မပြန်၊ ဟိန်းသံ,ဟဲသံ ညည်းတွားသံနှင့်သာ မာန်တသုန်သုန်နေ၏။

အဘိပါရက တရားပြပုံ

စစ်သူကြီး အဘိပါရကလည်း ခရီးသွားရာမှ ပြန်လာ၍ ခြင်းရာစကား ဖြစ်ကြောင်းလျားကို ကြားသိရလျှင် မင်း၏ထံသို့ဝင်၍ “အရှင်မင်းကြီး.. အဘယ်ရောဂါ ကပ်ရောက်လာ၍ ပူဆာတော်မူဘိသည်၊ အဘယ်ဆန္ဒ မရသောအား စားတော်မခေါ် စက်မပျော်ပဲ တအော်ဟစ်ဟစ် တဖျစ်ဖျစ်ဖြင့် နွမ်းညစ်တော်မူဘိသနည်း၊ အကျွန်ုပ်အား ကြားတော်မူပါလော့၊ ပြည်ကြီးသခင် လိုချင်သမျှ ကြောင်းကိစ္စကို တခဏခြင်း ပြည့်စုံစေအံ့”ဟု လျှောက်ကြား၏။

မင်းကြီးလည်း မည်သည့်စကားကိုမျှ မပြန်ပဲ နေမြဲသာ နေတော်မူလေလျှင် မင်းရင်ပြင်မှ ထခဲ့၍ မိမိ၏ အချင်းတယောက်အား စေ့စုံစွာ မှာထား၍ ဗလိနတ်စာ ပြုမြဲဖြစ်သော ညောင်ပင်ကြီး

(စာမျက်နှာ-၃၂၆)

အခေါင်းတွင်း၌ ဝင်၍နေစေ၏။ စစ်သူကြီးလည်း မင်း၏အထံသို့ ပြန်လာပြီးလျှင် မင်းကြီး၏ အမတ်တယောက်ကို ဤသို့ ဆို၏။ “အိုအမတ်.. ငါတို့မင်းမြတ်၌ ကပ်ငြိသော အန္တရာယ်ကို ဘယ်သို့ဟု မသိသာဖြစ်သည်၊ တန်ခိုးကြီးသော နတ်တို့မူကား သိကြားတန်ရာ၏၊ ငါတို့အရှင်သည် နှစ်စဉ်မပြတ် ပူဇော်လတ်သော ညောင်ပင်ကြီးသို့သွား၍ ရုက္ခစိုးနတ်အား အကြောင်းကို မေးချေ”ဟု စေလိုက်၏။ ထိုအမတ်လည်း စစ်သူကြီးစေတိုင်း သွား၍ မေးလေသော် ညောင်ခေါင်းတွင်နေသော ယောက်ျားက “သင်တို့မင်းအား တပါးသော ရောဂါမရှိ၊ အဘိပါရက၏ မြောက်သားဖြစ်သော ဥမ္မာဒန္တီကိုမြင်၍ ခင်မင်တိမ်းညွတ်သဖြင့် ရူးသွပ်လေသည်၊ ဥမ္မာဒန္တီကိုရမူကား လျင်လျားစွာ ချမ်းသာရလတ္တံ့၊ မရချေမူ သေလတ္တံ့”ဟု ဆိုလိုက်၏။

ထိုအမတ်လည်း လျင်လျားစွာ ပြန်ခဲ့၍ စစ်သူကြီးအား ရုက္ခစိုးပြောလိုက်တိုင်း ပြန်ကြားသော် မင်း၏အထံတော်တွင် နေလင့်သော စစ်သူကြီးကလည်း “အရှင်မင်းမြတ်.. ဖြစ်လတ်သော အချင်းအရာကို မျိုသိပ်ကာ သိုဝှက်သော်လည်း နတ်များတို့ သိကြလေပြီ၊ အကျွန်ုပ်၏ ဥမ္မာဒန္တီကို အလိုရှိမူ သိမ်းယူတော်မူလော့၊ ဤမိန်းမမျှနှင့် ဒုက္ခကြီးစွာ မဖြစ်ပါစေလင့်”ဟု လျှောက်တင်၏။

သိဝိမင်းကြီး သတိရပြီ

ပြည့်ရှင်မင်းကြီးလည်း “ငါ၏ အတ္ထုပ္ပတ်ကို နတ်တို့ပင် သိလေပြီ”ဟု ရှက်ခြင်း ထိတ်လန့်ခြင်း ပြင်းရကား ချက်ချင်းထ၍ “စစ်သူကြီး... ငါသည် ပြည်သူ့ဦးကင် မင်းစင်ဖြစ်လျက် ရာဂနိုင်ငံသို့သက်၍ သင့်ချစ်ဖက်ကို ဖျက်ပေတုံအံ့၊ လုံးစုံပြည်သား လူအများတို့သည် ငါ့အားရှုတ်ချ ကဲ့ရဲ့ကြ၍ အဓမ္မမူ မင်းခိုးသူဟု ဆိုယူအံ့သည် မချွတ်တည်း၊ ငယ်စဉ်ကစ ဓမ္မညီစေ ကျင့်ခဲ့စေလျက် ယွင်းသွေးဖောက်ပြန် ဤသည့်ကံကြောင့် ပစ္စုပ္ပန်တွင်း ဂုဏ်နံ့ကင်း၍ ပါယ်တွင်းနစ်မည် မချွတ်တည်း၊ မိဘဘေးဘိုး ကျင့်ရိုးမဟုတ် အကျင့်ယုတ်ကြောင့် မင်းဒုဿီလ မင်းပါပဟု တိုင်းမပြည်လုံး စုရုံးပြောပ ဥဒါန်းရမည် မချွတ်တည်း၊ သို့အရာကြောင့် ငါတမူကား သင့်မယား၌ တိမ်းပါးမိသော်လည်း သတိပညာ ထားပါသမှု တရားရှုလျက် ငါမလုယက် ချစ်မဖျက်ပြီ၊ အသက်ရှည်စွာ သင်နှင့်သာလျှင် ကောင်းစွာပေါင်းဖက်ကြလော့”ဟု ဆို၏။

ထိုစကားကို ကြားရလျှင် အဘိပါရက စစ်သူကြီးလည်း မင်းကြီးနှင့်တူသော သူမြတ်ကား လောကဓာတ်၌ ရှားပေစွဟု ချီပအံ့ဩ၍ တရားဟောပြီးလျှင် မိမိအိမ်သို့ ပြန်လာ၏။ ထိုသူတို့ကား အသက်အတိုင်းနေ၍ စုတေဘိသော် မိမိကံအားလျော်စွာ လားကြရလေ၏။

(ဤဇာတ်၌ သိဝိရာဇ်မင်းကြီးကား ဘုရားအလောင်း, စစ်သူကြီးကား အရှင်သာရိပုတြာ၏အလောင်း, ဥမ္မာဒန္တီကား ဥပ္ပလဝဏ်၏ အလောင်းတည်း။)

လယ်သူမဘဝ

ဥမ္မာဒန္တီသည်လည်း ဤအဖြစ်မှ စုတေလေသော် နတ်ပြည်၌ တကြိမ်စံပြီးမှ တဖန် လူ့ပြည်သို့ သက်လာသော် ဗာရာဏသီပြည်၏ အနီးဖြစ်သော ရွာငယ်၌ လယ်လုပ်၍ အသက်မွေးသော သူဆင်းရဲမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်သောကာလ မိဘတို့၏ အငုတ်အရင်းဖြစ်သော လယ်ကိုလုပ်ရ၏။

(စာမျက်နှာ-၃၂၇)

တနေ့သ၌ မိမိ၏လယ်ကို စောင့်ခြင်းငှါ အိမ်မှလာခဲ့သော် သွားရာခရီး၏ လမ်းအကြား၌ ကားကားပွင့်နေသော ပဒုမ္မာကြာအိုင်ကို မြင်သဖြင့် ထိုအိုင်သို့ သက်ဆင်း၍ ကြာရွက် ငါးရာ, ကြာပွင့်ငါးရာတို့ကို ဆွတ်ယူလာ၍ လယ်စောင့်ရာတဲသို့ ရောက်သော် ကောက်နှံတို့ကိုယူ၍ ပေါက်ပေါက်ပွင့် ငါးရာတို့ကို ဖောက်လှော်ကာ နေ၏။

ထိုအခါ၌ နိရောဓသမာပတ်မှ ထသစ်စဖြစ်သော ပစ္စေကဗုဒ္ဓါတဦးသည် ဂန္ဓမာဒနတောင်မှ ကြွလာ၍ နေရာအနီးသို့ ရောက်သည်ကိုမြင်လျှင် ကြည်ရွှင်လှသော သဒ္ဓါတရားဖြင့် ငါးရာသော ပေါက်ပေါက်ပွင့်တို့ကို ထိုအရှင့်သပိတ်တော်၌ လောင်းပြီးမှ ပဒုမာကြာပန်းဖြင့် ဖုံးလွှမ်း၍ လှူလိုက်၏။

ပစ္စေကဗုဒ္ဓါကြွ၍ အတန်ငယ်ခရီးကျလျှင် လယ်စောင့်မိန်းမလည်း ဤသို့ကြံ၏၊ အရှင်ရဟန်းတို့ကား ကြာပန်းကို အလိုမရှိကုန်ရာ၊ ငါပန်ရသော်ပင် ကောင်း၏ဟု ကြံ၍ မြန်စွာလိုက်ပြီးလျှင် အရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်တော်၌ပါသော ပန်းတို့ကို လှမ်းယူ၏၊ မိမိလက်သို့ရောက်လျှင် ဆင်ခြင်ပြန်သည်ကား ဤအရှင်များသည် လိုလားသည်မူလည်းဖြစ်စေ မလိုလားသည်မူလည်းဖြစ်စေ ငါလှူရချေလျှင် ဒါနကြီး ဖြစ်တော့သည်တကား၊ ငါမှား၍ ယူမိပြန်သည်ဟု တဖန် သပိတ်ထက်၌ ထားပြီးသော် ရှေ့တော်၌ဝပ်၍ ရှိခိုးပြီးမှ “အရှင်ဘုရား.. အကျွန်ုပ်သည် ဤကြာပန်းကို လှူဒါန်းရသော ကုသိုလ်ကံ စေတနာကြောင့် တမလွန်ဘဝ ဖြစ်သမျှ၌ ဖဝါးချရာ မြေမျက်နှာထက် ပဒုမာကြာ ထွက်ခံလာသည် ဖြစ်စေသော၊ ပေါက်ပေါက်လှူရ ထိုပုညကြောင့် အရှင်ကဲ့သို့သော သားကောင်းငါးရာကို ရပါလိုသော”ဟု ဆုတောင်း၏။ ထိုပစ္စေကဗုဒ္ဓါသည်လည်း အနုမောဒနာပြု၍ ကြွတော်မူ၏။

လယ်စောင့်မိန်းမလည်း ထိုဘဝမှ အသက်အတိုင်းနေ၍ စုတေလေသော် တာဝတိံသာ နတ်ပြည်၌ဖြစ်၏။ ထိုအခါ ကြာပန်းလှူခဲ့သော အကျိုးဆက်ကြောင့် ဖဝါးလှမ်းတိုင်းသော အကွက်၌ လှည်းဘီးစက် ပမာဏရှိသော ပဒုမာကြာတို့သည် ပေါက်ကာပေါက်ကာ ခံလာသဖြင့် ပဒုမဝတီနတ်သမီးဟု ထင်ရှား၏။

ပဒုမဝတီဘဝ

ထိုမှစုတေခဲ့ပြီးသော် ဟိမဝန္တာတောင်စပ်ဝယ် ကြီးကျယ်သော ကြာအိုင်ကို အမှီပြု၍ တခုသောကြာတွင်း၌ ပဋိသန္ဓေနေလာ၏။ ထိုကြာအိုင်ကို မှီ၍နေသော ရသေ့တဦးသည် နံနက်အခါ၌ မျက်နှာသစ်ခြင်းငှါ ကြာအိုင်သို့ သွားလေသော် တပါးသောကြာတို့ များစွာပွင့်ကြလျက် မပွ မပွင့်သော ကြာငုံကြီးတခုကိုမြင်လျှင် “ဤကြာပင်၌ တစုံတခုသော အကြောင်းဝိသေသ ရှိရာချေသည်”ဟု ကြံလျက် ရေသို့သက်၍ ကြာပွင့်ကိုကိုင်၏၊ ထိုခဏ၌ ပွပွကားကား ဖွားရရားပွင့်၍ ကြာတိုက်တွင်း၌ အိပ်လျက်ပါသော သူငယ်မကို မြင်၏။

ထိုသို့မြင်လျှင် ရှင်ရသေ့လည်း သမီးဟူသော အမှတ်ဖြင့် လေးမြတ်ချစ်ခင်လျက် ကြာနှင့်တကွ ကျောင်းသို့ဆောင်၍ ညောင်စောင်းထက်၌ ထားပြီးသော် အဓိဋ္ဌာန်သော အာနုဘော်ဖြင့် လက်ချောင်းမှ နို့ကိုဖြစ်စေလျက် ရိုသေစွာ မွေးမြူ၏။ သတို့သမီးငယ်သည် ထိုမှဤမှ သွားနိုင်သောအခါ ဖဝါးလှမ်းရာ လှမ်းရာ၌ ပဒုမာကြာပွင့်တို့သည် မြေမှထွက်လင့်၍ ခံလာကုန်၏။

(စာမျက်နှာ-၃၂၈)

ကိုယ်အဆင်းအဝါလည်း ပဒုမာကြာဝတ်၏အလျှံ, ကုင်္ကုမံ, ဝတ်မှုန်စုကဲ့သို့ ရှုချင်စဖွယ် တင့်တယ်လျောက်ပတ်လျက် နတ်သမီးအသွင်ကဲ့သို့ ဖြစ်၏။ ပဒုမဝတီဟူသော အမည်ဖြင့်လည်း ခေါ်ဝေါ်သမုတ်၏။

အဖရသေ့လည်း နေ့တိုင်းနေ့တိုင်း သစ်သီးကြီးငယ် ရှာဆောင်ခြင်းငှါ တောသို့ဝင်လေသော် ကျောင်းသင်္ခမ်းအတွင်း၌ တယောက်ချင်းသာ ကျန်ရစ်၏၊ ထိုပဒုမဝတီသည် အရွယ်သို့ရောက်၍ တနေ့သောအခါ လူတို့ရွာမှ တောလာမုဆိုးတဦးသည် ခရီးလွန်၍ ထိုအရပ်သို့ ရောက်လေသဖြင့် တယောက်ချင်း သင်္ခမ်းတွင်း၌ နေလင့်သော ပဒုမဝတီကို မြင်လျှင် “ငါတို့လူ့ခွင်ဝယ် မမြင်စဖူး ထူးမြတ်တင့်တယ် အံ့သြဖွယ်သော ဤသတို့သမီးကား လူသားစစ်ပင် ဖြစ်လေသလော၊ ဂဠုန်, နဂါး, သိကြား, ဂန္ဓဗ္ဗနတ်, ယက္ခတို့ပင် ရွှင်ပျခြင်းငှါ တောခန်းဝါသို့ လာလေသလော၊ အကယ်၍ လူဖြစ်ဘိက မိဖဆွေညာ ရှိတန်ရာ၏၊ ငါသိအောင် စုံစမ်းဦးအံ့”ဟု ကြံ၍ မြင်တန်သော အချက်မှ သစ်ခက်တဲဖြင့် နေလင့်၏။

အဖရသေ့ကြီးသည် တောမှ သစ်သီးရှာ၍ ပြန်လာသည်ကိုမြင်လျှင် သတို့သမီးသည် သင်္ခမ်းမှဆင်းသက်၍ အဖလက်၌ပါသော ရသေ့ပရိက္ခရာတို့ကို လှမ်းယူလျက် ကျောင်းသို့တက်သောအခါ နေရာခင်းခြင်း, ခြေသုတ်ခြင်း, ယပ်ခတ်ခြင်းစသော ဝတ်ကြီးဝတ်ငယ်တို့ကို ပြု၏။

အောင်သွယ်မုဆိုးကြီး

ထိုသို့ပြုသည်ကို မုဆိုးမြင်ရမှ ဧကန္တ လူဇာတ်ဖြစ်ကြောင်းကိုသိ၍ ရသေ့ထံကပ်လေသော် ရှင်ရသေ့လည်း ထိုမုဆိုးအား စားဖွယ်သောက်ဖွယ်တို့ကို ကျွေးမွေးပြီးလျှင် “သင်သည် လူတို့ပြည်သို့ ပြန်သောကာလ ငါ့သမီးရှိကြောင်းကို သူတပါးအား မပြောကြားပဲ နေနိုင်ပါအံ့လော”ဟု မေး၏။ မုဆိုးကလည်း “အဘယ်အကျိုးရှိ၍ သူတပါးအား အကျွန်ုပ်ပြောပါအံ့နည်း”ဟု ဆို၍ ရသေ့အား ရှိခိုးပြီးသော် ခရီးအစဉ်ကိုမှတ်၍ ပြန်လာသဖြင့် ဗာရာဏသီမြို့သို့ရောက်သော် အလုံးစုံသော အကြောင်းကို ပြည့်ရှင်မင်းကြီးအား လျှောက်ကြား၏။

မင်းကြီးလည်း ထိုအကြောင်းကိုကြားလျှင် အားရဝမ်းသာ မှူးမတ်ဗိုလ်ပါတို့ကို ခန့်ရံ၍ မုဆိုးလျှင် ခရီးညွှန်ရှိလျက် ပြည်မှထွက်ခဲ့၍ ရသေ့ကျောင်းအနီးသို့ ရောက်လတ်သော် သစ်တပ်မြို့တည်၍နေ၏။ ယင်းသို့ တည်နေပြီးမှ ကြီးကြီး ငယ်ငယ်သော ရဟန်းပရိက္ခရာတို့ကို ရှင်ရသေ့အား ကပ်လှူပြီးလျှင် ခင်မင်လောက်သော ပျူငှါစကားဖြင့် လျှောက်ကြားပြောဆိုပြီးမှ “ဘုန်းတော်ကြီးလှသော အရှင်ရသေ့… အရှင့်ထံ၌ ရဟန်းတို့နှင့် မလျော်ကန်သော ဝိသဘာဂ ပုဂ္ဂိုလ်ရှိကြောင်း ကြားသိရ၍ အကျွန်ုပ် လာပါသည်။ ထိုမိန်းမငယ်ကို အကျွန်ုပ်အား သနားဆောက်နှင်းတော်မူပါ”ဟု တောင်း၏။ ရသေ့ကလည်း “မင်းကြီး.. ငါ့သမီးဝယ် ဆွေနီးမျိုးပါး ကိုးစားမည့်သူ လူတဦးမျှ မရှိချေ၊ ပြည်ကြီးသနင်း မင်းမည်သည်လည်း ဝန်းလည်ခြွေရံ မိဿံမောင်းမ များစွာလှ၏၊ သူကဖျက်ပြား ကုန်းချောငြားအံ့၊ မင်းဖျားအရှည် မချစ်ရာ၊ စာနာ တိုင်းစားတတ်သူ ရှား၏၊ သနားသော်ကြင် မုန်းလျှင်ပြစ်လျောက် မထောက်မညှာ ပြုတတ်စွာသော မင်းသာ များ၏၊ သို့အရာကြောင့် ငါ့သမီးကို မင်းကြီးအား ဆောက်နှင်းရန် ခက်သည်”ဟု ဆို၏။

(စာမျက်နှာ-၃၂၉)

ထိုစကားကိုကြားလျှင် “အရှင်ဘုရား... စိုးရိမ်တော်မမူလင့်၊ အကျွန်ုပ်ထံသို့ကျလျှင် သူတထူး မနှိပ်စက်ရအောင် အဂ္ဂမဟေသီပြုပါအံ့”ဟု ဝန်ခံ၏။ ထိုသို့ဝန်ခံမှ ရသေ့ကလည်း ပဒုမဝတီကိုခေါ်၍ သင့်လျော်သော ဩဝါဒဖြင့် ဆုံးမသွန်သင်ပြီးလျှင် မင်းကြီးအား ဆောက်နှင်းပေ၏။ မင်းကြီးသည်လည်း ပဒုမဝတီကိုရလျှင် အဖရသေ့၏နှလုံးကို ပြည့်စေခြင်းငှါ တောခန်းဝါ၌ပင် ရတနာအစုထက်ထား၍ မိဖုရားကြီးတို့၏ အဘိသိက်ကို သွန်းပြီးမှ နေရာထီးနန်းသို့ ပြန်လာ၏။

သားတော်ငါးရာ

ဗာရာဏသီမင်းလည်း ပဒုမဝတီကို ရသည်မှစ၍ ကြွင်းသောမိန်းမတို့အား မကြည့်မရှု၊ ပဒုမဝတီနှင့်သာ စံပယ်ကာနေ၏။ ထိုအခါ ငါးရာသော မိဖုရားမောင်းမတို့သည် ပဒုမဝတီကို ငြူစူကြကုန်လျက် ဖျက်ဆီးလိုသည်ဖြစ်၍ “အရှင်မင်းကြီး.. ဤပဒုမဝတီကား လူသားဇာတိမဟုတ်၊ မနုဿစစ် ဖြစ်သောသူတို့မှာ ဖဝါးချရာချရာ၌ ကြာခံလာရသည်ဟု တရံတခါမျှ မကြားရဖူးချေ၊ နတ်ဘီလူးတို့၏ အမျိုးသာလျှင် ကြာခံလာကြောင်းကို ထုံးဟောင်းကြားဖူးချေသည်၊ ထို့ကြောင့် အရှင့်မိဖုရားကား လူသားဇာတိမဟုတ်၊ နာနာရုပ်ဖြင့် ပြုလုပ်ဖန်ဆင်းကာနေသော နတ်,ဘီလူးမသာ ဖြစ်သည်၊ အကျွန်ုပ်တို့ သူနှင့်အတူ မနေဝံ့ပါ၊ အကျွန်ုပ်တို့ငါးရာကို ပစ်ခွာတော်မူလိုလျှင်လည်း ပစ်ခွာတော်မူ၊ ပဒုမဝတီကို ပစ်ခွာလိုလျှင်လည်း ပစ်ခွာတော်မူ”ဟု ဆိုကြကုန်၏။ ယင်းသို့ အကြိမ်ကြိမ်လျှောက်သော်လည်း မင်းကြီး စကားမပြန်ပဲ နေမြဲသာ နေတော်မူသတည်း။

နှစ်,လ ရှည်လျားလတ်သော် မိဖုရား ပဒုမဝတီ၌ ပဋိသန္ဓေ တည်နေလေ၏။ ထိုအခါ ဗာရာဏသီပြည်စွန်သည် ပုန်ကန်သောင်းကျန်းသည်ဖြစ်၍ ငြိမ်းချမ်းစေခြင်းငှါ မင်းကြီး ကြွသွားသည်ရှိသော် မိဖုရားကို နန်းတော်၌ ထားခဲ့ရ၏။ ငါးရာသော မောင်းမတို့သည် ပဒုမဝတီ၏ အလုပ်အကျွေးမိန်းမကို တန်ဖိုးများစွာ ပေးပြီးလျှင် “သင်၏အရှင်မ သားဖွားသောအခါ ဖွားလာသောသားကို ငါတို့အားအပ်၍ သစ်တုံးပြတ်တခုကိုသာ ပြု၍ထားပါ”ဟု မှာဆို၏။ ထိုအလုပ်အကျွေးမိန်းမလည်း “ကောင်းပြီ”ဟု ဝန်ခံလျက် အရံသင့် ပြုထား၏။

ပဒုမဝတီ မိဖုရားလည်း များမကြာမီပင် မဟာပဒုမ မင်းသားကို ဖွားမြင်၍ စဉ်သမျှသော ကိုယ်ဝန်၏ အညစ်အကြေး သွေးပေါက်တို့၌ လေးရာ့ကိုးကျိပ် ကိုးယောက်သောသူတို့သည် သံသေဒဇ ငြိတွယ်ကြ၍ ငါးရာမျှသော မင်းသားတို့သည် ဖြစ်ကြကုန်၏။ အလုပ်အကျွေးမိန်းမလည်း ထိုငါးရာမျှသော သားတို့ကိုပင် မောင်းမငါးရာတို့အား ပေးအပ်၍ သစ်တုံးပြတ်တခုကိုသာ သွေးဖြင့်လိမ်းကျံကာ ထား၏။

မိဖုရားလည်း မိန်းမောရာမှ သတိရသော် အလုပ်အကျွေးမိန်းမကိုခေါ်၍ “အကျွန်ုပ်ဖွားသောသား အဘယ်မှာနည်း”ဟု မေးလျှင် “အရှင်မသားကား ဤသစ်တုံးပင်တည်း”ဟု ပြ၏၊ ပဒုမ၀တီလည်း နှလုံးမသာ ရှက်နိုးစွာ၍ “လျင်စွာ ခွဲပစ်ဘိလော့”ဟု ဆို၏။ ထိုအလုပ်အကျွေးမိန်းမကလည်း အကျိုးလိုလှသော အဟန်ဖြင့် “မြန်စွာပယ်ရှား၍ သူတပါး မသိစေလင့်”ဟု နှုတ်ပိတ်၏။

(စာမျက်နှာ-၃၃၀)

မိဖုရားရာထူးမှကျပုံ

သားငယ်ကိုယူကြသော မောင်းမငါးရာတို့သည်လည်း အသီးအသီး ပန်းထိမ်သည်ထံ လွှတ်၍ ကြုတ်ကိုပြုစေပြီးသော် ထိုကြုတ်၌ သူငယ်ကိုသိပ်၍ တံဆိပ်ရေးမှတ်ကာ ကောင်းစွာ သိုဝှက်ထားကြ၏။ မင်းကြီး ပစ္စန္တရစ်ငြိမ်ဝပ်စေရာမှ ပြန်လာသော် နက္ခတ်သဘင်အခါနှင့် ကြိမ်ခြင်းကြောင့် မြို့တွင်းသို့မဝင်ပဲ မြို့ပြင်၌သာ ယာယီတဲကွန်းဖြင့် ပွဲလမ်းသဘင်ပြု၏။

ထိုအခါ ငါးရာသောမောင်းမတို့သည် ခရီးဦးကြိုဆို၍ ပဒုမဝတီမိဖုရား၏ သစ်တုံးမွေးကြောင်း ဘီလူးမဖြစ်ကြောင်းများကို လျှောက်ထားပြောဆိုကြ၏။ မင်းကြီးလည်း ထိုစကားကို ယုံကြည်ရကား မိဖုရားကို နန်းမှနှင်ထုတ်လေ၏။ ထိုမိဖုရားလည်း ဘဝတပါးက ပြုခဲ့ဖူးသော မကောင်းမှုကံဆိုးသည် အကျိုးပေးခွင့်ကြိမ်လေ၍ မင်းအိမ်က ဆင်းလာသည်ကစ၍ ဖဝါးချတိုင်းချတိုင်း ပေါက်မြဲသော ကြာပဒုမာတို့သည် မပေါက်လာကုန်၊ နတ်၏ရောင်ဝါကဲ့သို့ ထွန်းပစွာသော ကိုယ်ရောင်တို့သည် ကွယ်၍ တင့်တယ်ရုံမျှသာ ရှိ၏။

ထိုသို့ ညှိုးနွမ်းလျက် လမ်းငယ်အကြားဖြင့် သွားလေသော် ပြည်တော်၏ အထောင့်၌နေသော သူအိုမတဦးသည် မြင်၍ ချစ်ခင်မငြီး သမီးကဲ့သို့ မှတ်ရကား လာလတ်သောအကြောင်းကို မေးမြန်း၏။ ပဒုမဝတီကလည်း “မိခင်.. အကျွန်ုပ်သည် ခရီးသွား အာဂန္တုပါတည်း၊ တည်းခိုခြင်းငှါ ရှာ၍လာပါသည်”ဟု ဆိုပေသော် “ချစ်သမီး... ယင်းသို့ဖြစ်တပြီးကား မိခင်အိမ်၌နေလော့”ဟု ဆို၍ သမီးထပ်တူ မွေးမြူသိမ်းပိုက်လေ၏။

ကံကောင်းပေါ်လာပြီ

မင်းသားငယ်တို့ကို ဝှက်ထားသော မောင်းမငါးရာတို့သည်လည်း တညီတညာတည်း မင်းကြီးအား လျှောက်ကုန်သည်ကား “အရှင်မင်းဖျားသည် ထွက်သွားတော်မူသောအခါ အောင်မြင်လွယ်စိမ့်သောငှါ ဂင်္ဂါနတ်တို့ကို မပြတ်ဝပ်ညောင်း၍ ဆုတောင်းပူဇော်နှင့်ပါသည်။ ယခု အောင်မြင်လာသောအခါ ဗလိနတ်စာမပြုပါရသေး၊ ကျွန်ုပ်တို့ နှုတ်ကြွေးမတင်ရအောင် ဂင်္ဂါသဘင် ရွှင်တော်မူပါ”ဟု လျှောက်၏။ မင်းလည်း ထိုမောင်းမတို့၏စကားကို လိုက်နာ၍ ဂင်္ဂါသဘင်ကို စီရင်လေ၏။

ထိုအခါ ငါးရာသော မောင်းမတို့သည် မိမိတို့ဝှက်ထားသော ကြုတ်တို့ကို မျှောခြင်းငှါ ကိုယ်ဝတ်တန်ဆာဖြင့် ဖုံးကွယ်လျက် ရေသို့သက်၍ မျှောလေကုန်၏။ ထိုကြုတ်တို့သည် ရံကာ၍နေသော ပိုက်ကွန်၌ငြိသဖြင့် မင်းကြီးရေမှတက်၍ ပိုက်ကွန်ကို ဖေါ်သောအခါ ပါလာကုန်ရကား မင်းအား ဆက်လေကုန်၏။

မင်းလည်း ကြုတ်ကိုဖွင့်စေသော် ရွှေအဆင်းနှင့်တူသော မင်းသားငယ်တို့ကိုမြင်၍ ကြုတ်တွင်ပါသော အက္ခရာတံဆိပ်တို့ကို ရှုပြန်သော် “ဘုန်းကံကြီးမား ဤမင်းသားတို့ကား မိဖုရား ပဒုမဝတီ၏ဝမ်းမှဆင်းသော ဗာရာဏသီမင်း၏ သားတော်တို့တည်း”ဟူသော တံဆိပ်ကိုမြင်၏။

(တံဆိပ်ကား-မောင်းမငါးရာတို့ ကြုတ်တွင်းသို့သွင်းသည့်နေ့ပင် နောင်တွေ့သောအခါ မင်းကြီးသိစိမ့်သောငှါ သိကြားလာ၍ ရေးလေသတည်း။)
(စာမျက်နှာ-၃၃၁)

ဗာရာဏသီမင်းကြီးလည်း မိမိသားရင်းအဖြစ်ကို သိလေသော် ရိုးတွင်းခြင်ဆီစိမ့်မျှ နှစ်သိမ့်လေးမြတ်လျက် မဟာပဒုမမင်းသားကို ချီယူ၍ ကလူဖက်ရမ်းပြီးမှ မှူးမတ်တို့အားလည်း ကြွင်းသော သားငယ်တို့ကို ထိန်းစေလျက် ခပ်သိမ်းသော ဗိုလ်ပါနှင့်တကွ မြို့နန်းတွင်းသို့ ဝင်၏။ ရောက်သောအခါ အသပြာထောင်ထုပ်ကို ဆင်လည်ကုပ်၌ ဆွဲစေလျက် “ပြည်ထဲပြည်ပ ပဒုမဝတီကို ရှာဖွေမေးမြန်းလေကုန်၊ အကြင်သူကား မိဖုရားကိုပြနိုင်ပေအံ့၊ ထိုသသူအား ဤအသပြာထုပ်ကို ပေးလေလော့”ဟု အမတ်တို့ကို စေလိုက်၏။

မင်းချင်းတို့လည်း မင်းကြီးဆိုတိုင်း ရှာဖွေမေးမြန်းကြလေသော် မိဖုရားတည်းနေသောအိမ်သို့ ရောက်၍ ထိုသူတို့ ကြော်ငြာသောစကားကို ပဒုမဝတီကြားလျှင် “မိခင်.. ဤဆင်၏လယ်ကုပ်၌ပါသော အသပြာထုပ်ကို ယူချေလော့၊ မင်းချင်းတို့က ပဒုမဝတီကို သိ၏လောဟု မေးလျှင် ငါ့သမီးသည် သိ၏ဟု ဆိုလေ”ဟု စေ၏။

သူအိုမကလည်း “သမီး... မပြနိုင်သော် မခက်လော”ဟု ဆို၍ မယူပဲနေလျှင် “မိခင်.. မစိုးရိမ်လင့်၊ အသပြာထုပ်ကိုသာ လျင်စွာယူချေ”ဟု စေဖန်များသဖြင့် သူအိုမ လိုက်၍ယူသော် မင်းလူမှူးမတ်တို့သည် သူမနှင့်တကွ လိုက်လာ၍ အိမ်မှာနေလင့်သော ပဒုမဝတီမိဖုရားကို မြင်လေလျှင် ဦးတင်တုပ်ကွ ရိုညွတ်ကြလျက် အိမ်ဝအိမ်ပြင် တန်ဆာဆင်ပြီးမှ ပြည့်ရှင်မင်းကြီးအား တွေ့ကြောင်းကို လျှောက်ကြား၏။

မြို့တော်ဝင်ခန်း

မင်းလည်း နန်းတော်မှသည် ပဒုမဝတီနေသော အိမ်တိုင်အောင် ရတနာခုနစ်ပါးကို တံတားခင်းပြီးမှ အသီးအသီးသော ပန်း, ထီး၊ တံခွန်တို့ကို ကောင်းမွန်စွာ စိုက်ထားလျက် မင်္ဂလာရှိသော ရထားဖြင့် နန်းတော်သို့ တင်ဆောင်၏။ မိဖုရားလည်း ရထားမစီးမူ၍ ပြည်သူတို့အား မိမိဘုန်းအာနုဘော်ကို မြင်စေခြင်းငှါ ခြေဖြင့်သာ လာလတ်သော် ဖဝါးချရာချရာ ဌာန၌ လှည်းဘီးပမာဏရှိသော ပဒုမာကြာသည် ထွက်ကာထွက်ကာခံလာ၍ ဖဝါးချီသောအခါမှ ထိုကြာ ကွယ်လေသတည်း။

မိဖုရားလည်း များစွာသော အခြံအရံနှင့်တကွ လာ၍ နန်းတော်သို့ရောက်လျှင် လမ်းအစဉ်၌ ခင်းသမျှသော အဝတ်တန်ဆာ ရတနာရွှေတို့ကို မွေးမြူပေသော သူအိုမအား အခပြု၍ ပေး၏။

မင်းကြီးလည်း ယခင်ငါးရာသော မောင်းမတို့ကို ပဒုမဝတီအား ကျွန်အလို့ငှါ ပေး၏။ မိဖုရားလည်း ထိုမောင်းမတို့သည် မကောင်းကြံ၍ ကျွန်ခံရကြောင်းကို ပြည်သူအပေါင်းတို့ သိစေခြင်းငှါ မြို့လေးမျက်နှာ၌ စည်လည်စေပြီးမှ မင်းကြီးအား တောင်းပန်၍ တော်လှန်စေပြီးသော် မိဖုရားကြီးမှာ မဟာပဒုမ မင်းသားကိုသာမွေး၍ ကြွင်းသော မင်းသားငယ်တို့ကို ထိုမောင်းမငါးရာအား မွေးမြူစေ၏။ မင်းသားတို့ ကစားနိုင်သောအရွယ်သို့ ရောက်သောအခါ ဗာရာဏသီမင်းလည်း နန်းတော်တွင်း၌ သန့်ရှင်းသော ရေကန်, ပန်းအာရာမ်, ဥယျာဉ်ကိုပြု၍ ပျော်ပါးစေ၏။

ပစ္စေကဗုဒ္ဓါ ထေရ်ငါးရာ

မင်းသားတို့ အရွယ်ရောက်၍ တနေ့သောအခါ ကစားရာရေကန်၌ ကြာတို့သည် နံနက်ပွင့်စအခါ လွန်စွာ တင့်တယ်လှပလျက် ညချမ်းအခါ ညှိုးလျော်လာသည်ကိုမြင်လျှင် “ကြာပင်, ကြာပွင့်

(စာမျက်နှာ-၃၃၂)

တည်းဟူသော အနုပါဒိန္နက ရုပ်သည်လည်း ဝယပတ္တ အနိစ္စသဘော ဖြစ်သေး၏။ ဥပါဒိန္နကဖြစ်သော ငါတို့ရုပ်နာမ် ခန္ဓာမှာမူ အဘယ်မှာ လွန်နိုင်တော့အံ့နည်း”ဟု ဝိပဿနာရှုကြလျက် ထိုခဏ၌ပင် ပစ္စေကဗုဒ္ဓါ ဖြစ်ကုန်၏။

ထိုသို့ဖြစ်သောအခါ ကြာပွင့်၏အချက်၌ ထက်ဝယ်ဖွဲ့ခွေ၍ ငြိမ်သက်စွာနေသည်ကို အခြွေအရံဖြစ်သော လူတို့မြင်လျှင် “အရှင့်သားတို့.. နန်းတော်သို့ သွားချိန်တန်ပြီ၊ ရေကန်မှ တက်တော်မူကြလော့”ဟု လျှောက်၏။ သို့လျှောက်ငြားသော်လည်း စကားမပြန်ပဲနေလျှင် ဖခင်မင်းကြီးအား အကြောင်းကို လျှောက်ကြား၍ “ငါ့သားတို့ နေလိုတိုင်းနေစေ၊ သင်တို့သာ စောင့်ရှောက်လေ”ဟု ဆိုလိုက်သဖြင့် ညဉ့်သုံးယာမ် စောင့်နေ၍ နေအရုဏ်တက်သောအခါ “အရှင့်သားတို့.. နေ့တပါးရောက်ချေပြီ၊ နန်းသို့ တက်တော်မူပါ”ဟု လျှောက်ကြားလျှင် “အသင်မင်းချင်းတို့.. ငါတို့ကား မင်းသားမဟုတ်၊ ပစ္စေကဗုဒ္ဓါဖြစ်ပြီ”ဟု ဆိုပေ၏။

မင်းချင်းတို့ကလည်း “ပစ္စေကဗုဒ္ဓါမည်သည် ဤကဲ့သို့မဟုတ်၊ မုတ်ဆိတ်ဆံကို ပယ်ရိတ်၍ သပိတ်သင်္ကန်း ရဟန်းပရိက္ခရာ အစုံနှင့်ဖြစ်သည်။ အရှင့်သားတို့ ဝန်လေးစွာသော စကားကို မဆိုကြလင့်”ဟု လျှောက်လျှင် ထိုအသွင်သို့ ညွတ်သောစိတ်ရှိလျက် မိမိတို့ ဦးခေါင်းတို့ကို မိမိလက်ဖြင့် သုံးသပ်သော် လူဇာတ်၏အသွင်သည် ကွယ်ပ၍ ပရိက္ခရာရှစ်ပါးနှင့်တကွ ရဟန်းအသွင်ကို ရကုန်၏။ ယင်းသို့ ရဟန်းဖြစ်ကြပြီးသော် ကောင်းကင်ခရီးဖြင့်ပျံ၍ ဂန္ဓမာဒနတောင်သို့ ကြွလေကုန်၏။

လယ်သူမဘဝ

ပဒုမဝတီမိဖုရားလည်း ထိုအကြောင်းကို ကြားရသော် “ငါသည်ကား သားအများမွေးရပါလျက် ငါ၏ထံ၌ တယောက်မျှမရှိ၊ နိပုတ္တကဖြစ်ချေပြီ”ဟု လွန်စွာ စိုးရိမ်ပင်ပန်းခြင်းဖြစ်လျက် စိတ်ညစ်သော ဝေဒနာဖြင့် ကြမ္မာကုန်လေသော် ရာဇဂြိုဟ်ပြည်၏ အနီးဖြစ်သော ရွာငယ်၌ လယ်လုပ်သူကြီး၏ သမီးပင် ဖြစ်ပြန်လေ၏။ အရွယ်သို့ရောက်၍ အိမ်ရာပြုကြသောအခါ မိဘတို့စဉ်လာဖြစ်သော လယ်ကိုလုပ်ဆောင်ရ၏။

တနေ့သ၌ မိမိသားဖြစ်ဖူးသော ပစ္စေကဗုဒ္ဓါ ငါးရာတို့တွင် ရှစ်ဦးသော ပစ္စေကဗုဒ္ဓါတို့သည် ကောင်းကင်ခရီးဖြင့် လာသည်ကိုမြင်၍ လင်ယောက်ျားအား ဤသို့ဆို၏။ “အရှင်.. ကောင်းကင်ဖြင့် ကြွလာသော ပစ္စေကဗုဒ္ဓါတို့ကို ရှုစမ်းလော့၊ ထိုရဟန်းတို့အားပင့်၍ ဆွမ်းလှူကြကုန်အံ့”ဟု ဆို၏။ လင်ယောက်ျားကလည်း “ဤပုဂ္ဂိုလ်တို့ကား ရဟန်းငှက်မည်ကုန်၏။ အဘယ်ဌာန၌ သက်ကြမည်မသိ”ဟု ဆို၏။

ထိုခင်ပွန်းနှစ်ဦးတို့ ပြောကြစဉ်ပင် အရှင်ပစ္စေကဗုဒ္ဓါတို့လည်း ကောင်းကင်မှ သက်လာ၍ နေရာအနီး၌ပင် တည်ကုန်လျှင် လယ်ရှင်မိန်းမကလည်း ပစ္စေကဗုဒ္ဓါတို့အားပင့်၍ ရှိလင့်သော ဆွမ်းခဲဖွယ်တို့ဖြင့် လုပ်ကျွေးပြီးလျှင် “အရှင်မြတ်ရှစ်ပါးသည် နက်ဖြန်လည်း အကျွန်ုပ်ဆွမ်းကို ခံတော်မူပါ”ဟု ဖိတ်၏။ ပစ္စေကဗုဒ္ဓါတို့ကလည်း “ဒါယိကာမ လုပ်ကျွေးအံ့သော ဆွမ်းကိုလည်းကောင်း, နေရာကိုလည်းကောင်း ရှစ်ပါးဖို့သာရှိစေ၊ ကုသိုလ်စေတနာ ပြန့်ပွားအောင် ငါးရာသော ရဟန်းတို့ကြွလာအံ့”ဟု ဆို၍ ပြန်ကြလေ၏။

(စာမျက်နှာ-၃၃၃)

နောက်မိုးသောက်သောအခါ ရှစ်ဦးသော ပစ္စေကဗုဒ္ဓါတို့သည် အကြွင်း လေးရာ့ကိုးကျိပ်နှစ်ပါးတို့အား “သင်တို့အမိဖြစ်ဖူးသော ဒါယိကာမအား ချီးမြှောက်ခြင်းငှါ တပါးသောနေရာသို့ ဆွမ်းရှာမကြွမူ၍ ငါတို့နှင့်အတူ လိုက်ပါကုန်”ဟု ဆို၍ ထိုငါးရာလုံးပင် ကောင်းကင်ခရီးဖြင့် ကြွလာ၏။

ဒါယိကာမလည်း မှာခဲ့သမျှသော ဆွမ်းကွမ်းနေရာကိုသာ စီမံ၍ထားသည်နှင့် ငါးရာသော ရဟန်းတို့ရောက်လျှင် ဝမ်းမြောက်ဝမ်းသာ နေရာပြုခြင်းငှါ အားထုတ်၏။ ပစ္စေကဗုဒ္ဓါတို့လည်း မိမိတို့တန်ခိုးအားဖြင့် အိမ်ကိုလည်းကောင်း နေရာကိုလည်းကောင်း ပွားစေ၍ ငါးရာလုံးပင် ထေရ်စဉ်အားဖြင့် နေကြ၏။ ဒါယိကာမကလည်း ရသမျှသောဆွမ်းကို ပြင်ဆင်သော် ရှစ်ဦးသောရဟန်းကို ရည်မှန်း၍ပြုထားသော ခဲဖွယ်ဘောဇဉ်သည် တိုးပွား၍ ငါးရာလုံးပင် လောက်ပေ၏။

ဆွမ်းကျွေးပြီးသောအခါ ကြာညိုလက်တို့ကို လှူဒါန်း၍ ဆွမ်းအနုမောဒနာတရားကို နာပြီးသော် “အကျွန်ုပ်သည် ယခုအားထုတ်သော ပုညကြောင့် ဖြစ်ဖြစ်သမျှ နောက်ဘဝတို့၌ ကြာညိုပွင့်ချပ်ကဲ့သို့ လျောက်ပတ်တင့်တယ်သော ကိုယ်အဆင်းရှိသည် ဖြစ်ပါစေသော၊ အရှင်မြတ်တို့ရအပ်သော တခုအထူးကိုလည်း ရပါလိုသော”ဟု ဆုတောင်း၏။ ပြီးသောအခါ ပစ္စေကဗုဒ္ဓါတို့လည်း ဂန္ဓမာဒနတောင်သို့ ကြွလေကုန်၏။

နောက်ဆုံးဘဝ

လယ်ရှင်မိန်းမလည်း ထိုဘဝမှ အသက်တိုင်းနေ၍ စုတေလေသော် နတ်ပြည်၌ တကြိမ်ဖြစ်ပြီးမှ ငါတို့ဘုရား ပွင့်ချိန်နီးသောအခါ သာဝတ္ထိပြည်ဝယ် ကုဋေတရာ့ခြောက်ဆယ် ဥစ္စာကြွယ်ဝသော သဌေးအိမ်၌ ပဋိသန္ဓေနေလာ၏၊ ဖွားသောအခါ ကြာညိုတိုက်၏ အဆင်းရောင်နှင့်တူသော ကိုယ်အဆင်းရှိရကား ဥပ္ပလဝဏ်ဟူသော အမည်ကိုမှည့်၏၊ ကိုယ်၏ရနံ့လည်း ကြာညိုနံ့ကဲ့သို့ သင်းပျံ့မွှေးထုံ၏။

ထိုမိန်းမငယ်သည် အရွယ်သို့ရောက်လျှင် မြင်မြင်သမျှသော ယောက်ျားမိန်းမတို့သည် ချီးပအံ့ဩ၍ အဆင့်ဆင့်ပြောသဖြင့် ဇမ္ဗူဒိပ်ကျွန်းအလုံး ကျော်စောရကား တရာ့တပါးသော ထီးဆောင်းမင်း အပေါင်းတို့သည်လည်းကောင်း စည်းစိမ်ကြီးကျယ်သော သဌေးသူကြွယ်တို့သည်လည်းကောင်း အောင်သည်(သွယ်) တမန်ဖြင့် ဖခင်သဌေးထံ ဥပ္ပလဝဏ်ကို တောင်းလာကြကုန်၏။

ထိုကာလ အဖသဌေးသည် ဤသို့ကြံ၏။ “ငါသည် ဤသမီးတယောက်မျှနှင့် တောင်းဆိုလာကြသော မင်း, ပုဏ္ဏားသဌေးတို့၏ နှလုံးကို ပြည့်စေခြင်းငှါ မတတ်နိုင်ရာ၊ ငါ၌လည်းကောင်း, သမီး၌လည်းကောင်း ရန်ကင်းကြောင်းဖြစ်သော ဥပါယ်ကိုပြုအံ့”ဟု ကြံပြီးသော် သမီးကိုခေါ်၍ “ချစ်သမီး.. သင်သည် ဤလူ့ဘုံဝယ် ကာမဂုဏ်ဖြင့် မရွှင်မြန်းပဲ ရဟန်းပြုနိုင်ပါအံ့လော”ဟု မေး၏။

ဥပ္ပလဝဏ်ကလည်း ပစ္ဆိမဘဝ၌ တည်သူဖြစ်ရကား အဖမဆိုမီကပင် ရဟန်းပြုချင်သောဆန္ဒ ရှိလှ၍ “ဖခင်... အကျွန်ုပ် ရဟန်းပြုနိုင်ပါ၏၊ သာသနာသို့ လျင်စွာသွင်းပါလော့”ဟု ဆိုလျှင် မိခင်ဖခင်တို့လည်း ဝမ်းမြောက်ဝမ်းသာ ရတနာထမ်းစင်ဖြင့်တင်လျက် ဘိက္ခုနီမတို့၏ကျောင်းသို့ ဆောင်၍ ရဟန်းပြုပေ၏။

(စာမျက်နှာ-၃၃၄)

ရဟန္တာမိန်းမဖြစ်ပြီ

ထေရီမလည်း ရဟန်းပြု၍ မကြာမြင့်မီ စာတုဒ္ဒသီ ဥပုသ်နေ့နှင့်ကြုံ၍ ဥပုသ်အိမ်၌ ဆီမီးထွန်းလှည့်ကျသဖြင့် ထွန်းညှိရလေသော် ပြောင်ပြောင်လောင်သော ဆီမီးရောင်ကို အာရုံစောလျက် တေဇောကသိုဏ်းကို ရှုသဖြင့် ရှစ်ဆင့်သော ရူပ,အရူပဈာန်သို့ ရောက်ပြီးသော် ဝသီဘော်ငါးတန်ဖြင့် ထိုဈာန်ကို ဝင်စားပြီးမှ ၎င်းဈာန်ကို ပါဒကပြုလျက် ရှုအပ်သော ဝိပဿနာဉာဏ်ဖြင့် မဂ်လေးတန်ကို တဏှာမခြားပဲရ၍ ရဟန္တာမိန်းမဖြစ်လေ၏။

အရဟတ္တဖိုလ်သို့ ရောက်သည်နှင့်တပြိုင်နက်ပင် ဣဒ္ဓိဝိဓစသော အဘိညာဉ်တို့သည် သူမယှဉ်နိုင်အောင် ဖြစ်ကုန်၏။ ထို့ကြောင့် ဘုရားသခင် တန်ခိုးပြအံ့သောအခါ၌ ရဲရင့်စွာ ဝန်ခံပေ၏။

(ထိုအကြောင်းကြောင့် နောက်နှောင်းသောအခါဝယ် တန်ခိုးကြီးသောအရာ၌ ဧတဒဂ်သနား၍ အဂ္ဂသာဝိကာအရာ၌ ထားတော်မူသည်။)
ဤကား ဥပ္ပလဝဏ်ထေရီမ၏ အကြောင်းအတ္ထုပ္ပတ္တိ အမြွက်တည်း။
(ထေရီအပဒါန်ပါဠိတော်, ၎င်းအဋ္ဌကထာ, အင်္ဂုတ္တိုရ် အဋ္ဌကထာတို့၌ လာ၏၊ ဤမှတပါးသော ရဟန်းယောက်ျား ရဟန်းမိန်းမတို့၏ အတ္ထုပ္ပတ္တိကို ပြဆိုလျှင် အထက်စကားဆက် ကွာမည်ကြောင့် ပေယျာလထားတော့မည်။)

၆၂။ နကုလပိတာ, နကုလမာတာ သမီးခင်ပွန်းတို့အကြောင်းကို ပြခြင်း

ဘုရားကိုယ်တော်မြတ်လည်း သင်္ကဿနဂိုရ်ပြည် တောင်တံခါးဝ၌ စည်းဝေးကြကုန်သော ပရိသတ်အပေါင်းတို့အား တရားရေအေး တိုက်ကျွေးတော်မူပြီးလျှင် သံဃာတော်အပေါင်း ခြံရံလျက် နိုင်ငံအသီးသီး ပြည်ကြီးအရပ်ရပ်ကို လှည့်ပတ်ကာ ဒေသစာရီ ကြွချီတော်မူသဖြင့် ဘဂ္ဂတိုင်း သံသုမာရဂိရိမြို့သို့ ရောက်သောအခါ မြို့၏တောင်မျက်နှာဖြစ်သော ဘေသကလတောအုပ်၌ သီတင်းသုံးတော်မူ၏။

ဆွေမျိုးဘဝနီး၍ ချစ်ကြပုံ

ထိုအခါ သံသုမာရဂိရိမြို့၌ အမျိုးခုနစ်ဆက်တိုင် ကြွယ်ဝသော နကုလပိတာ, နကုလမာတာ အမည်ရှိသော သူကြွယ်ကြီး သမီးခင်ပွန်းနှစ်ဦးတို့သည် ဘုရားကြွလာကြောင်းကို ကြား၍ မြို့သူမြို့သားအပေါင်းနှင့်တကွ ဖူးမြော်ကြခြင်းငှါ လာလေသော် ဘုရားကိုယ်တော်မြတ်ကို မြင်လျှင် မိမိတို့ရင်မှဖွားသော သားဟူသောအမှတ်ဖြင့် လေးမြတ်ချစ်ခင်ခြင်း ဖြစ်ရကား သူကြွယ်လင်မယားတို့သည် ဘုရားခြေတော်ရင်း၌ ဝပ်လျက် အထပ်ထပ်ရှိခိုးပြီးမှ “သားမြတ်ဘုန်းခေါင် သားတော်မောင်သည် ဤမျှလောက်သော ကာလပတ်လုံး မိခင်ဖခင်တို့အား ပယ်မှားစွန့်ခွါ၍ အဘယ်မှာနေဘိသနည်း၊ ကျွန်ုပ်တို့ အိုမင်း၍ သေခြင်းနီးလှသော ယခုကာလမှပင် သားဘုရားကို မြင်ရတော့သည်။ မိဖနှစ်ပါးတို့အား သားဘုရားသည် သနားစုံမက်ခြင်း မရှိသကဲ့သို့ ပြုဘိသည်”ဟု ငိုယိုကာ လျှောက်ဆိုမြည်တမ်း၍ အတူပါလာသော သားသမီးတို့အား “ဤဘုရားမြတ်ကား

(စာမျက်နှာ-၃၃၅)

သမီးတို့၏ မောင်ဖွားတည်း၊ သားကြီးတို့၏ ညီတည်း၊ သားငယ်တို့၏ အစ်ကိုတည်း”ဟု ညွှန်ပြလျက် “သားဘုရားသည် နက်ဖန် သံဃာတော်အပေါင်းနှင့်တကွ ဖခင်တို့၏အိမ်၌ ဆွမ်းဘုဉ်းပေးတော်မူပါ”ဟု လျှောက်၏။ ဘုရားကိုယ်တော်မြတ်လည်း ဆိတ်ဆိတ်သာ ဝန်ခံတော်မူ၏။

ထိုအခါ သံဃာတော်တို့လည်း “ငါတို့မြတ်စွာဘုရားသည် အသမ္ဘိန္နခတ္တိယဖြစ်သော သုဒ္ဓေါဒနမင်း သိရီမဟာမာယာ မိဖုရားကြီးတို့၏ သားစင်စစ်ဖြစ်ကြောင်းကို တသောင်းသော လောကဓာတ်၌ လူနတ်ဗြဟ္မာ ဟူသမျှတို့ပင် သိကြသည်ချည်းဖြစ်လျက် ဤသူကြွယ်လင်မယားသည် သားဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုပြန်သည်။ ထိုအရာကိုလည်း မြတ်စွာဘုရား ဆိတ်ဆိတ်သာ သည်းခံတော်မူသည်၊ ဘယ်သို့ အကြောင်းရှိလေသနည်း”ဟု ပြောဆိုကြ၏။

တရားစကား နာကြားကြပြီ

ထိုစကားကို ကြားတော်မူလျှင် ဘုရားသခင်လည်း ရွှင်လှသော ဣန္ဒြေဖြင့် နေတော်မူလျက် “ချစ်သားရဟန်းတို့.. ဤနကုလမည်သော သူကြွယ်သည်ကား ရှေးသောကာလ ဘဝမခြား ငါးရာပတ်လုံး ငါဘုရား၏ ဖခင်စစ်လည်း ဖြစ်ဖူးပေပြီ၊ ဘဝငါးရာပတ်လုံး ဘထွေးစစ်လည်း ဖြစ်ဖူးပေပြီ၊ ဘဝငါးရာပတ်လုံး ဘကြီးစစ်လည်း ဖြစ်ဖူးပေပြီ၊ ဘဝငါးရာပတ်လုံး ဦးရီးစစ်လည်း ဖြစ်ဖူးပေပြီ။ ဤသူကြွယ်မလည်း ဘဝမခြား ငါးရာမျှပင် မိခင်စစ်လည်း ဖြစ်ဖူးပေ၏၊ မိထွေး, မိကြီး, အရီးစစ်လည်း အဖြစ်ငါးရာ ဖြစ်ရှာဖူး၏၊ နှစ်ဦးကိုပေါင်းစပ်သဖြင့် ဘဝလေးထောင်တိုင်တိုင် သူတို့လက်တွင်းသာ ငါဘုရားသည် ကြီးပွားရလေသောကြောင့် ငါ့အား ချစ်ခြင်းအလျင်သည် အစဉ်မပြတ်လေရကား ငါဘုရားကို သားဟူသောအမှတ်ဖြင့် လေးမြတ်ချစ်ခင်ကြ သတည်း”ဟုမိန့်တော်မူ၍-

ပုဗ္ဗေဝ သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေန ဝါ။
ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ-

ဟူသော ဂါထာကို ဟောတော်မူ၏။

[အနက်ကား]ပုဗ္ဗေဝ သန္နိဝါသေန၊ ရှေးဘဝ၌ မိဘပေါက်ဖော် တော်စပ်ကျွမ်းဝင် ဖြစ်ဖူးအင်ကြောင့်လည်းကောင်း။ ပစ္စုပ္ပန္နဟိတေန ဝါ၊ ပစ္စုပ္ပန်ဘဝ၌ အကျိုးစီးပွားကို ဆောင်ရွက်လှသောကြောင့်လည်းကောင်း။ ဧဝံ-ဣမိနာ၊ ဤအကြောင်းနှစ်ပါးဖြင့်။ တံ ပေမံ၊ ထိုချစ်ခြင်းသည်။ ဇာယတေ၊ ဖြစ်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်း ဟူမူကား။ ဥဒကေ၊ ရေ၌။ ဥပ္ပလံဝ ယထာ၊ ညွန်ကိုလည်းကောင်း ရေကိုလည်းကောင်း မှီ၍ဖြစ်သော ကြာကဲ့သို့တည်း။

ဤမှတပါးလည်း များစွာသော ဒေသနာတို့ကို ဟောတော်မူ၏။ သူကြွယ်သမီးခင်ပွန်း နှစ်ဦးသည် သောတာပတ္တိဖိုလ်၌ တည်လေကုန်၏၊ ကြွင်းသော ပရိသတ်အများတို့လည်း တရားရသကို သောက်ရလေကုန်သည်။ ဤသူကြွယ်နှစ်ဦးတို့သည် ပင့်ဖိတ်အပ်သည်ဖြစ်၍ ကိုယ်တော်လည်း ဘဂ္ဂတိုင်း သံသုမာရဂိရိမြို့ ဘေသကလတောအုပ်၌ အဋ္ဌမဝါ ဆိုတော်မူသတည်း။

နောက် ဇေတဝန်ကျောင်းတော်သို့ ရောက်သောအခါ ဤနကုလပိတာ, နကုလမာတာတို့ကို ဝိဿာသိကအရာ၌ ဧတဒဂ် ထားတော်မူသတည်း။

(စာမျက်နှာ-၃၃၆)

၆၃။ ဗောဓိမင်းသား၏ အကြောင်းကို ပြခြင်း

ယင်းသို့ သံသုမာရဂိရိ၌ ဘုရားနေတော်မူသောအခါ သံသုမာရဂိရိပြည်ကို အစိုးရတော်မူသော ဗောဓိမင်းသားသည် စိတြဝဍ္ဎကီ လက်သမားအား မိမိ၏နေရာအလို့ငှါ နန်းပြာသာဒ်ကို ဆောက်လုပ်စေသော် လက်သမားသည် ဆန်းကြယ်သော အကြံဉာဏ်ရှိသူဖြစ်ရကား တပါးတိုင်းနိုင်ငံ၌ တရံတဆစ်မျှ မဖြစ်စဖူး ထူးဆန်းလှစွာ အာကာတိမ်ညွန့်သို့ ပျံကွန့်ဘနန်း အံ့ဩ၍မခန်းသော ကောကနဒအမည်ရှိသော နန်းပြာသာဒ်ကို ပြုလုပ်၍ပေး၏။

မကောင်းကြံက မကောင်းခံရ

မင်းသားလည်း ထိုပြာသာဒ်ကိုမြင်လျှင် ရွှင်ပျဝမ်းသာလျက် “ဆရာလက်သမား... သင်သည် တပါးမြို့ရွာ၌ မင်းတို့အလို့ငှါ ဤငါ၏ပြာသာဒ်ကဲ့သို့ ကောင်းမြတ်ဆန်းကြယ်သော ပြာသာဒ်ကို ပြုလုပ်ဖူးပြီလော၊ ယင်းသို့မဟုတ် ဉာဏ်စွမ်းထုတ်၍ သင်-လက်ဦးအတတ်ပင်လော”ဟု မေး၍ လက်သမားလည်း “တပါးမြို့ရွာ၌ မပြုစဖူး လက်ဦးအတတ်ပင်ဖြစ်ပါသည်”ဟု လျှောက်လျှင် မင်းသားသည် ဤသို့ ကြံ၏။ “ဤလက်သမား ရှိချေငြားက တပါးသော မင်းသားတို့သည် ဤကဲ့သို့သော ပြာသာဒ်ကို ပြုစေလတ္တံ့၊ ထိုအခါ ငါ၏ပြာသာဒ်သည် ထူးမြတ်အံ့ဩဖွယ် မဖြစ်ရာပြီ၊ ပြာသာဒ်ပြီးလျှင် လက်သမားကို သတ်သော်လည်းသတ်အံ့၊ လက်ကိုသော်လည်း ဖြတ်အံ့၊ မျက်စိကိုသော်လည်း ဖောက်အံ့”ဟု ကြံ၍ တိုင်ပင်၏။

မိမိထံ၌ နိယံခစားသော သိဉ္ဇဝလုလင်အား ပြောကြား တိုင်ပင်၏၊ သိဉ္ဇဝလည်း ထိုစကားကိုကြားရသော် “ငါတို့မင်းသည် မှားယွင်းသောအကြံကို ကြံချေပြီ၊ ဤလက်သမားနှင့် တူသူလည်း ဇမ္ဗူဒိပ်ကျွန်းပြင်ဝယ် ဘယ်တွင်မျှ မရှိချေ၊ အတတ်ပညာ အဖိုးအနဂ္ဃထိုက်ပေသည်။ ထို့ကြောင့် ဆရာကို မသေအောင် ငါကြံအံ့”ဟု ကြံလျက် လက်သမားထံသို့ လာပြီးလျှင် “ဆရာ.. ငါတို့မင်းသည် လက်ငင်းမျှကိုသာမြော်၍ မလျော်သောအမှုကို ပြုလို၏၊ ပြာသာဒ်ကိစ္စ ပြီးပြီလောဟု မေးလျှင် မပြီးသေးဆို၍သာ ဆရာချမ်းသာကြောင်းကို ရှာလော့”ဟု ဆို၏။

ထိုလက်သမားလည်း “ကောင်းပြီ”ဟု ဝန်ခံ၍ ပြာသာဒ်စီရင်ဖွယ် ပြီးပြီလောဟု မင်းသားမေးသောအခါ “မပြီးသေးပါ။ ပြုဖွယ်ကိစ္စအများပင် ကြွင်းပါသေးသည်၊ ရှေးရှေးမင်းတို့သည် တရံတဖန်မှ မစံရဖူးသည်ကို အရှင့်သားစံရအောင် ကျွန်ုပ်တို့ ပြုပါအံ့၊ သစ်သားလောက်အောင် ပေးတော်မူပါ၊ သို့ရာတွင် လူသူအကြည့်အလာများလျှင် ကိစ္စလပ်လျားပါလိမ့်မည်၊ ထမင်းပို့အံ့သော အကျွန်ုပ်မိန်းမမှတပါး အခြားသူမဝင်ရအောင် ပိတ်ပင်ထားတော်မူပါ”ဟု လျှောက်၏။ မင်းသားလည်း “ကောင်းပြီ၊ သင့်ဉာဏ်စွမ်းရှိတိုင်း ပြုလေ”ဟု ခွင့်ပေး၏။

ဂဠုန်ယာဉ်ပျံ

လက်သမားလည်း ထိုနေ့မှစ၍ ပို့လာသမျှသော သစ်ကို မိမိသားမယားနှင့်တကွ နေလောက်အောင် ဂဠုန်ရုပ်ကို ပြုလုပ်၏၊ ယန္တယားစက်နှင့် တကွသော ငှက်ရုပ်ပြီးလျှင် “အိမ်တွင်ရှိသမျှသော ဝတ္ထုပရိကံကိုရောင်း၍ ရွှေငွေဘဏ္ဍာနှင့် သားသမီးတို့ကိုသာ ယူ၍လာခဲ့”ဟု မယားအား မှာထားပြီးသော် သိုမှီးထိုက်သမျှသော ခဲဖွယ်ဘောဇဉ်တို့ကို ထည့်၍ သားမယားနှင့်တကွ ငှက်၏အတွင်းသို့ဝင်၍ ကောင်းကင်ဖြင့် ပျံပြေးလေ၏။

(စာမျက်နှာ-၃၃၇)

ထိုအခါ များစွာသော ပြည်သူအပေါင်းတို့သည် “လက်သမား ပြေးလေပြီ ပြေးလေပြီ”ဟု စီစီကျွက်ကျွက် ကြွေးကြော်လျက် ကြည့်မျှော်ကုန်စဉ် ယခင်လက်သမားတို့လည်း ဟိမဝန္တာ၏အနီးသို့သက်၍ လူတို့ကို စုဝေးပြီးလျှင် မြို့ကြီးတည်ထောင်၍ နေလေ၏၊ ထိုမြို့ကား ကဋ္ဌဝါဟနမြို့ဟု တွင်၏။

သားသမီးမရနိုင်ကြောင်း

သံသုမာရဂိရိမြို့၌ ဗောဓိမင်းသားလည်း “ပြာသာဒ်ထီးနန်း သိမ်းမြန်းစံပယ်အံ့”ဟု ကြံ၍ ကောင်းမွန်တင့်တယ်စွာ တန်ဆာဆင်ပြီးသော် အသီးအသီးသော နံ့သာဆိုင်း, ပန်းဆိုင်းတို့ကို ဆွဲထားလျက် ဘုရားကိုယ်တော်မြတ်အား ဆွမ်းအလို့ငှါ ပင့်ဖိတ်၏။ ထိုအခါ များစွာသော မိဖုရားမောင်းမတို့သည် “ငါတို့၌ အကယ်၍ သားကိုလည်းကောင်း, သမီးကိုလည်းကောင်း ရလတ္တံ့သည် ဖြစ်အံ့၊ ဤပုဆိုးကို ဘုရားသခင်နင်း၍ ကြွတော်မူလတ္တံ့၊ အကယ်၍ မရမူကား မနင်းပဲ ကြွလတ္တံ့”ဟု ရည်မှတ်အဓိဋ္ဌာန်လျက် တံခါးခုံမှစ၍ ပြာသာဒ်အပြင်တိုင်အောင် ကိုယ်ဝတ်စုလျားကို ခင်းထားကြကုန်၏။

ဘုရားသခင်လည်း နန်းဥကင်သို့ဝင်ကြွ၍ များလှသော ပုဆိုးအခင်းကိုမြင်သော် ဝင်တော်မမူပဲ တန့်ရပ်၍ နေတော်မူ၏။

ဗောဓိမင်းသားလည်း ခရီးဦးကြိုဆိုကာ “ဝင်တော်မူပါ”ဟု လျှောက်ထားလျှင် ဘုရားသခင်လည်း ဝင်တော်မမူပဲ အရှင်အာနန္ဒာကိုသာ ကြည့်တော်မူ၏။ ထိုအခါ အရှင်အာနန္ဒာက “ဒကာတော် မင်းသား.. ပြာသာဒ်အပြင်၌ ခင်းထားသော ပုဆိုးတို့ကို သိမ်းထားလော့”ဟု ဆို၏။ ထိုပုဆိုးခင်းအားလုံးကို သိမ်းရုံးပြီးသောအခါ မြတ်စွာဘုရားလည်း နန်းတွင်းသို့ဝင်၍ ပလ္လင်ထက်၌ နေတော်မူ၏။

ထိုအခါ မဟာဗောဓိမင်းသားနှင့် တကွသော မိဖုရားမောင်းမတို့သည် အထံတော်သို့ကပ်၍ ရိုညွတ်ပူဇော်ပြီးမှ သရဏဂုံ ပဉ္စသီကို ယူကြ၏၊ ခဲဖွယ်ဘောဇဉ်တို့ဖြင့် လုပ်ကျွေး၏။ ပြီးသောအခါ မဟာဗောဓိမင်းသားက “ဘုရားကိုယ်တော်မြတ်သည် အကျွန်ုပ်ခင်းအပ်သော ပုဆိုးနေရာကို အဘယ့်ကြောင့် နင်းတော်မမူပါသနည်း”ဟု လျှောက်၏။

ဘုရားသခင်လည်း “သင်မင်းသားနှင့်တကွ မိဖုရားမောင်းမတို့သည် အကယ်၍ ငါတို့အား သားကိုလည်းကောင်း, သမီးကိုလည်းကောင်း ရသည်ဖြစ်လတ္တံ့မူကား ဘုရားနင်းစေသတည်း၊ မရလတ္တံ့မူကား မနင်းစေသတည်းဟု အဓိဋ္ဌာန်၍ စီမံခင်းထားသည် မဟုတ်လော”ဟု မေးတော်မူ၏။ ဟုတ်ပါကြောင်းကို လျှောက်လျှင် “သင်မင်းသား၌ သားသမီးမရရာသည်ကို သိစေခြင်းငှါ ငါမနင်းသတည်း”ဟု မိန့်တော်မူ၏။

မင်းသားကလည်း “အရှင်ဘုရား... အကျွန်ုပ်အား အဘယ်ကံများကြောင့် သားသမီး မရရာသနည်း”ဟု နားတော်လျှောက်ပြန်လျှင် “သင်မင်းသားသည်လည်းကောင်း မိဖုရားသည်လည်းကောင်း အခြားမဲ့ဘဝက ပြုခဲ့သော မကောင်းမှုကံအားကြီး၍ သားသမီးမရရာသည်”ဟု မိန့်တော်မူ၏။ “အဘယ်သို့သော မကောင်းမှုပါနည်း”ဟု လျှောက်ပြန်လျှင် “သင်မင်းကြီးသည် ရှေးလွန်လေပြီးသောအခါ ခုနစ်ရာသော လူအပေါင်းတို့သည် စုဆောင်း၍ သင်္ဘောသွားကြလေသော် တရံသောအခါ ကြီးစွာသော လေမုန်တိုင်းနှင့်တွေ့၍ သင်္ဘောပျက်လေသဖြင့်

(စာမျက်နှာ-၃၃၈)

လူတို့ သေကြေပျက်စီးကြကုန်၏။ ထိုအခါ သင်မင်းသားနှင့် မိဖုရားအလောင်း သင်္ဘောသူကြီးကတော် နှစ်ဦးသာလျှင် ကံထူးထောက်မ၍ ပျဉ်တချပ်ကို အမှီရလျက် ကျွန်းငယ်တခုသို့ ရောက်ကြလေသတည်း။ ထိုကျွန်းငယ်ကား ငှက်အများတို့၏ မှီဝဲရာဖြစ်သော သစ်ပင်ကမ်းပါး ချုံတောကြားတို့၌ များစွာသော ငှက်သိုက်ငှက်ဥတို့သည် ရှိကုန်၏။ သင်္ဘောသူကြီး မောင်နှံတို့လည်း စားသောက်ရန် ရှာကြသော် များစွာသော ငှက်ဥတို့ကို တွေ့မြင်၍ ရွှင်ပျဝမ်းသာ စားသောက်ကာ နေလေ၏။ ဤသို့ ရှေးမကောင်းမှုကံကြောင့် ယခုဘဝ၌ သားသမီးမရရာသတည်း၊ ဒါယကာမင်းသား အရွယ်သုံးပါးတွင် အကြင်သူသည် ပဌမအရွယ်၌ ပါဏာတိပါတစသော မကောင်းမှုကို ပြုခဲ့ဖူးအံ့၊ ဘဝသစ်ဖြစ်သောကာလ ငယ်စဉ်ကပင် ရောဂါဗျာဓိ ကပ်ငြိနှိပ်စက်ခြင်း, အသက်တိုခြင်း, သားသမီး မရခြင်း စသည်ဖြင့် ချိုတဲ့စွာဖြစ်၏။ ဒုတိယအရွယ်သို့ရောက်မှ ပြုခဲ့မူကား ဒုတိယအရွယ်သို့ ရောက်သောအခါ ချို့တဲ့စွာဖြစ်၏၊ တတိယအရွယ်ရောက်မှ ပြုခဲ့မူကား ထိုနည်း တတိယအရွယ်သို့ ရောက်သောအခါ ချိုတဲ့စွာ ဖြစ်လတ်၏၊ ထို့ကြောင့် ချို့တဲ့ခြင်းကို အလိုမရှိကုန်သော သူတော်တကာတို့သည် အရွယ်သုံးပါး၌ပင် ကာယဒုစရိုက်တရားတို့ကို မြစ်တား စောင့်ရှောက်ကုန်ရာ၏”ဟု ပြတော်မူခြင်းငှါ-

အတ္တာနဉ္စေ ပိယံ ဇညာ၊ ရက္ခေယျ နံ သုရက္ခိတံ။
တိဏ္ဏမညတရံ ယာမံ၊ ပဋိဇဂ္ဂေယျ ပဏ္ဍိတော-

ဟူသော ဂါထာကို ဟောတော်မူ၏။

[အနက်ကား]ယော နရော၊ အကြင်သူသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ပိယံ၊ ချစ်အပ်၏ဟူ၍။ စေ ဇညာ၊ အကယ်၍ သိသည်ဖြစ်အံ့။ ဧဝံ၊ ဤသို့ ချစ်သည်ရှိသော်။ နံ၊ ထိုမိမိကိုယ်ကို။ သုရက္ခိတံ၊ ကောင်းစွာစောင့်အပ်သော ဒုစရိုက်တရားကို။ ရက္ခေယျ၊ စောင့်ရာ၏။ တီသု ဝယေသု၊ အရွယ်သုံးပါးလုံးတို့၌။ အရက္ခန္တော၊ မစောင့်နိုင်ခဲ့သော်။ ပဏ္ဍိတော၊ ပညာရှိသော အမျိုးသားသည်။ တိဏ္ဏံ၊ သုံးပါးကုန်သောအရွယ်တို့တွင်။ အညတရံ၊ တပါးပါးသော။ ယာမံ၊ အရွယ်ကို။ ပဋိဇဂ္ဂေယျ၊ ကောင်းစွာ စောင့်စည်းရာ၏။

ဤတရားတော်၏အဆုံး၌ ဗောဓိမင်းသားသည် သောတာပန် တည်လေသည်။ ကြွင်းသော ပရိသတ်တို့လည်း မြတ်သောတရားကို ရကုန်သတည်း။

၆၄။ ရှင်မောဂ္ဂလာန်ဝမ်းသို့ မာရ်နတ်ဝင်ခြင်း

ယင်းသို့ သံသုမာရဂိရိမြို့၌ ဘုရားသီတင်းသုံးတော်မူသောအခါ မဟာမောဂ္ဂလာန်ထေရ်သည် တခုသော တောင်စောင်းကျောင်း၌ နေတော်မူ၍ တနေ့သ၌ လွင်တီးခေါင်၌ စင်္ကြံသွားစဉ် အရှင်မြတ်၏ ဝမ်းတွင်းသို့ မာရ်နတ်ဝင်လာ၍ အစာကျက်အိမ်၌ စွဲနေ၏။

မာရ်နတ်ကို နှင်ထုတ်ပုံ

အရှင်မောဂ္ဂလာန်လည်း “ငါ၏ဝမ်းသည် ယနေ့ကား လေးလှ၏၊ အသို့ ကိစ္စရှိအံ့နည်း”ဟု ကြံ၍ စင်္ကြံမှ သက်ပြီးသော် ညောင်စောင်းပေါ်ထက်၌ အိပ်နေ၍ အစာကြေ, မကြေကို ဆင်ခြင်လျှင် မာရ်နတ်ဝင်နေသော အဖြစ်ကိုသိ၍ “ဟယ်...မာရ်နတ်ယုတ်.. သားကိုညှဉ်းဆဲက အဖကို

(စာမျက်နှာ-၃၃၉)

ညှဉ်းဆဲသည် မည်သကဲ့သို့ ဘုရားသခင်တပည့်ကို ညှဉ်းဆဲငြားက ဘုရားကိုညှဉ်းဆဲသည် မည်ရကား ဘုရားတပည့်ဖြစ်သောငါ့ကို မညှဉ်းဆဲလင့်၊ သင်သည် ရှည်စွာသော ကာလပတ်လုံး အဆုံးမရှိသော ဆင်းရဲကို မခံလိုလင့်၊ ထွက်ဘိလော့”ဟု မိန့်တော်မူ၏။

မာရ်နတ်လည်း “ဤရဟန်းသည် ငါ့ကို မသိပဲလျက် ထွက်လော့ဟု ဆို၏၊ တပည့်ကို မဆိုလင့်ဦး, ကိုယ်ပင့်ဆရာဖြစ်သော ဘုရားသော်လည်း ငါ့ကို ဆောစွာ မသိရာ၊ တပည့် ဘယ်မှာ သိနိုင်ပါအံ့နည်း”ဟု ကြံလျက် မထွက်ပဲနေလေလျှင် အရှင်မောဂ္ဂလာန်လည်း “ဟယ် မာရ်နတ်ယုတ်.. သင့်ကို ငါသိသည်သာတည်း၊ ထွက်လော့”ဟု ဆို၏။ မာရ်နတ်လည်း ဤရဟန်းသိ၍ပင် ဆိုချေသည်ဟု ရှင်မောဂ္ဂလာန်၏ ခံတွင်းမှထွက်၍ ကျောင်းတံခါးရွက်ကို မှီကာနေ၏။

တရားစကား ဟောကြားခြင်း

ရှင်မောဂ္ဂလာန်လည်း “မာရ်နတ်သား... သင့်ကို ငါမြင်၏။ မမြင်ဟု မထင်လင့်”ဟု ဆိုပြီးမှ ဤမာရ်နတ်သည် အလွန်ပြစ်မှားလိုသည်ဖြစ်၍ စက်ဆုပ်ဖွယ်ရှိသောဌာနသို့ ဝင်၍နေဘိ၏၊ သတိမမူသောအခါ နှိပ်စက်လေရာလတ္တံ့။ သို့ရာတွင် ဆွေညာသင်္ဂဟ ဆိုသည်ရှိသော် မနူးညံ့သောသူမည်သည် မရှိ။ ထို့ကြောင့် ဆွေမျိုးစပ်သဖြင့် ဤမာရ်နတ်ကို နူးညံ့စေအံ့ဟု ကြံလျက်-

ဒုဿီမာရ်နတ်ဝတ္ထု

မာရ်နတ်.. ရှေးအခါ၌ ငါသည် ဒုဿီမည်သော မာရ်နတ်ဖြစ်ဖူး၏၊ ငါ၏နှမကား ကာလီအမည်ရှိ၏၊ ထိုကာလီ၏ သားကား သင်ဖြစ်ရကား သင်သည် ငါ၏ တူအရင်းပင်တည်း။ ထိုအခါ လူတို့ရွာ၌ ကကုသန်ဘုရား ထင်ရှားဖြစ်တော်မူ၏၊ ထိုဘုရား၏ လက်ယာရံကား ဝိဓုရ, လက်ဝဲရံကား သဉ္ဇီဝတည်း။ ထိုမြတ်စွာဘုရား၌ ဒုဿီမည်သော ငါသည် လွန်စွာငြိုးထားလျက် ပြစ်မှားလိုသည်ဖြစ်၍ ပုဏ္ဏားသူကြွယ်စသည်တို့၌ စွဲဝင်၍ ဘုရားရှင်ကိုလည်းကောင်း၊ ရဟန်းတို့ကိုလည်းကောင်း ဆဲရေးစေသည်။ ရဟန်းတို့ကို ချောက်ချားစေသည်၊ ကဲ့ရဲ့ရှုတ်ချစေသည်၊ လူတို့ကိုယ်၌ မဝင်မူ၍ ရဟန်းတို့၏အနီးတွင် ဝိသဘာဂအာရုံကို လူတို့မြင်စေသည်။ ရဟန်းတို့သည် ဆောင်းကိုယူ၍ ငါးဆောင်းဘိသကဲ့သို့ ညွတ်ကွင်းကိုယူ၍ ငှက်ထောင်ဘိသကဲ့သို့ မာတုဂါမနှင့်အတူတကွ ဆိတ်ကွယ်ရာဌာန၌ နေကြဘိသကဲ့သို့ ရဟန်းမိန်းမတို့၏နေရာ၌ ပျိုမျစ်စွာသော ယောက်ျားကို ထားဘိသကဲ့သို့ လူတို့ကို ထင်စေသည်။ ကျောင်းသို့လာကုန်သော မိန်းမယောက်ျားတို့သည် ရဟန်းတို့နှင့် မသင့်မလျော်သော အမူအရာကိုသာ မြင်ကုန်ရကား တပါးသူတို့အားလည်း ပြောဆို၍ ရဟန်းတို့ကို ကြည်ညိုခြင်း ပျက်ကုန်၏။ “သီလမဲ့သော ရဟန်းတို့ကို လှူဒါန်း၍ အဘယ်အကျိုးရှိအံ့နည်း”ဟု ဆဲရေးရေရွတ်ကြကုန်၏။ ယင်းသို့ များစွာသော မကောင်းမှုကို ပွားစေ၍ လူတို့သေသောအခါ ငရဲရွာ၌သာ ဖြစ်ကုန်၏၊

မာရ်နတ်ရန်တား မြတ်တရား

ထိုအခါ မြတ်စွာဘုရားလည်း ရဟန်းတို့ကို ခေါ်တော်မူ၍ “ချစ်သားတို့.. ဒုဿီမည်သော မာရ်နတ်သည် လူတို့ကိုလှည့်ပတ်၍ သံဃာတော်တို့ကို ဖျက်ဆီးချေသည်။ သင်တို့သည် စိတ်ဖောက်ပြန်ခြင်းကို မဖြစ်စေကုန်လင့်၊ အကယ်၍ ဖောက်ပြန်မူကား မာရ်နတ်သားသည် အခွင့်ရလေရာ၏၊ ဗြဟ္မဝိဟာရတရား လေးပါးကိုသာ ပွားများ၍နေကုန်လော့”ဟု ဆုံးမတော်မူ၏။ ရဟန်းတို့လည်း

(စာမျက်နှာ-၃၄၀)

ဆုံးမတိုင်းကျင့်၍ ရဟန္တာဖြစ်ကြကုန်၏။ ထိုအခါ ဒုဿီမည်သော မာရ်နတ်သည် ကြံလတ်ပြန်သည်ကား “ဤရဟန်းတို့သည် ချို့တဲ့အောင်ပြုလျက်ပင် စိတ်မပျက်ကြ၊ သေသောကာလ နိဗ္ဗာန်ကို ရကုန်သည်၊ ပူဇော်သက္ကာရဖြင့် ဝိပလ္လာသ ဖြစ်စေဦးအံ့”ဟု ကြံ၍ လူတို့မြင်ရာ၌ ရဟန်းတို့သည် ကောင်းကင်ဖြင့် သွားဘိသကဲ့သို့လည်းကောင်း၊ ထက်ဝယ်ဖွဲ့ခွေ နေဘိသကဲ့သို့လည်းကောင်း၊ ကောင်းကင်၌ သင်္ကန်းချုပ်နေဘိသကဲ့သို့လည်းကောင်း ထင်မြင်စေပြန်၏။ လူတို့သည် ရဟန်းတို့၏ တန်ခိုးဣဒ္ဓိပါဒ်ကိုမြင်သဖြင့် အလွန်လျှင် ကြည်ညိုရကား ညဉ့်နေ့မခြား များစွာသော လာဘ်ပူဇော်သက္ကာရဖြင့် ကပ်လာလှူဒါန်းလာကုန်၏။ ယင်းသို့ ရိုသေစွာ ပူဇော်သက္ကာရပြုသောသူတို့ သေလေလျှင် နတ်ပြည်၌ဖြစ်သည် များကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် “ချစ်သာတို့.. ဒုဿီမည်သော မာရ်နတ်သည် တိုက်တွန်းအပ်သည်ဖြစ်၍ လူတို့ မြတ်နိုးတနာ လွန်စွာပူဇော်ကြကုန်သည်၊ အသုဘသညာကို များစွာရှုကြကုန်၊ အာဟာရ၌ ပဋိကူလသညာ ရှိစေကုန်၊ သင်္ခါရလောက၌ အနဘိရတိသညာကို ဖြစ်စေကုန်”ဟု ဆုံးမတော်မူ၏။ ရဟန်းတို့လည်း ဆုံးမတိုင်းကျင့်၍ ရဟန္တာ ဖြစ်ကြကုန်၏။

မာရ်နတ် ယုတ်မာပုံ

မာရ်နတ်သည် ရဟန်းတို့ လာဘ်၌ မက်မောစိမ့်သောငှါ အားထုတ်ပါသော်လည်း လိုရာမကျ ခွင့်မရသည်ဖြစ်၍ ဒေါသသည်းထန်လျက် “ငါကြံသည်ကို မမြောက်ရှိရာသလော”ဟု ကကုသန်ဘုရားသခင်နှင့် အရှင်ဝိဓုရထေရ် ဆွမ်းခံကြွလာရာဝယ် ရွာသူရွာသားငယ်တယောက်၏ ကိုယ်ကိုမှီ၍ ဝင်ပြီးလျှင် အရှင်ဝိဓုရ၏ဦးခေါင်းကို ကျောက်ခဲဖြင့် ပစ်စေ၏။ လက်ယာရံဖြစ်သော အရှင်ဝိဓုရထေရ်မြတ်လည်း အရေအသား ကွဲပြတ်၍ အရိုးစပ်ကိုထိလျက် တည်သောကျောက်ကို ပယ်ပြီးလျှင် ယိုစီးသော သွေးရှိလျက်ပင် ဘုရားရှင်နောက်တော်မှ လိုက်၏။

ဘုရားသခင်လည်း ဆဒ္ဒန်ဆင်မင်းကဲ့သို့သော ကြည့်ခြင်းဖြင့် ကြည့်တော်မူ၍ “ဤဒုဿီမာရ်နတ်သည် ပြုအပ်သော မကောင်းမှု၏ ပမာဏကို မစာနာ၊ အတိုင်းထက်အလွန်သာ ပြုသည်တကား”ဟု မိန့်တော်မူ၏။ မာရ်နတ်လည်း ဘုရားကြည့်သည်နှင့် တပြိုင်နက် အထက်နတ်ဘုံသို့ပြေး၍ ရောက်လျှင် မရှည်မြင့်ခင် စုတိ၍ အဝီစိငရဲကြီး၌ ခံရလေ၏။

ငရဲသဘော

ထိုငရဲသည် ဆဖဿာယတနိကမည်သော ငရဲ, သင်္ကုသမာဟတမည်သော ငရဲ, ပစ္စတ္တဝေဒနီယမည်သော ငရဲအားဖြင့် သုံးပါးအပြားရှိ၏။

ထိုသုံးပါးတို့တွင် စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မန-တည်းဟူသော ခြောက်ဒွါရတို့၌ အသီးသီး တွေ့ရ,ခံရသော ဝေဒနာခြောက်ပါး၏ အကြောင်းဖြစ်သော ငရဲသည် ဆဖဿာယတနိက ငရဲမည်၏။

ငရဲသို့ကျလျှင် သုံးဂါဝုတ်မျှသော ကိုယ်ရှိသည်ဖြစ်၍ ငရဲထိန်းတို့သည် ထန်းလုံးပမာဏရှိသော ပြောင်ပြောင်တောက်သော သံတံစို့ဖြင့် ထိုးလျက်ခံရသော ငရဲသည် သင်္ကုသမာဟတ ငရဲမည်၏။

(စာမျက်နှာ-၃၄၁)

သံတံစို့နှက်ခြင်းကား ငါးရာသော ငရဲထိန်းတို့သည် ငရဲခံထိုက်သောသူကို သံပူမြေထက်၌ ပက်လက်အိပ်စေပြီးသော် ရဲရဲညိသော သံတံကျင်ကို ရင်မှစ၍ ဦးခေါင်းသို့ကျအောင် နှက်ကုန်သည်။ ငါးရာသော ငရဲထိန်းတသင်းတို့ကလည်း ရင်ဝမှသည် ခြေဖျားသို့ကျအောင် နှက်ရကုန်သည်။ ထိုသံတံစို့အဖျားသည် အနှစ်ငါးရာတိုင်မှ ခေါင်းမှလည်းကောင်း၊ ခြေမှလည်းကောင်း ထွက်သတည်း။

ဤသို့လျှင် လွန်စွာသော ဒုက္ခကို အနှစ်တသိန်းမျှ ကာလပတ်လုံး ငါခံခဲ့ရ၏၊ “ဟယ်...မာရ်နတ်ယုတ်.. သင်သည်လည်း သင့်ဦးရီးဖြစ်သော ဒုဿီမာရ်နတ်ကဲ့သို့ မကြံစည်အပ်သော အကြံကိုကြံ၍ မပြစ်မှားတန်သော ဘုရား, သံဃာတို့အား ပြစ်မှားခြင်းသည် မြင့်ရှည်စွာသော ကာလပတ်လုံး အဆုံးမရှိသော ငရဲဘေးကို ခံရလတ္တံ့သည်သာတည်း”ဟု ဆိုလျှင် ထိုမာရ်နတ်လည်း နှလုံးမသာ ထိတ်လန့်စွာလျက် ထိုနေရာ၌ပင် ကွယ်လေ၏။

ဤသို့လျှင် ဤကမ္ဘာတွင် အရှင်မောဂ္ဂလာန်သည် ကကုသန်ဘုရား လက်ထက်တော်၌ ဒုဿီမည်သော မာရ်နတ်ဖြစ်၍ ရဟန္တာကို သတ်ခြင်းတည်းဟူသော အနန္တရိယကံကို ပြုမိ၍ အဝီစိငရဲ၌ ကျက်ပြီးမှ ငါတို့ဘုရား သာသနာ၌ ရဟန္တာ အဂ္ဂသာဝက ဖြစ်လာရပြန်သည်။

အနန္တရိယကံအကျိုး မှတ်ချက်

(ထို့ကြောင့် သံဃဘေဒကမှ တပါးသော အနန္တရိယကံတို့သည် တကမ္ဘာပတ်လုံး ခံရသည်မဟုတ်ကြောင်းကို သိသင့်သည်။ တကမ္ဘာဟူသော စကားကိုလည်း အန္တရကပ်ကိုသာ ရည်၍ဆိုသည်ဟု သာရတ္ထဒီပနီဋီကာ, ဝိမတိဝိနောဒနီဋီကာတို့၌ မိန့်၏။)

ယင်းသို့ ဆိုအပ်ပြီးသောနည်းဖြင့် ဘုရားကိုယ်တော်မြတ်သည် ဘဂ္ဂတိုင်း သံသုမာရဂိရိမြို့၌ ဝေနေယျတို့၏အကျိုးငှါ အဋ္ဌမဝါ ကပ်တော်မူ၍ ဝါကျွတ်သောအခါ မဟာမဏ္ဍလဖြင့် ဒေသစာရီ ကြွချီတော်မူ၏။ သာဝတ္ထိပြည်သို့ရောက်သော် စံနေတော်မူ၏။

ဆဋ္ဌမပိုင်း ပြီးပြီ။

(စာမျက်နှာ-၃၄၂)

သတ္တမပိုင်း

၆၅။ ဃောသကသဌေး၏ ရှေးအကြောင်းကို ပြခြင်း

လူသုံးပါးတို့၏ ပတ္တမြားမှန်ကူ ဖြစ်တော်မူသော သဗ္ဗညုရှင်စောသည် ကောသမ္ဗီပြည်၌ နဝမဝါ ဆိုတော်မူသော အကြောင်းကား ဤသို့တည်း။ ငါတို့ဘုရား ပွင့်တော်မမူမီ ဇမ္ဗူဒီပါကျွန်း၏ မြောက်မျက်နှာဖြစ်သော မလ္လာတိုင်း၌ လူအပေါင်းတို့သည် ယဉ်းအနားဖြင့် နှိပ်စက်၍ တဦးတဦးသောသူ၏ အိမ်၌ပင် တကျိပ်လည်းကောင်း၊ နှစ်ကျိပ်လည်းကောင်း၊ သုံးကျိပ်လည်းကောင်း၊ အိမ်လုံးကျွတ်လည်းကောင်း သေကြေပျက်စီးကြကုန်၏။ အရပ်တပါးသို့ ပြေးသွားသော သူသည်သာလျှင် ချမ်းသာရာ ရကြသတည်း။

ရှေးဘဝအကြောင်း

ထိုအကြောင်းကို ကြားဖူးသူတဦးသည် မိမိ၏ မယား,သားနှင့်တကွ တိုင်းတပါးသို့ သွားခြင်းငှါ ရိက္ခာစားနပ် ပြင်ဆင်လျက် နေရာမှ ပြေးထွက်ခဲ့သော် လူဆက်ပြတ်သော တောခရီးသို့ ရောက်သောအခါ မိမိတွင်ပါသော ရိက္ခာကုန်သည်ဖြစ်၍ သစ်ဥသစ်ဖုကိုစားလျက် သွားရသဖြင့် လင်မယားနှစ်ဦးပင် အားအင်ကုန်ခန်း၍ ပင်ပန်းကြရကား ပါသောသားငယ်ကို အမိတလှည့်, အဖတလှည့် ချီဆောင်ကြသည်တွင် အဖယောင်္ကျားသည် ဤသို့ ကြံ၏။ “ဤခရီးကား ရှည်လျားသေးစွ၊ ဘယ်လောက်ကြာမှ မြို့ရွာဒေသကို တွေ့ရအံ့လည်း မသိ၊ ငါတို့မောင်နှံလည်း အားခွန်ကုန်ခန်းလှပြီ၊ ဤသားငယ်ကို တွယ်တာ၍ ဆောင်ယူသဖြင့် မသင့်ချေ”ဟု ကြံလျက် မိမိချီယူလှည့်ကျသောအခါ ရေရှာဟန်ဖြင့် နောက်ချန်ပြီးမှ ချုံကြီးတခု၏အောက်၌ သားငယ်ကို ထားခဲ့၏။ လျင်စွာလိုက်သွား၍ မယားနှင့်တွေ့သောကာလ “ငါ့သားဘယ်မှာနည်း”ဟု မေးလျှင် “ချုံအောက်တွင် ပစ်ခဲ့ပြီ”ဟု ဆို၏။

ထိုအခါ သားငယ်မိခင်ကလည်း သည်းစွာငိုလျက် “သားကို ဆောင်ယူပေးပါ”ဟု ဆို၏။ ထိုယောက်ျားကလည်း “သားကိုယူ၍ ဘယ်အကျိုးရှိအံ့နည်း၊ အသက်ရှည်စွာ တို့ချမ်းသာမူ သားရပါလိမ့်မည်”ဟု ဆို၏။ မိန်းမကလည်း “အမောင်ကား အလွန်စိမ်းကားရက်စက်၏၊ ကိုယ့်အသက်ကိုသာလျှင် ခင်မွတ်ရမှန်းသိ၏၊ အမောင်သွားလော့၊ အကျွန်ုပ်သားငယ်ကို သေအတူ,ရှင်အတူယူခဲ့ပါအံ့”ဟု ဆို၍ သားငယ်ကို ပြန်၍ယူ၏။ ထိုသူလည်း အတူပင်ယူ၍ လာပြန်ကြ၏။

ဤသို့သောနည်းဖြင့် နှစ်ကြိမ်,သုံးကြိမ်ပင် လင်ယောက်ျားသည် သားငယ်ကို ပစ်ခဲ့ဖူးသည်ကို အမိသာလျှင် ပြန်ပြန်ကာ ယူ၍လာသဖြင့် တောကန္တာရမှထွက်၍ နွားမွေးမြူသော လူတို့ရွာသို့ ရောက်လေ၏။

ထိုရွာသားတို့လည်း ရေမရောသော နို့ဃနာထမင်းကို သုံးဆောင်ကြသောအခါနှင့် ကြိမ်ရကား ခြောက်ပိန်မွတ်သိပ်စွာလာသော သမီးခင်ပွန်းတို့ကိုမြင်လျှင် ချစ်ခင်သနားကြသဖြင့်

(စာမျက်နှာ-၃၄၃)

များစွာသော နို့ထမင်းကို ကျွေးမွေး၏။ မိန်းမကား မျှတရုံသာ စားခြင်းကြောင့် အန္တရာယ်မထင်၊ လင်ယောက်ျားမူကား များစွာစားလေ၍ အစာမကြေခြင်းကြောင့် ထိုညဉ့်၌ပင် သေလွန်လေ၏။ သားအမိနှစ်ယောက်မူကား ထိုသူတို့ရွာ၌ပင် မှီတင်းကာနေရ၏။

ခွေးလိမ္မာကလေး

သေသောယောက်ျားလည်း မိမိစားသော အာဟာရ၌လည်းကောင်း၊ သားမယား၌လည်းကောင်း ငြိတွယ်လျက် သေလေရကား ထိုနွားမွေးသော လူတို့၏အိမ်၌ပင် တခုသော ခွေးမ၏ဝမ်း၌ ပဋိသန္ဓေနေ၍ ခွေးဖြစ်လေ၏။ ထိုခွေးကား ရုပ်ဝါသဏ္ဌာန်လည်း လှပ, ပြောဆိုသမျှသော လူ၏စကားကိုလည်း နားလည်လိမ္မာလေလျှင် အိမ်ရှင်ဖြစ်သော လူတို့သည် အလွန် စုံမက်ကုန်၏။

ထိုခွေးရှင်ယောကျ်ားသည် တရံသောအခါ ပစ္စေကဗုဒ္ဓါတဦးကိုပင့်၍ ဆွမ်းလုပ်ကျွေးပြီးသော် မိမိတို့၏ရွာအနီး၌ နေစိမ့်သောငှါ တောင်းပန်၍ တခုသောတောအုပ်၌ ကျောင်းဆောက်၍ ထား၏။ ထိုပစ္စေကဗုဒ္ဓါထံသို့ တရံတခါသွားသော် ခွေးကိုခေါ်၍ သွား၏။ သားရဲ, မြွေ, ကင်းတို့ရှိရာသို့ ရောက်လျှင် ကျောက်ခဲ,လှံတံတို့ဖြင့် ပစ်ခတ်ခြင်းကိုပြု၏။

ခွေးလည်း လူပြုသမျှသော အမူအရာကို မှတ်သား၍ ပစ္စေကဗုဒ္ဓါထံသို့ ရောက်သောအခါ ဒါယကာလည်း ဤသို့ လျှောက်၏။ “အရှင်ဘုရား.. အကျွန်ုပ်တို့မည်သည်ကား အလွန်ကိစ္စများ၏။ ဤခွေးကား လူ၏ဘာသာ၌ လိမ္မာပါ၏၊ အကျွန်ုပ် မလာနိုင်သောအခါ ဤခွေးကို လွှတ်လိုက်ပါအံ့၊ ခွေးလာသောအမှတ်ဖြင့် အရှင်မြတ် ကြွတော်မူပါ”ဟု လျှောက်၏။ ပစ္စေကဗုဒ္ဓါလည်း “ကောင်းပြီ”ဟု ဝန်ခံလိုက်၏။

အိမ်သို့ပြန်ခဲ့၍ တရံသောနေ့၌ “အရှင်ပစ္စေကဗုဒ္ဓါအား သွား၍ပင့်ချေ”ဟု ခွေးကိုစေလိုက်လျှင် လမ်းစဉ်ဖြင့်လာ၍ အရှင်ပစ္စေကဗုဒ္ဓါ၏ ခြေရင်း၌ ဝပ်၏။ အရှင်မြတ်လည်း ခွေးလာသောအမှတ်ဖြင့် ငါ့အားပင့်လတ်သည်ဟုသိ၍ မိမိ၏ ပရိက္ခရာကိုဆောင်လျက် ကြွလာ၏။

ခရီးအကြားသို့ရောက်လျှင် မိမိသခင်နှင့် လာသောအခါ အသံပြုရာအရပ်ကို မှတ်၍ သစ်, ကျား, သားရဲတို့ ပြေးလွှဲစေခြင်းငှါ ကျယ်စွာသောအသံကို ပြု၏။ အရှင်မြတ်လည်း ခွေး၏အလိုကိုသိ၍ စုံစမ်းခြင်းငှါ ခရီးမဟုတ်ရာသို့ ကြွလျှင် ခွေးက ရှေ့တက်၍ ခရီးမှန်ဘက်ကို သွား၏။ အရှင်မြတ် လမ်းမှန်သို့လိုက်မှ နောက်က လိုက်မြဲလိုက်၏။

အရှင်မြတ် အိမ်သို့ရောက်၍ ဆွမ်းဘုဉ်းပေးပြီးသောအခါ ခွေးအား ကောင်းစွာကျွေးမွေး၏။ ထိုသို့ ကျွေးမွေးခြင်းကြောင့်လည်း ခွေးသည် အတိုင်းထက်အလွန်ပင် အရှင်မြတ်၌ ချစ်ခင်ကြည်ညိုခြင်း ဖြစ်ခဲ့၏။

ဤသို့သောနည်းဖြင့် မိုးဥတုပတ်လုံးနေ၍ ဝါကျွတ်သောအခါ ရှင်ပစ္စေကဗုဒ္ဓါလည်း “ဟိမဝန္တာသို့ သွားတော့အံ့”ဟု ဒါယကာတို့အား ပြောကြားလျှင် နွားကျောင်းလူမျိုးတို့လည်း မြတ်နိုးစုံမက်သောစိတ်ဖြင့် တိစီဝရိတ်သင်္ကန်း၊ ရဟန်းအသုံးအဆောင်တို့ကို လှူ၍ စွမ်းနိုင်သမျှ လိုက်ပို့ကြ၏။

(စာမျက်နှာ-၃၄၄)

နတ်သားဖြစ်ပြီ

ခွေးလည်း ပစ္စေကဗုဒ္ဓါ၏ မပြန်လာအံ့သော အကြောင်းကိုသိလျှင် ပူပင်လှိုက်လှဲသော ရင်ကွဲနာဖြင့် သေလွန်၍ တာဝတိံသာနတ်ပြည်၌ နတ်သားအဖြစ်ကို ရလေ၏။

ထိုအခါ ပစ္စေကဗုဒ္ဓါနှင့်လာစဉ်က ခြင်္သေ့,သစ်,ကျားတို့ကို ရှားစေခြင်းငှါ ကျယ်စွာသောအသံကို ပြုခဲ့ဖူးသော ကုသိုလ်ကံကြောင့် စကားပြောတိုင်း,ပြောတိုင်း တာဝတိံသာ နတ်ရွာအလုံး ကြားလောက်သာ အသံရှိသောကြောင့် ဃောသကနတ်သားဟူသော အမည်ကိုရ၏။

နောက်ဆုံးဘဝ

ထိုနတ်သားသည် နတ်ပြည်၌ အသက်အတိုင်းနေ၍ စုတေခဲ့သော် ကောသမ္ဗီပြည်၌ တဦးသော ပြည့်တန်ဆာမ၏ဝမ်း၌ ပဋိသန္ဓေ နေလေ၏။ ဆယ်လစေ့၍ ဖွားမြင်သောအခါ ပြည့်တန်ဆာမလည်း “ငါတို့အား သားမွေးမြူသဖြင့် မသင့်,မလျောက်ပတ်ချေ”ဟု နှလုံးပြုလျက် တံမြက်ချေးစွန့်ရာအရပ်၌ သားငယ်ကို ပစ်ထားလေ၏။

ထိုခဏ၌ ကောသမ္ဗီသဌေးအိမ်မှ အမှုလုပ်ကိုင်သော ယောက်ျားတဦးသည် စောစောထလျက် မိမိအိမ်သို့ သွားရာလမ်းခရီး၌ ကျီးငှက်တို့ ဝန်းရံလျက်နေသော သူငယ်ကို မြင်သဖြင့် ချစ်ခင်စုံမက်သော စိတ်ရှိရကား မိမိအိမ်သို့ သူငယ်ကိုပို့ပြီးမှ သဌေးအိမ်သို့လာ၏။

ကောသမ္ဗီသဌေးကြီးလည်း ထိုနေ့ညဉ့်ဦးကပင် မင်းခစားခြင်းငှါ သွားရာဝယ် မင်းဆရာ ပုရောဟိတ်ပုဏ္ဏားကိုတွေ့၍ ယနေ့ နက္ခတ်ကောင်း၏လော၊ မကောင်းလောဟု စောကြောသော် “အရှင်သဌေး.. ယနေ့ကား အလွန်နက္ခတ်ကောင်း၏၊ ယနေ့ညဉ့်ဖွားသော သားကား ငါတို့ကောသမ္ဗီပြည်ဝယ် သူမဆွယ်နိုင်သော သဌေးကြီးဖြစ်လတ္တံ့”ဟု ဆို၏။

သဌေးကြီးမွေးစားပြီ

ထိုစကားကိုကြားလျှင် သဌေးကြီးလည်း “ဤပုဏ္ဏား၏စကားသည် ယွင်းပါးဖူးသည်မရှိ၊ ငါ၏သဌေးမ၌လည်း ရင့်သော ကိုယ်ဝန်ရှိ၏။ ယနေ့ဖွားအံ့လော၊ မဖွားအံ့လော”ဟု တွေးတောကာ လာလတ်၍ မိမိသဌေးမကို ကြည့်ရှုစစ်ဆေးသော် မဖွားအံ့သော အဖြစ်ကိုသိ၍ သတိမူကာ အိပ်နေပြီးမှ နံနက်ကာလ၌ “ယနေ့ည ဘယ်သူအိမ်ဝယ် သူငယ်ဖွားသနည်း၊ ရှာကြကုန်”ဟု ကျေးကျွန်အမှုလုပ်တို့ကို စေလိုက်၏။

ကျေးကျွန်တို့ ရှာဖွေမေးမြန်း၍ သူငယ်ကိုတွေ့သဖြင့် သဌေးအား ကြားလေသော် သဌေးက ထိုအမှုလုပ်ကိုခေါ်၍ “သင်ရသောသားကို ငါ့အားပေးပါ”ဟု တောင်း၏။ အမှုလုပ်ကလည်း “အကျွန်ုပ် မပေးနိုင်ပါ”ဟု ဆိုလျှင် “သင်ကား တထောင်မျှလောက်သော ဥစ္စာကိုယူ၍ သူငယ်ကို ငါ့အား ရောင်းလော့”ဟု ဆို၏။ ထိုအမှုလုပ်လည်း ဥစ္စာပါးသူ ဖြစ်ရကား သဌေးအား ရောင်းလေ၏။

သဌေးလည်း သူငယ်ကိုရလျှင် ဃောသကဟူသော အမည်ကိုပေး၍ မွေးမြူပေ၏။ “ငါ၏သဌေးမ၌ အကယ်၍ သားမိန်းမ ရတုံအံ့၊ ဤသူငယ်နှင့် ထိမ်းမြား၍ သမက်ပြုအံ့၊ သားယောကျ်ားရမူကား ဤသူငယ်ကို သေစေအံ့”ဟု အကြံဖြစ်၏။ သူငယ်ရ၍ လေးငါးရက်ရှိလျှင်ပင် သဌေးမလည်း သားကိုဖွားမြင်လေ၏။

(စာမျက်နှာ-၃၄၅)

သေကြောင်းကြံစည်ခံရပုံများ

ထိုအခါ သဌေးကြီးက ဃောသကကို သေစေလို၍ အထိန်းမိန်းမကိုခေါ်ပြီးလျှင် “နွားတို့ထွက်ချိန်နီးသောအခါ ခြံဝ၌ ထားချေ”ဟု စေ၏။ အထိန်းမိန်းမလည်း သဌေးဆိုတိုင်း ထားလေသော် နွားအုပ်ကြီးသည် ဦးစွာလာ၍ တပါးနွားတို့ မထိပါးစိမ့်သောငှါ စောင့်ရှောက်ကာ နေလေ၏။ ထိုသို့နေသည်ကို နွားကျောင်းသားမြင်လျှင် “ဘုန်းရှိသောသူငယ် ဖြစ်ချေသည်”ဟု ကောက်ယူ၍ မွေးမြူလေ၏။ (၁)

ထိုအကြောင်းကို သဌေးသိပြန်သော် နွားကျောင်းသားထံ၌ တဖန် အသပြာတထောင်ဖြင့် ဝယ်ယူပြန်၍ သုသာန်တစ၌ ပစ်လေ၏။ ထိုအခါ သုသာန်၏အနီး၌ ကျက်စားသော ဆိတ်မကြီးတကောင်သည် သူငယ်အား မကြာမကြာလာ၍ နို့တိုက်၏။ ဆိတ်ကျောင်းသား ယောက်ျားလာ၍ တွေ့မြင်လေလျှင် “ဤသူငယ်ကား ဘုန်းကံရှိသောသူ ဖြစ်ရာသည်။ တိရစ္ဆာန်စင်လျက် ဤသူငယ်၏ကျေးဇူးကို သိပေသည်”ဟု နှလုံးပြုလျက် ကောက်ယူ၍ မွေးမြူလေ၏။ (၂)

ထိုအကြောင်းကို သဌေးသိလျှင် တဖန် အသပြာတထောင်ဖြင့် ဝယ်ယူပြန်၏။ သူငယ် အိမ်သို့ရောက်၍ နှစ်ရက်သုံးရက်မြောက်လျှင် တယောက်သော လှည်းမှူးသည် လှည်းအစီး ငါးရာနှင့်တကွ မြို့သို့ဝင်လာအံ့သည်ဟု ကြား၍ “ဤဃောသကအား လှည်းသွားရာ ခရီးမ၌ ပစ်ချေ”ဟု စေလိုက်၏။ ကျွန်ယောက်ျားတို့ ပစ်ထားခဲ့ရာ၌ ရှေးဦးစွာသောလှည်းသည် သူငယ်အနီးသို့ရောက်လျှင် နွား-နောက်သို့ အလန့်တကြားဆုတ်သည်နှင့် လှည်းသမား ဆင်း၍ကြည့်သဖြင့် သူငယ်ကိုမြင်လျှင် “ဘုန်းအင်ကြီးမြတ်သော သူငယ်တကား”ဟု အားရဝမ်းသာ ယူ၍မွေးမြူလေ၏။ (၃)

ထိုအကြောင်းကို သဌေးသိပြန်သော် တဖန် အသပြာတထောင်ဖြင့် ဝယ်ယူပြီးမှ မြို့နှင့် မနီးမဝေးဖြစ်သော တောင်ကမ်းပါးပြတ်၌ ချစေ၏။ ထိုချရာဌာန၏ အောက်၌လည်း ကျူထရံသည်တို့ တည်းခိုရာဖြစ်သော ဇရပ်တဆောင်ရှိသည်နှင့် ထိုဇရပ်ထက်သို့ ကျလေသော် သူငယ်၏ ဘုန်းအာနုဘော်ကြောင့် ဧရပ်အမိုးသည် အကြိမ်တရာဖတ်သော ဝါဂွမ်းစိုင်ကဲ့သို့ဖြစ်၍ ခံလင့်၏။ ကျလာသောအသံကို ကျူထရံသည် သားအဖကြား၍ ကြည့်ရှုလေလျှင် သူငယ်ကိုမြင်၍ “လူတွင်အထူး မကြုံဖူးသော သူငယ်တကား”ဟု အားရဝမ်းသာယူ၍ မွေးမြူပေ၏။ ထိုအကြောင်းကို သဌေးကြီး သိပြန်လေသော် တဖန် အသပြာတထောင် ပေးယူ၍ မွေးမြူပြန်၏။ (၄)

(ဤသို့ အကြိမ်ကြိမ်ပစ်သည်ကို ခံရခြင်းသည်ကား- ရှေးဘဝ၌ သားသူငယ်ကို လမ်းဝယ် ပစ်ထားခဲ့ဖူးသော မကောင်းမှု အကျိုးတည်း၊ စွန့်ပစ်လေရာဝယ် အန္တရာယ် မရှိနိုင်ခြင်းသည်ကား ခွေးဖြစ်သောအခါ ရှင်ပစ္စေကဗုဒ္ဓါ၏ ခရီးအန္တရာယ်ကို ပယ်ရှားခဲ့ဖူးသော ကောင်းမှုအကျိုးတည်း။)

သဌေးကြီးလည်း လေးကြိမ်တိုင်ပစ်၍ မသေနိုင်မှ ဃောသကကို မိမိသားနှင့်အတူ မွေးမြူ၍ ကြီးစေ၏။ သူငယ်နှစ်ယောက်တို့လည်း ညီအကိုဟူသော အမှတ်ဖြင့် လေးမြတ်စွာ ဖြစ်ကြ၏။ မိမိသားရင်းကိုကား အတတ်ပညာသင်စေ၏၊ ဃောသကကိုကား မသင်စေ။

သူတပါးမကောင်းကြံ ကိုယ်ခံရ

သူငယ်နှစ်ဦးတို့ အရွယ်သို့ရောက်သောကာလ အဖသဌေးသည် ဤသို့ကြံပြန်၏။ “ငါ့သားသည် ပျက်ငြားအံ့သော အန္တရာယ် မရှိပြီ၊ ဤဃောသကကို ထားချေက ငါ့သား သဌေးကြီး မဖြစ်နိုင်ရာ၊

(စာမျက်နှာ-၃၄၆)

ဤဃောသကကို သေစေမှ သင့်မည်”ဟု ကြံ၍ မိမိအိုးထိန်းသည်ထံသို့ သွားပြီးသော် “အချင်းယောက်ျား အိမ်တွင်ဖွားသော သတို့သားတဦးသည် အထူးသဖြင့် ယုတ်မာ၏၊ ငါတို့ရန်သူဖြစ်အံ့ဟူ၍လည်း ပညာရှိတို့ ပြောဆိုကြ၏။ ထိုသူငယ်ကို သင့်ထံသို့ လွှတ်ပါမည်။ သင်ဖျောက်ဖျက်လိုက်ပါ”ဟု ဆို၏။ ထိုအိုးထိန်းယောက်ျားကလည်း နားနှစ်ဖက်ကိုအုပ်၍ “အကျွန်ုပ် မဝံ့ပါ”ဟု ဆို၏။

ထိုအခါ သဌေးကြီးကလည်း “ဤလောက၌ တံစိုးလက်ဆောင်မည်သည်ကား ချစ်လှစွာသော လင်မယားကိုသော်လည်း ကွဲပြားစေတတ်၏၊ ထိုသူအား တံစိုးပေးမှသာ ငါ၏ကိစ္စ ပြီးလွယ်မည်”ဟု ကြံ၍ “ငါ့ရန်သူကို ပယ်ရှားလျှင် သင့်အား အသပြာတထောင် ပေးပါမည်”ဟု ဆိုသော် ထိုအိုးထိန်းသည်လည်း “ကောင်းပါပြီ၊ ဤမည်သောနေ့ရက်တွင် အကျွန်ုပ်ထံသို့ လွှတ်လိုက်လော့”ဟူ၍ ဆို၏။

ထိုသဌေးကြီးလည်း အိမ်သို့ပြန်ခဲ့၍ ချိန်းချက်သောနေ့သို့ ရောက်လတ်သော် ဃောသကကိုခေါ်၍ “ချစ်သား.. ငါတို့အား အိုးများစွာ လိုချေသည်၊ ဤမည်သော အိုးထိန်းထံသွား၍ ငါတို့အဖမှာတိုင်း ပြုပါဟု ဆိုချေ”ဟူ၍ စေလိုက်၏။

ဃောသကလည်း အိမ်မှဆင်း၍ သွားလေသော် ခရီးအကြား သူတပါးအိမ်ရိပ်၌ သဌေးသားရင်းသည် ဂုံညင်းကစား၍နေရာ များစွာရှုံးသည်နှင့် ဃောသကလာသည်ကို မြင်လျှင် “အစ်ကို... ကျွန်တော့်ဘက်က ကူညီပါ”ဟု ဆို၏။ “ငါ-မကူသာသေး၊ အရေးကိစ္စနှင့် ဖခင်စေလိုက်သည်။ ဤမည်သော အိုးထိန်းအိမ်သို့ သွားရဦးမည်”ဟု ဆိုလျှင် “အစ်ကို.. ထိုသူ့အိမ်သို့ ကျွန်ုပ်သွားပါမည်၊ ကျွန်ုပ်ရှုံးသမျှကို ရနှင့်အောင်သာ ဂုံညင်းထိုးရစ်ပါ”ဟု ဆို၏။ ထိုအခါ ဃောသကလည်း အဖမှာလိုက်သော စကားကို ညီငယ်အား ပြန်ကြားလိုက်၍ မိမိသည် ဂုံညင်းခွင်သို့ ဝင်နေ၏။

သဌေးသားလည်း အိုးထိန်းအိမ်သို့သွား၍ မှာလိုက်သော စကားကို ပြောလေလျှင် အိုးထိန်းသည်လည်း အိမ်တွင်းသို့သွင်း၍ “သူငယ်ကို ခုတ်စဉ်းပြီးမှ အိုးဖို၌သိုမှီး၍ မီးဖုတ်လေ၏။ ဃောသကလည်း ကစားရာ၌ များစွာ ဂုံညင်းကိုရ၍ “ငါ့ညီ လာခဲလှသည်”ဟု အိုးထိန်းအိမ် လိုက်သော်လည်း သူငယ်ကို မမြင်မတွေ့သဖြင့် အိမ်သို့ လျင်စွာ ပြန်လာခဲ့၏။

သဌေးလည်း ဃောသကကိုမြင်လျှင် “သင်-အိုးထိန်းအိမ်သို့ မသွားသလော”ဟု မေး၏။ ဃောသကလည်း “အကျွန်ုပ်သွားရာလမ်းတွင် ညီငယ်ကိုတွေ့၍ ကိုယ်စား သွားပါရစေဆို၍ သွားလေသည်”ဟု အကြောင်းအလုံးစုံကို ပြန်ကြား၏။ သဌေးလည်း ထိုစကားကိုကြားလျှင် ရင်တွင်းမှ ဆူတက်လျက် ဦးခေါင်းထက်၌ နှစ်သိန်းလေးသောင်း အထုရှိသော မြေကြီးဖြင့် ဖိစီးသကဲ့သို့ထင်၍ အလျင်တဆော ထပြီးလျှင် အိုးထိန်းသည်သို့ပြေး၍ “ဆိုင်းပါဦး၊ ဆိုင်းပါဦး”ဟု ဆို၏။ ထိုအိုးထိန်းကလည်း “အရှင်မှာခဲ့သောကိစ္စ ပြီးလင့်ပြီ”ဟု ဆိုသော ထိုစကားကိုကြားလျှင် သဌေးကြီးအား ကြီးမားစွာသော စိတ်ဒုက္ခသည် ဖြစ်လေ၏။

ထိုနေ့မှစ၍ ဃောသကနှင့် ထမင်းလည်း အတူမစား၊ ခရီးလည်း အတူမသွား။ “ငါ့သားသည် ချင်းကြောင့်ပင် သေရသည်”ဟု ရန်ငြိုးထားလျက် သတ်ခွင့်ကိုသာ ကြံ၏။

(စာမျက်နှာ-၃၄၇)

သဌေးသမီးကိုရပုံ

တရံသောအခါ ကမ္ပည်းစာရေးပြီးသော် ဃောသကကိုခေါ်၍ “ချစ်သား.. ဤမည်သောရွာတွင် ဖခင်၏ အမှုလုပ်သောသူသည် ရှိ၏။ ထိုသူအား ဤစာကို ပေးချေ၊ ခရီးအကြား၌ ဤမည်သောရွာတွင် ဖခင်၏ မိတ်ဆွေဖြစ်သော သဌေးအိမ်သို့ဝင်၍ ထမင်းစားလေ၊ စာကိုမူကား မည်သူအားမျှ မပြလေနှင့်”ဟု စေလိုက်၏။

ဃောသကလည်း အဖစေလိုက်တိုင်း လာခဲ့၍ ရွာငယ်နေ သဌေးအိမ်သို့ ရောက်သောအခါ ထိုသဌေးက “လုလင်.. အဘယ်မှလာသနည်း၊ သင်-အသူ၏သားနည်း”ဟု မေးလျှင် “အကျွန်ုပ်ကား ကောသမ္ဗီပြည်၌နေသော သဌေးကြီး၏ သားပါတည်း၊ ဖခင်စေလိုက်သော ကိစ္စကြောင့် လာရပါသည်”ဟု ဆိုသော် ထိုသဌေးကလည်း ငါ့အဆွေ၏သား ဖြစ်ပေသည်ဟု ကြင်နာစုံမက်ခြင်းရှိလျက် မိမိသမီး၏ အလုပ်အကျွေးဖြစ်သော မိန်းမကိုခေါ်၍ ခြေဆေးခြင်း ခြေဆုပ်နယ်ခြင်း ကိစ္စကို ပြုစေလျက် နေရာကို ကောင်းမွန်စွာ ခင်းပြီးမှ ထမင်းစသည်တို့ကို ကျွေးမွေး၍ အိပ်နေစေ၏။

ထိုအလုပ်အကျွေးမိန်းမလည်း သဌေးသမီးအထံသို့ ဝင်လေသော် “ရှင်မသည် အဘယ့်ကြောင့် ပြင်ပ၌ ကြာမြင့်စွာ နေသနည်း”ဟု မေး၏။ “အရှင်မ... အရှင့်ဖခင်၏ အဆွေဖြစ်သော ကောသမ္ဗီသဌေးကြီး၏ သားသည် အိမ်သို့ရောက်လာသောကြောင့် အာဂန္တုကဝတ်ကို ပြု၍နေရသဖြင့် ကြာမြင့်ပါသည်။ ယောက်ျားတကာတို့တွင် ဤလုလင်ကဲ့သို့ ယဉ်ကျေးလှပသောသူကို ကျွန်ုပ် မမြင်ဖူးပါ”ဟု လျှောက်၏။

သဌေးသမီးလည်း လေးကြိမ်မြောက်သော ဘဝကပင် ဤလုလင်၏ ခင်ပွန်းမ ဖြစ်ဖူးရကား ထိုသူ၏သတင်းကို ကြားရလျှင် တန့်နားဖြေဆည်ခြင်းငှါ မစွမ်း၊ စွဲလမ်းခြင်း ဝေဒနာသန်လျက် ကျွန်မနှင့်အတူလာ၍ အိပ်ရာအနီးသို့ကပ်၍ လုလင်၏ပုဆိုး၌ ထုပ်လျက်ပါသောစာကိုမြင်၍ မနိုးစေပဲ စာကိုဖြေ၍ဖတ်သဖြင့် သတ်စိမ့်သောငှါ ပါးလိုက်စာဖြစ်ကြောင်းကို သိသော် မိမိ သိမ်းယူဝှက်ထားလျက် တပါးသော ကမ္ပည်းစာကိုရေး၍ ထည့်လိုက်၏။

စာတွင်ကား-

ကြားမှာလိုက်သည် အမှုလုပ်၊ ဤသည့်ရွာ၌နေသော ငါ့အဆွေ သဌေးအိမ်ဝယ် အရွယ်ရောက်သော သမီးရှိကြောင်းကို ငါကြားသိသည်ဖြစ်၍ သားရတနာကို ငါလွှတ်လိုက်သည်။ ရောက်လျှင် သင်သည် ငါ၏ကိုယ်စားပြု၍ ထိုသူ၏သမီးနှင့် ထိမ်းမြားပါလေ၊ ငါအစိုးရသော မြို့ရွာမှ တရာ,တရာစီသော ဆင်, မြင်း, ကျွဲ, နွား, ရွှေ, ငွေဝတ္ထုကို ရုံးစု၍ ချီးမြှောက်လေ၊ ထိမ်းမြားမင်္ဂလာ ပြုပြီးသောအခါမှ ငါ၏ထံသို့ စာပြန်လိုက်-

ဟု အမှာစာရေး၍ ရှေးအနေကျအောင် စည်းနှောင်၍ ထားပေ၏။

ဃောသကလည်း မိုးသောက်သောအခါ အိပ်ရာမှထ၍ သဌေးအားခွင့်ပန်၍ သွားပြန်သဖြင့် စေလိုက်သော အမှုလုပ်ထံသို့ရောက်၍ သဝဏ်စာကိုပြသော် အလုပ်ကလည်း “ငါ့အရှင် သူဌေးသည် ရင်သွေးသားကြီးကို ချီးမြှောက်စေခြင်းငှါ ငါ၏အထံသို့ စေလိုက်သည်တကား”ဟု ကျေးရွာသားတို့၌ ရထိုက်သော ဘဏ္ဍာကို ရုံးစု၍ ရွာငယ်သဌေးအား အကြောင်းကြားပြီးလျှင်

(စာမျက်နှာ-၃၄၈)

ယခင်သတို့သမီးနှင့် ထိမ်းမြားလေ၏။ ပြီးစီးသောကာလ အဖဖြစ်သော ကောသမ္ဗီသဌေးထံသို့ သဝဏ်စာရေး၍ မှာလိုက်၏။

သဌေးကြီး ကြားသိလျှင် မိမိရင်မှ ပူပင်တောက်လောင်ခြင်းပြင်းလျက် ခံတွင်းမှ သွေးအန်သော ဝေဒနာသည် ဖြစ်၏။ ထိုအခါ “ဤဝေဒနာဖြင့် ငါပင် သေရသော်လည်း ငါ့အမွေဥစ္စာကို ဃောသက မရစိမ့်သောငှါ ငါဆိုခဲ့မည်”ဟု ကြံ၍ “ချစ်သားဃောသကသည် ဖခင်ထံသို့ အမြန်ပြန်လာခဲ့ပါ”ဟု မှာလိုက်၏၊ ထိုစကားကိုကြားလျှင် လျင်စွာသွားမည်ဟု ကြံစည်သော် အိမ်ရှင်ဖြစ်သော သဌေးသမီးက “ငါ့လင်သည် ငါ့ကိုမှီ၍သာ ဤသို့သော ချမ်းသာကိုရလျက် ချင်းအဖပေးသည်ဟု မှတ်ထင်၍ သွားချင်ပြန်ဘိသည်။ မသွားဖြစ်အောင် ငါမြစ်ဦးအံ့”ဟု ကြံ၍ “အကျွန်ုပ်လည်း လိုက်ပါမည်။ ရှေ့လမှ သွားအံ့၊ နောက်လမှ သွားအံ့”ဟု သွေးဆောင်၍သာ နေ၏။

ကောသမ္ဗီသဌေးကလည်း “ငါ့သားကား ကြာမြင့်လှ၏၊ ဖခင်အသက်ရှင်စဉ် မြင်ရပါအောင် လျင်စွာလာပါ”ဟု မှာပြန်၏။ ထိုစကားကြား၍ သွားအံ့ဟု ကြံသောအခါ မယားကလည်း “အမောင်ဃောသက... ဤကောသမ္ဗီသဌေးကား မောင်၏ ဖခင်မဟုတ်၊ အမောင်အား သတ်စိမ့်သောငှါ အမှုလုပ်ထံသို့ စေလိုက်ရာ ကမ္မည်းစာကို ကျွန်ုပ်ဝှက်ထား၍ တပါးသောစာကို ထည့်လိုက်သဖြင့် ဤစည်းစိမ်ချမ်းသာနှင့်တကွ အကျွန်ုပ်ကို ရသည်၊ မောင့်အဖေဆောက်နှင်း၍ ရသည်မဟုတ်၊ မောင့်အဖ ပေးလိုက်ရင်းစာကား ဤသည်ပင်တည်း”ဟု ပြ၍ “ယခုလည်း ငါတို့သားစစ်မဟုတ်သည်ကို ပြောဆိုခြင်းငှါ မှာလိုက်သည် ဖြစ်လတ္တံ့၊ ထို့ကြောင့် စောင့်၍သာနေဦး၊ သေချိန်နီးသောအခါမှ ငါတို့သွားကုန်အံ့”ဟု ဆို၍ နေကြ၏။

သဌေးကြီးဖြစ်ရပြီ

“သဌေးလည်း ရောဂါကြီးပွား၍ သေဝပါးနီးပြီ”ဟု ကြားလျှင် သမီးခင်ပွန်းနှစ်ဦးပင် ကောသမ္ဗီပြည်သို့ သွားလေ၍ သဌေးအား ပြုစုမ-စ-လျက် သေသောကာလ သရီရ ဈာပနကံကို စီမံဆောင်ရွက်ပြီးလျှင် သဌေးအနီး၌ရှိကုန်သောသူတို့အား တံစိုးပေး၍ သဌေး၏ သားရင်းအဖြစ်ကို ပြောဆိုစေ၏။ ကောသမ္ဗီမင်းကြီးသည်လည်း ထိုဃောသကအား အဖ၏စည်းစိမ်ကိုပေး၍ သဌေးကြီးအဖြစ်သို့ ရောက်လေ၏။

ထိုအခါ သဌေးမက ဤသို့ ဆို၏။ “အရှင်ဃောသက.. ဤဘဝ၌ အမောင်လည်း အဝဇာတဖြစ်ခဲ့၏။ အကျန်ုပ်လည်း ဥစ္စာနည်းသောအမျိုး၌ ဖြစ်ရ၏၊ ရှေးကပြုသော ကောင်းမှု၏ အာနိသင်ကြောင့်သာ သို့စင်သော ချမ်းသာကို ရလာပေသည်။ နောက်နောက်သော ဘဝတို့၌ ဤကဲ့သို့ မနွမ်းပါးရအောင် ဒါန,သီလစသော ကောင်းမှုကို ပြုကြကုန်အံ့”ဟု တိုင်ပင်၏။ သဌေးကလည်း “ကောင်းလှပြီ”ဟု ဝန်ခံလျက် နေ့တိုင်းနေ့တိုင်း တထောင်စီသော ဥစ္စာကို စွန့်လွှတ်၍ အလှူဝတ်ကို ဖြစ်စေကြကုန်၏။

၆၆။ သာမာဝတီ မိဖုရားအကြောင်းကို ပြခြင်း

ထိုအခါ ဥတ္တရာအမည်ရှိသော နတ်သမီးသည် နတ်ပြည်မှ စုတေခဲ့၍ ထိုသဌေးမောင်နှံတို့၏ အထိန်းဖြစ်သော မိန်းမ၏ဝမ်း၌ တည်နေလာ၏။ ဖွားမြင်သောအခါ အတန်ငယ်ကုန်းသော

(စာမျက်နှာ-၃၄၉)

ကိုယ်ရှိရကား “ခုဇ္ဇုတ္တရာ”ဟူသော အမည်ကို မှည့်၏။ ထိုဃောသကသူဌေးနှင့် ဘဒ္ဒိယမြို့၌နေသော ဘဒ္ဒဝတီသူဌေးသည် ကြေးငွေပေးကမ်း ကူးသန်းရောင်းဝယ်သော သူတို့ကိုစွဲ၍ မမြင်ဖူးဘဲပင် ချစ်ခင်သော အဆွေခင်ပွန်း ဖြစ်ကြသတည်း။ ဘဒ္ဒဝတီသူဌေး၏အိမ်၌လည်း ခုဇ္ဇုတ္တရာနှင့် တစ်ပြိုင်နက်ပင် နတ်သမီးတစ်ဦးသည် ပဋိသန္ဓေနေလာ၍ ဖွားသောအခါ “သာမာဝတီ” ဟူသောအမည်ကို မှည့်၏။

တရံသောကာလ ထိုဘဒ္ဒိယမြို့၌ ငတ်မွတ်ခြင်းဖြစ်လာ၍ များစွာသောလူတို့ သေကျေပျက်စီးကြလတ်သော် ဘဒ္ဒဝတီသူဌေးသည် မိမိခင်ပွန်းအား ဤသို့ တိုင်ပင်၏။ “အိမ်ရှင်မ.. ယခုတွေ့ရသော ဒုဗ္ဘိက္ခကပ်သည် အဘယ်မည်သည့်အခါမှ လွတ်ကွာမည်ဟု ငါတို့ မသိနိုင်ချေ။ ကောသမ္ဗီပြည်၌ တို့အဆွေဖြစ်သော ဃောသကထံသို့သွား၍ အသက်မွေးကြကုန်အံ့”ဟု တိုင်ပင်လျက် အိမ်တွင်ရှိသမျှသော ကျေးကျွန်ဘဏ္ဍာကို ပစ်ထားလျက် မယားနှင့် သမီးကိုသာယူ၍ လာခဲ့သဖြင့် ကောသမ္ဗီပြည်သို့ရောက်သော် “ငါတို့ အလွန်ဆင်းရဲသောကိုယ်ဖြင့် အဆွေဖြစ်သော ဃောသကသူဌေးထံဝင်၍ မသင့်ချေသေး။ သူတစ်ပါး၏ ပေးကမ်းစာကိုခံလျက် အတန်ငယ် လူပုံလှမှ ငါ့အဆွေထံ ဝင်တော့မည်”ဟု ကြံလျက် ဧည့်သည်တို့၏ တည်းခိုရာဖြစ်သော ဇရပ်တစ်ခု၌ တည်းနေ၏။

ဃောသကသူဌေးလည်း မိမိအိမ်ဝဝယ် ကြီးကျယ်သောမဏ္ဍပ်ကို ဆောက်လုပ်၍ စောင့်ရှောက်ပေးကမ်းသူ ထားပြီးလျှင် ခရီးသွား, ပုဏ္ဏား, ရဟန်းစသော ဖုန်းတောင်းယာစကာတို့အား နေ့စဉ်မပြတ် အလှူကြီးကို ပေးစေ၏။

ဘဒ္ဒဝတီ သူဌေးလင်မယားတို့လည်း ထိုအလှူတင်းကုပ်ပါးသို့ ကပ်ခြင်းငှာ လွန်စွာရှက်နိုးရကား သမီး သာမာဝတီကိုသာ စေလိုက်၏။ သာမာဝတီလည်း ထမင်းထည့်စရာ ခွက်ဆွဲ၍လာပြီးလျှင် အများတောင်းခံရာသို့ မဝင်ဝံ့ဘဲ မျက်နှာလွှဲပြု၍ တစ်ခုသောအရပ်၌သာ နေ၏။ ထိုသို့နေသည်ကို အလှူစီမံသောသူ မြင်လျှင် “ဤသတို့သမီးကား များစွာရှက်ခြင်း ရှိ၏။ အဆင်းအင်္ဂါလည်း ရှုဖွယ်ဘနန်း ဖြစ်၏။ ဤတင်းကုပ်သို့ ရောက်လာသမျှသော သူအများပင် တံငါ ငါးလုသကဲ့သို့ သူ့ထက်ငါကောင်း တောင်းခံ၍ အသံပြုကြလျက် ဤမိန်းမငယ်ကား လွတ်ရှင်းရာကသာ ငြိမ်သက်စွာ နေချေသည်။ အမျိုးကောင်းသမီးစစ် ဖြစ်ရှာပေလိမ့်မည်”ဟု ကြံ၍ သာမာဝတီထံ ကပ်ပြီးသော် “ချစ်သမီး။ အဘယ့်ကြောင့် သင်-ဝင်၍ မတောင်းသနည်း”ဟု မေး၏။ “ကျွန်ုပ် မဝင်ဝံ့ပါ”ဟု ဆိုလျှင်၊ “သင်သည် ထမင်း အဘယ်မျှလောက် လိုသနည်း”ဟု မေးပြန်၏။ “သုံးယောက်စာ လိုပါသည်”ဟု ဆိုလျှင်၊ ထိုယောက်ျားလည်း စားဖွယ်နှင့်တကွ သုံးယောက်စာမျှသော ထမင်းကို ပေးလိုက်၏။

သာမာဝတီလည်း ရခဲ့သောထမင်းကို မိခင်ဖခင်တို့အား ကျွေးလေသော် သူဌေးကြီးလည်း ငတ်မွတ်ခြင်းကြာသည်နှင့် လွန်စွာစားမိခြင်းကြောင့် စားပိုးနင့်၍ ထိုညဉ့်၌ပင် ကံကုန်လေ၏။

နောက်နေ့ရောက်သောအခါ သာမာဝတီလည်း ရှေးနည်း မဏ္ဍပ်သို့သွား၍ နှစ်ယောက်စာထမင်းကိုသာ ယူ၏။ ထိုနောက်နေ့ ညဉ့်၌ပင် မိခင်သူဌေးမလည်း ကံကုန်ပြန်၏။

တတိယနေ့ ရောက်သောအခါ ငိုယိုလျက်လာ၍ တစ်ယောက်စာသောထမင်းကို ယူ၏။ ထိုအမူအရာကို အလှူစီမံသူမြင်လျှင် အနီးသို့ကပ်၍ “ချစ်သမီး.. အဘယ့်ကြောင့် တစ်ယောက်စာသော ထမင်းကိုသာ ယူသနည်း။ အဖော် မရှိပြီလော”ဟု မေး၏။ သတို့သမီးလည်း “မိဘသေလွန်၍ တစ်ယောက်တည်း ရှိကြောင်း”ကို ပြောသော် အလှူဆော်ဖန်သူကလည်း “ချစ်သမီး.. သင်ကား အဘယ်မြို့ရွာမှလာသော အဘယ်သူ၏သမီးနည်း”ဟု မေး၏။

(စာမျက်နှာ-၃၅၀)

သာမာဝတီကလည်း “ဖခင်။ ကျွန်ုပ်ကား ဘဒ္ဒိယမြို့၌နေသော ဘဒ္ဒဝတီ သူဌေးသမီးပါတည်း။ ကြီးစွာသော ငတ်မွတ်ခြင်းဘေးကြောင့် ဤအရပ်၌နေသော အဆွေ ဃောသကသူဌေးအား ကိုးစား၍ လာခဲ့ပါသည်”ဟု အခြင်းအရာအလုံးစုံကို ပြန်ကြား၏။

ထိုစကားကိုကြားလျှင် “ယင်းသို့ ဖြစ်ပြီးတကား ချစ်သမီး.. ငါတို့အရှင် သူဌေးကြီး၏သမီးပင် မည်ချေတော့သည်။ ယနေ့မှစ၍ ဖခင်သမီးပြု၍ မွေးမြူပါအံ့”ဟု ဆို၍ မွေးမြူလေ၏။

နောက်တစ်နေ့အခါ သာမာဝတီလည်း အလှူစီမံသူအား ဤသို့ လျှောက်ကြား၏။ “ဖခင်.. ဤအလှူတင်းကုပ်၌ အုတ်အုတ်ကျက်ကျက်သောအသံကို ဆိတ်ငြိမ်အောင် မကြံနိုင်ပါလော”ဟု မေး၏။ “မကြံနိုင်ပါ”ဟု ဆိုလျှင်၊ “ဖခင်.. အပြင်ကျယ်သောဌာန၌ ထက်ဝန်းကျင် အရံအတားကိုပြုလျက် ထွက်ပေါက်ဝင်ပေါက်ကို တစ်ယောက်ဆံ့ရုံသာထား၍ အတွင်းမှနေ၍ ပေးကမ်းရသော် တိုးဝှေ့ခြင်း, ငြင်းခုံခြင်း မရှိသည်ဖြစ်၍ အသံဆိတ်ငြိမ်ပါလတ္တံ့”ဟု ဆို၏။

ထိုအလှူကို စီမံသောသူသည် သာမာဝတီ၏ စကားအတိုင်းပြု၍ ပေးစေသော် လေမခတ်သော ကြာရေကန်ကဲ့သို့ အသံဆိတ်ငြိမ်လေ၏။ ဃောသကသူဌေးလည်း ရှေးရှေးသောနေ့တို့၌ အလှူတင်းကုပ်ဝယ် အုတ်အုတ်ကျက်ကျက်သောအသံကို ကြားရလျက် တစ်ရက် နှစ်ရက် မကြားလေလျှင် စီရင်သူကိုခေါ်၍ “ယနေ့ အဘယ့်ကြောင့် အလှူမပေးသနည်း”ဟု မေး၏။ “ကျွန်ုပ် ပေးမြဲတိုင်း ပေးပါ၏”ဟု လျှောက်သော်၊ “အဘယ့်ကြောင့် အသံမကြားသနည်း”ဟု မေးပြန်၏။ “အကျွန်ုပ်၌ ဉာဏ်ရှိသော သမီးတစ်ယောက်ကို ရရှိ၍ ထိုသမီး၏ အစီအမံဖြင့် အသံဆိတ်ပါသည်”ဟု လျှောက်လျှင်၊ “သင့်အား ရှေးက သမီးမရှိဖူးလျက် ယခု ဘယ်ကရပြန်သနည်း”ဟု မေး၏။ ထိုသူလည်း လှည့်ပတ်ခြင်းငှာ မတတ်သာရကား သာမာဝတီ၏ အကြောင်းအလုံးစုံကို လျှောက်ဆိုရ၏။

ဃောသကသူဌေးလည်း ထိုအကြောင်းကိုကြားလျှင် “သင်သည် ဝန်လေးစွာသောအမှုကို အဘယ့်ကြောင့် ပြုဘိသနည်း။ ငါ့သမီးကိုဝှက်ထား၍ ငါ့အား အဘယ့်ကြောင့် မလျှောက်သနည်း” စသည်ဖြင့် အပြစ်တင်၍ ရုတ်ခြည်းခေါ်ငင်စေပြီးသော်၊ သမီးအရာ၌ထား၍ မွေးစားပေ၏။ ခုဇ္ဇုတ္တရာနှင့်တကွ ငါးရာမျှသော သတို့သမီးငယ်တို့ကို ရံစေ၏။ ထိုအခါမှစ၍ သာမာဝတီသည် ဃောသကသူဌေးသမီးဟု ထင်စွာဖြစ်သတည်း။

ထိုအခါ ဥတေနမင်းစောသည် တောမှလာ၍ မိဘ၏ အရိပ်အရာဖြစ်သော ကောသမ္ဗီပြည်ထီးနန်းကို သိမ်းမြန်း၍ မင်းပြုသတည်း။ တစ်နေ့သောအခါ ဥတေနမင်းကြီးသည် ရထားစီး၍ ပြန်လည်လေသော် ရံရွေဖော်သူငယ်မတို့နှင့် ကစားနေသော သာမာဝတီကိုမြင်၍ ခင်မင်တိမ်းညွတ်သောစိတ် ရှိရကား “ဤမိန်းမငယ်သည် ဘယ်သူ၏ သမီးနည်း”ဟု မေး၏။ မင်းချင်းတို့ကလည်း

(စာမျက်နှာ-၃၅၁)

ဃောသကသဌေးကြီး၏ သမီးဖြစ်ကြောင်းကို လျှောက်လျှင် “လင်ရှိသည်, မရှိသည်ကိုလည်းကောင်း၊ ငါ့အား ဆောက်နှင်းလို, မဆောက်နှင်းလိုသော အဖြစ်ကိုလည်းကောင်း သဌေးအား စုံစမ်းချေ”ဟု အမတ်တို့ကိုစေ၏။

အမတ်တို့လည်း သဌေးကြီးသမီးအား မင်းလိုသောအကြောင်းကို ကြားလျှင် သဌေးလင်မယားက “ဤသာမာဝတီမှတပါး ကျွန်ုပ်တို့ရှုစားရန် သမီးမရှိပြီ၊ ဤသမီးကိုသာလျှင် အသက်ပမာ ချစ်ရပါ၏။ ပြည်ရွာသနင်း မင်းမည်သည်ကား မိဖုရားမောင်းမ များစွာလှ၏၊ ဆောက်နှင်းရသော်လည်း ငါ့သမီးကို ရန်သူတို့၏အလယ်၌ မထားနိုင်”ဟု ဆိုလိုက်၏။

ထိုစကားကို မင်းအား ပြန်လျှောက်လေသော် ဥတေနမင်းက “ယင်းသို့တပြီးကား သဌေးကြီးလင်မယားကို အနီးအပါးအိမ်၌ နေစေ၍ သမီးနေသောအိမ်ကို မင်းအိမ်ဟု တံဆိပ်ခတ်လော့”ဟု အမတ်တို့ကို စေလိုက်၏။ အမတ်တို့လည်း မင်းအာဏာအတိုင်း စီမံလေ၏။

သာမာဝတီလည်း ကစားရာမှပြန်လာ၍ အိမ်မှာခတ်နှိပ်သော တံဆိပ်လက်မှတ်ကိုလည်းကောင်း၊ မိဘတို့ အိမ်ပြင်၌နေသည်ကိုလည်းကောင်း မြင်လျှင် “မိခင်ဖခင်တို့.. အဘယ့်ကြောင့် အိမ်ပြင်၌နေရသနည်း၊ အကျွန်ုပ်တို့အိမ်ဝယ် ဘယ်သူတံဆိပ်ခတ်သနည်း”ဟု မေး၏။ သဌေးမောင်နှံတို့ကလည်း “ချစ်သမီး... ဥတေနမင်းကြီးသည် သမီးတော်ကို တောင်းလာဘိ၍ မိဘတို့က ရန်သူများလှသော မင်းအိမ်သို့ မထည့်နိုင်ပါဟု ဆိုလိုက်သဖြင့် မင်းတံဆိပ်တို့ကို အိမ်မှာကပ်လာသတည်း”ဟု ပြောလျှင် “မိခင်ဖခင်တို့.. အသို့ဆိုဘိသနည်း၊ ရန်သူများသောမင်းထံ၌ ကျွန်ုပ်တို့၏ သမီးတယောက်တည်း မထားနိုင်ပါ၊ အခြံအရံငါးရာနှင့်တကွ ထားရပါမူ ထားလိုပါ၏ဆိုသော် မလျော်ပါလော”ဟု ဆို၏။

ထိုစကားကိုကြားလျှင် သဌေးလင်မယားကလည်း “သမီး၏အလိုကို မသိသေး၍ ဤသို့ ဆိုနှင့်ပါသည်၊ သဘောမျှပါမူ ဤစကားဖြင့် မင်းအားလျှောက်တော့အံ့”ဟု ဆို၍ မင်းကြီးထံ၌ သံတော်ဦးတင်လေ၏။ မင်းကြီးလည်း “သင်းပင်းငါးရာသာမက တထောင်မျှ ခြွေရံပါသော်လည်း ငါဝမ်းမြောက်၏”ဟု ဆိုလျက် မင်္ဂလာရှိသော နေ့ရက်အခါ၌ အရံငါးရာနှင့်တကွ သာမာဝတီကို နန်းတော်သို့ဆောင်၍ ခြောက်ထောင်သော မောင်းမတို့၏ အထွတ်အဖျားဖြစ်သော မိဖုရားကြီးအရာဖြင့် ရာဇာဘိသိက်ခံ၍ စံနန်းပြာသာဒ်တဆောင်၌ ထား၏။

သဌေးသုံးဦး ကျွတ်တမ်းဝင်ခြင်း

ဤကောသမ္ဗီပြည်၌ ဃောသကသဌေးနှင့်တကွ ပေါင်းဖက်ကြသော ကုက္ကုဋအမည်ရှိသော သဌေး, ပါဝါရိကအမည်ရှိသော သဌေးကြီးတို့သည်လည်း ရှိကုန်၏။ ထိုသဌေးကြီး သုံးဦးတို့သည် ဘဝကူးကောင်းရန်ကိုရည်၍ ရသေ့ငါးရာတို့အား နှစ်စဉ် လုပ်ကျွေးမြဲဖြစ်သတည်း။ ထိုရသေ့ငါးရာတို့လည်း မိုးလေးလအခါ မြို့အနီး၌နေ၍ ဆောင်း,နွေ ရှစ်လအခါဝယ် ဟိမဝန္တာ၌ နေကြ၏။

တရံသောအခါ ထိုရသေ့ငါးရာတို့သည် ဟိမဝန္တာမှ လာကြကုန်သော် တခုသော ကန္တာရခရီး၌ ရေသိပ်ခြင်းကြောင့် ပင်ပန်းကြကုန်သည်ဖြစ်၍ တခုသော ညောင်ပင်ရင်းသို့ ကပ်ပြီးသော် “ဤညောင်စောင့်နတ်မင်းသည် ငါတို့ဆင်းရဲကိုမြင်သဖြင့် ကြည်လင်အေးမြသော ရေကို

(စာမျက်နှာ-၃၅၂)

လှူပါမူကား ချမ်းသာရရာ၏”ဟု လွန်စွာ တောင့်တလျက် နေကြကုန်၏။ ထိုစကားကို ညောင်စောင့်နတ် ကြားသဖြင့် မိမိအသွင်ကို ထင်ရှားပြပြီးသော် အဖျော်ယမကာနှင့်တကွ လိုသမျှသော ပစ္စည်းကို မိမိလက်မှ ယိုထွက်စေ၍ လုပ်ကျွေး၏။

ရသေ့ငါးရာတို့လည်း ဝမ်းမြောက်ဝမ်းသာ အံ့ဩကြလျက် “သင်နတ်သားကား ကြီးမားသော ဘုန်းအာနုဘော်ရှိပေစွ၊ အဘယ်ကောင်းမှုပြုခဲ့ရ၍ ဤမျှသော ပစ္စည်းကို ရသနည်း”ဟု မေး၏။ နတ်ကလည်း “အရှင်ရသေ့... လောကသုံးဘုံ၌ အလုံးစုံတို့ထက် မြတ်တော်မူသော ဘုရားသခင်သည် ထင်ရှားဖြစ်တော်မူ၍ ယခုအခါ သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ ကိန်းအောင်း စံနေတော်မူသည်။ ထိုကျောင်းဒါယကာ အနာထပိဏ်သဌေးသည် လုပ်ကျွေးပြုစုလျက် တရက်မပြတ် ဆည်းကပ်ကိုးကွယ်ပေသည်၊ ထိုသဌေး သား, မြေး, ကျေးကျွန်နှင့်တကွ တလလေးသီတင်း၌ မယွင်းမယုတ် ဥပုသ်ဆောက်တည်ခြင်းကိုပြုသည်၊ အကျန်ုပ်လည်း ထိုသဌေးအိမ်ဝယ် လယ်လုပ်သူရင်းငှါးပြု၍ နေ့ထက်ဝက်မျှ ဥပုသ်ဆောက်တည်ခဲ့ရဖူးသော ကောင်းမှု, သံဃာတို့၏ ကံကိစ္စကို ဆောင်ရွက်ခဲ့ရသော ကောင်းမှုတို့ကြောင့် စုတေသောကာလ ဤမျှလောက်သော နတ်တို့၏ချမ်းသာကို ရပါပေသတည်း”ဟု လျှောက်၏။

ထိုစကားကိုကြားလျှင် ရသေ့ငါးရာတို့လည်း နှစ်လိုဝမ်းသာလျက် ထိုနေရာကပင် ဘုရားရှိရာ သာဝတ္ထိပြည်သို့ သွားလိုသောဆန္ဒသည် အလွန်ဖြစ်ကြသော်လည်း “ကောသမ္ဗီပြည်မ၌ ငါတို့အလုပ်အကျွေးဖြစ်သော သဌေးကြီးသုံးဦးတို့သည် ကျေးဇူးကြီးမားလှပေသည်။ ထိုဒါယကာတို့အားလည်း ဘုရားပွင့်တော်မူကြောင်းကို ကြားပြီးမှ ငါတို့သွားတော့အံ့”ဟု ကြံ၍ ကောသမ္ဗီပြည်သို့ လာခဲ့ကြ၏။ ရောက်လျှင် သဌေးသုံးဦးတို့က အထူးထူးသော ပူဇော်သက္ကာရတို့ဖြင့် မြတ်နိုးတနာကို ပြုကြကုန်၏။ ထိုအခါ ဆရာရသေ့တို့က ဤသို့ဆိုပေ၏။ “ဒါယကာတို့.. သုံးရွာသော လောက၌ အဂ္ဂပုဂ္ဂလ ဖြစ်တော်မူသော ဘုရားသခင်သည် ထင်ရှားဖြစ်တော်မူ၍ သာဝတ္ထိပြည်၌ စံနေတော်မူသတတ်၊ ထိုအရပ်သို့ ငါတို့ ယနေ့ပင်သွားကုန်အံ့”ဟု ဆိုပေ၏။ သဌေးသုံးဦးတို့က “အကျွန်ုပ်တို့လည်း လိုက်ပါကုန်အံ့၊ ငံ့ပါဦး”ဟု ဆို၏။ “လိုက်လိုလျှင် သင်တို့ ဖြည်းဖြည်းသာသာ လိုက်လာကြလော့၊ ငါတို့ကား ယနေ့ပင်သွားတော့အံ့”ဟု ပန်ကြားလျက် ဘုရားရှိရာသို့ သွားလေ၏။

ဘုရားထံသို့ရောက်လျှင် ရဟန်းပြုကြသဖြင့် မကြာမြင့်မီပင် ရဟန္တာဖြစ်ကြကုန်၏။ သဌေးသုံးဦးတို့လည်း လှည်းငါးရာတို့ကို ပြင်ဆင်၍ အစဉ်လိုက်လာသဖြင့် သာဝတ္ထိပြည်သို့ရောက်သော် ဇေတဝန်ကျောင်းတော်အနီး၌ ခိုမှီးရန် မဏ္ဍပ်တဲကွန်းဖြင့်နေလျက် ဘုရားထံသို့ကပ်၍ တရားတော်မြတ်ကို နာရလျှင် ဒါယကာသုံးဦးလုံးပင် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ထိုအခါမှစ၍ ဒါယကာသုံးဦးတို့လည်း ဘုရားအမှူးရှိသော သံဃာတော်တို့အား အလှူကြီးကိုပေးလျက် တဆယ့်ငါးရက်ပတ်လုံး နေပြီးသော် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်တို့ ကောသမ္ဗီပြည်သို့ ကြွလည်တော်မူပါ”ဟု လျှောက်ပင့်၍ အခွင့်ပေးတော်မူလျှင် ရွှင်လန်းဝမ်းမြောက်စွာ ပူဇော်သက္ကာရပြုပြီးမှ မိမိတို့နေရာသို့ ပြန်လာကုန်၏။ ကောသမ္ဗီပြည်သို့ရောက်လျှင် ဘုရားသခင် ပျော်ရွှင်တော်မူအံ့သော ဌာနကို ဆင်ခြင်၍ မိမိတို့ဥယျာဉ်၌ ကျောင်းကြီးတဆောင်စီ ပြုလုပ်ကြ၏။

(စာမျက်နှာ-၃၅၃)

ကျောင်းတော် ၃-ဆောင် မှတ်ချက်

(ဃောသကသဌေး ဆောက်လုပ်သောကျောင်းသည် ဃောသိတာရုံတွင်၏၊ ကုက္ကုဋသဌေး ဆောက်လုပ်သောကျောင်းသည် ကုက္ကုဋာရုံတွင်၏၊ ပါဝါရိကသဌေး ဆောက်လုပ်သောကျောင်းသည် ပါဝါရိကာရုံတွင်၏။ သဌေးကြီးတို့လည်း ကျောင်းအရာမ်ပြီးစီးသော် ဘုရားကိုယ်တော်မြတ်ထံသို့ တမန်စေလွှတ်လိုက်၏။)

၆၇။ မာဂဏ္ဍီမိဖုရား၏ ရှေးအကြောင်းကို ပြခြင်း

ဘုရားသခင်သည်လည်း သံဃာတော်အပေါင်း ခြံရံလျက် ကောသမ္ဗီပြည်သို့ ကြွတော်မူလာသော် ခရီးအကြား၌ မာဂဏ္ဍိယပုဏ္ဏား၏ အရဟတ္တဖိုလ်ရအံ့သော အကြောင်းကို မြင်သဖြင့် ခရီးအစဉ်ကိုပစ်၍ ကုရုရာဇ်တိုင်း၌ ကမ္မာသဒမ္မမည်သော နိဂုံးသို့ ဝင်တော်မူ၏။ ထိုရွာ၌ မာဂဏ္ဍိယမည်သော ပုဏ္ဏားဝယ် အဆင်းပြင်လျာ ပြည့်စုံစွာသော မာဂဏ္ဍီမည်သော သမီးငယ်သည်ရှိ၏။ မိဘနှစ်ပါးတို့လည်း သမီးနှင့်လျော်သော ယောက်ျားကိုရှာလျက် လှည့်လည်ကာနေသတည်း။

သမီးကို ရဟန်းနှင့် ပေးစားလိုပုံ

ဘုရားရောက်၍ ဆွမ်းခံတော်မူသောအခါ၌ မာဂဏ္ဍိယပုဏ္ဏားလည်း ရွာ၏အပ၌ ညဉ့်သုံးယံပတ်လုံး မီးပူဇော်ခြင်းကို ပြုပြီးမှ စောစောကလျှင် ရွာတွင်းသို့ဝင်လာသည်နှင့် ဘုရားသခင်ကို ရင်ဆိုင်တွေ့လေလျှင် ပုဏ္ဏားက ဤသို့ကြံ၏။ “ငါသည် ရှည်မြင့်စွာသော ကာလပတ်လုံး ငါ့သမီးနှင့် အသွင်တူမျှသော လုလင်ယောက်ျားကို ရှာပါငြားသော်လည်း တဦးသားမျှ မတွေ့နိုင်ချေ။ အဆင်းလှပသော်လည်း ဤကဲ့သို့ ရဟန်းမဟုတ်ကြ၊ ငါ့သမီးကိုလည်း ရဟန်းနှင့်သာ ထိမ်းမြားလို၏၊ ဤရဟန်းကား ငါမှန်းသည်နှင့် သင့်လှလေစွ၊ အဆင်းလည်း အလွန်လှ၏၊ နူညံ့ပြေပြစ်သော ဣန္ဒြေလည်းရှိ၏”ဟု ကြံ၍ မြန်စွာ အိမ်သို့လာခဲ့၏။

(ဤပုဏ္ဏားကား ပရိဗိုဇ်ရဟန်း၏အနွယ်မှ ဖြစ်ပွားသောသူဖြစ်၍ သမီးကိုလည်း ရဟန်းနှင့် ထိမ်းမြားခြင်းငှါ အလိုရှိသတည်း၊)

အိမ်သို့ရောက်လျှင် အိမ်ရှင်ပုဏ္ဏေးမကို ခေါ်၍ “ငယ်ဘော်မ... သင်၏သမီးကို လျင်မြန်စွာ တန်ဆာဆင်လော့၊ ဤလူ့ခွင်၌ မမြင်ဖူးမျှ တင့်တယ်လှသော ဗြာဟ္မဏဇာတ် ရဟန်းမြတ်ကို ထက်ကြပ် ငါတို့တွေ့ခဲ့သတည်း။ ထိုအရှင်အား သင်၏သမီးကို ဆောက်နှင်းရအောင် လိုက်ကြကုန်အံ့”ဟု ဆို၏။ ပုဏ္ဏေးမလည်း ထိုစကားကိုကြားလျှင် သမီးကို တန်ဆာဆင်၍ လျင်စွာလိုက်ကြလေ၏။ ဘုရားကိုယ်တော်မြတ်လည်း ပုဏ္ဏားတွေ့ရာအရပ်တွင် တံဆိပ်ခတ်သကဲ့သို့ မြတ်သော ခြေတော်စုံကိုနင်း၍ ရွာတွင်းသို့ ဝင်တော်မူသည်နှင့် အသင့်မမြင်လျှင် “သင်တို့ ကြာမြင့်စွာပြု၍ မတွေ့ရသည်”ဟု ပုဏ္ဏေးမအား ဆဲရေးမြည်တမ်းလျက် စုံစမ်းမျှော်ခေါ်သော် နင်းနှိပ်တော်မူခဲ့သော ခြေရာကိုမြင်၍ “အိမ်ရှင်မ... ရှုလော့, ရှုလော့၊ ဤခြေရာကား ထိုယောက်ျား၏ ခြေရာပင်တည်း”ဟု ပြ၏။

(စာမျက်နှာ-၃၅၄)

ခြေရာလက္ခဏာ

ပုဏ္ဏေးမလည်း ခြေရာကိုမြင်လျှင် ငါ့လင် ပုဏ္ဏားကား မိုက်အားကြီးလေစွတကား၊ မိဘတို့သင်ခဲ့သော ဗေဒင်၏အနက်ကိုမျှ မချင့်တွက်နိုင်ချေတကား၊ ဤခြေရာသည် ရာဂ,ဒေါသ, မောဟတရား ကင်းလွတ်ရှားသော ဘုရားသခင်၏ ခြေတော်ရာသာလျှင် ဖြစ်ရာလတ္တံ့”ဟု ကြံ၍ သံဝေဂဖြစ်စိမ့်သောငှါ-

ရတ္တဿ ဟိ ဥက္ကုဋိကံ ပဒံ ဘဝေ၊
ဒုဋ္ဌဿ ဟောတိ သဟသာနုပီဠိတံ။
မူဠှဿ ဟောတိ အဝကဍ္ဎိတံ ပဒံ၊
ဝိဝဋ္ဋစ္ဆဒဿ ဣဒမီဒိသံ ပဒံ-

ဟူသော ဂါထာကို ဆို၏။

[အနက်ကား]ဗြာဟ္မဏ၊ ပုဏ္ဏား။ ရတ္တဿ၊ တပ်စွမ်းခြင်း ရာဂများသောသူ၏။ ပဒံ၊ ခြေရာသည်။ ဥက္ကုဋိကံ၊ အလယ်ကောက်ငြား ဆောင့်ကြွားရှိသည်။ ဟောတိ၊ ဖြစ်၏။ ဒုဋ္ဌဿ၊ ဒေါသများသောသူ၏။ ပဒံ၊ ခြေရာသည်။ သဟသာနုပီဠိတံ၊ အဆောတလျင် နှိပ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ မူဠှဿ၊ တွေဝေမှောက်မှား အမိုက်များသော သူ၏။ ပဒံ၊ ခြေရာသည်။ အဝကဍ္ဎိတံ၊ ငင်အပ်သည်။ ဟောတိ၊ ဖြစ်၏။ ဤဒိသံ၊ ဤသို့ သဘောရှိသော ရွှေခြေနင်းရာ ပမာတမျှ ညီစွာကျလျက် တရာ့ရှစ်ကွက် စက်တော်အစုံဖြင့် မှတ်အပ်သော။ ဣဒံ ပဒံ၊ ဤခြေရာသည်ကား။ ဝိဝဋ္ဋစ္ဆဒဿ၊ ဝဋ်သုံးကွင်းမှ လွတ်ကင်းသန့်စင် ဘုရားရှင်၏။ ပဒံ၊ ခြေတော်ရာပေတည်း။ တဝ၊ သင်၏။ ဓီတရံ၊ သမီးကို။ မာ ရုစ္စိဿတိ၊ မနှစ်သက်လတ္တံ့။

သမီးကိုပယ်၍ တရားဟောခြင်း

ဤဂါထာကိုဆောင်၍ “အမောင်သည် ပညာနည်းပါး အမြင်မှား၍ ဤယောက်ျားအား သားသမက် ပြုလိုသည်။ အမောင့်သမီးကို ကြည်ညိုအံ့သူ မဟုတ်တကား”ဟု ဆိုလျှင် လင်ပုဏ္ဏားကလည်း “မိန်းမဖြစ်လျက် ဂုဏ်မာန်တက်၍ နှုတ်ထွက်ကြမ်းစွာ မဆိုပါနှင့်”။ ဤသို့စသည်ဖြင့် အချင်းချင်း ငြင်းခုံ၍နေစဉ် ဘုရားသခင်လည်း သံဃာတော် အပေါင်းနှင့်တကွ မြို့တွင်းမှ ထွက်ကြွတော်မူလာ၍ မာဂဏ္ဍိယပုဏ္ဏားကို အနီးသို့ရောက်လျှင် အိမ်ရှင်ပုဏ္ဏေးမအား များစွာငေါက်ငမ်း၍ “ဤရဟန်းပင် ငါမြင်လိုက်သော သူတည်း”ဟု ပြ၍ ဘုရားအနီးသို့ကပ်ပြီးလျှင် “အရှင်ရဟန်း.. အကျွန်ုပ်သည် နံနက်ကင် အရှင့်ကိုမြင်၍ ချစ်ခင်လှလျက် မျှော်တဖွေရှာ နေလင့်ပါ၏။ မာဂဏ္ဍီအမည်ရှိသော ကျွန်ုပ်သမီးသည် ကျွန်းကြီးဇမ္ဗူ တသောင်းငူ၌ ဘယ်သူမျှ မတူနိုင်သော မိန်းမတနာ ဖြစ်ပါ၏။ ဆင်းဝါတူငြား အရှင့်အားသာ ပေးလိုပါ၏။ မာဂဏ္ဍီကို အလိုရှိမူ ယူတော်မူပါ”ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသခင်လည်း ပုဏ္ဏားကို တရားသံဝေဂ ဖြစ်စိမ့်သောငှါ-

ဒိသွာန တဏှံ အရတိဉ္စ ရာဂံ-

အစရှိသောဂါထာကို ဆိုတော်မူ၏။

(စာမျက်နှာ-၃၅၅)

[အနက်ကား]ဗြာဟ္မဏ၊ ပုဏ္ဏား။ အဟံ၊ ငါသည်။ ဗုဒ္ဓကာလေ၊ ဘုရားဖြစ်ဦးစကာလ၌။ မာရဓီတရော၊ မာရ်မင်းသမီး ဖြစ်ကုန်သော။ သုရူပါ၊ အလွန်ရှုဖွယ် ရှိကုန်သော။ တဏှာ စ၊ တဏှာမည်သော နတ်သမီးသည်လည်းကောင်း။ အရတီ စ၊ အရတိမည်သော နတ်သမီးသည်လည်းကောင်း။ ရာဂါ စ၊ ရာဂါမည်သော နတ်သမီးသည်လည်းကောင်း။ ဧတာ၊ ဤသုံးယောက်သော သူတို့သည်။ မံ၊ ငါ့ကို။ ပါရိစရိယာယ၊ ခြေရင်းအလုပ်အကျွေး ပြုခြင်းငှါ။ ယာစန္တိ၊ တောင်းပန်လာကုန်၏။ တေသံ၊ ထိုနတ်သမီးတို့ကို။ ဒိသွာနပိ၊ မြင်၍မျှလည်း။ မေထုနသ္မိံ၊ နှစ်ဦးရှက်ဆုံ ပျော်မြူးကုန်သော မေထုန်အကျင့်၌။ ဆန္ဒော၊ အလိုသည်။ န ဟောတိ၊ ငါ့အား မဖြစ်။ အပိ၊ ယင်းသို့လျက်။ မုတ္တကရီသပုဏ္ဏံ၊ ကျင်ကြီးကျင်ငယ် အတိပြည့်သော။ ဣဒံ၊ ဤသင်၏သမီးကို။ ကိမိဝ ဆန္ဒသိ၊ အဘယ်မှာ အလိုရှိတော့အံ့နည်း။ နံ၊ ထိုသင်၏သမီးကို။ ပါဒါပိ၊ ခြေဖြင့်လည်း။ သမ္ဖုသိတုံ၊ ထိခြင်းငှါ။ န ဣစ္ဆေ၊ ငါ-အလိုမရှိ။

ဤစကားဖြင့် ပယ်ရှား၍ ကာမာဒီနဝတရားကို ဟောကြားတော်မူလျှင် ပုဏ္ဏားသမီးခင်ပွန်း နှစ်ဦးတို့သည် အနာဂါမိဖိုလ်၌တည်၍ သမီးမာဂဏ္ဍီကို ညီဖြစ်သော ပုဏ္ဏားအား အပ်နှံလျက် ဘုရားထံ၌ ရဟန်းပြုကြသဖြင့် မကြာမြင့်မီပင် ရဟန္တာဖြစ်လေကုန်၏။

မာဂဏ္ဍီ အငြိုးထားပုံ

မာဂဏ္ဍီလည်း “ဤအရှင်ဂေါမသည် ငါ့ကို အလိုမရှိမူ ငါ-မလိုဟူသော စကားမျှကိုသာ ဆိုသင့်ပါလျက် ရွံရှာဖွယ်သော ကျင်ကြီးကျင်ငယ်တို့ဖြင့်ပြည့်သော မိန်းမအား ခြေဖျားနှင့်မျှ မထိလိုဟု ငါ့ကို ပြစ်ဖွဲ့၍ ကဲ့ရဲ့ရှုတ်ချဘိသည်တကား၊ ရှေးကံများ ထောက်ပံ့၍ မြင့်မြတ်သောသူ ငါဖြစ်မူကား ဤဘုရားကို ငါနှိပ်စက်အံ့”ဟူ၍ ရန်ငြိုးထား၏။

များမကြာမီ မာဂဏ္ဍီလည်း ကောသမ္ဗီပြည် ဥတေနမင်း၏ မိဖုရားအဖြစ်သို့ရောက်၍ ငါးရာသော အခြံအရံနှင့်တကွ တဆောင်သောပြာသာဒ်၌ စံစားရ၏။

ဘုရားသခင်လည်း အစဉ်သဖြင့် ဒေသစာရီ ကြွချီတော်မူ၍ ကောသမ္ဗီပြည်သို့ရောက်လျှင် ယခင် သဌေးကြီးသုံးဦးတို့သည် အထူးထူးသော ပူဇော်သက္ကာတို့ဖြင့် ခရီးဦးကြိုဆိုလျက် ကြည်ညိုဝမ်းမြောက်စွာ ပင့်လျှောက်၍ မိမိတို့ဆောက်လုပ်သော ကျောင်းကြီးတို့ကို အသီးအသီး လှူဒါန်းပူဇော်ကုန်၏။ ယင်းသို့ လှူပြီးသော် ကိုယ်တော်မြတ်အား ဆွမ်းဖိတ်၍ ပြန်ကြကုန်၏။

မာဂဏ္ဍီမိဖုရားသည် ဘုရားရောက်လာကြောင်းကို ကြားလျှင် အရှက်အကြောက်မရှိသော သေသောက်ကြူးတို့အား များစွာ တံစိုးပေး၍ “အိမ်ဈေးလမ်းဝ သံဃာတော်တို့ကြွတိုင်း ဆဲရေးကြကုန်”ဟု မှာထား၏။ ဘုရားသခင်လည်း သံဃာတော်အပေါင်း ခြံရံလျက် ဆွမ်းခံဝင်တော်မူလျှင် အိမ်စဉ်လပ်ရာမှနေသော သေသောက်ကြူး အများတို့သည် အထူးထူးသော ဆဲရေးခြင်းတို့ဖြင့် ဆဲရေးကြကုန်၏။

ထိုအခါ ရှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤသို့ နားတော်လျှောက်၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား… ဤပြည်သားတို့သည် ပျားသကာပေါ်တွင် မစင်စွန့်သော ခွေးကဲ့သို့ အတွေးအဆမရှိ မိမိတို့အပြစ်ကို မိမိရှာလျက် မြတ်စွာဘုရားအားလည်းကောင်း သံဃာတော်တို့အားလည်းကောင်း

(စာမျက်နှာ-၃၅၆)

မောင်းမဲဆဲရေးလှပါကုန်သည်၊ ဤပြည်အတွင်း၌ သီတင်းသုံးခြင်းငှါ မလျော်ပါ။ တပါးမြို့သို့ ကြွတော်မူပါ”ဟု လျှောက်၏။

ဘုရားသခင်လည်း “ချစ်သားအာနန္ဒာ... ငါဘုရားတို့မည်သည်ကား ရှစ်ပါးသော လောကဓံတို့ဖြင့် ဖောက်ပြန်တုန်လှုပ်ခြင်း မရှိကုန်၊ ဤအလုံးစုံသော ဆဲသံသည် အလွန်အားဖြင့် ခုနစ်ရက်သာ တည်လတ္တံ့၊ အပြစ်မရှိပဲ ဆဲရေးကြသော ချင်းတို့၏စကားသည် ချင်းတို့၏ ဦးဖျား၌သာ ကျလတ္တံ့၊ သင်တို့ကား နှလုံးမရှိလင့်”ဟု မိန့်တော်မူ၏။

သဌေးကြီးသုံးဦးတို့လည်း ဘုရားရောက်သည်မှစ၍ တလတိုင်တိုင် အလှူကြီးပေး၍ မိမိတို့လုပ်ကျွေးပြီးသော် “ရှင်တော်ဘုရားကား လူသုံးပါးတို့၏အကျိုးငှာ ဖြစ်တော်မူပေသည်၊ ပြည်သူပြည်သားတို့လည်း လုပ်ကျွေးကြပါစေဦး”ဟု ကြံ၍ ကောသမ္ဗီပြည်သားတို့အား နှိုးဆော်ဖိတ်ကြား၏။ များစွာသော ပြည်သူတို့လည်း အကြောင်းသင့်ရာဖွဲ့၍ အလှည့်အလှည့် အလှူပေးကြကုန်၏။

ခုဇ္ဇုတ္တရာ ကျွတ်တမ်းဝင်ပြီ

တနေ့သောအခါ မြတ်စွာဘုရားသည် ပန်းသည်တဦး၏အိမ်၌ အလှူခံကြွတော်မူစဉ် သာမာဝတီ၏ အလုပ်အကျွေးဖြစ်သော ခုဇ္ဇုတ္တရာသည် ရှစ်သပြာတို့ဖြင့် ပန်းဝယ်ခြင်းငှါ လာလတ်သော် အိမ်ရှင်တို့ကခေါ်၍ အလှူတော်ညီညာပြုစေပြီးမှ ဆွမ်းကျွေးကြ၍ ကိစ္စပြီးသောအခါ တရားတော်ကိုနာသည်တွင် ဘုရားသခင်လည်း မင်းပါးနေသူတို့နှင့်လျော်သော ဓမ္မကထာကို ဦးစွာညွှန်ကြားပြီးမှ တရားဟောတော်မူလျှင် ခုဇ္ဇုတ္တရာလည်း သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုခုဇ္ဇုတ္တရာသည် ရှေးရှေးသောနေ့တို့၌ ပန်းဝယ်ခြင်းငှါ ဆောင်လာခဲ့သော ရှစ်သပြာတို့တွင် မိမိအလို့ငှါ လေးသပြာကို ဝှက်ထား၍ မိဖုရားအလို့ငှါ လေးသပြာဖြင့်သာ ပန်းဝယ်၏။

ထိုနေ့၌ကား သစ္စာလေးပါးကိုမြင်၍ ဝှက်ချင်စိတ်မရှိရကား ရှစ်သပြာလုံးဖြင့် ပန်းဝယ်၍ များစွာဆောင်လာသည်ကို သာမာဝတီမြင်လျှင် “မိခင်ဥတ္တရာ.. ယနေ့ အကျွန်ုပ်အား အချစ်တိုးပွား၍ များစွာသောပန်းတို့ကို ဆောင်ခဲ့သလော”ဟု မေး၏။ ခုဇ္ဇုတ္တရာလည်း ဟုတ်မှန်ရာ အကြောင်းအလုံးစုံကို ပြန်ကြား၍ ဘုရားသခင်ကို ဖူးမြင်ရကြောင်း အမြိုက်တရားကို ရခဲ့ကြောင်းတို့ကို ပြော၏။

သာမာဝတီတို့ ကျွတ်တမ်းဝင်ပုံ

ထိုအခါ သာမာဝတီကလည်း “မိခင်.. သင်ရခဲ့သောတရားကို ငါ့အား မျှပါ”ဟု ဆိုလျှင် ထိုထိုမင်းမောင်းမတို့ကလည်း လက်ဝါးဖြန့်ကာဝင်၍ “မယ်ရှင်ရခဲ့သော တရားကို ငါတို့အားလည်း ပေးပါ ပေးပါ”ဟု တောင်းကြ၏။ ခုဇ္ဇုတ္တရာကလည်း “ရှင်မတို့.. ကျွန်ုပ်ရခဲ့သော တရားသည် လက်ဝါးဖြင့် ခံကောင်းသော ဝတ္ထုမဟုတ်၊ ဝိသုဒ္ဓိနတ်မြတ်၏ စကားကို နားဖြင့်နာ၍ နှလုံးဖြင့်သာ မှတ်ခဲ့ရပါ၏၊ နာကြားလိုမူ ကိုယ်တော်မြတ်ဟောသော အခြင်းအရာဖြင့် ကျွန်ုပ်ဟောပါအံ့၊ ပါရမီဉာဏ်ရှိကြမူ အမြိုက်ဓမ္မကို ရပါလတ္တံ့”ဟု ဆိုသော် ထိုမိဖုရားတို့လည်း “ဟောပါ၊ ဟောပါ”ဟု တောင်းပန်ကုန်၏။

(စာမျက်နှာ-၃၅၇)

ထိုခုဇ္ဇုတ္တရာလည်း သာမာဝတီအမှူးရှိသော မိဖုရားမောင်းမတို့ကို နိမ့်ရာမှ ရှိခိုးကာနေစေလျက် မိမိကား မြင့်ရာမှနေပြီးလျှင် ဘုရားရှင် ဟောတော်မူတိုင်းသော တရားကို အစဉ်အားဖြင့် ဟောပေ၏။ ဒေသနာ၏အဆုံး၌ အလုံးစုံသော မိဖုရားငါးရာတို့သည် သောတာပတ္တိဖိုလ်၌ တည်လေကုန်၏။

ထိုနေ့မှစ၍ ခုဇ္ဇုတ္တရာကို အမိအရာ၌တင်၍ “မိခင်သည် ဘုရားသခင်ဟောတော်မူသော တရားကိုနာယူ၍ ကျွန်ုပ်တို့အား ဟောကြားသင်ပြကာ နေလော့”ဟု ခွင့်ပေး၏။ ခုဇ္ဇုတ္တရာလည်း မိဖုရားငါးရာတို့ တောင်းပန်တိုင်း ပြုပေ၏။

ခုဇ္ဇုတ္တရာမှတ်ချက်

ထိုခုဇ္ဇုတ္တရာကား တရားတော်ကို တကြိမ်နာလျှင် အစ အလယ် အဆုံး သုံးပါးလုံးကို မှတ်သားမိ၍ သူတပါးတို့အား ဟောကြားနိုင်သတည်း။ ယင်းသို့ ပညာကြီးလျက် အဘယ့်ကြောင့် သူကျွန်ဖြစ်သနည်း ဟူမူကား- ရှေး-ကဿပဘုရားရှင် သာသနာ၌ ဥပါသိကာမဖြစ်၍ သူငယ်ချင်းဖြစ်ဖူးသော ရဟန်းမိန်းမတဦးအား စေခိုင်းမိသော မကောင်းမှုကံကြောင့် သူကျွန်အဖြစ်ဖြင့် အဖန်ငါးရာ ဖြစ်သတည်း။ အဘယ့်ကြောင့် ခါးကုန်းသနည်း ဟူမူကား- ရှေး-ဗာရာဏသီမင်း၏ သမီးတော်ကျွန်မ ဖြစ်သောအခါ မင်းအိမ်သို့ ကြွလာသော ပစ္စေကဗုဒ္ဓါတပါး၏ သွားဟန်လာဟန်ကို ပြက်ရယ်ရန်ပြု၍ ပြဖူးသော မကောင်းမှုကြောင့် ခါးကုန်းခြင်း ဖြစ်သတည်း။ အဘယ့်ကြောင့် ပညာကြီးသနည်း ဟူမူကား- ထိုဗာရာသီမင်း၏သမီး ကျွန်မဖြစ်သောအခါ ပစ္စေကဗုဒ္ဓါ ရှစ်ဦးတို့အား ဆင်စွယ်လက်ကောက်တို့ကို သပိတ်ခြေအလို့ငှါ လှူဘူးသောကောင်းမှု, သူတထူးအား ကမ္မဋ္ဌာန်းသင်ကြားဖူးသော ကောင်းမှုတို့ကြောင့် ပညာကြီးကျယ်လေသတည်း။

သာမာဝတီအမှူးရှိသော မောင်းမငါးရာတို့သည်လည်း သောတာပတ္တိဖိုလ်သို့ ရောက်သည်မှစ၍ ဘုရားသခင်အား နေ့စဉ်မပြတ် ဆည်းကပ်ပူဇော်လိုကြသော်လည်း ဥတေနမင်းကြီးသည် သဒ္ဓါတရား မရှိသည်၏အဖြစ်ကြောင့် ကြွက်ကျစ်မုန့်ခြမ်း တပွင့်ပန်းကိုမျှ လှူဒါန်းခြင်း, ဖူးမြင်ခြင်းငှါ မပြုရကုန်၊ ထို့ကြောင့် ဘုရားသခင် အိမ်စဉ်ဆွမ်းခံတော်မူရာ၌ ဖူးမြင်ခြင်းငှါ လေသာပြူတင်းပေါက်မှ မလောက်သဖြင့် နံရံကိုဖောက်၍ ဖူးမြော်ကြရကုန်၏။

မာဂဏ္ဍီ ကုန်းတိုက်ခြင်း

တရံသောအခါ မာဂဏ္ဍီသည် လှည့်လည်၍ လာသည်တွင် ထိုအပေါက်တို့ကို မြင်က “မယ်ရှင်တို့.. ဘယ်အလို့ငှါ ဤအပေါက်တို့ကို ဖောက်ကြသနည်း”ဟု မေး၏။ “ဘုရားသခင်ကို ဖူးမြင်ခြင်းငှါ ဖောက်ကြပါသည်”ဟု ပြောဆိုကြလျှင် ထိုမာဂဏ္ဍီလည်း ငါ့ရန်သူဖြစ်သော ရှင်ဂေါတမ၏ အလုပ်အကျွေးမတို့ကို မကြာမီ သိစေရမည်ဟု ကြံ၍ ပြန်လေပြီးသော် မင်းကြီး မိမိအဆောင်သို့ လာသောအခါ “သာမာဝတီတို့သည် အရှင်မင်းမြတ်အား ကြည်ညွတ်၍ ချစ်ခင်ခြင်း မရှိကြကုန်၊ ခရီးမဖြင့်သွားသော ဘုရားဂေါတမကိုသာ ကြင်နာစုံမက်ကြ၍ ခယဖူးမြော်ကုန်သည်၊ ရှင်မင်းဖျားသည် သတိထားတော်မူ၊ ကျွန်ုပ်စကားကို မယုံလျှင် ချင်းတို့တိုက်နံရံတွင် ကြည့်လော့”ဟု ဆို၍ ကုန်းချော၏။

(စာမျက်နှာ-၃၅၈)

ဥတေနမင်းလည်း အကြိမ်ကြိမ်ပြောသော်လည်း မယုံကြည်၊ အဆောင်လည်၍ ရောက်သောအခါ ဖောက်ကြသော အခြင်းအရာကို မေးစစ်၍ ဖြစ်တိုင်း လျှောက်တင်ကြသော် ဒေါသမရှိပဲ ဖောက်မိသော အပေါက်တို့ကို ပိတ်စေ၍ လေသွန်တံခါးတို့ကို များစွာပြု၍ ပေး၏။ မာဂဏ္ဍီလည်း ထိုစကားဖြင့် မင်းအမျက်မပွားကြောင်းကို သိလျှင် တဖန် လျှောက်တင်ပြန်၏။ “အရှင်မင်းကြီး.. သာမာဝတီတို့သည် စည်းစိမ်သခင်ဖြစ်သော လင်၏ကျေးဇူးကိုမသိ၊ ကျေးဇူးမရှိသေးသော ရှင်ဂေါတမ၏ဂုဏ်ကိုသာ များစွာ ချီးမွမ်းလေ့ပြု၏၊ အရှင့်အား ချစ်ခင်သည်ဟု ကျွန်ုပ်မထင်၊ ချစ်-မချစ်ကို သိချင်မူ မင်းကြီးအကျိုးငှါ ရှစ်ခုသော ကြက်တို့ကိုသတ်ပြီး ချက်၍ ပို့လာစေဟု စေတော်မူစမ်းလော့”ဟု ဆို၏။ မင်းကြီးလည်း မာဂဏ္ဍီဆိုတိုင်း ကြက်တို့ကို ပို့စေသော် သာမာဝတီတို့ကလည်း “အရှင်ဖြစ်သော ကြက်တို့ကို ဘယ်သို့ ချက်ရအံ့နည်း”ဟု ဆို၍ နေလေ၏။ ထိုအကြောင်းကို မင်းချင်းတို့က ပြန်လျှောက်လာလျှင် မာဂဏ္ဍီကလည်း “အရှင်ဂေါတမ၏အကျိုးငှါ ချက်၍ ပို့ပါစေ”ဟု လျှောက်ပြန်၏။

မင်းလည်း မာဂဏ္ဍီသင်တိုင်း စေပြန်လျှင် မာဂဏ္ဍီ၏ တံစိုးကိုရသော မင်ချင်းတို့သည် အကြား၌သတ်၍ ပို့သည်နှင့်သာ သာမာဝတီတို့လည်း ကောင်းစွာချက်၍ ဘုရားထံသို့ ပို့ပေ၏။

ထိုအကြောင်းကို ကြားလာလျှင် မာဂဏ္ဍီက “အရှင်မင်းကြီး.. သိတော်မမူသေးလော”ဟု လျှောက်၏။ ထိုသို့ လျှောက်ငြားသော်လည်း သာမာဝတီတို့အား အမျက်မထွက်၊ ချင့်တွက်စဉ်းစား၍သာ နေ၏။

ဥတေန မင်းဖျားလည်း မိဖုရားတဦးတဦး၏ ပြာသာဒ်၌ ခုနစ်ရက် ခုနစ်ရက်စီ စံမြဲဖြစ်ရကား တရံသောအခါ မာဂဏ္ဍီသည် မိမိ၏ပြာသာဒ်မှ သာမာဝတီ၏ ပြာသာဒ်သို့ မင်းကြီး ကူးလိုလတ်သော် ဆောင်တော်မူမြဲသော ဟတ္ထိကန္တမည်သော စောင်း၏အတွင်း၌ အဆိပ်ပြင်းသော မြွေဟောက်ငယ်ကိုထည့်၍ လုံစေပြီးလျှင် “အရှင်မင်းကြီး.. သာမာဝတီကား ဘုရားဂေါတမ၏ အလုပ်အကျွေးတည်း၊ ချင်းပြာသာဒ်သို့သွားမူ သတိထားတော်မူပါ”ဟု မှာလိုက်၏။

သာမာဝတီ၏ပြာသာဒ်၌ ခုနစ်ရက်စေ့၍ မိမိထံသို့ ပြန်လာသော် စောင်းတော်ကိုကိုင်၍ လှုပ်ရှားသဖြင့် သွင်းထားသောမြွေသည် ထွက်လာ၏။ မာဂဏ္ဍီလည်း အလန့်တကြား ဟစ်အော်လျက် “ကံတော်ရှိသေး၍သာ အသက်ချမ်းသာသည်၊ သာမာဝတီတို့သတ္တိကို သိတော်မူပြီလော”ဟု ဆို၏။

ဥတေနမင်း လေးနှင့်ခွင်းပုံ

ထိုအခါ ဥတေနမင်းလည်း ပြင်းစွာအမျက်ထွက်၍ ချက်ခြင်းခေါ်စေပြီးလျှင် ကြီးစွာသော လေးကိုတင်လျက် အဆိပ်ယှဉ်သောမြားဖြင့် ပစ်ခြင်းငှါ အားထုတ်၏။ သာမာဝတီအမှူးရှိသော မောင်းမငါးရာတို့လည်း သတ်အံ့သော အမူအရာကိုမြင်လျှင် မင်းကြီးအား မေတ္တာစိတ်ကို ပွားစေလျက် ဂုဏ်တော်အရံအတားဖြင့် နေ၏။

မင်းကြီးလည်း လေးဖြင့် အကြိမ်ကြိမ်ပစ်လျက် မြားမသက်နိုင်ပဲ မျက်နှာ,ရင်ဝတို့မှ ချွေးများကျလာသော် သာမာဝတီကလည်း “အရှင်မင်းမြတ်... တပါးရပ်သို့ ပစ်လွှတ်တော်မူဦးလော့”ဟု လျှောက်၏။ မင်းလည်း ပြကတေ့သော မြေပြင်သို့ ပစ်လွှတ်သောအခါ မြား-လျင်စွာသွားသည်ကို မြင်လျှင် ဆင်ခြင်မိသည်ကား အသက်မရှိသော လေးမြားမှ မိဖုရာ၏ ကျေးဇူးဂုဏ်ကို

(စာမျက်နှာ-၃၅၉)

သိသေးလျက် အသက်ရှိသောငါသည် မသိရာ ရောက်ပေသည်တကား”ဟု ထိတ်လန့်သော နှလုံးရှိလျက် မိမိနေရာမှသက်၍ ရေချိုးပြီးလျှင် သာမာဝတီကို ပခုံးထက်တင်၍ “ရှင်မိဖုရားသည် ငါ့အား သည်းခံပါလော့၊ မာဂဏ္ဍီ၏ ကုန်းစကားကြောင့် ငါပြစ်မှားမိချေသည်”ဟု မြတ်နိုးတနာပြုလျက် တောင်းပန်၏။ “ယနေ့မှစ၍ သင်တို့အလိုရှိတိုင်း ဘုရားရှင်အား ဖူးမြင်ခြင်း, လှူဒါန်းခြင်း, တရားနာခြင်းတို့ကို ပြုကြကုန်”ဟု ခွင့်ပေး၏။ များစွာသော အစောင့်အရှောက်တို့ကိုလည်း ထား၏။

ထိုအခါ သာမာဝတီက ဤသို့လျှောက်၏။ “အရှင်မင်းကြီးလည်း ဘုရားမြတ်ကို ဆည်းကပ်တော်မူပါ၊ ကျွန်ုပ်တို့အား တရားပြသ ဆုံးမအံ့သော ရဟန်းတဦးကိုလည်း ခွင့်တောင်း၍ ပေးတော်မူပါ”ဟု လျှောက်၏။ ဥတေနမင်းကြီးလည်း ဆိုသောစကားအတိုင်း ဘုရားရှင်ထံကပ်၍ တရားတော်မြတ်ကို နာပြီးလျှင် “နန်းတော်သို့ဝင်၍ သင်ပြနိုင်သော ရဟန်းတဦးကို ပေးတော်မူပါ”ဟု တောင်းပန်သဖြင့် ရှင်အာနန္ဒာကို ရလေရကား မိဖုရားတို့အား သင်ကြားပြသရ၏။ မိဖုရားငါးရာတို့လည်း တလတခါ အရှင်အာနန္ဒာကို ငါးရာသာ သင်္ကန်းတို့ဖြင့် ပူဇော်၏။

(ထိုအရှင်အာနန္ဒာကား- ရှေးသောအခါ ပစ္စေကဗုဒ္ဓါတဦးအား ငါးရာသော ပုဆိုးပိုင်းနှင့်တကွ အပ်ကိုလည်း လှူဒါန်းခဲ့ဖူးသော ပုညကြေင့် ဤဘဝ၌ ငါးရာသောသင်္ကန်းတို့ကို အကြိမ်ငါးရာတိုင်တိုင် အလှူခံရသည်။ ပညာလည်း ကြီးကျယ်လှသတည်း။)

မာဂဏ္ဍီလည်း တဖန်ကြံပြန်၍ မိမိ၏အထံသို့ မင်းကြီးရောက်သောအခါ ဥယျာဉ်ကစားခြင်းငှါ လျှောက်၏။ မင်းလည်း “ကောင်းပြီ”ဟု ဝန်ခံ၍ အခြွေအရံ မှူးမတ်တို့ကို စီမံခင်းကျင်းစေ၏။ ထိုအခါ မာဂဏ္ဍီက မိမိ၏ဘထွေးကို ခေါ်ပြီးလျှင် “မင်းကြီးနှင့်ကျွန်ုပ် ဥယျာဉ်သို့ ထွက်သောအခါ မင်းကြီး၏အာဏာဆို၍ သာမာဝတီတို့၏ ပြာသာဒ်ကို ကောက်ရိုးပတ်၍ မီးတိုက်ဘိ”ဟု မှာ၏။ မင်း,မိဖုရားတို့ ဥယျာဉ်သို့သွားကြသော် ပုဏ္ဏားလည်း များမကြာမီ မာဂဏ္ဍီမှာခဲ့တိုင်း မီးတိုက်သဖြင့် ထိုညဉ့်ပင် မိဖုရားငါးရာတို့ ကြမ္မာကုန်လေ၏။

ထိုအကြောင်းကို ဥတေနမင်းကြားလျှင် ပရိယာယ်စကားဖြင့် “ငါ့အား သာမဝတီတို့ ပြစ်မှားသည် များလှပြီ၊ မိဘတို့အား ထောက်ထား၍သာ ငါ-အပြစ်မပြုနေသည်၊ ယခု ငါ့အလိုပြည့်အောင် ဘယ်သူ ကြံဆောင်ပေလိမ့်နည်း၊ ကြံပေသူအား ဆုများစွာ ငါပေးလို၏”ဟု ဆိုသော် ထိုမာဂဏ္ဍီလည်း အဟုတ် နှစ်သက်သည်ထင်၍ “ကျွန်ုပ်ပင် ကြံပါသည်”ဟု လျှောက်၏။ မင်းကြီးလည်း ဝမ်းမြောက်သော အခြင်းအရာဖြင့် “သင့်ဆွေမျိုးဟူသမျှကို ဆုလာဘ်ကြီးစွာ ငါ-ချမည်၊ စည်းဝေးကြစေ”ဟု ဆို၏။

ထိုစကားကို အားရဝမ်းသာလျက် မာဂဏ္ဍီလည်း ဆွေမျိုးတော်သမျှ လူအပေါင်းတို့ကို စုဆောင်းခေါ်စေပြီးလျှင် မင်းကြီးအား ပြပေ၏။ မင်းကြီးလည်း ထိုသူတို့ကို အစေ့အငှ တွင်းတူးကြစေ၍ လည်ပင်းရှိမျှ မြှုပ်ပြီးလျှင် မီးတိုက်၍ သံထွန်သွားဖြင့် ထွန်စေ၏။ မာဂဏ္ဍီကိုကား အသားကိုမွှမ်းပြီးလျှင် ဆီအိုးကင်းဖြင့် ကြော်စေ၏။ ဤသို့ အရိယာပုဂ္ဂိုလ်တို့အား ပြစ်မှားမိသော် အကျိုးဆက်ကို မျက်မှောက်တွင် ခံရမြဲ ဓမ္မတာတည်း။

(စာမျက်နှာ-၃၆၀)

သာမာဝတီတို့ ကံမှတ်ချက်

သာမာဝတီ အမှူးရှိသော မိဖုရားငါးရာတို့သည် အဘယ့်ကြောင့် မီးတိုက်ခံရလေသနည်း ဟူမူကား- ဘုရားမပွင့်မီ ဗာရာဏသီပြည်၌ မင်းကြီး၏ သမီးတော် အခြွေအရံဖြစ်ကြ၍ တရံသောအခါ ဂင်္ဂါမြစ်၌ ရေကစားရာမှ ချမ်း၍တက်ကြလတ်သော် နိရောဓသမာပတ် ဝင်စား၍နေသော ရှင်ပစ္စေကဗုဒ္ဓါ၏ ကျောင်းရှိသော တောအုပ်ကို မီးတိုက်ကြ၏။ ကျောင်းနှင့်တကွ မီးလောင်လေ၍ ရွှေတုံးကဲ့သို့နေသော ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို မြင်လျှင် “ငါတို့အရှင်မင်းကြီး၏ ဆရာပေတကား၊ မင်းကြီးကြားသိလျှင် ငါတို့အား ရာဇဝတ်ပေးလတ္တံ့”ဟု ထိတ်လန့်ကြသဖြင့် ပစ္စေကဗုဒ္ဓါအား သေစိမ့်သောငှါ ထပ်မံကာ မီးတိုက်ပြန်၏။ ထိုအရှင်မြတ်ကား သမာပတ်၏ အာနုဘော်ကြောင့် ကိုယ်တော်၌ အန္တရာယ်မရှိချေ။ ဤသို့ ပြုခဲ့ဖူးသော မကောင်းမှုကံကြောင့် ငရဲ၌ခံပြီးမှ ကြွင်းကျန်သော အကျိုးဆက်အားဖြင့် တပြိုင်နက် မီးတိုက်ခံရလေသတည်း။

ထို့နောက် ဇေတဝန်ကျောင်းတော်သို့ရောက်၍ တပည့်တို့အား အရာထားတော်မူသောအခါ သာမာဝတီကို မေတ္တာဝိဟာရီ ဧတဒဂ်အရာ၌, ခုဇ္ဇုတ္တရာကို ဗဟုဿုတ ဧတဒဂ်အရာ၌ ထား၍ မြှောက်စားတော်မူသည်။ ဤဥတ္တရာကား သာဝိကာမ တဦးပင်တည်း။

၆၈။ မြတ်စွာဘုရား ပါလိလေယျကတောသို့ တပါးတည်း ကြွတော်မူခြင်း

ဘုရားသခင်လည်း သဌေးကြီးသုံးယောက်တို့ ဆောက်လှူအပ်သော ကျောင်းကြီးသုံးရပ်၌ နဝမဝါကပ်တော်မူ၍ ဝါပြည့်သောအခါလည်း ထိုကျောင်းတို့မှာပင် လှည့်လည်ကာ စံပယ်တော်မူ၏။

ရဟန်း ၂-ပက္ခကွဲပုံ

ထိုအခါ ဃောသိတာရုံ ကျောင်းအာရာမ်တွင်း၌ သင်းပင်းငါးရာစီရသော ဝိနယဓရထေရ် တဦး, ဓမ္မကထိကထေရ် တဦးအားဖြင့် နှစ်ပါးသော မထေရ်တို့သည် ရှိကုန်၏။ ဝိနယဓရထေရ်ကား သုတ်,အဘိဓမ္မာကို သင့်ရုံသာ လေ့လာ၍ ဝိနည်းဒေသနာကို အဋ္ဌကထာနှင့်တကွ ဆောင်၏။ ဓမ္မကထိကထေရ်ကား ဝိနည်းကို သင့်ရုံသာ လေ့လာ၍ သုတ်,အဘိဓမ္မာကို အဋ္ဌကထာနှင့်တကွဆောင်၏။

တရံသောကာလ ဓမ္မကထိကထေရ်သည် ဝစ္စကုဋိသို့ တက်လတ်သော် သန့်သက်ခွက်၌ ရေကြွင်းထား၍ ဆင်းခဲ့၏။ ထို့နောက် ဝိနယဓရထေရ်တက်၍ သန့်သက်ကြွင်းကို မြင်သဖြင့် ပြင်သို့ထွက်လာသော ဓမ္မကထိကထေရ်ကို ခေါ်၍ “ငါ့ရှင်.. သင်-အဘယ့်ကြောင့် သန့်သက်ခွက်၌ ရေကြွင်းထားခဲ့သနည်း၊ အာပတ်သင့်သည်ကို မသိသလော”ဟု မေး၏။ ဓမ္မကထိကလည်း “ကျွန်ုပ် သိပါ၏၊ သတိလျော့၍သာ ရှိရစ်ပါသည်”ဟု ဆိုသော် “ထိုသို့ဖြစ်လျှင် သင်-အနာပတ္တိပေတည်း”ဟု ဆို၏။ ဓမ္မကထိကလည်း “ငါ့အား အာပတ်မသင့်”ဟု အယူရှိ၏။

ထို့နောက် ဝိနယဓရထေရ်သည် မိမိတပည့်များနှင့် စကားစပ်မိရာတွင် “ဆရာဓမ္မကထိကကား ဒါယကာတို့အား တရားဟောဖို့ကိုသာ လေ့လာသည်။ သိက္ခာပုဒ်၌ အာပတ်သင့်သည်,

(စာမျက်နှာ-၃၆၁)

မသင့်သည်ကိုမျှ မသိ”ဟု ပြော၏။ ထိုပုဂ္ဂိုလ်၏ တပည့်တို့က ဓမ္မကထိက၏ တပည့်တို့ကိုမြင်လျှင် “သင်တို့ဆရာသည် ကျင့်ဝတ်သိက္ခာပုဒ်၌ အာပတ်ကိုမျှ မသိ” စသည်ဖြင့် နှိပ်၍ဆိုကြ၏။

ဓမ္မကထိက၏ တပည့်တို့လည်း မိမိတို့၏ဆရာကို ပြောဆိုလျှင် “ဝိနည်းဓိုရ်ကား ရှေးအခါ အာပတ်မသင့်ဟု ဆိုပြီးလျက် ယခုအခါ အာပတ်ရှိသည်ဟု ဆိုပြန်သည်၊ မလိုတိုင်းအပြစ်ရှာသော မုသာဝါဒီ အလဇ္ဇီ သူယုတ်တည်း၊ ထိုပုဂ္ဂိုလ်တို့နှင့် မပေါင်းလင့်”ဟု ဆင့်ဆို၏။ ထိုစကားကို တပည့်များ ကြားပြန်လျှင် ခိုက်ရန်ငြင်းခုန်ခြင်း ပွားစီးကြ၏။

ထိုအခါ ဝိနယဓရကလည်း သဟဓမ္မိကဖြစ်သော သံဃာတို့ကိုရုံးစု၍ ဓမ္မကထိကအား အာပတ္တိအဒဿနနှင့် ဥက္ခိတ္တကကံကိုထား၏။ ဓမ္မကထိကကလည်း အဓမ္မဝါဒီ အလဇ္ဇီတို့ထားသော အဓမ္မကံကို ဆံခြမ်းမျှ မဖြုန်ဟု တပုံတစုသော သံဃာဖြင့် ခြားနား၍နေ၏။

လူနတ်ဗြဟ္မာတို့ ကွဲပြီ

ထိုအခါ ထိုသံဃာတို့၏ ပစ္စယဒါယကာတို့လည်း သူ့ဆရာ, ငါ့ဆရာ မှတ်သား၍ ကွဲပြားကြ၏။ ဩဝါဒခံသော ဘိက္ခုနီမတို့လည်း နှစ်စုကွဲ၏။ လူတို့ကိုစောင့်သော ကိုယ်စောင့်နတ်တို့သည်လည်းကောင်း, ထိုနတ်တို့၏ မိတ်ဆွေဖြစ်သော ဘုမ္မစိုး ရုက္ခစိုးနတ်တို့သည်လည်းကောင်း, ထို၏ မိတ်ဆွေဖြစ်သော အာကာသစိုးနတ် စတုမဟာရာဇ်နတ်တို့သည်လည်းကောင်း လူမှစ၍ ဗြဟ္မာ့ပြည်တိုင်အောင် ပုထုဇဉ်ဖြစ်သော လူနတ်ဗြဟ္မာ ဟူသမျှတို့သည် နှစ်ကွဲနှစ်ဝါဒ ရှိကြကုန်လျက် အုတ်အုတ်ကျက်ကျက်သော ငြင်းခုံခြင်းတို့သည် ဖြစ်ကုန်၏။

ထိုမထေရ်နှစ်ပါးတို့၏ တပည့်သံဃာတော်တို့လည်း ဆွမ်းခံရာ ဆွမ်းစားရာ သုသာန်ရှုရာ ရွာတွင်းရွာပ ဟူသမျှ၌ တွေကြုံကြလတ်သော် မလျောက်ပတ်သော စကားတို့ဖြင့် တဦးအားတဦး အပြစ်မူလျက် ငြူစူခြင်း, မောင်းမဲခြင်းစသော ခိုက်ရန်ကို ပြု၏။

မြတ်စွာဘုရား တရားဟော၍ စေ့စပ်စေပုံ

ထိုအခါ မြတ်စွာဘုရားလည်း တပည့်သံဃာတို့ ကွဲပြားကြောင်းကိုကြား၍ သံဃာတို့အား စည်းဝေးစေပြီးသော် “ချစ်သားတို့... သင်တို့သည် တဦးသည် တဦးအား ငြိုးရန်ရှာခြင်းကို မပြုကုန်လင့်၊ သင့်တင့်ညီညွတ်စွာ ကမ္မာကမ္မ ဟူသမျှ၌ တဝတည်း ဖြစ်ကြစေလော့၊ သေခြင်း၏ကင်းရာ အမြိုက်နိဗ္ဗန်ကိုရှာလျှင် ငါ၏သာသနာဝယ် မေတ္တာနှင့်သာ နေကုန်လော့”ဟု ဆုံးမတော်မူ၏။

ထိုအခါ အဓမ္မဝါဒီ တဦးက “အရှင်ဘုရား.. ငံ့လင့်တော်မူဦးလော့၊ ကိုယ်တော်မြတ်သည် အရဟတ္တဖိုလ်ချမ်းသာကိုသာ ခံစားကာ နေတော်မူပါ၊ ခိုက်ရန်ဖြစ်ဖို့အရာမှာ ကျွန်ုပ်တို့တာဝန် ရှိပါစေ”ဟု လျှောက်၏။ ဘုရားသခင်လည်း သုံးကြိမ်တိုင်တိုင်ပင် အကျိုးအပြစ်တင်ပြ၍ ဆုံးမတော်မူသော်လည်း မလိုက်နာ၊ ငြင်းဆန်၍သာနေကုန်သော သံဃာတို့ကိုခေါ်၍ မိန့်တော်မူသည်မှာ “ချစ်သားရဟန်းတို့.. ခိုက်ရန်ပြုခြင်း မည်သည်ကား ကောင်းကျိုးစီးပွားမရှိ၊ မိမိ၏လည်းကောင်း သူတပါး၏လည်းကောင်း ဘုန်းကျက်သရေ ခြွေရွေချမ်းသာ ဆုတ်ယုတ်ကြောင်းသာလျှင် ဖြစ်၏။

(စာမျက်နှာ-၃၆၂)

လဋုကိကဇာတ်

ရှေးသောအခါ ငယ်စွာသော နှံစုတ်ငှက်ကိုဖက်၍ ရန်ဆောင်သဖြင့် ဆင်ပြောင်စင်လျက် အသက်ဆုံးရဘူးလေပြီ၊ ငြင်းခုံခိုက်ရန်ကို မရှောင်၍ တထောင်မျှသော ငုံးတို့သည် ပျက်ပြုန်း သေကြေကြဘူးပြီ၊ ဤသို့ စသည်ဖြင့် လဋုကိကဇာတ်, ဝဋ္ဋဇာတ်တို့ကို ဟောတော်မူ၏။

ယင်းသို့ ဟောပြ၍ ဆုံးမငြားသော်လည်း “ဘုရားကိုယ်တော်မြတ်သည် ကြောင့်ကြမဲ့သာ နေတော်မူပါ၊ ခိုက်ရန်မှာ ကျွန်ုပ်တို့တာဝန်ပါတည်း”ဟု သံဃာတို့ လျှောက်ကြပြန်လျှင် ဘုရားသခင်လည်း-

ဒီဃာဝု ကုမာရဇာတ်

“သင်ချစ်သားတို့.. နားထောင်ဦးလော့၊ ရှေးသောအခါ ဗာရာဏသီပြည်ကို အစိုးရသော ဗြဟ္မဒတ်မင်းသည် ကောသလတိုင်းကို အစိုးရသော ဒီဃီတိမင်းအား စစ်ထိုးလေသော် ကောသလမင်းသည် ဆင်မြင်းဗိုလ်ပါ အားနည်းရကား ဆီးကာတိုက်လှန်၍ မခံမရပ်နိုင်သဖြင့် နိုင်ငံထီးနန်းကို စွန့်ပြီးလျှင် မင်းကြီးနှင့် မိဖုရားသည် မထင်မရှားသော အသွင်ဖြင့် ပြေးခဲ့၍ ပရိဗိုဇ်တို့၏အဝတ်ကို ဝတ်ပြီးလျှင် ဗာရာဏသီပြည်စွန်းဖြစ်သော အိုးထိန်းသည်တို့ထံ၌ နေလေ၏။

ထိုဗာရာဏသီမင်းလည်း ကောသလတိုင်း၌ သိမ်းယူထိုက်သမျှသော ဆင်မြင်းဥစ္စာကို သိမ်းယူပြီးလျှင် စီးနင်းအုပ်ချုပ်အံ့သောသူကို ထား၍ မိမိပြည်သို့ ပြန်လာ၏။ တရံသောကာလ ဒီဃီတိကောသလမင်း၏ မိဖုရားဝမ်းဝယ် သားငယ်ရှိလေလျှင် အင်္ဂါလေးပါးရှိသော စစ်သည်အပေါင်းကို ရှုလိုခြင်း, သန်လျက်ဆေးရေကို သောက်လိုခြင်း တည်းဟူသော ချင်ခြင်းနှစ်ပါးသည် ဖြစ်၏။

ထိုအကြေင်းကို လင်ဖြစ်သော ကောသလမင်းကြီးအား ကြားပေသော် မင်းကလည်း “ရှင်မိဖုရား... ဆင်းရဲနွမ်းပါးသောအခါဝယ် ဘယ်မှာ ရချေနိုင်အံ့နည်း”ဟု ဆို၏။ ထိုမိဖုရားကလည်း “ဤချင်ခြင်းတို့မျှ မရမူ ကျွန်ုပ်သေရအံ့သည်”ဟု လျှောက်သော် မင်းကလည်း “ငါ-ကြံဦးအံ့”ဟု ဆို၍ ရှေးက အဆွေဖြစ်ကြဘူးသော ဗာရာဏသီမင်း၏ ပုရောဟိတ်ကို ဆိတ်ဆိတ်ခေါ်ပြီးလျှင် ထိုချင်ခြင်းရှိသော အကြောင်းကိုကြား၏။ ပုဏ္ဏားလည်း “မိဖုရားကို မြင်လိုပါသည်”ဆို၍ ထိုမိဖုရားကိုပြလျှင် ညွတ်ခဦးတိုက်လျက် “ဤဝမ်း၌ကိန်းသော သူငယ်ကား ဘုန်းပညာကြီးမား၍ ဘိုးဘွားမိဘတို့ ရိုက်ရာဖြစ်သော ကောသလနိုင်ငံကို ဧကန် မင်းပြုအံ့သော သူပေတည်း၊ ရှင်မိဖုရား၏ဆန္ဒကို ကျွန်ုပ်ပြည့်ဝစေအံ့”ဟု ဝန်ခံ၍ ပြန်ခဲ့ပြီးသော် ဗာရာဏသီမင်း၏ အထံသို့ကပ်၍ “အရှင်မင်းမြတ်၏ စစ်သည်တို့ကို မမေ့လျော့လင့်၊ ရန်သူက ကြောက်ငြင်စိမ့်သောငှါ ဗိုလ်ပါတို့ကို စစ်ရေးကျင့်စေရမည်။ လက်နက်တို့ကို ထက်စွာသွေး၍ ဂင်္ဂါမြစ်၌ ဆေးစေရမည်”ဟု လျှောက်၏။ မင်းကြီးကလည်း “ဆရာပင် စီရင်လော့”ဟု ခွင့်ပေး၏။

(စာမျက်နှာ-၃၆၃)

ထိုအခါ ပုရောဟိတ်လည်း စစ်သည်တို့ကို တန်ဆာဆင်၍ မြို့ပြင်မြို့တွင်း၌ ခင်းကျင်းလှည့်လည်စေလျက် သန်လျက်တို့ကို ဆေးစေ၏။ ကောသလမင်း၏ မိဖုရားလည်း ထိုစစ်သည်တို့ကို ရှုလျက် သန်လျက်ဆေးရည်ကိုသောက်မှ ချင်ခြင်းငြိမ်းသတည်း။

ဆယ်လစေ့၍ ဖွားလာသောအခါ ဘုန်းပညာနှင့် ရှည်စွာပြည့်စုံလတ္တံ့ဖြစ်၍ ဒီဃာဝုဟူသော အမည်ကိုမှည့်၍ ထိုမင်းသား အရွယ်သို့ရောက်သောကာလ ဖခင်မင်းကြီးသည် ဤသို့ကြံ၏။ ဤဗရာဏသီမင်းသည် အပြစ်မရှိပဲ ငါတို့စည်းစိမ်ချမ်းသာကို လုယူဖျက်ဆီးဘိသည်၊ ဤပြည်၌ ငါတို့နေကြောင်းကိုသိက မချွတ်သတ်လတ္တံ့၊ ထို့ကြောင့် သားနှင့်ငါ အတူနေခြင်းငှါ မသင့်”ဟု ကြံ၍ မြို့ပြင်ဖြစ်သော ဆရာ့ထံ၌ နေစေ၏။

တနေ့သ၌ ကောသလမင်း၏ ဆတ္တာသည်လည်း ဗြဟ္မဒတ်မင်းအား ခစားသောအခါ “ဤဗာရာဏသီပြည်တွင် ပရိဗိုဇ်အသွင်ဖြင့် ကောသလမင်း နေလာကြောင်းကို ပြောလျှင် ရုတ်ခြင်းခေါ်ငင်၍ သုတ်သင်လေ”ဟု သူသတ်တို့ကို စေ၏။ သူသတ်တို့လည်း မင်းမိဖုရားနှစ်ဦးကို ကြိုးတို့ဖြင့် နှောင်ဖွဲ့ပြီးလျှင် ခရီးတကြောင်းမှသည် တကြောင်းသို့ကူး၍ အဆူးရှိသော ကြိမ်တို့ဖြင့် ဒဏ်ခတ်လျက် သုသာန်အရပ်သို့ ဆောင်လေ၏။

ထိုအခါ ဒီဃာဝုသတို့သားသည် မိဘတို့အား ဖူးမြင်ခြင်းငှါ မြို့သို့လာသည်နှင့် ရာဇဝတ်ခံရသော မိဘတို့အဖြစ်ကိုမြင်လျှင် ပူပင်ခြင်း အလွန်ရှိသော်လည်း သူသိမည်စိုးရိမ်ကာ ဣန္ဒြေမဖောက်မပြားပဲ အပါးကသာ လိုက်၏။ ယင်းသို့ လိုက်လာသော ဒီဃာဝုသတို့သားကို မြင်လျှင် ဖခင် ကောသလမင်းစောသည်လည်း ဩဝါဒပေးခြင်းငှာ-

ပဿ ခေါ တွံ တာတ ဒီဃာဝု၊ ဒီဃံ ပဿ မာ ရဿံ။
န ဟိ တာတ ဒီဃာဝု၊ ဝေရေန ဝေရာ သမ္မန္တိ။
အဝေရေန ဟိ တာတ ဒီဃာဝု ဝေရာ သမ္မန္တိ-

ဟူသော ပါဌ်ကို ဆို၏။

အဓိပ္ပါယ်ကား-ချစ်သားဒီဃာဝု... အရှည်ကိုသာ ရှုလော့၊ အတိုကို မရှုလင့်၊ ဤလူ့ဘောင်၌ ရန်ထောင်တတ်သော ရန်သူကို ရန်တုံ့မူသဖြင့် ငြိမ်းခြင်းသဘော မရှိချေ၊ မေတ္တာဝေမှသာလျှင် ရန်ငြိမ်းရာသော သဘောတည်း-ဟူလိုသည်။

ထိုစကားကို အာဏာသားတို့ကြားလျှင် “ကောသလမင်းသည် သေခြင်းနီးသောကြောင့် ရူးသလော”ဟု ဆိုကြ၏။ ထိုမင်းကလည်း “ငါမရူးပါ။ ပညာရှိတို့ သိစိမ့်သောငှါ ဆိုပါသည်”ဟု ပြန်ပြောလေ၏။ ဤသို့ အကြိမ်ကြိမ် ဆိုမှာစဉ် သတ်ရာသုသာန်သို့ရောက်၍ မင်းမိဖုရား နှစ်ယောက်ကိုပင် လေးပိုင်းဖြတ်ပြီးလျှင် အစောင့်အကြပ်ထားပြီးမှ လူများတို့ ပြန်လာ၏။ ဒီဃာဝု သတို့သားသည်လည်း အစောင့်ထားသော သူတို့ကို သေရည်တိုက်၍ မေ့လျော့စေပြီးမှ မိဘတို့အလောင်းကို သင်္ဂြိုဟ်၏။

ကိစ္စပြီးစီးသော် ဗြဟ္မဒတ်မင်းကြီးအား ရန်တုံ့ပြုခြင်းငှါ မြို့တွင်းသို့လာ၍ ဆင်ထိန်းထံမှာ နေ၏။ ညဉ့်အခါ သာယာသောအသံဖြင့် သီချင်းသီ၍ စောင်းကိုတီး၏။

(စာမျက်နှာ-၃၆၄)

မင်းကြီးလည်း စောင်းသံကိုကြားသဖြင့် ဆင်ထိန်းအား မေးစစ်ပြီးသော် ဒီဃာဝုကိုခေါ်၍ အပါးတော်တွင် ခစားစေ၏။ သတို့သားလည်း မင်းခွင့်စိုးရာ၌ လိမ္မာကျေပွန်လှသဖြင့် မမြင့်မီပင် မင်းကျွမ်းဝင်သော သူယုံသူကောင်း ဖြစ်၏။

တရံသောအခါ ဗာရာဏသီမင်းသည် တောကစားခြင်းငှာ ဒီဃာဝုကို တိုင်ပင်၍ ရထား, မြင်း,ဆင် စီရင်စေ၏၊ သတို့သားလည်း ရထားကို ပြင်ဆင်ပြီးလျှင် မင်းကြီးအားတင်၍ အကြင်ခရီးဖြင့်သွားသော် မင်းချင်းအများတို့ မလိုက်နိုင်ရာ၊ ထိုခရီးဖြင့်သာ နှင်လေ၍ ဝေးမြေတောအုပ်သို့ ရောက်၏။ မင်းကြီးလည်း အလွန်မောပန်းရကား “ချစ်သားဒီဃာဝု.. ရထားကို ရပ်ဦးလော့၊ အပန်းပြေရုံမျှ ငါ အိပ်ပါရစေ”ဆို၍ ထိုဒီဃာဝု၏ ရင်ခွင်ထက်၌ အိပ်စက်လေ၏။

ထိုအခါ ဒီဃာဝု သတို့သားလည်း ဤသို့ကြံ၏။ “ဤမင်းကား ငါတို့၏ တိုင်းနိုင်ငံနှင့်တကွ စည်းစိမ်ချမ်းသာကို လုယက်ဖျက်ဆီးရုံမက ငါ့အမိ ငါ့အဖတို့ကိုသတ်၍ မရေမတွက်အပ်သော အပြစ်ကိုပြု၏။ ယခု ငါ့အလှည့် ကြုံပြီ၊ ဤမင်းကိုသတ်၍ တိုင်းရပ်ထီးနန်းကို ယူတော့အံ့”ဟု ကြံ၍ သန်လျက်ကို အအိမ်မှနုတ်၍ ခုတ်အံ့ဟုရွယ်စဉ် ဆင်ခြင်ပြန်သည်ကား “ငါ့ဘ,မင်းဖျားသည် “ချစ်သား ဒီဃာဝု.. အရှည်ကိုရှုလော့၊ အတိုကို မရှုလင့်၊ သူပြုသောရန်ကို တုံ့ပြန်၍ပြုသဖြင့် ရန်မငြိမ်းနိုင်ရာ”ဟု မှာခဲ့သောစကား ရှိချေသည်။ အကယ်၍ ဤမင်းကို ငါသတ်မူ မွေးဘမြတ်အာဏာကို ကျော်နင်းရာရောက်ချိမ့်မည်”ဟု ကြံ၍ သန်လျက်ကို အအိမ်သို့ သွင်းပြန်၏။

ဤသို့သောနည်းဖြင့် သုံးကြိမ်တိုင်တိုင် စွဲကိုင်သော သန်လျက်ကို အအိမ်မှထုတ်တုံ, စွပ်တုံပြုစဉ် ဗြဟ္မဒတ်မင်းသည် ချက်ခြင်း အိပ်ရာမှလန့်၍ ထ၏။ ဒီဃာဝုက “အရှင်မင်းကြီး... အဘယ့်ကြောင့် ထသနည်း”ဟု မေးသော် “ငါ၏ ရန်သူဖြစ်သော ကောသလမင်းကြီး၏သားသည် ငါ့အား သတ်ခြင်းငှါ သန်လျက်ချီကာ လာသည်ဟု ငါ အိပ်မက်မြင်သောကြောင့် ထသတည်း”ဟု ဆို၏။

ထိုအခါ ဒီဃာဝုက ထတည့်ပြီးလျှင် မင်းကြီး၏ဦးခေါင်းကို လက်တဖက်ဖြင့်နှိမ်လျက် လက်တဖက်ဖြင့် သန်လျက်ကိုချီ၍ “ဒီဃီတိ ကောသလမင်း၏ သားဖြစ်သော ဒီဃာဝုဟူသည် ငါမဟုတ်လော၊ သင်မင်းကြီးသည် ငါတို့၏ ထီးနန်းတိုင်းပြည်ကို လုယက်ရုံသာမက ငါ့မိ,ငါ့ဖအသက်ကို နှိပ်စက်သတ်ညှစ်ဘိသည်။ ထိုအပြစ်ကို စင်စစ်ခံရစေမည်”ဟု ခြိမ်း၏။ မင်းလည်း အလွန်ကြောက်လန့်ရကား “ချစ်သားဒီဃာဝု.. ငါပြုမိသောအပြစ်ကို သည်းခံလျက် ငါ့အသက်ကို ပေးပါ”ဟု တောင်း၏။

ဒီဃာဝုလည်း “သင်မင်းကြီးအား မသတ်ပဲထားက ငါ့အား သင်သတ်ချေတော့မည်။ သတ္တဝါတို့ဓမ္မတာလည်း သူ့အသက်ထက် ကိုယ့်အသက်ကို စုံမက်ရမြဲ ဖြစ်သည်။ ထို့ကြောင့် သင်မင်းကြီးအား မထားသာပြီ”ဟု ဆိုသော် ထိုမင်းကြီးကလည်း “ချစ်သားဒီဃာဝု.. ငါပြုသောကံ ငါသို့ပြန်၍ မျက်မာန်သင်၌ မဝင်ထိုက်ပေ၊ အသေမသတ် ငါ့ကိုလွှတ်မူ ပြည်ရပ်တိုင်းခန်း နန်းပါထီးပါ ငါပေးပါအံ့။ တသက်လျာတွင် သက်သခင်ဟု ထင်ပါအံ့”ဆို၍ သစ္စာပြု၏။

(စာမျက်နှာ-၃၆၅)

ဒီဃာဝုကလည်း သန်လျက်ကိုချ၍ မိမိကြံသမျှ အလုံးစုံကို ပြန်ပြောလျက် အသက်လွတ်ခွင့်ကို ပေး၏။ ဤသို့ သစ္စာထားပြီးမှ ပြန်ခဲ့ကြ၍ မိမိနန်းတော်သို့ ရောက်သော် သမီးတော်နှင့် ထိမ်မြား၍ ဘိုးဘရိုက်ရာဖြစ်သော ကောသလတိုင်းကို မင်းမူစေ၏။

“ချစ်သားရဟန်းတို့.. ဤသို့လျှင် ရှေးပညာရှိတို့သည် မိဖကိုသတ်၍ တိုင်းရပ်ထီးနန်းကို သိမ်းမြန်းလုယက်သော သူကိုစင်လျက် ရန်ဖက်မပြန် သည်းခံကုန်သေး၏။ သင်တို့မူကား အမြိုက်တရားကို ရှာခြင်းငှါ ငါ၏သာသနာသို့ ဝင်ကြလျက် အနည်းငယ်သော ကိစ္စဖြင့် ကလဟ,ဝိဝါဒပွား၍ အဘယ့်ကြောင့် သံဃာကွဲပြားစေဘိသနည်း၊ အမျက်ကင်းသော ငါဘုရား၏သာသနာ၌ မေတ္တာဝိဟာရဖြင့်သာ ညီညွတ်စွာ ဖြစ်စေကုန်လော့”ဟု မိန့်တော်မူ၏။

ပလလည်းတောသို့ ကြွတော်မူပြီ

ယင်းသို့ ဆုံးမသော်လည်း “ကိုယ်တော်မြတ်မှာ ငြိမ်သက်စွာ စံတော်မူပါ၊ အဓိကရုဏ်းမှာ တပည့်တော်တို့ တာဝန်တည်း”ဟု သံဃာတို့က နားတော်လျှောက်ပြန်လျှင် ဘုရားသခင်လည်း “ဤသံဃာတို့ကား ငါ့စကားကိုမျှ မလိုက်နာချေပြီ၊ ဤသူတို့နှင့် ယှဉ်တွဲလျက် ဆင်းရဲနေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ငါတပါးတည်းသာ နေအံ့”ဟု ကြံ၍ ခြွေရံသံဃာတို့အား မပန်ကြားပဲ ဆွမ်းခံသွားရာမှသာ ထွက်ခွါတော်မူခဲ့၍ ကောသမ္ဗီပြည်မှ ခုနစ်ယူဇနာခန့်ကွာသော ပါလိလေယျကရွာသို့ ရောက်တော်မူ၏။

ထိုရွာကို မှီ၍နေသော ဘဂုထေရ်အား ဧကစာရိယ ဝတ်တရားကို ဟောကြားပြီးသော် ပါစီနဝံသမည်သော မိဂဒါဝုန်တောခွင်ဝယ် ချစ်ခင်ညီညွတ်စွာနေသော ရဟန်းသုံးဦးတို့အား သမဂ္ဂသံဝါသ၏ အကျိုးတရားကို ဟောကြားပြီးမှ ပါလိလေယျက တောအုပ်သို့ဝင်၍ အင်ကြင်းပင်ကြီးရင်း၌ သီတင်းသုံး နေတော်မူ၏။

ပလလည်းဆင်မင်း ဆည်းကပ်ပုံ

ဤတောအုပ်၌နေသော “ပါလိလေယျက”မည်သော ဆင်ပြောင်တစီးသည် “ငယ်ငယ်ကြီးကြီးသော ဆင်မ,ဆင်ရွေတို့ဖြင့် ရောပြွမ်း၍ နေရခြင်းကား ဆင်းရဲလှ၏၊ အဖျားပြတ်ပြီးသောမြက်, ကျိုးပြီးသော သစ်ခက်တို့ကိုသာ စားရ၏၊ ဆင်ငယ်တို့ မွှေနှောက်၍ နောက်ကျုသော ရေကိုသာ သောက်ရ၏။ ထို့ကြောင့် ငါတစီးတည်းသာ နေအံ့”ဟု ရံရွေမှ ခွဲ၍လာသဖြင့် တင့်တယ်စွာ နေတော်မူသော ဘုရားသခင်ကို မြင်လျှင် “ဤအရှင်ကား တပါးတည်း နေထိုင်သောသူ မဟုတ်ပဲလျက် တပါးတည်းနေခြင်းသည် ငါကဲ့သို့ အပေါင်းအဖော်နှင့် မမွေ့လျော်ပဲ ခွဲ၍လာသည် ဖြစ်လတ္တံ့”ဟု ကြံ၍ ဘုရားရှင်ထံ ကပ်ပြီးလျှင် ခြေတော်ကို ဦးဖြင့်တိုက်၏။

ဘုရားသခင်လည်း“ အချင်းပါလိလေယျက... သင်ကား ငါနှင့်အလားတူစွာ အပေါင်းအဖော်နှင့် နေခြင်းမည်သည်ကား များသော ဆင်းရဲခြင်းရှိ၏၊ မိမိ၏ချမ်းသာကို ရှာလိုသော သတ္တဝါသည် လိမ္မာနူးညံ့သော ခင်ပွန်းကောင်းကိုမရမူ တယောက်တည်းသာ နေရာ၏” ဤသို့စသော တရားကို ဟောကြားတော်မူလျှင် ဆင်လည်း အတိုင်းထက်အလွန်ပင် ချစ်ခင်ကြည်ညိုခြင်းဖြစ်၏၊

(စာမျက်နှာ-၃၆၆)

ထိုနေ့မှစ၍ တနေ့မပြတ် မြတ်စွာဘုရားအား သုံးရေ သောက်ရေတည်ခြင်း, ပန်းမွေ့ရာခင်းခြင်း, ပန်းဟောင်းကို နှာမောင်းဖြင့် တံမြက်လှည်းခြင်း, သစ်ခက်ခြောက်တို့ကို မီးပွတ်၍ပုံခြင်း, ဆွမ်းခံကြွသော် ကိုယ်တော်၏နောက်မှ ပရိက္ခရာကို နှာမောင်းဖြင့်ဆောင်၍ ရွာဝတိုင်အောင် လိုက်ခြင်း, ရွာမှထွက်ခါ ပရိက္ခရာကို လှမ်းယူခြင်းစသော အာဘိသမာစာရိက ဝတ်တို့ကို တနေ့မချွတ် ပြု၏၊ ညဉ့်၌ ဘုရားသခင် ကျိန်းစက်တော်မူသောအခါ ကြီးစွာသော တုတ်လှင်ကန်ကို နှာမောင်းဖြင့်ကိုင်လျက် စိုင်,ပြောင်,ကြံ့,ဆင်, သမင်,သစ်,ကျားတို့ကို မြစ်တားခြင်းငှါ တောအုပ်ကို လှည့်လည်ကာနေ၏၊ အရုဏ်တက်သောကာလ မျက်သစ်တံပူ ကပ်ခြင်းစသော ဝတ်တို့ကို ပြု၏။

မျောက်ငယ် ဒါနပြုပုံ

ဤသို့ ဆင်မင်းပြုသည်ကို တခုသော မျောက်ငယ်မြင်လျှင် “ဤဆင်သည် ငါကဲ့သို့ တောတိရစ္ဆာန်ဖြစ်လျက် နှစ်သက်ရိုသေစွာ မြတ်စွာဘုရားအား လုပ်ကျွေးပေသည်၊ ငါလည်း ကောင်းမှုပြုအံ့”ဟု ကြံ၍ ပျားများပျံပြီးသော ပျားအုံကိုယူ၍ ကိုယ်တော်မြတ်အား ကပ်လှူ၏။ ဘုရား ဘုဉ်းပေးအံ့လော မဘုဉ်းပေးအံ့လောဟု တွေးတော၍ ကြည့်နေစဉ် ဘုရားဘုဉ်းပေးသည်ကို မြင်လျှင် ရွှင်လန်းလှသော စိတ်ဖြစ်၍ သစ်ပင်တခုသို့တက်ပြီးမှ သစ်ခက်ဖျား၌ မြူးစားကခုန်လေသော် နင်းသောသစ်ခက် ကိုင်သောသစ်ခက်တို့သည် ကျိုး၍ ရှားငုတ်ထက်ကျသဖြင့် ထိုခဏ၌ ကံကုန်လေ၏၊ ထိုပျားအုံလှူသော ကုသိုလ်စေတနာကြောင့် တာဝတိံသာ နတ်ပြည်ဝယ် ယူဇနာသုံးဆယ်ရှိသော ဗိမာန်၌ အရံနတ်သမီးတထောင်ရှိသော နတ်သားအဖြစ်သို့ ရောက်လေ၏။

ဤသို့အားဖြင့် ဘုရားသခင်သည် ဆင်မင်း၏ အလုပ်အကျွေးကိုခံလျက် ထိုတောယံ၌ ဝါကပ်တော်မူသော အခြင်းအရာကို ဇမ္ဗူဒီပါတကျွန်းလုံးပင် ထင်ရှားလေသတည်း။

ဒါယကာတို့ သပိတ်မှောက်ကြခြင်း

ကောသမ္ဗီပြည်၌ ရှိရစ်ကြသော ကလဟ,ဝိဝါဒ ရဟန်းတို့သည်လည်း ဘုရားကြွ၍ တလလွန်သောအခါ ဒါယကာတို့သည် ဤသို့တိုင်ပင်ကုန်၏။ “ဤရဟန်တို့ကား ဘုရားသာသနာဝင်လျက် ဘုရားရှင်ဆုံးမသည်ကို မလိုက်နာ၊ မာနထောင်လွှား ဒေါသများလျက် တဦးအားတဦး နှိပ်နင်းခြင်းကိုသာ လုံ့လပြုကုန်သည်၊ ဂန္ထဓုရ, ဝိပဿနာဓုရ တည်းဟူသော ရဟန်းကိစ္စကို လုံ့လမပြုကုန်၊ ဤရဟန်းတို့ကြောင့်ပင် ဘုရားသခင်ကို ငါတို့မဖူးမြော်ရ၊ တောဌာနသို့ ကြွရှောင်လေသည်။ ယင်းသို့ ဆိုးသွမ်းသော ရဟန်းယုတ်တို့ကို လှူသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ထိုသူတို့အား ရှိခိုးခြင်း, ခရီးဦးကြိုဆိုခြင်း, နေရာခင်းခြင်း, ဆွမ်းကွမ်းကို လှူဒါန်းခြင်းကို မပြုကြကုန်လင့်”ဟု တိုင်ပင်၍ နေကြကုန်၏၊ အလှူခံလာသော် များစွာ ကဲ့ရဲ့လိုက်ကုန်၏။ ထိုရဟန်းတို့လည်း လှူဒါန်းရိုညွတ်သူ မရှိလျှင် သတိရကြ၍ “ငါတို့၏ အဓိကရုဏ်းကို ငြိမ်းစေကြအံ့”ဟု အချင်းချင်း တဦးထံ တဦးဝန်ချ၍ တညီတမျှတည်း ဖြစ်ကုန်၏။

ထိုသို့ သမဂ္ဂဖြစ်သော အခြင်းအရာကို ဒါယကာတို့အား ပြောကြားပါသော်လည်း ဒါယကာတို့က “ရှင်ပင်တို့.. ဘုရားသခင်ထံသွား၍ လျှောက်ကြကုန်၊ ဘုရားကြွလာမှ ရှေးအခါကဲ့သို့ အရှင်တို့ကို ပြုပေအံ့”ဟု ဆို၍နေ၏။

(စာမျက်နှာ-၃၆၇)

အရှင်အာနန္ဒာ ဘုရားပင့်ကြွပုံ

ရဟန်းတို့လည်း ဝါကျွတ်သောအခါ အရှင်အာနန္ဒာထံသို့ကပ်၍ အရပ်ရပ်ကို ဝန်ချပြီးသော် “ရှင်တော်ဘုရားကို သွား၍ပင့်ပါ”ဟု လျှောက်၏။ သာဝတ္ထိပြည်မှလည်း အနာထပိဏ်သဌေး, ဝိသာခါ အစရှိသော ဥပါသကာတို့သည် ဘုရားကိုပင့်စေခြင်းငှါ ရှင်အာနန္ဒာ၏အထံသို့ တမန်စေလွှတ်ကြ၏။ ရှင်အာနန္ဒာလည်း ငါးရာသော သင်္ဃာတော်အရံနှင့်တကွ ကြွလေ၍ နေတော်မူသော တောအုပ်အနီးသို့ ရောက်သောအခါ “တပါးတည်းသာ နေတော်မူသော ဘုရားရှင်ထံသို့ အရံသံဃာတော်နှင့်တကွ ကပ်ခြင်းသည် မသင့်”ဟု ကြံ၍ အခြံအရံ ရဟန်းတို့ကို သင့်ရာ၌ ထားပြီးသော် တပါးတည်းသာလျှင် မြတ်စွာဘုရားထံသို့ ဝင်လေ၏။

ဆင်မင်းလည်း အဝေးမှလာသော ရှင်အာနန္ဒာကိုမြင်လျှင် လှင်ကန်ကိုငင်၍ လျင်စွာ ပြေးသွား၏။ ဘုရားသခင်က “ဆင်မင်း.. သင်မတားမြစ်လင့်၊ ဤသူကား ငါဘုရား၏ အလုပ်အကျွေးပေတည်း”ဟု မိန့်တော်မူမှ လှင်ကန်ကိုချခဲ့၍ ခရီးဦးကြိုဆိုလျက် ပရိက္ခရာတို့ကို လှမ်းယူပြီးသော် ကိုယ်တော်၏အနီး၌ ထား၏။

ရှင်အာနန္ဒာလည်း မြတ်စွာဘုရားခြေတော်ကို ဦးတိုက်၍ ညွတ်ငိုက်ကာ နေလေသော် ရှင်တော်ဘုရားကလည်း “ချစ်သားအာနန္ဒာ.. သင်တပါးတည်းသာ လာသလော”ဟု မေး၏။ “အရှင်ဘုရား... ငါးရာသော ရဟန်းတို့နှင့်ပင် လာပါသည်၊ အလိုတော်ကို မသိသောကြောင့်သာလျှင် ဝေးရာ၌ ထားခဲ့ပါသတည်း”ဟု နားတော်လျှောက်လျှင် “ယင်းသို့တပြီးကား သင်၏အဖော်တို့ကို ခေါ်ချေလော့”ဟု မိန့်တော်မူ၍ ခေါ်ရလေ၏။

ခင်ပွန်းကောင်းမှ မွန်မြတ်ကြောင်း

သံဃာငါးရာတို့ရောက်လျှင် ဘုရားသခင်လည်း ကြည်လင်ဝမ်းသာ ပဋိသန္ဓာရစကားဖြင့် မိန့်ကြားဟောပြတော်မူ၏။ ထိုရဟန်းတို့ကလည်း “ဘုန်းတော်ကြီးလှသော တရားမင်းသည် အလွန်ချမ်းသာခြင်း၏ တည်ရာပုဂ္ဂိုလ်ဖြစ်လျက် မျက်သစ်တံပူ ကပ်အံ့သောသူမျှမပါ၊ ကိုယ်တော်တည်းသာ တဝါတွင်းလုံး သီတင်းသုံးတော်မူခြင်းသည် အလွန် ဆင်းရဲလတ္တံ့”ဟု လျှောက်တင်သော် ဘုရားသခင်ကလည်း “ချစ်သားတို့.. ငါတပါးတည်းသာ ဆင်းရဲစွာနေရသည် မဟုတ်၊ ဤပါလိလေယျက ဆင်မင်းသည် ခြေရင်းအလုပ်အကျွေးဖြစ်သော သာမဏေကဲ့သို့ ပြုဖွယ်ကိစ္စဟူသမျှကို နေ့ည၌ ဆောင်ရွက်လျက် ငြိမ်သက်စွာ နေရပေသတည်း၊ ဤသို့သော ခင်ပွန်းကောင်းကိုရမူ အဖော်နှင့် နေရခြင်းသည် လျှောက်ပတ်၏”ဟု မိန့်တော်မူပြီးမှ-

သစေ လဘေထ နိပက္ကံ သဟာယံ၊
သဒ္ဓိံ စရံ သာဓုဝိဟာရိံ ဓီရံ-

အစရှိသော သုံးဂါထာကို ဟောတော်မူ၏။

[အနက်ကား]ဘိက္ခဝေ၊ ရဟန်းတို့။ နိပက္ကံ၊ ရင့်သော ပညာရှိသော။ သဒ္ဓိံ စရံ၊ တကွကျင့်ဖော်ဖြစ်သော။ သာဓုဝိဟာရိံ၊ ကောင်းစွာနေလေ့ရှိသော။ ဓီရံ၊ တည်ကြည်သော။ သဟာယံ၊ ခင်ပွန်းကောင်းကို။ သစေ လဘေထ၊ အကယ်၍ ရသည်ဖြစ်အံ့၊ ဧဝံ၊ ဤသို့ ရသည်ရှိသော်။ တေန၊ ထိုခင်ပွန်းကောင်းနှင့်။ သဒ္ဓိံ၊ တကွ။ အတ္တမနော၊ နှစ်လိုဝမ်းသာ။

(စာမျက်နှာ-၃၆၈)

သဗ္ဗာနိ၊ အလုံးစုံကုန်သော။ ပရိဿယာနိ၊ အတွင်းအပဘေးရန်တို့ကို။ အဘိဘုယျ၊ နှိပ်စက်၍။ သတိမာ၊ သတိရှိသော ပုဂ္ဂိုလ်သည်။ စရေ၊ ကျင့်ရာ၏။

နိပက္ကံ၊ ရင့်သော ပညာရှိသော။ သဒ္ဓိံစရံ၊ တကွ ကျင့်ဖော်ဖြစ်သော။ သဟာယံ၊ ခင်ပွန်းကောင်းကို။ နော စေ လဘေထ၊ အကယ်၍ မရမူကား။ ရာဇာ၊ မင်းသည်။ ရဋ္ဌံ၊ တိုင်းကားဖြစ်သော။ ဝိဇိတံ၊ နိုင်ငံကို။ ပဟာယ၊ ပယ်၍။ ဧကော၊ တယောက်အထီးတည်း။ စရတိ ဣဝ၊ သွားလာသကဲ့သို့လည်းကောင်း။ အရညေ၊ တော၌။ မာတင်္ဂေါ၊ ဆင်ပြောင်ကြီးသည်။ ဧကော၊ တစီးတည်း။ စရတိ ဣဝ၊ သွားလာသကဲ့သို့လည်းကောင်း။ ဧကော၊ ဝဲယာရှေ့နောက် ဖော်မလှောက်ပဲ တယောက်တည်းသာလျှင်။ စရေ၊ ကျင့်ရာ၏။

ဧကံ စရိတံ၊ တယောက်တည်း နေခြင်းသည်။ သေယျော၊ မြတ်၏။ ဗာလေ၊ သူမိုက်၌။ သဟာယတာ၊ အဆွေခင်ပွန်း၏ အဖြစ်သည်။ နတ္ထိ၊ မြတ်သည်ဟူ၍ မရှိ။

ဤသို့သော တရားကို ဟောကြားတော်မူလျှင် ရဟန်းငါးရာတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။

ဆင်မင်းဝမ်းနည်းပြီး ကံကုန်ပုံ

ထိုအခါ အရှင်အာနန္ဒာလည်း အနာထပိဏ်သဌေးစသော ဥပါသကာတို့ လျှောက်မှာသော သတင်းစကားကို နားတော်ပန်တင်၍ “အရှင်မြတ် ကြွတော်မူပါ”ဟု လျှောက်၏။ ဘုရားသခင်လည်း “ယင်းသို့တပြီးကား ချစ်သားအာနန္ဒာ.. ငါဘုရား၏ သပိတ်သင်္ကန်းကို ယူလော့”ဟု မိန့်တော်မူ၍ ထိုနေရာမှ ကြွတော်မူလေလျှင် ပါလိလေယျက ဆင်မင်းလည်း ပြင်းသောအသံကို မြည်လျက် လမ်း၌ ဖီလာနေ၏။

ရဟန်းတို့ကလည်း “အရှင်ဘုရား... ဆင်မင်းသည် အသို့ ပြုလိုသနည်း”ဟု လျှောက်သော် ဘုရားသခင်လည်း “ချစ်သားတို့.. ဤဆင်သည် သင်တို့အား ဆွမ်းလုပ်ကျွေးလိုသေးသောကြောင့် တားမြစ်သတည်း၊ ဤဆင်သည် နေ့ရက်ရှည်လျား ငါဘုရားအား များစွာ ကျေးဇူးပြုပေသည်။ သူ၏စိတ်နှလုံးကို မဖျက်စကောင်း”ဟု မိန့်တော်မူပြီးလျှင် ခရီးမှနစ်၍ နေတော်မူ၏။

ထိုအခါ ဆင်မင်းသည် ဟိမဝန္တာတွင်း၌ဖြစ်သော ငှက်ပျော ပိန္နဲစသော သစ်သီးသစ်ဥတို့ကို များစွာဆောင်ယူ၍ နောက်နေ့သောအခါ သံဃာတော်တို့အား ကပ်လှူ၏။ သံဃာတော်တို့လည်း ဘုဉ်းပေးကြ၍ ကိစ္စပြီးသောအခါ သင်္ကန်းပရိက္ခရာတို့ကို ပြင်ဆင်လျက် ဘုရားသခင်အား “အရှင်ဘုရား.. ကြွတော်မူခြင်းငှါ အချိန်သင့်ပါပြီ”ဟု လျှောက်ထား၍ ဘုရားကိုယ်တော်မြတ်နှင့်တကွ ကြွတော်မူလေလျှင် သံဃာတော်တို့၏ အကြားအကြားဖြင့် သွား၍ ဘုရားရှေ့တော်မှ ဖီလာနေပြန်၏၊

ထိုအကြောင်းကို သံဃာတို့ လျှောက်ကြသော် “သင်တို့ကို လွှတ်လိုက်၍ ငါဘုရားအား ပြန်နစ်စိမ့်သောငှါ တားသည်”ဟု မိန့်တော်မူပြီးလျှင် ဆင်မင်း၏ ဦးခေါင်းကို လက်တော်ဖြင့် သုံးသပ်၍ “အချင်း ပါလိလေယျက.. သင်သည် ငါဘုရားအား ဝါတွင်းသုံးလပတ်လုံး လုပ်ကျွေးရပြီ၊ ဤ၌ ရှည်မြင့်စွာ ငါနေငြားသော်လည်း သင့်အား ကျေးဇူးမထူးနိုင်ပြီ၊ ဤဘဝတွင် သင်ကား ဈာန်တရား ဖိုလ်တရားကို ရခြင်းငှါ မထိုက်၊ သို့ဖြစ်၍ ကောင်းစွာ နေရစ်လော့၊

(စာမျက်နှာ-၃၆၉)

ငါ၏ သွားခြင်းသည် မပြန်နစ်သော သွားခြင်းတည်း”ဟု မိန့်တော်မူ၍ ကြွလေလျှင် ဆင်မင်းသည် ချစ်ခြင်းကြောင့်ဖြစ်သော စိတ္တဇဝေဒနာဖြင့် နှာမောင်းကို ခံတွင်း၌ သွင်းပြီးလျှင် ပြင်းစွာငိုယိုလျက် နောက်တော်မှ တစိုက်စိုက်လိုက်၍ ရွာအနီးသို့ရောက်သော် ကိုယ်တော်မြတ်ကလည်း “အချင်းပါလိလေယျက.. ဤဒေသကပင် သင်ပြန်ဦးလော့၊ လူတို့၏ အနီးမည်သည်ကား များစွာသော ဘေးရန်ရှိချေသည်”ဟု မိန့်တော်မူပြီးမှ ကြွခဲ့လေလျှင် ဆင်မင်းလည်း ဘုရားသခင်ကို မြင်ကောင်းသမျှ ဒေသပတ်လုံး ရပ်တန့်ကာ ဖူးမြော်၍ ကိုယ်တော်ကို မမြင်ရသောအခါ နှလုံးကြေကွဲသော အနာဖြင့် ခန္ဓာကုန်လေ၏။

ထိုသို့သော စေတနာကြောင့် ခန္ဓာကုန်ခဲ့သော် တာဝတိံသာနတ်ပြည်ဝယ် ယူဇနာသုံးဆယ်ကျယ်သော ရွှေဗိမာန်၌ နတ်သမီး အရံတထောင်နှင့်တကွ ပါလိလေယျကမည်သော နတ်သားဖြစ်လေ၏။

ခိုက်ရန်ပြုရာ ပြစ်များစွာ

ဘုရားသခင်လည်း အစဉ်သဖြင့်ကြွ၍ ဇေတဝန်ကျောင်းတော်သို့ ရောက်လေသော် ကောသမ္ဗီပြည်သားဖြစ်သော ကလဟ,ဝိဝါဒ ရဟန်းတို့လည်း ဘုရားသခင်ကို ဖူးမြော်ကန်တော့ခြင်းငှာ လာကြကုန်၏။ ထိုအကြောင်းကို ကောသလမင်းကြီး ကြားလေလျှင် ဘုရားသခင်အား ဤသို့ နားတော်လျှောက်၏၊ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... သူတော်ကောင်းတရားမရှိသော ဤဝိဝါဒရဟန်းတို့ကို အကျွန်ုပ် တားမြစ်လိုပါသည်”ဟု လျှောက်၏။ ဘုရားသခင်လည်း “မင်းကြီး.. ဤရဟန်းတို့သည် မြတ်သောတရား၌ကား တည်ပေ၏၊ ငြင်းခုံခိုက်ရန်ဖြစ်ရာ၌ ငါဆုံးမ၍ မလိုက်နာသော အပြစ်တခုသာ ရှိပေသည်။ ထို့ကြောင့် မတားမြစ်ကြလင့်၊ လာပါစေ”ဟု မိန့်တော်မူ၏။ အနာထပိဏ်သဌေးလည်း ဤနည်းတူပင် လျှောက်ကြား၍ ဘုရား မြစ်တော်မူရ၏။

ထိုကောသမ္ဗီရဟန်းတို့ရောက်၍ တဆောင်သောကျောင်း၌ တည်းနေစေသောအခါ သာဝတ္တိပြည်သားဖြစ်သော လူရဟန်းအပေါင်းတို့သည် သောင်းသောင်းဖြဖြ လာကုန်ကြ၍ ဒေါသစောင်မာန် ခက်ထန်လှသော ရဟန်းဟူသည် ဤသူတို့လော, ဤသူတို့လောဟု လက်ညှိုးညွှန်ပြ ကြည့်ကြကုန်ရကား ထိုငါးရာသော ရဟန်းအပေါင်းတို့သည် ဦးခေါင်းမျှ မချီဝံ့ ဖြစ်ကုန်၏။

ထိုအခါ မြတ်စွာဘုရားလည်း “ချစ်သားတို့... ခိုက်ရန်ပြုခြင်း မည်သည်ကား သူတပါးတို့ မျက်ဝါးထင်ထင် ပြစ်တင်ရှုတ်ချခြင်းကိုလည်း ခံရတတ်၏၊ တမလွန်ဘဝ ပြောင်းရသော အခါ၌လည်း ငရဲရွာသို့ ရောက်တတ်၏၊ ရှေးပညာရှိတို့သည်လည်း မိဘစည်းစိမ်နှင့်တကွ ဖျက်ဆီးသောသူကိုလျက် အမျက်မပြန် သည်းခံဘူးသေး၏၊ သင်တို့ကား အမျက်ကိုပယ်ရှားသော ငါဘုရားသာသနာ၌ ကောင်းစွာဝင်ကြပြီးလျက် အမျက်မူကြခြင်းသည် အလွန်ဝန်လေးစွတကား”ဟု မိန့်တော်မူ၍

ပရေ စ န ဝိဇာနန္တိ၊ မယမေတ္ထ ယမာမသေ။
ယေ စ တတ္ထ ဝိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ-

ဟူသော ဂါထာကို ဟောတော်မူ၏။

(စာမျက်နှာ-၃၇၀)

[အနက်ကား]ဘိက္ခဝေ၊ ရဟန်းတို့။ ပရေ၊ ပညာမဲ့ငြား သူတပါးတို့သည်။ ဧတ္ထ၊ ဤလောက၌။ မယံ၊ ငါတို့သည်။ ယမာမသေတိ၊ သေမင်း၏နိုင်ငံသို့ လိုက်ရကုန်လတ္တံ့ဟူ၍။ န ဝိဇာနန္တိ၊ မသိကုန်။ တတော၊ ထိုသို့ မသိခြင်းကြောင့်။ မေဓဂါ၊ ခိုက်ရန် ငြင်းခုံခြင်းတို့သည်။ န သမ္မန္တိ၊ မငြိမ်းကုန်။ တတ္ထ၊ ထိုသံဃာ့အလယ်၌။ ယေ စ၊ အကြင် ပညာရှိသော သူတို့သည်ကား။ ဝိဇာနန္တိ၊ သေမင်းနိုင်ငံသို့ လိုက်ရလတ္တံ့ဟု သိကုန်၏။ တတော၊ ထိုသို့ သိခြင်းကြောင့်။ တေသံ၊ ထိုသူတို့အား။ မေဓဂါ၊ ခိုက်ရန် ငြင်းခုံခြင်းတို့သည်။ သမ္မန္တိ၊ ငြိမ်းကုန်၏။

ဤဒေသနာတော်၏ အဆုံး၌ အလုံးစုံသော ရဟန်းငါးရာတို့သည် အကျွတ်တရားကို ရကြကုန်သတည်း။

ဤကား ဒသမဝါ ကပ်တော်မူသောအကြောင်း အတ္ထုပ္ပတ္တိ အမြွက်တည်း။
(ဓမ္မပဒအဋ္ဌကထာ၌ လာ၏။)

၆၉။ နန္ဒောပနန္ဒ နဂါးမင်းကို ချွတ်တော်မူခြင်း

မြတ်စွာဘုရားလည်း သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ကိန်းအောင်း စံပယ်တော်မူ၍ တနေ့သောအခါ အနာထပိဏ်သဌေးသည် ညချမ်းသောအခါ ကျောင်းသို့လာ၍ တရားနာပြီးသော် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ကိုယ်တော်မြတ်နှင့်တကွ ငါးရာမျှသော သံဃာတော်တို့သည် နက်ဖြန် အကျွန်ုပ်အိမ်သို့ကြွ၍ ဆွမ်းဘုဉ်းပေးတော်မူပါ”ဟု လျှောက်၍ပြန်ခဲ့၏။

ဘုရားသခင်လည်း ဆိတ်ဆိတ်သည်းခံတော်မူလျက် ထိုညဉ့်ထွက်၍ နံနက်အခါဝယ် မဟာကရုဏာသမာပတ်ဖြင့် တသောင်းသော လောကဓာတ်၌ ချွတ်အပ်သော ဝေနေယျကို နိစ္စရှုမြဲတိုင်း ရှုတော်မူလျှင် နန္ဒောပနန္ဒနဂါးမင်းသည် ဉာဏ်ကွန်ရက်အတွင်းသို့ ဝင်လာ၍ စာနာဆင်ခြင်တော်မူသည်ကား- “ဤနန္ဒောပနန္ဒ နဂါးသည် ရှည်လျားသော ဘဝကုသိုလ်ဟူသော ဥပနိဿယရှိသူဖြစ်လျက် ဒုဂ္ဂတိဘဝသို့ ရောက်သောကြောင့် အမျက်စောင်မာန်ကြီးသဖြင့် ရေမနီးသောမျိုးသည် အစို့မထိုးနိုင်ဘိသကဲ့သို့ တဏှာအိုင်၌ နစ်ဘိ၍ မိစ္ဆာဒိဋ္ဌိအဖြစ်သို့ ရောက်ချေသည်။ ငါကြွသွား၍ ချစ်သားမောဂ္ဂလာန်ကို နှိပ်နွံဆုံးမစေရမူ အစလသဒ္ဓါဖြင့် သမ္မာဒိဋ္ဌိတည်းဟူသော မျိုးသည် ဖွံ့ဖြိုးစွာပေါက်လတ္တံ့”ဟု မြင်တော်မူသဖြင့် ထိုညဉ့် မိုးသောက်လတ်သော် ကိုယ်တော်ကို သုတ်သင်ပြီးလျှင် အရှင်အာနန္ဒာကို ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ... ငါးရာသော သံဃာတော်တို့ကို နှိုးဆော်ဘိလော့၊ ယနေ့ ငါဘုရားသည် နဂါးတို့နေရာ မြင်းမိုရ်ညာသို့ ဒေသစာရီ ကြွချီတော်မူအံ့”ဟု မိန့်တော်မူ၏။

ရှင်အာနန္ဒာလည်း ဆဠဘိည ဝသီပတ္တ ဖြစ်ကုန်သော ရဟန္တာငါးရာတို့အား အကြောင်းကိုကြား၍ ဘုရားရှေ့မှောက်သို့ လာရောက်စည်းဝေးမိသော် ရှင်တော်ဘုရားလည်း ထိုငါးရာသော သံဃာနှင့်တကွ အာကာသခရီးဖြင့် ပျံလျက် နန္ဒောပနန္ဒ နဂါးမင်းနေရာ ဗိမာန်ပေါ်သို့ ကျော်၍ ကြွတော်မူ၏။

(စာမျက်နှာ-၃၇၁)

နဂါးမင်းစည်းစိမ်ခံနေစဉ်

ထိုနေ့နံနက်ယံ၌ နန္ဒောပနန္ဒနဂါးလည်း များစွာသော မှူးမတ်ပရိသတ် ခြံရံလျက် အဖျော်သောက်သဘင် ခံအံ့သောအခါနှင့် ကြိမ်၍ ဣန္ဒနီလာ မသာရဂလ် ဝင်သဝဏ်ရွဲ ပုလဲပတ္တမြား ခုနစ်ပါးသော ရတနာမျက်မြတ်တို့ဖြင့် ခြယ်တပ်စီရင်သော နတ်ကွန်းဥကင် ပလ္လင်ရတနာဝယ် မင်္ဂလာရှိသော ထီးဖြူစိုက်ဆောက်လျက် ခြောက်ထောင် ခြောက်ထောင်မျှလောက်သော စည်စောင်းပတ်သာ တူရိယာတို့ကို နဂါးကညာတို့သည် လက်ဝဲလက်ယာမှ သာယာတီးမှုတ်လျက် မကြီးသက်ရွယ် နုနယ်ချောမြ ချစ်ဖွယ်လှသော ကချေသည် နဂါးမအပေါင်း ဝန်းရံ၍ နတ်ဌာန်၌ဖြစ်သော နှစ်သက်စဖွယ် ဆန်းကြယ်ထူးမြတ်သော ခဲဖွယ်ဘောဇဉ် ချိုချဉ်အရသာတို့ကို သုံးဆောင်ကာ စံစား၍ နေသတည်း။

တန်ခိုးဖြင့် နတ်ပြည်ကို ကွယ်ထားပြီ

ယင်းသို့ စံနေရာအပေါ်သို့ သံဃာတော်များတို့ ကြွသွားသည်ကို နဂါးမင်းမြင်လျှင် အမှင်ရဲရဲ တောက်ဆဲသောမီးပုံကို လေဟုန်ခတ်သကဲ့သို့ မတန့်ရပ်နိုင်အောင် မျက်မာန်ပေါက်၍ စိုက်ဆောက်အပ်သော ထီးဖြူကို လှည်းပြီးလျှင် “ဤဦးပြည်းရဟန်းတို့သည် အခန်းခန်း အပြတ်ပြတ် အစပ်စပ်သော အဝတ်ကိုဆီးလျက် ကြီးမြတ်သူဟူ၍ မချင့်တွက်၊ ငါ့ဦးခေါင်းထက်သို့ကျော်၍ အပေါ်၌ ဖဝါးမြေမှုန့်ကို ကြဲဖြူးကာ မကြာမကြာ ဝတိံသာသို့ လူးလာခတ် ကူးသန်းကြသည်။ ယနေ့မှစ၍ ထိုသူတို့၏ အသွားအလာကို ငါခွင့်မပေးအံ့၊ အကယ်၍ မရှောင်ကွင်းမူ ငါ့ခံတွင်း၌ သေစေအံ့” ဟု ကြံ၍ မိမိစံရာ ရတနာပလ္လင်မှ သက်ပြီးလျှင် ကြီးစွာသောကိုယ်ကို ဖန်ဆင်း၍ ယူဇနာ ရှစ်သောင်းလေးထောင် လုံးရပ်ဆောင်သော မြင်းမိုရ်တောင်မင်းကို အရင်းမှ အဖျားတိုင်အောင် ကိုယ်အခွေဖြင့် ခုနစ်ဆင့်ပတ်ရစ်လျက် တောင်ထိပ်ထက်တည်သော တာဝတိံသာ ပြည်အလုံးကို ပါးပျဉ်းဖြင့် အုပ်ဖုံးကာနေ၏။

ဆုံးမခွင့် တောင်းကြပုံ

သံဃာတော်မြတ်တို့လည်း ယုဂန္ဓိုရ်တောင်ထွတ်နှင့်မျှသော မိုးလတ်သို့ရောက်၍ ပြာသာဒ်ဝေဇယန် ဗိမာန်ဘုံဆောင်တို့ကို မမြင်လျှင် အရှင်ရဋ္ဌပါလက ဘုရားသခင်အား ဤသို့ နားတော်လျှောက်၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... တပါးသောအခါ အကျွန်ုပ်တို့လာ၍ ဤဌာနသို့ရောက်လျှင် မြင်းမိုရ်တောင်ကိုလည်း မြင်ရပါသည်၊ နတ်တို့၏နေရာ တာဝတိံသာ နတ်ပြည်ကိုလည်းကောင်း၊ ဝေဇယန္တာ ပြာသာဒ်ကိုလည်းကောင်း၊ စိုက်အပ်သော တံခွန်တို့ကိုလည်းကောင်း မြင်ရပါသည်။ ယခုအခါ ဘယ်နေရာကိုမျှ မမြင်ရပါ၊ စိမ်းမြညိုမှောင် မျက်စဉ်းတောင်ကဲ့သို့သာ ထင်ပါသည်။ အဘယ့်ကြောင့် ထိုအာရုံကို မမြင်လေသနည်း”ဟု နားတော်လျှောက်တင်သော် ဘုရားသခင်လည်း “ချစ်သားရဋ္ဌပါလ... နန္ဒောပနန္ဒ နဂါးသည် သင်တို့အား အမျက်ရှိသောကြောင့် မိမိကိုယ်ဖြင့် မြင်းမိုရ်တောင်ကို ခုနစ်ပတ်ရစ်လျက် နတ်ပြည်အလုံးကို ဖုံးလွှမ်း၍ နေသောကြောင့် မမြင်ရလေသတည်း”ဟု မိန့်တော်မူလျှင် “အရှင်ဘုရား... နဂါးကို အကျွန်ုပ် တန်ခိုးပြ၍ ဆုံးမပါအံ့”ဟု လျှောက်၏။ ဘုရားသခင်လည်း ခွင့်ပေးတော်မမူ။

ထို့နောက် ရှင်ရာဟုလာ, ရှင်ဘဒ္ဒိယစသော မထေရ်တို့သည် အသီးအသီး ခွင့်တောင်းသော်လည်း ခွင့်ပေးတော်မမူလေလျှင် အရှင်မောဂ္ဂလာန်သည် ထ၍ “လောကမှန်ကူ ဖြစ်တော်မူသော

(စာမျက်နှာ-၃၇၂)

အရှင်ဘုရား.. သားကြီးဟူသမျှသည် မိဘတို့ဝန်ကို ကြူးလွန်၍ ဆောင်ထိုက်သကဲ့သို့ တပည့်ကြီးဟူသမျှသည် ဆရာ့ဝန်ကို အလွန်ဆောင်ထိုက်လှပါသည်။ တိရစ္ဆာန်သာဖြစ်သော ဤနန္ဒောပနန္ဒ နဂါးကို အရှင်ဘုရားကိုယ်တိုင် မဆုံးမသင့်ပါ၊ အကျွန်ုပ် ဆုံးမပါမည်”ဟု လျှောက်၏။

အရှင်မောဂ္ဂလာန် တန်ခိုးပြိုင်ပုံ

ဘုရားသခင်လည်း “သင်ပင် ဆုံးမလော့”ဟု ခွင့်ပေးတော်မူ၍ သံဃာတော်အစုံနှင့် ယုဂန္ဓိုရ်တောင်ထိပ်ထက်တက်၍ ရပ်တန့်တော်မူ၏။ အရှင်မောဂ္ဂလာန်လည်း စတုတ္ထဈာန်ကို ၀င်စားတော်မူပြီးလျှင် ဣဒ္ဓိဝိဓအဘိညာဉ်ကိုပွား၍ နဂါးကြီး၏သဏ္ဌာန်ကို ဖန်ဆင်းလျက် နဂါးမင်း၏အထက်၌ တဆယ့်လေးထပ် ပတ်ရစ်ပြီးသော် နဂါးခေါင်းပေါ်၌ မိမိ၏ပါးပျဉ်းကို အုပ်လျက် မလှုပ်မလွန့်နိုင်အောင် မြင်းမိုရ်တောင်ဖြင့် ညှစ်၍ ကြိတ်၏။

နန္ဒောပနန္ဒလည်း အမျက်ပြင်းစွာထ၍ ကိုယ်မှ အခိုးအလျှံကို လွှတ်၏။ ရဟန္တာနဂါးလည်း “သင်သာ အခိုးလွှတ်နိုင်သည် မဟုတ်၊ ငါလည်း လွှတ်နိုင်သည်သာတည်း၊ ငါ၏ အခိုးအလျှံကိုလည်း ခံဦးလော့”ဟု ဆို၍ ထိုအလျှံထက် ကဲလွန်၍ လွှတ်ပြန်၏။ နဂါး၏အလျှံသည် အရှင်မောဂ္ဂလာန်ကို မနှိပ်စက်နိုင်၊ အရှင်မြတ်၏ အလျှံသာလျှင် နဂါးမင်း၏ အရေအသားကို ဖောက်ခွဲ၍ ညှဉ်းဆဲနှိပ်စက်လေ၏။

နဂါးနှစ်ဦးတို့၏ အခိုးအလျှံကြောင့် ရွှေဆိုင်းသဏ္ဌာန်ရှိသော မြင်းမိုရ်တောင်မင်းသည် တဝင်းဝင်း တထိန်ထိန် အရှိန်ပြောင်ပြောင် လောင်ဘိသကဲ့သို့ ဖြစ်၏။ နန္ဒောပနန္ဒ နဂါးလည်း “ငါ့အား မြင်းမိုရ်တောင်ဖြင့်ကြိတ်၍ နှိပ်စက်လာသည်ကား အသူနည်း”ဟု မေး၏။ “ငါကား ဘုရားသခင်၏ လက်ဝဲတော်ရံဖြစ်သော ရှင်မောဂ္ဂလာန် မထေရ်တည်း”ဟု ဆိုသော် “ထိုသို့ဖြစ်လျှင် ရဟန်းအသွင်ကို သင်ပြဦးမှ ကျွန်ုပ်ယုံကြည်အံ့”ဟု ဆိုလျှင် အရှင်မောဂ္ဂလာန်လည်း ဖန်ဆင်းသော နဂါးအသွင်ကိုဖျောက်၍ ရဟန်းအသွင်ကို ပြ၏။

နဂါးမင်းကလည်း လူသားဖြစ်လျက် ငါ့အမျက်ကို ဤသူခံနိုင်အံ့လောဟု အံသွားကြိတ်လျက် အဆိပ်နှင့်တကွသော နှာခေါင်းလေးကို မှုတ်၏။ အရှင်မြတ်လည်း မတုန်မလှုပ် တည်သည်ကိုမြင်လျှင် “ခံတွင်းတွင် ကြေစေအံ့”ဟု ကြံ၍ တဖန် ခံတွင်းနှင့် ဟပ်မျို၏။

မြတ်စွာဘုရား သတိပေးခြင်း

ထိုအခါ မြတ်ဘုရားကလည်း “ချစ်သား မောဂ္ဂလာန်.. ဤနန္ဒောပနန္ဒကား တန်ခိုးကြီးလှ၏၊ စတုတ္ထဈာန်သမာပတ်ကို ကြပ်ကြပ် နှလုံးသွင်းဘိလော့”ဟု သတိပေးတော်မူ၏။ အရှင်မောဂ္ဂလာန်ကလည်း “အရှင်ဘုရား... စိုးရိမ်တော်မမူပါလင့်၊ အကျွန်ုပ်ကား လေးပါးသော ဣဒ္ဓိပါဒ်တို့ကို မပြတ် လေ့လာပြီးပါတည်း၊ ဤနဂါးထက် တန်ခိုးသာသော နဂါးအရာ နဂါးအထောင်ပင် ဖြစ်သော်လည်း အကျွန်ုပ် ဆုံးမနိုင်ပါ၏”ဟု လျှောက်၏။

အရှင်မောဂ္ဂလာန်လည်း ခံတွင်းဖြင့်ဝင်လျက် လက်ယာနားတွင်းမှလည်း ထွက်၏။ လက်ဝဲနားတွင်းမှလည်း ထွက်၏။ လက်ယာနားတွင်းမှ ဝင်လျက် လက်ဝဲနားတွင်းမှလည်းကောင်း၊ နှာခေါင်းနှစ်ပေါက်မှလည်းကောင်း ထွက်၏။ ခံတွင်းကို ဟလျှင် ထိုခံတွင်းမှဝင်လျက် ဝမ်းတွင်း အူအစဉ်ဖြင့် စင်္ကြံကြွ၏။

(စာမျက်နှာ-၃၇၃)

နဂါးမင်းကလည်း “ဝင်စဉ်က ငါမမြင်လိုက်၍သာ သင်ရဟန်း ချမ်းသာသည်၊ ထွက်သောအခါ ငါ၏အစွယ်ဖျား၌ ကြေစေအံ့”ဟု ကြံ၍ “ရှင်မောဂ္ဂလာန်.. ပြန်၍ထွက်လှည့်ဦး၊ အံ့မူးဖွယ်လိ ရွံရှာရှိသော ဝမ်းတွင်း၌သာ မနေပါလင့်”ဟု ဆိုလျှင် အရှင်မြတ်လည်း ထွက်လာ၍ အစွယ်နှစ်မြွှာကို ပုတ်ခတ်လျက် အပြင်သို့ ထွက်၏။ နဂါးမင်းလည်း ပြင်းစွာသော နှာခေါင်းလေကိုမှုတ်၍ တမုဟုတ်ချင်း ကိုက်ပြန်လျှင် အရှင်မောဂ္ဂလာန်လည်း ခံတွင်းသို့ဝင်၍ လျှာပေါ်တွင် စင်္ကြံကြွပြီးမှ သွားကိုပုတ်ခတ်လျက် ထွက်၏။

နဂါးမင်းရှုံး၍ ဥပါသကာအဖြစ် ခံယူပုံ

နဂါးမင်းလည်း ပြင်းစွာသော ဒေါသဖြင့် အစွမ်းရှိသမျှ ညှဉ်းဆဲပါသော်လည်း အရာမထင်၊ မွေးညင်းတပင်မျှ မတုန်လှုပ်သည်ကို မြင်လျှင် “ဤအရှင်ကား တန်ခိုးကြီးမားလှ၏၊ ငါပြုသမျှသည် မောဃဘာဂီသာ ဖြစ်ချေသည်၊ ဤရဟန်းနှင့် တန်ခိုးပြိုင်၍ မနိုင်ပေရာ၊ ပြေးမှသာ ဖြစ်မည်”ဟု ကြံ၍ နဂါးကြီးသဏ္ဌာန် ပယ်လျက် နဂါးငယ်အသွင်ဖြင့် သီတာရေပြင်သို့ သက်၏။

အရှင်မောဂ္ဂလာန်လည်း ဂဠုန်အဟန် ဖန်ဆင်း၍ လိုက်၏။ နဂါးက လူသားအဟန် ဖန်ဆင်း၍နေလျှင် အရှင်မြတ်လည်း နတ်ဘီလူးကြီးသဏ္ဌာန်ဖြင့် ကိုက်စားဟန်ကို ပြု၏။ ထိုအခါမှ နန္ဒောပနန္ဒ နဂါးလည်း အလွန်ကြောက်လန့်ရကား လုလင်အဟန် ဖန်ဆင်းပြီးလျှင် “အရှင်ဘုရား... အကျွန်ုပ်ကား မှားခြင်းကြီး မှားချေပြီ၊ ဤနေ့မှစ၍ အရှင်မြတ်တို့အား လေးမြတ်ရိုကျိုး ကိုးကွယ်ပါတော့မည်”ဟု ဝန်ခံလျက် အရှင်မောဂ္ဂလာန်၏ခြေရင်း၌ ဦးဖြင့်တိုက်၍ နေ၏။

အရှင်မြတ်ကလည်း “အချင်းနန္ဒောပနန္ဒ... ထလော့ ထလော့၊ လူသုံးပါးတို့၏ စီးပွားချမ်းသာကို လွန်စွာ ဆောင်တော်မူတတ်သော မြတ်စွာဘုရားသည် သင့်အား သနားကရုဏာဖြင့် ကြွတော်မူလာ၍ ယုဂန္ဓိုရ်တောင်ထိပ်ဝယ် စံပယ်တော်မူသည်၊ သင်လိုက်ခဲ့လော့”ဟု ခေါ်၍ ရှေ့တော်သို့ ဆောင်လာ၏။

မြတ်စွာဘုရားလည်း နဂါးနှင့် လျောက်ပတ်သော ဓမ္မကထာဖြင့် ကောင်းစွာ ဆုံးမတော်မူ၍ ဥပါသကာ၏အဖြစ်ကို ယူစေ၏။ ယင်းသို့ နဂါးမင်းကို နှိမ်နင်း ချေချွတ်တော်မူပြီးသော် သံဃာတော် ငါးရာနှင့်တကွ ကြွတော်မူလေ၍ အနာထပိဏ်သဌေးအိမ်သို့ ဝင်တော်မူ၏။

သဌေးကြီးလည်း ခရီးဦးကြိုဆိုလျက် “ကိုယ်တော်မြတ်သည် အဘယ်အကြောင်းဖြင့် နေမြင့်မှ ကြွတော်မူပါသနည်း”ဟု လျှောက်ပြန်လေသော် “နန္ဒောပနန္ဒ နဂါးအား သွား၍ ချေချွတ်တော်မူရသောကြောင့် နေမြင့်သတည်း”ဟု အတ္ထုပ္ပတ္တိကိုဖော်၍ ဟောကြားတော်မူပေ၏။ ထိုအခါ အနာထပိဏ်သဌေးကလည်း “ခုနစ်ရက်တိုင်တိုင် အကျွန်ုပ်အိမ်၌ ကိုယ်တော်မြတ်ကြွ၍ ဆွမ်းဘုဉ်းပေးတော်မူပါ”ဟု လျှောက်၍ လုပ်ကျွေးပြုစု၏။

ဤကား နန္ဒောပနန္ဒနဂါးကို ဆုံးမတော်မူသောအကြောင်း အတ္ထုပ္ပတ္တိ အမြွက်တည်း။
(စာမျက်နှာ-၃၇၄)

၇၀။ ဗကဗြဟ္မာကို ချွတ်တော်မူခြင်း

ဘုရားသခင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူ၍ တနေ့သောအခါ အာဘဿရဘုံ၌ မိစ္ဆာဒိဋ္ဌိအယူရှိသော ဗကဗြဟ္မာကို မြင်တော်မူ၏။ ထိုဗြဟ္မာကား ရှေး-လူ၏အဖြစ်၌ အနှစ်တသိန်းမျှလောက် ရသေ့ရဟန်းပြု၍ လောကီဈာန်သမာပတ်တို့ကို မပြတ်လေ့လာသဖြင့် ခန္ဓာကြွေလတ်သော် ဝေဟပ္ဖိုလ်ဘုံ၌ ဖြစ်၏။ ထိုဘုံ၌ မဟာကပ်ငါးရာပတ်လုံး ဗြဟ္မာတို့၏ ချမ်းသာကို ခံစားပြီး၍ စုတေခဲ့သော် ခြောက်ဆယ့်လေးကမ္ဘာ အသက်ရှည်သော သုဘကိဏ်ဘုံ၌ ဖြစ်၏။ ထိုမှ စုတေပြန်သော် ရှစ်ကမ္ဘာအသက်ရှည်သော အာဘဿရဘုံ၌ ဖြစ်၏။

ဗြဟ္မာကြီး အယူလွဲနေပုံ

ယင်းသို့ အဓောဂမန ဖြစ်ခဲ့ရသော်လည်း အထက်အထက်ဘုံမှ စုတေရသော နာမ်ရုပ်အစဉ်ကိုလည်း မမှတ်မိ၊ ပဋိသန္ဓေကိုလည်း မထင်၊ အတိုင်းပင် တည်သည်ဟု မှတ်ရကား “ငါတို့၏ ဗြဟ္မာဇာတ်ကား မြတ်သော မြဲသော နိစ္စ,ဓုဝ ချမ်းသာပင်တည်း၊ ဤအဖြစ်ထက် လွန်၍ရှာရန် နိဗ္ဗာန်မည်သည် မရှိပြီ၊ ဤဗြဟ္မာကိုယ်လည်း အိုခြင်း နာခြင်းစသော ဆင်းရဲမရှိ၊ အတိသုခဖြစ်သော နိဗ္ဗာန်ပင်တည်း”ဟု အယူရှိ၏၊ မိမိ၏ အနီးအပါးဖြစ်သော ခုနစ်ကျိပ်နှစ်ယောက်သော ဗြဟ္မာတို့လည်း ဤသို့ပင် အယူရှိကုန်၏။

ထိုအကြောင်းကို ဘုရားသခင်မြင်တော်မူ၍ ထိုအယူကို ဖျောက်ခြင်းငှါ ပစ္ဆာဘတ္တအခါ၌ ကွေးထားသောလက်ကို ရုတ်ချင်းဆန့်သကဲ့သို့ တမုဟုတ်ချင်း ကြွ၍ ဗြဟ္မာ့ရွာ၌ ထင်စွာရပ်တော်မူ၏။ ဗကဗြဟ္မာမြင်လျှင် “အရှင်ဘုရား... အကျွန်ုပ်တို့ ဗြဟ္မရွာသို့ ကြွလာတော်မူသော အရှင်၏လာခြင်းကား အလွန်ကောင်းသော လာခြင်းတည်း၊ ဤဗြဟ္မာရွာသို့ ကြွလာသောအလှည့်သည် ကြာမြင့်မှ ဖြစ်၏တကား”ဟု ဆို၍ ကိုယ်တော်၏အနီး၌ နေ၏။

ထိုသို့ နေပြီးလျှင် “အရှင်ဂေါတမ... လုံ့လပြု၍ ကျင့်တော်မူပါ၊ ကျွန်ုပ်တို့ ဗြဟ္မာ့ရွာ၌ဖြစ်လျှင် စင်စစ် ဆင်းရဲခြင်း ကင်းပါတော့သည်၊ မအို မသေ အမြဲနေသော ရွှေပြည်နိဗ္ဗာန် မှန်ပါတော့သည်”ဟု လျှောက်၏။

ဘုရားမြတ်စွာ တရားဟောပုံ

ထိုစကားကိုကြားလျှင် ဘုရားသခင်ကလည်း ထက်ဝန်းကျင်မှ လာကြကုန်သော ဗြဟ္မာတို့အား သက်သေထား၍ တရားအမြိုက် တိုက်ကျွေးတော်မူခြင်းငှါ “အို..များစွာသော ဗြဟ္မာအပေါင်းတို့.. ဤဗကဗြဟ္မာသည် အဝိဇ္ဇာတည်းဟူသော မှောင်တိုက်သို့ ဝင်ဘိ၏တကား၊ မြှုံးတွင်း၌ရှိသော ငှက်သည် လွတ်ထွက်ပြီးသော သတ္တဝါကို ချမ်းသာလိုကြလျှင် ငါ့ထံသို့လာလှည့်ဟု ခေါ်ဘိသကဲ့သို့ ချော်ချွတ်သော မိစ္ဆာဉာဏ်ဖြင့် ဗြဟ္မာ့သဏ္ဌာန်ကို နိဗ္ဗာန်ထင်မှတ်ဘိ၏တကား၊ မိမိအား ဖြစ်လတ္တံ့သော ဘေးကို မမြင်၊ အနိစ္စကိုပင် နိစ္စ, အသုခကိုပင် သုခဟု ပြောပရှာဘိ၏တကား၊ ဝဋ်တရား၏ ကင်းရာဖြစ်သော နိဗ္ဗာန်သည် ဧကန်ရှိလျက် မသိရှာလေတကား”ဟု မိန့်တော်မူ၏။

(စာမျက်နှာ-၃၇၅)

ဗကဗြဟ္မာ ငြင်းဆန်ရာ

ယင်းသို့ အမိန့်ကို ကြားသောအခါ ဗကဗြဟ္မာလည်း ဥပမာအားဖြင့် ခိုးသားကို ရိုက်ခတ်၍ စစ်သော် ငါ၌သာ ခိုးပြစ်ရှိသည်မဟုတ်၊ ဤသူလည်း ခိုးသူပင်တည်းဟု ဖော်သကဲ့သို့ ရှင်တော်ဘုရား၏ အပြစ်တင်ချက်ကို ရှက်နိုးရကား မိမိနှင့်အလားတူယူသော ဗြဟ္မာတို့ကို ဖော်ပြခြင်းငှါ-

ဒွါသတ္တတိ ဘော ဂေါတမ ပုညကမ္မာ-

အစရှိသော ဂါထာကို ဆို၏။

အဓိပ္ပါယ်ကား—“ဘုရားရှင်ဂေါတမ.. ဤသဿတဝါဒကို အကျွန်ုပ်တယောက်မျှသာ ယူသည်မဟုတ်၊ ကျွန်ုပ်နှင့် ရှေးကောင်းမှုပြုဖော်ဖြစ်သော ဗြဟ္မာဇာတ် ခုနစ်ကျိပ် နှစ်ယောက်တို့ပင် ဤသို့ အယူရှိကြပါသည်။ ဇာတိ ဇရာ ဗျာဓိ မရဏ ကင်းလွတ်ကြသောကြောင့် နိစ္စထာဝရတည်သော နိဗ္ဗာန်ပင်ဟု ထင်မှတ်ပေသည်၊ အကျွန်ုပ်တို့အား အများနတ်ဗြဟ္မာတို့ လွန်စွာချီးပ ပူဇော်ကြလျက် နိစ္စထာဝရတည်ပေသော အရှင်ဗြဟ္မာမင်းကဲ့သို့ ငါတို့ဖြစ်လိုပါသည်ဟု ပတ္ထနာပြုကြကုန်သည်။ ထို့ကြောင့် ဤဗြဟ္မာ၏အဖြစ်ကို စင်စစ် နိဗ္ဗာန်ဆိုပေသတည်း”ဟု လျှောက်၏။

နောက်ထပ်တရား ဟောဖော်ကြားပုံ

ဘုရားသခင်လည်း ထင်ရှားစွာ ပြတော်မူခြင်းငှာ-

အပ္ပမ္ပိ ဟိ ဧတံ န ဒီဃာယု-

အစရှိသော ဂါထာကို မိန့်တော်မူ၏။

အဓိပ္ပါယ်ကား-“ချစ်သားဗက... ဤဗြဟ္မာ့ရွာ၌ သင်-ကြာသောကာလကား အန္တရကပ် အရေအတွက်အားဖြင့် တသိန်း,သုံးသောင်း, ခြောက်ထောင့်,လေးရာ့, သုံးဆယ့်နှစ်ကပ်သာ ဖြစ်သည်။ နှစ်အရေအတွက်အားဖြင့် နိရဗ္ဗုဒ တသိန်းမျှသာ ရှိသေးသည်။ ဇာတိ ဇရာ မရဏကိုလည်း မလွန်ရချေသေး၊ စုတေရမည် မချွတ်ဟု ငါမြင်တော်မူ၏။ သင်-ပညာကင်းသောကြောင့် အသက်ကြွင်းကိုမျှ မမြင်သတည်း”ဟု မိန့်တော်မူ၏။

နိရဗ္ဗုဒမှတ်ချက်

ဤစကား၌ နိရဗ္ဗုဒ အရေအတွက်ကား တဆယ်ဆယ်လီကို တရာ၊ ဆယ်ရာကို တထောင်၊ ဆယ်ထောင်ကို တသောင်း၊ ဘယ်သောင်းကို တသိန်း၊ ဆယ်သိန်းကို တသန်း၊ ဆယ်သန်းကို တကုဋေ၊ ကုဋေပေါင်း သိန်းတရာကို ပကောဋိ၊ ပကောဋိပေါင်း သိန်းတရာကို ကောဋိပကောဋိ၊ ၎င်းပေါင်း သိန်းတရာကို နဟုတ၊ နဟုတပေါင်း သိန်းတရာကို နိန္နဟုတဟူ၍ ဆိုအပ်၏။ ဤမျှလောက်ကိုသာ သင်္ချာတတ် လောကီပုဂ္ဂိုလ်တို့ ရေတွက်နိုင်သည်။ ဤထက်အလွန်ကိုကား ဘုရားရဟန္တာတို့မှ ရေတွက်နိုင်သည်။ နိန္နဟုတ တသိန်းတို့၏ တရာသည် အက္ခောဘဏီ မည်၏။ အက္ခောဘဏီ တသိန်းတို့၏ တရာသည် ဗိန္ဒုမည်၏။ ဗိန္ဒုတသိန်းတို့၏ တရာသည် အဗ္ဗုဒမည်၏။

(စာမျက်နှာ-၃၇၆)

အဗ္ဗုဒ တသိန်းတို့၏ တရာသည် နိရဗ္ဗုဒမည်၏။ ဤနိရဗ္ဗုဒပေါင်း တသိန်းသည် ဗကဗြဟ္မာ၏ ရှည်ကြာသော အသက်တည်း။

ဗကဗြဟ္မာ၏ ရှေးဘဝများ

ယင်းသို့ ဟောပြသော် ဗကဗြဟ္မာလည်း “ရှည်မြင့်စွာ မြင်ပေသော အရှင်ဘုရား.. ဤဗြဟ္မာ့ရွာ၌ ရှည်မြင့်စွာနေရသော ကျွန်ုပ်တို့အကြောင်း ရှေးကောင်းမှုကို မိန့်ဆိုတော်မူပါ၊ ထိုအကြောင်းကို အမှန်ဟောကြားနိုင်လျှင် ဘုရားဟု ယုံကြည်ပါမည်”ဟု လျှောက်၏။ ကိုယ်တော်မြတ်လည်း တပ်အပ်ပြတော်မူခြင်းငှါ--

ယံ တွံ အပါယေသိ ဗဟူ မနုဿေ-

အစရှိသောဂါထာကို ဟောတော်မူ၏။

အဓိပ္ပါယ်ကား-အချင်း ဗက... သင်တို့ ဗြဟ္မာဖြစ်ရသောအကြောင်း ရှေးကောင်းမှုကား- ဤသို့တည်း၊ သင်သည် ဤမည်သောကမ္ဘာဝယ် လူတို့နေရာ ဗာရာဏသီပြည်၌ ကေသဝမည်သော ပုဏ္ဏားသူကြွယ်ဖြစ်၍ ဃရာဝါသ၌ အပြစ်ကိုမြင်သဖြင့် တောဝင်၍ ရသေ့ပြုပြီးသော် စတုက္ကကသိုဏ်းဝန်းကိုမှီလျက် လောကီဖြစ်သော ဈာန်သမာပတ်တို့ကို မပြတ်လေ့လာသတည်း။ ထိုအခါ သင့်အား လူအများတို့လည်း ကေသဝရသေ့ဟု သမုတ်ကုန်၏။ ထိုရသေ့သည် သိမ်မွေ့ညံ့နု သဲအစုရှိသော မရုကန္တာရ၏အနီး တောအုပ်ကြီးတခု၌ နေသောအခါ ငါးရာမျှလောက်သော လှည်းကုန်သည်အပေါင်းတို့သည် ထိုသဲကြောင်းကန္တာရကို ကူးခတ်သော် အရပ်မျက်နှာကိုမသိ မျက်စိလည်ကုန်လျက် ခုနစ်ရက်ပတ်လုံး မထွက်နိုင်ကြသဖြင့် ပါသမျှသော ရိက္ခာ ဆန်ရေတို့ကုန်၍ အလုံးစုံသော လှည်းသားတို့သည် “ငါတို့အား သေရအံ့သည် မချွတ်ပြီ”ဟု လှည်းမှနွားကိုချွတ်၍ မွတ်သိပ်ပူပင်လှသောကိုယ်ဖြင့် ထိုထိုသော လှည်းအောက်၌ အခွေအခွေ အိပ်နေကြသည်ကို ကေသဝရသေ့ မြင်သော် ကြင်နာသနားလှသဖြင့် ဤသတ္တဝါအများတို့သည် ငါ၏အပါး၌ မပျက်ပြားစေသတည်းဟု ကြံ၍ အဘိညာဉ်တန်ခိုးဖြင့် သောက်၍မကုန်နိုင်ရာသော ဂင်္ဂါမြစ်ရေကို စီးစေ၍ အသီးအပွင့်နှင့် ပြည့်စုံသော တောအုပ်ကိုလည်း အပါးတွင် ဖန်ဆင်း၏။ ထိုအခါမှ များစွာသော လူတို့သည် ရေကိုသောက်ချိုး၍ အမျိုးမျိုးသော သစ်သီးတို့ကို စားလျက် နွားတို့ကို အားပြည့်စေပြီးမှ အသီးအသီး လိုအပ်သောမြို့ရွာသို့ ချမ်းသာစွာ သွားကြ၏။ ဤကား ရှေးဦးစွာသော သင်၏ကုသိုလ်ဟောင်းတည်း။

တရံသောကာလ ထိုကေသဝရသေ့သည် တခုသော ပစ္စန္တရွာကိုမှီ၍ ဧဏီမည်သောမြစ်၏ ကမ်းအနီး၌ နေသောအခါ မြို့ကိုဖျက်ယူတတ်သော ခိုးသူငါးရာတို့သည် ထိုပစ္စန္တရွာကို တိုက်ဖျက်၍ ဥစ္စာစီးပွား ကျွဲနွားလူသူကို သိမ်းယူပြီးလျှင် တောင်ကြီးအထက်သို့တင်၍ ထက်ဝန်းကျင်မှ ကင်းစောင့်ထားလျက် ခိုးသားတို့ ထမင်းချက်၍ နေကြသော် ခေါ်ဆောင်လေသော မိန်းမယောက်ျား သူငယ်တို့သည် ငိုယိုသဖြင့် ထိုအသံကို ရှင်ရသေ့ကြားသော် “ငါ့အပါးတွင် သို့စင်သော သတ္တဝါတို့ မပျက်ပါစေသတည်း”ဟု ကြံ၍ မိမိသဏ္ဌာန်ကို ဖျောက်ပြီးလျှင် မြင်းဆင်ရဲမက် လက်နက်ကိုင်ကာ ဗိုလ်ပါအရံနှင့်တကွသော မင်း၏သဏ္ဌာန်ကို ဖန်ဆင်း၍ ချင်းတို့အနီးသို့ တိုက်စည်တီးကာ ကြော်ငြာဟစ်ကြွေးလျက် သွားကြ၏။ ကင်းထားသောသူတို့မြင်လျှင် ပြည့်ရှင်မင်းသည် ငါတို့ကိုဖမ်းခြင်းငှာ လိုက်လာချေပြီထင်၍ လျင်စွာသွား၍ ခိုးသားတို့ကို ပြောသော်

(စာမျက်နှာ-၃၇၇)

“ဤလောကတွင် ပြည့်ရှင်မင်းနှင့်စစ်ဖက်၍ မပျက်စီးသော ခိုးသူမည်သည် မရှိ”ဟု မိမိတို့ ထမင်းကိုမျှ ခံတွင်းသို့မကျပဲ ထ၍ပြေးလေကုန်၏။ ရသေ့လည်း ကျန်ရစ်သော ကျွဲနွား လူသူတို့ကို ဆောင်ယူခဲ့ပြီးမှ မိမိဌာန၌ ချမ်းမြေ့စွာ နေစေကုန်၏။ ဤကား နှစ်ကြိမ်မြောက်သော သင်၏ကုသိုလ်ဟောင်းတည်း။

တရံရောအခါ ထိုမြစ်ကမ်းအနီး နေရာဝယ် ဗာရာဏသီပြည်မှ ငါးရာသော အမတ် မင်းချင်းတို့သည် မြင်းကောင်း ဆင်ကောင်းကို ဆောင်ယူခြင်းငှါ များစွာသော လှေတို့ကို ဖောင်ဖွဲ့၍ အထက်၌ မဏ္ဍပ်ကြီးကိုပြု၍ တစုတည်း မျှောခဲ့ကြသဖြင့် ထိုကေသဝရသေ့၏ နေရာအနီး၌ ဆိုက်ပြီးသော် အသီးအသီးသော စားဖွယ်သောက်ဖွယ်တို့ကို စားသောက်၍ ကြွင်းသော စားဖတ် အညစ်အကြေးတို့ကို မြစ်ထဲသို့ ချလေ၏။ ထိုအခါ မြစ်တွင်း၌နေသော ဂင်္ဂေယျနဂါးမင်းသည် “ချင်းတို့ စားဖတ်အညစ်အကြေးကို ငါ့ဦးခေါင်းထက် ပစ်ရသလော”ဟု ဒေါသပြင်းစွာထွက်၍ ဖောင်ထက်၌ပါသော လူအပေါင်းတို့ကို သတ်ခြင်းငှါ ကြီးစွာသော ကိုယ်ကိုဖန်ဆင်းလျက် ပါးပျဉ်းဖြန့်၍ ရှေးရှုလာလတ်သော် ဖောင်ပေါ်၌ရှိသော လူအပေါင်းတို့သည် သောင်းသောင်းရုတ်ရုတ် အုတ်အုတ်ကျက်ကျက် ကြောက်မက်သော အသံကို ပြုကုန်၏။ ထိုအကြောင်းကို ရှင်ရသေ့မြင်လျှင် “ငါ၏အပါးတွင် ဤသူများ မပျက်စီးပါစေလင့်”ဟု ကြံ၍ ဂဠုန်ငှက်ဟန် ဖန်ဆင်းပြီးလျှင် နဂါးကြီးအား ခြိမ်းခြောက်၍ ပြေးစေ၏။ ထိုအခါမှ ငါးရာသော လူအပေါင်းတို့သည် ဘေးဘျမ်းကင်းကွာ၍ ချမ်းသာစွာ သွားရကုန်သတည်း။ ဤကား သုံးကြိမ်မြောက်သော သင်၏ ကုသိုလ်ဟောင်းတည်း။

အချင်းဗက.. သင်သည် ကေသဝရသေ့ ဖြစ်သောအခါ ငါသည် သင်၏ အန္တေဝါသိက တပည့်ဖြစ်သော ကပ္ပရသေ့ ဖြစ်ဖူး၏။ တရံသောအခါ ဟိမဝန္တာ၏ အနီးဖြစ်သော တောအုပ်ကြီး၌ ငါနေသော် သင့်အား ဗာရာဏသီမင်းသည် ပင့်၍ ချီးမြှင့်ပူဇော်ပါသော်လည်း မြို့ရွာ၏အနီး၌ သင်မပျော်ပိုက်ခြင်းကြောင့် တောအုပ်၌နေသော တပည့်ရသေ့ထံသို့သာ လာ၍နေလေလျှင် သင့်အား ပင့်လျှောက်ခြင်းငှါ နာရဒအမတ်လာ၍ “မင်း၏ဆရာ ဖြစ်တော်မူသော အရှင်ကေသ၀... ကျွန်ုပ်တို့၏ ဗာရာဏသီမင်းသည် လွန်မင်းစွာ ချီးမြှောက်ပါလျက် မြို့ရွာ၏အနီး၌ မပျော်ပိုက်ပဲ တောကြီးထဲ၌သာ အဘယ့်ကြောင့် နေလာပါသနည်း။ ပြည်သူပြည်သား အများတပည့်တို့၏ လုပ်ကျွေးခြင်းကို မခံ၊ တဦးတည်းထံ၌ အဘယ့်ကြောင့် စံလိုသနည်း၊ ပြည်သို့သာ ကြွတော်မူပါ”ဟု လျှောက်လေသော် ကေသဝရသေ့ကလည်း “အမောင် နာရဒ.. ရဟန်းဟူသမျှသည် တောဌာန၌သာ ထူးမြတ်စွာသော ဈာန်သမာပတ် စည်းစိမ်မြတ်ကို ရအပ်သတည်း၊ တောရပ်သမီး ဇနီးအဝင် သစ်ပင်တို့က လုပ်ကျွေးကြသော အာဟာရသာလျှင် ပြစ်ဆာကင်းဘိ ဘေးမရှိ၍ အဘိရမဏီယ ဖြစ်သတည်း။ မိန်းမ,ယောက်ျား ရွာသူများတို့၏ လှည့်ဖျားသောကာမဂုဏ် အာရုံခြောက်ဖြာမှ ဝေးကွာလှဘိ၍ ဝိတက်သုံးပါး ယင်ရဲများတို့သည် ငါ့အား မခဲနိုင်သတည်း၊ တူသောအကျင့် အခွင့်သိငြား ငါ့အားကြည်ညို ငါ့လိုလိုက်လှ ပိယဝါစာ ဆိုတတ်စွာ၍ လိမ္မာလှသော ကပ္ပရမည်ရှောင်း တပည့်ကောင်းနှင့် ပေါင်းရခြင်းကြောင့်လည်း တောတွင်း၌သာ ငါမွေ့လျော်သတည်း”ဟု ဆိုသော် ထိုနာရဒ အမတ်လည်း “အရှင်မြတ်၏ တရားသည် ဖြောင့်သား ဟုတ်မှန်လေစွ”ဟု ချီးပပူဇော်၍ ပြန်လေ၏။

“အချင်းဗက... သင်သည် လူ့ပြည်က ကြီးကျယ်လှသော ဇီဝိတဒါန အများချမ်းသာကို အခါခါပြုခဲ့ဖူးသော ကံထူးပုညကြောင့် ဤဗြဟ္မာ့ပြည်၌ မြင့်ရှည်စွာ သင်နေရသတည်း။

(စာမျက်နှာ-၃၇၈)

ထိုမျှ ကောင်းမှုပြုသောအခါ ငါဘုရားသည် သင်၏တပည့်ဖြစ်၍ နှစ်သက်စွာ ညီညာယိုင်းပင်းခဲ့သတည်း။ သင်အောက်မေ့လော့”ဟု ရှေးအကြောင်းကို ထုတ်ဖော်ကာ ဗြဟ္မာအများတို့အား ကြားသိစေလို၍ ပြဆိုတော်မူ၏။

ဗကဗြဟ္မာကြီး အမြင်မှန်ရပြီ

ထိုအခါ ဗကဗြဟ္မာလည်း မိစ္ဆာဝါဒမှ ကင်းစင်ပ၍ ဘုရားသခင်ကို ချီးမွမ်းလိုရကား “အဒ္ဓါ ပဇာနာတိ” အစရှိသော ဂါထာကိုဆို၏။

မြန်မာဘာသာကား-“အို..ဗြဟ္မာနတ်များတို့... လူသားဖြစ်သော ဤရှင်ဂေါတမသည် လောကသုံးရွာဝယ် နှိုင်းခိုင်းစရာမရှိသောတန်ခိုး, လူသုံးမျိုးကို အုပ်စိုးနိုင်သောဘုန်း, အလုံးစုံကိုမြင်နိုင်သော ပညာနှင့် ပြည့်စုံပေ၏။ ဘဝအများ လွှမ်းထားဘိသော ငါ၏ခန္ဓာ ရုပ်နာမ်ကိုလည်း ဧကန် သိမြင်တော်မူပေတတ်၏။ ကြာမြင့်စွာသော ငါ၏အသက်ကိုလည်း အမှန်ရေတွက်၍ မျက်မှောက် ဆိုနိုင်ပေ၏။ ထိုသို့ ပညာရှိလှစွာသောကြောင့် ခန္ဓာကိုယ်မှဖြစ်သော ရောင်ခြည်သည် ကွန့်လည်တောက်ထွန်းပေသတည်း။ ဤသို့သော ပညာရှိ၏ တပည့်ပြုရခြင်းသည် ရုတ်ချင်း ကောင်းမြတ်သည်သာတည်း”ဟု ချီးမွမ်းပြီးလျှင် “အရှင်ဘုရား... ယနေ့မှစ၍ အကျွန်ုပ်တို့အယူကို ပယ်ပါတော့မည်။ အရှင်ဟောသောတရားကို အားထုတ်ပါတော့မည်”ဟု လျှောက်ဆို၏။ ထိုအခါ မြတ်စွာဘုရားလည်း ဗကဗြဟ္မာအား သစ္စာလေးပါး မြိုက်တရားကို ဟောကြား၍ ပြန်လည်တော်မူခဲ့၏။

(ဤဗြဟ္မာကို ချွတ်တော်မူသော အကြောင်းကား သတ္တနိပါတ် ဇာတ်အဋ္ဌကထာ၌ လာ၏။)

၇၁။ မြတ်စွာဘုရား ဒက္ခိဏဂိရိကျောင်း၌ ဝါကပ်တော်မူခြင်း

ဘုရားကိုယ်တော်မြတ်လည်း သာဝတ္ထိပြည်၌ မွေ့လျော်သမျှ နေပြီးသော် ကြွတော်မူမြဲသော ဒေသစာရိယဝတ်ကို မချွတ်မယွင်းစေရန် ကြွတော်မူလေ၍ ရာဇဂြိုဟ်ပြည်၌ နွေလပတ်လုံး နေခဲ့ပြီးသော် ဝါလနီးသောအခါ များစွာသော ပုဏ္ဏားတို့ လျှောက်ကြားပင့်ဖိတ်သည်ကို အကြောင်းပြု၍ ရာဇဂြိုဟ်ပြည်၏ တောင်မျက်နှာ သုံးဂါဝုတ်ကွာသော ဌာန၌ နာဠမည်သော ပုဏ္ဏားရွာကို အမှီပြု၍ ဒက္ခိဏဂိရိကျောင်းကြီး၌ ဝါကပ်တော်မူလေ၏။

အကြောင်းကား- ထိုနာဠပုဏ္ဏားရွာ၌ လယ်လုပ်သော အမှုဖြင့် အသက်မွေးဘိသော ကသိဘာရဒွါဇ အမည်ရှိသော ပုဏ္ဏားသည် များစွာသော ဥစ္စာရွှေငွေ ဆန်ရေစပါးလည်းရှိ၏။ သားမြေးကျေးကျွန် အခြွေအရံတို့နှင့်လည်း အလွန်ပြည့်စုံ၏။ ထိုပုဏ္ဏားသည် လယ်ထွန်မင်္ဂလာ ပြုသောအခါတို့၌ တင့်တယ်စွာ တန်ဆာဆင်ယင်အပ်ကုန်သော ထွန်တုံး,ထွန်သန်,နှင်တံ ငါးရာတို့၌ သုံးထောင်မျှလောက်သော တန်ဆာဆင်ပြီးသော နွားကြီးတို့ကို အလှည့်အလှည့် က-ကုန်လျက် ငါးရာမျှလောက်သော ယောက်ျားတို့ကို ထွန်နှင်စေ၍ နှဲ, ပြွေ, စောင်း, ငြင်း, ဒုံမင်း, ပတ်သာတို့ကို တညီတညာတည်း ရင့်နွှဲလျက် ပျော်ပွဲသဘင်ကို ဖြစ်စေ၏။

(စာမျက်နှာ-၃၇၉)

လယ်ထွန်မင်္ဂလာ ဆင်ယင်ပုံ

လုံးရပ်သဏ္ဌာန် ဗွေကြန်လက္ခဏာနှင့် ပြည့်စုံသော သုံးထောင်သော နွားလားတို့၏ကိုယ်၌ ညိုသောပုဆိုးဖြင့် အချို့ကို လွှမ်းသည်။ နီသောပုဆိုး, ရွှေသောပုဆိုး, ပြာသောပုဆိုး, နက်သောပုဆိုးတို့ဖြင့် အချို့ကိုလွှမ်းသည်၊ ဦးချိုအခွေတို့၌ ရွှေစင်ကတော့တို့ဖြင့် စွပ်သည်၊ ရွှေကြယ်ငွေကြယ်စီသော ကတ္တီပါကြိုးတို့ဖြင့် ပါးသိုင်းနားသိုင်း ထည့်ကုန်သည်။ ထိုနွားတို့၏ခွာ၌ သာခွာငွေပြားကိုခတ်၍ ဝတ်ကုန်သည်၊ အဆင်းငါးပါးရှိကုန်သော ပန်းကုံးခြူကုံးတို့ဖြင့် ရစ်ဖုံးဆင်ယင်ကုန်သည်၊ ချောမွေ့သေသပ် ပွတ်လုပ်အပ်သော ထွန်တုံး, ထွန်သန်, လှင်ကန်, ထမ်းပိုးတို့၌လည်း ပြိုးပြိုးပြက် တောက်ပသော ကျောက်ကောင်း,စိန်ကောင်းဖြင့် ခြယ်သော ရွှေကြယ်ငွေကြယ်တို့ကို လည်ကာ,လည်ကာ စီကုန်၏။ ထိုထွန်နွားတို့ဖြင့် အရွယ်သင့်သော ယောက်ျားငါးရာတို့သည် အစာမကြေသော ပုဆိုးတို့ကို ဝတ်ကုန်လျက် ဘယက်, စည်ပေါင်း, နားတောင်း ခြူမြွာတို့ကို ကောင်းစွာဆင်၍ ထွန်နှင်စေကုန်၏၊ နွားလားရှစ်စီးက-သော ထွန်ကြီးကို ရှေ့ကထားလျက် နွားလေးစီးက-သော ထွန်ငယ်ကို ရံကာ,ရံကာ ဆယ်ရှဉ်းတစုစီသာပြု၍ ထွန်ကုန်၏။ ထိုအခါ ကသိဘာရဒွါဇ ပုဏ္ဏားလည်း အသပြာငါးရာထိုက်သော ပုဆိုးတထည်ကို ဆင်ဝတ်၍ အသပြတထောင်ထိုက်သော ပုဆိုးကို စလွယ်တင်ပြီးလျှင် ခြင်္သေ့ခံတွင်းခံလျက် အလျှံတခြည်ခြည်သော ကျောက်စီနားတောင်း ဦးခေါင်းမကိုဋ်စွပ်လျက် အလျှပ်လျှပ်တောက်ပသော ကျောက်စီလက်ကြပ် လက်စွပ်ဒွါဒရာ ရတနာခါးကြိုးတို့ဖြင့် ဆင်ယင်၍ ပုဏ္ဏားလုလင်အပေါင်း ခြံရံလျက် လယ်ထွန်သူတို့ကို ရှုမျှော်ကာနေ၏။ ထိုကသိဘာရဒွါဇ၏ ခင်ပွန်းဖြစ်သော ပုဏ္ဏေးမသည်လည်း လှပသန့်စင် တန်ဆာဆင်ပြီးသော် ချစ်ခင်စဖွယ် အရွယ်ကောင်းလှသော ဗြာဟ္မဏဒါရိကာ ရွေငါးရာတို့ဖြင့် နို့ဃနာထမင်းကို စီရင်လျက် ပျား, တင်လဲ, ထောပတ်တို့နှင့် ဖက်စပ်စေ၍ ရွှေခွက်တို့ဖြင့် ထည့်ကာ,ထည့်ကာ ဆာမွတ်သမျှသော သူတို့အား ကျွေးမွေးကာနေ၏။

ဘုရားမြတ်စွာ ဆွမ်းရပ်လာပုံ

ဘုရားကိုယ်တော်မြတ်လည်း နေ့စဉ်မပြတ် ပြုမြဲသော ဗုဒ္ဓကိစ္စငါးတန်တွင် ပစ္ဆိမယံကိစ္စ၌ ချီးမြှောက်ထိုက်သောဝေနေယျကို ရှုတော်မူရာဝယ် ကသိဘာရဒွါဇ ပုဏ္ဏား၏ ဥပနိဿယကို မြင်တော်မူသဖြင့် “ဤပုဏ္ဏား၏ လယ်ထွန်ရာဌာနသို့ ကြွတော်မူရသော် ထူးမြတ်သော ဓမ္မကထာသည် ဖြစ်လတ္တံ့၊ ပုဏ္ဏားလည်း ငါ့တရားကို နာရလျှင် ကုဋေရှစ်ဆယ်သော ဥစ္စာကို သာသနာတော်၌ချမြှုပ်၍ ဥက္ကဋ္ဌပဋိပဒါဖြင့် ရဟန္တာစစ် ဖြစ်ပေလတ္တံ့”ဟု သိတော်မူ၍ ထိုနေ့ ဆွမ်းခံချိန်အခါ၌ ပစ္ဆာသမဏမခေါ် ကိုယ်တော်တည်းသာလျှင် သပိတ်သင်္ကန်းကိုပြင်၍ လယ်ထွန်မင်္ဂလာ ပြုရာဌာနအနီးသို့ ကြွ၍ ရပ်တော်မူ၏။

ထိုအခါ ရတနာရွှေရည် ရောင်ခြည်လျှံဝါရှိသော နေဝန်းလဝန်းတို့၏ အရောင်ထက် ထောင်သောင်းမက ထွန်းပကွန့်မြူးသော ရောင်ခြည်တော် ခြောက်ဆိုင်ကို တပြိုင်တည်း လွှတ်တော်မူရကား ကသိဘာရဒွါဇပုဏ္ဏား၏ လယ်ထွန်သဘင် စီရင်ရာဌာန၌ ရှိသမျှသော တဲကွန်းမဏ္ဍပ် ဇရပ်သစ်ပင် မြေအပြင်တို့သည် ရွှေစင်နီဖလံ ပုစွန်ခွံတို့ဖြင့် လိမ်းကျံပက်ဖျန်း မွှမ်းဘိသကဲ့သို့ နှစ်မြို့စဖွယ် တင့်တယ်စွာ ဖြစ်ကုန်၏။

(စာမျက်နှာ-၃၈၀)

ထိုအခါ ထွန်ရာဌာန၌ စည်းဝေးကြသော လူခပ်သိမ်းတို့သည် ထမင်းစားဆဲသော သူသည်လည်း ထမင်းကိုဖြတ်လျက်, ထွန်ယက်ဆဲသော သူသည်လည်း ထိုအမှုကို ပစ်ထားလျက် ဘုရားရှိရာ မျက်နှာပြု၍ ကြည့်မျှော်ကာ နေကြကုန်၏။

ပုဏ္ဏားကြီး ကဲ့ရဲ့ပြစ်တင်ပြီ

ကသိဘာရဒွါဇပုဏ္ဏားလည်း ဘုရားကိုယ်တော်မြတ်၏ ဆွမ်းရပ်သည်ကိုမြင်လျှင် မရွှင်သောနှလုံးဖြင့် ညှိုးချုံးပင်ပန်းလျက် “ဤရဟန်းဂေါတမကား ငါ့အလုပ်တို့ကို ဆုတ်ယုတ်လစ်လပ်စိမ့်သောငှါ လာသည်တကား၊ နတ်သိကြားကဲ့သို့ ထူးပြားထွန်းပသော ရောင်ဝါကျက်သရေ ဂုဏ်အမြုတေနှင့် ပြည့်စုံသော ဤသူမြတ်သည် လူ့ရပ်ရွာ၌နေ၍ လယ်လုပ်ကုန်သွယ် ရောင်းဝယ်ခြင်း စသည်၌ ငါတို့ကဲ့သို့ လုံ့လပြုမူကား ဤဇမ္ဗူဒိပ်ကျွန်းပြင်ဝယ် ဘယ်သူမှ မယှဉ်နိုင်သော လူအများတို့၏ ပတ္တမြားဦးသျှောင်ကျင်ကဲ့သို့ ဖြစ်ပါလျက် လူပျက်လူဖျင်း လူမစွမ်းတို့၏ ထုံးတမ်းဓလေ့ဖြင့် ရသေ့ရဟန်းပြုလေ၍ ဘုန်းကျက်သရေ ခြွေရွှေစည်းစိမ်ကင်းလျက် စားရန်ထမင်းကိုမျှ တောင်းလာရသည်တကား”ဟု ကြံလျက်-

အဟံ ခေါ သမဏ-

အစရှိသော ဂါထာကို ဆိုသတည်း။

အဓိပ္ပါယ်ကား—“ပျိုထွားသက်ရွယ် ရှုချင်ဖွယ်သော ရှင်ရဟန်း.. ကျွန်ုပ်တို့သည် အရှင်ကဲ့သို့ နှစ်မြို့စလောက် လှခေါင်ရောက်သော ခြောက်သွယ်ရောင်ဝါ လက္ခဏာကြီးငယ် အံ့ချီးဖွယ်တို့နှင့် တင့်တယ်ပြည့်စုံသည် မဟုတ်ပဲလျက် ပြုလုပ်အပ်သော လူတို့ကမ္မ စာရိတ္တ၌ လုံ့လပြုသဖြင့် စည်းစိမ်သခင် ဖြစ်တုံသေး၏၊ အရှင်ကဲ့သို့သောသူသည် ငါတို့ကဲ့သို့ လုံ့လပြုမူကား အဘယ်အကျိုး မပြည့်ဖြိုးပဲ ရှိရာအံ့နည်း၊ မပေါ့မပျင်း လူချင်းတူအောင် ကြံဆောင်ကြိုးကုတ် လုပ်ကောင်းပါလျက် သူတောင်းစားတို့အလေ့၌သာ ဘယ့်ကြောင့် မွေ့လျော်ပါသနည်း”ဟူ၍ ဆိုလိုသည်။

မြတ်စွာဘုရား လယ်မှူးဖြစ်ကြောင်း

ထိုပုဏ္ဏား၏စကားကို ကြားတော်မူလျှင် ဘုရားသခင်လည်း အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော အသံတော်ဖြင့် ကျူးရင့်၍—

အဟမ္ပိ ခေါ ဗြာဟ္မဏ ကသာမိ-

အစရှိသော ဂါထာကို ဆို၏။

အဓိပ္ပါယ်ကား-“ပုဏ္ဏားဘာရဒွါဇ... လယ်ထွန်ခြင်းကိစ္စကို သင်သာလျှင် ပြုရသည်မဟုတ်၊ ဝိမုတ္တိဖလကို မြင်ရခြင်း၏အကြောင်း လယ်ကောင်းမြေတာကို ငါလည်း ပြုလုပ်သည်ပင်တည်း” ဟူလိုသည်။

ထိုစကားကို ပုဏ္ဏားကြားလေလျှင် အင်္ဂဝိဇ္ဇာ တတ်လိမ္မာ၍ ပညာရှိသူဖြစ်ရကား “ဤရဟန်းသည် ဖြစ်ဆန်းမျှသာ မုသာဝါဒကိုလည်း ဆိုမည့်သူမဟုတ်၊ လယ်လုပ်မှုကို မပြုပဲလျက် ငါလည်း လယ်လုပ်၏ဟု ဆိုခြင်းသည် ဘယ်ကိုရည်၍ ဆိုသနည်း၊ ငါမေးဦးအံ့”ဟု ကြံ၍-

(စာမျက်နှာ-၃၈၁)
န ခေါ မယံ ဘောတော ဂေါတမဿ-

အစရှိသော ဂါထာကို ဆိုပြန်၏။

အဓိပ္ပါယ်ကား-“ရှင်ဂေါတမ... သင်သည် လယ်လုပ်၏ဟု ဆိုပြီ၊ သင်၏လုပ်ရာ လယ်တာခိုင်ဖြီး လမိုင်းကြီးကိုလည်း ငါမမြင်၊ ထွန်သန်ထွန်သွား ကျွဲနွားလူသူ ကူပံ့သမှု ပြုကြသည်ကိုလည်း ငါမမြင်၊ သို့စင်ဖြစ်လျက် ဘယ်အနက်ကြောင့် လိုက်ဖက်ကာသာ မုသာဝါဒ အရာကျအောင် ပြောပြဘိသနည်း၊ သင့်လုပ်နက်ကို အချက်ကျအောင် ပြပါဦးလော့”ဟု ဆို၏။

ယင်းသို့ လျှောက်ကြားသော် ဘုရားသခင်ကလည်း “သဒ္ဓါ ဗီဇံ” အစရှိသော ဂါထာဖြင့်- “ဘာရဒွါဇပုဏ္ဏား... ငါသည် ပါတိမောက္ခသံဝရသီလ, ဣန္ဒြိယသံဝရသီလ, အာဇီဝပါရိသုဒ္ဓိသီလ, ပစ္စယသန္နိဿိတသီလ တည်းဟူသော လယ်မြေအပြင်ကို တီထွင်ထွန်ယက်၍ ထက်သန်သော သဒ္ဓါမျိုးကို စိုက်ပျိုးပစ်ချသဖြင့် သမထ,ဝိပဿနာဟူသော ရသကို နေ့ညပွားစေလျက် အရိယာမဂ်ဖိုလ် တည်းဟူသော အသီးကို ပြီးစီးရင့်မာစေသတည်း၊ သမ္မာသတိ, သမ္မာသမာဓိ တည်းဟူသော ထွန်တုံးထွန်သွားဝယ် သမ္မာသင်္ကပ္ပ, သမ္မာဝါယာမဟူသော နွားကိုက-လျက် သမ္မာဒိဋ္ဌိစသော နှင်တံဖြင့် အဖန်ဖန် ထွန်ယက်ရကား ငါဘုရားလည်း တရားလယ်မှူးပင်တည်း”ဟု မိန့်တော်မူ၏။

ပုဏ္ဏားကြီး ကျွတ်တမ်းဝင်ပြီ

ဤသို့ စသည်ဖြင့် ဝင်္ကတ္ထဒေသနာကို ဆောင်တော်မူလျှင် ဘာရဒွါဇပုဏ္ဏားလည်း ကြီးမားသော ပါရမီဉာဏ်ရှိသူ ဖြစ်ရကား လေးပါးသောသစ္စာကို ရှေးဦးစွာ မြင်တတ်သော သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ယင်းသို့ သောတာပန်ဖြစ်ပြီးသော် ကိုယ်တော်မြတ်အား လျောက်ပတ်သော နေရာသို့ ပင့်တင်၍ ဆွမ်းဘောဇဉ်တို့ဖြင့် လုပ်ကျွေးပြီးသော် “ရှင်တော်ဘုရားသည် အကျွန်ုပ်အား ယနေ့မှစ၍ ဥပါသကာ မှတ်တော်မူပါ၊ အကျွန်ုပ် သားမယားနှင့်တကွ ကိုးကွယ်ဆည်းကပ်ပါတော့မည်”ဟု သရဏဂုံယူ၏။

ထိုနေ့မှစ၍ ပုဏ္ဏားလည်း ဘုရားသခင်ကို အလွန်ကြည်ညို၍ “ကိုယ်တော်မြတ်သည် ဤအရပ်၌ ဝါကပ်တော်မူပါ၊ သံဃာတော်အပေါင်းတို့အားလည်း ပစ္စည်းလေးပါးဖြင့် အကျွန်ုပ် ချီးမြှောက်ပါမည်”ဟု လျှောက်၏။ ကိုယ်တော်မြတ်လည်း မစင်ကြယ်သော အမူအကျင့်ရှိကုန်သော ပုဏ္ဏားတို့အား တရားရသကို ဝေငှတော်မူလျက် ထိုနာဠရွာ၏အနီး ဒက္ခိဏဂိရိကျောင်းကြီး၌ ဝါကပ်တော်မူသည်။ ဝါကျွတ်သောအခါ ရာဇဂြိုဟ်ပြည်သို့ပင် ပြန်လည် ကြွရောက်တော်မူ၏။

ဤကား ဧကဒသမ ဝါကပ်တော်မူသော အကြောင်းအတ္ထုပ္ပတ္တိ အမြွက်တည်း။

၇၂။ မြတ်စွာဘုရား ဝေရဉ္ဇာပြည်၌ ဝါကပ်တော်မူခြင်း

ထိုရာဇဂြိုဟ်ပြည်၌ မွေ့လျော်သမျှ နေပြီးသော် သာဝကကြီးတို့နှင့်တကွ ငါးရာမျှလောက်သော သံဃာအရံပါလျက် ဒေသစာရီ ကြွချီတော်မူ၍ ဝါလနီးသောအခါ ဝေရဉ္ဇာပြည်သို့ ရောက်လေသဖြင့် ထိုပြည်နှင့် မဝေးမနီး တောအုပ်ကြီးအတွင်း၌ နဠေရု ဘီလူးမင်းသည် မှီတင်းစောင့်ကြပ်လျက် ဝနပ္ပတိ အမည်တွင်သော တမာပင်ကြီးရင်းဝယ် သီတင်းသုံးနေတော်မူ၏။

(စာမျက်နှာ-၃၈၂)

ဝေရဉ္ဇပုဏ္ဏား၏ ပြဿနာများ

ထိုသို့ နေကြောင်းကို ပြည်သူအပေါင်းတို့၏ တဆင့်စကားဖြင့် ဝေရဉ္ဇပုဏ္ဏားသည် ကြားသိလေသော် ပြည်သူတို့ကိုခေါ်၍ နှိုးဆော်တိုင်ပင်သည်ကား- “လူများအပေါင်းတို့.. ထီးဆောင်းမင်းအပေါင်းတို့၏ ညွတ်ကြို့ဦးနှိမ်ရာ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ဂေါတမအနွယ်တော်ဖြစ်သော ဘုရားသခင်သည် သံဃာတော်ငါးရာနှင့်တကွ ကြွတော်မူလာ၍ ငါတို့ ဝေရဉ္ဇာပြည်၏အနီး တမာပင်ကြီးရင်းတွင် သီတင်းသုံးနေတော်မူသတတ်၊ ထိုအရှင်ဂေါတမ၏ အရဟံ, သမ္မာသမ္ဗုဒ္ဓ အစရှိသော ကျေးဇူးဂုဏ်သည် အလုံးစုံသော လောကဓာတ်ကို ထုတ်ခတ်ကြေငြာလျက် နတ်ဗြဟ္မာအမျိုးကို လွှမ်းမိုးနှိမ်နင်း၍ တက်၏၊ ထိုဘုရားမြတ်စွာသည် နတ်ဗြဟ္မာနှင့်တကွသော လူအပေါင်းတို့အား အပါယ်လမ်းကြောင်းကို မြင်ဘိ၍ အာဒိကလျာဏ, မဇ္ဈေကလျာဏ, ပရိယောသာန ကလျာဏဂုဏ်နှင့် ပြည့်စုံသော တရားစကားကို ဟောကြားပြသလျက် မြတ်လှသော ကျင့်ဝတ်လမ်းကြောင်းကို ကောင်းစွာ ပြညွှန်းပေသတတ်၊ ထိုအရှင်မြတ်အား ဆည်းကပ်ဖူးမြော် ပူဇော်ရမူ အဆအရာ ကောင်းမြတ်စွာ၏၊ ငါတို့သွား၍ ညွတ်တွား ဆည်းကပ်ကြကုန်အံ့”ဟု တိုင်ပင်၍ ဘုရားသခင်ရှိရာသို့ လာခဲ့ကြပြီးသော် ကိုယ်တော်၏အနီး၌ အသီးသီးသောစကားကို လျှောက်ကြား၍ နေကြကုန်၏။ ဘုရားသခင်လည်း အစဉ်သော ဓမ္မကထာဖြင့် ကောင်းစွာ ဆုံးမတော်မူ၏။

ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် ဘုရားသခင်ကို အပြစ်တင်လို၍ “အရှင်ဂေါတမ.. အရှင်သည် ဆွေစစ်မျိုးရိုး ဘေးဘိုးဝံသအားဖြင့် ဗြာဟ္မဏအစစ် ဖြစ်ကုန်သော မင်းနှစ်ဆက်သုံးဆက်ကြာအောင် ချမ်းသာစည်းစိမ်မပျက် အသက်ရှည်ကြာ ရောဂါမရှိ ပကတိ အိုမင်းခြင်းသို့ ရောက်ကုန်သော ပညာရှိပုဏ္ဏားတို့ကို သူတပါးကဲ့သို့ ညွတ်တွားရိုကျိုး ရှိခိုးခြင်းကို မပြုဟူ၍လည်းကောင်း၊ ခရီးမှလာသော် နေရာခင်းခြင်း, သုံးရေသောက်ရေတည်ခြင်းစသော ဝတ်ကို မပြုဟူ၍လည်းကောင်း ကျွန်ုပ် ရှေးက ကြားဖူး၏၊ ထိုမျှသော သတင်းစုသည် ယခု မျက်မြင်နှင့် ညီညွတ်သည်သာလျှင် ဖြစ်၏။ အရှင်ဂေါတမသည် သူတော်ကောင်း လူလိမ္မာ ပညာရှိပုဂ္ဂိုလ်ဖြစ်လျက် ဂုဏဝုဍ္ဎိ ဝယဝုဍ္ဎိ မဟလ္လကဖြစ်သော ပုဏ္ဏားမြတ်တို့အား ရိုညွတ်ခြင်း ရှိခိုးခြင်း စသည်ကို ဘယ့်ကြောင့် မပြုပါသနည်း”ဟု လျှောက်၏။

ဘုရားသခင်လည်း “အချင်းဝေရဉ္ဇပုဏ္ဏား.. ငါဘုရားသည် ဝပ်တွားရိုကျိုး ရှိခိုးထိုက်သော လူနတ်ဗြဟ္မာကို သုံးရွာသောလောက၌ တစုံတယောက်မျှ မြင်တော်မမူ၊ အကြင်သူအား ရှိခိုးငြားအံ့၊ ထိုသူ၏ ဦးထိပ်တို့သည် ခုနစ်စိတ်ကွဲ၍ ဖရိုဖရဲဖြစ်ဘိရာ၏၊ ထို့ကြောင့် ငါ-ရှိမခိုးသတည်း”ဟု မိန့်တော်မူ၏။

ထိုစကားကိုကြားလျှင် ဝေရဉ္ဇပုဏ္ဏားလည်း ဘုရားကို အပြစ်တင်လို၍-

အရသရူပေါ ဘဝံ ဂေါတမော-

အစရှိသော စကားကို ဆို၏။

မြန်မာဘာသာကား-“ဘုရားဂေါတမ... အရှင်သည် အနှစ်အရသာကင်းသော သဘောရှိ၏၊ အညီအညွတ် ခံစားအပ်သော စည်းစိမ်မှလည်း ကင်း၏၊ ကောင်းသောအမှုကိုပင်

(စာမျက်နှာ-၃၈၃)

မပြုအပ်ဟူသော အကိရိယဝါဒလည်း ရှိ၏၊ ကောင်းမှု၏အကျိုးကို ဖြတ်တတ်သော ဥစ္ဆေဒဝါဒလည်း ရှိ၏။ ပညာရှိတို့ ဆုံးမခြင်းငှါလည်း ထိုက်သေး၏၊ သူ၏နှလုံးကို ပူပန်စေတတ်သော အကျင့်လည်း ရှိ၏၊ နတ်ပြည်၌ ပဋိသန္ဓေနေကြောင်းမှလည်း ကင်း၏။ ထို့ကြောင့် အရှင်သည် ရိုသေလေးမြတ် ဆည်းကပ်ထိုက်သောပုဂ္ဂိုလ် မဟုတ်ဟူ၍ ဆိုပြန်၏။

ကိုယ်တော်မြတ်လည်း ထိုစကားကို တိုက်ရိုက်အားဖြင့် မပယ်ပဲ ပရိယာယ်ဖြင့်သာ ဖြေတော်မူခြင်းငှါ-

အတ္ထိ ခွေသ ဗြာဟ္မဏ ပရိယာယော-

အစရှိသော စကားဖြင့်-

“ပုဏ္ဏားဝေရဉ္ဇ... သင်သည် ငါဘုရားအား အရသာမရှိဟူသော စကားကိုဆို၏၊ ထိုအကြောင်းကား ဆိုထိုက်ပေသည်တကား။ ငါဘုရားသည် အကြင် ရူပရသ, သဒ္ဒရသ, ဂန္ဓရသ, ရသ ရသ, ဖောဋ္ဌဗ္ဗရသတည်းဟူသော ကာမဂုဏ်နှင့်စပ်သော ရသတို့ကို ပယ်ချအပ်ကုန်ပြီ၊ ရူပါရုံကို ခံစားခြင်း, သဒ္ဒါရုံကို ခံစားခြင်း, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံကို ခံစားခြင်းတို့ကိုလည်း အကြွင်းမဲ့ ပယ်အပ်ကုန်ပြီ၊ ဤအကြောင်းကို ရည်၍ဆိုမူ ဆိုထိုက်လှပေ၏၊ အဘိဝါဒန စသည်ကို မပြုခြင်းကြောင့်သာဆိုမူ မဆိုထိုက်၊ အကိရိယဝါဒ ရှိသည်ဆိုရာ၌ ငါဘုရားသည် ကာယဒုစရိုက်သုံးပါး, ဝစီဒုစရိုက်လေးပါး, မနောဒုစရိုက်သုံးပါး တရားတို့ကိုလည်းကောင်း၊ ဤမှတပါး များစွာသော မကောင်းမှုတို့ကိုလည်းကောင်း မပြုကျင့်အပ်ဟူ၍ ဟောတော်မူ၏၊ ဥစ္ဆေဒဝါဒ ရှိ၏ဟု ဆိုရာ၌ ငါဘုရားသည် ဣဋ္ဌ, ဣဋ္ဌမဇ္ဈတ္တဖြစ်သော ကာမဂုဏ်အာရုံတို့၌ စုံမက်တပ်ငြိခြင်း တည်းဟူသော ရာဂတရား, ပြစ်မှားခြင်းတည်းဟူသော ဒေါသတရား, တွေဝေခြင်းတည်းဟူသော မောဟတရား၊ ဤမှတပါး များစွာသော အကုသိုလ်ဓမ္မတို့ကို ပယ်ချခုတ်ဖြတ်ခြင်းငှါ များစွာဟောတော်မူ၏။ ထို့ကြောင့် ထိုအကြောင်းတို့ကို ရည်၍ဆိုမူ ဆိုထိုက်ပေ၏။ အဘိဝါဒနစသည်ကို မပြုခြင်းကြောင့်သာဆိုမူ မဆိုထိုက်ချေ”ဟု မိန့်တော်မူပြီးလျှင်-

“အချင်းဝေရဉ္ဇ.. ဥပမာဖြင့် ငါဆိုဦးအံ့၊ ဤလောက၌ ကြက်မတို့သည် ရှစ်လုံး ကိုးလုံးမျှလည်းကောင်း၊ ဆယ်လုံး ဆယ်တစ်လုံးမျှလည်းကောင်း ဥကြလေပြီးသော် ထိုဥပေါ်၌ဝပ်လျက် ကြက်၏ ရင်ငွေ့, အတွေ့, အနံ့တို့ကို ထုံစေသဖြင့် အလုံးစုံသောအရေသည် ခြောက်ကပ်၍ လွှမ်းအပ်သော ဥခွံလွှာပါးသဖြင့် သားငယ်ဖြစ်သော ကြက်တို့သည် ထက်စွာသော နှုတ်သီးဖြင့် ပေါက်၍ပေါက်၍ ဖောက်ထွက်လာကြကုန်၏၊ ထိုပေါက်သမျှသော ကြက်သားငယ်တို့တွင် အကြင်ရှေးဦး ကြက်သားငယ်ကို အဘယ်သို့ ခေါ်အပ်သနည်း၊ အကြီးဟူ၍ ခေါ်အပ်သလော၊ အငယ်ဟူ၍ ခေါ်အပ်သလော”ဟူ၍ မေးတော်မူ၏။ “အရှင်ဂေါတမ... ရှေးဦးစွာ ပေါက်သောကြက်ကို အကြီးဟူ၍ ဆိုအပ်ပါသည်”ဟု လျှောက်လျှင်-

ပုဏ္ဏားကြီး ကျွတ်တမ်းဝင်ပြီ

“အချင်းဝေရဉ္ဇ.. ဤလောကသုံးရွာ၌ သတ္တဝါတို့သည်လည်း အဝိဇ္ဇာဟူသော ဥခွံသည် မြေးယှက်၍ မထွက်နိုင်ပဲ မြင့်မြဲစွာ ဖြစ်ကြသည်တွင် ငါဘုရားသည် အများတို့ရှေးဦးစွာ အဝိဇ္ဇာဟူသော ဥခွံကိုဖျက်၍ ဖောက်ထွက်နိုင်သော သူတည်း၊ ထို့ကြောင့် သင်တို့ထက်

(စာမျက်နှာ-၃၈၄)

ငါသာ ကြီးမြတ်စွာ၏၊ သူတကာတို့ ရခြင်းသိခြင်းငှါ မထိုက်သော ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါး တရားအထူးကိုလည်း ရတော်မူ၏။ ဤသို့ စသည်ဖြင့် ဝိတ္ထာရတရား ဟောကြားသည်ကို နာရလျှင် ဝေရဉ္ဇပုဏ္ဏားလည်း “အရှင်ဘုရားပင် စင်စစ် ကြီးမြတ်သည် မှန်ပေ၏၊ တရားဒေသနာလည်း လွန်စွာ နှစ်သက်ဖွယ်ရှိပေ၏၊ ဖုံးမှောက်ဝှက်ထားသော ဝတ္ထုကို လှစ်လှန်၍ ပြဘိသကဲ့သို့လည်းကောင်း၊ ခရီးမှားသောသူအား ဖြောင့်သားစွာ လမ်းညွှန်ဘိသကဲ့သို့လည်းကောင်း၊ ညဉ့်လယ် မိုက်မှောင်ဝယ် တန်ဆောင်ဆီမီး ထွန်းညှိဘိသကဲ့သို့လည်းကောင်း သိသာလှပေသည်၊ အံ့ဖွယ်ရှိပေသည်”ဟု များစွာချီးပ၍ တေဝါစိက သရဏဂုံကို ခံယူလေ၏။

ဝေရဉ္ဇာပြည် ငတ်မွတ်ပုံ

ယင်းသို့ ဥပါသကာအဖြစ်သို့ ရောက်ပြီးသော် “ရှင်တော်ဘုရားသည် အကျွန်ုပ်တို့အား သနားတော်မူသဖြင့် ဤဝေရဉ္ဇာတိုင်း၌ ဝါကပ်တော်မူပါ”ဟု လျှောက်၍ လျောက်ပတ်သော နေရာကျောင်းကန်ကို စီမံလှူဒါန်း၏။ ဘုရားကိုယ်တော်မြတ်လည်း ဝါကပ်တော်မူ၏။ ထိုအခါ ဝေရဉ္ဇာပြည်အရပ်သည် ငတ်မွတ်ခြင်းဘေးဖြင့် နှိပ်စက်သည်ဖြစ်၍ လူလေးမျိုးတို့သည် အရိုးဖွေးဖွေးဖြူမျှ သေကြကုန်၏။ စပါးကောက်ပဲ စိုက်ကြဲပါသော်လည်း သီးနှံမထွက် ရိုးတံချက်သာ ဖြစ်ကုန်၏။

မာရ်နတ်သည် မြတ်စွာဘုရားအား ပြစ်မှားနှိပ်စက်လိုသော အကြံဖြင့် နိယံ စောင့်လင့်ရာ ထိုအခါ အခွင့်ရလေ၍ “ဝေရဉ္ဇပုဏ္ဏားနှင့်တကွ ပြည်သားပြည်သူ ဟူသမျှတို့ကို ဘုရားကိစ္စ၌ သတိမရအောင် မေ့လျော့စေရကား သံဃာအများတို့သည် သပိတ်ဆွဲကာ ဆွမ်းကိုခံပါသော်လည်း တထပ်စာမျှ ဝလောက်ရုံသော ဆွမ်းကိုမျှ မလှူဒါန်းကြကုန်။

ထိုအခါ ဥတ္တရာပထတိုင်းမှ မြင်းကုန်သည် ငါးရာတို့သည် မြင်းရောင်းခြင်းငှါလာ၍ ဝေရဉ္ဇာမြို့၏အနီး၌ ကြီးစွာသော တင်းကုပ်ပြု၍ နေကြ၏။ ထိုမြင်းကုန်သည်တို့က တကွမ်းစား တကွမ်းစားသော မုယောဆန်ကို သံဃာတော်တို့အား ဆွမ်းဝတ်တည်သတည်း။

သံဃာတော်တို့လည်း နံနက်ကပင် သပိတ်သင်္ကန်းကို ပြင်လျက် ဝေရဉ္ဇာမြို့တွင်း၌ လှည့်ပတ်၍ တဇွန်းတယောက်မသော ဆွမ်းကိုမျှ မရကြသောကြောင့် မြင်းတင်းကုပ်သို့ ကပ်ကြပြီးသော် တကွမ်းစားမျှသော ဆန်ကို ခံယူခဲ့ကြကုန်၍ ဆုံငယ်ဖြင့် ထောင်း၍သာ ဘုဉ်းပေးရှာကြကုန်၏။

အရှင်အာနန္ဒာလည်း မိမိအလို့ငှါ တကွမ်းစား, ဘုရားသခင်အလို့ငါ တကွမ်းစားသော မုယောဆန်ရင်းကို မြင်းကုန်သည်တို့၏ထံမှ ခံခဲ့၍ ကျောက်ထက်၌ ညက်စွာကြိတ်ပြီးသော် ရှင်တော်ဘုရားအား ကပ်ပေ၏။ ကိုယ်တော်မြတ်လည်း ထက်ဝက်မျှသာ ဘုဉ်းပေး၍ တဝက်ကို ရှင်အာနန္ဒာအား ပေး၏။ ယင်းသို့ သံဃာတို့ ထောင်းကြသော ဆုံသံကို မြတ်စွာဘုရား ကြားသိတော်မူလျက်ပင် အရှင်အာနန္ဒာကိုခေါ်၍ “ချစ်သားအာနန္ဒာ.. များစွာသော ဤအသံကား အဘယ်အသံနည်း”ဟု မေးတော်မူ၏။

(ဘုရားတို့ ဓမ္မတာကား အခါကိုချင့်၍ မသင့်သောအခါ၌ သိလျက်လည်း မေးတော်မမူ၊ တရားဟောခြင်းငှါလည်းကောင်း, သာဝကတို့အား သိက္ခာပုဒ်ကို ပညတ်ခြင်းငှါလည်းကောင်း သင့်တင့်သောအခါဖြစ်မူ သိလျက်ပင် မေးတော်မူမြဲတည်း။)
(စာမျက်နှာ-၃၈၅)

အရှင်အာနန္ဒာလည်း “သံဃာတော်တို့ ဆွမ်းမရ၍ တကွမ်းစားပမာဏ ရခဲ့သော မုယောဆန်ကို ဆုံဖြင့်ထောင်း၍ သုံးဆောင်ကြပါသည်”ဟု နားတော်လျှောက်၏။ ဘုရားသခင်လည်း “ချစ်သားအာနန္ဒာ... သာဓု သာဓု၊ ယခု သူတော်ကောင်းဖြစ်ကုန်သော သင်တို့သည် ငြိုငြင်ဆင်းရဲစွာလျက် သိက္ခာပုဒ်ကိုမဖျက်ပဲ အသက်မွေးမြူကြခြင်းသည် ငါဘုရား၏သာသနာ၌ နောင်လာလတ္တံ့သော ရဟန်းအပေါင်းတို့အား ကောင်းစွာ ချီးမြှောက်သည်မည်၏၊ အဘယ့်ကြောင့်နည်း ဟူမူကား ထိုနောက်သား ရဟန်းတို့သည် သားဖြင့်ပြွမ်းသော သလေးဆွမ်းကို မထေမဲ့မြင်ပြုရအောင် ဝပြောရစ်လတ္တံ့သတည်း”ဟု မိန့်တော်မူ၏။

အရှင်မောဂ္ဂလာန်ကို တားမြစ်ခြင်း

ထိုအခါ အရှင်မဟာမောဂ္ဂလာန်သည် ဘုရားထံသို့ကပ်ပြီးသော် ဤသို့ နားတော်လျှောက်၏။ “ဘုန်းတော်ကြီးသော တရားမင်းဖျား.. ဤပြည်သူ ပြည်သားတို့သည် ရှားပါးငတ်မွတ်ခြင်း ပြင်းလှကုန်သည်၊ သေအံ့လော, ရှင်အံ့လောဟု တွေးတောခြင်းနှလုံးကြောင့် ယူကျုံးမရ ဖြစ်ကုန်သည်၊ အရိုးဖွေးဖွေးဖြူမျှ သေကြကုန်သည်၊ သံဃာတော်တို့လည်း အလွန်ပင်ပန်းကုန်သည်။ သို့အရာ၌ ကျွန်ုပ်ကြံမိသည်ကား ဤမဟာပထဝီနှစ်စုတွင် ပံသုပထဝီ၏အောက် ကျောက်မြေ၏အထက်၌ မြှေးယှက်ကာတည်သော ပျားလပို့ပမာ ဃနာစိုင်အသွင် သန့်ရှင်းကောင်းမြတ်စွာ အရသာနှင့်ပြည့်စုံသော မြေလွှာသည် ရှိ၏၊ ထိုမြေလွှာကိုယူ၍ လူရဟန်းတို့အား ပေးရမူ ချမ်းသာကြရာ၏”ဟု ကြံမိပါသည်။ ထိုအရာကို မြတ်စွာဘုရားသည် ခွင့်သနားပါမူ ကျွန်ုပ်ယူ၍ ကျွေးပါအံ့”ဟု နားတော်လျှောက်၏။

ဘုရားသခင်ကလည်း “ချစ်သားမောဂ္ဂလာန်.. ဤမြေကိုမှီ၍ နေကုန်သော သတ္တဝါတို့ကို အဘယ်သို့ သင်ပြုအံ့နည်း”ဟု မေးတော်မူလျှင် “အရှင်ဘုရား.. ဤအရေးကား မခဲခက်ပါ၊ အကျွန်ုပ်၏ လက်ဝါးတဖက်ကို ဤကျွန်းမြေထက်ကျယ်သော မြေအပြင် ဖန်ဆင်း၍ မြေ၌မှီတင်းသမျှ သတ္တဝါတို့ကို ပြောင်းလဲကာ နေစေပြီးသော် ဤမြေကြီးကို လက်တဖက်ဖြင့်လှန်၍ မြေဆီအရသာကို ယူပါအံ့”ဟု နားတော်လျှောက်၏။

ထိုစကားကိုကြားသော် ရှင်တော်ဘုရားလည်း “ချစ်သားမောဂ္ဂလာန်... သင်ကြံတိုင်း ယူနိုင်မည်ကို ငါသိတော်မူ၏၊ သို့သော်လည်း ဤသို့ယူခြင်းကို အလိုမရှိလင့်၊ အဘယ့်ကြောင့်နည်း ဟူမူကား ဤဒုဗ္ဘိက္ခကပ် မည်သည်ကား ယခုအခါသာ ဖြစ်သည်မဟုတ်၊ နောင်သောအခါလည်း ဖြစ်လတ္တံ့၊ ထိုသို့ဖြစ်သောအခါ ငါ၏သာသနာ၌ ဘုန်းသမ္ဘာနုကုန်သော ပုထုဇဉ်ရဟန်းတို့သည် မြွေလွှာကို မယူစွမ်းနိုင်သဖြင့် ပင်ပန်းကြကုန်သော် ထိုထိုလူအပေါင်းတို့သည် “ရှေးသူတော်ကောင်းဖြစ်သော ရဟန်းသူမြတ်တို့ရှိသောအခါ ဤကဲ့သို့အရာ၌ မြွေလွှာကိုယူ၍ သုံးဆောင်ကြကုန်သည်၊ ယခုမူကား သူတော်ကောင်း ရဟန်းစစ်မရှိ၍ မိမိတို့နှင့်တကွ မွတ်သိပ်ခြင်းဒုက္ခကို ခံကြရကုန်သည်”ဟု ကြည်ညိုခြင်း ပျက်စီးဘိရာ၏၊ ထို့ကြောင့် မြေလွှာဩဇာယူခြင်းငှါ အလိုမရှိလင့်”ဟု မိန့်တော်မူ၏။

ထို့နောက်တဖန် ရှင်မောဂ္ဂလာန် လျှောက်ပြန်သည်ကား- “အရှင်ဘုရား... တပည့်သား သံဃာတော်တို့သည် ဆွမ်းအဖျော်ဖြင့် မပင်ပန်းစိမ့်သောငှါ မြောက်ဥတ္တရကုရုကျွန်း၌ ဆွမ်းခံစေလိုပါသည်၊ သီဒါခုနစ်တန် သတ္တရဘန် ခုနစ်ထပ် ရံချပ်ကာတည်သော မြင်းမိုရ်တောင်မင်းကို

(စာမျက်နှာ-၃၈၆)

ဖောက်၍ သမုဒ္ဒရာထုတ်ချောက်ဖြင့် တလျှောက်တည်း ကျွန်ုပ်တံတားသွယ်ပါမည်၊ ထိုအမှုကို ခွင့်ပြုတော်မူပါ”ဟု လျှောက်၏။ ဘုရားသခင်လည်း “အချင်းမောဂ္ဂလာန်.. ဤအကြံကိုလည်း သင်အလိုမရှိလင့်၊ ထိုထိုသတ္တဝါတို့ ဝိပလ္လာသ ဖြစ်ကုန်လတ္တံ့၊ ဤမျှသောဆင်းရဲကို သည်းခံကြလော့”ဟု မိန့်တော်မူ၏။

အရှင်သာရိပုတြာ သာသနာတည်စေလိုပုံ

တရံသောအခါ အရှင်သာရိပုတြာသည် ဆိတ်ငြိမ်ရာသို့ကပ်၍ ကိန်းဝပ်တော်မူစဉ် ဆင်ခြင်မိသည်ကား- “ရှေးရှေးသော ဘုရားတို့သည် များစွာ ပွင့်ကြလေကုန်ပြီ၊ ထိုဘုရားတို့တွင် ဘယ်ဘုရားရှင်တို့၏ သာသနာတော်သည် ရှည်မြင့်စွာ တည်ဘိသနည်း၊ ဘယ်ဘုရားတို့၏ သာသနာသည် ရှည်မြင့်စွာ မတည်ဘိသနည်း၊ တည်ကြောင်း မတည်ကြောင်းကား အဘယ်နည်း”ဟု အကြံဖြစ်၏။ ထိုအကြံကို မိမိ၏ဉာဏ်ဖြင့် အကုန်အစင် မမြင်နိုင်ရကား ဘုရားရှင်သို့ ကပ်ပြီးသော် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... ရှေး-ပွင့်၍သွားကုန်သော ဘုရားသခင်တို့တွင် အဘယ်ဘုရားသခင်၏ သာသနာသည် ရှည်မြင့်စွာ တည်ပါသနည်း၊ အဘယ်ဘုရားသခင်၏ သာသနာသည် ရှည်မြင့်စွာ မတည်ပါသနည်း”ဟု နားတော်လျှောက်၏။

ရှင်တော်ဘုရားကလည်း “ချစ်သား သာရိပုတြာ.. ကိုးဆယ့်တကမ္ဘာထက်၌ ပွင့်တော်မူသော ဝိပဿီဘုရား, ၎င်းနောက် ပွင့်တော်မူသော သိခီဘုရား, ဝေဿဘူဘုရားတို့၏ သာသနာသည် ရှည်မြင့်စွာမတည်၊ သာဝက နှစ်ဆက်လွန်က ကွယ်ပလေကုန်သတည်း၊ ဤကမ္ဘာ၌ကျသော ကကုသန်ဘုရား, ကောဏာဂုံဘုရား, ကဿပဘုရားရှင်တို့၏ သာသနာကား ရှည်မြင့်စွာ တည်ကုန်သတည်း”ဟု မိန့်တော်မူလျှင်-

“အရှင်ဘုရား... ထိုဝိပဿီစသော ဘုရားတို့၏ သာသနာသည် အဘယ့်ကြောင့် ရှည်မြင့်စွာ မတည်ပါသနည်း”ဟု လျှောက်ပြန်၏။ “ချစ်သား သာရိပုတြာ... ထိုဝိပဿီ အစရှိသော နောင်တော်ဘုရားတို့သည် တရားဟောခြင်း၌ ပင်ပန်းနိုးကုန်သည်ဖြစ်၍ သာဝကတို့အား များစွာလည်း တရားမဟောကုန်၊ ဝိနည်းသိက္ခာပုဒ်ကိုလည်း များစွာ မပညတ်ကုန်၊ အာဏာပါတိမောက်ကိုလည်း မပြကုန်၊ သုတ္တ, ဂေယျ, ဂါထာစသော ဒေသနာတို့လည်း အနည်းငယ်သာ ဖြစ်ကုန်၏၊ ထိုဘုရားတို့၏ တပည့်သား သံဃာတော်တို့သည် ခြောက်နှစ်တကြိမ်သာ ဘုရားထံသို့လာ၍ ဩဝါဒပါတိမောက်ဖြင့် ဥပုသ်ပြုအံ့ကုန်၏၊ ဥပုသ်ပြုအံ့သောအခါ ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ရှစ်သောင်းလေးထောင်သော ကျောင်းတို့၌တည်သော သံဃာတို့ကို ဥပုသ်နှိုးဆော်သော နတ်တို့သည် ပြုအပ်သော နေ့ရက်နီးလျှင် “အရှင်မြတ်တို့.. နက်ဖြန် ဥပုသ်နေ့ကြိမ်ပြီ၊ သိမ်သို့သွားခြင်းငှါ ပြင်ဆင်ကုန်လော့”ဟု နှိုးဆော်၍ နတ်တို့အာနုဘော်ဖြင့် ဆောင်ပြီးလျှင် ဘုရားသခင့်ထံသို့ ရောက်စေကုန်၏၊ ထိုအခါ သံဃာတော်တို့၏ အစည်းအဝေး၌ ရှေးဘုရားတို့၏ ပြမြဲဖြစ်သော ဩဝါဒပါတိမောက်ကို ပြတော်မူ၏၊ ဤသို့ ဆုံးမဟောကြားသော တရားဒေသနာသည် အနည်းငယ်သာ ဖြစ်ရကား ထိုဘုရားတို့၏ သာသနာသည် မြင့်ရှည်စွာမတည်၊ သာဝက တဆက်,နှစ်ဆက်သာ တည်၍ ကွယ်ပျောက်လေသတည်း၊ ချစ်သားသာရိပုတြာ.. ကကုသန်, ကောဏာဂုံ, ကဿပဟူသော ဘုရားသုံးဆူတို့ကား သာဝကတို့အား ပညတ်ဟောကြားသော တရားဒေသနာသည် များစွာရှိကုန်သည်၊ သံဃာတော်တို့အား လခွဲတကြိမ် ဥပုသ်ပြုစေကုန်သတည်း၊

(စာမျက်နှာ-၃၈၇)

တရားဒေသနာတို့သည် သီတံချည်ဖြင့် ကုံးသီအပ်သော ပန်းကဲ့သို့ ပရမ်းပတာ မရှိကုန်၊ ထို့ကြောင့် ထိုဘုရားတို့၏ သာသနာသည် ရှည်မြင့်စွာ တည်လေသတည်း”ဟု မိန့်တော်မူ၏။

ယင်းသို့သော စကားကို ကြားရသောအခါ အရှင်သာရိပုတြာလည်း သာသနာ ထားမည့်အကြောင်းကို တောင်းပန်လိုရကား ငါးပါသော အဓိမတ္တတို့ဖြင့် ညွတ်ခရှိခိုးလျက် “ဘုန်းတော်ကြီးလှသော မြတ်စွာဘုရား.. တဆူတဆူသော ဘုရားသခင်တို့၏ ဖြစ်ခြင်းသည် အလွန်ခဲယဉ်းသော ဒုလ္လဘတရားဖြစ်ပါသည်၊ သာသနာအရှည်တည်မှ သတ္တဝါများတို့ စီးပွားချမ်းသာ ဖြစ်ပါမည်။ ကိုယ်တော်မြတ်၏ သာသနာသည် ရှည်စွာထွန်းပအောင် သာဝကတို့အား ဝိနည်းသိက္ခာပုဒ်ကို ပညတ်တော်မူပါ၊ တရားဒေသနာကို များစွာဟောတော်မူပါ”ဟု လျှောက်၏။

သိက္ခာပုဒ် ပညတ်ကြောင်း

ဘုရားသခင်ကလည်း “ချစ်သား သာရိပုတြာ... ငံ့ဦးလော့, ငံ့ဦးလော့၊ ပညတ်သင့်သောအခါကို ငါဘုရား သိတော်မူ၏၊ ယခုအခါ သံဃာပရိသတ်သည် ထွတ်မြတ်စင်ကြယ်သေး၏။ အညစ်အကြေးပြုသူ မရှိ၊ ပစ္ဆိမကဖြစ်သော ပုဂ္ဂိုလ်မှာ သောတာပန်သာ ဖြစ်၏၊ အကြင် နောင်သောအခါ သာသနာ၌ များစွာသော အမျိုးသားတို့သည် သက်ဝင်ကြသဖြင့် အာသာဝတို့၏ တည်ရာဖြစ်သော ကာမဂုဏ်ငါးပါးတို့သည် ပွားစီးကုန်လတ္တံ့၊ လာဘ်ပူဇော်သက္ကာကို တောင့်တ၍လည်းကောင်း၊ အခြွေအရံကို တောင့်တ၍လည်းကောင်း၊ ဗဟုကိစ္စ ဗဟုဗျာပါရအဖြစ်ကို တောင့်တ၍လည်းကောင်း အကုသိုလ်ဖြစ်ကြောင်း မကောင်းမှုတရားကို ပွားစေကုန်လတ္တံ့၊ ထိုအခါ ထိုအပြစ်တို့ကို ပယ်ဖျောက်ခြင်းငှါ သိက္ခာပုဒ်ကို ပညတ်ရလတ္တံ့”ဟု မိန့်တော်မူ၏။

ဝေရဉ္ဇပုဏ္ဏား ဆွမ်းကျွေးခြင်း

ဘုရားကိုယ်တော်မြတ်လည်း ဝါကျွတ်၍ ပဝါရဏာပြုပြီးသော် ရှင်အာနန္ဒာကိုခေါ်၍ မိန့်တော်မူသည်ကား “ချစ်သားအာနန္ဒာ.. လာခြင်းကောင်းသော ဘုရားသခင်သည် အကြင်အရပ်၌ အကြင်ဒါယကာတို့ ပင့်အပ်သည်ဖြစ်၍ ဝါကပ်ကုန်၏။ ထိုဒါယကာတို့အား မပန်ကြားပဲ သွားတော်မူမြဲ မဟုတ်ချေ၊ ဖိတ်သော ဒါယကာအား ပန်ကြား၍သာ သွားမြဲဓမ္မတာ ဖြစ်ချေသည်၊ ထို့ကြောင့် ဒေသစာရီ ကြွချီခြင်းငှါ ဝေရဉ္ဇပုဏ္ဏားအား ပန်ကြားဦး”ဟု မိန့်တော်မူ၍ သီတင်းကျွတ်လပြည့်ကျော် တရက်နေ့ နံနက်တွင် သပိတ်သင်္ကန်းကိုပြင်လျက် ဝေရဉ္ဇပုဏ္ဏားအိမ်သို့ ကြွတော်မူလေ၏။

ဝေရဉ္ဇပုဏ္ဏားလည်း ခင်းထားသော နေရာထက်၌ နေစေပြီးသော် ထံတော်ပါး၌ ရှိခိုးလျက်နေ၏။ ဘုရားသခင်ကလည်း “အချင်းဝေရဉ္ဇ... သင်သည် ပင့်ဖိတ်အပ်သည်ဖြစ်၍ ဝါကပ်သောအမှုသည် ယခု ဝါပြည့်ချေပြီ၊ ငါဘုရားသည် အရပ်တပါးသို့ သွားလိုသောကြောင့် သင့်ကို ပန်ကြားလာသတည်း”ဟု မိန့်တော်မူလျှင် “အရှင်ဘုရား.. ကျွန်ုပ်ကား ပင့်ဖိတ်သည်မှန်ပေ၏၊ ထိုသို့ ပင့်ဖိတ်ပါသော်လည်း တခုသော အလှူဒါနကိုမျှ မလှူရသေး၊ ထိုသို့ မလှူရခြင်းသည်လည်း ဒါတဗ္ဗတ္ထု မရှိသည်လည်း မဟုတ်၊ သမ္ဗုဒ္ဓ မြတ်စွာဘုရားအား မသဒ္ဓါ မကြည်ဖြူ၍ မလှူသည်လည်းမဟုတ်၊ ကျွန်ုပ်တို့ လူမည်သည်ကား အလွန်များသော ကံကိစ္စရှိ၏၊ ထို့ကြောင့် ပေါ့လျော့လျက်သာ ရှည်ကြာပေသတည်း၊ အရှင်ဘုရားသည် တပည့်သံဃာတော်နှင့်တကွ နက်ဖြန်ကျွန်ုပ်အိမ်၌ ဆွမ်းဘုဉ်းပေးတော်မူပါ”ဟု လျှောက်၏။

(စာမျက်နှာ-၃၈၈)

ဘုရားသခင်လည်း ဆိတ်ဆိတ်သည်းခံ၍ ပြန်တော်မူခဲ့လျက် နံနက်သောအခါ သံဃာတော်အပေါင်းနှင့်တကွ ကြွတော်မူ၍ ဆွမ်းသင်္ကန်းအလှူကို ခံတော်မူ၏။ ဝေရဉ္ဇပုဏ္ဏားလည်း ရပန်းတပါးတပါးလျှင် အသပြာ ငါးရာစီထိုက်သော သင်္ကန်းအစုံဖြင့် ပူဇော်၏။ ဘုရားသခင်ကိုကား အဖိုးများစွာထိုက်သော တိစီဝရိတ်သင်္ကန်းဖြင့် လှူဒါန်းပူဇော်၏။ ကိုယ်တော်မြတ်လည်း တရားအနုမောဒနာ ပြုပြီးသော် ကြွတော်မူခဲ့၍ နောက်တနေ့ပင် ဝေရဉ္ဇာတိုင်းမှ ဒေသစာရီ ကြွချီလာ၍ ဗာရာဏသီပြည်သို့ ရောက်တော်မူ၏။

ဤကား ဒွါဒသမဝါ ကပ်တော်မူသောအကြောင်း အတ္ထုပ္ပတ္တိ အမြွက်တည်း။
(ပါရာဇိကဏ် ပါဠိတော်, အဋ္ဌကထာတို့၌ ကျယ်စွာလာ၏။)

၇၃။ သူစိလောမ, ခရလောမ ဘီလူးနှစ်ယောက်တို့ကို ချွတ်တော်မူခြင်း

တေရသမဝါကို စာလိယတောင် ချရားတော၌ ဝါကပ်တော်မူသည်။ စုဒ္ဒသမဝါကို သာဝတ္ထိပြည်၌ ဝါကပ်တော်မူသည်။ ထိုအခါ ဂယာရွာ၏ အပါး၌နေသော သူစိလောမ, ခရလောမ အမည်ရှိသော ဘီလူးနှစ်ယောက်တို့အား ချွတ်တော်မူရသော အကြောင်းကား ဤသို့တည်း။

သူစိလောမဘီလူး

ကဿပဘုရားသခင်၏ လက်ထက်တော်၌ ရဟန်းတဦးသည် လွန်ကြူးသော မာန်မာနရှိ၏၊ သူတပါးတို့အား ကဲ့ရဲ့ရှုတ်ချတတ်၏။ ထိုရဟန်းသည် တရံသောအခါ ခရီးဝေးမှ လာသည်ဖြစ်၍ အညစ်အကြေး ချွေးစေးသော ကိုယ်ရှိလျက် မိမိဆရာတို့နေရာ, ကေင်းမွန်စွာ ခင်းထားအပ်သော သံဃိကဖြစ်သော ညောင်စောင်း,အင်းပျဉ်ထက်၌ အနှီးမခံပဲလျက် တက်၍ အိပ်နေမိ၏။

ထိုရဟန်းသည် အသက်အတိုင်းနေ၍ စုတေသောအခါ မိမိ၏ မာန, မက္ခ, ပလာသ အဟုန်ကြောင့် အထက်နတ်ဘုံသို့မလားပဲ မဟာဗောဓိပင်၏ အပါး၌တည်သော ဂယာရွာကြီး၏တံခါးဝယ် များစွာသော မသန့်မသက် တံမြက်အမှိုက် စွန့်ရာဖြစ်သော မြေအရပ်၌ နတ်ဘီလူး၏အဖြစ်ဖြင့် ဖြစ်လေ၏။ သံဃိက ညောင်စောင်းထက်၌ အိပ်စက်ခဲ့ဖူးသော မကောင်းမှုကြောင့် ကိုယ်အလုံး၌ ကထိန်သင်္ကန်းချုပ်သော အပ်နှင့်တူသော အမွှေးတို့သည် ထွေးယှက်ကာ တည်ကုန်ရကား သူစိလောမဟူသော အမည်ကို ရသတည်း။

ခရလောမဘီလူး

ထိုကဿပဘုရား လက်ထက်တော်၌ တဦးသော ဥပါသကာသည် ရတနာသုံးပါးသို့ ဆည်းကပ်လျက် မြတ်သော သရဏဂုံသီလကို ဆောက်တည်၏၊ သံဃာတို့၏ ပစ္စည်းဥစ္စာကိုလည်း လှည့်ပတ်ကာ ယူလေ့ရှိ၏။ တနေ့သောအခါ သံဃာကို မဝေဖန်သေးသော ဆီကိုယူ၍ ကိုယ်၌လိမ်းမိ၏။ ကောင်းမွန်ဆန်းကြယ်သော ခင်းနှီးတို့ဖြင့် ခင်းထားအပ်သော သံဃိကနေရာထက်၌ မရိုမသေ အိပ်စက်ခဲ့ဖူး၏။

ထိုမကောင်းမှုကြောင့် စုတေခဲ့သောအခါ ဂယာရွာ၏ တံခါးဝ၌ သူစိလောမဘီလူး၏ နေရာအနီး၌ပင် နတ်ဘီလူးဖြစ်လေ၏။ မိကျောင်းကျောက်ကုန်း, ဖွတ်ကျောက်ကုန်းကဲ့သို့ ရုန့်ရင်း

(စာမျက်နှာ-၃၈၉)

ကြမ်းတမ်းသော ကိုယ်ရှိရကား ခရလောမဟူသော အမည်ကိုရ၏။ ထိုဘီလူးနှစ်ဦးတို့သည် ကြည်နူးသော မိတ်ဆွေပင် ဖြစ်ကြသတည်း။

ဘုရားသခင်လည်း ဇေတဝန်ကျောင်း၌ နေတော်မူ၍ တနေ့သောအခါ မဟာကရုဏာ သမာပတ်ဖြင့် ချွတ်အပ်သော ဝေနေယျကို ရှုတော်မူသော် ဉာဏ်တော်၏ ကွန်ရက်အတွင်းသို့ ဘီလူးနှစ်ဦးတို့ ဝင်လာ၍ ထိုသတ္တဝါတို့အား ငါသွား၍ ချီးမြှောက်တော်မူအံ့ဟု ကြံပြီးလျှင် တိမ်နီလာအဆင်းနှင့်တူသော သင်္ကန်းကို ရုံတော်မူလျက် ရတနာဂူမှထွက်သော ခြင်္သေ့မင်းကဲ့သို့ တပါးချင်းကြွတော်မူ၍ လူ, ဆင်, မြင်း, နွား, စသည်တို့၏ အညစ်အကြေးတို့ဖြင့် ပြည့်လှောင်းလျက် မကောင်းသော ရနံ့ရှိသော မြေအရပ်ကိုပင် မြတ်သော ဂန္ဓကုဋိကဲ့သို့ ဝင်၍ ထိုင်တော်မူ၏။

ယင်းသို့ ဘုရားသခင်ဝင်၍ ထိုင်သည်ကို သူစိလောမဘီလူးသည် မမြင်၊ ခရလောမဘီလူးသည် ရှေးဦးစွာမြင်၍ ခင်ပွန်းဖြစ်သော သူစိလောမဘီလူးအား ဤသို့ပြောကြား၏။ “အချင်းသူစိလောမ.. အလွန်အဆင်းလှသော ရဟန်းတဦးသည် သင်၏ဗိမာန်သို့ ဝင်လာသည်။ သင်-မမြင်သလော”ဟု ဆို၏။

ဘီလူးခြောက်လှန့်ပုံ

ထိုအခါ သူစိလောမ ထ၍ကြည့်သဖြင့် ဘုရားသခင်ကိုမြင်လျှင် “အရှင်ခရလောမ… ဤရဟန်းကား ရဟန်းယောင်မျှသာတကား၊ ငါတို့၏ တန်ခိုးစွမ်းအားကို မသိရှာ၍ ဝင်လာဘိသည်။ သိအောင် ငါပြလိုက်အံ့”ဟု ဆိုပြီးသော် ရှင်တော်ဘုရား၏ ရှေ့တော်၌ ကြောက်မက်ဖွယ်သော ကိုယ်သဏ္ဌာန်ကို ဖန်ဆင်းလျက် ခံတွင်းကျယ်ကြီးကိုဖွင့်၍ ထန်းသီးရင့်မျှလောက်သော မျက်လုံး, ဆုံးအောင်သော လျှာကိုထုတ်လျက် တမိုက်မျှလောက်သော ရည်သောအမွေးတို့ကို ထောင်စေပြီးလျှင် ဘုရားသခင်အနီးသို့ကပ်၍ မိမိကိုယ်ဖြင့် ဟပ်၏။ ကိုယ်တော်မြတ်လည်း လေခတ်သော မီးလျှံကဲ့သို့ အတန်ငယ်မျှ ရွေ့လျား၍ နေတော်မူ၏။

ထိုအခါ ဘီလူးကလည်း “အရှင်ရဟန်း... အကျွန်ုပ်ကို ကြောက်သလော”ဟု မေး၏။ ဘုရားသခင်ကလည်း “အချင်းသူစိလောမ.. ငါကား သင့်ကိုမကြောက်၊ သင်၏ကိုယ်အတွေ့သည် အလွန် ကြမ်းတမ်းယုတ်မာစွာ၏၊ စက်ဆုပ်ဖွယ်သော မစင်စုကဲ့သို့လည်းကောင်း၊ ထက်စွာသော သံဆူးပုံကဲ့သို့လည်းကောင်း ဖြစ်၍ ငါ၏ကိုယ်တော်ဖြင့် တွေ့ခြင်း ထိခြင်းငှါ မလျောက်ပတ်သောကြောင့်သာ ငါရှားတော်မူသည်”ဟု မိန့်တော်မူ၏။

ဘီလူးသည် “ငါ့အား ယုတ်မာသော အတွေ့ရှိသည်ဟူ၍ ဤရဟန်း ဆိုရမည်လော”ဟု ပြင်းစွာ အမျက်ထွက်လျက် ဆွဆွဖြူသော မျက်နှာ, နက်ကြုတ်စွာကိုယ်, စိမ်းညိုသော ခြေလက်, ပြူးပြူးထွက်သော မျက်လုံး, မီးကျီးတုံးကဲ့သို့သော သွား, ရှည်လျားသော လျှာတို့ဖြင့် ကြောက်မက်ဖွယ်သောကိုယ်ကို ဖန်ဆင်းလျက် ညှဉ်းပန်း ကိုက်စားအံ့သကဲ့သို့ ပြုပြန်၏။ ဘုရားသခင်လည်း “သင်ပြလိုသမျှ ပြသော်လည်း ငါဘုရား မထိတ်လန့်ချေ”ဆို၍ ပြုံးရယ်ကာနေတော်မူ၏။

ဘီလူး ဖမ်းစားပုံ

ဘီလူးကား သူတပါးတို့ ဤကဲ့သို့ ကြောက်မက်ဖွယ်သော အရုပ်အဆင်းကိုပြ၍ ထိတ်လန့်အော်ဟစ်လျှင် မိမိလက်ကို ထိုသူ၏ခံတွင်းသို့သွင်း၍ နှလုံးသားကိုသော်လည်း ဆုပ်နယ်သည်။

(စာမျက်နှာ-၃၉၀)

အူအသည်းကိုသော်လည်း ယူသည်။ ထို့ကြောင့် လူတို့ ရူးသွပ်ခြင်း, ဝမ်းသွေးလွန်၍ သေခြင်းတို့သည် ဖြစ်ကုန်၏။ ဘုရားသခင်ကိုလည်း ထိုနည်းတူပြုခြင်းငှါ လွန်စွာ ခြောက်လှန့်လေသတည်း။

ဘုရားသခင်လည်း မထိတ်မလန့် တည်တံ့တော်မူသည်ကို မြင်လျှင် “ရှင်ရဟန်း.. သင်သည် တည်တံ့ပေ၏။ သတိ,ပညာ များစွာ ရှိမည်ထင်၏။ သိချင်သောပြဿနာကို ငါမေးဦးအံ့၊ အကယ်၍ မဖြေနိုင်လျှင် သင်၏စိတ်ကိုလည်း ပစ်လွှင့်အံ့၊ နှလုံးသားကိုသော်လည်း ငါခွဲအံ့၊ ခြေကိုဆွဲငင်၍ သမုဒ္ဒရာထဲသို့သော်လည်း ချအံ့”ဟု ဆိုပြန်၏။

ဘီလူး၏ အမေးပြဿနာ

ဘုရားသခင်ကလည်း “သင်ဘီလူးကိုမျှ မဆိုထားဘိ၊ သုံးဆယ့်တဘုံ၌ ရှိနေကုန်သော လူ,နတ်,နဂါး, သိကြား,အသူရာ, ဗြဟ္မာအပေါင်းတို့တွင် အကြွင်းမဲ့ တစုံတယောက်သောသူမျှ ငါဘုရား၏စိတ်ကို ပစ်လွှတ်ခြင်းငှါလည်းကောင်း၊ ခြေကိုငင်ဆွဲ၍ သမုဒ္ဒရာထဲသို့ ချနိုင်သောသူကိုလည်းကောင်း တစုံတယောက်မျှ ငါမြင်တော်မမူ၊ သို့ရာတွင် သင်သိချင်သောပြဿနာကိုပင် မေးဦးလော့၊ သိအောင် ငါဖြေအံ့”ဟု ခွင့်ပြုတော်မူ၏။ ထိုအခါ သူစိလောမလည်း အားရဝမ်းသာ ပြဿနာကို မေးလိုရကား-

ရာဂေါ စ ဒေါသော စ ကုတော နိဒါနာ၊
အရတိ ရတိ လောမဟံသော ကုတောဇာ။
ကုတော သမုဋ္ဌာယ မနော ဝိတက္ကာ၊
ကုမာရကာ ဓင်္ကမိဝေါဿဇ္ဇန္တိ-

ဟူသော ဂါထာကို ဆို၏။

[အနက်ကား]ဘောသမဏ၊ အို..ရဟန်း။ အမှာကံ၊ အကျွန်ုပ်တို့၏။ သန္တာနေ၊ ခန္ဓာအစဉ်၌။ ပဝတ္တော၊ ဖြစ်သော။ ရာဂေါ စ၊ ရာဂသည်လည်းကောင်း။ ဒေါသော စ၊ ဒေါသသည်လည်းကောင်း။ ကုတော နိဒါနာ၊ အဘယ်ကြောင်းကြောင့် ဖြစ်လေသနည်း။ အရတိ စ၊ မမွေ့လျော်ခြင်းသည်လည်းကောင်း။ ရတိ စ၊ မွေ့လျော်ခြင်းသည် လည်းကောင်း။ လောမဟံသော စ၊ ကြက်သီးမွေးညှင်း ထခြင်းသည်လည်းကောင်း။ ကုတောဇာ၊ အဘယ်အကြောင်းကြောင့် ဖြစ်ကုန်သနည်း။ ကုမာရကာ၊ ရွာသူ သားငယ်တို့သည်။ ဓင်္ကံ၊ ကျီးကို။ ဂဟေတွာ၊ ဖမ်းပြီး၍။ ဩဿဇ္ဇန္တိ ဣဝ၊ ကြိုးရှည်များလျား လွှတ်ထားကုန်ဘိသကဲ့သို့။ ဝိတက္ကာ၊ မိစ္ဆာဝိတက်တို့သည်။ ကုတော သမုဋ္ဌာယ၊ အဘယ်တရားမှ အကြောင်းရှိသောကြောင့်။ မနော၊ ကုသိုလ်စိတ်ကို။ ဩဿဇ္ဇန္တိ၊ စွန့်လွှတ်ကုန်ဘိသနည်း။

ဗုဒ္ဓ၏ဖြေကြားချက်

ဤသို့ သူစိလောမဘီလူး မေးသောအခါ မြတ်စွာဘုရားလည်း အကျယ်အပွား ထင်ရှားစွာ ဖြေတော်မူသော်လည်း ဤဘီလူး မမှတ်ယူနိုင်ရာဟု ပုစ္ဆာသို့ အစဉ်လိုက်သော သင်္ခေပဒေသနာဖြင့် ဖြေတော်မူခြင်းငှါ-

ရာဂေါ စ ဒေါသော စ ဣတော နိဒါနာ၊
အရတိ ရတိ လောမဟံသော ဣတောဇာ။
ဣတော သမုဋ္ဌာယ မနော ဝိတက္ကာ၊
ကုမာရကာ ဓင်္ကမိဝေါဿဇ္ဇန္တိ-

ဟူသောဂါထာကို ဟောတော်မူ၏။

(စာမျက်နှာ-၃၉၁)

[အနက်ကား]ယက္ခ၊ သူစိလောမဘီလူး။ တုမှာကံ၊ သင်တို့၏။ သန္တာနေ၊ ခန္ဓာအစဉ်၌။ ပဝတ္တော၊ ဖြစ်သော။ ရာဂေါ စ၊ တပ်မက်ခြင်းတည်းဟူသော ရာဂသည်လည်းကောင်း။ ဒေါသော စ၊ ကြမ်းတမ်းပြစ်မှားခြင်းတည်းဟူသော ဒေါသသည်လည်းကောင်း။ ဣတော နိဒါနာ၊ ဤအတ္တဘော တည်းဟူသော အကြောင်းရှိ၏။ အရတိ စ၊ မမွေ့လျော်ခြင်းသည်လည်းကောင်း။ ရတိ စ၊ မွေ့လျော်ခြင်းသည်လည်းကောင်း။ လောမဟံသော စ၊ ကြက်သီးမွေးညင်း ထခြင်းသည်လည်းကောင်း၊း။ ဣတောဇာ၊ ဤအတ္တဘော ရှိသောကြောင့်သာ ဖြစ်ကုန်၏။ ကုမာရကာ၊ သူငယ်တို့သည်။ ဓင်္ကံ၊ ကျီးကို။ ဂဟေတွာ၊ ဖမ်း၍။ သြဿဇ္ဇန္တိ ဣဝ၊ ကြိုးရှည်များလျား လွှတ်ထားကုန်ဘိသကဲ့သို့။ ဝိတက္ကာ၊ ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသဝိတက် တည်းဟူသော ဝိတက်သုံးပါးတို့သည်။ ဣတော သမုဋ္ဌာယ၊ ဤအတ္တဘောမှ အကြောင်းရှိသောကြောင့်။ မနော၊ ကုသိုလ်စိတ်ကို။ ဩဿဇ္ဇန္တိ၊ စွန့်လွှတ်ကုန်၏။

ဤသို့ ဖြေတော်မူသည်ကို ကြားလျှင် ဘီလူးသည်လည်း အားရဝမ်းသာလျက် ဒေသနာတော်၏အနက်ကို ပြက်ပြက်ထင်ထင် မမြင်သေးရကား တွေမှိုင်လျက်သာ အနုမောဒနာမပြုပဲ နေ၏။ ဘုရားသခင်လည်း ထင်စွာပြတော်မူပြန်လို၍-

သ္နေဟဇာ အတ္တသမ္ဘူတာ-

အစရှိသော နှစ်ဂါထာကို ဟောတော်မူ၏။

[အနက်ကား]ယက္ခ၊ သူစိလောမဘီလူး။ ဧတာနိ၊ ထိုရာဂ,ဒေါသ အစရှိသော တရားတို့သည်။ သ္နေဟဇာ၊ ချစ်ခင်သာယာ တဏှာဟူသော အစေးအညှိကြောင့် ဖြစ်ကုန်၏။ နိဂြောဓဿ၊ ပညောင်ပင်၏။ ခန္ဓဇာ ဣဝ၊ ပင်စည်မှဖြစ်သော မြစ်ပျဉ်းကဲ့သို့။ အတ္တသမ္ဘူတာနိ၊ အတ္တဘောကိုစွဲ၍သာ လွန်စွာ ပွားစီးကုန်၏။ ဝနေ၊ တော၌။ ဝိသတ္တာ၊ ပင်စည်အခက် အောက်ထက်လွှမ်းအုပ် မြှေးယှက်ချုပ်သော။ မာလုဝ၊ မာလောနွယ်ကဲ့သို့။ ပုထူ၊ များစွာကုန်သော ကိလေသာတို့သည်။ ကာမေသု၊ ကိလေသာ ကာမဂုဏ်တို့၌။ ဝိတတာ၊ ပြင်းစွာငြိတွယ် ယှက်နွှယ် လွှမ်းမိုးကုန်၏။

ယက္ခ၊ ဘီလူး။ သုဏောဟိ၊ နားထောင်။ ယေ၊ အကြင်ပညာရှိကုန်သော သူတို့သည်။ ယတော နိဒါနံ၊ အကြင် အတ္တဘောဟူသော အကြောင်းရင်းရှိသော။ နံ၊ ထိုရာဂ အစရှိသော ဒုက္ခသစ္စာကို။ ပဇာနန္တိ၊ သိကုန်၏။ တေ၊ ထိုသိကုန်သော သူတို့သည်။ နံ၊ ထိုဒုက္ခ၏ ဖြစ်ကြောင်းဖြစ်သော သမုဒယသစ္စာကို။ ဝိနောဒေန္တိ၊ ပယ်ဖျောက်ကုန်၏။ တေ၊ ထိုပယ်ဖျောက်ကုန်သော သူတို့သည်။ ဒုတ္တရံ၊ ကူးမြောက်ခြင်းငှါ ခဲယဉ်းစွာထသော။ အတိဏ္ဏပုဗ္ဗံ၊ မကူးမြောက်ဖူးသော။ ဣမံ သြဃံ၊ ဤသံသရာတည်းဟူသော အယဉ်ကို။ တရန္တိ၊ ကူးမြောက်ရကုန်၏။ အပုနဗ္ဘဝါယ၊ တဖန် ဘဝသစ်၌ မဖြစ်ခြင်းငှါ။ ဟောတိ၊ ဖြစ်၏။

ဤသို့သောတရားကို ကြားနာရလျှင် သူစိလောမဘီလူးသည် ရှေးဦးစွာ သစ္စာလေးပါးကိုမြင်သော သောတာပတ္တိ မဂ်ဉာဏ်ကိုရ၍ ပဌမဖလဋ္ဌာန် ဖြစ်လေ၏။ ဖိုလ်ကိုရသည်နှင့် တပြိုင်နက်ပင် ကြောက်မက်ဖွယ်ရှိသော ရုပ်အဆင်းတို့သည်လည်းကောင်း အပ်သွားကဲ့သို့သော

(စာမျက်နှာ-၃၉၂)

အမွေးတို့သည်လည်းကောင်း ကွယ်ပ၍ လှပသော အရေအဆင်းဖြင့် ကြီးမားသော ဘုမ္မစိုးနတ်တို့၏စည်းစိမ်ကို ရလေ၏။ ထိုသူစိလောမအား ဟောသောတရားကို နာရလျှင် ခရလောမလည်း ထိုနည်းတူပင် ဖြစ်လေ၏။

(ဤအကြောင်းကား သဂါထာဝဂ္ဂ, ယက္ခသံယုတ်၌လည်းကောင်း၊ သုတ္တနိပါတ်၌လည်းကောင်း လာသည်။)

၇၄။ အင်္ဂုလိမာလကို ဆုံးမတော်မူခြင်း

ဘုရားသခင်သည် အင်္ဂုလိမာလ အမည်ရသော ခိုးသူကို ဆုံးမတော်မူသော အကြောင်းကား ဤသို့တည်း။

အဟိံသက ဖွားမြင်ပြီ

ကောသလတိုင်း သာဝတ္ထိပြည်၌ ပသေနဒီကောသလမင်းကြီး၏ ပုရောဟိတ်ဖြစ်သော အန္တကပုဏ္ဏားသည် ရှိ၏၊ ထိုပုဏ္ဏား၏ မယားကား မန္တာနီမည်သော ပုဏ္ဏေးမတည်း။

တရံသောအခါ ထိုမန္တာနီပုဏ္ဏေးမ၏ဝမ်းဝယ် ပဋိသန္ဓေ ငြိတွယ်၍ ဆယ်လစေ့သောအခါ အဆင်းအင်္ဂါနှင့် ပြည့်စုံသော သားယောက်ျားကို ညဉ့်အခါ၌ ဖွား၏။ ထိုသားဖွားသည်နှင့် တပြိုင်နက်ပင် အလုံးစုံသော ပြည်သူတို့၏ သုံးဆောင်ရာ လက်နက်ကိရိယာတို့သည် အလျှံအဝါ တောက်ပကုန်၏။ မင်း၏နန်းတော်၌ ထားအပ်ကုန်သော ဓား,လှံ,သန်လျက် လက်နက်တို့၏ အရောင်အဝါသည်လည်း ပြောင်ပြောင်တောက်ပကုန်၏။

ပုရောဟိတ် ပုဏ္ဏားသည်လည်း သားဖွားသောခဏ၌ ထွက်၍ နက္ခတ်ကို ရှုကြည့်သော် စောရနက္ခတ်နှင့် ယှဉ်သည်ကို မြင်၍ “ငါ့အိမ်၌ဖွားသော သားသည် ခိုးသူကြီးဖြစ်လတ္တံ့”ဟု သိ၍ အန္တရာယ်မရှိခြင်းကို ပြုလိုရကား နံနက်သောကာလ ကောသလမင်းကြီးထံသို့ဝင်၍ “အရှင်မင်းမြတ်... ယနေ့ ချမ်းမြေ့စွာ အိပ်တော်မူရပါ၏လော” စသည်ဖြင့် မေးလျှောက်၏။ မင်းကြီးလည်း “ဆရာ... ချမ်းသာစွာကား အိပ်ရ၏။ သို့ရာတွင် နန်းတော်ဝန်းကျင်၌ထားသော သန်လျက် လက်နက်အပေါင်းတို့ အလျှံအဝါ တောက်ပကုန်သည်၊ အကြောင်း အသို့ရှိအံ့နည်း၊ အသက်အန္တရာယ်လော၊ ပြည်၏ အန္တရာယ်လော”ဟု မေး၏။

ပုဏ္ဏားကလည်း “အရှင်မင်းကြီး- စိုးရိမ်တော် မမူလင့်၊ မင်း၏ အန္တရာယ်လည်းမဟုတ်၊ ပြည်၏ အန္တရာယ်လည်း မဟုတ်၊ အကျွန်ုပ်၏အိမ်၌ ယနေ့ည သူငယ်ကို ဖွား၏၊ ထိုသူငယ်သည် ခိုးသူဖြစ်လတ္တံ့သော ပုဗ္ဗနိမိတ်တည်း၊ နန်းတော်တွင်ရှိသော လက်နက်ကိရိယာသာ အရောင်အဝါ တောက်ပသည်မဟုတ်၊ ပြည်အလုံး၌ရှိသော လက်နက်ဓားလှံတို့ပင် အရောင်အဝါ တောက်ပ၏”ဟု ပြောလေသော် “အချင်းပုရောဟိတ်... ထိုသူငယ်သည် တယောက်တည်းသော ခိုးသားဖြစ်အံ့လော၊ ခြွေရံအများနှင့် တိုင်းကားနိုင်ငံကို ပုန်ကန်သော ခိုးသားဖြစ်အံ့လော”ဟု မေးပြန်၏။ “အရှင်မင်းကြီး... တယောက်တည်းသော ခိုးသားဖြစ်လတ္တံ့”ဟု ဆိုပြီးလျှင် “အရှင်မင်းမြတ်.. နောင်သောအခါ အကျွန်ုပ်တို့အား အပြစ်ဆိုတော်မမူရအောင် ယခုက ဤခိုးသားငယ်ကို ပယ်တော်မူလော့”ဟု လျှောက်၏။

(စာမျက်နှာ-၃၉၃)

မင်းကြီးကလည်း “တယောက်တည်းသော ခိုးသားဖြစ်မူ အဘယ်မူ၍ ဂရုပြုတော့အံ့နည်း၊ စပါးတသိန်းထွက်သော လယ်၏အတွင်း၌ တနှံတည်း အဖျင်းသီးသကဲ့သို့သာ ဖြစ်ရာသည်မဟုတ်လော၊ ကောင်းမွန်စွာလျှင် ကျွေးမွေးစောင့်ရှောက်ပါလော့”ဟု ဆို၏။

ထိုအခါမှစ၍ ပုဏ္ဏားလည်း ကြောင့်ကြမဲ့ မွေးမြူ၏၊ အမည်ကို မှည့်အံ့သောအခါဝယ် ဤသူငယ်သည် ငါတို့အမျိုးအနွယ်ကို မညှဉ်းဆဲလတ္တံ့ဟူသော ပုဗ္ဗနိမိတ်ကိုယူ၍ အဟိံသကဟူသော အမည်ကို မှည့်၏။

ပညာသင် လွှတ်ခြင်းအကြောင်း

ထိုသူငယ် အရွယ်သို့ရောက်သောအခါ အတတ်ပညာကို မိမိပင် သင်ပြနိုင်သော်လည်း အဝေးမြို့ရွာ၌ ထားရခြင်းသည် ဇာတိမာန်ကျခြင်း, ပညာကို လုံ့လပြု၍ သင်ခြင်း, မိတ်ခင်ပွန်းတို့နှင့် လိုက်လျောတတ်ခြင်း, အရပ်ဒေသကို ကျွမ်းကျင်ခြင်းစသော အကျိုးများသောကြောင့် အမျိုးကောင်းသားတို့သည် မိဘနှင့် ဝေးခြားရာ၌ ပညာသင်စေမြဲဖြစ်ရကား ဝက္ကသိုလ်ပြည်သို့သွား၍ ဒိသာပါမောက္ခဆရာ့ထံ၌ ဓမ္မန္တေဝါသိကပြု၍ အတတ်သင်ချေဟု စေလိုက်၏။

(ဓမ္မန္တေဝါသိက ဟူသည်ကား- ဆရာစား အခမပေးပဲ ခြေရင်း၌ အလုပ်အကျွေးပြု၍သင်သော တပည့်တည်း။)

ပညာတော်၍ မနာလိုခံရပုံ

အဟိံသက သတို့သားသည်လည်း မိဘတို့စေလိုက်တိုင်း သွား၍ ဒိသာပါမောက္ခဆရာ့ထံသို့ ရောက်လျှင် တိုးဝင်ဆည်းကပ်၍ အတတ်ပညာကို သင်၏၊ ဆရာ့အစည်းအပွားဖြစ်သော ဝတ်ကြီးဝတ်ငယ်တို့ကိုလည်း အလွန်ဆောင်ရွက်၏။ ဆရာနှစ်သက်ဖွယ်သော စကားကိုသာ ဆိုလျက် ဆရာ့အလိုသို့လိုက်သော အနီးနေတပည့်ပြုလျက် တနေ့တရက်မျှ မပြတ်မလပ်အောင် အတတ်ပညာကို မှတ်နာသင်ယူ၏။ ထိုသူရောက်သည်မှစ၍ တပါးတပည့်တို့သည် ဆရာ့ကိစ္စကို ဆောင်ရွက်ခွင့်မရ၊ ပြင်ပ ဗာဟိရသာ ဖြစ်ကုန်၏။ ဒိသာပါမောက္ခဆရာလည်း အဟိံသကအား ရင်ထွက်သားကဲ့သို့ သနားလေးမြတ်သည်ဖြစ်၍ အတတ်အမျိုးမျိုးတို့ကိုပင် သင်စေရကား သူတပါးထက် ကဲလွန်၍ တတ်၏။

ထိုအခါ ရှေးဦးစွာနေလင့်သော တပည့်တို့သည် ဤသို့ တိုင်ပင်ကုန်၏။ “ဤအဟိံသက ရောက်သည်မှစ၍ ဆရာသည် ငါတို့အား သတိမရသကဲ့သို့ ဖြစ်၏၊ ဤသူကို ဆရာနှင့်ကွာအောင် ငါတို့ အဘယ်သို့ ပြုရအံ့နည်း၊ အလုံးစုံသော တပည့်တို့ထက် ထက်သော ဉာဏ်ပညာရှိရကား ဒုပ္ပညဟူ၍ ဆိုခြင်းငှါလည်း မတတ်ကောင်း၊ ဆရာ့ဝတ်၌ အလွန်ကြည်ညွတ် လိမ္မာသူဖြစ်ရကား ဝတ်နှင့်မပြည့်စုံဟု ဆိုခြင်းငှါလည်း မတတ်ကောင်း၊ အမျိုးမြင့်မြတ်သူ ဖြစ်ပေရကား အမျိုးညံ့ဟူ၍ ဆိုခြင်းငှါလည်း မာတ်ကောင်းချေ၊ ဤသူ မနေရအောင်မှာ ဆရာ၏မယားနှင့် ယိုးစွပ်၍ ပြောဆိုမှသာလျှင် သင့်ရာမည်”ဟု တိုင်ပင်ကြပြီးလျှင် လူကို သုံးစုခွဲ၍ တစုသောသူတို့သည် ဆိတ်ငြိမ်သောအခါ ဆရာ့ထံကပ်၍ ရှိခိုးလျက် ရပ်ကုန်၏။

ဆရာက “တပည့်တို့ အဘယ့်ကြောင့် လာကြသနည်း”ဟု မေးသော် “ကျွန်ုပ်တို့သည် တခုသောစကားကို လျှောက်ကြားခြင်းငှါ လာပါသည်”ဟု ဆို၏။ “အဘယ်ကို ကြားလိုသနည်း”ဟု

(စာမျက်နှာ-၃၉၄)

မေးလျှင် “ဆရာချစ်သော အဟိံသကသည် ဆရာ့မိန်းမနှင့် ချစ်ကျွမ်းဝင်၍ ဆရာကိုပင် ပြစ်မှားအံ့ကြံသည်ဟု ကျွန်ုပ်တို့ ထင်ပါသည်”ဟူ၍ လျှောက်၏။

ဒိသာပါမောက္ခဆရာလည်း မယုံမနာ ပြင်းစွာအမျက်ထွက်၍ “ဟယ်သူယုတ်တို့.. ငါ့သားကို ငါနှင့်ကွဲပြားအောင် အဘယ့်ကြောင့် ကုန်းတိုက်ကြသနည်း”ဟု ဆို၍ တံတွေးဖြင့် ထွေးလိုက်၏။

ထို့နောက် တသင်းသော တပည့်တို့လည်း ထိုနည်းတူပင် ပြောဆိုကြ၏။ တတိယအသင်းလည်း ထိုနည်းပင် ပြောဆိုကြ၏။ ပြောဖန်များသောအခါ ဆရာလည်း အဟိံသက၏ အမူအရာကို ကြည့်ရှုကာ ဆင်ခြင်၏။ ထိုအဟိံသကကိုကား ဆရာသာလျှင် ချစ်ခင်သည်မဟုတ်၊ ဆရာ့မယား, သမီး,သားနှင့်တကွ ချစ်ခင်ကြရကား ကျွမ်းဝင်ရောပြွမ်းသည်သာ ဖြစ်၏။

အင်္ဂုလိမာလ၏ စွမ်းရည်

ဆရာလည်း ရောပြွမ်းသော အမူအရာကိုမြင်လျှင် ဟုတ်နိုးအံ့ထင်၍ သတ်ချင်သောစိတ်သည် ဖြစ်၏။ အကယ်၍ ငါသည် ဤအိမ်တွင် အဟိံသကကို သတ်သည်ဖြစ်အံ့၊ ဒိသာပါမောက္ခဆရာသည် မိမိထံမှာ အတတ်သင်လာသော တပည့်ကိုပင် သတ်ရာသည်ဟု အရပ်ရပ်ကြေညာ၍ ငါ၏ထံသို့ တပည့်တို့ မရောက်လာလတ္တံ့၊ ဤသို့ မရောက်ငြားက ငါ့အား လာဘ်ပူဇော်သက္ကာသည် ဆုတ်ယုတ်လတ္တံ့၊ တစုံတခုသော ပရိယာယ်ဖြင့် ဤသူငယ် ငါ့ထံမှခွါသွား၍ သူတပါး သတ်လွယ်အောင် ပြုတော့အံ့ဟု ကြံ၍ တရံသောကာလ အဟိံသကကိုခေါ်ပြီးလျှင် “ချစ်သား အဟိံသက... သင်ကဲ့သို့ အမျိုးမြတ်စွာ ပညာလျင်လျား ဝတ်တရား၌လိမ္မာသော တပည့်ကောင်းကို အလွန်ရခဲ၏။ ထို့ကြောင့် သင့်အား အကြွင်းမထားပဲ လွန်ကဲထူးမြတ်စွာ ငါသိသမျှ အတတ်ကိုသင်အံ့၊ သို့ရာတွင်မူ ပူဇော်ဖွယ်အထူးဖြင့် လွန်စွာပူဇော်မှ ငါ-အကုန်သင်ထိုက်ချေသည်၊ သင် ပူဇော်နိုင်အံ့လော”ဟု ဆို၏။

ထိုအဟိံသကလည်း “ဆရာ.. အဘယ်သို့ ပြုရမည်ကိုသာ ပြောပါလော့၊ ကျွန်ုပ်ပူဇော်ပါအံ့”ဟု ဝန်ခံလျှင် “သင်ချစ်သားသည် ငါ့အား လူ၏ လက်ညှိုးတထောင်ဖြင့် ပူဇော်မှ သင်ရချိမ့်မည်”ဟု ဆို၏။ ထိုစကားကိုကြားလျှင် အဟိံသကလည်း “ဆရာ... မစိုးရိမ်လင့်၊ လျင်စွာပြည့်စုံစေအံ့”ဟု ဆို၍ ဆရာကို ရှိခိုးပြီးသော် ကြီးစွာသော သန်လျက်,လေး,မြား, မီးပေါက်ဟူသော လက်နက်ငါးပါးကိုစွဲလျက် မြို့မှထွက်ခဲ့၍ တခုသော တောအုပ်၌နေပြီးလျှင် ခရီးသွားကုန်သော မိန်းမယောက်ျားတို့အား ဖမ်းကာဖမ်းကာ သတ်လျက် လက်ညှိုးနှစ်ချောင်းကိုသာ ယူ၏။ ပြကတေ့အားဖြင့် အလွန် ပညာရှိသောသူဖြစ်လျက် ပါဏာတိပါတ၌ လေ့လာခြင်းကြောင့် စိတ်ပျံ့လွင့်လေရကား ရသောလက်ချောင်းကိုမျှ မရေတွက်ပဲ သစ်ခက်သစ်ခွ စသည်တို့၌သာ စုထား၍ ကျီးငှက်စသည်တို့ စားသဖြင့် ထားတိုင်း,ထားတိုင်း ပျောက်ပျက်သည်သာ ဖြစ်လေသော် ဤသို့ထားသဖြင့် မသင့်ချေသေး၊ ရသမျှလက်ညှိုးကို ကြိုးဖြင့်သီရုံး၍ ပန်းကုံးကဲ့သို့ လည်တွင်ဆွဲထားမှ ငါ့အား ပြည့်စုံလွယ်ချိမ့်မည်ဟု ကြံလျက် တဖန် သတ်၍ရသမျှ လက်ချောင်းကို ကောင်းစွာသီ၍ လည်၌ဆွဲထား၏။

ထိုအခါမှစ၍ အင်္ဂုလိမာလဟူသော အမည်ကို လူတို့ခေါ်ဆိုကြ၏။ ထိုတောအုပ်သို့ ထင်းခုတ်, ဟင်းရွက်ခူးမျှ သွားဝံ့ကြသောသူမည်သည် တစုံတယောက်မျှ မရှိ၊ အလုံးစုံသော တောအုပ်သည် ဆိတ်ငြိမ်ခြင်းသို့ ရောက်၏။

(စာမျက်နှာ-၃၉၅)

အင်္ဂုလိမာလ ခိုးသားလည်း ခရီးသွားလူသူ မရှိလေလျှင် ညဉ့်အခါ၌ ရွာတွင်းသို့ဝင်၍ အိမ်တွင် ပိတ်ထားသော ဆူးတပ်တံခါးကို ခုန်လွှားဖျက်ဖောက်၍ ယောက်ျား,မိန်းမ ဖမ်းမိသမျှသောသူကိုသတ်၍ လက်ညှိုးနှစ်ခုကို ယူ၏၊ လူတို့စည်းဝေး၍ လိုက်သောအခါ လျင်စွာသောအဟုန်ဖြင့် ပြေးဘိ၍ မိမိတောအုပ်သို့ ဝင်နေ၏။ သုံးယူဇနာရှိသော ခရီးကိုလည်း တဟုန်တည်း ပြေးနိုင်သော စွမ်းပကားသတ္တိ ရှိရကား မည်သူမျှ လိုက်လံဖမ်းဆီးခြင်းငှါ မစွမ်းနိုင်ကုန်။ တစုံတယောက်သော သူကိုမြင်လျှင် လက်တွင်စွဲမြဲသော ဓားသန်လျက်ကို စက်ရဟတ်ကဲ့သို့ ပတ်ပတ်ချာချာ လည်စေလျက် ကြွက်သို့ ရှေးရှုလိုက်သော ကြောင်, သားကောင်ကို ရှေးရှုလိုက်သော ကျားကဲ့သို့ ကွန့်လွှားခုန်ပျံ၍ နံဘေးတင်သားကို လက်ဝါးဖြင့်ပုတ်လျက် တမုဟုတ်ခြင်း ပြေးလာ၍ ဦးခေါင်းကိုသာ ဖြတ်လေ၏။

ဤသို့သော နည်းအားဖြင့် ညဉ့်၌လည်းကောင်း၊ နေ့၌လည်းကောင်း နေ့တိုင်းနေ့တိုင်း ယူလေရကား ကျေးရွာငယ်အများ ပျက်စီး၍ ရွာကြီးနိဂုံးသို့ ပေါင်းရုံး၍ နေကြကုန်၏။ ရွာကြီးတို့၌ ထို့အတူဝင်၍ ယူပြန်လျှင် လူပုံယင်တို့သည် သားငယ်,မြေးတွဲ ပြေးလွှဲကြလတ်၍ သာဝတ္ထိမြို့၏ အနီး၌သာ ဆူးတပ်လုံစွာဖြင့် ကာရံ၍ နေကြ၏။

ထိုသို့နေပြီးသော် မင်းကြီးထံသို့ကပ်၍ “အရှင်မင်းမြတ်... အင်္ဂုလိမာလမည်သော ခိုးသားသည် မြင်မြင်သမျှသော မိန်းမယောက်ျားတို့ကိုသတ်၍ အရပ်ရပ် ကျေးရွာတို့ များစွာ ပျက်စီးကုန်ပြီ၊ ဤခိုးသူကို ဖမ်းယူ ပယ်ရှားတော်မူပါ”ဟု လျှောက်၏။ ကောသလမင်းလည်း သတင်းကြားသည်နှင့် အလွန်ထိတ်လန့်ရကား မဖမ်းဝံ့ငြားသော်လည်း ပြည်သူပြည်သားတို့ နှလုံးသက်သာစိမ့်သောငှါ “သင်တို့ မစိုးရိမ်လင့်၊ ငါသည် နက်ဖြန် မြင်းစီးသူရဲငါးရာနှင့် အင်္ဂုလိမာလကို ဖမ်းယူစေအံ့”ဟု ဆိုလိုက်၏။

မိခင်၏စေတနာ

ထိုစကားကို ပုရောဟိတ်ပုဏ္ဏားကြားလျှင် အိမ်သို့ပြန်လာ၍ မန္တာနီပုဏ္ဏေးမအား ဤသို့ ပြော၏၊ “ရှင်မ... ယခု လူတို့ကိုသတ်၍ လက်ညှိုးကိုဖြတ်ယူသော ခိုးသူ အင်္ဂုလိမာလ ဟူသည်ကား အခြားသူမဟုတ်၊ ရှင်မ၏သားပင်တည်း၊ ထိုခိုးသူကို နက်ဖြန် ငါတို့မင်းကြီးသည် မြင်းငါးရာဖြင့် သွား၍ ဖမ်းယူလတ္တံ့”ဟု ပြော၏။ ထိုစကားကို ကြားလျှင် ပုဏ္ဏေးမက “အမောင်.. ထိုသို့ ဖြစ်တပြီးကား အမောင့်သားကို သွား၍ခေါ်ပါ”ဟု ဆို၏။ ပုဏ္ဏားက “ငါမသွားဝံ့”ဟု ဆိုလျှင် “အရှင်မသွားဝံ့သော် အကျွန်ုပ်ပင် သွား၍ခေါ်ပါအံ့”ဟု ဆို၏။ ပုဏ္ဏားကလည်း “ရှင်မ... သူမိုက်တို့အားလည်းကောင်း, ခိုးသူတို့အားလည်းကောင်း ငါ့သား,ငါ့တူ တော်သည်ဟူ၍ အကျွမ်းမဝင်ရာ၊ မင်းညီမင်းသားတို့ကိုလည်း ငါ့အား ချစ်ခင်သည်ဟူ၍ ဂရုမမူ, အကျမ်းမဝင်ရာ၊ မိန်းမတို့ကိုလည်း ငါ့အလိုသို့ လိုက်လှသည်ဟူ၍ ချစ်ကျွမ်းမဝင်ရာဟု ရှေးပညာရှိတို့ ဆိုကြကုန်သည်၊ သင့်သားယုတ်သည် ကြမ်းကြုတ်လွန်ကျူးသော သဘောရှိ၏။ ထို့ကြောင့် ငါမသွားစေချင်”ဟု ဆို၏။

မိခင်တို့၏သဘောလည်း သားသမီးကို အလွန်စုံမက်ခြင်းရှိရကား “အကျွန်ုပ်အား သတ်လိုသော်လည်း သတ်ပစေ၊ သား၏သေခြင်းကို မမြင်လိုပါ”ဟု ဆိုလျက် နံနက်သောအခါ ဆောစွာ ထမင်းစားပြီးလျှင် သားအင်္ဂုလိမာလရှိရာ တောအရပ်သို့ ရှေးရှုသွားလေ၏။

(စာမျက်နှာ-၃၉၆)

အင်္ဂုလိမာလ ခိုးသားလည်း မကောင်းသော စားခြင်း, မပျော်သော အိပ်ခြင်းဖြင့် ဆင်းရဲခံရသည် မြင့်ရှည်လှ၍ စိတ်ဆန့်ကျင်ရကား မိမိရသော လက်ညှိုးကို ရေတွက်၍ကြည့်သော် တထောင်ပြည့်မည် တယောက်သာ လိုတော့သည်ဟု သိ၍ “ယနေ့ ငါသည် ရှေးဦးမြင်သောသူ တယောက်ယောက်ကိုသတ်၍ လက်ညှိုးတထောင် ပြည့်စေသဖြင့် ဆရာအား ပူဇော်ပြီးလျှင် ကြီးမြတ်သောအတတ်ကို လျင်စွာသင်၍ မိခင်ဖခင်တို့ထံ ပြန်တော့အံ့”ဟု ကြံလျက် တောအုပ်လယ်မှ ထွက်ခဲ့၍ ကွယ်ဝှက်လောက်ရုံသော တော၏အဝ တခုသောဌာန၌ နေ၏။

မိခင်ဖြစ်သော မန္တာနီပုဏ္ဏေးမလည်း တောအနီးသို့ ရောက်သောအခါ “ချစ်သား အဟိံသက... ကောသလမင်းကြီးသည် ယနေ့ မင်းကိုဖမ်းယူခြင်းငှါ မြင်းငါးရာဖြင့် ထွက်လာလတ္တံ့၊ လောလောရက်ရက် ခုတ်ဖျက်သတ်ညှစ်ခြင်းကို မင်းခံရတော့မည်။ မိခင်ထံသို့ အမြန်လာခဲ့လော့”ဟု ဟစ်ကြော်၍ သွား၏၊ ခိုးသား အင်္ဂုလိမာလလည်း အဝေးက လာသည်ကိုမြင်လျှင် ဤမိန်းမကိုပင်သတ်၍ လက်ညှိုးကို ဖြတ်ယူအံ့ဟု ကြံလျက် နေလင့်၏။

ဗုဒ္ဓမြတ်စွာ ဒေသနာ

ဘုရားသခင်လည်း ထိုနေ့နံနက်ထ၍ လောကကို ရှုတော်မူလျှင် အင်္ဂုလိမာလ၏ ဥပနိဿယ သမ္ပတ္တိကို မြင်၍ “ယနေ့ ငါသွား၍ တရားဟောရမူ လေးပုဒ်ရှိသော တဂါထာဖြင့် အင်္ဂုလိမာလလည်း သစ္စာလေးဝကို မြင်သဖြင့် ရဟန်းခွင်သို့ ရောက်လတ္တံ့၊ အကယ်၍ ငါမသွားဘိမူ မိခင်ကိုသတ်၍ အနန္တရိယကံကို ရသဖြင့် အဝီစိငရဲ၌ မြင့်မြဲစွာ ခံရလတ္တံ့”ဟု မြင်တော်မူ၍ ရတနာဂူမှထွက်သော ခြင်္သေ့မင်းကဲ့သို့ ဂန္ဓကုဋိတွင်းမှ ထွက်ပြီးလျှင် သပိတ်သင်္ကန်းကိုပြင်၍ သာဝတ္ထိမြို့သို့ ဆွမ်းခံဝင်တော်မူ၏။

ဆွမ်းခံရာမှ ဖဲပြီးသော် ကိုယ်တော်တည်းသာလျှင် အင်္ဂုလိမာလရှိရာတောအုပ်သို့ ရှေးရှုကြွတော်မူ၏၊ ခရီးအပါး၌ အမှုလုပ်၍နေသောသူတို့က မြင်လျှင် “အရှင်ဘုရား- ဤခရီးကို သွားတော်မမူပါလင့်၊ တောအုပ်၌ရှိသော အင်္ဂုလိမာလ ခိုးသားသည် ရတနာသုံးပါး၏ ကျေးဇူးဂုဏ်ကိုလည်း မသိ၊ တွေ့မိသမျှသော လူရဟန်းတို့ကိုသတ်၍ လက်ညှိုးကို ဖြတ်ယူပါသည်”ဟု လျှောက်ကြ၏။

ဘုရားသခင်ကလည်း “အင်္ဂုလိမာလကို ငါဆုံးမတော်မူမည်၊ သင်တို့ မကြောက်ကြလင့်”ဟု ဆို၍သာ သွားသဖြင့် တော၏အပါးသို့ ရောက်သောအခါ သားထံသို့ ရှေးရှုလာသော မန္တာနီပုဏ္ဏေးမနှင့် အင်္ဂုလိမာလအကြားသို့ စင်္ကြံသွားတော်မူ၏။

အင်္ဂုလိမာလလည်း မထင်ရှားသောအသွင်ဖြင့် လာသော မြတ်စွာဘုရားကို မြင်လျှင် ဤရဟန်းကိုပင် သတ်အံ့ဟု ကြံလျက် ပုန်းဝှက်ရာမှ လျင်စွာထ၍ ပြေးလာ၏။ မြတ်စွာဘုရားလည်း ခိုးသားမမီနိုင်စိမ့်သောငှာ ဣဒ္ဓါဘိသင်္ခါရကို စီရင်၍ ထက်ဝန်းကျင်သော မြေသည် ရေ၌ လှိုင်းတံပိုးရောက်သကဲ့သို့ မောက်တုံနိမ့်တုံ ခလုံခလုထသဖြင့် အင်္ဂုလိမာလသည် ခြေမျှမလှမ်းနိုင်ရှိ၏။ ကိုယ်တော်မြတ်မူကား စည်မျက်နှာအသားကဲ့သို့ ညီညွတ်သော မြေပြင်အလယ်၌ သပ္ပာယ်စွာ ကြွတော်မူ၏။ အင်္ဂုလိမာလကို မြေညီရာအစသို့ ရောက်စေ၍လည်း ကိုယ်တော်သည် အလယ်ဌာနဖြင့် ကြွတော်မူ၏။

(စာမျက်နှာ-၃၉၇)

ယင်းသို့ မြေညီအစသို့ရောက်လျှင် အင်္ဂုလိမာလလည်း ကြုံးဝါသံပ၍ ငါမျှသောသူကို အဘယ်မူ၍ ခံနိုင်အံ့နည်း၊ ဤမြေညီဝယ် အမှီလိုက်ပြီးလျှင် ရဟန်းကြီး၏ လက်ညှိုးကို ဖြတ်အံ့ဟု လက်ပမ်းပေါက်ခတ်ပြီး တောမီးလောင်သကဲ့သို့ အာခေါင်အာရင်းသံကို ဟစ်လျက် အားကုန်သွန်သဖြင့် တဟုန်တည်းပြေး၍ လိုက်ပါသော်လည်း မြတ်စွာဘုရားသည် အလယ်သားဌာနမှ ဖြည်းဖြည်းသာသာ ကြွသည်ကို မမှီနိုင်၊ အတန်ငယ်နီး၍ လာလျှင်လည်း ကြီးစွာသော ချောင်းမြောင်းကြိမ်ပိုက်ခြားသကဲ့သို့ အပါးသို့ မကပ်နိုင်ဖြစ်၏။

ဤနည်းဖြင့် လိုက်လာ၍ သုံးယူဇနာခန့်လောက် ခရီးရှည်လေလျှင် အင်္ဂုလိမာလသည် အလွန်ပန်းလှရကား ခံတွင်းမှ တံတွေးတို့သည် ခြောက်၍ ချွေးပေါက် ချွေးစေးတို့သည် ကိုယ်အလုံးမှ ယိုစီးကုန်၏။

ထိုအခါ အင်္ဂုလိမာလလည်း ဤသို့ ကြံ၏။ “ရှေးအခါက ငါလိုက်ရမူ လျင်မြန်လှသော သမင်, ဒရယ်, ချေငယ်, ယုန်, ကြောင်မှလည်း ငါ့လက်က မလွတ်နိုင်၊ ယခုမှာမူ လျင်စွာသော အဟုန်ဖြင့် ပြေးခုန်၍ လိုက်ပါငြားသော်လည်း ဖြေးဖြေးသာသွားသော ဤရဟန်းကို မမှီနိုင်ချေ၊ အံ့ဖွယ်သရဲ မဖြစ်ဘူးမြဲပေတကား”ဟု ကြံလျက် အတန်ငယ်ရပ်ပြီးလျှင် “အရှင်ရဟန်း.. ရပ်ဦးလော့, ရပ်ဦးလော့”ဟု ဆို၏။

ထိုအခါ မြတ်စွာဘုရားကလည်း “ငါကား ရပ်၏၊ သင်သာ မရပ်သည်”ဟု ဆိုလျှင် “အရှင်ရဟန်း... သင်သည် မတန့်မနား သွားလျက်ကိုပင် ငါရပ်၏၊ အကျွန်ုပ်ရပ်နေသည်ကို သင်ကား မရပ်ဟု အဘယ့်ကြောင့် ဆိုပါသနည်း၊ မုသာဝါဒသည် ရဟန်းတို့၏ အလေ့အထပင်လော”ဟု ဆိုပြန်၏။

ဘုရားသခင်ကလည် “အချင်းအင်္ဂုလိမာလ.. ငါသည် ပါဏာတိပါတစသော မကောင်းမှု ဒုစရိုက်တို့၌ မလိုက်မစား ကြဉ်ရှောင်ရှားသည်ဖြစ်၍ အပါယ်လားခြင်းမရှိ၊ သုဂတိတို့၏ အထွတ်အထိပ်ဖြစ်သော နိဗ္ဗာန်လမ်းဝ၌သာ တည်ရကား ရပ်သောသူမည်၏။ သင်ကား ဒုစရိုက်တရားတို့ကို များစွာ ပြုလေ့ရှိသည်၊ သတ္တဝါခပ်သိမ်းတို့အား သနားချစ်ခင်ခြင်းမရှိသည်, ကောင်းသော အကျင့်စာရိတ္တ မရှိသည်ဖြစ်၍ စုတေသောအခါ ငရဲ, ပြိတ္တာ, တိရစ္ဆာန်, အသူရကာယ်ဟူသော အပါယ်လေးခွင်သို့ စင်စစ် သွားအံ့သောသူဖြစ်ရကား ရပ်နားသည်မမည်၊ သွားသည်ပင်မည်၏။ ထို့ကြောင့် ငါကားရပ်၏၊ သင်ကား မရပ်ဟူ၍ ငါဆိုသတည်း”ဟု မိန့်တော်မူ၏။

အင်္ဂုလိမာလ မဂ်ဖိုလ်ရ

ထိုစကားကိုကြားလျှင် အင်္ဂုလိမာလလည်း အနှစ်သာရ ရှိပေလှ၍ အသက်တည်သမျှ အောက်မေ့ထိုက်သော ဤကဲ့သို့သောစကားကို ဆိုတတ်ပေသောသူကား လူသာမညမဟုတ်၊ သုဒ္ဓေါဒနမင်းကြီးညာထား သိရီမဟာမာယာမိဖုရား၏ ရွှေရင်တော်နှစ် သားတော်ချစ်ဖြစ်သော သိဒ္ဓတ်မင်းသား ဘုရားဆိုသောပုဂ္ဂိုလ်သည် ဤကိုယ်တော်ပင် ဖြစ်ရာပေသည်၊ မြင့်ရှည်စွာ ငါ-မကောင်းမှု အကုသိုလ်တရားကို ကျင့်မှားနေဘိ၍ ဒုဂ္ဂတိသို့ လားအံ့သောအရာကို မြတ်စွာဘုရား သနားတော်မူလှ၍ ဤတောကြီးမြိုင်သို့ ကြွလာတော်မူပေသည်ဟု မှတ်ယူလျက် အလွန် ကြည်ညွတ်သော စိတ်ရှိရကား ပီတိငါးပါးဖြင့်နှံ့သောကိုယ်ဖြင့် ရိုသေကျိုးနွံစွာ မြတ်စွာဘုရား၏ ရှေ့တော်၌ဝပ်လျက် “အရှင်မြတ်သည် အကျွန်ုပ်အား သနားချီးမြှောက်တော်မူပါ၊ ယုတ်မာသော

(စာမျက်နှာ-၃၉၈)

အကျင့်ဟူသမျှကို ပယ်ချပါတော့မည်”ဟု လျှောက်ကြား၍ လည်၌ဆွဲဆောင်ထားသော လက်ညိုးတထောင်တို့ကိုလည်းကောင်း လက်နက်ငါးပါးတို့ကိုလည်းကောင်း တခုသော အိုင်ကြီး၌ ပစ်လေ၏၊ ဘုရားသခင်လည်း အင်္ဂုလိမာလအား အထူးထူးသော တရားတို့ကို ဟောကြားပြသတော်မူလျက် မဂ္ဂါနုလောမဉာဏ်ဖြစ်သည်ကို မြင်ဘိသော်-

ဧဟိ ဘိက္ခု၊ သမ္မာ စရထ ဒုက္ခဿ အန္တကိရိယာယ-

ဟု သုံးကြိမ် ခေါ်တော်မူသဖြင့် လူဝတ်လူစား ဆံမုတ်ဆိတ်တို့သည် အကုန်ကွယ်ပ၍ သပိတ်သင်္ကန်း ရဟန်းပရိက္ခရာ အစုံနှင့်တကွ ခိပ္ပါဘိည ရဟန္တာအဖြစ်သို့ ရောက်လေ၏။

(ဆုံးမတော်မူသော တရားကို စာသွားရှည်မည်ကြောင့် အကျယ်မဆိုလိုက်ပြီ၊ အလိုရှိမူ မဇ္ဈိမနိကာယ် အင်္ဂုလိမာလသုတ်, အင်္ဂုတ္တိုရ်ပါဠိတော်တို့၌ ယူပါကုန်။)

ဘုရားသခင်လည်း အရှင်အင်္ဂုလိမာလအား ကိုယ်တော်၏ သပိတ်ပရိက္ခရာကို လွယ်စေပြီးသော် နောက်တော်ဖြင့်ခေါ်၍ ကျောင်းတော်သို့ လာခဲ့၏။ မန္တာနီပုဏ္ဏေးမလည်း သားရဟန်းဖြစ်သည်ကိုမြင်လျှင် ရွှင်လန်းဝမ်းသာစွာ ဥသဘခွဲကွာသော နောက်တော်မှလိုက်၍ “ချစ်သား အဟိံသက.. မိခင်နှင့်ကွဲရသည်ကား နှစ်,လရှည်ကြာပြီ၊ အဘယ်မှာ ချစ်သားနေသနည်း၊ အဘယ်သို့ စားရပါသနည်း၊ အဘယ်သို့ အိပ်ရပါသနည်း၊ အဘယ့်ကြောင့် ကြမ်းကြုတ်သောအမှုကို ချစ်သားပြုဘိသနည်း၊ ယခု မိခင်အိမ်သို့ မဝင်ပြီလော” စသည်ဖြင့် အဖန်တလဲလဲ မေးမြန်း၍လာ၏။

အရှင်အင်္ဂုလိမာလလည်း ဖြစ်သမျှအကြေင်းကို ပြန်ကြား၍ “ယခု ငါ့အား ဘုရားသခင်သာလျှင် မျက်မြင်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကေင်း သုခကြီးရောက်အောင် ချီးမြှောက်တော်မူပေသည်၊ ဘုရားနောက်တော်သို့သာ လိုက်တော့အံ့”ဟု ဆို၏။

ကောသလမင်းကြီး အံ့ဩရပုံ

ကိုယ်တော်မြတ်လည်း သာဝတ္ထိ ပြည်သူပြည်သားတို့အား ထင်ရှားသိစေခြင်းငှါ မြို့၏အနီးဖြစ်သော ခရီးဖြင့်လာ၍ ဇေတဝန်ကျောင်းတော်သို့ ဝင်တော်မူ၏။ ကောသလမင်းလည်း ထိုသတင်းကိုကြား၍ ဘုရားသခင်ထံသို့ အခြံအရံများစွာနှင့် လာပြီးသော် ရှင်တော်ဘုရားအား အကြောင်းအကျိုးကို မေးမြန်းလျှောက်ထား၍ နေ၏၊

ထိုသို့နေစဉ် အင်္ဂုလိမာလသည် ဘုရားရှင်အား ဝတ်ပြုခြင်းငှာ ထွက်၍လာသော် များစွာသော မှူးမတ်မင်းချင်း အပေါင်းတို့သည် သောင်းသောင်းရုတ်ရုတ် အုတ်အုတ်ကျက်ကျက် ပြောပြလျက် ထ၍ ပြေးပုန်းရှောင်ရှားကြကုန်၏။

ကောသလမင်းကြီးကလည်း “အရှင်ဘုရား.. လူတထောင်မျှ သတ်လေသော ခိုးသူအား ရဟန်းပြုသဖြင့် မသင့်လျော်ပါ၊ အကျန်ုပ် စီရင်ပါမည်”ဟု လျှောက်ထား၏။ ဘုရားသခင်ကလည်း “သင်မင်းကြီး မစီရင်ထိုက်ပြီ၊ ဤသူ၏ကံရင်းသည် အကြွင်းမဲ့ပြတ်၍ အရဟတ္တဖိုလ်သို့ ရောက်ပြီ”ဟု မိန့်တော်မူပြီးမှ အထူးထူးသော တရားရသကို ဝေငှတိုက်ကျွေးတော်မူ၏။ ကောသလမင်းကြီးလည်း ချီးပအံ့ဩ၍ ပြန်ခဲ့၏။

(စာမျက်နှာ-၃၉၉)

အင်္ဂုလိမာလ ပရိတ်တော်

နောက်နောက်သော နေ့တို့၌ အရှင်အင်္ဂုလိမာလ မြို့တွင်းသို့ ဆွမ်းခံဝင်လျှင် မြင်သမျှသော လူတို့သည် “ဤသူပင် ငါတို့အဖကို သတ်၏၊ ငါတို့သားကို သတ်၏” စသည်ဖြင့် ပြောပြလျက် အချို့ အိမ်တံခါးဝကို ပိတ်လင့်ကုန်သည်။ အချို့လည်း ရှောင်ရှားပြေးလွှဲကုန်သည်။ အချို့လည်း အုတ်ခဲ,လှင်ကန်တို့ဖြင့် ပစ်ကုန်သည်။ တစုံတခုသော ဆွမ်း, တဇွန်းသော ယာဂုကိုမျှ မလောင်းကြကုန်၊ ကျောင်းသို့ရောက်သောအခါ သံဃာတော်တို့ကသာ မျှတကာ သုံးဆောင်ရကုန်၏။

ထိုအကြောင်းကို ဘုရားရှင်သိတော်မူသော် အင်္ဂုလိမာလကို ခေါ်တော်မူ၍ “ချစ်သား အင်္ဂုလိမာလ... သင့်ကို ပြည်သူပြည်သားတို့သည် အံသွားတခဲခဲဖြင့် ပြေးလွှဲရှောင်ရှားကြခြင်း, တစုံတခု ယာဂုဆွမ်းကိုမျှ မလှူဒါန်းခြင်းဟူသော အကျိုးသည် ယခုဘဝ၌ တထောင်မျှသော လူကိုစင် သင်သတ်ခဲ့သော ပါဏာတိပါတကံ၏ ဒိဋ္ဌဓမ္မ အကျိုးဆက်ပင်တည်း၊ သင်၏ သန္နိဋ္ဌာပက သတ္တမဇော စေတနာသည်လည်းကောင်း၊ အလယ်ဇောဟူသော အပရာပရိယ စေတနာသည်လည်းကောင်း အဟောသိကံသာ ဖြစ်လေကုန်ပြီ” ဤသို့စသည်ဖြင့် တရားဓမ္မကို ဟောတော်မူ၍ အသက်မွေးရခြင်း လွယ်စိမ့်သောငှါ-

ယတောဟံ ဘဂိနိ အရိယာယ
ဇာတိယာ ဇာတော နာဘိဇာနာမိ
သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ၊
တေန သစ္စေန သောတ္ထိ တေ ဟောတု သောတ္ထိ ဂဗ္ဘဿ-

ဟူသော ပရိတ်တော်ကို သင်တော်မူ၏။

အရှင်အင်္ဂုလိမာလလည်း ထိုပရိတ်တည်းဟူသော ဆေးဖြင့်သာလျှင် ချမ်းသာစွာ ကိုယ်ဝန်မှ မထမြောက်ကုန်သော မာတုဂါမတို့အား ပရိတ်တရားကိုဟော၍ ချမ်းသာစွာ ထမြောက်စေ၏။ ထိုအခါမှ ဒါယကာ, ဒါယိကာမတို့လည်း အရှင်အင်္ဂုလိမာလသည် တန်ခိုးကြီးပေစွဟု သဒ္ဓါပသန္နဖြစ်၍ လှူဒါန်းပူဇော်ကြကုန်သတည်း။

အင်္ဂုလိမာလကံ မှတ်ချက်

ဤစကားအစဉ်၌ ကုသိုလ်,အကုသိုလ် ကံတို့သည် အရဟတ္တမဂ်ခဏ၌ အကြွင်းမဲ့ ပြတ်သည်ဖြစ်လျက် အရှင်အင်္ဂုလိမာလအား ဒိဋ္ဌဓမ္မဝေဒနီယဖြစ်သော အကုသိုလ်ကံ, ထိုကံ၏ အကျိုးတို့သည် အသို့ ကြွင်းကျန်ရာသနည်း ဟူငြားအံ့။

ဥပပဇ္ဇကံနှင့် အပရာပရိယကံ နှစ်ပါးသာလျှင် မဂ်ခဏ၌ ကုန်သည်၊ ဒိဋ္ဌဓမ္မကံမူကား ကြွင်းကျန်၍ ရှိသည်ပင်တည်း ဟူပေ။ ထို့ကြောင့် မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ၌-

ထေရဿ ပန ဥပပဇ္ဇဝေဒနီယဉ္စ အပရာပရိယဝေဒနီယဉ္စာတိ ဣမာနိ ဒွေ ကမ္မာနိ ကမ္မက္ခယကရေန အရဟတ္တမဂ္ဂေန သမုဂ္ဃါဋိတာနိ၊ ဒိဋ္ဌဓမ္မဝေဒနီယံ ပန အတ္ထိ၊ တံ အရဟတ္တပ္ပတ္တဿာပိ ဌတွာ ဝိပါကံ ဒေတိယေဝ-

ဟု မိန့်တော်မူ၏။

(စာမျက်နှာ-၄၀၀)

[အနက်ကား]ထေရဿ ပန၊ အရှင်အင်္ဂုလိမာလ ထေရ်အားကား။ ဥပပဇ္ဇဝေဒနီယဉ္စ၊ အခြားမဲ့၌ ခံစားအပ်သော ကံလည်းကောင်း။ အပရာပရိယ ဝေဒနီယဉ္စ၊ အဆက်ဆက်၌ ခံစားထိုက်သော ကံလည်းကောင်း။ ဣတိ ဣမာနိ ဒွေ ကမ္မာနိ၊ ဤနှစ်ပါးသော ကံတို့ကို။ ကမ္မက္ခယကရေန၊ ကံ၏ကုန်ခြင်းကို ပြုတတ်သော။ အရဟတ္တမဂ္ဂေန၊ အရဟတ္တမဂ်ဉာဏ်ဖြင့်။ သမုဂ္ဃါဋိတာနိ၊ အကြွင်းမဲ့ ပယ်အပ်ကုန်၏။ ဒိဋ္ဌဓမ္မဝေဒနီယကမ္မံ ပန၊ ဒိဋ္ဌဓမ္မဝေဒနီယကံသည်ကား။ အတ္ထိ၊ ရှိသေး၏။ တံ၊ ထိုဒိဋ္ဌဓမ္မကံသည်။ အရဟတ္တပ္ပတ္တဿာပိ၊ အရဟတ္တဖိုလ်သို့ ရောက်ပြီးသော သူအားလည်း။ ဌတွာ၊ တည်၍။ ဝိပါကံ၊ အကျိုးကို။ ဒေတိယေဝ၊ ပေးသည်သာတည်း။

(ဒိဋ္ဌဓမ္မကံရှိ၏ ဆိုသော်လည်း ကုသိုလ်,အကုသိုလ် နှစ်ပါးတို့တွင် ကုသိုလ်ကံသာရှိသည်၊ အကုသိုလ်ကံကား မရှိ၊ အကျိုးဆက်သာ ရှိသည်ဟုယူမှ ပရမတ္ထဒေသနာနှင့် ညီမည်။)

သတ္တမပိုင်း ပြီးပြီ။

(စာမျက်နှာ-၄၀၁)

အဋ္ဌမပိုင်း

၇၅။ မြတ်စွာဘုရား အာဠဝကဘီလူးကို ချွတ်တော်မူခြင်း

မြတ်စွာဘုရားသည် သောဠသမဝါဝယ် အာဠဝီပြည်၌ ဝါဆိုသောအကြောင်းကား ဤသို့တည်း။

အပိုင်စားရခြင်း

မဇ္ဈိမဒေသ၏ အရှေ့မြောက်စွန်း ဟိမဝန္တာ၏အနီး၌ တည်ရှိသော တိုင်းကြီးသည် လူတို့ဝတ်ဆင်ရာ တန်ဆာအထူးတို့၏ ဖြစ်ထွန်းရာဖြစ်၍ “အလံ ဝိဘူသနံ ဧတ္ထာတိ အာဠဝီ”ဟူသော အဘိဓာန်ဋီကာပါဌ် မိန့်အပ်သည်နှင့်အညီ အာဠဝီတိုင်းမည်၏။ ထိုတိုင်းအတွင်း မင်းနေပြည်ကြီးနှင့် မနီးမဝေး တဂါဝုတ်ကျော်ကွာသော အရပ်၌ ကြီးစွာသော ညောင်ပင်သည် ရှိ၏။ ထိုညောင်ပင်၌ အာဠဝကဘီလူးသည် စတုမဟာရာဇ် နတ်မင်းတို့၏အထံ၌ ကျိုးနွံခယသဖြင့် “မွန်းတည့်ကာလ ဤညောင်ပင်ရိပ်နှံ့သမျှအရပ်သို့ ကပ်ရောက်ခိုဝင်လာသော သတ္တဝါတို့အား သင်-စားပိုင်စေလော့”ဟု ခွင့်ရသောကြောင့် ထိုညောင်ပင်အောက်သို့ ရောက်လာသမျှသော သတ္တဝါတို့၏အသားကို စားလျက် မပြတ် နေစမှတ်ပြုသတည်း။

ဘီလူး၏ ဗိမာန်ကား ညောင်ပင်အနီး တောကြီး၏အတွင်းဝယ် သန့်ရှင်းသောမြေအပြင်၌ တည်၏။ လူတို့နေရာ ကောင်းစွာတည်လုပ်အပ်သော မြို့ကဲ့သို့ တံတိုင်း, မြို့ရိုး, ပြအိုး, ပစ္စင်, ရင်လျှောက်, ရင်တား, တံခါး, ကျုံးမြောင်းလည်းရှိ၏။ အပြန့်အားဖြင့် ငါးယူဇနာ, အစောက်အားဖြင့် သုံးယူဇနာရှိသော ဗိမာန်အထက်၌ ကြေးကွန်ရက်တို့ဖြင့် ဖုံးလွှမ်းသည်ဖြစ်၍ သေတ္တာ တံတင်းကဲ့သို့ ကောင်းစွာ လုံခြုံ၏။

မင်းကြီးတာကထွက်

တရံသောအခါ အာဠဝီပြည်ကို အစိုးရသော မင်းသည် သင်းပင်းကျေးကျွန် ခြွေရံမှူးမတ်တို့နှင့်တကွ ခုနစ်ရက်မျှလောက်ပင် တောကစားထွက်တော်မူသော် တောအုပ်၌ တခုသော ဧဏီသမင်ကိုမြင်၍ “ငါတို့ဗိုလ်ပါအပေါင်းတွင် အကြင်သူ၏အထံမှ သမင်သည် ထွက်ပြေးအံ့၊ ထိုသူ၏ တာဝန်ဖြစ်စေ”ဟု ကတိကဝတ်ပြု၍ ထက်ဝန်းကျင် ဝန်းရံကြ၏။

ထိုအခါ လိမ္မာသော ဧဏီသားလည်း မင်းကြီး၏နံပါးဖြင့် ထွက်၍ပြေးလေဘိ၏။ မင်းကြီးလည်း လေးမြားသန်လျက်တို့ကို ကိုင်၍ လိုက်လေသဖြင့် ထိုဧဏီသားလည်း သုံးယူဇနာမျှသာပြေး၍ ပင်ပန်းသောအခါ ရေရှိရာသို့သက်၍ တည်လေ၏။ ထိုသမင်ကို သန်လျက်ဖြင့်ပိုင်း၍ အသားကို အလိုမရှိသော်လည်း မိမိ၏ ကျေးကျွန်ဖြစ်သော အမတ်တို့ ပြက်ရယ်ပြုမည်စိုးသောကြောင့် ထမ်းပိုးဖြင့်ထမ်းဆောင်၍ လာခဲ့သော် အာဠဝကဘီလူးနေသော ညောင်ပင်ကိုမြင်သဖြင့် အပင်အပန်း ဖြေအံ့သောငှာ ဝင်၍နားလေ၏။

(စာမျက်နှာ-၄၀၂)

ဘီလူးသည် မင်းကြီးဝင်လာသည်ကို မြင်လျှင် ကိုယ်တိုင်ဆင်း၍ စားခြင်းငှါ အနီးသို့ကပ်၏။ ထိုသို့ကပ်လာသည်ကို မင်းကြီးမြင်လျှင် အလွန်ကြောက်လန့်ရကား “ဤသမင်သားကို စား၍ ကျွန်ုပ်အား လွှတ်ပါ”ဟု တောင်းပန်၏။ ဘီလူးလည်း “မင်းကြီး.. သင်သည် ဥစ္စာရှင်၏ဘဏ္ဍာဖြင့် ဥစ္စာရှင်ကိုပဏ္ဏာပြု၍ လှည့်ပတ်သကဲ့သို့ ငါ့ကို လှည့်ပတ်ဘိသည်တကား၊ ညောင်ပင်အောက်သို့ ရောက်သည်မှစ၍ သင်သည်လည်းကောင်း၊ ဤအသားသည်လည်းကောင်း ငါ့အစာသာ မဟုတ်လော”ဟု ဆို၏။

မင်းကြီးလည်း “ဘီလူးမင်း... သင်သည် တနေ့စားရသော အစာထက် နေ့ရက်ရှည်စားခြင်းကို အလိုမရှိပါသလော၊ ငါကား ဤအာဠဝီပြည်ကို အစိုးရသော မင်းတည်း။ ယနေ့ ဤအသားကိုသာ စား၍ ငါ့ကိုလွှတ်ပါမူ လူတယောက်နှင့် ထမင်းအိုးကို နေ့တိုင်းနေ့တိုင်း သင့်ထံသို့ ပို့စေအံ့”ဟု ဆို၏။

ထိုဘီလူးလည်း “သင့်ကိုလွှတ်၍ နန်းသို့ရောက်လျှင် မင်းစည်းစိမ်ကိုခံလျက် ရာဇမာန်ဝင်သဖြင့် သင်မေ့လျော့စွာ နေလတ္တံ့၊ ငါလည်း ဤညောင်ပင်အောက်သို့ ရောက်သောသူကိုမှ စားခွင့်ရချေသည်။ သင်မပို့လာသော် သင့်ကို ငါ-အဘယ်သို့ အောင်နိုင်အံ့နည်း”ဟု ဆို၏။ မင်းလည်း “ဤလူတယောက်နှင့် ထမင်းတအိုးကို အကြင်နေ့၌ ငါ-မပို့သည်ဖြစ်အံ့၊ ထိုသည့်နေ့ နန်း၌နေသော ငါ့ကို သင်-စားပိုင်စေလော့”ဟု ကတိကဝတ်ပြု၏။ ထိုအခါမှ အာဠဝကလည်း “သင်ဆိုတိုင်း မှန်စေ၊ သွားလေလော့”ဟု ခွင့်ပေး၏။

ဘီလူးထံ အစာဆက်ရပုံ

မင်းလည်း မြို့သို့ ရှေးရှုလာခဲ့သော် ဗိုလ်ပါအများတို့ ခရီးအကြား၌ သစ်ခက်တဲဖြင့် နေလင့်ကြသည်နှင့် မင်းကြီးလာသည်ကို မြင်လျှင် ဦးတင်ကြို၍ အကြောင်းကို မေးမြန်း ပြောဟောလျက် မြို့သို့ ဝင်တော်မူ၏၊ နန်းသို့တက်၍ နံနက်ထမင်းစားပြီးသော် မြို့ဝန်ကို ခေါ်၍ ထိုအကြောင်းကို ကြား၏။

မြို့ဝန်လည်း “အရှင်မင်းကြီး... အဘယ်မျှ နေ့ရက်အပိုင်းအခြား ထားခဲ့သနည်း”ဟု မေး၏။ “အပိုင်းအခြားကို ငါမထားမိခဲ့ချေ”ဟု ဆိုပေသော် “အပိုင်းအခြားမရှိမူ ဘီလူးကို နှစ်လရှည်ကြာ ကျွေးရချိမ့်မည်၊ ဤအာဠဝီပြည်အလုံးသည် သင်ဓုန်းသွားထက်၌ နေရသကဲ့သို့ ဖြစ်လတ္တံ့။ ယင်းသို့ ဖြစ်သော်လည်း သင်မင်းကြီး ကြောင့်ကြမဲ့သာ စံနေတော်မူ၊ သူတပါးကို မသိစေလင့်။ ဤအရေးကို အကျွန်ုပ်ဆောင်ပါအံ့”ဟု ဆို၍ နှောင်အိမ်သို့ သွင်းပြီးသော သတ်ထိုက်သော အပြစ်ရှိသူတို့ကိုခေါ်၍ “သင်တို့ အသက်ရှည်လိုမူ ထွက်လှည့်ကြ”ဟု ခေါ်၍ ရှေးဦးစွာ လာသောသူကို ရေချိုးစေပြီးသော် ထမင်းကျွေးမွေး၍ “ဤထမင်းချက်အိုးကို ညောင်စောင့်နတ်အား ပူဇော်ချေ။ ပြီးလျှင် သင်လိုရာအရပ်သို့ သွားလေ”ဟု ဆို၍ လွှတ်လိုက်၏။ ထိုယောက်ျားလည်း စေသောအတိုင်းသွား၍ ညောင်ပင်ရင်းသို့ ရောက်လျှင် ဘီလူး၏ အာနုဘော် စွမ်းအင်ကြောင့် ပင့်ကူမျှင်ဖြင့်ရစ်သော ပိုးကဲ့သို့ မလှုပ်ချောက်နိုင်၊ ကိုယ်အလုံးသည် ထောပတ်စိုင်ကဲ့သို့ ဖြစ်လေ၏။ ထိုအခါ အာဠဝကဘီလူးလည်း ဆင်း၍ ကြာစွယ်ကြာရင်းကဲ့သို့ ရွပ်ရွပ်ဝါး၍ စားလေ၏။

ဤသို့သောနည်းဖြင့် နေ့တိုင်း နေ့တိုင်း စေလွှတ်၍ ရောက်သမျှသော သူအား ဘီလူးစားလတ်သည်ကို လူတို့သိကုန်လျှင် “ငါတို့ အရှင်မင်းကြီးသည် ခိုးသူကို ဘီလူးစာ ကျွေးဘိသည်”ဟု

(စာမျက်နှာ-၄၀၃)

အလွန် ကြောက်ရွံ့ကြ၍ ခိုးဝှက်ဆိုးသွမ်းခြင်းကို မပြုဝံ့ကြကုန်။ ကာလရှည်လတ်သော် ခိုးသူဟောင်းတို့ကုန်၍ နှောင်အိမ်သည် ဆိတ်ငြိမ်လေ၏။ ထိုအခါ ဥစ္စာထုပ်ကို အိမ်ကြား အိမ်ဝ လမ်း မုခ်ထွက် စသည်တို့၌ ချထား၍ ကောက်သသူကို ဖမ်းယူ၍ ပို့လေကုန်၏။ ထိုအကြောင်းကို ပြည်သားပြည်သူတို့ သိပြန်လျှင် ဥစ္စာထုပ်ကို လက်,ခြေဖြင့် တို့ဝံ့သူမျှ မရှိကြ၍ ခိုးသူလူစွမ်း မရနိုင်သော် အမတ်တို့သည် မင်းရင်ပြင်၌ စည်းဝေး၍ ဤသို့ ကြံကြကုန်၏။ “ပြည်အလုံးသည် အရှင့်ကျေးဇူးတော်ကို ခံရသူချည်းသာ ဖြစ်သည်၊ အမျိုးနိမ့်မြင့် အစဉ်အတိုင်း တယောက် တယောက်သော သူအိုတို့ကို စေလွှတ်ကြကုန်အံ့၊ အဘယ့်ကြောင့်နည်းဟူမူ သူအိုတို့သည် အလိုလိုပင် သေမင်း၏ခံတွင်းသို့ ဆင်းရဆဲဖြစ်သည်၊ ထို့ကြောင့် စုံမက်ရာ မရှိပြီ”ဟု ဆို၏။

ထိုစကားကို မင်းကြီးကြားသော် “ဤအရေးကား မသင့်၊ အဘယ့်ကြောင့်နည်းဟူမူ မိဘဘိုးဘေးတို့၏ ကျေးဇူးကို သိတတ်သောသူတို့သည် ငါတို့၏ ဘိုးဘေးကို ဘီလူးစာကျွေးပြီဟု ပြည်အလုံးသည် ချောက်ချားရာလတ္တံ့၊ ပို့သသူတို့လည်း အပြစ်ကြီးစွာ ဖြစ်လတ္တံ့၊ ထို့ကြောင့် ငါမနှစ်သက်”ဟု ဆို၏။

ထိုသို့ ဖြစ်တပြီးကား “ပုခက်တွင်း၌ ပက်လက်အိပ်တတ်ကာဖြစ်သော သူငယ်တို့ကို ပို့စေကုန်အံ့၊ အဘယ့်ကြောင့်နည်းဟူမူ ထိုသူငယ်အား မိဘများလည်း လွန်စွာမချစ်ခင်သေး၊ ငါ့မိ,ငါ့ဖဟူ၍လည်း သူငယ်က မသိသေး”ဟု ဆိုကြကုန်၏။

အာဠဝီမင်းလည်း “ဤအရေး သင့်ပြီ”ဟု ခွင့်ပြုလေသော် နေပြည်တော်၌ အိမ်စဉ်အတိုင်း သူငယ်ကိုယူ၍ ပို့လေကုန်၏။ ထိုအခါ သားငယ်, သမီးငယ်ရှိသော မိန်းမတို့သည်လည်းကောင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမတို့သည်လည်းကောင်း အရပ်တပါးသို့ပြေး၍ မွေးမြူကြပြီးလျှင် သူငယ်ကြီးရင့်မှသာ လာဝံ့ကုန်၏။

သားအရင်းကို ဘီလူးစာကျွေးပြီ

ဤသို့နည်းအားဖြင့် တဆယ့်နှစ်နှစ်တိုင်တိုင်ရှိ၍ လူပေါင်း လေးထောင့်သုံးရာ့နှစ်ဆယ် ကုန်လေသော် အာဠဝီပြည်တွင်း၌ တယောက်သော သူငယ်ကိုမျှ ရှာ၍မရလေရကား အမတ်တို့သည် မင်းကြီးထံသို့သွား၍ “အရှင်မင်းတရား.. ယမန်နေ့ကဖွားသော အာဠဝကကုမာရမှတပါး သူငယ်ကား မရှိချေပြီ”ဟု လျှောက်၏။ မင်းကြီးလည်း “ဤလောက၌ မိမိကိုယ်ထက် စုံမက်ချစ်ခင်အပ်သူကား မရှိချေ။ သားကိုတွယ်က ငါ-အန္တရာယ်ဖြစ်ချေတော့မည်ဟု နှလုံးပြု၍ သားကို ပို့ကြလေ”ဟု စေတော်မူ၏။

ထိုအခါ မိဖုရားလည်း သားတော်ကို တန်ဆာဆင်၍ ရင်ခွင်ထက်၌ နေစေပြီးသော် အထိန်းအယ မောင်းမကိုယ်လုပ်တို့အား ခန့်ထားစီမံ၍ နေစဉ်အတွင်း မင်းချင်းယောကျ်ားတို့သည် မင်းအာဏာဖြင့် အာဠဝကမင်းသားကို တောင်း၍ တသောင်းခြောက်ထောင်သော မောင်းမ နို့ထိန်းတို့နှင့်တကွ မိဖုရားကြီး ငိုကြွေးမြည်တမ်းစဉ်ပင် ယူငင်၍ သွားကြကုန်၏။

မြတ်စွာဘုရား အာဠဝကထံ ကြွပုံ

ဤသို့ အာဠဝကမင်းသားကို ဘီလူးစားခံ နက်ဖြန်ပို့ရမည် ရှိသည်တွင် ရှေးနေ့ နံနက်သောအခါကပင် မြတ်စွာဘုရားသည်လည်း မဟာကရုဏာ သမာပတ်ကို ဝင်စားတော်မူ၍ သဗ္ဗညုတညာဏစက္ခုဖြင့် လောကကို ရှုတော်မူသော် အာဠဝကမင်းသား၏ အနာဂါမိဖိုလ်သို့ ရောက်လတ္တံ့

(စာမျက်နှာ-၄၀၄)

သောအကြောင်း, အာဠဝကဘီလူး၏ သောတာပတ္တိဖိုလ်သို့ ရောက်လတ္တံ့သောအကြောင်း, ရှစ်သောင်း လေးထောင်သော သတ္တဝါတို့၏ တရားရအံ့သော အကြောင်းတို့ကို မြင်တော်မူ၍ လဆုတ်ပက္ခ လကွယ်နေ့ ညချမ်းသောအခါ၌ ကိုယ်တော်တည်းသာလျှင် ပရိက္ခရာရှစ်ဖော်ကို ဆောင်တော်မူလျက် သာဝတ္ထိမြို့မှ ယူဇနာ သုံးဆယ်ကွာသော အာဠဝီပြည်သို့ ကြွတော်မူလာ၍ အာဠဝကဘီလူး၏ ဗိမာန်သို့ ရောက်တော်မူ၏။

ထိုအခါ အာဠဝကဘီလူးလည်း ဟိမဝန္တာဝယ် များစွာသော နတ်တို့၏ အစည်းအဝေးသို့ သွားခိုက်ဖြစ်၍ ဘုရားသခင် ဗိမာန်တခါးဝ၌ ရပ်တော်မူသည်ကို တံခါးစောင့်ဖြစ်သော ဂဒြဘဘီလူးမြင်လျှင် ကြည်လင်မြတ်နိုး ရှိခိုးချဉ်းကပ်လျက် “အရှင်ဘုရား... အဘယ့်ကြောင့် ညဉ့်အခါမှ ကြွလာတော်မူသနည်း”ဟု လျှောက်၏။ ဘုရားသခင်လည်း “အကြောင်းရှိ၍ပင် ငါလာသည်”ဟု မိန့်တော်မူပြီးမှ “အချင်းဂဒြဘ... သင်ဝန်မလေးမူ တညဉ့်မျှ ဤဗိမာန်တွင် ငါတည်းချင်ပါသည်”ဟု မိန့်တော်မူသော် “အရှင်ဘုရား.. အကျွန်ုပ်ကား ဝန်မလေးပါ၊ အာဠဝကမည်သော ဤဗိမာန်ရှင် ဘီလူးသည် အထူးသဖြင့် ကြမ်းတမ်း ခက်ထန်လှပါသည်၊ မိဘဆရာကိုမျှ ရိုသေမြတ်နိုး ရှိခိုးခြင်းကို မပြုပါ၊ ရတနာသုံးပါး၏ ကျေးဇူးဂုဏ်ကိုလည်း မသိချေ။ ထို့ကြောင့် ဤ၌တည်းခိုခြင်းကို အကျွန်ုပ် မနှစ်သက်ပါ”ဟု လျှောက်၏။

သုရားသခင်လည်း “အချင်း ဂဒြဘ.. အာဠဝက၏ ကြမ်းတမ်းသောအဖြစ်ကို ငါသိ၏။ သင်တို့အာဠဝကကြောင့် ငါ့အား အန္တရာယ်မဖြစ်နိုင်ရာ၊ သင်ဝန်မလေးမူ တညဉ့်မျှသာ တည်းပါရစေ”ဟု မိန့်တော်မူ၏။ ဂဒြဘလည်း “အရှင်ဘုရား.. ဤအာဠဝကကား ပူပြင်းလှသော မီးအိုးကင်းနှင့် တူသည်၊ မိဘဆရာ ရတနာသုံးပါး ရဟန်း,ပုဏ္ဏားဟူ၍ ထောက်ထားညှာတာခြင်းမရှိ၊ ဂုဏ်ကျေးဇူးလည်း မသိပါ၊ သူ့နေရာသို့ ရောက်လာသော သူတို့အား စိတ်ဖောက်ပြားခြင်းကိုလည်း ပြုတတ်ပါသည်။ နှလုံးသားကိုလည်း ခွဲတတ်ပါသည်။ ခြေကိုကိုင်၍ သမုဒ္ဒရာတဘက် စကြဝဠာနားသို့သော်လည်း ပစ်တတ်ပါသည်။ ထို့ကြောင့် မတည်းခိုပါလင့်”ဟု လျှောက်လေလျှင် ဘုရားသခင်လည်း “အာဠဝက၏အကြောင်းကို ငါသိတော်မူ၏၊ အချင်း ဂဒြဘ... သင် ဝန်မလေးသည်ဖြစ်က တညဉ့်မျှသာ ငါတည်းခိုမည်”ဟု မိန့်တော်မူသော် “အကျွန်ုပ်ကား ဝန်မလေးပါ၊ သို့ရာတွင် “တည်းခိုလော့ဟု ဆိုချေမူ အကျွန်ုပ်ကို သတ်ရာ၏၊ ထို့ကြောင့် တည်းခိုတော်မူလိုလျှင် အာဠဝကထံ အကြောင်းပြန်ပါဦးမည်”ဟု လျှောက်၏။

ဘုရားသခင်လည်း “သင် ကြားလိုလျှင် ကြားချေ”ဟု မိန့်တော်မူပြီးလျှင် ဗိမာန်တွင်းသို့ဝင်၍ နတ်ပွဲသဘင် မင်္ဂလာပြုသောအခါ အာဠဝကဘီလူးတက်နေ၍ နတ်၏အသရေကို ခံစံရာ ရတနာခုနစ်ပါးအတိပြီးသော ရာဇပလ္လင်ထက်သို့ တက်၍ တခဲနက် ရွှေသောရောင်ခြည်ကို လွှတ်တော်မူ၏။ အာဠဝက၏ မောင်းမမိဿံတို့သည် ဘုရားထံသို့လာ၍ ရိုသေရှိခိုးလျက် ခြံရံကာ နေကြကုန်သော် ကိုယ်တော်မြတ်လည်း ထိုသူတို့နှင့် လျောက်ပတ်သော တရားစကားဖြင့် “သင်တို့ကား ရှေးရှေးသော ဘဝက ဒါန သီလ ဘာဝနာကို လွန်စွာဆည်းပူး၍ ပူဇော်ထိုက်သောသူကို ပူဇော်ဖူးသောကြောင့် ထူးမြတ်သော နတ်တို့၏စည်းစိမ်ကို ရသည်၊ သူတပါးအား သနားခြင်း ချစ်ခင်ခြင်းကြောင့်လည်း အဆင်းအရောင်လှပသည်၊ ယခုဘဝ၌လည်း ကုသိုလ်ကောင်းမှုကို ပြုစုအားထုတ်ကြကုန်၊ အချင်းချင်း၌ ငြူစူခြင်း, ဝန်တိုခြင်း, ကိုယ်ဖြင့် ထိပါးခြင်း, ချုတ်ချယ်ပြစ်မှားခြင်း စသည်ကို မပြုကုန်လင့်”ဟု ပြိုးပြွမ်းသော တရားတို့ကို

(စာမျက်နှာ-၄၀၅)

ဟောကြားဆုံးမ ပြသနေတော်မူ၏။

ဂဒြဘ ဘီလူးလည်း နတ်တို့၏စည်းဝေးရာ ဟိမဝန္တာသို့ ရှေးရှုသွားလေ၍ အာဠဝကဘီလူးအား ဘုရားသခင် ဗိမာန်တွင် ဝင်၍နေကြောင်းကို လျှောက်လေသော် ထိုအာဠဝကလည်း “အချင်း ဂဒြဘ... ငါကဲ့သို့သောသူ၏ ဗိမာန်ကို မရွံ့မလေးစား ဘုရားဆိုသူ ဝင်၍နေခြင်းသည် ကြားတွင်းမျှ မတင့်တယ်၊ ရှက်ဖွယ်ရှိလှပါသည်တကား၊ ဆိတ်ဆိတ် သင်နေ၊ သူ မသိစေလင့်၊ ပြုခွင့်ရှိသမျှကို ငါပြုမည်”ဟု ဆို၏။

နတ်သဘင်တွင် သတိပေးကြခြင်း

ထိုခဏ၌ သာတာဂိရိနတ် ဟေမဝတနတ်မင်းတို့သည်လည်း မိမိပရိသတ် အခြံအရံနှင့်တကွ နတ်အစည်းအဝေးသို့ ဝင်အံ့သောငှါ ဆင်ယာဉ်, မြင်းယာဉ်, ဂဠုန်ယာဉ် စသည်တို့ကို စီးလျက် ကေင်းကင်ခရီးဖြင့် လာကြကုန်သော် အာဠဝကဗိမာန်၏ အပေါ်သို့ရောက်လျှင် ဘုရားသခင့် အာနုဘော်ကြောင့် မကျော်မသန်းနိုင်ပဲ ပစ်လိုက်သောခဲ ကျသကဲ့သို့ စီးသောယာဉ်နှင့်တကွ မြေပြင်သို့ ကျလေလျှင် ငါတို့ အစဉ်သွားမြဲ ခရီးဖြစ်လျက် အဘယ့်ကြောင့် ကျသနည်းဟု ကြည့်ရှုလတ်သော် ရှင်တော်ဘုရား ထိုဗိမာန်၌ စံနေလင့်သည်ကိုမြင်၍ ဝင်ကြပြီးသော် ပူဇော်မြတ်နိုး ရှိခိုးခယလျက် “ယနေ့ညဉ့် ဒေဝတာ သန္နိပါတဖြစ်၍ ထိုအစည်းအဝေးသို့ အကျွန်ုပ်တို့ သွားပါဦးအံ့”ဟု လျှောက်ကြား၍ သွားကြလေသဖြင့် ထိုနတ်တို့၏ အစည်းအဝေးသို့ ရောက်လတ်သော် အာဠဝကလည်း နေရာမှထ၍ “ဤ၌ နေတော်မူ”ဟု နေရာဖြင့် ညွှန်းလင့်၏။

ထိုအခါ သာတာဂိရိနတ် ဟေမဝတနတ်တို့က “အဆွေ အာဠဝက... ယနေ့ သင့်အား ရတော်ငြားပေစွ၊ ဘုရားသခင်သည် သင်၏ဗိမာန်၌ စံနေတော်မူသည်။ မြန်စွာသွား၍ ညွတ်တွားပျပ်ဝပ် ဆည်းကပ် ပူဇော်လေလော့”ဟု ဆို၏။ ထိုစကားကို ကြားလျှင် သီလမရှိသောသူအား သီလစကားကို ကြားလျှင် နားနှစ်ဘက်တွင်း၌ တံသင်းနှက်ဟန် ထင်သကဲ့သို့လည်းကောင်း၊ ပိတ်ဆို့ဝန်တိုသောသူအား အလှူစကားကို ကြားလျှင် နားပါးနင့်၍ သွားလင့်သကဲ့သို့လည်းကောင်း ထို့အတူ ကြည်ဖြူခြင်း သဒ္ဓါတရားမရှိသော အာဠဝကသည်လည်း ဘုရားရှင်၏ ကျေးဇူးစကားကို ကြားလျှင် မျက်နှာထားမရွှင် ခါးချဉ်သော ဒေါသစိတ်ကြွ၍ ပူလှသော အိုးကင်း၌ ချလိုက်သော ဆားကဲ့သို့ အမျက်အားဖြင့် ဖျစ်ဖျစ်မြည်လျက် “မရည်မငံ ငါ့ဗိမာန်တွင် ဝင်၍နေသော ဘုရားဟူသည် ဘယ်သို့သောသူနည်း၊ သတ်မည်, စားမည်, ထွားထွားကြေစိမ့်မည်”ဟု ကြုံးဝါးလေသော် သာတာဂိရိ, ဟေမဝတတို့ကလည်း “အချင်းအာဠဝက... သင်သည် ငါတို့ဆရာ မြတ်စွာဘုရားကို မသိလေ၊ ထိုဘုရားသည် တုသိတာနတ်ပြည်ဝယ် စံနေတော်မူရာမှ နတ်ဗြဟ္မာအပေါင်းတို့ တောင်းပန်သည့် အရာကြောင့် လူ့ပြည်သို့လာ၍ ပဋိသန္ဓေ ယူတော်မူသည်။ ယင်းသို့ ပဋိသန္ဓေနေသောအခါ, ဖွားတော်မူသောအခါ, တောထွက်တော်မူသောအခါ, ဘုရားဖြစ်တော်မူသောအခါ, ဓမ္မစကြာတရား ဟောကြားတော်မူသောအခါ, ဤအခါတို့၌ စကြဝဠာ တိုက်တသောင်းလုံး တုန်လှုပ်သည်။ သုံးဆယ့်နှစ်ပါးသော ပုဗ္ဗနိမိတ်တို့ ထင်ကုန်သည်။ ထိုသို့သော အံ့ဖွယ်သရဲ မဖြစ်စဖူးမြဲသော ပုဗ္ဗနိမိတ်တို့ ထင်ကုန်သည်ကို သင် မမြင်ပါသလော”ဟု မေး၏။

အာဠဝကလည်း ဒေါသကြီးသောအားဖြင့် ထင်ရှားသိမြင်လိုက်လျက် ကွယ်ဝှက်ဖုံးဖိ၍ “ငါ မသိမမြင်”ဟု ဆို၏။ ထိုအခါ သာတာဂိရိနတ်တို့ကလည်း “အချင်း အာဠဝက... သင်မြင်သည်

(စာမျက်နှာ-၄၀၆)

ဖြစ်စေ၊ မမြင်သည်ဖြစ်စေ၊ သင်၏ မြင်ခြင်း,မမြင်ခြင်းသည် အကြောင်းမဟုတ်၊ သမ္ဗုဒ္ဓစစ် ဖြစ်တော်မူသော ငါတို့ဆရာ မြတ်စွာဘုရားကို သင်ကား အသို့ပြုနိုင်အံ့နည်း၊ ဘုရားရှင်နှင့် သင့်ကိုစာ၍ ဥပမာဆင်သော် ကောင်းကင်၌ သွားလာသော အာဇာနည် နွားလားဥသဘနှင့် ဖွားသစ်စ နွားငယ်ကဲ့သို့လည်းကောင်း၊ ယောက်ျားဗိုလ်ခြေ ကုဋေတသိန်း၏ အားကိုဆောင်သော ဆင်ပြောင်ကြီး၏ အပါး၌ ဖွားသစ်စဖြစ်သော ဆင်ငယ်ကဲ့သို့လည်းကောင်း၊ သားတကာတို့ ညွတ်ကြို့ဦးနှိမ်ရာ ကေသရရာဇာ ခြင်္သေ့မင်း၏အနီး၌ မြေခွေးအိုကဲ့သို့လည်းကောင်း၊ ယူဇနာ တရာ့ငါးဆယ် ရှည်သွယ်ကြီးပြင်းသော ဂဠုန်မင်း၏အနီး၌ အတောင်ပြတ်သော ကျီးကဲ့သို့လည်းကောင်း ထို့အတူသာ သင်ဖြစ်ပါသည်တကား၊ သင့်စွမ်းအားကို ဘုရားရှင်၌ သင် စမ်းလိုရာပင် စမ်းလေလော့”ဟု ဆိုကြ၏။

အာဠဝက တိုက်ခိုက်ပုံ

ထိုစကားကို ကြားသောအခါ အာဠဝကလည်း ဒေါသ ပြင်းထန်စွာထ၍ ဆေးဒန်းမြင်းသီလာ ကျောက်ဖြာအထက်၌ လက်ဝဲခြေဖြင့်နင်း၍ “နတ်မင်းတို့ဆရာ ဂေါတမရဟန်းနှင့် ငါ့စွမ်းအားသည် မည်သူက တန်ခိုးသာ, မသာကို ကြည့်ရှုကာ နေကြကုန်”ဟု ကြုံးဝါး၍ အလျား,အစောက် ယူဇနာခြောက်ဆယ်ရှိသော ကေလာသတောင်ထွတ်ကို လက်ယာခြေဖြင့် နင်းလိုက်လျှင် ပန်းပဲဖိုတွင်း၌ ရဲရဲဝင်းသော သံတွေကို ပေ၌တင်၍ ရိုက်သောအခါ အလွှာအလွှာကွာ၍ စဉ်သကဲ့သို့ ထို့အတူ ကေလာသတောင်ထွတ်သည် အချပ်အချပ် အလွှာအလွှာ ကွာ၍ ဖရိုဖရဲ တကွဲစီဖြစ်သွားလေသည်။

ထို့နောက် ထိုကေလာသတောင်ထိပ်၌ ရပ်လျက် “ငါ အာဠဝက ဘီလူးတကား”ဟု ကြုံးဝါးဟစ်အော်သော အသံသည် ဤဇမ္ဗူဒိပ်ကျွန်းအလုံးကြား၍ အိမ်ပါးအိမ်ဝတွင် ဟစ်ကဲ့သို့ ထင်ကုန်သည်။ အလျားအနံ ယူဇနာသုံးထောင်ရှိသော ဟိမဝန္တာတောနေ မြေပြင်အလုံးသည် ကြုံးဝါးသော အသံကြောင့် အလွန်တုန်လှုပ်သည်။ ထို့နောက် “ရဟန်းဂေါတမကို ပြင်းပြသောလေဖြင့် လွင့်စေအံ့”ဟု ကြံ၍ သည်းထန်စွာသော လေမုန်တိုင်းကို လာစေသော် ထိုလေအဟုန်သည် အလုံးစုံသော ဟိမဝန္တာ၌ တယူဇနာ, နှစ်ယူဇနာ, သုံးယူဇနာရှိသော တောထွက် ချောက်ကမ်းတို့ကို ဖြန်းဖြန်းကွဲပြိုစေလျက် တောချုံသစ်ပင်တို့ကို နှိပ်စက်၍ အာဠဝီပြည်တွင်းသို့ ဝင်ပြီးသော် ဆင်တင်းကုပ် မြင်းတင်းကုပ် အုပ်ကြွပ်အိမ်ဟောင်းတို့ကို အမှုန့်ထောင်းထောင်း ဖြစ်စေလျက် ဘုရားထံသို့ ရောက်လတ်သော် သင်္ကန်းတော်အနားမျှ မလှုပ်ရှားနိုင် ကြေကွဲပျောက်ဆုံးလေ၏။

ထို့နောက် ရေအယဉ်ဖြင့် လွှမ်း၍ “ရဟန်းဂေါတမကို သေစေအံ့”ဟု ကြံ၍ ကမ္ဘာပျက်မိုးကဲ့သို့ မိုးကို ထစ်ကြိုး ပြင်းထန်စွာ ရွာပြန်စေသော် မိုးရေအယဉ်သည် သစ်ပင် တောင်ကမ်းတို့ကို နှစ်လွှမ်းကွဲပျက်စေလျက် သွားသဖြင့် ဘုရားရှင်ထံသို့ရောက်သော် နှင်းပေါက်မျှ မစွတ်ပဲ လွတ်ရာသို့ ရှောင်လေ၏။

ထို့နောက်မှ သီးသီး, ဥသျှစ်သီးမျှလောက်သော ကျောက်စစ်မိုးတို့ကို ရွာပြန်စေလျှင် မြေအပြင်၌ ပဲ့တင်တော်ဟည်းလျက် တောင်ကြီး,ကမ်းကြီး အထွတ်တို့သည် ကြေပြတ်ပြိုကွဲလျက် သွားသဖြင့် ဘုရားထံသို့ရောက်လေသော် နတ်ပေါက်ပေါက်ပန်းတို့သည် ထူးဆန်းစွာ ဖြစ်ကုန်၏။

(စာမျက်နှာ-၄၀၇)

ထို့နောက်မှ တဖက်သွား နှစ်ဖက်သွားရှိသော သင်ဓုန်း, လှင်ကန်, သန်လျက်မိုးတို့ကို အခိုးအလျှံနှင့်တကွ ရွာစေသည်။ ထို့နောက်မှ ရဲရဲညိသော မီးကျီးမိုး, ပြာပူမိုး, သလဲမိုး, ညွန်ပျောင်းမိုးတို့ကို အခိုးအလျှံနှင့်တကွ ရွာစေသည်။ ဘုရားခြေတော်ရင်းသို့ ရောက်လျှင် ပေါက်ပေါက် ပန်းကောင်း နံ့သာပျောင်း နံ့သာမှုန့်တို့သာ ဖြစ်လေကုန်၏။ ထို့နောက်မှ “ရဟန်းဂေါတမသည် ထိတ်လန့်ကြောက်ရွံ၍ ပြေးလေစေ”ဟု လေးထွေသော အင်္ဂါနှင့် ပြည့်စုံသော အမိုက်တိုက်ကို ဖြစ်စေပြန်သော် ကိုယ်တောင်မြတ်ထံသို့ရောက်လျှင် နေရောင်ဖြင့် ဖျောက်အပ်သော အမိုက်တိုက်ကဲ့သို့ အစဉ်တစိုက်ကွယ်လေ၏။

ဤသို့လျှင် အာဠဝကလည်း ကိုးပါးသော မိုးလက်နက်တို့ဖြင့် တိုက်ဖျက်၍ ဘုရားရှင်၌ တစုံတခုမျှ အပြစ်မရှိသည်ကို မြင်လျှင် မိမိကိုယ်တိုင်ဝင်၍ ဆွဲငင်နှိပ်စက် ဖျက်ဆီးလိုရကား များစွာသော ဘီလူးစစ်သည်အပေါင်းတို့ကိုခေါ်၍ အထူးထူးအပြားပြားသော ကိုယ်သဏ္ဌာန်ကို ဖန်ဆင်းလျက် အထူးထူးအပြားပြားသော လက်နက်တို့ကို ကိုင်စေပြီးလျှင် ဝင်ကြကုန် ဖမ်းကြကုန် ထိုးခုတ်သတ်ဖြတ်ကြကုန်ဟု အော်ဟစ်၏။ စစ်အင်္ဂါလေးပါးနှင့် ပြည့်စုံသော ကုမ္ဘဏ်ဘီလူးအပေါင်းတို့ နောက်ကပါပါသော်လည်း အာဠဝကသည် အလျှံပြောင်ပြောင် တောက်လောင်သော သံတွေခဲကို ယင်ရဲတို့ မတိုးဝံ့သကဲ့သို့ ဘုရားထံရင်းသို့ မချဉ်းကပ်ဝံ့ချေ၊ အဝေးကနေ၍သာ အာဏာတန်ခိုး ပြ၏။

ဘွဲ့ဖြူလက်နက်ဆန်း

ဤသို့သောနည်းဖြင့် ညဉ့်ဦးမှသည် သန်းခေါင်ယံကုန်အောင် ကြံဆောင် ဖျက်ဆီးငြားသော်လည်း ဘုရားရှင်၏ တုန်လှုပ်ခြင်းမရှိသည်ကို မြင်သော် “ဤအရှင်ဂေါတမကား ကြီးမားသော တန်ခိုးရှိသည်၊ ဘွဲ့ဖြူလက်နက်မှသာ တတ်နိုင်ရာတော့သည်။ ဤဘွဲ့ဖြူလက်နက်ကား ငါအမျက်ထွက်၍ ကောင်းကင်ထက်သို့ ပစ်သော် တဆယ့်နှစ်နှစ်ပတ်လုံး မိုးမရွာနိုင် ဖြစ်ရာသည်။ မြေသို့ပစ်သော် သစ်ပင်အပေါင်းတို့သည် တဆယ့်နှစ်နှစ်ပတ်လုံး သုဉ်းဖျင်း‌သွေ့ခြောက်၍ အညွန့်မပေါက်ပဲ ရှိရာသည်၊ သမုဒ္ဒရာထဲသို့ ပစ်သော် ရှစ်သောင်းလေးထောင် နက်ချောင်ကျယ်ဝန်းသော ရေအထုသည် အိုးကင်းပူ၌ချလိုက်သော ရေပေါက်ကဲ့သို့ ခန်းခြောက်လေရာသည်။ ဤသို့သော အစွမ်းနှင့် ပြည့်စုံသော လက်နက်ကို လွှတ်တော့မည်”ဟု ကြံယူ၍ ဘွဲ့ဖြူပုဆိုးကို ပစ်လွှတ်လိုက်သော် ရှင်တော်ဘုရားထံသို့ ရောက်လေလျှင် ခြေသုတ်ပုဆိုးဖြစ်၍ တည်လေ၏။

ယင်းသို့သောအခါ စကြဝဠာတသောင်း၌ နေကုန်သော နတ်ဗြဟ္မာအပေါင်းတို့သည် “ယနေ့ကား ဘုရားသခင်သည် အာဠဝကကို ဆုံးမလိမ့်မည်။ ထိုအခါ ငါတို့လည်း တရားတော်ကို နာရလတ္တံ့”ဟု ကြံ၍ အထံတော်သို့ လာကြကုန်သည်။ အချို့သော နတ်တို့လည်း အာဠဝကနှင့် လူသားဘုရား နှစ်ပါး၏ စစ်ထိုးခြင်းကို ရှုအံ့ဟု နှလုံးပြုကာ စည်းဝေးလာကြကုန်သည်။ ယူဇနာ လေးသောင်းနှစ်ထောင်ရှိသော ကောင်းကင်ပြင်အရပ်သည် နတ်ပရိသတ်တို့ဖြင့် ပြည့်လေသတည်း။

မြတ်စွာဘုရား ဆုံးမပုံ

အာဠဝကလည်း ဘွဲ့ဖြူလက်နက်ဖြင့်ပစ်၍ ဘေးမျှမရှိသည်ကို မြင်လျှင် အစွယ်ကျွတ်သော ဆင်, ချိုရှင်ကျိုးသော နွားဥသဘ, အဆိပ်ကျသော မြွေကဲ့သို့ ကြမ်းကြုတ်ခက်ထန်ခြင်း မာန်စောင်ကို ချလျက် ဂေါတမရဟန်းကို ဘွဲ့လက်နက်စင်လျက် မနှိပ်စက်နိုင်ခြင်းသည်ကား

(စာမျက်နှာ-၄၀၈)

အဘယ့်ကြောင့်နည်းဟု ဆင်ခြင်လေသော် “သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု” စသော မေတ္တာ ဗြဟ္မဝိဟာရတရားကို ပွားစေ၍နေသောကြောင့် ဖြစ်ချေသည်ဟု သိသဖြင့် ပွားလင့်သော မေတ္တာဗြဟ္မဝိဟာရပျက်အောင် အမျက်ကို ဖြစ်စေအံ့ဟု ကြံ၍ ဘုရားထံသို့ ကပ်ပြီးလျှင် “ရှင်ဂေါတမ... ငါအခွင့်မပြုပဲ ငါ့ဗိမာန်သို့ဝင်၍ အိမ့်ရှင်ကဲ့သို့ မောင်းမတို့၏အလယ်၌ အဘယ့်ကြောင့် နေဘိသနည်း၊ အရှင်မလိုသော ဗိမာန်၌ နေခြင်းသည်လည်းကောင်း မိန်းမတို့နှင့် ရောယှက်ခြင်းသည်လည်းကောင်း ဤအကြောင်းများသည် ရဟန်းသားတို့နှင့် လျော်သလော၊ သူတော်ကောင်းဟု သင်ဝန်ခံလျက် မတော်မတန်သော နေရာ၌ နေဘိသည်၊ လျင်စွာ ထွက်လော့”ဟု ဆို၏။

ဘုရားသခင်လည်း ခက်ထန်သောသူကို အကြမ်းဆုံးမချေက ကိုက်တတ်သောခွေးကို မကိုက်စိမ့်သောငှါ တံဖျာနှင့်ရိုက်လျှင် တိုး၍သာ ကိုက်ချင်ရာသကဲ့သို့ ထို့အတူ တိုး၍ စိတ်ဆိုးကြမ်းကြုတ်လေရာသည်။ သာယာသော စကားဖြင့် ဆုံးမမှ အာဠဝက နှလုံးနူးညံ့၍ မဂ်ဖိုလ်ရခြင်းငှါ ထိုက်တော့မည်ဟု ကြံစည်တော်မူပြီးမှ “အချင်း အာဠဝက... သင်က မနေစေလိုလျှင် ယခုပင် ငါထွက်မည်”ဟု ဆို၍ ထွက်သောအခါ အာဠဝကလည်း ဤသို့ ကြံ၏။ “ဤရဟန်းကား တခွန်းသော စကားဖြင့်ပင် ထွက်ပေသည်၊ ငါဆိုသောအရာကို နာယူလွယ်ပေသည်၊ ဤသို့ နာလွယ်သော ရဟန်းကို မစူးမစမ်း အပမ်းတကြီးမှတ်၍ တညဉ့်လုံး စစ်ထိုးခြင်းကို ပြုမိပေသည်၊ ထိုသို့ ထွက်ငြားသော်လည်း “ငါ့စကားကို နာလွယ်၍ပင် ထွက်သည်, အမျက်ရှိ၍ပင်ထွက်သည်”ဟု မသိသာသေး၊ အရေးကို ကုန်စင်အောင် စမ်းဦးမည်”ဟု ကြံပြီးလျှင် “အရှင်ရဟန်း.. ငါ၏ဗိမာန်သို့ ဝင်လာဦးလော့”ဟု ဆိုပြန်၏။ ဘုရားသခင်လည်း အလွန်လျှင်ပူသော ရေဆူကျွက်ကျွက်ကို သရက္ခန်စန္ဒကူးဖြင့် ချလျှင် ခဏချင်း အေးစေသကဲ့သို့ ထို့အတူပမာ ကြမ်းတမ်းစွာသော အာဠဝက၏အမျက်ကို ရုတ်တရက် ငြိမ်းစိမ့်သောငှါ ချမ်းမြေ့စွာသော မေတ္တာစကားဖြင့် “ငါ့အား သင်ဝင်စေလိုလျှင် ငါဝင်ဦးမည်”ဟု ဝင်တော်မူပြန်သော် တဖန်စမ်းလို၍ “ရဟန်းဂေါတမ.. ထွက်ဦးလော့”ဟု ဆိုပြန်လျှင် “သင်မနေစေလိုက ထွက်ရမည်ပင်”ဟု အလျင် ထွက်တော်မူသည်။

အကယ်၍ အာဠဝကဆိုတိုင်း မလိုက်နာသော် ကြမ်းတမ်းစွာသော စိတ်သည် မနိမ့်မပြိုလေရာ၊ တရားဒေသနာကို ကောင်းစွာ ဟောငြားသော်လည်း ကျောက်သား၌ ရေမဝင်သကဲ့သို့ ဖြစ်ရာ၏။ ဥပမာဆိုသော် ငိုတတ်သောသားကို “နင်က ငိုဦးမည်လော”ဟု ရိုက်ခတ်က ထပ်၍အလွန် ငိုရာသည်၊ အမိစကားလည်း သား၌ မတည်လေရာ၊ လိမ္မာသော အမိသည် ငိုတတ်သောသားကို သာယာသော စကားဖြင့်လည်းကောင်း၊ အစာပေး၍လည်းကောင်း ချော့မော့လျှင် အငိုတိတ်သည်၊ မိခင်စကားလည်း သား၌ တည်လေသည်။ ထို့အတူ သတ္တဝါတို့ကို ဆုံးမရာ၌ လိမ္မာတော်မူလှသော လူသုံးပါးတို့အမှူးသည် ဘီလူး၏ ဒေါသစိတ်ကို ဆို့ပိတ်တားမြစ်၍ တရားတည်လွယ်စိမ့်သောငှါ အာဠဝက၏အလိုသို့ လိုက်တော်မူသဖြင့် သုံးကြိမ်တိုင်တိုင် ထွက်ခြင်းဝင်ခြင်းကို ပြုတော်မူသည်။

ထို့နောက်မှ အာဠဝကလည်း ဤရဟန်းကား ငါ့စကားကို နားထောင်လွယ်သူ မှန်ပြီ၊ ဤသို့လွယ်ချက်ကို အထက်ကသိရမူ တညဉ့်လုံး ထွက်စေဝင်စေ၍ မောပန်းလှလေမှ ခြေနှစ်ချောင်းကိုကိုင်လျက် မြစ်တဘက်သို့ ပစ်ရသော် မပင်ပန်းရ၊ လှလှ ငါအောင်ဘိရာ၏၊ ယခုတကြိမ်ထွက်ကာမှ ခြေကိုကိုင်၍ ငါပစ်တော့မည်ဟု ကြံပြီးလျှင် “ရှင်ကြီးရဟန်း... ထွက်ဦးလော့”ဟု

(စာမျက်နှာ-၄၀၉)

ဆို၏။ ထိုအခါ ဘုရားမြတ်စွာက “ငါမထွက်လိုပြီ”ဟု မိန့်တော်မူ၏။ “အဘယ့်ကြောင့် မထွက်လိုသနည်း”ဟု မေးပြန်လျှင် “သင်ဘီလူးကား ငါဘုရားအား ခြေဖျားနှစ်ဖက်ကိုင်လျက် မြစ်တဘက်သို့ ပစ်အံ့ဟု ကြံသောကြောင့် ငါမထွက်လိုသည်”ဟု မိန့်တော်မူသော် အာဠဝကလည်း “ဤရဟန်းကား တန်ခိုးကြီးမားရုံသာမက ငါ့စိတ်အကြံကိုလည်း သိနိုင်ပေသည်၊ ထိုသို့ ပညာရှိသောသူမြတ်ကို ပြဿနာဖြင့်မေးရသော် ကောင်း၏၊ ယင်းသို့ ပြဿနာကို ကောင်းစွာမဖြေနိုင်သောကာလမှ စိတ္တဝိက္ခေပကိုသော်လည်း ပြုအံ့၊ သူ့အသက်ကိုသော်လည်း ခွဲအံ့။ သမုဒ္ဒရာထဲသို့သော်လည်း ပစ်အံ့”ဟု ကြံ၏။

အဘယ့်ကြောင့် ဤသို့ကြံသနည်း ဟူမူကား- ရှေးသောအခါ ကောင်းကင်ဖြင့်သွားလာသော ဆဠဘိည ရသေ့တို့သည် အာဠဝက၏ ဗိမာန်ကိုမြင်၍ အရှင်အသူဖြစ်လေသနည်း၊ ဤဗိမာန်ကား ရွှေလော ငွေလော ပတ္တမြားလောဟု ကြည့်ရှုအံ့သောငှါ လာလတ်ကုန်သော် ပြဿနာကိုမေး၍ ထိုရသေ့တို့ မဖြေနိုင်လျှင် ကြောက်မက်ဖွယ်သော ရုပ်အသွင်ကို ဖန်ဆင်းလျက် ထိတ်လန့်ခြင်းသို့သော်လည်း ရောက်စေသည်။ တန်ခိုးအဟုန်ဖြင့် အလွန် သိမ်မွေ့သောကိုယ်ကို ဖန်ဆင်း၍ ရင်အတွင်းသို့ ဝင်ပြီးမှ ဟဒယဝတ္ထုရုပ်ကို ဆုပ်နယ်နှိပ်စက်၍ စိတ်ပျက်ရူးသွပ်ခြင်း ပျံလွင့်ခြင်းကိုသော်လည်း ဖြစ်စေသည်။ ထိုသို့ ရူးသွပ်သောအခါမှ ရင်ကိုခွဲ၍ အသည်းကိုသော်လည်း စားလေသည်။ ခြေကိုကိုင်လျက် မြစ်တဘက်သို့သော်လည်း ပစ်လွှင့်လေသည်။ ထို့အတူသာ မြတ်စွာဘုရားကို ပြစ်မှားလိုသဖြင့် ပြဿနာကို မေးအံ့ဟု ကြံသတည်း။

ပြဿနာ မေးဖြေခန်း

ဤသို့သောအကြံကို သိတော်မူလျှင် ဘုရားသခင်လည်း သဗ္ဗညုတ အသာဓာရဏ အညာသဒိသဖြစ်သော အာနုဘော်ကို ပြတော်မူခြင်းငှါ “အချင်းအာဠဝက.. နတ်ဗြဟ္မာနှင့်တကွသော လောကသုံးရွာတွင် အကြင်သူသည် ငါဘုရားအား ထိပါးနွံနှိပ်လျက် စိတ်တော်ကိုလည်း ပျံ့လွင့်အောင်, နှလုံးတော်ကိုလည်း ကွဲစေအောင် ပြုနိုင်ရာ၏၊ ထိုသို့ ပြုနိုင်သောသူကိုလည်းကောင်း၊ ငါဘုရား၏ ခြေကိုကိုင်၍ ပစ်နိုင်မည့်သူကိုလည်းကောင်း သုံးဆယ့်တဘုံတွင် တစုံတယောက်ကိုမျှ ငါမမြင်၊ သင်မေးလိုသမျှသော ပြဿနာကို လျင်စွာ မေးလော့”ဟု မိန့်တော်မူ၏။ အာဠဝကလည်း-

ကိံသူဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ၊ ကိံသု သုစိဏ္ဏော သုခမာဝဟတိ။
ကိံသု ဟဝေ သာဓုတရံ ရသာနံ၊ ကထံ ဇီဝိံ ဇီဝိတမာဟု သေဋ္ဌံ-

ဟူသော ဂါထာဖြင့် တန်းလျက်-

“ရဟန်းဂေါတမ... လောကသုံးပါး၌ ယောက်ျား,မိန်းမ ဟူသမျှတို့၏ မြတ်လှဥစ္စာ ရတနာကား အဘယ်နည်း၊ လေ့ကျက်ခြင်းတကာဝယ် အဘယ်မည်သော အလေ့အကျက်သည် ချမ်းသာကို ဆောင်ပါသနည်း၊ အရသာတို့တွင် အဘယ်အရသာကို သာလွန်ကောင်းမြတ်သည်ဟု ဆိုအပ်ပါသနည်း၊ အသက်မွေးခြင်းတို့တွင် အဘယ်မည်သော အသက်မွေးခြင်းကို မြတ်သည်ဟု ဆိုပါသနည်း”ဟု မေး၏။
(စာမျက်နှာ-၄၁၀)

ရှေးဘုရား တရားတော်

ဤပြဿနာကို အာဠဝကသည် အဘယ်မှ ရလေသနည်း ဟူမူကား- ကဿပဘုရား လက်ထက်တော်က အာဠဝက၏ အမိအဖဖြစ်သော ဘီလူးနှစ်ယောက်တို့သည် ဘုရားရှင့်ထံ၌ လုပ်ကျွေးဆည်းကပ်၍ ဤပြဿနာကို အဖြေနှင့်တကွ သင်ခဲ့ကြပြီးသော် သားအာဠဝက ငယ်စဉ်ကပင် သင်အံဆောင်ရွက်စေသည်။ ကာလရှည်သဖြင့် အဖြေကို မေ့လေလျှင် မေးစဉ်ပုစ္ဆာမျှကိုသာ မမေ့ရအောင် ရွှေပြားထက်၌ ဆေးဒန်းမြင်းသီလာဖြင့် သေချာစွာ ရေးကူး၍ ဗိမာန်ဦး၌ ထားလေသတည်း။

ဘုရားသခင်လည်း ယခင်မေးအပ်သော ပုစ္ဆာလေးရပ်ကို ကဿပဘုရား ဖြေတော်မူသော နည်းအားဖြင့် မြွက်ကြား ဖြေဆိုတော်မူခြင်းငှါ-

သဒ္ဓီဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ၊ ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ။
သစ္စံ ဟဝေ သာဓုတရံ ရသာနံ၊ ပညာ ဇီဝိံ ဇီဝိတမာဟု သေဋ္ဌံ-

ဟူသော ဂါထာကို ဟောတော်မူ၏။

[အနက်ကား]အာဠဝက၊ အို..အာဠဝကဘီလူး။ ဣဓ လောကေ၊ ဤလူ့ရွာ၌။ ပုရိသဿ၊ ယောက်ျားမိန်းမ စသည်များစွာ သတ္တဝါ၏။ သဒ္ဓါ၊ ရတနာသုံးပါးဂုဏ်၌ မတုန်မလှုပ် စုပ်စုပ်သက်ဝင် ခင်မင်ကြည်ညိုခြင်းသည်။ သေဋ္ဌံ၊ လောကီလောကုတ္တရာ ချမ်းသာပေးတတ် အလွန်မြတ်သော။ ဝိတ္တံ၊ ဥစ္စာပင်တည်း။ သုစိဏ္ဏော၊ ကောင်းမွန်လှစွာ လေ့လာကျင့်သုံးအပ်သော။ ဓမ္မော၊ ကုသိုလ်ကမ္မပထတရား ဆယ်ပါးသည်။ သုခံ၊ လူ့ပြည်နတ်ရွာ နိရောဓာဟု ချမ်းသာသုံးပါးကို။ အာဝဟတိ၊ မချွတ်နိုင်အောင် ရွက်ဆောင်ပေ၏။ သစ္စံ၊ မှန်ကန်ဖြောင့်မတ်သော စကားသည်။ ဟဝေ-ဧကန္တေန၊ စင်စစ်အားဖြင့်။ ရသာနံ၊ ချိုချဉ်စပ်ဖန် ခါးငန်ခြောက်ဖြာ အရသာတို့တွင်။ ဝါ၊ အရသာတို့ထက်။ သာဓုတရံ၊ အလွန်ကောင်းမြတ်သော အရသာမည်၏။ ဇီဝိတံ-ဇီဝန္တာနံ၊ အသက်မွေးခြင်းတကာတို့တွင်။ ပညာဇီဝိံ၊ ပညာဖြင့် အသက်မွေးခြင်းကို။ သေဋ္ဌံ၊ မြတ်၏ဟူ၍။ ကုသလာ၊ လိမ္မာကုန်သော ပညာရှိတို့သည်။ အာဟု၊ ဆိုကုန်၏။

ဤသို့ ပြဿနာလေးပါးကို ဘုရားဖြေတော်မူသောအခါ အာဠဝကသည် အလွန်ဝမ်းမြောက်လှသည်ဖြစ်၍ ကြွင်းသေးသော ပြဿနာကို ထပ်ကာမေးပြန်လိုရကား-

ကထံသု တရတိ သြဃံ၊ ကထံသု တရတိ အဏ္ဏဝံ။
ကထံသု ဒုက္ခမစ္စေတိ၊ ကထံသု ပရိသုဇ္ဈတိ-

ဟူသော ဂါထာဖြင့်-

“အရှင်ဂေါတမ... အဘယ်သို့သော အကြောင်းအရာဖြင့် သံသရာတည်းဟူသော သြဃကို ကူးမြောက်နိုင်ပါအံ့နည်း၊ အဘယ်သို့သော အပြားအားဖြင့် ဝဋ်ဆင်းရဲတည်းဟူသော သမုဒ္ဒရာကို ကောင်းစွာ လွန်မြောက်နိုင်ပါအံ့နည်း။ အဘယ်သို့သော အကြောင်းဖြင့် ဆင်းရဲအပေါင်းမှ ကောင်းစွာ လွတ်ပါမည်နည်း။ အဘယ်ရေအေးဖြင့် ကိလေသာဟူသော အညစ်အကြေးကို ဆေးကြောသုတ်သင်၍ စင်ကြယ်ပါမည်နည်း”ဟု မေးလျှောက်၏။
(စာမျက်နှာ-၄၁၁)

ဘုရားသခင်ကလည်း အစဉ်အတိုင်း ဖြေတော်မူခြင်းငှါ-

သဒ္ဓါယ တရတိ ဩဃံ၊ အပ္ပမာဒေန အဏ္ဏဝံ။
ဝီရိယေန ဒုက္ခမစ္စေတိ၊ ပညာယ ပရိသုဇ္ဈတိ-

ဟူသော ဂါထာကို ဟောတော်မူ၏။

[အနက်ကား]ဘော အာဠဝက၊ အို..အာဠ၀ကဘီလူး။ သဒ္ဓါယ၊ သဒ္ဓါတရားဖြင့်။ ဩဃံ၊ သံသရာတည်းဟူသော ဩဃကို။ တရတိ၊ ကူးမြောက်နိုင်၏။ အပ္ပမာဒေန၊ ကုသိုလ်ပြုပြု ကောင်းမှုပျော်မွေ့ မမေ့မလျော့ခြင်းဖြင့်။ အဏ္ဏဝံ၊ သမုဒ္ဒရာ ပမာထက်ကဲ ဝဋ်ဆင်းရဲကို။ တရတိ၊ လွန်မြောက်နိုင်၏။ ဝီရိယေန၊ ပါရမီဆယ်ပါး တရားဝီရိယ မြတ်ဓမ္မ၌ နိစ္စကြိုးကုတ် အားထုတ်ခြင်းဖြင့်။ ဒုက္ခံ၊ ဇာတိဇရာ ဗျာဓိမရဏ စသည်သောင်းသောင်း ဆင်းရဲအပေါင်းကို။ အစ္စေတိ၊ လွန်စေနိုင်၏။ ပညာယ၊ ဝိပဿနာ ပညာဆယ်ပါး ဉာဏ်တရားဖြင့်။ ပရိသုဇ္ဈတိ၊ ကိလေသာမြူမှေး အညစ်အကြေးမှ ကင်းဝေးစင်ကြယ်နိုင်၏။

ဤသို့ ဖြေတော်မူသော ဒေသနာကို ကြားရလျှင် အာဠဝကလည်း ပါရမီသမ္ဘာရ ရှိသသူဖြစ်၍ ရှစ်ပါး,ဆယ်ပါး, တဆယ့်ခြောက်ပါးသော ယုံမှားခြင်း ကင်းကွာလျက် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုသို့တည်ပြီးမှ ဒုတိယဂါထာဝယ် “ပညာယ ပရိသုဇ္ဈတိ”ဟူသော ပုဒ်၏အဓိပ္ပါယ်ကို မကျဉ်းမကျယ် သိလွယ်စိမ့်သောငှါ မိမိပညာဖြင့် ကြံ၍ တဖန် မေးလျှောက်ခြင်းငှါ-

ကထံသု လဘတေ ပညံ-

အစရှိသော ဂါထာကို ဆိုသတည်း။

အဓိပ္ပါယ်ကား-မြတ်စွာဘုရား... အဘယ်သို့သော အခြင်းအားဖြင့် ထူးခြားသောပညာကို ရရာပါသနည်း၊ အဘယ်အရေးဖြင့် အသက်မွေးကြောင်း ဥစ္စာကို ရရာပါသနည်း။ အဘယ်သဘောဖြင့် ကောင်းသောသတင်း ကျော်စောခြင်းသို့ ရောက်ပါသနည်း။ မိတ်ဆွေကောင်းတို့ကို အဘယ်သို့ ပြုအပ်ပါသနည်း။ မျက်မှောက်ဘဝ ဤလောကမှ တမလွန်ဘဝ သွားရသောအခါဝယ် အဘယ်အမှုမျိုးဖြင့် စိုးရိမ်ခြင်း ကင်းရပါသနည်း-ဟု မေးလျှောက်၏။

ဘုရားသခင်လည်း အစဉ်အတိုင်း ဖြေတော်မူခြင်းငှါ-

သဒ္ဒဟာနော အရဟတံ၊ ဓမ္မံ နိဗ္ဗာနပတ္တိယာ။
သုဿုသံ လဘတေ ပညံ၊ အပ္ပမတ္တော ဝိစက္ခဏော။
ပတိရူပကာရီ ဓုရဝါ၊ ဥဋ္ဌာတာ ဝိန္ဒတေ ဓနံ။
သစ္စေန ကိတ္တိံ ပပ္ပေါတိ၊ ဒဒံ မိတ္တာနိ ဂဏှတိ။
ယဿေတေ စတုရော ဓမ္မာ၊ သဒ္ဓဿ ဃရမေသိနော။
သစ္စံ ဓမ္မော ဓိတိ စာဂေါ၊ သ ဝေ ပေစ္စ န သောစတိ-

ဟူသော ဂါထာကို ဟောတော်မူပေ၏။

အဓိပ္ပါယ်ကား-ချစ်သားအာဠဝက... ပူဇော်ထိုက်သော ဘုရား, ပစ္စေကဗုဒ္ဓါ, သာဝကတို့သည် ဟောပြအပ်သော နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သောတရားကို ယုံမှားမရှိ

(စာမျက်နှာ-၄၁၂)

အတိပသန္နသဒ္ဓါဖြင့် လွန်စွာယုံကြည်သည်ဖြစ်၍ နှစ်နှစ်သက်သက် စုံမက်မြတ်နိုးစွာ မှတ်နာကျင့်ဆောင်လေ့ရှိခြင်းသည်လည်းကောင်း၊ မမေ့မလျော့ မပေါ့သော သတိရှိခြင်းသည်လည်းကောင်း၊ စုံစမ်းတိုင်းထွာ စာနာကြံစည်လေ့ ရှိခြင်းသည်လည်းကောင်း ဤအကြောင်းသုံးပါးဖြင့် ထူးပြားသောပညာကို ရရာဘိသတည်း။

သင့်တင့် ကောင်းမြတ်သောအခါ၌ ကောင်းမြတ်စွာသော မိတ်ဆွေနှင့်ပေါင်းလျက် ကောင်းမြတ်သောအမှုကို ဂရုကတ လုံ့လပြုလေ့ရှိသောသူသည် လောကီဥစ္စာ လောကုတ္တရာဥစ္စာ ဤနှစ်ဖြာကို ရရာသော အကြောင်းဖြစ်၏။ ရှေ့ဆိုနောက်ပျက် ယွင်းကွက်မရှိ ပကတိဟုတ်မှန်သော သစ္စာစကားကို ဆိုခြင်းသည် ကျေးဇူးသတင်း ကျော်စောခြင်းသို့ ရောက်၏။ မိမိစီးပွား သူ့စီးပွား၌ လိုလားမျှတ ဝေငှပေးခြင်းသည် မှီတင်းကိုးစားရာဖြစ်သော အဆွေခင်ပွန်းကောင်းကို ရကြောင်းဧကန် အမှန်ဖြစ်၏။

အကြင်သူအား ဖြောင့်သားဟုတ်မှန်စွာသော သစ္စာတရား, အပါယ်လားမှု ဒုစရိုက်မှ ရှောင်ကြဉ်လှလျက် နိစ္စကြိုးကုတ် အားထုတ်အပ်သော ပုညကိရိယာ ဓမ္မာဆယ်ပါး, စီးပွားနှစ်ဖြာ ထိုအရာ၌ လွန်စွာ ဆည်းပူးအပ်သော ဓိတိတရား, သူအားစွန့်ကြဲ ဝေခွဲပေးကမ်းခြင်းဟူသော စာဂတရား ဤလေးပါးကို ပွားများစေသည်ဖြစ်အံ့၊ ထိုသသူအား လူ၏ဘောင်တွင် အိမ်ထောင်ရာထား သားမယားနှင့် ပျော်ပါး၍နေသည်ပင် ဖြစ်သော်လည်း စင်စစ် တမလွန်ရွာ၌ စိုးရိမ်စရာ မရှိလေပြီ။ ယုတ်ညံ့သော ဂတိမှ လွတ်ကွာ၍ လူ့ရွာနတ်ထံ၌ ဧကန် ဖြစ်လတ္တံ့သည်သာတည်းဟု ဖြေတော်မူ၏။

ဤသို့ ပဉ္စမပဉှာကို ကောင်းစွာ ဖြေတော်မူပြီး၍ “အချင်း အာဠဝက... ငါမှတပါး ဘုရားဟုဝန်ခံကုန်သော ပူရဏကဿပ အစရှိကုန်သော ရဟန်းပုဏ္ဏားအများတို့ကိုလည်း လျှောက်ထားစုံစမ်းလေဦးလော့”ဟု တိုက်တွန်းတော်မူ၏။

အာဠဝက တရားရပြီ

အာဠဝကလည်း ယုံမှားသံသယ နှစ်ခွသော ဝိစိကိစ္ဆာကို သောတာပတ္တိမဂ်ဖြင့်ပယ်၍ နှစ်သွယ်သောအကျိုးကို မြင်ပြီးသသူဖြစ်ရကား “အရှင်ဘုရား... အကျွန်ုပ်ကား သူတပါး၌ လျှောက်ထားခွင့်မရှိပါပြီ၊ တသက်ပတ်လုံး ယူကျုံးမှတ်ပိုက် အောက်မေ့ထိုက်သော သဒ္ဒရသ, အတ္ထရသ ရှိပေလှသော ဓမ္မရတနာကို ကောင်းစွာသိရပါပြီ၊ အရှင်ဘုရားသည် အကျွန်ုပ်တို့ အကျိုးစီးပွား များစေခြင်းငှါ ဖြစ်တော်မူလာပေသည်၊ အကျွန်ုပ်တို့၏ မျက်စိသဖွယ် ဖြစ်ပေသည်၊ သံသရာဝဋ်ဟူသော တောအုပ်ကြီး၌ ခရီးမှား၍ ပျက်ပြားရလတ္တံ့သော အကျွန်ုပ်တို့အား ဟုတ်မှန်သောလမ်းကို ညွှန်ငင်၍ ကယ်တင်တော်မူပေသည်။ အရှင်ဘုရား၏ ကျေးဇူးတော်ကို တဗိမာန်မှသည် တဗိမာန်သို့, တနိုင်ငံမှသည် တနိုင်ငံသို့, နတ်တို့စံရာ တဘုံမှသည် တဘုံသို့ ဆောင်၍ ပျံ့နှံ့အောင် အကျွန်ုပ် ဖော်ထုတ်ချီးကျူးကာ လှည့်လည်ပါအံ့”ဟု လျှောက်၍-

အဇ္ဇာဒိံ ကတွာ တုမှာကံယေဝ ပရာယဏံ ကရောမိ။
သော အဟံ ဝိစရိဿာမိ၊ ဂါမာ ဂါမံ ပုရာ ပုရံ။
နမဿမာနော သမ္ဗုဒ္ဓံ၊ ဓမ္မဿ စ သုဓမ္မတံ-

ဟူသောစကားဖြင့် သရဏဂုံယူ၏။ (ဤသရဏဂုံကား တပ္ပရာယဏ သရဏဂုံတည်း။)

(စာမျက်နှာ-၄၁၃)

မင်းသားကို ပို့လာကြပြီ

ယင်းသို့ အာဠဝကအား ဟောကြားဆုံးမတော်မူအပ်သော တရားဒေသနာ၏ ပြီးဆုံးခြင်းသည်လည်းကောင်း၊ ထိုညဉ့်ကုန်၍ နေအရုဏ်တက်လျက် မိုးသောက်ခြင်းသည်လည်းကောင်း၊ တရားနာလတ်သော နတ်အပေါင်းတို့၏ ကောင်းချီးအုတ်အော် ကြွေးကြော်ကြခြင်းသည်လည်းကောင်း၊ အာဠဝီပြည်သားတို့သည် အာဠဝကမင်းသားကို ဘီလူးစာအလို့ငှါ ပို့လာ၍ ရောက်ခြင်းသည်လည်းကောင်း တပြိုင်နက် ဖြစ်လေသတည်း။

မင်းချင်းယောက်ျားတို့လည်း နတ်တို့၏ ကောင်းချီးပေး‌သော အသံကို ကြားရ၍ “ဘုရားရှင်မှတပါး အခြားသောသူ၏ အကြောင်းကြောင့် ဤသို့သော ကောင်းချီးသည် မဖြစ်နိုင်ရာ၊ ဘုရားကြွလာသည် ဖြစ်လတ္တံ့”ဟု ကြံ၍ ဗိမာန်အဝမှ ကြည့်ရှုလေသော် ရှင်တော်ဘုရားကို မြင်၍ ယခင်နေ့တို့၌ကဲ့သို့ တွန့်တိုထိတ်လန့်ခြင်းမရှိပဲ ဗိမာန်သို့ဝင်၍ ဘုရားသခင်ကို ရှိခိုးပြီးလျှင် ဘီလူးထံသို့ချဉ်း၍ “ဘီလူးမင်း... သင့်အလို့ငှါ ဆောင်ခဲ့ပါသော ဤမင်းသားကို စားလိုသော်လည်း စား၊ ထားလိုသော်လည်း ထား၊ သင်အလိုရှိသမျှပင် ပြုတော်မူ”ဟု ဆို၍ သူငယ်ကို ဘီလူးလက်သို့ ထည့်၏။

သူငယ်ကို ဘုရားအားလှူခြင်း

အာဠဝကဘီလူးလည်း သောတာပန်အဖြစ်သို့ ရောက်ပြီးဖြစ်သောကြောင့်လည်းကောင်း၊ အကျိုးအပြစ်စကားကို ဟောကြားဆုံးမသော ဘုရားရှေ့တော်တွင် ဖြစ်သောကြောင့်လည်းကောင်း အလွန်ရှက်နိုးရကား မျက်နှာထားမတင့်တယ် သူငယ်ကို လက်နှစ်ဖက်ဖြင့် ချီငင်၍ “အရှင်ဘုရား.. ဤသူငယ်ကား အကျွန်ုပ်အလို့ငှါ လာပို့၍ ပိုင်ဆိုင်သူဖြစ်ပါသည်၊ ဤသူငယ်ကို အလိုရှိရာ ပြုတော်မူပါ၊ အကျွန်ုပ် ကပ်လှူပါအံ့”ဟု ဆို၍ ဘုရားသခင်လက်တော်သို့ ထည့်ပြီးသော်-

ဣမံ ကုမာရံ သတပုညလက္ခဏံ၊ သဗ္ဗင်္ဂုပေတံ ပရိပုဏ္ဏဗျဉ္ဇနံ။
ဥဒဂ္ဂစိတ္တော သုမနော ဒဒါမိ တေ၊ ပဋိဂ္ဂဟ လောကဟိတာယ စက္ခုမ–

ဟူသော ဂါထာကို လျှောက်၏။

[အနက်ကား]ဘန္တေ၊ အရှင်ဘုရား။ တေ၊ အရှင်ဘုရားအား။ သတပုညလက္ခဏံ၊ အရာမက ပြိုးပြိုးပသော ဘုန်းလက္ခဏာလည်း ရှိထသော။ သဗ္ဗင်္ဂုပေတံ၊ အလုံးစုံသော အင်္ဂါကြီးငယ်တို့နှင့် ပြည်စုံထသော။ ပရိပုဏ္ဏဗျဉ္ဇနံ၊ ထက်ဝန်းကျင် ပြည့်ဖြိုးသော အသွင်သဏ္ဌာန်လည်း ရှိထသော။ ဣမံ ကုမာရံ၊ ဤမင်းသားကို။ အဟံ၊ အကျွန်ုပ်သည်။ ဥဒဂ္ဂစိတ္တော၊ ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍။ သုမနော၊ ဝမ်းသာသည်ဖြစ်၍။ ဒဒါမိ၊ လှူပါ၏။ စက္ခုမ၊ ငါးဖြာမျက်စိ ရှိတော်မူသော မြတ်စွာဘုရား။ တွံ၊ အရှင်ဘုရားသည်။ လောကဟိတာယ၊ လူတို့၏ အစီးအပွါးအလို့ငှါ။ ပဋိဂ္ဂဟ၊ ခံတော်မူပါလော့။

(စာမျက်နှာ-၄၁၄)

မင်းကြီးထံ ပြန်ပို့ကြပုံ

ဘုရားသခင်သည် ချီငင်ခံတော်မူ၍ နတ်လူအပေါင်းကို ကောင်းချီးမင်္ဂလာ ဖြစ်စေခြင်းငှါ-

ဒီဃာယုကော ဟောတု အယံ ကုမာရော၊
တုဝဉ္စ ယက္ခ သုခိတော ဘဝါဟိ။
အဗျာဓိတာ လောကဟိတာယ တိဋ္ဌထ-

ဟူသော ဂါထာကို ကျူးရင့်တော်မူ၏။

(ဤဂါထာကား သုံးပါဒသာ၊ အနက်မှာ သိသာပြီ။)

ဤသို့ ကောင်းချီးပေးတော်မူပြီးသော် မင်းချင်းတို့ကိုခေါ်၍ “ဤမင်းသားကို သင်တို့ ကောင်းမွန်စွာ ကျွေးမွေးပြီးလျှင် ကြီးရင့်သည့်ကာလမှ ငါ့အထံသို့ ဆောင်ခဲ့”ဟု မိန့်တော်မူလျက် မင်းချင်းတို့လက်သို့ ကမ်းတော်မူ၏။ ဤသို့ မင်းချင်းတို့လက်မှသည် အာဠဝက ဘီလူးလက်သို့, ဘီလူးလက်မှသည် ဘုရားရှင်လက်သို့, ဘုရားရှင်လက်မှသည် မင်းချင်းတို့လက်သို့ တဖန် ရောက်ပြန်၍ ရသောကြောင့် ထိုမင်းသားကို အမည်အားဖြင့် ဟတ္ထာဠဝကမင်းသားဟု ခေါ်ကုန်သတည်း။

မင်းချင်းတို့လည်း မင်းသားငယ်ကိုယူ၍ ပြည်သို့ပြန်လာကြသော် ခရီးလမ်းဝယ် လယ်ထွန်ယာခုတ် အမှုလုပ်သသူအပေါင်းတို့ မြင်လျှင် အရှင့်သားသည် ငယ်လွန်းလှသောကြောင့် ဘီလူးမစားလို၍ ပြန်ခဲ့ရသလောဟု တွေးတော၍ ကြောက်လန့်လှသဖြင့် မေးမြန်းလင့်ကြကုန်၏။ မင်းချင်းတို့ကလည်း ဘုန်းတော်ကြီးလှသော ဘုရားမြတ်စွာသည် ကြွတော်မူလာ၍ ချမ်းသာရကြောင်းကို ပြန်ကြားလျှင် ပြည်သားပြည်သူ အပေါင်းတို့သည် ကောင်းချီးပေးကုန်လျက် တပြိုင်နက် အုတ်အုတ်ကျက်ကျက်သော အသံသည် ဖြစ်၏။

မင်းအိမ်နန်းတော်သို့ ရောက်သောအခါ အာဠဝီမင်းကြီးလည်း မင်းချင်းတို့ကိုမြင်လျှင် ရင်တုန်ထိတ်လန့်သော နှလုံးရှိလျက် “အချင်းတို့.. ဘယ်သို့သော အကြောင်းကြောင့် မင်းသားငယ်ကိုယူ၍ ပြန်လာသနည်း။ ငယ်သောကြောင့် ဘီလူးမစားလိုသလော”ဟု မေး၏။ မင်းချင်းတို့ကလည်း “အရှင်မင်းကြီး... လောကသင်းကျစ် ဓမ္မရာဇ်မြတ်စွာသည် အာဠဝကဘီလူး ဗိမာန်သို့ ကြွတော်မူလာ၍ ထိုအာဠဝကကို ဆုံးမချေချွတ်တော်မူသဖြင့် ဥပါသကာ၏အဖြစ်၌ တည်စေသည်ဖြစ်၍ အရှင့်သားကိုမစားပဲ မြတ်စွာဘုရားအား ကပ်လှူ၍ ဘုရားလက်တော်မှ ရခဲ့ပါသတည်း”ဟု လျှောက်၏။ ထိုစကားကို ကြားသောအခါ အာဠဝီမင်းကြီးလည်း အားရဝမ်းသာစွာ ဖြစ်၏။

အာဠဝက အပူဇော်ခံရပြီ

ဘုရားသခင်လည်း ကိုယ်တော်တွင်ပါသော သင်္ကန်းသပိတ် ပရိက္ခရာတို့ကို အာဠဝကဘီလူးအား ယူစေတော်မူ၍ ဆွမ်းခံဝင်အံ့သော အခါတိုင်လျှင် အာဠဝက၏ဗိမာန်မှ ထွက်ခဲ့၍ အာဠဝီပြည်သို့ ရှေးရှုကြွတော်မူလာသော် အာဠဝကသည် မြို့၏အနီးသို့ရောက်လျှင် မြို့တွင်းသို့ဝင်ခြင်းငှါ ရှက်နိုးရကား တရွေ့တရွေ့ နောက်ချန်ကာနေ၏။ ဘုရားမြတ်စွာလည်း အာဠဝက၏အထာကို သိတော်မူ၍ “ချစ်သား အာဠဝက.. မြို့တွင်းသို့ဝင်ခြင်းမှ သင်ရှက်သလော”ဟု မေးတော်မူလျှင် “အရှင်ဘုရား... အကျွန်ုပ်ကိုမြင်လျှင် ငါတို့အမိ ငါတို့အဖ သားမြေးစသည်ကို စားသောက်

(စာမျက်နှာ-၄၁၅)

နှိပ်စက်၍ ဤဘီလူး နေသည်ဟု လူအပေါင်းတို့သည် ထောင်းထောင်း အမျက်ထ၍ တုတ်,အုတ်,လှင်ကန်တို့ဖြင့် ပစ်ခတ် နှင်ထုတ်ကြလတ္တံ့၊ ဤသို့ နှင်ထုတ်ခြင်းမှ အကျွန်ုပ် ကြောက်ရှက်လှပါသည်”ဟု လျှောက်၏။ မြတ်စွာဘုရားလည်း “ချစ်သား အာဠဝက.. ငါဘုရားတို့နှင့် တကွပါလျက် အဘယ်သူ ပုတ်ခတ်ခြင်းငှါ ဝံ့အံ့နည်း။ သို့ရာတွင် သင်ရှက်နိုးလျှင် ဤမြို့ပြင်က ပြန်လေလော့”ဟု မိန့်တော်မူ၏။ အာဠဝကလည်း မြို့တံခါးဝတိုင်အောင် လိုက်၍ ခြေတော်ကို ဦးဖြင့်ခိုက်ပြီးမှ ပြန်လေသည်။

ဘုရားသခင်လည်း မြို့တွင်းသို့ဝင်၍ အိမ်စဉ်အတိုင်း ဆွမ်းခံတော်မူပြီးသော် ဝင်တော်မူခဲ့သော တံခါးဖြင့်ထွက်၍ မြို့၏အနီး ကြီးကျယ်သော အရိပ်ရှိသော သစ်ပင်ရင်း၌ သီတင်းသုံးနေတော်မူ၏။ ပြည်သူမှူးမတ်နှင့် အတူတကွ အာဠဝီမင်းကြီးလည်း ခရီးဦးကြိုခြင်း နေရာခင်းခြင်းစသော ပဋိသန္ဓာရကိုပြု၍ ထံတော်ပါး၌ ခစားပျပ်ဝပ်လာ၏။ ဆွမ်းဘုဉ်းပေးပြီးသောအခါ များစွာသော ပြည်သူအပေါင်းတို့လည်း ရုံးပေါင်းစုဝေးလာ၍ ရိုသေစွာ ရှိခိုးလျက် ထိုမင်းကြီးက “အာဠဝကအား အဘယ်သို့သော အပြားအားဖြင့် နှိမ်နင်းဆုံးမတော်မူပါသနည်း”ဟု လျှောက်ထားသော စကားစပ်တွင် စစ်ယှဉ်ခင်းကျင်းတော်မူသော အခြင်းအရာမှစ၍ အလုံးစုံသော အာဠဝကသုတ် ဒေသနာကို ကောင်းစွာ ဟောတော်မူ၏။ ဒေသနာ၏အဆုံး၌ ရှစ်သောင်းလေးထောင်မျှသော ပရိသတ်တို့သည် အကျွက်တရားကို ရကြကုန်သတည်း။ ထိုအခါမှ အာဠဝီပြည်သားတို့သည် အာဠဝကအား ဝေဿဝဏ်နတ်မင်း၏ နေရာအနီး၌ထား၍ ညွတ်တွားပူဇော်ခြင်းကို ပြုကြကုန်၏။

အာဠဝီမင်းလည်း ဘုရားသခင်အား မိမိပြည်တွင် သီတင်းသုံးပါမည့်အကြောင်းကို ခွင့်တောင်းပြီးသော် ဘိုးတော်ဘေးတော်တို့၏ အမွေဥစ္စာဖြစ်သော သာလဝတီ ဥယျာဉ်ဝယ် တင့်တယ်ကောင်းမွန်စွာ ကျောင်းတော်ကို ဆောက်လုပ်ရာ ဘုရားသခင်လည်း အလျင် ပြန်တော်မူ၍ ဝါလနီးသောအခါမှ ငါးရာသော တပည့်သံဃာတို့နှင့်တကွ ကြွ၍ ဝါကပ်တော်မူ၏။ ဝါကျွတ်သောအခါ ထိုထိုမြို့ရွာသို့ ဒေသစာရီ ကြွချီတော်မူမြဲဖြင့် ကြွတော်မူလေ၏။

အနာဂါမ်ဥပါသကာ

ဟတ္ထာဠဝက မင်းသားလည်း အရွယ်သို့ ရောက်သောအခါ ခမည်းတော် မင်းကြီးနှင့်တကွ မှူးမတ်အပေါင်းတို့က “အရှင်မင်းသားသည် ဘုရားသခင်ကြောင့်သာ အသက်ချမ်းသာပေသည်။ မြတ်ဘုရားရှင်ထံ ကပ်နွံမှီဝဲလေ”ဟု တိုက်တွန်းကြသဖြင့် အခြံအရံ ငါးရာနှင့်တကွ ဘုရားရှိရာလာ၍ ရိုသေစွာ ဆည်းကပ်လေသော် မကြာမြင့်မီပင် အနာဂါမိဖိုလ်၌တည်၍ ပိဋကတ်သုံးပုံကို သင်ကြားတတ်မြောက်လျက် ငါးရာသော ဥပါသကာတို့၏ အကြီးအမှူးဖြစ်၍ ဘုရားရှင်ထံ နိယံမပြတ် ခစားဆည်းကပ်၏။

တရံသောအခါ ဥပါသကာ သုံးဦးနှင့်တကွ ဘုရားရှင့်ထံသွား၍ ခစားဆည်းကပ်သည်တွင် ယဉ်ကျေးသိမ်မွေ့သော ဣန္ဒြေအမူအရာရှိသည်ကို မြင်တော်မူ၍ “ချစ်သား အာဠဝက... သင်၏ပရိသတ်ကား ကောင်းမြတ်ယဉ်ကျေးပေစွတကား။ အဘယ်တရားဖြင့် သင်ကား ချီးမြှောက်ဘိသနည်း”ဟု မေးတော်မူလျှင် “အရှင်ဘုရား... အကျွန်ုပ်ကား ဒါနတရား၌ ပျော်ပါးနှစ်သက်သောသူကို အလှူပေးခြင်း၌ အကျိုးစကားဖြင့် ချီးမြှင့်သင်္ဂြိုဟ်ပါသည်။ ချစ်ဖွယ်သော စကား၌ ပျော်ပါးနှစ်သက်သောသူကို ကြည်ညိုချစ်ခင်ဖွယ်သော စကားဖြင့် ချီးမြှင့်သင်္ဂြိုဟ်ပါသည်။

(စာမျက်နှာ-၄၁၆)

ဘေးရန်ကိစ္စကို မ,စကယ်ထုတ်ခြင်း၌ နှစ်သက်သောသူကို ထိုအမှုဖြင့် ချီးမြှင့်သင်္ဂြိုဟ်ပါသည်။ ကိုယ်တူထပ်မျှ ချီးပခြင်း၌ နှစ်သက်သောသူကို ကိုယ်တူထားသဖြင့် ချီးမြှင့်သင်္ဂြိုဟ်ပါသည်”ဟု နားတော်လျှောက်သော်-

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ စတူဟိ သင်္ဂဟဝတ္ထူဟိ ပရိသံ သင်္ဂဏှန္တာနံ ယဒိဒံ ဟတ္ထာဠဝကော-

ဟူ၍ ဧတဒဂ်အရာ၌ ထားတော်မူသည်။

[အနက်ကား]ဘိက္ခဝေ၊ ရဟန်းတို့။ စတူဟိ၊ လေးပါးကုန်သော။ သင်္ဂဟတ္ထူဟိ၊ သင်္ဂြိုဟ်ခြင်း ဝတ္ထုတို့ဖြင့်။ ပရိသံ၊ ပရိသတ်ကို။ သင်္ဂဏှန္တာနံ၊ သင်္ဂြိုဟ်ချီးမြှင့်တတ်ကုန်သော။ မမ၊ ငါဘုရား၏။ သာဝကာနံ၊ တပည့်ဖြစ်ကုန်သော ဥပါသကာတို့တွင်။ ယဒိဒံ-ယံ ဣဒံ ဟတ္ထာဠဝကော၊ အကြင် ဟတ္ထာဠဝကမင်းသားသည်။ အတ္ထိ၊ ရှိ၏။ ဧတံ-ဧသော ဟတ္ထာဠဝကော၊ ဤဟတ္ထာဠဝက မင်းသားသည်။ အဂ္ဂံ-အဂ္ဂေါ၊ ကဲလွန်မြတ်မွေ့၏။

သီတင်းသည် မှတ်ချက်

ဤဟတ္ထာဠဝက မင်းသားကား တပည့်ယောက်ျားအစုံတွင် အကျုံးဝင်သူပေတည်း။ သည်ကိုရည်၍-

ငါးရာ ငါးရာ၊ အရံပါသား၊ ထိုခါသင်းမှူး၊ သီတင်းဦးဟု၊ မည်ထူးခေါ်လောက်၊ ခုနစ်ယောက်တွင်၊ လက်မြောက်တွင်ကျယ်၊ စိတ်သူကြွယ်နှင့်၊ လူဝယ်လူဆန်း၊ မာန်ဖြင့်ကျန်းသား၊ မြတ်မှန်းမသိ၊ ရှင်မုနိအား၊ ပြစ်မှားရှေးဦး၊ စားမူးမူးဝယ်၊ ဘီလူးအာဠဝက၊ လှူ၍ရသား၊ အာဠဝကရွာစား၊ မင်း၏သားလျှင်၊ ရှည်လျားကြီးပြင်း၊ မိုက်မျက်ကင်း၍၊ သီတင်းဦးကြီး၊ မည်သီးထင်စွာ၊ ထိုအခါ၌၊ ဟတ္ထာဠဝက၊ ခေါ်တွင်ကြအံ့၊ နန္ဒမာတာ၊ ဥတ္တရာဟု၊ ဒကာမိန်းမ၊ တကွနှစ်စုံ၊ တရားယုံလည်း၊ ဥဿုံပရိသတ်၊ လေးပါးမှတ်လျက်၊ ချေချွတ်ပွဲတွင်၊ မည်ရည်ထင်အံ့၊ သဘင်တလင်း၊ ဤသူခင်းသည်၊ ခပင်းစုံစုံစေ့စေ့တည်း-

ဟူ၍ အရှင်သီလဝံသအကျော် စပ်တော်မူလေသည်။

ပရမတ္ထဇောတိကာမည်သော သုတ္တနိပါတ် အဋ္ဌကထာ အာဠဝကသုတ်အဖွင့်၌ အာဠဝီတွင် ဝါဆိုတော်မူကြောင်းကို မလာ၊ အင်္ဂုတ္တိုရ်အဋ္ဌကထာ, ဗုဒ္ဓဝင်အဋ္ဌကထာ, အပဒါန်အဋ္ဌကထာတို့၌သာလျှင်-

သောဠသမံ အာဠဝကံ ဒမေတွာ စတုရာသီတိပါဏသဟဿာနိ အမတပါနံ ပါယေတွာ အာဠဝိယံ ဝဿံ ဝသိ-

ဟု လာသောကြောင့် ဝါကပ်တော်မူကြောင်းကို သိရသည်။

ဤကား သောဠသမ ဝါဆိုသောအကြောင်း အတ္ထုပ္ပတ္တိ အမြွက်တည်း။
(စာမျက်နှာ-၄၁၇)

၇၆-ဒေဝဒတ် သံဃာတော်ကို သင်းခွဲခြင်း

သတ္တရသမဝါကို ရာဇဂြိုဟ်ပြည်၌၊ အဋ္ဌာရသမဝါ, ဧကူနဝီသတိမဝါတို့ကို ထိုပြည်နှင့် မနီးမဝေးဖြစ်သော စာလိယတောင်၌၊ ဝီသတိမဝါကို ရာဇဂြိုဟ်ပြည်၌ ကပ်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားအား ဒေဝဒတ် ပြစ်မှားလေသောအကြောင်းကို အရင်းမှစ၍ ပြဦးအံ့။

ရှင်ဒေဝဒတ် စိတ်မကောင်းဖြစ်ပုံ

မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း, ပါဝါရိကာရုံကျောင်း, ကုက္ကုဋာရုံကျောင်းတို့၌ ကိန်းအောင်းတည်စံတော်မူသောကာလ ဃောသကသ အစရှိကုန်သော ဥပါသကာ, ဥပါသိကာ အပေါင်းတို့သည် ကျောင်းတော်သို့ ဆည်းကပ်ကြကုန်သော် သံဃာတော်တို့ကို အမည်ဖြင့် အသီးအသီးခေါ်၍ အရှင်သာရိပုတြာကား အဘယ်ကျောင်းမှာ သီတင်းသုံးသနည်း, အရှင်မောဂ္ဂလာန်ကား အဘယ်မှာနည်း, အရှင်အာနန္ဒာကား အဘယ်မှာနည်း။ ဤသို့ စသည်ဖြင့် မေးမြန်း၍ လှူဒါန်းပူဇော်ဖွယ်နှင့်တကွ အသီးအသီး ဆည်းကပ်ကြကုန်သည်။ ကနားမဏ္ဍပ် ဇရပ်ပွဲပြင် အလှူသဘင်တို့၌ မင်္ဂလာပြု၍ စည်းဝေးသောအခါ၌လည်း “ရှင်သာရိပုတ္တရာကား ငါတို့ဆရာတည်း၊ အလွန်ပညာကြီးကျယ်၏၊ ငါတို့ဆရာကား အရှင်မဟာမောဂ္ဂလာန်တည်း၊ ဈာန်အဘိညာဉ်တို့၌ သို့စင်အံ့ဩဖွယ်ရှိ၏” ဤသို့ စသည်ဖြင့် အသီးအသီး ချီးမွမ်းပြောပကြကုန်သည်။ ဒေဝဒတ်ကိုမူကား မည်သူတယောက်မျှ မေးမြန်း၍ လှူဒါန်းပူဇော်လာသူလည်း မရှိ၊ ချီးမွမ်းပြောဆိုအံ့သောသူလည်း မရှိ။

ထိုအခါ ဆရာဒေဝဒတ်သည် ဆိတ်ငြိမ်ရာကပ်ပြီးသော် ဤသို့ ကြံ၏။ “ဤကောသမ္ဗီပြည်သားတို့သည် ငါ့အား မေးမြန်း၍ အကျွမ်းတဝင် ပြုလာသောသူမည်သည် တစုံတယောက်မျှ မရှိကြကုန်၊ သာရိပုတြာ, မောဂ္ဂလာန်, အာနန္ဒာစသော သူတို့၏ အထံသို့သာ သွားလာဝင်ထွက်ကြကုန်သည်၊ ငါလည်း သာကီဝင်မင်းမျိုးမှ ရဟန်းပြုသူဖြစ်ပါလျက် ဒါယကာတို့ မကြည်ညွတ်ခြင်း မဆည်းကပ်ခြင်းသည် ဘုရားရှင်က ငါ၏ကျေးဇူးမဲ့စကားကို ဒါယကာတို့အား ပြောကြားသည် ဖြစ်ရာလတ္တံ့၊ ထို့ကြောင့် ဘုရားမြတ်စွာနှင့်ငါ အတူနေ၍ မသင့်ပြီ၊ ဤမှတပါး အခြားမြို့ရွာ၌ ငါ့အား ကိုးကွယ်ချီးမြှောက်မည့် ဒါယကာကို ဖွေရှာမှီတင်း၍ နေတော့အံ့၊ သို့ရာတွင် ထက်ဝန်းကျင်သော ထီးဆောင်းနန်းနေ ပဒေသရာဇ် မင်းအများတို့သည် ဘုရားသခင်၏ အလုပ်အကျွေး ဥပါသကာချည်း ဖြစ်ကြကုန်သည်၊ ဗိမ္ဗိသာရမင်းကြီး၏ သားဖြစ်သော အဇာတသတ်မင်းသားကား ငယ်လည်း ငယ်သေး၏၊ ကိုးကွယ်သောဆရာလည်း မရှိသေး၊ နောင်ရေးလည်း အလွန်ကောင်း၏၊ ထိုမင်းသားကို ငါ့အား ကြည်ညိုစေ၍ ဆရာပြုရသော် များစွာသော လာဘသက္ကာရ ရှိသည်ဖြစ်လတ္တံ့၊ ထိုလာဘသက္ကာရကိုမှီ၍ ပရိသတ်လေးပါးတို့သည် ပြန့်ပွားစည်ပင်စွာ ဖြစ်လတ္တံ့”ဟု အကြံဖြစ်၏။

အဇာတသတ်အား ဖြားယောင်းပုံ

ထိုသို့ ကြံပြီးသော် ရှင်တော်ဘုရားထံမှ ခွါ၍ ရာဇဂြိုဟ်ပြည်သို့ လာခဲ့၏။ ပြည်၏အနီးသို့ ရောက်လျှင် မိမိရသော ဈာန်အဘိညာဉ်ဖြင့် ရဟန်းအသွင်ကိုပယ်၍ သူငယ်၏သဏ္ဌာန်ကို ဖန်ဆင်းပြီးလျှင် ဦးခေါင်းထက်တွင် မြွေတစင်းကို ပါးပျဉ်းဖြန့်စေလျက် လက်နှစ်ဘက်၌ မြွေနှစ်စင်း,

(စာမျက်နှာ-၄၁၈)

ခြေနှစ်ဘက်၌လည်း မြွေနှစ်စင်း ဤမြွေငါးစင်းကို အမြီးချင်းယှက်ထိုး၍ ခါးကြိုးကဲ့သို့ ဆင်ပြီးမှ ကောင်းကင်ဖြင့်သွား၍ အဇာတသတ်မင်းသား၏ ရင်ပြင်ထက်၌ သက်ဆင်း၏။ မင်းသားလည်း အလွန်ကြောက်လန့်ရကား သည်းစွာ ဟစ်အော်၍ ထ၏။

ထိုအခါ ဆရာဒေဝဒတ်က “မင်းသား.. ကြောက်သလော”ဟု မေး၏။ မင်းသားကလည်း “ငါကား အလွန်ကြောက်၏။ သင်အသူနည်း၊ လူလော, နတ်လော, နဂါးလော”ဟု ဆိုလျှင် “သင်မင်းသား.. မကြောက်လင့်၊ ငါကား ဒေဝဒတ်ပင်တည်း၊ သတ္တိစွမ်းအင်ကို မြင်စေလို၍ ပြသည်”ဟု ဆိုလျှင် “အရှင်ဒေဝဒတ် ဖြစ်ဘိက ပကတိသော ရဟန်းအသွင်ကို ပြပါ”ဟု တောင်းပန်လျှင် ထိုဖန်ဆင်းသော သူငယ်၏အသွင်ကို ဖျောက်၍ ပရိက္ခရာရှစ်ပါးနှင့်တကွ ရဟန်းအသွင်ကို ပြပေ၏။

ထိုအခါ အဇာတသတ်မင်းသားလည်း “အရှင်ဒေဝဒတ်ကား ကြီးမားသော တန်ခိုးအာနုဘော်ရှိ၏၊ နာနာဘာဝ ရူပကာယကိုလည်း ပြုခြင်းငှါ စွမ်းနိုင်၏၊ ခမည်းတော် ကိုးကွယ်သော ဘုရားသော်မှ ဤကဲ့သို့မပြနိုင်”ဟု အလွန်သဒ္ဓါကြည်ညိုခြင်း ဖြစ်ရကား မင်းသားလည်း ရထားငါးရာတို့နှင့် ဆရာဒေဝဒတ်၏ အထံသို့ ညဉ့်နံနက် ဆည်းကပ်၏၊ ငါးရာမျှလောက်သော ဆွမ်းဝတ်တို့ကိုလည်း တည်ပေ၏၊ မင်းချင်းတို့လည်း အသီးအသီး ချီးမြှောက်ပူဇော်ကြ၏။ ထိုအခါမှစ၍ ဒေဝဒတ်အား များစွာသော လာဘ်ပူဇော်သက္ကာ အခြံအရံတို့သည် ဖြစ်ကုန်၏။

ထိုအခါ ဆရာဒေဝဒတ်လည်း လာဘ်ပူဇော်သက္ကာတို့၌ တပ်ကြိုက်ပျော်မြူးသည်ဖြစ်၍ မာန်ယစ်လေရကား ဘုရားသခင်ကို ပယ်ရှား၍ တပည့်သားဖြစ်သော သံဃာအပေါင်းကို ငါဆောင်အံ့ဟု အကြံဖြစ်၏။ ထိုစိတ်ဖြစ်သည်နှင့် တပြိုင်နက်ပင် အထက်ရရင်းဖြစ်သော ဈာန်အဘိညာဉ်သည် ကွယ်လေ၏။

ထိုအခါ ရာဇဂြိုဟ်ပြည်၌နေသော အရှင်မောဂ္ဂလာန်၏ အလုပ်အကျွေး ကောလိယသဌေး၏ သားဖြစ်သော ကုက္ကုဋမည်သော ဒါယကာသည် ကြမ္မာကုန်၍ စတုမဟာရာဇ်ဘုံ၌ နတ်သားအဖြစ်ကို ရလေ၏။ ထိုနတ်၏ကိုယ်ကား သုံးဂါဝုတ်ပမာဏ ကြီးသတည်း။

ထိုကုက္ကုဋနတ်သားသည် အရှင်မောဂ္ဂလာန်ရှိရာ ကောသမ္ဗီပြည်သို့လာ၍ ရိုသေစွာ ရှိခိုးပြီးသော် ဤသို့ နားတော်လျှောက်၏။ “ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ လက်ဝဲတော်ရံ ဖြစ်တော်မူသော အရှင်ဘုရား.. ရဟန်းဒေဝဒတ်သည် လာဘ်ပူဇော်သက္ကာ၌ လွန်စွာ တောင့်တခြင်းဖြင့် နှိပ်စက်သည်ဖြစ်၍ ကုသိုလ်တရား၌ အားထုတ်လိုခြင်းကင်းသော စိတ်ရှိလျက် ရဟန်းသံဃာကို ငါဆောင်အံ့ဟု စိတ်အကြံသည်ဖြစ်၏။ ထိုသို့ကြံသည်နှင့် တပြိုင်နက်ပင် ရှင်ဒေဝဒတ်၏သန္တာန်၌ ရှိရင်းဈာန်အဘိညာဉ်တို့သည် ရေတွင်ကျသော မီးတောက်ကဲ့သို့ ပျောက်ပျက်သုဉ်းဖျင်းလေပြီ”ဟု လျှောက်လာ၏။

အရှင်မောဂ္ဂလာန်လည်း ဘုရားရှိရာသို့ လျင်စွာကပ်ပြီးသော် နတ်သားလျှောက်တိုင်းသော အကြောင်းစကားကို ဘုရားရှင်အား နားတော်လျှောက်ပေသော် ကိုယ်တော်ဘုရားလည်း “ချစ်သား မောဂ္ဂလာန်... သင်၏ အလုပ်အကျွေးဖြစ်သော ကုက္ကုဋနတ်သားသည် မိမိစိတ်ဖြင့် သူတပါး၏စိတ်ကို သိသည်ဖြစ်၍ သိစေလင့်ခြင်းငှါ သင့်အား ကြားလျှောက်လာပေသည်။ ဣဿာပကတဖြင့် ပြောပြသော စကားဖျင်းဟု သင်မမှတ်လင့်၊ နတ်လျှောက်တိုင်း မှန်သည်သာတည်း၊

(စာမျက်နှာ-၄၁၉)

သို့ရာတွင် သင်ဆိတ်ဆိတ်သာ နေဦး၊ မမြင့်မီပင် ထိုအခြင်းအရာသည် ထင်ရှားစွာဖြစ်လတ္တံ့”ဟု မိန့်တော်မူပြီးမှ-

အပူဇော်ခံရသော ဆရာငါးမျိုး

“ချစ်သား မောဂ္ဂလာန်.. ဤလောက၌ အပူဇော်ခံကြရသော ဆရာကား ငါးမျိုးပြားသတည်း၊ ငါးမျိုးဟူသော်ကား-

၁။ မိမိ၌ စင်ကြယ်သော သီလမရှိပဲလျက် စင်ကြယ်သော သီလရှိယောင်မူ၍ သူတထူးအား လွန်ကြူးစွာ ကဲ့ရဲ့ရှုတ်ချလျက် မြတ်သောသီလသည် ငါ၌သာရှိ၏ဟု ဝန်ခံ၍ အခြံအရံ အလုပ်အကျွေးတို့ကို သွေးဆောင်ဖြားယောင်းတတ်သော ဆရာလည်းတမျိုး၊
၂။ မိမိ၌ စင်ကြယ်သော အသက်မွေးခြင်း မရှိပဲလျက် စင်ကြယ်သော အသက်မွေးခြင်း ရှိယောင်မူ၍ သူတထူးအား လွန်ကြူးစွာ ကဲ့ရဲ့ရှုတ်ချလျက် မြတ်သောအာဇီဝသည် ငါ၌သာ ရှိ၏ဟု ဝန်ခံ၍ အပူဇော်ခံသော ဆရာလည်း တမျိုး၊
၃။ မိမိ၌ မစင်ကြယ်သော အယူစကား တရားဒေသနာရှိလျက် စင်ကြယ်စွာ ရှိယောင်မူ၍ သူတထူးအား ကဲ့ရဲ့ရှုတ်ချလျက် မြတ်သော အယူဝါဒ ဓမ္မဒေသနာသည် ငါ၌ရှိ၏ဟု ဝန်ခံ၍ အပူဇော်ခံသော ဆရာလည်းတမျိုး၊
၄။ မိမိ၌ မစင်ကြယ်သော ဉာဏ်အမြင်ရှိလျက် စင်ကြယ်သော ဉာဏ်အမြင်ရှိ၏ဟု ဝန်ခံ၍ အခြံအရံကို သွေးဆောင်ကာ ဆရာပြုနေသော ပုဂ္ဂိုလ်လည်း တမျိုး၊
၅။ မိမိ၌ မစင်ကြယ်သော ဗျာကရိုဏ်းသင်ခြင်းရှိလျက် စင်ကြယ်သော ဗျာကရိုဏ်းသင်ခြင်းရှိ၏ဟု ဝန်ခံ၍ အခြံအရံကို သွေးဆောင်ကာ ဆရာပြုနေသော ပုဂ္ဂိုလ်လည်း တမျိုး။

ဤသို့ ငါးမျိုးပြားသတည်း။ ထိုဆရာတို့အား မိမိတို့၏တပည့်ပင် ဆင်ခြင်မိသောကာလ သိကုန်ကြသဖြင့် ဂရဟိတ အနာဒရ ဖြစ်လေကုန်သတည်း။

ချစ်သားမောဂ္ဂလာန်... ငါဘုရားမူကား စင်ကြယ်သော အကျင့်ဟုဆိုအပ်သော ပါတိမောက္ခ သံဝရသီလ, စင်ကြယ်သော အသက်မွေးခြင်းဟု ဆိုအပ်သော အာဇီဝပါရိသုဒ္ဓိသီလ, စင်ကြယ်သော အယူစကား တရားဒေသနာ, ဗျာကရိုဏ်းသင်ခြင်း, စင်ကြယ်သော ဉာဏ်အမြင်ရှိသည်ဖြစ်၍ ငါသည် စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော သီလ, အာဇီဝ, ဓမ္မဒေသနာ, ဝေယျာကရဏ, ဉာဏဒဿန ရှိ၏ဟု ဝန်ခံသတည်း၊ ထို့ကြောင့် တပည့်သာဝကတို့သည်လည်း ငါ့အား အတိဂါရဝ ပသံသတို့ဖြင့် ဆည်းကပ်ကြကုန်သတည်း”ဟု မိန့်တော်မူ၏။

လာဘ်များခြင်းသည် ပျက်စီးရန် ဖြစ်ပုံ

ဘုရားကိုယ်တော်မြတ်လည်း ထိုကောသမ္ဗီပြည်မှသည် ကွန့်လည်ထွက်ကြွကာ ဒေသစာရီ ချီတော်မူခဲ့၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းသို့ ရောက်တော်မူသော် ဖူးမြော်ခြင်းငှါ လာကုန်သော သံဃာတော်တို့သည် ဤသို့ နားတော်လျှောက်ကုန်၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား..

(စာမျက်နှာ-၄၂၀)

ယခုအခါ အဇာတသတ် မင်းသားသည် အရှင်ဒေဝဒတ်အား ဆရာပြု၍ ကိုးကွယ်ဖိတ်ကြားလျက် ရထားငါးရာတို့ဖြင့် ညဉ့်နံနက် မပြတ်ဆည်းကပ်ပေသည်၊ ငါးရာလောက်သော ဆွမ်းဝတ်တို့ကို တည်သည်ဖြစ်၍ သံဃာတော်တို့ ချမ်းသာရပေသတည်း”ဟု နားတော်လျှောက်ကြ၏။

ဘုရားသခင်ကလည်း “ချစ်သားရဟန်းတို့.. ဤမျှလောက်သော လာဘ်ပူဇော်သက္ကာတို့ ပြန့်ပွားလာခြင်းသည်ကား ဒေဝဒတ်အား ကောင်းကျိုးစီးပွား များစေခြင်းငှါ ဖြစ်လာသည်မဟုတ်၊ ဆုတ်ယုတ်ခြင်းငှါသာ ဖြစ်လာသတည်း၊ ချစ်သားရဟန်းတို့.. လောကူပမာ သိဖွယ်ရာကား ကြမ်းကြုတ်စွာသော ခွေး၏ နှာဝလျှာဝ၌ ခါးလှသော သည်းခြေအိတ်ကို ခွဲသည်ရှိသော် လွန်ကဲ၍ ကြမ်းကြုတ်ပြန်သကဲ့သို့ ဉာဏ်အမြင်နည်းသော ပုဂ္ဂိုလ်တို့၏ ထံမှောက်သို့ရောက်သော လာဘ်ပူဇော် အခြံအရံသည် မွန်မြတ်သော အကျင့်သီလကို ဖျက်ခြင်းငှါ၊ တရားဆုတ်ယုတ်ခြင်းငှါ အကုသိုလ်ပွားများခြင်းငှါသာ ဖြစ်၏။ ဥပမာတပါးလည်း ချစ်သားတို့.. ဝါးပင်,ပေပင် ကျူပင်တို့သည် မိမိကိုသေစေခြင်းငှါ အသီးဖြစ်လာသကဲ့သို့၊ အာဇာနည်မြင်းမသည် မိမိကို သေစိမ့်သောငှါ သားဖွားလာသကဲ့သို့ ပညာနည်းသော ဒေဝဒတ်အား လာဘ်ပူဇော်သက္ကာတို့ ပြန့်ပွားလာခြင်းသည် မိမိကိုညှဉ်းဆဲခြင်းအကျိုးငှါ အပါယ်လေးပါးသို့ လားစေခြင်းငှါ ဖြစ်ပွားလာသတည်းဟု” မိန့်တော်မူပြီးမှ-

ဖလံ ဝေ ကဒလိံ ဟန္တိ၊ ဖလံ ဝေဠုံ ဖလံ နဠံ။
သက္ကာရော ကာပုရိသံ ဟန္တိ၊ ဂဗ္ဘော အဿတရိံ ယထာ-

ဟူသော ဂါထာကို ဟောတော်မူ၏။

[အနက်ကား]ဘိက္ခဝေ၊ ရဟန်းတို့။ ကဒလိံ၊ ငှက်ပျောပင်ကို။ ဖလံ၊ မိမိအသီးသည်။ ဝေ၊ စင်စစ်။ ဟန္တိ ယထာ၊ သတ်လေသကဲ့သို့။ ဝေဠုံ၊ ဝါးပင်ကို။ ဖလံ၊ ဝါးသီးသည်။ ဟန္တိ ယထာ၊ သတ်လေသကဲ့သို့။ နဠံ၊ ကျူပင်ကို။ ဖလံ၊ မိမိအသီးသည်။ ဟန္တိ ယထာ၊ သတ်လေသကဲ့သို့။ အဿတရိံ၊ အဿတိုရ်မြင်းမကို။ ဂဗ္ဘော၊ မိမိကိုယ်ဝန်သည်။ ဟန္တိ ယထာ၊ သတ်လေသကဲ့သို့။ တထာ၊ ထို့အတူ။ ကာပုရိသံ၊ နှလုံးသွင်းယုတ်သော ယောက်ျားကို။ သက္ကာရော၊ လာဘ်ပူဇော်သက္ကာသည်။ ဟန္တိ၊ သတ်ဖြတ်ဖျက်ဆီးတတ်၏။

ဗုဒ္ဓကို ရန်ငြိုးထားပြီ

ဤသို့ စသည်ဖြင့် ပရိသတ်လေးပါးတို့အား တရားတိုက်ကျွေးလျက် နေတော်မူစဉ် အရှင်ဒေဝဒတ်သည် မိမိပရိသတ်နှင့်တကွ ဘုရားထံသို့လာ၍ ရိုသေစွာ ရှိခိုးပြီးသော် ဤသို့ နားတော်လျှောက်၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... ကိုယ်တော်ကား အသက်အရွယ်ကြီးပါပြီ၊ အိုမင်းခြင်းသို့ ရောက်ပါပြီ၊ မျက်မှောက်ချမ်းသာ ခံစားကာဖြင့် ကြောင့်ကြမဲ့သာ စံတော်မူပါ။ ဘိက္ခု, ဘိက္ခုနီ, ဥပါသကာ, ဥပါသိကာမဖြစ်သော တပည့်ဒကာ သာဝကအပေါင်းတို့ကို ကျွန်ုပ်အား လွှဲထားအပ်နှင်းတော်မူပါလော့၊ ကျွန်ုပ်သာလျှင် ထိုသံဃာအပေါင်းကို ကောင်းစွာ ဆောင်ပါအံ့”ဟု လျှောက်ထား၏။

(စာမျက်နှာ-၄၂၁)

ဘုရားသခင်ကလည်း “ချစ်သားဒေဝဒတ်.. ဤအခွင့်ကား မသင့်ချေသေး၊ သင်၏ ကိုယ်ရေးကိုသာ အားထုတ်ဦးလော့၊ သံဃာတို့ကို ဆောင်ခြင်းငှါ သင်အလိုမရှိလင့်”ဟု ပယ်တော်မူ၏။ အရှင်ဒေဝဒတ်လည်း ထပ်ကာထပ်ကာ သုံးကြိမ်မြောက်အောင် လျှောက်လေသော် ဘုရားကိုယ်တော်မြတ်က “ချစ်သားဒေဝဒတ်... အယုတ်အလတ် အမြတ်အားဖြင့် သုံးပါးရှိကုန်သော သတ္တဝါတို့သည် ငါဘုရားကိုရည်မှန်း၍ ရဟန်းပြုကုန်သည်သာဖြစ်ရကား သူတထူးအား လွှဲထားခြင်းငှါ မလျော်သည်ဖြစ်၏၊ စင်စစ် သာဝကတို့၏ အထွတ်သို့ရောက်သော သာရိပုတြာ, မောဂ္ဂလာန်တို့ကိုမျှ သာဝကသံဃာကို ငါမအပ်သေးတုံ၏။ သူတထူး ပစ်ထွေးသော တံတွေးချွေးပေါက်ကို ကောက်၍မျိုသေးသောသင့်အား အများသံဃာကို အဘယ်သို့ အပ်နှံအံ့နည်း”ဟု မိန့်တော်မူ၏။

ထိုအမိန့်ကိုကြားလျှင် ရှင်ဒေဝဒတ်လည်း “မြတ်စွာဘုရားသည် ပရိသတ်များ၏အလယ်၌ ရှက်စဖွယ်သောစကားဖြင့် ငါ့အား ရှုတ်ချတော်မူသည်၊ သူစိမ်းမျိုးခြား ဆင်းရဲသားဖြစ်သော သာရိပုတြာ, မောဂ္ဂလာန်တို့ကိုသာ လွန်စွာချီးမြှောက်လေသည်၊ ငါကား ယနေ့မှစ၍ ယောက်ဖတော်ဂေါတမ၏ ကောင်းကျိုးကို မကြံပြီ”ဟု နှလုံးပြု၍ ကြီးစွာသော ရန်ငြိုးကိုထားလျက် ဘုရားထံတော်မှ ခွါခဲ့၏။

ဤကား ရှေးဦးစွာသော ရန်ငြိုးထားခြင်းတည်း။

၇၇။ ဒေဝဒတ်သည် အဇာတသတ်နှင့်တိုင်ပင်၍ ဗိမ္ဗိသာရမင်းကြီးကို သတ်စေခြင်း

ပကာသနီယကံပြုခြင်း

ဘုရားကိုယ်တော်မြတ်လည်း “ဒေဝဒတ်သည် အဇာတသတ်မင်းသားအား မတရားသဖြင့် နည်းပေး၍ ဘေးရန်ကြီးစွာဖြစ်လတ္တံ့”သည်ကို မြင်တော်မူသဖြင့် သံဃာတို့ကို စည်းဝေးစေတော်မူ၍ “ချစ်သားတို့.. သင်တို့သည် ရာဇဂြိုဟ်ပြည်တွင်းသို့သွား၍ ပရိသတ်အများတို့ ကြားသိစေခြင်းငှါ ပကာသနီယကမ္မဝါဖြင့် ထင်စွာပြုကြချေကုန်၊ ပြုရာသော ကမ္မဝါအဓိပ္ပါယ်ကား- “အများသံဃာတို့.. ဆရာဒေဝဒတ်သည် ရှေးသောအခါ သဘောထားနှင့် ယခုသဘောထား မတူပြီ၊ ထိုသူပြုသော ကာယကံ ဝစီကံ မနောကံ သုံးပါးသည် ဘုရားနှင့် အလိုတူ၏ဟူ၍လည်းကောင်း၊ တရားနှင့် အလိုတူ၏ဟူ၍လည်းကောင်း၊ သံဃာနှင့် အလိုတူ၏ဟူ၍လည်းကောင်း မယူမမှတ်ကုန်လင့်၊ ဤသို့သော ကမ္မဝါဖြင့် ပကာသနီယကံကို ပြုချေကုန်လော့”ဟု မိန့်တော်မူ၏။ သံဃာတော်တို့လည်း ဘုရားအမိန့်တော်အတိုင်း ရာဇဂြိုဟ်မြို့သို့သွား၍ ထင်ရှားပြုလေကုန်၏။

ထိုအကြောင်းကို ကြားသောအခါ သဒ္ဓါတရားနှင့် မပြည့်စုံကုန်သော, ပညာမရှိကုန်သော အချို့သောသူတို့သည် “သာကီဝင်မင်းသား ဘုရားတပည့်ဖြစ်ကုန်သော ရဟန်းတို့သည် ဒေဝဒတ်၏ လာဘသက္ကာရကို အလွန် ငြူစူကုန်စွတကား”ဟု ဆိုကုန်၏။

သာသနာ၌ သဒ္ဓါပသန္နရှိကုန်သော အဆင်အခြင်ပညာ များကုန်သော အချို့သောလူတို့ကား “ဘုရားကိုယ်တော်မြတ်သည် ဒေဝဒတ်အား ပကာသနီယကံကို ပြုခြင်းသည် တစုံတခုသောအကြောင်း အရေးအခင်းကို မြင်တော်မူသည် ဖြစ်လတ္တံ့”ဟု ချီးမွှမ်း ပြောဆိုကြကုန်၏။

(စာမျက်နှာ-၄၂၂)

ဗိမ္ဗိသာရမင်းကြီးကို သတ်စေပုံ

ထို့နောက် များမကြာ ဆရာဒေဝဒတ်သည် အဇာတသတ်မင်းသားအိမ်သို့ သွားပြီးသော် မင်းသားကို ဆိတ်ငြိမ်ရာသို့ခေါ်၍ မလျော်သော ဩဝါဒဖြင့် အဆုံးအမပေးသည်ကား- “အရှင့်သား.. ရှေးသောအခါ လူများတို့ပင် ရှည်ကြာသော အသက်ရှိကုန်၏။ ယခုကာလကား ကမ်းစွန်းဖျား၌ တည်နားသော သစ်ပင်ကဲ့သို့ အလွန်လျှင် အသက်တိုကုန်သည်။ မင်းသား၏ ခမည်းတော်ဖြစ်သော ဗိမ္ဗိသာရမင်းကြီးသည် အသက်အရွယ် နုနယ်ပျိုမျစ်လှသေး၏။ ဖခင်မင်းကြီး အသက်အရွယ်ကုန်၍ လွန်သောအခါမှ အဖရိုက်ရာဖြစ်သော ဤရွှေထီးရွှေနန်းကို သိမ်းမြန်း၍ မင်းလုပ်မည်ဖြစ်မူကား မင်းသားသည် အိုမင်းရင့်ရော်သောအခါမှ မင်း၏ချမ်းသာကို ခံစံရသော် မင်း၏စည်းစိမ်မည်သည်လည်း ခြောက်ပိန်ကြုံလှီသော သတ္တဝါ၏အသားကို စားရသကဲ့သို့လည်းကောင်း ဟောင်းနွမ်းယိုယွင်း ရသာကင်းသော ထမင်းမုန့်ငါး သစ်သီးများကို စားရသကဲ့သို့လည်းကောင်း နှစ်မြို့စလောက် ဝမ်းမြောက်စဖွယ် မရှိပြီ၊ ထို့ကြောင့် အဆင်းအရွယ် တင့်တယ်စွာလှ ခုနှယ်ကလျှင် အဖရိုက်ရာဖြစ်သော ရွှေနန်းစည်းစိမ်ကို စံရအောင် အဖဖြစ်သော မင်းကြီးကို ပယ်ရှား၍ မင်းသား မင်းပြုဘိလော့၊ ငါလည်း ယောက်ဖတော် ဂေါတမကိုသတ်၍ ဘုရားလုပ်အံ့”ဟု ဆိုပေ၏။

ထိုစကားကိုကြားလျှင် မင်းသားလည်း “ဆရာဒေဝဒတ်ကား ကြီးမြတ်သော တန်ခိုးအာနုဘော်ရှိ၏။ အမြော်အမြင် ပညာနှင့်လည်း ပြည့်စုံ၏၊ ဆရာဆိုတိုင်း လိုက်နာသော် ကောင်းရာ၏”ဟု နှလုံးထား၍ တနေ့သ၌ သန်လျက်ဓားကို ပေါင်ကြား၌ ဝှက်ပြီးသော် နန်းတော်၌ ပရိသတ် လပ်လတ္တံ့သော နေမွန်းယိမ်းအချိန်တွင် မင်းအိမ်သို့ ဝင်လေ၏။ တံခါး၌ အစောင့်ထားသော ယောက်ျားတို့မြင်၍ မင်းသားကို ဖမ်းပြီးလျှင် စုံလင်စွာကြည့်ရှုသော် ပေါင်၌စည်း၍ပါသော သန်လျက်ကို မြင်သဖြင့် “သင်မင်းသား... ဘယ်အလို့ငှါ ဝင်လာသနည်း”ဟု စစ်မေး၍ မင်းသားလုပ်ကြံခြင်းငှါ လာသည်ကို သိရလျှင် “သင်မင်းသားအား ဘယ်သူသင်ပြစီမံ၍ ဤအကြံကို ကြံဘိသနည်း”ဟု မေး၏။ “ဆရာဒေဝဒတ် တိုက်တွန်းသောကြောင့် ကြံမိပေသည်”ဟု ဆိုသော် ထိုမေးစစ်သော အမတ်တို့တွင် အချို့သော အမတ်တို့က “မကြံအပ်သည်ကို ကြံရကား မင်းသားကိုလည်း သတ်သင့်သည်၊ ဒေဝဒတ်ကိုလည်း သတ်သင့်သည်၊ ရဟန်းသံဃာတို့ကိုလည်း သတ်သင့်သည်”ဟု ဆိုကုန်၏။

အချို့သော အမတ်တို့ကလည်း “မင်းသားနှင့် ဒေဝဒတ်ကိုသာ သတ်သင့်သည်။ ရဟန်းသံဃာတို့ကို မသတ်သင့်၊ သံဃာတို့ကား မင်းကြီးအား မပြစ်မှားပေ”ဟု ဆိုကုန်၏။

အချို့သော အမတ်တို့ကလည်း “ငါတို့မင်းမြတ်သည် သားသတ်လတ္တံ့သော အကြောင်းကို ဝမ်းတွင်းအောင်းစကပင် သိလျက် ဖြစ်သည်၊ ဘယ်သူကိုမျှ မသတ်ကြလင့်ဦး၊ မင်းကြီးအား သံတော်ဦးတင်၍ မင်းအာဏာဖြင့်သာ စီရင်သင့်သည်”ဟု ဆိုကုန်၏။

ထိုစကားအတိုင်းပင် မင်းသားကိုယူငင်၍ မင်းကြီးထံသို့ ဝင်လေသော် ခမည်းတော်မင်းကြီးလည်း သားကိုခေါ်၍ “ချစ်သား.. အဘယ့်ကြောင့် ငါ့ကို သတ်လိုသနည်း”ဟု မေး၏။ “ရွှေထီးရွှေနန်း စည်းစိမ်ကို လိုသောကြောင့် သတ်မည်ကြံပေသည်”ဟု လျှောက်သော် “သားတော် သင့်ကို ငါမွေးမြူခြင်းသည် မင်းစည်းစိမ်ကို ပေးလို၍သာ မွေးသည် မဟုတ်လော”ဟု

(စာမျက်နှာ-၄၂၃)

ဆို၍ မင်းသားကို သတ်လိုသမျှ မှူးမတ်တို့အား ရာထူးမှ နုတ်ထား၍ အလိုတူသော မှူးမတ်များနှင့်တကွ မင်းအဖြစ်ကို ဆောက်နှင်းပေ၏။

ထိုအလုံးစုံသော အကြောင်းကို ရာဇဂြိုဟ်ပြည်သားတို့ ကြားသိသောအခါမှ “မြတ်စွာဘုရားသည် ဒေဝဒတ်အား ပကာသနီယကံကို ပြုတော်မူခြင်းသည် ဘေးကင်းအောင် ကြံပေသည်တကား”ဟု များစွာ ချီးမွမ်းအံ့ဩကြကုန်၏။

အဇာတသတ် ဘုရင်ဖြစ်ပြီ

အဇာတသတ်မင်းလည်း မင်း၏အဖြစ်ကိုရလျှင် ဆရာဒေဝဒတ်ထံသို့ သွား၍ “အရှင်ဘုရား.. အကျွန်ုပ်ကိစ္စကား ပြီးမြောက်ပါပြီ။ အရှင့်အရေးသာ လိုပါတော့သည်”ဟု လျှောက်၏။ တနေ့သ၌ ဒေဝဒတ်လည်း အဇာတသတ်မင်းထံသို့လာ၍ ဆိတ်ငြိမ်ရာသို့ ကပ်ပြီးသော် “တကာတော် မင်းသား... အသို့ပြုဘိသနည်း၊ ယခုအနေသည် မြွေဟောက်ကို ခါးပိုက်ဖြင့်ဆောင်သော သူကဲ့သို့လည်းကောင်း၊ မြေခွေးကို အတွင်းဝှက်၍ ကြက်အပ်သော စည်ငယ်ကိုလွယ်၍ တီးမှားသော သူကဲ့သို့လည်းကောင်း အမှုကောင်းစွာ မပြီးပဲလျက် ပြီးသည်ဟု မှတ်တော်မူသလော၊ သုံးလေးရက်ကြာလျှင်ပင် သင်၏ ဖခင်ကြီးသည် သင့်အား ဖျက်ဆီးဘိ၍ မိမိစည်းစိမ်ကို ယူလတ္တံ့၊ လူတို့ဓမ္မတာပင် ကောင်းခိုက်ကို ကြင်နာခဲ့၍ ဆင်းရဲသောအခါ မုန်းမြဲသာတကား”ဟု ဆိုလျှင် “အရှင်ဘုရား... အသို့ပြုရအံ့နည်း”ဟု မေးပြန်၏။ “မင်းကြီး.. သစ်ပင်တို့သည် အမြစ်အရင်း အကြွင်းမရှိ ပယ်ဖျောက်မှ မပေါက်လာနိုင်သကဲ့သို့ ရန်ကို အဆုံးရောက်အောင်ပြုမှ ငြိမ်းချမ်းစွာဖြစ်မည်”ဟု ဆို၏။

ဗိမ္ဗိသာရမင်း အဖမ်းခံရပုံ

ထိုအခါ အဇာတသတ်မင်းကလည်း “အရှင်ဘုရား.. ကျွန်ုပ်၏ ဖခင်ကြီးအား ဓားဖြင့် မသတ်ထိုက်သည် မဟုတ်ပါလော၊ ဘယ်သို့ သေစေရအံ့နည်း”ဟု မေးလျှင် “သင်မင်းမြတ်ဆိုတိုင်း ဓားဖြင့် မသတ်ထိုက်သည်မှန်၏၊ လူသံဆိတ်ငြိမ်သော နှောင်အိမ်၌ ထားပြီးလျှင် စားသောက်ခြင်း ထမင်းအာဟာရကို ဖြတ်၍ သတ်ရသော် အပြစ်မရှိ”ဟု ဆိုပေ၏။ ထိုအခါ အဇာတသတ်လည်း ကျဉ်းကျပ်လုံခြုံသော နှောင်အိမ်ကို ပြုပြင်စေပြီးလျှင် “ဖခင်မင်းကြီးကို သွင်းထား၍ ငါ၏မယ်တော် မိဖုရားမှတပါး အခြား လူရှင်သည် မဝင် မမြင်စေလင့်၊ တစုံတခုသော အာဟာရကိုလည်း မကျွေးမပေးလင့်၊ ပေးသောသူသည် ဤမျှသော မင်းဒဏ်ကို ခံစေ”ဟု ဆို၍ အာဏာသားတို့ကို မြဲမြံစွာ အစောင့်ထား၏။

ဗိမ္ဗိသာရမင်းကြီးလည်း “သားတော်ကို ငါမင်းမြှောက်ပေပြီ၊ ငါ့သား စီရင်တိုင်း ခံရပေမည်”ဟုသာ ကြည်စွာ နှောင်အိမ်၌ဝင်၍ နေ၏။ ဝေဒေဟီမိဖုရားလည်း သားကို ပြောဆိုဆုံးမလျက် ခွင့်မရလေလျှင် ရွှေခွက်၌ ထမင်းထည့်၍ ခါးပိုက်ဖြင့် ဆောင်ကြဉ်းလျက် မင်းကြီးအား ကျွေးမွေး၏။ မင်းကြီးလည်း ထိုအာဟာရဖြင့်သာ မျှတလျက် ငါ့သား အမျက်ပြေသောအခါ ချမ်းသာရလတ္တံ့”ဟု စိတ်ချကာနေ၏။

ဆယ်ရက်, လခွဲကြာသော် အဇာတသတ်မင်းလည်း အစောင့်အကြပ်တို့ကို ခေါ်၍ “ငါ့ခမည်းတော် မသေသေးသလော”ဟု မေး၏။ မသေသေးကြောင်းကို လျှောက်လျှင်

(စာမျက်နှာ-၄၂၄)

“အဘယ်အာဟာရဖြင့် မျှတသနည်း”ဟု မေး၏။ မယ်တော်မိဖုရား ရွှေခွက်ဖြင့်ဆောင်၍ ကျွေးကြောင်းကို လျှောက်သောကာလ “ခါးပိုက်ကို ကြည့်ရှုလော့၊ အာဟာရပါလျှင် မဝင်စေလင့်”ဟု အာဏာပေးပြန်၏။ မင်းချင်းတို့လည်း မင်းအာဏာအတိုင်း မြစ်လေသော် ဝေဒေဟီမိဖုရားလည်း လေးပါးသော စတုမဓုဖြင့်ပြုအပ်သော မုန့်လုံးကို ဆံထုံး၌ထည့်၍ ဆောင်ယူကာ မင်းကြီးအား ကျွေးမွေးပေ၏။ မင်းကြီးလည်း ထိုအဟာရဖြင့် မျှတကာနေ၏။

တဖန် လခွဲကြာ၍ “ငါ၏ခမည်းတော် မသေသေးသသလော”ဟု မေးသဖြင့် “မသေသေးကြောင်း, မယ်တော် ဆံထုံးဖြင့်ဆောင်၍ ကျွေးကြောင်း”ကို လျှောက်လျှင် “မယ်တော် နှောင်အိမ်သို့ ဝင်သောကာလ ဆံပင်ဖားလျားချ၍ ဝင်စေ”ဟု အာဏာပေးပြန်၏။ ထိုအာဏာကိုကြားသော် မယ်တော်မိဖုရားလည်း အပြားပြားသော မုန့်ထမင်းကို ရွှေခြေနင်း၌ ဖုံးလွှမ်းပြီးလျှင် စီးနင်းဝင်သဖြင့် ထိုတွင်ပါသော အာဟာရကို ကျွေးမွေး၏။

တဖန် ခုနစ်ရက်ကြာသော် “ခမည်းတော် မသေသေးသလော”ဟု မေးပြန်၍ “မသေသေးကြောင်း, မယ်တော် ခြေနင်းဖြင့်ဆောင်၍ ကျွေးကြောင်း”ကို လျှောက်ကြလျှင် “မယ်တော်ဝင်သောအခါ ခြေနင်း မပါစေလင့်”ဟု အာဏာပေး၏။ မိဖုရားလည်း ထိုအာဏာကိုကြားသော် ကိုယ်တော်ကို နံ့သာရေဖြင့် သွန်းချိုး၍ ပျစ်ပျစ်သော စတုမဓုရည်ဝယ် နို့မှုန့်ဖြင့်နယ်လျက် ကိုယ်ဝယ်လိမ်းကျံပြီးမှ သန့်ပြန့်လှသော အဝတ်ကိုဆင်လျက် နှောင်အိမ်သို့ ဝင်ပြီးသော် လင်မင်းကြီးအား ခြစ်၍ခြစ်၍ ပေး၏။ မင်းကြီးလည်း မွတ်သိပ်ခြင်းကြောင့် ခြစ်၍ရကောင်းသော မုန့်အာဟာရဖြင့် အားမရနိုင်ရကား မိဖုရာကိုယ်၌ကပ်သော နံ့သာကို လျှာဖြင့်လျက်၍ မျို၏။ ထိုအဖြစ်ကို မြင်ရကုန်သော နှောင်အိမ်စောင့်လူတို့သည် သည်းအူပြောင်းပြန် လန်ဘနန်းမျှ သနားကြ၍ တသငိုယိုကုန်သည်သာတည်း။

ဝေဒေဟီမိဖုရားကြီး ပူဆွေးပုံ

နောက် လေးငါးရက်ကြာသော် အဇာတသတ်မင်းလည်း “ခမည်းတော် မသေသေးသလော”ဟု မေးပြန်၍ မသေသေးကြောင်း သနားဖွယ်ဖြစ်သော အကြောင်းတို့ကို လျှောက်ကြသော် “ငါ့မယ်တော်ကို နှောင်အိမ်သို့သွား၍ မဝင်စေလင့်”ဟု ဆိုပြန်၏။ ထိုအခါ ဝေဒေဟီမိဖုရားလည်း နှောင်အိမ်သို့သွား၍ တံခါးဝ၌ ရပ်ပြီးလျှင် ဆံပင်ကို ကြဲဖြန့်လျက် အနည်းနည်းသော ရှိခိုးခြင်းတို့ဖြင့် ရှိခိုးလျက်-

“လူလေးမျိုးတို့၏ ကောင်းကျိုးချမ်းသာကို လွန်စွာပြုပြင်သော အရှင်ဗိမ္ဗိသာရမင်းမြတ်... မိမိကို သတ်လတ္တံ့သော သားကိုလျက် မဖျက်မဆီးရ ချီးပမွေးမြူချင်သောကြောင့် မမြင်ဝံ့သော ဆင်းရဲအစုကို ယခု ခံတော်မူရချေသည်။ အရှင့်သား မင်းယုတ်သည် အကျွန်ုပ်ကိုမျှ ဝင်ရခြင်းငှါ ခွင့်မပေးပါပြီ၊ ဤအခါမှ နောက်ကာလ၌ ပြည်ပသခင် ကျွန့်အရှင်ကို ဖူးမြင်ရုံမျှ မရလတ္တံ့၊ ယခု ဖူးမြင်ခြင်းကား အဆုံးစွန်သော ဖူးမြင်ခြင်းပါတည်း၊ အကျွန်ုပ်သည် ကိုယ်နှုတ်နှလုံး သုံးပါးလုံးဖြင့် ညွတ်ကျုံးဝန်လျှော့ ကန်တော့ပူဇော်ပါ၏၊ အကျွန်ုပ်၌ ကဲ့ရဲ့ထိုက်သော အပြစ်ရှိမူ သည်းခံ‌တော်မူပါလော့”ဟု

ဆို၍ ငိုယိုကာ အကြိမ်များစွာ ရှိခိုးပြီးမှ ပြန်ခဲ့၏။

(စာမျက်နှာ-၄၂၅)

ဗိမ္ဗိသာရမင်းကြီးလည်း ထိုနေ့မှစ၍ စိုးစဉ်းမျှသော ထမင်းကိုမျှ မမှီဝဲရငြားသော်လည်း ချောက်ချားတုန်လှုပ်ခြင်းမရှိ၊ မိမိ၏ မဂ်ဖိုလ်ချမ်းသာကို ခံစားကာ လူးလာလူးလာ စင်္ကြံကြွ၍ မျှတတော်မူရကား အရေအသားတို့သည် ရှေးကထက် အလွန်ပင် တင့်တယ်တော်မူ၏။

ဗိမ္ဗိသာရမင်းကြီး ဓားခွဲခံရပုံ

နောက် ခုနစ်ရက်ခန့်ကြာသော် အဇာတသတ်မင်းလည်း “ခမည်းတော် မသေသေးသလော”ဟု မေးပြန်၍ မသေသေးကြောင်း, ရှေးကထက် အလွန်ပင် တင့်တယ်ကြောင်းကို လျှောက်လျှင် “ငါ့ဖခင်သည် သို့စင်ချမ်းသာအောင် ဘယ်အာဟာရဖြင့် မျှတသနည်း”ဟု မေး၏။ “တစုံတခုကို မမှီဝဲရ၊ စင်္ကြံကြွသဖြင့် မျှတနိုင်ပါသည်”ဟု လျှောက်သော် “ခမည်းတော်ကို စင်္ကြံမသွားနိုင်အောင် သားလှီးဓားဖြင့် ဖဝါးကိုမွှမ်းပြီးလျှင် ဆားလူး၍ မီးကင်လေ”ဟု စေတော်မူ၏။ မင်းချင်းယောက်ျားတို့လည်း နှောင်အိမ်သို့သွား၍ သားတော် အာဏာပေးလိုက်သော အကြောင်းကို လျှောက်လျှင် ဗိမ္ဗိသာရမင်းလည်း “သင်တို့မင်း စီရင်တိုင်းပင် ပြုကြကုန်”ဟု ခြေအစုံကို ဆင်း၍ပေး၏။ မင်းချင်းယောက်ျားတို့လည်း မင်းကြီးအား ရှိခိုးလျက် “အရှင်မင်းမြတ်... အကျွန်ုပ်အား အမျက်ထားတော်မမူလင့်၊ အရှင့်သားတော်၏ အာဏာပါတည်း”ဟု ဆို၍ ဖဝါးကို အမြွာမြွာမွှမ်း၍ ဆားနယ်ပြီးသော် မီးကျီးစုဖြင့် ကင်လေ၏။

ဓားခွဲခံရခြင်း၏ အကြောင်းမှတ်ချက်

ဤသို့သောအပြစ်ကို ခံရခြင်းသည် မင်းကြီး၏ ရှေးသောအခါ နံ့သာပန်း စသည်တို့ဖြင့် ပူဇော်ရာဖြစ်သော စေတီပြင်၌ ခြေနင်းစီး၍ သွားဖူးသော မကောင်းမှု, သံဃာတို့၏ နေရာအလို့ငှာ ကောင်းစွာခင်းထားသော အခင်းနေရာကို မြူလွှာရွှံ့ညွန်ကပ်သော ခြေဖြင့် နင်းဖူးသော မကောင်းမှု၏ အကျိုးဆက်တည်း။

ဗိမ္ဗိသာရမင်းလည်း ပြင်းထန်သော ထိုဝေဒနာဖြင့် လွန်စွာတုန်လှုပ်လျက်-

အဟော ဗုဒ္ဓေါ၊ အဟော ဓမ္မော၊ အဟော သံဃော-

ဟူသော အသံကို အဖန်ဖန်နှလုံးပြုလျက် စုတိကျလေသော် စတုမဟာရာဇ်နတ်ပြည်ဝယ် ဝေဿဝဏ်နတ်မင်း၏ အလုပ်အကျွေးဖြစ်သော ဇနဝသဘ အမည်ရသော နတ်သားဖြစ်လေ၏။

သဝဏ်လွှာ ၂-စောင်

နှောင်အိမ်၌စောင့်သော ယောက်ျားတို့လည်း မင်းကြီး ကံကုန်ကြောင်းကို တင်လျှောက်ခြင်းငှါ သဝဏ်စာရေး၍ နန်းတော်သို့ ဆောင်လေသော် နန်းတော်တံခါးဝ၌ အဇာတသတ်မင်း၏ မိဖုရားဝယ် သားတော် ဥဒယဘဒ္ဒကို မျက်နှာမြင်၍ ထိုအကြောင်းကို သံတော်ဦးတင်ခြင်းငှါ လာသောသူတို့နှင့် ဆိုင်မိ၍ သင်တို့တင်လွှာကား အမင်္ဂလာစကား ဖြစ်သည်၊ ငါတို့တင်လွှားကား သုမင်္ဂလာစကားတည်း၊ ထို့ကြောင့် သင်တို့ ဤက ဆိုင်းလင့်ဦးဆို၍ သားတော်ဖွားကြောင်း တင်လွှာကို ဦးစွာဆောင်၍ မင်း၏ရှေ့တွင် ဖတ်လေသော် ကြားတော်မူသောခဏ၌ အဇာတသတ်မင်းသားအား သား၌ ချစ်ခြင်းအဟုန်သည် အလုံးစုံသော ရိုးတွင်းခြင်ဆီကို စိမ့်၍ နှစ်သိမ့်ဘိရကား သတိရသဖြင့် ခမည်းတော်မင်းလည်း ငါ၌ချစ်ခြင်းသည် ဤကဲ့သို့ ဖြစ်ကောင်းရာ၏။

(စာမျက်နှာ-၄၂၆)

ချစ်, မချစ်ကို မယ်တော်ကို မေးဦးအံ့ဟု ကြံ၍ မယ်တော်ထံကပ်ပြီးသော် “သားတော်ဖွားကြောင်းကို ကြားရသော် အကျွန်ုပ်အား အလွန်သော ချစ်နှစ်သက်ခြင်း ဖြစ်သည်။ အကျွန်ုပ်ဖွားသောအခါက ခမည်းတော် ဗိမ္ဗိသာရမင်းလည်း ဤကဲ့သို့ချစ်ခြင်း ဖြစ်ပါ၏လော”ဟု မေး၏။

အဇာတသတ်မင်း သံဝေဂရပုံ

ထိုအခါ မယ်တော်ဘုရားလည်း-

“ဟယ်.. မင်းယုတ်မင်းမိုက်... သင့်ကိုယ်၌ဖြစ်သော ချစ်ခြင်းမေတ္တာကား အတုမျှသာတကား၊ သင့်အဘ၏ ပိယစေတနာမူ နှိုင်းယှဉ်စရာမရှိ အံ့သြချီးမွမ်းဖွယ်ရှိလှ၏၊ သင်-ငါ့ဝမ်းခေါင်း၌ သန္ဓေအောင်းလျှင်ပင် မင်းကောင်းဗိမ္ဗိသာရ၏ လက်ျာလက်ရုံးသွေးကို ကိုက်ဖောက်၍ သောက်ချင်ခြင်းသည် ပြင်းစွာဖြစ်ရကား မတင်ဝံ့အားပဲ မစားမစက်နိုင်သည်ကို သိတော်မူလျှင် ရုတ်ခြင်းပင် လက်ရုံးမှသွေးကိုဖောက်၍ သောက်စေတော်မူသည်။ ပညာရှိတို့အား ထိုအကြောင်းကိုကြားသော် မိဖုရားဝမ်း၌ ကိန်းသောသူငယ်သည် မင်းအား မချွတ်သတ်လတ္တံ့ဟု နိမိတ်ဖတ်သောကြောင့် အဘသတ်သားကို ငါကား မမွေးလိုပြီဟု ကိုယ်ဝန်ကို ဖျက်ဆီးသော်လည်း သား၏မျက်နှာကိုမျှ မြင်ပါရစေ၊ ငါ့ကို သတ်လိုလည်း သတ်ပါစေ၊ မဖျက်ချေလင့်ဟု အခါခါ တောင်းပန်သောကြောင့် လူ့ထံသို့ သင်ရောက်ရသည်။ ဖွားမြောက်၍လာလျှင် ဝါဂွမ်းကို ဆီထိသကဲ့သို့ ပီတိပြန့်ပွားလျက် စားတော်မျှ မခေါ်နိုင်ပဲ ဖက်လဲဖက်ယမ်း မီးနေနန်း၌ ပင်ပန်းစွာ စောင့်တော်မူသည်။ သင်ငယ်စဉ်က လက်မ၌ ခူနာပေါက်၍ ဆောက်တည်ရာမရ ပြည်ကိုက်လှသည်ကို သင့်အဘမင်းကြီးသည် ခံတွင်းဖြင့်ငုံ၍ ပြည်ယူပေသည်။ သို့စင်မျှလောက် ချစ်ခင်မောက်၍ ချီးမြှောက်ပေသော မွေးသည့်သခင် ကျေးဇူးရှင်ကို နင်သတ်ရက်သည်။ နင့်ထက် ယုတ်သောသူကား ဤလူ့ပြည်တွင် မရှိပြီ”ဟု ဆို၍ ခြိမ်းမောင်း၏။

အဇာတသတ်မင်းလည်း မယ်တော်ဆိုသော ထိုစကားကိုကြားလျှင် ခမည်းတော်အား သနားစုံမက်သော စိတ်ရှိ၍ မိခင်ထံမှ ထခဲ့ပြီးသော် မင်း၏နေရာသို့ လာပြီးလျှင် “ငါ၏ခမည်းတော်ကို နှောင်အိမ်မှ ထွက်စေ”ဟူသော အမိန့်ကိုပြန်၏။ ထိုခဏ၌ပင် ယခင်အာဏာသားတို့က မင်းကြီးကံကုန်ကြောင်း သဝဏ်စာကို ဆက်လာ၍ အခြင်းအရာမျိုးကို ကြားသော် ငါကား မပြစ်မှားထိုက်သောသူကို ပြစ်မှားမိချေပြီဟု သံဝေဂပြင်းလျက် သည်းတွင်းလှိုက်ဆူ အိုက်ပူပင်ပန်းခြင်း ဖြစ်တော်မူ၏။

ထိုအခါ အမတ်တို့ကလည်း “အရှင် ငိုကြွေးတသသော်လည်း မရနိုင်ပြီ၊ ခမည်းတော်အလောင်းကို ကေင်းစွာသင်္ဂြိုဟ်လျှင် ထိုအပြစ် ကင်းလွတ်ရာသည်၊ အဘကျေးဇူး အထူးသိရာရောက်တော့သည်”ဟု လျှောက်ကြသဖြင့် ဘခင်အလောင်းကိုသာ ကောင်းစွာ ပြုပြင်ခင်းကျင်းလျက် သင်္ဂြိုဟ်ဖုတ်ကြည်းပေ၏။

(စာမျက်နှာ-၄၂၇)

‌၇၈။ ဒေဝဒတ် ဘုရားရှင်ကို သေကြောင်းကြံစည်ခြင်း

လေးသည်တော်များ စေလွှတ်ပုံ

ထိုသို့ နှလုံးမသာဖြစ်ကြောင်းကို ဆရာဒေဝဒတ်ကြားသော် လျင်လျားစွာလာ၍ များစွာသော ပရိယာယ်စကားဖြင့် မင်းအား ဖြေဖျောက်ပြောဆို၏။ ထိုအခါ အဇာတသတ်မင်းကလည်း “အရှင်ဘုရား... အကျွန်ုပ်ကိစ္စကား ပြီးပြီ၊ အရှင့်အရေးသာ လိုပါတော့သည်”ဟု လျှောက်သော် “မင်းကြီး.. ယောက်ဖတော် ဂေါတမကို လုပ်ကြံရန်ကိစ္စ၌ သူရသတ္တိရှိသော ယောက်ျားသုံးကျိပ် နှစ်ယောက်ခန့်ကို လိုသည်”ဟု ဆိုလျှင် “အလိုရှိတိုင်း ယူတော်မူ”ဟု လူတို့ကို အပ်နှင်းပေ၏။ ဒေဝဒတ်လည်း ထိုယောကျ်ားတို့ကို ကျောင်းသို့ခေါ်သွားပြီးလျှင် တဦးသော ယောက်ျားကို “သင်ကား ဤခရီးဖြင့်သွား၍ ဘုရားဂေါတမကို သတ်ပြီးလျှင် ဤခရီးဖြင့်ပြန်ခဲ့”ဟု စေလိုက်၏။ ထို့နောက် ယောက်ျားနှစ်ဦးကို ခေါ်ပြီးလျှင် “သင်တို့ ဤခရီးဖြင့်သွား၍ ဘုရားထံမှ ပြန်သောလူကို သတ်လေ”ဟု စေပြန်၏။ လေးဦးသော ယောက်ျားတို့ကို ဤနည်း ထပ်ကာထပ်ကာ အချင်းချင်း သတ်စိမ့်သောငှါ စေ၏၊ ယင်းသို့ အဆင့်ဆင့် စေခြင်းသည် ဘုရားရှင်အားသတ်သူ မထင်ရှားစိမ့်သောငှာ စေသတည်း။

ရှေးဦးစေလိုက်သော ယောက်ျားလည်း သန်လျက် လေးမြားတို့ကို ပြင်ဆင်လျက် ဘုရားသခင်ရှိရာသို့ ကပ်ပြီးသော် မနီးမဝေးကနေ၍ လေးဖြင့် ပစ်လွှတ်၏၊ ပစ်လွှတ်သမျှသော လေးမြားသည် ဘုရားထံသို့ မရောက်ပဲ လမ်းတွင်သာ ပျောက်လေသော် “ဪ... ငါကား မှားခြင်းကြီး မှားလေစွ၊ အဝိညာဏကဖြစ်သော မြားမှ ဘုရားရှင့်ကျေးဇူးတော်ကို သိသေး၏။ သဝိညာဏကဖြစ်သော ငါတို့ မသိပါလေ”ဟု ဆင်ခြင်လျက် ရင်တွင်းမှ လှိုက်ဆူလျက် ပင်ပန်းကြီးစွာ ကြက်သီးဝှန်မျှ ကြောက်လန့်ရကား ဘုရားခြေရင်းသို့ကပ်၍ တုံ့ဝပ်ရှိခိုးလျက် “အကျွန်ုပ် မိုက်မှားမိသောကံကို သည်းခံတော်မူပါ”ဟု လျှောက်လေသော် ရှင်တော်ဘုရားလည်း ထိုသူနှင့် လျောက်ပတ်သော တရားဒေသနာဖြင့် သက်သာရာ ရစေတော်မူ၏။ လမ်းမှ အတန်တန် စောင့်နေသော နှစ်ဦးသော ယောက်ျား, လေးဦးသော ယောက်ျား, ရှစ်ဦးသော ယောက်ျားတို့သည်လည်း ကာလလျား၍ သတ်ထိုက်သောယောက်ျား မပေါ်လာသဖြင့် လမ်းသို့ မျှော်ကာမျှော်ကာ သွား၍ ဘုရားရှိရာသို့ ရောက်ကြလေလျှင် ရှင်တော်ဘုရားက တရားဖြင့်ဆုံးမ၍ သရဏဂုံ တည်ကြလေသော် ဥပါသကာချည်း ဖြစ်လေကုန်၏။ ယင်းသို့ဖြစ်ပြီးသော် ကိုယ်တော်မြတ်ထံမှ ပြန်လာ၍ ဆရာဒေဝဒတ်အား ဤသို့ လျှောက်ထား၏။ “အရှင်ဒေဝဒတ်... အကျွန်ုပ်တို့သည် ဘုရားသခင်အား သတ်ခြင်းငှါ မစွမ်းနိုင်ပါ၊ မြတ်စွာဘုရားသည် ကြီးမားသော တန်ခိုးအာနုဘော် ရှိ၏၊ အကျွန်ုပ်တို့ ပစ်လွှတ်သမျှသော လက်နက်သည် ပျောက်ပျက်လေသည်သာတည်း”ဟု လျှောက်ကုန်၏။

ကျောက်စက်ယန္တယား ဆင်ပြီ

ထိုအခါ ဆရာဒေဝဒတ်လည်း “ငါကိုယ်တိုင်သတ်မှ ကိစ္စပြီးချိမ့်မည်”ဟု ကြံလျက် အရံလူသူတို့ကို ခေါ်ပြီးသော် ဂိဇ္ဈကုဋ်တောင်ပေါ်သို့တက်၍ အရှေ့တောင်ရိပ်ဘက်၌ စင်္ကြံကြွ၍ နေတော်မူသော မြတ်စွာဘုရားကို မြင်လျှင် ယန္တယားစက်ဆင်၍ ကြီးစွာသောကျောက်ကို လှိမ့်ချ၏။ ကျောက်တုံးသည် ရှေးရှုလိမ့်လာ၍ မြတ်စွာဘုရားအနီးသို့ရောက်သော် ကျောက်အတိပြီးသော

(စာမျက်နှာ-၄၂၈)

တောင်ထွတ်နှစ်ခုတို့သည် မြေမှထွက်၍ ခံကုန်၏၊ ထိုခံသောကျောက်နှင့် တိုက်ခတ်သဖြင့် ကျောက်ချပ်ကွာ၍ မြတ်စွာဘုရား၏ ခြေပေါ်သို့ ကျသောကြောင့် ခြေမတော်သည် ဖြန်းဖြန်းကွဲလေ၏။ ဘုရားသခင်လည်း ဒေဝဒတ်ကို မြင်တော်မူလျှင် “ငါ့ရှင်ဒေဝဒတ်.. သင်သည် သူမြတ်တို့၏ အရောင်အဝါဖြင့် အသက်မွေးသူဖြစ်ပါလျက် အဘိဇ္ဈာ, ဗျာပါဒဖြင့် အဓမ္မမှုကို အဘယ့်ကြောင့် ပြုကျင့်ဘိသနည်း၊ ငါသို့စင်သော ဘုရားကိုသတ်က သင့်ကို သူမြတ် သူတော်ကောင်းဟု ဘယ်သူဆိုအံ့နည်း၊ အဝီစိမည်သော ငရဲရွာကို ကြာတော ထင်မှတ်သလော”ဟု မိန့်တော်မူ၏။

ဤသို့ ဒေဝဒတ်သည် မြတ်စွာဘုရားအား သတ်ခြင်းငှါ လုံ့လပြုသောအကြောင်းကို သံဃာတော်အပေါင်းတို့ ကြားလျှင် ဘုရားရှင်နေရာသို့ လာ၍ တုတ်, တောင်ဝှေးကို ကိုင်ကာဖြင့် စောင့်နေကြကုန်၏။ ထိုအကြောင်းကို ဘုရားသခင် မြင်တော်မူလျှင် “သင်ချစ်သားတို့.. ငါ့အား မကြောင့်ကြကုန်လင့်၊ ပါရမီတော်ကြောင့် ရအပ်သော ဘုရားသခင်တို့၏ ခန္ဓာကိုယ်သည် ဖျက်ဆီးလိုသော သူတပါးတို့၏ ပယောဂကြောင့် ပျက်စီးရအံ့သော အကြောင်းမဟုတ်သည်သာတည်း”ဟု မိန့်တော်မူ၏။

ထို့နောက်မှ မြတ်စွာဘုရားလည်း ဆရာဇီဝကကိုခေါ်၍ ခြေမတော်၌ ကျောက်ကြိတ်မိရာဝယ် မကောင်းသောသွေးကို ထုတ်စေမှ ဆေးစည်းတော်မူသဖြင့် နှစ်ရက်သုံးရက် ကြာလျှင်ပင် ကျန်းမာတော်မူရကား ရှေးအခါကဲ့သို့ များစွာသော သံဃာတော်အပေါင်း ခြံရံလျက် ယုဂန္ဓိုရ်တောင်ညွန့်မှ ထွက်ကွန့်ပထွန်းသော လဝန်းစကြာ၏အလား ဘုရားသခင်တို့၏ တင့်တယ်ခြင်းအသရေကို ဆောင်လျက် မြို့လယ်ကောင်မင်းလမ်းဖြင့် ဆွမ်းခံဝင်တော်မူ၏။

နာဠာဂိရိဆင်ဖြင့် တိုက်ပုံ

ထိုအခါ ဆရာဒေဝဒတ်သည် မတည်ရပ်နိုင်သော အာဃာတမာန်ဖြင့် တဖန် ကြံပြန်သည်ကား- ဘုရားရှင်ဂေါတမသည် တင့်တယ်လှပသော အသရေဂုဏ်ကြောင့် ဤလူ့ဘုံ၌ တစုံတယောက်မျှ ဇီဝိတိန္ဒြေကို ချဝံ့သောသူ မရှိပြီ၊ ဤရာဇဂြိုဟ်ပြည်၌ နာဠာဂိရိ အမည်ရှိသော မင်းကြီးဆင်တော်သည် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကိုလည်း မသိ၊ ကြမ်းလည်း ကြမ်းကြုတ်၏၊ လူကို သတ်တတ်၏၊ ထိုဆင်ဖြင့် ရှင်ဂေါတမကို တိုက်သတ်မှ လတ်တလော အသက်ကုန်မည်ဟု ကြံပြီးလျှင် မင်းကြီးနန်းတော်သို့ဝင်၍ “နာဠာဂိရိဆင်ဖြင့် ရှင်ဂေါတမကို တိုက်သတ်ပါ”ဟု ဆို၏။ အဇာတသတ်မင်းလည်း ဆင်ထိန်းတို့ကို ခေါ်၍ “နက်ဖြန် ဆင်တော်ကို အရက်ပြင်းစွာတိုက်၍ ရှင်ဂေါတမ ကြွလာသောအခါ ရှေးရှုကာလွှတ်လေ”ဟု စေတော်မူ၏။

ဒေဝဒတ်လည်း ညချမ်းသောအခါ ဆင်ထားရာ တင်းကုတ်သို့သွား၍ “အချင်းဆင်ရဲသားတို့.. ငါကား မင်း၏ဆရာဖြစ်၍ ငါတို့ဆိုတိုင်း မင်းကြီးလိုက်နာသည်၊ အရာငယ်သူကိုလည်း အရာကြီးအောင်, စည်းစိမ်ငယ်သူကိုလည်း စည်းစိမ်ကြီးအောင် ငါချီးမြှောက်နိုင်သည်၊ ငါ့အလိုပြည့်အောင်သာ သင်တို့ လုံ့လပြုကုန်လော့၊ သင်တို့အား ငါ မ,စအံ့၊ နေ့တပါးတို့၌ ဆင်တော်ကို ဘယ်မျှ အရက်တိုက်သနည်း မေး၍ ရှစ်လုံးစီတိုက်ပါသည်ဟုဆိုလျှင် “နက်ဖြန် တဆယ့်ခြောက်လုံး ထက်စွာသော အရက်ကိုတိုက်၍ ရိုက်ခတ်ပြီးမှ ရှင်ဂေါတမလာသော ခရီးကို လွှတ်လေ”ဟု ဆို၏။ ထိုဆင်ထိန်းတို့ကလည်း “အရှင်ဘုရား.. မစိုးရိမ်လင့်၊ ရှင်ဂေါတမအသက်သည် နက်ဖြန် ဆင်စွယ်ဖျားထက်သို့ ရောက်လတ္တံ့”ဟု ဆို၍ ဝန်ခံလိုက်၏။ အဇာတသတ်မင်းလည်း မင်းချင်းတို့ကို

(စာမျက်နှာ-၄၂၉)

ခေါ်၍ “ဤနေပြည်တော်၌ နေကုန်သော လူအပေါင်းတို့သည် နက်ဖြန် နံနက်ကာလ၌ မိမိတို့အိမ်မှ ဌာနအထူးသို့ သွားလာခြင်းကို မပြုကုန်လင့်”ဟု စည်လည်စေ၏။

ထိုအကြောင်းကို ရာဇဂြိုဟ်ပြည်သားတို့ ကြားသိလေသော် ဘုရားရတနာ၌ လွန်စွာ မြတ်နိုးသောသူတို့သည် ဘုရားရှင်ထံသို့ ကပ်ပြီးလျှင် “ဘုန်းတော်ကြီးသော အရှင်ဘုရား.. ဆရာဒေဝဒတ်သည် အဇာတသတ်မင်းနှင့် တိုင်ပင်၍ အရှင်မြတ် ကြွတော်မူသောအခါ နာဠာဂိရိဆင်ကို လွှတ်ပါလိမ့်မည်၊ နက်ဖြန် ဆွမ်းခံဝင်တော်မမူပါလင့်၊ အကျွန်ုပ်တို့သာ ကျောင်းသို့လာ၍ လုပ်ကျွေးပါမည်”ဟု လျှောက်၏။ ထိုစကားကိုကြားသော် ဘုရားသခင်လည်း ဆင်ခြင်တော်မူလတ်၍ “ဥပါသကာတို့.. နက်ဖြန်နံနက်အခါ ငါသည် နာဠာဂိရိဆင်ကို ယဉ်ကျေးအောင် ဆုံးမ၍ ကြွတော်မူလတ္တံ့၊ ရာဇဂြိုဟ် ပြည်သူအပေါင်းတို့သည် ကျောင်းသို့လာ၍ ဆွမ်းဩဇာ ကပ်ရလတ္တံ့၊ ထိုအခါမှ ငါဆွမ်းဘုဉ်းပေးတော်မူမည်”ဟု မိန့်တော်မူလိုက်၏။

ဘုရားသခင်လည်း ထိုနေ့ ပဌမညဉ့်ယံ၌ များစွာသော ပရိသတ်တို့အား တရားဟောဘိ၍ မဇ္ဈိမယံအခါ၌ ပြဿနာဖြေပြီးလျှင် ပစ္ဆိယံတွင် သုံးဖို့ဖို့၍ ရှေ့တဖို့ကာလ၌ သီဟသေယျဖြင့် ကျိန်းအောင်းတော်မူ၍ ဒုတိယအဖို့၌ ဖလသမာပတ်ကို ဝင်စား၍ တတိယအဖို့၌ ကရုဏာသမာပတ် ဝင်စားပြီးသော် နေမျှော်သော ကြာမုံရင့်ကဲ့သို့ ချွတ်သင့်သော သတ္တဝါတို့ကို ရှုတော်မူလျှင် နာဠာဂိရိဆင်ကို ဆုံးမရာ၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့ ဓမ္မာဘိသမယ ဖြစ်ကြအံ့သည်ကို မြင်တော်မူ၍ လင်းစင်မိုးသောက် ရောက်သောအခါ ရှင်အာနန္ဒာကို ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ.. ယနေ့ ရာဇဂြိုဟ်ပြည်၏အနီး ကျောင်းကြီးတဆယ့်ရှစ်ရပ်၌ နေကုန်သော ရဟန်းသံဃာတို့ကို ငါဘုရား၏ နောက်တော်မှ ခြံရံ၍ ဆွမ်းခံဝင်ရအောင် ဝေဠုဝန်ကျောင်းတော်ဝ၌ စည်းဝေးကြစေကုန်”ဟု မိန့်တော်မူ၏။

အရှင်အာနန္ဒာလည်း မြတ်စွာဘုရား မိန့်တော်မူတိုင်း သံဃာတို့ကို နှိုးဆော်၍ ကျောင်းတော်ဦး၌ စည်းဝေး၏။ ဘုရားသခင်လည်း သံဃာတို့ စည်းဝေးမိသည်ကို မြင်လျှင် ထိန်လွင်တောက်ပစွာ မြင်းသီလာဂူမှ ထွက်ပြူကွန့်မြူးသော ကေသရရာဇာ ခြင်္သေ့မင်းကဲ့သို့လည်းကောင်း, ကိုးသောင်းသော ဟင်္သာတို့၏အလယ်၌ တင့်တယ်စွာ စံပယ်သော ဓတရဋ္ဌ ဟင်္သာမင်းကဲ့သို့လည်းကောင်း အသောင်းအသိန်းမကသော ဘုရား၏အသရေကို ဆောင်၍ ရောင်ခြည်တော် ခြောက်ဆိုင်ကို တပြိုင်တည်း ကွန့်မြူးစေလျက် ဝေဠုဝန်ကျောင်းတော်မှထွက်၍ ရာဇဂြိုဟ်ပြည်၏ အချက်ဖြစ်သော မင်းလမ်းဖြင့် ဆွမ်းခံဝင်တော်မူ၏။

ဆင်ထိန်း ဆင်ဆရာတို့လည်း ဆရာဒေဝဒတ် မှာလတ်သောအတိုင်း နာဠာဂိရိဆင်ကို စီရင်၍ လွှတ်ကြကုန်၏။ ထိုအခါ ရာဇဂြိုဟ်ပြည်သား လူအများတို့တွင် သဒ္ဓါတရားရှိသော သူတို့သည် “ယနေ့ကား ဘုရားတည်းဟူသော ဆင်ပြောင်၏ တိရစ္ဆာန်ဆင်ပြောင်ကို အောင်တော်မူခြင်းကို လက်ငင်း ရှုရကုန်အံ့”ဟု ကြံ၍ နံရံ,သစ်ပင် ပစ္စင်,ပြအိုး မြို့ရိုး,သူရဲပြေး ဆိုင်ဈေး, မဏ္ဍပ်, ပြာသာဒ်, တိုက်မိုးတို့၌ တိုးဝှေ့ထပ်ရှည် ပတ်ပတ်လည်မျှ အပြည့်အနှက် နေကုန်သည်။ ဘုရားရတနာ၌ သဒ္ဓါနည်းပါး ပညာရှားပါးသော တိတ္ထိယသာဝကတို့ကလည်း “နှစ်,လရှည်မြင့်စွာ ငါတို့ဂုဏ်ကျေးဇူး အသရေကို နှိပ်စက်သော ရှင်ပျက်ဂေါတမ၏ အနိစ္စဖြစ်အံ့သော အရာကို ငါတို့ မြင်ရတော့မည်”ဟု ရည်မှတ်လျက် ပြာသာဒ် အိမ်မိုးထက် စသည်၌ နေကုန်သတည်း။

(စာမျက်နှာ-၄၃၀)

နာဂိရိဆင်လည်း ဘုရားသခင် ကြွလာသည်ကို ဝေးစွာကမြင်လျှင် ကောင်းကင်မိုးလုံး ထစ်ချုန်းရိုက်ဟည်း ပဲ့တင်လည်းမျှ သည်းစွာသော ကြိုးကြာသံဟစ်လျက် ရပ်ရှစ်မျက်နှာ ဖီလာဆုံဝိုင်း မုန်တိုင်းလေကြမ်းဖြင့် ထက်ဝန်းကျင်လှုပ် မှောင်ကြီးအုပ်သကဲ့သို့ မြေဖုတ်မြူညက်တို့ကို ဝဲယာအောက်ထက် ဖြန့်ပက်လွင့်ဆောင် မှောင်စေပြီးမှ လမ်းအနီး၌ရှိသော အိမ်ဆိုးအိမ်ဟောင်းတို့ကို ထောင်းထောင်းဖျက်ချိုးလျက် ကျူရိုးကိုင်းမီး ညီးညီးပြောင်ပြောင် လောင်လာသောလား မျက်ပွားဒေါမနသ် ကြည်းသံထပ်လျက် မြတ်စွာဘုရားသို့ ရှေးရှုလာ၏။

ယင်းသို့ ဆင်းပြေးလာသည်ကို မြင်သောအခါ သံဃာတော်အချို့ကလည်း “အရှင်ဘုရား... ဤနာဠာဂိရိဆင်သည် အလွန်လျှင် ကြမ်းကြုတ်လှ၏၊ ဘုရားကျေးဇူးဂုဏ်ကိုလည်း မသိတတ်ပါ။ မြတ်စွာဘုရားသည် ခရီးလွှဲ၍ ကြွစေချင်ပါသည်”ဟု လျှောက်၏။ ဘုရားသခင်လည်း “သင်တို့မကြောက်ကြလင့်၊ နာဠာဂိရိဆင်ကို ယဉ်ကျေးအောင် ငါဆုံးမတော်မူမည်”ဟု မိန့်တော်မူ၏။

ထိုအခါ ရှင်သာရိပုတြာ လျှောက်သည်ကား- “ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤလောက၌ အမိအဖတွင် ကိစ္စရှိငြားက သားကြီးသာ ဆောင်ရွက်ထိုက်ပါသကဲ့သို့ ဤနာဠာဂိရိဆင်ကို အရှင့်ကိုယ်စားလုပ်၍ အကျွန်ုပ် ဆုံးမပါရစေ”ဟု လျှောက်၏။ ရှင်တော်ဘုရားကလည်း “ချစ်သား သာရိပုတြာ.. သာဝကတို့၏ အစွမ်းလည်း တပုံ, ဘုရားရှင်တို့၏ အစွမ်းလည်း တပုံသာတည်း”ဟု မိန့်တော်မူ၏။

အရှင်မောဂ္ဂလာန်စသော သာဝကကြီးတို့လည် အသီးအသီး ခွင့်တောင်းကြ၏၊ မည်သူ့ကိုမျှ ခွင့်ပေးတော်မမူ။ ဘုရားထံသို့ ရှေးရှု၍ ပြေးလာသော နာဠာဂိရိဆင်ကိုမြင်လျှင် အရှင်အာနန္ဒာလည်း မြတ်စွာဘုရား၌ အားကြီးသော ချစ်ခြင်းဖြင့် “သင်ညှဉ်းဆဲလိုလျှင် ငါ့ကိုသာ ရှေးဦးစွာ ညှဉ်းဆဲစေ၊ သတ်လိုလျှင် ငါ့ကိုသာ သတ်စေ၊ အသက်ဖြင့် ဘုရားကျေးဇူးတော်ကို ဆပ်အံ့”ဟု ကြံ၍ ရှေ့ထံတော်သို့ တက်၏။ ကိုယ်တော်မြတ်ဘုရားကလည်း “ချစ်သား အာနန္ဒာ.. ရှားလော့ ရှားလော့၊ ငါဘုရားသာ ရှေးဦးစွာ ခံတော်မူအံ့”ဟု မိန့်တော်မူလျှင် “အရှင်ဘုရား.. ဆင်ကား အလွန်ကြမ်းကြုတ်၏၊ ဗုဒ္ဓ ဓမ္မ သံဃဂုဏ်ကိုလည်း မသိ၊ မူးယစ်ဘိလျက် လာပါ၏၊ အကျွန်ုပ်ကိုသာ ဦးစွာ သတ်ပါစေဦး၊ နောက်မှ အရှင့်ထံသို့ ရောက်ပါစေ”ဟု ဆို၍ မဆုတ်မနစ်ပဲ နေလေသော် ရှင်တော်ဘုရားလည်း တန်ခိုးတော်အားဖြင့် ရှင်အာနန္ဒာကို ပယ်ရှား၍ ဆင်အပါးသို့ ကပ်တော်မူ၏။

နာဠာဂိရိ ဆုံးမခန်း

ထိုခဏ၌ သားငယ်မိခင် မိန်းမသည် အလွန်ကြောက်လန့်ရကား ဘုရားရှေ့တော်ဝယ် သားငယ်ကိုချ၍ ပြေးလျှင် ဆင်လည်း ထိုမိန်းမသို့ ရှေးရှုလိုက်၏။ ဘုရားကိုယ်တော်မြတ်လည်း ရပ်တန့်တော်မူကာ သြဓိသမေတ္တာဖြင့် နာဠာဂိရိဆင်ကို ဖျန်းတော်မူလျက် ချိုမြတ်သာယာ ဗြဟ္မာမင်း၏ အသံနှင့်တူသော အသံဖြင့် ကျူးရင့် မိန့်တော်မူသည်ကား- “ချစ်သား နာဠာဂိရိ... သင့်အား တဆယ့်ခြောက်လုံးသော သေအရက်တို့ကိုတိုက်၍ လွှတ်လိုက်သောအရေးသည် အိမ်ဈေးသဘင် လူရှင်အများ သူတပါးတို့ကို ပျက်ပြားသတ်ဖြတ်စိမ့်သောငှါ လွှတ်ပေသည်မဟုတ်၊ သမ္မာသမ္ဗုဒ္ဓ မည်တော်ရသော ငါဘုရားကို မျက်ဝါးလတ်လတ် သတ်စိမ့်သောငှါသာ လွှတ်ပါပေသည်တကား၊ သင့်အရှင်၏စကားကို လိုက်နာလိုငြားက ငါဘုရားထံသို့သာ လျင်စွာလာလော့”ဟု ခေါ်တော်မူ၏။

(စာမျက်နှာ-၄၃၁)

ဆင်လည်း ထိုအသံကိုကြားလျှင် မှိတ်ထားသော မျက်စိကိုဖွင့်၍ ကြည့်ရှုသဖြင့် ဘုရားရှင့်အသရေတော်ကို မြင်လျှင် ကြည်လင်သော စိတ်စေတနာဖြစ်ရကား သေယစ်ခြင်း ပျောက်ဘိ၍ သတိရသဖြင့် အမြီးနားရွက်တို့ကို ချလျက် ခံတွင်းဝသို့ နှာမောင်းကိုသွင်း၍ ဘုရားခြေတော်ရင်း၌ ဝပ်စင်းတုပ်ပျပ်လေ၏။

ထိုအခါမှ နာဠာဂိရိဆင်၏ ဦးကင်းကို လက်တော်ဖြင့် သုံးသပ်လျက် “ဆင်မြတ် နာဠာဂိရိ.. သင်သည် ယနေ့မှစ၍ ကြမ်းတမ်းရုန့်ရင်းခြင်းကို မပြုလင့်၊ လူတို့အား သတ်ဖြတ်ညှဉ်းဆဲမှုကို မပြုမူ၍ မေတ္တာစိတ်ကိုသာ လွန်စွာ ပွားစေလော့၊ မေတ္တာမပွား သူ့အားနှိပ်စက် ဖျက်ဆီးတတ်သော သတ္တဝါတို့သည် လူ့ရွာဘဝ ပစ္စက္ခ၌ များလှသော ဘေးရန်တို့ကိုလည်း အတန်တန် တွေ့ကြုံတတ်၏၊ ဘဝဂတိ ပြောင်းလဲဘိသော်လည်း ဒုဂ္ဂတိဘဝ ပါယ်လေးဝ၌သာ ကာလရှည်စွာ ခံရှာရချေ၏”။ ဤသို့စသည်ဖြင့် ဓမ္မဒေသနာကို ထင်ရှားစွာ ဟောပြတော်မူသော် ဆင်တော် နာဠာဂိရိလည်း ပီတိဖြင့် ဖုံးလွှမ်းအပ်သောကိုယ် ရှိသည်ဖြစ်၍ အမြိုက်ရေဖြင့် သွန်းသကဲ့သို့ ချမ်းမြေ့ကြည်သာ သဒ္ဓါတက်ပွားလျက် ဘုရားခြေတော်ကို ဦးတိုက်၍ နှာမောင်းဖြင့်ပိုက်လျက် ခြေတော်ရင်း၌ရှိသော မြေကိုယူ၍ မိမိဦးခေါင်း၌ ကြဲဖြန့်ကာ သရဏဂုံပဉ္စသီကို ယူ၏၊ လူဖြစ်မူကား ထိုခဏ၌ပင် သောတာပန် တည်ပေရာ၏။

ထိုအခါ ရာဇဂြိုဟ်ပြည်သား လူတလွှားတို့သည် အားရဝမ်းသာ ကြော်ငြာဟစ်ကြွေး ကောင်းချီးပေးလျက် ဦးယှက်တိုက်ကာ အနီးသို့လာ၍ ရတနာခုနစ်ပါးတို့ဖြင့် ကြဲမြှောက် ပူဇော်ကုန်သည်။ ထိုသို့ စုပုံကြသော ရွှေ ငွေ ကျောက်သံ ရတနာတို့သည် နာဠာဂိရိဆင်၏ ကိုယ်လုံးကို ဖုံးလွှမ်းမိလေသတည်း။ ထိုအခါမှစ၍ နာဠာဂိရိဆင်လည်း ဓနပါလဟု အမည်တွင်၏။ ထိုဆင်မင်းအား တရားဟောရာ ရှစ်သောင်းလေးထောင်သော ပရိသတ်တို့သည် အကျွတ်တရားကို ရကြလေကုန်သတည်း။

နာဠာဂိရိဆင်သည် ဘုရားသခင်၏ ခြေတော်ကို ပူဇော်ဦးခိုက်လျက် မြင်ထိုက်သမျှသောခေတ်၌ ပုဆစ်တုပ်၍ နောက်ဆုတ်သွားပြီးလျှင် မိမိတင်းကုပ်ဝင်၍ ယဉ်ကျေးနူးညံ့စွာ မည်သည့်သတ္တဝါကိုမျှ မညှဉ်းဆဲမူ၍ နေလေ၏။ ဘုရားသခင်လည်း ထိုနေရာတွင် ရပ်တော်မူကာ “ပူဇော်သမျှသော ဤရတနာသည် ဥစ္စာရှင်လက်သို့သာ ရောက်စေသော”ဟု အဓိဋ္ဌာန်၍ ဆွမ်းခံတော်မမူပဲ ပြန်ခဲ့၏။ ထိုအခါ ပြည်သူပြည်သားတို့လည်း ကျောင်းတော်သို့သွား၍ များစွာသော ဆွမ်းအဖျော်တို့ဖြင့် ပူဇော်လုပ်ကျွေးကြကုန်၏။ ထိုနေ့ ညချမ်းသောအခါ သံဃာတော်တို့သည် အရှင်အာနန္ဒာ၏ မြတ်စွာဘုရား၌ အားကြီးသော ချစ်ခြင်းရှိပေသော ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုကြသော စကားစပ်တွင် စူဠဟံသဇာတ်ကို ဟောတော်မူသည်။

၇၉။ ဒေဝဒတ်ကို မြေမျိုခြင်း

ယင်းသို့ ဘုရားသခင်ကို ဆင်ဖြင့်တိုက်သည်မှ စ၍ ဒေဝဒတ်အား ပြည်သူပြည်သားတို့သည် များစွာကဲ့ရဲ့ကြကုန်၏၊ “ဤဒေဝဒတ်သည် ငါတို့အရှင်ဖြစ်သော ဗိမ္ဗိသာရမင်းကိုလည်း သတ်စေပြီ၊ ဘုရားသခင်ကိုလည်း မိမိပင် သတ်အံ့ဟု လုံ့လပြုလေပြီ၊ နာဠာဂိရိဆင်ဖြင့် ဘုရားသခင်အား တိုက်သတ်ပြန်ပြီ၊ ဘုန်းတန်ခိုးကြီးမြတ်လှသော အရှင်ဖြစ်၍သာ ချမ်းသာတော့သည်။ ယင်းသို့ ယုတ်မာသော အကျင့်အကြံရှိသော ဒေဝဒတ်အား မြတ်သော သူတော်ကောင်းတရားသည်

(စာမျက်နှာ-၄၃၂)

အဘယ်မှာ ရှိအံ့နည်း၊ တရားမရှိသောသူကို ပေးလှူ၍ အဘယ်အကျိုးရှိအံ့နည်း”ဟု ကဲ့ရဲ့ရှုတ်ချ အပြစ်တင်ကြ၍ ဒါနကို ဖြတ်လေကုန်ရကား စားလောက်ဝတ်လောက်ရုံကိုမျှ ရှာမရ၍ ဒါယကာတို့ထံ၌ တောင်းခံလှည့်လည်၍ စားရ၏။ ဘုရားသခင်၌သာ များစွာသော လာဘ်ပူဇော်သက္ကာသည် ဖြစ်၏။

သင်းခွဲဘက်ရှာပုံ

ယင်းသို့ ဒါယကာတို့ထံ၌ တောင်းခံ၍ စားကြောင်းကို မြတ်စွာဘုရား သိတော်မူလျှင် သံဃာအပေါင်းတို့ကို စည်းဝေးစေ၍ “အဆွေမတော်သော ဒါယကာ, မဖိတ်သော ဒါယကာတို့၏ထံ၌ မတောင်းခံအပ်၊ တောင်းခံသော် အာပတ်သင့်စေ”ဟု ပညတ်တော်မူ၏။ ထိုအခါ ဆရာဒေဝဒတ်လည်း မြတ်စွာဘုရားနှင့် ခွဲခြားလိုသော အကြံရှိသည်ဖြစ်၍ မိမိ၏အဆွေဖြစ်သော ကောကာလိက, ကဋမောဒကတိဿ, ခဏ္ဍဒေဝိယ, သမုဒ္ဒဒတ္တ, ဤလေးဦးသော ရဟန်းတို့ထံ ကပ်ပြီးလျှင် “ငါ့ရှင်တို့.. ငါသည် ယောက်ဖတော်ဂေါတမနှင့် သင်းခွဲတော့မည်၊ သင်တို့ ညီညာကြလော့”ဟု ဆို၏။

ထိုကောကာလိကတို့ကလည်း အရှင်ဒေဝဒတ်... မြတ်စွာဘုရား ဂေါတမကား အလွန် ဘုန်းတန်ခိုးကြီး၏၊ အဘယ်အကြောင်းဖြင့် သံဃာကွဲပြားခြင်းကို ပြုနိုင်အံ့နည်း”ဟု မေးကြလျှင် “ငါ့ရှင်တို့.. ဤအကြောင်းကား ခဲယဉ်းသည်မဟုတ်၊ ဘုရားလုပ်၍ သူကျင့်သော သိက္ခာကိုလည်း ငါတို့ သိရပြီ။ သံဃာတို့အား ဟောကြားဆုံးမသော နည်းနာကိုလည်း ငါတို့ကြားရပြီ၊ ဤထက်သာ၍ ခြိုးခြံစွာသော သိက္ခာပုဒ်ငါးရပ်ကို ငါခွင့်တောင်းအံ့၊ ထိုအကျင့်ကို အခွင့်မပေးပဲ နေလိမ့်မည်။ ထိုအခါ ငါတို့သည် အကျင့်ကိုမှီတင်း၍ ပြင်းစွာအားထုတ်ကုန်အံ့၊ လူတို့ဓမ္မတာလည်း သူတကာထက်ထူး၍ ပြောဆိုကျင့်ကြံသော သူကိုသာ လွန်စွာ နှစ်သက်ကုန်ကြ၏။ ထို့ကြောင့် ဤကျင့်ဝတ်ငါးပါးဖြင့် ခွဲခြားရမူ ကွဲပြားနိုင်သည်သာတည်း”ဟု ဆို၏။ ထိုစကားကိုကြားလျှင် ကောကာလိကတို့ကလည်း “ကောင်းပြီ”ဟု ဝန်ခံကြ၏။

တနေ့သောအခါ ဆရာဒေဝဒတ်လည်း မြတ်စွာဘုရားအထံတော်သို့ ကပ်ပြီးလျှင် အရှင်ဘုရား... တပည့်သံဃာတော်တို့အား ဤငါးပါးသော အကြောင်းတို့ကို ပညတ်တော်မူပါ-

ဒေဝဒတ်တောင်းသော အကြောင်းငါးပါး

၁။ သာသနာသို့ သက်ဝင်၍ ရှင်ရဟန်းပြုသော သူတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး အာရညကင်ဓုတင်ကိုသာ ဆောင်ပါစေ။ အကြင်ရဟန်းသည် ရွာနီးကျောင်း၌ နေအံ့၊ ထိုရဟန်းကို ဂရုကအာပတ်သို့ ရောက်စေရာ၏။
၂။ ရဟန်းတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ဆွမ်းခံ၍သာ သုံးဆောင်ပါစေ။ အကြင်ရဟန်းသည် ဒါယကာတို့ ပို့လာသောဆွမ်း, ဖိတ်သောဆွမ်းတို့ကို စားငြားအံ့၊ ထိုရဟန်းအား ဂရုကအာပတ်သို့ ရောက်စေရာ၏။
၃။ ရဟန်းတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး သုသာန်တစ သင်းချိုင်းဝ၌ ရအပ်သော ပံ့သကူသင်္ကန်းကိုသာ ဝတ်ဆင်ပါစေ။ အကြင်ရဟန်းသည် ဒါယကာတို့လှူအပ်သော သင်္ကန်းကို ဝတ်ငြားအံ့၊ ထိုရဟန်းအား ဂရုကအာပတ်သို့ ရောက်စေရာ၏။
(စာမျက်နှာ-၄၃၃)
၄။ ရဟန်းတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး သစ်တပင်အောက် ဝါးတပင်ရင်း ကပ်ချဉ်း၍ ရုက္ခမူသာ နေပါစေ၊ အကြင်ရဟန်းသည် ဒါယကာတို့ ဆောက်လှူသောကျောင်း၌ နေငြားအံ့၊ ထိုရဟန်းအား ဂရုကအာပတ်သို့ ရောက်စေရာ၏။
၅။ ရဟန်းတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ငါးအမဲကို မသုံးဆောင်ပဲ မြေမှပေါက်သော ဝတ္ထုကိုသာ စားပါစေ။ အကြင်ရဟန်းသည် ငါးအမဲကို စားငြားအံ့၊ ထိုရဟန်းအား ဂရုကပတ်သို့ ရောက်စေရာ၏။

အရှင်ဘုရား.. ဤငါးပါးသော အကြောင်းတို့သည် အလိုနည်းခြင်းငှါ ရောင့်ရဲခြင်းငှါ ခေါင်းပါးခြင်းငှါ ကိလေသာကို ခါတွက်ခြင်းငှါ ကြည်ညိုဖွယ်ရှိခြင်းငှါ သင့်လှပါသည်။ ထို့ကြောင့် သံဃာတို့အား ပညတ်တော်မူပါ”ဟု လျှောက်၏။

ဘုရားသခင်သည်း “ချစ်သားဒေဝဒတ်... သင်တောင်းပန်အပ်သော အကြောင်းကား သာသနာ ရှည်မြင့်စွာတည်ရာသော အကြောင်းမဟုတ်၊ မုဒိန္ဒြိယ ဒွါကာရ ပုဂ္ဂိုလ်တို့အား တိက္ခိန္ဒြိယ သွာကာရ ဖြစ်ရအောင် ဆောင်အံ့သော အကြောင်းလည်း မဟုတ်ရကား ဤငါးပါးကို ငါဘုရား ပညတ်၍မသင့်၊ ဆင်းရဲမှလွတ်ခွင့်ကို အလိုရှိသောသူတို့အား လွတ်ရာလွတ်ကြောင်းဖြစ်သော မဇ္ဈိမပဋိပတ်တရားကို ငါဘုရား ပညတ်တော်မူပြီ၊ တပည့်သံဃာတော်သည် အာရညကင်ဓုတင် ယူဆောင်၍ တော၌ နေလိုသူလည်း နေစေ၊ ရွာနီးကျောင်း၌ နေလိုသူလည်း နေစေ၊ ပိဏ္ဍပါတ်ဓုတင် ဆောင်လိုသူလည်း ဆောင်စေ၊ ဒါယကာတို့ ဖိတ်မန်သောဆွမ်းကို သာယာလိုသူလည်း သာယာစေ၊ ပံ့သကူ ဆောင်လိုသူလည်း ဆောင်စေ၊ ဒါယကာတို့လှူသော သင်္ကန်းကို ဝတ်လိုသူလည်း ဝတ်စေ၊ တန်ဆောင်မုန်း လပြည့်မှစ၍ နယုန်လပြည့်တိုင်အောင် ရှစ်လ၏အတွင်း၌ သစ်တပင်ရင်း နေခြင်းတည်းဟူသော ရုက္ခမူဓုတင်ကိုလည်း ငါပညတ်တော်မူပြီ၊ လူတို့တန္တိ သတ်လေဘိသည်ကို မိမိကိုယ်ထင် မမြင်ထသော, ရည်၍သတ်ခြင်း သတင်းကိုလည်း မကြားထသော, ငါ့ကိုရည်ကာ သတ်သည်သာဟု ရွံရှာခြင်းလည်း မရှိထသော ဤသို့အားဖြင့် အစွန်းသုံးပါးမှ စင်ကြယ်သော အသားကိုသာ စားစိမ့်သောငှါကိုလည်း ငါပညတ်တော်မူပြီ၊ အလိုရှိရာ ကျင့်ကြပါစေ”ဟု မိန့်တော်မူ၏။

သင်းခွဲစကား ပြောကြားပုံ

ထိုအခါ ဒေဝဒတ်ကလည်း “မြတ်စွာဘုရားသည် ငါတောင့်တအပ်သော စကားကိုပင် ဆိုပေသည်”ဟု အားရဝမ်းသာ နေရာမှထပြီးသော် အကျွမ်းဝင်သော သံဃာပရိသတ်တို့ကို ခေါ်၍ “ငါ့ရှင်တို့.. သင်တို့ဆရာ ဂေါတမသည် ဒုက္ခကင်းကြောင်းဖြစ်သော အကျင့်ကောင်းငါးတန်ကို တောင်းပန်ပါသော်လည်း မလိုက်မနာ၊ သက်သာရာကိုသာ လိုက်စား၍ တပည့်ပွားစိမ့်သောငှါသာ ကျင့်သည်၊ လာဘ်များစိမ့်သောငှါသာ ကျင့်သည်၊ နိဗ္ဗာန်ရောက်ကြောင်းကို မကျင့်၊ ထို့ကြောင့် ယောက်ဖတော် ဂေါတမနှင့် သင်းခွဲတော့အံ့၊ ဝဋ်ဆင်းရဲမှ လွတ်လိုသောသူတို့သည် ငါ့ထံသို့ လိုက်လှည့်ကုန်၊ ငါကျင့်တိုင်း ကျင့်လှည့်ကုန်”ဟု ဆို၍ သံဃာတော်တို့ကို သွေးဆောင်၏။

ထိုအကြောင်းကို ဘုရားသခင် ကြားတော်မူ၍ ဒေဝဒတ်ကို ခေါ်ပြီးလျှင် “သင်သည် ငါ၏အာဏာစက်ကို ဖျက်ခြင်းငှါ သံဃာကို သင်းခွဲခြင်းငှါ အားထုတ်၏”ဟု ငါကြားတော်မူသည်။

(စာမျက်နှာ-၄၃၄)

မှန်သလော”ဟု မေးတော်မူ၏၊ ဒေဝဒတ်လည်း မှန်ပေကြောင်းကို လျှောက်လျှင် “သင်သည် ဤကဲ့သို့သော အမှုကို မပြုလင့်၊ ဤအမှုကား ဂရုကံ၌သာ တည်သတည်း”ဟု ပြတော်မူခြင်းငှါ-

အလံ ဒေဝဒတ္တ မာ တေ ရုစ္စိ သံဃဘေဒေါ၊ ဂရုကော ခေါ ဒေဝဒတ္တ သံဃဘေဒေါ၊ ယော သမဂ္ဂံ သံဃံ ဘိန္ဒတိ၊ ကပ္ပဋ္ဌိယံ ကိဗ္ဗိသံ ပသဝတိ၊ ကပ္ပံ နိရယမှိ ပစ္စတိ။ ယော စ ခေါ ဒေဝဒတ္တ ဘိန္နံ သံဃံ သမဂ္ဂံ ကရောတိ၊ ဗြဟ္မံ ပုညံ ပသဝတိ၊ ကပ္ပံ သဂ္ဂမှိ မောဒတိ-

ဟူသော ဒေသနာဖြင့် ကောင်းစွာ ဆုံးမတော်မူ၏၊

[အနက်ကား]ဒေဝဒတ္တ၊ ဒေဝဒတ်။ အလံ၊ မသင့်။ တေ၊ သင့်အား။ သံဃဘေဒေါ၊ သံဃာကွဲပြားခြင်းကို။ မာ ရုစ္စိ၊ အလိုမရှိလင့်။ ဒေဝဒတ္တ၊ ဒေဝဒတ်။ သံဃဘေဒေါ၊ သံဃာကို သင်းခွဲသောသူသည်။ ဂရုကော ခေါ၊ ဝန်လေးလှချေ၏။ ယော၊ အကြင်သူသည်။ သမဂ္ဂံ၊ ညီညွတ်သော။ သံဃံ၊ သံဃာကို။ ဘိန္ဒတိ၊ သင်းခွဲ၏။ တဿ၊ ထိုသူအား။ ကိဗ္ဗိသံ၊ သည်းတောင်းပြင်းပြ ခံရစေတတ်သော။ ကပ္ပဋ္ဌိယံ၊ တကမ္ဘာတ်လုံး တည်သော။ အပုညံ၊ မကောင်းမှုသည်။ ပသဝတိ၊ ပွားစီး၏။ ကပ္ပံ၊ တကမ္ဘာပတ်လုံး။ နိရယမှိ၊ အဝီစိငရဲ၌။ ပစ္စတိ၊ ကျက်ရ၏။

ဒေဝဒတ္တ၊ ဒေဝဒတ်။ ယော စ ခေါ၊ အကြင်သူသည်ကား။ ဘိန္နံ၊ ကွဲလေပြီးသော။ သံဃံ၊ သံဃာကို။ သမဂ္ဂံ၊ ညီညွတ်သင့်မြတ်အောင်။ ကရောတိ၊ ပြုဘိ၏။ တဿ၊ ထိုသူအား။ ဗြဟ္မံ၊ မြတ်သော။ ပုညံ၊ ကောင်းမှုသည်။ ပသဝတိ၊ ပွားစီး၏။ ကပ္ပံ၊ တကမ္ဘာပတ်လုံး။ ဝါ၊ အာယုကပ်ပတ်လုံး။ သဂ္ဂမှိ၊ နတ်ပြည်၌။ မောဒတိ၊ မွေ့လျော်ရ၏။

ဤဒေသနာဖြင့်လည်းကောင်း၊ တပါးသော ဒေသနာဖြင့်လည်းကောင်း ကောင်းစွာဆုံးမ ဟောပြတော်မူ၏။ ယင်းသို့ ဆုံးမပါသော်လည်း ကိုယ်တော်မြတ်၌ ရန်ငြိုးထားခြင်း အားကြီးရကား ဒေဝဒတ်၏နှလုံးကြား၌ လှံသွားဖျားဖြင့် မွှေသကဲ့သို့ထင်လျက် လျင်စွာထ၍ သွားလေ၏။

နောက်တနေ့သောအခါ အရှင်အာနန္ဒာသည် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံဝင်လေသည်ကို ဒေဝဒတ်မြင်လျှင် အရှင်အာနန္ဒာ၏ အနီးသို့ကပ်၍ “အချင်းအာနန္ဒာ.. ငါသည် ယနေ့မှစ၍ ဘုရားသခင်နှင့်လည်းကောင်း ဘုရားတပည့်ဖြစ်သော သံဃာတို့နှင့်လည်းကောင်း ဥပုသ် ပဝါရဏာမှစ၍ ကံကြီးကံငယ်တို့၌ အတူတကွ မပြုပြီ၊ ဤနေ့မှစ၍ သင်းခွဲတော့အံ့”ဟု ဆိုလိုက်၏၊

တပည့်များမွေးခြင်း

ထိုအကြောင်းကို အရှင်အာနန္ဒာပြန်လာ၍ မြတ်စွာဘုရားအား နားတော်လျှောက်သော် ကိုယ်တော်မြတ်လည်း ဖြစ်လတ္တံ့သောအရေးကို ရှုတော်မူလျက်-

သုကရံ သာဓုနာ သာဓု၊ သာဓု ပါပေန ဒုက္ကရံ။
ပါပံ ပါပေန သုကရံ၊ ပါပမရိယေဘိ ဒုက္ကရံ-

ဟူသော ဂါထာကို ဟောတော်မူ၏။

(စာမျက်နှာ-၄၃၅)

[အနက်ကား]ဘိက္ခဝေ၊ ရဟန်းတို့။ သာဓုနာ၊ သူတော်ကောင်းဖြစ်သော သူသည်။ သာဓုံ၊ ကောင်းသောအမှုကို။ သုကရံ၊ ပြုလွယ်၏။ ပါပေန၊ သူယုတ်သည်။ သာဓုံ၊ ကောင်းသောအမှုကို။ ဒုက္ကရံ၊ ပြုနိုင်ခဲ၏။ ပါပေန၊ သူယုတ်သည်။ ပါပံ၊ မကောင်းသောအမှုကို။ သုကရံ၊ ပြုလွယ်၏။ အရိယေဘိ၊ သူတော်သူမြတ်တို့သည်။ ပါပံ၊ မကောင်းသောအမှုကို။ ဒုက္ကရံ၊ ပြုနိုင်ခဲ၏။

ဤဒေသနာ၏အဆုံး၌ များစွာသောသူတို့သည် တရားရသကို သောက်ရကုန်သတည်း။

ဒေဝဒတ်လည်း ထိုဥပုသ်နေ့၌ ဝေသာလီပြည်သားဖြစ်ကုန်သော ရဟန်းငါးရာတို့အား နားပါးချသွင်း၍ သင်းခွဲစာရေးတံကို ယူစေပြီးလျှင် ဂယာသီသသို့သွား၍ ငါးပါးသောကျင့်ဝတ်ကို ဆောက်တည်လျက် နေကြကုန်၏။ တလ,နှစ်လခန့် ရှည်လတ်သော် အဖော်သံဃာငယ်တို့သည် စားဖွယ်သောက်ရန်၏ ခေါင်းပါးခြင်း၊ အဝတ်သင်္ကန်း၏ ခေါင်းပါးခြင်း၊ အရိပ်သင်္ခမ်း၏ မရှိခြင်း စသည်တို့ဖြင့် နှိပ်စက်လေရကား လျော့ပါးကြုံလှီသော ကိုယ်စိတ်ရှိကုန်လျက် လူထွက်ခြင်းငှါ အားထုတ်ကုန်၏။

ထိုအကြောင်းကို ဘုရားရွှေဉာဏ်ဖြင့် မြင်တော်မူလျှင် အရှင်သာရိပုတြာနှင့် အရှင်မောဂ္ဂလာန်တို့ကို ခေါ်တော်မူ၍ “ချစ်သားတို့.. ဝဋ်ဆင်းရဲမှ လွတ်စေခြင်းငှါ သာသနာသို့ဝင်ပါလျက် မလိမ္မာသော အဖော်သဟဲကိုရ၍ ပျက်စီးကြလတ္တံ့သော ဒေဝဒတ်၏အသင်းသို့ပါသော သံဃာငယ်တို့အား သင်တို့ မသနားကြပြီလော၊ ထိုသံဃာငယ်တို့အား တရားလမ်းမကို ညွှန်ပြပါချေကုန်”ဟု မိန့်တော်မူ၏။

အဂ္ဂသာဝကနှစ်ပါးလည်း ဘုရားရှင် အမိန့်တော်အတိုင်း ဂယာသီသသို့ သွားကြလေသော် ဒေဝဒတ်လည်း အဝေးမှလာသော အရှင်သာရိပုတြာ, အရှင်မောဂ္ဂလာန်တို့ကို မြင်လျှင် မိမိအပါးတွင်နေသော ကောကာလိကအား ဤသို့ပြောကြား၏။ “ချစ်သား ကောကာလိက.. ရဟန်းဂေါတမ၏ သာဝကကြီးဖြစ်ကြသော ပုဂ္ဂိုလ်တို့သည် ငါ၏ထံသို့ လာကြကုန်ပြီ၊ ဤသူတို့သည် ငါ့တရားကို နှစ်သက်ကုန်၏”ဟု ဆိုသော် ထိုကောကာလိကလည်း “ဆရာ.. သာရိပုတြာ မောဂ္ဂလာန်တို့ကို လက်ခံ၍ အကျွမ်းမဝင်လင့်၊ ဤသူတို့သည် ယုတ်မာသော အကြံအစည်ရှိကုန်၏”ဟု ဆိုလျှင် “ငါ့ရှင် ကောကာလိက... ရှေးအခါကဖြစ်လျှင် သင်တို့ဆိုသော စကားအတိုင်း မှန်၏၊ ယခုကား ကောင်းသော လာခြင်းပင်တည်း”ဟု ပြော၏။

ရှင်ဒေဝဒတ် သွေးအန်ပြီ

ဤသို့ပြောကြစဉ်ပင် အရှင်သာရိပုတြာ, အရှင်မောဂ္ဂလာန်တို့ အနီးသို့ရောက်လာသော် သင့်လျော်စွာနေရာကို မိမိအပါး၌ခင်း၍ “ဤသို့လာလှည့်”ဟု နေရာဖြင့်ဖိတ်၏၊ အရှင်သာရိပုတြာလည်း ခင်းသောနေရာသို့ မတက်ပဲ တခုသောနေရာသို့ တက်ပြီးလျှင် ဒေဝဒတ်ဟောသော တရားကိုနာ၍ ဆိတ်ဆိတ်သာ နေ၏။ ဒေဝဒတ်လည်း တပည့်ပရိသတ်တို့အား တရားဟောပြ၍ ညဉ့်ဦးယံလွန်လျှင် “ငါ့ရှင်သာရိပုတြာ.. ငါကား ညောင်းညာပြီ၊ သင်သာလျှင် သံဃာတို့အား တရားဟောဦးလော့” ဆို၍ အိပ်လေ၏။

(စာမျက်နှာ-၄၃၆)

ရှင်သာရိပုတြာလည်း မြတ်စွာဘုရားသင်သောနည်းဖြင့် သစ္စာလေးပါးနှင့်စပ်သော မဇ္ဈိမပဋိပတ် ဓမ္မအာဏာဒေသနာ ပါဋိဟာရိယာနုသာသနီယအားဖြင့် ဩဝါဒ ပေးတော်မူ၏။ ထို့နောက် အရှင်မောဂ္ဂလာန်လည်း ဣဒ္ဓိပါဋိဟာရိယာနုသာသနီယအားဖြင့် ဩဝါဒ ပေးတော်မူ၏။ ထိုဒေသနာတို့ကို ကြားရလျှင် ထိုငါးရာသော ရဟန်းငယ်တို့သည် လေးသွယ်သော သစ္စာကိုမြင်၍ အစဉ်သော ဝိပဿနာဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်လေကုန်၏။

နံနက်သောအခါ အရှင်သာရိပုတြာလည်း “ဆရာဒေဝဒတ်.. အကျွန်ုပ်တို့ သွားတော့အံ့၊ ဘုရားတရားကို နှစ်သက်သောသူတို့လည်း ဘုရားထံသို့ လိုက်ပါစေ၊ ရှင်ပင့်တရားကို နှစ်သက်သောသူတို့လည်း ရှင်ပင့်ထံ၌ နေရစ်ပါစေ”ဟု ဆို၍ ပြန်ခဲ့လေလျှင် ထိုသံဃာငါးရာတို့သည် မိမိတို့၏ ပရိက္ခရာကိုပြင်၍ အရှင်သာရိပုတြာတို့၏နောက်သို့ လိုက်လာကုန်၏။ ထိုအကြောင်းကို ဒေဝဒတ်မြင်လျှင် ပြည့်ရှင်မင်း၏စည်းစိမ်မှ လျောကျသော ယောက်ျားကဲ့သို့ ကြီးမားသော စိတ်ဒုက္ခဖြင့် ခံတွင်းမှ သွေးအန်သောဝေဒနာသည် ဖြစ်၏။

အရှင်သာရိပုတြာလည်း ထိုရဟန်းငါးရာတို့ကို မြတ်စွာဘုရားထံသို့ ဆောင်ခဲ့ပြီးလျှင် “အရှင်ဘုရား... ဤဘေဒါနုဝတ္တက ရဟန်းတို့အား အသစ်ပဉ္စင်းခံရဦးအံ့လော”ဟု လျှောက်၏။ ဘုရားသခင်ကလည်း “ချစ်သား သာရိပုတြာ... ဝိနည်း၌ မလိမ္မာခြင်းကြောင့် ငါဘုရား၏ တရားမှတ်၍သာ ဒေဝဒတ်၏သင်းခွဲရာသို့ ပါရှာလေသော ဤရဟန်းတို့အား ကံမထားပါလင့်၊ ထုလ္လစ္စည်းအာပတ်ကိုသာ ဒေသနာကြားစေလော့”ဟု မိန့်တော်မူ၏။

ရှင်ဒေဝဒတ် မြေမျိုပုံ

ဒေဝဒတ်လည်း မိမိပရိသတ်တို့ ပျက်စီးသောနေ့မှစ၍ ရင်မှ သွေးအန်သော ဝေဒနာသည် တနေ့ထက်တနေ့သာ စည်ကားလျက် ကိုးလလွန်သောအခါ “ငါသည် မြတ်စွာဘုရားအား ပြစ်မှားခြင်း ကြီးသောကြောင့် ဤမျှလောက်သော ဒုက္ခကို ခံရချေသည်။ ကန်တော့မှသာလျှင် ထိုအပြစ်ကင်းတော့မည်”ဟု ကြံ၍ မိမိထံ၌ရှိရစ်သော ကောကာလိက အစရှိသော ရဟန်းရှစ်ဦးတို့အား “ဘုရားထံသို့ ငါ့ကို ရောက်အောင် ဆောင်ပါ”ဆိုလျှင် ထိုရဟန်းတို့လည်း အိပ်ရာညောင်စောင်းကိုပင် ထမ်းစင်ပြု၍ ဘုရားရှိရာ သာဝတ္ထိပြည်သို့ လာခဲ့သော် ဇေတဝန် ကျောင်းတော်၏အနီး ရေကန်ကြီးအပါးသို့ ရောက်လျှင် ကိုယ်ကို ရေသန့်စင်ဦးမည်ဟု ထမ်းစင်ကိုချစေ၍ ရေသို့သက်ခြင်းငှါ အားထုတ်လတ်သော် မဟာပထဝီမြေကြီးသည် “သတ္တရဘန်သီဒါ လေးဖြာအဏ္ဏဝ ဒီပလေးသွယ် ကျွန်းငယ်အရံနှင့်တကွ ဆတ်ဆတ်ခါမျှ ကြည်းဟည်းလျက် အသီးသီးသော ရေမြေတောတောင်ကို ရွက်ဆောင်ခြင်းငှာ ငါစွမ်းနိုင်၏၊ သင်ကဲ့သို့သော သူယုတ်သူပျက်သည် ငါ့အထက်၌နေသည်ကို ငါမခံလိုပြီ”ဟု ဆိုသကဲ့သို့ ကြောက်မက်ဖွယ်သော အသံကို ကြော်ငြာလျက် နင်းရာအရပ်မှ ကျွံ၍ တသွန်တည်း အဝီစိငရဲသို့ ရောက်လေ၏။

၈၀။ အဇာတသတ် ဘုရားရှင်၌ သက်ဝင်ယုံကြည်၍ သရဏဂုံတည်ခြင်း

အဇာတသတ် ထိတ်လန့်နေခြင်း

ယင်းသို့ ဒေဝဒတ်အား မြေမျိုလေသောအကြောင်းသည် တသောင်းသော ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ထင်ရှားစွာဖြစ်၏။ ရာဇဂြိုဟ်ပြည်၌ အဇာတသတ်မင်းလည်း ခမည်းတော်အား

(စာမျက်နှာ-၄၃၇)

ပြစ်မှားမိသောနေ့မှစ၍ ကြီးမြတ်လှသော မင်း၏ချမ်းသာကို ကျဉ်းကျပ်စွာသော နှောင်အိမ်ကဲ့သို့ထင်၍ မရွှင်မပျော် စက်တော်မူရာ နေလေရာ၌ အခါခါလန့်ထိတ်လျက် ထက်စွာသော ဓားသွားလှံဖျား၌ တည်နားရသကဲ့သို့ဖြစ်၍ စားမဖြောင့် စက်မပျော်ရှိ၏။ ဤသို့ဖြစ်ရင်းအနေတွင် ဒေဝဒတ်အား မြေမျိုကြောင်းကို ကြားလျှင် “ငါလည်း ဒေဝဒတ်၏ စကားကြောင့် ဘုရားသခင်ကို ပြစ်မှားမိချေသည်။ ဤမြေကြီး ငါ့ကို မျိုဦးအံ့လည်းမသိ”ဟု တွေးဆလျက် အတိုင်းထက်အလွန်ပင် မရွှင်မပျော်နိုင် ဖြစ်၏။

ကိုးကွယ်ရန် ဆရာရှာပုံ

တရံသောအခါ ကြာခေါင်းလောင်းပွင့်တုန်းဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့ညဉ့်၌ မှူးမတ်များစွာတို့ ညီလာခံစဉ်တွင် မိမိပူပင်သော အခြင်းအရာကို ပြန်ကြားလျက် “ကြီးမားသော ငါ၏ဒုက္ခဝေဒနာကို အဘယ်ပညာရှိတို့သည် ပျောက်ပြေအောင် ကြံဆောင်နိုင်ပါအံ့နည်း”ဟု မေး၏။

ထိုအခါ ပူရဏကဿပဆရာကို ကိုးကွယ်သော အမတ်အချို့ကလည်း မိမိတို့ ဆရာ့ဂုဏ်ကို ချီးပလျက် “ပူရဏကဿပဆရာသည် အတိတ် အနာဂတ်နှင့် ပစ္စုပ္ပန်ကိုပင် အမှန် သိမြင်၏။ ထိုဆရာသည် ဖြေဖျောက်ခြင်းငှါ စွမ်းနိုင်ပါလတ္တံ့”ဟု လျှောက်၏။ ကေသကမ္ဗလကို ကိုးကွယ်သော အမတ်တို့ကလည်း ကေသကမ္ဗလကို ညွှန်ကြသည်။ နာဋပုတ္တကို ကိုးကွယ်သော အမတ်တို့ကလည်း နာဋပုတ္တကို ညွှန်ကြသည်။ ပကုဓကစ္စာယနကို ကိုးကွယ်သော အမတ်တို့ကလည်း ပကုဓကစ္စာယနကို ညွှန်ကြသည်။

ဤသို့ အသီးအသီး ညွှန်လတ်သော်လည်း မယူမနာ။ အဇာတသတ်မင်းကား ဘုရားသခင်ထံသို့ ကပ်လိုသော ဆန္ဒရှိရကား ဘုရားအလုပ်အကျွေးဖြစ်သော ဆရာဇီဝက၏ စကားကိုသာ ကြားနာလိုသတည်း။ ထိုဇီဝကလည်း “ငါ့ဆရာဖြစ်သော မြတ်စွာဘုရားကိုကား သူတပါးတို့ဆရာကဲ့သို့ လွယ်လင့်ကာ ငါမညွှန်သင့်သေး”ဟု ကြံလျက် စကားမပြန်နေ၏။

ထိုအခါ အဇာတသတ်မင်းက “အချင်းဇီဝက... အဘယ့်ကြောင့် သင်ဆိတ်ဆိတ်နေသနည်း၊ မိမိတို့ ကိုးကွယ်ရာဆရာကို ညွှန်ကြား၍ သူတပါးပြောဆိုကြသည်ကား နားမဆံ့မျှ ရှိလေပြီ၊ သင့်မှာမူကား စည်းစိမ်ကင်းသော သူဆင်းရဲဖြစ်၍ တစုံတယောက်သော ဆရာကိုမျှ မကိုးကွယ်နိုင်သလော၊ ခမည်းတော်ဘုရား ချီးမြှောက်စား၍ ထားသောသူ ဖြစ်ပါလျက် သဒ္ဓါဝီရိယ သဇ္ဇနဂုဏ် မပြည့်စုံသောကြောင့် တစုံတယောက်သော ဆရာကိုမျှ မကိုးကွယ်ပါသလော”ဟု မေး၏။

ထိုစကားကို ကြားသောအခါ ဆရာဇီဝကလည်း နေရာမှ ထပြီးသော် ရှင်တော်ဘုရားရှိရာသို့ ငါးဖြာသော ရှိခိုးခြင်းတို့ဖြင့် ရှိခိုးပြီးလျှင် “အရှင်မင်းကြီး... အကျွန်ုပ်ကား အဘမဲ့သားကဲ့သို့ ညွှန်ကြားအပ်သော ဆရာကင်းသူ မဟုတ်ပါ၊ ပုဂ္ဂိုလ်သာမန်တို့ကဲ့သို့ ယံဝါတံဝါ ပြောပြခြင်းငှါ မသင့်၍သာ ဆိုင်းလင့်ပါသည်၊ ကျွန်ုပ်ဆရာကား သုံးရွာသောလောက၌ သီလ သမာဓိ ပညာဂုဏ်၌ တစုံတယောက်သောသူမျှ အတုမရှိ အသဒိသစစ် ဖြစ်တော်မူသော အရှင့်ခမည်းတော်ဆရာ မြတ်စွာဘုရားသည် အကျွန်ုပ်၏ ဆရာပါတည်း၊ အရှင်မင်းမြတ်လည်း ဆည်းကပ်ကိုးကွယ်တော်မူပါ။ လိုသမျှအရေးကို မေးလျှောက်တော်မူပါ၊ ဖြစ်လတ်သော စိတ္တဇဝေဒနာသည် လျင်စွာ သက်သာရာရလတ္တံ့”ဟု လျှောက်တင်၏။

(စာမျက်နှာ-၄၃၈)

ဘုရားရှင်ထံ ဆည်းကပ်ရန်

မင်းကြီးလည်း ဘုရားသခင့်၏ ကျေးဇူးစကားကို ကြားရလျှင် ရွှင်လန်းဝမ်းမြောက်စွာ ငါးဖြာသောပီတီဖြင့် ဝလျက် ထိုခဏ၌ပင် သွားချင်သော အာသာဖြစ်ရကား “ဆရာဇီဝက... ငါ့ကို ယခုပင် ဘုရားရှင်ထံသို့ ပို့ဆောင်ပါလော့၊ သွားခြင်းငှါ လျောက်ပတ်သော ဆင်မြင်းရထား ဗိုလ်ပါများကိုလည်း လျင်လျားစွာ စီရင်လေလော့”ဟု စေ၏။ ဆရာဇီဝကလည်း တသောင်းမျှလောက်သော မင်းချင်းပုဏ္ဏား, တသောင်းမျှလေက်သော မှူးမတ်ယောကျ်ားတို့ကို ဝတ်စားတန်ဆာ တင့်တယ်စွာဆင်စေလျက် ပြည်သူအပေါင်းတို့အား “ငါတို့မင်းဖျားသည် ဘုရားထံတော်သို့ ဖူးမြော်ရန် ယခု ထွက်လတ္တံ့၊ နှစ်သက်သူတို့ လိုက်လှည့်ကုန်”ဟု စည်လည်စေ၏။ ပြည်သူအလုံးလည်း ရုန်းရင်းဆန်မျှ ရွှင်လန်းကြလျက် “ဘုရားခြေရင်းသို့ မင်းကြီးကြွလျှင် မြတ်လှသော တရားစကားကို ဟောကြားတော်မူလိမ့်မည်။ ထိုအခါ သာယာလှစွာသော တရားစကားကို ငါတို့ ကြားနာရလတ္တံ့”ဟု ကြံလျက် ခြံရံကာ လိုက်လာကုန်သည်ကား အလွန်များသတည်း။

အဇာတသတ်မင်းလည်း သင်းပင်းပရိသတ်နှင့်တကွ ထိုညဉ့်ပင် ပြည်မှထွက်လေ၍ သရက်ဥယျာဉ်သို့ရောက်လျှင် ဘုရားသခင် စံပယ်တော်မူရာသို့ ကပ်လျက် မိမိ၏ အတ္ထုပ္ပတ္တိကိုဖော်၍ နားတော်လျှောက်တင်၏။ ဘုရားသခင်လည်း သာမညဖလသုတ် ဒေသနာဖြင့် များစွာသော ပရိသတ်တို့အား တရားရေအေး တိုက်ကျွေးတော်မူ၏။ ထိုအခါ အဇာတသတ်မင်းကား လွန်မင်းသော ပိတုဃာတကကံကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ မရောက်ပဲ ဥပါသကာမြောက်သာ သရဏဂုံ ပဉ္စသီ၌ တည်၏။

အဇာတသတ် ကန်တော့ချိန်

မှာထားချက်-ဤအကြောင်းတို့ကား ဝတ္တုစကား မခြားမကွာစိမ့်သောငှါသာ စီစဉ်ကာဆိုလိုက်သည်။ နှစ်,လ,ကား ကွာခြားရှည်လျားဟန်ရှိသည်။ ကျမ်းဂန်၌ကား မည်သည့်နှစ် မည်သည့်ဝါဟု အသေအချာမရှိ။ ယုတ္တိကိုစာနာသော် သတ္တရသမဝါ, ဝီသတိမဝါတို့ကို ရာဇဂြိုဟ်ပြည်၌ ကပ်တော်မူသည်ဖြစ်၍ ထိုအခါပင်ဟု ထင်ပေသည်။ ပါရာဇိကဏ် အဋ္ဌကထာ၌ အဇာတသတ်မင်း နန်းတက်သည့်နောက် ရှစ်နှစ်မြောက်၌ ဘုရားပနိဗ္ဗာန်စံတော်မူသည်ဟု ဆိုသောစကားနှင့် ဆင်ခြင်သော် ဘုရားသခင် ဝါတော် သုံးဆယ့်ခုနစ်ဝါရှိမှ ဗိမ္ဗိသာရမင်း ကံကုန်၍ အဇာတသတ်မင်း နန်းတက်သည်ဟု ဆိုဖွယ်ရာရှိ၏။ ထိုအခါဖြစ်လျှင်လည်း ရာဇဂြိုဟ်ပြည်တွင် ဘုရားမရှိ။ သာဝတ္ထိပြည်၌သာ နိယမဝါဖြင့် စံပယ်တော်မူသည်။ နွေလအခါ ဒေသစာရီ လည်စဉ်ဖြစ်သည်ဟု ယူရမည်လည်း “သာရကောမုဒိယာ = ကြာခေါင်းလောင်းပွင့်တုန်း တန်ဆေင်မုန်း လပြည့်နေ့၌ ဘုရားရှင်ထံ ကပ်သည်”ဟု ဇာတ်အဋ္ဌကထာ သီလက္ခန် အဋ္ဌကထာ၌ လာသောကြောင့် ဒေသနာ၏ အတ္ထုပ္ပတ္တိနှင့် မဆိုင်ချေ။ စာပေသိမြင်သော ပုဂ္ဂိုလ်တို့၏ အရာသာ ဖြစ်သည်။

၈၁။ ဆရာဇီဝက၏ အကြောင်းကို ပြခြင်း

ဆရာဇီဝက၏ အကြောင်းကို အရင်းမှစ၍ ပြလိုက်ဦးအံ့- ငါတို့ဘုရား ပွင့်တော်မူသောအခါ ဝေသာလီပြည်သည် အလွန်စည်ပင် ပြန့်ပြောခြင်းရှိသည်ဖြစ်၍ ခုနစ်ထောင့်, ခုနစ်ရာ့, ခုနစ်ဆယ့်

(စာမျက်နှာ-၄၃၉)

ခုနစ်ဆောင်သော မင်းနေပြာသာဒ် မဏ္ဍပ်ကနား တရားရုံး တိုက်အိမ်တို့သည် ရှိကုန်၏၊ ထိုပြည်၌ လိစ္ဆဝီမင်းတို့သည် မြူးထူးခြင်းအကျိုးငှါ အမ္ဗပါလိကာ အမည်ရှိသော မိန်းမကို ပြည့်တန်ဆာမအရာဖြင့် ကောင်းစွာ ချီးမြှောက်ထား၏၊ ထိုမိန်းမကား သရက်ပင်၌ ကိုယ်ထင်စွဲကပ်၍ ဥပပတ်ပဋိသန္ဓေ တည်နေသောသူတည်း။ အရွယ်လည်းငယ်၏၊ ရှုချင်စဖွယ် တင့်တယ်လှပသော အဆင်းအရောင်လည်းရှိ၏၊ ကခြင်း,သီချင်း မြူးထူးခြင်းတို့၌လည်း လွန်မင်းသော မာယာပရိယယ်တို့နှင့် ပြည့်စုံ၏၊ ထိုမိန်းမအား ပျော်ပါးပေါက်ရောက်လိုသော လူတို့သည် တညဉ့်အခါ၌ အသပြာ ငါးဆယ်ပေး၍ ပျော်ပါးရကုန်၏။ ထိုပြည့်တန်ဆာမကြောင့်လည်း ဝေသာလီပြည်သည် အတိုင်းထက်အလွန်ပင် မြူးရွှင်ပျော်ပါးဖွယ် ဖြစ်သတည်း။

တရံသောအခါ ရာဇဂြိုဟ်ပြည်၌နေသော သူကြွယ်ကြီးတဦးသည် ကူးသန်းရောင်းဝယ်ခြင်းငှါ ဝေသာလီပြည်သို့ ရောက်သော် အံ့သြဘနန်း ထူးဆန်းသော ပြည်၏ အသရေကိုလည်းကောင်း အမ္ဗပါလိကာမည်သော ပြည့်တန်ဆာမ၏ အကြောင်းခြင်းရာကိုလည်းကောင်း စေ့စုံစွာ သိမြင်လေ၏။ ထိုသူကြွယ်ပြန်လာ၍ ရာဇဂြိုဟ်ပြည်သို့ ရောက်သောအခါ ဗိမ္ဗိသာရမင်းကြီးထံသို့ ကပ်၍ ဤသို့ နားတော်လျှောက်၏။ “အရှင်မင်းကြီး... အကျွန်ုပ်သည် ဝေသာလီပြည်သို့ တခုသောကိစ္စကြောင့် ရောက်ပါချေသည်၊ ထိုပြည်သည်ကား အလွန်ပြန့်ပြောစည်ပင်၏၊ ခုနစ်ထောင့် ခုနစ်ရာ့ ခုနစ်ဆယ့် ခုနစ်ဆောင်လောက်စင်သော တိုက်ရုံးပြာသာဒ် မဏ္ဍပ်ကနား တံတား ဥယျာဉ်တို့ဖြင့် တင့်တယ်၏၊ လိစ္ဆဝီမင်းတို့သည် နှစ်မြို့စဖွယ် အရွယ်မကြီး နတ်သမီးတမျှ တင့်တယ်လှပသော အမ္ဗပါလိကာကိုလည်း ပြည့်တန်ဆာမပြု၍ ထား၏။ ထိုမိန်းမကြောင့်လည်း နေ့ညဉ့်မယုတ် အုတ်အုတ်ကျက်ကျက် အတိုင်းထက်အလွန် သာယာ၏၊ အရှင်မင်းကြီး... အကျွန်ုပ်တို့၏ ရာဇဂြိုဟ်၌လည်း ထိုနည်းတူစွာ ပြည့်တန်ဆာမ ထားရသော် အခါတပါးထက် သာယာ၍ ပျော်ပါးဖွယ် ဖြစ်လတ္တံ့”ဟု လျှောက်တင်၏။

မင်းကြီးလည်း “ကောင်းပြီ”ဟု ဝန်ခံ၍ ထားရန်သင့်သောသူကို ရွေးချယ်သော် မင်းနွယ်စိုးမျိုးစပ်သော သာလဝတီ အမည်ရှိသော မိန်းမသည် လှပတင့်တယ် ရှုချင်ဖွယ်သော အဆင်းအရောင်လည်း ရှိ၏။ ကခြင်း သီခြင်းစသော မိန်းမတို့၏ အမူအရာနှင့်လည်း လွန်စွာပြည့်စုံ၏၊ ထိုသာလဝတီအား မင်းကြီးမှ အသပြာတသိန်း, ပြည်သူတို့မှ အသပြာ နှစ်သိန်းအားဖြင့် သုံးသိန်းသော အသပြာတို့ကိုပေး၍ ဆင်မြင်းထမ်းစင် ဥယျာဉ်ဗိမာန်နှင့်တကွ ချီးပ၍ ထားပေ၏၊ ပျော်ပါးလိုသော သူတို့သည် တညဉ့်အခါ၌ အသပြာတရာပေး၍ ပျော်ပါးရကုန်၏။

ဇီဝက၏ မိခင်

သာလဝတီသည် ပြည့်တန်ဆာမဖြစ်၍ မကြာမြင့်မီ ဗိမ္ဗိသာရမင်းကြီး၏ သားတော်ဖြစ်သော အဘယမင်းသားသည် ပျော်ပါးဝင်ထွက်ရာ သန္ဓေတည်လေ၏။ ထိုအခါ သာလဝတီလည်း မိမိ၌ သန္ဓေရှိသောအဖြစ်ကို ယောကျ်ားတို့ မသိစိမ့်သောငှါ မကျန်းမာယောင် ဆောင်ပြီးသော် တံခါးစောင့်ကိုခေါ်၍ “အချင်း တံခါးစောင့်.. သူတပါးတို့ ငါ့ကိုမေးမြန်းလျှင် မကျန်းမမာရှိသည်ဆို၍ တံခါးကို ပိတ်လင့်လော့၊ မည်သည့်သူမျှ ငါ့ထံသို့ မဝင်စေလင့်”ဟု မှာ၍ လုံရာတိုက်ခန်း၌သာ နေ၏။ ဆယ်လစေ့သောအခါ တင့်တယ်စွာသော သားယောက်ျားကို ဖွား၏။

သာလဝတီလည်း သားငယ်ရှိသော မိန်းမတို့အား ယောက်ျားတို့ မနှစ်သက်ချေ၊ မနှစ်သက်လေကလည်း ငါ့အား လာဘ်သပ်စည်းစိမ် ဆုတ်ယုတ်ရာချေသည်ဟု ကြံ၍ ကျွန်မတို့ကို ခေါ်ပြီးလျှင်

(စာမျက်နှာ-၄၄၀)

“သူငယ်ကို ဗန်းဝယ်သိပ်၍ မြို့ပြင် တံမြက်ချေးစွန့်ရာ၌ ပစ်ချေ”ဟု စေလိုက်၏။ ကျွန်မတို့လည်း ဆိုတိုင်းပင် ပစ်စွန့်လေ၏။

ထိုနေ့ အဘယမင်းသားသည် စောစောထလျက် မင်းခစားအံ့သောငှါ နန်းတော်သို့ လာလတ်သော် လမ်း၏အနီး၌ ကျီးငှက်ဝန်းရံ၍ နေသည်ကို မြင်လျှင် နောက်တွင်ပါသော ယောက်ျားတို့ကို သွား၍ကြည့်စေသဖြင့် သူငယ်ဖြစ်ကြောင်းလျှောက်လျှင် “အသက်ရှင်ပါသေး၏လော”ဟု မေး၏။ ရှင်ပါကြောင်း လျှောက်သော် “ငါနှင့် ထိုက်လျော်၍ တွေ့ချေသည်။ ငါမွေးမြူအံ့၊ ယူခဲ့လော့”ဟု ဆို၍ မိမိအိမ်သို့ ဆောင်ပြီးလျှင် နို့ထိန်းမတို့ကို အပ်နှင်း၍ မွေးမြူလေ၏။ အမည်မှည့်အံ့သောကာလ “ထိုသူငယ် အသက်ရှင်သေး၏လော”ဟု မေးဖူးသောစကားကြောင့် သူငယ်အား “ဇီဝက”ဟူသော အမည်ကို မှည့်ကုန်၏။ အဘယမင်းသား ကောက်ယူ မွေးမြူခြင်းကြောင့်လည်း “ကောမာရဘစ္စ”ဟု တွင်သတည်း။

ထိုဇီဝကသည် သိကြားလိမ္မာသောအရွယ်သို့ ရောက်သောအခါ သဟာယဖြစ်သော သူငယ်တို့နှင့် ကစား၍ ငြင်းခုံခိုက်ရန် ဖြစ်လတ်သော် အဖော်သူငယ်တို့က “အမိမဲ့သား အဖမဲ့သား အုတ်ကြားမြက်ပေါက် ကောက်၍ ရသောသူ”ဟု ဆဲရေးကြသော စကားကို ကြားရသဖြင့်လည်းကောင်း၊ တပါးသော သူငယ်တို့မှာ ကစးရာဌာန၌ပင် အစ်ကိုအစ်မ မိထွေးမိကြီး စသောသူတို့သည် စားဖွယ်သောက်ရာ ပေးကမ်းလာသည်ကို မြင်သဖြင့်လည်းကောင်း ဆင်ခြင်ကြံဆလျက် အဖဖြစ်သော အဘယမင်းသားအား သနားဖွယ်သောအမှုကို ပြုပြီးလျှင် “အရှင့်သား.. အကျွန်ုပ်၏ မိဘတို့ကား အသူနည်း”ဟု မေး၏။ အဘယမင်းသားကလည်း “ချစ်သား.. သင်၏မိခင်ဖခင်ကို စင်စစ်အားဖြင့် ငါမသိ၊ ငါကမူကား မွေးမြူသော အဖပေတည်း”ဟု ဆို၏။

ထိုစကားကို ကြားရသော ဇီဝကလည်း ဤသို့ကြံ၏။ “ဤမင်းအိမ်၌ နေခြင်းသည် ထမင်းဝရုံ ခါးလှရုံသာ ဖြစ်သည်။ လူတို့၌ အတတ်ပညာမရှိက အသက်မွေးခက်လှချေသည်၊ တစုံတခုသော ပညာကိုတတ်မှ လူခပ်သိမ်းလည်း ရိုသေမည်။ အသက်မွေးလည်း သက်သာမည်၊ တခုခုသော ပညာကို ငါသင်ဦးအံ့၊ သို့ရာတွင် ဆင်အတတ်, မြင်းအတတ်, လေးလှံအတတ်စသော အတတ်မျိုးသည် သူတထူးအား ညှဉ်းဆဲနှိပ်စက်ခြင်းနှင့် မကင်းသော အတတ်သာ များသည်။ ဆေးအတတ်မူကား သတ္တဝါတို့အား သနားခြင်း ကရုဏာနှင့်လည်း ယှဉ်၏၊ သူ့အကျိုးစီးပွားကိုလည်း ဆောင်နိုင်၏၊ ကိုယ်ကျိုးစီးပွားလည်း များ၏၊ ဘုရားသခင်တို့အားလည်း သူတပါး မလုပ်မကျွေးသော ဆေးပစ္စည်းဖြင့် လုပ်ကျွေးပူဇော်ရ၏။ ထို့ကြောင့် ဆေးအတတ်ကို သင်ရသော် ကောင်း၏”ဟု ကြံပေ၏။

ဇီဝက၏ ရှေးဆုတောင်း

ထိုဇီဝကကား ကမ္ဘာတသိန်း၏အထက်၌ ပဒုမုတ္တရဘုရား ထင်ရှားပွင့်တော်မူသောအခါ တဦးသော ဥပါသကာဖြစ်၍ ဘုရားအမှူးရှိသော သံဃာတို့အား ပစ္စည်းဖြင့် လုပ်ကျွေး၍ မေးလိုတိုင်းသော ပြဿနာကို မြတ်စွာဘုရားအား လျှောက်ထားလျက် များစွာသော မင်းပုဏ္ဏားသဌေးတို့၏ စုဝေးပူဇော်ရာဖြစ်သော သီလဝအမည်ရှိသော ဆေးသမားကြီးကို မြင်သဖြင့် “ငါလည်း ဤသူကဲ့သို့ ဘုရားရှင်တို့၏ အလုပ်အကျွေး ဆေးသမားကောင်းအဖြစ်ကို ရောက်စေသော”ဟု

(စာမျက်နှာ-၄၄၁)

တောင့်တလျက် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော သံဃာတော်တို့အား အလှူကြီးကိုပေး၍ တရားတော်ကို နာပြီးမှ “အကျွန်ုပ်သည် နောင်ဘုရားရှင်တို့၏ သာသနာ၌ ဤဆရာကဲ့သို့ ဖြစ်စေသော”ဟု ဆုတောင်း၏၊ ထိုအကြောင်းကံသည် စီမံတိုက်တွန်းအပ်သည်ဖြစ်၍ ဆေးအတတ်ကိုသင်အံ့ဟူသော ထိုအကြံကို ကြံမိလေသတည်း။

ဆေးအတတ် သင်ကြားပုံ

ထိုသို့ ကြံပြီးသော် အရပ်ရှစ်မျက်နှာ မြို့ကျေးရွာမှ ရောက်လာကုန်သော ကုန်သည်တို့အား “သင်တို့အရပ်၌ သမားကောင်း ရှိ၏လော, မရှိလော”ဟု မေးမြန်းခြင်းကိုပြု၏။ တရံသောအခါ တက္ကသိုလ်ပြည်မှလာသော ကုန်သည်တို့က “အကျွန်ုပ်တို့အရပ်ဝယ် ဆေးအတတ်၌ အထွတ်အထိပ်သို့ရောက်သော ဒိသာပါမောက္ခဆရာ ရှိပါသည်”ဟု ပြော၍ ကြားရသဖြင့် ထိုဇီဝကလည်း အဘဖြစ်သော အဘယမင်းကိုမျှ မပန်ကြားပဲ ကုန်သည်တို့နှင့် လိုက်သွားသဖြင့် ထိုဆရာ့ထံသို့ ရောက်လေသော် ရိုသေစွာ ချဉ်းကပ်၍ အတတ်ကို သင်လိုပါကြောင်းဖြင့် ခွင့်တောင်း၏။

ဒိသာပါမောက္ခဆရာလည်း “ချစ်သား.. သင်သည် အဘယ်ပြည် အဘယ်အမျိုးအရိုးကနည်း”ဟု မေး၏၊ ဇီဝကလည်း “အကျွန်ုပ်ကား ရာဇဂြိုဟ်ပြည်ကို အစိုးရသော ဗိမ္ဗိသာရမင်းကြီး၏ မြေးပါတည်း”ဟု ဆိုပေ၏။ “ချစ်သား... ဘယ်အတတ်ကို သင်လိုသနည်း”ဟု မေးလျှင် “ဆေးအတတ်ကို သင်လိုပါသည်”ဟု ဆို၏။ “ထိုသို့တပြီးကား ချစ်သား.. သင်လော့”ဟု အခွင့်ပေး၏။

ဇီဝကလည်း သင်ခွင့်ရသော အခါမှစ၍ နေ့ညဉ့်မယုတ် လုံ့လထုတ်လျက် အကုတ်တပတ် ဆရာ့ထံကပ်၍ မှတ်သားသင်ကြား၏။ တပါးသော မင်းသားတို့မူကား ဆရာအား များစွာ ရွှေငွေပေး၍ ဆရာ့ကိစ္စကို စိုးစဉ်းမျှမဆောင်ပဲ အတတ်ကိုသာ သင်၏၊ ဇီဝကမူကား ဆရာစား အခမပေးရခြင်းကြောင့် “ငါ့ကို ဆရာချစ်ကြင်မှ ပညာတတ်လွယ်ချိမ့်မည်”ဟု ကြံလျက် ပရိကံကိစ္စ ရှိသမျှကို နေ့ညဉ့်ဆောင်ရွက်၍ လပ်သော အကွက်အခါ ကာလ၌သာ ပညာကိုသင်ရ၏၊ ထိုသို့ပင် သင်ရသော်လည်း ဉာဏ်ပဋိဘာန် ထက်သန်လှသောကြောင့် များစွာလည်း သင်နိုင်သည်။ သင်တိုင်းသင်တိုင်းလည်း မှတ်နိုင်သည်။ သူတပါးတို့ တဆယ့်ခြောက်နှစ်တိုင်တိုင် သင်ရသောအတတ်ကို ဇီဝကသည် ခုနစ်လဖြင့် ကုန်စင်အောင် တတ်မြောက်၏။

သိကြားမင်းလည်း “ဤဇီဝကကား ဘုရားသခင်၏ အလုပ်အကျွေး ဖြစ်လတ္တံ့”ဟု သိ၍ ဒိသာပါမောက္ခ ဆရာ့ကိုယ်၌ မှီကပ်၍ အတတ်သင်လာ၏။ ထို့ကြောင့် ဇီဝကဆရာကား ကံကုန်သောအနာကို ချန်ခြွင်း၍ ကြွင်းသမျှ စိတ္တဇ, ဥတုဇ, အာဟာရဇ အနာတို့ကို တကြိမ်ဆေးပေးကာမျှဖြင့် ပျောက်ပကင်းရှင်းစေတတ်သော ဆေးအတတ်ကို တတ်၏။

ဆေးအတတ် တတ်ပြီ

ယင်းသို့သင်၍ ခုနစ်နှစ်ရှိသောအခါ “ငါသည် ဆေးအတတ်ကို အလျင်အလျား များစွာလည်း သင်ပါသည်၊ သင်သမျှကိုလည်း မေ့လျော့ရသည်မရှိ မှတ်မိပါသည်၊ ယခု ခုနစ်နှစ်တိုင်ချေပြီ၊ ဤဆေးအတတ်သည် အဆုံးတိုင်မည်ပင် မထင်ချေ”ဟု အကြံဖြစ်၏၊ ဤသိုကြံခြင်းသည်လည်း သိကြားမင်း ဆရာ့ကိုယ်၌ ပူးကပ်ရာမှ လွတ်လျှင်ပင် ကြံမိသတည်း၊ ယင်းသို့ ကြံပြီးမှ ဆရာ့ထံ

(စာမျက်နှာ-၄၄၂)

ကပ်ပြီသော် “ဆရာ... အကျွန်ုပ်သည် သူတပါးထက်လွန်၍ မှတ်သားသင်ကြားပါသည်။ သင်တိုင်းလည်း မမေ့မလျော့ရပါ၊ ခုနစ်နှစ်လည်း ကြာချေပြီ၊ ဤဆေးအတတ်၏ အဆုံးကိုလည်း မထင်ပါ၊ အဘယ်အခါမှ ဆုံးနိုင်ပါအံ့နည်း”ဟု မေး၏။

ဆရာကလည်း “ဤသူငယ်သည် ငါ၏အာနုဘော်ကြောင့်သာ တတ်လိမ္မာသည် မဟုတ်၊ နတ်တို့၏ အာနုဘေကြောင့်လည်း တတ်ချေသည်”ဟု သိ၍ “အချင်းဇီဝက.. တူးရွင်းတစင်းကို ယူလျက် တံခါးလေးမျက်နှာမှ ထွက်၍ လေးရက်စေ့အောင် တက္ကသိုလ်ပြည်၏ ထက်ဝန်းကျင် တယူဇနာအတွင်း၌ ဆေးမဝင်သော သစ်ပင်ကို သင်လှည့်၍ရှာလေ”ဟု စေလိုက်၏။

ဇီဝကလည်း ဆရာဆိုတိုင်း ထွက်၍ ရှာလေသော် ပြည်လေးမျက်နှာ တယူဇနာအတွင်းတွင် ဆေးမဝင်သော သစ်ပင်တခုကိုမျှ မတွေ့ရ၍ ဆရာ့ထံသို့ ပြန်ခဲ့ပြီးလျှင် “ဆရာကြီးဆိုတိုင်း ကျွန်ုပ်ရှာပါသော် ဆေးမဖော်ရသော သစ်ပင်သည် တစုံတခုမျှ မတွေ့ပါ”ဟု ဆို၏။ ထိုအခါ ဒိသာပါမောက္ခ ဆရာကလည်း “အချင်းဇီဝက.. သင်သည် ဆေးအတတ်ကို တတ်မြောက်လေပြီ။ ဤအတတ်ကိုမှီ၍ အသက်မွေးလော့”ဟု ဆို၍ အနည်းငယ်သော ရိက္ခာကိုသာ ပေးလိုက်၏။

(အဘယ့်ကြောင့် အနည်းငယ်သာ ပေးသနည်းဟူမူကား- “ဤဇီဝကကား မြင့်မြတ်သောသူ၏ သားတည်း၊ ရောက်လျှင် မိဘတို့ထံမှ များစွာသော လာဘ်ပူဇော်ကို ရလတ္တံ့။ ထိုသို့ရလျှင် ငါသင်လိုက်သော ဆေးအတတ်၏ ကျေးဇူးကို အထူးမသိရှိလတ္တံ့၊ ခရီးအကြား၌ ရိက္ခာကုန်၍ ဆေးကုရသည်ရှိသော် မိမိအတတ်၏ ကျေးဇူးဂုဏ်ကို ပြည့်စုံစွာ သိလတ္တံ့သတည်း”ဟု ကြံ၍ အတန်ငယ် ရိက္ခာကိုသာ ပေးလိုက်သတည်း)

သတင်းစကား

ဇီဝကလည်း ထိုအနည်းငယ်သော ရိက္ခာကိုယူ၍ ရာဇဂြိုဟ်ပြည်သို့ လာခဲ့သော် ခရီးအကြားဖြစ်သော သာကေတပြည်သို့ ရောက်လျှင် မိမိတွင် ရိက္ခာကုန်ပြတ်၍ ဆေးကုအပ်သော သူနာကို ရှာဖွေမေးမြန်းသော် သာကေတပြည်၌ တဦးသော သဌေးမယားဝယ် ခုနစ်နှစ်လည်ပြီးသော ဦးယဉ်းခေါင်းခဲနာသည် ရှိ၏။ ထိုအနာကို ဆရာသမားတို့ကို များစွာ ကုသစေသော်လည်း ရွှေငွေစရိတ်သာကုန်၍ တစုံတရာမျှ သက်သာခြင်း မဖြစ်နိုင်။

ဇီဝကလည်း ထိုသဌေးမ၏ သတင်းစကားကို ကြားသဖြင့် အိမ်သို့ဝင်ပြီးလျှင် “ဤအိမ်တွင် ရောဂါဖြစ်သူ ရှိသလော”ဟု မေး၏။ ကျေးကျွန်တို့ကလည်း “ကျွန်ုပ်တို့သဌေးမဝယ် ခုနစ်နှစ်ကာလ ကြာပြီးသော ဦးယဉ်းခေါင်းခဲနာသည် ရှိ၏၊ ထိုအနာကို ဆရာကုနိုင်ပါအံ့လော”ဟု မေး၏။ ဇီဝကလည်း “ငါကုနိုင်၏၊ သင်တို့အရှင် သဌေးမကိုသာ ကြားလျှောက်ချေ”ဟု စေ၏။

တံခါးစောင့်တို့လည်း သဌေးမအား အကြောင်းကို လျှောက်လေလျှင် “သင်တို့ဆေးသမားသည် ဘယ်မျှလောက် အရွယ်ရှိပြီနည်း”ဟု မေး၏။ “အရှင်မ... ဆေးသမားကား ငယ်ပါသေး၏၊ အသက်နှစ်ဆယ်ကျော်သာ ရှိပါလတ္တံ့”ဟု ဆိုလျှင် “အချင်းတံခါးစောင့်.. သမားငယ်မူ ဘယ်မှာကုသနိုင်အံ့နည်း၊ ဒိသာပါမောက္ခဖြစ်၍ ကျော်စောထင်ရှားသော သမားကြီးတို့ပင် ကုသ၍ မတတ်နိုင်၊ ရွှေငွေသာ များစွာပြုန်းတီးကုန်သည်”ဟု ဆို၏။ ထိုတံခါးစောင့်လည်း ပြန်ခဲ့၍ သဌေးမဆိုလိုက်သော စကားကို ဇီဝကအား ကြား၏။

(စာမျက်နှာ-၄၄၃)

ဇီဝကလည်း “အချင်းတံခါးစောင့်... အသက်ကြီးသည် ငယ်သည်ဆိုရာမှာ ပမာဏမဟုတ်၊ အတတ်ပညာသာ ပမာဏဖြစ်သည်။ ကျွန်ုပ်ကုသ၍ ရောဂါမပျောက်လျှင် တချင်ရွေးမျှ အခမယူပါ၊ ပျောက်သော်သာ ယူပါမည်ဟု သင်တို့သဌေးမကို ပြောဆိုပါချေဦး”ဟူ၍ စေပြန်၏။ တံခါးစောင့်သည်လည်း ထိုအတိုင်းပြန်ကြားလေလျှင် “ယင်းသို့ဖြစ်တပြီးကား သင်တို့သမားကို ခေါ်ခဲ့လော့”ဟု ဆို၏။

ပဌမအကြိမ် ဆေးကုခြင်း

တံခါးစေင့်သည်လည်း နှစ်လိုဝမ်းသာ အခေါ်လာ၍ ဆရာဇီဝကသည် သဌေးမရှိရာသို့ ရောက်လေ၏၊ ဆရာလည်း အနာဖြစ်ဟန်ကိုမြင်လျှင် “အရှင်သဌေးမ... တလက်ဆွမ်း (လက်ခုပ်တဖက်ဆန့်) မျှသော ထောပတ်ကို အလိုရှိပါ၏”ဟု ဆို၏။ ထိုသဌေးမလည်း ထောပတ်ကို ပေးစေ၏။ ဇီဝကလည်း တလက်ဆွမ်းမျှသော ထောပတ်ဝယ် အသွယ်သွယ်သော ဆေးတို့ကို ရောနှောလျက် ကောင်းစွာချက်ပြီးမှ သဌေးမကို ညောင်စောင်းထက်၌ ပက်လက်အိပ်စေ၍ ထိုဆေးရည်ဖြင့် နှာနှပ်၏၊ ထိုနှာရည်သည် နှာခေါင်းဖြင့်ဝင်လျက် ခံတွင်းမှ အန်ထွက်၏၊ သဌေးမလည်း ထွေးခံဖြင့်ခံ၍ ကျွန်မတို့ကို “ဂွမ်းဖြင့်တို့၍ ယူလော့”ဟု ဆို၏။

ထိုအမူအရာကို ဆရာဇီဝကမြင်လျှင် ဆင်ခြင်လတ်သည်ကား- “ဪ..အံ့ဖွယ်ရှိစွ.. ဤသဌေးမသည် ကြီးကျယ်လှသော စည်းစိမ်ရှင်ဖြစ်လျက် ခံတွင်းမှထွက်သော ထောပတ်ကိုမျှ မလွင့်ပါးရအောင် ဝါဂွမ်းတို့ဖြင့် ယူပြန်လေ၏။ အဖိုးများစွာ ထိုက်တန်သောဆေးကို ငါ ပေးပါသော်လည်း ငါ၏ဆေးသာကုန်၍ တစုံတရာမျှ ငါ့အား ပေးမည်မထင်”ဟု ဆင်ခြင်တိုင်းထွာလျက် မျက်နှာညှိုးညှိုးနေ၏။

ထိုသို့နေသည်ကို သဌေးမမြင်လျှင် ပညာရှိသူဖြစ်ရကား ဆရာဇီဝက၏ နှလုံးထားကို ကြံမိ၍ “ဆရာ.. အဘယ့်ကြောင့် နှလုံးမသာ မျက်နှာမရွှင် ရှိသနည်း၊ အကျွန်ုပ်သည် ဆေးဝါးကုသသော ဆရာ့ကျေးဇူးကို သိတတ်ပါ၏၊ ဤထောပတ်သည် အကျိုးမနပ်ပဲ မကုန်သင့်ပါ၊ ကျွန်ုပ်တို့အား ခြေပူနာ သုတ်စရာလည်း ကောင်းသေး၏၊ ဆီမီးညှိထွန်းစရာလည်း ကောင်းသေး၏ဟု နှလုံးပြု၍သာ ယူစေပါသည်၊ ဝေဒနာပျောက်က ဆရာ့ကျေးဇူးကို အထူးဆပ်ပါမည်”ဟု ဆို၏။ ထိုစကားကို ကြားသောအခါမှ ဆရာဇီဝကလည်း “ဤသဌေးမကား ပညာရှိပေစွ၊ အခွင့်သိပေစွ”ဟု ရွှင်ပဝမ်းသာရှိ၏။

ယင်းသို့ ခုနစ်နှစ်တိုင်တိုင်ကြာသော ဦးယဉ်းခေါင်းခဲနာကို တခါတည်း နှာနှပ်သောဆေးဖြင့် ကင်းဝေးချမ်းသာစေ၏။ သဌေးမလည်း ရောဂါချမ်းသာသော် အသပြာလေးထောင် ဆေးခပြု၍ပေး၏။ သဌေးမ၏သားလည်း “ငါ့မိခင်အား အနာကင်းစေပေသည်”ဟု အသပြာလေးထောင်ပင် ပေး၏။ ချွေးမလည်း အသပြာလေးထောင်, သဌေးကြီးကလည်း အသပြာလေးထောင်, ဤမှတပါး ကျွန်မိန်းမ, ကျွန်ယောက်ျား, ရထား,ဆင်မြင်းတို့ကိုလည်း ပေး၏။ ဆရာဇီဝကလည်း ထိုတသောင်းခြောက်ထောင်မျှသော အသပြာနှင့် ယူရာသမျှသော ကျွန်သမီး, ကျွန်ယောက်ျားတို့ကိုယူ၍ ရာဇဂြိုဟ်မြို့သို့ လာခဲ့၏။

ရောက်သောကာလ အဘယမင်းသားထံကပ်၍ “အရှင့်သား... ယခုပါသော လာဘ်သပ်ပကာ ဥစ္စာကျေးကျွန်စုသည် တကြိမ်သာ ဆေးကု၍ရသော လာဘ်ဦးပင်တည်း၊ ကျွန်ုပ်ကို မွေးပေသော

(စာမျက်နှာ-၄၄၄)

ကျေးဇူးအားဖြင့် အရှင့်သားပင် သိမ်းတော်မူပါ”ဟု လျှောက်ထား၏။ အဘယမင်းကလည်း “အချင်းဇီဝက... သင်ရခဲ့သော ဥစ္စာသည် သင့်အဖို့သာ ဖြစ်စေလော့၊ သင်မူကား ငါ့အိမ်တော်သို့ဝင်၍ နေလှည့်”ဟု ဆို၏။ ဇီဝကလည်း အဘယမင်း၏အိမ်တော်သို့ ဥစ္စာကျေးကျွန်တို့ကို သွင်း၍ အတွင်းသားပြု၍ နေ၏။

ထိုအခါ ဗိမ္ဗိသာရမင်းကြီးအား မြင်းသရိုက်ရောဂါ စွဲရကား ဝတ်လဲတော်တို့၌ သွေးအလိမ်းလိမ်း ကပ်သည်ဖြစ်၍ မိဖုရားမောင်းမမြင်လျှင် “ငါတို့အရှင် မင်းကြီးအား မီးယပ်သွေး မပြတ်လာသည်၊ အဘယ်အခါ သန္ဓေယူလိမ့်နည်း”ဟု ပြက်ရယ်ပြုကြကုန်၏။ မင်းကြီးလည်း ထိုကျီစယ်စကားကြောင့် ရှက်နိုးရကား မျက်ညှိုးတမှုန်မှုန် ရှိရ၏။

ဒုတိယအကြိမ် ဆေးကုခြင်း

တနေ့သောအခါ ဗိမ္ဗိသာရမင်းကြီးသည် အဘယမင်းကိုခေါ်၍ “သားတော်အဘယ... ငါ့အား သွေးမြင်းသရိုက်အနာသည် ညှဉ်းဆဲ၍ ဝတ်လဲတော်တို့၌ သွေးအလိမ်းလိမ်း ကပ်ကုန်သည်။ မိဖုရားတို့ ငါ့အား ကျီစယ်လှသောကြောင့် မျက်နှာထားရာမရ ရှိခဲ့သည်၊ ထိုဝေဒနာ ချမ်းသာအံ့သောဆေးကို မေးမြန်း၍ ငါ့ကိုဆက်ပါ”ဟု ဆို၏။

ထိုအခါ အဘယမင်းသားကလည်း “အရှင်မင်းကြီး... အကျွန်ုပ်တို့၏ ဇီဝကသည် ဆေးကုသသောပညာ၌ အလွန်တတ်မြောက်၍ လာသည်၊ ထိုဇီဝကကို ကုစေရသော် မလျော်လော”ဟု လျှောက်၏။ မင်းကြီးလည်း “သင်၏ဇီဝကကို ငါ့ထံသို့ လာစေလော့”ဟု ဆို၍ ထိုအနာကို ဆေးကုစေသော် လက်သည်းပေါ်၌ပါသော ဆေးကို တကြိမ်တည်း လိမ်းစေကာမျှဖြင့်ပင် ထိုဝေဒနာ ကင်းလွတ်လေ၏။

မင်းကြီးလည်း အလွန်ဝမ်းမြောက်လှရကား မောင်းမငါးရာတို့ ဆင်ယင်သော တန်ဆာကို စုပုံစေ၍ “ဤရွှေငွေရတနာ တန်ဆာအစုတို့ကို ဇီဝက.. သင်ယူလော့”ဟု ဆုပေးတော်မူ၏။ မင်းကြီး၏ နှလုံးတော်ကား ဤဥစ္စာတို့ကို အကယ်၍ ယူသည်ဖြစ်အံ့၊ သင့်တင့်သောအရာ၌ထား၍ မြှောက်စားအံ့၊ အကယ်၍ မယူမူကား အတွင်းသားပြု၍ ချီးမြှောက်အံ့ဟု အကြံရှိ၏။

ဇီဝကလည်း “အရှင်မင်းကြီး... အဘိုးအဘွားတို့၏ ပစ္စည်းဘဏ္ဍာကို ကျွန်ုပ်ယူခြင်းငှါ မသင့်၊ သက်တော်ရှည်သမျှ ကျွန်ုပ်ကုသသော ကျေးဇူးကိုသာ အောက်မေ့တော်မူပါလော့”ဟု လျှောက်၏။ မင်းကြီးလည်း အလွန်ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ နှစ်သက်လောက်သော နေရာကိုလည်းကောင်း၊ ဘေးတော်,ဘိုးတော်တို့၏ အမွေဖြစ်သော သရက်ဥယျာဉ်ကိုလည်းကောင်း၊ တနှစ်လျှင် တသိန်းအခွန်ရသော မြို့ရွာကိုလည်းကောင်း၊ ထူးမြတ်သော အသုံးအဆောင်တို့ကိုလည်းကောင်း ပေး၏။ “အချင်းဇီဝက.. ငါတို့ကိုလည်းကောင်း၊ မောင်းမမိဿံတို့ကိုလည်းကောင်း၊ ဘုရားအမှူးရှိသော သံဃာတော်တို့ကိုလည်းကောင်း ဆေးဖြင့် လုပ်ကျွေးမစလော့”ဟု ဆို၏။ ဇီဝကလည်း “ကောင်းပါပြီ”ဟု ဝန်ခံ၏။

တတိယအကြိမ် ဆေးကုခြင်း

တရံသောအခါ ရာဇဂြိုဟ်ပြည်၏ မြောက်မျက်နှာ၌နေသော မဟာသာက သဌေးအား ခုနစ်နှစ်ရှိသော ဦးယဉ်းခေါင်းခဲနာသည် လွန်စွာ တိုးပွား၍ ကျော်စောထင်ရှားသော သမားကြီးတို့ကို ခေါ်၍

(စာမျက်နှာ-၄၄၅)

ကုသပါသော်လည်း ချမ်းသာမရ ရွှေငွေဥစ္စာကိုသာ များစွာယူကြပြီးသော် “ဤသဌေးကား ဆေးကု၍ မဖြစ်သာပြီ၊ ဤဝေဒနာဖြင့် သေလတ္တံ့၊ ကြာလှပါမှ ငါးရက်သာ ခံတော့မည်”ဟု အချို့က ဆို၏။ အချို့ဆရာကလည်း “ခုနစ်ရက်သာ ခံတော့မည်”ဟု ဆို၏။

ထိုအခါ နိဂုံးရွာ၌နေသော အဆွေသူကြွယ်တဦးသည် ဤသို့ ကြံ၏။ “ဤဦးယဉ်းခေါင်းခဲနာရှိသော သဌေးကြီးကား မင်းကြီးအားလည်း များစွာ ကျေးဇူးရှိပေသည်။ ကျေးရွာနေသူတို့အားလည်း များစွာကျေးဇူးရှိပေသည်၊ သေခွင့်မရောက်လျှင် ထမြောက်ပါစေဦး၊ ငါတို့မင်းကြီး၏ ဆရာဇီဝကသည် ဆေးကုသသောပညာ၌ အလွန်လိမ္မာသည်ဟု ကြားသည်၊ ထိုသမားကို မင်းကြီးအား သံတော်ဦးတင်၍ ခေါ်ပြီးမှ ကုစေရသော် ကောင်းရာ၏”ဟု ကြံပြီးလျှင် ဗိမ္ဗိသာရမင်းကြီးထံသို့ ကပ်လေ၍ သဌေး၏အတ္ထုပ္ပတ္တိကို လျှောက်ဆိုပြီးသော် “အရှင်မင်းကြီး.. ဆရာဇီဝကကို ကုသရန် စေလွှတ်တော်မူပါ”ဟု တောင်းပန်၏။ မင်းကြီးလည်း“ကောင်းပြီ”ဟု ဝန်ခံ၍ ဇီဝကကို သဌေးအား ဆေးကုချေဟု စေလိုက်၏။

ဇီဝကလည်း သူနာသဌေးရှိရာ လိုက်လာ၍ ရောက်သော် ဖောက်ပြန်သော အခြင်းအရာကို စေ့စုံစွာ ကြည့်ရှုပြီးမှ “သဌေးကြီး.. သင်၏ရောဂါကို ကင်းကွာအောင် ငါကုမည်၊ ငါ့အား ဘယ်မျှ ဆေးခပေးအံ့နည်း”ဟု မေး၏။ သဌေးကြီးကလည်း “ဆရာ.. အလုံးစုံသော ငါ၏ဥစ္စာသည် ဆရာ့ဥစ္စာ ဖြစ်စေအံ့၊ သားမယားနှင့် တကွသော ငါသည်လည်း ဆရာ၏ကျွန် ပြုအံ့”ဟု ဆို၏။

ထိုသို့ဖြစ်လျှင် “သင်သဌေးသည် လက်ဝဲနံတောင်းဖြင့် ခုနစ်လပတ်လုံး အိပ်နိုင်ပါအံ့လော”ဟု မေး၏။ “အိပ်နိုင်ပါ၏”ဟု ဝန်ခံလျှင် ထို့နောင် “လက်ယာနံတောင်းဖြင့် ခုနစ်လ, ပက်လက်လည်း ခုနစ်လ အိပ်နိုင်ပါအံ့လော”ဟု မေးပြန်၏။ “အိပ်နိုင်ပါ၏”ဟု ဝန်ခံလျှင် “ယင်းသို့တပြီးကား ငါကုစားတော့အံ့”ဟု ဆို၍ သဌေးကို ညောင်စောင်းငယ်ထက် အိပ်စေပြီးသော် နှာ၏အာနုဘော်ဖြင့် အိပ်ပျော်စေ၍ ဦးခေါင်းရေကို ဓားငယ်ဖြင့်လှစ်၍ ဦးနှောက်ကိုစားသော ပင့်ကူပမာဏရှိသော ပိုးနှစ်ကောင်ကိုထုတ်၍ လူအများအား ပြ၏၊ “အချင်းတို့.. ရှုကြလော့၊ ဤပိုးနှစ်ကောင်တွင် အကြီးဖြစ်သော ပိုးသည် ဦးနှောက်ကို စားငြားက ငါးရက်နှင့် ကုန်ရာသည်။ ဤအကြောင်းကိုမြင်သဖြင့် ယခင်သမားတို့က ငါးရက်နှင့် သေမည်ဟု ဆိုပေကုန်သည်။ ဤပိုးငယ်သည် ဦးနှောက်ကို စားခဲ့သော် ခုနစ်ရက်နှင့် ကုန်ရာသည်၊ ဤအကြောင်းကိုတွက်၍ ခုနစ်ရက်နှင့် သေမည်ဟု ဆိုပေကုန်သည်။ ထိုသမားတို့လည်း သိမြင်ပေစွ”ဟု ဆိုပြီးလျှင် ပိုးကိုပစ်စေ၍ ဦးရေကို စေ့မြဲ စေ့ပြီးမှ ဆေးလိမ်းလေလျှင် ခုနစ်ရက်နှင့်ပင် ချမ်းသာ၏။ ခုနစ်ရက်သုံးလီစေ့လျှင် ပြကတေ့သာ ကျန်းမာလေ၏။

ထိုအခါ ဆရာဇီဝကက “သဌေးကြီး.. သင်၏ဝေဒနာသည် ခုနစ်ရက်သုံးလီကြာလျှင် ချမ်းသာလတ္တံ့”ဟု ငါသိ၏၊ သို့သော်လည်း သင်နွံနာစိမ့်သောငှါသာ ခုနစ်လသုံးခါဖြင့် ပိုင်းခြားသတည်း၊ ယခုကား သင်၏ဝေဒနာသည် ချမ်းသာရပြီ၊ ဆေးခပေးရန်ကိုသာ ကြံလော့”ဟု ဆိုလျှင် ထိုသဌေးကလည်း “အကျွန်ုပ်ဝန်ခံသောအတိုင်း စည်းစိမ်ဥစ္စာ လယ် ယာကျွဲနွား သားမယားနှင့်တကွ ဆရာ့ဥစ္စာချည်းဖြစ်စေ၊ ကျွန်ုပ်လည်း ဆရာ့ကျွန်ဖြစ်စေ၊ သိမ်းယူပါလော့”ဟု ဆို၏။

ထိုအခါ ဆရာဇီဝကကလည်း “သဌေးကြီး... ဤမျှသောဥစ္စာကို ငါမယူလို၊ သင့်ကိုပင် ငါပြန်ပေးအံ့၊ နိုင်ငံသားတို့ကိုသာ သင်မစပါလော့၊ ယခုမှာမူ ဗိမ္ဗိသာရမင်းအား တသိန်းသော ဥစ္စာ, ငါ့အားလည်း တသိန်းသောဥစ္စာတို့ကိုသာ ပေးလော့”ဟု ဆို၍ နှစ်သိန်းသော အသပြာတို့ကိုသာ

(စာမျက်နှာ-၄၄၆)

ဆောင်၍ ပြန်လာသဖြင့် ဗိမ္ဗိသာရမင်းအား အသပြာတသိန်း ပေးဘိ၍ မိမိလည်း တသိန်းသော အသပြာတို့ကိုယူ၏။

စတုတ္ထအကြိမ် ဆေးကုခြင်း

ထို့နောက်အခါ ဗာရာဏသီပြည်၌နေသော သဌေးသားတယောက်အား ဦးစောက်ဆောက်၍ ကစားရာ အူထုံးသော ဝေဒနာသည်ဖြစ်၍ စားသောက်သမျှသော ထမင်းယာဂု ခဲဖွယ်တို့သည် ဝမ်းဝယ်မတင် ပြင်သို့သာ အန်ထွက်၏၊ ကျင်ကြီးကျင်ငယ်တို့လည်း ဖြောင့်စွာ မဖြစ်ကုန်ရကား တနေ့တပါး သွေးသားခန်းခြောက်သော ရောဂါသည် ဖြစ်၏။

ဗာရာဏသီသဌေးလည်း သား၏ဝေဒနာကို ချမ်းသာစေခြင်းငှါ အရပ်မျက်နှာ၌ ထင်ရှားသော သမားဟူးရားတို့ကို ခေါ်၍ ကုသသော်လည်း ချမ်းသာမရရှိလျှင် ရာဇဂြိုဟ်ပြည့်ရှင်ဖြစ်သော ဗိမ္ဗိသာရမင်းကြီး၏ ဆရာဇီဝကကို ကုစေမှ သင့်တော့မည်ဟု ကြံ၍ အမြန်လာခဲ့ပြီးလျှင် “အရှင်မင်းကြီး... အကျွန်ုပ်၏သား ဤသို့သောရောဂါ ဖြစ်လာပါသည်။ ဆရာဇီဝကကို လိုက်၍ကုသရန် စေလွှတ်တော်မူပါ”ဟု လျှောက်၏။ မင်းကြီးလည်း ဇီဝကကိုခေါ်၍ ကုသချေဟု စေလွှတ်လိုက်၏။

ဇီဝကဆရာလည်း ဗာရာဏသီပြည်သို့ရောက်လျှင် သဌေးသားကိုယ်တွင်ဖြစ်သော ဝေဒနာတို့ကို တိုင်းထွာဆင်ခြင်မိ၍ ထက်ဝန်းကျင်မှ တင်းတိမ်အရံကိုထားလျက် ပရိသတ်တို့ကို ရှားစေပြီးသော် သဌေးသား၏ မယား မိဘတို့ကိုသာ ခေါ်၍ မူးမော်မေ့လျော့စေတတ်သော ဆေးကိုပေးပြီးမှ ဝမ်းကိုဖောက်ခွဲ၍ အူထုံးကို ငင်ပြီးလျှင် မိခင်,ဖခင်, မယားတို့အား “သတို့သား၏အနာကို ကြည့်ကြလော့၊ ဤအူထုံးသော အနာကြောင့် အစာမဝင်, ကျင်ကြီးကျင်ငယ်မဖြောင့် ဖြစ်သည်။ ဤအထုံးမပြေလျှင် မချွတ်သေရတော့မည်”ဟု ဆိုပြီးမှ အူထုံးကို ဖြေပြီး၍ ဝမ်းတွင်းသို့ သွင်းမြဲသွင်းလျက် အပေါ်အရေကိုချုပ်ပြီးမှ ဆေးဖြင့်လိမ်းကြံသော် နှစ်ရက်သုံးရက်ရှိလျှင် ပကတိအတိုင်း ဖြစ်လေ၏။

သဌေးသားလည်း သေဝပါးနီးသော ငါ၏ရောဂါကို ချမ်းသာအောင် ကုသပေးသည်တကားဟု ဇီဝကဆရာအား တသောင်းခြောက်ထောင်သော ဥစ္စာတို့ကိုပေး၏၊ ဆရာဇီဝကလည်း ထိုမျှလောက်သော ဥစ္စာတို့ကိုယူ၍ ရာဇဂြိုဟ်ပြည်သို့ ပြန်လာ၏၊

ပဉ္စမအကြိမ် ဆေးကုခြင်း

ထိုအခါ စမ္ပာနဂိုရ်ပြည်ကို အစိုးရသော စဏ္ဍပဇ္ဇောတမင်းအား မစားမသောက်နိုင်သော ဖြေဖျော့တော့သော အနာသည်ဖြစ်၍ အရပ်မျက်နှာ၌ ထင်ရှားကျော်စောကုန်သော ဆရာသမားတို့ကိုခေါ်၍ ကုသစေသော်လည်း ဝေဒနာသည် ချမ်းသာရာမရ၊ တလထက်တလ တိုး၍သာ လာလေလျှင် ဗိမ္ဗိသာရမင်းထံသို့ တမန်စေလွှတ်လိုက်၏။ “အကြည်တော် ဗိမ္ဗိသာရ... ကျွန်ုပ်တွင်ကပ်ငြိသော ရောဂါကို များစွာသော ဆေးသမားတို့ကို ကုစားစေသော်လည်း ရွှေငွေဘဏ္ဍာသာကုန်၍ တစုံတရာ ချမ်းသာရာမရ ရှိချေသည်၊ အကြည်တော်က မဟာမိတ်ဖြစ်ကြသည်နှင့်ညီစွာ ဆရာဇီဝကကို ကုသရန် စေလွှတ်တော်မူပါ”ဟု ရာဇသံဖြင့် လျှောက်လာ၏။

ဗိမ္ဗိသာရမင်းသည် ဇီဝကကိုခေါ်၍ “ငါ၏ အဆွေတော်ဖြစ်သော စဏ္ဍပဇ္ဇောတမင်းအား သင်သွား၍ ကုပါချေ”ဟု စေလိုက်၏။ ဆရာဇီဝကလည်း စဏ္ဍပဇ္ဇောတမင်းထံသို့ ရောက်လျှင်

(စာမျက်နှာ-၄၄၇)

အနာပြင်းထန် ဖောက်ပြန်သော အခြင်းအရာကို ဆင်ခြင်၍ “အရှင်မင်ကြီး... ထောပတ်နှင့် ဆေးကိုချက်၍ သောက်ရချိမ့်မည်”ဟု ဆို၏။ မင်းကလည်း “အချင်း ဇီဝက.. ငါသည် ထောပက်နှင့် မသင့်၊ ထောပတ်ကင်းလျက် ချမ်းသာအံ့သော ဆေးကိုသာ သင်စွမ်းနိုင်လျှင် တိုက်ပါလော့”ဟု ဆို၏။

ကင်းနှင့်ထောပတ် ပဋိပက္ခ

(ထိုမင်းကား သန္ဓေဖြစ်ရင်းကပင် ကင်းမြီးကောက်ကို စွဲ၍ဖြစ်၏၊ ထိုမင်း၏မယ်တော်သည် စက်တော်ခေါ်အံ့သောအခါ အင်္ဂါထက်၌ တက်၍သွားသော ကင်း၏အတွေ့၌ တပ်ကြိုက်သော တဏှာဖြင့် သန္ဓေလာ၏၊ ထိုကင်းဆိပ်သည်လည်း ထောပတ်နှင့် ဆန့်ကျင်ဘက်ဖြစ်၏၊ ထို့ကြောင့် ထောပတ်ကို စက်ဆုပ်လှရကား ဤသို့သောစကားကို ဆိုသတည်း၊ ထိုမင်းသည် မယ်တော်ကဲ့သို့ ကာမဆန္ဒ အလွန်အားကြီးသည်၊ သုက်ပြောသည်ဖြစ်၍ ဆန္ဒရှိသောအခိုက် လက်ရုံးကိုဖောက်သော် ထိုဖောက်ရာမှ သုက်လာသည်ဟု တေရသကဏ်၌ ဆို၏။)

ဆရာဇီဝကလည်း ဤမင်း၏အနာသည် ထောပတ်နှင့်ကင်း၍ ချမ်းသာခြင်း မဖြစ်နိုင်ရာ၊ ထောပတ်ကိုသာ အဆင်း အနံ့ အရသာပျက်အောင် ဖန်ရည်ကဲ့သို့ချက်၍ ဆက်သွင်းရတော့မည်ဟု ကြံ၍ အဖန်အခါးစသော အထူးထူးသော ဆေးတို့ဖြင့်ရော၍ ထောပတ်ကို ချက်၏။ ထောပတ်၏ အဆင်းအနံ့ ကုန်လေလျှင် ဇီဝကလည်း ဤသို့ကြံ၏။ “မင်းကြီးအား ဤဆေးကိုသောက်စေ၍ အစာကြေသော် လေကြို့တက်သဖြင့် အနံ့အသက်သည် ဖြစ်လတ္တံ့၊ ထိုအခါ ပြင်းစွာသောဒေါသသည် ထွက်၍ ငါ့အား သတ်သော်လည်း သတ်လတ္တံ့၊ မဆွကပင် ပန်ကြား၍ ရှောင်ရှားမှ သင့်မည်ဟု ကြံ၍ မင်းကြီးထံ ကပ်ပြီးလျှင် “အရှင်မင်းကြီး.. အကျွန်ုပ်တို့ သမားမည်သည်ကား အလိုရှိက တခဏချင်း ဆေးမြစ် ဆေးရွက်တို့ကို ရှာရချေသည်။ ဆင်တင်းကုပ်, မြင်းတင်းကုပ်တို့၌လည်းကောင်း၊ တံခါးလေးမျက်နှာတို့၌လည်းကောင်း ဇီဝကအလိုရှိရာယူစေ, ထွက်စေ, ဝင်စေဟု အမိန့်ပေးထားတော်မူ”ဟု လျှောက်၏။ မင်းကြီးလည်း “ကောင်းပြီ”ဟု ဆို၍ ဆင်ထိန်း မြင်းထိန်းသား, တံခါးသားတို့ကို ဆင့်ဆို၍ ထားရ၏။ ထိုမင်းကြီးအား ရှေးကောင်းမှုကြောင့် လျင်ခြင်းနှင့် ပြည့်စုံသော ငါးဦးသော ယာဉ်ရတနာတို့သည် ရှိကုန်၏၊ ငါးဦးသော်ကား-

စဏ္ဍပဇ္ဇောတမင်း၏ ယာဉ်ငါးပါး

(၁) ယူဇနာ ငါးဆယ်ရှိသောခရီးကို နေ့ချင်းရောက် သွားနိုင်သော ဘဒ္ဒဝတီဆင်မတဦး၊
(၂) ယူဇနာ တရာရှိသောခရီးကို နေ့ချင်းရောက် သွားနိုင်သော နာဠာဂိရိဆင်ပြောင်တဦး၊
(၃) ယူဇနာ တရာ့နှစ်ဆယ်တိုင်တိုင် သွားစွမ်းနိုင်သော စေဠကဏ္ဏ အမည်ရှိသော မြင်းတဦး၊
(၄) မုဉ္စကာသီ အမည်ရှိသော မြင်းတဦး၊
(၅) တနေ့လျှင် ယူဇနာ ခြောက်ဆယ်တိုင်တိုင် သွားစွမ်းနိုင်သော ကာကမည်သော ကျွန်လည်း တဦး-

ဤငါးဦးတည်း။

(စာမျက်နှာ-၄၄၈)

စဏ္ဍပဇ္ဇောတမင်း ရှေးကောင်းမှု

(ဤစဏ္ဍပဇ္ဇောတမင်းကား- ငါတို့ဘုရားမပွင့်မီ ဗာရာဏသီပြည်၌ တဦးသော အမျိုးသားဖြစ်၍ တနေ့သ၌ တဦးသောသူ၏အိမ်တွင် ရှင်ပစ္စေကဗုဒ္ဓါ ဆွမ်းရပ်လာ၍ ကြွလာသည်ကိုမြင်လျှင် အိမ်ရှင်ကို ခေါ်ပြီးသော် သင်တို့အိမ်ဝ၌ ပစ္စေကဗုဒ္ဓါ ဆွမ်းရပ်လာ၍ ကြွရှာလေပြီဟု ပြော၏။ အိမ်ရှင်ကလည်း “အချင်းယောက်ျား... သင်သည် လျင်စွာလိုက်၍ သပိတ်ကို ဆောင်ပါချေ”ဟု စေ၏။ ထိုယောက်ျားလည်း လျင်လျားစွာလိုက်၍ သပိတ်ကို ယူပြီးလျှင် အိမ်ရှင်တို့အား အပ်လေ၏၊ အိမ်ရှင်ယောကျ်ားလည်း စားအံ့ဟု ပြင်ဆင်သော ထမင်းကို ဟင်းလျာနှင့်တကွ သပိတ်တော်၌ လောင်းလိုက်၏။ ယခင်ယောက်ျားလည်း လျင်စွာလိုက်သွား၍ ပစ္စေကဗုဒ္ဓါအား ကပ်လှူပြီးလျှင် “အရှင်ဘုရား... အကျွန်ုပ်သည် အလှူဒါယကာ၏လည်းကောင်း၊ အရှင်မြတ်၏လည်းကောင်း ဝေယျာဝစ္စကို ရွက်ဆောင်ရသော ကုသိုလ်ကံကြောင့် သံသရာခေတ် ဖြစ်တိုင်းဖြစ်တိုင်းဘဝ၌ အလွန်လျင်သော ဆင်ယာဉ် မြင်းယာဉ်တို့နှင့် ပြည့်စုံသည် ဖြစ်လိုသော”ဟု ဆုတောင်း၏။ ထိုပတ္ထနာ ဝိသေသကြောင့် ဝေယျာဝစ္စဆောင်သော ယောက်ျားသည် စဏ္ဍပဇ္ဇောတမင်း ဖြစ်လာ၍ လျင်စွာသွားသော ယာဉ်ငါးပါးတို့ကို ရလေသတည်း။)

ဆရာဇီဝကလည်း ချက်ပြီးသော ထောပတ်ကို ယူပြီးလျှင် မင်းကြီးထံသို့ကပ်၍ “အရှင်မင်းမြတ်.. ဤဖန်ရည် သောက်တော်မူလော့”ဟု ပေး၏။ ယင်းသို့ ထောပတ်ကို တိုက်ပြီးလျှင် ဆင်တင်းကုပ်သို့သွား၍ ဘဒ္ဒဝတီဆင်မကို စီးပြီးလျှင် ရာဇဂြိုဟ်ပြည်ခရီးဖြင့် ပြေးလေ၏။

ဆဋ္ဌမအကြိမ် ဆေးကုခြင်း

စဏ္ဍပဇ္ဇောတမင်းလည်း သောက်သောဆေး မွှေ၍ လေကြို့တက်သောအခါ ထောပတ်နံ့ လာသောကြောင့် “ပျက်လှစွာသော ဆရာဇီဝကသည် ငါ့အား ထောပတ်နှင့်တကွသော ဆေးကို ပေးလေပြီ”ဟု သိ၍ “ဇီဝကကို ကြီးလှစွာသော မင်းဒဏ်ပေးအံ့၊ ရှာကြကုန် ရှာကြကုန်”ဟု အမတ်တို့ကိုစေ၏။ အမတ်တို့ကလည်း ဇီဝကသည် ဘဒ္ဒဝတီဆင်ကိုစီး၍ ရာဇဂြိုဟ်ပြည်ခရီးသို့ ထွက်ပြေးလေပြီဟု လျှောက်ကုန်၏။

မင်းကြီးလည်း နတ်ဘီလူးနှင့် လူမိန်းမ အိမ်ရာသင့်၍ရသော ကာကအမည်ရှိသော ခြေလျင်ယောကျ်းကို ခေါ်၍ “ကျွန်တော်ကာက... သင်သည် လျင်စွာလိုက်၍ ငါ့အာဏာဖြင့် ဆရာဇီဝကကို ခေါ်ချေလော့၊ သို့အရာတွင် ဆေးသမားတို့၏ တံထွာသည် များစွာလှည့်ပတ်တတ်၏၊ စဉ်းလဲ စဉ်းစားများ၏၊ တခုခုသော စားဖွယ်ကို ပေးသော်လည်း မစားလင့်”ဟု မှာ၍ လျင်စွာ လိုက်စေ၏။

ကာကလည်း အားထုတ်ကာ လိုက်လေ၍ ကောသမ္ဗီပြည်၌ နံနက်စာထမင်းကို စားအံ့ဟု ပြင်၍နေသော ဆရာဇီဝကကို မှီလေသော် “ဆရာ.. ငါတို့မင်းကြီးက ဆရာ့ကို အမှီလိုက်၍ခေါ်ချေ စေသောကြောင့် လိုက်လာရသည်၊ ပြန်၍ ကြွဦး” ဆို၍ လက်ကို ငင်လေ၏။

ထိုအခါ ဆရာဇီဝကလည်း “အချင်းကာက... တခဏမျှ ထမင်းစားဦးအံ့၊ ငံ့ပါဦး၊ သင်လည်း ထမင်းစားဦးလော့”ဟု ဆို၏။ ကာကလည်း “ဆရာ.. ငါတို့မင်းကြီးက တစုံတခုသော အာဟာရကို ပေးသော်လည်း မစားလေလင့်ဟု မှာချေသည်၊ ထို့ကြောင့် ငါမစားလို”ဟု ဆို၏။ ထိုစကားကို

(စာမျက်နှာ-၄၄၉)

ကြားသောအခါ ဆရာဇီဝကလည်း လက်သည်းကြား၌ ဆေးကိုထည့်၍ သျှိသျှားသီးတခြမ်းကို စား၍ ရေသောက်၏၊ ကာကအားလည်း ထက်ဝက်သော သျှိသျှားသီးကိုပေး၍ “သင်လည်း ရေသောက်ဦးလော့”ဟု ဆို၏။ ကာကလည်း ဤဆရာပင် ထက်ဝက်စားပြီး ဖြစ်သည်၊ ငါစားသော်လည်း အန္တရာယ်မဖြစ်ရာပြီဟု ထက်ဝက်သာရှိသော သျှိသျှားသီးကိုစား၍ ရေသောက်၏၊ ပြီးစီး၍ ပြန်ခြင်းငှာ ပြင်ဆင်သော် ထိုနေရာတွင်ပင် ပြင်းထန်သော ဝေဒနာဖြစ်၍ ဝမ်းသွန်လေ၏။

ကာကလည်း အလွန်ကြောက်လန့်လှလျက် “ဆရာ.. ငါ့အသက် ရှင်ပါဦးအံ့လော”ဟု မေး၏။ “အချင်းကာက... မကြောက်လင့်၊ သင်၏ရောဂါကို ချမ်းသာအောင် ငါကုအံ့”ဟု ဆို၍ ဆေးပေးပြီးမှ “သင်တို့၏ စဏ္ဍပဇ္ဇောတမင်းသည် အလွန်ကြမ်းကြုတ်၏၊ ငါလိုက်လျှင် “သင်-ထောပတ်ကို တိုက်ရာသလော”ဟု ငါ့အား ညှဉ်းဆဲ ရိုက်ခတ်ခြင်းကို ပြုလတ္တံ့၊ ထို့ကြောင့် ငါမပြန်လိုပြီ၊ ဤဘဒ္ဒဝတီ ဆင်မကိုသာ သင်ယူ၍ ပြန်ပါလေတော့”ဟု ချော့မော့ပြောဆို၍ ကာကကိုသာ ပြန်စေ၏။

ဇီဝကလည်း ရာဇဂြိုဟ်ပြည်သို့ အရောက်သွား၍ ဗိမ္ဗိသာရမင်းကြီးအား အကြောင်းကို ကြားလျှောက်ပေ၏။ မင်းကြီးလည်း “အချင်းဇီဝက.. သင်လာခဲ့သည်ကား ကောင်းလှပြီ၊ အကယ်၍ မပြန်ချေလျှင် သင့်အား စဏ္ဍပဇ္ဇောတမင်းသည် ညှဉ်းဆဲသော်လည်း ညှည်းဆဲဘိရာ၏၊ သတ်သော်လည်း သတ်ဘိရာ၏”ဟု ဆိုပေ၏။

ထိုစဏ္ဍပတမင်းလည်း ရောဂါကင်းပြီးသော် “ဆရာအား ပူဇော်လိုပါသည်။ အကျွန်ုပ်ထံသို့ လာခဲ့ပါ”ဟု ဆရာဇီဝကထံသို့ တမန်စေလိုက်၏။ ဇီဝကကလည်း “အရှင်မင်းကြီး.. ကျေးဇူးကိုသာ အောက်မေ့တော်မူပါ၊ အကျန်ုပ် မလာနိုင်ပြီ”ဟု စကားပြန်လိုက်၏။ စဏ္ဍပဇ္ဇောတမင်းလည်း သိဝိရာဇ်တိုင်း၌ဖြစ်သော ပုဆိုးကောင်း ရာစု, ထောင်စု, သိန်းစုတွင် အထွတ်အမြတ်တိုး၍ အဖိုးများစွာထိုက်သော ပုဆိုးကောင်းတစုံကို ဇီဝကအား ပို့လာစေ၏။ ဆရာဇီဝကလည်း “ဤကောင်းမြတ်လှသော ပုဆိုးတို့သည် ဘိုးတော်ဖြစ်သော ဗိမ္ဗိသာရမင်းနှင့် ဘုရားသခင်မှတပါး အခြားသူတို့နှင့် မထိုက်တန်ပြီ”ဟု ကြံရွယ်ကာ ထားပေ၏။

သတ္တမအကြိမ် ဆေးကုခြင်း

ထိုအခါ မြတ်စွာဘုရားလည်း ကိုယ်တော်၌ ခက်ချော်ထူပြောသော ဒေါသရှိရကား အာနန္ဒာကိုခေါ်၍ “ချစ်သား အာနန္ဒာ... ငါဘုရားသည် ဝမ်းလျှောဆေး သုံးတော်မူလိုသည်”ဟု မိန့်တော်မူလျှင် အရှင်အာနန္ဒာလည်း ဆရာဇီဝကအိမ်သို့ ကြွ၍ “အချင်းဇီဝက.. လောကသနင်းသည် စမြင်းဒေါသ ပြောသည်ဖြစ်၍ ဝမ်းလျောဆေး သုံးတော်မူလိုသည်”ဟု ဆို၏။

ထိုအခါ ဆရာဇီဝကလည်း “အရှင်အာနန္ဒာ.. မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးရာ၌ ဆီဖြင့်သာ ရောယှက်၍ သုံးရက်တိုင်အောင် ဝမ်းနူးပါစေဦး၊ လေးရက်စေ့မှ ဆေးကပ်ပါမည်”ဟု လျှောက်လိုက်၏။ အရှင်အာနန္ဒာလည်း ဆရာဇီဝက လျှောက်သောအတိုင်း ဘုရားရှင်ထံ အကြောင်းပြန်၍ ဝမ်းနူးကြောင်း ဘောဇဉ်ကောင်းကို ဆီလောင်း၍ ကပ်ပေ၏။ ဘုရားသခင် ဆွမ်းဘုဉ်းပေးလျှင် လုတ်တိုင်း လုတ်တိုင်း နတ်သြဇာထည့်ကုန်သည်၊ ဆီမည်သည်လည်း အလုံးစုံသော စမြင်းဒေါသကိုနှံ့၍ စိုစွတ်စေသည်။ ထို့ကြောင့် သုံးရက်တိုင်အောင် ဆီဖြင့် ဝမ်းနူးပါစေဟု လျှောက်လိုက်သတည်း။

(စာမျက်နှာ-၄၅၀)

သုံးရက်စေ့သောအခါ ဆရာဇီဝကလည်း ရုန့်ရင်းသောဆေးဖြင့် ဘုရားသခင်အား ဝမ်းလျှောစေခြင်းငှါ မသင့်ချေ။ သိမ်မွေ့သော ဆေးဖြင့်သာ လျှောစေရာသည်ဟု ကြံ၍ ကြာသုံးလက်၌ အထူးထူးသော ဆေးကို ထုံစေပြီးလျှင် ဘုရားရှင်ထံသို့လာ၍ ရှေးဦးစွာ ကြာတလက်ကိုကပ်၍ “အရှင်ဘုရား... ဤကြာလက်ကို သုံးကြိမ် နမ်းတော်မူပါ၊ ရုန့်ရင်းသော စမြင်းဒေါသတို့ ဆယ်ကြိမ် သက်ပါလိမ့်မည်”ဟု လျှောက်၏။ ထို့နောက်မှ ဒုတိယကြာလက်ကို ကပ်ပြန်၏။ “တဖန် ဤကြာလက်ကို သုံးကြိမ် နမ်းတော်မူပါ၊ အလတ်သော စမြင်းဒေါသတို့သည် ဆယ်ကြိမ် သက်ပါလိမ့်မည်”ဟု လျှောက်၏၊ ထို့နောက်မှ တတိယ ကြာလက်ကိုကပ်၍ “တဖန် ဤကြာလက်ကို သုံးကြိမ်နမ်းတော်မူပါ၊ နမ်းတော်မူလျှင် သိမ်မွေ့သော ဒေါသတို့သည် ဆယ်ကြိမ် လျှောပါလိမ့်မည်”ဟု လျှောက်၏။ ယင်းသို့ အကြိမ်သုံးဆယ် ဝမ်းလျှောစိမ့်သောငှါ ကြာသုံးလက်ကို ကပ်ပြီးသော် ကိုယ်တော်မြတ်ကို ရှိခိုးလျက် ကျောင်းတော်မှ သက်ခဲ့၏။

ကျောင်းတော်တံခါးသို့ရောက်လျှင် ဆင်ခြင်ပြန်သည်ကား ဘုရားသခင်အား အကြိမ်သုံးဆယ် ဝမ်းလျှောစိမ့်သောငှါ ကြာသုံးလက်ကပ်ခဲ့ရာ၌ တတိယကြာတွင် ဆေးဩဇာတပါးယုတ်ချေသည်၊ နှစ်ဆယ့်ကိုးကြိမ်သာ သက်ချိမ့်မည်၊ ဘုရားသခင် ဆင်ခြင်တော်မူမိ၍ ရေသပ္ပါယ်ပါလျှင် အကြိမ်သုံးဆယ် စေ့လတ္တံ့ဟု ကြံ၍ သွားလေ၏။ ဘုရားကိုယ်တော်မြတ်လည်း ဇီဝက၏ စိတ်အကြံကို သိတော်မူ၍ ကြာလက်ကိုနမ်းသဖြင့် ဝမ်းလျှော၍ နှစ်ဆယ့်ကိုးကြိမ် စေ့သောအခါ အရှင်အာနန္ဒာကို ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ... ရေနွေးစီရင်လော့”ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာလည်း လျင်စွာ ရေနွေးစီရင်၍ ကပ်ပေ၏။ ထိုရေနွေးကို သပ္ပါယ်တော်မူသဖြင့် အကြိမ်သုံးဆယ်စေ့လေ၏။

လူတို့လှူသောသင်္ကန်းကို ခွင့်ပြုပုံ

နံနက် အရုဏ်တက်သောအခါ ဇီဝကဆရာလည်း ယာဂုတို့ကိုစီရင်၍ ဘုရားရှင်ထံသို့ လာပြီးသော် “ဘုန်းတော်ကြီးသော အရှင်ဘုရားသည် အကျွန်ုပ်လျှောက်ခဲ့သောအတိုင်း ဝမ်းလျှောပါ၏လော”ဟု လျှောက်၏။

ဘုရားသခင်ကလည်း “သင်-တံခါးဝသို့ရောက်သောအခါ ငါကပ်ခဲ့သော ကြာသုံးလက်တွင် တတိယကြာ၌ ဆေးဩဇာတပါး ယုတ်သည်ဖြစ်၍ အကြိမ်သုံးဆယ် မစေ့ရာ၊ ရေသပ္ပါယ်မှ သုံးဆယ်ပြည့်ရာ၏ဟု သင်အကြံဖြစ်သည် မဟုတ်လော၊ သင်၏အကြံကို ငါသိတော်မူ၏၊ ရေနွေးနှင့် သပ္ပါယ်သဖြင့် အကြိမ်သုံးဆယ်စေ့လေပြီ”ဟု မိန့်တော်မူ၏။

အရှင်မောဂ္ဂလာန်လည်း ယနေ့ဘုရားသခင်ကိုယ်တော် မကျန်းမာသည်မှာ မည်သူ၏ဆွမ်းနှင့် လျော်သနည်းဟု ဆင်ခြင်လတ်သော် သောဏသဌေး၏ ထမင်းကိုမြင်လျှင် တန်ခိုးအစီရင်ဖြင့် လျင်စွာကြွ၍ သောဏသဌေး၏ ပြာသာဒ်ဦး၌ ရပ်၏။ သောဏသဌေးလည်း သပိတ်တော်ကိုယူ၍ မွန်မြတ်သော ဆွမ်းတို့ဖြင့် လှူဒါန်းလေ၏။ အရှင်မောဂ္ဂလာန်က ပြန်အံ့သော အခြင်းအရာကိုပြုလျှင် “အရှင်ဘုရား ဘုဉ်းပေးတော်မူဦးလော့”ဟု လျှောက်၏။ “သဌေးသား.. ဤဆွမ်းကား ငါ၏အလို့ငှါ မဟုတ်၊ ဘုရားသခင် သုံးဆောင်တော်မူရန် ခံလာသည်”ဟု ဆိုပေလျှင် “အရှင်ဘုရား... ဘုဉ်းပေးတော်မူပါ၊ ဘုရားသခင် အလို့ငှါလည်း လှူဒါန်းပါမည်” ဆို၍ ဘုဉ်းပေးပြီးမှ သပိတ်တော်ကို နံ့သာရေဖြင့်ဆေး၍ ပျံ့မွှေးလှိုင်ကြူသော ဆွမ်းကို လှူဒါန်းလိုက်၏။ အရှင်မောဂ္ဂလာန်သည် ထိုဆွမ်းကို မြန်စွာဆောင်ခဲ့၍ ကိုယ်တော်မြတ်အား ကပ်၏။

(စာမျက်နှာ-၄၅၁)

ဗိမ္ဗိသာရမင်းကြီးလည်း ဘုရားကိုယ်တော် မကျန်းမာကြောင်းကို ကြား၍ လျင်လျားစွာလာခဲ့သော် ကျောင်းတော်အနီးသို့ ရောက်လျှင်ပင် ယခင်ဆွမ်းအနံ့သည် သင်းပျံ့လှသောကြောင့် စားချင်သော အာသာဖြစ်ရကား ဘုရားသခင်လည်း မင်းကြီး၏အာလယကို သိသဖြင့် သင့်ရုံသောထမင်းကို မင်းကြီးအား ပေးစေ၏။ မင်းကြီးလည်း ထိုထမင်းကိုစားရလျှင် “အရှင်ဘုရား၏ဆွမ်းသည် မြောက်ကျွန်းမှ ဆောင်ခဲ့သော ဆွမ်းလော၊ တာဝတိံသာမှ ဆောင်ခဲ့သော ဆွမ်းလော”ဟု မေးလျှောက်၏။ “မင်းကြီး... မြောက်ကျွန်းမှဆောင်ခဲ့သော ဆွမ်းလည်းမဟုတ်၊ နတ်ပြည်မှဆောင်ခဲ့သော ဆွမ်းလည်းမဟုတ်၊ မင်းကြီး၏ နိုင်ငံတွင်း၌နေသော သောဏသဌေး၏ဆွမ်းတည်း”ဟု ဆို၍ သောဏသဌေး စည်းစိမ်ချမ်းသာကို ထင်စွာ ကြားသိပေ၏။

မင်းကြီးလည်း ထိုသဌေး၏အကြောင်းကို ကြားလျှင် တွေ့မြင်လိုသော အာသာရှိလှ၍ ရှစ်သောင်းသော သူကြီးတို့နှင့်တကွ သောဏသဌေးသားကို လာစေသတည်းဟု တမန်စေလိုက်၏။

(သဌေးသားရောက်၍ ရဟန်းပြုသည်တိုင်အောင်သော စကားကို အထက်က ပြဆိုခဲ့ပြီ။)

ဘုရားသခင် ဆွမ်းဘုဉ်းပေးတော်မူပြီးသော် ဇီဝကဆရာလည်း ကောင်းမြတ်လှသော သိဝိရာဇ်တိုင်းဖြစ် ပုဆိုးတစုံကိုယူ၍ ဘုရားရှိရာ ကပ်ပြီးသော် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်အား တပါးသောဆုကို သနားတော်မူပါ”ဟု လျှောက်၏။ “ဇီဝက... ဘုရားသခင်တို့ နှစ်သက်အပ်သော ဆုပင်လော”ဟု မေးတော်မူလျှင် “အရှင်ဘုရား... အပြစ်မရှိ ကောင်းကျိုးများဘိသော ဆုပါတည်း”ဟု လျှောက်၏။ “ဇီဝက... ထိုသို့တပြီးကား ကြားလျှောက်လော့”ဟု မိန့်တော်မူ၏။

ထိုအခါ ဆရာဇီဝကလည်း “အရှင်ဘုရား.. ဤပုဆိုးအစုံသည်ကား စဏ္ဍပဇ္ဇောတမင်းသည် ဆောက်နှင်းအပ်သော လက်ဆောင်ပါတည်း၊ ဤပုဆိုးအစုံကိုလည်း ဝတ်ရုံသုံးဆောင်ရန် အလှူခံတော်မူပါ၊ တပည့်သံဃာတို့မှာလည်း ပံ့သကူသင်္ကန်းကိုသာ ဆောင်ကြရ၍ နွမ်းနယ်လှပါသည်။ ဒါယကာတို့ ကုသိုလ်ဖြစ်စိမ့်သောငှါ လှူလာသော သင်္ကန်းကို သံဃာတော်တို့ သုံးဆောင်ခြင်းငှါ ခွင့်ပြုတော်မူပါ”ဟု လျှောက်၏။ ဘုရားသခင်ကလည်း “သင်၏အလိုကို ပြည့်စေရတော့အံ့”ဟု မိန့်တော်မူ၍ လှူသော ပုဆိုးအစုံကိုလည်း ခံတော်မူ၏။ သံဃာတော်တို့အားလည်း ဂဟပတိစီဝရကို ခွင့်ပြုတော်မူ၏။

ရာဇဂြိုဟ်ပြည်၌နေကုန်သော လူအပေါင်းတို့သည်လည်း သံဃာတော်တို့အား ဒါယကာတို့လှူသော သင်္ကန်းကို ခွင့်ပြုတော်မူပြီဟု ကြားလျှင် ရွှင်လမ်းဝမ်းသာကုန်သည်ဖြစ်၍ ငါတို့ ယခု ကောင်းမှုပြုရပေတော့မည်ဟု ရုံးစုတိုင်ပင်ကြလျက် တရက်နှစ်ရက်ချင်းဖြင့် အသောင်းအသိန်းမကသော ပုဆိုးတို့ကို စုဝေး၍ သင်္ကန်းအလှူ ပေးကြကုန်၏။

(ဤအတ္ထုပ္ပတ္တိတို့ကား- မြတ်စွာဘုရား လေး,ငါးဝါရစဉ်ကပင် ဖြစ်သည်။ ရှေးကစကား အလျဉ်းမသင့်၍ မဆိုရသေးသောကြောင့် ဤမှာမှ ထုတ်ပြလိုက်သည်။)

၈၂။ ဝေသာလီပြည် ပျက်စီးခြင်းအကြောင်းကို ပြခြင်း

အဋ္ဌာရသမဝါ, ဧကူနဝီသတိမဝါတို့ကို စာလိယတောင် ချယားတော၌ ဝါကပ်တော်မူသည်။ ဝီသတိမဝါကို ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ ဝါကပ်တော်မူသည်၊ ထို့နောက် နှစ်ဆယ့်ငါးဝါကိုကား

(စာမျက်နှာ-၄၅၂)

သာဝတ္ထိပြည် ဇေတဝန်ကျောင်း ပုဗ္ဗာရုံကျောင်းတို့၌သာ ဝါကပ်တော်မူသည်၊ ရာဇဂြိုဟ်ပြည်သို့ကား နွေလအခါ၌သာ ရံခါ ကြွနေတော်မူသည်၊ ဝါတော် လေးဆယ်ကျော်သောအခါ ဝေသာလီပြည်ကြီး ပျက်စီးရာသော အကြောင်းဖြစ်သည်ကား ဤသို့တည်း-

ရာဇဂြိုဟ်ပြည်နှင့် ဝေသာလီပြည်၏ အကြား၌ ဂင်္ဂါမြစ်သည်ရှိ၏၊ ထိုမြစ်၏ ကမ်းနား၌ ရွာကြီးတရွာသည် ရှိ၏၊ ထိုရွာဆိပ်မှစ၍ လိစ္ဆဝီမင်းတို့၏ အာဏာစက်နှံ့ရာ အခွန်ခံရာဌာနသည် ယူဇနာခွဲ ဖြစ်၏။ အဇာတသတ်မင်း၏ အာဏာနှံ့ရာ အခွန်ခံရာဌာနသည်လည်း ယုဇနာခွဲ ဖြစ်၏။

ဝဿကာရပုဏ္ဏား ဘုရားထံ ဆည်းကပ်ခြင်း

တရံသောအခါ အဇာတသတ်မင်း၏ အာဏာစက်နှံ့ရာဌာန၌ ကျရောက်လာသော ကုန်သည်တို့၏ အခွန်ဘဏ္ဍာကို ဝေသာလီမင်းတို့သည် နှစ်နှစ်တိုင်အောင် ခံယူသုံးဆောင်လေကုန်၏။ ထိုအကြောင်းကို အဇာတသတ်မင်းကြားသော် ပြင်းစွာအမျက်ထွက်၍ စစ်မက်ပြုခြင်းငှါ အကြံအစည်ဖြစ်၏။ ထိုအခါ အဇာတသတ်မင်းသည် ဤသို့ဆင်ခြင်၏။ “တိုင်းတပါးကို စစ်မက်ထိုးခြင်းမည်သည်ကား အလွန်ဝန်လေး၏၊ သူရဲ သူခက် ရဲမက် အဖော်မရှိပဲ တယောက်တည်းလည်းမဖြစ်၊ စစ်ရေးစစ်ရာ၌ လိမ္မာမြော်မြင်သော ပညာရှိတို့နှင့်ကင်း၍လည်း မဖြစ်၊ ပညာရှိတို့နှင့် တိုင်ပင်၍ ပြုမှသာလျှင် အပြစ်ကင်းစွာ လိုရာသို့ရောက်ချိမ့်မည်။ ဤလောက၌ ဘုရားနှင့်တူသော ပညာရှိမည်သည်လည်း တစုံတယောက်မျှမရှိပြီ၊ ငါစစ်ထိုး၍ အကျိုးရှိမည်ဖြစ်လျှင် ဘုရားရှင် ဆိတ်ဆိတ်နေလိမ့်မည်၊ အကျိုးမရှိလျှင်လည်း အဘယ်အကျိုးရှိအံ့နည်းဟု မိန့်တော်မူလိမ့်မည်”ဟု ကြံ၍ တရားစီရင်ရန်ထားသော ဝဿကာရပုဏ္ဏားကို ခေါ်၍ “အချင်းပုဏ္ဏား... သင်သည် ဘုရားရှင်ထံသို့သွား၍ ငါ၏စကားဖြင့် ဘုရားသခင်ကို ဖူးမြင်လျှောက်ကြားချေ။ “ကိုယ်တော်မြတ်သည် ကျန်းခံ့သာယာ အနာမရှိ ပကတိသောကိုယ်ဖြင့် မဂ်ဖိုလ်ချမ်းသာကို ခံစားကာ နေရပါ၏လော။ အရှင်၏ ဒကာတော်ဖြစ်သော အဇာတသတ်မင်းသည် ခြေတော်ကိုဦးဖြင့်တိုက်၍ ရှိခိုးလိုက်ပါသည်။ ကျန်းခံ့သာယာ အနာမရှိခြင်းကို မေးလျှောက်ပါသည်”ဟု လျှောက်ချေ။ ထိုမှတပါးလည်း “အရှင်ဘုရား ဒကာတော်ဖြစ်သော အဇာတသတ်မင်းသည် ဘုန်းတန်ခိုး အာနုဘော်ကြီးစွာလျက် အတတ်ပညာနှင့် ပြည့်စုံကုန်သော ဝေသာလီ လိစ္ဆဝီမင်းတို့အား ဖျက်ဆီးခြင်းကို ပြုလိုပါသည်”ဟု လျှောက်ခဲ့၊ ထိုစကားကိုကြားလျှင် ဘုရားသခင်က တစုံတခုသောစကားကို ဆိုတော်မူလိမ့်မည်။ ထိုစကားကို ရိုသေစွာမှတ်သားခဲ့” ဟူ၍ စေလိုက်၏။

အမတ်ကြီးလည်း ဆင်ယာဉ်, မြင်းယာဉ်စီး၍ သွားသော် ဘုရားနေတော်မူသော ဂိဇ္ဈကုဋ်တောင်သို့ ရောက်လျှင် ခြေလျင်ဖြင့်သာ သွား၍ ဘုရားရှိရာသို့ ကပ်ပြီးသော် မင်းကြီးမှာလိုက်သောအတိုင်း ဘုရားသခင်အား လျှောက်ပေ၏။ ထိုအခါ အရှင်အာနန္ဒာလည်း မြတ်စွာဘုရား၏ ထံတော်ပါး၌ ယပ်ခတ်လျက်နေသည်နှင့် ကိုယ်တော်မြတ်လည်း ဝဿကာရပုဏ္ဏားအား တစုံတခုသော စကားကို မပြန်မူ၍ အရှင်အာနန္ဒာကိုသာလျှင် လှည့်ကာ လှည့်ကာ ကြည့်တော်မူလျက်-

ဘုရားရှင်ပြဿနာ ခုနစ်ချက်

ချစ်သား အာနန္ဒာ... သင်အသို့ကြားဖူးသနည်း-

(၁) ဤဝဇ္ဇီမင်းတို့သည် တနေ့တခါ ညီညွတ်စွာ စည်းဝေးတိုင်ပင်ကြသည်ဟု ကြားဖူး၏လော၊
(၂) မင်းတို့ပြုဖွယ်ကိစ္စဟူသမျှ၌ အညီအညွတ်သာ ပြုကြ၏ဟု ကြားဖူး၏လော၊
(စာမျက်နှာ-၄၅၃)
(၃) ဝဇ္ဇီမင်းတို့သည် ရှေးရှေးမင်းတို့ မပညတ်အပ်သောအရာကို ထပ်ကာ မပညတ်ကုန်၊ ရှေးရှေးမင်းတို့ ပညတ်ပြီးသောအရာကိုလည်း မဖျက်ဆီးကုန်ဟူ၍ ကြားဖူး၏လော၊
(၄) ထိုဝဇ္ဇီမင်းတို့သည် မိမိတို့ထက် အသက်သိက္ခာ ကြီးရင့်ကုန်သော သူတို့ကို အရိုအသေပြုကုန်၏၊ အလေးအမြတ် ပြုကုန်၏၊ ကြီးသောသူတို့၏ စကားကို နားထောင်ကုန်၏ဟူ၍ သင်ကြားဖူး၏လော၊
(၅) ထိုဝဇ္ဇီမင်းတို့သည် အနွယ်အရိုး အမျိုးဆင်းဝါနှင့် ပြည့်စုံကုန်သောသူတို့၏ သမီးငယ်တို့ကို အနိုင်ထက်နှိပ်စက် သိမ်းပိုက်ခြင်းကို မိမိလည်း မပြုကုန်၊ မှူးမတ်ကျေးကျွန်တို့ကိုလည်း မပြုစေကုန်ဟူ၍ သင်ကြားဖူး၏လော၊
(၆) ထိုဝဇ္ဇီမင်းတို့သည် မြို့တွင်းမြို့ပြင်၌ စောင့်နေကုန်သော နတ်တို့၏နေရာ စေတီတို့ကို ရိုသေမြတ်လေး လုပ်ကျွေးချီးမြှောက်ခြင်းကို မပြတ်ပြုကုန်၏ဟူ၍ သင်ကြားဖူး၏လော၊
(၇) ထိုမှတပါးလည်း ချစ်သားအာနန္ဒာ... ဝဇ္ဇီမင်းတို့သည် မိမိတို့မြို့ရွာသို့ မလာရောက်ကုန်သေးသော သီလဝန် ဂုဏဝန် ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်တို့ကိုလည်းကောင်း, ထင်ရှားကျော်စောသော ပညာရှိ ရဟန်းပုဏ္ဏားတို့ကိုလည်းကောင်း လာရောက်စိမ့်သောငှာ ကောင်းစွာ လုံ့လပြုခြင်း, လာရောက်ကုန်ပြီးသော အရှင်ကောင်း ဆရာမြတ်တို့ကိုလည်း အရပ်တပါးသို့ မသွားမခွါစေခြင်းငှါ သင့်လျော်စွာသော အစောင့်အရှောက်တို့ကို ပြုကုန်၏ဟူ၍ သင်ကြားဖူး၏လော-

ဟု မေးတော်မူ၏။

“အရှင်ဘုရား.. ဝဇ္ဇီမင်းသားတို့သည် ခုနစ်ပါးသော ကျင့်ဝတ်ဓမ္မတို့နှင့် ပြည့်စုံလှသည်ဟူ၍ အကျွန်ုပ် ကြားဖူးပါသည်”ဟု နားတော်လျှောက်ပေ၏။

အပရိဟာနိယတရား ၇-ပါး

“ချစ်သား အာနန္ဒာ.. အကြင်မျှလောက်သော ကာလပတ်လုံး ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးတိုင်ပင်ခြင်း, ပြုဖွယ်ကိစ္စ ဟူသမျှ၌ အညီအညွတ်သာ ပြုကြခြင်း, ရှေးမင်းတို့ ပညတ်သောအရာကို ထပ်ကာလည်း မပညတ်၊ ပညတ်ပြီးကိုလည်း ဖျက်ဆီး၍ အသစ်မပြင်ခြင်း, မိမိထက် အသက်သိက္ခာကြီးသော သူတို့ကို အရိုအသေပြုခြင်း, သူကြီးတို့၏ စကားကို နာယူခြင်း, ပြည်သူတို့၏သမီးကို ဖိစီးနှိပ်စက်၍ မသိမ်းမပိုက်ခြင်း, မြို့စောင့်နတ်တို့ကို ရိုသေမြတ်လေး လုပ်ကျွေးပသခြင်း, သီလဝန် ဂုဏဝန် ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ် တတ်သိလိမ္မာသော ရဟန်းပုဏ္ဏားတို့ကို မြှောက်စားချီးပခြင်း တည်းဟူသော အပရိဟာနိယဓမ္မ ခုနစ်ပါးကို အားထုတ် ဖြည့်ကျင့်ကုန်သည်ဖြစ်အံ့၊ ထိုမျှလောက်သော ကာလပတ်လုံး ပျက်သုဉ်းယိုယွင်းခြင်းသည် မဖြစ်ရာ၊ ကြီးပွါးစည်ပင်သည်သာ ဖြစ်လတ္တံ့”ဟု မိန့်တော်မူ၏။

ထိုသို့ မိန့်တော်မူပြီးမှ ဝဿကာရပုဏ္ဏားကိုခေါ်၍ “ဒကာပုဏ္ဏား.. ငါဘုရားသည် တရံသောအခါဝယ် ဝေသာလီပြည်၌ သာနန္ဒရ အမည်ရှိသော နတ်၏နေရာ၌ နေတော်မူသော် ဝဇ္ဇီမင်းသားတို့သည် ငါဘုရားရှိရာသို့ လာကုန်၍ ကျင့်သောတရားကို လျှောက်ထားကြသဖြင့် ထိုမင်းတို့အား ငါဘုရားသည် အပရိဟာနိယတရား ခုနစ်ပါးတို့ကို ဟောကြားတော်မူဖူး၏။ ပုဏ္ဏား... အကြင်မျှလောက်သော

(စာမျက်နှာ-၄၅၄)

ကာလပတ်လုံး ဝဇ္ဇီမင်းတို့သည် အပရိဟာနိယဓမ္မ တည်ကြကုန်အံ့၊ ထိုမျှလောက်သော ကာလပတ်လုံး ပျက်သုဉ်းယိုယွင်းခြင်းသည် မဖြစ်နိုင်ရာ၊ ကြီးပွါးစည်ပင်သည်သာဖြစ်လတ္တံ့”ဟု မိန့်တော်မူ၏။

ဝဿကာရပုဏ္ဏားလည်း “အရှင်ဘုရား... တပါး တပါးသော အပရိဟာနိယဓမ္မနှင့် ပြည့်စုံသော ဝဇ္ဇီမင်းတို့အားလည်း ကြီးပွါးခြင်းသည် ဖြစ်ရာသေး၏၊ ခုနစ်ပါးသော အပရိဟာနိယဓမ္မနှင့် ပြည့်စုံကြမူကား အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း၊ အရှင်ဘုရား.. ဒကာတော် အဇာတသတ်မင်းသားသည် ဖျားယောင်းခြင်းဖြင့် ဝဇ္ဇီမင်းတို့၏ အညီအညွတ်ကို ဖျက်ဆီးခြင်းကိုထား၍ တပါးသော စစ်မက်ပြုခြင်းဖြင့် မတတ်နိုင်ရာချေ”ဟု လျှောက်၏။

ဝဿကာရ၏ ဘေဒဥပါယ်

(ဘုရားသခင်သည် ဤသို့သော ဆိုဖွယ်ရာ အမြွက်စကားဖြင့် ပုဏ္ဏားနည်းရမည်ကိုသိလျက် အဘယ့်ကြောင့် မိန့်တော်မူသနည်း ဟူမူကား- ဘုရားသခင်၏ နှလုံးတော်သည် “ငါသည် ဤသို့သောစကားကိုမျှ မိန့်တော်မမူချေသော် ဤလတွင်ပင် ခပ်သိမ်းသော ဝဇ္ဇီမင်းတို့ကို အဇာတသတ်မင်းဖမ်း၍ ညှဉ်းပန်းကုန်လတ္တံ့၊ ဤစကားကို ဆိုရမူကား ညီညွတ်ခြင်းကို ဖျက်ဆီးလျက် သုံးနှစ်လွန်မှ ဖမ်းယူလတ္တံ့၊ ထိုမျှလောက်သော ကာလပတ်လုံး မိမိတို့၏ ကိုးကွယ်ဆောက်တည်ရာဖြစ်သော ကုသိုလ်ပုညကို အားထုတ်ရမူကား အကျိုးများစွာ ဖြစ်လတ္တံ့”ဟု ကြံတော်မူ၍ မိန့်တော်မူလေသတည်း။)

ဝဿကာရပုဏ္ဏားလည်း ဘုရားအထံတော်မှ ပြန်လာ၍ မင်းထံသို့ရောက်သောအခါ အဇာတသတ်မင်းက “ဆရာ.. မြတ်စွာဘုရားသည် အသို့ မိန့်တော်မူသနည်း”ဟု မေး၏။ ပုဏ္ဏားကလည်း “အရှင်မင်းကြီး.. ဘုရားစကားတော်မှာ ဝဇ္ဇီမင်းတို့သည် အပရိဟာနိယဓမ္မနှင့် ပြည့်စုံကြသောကြောင့် နှိမ့်ချဖျက်ဆီးခြင်းငှါ တစုံတယောက်သောသူသည် မတတ်နိုင်ရာ၊ စင်စစ်သော်ကား ဖျားယောင်းလှည့်ပတ်၍ အညီအညွတ်ကို ဖျက်ဆီးမှသာ စွမ်းနိုင်ရာ၏ဟူသော အရိပ်မျှသာ ရှိချေသည်”ဟူ၍ လျှောက်၏။

မင်းကြီးကလည်း “ဆရာ.. ထိုသို့တပြီးကား ဖျက်ဆီးခြင်းငှါ ဆရာ အသို့ကြံအံ့နည်း”ဟု မေး၏။ ပုဏ္ဏားကလည်း “အရှင်မင်းကြီး... အလိုတော်ရှိသော် ကျွန်ုပ်ကြံပါမည်၊ ပရိသတ်များစွာ ညီလာသဘင် ဝင်သောအခါ ဝေသာလီမင်းတို့သည် အရှင်နှင့်ထိုက်တန်သော ဘဏ္ဍာကို သိမ်းယူလေသော အခြင်းအရာမှစ၍ ဒေါသဖြစ်ဖွယ်သော စကားကို ဆိုတော်မူပါ၊ ထိုအခါ ကျွန်ုပ်က “လိစ္ဆဝီမင်းတို့သည် လယ်လုပ်ကုန်သွယ်၍ အသက်မွေးကုန်သလော”ဟု ဆိုပါမည်။ ထိုအခါ အရှင်က အမျက်ရှိယောင်ပြု၍ အကျွန်ုပ်အား နှင်တော်မူပါ၊ အကျွန်ုပ်အမျက်ဖြင့် ထ၍သွားပါမည်။ ထိုအခါ အကျွန်ုပ်အပြစ်ကို များစွာဆိုတော်မူပါ၊ ကျွန်ုပ်လည်း ညဉ့်အခါ၌ လိစ္ဆဝီမင်းတို့ထံသို့ တမန်စေလွှတ်၍ လက်ဆောင်တင်ပို့ပါမည်။ အရှင့်မကောင်းကျိုးကို ပြောပါမည်။ ထိုအကြောင်းဖြင့် အကျွန်ုပ်အား အခင်းထား၍ ဦးဆံရိတ်စေပြီးမှ နှောင်ကြိုးထည့်၍ ပြည်မှထုတ်တော်မူပါ၊ ဝေသာလီပြည်သို့သွား၍ မင်းသားတို့၏အထံ၌ ခစားပါမည်။ ထိုမင်းတို့၏ သင့်တင့်ညီညွတ်ခြင်းကို ကုန်းစကားဖြင့် ဖျက်ဆီးပြီးမှ အရှင်မင်းကြီးအား အကျွန်ုပ်လျှောက်လိုက်ပါမည်။ ထိုအခါ စစ်အင်္ဂါလေးပါးဖြင့် ချီ၍ သိမ်းယူတော်မူပါ” ဟု လျှောက်၏။ အဇာတသတ်မင်းလည်း ထိုအရေးကို နှစ်သက်တော်မူ၍ ပုဏ္ဏားစီမံတိုင်း ပြုလေ၏။

(စာမျက်နှာ-၄၅၅)

လိစ္ဆဝီမင်းတို့လည်း ဝဿကာရပုဏ္ဏားလာ၍ ဂင်္ဂါမြစ်နားသို့ရောက်သည်ဟု ကြားလျှင် ဂင်္ဂါမြစ်ကို မကူးစေလင့်၊ ဆီးတားကုန်ဟု စည်လည်၏။ ထိုအခါ ဝေသာလီပြည်ဘက်၌နေသော သူတို့က “ပုဏ္ဏားသည် အရှင့်သားတို့၏ အကျိုးစီးပွါးကို ပြောဆိုကျင့်ကြံလေသောကြောင့် ရာဇဂြိုဟ်ပြည်မှ နှင်ထုတ်လိုက်သည်”ဟု ဆိုကြကုန်သော် “ယင်းသို့ဖြစ်တပြီးကား လာပါစေလော့”ဟု ခွင့်ပေး၏။

ပုဏ္ဏားလည်း သွားလေ၍ မင်းသားတို့ထံသို့ ရောက်သော် လိစ္ဆဝီမင်းတို့အား အဇာတသတ်မင်း နှင်လိုက်သော အခြင်းအရာကို အလုံးစုံ လျှောက်ကြားလေ၏။ လိစ္ဆဝီတို့လည်း “ဆရာသည် ရာဇဂြိုဟ်ပြည်၌ နေသောအခါ ဘယ်အရာ၌ တည်သနည်း”ဟု မေး၏။ “အကျန်ုပ်ကား တရားဆုံးဖြတ်သော အမတ်ပင်တည်း”ဟု လျှောက်ပေသော် “ငါတို့လည်း ထိုနည်းပင် ချီးမြှောက်မည်” ဆို၍ တရားဆုံးဖြတ်သော အမတ်အရာကို ပေးကုန်၏။

ထိုဝဿကာရပုဏ္ဏားလည်း တနှစ်,နှစ်နှစ်ခန့် ကာလပတ်လုံး လိစ္ဆဝီမင်းတို့၏ အကျိုးစီးပွါးကို များစွာ အလိုရှိဟန်ဖြင့် ကျင့်၍ နောက်သောအခါ တဦးသောမင်းသည် တဦးသောမင်းနှင့် မသင့်မတင့်စိမ့်သောငှါ မေတ္တာပျက်စိမ့်သောငှါသာ ပြောဆို၏၊ အလုံးစုံသော မင်းတို့သည် ချစ်ခင်ခြင်း ပျက်စီး၍ ခရီးတကြောင်း၌ နှစ်ဦးသုံးဦးပေါင်း၍ မသွားလိုကြ ဖြစ်လေ၏။

ဝဇ္ဇီတိုင်းပြိုကွဲပုံ

ထိုအခါ အဇာတသတ်မင်းထံသို့ တမန်စေလိုက်၏။ အဇာတသတ်မင်းလည်း ထိုသတင်းကိုကြားလျှင် များစွာသော စစ်သည်တို့ကို ရုံးစု၍ ချီလာ၏။ ထိုသို့လာသည်ကိုကြား၍ တားမြစ်ပိတ်ဆီးခြင်းငှါ ညီညွတ်ပါသော်လည်း ကြင်နာခြင်း မရှိကြ၍ ရုံးစုမရ အထမမြောက်နေသဖြင့် ဝေသာလီပြည်၏ အနီးသို့ ရောက်လေ၏။

ဝဇ္ဇီမင်းတို့သည် ထိတ်လန့်ခြင်းရှိကုန်၍ မြို့တံခါးကို ပိတ်လော့၊ သူရဲသူခက် လက်နက် ဓားလှံဖြင့် ခံကုန်လော့ဟု စည်လည်ပါသော်လည်း မင်းတဦး၏ အာဏာသည် မင်းတဦးမှာ မတည်လေရကား တံခါဟင်းလင်းရှိသဖြင့် လွယ်လင့်တကူသာလျှင် အဇာတသတ်မင်း၏ စစ်သည်တို့ဝင်၍ ဝဇ္ဇီမင်းတို့ကို ဖမ်းယူလေကုန်၏။ ထိုအခါမှစ၍ ဝေသာလီပြည်သည် ရာဇဂြိုဟ်မင်း၏ လက်နက်နိုင်ငံဖြစ်လေသတည်း။

(စကားစပ်၍ အဆုံးသတ်အောင် ဆိုလိုက်သည်။ ထိုပျက်စီးခြင်းကား ဘုရားပရိနိဗ္ဗာန် စံတော်မူပြီးသောကာလဖြစ်သည်။)

ဘုရားကိုယ်တော်မြတ်လည်း ဝဿကာရပုဏ္ဏား သွား၍ မမြင့်မီပင် ရှင်အာနန္ဒာကို ခေါ်တော်မူ၍ “ချစ်သား အာနန္ဒာ.. ရာဇဂြိုဟ်ပြည်ကို အမှီပြု၍နေကုန်သော ရဟန်းအပေါင်းတို့ကို တရားမဏ္ဍပ်၌ စည်းဝေးစေကုန်လော့”ဟု မိန့်တော်မူ၍ အရှင်အာနန္ဒာလည်း မြတ်စွာဘုရားမိန့်တော်မူတိုင်း သံဃာတို့ကို စည်းဝေးစေ၍ ဘုရားသခင်အား လျှောက်လေသော် ကိုယ်တော်မြတ်လည်း ကြွတော်မူလာ၍ သံဃာအပေါင်းတို့အား ဤသို့သော အပရိဟာနိယသုတ်ကို ဟောတော်မူ၏။

(စာမျက်နှာ-၄၅၆)

အပရိဟာနိယသုတ်တော် ပါဌ်,အနက်

ယာဝကီဝဉ္စ ဘိက္ခဝေ ဘိက္ခူ အဘိဏှံ သန္နိပါတာ သန္နိပါတဗဟုလာ ဘဝိဿန္တိ၊ ဝုဍ္ဎိယေဝ ဘိက္ခဝေ ဘိက္ခူနံ ပါဋိကင်္ခါ နော ပရိဟာနိ။
ယာဝကီဝဉ္စ ဘိက္ခဝေ ဘိက္ခူ သမဂ္ဂါ သန္နိပတိဿန္တိ၊ သမဂ္ဂါ ဝုဋ္ဌဟိဿန္တိ၊ သမဂ္ဂါ သံဃကရဏီယာနိ ကရိဿန္တိ၊ ဝုဍ္ဎိယေဝ ။ပ။ နော ပရိဟာနိ။
ယာဝကီဝဉ္စ ဘိက္ခဝေ ဘိက္ခူ အပညတ္တံ န ပညပေဿန္တိ၊ ပညတ္တံ န သမုစ္ဆိန္ဒိဿန္တိ ယထာ ပညတ္တေသု သိက္ခာပဒေသု သမာဒါယ ဝတ္တိဿန္တိ၊ ဝုဍ္ဎိယေဝ ။ပ။ ဟာနိ။
ယာဝကီဝဉ္စ ဘိက္ခဝေ ထေရာ ရတ္တညူ စိရပဗ္ဗဇိတာ သံဃပိတရော သံဃပရိနာယကာ၊ တေ သက္ကရိဿန္တိ၊ ဂရုံ ကရိဿန္တိ၊ မာနေဿန္တိ၊ ပူဇေဿန္တိ၊ တေသဉ္စ သောတဗ္ဗံ မညိဿန္တိ၊ ဝုဍ္ဎိယေဝ ။ပ။ ဟာနိ။
ယာဝကီဝဉ္စ ဘိက္ခဝေ ဘိက္ခူ ဥပ္ပန္နာယ တဏှာယ ပေါနောဗ္ဘဝိကာယ န ဝသံ ဂစ္ဆိဿန္တိ၊ ဝုဍ္ဎိယေဝ ။ပ။ ဟာနိ။
ယာဝကီဝဉ္စ ဘိက္ခဝေ ဘိက္ခူ အာရညကေသု သေနာသနေသု သာပေက္ခာ ဘဝိဿန္တိ၊ ဝုဍ္ဎိယေဝ ။ပ။ ဟာနိ။
ယာဝကီဝဉ္စ ဘိက္ခဝေ ဘိက္ခူ ပစ္စတ္တညေဝ သတိံ ဥပဋ္ဌာပေဿန္တိ၊ ကိန္တိ၊ အနာဂတာ စ ပေသလာ သဗြဟ္မစာရီ အာဂစ္ဆေယျုံ၊ အာဂတာ စ ပေသလာ သဗြဟ္မစာရီ ဖာသု ဝိဟရေယျုန္တိ၊ ဝုဍ္ဎိယေဝ ။ပ။ ဟာနိ။
ယာဝကီဝဉ္စ ဘိက္ခဝေ ဣမေ သတ္တ အပရိဟာနိယာ ဓမ္မာ ဘိက္ခူသု ဌဿန္တိ၊ ဣမေသု သတ္တသု အပရိဟာနိယေသု ဓမ္မေသု ဘိက္ခူ သန္ဒိဿိဿန္တိ၊ ဝုဍ္ဎိယေဝ ဘိက္ခဝေ ဘိက္ခူနံ ပါဋိကင်္ခါ၊ နော ပရိဟာနိ။

[အနက်ကား]ဘိက္ခဝေ၊ ရဟန်းတို့။ ယာဝကီဝဉ္စ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ ဘိက္ခူ၊ ရဟန်းတို့သည်။ အဘိဏှံ၊ မပြတ်။ သန္နိပါတာ၊ စည်းဝေးကြကုန်သည်။ သန္နိပါတဗဟုလာ၊ စည်းဝေးခြင်း များကြကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ ဘိက္ခဝေ၊ ရဟန်းတို့။ တာဝကီဝဉ္စ၊ ထိုမျှလောက်သော ကာလပတ်လုံး။ ဘိက္ခူနံ၊ ရဟန်းတို့အား။ ဝုဍ္ဎိယေဝ၊ အကျိုးစီးပွါး ကြီးပွါးခြင်းကိုသာလျှင်။ ပါဋိကင်္ခါ၊ အလိုရှိအပ်၏။ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို။ နော ပါဋိကင်္ခါ၊ အလိုမရှိအပ်။ ဘိက္ခဝေ၊ ရဟန်းတို့။ ယာဝကီဝဉ္စ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ ဘိက္ခူ၊ ရဟန်းတို့သည်။ သမဂ္ဂါ၊ အညီအညွတ်။ သန္နိပတိဿန္တိ၊ စည်းဝေးကြကုန်လတ္တံ့။ သမဂ္ဂါ၊ အညီအညွတ်။ ဝုဋ္ဌဟိဿန္တိ၊ စည်းဝေးရာမှ ထကြကုန်လတ္တံ့။ သမဂ္ဂါ၊ စိတ်တူကိုယ်မျှ ညီညွတ်ကြလျက်။ သံဃကရဏီယာနိ၊ သံဃာ၏ ပြုဖွယ်ကိစ္စတို့ကို။ ကရိဿန္တိ၊ ပြုကုန်လတ္တံ့။ ဘိက္ခဝေ၊ ရဟန်းတို့။ တာဝကီဝဉ္စ၊ ထိုမျှလောက်သော ကာလပတ်လုံး။ ဘိက္ခူနံ၊ ရဟန်းတို့အား။ ဝုဍ္ဎိယေဝ၊ ကြီးပွါးခြင်းကိုသာလျှင်။ ပါဋိကင်္ခါ၊ အလိုရှိအပ်၏။ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို။ နော ပါဋိကင်္ခါ၊ အလိုမရှိအပ်။

(စာမျက်နှာ-၄၅၇)

ဘိက္ခဝေ၊ ရဟန်းတို့။ ယာဝကီဝဉ္စ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ ဘိက္ခူ၊ ရဟန်းတို့သည်။ အပညတ္တံ၊ ငါဘုရား မပညတ်သည်ကို။ န ပညပေဿန္တိ၊ မပညတ်ကုန်လတ္တံ့။ ပညတ္တံ၊ ငါဘုရား ပညတ်ပြီးသည်ကို။ န သမုစ္ဆိန္ဒိဿန္တိ၊ မဖျက်ကုန်လတ္တံ့။ ယထာ ပညတ္တေသု၊ ငါဘုရားပညတ်တိုင်းကုန်သော။ သိက္ခာပဒေသု၊ သိက္ခာပုဒ်တို့၌။ သမာဒါယ၊ ကောင်းစွာ ဆောက်တည်၍။ ဝတ္တိဿန္တိ၊ ကျင့်ကုန်လတ္တံ့။ ဘိက္ခဝေ၊ ရဟန်းတို့။ တာဝကီဝဉ္စ၊ ထိုမျှလောက်သော ကာလပတ်လုံး။ ဘိက္ခူနံ၊ ရဟန်းတို့အား။ ဝုဍ္ဎိယေဝ၊ ကြီးပွါးခြင်းကိုသာလျှင်။ ပါဋိကင်္ခါ၊ အလိုရှိအပ်၏။ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို။ နော၊ အလိုမရှိအပ်။

ဘိက္ခဝေ၊ ရဟန်းတို့။ ယာဝကီဝဉ္စ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ ဘိက္ခူ၊ ရဟန်းတို့သည်။ ယေ ဘိက္ခူ၊ အကြင်ရဟန်းတို့သည်။ ထေရာ၊ မဟာထေရ် ဖြစ်ကုန်၏။ ရတ္တညူ၊ ညဉ့်အပိုင်းအခြားကို သိကုန်၏။ စိရပဗ္ဗဇိတာ၊ ရဟန်းပြု၍ ကြာမြင့်ကုန်၏။ သံဃပိတရော၊ သံဃာ၏ အဖသဘွယ် ဖြစ်ကုန်၏။ သံဃပရိနာယကာ၊ သံဃာ၏ အကြီးအမှူးဖြစ်ကုန်၏။ တေ၊ ထိုမထေရ်ကြီးတို့ကို။ နဝါ၊ သီတင်းငယ်တို့သည်။ သက္ကရိဿန္တိ၊ အရိုအသေပြုကုန်လတ္တံ့။ ဂရုံ ကရိဿန္တိ၊ အလေးပြုကုန်လတ္တံ့။ မာနေဿန္တိ၊ မြတ်နိုးကုန်လတ္တံ့။ ပူဇေဿန္တိ၊ ပူဇော်ကုန်လတ္တံ့။ တေသံ၊ ထိုမထေရ်ကြီးတို့၏။ ဝစနံ၊ စကားကို။ သောတဗ္ဗန္တိ၊ နားထောင်သင့်ပေ၏ဟူ၍။ မညိဿန္တိ၊ အောက်မေ့ကုန်လတ္တံ့။ ဘိက္ခဝေ၊ ရဟန်းတို့။ တာဝကီဝဉ္စ၊ ထိုမျှလောက်သော ကာလပတ်လုံး။ ဘိက္ခူနံ၊ ရဟန်းတို့အား။ ဝုဍ္ဎိယေဝ၊ အကျိုးစီးပွါး ကြီးပွါးခြင်းကိုသာလျှင်။ ပါဋိကင်္ခါ၊ အလိုရှိအပ်၏။ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို။ နော၊ အလိုမရှိအပ်။

ဘိက္ခဝေ၊ ရဟန်းတို့။ ယာဝကီဝဉ္စ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ ဘိက္ခူ၊ ရဟန်းတို့သည်။ ဥပ္ပန္နာယ၊ မိမိသန္တာန်၌ဖြစ်သော။ ပေါနောဗ္ဘဝိကာယ၊ တဖန် ဘဝသစ်ကို ဖြစ်စေတတ်သော။ တဏှာယ၊ တဏှာ၏။ ဝသံ၊ နိုင်ငံသို့။ န ဂစ္ဆိဿန္တိ၊ မလိုက်ကုန်လတ္တံ့။ ဘိက္ခဝေ၊ ရဟန်းတို့။ တာဝကီဝဉ္စ၊ ထိုမျှလောက်သော ကာလပတ်လုံး။ ဘိက္ခူနံ၊ ရဟန်းတို့အား။ ဝုဍ္ဎိယေဝ၊ လျှင်။ ပါဋိကင်္ခါ၊ အလိုရှိအပ်၏။ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို။ နော၊ အလိုမရှိအပ်။

ဘိက္ခဝေ၊ ရဟန်းတို့။ ယာဝကီဝဉ္စ၊ လုံး။ ဘိက္ခူ၊ ရဟန်းတို့သည်။ အာရညကေသု၊ တောကျောင်းဖြစ်ကုန်သော။ သေနာသနေသု၊ ကျောင်းတို့၌။ သာပေက္ခာ၊ ငဲ့ကွက်သော စိတ်ရှိကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝကီဝဉ္စ၊ လုံး။ ဘိက္ခူနံ၊ တို့အား။ ဝုဍ္ဎိယေဝ၊ လျှင်။ ပါဋိကင်္ခါ၊ ၏။ ပရိဟာနိ၊ ကို။ နော၊ အလိုမရှိအပ်။

ဘိက္ခဝေ၊ တို့။ ယာဝကီဝဉ္စ၊ လုံး။ ဘိက္ခူ၊ ရဟန်းတို့သည်။ ပစ္စတ္တညေဝ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌သာလျှင်။ သတိံ၊ သတိကို။ ဥပဋ္ဌာပေဿန္တိ၊ ဖြစ်စေကုန်လတ္တံ့။ ကိန္တိ၊ အသို့နည်း။ အနာဂတာ၊ မလာကုန်သေးသော။ ပေသလာ၊ သီလကို ချစ်တတ်ကုန်သော။ သဗြဟ္မစာရီ၊ သီတင်းသုံးဖော်တို့သည်။ အာဂစ္ဆေယျုံ၊ လာပါကုန်အံ့လော။ အာဂတာ၊ လာရောက်ကုန်ပြီးသော။ ပေသလာ၊ သီလကို ချစ်တတ်ကုန်သော။ သဗြဟ္မစာရီ၊ သီတင်းသုံးဖော်တို့သည်။ ဖာသု၊ ချမ်းသာစွာ။ ဝိဟရေယျုံ၊ နေကုန်အံ့လော။ ဣတိ၊ သို့။ သတိံ၊ သတိကို။ ဥပဋ္ဌာပေဿန္တိ၊ ဖြစ်စေကုန်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝကီဝဉ္စ၊ လုံး။ ဘိက္ခုနံ၊ တို့အား။

(စာမျက်နှာ-၄၅၈)

ဝုဍ္ဎိယေဝ၊ ကြီးပွါးခြင်းကိုသာလျှင်။ ပါဋိကင်္ခါ၊ အလိုရှိအပ်၏။ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို။ နော ပါဋိကင်္ခါ၊ အလိုမရှိအပ်။

ဘိက္ခဝေ၊ ရဟန်းတို့။ ယာဝကီဝဉ္စ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ သတ္တ၊ ခုနစ်ပါးကုန်သော။ အပရိဟာနိယာ၊ မဆုတ်ယုတ်စေတတ်ကုန်သော။ ဣမေ ဓမ္မာ၊ ဤတရားတို့သည်။ ဘိက္ခူသု၊ တို့၌။ ဌဿန္တိ၊ တည်ကုန်လတ္တံ့။ သတ္တသု၊ ခုနစ်ပါးကုန်သော။ အပရိဟာနိယေသု၊ မဆုတ်ယုတ်တတ်ကုန်သော။ ဣမေသု ဓမ္မေသု၊ ဤတရားတို့၌။ ဘိက္ခူ၊ တို့သည်။ သန္ဒိဿိဿန္တိ၊ ထင်ကုန်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝကီဝဉ္စ၊ လုံး။ ဘိက္ခူနံ၊ တို့အား။ ဝုဍ္ဎိယေဝ၊ လျှင်။ ပါဋိကင်္ခါ၊ ၏။ ပရိဟာနိ၊ ကို။ နော ပဋိကင်္ခါ၊ အလိုမရှိအပ်။

ဤဒေသနာတော်၏ အဆုံး၌ များစွာကုန်သော ရဟန်းတို့သည် တရားရသကို သောက်ရလေကုန်သတည်း။

နာဠန္ဒမြို့နှင့် ပါဋလိရွာ

ဘုရားကိုယ်တော်မြတ်လည်း အမ္ဗလဋ္ဌိက၌ မွေ့လျော်သမျှ နေတော်မူပြီးသော် သံဃာတော်အပေါင်းတို့ကို ခေါ်၍ နာဠန္ဒမြို့သို့ ကြွတော်မူလေ၏။ ထိုနာဠန္ဒမြို့၌ ပါဝါရသဌေး၏ သရက်ဥယျာဉ်ဝယ် စံပယ်တော်မူ၏၊ ထိုနာလန္ဒမြို့၌ မွေ့လျော်သမျှ နေပြီးသော် ညီတော်အာနန္ဒာကို ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ... ဂင်္ဂါမြစ်၏ အနီးဖြစ်သော ပါဋလိရွာသို့ ဒေသစာရီ ကြွတော်မူအံ့”ဟု မိန့်တော်မူ၍ များစွာသော ရဟန်းအပေါင်းနှင့်တကွ ကြွတော်မူ၏။

ထိုအခါ ပါဋလိရွာ၌ နေကုန်သော ဥပါသကာတို့သည် ဘုရားကြွတော်မူလာကြောင်းကို ကြား၍ ဘုရားရှင်ထံသို့ ကပ်ကုန်ပြီးသော် “အရှင်မြတ်သည် ဧည့်သည်တို့ တည်းခိုရာဇရပ်၌ သီတင်းသုံးတော်မူပါ”ဟု လျှောက်၏။ ဘုရားသခင်လည်း ဆိတ်ဆိတ်နေတော်မူ၏။

ထိုအခါ များစွာသော ပါဋလိရွာသားတို့သည် ဘုရားနေတော်မူခြင်းငှါ သင့်တင့်လျောက်ပတ်အောင် ဇရပ်အပြင်၌ စင်ကြယ်သန့်ရှင်းသော ခင်းနှီးကော်ဇောတို့ကို ခင်းထား၍ သောက်ရေတည်ခြင်း, ဆီမီးထွန်းခြင်းတို့ကို ပြုပြီးမှ ဘုရားသခင်အား သီတင်းသုံးစေ၏။

သီလမရှိ ဒုဿီလပုဂ္ဂိုလ်၏ အပြစ် ၅-ပါး

နံနက်သောအခါ ဥပါသကာတို့သည် ဆွမ်းဖြင့် ကောင်းစွာ လုပ်ကျွေးကြပြီးသော် ကိုယ်တော်မြတ်၏အနီး၌ ခြံရံကာ နေကြကုန်၏။ ထိုအခါ မြတ်စွာဘုရားလည်း သင့်လျော်သော တရားစကားဖြင့် ဟောကြားတော်မူပြီး၍ ဒုဿီလပုဂ္ဂိုလ်တို့၏ အပြစ်ငါးပါး, သုသီလပုဂ္ဂိုလ်တို့၏ အကျိုးငါးပါးကို ထင်ရှားပြခြင်းငှါ-

ပဉ္စိမေ ဂဟပတယော အာဒီနဝါ ဒုဿီလဿ သီလဝိပတ္တိယာ၊ ကတမေ ပဉ္စ- ဣဓ ဂဟပတယော ဒုဿီလော သီလဝိပန္နော ပမာဒါဓိကရဏံ မဟတိံ ဘောဂဟာနိံ ဂစ္ဆတိ၊ အယံ ပဌမော အာဒီနဝေါ ဒုဿီလဿ သီလဝိပတ္တိယာ-

အစရှိသော ဒေသနာတော်မြတ်ကို ဟောတော်မူသည်။

(စာမျက်နှာ-၄၅၉)

အဓိပ္ပါယ်ကား-များစွာသော ဥပါသကာတို့.. သီလမရှိသော ဒုဿီလပုဂ္ဂိုလ်အား သီလပျက်ခြင်း၏ အပြစ်တို့သည် ငါးပါးတို့တည်း၊ ငါးပါးဟူသော်ကား- ဤလောက၌ ဒုဿီလပုဂ္ဂိုလ်တို့သည် သီလ၌ မေ့လျော့ခြင်းကြောင့်-

(၁) များစွာသော စည်းစိမ်ချမ်းသာ ဥစ္စာစီးပွားတို့၏ ပျက်ခြင်းသို့လည်း ရောက်ကုန်၏။
(၂) ယုတ်မာသော မကောင်းသော ကျေးဇူးသတင်း ကျော်စောခြင်းသို့လည်း ရောက်ကုန်၏၊
(၃) အကြင်သို့သော မင်းပရိသတ်, ပုဏ္ဏားပရိသတ်, သူကြွယ်ပရိသတ်, ရဟန်းပရိသတ်တို့သို့ ဆည်းကပ်ကုန်အံ့၊ ထိုသို့ ဆည်းကပ်သမျှ၌ မလှသော မျက်နှာဖြင့် ကြောက်ရွံ့လျက်သာလျှင် ကပ်ရကုန်၏။
(၄) မိန်းမောတွေဝေလျက်သာလျှင် သေလွန်ခြင်းသို့ရောက်၏။
(၅) ကိုယ်ခန္ဓာပျက်သည်၏ အခြားမဲ့၌လည်း အပါယ်လေးပါး လားခြင်းသို့ ရောက်၏။

ဤကား သီလမရှိသောပုဂ္ဂိုလ်၏ အပြစ်ငါးပါးတည်း။

သီလစောင့်ထိန်းသူ၏ အကျိုး ၅-ပါး

များစွာသော ဥပါသကာတို့.. သီလနှင့်ပြည့်စုံသော ပုဂ္ဂိုလ်တို့အား ငါးပါးသော အကျိုးတို့သည် ထင်ကုန်၏၊ ငါးပါးဟူသော်ကား- ဤလောက၌ သီလနှင့်ပြည့်စုံသောသူသည်—

(၁) အကြင် ကောင်းသောသီလ၌ လုံ့လပြုခြင်း တည်းဟူသော အကြောင်းကြောင့် များစွာသော လူအပေါင်းတို့သည် အလိုလိုပင် ကြည်ညိုသဒ္ဓါ၍ ကြီးစွာသော စည်းစိမ်ချမ်းသာ လာဘ်ပူဇော်သက္ကာကိုလည်း ရ၏။
(၂) ကောင်းမြတ်သော ကျေးဇူးသတင်း ကျော်စောခြင်းသို့လည်း ရောက်၏။
(၃) အကြင်သို့သော မင်း, ပုဏ္ဏား, သဌေး, သူကြွယ် ပရိသတ် ရဟန်းပရိသတ်တို့သို့ ဆည်းကပ်ကုန်အံ့၊ ထိုသို့ ဆည်းကပ်လေသမျှ၌ လှပတင့်တယ်စွာ သာယာသဖြင့် ဆည်းကပ်ရ၏။
(၄) ကြောက်လန့်ခြင်း မိန်းမောတွေဝေခြင်း ကင်းလျက်သာလျှင် သေလွန်စုတေရ၏။
(၅) ခန္ဓာပျက်သောအခါ၌လည်း နတ်ရွာ သုဂတိဘဝသို့ လားရရောက်ရ၏။

ဤကား သုသီလပုဂ္ဂိုလ်၏ အကျိုးငါးပါးတည်း။

ထို့ကြောင့် သင်တို့သည် အကျိုးငါးပါးကို အလိုရှိမူကား သုသီလ ဖြစ်စိမ့်သောငှါသာလျှင် ကောင်းစွာ အားထုတ်ရာ၏၊ ဤသို့ အစရှိသောနည်းဖြင့် ပါဋလိရွာသား အပေါင်းတို့အား ကောင်း, မကောင်းသော သီလစကားတို့ဖြင့် များစွာ ဟောပြတော်မူ၏။ ဥပါသကာတို့လည်း ကာလကုန်မှ ဘုရားသခင်အား ရှိခိုးပြီးသော် အသီးသီးပြန်ကြကုန်၏။

(စာမျက်နှာ-၄၆၀)

မြို့သစ်တည်ကြပုံ

ယင်းသို့ ပါဋလိရွာသို့ မြတ်စွာဘုရား ကြွရောက်တော်မူသော အခါသည်ကား အဇာတသတ်မင်း၏ ပုရောဟိတ်ဖြစ်ကုန်သော သုနိဓပုဏ္ဏား, ဝဿကာရပုဏ္ဏား နှစ်ဦးတို့သည် ဝဇ္ဇီမင်းတို့၏ အခွန်ခံလာခြင်းကို တားမြစ်ခြင်းငှါ သူရဲသူခက်တို့နှင့် တကွလာ၍ လုံခြုံသောမြို့ကို ဖန်ဆင်းစီရင်ခိုက် ကြုံသတည်း။

ထိုသို့ စီရင်ရာဝယ် များစွာသော ဘုမ္မစိုးနတ်တို့သည် မိမိနေရာမှပြောင်း၍ သင့်တင့်သောဒေသ၌ နေကြကုန်၏၊ တန်းခိုးကြီးသော နတ်၏နေရာ၌ မင်း, မင်း၏အမတ် စသောသူတို့၏ နေရာကို သတ်မှတ်၏။ အလတ်သော တန်းခိုးရှိကုန်သော နတ်တို့၏နေရာ၌ သဌေး သူကြွယ်တို့၏ အိမ်ရာကို သတ်မှတ်၏၊ တန်ခိုးငယ်သော နတ်တို့၏နေရာ၌ သူဆင်းရဲ, ကုန်သည်တို့၏ အိမ်ရာကို သတ်မှတ်၏။

ဘုရားသခင်လည်း ထိုအကြောင်းကို ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် မြင်တော်မူ၍ အရှင်အာနန္ဒာကို ခေါ်ပြီးသော် “ချစ်သား အာနန္ဒာ... ဤပါဋလိရွာ၌ အဘယ်သူတို့လာ၍ မြို့ဖန်ဆင်းသနည်း”ဟု မေးတော်မူ၏။ “အရှင်ဘုရား.. ရာဇဂြိုဟ်ပြည်မှ အဇာတသတ်မင်း၏ အမတ်ကြီးဖြစ်သော သုနိဓပုဏ္ဏား ဝဿကာရပုဏ္ဏားတို့သည် ဖန်ဆင်းလာပါသည်”ဟု နားတော်လျှောက်လေသော် “ချစ်သား အာနန္ဒာ.. ဤအမတ်တို့သည် တာဝတိံသာနတ်တို့နှင့်တိုင်ပင်၍ စီရင်ဖန်ဆင်းသကဲ့သို့ ဖြစ်ပေသည်။ ရှေးနေလင့်သော ဘုမ္မစိုးနတ်တို့၏ နေရာ၌ လျော်စွာ လျော်စွာ အိမ်ရာတဲကွန်း ပြုမိကြလေသည်၊ “ချစ်သားအာနန္ဒာ.. ဤပါဋလိမြို့သည် ယခုအခါမှစ၍ နောင်သောအခါ အရပ်ရှစ်မျက်နှာမှ လာကုန်သော ကုန်သည်အပေါင်းတို့၏ ရောင်းဝယ်ရာ ဥစ္စာထုပ်ကိုဖြေရာ သာသနာတော်တည်ရာ အရိယာသူတော်ကောင်းတို့၏ ကိန်းအောင်းမှီခိုရာ ပါဋလိပုတ် အမည်ရှိသော မင်းနေပြည်ကြီးသည် ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကားကို ကြားတော်မူ၏။ မိုးသောက်သောအခါ ဂင်္ဂါမြစ်နားသို့ သွားတော်မူ၏၊ ကိုယ်တော်ကို ငြိမ်းချမ်းလျက် ဆွမ်းခံအံ့သောအခါကို ငံ့လင့်တော်မူ၍ နေ၏။

ဗုဒ္ဓမြတ်စွာအား တိုင်ပင်ခြင်း

သုနိဓ, ဝဿကာရ ပုဏ္ဏားတို့ကလည်း ငါတို့အရှင်မင်းကြီး၏ ဆရာဖြစ်သော ရှင်ဂေါတမသည် ယခု ကြွတော်မူလာပေသည်၊ ငါတို့မင်းလည်း အလွန်ကြည်ညိုရိုသေသည်၊ သင်တို့၏ မြို့အစီအရင်ကို အရှင်ဂေါတမအား တိုင်ပင်၏လောဟု မေးသည်ရှိသော် မတိုင်ပင်ဟု ဆိုငြားအံ့၊ ငါတို့အား မင်းကြီး အပြစ်တင်လေရာသည်။ အရှင်ဂေါတမ ရောက်ရာဌာန၌ ယုတ်ညံ့သော သတ္တဝါတို့သည် ဖဲခွါရပေကုန်သည်၊ ထို့ကြောင့် ငါတို့မြို့စီရင်ရာ၌ မင်္ဂလာကြီး ဖြစ်စိမ့်သောငှါ မြတ်စွာဘုရားကိုပင့်၍ ဆွမ်းလုပ်ကျွေးကုန်အံ့၊ တရားတော်ကို နာကုန်အံ့ဟု ကြံပြီးလျှင် ဘုရားသခင် တည်းတော်မူရာ ဇရပ်သို့ ကပ်လေ၍ မြတ်သော ခဲဖွယ်ဘောဇဉ်တို့ဖြင့် ဘုရားသခင်နှင့်တကွသော သံဃာတော်တို့အား ဆွမ်းလုပ်ကျွေး၏။

ပြီးစီးသောအခါ သင့်ရာဒေသ၌ နေကြကုန်သော် ကိုယ်တော်မြတ်လည်း လျောက်ပတ်သော တရားစကားဖြင့် ဟောကြား ပြသတော်မူလိုသည်ဖြစ်၍-

(စာမျက်နှာ-၄၆၁)
ယသ္မိံ ပဒေသေ ကပ္ပေတိ၊ ဝါသံ ပဏ္ဍိတဇာတိယော။
သီလဝန္တေတ္ထ ဘောဇေတွာ၊ သညတေ ဗြဟ္မစရိယေ။
ယာ တတ္ထ ဒေဝတာ အာသုံ၊ တာသံ ဒက္ခိဏမာဒိသေ။
တာ ပူဇိတာ ပူဇယန္တိ၊ မာနိတာ မာနယန္တိ နံ။
တတော နံ အနုကမ္ပေန္တိ၊ မာတာ ပုတ္တံဝ သြရသံ။
ဒေဝတာနုကမ္ပိတော ပေါသော၊ သဒါ ဘဒြာနိ ပဿတိ-

ဟူသော ဂါထာတို့ကို ဟောတော်မူ၏။

[အနက်ကား]သုနိဓ ၀ဿကာရာ၊ သုနိဓပုဏ္ဏား, ဝဿကာရပုဏ္ဏားတို့။ ယသ္မိံ ပဒေသေ၊ အကြင်အရပ်၌။ ပဏ္ဍိတဇာတိယော၊ ပညာရှိသော အမျိုးသားသည်။ ဝါသံ၊ နေရာထိုင်ခင်း ပြုလုပ်ခြင်းကို။ ကပ္ပေတိ၊ ပြုလို၏။ ဧတ္ထ၊ ဤပြုရာအရပ်၌။ သညတေ၊ ကိုယ်နှုတ်နှလုံးကို စောင့်တတ်ကုန်သော။ ဗြဟ္မစရိယေ၊ မြတ်သောအကျင့်ကို ကျင့်ကုန်သော။ သီလဝန္တေ၊ သီလသမာဓိရှိသော ရဟန်းတို့ကို။ ဘောဇေတွာ၊ ဆွမ်းကျွေး၍-

ယတ္ထ၊ အကြင်အရပ်၌။ ယာ ဒေဝတာ၊ အကြင်နတ်တို့သည်။ အာသုံ၊ ရှိသည်ဖြစ်ကုန်၏။ တာသံ၊ ထိုနတ်တို့အား။ ဒက္ခိဏံ၊ အလှူ၏ အဖို့ကို။ အာဒိသေ၊ ရည်မှတ်၍ ပေးဝေရာ၏။ ကသ္မာ၊ အဘယ့်ကြောင့်နည်း ဟူမူကား။ ပူဇိတာ၊ ပူဇော်အပ်ကုန်သော။ တာ ဒေဝတာ၊ ထိုနတ်တို့သည်။ နံ၊ ထိုပူဇော်သူကို။ ပူဇယန္တိ၊ ပူဇော်ကုန်၏။ မာနိတာ၊ မြတ်နိုးအပ်ကုန်သော။ တာ ဒေဝတာ၊ ထိုနတ်တို့သည်။ နံ၊ ထိုမြတ်နိုးသူကို။ မာနယန္တိ၊ မြတ်နိုးကုန်၏။

တတော တသ္မာ ကာရဏာ၊ ထိုသို့ အမျှပေးဝေခြင်းတည်းဟူသော အကြောင်းကြောင့်။ နံ၊ ထိုသူကို။ မာတာ၊ အမိသည်။ ဩရသံ၊ ရင်၌ဖြစ်သော။ ပုတ္တံ၊ သားကို။ အနုကမ္ပတိ ဣဝ၊ အစဉ်စောင့်ဘိသကဲ့သို။ အနုကမ္ပေန္တိ၊ အစဉ် စောင့်ကုန်၏။ ဒေဝတာနုကမ္ပိတော၊ နတ်တို့သည် အစဉ်စောင့်အပ်သော။ ပေါသော၊ သတ္တဝါသည်။ သဒါ၊ အခါခပ်သိမ်း။ ဘဒြာနိ၊ ကောင်းမြတ်သော အာရုံတို့ကို။ ပဿတိ၊ မြင်ရ၏။ တသ္မာ၊ ထို့ကြောင့်။ တာသံ၊ ထိုနတ်တို့အား။ အာဒိသေ၊ အမျှပေးဝေရာ၏။

ယင်းသို့ တရားဟောကြားပြီးသော် သံဃာတော်အပေါင်းနှင့်တကွ ကြွသွားတော်မူ၏၊ သုနိဓ, ဝဿကာရ ပုဏ္ဏားတို့သည်လည်း ဦးဖျားစွာ မင်္ဂလာနိမိတ်ကို ယူခြင်းငှါ နောက်တော်မှ လိုက်လာ၏၊ ဘုရားသခင်လည်း အပြင်တံခါးဖြင့် ထွက်၏၊ ထိုတံခါးကို “ဂေါတမတံခါး” တွင်စေဟု သမိုက်၏၊ ဂင်္ဂါမြစ်သို့ ရောက်သောအခါ အကြင်ဆိပ်ဖြင့် ကူး၏၊ ထိုဆိပ်ကို “ဂေါတမဆိပ်” တွင်စေဟု သမိုက်၏။

ထိုအခါ ဂင်္ဂါမြစ်သည် ကမ်းနားမှနေ၍ ကျီးသောက်လောက်အောင် ရေပြည့်သောအခါ ဖြစ်ရကား လူအချို့တို့သည် ပို့ခြင်းငှာ လှေရှာကြ၏၊ အချို့ကား ဝါးဖောင် သစ်ဖောင် စသည်တို့ကို ဖွဲ့ကြကုန်၏၊ ထိုသို့ဖွဲ့စဉ်ပင် ဘုရားသခင်လည်း အားရှိသော ယောက်ျားသည် ကွေး၍ထားသောလက်ကို ဆန့်သကဲ့သို့ တန်ခိုးတော်အားဖြင့် တခဏခြင်း ထိုမှာဘက်ကမ်းသို့ ရဟန်းအပေါင်းနှင့်တကွ ကြွရောက်တော်မူလေ၏။

(စာမျက်နှာ-၄၆၂)

လှေဖောင်ရှာသော ဒါယကာတို့မြင်၍ ရွှင်လန်းစွာ အံ့အာသရဲဖြစ်သည်တွင် ဘုရားသခင်လည်း ဤသို့သော ဥဒါန်းစကားကို ကျူးရင့်တော်မူ၏။

ယေ တရန္တိ အဏ္ဏဝံ သရံ၊ သေတုံ ကတွာန ဝိဿဇ္ဇ ပလ္လလာနိ။
ကုလ္လံ ဟိ ဇနော ဗန္ဓတိ၊ တိဏ္ဏာ မေဓာဝိနော ဇနာ။

[အနက်ကား]ယေ အရိယပုဂ္ဂလာ၊ အကြင် အရိယာပုဂ္ဂိုလ်တို့သည်။ အဏ္ဏဝံ၊ သမုဒ္ဒရာနှင့်တူသော။ သရံ၊ တဏှာမြစ်ကို။ တရန္တိ၊ ကူးကုန်၏။ တေ အရိယပုဂ္ဂလာ၊ ထိုအရိယာပုဂ္ဂိုလ်တို့သည်။ သေတုံ၊ အရိယာမဂ်တည်းဟူသော တံတားကို။ ဝါ၊ ဖောင်ကို။ ကတွာ၊ ဖွဲ့သည်ကိုပြု၍။ ပလ္လလာနိ၊ ညွန်ပျောင်းတို့ကို။ ဝိဿဇ္ဇ၊ စွန့်၍။ တရန္တိ၊ ကူးကုန်၏။ ဟိ သစ္စံ၊ မှန်၏။ နဒိံ၊ မြစ်ကို။ တရိတုကာမော၊ ကူးလိုသော။ ဇနော၊ လူများသည်။ ကုလ္လံ၊ သစ်ဖောင် ဝါးဖောင်ကို။ ဗန္ဓတိ၊ ဖွဲ့၏။ မေဓာဝိနော၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့် ပြည့်စုံကုန်သော။ ဇနာ၊ အရိယာဖြစ်သော သူတို့သည်။ ကုလ္လေန၊ လှေဖောင်နှင့်။ ဝိနာယေဝ၊ ကင်း၍သာလျှင်။ တိဏ္ဏာ၊ ကူးမြောက်နိုင်ကုန်၏။

အမ္ဗပါလိကာ

ဤဂင်္ဂါမြစ်ဆိပ်မှ ကြွတော်မူလေ၍ ကောဋိဂါမသို့ ရောက်တော်မူလေသည်။ ထိုမှသည် နာဋိကအရပ်သို့, ထိုမှသည် ဝေသာလီပြည်သို့ ကြွတော်မူ၍ အမ္ဗပါလိကာမည်သော ပြည့်တန်ဆာမ၏ သရက်ဥယျာဉ်၌ နေတော်မူ၏။

ပြည့်တန်ဆာမလည်း ဘုရားကြွရောက်ကြောင်းကို ကြားလျှင် အားရဝမ်းသာ ပူဇော်ရာဝတ္ထုတို့ကို ပြင်လျက် မြင်းကသော ရထားယာဉ်စီးလျက် ဥယျာဉ်သို့ ထွက်လာ၏၊ ဘုရားသခင်ကို မဖူးမြင်ရသည်တိုင်အောင် ရထားဖြင့်လာ၍ မြင်သောကာလ ရထားမှ သက်ပြီးလျှင် ခြေဖြင့်သာ လာ၍ မြတ်စွာဘုရားအထံသို့ ရောက်သော် ကိုယ်တော်ကို ရှိခိုးလျက် မြတ်နိုးရိုသေစွာ နေ၏။ ဘုရားသခင်လည်း အစဉ်သော တရားစကားဖြင့် ဟောကြားတော်မူ၏၊ အမ္ဗပါလိကာလည်း တရားနာပြီးသော် သံဃာတော်နှင့်တကွ ကိုယ်တော်မြတ်အား ဆွမ်းဖိတ်၍ ပြန်ခဲ့၏။

လိစ္ဆဝီမင်းသားတို့လည်း ဘုရားကြွလာကြောင်းကို ကြားသော် မြင်းရထားစီးကုန်လျက် ပြည်မှ ထွက်လာကြ၏၊ ထိုမင်းတို့တွင် အချို့ကား ညိုသော အဝတ်တန်ဆာ ဒွါဒရာကို ဆင်ယင်ကုန်လျက်, အချို့ကား ရွှေသော အဝတ်တန်ဆာ ဒွါဒရာကို ဆင်ယင်ကုန်လျက်, အချို့ကား နီသောရင်လွှမ်း ပန်းခက် ဘယက်တန်သော ဒွါဒရာကို ဆင်ယင်ကုန်လျက်, အချို့ကား ဖြူသော ရင်လွှမ်းပန်းခက် ဘယက်တန်ဆာ ဒွါဒရာကို ဆင်ယင်ကုန်လျက် ထွက်လာကုန်ရကား စစ်သဘင်ကျင်းပရာသို့ ထွက်သော နတ်သားကဲ့သို့ ထူးခြားရှုဖွယ် လွန်တင့်တယ်သော မင်း၏အသရေသည် ဖြစ်၏။

အမ္ဗပါလိကာ ပြည့်တန်ဆာမလည်း ငယ်သော လိစ္ဆဝီမင်းတို့၏ ရထားစွန်းကို မိမိရထားစွန်းဖြင့် တိုးဝှေ့ထိခိုက်စေ၍ လာ၏၊ ထိုအခါ လိစ္ဆဝီမင်းတို့က “ဟယ်အယုတ်မ... အဘယ့်ကြောင့် မင်းသားငယ်တို့၏ ရထားစွန်းကို သင်၏ရထားစွန်းနှင့် ထိစေဘိသနည်း၊ သင်၏အဖက် မှတ်သလော”ဟု ဆို၏၊ အမ္ဗပါလိကာလည်း “အရှင့်သားတို့.. ဘုရားသခင်ကို နက်ဖြန် အကျွန်ုပ် ဆွမ်းကျွေးခွင့်ရသောကြောင့် မင်းသားတို့ကို ရှောင်ရှားရမည် သတိမရပြီ”ဟု ဆို၏။

(စာမျက်နှာ-၄၆၃)

ထိုစကားကို ကြားသော် မင်းသားတို့ကလည်း “ဟယ် အမ္ဗပါလိကာ... သင်ဖိတ်ခဲ့သောဆွမ်းကို ငါတို့အား အသပြာတထောင်နှင့် ရောင်းပါဦး”ဟု ဆိုကြ၏၊ “အရှင့်သားတို့... အကျွန်ုပ်ကား ဇနပုဒ် နိဂုံး အလုံးစုံ အရံနှင့်တကွသော ဝေသာလီပြည်ကို ပေးသော်လည်း ကျွန်ုပ်မရောင်းပြီ”ဟု ဆို၏။ ထိုစကားကိုကြားသော် လိစ္ဆဝီမင်းသားတို့လည်း “အချင်းတို့.. အမ္ဗပါလိကာ ပြည့်တန်ဆာမသည် ငါတို့ကို အောင်လေစွ၊ ငါတို့ထက် များစွာ လိမ္မာရာ ရောက်လေစွ”ဟု အံ့ဩပြောပ၍ ဘုရားရှိရာသို့ လာကြသော် ကိုယ်တော်မြတ်လည်း လိစ္ဆဝီမင်းတို့ကို အဝေးကမြင်လျှင် သံဃာတို့ကို ခေါ်တော်မူ၍ “ရဟန်းတို့.. တာဝတိံသာ နတ်ပရိသတ်တို့ကို မမြင်ဖူးကုန်သော ရဟန်းတို့သည် ထိုလိစ္ဆဝီမင်းပရိသတ်ကို ကြည့်ကြကုန်လော့၊ ဤမင်းတို့သည် တာဝတိံသာနတ်တို့နှင့် အလားတူပေစွ”ဟု ချီးပ၍ မိန့်တော်မူ၏။

ရူပါရုံ၌ သုဘနိမိတ်ကို ယူစေခြင်း မှတ်ချက်

(ဘုရားမြတ်စွာသည် အရာမကသော သုတ်ဖြင့် ရူပါရုံကို မခင်မင်ထိုက်ကြောင်းဖြင့် ဟောတော်မူလျက် ဤအခါဝယ် အဘယ့်ကြောင့် ရူပါရုံ၌ သုဘနိမိတ်ကို ယူစေသနည်းဟူမူကား-- ရဟန်းတို့ အကျိုးစီးပွားများမည်ကို ရည်၍ ယူစေသတည်း၊ ရဟန်းပရိသတ်တွင် အချို့သော ရဟန်းတို့သည် နည်းသော လုံ့လပညာရှိကုန်၏၊ ထိုရဟန်းတို့အား နတ်စည်းစိမ်ဖြင့် ဖြားယောင်း၍ ကမ္မဋ္ဌာန်းကို ပြုခြင်းငှါလည်းကောင်း, ထိုမင်းတို့သည် မမြင့်မီ အဇာတသတ်မင်း၏ လက်တွင်းသို့ရောက်၍ ပျက်စီးကုန်လတ္တံ့၊ ထိုအခါ ရဟန်းတို့သည် ရှေးအခါက တာဝတိံသာ နတ်အလားကဲ့သို့ ခံစားရသော မင်းတို့သည်လျှင် ပျက်စီးခြင်းသို့ ရောက်ချေသေး၏၊ ဘုန်းတန်ခိုးငယ်သော ငါတို့သည်ကား အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်းဟု ဓမ္မသံဝေဂ ဖြစ်စိမ့်သောငှါလည်းကောင်း ရူပါရုံ၌ သုဘနိမိတ်ကို ယူစေသတည်း။)

လိစ္ဆဝီမင်းတို့သည် ဥယျာဉ်သို့ ဝင်သောအခါ ခြေဖြင့်သာလျှင် ဘုရားရှိရာသို့ ကပ်လေ၍ ရိုသေစွာ ရှိခိုးပြီးသော် တရားစကားတော်ကို နာကြ၏၊ ပြီးဆုံးသောကာလ ဘုရားသခင်အား သံဃာတော်နှင့်တကွ ဆွမ်းဖိတ်ကြားလေသော် ကိုယ်တော်မြတ်လည်း “အမ္ဗပါလိကာသည် ဦးစွာပင် ပင့်ဖိတ်လေပြီ”ဟု မိန့်တော်မူ၏၊ လိစ္ဆဝီမင်းတို့လည်း “အမ္ဗပါလိကာသည် ငါတို့ကို အောင်လေစွ”ဟု လက်ဖျားခါ၍ ချီးပပြီးလျှင် ဘုရားသခင်ကို ရှိခိုးလျက် လက်ယာရစ် သုံးပတ်လည်၍ ပြန်ခဲ့ကုန်၏။

နံနက်သောအခါ အမ္ဗပါလိကာလည်း သံဃာတော်တို့အား ဆွမ်းလုပ်ကျွေးပြီးသော် တည်းခိုတော်မူသော ဥယျာဉ်ကို ရေစက်သွန်း၍ ဘုရားသခင်အား လှူ၏၊ ဘုရားသခင်လည်း ထိုဥယျာဉ်၌ နေတော်မူ၍ များစွာသော ဝေနေယျတို့အား တရားအမြိုက်ဆေး တိုက်ကျွေးတော်မူကာ ချမ်းသာရှာ၍ မွေ့လျော်သမျှ ကာလပတ်လုံး သီတင်းသုံးခဲ့၍ တဖန် ဒေသစာရီ ကြွချီတော်မူပြန်သဖြင့် ဇေတဝန်ကျောင်းတော်သို့ ရောက်တော်မူ၏။

အဋ္ဌမပိုင်း ပြီးပြီ။

(စာမျက်နှာ-၄၆၄)

နဝမပိုင်း

၈၃။ ဝေဠုဝရွာ၌ ဝါကပ်တော်မူခြင်း

လောကသုံးရွာ၌ သတ္တဝါတို့၏ ပညာစက္ခုကို ပြုပေတတ်သော မြတ်စွာဘုရားသည် သက်တော် ခုနစ်ဆယ့်ကိုး, ဝါတော် လေးဆယ့်လေးဝါ ပြည့်တော်မူ၍ ပရိနိဗ္ဗာန် စံချိန်နီးသောအခါ သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှသည် ဝေသာလီပြည်သို့ ဒေသစာရီ ကြွချီတော်မူ၍ ထိုပြည်၌ မွေ့လျော်သမျှ နေပြီးသော် ဝေသာလီပြည်နှင့် ရာဇဂြိုဟ်ပြည်၏အကြား ဂင်္ဂါမြစ်နား၌တည်သော ဝေဠုဝရွာသို့ ကြွတော်မူ၏၊ ထိုရွာသားတို့လည်း ဘုရားကြွလာသည်ကို မြင်လျှင် ရွှင်လန်းဝမ်းမြောက် ကျောင်းကန်ဆောက်၍ ပင့်လျှောက်ကြသည်နှင့် ထိုဝေဠုဝရွာတွင် ဝါကပ်တော်မူ၏။

ကိုယ်တော်နှင့် အတူပါသော ရဟန်းများကိုလည်း “ချစ်သားတို့ သင်တို့သည် ငါနှင့်မဝေးနီး ဝေသာလီပြည်ကြီးကို မှီ၍သာ သင့်တင့်ရာ၌ ကပ်ကြလေကုန်လော့”ဟု လွှတ်တော်မူ၏။

ရဟန်းများကို မနီးမဝေးမှာ နေစေပုံ

အဘယ့်ကြောင့် လွှတ်တော်မူသနည်း ဟူမူကား ဝေဠုဝရွာသည် ငယ်သည်ဖြစ်၍ ကျောင်းလည်း မလောက်, ဆွမ်းလည်း မလောက်၊ ရဟန်းတို့ ပင်ပန်းရာသော အကြောင်းရှိသည်ဖြစ်၍ ချမ်းသာစွာ နေကြစိမ့်သောငှါ လွှတ်တော်မူသည်၊ အဝေးမြို့ရွာသို့ကား အဘယ့်ကြောင့် မလွှတ်သနည်း ဟူမူကား ဘုရားသခင်သည် ဤသို့ အကြံတော်ဖြစ်၏။ “ငါသည် ဤလမှနောက် ဆယ်လမြောက်၌ ပရိနိဗ္ဗာန်စံလတ္တံ့၊ ထိုကာလ ရဟန်းတို့မဖူးမြင်ရမူ သံဝေဂကြီးစွာဖြစ်လတ္တံ့၊ ဤဝေသာလီပြည်၌သာ နေရပါမူကား တလ ရှစ်ကြိမ်လာ၍ တရားတော်ကို နာကြသဖြင့် အယူကို သိကုန်လတ္တံ့”ဟု ကြံတော်မူ၍ အဝေးသို့ မလွှတ်သတည်း။

ယင်းသို့ ဝေဠုဝရွာ၌ ဝါကပ်တော်မူသောအခါ မြတ်စွာဘုရား၌ ကြမ်းတမ်းပြင်းပြစွာ သွေးသွန်လှသော ရောဂါအနာသည် ဖြစ်၏။ သို့ဖြစ်ဘိသော်လည်း သတိသမ္ပဇဉ် အမြဲယှဉ်လျက် ငြိုငြင်ဆင်းရဲခြင်း မရှိပဲ ပကတိ သည်းခံတော်မူ၏၊ ထိုသွန်သော သွေးအညစ်အကြေးကိုလည်း သိကြားမင်းသည် ရတနာပန်းတောင်းဖြင့်ခံ၍ သမုဒ္ဒရာ၌ သွန်ပေ၏။

ဘုရားသခင်လည်း ဤသို့ ကြံတော်မူ၏။ “ငါသည် တပည့်သံဃာတို့ကို မခေါ်မပန်ပဲ ပရိနိဗ္ဗာန်ပြုခြင်းငှါ မလျောက်ပတ်ချေ၊ ဝေဒနာရောဂါကို သမာပတ်အဟုန်ဖြင့် ဖျောက်၍ ဇီဝိတိန္ဒြေကို ကောင်းစွာတည်စေဦးအံ့”ဟု ကြံလျက် ခုနစ်တန်သော ဗောဇ္ဈင်တရားတို့ကိုလည်း ပွားစေတော်မူ၏၊ ရူပသတ္တက အရူပသတ္တကတို့ကိုလည်း အထွေးအယှက် မရှိစေပဲ တဆယ့်လေးပါးသော

(စာမျက်နှာ-၄၆၅)

အခြင်းအရာတို့ဖြင့် ဝိပဿနာရှု၍ သမာပတ်ကို ၀င်စားတော်မူ၏၊ ထိုအခါမှစ၍ ဝေဒနာရောဂါသည် ငြိမ်းလေ၏။

ဝိပဿနာတို့၏ စွမ်းအင်များ

ရှေးရှေးသော ကာလ၌လည်း ဖလသမာပတ်ကို ဝင်စားသည် မဟုတ်လော ဟူငြားအံ့။ ဝင်စား၏။ ဝင်စားသော်လည်း ကာလပရိစ္ဆေဒဖြင့် ခဏိကသမာပတ်ကိုသာ ဝင်စားရကား သမာပတ်၏ အတွင်း၌သာ ရောဂါကွာသည်၊ သမာပတ်မှ ထသောအခါ ရောဂါ လွှမ်းမြဲလွှမ်းပြန်လေသည်။ ဥပမာကား- ထူထပ်သော ရေညှိမှော်စုထဲ၌ ခဲ,လှင်ကန်ကို ချဘိသကဲ့သို့တည်း။ မဟာဝိပဿနာဖြင့် သမာပတ်ဝင်စားသော အခါ၌ကား အားရှိသော ယောက်ျားသည် မှော်ရေညှိကို ပယ်ရှားသဖြင့် ကာလရှည်လျားစွာ ကွာဘိသကဲ့သို့ ပကတိ ဝေးကွာတော်မူ၏။

ဘုရားသခင်လည်း ထိုအနာမှ ထမြောက်တော်မူသော် ကျောင်းတော်မှသက်၍ အနောက်ဘက်ကျောင်းရိပ်၌ ခင်းအပ်သော နေရာထက် နေတော်မူ၏။

အရှင်အာနန္ဒာ မြတ်စွာဘုရားအား ကြည်ညိုပုံ

ထိုသို့နေစဉ် အရှင်အာနန္ဒာသည် ရိုသေစွာ ရှိခိုးလျက် ဤသို့ နားတော်လျှောက်၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ကိုယ်တော်မြတ်သည် ကျန်းခံ့သာယာ အနာမှ ထမြောက်ခြင်းကို ကျွန်ုပ်မြင်ရပေပြီ၊ အရှင်ဘုရား၏ လေးလံပင်ပန်းခြင်းကို မြင်ရသဖြင့် အကျွန်ုပ် ကိုယ်ပင်ပန်းသကဲ့သို့ ရှိပါသည်၊ ကိုယ်တော်မြတ်သည် ပြင်းပြစွာ ဝေဒနာခံရခြင်းကြောင့် အကျွန်ုပ်အား အရပ်မျက်နှာတို့သည် မထင်မြင်နိုင် ရှိပါသည်၊ သတိပဋ္ဌာန် သမ္မပ္ပဓာန်စသော တရားတို့သည်လည်း မထင်နိုင်ရှိပါသည်။ စင်စစ်သော်ကား ထွက်သက်ဝင်သက်ကိုမျှ ကျွန်ုပ် ကောင်းစွာမသယ်နိုင် ရှိပါသည်။ အရှင်ဘုရား တရားတော်ကို ဟောနိုင်သမျှသော ကာလပတ်လုံး ရွှေပြည်နိဗ္ဗာန် မစံသည်ကိုသာ မြင်လိုကြပါသည်”ဟု လျှောက်၏။

ဘုရားသခင်ကလည်း “ချစ်သား အာနန္ဒာ.. ငါဘုရားအား အဘယ့်ကြောင့် ဤမျှလောက် တောင့်တဘိသနည်း၊ သတ္တဝါတို့ အကျိုးစီးပွား များအံ့သော အကြောင်းတရားကို ငါဘုရားသည် အတွင်း၌လည်းကောင်း အပ၌လည်းကောင်း အကြွင်းမထားမူ၍ ငါဟောတော်မူအပ်ပြီ၊ သုတ်,အဘိဓမ္မာကိုလည်းကောင်း၊ ဝိနည်းတရားကိုလည်းကောင်း ငါထားတော်မူအပ်ပြီ၊ ချစ်သားအာနန္ဒာ.. ငါဘုရားသည် ရှည်လျားသော အဓွန့်သို့ ရောက်ပြီ၊ အိုမင်းရင့်ရော် မှည့်ပျော်သော အရွယ်သို့တိုင်ပြီ၊ ဘုရားတကာတို့ တည်မြဲဓမ္မတာဖြစ်သော အာယုကပ်ကို ငါးစုပြု၍ လေးစုကုန်လျက် သက်တော်ရှစ်ဆယ်ပြည့်ပြီ၊ လှပတင့်တယ်စွာ စီရင်အပ်သောလှည်းသည် အိုမင်းဟောင်းနွမ်း ဆွေးမြေ့သောအခါကာလ စီးကြခြင်းငှါလည်းကောင်း, ဝန်တင်ခြင်းငှာလည်းကောင်း မလျောက်ပတ်သကဲ့သို့ ထို့အတူ ငါ၏ရူပကာယတော်သည် အိုမင်း၍ ယိုယွင်းပျက်စီးချေပြီ၊ ချစ်သားအာနန္ဒာ.. အကြင်အခါ၌ ငါဘုရားသည် အလုံးစုံသော အာရုံခြောက်ပါးကို မလိုက်စားမူ၍ သင်္ခါရတရားတို့ကို အာရုံပြုသော အရဟတ္တဖိုလ်စိတ်နှင့်ယှဉ်သော သမာဓိကိုဖြစ်စေ၍ နေတော်မူ၏၊ ထိုအခါ ငါ၏ကိုယ်တော်သည် အထူးသဖြင့် ချမ်းသာ၏၊ ထို့ကြောင့် ငါ၏သာသနာ၌တည်သော သင်တို့သည်လည်း မိမိကိုယ်ကိုသာ မှီရာပြု၍ နေကုန်လော့၊ လောဘ, ဒေါသ, မာန, ဒိဋ္ဌိ

(စာမျက်နှာ-၄၆၆)

အစရှိသော ကိလေသာတို့ကို ဖျောက်၍ ရူပကာယ၌ ဆံအစရှိသော ကောဋ္ဌာသအပေါင်းကို အဖန်တလဲလဲ ရှုသည်ဖြစ်၍ နေကြကုန်လော့” ဤသို့ အစရှိသော တရားစကားကို ဟောကြားဆုံးမတော်မူ၏။

၈၄။ ရှင်သာရိပုတြာ ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း

ဘုရားသခင်လည်း ဝေဠုဝရွာ၌ ဝါမှထပြီးသော် သာဝတ္ထိပြည်သို့ ကြွတော်မူအံ့ဟူ၍ လာသောခရီးဖြင့် ပြန်တော်မူလျက် အစဉ်သဖြင့် သာဝတ္ထိပြည်သို့ရောက်၍ ဇေတဝန်ကျောင်းသို့ ဝင်တော်မူ၏။ ထိုအခါ ရှင်သာရိပုတြာသည် မြတ်စွာဘုရားအား ဝတ်ပြု၍ ဆွမ်းခံရွာမှ ဖဲခဲ့ပြီးသော် နေ့သန့်တော်မူမြဲဖြစ်သော အရပ်၌ သမာပတ် ဝင်စားတော်မူ၏။

ပရိနိဗ္ဗာန် စံရာဌာန

ထိုသမာပတ်မှ ထပြီးသော် ဤသို့ အကြံတော်ဖြစ်၏။ “ဘုရားသခင်တို့သည်တည်း ရှေးဦးစွာ နိဗ္ဗာန်ဝင်ကုန်သလော၊ အဂ္ဂသာဝကတို့သည်တည်း ရှေးဦးစွာ နိဗ္ဗာန်ဝင်ကုန်သလော”ဟု အကြံတော်ဖြစ်၏။ ထိုအခါ အဂ္ဂသာဝကတို့သည် ရှေးဦးစွာ နိဗ္ဗာန်ဝင်မြဲ ဖြစ်သည်ဟု သိ၍ မိမိ၏ အာယုသင်္ခါရကို ဆင်ခြင်သော် “ခုနစ်ရက်အတွင်း၌သာလျှင် ငါ၏ အာယုသင်္ခါရသည် ဖြစ်လတ္တံ့”ဟု သိ၍ “အဘယ်အရပ်၌ ပရိနိဗ္ဗာန် ပြုရအံ့နည်း”ဟု ကြံပြန်သော် “ဘုရားသခင့် တပည့်တော်ကြီးဖြစ်သော အရှင်ကောဏ္ဍညသည်လည်း ဟိမဝန္တာတော မန္ဒာကိနီအိုင်၏ အနီး၌ ပရိနိဗ္ဗာန်ပြုလေ၏။ သားတော် ရာဟုလာသည်လည်း တာဝတိံသာနတ်ပြည်၌ ပရိနိဗ္ဗာန်ပြု၏၊ ငါမူကား အရပ်တပါး၌ ပရိနိဗ္ဗာန်ပြု၍ မသင့်ချေ၊ ငါ၏မယ်တော်သည် သားလေးယောက် သမီးသုံးယောက်အားဖြင့် ခုနစ်ပါးသောရဟန္တာတို့၏ အမိဖြစ်လျက် ဘုရား တရား သံဃာတို့၌ မကြည်ညို၊ ထိုငါ့မယ်တော်ကား ဤဘဝ၌ မဂ်ဖိုလ်ရအံ့သောအကြောင်း ရှိပါသလော”ဟု တွေးတောဆင်ခြင်ပြန်သော် သောတာပတ္တိဖိုလ်၌ ဥပနိဿယကို မြင်သဖြင့် ငါ့မိခင်အား ငါမှတပါး အမြိုက်တရားကို ပေးအံ့သောသူ မရှိပြီ၊ ဤကိစ္စ၌ ငါကြောင့်ကြမဲ့ ဖြစ်ချေအံ့၊ “အရှင်သာရိပုတြာသည် တပါးသော သတ္တဝါတို့၏ ကိုးကွယ်ရာသာ ဖြစ်နိုင်၏၊ မယ်တော်၏ မှားသောအယူဝါဒကို ပယ်ချခြင်းငှါ မတတ်နိုင်ပါ”ဟု အများဆိုရာ ဖြစ်ပေလတ္တံ့၊ ထို့ကြောင့် မယ်တော်၏မိစ္ဆာဝါဒကို ကင်းစိမ့်သောငှါ ငါဖွားရာ တိုက်ခန်း၌ပင် ပရိနိဗ္ဗာန်ပြုအံ့ဟု ကြံစည်ဆုံးဖြတ်၍ ယနေ့ပင်လျှင် ဘုရားသခင်ကို ခွင့်တောင်း၍ ထွက်တော့အံ့ဟု နှလုံးပြုလျက် ညီတော်စုန္ဒကိုခေါ်၍ “ငါ့ရှင်စုန္ဒ.. မိဘတို့ရွာသို့ သွားကြကုန်အံ့၊ ရဟန်းငါးရာတို့အား အရှင် အမှတ်သညာကိုပေးလော့”ဟု ဆို၏။

ထိုအရှင်စုန္ဒလည်း အရှင်သာရိပုတြာ၏ တပည့်ငါးရာတို့အား “အရှင်တို့.. သပိတ်သင်္ကန်းတို့ကိုဆောင်၍ လာလတ်ကုန်လော့၊ အရှင်သာရိပုတြာသည် နာဠကရွာသို့ ကြွတော်မူလို၏”ဟု ကြားပေ၏။ ငါးရာသော ရဟန်းတို့လည်း သပိတ်သင်္ကန်း ပြင်ဆင်လျက် ရှင်သာရိပုတြာ၏ထံသို့ ကပ်ကြကုန်၏။

ဘုရားရှင်ထံ ခွင့်တောင်းပြီ

ရှင်သာရိပုတြာလည်း ထိုရဟန်းငါးရာခြံရံလျက် ဘုရားရှင်ထံသို့ ကပ်ပြီးသော် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... အကျွန်ုပ်အား ခွင့်ပြုတော်မူပါ၊ အကျွန်ုပ်သည် အာယုသင်္ခါရ လွှတ်ချိန်တန်ပါပြီ”ဟု လျှောက်၏။

(စာမျက်နှာ-၄၆၇)

ဘုရားသခင်သည် “သင် ပရိနိဗ္ဗာန် ပြုချေတော့”ဟု မိန့်တော်မူချေသော် သေခြင်း၏ကျေးဇူးကို ချီးကျူးတိုက်တွန်းရာ ကျချိမ့်မည်။ “ပရိနိဗ္ဗာန်မပြုလင့်”ဟု မိန့်တော်မူလျှင်လည်း အမြိုက်တရားကို ပိတ်ပင်ရာကျချိမ့်မည်ဟု နှလုံးပြု၍ ထိုစကားနှစ်ပါးကို မိန့်တော်မမူပဲ “ချစ်သားသာရိပုတြာ.. သင် အဘယ်အရပ်၌ ပရိနိဗ္ဗာန်ပြုအံ့နည်း”ဟု မေးတော်မူ၏။ “အရှင်ဘုရား.. မဂဓရဇ်တိုင်း နာဠကရွာ၌ ကျွန်ုပ်ကိုဖွားရာဖြစ်သော တိုက်ခန်း၌ ပရိနိဗ္ဗာန်ပြုပါအံ့”ဟု လျှောက်လေလျှင် ဘုရားသခင်ကလည်း “ချစ်သား သာရိပုတြာ... သင်၏ ပရိနိဗ္ဗာန်ဝင်ရာကို သင်သာ သိနိုင်သည်၊ သင်၏ တပည့်ကြီး တပည့်ငယ်တို့သည် သင်ကဲ့သို့သော ဆရာကို ဖူးမြင်ရခြင်းငှါလည်းကောင်း၊ ဆည်းကပ်ရခြင်းငှါလည်းကောင်း အလွန်ရခဲ၏၊ ထို့ကြောင့် တရားဟောဦးလော့”ဟု မိန့်တော်မူ၏။

အရှင်သာရိပုတြာ တန်ခိုးပြပုံ

ထိုအခါ ရှင်သာရိပုတြာလည်း မြတ်စွာဘုရားသည် ငါ၏ တန်ခိုးဖန်ဆင်းခြင်းလျှင် ပဓာနရှိသော တရားဒေသနာကို အလိုရှိချေသည်ဟု သိ၍ ဘုရားသခင်ကို ရှိခိုးလျက် ထန်းတဆင့်မျှသော ကောင်းကင်သို့တက်၍ မြေသို့ သက်ပြန်ပြီးလျှင် ဘုရားရှင်၏ခြေတော်ကို ဦးဖြင့်တိုက်၍ တဖန် ထန်းနှစ်ဆင့်မျှသော ကောင်းကင်သို့ တက်ပြန်၍ တဖန် မြေသို့ သက်ပြန်ပြီးလျှင် ဘုရားရှင်၏ခြေတော်ကို ဦးတိုက်၍ ဤသို့ တကြိမ်ထက်တကြိမ် လွန်ကာ ထန်းခုနစ်ဆင့်မြင့်သော ကောင်းကင်ထက်သို့ ပြန်တက်၍ ကောင်းကင်ထက်၌ တည်လျက် အထူးထူးသော တန်ခိုးဖန်ဆင်းခြင်းကိုပြု၍ လူရဟန်းအပေါင်းတို့အား တရားဟောပြလေ၏။ ထိုအခါ သာဝတ္ထိပြည်အလုံးသည် ရုန်းရင်းခတ်မျှ စည်းဝေးကြ၏။

အရှင်သာရိပုတြာလည်း ကောင်းကင်မှ သက်ဆင်း၍ ဘုရားခြေတော်ရင်း၌ ဦးတိုက်ပြီးလျှင် “အရှင်ဘုရား.. အကျွန်ုပ် သွားပါတော့အံ့”ဟု လျှောက်၏။ မြတ်စွာဘုရားလည်း နေတော်မူရာမှထ၍ ဂန္ဓကုဋိတိုက်၏အပါး ပတ္တမြားစီသော အင်းပျဉ်ထက်၌ ရပ်တော်မူ၏။ အရှင်သာရိပုတြာလည်း လက်ယာရစ် သုံးကြိမ်လည်၍ ရှိခိုးပြီးသော် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤကမ္ဘာမှ ပြန်၍ရေသော် တသင်္ချေနှင့် ကမ္ဘာတသိန်း၏ အထက်၌ အနောမဒဿီ ဘုရားသခင်၏ စက်ပြင်တော်ရင်း၌ဝပ်၍ ကိုယ်တော်မြတ်ကို ဖူးမြင်ရကြောင်းဖြင့် ကျွန်ုပ် ဆုတောင်းခဲ့ဖူးပါသည်။ တောင်းသောဆုသည် ယခုပြည့်ဝ၍ အရှင်မြတ်ကို ဖူးမြင်ရပေပြီ၊ တရားရသကိုလည်း သောက်ရပေပြီ၊ ဤယခု ဖူးမြင်ခြင်းသည်ကား အဆုံးစွန်သော ဖူးမြင်ခြင်းပါတည်း၊ တဖန် ကိုယ်တော်မြတ်ကို ဖူးမြင်ခြင်းငှါ မလာနိုင်ပြီ၊ ဤရှိခိုးခြင်းသည် အဆုံးစွန်သော ရှိခိုးခြင်းပါတည်း၊ ယနေ့မှ ခုနစ်ရက်လွန်လျှင် လေးလံစွာသော ခန္ဓာဝန်ကို အကျွန်ုပ် ချပါတော့မည်”ဟု လျှောက်၍ ဘုရားမြင်လောက်သမျှ ဌာနတိုင်အောင် နောက်ဆုတ်သာ ကြွလေ၍ ဒဿနူပစာရ လွန်သောအခါမှ နာဠကရွာသို့ ရှေးရှုကြွတော်မူ၏။ ထိုအခါ မဟာပထဝီမြေကြီးသည် ကြည်းဟည်းလျက် တုန်လှုပ်၏။

နာဠကရွာသို့ ကြွပြီ

ဘုရားသခင်လည်း အရှင်သာရိပုတြာကိုခြံရံကာ နေကုန်သော ရဟန်းတို့အား “ချစ်သားတို့... သင်တို့၏ အစ်ကိုကြီးကို လိုက်၍ပို့ကြကုန်လော့”ဟု မိန့်တော်မူ၏။ ရဟန်းပရိသတ်တို့လည်း မြတ်စွာဘုရားတပါးကိုသာခြွင်း၍ အကြွင်းမဲ့ ထွက်လေကုန်၏။ သာဝတ္ထိပြည်သားတို့သည်လည်း

(စာမျက်နှာ-၄၆၈)

“အရှင်သာရိပုတြာသည် မြတ်စွာဘုရားကိုပန်၍ နိဗ္ဗာန်ဝင်အံ့သောငှါ ကြွချေပြီ၊ ဤအခါမှ နောက်ကာလ၌ ငါတို့သည် မဖူးရကုန်လတ္တံ့”ဟု ပန်းနံ့သာ လက်စွဲကုန်လျက် ဖြန့်ကြဲသော ဆံရှိသည်ဖြစ်၍ ဟစ်ကြွေးငိုယိုကာ လျင်စွာ နောက်တော်သို့ လိုက်ကြကုန်၏။

အရှင်သာရိပုတြာလည်း မြို့၏ ဥပစာအလွန်၌ ရပ်တော်မူ၍ လူရှင်ရဟန်းအပေါင်းတို့အား “သင်တို့သည် ဘုရားသခင်ကိုလည်း မမေ့ကုန်လင့်၊ သင်္ခါရတရားတို့၏ ဖြစ်တတ်, ပျက်တတ်သော သဘောရှိသော အဖြစ်ကိုလည်း မမေ့စေကုန်လင့်”ဟု ဩဝါဒပေး၍ ပြန်ကြစေ၏၊ ထိုမှလည်း အစဉ်သဖြင့် ကြွတော်မူ၍ ခရီးအကြား၌ လူတို့အား တရားဟောတော်မူကာ ခုနစ်ရက်ကြာသော် ညချမ်းအခါ၌ နာဠကရွာသို့ရောက်၍ ရွာတံခါးအနီး ပညောင်ပင်ကြီး၏ အရင်း၌ ရပ်တော်မူ၏။

ထိုအခါ အရှင်သာရိပုတြာ၏ တူဖြစ်သော ဥပရေဝတသည် ရွာ၏အပသို့ ထွက်လာသည်နှင့် ရှင်သာရိပုတြာကိုမြင်လျှင် ရွှင်လန်းမြတ်နိုး ရှိခိုးလျက် ရပ်လင့်၏။ အရှင်မြတ်လည်း ဥပရေဝတကိုခေါ်၍ “အချင်း ဥပရေဝတ.. သင်၏အဖွားသည် အိမ်၌ ရှိပါ၏လော”ဟု မေး၏။ “အရှင်ဘုရား.. ရှိပါ၏”ဟု လျှောက်သော် “သင် မြန်စွာသွား၍ ငါတို့လာသောအဖြစ်ကို ကြားချေ။ ဘယ့်ကြောင့် လာသနည်းဟု မေးလျှင် မိခင်အိမ်၌ ညဉ့်ကျိန်းဝပ်လို၍ လာသည်။ ဖွားရာတိုက်ခန်းကို သုတ်သင် ပြင်ဆင်လော့၊ ငါးရာသော ရဟန်းတို့၏ နေရာကိုလည်း ပြင်စေလော့”ဟု ဆို၍ စေလိုက်၏။

ထိုဥပရေဝတလည်း အဖွားအိမ်သို့ သွား၍ “အဖွားကြီး.. ငါတို့ဦးရီးဖြစ်သော အရှင်သာရိပုတြာ ယခု ကြွလာသည်”ဟု ဆို၏။ အဖွားကလည်း “ယခု ဘယ်မှာရှိသနည်း”ဟု မေးလျှင် “ရွာပြင် ပညောင်ပင်ရင်း၌ ရှိပါသည်”ဟု ဆို၏။ “ငါ့သား တပါးတည်းလော, အခြားသူ ပါသလော”ဟု မေးပြန်သော် “ရဟန်းငါးရာ ပါလာသည်”ဟု ဆိုပေ၏၊ “အဘယ့်ကြောင့် ကြွလာသနည်း”ဟု မေးပြန်လျှင် အရှင်သာရိပုတြာ မှာလိုက်သောအတိုင်း “ယနေ့ အိမ်တွင် ကျိန်းဝပ်လိုသည်။ ဖွားရာတိုက်ခန်းကို သုတ်သင်ရမည်။ ရဟန်းငါးရာတို့၏ နေရာကိုလည်း ပြင်ဆင်ရမည်ဟု မှာလိုက်ပါသည်” ဟူ၍ ဆို၏။

မယ်တော့်တိုက်ခန်း ရောက်သော်

ထိုစကားကိုကြားသော် မယ်တော် ရူပသာရီပုဏ္ဏေးမလည်း “ဤမျှလောက်သော ရဟန်းတို့၏နေရာကို ဘယ်မှာ သုတ်သင်ရအံ့နည်း၊ ငယ်ရွယ်ပျိုမျစ်သော အခါက ရဟန်းပြု၍ ယခု ကြီးရင့်သောအခါမှ လူထွက်ခြင်းကို အလိုရှိပြန်လေသလော”ဟု တွေးတောမြည်တမ်းကာ ဖွားရာတိုက်ခန်းကိုလည်းကောင်း၊ ငါးရာသော ရဟန်းတို့၏ နေရာကိုလည်းကောင်း ပြုပြင်စေ၍ ဆီမီးတိုင်တို့ကို တပြိုင်တည်း ညှိထွန်းပြီးလျှင် အရှင်သာရိပုတြာထံသို့ စေလိုက်၏။ အရှင်မြတ်လည်း ရဟန်းငါးရာနှင့်တကွ ပြာသာဒ်သို့တက်၍ ဖွားရာတိုက်ခန်းသို့ဝင်လျက် နေတော်မူ၏၊ ရဟန်းတို့ကိုလည်း သင်တို့၏နေရာသို့ သွားကုန်လော့ဟု လွှတ်လိုက်၏။ ညီတော်စုန္ဒနှင့် မယ်တော် ပုဏ္ဏေးမသာလျှင် အနီး၌ တည်၏။

ရဟန်းတို့သွား၍ မမြင့်မီပင်လျှင် အရှင်သာရိပုတြာအား ကြမ်းတမ်းကြောက်မက်ဖွယ်ရာ သွေးအန်သော ဝေဒနာသည် ရောက်ခဲ့၏၊ ညီတော်စုန္ဒသည် ခွက်ကြီးခွက်ငယ်တို့ဖြင့် အလှယ်လှယ်ခံ၍

(စာမျက်နှာ-၄၆၉)

သွန်သည်၊ ခံသောခွက်မျှ မဆံ့နိုင်အောင် ရှိချေ၏၊ ဝေဒနာကို အာရုံမပြုပဲ သည်းခံပါသော်လည်း တက်ဆန်လာသော လေကြောင့် ရေပွက်မှုတ်သကဲ့ တရှုတ်ရှုတ် ပျို့အန်၏။

ထိုအခါ ရူပသာရီမည်သော မယ်တော်ပုဏ္ဏေးမသည် “ငါ့သား၏ ဖြစ်ရအင်ကို မိခင် မမြင်ဝံ့ပြီ”ဟု ရင်ကို လက်ဆုပ်ဖြင့်ခတ်လျက် တိုက်တံခါးကိုမှီ၍ ရပ်၏။

နတ်ဗြဟ္မာတို့ ဆည်းကပ်လာပုံ

စာတုမဟာရာဇ် နတ်မင်းတို့လည်း ထိုအကြောင်းကိုသိ၍ လျင်စွာလာပြီးလျှင် အရှင်သာရိပုတြာ၏ ခြေတော်ကို ဆုပ်နယ်၏။ “သင်တို့ အသူနည်း”ဟု မေးလျှင် “အရှင်ဘုရား.. စတုမဟာရာဇ် နတ်မင်းကြီးတို့ပါတည်း”ဟု လျှောက်ကုန်၏။ “အဘယ်အလို့ငှါ လာသနည်း”ဟု မေးလျှင် “အရှင်မြတ်နာသည်ကို လုပ်ကျွေးခြင်းငှါ လာပါသည်”ဟု လျှောက်၏။ အရှင်သာရိပုတြာလည်း “ငါ့အား လုပ်ကျွေးသူ ရှိပြီ၊ သွားကြကုန်လော့”ဟု ဆို၍ လွှတ်လိုက်လေ၏။

ထို့နောက် သိကြားမင်းသည် ရောက်လာ၍ စာတုမဟာရာဇ် နတ်မင်းတို့၏အတူ ပြု၏။ ထို့နောက် သုယာမနတ်မင်း, ထို့နောက် စူဠရထနတ်မင်း, ထို့နောက် ဗြဟ္မာမင်းတို့လာ၍ စာတုမဟာရာဇ် နတ်တို့၏အတူ ပြုပေ၏၊

မယ်တော် ဆည်းကပ်လာခြင်း

မယ်တော် ပုဏ္ဏေးမလည်း နတ်ဗြဟ္မာတို့၏ လာခြင်း, သွားခြင်းကို မြင်လျှင် “ဤသူများတို့သည် ငါ့သားကို ရှိခိုးကာ အဘယ်အကြေင်းကြောင့် သွားလာပါလိမ့်အံ့နည်း” ဟု ကြံ၍ သားတော်ထံသို့ ကပ်ပြီးလျှင် “ချစ်သား စုန္ဒ.. အကြောင်း အသို့နည်း”ဟု မေး၏။ အရှင်စုန္ဒကလည်း နတ်ဗြဟ္မာတို့လာသော အကြောင်းကို ပြန်ပြောပြီးလျှင် “အရှင်ဘုရား၏ မယ်တော်ဖြစ်သော ဒကာမကြီးသည် အနီးသို့ လာပါသည်”ဟု လျှောက်၏။

အရှင်သာရိပုတြာလည်း “အခါမဟုတ်သည်၌ အဘယ့်ကြောင့် လာသနည်း”ဟု မေး၏။ မယ်တော်က “ချစ်သားကို ဖူးမြင်ခြင်းငှာလည်းကောင်း၊ ရောဂါသက်သာကြောင်း မသက်သာကြောင်းကို သိခြင်းငှါလည်းကောင်း လာပါသည်”ဟု ဆို၍ “ချစ်သား.. ကိုယ်အရောင်အဝါ တင့်တယ်စွာဖြင့် ရှေးဦးစွာလာသော သူတို့သည် အဘယ်သူနည်း”ဟု မေး၏။ “ဒကာမကြီး.. စာတုမဟာရာဇ် နတ်မင်းကြီးတို့တည်း”ဟု ဆိုလျှင် “ချစ်သားသည် ထိုနတ်မင်းကြီး လေးပါးထက် ကြီးမြတ်သလော”ဟု မေး၏။ “ဒကာမကြီး... ထိုနတ်မင်းကြီး လေးယောက်တို့သည် အရံအစောင့်နှင့်သာ တူ၏၊ ငါတို့ဆရာ မြတ်စွာဘုရားသည် ပဋိသန္ဓေယူသည်မှစ၍ သန်လျက်စွဲလျက် စောင့်ရကုန်သည်၊ တပည့်သာဝကတို့ကိုလည်း ထိုနည်းတူ စောင့်ရကုန်သည်”ဟု ဆိုပေသော် “ချစ်သား.. ထို့နောက် လာသောသူကား အဘယ်သူနည်း”ဟု မေးပြန်သော် “မယ်တော်... နတ်တို့ကို အစိုးရသော သိကြားမင်းပင်တည်း”ဟု ဆိုသော် “ထိုသိကြားမင်းထက်လည်း ချစ်သားသည် ကြီးမြတ်သလော”ဟု မေးပြန်၏၊ “မိခင်.. သိကြားမင်းသည် သပိတ်သင်္ကန်းကိုဆောင်ယူသော လူသာမဏေငယ်နှင့်သာ တူ၏၊ ငါတို့ဆရာ မြတ်စွာဘုရားသည် တာဝတိံသာမှ သက်သောအခါ သပိတ်သင်္ကန်းကို ဆောင်ယူကာ လိုက်ရ၏”ဟု ဆိုပေသော် “ချစ်သား... ထို့နောက် ပြောင်ပြောင်တောက်သော ကိုယ်အလျှံအဝါဖြင့်လာ၍ ခစားလတ်သည်ကား အဘယ်သူနည်း”ဟု

(စာမျက်နှာ-၄၇၀)

မေးပြန်၏။ “ဒကာမကြီး... ဒကာမကြီးတို့၏ ကိုးကွယ်သောဆရာ, ဘုန်းအာနုဘော် ကြီးကျယ်စွာသော ဗြဟ္မာမင်းတို့တည်း”ဟု ဆိုပေသော် “ချစ်သား... သင်ချစ်သားသည် ငါတို့ဆရာ ဗြဟ္မာကြီးထက်လည်း ကြီးမြတ်သလော”ဟု မေး၏။ “ဒကာမကြီး.. ထိုဗြဟ္မာကြီးတို့သည် ငါတို့ဆရာ မြတ်စွာဘုရား ဖွားတော်မူသည့်နေ့ပင် ရတနာရွှေကွန်ရက်ဖြင့် ခံကြရကုန်သည်၊ ဥပါသကာ ပရိသတ်ကဲ့သို့သာ ဖြစ်ကုန်သည်”ဟု ဆိုပေ၏။

မယ်တော် ကျွတ်တမ်းဝင်ပြီ

ထိုအခါ၌ ရူပသာရီမယ်တော်က “ငါ့သား၏ ဘုန်းအာနုဘော်သည် ကြီးမြတ်ပေစွ၊ စင်စစ်ကား ငါ့သား၏ဆရာဖြစ်သော ဘုရားသခင်၏ ဘုန်းအာနုဘော်မှာ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း”ဟု ကြံမိ၍ ငါးရပ်သောပီတိတို့ဖြင့် ကိုယ်အလုံးကို နှံ့လေ၏။ အရှင်သာရိပုတြာလည်း “ငါ၏မယ်တော်အား များစွာသော နှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်ပြီ၊ ဤယခုအခါ၌ တရားဟောခြင်းငှါ သင့်ပြီ”ဟု ကြံပြီးလျှင် “မိခင်.. အဘယ်သို့ နှလုံးထားသနည်း”ဟု မေး၏။ “ငါ့သား၏ ဂုဏ်ကျေးဇူးကို ရှေးဦးစွာ မိခင် အောက်မေ့ပြီးမှ ငါ့သား၏ ဆရာကား အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်းဟု နှစ်သက်ဝမ်းမြောက် အောက်မေ့ပါသည်”ဟု ပြောသော် “မယ်တော်... ငါ၏ဆရာ မြတ်စွာဘုရားသည် ဖွားတော်မူသော အခါ၌လည်းကောင်း၊ တောထွက်တော်မူသော အခါ၌လည်းကေင်း၊ သဗ္ဗညုတဉာဏ်ကို ရတော်မူသော အခါ၌လည်းကောင်း၊ ဓမ္မစကြာတရား ဟောတော်မူသော အခါ၌လည်းကောင်း တသောင်းသော လောကဓာတ်တို့ ပဲ့တင်ထပ်မျှ တုန်လှုပ်သည်၊ သီလ ပညာ သမာဓိအရာ၌လည်းကောင်း၊ အရဟတ္တဖိုလ်စိတ်၌လည်းကောင်း၊ ဉာဏ်အမြင်၌လည်းကောင်း ဘုရားသခင်နှင့်တူသူ မရှိပြီ၊ ဣတိပိသော အစရှိသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံတော်မူ၏” ဤသို့ ဘုရားဂုဏ်နှင့်စပ်သော တရားစကားကို ဟောကြားတော်မူသော် မယ်တော်ရူပသာရီလည်း ဤဒေသနာ၏အဆုံး၌ အလုံးစုံသော ဒိဋ္ဌိ,ဝိစိကိစ္ဆာ ကင်းကွာလျက် သောတာပတ္တိဖိုလ်၌တည်၍ “ချစ်သား.. အဘယ့်ကြောင့် ဤသို့ကောင်းမြတ်သော အမြိုက်တရားကို မိခင်အား ဤမျှလောက်သော ကာလပတ်လုံး မဟောမကြား နေဘိသနည်း၊ မိခင်အား ချစ်ခြင်းနည်းလေသလော”ဟု ဆို၏။

ထိုစကားကို ကြားသောအခါ အရှင်သာရိပုတြာလည်း “ငါ၏ အဆင်းအသရေကို ဆောင်ပေတတ်သော မယ်တော်၏ မွေးကျွေးသော နို့ဖိုးကျေးဇူးကို အထူးငါဆပ်ရပြီ၊ ဤမျှဖြင့် ပြီးစေတော့”ဟု ကြံ၍ “ဒကာမကြီး သွားဦးတော့”ဟု ဆို၍ မယ်တော်ကို လွှတ်လိုက်၏။

ပရိနိဗ္ဗာန် စံတော်မူပြီ

ထို့နောက်မှ “ငါ့ညီစုန္ဒ... ဘယ်အချိန်တိုင်ပြီနည်း”ဟု မေး၏။ “မိုးသောက်အားကြီး ရှိပါပြီ”ဟု လျှောက်သော် “ငါ့ညီစုန္ဒ.. ငါ့ကိုထူလော့”ဟု မိန့်တော်မူ၏။ အရှင်စုန္ဒလည်း နောင်တော်ကို မ,၍ ထစေပြီးသော် ရဟန်းတို့ကိုခေါ်၍ “ငါ့ရှင်တို့.. ငါသည် လေးဆယ့်လေးနှစ်တို့ပတ်လုံး သင်တို့နှင့် အတူတကွ သွားလာကြသည်၊ ထိုမျှလောက်သောအခါ၌ ငါ၏ ကာယကံကြောင့်ဖြစ်သော အမူအရာကိုလည်းကောင်း၊ ဝစီကံကြောင့်ဖြစ်သော အမူအရာကိုလည်းကောင်း သင်တို့ မနှစ်သက်ရှိကုန်အံ့၊ ထိုအမှုကို သည်းခံကြပါကုန်လော့”ဟု မိန့်တော်မူ၏။

(စာမျက်နှာ-၄၇၁)

တပည့်တို့ကလည်း “အရှင်ဘုရား.. ဤမျှလောက်သော ကာလပတ်လုံး အရှင်၌ အကျွန်ုပ်တို့ မနှစ်သက်ဖွယ်မည်သည် မရှိ၊ အရှင်ဘုရားသာ အကျွန်ုပ်တို့အား သည်းခံတော်မူပါ၊ ကံသုံးပါးဖြင့် ကန်တော့ပါ၏”ဟု လျှောက်ကုန်၏။

အရှင်သာရိပုတြာရာလည်း တန်ဆောင်မုန်းလပြည့်နေ့ညဉ့် ပစ္ဆိမယံအချိန်တွင် မယ်တော်အိမ် တိုက်ခန်း၌ ခေါမသင်္ကန်းကို ရုံတော်မူ၍ လက်ယာနံပါးဖြင့် လျောင်းလျက် ဈာန်သမာပတ်, ဖလသမာပတ်တို့ကို မပြတ်ဝင်စားတော်မူလျက် စတုတ္ထဈာန်၏အထက်၌ ဤမြေကို ပဲ့တင်ထပ်စေလျက် ဝိပါက်ကမ္မဇရုပ် အကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် စံတော်မူ၏။

မယ်တော် ရူပသာရီလည်း မဟာပထဝီလှုပ်သောအခါ အနီသို့လာ၍ “ချစ်သား စုန္ဒ. အသို့တုံနည်း၊ ငါ့သားကြီး ဥပတိဿသည် တခွန်းသောစကားကိုမျှ မဆိုပြီတကား”ဟု ခြေတော်ကို ဆုပ်နယ်သုံးသပ်သော် ပရိနိဗ္ဗာန်ယူသောအဖြစ်ကို သိ၍ သည်းစွာသောအသံကို ဟစ်လျက် “ချစ်သား ဥပတိဿ... ရှေးကာလက ငါ့သားကျေးဇူးဂုဏ်အင်ကို မိခင် မသိရပါ။ ယခုမှသာ သိလိုက်ပါတော့သည်။ စည်းစိမ်ဥစ္စာ များစပါလျက် သားရဟန်းကို အမွန်ထား၍ ဘုရားသခင်နှင့်တကွ အသိန်းမကသော ရဟန်းသံဃာတို့ကို မိခင်အိမ်မှာ တကြိမ်မျှ စည်းဝေး၍ မလုပ်မကျွေး မလှူဒါန်းရပါလေ၊ တထည်သောသင်္ကန်း, တဆောင်သော ရိပ်ဝှမ်းကိုမျှ မလှူဒါန်းရပါလေ”ဟု ငိုကြွေး၏။

မယ်တော့်ကုသိုလ်

မိုးသောက်သောအခါ အရာမျှလောက်သော ပန်းထိမ်သည်တို့ကိုခေါ်၍ လှော်ပြီးသော ရွှေစင်တသိန်းကို အပ်လျက် စုလစ်မွမ်းချွန်တပ်သော ပြာသာဒ်ငါးရာတို့ကိုလည်းကောင်း၊ စေတီတလား ငါးရာတို့ကိုလည်းကောင်း ကောင်းစွာ လုပ်ဆောင်စေ၏။

သိကြားမင်းလည်း ဝိသကြုံနတ်သားကိုခေါ်၍ “အချင်း ဝိသကြုံနတ်သား... တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာ နိဗ္ဗာန်ယူရာ၌ တင့်တယ်စွာသော ပြာသာဒ်တို့ကို ဖန်ဆင်း၍ ပေးချေ”ဟု စေလိုက်၏။ မယ်တော်ကလုပ်ဆောင်သော ပြာသာဒ်တထောင် ဝိသကြုံနတ်သား ဖန်ဆင်းသော ပြာသာဒ်တထောင် ဤနှစ်ထောင်သော ပြာသာဒ်တို့သည် ဖြစ်လေကုန်၏။

ထို့နောက်မှ မြို့လယ်၌ မဏ္ဍပ်ကြီးကို ဆောက်စေ၍ ထိုမဏ္ဍပ်တွင်း၌ ပြာသာဒ်နှစ်ထောင်ကို စီကာစဉ်ကာထား၍ တပါးသော ပြာသာဒ်မှသည် တပါးသော ပြသာဒ်သို့ ပြောင်းကာ ပြောင်းကာ များစွာ ပူဇော်ကုန်၏၊ နတ်တို့သည် လူတို့၏အကြား၌, လူတို့သည် နတ်တို့၏အကြား၌ သွားလာလှည့်ပတ်ရကုန်၏။

ရေဝတီနတ်သမီး

ထိုအခါ ရှင်သာရိပုတ္တရာ၏ အလုပ်အကျွေးဖြစ်သော ရေဝတီ အမည်ရှိသော မိန်းမသည် အဖိုးများစွာထိုက်သော ရွှေပန်းသုံးခိုင်ကို စီရင်၍ အရှင်မြတ်အလောင်းတော်ကို ပူဇော်လာ၏။ သိကြားမင်းသည်လည်း နှစ်ကုဋေငါးသန်းသော နတ်ကချေသည်တို့ဖြင့် ခြံရံလျက် ဆင်းသက်လာ၍ ပူဇော်ကုန်၏။

(စာမျက်နှာ-၄၇၂)

များစွာသော လူတို့သည် သိကြားမင်းကိုမြင်လျှင် ကြောက်ငြင်ကြရကား နောက်ဆုတ် နောက်ဆုတ် သွားကြ၏၊ ရေဝတီကား ရှောင်ရှားပါသော်လည်း မရှောင်သာသဖြင့် လူတို့၏အကြား၌ လဲလေ၏၊ ထိုလဲရာ၌ လူများစွာတို့သည် ထပ်ကာ ထပ်ကာ နင်းသဖြင့် ရုတ်ချင်း စုတေလေ၍ တာဝတိံသာနတ်ပြည်ဝယ် ရွှေဗိမာန်ကြီး၌ နတ်သမီးအခြံအရံ ငါးရာနှင့်တကွ သုံးဂါဝုတ်မျှသော ကိုယ်ဖြင့် ဖြစ်လေ၏။ ကိုယ်တွင် ဆင်ယင်အပ်သော ထိုနတ်သမီး၏ ဘယက်တန်ဆာ ဒွါဒရာတို့ကား လှည်းအစီး ခြောက်ဆယ်တိုက်ခန့် ရှိ၏၊ တင့်တယ်စွာ တန်ဆာဆင်လျက် ကိုယ်ထင်ဖြစ်လာသည်ကို မြင်လျှင် ထက်ဝန်းကျင် ရံနေသော နတ်သမီးတို့သည် ကြေးမုံကို ရှေ့က ပြကြကုန်၏။

ရေဝတီလည်း မိမိ၏ စည်းစိမ်အသရေကိုမြင်လျှင် သို့စင်သော စည်းစိမ်ချမ်းသာကို ငါရခြင်းသည် အရှင်မြတ်၏ ကျေးဇူးပေတကားဟု သိ၍ လူအပေါင်းတို့အား ထင်ရှားပြခြင်းငှါ ဗိမာန်နှင့်တကွ သက်လာ၍ နာဠကရွာသူတို့သည် “အကြောင်းအသို့နည်း၊ ယနေ့ပင် နေနှစ်စင်း ထွက်လေသလော”ဟု တွေးတော မျှော်ရှုစဉ်ပင် စုလစ်မွမ်းချွန်တို့ဖြင့် တန်ဆာဆင်အပ်သော ရွှေဗိမာန်သည် ထင်ရှား၍ ရှင်သာရိပုတ္တရာ၏ ထင်းတလားထက်၌ ရပ်လေ၏။ ရေဝတီနတ်သမီးလည်း ဗိမာန်ကို ကောင်းကင်၌ထားလျက် မိမိကား မြေသို့သက်၍ အလောင်းတော်ကို ပူဇော်ပေ၏။

လူအများတို့က “သင်ကား အဘယ်သူနည်း”ဟု မေးကြကုန်လျှင် “အရှင်မြတ်၏အလောင်းကို ရွှေပန်းသုံးခိုင်ဖြင့် ပူဇော်လာသော ရေဝတီပင်တည်း၊ သင်တို့နင်း၍ ငါ သေလွန်ရသည်၊ ထိုခဏ၌ တာဝတိံသာနတ်ပြည်ဝယ် ကြီးကျယ်သော စည်းစိမ်ကို ခံစားရသောကြောင့် သင်တို့ကို ပြအံ့သောငှါ ငါသက်လာသည်၊ သင်တို့လည်း များစွာ အလှူကောင်းမှုကို ပြုကြကုန်လော့”ဟု တိုက်တွန်း၍ အရှင်မြတ်အလောင်းကိုထားသော ထင်းတလားပုံကို လက်စုံယှက်ကာ လက်ယာရစ် သုံးပတ်လည်ပြီးမှ နတ်ပြည်သို့ ပြန်တက်လေ၏။

လူအပေါင်းတို့သည်လည်း ကောင်းချီးပေးကာ လွန်ဝမ်းသာလျက် နံ့သာအမျိုးမျိုးတို့ကို ရုံးစုလျက် ပြုကြသော ထင်းပုံကား ကိုးဆယ့်ကိုးတောင် မြင့်သည်။ အလောင်းတော်ကို ထိုထင်းပုံထက်၌ တင်၍ ခုနစ်ရက်ပတ်လုံး ပူဇော်ပြီးမှ မီးတိုက်ကြကုန်၏၊ သင်းချိုင်း၌ တညဉ့်ပတ်လုံး တရားနာခြင်း အလှူပေးခြင်းကို ပြု၏။

ဓာတ်တော်များ ဘုရားရှင်ထံရောက်၍ စေတီတည်ထားခြင်း

အရှင်အနုရုဒ္ဓါသည် နံ့သာရေဖြင့် မီးကို ငြိမ်းစေ၏။ အရှင်စုန္ဒသည် ဓာတ်တော်ကို ရွှေစင်ကြုတ်ဖြင့် ထည့်ဆောင်၍ နောင်တော်၏ ပရိနိဗ္ဗာန်ပြုခြင်းကို ဘုရားသခင်အား လျှောက်ကြားအံ့ဟု အရှင်သာရိပုတြာ၏ သပိတ်သင်္ကန်းကိုယူ၍ သာဝတ္ထိပြည်သို့ လာခဲ့၏။

ရောက်သောအခါ မြတ်စွာဘုရားအထံသို့ မဝင်ဦးပဲ လေးထောင့်ကန်၌ ရေချိုး၍ ကောင်းစွာ ဝတ်ရုံပြီးမှ “ဘုရားသခင်တို့မည်သည်ကို ကျောက်ထီးကဲ့သို့ အလေးအမြတ် ပြုအပ်လှချေသည်။ ငါ ဘုရားရှင်ထံ အဖြောင့်သွား၍ လျှောက်ကြားခြင်းငှါ မသင့်သေး၊ ငါ၏ ဥဇ္ဈာယ်ဖြစ်သော အရှင်အာနန္ဒာ၏ထံသို့ ကပ်၍ ထိုအရှင်မြတ်နှင့်တကွ ဘုရားထံတော်သို့ ဝင်အံ့”ဟု ကြံပြီးလျှင်

(စာမျက်နှာ-၄၇၃)

အရှင်အာနန္ဒာထံသို့ သွား၍ “အရှင်ဘုရား.. အကျွန်ုပ်၏ နောင်တော်ကြီးသည် ပရိနိဗ္ဗာန် လွန်ချေပြီ၊ ဤကား သပိတ်သင်္ကန်းတည်း၊ ဤကား ဓာတ်တော်တည်း”ဟု လျှောက်ကြား၏။

အရှင်အာနန္ဒာလည်း အရှင်စုန္ဒနှင့်တကွ ဘုရားထံတော်သို့ ကပ်၍ အတ္ထုပ္ပတ္တိအလုံးစုံကို လျှောက်ကြားလျက် ဓာတ်တော်, သပိတ်များကို ပြ၏။

ဘုရားသခင်လည်း ဆဒ္ဒန်ဆင်မင်း၏ နှာမောင်းတော်နှင့်တူသော လက်ရုံးတော်ကို ဆန့်လျက် လက်ဝါးပြင်၌ ဓာတ်တော်ကိုထားပြီးမှ “ချစ်သားရဟန်းတို့... ယမန်နေ့၌ပင် ရှေ့တောင်တွင် တန်ခိုးပြာဋိဟာကိုပြ၍ လူရဟန်းတို့အား တရားဆုံးမပေသော သားတော်ကြီးသည် သင်္ခါရမီး ငြိမ်းခဲ့ရကား ဓာတ်အစုမျှသာ ယခု ထင်ချေတော့သည်၊ သင်တို့လည်း မပေါ့မလျော့ကုန်လင့်၊ ဤချစ်သား သာရိပုတြာသည် တသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်သဖြင့် အဂ္ဂသာဝကအဖြစ်သို့ ရောက်လာရကား ပညာအရာ၌ ငါဘုရားကိုထား၍ တိုင်းစားထိုက်သောသူသည် စကြဝဠာအပေါင်း တသောင်းအတွင်း၌ တစုံတယောက်မျှ မရှိ၊ ဤသူသည် ကြီးသောပညာလည်း ရှိ၏။ ရွှင်သောပညာ, လျင်သောပညာ, ထက်မြက်ထိုးထွင်း တခဏချင်း မြင်နိုင်သော ပညာလည်း ရှိ၏၊ အလိုနည်း၏။ ဆိတ်ငြိမ်ရာ၌ မွေ့လျော်၏၊ သူတော်ကောင်းလှ၏၊ အကျိုးစီးပွား၌ အားထုတ်သော လုံ့လရှိ၏၊ မကောင်းမှုပြုသူတို့ကို ကဲ့ရဲတတ်၏၊ မြေကြီးနှင့်တူသော သည်းခံခြင်းရှိ၏၊ စောင်မာန်ကင်းဘိရကား ဦးချိုကျိုးသော နွားဥသဘနှင့် တူ၏၊ ချစ်သားတို့.. သို့စင် ကျေးဇူးဂုဏ်အထူးနှင့် ပြည့်စုံသော ငါ့သား သာရိပုတြာ၏ ဓာတ်တော်ကို ကြည့်ကြကုန်လော့”ဟု ဂါထာ ငါးရာတို့ဖြင့် ရှင်သာရိပုတြာ၏ ကျေးဇူးကို ချီးမွမ်းတော်မူ၏။

အရှင်အာနန္ဒာလည်း မြတ်စွာဘုရား ချီးမွမ်းတော်မူသည်ကို ကြားလျှင် အသည်းကြားမှ လှိုက်၍ ရှိုက်ငင်ငိုကြွေး၏။ ဘုရားသခင်လည်း “အချင်း အာနန္ဒာ... ရှေးမဆွက သင့်အား ငါ ဟောကြားဖူးပြီ မဟုတ်လော၊ ဘယ့်ကြောင့် ငိုကြွေးဘိသနည်း၊ အမိ,အဖ, နှမ,အစ်ကို အစရှိသော ချစ်ခင်အပ်သောသူတို့နှင့် နာနာဘာဝ, ဝိနာဘာဝဟု ဆိုအပ်သော ရှင်သဖြင့် ကွေကွင်းရခြင်း, သေသဖြင့် ကွေကွင်းရခြင်းသဘောသည် လောက၌ ထင်ရှားရှိ၏၊ ထိုသဘောတရားကို ခန္ဓာငါးပါး ရှိသေးသမျှ တွေ့ကြရသည်ချည်းတည်း၊ ငါဘုရားသော်မှလည်း တောင့်တ၍သာ မဖြစ်လေရာ၊ ထို့ကြောင့် ငိုကြွေးမြည်တမ်းခြင်းဖြင့် မသင့်သည်သာတည်း”ဟု တရားဓမ္မပြတော်မူ၍ သက်သာရာ ရစေ၏။

ဘုရားသခင်လည်း အရှင်သာရိပုတြာ၏ ဓာတ်တော်တို့ကို သာဝတ္ထိပြည်တွင် စေတီတည်စေ၏။

၈၅။ အရှင်မောဂ္ဂလာန် ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း

ထို့နောက်မှ ရဟန်းအပေါင်းခြံရံကာ ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူ၏၊ ရောက်တော်မူ၍ မကြာမြင့်မီ တန်ဆောင်မုန်းလကွယ်နေ့၌ပင် အရှင်မောဂ္ဂလာန် ပရိနိဗ္ဗာန်ပြုတော်မူသည်။

အကြောင်းကား— ဘုရားသခင် ဝေဠုဝရွာ၌ ဝါဆိုတော်မူသော အခါကပင် အရှင်မောဂ္ဂလာန်သည် ရာဇဂြိုဟ်ပြည်၏ အနီးဖြစ်သော ဣသိဂိလိတောင်၏နံပါး ကာဠမည်သော ကျောက်ဖျာထက်၌

(စာမျက်နှာ-၄၇၄)

သီတင်းသုံးနေတော်မူ၏။ ထိုအရှင်မောဂ္ဂလာန်သည် တရံတရံသော အခါ၌လည်း အထက်နတ်ရွာသို့ ဒေသစာရီ ကြွချီ၍ နေ့သန့်တော်မူသည်။ တရံတရံသော အခါ၌လည်း ငရဲရွာသို့ ကြွတော်မူသည်။

အရှင်မောဂ္ဂလာန် လုပ်ကြံခံရပုံ

ယင်းသို့ ကြွတော်မူရာ အထက်နတ်ရွာ၌ မြတ်စွာဘုရား၏ တပည့်သား အလုပ်အကျွေးဖြစ်ကုန်သော ယောက်ျား မိန်းမတို့သည် ကြီးကျယ်လှသော စည်းစိမ်ဗိမာန်ဖြင့် ပျော်စံရသည်ကို တွေ့မြင်ခဲ့ရ၏။ လူ့ပြည်သို့ လာသောအခါ မည်သည့်ဥပါသကသည် တာဝတိံသာ နတ်ပြည်၌ ဖြစ်၏၊ မည်သည့် ဥပါသကာသည် ယာမာ, တုသိတာနတ်ပြည်၌ ဖြစ်၍ ကြီးကျယ်သော စည်းစိမ်ကို ခံစားရ၏ဟု လူတို့ကို ပြောကြား၏၊ ငရဲပြည်မှ ပြန်လာသောအခါလည်း အညတိတ္ထိယတို့၏ အလုပ်အကျွေးဖြစ်သော မည်သည့်ဒါယကာသည် သိဉ္ဇိုဝ်းငရဲ၌ ဆင်းရဲကြီးစွာ ခံရသည်ကို ငါမြင်ခဲ့၏၊ မည်သည့်ဒါယကာ, မည်သည့်ဒါယိကာမတို့သည် ကာဠသုတ်ငရဲ၌ ဆင်းရဲခံရသည်ကို ငါမြင်ခဲ့၏၊ ဤသို့ စသည်ဖြင့် လူတို့အား ပြောကြား၏။

ထိုစကားကို လူတို့ကြားရသော် ဘုရားရှင် အယူဝါဒသို့သာလိုက်၍ သာသနာတော်၌သာ ကြည်ညိုလေးမြတ်ကုန်၏။ တိတ္ထိတို့ကို မကြည်ညို မလှူဒါန်းကုန်၊ ထို့ကြောင့် ဘုရားသခင် တပည့်သား သံဃာတော်တို့၌သာ များစွာသော လာဘ်ပူဇော်သက္ကာဖြစ်၍ တိတ္ထိယသာဝကတို့ကား စားရမဲ့ သောက်ရမဲ့ ဖြစ်လေကုန်၏။

ထိုအခါ တိတ္ထိအများတို့သည် ရှင်မောဂ္ဂလာန်အား ကြီးစွာသော ရန်ငြိုးထား၍ “ဤရဟန်းသေမှသာလျှင် ငါတို့၌ လာဘ်ပူဇော်သက္ကာ ရှိတော့မည်၊ မသေမကြေ အသက်ရှည်မူ ငါတို့ ဒါယကာများပင် ငါတို့အား သဒ္ဓါပျက်ချိမ့်မည်”ဟု ကြံ၍ အရှင်မောဂ္ဂလာန်ကို သတ်စေခြင်းငှါ ရဲရင့်သန်စွမ်းသော ခိုးသူကိုရှာသော် ရုန့်ရင်းကြမ်းကြုတ်စွာ ရတနာသုံးပါးကျေးဇူးကို မသိသော သမဏဂုတ္တိကမည်သော ခိုးသားကိုတွေ့၍ ထိုသူအား အသပြာတထောင်ဖြင့် ငှား၏။ သမဏဂုတ္တိက ခိုးသားလည်း များစွာသော အခြံအရံနှင့်တကွ ညဉ့်အခါ အရှင်မောဂ္ဂလာန်ရှိရာသို့ သွားလေ၏။ အရှင်မြတ်လည်း ခိုးသားလာကြောင်းကို သိလျှင် စတုတ္ထဈာန်ကို ဝင်စားလျက် ကောင်းကင်၌ စင်္ကြံကြွ၍ နေတော်မူ၏၊ ခိုးသားတို့လည်း အရှင်မြတ်ကိုမတွေ့၍ ပြန်ခဲ့ပြီးလျှင် နောက်ညဉ့် တဖန် သွားကြပြန်၏၊ အရှင်မောဂ္ဂလာန်လည်း ယုဂန္ဓိုရ်တောင်ညွန့်သို့ ကြွ၍ နေတော်မူ၏။

ဤသို့သောနည်းအားဖြင့် ခြောက်ညဉ့်ပတ်လုံး ခိုးသားတို့သွားသော်လည်း တန်ခိုးတော်ဖြင့်သာ ရှောင်ရှားလျက် ခုနစ်ရက်မြောက်သောအခါ ရှေး အပရာပရိယဝေဒနီယဖြစ်သော ဥပပီဠကကံသည် နှိပ်နင်းခြင်းငှါ အခွင့်သာလေရကား မရှောင်ရှားနိုင်ပဲ ခိုးသားတို့ ညှဉ်းဆဲသည်ကို ခံရလေ၏။

အရှင်မောဂ္ဂလာန်၏ ဝဋ်ကြွေး

ထိုအရှင်အား အဘယ်သို့သော ရှေးဝဋ်ရှိလေသနည်း ဟူမူကား ရှေးသောအခါ မဂဓရွာ၌ တဦးသော အမျိုးသားဖြစ်၍ မလိမ္မာသော မယားစကားကို နားထောင်မှားသဖြင့် မျက်စိမမြင်သော မိဘနှစ်ပါးကို သတ်ခြင်းငှါ ရွာတပါးသို့ သွားလိုသော အခြင်းအရာဖြင့် ယာဉ်သာထက်

(စာမျက်နှာ-၄၇၅)

တင်၍ ဆောင်လေ၏၊ တောအုပ်သို့ ရောက်သောအခါ ခိုးသူလာသော အမူအရာကိုပြု၍ မိဘနှစ်ပါးတို့အား ရိုက်ခတ်၏၊ မိဘနှစ်ပါးကလည်း “ချစ်သား... ငါတို့အား ခိုးသား ရိုက်ခတ်လေပြီ။ အမောင်သာ လွတ်ရာသို့ ပြေးလေလော့”ဟု ဆို၍ သားကို မရိုက်စိမ့်သောငှာ တောင်းပန်ကာ ငိုကြွေးလေ၏။ ထိုအခါ “ငါ၏မိဘတို့သည် ဤမျှလောက် နာကျင်ငြားသော်လည်း ငါ၏အလို့ငှာသာ တောင်းပန်ကာ ငိုကြွေးပေကုန်၏။ သို့စင် ချစ်ခင်သော ကျေးဇူးရှင်နှစ်ပါးတို့အား ငါပြစ်မှားခြင်းသည် မသင့်ပေစွ”ဟု ကြံပြန်၍ ခိုးသူတို့သွားဟန်ပြုပြီးမှ မိဘမျက်မမြင်နှစ်ပါးကို ကြည်နူးစုံမက်စွာ သက်သာရာကိုရစေ၍ ခြေလက်ဆုပ်နယ်ခြင်းကို ပြုပြီးမှ လှည်းထက်သို့တင်၍ အိမ်သို့ တဖန် ဆောင်ခဲ့ပြန်၏။

အရှင်မောဂ္ဂလာန် ပရိနိဗ္ဗာန်စံပုံ

ထိုမကောင်းမှုကံသည် ကမ္ဘာရှည်လျားစွာ အကျိုးပေးခွင့်မသာပဲ ပြာလွှမ်းသော မီးကျီးစုကဲ့သို့ရှိ၍ ဤပစ္ဆိမဘဝ၌ အကျိုးပေးခွင့်ရလေရကား သိကြားမင်းနေရာ ဝေဇယန္တာပြာသာဒ်ကိုလျက် ခြေမတော်ဖျားဖြင့် လှုပ်ရှားခြင်းငှါ စွမ်းနိုင်သော, နန္ဒောပနန္ဒစသော သူတို့ကိုလျက် နှိပ်စက်ခြင်းငှါ စွမ်းနိုင်သော တန်ခိုးတော်အဟုန်သည် ကုန်ခန်းလေသဖြင့် အသေသတ်ခြင်းငှါလာသော ခိုးသူတို့၏လက်ထဲ၌ ရိုက်နှက်ညှဉ်းဆဲခြင်းကို ခံရလေ၏၊ အရိုးတော်တို့သည် မုန့်မုန့်ညက်ညက်ကြေ၍ ဂွမ်းအိတ်ကဲ့သို့နေမှ သေပြီဟူသော အမှတ်ဖြင့် ပစ်ထား၍ ခိုးသားတို့ သွားကြလေကုန်၏။

ထိုခိုးသားတို့လည်း မိမိအိမ်သို့ မရောက်မီပင် အရှင်မြတ်ကို ပြစ်မှားမိသော အာနန္တရိယကံကြောင့် တောင်ကမ်းပါးယံကြားတွင် မြေမျို၍ အဝီစိငရဲသို့ ရောက်လေ၏။ အရှင်မောဂ္ဂလာန်လည်း အတန်ငယ် သတိရသောအခါ ဈာန်သမာပတ်အဟုန်ဖြင့် အလုံးစုံသောကိုယ်ကို ကျန်းခံ့စေလျက် ဘုရားရှင်ထံသို့ လာပြီးသော် ကိုယ်တော်မြတ်ကို ရှိခိုးကန်တော့လျက် “အကျွန်ုပ်သည် ပရိနိဗ္ဗာန် ပြုခါတန်ချေပြီ။ ခွင့်ပြုတော်မူပါ”ဟု လျှောက်ကြား၍ ထိုဣသိဂိလိတောင်နံပါး၌ပင် ပရိနိဗ္ဗာန် စံလွန်လေ၏။

အရှင်မောဂ္ဂလာန်ဓာတ်တော်ကို စေတီတည်ထားခြင်း

ထိုခဏ၌ စာတုမဟာရာဇ်စသော နတ်ပြည်ခြောက်ရွာဝယ် ငါတို့၏ ဆရာဖြစ်သော အရှင်မောဂ္ဂလာန်သည် ပရိနိဗ္ဗာန်ပြုချေပြီဟု အုတ်အုတ်ကျက်ကျက် တပြိုင်နက်သော ကောလာဟလသည် ဖြစ်၏။ ရာဇဂြိုဟ်ပြည်သူ လူအပေါင်းတို့လည်း သောင်းသောင်းငြာမျှ စည်းဝေးကြ၍ ပန်းနံ့သာ စသည်ဖြင့် ပူဇော်ကုန်သည်၊ ထင်းတလားစသည်ကို စုပုံကုန်သည်၊ စန္ဒကူးထင်းပုံကား ကိုးဆယ့်ကိုးတောင် အမြင့်ဆောင်၏၊ ဘုရားသခင်လည်း သံဃာတော်အပေါင်းနှင့်တကွ ကြပ်မ၍ သင်္ဂြိုဟ်တော်မူသည်။

ထိုအခါ သင်္ဂြိုဟ်ရာဌာနမှ ထက်ဝန်းကျင် တယူဇနာမျှသော အရပ်၌ နတ်တို့၏ ပန်းမိုး နံ့သာမိုး ရွာကုန်သည်။ လူတို့၏အကြား၌ နတ်တို့ သွားလာသည်ကို မြင်ရကုန်သည်။ ခုနစ်ရက်ပတ်လုံး အလောင်းတော်ကို ပူဇော်ချီးပပြီးမှ မီးသင်္ဂြိုဟ်တော်မူသည်။ ထိုဓာတ်တော်ကိုယူ၍ ဝေဠုဝန်ကျောင်းတော် တံခါးမုခ်ဝ၌ စေတီတည်စေသည်။

(စာမျက်နှာ-၄၇၆)

ယင်းသို့ ရှင်မောဂ္ဂလာန်အား ဘုရားကိုယ်တော်တိုင် ကြပ်မ၍ သင်္ဂြိုဟ်သောအရာကို သံဃာတော်တို့ ချီးမွမ်းသော စကားရပ်တွင် သင်တို့၏ အစ်ကိုလတ်ဖြစ်သော ချစ်သားမောဂ္ဂလာန်၏ အလောင်းကို ကောင်းမြတ်ကြီးကျယ်စွာ ယခုဘဝသာလျှင် ငါသင်္ဂြိုဟ်ရသည်မဟုတ်၊ ရှေးသောအခါ ငါဘုရားသည် သရဘင်္ဂ ရသေ့ဖြစ်၍ မောဂ္ဂလာန်သည် ကိသဝစ္ဆရသေ့ ဖြစ်သောအခါ၌လည်း ဤနည်းတူ ငါသင်္ဂြိုဟ်ရဖူးပြီဟု အတ္ထုပ္ပတ္တိကိုပြ၍ သရဘင်္ဂဇာတ်ကို ဟောတော်မူသည်။

ဤအကြောင်းကား စတ္တာလီသနိပါတ်၌ လာ၏။

၈၆။ မာရ်နတ် ဘုရားထံသို့ကပ်၍ အာယုသင်္ခါရ လွှတ်တော်မူရန် တောင်းပန်ခြင်း

ဘုရားသခင်လည်း အရှင်မောဂ္ဂလာန်ကို သင်္ဂြိုဟ်ပြီးသော် ရာဇဂြိုဟ်ပြည်၌ မွေ့လျော်သမျှ နေတော်မူခဲ့၍ ဂင်္ဂါမြစ်သို့ အစဉ်လျှောက်ကာ ဒေသစာရီ ကြွချီတော်မူသဖြင့် နတ်တော်လပြည့်နေ့၌ ဥက္ကစေလသို့ ကပ်တော်မူ၏၊ ထိုမှတဖန် ကြွတော်မူပြန်သဖြင့် ဝေလီပြည်သို့ ရောက်တော်မူသည်၊ နံနက်အခါ၌ ဝေသာလီပြည်တွင် ဆွမ်းခံဝင်တော်မူ၍ ဆွမ်းဘုဉ်းပေးပြီးသောအခါ ဝေသာလီပြည်၏ အရှေ့မျက်နှာ စာပါလစေတီအရပ်သို့ ကပ်တော်မူ၍ “ချစ်သားအာနန္ဒာ... စမ္မခဏ် (သားရေပိုင်း)ကို ခင်းလော့၊ ဤအရပ်၌ နေ့အဖို့ နေဦးအံ့”ဟု မိန့်တော်မူ၍ ခြံရံလျက်ပါသော သံဃာတော်အပေါင်းနှင့်တကွ သီတင်းသုံးနေတော်မူ၏။

ထိုအခါ အရှင်အာနန္ဒာကို ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ.. ဤဝေသာလီပြည်သည် အလွန် မွေ့လျော်ဖွယ်ရှိ၏၊ ရှေးလိစ္ဆဝီမင်းတို့သည် ခင်းကျင်းစီမံ၍ ထားအပ်သော ပြည်သူပြည်သားတို့ ဝပ်တွားစည်းဝေးရာဖြစ်သော ဥတေနနတ်၏နေရာ (နတ်ကွန်း) စေတီသည်လည်း အလွန်မွေ့လျော်ဖွယ်ရှိ၏၊ ဂေါတမအမည်ရှိသော နတ်၏နေရာဖြစ်သော ဂေါတမစေတီသည်လည်း အလွန်သာယာ၏၊ သတ္ထမ္ဗအမည်ရှိသော နတ်နေရာဖြစ်သော သတ္ထမ္ဗစေတီသည်လည်း အလွန် မွေ့လျော်ဖွယ်ရှိ၏၊ ဗဟုပုတ္တိက အမည်ရှိသော နတ်၏ နေရာဖြစ်သော စေတီသည်လည်း အလွန် မွေ့လျော်ဖွယ်ရှိပေ၏၊ သာနန္ဒရ အမည်ရှိသော နတ်၏ နေရာဖြစ်သော စေတီသည်လည်း အလွန် မွေ့လျော်ဖွယ်ရှိပေ၏၊ ချစ်သားအာနန္ဒာ... ငါဘုရားသာသနာ၌ ရဟန္တာဖြစ်ပြီးသော တစုံတယောက်သော ပုဂ္ဂိုလ်သည် ဣဒ္ဓိပါဒ်လေးပါးကို ပွားစေ၍ အဖန်တလဲလဲ အလေ့အလာပြု၍ နေငြားအံ့၊ ထိုပုဂ္ဂိုလ်သည် အလိုရှိသည်ရှိသော် အာယုကပ်ပတ်လုံးလည်း တည်နိုင်ရာ၏။ ထို့ထက်အလွန်လည်း တည်နိုင်ရာ၏။ ချစ်သား အာနန္ဒာ... ငါဟောတော်မူသော ဗောဇ္ဈင်တရား ခုနစ်ပါးတို့ကို ပွား၍လည်းကောင်း၊ အဖန်တလဲလဲ အလေ့အလာပြု၍လည်ကောင်း နေအံ့။ ထိုပုဂ္ဂိုလ်သည် အလိုရှိသည်ရှိသော် အာယုကပ်ပတ်လုံးလည်းကောင်း၊ အသက်တရာကျော်သည် တိုင်ရုံလည်းကောင်း တည်နိုင်ရာ၏၊ ချစ်သား အာနန္ဒာ.. ငါဘုရားသည်လည်း အလိုတော်ရှိ၍ ဣဒ္ဓိပါဒ်လေးပါး, အဓိပတိ လေးပါး, ဗောဇ္ဈင်ခုနစ်ပါး တရားကိုသာ လေ့လာပွားစီး၍ နေသည်ရှိသော် အာယုကပ်ပတ်လုံး တည်တော်မူနိုင်၏၊ ထို့ထက်အလွန် တကမ္ဘာပတ်လုံးလည်း တည်တော်မူနိုင်၏”ဟု သုံးကြိမ်တိုင်တိုင် မိန့်တော်မူ၏။

(စာမျက်နှာ-၄၇၇)

ယင်းသို့ အမြွက်အရိပ် နိမိတ်ဩဘာစကားကို မိန့်ကြားတော်မူသော်လည်း အရှင်အာနန္ဒာသည် တောင်းပန်ခြင်းငှါ သတိမရ၊ “ဘုရားကိုယ်တော်မြတ်သည် လူနတ်တို့၏ စီးပွားချမ်းသာအကျိုးငှါ အာယုကပ်ပတ်လုံး တည်တော်မူပါ”ဟု မတောင်းပန်မိလေ၊ ရှိခိုးလျက် ဆိတ်ဆိတ်သာ နေ၏။ ထိုအခါ မြတ်စွာဘုရားလည်း “ချစ်သား အာနန္ဒာ... တည်းခိုခြင်းငှါ သင့်သောအရပ်သို့ သွားကုန်ဦးအံ့”ဟု မိန့်တော်မူ၍ ထိုစာပါလစေတီနှင့် မနီးမဝေး အေးချမ်းသာယာသော အရိပ်ရှိသော သစ်ပင်ရင်းသို့ ကြွ၍နေတော်မူ၏။

ထိုအခါ မာရ်နတ်မင်းသည် နတ်ပြည်မှဆင်းလာ၍ အရှင်အာနန္ဒာ ရေဆောင်ခြင်းငှါ သွားသည့်အခိုက်တွင် ဘုရားရှင်ထံသို့ကပ်၍ လျောက်ပတ်ရာ၌ နေပြီးသော်-

ပရိနိဗ္ဗာတု ဒါနိ ဘန္တေ ဘဂဝါ၊ ပရိနိဗ္ဗာတု သုဂတော--

ဟူသော စကားဖြင့် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... အရှင်မြတ်သည် ပရိနိဗ္ဗာန် ပြုခါတန်ပါပြီ၊ ယခု ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ ရှေးသောအခါ အရှင်ဘုရားသည် အကျွန်ုပ်အား ဤသို့သောစကားကို ဆိုဖူးပါသည်-

“အချင်းမာရ်နတ်... အကြင်မျှလောက်သော ကာလပတ်လုံး ငါ၏တပည့်သား သံဃာတို့သည် ထူးမြတ်သော တရားအရာ၌ မလိမ္မာကုန်သေး၊ ကိုယ်နှုတ်နှလုံး သုံးပါးကိုလည်း မဆုံးမနိုင်ကုန်သေး၊ သင်ကြားအပ်သော ပရိယတ္တိသည်လည်း မများကုန်သေး၊ လောကုတ္တရာ တရားတော်အားလျော်သော အကျင့်ကိုလည်း မကျင့်နိုင်ကုန်သေး၊ သူတပါးအား ဟောကြားသင်ပြခြင်းငှါလည်း မစွမ်းနိုင်ကုန်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး ငါဘုရားသည် ပရိနိဗ္ဗာန် မစံလိုသေး”ဟူ၍

ဆိုဖူးပါသည်။ ယခုမူကား အရှင်ဘုရား၏ တပည့်သား သံဃာတို့သည် လိမ္မာခြားနားကုန်ပြီ၊ ကိုယ်နှုတ်နှလုံး သုံးပါးကို ဆုံးမနိုင်ကုန်ပြီ၊ အသင်အကြားများ၍ ရဲရင့်တည်ကြည်သော အဖြစ်သို့ ရောက်ကုန်ပြီ၊ ပိဋကတ်သုံးပုံကို ဆောင်နိုင်ကုန်ပြီ၊ လောကုတ္တရာ တရားအားလျော်သော အကျင့်ကို မိမိတို့လည်း ကျင့်နိုင်ကုန်ပြီ၊ သူတပါးတို့အားလည်း သင်ကြားပြသနိုင်ပြီ၊ ဤလည်း အကြေင်းတပါး၊

“အချင်းမာရ်နတ်... ငါဘုရား၏အဆုံးအမကို ခံကုန်သော ရဟန်းမိန်းမ, ဥပါသကာယောက်ျား, ဥပါသိကာ မိန်းမတို့လည်း အကြင်မျှလောက်သော ကာလပတ်သုံး ကိုယ်နှုတ်နှလုံး သုံးပါးကို မဆုံးမနိုင်ကုန်သေး၊ အသင်အကြားများသဖြင့် ရဲရင့်တည်ကြည်ခြင်းသို့ မရောက်ကုန်သေး၊ လောကုတ္တရာ တရားအားလျော်သော အကျင့်ကို မကျင့်နိုင်ကုန်သေး၊ သူတပါးအား ဟောကြားဆုံးမ ပြသခြင်းငှါ မစွမ်းနိုင်ကုန်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး ငါဘုရား ပရိနိဗ္ဗာန် မစံလိုသေး”ဟူ၍လည်း

ဆိုဖူးပါသည်။ ယခုမူကား ထိုသုံးပါးသော ပရိသတ်တို့ပင် လိုအပ်သောအကျိုး ပြည့်စုံကြပါပြီ၊ ဤလည်း အကြောင်းသုံးပါး။

“အချင်းမာရ်နတ်... ငါဘုရား၏ ဆုံးမဩဝါ သာသနာသည် အကြင်မျှလောက်သော အခါပတ်လုံး လူနတ်ဗြဟ္မာ သတ္တဝါတို့၌ များစွာမနှံ့သေး၊ များစွာ မသိသေး၊ မပြည့်စုံသေး၊ ထိုမျှလောက်သော အခါပတ်လုံး ငါဘုရား ပရိနိဗ္ဗာန် မစံလိုသေး”ဟု

ဆိုဖူးပါသည်။

(စာမျက်နှာ-၄၇၈)

ယခုမှာ အရှင်ဘုရား သာသနာသည် စကြဝဠာအပြည့်ပင် ပျံ့နှံ့၍ရှိပါပြီ၊ လူနတ်ဗြဟ္မာ သိ,ကြားပါပြီ၊ ပြည့်စုံပါပြီ၊ ဤစကားငါးဦး ဆိုဖူးသည့်အတိုင်း ကျွန်ုပ်ရှုသော် ယခု ပြည့်စုံစွာရှိရကား အရှင်ဘုရား ပရိနိဗ္ဗာန် ပြုခါတန်ပါပြီ၊ ပရိနိဗ္ဗာန် စံတော်မူပါလော့”ဟု လျှောက်၏။

ဘုရားသခင်လည်း အစဉ်ပွင့်လေကုန်သော နောင်တော်ဘုရားတို့၏ အာယုသင်္ခါရသည် အဘယ်မျှ တည်တံ့သနည်းဟု ရှုတော်မူသော် ရှေးနောင်တော်ဘုရားတို့ ပွင့်သောကာလ လူတို့၏ အသက်တမ်းကို ငါးဖို့ပြု၍ လေးစုမျှသာ တည်တော်မူသည်ကို မြင်သဖြင့် ဗုဒ္ဓဝင်ထုံးတမ်းကို ငါလည်း မလွန်ထိုက်ချေဟု နှလုံးပြုတော်မူလျက် “ဟယ် မာရ်နတ်ယုတ်... သင် အဘယ်ကို စိုးရိမ်သနည်း၊ မကြောင့်ကြလင့်၊ မမြင့်မီပင် ငါ ပရိနိဗ္ဗာန် စံတော်မူအံ့၊ ဤကာလမှ သုံးလလွန်သောအခါ ငါဘုရား ပရိနိဗ္ဗာန်ပြုအံ့”ဟု မိန့်တော်မူလိုက်၏။ မာန်နတ်လည်း ထိုအကြောင်းကို တောင်းပန်ပြီးလျှင် ဘုရားရှင်ရှေ့တော်မှ ကွယ်ခဲ့၏။

ဘုရားကိုယ်တော်မြတ်လည်း ထိုအရပ်ဌာန ထိုခဏတွင်ပင် သတိသမ္ပဇဉ် ယှဉ်တော်မူကာ အာယုသင်္ခါရကို လွှတ်ခြင်းငှါ အာရုံရှိသော သမာပတ်သို့ ဝင်တော်မူ၏၊ ထိုသမာပတ်၏ အာနုဘော်ကြောင့် မြေပေါ် ကောင်းကင် ရေပြင်သမုဒ္ဒရာ၌ သတ္တဝါအပေါင်းတို့၏ ကြောက်မက် ထိတ်လန့်ခြင်း ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေခြင်းငှါ မဟာပထဝီမြေကြီးသည် ကြည်းဟည်းတုန်လှုပ်၏၊ ဘဝဂ်မိုးပြင် ပဲ့တင်ထပ်မျှ တော်လည်း၏။ ထိုအခါ မြတ်စွာဘုရားလည်း ဤသို့သော ဥဒါန်းကို ကျူးရင့်တော်မူ၏-

တုလ မတုလဉ္စ သမ္ဘဝံ၊ ဘဝသင်္ခါရ မဝဿဇိ မုနိ။
အဇ္ဈတ္တရတော သမာဟိတော၊ အဘိန္ဒိ ကဝစမိဝတ္တသမ္ဘဝံ။

[အနက်ကား]မုနိ၊ မောနေယျပဋိပတ်နှင့် ပြည့်စုံသော ဘုရားသည်။ သမ္ဘဝံ၊ ဘဝအသစ် ဖြစ်ရခြင်း၏ အကြောင်းလည်း ဖြစ်ထသော။ ဘဝသင်္ခါရံ၊ ဘဝတဖန် ပြုပြင်လတ္တံ့သော။ တုလဉ္စ၊ ကာမကုသိုလ် ရူပကုသိုလ်ကံကိုလည်းကောင်း။ အတုလဉ္စ၊ အရူပ ကုသိုလ်ကံကိုလည်းကောင်း။ အဇ္ဈတ္တရတော၊ မိမိသန္တာန်၌ အဖန်ဖန်မွေ့လျော်စေပြီး၍။ သမာဟိတော၊ တည်ကြည် ငြိမ်သက်သော စိတ်ရှိလျက်။ အဝဿဇိ၊ စွန့်ပစ်ထွေးအန် ပယ်လှန်အောင်မြင်အပ်ပြီ။ အတ္တသမ္ဘဝံ၊ မိမိသန္တာန်၌ဖြစ်သော မာရ်အပေါင်းကို။ မဟာယောဓော၊ သူရဲကြီးသည်။ သင်္ဂါမေ၊ စစ်မြေအရပ်၌။ ကဝစံ၊ လွှားကာကို။ အဘိန္ဒိ ဣဝ၊ ဖျက်ဆီးသကဲ့သို့။ အဘိန္ဒိ၊ အကြွင်းမဲ့ ဖျက်ဆီးအပ်ပြီ။

ယင်းသို့ ပြင်းစွာ မြေလှုပ်သောအခါ အရှင်အာနန္ဒာအား ဤသို့ အကြံဖြစ်၏၊ အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲ လွန်ကဲကြောက်မက်ဖွယ်သော ဤမြေလှုပ်ခြင်း တော်လည်းခြင်းကား အဘယ်အကြောင်းကြောင့် ဖြစ်လေသနည်း၊ ဘုရားမှတပါး အခြားသောသူတို့ကား သိနိုင်ရာတော့မည် မဟုတ်ပြီ၊ ဤအကြောင်းကို ဘုရားရှင်အား လျှောက်ကြားအံ့ဟု ကြံ၍ ကိုယ်တော်မြတ်ထံသို့ ကပ်ပြီးသော် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... ယခု မြေပြင်းစွာ လှုပ်ခြင်းကား အဘယ်အကြောင်းပါနည်း”ဟု နားတော်လျှောက်၏။

(စာမျက်နှာ-၄၇၉)

မြေလှုပ်ကြောင်း ရှစ်ပါး

ဘုရားသခင်လည်း “ချစ်သား အာနန္ဒာ... မဟာပထဝီလှုပ်ခြင်း၏ အကြောင်းကား ရှစ်ပါးရှိသတည်း၊ ရှစ်ပါးဟူသော်ကား-

(၁) ချစ်သားအာနန္ဒာ... ယူဇနာ နှစ်သိန်းလေးသောင်းရှိသော ဤမြေကြီးသည် ရေထုအထက်၌ တည်၏၊ ထိုရေသည် လေထု၏အထက်၌ တည်၏၊ လေသည် ကောင်းကင်ပြင်၌ တည်၏၊ ထိုသို့တည်ရာ၌ အောက်ဝါယောဓာတ်သည် အလွန်မှုက်လေက အထက်ရေ လှုပ်သည်၊ ရေလှုပ်သဖြင့် မြေလှုပ်ခြင်းဖြစ်သည်။ ဤသို့လှုပ်ခြင်းလည်း အကြောင်းတပါး၊
(၂) ဤလောက၌ တန်ခိုးအာနုဘော်နှင့် ပြည့်စုံကုန်သော ဈာန်အဘိညာဉ်၌ လေ့လာကုန်သော ရဟန်းပုဏ္ဏားတို့သည်လည်း ရှိကုန်၏၊ တန်ခိုးအာနုဘော်ကြီး၍ အလိုအတိုင်းပြီးကုန်သော နတ်တို့သည်လည်း ရှိကုန်၏၊ ထိုရဟန်းပုဏ္ဏား နတ်သားတို့သည် မိမိတို့၏ တန်ခိုးအာနုဘော်ဖြင့် လှုပ်စေကုန်၏၊ ဤလည်း အကြောင်းတပါး၊
(၃) ဘုရားလောင်းတို့သည် နတ်ပြည်မှ စုတေလာ၍ မယ်တော်ဝမ်း၌ ပဋိသန္ဓေနေသောအခါ မဟာပထဝီမြေကြီးသည် ကောင်းချီးပေးလေသောအားဖြင့် လှုပ်သည်လည်း အကြောင်းတပါး၊
( ၄ ) ဘုရားလောင်းတို့ မယ်တော်ဝမ်းမှ ဖွားသောအခါ သတ္တဝါတို့ကို သိစေသောအားဖြင့် မြေလှုပ်သည်လည်း အကြောင်းတပါး။
( ၅ ) ဘုရားသခင်တို့ သဗ္ဗညုတဉာဏ်ကို ရသောအခါ သာဓုနုမော် ခေါ်ဘိသကဲ့သို့ အံ့သြချီးမြှောက်ခြင်းငှါ မဟာပထဝီလှုပ်သည်လည်း အကြောင်းတပါး၊
( ၆ ) ထိုဘုရားတို့ တရားဓမ္မစကြာ ဟောသောအခါ မင်္ဂလာအထူး ဖြစ်စိမ့်သောငှါ မဟာပထဝီလှုပ်သည်လည်း အကြောင်းတပါး၊
(၇) ဘုရားသခင်ကို နိဗ္ဗာန်ဝင်အံ့သောငှါ အာယုသင်္ခါရ လွှတ်တော်မူသည်ကို ထိုထိုလူနတ်တို့ ဌုပ္ပတ်သိကြ သံဝေဂကို ရစိမ့်သောငှါ မဟာပထဝီ လှုပ်သည်လည်း အကြောင်းတပါး၊
( ဂ) ဘုရားသဗ္ဗညုတို့သည် အနုပါဒိသေသနိဗ္ဗာန် စံတော်မူသောအခါ ထိတ်လန့်လေသော အခြင်းအရာဖြင့် မဟာပထဝီလှုပ်သည်လည်း အကြောင်းတပါး-

ဤရှစ်ပါးတို့ပင်တည်း။

အရှင်အာနန္ဒာ တောင်းပန်ခြင်း

“ချစ်သားအာနန္ဒာ... ငါဘုရားသည် သဗ္ဗညုတဉာဏ်ကို ရဦးအစ သတ္တသတ္တာဟတို့တွင် အဇပါလ၌ နေတော်မူသော အခါကပင် ယုတ်မာသော မာရ်နတ်သားသည် ငါဘုရားထံသို့ကပ်၍ “အရှင်မြတ်သည် ပရိနိဗ္ဗာန် စံဝင်တော်မူပါ”ဟု လျှောက်လာဖူး၏၊ ထိုအခါ ငါဘုရားကလည်း “ဟယ်မာရ်နတ်... သတ္တဝါအပေါင်းကို ကောင်းမြတ်သော အမြိုက်ရေအေးဖြင့် တိုက်ကျွေး

(စာမျက်နှာ-၄၈၀)

ကယ်တင်လို၍ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီ ငါဖြည့်ခဲ့သည်။ ယခု ငါ ဘုရားဖြစ်မြောက်သော်လည်း တစုံတယောက်သောသူကိုမျှ ငါသိသော ဓမ္မရသကို မတိုက်ကျွေးရသေး၊ ငါ၏သာသနာသည် ပြန့်ပွားစွာ မရှိသေး၊ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာ မိန်းမတို့ကို ငရဲဘေးမှ ပိတ်ပင်လျက် နတ်ရွာနိဗ္ဗာန် လမ်းမှန်ကောင်းရာကို ငါမပြရသေး၊ ထိုမျှလောက်သော ကာလပတ်လုံး ငါဘုရား ပရိနိဗ္ဗာန် စံတော်မမူလိုသေး”ဟု ငါဆိုလိုက်သတည်း၊ ချစ်သား အာနန္ဒာ.. ယခု စာပါလစေတီအနီး သစ်ပင်ကြီးရင်း၌ နေတော်မူရာ၌လည်း ထိုမာရ်နတ်သည် ငါ့ထံသို့ကပ်၍ ပရိနိဗ္ဗာန် စံတော်မူပါဟု လျှောက်လာပြန်သတည်း၊ ယင်းသို့ လျှောက်ရကား “ဟယ် မာရ်နတ်ယုတ်... သင်မစိုးရိမ်လင့်၊ ဤကာလမှနောက် သုံးလမြောက် လွန်သောအခါ ငါဘုရားသည် ပရိနိဗ္ဗာန် စံတော်မူအံ့”ဟု အာယုသင်္ခါရကို လွှတ်တော်မူလိုက်သည်၊ ဤအကြောင်းကြောင့်သာ မဟာပထဝီ ဤမြေနှစ်သိန်းသည် ကြောက်ကြိမ်းဖွယ်ပြု၍ လှုပ်သတည်း”ဟု မိန့်တော်မူ၏။

ထိုစကားကိုကြားလျှင် အရှင်အာနန္ဒာလည်း “မဟာဓမ္မရာဇ် ဖြစ်တော်မူသော မြတ်စွာဘုရား.. လူနတ်တို့၏ အကျိုးစီးပွား များစိမ့်သောငှါ ပါရမီဖြည့်ခဲ့ပါလျက် လျင်စွာ ပရိနိဗ္ဗာန် ပြုတော်မမူပါလင့်၊ အာယုကပ်ပတ်လုံး တည်တော်မူပါ”ဟု လျှောက်လေ၏။

အရှင်အာနန္ဒာ၏ ချွတ်ယွင်းချက်များ

ဘုရားသခင်ကလည်း “ချစ်သား အာနန္ဒာ... ယခုအခါ သင်တောင်းပန်လာခြင်းသည် အခွင့်မဟုတ်”ဟု မိန့်တော်မူ၏။ ရှင်အာနန္ဒာလည်း ထပ်ကာ ထပ်ကာ သုံးကြိမ်မြောက်အောင် တောင်းပန်လေလျှင် “ချစ်သားအာနန္ဒာ.. သင်သည် ငါဟောကြားသော မဂ်ဉာဏ်လေးပါးကို နိဗ္ဗာန်ရောက်ကြောင်း တရားဟူ၍ ယုံကြည်၏လော”ဟု မေး၏။ “ယုံကြည်ပါ၏၊ ကျွန်ုပ်လည်း စိုးစဉ်းမြင်ပါ၏”ဟု လျှောက်လျှင် “အာနန္ဒာ.. အကြင်သူသည် ဣဒ္ဓိပါဒ်လေးပါး ဗောဇ္ဈင်ခုနစ်ပါး တရားကို ပွားစေ၍ အာယုကပ်ပတ်လုံးကိုလည်းကောင်း၊ ထို့ထက် အလွန်လည်းကောင်း တည်လိုသော် တည်နိုင်ရာ၏၊ ထို့အတူ ငါဘုရားသည်လည်း ဣဒ္ဓိပါဒ်လေးပါး ဗောဇ္ဈင်ခုနစ်ပါး တရားတို့ကို များစွာပွားစေ၍ အာယုကပ်ပတ်လုံးဖြစ်စေ၊ ထို့ထက်အလွန်ဖြစ်စေ နေတော်မူလိုသော် အလိုရှိသမျှ နေနိုင်၏ဟူ၍ ငါမိန့်တော်မူသည်ကို သင်ယုံကြည်၏လော”ဟု မိန့်တော်မူ၏။ “အရှင်ဘုရား... ယုံကြည်ပါ၏”ဟု လျှောက်သော် “ချစ်သား အာနန္ဒာ... သင်သည် ငါဘုရားဒေသနာကို ပညာဖြင့် နှစ်လို၍ သို့စင် ယုံကြည်သောသူဖြစ်လျက် နိမိတ်ဩဘာစကား မြွက်ကြားတော်မူသောအခါ ငါဘုရားကို မတောင်းပန်၊ ထိုသို့ မတောင်းပန်ခြင်းသည် သင်၏ဝန်, သင်၏ချွတ်ယွင်းခြင်းပင်တည်း၊ အကယ်၍ သင်တောင်းပန်မူကား ငါဘုရားသည် သင်၏စကားကို နှစ်ကြိမ်သာ ပယ်ရာ၏၊ သုံးကြိမ်မြောက် မပယ်ပေရာ၊ လိုက်နာသည်သာ ဖြစ်လတ္တံ့၊ ယခုမှ တောင်းပန်ခြင်းသည် သင်၏ ချွတ်ယွင်းခြင်းပင်တည်း၊ ချစ်သားအာနန္ဒာ.. ငါဘုရား ဂိဇ္ဈကုဋ်တောင်၌ နေတော်မူသော အခါ၌လည်း နိမိတ်ဩဘာစကားကို သင့်အား ငါမိန့်တော်မူဖူး၏၊ အာနန္ဒာ.. ရာဇဂြိုဟ်ပြည်သည် အလွန်မွေ့လျော်ဖွယ်ရှိ၏၊ ဤဂိဇ္ဈကုဋ်တောင်သည်လည်း သူတော်ကောင်းတို့ ရှည်မြင့်စွာ ကိန်းအောင်းခြင်းငှါ လျောက်ပတ်၏၊ ရာဇဂြိုဟ်ပြည်သား အများသတ္တဝါတို့လည်း မိစ္ဆာဒိဋ္ဌိအယူသို့ လိုက်ကြသည်သာ များသေး၏၊ ဤသို့ စသည်ဖြင့် ငါမိန့်ဖူးသည် မဟုတ်လော၊ ထိုအခါ သင်တောင်းပန်ပါမူ နှစ်ကြိမ်မြောက်သာ သင့်စကားကို ငါပယ်ရာ၏၊ သုံးကြိမ်မြောက်အောင်

(စာမျက်နှာ-၄၈၁)

မပယ်ရာ၊ လိုက်နာသည်သာ ဖြစ်လတ္တံ့၊ ထိုအခါက မတောင်းပန်ခြင်းသည် သင်၏ ချွတ်ယွင်းခြင်းပင်တည်း” ဤသို့ အစရှိသည်ဖြင့် များစွာ မိန့်တော်မူပြီး၍ “ချစ်သား အာနန္ဒာ.. ငါဘုရားသည် အသက်ဟူသော အကြောင်းကြောင့် ဆိုအပ်ပြီးသောစကားကို တဖန် ပြင်ပြန်ခြင်းသည် အကြောင်းမသင့် အခွင့်မဟုတ်”ဟု ဆိုတော်မူ၏။ ထိုအခါ အရှင်အာနန္ဒာလည်း ပြင်းစွာသော ဓမ္မသံဝေဂသည် ဖြစ်၏။

ဩဝါဒ ဒေသနာတော်

ထို့နောက်မှ “အာနန္ဒာ.. မဟာဝန ကူဋာဂါရသို့ ကြွသွားကြကုန်အံ့”ဟု ဆို၍ ကိုယ်တော်မြတ် ရှေးကနေဖူးသော ကူဋာဂါရသို့ ကြွတော်မူ၏၊ ရောက်လျှင် အရှင်အာနန္ဒာအား ဤသို့ မိန့်တော်မူ၏။ “ချစ်သားအာနန္ဒာ... ဝေသာလီပြည်ကို မှီ၍နေကုန်သော ရဟန်းအပေါင်းတို့ကို တညီတညွတ်တည်း စည်းဝေးစေကုန်လော့”ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာလည်း ဗျာဒိတ်တော်အတိုင်း နှိုးဆော်၍ ရဟန်းတို့ စည်းဝေးကြသော် ကိုယ်တော်မြတ်အား ကြားလျှောက်ပေ၏၊ ဘုရားသခင်လည်း သံဃာတို့ထံသို့လာ၍ ခင်းအပ်သောနေရာ၌ နေပြီးသော်-

တသ္မာတိဟ ဘိက္ခဝေ ယေ တေ မယာ ဓမ္မာ အဘိညာ ဒေသိတာ-

အစရှိသည်ဖြင့် ဩဝါဒပေးတော်မူ၏။

မြန်မာဘာသာကား-“ချစ်သားရဟန်းတို့.. ငါဘုရားသည် သင်တို့၏ အကျိုးစီးပွားအလို့ငှါ သုတ်,အဘိဓမ္မာ, ဝိနည်းတည်းဟူသော သာသနာကို ကောင်းစွာ ထားအပ်ကုန်ပြီ၊ ထိုတရားတို့ကို သင်တို့ မြဲမြံစွာ သင်ကြား၍ အဖန်တလဲလဲ ပွားများကြလေကုန်၊ ဤသို့ ပွားများကြသော် ငါဘုရား သာသနာတော်သည် ရှည်မြင့်စွာထွန်းပ၍ သိဿာနုသိဿ ပရမ္ပရဖြစ်သော လူနတ်အများတို့သည် အကျိုးစီးပွားများခြင်းငှါ ဖြစ်လေရာ၏၊ သာသနာတော်၏ ကာလအရှည် တည်ထွန်းပေရာသော အကြောင်းတရားကား သတိပဋ္ဌာန်လေးပါး, သမ္မပ္ပဓာန်လေးပါး, ဣဒ္ဓိပါဒ်လေးပါး, ဣန္ဒြေငါးပါး, ဗိုလ်ငါးပါး, ဗောဇ္ဈင်ခုနစ်ပါး, မဂ္ဂင်ရှစ်ပါး ဤတရားအစုပင်တည်း၊ ထိုတရားတို့ကိုလည်း အထူးထူးသော ပရိယာယ်အားဖြင့် သင်တို့အား ဟောကြားအပ်ပြီ၊ ဤတရားတို့ကို အဖန်တလဲလဲ နှလုံးသွင်းကာ သင်္ခါရတရားတို့၏ ကုန်တတ်, ပျက်တတ်သော သဘောကို ရှုကြကုန်လော့၊ ငါဘုရားသည် ဤလမှနောက် သုံးလမြောက် လွန်သဖြင့် ပရိနိဗ္ဗာန် ပြုတော်မူလတ္တံ့”ဟု မိန့်တော်မူ၏။

ထို့နောက် မိုးသောက်၍ တနေ့သောအခါ မြတ်စွာဘုရားလည်း သပိတ်သင်္ကန်းကိုပြင်လျက် အရှင်အာနန္ဒာနှင့်တကွ ဝေသာလီပြည်သို့ ဆွမ်းခံဝင်တော်မူ၏၊ ဆွမ်းခံရာမှ ဖဲခဲ့ပြီးသော် ပြည်၏အနီး၌ ရပ်တော်မူ၏၊ “ချစ်သားအာနန္ဒာ... ဝေသာလီပြည်ကို ငါကြည့်ဦးအံ့၊ ဤကြည့်ခြင်းသည် အဆုံးစွန်သော ကြည့်ခြင်းပင်တည်း”ဟု မိန့်တော်မူပြီးလျှင် ဆင်ပြောင်ကြီး၏ ကြည့်ခြင်းဖြင့် ကြည့်တော်မူ၏။ ထိုအခါ မဟာပထဝီမြေကြီးသည် အိုးထိန်းစက် လည်သကဲ့သို့ ဝေသာလီပြည်သည် လှည့်လည်၍ တည်ပေ၏။

အရိုးဓာတ်တော် ဆက်စပ်ပုံများ

(ဆင်ပြောင်ကြီး၏ ကြည့်ခြင်းဟူသည်ကား လူအများတို့၏ အရိုးသည် အစွန်းချင်းထိ၍ တည်ကုန်သည်၊ ပစ္စေကဗုဒ္ဓါတို့၏ အရိုးသည် ချွန်းတောင်းချိတ်သကဲ့သို့ တည်ကုန်သည်၊
(စာမျက်နှာ-၄၈၂)
ဘုရားသခင်တို့ကား ဤကဲ့သို့မဟုတ်၊ သံကွင်းဆက်သကဲ့သို့ တစပ်တည်း တည်ရကား နောက်သို့ ကြည့်လိုသောအခါ လည်တော်ကို လှည့်၍ကြည့်ခြင်းငှါ မတတ်ကောင်း၊ ဆင်ပြောင်ကြီးသည် ကိုယ်လုံးလှည့်၍ ကြည့်ရသကဲ့သို့ ထို့အတူ ကိုယ်လုံးလှည့်၍ ကြည့်တော်မူလေသတည်း၊ ဝေသာလီပြည်ကို အဘယ့်ကြောင့် ပြန်လှည့်၍ ကြည့်တော်မူသနည်း ဟူမူကား-- ပြည်သူပြည်သားတို့သည် မကြာမြင့်မီ ပျက်စီးခြင်းသို့ ရောက်ကုန်လတ္တံ့၊ ဘုရားသခင်ရပ်၍ ကြည့်တော်မူရာကို 'နာဂါပလောကိတ'မည်သော စေတီတည်၍ ပူဇော်ကုန်လတ္တံ့၊ ထိုပူဇော်ခြင်းသည် ကြာမြင့်စွာသော ကာလပတ်လုံး စီးပွားချမ်းသာ ဖြစ်ကြလတ္တံ့ဟု ကြံ၍ ကြည့်တော်မူသတည်း။)

၈၇။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း

ဘုရားသခင်လည်း သံဃာတော်အပေါင်းနှင့်တကွ အရှင်အာနန္ဒာကို ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ... ဘဏ္ဍုဂါမသို့ သွားကြကုန်အံ့”ဟု ဆို၍ ကြွတော်မူ၏၊ ထိုသို့ ရောက်တော်မူလျှင် သံဃာတော်တို့ကို ခေါ်၍-

စတုန္နံ ဘိက္ခဝေ အရိယသစ္စာနံ အနနုဗောဓာ-

အစရှိသော တရားဒေသနာကို ဟောတော်မူ၏၊ ထိုဘဏ္ဍုဂါမ၌ မွေ့လျော်သမျှ နေတော်မူ၍ တဖန် ဟတ္ထိဂါမ, အမ္ဗဂါမ, ဇမ္ဗုဂါမ, ဘောဂနဂရသို့ ကြွတော်မူ၏။ ထိုအခါ သံဃာတော်တို့အား မဟာပဒေသ လေးပါးကို ညွှန်ကြား ဆုံးမတော်မူ၏။ ထိုဘောဂနဂရ၌ မွေ့လျော်သမျှ နေပြီးသော် ပါဝါပြည်သို့ ကြွတော်မူပြန်၏။

ဝမ်းသွေးသွန်တော်မူခြင်း

ထိုပါဝါပြည်၌နေသော ရွှေပန်းထိမ်သည်၏ သားဖြစ်သော စုန္ဒအမည်ရှိသော ဒါယကာသည် စည်းစိမ်ဥစ္စာ ကြွယ်ဝလျက် ရှေးကာလ ဘုရားကြွတော်မူသောအခါကပင် သောတာပန်ဖြစ်၍ ရှင်ချစ်ဘုရားအား အလွန်ကြည်ညိုခြင်း ရှိရကား မိမိဥယျာဉ်၌ ကျောင်းဆောက်၍ လှူသတည်း။ ဘုရားသခင်လည်း ထိုပါဝါပြည်သို့ ရောက်တော်မူလျှင် ယခင်နေဖူးသော စုန္ဒဒါယကာ၏ သရက်ဥယျာဉ်သို့ဝင်၍ သီတင်းသုံး နေတော်မူ၏။

ဒါယကာ စုန္ဒလည်း သံဃာတော်တို့နှင့်တကွ ဘုရားကြွလာကြောင်း မိမိဥယျာဉ်၌ သီတင်းသုံးနေကြောင်းကို ကြားရလျှင် ဘုရားရှိရာသို့ ချဉ်းကပ်၍ လျောက်ပတ်သောနေရာမှ ရှိခိုးပူဇော်ကာ နေ၏၊ ကိုယ်တော်မြတ်လည်း လျောက်ပတ်သော တရားစကားဖြင့် ဟောကြားဆုံးမတော်မူ၏။ ထိုစုန္ဒဒါယကာလည်း တရားနာပြီးသော် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... နက်ဖြန် သံဃာတော်တို့နှင့်တကွ အကျွန်ုပ်၏ဆွမ်းကို ခံတော်မူပါ”ဟု လျှောက်ကြား၏၊ ဘုရားသခင်လည်း ဆိတ်ဆိတ် သည်းခံတော်မူလျှင် ရွှင်လန်းဝမ်းသာစွာ လက်ယာရစ် သုံးပတ်လှည့်၍ ရှိခိုးပြီးလျှင် မိမိအိမ်သို့ သွားလေ၏။

အိမ်သို့ရောက်သောအခါ ကောင်းမြတ်လှစွာသော ဝက်သားပြွမ်းဆွမ်းဖြင့် ဘုရားသခင်အား လုပ်ကျွေးတော့အံ့ဟု ကြံ၍ ချက်ပြုတ်ရန် ပရိကံတို့ကို ရုံးစုစီရင်ပေလျက် နံနက်သောအခါဝယ် ငယ်လည်း မငယ်လွန်း, ကြီးလည်း မကြီးလွန်း, ပြည့်ရွှန်းသားဆီ တညီပြင်ဖြစ်သော ဝက်ပျိုသားကို

(စာမျက်နှာ-၄၈၃)

ဝယ်၍ အသွယ်သွယ်သော အမွှေးအကြိုင်တို့ဖြင့် ထုံလှိုင်လျက် သားပြွမ်းဆွမ်း ချက်လေ၏။ ထိုအခါ စကြဝဠာအတွင်း၌ နေကုန်သော နတ်တို့သည် ထူးမြတ်သော ဩဇာဟူသမျှကို ထည့်ကြပေကုန်၏။ အလုံးစုံ စီမံခင်းကျင်းပြီးသော် ကိုယ်တော်မြတ်အား ကြားလျှောက်စေ၏။

ဘုရားသခင်လည်း သံဃာတော်တို့နှင့်တကွ စုန္ဒအိမ်သို့ကြွ၍ ဆွမ်းဘုဉ်းပေးတော်မူ၏။ စုန္ဒဒါယကာလည်း မြတ်စွာဘုရားအား ဝက်သားဖြင့်ပြွမ်းသော ဆွမ်းကို လုပ်ကျွေး၍ တပည့်သံဃာတော်တို့အား တပါးသော ခဲဖွယ်ဘောဇဉ်ဖြင့်သာ လုပ်ကျွေးပေ၏၊ ဆွမ်းဘုဉ်းပေးပြီးသောအခါ စုန္ဒဒါယကာကို ခေါ်တော်မူ၍ “အချင်းစုန္ဒ.. ငါဘုရားအား လုပ်ကျွေးသော သားပြွမ်းဆွမ်းကြွင်းကို တွင်း၌ မြှုပ်ဘိလော့၊ အဘယ့်ကြောင့်နည်း ဟူမူကား- ဤသားပြွမ်းဆွမ်းကို စားသော် ငါဘုရားမှတပါးသော ပုဂ္ဂိုလ်သည် အစာမကြေနိုင်လေရာ၊ အစာကြေနိုင်အံ့သော ပုဂ္ဂိုလ်ကို နတ်ပြည်ခြောက်ရွာ ဗြဟ္မာနှစ်ဆယ်နှင့် တကွသော ဩကာသလောက၌ တစုံတယောက်သော သူကိုမျှ ငါမမြင်”ဟု မိန့်တော်မူ၏။ စုန္ဒ ဒါယကာလည်း မြတ်စွာဘုရား မိန့်တော်မူတိုင်း တွင်းတူး၍ မြှုပ်ပြီးသော် ရှေ့တော်၌ ရှိခိုး၍နေ၏။ ဘုရားသခင်လည်း အစဉ်သော ဓမ္မဒေသနာဖြင့် ဆွမ်းအနုမောဒနာပြု၍ ကြွတော်မူ၏။

တည်းခိုတော်မူသော ဥယျာဉ်သို့ ရောက်သောအခါ သည်းထန်ပြင်းပြစွာ ဝမ်းသွေးသွန်သော ဝေဒနာသည် ဖြစ်တော်မူ၏။ ဘုရားသခင်လည်း သတိပညာတော်ဖြင့် ဆင်ခြင်လျက် ကြောက်ငြင်ဖွယ်သော ထိုဝေဒနာကို ကောင်းစွာ သည်းခံတော်မူ၏။

၀က်ပျိုသား မှတ်ချက်

(ထိုသားပြွမ်းဆွမ်းကို ဘုဉ်းပေးသောကြောင့်သာ ထိုဝေဒနာ ရောက်သည်မဟုတ်၊ စင်စစ်သော်ကား— ဘုရားကိုယ်တော်မြတ်၌ ဤဝေဒနာ မချွတ် ရောက်လတ္တံ့ပင် ဖြစ်သည်၊ သားပြွမ်းဆွမ်းကို မဘုဉ်းပေးရသော် အလွန်ပြင်းပြစွာ ခံရဘိရာသည်၊ ဘုဉ်းပေးရသောကြောင့်သာလျှင် အားတော်ခိုင်မာ၍ ရှည်စွာသော ခရီးကိုလျက် ခြေတော်ဖြင့်သာ ကြွနိုင်သေးသည်ဟု မှတ်ရမည်။)

ကုသိနာရုံသို့ ကြွတော်မူခြင်း

ဘုရားသခင်လည်း အာနန္ဒာကိုခေါ်၍ “ချစ်သား အာနန္ဒာ.. ဤပါဝါပြည်၌နေ၍ မသင့်သေး၊ ကုသိနာရုံပြည်သို့ သွားကြကုန်အံ့”ဟု မိန့်တော်မူ၍ သံဃာတော်အပေါင်းနှင့်တကွ ကြွတော်မူလေ၏၊ ခရီးတယူဇနာခန့် ရောက်သောအခါ “ချစ်သားအာနန္ဒာ... ငါဘုရားသည် ခွန်အားကုန်ခန်း၍ ပင်ပန်းတော်မူလှသည်၊ ဤလမ်းခရီး၏အနီး သစ်ပင်ကြီးရင်း၌ ဒုကုဋ်တော်ကို လေးထပ်ပြု၍ ခင်းလော့”ဟု မိန့်တော်မူ၏။ ရှင်အာနန္ဒာလည်း လျင်စွာ သစ်ပင်ရင်းကို သုတ်သင်၍ ဒုကုဋ်တော်ကို လေးခေါက်ပြု၍ခင်းလျှင် ဘုရားသခင်လည်း ထိုတွင် လည်းလျောင်းတော်မူ၏။

ရေကြည်တော် ရှာစေပုံ

ထိုသို့ လျောင်းပြီးသော် အာနန္ဒာကို ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ... ငါ ရေမွတ်တော်မူသည်။ ချမ်းကြည် အေးမြသောရေကို ရှာဆောင်ချေလော့”ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာလည်း ဂင်္ဂါမြစ်နားသို့သွား၍ ရှုပြီးသော် “ဘုန်းတော်ကြီးလှသော မြတ်စွာဘုရား... ယခုအခါ မလ္လာမင်းတို့

(စာမျက်နှာ-၄၈၄)

လှည်းငါးရာဖြင့် ကူးသွား၍ ဤမြစ်ငယ်ရေသည် မကြည်လင်ပါ၊ ကကုဓာမည်သော မြစ်သည် ရှေ့အနီးတွင်ပင် ရှိပါသည်၊ ချမ်းကြည်အေးမြသော ရေလည်းရှိပါသည်၊ ဆိပ်ခင်းလည်း ကောင်းပါသည်၊ ထိုမြစ်သို့ရောက်မှ သုံးဆောင်ရမူ ပူဆာသောဒုက္ခ ငြိမ်းပါလိမ့်မည်”ဟု လျှောက်၏။

(မလ္လာမင်းတို့သည် အဘယ့်ကြောင့် လှည်းဖြင့် ကူးသွားသနည်း ဟူမူကား- ဤကုသိနာရုံပြည်ကို မလ္လာမင်းတို့သည် အလှည့်အလည် မင်းပြုကုန်သည်။ အလှည့်မကျသော မင်းသားတို့ ကုန်ရောင်းသွား၍ အသက်မွေးကုန်သည်၊ ပုက္ကုသမည်သော မင်းသားသည်လည်း လှည်းငါးရာတို့ဖြင့် ကုန်ရောင်းအံ့သောငှါ ပါဝါပြည်သို့ သွားသည်နှင့် ခရီးဆိုင်မိကြ၍ ယခင်စကားကို လျှောက်သတည်း။)

ဘုရားသခင်လည်း အရှင်အာနန္ဒာက ရေနောက်ပါသည်ဟု လျှောက်သော်လည်း သုံးကြိမ်မြောက်အောင် ရေယူခြင်းငှါ တိုက်တွန်းတော်မူ၏၊ အရှင်အာနန္ဒာလည်း အာဏာတော်ကို မဆန်သာ၍ ဂင်္ဂါမြစ်နားသို့ သပိတ်တော်ကိုယူ၍ သွားလေသော် နွံနှစ်မွှေသကဲ့သို့ နောက်ကျုလှသော ရေသည် ထိုခဏခြင်း သန့်ရှင်းကြည်လင်စွာဖြင့် စီး၏၊ အရှင်အာနန္ဒာလည်း “ဪ... မြတ်စွာဘုရားတို့၏ တန်ခိုးအာနုဘော် မည်သည်ကား အံ့ဖွယ်ရှိလှ၏တကား၊ အသက်မရှိသော ရေစင်လျက် အလိုတော်အတိုင်း ကြည်လင်ရပေသည်၊ မဖြစ်ဖူးမြဲ ထူးကဲလှစွာ၏တကား”ဟု အကြံဖြစ်၏။ ထို့နောက်မှ သပိတ်တော်ဖြင့် ရေကို ဆောင်ယူခဲ့၍ ဘုရားသခင်အား ကပ်ပေ၏။ ဘုရားကိုယ်တော်မြတ်လည်း မွတ်သိပ်ခြင်း ပြေပျောက်လေ၏။

ဈာန်သမာဓိတန်ခိုး

ထိုအခါ ကာလာမအမျိုး၌ဖြစ်သော အာဠာရရသေ့၏ တပည့်ဖြစ်သော မလ္လာမင်းသား ပုက္ကုသသည် ဘုရားသခင် သစ်ပင်ရင်း၌ သီတင်းသုံးနေသည်ကိုမြင်၍ ဘုရားရှင်ထံသို့ ကပ်ပြီးသော် “ရွှေဘုန်းတော်ရှင် သခင်ဘုရား.. ရဟန်းသံဃာတို့ ငြိမ်သက်တင့်တယ်စွာ ဈာန်သမာပတ်ဖြင့် နေတော်မူခြင်းသည် အလွန်ကြည်ညိုဖွယ် ရှိလှ၏တကား၊ ရှေးသောအခါ ကျွန်ုပ်တို့ဆရာဖြစ်သော အာဠာရရသေ့သည် အဓွန့်ရှည်သော ခရီးကိုသွားသော် ခရီးမှဖဲ၍ လမ်း၏အနီး သစ်ပင်ကြီးရင်း၌ နေခြင်းကိုပြု၏၊ ထိုအခါ ငါးရာသော လှည်းတို့သည် ရှင်ရသေ့ကိုမှီ၍ လွန်ရကုန်၏။ ထိုအခါ ယောက်ျားတယောက်သည် လှည်းတို့၏နောက်မှ လိုက်လာ၍ အာဠာရရသေ့အား “အရှင်ဘုရား.. လှည်းသမားငါးရာ ရှေ့ကသွားသည်ကို မြင်ပါသလော”ဟု ဆိုလျှင် “ဒါယကာ... ငါမမြင်”ဟု ဆိုလျှင် “အရှင်ရသေ့... လှည်းကိုမမြင်သော် အသံကိုလည်း ကြားပါသလော”ဟု မေး၏၊ “အသံလည်း ငါမကြား”ဟု ဆိုလျှင် “အရှင်ရသေ့သည် အိပ်ပျော်သလော”ဟု မေးပြန်၏။ “ဒါယကာ.. ငါ အိပ်ပျော်သည်လည်းမဟုတ်”ဟု ဆိုပြန်လျှင် “အရှင်ရသေ့.. အသို့ဖြစ်သနည်း၊ သညာနှင့်လည်း ပြည့်စုံပါ၏လော”ဟု မေးပြန်၏၊ “ဒါယကာ.. သညာနှင့်လည်း ငါပြည့်စုံ၏”ဟု ဆိုပြန်လျှင် “အရှင်ရသေ့သည် နိုးလည်းနိုးလျက် သညာလည်းရှိပါလျက် လှည်းငါးရာလုံးနှင့် သွားသည်ကိုမျှ မမြင်မကြားခြင်းသည် အကြောင်းအသို့နည်း”ဟု မေး၏။ “ဒါယကာ.. ငါ၏သင်္ကန်း၌ မြူအလိမ်းလိမ်း ကပ်သည် မှန်၏”ဟု ဆိုပေ၏။ ထိုအခါ ယောက်ျားလည်း “ဪ... ရဟန်းတို့မည်သည် အလွန်အံ့ဩဖွယ် ရှိပေစွတကား၊ မိမိတို့၏ ဈာန်သမာပတ်တရားကိုသာ ပွားစီးကာ နေနိုင်ပေ၏တကား”ဟု ကြံအောက်မေ့လျက် အာဠာရရသေ့၌ ထိုယောက်ျားသည် အတိုင်းထက်အလွန် ကြည်ညိုခြင်း

(စာမျက်နှာ-၄၈၅)

ဖြစ်သတည်း၊ ဤသို့သော ရှေးအကြောင်းစကားကို ပုက္ကုသမင်းသားသည် ဘုရားသခင်အား လျှောက်ကြား၏။

သမာဓိအင်အား

ကိုယ်တော်မြတ်လည်း ပုက္ကုသအား တရားဟောတော်မူလို၍ “အချင်းပုက္ကုသ... သင့်ကို ငါမေးဦးအံ့၊ အကြင်သူသည် သတိပညာ ပြည့်စုံစွာလျက် မအိပ်စက်ပဲ လှည်းငါးရာတို့နှင့် လာသည်ကို မမြင်မကြားလိုက်၊ အကြင်သူလည်း ထိုနည်း သတိပညာရှိလျက် မအိပ်စက်ပဲ ထိုင်နေလျက်ပင် ထက်ဝန်းကျင်မှ ပဲ့တင်ဟည်း၍ မိုးကြီးရွာလျက် လျှပ်စစ်ပြက်၍ သုံးချက်မိုးကြိုး ကျလတ်သည်ကို မမြင်မကြားလိုက်၊ ထိုသူနှစ်ဦးတို့တွင် ဘယ်သူသာ၍ ခဲယဉ်းစွာ ဖြစ်သနည်း”ဟု မေးတော်မူ၏။ “အရှင်ဘုရား ကြီးစွာသောမိုး ရွာသွန်းဖြိုးလျက် မိုးကြိုးထစ်သည်ကို မကြားသောသူသာလျှင် အဆအရာသာ၍ ခဲယဉ်းမည် ထင်ပါသည်”ဟု နားတော်လျှောက်သော် “အချင်းပုက္ကုသ... တရံသောအခါ ငါဘုရားသည် အာတုမမည်သော ပြည်ဝယ် ကောက်နယ်တလင်းခန့်မျှသော တဲအုံ၌ သမာပတ်အာရုံဖြင့် နေတော်မူ၏။ ထိုအခါ ကြီးစွာသောမိုးသည် ရွာလတ်၍ လျှပ်စစ်တိမ်မီး လေကြီးမုန်တိုင်းသံတို့နှင့်တကွ သုံးချက်သော မိုးကြိုးတို့သည် ကျ၍ ငါနေသောဌာန၏ အပါး၌ ယောက်ျားညီနောင်တို့ လေးကောင်သော နွားတို့ဖြင့် လယ်ထွန်နေရာ၌ သတ္တဝါတို့ သေလေကုန်၏၊ ထိုသေရာသို့ အာတုမပြည်သား လူအများတို့သည် အုန်းအင်းတက်မျှ လာကြကုန်သည်။ မိုးစဲသောအခါ ငါဘုရားသည် တဲအုံပါး၌ စင်္ကြံသွား၍ နေတော်မူစဉ် တဦးသော ယောက်ျားသည် ငါ၏ထံပါးသို့ကပ်၍ တုံ့ဝပ်ရှိခိုးကာ နေလာ၏၊ ထိုယောက်ျားကို ငါဘုရားသည် ဤသို့ မေးတော်မူ၏။ “ဒါယကာ.. ဤများစွာသော လူတို့သည် အဘယ့်ကြောင့် စည်းဝေးလာကြသနည်း”ဟု မေးလျှင် “အရှင်ဘုရား... ယခု မိုးကြီးအရွာတွင် မိုးကြိုးကျလာ၍ နွားလေးခုတို့ သေရှာသောကြောင့် ကြည့်ရှုခြင်းငှါ စည်းဝေးကြပါသည်။ အရှင်ဘုရား ဘယ်မှာရှိပါ၍ မသိသနည်း”ဟု မေး၏၊ “ဒါယကာ... ငါလည်း ဤတဲအုံမှာပင်နေ၏”ဟု ဆိုလျှင် “အရှင်မြတ်သည် လျှပ်စစ်တိမ်မီးဖြင့် မိုးရွာသည်ကို မမြင်သလော”ဟု မေး၏။ “ဒါယကာ... ငါမမြင်”ဟု ဆိုလျှင် “အရှင်ဘုရား... အသို့နည်း၊ မိုးကြိုးသံကို မကြားသလော”ဟု မေးပြန်၏။ “ဒါယကာ.. ငါမကြားလိုက်”ဟု ဆိုလျှင် “အရှင်ဘုရား... အသို့တုံနည်း၊ အိပ်ပျော်သလော”ဟု မေး၏၊ “ငါအိပ်ပျော်သည်လည်းမဟုတ်”ဟု ဆိုလျှင် “အရှင်ဘုရား... အသို့တုံနည်း၊ သညာရှိပါ၏လော”ဟု လျှောက်ပြန်၏၊ “ဒါယကာ... သညာလည်းရှိ၏”ဟု မိန့်တော်မူပြန်လျှင် “အရှင်ဘုရား.. နိုးလည်းနိုးကြားလျက် သညာလည်းရှိလျက် လျှပ်ပြက်၍ မိုးရွာသည်ကိုလည်းကောင်း၊ မိုးကြိုးထစ်သည်ကိုလည်းကောင်း မမြင်,မကြားလိုက်ခြင်းသည် အံ့ဖွယ်ရှိလေစွတကား၊ မဖြစ်ဖူးမြဲ ထူးကဲလေစွတကား၊ အရှင်မြတ်တို့သည် တည်ကြည်ငြိမ်သက်လှစွာ သမာပတ်ချမ်းသဖြင့် နေနိုင်ကုန်စွတကား”ဟု ငါဘုရားအား အတိုင်းထက်အလွန် ချီးပ၍ ခယပူဇော်ကာ လက်ယာရစ် သုံးပတ်လည်၍ သွားလေ၏။ ဤသို့သော အကြောင်းစကားကို ဘုရားမိန့်တော်မူလေသော် မလ္လမင်းသား ပုက္ကုသလည်း “အရှင်ဘုရား... အကျွန်ုပ်သည် ရှေးသောအခါက အာဠာရ ရသေ့၏ သိမ်မွေ့ငြိမ်သက်ခြင်းကိုပင် အလွန်ကြည်ညိုပါသည်။ ယခုအခါ အရှင်ဘုရား၏ ဣန္ဒြေတော်ကို ကြားရသော် ရှေးကထက် အဆအရာသာလွန်၍ ကြည်ညိုစုံမက်ပါသည်။ အရှင်မြတ်သည် ယနေ့မှစ၍ အကျွန်ုပ်ကို ဥပါသကာဟူ၍ မှတ်တော်မူပါ” ဟု လျှောက်ကြား၍ သုံးပါးသော သရဏဂုံတို့ကို ဆောက်တည်၏။

(စာမျက်နှာ-၄၈၆)

ထို့နောက်မှ ပုက္ကုသမင်းသားလည်း ယောက်ျားတယောက်ကို ခေါ်၍ “အချင်းယောက်ျား.... သင် ငါ၏အိမ်သို့ သွားတည့်ချေ၊ သိင်္ဂီရွှေအဆင်းနှင့်တူသော ရံခါရံခါ ဆောင်အပ်သော နူးညံ့သိမ်မွေ့ ချောမြေ့ ပြေပြစ်လှသော ပုဆိုးအစုံကို ယူတည့်ချေ”ဟု စေလိုက်၏။ ထိုယောက်ျားလည်း လျင်စွာသွား၍ ပုဆိုးအစုံကို ဆောင်ယူအပ်နှင်း၏၊ ပုက္ကုသ မလ္လာမင်းလည်း ဘုရားခြေရင်းသို့ ကပ်ပြီးသော် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်အား သနားတော်မူပါသဖြင့် ဤပုဆိုးအစုံကို ဝတ်ရုံသုံးဆောင်တော်မူပါ”ဟု ကပ်လှူ၏၊ ကိုယ်တော်မြတ်ကလည်း “အချင်းပုက္ကုသ... ပုဆိုးတထည်ကို ငါဘုရာအားလှူ၍ တထည်ကို အာနန္ဒာအား လှူလော့”ဟု မိန့်တော်မူလေ၏။ ပုက္ကုသလည်း ဘုရားအမိန့်တော်အတိုင်း လှူလေ၏။

အရှင်အာနန္ဒာ သင်္ကန်းအလှူခံရခြင်း မှတ်ချက်

(အရှင်အာနန္ဒာသည် မြတ်စွာဘုရား ချီးမြှောက်အပ်သောလာဘ်ကို ပယ်၍ လုပ်ကျွေးသူဖြစ်လျက် ထိုပုဆိုးကို ခံလတ်သည်ကား ဥပဋ္ဌာကကိစ္စ အပြီးသို့ ရောက်သောကြောင့်လည်းကောင်း၊ အရှင်အာနန္ဒာ လုပ်ကျွေးပါသော်လည်း မြတ်စွာဘုရားထံမှ တခုသော လာဘ်ကိုမှ မရရှာစဖူးဟု သူတထူး ကဲ့ရဲခြင်း ကင်းစိမ့်သောငှာလည်းကောင်း ခံတော်မူသည်။)

မြတ်စွာဘုရားလည်း မလ္လာမင်းအား တရားဒေသနာကို များစွာ ဟောတော်မူလိုက်၍ သွားလေ၏။ ပုက္ကုသမင်းသားသွား၍ မကြာမြင့်မီ သိင်္ဂီရွှေအဆင်းနှင့်တူသော နူးညံ့သိမ်မွေ့သော ချောမြေ့ပြေပြစ်လှစွာသော ပုဆိုးကို အရှင်အာနန္ဒာလည်း မြတ်စွာဘုရားအား ကပ်လှူ၏။ ကိုယ်တော်မြတ်လည်း တထည်ကို ဝတ်၍ တထည်ကို ရုံတော်မူ၏။ ယင်းသို့ ဝတ်ရုံတော်မူလျှင် ရှင်တော်ဘုရား၏ အဆင်းသည် ဝင်းဝင်းညီးညီး တောက်လောင်ပြီးသော မီးကျီး၏ အလျှံကဲ့သို့လည်းကောင်း၊ ယုဂန္ဓိုရ်တောင်ဦးမှ ကွန့်မြူးထွက်ပြူသော သူရိယာစက်ဝန်းကဲ့သို့လည်းကောင်း၊ အသောင်းအသိန်းသော လူနတ်ပရိသတ်တို့၏ အလယ်၌ တင့်တယ်စွာ စံပယ်သော အာဘဿရ ဗြဟ္မာမင်းကဲ့သို့လည်းကောင်း ချီးသောင်းတွက်ကျုံ၍ မဆုံးမကုန်နိုင်အောင် ရောင်ခြည်တော်ခြောက်ဆိုင်သည် တပြိုင်တည်းပွင့်၍ တင့်တယ်ခြင်းအထွတ်သို့ ရောက်တော်မူ၏။

ထူးသော ရောင်ခြည်တော်များ

ထိုအခါ အရှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤသို့ နားတော်လျှောက်၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်မြတ်၏ ကိုယ်တော်သည် အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲ ထူးကဲတင့်တယ်လှ၏တကား၊ ကိုယ်တော်ရောင်တို့သည် ပြောင်ပြောင်ညီးညီး ယိုစီးဘနန်း ဖြစ်သည်တကား”ဟု နားတော် လျှောက်တင်သော် ဘုရားသခင်ကလည်း “ချစ်သား အာနန္ဒာ... ထွန်းခါစဖြစ်သော တန်ဆောင်ဆီမီးသည်လည်းကောင်း၊ ငြိမ်းခါနီးဖြစ်သော ဆီမီးသည်လည်းကောင်း ကြီးစွာသော အလျှံဖြင့် အလွန် ထွန်းပခြင်းဖြစ်သကဲ့သို့ ငါဘုရား၏ ကိုယ်တော်သည်လည်း ဗောဓိပင်နှင့် ရွှေပလ္လင်ကိုရ၍ ဘုရားဖြစ်ဦးစ အခါ၌လည်းကောင်း, ပရိနိဗ္ဗာန် စံယူရအံ့သော နေ့၌လည်းကောင်း ဤကာလနှစ်ပါး၌ ထူးခြား၍ တင့်တယ်ခြင်းအသရေကို ဆောင်လေသတည်း၊ အာနန္ဒာ.. ယနေ့ကုန်မြောက်၍ မိုးသောက်ယံအခါ၌ ကုသိနာရုံပြည်ဝယ် မလ္လာမင်းတို့၏ အင်ကြင်းပင်စုံအကြား၌ ငါဘုရား ပရိနိဗ္ဗာန် စံတော်မူလတ္တံ့”ဟု မိန့်တော်မူပြီး၍ “ချစ်သား အာနန္ဒာ.. နေရာကို သိမ်းလော့၊

(စာမျက်နှာ-၄၈၇)

သွားကြကုန်အံ့”ဟု ဆို၍ ကြွတော်မူလေသဖြင့် ရေခံတက်ပင်ရောက်သော ကကုဓာမြစ်သို့ ရောက်လေသော် “ရေလည်း သောက်တော်မူလိုသည်၊ သပ်လည်း သပ္ပါယ်တော်မူလိုသည်”ဟု မိန့်တော်မူ၍ ကိုယ်တော်တိုင်ဆင်းလျက် မြစ်တွင်း၌ ရေသပ္ပါယ်တော်မူ၏၊ ထိုမြစ်မှတက်၍ ကမ်း၏အထက်၌ သရက်ဥယျာဉ်သို့ ဝင်တော်မူသည်။

အကျိုးကြီးသော ဆွမ်းနှစ်ပွဲ

ထိုအခါ ရှင်အာနန္ဒာသည် ရေသနုပ်တော်ကို ညှစ်၍ ကျန်ရစ်လေရကား အရှင်စုန္ဒသာလျှင် မြတ်စွာဘုရား၏ထံပါး၌ ပါ၏၊ မြတ်စွာဘုရားလည်း “ချစ်သားစုန္ဒ.. ငါကိုယ်တော် ပင်ပန်းလှ၏။ ဤဌာနတွင်ပင် တခဏ လျောင်းတော်မူဦးအံ့၊ ဒုကုဋ်ကို ခင်းလော့”ဟု မိန့်တော်မူလျှင် အရှင်စုန္ဒလည်း ဒုကုဋ်တော်ကို လေးထပ်ပြု၍ ခင်း၏၊ ဘုရားသခင်လည်း ဒုကုဋ်ထက်တွင်ပင် ခြင်္သေ့မင်း၏ လျောင်းခြင်းကဲ့သို့ လက်ယာနံတောင်းဖြင့် လျောင်းတော်မူ၏။ အရှင်အာနန္ဒာ ရောက်သောအခါ ကောင်းစွာ ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ.. ငါဘုရားသည် ယခု ဝမ်းလားရခြင်းဟူသော အကျိုးဖြစ်လေသောကြောင့် ရွှေပန်းထိမ်သည်၏ သားဖြစ်သော စုန္ဒဒါယကာအား နှလုံးမသာ ရှိလေရာသည်၊ သူတထူး အပြစ်တင်လေရာသည်၊ မြတ်စွာဘုရားသည် စုန္ဒ၏ ဝက်သားဆွမ်းကို စားရသောကြောင့် ရောဂါကြီးပွား၍ နိဗ္ဗာန်လားရလေသည်။ ကောင်းမှု၏အကျိုးသည် မရှိလေပါဟု နှလုံးမသာ ဖြစ်လေရာသည်၊ ထို့ကြောင့် ချစ်သားအာနန္ဒာ.. စုန္ဒဒါယကာ၏ နှလုံးမသာခြင်းကို သင်ဖျောက်လေလော့၊ အသို့ ဖျောက်ရာသနည်း ဟူမူကား ဘုရားကိုယ်တော်မြတ်သည် စုန္ဒဒါယကာ၏ဆွမ်းကို ဘုဉ်းပေးပြီးမှ နိဗ္ဗာန်ကို ကြွတော်မူသည်၊ စုန္ဒဒါယကာအား များစွာသော အကျိုးရှိပေစွဟု မိန့်တော်မူသောစကားကို ဘုရားရှင်မျက်မှောက်တော်မှ ငါကြားလိုက်ရ၏။ ဘုရားဖြစ်အံ့သောနေ့ ကပ်လှူရသော သုဇာတာ၏ ဃနာနို့ဆွမ်းသည်လည်းကောင်း၊ ရွှေပြည်နိဗ္ဗာန် စံအံ့သောနေ့ ကပ်လှူသော စုန္ဒဒါယကာ၏ ဆွမ်းသည်လည်းကောင်း ဤဆွမ်းနှစ်ပါးသည် အခြားကာလ၌ လှူရသော ဆွမ်းတို့ထက် ကဲတက် ထူးမြတ်သော အကျိုးရှိ၏၊ ငါဘုရား၏ အားအင်ဗလကို ကူမထောက်ပံ့၍ တည်၏ဟု မိန့်တော်မူသည်ကို ငါကြားလိုက်ရ၏ဟူ၍ သင်-ဟောဘိလော့”ဟု မိန့်တော်မူ၏။

ယင်းသို့ မှာထားလျှက် နားနေတော်မူပြီးသော် ရှင်အာနန္ဒာကို ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ.. ဤနေရာတွင် မနေသင့်သေး၊ ဟိရညဝတီမြစ်၏ ထိုမှာဘက်သို့ ကူးကြကုန်အံ့၊ ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်သို့ ဝင်ကြကုန်အံ့”ဟု မိန့်တော်မူသော် ကိုယ်တော်၏အားသည် လျော့ပါးလေရကား ရှေ့ယိမ်း, နောက်ယိမ်းဖြင့် ကတိမ်းကပါး ရှိတော်မူ၏၊ ရှင်အာနန္ဒာနှင့် ရှင်စုန္ဒသာလျှင် လက်ယာ,လက်ဝဲဖြင့် တွဲမ,၍ ထူရ၏။

ယင်းသို့ နေနားကာ ကြွတော်မူလာသဖြင့် ကုသိနာရုံပြည်၏ အနီးသို့ရောက်သော် မလ္လာမင်းတို့၏ ပျော်ခင်းအလို့ငှါ ကောင်းစွာပြုပြင်၍ထားသော မြို့၏အနောက်တောင်ပါး တာငါးရာခန့် ကွာသောအရပ်၌ အင်ကြင်းဥယျာဉ်သို့ ဝင်တော်မူ၍ အင်ကြင်းပင်စည်တို့၏ အကြား၌ မလ္လာမင်းတို့၏ နေနားခြင်းငှာထားသော ရတနာညောင်စောင်းကို မြင်လျှင် ရှင်အာနန္ဒာကို ခေါ်၍ “ချစ်သား အာနန္ဒာ.. ငါဘုရားသည် အားတော်ကုန်ခန်း၍ ပင်ပန်းလှချေပြီ၊ ဤညောင်စောင်းကို ယူ၍ အင်ကြင်းပင်စုံတို့၏အကြား၌ မြောက်သို့ ဦးခေါင်းထား၍ လျင်လျားစွာ ခင်းဘိလော့”ဟု မိန့်တော်မူ၏။

(စာမျက်နှာ-၄၈၈)

အရှင်အာနန္ဒာလည်း မြတ်စွာဘုရား၌ သနားစုံမက်ခြင်း ပြင်းလှသည်နှင့် ယောကျ်ားဗိုလ်ခြေ ကုဋေတသောင်း, ဆင်ပေါင်း ကုဋေတထောင် အားကိုဆောင်သော နောင်တော်ဘုရားသည် အားတော် ကုန်လှလေပြီ၊ ဤယနေ့ပင် နိဗ္ဗာန်ခွင်သို့ ဝင်လိမ့်ယောင်တကားဟု ချောက်ချားပူပင်လှသော နှလုံးဖြင့် ယူကျုံးမရရှိလျက် ယိုထွက်သော မျက်ရည်ကိုသုတ်၍ ဒုကုဋ်တော်ကိုခင်းလျက် အင်ကြင်းပင်စုံတို့၏ အကြား၌ ညောင်စောင်းကို ထားပေ၏၊ ဘုရားသခင်လည်း ထိုညောင်စောင်းထက်တွင် ရွှေခြင်္သေ့မင်းကဲ့သို့ ဖြည်းညှင်းသာယာစွာ လက်ယာနံတောင်းဖြင့် လျောင်းတော်မူလေ၏။

မြောက်သို့ ဦးခေါင်းထားပုံ မှတ်ချက်

ပရိနိဗ္ဗာနသုတ် ပါဠိတော်၌ “ဥတ္တရသီသကံ မဉ္ဇံ ပညပေသိ”ဟု လာရှိသည်ဖြစ်လျက် အချို့ဆရာတို့က (မျက်နှာတော်ကိုသာ မြောက်သို့ ထားသည်၊ ဦးခေါင်းကား အရှေ့ကိုပင် ပြုသည်)ဟု ဆိုကြသည်။ အချို့ကလည်း (ပြုဗ္ဗုတ္တရာ၊ ရပ်ဒိသာကို၊ လျောင်းကာတူရူ၊ ဦးခေါင်းမူ၍)ဟု ဆိုကြသည်။ ထိုစကားကို ကိုးစားလောက်သော ကျမ်းကြီးကျမ်းခိုင် မရှိလေ၊ (ဥယျာဉ်တွင်း၌ အင်ကြင်းပင်ပျို နှစ်ပင်ကား တောင်မြောက်ယှဉ်လျက် ယှက်တင်သော အကိုင်းအခက် အရွက်အညွန့် ရှိသည်။ ပင်လုံးကျွတ် ပွင့်သည်။ ထိုအပင်၏အကြား၌ မြောက်အပင်ကို ခေါင်းရင်းထား၍ ခင်းသည်)ဟု အဋ္ဌကထာလာသည်၊ ပါဝါပြည်မှ ကုသိနာရုံပြည်သည် သုံးဂါဝုတ်သာ ကွာသည်၊ ယင်းသို့ နီးစွာလျက် မြတ်စွာဘုရားသည် အားတော်ကုန်လှလေရကား ခရီးအကြား၌ နှစ်ဆယ့်ငါးကြိမ် နေနား၍ အလွန်သော အားထုတ်ခြင်းဖြင့် ကြွတော်မူရချေသောကြောင့် ညနေချမ်းမှပင် အင်ကြင်းတောသို့ ရောက်တော်မူနိုင်သည်၊ ဘုရားသခင်သည် အပင်ပန်းသည်းစွာ ခံလျက် ဤကုသိနာရုံပြည်သို့ အဘယ့်ကြောင့် ကြွတော်မူသနည်း၊ တပါးသော တိုင်းနိုင်ငံ၌ ပရိနိဗ္ဗာန် မပြုကောင်းသလော ဟူမူကား တပါးသော အရပ်၌လည်း နိဗ္ဗာန်ယူခြင်းငှာ တတ်ကောင်းသည်ပင်၊ ယင်းသို့ တတ်ကောင်းသော်လည်း ဤအရပ်၌ နိဗ္ဗာန်ယူခြင်းသည် မဟာသုဒဿနသုတ်ကို ဟောခွင့်သင့်ခြင်း, သုဘဒ်ပရိဗိုဇ်ကို ဆုံးမတော်မူရခြင်း, ဓာတ်တော်ကို လုယက်ကြသော ကလဟဝိဝါဒ၌ ဒေါနပုဏ္ဏား ဖြေဖျန်၍ ဝေဖန်အံ့သော အကြောင်းရှိခြင်း ဤအကြောင်းသုံးပါးကို မြင်တော်မူ၍ ကြိုးစားအားထုတ်ကာ ကြွလာတော်မူသတည်း။

ကုသိနာရုံပြည်မွန်

ဘုရားမြတ်စွာသည် ရတနာသလွန် ညောင်စောင်း၌ မြောက်သို့ ဦးခေါင်းပြု၍ လျောင်းတော်မူသောအခါ အရှင်အာနန္ဒာသည် ဤသို့ နားတော်လျှောက်၏၊ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... ဤကုသိနာရုံပြည်သည် မကြီးမကျယ် ပြည်ငယ်တိုင်းငယ်သာ ဖြစ်ပါသည်တကား၊ ဝန်းလျားကျယ်စွာ မဟာရာဇဌာနီ ဖြစ်ကုန်သော စမ္ပာနဂိုရ်ပြည်, ရာဇဂြိုဟ်ပြည်, သာဝတ္ထိပြည်, သာကေတပြည်, ကောသမ္ဗီပြည်, ဗာရာဏသီပြည်စသော ပြည်ကြီးတို့၌သာလျှင် နိဗ္ဗာန်စံယူခြင်းငှါ သင့်လျော်ပါသည်။ ထိုပြည်ရွာတို့၌ ခတ္တိယ မဟာသာလ, ဗြာဟ္မဏ မဟာသာလ, ဂဟပတိ မဟာသာလ ဖြစ်ကုန်သော ဥပါသကာများတို့သည်လည်း အရှင်မြတ်အား အလွန်

(စာမျက်နှာ-၄၈၉)

ကြည်ညိုပါကုန်သည်၊ ချီးမြှောက်ပူဇော်လိုကုန်သည်၊ ထို့ကြောင့် ထိုမြို့ရွာတို့၌သာလျှင် မြတ်စွာဘုရားသည် နိဗ္ဗာန်လားတော်မူစေချင်ပါသည်”ဟု နားတော်လျှောက်၏။

ထိုအခါ မြတ်စွာဘုရားကလည်း “ချစ်သား အာနန္ဒာ.. ဤကုသိနာရုံပြည်ကို ငယ်သည်ဟူ၍ သင်မှတ်သလော၊ ရှေးသောအခါ စကြာရတနာဖြင့် လေးကျွန်းလုံးကို လှည့်ပတ်သော သုဒဿနစကြာမင်း ငါဖြစ်သောအခါ ဤပြည်ရွာသည် ကုသဝတီဟူသော အမည်ဖြင့် စည်ပင်ပြန့်ပြော အံ့ဩစရာ မဟာရာဇဌာနီ ဖြစ်ဖူးပြီ”ဟု အကြောင်းရင်းပြု၍ သုဒဿနစက္ကဝတ္တိသုတ်ကို ဟောတော်မူသည်။

ပန်းအမျိုးမျိုး ပွင့်ကြပြီ

ယင်းသို့ ရတနာညောင်စောင်းထက် လျောင်းစက်တော်မူသောကာလ ခြေရင်းမှလည်းကောင်း ခေါင်းရင်းမှလည်းကောင်း တည်သော အင်ကြင်းပင်ပျိုတို့သည် ကိုယ်တော်မြတ်ကို ပူဇော်ခြင်းငှါ အခါမဲ့ဖြစ်လျက် အသစ်အသစ်သော အပွင့်အငုံတို့ဖြင့် ဆင့်ကာဆင့်ကာ ပွင့်ကုန်လျက် ဝတ်မှုန်ဝတ်ဆံတို့သည် ကိုယ်တော်ထက်သို့ ကြွေသက်ကုန်၏၊ ထိုဥယျာဉ်၌ရှိကုန်သော သစ်ပင်အပေါင်းတို့သည်လည်း နှာမောင်း ဆက်ကာ ဆက်ကာ ဘုရားရှိရာသို့ ရှေးရှုညွတ်လျက် ပင်လုံးကျွတ် ပွင့်ကုန်၏။

ထိုဥယျာဉ်၌ သစ်ပင်တို့သည်သာ ပွင့်ကုန်လာသည် မဟုတ်၊ တသောင်းသော စကြဝဠာတိုက်တွင်း၌ ခပင်းသစ်ပင်တို့သည်လည်း နှစ်လိုစဖွယ် ငယ်ငယ်ကြီးကြီးသော အသီးအပွင့်တို့သို့ ဆောင်ကုန်သည်ဖြစ်၍ ပင်စည် အခက် အရွက် အခွဟူသမျှ၌ ပဒုမာကြာသဏ္ဌာန် ဝတ်ဆံ ဝတ်မှုန်နှင့်တကွ ခန္ဓပဒုမာ, သာခပဒုမာ, ပတ္တပဒုမာ, ဝိဋပပဒုမာမည်သော ပန်းတို့သည် ပြည့်လျှမ်းစွာ ထွက်၍ ထွက်၍ ပွင့်ကုန်၏။

ယူဇနာ သုံးထောင်ကျယ်သော ဟိမဝန္တတောင်မင်းနှင့် တကွသော တောအုပ်သည် တပေါင်းတည်းစု၍ စည်းအပ်သော ဥဒေါင်းမြီး ယပ်ကဲ့သို့လည်းကောင်း၊ အကြားမလပ် စီလုပ်အပ်သော ပန်းဆိုင်း ကွန်ရက်ကဲ့သို့လည်းကောင်း၊ ကြာသွတ်အိုး၌ တပေါင်းတည်း စိုက်အပ်သော ကြာကဲ့သို့လည်းကောင်း တင့်တယ်စွာဖြစ်၍ အလွန်မွေ့လျော် ပျော်ပါးဖွယ် ဖြစ်ကုန်၏။

ထိုဥယျာဉ်၌နေကုန်သော ဘုမ္မစိုးနတ်တို့သည်လည်း ပန်းဝတ်မှုန်ကို ဆွတ်၍ ကိုယ်တော်မြတ်ကို ဖြန့်ကြဲကုန်၏၊ အထက်ဘုံ၌နေသော နတ်တို့သည်လည်း ရွှေသားအဆင်း ဝင်းဝင်းညီးညီး ထီးရွက်ပမာဏ ပွင့်ဝတ်ကြွလျက် ကုဋုံမျှသော ဝတ်မှုန်ရှိသော မန္ဒာရဝမည်သော နတ်ပန်းတို့ဖြင့် ကြဲဖြန့်ပူဇော်လာကုန်၏၊ နတ်၌ဖြစ်သော အထုံအခိုး မွှေးမျိုးနံ့သာတို့ဖြင့်လည်း ကြဲဖျန်း ပူဇော်လာကုန်၏၊ နတ်၌ဖြစ်သော စောင်းညှင်းပတ်သာ တူရိယာတို့ဖြင့်လည်း တီးမှုတ်ကာ ပူဇော်လာကြကုန်၏။

နတ်တို့သာလျှင် ပူဇော်လာကြကုန်သည် မဟုတ်သေး၊ မြင်းမိုရ်တောင်ခြေ၌ နေကုန်သော နဂါး ဂဠုန် ကုမ္ဘဏ်များစွာ အသူရာတို့သည်လည်း ထူးမြတ်သော ပန်းတို့ဖြင့်လည်းကောင်း၊ ရတနာ ပေါက်ပေါက်တို့ဖြင့်လည်းကောင်း ချီးမြှောက်ကာ ပူဇော်လာကုန်သတည်း။

(စာမျက်နှာ-၄၉၀)

နတ်ပန်းကုံးကြီးဖြင့် ပူဇော်ခြင်း

အသက်ရှည်စွာ ဝေဟာသဘုံ၌ ဖြစ်ကုန်သော ဝရုဏဝါရဏမည်သော နတ်တို့သည် ယောက်ျားမြတ်သည် လူ့ပြည်၌ ဖြစ်တော်မူ၍ ဘုရားဖြစ်လတ္တံ့ဟု ကြားစကပင် ပဋိသန္ဓေ နေသောအခါ ဖွားတော်မူသောအခါ ငါတို့သွား၍ ပူဇော်အံ့ဟု ပန်းကုံးကြသည်၊ ထိုနတ်တို့ ပန်းကုံးစဉ်ပင် ပဋိသန္ဓေ နေတော်မူ၍ မယ်တော်ဝမ်းမှ ဖွားတော်မူသည်၊ တပါးနတ်တို့က ဘုရားလောင်း ဖွားတော်မူပြီ၊ သင်တို့ ဘယ်သူ့ကို ပူဇော်ရန်အလို့ငှါ ပန်းကုံးပါသနည်းဟု မေးသော် “ငါတို့ ပန်းကုံး၍ မပြီးသေး၊ တောထွက်သောနေ့မှ ပူဇော်တော့အံ့”ဟု ဆိုပြန်ကုန်၏၊ နှစ်ဆယ့်ကိုးနှစ်တိုင်၍ တောထွက်တော်မူပြီဟု ကြားလျှင် ဘုရားဖြစ်သောနေ့မှ သွား၍ ပူဇော်တော့အံ့ဟု ဆိုပြန်ကုန်၏၊ ဘုရားဖြစ်တော်မူပြီဟု ကြားပြန်လျှင် ငါတို့ ပန်းကုံးကား မပြီးချေသေး၊ ဓမ္မစကြာ ဟောတော်မူသောနေ့မှ သွား၍ ပူဇော်အံ့ဟု ဆိုပြန်ကုန်၏၊ ဓမ္မစကြာတရားဟော၍ ပြီးပြီဟု ကြားပြန်လျှင် ယမိုက်ပြာဋိဟာတို့ ပြသောနေ့မှ သွား၍ ပူဇော်အံ့ဟု ဆိုပြန်ကုန်၏၊ ပြာဋိဟာပြ၍ ပြီးပြီဟု ကြားလျှင် တာဝတိံသာနတ်ပြည်၌ တရားဟောသောအခါမှ ငါတို့သွား၍ ပူဇော်အံ့ဟု ဆိုပြန်ကုန်၏၊ တရားဟောပြီး၍ သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်းပြီဟု ပြောကြလျှင် အာယုသင်္ခါရ လွှတ်သောနေ့မှ သွား၍ ပူဇော်အံ့ဟု ဆိုပြန်ကုန်၏၊ မာရ်နတ်တောင်းပန်သဖြင့် အာယုသင်္ခါရ လွှတ်တော်မူပြီဟု ကြားပြန်သော် ပန်းကုံး၍ မပြီးသေး၊ ပရိနိဗ္ဗာန် ဝင်တော်မူသောနေ့မှ သွား၍ ပူဇော်အံ့ဟု ဆိုပြန်ကုန်၏၊ ထိုနိဗ္ဗာန်ဝင်သောနေ့သို့ ရောက်သောအခါ များစွာသောနတ်တို့က “ယနေ့ ဘုရားသခင် နိဗ္ဗာန်ဝင်လတ္တံ့ဟု ရတနာညောင်စောင်း၌ လျောင်းတော်မူပြီ၊ သင်တို့သည် ဘယ်သူ့အလို့ငှါ ပန်းကုံးပါသနည်း”ဟု မေးကြသောစကားကို ကြားရသော် “ဤဘုရားသည် ဘယ်သို့ ဖြစ်ဘိသနည်း၊ ယခုပင်လျှင် မယ်တော်ဝမ်းမှ ဖွားမြင်၍ ယခုပင်လျှင် တောထွက်တော်မူသည်၊ ယခုပင်လျှင် ဘုရားဖြစ်တော်မူသည်။ ယခုပင်လျှင် ဓမ္မစကြာတရားဟောသည်၊ ယခုပင်လျှင် တန်ခိုးပြသည်၊ ယခုပင်လျှင် နတ်ပြည်က သက်သည်။ ယခုပင်လျှင် အာယုသင်္ခါရ လွှတ်သည်၊ ယခုပင်လျှင် နိဗ္ဗာန်ဝင်သည်ဟု ဆိုသည်မှာ နံနက်အခါ၌ ယာဂု တသောက်ခန့်မျှသာ တည်ပါသည်တကား၊ ပါရမီဆယ်ပါးကို ရှည်လျားစွာဖြည့်၍ ဘုရားအဖြစ်သို့ ရောက်ရသော ထိုဘုရားအား ဤသို့ ဖြစ်ခြင်းသည် မသင့်မလျောက်ပတ်ပါတကား”ဟု ဆို၍ အလိုအတိုင်း မပြီးသေးသော ပန်းကုံးကိုပင် လျင်စွာယူ၍ လာခဲ့သော် နတ် ဗြဟ္မာ ပရိသတ်တို့ ဝန်းပတ်ခြင်း အားကြီးသောကြောင့် စကြဝဠာတိုက်တွင်းသို့ ဝင်ခြင်းငှါ အခွင့်မရ၊ စကြဝဠအနားရေးမှသာ ရပ်မျှော်၍ အထံတော်သို့ရောက်အောင် တ‌ေယာက်လက်မှသည် တယောက်လက်သို့ ကမ်းလျက် ပူဇော်ရကုန်၏။

ပူဇော်မှု အမွန်မြတ်ဆုံး

ထိုအခါ မြတ်စွာဘုရားလည်း ဂဠုန် နဂါး သိကြား ဗြဟ္မာ နတ်များစွာတို့၏ ပူဇော်ခြင်းကို မြင်လျှင် အရှင်အာနန္ဒာကို ခေါ်တော်မူ၍ “ချစ်သား အာနန္ဒာ.. ဤစကြဝဠာတိုက် တသောင်းတွင်း၌ ရှိနေကုန်သော ပန်းသစ်ပင် အပေါင်းနှင့်တကွ များစွာသော နတ်ဗြဟ္မာတို့သည် အထူးထူးသော ပူဇော်သက္ကာတို့ဖြင့် ငါဘုရားအား ပူဇော်ကုန်ပြီ။ ဤသို့ပူဇော်ကာမျှဖြင့် ငါဘုရားအား ညွတ်တွားပူဇော်သည် မမည်သေး၊ မြတ်နိုးတနာ ပြုသည်မမည်သေး၊ လောကုတ္တရာအား လျော်စွာသောအမှုကို ပြုသည် မမည်သေး၊ “ချစ်သားအာနန္ဒာ.. အကြင် ဥပါသကာ ဥပါသိကာမတို့သည်လည်းကောင်း၊

(စာမျက်နှာ-၄၉၁)

ရဟန်းယောက်ျား ရဟန်းမိန်းမတို့သည်လည်းကောင်း ငါပညတ်တော်မူအပ်သော ဝါရိတ္တသီလ, စာရိတ္တသီလတို့ကို ရိုသေစွာ ကျင့်ဆောင်ကုန်၏၊ ဓမ္မာနုဓမ္မပ္ပဋိပန္နဟု ဆိုအပ်သော လောကုတ္တရာ တရားအားလျော်သော အကျင့်တို့ကို ရိုသေစွာကျင့်၍ နေကုန်၏၊ ထိုသူတို့သည်သာလျှင် ငါဘုရားကို ရိုသေလေးမြတ်သည် မည်၏၊ ချစ်ကြည်မြတ်နိုး ရှိခိုးပူဇော်သည် မည်၏။ ထို့ကြောင့် ငါ၏သာသနာ၌ ချမ်းသာကို အလိုရှိကုန်သော ဥပါသကာ ဥပါသိကာ ဘိက္ခု ဘိက္ခုနီ အများတို့သည် လောကုတ္တရာတရား၏ ရှေ့အဖို့ဖြစ်သော ကျင့်ဝတ်ပဋိပတ်ကိုသာ ရိုသေစွာ ကျင့်သုံးကုန်ရာ၏”ဟူ၍ မိန့်တော်မူသည်၊ ပါဠိတော်ကား-

ယော ခေါ အာနန္ဒ ဘိက္ခုဝါ ဘိက္ခုနီဝါ ဥပါသကောဝါ ဥပါသိကာဝါ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဝိဟရတိ သာမီစိပ္ပဋိပန္နော အနုဓမ္မစာရီ၊ သော တထာဂတံ သက္ကရောတိ၊ ဂရုံ ကရောတိ၊ မာနေတိ၊ ပူဇေတိ၊ အပစိယယတိ ပရမာယ ပူဇာယ၊ တသ္မာတိဟာနန္ဒ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဝိဟရိဿာမ သာမီစိပ္ပဋိပန္နော အနုဓမ္မစာရိနောတိ၊ ဧဝဉှိ ဝေါ အာနန္ဒ သိက္ခိတဗ္ဗန္တိ-

ဟူသည်တည်း။ (အနက်မှာ ရှေ့အဓိပ္ပါယ်အတိုင်းပင်။)

မြတ်စွာဘုရားသည် တပါးသောအရာ၌ ရတနာသုံးပါး၏ကျေးဇူးကို ဆင်ခြင်လျက် ပန်းတပွင့်မျှပင် တင်လှူရခြင်းဖြင့် အပ္ပမေယျ မနှိုင်းဆနိုင်သော အကျိုးရှိဟန်ကို ပြညွှန်တော်မူပါလျက် ဤအခါဝယ် အာမိသပူဇာကို အဘယ့်ကြောင့် ပယ်တော်မူသနည်း ဟူမူကား သာသနာတော်၏ မြင့်ရှည်စွာ တည်ခြင်းကို အလိုတော် ရှိလှသောကြောင့်လည်ကောင်း ပရိသတ်လေးပါးတို့အား ချီးမြှောက်ခြင်းငှာလည်းကောင်း မိန့်တော်မူသတည်း၊ အကယ်၍ ပယ်တော်မမူငြားအံ့၊ နောက်သား သတ္တဝါတို့သည် စာရိတ္တ, ဝါရိတ္တ သီလအရာ၌လည်းကောင်း သမာဓိ ဝိပဿနာ အရာ၌လည်းကောင်း လွန်စွာ အားမထုတ်ပဲ လှူဒါန်းခြင်း ပေးကမ်းခြင်းကိုသာ များစွာ ပြုကြကုန်လတ္တံ့၊ ထိုသို့ ပြုကြခြင်းသည် သာသနာတော်၏ အမြစ်မူလ မဟုတ်ရကား ဆုတ်ယုတ်ခြင်း လျင်စွာ ဖြစ်လေရာသည်၊ ထို့ကြောင့် ကောင်းသော ကျင့်ဝတ်သိက္ခာတို့ကို လွန်စွာ အားထုတ်စိမ့်သောငှါ နောင်လာနောက်သားတို့ မဂ်ဖိုလ်တရား နီးစိမ့်သောငှါ အာမိသပူဇာကို ပယ်ခွါ၍ မိန့်တော်မူသတည်း။

(ဤကား - အဋ္ဌကထာ၌လာသော အဓိပ္ပါယ်တည်း၊)

နတ်တို့ ပူဇော်ခွင့်ရခြင်း

ယင်းသို့ ရတနာညောင်စောင်း၌ လျောင်းတော်မူသောအခါ အရှင်ဥပဝါဏသည် ဘုရားရှေ့တော်၌ ယပ်ခတ်ကာ နေ၏။ ဘုရားသခင်လည်း “ရှင်ဥပဝါဏရဟန်း... ရှားလော့၊ သွားလေလော့၊ ငါ၏ရှေ့တော်တွင် မနေလင့်”ဟု မိန့်တော်မူ၏။ ရှင်ဥပဝါဏလည်း တခွန်းသောစကားဖြင့်ပင် လက်တွင်ကိုင်သော ယပ်ကိုချ၍ လျောက်ပတ်ရာဌာန၌ နေ၏။

ထိုအခါ ရှင်အာနန္ဒာက အရှင်ဥပဝါဏကို အဘယ်အကြောင်းကြောင့် ပယ်ရှားတော်မူပါလိမ့်နည်းဟု ကြံ၍ ဘုရားရှင်ထံသို့ ကပ်ပြီးသော် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... ဤအရှင်ဥပဝါဏသည် ပဌမဗောဓိဟု ဆိုအပ်သော ဝါတော်နှစ်ဆယ်အတွင်း၌ အရှင့်ခြေရင်းဝယ်

(စာမျက်နှာ-၄၉၂)

ဝပ်စင်းခစား၍ ရှည်လျားစွာ လုပ်ကျွေးဘူးသောသူ, အနီး၌သာ နေပေသောသူ ဖြစ်ပါလျက် နောက်ဆုံးဖြစ်သော ဤအခါ၌ ငါ၏ရှေ့ပါးတွင် မနေလင့်၊ ရဟန်း သွားဦးလော့ဟု အဘယ့်ကြောင့် ပယ်ရှားတော်မူပါသနည်း”ဟု နားတော်လျှောက်၏။

ဘုရားသခင်ကလည်း “ချစ်သား အာနန္ဒာ... ငါ့တပည့်ဖြစ်သော ဥပဝါဏ၌ အပြစ်မရှိ၊ ယေဘုယျအားဖြင့် တသောင်းသော လောကဓာတ်မှလာသော နတ်ဗြဟ္မာတို့သည် ငါဘုရားမျက်နှာတော်ကို ဖူးမြော်ခြင်းငှါ စည်းဝေးကြကုန်၏၊ ချစ်သားအာနန္ဒာ.. ဤဥယျာဉ်မှစ၍ တဆယ့်နှစ်ယူဇနာရှိသော အရပ်အတွင်း၌ ပြကတေ့ နေခြင်းငှါ မတတ်ကောင်းရကား သားမြီးတမျှင်တွင်မျှ နှစ်ကျိပ်လည်းကောင်း, သုံးကျိပ်လည်းကောင်း တန်ခိုးဖန်ဆင်း၍ နေကြရကုန်သည်၊ မြက်,နွယ်,သစ်ပင် ကောင်းကင်ပြင်မျှ မလပ်ရအောင် အထပ်ထပ် စည်းဝေးနေကြကုန်သည်၊ ရှင်ဥပဝါဏကား ကိုယ်ကြီးလှသည်၊ တန်ခိုးအဘိညာဉ်လည်း ကြီးလှသည်၊ ဥပဝါဏ၏ပြင်ဘက်က နေရကုန်သော နတ်ဗြဟ္မာတို့သည် ငါဘုရား၏ မျက်နှာတော်ကို ဖူးမြော်ခွင့် မရသောကြောင့် “ငါတို့ကား ဘုရားသခင်ကို ဖူးမြင်ခြင်းငှါ အဝေးစကြဝဠာမှ လာပါကုန်သည်၊ ဤအရှင့်ကိုယ်ဖြင့် ကွယ်ကာ၍ မျက်နှာတော်ကို မဖူးရပါ”ဟု များစွာသော နတ်ဗြဟ္မာတို့ ငြူစူကြကုန်သည်။ နတ်တို့၏မျက်စိသည် ပုထုဉ်တို့၏ ကိုယ်ကိုသာ ထွင်းဖောက်၍ မြင်နိုင်သည်၊ ရဟန္တာတို့၏ ကိုယ်ကိုကား ထွင်းဖောက်၍ မမြင်နိုင်၊ ဤဥပဝါဏကား ဆင်ဖြူပမာဏ ကြီးလှသော ကိုယ်လည်းရှိသည်၊ တန်ခိုးကြီးသော ရဟန္တလည်းဖြစ်သည်၊ ထို့ကြောင့် နတ်တို့ ငြူစူခြင်းကင်းစိမ့်သောငှာ ဥပဝါဏကို ရှားလေလော့ဟု ငါဆိုတော်မူသတည်း”ဟု မိန့်တော်မူ၏။

ရှင်ဥပဝါဏထေရုပ္ပတ္တိ

(ထိုအရှင်ဥပဝါဏကား အဘယ်ပုညကြောင့် ကြီးလှသော ကိုယ်, ကြီးလှသော တန်ခိုးရှိသနည်း ဟူမူကား- ရှေး ဝိပဿီမြတ်စွာဘုရား ထင်ရှားပွင့်တော်မူသောအခါ ဤဥပဝါဏ၏ အလောင်းသည် တဦးသော သူကြွယ်၏အမျိုး၌ ဖြစ်၏၊ ဝိပဿီဘုရား ပရိနိဗ္ဗာန်လားတော်မူ၍ တခဲနက် ကျန်ရစ်သော ဓာတ်တော်တို့ကို လူအများတို့သည် အလျားတတောင်, အနံတထွာ, အထူလက်နှစ်သစ်ရှိသော ရွှေအုတ်တို့ဖြင့် အပြန့်အစောက် တယူဇနာရှိသော ရွှေစေတီကို တည်လုပ်ကြကုန်သည်၊ ထို့နောက်မှ ဘုမ္မစိုးနတ်တို့က တယူဇနာ, အာကာသစိုး နတ်တို့က တယူဇနာ, မိုးနတ်သား တယူဇနာ, တိမ်နတ်သား တယူဇနာ, စာတုမဟာရာဇ်နတ်တို့ တယူဇနာ, တာဝတိံသာနတ်တို့ တယူဇနာစီ ထပ်မံကာတည်ကြကုန်သဖြင့် ခုနစ်ယူဇနာရှိသော စေတီတော်သည် ဖြစ်၏။ လူတို့ ပူဇော်ခြင်းငှါ ပန်းနံ့သာ ပုဆိုး စသည်တို့ကိုယူ၍ လာသော် စေတီတွင်စောင့်သော နတ်တို့က လူတို့မြင်စဉ် စေတီတော်သို့ တင်၍ ပူဇော်ကုန်သည်။ ထိုအခါ ရှင်ဥပဝါဏ၏ အလောင်းဖြစ်သော သူကြွယ်သည်လည်း ရွှေအဆင်းရှိသော ပုဆိုးတို့ကိုယူ၍ ပူဇော်ခြင်းငှါ စေတီသို့လာသည်တွင် ဆင်းဝါကောင်းမြတ်သော စေတီစောင့်နတ်တဦးသည် ပုဆိုးကိုလှမ်းယူ၍ စေတီတော်ကို ပူဇော်ပေ၏၊ သူကြွယ်လည်း ထိုနတ်ကိုမြင်သဖြင့် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ “ငါလည်း ဤကဲ့သို့ နောက်နောင်ဘဝ၌ ဖြစ်ရစေသော”ဟု ဆုတောင်း၏၊ အသက်အတိုင်းနေ၍ စုတေလေသော် နတ်ပြည်၌ နတ်၏အဖြစ်ကိုရ၏၊ ထိုမှစ၍ လူ့ပြည်နတ်ပြည် ကျင်လည်ကာ အစဉ်အလာပြီးမှ
(စာမျက်နှာ-၄၉၃)
“ကဿပဘုရား ထင်ရှားဖြစ်တော်မူသောအခါ ဓာတ်တော် စေတီစောင့်နတ် ဖြစ်သတည်း၊ ကဿပဘုရား သာသနာလွန်သောအခါ တာဝတိံသာနတ်ရွာ၌ ဖြစ်လေ၏၊ ငါတို့ဘုရား ပွင့်တော်မူသောကာလ လူတို့နေရာ သာဝတ္ထိပြည်ရပ် မြတ်သောအမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သောအခါ သာသနာသို့ဝင်၍ ရဟန်းပြုသဖြင့် မမြင့်မီပင် ရဟန္တာဖြစ်သတည်း၊ ထို့ကြောင့် အရှင်ဥပဝါဏသည် အဆင်းလည်းလှသည်၊ ကိုယ်လည်းကြီးသည်၊ တန်ခိုးလည်း ကြီးမားသတည်း။)

နတ်ဗြဟ္မာတို့ ငိုကြွေးကြခြင်း

အရှင်အာနန္ဒာလည်း မြတ်စွာဘုရားအား ဤသို့ နားတော်လျှောက်ပြန်၏၊ “အရှင်ဘုရား... တဆယ့်နှစ်ယူဇနာရှိသော အရပ်၌ အထပ်ထပ် စည်းဝေးလာသော နတ်ဗြဟ္မာအပေါင်းတို့၏ နှလုံးသည် အဘယ်သို့ ဖြစ်ကုန်သနည်း၊ အဘယ်စကားကိုဆို၍ ပူဇော်ကုန်သနည်”ဟု လျှောက်ကြားသော် “ချစ်သားအာနန္ဒာ... မြေမိုးကောင်းကင် ထက်ဝန်းကျင်မှ စည်းဝေးကြသော ဤလူနတ်ဗြဟ္မာ အပေါင်းတို့သည် ကောင်းသော တရားစကားကို ဟောကြားတော်မူပေတတ်သော မြတ်စွာဘုရားသည် နိဗ္ဗာန်လားလွယ်ပေစွတကားဟု တောင့်တ၍ ဦးခေါင်း၌ဆံကို ဖရိုဖရဲကြဲဖြန့်လျက် တရှိုက်မက်မက် ငိုကြွေးကုန်သည်၊ ပြင်းစွာ လူးလဲကုန်သည်”ဟူ၍ မိန့်တော်မူ၏။

အမျိုးသမီးနှင့် ရဟန်းတော်

“အရှင်ဘုရား... အကျွန်ုပ်တို့ထံသို့ မာတုဂါမတို့ ဆည်းကပ်သည်ရှိသော် အဘယ်သို့ ကျင့်ပါရအံ့နည်း”ဟု နားတော်လျှောက်ပြန်၏၊ ချစ်သားအာနန္ဒာ... ကိလေသာကို ပယ်ခွါလိုသော ရဟန်းသည် စည်းစောင်ရန်း လုံခြုံရာ၌နေသော နွားကဲ့သို့ တိုက်တံခါးလုံခြုံသော ကျောင်း၌သာ ကိန်းအောင်း၍ နေရာ၏။ မာတုဂါမတို့ ရောက်လာသော်လည်း အကြင်မျှလောက်သော ကာလပတ်လုံး အဆင်းကို မမြင်ရ၊ ထိုမျှလောက်သော ကာလပတ်လုံး ရုန့်ရင်းတပ်မက်သော ရာဂသည် မဖြစ်နိုင်ရာ၊ မြင်ရသော်သာလျှင် ပြင်းစွာသော ရာဂသည် ဖြစ်လွယ်၏၊ ထို့ကြောင့် မမြင်ရရာ၌ နေခြင်းသည်သာလျှင် မြတ်သော ပဋိပတ်တည်း”ဟု မိန့်တော်မူ၏။

“အရှင်ဘုရား.. အကယ်၍ ဆွမ်းခံသောအခါ ဆွမ်းလှူလာသောအခါ၌ မြင်ချေမူကား အသို့ ကျင့်အပ်ပါနည်း”ဟု လျှောက်ပြန်၏။ “ချစ်သားအာနန္ဒာ.. မာတုဂါမတို့ကို အကယ်၍ မြင်ကုန်ငြားအံ့၊ စကားမပြောနေခြင်းသည်ပင် မြတ်သောပဋိပတ်တည်း၊ ချစ်သားအာနန္ဒာ.. ထက်စွာသော သန်လျက်ကိုကိုင်၍ ငါနှင့် စကားဆိုမူကား သင်၏ဦးခေါင်းကို ဖြတ်အံ့ဟု ဆို၍ ရပ်လာသောယောက်ျားနှင့် စကားပြောခြင်းသည် မြတ်သေး၏၊ မာတုဂါမတို့အား စကားပြောဆိုခြင်းသည် မမြတ်၊ ငါ့ကိုခေါ်မူကား သင်၏အသားကို ထွင်း၍ စားအံ့ဟူ၍ ရပ်လာသော ဘီလူးမအား စကားဟောပြောခြင်းသည် မြတ်သေး၏။ ချစ်ဖွယ်ရှိသော မာတုဂါမတို့အား စကားပြောခြင်းသည် မမြတ်၊ အဘယ့်ကြောင့်နည်း ဟူမူကား မာတုဂါမတို့နှင့် စကားဟောပြောရသည်ရှိသော် ချစ်ကျွမ်းဝင်ခြင်းသည် ဖြစ်၏။ ချစ်ကျွမ်းဝင်သည်ရှိသော် နှစ်သက်ခြင်း ရာဂသည် ဖြစ်၏။ ရာဂဖြစ်သည်ရှိသော် အထူးထူးသော ကိစ္စကို ကြံခြင်းဟူသော သင်္ကပ္ပရာဂသည် ဖြစ်၏။ သင်္ကပ္ပရာဂ ဖြစ်သည်ရှိသော် တဏှာ ဥပါဒါန်တို့သည် ဖြစ်ကုန်၏၊ ထိုတဏှာ ဥပါဒါန် ဖြစ်သည်ရှိသော်

(စာမျက်နှာ-၄၉၄)

သီလ၏ ညစ်ညူးပျက်စီးခြင်းသို့ရောက်၍ အပါယ်လေးပါးသို့ လားခြင်းသည် ဖြစ်၏။ ထို့ကြောင့် စကားပြောရခြင်းသည် မမြတ်”ဟု မိန့်တော်မူ၏။

“အရှင်ဘုရား.. မာတုဂါမတို့သည် ပြဿနာကို မေးခြင်းငှါ ကျောင်းသို့လာ၍ တနေ့ပတ်လုံးသော်လည်း မေးလျှောက်၍ နေငြားအံ့၊ သီလသီတင်း ဖြည့်ကျင့်ခြင်းကိုလည်း တောင့်တငြားအံ့၊ တရားတော်ကိုလည်း နာလို၍ တောင်းပန်ငြားအံ့၊ ရဟန်းတို့နှင့် လျောက်ပတ်သော ကံကိစ္စကိုသော်လည်း ရွက်ဆောင်၍ နေလာငြားအံ့။ ထိုအခါ တစုံတခုသော စကားကိုမျှ မပြောခဲ့ရသော် ရဟန်းတို့သည် ဆွံ့အသည်၊ နားပင်းသည်၊ လောကအရာ မလိမ္မာသည်၊ ပညာမရှိသည်ဟု ဆိုလိမ့်သတည်း၊ ထို့ကြောင့် စကားပြောဟောရချေသော် အဘယ်သို့ နှလုံးထားအပ်ပါသနည်း”ဟု နားတော်လျှောက်ပြန်၏၊ မြတ်စွာဘုရားလည်း “ချစ်သား အာနန္ဒာ.. ကျောင်းသို့ရောက်လာသော မာတုဂါမတို့အား စကားပြောလိုသည်ရှိသော် အမိလောက်ရှိသော မိန်းမတို့၌ အမိဟူသောစိတ်ကို ဖြစ်စေကုန်၊ နှမမျှလောက်ရှိသော မိန်းမတို့၌ နှမဟူသောစိတ်ကို ဖြစ်စေကုန်၊ သမီးမျှလောက်ရှိသော မိန်းမတို့၌ သမီးဟူသောစိတ်ကို ဖြစ်စေကုန်၊ အာနန္ဒာ.. မာတုဂါမတို့အား စကားပြောဟောသော အခါ၌ သတိပညာကို လွန်စွာ ဖြစ်စေကုန်လော့”ဟု ဩဝါဒပေးတော်မူ၏။

ဘုရားရှင်အလောင်းတော်ကို ပူဇော်ကြရန်

ထို့နောက်မှ အရှင်အာနန္ဒာလည်း ဤသို့ နားတော်လျှောက်ပြန်၏။ “အရှင်ဘုရား.. ကိုယ်တော်မြတ် နိဗ္ဗာန်လားခဲ့သော် အလောင်းတော်၌ ကျွန်ုပ်တို့ ပြုဖွယ်ကိစ္စကို အဘယ်သို့ ပြုရပါအံ့နည်း”ဟု လျှောက်ပြန်၏၊ “အာနန္ဒာ.. ငါဘုရား၏ အလောင်းတော်ကို မီးပူဇော်ခြင်း စသည်၌ သင်တို့ မကြောင့်ကြလင့်၊ မိမိ၏ အစီးအပွားဖြစ်သော အရဟတ္တဖိုလ်ရခြင်းငှါသာ များစွာ လုံ့လပြုကုန်လော့၊ ကိုယ်အသက်ကို ကွက်ခြင်းမရှိပဲ သတိသမ္ပဇဉ်ဖြင့်သာ ငါ၏သာသနာကို ရွက်ဆောင်ကြကုန်လော့၊ ငါ၏အလောင်းတော်ကို ရတနာသုံးပါး၌ ကြည်ညိုကုန်သော မင်းမျိုး ပုဏ္ဏားမျိုး သဌေးမျိုး သူကြွယ်မျိုးဖြစ်ကုန်သော ပညာရှိ ဒါယကာတို့သည် မီးပူဇော်ကုန်လတ္တံ့”ဟု မိန့်တော်မူ၏။

“အရှင်ဘုရား.. ထိုအမျိုးလေးပါး ဖြစ်ကုန်သော ပညာရှိ ဒါယကာတို့သည် ကျွန်ုပ်ထံသို့လာ၍ “အရှင်အာနန္ဒာ.. အလောင်းတော်ကို အဘယ်သို့ သင်္ဂြိုဟ်ရပါအံ့နည်း”ဟု မေးကုန်လတ္တံ့၊ ထိုအခါ အဘယ်သို့ နည်းပေးရပါအံ့နည်း”ဟု လျှောက်ပြန်၏၊ “ချစ်သားအာနန္ဒာ.. စကြဝတေးမင်း၏ အလောင်းတော်ကို သင်္ဂြိုဟ်ဖူးသော ထုံးဟောင်းကား အလောင်းတော်ကို ကောင်းမွန်စွာသော ကာသိကရစ်တိုင်းဖြစ် ပုဆိုးဖြင့် ထုပ်ပိုးပတ်ရစ်၍ ညက်စွာနစ်အပ်သော ဝါဂွမ်းကို လွှမ်းပြီးသော် အပေါ်၌ နူးညံ့စွာသော ပုဆိုးတို့ဖြင့် ရစ်ပတ်ပြန်၏။ ဤသို့ အဖန်များစွာ ငါးရာသော ပုဆိုးတို့ဖြင့် ရစ်ပတ်ပြီးသော် လှော်ပြီးသော သိင်္ဂီနိက်ရွှေတလားသို့ သွတ်သွင်း၍ နံ့သာထင်းပုံထက် တင်ပြီးမှ မီးတိုက်၏၊ အရိုးကို ယူပြီးသော် ခရီးလေးကြောင်းဆုံရာ၌ ကောင်းစွာ စေတီတည်လုပ်၏၊ ဤသို့ စကြဝတေးမင်း၏ အလောင်းကို ကောင်းမွန်စွာ သင်္ဂြိုဟ်သကဲ့သို့ ငါဘုရား၏ အလောင်းတော်ကိုလည်း ကောင်းစွာ သင်္ဂြိုဟ်အပ်၏။ ဓာတ်တော်တို့ကိုလည်း ခရီးဆုံရာ၌ ကောင်းစွာ စေတီတည်အပ်၏၊ ထိုစေတီကို ပူဇော်ချီးမြှောက်ရသော နတ်အများတို့သည် စီးပွားချမ်းသာ လွန်စွာ ဖြစ်ကုန်လတ္တံ့၊ ချစ်သား အာနန္ဒာ.. စေတီတည်ခြင်းငှာ

(စာမျက်နှာ-၄၉၅)

ထိုက်သော ပုဂ္ဂိုလ်တို့ကား ငါဘုရားတပါး, ပစ္စေကဗုဒ္ဓါလည်းတပါး, ရဟန္တာလည်း တပါး, စကြဝတေးမင်းလည်း တပါး, ဤလေးပါးသတည်း။

အဘယ်အကျိုးထူးကို စွဲ၍ စေတီတည်ခြင်းငှါ ထိုက်သနည်း ဟူမူကား- အကြင် ဒါယကာတို့သည် သစ္စာလေးပါးတရားတို့ကို အလိုလို သိမြင်တော်မူသော သဗ္ဗညုဘုရား၏ သရီရဓာတ်တော် တည်ရာပေတကားဟု စေတီ၌ ကြည်ညိုခြင်း လေးမြတ်ခြင်းတို့ကို ဖြစ်စေကုန်လတ္တံ့၊ အထူးထူးသော ပန်းနံ့သာ ပူဇော်ရာဝတ္ထုတို့ဖြင့် ငါဘုရားဂုဏ်ကို အာရုံပြု၍ ပြုပြင် ချီးမြှောက်ကုန်လတ္တံ့၊ ထိုဒါယကာတို့သည် ဤကြည်ညိုသော စေတနာကြောင့် ခန္ဓာပျက်ကြွေသောအခါ နတ်ရွာသုဂတိသို့လည်း တက်ကုန်လတ္တံ့၊ သဌေး သူကြွယ် ပဒေသရာဇ်စသော လူကောင်းလူမြတ်၏ စည်းစိမ်ချမ်းသာကိုလည်း ရကုန်လတ္တံ့၊ ထိုသို့ အကျိုးထူးရှိသည်ကို စွဲ၍ စေတီတည်ခြင်းငှါ ထိုက်သတည်း၊ ပစ္စေကဗုဒ္ဓါ ရဟန္တာ စကြာမင်းတို့၏ စေတီ၌လည်း ဤနည်းအတူပင် လူတို့ အကျိုးစီးပွား များဘိရာသတည်း”ဟု မိန့်တော်မူ၏၊ ယင်းသို့ စေတီတည်ထိုက်သည့် လေးပါးကို ဟောတော်မူပြီးသော် ကိုယ်တော်မြတ်သည် ဖလသမာပတ် ချမ်းသာဖြင့် ဆိတ်ငြိမ်စွာ နေတော်မူ၏။

အရှင်အာနန္ဒာ ငိုကြွေးပုံ

ထိုအခါ ရှင်အာနန္ဒာကား ဤသို့ အကြံဖြစ်၏၊ “ဘုရားသခင်သည် သံဃာတော်တို့အား မှာကြား ဆုံးမထိုက်သမျှသော တရားစကားကို ငါ့ကိုအမှူးထား၍ ဟောကြား ဆုံးမတော်မူပြီ၊ ဤညဉ့် ဧကန် နိဗ္ဗာန်ယူချေတော့မည်၊ နက်ဖြန်ခါပင် သွန်သင်ပြသ ဆုံးမပေသော အသံတော်သည် ဆိတ်ချေတော့မည်၊ ငါတို့ဆရာ မြတ်စွာဘုရားနှင့် ကွဲပြားရချေတော့မည်”ဟု ကြံအောက်မေ့လျက် ဆွေးမြည့်သော နှလုံးဖြင့် ယူကျုံးမရဖြစ်ရကား ဘုရားရှင့်အနီးမှ ခွါ၍ မလ္လာမင်းတို့၏ တည်းခိုရာ ကောင်းစွာ ဆောက်ထားအပ်သော မင်းကွန်းဇရပ်၏ တံခါးတိုင်ကိုကိုင်လျက် ငိုကြွေး၏၊ “ငါသည် သောတာပန်ဖြစ်၍သာ အထက်မဂ်အလို့ငှါ ပြုရာကိစ္စ ရှိချေသေး၏၊ မိုက်မြှေးထူလှသော ငါ့ကို အဖန်တလဲလဲ ဆုံးမပဲ့ပြင် သွန်သင်ပေသော နောင်တော်ဘုရားသည် ငါ့ကိုထား၍ ယနေ့ကား ပရိနိဗ္ဗာန်ယူတော့မည်၊ နက်ဖြန်မှစ၍ အဘယ်သူအား မျက်သစ် ဒန်ပူ ကပ်လှူရပါအံ့နည်း၊ အဘယ်သူ၏ခြေကို ဆေးရပါအံ့နည်း၊ အဘယ်သူ၏ နေရာကို ခင်းရပါအံ့နည်း၊ အဘယ်သူ၏ နေရာကို သုတ်သင်ရပါအံ့နည်း၊ အဘယ်သူ၏ သင်္ကန်းသပိတ် ပရိက္ခရာကို ငါဝတ်ပြုရပါအံ့နည်း” ဤသို့ စသည်ဖြင့် တ,သမြည်တမ်းကာ လွန်စွာ ငို၍နေ၏။

ဘုရားသခင်လည်း သံဃာတော်တို့အား ကြည့်၍ ရှင်အာနန္ဒာကို မမြင်လျှင် “ချစ်သားတို့.. အာနန္ဒာသည် ဘယ်မှာနေသနည်း”ဟု မေးတော်မူ၏၊ “မင်းကွန်းတံခါးတိုင်ကို ကိုင်လျက် ပြင်းပြစွာ ငိုကြွေးနေပါသည်”ဟု နားတော်လျှောက်ကြလျှင် “ချစ်သားတို့.. အာနန္ဒာကို လျင်စွာ ခေါ်ဘိလော့”ဟု မိန့်တော်မူ၍ ခေါ်ရလေ၏၊ အနီးသို့ ရောက်သောအခါ ရှင်အာနန္ဒာအား ဤသို့ မိန့်တော်မူ၏။ “ချစ်သားအာနန္ဒာ.. ငါဘုရားသည် သင်တို့အား စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်းခြင်း၌ အကျိုးမရှိသည်ကို မိန့်တော်မူဘူးပြီး မဟုတ်လော၊ ဤလောက၌ ဖြစ်ကုန်သော လူနတ်အပေါင်းတို့ပင် ခင်မင်စုံမက် နှစ်သက်အပ်ကုန်သော မိဘဆွေရင်း သားချင်းဖြစ်ကုန်သော သူတို့နှင့် အတူမနေ သေလွန်သဖြင့် ကွဲပြားရခြင်း တည်းဟူသော

(စာမျက်နှာ-၄၉၆)

နာနာဘာဝ, ဒေသတခြား လွင့်ပါး ဝေးကွာရခြင်းတည်းဟူသော ဝိနာဘာဝ, ရှေးက စည်းစိမ်ဖြင့် ရိပ်ငြိမ်ပျော်စံလျက် တသက်ပန်တွင် ငြိုငြင်ဆင်းရဲပြန်ခြင်း တည်းဟူသော အညထာဘာဝ, ဤဒုက္ခတို့ကို ခံရမြဲဓမ္မတာသာဖြစ်၏၊ လွတ်လွဲခြင်းငှါ အဘယ်မှာ တတ်နိုင်ကြအံ့နည်း၊ ချစ်သား အာနန္ဒာ.. အကြင် ကိုယ်ခန္ဓာသည် တဏှာဟူသော အကြောင်းတရားကြောင့် ထင်ရှားဖြစ်တတ်၏၊ ထိုဖြစ်သမျှ ကိုယ်ခန္ဓာသည် ပျက်မြဲဓမ္မတာသာတည်း၊ တစုံတယောက်သော ဗြဟ္မာသိကြား ဘုရားတို့မှလည်း မပျက်စီးရအောင် တောင့်တ၍ မဖြစ်နိုင်သည်သာဟု ငါ ဟောတော်မူပြီ မဟုတ်လော၊ ချစ်သားအာနန္ဒာ... သင်သည် ငါဘုရားအား ရှည်လျားစွာသော ကာလပတ်လုံး မေတ္တာစိတ်၏ အစွမ်းဖြင့်ဖြစ်သော မျက်သစ် ဒန်ပူ ကပ်လှူခြင်း, နေရာခင်းခြင်း, တုံ့ဝပ်ရိုကျိုး ရှိခိုးခြင်းစသော ကာယကံဖြင့်လည်းကောင်း၊ ဤရေကို သုံးတော်မူပါ, ဤနေရာ၌ နေတော်မူပါ စသည်ဖြင့် မြွက်ဟချီးကျူးသော မေတ္တာ ဝစီကံဖြင့်လည်းကောင်း၊ ဘုရားကိုယ်တော်သည် သက်တော်ရှည်စေသတည်း စသည်ဖြင့် တောင့်တသော မေတ္တာ မနောကံဖြင့်လည်းကောင်း ငါဘုရားအား ခစားလုပ်ကျွေးပေပြီ၊ ဤသို့ပြုအပ်သော သင်၏ မေတ္တာကံသုံးဖြာသည် စကြဝဠာနှင့်နှိုင်းဆသော် ယူဇနာ တသန်း နှစ်သိန်း သုံးထောင့် လေးရာ့ ငါးဆယ်ကျယ်သော စကြဝဠာအဝကား ကျဉ်းသေး၏၊ သင်၏ မေတ္တာ ကာယကံ ဝစီကံ မနောကံသာ ကျယ်ဝန်း၏၊ ယူဇနာ ခုနစ်ကုဋေ တသန်း ရှစ်သိန်း ငါးသောင်း ခြောက်ထောင် အမြင့်ဆောင်သော ဘဝဂ်ဟုဆိုအပ်သော နေဝသညာနာသညာဘုံသည် နိမ့်သေး၏၊ သင်၏ မေတ္တာ ကာယကံ ဝစီကံ မနောကံသာ လွန်စွာ မြင့်မောက်၏၊ ချစ်သားအာနန္ဒာ.. သင်သည် ဖြည့်အပ်ပြီးသော ပါရမီကောင်းမှုရှိ၏၊ ကမ္မဋ္ဌာန်းကိုသာ လွန်စွာ လုံ့လပြုလော့၊ မကြာမြင့်မီ အာသဝေါကင်းကွာ၍ ရဟန္တာဖြစ်လတ္တံ့၊ ရှေးသောအခါ အာနန္ဒာသည် ဆင်းရဲစွာသောပုဏ္ဏားဖြစ်၍ ပေါက်ပင်စောင့် နတ်သားဖြစ်သော ငါဘုရားအား ခစားလုပ်ကျွေးသဖြင့် သဌေးစည်းစိမ်ကိုရအောင် ငါမ,စဘူးပြီ၊ သဗ္ဗညုတအဖြစ်သို့ရောက်သော ငါဘုရားအား ခစားလုပ်ကျွေးရရာ၌ အဘယ်မှာ ရဟန္တာမဖြစ် ရှိတော့အံ့နည်း”ဟု ရှေးအဖြစ်ကိုဖော်၍ ဇာတ်တော်ကိုလည်း ဟောတော်မူ၏။

ထို့နောက် အစောက် နှစ်သိန်းလေးသောင်းရှိသော မြေကို ထက်အောက်လှန်ဘိသကဲ့သို့ အရှင်အာနန္ဒာ၏ ကျေးဇူးတော်ကိုဖော်၍ မိန့်တော်မူခြင်းငှါ သံဃာတော်အပေါင်းတို့ကို ခေါ်တော်မူ၍ “ချစ်သားတို့.. နောင်တော်ဘုရားတို့၏ အထံ၌ နိရန္တရ လုပ်ကျွေးကြသော သူမြတ်တို့ကဲ့သို့ အာနန္ဒာသည် ငါဘုရားအား ခစားလုပ်ကျွေးပေသည်၊ ဤအာနန္ဒာကား ပညာလည်းကြီး၏၊ လုံ့လဝီရိယလည်း ရှိ၏၊ သတိသမာဓိနှင့်လည်း ပြည့်စုံ၏၊ ခန္ဓာ အာယတနစသော ပရမတ္ထဓမ္မအရာ၌လည်း အလွန်လိမ္မာ၏၊ အာနန္ဒာသည် ဤအခါကား ရဟန်းယောက်ျားတို့ ငါဘုရားကို ဆည်းကပ်သောအခါတည်း၊ ဤအခါကား ရဟန်းမိန်းမများတို့ ခစား ဆည်းကပ်သော အခါတည်း၊ ဤအခါကား ဒါယကာ ယောက်ျားတို့ ခစားဆည်းကပ်သော အခါတည်း၊ ဤအခါကား ဒါယိကာ မိန်းမများတို့ ခစားဆည်းကပ်သော အခါတည်း၊ ဤအခါကား နတ်ဗြဟ္မာပရိသတ်တို့ ခစားဆည်းကပ်သော အခါတည်း၊ ဤအခါကား တိတ္တိယသာဝကတို့ ဆည်းကပ်ကြသော အခါတည်းဟု တိုင်းထွာမှတ်သားလျက် ပရိသတ်အား လျော်သောအမှုဖြင့် ပြုပြင်ချီးမြှောက် တတ်၏”ဟု မိန့်တော်မူပြီးမှ “ချစ်သားရဟန်းတို့.. အာနန္ဒာကား လေးပါးသော အံ့ဘွယ်တို့သည် ရှိကုန်၏၊ လေးပါးဟူသော်ကား-

(စာမျက်နှာ-၄၉၇)
(၁) အဝေးအနီး မြို့ရွာမှ ရောက်လာကုန်သော ရဟန်းယောက်ျား ပရိသတ်တို့သည် အာနန္ဒာထေရ်မြတ်၏ အဆင်းအသွင်ကို ဖူးမြင်၍လည်းကောင်း၊ ပြောဆိုသော တရားစကားသံကို နာခံ၍လည်းကောင်း မရောင့်ရဲနိုင်သည့် အံ့ဖွယ်တပါး။
(၂) ရဟန်းမိန်းမ ပရိသတ်တို့သည် အာနန္ဒာထေရ်မြတ်၏ ရုပ်ဝါသွင်ပြင်ကို ဖူးမြင်၍လည်းကောင်း၊ ပြောဆိုသော တရားစကားသံကို နာခံ၍လည်းကောင်း မရောင့်ရဲနိုင်သည့် အံ့ဖွယ်တပါး၊
(၃) အဝေးအနီးမှလာသော ဥပါသကာ ပရိသတ်သည် အာနန္ဒာထေရ်မြတ်၏ အဆင်းအသွင်ကို ဖူးမြင်၍လည်းကောင်း၊ ပြောဆိုသော တရားစကားသံကို နာခံ၍လည်းကောင်း မရောင့်ရဲနိုင်သည့် အံ့ဖွယ်တပါး၊
(၄)အဝေးအနီးမှ လာသော ဥပါသိကာ ပရိသတ်သည် အာနန္ဒာထေရ်မြတ်၏ အဆင်းအသွင်ကို ဖူးမြင်၍လည်းကောင်း၊ ပြောဆိုသော တရားစကားသံကို နာခံ၍လည်းကောင်း မရောင့်ရဲနိုင်သည့် အံ့ဖွယ်တပါး၊

ဤသို့အားဖြင့် လေးပါးသော အံ့ဖွယ်တို့နှင့် ပြည့်စုံပေသတည်း၊ ချစ်သားတို့.. လေးကျွန်းလုံးကို ပိုင်သသော စကြဝတေးမင်း၌လည်း လေးပါးသော အံ့ဖွယ်တို့သည် ပြည့်စုံကုန်၏၊ လေးပါးဟူသော်ကား-

(၁) စကြဝတေးမင်းသည် ရှေးဘုန်းပါရမီအလျောက် အလွန်လည်း အဆင်းလှ၏။ ရှုချင်ဖွယ်ရှိ၏၊ အသံလည်း သာယာ၏၊ သတ္တဝါတို့၏ ကောင်းကျိုးစီးပွားကိုလည်း ကြားပေတတ်၏၊ ကောင်းကင်ဖြင့်လည်း သွားနိုင်၏၊ တရားနှင့် ညီညွတ်သော စက္ကဝတ် ဓမ္မရာဇ်လည်း ဖြစ်လေ၏ဟု ကြားရပေသဖြင့် မင်းပရိသတ်တို့သည် အဝေးအနီးရပ်ရွာမှ ဖူးမြင်လာကုန်သော် အဆင်းတော်ကို မြင်သဖြင့်လည်းကောင်း အသံတော်ကို ကြားသဖြင့်လည်းကောင်း အဆုံးအမကို ခံရသဖြင့်လည်းကောင်း မရောင့်ရဲနိုင်သည်လည်း အံ့ဖွယ်တပါး၊
(၂) ပုဏ္ဏားပရိသတ်တို့သည် အဝေးအနီး ရပ်ရွာမှ ဖူးမြင်လာကုန်သော် အဆင်းကို မြင်သဖြင့်လည်းကောင်း၊ အသံတော်ကို ကြားသဖြင့်လည်းကောင်း၊ အဆုံးအမတော်ကို ခံရသဖြင့်လည်းကောင်း ရောင့်ရဲခြင်း မဖြစ်နိုင်သည်လည်း အံ့ဖွယ်ပါး၊
(၃) သူကြွယ်ပရိသတ်တို့သည် အဝေးအနီးရပ်ရွာမှ ဖူးမြင်လာကုန်သော် အဆင်းတော်ကို မြင်သဖြင့်လည်းကောင်း၊ အသံတော်ကို ကြားသဖြင့်လည်းကောင်း၊ အဆုံးအမတော်ကို ခံရသဖြင့်လည်းကောင်း ရောင့်ရဲခြင်း မဖြစ်နိုင်သည်လည်း အံ့ဖွယ်တပါး၊
(၄) ရသေ့ရဟန်း ပရိသတ်တို့သည် စကြဝတေးမင်းမြတ်ကို ဖူးမြင်ခြင်းငှာ ရောက်လာကုန်သော် အဆင်းကို မြင်သဖြင့်လည်းကောင်း၊ အသံကို ကြားသဖြင့်လည်းကောင်း၊ တရားစကား ပြောကြားနှီးနှောရသဖြင့်လည်းကောင်း ရောင့်ရဲခြင်း မဖြစ်နိုင်သည်လည်း အံ့ဖွယ်တပါး၊
(စာမျက်နှာ-၄၉၈)

ဤလေးပါးသော အံ့ဖွယ်သရဲ လွန်ကဲသော ကျေးဇူးတရားသည် စကြာမင်းအား ပြည့်စုံဘိသကဲ့သို့ ချစ်သားအာနန္ဒာလည်း လေးဖြာသော အံ့ဖွယ်သရဲ လွန်ကဲသော ကျေးဇူးဂုဏ်တို့နှင့် ပြည့်စုံသတည်း”ဟူ၍ မိန့်တော်မူ၏။

မလ္လာမင်းတို့ ဘုရားဖူးလာကြပြီ

ထို့နောင်မှ ရှင်အာနန္ဒာကို ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ... ကုသိနာရုံပြည်သို့ သွား၍ မလ္လာမင်းတို့အား အကြောင်းကိုကြားချေ။ ဝါသေဋ္ဌအနွယ်ဖြစ်သော မင်းများတို့... ဘုရားသခင်သည် ယနေ့ညဉ့် မိုးသောက်ယံ၌ ပရိနိဗ္ဗာန်ပြုလတ္တံ့၊ ဖူးမြင်လိုပါမူ လျင်စွာ သွားကြကုန်လော့၊ နောင်သောအခါ ငါတို့ဂါမခေတ်၌ အရှင်ဘုရား နိဗ္ဗာန်လားသည်ကိုမျှ ငါတို့ မဖူးမြင်ရဟု နှလုံးမသာ မရှိစေကုန်လင့်ဟု ပြောကြားချေ”ဟူ၍ စေလိုက်၏။

ရှင်အာနန္ဒာလည်း ဗျာဒိတ်တော်ရှိတိုင်း တပါးတည်းသာ လာခဲ့၍ ကုသိနာရုံပြည်သို့ ဝင်လေ၏၊ မလ္လာမင်းတို့လည်း ပြုခြင်းကိစ္စရှိခြင်းကြောင့် မိမိတို့ စည်းဝေမြဲမင်းကွန်း၌ စည်းဝေး၍နေကြကုန်စဉ် အရှင်အာနန္ဒာလည်း ဘုရားမှာတော်မူလိုက်တိုင်း ပြောကြားပေ၏၊ မလ္လာမင်းများတို့လည်း သားမယား ဆွေမျိုးတို့အား ထိုအကြောင်းကို သိစေသော် ပြည်သူပြည်သားနှင့် တကွသော မင်းဆွေစိုးမျိုးတို့သည် သမုဒ္ဒရာမြစ်ရိုး၌ လှိုင်းတံပိုးအသံကဲ့သို့ သောင်းသောင်းညံမျှ ငိုကြွေးကြလျက် “လောကသုံးပါး၏ စီးပွားချမ်းသာကို လွန်စွာ ရွက်ဆောင်ပေတတ်သော မြတ်စွာဘုရားသည် လျင်စွာ ပရိနိဗ္ဗာန် စံတော်မူခဲ့၏တကား၊ ငါတို့ကိုပစ်ထား၍ သွားတော်မူအံ့သည်တကား”ဟု များစွာ မြည်တမ်းကြကုန်၏။

ထို့နောက်မှ မလ္လာမင်းများလည်း သားမယား ဆွေမျိုးနှင့်တကွ ဥယျာဉ်သို့လာကြ၍ ရှင်အာနန္ဒာထံသို့ ကပ်ကုန်၏၊ ရှင်အာနန္ဒာလည်း ဤမလ္လာမင်းတို့ကို အသီးအသီး ရှိခိုး‌စေသည်ဖြစ်အံ့၊ ဤညဉ့်ကုန်၍ နေအရုဏ်တက်လေရာသည်၊ တမျိုးတမျိုးစီသာဝင်၍ ရှိခိုးစေတောအံ့ဟု ကြံပြီးလျှင် မိမိတွင်ပါသော ပရိတ်သတ်နှင့်တကွ တဦးစီတဦးစီ ဆောင်၍ “အရှင်ဘုရား... ဤမည်သော မလ္လာမင်းသည် ခြေရင်းတော်၌ ဦးတိုက်၍ ရှိခိုးပါသည်”ဟု လျှောက်ပေ၏။ ဤသို့သော နည်းအားဖြင့် ပဌမယံ၌သာလျှင် မလ္လာမင်းတို့၏ ရှိခိုးခြင်းကိစ္စကို ပြီးစေ၏။

နောက်ဆုံးသာဝက

ထိုအခါ သုဘဒ်အမည်ရှိသော ပရိဗိုဇ်ရဟန်းသည် ကုသိနာရုံပြည်၌ နေ၏၊ ထိုသုဘဒ်ပရိဗိုဇ်သည် ယနေ့ညဉ့်ပစ္ဆိမယံ၌ပင်လျှင် ဘုရားသခင် ပရိနိဗ္ဗာန်ပြုတော့အံ့ဟူသော သတင်းကိုကြား၍ ဘုရားရှိရာသို့ လျင်စွာလာခဲ့ပြီးလျှင် အရှင်အာနန္ဒာ၏ အထံသို့ကပ်၍ ဤသို့ တောင်းပန်၏။ အရှင်အာနန္ဒာ... အကျွန်ုပ်သည် အသက်အရွယ် အနွယ်အားဖြင့် ကြီးကုန်သော အစဉ်အဆက်ကို ပြောဆိုတတ်ကုန်သော ဆရာ၏ဆရာဖြစ်ကုန်သော ပရိဗိုဇ်ကြီးတို့၏အထံမှ ဆုံးမသံစကားကို ဤသို့ ကြားဖူးပါသည်၊ “ဤလောက ဤလူ့ရာဝယ် ကိလေသာရန်ခပင်းကို အကြွင်းမဲ့ပယ်သင်၍ လေးအင်သောသစ္စာကို ကောင်းစွာသိမြင်တော်မူပေသော သယမ္ဘူ မြတ်စွာဘုရားတို့သည် တရံတခါမျှ ဖြစ်လာခြင်းငှာ အလွန်ရှားသည်။ အကယ်၍ ဖြစ်လာငြားက ထိုဘုရားရှင်တို့၏အထံ၌ သံသယရှိသမျှကို ပျောက်ပကျေနပ်အောင် ပြုရာသည်ဟူသော စကားကို ကြားရဖူးပါသည်။ ထို့ကြောင့် အရှင်တို့ ဆရာဂေါတမ၌ အကျွန်ုပ် အလွန်ကြည်ညိုပါသည်။ ယင်းသို့ ကြည်ညိုလျက်လည်း

(စာမျက်နှာ-၄၉၉)

တရက်တညဉ့် တခဏမျှ မဆည်းကပ်ရသေး၊ ယနေ့ည မိုးသောက်ယံ၌ပင် အရှင်ဂေါတမသည် နိဗ္ဗာန်ယူလတ္တံ့ဟု ကြား၍ ငါ၏ယုံမှားခြင်းကို အရှင်ဂေါတမသာ ပယ်ဖျက်နိုင်ရာသည်။ ကြာလျှင် မတွေ့ရာချေပြီဟု ကြံ၍ လျင်မြန်စွာ ကျွန်ုပ်လာပါသည်။ အရှင်အာနန္ဒာ.. ကျွန်ုပ်တောင်းပန်ပါ၏၊ မြတ်စွာဘုရား ဂေါတမကို ဖူးမြင်ချင်လှပါသည်၊ အခွင့်ပေးတော်မူပါ”ဟု လျှောက်၏။

အရှင်အာနန္ဒာကလည်း သာသနာတော်မှ အပဖြစ်သော တိတ္ထိတို့သည် မိမိတို့၏အယူကိုသာ မြဲမြံစွာ ယူကုန်သည်၊ ထိုအယူကို ပယ်ရှားအောင် တရားဟောရသော် ဘုရားကိုယ်တော် ပင်ပန်းရင်းတွင် ထူး၍ ပင်ပန်းခြင်း ဖြစ်တော်မူပါလိမ့်မည်ဟု အောက်မေ့၍ “ငါ့ရှင် သုဘဒ်... အကြောင်းမသင့် အခွင့်မသာပြီ၊ မြတ်စွာဘုရားကို မညှဉ်းဆဲလိုလင့်၊ ကိုယ်တော်မြတ် ပင်ပန်းလှသည်”ဟု ဆို၏။ ထိုသုဘဒ် ပရိဗိုဇ်ကလည်း အခွင့်ကို အလိုရှိသောသူမည်သည် သူကြည်ညွတ်အောင် ပြုအပ်ပေသည်ဟု နှလုံးထား၍ ဝပ်တွားခယစွာ အရှင်အာနန္ဒာကို သုံးကြိမ်မြောက်အောင် တောင်းပန်၏၊ အရှင်အာနန္ဒာလည်း အခွင့်မပေးပဲ သုံးကြိမ်မြောက်အောင် တားမြစ်၏။

ထိုသုဘဒ် တောင်းပန်သောစကားကို ဘုရားကိုယ်တိုင် ကြားတော်မူလျှင် သုဘဒ်ပရိဗိုဇ်၏ အကျိုးငှါ ပြင်းစွာသော အားထုတ်ခြင်းဖြင့် လာတော်မူသည် ဖြစ်သောကြောင့် “ချစ်သား အာနန္ဒာ.. မတားမြစ်ပါလင့်၊ ငါဘုရားကို ဖူးမြင်ပါစေ၊ ဤသုဘဒ်သည် ပြဿနာကို မေးလိုသော်လည်း မေးပါစေ”ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူသောအခါ အရှင်အာနန္ဒာလည်း “ငါ့ရှင်သုဘဒ်... မြတ်စွာဘုရားသည် သင့်အား ခွင့်ပေးတော်မူပြီ၊ ဝင်လော့ ဝင်လော့”ဟု ဆိုပေ၏။

သုဘဒ်ပရိဗိုဇ်လည်း အားရဝမ်းသာ ဘုရားရှိရာသို့ ချဉ်းကပ်ပြီးသော် ကိုယ်တော်မြတ်အား ပဋိသန္ဓာရစကားကို လျှောက်ထားပြီးမှ “အရှင်ဂေါတမ... အကျွန်ုပ် သံသယတခု ရှိပါသည်၊ ထိုပြဿနာကို သိသာအောင် ဖြေတော်မူပါ၊ ဤလူ့ရွာ၌ ဂိုဏ်းဆရာဖြစ်၍ ကျော်စောထင်ရှားကုန်သော ပူရဏကဿပ မက္ခလိဂေါသာလ အဇိတ ပကုဓကစ္စာယန သဉ္စယ နိဂဏ္ဌ ဤသူတို့သည် မိမိတို့ ဝန်ခံသောအတိုင်း အလုံးစုံသောတရားကို သိပါကုန်သလော၊ မသိပဲပင် လွန်ကဲစွာ ဝင့်ဝါလေသလော၊ အချို့သော တရားကိုလည်း သိလေသလော”ဟု လျှောက်၏။

ဘုရားသခင်လည်း “အချင်းသုဘဒ်... ဤစကားကို ငါဘုရား ဖြေခြင်းငှါ အကြောင်းမသင့် အခွင့်မဟုတ်ပြီ၊ ဤစကားကို ထားဘိလော့၊ သင့်အား ငါဘုရား ဟောကြားအံ့၊ အကြင် တိတ္တိတို့သည် ကိလေသာတည်းဟူသော အညစ်အကြေးကင်းသဖြင့် သန့်ရှင်းဖြူစင်စွာ အင်္ဂါရှစ်ပါးရှိသော မဂ္ဂင်ဓမ္မကို မရ၊ မကျင့်တတ်၊ ထိုတိတ္ထိတို့သာသနာ၌ သောတာပန် ရဟန်းကိုလည်းကောင်း၊ သကဒါဂါမ် ရဟန်းကိုလည်းကောင်း၊ အနာဂါမ် ရဟန်းကိုလည်းကောင်း၊ လေးယောက်မြောက်သော ရဟန္တာကိုလည်းကောင်း အခါခပ်သိမ်း မရအပ်သေး၊ ယင်းသို့ မဂ္ဂဋ္ဌာန် ဖလဋ္ဌာန်မှ တရံတခါ မရလာသောကြောင့် ခန္ဓာပျက်ကြွေ သေလွန်သော်လည်း အမြိုက်တရားကို မရကုန်၊ ငါဘုရား၏ သာသနာ၌သာလျှင် ကိလေသာတည်းဟူသော အညစ်အကြေးကို ကင်းဝေးစေတတ်သော အဋ္ဌင်္ဂိကမဂ္ဂပဋိပတ်ကို ရအပ်သည်ဖြစ်သောကြောင့် စွန့်ပစ်အပ်သောတရားကို ပယ်ခွါလျက် သောတာပန် ရဟန်းကိုလည်းကောင်း၊ သကဒါဂါမ် ရဟန်းကိုလည်းကောင်း၊ အနာဂါမ် ရဟန်းကိုလည်းကောင်း၊ ရဟန္တာကိုလည်းကောင်း ကောင်းစွာရအပ်၏၊ ထို့ကြောင့်

(စာမျက်နှာ-၅၀၀)

ခန္ဓာပျက်ကြွေ သေလွန်သောအခါ အမြိုက်ချမ်းသာကို ကောင်းစွာ ရလေကုန်၏။ အကယ်၍ တိတ္ထိတို့၏သာသနာ၌ မဂ္ဂါနုလောမပဋိပန္န ပုဂ္ဂိုလ်လေးပါး, မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်လေးပါး, ဖလဋ္ဌာန် ပုဂ္ဂိုလ်လေးပါးအားဖြင့် တကျိပ်နှစ်ပါးသောပုဂ္ဂိုလ်ကို ရသည်ဖြစ်အံ့၊ ဤလောက၌ ရဟန္တာတို့မှ မဆိတ်နိုင်ရာ။ အချင်းသုဘဒ်.. ငါဘုရားသည် နိဗ္ဗာန်တရားကို မြင်လိုသည်ဖြစ်၍ နှစ်ဆယ့်ကိုးနှစ်ကပင် တောသို့ဝင်လျက် သာမညပုဂ္ဂိုလ်တို့ ကျင့်လိုခဲလှသော ဒုက္ကရစရိယာအကျင့်ဖြင့် ရှည်မြင့်စွာ နေတော်မူသည်၊ ရဟန်းပြုသည်မှစ၍ ငါးဆယ့်တစ်နှစ်ပတ်လုံး အမြတ်ဆုံးဖြစ်သော နိဗ္ဗာန်ကိုသာ အာရုံပြုဘိ၍ ဝိပဿနာတရားကို အားထုတ်တော်မူသည်။ ထိုမျှလောက်သော ကာလအတွင်း၌ ငါ၏သာသနာတော်မှကင်းလျက် သန့်ရှင်းသော အကျင့်အယူရှိသော ပုဂ္ဂိုလ်, မဂ်ဖိုလ်လမ်းမှန် နိဗ္ဗာန်သို့ ရောက်သောပုဂ္ဂိုလ် တစုံတယောက်မျှ ငါမြင်တော်မမူ”ဟူ၍ ဟောတော်မူ၏။

တိတ္ထိဘောင်မှ ပြောင်းလာသူများ ကျင့်ဝတ်

သုဘဒ်ပရိဗိုဇ်လည်း ထိုတရားစကားကို ကြားနာရသော် “အရှင်ဘုရား.. အလွန်ခြားနား ကောင်းမြတ်ပေစွ၊ ခရီးမှားသောသူကို ဆောင်ယူ၍ ခရီးမှန်မှာ ချသကဲ့သို့ ကျေးဇူးကြီးလှပေသည်။ အကျွန်ုပ်သည် ဘုရားသခင်အားလည်းကောင်း၊ တရား, သံဃာတော်တို့အားလည်းကောင်း၊ လည်းလျောင်းဆည်းကပ်ခြင်းသို့ ရောက်ပါ၏။ အရှင်ဘုရားသာသနာ၌ အကျွန်ုပ် ရဟန်းပြုလိုပါသည်”ဟု လျှောက်လေသော် ကိုယ်တော်မြတ်ကလည်း “ငါ့ရှင်သုဘဒ်... တိတ္ထိဖြစ်ဖူးသောသူသည် ငါ၏သာသနာသို့ ဝင်လိုမူ လေးလပတ်လုံး ပရိဝါသ်နေရသည်၊ လေးလလွန်၍ အဗ္ဘာန်သွင်းပြီးမှ ရှင်ရဟန်း ပြုရချေသည်၊ သို့ရာတွင်မူကား ငါဘုရားသည် ပုဂ္ဂိုလ်ထူးကိုလည်း သိတော်မူ၏”ဟု မိန့်တော်မူ၏။ “အရှင်ဘုရား.. အရှင့်တပည့်သား သံဃာတော်တို့သည် အကယ်၍ ရဟန်းပြုပါသည် ဖြစ်အံ့၊ အကျွန်ုပ် လေးလကို မဆိုသေး၊ လေးနှစ်ပတ်လုံး ပရိဝါသ်နေပါအံ့သည်”ဟု လျှောက်ထားလေ၏။

ဘုရားသခင်လည်း ရှင်အာနန္ဒာကို ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ.. အာသာ အလွန်ရှိပေသော ဤသုဘဒ်ကို ယခုပင် ရဟန်းပြုလော့”ဟု မိန့်တော်မူ၏၊ အရှင်အာနန္ဒာလည်း သင့်ရာသို့ ခေါ်ဆောင်၍ ဆံမုတ်ဆိတ်ကို ပယ်ရိတ်ပြီးလျှင် သင်္ကန်းဝတ်စေ၍ သရဏဂုံပေးပြီးမှ ဘုရားထံတော်သို့ ဆောင်၏။ ဘုရားသခင်လည်း ပဉ္စင်းခံစေ၍ ကမ္မဋ္ဌာန်းကိုပေးတော်မူလိုက်၏၊ သုဘဒ်ပရိဗိုဇ်လည်း ထိုဥယျာဉ်တွင်း၌ပင် စင်္ကြံသွားလျက် ကမ္မဋ္ဌာန်းကို အားထုတ်သဖြင့် ပဋိသမ္ဘိဒါလေးပါး, အဘိညာဏ်ခြောက်ပါး သမာပတ်ရှစ်ပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။

ထိုအရှင် သုဘဒ်ကား ဘုရားသခင်ရှေ့မှောက်တော်၌ နောက်ဆုံးဖြစ်သော သာဝကတည်း။

အရှင်သုဘဒ်ထေရ် မှတ်ချက်

(ဤသုဘဒ်ပရိဗိုဇ်ကား ဥဒိစ္စမဟာသာလ ပုဏ္ဏားမျိုးမှ တဘက်ဖြူစည်း၍ ပရိဗိုဇ်ရဟန်း ပြုလေသောသူဟူ၍ ဒီဃနိကာယ်၌ လာသည်။ ဓမ္မပဒအဋ္ဌကထာ, တေရသကဏ်ဋီကာတို့၌ကား ဝင်္ကဇနပုဒ်၌ မုဆိုးသ္မီး စာပါနှင့် ဥပက သင့်မြတ်ရာတွင် ဖွားမြင်သောသူ
(စာမျက်နှာ-၅၀၁)
ဟူ၍ ဆို၏။ ထိုသုဘဒ်၏ ပြဿနာကိုလည်း ကောင်းကင်၌ ခြေရာထင်ပါ၏လော၊ သာသနာတော်အပ၌ ရဟန်းရှိပါ၏လော၊ သင်္ခါရတရားတို့သည် မြဲပါအံ့လောဟူသော ပြဿနာသုံးပါးကို မေးသည်ဟု လာ၏။
ဤသုဘဒ်ပရိဗိုဇ်၏ ရှေးအကြောင်းကား ဝိပဿီမြတ်စွာဘုရား ပွင့်တော်မူသောအခါဝယ် မဟာကာလ စူဠကာလ အမည်ရသော သူကြွယ်ညီနောင် နှစ်ဦးတို့ဖြစ်၍ ညီစူဠကာလသည် တနှစ်လုပ်သောစပါး၌ ဘုရားအမှူးရှိသော သံဃာတော်တို့အား မျိုးဦးအလှူ မုန့်ဆန်းဦးအလှူ ရိတ်ဦးအလှူ ဆုပ်ဦးအလှူ လှိုင်းဦးအလှူ နယ်ဦးအလှူ ချင့်ဦးအလှူ ရောင်းဦးအလှူ စားဦးအလှူအားဖြင့် ကိုးကြိမ်တိုင်တိုင် အလှူကြီးပေး၏၊ နောင်ဘုရားတို့၏ သာသနာ၌ ရှေးဦးစွာ တရားရစေသောဟု ဆုတောင်း၏။ ထိုအကြောင်းကြောင့် ငါတို့ဘုရား တရားဓမ္မစကြာ ဟောသောအခါ၌ ရှေးဦးစွာ တရားရ၍ အညာသိကောဏ္ဍညမထေရ် ဖြစ်၏၊ အစ်ကိုသူကြွယ်မူကား နောက်မှ အလှူပေး၍ တရားတော်ကို ကျင့်သောကြောင့် ငါတို့ဘုရား သာသနာတော်၌ သုဘဒ်ပရိဗိုဇ်ဖြစ်လာ၍ နိဗ္ဗာန်စံယူနီးသောအခါမှ တရားတော်ကို နာရသဖြင့် ရဟန္တာအဖြစ်သို့ ရောက်လေသတည်း။
ဘုရားသခင်ကို ရန်ညှိုးဖွဲ့သော သုဘဒ်ရဟန်းကား အာတုမပြည်၌ ဆတ္တာသည်၏ သားတည်း၊ ထိုအကြောင်းကို အထက်၌ ဆိုလတ္တံ့။)

ဘုရားရှင် အမြဲတမ်းတည်ရှိနေကြောင်း

ယင်းသို့ သုဘဒ်ပရိဗိုဇ်အား တရားရစေပြီးသော် အရှင်အာနန္ဒာကို ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ... ငါ၏ သာဝကဖြစ်သော သံဃာတော်အများတို့သည် ဘုရားလွန်ပြီ မရှိပြီဟု ထင်မှတ်လိမ့်မည်။ ယင်းသို့ကား မမှတ်အပ်၊ အကြင် သုတ်,အဘိဓမ္မာကိုလည်း ငါဘုရား ဟောအပ်ပြီ။ ဝိနည်းတရားတော်ကိုလည်း ငါပညတ်အပ်ပြီ၊ ထိုအလုံးစုံသော သုတ်, ဝိနည်း, အဘိဓမ္မာတရားသည် ငါဘုရားလွန်သဖြင့် သင်တို့၏ဆရာ ဖြစ်လတ္တံ့။ ထို့ကြောင့် ငါဘုရားရှိသည်သာ”ဟု ကောင်းစွာမှတ်အပ်၏၊

ဘုရားရှင်၏ နောက်ဆုံးမှာထားချက်များ

ချစ်သားအာနန္ဒာ.. ငါပညတ်တော်မူအပ်သော ရဟန်းတို့၏သိက္ခာအစုတွင် ခုဒ္ဒါနုခုဒ္ဒကဖြစ်သော သိက္ခာပုဒ်တို့ကား အလွန်လည်း များပြား၏။ အပါယ်လားကြောင်းလည်း မဟုတ်၊ ထိုခုဒ္ဒါနုခုဒ္ဒကကို နုတ်ချသော်ကား နောက်သားသံဃာတို့ သက်သာရာ ရလတ္တံ့၊ ချစ်သားအာနန္ဒာ... ငါဘုရားရှိစဉ် သံဃာတို့သည် အချင်းချင်း “အာဝုသော”ဟူသော စကားဖြင့် ခေါ်ဆိုကုန်၏၊ ထိုစကားအတိုင်း ဘုရားလွန်သည့်နောက် တယောက်သည် တယောက်အား မခေါ်ဝေါ်ကုန်လင့်၊ သိက္ခာဝါကြီးသော ရဟန်းသည် သိက္ခာငယ်သော ရဟန်းအား အနွယ်အားဖြင့်လည်းကောင်း, “အာဝု‌သော”ဟူသော စကားဖြင့်လည်းကောင်း ခေါ်ဝေါ်အပ်၏၊ ငယ်သောရဟန်းသည် ကြီးသောရဟန်းအား “ဘန္တေ” ဟူ၍လည်းကောင်း၊ “အာယသ္မာ” ဟူ၍လည်းကောင်း ခေါ်ဝေါ်အပ်၏။ မခေါ်သောရဟန်းအား ဒုက္ကဋ်သင့်စေဟု ပညတ်တော်မူသည်။ ချစ်သားအာနန္ဒာ.. ဆန္နရဟန်းကိုလည်း ငါဘုရားလွန်တော်မူသောအခါ ဗြဟ္မဒဏ်ပေးကြကုန်ဟု မိန့်တော်မူ၏။ “အရှင်ဘုရား.. အဘယ်သို့ ဗြဟ္မဒဏ် ထားအပ်ပါသနည်း”ဟု နားတော်လျှောက်ပြန်သော် “အာနန္ဒာ...

(စာမျက်နှာ-၅၀၂)

သံဃာအပေါင်းတို့ စည်းဝေး၍ ဆိုနိုင်ခက်လှသော ဤဆန္နရဟန်းသည် သူဆိုလိုသမျှ ဆိုသည်ကို တပါးသောရဟန်းတို့ မဆိုမဆုံးမကြလင့်၊ ဤသူ၏ စကားကိုလည်း လေးစားမပြုကြလင့်ဟူ၍ ဗြဟ္မဒဏ်ပေးအပ်၏”ဟု မိန့်တော်မူ၏။

ဘုရားရှင် မေးခွင့်ပေးခြင်း

ထို့နောက်မှ ရဟန်းအများကို ခေါ်တော်မူ၍ “ချစ်သားတို့... အကြင်ပုဂ္ဂိုလ်သည် ဘုရား တရား သံဃာ၌လည်းကောင်း၊ မဂ်တရား ဖိုလ်တရားဖြင့်လည်းကောင်း၊ ကျင့်ဝတ်ပဋိပတ်၌လည်းကောင်း ယုံမှားတွေးတောခြင်း ရှိသည်ဖြစ်အံ့၊ ငါဘုရားကို ယခု မေးလျှောက်လိုက်ကြကုန်၊ နောင်သောအခါ မြတ်စွာဘုရားကို မျက်ဝါးထင်ထင် တွေ့မြင်ရလျက် မမေးလိုက်ရဟု နောင်တပူပန်ခြင်း မဖြစ်စေလင့်”ဟု မိန့်တော်မူသည်၊ ရဟန်းတို့လည်း ဆိတ်ဆိတ်သာ နေကြကုန်၏။

ဘုရားသခင်လည်း သုံးကြိမ်တိုင်အောင်ပင် မိန့်တော်မူသည်၊ သို့မိန့်သော်လည်း တစုံတယောက်မျှ မလျှောက်ထားကြ၊ ဆိတ်ဆိတ်သာ နေကြကုန်ရကား “ချစ်သား ရဟန်းတို့... ငါ့ကို ရိုသေသောအားဖြင့် ယခု မလျှောက်ထားခဲ့သော် အပေါင်းအဖော်ဖြစ်သော ရဟန်းတို့အား ပြောကြားဘိလော့”ဟု မိန့်တော်မူ၏။

ဘုရားရှင်၏ နောက်ဆုံးဩဝါဒ

ထိုသို့ မိန့်တော်မူသော်လည်း တစုံတယောက်မျှ မလျှောက်ထားကြ၊ ရဟန်းတို့ ဆိတ်ဆိတ်သာ နေကြကုန်လျှင် အရှင်အာနန္ဒာက ဤသို့ နားတော်လျှောက်၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... ဤအစည်းအဝေး၌ တစုံတယောက်သော ရဟန်းသည် သာသနာ၌ ယုံမှားမရှိကြပါပြီ”ဟု လျှောက်သော် ရှင်တော်ဘုရားကလည်း “ချစ်သားအာနန္ဒာ... ယုံမှား ရှိ,မရှိသောအရာကို ငါလည်း ပစ္စက္ခအားဖြင့် သိတော်မူသည်သာတည်း၊ ဤအစည်းအဝေး၌ အငယ်ဆုံးဖြစ်သော သံဃာသည် သောတာပန်သာ ရှိပေသတည်း”ဟု မိန့်တော်မူပြီးသော် ရဟန်းတို့ကို ခေါ်တော်မူ၍-

ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ၊ ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ-

ဟု အဆုံးစွန်သော စကားကို ဟောကြားတော်မူပေ၏။

[အနက်ကား]ဘိက္ခဝေ၊ ရဟန်းတို့။ ဒါနိ ဣဒါနိ၊ ယခုအခါ၌။ ဟန္ဒ၊ အကျဉ်းအားဖြင့်။ ဝါ၊ ငါ၏အလိုတော်ရင်းဖြင့်။ ဝေါ၊ သင်တို့ကို။ အဟံ၊ ငါဘုရားသည်။ အာမန္တယာမိ၊ မှာထားတော်မူ၏။ သင်္ခါရာ၊ ကံ စိတ် ဥတု အာဟာရတည်းဟူသော အကြောင်းလေးပါးအစုတို့သည် ပြုပြင်၍ ဖြစ်သမျှသော သင်္ခါရတရားတို့သည်။ ဝယဓမ္မာ၊ ပျက်တတ်သော သဘောရှိကုန်၏။ တုမှေ၊ သင်တို့သည်။ အပ္ပမာဒေန၊ မမေ့မလျော့ မပေါ့မလစ်သဖြင့်။ သမ္ပာဒေထ၊ ပြည့်စုံစေကုန်လော့။

သမာပတ်များကို ဝင်စားခြင်း

ဤပစ္ဆိမစကားကို ဟောကြားတော်မူပြီးလျှင် ပထမဈာန်ကို ဝင်စားတော်မူ၏၊ ထို့နောက်မှ ဒုတိယဈာန်, ထို့နောက်မှ တတိယဈာန်, ထို့နောက်မှ စတုတ္ထဈာန်ကို ဝင်စားတော်မူ၏။

(စာမျက်နှာ-၅၀၃)

ထိုစတုတ္ထဈာန်မှ ထ၍ အာကာသာနဉ္စာယတနဈာန်ကို, ထို့နောက်မှ ဝိညာဏဉ္စာယတနဈာန်ကို, ထို့နောက်မှ အာကိဉ္စညာယတနဈာန်ကို, ထို့နောက်မှ နေဝသညာနာသညာယတနဈာန်ကို ဝင်စားတော်မူ၏။ ထို့နောက်မှ ဝေဒနာ သညာတို့၏ ချုပ်ရာဖြစ်သော နိရောဓသမာပတ်ကို ဝင်စားတော်မူ၏။

ထိုအခါ အရှင်အာန္ဒာသည် ရှင်အနုရုဒ္ဓါအား ဤသို့မေး၏။ “အရှင်အနုရုဒ္ဓါ.. မြတ်စွာဘုရားသည် ငြိမ်သက်တော်မူလှသည်။ ပရိနိဗ္ဗာန် ပြုတော်မူချေပြီလော”ဟု မေး၏၊ အရှင်အနုရုဒ္ဓါထေရ်ကလည်း “ငါ့ရှင် အာနန္ဒာ.. ပရိနိဗ္ဗာန် မပြုသေး၊ နိရောဓသမာပတ်ကိုသာ ဝင်စားတော်မူသေးသည်”ဟု ဆို၏။

ပရိနိဗ္ဗာန် ပြုတော်မူသောစိတ်

ဘုရားသခင်လည်း ထိုဝင်စားတော်မူသော နိရောဓသမာပတ်မှ ထတော်မူ၍ နေဝသညာ နာသညာယတနဈာန်ကို, ထို့နောက်မှ အာကိဉ္စညာယတဈာန်ကို၊ ထိုမှထ၍ ပဌစျာန်တိုင်အောင် ဝင်စားတော်မူ၏။ ထိုပဌမဈာန်မှ ထ၍ ဒုတိယဈာန်ကို, ထို့နောက်မှ တတိယဈာန်ကို, ထို့နောက်မှ စတုတ္ထဈာန်ကို ဝင်စားတော်မူ၏။

ထိုစတုတ္ထာန်မှ ထ၍ ဈာန်အင်္ဂါတို့ကို ဆင်ခြင်တော်မူသော ပစ္စဝေက္ခဏာဇောတို့သည် အကြိမ်များစွာ ဖြစ်ကုန်၏၊ ထိုသို့ဖြစ်ဘိ၍ ဝီထိတွက်ရေ ကုဋေနှစ်သန်း လေးသိန်းသော သမာပတ်ကို ဝင်စားတော်မူပြီးမှ စတုတ္ထဈာန်အင်္ဂါကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိ၏ အဆုံး၌ အလုံးစုံသော သင်္ခါရတရားတို့၏ ကုန်ငြိမ်းရာ နိရောဓသစ္စာကို အာရုံပြုသော မဟာဝိပါက် ပဌမ အသင်္ခါရိက အဗျာကတ ဒုက္ခသစ္စာဖြင့် ပရိနိဗ္ဗာန် စံတော်မူ၏။

ပရိနိဗ္ဗာန် ပြုတော်မူချိန်

ဤသို့ ဆိုအပ်ပြီးသော နည်းအားဖြင့် ဘုရားသခင်သည် လူတွင်မှတ်စစ် သက္ကရာဇ် ၁၄၈-ခု၊ ရတုဂိမှ ကဆုန်လပြည့် အင်္ဂါနေ့ ညဉ့်ဦးယံဝယ် မလ္လာမင်းတို့အား တရားညွှန်ပြ၍ သန်းခေါင်ယံကာလ၌ သုဘဒ်ပရိဗိုဇ်ကို ဆုံးမ၍ မိုးသောက်ယံကျသောအခါ ရဟန်းသံဃာတို့ကို များစွာ ဆုံးမတော်မူ၍ အရုဏ်တက်နီး လင်းအားကြီးယံ၌ ပရိနိဗ္ဗာန် စံတော်မူသည်။

သံ‌ဝေဂ ဂါထာများ

ဘုရားသခင် နိဗ္ဗာန်ဝင်သည်နှင့် တပြိုင်နက် ကြောက်မက်ထိတ်လန့်ခြင်း ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလျက် ဤနှစ်သိန်းလေးသောင်း အထုရှိသော မြေသည် အိုးထိန်းစက်ကဲ့သို့ သွက်သွက်ခါမျှ တုန်လှုပ်၏။ ကောင်းကင်အလုံး ထစ်ချုံးရိုက်ဟီးလျက် တော်ပဲ့တင်လည်း၏။ အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲ လွန်ကဲသော တိတ်နိမိတ်တို့သည် ဖြစ်ကုန်၏။ ယင်းသို့ ဘုရားပရိနိဗ္ဗာန်လားသောအခါ သဟမ္ပတိဗြဟ္မာသည် စကြဝဠာအလုံးကို ကြားစေလျက်-

သဗ္ဗေဝ နိက္ခိပိဿန္တိ၊ ဘူတာ လောကေ သမုဿယံ။
ယတ္ထ ဧတာဒိသော သတ္ထာ၊ လောကေ အပ္ပဋိပုဂ္ဂလော။
တထာဂတော ဗလပ္ပတ္တော၊ သမ္ဗုဒ္ဓေါ ပရိနိဗ္ဗုတော--

ဟူသောဂါထာကို ရွတ်၏။

(စာမျက်နှာ-၅၀၄)

[အနက်ကား]ဘောန္တော၊ အရှင်တို့။ ယတ္ထ ယသ္မိံ လောကေ၊ အကြင် သတ္တလောက၌။ ပရိယာပန္နော၊ အကျုံးဝင်သော။ ဧတာဒိသော၊ ဤသို့ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူထသော။ သတ္ထာ၊ လူနတ်တို့၏ ဆရာဖြစ်တော်မူထသော။ အပ္ပဋိပုဂ္ဂလော၊ တုဘက်မရှိသောပုဂ္ဂိုလ် ဖြစ်ထသော။ ဗလပ္ပတ္တော၊ အားတော်ဆယ်တန်, ဉာဏ်တော်ဆယ်ပါးသို့ ရောက်တော်မူပြီးထသော။ သမ္ဗုဒ္ဓေါ၊ အလုံးစုံသော တရားတို့ကို အလိုလိုသာလျှင် သိမြင်တော်မူပြီးထသော။ တထာဂတောပိ၊ မြတ်စွာဘုရားသည်လည်း။ ပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန် စံလွန်တော်မူချေသေး၏။ အညော၊ ဘုန်းကံနည်းရှား သူတပါးမူကား။ မရဏတော၊ သေခြင်းမှ။ ကုတော မုစ္စတိ၊ အဘယ်မှာ လွတ်သာချေတော့အံ့နည်း။ တတ္ထ တသ္မိံ လောကေ၊ ထိုသတ္တလောက၌။ ပရိယာပန္နာ၊ အကျုံးဝင်ကုန်သော။ သဗ္ဗေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။ ဘူတာ၊ သတ္တဝါတို့သည်။ သမုဿယံ၊ ခန္ဓာငါးပါးဟုဆိုအပ်သော အတ္တဘောကို။ နိက္ခိပိဿန္တိ၊ မချွတ် ပစ်ချရကုန်လတ္တံ့သတည်း။

ထိုအခါ သိကြားမင်းသည်လည်း-

အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒဝယဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။

ဟူသော ဂါထာကို ရွတ်၏။

[အနက်ကား]ဘောန္တော၊ အရှင်တို့။ သင်္ခါရာ၊ သင်္ခါရတရားတို့သည်။ အနိစ္စာ ဝတ၊ အမြဲမရှိကုန်စွတကား။ ဥပ္ပါဒဝယဓမ္မိနော၊ ဖြစ်ခြင်း ပျက်ခြင်း သဘောရှိကုန်၏။ ဥပ္ပဇ္ဇိတွာ၊ ဖြစ်ကုန်ပြီး၍။ နိရုဇ္ဈန္တိ၊ ချုပ်တတ်ကုန်၏။ တေသံ၊ ထိုသို့ ဖြစ်တတ် ပျက်တတ်သော သဘောတရားတို့၏။ ဝူပသမော၊ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သည်သာလျှင်။ သုခေါ၊ ချမ်းသာ၏။

(ရဟန္တာတို့ အသီးသီး ရွတ်ကြသော ဂါထာကား များသေး၏ )

အားလုံး ငိုကြွေးကြခြင်း

ဘုရားသခင် နိဗ္ဗာန်ဝင်သည်ရှိသော် အထံတော်၌ တည်နေကုန်သော ပုထုဇဉ်, သောတာပန်, သကဒါဂါမ်ဖြစ်ကုန်သော ရဟန်းတို့သည် သက်ကြီးရှိုက်တငင် ပင်ပန်းလျက် ဦးခေါင်းထက် လက်တင်၍လည်းကောင်း၊ လူးလဲမြည်တမ်းကာလည်းကောင်း ပြင်းစွာ ငိုကြွေးကြကုန်၏။ အနာဂါမ် ရဟန္တာတို့သာလျှင် သင်္ခါရဓမ္မကို နှလုံးသွင်း၍ သည်းခံနိုင်ကုန်၏၊ ထိုအခါ အရှင်အနုရုဒ္ဓါက သံဃာတို့အား သံဝေဂတရားကိုပြ၍ သက်သာရာရစေ၏။

အရှင်အာနန္ဒာလည်း “အရှင်အနုရုဒ္ဓါ... ငါတို့ လူသား ရဟန်းများလည်း ချောက်ချားပင်ပန်းလှလေကုန်ပြီ၊ ဥပပတ် ပဋိသန္ဓေနေသော နတ်အများတို့သည် အဘယ်သို့ နှလုံးသွင်းကုန်သနည်း”ဟု မေး၏။ “ငါ့ရှင်အာနန္ဒာ... အာကာသဋ္ဌဖြစ်သော ဥပပတ် နတ်တို့သည်လည်းကောင်း၊ ဤအရပ်သို့ စည်းဝေးလာသော ကာမာဝစရ နတ်တို့သည်လည်းကောင်း၊ ဆံကို ဖရိုဖရဲ ကြဲကုန်လျက် လက်နှစ်ဘက်ကို မြှောကာ ငိုရှာကြကုန်၏၊ “ရွှေဘုန်းတော်ရှင် ဘုရားသခင်သည် သတ္တဝါတို့၏စီးပွားကို ကျင့်ဆောင်၍ တာရှည်အောင်မျှ မနေရပါ၊ ထွက်လာသော နေမင်းသည် ရုတ်ခြည်းဝင်သကဲ့သို့ လူနတ်တို့၏ အလင်းမရအောင် တခဏချင်းဖြင့်

(စာမျက်နှာ-၅၀၅)

ပရိနိဗ္ဗာန် စံတော်မူသည်”ဟု မြည်တမ်းကြကုန်သည်၊ အနာဂါမ် ရဟန္တာဖြစ်သော နတ်တို့သာလျှင် သင်္ခါရသဘောကို နှလုံးရည်၍ တည်တံ့နိုင်ကြသည်”ဟု ပြောပေ၏။

မလ္လာမင်းတို့ ဦးဆောင်သင်္ဂြိုဟ်ခြင်း

ဤသို့ပြောလျှင် သံဃာတော်တို့လည်း ထိုညဉ့်ကြွင်းကို နှလုံးသွင်းအပ်သော တရားစကားဖြင့်သာ လွန်စေကုန်၏၊ လင်းစင်သောအခါ အရှင်အနုရုဒ္ဓါသည် အရှင်အာနန္ဒာကို ခေါ်၍ “ငါရှင်အာနန္ဒာ... ကုသိနာရုံပြည်တွင်းသို့ သွား၍ မလ္လာမင်းတို့အား ဘုရားပရိနိဗ္ဗာန်ယူကြောင်း ဆောင်ရွက်ဖွယ်ကိစ္စကို လာ၍ ဆောင်ရွက်ကြအံ့သော အကြောင်းကို ကြားချေ”ဟု စေတော်မူ၏။ ရှင်အာနန္ဒာလည်း လျင်စွာသွား၍ မလ္လာမင်းတို့အား ကြားလေသော် ဆွေမျိုး သားမယားနှင့် တကွသော မလ္လာမင်းတို့သည် ရုန်းရင်းတမျှ ငိုကြွေးကြကုန်သည်။

ထို့နောက်မှ ယောက်ျားတယောက်ကို ခေါ်၍ “အချင်းယောက်ျား.. ငါတို့ပြည်၌ စည် စောင်း ငြင်း တီးကုန်သော အလုံးစုံသော လူအပေါင်းတို့သည်လည်းကောင်း၊ ပန်းနံ့သာ အထုံအခိုး မွှေးမျိုး ရောင်းချကုန်သော သူအပေါင်းတို့သည်လည်းကောင်း ဘုရားသခင် နိဗ္ဗာန်ဝင်ရာဌနသို့ စည်းဝေးကြစေကုန်”ဟု စေလိုက်၏။

ယောက်ျားသည် ပြည်အနှံ့ လှည့်သွား၍ ထိုစကားကို ကြွေးကြော်လေသော် ပြည်သူပြည်သား အပေါင်းတို့သည် ကောင်းမြတ်ရာရာ နံ့သာဆိုင်း ပန်းဆိုင်းစသော ပူဇော်ဖွယ် အများတို့ကိုဆောင်၍ တောင်တံခါး၏ အကွေ့ဖြစ်သော အင်ကြင်းဥယျာဉ်သို့ ဝင်လေကုန်၏။

ရောက်ကြသောအခါ ထိုမလ္လာမင်းတို့သည် မြတ်စွာဘုရား အလောင်းတော်ကို အကျော် စမ္ပာစသော ပန်းနံ့သာတို့ဖြင့် မွမ်းလျက် ထူးဆန်းသာယာသော ကခြင်း သီချင်း တီးမှုတ်ခြင်းတို့ဖြင့် ပူဇော်ကုန်လျက် အသစ်စက်စက်သော ပုဆိုးဗိတာန် ပုဆိုးမဏ္ဍပ်တို့ကို စီရင်ကုန်လျက် နှစ်ရက်မြောက်သောနေ့ကို လွန်စေကုန်၏။

ထို့အတူ ပူဇော်ချီးမြှောက်လျက် ခြောက်ရက်လွန်၍ ခုနစ်ရက်နေ့သို့ ရောက်သောခါ မလ္လာမင်းတို့သည် ဤသို့ကြံကြကုန်၏။ “ငါတို့သည် ဤအလောင်းတော်ကို ပူဇော်ချီးမြှောက်ကာ ရတနာပြာသာဒ်ထက်၌တင်၍ မြို့ပြင်ကိုသာ လက်ယာရစ် သုံးပတ်လည်၍ ပြည်၏ တောင်စူးစူးဖြစ်သော ဤအရပ်၌သာ အလောင်းတော်ကို မီးပူဇော်ကုန်အံ့”ဟု အကြံဖြစ်၏။

ထိုသို့ ကြံပြီးနောက် ရှစ်ယောက်သော ခွန်အားကြီးသော မလ္လာမင်းတို့သည် သန့်ရှင်းသော အဝတ်သစ်ကို ဝတ်ကုန်လျက် ဘုရားအလောင်းတော်ကို ချီကုန်အံ့ဟု နှလုံးသွင်း၍ ခြေရင်း ခေါင်းရင်းမှ ရံလျက် ချီကြွကုန်သည်၊ ချီကြွခြင်းငှာ မတတ်နိုင်ကုန်။

ထိုအခါ မလ္လာမင်းတို့သည် အရှင်အနုရုဒ္ဓါအား ဤသို့ လျှောက်ကြကုန်၏။ “အရှင်အနုရုဒ္ဓါ... အကျွန်ုပ်တို့သည် သုသာန်သို့ဆောင်ခြင်းငှာ အလောင်းတော်ကို ချီပါသော်လည်း မချီကြွနိုင်ပါကုန်၊ အကြောင်းအဘယ်သို့ ရှိပါသနည်း”ဟု လျှောက်၏။

အရှင်အနုရုဒ္ဓါကလည်း “ဒါယကာတို့.. သင်တို့၏ အကြံလည်းတပါး၊ နတ်များ၏ အကြံလည်း တပါး၊ ဤသို့ ခြားသောကြောင့် မကြွနိုင်သည်”ဟု ဆိုလျှင် “အရှင်ဘုရား.. နတ်တို့၏ စိတ်အလိုကား အဘယ်သို့ပါနည်း”ဟု လျှောက်ပြန်၏။ “မလ္လာမင်းတို့.. သင်တို့၏ အကြံမှာ မြတ်စွာဘုရား

(စာမျက်နှာ-၅၀၆)

အလောင်းတော်ကို ပူဇော်ဖွယ် အသီးသီးတို့ဖြင့် ချီးမြှောက်ပူဇော်ကာ မြို့ပြင်ဖြင့်သာဆောင်၍ မြို့တောင်အရပ်၌ မီးပူဇော်အံ့ဟု ကြံသည်၊ နတ်တို့၏ အလိုကား ဘုရားအလောင်းတော်ကို နတ်တို့ စောင်းငြင်းတူရိယာ ပန်းနံ့သာတို့ဖြင့် ပူဇော်လျက် မြို့အနောက်ဘက်ဖြင့် ယူဆောင်၍ မြောက်တံခါးသို့ ရောက်သောအခါ မြို့လယ်သို့ ဝင်လာ၍ အရှေ့တံခါးသို့ ထွက်ပြီးလျှင် မင်းတို့၏ မင်္ဂလာပြုရာဖြစ်သော မကုလဗန္ဓနအရပ်၌ တေဇောဓာတ် လောင်စေလိုသော အကြံရှိသည်”ဟု မိန့်တော်မူ၏။

ထိုစကားကို ကြားသောအခါ မလ္လာမင်းတို့လည်း “အရှင်ဘုရား.. နတ်တို့၏ အလိုအတိုင်းပင် ဖြစ်ပါစေ”ဟု ဆို၍ ကိုယ်တော်မြတ်၏ အလောင်းသွားရာကို သန့်ရှင်းစွာ သုတ်သင်စေ၏၊ ထိုသို့ သုတ်သင်သော မြေအရပ်၌ နတ်တို့သည် မန္ဒာရဝမည်သော ထင်ရှားပန်းဖြင့် ကြဲဖြန့်လေရကား လူသွားလောက်သမျှသော ဌာနဝယ် ပုဆစ်ဒူး ကျွံနစ်မျှလောက်ရှိ၏။ လူတို့သည်လည်းကောင်း၊ နတ်တို့သည်လည်းကောင်း အလောင်းတော်ကို ပူဇော်ခြင်းငှာ ထက်ဝန်းကျင်မှ သဘင်ပွဲလမ်းတို့ဖြင့် ခြံရံကုန်လျက် မြို့အနောက်မှသည် မြောင်မျက်နှာတံခါးဖြင့် ဝင်၍ မြို့လယ်ကောင်သို့ ဆောင်ယူခဲ့၏၊ လူတို့၏အကြား၌ နတ်တို့သွားသည်ကိုလည်း ထင်ရှားစွာ မြင်ရကုန်၏။

ဗန္ဓုလစစ်သူကြီး၏ မယားဖြစ်သော မလ္လိကာသည် မြတ်စွာဘုရား အလောင်းတော်ကို ဆောင်ယူ၍လာသည်ဟု ကြားလျှင် မိမိလင် သေသည်မှစ၍ မဆင်ပဲထားသော ဝိသာခါ၏ တန်ဆာနှင့်တူသော မဟလ္လတာတန်ဆာကို မြတ်စွာဘုရားအား ပူဇော်အံ့ဟု ကြံ၍ တန်ဆာကို နံ့သာရေဖြင့် ဆေးပြီးသော် မျှော်လင့်ကာနေ၏။ အိမ်တံခါးဝသို့ ရောက်သောအခါ “အမောင်တို့.. ချပါဦး”ဆို၍ ကိုယ်တော်မြတ် အလောင်းဝယ် ဦးခေါင်းမှစ၍ ဖဝါးတိုင်အောင် စွပ်လှူပူဇော်၏။

သိင်္ဂီနိက် ရွှေအဆင်းနှင့်တူသော ကိုယ်တော်ဝယ် ရတနာခုနစ်ပါးတို့ဖြင့် ရစ်ဆင်စီမံသောတန်ဆာကို ဆင်လတ်သော် အလွန်လျောက်ပတ် တင့်တယ်ခြင်းသည် ဖြစ်၏။ မလ္လိကာလည်း “ဤတန်ဆာကို လှူရသော ပုညကြောင့် ဘဝတိုင်းဘဝတိုင်းဝယ် တန်ဆာမဆင်ပဲ တင့်တယ်သောသူ ဖြစ်စေသော”ဟု ဆုတောင်း၏။ ထို့နောက်မှ အလောင်းတော်ကို ချီ၍ အရှေ့တံခါးဝမှ ထွက်ပြီးလျှင် မင်္ဂလာပြုရာဖြစ်သော မကုလဗန္ဓန အမည်ရှိသော အရပ်၌ လျောက်ပတ်စွာ ထား၏။

ထိုအခါ မလ္လာမင်းတို့သည် အရှင်အာနန္ဒာအား “အရှင်ဘုရား.. အလောင်းတောင်ကို အဘယ်သို့ သင်္ဂြိုပါမည်နည်း”ဟု လျှောက်၏၊ အရှင်အာနန္ဒာလည်း “စကြဝတေးမင်း၏ အလောင်းကို သင်္ဂြိုဟ်သကဲ့သို့ သင်္ဂြိုဟ်ကုန်လော့”ဟု ဆိုပေ၏၊ “အရှင်အာနန္ဒာ.. စကြဝတေးမင်းအလောင်းကို အဘယ်သို့ သင်္ဂြိုဟ်ရိုး ရှိပါသနည်း”ဟု လျှောက်လျှင် “သင် ဝါသေဋ္ဌအမျိုးတို့.. စကြာမင်း၏ အလောင်းကိုကား ကစီမချသေးသော ပုဆိုးတို့ဖြင့် ရစ်လွှမ်းပြီးသော် နုနယ်သော ဝါဂွမ်းဖြင့် ရစ်လျက် အထက်၌လည်း ပုဆိုးထည် ငါးရာတို့ဖြင့် ထပ်ကာထပ်ကာထုပ်ပြီးလျှင် ရွှေစင်ဖြင့် ပြုအပ်သော ကျင်း၌ထည့်၍ ဆီလောင်းပြီးမှ တခုသော ရွှေကျင်းဖြင့် ဖုံး၍ အလုံးစုံ တန်ဆာဆင်အပ်သော ထင်းစုထက်တင်၍ မီးတိုက်ကုန်သည်။ အရိုးကို စေတီတည်ကုန်သည်။ ထို့အတူ လူသုံးပါးတို့၏ဆရာ မြတ်စွာဘုရား အလောင်းကိုလည်း ကောင်းစွာ သင်္ဂြိုဟ်အပ်သည်”ဟု ဆိုပေ၏။ မလ္လာမင်းတို့လည်း ကောင်းပါပြီဟု ဝန်ခံ၍ အရှင်အာနန္ဒာ စီမံသောအတိုင်း ပြုပြင်ပြီးမှ စန္ဒကူးထင်းပုံထက်သို့ တင်ကုန်၏၊

(စာမျက်နှာ-၅၀၇)

အရှင်မဟာကဿပ ကုသိနာရုံသို့ ကြွလာခြင်း

ထိုအခါ အရှင်မဟာကဿပသည် ပါဝါပြည်မှ ကုသိနာရုံပြည်သို့ ရဟန်းငါးရာတို့နှင့်တကွ ကြွလာ၏၊ ထိုသို့ ကြွလာရာ၌ တပည့်သံဃာတို့သည် မွန်းတည့်အခါ ပူလှစွာသော ကျောက်နှင့်တူသော မြေပူကိုနင်း၍ လာခြင်းကြောင့် ပင်ပန်းရကား ရှင်မဟာကဿပလည်း ညချမ်းအခါမှ ကုသိနာရုံမြို့သို့ ရောက်အောင်သွား၍ ဘုရားရှင်ကို ဖူးမြင်တော့အံ့ဟု ကြံလျက် ခရီးမှသက်၍ တခုသော သစ်ပင်ရင်း၌ နားနေကြ၏။

ယင်းသို့ နားနေသောအခါ တယောက်သော တက္ကတွန်းသည် ကုသိနာရုံမှ ခွက်ကြီးပမာဏရှိသော မန္ဒာရဝမည်သော ထင်ရှားပန်းကို ထီးကဲ့သို့ဆောင်းလျက် ပါဝါပြည်သို့ လာ၏၊ အရှင်မဟာကဿပ မြင်လျှင် ဤသို့ ဆင်ခြင်၏။ “ဤတက္ကတွန်း၏ လက်၌ပါသော မန္ဒာရဝပန်းသည် အခါခပ်သိမ်း ငါတို့လူ့ပြည်၌ မထင်၊ အကြင် တန်ခိုးရှိသော ပုဂ္ဂိုလ်တို့ ဖန်ဆင်းသောအခါ၌လည်းကောင်း၊ ဘုရားအလောင်းတို့ ပဋိသန္ဓေနေသော အခါ၌လည်းကောင်း၊ ဖွားသောအခါ စသည်တို့၌လည်းကောင်း ဖြစ်၏၊ ယခုအခါမူကား မည်သူမျှလည်း တန်ခိုးမဖန်ဆင်း၊ ငါတို့ဆရာ မြတ်စွာဘုရားသည်လည်း တရားဓမ္မစကြာကို ဟောတော်မူပြီးပြီ၊ တန်ခိုးပြာဋိဟာကိုလည်း ပြတော်မူပြီးပြီ၊ တာဝတိံသာ နတ်ပြည်မှလည်း သက်တော်မူပြီးပြီ၊ အာယုသင်္ခါရလည်း လွှတ်တော်မူပြီးပြီ။ ဤအခါကား ဘုရားဧကန် ပရိနိဗ္ဗာန်ယူတော်မူသည် ဖြစ်လတ္တံ့၊ ဤတက္ကတွန်းကို ငါမေးရသော် ကောင်း၏၊ သို့ရာတွင် ဤနေရာကနေ၍ မေးချေလျှင် ဘုရားသခင်ကို မရိုသေရာ ကျလတ္တံ့”ဟု ကြံ၍ ဆဒ္ဒန်ဆင်မင်း၏ ပတ္တမြားစီတပ်သော ချပ်တန်ဆာကဲ့သို့ မြတ်စွာဘုရား သနားတော်မူသော ပံသုကူဒုကုဋ်ကိုရုံ၍ လက်စုံယှက်ကာ ထိပ်ထက်၌ တင်ပြီးသော် “ငါ့ရှင်အာဇီဝက... ငါတို့ဆရာ မြတ်စွာဘုရားကို သင်ကား သိပါသလော”ဟု မေး၏။

တက္ကတွန်းကလည်း “ငါ့ရှင်.. .ငါသိပါ၏။ ရဟန်းဂေါတမသည် ပရိနိဗ္ဗာန်ပြု၍ ယနေ့ ခုနစ်ရက်ရှိပြီ၊ ဤမန္ဒာရဝပန်းသည် ရဟန်းဂေါတမ ပရိနိဗ္ဗာန်ယူရာကပင် ငါရခဲ့သတည်း”ဟု ပြောပေ၏။ ထိုစကားကိုကြားလျှင် ငါးရာသော ရဟန်းတို့တွင် ပုထုဇဉ် သောတာပန် သကဒါဂါမ် ဖြစ်ကုန်သော ရဟန်းတို့သည် ဆောက်တည်ရာမရ ငိုကြွေးကြကုန်၏။

ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုသည်ကို အရှင်မဟာကဿပ သိ,မသိ မှတ်ချက်

(ဤအရာတွင် ရှင်မဟာကဿပသည် ဘုရား ပရိနိဗ္ဗာန်စံကြောင်းကို မသိ၍ပင် မေးသလော၊ သိလျက်ပင် မေးသလော ဟူမူကား- ရဟန္တာတို့၏ သိခြင်းသည် နှလုံးသွင်းသတိနှင့်သာ စပ်သည်၊ ဤအရာကို နှလုံးမမူမိ မသိ၍သာ မေးသည်ဟု အချို့ဆရာတို့ ဆိုကြသည်။ အချို့ကလည်း အရှင်မဟာကဿပသည် ညဉ့်၌လည်းကောင်း၊ နေ့၌လည်းကောင်း၊ သမာပတ်ကိုသာ မပြတ် လေ့လာသည်ဖြစ်၍ မြတ်စွာဘုရား နိဗ္ဗာန်လားသည်ကို မသိ၊ ထိုသို့ မသိသောကြောင့်ပင် မေးသည်ဟု ဆိုကြကုန်၏၊ ထိုစကားကို မယူအပ်၊ အဘယ့်ကြောင့်နည်း ဟူမူကား- ဘုရားသခင်၏ နိဗ္ဗာန်ဝင်ခြင်းသည် အလွန်ထင်ရှားရကား တသောင်းသော လောကဓာတ်သည် ဆတ်ဆတ်ခုန်အောင် တုန်လှုပ်၏။ အံ့ဖွယ်သရဲသော တိတ်နိမိတ်တို့သည် ဖြစ်ကုန်၏၊ ထို့ကြောင့် သိသည်သာတည်း၊ ထိုသို့ မိမိသိသော်လည်း အထံတွင်ပါသော သံဃာပရိသတ်တို့တွင် အချို့လည်း ဘုရားသခင်ကို
(စာမျက်နှာ-၅၀၈)
မြင်ဖူးကုန်၏။ အချို့လည်း မမြင်ဖူးကုန်၊ ထိုရဟန်းတို့သည် ဖူးမြင်ခြင်းကို အလွန် အလိုရှိကြကုန်သည်။ ကုသိနာရုံပြည်သို့ ရောက်၍မျှ ဘုရားသခင်ကို မဖူးမြင်ရခဲ့သော် ဆောက်တည်မရ အချို့ လူးလဲ၍ မိန်းမတို့ကဲ့သို့ ငိုကြွေးကြကုန်ရာသည်။ ထိုသို့ ငိုကြွေးသောအခါ ငါ၏ ဣန္ဒြေသည် မဲ့လတ္တံ့၊ ယခု တောတွင်းကပင် သိရသည်ဖြစ်မူကား အကယ်၍ ငိုကြွေးငြားသော်လည်း အပြစ်ကို ဆိုအံ့သောသူ မရှိ၊ မိမိတို့အလျောက်သာ ဖြစ်သည်။ ရှေးဦးစွာ ကြားစမြင်စ ဟူသည်လည်း စိုးရိမ်ခြင်း ပြင်းပြတတ်သည်ဟု နှလုံးပြု၍ မိမိနှင့်ပါသော ရဟန်းတို့ သတိရစိမ့်သောငှာ မြတ်စွာဘုရား နိဗ္ဗာန်ယူကြောင်းကို သိလျက်ပင် မေးတော်မူသည်ဟု မှတ်ရမည်။)

ယင်းသို့ ရဟန်းအများတို့က “ဘုရားကိုယ်တော်မြတ်သည် ငါ့တို့အား ခြွင်းချန်၍ အမြန် နိဗ္ဗာန်ကို ယူတော်မူခဲ့ပြီ၊ ဖူးမြင်ခြင်းငှာ ပင်ပန်းစွာ လာပါသော်လည်း ငါတို့ မဖူးမြင်ရပြီ”ဟု မြည်တမ်း တ,သ ငိုကြွေးကြကုန်သော် ကြီးမှရဟန်းပြု၍ အာတုမပြည်မှ လိုက်လာသော သုဘဒ်ရဟန်းကြီးသည် ဤသို့ဆို၏။ “ငါ့ရှင်တို့.. အဘယ့်ကြောင့် စိုးရိမ်ပူဆွေး ငိုကြွေး တသကြသနည်း၊ ငါတို့သည် ဂေါတမရဟန်း၏လက်မှ လွတ်ထွက်ကြကုန်ပြီ၊ ဤရဟန်းသည် ငါတို့အား ဤအမှုကိုကား ပြုအပ်၏၊ ဤအမှုကိုကား မပြုအပ်၊ မည်သည့်အာပတ်သင့်စေ စသည်ဖြင့် နှိပ်စက် ညှဉ်းဆဲလှလေပြီ၊ ဤယခုကား ငါတို့ ပြုလိုသမျှ ပြုရတော့မည်။ မပြုလိုချင် နေရတော့မည်”ဟု ဆို၏။ ထိုသုဘဒ်ရဟန်းကား ဘုရားသခင်၌ ရန်ငြိုးရှိသောကြောင့် ဤစကားကို ဆိုသတည်း။

ဗုဒ္ဓမြတ်စွာအား သုဘဒ်ရဟန်း ရန်ငြိုးထားပုံ မှတ်ချက်

(အဘယ်သို့ ရန်ငြိုးရှိဖူးသနည်း ဟူမူကား- ဘုရားသခင် ထင်ရှားရှိသောအခါ သံဃာတော် တထောင့်နှစ်ရာ့ငါးကျိပ်နှင့်တကွ ဒေသစာရီ ကြွချီတော်မူရာတွင် အာတုမပြည်သို့ ရောက်အံ့သောအခါ ဆတ္တာသည်ဖြစ်ဖူးသော ဤသုဘဒ်ရဟန်းကြီးသည် အာတုမပြည်၌ နေသည်နှင့် ဘုရားရောက်အံ့သော သတင်းကိုကြားလျှင် ယာဂုကပ်လှူချင်ရကား မိမိသားဖြစ်သော သာမဏေနှစ်ပါးကို ခေါ်၍ “ငါ့သားတို့.. ငါတို့ဆရာ မြတ်စွာဘုရားသည် တထောင့်နှစ်ရာ့ငါးကျိပ်သော သံဃာတို့နှင့်တကွ ကြွတော်မူလာသတတ်၊ ငါတို့ ယာဂုလှူရအောင် နှမ်း ဆန် ဆီ စသည်ကို ရှာကြချေကုန်၊ သင်တို့၏ သင်ဓုန်းအိတ် ပရိက္ခရာကိုယူ၍ လူကောင်း သူကောင်းတို့အိမ်တိုင်း တက်ပြီးမှ ဆတ္တာသည်ကိစ္စကို ပြုကြချေကုန်”ဟု ဆို၏၊ ထိုသာမဏေတို့သည် အဖဆိုတိုင်း လှည့်ပတ်လေသော် ချေငံသာယာ ပျူငှာသော အသံစကားရှိသော သူငယ်တို့ကိုမြင်၍ မုတ်ဆိတ် ဆံ ပြင်လိုသောသူ, မပြင်လိုသောသူ အများကပင် “ချစ်သားတို့.. အဘယ်မျှ အခပေးရမည်နည်း”ဟု မေးလျှင် “သခင်တို့.. ကျွန်ုပ်တို့ကား ဘုရားကြွလာရာ၌ ယာဂုလှူချင်သည် ဖြစ်ပါ၍ ဆီ နှမ်း ဆန်ကိုသာ လိုပါသည်”ဟု ဆိုလေ၏။ ထိုစကားကိုကြားသော် မတွက်မလိုက်မူ၍ ယူနိုင်သမျှ ပေးကုန်၏။ နှမ်း ဆီ ဆန် စုမိသောအခါ မြတ်စွာဘုရားလည်း အာတုမပြည်သို့ ရောက်တော်မူ၍ ဖွဲတလင်း တင်းကုပ်၌ တည်းတော်မူ၏။ သုဘဒ်ရဟန်းလည်း ညချမ်းသောအခါ ဒါယကာတို့ကိုခေါ်၍ ကျောင်းတလင်း၌ ထင်း, ဖိုခုံလောက်တို့ကို စီရင်ပြီးလျှင် အိုးကြီးအိုးငယ်တို့ဖြင့် ယာဂုကို ချက်စေ၏။ မိမိမူကား မည်းညစ်သော သင်္ကန်းကို ဝတ်ရုံ၍ လူပုံကြား၌ သွားလာလှည့်ပတ်ကာ “ဤမှာ ဆီထည့်လော့၊ ဤမှာ နှမ်းထည့်လော့” စသည်ဖြင့်
(စာမျက်နှာ-၅၀၉)
တညဉ့်ပတ်လုံး စီရင်၏၊ တသိန်းမျှလောက်သော အသပြာကို စွန့်လွှတ်၏၊ ထပ်ထပ်သော ယာဂုတို့ကိုလည်းကောင်း၊ ပျားလူးပေါက်ပေါက်တို့ကိုလည်းကောင်း ပြီးစေ၏၊ ထိုယာဂု၌ ထောပတ် တင်လဲ အမဲရည် ငါးရည် သစ်သီးရည် စသည်တို့ကိုလည်း ထည့်အပ်၏၊ အလွန်ကောင်းသော ရနံ့ရှိ၏၊ မြတ်စွာဘုရားလည်း နံနက်စောစောကပင်လျှင် ကိုယ်လက်သုတ်သင်၍ သံဃာအပေါင်းခြံရံလျက် ဆွမ်းခံကြွအံ့သောငှါ အာတုမရွာသို့ ရှေးရှုကြွလာတော်မူ၏၊ ယာဂုကို ချက်သောသူတို့ မြင်သော် “အရှင်သုဘဒ်... ဘယ်သူ့အလို့ငှာ ဤယာဂုကို ချက်ဘိသနည်း၊ ဘုရားသခင်လည်း သံဃာတော်နှင့်တကွ ဆွမ်းခံကြွတော်မူပြီ”ဟု ပြောကြ၏၊ ထိုစကားကိုကြားသော် သုဘဒ်တောထွက်ရဟန်းကြီးလည်း ဝတ်တိုင်းရုံတိုင်းသော သင်္ကန်းညစ်ဖြင့် လက်ယာလက်မှ ယောက်မ, လက်ဝဲလက်မှ ဟင်းချိုကို ကိုင်ပြီးလျှင် ကိုယ်တိုင် ဘုရားထံသို့ကပ်၍ တုပ်ဝပ် ရှိခိုးပြီးသော် “ဘုန်းတော်ကြီးလှသော မြတ်စွာဘုရား.. အကျွန်ုပ်အား သနားတော်မူပါသဖြင့် ယာဂုအလှူကို ခံတော်မူပါ”ဟု လျှောက်၏။ ဘုရားသခင်လည်း “ငါ့ရှင်သုဘဒ်.. သင် အဘယ်သို့သော အခြင်းအရာဖြင့် ဤယာဂုကို စီရင်သနည်း”ဟု မေးတော်မူ၍ အလုံးစုံ အားထုတ်ရသော အကြောင်းစကားကို ကြားလျှောက်၍ သိတော်မူလျှင် “ငါ့ရှင်သုဘဒ်သည် တရားနှင့်မလျောက်ပတ် မအပ်သောအမူအရာဖြင့် အဘယ့်ကြောင့် ဖွေရှာ၍ အားထုတ်သနည်း၊ တရားနှင့်မလျော်သော ပစ္စည်းကို လှူ၍လည်း အကျိုးမရှိ၊ သုံးဆောင်ဘိသော်လည်း ဓမ္မိကပရိဘောဂ မဖြစ်နိုင်၊ ထို့ကြောင့် ချစ်သားရဟန်းတို့.. ဤယာဂုကို အလှူမခံကြကုန်လင့်”ဟု မိန့်တော်မူ၍ ဝိညာပနသိက္ခာပုဒ်နှစ်ရပ်ကို ပညတ်တော်မူပြီးသော် ကိုယ်တော်မြတ်လည်း ဆွမ်းခံရွာသို့ ရှေးရှုကြွတော်မူ၏။ ထိုအခါ သုဘဒ်ရဟန်းကြီးသည် နှလုံးမသာ မျက်နှာမလှဖြစ်၍ “ရှင်ဂေါတမသည် အလုံးစုံကို သိသောသူဟူ၍ ကျော်စောသည်။ အကယ်၍ ငါ့အလှူကို မခံလိုလျှင် တယောက်ယောက်သောသူကို စေကြားအပ်ပါသည်။ ကျက်ပြီးသော အစာမည်သည်လည်း အခါလေးမြင့်ထား၍ မသင့်လျော်လေပြီ၊ ဤမျှလောက်သော အဆောက်အဦကိုလည်း တသက်ပတ်လုံး ငါရှာမှီးရသည်၊ သနားခြင်းကြီးသူ ဆိုပါလျက် ငါ၏ အကျိုးမဲ့ကို ပြုလေသည်၊ ငါ့အရှက်ကို ခွဲလေသည်။ အလုံးစုံကို ဖျက်ဆီးလေသည်”ဟု ဘုရားသခင်အား ရန်ငြိုးထား၏။ ထိုသို့ ထားသော်လည်း ဘုရားထင်ရှားရှိသောအခါ “ဤဂေါတမကား မြင့်မြတ်လှသောအမျိုးမှ ရဟန်းပြုသောသူ ဖြစ်ပေသည်။ တစုံတခုသော စကားကို ငါဆိုမိငြားက ငါ့အား ခြိမ်းခြောက်ရာချေသည်”ဟု နှလုံးပြု၍ တစုံတခုသော စကားကိုမျှ မဆိုဝံ့ရကား နိဗ္ဗာန်ယူပြီဟု ကြားမှ သက်သာရာရသကဲ့သို့ နှလုံးဝမ်းသာလျက် “ငါတို့ ရဟန်းဂေါတမလက်မှ လွတ်ပြီ၊ သင်တို့ မစိုးရိမ်ကြကုန်လင့်”ဟု ဆိုသတည်း။)

ယင်းသို့ သုဘဒ်ဆိုသော စကားကို ရှင်မဟာကဿပကြားလျှင် အသည်းကြားဝယ် မယ်နဖြင့် နှက်သကဲ့သို့လည်းကောင်း၊ ဦးထိပ်ထက်၌ မိုးကြိုးစက် ကျသကဲ့သို့လည်းကောင်း အောက်မေ့တော်မူ၍ အလွန်သော ဓမ္မသံဝေဂသည် ဖြစ်၏၊ “ယခု ဘုရားသခင်လွန်၍ ခုနစ်ရက်မျှသာ ရှိသေးသည်။ ရွှေအဆင်းနှင့်တူသော အလောင်းတော်ပင် ထင်ရှားရှိသေးသည်။ သို့ပါလျက် မကောင်းသောသူတို့ မကြည်ဖြူသောစကားကို ဆိုချေသည်။ ထိုသူတို့ ပွားများခဲ့သော် သာသနာတော်ကို မမြင့်မီ ဖျက်ဆီးနိုင်ချေရာသည်၊ ငါသည် ဤသုဘဒ်ရဟန်းကြီးကို ဤလမ်းခရီး၌ပင် ပုဆိုးနွမ်းကို ဝတ်ဆင်လျက် ထိပ်ထက်၌ ပြာပုံ၍ နှင်ထုတ်စေသည် ဖြစ်အံ့၊ အရှင်ဂေါတမ၏ တပည့်သားတို့သည် ကိုယ်တော်မကွယ်မီကပင်

(စာမျက်နှာ-၅၁၀)

အချစ်အကြင်မရှိ, ဝိဝါဒ ကလဟ များကုန်သည်၊ ထေရ်ကြီးသည် ထေရ်ငယ်အား နှိပ်စက်ကုန်သည်ဟု ငါတို့အား လူအများတို့ ကဲ့ရဲ့ကြလတ္တံ့”ဟု ကြံ၍ သည်းခံတော်မူ၏။

သံဂါယနာတင်လိုစိတ် ပေါ်ပေါက်လာပုံ

ထို့နောက်မှ အရှင်မဟာကဿပသည် ဤသို့ ကြံပြန်၏။ “ကြိုးသီတံတို့ဖြင့် မကုံးသီအပ်သော ပန်းတို့သည် ပရမ်းပတာ ဖရိုဖရဲ ကြဲကုန်သကဲ့သို့ ထို့အတူ ဘုရားပညတ်တော်မူအပ်သော ဝိနည်းသိက္ခာ, သုတ်,အဘိဓမ္မာ တရားအပေါင်းကို ကောင်းစွာရုံးစု၍ သံဂါယနာ မတင်ခဲ့သော် မသူတော်ဖြစ်သော ရဟန်းဆိုး ရဟန်းညစ်တို့လည်း ပစ်ပယ်ချေဖျက်၍ တရွေ့ရွေ့ ပျောက်ပျက်ကုန်ရာသည်၊ သံဂါယနာတင်ရမူကား မလှုပ်မရှား မပျောက်ပျက်နိုင်ရာ၊ စကြာမင်းတရားသည် သားကြီးရတနာအား စည်းစိမ်ဥစ္စာ ပြည်ရွာတိုင်းကားကို သိမ်းဆည်းစိမ့်သောငှါ မင်းမြောက်တန်ဆာနှင့် အရာအထူးကို ပေးဘိသကဲ့သို့ ထို့အတူ သယမ္ဘူဘုရားသည် တရားတော်ကို စောင့်ထိန်းစေခြင်းငှါ အစစွာက သုံးဂါဝုတ်တိုင်တိုင် ခရီးဦးကြိုဆို၍ ငါ့ကို ဆုံးမဩဝါဒ ပေးတော်မူသည်၊ ကိုယ်တော်ဝတ်ရုံသော ဒုကုဋ်သင်္ကန်းဖြင့် ချီးမြှောက်တော်မူပေသည်။ တရားတော်ကို သံဂါယနာမတင်မူ ဘုရားသခင်၏ကျေးဇူးတော် မပြေရှိပေရာသည်၊ မရှည်ကြာမီ သံဂါယနာတင်ရအောင် ငါလုံ့လပြုအံ့”ဟု တစုံတယောက်သောသူကိုမျှ မပြောပဲ စိတ်ထဲကသာ ကြံတော်မူ၏။

ငိုယိုတသသော ရဟန်းသံဃာတို့ကိုလည်း “ငါ့ရှင်တို့.. သင်္ခါရတရားတို့၏ ပျက်ပြားမြဲသဘောကို ဘုရားသခင်လည်း ဟောတော်မူပြီးသည် မဟုတ်လော၊ နာနာဘာဝ ဝိနာဘာဝ အညထာဘာဝ သဘော၌ သောကမီးကို မဖြစ်စေကုန်လင့်”ဟု ဆုံးမ၍ သက်သာရာ ရစေတော်မူ၏။

မီးသင်္ဂြိုဟ်ကြပုံ

ကုသိနာရုံပြည် သင်းချိုင်းတော်မှာလည်း မလ္လာမင်း လေးယောက်တို့သည် ငါတို့ မြတ်စွာဘုရားအလောင်းတော်ကို ပူဇော်အံ့ဟု ကြံ၍ အတောင် တရာ့နှစ်ဆယ်မြင့်သော စန္ဒကူးထင်းပုံထက်သို့ တက်ပြီးလျှင် မီးတိုက်ကြကုန်သည်၊ တစုံတခုကိုမျှ မလောင်ချေ။

ထို့နောက်မှ ရှစ်ယောက်, တကျိပ်ခြောက်ယောက် စသည်ပွား၍ များစွာကုန်သော မလ္လာမင်းတို့သည် ထင်းတို့၏အကြား၌ များစွာသော ဆီထောပတ် မီးလောင်တတ်သော ဝတ္ထုကိုစု၍ အကြိမ်ကြိမ် မီးတိုက်ကြသော်လည်း တစုံတခုကိုမျှ မလောင်ရှိလေလျှင် အရှင်အနုရုဒ္ဓါ၏ အထံသို့ ကပ်ကြ၍ “အရှင်မြတ်... အကျွန်ုပ်တို့သည် ဘုရားအလောင်းတော်ကို မီးပူဇော်ပါသော်လည်း မီးမစွဲနိုင်ပါ၊ အကြောင်း ဘယ်သို့ရှိပါသနည်း”ဟု လျှောက်ကြကုန်၏။

အရှင်အနုရုဒ္ဓါကလည်း “မလ္လာမင်းတို့.. နတ်တို့၏ အလိုဆန္ဒ မပြည့်သေးသောကြောင့် မီးမစွဲနိုင်သည်”ဟု ဆိုပေ၏။ “နတ်တို့၏အလို ဘယ်သို့ရှိပါသနည်း”ဟု မေးပြန်လျှင် “သင်မင်းသားတို့၏ အဘသေလွန်၍ နတ်ပြည်၌ဖြစ်ကုန်သော ရှစ်ယောက်သော မလ္လာမင်းတို့သည် တတိယ သာဝကကြီးဖြစ်သော အရှင်မဟာကဿပ၌ အလွန်ကြည်ညိုကုန်သည်။ ထိုအရှင်မဟာကဿပသည် ယခုကြွလာ၍ လမ်းခရီးမှာရှိပြီ၊ ထိုအရှင်မဟာကဿပသည် ဘုရားသခင့် အလောင်းတော်ကို မပူဇော် ရှိမခိုးရသေးသမျှကို ဤထင်းပုံ၌ မီးမလောင်စေသတည်းဟု နတ်တို့ အဓိဋ္ဌာန်ကြသောကြောင့် မီးစ၍ မစွဲနိုင်သည်”ဟု ဆိုပေ၏။

(စာမျက်နှာ-၅၁၁)

အရှင်မဟာကဿပ အလောင်းတော်ကို ပူဇော်ပုံ

ထိုစကားကိုကြားလျှင် လူအပေါင်းတို့ကလည်း အရှင်မဟာကဿပသည်ကား ဘုရားတပည့်ကြီး ဖြစ်ပါလျက် အဘယ့်ကြောင့် ကြာလေသနည်း၊ နတ်တို့ပင် အရှင်မဟာကဿပ၏ နှလုံးအလိုကို ဖြည့်ပေသည်၊ ထိုအရှင်ကား ဘယ်သို့စင် ထူးမြတ်သနည်း၊ ဖြူသလော, မည်းသလော, မြင့်မြင့်လော, နိမ့်နိမ့်လော၊ ဘယ်လောက်ကြာမှ လာပါလိမ့်မည်နည်း” စသည်ဖြင့် ပြောဆိုမျှော်တ အချို့ကလည်း ခရီးဦးကြိုလင့်သည်။ အချို့ကလည်း လမ်းပြင်လင့်သည်။ အချို့ကလည်း နေရာပြင်လင့်သည်။ ထိုသို့ ဖြစ်ဆဲအခါဝယ် အရှင်မဟာကဿပသည် ရဟန်းငါးရာနှင့်တကွ ကြွတော်မူ၍ သင်းချိုင်းသို့ ရောက်လာသတည်း။

ထိုသို့ရောက်၍ အလောင်းတော်ကို ထင်းတလားတွင်း၌ သွင်းထားသည်ကို မြင်လျှင် ကိုယ်ဝတ်ကို စံပယ်တင်၍ ဘုရားရှင်ရှိရာသို့ လက်အုပ်ချီလျက် စန္ဒကူးထင်းပုံကို လက်ယာရစ် သုံးပတ်လည်၍ ပူဇော်ပြီးမှ ဤဌာနကား ဦးခေါင်းတော် ထားရာတည်း၊ ဤဌာနကား ဖဝါးတော်ရှိရာတည်းဟု မှတ်၍ ကိုယ်တော်မြတ်၏ ခြေတော်အစုံကိုမျှ ငါမဖူးမမြင်ရပြီတကားဟု နှလုံးထား၍ ဖဝါးတော်သို့ ရှေးရှုရပ်လျက် စတုတ္ထသမာပတ်ကို ၀င်စားပြီးသော် “ကိုယ်တော်မြတ်၏ ခြေတော်အစုံသည် လွှမ်းခြုံသမျှကို ဖောက်ထွက်၍ ဦးခေါင်းထက်၌ တည်စေသော”ဟု မနောဓိဋ္ဌာန် ကြံတော်မူ၏။

ထိုခဏ၌ အကန့်တထောင်တို့ဖြင့် တန်ဆာဆင်အပ်သော တရာ့ရှစ်ကွက် စက်လက္ခဏာတို့၏ တည်ရာဖြစ်သော မြတ်စွာဘုရား၏ ဖဝါးတော်အစုံသည် လွှမ်းခြုံရစ်ပတ်သော ဝါဂွမ်းလွှာနှင့် ငါးရာသော ပုဆိုးထပ်တို့ကိုလည်းကောင်း၊ သိုမှီးအပ်သော ရွှေကျင်းကိုလည်းကောင်း၊ စန္ဒကူး ထင်းပုံကိုလည်းကောင်း ဖောက်ထွင်း၍ တိမ်တိုက်အတွင်းမှထွက်သော လကဲ့သို့ အရှင်မဟာကဿပ၏ ဦးခေါင်းထက်၌ တည်လာ၏၊ အရှင်မဟာကဿပလည်း ပွင့်သစ်စဖြစ်သော ပဒုမာကြာနှင့်တူသော လက်အုပ်အစုံကိုဆန့်၍ ရွှေအဆင်းနှင့်တူသော ဘုရားသခင်၏ ခြေတော်အစုံနှစ်ဘက်ကို ဖမျက်တိုင်အောင် ကိုင်လျက် မိမိဦးခေါင်းထက်၌ထား၍ ရှိခိုး၏၊ ငါးရာသော ရဟန်းတို့လည်း အနည်းနည်း ရှိခိုးကြကုန်၏။

လူအမျိုးမျိုးတို့လည်း အံ့ဖွယ်သရဲကိုမြင်လျှင် ကြည်ရွှင် ဝမ်းသာလျက် သည်းစွာသောအသံကို ဟစ်ကြော်၍ ပူဇော်ဖွယ် အသီးအသီးတို့ဖြင့် ချီးမြှောက်ပူဇော်ကုန်၏၊ ယင်းသို့ ပူဇော်ပြီးကာမျှ၌ တဖန် အဓိဋ္ဌာန်ခြင်း ကိစ္စမရှိပဲ ပကတိသာလျှင် အရှင်မဟာကဿပလက်မှ လွတ်၍ ထင်းပုံတလားတို့ကို မလှုပ်ရှားစေပဲ တည်မြဲတိုင်းဝင်၍ တည်လေကုန်၏။

ထိုသို့ ခြေတော်အစုံတို့ ထွက်ကုန် ဝင်ကုန်သော်လည်း အလောင်းတော်၌ လွှမ်းသော ဝါဂွမ်း,ပုဆိုးတို့သည် စိုးစဉ်းမျှ မယိုယွင်းကုန်၊ ပြကတေ့အတိုင်းသာ တည်ကုန်သည်။

တေဇောဓာတ် လောင်ကျွမ်းပုံ

ယင်းသို့ ခြေထောက်ကွယ်သောအခါ များစွာသော လူရဟန်းတို့သည် ပင်ပန်းရှိုက်ငင်လျက် ထက်ဝန်းကျင် ငိုယိုကြရကား နိဗ္ဗာန်ယူသည့် ကာလထက်ကဲ၍ သနားဖွယ်ဖြစ်ကြ၏၊ ပရိသတ်တို့ ငိုကြွေးကြကုန်စဉ် ဘုရားသခင်၏ အလောင်းတော်တည်ရာ နံ့သာထင်းပုံသည် တစုံတယောက်သောသူမျှ မီးမညှိရပဲ ရဲရဲပြောင်ပြောင် မီးရောင်ချီးချီး ထွက်သဖြင့် အထက်မှစ၍ ကျွမ်းလေ၏။

(စာမျက်နှာ-၅၁၂)

မီးလောင်ပြီးသော် ကိုယ်တော်၏ အရေအသား အရိုးတို့သည် တပေါင်းတစုတည်း မထင်ပြီ၊ ရွှေစင်တကွဲ ပုလဲဥလား ချရားစေ့အဆင်းရှိသော ဓာတ်တော်တို့သည်သာလျှင် ရှစ်စိတ်ပမာဏမျှ တည်ကုန်၏။

ဓာတ်တော်များမှတ်ချက်

(ရှေးရှေးသော ဘုရားတို့ကား မပြိုမကွဲ တခဲနက်ပင် တည်လေကုန်သည်၊ ငါတို့ဘုရားမှာကား သက်တော်တိုသောအခါဖြစ်၍ သာသနာပြန့်ပွားသဖြင့် လူတို့ အကျိုးစီပွား များစိမ့်သောငှါ ပတ္ထနာသော အာနုဘော်ကြောင့် စွယ်တော်လေးဆူ, ညှပ်ရိုးတော် နှစ်ဆူ, နဖူးသင်းကျစ်တော် တဆူ, ဤခုနစ်ဆူသော ဓာတ်တော်တို့သည် မပြိုမကွဲ တည်ကုန်သည်ဖြစ်၍ အသမ္ဘိန္နဓာတ်မည်သည်။ ကြွင်းသော ကိုယ်တော်မှာ အကြီး ပဲနောက်ပမာဏ, အလတ် ဆန်ကျိုးပမာဏ, အငယ် မုန်ညင်းစေ့ ပမာဏဖြင့် စိတ်ဖြာလျက် တည်ကုန်သည်ဖြစ်၍ သမ္ဘိန္နဓာတ်မည်သည်ဟု ဆိုကုန်၏။)

ဓာတ်တော်ပူဇော်ကြပုံ

စန္ဒကူးထင်းပုံကို အကုန်မီးလောင်၍ ပြီးလျှင် ကောင်းကင်ပြင်မှ လက်ရုံးဖျားမျှလောက်သော ရေအယဉ်သည် သက်ဖျန်း၍ ငြိမ်းစေ၏၊ အင်ကြင်းပင်ပျို၏ အခွမှလည်းကောင်း၊ ထက်ဝန်းကျင်သော မြေအပြင်မှလည်းကောင်း ထွန်တုံးပမာဏရှိသော ရေအလုံးသည် တက်၍ ထင်းပုံထက် ဆွတ်ဖျန်းကုန်၏၊

မီးငြိမ်းပြီးသောအခါ မလ္လာမင်းတို့သည် ဓာတ်တော်ကိုယူ၍ ရွှေအတိဖြစ်သော အိုးဖြင့် ထည့်ပြီးသော် အလောင်းတော်ကို ကျင်းပပူဇော်ရာဇရပ်၌ ထူးမြတ်ကောင်းမွန်သော ကော်ဇောကမ္ဗလာတို့ကို ခင်း၍ ထုံသင်းမွှေးကြိုင်စွာ နံ့သာပျောင်း နံ့သာမှုန့်တို့ကို ပက်ဖျန်းလျက် ကြက်အပ်သော ပုဆိုးဗိတာန်ရှိသော ရတနာပလ္လင်ထက်တင်၍ ထက်ဝန်းကျင်မှ ရှုချင်ဖွယ်ရှိသော တံခွန်, ကုက္ကား, ယမား, ကွန်ချာ, နံ့သာဆိုင်းတို့ကို ဆွဲလျက်၊ လေး, လှံ, သန်လျက်, လက်နက်စွဲကုန်သော ယောကျ်ားတို့ကို အစောင့်အရှောက်ထား၍ များစွာသော ပွဲလမ်းသဘင် ပဉ္စင်တူရိယာတို့ဖြင့် ပူဇော်ကုန်၏။

ထို့နောက်မှ တန်ဆာဆင်အပ်သော ဆင်ပြောင်ကြီး၏ ကျောက်ထက်၌ ဓာတ်တော်ကို ရတနာပန်းတောင်းဖြင့် တင်ပြီးသော် ထီးအုပ်ကာလျက် လက်ဝဲလက်ယာ နောက်မျက်နှာတို့မှ ဦးကင်းချင်း ယှဉ်ကာယှက်ကာ ညီညာစွာ ရံစေသော ဆင်တထပ်၊ လည်ချင်း ယှက်ကာယှက်ကာ ကောင်းစွာ ရံစေသော မြင်းတထပ်၊ နားပန်းချင်း စပ်ကာစပ်ကာ ကောင်းစွာရံစေသော ရထားတထပ်၊ လက်ရုံးခြင်းထိကာထိကာ တညီတညာ ကောင်းစွာရံစေသော ခြေသည်သူရဲ လက်နက်စွဲတထပ်၊ ဤသို့ အထပ်ထပ် ရံပတ်ခင်းကျင်းလျက် မြို့တွင်းသို့ ဆောင်ယူပြီးလျှင် ပွဲသဘင်တို့ဖြင့် ခုနစ်ရက်ပတ်လုံး ပူဇော်ကြကုန်၏။

သာဓုကီဠန ကစားခြင်း မှတ်ချက်

(အဘယ့်ကြောင့် ဤမျှလောက် ပူဇော်သနည်း ဟူမူကား- ထိုမလ္လာမင်းသားတို့သည် ရှေးနှစ်သတ္တာဟ၌ ရဟန်းသံဃာတို့ တည်းခိုရာ ဌာနကိုလည်းကောင်း၊ ဆွမ်းကိစ္စကိုလည်းကောင်း
(စာမျက်နှာ-၅၁၃)
လုံ့လပြုရသည်ဖြစ်၍ ကစားခွင့်မရသေး၊ ထို့ကြောင့် ဓာတ်တော်ကိုသာ ခုနစ်ရက်ပတ်လုံး ပူဇော်၍ ကစား ပျော်ပါးကြကုန်သည်၊ ငါတို့ မေ့လျော့စဉ်အခါဝယ် တပါးမြို့ရွာမှ မင်းများတို့ မယူသွားနိုင်စေသတည်းဟု နှလုံးပြု၍ စတုရင်္ဂိက ထိုမျှလောက်သော ဆင်, မြင်း, ရဲမက်တို့ကို ရံလျက်ပင် အမြဲနေစေသတည်း။)

အဇာတသတ်မင်းကြီး၏ သောကပူဆွေး ငိုကြွေးပုံ

ထိုအခါ ရာဇဂြိုဟ်ပြည်၌ အဇာတသတ်မင်း၏ အမတ်တို့သည် ဘုရားပရိနိဗ္ဗာန်ယူကြောင်းကို ကြားလျှင် ဤသို့ ဆင်ခြင်တိုင်ပင်ကြကုန်၏။ “ပုထုဇဉ်၏ သဒ္ဓါကြည်ညိုခြင်းတွင် ငါတို့အရှင်မင်းနှင့်တူ၍ ကြည်ညိုသောသူ မရှိပြီ၊ ဤမင်းသည် ဘုရားလွန်တော်မူကြောင်းကို ကြားရလျှင် တခဏခြင်း နှလုံးကွဲ၍ သေရာသည်၊ ထို့ကြောင့် ငါတို့သည် မင်း၏အသက်ကို စောင့်သင့်ပေသည်”ဟု ကြံ၍ လျောင်းတန်ရုံသော ရွှေကျင်းသုံးခုကိုယူ၍ စတုမဓုဖြင့် ပြည့်စေပြီးသော် မင်းကြီးထံသို့ကပ်၍ ဤသို့ လျှောက်ကြ၏။ “အရှင်မင်းကြီး… ကျွန်ုပ်တို့သည် ကြောက်မက်ဖွယ်သော အိပ်မက်ကို မြင်ပါသည်၊ ထိုအိပ်မက်ကို ဖျောက်ဖျက်စေချင်ပါသည်။ အရှင်မင်းကြီးသည် ဘွဲ့ဖြူပုဆိုးနှစ်ထည်ကို ပတ်၍ နှာခေါင်းဝမျှကို ဖော်စေလျက် ဤစတုမကျင်းထဲ၌ အိပ်စက်တော်မူပါ”ဟု ဆို၏။ ထိုစကားကို ကြားသောအခါ အဇာတသတ်မင်းကြီးကလည်း “ငါ၏အကျိုးစီးပွားကို ရွက်ဆောင်လို၍ ဆိုသည်ကို ဘယ်မှာ နားမထောင်ရှိတော့အံ့နည်း”ဟု ဆို၍ ထိုအမတ်တို့ လျှောက်ထားတိုင်း အိပ်ပေ၏။

ထိုအခါ အမတ်တယောက်သည် ဘုရား နိဗ္ဗာန်စံတော်မူရာ အရပ်ဆီသို့ လက်အုပ်ချီပြီးသော် “အရှင်မင်းကြီး.. ကိုယ်တော်၏သံသယကို ပျောက်ပ ကျေနပ်စေတတ်သော ဘုန်းတော်အာနုဘော်တက်၍ အသက်ကို ရှည်စေတတ်သော ရိုသေလေးမြတ် ဆည်းကပ်ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကုသိနာရုံပြည်အပါး၌ နိဗ္ဗာန်လားတော်မူချေပြီ”ဟု လျှောက်တင်၏။

မင်းကြီးလည်း ထိုစကားကိုကြားလျှင်ပင် သစ်ပင်ထက်မှ ကျသောသူကဲ့သို့ သည်းအူလှိုက်ဖိုလျက် ကိုယ်အလုံး တုန်ဘိ၍ သတိမရ၊ တ,သမိန်းမော၍ မြောလေ၏။ စိမ်အပ်သော စတုမဓုပင် ကျိုက်ကျိုက်ဆူ၍ အငွေ့ထွက်၏။ အမတ်တို့လည်း မင်း၏ကိုယ်ကိုချီ၍ တခုသောကျင်း၌ သိပ်ပြန်ကြသဖြင့် သတိရလာသောအခါ “အမောင်တို့... အဘယ်ကို ဆိုကြသနည်း”ဟု မေးပြန်လျှင် “အရှင်မင်းကြီး.. မြတ်စွာဘုရား ပရိနိဗ္ဗာန်လားချေပြီ”ဟု လျှောက်ကြ၏။ မင်းကြီးလည်း ရှေးနည်းတူ မိန်းမော၍ မြောပြန်သဖြင့် တတန်သောကျင်းသို့ ပြောင်းရ၏၊ သတိရသောအခါ “အဘယ်အကြောင်းအရာကို ဆိုကြသနည်း”ဟု မေးပြန်၍ ဘုရား နိဗ္ဗာန်စံလွန်ကြောင်းကို လျှောက်ပါသည်ဟု ဆိုလျှင် ယခင်နည်း မိန်းမောပြန်လေ၏။

အမတ်တို့လည်း မင်းကိုချီ၍ ရေချိုးစေပြီးမှ နံ့သာရေဖြင့် ဆွတ်ဖျန်းရ၏။ အဇာတသတ်မင်းလည်း သတိရလတ်သော် ဦးခေါင်းမှဆံတို့ကို ဖရိုဖရဲ ကြဲဖြန့်၍ နူးညံ့သိမ်မွေ့စွာသော လက်နှစ်ဖက်တို့ဖြင့် ရင်ကိုခတ်တီး၍ သက်ကြီးရှိုက်ငင် ငိုကြွေးလျက် ခရီးမသို့သက်၍ သူရူး၏အလားကဲ့သို့ ပြေးသွား၏၊ တန်ဆာဆင်အပ်သော ကချေသည် မောင်းမတို့သည် နောက်မှ ဝန်းရံကာ လိုက်ရ၏။

(စာမျက်နှာ-၅၁၄)

မြို့မှထွက်၍ ဇီဝက၏ သရက်ဥယျာဉ်သို့ ရောက်သောအခါ မိမိအား တရားဟောတော်မူသော နေရာကို ကြည့်မျှော်၍ “ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ဤအရပ်၌နေ၍ ကွန်ုပ်အား တရားဟောတော်မူသည် မဟုတ်ပါလော၊ ကျွန်ုပ်၏ ကြောက်လန့်ညှိုးပိန် စိုးရိမ်းခြင်းတည်းဟူသော ငြောင့်ကို နုတ်တော်မူပေသည် မဟုတ်လော၊ ကျွန်ုပ်သည် ဖခင့်ဆယ်ဆ လွန်မကအောင် ညွတ်ခမပြတ် ဆည်းကပ်ပါသည် မဟုတ်လော၊ ကျွန်ုပ်အား စကားတုံ့ပြန် တခွန်းသံမျှ လှန်၍ မမိန့်ပါပြီတကား”ဟု ဆို၍ အဖန်တလဲလဲ ငိုကြွေး၏။ “ဘုရားသခင်လည်း အခါတပါး၌ သံဃာများစွာ ခြံရံလျက် နိုင်ငံအသီးသီး ပြည်ကြီးအရပ်ရပ်သို့ လှည့်ပတ်ဒေသစာရီ ကြွချီတော်မူသည်ကိုသာ ကြားရပါသည်။ ယခုမူကား တခါမပြန် ပြည်နိဗ္ဗာန်စံတော်မူခြင်း သတင်းကိုမျှသာ ကြားရပါ‌တော့သည်”။ ဤသို့သာဖြင့် တသမြည်တမ်းကာ ခြောက်ဆယ်သော ဂါထာတို့ကို ကျူးရင့်၏။

ခုနစ်ပြည်ထောင်မင်းတို့ ဓာတ်တော်ဝေစု တောင်းပုံ

ထို့နောက်တဖန် ကြံမိသည်ကား “ငါသည် ငိုကြွေး၍သာနေသဖြင့် အခွင့်မပြည့်စုံရာချေ၊ အမွေအနှစ်ဖြစ်သော ဓာတ်တော်ကိုသာ သွား၍ ဆောင်ဦးမှ သင့်မည်”ဟု ကြံလျက် မလ္လာမင်းတို့ထံ တမန် စေလိုက်၏။ “အဆွေ မလ္လာမင်းတို့.. ရွှေဘုန်တော်ရှင် ဘုရားသခင်သည် မဟာသမ္မတ မင်းမှစ၍ အသမ္ဘိန္န ခတ္တိယဟု ဝံသမပြတ် မြတ်လှစွာသော မင်းမျိုးပေတည်း၊ ငါတို့လည်း ထိုနည်းသက်ဆင်းသော မင်းမျိုးဖြစ်ရကား ဘေးတော်ဘိုးလောင်း မင်းကောင်းတို့၏ ဓာတ်အရိုးကို ကိုးကွယ်ချီးမြှင့်အပ်ပေသည်၊ ထို့ကြောင့် ကိုယ်တော်စား ဓာတ်တော်များကို ငါတို့အဖို့ ရထိုက်ပါသည်။ စေတီတည်၍ ကိုးကွယ်ပါမည်၊ ဓာတ်တော်ကို ငါတို့အား ဝေဖန်ပါ”ဟု တမာန် စေလိုက်၏။

ဝေသာလီပြည်မှ လိစ္ဆဝီမင်းတို့လည်း ထိုနည်းတူ မလ္လာမင်းတို့ထံသို့ တမန်စေလိုက်၏။

ကပိလဝတ်ပြည်၌ နေကုန်သော သာကီဝင်မင်းတို့လည်း ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန် စံလွန်တော်မူကြောင်းကို ကြား၍ မလ္လာမင်းများထံသို့ တမန်စေလိုက်သည်ကား- “မလ္လာမင်းများတို့... မြတ်စွာဘုရားသည် ငါတို့အမျိုးအဆက်တွင် အမြတ်ထက်အမြတ်ဆုံး ဖြစ်ပါသည်။ အမွေအနှစ်ကို စင်စစ် ငါတို့ ခံထိုက်ပါသည်၊ ထို့ကြောင့် ဓာတ်တော်များကို ငါတို့အား အဖို့ပေးပါ၊ ငါတို့ပြည်၌ စေတီတည်၍ ကိုးကွယ်လိုပါသည်”ဟု စေလိုက်၏

အလ္လကပ္ပပြည်၌ နေကုန်သော ဗလအမည်ရှိသော မင်းတို့သည်လည်းကောင်း၊ ရာမရွာ၌နေကုန်သော ကောလိယမင်းမျိုးတို့သည်လည်းကောင်း၊ ဝေဌဒီပတိုင်း၌ နေကုန်သော ပုဏ္ဏားတို့သည်လည်းကောင်း၊ ပါဝါပြည်၌ နေကုန်သော မလ္လာမင်းတို့သည်လည်းကောင်း ထိုနည်းတူ တမန်စေ၍ မွေတော်ဓာတ်တော်တို့ကို တောင်းကြကုန်၏။

တမန်စေ၍ များမကြာမီ အဇာတသတ်မင်းသည် စစ်သည်ဗိုလ်ပါတို့ကို ရုံးစု၍ “ငါတမန်စေတိုင်း ပေးသော်လည်းပေးစေ၊ မပေးနေမူ ပြည်အလုံးကို ထွားထွားညက်ညက် ဖျက်စီး၍ ဓာတ်တော်ကို ယူအံ့”ဟု ကြံလျက် ကိုယ်တော်တိုင် ထွက်၍ချီလေ၏။ ကုသိနာရုံပြည်သို့ ရောက်သောအခါ မြို့ကို ဝန်းရံကာနေ၏။

(စာမျက်နှာ-၅၁၅)

ဝေသာလီမင်း, ကပိလဝတ်မင်း အစရှိသော ခုနစ်ပြည်ထောင်သော မင်းတို့သည်လည်း ထိုနည်းစစ်ချီ၍ ရံလေကုန်၏၊ ထိုသို့ရံပြီးမှ တဖန် အကြပ်အတည်း လွှတ်ကြ၍ “ဘုရားရှင်၏ ဓာတ်တော်ကိုတည်း ပေအံ့လော။ စစ်သော်တည်း ထိုးအံ့လော”ဟု ဆိုစေ၏။

ထိုစကားကို ကြားသောအခါ မလ္လာမင်းတို့ကလည်း ဤသို့ ပြန်လိုက်၏။ “ဘုရားသခင်သည် သင်တို့ပြည်၌နေရာဝယ် ငါတို့ပင့်ခေါ်သည်လည်း မဟုတ်၊ သတင်းစကားမျှ မှာထားလိုက်သည်လည်း မဟုတ်သေး၊ အလိုလိုသာ ကြွရောက်လာ၍ ငါတို့ပြည်၌ နိဗ္ဗာန်ယူသည်၊ ငါတို့ ကိုးကွယ်ထိုက်၍သာ ရသည်၊ သင်တို့ပိုင်သော ဂါမခေတ်၌ တစုံတခုသော ရွှေငွေရတနာ ဖြစ်ထွန်းလာသော် ငါတို့အား သင်တို့ မပေးကုန်ရာ၊ လောကသုံးရွာ၌ မြတ်စွာဘုရားနှင့်တူသော ရတနာမည်သည် မရှိ၊ ထိုသို့ အသဒိသအစစ်ဖြစ်သော ရတနာကို ငါတို့ အဘယ့်ကြောင့် သင်တို့အား ပေးအံ့နည်း၊ သင်တို့သာ အမိနို့ကို စို့ရသလော၊ ငါတို့ကား အမိနို့ကို မစို့ရသလော၊ သင်တို့သာ ယောက်ျားပေလော၊ ငါတို့ကား ယောက်ျားမဟုတ်သလော၊ သင်တို့သာ အသက်ရှိသလော၊ ငါတို့ကား အသက်မရှိသလော၊ ဖြစ်လိုသမျှဖြစ်စေ၊ ဘုရားဓာတ်တော်ကို မပေးဝေ”ဟု ကြုံးဝါးသံပ၍ မာန်မာနဖြင့်သာ ပြန်လိုက်၏။

(ထိုမင်းတို့သည် အကယ်၍ စစ်ထိုးအံ့၊ မလ္လာမင်းတို့သာ အောင်ဘိရာ၏၊ အဘယ့်ကြောင့်နည်းဟူမူ ဓာတ်တော်ကို ပူဇော်ခြင်းငှါလာသော နတ်တို့သည် မလ္လာမင်းတို့၏ အသင်းအပင်းသာ ဖြစ်သောကြောင့်တည်း။)

ဒေါဏပုဏ္ဏား ဓာတ်တော်ဝေပုံ

ထိုမင်းတို့သည် အချင်းချင်း ကြုံးဝါးသံပ၍ ငြင်းခုံကြရာတွင် ဒေါဏအမည်ရှိသော ပုဏ္ဏားသည် လာ၍ သင့်ရာအရပ်က နေလျက် နှစ်ဘာဏဝါရခန့်သော စကားဖြင့် ကြုံးဝါး၍ ဆုံးမ၏။ ထိုနှစ်ဘာဏဝါရတို့တွင် ပဌမ ဘာဏဝါရကိုကား အငြင်းသံများ၍ မကြားလိုက်ကုန်၊ ဒုတိယ ဘာဏဝါရ အဆုံး၌သာ ငါတို့ဆရာ၏ အသံကဲ့သို့ ထင်သည်ဟု အလုံးစုံသော မင်းတို့ပင် အသံဆိတ်လေ၏။ ထိုဒေါဏပုဏ္ဏားကား ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ထင်ရှားသော မင်းပုဏ္ဏားတို့သည် တပည့် မဖြစ်ဖူးသောသူမည်သည် မရှိ၊ ဖြစ်ဖူးဘိသည်သာတည်း၊ ထို့ကြောင့် ဆရာကို ရိုသေခြင်းဖြင့် ထိုမင်းတို့ အသံဆိတ်လေသတည်း။ ထိုသို့ အသံဆိတ်သောအခါ ဆရာ ဒေါဏပုဏ္ဏားလည်း မင်းအများကို ဆုံးမလို၍-

သုဏန္တု ဘောန္တော မမ ဧကဝါစံ၊
အမှာကံ ဗုဒ္ဓေါ အဟု ခန္တိဝါဒေါ-

အစရှိသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-“မင်းများတို့.. ငါတို့ဆရာ မြတ်စွာဘုရားသည် ဘုရားမဖြစ်မီ ပါရမီကို ဖြည့်တော်မူသောအခါ၊ ခန္တီဝါဒီ ရှင်ရသေ့ဖြစ်သောအခါ၊ ဓမ္မပါလမင်း ဖြစ်သောအခါ၊ မဟာသီလဝမင်း ဖြစ်သောအခါ၊ ဘူရိဒတ်နဂါး, စမ္ပေယျနဂါး, သင်္ခပါလ နဂါးမင်း ဖြစ်သောအခါ၊ မဟာကပိမျောက်မင်း ဖြစ်သောအခါကလည်းကောင်း၊ ထိုမှတပါး များစွာသော ဇာတ်ဘဝတို့၌လည်းကောင်း သူတထူးအား အမျက်မထွက်မူ၍ သည်းခံခြင်းကိုသာ ပြုလေ့ရှိပါသည်။ ခန္တီပါရမီကိုသာ အမြတ်ပြု၍ ချီးမွမ်းပါသည်။ ယခုမူကား အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း၊

(စာမျက်နှာ-၅၁၆)

ကိုယ်တော်၏ အသက်ကို ဖျက်ဆီးအံ့သော ဒေဝဒတ်ကိုလျက် စုံမက်သနားတော်မူသေးသည်။ ဤသို့ကျင့်တတ် မြတ်လှသောဘုရားသခင်၏ ဓာတ်တော်ကို ပူဇော်လိုခြင်းတည်းဟူသော အကြောင်းကြောင့် မကောင်းမှုဖြစ်ပွားအောင် ခိုက်ရန်များခြင်း, စစ်ထိုးခြင်းဖြင့် မသင်ချေတကား။ ဘုရားရှင်ထံ ကျိုးနွံဆည်းကပ်ကြသော ‌ဥပါသကာချည်းတကား။ အညီအညွတ်သာ ဖြစ်ကြပါကုန်လော့။ အချင်းချင်း ချစ်ခင်လျက် အရှင်မြတ်ဓာတ်တော်တို့ကို ကြည်ညိုကိုးကွယ်ကြကုန်လော့။ တညီတမျှ ကိုးကွယ်ရအောင် အဋ္ဌဘာဂပြု၍ ကျွန်ုပ် ဝေဖန်အံ့”ဟု ဆို၍ ဖျန်ဖြေ၏။

ထိုစကားကို ကြားရမှ ဒေါဏပုဏ္ဏားရှိရာသို့ လာ၍ “ဆရာပင် ဝေဖန်ပါလော့”ဟု အပ်နှင်း၏။

ဒေါဏပုဏ္ဏားလည်း ထိုမင်းတို့၏စကားကိုရလျှင် ဓာတ်တော်ကိုဝေခြင်းငှာ ရတနာကိုကိုးပါးတို့ဖြင့် စီအပ်သော ရွှေအိုးကိုလှစ်သော် ရှစ်စိတ်ပမာဏရှိလျက် ရွှေအတိပြီးသော ဓာတ်တော်တို့ကိုမြင်သဖြင့် “ရှေးအခါက ဘုရားသခင်၏ ရွှေသားအဆင်းနှင့်တူသော ကိုယ်တော်ကိုသာ ဖူးမြင်ရမြဲ ဖြစ်ပါလျက် ယခုမှာကား ဓာတ်တော်များကိုသာ မြင်ရပါတော့သည်တကား”ဟု များစွာတ,ဆို၍ ငိုကြွေး၏။ မင်းရှစ်ဦးတို့လည်း ထိုနည်းပင် ငိုကြွေးကြ၏။

ဒေါဏပုဏ္ဏားလည်း မင်းများ မေ့လျော့စဉ်အခါဝယ် လက်ယာစွယ်တော်ကိုယူ၍ မိမိ၏ ဦးရစ်ကြား၌ ဝှက်ထား၏။ ထို့နောက်မှ ရှစ်စု အမျှပြု၍ ဝေဖန်၏။ တစုတစုလျှင် ပြကတေ့သော ကွမ်းစားဖြင့် တဆယ့်ခြောက်ကွမ်းစားစီ ရ၏။ ငါတို့ မြန်မာဝေါဟာရဖြင့် တစ်စိတ်ရှိသည်။

ပုဏ္ဏား ဓာတ်တော်ကို ဝေဖန်စဉ်ပင် နတ်ဘုရင်ဖြစ်သော သိကြားမင်းသည် “လက်ယာစွယ်တော်ကို အဘယ်သူ ယူသနည်း”ဟု ကြည့်လျှင် ဒေါဏပုဏ္ဏား ဦးရစ်ကြား၌ ဝှက်ထားသည်ကို မြင်၍ “ဤပုဏ္ဏားသည် အရိုအသေ ကိုးကွယ်နိုင်ပါမည်လော”ဟု ရှုပြန်လျှင် မကိုးကွယ်နိုင်အံ့သည်ကို မြင်၍ နတ်တို့၏ အာနုဘော်ဖြင့် စွယ်တော်ကိုယူ၍ စူဠာမဏိစေတီ၌ ဌာပနာလေ၏။

ဓာတ်တော် မရလိုက်သူများ

ဒေါဏပုဏ္ဏားလည်း ဓာတ်တော်ကို ဝေဖန်ပြီးသောကာလ မိမိဝှက်ထားသော စွယ်တော်ကိုကြည့်လျှင် မမြင်မတွေ့ဘိရကား မိမိလည်း ဝှက်ထားသောကြောင့် သူတပါးကိုလည်း မမေးသာ။ “ငါ၏အဖို့ကို ပေးဦး” ဆိုရမည်လည်း မိမိ ဝေသူဖြစ်သောကြောင့် မသင့်ရကား “အို..မင်းများတို့.. ငါ့အား ဓာတ်တော်ထည့်သော ရွှေအိုးကို ပေးပါကုန်လော့”ဟု တောင်း၏။ မင်းတို့ကလည်း ‌ဓာတ်တော်ချင့်သော စရွတ်ခွက်ကိုသာ ပေးကုန်၏။ ပုဏ္ဏားလည်း ထိုစရွတ်ခွက်ကိုပင် ဓာတ်တော်ကဲ့သို့ ထင်မှန်လျက် မိမိမြို့တွင် စေတီတည်၍ ကိုးကွယ်လေ၏။

ထို့နောက်မှ ပိပ္ပလိဝန၌နေသော မောရိယမင်းတို့သည် ယခင် ခုနစ်ပြည်ထောင်မင်းတို့ကဲ့သို့ မလ္လာမင်းတို့အထံသို့ တမန်စေ၍ ဓာတ်တော်တောင်း၏။

မလ္လာမင်းတို့ကလည်း “ဓာတ်တော်ကို ဝေဖန်၍ ကုန်ချေပြီ။ အလောင်းတော်ကို သင်္ဂြိုဟ်သော စန္ဒကူးမီးသွေးသာ ကြွင်းပါတော့သည်။ ဤမီးသွေးကိုသာ ကိုးကွယ်ပါလော့”ဟု ပေးလိုက်၏။ ထိုမောရိယမင်းတို့လည်း စန္ဒကူးမီးသွေးကိုသာ စေတီတည်၍ ကိုးကွယ်ကြကုန်၏။

(စာမျက်နှာ-၅၁၇)

ဓာတ်တော်စုစုပေါင်း မှတ်ချက်

(ဘုရားသခင်ဓာတ်တော် ရှစ်စရွတ်ဆိုသည်မှာ ပါဠိတော် အဋ္ဌကထာတို့၌ ဒေါဏသဒ္ဒါကို စရွတ်ဟု မြန်မာပြန်ကြသော ရွှေဥမင်ဆရာ, နန်းကျောင်း, ဒက္ခိဏဝန် ဆရာတော်တို့၏ အလိုတည်း၊ ကျော်အောင်စံထား ဆရာတော်ကား အဘိဓာန်နိဿယ၌ “စတုရော ပတ္တာ၊ လေးကွမ်းစားတို့သည်။ အာဠှကော၊ တပြည်မည်၏။ စတုရာဠှကံ၊ လေးပြည်သည်။ ဒေါဏံ၊ တစိတ်မည်၏” ဟူ၍ မြန်မာပြန်သည်။ ဝိမတိဋီကာ, သာရတ္ထဒီပနီဋီကာ, သုတ္တနိပါတ် အဋ္ဌကထာတို့၌လည်း “စတုရော အာဠှကာ၊ လေးပြည်တို့သည်။ ဧကံ ဒေါဏံ၊ တစိတ်မည်၏။ စတ္တာရိ ဒေါဏာနိ၊ လေးစိတ်တို့သည်။ ဧကာ မာနိကာ၊ တတင်းမည်” ဟူ၍ မိန့်သောကြောင့် ဒေါဏသဒ္ဒါကို “စိတ်” ဟူ၍ မြန်မာပြန်ခြင်းသည် အလွန်သင့်မြတ်သည်၊ နလာဋဓာတုဝင်တွင် ဘုရားရှင့်ဓာတ်တော်သည် တင်းအားဖြင့် နှစ်တင်းရှိသည်။ ဒေါဏအားဖြင့် ရှစ်ဒေါဏရှိသည်၊ စလယ်ဟူသော ကွမ်းစားဖြင့် တရာ့နှစ်ဆယ့်ရှစ်စလယ် ရှိသည်ဟု ပြလိုရကား- “စက္ခုမန္တဿ ဘဂဝတော သရီရဓာတု အဋ္ဌဒေါဏမတ္တံ၊ သုဝဏ္ဏနာဠိယာ ဧကသတအဋ္ဌဝီသတိ နာဠိကာ အဟောသိ”ဟူ၍ ဆိုသည်၊ ထို့ကြောင့် ဘုရားရှင်ဓာတ်တော်ကို ယခု လူတို့သုံးဆောင်သော တင်းဖြင့် နှစ်တင်းရှိ၏ဟု မှတ်ရာသည်။)

ပရိနိဗ္ဗာန်ပြုပွဲ ၂၁-ရက်

ဤသို့ ဘုရားသခင်သည် လူတွင်မှတ်စစ် သက္ကရာဇ် ၁၄၈-ခု ရတုဂိမှ ကဆုန်လပြည့် အင်္ဂါနေ့ရက် နံနက်မိုးသောက်ယံတွင် နိဗ္ဗာန်ဝင်တော်မူ၍ ပြည်သူပြည်သားအများ သံဃာတော်အပေါင်းတို့ အလောင်းကို ပူဇော်သက္ကာရ ပြုကြသော ပဌမခုနစ်ရက်သည် သာဓုကီဠနသတ္တာဟ မည်၏၊ ထို့နောက် သင်းချိုင်းတော်သို့ ဆောင်၍ စန္ဒကူးထင်းစင်သို့ တင်ပြီးမှ မီးလောင်သော ခုနစ်ရက်သည် စိတကသတ္တာဟ မည်၏၊ ထို့နောက် ဓာတ်တော်ကို ပူဇော်သက္ကာဖြင့် များစွာချီးမြှောက်လျက် ရှစ်ယောက်သော မင်းတို့ ဝေဖန်သည့်တိုင်အောင် ခုနစ်ရက်သည် ဓာတုပူဇာသတ္တာဟ မည်၏။ ဤသို့ သတ္တာဟအကုန် နယုန်လဆန်း ငါးရက် တနင်္လာနေ့တွင် ဓာတ်တော်ကို ဝေဖန်၍ ပြီးဆုံးသတည်း။

ထိုအခြင်းအရာကိုကား-

ဘဂဝါ ဟိ ဝိသာခပုဏ္ဏမာယံ ပစ္စူသကာလေ ပရိနိဗ္ဗုတော၊ အထဿ သတ္တာဟံ သုဝဏ္ဏဝဏ္ဏံ သရီရံ ဂန္ဓမာလာဒီဟိ ပူဇယိံသု၊ ဧဝံ သတ္တာဟံ သာဓုကီဠနဒိဝသာ နာမ အဟေသုံ၊ တတော သတ္တာဟံ စိတကာယ အဂ္ဂိနာ ဈာယိ၊ တတော သတ္တာဟံ သတ္တိပဉ္ဇရံ ကတွာ သန္ဓာဂါရသာလာယ ဓာတုပူဇံ ကရိံသူတိ ဧကဝီသတိ ဒိဝသံ ဇာတံ၊ ဇေဋ္ဌမူလသုက္ကပက္ခ ပဉ္စမိယံ ပန ဓာတုယော ဘာဇယိံသု-

ဟူ၍ လာသော သာရတ္ထဒီပနီဋီကာ ပါဌ်ဖြင့် သိအပ်၏၊ အနက်မှာ အဓိပ္ပါယ်အတိုင်းပင်။ ဤအရာဝယ် ဝိနည်းအဋ္ဌကထာနှင့် သုတ္တန်အဋ္ဌကထာ မညီသည်ကို ဋီကာဆရာ ညီညွတ်၍ပြသည်ကား များသေး၏၊ ရှုပ်အံ့စိုး၍ မရေးလိုက်ပြီ။ အဇာတသတ်မင်းတို့ ဓာတ်တော်ကို ဆောင်ယူလေသော အကြောင်းကို အထက်မှာမှ တသမတ်တည်း ပြတော့အံ့။

နဝမပိုင်း ပြီးပြီ။

(စာမျက်နှာ-၅၁၈)

ဒသမပိုင်း

၈၈။ အရှင်မဟာကဿပ အမှူးရှိသော ရဟန္တာငါးရာ ပဌမသံဂါယနာတင်ခြင်း

သုံးလောကသင်းကျစ် ဓမ္မရာဇ်မှန်ကူ ဖြစ်တော်မူသော ဘုရားကိုယ်တော်မြတ်သည် ဘိုးတော်အဉ္စနမင်းကြီး ဖြိုခွင်းသက္ကရာဇ် ၆၈-ခုနှစ်၊ ကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်တော်မူ၍ ၁၀၃-ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘုရားအဖြစ်သို့ ရောက်ပြီးသော် သက်တော်ရှစ်ဆယ်စေ့သဖြင့် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ရက် နံနက် မိုးသောက်ယံတွင် နိဗ္ဗာန်လားတော်မူ၍ အလောင်းတော်ကို လပြည့်ကျော် တဆယ့်နှစ်ရက် တနင်္ဂနွေနေ့ တေဇောဓာတ်လောင်သဖြင့် ထို့နောက် တသတ္တာဟကုန်သော် နယုန်လဆန်း ငါးရက်နေ့ဝယ် ရှစ်ပြည်ထောင်မင်းတို့ ဓာတ်တော်ကို ဝေဖန်၍ ပြီးမြောက်သည်။

အရှင်မဟာကဿပ၏ ကြေငြာချက်

ထိုနေ့ပင် အရှင်မဟာကဿပလည်း သုဘဒ်ရဟန်းကြီးဆိုသော စကားကို နှလုံးထားတော်မူလျက် ဘုရားပရိနိဗ္ဗာန်စံယူခြင်းကိစ္စကြောင့် စည်းဝေးလာသမျှသော သံဃာတော်ခုနစ်သိန်းတို့အား ဓာတ်တော်ထားရာဇရပ်၌ တညီတညွတ်တည်း စည်းဝေးစေ၍ ဤသို့ ဆိုတော်မူသည်။ “ငါ့ရှင်တို့.. ငါတို့ဆရာ မြတ်စွာဘုရားသည် ကြီးမားလှစွာသော မဟာကရုဏာစိတ်ဖြင့် သတ္တဝါတို့ အပါယ်ရွာတံခါးပိတ်အောင် သိက္ခာပုဒ်အများကို မိန့်ကြားပညတ်တော်မူပါသည်ကို မလိမ္မာသော လူ,ရဟန်းတို့သည် သော့သွမ်းသောစကားဖြင့် ပယ်ရှား တွန်းလှန်ကြကုန်သည်။ ဘုရားလွန်ပြီဟု ထင်မှတ်ကြကုန်သည်၊ ငါ့ရှင်တို့... ငါသည် ပါဝါပြည်မှ ဤကုသိနာရုံပြည်သို့ သံဃာငါးရာနှင့်တကွ လာခဲ့ရာတွင် ခရီးအကြား၌ တဦးသော အာဇီဝကသည် မန္ဒာရဝမည်သောပန်းကို ဆောင်၍လာသည်ကို မြင်သဖြင့် “ငါ့ရှင်.. သင်သည် ငါတို့ဆရာ မြတ်စွာဘုရားကို သိပါသလော”ဟု မေးသော် “ကျွန်ုပ်သိပါ၏၊ သင်တို့ဆရာ ဂေါတမသည် ပရိနိဗ္ဗာန်လွန်၍ ယနေ့ ခုနစ်ရက်ရှိပြီ၊ ဤပန်းကား ရှင်ဂေါတမ ပရိနိဗ္ဗာန်ယူရာဌာနမှ ရခဲ့သော ပန်းပင်တည်း”ဟု ဆို၏၊ ထိုအာဇီဝက၏ စကားကိုကြားလျှင် ရဟန်းအများတို့ ပြင်းစွာ ငိုယိုကြကုန်သည်၊ ထိုအခါ အာတုမပြည်သားဖြစ်သော သုဘဒ်ရဟန်းကြီးသည် “ငါ့ရှင်တို့... အဘယ့်ကြောင့် ငိုကြွေးကြကုန်သနည်း၊ ရဟန်းဂေါတမလက်မှ ငါတို့ ယခု လွတ်ထွက်ပြီတကား၊ ဤဂေါတမရဟန်းကြီးသည် ငါတို့အား နှိပ်စက်သည်များလှပြီ၊ ဤအခါမှစ၍ ငါတို့အလိုရှိတိုင်း နေရတော့မည်”ဟု ဆိုသည်။ ငါ့ရှင်တို့.. ဤသုဘဒ်ရဟန်းကဲ့သို့သော သူယုတ်သူဖျင်းတို့သည် မင်း၏စည်းစိမ်ကို ပေးပေသော ကျေးဇူးရှင်ကိုလျက် ရန်သူထင်မှားသော ယောက်ျားကဲ့သို့ ချုပ်ချယ်ထိပါးလျက် ပြောဆိုကြကုန်သည်၊ ဤသူဖျင်းတို့သည် အသင်းအပင်းကို ရကုန်သည်ရှိသော် သူတော်ကောင်းတရား တည်းဟူသော ဘုရားဩဝါဒသည် မကြာမီကွယ်လေရာသည်၊ စင်စစ်သော်ကား အကြင်မျှလောက်သော ကာလပတ်လုံး သုတ်, အဘိဓမ္မာ, ဝိနည်းတရားသည် တည်၏၊ ထိုမျှလောက်သော ကာလပတ်လုံး

(စာမျက်နှာ-၅၁၉)

ဘုရားမလွန်သေးသည်သာတည်း၊ ယင်းသို့ဖြစ်ရကား မသူတော်တို့၏ တရားသည် မပြန့်ပွား မတောက်ပမီ, သူတော်ကောင်းတို့၏တရားသည် မရွေ့မရှား မပျောက်မပျက်မီ အလဇ္ဇီသူယုတ်တို့ ပြုလုပ်ပညတ်အပ်သော အဝိနယဓမ္မသည် ပထွန်းပ မပြန့်ပွားမီ, ဝိနည်းတရားသည် မပျက်ပြား မယိုယွင်းမီ, အဓမ္မဝါဒီ အလဇ္ဇီပုဂ္ဂိုလ်များသည် အားမကြီးမီ, ဓမ္မဝါဒီ လဇ္ဇီ သူတော်ကောင်းများသည် အားမနည်းမီ ဤသုတ်, ဝိနည်း, အဘိဓမ္မာကို သံဂါယနာတင်ကြကုန်အံ့”ဟု ဆိုပေ၏။

သံဂါယနာတင်ရန် ရဟန္တာငါးရာ

ထိုစကားကိုကြားသော် သံဃာတော်အပေါင်းတို့ကလည်း “အရှင်မဟာကဿပ.. ဤအကြောင်းကား အလွန်ကောင်းလှ၏၊ သံဂါယနာတင်ကြခြင်းငှါ အရှင်သာ အားထုတ်တော်မူပါလော့၊ လျောက်ပတ်သော သံဃာကို ဖွေရှာရွေးကောက်တော်မူပါလော့”ဟူ၍ လျှောက်ကြ၏။

ထိုအခါ အရှင်မဟာကဿပလည်း အလုံးစုံ အင်္ဂါကိုးပါးရှိသော ပရိယတ္တိသာသနာကို ဆောင်ကုန်သော အရာ အထောင် အသောင်း အသိန်း မကကုန်သော ပုထုဇဉ် သောတာပန် သကဒါဂါမ် အနာဂါမ် ဈာန်ရသော ရဟန္တာပုဂ္ဂိုလ်တို့ကို ချန်ထား၍ များသောအားဖြင့် ဘုရား ဧတဒဂ် မိန့်မြွက်တော်မူအပ်သော သုံးပုံပိဋကတ်တည်းဟူသော ပရိယတ္တိဓမ္မကို နေ့ညဉ့်သရဇ္ဈာယ်ကာ ပဋိသမ္ဘိဒါပတ္တ တေဝိဇ္ဇ ဆဠဘိည ဖြစ်ကုန်သော ရဟန္တာသခင် အရှင်ငါးရာတို့တွင် တပါးလျော့၍ ရွေးကောက်တော်မူ၏။

သံဃာငါးရာ မပြည့်ပုံ မှတ်ချက်

(အဘယ့်ကြောင့် တပါးလျော့သနည်း ဟူမူကား- ရှင်အာနန္ဒာကို သွင်းခြင်းငှါ လျော့၍ ထားသတည်း၊ အဘယ့်ကြောင့် ရှင်အာနန္ဒာကို သွင်းလိုသနည်းဟူမူကား- ရှင်အာနန္ဒာသည် မြတ်စွာဘုရား၏ မျက်မှောက်တော်၌သာ သုတ္တ ဂေယျစသော ပိဋကတ်သုံးပုံကို အကုန်သင်ရ၏၊ မျက်ကွယ်၌ သင်ရသောမည်သည် မရှိ၊ ထို့ကြောင့် ရှင်အာနန္ဒာနှင့်ကင်း၍ သံဂါယနာတင်ခြင်းငှါလည်း မထိုက်၊ အစဉ်တစိုက် သွင်းရမည်လည်း ထိုအရှင်အာနန္ဒာသည် သောတာပန်သာ ဖြစ်သေး၏၊ ရဟန္တာ မဟုတ်သေး၊ ထိုသို့လျက် မိမိအလိုဖြင့် ရေတွက် ကောက်ယူငြားအံ့၊ သူတပါးတို့ ကဲ့ရဲ့ခြင်း ဖြစ်ဘိလေရာသည်၊ ဤအကြောင်းသာလည်း မဟုတ်၊ ရှင်အာနန္ဒာနှင့် ရှင်မဟာကဿပသည် အလွန် ချစ်ကျွမ်းဝင်ကြ၏၊ ဆုံးမပြောဆိုဖွယ်သော အရေးအရာရှိလျှင် အရှင်အာနန္ဒာ သက်တော်ခြောက်ဆယ်ကျော်၍ ဦးခေါင်းပေါ်၌ ဆံဖြူရောက်သည်တိုင်အောင်ပင် “ဤသူငယ်သည် အတိုင်းအရှည်ကိုမျှ မသိသေး”ဆို၍ “သူငယ်”ဟူသော ဝေါဟာရဖြင့်သာလျှင် ဆုံးမလေ့ပြု၏၊ ဤသို့ ချစ်ကျွမ်းဝင်သူ ဖြစ်ရကား- အရှင်မဟာကဿပသည် ဆန္ဒာဂတိသို့ လိုက်သောအားဖြင့် ရဟန္တာအများ ရှိပါလျက် သောတာပန်သာ ဖြစ်သေးသော အရှင်အာနန္ဒာကို ရွေးကောက်တော်မူလေသည်ဟု သူတထူးကဲ့ရဲ့မည်ကို ကြဉ်လိုသောကြောင့်လည်း ခြွင်းတော်မူသည်။ ထိုသို့ ခြွင်းသော်လည်း သံဃာတော်တို့၏အလိုနှင့် သွင်းရအံ့သည်ကို မြင်တော်မူလျက်ပင်တည်း။)
(စာမျက်နှာ-၅၂၀)

ထိုအခါ သံဃာတော်တို့က ဤသို့ တောင်းပန်ကြ၏။ “အရှင်ဘုရား.. ရှင်အာနန္ဒာမထေရ်ကား အကယ်၍ သေက္ခသာ ဖြစ်ငြားသော်လည်း တရားတော်မြတ် ပိဋကတ်အရာဝယ် ဘဏ္ဍာစိုးကြီး ဖြစ်ပေသည်၊ ရှစ်သောင်းလေးထောင်သော ဓမ္မက္ခန္ဓာကို ဘုရားရှေ့တော်မှောက်၌သာ သင်၍ နှုတ်တွင် ဆောင်ထားသူဖြစ်ပေသည်၊ အရှင်အာနန္ဒာနှင့်ကင်း၍ သံဂါယနာတင်ခြင်းငှါ မလျောက်ပတ်ပေ။ ထို့ကြောင့် အရှင်အာနန္ဒာကို ရွေးကောက်တော်မူပါလော့”ဟု တောင်းပန်ကြ၏။

ပဌမသံဂါယနာတင်ရာအရပ်

ထိုအခါမှ အရှင်မဟာကဿပလည်း အရှင်အာနန္ဒာနှင့်တကွ သံဃာငါးရာပြည့် ရွေးကောက်တော်မူပြီးလျှင် “ငါတို့သည် အဘယ်မြို့ရွာ၌ ဝါကပ်၍ သံဂါယနာတင်ရသော် သင့်လျော်ပါအံ့နည်း”ဟု တိုင်ပင်ကြ၏၊ ထိုအခါ သံဃာတော်တို့သည် ဤသို့ အကြံဖြစ်၏။ “ရာဇဂြိုဟ်ပြည်သည် ကျယ်သော ဆွမ်းခံရွာလည်းရှိ၏၊ မှီခိုရာကျောင်းလည်း များ၏၊ ပြည်သူပြည်သားတို့လည်း ရတနာသုံးပါးအရေး၌ ယဉ်ကျေးလိမ္မာ၍ သဒ္ဓါနှင့် ပြည့်စုံကြ၏၊ ငါတို့မှတပါး အခြားသံဃာကို ဤရာဇဂြိုဟ်ပြည်၌ ဝါမကပ်လာမူ သံဂါယနာတင်ခြင်းငှါ သင့်မြတ်လှ၏”ဟု အကြံဖြစ်၏၊ အဘယ့်ကြောင့် ဤသို့ ကြံသနည်းဟူမူကား- “ငါတို့ စီမံလတ္တံ့သော သံဂါယနာကံသည် ထာဝရဖြစ်သော ကံကြီးတည်း၊ တစုံတယောက်သော ဝိသဘာဂပုဂ္ဂိုလ်သည် မဆိုမမြစ် မပစ်ပယ်သော်သာ ကောင်းမြတ်စွာ ဖြစ်လတ္တံ့၊ ပစ်ပယ်မူကား အားထုတ်ကျိုး မရှိလတ္တံ့”ဟု အကြံဖြစ်လေသတည်း။ ထိုသို့ကြံပြီးမှ အရှင်မဟာကဿပသည် ဤသို့သော ဉတ္တိဒုတိယ ကမ္မဝါစာကို ရွတ်၏-

သုဏာတု မေ အာဝုသော သံဃော၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဣမာနိ ပဉ္စဘိက္ခုသတာနိ သမ္မန္နေယျ ရာဇဂဟေ ဝဿံ ဝသန္တာ ဓမ္မဉ္စ ဝိနယဉ္စ သံဂါယိတုံ၊ နာညေဟိ ဘိက္ခူဟိ ရာဇဂဟေ ဝဿံ ဝသိတဗ္ဗန္တိ။ ဧသော ဉတ္တိ။
သုဏာတု မေ အာဝုသော သံဃော ။ပ။ မံ သံဃော ဓာရေတု-

ဟူသည်တည်း။

အဓိပ္ပာယ်ကား-“ယခုစည်းဝေးကြသော အရှင်ရဟန်းတို့.. သံဃာသည် ငါ၏စကားကို နာကုန်လော့၊ သံဃာတော်အား သင့်လျော်ညီညွတ်သော ကံသည် အကယ်၍ ဖြစ်အံ့၊ သံဃာတော်သည် ငါရွေးကောက်အပ်သော ဤငါးရာသော ရဟန်းတို့ကို ရာဇဂြိုဟ်ပြည်၌ ဝါကပ်၍ သုတ်,အဘိဓမ္မာ, ဝိနည်းတရားတော်ကို သံဂါယနာတင်ခြင်းငှါ သမ္မုတိပေး၏၊ ဤငါးရာမှတပါးသော ရဟန်းတို့သည် ရာဇဂြိုဟ်ပြည်၌ ဝါဆို၍ နေခြင်းကို မရအပ်၊ ဤသည်ကား အများကိုသိစေခြင်းတည်း”ဟု ဆိုလိုသည်။

ရဟန္တာငါးရာ ကြွလာကြပုံ

ယင်းသို့ ဉတ်ကမ္မဝါ ရွတ်ပြီးသောအခါ အရှင်မဟာကဿပသည် သံဃာတော်အပေါင်းတို့ကို ခေါ်၍ “ငါ့ရှင်တို့.. ယနေ့သည် ဘုရားနိဗ္ဗာန်စံတော်မူသည်မှ နှစ်ဆယ့်တရက်လွန်ပြီ၊ နွေလတို့၏အထက်၌ အရက်လေးဆယ်မျှသာ ကြွင်း၍ ဝါကပ်ခြင်းလည်း နီးချေပြီ၊ ဤမှ နောက်ကာလ၌ ဤမည်သော ပလိဗောဓသည် ရှိကြပါသည်ဟု မဆိုရအောင် ရက်လေးဆယ်၏ အတွင်း၌သာ အနာရောဂါကြောင့်ဖြစ်သော ပလိဗောဓ, ဆရာတို့ကြောင့်ဖြစ်သော ပလိဗောဓကို ထမြောက်စေကုန်လော့၊

(စာမျက်နှာ-၅၂၁)

သင်္ကန်းချုပ်ခြင်း သပိတ်ဖုတ်ခြင်း စသော မိမိကိစ္စကိုလည်း ပြီးကြစေကုန်လော့”ဟု ဆိုဘိ၍ မိမိတပည့်ငါးရာ သံဃာအပေါင်းနှင့် တကြောင်းသော ခရီးဖြင့် ရာဇဂြိုဟ်ပြည်သို့ ရှေးရှုကြွလေ၏။

အရှင်အနုရုဒ္ဓါစသော သာဝကကြီးတို့သည်လည်း မိမိ၏ တပည့်သံဃာအပေါင်းနှင့် တကြောင်းသော ခရီးဖြင့် သွားကြ၏၊ ပုဏ္ဏထေရ်မူကား ခုနစ်ရာသော ရဟန်းတို့နှင့်တကွ ဘုရားနိဗ္ဗာန်လွန်သော ဌာနဝယ် ရောက်လာသမျှသော ပရိသတ်တို့အား တရားဟောခြင်းငှါ ကုသိနာရုံပြည်တွင် တည်ရစ်ရ၏။

အရှင်အာနန္ဒာထေရ်ကား မြတ်စွာဘုရား သက်တော်ထင်ရှားရှိသော အခါကကဲ့သို့ သင်္ကန်းသပိတ် ပရိက္ခရာတော်ကို ကောင်းစွာ ယူဆောင်ပြီးလျှင် သာဝတ္ထိပြည်ခရီးဖြင့် ရဟန်းငါးရာ အခြံအရံနှင့်တကွ ကြွတော်မူ၏။ အရှင်အာနန္ဒာ ရောက်ရာ,ရောက်ရာဖြစ်သော ဇနပုဒ် နိဂုံးတို့၌ အလုံးစုံသော လူတို့သည် အရှင်အာနန္ဒာကိုမြင်လျှင် ပူပင် လှိုက်လှဲသော အသံဖြင့် ငင်လျက် “အရှင်အာနန္ဒာ.. ရှေးရှေးသောအခါ စောမြတ်စွာနှင့် အတူသာ လာမြဲဖြစ်ပါလျက် ယခုအခါ သုံးလူ့ဆရာ မြတ်စွာဘုရားကို အဘယ်မှာထားခဲ့၍ အရှင်ဘုရားတပါးတည်းသာ ကြွလာဘိသနည်း၊ ကျွန်ုပ်တို့ ဘုရားသခင်ကို မဖူးမြင်ရပြီလော”ဟု ဆို၍ ခြေတော်သို့ ဖက်ရမ်းလျက် ထက်ဝန်းကျင်မှ ငိုကြွေးကြ၏၊ အရှင်အာနန္ဒာလည်း များစွာသော ထိုလူအပေါင်းတို့အား သင်္ခါရတရားတို့၏သဘောကို ဟောပြ၍ သက်သာရာရစေ၏။

အစဉ်သဖြင့်လာ၍ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ ရောက်သော် ဘုရားကိန်းဝပ်တော်မူမြဲဖြစ်သော ဂန္ဓကုဋိတိုက်တံခါးကိုဖွင့်၍ ရှိလင့်သော ညောင်စောင်း အင်းပျဉ်ကို ထုတ်လှန်းလျက် ရိနွမ်းသော အဝတ်, ပန်းမှိုက်တို့ကို သုတ်သင်ပြီးလျှင် ဘုရားသခင် သက်တော်ထင်ရှား ရှိသောအခါက မျက်နှာသစ်တော်မူသော အခါကဲ့သို့ နေမြဲနေရာ၌ ခင်းထားခြင်း, သောက်တော်ရေတည်ခြင်း စသော ဝတ်တို့ကိုလည်းကောင်း၊ ရေချိုးတော်မူရာ၌ ရေတည်ခြင်း, ဝစ္စကုဋိ ပဿာဝကုဋိတို့ကို သုတ်သင်ခြင်း, ကျောင်းကို ပြုပြင်ခြင်းစသော ဝတ်တို့ကိုလည်းကောင်း “ဘုန်းတော်ကြီးသော အရှင်ဘုရား.. ဤအခါကား မျက်နှာသစ်တော်မူသော အခါပါတည်း၊ ဤအခါကား တပည့်သားတို့ကို တရားပြသ၍ ဩဝါဒပေးတော်မူသော အခါပါတည်း၊ ဤအခါကား ရောက်လာသော ပရိသတ်တို့အား တရားဟောတော်မူသော အခါပါတည်း” ဤသို့ စသည်ဖြင့် ကိစ္စအလုံးစုံတို့ကို ငိုကာငိုကာ လျှောက်၍ ပြုလေ၏။

ထိုသို့ပြုသည်ကို ကျောင်းတော်စောင့် နတ်တယောက်မြင်လျှင် “အရှင်အာနန္ဒာ.. သောတာပန်ဖြစ်ပြီးသော အရှင်ဘုရားတို့မှ ဤမျှလောက် တချောက်ချားချား တရှိုက်ငင်ငင် ပူပင်ငိုယိုဘိမူ သူတပါးတို့မှာ အဘယ်သို့ သက်သာရာ ရနိုင်ပေအံ့နည်း”ဟု ဆို၏။ ထိုသို့ နတ်သားကြားလျှောက်သောအခါမှ ရှင်အာနန္ဒာလည်း သတိပညာဖြင့် ကောင်းစွာ ချုပ်တည်းတော်မူ၏။

ဘုရားသခင် ပရိဗ္ဗာန်ဝင်သည်မှစ၍ ထိုင်ခြင်း ရပ်ခြင်း သွားလာခြင်းများသည်ဖြစ်၍ ကိုယ်တော်၌ ပြောသော သလိပ် သည်း‌ခြေရှိရကား နို့ရည်ဖြင့်ဖျော်သော ဝမ်းလားဆေးကို ဘုဉ်းပေးတော်မူ၏။

(စာမျက်နှာ-၅၂၂)

ထို့နောက် မိုးသောက်သောနေ့၌ တောဒေယျပုဏ္ဏား၏ သားဖြစ်သော သုဘလုလင်သည် အရှင်အာနန္ဒာ ကြွရောက်လာရာ၌ ငါသည် အဖူးအမြင်သွားသော် ကျောင်းတော်၌ ပရိသတ် အလွန်များ၍ တရားတော်ကို မနာရရှိလတ္တံ့၊ အိမ်သို့ပင့်ပြီးမှ ကောင်းမွန်စွာ ဆွမ်းလုပ်ကျွေး၍ တရားတော်ကို နာရသော် ကောင်း၏ဟု ကြံပြီးလျှင် အရှင်အာနန္ဒာ၏အထံသို့ တမန်လွှတ်၍ လျှောက်၏။ အရှင်အာနန္ဒာကလည်း “ငါကား ယနေ့ အနည်းငယ်သောဆေးကို ဘုဉ်းပေးမိသည်။ နက်ဖြန် လာနိုင်ငြားအံ့လည်းမသိ”ဟု မိန့်လိုက်ပြီးမှ ဒုတိယနေ့ နံနက်သောအခါ စေတကထေရ်ကို ပစ္ဆာသမဏပြု၍ သုဘလုလင်၏အိမ်သို့ ကြွပြီးလျှင် ဒီဃနိကာယ်၌ သုဘသုတ်ကို ဟောပေ၏။

ထို့နောက်မှ အရှင်အာနန္ဒာလည်း ပရိဘောဂစေတီဖြစ်သော ဇေတဝန်ကျောင်းတော်၌ ကျိုးသည် ပျက်သည်များကို ပြုပြင်ပြီးသော် ဝါလနီးသောအခါ ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူလေ၏။ အရှင်မဟာကဿပထေရ် အရှင်အနုရုဒ္ဓါထေရ်တို့သည်လည်း မိမိတို့ ပရိသတ်နှင့်တကွ ရာဇဂြိုဟ်ပြည်သို့ အရောက်ညီကြသော် ပြည်၏ ထက်ဝန်းကျင်၌တည်သော တဆယ့်ရှစ်ရပ်သော ကျောင်းကြီးတို့၌ ပျက်စီးယိုယွင်းလေသည်တို့ကိုလည်းကောင်း၊ ကျသော အမှိုက်သရိုက်တို့ကိုလည်းကောင်း သုတ်သင် ပြုပြင်ကြကုန်၏။

ကျောင်းများ ပျက်စီးရခြင်း မှတ်ချက်

(အဘယ့်ကြောင့် ထိုကျောင်းကြီးတို့သည် ပျက်စီးယိုယွင်းခြင်း ရှိလေသနည်းဟူမူကား- ရဟန်းတို့သည် ဘုရားပရိနိဗ္ဗာန်ယူသည်ဟု ကြားသော် ကျောင်းတို့ကို ပစ်ထား၍ မိမိတို့၏ သင်္ကန်းသပိတ် ပရိက္ခရာနှင့်သာ ကုသိနာရုံပြည်သို့ လာကြသောကြောင့် စိုးစဉ်း ကျိုးပျက်လေသတည်း။)

အဇာတသတ်မင်း သာသနာပြုပုံ

ကျောင်းတို့ကို သုတ်သင်ပြီးသော် ဝါဆိုလပြည့်နေ့၌ ဥပုသ်ပြုကြ၍ လပြည့်ကျော်တရက်နေ့၌ စည်းဝေး၍ ဝါကပ်ပြီးမှ ဤသို့ တိုင်ပင်ကြ၏၊ “ငါတို့၏ ပုဗ္ဗကိစ္စကား ပြီးပြီ၊ ယခုအခါ သံဂါယနာ တင်ကြခြင်းငှါ စည်းဝေးရာမဏ္ဍပ်သာ လိုတော့သည်၊ ဤအရာကို အဇာတသတ်မင်းအား ကြားကုန်အံ့”ဟု တိုင်ပင်လျက် နောက်နေ့ နံနက်သောအခါ သံဃာတော်ရှစ်ဦးတို့ မင်းအိမ်သို့ ကြွတော်မူကြကုန်၍ မင်းကြီးအား ဤသို့ ဆိုကြလေကုန်၏၊ “ပြည့်ရှင်မင်းမြတ်.. ငါတို့ပြုအပ်သော ဝိဟာရ ပဋိသင်္ခရဏ စသော ကိစ္စသည် ပြီးပြီ၊ ယခုအခါ တရားဓမ္မက္ခန္ဓာတို့ကို သံဂါယနာတင်ရန်သာ လိုတော့သည်”ဟု ဆိုလေ၏။

ထိုမင်းကလည်း “အရှင်ဘုရားတို့.. မရွံ့မထိတ် စိတ်တော်ရှိတိုင်း လွတ်လွက်သာ ပြုတော်မူပါ။ အကျွန်ုပ်၏ အာဏာစက်လည်း ဖြစ်ပါစိမ့်မည်။ အရှင်ဘုရားတို့ ဓမ္မစက်ကိုလည်း ဖြစ်ပါစေကုန်၊ အရှင်တို့၌ မပြည့်စုံသော အကျွန်ုပ်တို့ ပြုဖွယ်ကိစ္စကား အဘယ်နည်း”ဟု လျှောက်၏၊ “မင်းကြီး.. ငါတို့ သံဃာငါးရာ စည်းဝေးခြင်းငှါ လျောက်ပတ်သော မဏ္ဍပ်ကို အလိုရှိချေ၏၊ ထိုမဏ္ဍပ်ကိုကား စရည်းပင်ရောက်သော လိုဏ်ဝ၌ ပြုစေချင်သည်”ဟု ဆိုလျှင် “အရှင်ဘုရား.. ကောင်းပါပြီ။ အကျွန်ုပ် ဆောက်လုပ်ပါတော့မည်”ဟု ဝန်ခံ၍ မြန်စွာ သစ်ဝါးတို့ကို ဆောင်စေပြီးသော် ညီညွတ်ပြီးသော မြေအပြင်တခု၌ ဝိသကြုံနတ်သားသည် ဖန်ဆင်းအပ်သည်နှင့်တူသော အကြီးအငယ် ကျဉ်းကျယ်နိမ့်မြင့် အသင့်ဝေဖန်အပ်သော နံရံ သည်တိုင် စောင်းတန်းရှိထသော

(စာမျက်နှာ-၅၂၃)

ခြူးပန်း ခြူးနွယ်တို့ဖြင့် ဆန်းကြယ်စွာ ရေးခြယ်စီခင်းလျက် မင်းအိမ်နန်းတော်၏ ကျက်သရေကို နှိပ်စက်လေသကဲ့သို့ မြင်းမိုရ်ထိပ်ဖျား သိကြားဗိမာန် ဝေဇယန်ကို ပြိုင်စံ၍ ပြက်ရယ်ပြုသည့်ပမာ အံ့ဖွယ်စွာသော ဗြဟ္မာမင်း၏ဗိမာန်နှင့် တူထသော ရှုဖွယ်ဘနန်း အံ့မခန်းသော မဏ္ဍပ်ကို ဆောက်လုပ်ပြီးလျှင် သံဃာတော်တို့၏ နေရာများ၌ များစွာအဖိုးထိုက်သော အခင်းတို့ကို ခင်းကျင်းစီရင်လတ်၍ မဏ္ဍပ်၏အလယ်ချာ၌ ဘုရားတို့သာ နေခြင်းငှာထိုက်သော ဓမ္မာသနကို ဆင်စွယ်ယပ်နှင့်တကွ ထား၍ တောင်ဘက်နံပါးကိုမှီကာ ဥတ္တရာမုခဖြင့် သံဃာထေရ်ကြီးတို့၏ နေရာကိုထား၍ ခမ်းနားတင့်တယ်စွာ စီမံပြီးသော် သံဃာတော်တို့အား “အရှင်ဘုရားတို့.. အကျွန်ုပ်ကိစ္စ ပြီးပါပြီ”ဟု လျှောက်၏။

အရှင်အာနန္ဒာ ရဟန္တာဖြစ်ပုံ

ထိုအခါ ဝါခေါင်လဆန်း တဆယ့်လေးရက်သို့ ကျ၍ သံဃာတော်တို့ကလည်း လပြည့်နေ့ပင် စ၍ သံဂါယနာတင်ကုန်အံ့ဟု တိုင်ပင်ကြ၏၊ ထိုအခါ အချို့သော သံဃာတို့သည် အရှင်အနန္ဒာကိုရည်၍ “ငါတို့ အစည်းအဝေးဝယ် ကိလေသာတည်းဟူသော ဆိပ်နံ့ တကြိုင်ကြိုင်လှိုင်လျက် ထွက်လာ ဝင်လာလတ္တံ့သော သူတဦး ရှိသည်တကား”ဟု ပြက်ရယ်စကား ဆိုကြ၏။

ထိုအခါ အရှင်အာနန္ဒာကလည်း “ငါမှတပါး ကိလေသာတည်းဟူသော ဆိပ်နံ့လှိုင်လျက် ထိုင်လတ္တံ့သောသူမည်သည် မရှိပြီ၊ ဤရဟန်းတို့သည် ငါ့ကိုရည်၍ပင် ဆိုချေသည်တကား”ဟု ကြီးမားသော သံဝေဂဖြစ်၏။ အချို့သော ရဟန်းတို့ကလည်း “အရှင်အာနန္ဒာ.. နက်ဖန်ပင် သံဃာ့အစည်းအဝေးသည် ဖြစ်လတ္တံ့၊ အရှင်ကား သေက္ခသာဖြစ်၍ အထက်မဂ်အလို့ငှာ ပြုဖွယ်ကိစ္စ ရှိချေသေး၏၊ မမေ့မလျော့ အားထုတ်တော်မူပါ၊ ရဟန္တာပရိသတ်သို့ ဝင်ရပါလတ္တံ့”ဟု ဆိုကြကုန်၏။

ထိုစကားကိုကြားလျှင် အရှင်အာနန္ဒာလည်း “ငါသည် သေက္ခသာဖြစ်လျက် ရဟန္တာပရိသတ်သို့ ဝင်ခြင်းငှါ မသင့်၊ အားထုတ်၍ကျင့်က အရဟတ္တဖိုလ်စိတ်သည် မျက်စိမှိတ်တခတ် လျှပ်ပြက်တခန့်သာတည်း၊ ငါ၏ကိစ္စသည် ယနေ့ညဉ့် ပြည့်စုံစေအံ့”ဟု ကြံလျက် ညဉ့်ဦးယံကပင် စင်္ကြံသို့တက်၍ လူးလာလူးလာ သွားလျက် ကာယဂတာသတိဟု ဆိုအပ်သော ဒွတ္တိံသာကာရကို အနုလောမအားဖြင့် စီးဖြန်း၍ သန်းခေါင်ယံ ကုန်ခန်း၏၊ မိုးသောက်ယံသို့ လှမ်း၍မျှ တရားအထူးကိုရခြင်းငှါ မတတ်နိုင်လေသော် ဆင်ခြင်တော်မူပြန်သည်ကား “မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ... သင်ကား ဖြည့်ပြီးသော ပါရမီရှိ၏။ ကမ္မဋ္ဌာန်းကိုသာ ကောင်းစွာအားထုတ်လော့၊ မမြင့်မီ ရဟန္တာဖြစ်လတ္တံ့”ဟု မိန့်တော်မူပါသည်။ မြတ်စွာဘုရားတို့စကားလည်း ဖောက်ပြား ချွတ်ယွင်းသောမည်သည် မရှိဖူး၊ လွန်ကျူးသော ဝီရိယကြောင့်ပင် သတိ,သမာဓိကို မရပဲ ငါ့အား ဥဒ္ဓစ္စဖြစ်လေသလော၊ ယခုအခါ ဝီရိယနှင့် သမာကို မျှစေဦးအံ့”ဟု ကြံလျက် စင်္ကြံမှ သက်ဆင်းပြီးသော် ကျောင်းတွင်းသို့ဝင်၍ အပင်ပန်း ဖြေတော်မူခြင်းငှာ အိပ်ရာညောင်စောင်းထက် ထိုင်၍ ငါးခိုင်သော ခန္ဓာတို့၏ အနိစ္စလက္ခဏာကို ဆင်ခြင်လျက် ကိုယ်တော်ကို လျောင်းလိုက်သော် ခြေတော်ကို မြေမှအကြွ, ဦးခေါင်းတော် အုံးသို့မကျမီ အထက်မဂ်သုံးတန်ကိုရ၍ အရဟတ္တဖိုလ်သို့ ရောက်တော်မူ၏။

(ထို့ကြောင့် ငါတို့မြတ်စွာဘုရား သာသနာတော်၌ လျောင်းစဉ်လည်းမဟုတ်၊ ထိုင်စဉ်လည်းမဟုတ်၊ ရပ်စဉ်လည်းမဟုတ်၊ သွားစဉ်လည်းမဟုတ်၊ ဣရိယာပုထ်လေးပါးမှ လွတ်ကွာလျက်
(စာမျက်နှာ-၅၂၄)
ရဟန္တာဖြစ်သည်ကား အသူနည်းဟု မေးလျှင် “အရှင်အာနန္ဒာပေတည်း”ဟု ဖြေအပ်၏။)

ယင်းသို့ ရှင်အာနန္ဒာ ရဟန္တာဖြစ်သည့်နောက် မိုးသောက်သောနေ့၌ လေးရာ့ကိုးကျိပ်ကိုးပါးသော ရဟန်းတို့ ဆွမ်းစား၍ ပြီးကြသော် သပိတ်သင်္ကန်းကို သိုမှီး၍ မဏ္ဍပ်သို့ကပ်ပြီးလျှင် ထေရ်စဉ်နေရာဖြင့် ကောင်းစွာ စည်းဝေးကြ၏။ အရှင်အာနန္ဒာ၏ အလို့ငှါလည်း နေရာကို ထားကြ၏။ အချို့သော ရဟန်းတို့ကလည်း “ဤနေရာကား အဘယ်ပုဂ္ဂိုလ်၏ နေရာနည်း”ဟု မေးလျှင် “အရှင်အာနန္ဒာ၏ နေရာပေတည်း”ဟု ပြောလင့်၏။

အရှင်အာနန္ဒာလည်း မိမိ၏ ရဟန္တာဖြစ်ကြောင်းကို သိစိမ့်သောငှါ သံဃာတို့နှင့်အတူ မလိုက်မူ၍ သံဃာတို့ တောင့်တသောအခါမှ မဟာပထဝီကို ဝင်လျှိုးသဖြင့် ထားလင့်သော နေရာထက်၌ ရုတ်ခြည်း ကိုယ်တော်ကိုပြပေ၏၊ ထိုသို့ ပြသောအခါမှ ရဟန္တာဖြစ်ကြောင်းကို သံဃာတော်အပေါင်းတို့ သိကြသတည်း၊ တရံသောအခါလည်း အာကာသခရီးဖြင့် သွား၍ နေရာ၌ ထင်ရှားပြသတည်း။

ပဌမသံဂါယနာတင်ပုံ

သံဃာတို့ စည်းဝေးမိကြသောအခါ အရှင်မဟာကဿပလည်း “ငါ့ရှင်တို့.. သုံးပုံသော ပိဋကတ်တို့တွင် ဝိနည်းကိုတည်း ရှေးဦးစွာ သံဂါယနာတင်ကြအံ့လော၊ သုတ်,အဘိဓမ္မာကိုတည်း ရှေးဦးစွာ သံဂါယနာတင်ကြအံ့လော”ဟု မေး၏၊ သံဃာတော်တို့ကလည်း “အရှင်ဘုရား.. ဝိနည်းတရားမည်သည်ကား သာသနာတော်၏ အသက်တည်း၊ ဝိနည်းတည်သော်သာလျှင် သာသနာတော် တည်ရာ၏၊ ထို့ကြောင့် ဝိနည်းကို ရှေးဦးစွာ သံဂါယနာ တင်သင့်ပါသည်”ဟု လျှောက်၏။ “ဝိနည်းကို တင်ကြအံ့ဆိုသော် အဘယ်ပုဂ္ဂိုလ်ကို အမှူးထား၍ တင်သင့်သနည်း”ဟု မေးပြန်၏။ “အရှင်ဥပါလိကို အမှူးထား၍ တင်ကြကုန်အံ့”ဟု လျှောက်၏၊ “အသို့နည်း.. အရှင်အာနန္ဒာ မစွမ်းနိုင်သလော”ဟု မေးပြန်လျှင် “အရှင်အာနန္ဒာလည်း စွမ်းနိုင်ပါ၏။ သို့ရာတွင် အရှင်ဥပါလိကိုမူကား မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် အရှင်ဥပါလိကို ဝိနယဓရအရာ၌ ဧတဒဂ်ထားတော်မူသည်၊ ထို့ကြောင့် အရှင်ဥပါလိကို အမှူးထားသင့်ပါသည်”ဟု လျှောက်၏။

ယင်းသို့ မေးမြန်းညှိနှိုင်းကြသောအခါ အရှင်မဟာကဿပနှင့် အရှင်ဥပါလိတို့သည် သမ္မုတိဉတ်ကို ထားကြ၏၊ ထို့နောက်မှ အရှင်ဥပါလိသည် ဆင်စွယ်ဖြင့်စီသော ယပ်ကိုကိုင်လျက် တရားဟောပလ္လင်ထက်၌ အရှေ့သို့မျက်နှာမူ၍ နေ၏၊ အရှင်မဟာကဿပလည်း တောင်ဘက်နံရံကိုမှီလျက် မြောက်သို့ မျက်နှာမူကာ ထေရာသန၌ နေပြီးသော် ဤသို့မေးတော်မူ၏၊ “ငါ့ရှင်ဥပါလိ.. ပဌမ ပါရာဇိကသိက္ခာပုဒ်ကို ဘုရားမြတ်စွာသည် အဘယ်ပြည်၌ အဘယ်ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ပညတ်တော်မူသနည်း”ဟု မေး၏၊ အရှင်ဥပါလိကလည်း “အရှင်ဘုရား.. ဝေသာလီပြည်၌ ကလန္ဒသဌေးသားဖြစ်သော သုဒိန်သည် မိမိမယားဟောင်း၌ မေထုန်မှီဝဲခြင်းတည်းဟူသော အကြောင်းကြောင့် ပညတ်တော်မူပါသည်”ဟု လျှောက်၏။

ဤသို့သော နည်းအားဖြင့် အလုံးစုံသော သိက္ခာပုဒ်တို့၏ ဝတ္ထုကိုလည်းကောင်း၊ နိဒါန်းကိုလည်းကောင်း၊ ပုဂ္ဂိုလ်ကိုလည်းကောင်း၊ ပညတ်ရင်းကိုလည်းကောင်း၊ အနုပညတ်ကိုလည်းကောင်း၊ အာပတ္တိဝါရကိုလည်းကောင်း၊ အနာပတ္တိဝါရကိုလည်းကေင်း၊ ပဒဘာဇနီကိုလည်းကောင်း မေး၏၊ မေးတိုင်းမေးတိုင်း၌ အရှင်ဥပါလိလည်း ဖြေဆို၏။ ထိုသိုမေးကြပြီးမှ ဤမျှသော

(စာမျက်နှာ-၅၂၅)

သိက္ခပုဒ်စုကား ပါရာဇိကကဏ္ဍတည်း၊ ဤမျှကား သံဃာဒိသိသ်တည်း၊ ဤမျှကား အနိယတတည်း၊ ဤသို့စသည်ဖြင့် ပါရာဇိကလေးပါး, သံဃဒိသိသ် တဆယ့်သုံးပါး, အနိယတနှစ်ပါး, နိဿဂ္ဂိယပါစိတ် သုံးဆယ်, သုဒ္ဓပါစိတ် ကိုးဆယ့်နှစ်ပါး, ပါဋိဒေသနီ လေးပါး, သေခိယ ခုနစ်ဆယ့်ငါးပါး, အဓိကရဏသမထ ခုနစ်ပါးအားဖြင့် ပေါင်း-နှစ်ရာ့နှစ်ဆယ့်ခုနစ်ပါးသော တရားအစုကို ဘိက္ခုဝိဘင်းဟူသော အမည်ဖြင့်ထား၍ ရဟန်းမိန်းမတို့အား ပညတ်တော်မူအပ်သော ပါရာဇိကရှစ်ပါး, သံဃာဒိသိသ် တဆယ့်ခုနစ်ပါး, နိဿဂ္ဂိယပါစိတ် သုံးဆယ်, သုဒ္ဓပါစိတ် တရာ့ခြောက်ဆယ့်ခြောက်ပါး, ပါဋိဒေသနီ ရှစ်ပါး, သေခိယ ခုနစ်ဆယ့်ငါးပါး, အဓိကရဏသမထ ခုနစ်ပါးအားဖြင့် သုံးရာ့တဆယ့်တပါးသော သိက္ခာပုဒ်တို့ကို ဘိက္ခုနီဝိဘင်းဟူသော အမည်ဖြင့်ထား၍ ကြွင်းသော တရားအစုကို မဟာဝါခန္ဓက, စူဠဝါခန္ဓက, ပရိဝါဟူသော အမည်ဖြင့် သီးသန့်၍ထားပြီးမှ ရဟန္တာငါးရာလုံး ပေါင်းရုံး၍ သရဇ္ဈာယ်ကြကုန်၏။

ဝိနည်းကို သံဂါယနာတင်ပြီးသော် အရှင်မဟာကဿလည်း “ငါ့ရှင်တို့.. သုတ်အဘိဓမ္မာကို သံဂါယနာတင်ရာဝယ် အဘယ်ပုဂ္ဂိုလ်ကို အမှူးထား၍ တင်သင့်သနည်း”ဟု မေးပြန်၏။ “အရှင်အာနန္ဒာကို အမှူးထား၍ တင်သင့်ပါသည်”ဟု လျှောက်လျှင် ရှင်အာနန္ဒာကို ရှင်ဥပါလိ၏နေရာသို့ တက်စေ၍ ဤသို့ မေးပြန်၏။ “ငါ့ရှင်အာနန္ဒာ.. မြတ်စွာဘုရားသည် ဗြဟ္မဇာလသုတ်ကို အဘယ်ဒေသ၌ အဘယ်ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဟောတော်မူပါသနည်း”ဟု မေး၏။ “အရှင်မဟာကဿပ.. ဤဗြဟ္မဇာလသုတ်ကို ရာဇဂြိုဟ်ပြည်နှင့် နာဠန္ဒမြို့၏ အကြားသို့ ဘုရားကြွတော်မူလာသောကာလ သုပ္ပိယပရိဗိုဇ်နှင့် ဗြဟ္မဒတ်လုလင်တို့ ကဲ့ရဲ့ခြင်း ချီးမွှမ်းခြင်း ဖြစ်သည်ကို အကြောင်းပြု၍ ဟောတော်မူပါသည်”ဟု လျှောက်၏။

ဤသို့စသည်ဖြင့် အလုံးစုံသော သုတ္တန်ပိဋကတ်, အဘိဓမ္မာ ပိဋကတ်တို့ကို အရှင်မဟာကဿပ မေးတော်မူသည်။ မေးတိုင်း မေးတိုင်းလည်း အရှင်အာနန္ဒာ ဖြေတော်မူသည်။

ဤသို့ မေးကြပြီးမှ ရှည်သော ပမာဏရှိသော သုံးဆယ့်လေးသုတ်ကို ပေါင်း၍ ဒီဃနိကာယ်ဟု သမုတ်သည်၊ အလယ် ပမာဏရှိသော တရာ့ငါးဆယ့်နှစ်သုတ်ကို ပေါင်း၍ မဇ္ဈိမနိကာယ်ဟု သမုတ်သည်၊ ငယ်သော ပမာဏရှိသော ခုနစ်ထောင့်ခုနစ်ရာ့ခြောက်ဆယ့်ငါးသုတ်ကို ပေါင်း၍ သံယုတ္တနိကာယ်ဟု သမုတ်သည်၊ အင်္ဂါတပါးလွန်သုတ်စု ကိုးထောင့်ငါးရာ့ငါးဆယ့်ခုနစ်သုတ်ကို ပေါင်း၍ အင်္ဂုတ္တရနိကာယ်ဟု သမုတ်သည်၊ ခုဒ္ဒကပါဌ, ဓမ္မပဒ, ဥဒါန်း, ဣတိဝုတ်, သုတ္တနိပါတ်, ဝိမာနဝတ္ထု, ပေတဝတ္ထု, ထေရဂါထာ, ထေရီဂါထာ, ဇာတ်, နိဒ္ဒေသ, ပဋိသမ္ဘိဒါမဂ်, အပဒါန်, ဗုဒ္ဓဝင်, စရိယပိဋကအားဖြင့် တဆယ့်ငါးကျမ်းသော သုတ်တို့ကိုလည်းကောင်း၊ အဘိဓမ္မာ ခုနစ်ကျမ်း, ဝိနည်းငါးကျမ်းတို့ကိုလည်းကောင်း၊ ထိုမှကြွင်းသော ဘုရားစကားတော်တို့ကိုလည်းကောင်း ပေါင်းချုပ်၍ ခုဒ္ဒကနိကာယ်ဟု သမုတ်သည်။ ဤသို့ အမည်အရည် သီးသန့်မှတ်ပြီးမှ ရဟန္တာငါးရာလုံး ပေါင်းရုံး၍ ရွတ်အံသရဇ္ဈာယ်ကြကုန်၏။

ထို့ကြောင့်-

သမောဓာနေတွာ ဂါယန္တိ ဧတ္ထာတိ သံဂါယနာ-

ဟူသော ဝစနတ္ထနှင့်ညီစွာ သံဂါယနာမည်၏။

(စာမျက်နှာ-၅၂၆)

အနက်ကား-ဧတ္ထ သမယေ၊ ဤအခါ၌။ ဝါ၊ ဤအစည်းအဝေး၌။ သမောဓာနေတွာ၊ ပေါင်း၍။ ဂါယန္တိ၊ ရွတ်ကြကုန်၏။ ဣတိ တသ္မာ၊ ထိုသို့ ပေါင်းရုံး၍ ရွတ်ရာဖြစ်သော သတ္တိကြောင့်။ သံဂါယနာ၊ သံဂါယနာမည်၏။ (သံ-ရှေးရှိသော ဂါ-ဓာတ်, ယု-ပစ္စည်း။)

ယင်းသို့ သံဂါယနာတင်၍ ပြီးဆုံးသောအခါ မဟာပထဝီမြေကြီးသည် ကောင်းချီးပေးသည့်ပမာ မဟာသမုဒ္ဒရာ အဆုံးရှိသည်ကိုပြု၍ အိုးထိန်းစက်ကဲ့သို့ သွက်သွက်ခါမျှ တုန်လှုပ်၏၊ သူရာ,ဂဠုန်, ကုမ္ဘဏ်အများ, သိကြား, ဗြဟ္မာတို့၏ ကြော်ညာဟစ်ကြွေး ကောင်းချီးပေးသော အသံတို့သည် ညံညံညုန်းညုန်း အုန်းအင်ခတ်မျှ ရှိကုန်၏။ အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲ ထူးကဲသော တိတ်နိမိတ်တို့သည် ဖြစ်ကုန်၏။

ပဌမ သံဂါယနာကား ဝါခေါင်လပြည့်ကျော် တရက်နေ့မှစ၍ တင်သည်၊ တပေါင်းလပြည့်တိုင်ရောက် ခုနစ်လမြောက်မှ ပြီးဆုံးသတည်း။

၈၉။ ဘုရားရှင့်ဓာတ်တော်ကို ရှင်မဟာကဿပနှင့် အဇာတသတ်မင်းတို့ ဌာပနာခြင်း

သက္ကရာဇ်ဖြိုခြင်း

သံဂါယနာပွဲ ပြီးသောအခါ အဇာတသတ်မင်းလည်း အရှင်မဟာကဿပနှင့် ညှိနှိုင်းတိုင်ပင်ကြ၍ ဘုရားသာသနာတော်နှင့် ကောဇာ တညီတည်းရှိစိမ့်သောငှါ တရာ့လေးဆယ့်ရှစ်ခုသော သက္ကရာဇ်ကို ချေ၍ ကိန်းသစ်ထားလေ၏။

ဓာတ်တော်အားလုံးကို စုရုံး၍ စေတီတည်ခြင်း

ထို့နောက်မှ အရှင်မဟာကဿပသည် အနာဂတံသဉာဏ်ဖြင့် ဆင်ခြင်တော်မူသော် အသီးအသီး စေတီတည်၍ ပူဇော်ကြလေသော ဓာတ်တော်တို့၏ အန္တရာယ်သည် နောင်သောအခါ ဖြစ်ရာလတ္တံ့သည်ကို မြင်၍ မင်းအိမ်သို့ဝင်ပြီးသော် အဇာတသတ်မင်းအား ဤသို့ဆိုပေ၏။ “မင်းကြီး... ဓာတ်တော်ကို ဝေပြီးလျှင် အသီးအသီး ပင့်ဆောင်၍ မိမိတို့ပြည်ရွာ၌ အလွယ်တကူသာ စေတီတည်၍ ကိုးကွယ်ကြခြင်းသည် မသင့်သေး၊ ဘေးရန်မရှိနိုင်အောင် ဤပြည်သို့ဆောင်၍ တစုတပုံတည်းထားမှ ရှည်လျားစွာ တည်နိုင်ရာသည်”ဟု မိန့်တော်မူသည်။

ထိုအခါ အဇာတသတ်မင်းကလည်း “အရှင်ဘုရား... ဓာတ်တော်တို့ကို သိုမှီးရမည့်အမှုမှာ အကျွန်ုပ်တာဝန် ဖြစ်ပါစေ၊ တိုင်းတပါးတို့သို့ ပါသွားလေသော ဓာတ်တော်တို့ကို ဤပြည်သို့ ရောက်အောင်မှာ အကျွန်ုပ်မကြံနိုင်ပါ”ဟု လျှောက်၏။ အရှင်မဟာကဿပလည်း “ဤဓာတ်တော်တို့ကို ဆောင်ခြင်းကိစ္စသည် ငါ့ဝန်ပင် ဖြစ်စေ”ဟု ဝန်ခံ၏။

ယင်းသို့ ဝန်ခံပြီးသော် တန်ခိုးတော်ဖြင့် ကြွလေ၍ ထိုထိုသော မင်းတို့၏ပြည်၌ တည်လေသော စေတီ၏အတွင်းဝယ် ကိုးကွယ်ပူဇော်ရရုံ အနည်းငယ်သော ဓာတ်တော်တို့ကို ခြွင်း၍ ကြွင်းသော ဓာတ်တော်တို့ကို ဆောင်ယူလေ၏၊ ရာမရွာ၌ရှိသော ဓာတ်တော်တစုကို နဂါးတို့ စောင့်ရှောက်သောကြောင့် အန္တရာယ်မရှိပဲ နောင်သောအခါ လင်္ကာဒီပ၌ မဟာဝိဟာရတိုက်တွင် မဟာစေတီ၌ တည်ထားလတ္တံ့ဟု နှလုံးပြု၍ မယူမဆောင်လေ၊ ကြွင်းသော ပြည်ထောင်မင်းတို့၏

(စာမျက်နှာ-၅၂၇)

ထံမှသာ ဆောင်ယူ၍လာသဖြင့် ရာဇဂြိုဟ်ပြည်သို့ရောက်သော် မြို့၏ အရှေ့တောင် ကုန်းခေါင်မြင့်မောက်ရာအရပ်၌ တည်ရပ်တော်မူ၍ “ဤဌာန၌ မညီမလှသော ကျောက်တို့သည် ကွယ်ပျောက်စေသော၊ မြေမှုန့်သက်သက်သာ ဖြစ်စေသော၊ တူး၍ နက်သော်လည်း ရေမထွက်သည် ဖြစ်စေသော”ဟု အဓိဋ္ဌာန်တော်မူ၏။ အဇာတသတ်မင်းလည်း ထိုအရပ်ကို တူးစေ၍ တူးရွင်းစာမြေကို အုတ်လုပ်စေပြီးလျှင် တွင်း၏ ထက်ဝန်းကျင်၌ ရှစ်ကျိပ်သော မဟာသာဝကတို့၏စေတီကို စီမံတည်ထား၏။

အဘယ့်ကြောင့် တည်ထားသနည်း ဟူမူကား မင်းကြီးသည် ဤစေတီကို ပြုပြင်ခြင်းငှါသာ မြေကိုတူသတည်းဟု ထင်စေ၍ ဓာတ်တော်ထားကြောင်းကို တစုံတယောက်သောသူမျှ မသိစေခြင်းငှါ သာဝကရှစ်ကျိပ်တို့၏ စေတီကို တည်လုပ်လေသတည်း။

တူးသောတွင်းသည် အတောင်ခြောက်ဆယ် နက်လတ်သော် အောက်၌ သံပြားကို ခင်းစေ၍ ထိုသံပြားပေါ်၌ သီဟိုဠ်ကျွန်း ထူပါရုံစေတီ ပမာဏရှိသော ကြေးနီဖြင့်ပြီးသော ကျောင်းကို ပြုစေ၍ ထိုအတွင်း၌ သာယာစွာ ခင်းကျင်းပြီးသော် ဓာတ်တော်တို့ကို စန္ဒကူးကြုတ် ရှစ်လုံးတို့၌ သွင်း၍ ထိုအထက်၌ ရွှေကြုတ် ငွေကြုတ် မွမ်းမံပြီးလျှင် ထပ်ကာထပ်ကာ ရတနာကိုးပါးဖြစ်သော ကျောက်တို့ကိုထွင်း၍ အထပ်ထပ်သွင်းပြီးမှ အပေါ်ကမူကား ပတ္တမြားပြောက်ကျောက်ကို စေတီပြု၍ ထား၏။ ထိုစေတီ၏အပေါ်၌ ရွှေဖြင့်ပြီးသော ကျောင်း, ငွေဖြင့်ပြီးသော ကျောင်း, ဖန်ဖြင့်ပြီးသော ကျောင်းကိုလည်း ဆင့်ကာဆင့်ကာ ပြုလုပ်စေရကား ပြင်ဆုံးဖြစ်သော ကြေးပြာသာဒ်သို့ရောက်အောင် အထပ်ပေါင်း တရာ့ခြောက်ဆယ် ရှိလေသတည်း။

ထိုဓာတ်တော် ဌာပနာရာတိုက်၌ ရတနာဖြင့်ပြီးသော သဲတို့ကို ကြဲဖြန့်၍ ရေပန်း, ကြည်းပန်း အပေါင်းတို့ကိုလည်း ကောင်းစွာ ခင်းထားလျက် နံပါး ရှစ်ဖက်တို့၌လည်း ငါးရာ့ငါးဆယ်သော ဇာတ်ရုပ်, သုဒ္ဓေါဒနမင်း, သိရီမဟာမာယာမိဖုရား, ဖွားဖက်တော်သားတို့၏ အရုပ်ကိုလည်းကောင်း ရွှေအတိကိုသွန်းလုပ်၍ ထားပေ၏။

ထိုအကြား၌ ထက်ဝန်းကျင်မှ ရံလျက် ရွှေတံခွန် ငါးရာ, ငွေတံခွန် ငါးရာ, ရွှေမြူတာ, ငွေမြုတာ ငါးရာတို့ကိုလည်း ကောင်းစွာ ဆောက်ပေ၏၊ ရွှေဆီမီးတိုင် ငါးရာ, ငွေဆီမီးတိုင် ငါးရာတို့ဖြင့် နံ့သာဆီမီးကိုလည်း တညီတည်း ပူဇော်၏။ အထုံအခိုး မွှေးမျိုးအပေါင်းကိုလည်း ကောင်းစွာ ကြဲဖြန့်၏။

ထိုသို့ စီရင်ပြီးမှ အရှင်မဟာကဿပသည် မွှေးကြူလှသော ကြာညိုပန်းကို စိုက်ပြီးမှ “ဤပန်းသည် နောင်သောအခါ ဓမ္မာသောကမင်းကြီးသည် ဓာတ်တော်ကို ပင့်ဆောင်၍ ဇမ္ဗူဒိပ်ကျွန်းကို ဖြန့်လတ္တံ့၊ ထိုအခါတိုင်အောင် ပန်းမညှိုးနိုင်သည် ဖြစ်စေသော၊ နံ့သာမျိုးတို့သည် အခိုးရနံ့မပြယ်သည် ဖြစ်စေသော၊ ဆီမီး မငြိမ်းသည် ဖြစ်စေသော”ဟု အဓိဋ္ဌာန်တော်မူ၏၊ ရွှေပေ၌ အက္ခရာကို ရေးသား၍လည်း ထားစေ၏၊ အက္ခရာကား-

အနာဂတေ ပိယဒါသော နာမ ကုမာရော ဆတ္တံ ဥဿာပေတွာ အသောကော နာမ ဓမ္မရာဇာ ဘဝိဿတိ၊ သော ကုမာရော ဓာတုယော ဂဟေတွာ ဝိတ္ထာရိကာ ကရိဿတိ-

ဟူသတည်း။

(စာမျက်နှာ-၅၂၈)

[အနက်ကား]အနာဂတေ၊ နောင်သောအခါ၌။ ပိယဒါသော နာမ၊ ပိယဒါသအမည်ရှိသော။ ကုမာရော၊ မင်းသားသည်။ ဆတ္တံ၊ ဇမ္ဗူဒိပ်လုံး သိမ်းကျုံးစိုးလစ် ဧကရာဇ်ထီးဖြူကို။ ဥဿာပေတွာ၊ စိုက်ဆောက်၍။ အသောကော နာမ၊ အသောက အမည်ခံသော။ ဓမ္မရာဇာ၊ မင်းတရားသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ သော ကုမာရော၊ ထိုအသောက မင်းသားသည်။ ဣမာ ဓာတုယော၊ ဤဓာတ်တော်တို့ကို။ ဂဟေတွာ၊ ယူ၍။ ဝိတ္ထာရိကာ၊ နှံ့စေသည်ကို။ ကရိဿတိ၊ ပြုလတ္တံ့။

ထို့နောင် အဇာတသတ်မင်းသည်လည်း အလုံးစုံသော တန်ဆာတို့ကို ပူဇော်ပြီးမှ တံခါးတို့ကို အစဉ်အတိုင်း ပိတ်လျက် အထက်ဆုံးဖြစ်သော ကြေးနီတံခါးဝယ် ကြီးကျယ်သော မင်းတုပ်ကိုဖွဲ့၍ နှစ်ဆယ့်လေးကုဋေ အဖိုးထိုက်သော ပတ္တမြားကို တံခါးဝ၌ ထားပြီးသော် “နောင်သောအခါ ဆင်းရဲစွာသော မင်းတို့သည် ဤပတ္တမြားကိုယူ၍ ဓာတ်တော်တို့ကို ပူဇော်စေသတည်း”ဟု အက္ခရာတို့ကိုရေးသား၍ ထားစေ၏။

ယန္တရားစက် တပ်ဆင်ထားခြင်း

ထို့နောက်မှ ဘူတာဝါဟန ယန္တရားစက် ဆင်တတ်သောသူကို ရှာ၍ ဆုလာဘ်များစွာ ပေးပြီးလျှင် အသက်ရှင်သော လူယောကျ်ားကဲ့သို့ သစ်သားဖြင့်ပြီးသော အရုပ်တို့သည် ကြောက်မက်ဖွယ်သော လက်နက်ကို စွဲကုန်လျက် ထားလေ၏၊ လေအဟုန်ကဲ့သို့သော လျင်ခြင်းဖြင့် အဆင့်ဆင့် လည်စေလျက် ထားပေ၏။

(ဓာတုဝင်၌ကား- သိကြားက စေ၍ ဝိသကြုံနတ်သားသည် ယန္တရားစက်ရုပ်ကို စီရင်၍ ထားလာသည်ဟု ဆို၏။ ထိုစကားသည် ဒီပဝင်, မဟာဝင်စသော ကျမ်းတို့နှင့် မညီ၊ ဥပစာယူသော်ကား သင့်ရာ၏။)

ယင်းသို့ ကြောက်မက်ဖွယ်သော ယန္တရားစက်ကို ထားပြီးမှ အထက်၌ တခုသော ကျောက်ဖျာဖြင့် ဖုံး၍ ထိုကျောက်ဖျာပေါ်၌ မြေမှုန့်တို့ကို ဖို့ပြီးသော် အပေါ်၌ ကျောက်စေတီကို ပြုပေ၏။ ဤသို့ ဓာတ်တော်တို့ကို ကောင်းမွန်စွာ သိုမှီပြီးသော် သာဝကကြီးဖြစ်သော အရှင်မဟာကဿပလည်း ပရိနိဗ္ဗာန် လွန်တော်မူ၏၊ ထိုမှကြွင်းသော အရှင်တို့လည်း အသက်အတိုင်းတည်၍ နိဗ္ဗာန်ယူလေကုန်၏၊ အဇာတသတ်မင်းလည်း အစဉ်အတိုင်း မင်းပြု၍ မင်းစည်းစိမ် သုံးဆယ်နှစ်နှစ်ရှိသောကာလ သားတော်ဥဒယဘဒ္ဒ လုပ်ကြံ၍ ကံကုန်လေ၏။

အဇာတသတ်မင်း

(ထိုမင်းကား ဘုရား နိဗ္ဗာန်မလွန်မီ ရှစ်နှစ်, နိဗ္ဗာန်လွန်ပြီးနောက် နှစ်ဆယ့်လေးနှစ်အားဖြင့် သုံးဆယ့်နှစ်နှစ် မင်းမူရသတည်း)

အဇာတသတ်မင်းသည် တိဟိတ်ပဋိသန္ဓေ နေသောသူဖြစ်လျက် အဆွေခင်ပွန်းယုတ်ဖြစ်သော ဒေဝဒတ်နှင့် ပေါင်းမိသောကြောင့် ပိတုဃာတကကံကို ပြုမှား၍ ရှည်လျားစွာ အဝီစိငရဲ၌ ခံထိုက်သူဖြစ်လျက် ဘုရားရတနာ၌ အလွန်သဒ္ဓါ၍ သာသနာကို ချီးမြှောက်ပေရကား အဝီစိအနီးအပါးဖြစ်သော လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းခံ၍ လွတ်ပြီးလျှင် မေတ္တေယျဘုရားရှင် အကြား၌ ဝိဇိတာဝီမည်သော ပစ္စေကဗုဒ္ဓါ ဖြစ်လတ္တံ့သတည်း။

(စာမျက်နှာ-၅၂၉)

၉၀။ ဒုတိယသံဂါယနာတင်ခြင်း

ဥဒယဘဒ္ဒမင်း စည်းစိမ် တဆယ့်ခြောက်နှစ် သက္ကရာဇ် ၄ဝ-တွင် သားတော် အနုရုဒ္ဓါ လုပ်ကြံ၍ မင်းပြုပြန်သည်။ ထိုအနုရုဒ္ဓါကို သားတော် မုဏ္ဍ လုပ်ကြံ၍ မင်းပြုသည်။ ထိုမင်းနှစ်ဦး စည်းစိမ်ရှစ်နှစ် သက္ကရာဇ် ၄၀-ခု ရှိသောအခါ သားတော် နာဂဒါသသည် ခမည်းတော် မုဏ္ဍကို လုပ်ကြံ၍ မင်းပြုသည်၊ နာဂဒါသ စည်းစိမ် နှစ်ဆယ့်လေးနှစ် သက္ကရာဇ် ၇၂-ခု ရှိသောအခါ အဖသတ်မင်းမျိုး ငါးဆက်ကိုဖြတ်၍ သုသုနာဂ အမတ်ကြီးကို ပြည်သားအပေါင်းတို့ မင်းမြှောက်ကြသည်။

ကာလာသောကမင်းကြီး

သုသုနာဂအကြောင်းကား- ဝေသာလီပြည်၌ မင်းပြုသော လိစ္ဆဝီမင်းမျိုးတို့သည် ပြည်ရွာဆိတ်ငြိမ်သောကြောင့် အမတ်ပညာရှိတို့နှင့် စည်းဝေး၍ “ငါတို့၏ မြို့ရွာသည် မြို့အင်္ဂါလေးပါး, ပြည်ကြီးအင်္ဂါရှစ်ပါး စသည်တို့နှင့် ပြည့်စုံပါလျက် အဘယ့်ကြောင့် ဆိတ်ငြိမ်ဘိသနည်း”ဟု မေး၏။ အမတ်ပညာရှိတို့ကလည်း ပြည့်တန်ဆာ မရှိသောကြောင့် ဆိတ်ငြိမ်သည်ဟု ပြောလျှင် မိမိတို့၏အမျိုးတွင် အဆင်းပြင်လျာ လှပသော မင်းသမီးတယောက်ကို ပြည့်တန်ဆာအရာ၌ ထား၏၊ အသပြာ ငါးရာပေးမှ မွေ့လျော်ရလေ၏၊ ပြည်သားတို့သည် များစွာ ပျော်ရွှင်ကြလေသော် အမျိုး၏ကျက်သရေကို စောင့်သော လိစ္ဆဝီမင်းတဦးသည် ယူ၍ သိမ်းထား၏။

ထိုမင်းသမီးလည်း လိစ္ဆဝီမင်းနှင့် ဆက်ဆံရာတွင် ပဋိသန္ဓေပါလေ၏။ အခါစေ့၍ ဖွားလေသော် သားတစ်ဖွားရကား အိုးသစ်တွင်ထည့်၍ လုံစွာပိတ်ပြီးမှ မြို့အပသို့ ပစ်စေ၏၊ ထိုအခါ နဂါးကြီးတခုသည် အိုးကိုခွေပတ်၍ ပါးပြင်းမိုးလျက် စောင့်နေ၏။ သားတစ်သည် ရင့်၍ သတို့သားဖြစ်သောအခါ ပြည်သူတို့ အုတ်အုတ်ကျက်ကျက် လာ၍ ကြည့်ရှုကြသဖြင့် လိစ္ဆဝီမင်းတို့ ကြားလေသော် သွား၍ အိုးကိုယူစေ၏၊ ဖွင့်၍ ကြည့်လေသောအခါ ဘုန်းလက္ခဏာနှင့် ပြည့်စုံသော သတို့သားကိုမြင်၍ ရင်ထွက်သားအမှတ်ဖြင့် မွေးလေ၏။

(နဂါးကြီးသည် လူတို့လာသောအခါ “သူ-သူ”ဟူသော အသံပြု၍ ပြေးလေသည်ကို အကြောင်းပြု၍ “သုသုနာဂလုလင်”ဟု ခေါ်ကုန်၏။)

ထိုသုသုနာဂ ခုနစ်နှစ်ရွယ် ငယ်သောအခါကပင် အဇာတသတ်မင်းချီ၍ လုပ်ကြံလာသဖြင့် ဝေသာလီပြည်အလုံးကို ရ၍ စုံမက်လောက်သမျှသော လူသူဘဏ္ဍာတို့ကို ရာဇဂြိုဟ်ပြည်သို့ ဆောင်လေ၏၊ ထိုအခါ သုသုနာဂသည် ရာဇဂြိုဟ်ပြည်သို့ အမတ်စစ်သူကြီးနှင့်အတူ ပါလာလေ၏။ အရွယ်ရောက်သောအခါ အလွန်လိမ္မာသော သတ္တိ ဗျတ္တိ ရှိပေရကား စစ်သူကြီးသည် သားပြု၍ မွေးလေ၏၊ အဘစစ်သူကြီး အနိစ္စရောက်လျှင် ဖခင်အရာဖြင့် စစ်သူကြီး ဖြစ်လေ၏။

ထိုသုသုနာဂ စစ်သူကြီးသည် ဘုန်း, လက်ရုံး, ပညာ, သဒ္ဓါ, သီလနှင့် ပြည့်စုံလှ၍ ပြည်သူတို့ အလွန်ကြည်ညိုရကား အဘသတ် မင်းယုတ်ဖြစ်သော နာဂဒါသကို ပယ်ဖျောက်၍ သုသုနာဂ စစ်သူကြီးကို မင်းမြှောက်လေ၏။ ထိုသုသုနာဂ မင်းဖြစ်လေလျှင် ဝေသာလီပြည်တွင် နေတော်မူ၏၊ ထိုမင်းစည်းစိမ် တဆယ့်ရှစ်နှစ် သာသနာသက္ကရာဇ် ၉၀-ရောက်သောအခါ သုသုနာဂမင်း အနိစ္စရောက်၍ သားတော် ကာလာသောကမင်း မင်းဖြစ်တော်မူသည်။ ထိုမင်းနန်းစံ၍

(စာမျက်နှာ-၅၃၀)

ဆယ်နှစ်ရှိသောအခါ သက္ကရာဇ် တရာပြည့်၍ ရှင်မဟာယသတို့ ဒုတိယ သံဂါယနာ တင်တော်မူသည်။

ဝဇ္ဇီတိုင်းသား ရဟန်းဆိုးများ

တင်ရသော အကြောင်းကား- ဝေသာလီပြည်၌ ဝဇ္ဇီတိုင်းသားဖြစ်သော ရဟန်းတို့သည် ဝိနည်းကျမ်းဂန်ကို ဆရာတို့၏အထံ၌ နည်းခံခြင်း မကျနသောကြောင့်လည်းကောင်း၊ လောဘ ဒေါသ မောဟ ပြောထူ၍ မသူတော်တို့၏စရိုက်သို့ လိုက်သောကြောင့်လည်းကောင်း ဘုရားဝိနည်းတော်ကို ပျက်ပြားစေ၍ ဆယ်ပါးသော အဓမ္မဝါဒကို ထင်ရှား ပြကြကုန်၏။

အဓမ္မဝါဒဆယ်ပါး ဟူသည်ကား-

(၁) ရဟန်းတို့အား ယမန်နေ့ အကပ်ခံသော ယာဝဇီကဝတ္ထုကို ဤနေ့ ဆွမ်းစသော ယာဝကာလိကနှင့်ရော၍ သုံးဆောင်သော် သန္နိဓိကာရက ပါစိတ်သင့်သည်ဟု ပညတ်တော်မူပါလျက် သားချိုဖြင့် သိုမှီး၍ထားသော အကပ်ခံပြီးသောဆားကို နောက်နေ့တခါ စားသုံးရန် မရှိခဲ့သော် ဆွမ်းနှင့်ရော၍ သုံးဆောင်ခြင်းငှါ အပ်၏၊ သန္နိဓိ မဖြစ်ဟု အယူရှိသည်လည်း တပါး။
(၂) နေရိပ် လက်နှစ်သစ် မွန်းလွဲသည်တိုင်အောင် ဆွမ်းစားကောင်း၏ဟု အယူရှိသည်လည်း တပါး။
(၃) ရွာတရွာသို့ သွားလိုသော ရဟန်းသည် ပဝါရိတ်သင့်လျက် အတိရိတ်ဝိနည်းကံမပြုပဲ ဆွမ်းစားခြင်းသည် အပ်၏ဟု ယူသည်လည်း တပါး၊
(၄) တသိမ်တည်း၌နေလျက် နှစ်စု,သုံးစုသော သံဃာတို့ ဥပုသ်,ပဝါရဏာ စသော ကံပြုခြင်းသည် အပ်၏၊ ဝဂ်မဖြစ်ဟု အယူရှိသည်လည်း တပါး၊
(၅) မလာသေးသော ရဟန်းတို့၏အလိုကို လာသောအခါမှ ယူအံ့ဟူ၍ မလာမီက သံဃာ့ကံကို ပြုခြင်းငှါ အပ်၏ဟု ယူသည်လည်း တပါး၊
(၆) ဥပဇ္ဈာယ်၏ အလေ့အကျင့် ဟူသမျှသည် အပ်၏ဟု ယူသည်လည်း တပါး။
(၇) နို့ရည်အဖြစ်မှ လွန်၍ နို့ဓမ်းအဖြစ်သို့ မရောက်သေးသော နို့ကို ဘုဉ်းပေး၍ ပဝါရိတ်သင့်သော ရဟန်းသည် အတိရိတ်ဝိနည်းကံ မပြုပဲ သုံးဆောင်ခြင်းငှါ အပ်၏ဟု ယူသည်လည်း တပါး၊
(ဂ) မရင့်သေးသော သေနုကို သောက်ခြင်းငှါ အပ်၏ဟု ယူသည်လည်း တပါး၊
(၉) အဆာမရှိသော နိသီဒိုင်သည် အပ်၏ဟု ယူသည်လည်း တပါး၊
(၁၀) သံဃာကိုရည်၍လှူသော ရွှေငွေသည် အပ်၏ဟု ယူသည်လည်း တပါး၊

အရှင်မဟာယသ ကြိုးစားတော်မူပုံ

ဤဆယ်ပါးသော အဓမ္မဝါဒကို လူရဟန်းတို့အားပြ၍ နေကြကုန်၏၊ ထိုအခါ ကောသမ္ဗီပြည်၌နေသော ကာကဏ္ဍကပုဏ္ဏား၏ သားဖြစ်သော ရှင်မဟာယသသည် ရဟန်းတို့၏

(စာမျက်နှာ-၅၃၁)

ပါမောက္ခ ဝိနယဓရ သံဃာ့ထေရ် ဖြစ်၏။ ထိုအရှင်မဟာယသသည် ထိုအကြောင်းကို ကြားသိလေသော် မသူတော်ဖြစ်သော ဝေသာလီပြည် အလဇ္ဇီရဟန်းတို့သည် ဘုရားရှင် ဝိနည်းတော်ကိုဖျက်၍ သာသနာ၌ ငြောင့်တံသင်းနှက်သကဲ့သို့ ပြုချေပြီ၊ ဤအလဇ္ဇီတို့ အပင်းအသင်းကို များစွာရသော် ဘုရားသသနာကို လျင်စွာ ကွယ်စေလတ္တံ့ဟု အလွန်သော ဓမ္မသံဝေဂဖြစ်ရကား တရားပြခြင်းငှါ မိမိကိုယ်တိုင်လာ၍ ဝေသာလီပြည်သို့ရောက်သော် ဘုရား နေတော်မူဖူးသော မဟာဝနကူဋာဂါရ၌ နေ၍ ထိုအလဇ္ဇီပုဂ္ဂိုလ်တို့၏ အမူအရာကို နာခံကြည့်ရှု၏။

ဝဇ္ဇီတိုင်းသား ရဟန်းတို့လည်း ဥပုသ်နေ့ကြိမ်လျှင် ဥပုသ်အိမ်၌ ရေဖြင့်ပြည့်သော ကြေးနီခွက် ကြေနီအိုးတို့ကို ထား၍ ရောက်လာသမျှသော ဒါယကာတို့အား စွမ်းနိုင်သမျှ မူးစ မတ်စဖြစ်သော အသပြာကိုလည်း လှူကြကုန်၊ ထည့်ခဲ့ကြကုန်၊ တစုံတခုသော သံဃာ့ကိစ္စ၌ သံဃာတို့၏ အသုံးအဆောင် ဖြစ်လတ္တံ့ဟု ဆို၍ ယူ၏။

အရှင်မဟာယသလည်း ထိုသို့ ပြုကြသည်ကို မြင်လျှင် ထိုသံဃာတို့အားလည်းကောင်း၊ ဒါယကာတို့အားလည်းကောင်း “အချင်းတို့.. ဤသို့ ရွှေငွေကို ခံခြင်း, သိမ်းဆည်းခြင်း, သုံးဆောင်ခြင်းသည် မအပ်၊ ရဟန်းတို့၏ အမူအရာမဟုတ်”ဟု တားမြစ်၏။ ထိုစကားကို ကြားသောအခါ လိမ္မာသော ဒါယကာတို့ ရှောင်ရှားကြ၏။ ထိုအခါ အလဇ္ဇီရဟန်းတို့က အရှင်မဟာယသအား မပေါင်းဖက် မဆက်ဆံကြလင့်ဟု ဥက္ခေပနီယကံကို ထား၍ ပယ်ရှားကြ၏။

ယင်းသို့ ပယ်ရှားကြလေလျှင် အရှင်မဟာယသလည်း မိမိ၏ ဓမ္မဝါဒီ လဇ္ဇီသူတော်ကောင်း၏ အဖြစ်ကို ရဟန်းတဦးအား ထင်ရှားသိစေ၍ အလဇ္ဇီတို့ကို နှိပ်နင်းခြင်းငှါ အားထုတ်၏။ ထိုအကြောင်းကို သိလျှင် အလဇ္ဇီတို့က အရှင်မဟာယသရှိရာ ကျောင်းသို့လာ၍ တုတ်တောင်ဝှေးကိုင်ကာဖြင့် များစွာ ဝန်းရံကြ၏။ ထိုအခါ အရှင်မဟာယသလည်း စတုတ္ထဈာန်ကို ဝင်စားပြီးလျှင် ကောင်းကင်ခရီးဖြင့် ပျံ၍ ကောသမ္ဗီပြည်သို့ လာခဲ့၏။ ရောက်သော် သံဃာတို့နှင့် စုရုံးတိုင်ပင်၍ ပါဝေယျကတိုင်း, အဝန္တိတိုင်း၌ နေကုန်သော ရဟန်းတို့ထံ တမန်စေလွှတ်၏။ အသီးအသီးသော တိုင်းနိုင်ငံ၌ နေကုန်သော ရဟန္တာကြီးတို့၏ အထံသို့လည်း တမန်စေလွှတ်၏။

ထိုသို့စေပြီးသော် မိမိမူကား အဟောဂင်္ဂါမည်သော တောင်သို့သွား၍ ထို၌နေသော သမ္ဘူတထေရ်အား အကြောင်းမျိုးစုံကို ပြန်ကြား၍ သံဃာတော်များအား စည်းဝေးစေ၏။ ပါဝေယျကတိုင်း၌နေသော ရဟန်းခြောက်ကျိပ်တို့သည်လည်းကောင်း၊ အခြားမြို့ကျေးရွာ၌ နေကုန်သော ရဟန်းတို့သည်လည်းကောင်း အဟောဂင်္ဂါသို့ချည်းလာ၍ ကိုးသောင်းသော သံဃာတို့ စုဝေးမိကြသော် သောရေယျတိုင်း၌နေသော ရေဝတထေရ်၏ အထံသို့ တဖန်လာကြ၍ ခြင်းရာစကားကို ပြောကြားတိုင်ပင်ပြီးလျှင် သံဂါယနာတင်ခြင်းငှါ ရဟန္တာအပေါင်းတို့သည် ဝေသာလီပြည်သို့ချည်း ကြွလာကြကုန်၏။

ကာလာသောကမင်း ကူညီခြင်း

ဝဇ္ဇီတိုင်းသားဖြစ်ကုန်သော အဓမ္မဝါဒီရဟန်းတို့သည်လည်း သံဃာတို့လာကြောင်းကို သတင်းစကားဖြင့် သိလင့်လေလျှင် ကာလာသောကမင်းကြီးထံသို့ ဝင်၍ “ပြည့်ရှင်မင်းကြီး... ငါတို့သည် ဆရာဖြစ်တော်မူသော မြတ်စွာဘုရား၏ ကိန်းဝပ်တော်မူရာ မဟာဝုန်တော ကူဋာဂါရတည်းဟူသော ဂန္ဓကုဋိကို စေတီကြီးထင်မှတ်၍ မပြတ်ကိုးကွယ် စောင့်ရှောက်ပါသည်ကို အဝေးအာဂန္တုကဖြစ်သော

(စာမျက်နှာ-၅၃၂)

တပါးတိုင်းသား ရဟန်းများတို့သည် ငါတို့အားနှိပ်စက်၍ အနိုင်အထက်ယူမည်ဟု လာကြချေသည်၊ ဤအရာ၌ ဒကာမင်းကြီး တားမြစ်ပါမှ ငါတို့လည်း ချမ်းသာတော့မည်။ ဂန္ဓကုဋိလည်း မပျက်စီးရှိတော့မည်”ဟု ပြော၏။

ထိုစကားကိုကြားသော် ကာလာသောကမင်းသည် အဆင်အခြင် ပညာနည်းသောသူ ဖြစ်ရကား အလဇ္ဇီတို့၏စကားကို ယုံမှတ်၍ အမတ်တို့ကို “ရဲမက်ဗိုလ်ပါနှင့်တကွ သင်တို့သွား၍ အာဂန္တုကရဟန်းတို့အား တားမြစ်ချေကုန်၊ တားမြစ်၍ မနိုင်သော သံဃာတို့အား ညှဉ်းဆဲရိုက်ခတ်လေကုန်”ဟု စေလိုက်၏။ သွားလေသော အမတ်တို့လည်း သာသနာစောင့်နတ်တို့ အာနုဘော်ကြောင့် မျက်စိလည်၍ ခရီးလွဲလေကုန်၏။

ကာလာသောကမင်းလည်း ထိုညဉ့်တွင် အိပ်မက် မက်သည်ကား ကြီးမားကြမ်းကြုတ် အရုပ်ဆိုးလှသော ဘီလူးတကျိပ်တို့သည် ထီးဖြူရိပ်၌နေသော မင်းကြီးကို အတင်းယူငင်၍ မြို့ပြင်သို့ ရောက်သောကာလ အလျှံပြောင်ပြောင် တောက်လောင်သော မယ်နဖြင့်ဖိ၍ လောဟကုမ္ဘီ ငရဲအိုးသို့ ဇောက်ထိုးချမည်ဟု မြင်မက်၏။ နံနက်သောအခါ မင်းဆရာ ပုရောဟိတ်တို့ကို ခေါ်၍ တိုင်ပင်ပါသော်လည်း သင့်လျော်စွာ မဖတ်နိုင်ကြလေလျှင် ကြောက်ငင်တုန်လှုပ်လှရကား စားတော်မခေါ်နိုင်ရှိ၏။

ထိုအကြောင်းကို မင်းကြီး၏ နှမတော်ဖြစ်သော အာသဝေါကင်းပြီးသော နန္ဒာထေရီ ဘိက္ခုနီမသည် သိလေလျှင် ကောင်းကင်ခရီးဖြင့် ကြွလာ၍ ကာလာသောကမင်းကြီးအား ဤသို့ဆိုပေ၏။ “မောင်တော်မင်းကြီး.. သင်သည် အလွန်ဝန်လေးစွာသောအမှုကို ပြုဘိသည်တကား၊ အဓမ္မဝါဒီဖြစ်သော အလဇ္ဇီရဟန်းတို့ကို အဖော်အပေါင်းပြု၍ ရဟန်းကောင်းတို့ကို နှိပ်စက်ခြင်းငှါ ကြံမှားရှာဘိသည်တကား၊ အကယ်၍ ဤကံသည် ထမြောက်သည်ဖြစ်အံ့၊ စင်စစ် လောဟကုမ္ဘီငရဲသို့ လားလတ္တံ့သော ပုဗ္ဗနိမိတ်ပင်တည်း၊ လျင်စွာသွား၍ ဓမ္မဝါဒီ လဇ္ဇီရဟန်းတို့ကို ကန်တော့ပူဇော်ပါလော့”ဟု ဆို၏။

ထိုစကားကို ကြားသောအခါမှ ကာလာသောကမင်းလည်း ရုတ်ခြည်း သတိရ၍ မိမိကိုယ်တိုင် မဟာဝုန်တော ကူဋာဂါရသို့သွား၍ လာရောက်သမျှသော သံဃာတော်အပေါင်းတို့ကို စည်းဝေးစေ၏။ နှစ်သင်းသော သံဃာတို့ စုဝေးမိသောအခါ ဝိနည်းပါဠိတော် အဋ္ဌကထာနှင့်တကွ ဝါဒနှစ်ဦးကို တိုက်ဆိုင်သော် ဝဇ္ဇီတိုင်းသား ရဟန်းတို့၏ဝါဒသည် အဓမ္မဝါဒဖြစ်ကြောင်းကို သိ၍ မိမိသည် ဓမ္မဝါဒီတို့၏ အသင်းအပင်းဖြစ်ကြောင်းကို လျှောက်ထားလျက် “အရှင်ဘုရားတို့သည် တရားမှန်ရာကိုသာ ဆုံးဖြတ်တော်မူပါ”ဟု တောင်းပန်၏၊ ဓမ္မဝါဒီတို့ ဘေးရန်မရှိစိမ့်သောငှါ များစွာသော အစောင့်အရှောက်တို့ကိုလည်း ထား၍ ပြန်ခဲ့၏။

စည်းဝေးမိသော သံဃာတော်တို့လည်း ရေဝတထေရ် သဗ္ဗကာမိထေရ်တို့အား တရားကို ဆုံးဖြတ်စေ၏။ ထိုအရှင်နှစ်ပါးတို့လည်း ဘုရားပညတ်တော်ကို ပြ၍ ဥဗ္ဘာဟိကကံဖြင့် ထိုဆယ်ပါးသော အဓမ္မဝတ္ထုကို ပယ်လှန်၍ တရားဖြောင့်မှန်ရာ၌သာ တည်စေပြီးမှ မင်းကြီးအား သံဂါယနာ တင်လိုသောအကြောင်းကို ကြား၏။

ကာလာသောကမင်းလည်း သံဃာတို့ စည်းဝေးရန်အလို့ငှာ ကြီးကျယ်ကောင်းမွန်စွာသော မဏ္ဍပ်ကိုလည်းကောင်း၊ သံဃာတို့၏ ကိန်းဝပ်ရာဖြစ်သော ကျောင်းကိုလည်းကောင်း ကောင်းမွန်စွာ

(စာမျက်နှာ-၅၃၃)

ဆောက်လုပ်၍ ပေးပေ၏။ ထိုကျောင်းရာသည် ခတ်အပ်သော ငွေပြားအခင်းကဲ့သို့ သန့်ရှင်းဖြူစင်သော သဲတို့ကို ကြဲဖြန့်ဘိရကား ဝါလိကာရုံဟု တွင်၏။

ဒုတိယသံဂါယနာတင်ပြီ

တရားဆုံးဖြတ်၍ ပြီးလျှင် သံဃာတော်တို့လည်း ဝါလိကာရုံသို့လာ၍ ပဋိသမ္ဘိဒါပတ္တ ခီဏာသဝဖြစ်သော ရဟန္တာခုနစ်ရာကို ရွေးချယ်ပြီးမှ အရှင်မဟာကဿပတို့ ပဌမသံဂါယနာ တင်လေဘိသကဲ့သို့ ပိဋကတ်သုံးပုံကို အကုန်ထပ်မံ၍ သံဂါယနာ တင်ပြန်ကုန်၏၊ ထိုသံဂါယနာကား ရှစ်လမြောက်မှ ပြီးဆုံးသတည်း။

အဓမ္မဝါဒီ အလဇ္ဇီရဟန်း တသောင်းတို့သည် အချို့လည်း လူထွက်ကုန်သည်။ အချို့လည်း ပြေးလွဲကုန်သည်။ အချို့လည်း ထပ်မံ၍ ရဟန်းခံကြကုန်သည်။

ဒုတိယ သံဂါယနာတင်ရာ၌ သံဃာ့ထေရ်ဖြစ်သော သက်တော် တရာ့ရှစ်ဆယ်ရှိသော ရေဝတထေရ်, သဗ္ဗကာမိထေရ်, သာဠထေရ်, ခုဇ္ဇသောဘိတထေရ်, မဟာယသထေရ်, သမ္ဘူတထေရ်အားဖြင့် ခြောက်ပါးသော မထေရ်ကြီးတို့သည် အရှင်အာနန္ဒာ၏ သဒ္ဓိဝိဟာရိက တပည့်တို့တည်း။ ဘုရားသခင်ကို ဖူးမြင်လိုက်ရကုန်၏။ ဝါသဘဂါမိထေရ်, သုမနထေရ် နှစ်ဦးတို့သည် ရှင်အနုရုဒ္ဓါ၏ သဒ္ဓိဝိဟာရိက တပည့်တို့တည်း၊ ဘုရားသခင်ကို ဖူးမြင်လိုက်ရကုန်၏။

ဤကား ဒုတိယသံဂါယနာ တင်ခြင်းတည်း။

၉၁။ မောဂ္ဂလိပုတ္တတိဿထေရ်၏ အကြောင်း

ယင်းသို့ ဒုတိယသံဂါယနာ တင်ပြီးသော် ရဟန္တာကြီးတို့သည် ဤသို့သော သာသနာတော်၏ အညစ်အကြေး ဘေးရန်သည် နောင်သောအခါ ဖြစ်ရာဦးအံ့လောဟု ဆင်ခြင်ပြန်သော် သာသနာတော် နှစ်ရာ့တဆယ့်ရှစ်နှစ်ရောက်သောအခါ ဇမ္ဗူဒီပါတကျွန်းလုံးကို အစိုးရသော ဓမ္မာသောကမင်းသည် ပါဋလိပုတ်ပြည်၌ မင်းအဖြစ်ကိုရ၍ သာသနာတော်ကို အလွန်ချီးပလတ္တံ့။ ထိုအခါ သံဃာတို့၌ လာဘသက္ကာရ အလွန်ပြန့်ပြောသဖြင့် တိတ္ထိတက္ကတွန်းတို့သည် ရှင်ရဟန်းပြုကြ၍ ကြီးစွာသော အဓိကရုဏ်းကို ပြုလတ္တံ့ဟု မြင်တော်မူ၏။

တိဿဗြဟ္မာကြီး

ထိုအခါ ငါတို့မျက်မှောက် ဖြစ်ပါဦးအံ့လောဟု ဆင်ခြင်ပြန်သော် မဖြစ်လတ္တံ့ဟု သိ၍ ထိုအဓိကရုဏ်းကို ငြိမ်းစိမ့်သောငှါ စွမ်းနိုင်ရာသောသူကို ကြည့်လတ်သော် နတ်နှင့်တကွသော လူ့ဘုံတွင် တစုံတယေက်သောသူကိုမျှ မမြင်၍ ဗြဟ္မာ့ရပ်ခွင်သို့ ရှုပြန်သော် နည်းသော အသက်ကြွင်းရှိလျက် အထက်ဗြဟ္မာ့ဘုံသို့ လားလတ္တံ့သော တိဿဗြဟ္မာကြီးကို မြင်၍ ဤတိဿဗြဟ္မာကို ငါတို့ တောင်းပန်ရသော် မောဂ္ဂလိပုဏ္ဏေးမ၏ဝမ်း၌ ပဋိသန္ဓေနေလာ၍ အရွယ်ရောက်သောအခါ ရဟန်းပြု၍ ပိဋကတ်တော်ကို သင်သဖြင့် လေးအင်သော ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လတ္တံ့၊ ထိုသူသာလျှင် သာသနာတော်၌ဖြစ်သော အဓိကရုဏ်းကို ငြိမ်းစေ၍ သံဂါယနာတင်သဖြင့် သာသနာတော်ကို ချီးမြှောက်ပေလတ္တံ့ဟု သိ၍ မိမိတို့ကိုယ်တိုင် ဗြဟ္မာ့ပြည်သို့ တက်ပြီးလျှင် တိဿဗြဟ္မာကြီးအား ဤသို့တောင်းပန်ကြ၏။ “အချင်းတိဿ...

(စာမျက်နှာ-၅၃၄)

ငါတို့ လွန်သည့်နောက် တရာ့တဆယ့်ရှစ်နှစ်မြောက်သောကာလ ဘုရားသာသနာ၌ ကြီးစွာသော ဘေးရန်ဖြစ်လတ္တံ့၊ ထိုအခါ သာသနာတော်၏ အညစ်အကြေးကို သုတ်ဆေးရှင်းလင်း၍ ချီးမြှောက်နိုင်အံ့သောသူကို ကြည့်ရှုပါသော် လူ့ရပ်နတ်ရွာ ဗြဟ္မာတဆယ့်ခြောက်ခွင်၌ သင်တိဿကိုထား၍ တပါးသောသူ တစုံတယောက်ကိုမျှ မမြင်ပါကုန်၊ ထို့ကြောင့် သင်သူတော်ကောင်းသာလျှင် လူ့ရွာရပ်ဌာန်၌ ပဋိသန္ဓေယူလာ၍ မြတ်စွာဘုရား၏ တရားဩဝါ သာသနာကို ကောင်းစွာ ချီးမြှောက်ပါလေ”ဟု တောင်းပန်၏။

တိဿဗြဟ္မာလည်း ရဟန္တာကြီးတို့၏ တောင်းပန်သော စကားကိုကြားလျှင် “ငါကား သာသနာတော်၏ ဘေးရန်ကို ပယ်လှန်သန့်ရှင်း၍ ချီးမြှောက်ခြင်းငှါ စွမ်းနိုင်သည်ဖြစ်လတ္တံ့တကား”ဟု အလွန် အားတက်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ “ကောင်းပါပြီ”ဟု ဝန်ခံလိုက်၏။

ရဟန္တာကြီးတို့လည်း လူ့ပြည်သို့ပြန်လာခဲ့၍ သိက္ခာငယ်သေးသော သိဂ္ဂဝထေရ်, စဏ္ဍဝဇ္ဇိထေရ် အမည်ရှိသော ရဟန္တာနှစ်ဦးကိုခေါ်၍ “ငါ့ရှင်တို့... ငါတို့၏ အဓိကရုဏ်းငြိမ်းရာ သံဂါယနာကိစ္စဝယ် အဖော်မျှ မဖြစ်ပါကုန်၊ ထို့ကြောင့် သင်တို့အား ဤသို့သော ဒဏ်အမှုကို ငါတို့ ပြုလိုသည်”ဟု ဆိုပေသော် ထိုရဟန်းတို့လည်း “အရှင်ဘုရားတို့.. ထားတိုင်းဒဏ်ကို အကျွန်ုပ်တို့ ဆောင်ပါအံ့”ဟု လျှောက်သော် “မောဂ္ဂလိပုဏ္ဏား၏အိမ်၌ တိဿဗြဟ္မာသည် သန္ဓေယူလာလတ္တံ့၊ ထိုသူကို သင်နှစ်ဦးတို့တွင် တဦးသောပုဂ္ဂိုလ်သည် ရဟန်းဖြစ်အောင် ကြံဆောင်၍ ပြုလေလော့၊ တဦးသောပုဂ္ဂိုလ်သည် ပိဋကတ်ကို တတ်မြောက်အောင် သင်ကြားလေလော့”ဟု ဒဏ်ထား၏။ ရဟန္တာနှစ်ပါးလည်း ကောင်းပါပြီဟု ဝန်ခံကြ၏။ ထိုရဟန္တကြီးတို့လည်း ဤသို့ စီမံခဲ့ပြီးမှ အသက်အတိုင်းတည်၍ ပရိနိဗ္ဗာန် စံလေကုန်၏။

ကန်တော့ဆွမ်း ရခဲ့ခြင်း

တိဿဗြဟ္မာကြီးသည်လည်း ဗြဟ္မာ့ပြည်မှ စုတေခဲ့၍ ဝေသာလီပြည်၏ အနီးဖြစ်သော ပုဏ္ဏားတို့၏ မြို့ကြီးဝယ် မောဂ္ဂလိ အမည်ရှိသော ပုဏ္ဏေးမ၏ဝမ်း၌ ပဋိသန္ဓေယူလာ၏။ သိဂ္ဂဝမထေရ်သည်လည်း ပဋိသန္ဓေနေသောနေ့မှ စ၍ ပုဏ္ဏားအိမ်၌ နေ့စဉ်မပြတ် ဆွမ်းရပ်၍ ခုနစ်နှစ်ပတ်လုံး ကြာသော်လည်း တလုတ်စာသော ဆွမ်း, တဇွန်းတယောက်မသော ယာဂုကိုမျှ မရစဖူးလေ၊ တနေ့သောအခါ၌ကား အိမ်ရှင်ပုဏ္ဏားလည်း အခြားဌာနသို့ သွားခိုက်ကြိမ်၍ အိမ်၌ ဆွမ်းရပ်ခံရာ “ကန်တော့ပါ၏”ဟူသော စကားကိုသာ ရပေ၏။

ပုဏ္ဏားလည်း တပါးသောဌာနမှ ပြန်လာသဖြင့် အရှင်သိဂ္ဂဝနှင့် ခရီးရင်ဆိုင် တွေ့ကြလေလျှင် “အရှင်ရဟန်း... ယနေ့ ငါတို့အိမ်၌ ဆွမ်းရခဲ့၏လော”ဟု မေး၏၊ “ရပါ၏”ဟု ပြောပေသော် ပုဏ္ဏားလည်း အိမ်သို့လာ၍ သားမယားတို့ကို “သင်တို့ ယနေ့ ဆွမ်းခံလာသော ရဟန်းအား ဆွမ်းပေးလိုက်သလော”ဟု မေး၏၊ မည်သည်ကိုမျှ မပေးကမ်းလိုက်ကြောင်းကို ဆိုလျှင် “သင်တို့ မပေးမကမ်းပဲလျက် ရဟန်းက စိုးစဉ်းမျှ ရခဲ့၏ဟု ပြောချေသည်၊ နက်ဖြန် မုသာဝါဒကံဖြင့် ရဟန်းကို ငါဆိုဦးအံ့”ဟု ကြံ၍နေ၏။

အရှင်သိဂ္ဂဝမထေရ်လည်း ဒုတိယနေ့၌ ဆွမ်းခံကြွ၍ ပုဏ္ဏား၏အိမ်သို့ ရောက်သောအခါ ပုဏ္ဏားသည် အပါး၌ရပ်၍ “အရှင်ရဟန်း.. ယမန်နေ့က ငါတို့အိမ်က တစုံတခုမျှ မရပဲလျက် ရ၏ဟု

(စာမျက်နှာ-၅၃၅)

သင်ဆိုသည်။ ရဟန်းတို့အား မဟုတ်မမှန်သော စကားသည် အပ်သလော”ဟု မေး၏။ သိဂ္ဂဝမထေရ်ကလည်း “ပုဏ္ဏား... သင်၏အိမ်၌ ငါဆွမ်းရပ်သည်ကား ခုနစ်နှစ်ရှိပြီ၊ ကန်တော့ပါ၏ဟူသော စကားကိုမျှ မရစဖူးပါ၊ ယမန်နေ့ကမူကား ကန်တော့ပါ၏ဟူသော ပဋိသန္ဓာရ စကားမျှကို ရသောကြောင့် ရခဲ့၏ဟု ဆိုသတည်း”ဟု ပြော၏။

ပုဏ္ဏားလည်း ထိုစကားကိုကြားလျှင် “ဤအရှင်တို့ကား ဤမျှလောက်သော စကားကို ရရုံမျှပင် အားရဝမ်းသာ ချီးမွမ်းရှာသေး၏၊ တဇွန်းတယောက်မမျှသော ဘောဇဉ်ခဲဖွယ်တို့ကို ရဘိမူကား အဘယ်မှာ မချီးမွမ်းပဲ ရှိတော့အံ့နည်း”ဟု ကြံဆင်ခြင်လျက် ရွှင်လန်းသဒ္ဓါသော စိတ်ရှိသည်ဖြစ်၍ မိမိစားခြင်းငှါထားသော ထမင်းတဇွန်းကိုယူ၍ “အရှင်ရဟန်း.. ဤမျှလောက်သော ဆွမ်းကို နေ့တိုင်းရပါလတ္တံ့”ဟု ဆို၍ လောင်းပေ၏။

ထိုနေ့မှစ၍ တနေ့ထက်တနေ့ ကြည်ညိုရကား အိမ်ပေါ်သို့ပင့်လတ်၍ တထပ်စာသောဆွမ်းကို နေ့တိုင်းမပြတ် လှူပေ၏။ မထေရ်လည်း အတန်ငယ် အတန်ငယ်သော တရားစကားကို ဟောကြား၍ သွားပေ၏။

တိဿဗြဟ္မာ ပဋိသန္ဓေယူရာမှ ဖွားသော သူငယ်သည်လည်း တဆယ့်ခြောက်နှစ်ရွယ်သို့ ရောက်သော် ထွန်းတောက် လျင်မြန်သောဉာဏ်ဖြင့် သင်၍ ဗေဒင်သုံးကျမ်းကို ကမ်းတဘက်ရောက် တက်မြောက်နိုင်လေ၏၊ ဗြဟ္မာ့ပြည်မှ လာသောသူဖြစ်၍လည်း သန့်ရှင်းစင်ကြယ်ရကား သူငယ်၏ အိပ်ရာနေရာ၌ တစုံတယောက်သောသူမျှ အိပ်ရနေရသောသူမည်သည် မရှိ၊ အာစရိယတို့အိမ်သို့ သွားသောအခါ သူငယ်၏အိပ်ရာကို ဖြူစွာသောအဝတ်ဖြင့် လွှမ်းလျက် အထက်၌သာ ဆွဲထားရ၏။

တိဿလုလင် သာမဏေဝတ်ပြီ

တနေ့သ၌ အရှင်သိဂ္ဂဝသည် ဤသို့ကြံ၏။ “သူငယ်အိမ်၌ ငါဆွမ်းရပ်သည်ကား တဆယ့်ခြောက်နှစ်မျှ ကာလကြာပြီ၊ ဤသူငယ်အား ရှင်ရဟန်းပြုခြင်းငှါလည်း လျော်ပြီ၊ ဤသူငယ်နှင့် တစုံတခုသော စကားကိုလည်း ငါမပြောရသေး၊ ယနေ့ ပြောဆိုရအောင် သူငယ်၏နေရာမှတပါး အခြားနေရာကို ဤအိမ်မှာ ရှာ၍ မရစေသတည်း”ဟု အဓိဋ္ဌာန်၍ ဆွမ်းခံကြွလေ၏၊ အိမ်သို့ တက်မိသောအခါ အိမ်မှ ရှိလင့်သောသူတို့လည်း ဤသူငယ်၏ နေရာမှတပါး အခြား ခင်းဖို့ရာကို မမြင်၍ သူငယ်၏ အိပ်ရာကိုပင် အရှင်သိဂ္ဂဝအား ခင်းပေး၏၊ ရှင်သိဂ္ဂဝလည်း ထိုနေရာထက် ငြိမ်သက်စွာ နေလေ၏။

တိဿသူငယ်သည် ဆရာ့ထံမှ ပြန်လာ၍ မိမိနေရာထက်၌ အရှင်သိဂ္ဂဝ နေလင့်သည်ကို မြင်လျှင် မရွှင်မသာသော နှလုံးရှိလျက် အမျက်ထွက်ဘိရကား “ဦးပြည်းရဟန်းအား ဤနေရာကို အဘယ်သူ ခင်းလင့်သနည်း” စသည်ဖြင့် ဆိုမြည်ရေရွတ်၏။ အရှင်သိဂ္ဂဝလည်း ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုပြီး၍ သူငယ် အမျက်နည်းသောအခါ “အမောင်လုလင်.. သင် ဗေဒင်သင်သည်ကား စိုးစဉ်းမျှ တတ်ပါပြီလော”ဟု မေး၏။

တိဿလုလင်ကလည်း “အရှင်ရဟန်း... အကျွန်ုပ်မှ မတတ်သော် အဘယ်သူ တတ်တော့အံ့နည်း”ဟု ဆို၏၊ ထိုသို့ဆိုပြီးလျှင် “အရှင်ရဟန်းကား ဗေဒင်တတ်ပါ၏လော”ဟု မေး၏။ “တတ်သည်, မတတ်သည်ကို မေးလိုသမျှ မေးလော့၊ မေးလျှင် သိရလတ္တံ့သတည်း”ဟု ဆိုပေ၏။

(စာမျက်နှာ-၅၃၆)

ထိုစကားကို ကြားလျှင် တိဿလုလင်လည်း မိမိသင်ခဲ့သမျှ ပညာ၌ ခဲရာခဲဆစ်ဟူသမျှကို မေး၏။ အရှင်သိဂ္ဂဝလည်း ရဟန္တာမဖြစ်မီကပင် ဗေဒင်သုံးကျမ်း၌ ကမ်းတဘက်ကူးသူ ဖြစ်ရကား ရဟန္တာဖြစ်သောအခါ မည်သည့်ပညာမျှ ထွေးယှက်ခြင်း မရှိ၊ ယုတ္တိအာဂုံနှင့်တကွ မေးသမျှကိုပင် တခဏချင်း ဖြေဆို၏။ ထိုသို့ ဖြေဆိုနိုင်သောကာလ တိဿလုလင်သည် အလွန် ဝမ်းမြောက်၏။

ထို့နောက်မှ အရှင်သိဂ္ဂဝသည် ဤသို့ဆိုပြန်၏။ “လုလင်... သင်သည် ငါ့အားမေးသော ပြဿနာကို ငါဖြေဆိုပြီ၊ သင့်ကိုလည်း တခုသော ပြဿနာကို ငါမေးလို၏။ ထိုပြဿနာကို သင်ဖြေပါအံ့လော”ဟု မေး၏။ “ရှင်ရဟန်း.. မေးလော့၊ ဖြေပါအံ့”ဟု ဝန်ခံလျှင် အရှင်သိဂ္ဂဝလည်း စိတ္တယမိုက်၌-

ယဿ စိတ္တံ ဥပ္ပဇ္ဇတိ န နိရုဇ္ဈတိ၊ တဿ စိတ္တံ နိရုဇ္ဈိဿတိ န ဥပ္ပဇ္ဇိဿတိ၊ ယဿ ဝါ ပန စိတ္တံ နိရုဇ္ဈိဿတိ နုပ္ပဇ္ဇိဿတိ၊ တဿ စိတ္တံ ဥပ္ပဇ္ဇတိ န နိရုဇ္ဈတိ-

ဟူသော ပြဿနာကို မေး၏။

အဓိပ္ပာယ်ကား-အကြင်ပုဂ္ဂိုလ်၏ စိတ်သည် ဖြစ်ဆဲ,ချုပ်ဆဲမဟုတ်၊ ထိုပုဂ္ဂိုလ်၏စိတ်သည် ချုပ်လတ္တံ့, မဖြစ်လတ္တံ့လော၊ အကြင်ပုဂ္ဂိုလ်၏ စိတ်သည် ချုပ်လတ္တံ့, မဖြစ်လတ္တံ့၊ ထိုပုဂ္ဂိုလ်၏စိတ်သည် ဖြစ်ဆဲ, ချုပ်ဆဲ မဟုတ်လော ဟူလိုသည်၊ သန္နိဋ္ဌာန်ပုဒ်ကား- ရဟန္တာတို့၏ စုတိစိတ်၏ ဥပ္ပါဒက္ခဏ, သေက္ခပုထုဇဉ်တို့၏ စိတ်၏ ဥပ္ပါဒက္ခဖြင့် ဖြေအပ်၏၊ သံသယကား- ရဟန္တာ၏ စိတ်သာတည်း။

ထိုပြဿနာကို ကြားရသော် တိဿလုလင်လည်း မိမိသင်သော ဗေဒင်ကျမ်းတို့၌ အထက်ကိုလည်းကောင်း၊ အောက်ကိုလည်းကောင်း အောက်မေ့တွေးတောကာ ဆင်ခြင်ပါသော်လည်း ထိုပြဿနာ၏ အနက်ကို အမြွက်မျှ မမြင်ရကား “အရှင်ရဟန်း... ထူးဆန်းလှသော ဤဗေဒင်ကား အဘယ်ဗေဒင်နည်း”ဟု မေး၏၊ “လုလင်... ဗုဒ္ဓဗေဒင်မည်”ဟု ဖြေပေသော် “အရှင်ဘုရား.. ဤဗုဒ္ဓဗေဒင်ကား အဘယ်မျှလောက် များပြားကျယ်ဝန်းပါသနည်း”ဟု မေး၏။ “လုလင်... ငါတို့ ဗုဒ္ဓဗေဒင်ကား ရှစ်သောင်းလေးထောင်မျှလောက်များ၏။ သိကြား,ဗြဟ္မာတို့မှ မြင်ခြင်းငှါ မစွမ်းနိုင်သော ဓမ္မသဘာဝကိုလည်း သိရတတ်၏”ဟု ဆိုပေသော် “ထိုသို့ဖြစ်တပြီးကား အရှင်ရဟန်း... ဤဗေဒင်ကို အကျွန်ုပ်အား သင်ပါလော့”ဟု တောင်းပန်၏။

အရှင်သိဂ္ဂဝလည်း “အချင်းတိဿ.. ငါကဲ့သို့ ရဟန်းအသွင်ဖြင့် နေသောသူကိုသာ ငါသင်နိုင်၏”ဟု ဆိုလျှင် “အရှင်ရဟန်း.. ကောင်းပါပြီ၊ အကျွန်ုပ် ရဟန်းအသွင်ဖြင့်နေ၍ သင်ပါအံ့”ဟု လျှောက်၍ မိဘတို့ထံသို့ ကပ်ပြီးသော် “မိခင်ဖခင်တို့.. ဤရဟန်းသည် ဗုဒ္ဓဗေဒင်ကို တတ်၏။ မိမိကဲ့သို့ သင်္ကန်းဝတ်သော သူကိုသာလျှင် သင်အံ့ဟု ဆိုချေသည်၊ ထိုဗေဒင်ကို သင်ယူရအောင် အကျွန်ုပ် ရဟန်းပြုပါရစေ”ဟု ခွင့်တောင်း၏။

မိဘတို့ကလည်း ငါတို့သားသည် ဗေဒင်တတ်ရုံ သင်ပြီးလျှင် လူ့ခွင်သို့ ပြန်လာလတ္တံ့ဟု နှလုံးထား၍ “ချစ်သား... ကောင်းပြီ၊ ရဟန်းပြုလော့”ဟု ခွင့်ပေး၏။ အခွင့်ရလေလျှင် အရှင်သိဂ္ဂဝလည်း ဆံမုတ်ဆိတ်ကို ပယ်ချ၍ ရှင်ပြုလေ၏။ ရှင်ဖြစ်ပြီးသော် တစပဉ္စကစသော ကာယဂတာသတိ ကမ္မဋ္ဌာန်းကိုသင်၍ မမြင့်မီပင် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။

(စာမျက်နှာ-၅၃၇)

ထိုအခါ အရှင်သိဂ္ဂဝလည်း ဤသို့ကြံ၏။ “ဤတိဿကား ပဌမဖိုလ်သို့ရောက်၍ နောက်သို့ ဆုတ်လတ္တံ့သော အကြောင်းမရှိပြီ၊ အလီလီသော ကမ္မဋ္ဌာန်းကို ပွားစေရသော် အရဟတ္တဖိုလ်သို့ ရောက်အံ့သည်ကား မချွတ်ပြီ၊ ယခု စဏ္ဍဝဇ္ဇိထေရ်၏အထံသို့ စေလွှတ်ရန် တန်ပြီ”ဟု ကြံအောက်မေ့လျက် သာမဏေကို ခေါ်ပြီးလျှင် “ငါ့ရှင်တိဿ.. ဤမည်သောဌာန၌ ငါ၏ အဆွေခင်ပွန်းဖြစ်သော စဏ္ဍဝဇ္ဇိထေရ်၏ အထံသို့သွား၍ ဘုရားရှင့် စကားတော်ကို သင်ချေ၊ ငါ၏စကားဖြင့်လည်း ထိုအရှင်အား အနာကင်းခြင်း ချမ်းသာစွာနေခြင်းကို မေးလေလော့၊ ထိုအရှင်က သင်၏ဆရာ အသူနည်းဟု မေးသော် ကျွန်ုပ်၏ဆရာကား သိဂ္ဂဝထေရ်ပါတည်းဟု လျှောက်၊ ငါ့အမည်ကား အဘယ်အမည်ရှိသနည်းဟု မေးသော် အရှင်၏အမည်ကို အကျွန်ုပ်၏ ဥပဇ္ဈယ်ဆရာ သိပါ၏ဟု လျှောက်၊ ဆရာ၏အမည်ကို ရှေ့တွင် ထုတ်ဖော်၍ ခေါ်ခြင်းမည်သည်ကား မရိုမညွတ်ရာရောက်သည်၊ သင် ထုတ်ဖော်၍ မခေါ်မပြောလင့်”ဟု သင်လိုက်၏။

တိဿသာမဏေ ပညာသင်ပြီ

တိဿသာမဏေလည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ ဆရာ့ထံ ပူဇော်ခဲ့ပြီးလျှင် အရှင်စဏ္ဍဝဇ္ဇိထေရ်ရှိရာသို့ လာခဲ့၏၊ ရောက်သောအခါ သင့်တင့်ရာအရပ်မှ ရှိခိုးလျက် ကပ်လေသော် စဏ္ဍဝဇ္ဇိထေရ်ကလည်း “သာမဏေ.. သင် အဘယ်အရပ်မှ အဘယ်သို့သော အကြောင်းဖြင့် လာသနည်း”ဟု မေး၏။ “အကျွန်ုပ်၏ ဥပဇ္ဈာယ်ဆရာသည် အရှင်ဘုရားထံ၌ ကပ်၍ ပိဋကတ်ကို သင်ချေဟု စေလွှတ်သောကြောင့် လာပါသည်”ဟု လျှောက်လျှင် “သင်၏ဆရာကား အဘယ်အမည်ရှိသနည်း”ဟု မေး၏။ “သိဂ္ဂဝထေရ် မည်ပါသည်”ဟု လျှောက်ပေသော် “ငါ၏အမည်ကား အဘယ်အမည်ရှိသနည်း”ဟု မေး၏။ “အရှင်ဘုရား၏အမည်ကို အကျွန်ုပ်၏ဥပဇ္ဈာယ်ဆရာ သိပါ၏”ဟု လျှောက်ပြန်၏။ “သာမဏေ... ထိုသို့ဖြစ်တပြီးကား သင်၏သပိတ်သင်္ကန်းကို သိုမှီးလော့”ဟု အခွင့်ပေး၏။ သာမဏေလည်း မိမိ၏ သပိတ်သင်္ကန်းကို သိုမှီးလျက် ထိုညဉ့်အိပ်စက်၍ နံနက်သောအခါ စောစွာထ၍ ကျောင်းအာရာမ်၌ တံမြက်လှည်းပြီးသော် မထေရ်ထသောအခါ မျက်သစ်ရေ ဒန်ပူတို့ကိုလည်းကောင်း၊ မျက်နှာသုတ်ပုဆိုးတို့ကိုလည်းကောင်း ကပ်ပေ၏။

စဏ္ဍဝဇ္ဇိထေရ်လည်း သာမဏေငယ်၏ သည်းခံခြင်း ရှိ-မရှိကို သိခြင်းငှါလည်းကောင်း၊ အခွင့်အရာ၌ လိမ္မာသည် မလိမ္မာသည်ကို သိခြင်းငှါလည်းကောင်း ကပ်လာသော ရေကိုလည်း သွန်၍ ဒန်ပူကိုလည်း ပယ်ရှား၍ တပါးသော ရေ ဒန်ပူကိုသာ ယူ၍ သုံးဆောင်၏၊ တံမြက်လှည်းရာ၌ ထပ်၍သာ တံမြက်လှည်း၏။ သာမဏေလည်း နေ့စဉ် မချွတ်ပဲ ပြုမြဲတိုင်းသော ဝတ်ကိုသာ ခုနစ်ရက်ပတ်လုံး ပြု၏။

ခုနစ်ရက်စေ့သောအခါ သာမဏေကို ခေါ်ပြန်၍ “သင်သည် ငါ့ထံသို့ အဘယ်အကျိုးငှါ လာသနည်း”ဟု မေး၏။ သာမဏေလည်း ရှေးလျှောက်ထားမြဲအတိုင်းပင် လျှောက်ထား၏။ ထိုအခါ စဏ္ဍဝဇ္ဇိထေရ်ကလည်း “ဤသာမဏေကား တော်တည့်မှန်ကန်သော စကားလည်း ရှိ၏။ ဝတ်နှင့် ပြည့်စုံလှလျက် သီလသိက္ခာပုဒ်ကိုလည်း ဂရုပြု၏၊ ဥပဇ္ဈာယ်ဆရာတို့က ထားသောဒဏ်ကိုလည်း သည်းခံလေ၏၊ ဗြဟ္မာ့ပြည်သို့သွား၍ တောင်းပန်ရသော တိဿဗြဟ္မာ စင်စစ်ပင်တည်း”ဟု သိ၍ ပိဋကတ်တော်ကို သင်စိမ့်သောငှါ အခွင့်ပေး၏။

သာမဏေလည်း ရိုသေစွာ သင်မှတ်သဖြင့် သုတ္တန်ပိဋကတ်, အဘိဓမ္မာ ပိဋကတ်တို့ကို အဋ္ဌကထာနှင့်တကွ သာမဏေစဉ်ကပင် အာဂုံဆောင်နိုင်၏၊ ဝိနည်းပိဋကတ်ကိုကား ပဉ္စင်းဖြစ်မှ

(စာမျက်နှာ-၅၃၈)

သင်သည်။ တဝါမပြည့်မီပင် သုံးအင်သော ပိဋကတ်တို့ကို အဆုံးသတ် ဆောင်နိုင်၏။ ဆရာဥပဇ္ဈာယ်ဖြစ်သော သိဂ္ဂဝထေရ်, စဏ္ဍဝဇ္ဇိထေရ်တို့သည်လည်း အလုံးစုံသော ပိဋကတ်တို့ကို အရှင်မောဂ္ဂလိပုတ္တ တိဿထေရ်၏လက်၌ ထားပြီးသော် အသီးသီး ပရိနိဗ္ဗာန်စံယူလေကုန်၏။

အရှင်မောဂ္ဂလိပုတ္တ တိဿထေရ်

အရှင်မောဂ္ဂလိပုတ္တ တိဿထေရ်လည်း ကမ္မဋ္ဌာန်း ဝိပဿနာကို လွန်စွာ အားထုတ်သဖြင့် အရဟတ္တဖိုလ်သို့ ရောက်တော်မူ၏၊ ထိုအရှင် သံဃာ့ထေရ်မြောက်သောအခါ သိရီဓမ္မာသောက မင်းဖြစ်လာသည်နှင့် ဆိုင်မိလေသတည်း၊ ဤကား သာသနဝံသ အစဉ်တည်း။

(ရာဇဝင်အစဉ်ကို ဆိုဦးအံ့-ဒုတိယသံဂါယနာ တင်ပြီးသည့်နောက် တဆယ့်ရှစ်နှစ် မြောက်သောအခါ ကာလာသောကမင်း အနိစ္စရောက်၍ သားတော် ဘတ္တသေန မင်းပြု၏။ ထို့နောက် ကောရဏ္ဍဝဏ္ဏမင်း, ထို့နောက် မဓုရမင်း, ထို့နောက် သဗ္ဗံသမင်း, ထို့နောက် ဇာလိယမင်း, ထို့နောက် ဥဿာသမင်း, ကုဉ္ဇသမင်း, ကောရမ္ပရမင်း, နန္ဒိဝဍ္ဎနမင်း, ပဉ္စမကမင်း- ဤညီနောင် တကျိပ်တို့သည် နှစ်ဆယ့်နှစ်နှစ်ပတ်လုံး မင်းပြု၍ အဆုံးဖြစ်သော ပဉ္စမကမင်းကို ခိုးမှူးကြီး ငနန္ဒာသတ်၍ ဥဂ္ဂသေနဟူသော အမည်ဖြင့် မင်းပြုလေ၏။ ထိုဥဂ္ဂသေနမင်း၌ ညီရှစ်ယောက်တို့သည် ရှိကုန်၏၊ ရှစ်ယောက်တို့၏ အမည်ကား- ပဏ္ဍုကာနန္ဒမင်း, တိဿနန္ဒမင်း, ဘူတပါလနန္ဒမင်း, ကောဓိဿာနန္ဒမင်း, ဖုဿဝိဓိကနန္ဒမင်း, ကောလိယနန္ဒမင်း, ရဿနန္ဒမင်း, ဓနနန္ဒမင်းတည်း၊ ထိုညီနောင် ကိုးယောက်တို့သည်လည်း နှစ်ဆယ့်နှစ်နှစ်သာ မင်းပြု၍ သာသနာသက္ကရာဇ် ၁၆၂-နှစ် ရှိသောအခါ စန္ဒဂုတ္တကို ဇာနက္ကပုဏ္ဏား မင်းမြှောက်၍ မင်းအဖြစ်သို့ ရောက်လေ၏။)

၉၂။ ဇာနက္ကပုဏ္ဏား၏ အကြောင်းကို ပြခြင်း

ကျေးဇူးကို သိတတ်သူ

ထိုဇာနက္ကပုဏ္ဏား အကြောင်းကား– တက္ကသိုလ်ပြည်၌ “ဇာနက္က”မည်သော ပုဏ္ဏားသည် ဗေဒင်သုံးပုံကိုလည်း တတ်မြောက်၏၊ မန္တရား ဆေးဝါးတို့၌လည်း လိမ္မာ၏၊ ဥပါယ်တမျဉ်တို့၌လည်း လိမ္မာ၏၊ အလှည့်အပတ် ပရိယာယ် ဝေဝုစ်ကိုလည်း ကျွမ်းကျင်၏၊ ဉာဏ်ပဋိဘာန်လည်း လျင်လျား၏၊ အထူးထူးသော ထုံးပုံနိဒါန်းကိုလည်း ဆောင်နိုင်၏၊ ထီးဆောင်းထိုက်သော ဘုန်းကံနှင့် ပြည့်စုံ၏ဟူ၍လည်း ကျော်စော၏၊ အဖမရှိ၍ အမိဖြစ်သော ပုဏ္ဏေးမကို လုပ်ကျွေးပေသော သူဟူ၍လည်း လူအများ ကြည်ညို၏။

တရံသောကာလ၌ အမိ ပုဏ္ဏေးမသည် သား၏ မင်းဖြစ်လတ္တံ့သော ကျော်စောခြင်းကို ကြားသော် “ငါ့သား မင်းဖြစ်သည်ရှိက ငါ့ကို ချစ်ခြင်းနည်း၍ ကျွေးမွေးခြင်းကို မပြုရာ၊ ငါကိုးကွယ်ရာမဲ့ ဖြစ်လတ္တံ့”ဟု အောက်မေ့၍ ငိုမြည်တမ်းလေ၏။ ဇာနက္ကပုဏ္ဏားလည်း “မိခင်.. အဘယ့်ကြောင့် ငိုသနည်း”ဟု မေး၍ အကြောင်းကို ပြန်ကြားလေလျှင် “မိခင်.. ကျွန်ုပ်၌ မင်းဖြစ်ထိုက်သော ကျက်သရေ အဘယ်၌ တည်သနည်း”ဟု မေး၏။ အမိကလည်း “ချစ်သား.. အစွယ်လေးချောင်း၌ တည်၏”ဟု ပြောပေသော် ဇာနက္ကပုဏ္ဏားလည်း “ငါမင်းဖြစ်ရသောထက် မိခင်ကို လုပ်ကျွေးရခြင်းသည် အကျိုးရှိ၏”ဟု အစွယ်ကိုချိုး၍ မွေးမိခင်ကို လုပ်ကျွေးလျက် နေ၏။

(စာမျက်နှာ-၅၃၉)

ထိုအကြောင်းကြောင့် လူအပေါင်းတို့သည် “ဤပုဏ္ဏားကား မင်းအဖြစ်ကို စွန့်၍လည်း မိခင်ကို လုပ်ကျွေးပေသည်၊ ကျေးဇူးကို အလွန်သိတတ်ပေသည်”ဟု ချီးမွမ်းလျက် စုံမက်ရိုသေကြ၏။ ထိုဇာနက္ကပုဏ္ဏားကား အဆင်းမလှ ကိုယ်သဏ္ဌာန် မကောင်းချေ၊ တရံသောအခါ ဇာနက္ကပုဏ္ဏားသည် အမေးပုစ္ဆာကို ရှာမှီး၍ အစဉ်လှည့်လာသဖြင့် ပါဋလိပုတ်ပြည်သို့ ရောက်လေ၏။

မဆင်ခြင်တတ်သောဘုရင်

ထိုပြည်၌ ဓနနန္ဒမင်းကား ကုဋေရှစ်ဆယ်မကသော ဥစ္စာလည်းရှိ၏၊ ဝန်လည်း တို၏။ ဥစ္စာတို့ကို သူတပါး မရနိုင်အောင် မြေထဲရေထဲ၌ ခက်ခဲစွာ ထား၏၊ ဂင်္ဂါမြစ်ကို ကန်သင်းဆည်ပြီးသော် အလယ်၌ တွင်းကြီးစွာတူး၍ ရွှေငွေထားပြီးမှ ကျောက်ဖျာကြီးစွာကို ပိတ်၍ အပေါ်သို့ ရေသွားစေ၏၊ နိုင်ငံတွင်ဖြစ်သမျှ မြက်ထင်းမှစ၍ အဖိုးအခွန် ခံသည်ချည်းတည်း။

တရံသောအခါ ထိုမင်းသည် လှူဒါန်းပေးကမ်းလိုသည်ဖြစ်၍ မင်းရင်ပြင်၌ မဏ္ဍပ်ကနား ဆောက်စေပြီးသော် ပုဏ္ဏားကြီးအား တသိန်းတန်, ပုဏ္ဏားငယ်တို့အား တထောင်တန်သော ဝတ္ထုတို့ကို စီရင်၍ လှူ၏၊ ထိုအလှူနှင့် ကြိမ်ကြိုက်ရကား ဇာနက္ကပုဏ္ဏားလည်း ပုဏ္ဏားကြီးတို့အညာက နေ၏။

ထိုအခါ ဓနနန္ဒမင်းသည် များစွာသော မင်း၏စည်းစိမ် အခြံအရံနှင့်တကွ အလှူမဏ္ဍပ်သို့ ဝင်လာ၍ ဇာနက္ကပုဏ္ဏားကိုမြင်လျှင် မကြည်လင်သောစိတ် ရှိရကား “ဤပုဏ္ဏားကို နှင်ချေ”ဟု စေလိုက်၏။ အလှူစီမံသူတို့သည် မနှင်အပ်ကြောင်းကို လျှောက်ပါသော်လည်း မင်းကြီး မကြိုက်လွန်းသည်ဖြစ်၍ “နှင်ထုတ်လေ”ဟု အဖန်ဖန်စေ၏။

ဘုရင်ကို ရန်ငြိုးဖွဲ့ခြင်း

မင်းစေလုလင်တို့လည်း မင်း၏အာဏာ ဖြစ်ပါသည်ဟူ၍ မဆိုဝံ့ရကား ပုဏ္ဏား၏အနီး၌ ထိုင်၍ “ပေးလှူသူ မနှစ်သက်ပဲလျက် ပစ္စည်းကို စုံမက်၍ နေမှားသည်၊ ပစ္စည်း၌ တပ်မက်သော တဏှာသည် အလွန်စက်ဆုပ်ဖွယ်ရှိ၏”ဟု တဏှာကိုသာ အပြစ်တင်ကုန်၏။ ပုဏ္ဏားလည်း မင်းချင်းတို့၏ စကားကိုကြား၍ ငါ့အားရည်မှတ်၍ ဆိုလာချေသည်ဟု သိသဖြင့် ရှက်ကြောက်ဘိရကား ထ၍ သွားခဲ့၏။ လည်၌ဝတ်သော ချည်မျှင်ကိုလည်း အထုံးအထုံးဖြတ်၍ မိမိကိုင်သော ရွှေကရားကို တံခါးတိုင်၌ ပုတ်ခွဲပြီးသော် “မြေပြင်အလုံး၌ ဓနနန္ဒမင်း၏ အစီးအပွားမဲ့သာ ဖြစ်စေသော”ဟု ကျိန်ဆဲ၍ ထွက်ခဲ့၏။

ကျိန်ဆဲခြင်းကို မင်းကြီးသိသော် “မိအောင်ဖမ်း၍ သတ်လော့”ဟု စေလိုက်၏။

မင်းလောင်းရှာပြီ

ပုဏ္ဏားလည်း အဝတ်မဆီး အချည်းနှီးကျင့်သော မိစ္ဆာဒိဋ္ဌိအယောင်ဖြင့် ပုန်းရှောင်လေ၏။ ဓနနန္ဒမင်း၌ “ပဗ္ဗတ”မည်သော သားတော်တယောက်သာ ရှိ၏၊ ထိုသားကိုလည်း မင်းကြီးက ကြီးကြပ်လုံခြုံစွာ ထား၏။ ပုဏ္ဏားလည်း မင်းသားရှိရာသို့ မြေဥမင်တူး၍ ဝင်ပြီးသော် သွေးဆောင်ဖြားယောင်း၍ ခေါ်လေ၏၊ ပဗ္ဗတမင်းလည်း ပုဏ္ဏားကို ယုံကြည်သောအားဖြင့် သုံးစားရိက္ခာ ဘဏ္ဍာနှင့်တကွ ထွက်၍လိုက်လေ၏။

(စာမျက်နှာ-၅၄၀)

ပုဏ္ဏားလည်း မင်းသားနှင့်တကွ ထွက်ကြပြီးသော် ဂိဇ္ဈာဋဝီမည်သော တောကြီး၌နေ၍ မိမိ တတ်လိမ္မာသော အစွမ်းဖြင့် တကျပ်တန်ဥစ္စာကို သပြာတထောင်တန်အောင်ပြု၍ ဖြည့်တင်းစရာ ဥစ္စာပစ္စည်းတို့ကို ဆည်းပူး၏၊ ထူးမြတ်သော ဆေးမန္တရားတို့ဖြင့်လည်း ရွှေငွေတို့ကို ပြုလုပ်၏။ ကုဋေရှစ်ဆယ်မျှလောက်သော ရွှေငွေအစုအပုံတို့သည် ဖြစ်လေ၏၊ ထိုဥစ္စာတို့ကို သိုမှီးပြီးသော် ပဗ္ဗတသတို့သားမှ တပါးသော မင်းဖြစ်ထိုက်သော ဘုန်းလက္ခဏာရှိသောသူကို ရှာပြန်၏။

ထိုသို့ ဥစ္စာကို များစွာစုရုံးခြင်း, မင်းလောင်းကိုရှာခြင်းသည် ဓနနန္ဒမင်းအား ပြင်းစွာသော အာဃာတရှိ၍ မိမိလုပ်ကြံသောအခါ မချွတ် အောင်မြင်စိမ့်သောငှါ ကြီးစွာ အားထုတ်လေသတည်း။

ထို့ကြောင့် ပြည်ကြီးသနင်း မင်းတို့သည် အမျက်ရှိငြားသော်လည်း သူတပါးတို့ထက် သိုဝှက်သိမ်းဆည်းရာ၏။

စန္ဒဂုတ္တသတို့သား

ဇာနက္ကပုဏ္ဏားလည်း ပဗ္ဗတသတို့သားနှင့်တကွ မင်းဖြစ်ထိုက်သောသူကို ရှာလေသော် “စန္ဒဂုတ္တ”သတို့သားကို တွေ့လေ၏။

ထိုစန္ဒဂုတ္တအကြောင်းကား– မြတ်စွာဘုရား ထင်ရှားရှိတော်မူစဉ် ဝိဋဋူဘသည် သာကီဝင်မင်းတို့ကို ဖျက်ဆီးလေသောအခါ အချို့သော သာကီဝင်မင်းတို့သည် အသက်လွတ်လို၍ တောအုပ်သို့ခိုလျက် နေလာ၏၊ ထိုအရပ်သည် ဥဒေါင်းသံ, ကြိုးကြာသံတို့နှင့် နှစ်လို မွေ့လျော်ဖွယ်ရှိရကား “မောရိယမြို့”ဟု တွင်၏။

အခါတပါး ထိုမောရိယမြို့ကို ရန်သူတို့ ဖျက်ဆီး၍ ပျက်စီးလေလျှင် မောရိယမင်းကြီး၏ မိဖုရားည် ဝမ်းတွင် ပဋိသန္ဓေနှင့်တကွ မောင်းမတော်တို့ပါ ပြေးလာ၍ ပါဋလိပုတ်ပြည်သို့ ရောက်လျှင် သားကိုဖွားမြင်၍ ပင်ပန်းဆင်းရဲသော အခိုက်ဖြစ်၍ သားငယ်ကို မမွေးမြူလိုရကား ထိုသားကို အိုးသစ်၌သွင်း၍ နွားတို့နင်းစိမ့်သောငှါ ခြံဝ၌ ထားလေ၏။

နတ်တို့ စောင်မရကား “ဃောသက သတို့သား”ကဲ့သို့ “စန္ဒ”မည်သော နွားလားသည် တပါးနွားတို့ မထွက်မီ ထွက်လာ၍ ကောင်းစွာ စောင့်နေ၏။ နွားထိန်းယောက်ျားလည်း သတို့သားကိုမြင်သော် ချစ်ခင်စုံမက်စွာ ယူ၍ မွေးမြူလေ၏၊ စန္ဒမည်သော နွားလားဥသဘ စောင့်သည်ကို အကြောင်းပြု၍ စန္ဒဂုတ္တဟူသော အမည်ကို မှည့်၏။

ထိုစန္ဒဂုတ္တ သတို့သားသည် နွားကျောင်းသားအရွယ် ရှိသောအခါ မုဆိုးတယောက်မြင်၍ ချစ်ခင်စုံမက်သောအားဖြင့် နွားထိန်းတို့ထံမှ တောင်း၍ မွေးပြန်၏၊ စန္ဒဂုတ္တသတို့သားက နွားကျောင်းသားတို့နှင့် ကစားသော် မင်း၏ အဟန်ဆောင်၍ သူငယ်ဖော်များကို အိမ်ရှေ့မင်းအဟန်, စစ်သူကြီးအဟန်, မှူးမတ်တို့အဟန်, အပါးတော်စေအဟန် ပြုစေ၍ ခိုးသူတယောက်ကိုမိ၍ ဆက်လာသောအဟန် ပြုစေပြီးသော် အပြစ်ရှိ,မဲ့ကို မေးမြန်းစိစစ်၍ ဤသူကို လက်ခြေဖြတ်ထိုက်၏၊ ဤသူကို သတ်ထိုက်၏ဟူ၍ တရားသူကြီးတို့ ဆုံးဖြတ်လျှင် ထိုဆုံးဖြတ်တိုင်း မင်းမှာ လျှောက်လေ၏၊ မင်းက လက်ခြေဖြတ်စေဟု စေ၏။ စေသူတို့လည်း မိမိကိုင်သော လှင်ကန်, တုတ်, ဓားအဟန်ပြု၍ စန္ဒဂုတ္တ၏ အာဏာတော်ဆို၍ ဖြတ်ကြ၏၊ ခံရသူတို့ကလည်း လက်ခြေပြတ်ဟန်ကို

(စာမျက်နှာ-၅၄၁)

ပြုရ၏၊ စန္ဒဂုတ္တ၏ ဘုန်းအားဖြင့် ပကတိ ရှိစေပြန်သတည်း ဆို၍လည်း ရှေးအတိုင်း ဖြစ်ပြန်စေ၏။

စန္ဒဂုတ္တ၏ စွမ်းရည်

ထိုသို့သော အကြောင်းကို ဇာနက္ကပုဏ္ဏား ကြားမြင်လေသော် အံ့ဖွယ်သရဲ ဖြစ်၏တကားဟု အားရဝမ်းသာလျက် ဥစ္စာတထောင် မုဆိုးအားပေး၍ ငါဗေဒင်သင်အံ့ဟု ဆို၍ ယူမွေးလေ၏။ လက်သို့ရောက်လျှင် တထောင်တန်သော ရွှေနပေတန်ဆာကို လုပ်၍ တမုတ်ကြိုးနှင့် သီပြီးလျှင် လည်၌ ဆင်ပေ၏၊ “ပဗ္ဗတ”သတို့သားကိုလည်း ထိုနည်းပင် ဆင်ပေ၏။ မင်းသားနှစ်ပါးတို့လည်း ရှည်လျားစွာ ပုဏ္ဏားလက်၌ ကြီး၏၊ အရွယ်ရောက်ပြီးသော် အသီးအသီး အိပ်မက်မြင်သဖြင့် မိမိတို့အိပ်မက်ကို ပုဏ္ဏားအား ပြန်ကြားသော် ပဗ္ဗတကား မင်းမဖြစ်၊ စန္ဒဂုတ္တသာ ဇမ္ဗူဒိပ်ကျွန်း၌ မင်းဆုံးဖြစ်လတ္တံ့ဟု သိ၏။ ထိုသို့ သိငြားသော်လည်း မင်းသားတို့ကို မကြားသိစေပဲ ခပ်မဆိတ်နေလေ၏။

တရံသောအခါ တခုသော တောခန်းဝါ၌ အိပ်ကြလေသော် ဇာနက္ကပုဏ္ဏား ရှေးဦးစွာနိုး၍ ပဗ္ဗတသတို့သားကို နှိုးပြီးလျှင် လက်တွင် သန်လျက်ကိုထည့်၍ စန္ဒဂုတ္တလည်တွင်ဆင်သော တန်ဆာကြိုးကို မဖြေ မချွတ် မဖြတ်ပဲ ရအောင်ယူချေဟူ၍ စေ၏။ ပဗ္ဗတလည်း ယူအံ့ဟု သွားပြီးသော် မဖြေ မချွတ် မဖြတ်ပဲ မရသာဟု ပြန်ခဲ့၏။

အခါတပါး ထိုအတူ ၎င်းအိပ်ပြန်သော် စန္ဒဂုတ္တကို ရှေးကဲ့သို့ စေပြန်လေ၏၊ စန္ဒဂုတ္တလည်း ဓားကိုကိုင်ကာ သွား၍ ပဗ္ဗတသတို့သား အိပ်ရာအနီး၌ ထိုင်ပြီးသော် “မဖြေ မချွတ် မဖြတ်ပဲ ရအောင်ကိုကား သတို့သားလည်ကို ဖြတ်မှသာ ရရာတော့မည်”ဟု ကြံ၍ သန်လျက်ဖြင့် ပဗ္ဗတ၏ လည်ကိုဖြတ်၍ လည်၌ဝတ်သော တန်ဆာကို ယူခဲ့၏။ ဆရာပုဏ္ဏားလည်း ထိုအခြင်းအရာကို မြင်သော် ပညာရှိပေစွ, ရဲစွမ်းရှိပေစွဟု ချီးမွမ်းလျက် ခပ်မဆိတ်နေလေ၏။

စန္ဒဂုတ္တလည်း အရွယ်သို့ရောက်လေသော် ဗေဒင်အတတ်ကိုလည်းကောင်း၊ ဆင်စီး မြင်းစီးစသော အတတ်မျိုးတို့ကိုလည်းကောင်း သင်ကြား၍ အပြီးတိုင် တတ်မြောက်၏၊ လုပ်ရည် ကြံရည်နှင့်လည်း ပြည့်စုံ၏။ ထိုအခါ ဆရာဖြစ်သော ဇာနက္ကပုဏ္ဏားက မိမိမြှုပ်ထားသော ရွှေငွေဥစ္စာတို့ကို ဆောက်နှင်း၍ ပြည်ထဲရေးကို လုပ်ကြံစိမ့်သောငှါ ဗိုလ်ပါကို စုရုံးစေ၏၊ မိမိမူကား “ဤအရာသည် အထမမြောက်သည်ရှိသော် ခဲယဉ်းစွာ၏”ဟု ရှောင်ရှားကာ နေလေ၏။

စန္ဒဂုတ္တလည်း တံစိုးပဏ္ဏာဖြင့် ဗိုလ်ပါကို ပေါင်းစည်း၍ ဓနနန္ဒမင်းအား စစ်ပြုလေ၏၊ အစွန်အဖျားနေသော မြို့ရွာတို့က အဆစ်အဆစ် ဆီးဆို့ တိုက်ဖျက်လေသောကြောင့် စန္ဒဂုတ္တမင်း၏ ရဲမက်တို့သာ ပျက်စီးချေ၏။ ထိုအခါ စနည်း တဘောင် နာစေသော် ရွာစွန်နေ မုန့်သည်တယောက်သည် မုန့်လုပ်ရာ သားငယ်သည် အမိပေးသောမုန့်ကို စားသော် အနားဝန်းကျင်က စ၍မစားပဲ အလယ်သားကို ထွင်း၍စားသဖြင့် မစားနိုင်၊ ပူသောကြောင့် ချီတုံချတုံ ပြု၏။ အမိလည်း သားငယ်အပူကိုမြင်လျှင် “နင်မုန့်စားသည်ကား စန္ဒဂုတ္တ ပြည်ထဲရေးကို လုပ်ကြံသည်နှင့် တူ၏တကား”ဟု ဆို၏။ သားငယ်ကလည်း “အမိ... စန္ဒဂုတ္တမင်း အဘယ်သို့ပြုသနည်း၊ ငါနှင့် အဘယ်သို့ တူသနည်း”ဟု မေး၏။ “ချစ်သား... စန္ဒဂုတ္တမင်းသည် ပြည်ထဲရေးကို လုပ်ကြံရာ၌ ကျေးကျွန် ရွာလက်တို့ကို အလျင်မဖျက်ဆီးပဲ မင်းနေပြည်ကြီးကို ဦးစွာ လုပ်ကြံသောကြောင့်

(စာမျက်နှာ-၅၄၂)

မင်းအဖြစ်ကို မရ၊ သင်ချစ်သားလည်း မုန့်ကို အနားမှစ၍ မစားပဲ အလယ်ပူရာကို ထွင်း၍စားသောကြောင့် မစားနိုင်လေ၊ ထို့ကြောင့် တူသည်ဟု ငါဆိုသတည်း”ဟု ပြော၏။

ထိုစကားကို စနည်းနာတို့ကြား၍ စန္ဒဂုတ္တမင်းနှင့် ဇာနက္ကပုဏ္ဏားအား လျှောက်ကြားလေသော် “ဤအကြောင်း ဟုတ်လှပေသည်”ဟု တဖန် ဗိုလ်ပါစုရုံးပြန်၍ ပြည်စွန်နားမှ စ၍ တစတစ သိမ်းယူပြီးလျှင် ပုဗ္ဗပုရပြည်ကိုရံ၍ ဓနနန္ဒမင်းအား စစ်ပြုသဖြင့် မင်းအဖြစ်ကို ရလေ၏။

စန္ဒဂုတ္တမင်းကြီး

ဇာနက္ကပုဏ္ဏားလည်း မိမိကရားကို ပုတ်ခွဲ၍ လည်တွင်ဆွဲသော စလွယ်ကို ဖြတ်ပြီးသော် ဓနနန္ဒမင်းကြီး၏ စီးပွားမဲ့ကိုသာ ငါပြုအံ့ ဟူသောအကြံသည် မြောက်လေ၏။ ပုဏ္ဏားလည်း စန္ဒဂုတ္တမင်းအား အဘိသိက် မသွန်းသေးပဲ ဓနနန္ဒမင်း ခဲယဉ်းစွာ ဥစ္စာထားရာကို သိသော တံငါကြီးကို မင်းမြှောက်လေ၏။ ထိုတံငါကြီးလည်း အကြွင်းအကျန်မရှိအောင် ဥစ္စာရွှေငွေတို့ကို ဖော်ယူ၏။ ထိုသို့ ယူပြီးသောအခါမှ တံငါကြီးကိုပယ်ရှား၍ စန္ဒဂုတ္တအား ရာဇာဘိသေက ခံစေ၏။

(ဤသို့ ဓနနန္ဒမင်းကြီး၏ ထုံးစံကို ထောက်၍ မင်းတို့မည်သည်ကား အမျိုးလေးပါးတို့နှင့် မဆန့်ကျင်စိမ့်သောငှါသာ ကျင့်ရာ၏၊ သင်္ဂဟတရား လေးပါးနှင့် ညီညွတ်စေရာ၏၊ သာယာသော စကားကိုသာ ဆိုရာ၏ဟူ၍ မှတ်ရာသည်။)

ဗိန္ဒုသာရမင်းကြီး

ဇာနက္ကပုဏ္ဏားလည်း စန္ဒဂုတ္တမင်းအား စားတော်၌ ဆေးထည့်သော် အန္တရာယ်မဖြစ်စိမ့်သောငှါ စားသောက်ရာ ဟူသမျှတို့၌ တစတစ အဆိပ်နှင့်ရော၍သာ စားစေ၏။ မိဖုရားတို့နှင့် မစပ်စေပဲ အသီးအခြားသာ စားစေ၏။

(ထိုမင်း၏ မိဖုရားကား မောရိယပြည်မှ မယ်တော်နှင့်အတူ ပုဗ္ဗပုရသို့ ရောက်လာသော ဦးရီးတော်၏ သမီးရင်းတည်း။)

တရံသောအခါ ထိုမိဖုရား၌ ရင့်ပြီးသော ကိုယ်ဝန်ရှိလျက် မင်းကြီး စားတော်ခေါ်ရာဝယ် တလုတ်မျှ ခံတွင်းသို့ သွင်းမိ၏။ မင်းကြီးလည်း “ထွေးလော့ ထွေးလော့”ဟု ဆိုပါသော်လည်း မထွေးခင် လည်ချောင်းသို့ဝင်လေ၏၊ ထိုသို့ဝင်ကြောင်းကို သိလျှင် မိဖုရားလည်ကို သန်လျက်ဖြင့် ခုတ်ဖြတ်၍ ဝမ်းမှသားကို ထုတ်ပြီးသော် ဆိတ်မကြီး၏ဝမ်းကိုဖောက်၍ ထည့်ရ၏၊ လေးဆယ့်ကိုးရက်ပတ်လုံး ဆိတ်မအလှည့်အလှည့်သာ အောင်းစေလျက် နေ့ရက်စေ့သောအခါမှ နို့ထိန်းတို့ကိုအပ်၍ မွေးစေ၏၊ ကိုယ်တော်သည် ဆိတ်သွေးတို့ဖြင့် လိမ်းကျံရကား အရေလွှာတို့သည် အပိမ့်အပိမ့် ပေါက်သည်ဖြစ်၍ မင်းသားအား ဗိန္ဒုသာရဟူသော အမည်ကို မှည့်၏။ ထိုမင်းသား အရွယ်သို့ရောက်သောအခါ ခမည်းတော် စန္ဒဂုတ္တမင်းကြီး နှစ်ဆယ့်လေးနှစ် မင်းမူ၍ အနိစ္စရောက်လေ၏။

ဖုတ်ဝင်နေသော ဘုရင်ကြီး

အနိစ္စရောက်ကြောင်းကား- မင်းကြီး၏ကိုယ်၌ ဒေဝကုမ္ဘဏ်ဘီလူး ဝင်၍နေသောကြောင့် အမူအရာတို့သည်လည်းကောင်း၊ ကိုယ်အနံ့တို့သည်လည်းကောင်း ဖောက်ပြန်ကုန်၏၊ တယောက်ချင်း အိပ်နေသောအခါလည်း ဖောက်ပြန်စွာ ဖြစ်၏၊ ပညာရှိသော အမတ်တို့သည် သမားဟူးရား

(စာမျက်နှာ-၅၄၃)

ပုဏ္ဏားတို့ကို စူးစမ်းသော် ဘီလူးဝင်လေသောအဖြစ်ကို သိ၍ ဗိန္ဒုသာရမင်းအား “အရှင့်ခမည်းတော် မရှိပြီ၊ ဘီလူးဝင်၍ မင်းမူနေသည်”ဟု လျှောက်ကြကုန်၏။ အဟုတ်အဟတ် သိအောင်ပြုပြီးမှ ဘီလူးကို သတ်ခြင်းငှါ ဥပါယ်တမျဉ်ဖြင့် ကြံ၍ မင်းချင်းနှစ်ယောက်ကို လက်နက်လုဟန် ပြုစေ၏၊ သူတပါးတို့ မြစ်တားသော်လည်း မရ၊ မင်း၏ ရှေ့တော်တိုင်အောင် ရောက်လေ၏။

ဗိန္ဒုသာရလည်း ဘီလူးနှင့် အကျွမ်းတဝင် ဖခင်ကဲ့သို့ပြု၍ အနီး၌ ခစားကာနေ၏။ လက်နက်လုယူသော နှစ်ဦးကို ဘီလူးမြင်လျှင် “ငြိမ်းအောင်ပြုဘိ”ဟု မင်းသားအား စေ၏။ မင်းသားလည်း အကြိမ်ကြိမ်သွား၍ မတားဆီးနိုင်ကြောင်းကို ဆိုလျှင် ဘီလူးက “ငါ့ထံသို့ ခေါ်ခဲ့”ဟု ဆို၏။ “မင်းချင်းတို့လက်တွင် လက်နက်ပါရှိသောကြောင့် မချဉ်းလာစေသည်”ဟု ပြောသော် “လာစေလော့၊ ငါငြိမ်းအောင် ပြုအံ့”ဟု ဆို၏။

ထိုသူနှစ်ဦးတို့လည်း ဘီလူး၏အပါးသို့ လက်နက်နှင့်တကွ ချဉ်း၍ သန်လျက်ပေးဟန် ပြုပြီးမှ ဘီလူးအား ခုတ်သတ်လေ၏၊ ဘီလူးသေလျှင် ဖခင်မင်းကြီးအလောင်းကို ကောင်းစွာ ဖုတ်ကြည်း သင်္ဂြိုဟ်လေ၏။

၉၃။ ဗိန္ဒုသာရမင်း၏သားတော် ဓမ္မာသောကမင်းဆက် အကြောင်းကို ပြခြင်း

ဓမ္မာသောကမင်းသား

စန္ဒဂုတ္တမင်းကား နန်းစည်းစိမ် နှစ်ဆယ့်လေးနှစ်, သာသနာ တရာ့ရှစ်ဆယ့်ခြောက်ခုတွင် အနိစ္စရောက်၍ သားတော်ဗိန္ဒုသာရ မင်းဖြစ်တော်မူသည်။ ထိုမင်းမိဖုရားကား မောရိယပြည်မှ သာကီဝင်မင်းမျိုးဖြစ်သော ဓမ္မာမင်းသမီးကို မိဖုရားမြောက်၏။ ထိုဓမ္မာမိဖုရားဝယ် ဓမ္မာသောကမင်းကို ပဋိသန္ဓေရလေလျှင် ချင်ခြင်းငါးပါးသည် ဖြစ်၏။

ချင်ခြင်းငါးပါးကား-

(၁) ခြေတဘက်ကား နေဝန်းကို၊ ခြေတဘက်ကား လဝန်းကို နင်းလိုခြင်းတပါး၊
(၂) ကောင်းကင်၌ရှိသော ကြယ်တို့ကို စားချင်သည် တပါး၊
(၃) ကောင်းကင်၌ရှိသော မြှေးသော တိမ်ညွန့်တို့ကို စားချင်သည် တပါး၊
(၄) မြေထဲ၌ရှိသော တီကို စားချင်သည် တပါး၊
(၅) မြေထက်၌ ရောက်သမျှသော အညွန့်တို့ကို စားချင်သည် တပါး။

ဤသို့ ချင်ခြင်းငါးပါးဖြစ်ကြောင်း မင်းကြီးအား ကြားလျှောက်၏။ မင်းကြီးလည်း ပညာရှိတို့နှင့် တိုင်ပင်၍ ဤအာသာ ငြိမ်းအောင်ပြုပေ၏။ မိဖုရားလည်း မိမိ၏ဆရာ အတတ်ပညာနှင့် ပြည့်စုံသော စရဏဇီဝကအား မေးပေ၏၊ ထိုဆရာလည်း ဤသို့ ဟောပေ၏-

(၁) မိဖုရားဝမ်းတွင်ရှိသော သန္ဓေကား ယောက်ျားဖွားမြင်၍ မင်းစင်စစ် ဖြစ်လတ္တံ့၊ ထိုသို့ မင်းဖြစ်သော်လည်း မင်းမည်ကာမျှ မဟုတ်၊ ဇမ္ဗူဒိပ်ကျွန်းအပြင်ဝယ် ထင်ရှားထွန်းပသော မင်းတို့ကို နှိမ်နင်းသော မင်းဆုံးဖြစ်လတ္တံ့သော နိမိတ်ကြောင့် နေလတို့ကို နှိမ်နင်းလိုသော ချင်ခြင်းဖြစ်သတည်း၊
(စာမျက်နှာ-၅၄၄)
(၂) ကြယ်တို့ကို စားချင်သောနိမိတ်ကား- ညီအစ်ကို တဖသားချင်း မင်းဟူသမျှတို့ကို သတ်ရလတ္တံ့သောကြောင့်တည်း။
(၃) တိမ်အဖျားတို့ကို စားချင်သော နိမိတ်ကား- ဘုရားရှင်သာသနာတော်၏ အညစ်အကြေးဖြစ်သော မိစ္ဆာဒိဋ္ဌိတို့ကို ဖျောက်လတ္တံ့သော အကြောင်းတည်း၊
(၄) မြေ၌ကျစ်သော တီတို့ကို စားချင်သော နိမိတ်ကား- မြေကြီးအထဲ တယူဇနာတိုင်အောင် စိုးပိုင်လတ္တံ့သော အကြောင်းတည်း၊
(၅) သစ်ပင်၌ သစ်ညွန့်တို့ကို စားချင်သော နိမိတ်းကား- အထက်ကောင်းကင်သို့ တယူဇနာတိုင်အောင် အာဏာစက်နှံ့ရာသော အကြောင်းတည်းဟု ဟောပေ၏။

မိဖုရားလည်း အားရဝမ်းမြောက်စွာ ဆရာဟောပေသော စကားကို ရွှေပြားတွင် ရေးတင်၍ ထား၏၊ ဆရာဟောတိုင်း မှန်ပါမူ ရတနာအတိစီသော ရွှေထမ်းစင်ဖြင့် ဆရာကိုတင်၍ ကြီးစွာသော ပူဇော်သက္ကာကို ပြုပါအံ့ဟု ဆို၏။ မိဖုရားလည်း နေ့လစေ့သောအခါ တင့်တယ်သော သတို့သားကို ဖွားမြင်၍ “အသောက”ဟူသော အမည်ကို မှည့်၏။ သတို့သား ထိုင်တတ်သောအရွယ်သို့ ရောက်လျှင် မင်းရင်ပြင်သို့ဆောင်၍ မင်းကြီး၏ တင်ထက်၌ နေစေ၏။ မင်းကြီးလည်း ခရုသင်းလက်ယာရစ်ကို ကိုင်၍နေစဉ် မင်းသားသည် ခရုသင်းအတွင်းဝယ် ကျင်ငယ်သွားတည့်၏။ မင်းကြီးလည်း ခရုသင်းနှင့် ကျင်ငယ်ရေကို သားတော်ထိပ်၌ သွန်းမိလေ၏။

မိဖုရားလည်း ဆရာစရဏဇိဝကကို ခေါ်၍ အကြောင်းကို မေးသော် “သားတော်ကို ယခု အဘိသိက်သွန်းသည်မည်၏၊ မချွတ် မင်းဖြစ်လတ္တံ့”ဟု ဆိုပေ၏၊ ဤသို့ဆိုပြီးမှ “ငါဟောသည့်အတိုင်းမှန်လျှင် ငါရှိရာလာ၍ ပင့်စေ”ဟု ဆိုပြီးမှ စရဏဇီဝကဆရာလည်း ယူဇနာတရာဝေးသော အရပ်သို့သွား၍ နေလေ၏။ ဓမ္မာသောကမင်းသား အရွယ်သို့ ရောက်လတ်သော် ခမည်းတော်က အိမ်ရှေ့အရာပေး၍ အဝန္တိတိုင်း ဥဇ္ဇေနီပြည်ကြီးကို စားစေ၏။

ဓမ္မာသောကမင်းတရား

တရံသောအခါ “အမောင်စားသောမြို့သို့ သွား၍နေလေ”ဟု စေလိုက်၏။ ဓမ္မာသောကမင်းသည် ယူဇနာတရာ ဝေးငြားသော ဥဇ္ဇေနီပြည်ကို သွားလေသော် ခရီးအကြား ယူဇနာငါးဆယ်ရှိသောရပ်၌ ဝိဋဋူဘဘေးကြောင့် သာကီဝင်မင်းတို့ ပြေးပုန်း၍နေလာသော ဝေဒိသမည်သောမြို့သည် ရှိ၏၊ ထိုမြို့၌နေသော သာကီဝင် သဌေးသမီးဖြစ်သော ဝေဒိသဒေဝီကို ယူခဲ့၍ ဥဇ္ဇေနီပြည်ကြီး၌ မင်းစည်းစိမ်ကိုခံစား၍ နေလေ၏။

သိရီဓမ္မာသောကမင်းကြီး

ဝေဒိသဒေဝီကိုယူ၍ မကြာမြင့်မီ မဟိန္ဒမင်းသားကို ပဋိသန္ဓေယူလေ၏၊ ထိုမင်းသားကိုဖွား၍ ဖဝါးခြေဖြင့် သွားလတ်သော် သမီးတော် သင်္ဃမိတ္တာကို ဖွားမြင်ပြန်၏၊ အခါတပါး ခည်းတော် ဗိန္ဒုသာရမင်းကြီးသည် နာတော်မူကြောင်းကို ကြား၍ ဥဇ္ဇေနီပြည်မှ အလျင်အမြန် ပြန်ခဲ့ပြီးသော် ဝေဒိသဒေဝီနှင့် သမီးတော်, သားတော်တို့ကို ဝေဒိသပြည်တွင် ထားခဲ့၍ မိမိချည်းသာ ပါဋလိပုတ်ပြည်သို့ လာခဲ့၍ မည်းတော်အား လုပ်ကျွေးပြုစု၏။ ဗိန္ဒုသာရမင်းကြီးလည်း

(စာမျက်နှာ-၅၄၅)

နန်းသက်စည်းစိမ် နှစ်ဆယ့်ရှစ်နှစ်၊ သာသနာသက္ကရာဇ် နှစ်ရာ့တဆယ့်လေးခုတွင် အနိစ္စရောက်တော်မူ၏။ ခမည်းတော် ခန္ဓာငြိမ်းခဲ့သော် ပြည်လုံးကို သိမ်းယူ၍ မင်းပြုတော်မူ၏။

ထိုအကြောင်းကို နောင်တော်သုမနမင်းသား ကြားလေသော် ကိုးကျိပ်ကိုးယောက်သော ညီနောင်တို့နှင့်တကွ သမုဒ္ဒရာလှိုင်း ထဘိသကဲသို့ စစ်ကြီးစီရင်၍ လာပြီးလျှင် ပါဋလိပုတ်ပြည်ကို ဝန်းရံလေ၏၊ ဓမ္မာသောကမင်းကြီးလည်း မြို့တွင်းရှိ ရဲမက်နှင့်တကွ ရုံးစည်း၍ တိုက်လေလျှင် နောင်တော် ကိုးကျိပ်ကိုးယောက်ကိုရ၍ သတ်လေ၏။

နောင်တော် သုမနမင်း၏မိဖုရား သုမနဒေဝီလည်း မင်းသားသေကြောင်းကို ကြားလျှင် ရင့်သောကိုယ်ဝန်နှင့်တကွ မထင်ရှားသောအသွင်ဖြင့် ပြေး၍ မနီးမဝေးသော ဒွန်းစဏ္ဍားတို့၏ရွာသို့ သွားလေ၏။ ရောက်လျှင် ထိုရွာ၏အနီး ပညောင်ပင်ကြီး၌ စောင့်နေသော နတ်သည် သုမနဒေဝီအား “ဤသို့ လာလော့”ဟု ခေါ်နှင့်ပေ၏။ မိဖုရား ချဉ်းကပ်မိလျှင် တခုသောဇရပ်ကို ဖန်ဆင်း၍ နေစေ၏။

သုမနဒေဝီလည်း ဇရပ်သို့ ရောက်သောနေ့ပင်လျှင် သတို့သားကို ဖွားမြင်၏၊ ထိုသားကို ပညောင်ပင်စောင့်နတ် မ,စသည်ကို အကြေင်းပြု၍ နိဂြောဓလုလင်ဟု သမုတ်လေ၏။ ဒွန်းစဏ္ဍားအကြီးလည်း ထိုမိဖုရားကို မြင်သည်မှစ၍ မိမိအရှင့်သမီးကဲ့သို့ မှတ်လျက် လုပ်ကျွေးပြုစုလေ၏။

နိဂြောဓသတို့သား ခုနစ်နှစ်အရွယ်သို့ ရောက်လေသော် မဟာဝရုဏမည်သော ရဟန္တာသည် သူငယ်၏ ရဟန္တာဖြစ်အံ့သော အကြောင်းကိုမြင်၍ သုမနဒေဝီအား တရားစကား ဟောကြားဆုံးမပြီးလျှင် သတိုသားကိုယူ၍ ရဟန်းပြုစေ၏၊ နိဂြောဓလုလင်လည်း ဦးခေါင်းရိတ်စဉ်ကပင် တစပဉ္စက ကမ္မဋ္ဌာန်းကို သင်ကြားသဖြင့် သင်ဓုန်းအဆုံး၌ပင် ရဟန္တာအဖြစ်သို့ ရောက်လေ၏။

သိရီဓမ္မာသောကမင်းကြီးကား မိမိနှင့် တမိတဖတည်းဖြစ်သော ညီတော်တိဿကို ထား၍ တဖသားချင်းဖြစ်သော နောင်တော် ကိုးကျိပ်ကိုးယောက်ကို ဖျောက်၍ လေးနှစ်တိုင်တိုင် အဘိသိက်မခံပဲ ပြည်ထဲရေးကိုသာ သုတ်သင်စီရင်လျက် သက္ကရာဇ် ၂၁၈-ခုနှစ် ရောက်သောအခါမှ ရာဇာဘိသေက ခံတော်မူ၏၊ ညီတော် တိဿကုမာရကိုလည်း အိမ်ရှေ့ ပေးတော်မူသည်။ ဝေဒိသဒေဝီလည်း မဟိန္ဒမင်းသားနှင့် သမီးတော် သင်္ဃမိတ္တာကို ပါဋလိပုတ်ပြည်သို့ ပို့စေ၏၊ မိမိမူကား ဝေဒိသပြည်၌ပင် နေလေ၏။

ဘုရင့်ဘုန်းတန်ခိုး ကြီးမားပုံ

သိရီဓမ္မာသောကမင်းလည်း ရှေးကောင်းမှု၏ အာနုဘော်, အဘိသိက်၏ အာနုဘော်ကြောင့် ဇမ္ဗူဒီပါကျွန်းပေါ်၌ တယောက်တည်းသော မင်းဖြစ်သို့ ရောက်တော်မူ၏၊ အောက်မြေအထဲကိုလည်း တယူဇနာထွင်း၍ ကောင်းကင်ကိုလည်း တယူဇနာတက်၍ အာဏာစက်တော် နှံ့၏။

အနောတတ်အိုင်မှ တနေ့ ရှစ်ထမ်းသော ရေတို့ကို နတ်တို့သည် နေ့တိုင်းနေ့တိုင်း ပို့ဆက်လာကုန်၏၊ ထိုရေ တဆယ့်ခြောက်လုံးတို့တွင် ရှစ်လုံးသော ရေတို့ကို သံဃာတော်တို့အား ကပ်လှူသည်၊ နှစ်လုံးသော ရေတို့ကို ပိဋတ်သုံးပုံကိုဆောင်သော ရဟန်းတို့အား လှူတော်မူသည်၊ နှစ်လုံးသော ရေတို့ကို အသန္ဓိမိတ္တာ မိဖုရားကြီးအား ပေးတော်မူသည်။ နှစ်လုံးသော

(စာမျက်နှာ-၅၄၆)

ရေတို့ကို တသောင်းခြောက်ထောင်သော မောင်းမတို့အား ပေးတော်မူသည်၊ နှစ်လုံးသော ရေတို့ကို ကိုယ်တော် သုံးဆောင်သည်။

ထိုမှတပါး ဟိမဝန္တာတောမှ နူးညံ့သိမ်မွေ့စွာသော အရသာနှင့်ပြည့်စုံသော ကွမ်းရိုးဒန်ပူကိုလည်းကောင်း၊ ဆေးဖြင့်ပြီးသော သျှိသျှားသီး သဖန်းခါးသီးတို့ကိုလည်းကောင်း နတ်တို့သည် ပို့ဆက်လာကုန်၏၊ ထိုမှတပါး အနံ့အရသာနှင့် ပြည့်စုံသော သရက်သီးမှည့်တို့ကိုလည်းကောင်း၊ ဆဒ္ဒန်အိုင်၏ အနီးဖြစ်သော ပဒေသာပင်မှ အဆင်းငါးပါးရှိသော ဝတ်စရာ အထည်တို့ကိုလည်းကောင်း၊ လိမ်းကျံစရာ နံ့သာပျောင်း နံ့သာမှုန့်တို့ကိုလည်းကောင်း၊ ချည်ဖြင့်ရက်သော မုလေးပွင့်ကဲ့သို့ နူးညံ့သိမ်မွေ့သော အပြောက်ရှိသော အပေါ်ရုံ ပုဆိုးတို့ကိုလည်းကောင်း နတ်တို့သည် ပို့ဆက်လာကုန်၏။

မြတ်သောသူတို့သာ ထိုက်သော မျက်စဉ်းတို့ကိုလည်း နဂါးတို့ ဆက်လာကုန်၏၊ ဆဒ္ဒန်အိုင်၏ အနီးဖြစ်သော သလေးစပါးတို့ကိုလည်း ကျေးသား, ငုံး, ခါ အစရှိသော ငှက်တို့သည် ချီဆောင်၍ အလှည်း ကိုးထောင်တိုင်တိုင် ဆက်လာကုန်၏။

အချင်အတွယ် မှတ်စု

(အလှည်းကိုးထောင် ဟူသည်ကား- လေးဆုပ်ကို တကုဍုံ၊ လေးကုဍုံကို တကွမ်းစား၊ လေးကွမ်းစားကို တပြည်၊ လေးပြည်ကို တစိတ်၊ လေးစိတ်ကို တတင်း၊ အတင်းနှစ်ဆယ်ကို တဝါဟ၊ တဝါဟကို တလှည်း၊ ဤလှည်းပေါင်း ကိုးထောင်တည်း၊ ဤကား- သုတ္တနိပါတ် အဋ္ဌကထာ စသည်တို့၌ လာသော ဝေါဟာရတည်း။
ဂဏန်းကျမ်းတို့၌ကား- လေးတင်းကို တတို့၊ လေတို့ကို တပုတ်၊ လေးပုတ်ကို တကက်၊ လေးကက်ကို တကြ၊ လေးကြကို တကျီ၊ တင်းပေါင်းလေးဆယ်ကို တဝါဟမည်၏ဟု ဆိုကုန်သည်၊ ယခုသုံးစွဲသော တင်းဖြင့် ရေတွက်သော် အလှည်းကိုးထောင်သည် တင်းပေါင်း သုံးသောင်းခြောက်ထောင် ရှိ၏။)

ထိုသို့ ကျေးငှက်တို့ဆောင်ခဲ့သော စပါးကို ညဉ့်အခါ ရှဉ့်, ကြွက်, ပွေးစသော သတ္တဝါတို့သည် ဆန်လုံးမပျက်စေပဲ ဖွဲနုဖွဲကြမ်းကိုသာ နွှာ၍ စားကုန်၏၊ ထိုဆန်ဖြင့် အရိယာသံဃာတို့အားလည်း ဆွမ်းလုပ်ကျွေး၏။ မင်း, မိဖုရား, မောင်းမ, မိဿံ, ခြွေရံ, မှူးမတ်တို့ကိုလည်း ရိက္ခာစားနပ် ပေးတော်မူ၏။

ထိုမှတပါးလည်း ပျားကြီး ပျားငယ်တို့သည် နီးရာနီးရာ အရပ်၌ အသက်မရှိပဲ လပို့သာ စွဲလာကုန်၏။

တော၌နေသော ဝံ,မျောက်စသော သတ္တဝါတို့သည်လည်း ပန်းပဲဖိုသို့ဝင်၍ နေ့ညဉ့်မပြတ် တူ,ပေကိုင်၍ ပုတ်ခတ်ရကုန်၏။

ကရဝိက်ငှက်တို့သည်လည်း နန်းတော်ထက်ဝန်းကျင်မှ သာယာသောအသံဖြင့် ကျူးရင့်လာကုန်၏။

(စာမျက်နှာ-၅၄၇)

ဘုရား ၄-ဆူတို့၏ ပုံတော်များ

ဤသို့ ဘုန်းတန်ခိုး အာနုဘော်နှင့် ပြည့်စုံသော တက်သစ်သော နေမင်းသဖွယ် ဖြစ်တော်မူသော သိရီဓမ္မာသောကမင်းကြီးသည် အစဉ်အဆက်မှီကုန်သော မှူးမတ်တို့စကားဖြင့် ဘုရားသခင်၏ အသွင်အပြင်ကို ဖူးမြင်လိုရကား ဘုရားလေးဆူကို မီလိုက်သော အသက် တကမ္ဘာပတ်လုံးရှည်သော ကာလနဂါးကိုခေါ်လို၍ ရွှေခြေချင်းအဖွဲ့ကို သမုဒ္ဒရာထဲသို့ ချလိုက်၏၊ ထိုခြေချင်းသည် ကာလနဂါးမင်းနေရာသို့ ရောက်လေသော် ထိုနဂါးနေရာလည်း မြေအောက် တယူဇနာအတွင်း၌ဖြစ်၍ မင်း၏ နိုင်ငံတော်ဖြစ်သောကြောင့် မနေဝံ့ရကား လျင်လျားစွာ လာရ၏။

ဓမ္မာသောကမင်းကြီးလည်း ကာလနဂါး ရောက်သောအခါ ထီးဖြူမိုးကာသော ရတနာပလ္လင်၌ နေစေ၍ ကျက်သရေရှိသော ရေပန်း ကြည်းပန်းတို့ဖြင့်လည်းကောင်း ရွှေပန်း ငွေပန်း ပေါက်ပေါက်ပန်းတို့ဖြင့်လည်းကောင်း ပူဇော်၍ ရှုမျှော်ဖွယ်သော ကချေသည်အပေါင်း တသောင်းခြောက်ထောင်တို့ကို ခြံရံစေလျက် နဂါးမင်းအား ဤသို့ဆို၏။ “အဆုံးမရှိသော အားတော်ဆယ်တန် ဉာဏ်တော်ဆယ်ပါးနှင့် ပြည့်စုံသော စကြဝတေးမင်း၏ ရတနာခုနစ်ပါးနှင့်တူသော ဗောဇ္ဈင်ခုနစ်ပါး တရားရတနာနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ကို သင်ကိုယ်တိုင် ဖူးမြင်ရသည်၊ ငါမူကား မဖူးမြင်ရပါ၊ ထိုဘုရားသဏ္ဌာန်ကို ဖန်ဆင်း၍ ငါ့အားပြပါလော့”ဟု ဆို၏။

နဂါးမင်းလည်း “အရှင်မင်းကြီး.. အစိန္တေယျလေးပါးနှင့် ပြည့်စုံတော်မူသော ကိလေသာကင်းတော်မူသော မြတ်စွာဘုရားသခင် သဏ္ဌာန်ကို အကျွန်ုပ်တို့ဖန်ဆင်း၍ ဘယ်မှာတူနိုင်အံ့နည်း မပြစွမ်းနိုင်ပါ” ဆို၏။ မင်းကြီးလည်း “ပီပြင်စွာ မပြနိုင်သော်လည်း တစိတ်တဒေသ ပြပါလော့”ဟု ဆိုလျှင် ကာလနဂါးလည်း သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီး, ရှစ်ဆယ်သော လက္ခဏာတော်ငယ်, ရောင်ခြည်ခြောက်သွယ်တို့ဖြင့် တန်ဆာဆင်အပ်သော လူ, နတ်, နဂါး ,သိကြား, ဗြဟ္မာတို့၏ မျက်စိအရသာ တည်ရာဖြစ်သော ကကုသန်, ကောဏာဂုံ, ကဿပ, ဂေါတမဟူသော ဘုရားလေးဆူတို့၏ အသွင်တော်ကို ပြပေ၏။

မင်းကြီးလည်း ထိုသို့သော အဆင်းတော်ကို ရှုလျက် ခုနစ်ရက်ပတ်လုံး မျက်စိဖြင့် ပူဇော်ခြင်းကို ပြုတော်မူ၏။ သိရီဓမ္မာသောကမင်းကြီးကား အဘိသိက်ခံပြီးမှ လေးနှစ်တိုင်တိုင် သာသနာတော်မှ အပဖြစ်သော လောကီစည်းစိမ်ကိုသာ များစွာဆည်းပူးတော်မူလျက် လေးနှစ်လွန်သောအခါမှ သံသရာအကြောင်းကို တိုင်းထွာ၍ ဆရာကောင်း ဆရာမြတ်တို့ကို ရှာ၏။

သိရီဓမ္မာသောကမင်းကြီး ကိုးကွယ်ရာရပုံ

တရံသောအခါ “ငါသည် ဇမ္ဗူဒိပ်တကျွန်းလုံးကို အစိုးရသော မင်းဧကရာဇ်၏ စည်းစိမ်ကို ရတော်မူသည်၊ ထိုသို့ ဖြစ်လတ္တံ့သော အကြောင်းကို ပဋိသန္ဓေနေစဉ်က တစုံတခုသော တိတ်နိမိတ် ထင်ဘူးသလော”ဟု မယ်တော်ဖြစ်သော ဓမ္မာမိဖုရားအား မေးတော်မူ၏။ မယ်တော်လည်း ရွှေပေ၌ ရေးထားသော အက္ခရာကို ပြပေ၏၊ မင်းကြီးမြင်လျှင် ယခင် နိမိတ်ဖတ်ဖူးသော ဆရာစရဏဇီဝကကို ပူဇော်သက္ကာရပြုလို၍ ရတနာအတိပြီးသော ထမ်းစင်ဖြင့် တင်ဆောင်ရလေ၏။

(စာမျက်နှာ-၅၄၈)

ဆရာလည်း အပူဇော်ခံခြင်းငှါ လိုက်လာ၍ ခရီးအကြား၌ အဿဂုတ္တရဟန္တာကို တွေ့၍ တရားတော်ကို နာရလျှင် ရဟန္တာအဖြစ်သို့ရောက်၍ အပူဇော်မခံလိုပဲ ထိုအရှင့်ထံ၌ပင် နေလေ၏။

ထိုမင်းခမည်းတော် ဗိန္ဒုသာရမင်းကြီးသည် ပုဏ္ဏားတို့အားလည်းကောင်း ပုဏ္ဏားမျိုးဖြစ်သော ပါသဏ္ဍအယူရှိသော သင်္ကန်းယောင် ပုဆိုးဝတ်သော ပဏ္ဍရင်္ဂ တိတ္ထိတို့အားလည်းကောင်း၊ ဒုစရိုက်ဆယ်ပါးကိုသာ ရှောင်လျက် ရဟန်းယောင် ပြုနေသော ပရိဗ္ဗာဇက တိတ္ထိတို့အားလည်းကောင်း၊ အဝတ်မဆီး အချည်းနှီးနေသော အစေလက တိတ္ထိတို့အားလည်းကောင်း၊ “ငါတို့အား ကိလေသာတည်းဟူသော အနှောင်အဖွဲ့မရှိ၊ ရဟန္တာဖြစ်ပြီ”ဟု ဝန်ခံလျက် သူတပါးထံ အလှူခံ၍ များစွာသော ပရိက္ခရာတို့ကို ဆောင်ယူတတ်သော နိဂဏ္ဌတိတ္ထိ၊ “ငါတို့ဆရာကား ထာဝရဘုရားတည်း၊ ထိုဘုရားကို ကိုးကွယ်မူ လူတို့၏ မကောင်းသော အကျင့်ဟူသမျှကို ထာဝရဘုရားသာ ကိုယ်စားခံစေသည်ဖြစ်၍ မကောင်းမှု မရှိပြီဟုယူသော နတ္ထိကတိတ္ထိတို့အားလည်းကောင်း၊ ဤသို့ စသည်ဖြင့်ပြားသော ခြောက်သောင်းမျှလောက်သော တိတ္ထိတို့အား ဝတ်ထား၍ လုပ်ကျွေးပြုစု၏။

သိရီဓမ္မာသောကမင်းလည် ခမည်းတော် ကျွေးမြဲသောဝတ်ကို မချွတ်စေပဲ အိမ်တော်၌ အမြဲလုပ်ကျွေး၏။ တနေ့သ၌ ခြင်္သေ့ခံသော လေသာနန်းတံခါးကိုလှပ်၍ ကြည့်တော်မူသော် လျှပ်ပေါ်သော ဣန္ဒြေဖြင့် နေထိုင်စားသောက်ကြသော ထိုတိတ္ထိ,ပရိဗိုဇ်တို့ကိုမြင်၍ “ဤသူတို့၌ မြတ်သောတရားသည် မရှိရာ၊ သွားလာ နေထိုင်ခြင်းကိစ္စ၌ ငြိမ်သက် မြတ်မွေ့ခြင်းမရှိ၊ ပကတိသော လူတို့ကဲ့သို့ပင်တကား၊ မြတ်လှသော အလှူခံတို့ကို ရှာကြံရွေးချယ်၍ လှူမှသာလျှင် အကျိုးရှိသည်တကား”ဟု ကြံမိလေ၏။

ထိုသို့ ကြံပြီးသော် အမတ်တို့ကို “အမောင်တို့သည် သူတော်ကောင်းဟု သမုတ်အပ်သော အလှူခံမြတ်တို့ကို ရှာ၍ ပင့်ခဲ့ကုန်၊ ငါအလှူပေးလိုသည်”ဟု ဆို၏။ ထိုအမတ်တို့လည်း တိတ္ထိပုဂ္ဂိုလ်တို့ကို ပင့်ဆောင်၍ “အရှင်မင်းကြီး.. ဤပုဂ္ဂိုလ်ကား အကျွန်ုပ်တို့၏ဆရာ ရဟန္တာပါတည်း”ဟု လျှောက်ကုန်၏၊ မင်းကြီးလည်း သူမြတ်မဟုတ်မှန်းသိ၍ ထိုတက္ကတွန်းတို့နှင့် လျော်သော ပူဇော်သက္ကာရကိုသာပြု၍ သွားစေ၏၊

ဤသို့ အလှူခံမြတ်ကို ဖွေရှာ၍နေစဉ် တနေ့သ၌ နိဂြောဓသာမဏေသည် နံနက်အခါ ဆရာတို့၌ ပြုထိုက်သောဝတ်ကို ပြုခဲ့ပြီး၍ သပိတ်သင်္ကန်းပြင်လျက် မယ်တော်အိမ်သို့ ဆွမ်းခံအံ့သောငှာ မြို့၏ တောင်မျက်နှာမှ ဝင်လာ၍ အရှေ့မျက်နှာသို့ ရှေးရှုသွားသတည်း၊ မယ်တော်အိမ်ကား မြို့၏ အရှေ့၌ရှိသည်။

ထိုအခါ သိရီဓမ္မာသောကမင်းလည်း လေသာနန်းတံခါးဝ၌ ရပ်၍ အရှေ့အရပ်သို့ မျှော်စဉ် မင်ရင်ပြင်သို့ လှမ်း၍လာသော နိဂြောဓသာမဏေငယ်ကိုမြင်လျှင် ဤသို့ ဆင်ခြင်၏၊ “မြင်မြင်သမျှသော လူပေါင်းကား မတည်ကြည်သော နှလုံး၊ တုန်လှုပ်လျှပ်ပေါ်သော ဣန္ဒြေရှိ၏။ ကျော့ကွင်း၌မိသော သမင်ကဲ့သို့လည်းကောင်း၊ ကျီး၏ မျက်နှာကဲ့သို့လည်းကောင်း ရှိ၏။ ဤနန်းရင်ပြင်ဖြင့်သွားသော သူငယ်မူကား အလွန်တည်ကြည်သော ဣန္ဒြေရှိ၏၊ ရှေ့သို့တက်ခြင်း, နောက်သို့ဆုတ်ခြင်း, တူရူကြည့်ခြင်း, တစောင်းကြည့်ခြင်း, လက်ခြေတို့၏ ကွေးခြင်း ဆန့်ခြင်းစသော အမူအရာတို့သည် တင့်တယ်သိမ်မွေ့စွာ ရှိ၏တကား၊ ဤသူငယ်၏ ကိုယ်တွင်း၌ မြတ်သောတရားသည် ရှိရာပေ၏”ဟု ကြံပြီးလျှင် အလွန်ချစ်ခင် ကြည်ညိုသောစိတ် ရှိသည်ဖြစ်၏။

(စာမျက်နှာ-၅၄၉)

ချစ်ခင်ကြည်ညိုကြောင်းတရား ၂-ပါး

အဘယ့်ကြောင့်ဖြစ်သနည်း ဟူမူကား- ရှေးကောင်းမှု ပြုကြသောအခါ နိဂြောဓသာမဏေသည် အစ်ကိုကြီး၊ ဒေဝါနံပိယတိဿမင်းသည် ညီအလတ်၊ သိရီဓမ္မာသောကမင်းသည် ညီအထွေး ဖြစ်ဖူးသောကြောင့် မြင်တော်မူလျှင်ပင် လွန်စွာသော ကြင်နာစုံမက်ခြင်းသည် ဖြစ်သတည်း။ ထိုသို့ ရှေးဘဝ၌ တကွ ကောင်းမှုပြုဖူးသောကြောင့်လည်းကောင်း မျက်မှောက်သော အဖြစ်ဝယ် နှစ်သက်ဝမ်းသာ စီးပွားချမ်းသာကို ဆောင်ပေသောကြောင့်လည်းကောင်း ဤအကြောင်းနှစ်ပါးဖြင့် ချစ်ခြင်းတရားသည် ဖြစ်သတည်း။

ထို့ကြောင့် ဘုရားသခင်လည်း-

ပုဗ္ဗေဝ သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေန ဝါ။
ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ-

ဟူသော ဂါထာကို ဟောတော်မူသည်။

[အနက်ကား]ဘိက္ခဝေ၊ ရဟန်းတို့။ ပုဗ္ဗေဝ၊ ရှေးဘဝကလျှင်။ သန္နိဝါသေန၊ အတူတကွ မိဘပေါဖော် တော်စပ်နီးကာ ကောင်းမှုပြုရှာသောကြောင့်လည်းကောင်း။ ပစ္စုပ္ပန္နဟိတေန ဝါ၊ ပစ္စုပ္ပန်ဘဝ၌ အကျိုးစီးပွားကို ရွက်ဆောင်ခြင်းကြောင့်လည်းကောင်း။ ဧဝံ၊ ဤသို့သော အကြောင်းနှစ်ပါးဖြင့်။ တံ ပေမံ၊ ထိုချစ်ခြင်းသည်။ ဇာယတေ၊ ဖြစ်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်း ဟူမူကား။ ဥဒကေ၊ ရေ၌။ ဥပ္ပလံ၊ ကြာသည်။ ဥဒကဉ္စ၊ ရေကိုလည်းကောင်း။ ကဒ္ဒမဉ္စ၊ ညွန်ကိုလည်းကောင်း။ နိဿာယ၊ မှီ၍။ ဇာယတေ ယထာ၊ ဖြစ်သကဲ့သို့တည်း။

မင်းကြီးလည်း သာမဏေအား ထိုအကြောင်းနှစ်ပါးဖြင့် အားကြီးသော မြတ်နိုးခြင်း ရှိသည်ဖြစ်၍ “သာမဏေကို မြန်စွာလိုက်ပင့်ချေ”ဟု အမတ်တို့ကို စေလိုက်၏။ အမတ်တို့ လိုက်၍ပင့်စဉ် မင်းကြီးလည်း ကြာသည်ဟူ၍ တဖန်ထပ်၍ အမတ်တို့ကို စေပြန်၏။ ထိုသို့ အကြိမ်ကြိမ်ထပ်၍ အမတ်တို့ကို ပင့်စေသော်လည်း သာမဏေသည် လျင်စွာမကြွမူ၍ ပြကတေ့သော လာခြင်းဖြင့်သာ လာ၍ မင်းအိမ်သို့ တက်မိသော် “သင်နှင့် သင့်လျော်သောနေရာ၌ နေလော့”ဟု ဆိုတော်မူ၏။

သာမဏေလည်း ထိုမှဤမှ ကြည့်ရှုသော် “ယခုအခါ ငါ့ထက် သိက္ခာဝါကြီးသော ရဟန်းသည် ဤမင်းအိမ်ထက်၌ မရှိပြီ”ဟု ကြံပြီးလျှင် ထီးဖြူအုပ်သော ရာဇပလ္လင်ထက်သို့ တက်အံ့သောအခြင်းအရာကို ပြုလျက် မင်းကြီးလက်သို့ သပိတ်ကိုကမ်း၏၊ မင်းကြီးလည်း ထိုအခြင်းအရာကိုမြင်လျှင် “ဤသာမဏေငယ်သည် ယနေ့ ငါ၏ အိမ်တော်အလုံး၌ အရှင်ဖြစ်လတ္တံ့”ဟု ကြံ၍ သပိတ်တော်ကို လှမ်း၏။

သာမဏေကလည်း ရာဇပလ္လင်ထက်သို့ တက်၍ ထိုင်လေလျှင် မင်းကြီးလည်း အထူးထူးသော ခဲဖွယ်ဘောဇဉ်တို့ကို သပိတ်၌လောင်း၍ ကပ်၏၊ သာမဏေလည်း ဘုဉ်းပေး သုံးဆောင်၏။ ပြီးစီးသောအခါ မင်းကြီးက ဤသို့ မေးလေ၏၊ “သာမဏေ.. သင်၏အမျိုးအနွယ်ကား အဘယ်သူ၏ အမျိုးအနွယ်နည်း၊ အဘယ်သူ၏ အဆုံးအမကို ခံသနည်း၊ ၎င်၏အယူကား အဘယ်သို့ ယူသနည်း”ဟု မေးလျှောက်၏။

(စာမျက်နှာ-၅၅၀)

သာမဏေလည်း “ငါ၏အမျိုးအနွယ်ကား ဉေယျဓံတရားငါးပါးကို အကုန်သိမြင်သော သဗ္ဗညုဘုရား၏ အနွယ်တည်း၊ ထိုဘုရား၏ အဆုံးအမ၌သာ တည်သတည်း၊ ငါ၏အယူလည်း အဆူဆူသော ဘုရားသခင်တို့ ရောက်ဝင်ပျော်စံရာဖြစ်သော နိဗ္ဗာန်ကိုသာ အာရုံပြုသတည်း”ဟု မိန့်တော်မူ၏။

မင်းကြီးလည်း “သင်တို့၏ဆရာ မြတ်စွာဘုရား၏ အဆုံးအမကိုသိလျှင် ငါ့အား ကြားပါ”ဟု ဆို၏။ သာမဏေလည်း “မင်းကြီး.. ငါ အတန်ငယ်မျှသာ သိပါသေးသည်။ နာလိုမူကား ဟောအံ့”ဟု ဆို၍ ဓမ္မပဒ၌ အပ္ပမာဒဝဂ်ကို ဟော၏။

အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ-

အစရှိသော ဂါထာကို ကြာလျှင်ပင် “မောင်ရှင်သာမဏေ... ငါသိပြီ၊ စုံလင်စွာဟောပါဦး” ဟူ၍ တောင်းပန်၏။ သမဏေလည်း အပ္ပမာဒဝဂ် ဆုံးအောင်သောတရားကို ဟောပေ၏။ ယင်းသို့ တရားကိုနာရပြီးသော် မင်းကြီးလည်း “ရှင်သာမဏေ.. ရှစ်ဝတ်သောဆွမ်းတို့ကို အကျွန်ုပ် နေ့တိုင်းမပြတ် သင့်အားလှူ၏”ဟု ဆိုလေ၏၊ သာမဏေလည်း “ဒကာတော်မင်းကြီးလှူသော ဆွမ်းရှစ်ဝတ်ကို ငါ၏ ဥပဇ္ဈာယ်ဆရာအား လှူအံ့”ဟု ဆိုပေ၏။

သာသနာတော် ချီးမြှောက်ပုံ

မင်းကြီးလည်း “ဥပဇ္ဈာယ်ဟူသည် အဘယ်သို့သောသူနည်း”ဟု မေးပြန်၏။ “မင်းကြီး.. အပြစ်ကြီးငယ်တို့ကို ကဲ့ရဲ့ဆုံးမ၍ ဤသို့ ကျင့်အပ်၏၊ ဤသို့ ဆိုအပ်၏ဟု သွန်သင်ပြသပေးသူတည်း”ဟု ပြောပေ၏။ မင်းကြီးကလည်း “ချစ်သား.. သင်၏ ဥပဇ္ဈာယ်အားလည်း ဆွမ်းရှစ်ဝတ်၊ ချစ်သားအားလည်း ဆွမ်းရှစ်ဝတ် လှူ၏”ဟု ဆိုတော်မူပြန်၏။

သာမဏေလည်း “မင်းကြီး... ငါ့အဖို့ကို ငါ့ဆရာအား လှူအံ့” ဆိုပြန်၏။ “ချစ်သား.. ဆရာဟူသည် အသို့သောသူနည်း”ဟု မေးပြန်သည်။ “မင်းကြီး.. ဆရာဟူသည်ကား ပိဋကတ်သုံးပုံကို သင်ပေးသောသူတည်း”ဟု ပြောလေ၏။ မင်းကြီးကလည်း “ချစ်သား.. သင်၏ဆရာအားလည်း ဆွမ်းရှစ်ဝတ်၊ သင့်အားလည်း ဆွမ်းရှစ်ဝတ် လှူ၏”ဟု ဆိုတော်မူပြန်၏။

သာမဏေလည်း “မင်းကြီး ငါ့အဖို့ကို သီတင်းသုံးဖော် သံဃာတော်တို့အား လှူအံ့”ဟု ဆိုပြန်၏၊ “ချစ်သား.. သီတင်းသုံးဖော် သံဃာတော်ဟူသည် အဘယ်သို့သောသူနည်း”ဟု မေးပြန်သော် “မင်းကြီး... သံဃာဟူသည်ကား ငါ့အား ရဟန်းပြုပေးသောသူ, အတူတကွ သီလဆောက်တည်ဖက်ဖြစ်သော သူတည်း”ဟု ပြောပေ၏၊ “ချစ်သား.. သံဃာတော်တို့အား ဆွမ်းရှစ်ဝတ်၊ ချစ်သားအားလည်း ဆွမ်းရှစ်ဝတ် လှူ၏”ဟု ဆိုပြန်၏။ မင်းကြီးလည်း အတိုင်းထက်အလွန် ကြည်ညိုသောစိတ် ရှိတော်မူ၏၊ နိဂြောဓ သာမဏေလည်း “ကောင်းပြီ”ဟု ဝန်ခံ၍ ကြွတော်မူ၏။

မိုးသောက်သောနေ့၌ ရှစ်ဝတ်လေးလီ သုံးဆယ့်နှစ်ဝတ်သော ဆွမ်းတို့ကို သုံးကျိပ်နှစ်ပါးသော ရဟန္တာတို့အား ပင့်ခေါ်၍ ဆွမ်းဘုဉ်းပေးတော်မူကြ၏၊ ဆွမ်းဘုဉ်းပေးပြီးသော် မင်းကြီးက နိဂြောဓသာမဏေကို ခေါ်တော်မူ၍ “ချစ်သား.. ယနေ့ကြွလာသာ ရဟန္တာ သုံးကျိပ်နှစ်ပါးကိုလည်းကောင်း ထိုမှတပါး သုံးကျိပ်နှစ်ပါးကိုလည်းကောင်း ပင့်ခေါ်၌ နက်ဖြန် ဆွမ်းဘုဉ်းပေးတော်မူပါ”ဟု လျှောက်ပြန်၏။

(စာမျက်နှာ-၅၅၁)

ဤသို့သောနည်းအားဖြင့် နေ့တိုင်းနေ့တိုင်း ပွားစေ၍ တိတ္ထိခြောက်သောင်းတို့အားလှူသော ဆွမ်းဝတ်ကို ဖြတ်လျက် ခြောက်သောင်းသော ရဟန္တာတို့အား နန်းတော်တွင်း၌ အမြဲ လုပ်ကျွေးပေ၏။

သိရီဓမ္မာသောကမင်းကြီးလည်း နိဂြောဓ သာမဏေအား ပုထုဇဉ်တို့၏ ကြည်ညိုခြင်းထက် လွန်စွာ ကြည်ညိုတော်မူ၏။ သာမဏေလည်း ပရိသတ်နှင့်တကွ မင်းကြီးအား သုံးပါးသော သရဏဂုံ၌လည်းကောင်း၊ ငါးပါးသော သီလ, ရှစ်ပါးသော သီလ၌လည်းကောင်း တည်စေ၏၊ မင်းကြီးလည်း သံဃာတို့ နေစိမ့်သောငှါ အသောကာရာမကျောင်းကို ဆောက်စေ၍ ခြောက်သောင်းသော ရဟန္တာမြတ်တို့အား ဆွမ်းဝတ်နှင့်တကွ လှူတော်မူ၏။

ညီတော်တိဿ ရဟန်းပြုပုံ

မင်းကြီးလည်း အဘိသိက်ခံ၍ လေးနှစ်မြောက်သောအခါ နန်းလျာ အိမ်ရှေထားသော မင်းညီတော်ဖြစ်သော တိဿမင်းသားသည် တောကစားအံ့သောငှါ သွားလေသော် တောအုပ်တွင်း၌ အချင်းချင်း ပျော်ပါး မြူးထူးကုန်သော သမင်အပေါင်းတို့ကို မြင်၍ ဤသို့ကြံ၏၊ “မြက်သစ်ရွက်ကို စားကုန်သော သမင်တို့လျက် အမှုကိစ္စမရှိ၊ မိမိတို့ အလျောက်သာ နေသဖြင့် ပျော်ပါးမြူးထူးကြသေး၏၊ သိမ်မွေ့သော အစာကိုသုံးကာ သိမ်မွေ့သော အိပ်ရာ၌ အိပ်ကာနေကုန်သော ရဟန်းတို့မူကား အဘယ်မှာ မမြူးထူးပဲ ရှိတော့အံ့နည်း”ဟု ကြံမိ၏။

ထိုသို့ကြံမိ၍ တောကစားရာမှ ပြန်လာသော် နောင်တော်မင်းကြီးအား ထိုအကြောင်းကို လျှောက်ကြား၏၊ မင်းကြီးလည်း “ညီတော် အိမ်ရှေ့မင်းသည် အရာမဟုတ်သည်ကို ကြံဘိ၏တကား”ဟု မသက်မသာ ရှိတော်မူ၍ ထိုအကြံကို ဥပါယ်တံမျဉ်ဖြင့် သိစေလို၍ တနေ့သ၌ တစုံတခုသောအကြောင်းဖြင့် အမျက်လိုသကဲ့သို့ ပြု၍ “အမောင်သည် ခုနစ်ရက် မင်းပြုဘိလော့၊ ခုနစ်ရက်လွန်လျှင် သင့်ကို ငါသတ်တော့အံ့”ဟု ခြောက်ခြိမ်း၍ အကြောင်းကို သိစေ၏၊ အိမ်ရှေ့မင်းလည်း “ခုနစ်ရက်လွန်သောနေ့၌ နောင်တော်သည် ငါ့ကိုသတ်လတ္တံ့”ဟု မစားမသောက်ပဲ တချောက်ချားချား နေသောကြောင့် ခေါင်းပါးသောကိုယ် ရှိသည်ဖြစ်၍ ခုနစ်ရက်စေ့အခါ၌ မင်းကြီးသည် အိမ်ရှေ့မင်းကိုခေါ်၍ မေးတော်မူ၏၊ “ညီတော်.. သင်ကား အဘယ့်ကြောင့် ခေါင်းပါးညစ်ညူးသော ကိုယ်ရှိသနည်း”ဟု မေးတော်မူ၏။ “အရှင်မင်းကြီး.. သေဘေးကို ကြောက်သောကြောင့် ဖြစ်ပါသည်”ဟု လျှောက်သော် “ညီတော်.. သေအံ့သောနေ့ရက်ကို မြင်နိုင်သေးလျက် မမြူးထူးနိုင် ရှိသေး၏၊ အရှင်ဖြစ်သော ရဟန်းတော်တို့မှာမူကား အာနာပါနနှင့်စပ်သော သေခြင်းတရားကို နေ့ညဉ့် ရှုကုန်လျက် အဘယ်မှာ မြူထူးနိုင်ကုန်အံ့နည်း”ဟု မိန့်တော်မူ၏။ အိမ်ရှေ့မင်းလည်း ထိုနေ့မှစ၍ သာသနာတော်၌ အလွန်ကြည်ညို၏။

တနေ့သ၌ တောကစားသွားရာမှ ပြန်လေသော် ဆင်ပြောင်တစီးသည် အင်ကြင်းခက်ကိုကိုင်၍ အရှင်ယောနက မဟာရက္ခိတမထေရ်အား ယပ်ခတ်၍နေသည်ကို မြင်သဖြင့် ဝမ်းမြောက်ဝမ်းသာရှိ၍ “ငါသည်လည်း ဤမဟာထေရ်ကဲ့သို့ ရဟန်းအဖြစ်ကို အဘယ်အခါမှ ရပါအံ့နည်း”ဟု တောင့်တ၏၊ မဟာထေရ်သည်လည်း အိမ်ရှေ့မင်း အကြံရှိသည်ကိုသိ၍ ထိုမင်းမြင်စဉ်လျှင် ကောင်းကင်သို့ ပျံတက်လေ၍ အသောကာရာမကျောင်းကြီး၏ အနီး၌ လေးထောင့်အပြင်ရှိသော ကန်၏အနီးဝယ် ရပ်လျက် သင်္ကန်းကို ကောင်းကင်၌ဆွဲ၍ ရေချိုးအံ့သောငှါ သက်၏။

ထိုမဟာထေရ်၏ တန်ခိုးအာနုဘော်ကို မြင်၍ အတိုင်းထက်အလွန် ကြည်ညိုခြင်းသည် ဖြစ်၍ အိမ်ရှေ့မင်းလည်း “ယနေ့ပင် ရဟန်းပြုအံ့”ဟု ပြည်သို့ပြန်၍ မင်းကြီးထံ ခွင့်တောင်းလေ၏။ မင်းကြီးလည်း

(စာမျက်နှာ-၅၅၂)

မြတ်နိုးတော်မူသော နှလုံးတော်ရှိသည်ဖြစ်၍ အထူးထူးသော တောင်းပန်ခြင်းဖြင့် တောင်းပန်တော်မူ၏၊ ထိုသို့ တောင်းပန်သော်လည်း မတတ်နိုင်သည်ဖြစ်၍ အသောကာရာမကျောင်းသို့ သွားသောခရီးကို တန်ဆာဆင်စေ၍ အထူးထူးသော ချပ်တန်ဆာ မိန်ညို မောက်တို မောက်ရှည် ဆင်ယင်သော စစ်သည်အပေါင်း ခြံရံစေ၍ ကျောင်းသို့ဆောင်လေ၏။ အိမ်ရှေ့မင်းလည်း အခြွေအရံ တသိန်းနှင့်တကွ အရှင်မဟာရက္ခိတထေရ်မြတ်၏ အထံ၌ ရဟန်းပြုလေ၏။

(အိမ်ရှေ့မင်းသည် အခြံအရံတသိန်းနှင့်တကွ ရဟန်းပြုလေသည်ဟူ၍ ပြည်သူတို့ ကြားလေလျှင် လိုက်၍ ရဟန်းပြုလေသောသူကား မရေတွက်နိုင် ဖြစ်သတည်း။)

သိရီဓမ္မာသောကမင်းကြီး၏ တူတော်ဖြစ်သော “အဂ္ဂိဗြဟ္မာ” အမည်ရှိသော မင်းသားကိုလည်း သမီးတော် သင်္ဃမိတ္တာနှင့် ထိမ်းမြား၍ သားတော်သုမနမင်းကို ရသဖြင့် ဃရာဝါသ၌ ငြီးငွေ့လေရကား အိမ်ရှေ့မင်း ရဟန်းပြုပြီဟု ကြားလျှင် မင်းကြီး၏ထံတော်သို့ သွား၍ “အကျွန်ုပ်လည်း ရဟန်းပြုပါရစေ”ဟု တောင်းပန်၏။ မင်းကြီးကလည်း ခွင့်ပေးတော်မူ၍ ထိုနေ့ပင် ရဟန်းပြုလေ၏။

စေတီများ တည်ဆောက်လိုပုံ

တနေ့သ၌ မင်းကြီးသည် အသောကာရာမကျောင်းသို့ သွား၍ ခြောက်သောင်းမျှလောက်သော ရဟန်းတို့ကို စည်းဝေးပြီးလျှင် ကြီးစွာသော အလှူကိုပေး၍ ပစ္စည်းလေးပါးဖြင့် ဖိတ်၏၊ ဤသို့လည်း မေးလျှောက်၏၊ “အရှင်ဘုရားတို့.. ဘုရားသခင် ဟောတော်မူသော တရားတော်ကား အတီမျှ ရှိသနည်း”ဟု လျှောက်ပေ၏၊

ရဟန္တာမြတ်တို့လည်း “ဓမ္မဝိနယအားဖြင့် နှစ်ပါး, ပိဋကတ်အားဖြင့်သုံးပါး, နိကယ်အားဖြင့် ငါးပါး, အင်္ဂါအားဖြင့် ကိုးပါး, ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင်ရှိသည်”ဟု ပြောပေ၏။

မင်းကြီးလည်း တရားတော်၌ အလွန်ကြည်ညိုစွာရကား တပါးတပါးသော ဓမ္မက္ခန္ဓာကိုရည်၍ စေတီတဆူတဆူ တည်တော်မူလိုသော အကြံတော်ရှိသည်ဖြစ်၍ ဘုရားသခင်၏ သရီရဓာတ်တော်တို့ကို တောင့်တ၏။

သံဃာတော်တို့လည်း “ရာဇဂြိုဟ်ပြည်၌ အဇာတသတ်မင်း ခဲယဉ်းစွာ မြှုပ်ထား၍ ကိုးကွယ်တော်မူသော သရီရဓာတ်တော် ခုနစ်စရွတ်တို့ကို မင်းကြီးရ၍ စေတီတည်လတ္တံ့”ဟု မိန့်တော်မူကုန်၏။

မင်းကြီးလည်း ဝမ်းမြောက်တော်မူလှ၍ “ဓာတ်တော်ထားရာကို သိသောသူသည် အသပြာတထောင်ထုပ်ကို ယူလေ”ဟူ၍ ဆင်တွင်တင်ကာ မြို့ထက်ဝန်းကျင်ကို လည်စေ၏၊ မည်သူမျှ သိသည်ဟူ၍ မပေါ်ထွက်ကုန်၊ ရက်လည်သောနေ့၌ ရဟန်းမိန်းမတယောက်သည် သိကြောင်းကို ဆိုလေ၏။ မင်းကြီးလည်း ထိုရဟန်းမိန်းမကိုပင့်၍ မေး၏၊ ရဟန်းမိန်းမကလည်း “ငါ ခုနစ်နှစ်အရွယ် သာမဏေဖြစ်သောအခါ ငါ့ဆရာနှင့် ဆီမီးပန်းနံ့သာကို ကိုင်၍ လိုက်ရဖူးသည်၊ ငါ့ဆရာ ရဟန်းမလည်း နိမ့်သော မြေအဖို့တွင် နံ့သာပန်း ပူဇော်၍ ရှိခိုးရဖူးသည်”ဟု ပြောလေ၏။

သိရီဓမ္မာသောကမင်းသည်လည်း ရဟန်းမိန်းမ ပြော၍ စေတီတည်ရာကို သိလျှင် မိမိ၏ မှူးမတ်ပရိသတ်နှင့်တကွ သွားလေ၍ ဓာတ်တော်ရှိရာသို့ ရောက်သောအခါ များစွာသော

(စာမျက်နှာ-၅၅၃)

ပူဇော်သက္ကာရကို ပြု၍ တူးဖော်စေသည်ရှိသော် ကျောက်အင်္ဂတေ အမိုးတို့ကိုမြင်၍ ထုတ်ငင်ရလေ၏။

ထို့နောက် အုတ်ကြွပ်အမိုး, ထို့နောက် သံအမိုး, ထို့နောက် ကြေးအမိုး, ထို့နောက် ကြေးနီအမိုး, ထို့နောက် သလွဲဖြူအမိုး, ထို့နောက် သလွဲမည်းအမိုးတို့ကိုလည်း အစဉ်အတိုင်း ထုတ်ယူစေ၍ အမိုးကုန်လျှင် အလုံးစုံ ရတနာအတိပြီးသော ပြာသာဒ်၏ တံတိုင်းခုနစ်ထပ် အတွင်းဝယ် ဝင်းဝင်းညီသား ဓား,လှံ, သန်လျက်ကို ဆွဲငင်၍ အသက်ရှင်သော လူကဲ့သို့ ပြေးသွားကာနေသော ယန္တရားစက်ရုပ်တို့ကို မင်းကြီးနှင့်တကွသော လူအပေါင်းတို့ မြင်လျှင် ရင်သပ်လက်တီး ချီးမွမ်းအံ့ဩကြကုန်လျက် တစိုက်မက်မက် ကြည့်မျှော်လျက်သာ နေကြကုန်၏။

ထို့နောက်မှ မင်းကြီးသည် ဤသို့ အကြံရ၏၊ “အထက်က စီရင်တတ်သောသူ မရှိပဲ အဇာတသတ်မင်းသည် ဤယန္တရားကို မထားနိုင်လေရာ၊ တတ်သော အဆက်အနွယ်ကိုသာ ရှာဦးအံ့”ဟု အသပြာ တထောင်ထုပ်ကို ဆင်ကျောက်ကုန်းထက်၌ တင်၍ “အကြင်သူသည် ယန္တရားစက်ကို ဖျက်နိုင်တုံအံ့၊ ထိုသူသည် ဤအသပြာကိုယူလော့”ဟု ကြွေးကြော်၍ ရာဇဂြိုဟ်ပြည်ကို လည်စေ၏၊ ထိုအခါ အထက် ရောမတိုင်းကလာ၍ ဤစေတီကို စီရင်ခဲ့သောဆရာ၏ သားမြေးတို့ ကြားလေသော် ငွေထုပ်ကို သိမ်းယူပြီးလျှင် မင်းကြီးထံသို့ သွားလေ၏။

၉၄။ အဇာတသတ်မင်းတည်ထားသော ဌာပနာတိုက်ကို ဖျက်ဆီးခြင်းကို ပြခြင်း

ယန္တရားစက်ဆရာ

ထိုဆရာကြီးတို့၏ အကြောင်းကား- ရောမတိုင်း၌ ဘူတာဝါဟန ယန္တရားအတတ်ကို တတ်ကုန်သော သူတို့သည် မိမိအမည်ကို ပေါင်၌ စာရင်းထိုး၍ မှတ်သား၏၊ တပါးနိုင်ငံသို့ သွားလျှင် ယန္တရားအတတ်ဖြင့်လိုက်၍ သတ်လေကုန်၏။ တရံသောအခါ ပါဋလိပုတ်ပြည်သား တယောက်သည် “ရောမတိုင်း၌ အဖိုးအတိုင်းမသိထိုက်သော ယန္တရားအတတ်ကို ငါဆောင်အံ့”ဟု ကြံပြီးလျှင် ရောမတိုင်းသို့ သွားလေ၍ ထိုအတတ်ကို တတ်သောသူ၏ သမီးကို ဥစ္စာရွှေငွေ စုနှင်း၍ မယားပြုလေ၏။ ဆရာလည်း သားမက်အား အလုံးစုံသော အတတ်ကိုသင်၍ ပေါင်တွင် စာရင်းထိုးလေ၏။ နှစ်,လရှည်လျား၍ သားသူငယ် အရွယ်သို့ရောက်လျှင် “ငါသည် ပါဋလိပုတ်ပြည်သို့ သွားအံ့၊ ဤတိုင်းသားတို့သည် သွားကြောင်းကိုသိလျှင် ကောင်းကင်နှင့်လိုက်၍ ငါ့ကို သတ်လတ္တံ့၊ သင်မူကား ငါ၏အကောင်ဝယ် ပေါင်တွင်ရှိသော အတတ်ကို ထုတ်ယူ၍ ငါ၏ဆွေမျိုးထံ၌ ဤအတတ်ဖြင့် အသက်မွေးလေလော့”ဟု သားကိုမှာ၍ ပြေးခဲ့လေ၏။ ပြေးကြောင်းကိုသိလျှင် ထိုတိုင်းသားတို့ လိုက်လံဝန်းလျား၍ သတ်လေ၏။ သားလည်း အဖမှာခဲ့သောအတိုင်း အတတ်ကိုယူ၍ အဖအလောင်းကို သင်္ဂြိုဟ်ပြီးလျှင် ပါဋလိပုတ်ပြည်၌ နေလေ၏။ အဇာတသတ်မင်း သရီရဓာတ်တော်ကို ထားသောအခါ ထိုဆရာကို ရာဇဂြိုဟ်ပြည်သို့ ခေါ်၍ စီရင်လေ၏၊ ထိုသူ၏ အနွယ်ဖြစ်သော သားမြေးတို့ကို တွေ့လေသတည်း။

(စာမျက်နှာ-၅၅၄)

ဓာတ်တော်များရ၍ စေတီများတည်ခြင်း

မင်းကြီးလည်း တို့သူတို့ကိုတွေ့လျှင် ဝမ်းမြောက်ဝမ်းသာ အသပြာတထောင်ပေး၍ ယန္တရားစက်ကို ဖျက်စေ၏။ ထို့နောက်မှ မြေကိုတူး၍ တံတိုင်းခုနှစ်ထပ်တို့ကို အစဉ်အတိုင်း ပယ်ရှားလျက် ရဟန်းသံဃာ ပါသမျှသော မှူးမတ်ပရိသတ်နှင့်တကွ ဓာတ်တော်ပြာသာဒ်ကို လက်ယာရစ် သုံးကြိမ်လှည့်၍ ဖူးမြှော်လေလျှင် အရှင်မဟာကဿပ အဓိဋ္ဌာန်၍ ထွန်းသော ဆီမီးလေးတိုင်၌ မီးမသေသည်ကိုမြင်၍ အလွန်အံ့သြလျက် ပြာသာဒ်တွင်းသို့ဝင်၍ ရွှေစင်အတိလုပ်သော မြင်းရုပ်ကို ယန္တရားအကျည်ဖြင့်ဖွင့်သော် မြင်း၏ဝမ်းတွင်း၌ထားသော ဝဇီရစိန်ကဲ့သို့ ထွန်းတောက်လျက်တည်သော ဓာတ်တော်အစုကို မင်းကြီးမြင်လျှင် ရွှင်ကြည်လှစွာသော စိတ်တော်ရှိသည်ဖြစ်၍ ခုနစ်ရက်ပတ်လုံး ကခြင်း, သီခြင်း, တီးမှုတ်ခြင်းတို့ဖြင့် ပူဇော်ချီးမြှောက်ပြီးမှ ပြာသာဒ်, မြင်းရုပ်တို့ကို ထုတ်၍ ကောင်းစွာ သုတ်သင် ဆင်ယင်ပြီးသော် တံခွန် ကုက္ကား မုလေးပွားတို့ဖြင့် စီရင်လျက် မြို့တွင်းသို့ဝင်၍ ပြာသာဒ်ဦးကင်၌ ထားတော်မူ၏။

ယင်းသို့ ယူပြီးမှ မိမိပြည်သို့ ပြန်ခဲ့ပြီးသော် သရီရဓာတ်တော်တဖို့ကို ဇမ္ဗူဒိပ်ကျွန်းအလုံး၌ အမြဲကိုးကွယ်စေခြင်းငှါ ရှစ်သောင်းလေးထောင်သော မြို့နိုင်ငံတို့၌ တမြို့တမြို့လျှင် စေတီတဆူတဆူ တည်လေဟူ၍ ကိုးဆယ့်ခြောက်ကုဋေသော ငွေအသပြာတို့ကို အမတ်တို့အားအပ်၍ စေတီတည်စေ၏၊ ကျောင်းလည်း တဆောင်စီ ဆောက်စေ၏။

မင်းကြီးလည်း ထိုကျောင်း,စေတီတို့ကို လုပ်စေမည့်အခါ ကြီးသော တန်ခိုးအာနုဘော်ရှိသော ဣန္ဒဂုတ္တ အမည်ရှိသော ရဟန္တာမြတ်ကို တောင်းပန်၏၊ ထိုအရှင်လည်း မိမိတန်ခိုးစွမ်းအင်ဖြင့် စောင်မ၍ ခြောက်လရှိလျှင် အလုံးစုံသော ကျောင်း,စေတီတို့သည် ပြီးကုန်၏၊ ထိုစေတီကိုတည်သောအခါ လကို ရာဟုဖမ်းသည့်နေ့ တပြိုင်နက် တည်ကုန်၏၊ လကို ရာဟုဖမ်းသည့်နေ့ တပြိုင်နက်ပြီးကုန်၍ ပြီးကြောင်းကို ရှစ်သောင်းလေးထောင်သော မင်းတို့သည် ကမ္ပည်းဆက်စာနှင့် တပြိုင်တည်း ရောက်လာကြကုန်၏။

မဟာစေတီနှင့် ရှင်ဥပဂုတ်

တဖို့သောဓာတ်တော်တို့ကို ပါဋလိပုတ်ပြည်၌ မြစ်နားဝယ် တကောသခွဲအရပ်ကို လက်ဝါးပြင်ကဲ့သို့ ညီညွတ်စေ၍ အထူးထူးသော ရတနာတို့ဖြင့် တန်ဆာဆင်ယင်လျက် မဟာစေတီ တည်လေ၏။ တည်ပြိးသော် ခုနစ်လ ခုနစ်ရက်တိုင်တိုင် ကြီးစွာသာ ပူဇော်ပွဲကို ပြုအံ့ဟု ကြံ၏။ ထိုအခါ အနုမောဒနာပွဲ၏ အန္တရာယ်သည် စဉ်းငယ်မျှ မရှိစိမ့်သောငှါ အရိယာသံဃာတို့ကို တောင်းပန်အံ့ဟု မှူးမတ်တို့နှင့်တကွ အာသောကာရာမကျောင်းသို့ လာ၍ သံဃာတော်တို့အား ရိုသေစွာ ရှိခိုး၍ သံဃာ့ထေရ်အား ဤသို့လျှောက်၏။ “အရှင်ဘုရား.. အကျွန်ုပ်ကောင်းမှု၏ အန္တရာယ်ကို တန်ခိုးဖြင့် တားမြစ်ခြင်းငှါ စွမ်းနိုင်သော ရဟန်းတဦးကို စေတော်မူပါ”ဟု လျှောက်၏၊ သံဃာ့ထေရ်လည်း “မင်းကြီး.. တန်ခိုးရှိသော ရဟန်းကို ရှာဦးအံ့”ဟု မိန့်တော်မူ၏။ မင်းကြီးလည်း နန်းတော်သို့ ပြန်လေ၏။

ရဟန်းသံဃာတို့လည်း စည်းဝေးတိုင်ပင်ကြသည်ရှိသော် “မာရ်နတ်သားသည် ကောင်းမှု၏အန္တရာယ်ကို ပြုအံ့သည် မချွတ်ဖြစ်သည်၊ ထိုမာရ်နတ်ကို တားမြစ်ခြင်းငှါ ငါ့ရှင် အားထုတ်ပါ”ဟု သံဃာအစဉ်အတိုင်း တိုက်တွန်းကြသော်လည်း တယောက်သော ရဟန်းမျှ ဆုံးမမည့်သူ မထွက်၊ ဤသုံးရက်မြေက်သောနေ့၌ သံဃာစည်းဝေးသောကာလ နဂါးပြည်မှ နဂါးမင်းတယောက်သည်

(စာမျက်နှာ-၅၅၅)

သံဃာတို့ကို ရှိခိုးအံ့ဟု လာ၍ သံဃာ့အစည်းအဝေးကို ရှိခိုး၍နေစဉ် ကောင်းကင်ဖြင့်လာသော ဂဠုန်မင်းသည် နဂါးကိုမြင်၍ ဖမ်းအံ့သောငှါ မြေသို့သက်လာသော် လေ၏အဟုန်ဖြင့် သိ၍ နဂါးမင်းသည် ကြောက်လန့်လှလျက် သံဃာ့ထေရ်၏ ခြေတော်ကြားသို့ဝင်၍ “အကျွန်ုပ်အသက်ကို ကယ်ပါ”ဟု လျှောက်၏၊ သံဃာ့ထေရ်လည်း ဒုတိယထေရ်ကို ဤသို့ ဆို၏။ “ငါသည် ဇရာဒုဗ္ဗလဖြစ်၍ ဈာန်ဝင်စားခြင်းငှါ မတတ်နိုင်၊ အရှင်သည် နဂါးမင်းကို ဂဠုန်ဘေးမှ ကယ်ပါ”ဟု ဆို၏။ ထိုဒုတိယထေရ်လည်း တတိယထေရ်ကို ထို့အတူ တိုက်တွန်း၏၊ ဤနည်းဖြင့် အဆင့်ဆင့် တိုက်တွန်းသော် ခုနစ်နှစ်အရွယ်ရှိသော သာမဏေငယ်တဦးက “ကျွန်ုပ် ဂဠုန်ကို ဆုံးမပါမည်”ဟု ဝန်ခံ၍ မျှော်လင့်ကာ နေ၏။

ဂဠုန်လည်း နဂါး၏အထက် တသူမျှလောက်ရောက်လျှင် သံဃာကြီးတို့က “ငါ့ရှင် သာမဏေ.. ထပါလော့, ထပါလော့”ဟု တိုက်တွန်းကြ၏။ သာမဏေငယ်လည်း စတုတ္ထဈာန်ကို မြန်စွာဝင်စား၍ အဓိဋ္ဌာန်လျှင် ဂဠုန်မင်း၏ လျင်ခြင်းအဟုန်သည် ကုန်၍ ထူလှစွာသော ကျောက်ဖျာကြီးကဲ့သို့ ဖြစ်၍ ပြေးရှောင်ရလေ၏။ နဂါးမင်းလည်း သံဃာတော်တို့ကိုလည်းကောင်း၊ သာမဏေကိုလည်းကောင်း ကြည်ညိုစွာ ရှိခိုးလျက် နဂါးပြည်သို့ သွားလေ၏။

ရဟန်းအပေါင်းတို့လည်း သာမဏေကို ဤသို့ မိန့်တော်မူကုန်၏။ “သာမဏေ.. သင်သည် ငါတို့တောင်းပန်သည်ကို တကြိမ်တည်း ဝန်မခံသည်ဖြစ်၍ ဒဏ်ထားလိုသည်”ဟု ဆို၏။ “အဘယ်ဒဏ်ကို ထားလိုသနည်း”ဟု သာမဏေက လျှောက်လျှင် သိရီဓမ္မာသောကမင်းကြီးသည် ခုနစ်လ ခုနစ်ရက်ပတ်လုံး စေတီပူဇော်ခြင်းကို ပြုသောအခါ မာရ်နတ်သည် ကောင်းမှု၏အန္တရာယ်ကို ပြုလတ္တံ့၊ ထိုမာရ်နတ်ကို သင်နိုင်အောင်တားပါ”ဟု မိန့်ကုန်၏။

သာမဏေကလည်း “အကျွန်ုပ်မတတ်နိုင်၊ အကျွန်ုပ်ထက် တန်ခိုးကြီးသော ရဟန်းကို ညွှန်းပါအံ့၊ ထိုအရှင်သာ တားနိုင်ပါလတ္တံ့”ဟု လျှောက်၏၊ “အဘယ်သူနည်း”ဟု မေးသော် မဟာသမုဒ္ဒရာအတွင်း၌ ရေအစုကိုထွင်း၍ ရတနာပြာသာဒ်ကို ဖန်ဆင်းလျက် ထိုပြာသာဒ်ထက် နေတော်မူသော တိဿနာဂ အမည်ရှိသော ရှင်ဥပဂုတ်ထေရ်သည် ဈာန်သမာပတ်တို့ဖြင့် များစွာသော နေ့ရက်တို့ကို လွန်စေ၍ အစာမစားပဲ နေတော်မူသည်၊ ထိုအရှင်နှင့်တူသော မာရ်နတ်ကို ဆုံးမနိုင်သောသူမည်သည် မရှိ၊ ထိုအရှင် ဆုံးမမည့်အကြောင်းကိုလည်း ဘုရားသခင်သည် ဤသို့ ဗျာဒိတ်ကြားတော်မူသည်။

ရှင်ဥပဂုတ် မှတ်စု

(ဘုရားမြတ်စွာသည် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်တော်မူသောအခါ သူငယ်တို့သည် မြေမှုန့်ကစား၍ နေကုန်၏၊ ထိုသူငယ်တို့တွင် ခုနစ်နှစ်အရွယ်ရှိသော ပိယဒဿီ အမည်ရှိသော သဌေးသားသည် ဘုရား၌ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ လက်၌ရှိသော မြေမှုန့်ကို လှူအံ့ဟု ကြံ၍ အခြွေအရံသူငယ်တို့ကို ခေါ်ပြီးသော် လက်၌ရှိသော မြေမှုန့်ကို လှူ၏၊ ဘုရားသခင်လည်း ထိုသူငယ်ကိုမြင်လျှင် ရွှင်သော နှလုံးတော်ဖြင့် ရှင်အာနန္ဒာကို ကြည့်တော်မူ၏။ ရှင်အာနန္ဒာလည်း သပိတ်တော်ကိုကပ်လျှင် သူငယ်လောင်းအပ်သော မြေမှုန့်ကို ခံယူတော်မူ၍ ရှင်အာနန္ဒာအား တဖန်ပေးပြီးမှ ပြုံးတော်မူ၏။ ရှင်အာနန္ဒာက ပြုံးတော်မူသော အကြောင်းကို လျှောက်သော် “ချစ်သားအာနန္ဒာ.. ဤပိယဒဿီ သတို့သားသည် မြေမှုန့်လှူသော အကျိုးအားဖြင့် နတ်ပြည်၌
(စာမျက်နှာ-၅၅၆)
စံစားပြီးသော် သာသနာတော် နှစ်ရာ့တဆယ့်ရှစ်နှစ် ရောက်သောအခါ ပါဋလိပုတ်ပြည်၌ ဗိန္ဒုသာရမင်း၏ တရာ့တယောက်သော သားတို့တွင် အသောကမည်သော ဗလစကြာမင်း ဖြစ်လတ္တံ့။ ထိုအခါ ငါ၏သာသနာ၌ သဒ္ဓါခြင်း အားကြီးသည်ဖြစ်၍ ခုနစ်လ ခုနစ်ရက်တိုင်တိုင် အလှူကြီးကိုပေး၍ မိမိကိုယ်ကို နံ့သာဆီဖြင့်ဆွတ်သော ဝါဂွမ်းဖြင့်ရစ်၍ မီးညှိကာ ပူဇော်လတ္တံ့၊ ထိုအခါ မာရ်နတ်ဖျက်ဆီးအံ့သည်ကို ဥပဂုတ္တတိဿနာဂ မည်သော မထေရ်သည် တန်ခိုးအားဖြင့် တားပေလတ္တံ့”ဟု ဗျာဒိတ်စကား ကြားတော်မူ၏။)

၉၅။ ဥပဂုတ္တတိဿနာဂထေရ် မာရ်နတ်ကို ဆုံးမတော်မူခြင်း

ရှင်ဥပဂုတ်၏ တန်ခိုး

ယင်းသို့ သာမဏေဆိုသော စကားကို ကြားလျှင် များစွာသော သံဃာတော်တို့လည်း ဝမ်းမြောက်ဝမ်းသာ အနုမောဒနာခေါ်၍ ရဟန်းတော်နှစ်ဦးအား “ရှင်ဥပဂုတ်ကို သွား၍ ပင့်ချေ”ဟု စေလိုက်၏။ ထိုရဟန်းနှစ်ဦးတို့သည် မြေကို ငုတ်လျှိုး၍ သွားသဖြင့် ရောက်လျှင် ပြာသာဒ်အပြင်က အသံပြုကြ၏။ ရှင်ဥပဂုတ်လည်း သမာပတ်မှထ၍ “အကြောင်း အသို့နည်း”ဟု မေး၏။ ရဟန်းတို့ကလည်း “သံဃာတို့ အစည်းအဝေး ပင့်လိုသည်”ဟု လျှောက်၏။ သံဃာတို့ကိုရိုသေသဖြင့် “ငါလာခဲ့အံ့၊ ငါ့ရှင်တို့ ကြွနှင့်လော့”ဟု ဆို၍ လွှတ်လိုက်ပြီးသော် မိမိသည် တန်ခိုးအဟုန်ဖြင့် လျင်စွာလာ၍ သံဃာတို့အစည်းအဝေး၌ မထေရ်ကြီးတို့ကို ရှိခိုးလျက်နေ၏၊ ရှေးလာနှင့်သော ရဟန်းတို့သည် နောက်မှရောက်၍ ရှင်ဥပဂုတ်ကိုမြင်လျှင် “ဤအရှင်ကား တန်ခိုးကြီးပေစွ၊ ငါတို့နောက်မှ လာလျက် ဦးစွာရောက်နှင့်ပေသည်”ဟု အံ့ဩကြကုန်၏။

သံဃာ့ထေရ်တို့ကလည်း “ငါ့ရှင်.. သင်သည် လဆန်းလဆုတ် ပက္ခတို့၌ ဥပုသ်ပြုခြင်းကိုလည်းကောင်း၊ သံဃာ့အစည်းအဝေးကိုလည်းကောင်း မရောက် မလာ၊ မိမိချမ်းသာကိုသာ အလေးပြုဘိ၏၊ သံဃာ့အမှုကို အလေးမပြု၊ ဤကဲ့သို့နေရာ၌ မြတ်စွာဘုရားလည်း မကပ္ပိန္နထေရ်ကို ကဲ့ရဲ့တော်မူဖူး၏။ ထို့ကြောင့် သင့်ကို ဒဏ်ထားခြင်းငှာ ထိုက်၏”ဟု ဆိုကုန်၏၊ ရှင်ဥပဂုတ်ကလည်း ဦးခေါင်းနှင့်တကွ ရေချိုးပြီးသော ကောကနဒမည်သော ကြာပန်းကို တန်ဆာဆင်သကဲ့သို့ “အရှင်တို့ထားသောဒဏ်ကို ဦးဖြင့် ခံပါအံ့၊ အဘယ်ဒဏ်ကို ပေးလိုကြသနည်း”ဟု မေး၏။

သံဃာ့ထေရ်လည်း “ငါ့ရှင်ဥပဂုတ်.. သာသနာ့ဒါယကာဖြစ်သော အသောကမင်းကြီးသည် ရဟန်းတို့ အလုပ်အကျွေးဖြစ်သည်။ ယခုအခါ ခုနစ်လ ခုနစ်ရက်တိုင်အောင် စေတီကျောင်းပူဇော်ပွဲ ပြုလိုသည်၊ ထိုအခါ မာရ်နတ်လာ၍ ကောင်းမှု၏ အန္တရာယ်ကို ပြုလတ္တံ့၊ ထိုမာရ်နတ်ကို ငါ့ရှင် ဆုံးမပါ”ဟု မိန့်၏။

ရှင်ဥပဂုတ်လည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ ရှင်ဥပဂုတ်က ဆွမ်းမဘုဉ်းပေးရသေးကြောင်းကို ဆိုလျှင် ရဟန်းတဦးက “ကျွန်ုပ်အား ရှေးကောင်းမှုကြောင့် ဆွမ်းလေးသပိတ်ကို နေ့တိုင်းမပြတ် ရသည်၊ တသပိတ်ကို အကျွန်ုပ်အဖို့ ချန်၍ သုံးသပိတ်ကို အလိုရှိတိုင်း သုံးဆောင်ပါ”ဟု လျှောက်၏။

ရှင်ဥပဂုတ်က “အဘယ်ကောင်းမှုကြောင့် သင်ရသနည်း”ဟု မေးလျှင် “အကျွန်ုပ် ရှေးသောအခါ ဤပါဋလိပုတ်ပြည်၌ သဌေးသားဖြစ်၍ မိဘချစ်မြတ်နိုးသော တယောက်တည်းသောသား

(စာမျက်နှာ-၅၅၇)

ဖြစ်လျက် ခင်ပွန်းကောင်းနှင့် ပေါင်းဘက်မိသဖြင့် ရဟန်းပြု၍ သီလဘာဝနာကို လွန်စွာအားထုတ်၏၊ မိဘတို့ နေ့တိုင်း ဆွမ်းစားပင့်လျှင် အဆွေခင်ပွန်းဖြစ်သော ရဟန်းလေးပါးတို့ကို ပင့်ခေါ်၍ ဆွမ်းလုပ်ကျွေးသည်။ ဤကောင်းမှုကြောင့် ဆွမ်းလေးသပိတ်ရသည်”ဟူ၍ မိန့်၏။ ရှင်ဥပဂုတ်ကလည်း “သင်၏ဆွမ်းသည် မစင်ကြယ်၊ သဒ္ဓါ၍လှူသော ဆွမ်းမဟုတ်၊ သား၏ချစ်ခြင်းဖြင့် လှူသော ကောင်းမှု၏ အကျိုးသာဖြစ်သည်၊ ငါအလိုမရှိ”ဟု မိန့်၏။

ရဟန်းတယောက်က ဤသို့ လျှောက်ပြန်၏၊ “အရှင်ဥပဂုတ်.. အကျွန်ုပ်ကောင်းမှုကြောင့် ရသော ဆွမ်းသည် ရှိ၏၊ ထိုဆွမ်းကို ဘုဉ်းပေးတော်မူပါ”ဟု လျှောက်၏။ “အဘယ်ကောင်းမှုကြောင့် ရသနည်း”ဟု မေးလျှင် “အရှင်ဘုရား.. အကျွန်ုပ်သည် ရှေးသောအခါ ဤပါဋလိပုတ်ပြည်၌ ဗေဒင်တတ်သော ဆရာဖြစ်၍ များစွာသော လူတို့သည် စတုမဓုနှင့်ယှဉ်သော ဘောဇဉ်ကို လုပ်ကျွေး၍ စားပြီးလျှင် မြို့ပြင်သို့ထွက်၍ ကန်ရိုးသို့သွားသောအခါ ခွေးမငယ်တခုသည် အကျွန်ုပ်၏ရှေ့တွင် လက်အုပ်ချီ၍ အသံပြုသည်ကိုမြင်လျှင် ကြင်နာသနားလှသော စိတ်ရှိရကား ကျွန်ုပ်စားပြီးသော အစာကို အံ၍ ကျွေးဖူး၏၊ ထိုကောင်းမှုကြောင့် ဤဘဝ၌ ရေမရောသော ဃနာဆွမ်း, စတုမဓုနှင့်ယှဉ်သောဆွမ်း နှစ်သပိတ်ကိုရသည်၊ အရှင်ဘုရားအား တသပိတ် လှူပါမည်”ဟု လျှောက်၏၊ ရှင်ဥပဂုတ်လည်း ပြုံးတော်မူ၍ “ငါ့ရှင်.. သင်၏ဆွမ်းကား အော့ဖတ်စော် နံလတ္တံ့၊ ငါအလိုမရှိ၊ ငါ့အလိုအလျောက် ဆွမ်းခံ၍ စားအံ့”ဟု ဆို၍ နေ၏။

တနေ့သ၌ အသောကမင်းသည် ကျောင်းသို့လာ၍ သံဃာ့ထေရ်၏အထံသို့ ကပ်ပြီးလျှင် “အရှင်ဘုရား... အကျွန်ုပ်ကောင်းမှု၏ အန္တရာယ်ကို ပြုလတ္တံ့သော မာရ်နတ်အား မြစ်နိုင်အံ့သော ရဟန်းကို ရပါပြီလော”ဟု လျှောက်၏။ သံဃာ့ထေရ်ကလည်း “မင်းကြီး.. ရပြီ၊ တယောက်ကို မဆိုထားဘိ၊ တသောင်းသော မရ်နတ်ကိုလည်း ဆီးတားနိုင်သော တန်ခိုးအာနုဘော်ရှိသော တိဿနာဂဥပဂုတ္တ အမည်ရှိသောသူသည် ဤသူပင်တည်း”ဟု ပြောလေသော် မင်းကြီးလည်း အရှင်ဥပဂုတ် အနီးသို့ကပ်၍ ဖူးမြော်လျှင် အလွန်ကြမ်းသော မလှသော အဆင်းတော်ကို မြင်သဖြင့် “ဤအရှင် တတ်နိုင်ပါအံ့လော”ဟု ကြံလျက် နန်းတော်သို့ ပြန်လေ၏၊ မိုးသောက်သောအခါ စူးစမ်းအံ့ဟု ကြံပြီးလျှင် နေလင့်၏။

အရှင်ဥပဂုတ်လည်း နန်းတော်ကို ဆွမ်းခံဝင်လေ၏၊ မင်းကြီးလည်း ဆွမ်းလှူလိုက်၍ ကြွလာသောကာလ အမုန်ယစ်သော ဆင်တစီးကိုလွှတ်၏၊ ထိုဆင်လိုက်၍ အနီးသို့ရောက်သောအခါ အရှင်မြတ်လည်း မင်းကြီးကလွှတ်သော အဖြစ်ကို သိ၍ ကြွစဉ် အဓိဋ္ဌာန်တော်မူလျှင် ထိုဆင်သည် ကျောက်တိုင်ကဲ့သို့ဖြစ်၍ နှာမောင်းချီလျက် ရပ်လေ၏။ ရှင်ဥပဂုတ်လည်း မကြည့်ပဲ ကြွတော်မူ၏။

မင်းကြီးလည်း အမှူးအမတ်နှင့်တကွ ဆင်၏အနီးသို့သွား၍ ကျောက်တိုင်ဖြစ်သည်ကိုမြင်လျှင် ထိုအရှင်၏ တန်ခိုးအာနုဘော်ကို အံ့ဩကြကုန်လျက် ကြန်အင်လက္ခဏာနှင့် ပြည့်စုံသော ဆင်သည်လျက် ကျောက်တိုင်ဖြစ်ချေ၏။ မာရ်နတ်ကိုကား မချွတ်ဆုံးမနိုင်လတ္တံ့ဟု ဝမ်းမြောက်ဝမ်းသာ ခြံရံကာ လိုက်လေ၏၊ “အရှင်ဥပဂုတ်.. အရှင့်ကို နှိပ်စက်လို၍ မပြုပါ၊ စူးစမ်းလို၍သာ ပြုပါသည်။ အပြစ်ကို သည်းခံတော်မူပါ”ဟု ကန်တော့၏။

(စာမျက်နှာ-၅၅၈)

အရှင်ဥပဂုတ်လည်း “မင်းကြီး.. ချမ်းသာသောကိုယ် ရှိပါစေ၊ ဆင်လည်း ပြကတေ့အတိုင်း ဖြစ်စေ”ဟု မိန့်တော်မူလျှင် ဆင်သည် မိမိနေရာသို့ သွားလေ၏။ ထိုအခါ များစွာသော လူအပေါင်းတို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၏။

သိရီဓမ္မာသောက မင်းကြီးလည်း ရှစ်သောင်းလေးထောင်သော ကျောင်း,စေတီတို့ကို ပူဇော်ခြင်းငှါ မြို့အလုံးကို စည်လည်စေ၏၊ “ဤနေ့မှစ၍ ခုနစ်ရက်လွန်သဖြင့် စေတီပူဇော်ခြင်းသည် ဖြစ်လတ္တံ့၊ ပြည်တွင်းပြည်ပ၌နေသော လူအပေါင်းတို့သည် သုံးပါးသော သရဏဂုံနှင့်တကွ ရှစ်ပါးသော သီလကို ဆောက်တည်၍ စေတီပူဇော်ကြကုန်”ဟု နှိုးဆော်စေ၏။ ခုနစ်ရက်လွန်သောနေ့၌ တန်ဆာဆင်အပ်သော အက္ခောဘိဏီမျှလောက်သော စစ်အင်္ဂါအပေါင်း ခြံရံလျက် သိကြားမင်း၏နေရာ တာဝတိံသာ နတ်ပြည်ကဲ့သို့ ကျက်သရေရှိသော ပြည်တော်ကို လက်ျာရစ် သုံးပတ်လှည့်ပြီးမှ အသောကာရာမကျောင်းသို့ သွား၍ ရဟန်းတို့၏အလယ်၌ နေပြီးမှ မဟာစေတီ၏ ထက်ဝန်းကျင် ယူဇနာခွဲအရပ်ကို ဆီမီးညှိထွန်းစေ၏။ စေတီတော်ကို ရှိခိုးပူဇော်ခြင်းငှါ လာကုန်သော ရဟန်းသံဃာ လူအပေါင်းတို့သည်လည်း စည်းဝေးကြကုန်၏။

စစ်တပ်ဖွဲ့စည်းပုံ မှတ်စု

အက္ခောဘိဏီဆိုရာ၌ အရေအတွက်ကား- ဆင်တစီးတွင် ဆင်စီးသူရဲတစ်၊ ကုန်းလည်စီး တစ်၊ နောက်ပဲ့စီး တစ်၊ လှံကမ်း လကျ်ာ နှစ်၊ လက်ဝဲ နှစ်၊ ဆင်ခြေဖုံး လေး၊ ဆင်မြီးစောင့် တစ်၊ ဆင်ကံကျွေး တစ်၊ ပေါင်းသော် တကျိပ်သုံးယောက်တည်း။
ရထားတစီးတွင် ရထားသူရဲ တစ်၊ နားပန်းစောင့် လက်ျာ တစ်၊ လက်ဝဲ တစ်၊ လှံကမ်း လကျ်ာ တစ်၊ လက်ဝဲ တစ်၊ ပေါင်း ငါးယောက်တည်း။
မြင်းတစီးတွင် မြင်းစီးသူရဲ တစ်၊ လံကမ်း လကျ်ာ တစ်၊ လက်ဝဲ တစ်၊ မြင်းကံကျွေး တစ်၊ ပေါင်း လေးယောက်တည်း။
ဆင်တစီးကို ရထားတရာ ရံသည်၊ ရထားတစီးကို မြင်းတရာ ရံသည်၊ မြင်းတစီးကို သူရဲကောင်းတရာ ရံသည်။ သူရဲကောင်းတယောက်ကို သမီးကညာတရာ ရံသည်။ သမီးကညာတယောက်ကို အလုပ်အကျွေး မိန်းမတရာ ရံသည်၊ သို့ဖြစ်၍ ဆင် ကိုးထောင်, ရထား ကိုးသိန်း, မြင်း ကိုးကုဋေ, သူရဲကောင်း ကုဋေကိုးရာ, သမီးကညာ ကုဋေ ကိုးသောင်း, အလုပ်အကျွေးမိန်းမ ကုဋေကိုးသန်း, အလုံးစုံကို ပေါင်းသော် အက္ခောဘိဏီ ဖြစ်သည်။ ဤအက္ခောဘိဏီကား မင်းတို့၏ စစ်အင်္ဂါ ကျင်းပရာ၌ သုံးစွဲခေါ်ဝေါ်ရိုးတည်း။
(ကစ္စည်းကျမ်း၌လာသော အက္ခောဘိဏီကား အသက်ရှည်စဉ်ကဖြစ်သော လူတို့၏ ခေါ်ဝေါ်မှတ်သားသော သင်္ချာတည်း။)

ရှင်ဥပဂုတ်နှင့် မာရ်နတ်

ထိုအခါ၌ ရဟန်းသံဃာတို့လည်း ကုဋေရှစ်ဆယ်တိတိပင် စည်းဝေးမိ၏၊ မိန်းမ, ယောက်ျား, ရဟန္တာကို ရွေးကောက်သော် တသိန်း အရေအတွက်ရ၏၊ ထိုသူတို့ အသီးသီး ဆီမီးညှိသောအခါ မီးသေစိမ့်သောငှါ မာရ်နတ်သားလည်း ပြင်းစွာသောလေကို လာစေ၏၊ ရှင်ဥပဂုတ်လည်း တန်ခိုးတော်ဖြင့်ယူ၍ အဝေးသို့လွှင့်ပေ၏၊ တဖန် မာရ်နတ်သားလည်း သဲမိုး ကျောက်စရစ်မိုး

(စာမျက်နှာ-၅၅၉)

ကျောက်ဖျာမိုး, မီးကျီးမိုး, ချေးမီးတို့ကို အစဉ်အတိုင်း ရွာစေ၏၊ ရှင်ဥပဂုတ်လည်း အဓိဋ္ဌာန်တန်ခိုးဖြင့်ခံ၍ စကြဝဠာတံတိုင်းအပ၌ စွန့်ပေ၏။

မာရ်နတ်သားလည်း မိမိလွှတ်သော လက်နက် မရောက်သည်ကို မြင်လျှင် အမျက်ထွက်၍ ကြီးစွာသော နွားဥသဘအဟန် ဖန်ဆင်း၍ မီးကိုငြိမ်းစေခြင်းငှါ ပြေးလာ၏၊ ရှင်ဥပဂုတ်လည်း ကျားအဟန်ဖန်ဆင်း၍ ကြောက်မက်ဖွယ်သော အသံကိုမြည်လျက် လိုက်၏၊ လူအပေါင်းတို့လည်း ကြည့်ကြကုန်၏။

မာရ်နက်သားလည်း နွားဥသဘအဖြစ်ကို စွန့်၍ ဦးခေါင်း ခုနစ်လုံးရှိသော နဂါးအဟန်ကို ဖန်ဆင်း၍ ကျားကို ကိုက်အံ့သောငှါ လိုက်၏၊ ရှင်ဥပဂုတ်လည်း ကျားအသွင်ကိုစွန့်၍ ဂဠုန်အဟန် ဖန်ဆင်းပြီး နဂါးကို ဖမ်းလေ၏။

မာရ်နတ်သားလည်း နဂါးအသွင်ကို စွန့်၍ ဘီလူးကြီးအဟန် ဖန်ဆင်း၍ ထန်းပင်ရှိလောက် ပြောင်ပြောင်တောက်သော သံလှင်ကန်ကို ကိုင်လျက် ဦးခေါင်းကို ရိုက်အံ့သောငှါ လာ၏။ ရှင်ဥပဂုတ်လည်း ဂဠုန်အသွင်ကိုစွန့်၍ မာရ်နတ်သားထက် နှစ်ဆထက်ကြီးသော ဘီလူးကြီးအဟန် ဖန်ဆင်း၍ ဝင်းဝင်းညိသော သံလှင်ကန် နှစ်ချောင်းကို ကိုင်လျက် မာရ်နတ်ကို ရိုက်နှက်ခြင်းငှါ လာ၏။

မာရ်နတ်သားလည်း အလွန် ကြောက်လန့်သည်ဖြစ်၍ အရောင်အဆင်းနှင့်ပြည့်စုံသော လူ၏အသွင်ကို ဖန်ဆင်း၍ ရှင်ဥပဂုတ်၏ရှေ့မှ ရပ်လေ၏။ ရှင်ဥပဂုတ်လည်း ပိုးလောက်အတိပြည့်သော စက်ဆုပ်ရွံရှာဖွယ်ရှိသော ခွေးကောင်ပုပ်ကို လည်၌ဆွဲ၍ တစုံတယောက်သော နတ်,သိကြား,ဗြဟ္မာတို့သည် မချွတ်နိုင်အောင် အဓိဋ္ဌာန်၍ မာရ်နတ်ကို လွှတ်လိုက်၏။

မာရ်နတ်လည်း စတုလောကပါလ နတ်သားတို့ကို “ချွတ်ပါ”ဟု ဆို၏၊ ထိုနတ်တို့က “အဘယ်သူ ဆွဲသနည်း”ဟု မေး၏၊ ရှင်ဥပုတ်ဆွဲကြောင်းကို ဆိုသော် “ထိုအရှင်ဆွဲသည်ကိုမူ ကျွန်ုပ်တို့ မချွတ်နိုင်ပါ”ဟု ဆိုလျှင် မာရ်နတ်လည်း သိကြား, သုယာမ, သန္တုသိတ, သုနိမ္မိတ, ဝသဝတ္တီ နတ်မင်းတို့၏ အထံသို့သွား၍ “ချွတ်ပါ.. ချွတ်ပါ”ဟု တောင်းပန်၏။

နတ်မင်းတို့ကလည်း “ထိုအရှင်သည် တန်ခိုးကြီးလှ၏၊ ငါတို့ မချွတ်နိုင်ကုန်”ဟု ဆိုလျှင် မာရ်နတ်လည်း ဗြဟ္မာ့ထံသို့ကပ်၍ “အကျွန်ုပ်အား သနားကြပါသဖြင့် အရှင်ဗြဟ္မာမင်းတို့သည် ဤခွေးကောင်ပုပ်ကို ချွတ်ပါ”ဟု ဆို၏။ ထိုဗြဟ္မာမင်းတို့ကလည်း “မြတ်စွာဘုရား၏ တပည့်တော်ကြီးဖြစ်သော ရဟန္တာမြတ် ဆွဲထားလတ်သည်ကို ငါတို့လည်း မချွတ်နိုင်ချေ၊ သင်သွား၍ ထိုအရှင်အား တောင်းပန်လေ၊ အရှင်မြတ်ပင် ဖြေချွတ်လတ္တံ့”ဟု ဆိုလိုက်၏။

ထိုစကားကို ကြားသောအခါ မာရ်နတ်လည်း ရှင်ဥပဂုတ်ထံသို့ လာ၍ “အရှင်ဘုရား... အကျန်ုပ်ရှုံးပါပြီ၊ ဤခွေးကောင်ပုပ်ကို ချွတ်တော်မူပါ”ဟု လျှောက်၏၊ ရှင်ဥပဂုတ်လည်း မာရ်နတ်သားကို ခေါ်၍ တောင်ကြီးတလုံးအပါးသို့ ကပ်ပြီးသော် မာရ်နတ်၏လည်၌ ခွေးကောင်ပုပ်ကို ချွတ်ပြီးလျှင် ခါးပန်းတော်ကို ရှည်အောင်ဖန်ဆင်း၍ ခါးပန်းနှင့်ချည်ပြီးမှ တောင်၌ မြဲမြံစွာချည်၍ “မာရ်နတ်သား.. သင်တပါးသို့ မသွားလင့်၊ ဓမ္မာသောကမင်းကြီး၏ ပူဇော်ပွဲ မပြီးမချင်း ဤအရပ်၌နေရစ်”ဟု မိန့်တော်မူလျှင် မာရ်နတ်လည်း ဆိတ်ဆိတ်သာ ခံနေ၏။

(စာမျက်နှာ-၅၆၀)

မာရ်နတ်မင်း ဘုရားဆုပန်ပုံ

အရှင်ဥပဂုတ်လည်း အလိုရှိရာ၌ ချမ်းသာစွာ နေလေ၏၊ ခုနစ်လ ခုနစ်ရက် လွန်၍ စေတီပူဇော်ပွဲ ပြီးသောအခါ မာရ်နတ်ရှိရာသို့ သွား၍ အသံကို နားထားသော် မာရ်နတ်သားက ဘုရားကျေးဇူးတော်ကို အောက်မေ့မိသဖြင့် ဤသို့ဆို၏။

“ငါသည် ရှေးသောအခါ မြတ်စွာဘုရားအား များစွာ ဖောက်ပြန်မှုကို ပြုသည်၊ မြတ်စွာဘုရားသည် ငါ့အား တစုံတခုသော အပြစ်ကိုမပြု၊ ယခု သာဝကသည် သနားခြင်း မရှိသည်ဖြစ်၍ ငါ့အား ညှဉ်းဆဲနှိပ်စက်ဘိသည်”ဟု မြည်တမ်းလျက် တောင်ဝှမ်းကို အစဉ်လည်၍ နေ၏။ တဖန် အကြံဖြစ်ပြန်၏။ “ငါသည် ရှေးရှေးသော ဘဝကလည်း ဘုရား,ရဟန္တာဖြစ်အောင် ပုညအစု ကောင်းမှုအထူးကို ဆည်းပူးခဲ့လှပြီ၊ ဤကုသိုလ်တို့၏ အာနိသင်ကြောင့် နောင်သောအခါ ဘုရားဆုကိုသာ ရလိုပါ၏၊ သတ္တဝါတို့အား သနားခြင်းမရှိသော သာဝက မဖြစ်လိုပါ”ဟု မြည်တမ်း၏၊ ထိုသို့ မြည်တမ်းစဉ်လျှင် အရှင်ဥပဂုတ်လည်း အလျင်တဆော လာ၍ ခါးပန်းတော်ကို ဖြေပြီးမှ “မာရ်နတ်သား.. ငါ့အား သည်းခံလော့၊ ငါသည် သင်၏ကျိုးကိုလည်း ပြီးစေပြီ၊ မင်းကြီး၏ ကောင်းမှုကိုလည်း အန္တရာယ်ကင်းစေပြီ၊ ယနေ့မှစ၍ သင်သည် ဘုရားဆုကို ယူပေသူဖြစ်သောကြောင့် သင့်ကို ပူဇော်ထိုက်ပေသည်”ဟု ဆို၏။

မာရ်နတ်မင်း ဘုရားရှင်ပုံ ဖန်ဆင်းပြခြင်း

ထိုအခါ မရ်နတ်ကလည်း “အရှင်ဥပဂုတ်.. သင်တို့သာဝကသည် သနားခြင်းမရှိ၊ ကဲ့ရဲ့ဖွယ်အတိသာ များ၏၊ ထို့ကြောင့် ကျွန်ုပ်သည် သာဝကအဖြစ်ကို မဖြစ်လိုပြီ၊ သာဝကဟူက သင်ကဲ့သို့ သနားခြင်း မရှိသည်သာတည်း”ဟု ဆို၏။ ရှင်ဥပဂုတ်ကလည်း “မာရ်နတ်.. သင်သည် နှလုံးမသာ မရှိလင့်၊ ငါ၏အာနုဘော်ကြောင့်ပင် သင် ဘုရားဆုကို တောင်း၏၊ တောင်းသည့်အတိုင်းလည်း မချွတ်ဖြစ်လတ္တံ့၊ ဘုရားသခင်လည်း ဗျာဒိတ်စကားကို ကြားတော်မူဘူး၏”ဟု မိန့်ပြီးလျှင် “မာရ်နတ်.. ဘုရားဖြစ်တော်မူသောအခါ သင်မြင်ရဘူးသည်၊ ငါမမြင်ရဘူးပါ၊ မြတ်စွာဘုရား၏ ကိုယ်တော်ဟန်ကို သာဝကအခြွေအရံနှင့်တကွ ငါ့အား ဖန်ဆင်းပြပါ”ဟု ဆို၏။

မာရ်နတ်သားလည်း “အရှင်ဥပဂုတ်.. အကျွန်ုပ်ကို ရှိမခိုးမူကား ပြပါအံ့”ဟု ဆိုလျှင် အရှင်ဥပဂုတ်ကလည်း “ကောင်းပြီ”ဟု ဝန်ခံ၍ မြန်စွာ သံဃာတော်တို့ကို စည်းဝေးစေ၏၊ ဘုရားအသွင်ကို ဖူးမြင်လိုသမျှသော သူတို့လည်း ပန်းနံ့သာ လက်စွဲလျက် ရဟန်းတို့ကို ခြံရံ၍ လိုက်ကြကုန်၏။

မာရ်နတ်လည်း တခုသော တောအုပ်သို့ဝင်ပြီးမှ ထွက်လာသောအခါ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး, ရှစ်ဆယ်သော လက္ခာတော်ငယ်တို့ဖြင့် တင့်တယ်စွာ တန်ဆာဆင်ယင်အပ်သော တလံမျှလောက်သော ရောင်ခြည်တော်အဝန်းဖြင့် တောက်ထွန်းသော ဘုရာသခင့် အသွင်တော်ကို ဖန်ဆင်းလျက် လကျ်ာရံ လက်ဝဲရံ အဂ္ဂသာဝကအစုံ, ရှစ်ကျိပ်သော မဟာသာဝကတို့ ခ,ယမ်းပုံနှင့်တကွ အလုံးစုံတောက်ပသော ဘုရားအသရေ အဆင်းတော်ကို ဖန်ဆင်း၍ ပြပေ၏။

ရှင်ဥပဂုတ်လည်း မတုန်မလှုပ်သော သက်ဝင်ကြည်ညိုခြင်းဖြစ်၍ မာရ်နတ်သားအားပေးအပ်သော ပဋိညာဉ်ကို မအောက်မေ့နိုင်၊ ငေးမှိုင်မိန်းမောကာ သဒ္ဓါအလွန်ပွားရကား ငါးပါးသော

(စာမျက်နှာ-၅၆၁)

ရှိခိုးခြင်းတို့ဖြင့် ရှိခိုး၏၊ ပါလာသမျှသော မင်းမှူးမတ် ပရိသတ် အပေါင်းတို့သည်လည်း အလွန် ဝမ်းမြောက်ဝမ်းသာ ကြည်ညိုစွာ ဖြစ်ကုန်၏။

မာရ်နတ်သားလည်း ဘုရားအသွင်ကို ကွယ်စေ၍ “အရှင်ဥပဂုတ်.. အဘယ့်ကြောင့် အကျွန်ုပ်ကို ရှိခိုးသနည်း”ဟု မေး၏၊ ရှင်ဥပဂုတ်ကလည်း “သင့်ကို ငါမရှိခိုး၊ မျက်မှောက်သော သာဝကရှစ်ကျိပ်နှင့်တကွသော ဘုရားသခင်ကို ငါရှိခိုးသည်”ဟု ဆို၏၊ ထိုအခါမှစ၍ မာရ်နတ်လည်း သာသနာ၌ သဒ္ဓါနူးညံ့သော စိတ်ရှိသည်ဖြစ်၍ မိမိနေရာသို့ ပြန်လေ၏။

ကိုယ်ကို မီးတိုက်ပူဇော်ခြင်း

ရှင်ဥပဂုတ်စသော ရဟန္တာအပေါင်းတို့လည်း ကြံကြ၏။ “မင်းကြီးသည် မိမိပြုသော ရှစ်သောင်းလေးထောင်သော ကောင်းမှုအလုံးစုံကို အကုန်မြင်သည်ရှိသော် ဘုရားသာသနာတော်၌ အတိုင်းထက်အလွန် ကြည်ညိုခြင်း ဖြစ်လတ္တံ့”ဟု ကြံ၍ မိမိတို့ဈာန်ကို ဝင်စားပြီးလျှင် ဣဒ္ဓိဝိဓအဘိညာဉ်ဖြင့် ရပ်ထက်ဝန်းကျင် မင်းလွင်မြူမှေး ညစ်ကြေးကုန်ကင်း၍ အကြွင်းမဲ့မြင်စေတတ်သော လောကဝိဝရဏမည်သော တန်ခိုးပြာဋိဟာကို ပြုပေ၏။

မင်းကြီးသည် အသောကာရာမကျောင်းတော်ထက် ရပ်လျက်ပင် ထက်ဝန်းကျင်သော အရပ်မျက်နှာကို ရှုမျှော်သော် သမုဒ္ဒရာအပိုင်းအခြားရှိသော ဇမ္ဗူဒိပ်ကျွန်း အလုံးကိုလည်းကောင်း, ရှစ်သောင်းလေးထောင် အရေအတွက်ရှိသော စေတီကျောင်းတော်တို့ကိုလည်းကောင်း လက်ဝါးပြင်တွင် တင်၍ကြည့်သကဲ့သို့ မြင်တော်မူသော် အတိုင်းထက်အလွန် နှစ်သက်ဝမ်းမြောက်ခြင်း ရှိသည်ဖြစ်၍ ဇမ္ဗူဒိပ်တကျွန်းလုံး၌ ရအပ်သော မင်းစည်းစိမ်ဖြင့် ပူဇော်တော်မူ၏။

ထို့နောက်မှ သရီရဓာတ် စေတီမြတ်ကို ပရမတ္ထဒါနဖြင့် ပူဇော်ခြင်းငှါ မိမိကိုယ်ကို ဝါးဂွမ်းဖြင့်ရစ်၍ နံ့သာဆီ၌ နှစ်ပြီးမှ ဆီမီးညှိထွန်းလျက် ပူဇော်ပေ၏၊ ထိုဆီမီးလျှံသည် ခုနစ်သူမျှလောက်သော ကောင်းကင်သို့ တက်လေ၏။ မင်းကြီးလည်း ဣတိပိသော အစရှိသော ဂုဏ်တော်ကို အစဉ်အောက်မေ့လျက် နှစ်သက်ခြင်း ပီတိအဟုန်ဖြင့် မတုန်မလှုပ် နေတော်မူရကား မီးအလျှံသည် ကိုယ်တော်၏ ဖောက်ပြန်ခြင်းကို တစုံတခုမျှ မဖြစ်စေပဲ စန္ဒကူးဖြင့် လိမ်းကျံသကဲ့သို့ ချမ်းမြေ့သည်သာ ဖြစ်၏။

ဤကဲ့သို့ ခုနစ်ရက်တိုင်တိုင်ပူဇော်ပြီးမှ နံ့သာရေဖြင့် ချိုး၍ တန်ဆာဆင်ပြီးသော် မှူးတော်မတ်တော်တို့ ခြံရံလျက် လကျ်ာရစ် သုံးပတ်လည်၍ စေတီကို ပူဇော်ပြီးမှ သံဃာတော်တို့အား ဆွမ်းလုပ်ကျွေး၍ တရားတော်ကို နာပြီးသော် နန်းတော်သို့ ပြန်လာ၏။

၉၆။ ယန္တရားဆရာကိုသတ်ရန် ဆက်သခြင်းနှင့် မဟိန္ဒမင်းသား သင်္ဃမိတ္တာမင်းသမီးတို့ ရဟန်းပြုကြခြင်း

ယန္တရားစက်ဆရာ သေဆုံးရပုံ

ယင်းသို့ သိရီဓမ္မာသောကမင်းကြီးသည် အဇာတသတ်မင်း ယန္တရားစက်ဖြင့် ခဲယဉ်းစွာထားသော ဓာတ်တော်တို့ကို ယူ၍ ရှစ်သောင်းလေးထောင်သော စေတီတို့ကို တည်လုပ်လေသော အကြောင်းစကားကို ရောမတိုင်းကို အစိုးရသော မင်းကြီး ကြားလေသော် “အဘယ်သူသည် ယန္တရားစက်ကို ဖျက်လေသနည်း”ဟု မှူးမတ်တို့ကိုမေး၍ မှူးမတ်တို့က “အကျွန်ုပ်တို့၏

(စာမျက်နှာ-၅၆၂)

ကျွန်းနိုင်ငံတွင် အတတ်သင်လာဖူးသောသူ၏ သားတယောက်သည် ပါဋလိတ်ပြည်တွင် ရှိ၏။ ထိုသူကို ဖျက်ဆီးစေပါသည်”ဟု လျှောက်လျှင် “ထိုသူကို သတ်အံ့”ဟု ကြံ၍ သံဖြင့်ပြီးသော ယန္တရားတံတင်းကို လုပ်စေပြီးလျှင် ဖုတ်သွင်းသော ယောက်ျားရုပ်ကို သန်လျက်စွဲကိုင်လျက် တံတင်းထဲ၌ ထည့်၍ အပေါ်က လျှို့ဝှက်သော ယန္တရားအဖုံးကိုပြု၍ “ရတနာတံတင်း လက်ဆောင်သလိုက်ပါသည်”ဟု ဓမ္မာသောကမင်းကြီးအား ဆက်လေ၏။

မင်းကြီးလည်း ဆက်လာသော သံတို့ကို လက်ဆောင်ပဏ္ဏာ တုံ့ပြန်၍ ထိုတံတင်းကို ယန္တရားတတ်သော ဆရာကိုပြ၍ “သင် ဖွင့်လော့”ဟု စေ၏။ ဆရာလည်း မိမိပညာဖြင့် တိုင်းထွာ၍ စူးစမ်းသော် ရတနာတံတင်း မဟုတ်ကြောင်း၊ မိမိရန်သူ ပါကြောင်းကို သိ၍ “အရှင်မင်းကြီး.. ဤတံတင်းသည် အကျွန်ုပ်ကို သက်စိမ့်သောငှါသာ ဆက်လာပါသည်။ ရတနာတံတင်း မဟုတ်ပါ၊ အကျွန်ုပ်ကဲ့သို့ ဘူတာဝါဟန ယန္တရားစက် တတ်သောသူကို ဤဇမ္ဗူဒိပ်ကျွန်း၌ အလွန် ရောက်ခဲရခဲပါသည်၊ အကျွန်ုပ်ဖခင်သည် ဤအတတ်ကို ရောမတိုင်းသို့သွား၍ အသက်ကို စွန့်စားသဖြင့် သင်ယူရပါသည်။ ယခု အကျွန်ုပ်ရှိကြောင်းကိုသိ၍ သတ်ခြင်းငှါ ဆက်ရောက်လာပါသည်။ အကျွန်ုပ်၏အသက်ကို သနားတော်မူပါ”ဟု လျှောက်လျှင် မင်းကြီးကလည်း “သင့်အား ပေးလိုက်သည်မဟုတ်၊ ငါ့ကိုသာ ဆက်သသည်၊ အဘယ်အကြောင်းဖြင့် သင့်ကို သတ်အံ့နည်း”ဟု မေးပြန်သော် “ဘုန်းတော်ကြီးလှသော တရားမင်းမြတ်... ဖုတ်သွင်းအပ်သော လူရုပ်သည် ထိုးခုတ်ရန် လက်နက်နှင့်တကွ ဤတံတင်းအတွင်း၌ ပါပါသည်။ ဖွင့်မိလျှင် မြန်စွာသတ်၍ သူ့အရပ်သို့ ပြန်ပါလိမ့်မည်”ဟု လျှောက်၏။

မင်းကြီးက “အဘယ်အကြောင်းဖြင့် သင်သိသနည်း”ဟု မေးလျှင် “ဥပါယ်တမျဉ်ဖြင့် ပြုသည်ကို မြင်၍ သိပါသည်”ဟု သံတော်ဦးတင်၏။ ထိုအခါ မင်းကြီးက အမတ်တို့ကို “အဘယ်သို့ ပြုသင့်သနည်း”ဟု တိုင်ပင်ပြန်၏။ အမတ်တို့ကလည်း “ဤသူ့စကားကို မယုံကြည်အပ်၊ လေးမြတ်ရိုညွတ်စွာ ဆက်လာသည်ဖြစ်ရကား ရတနာတံတင်းသာ ဖြစ်ရာသည်”ဟု လျှောက်ကြ၏။

ဆရာယောက်ျားကလည်း မိမိကို သတ်အံ့သောငှါသာ လာကြောင်းကို လျှောက်ပြန်သော် အမတ်တို့က “အဘယ်သို့ ပြုသင့်သနည်း”ဟု မေး၏။ မီးပုံကြီး၌ ပစ်ချသင့်ကြောင်းကို ဆိုသော် ထိုအမတ်တို့က မင်းကြီးအား ဤသို့ လျှောက်၏။ “အရှင်မင်းမြတ်.. ယန္တရားတတ်သော ဆရာသည် အရာမဟုတ်သည်၌ တွေးတော၍ ကြောက်ဘိ၏၊ ဤသူကြံတိုင်း ဟုတ်မည်မထင်ပါ”ဟူ၍ လျှောက်ကြ၏။

မင်းကြီးလည်း အမတ်၏စကားကို ယုံကြည်တော်မူ၍ ထိုသူကို “တံတင်း ဖွင့်လော့”ဟု မိန့်တော်မူ၏။ ထိုသူလည်း အိမ်သို့သွား၍ သားမယားတို့ကို ဥစ္စာပစ္စည်းပေး၍ မှာထားပြီးလျှင် မင်းအိမ်သို့ ပြန်ခဲ့၍ မိမိရာထူးကို မင်းကြီးအား ဆောက်နှင်း၍ တံတင်းကိုကိုင်ကာ ရတနာသုံးပါးကို အောက်မေ့လျက် သော့ချက်ဖြင့် ဖွင့်လေ၏၊ ဖွင့်သောခဏ၌ တံတင်းထဲမှ လူသည် ထွက်လေ၍ ထိုသူကို ဝါးညွန့်ကဲ့သို့ ဖြတ်၍ ရောမတိုင်းသို့ ပြန်လေ၏။ သိရီဓမ္မာသောကမင်းကြီးလည်း ကြောက်လန့်တကြားဖြစ်၍ အမတ်တို့ကို များစွာ အပြစ်တင်တော်မူ၏။

သာသနာ့အမွေ ခံထိုက်သူ

တရံသောအခါ မင်းကြီးလည်း စစ်အင်္ဂါလေးပါး ခြံရံလျက် အသောကာရာမကျောင်းသို့ ထွက်တော်မူ၍ သံဃာတော်တို့၏အလယ်၌ နေပြီးလျှင် သံဃာတော်တို့အား ဤသို့ မေးလျှောက်၏။

(စာမျက်နှာ-၅၆၃)

“အရှင်ဘုရားတို့.. လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော ဘုရားသခင်၏ သာသနာတော်၌ အဘယ်သူသည် အကျွန်ုပ်တို့ကဲ့သို့ ကြီးကျယ်စွာသော ပရိစ္စာဂဖြင့် ချီးမြှောက်ကြဖူးသနည်း၊ အဘယ်သူ၏ စွန့်ကြဲခြင်းသည် ကြီးမြတ်ပါသနည်း”ဟု လျှောက်၏။

ထိုအခါ သံဃာတော်တို့က အရှင်မောဂ္ဂလိပုတ္တတိဿထေရ်အား “ဖြေတော်မူပါ”ဟု တိုက်တွန်းကြ၏။ အရှင်မြတ်လည်း “ဒကာတော်မင်းကြီး.. ငါတို့ဆရာ မြတ်စွာဘုရားသည် သက်တော်ထင်ရှား ရှိသည်မှစ၍ ယခုကာလတိုင်အောင် ဘုရားသာသနာ၌ ဒကာတော်မင်းကြီး၏ စွန့်ကြဲခြင်းနှင့်တူသော စွန့်ကြဲခြင်းမည်သည် မရှိ၊ ဒကာတော်မင်းကြီး၏ စွန့်ကြဲခြင်းသည်သာလျှင် သာလွန် ကြီးမြတ်သတည်း”ဟု မိန့်တော်မူ၏။

မင်းကြီးလည်း ထိုစကားကိုကြားရသော် အလွန် ဝမ်းမြောက်ဝမ်းသာ စိတ်တော်ရှိလှ၍ ဤသို့ မေးပြန်၏။ “အရှင်ဘုရား... အကျွန်ုပ်သည် ဤမျှလောက်သော ဒါနကို ပြုရသဖြင့် သာသနာတော်၏အမွေကို ခံရပါအံ့လော”ဟု လျှောက်၏။

အရှင်မောဂ္ဂလိပုတ္တတိဿကလည်း “မင်းကြီး.. ဤသို့ ပစ္စည်းကို စွန့်ကြဲကာမျှဖြင့် သာသနာ့အမွေခံ မဖြစ်သေး၊ ဤမြေမှသည် ဗြဟ္မာ့ပြည်တိုင်အောင် ပစ္စည်းလေးပါးကို စုပုံ၍ လှူငြားသော်လည်း ဘုရားရှင့်သာသနာ၌ အမွေခံမဖြစ်သေး”ဟု မိန့်တော်မူ၏။ “အရှင်ဘုရား... အဘယ်သို့သော ကောင်းမှုကိုပြုမှ သာသနာ့အမွေခံ ဖြစ်ပါအံ့နည်း”ဟု လျှောက်သော် “ဒကာတော်မင်းကြီး.. မိမိရင်၌ဖြစ်သော သားသမီးတို့ကို ရဟန်းပြုစေခြင်းသည်သာလျှင် သာသနာတော်၏ အမွေခံဖြစ်သတည်း”ဟု မိန့်တော်မူ၏။

သားတော်,သမီးတော်တို့ ရဟန်းပြုကြပုံ

မင်းကြီးလည်း “ငါသည် ဤမျှလောက်သော အလှူကြီးကိုပေးပါလျက် သာသနာတော်၏အမွေကို မခံရချေသေး၊ သာသနာတော်၏ အမွေခံဖြစ်အောင် အဘယ်သို့ ပြုရအံ့နည်း”ဟု အောက်မေ့လျက် ထိုမှဤမှ ကြည့်သော် သားတော် မဟိန္ဒသည်လည်း မင်း၏အပါးတွင် နေသည်ကိုမြင်၍ ကြံဆင်ခြင်လတ်သည်ကား “အိမ်ရှေ့မင်းဖြစ်သော ညီတော်တိဿသည် ရဟန်းပြုလေသော် သားတော်မဟိန္ဒကို အိမ်ရှေ့အရာထားမည်ဟု အကြံတော်ရှိ၏။ ထိုသို့ရှိသော်လည်း အိမ်ရှေ့မင်း၏အဖြစ်ထက် ရဟန်းအဖြစ်သည် မြတ်၏”ဟု ကြံတော်မူ၍ “ချစ်သားမဟိန္ဒ.. သင်သည် ရဟန်းပြုခြင်းငှါ စွမ်းနိုင်ပါအံ့လော”ဟု မေး၏။ မင်းသားလည်း အိမ်ရှေ့မင်း ရဟန်းပြုသည်မှစ၍ ရဟန်းအဖြစ်ကို တောင့်တလျက် နေသောကြောင့် ခမည်းတော်၏စကားကို ကြားလျှင် ရွှင်လန်းဝမ်းမြောက်သောစိတ် ရှိလှ၍ “အရှင်မင်းမြတ်.. အကျွန်ုပ် ရဟန်းပြုနိုင်ပါ၏၊ အကျွန်ုပ်ကို ရဟန်းပြု၍ သာသနာ့အမွေကို ခံတော်မူပါ”ဟု လျှောက်၏။

သမီးတော် သင်္ဃမိတ္တာလည်း အပါးတော်တွင် ရှိသည်နှင့် “ချစ်သမီး.. သင်သည်လည်း ရဟန်းပြုနိုင်ပါအံ့လော”ဟု မေး၏။ မင်းသမီးကလည်း “အကျွန်ုပ်၏ ခင်ပွန်းဖြစ်သော အဂ္ဂိဗြဟ္မာမင်းသားသည် ရဟန်းပြုသည်မှ စ၍ အကျွန်ုပ်လည်း ရဟန်းအဖြစ်ကို တောင့်တလျက် နေပါသည်”ဟု လျှောက်၏။

မင်းကြီးလည်း သားတော်,သမီးတော်တို့ လျှောက်သောစကားကို ကြားသိတော်မူလျှင် ရွှင်လှသော နှလုံးတော်ရှိသည်ဖြစ်၍ ရဟန်းသံဃာတော်တို့အား “အရှင်ဘုရားတို့.. ဤသတို့သားငယ် သမီးငယ်တို့ကို ရဟန်းပြု၍ အကျွန်ုပ် သာသနာတော်၏အမွေကို ခံပါရစေ”ဟု လျှောက်၏။

(စာမျက်နှာ-၅၆၄)

သံဃာတော်တို့လည်း မင်းကြီး၏စကားကို ကြားလျှင် မဟိန္ဒမင်းသားအား အရှင်မောဂ္ဂလိပုတ္တတိဿထေရ် ဥပဇ္ဈာယ်ပြု၍ မဟာဒေဝထေရ် သရဏဂုံ ဒသသီလပေး၍ မဇ္ဈန္တိကထေရ်ကား အနုသာသနဆရာ ပြု၍ မင်းသား အသက်နှစ်ဆယ် ပြည့်ပြီဖြစ်သောကြောင့် ပဉ္စင်းခံလေ၏။ မဟိန္ဒမင်းသားကား ကမ္မဝါစာ၏အဆုံး၌ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။

သင်္ဃမိတ္တာ မင်းသမီးကား အသက် တဆယ့်ရှစ်နှစ်သာ ဖြစ်၍ ပဉ္စင်းမခံပဲ သာမဏေပြု၏။ ဥပဇ္ဈာယ်ဆရာကား ဓမ္မပါလိထေရီတည်း၊ သရဏဂုံ ဒသသီလပေးသော ဆရာကား အာယုပါလိထေရီတည်း။

ဤသို့ သားတော် သမီးတော်တို့ကို ရဟန်းပြုသောအခါ မင်းကြီး အဘိသိက်ခံ၍ ခြောက်နှစ်မြောက်ဖြစ်သော သက္ကရာဇ် ၂၂၅-ခုတည်း။ အရှင်မဟိန္ဒလည်း ရဟန်းဖြစ်သောနေ့မှ စ၍ မိမိဥပဇ္ဈာယ်ဆရာထံ၌ ပိဋကတ်သုံးပုံဖြစ်သော ဘုရားစကားတော်ကို သင်ကြားသဖြင့် သုံးနှစ်ရှိသောကာလ ထေရဝါဒနှင့်တကွ တတ်မြောက်၍ တထောင်သော သံဃာတို့၏ ပါမောက္ခဖြစ်သတည်း။

ရှင်ဥပဂုတ် မှတ်ချက်

(ပါရာဇိကဏ် အဋ္ဌကထာ နိဒါန်း၌ စေတီပူဇော်ပွဲပြုသောနေ့ပင် သံဃာတော်တို့အား “ကျွန်ုပ် သာသနာ့အမွေခံ ဖြစ်ရပါအံ့လော”ဟု လျှောက်ကြောင်းကိုဆိုရာ အရှင်ဥပဂုတ်၏ အတ္ထုပ္ပတ္တိစသည်ကို မဆို၊ ယင်းသို့ မဆိုသော်လည်း ထိုအတ္ထုပ္ပတ္တိကို စူဠဝင် မဟာဝင် ဋီကာတို့၌ ထင်ရှားလာသောကြောင့်လည်းကောင်း၊ ကစ္စည်းကျမ်း၌ပင် “ဥပဂုတ္တေန မာရော ဗန္ဓော” ဟူသောပါဌ်ကို ဥဒါဟရုဏ် ပြုသောကြောင့်လည်းကောင်း ပမာဏပြုလောက်သော စကားဖြစ်၍ သွင်းဆိုလိုက်သည်၊ အဋ္ဌကထာ၌ မလာသည်ဟူ၍ မဟုတ် မယူသင့်၊ အကျဉ်းသာ စီရင်သောကြောင့် စကားကြွင်းလေသည်ကို ဋီကာဆရာတို့ သွင်းရသည်လည်း အများပင် ဖြစ်သည်။)

စတုမဓု လှူဒါန်းထားခြင်း

သိရီဓမ္မာသောကမင်းကြီး အဘိသိက်ခံ၍ ရှစ်နှစ်ရှိသောအခါ ကောန္တပုတ္တတိဿထေရ် ပရိနိဗ္ဗာန် ပြုတော်မူ၏။

ထိုမထေရ်ညီနောင်တို့၏ အကြောင်းကား- ပါဋလိပုတ်ပြည်၌နေသော မုဆိုးတယောက်သည် တောကစားသွားရာ၌ “ကောန္တီ”မည်သော ကိန္နရီမနှင့် သင့်မြတ်ကြ၍ သားငယ်နှစ်ယောက် ရသတည်း၊ အကိုကြီးကိုကား “ကောန္တပုတ္တတိဿ”ဟု မှည့်၏၊ အငယ်ကိုကား “သုမိတ္တ”ဟု မှည့်၏။ ထိုသားငယ်တို့ကို ဓမ္မာသောကမင်းကြီး ယူ၍ မွေးမြူလေသဖြင့် အရွယ်သို့ရောက်လျှင် “အရှင်မဟာဝရုဏ”မည်သော ရဟန္တာမြတ်ထံ၌ အပ်နှံ၍ ရဟန်းပြုလေသဖြင့် မမြင့်မီပင်လျှင် အဘိညာဉ် ခြောက်ပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်ကြ၏။

တရံသောအခါ အရှင်ကောန္တတိဿထေရ်အား အားကြီးသော လေအနာသည် ဖြစ်၍ ဆေးကုအံ့သောငှါ တလက်ဆွမ်းမျှလောက်သော ထောပတ်ကိုရှာ၍ မရတည့်သော် ညီတော် သုမိတ္တထေရ်သည် ပါဋလိပုတ်ပြည်အလုံးကို လှည့်ပတ်၍ ဆွမ်းခံဝတ်ဖြင့် ရှာပါသော်လည်း

(စာမျက်နှာ-၅၆၅)

မရနိုင်၍ ပြန်လာခဲ့လျှင် ကောင်းကင်ပြင်၌ ထက်ဝယ်ဖွဲ့ခွေ၍ သံဃာတော်တို့အား အပ္ပမာဒတရားဖြင့် ဟောကြားဆုံးမလျက် တေဇောဓာတ် သမာပတ်ဝင်စား၍ ပရိနိဗ္ဗာန် ပြုတော်မူ၏။

ဓမ္မာသောကမင်းကြီးလည်း ထိုအကြောင်းကို ကြားတော်မူသော် “ငါသို့သောသူ သာသနာ၌ သဒ္ဓါပသန္နရှိသော မင်းဧကရာဇ်၏ လက်ထက်၌ တလက်ဆွမ်းမျှသော ထောပတ်ကိုမျှ သံဃာတို့ မရရှိရာအံ့လော”ဟု သံဝေဂဖြစ်၍ မြို့လေးမျက်နှာ၌ တမျက်နှာ တမျက်နှာဝယ် ကျယ်သောကန်ကြီး တကန်စီ တူးပြီးလျှင် တကန်ကို ထောပတ်, တကန်ကို ပျား, တကန်ကို တင်လဲ, တကန်ကို သကာဖြင့် ပြည့်စေလျက် ဆေးအလို့ငှါ သံဃာတော်တို့အား ဖိတ်လှူ၏။

ကောန္တတိဿထေရ် မှတ်ချက်

ကေစိဆရာကား- ကဋ္ဌဝါဟနမင်းမျိုးဖြစ်သော ကုဏ္ဍအမည်ရှိသော မင်းသမီးသည် ဂဠုန်ငှက် ယန္တရားဆင်၍ ကောင်းကင်ဖြင့် ပျော်ပါးလျက် တောကစားလေသော် ပါဋလိပုတ်ပြည်မှ မုဆိုးတဦးနှင့်တွေ့၍ သံဝါသဖြစ်သဖြင့် ကုဏ္ဍပုတ္တနှင့် သုမိတ္တကို ရသည်ဆို၏။ ဒီပဝင်ကျမ်း၌လည်း ကုဏ္ဍပုတ္တတိဿထေရ်၏ အနာကို ကင်းကိုက်၍ ပရိနိဗ္ဗာန်ပြုသည်ဟု ဆို၏။

ရဟန်းဆိုးတို့ ပေါ်လာကြပုံ

ထိုမင်းလက်ထက် ပါဋလိပုတ်ပြည်၏ တံခါးလေးမျက်နှာတွင် တမျက်နှာ တမျက်နှာမှ အသပြာ တသိန်းစီသော အခွန်ကို နေ့တိုင်းရ၏၊ မြို့လယ် တရားဆုံးဖြတ်ရာ၌လည်း ကွမ်းဖိုး တနေ့လျှင် တသိန်းရ၏။ ဤငါးသိန်းသော အသပြာတို့မှ ရှစ်သောင်းလေးထောင်သော စေတီတော်တို့၌ ပန်းနံ့သာ ပူဇော်အံ့သောငှါ တသိန်း, ရဟန်းသံဃာအပေါင်းတို့အား တသိန်း, တရားတော်ကို သင်ကြားဆောင်ရွက်သော ရဟန်းတိုအား တသိန်း, တံခါးလေးမျက်နှာ၌ ထောပတ် တင်လဲအလို့ငှါ တသိန်း, နိဂြောဓသာမဏေအား တသိန်း, ဤငါးသိန်းသော ဥစ္စာတို့ကိုစွန့်၍ သာသနာတော်၌ ပူဇော်သက္ကာရကို ပြု၏၊ နတ်တို့မှဆက်သော ပုဆိုးတို့ကို သင်္ကန်းပြု၍ တနှစ်လျှင်သုံးကြိမ် ဆင်နှင့်တင်၍ အရှင်နိဂြောဓ သာမဏေအား လှူတော်မူ၏၊ ထိုအခါ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ ရဟန်းသံဃာတို့ ဝတ်ရုံသော သင်္ကန်းဟူသမျှတို့သည် နိဂြောဓသာမဏေ၏ သင်္ကန်းသာ များ၏။

ဤသို့ ဘုရားသာသနာ၌ ပြန့်ပြောစွာသော လာဘသက္ကာရသည် ဖြစ်လတ်သော် တိတ္ထိတို့သည် စားရမဲ့ဝတ်ရမဲ့ ဖြစ်ကုန်ရကား ရဟန်းခွင်သို့ ခိုဝင်လာကြ၏။ ရဟန်းပြုကြပြီးလျှင် မိမိတို့၏ အယူဝါဒကို ထင်ရှားပြုကြလျက် အဓမ္မကို ဓမ္မဟု ပြဆိုကုန်၏။ ရဟန်းကောင်းတို့က လက်မခံဘိသော် မိမိအလိုလို ဦးပြည်းရိတ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ကုန်လျက် ထိုထိုသောကျောင်းတို့ကို လည်၍ ဥပုသ်ပဝါရဏာ၌ ဝင်ကုန်၏။ ရဟန်းကောင်းတို့ကလည်း ထိုရဟန်းတို့နှင့် အတူတကွ ဥပုသ်ပဝါရဏာ မပြုကြကုန်။

၉၇။ ရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ် တတိယသံဂါယနာတင်ခြင်း

ထိုအခါ မဟာမောဂ္ဂလိပုတ္တတိဿထေရ်သည် အဓိကရုဏ်း ကြီးစွာဖြစ်လတ္တံ့သည်ကို မြင်၍ အရှင်မဟိန္ဒအား သံဃာအပေါင်းကို အပ်ခဲ့ပြီးသော် မိမိသည် အဟောင်္ဂါမည်သော အရပ်သို့ ကြွ၍

(စာမျက်နှာ-၅၆၆)

နေတော်မူ၏။ ရဟန်းခွင် ဝင်လာကြသော တိတ္ထိတို့သည်လည်း ပိဋကတ်တော်ကို မသင်မကြား၊ မိမိတို့၏ အလေ့အကျင့်အားလျော်စွာသာ ကျင့်၍ အချို့ကား မီးကို လုပ်ကျွေးကုန်သည်။ အချို့ကား ပဉ္စာတပအကျင့်ကို ကျင့်ကုန်သည်၊ အချို့ကား နေကို အတူလိုက်၍ ကျင့်ကုန်သည်။ အချို့ကား တရားမဟုတ်သည်ကို ကျမ်းဂန်ပြုလုပ်ကုန်သည်။ ရဟန်းသံဃာတို့ကား ထိုတိတ္ထိတို့နှင့် အတူတကွ ဥပုသ်ပဝါရဏာ စသော ကံကြီးကံငယ်ကို မပြုကြကုန်၊ အသောကာရုံကျောင်း၌ ခုနစ်နှစ်ပတ်လုံး ဥပုသ်ပဝါရဏာ ပြတ်ကုန်၏။

အမတ်မိုက်၏ အမှား

ထိုအကြောင်းကို မင်းကြီးကြားသိလေသော် အမတ်တယောက်ကို ခေါ်၍ “အချင်းအမတ်.. ကျောင်းတော်သို့သွား၍ အဓိကရုဏ်းကို ငြိမ်းအောင် စီရင်ချေ၊ သံဃာတော်တို့အား အညီအညွတ် ဥပုသ်ပြုစေလော့”ဟု စေလိုက်၏။ အမတ်လည်း အကြေင်းကို မင်းကြီးအား ပြန်ကြား၍ စေ့စုံစွာ မလျှောက်ဝံ့သောကြောင့် အမတ်တယောက်ကို ဤသို့ မေး၏။ “အမတ်ကြီး... အကျွန်ုပ်ကို မင်းကြီးက ရဟန်းတို့၏အဓိကရုဏ်းကို ငြိမ်းစေဟု စေတော်မူသည်။ အဘယ်သို့ စီရင်ရအံ့နည်း”ဟု မေး၏။ ထိုအမတ်လည်း “လောကူပမာကား ပစ္စန္တရစ်မြို့ရွာကို ငြိမ်းစေလိုသော် ခိုးသူဓားပြတို့ကို သတ်ရကုန်၏၊ အာဏာကို မခန့်ညားသောသူအား ပယ်ရှားရကုန်၏၊ ထို့အတူ ရဟန်းတို့သည် ဥပုသ်ပြုဆို၍ မပြုလိုသော် ထိုရဟန်းတို့ကို သတ်စေလိုသတည်း”ဟု ပြော၏။ စေသောအမတ်လည်း ထိုစကားကို ဟုတ်မှန်၏ဟု နှလုံးသွင်း၍ ကျောင်းသို့သွားလေပြီးသော် သံဃာတို့ကို “အညီအညွတ် ဥပုသ်ပြုကြကုန်လော့”ဟု တိုက်တွန်း၏၊ ရဟန်းကောင်းတို့က “တိတ္ထိတို့နှင့်အတူတကွ ငါတို့ ဥပုသ်မပြုကုန်”ဟု ဆိုပေ၏။

ထိုအခါ သံဃာ့ထေရ်ကြီးမှစ၍ အစဉ်အတိုင်း သန်လျက်ဖြင့် ဦးခေါင်ကို ဖြတ်လေ၏။ ထိုသို့ သတ်သည်ကို အိမ်ရှေ့မင်းဖြစ်ဖူးသော တိဿထေရ်မြင်လျှင် “မင်းကြီးသည် ဤအမှုကို မစေလေရာ၊ အမတ်မိုက်၏ ချွတ်ယွင်းခြင်းသာ ဖြစ်လတ္တံ့”ဟု အကြံတော်ရှိ၍ မိမိ၏တန်ခိုးဖြင့် ကပ်လာ၍ အမတ်နှင့် နီးစွာသောနေရာ၌ နေတော်မူ၏။

အမတ်လည်း “ဤရဟန်းကား မင်းကြီး၏ ညီတော်ဖြစ်ပေသည်”ဟု မသတ်ဝံ့ရကား မင်းကြီးအား ပြန်၍ နားတော်လျှောက်၏။ “အရှင်မင်းကြီး.. ဥပုသ်ပြုပါဟု လျှောက်သည်ကို မပြုလိုသော ရဟန်းတို့အား သတ်ခဲ့လေပြီ၊ ညီတော်တိဿ၏ အလှည့်လည်း ကျချေပြီ၊ အသို့ပြုရအံ့နည်း”ဟု လျှောက်၏။ မင်းကြီးလည်း ထိုစကားကိုကြားလျှင် ဘဝင်လှိုက်ခုန်လျက် တုန်လှုပ်သော စိတ်တော်ရှိသည်ဖြစ်၍ “ဟယ်..အမတ်မိုက်... သင့်အား ရဟန်းတို့ကို သတ်ချေဟု ငါမစေပဲလျက် အဘယ့်ကြောင့် သတ်ဘိသနည်း”ဟု ဆို၍ တောက်တပိုထပြီးသော် အတန်ငယ်သော ပရိသတ်တို့ကိုခေါ်၍ ကျောင်းတော်သို့ လာခဲ့၏၊ ရောက်လျှင် သံဃာ့ထေရ်ဖြစ်ကုန်သော ရဟန္တာထေရ်တို့အား ဤသို့ လျှောက်၏။ “အရှင်ဘုရားတို့.. ဤအမတ်သည် အကျွန်ုပ် သတ်ချေဟု မစေပဲလျက် ဤသို့သောအမှုကို ပြုဘိ၏။ ထိုမကောင်းမှုသည် အဘယ်သူအား အကုသိုလ်တရား ဖြစ်ရာသနည်း”ဟု မေး၏။

ထိုအခါ အချို့သော သံဃာတို့ကလည်း “ဤအမတ်သည် မင်းကြီး၏စကားဖြင့် ပြုလေရကား မင်းကြီးအား မကောင်းမှု ဖြစ်ရာချေသည်”ဟု ဆို၏။ အချို့သော ထေရ်တို့ကလည်း “မင်းအားလည်းကောင်း၊ အမတ်အားလည်းကောင်း မကောင်းမှု ဖြစ်ရာသည်”ဟု ဆိုကုန်၏။ အချို့သော

(စာမျက်နှာ-၅၆၇)

မထေရ်တို့ကလည်း “မင်းကြီးသည် သတ်လိုသော စေတနာဖြင့် အမတ်အား ရဟန်းတို့ကို သတ်ချေဟု မစေဖြစ်သောကြောင့် မင်း၌ မကောင်းမှု မရှိ”ဟု ဆိုကုန်၏။

အရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ် ကြွလာပုံ

မင်းကြီးလည်း အသီးအသီး ဆိုကြသော မထေရ်တို့၏ စကားကို ကြားရသော် နှလုံးတော်နှစ်ခုဖြင့် ယုံမှားသင်္ကာ ရှိလှသည်ဖြစ်၍ မကောင်းမှုမှ ကြောက်လန့်ရကား သံဃာတော်တို့အား ဤသို့ လျှောက်ပြန်၏။ “အရှင်ဘုရားတို့... ကျွန်ုပ်၏ ယုံမှားသံသယကို ပျောက်ပစင်ကြယ်အောင် ဘယ်ပုဂ္ဂိုလ်သည် ဖျောက်ပါအံ့နည်း၊ သာသနာကိုလည်း ချီးမြှောက်နိုင်ပါအံ့နည်း”ဟု လျှောက်ပြန်လျှင် သံဃာတော်တို့ကလည်း “ဒကာတော် မင်းကြီး၏ ယုံမှားသင်္ကာကို ပယ်ခွါနိုင်အံ့သောပုဂ္ဂိုလ်ကား အဟောဂင်္ဂါမည်သော မြစ်ညာ၌နေသော အရှင်မောဂ္ဂလိပုတ္တတိဿထေရ်တည်း၊ ထိုအရှင်သာလျှင် သံသယပယ်ခွါ၍ သာသနာတော်ကို ချီးမြှောက်ခြင်းငှါ စွမ်းနိုင်လတ္တံ့”ဟု မိန့်တော်မူကြကုန်၏။

မင်းကြီးလည်း ထိုနေ့ပင်လျှင် ရဟန်းတထောင်စီ အရံရှိသော ဓမ္မကထိကပုဂ္ဂိုလ် လေးဦးတို့ကိုလည်းကောင်း၊ သူရဲတထောင်စီ အရံရှိသော အမတ်လေးဦးတို့ကိုလည်းကောင်း စေလွှတ်၍ ပင့်လေ၏၊ စေလိုက်သော လူတို့လည်း “မင်းကြီး ပင့်ခေါ်ပါသည်။ ကြွတော်မူပါ”ဟု လျှောက်၏။ အရှင်မောဂ္ဂလိပုတ္တတိဿလည်း မကြွပဲ နေတော်မူ၏။ ပင့်သူတို့က မကြွကြောင်းကို လျှောက်သော် တဖန် ရှစ်ဦးသော ဓမ္မကထိက ပုဂ္ဂိုလ်တို့ကိုလည်းကောင်း၊ ရှစ်ယောက်သော အမတ်တို့ကိုလည်းကောင်း ထပ်မံ၍ စေပြန်၏။ ပင့်သူလည်း ရှေးနည်းအတူ လျှောက်သဖြင့် မကြွပဲ နေပြန်၏။

ထိုအခါ မင်းကြီးသည် သံဃာတော်တို့၏ အထံသို့သွား၍ “အရှင်ဘုရားတို့၏ ဆရာကို အကျွန်ုပ်ပင့်ပါသည်၊ နှစ်ကြိမ်ရှိပြီ၊ မကြွလာပါ”ဟု လျှောက်သော် သံဃာ့ထေရ်တို့လည်း “မင်းကြီးပင့်ခေါ်သည်ဟု မလျော်သောစကားဖြင့် လျှောက်သောကြောင့်သာ မကြွလာ ဖြစ်ရာသည်။ သာသနာတော်၌ ကြီးစွာသော ဘေးရန်ဖြစ်ပါသည်၊ ထိုဘေးရန်ကို သုတ်သင်ပြီး၍ သာသနာတော်ကို ချီးမြှောက်ခြင်းငှါ ကြွတော်မူပါဟု လျှောက်လျှင် ကြွလတ္တံ့သတည်း”ဟု မိန့်ကုန်၏။

ထိုစကားကိုကြားလျှင် တကျိပ်ခြောက်ပါးသော ဓမ္မကထိက ပုဂ္ဂိုလ်တို့ကိုလည်းကောင်း၊ တကျိပ်ခြောက်ယောက်သော အမတ်တို့ကိုလည်းကောင်း ထိုစကားအတိုင်း သင်ကြား၍ အရံ တထောင်စီနှင့်တကွ ပင့်စေပြန်၏။ သံဃာတော်တို့အားလည်း ဤသို့ မေး၏။ “အရှင်မောဂ္ဂလိပုတ္တ တိဿထေရ်သည် အရွယ်အဘယ်မျှ ရှိပြီနည်း၊ အိုမင်းပြီလော, ငယ်သေး၏လော”ဟု မေးလျှောက်၏။ “မင်းကြီး.. သက်တော် ခုနစ်ဆယ့်နှစ်နှစ် ရှိသည်ဖြစ်၍ အိုမင်းပြီ”ဟု ဆိုလျှင် “အရှင်မြတ်သည် ယာဉ်ကိုလည်းကောင်း၊ ထမ်းစင်ကိုလည်းကောင်း စီးလတ္တံ့လော”ဟု မေး၏။ “မင်းကြီး... မစီးလတ္တံ့”ဟု ဆိုပေသော် “လှေအများတို့ကို ဖောင်ဖွဲ့၍ ပင့်ချေ”ဟု စေတော်မူ၏၊ ပင့်သောသူတို့ရောက်၍ “သာသနာတော်ကို ချီးမြှောက်ခြင်းငှာသာလျှင် ကြွတော်မူပါ”ဟု လျှောက်လျှင် အရှင်မြတ်ကလည်း “ငါသည် သာသနာတော်ကို ချီးမြှောက်ခြင်းငှါသာလျှင် ဗြဟ္မာ့ပြည်မှ စုတေလာ၍ ရဟန်းအဖြစ်ကို ယူသည်၊ ထိုအခါသည် ယခု ရောက်ချေပြီ”ဟု ဆို၍ စမ္မခဏ်ကို ခါတွက်ပြီးမှ ထ၍ လိုက်တော်မူ၏။

ယင်းသို့ စုန်လာ၍ ပါဋလိပုဟ်ပြည်သို့ ရောက်အံ့သောနေ့ ညဉ့်၌ မင်းကြီး အိပ်မက်မြင်တော်မူသည်ကား- ကိုယ်အလုံးဖြူသော ဆင်ပြောင်ကြီးသည် ကောင်းကင်ခရီးဖြင့် လာ၍ မင်းကြီး၏

(စာမျက်နှာ-၅၆၈)

ဦးခေါင်းမှသည် လက်ယာလက်ရုံးတိုင်အောင် နှာမောင်းဖြင့် သုံးသပ်သည်ဟု မက်၏။ မိုးသောက်သောကာလ အိပ်မက်ကို ကြံတတ်သောသူတို့အား အကြောင်းကို ပြန်ကြားလျှင် “အရှင်မင်းကြီး... ရတနာဆင်ဖြူနှင့်တူသော ရဟန္တာမြတ်သည် ကြွရောက်၍ လက်ယာလက်ရုံးကို သုံးသပ်လတ္တံ့”ဟု လျှောက်၏။

များမကြာမီပင် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် ကြွတော်မူလာပြီဟု ကြား၍ မြစ်နားသို့ လာပြီးလျှင် မင်းကြီးသည် လည်တိုင်အောင်သော ရေသို့ ဆင်းသက်၍ မထေရ်၏လက်ကို လှမ်းတော်မူလင့်၏။ မဟာထေရ်လည်း မင်းကြီးလက်ကို ကိုင်တော်မူ၏။ ထိုသို့ ကိုင်သည်ကို သန်လျက်စွဲသော သက်တော်စောင့်တို့ မြင်လျှင် မထေရ်၏ဦးခေါင်းကို ဖြတ်အံ့ဟု သန်လျက်ကို အအိမ်မှထုတ်၍ ခုတ်အံ့ဟု မိုးသည်ကို ရေအရိပ်တွင် မင်းကြီးမြင်လေသော် “ဟယ် အချင်းတို့.. ရှေး၌လည်း ရဟန်းသံဃာတို့အား ပြစ်မှားခြင်းကြောင့် နှလုံးတော်မသာ ငါရှိရပြီ၊ ယခုလည်း အရှင်ဘုရားအား ပြစ်မှားခြင်းကို မပြုကုန်လင့်”ဟု မိန့်တော်မူပြီးမှ မင်းကြီးကိုယ်တိုင် လမ်းညွှန်လျက် ဥယျာဉ်သို့ ပင့်ဆောင်လေ၏။

ဘုရင့်လက်ကို မကိုင်ရ မှတ်ချက်

အကြင်သူသည် မင်း၏လက်ကို ကိုင်၏၊ ထိုသူအား သန်လျက်ဖြင့် ဖြတ်ရခြင်းသည် မင်းမျိုးတို့၌ဖြစ်သော စာရိတ္တပင်တည်း။ ရှင်တော်မြတ်လည်း ထိုစာရိတ္တကို သိလျက် အဘယ့်ကြောင့် ကိုင်သနည်းဟူမူကား “မင်းကြိးသည် ငါ့အား ပြဿနာမေးခြင်းငှါ ပင့်လျှောက်လေသည်ပင် ဖြစ်၍ ငါ၏ ဓမ္မန္တေဝါသိကပင်တည်း၊ ငါချီးမြှောက်သင့်ပေသည်”ဟု နှလုံးပြု၍ ကိုင်တော်မူသတည်း။

တန်ခိုးပြာဋိဟာ

ယင်းသို့ အရှင်မောဂ္ဂလိပုတ္တတိဿထေရ်ကို ဥယျာဉ်၌ သီတင်းသုံးစေ၍ သူရဲသူခက်တို့ကို သုံးထပ်တိုင်အောင် ဝန်းရံ စောင့်နေစေ၏။ မင်းကြီးသည် မိမိကိုယ်တိုင်ပင် အရှင်မြတ်၏ ခြေတော်ကို ဆေးသပ်ပြီးမှ အနီး၌နေလျက် “ဤအရှင်သည် ငါ၏ ယုံမှားသင်္ကာကို ဖျောက်၍ သာသနာတော်ကို ချီးမြှောက်ခြင်းငှါ စွမ်းနိုင်ပါအံ့လော”ဟု စုံစမ်းခြင်းအကျိုးငှါ “အရှင်ဘုရား... တခုသော တန်ခိုးပြာဋိဟာကို အကျွန်ုပ် ဖူးမြင်လိုပါသည်”ဟု နားတော်လျှောက်၏။

အရှင်မောဂ္ဂလိပုတ္တတိဿလည်း “ဒကာတော်မင်းကြီး.. အဘယ်သို့သော တန်ခိုးပြာဋိဟာကို မြင်လိုသနည်း”ဟု မေးလျှင် “အရှင်ဘုရား.. ဤမဟာပထဝီ၏ တုန်လှုပ်ခြင်းကို မြင်လိုပါသည်”ဟု လျှောက်သော် “မင်းကြီး.. အလုံးစုံသောမြေ၏ လှုပ်ခြင်းကို မြင်လိုသလော၊ တစိတ်တဒေသသော မြေ၏လှုပ်ခြင်းကို မြင်လိုသလော”ဟု မေးတော်မူသော် “အရှင်ဘုရား.. အဘယ်လှုပ်ခြင်းသည် ခဲယဉ်းပါသနည်း”ဟု လျှောက်ပြန်သော် “ရေဖြင့်ပြည့်သော တခုသောခွက်၌ အလုံးစုံသောရေ၏ လှုပ်ခြင်းသည် ခဲယဉ်းသလော၊ တစိတ်တဝက်သောရေ၏ လှုပ်ခြင်းသည် ခဲယဉ်းသလော”ဟု မေးပြန်၏။ “တစိတ်တဝက်သောရေ၏ လှုပ်ခြင်းသည်သာလျှင် ခဲယဉ်းပါသည်”ဟု လျှောက်သော် “ဒကာတော်မင်းကြီး.. ဤအတူပင် ထက်ဝန်းကျင်သောမြေ၏ လှုပ်ခြင်းသည် မခဲခက်၊ တစိတ်တဝက်သောမြေ၏ လှုပ်ခြင်းသည်သာ ခဲယဉ်းစွာ၏” ဆိုလျှင် “အရှင်ဘုရား.. ထိုသို့ဖြစ်ပြီးတကား တစိတ်တဝက်သောမြေ၏ လှုပ်ခြင်းကိုပင် မြင်ချင်ပါသည်”ဟု လျှောက်၏။

(စာမျက်နှာ-၅၆၉)

“မင်းကြီး... ယင်းသို့ မြင်လိုမူ တယူဇနာမျှလောက်သော အရပ်ကို သတ်မှတ်စည်းခြား၍ အရပ်လေးပါးတွင် အရှေ့မျက်နှာ၌ ကြီးစွာသောရထားကို အတွင်းမှ ဘီးနှစ်ခု၊ အပြင်မှ ဘီးနှစ်ခု ချပြု၍ တည်စေ၊ တောင်မျက်နှာ၌ တစီးသောမြင်းကို အတွင်းမှ ခြေနှစ်ဘက်၊ အပြင်မှ ခြေနှစ်ဘက်ထောက်၍ နေစေ၊ အနောက်မျက်နှာ၌ တဦးသောယောကျ်ားကို အတွင်းမှ ခြေတဘက်၊ အပြင်မှ ခြေတဘက်ထောက်၍ နေစေ၊ မြောက်မျက်နှာ၌ တခုသော ရေခွက်ကို ထက်ဝက်စီပြု၍ တည်စေ”ဟု မိန့်တော်မူ၏။ မင်းကြီးလည်း အရှင်မြတ်စီရင်တိုင်း တည်ထားပေ၏။

မထေရ်မြတ်လည်း အဘိညာဉ်၏ အခြေခံဖြစ်သော စတုတ္ထဈာန်ကို ၀င်စားလျက် ထိုဈာန်မှထ၍ တယူဇနာမျှလောက်သော အတွင်း၌ မြေလှုပ်ခြင်းကို အဓိဋ္ဌာန်တော်မူ၏၊ အဓိဋ္ဌာန်သည်နှင့် တပြိုင်နက် မှတ်သားထားသော ရပ်ကွက်၏အတွင်း၌ မြေပြင်းလှုပ်၍ ရထားဘီး, မြင်းခြေ, လူခြေ, ရေထက်ဝက်တို့သည် သွက်သွက်ခါမျှ တုန်လှုပ်ကုန်၏၊ အပ၌တည်သော လှည်းဘီး, မြင်းခြေ စသည်တို့သည် မတုန်မလှုပ်ကုန်။

ပြဿနာ မေး,ဖြေခန်း

ဤသို့ အံ့ဖွယ်သရဲ ထူးကဲသော တန်ခိုးပြာဋိဟာကို မင်းကြီးမြင်ရလျှင် “ဤအရှင်ကား ငါ၏ ယုံမှားသင်္ကာကိုဖျောက်၍ သာသနာတော်ကို ချီးမြှောက်ခြင်းငှါ စွမ်းနိုင်ရာ၏”ဟု အောက်မေ့ပြီးလျှင် “အရှင်ဘုရား.. အကျွန်ုပ်သည် အမတ်တယောက်အား ကျောင်းသို့သွား၍ အဓိကရုဏ်းကို ငြိမ်းစေပြီးလျှင် သံဃာတော်တို့ တညီတညွတ် ဥပုသ်ပြုကြပါစေဟူ၍ စေလိုက်သော အမတ်မိုက်သည် ဤမျှလောက်သော ရဟန်းတို့ကို သတ်လာချေသည်၊ အရှင်ဘုရား.. ဤမကောင်းမှုသည် အဘယ်သူ့အား ဖြစ်သနည်း”ဟု နားတော်လျှောက်၏။

အရှင်မောဂ္ဂလိပုတ္တတိဿကလည်း “ဒကာတော်မင်းကြီး.. ဤအမတ်တို့သည် သံဃာတို့အား နှိပ်စက်သတ်ညှစ်စေသတည်းဟု သင် စိတ်ရှိသလော”ဟု မေး၏။ “အကျွန်ုပ် စိတ်မရှိပါ”ဟု လျှောက်လျှင် “မင်းကြီး.. သတ်စေလိုသော စိတ်မရှိက သင်၌ မကောင်းမှု မရှိ၊ အမတ်၌သာ မကောင်းမှုရှိ၏။

(ဤအကြောင်းကို ဘုရားသခင် ဟောတော်မူသော တိတ္တိရဇာတ်ဖြင့် သိအပ်၏။)

တိတ္တိရဇာတ်တော်

မင်းကြီး.. ရှေးလွန်လေပြီးသောအခါ ငါတို့ဘုရား အလောင်းတော်သည် ရသေ့ရဟန်းပြု၍ တခုသောတောအုပ်၌ နေသတည်း၊ တခုသော ပစ္စန္တရစ်ရွာ၌ မုဆိုးတဦးသည် ခါတိန်ညင်ကိုမွေး၍ လိမ္မာစွာ သင်ပြီးသော် ထိုခါတိန်ညင်ဖြင့် တော၌ရှိသော ခါအပေါင်းတို့ကို ဖမ်းယူခြင်းငှာ တောသို့ လာပြီးသော် သင့်ရာ၌ ခါတိန်ညင်ကိုထား၍ အပါး၌ ညွတ်ကွင်းတို့ကို ထောင်၏၊ ခါတိန်ညင် တွန်ကျူးသော အသံကိုကြား၍ ခါအများတို့ လာလျှင် ညွတ်၌ မိလေသဖြင့် မုဆိုးသည်ဖမ်း၍ သတ်၏။

ဤသို့သောနည်းဖြင့် အသက်မွေး၍ တနေ့သ၌ ခါတိန်ညင်ကိုပိုက်လျက် တောအုပ်၌နေသော ရသေ့ကျောင်းသို့ ရောက်လေလျှင် ခါအိမ်ကို ကျောင်းဝ၌ထား၍ မုဆိုးကား ပြုဖွယ်ကိစ္စကို ပြုနေ၏။

(စာမျက်နှာ-၅၇၀)

ထိုအခါ ခါတိန်ညင်က ရှင်ရသေ့အား ဤသို့ မေးလျှောက်၏။ “ရှင်ရသေ့.. အကျွန်ုပ်တွန်သံကို ကြားသဖြင့်လည်းကောင်း၊ အဆင်းကို မြင်သဖြင့်လည်းကောင်း တော၌ရှိသော ခါအပေါင်းတို့သည် ငါတို့ အဆွေအမျိုး ရှိချေသည်ဟု လာ၍ မုဆိုး၏ ညွတ်ကွင်း၌သာ မိလေသဖြင့် ခါအများတို့ အသတ်ခံရလေသည်။ ဤမကောင်းမှုကို ကျွန်ုပ် ခံရလတ္တံ့သော၊ လွတ်ပါလတ္တံ့လော”ဟု မေးလျှောက်၏။

ရသေ့ကလည်း “ခါတိန်ညင်.. သင်သည် ရောက်လာသော ခါတို့ကို သေစေလိုသောစိတ် ရှိသလော”ဟု မေး၏။ “အရှင်ဘုရား.. ကျွန်ုပ် သေစေလိုသောစိတ် မရှိပါ၊ တွန်မြဲတိုင်းဖြစ်၍သာ တွန်ပါသည်”ဟု လျှောက်လျှင် ရှင်ရသေ့က ထိုပြဿနာကို ဖြေဆိုခြင်းငှါ-

သစေ တေ နတ္ထိ စိတ္တံ၊ နတ္ထိ ပါပံ၊ စေတယန္တမေဝ ဟိ ပါပံ ဖုသတိ၊ နာစေတယန္တဿ”

အစရှိသောပါဌ်ဖြင့် “ခါတိန်ညင်.. သေစေလိုသောစိတ်မရှိက သင့်အား မကောင်းမှု မရှိ၊ စိတ်စေတနာနှင့်တကွ ပြုသောသူအားသာလျှင် မကောင်းသောအကျိုး ဖြစ်သတည်း၊ ခါတိန်ညင်.. သိမြင်လိမ္မာသော ပညာရှိတို့သည် စေတနာကိုသာလျှင် ကံဟူ၍ ဆိုကုန်၏၊ ကိုယ်နှုတ်နှလုံး သုံးပါး၌ဖြစ်သော အမူအရာသည် စေတနာလျှင် အကြောင်းဖြစ်၏”ဟု ဖြေပေ၏။

(ထိုအခါ ခါကိန်ညင်သည် အရှင်ရာဟုလာဖြစ်၍ ရသေ့သည် ငါတို့ဆရာ မြတ်စွာဘုရား ဖြစ်တော်မူပြန်သော် ဤအတ္ထုပ္ပတ္တိနှင့် လျော်သောအကြောင်းဖြစ်၍ ဤတိတ္တိရဇာတ်ကို ဟောတော်မူသတည်း)

“မင်းကြီး.. ဤတိတ္ထိရဇာတ် ဥပဒေကို သက်သေပြုထားသဖြင့် သတ်စေလိုသောစိတ် မရှိသော် မင်းကြီးအား အရဟန္တဃာတက ပါဏာတိပါတကံ မရှိဟု မှတ်တော်မူ”ဟူ၍ ဟောပေ၏။ မင်းကြီးလည်း အလွန်ဝမ်းသာလျက် သင်္ကာယနကင်း၍ ထိုအရှင့်ထံရင်းတွင်ပင် ခုနစ်ရက်ပတ်လုံး ဘုရားအဆုံးအမဖြစ်သော အယူတော်ကို သင်ကြား၏။

ရဟန်းတု ရဟန်းယောင် ခွဲခြားနည်း

တတ်မြောက်သောအခါ အသောကာရာမကျောင်းသို့ လာ၍ သံဃာတို့ကို ဝါဒတူရာတူရာ၌ စည်းဝေးစေပြီးလျှင် တသင်း တသင်းကို ဝင်စေ၍ “အရှင်ရဟန်းတို့.. ဘုရားသခင်သည် အဘယ်သို့ အယူတော်ရှိသနည်း”ဟု မေး၏။

အချို့ကလည်း သဿတဝါဒ ရှိပါသည်ဟု ပြော၏။ အချို့ကလည်း ဧကစ္စသဿတဝါဒ ရှိပါသည်ဟု ပြော၏။ အချို့ကလည်း အမရာဝိက္ခေပဝါဒ ရှိပါသည်ဟု ပြော၏။ အချို့ကလည်း အဓိစ္စသမုပ္ပန္နဝါဒ, အချို့ကလည်း သညီဝါဒ, အသညီဝါဒ, နေဝသညီနာသညီဝါဒ, ဥစ္ဆေဒဝါဒ, ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ ရှိပါသည်ဟု ပြော၏။

ဓမ္မာသောကမင်းကြီးလည်း မိမိသည် အယူတို့ကို သိမြင်တတ်မြောက်ပြီးသည်ဖြစ်၍ “ဤသူတို့ကား ဘုရားတပည့်စစ် မဟုတ်၊ တိတ္ထိတို့သာတည်း”ဟု သိ၍ အဝတ်ဖြူဆီး၍ လူပြုစေပြီးသော် ကျောင်းကြီးမှ နှင်ထုတ်ကုန်၏၊ ထိုတိတ္တိတို့ကား ခြောက်သောင်းမျှ၊ အရေအတွက်ရှိ၏။

(စာမျက်နှာ-၅၇၁)

ထို့နောက် တစုသော ရဟန်းတို့ကို ခေါ်ပြီးလျှင် “အရှင်ဘုရားတို့.. ဘုရားသခင်သည် အဘယ်သို့ အယူရှိသနည်း”ဟု မေးပေသော် “ဒကာတော်မင်းကြီး.. ဘုရားမြတ်စွာကား ကမ္မဝါဒီ ဝိဘဇ္ဇဝါဒီတည်း”ဟု ဖြေလျှင် “အရှင်ဘုရားတို့... ဟုတ်မှန်ပေပြီ၊ ဤယခုအခါ၌ သာသနာတော် သန့်ရှင်းစင်ကြယ်ပါပြီ၊ ဥပုသ်,ပဝါရဏာကို ပြုပါကုန်လော့”ဟု လျှောက်ကြား၍ သံဃာတော်အများကို စည်းဝေးစေပြီးလျှင် တညီတညွတ်တည်း ဥပုသ်ပြုစေ၏။ ထိုအစည်းအဝေး၌ သံဃာတော် အပေါင်းတို့ကား ခြောက်သန်း အရေအတွက် ရှိကုန်၏။

ကထာဝတ္ထုပါဠိတော်

အရှင်မောဂ္ဂလိပုတ္တတိဿထေရ်လည်း သံဃာ့အလယ်၌ အသွယ်သွယ်သော အဓမ္မဝါဒကို နှိမ်နင်းလျက် တရားမင်းဖြစ်တော်မူသော ဘုရားသခင်၏ နှုတ်နက် ရှစ်ချက်သော မာတိကာကို အမှီပြုလျက် ကထာဝတ္ထုကျမ်းကို ဟောတော်မူပေ၏။

တတိယသံဂါယနာတင်ခြင်း

ထို့နောက်မှ ခြောက်သန်းမျှလောက်သော သံဃာတို့တွင် ပဋိသမ္ဘိဒါပတ္တ တေဝိဇ္ဇ ဆဠဘိည တိပိဋကဓရဖြစ်သော ရဟန္တာတထောင်ကို ရွေးကောက်တော်မူလျက် အသောကာရာမ ကျောင်းထက်တွင် အရှင်မဟာကဿပ, အရှင်မဟာယသတို့ ပဌမ, ဒုတိယ သံဂါယနာ တင်ကုန်သကဲ့သို့ ဘုရားစကားတော်ဖြစ်သော ပိဋကတ်သုံးပုံ အလုံးစုံကို ရွေးချယ်သန့်ရှင်းလျက် နယုန်လမှစ၍ ကိုးလတိုင်တိုင် သံဂါယနာ တင်တော်မူကြပြန်သတည်း။

သံဂါယနာတင်နှစ် မှတ်ချက်

(ဤတတိယ သံဂါယနာကား– မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်မှ နှစ်ရာ့သုံးဆယ့်ငါးနှစ်မြောက်သော တပို့တွဲလ၌ ပြီး၏၊ အချို့ဆရာတို့ကား နှစ်ရာ့တဆယ့်ရှစ်နှစ်မြောက်၌ သံဂါယနာတင်သည်ဟု ဆို၏။ ထိုဆရာတို့ကား အဋ္ဌသာလိနီ၌-
ဘဂဝတော ပနိဗ္ဗာနတော အဋ္ဌာရသာဓိကာနံ ဒွိန္နံ ဝဿသတာနံ မတ္ထကေ-ဟူသောပါဌ်ကို သံဂါယနာတင် သက္ကရာဇ်မှတ်၍ ဆိုဟန်ရှိသည်။ ထိုပါဌ်ကား ဓမ္မာသောက မင်းဖြစ်လတ္တံ့သည်ကို ရည်၍ ဆိုသောပါဌ်တည်း။ အချို့ဆရာကား နှစ်ရာ့သုံးဆယ့်ခြောက်နှစ်တွင် သံဂါယနာ တင်သည်ဟု ဆိုသည်။ ထိုစကားလည်း ပါရာဇိကဏ် အဋ္ဌကထာ၌ အရှင်မဟာမဟိန္ဒတို့ သီဟိုဠ်သို့ သာသနာပြု ကြွရောက်သည့်အခါကို ပြဆိုသော စကားတည်း၊ ထိုစကားကို ထောက်ထား၍ ဆိုဟန်ရှိသည်။ စင်စစ်သော်ကား နှစ်ရာ့သုံးဆယ့် ငါးနှစ်အကျ၊ နယုန်လမှစ၍ သံဂါယနာတင်သည်၊ ကိုးလမြောက်ဖြစ်သော တပို့တွဲလ၌ ပြီးဆုံးကြသည်။ အရှင်မောဂ္ဂလိပုတ္တတိဿကား ရှင်မဟိန္ဒစသော ရဟန္တာကြီးတို့အား ကိုးတိုင်းကိုးဌာနသို့ သာသနာပြု စေလွှတ်သဖြင့် အရှင်မဟိန္ဒသည် နှစ်ရာ့သုံးဆယ့်ခြောက်ခုနှစ် နယုန်လ၌ သီဟိုဠ်ကျွန်းသို့ ကြွရောက်တော်မူသည်ကို ဆိုသောစကားတည်း။)
(စာမျက်နှာ-၅၇၂)

၉၈။ နိဂုံးကို ပြခြင်း

ဒန္တဒမ္မကစာရိတ္တေန၊ သုပါသကင်္ဂသမ္ပုဏ္ဏေန။
ခန္တိတပါဒိပူရဏေန၊ နိဝေရကေနုပါသကေန။
ပုနပ္ပုနံ အဇ္ဈေသိတော၊ မုနိန္ဒာဘိဓဇဝှေန။
ပါကဋေ ဂဏဝါစကေ၊ နိဒ္ဒိသေ ဝါစကန္တရေ။
ဇိနတ္ထပကာသနီ နာမ ပကရဏေ ဒသမကဏ္ဍော နိဋ္ဌိတော။

ဒန္တဒမ္မကစာရိတ္တေန၊ ဆုံးမခြင်းငှါ ခဲယဉ်းစွာ ရာဂ, ဒေါသ, မာန, ဣဿာ, ဥပါရမ္ဘ စသည်ညစ်ကျု မကောင်းမှုကို ဂရုကတ ဆုံးမပယ်ပစ် ကံမြစ်လေ့ရှိသည်ဖြစ်၍ စင်စစ် ယဉ်ကျေးသော ကိုယ်နှုတ်နှလုံး သုံးပါး၏ အကျင့်ရှိထသော။ သုပါသကင်္ဂသမ္ပုဏ္ဏေန၊ စဏ္ဍာလ, မလ, ပတိကိဋ္ဌ သုံးဝအင်္ဂါ ကင်းလွတ်ကွာလျက် သာသနာ၌ သဒ္ဓါပသန္န သီလမြဲဘိ ဒိဋ္ဌိသန့်စင် ကံလျှင်ယုံကြည် သုံးမည်ရတနာ ဆရာမှတ်ထင် ငါးပါးအင်ကြောင့် လူတွင်အမြတ် သမုတ်အပ်သော ဥပါသကရတန ပဒုမပုဏ္ဍရီ ဂုဏ်သုံးလီဖြင့် စုံညီ ပြည့်ဖြိုးစွာထသော။ ခန္တိတပါဒိပူရဏေန၊ ကိုယ်နှုတ်ဥစ္စာ ဒဏ်သုံးဖြာဖြင့် ကျူးလာပြစ်မှား သူတပါးကို ရန်စားမလို မျက်ငြိုမဖန် မာန်ကိုနှိမ်နင်း သည်းခံခြင်း အစရှိသော ပါရမီသမ္ဘာရကိုလည်း လွန်စွာ ဆည်းပူးလေ့ရှိသော။ နိဝေရကေန၊ တွင်းပဘေးဒဏ် ရန်မာန်နှစ်သင်း သူထက်ကင်း၍ ဦးရန်ကင်း အမည်ရှိထသော။ ဥပါသကေန၊ အမြတ်တနိုး ကိုးကွယ်လောက်စွာ ရတနာ၌ လွန်စွာလေးမြတ် ဆည်းကပ်လေ့ရှိသော ဒါယကာသည်။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ဝါ၊ ကြိမ်ကြိမ်။ အဇ္ဈေသိတော၊ ရိုသေလေးမြတ် တောင်းပန်အပ်သည်ဖြစ်၍။ မုနိန္ဒာဘိဓဇဝှေန၊ မုနိန္ဒာဘိဓဇဟူသော အမည်ဖြင့်။ ပါကဋေန၊ ထင်ရှားစွာသော။ ဂဏဝါစကေန၊ ရပ်လေးမျက်နှာ မြို့ရွာရွာက ရောက်လှာဝင်နား စာသင်သားတို့အား သင်ကြားပို့ချ နည်းနာပြသည့် ဂဏဝါစကလည်း ဖြစ်သော။ မယာ၊ ငါသည်။ သာသနောဒယကာရဏံ၊ သာသနာတော်၏ စည်ပင်ပြန့်ပွား ရှည်လျားထွန်းလင်းအံ့သော အကြောင်းကို။ ဥဒ္ဒိဿ၊ ရည်၍။ ဝါစကန္တရေ၊ စာပေပို့ချသောအကြား အားခိုက်,လပ်ခိုက်၌။ နိဒ္ဒိသေ၊ ပါဠိ, အဋ္ဌကထာ, ဋီကာ, ဂန္ထန္တရ အဝဝကို နှိုင်းဆရှုတင် စီရင်ရေးသားအပ်သော။ ဇိနတ္ထပကာသနီ နာမ ပကရဏေ၊ မြတ်စွာဘုရား ဖြစ်ကြောင်းလျားကို ထင်ရှားပြရာပြကြောင်းဖြစ်၍ ဇိနတ္ထပကာသနီ အမည်ရှိသောကျမ်း၌။ ဒသမကဏ္ဍော၊ ဆယ်ခုမြောက်သော အပိုင်းသည်။ နိဋ္ဌိတော၊ အပြီးသို့ ရောက်ပြီ။

အမှာ။ (အဝယဝတ္ထ နိဂုံးမျှဖြစ်၍ ဂဇ္ဇဗန္ဓမျှသာ ဆိုလိုက်သည်။ “ပါကဋေ ဂဏဝါစကေ”တို့ကား သုတိမင်္ဂလာအကျိုးငှာ “ပဌမာဒိဈာနဘေဒေ”တို့ကဲ့သို့ ဝိဘတ္တိလောပေ။ ဇိနတ္ထ၌ အတ္ထသဒ္ဒါကား-

အတ္ထော ပယောဇနေ သဒ္ဒါဘိဓေယျ ဝုဍ္ဎိယံ ဓနေ။
ဝတ္ထုမှိ ကာရဏေ နာသေ၊ ဟိတေ ပစ္ဆိမပဗ္ဗတေ-

ဟူသော အဘိဓာန်နှင့်အညီ “သဒ္ဒါယ အတ္ထော သုလဒ္ဓေါ” စသည်၌ကဲ့သို့ ကရဏတ္ထ၊ ဇိနဿ ပဝတ္တော အတ္ထော ဇိနတ္ထော (မဇ္ဈေလောပ ဆဋ္ဌီတပ္ပုရိသ်)၊ ဇိနတ္ထဿ ပကာသနီ ဇိနတ္ထပကာသနီဟု ကမ္မတ္ထ တပ္ပုရိသ်သမာသ် တွဲလေ။

ဒသမပိုင်း ပြီးပြီ။

ဇိနတ္ထပကာသနီကျမ်း ပြီးပြီ။

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ