ကိုယ်ကျင့်အဘိဓမ္မာ
အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
ဆရာတော်အရှင်ဇနကာဘိဝံသ၏ သာသနာတော် အဆုံးအမများ
အချီနိဒါန်း
အမေးမာတိကာ ပထမခန်း လေ့ကျင့်ဖွယ်များ
ဒုတိယခန်း လေ့ကျင့်ဖွယ်များ၊
တတိယခန်း လေကျင့်ဖွယ်များ
စတုတ္ထခန်း လေ့ကျင့်ဖွယ်များ
ပဉ္စမခန်း လေ့ကျင့်ဖွယ်များ
ဆဋ္ဌမခန်း လေ့ကျင့်ဖွယ်များ
သတ္တမခန်း လေ့ကျင့်ဖွယ်များ
အဋ္ဌမခန်း လေ့ကျင့်ဖွယ်များ
နဝမခန်း လေ့ကျင့်ဖွယ်များ
ဒသမခန်း လေ့ကျင့်ဖွယ်များ
ဧကာဒသမခန်း လေ့ကျင့်ဖွယ်များ
ကျမ်းစာရှုနည်း နိဿယ
ပထမအခန်း
စိတ်အကြောင်း
ဒုတိယ အခန်း
စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ်စေတသိက် ၁၄-ပါး
မောဟအကြောင်း
အဟိရိက အကြောင်း
အနောတ္တပ္ပ အကြောင်း
ဥဒ္ဓစ္စ အကြောင်း
နကုလပိတာနှင့် နကုလမာတာ
မာယာ အကြောင်း
သာဌေယျ အကြောင်း
ဒိဋ္ဌိ အကြောင်း
မာန အကြောင်း
အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ဒေါသ အကြောင်း
မက္ခ အကြောင်း
ပဠာသ အကြောင်း
သောက အကြောင်း
ပရိဒေဝ အကြောင်း
ဒုက္ခ ဒေါမနဿတို့ အကြောင်း
ဥပါယာသ အကြောင်း
ဣဿာ အကြောင်း
မစ္ဆရိယ အကြောင်း
ကုက္ကုစ္စ အကြောင်း
ဝိစိကိစ္ဆာ အကြောင်း
တတိယအခန်း
သဒ္ဓါ အကြောင်း
သတိ အကြောင်း
ဟိရီနှင့် ဩတ္တပ္ပတ္တိ အကြောင်း
အလောဘ အကြောင်း
အဒေါသ အကြောင်း
အမောဟ (ပညာ) အကြောင်း
မေတ္တာ အကြောင်း
ကရုဏာ အကြောင်း
မုဒိတာ အကြောင်း
ဥပေက္ခာ အကြောင်း
ဗြဟ္မစိုရ်တရား ၄-ပါး
အများသုံးနေသော မေတ္တာ ပို့နည်း
ကရုဏာ ပို့နည်း
မုဒိတာ ပို့နည်း
ဥပက္ခာ ပို့နည်း
အချုပ်မှတ်ဖွယ်
ဝိရတိ ၃-ပါး အကြောင်း၊
စတုတ္ထ အခန်း
ဖဿ အကြောင်း
ဝေဒနာ အကြောင်း
သညာ အကြောင်း
စေတနာ အကြောင်း
စေတနာကို ကံဟုခေါ်ရပုံ
ဧကဂ္ဂတာ အကြောင်း၊
ဇိဝိတိန္ဒြေ အကြောင်း
ဝိစာရ အကြောင်း
အဓိမောက္ခ အကြောင်း
ဝိရိယ အကြောင်း
ပီတိ အကြောင်း
ဆန္ဒ အကြောင်း
ပဉ္စမအခန်း
ဆဋ္ဌ အခန်း
ပုည ကြိ ယ ဝတ္ထု ၁၀-ပါး
ဒါန အကြောင်း
ပုဗ္ဗ-မုဉ္စ-အပရစေတနာ
ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
သီလ အကြောင်း
ဘာဝနာ အကြောင်း
အပစာယန အကြောင်း
ဝေယျာဝစ္စ အကြောင်း
ပတ္တိဒါန အကြောင်း
ပတ္တာနုမောဒန အကြောင်း
ဓမ္မဿဝန အကြောင်း
၄-အယူမှန် သမ္မာဒိဋ္ဌိကို ရခြင်း၊
ဓမ္မဒေသနာ အကြောင်း
ဒိဋ္ဌိဇုကမ္မ အကြောင်း
သတ္တမအခန်း
သမ္ပတ္တိ ဝိပတ္တိ
အဋ္ဌမ အဋ္ဌမအခန်း
နဝမအခန်း
ဒသမ အခန်း
မဟာဘုတ် ၄-ပါးအကျယ်
ပသာဒရုပ် ၅-ပါးအကျယ်
အာရုံ ၅-ပါးအကျယ်
ဧကာဒသမ အခန်း
ငရဲခဏ်း
ကမ္ဘာပျက်ပုံ
ကမ္ဘာတည်ပုံ
လူများ ဖြစ်ပေါ်လာပုံ
နတ်ဘုံခန်း
သိကြားမင်း တရားမေ့ပုံ
စဉ်းစားဘွယ်ရာ အဖြာဖြာ
ဗြဟ္မာ့စည်းစိမ်
နိဗ္ဗာန်အကြောင်း
ကျမ်းပြီး နိဂုံး
ကျားငစဉ်းလဲအကြောင်း
နိဂုံးလင်္ကာ
ကိုယ်ကျင့်အဘိဓမ္မာ
အ မ ရ ပူရ မ ဟာ ဂန္ဓာ ရုံ ဆ ရာ တော်
အ ရှင် ဇ န က က ဘိ ဝံ သ၏
(ဆဋ္ဌမကျမ်းစာ)
ကိုယ်ကျင့်အဘိဓမ္မာ
မိမိစိတ်ကို ထက်မျက်ဖြူစင်အောင် လေ့လာလိုသူတိုင်း
ကြည့်ရှုလေ့လာရာ၌ မပျင်းကြဘို့ရာ
အဘိဓမ္မာသဘောကို သုတ္တန်နှင့်ရော၍ စီစဉ်ထားသည်။
အ ရှင် ဇ န ကာ ဘိ ဝံ သ၏ ဘ ဝ သံ သ ရာ ဖြ စ် စ ဉ် အ ကျဉ်း
၁။ အရှင်ဇနကာဘိဝံသ ဆရာတော်လောင်း သူငယ်ကို စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် သရိုင်ရွာ, ဦးဇောတိ-ဒေါ်အုန်းလှိုင်ဦးဇောတိ-ဒေါ်အုန်းလှိုင်တို့မှ ၁၂၆၁-ခုနှစ်, တပို့တွဲလပြည့်ကျော် (၁၄) ရက် (၁၉၀၀-ပြည့်၊ ဖေဖော်ဝါရီလ ၂၇-ရက်) အဂါနေ့တွင် ဖွားမြင်သည်။
၂။ ၁၂၆၆-ခုနှစ်၌ ပထမအကြိမ် ရှင်သာမဏေ ပြုတော်မူသည်။
၃။ ၁၂၇၅-ခုနှစ်၌ ဒုတိယအကြိမ် ရှင်သာမဏေ ပြုတော်မူသည်။
၄။ ၁၂၇၉-ခုနှစ် သက်တော် ၁၈-နှစ် အရွယ်တွင် ပထမကြီးတန်း စာမေးပွဲကို အောင်မြင်တော်မူသည်။
၅။ ၁၂၈၀-ပြည့်နှစ် တပေါင်းလပြည့်နေ့၌ ပထမအကြိမ် ရဟန်းအဖြစ် ခံယူတော်မူသည်။
၆။ ၁၂၈၁-ခုနှစ် နယုန်လပြည့်နေ့၌ ဒုတိယအကြိမ်, ၁၂၈၁-ခုနှစ် တပေါင်း လပြည်နေ့၌ တတိယအကြိမ် ရဟန်းအဖြစ်ကို ခံယူတော်မူသည်။
၇။ ၁၂၈၉-ခုနှစ်၌ {ပဌမကျော်} အောင်မြင်တော်မူသည်။
၈။ ၁၂၈၉-ခုနှစ်၌ {သကျသီဟစာမေးပွဲ} ခေါ် {ပရိယတ္တိသာသနဟိတဓမ္မာစရိယ}ဘွဲ့ ရရှိ အောင်မြင်တော်မူသည်။
၉။ ၁၃၀၃-ခုနှစ် ဝါဆိုဦး (၁၉၄၁-၄၂) ဂျပန်စစ်တပ်များ မြန်မာပြည်သို့ ဝင်ရာက် သိမ်းပိုက်မည့်နေ့တွင် ယခုလက်ရှိ အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်နေရာသို့ ပြောင်းရွှေ့ သီ တင်းသုံးတော်မူသည်၊ ပြောင်းရွှေ့ လာခဲ့စဉ်က သံဃာတော် ငါးပါးမျှသာ ရှိ၍ ပျံလွန်တော်မူချိန်တွင် သံဃာတော် ငါးရာကျော်မျှ သီတင်းသုံးလျက်ရှိသည်။
၁၀။ (လွတ်လပ်ရေးရပြီးနောက်) ၁၃၁၂-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ၏(ရှေးဦးစွာ) {အဂ္ဂမမဟာပဏ္ဍိတိတိတ}ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံယူရသည်။
၁၁။ ၄င်းနှစ်မှာပင် နိုင်ငံတော်စာသင်ကျောင်းများ၌ သင်ကြားရန် မူလတန်း ဗုဒ္ဓဘာသာလက်စွဲခေါ် သင်ခန်းစာများကို ရေးသားခဲ့သည်။
၁၂။ ၁၃၁၅-ခုနှစ်၌
(က) ဆဋ္ဌသံဂီတိ ဩဝါဒါစရိယ သံဃနာယက,
(ခ) ဆဋ္ဌသံဂီတိ ဘာရနိတ္ထာရက,
(ဂ) ဆဋ္ဌသံဂီတိ ပါဠိပဋိဝိသောဓက,
(ဃ) ဆဋ္ဌသံဂီတိ ဩသာနသောဓယျပတ္တပါဌကအဖြစ် တင်မြှောက်ခြင်းကို ခံယူရသည်။
၁၃။ ၁၃၃၇-ခုနှစ် ပဲခူးမြို့၌ ကျင်းပအပ်သော ဂိုဏ်းလုံးကျွတ် အစည်း အဝေးကြီးက ရွှေကျင်ဂိုဏ်းကြီး၏ ဥပဥက္ကဋ္ဌ (ဒုတိယ သာသနာပိုင်) အဖြစ် တင်မြောက်ခြင်းကို ခံယူတော်မူသည်။
၁၄။ ၁၂၉၁-ခနု စှ်သက်တော်(၃၀မှ စ၍ကျမ်းစာများကို စတင်ပြုစုတော်မူခဲ့ရာ ၁၂၉၃-ခုနှစ်တွင် ပထမဦးဆုံး ကျမ်းစာကို ရေးသားပြီးစီးတော်မူ၍ ၁၃၃၈-ခု၊ တန်ဆောင်မုန်းလတွင် နောက်ဆုံး ဆယ်လ မြတ်ဗုဒ္ဓနောက်ဆုံး ဆယ်လ မြတ်ဗုဒ္ဓကျမ်းစာကို ရေးသားပြီးလျှင် {တစ်ဘဝ သံသရာ}အမည်ဖြင့် ထေရုပ္ပတ္တိကို ကိုယ်တော်တိုင် ရေးသားတော်မူခဲ့သည်၊ ပဉ္စပကရဏဘာသာဋီကာနှင် မူလဋီကာနိဿယ ပါဠိတော်နိဿယများကို၁၃၃၆-ခုနှစ် တန်ဆောင်မုန်း လဆန်း ၅-ရက် (၁၈-၁၁-၇၄) တနလာနေ့ ၁-နာရီအချိန် စတင်ပို့ချ ရေးသား၍ ၁၃၃၉-ခုနှစ်၊ ဝါခေါင်လဆန်း ၁၂-ရက်နေ့မှာ ပြီးဆုံးခဲ့ပါ သည်၊ သတု မ် ဟာဝါဘာသာဋကီာကို ၁၃၃၇-ခနု စှ် ဝါဆလို ပြည့်ကျော၂်-ရက် ကြာသပတေးနေ့ (၂၄-၇-၇၅) တွင် စတင် ပို့ချ ရေးသား၍ ၁၃၃၉-ခနု စှ် နတ်တောလ် ဆန်း ၁၃-ရက် (၂၁-၁၂-၇၇) သောကြာနေ့ ပျံလွန်တော်မမူမီ ၅-ရက် အလိုတွင် ပြီးတော်မူခဲ့ပါသည်၊ ပါထေယျ ဘာသာဋီကာကိုပင် တစ်ရက်မျှ ရေးသား ပို့ချခဲ့ပါသေးသည်။
၁၅။ ၁၃၃၉-ခုနှစ်၊ သက်တော် (၇၈)နှစ် အရောက် နတ်တော်လပြည့်ကျော် ၂-ရက် (၁၉၇၇-ခုနှစ် ဒီဇင်ဘာလ ၂၇-ရက်) အင်္ဂါနေ့ ညနေ ၄-နာရီ မိနစ် ၃၀-တွင် တစ်ဘဝအတွက် ငြိမ်းတော်မူပါသည်။
၁၃၉၂ ခု၊ ကမ္ဘာအေးလမ်း၊ မဟာဂန္ဓာရုံကျောင်းတိုက်သို့ မူလတန်း၊ ဗုဒ္ဓဘာသာလက်စွဲရေးသားပြီးနောက် ကြွလာစဉ် ရိုက်ထားသော ပုံတော်
ဆ ရာ တော် အ ရှင် ဇ န ကာ ဘိ ဝံ သ၏ သာ သ နာ တော် အ ဆုံး အ မ များ
တောင်မြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသသည် ဗုဒ္ဓသာသနာတော် အရှည်တည်တံ့ပြန့်ပွားစေလိုသူတိုင်းနှင့် တိုင်းပြည်ကို ချစ်မြတ်နိုးသူတိုင်း ကျေးဇူးအမြဲ သိနေရမည့် ပုဂ္ဂိုလ်ထူးတပါးဖြစ်ပါသည်။ ဆရာတော်သည် သာသနာတော် အကျိုးကို အစွမ်းထက်သလောက် ဆောင်ရွက်နိုင်သော ရဟန်း ဘဝကို အလွန်မြတ်နိုးတော်မူပါသည်။ အကျော်အမော ဘုန်းကံကြီးမားမှုနှင့် စပ်လျဉ်းသော ကိစ္စများကို ဦးစားပေးလေ့မရှိဘဲ သာသနာတော်၏ဆုပ် တောက်ပြောင်စေမည့် ကိစ္စများ အပြုအမူများကိုသာ ရှေ့ဆောင်လမ်းပြညွှန်ပြ တော်မူပါသည်။
နှောင်းခေတ် သာသနာတော်နှင့် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ကြမည့် ပုဂ္ဂိုလ်များအတွက် မပင်မပန်းချမ်းလွယ်ကူစွာ ပိဋကတ်တော် ပေါက်မြောက် ကျွမ်းကျင်ကြစေရန်အတွက် သဒ္ဒါ ဝိနည်း အဘိဓမ္မာ သုတ္တန်ကျမ်းများကို သင်ရိုးကုန်အောင် ပြုစုတော်မူခဲ့ပါသည်။ လူရောရှင်ပါ တိုင်းပြည်နှင့် သာသနာကို စည်ပင်ပြန့်ပွါးအောင် တာဝန်ထမ်းဆောင်နိုင်ရေး၊ အသိဉာဏ် ကိုယ်ကျင့်တရား ပြည့်စုံဖွံ့ဖြိုးရေးအတွက်လည်း ရတနာ့ဂုဏ်ရည် ကိုယ်ကျင့်အဘိဓမ္မာ, အနာဂတ်သာသနာ ဗုဒ္ဓဘာသာသင်ခန်းစာ, ဘာသာသွေး ဗုဒ္ဓါနုဿတိ ဘာဝနာ အစရှိသော ကျမ်းစာများကိုရေးသား၍ နည်းလမ်းညွှန်ပြထားတော် မူခဲ့ပါသည်၊ တပည့် ရဟန်း ဒကာ ဒကာမများအား ဗုဒ္ဓမြတ်စွာ၏ ဂုဏ်ကျေးဇူးတော်တို့ကို အမြဲညွှန်ပြဟောကြား၍ ပရိယတ်နှင့်ပဋိပတ်သာသနာတော်ကို ကြိုးစားကျင့်ဆောင်ရေး၊ ကိုယ်ကျင့်သီလတရားကို မထိန်းသိမ်းဘဲ သာသနာတော်တွင် ပေါ့ပေါ့ဆဆနေထိုင်လျှင် ပစ္စုပ္ပန်သံသရာ ဆင်းရဲဒုက္ခတွေ့ရမည့် အရေးကို အမြဲသတိပေးတော်မူလေ့ရှိပါသည်၊ ဒါနသည် ပြုလုပ်သင့်သော ကိစ္စဖြစ်သော်လည်း ကိုယ်ကျင့်သီလ ဝိနည်းသည်သာ သုဂတိဘဝအတွက် စိတ်ချရသောအလုပ်ဖြစ်ကြောင်း၊ ဝိပဿနာ ဘာဝနာများလည်း တတ်စွမ်း သမျှ ကြိုးစားရန်လိုကြောင်း အမြဲညွှန်ပြဆုံးမတော်မူပါသည်။ အောက်ပါ ကောက်နုတ်ချက်များကို လေ့လာခြင်းဖြင့် ဆရာတော်၏ စိတ်သဘောထားကို နားလည်နိုင်ပါလိမ့်မည်။
စိတ်ကောင်းရှိဘို့ပဌမ
ဤကျောင်းတိုက်မှာ နေလိုယင် အကြီးက အငယ်ကိုနှိမ်၊ အငယ်က အကြီးကိုမရိုသေတဲ့စိတ်မျိုး၊ ကိုယ့်ထက်သာသူကို မနာလိုတဲ့ ဣဿာစိတ်၊ ဉာဏ်ဝီရိယကောင်းတဲ့သူကို တိုးတက်မှာစိုးတဲ့ မစ္ဆရိယစိတ်၊ အလွန် ထင်ရှားသိသာတဲ့ တဏှာရာဂစိတ်၊ ဂုဏ်နဲ့လာဘ်ကို အလွန်လိုလားတဲ့ လောဘစိတ် ပြင်းထန်တဲ့ ဒေါသစိတ်၊ မာန်မာနစိတ် စတဲ့ စိတ်မျိုးတွေ မဖြစ်စေဘဲ ဆရာပီပီ တပည့်ပီပီ ရိုသေလေးစားတဲ့ မေတ္တာစိတ်၊ မကျန်းမာသူကိုသနားတဲ့ ကရုဏာစိတ်၊ သူတပါးပညာတတ်သည်ကို လာဘ် ပေါသည်ကို ဝမ်းမြောက်တဲ့မုဒိတာစိတ်၊ ဘုရားဝေယျာဝစ္စကို စိတ်ပါ လက်ပါ ပြုလိုတဲ့စိတ်၊ သဒ္ဓါတရား ကောင်းတဲ့စိတ်၊ ပျော့ပျောင်းနူးညံ့ တဲ့စိတ်၊ အပါယ်လေးပါးကြောက်တဲ့စိတ်၊ မဂ်ဖိုလ်နိဗ္ဗာန်လိုလားတဲ့စိတ် စတဲ့ စိတ်မျိုးတွေ့ရှိရမည်။ (တဘဝသံသရာ စာမျက်နှာ-၃၆၅)
သီလဝိနည်းလုံခြုံစေ
ဘဝကောင်းဘို့အတွက် လူဝတ်ကြောင်များက ငါးပါးသီလ အာဇီဝဋ္ဌမက သီလမပါဘဲ ဒါနချည်းစိတ်မချရပုံ ရဟန်းသံဃာများအတွက် ဝိနည်းကို ဂရုမစိုက်ယင် စာပေပရိယတ်ကို မိုးထိအောင် တတ်သော်လဲ နောင်ဘဝကောင်းဘို့ စိတ်မချရပုံ မိမိတို့က သီလ မစင်ကြယ်ယင် ဒကာ-ဒကာမတို့ရဲ့ အလှူဒါနလဲ လယ်ယာမြေကောင်းမှာ မစိုက်ရသလို ဖြစ်သောကြောင့် အကျိုးမများပုံ အတော် စုံစုံလင်လင် တွေးနေမိတယ်။ (တဘဝသံသရာ စာမျက်နှာ-၃၆၅၊ ၄၅၈၊ ၄၆၄၊ ၄၆၉)
ဝိပဿနာပွားကြလေ
ပဋိပတ်ဘက်က အလုပ်လုပ်တဲ့အချိန်များမှ တော်မည်၊ ပရိယတ်ချည်း ကြိုးစားလာကြတာ စိတ်အနေ ဘာမှ ထူးထူးခြားခြား ကောင်းမလာဘူး၊ သီလအကျင့်မပါတဲ့ ပရိယတ်စာသင်နည်းကိုတော့ ဒီကျောင်းတိုက်မှာ ဘယ်နည်းနဲ့မှ လက်မခံထိုက်ဘူးလို့ မကြာမကြာ သတိပေး ထားပါတယ်။ (စာမျက်နှာ-၄၅၇)
နေ့ပိုင်းမှာ စာသင်စာချတဲ့ ဂန္တဓုတာဝန်ကို ဆောင်ကြဘို့နဲ့ ညဉ့်ဘုရား ဝတ်တက်ပြီးချိန်ကစ၍ အိပ်ဘို့တုံးခေါက်ချိန်အထိ ဝိပဿနာ ဓုရတာဝန်ကို ဆောင်ကြဘို့ရန် စီစဉ်ရပါတယ်။ (စာမျက်နှာ-၄၅၈နှင့် ၄၆၀၊ ၄၆၄)
စာချဘုန်းကြီးများကခေါင်းဆောင်ပြီးဝိပဿနာဘာဝနာအလုပ်ကို အများအားထုတ်အောင် ကြိုးစားကြပါ။ (စာမျက်နှာ-၃၃၄)
ကျောင်းတိုက်တွင် လိုက်နာရမည့် လမ်းညွှန်ဩဝါဒ ဆယ်ချက်တွင် စိတ်ကောင်းထားရှိရမည့်အရေးကို အထူးအလိုအပ်ဆုံးဟု ပညတ်တော်မူခဲ့သည် ဆရာတော်ကြီး၏ဆုံးမဩဝါဒကို အဆီအနှစ်ထုတ်၍ တိုတို ကျဉ်းကျဉ်း ဖော်ပြပါဆိုလျှင်
စိတ်ကောင်းရှိဘို့ ပဌမ (စာမျက်နှာ-၃၆၅)
သီလဝိနည်း လုံခြုံစေ (စာမျက်နှာ-၄၅ဂ၊ ၄၆၄၊ ၃၆၅၊ ၄၆၉)
ဝိပဿနာပွားကြလေ (စာမျက်နှာ-၃၃၄၊ ၄၅၆၊ ၄၆၀၊ ၄၆၄) ဟူ၍ တွေ့ကြရမည်၊ ဆရာတော် ကိုယ်တိုင်ရေး ထေရုပ္ပတ္တိတွင် ဤချက်များကို အကြိမ်ကြိမ် အလေးပေးဖော်ပြ သတိပေးထားသည်ကို တွေ့ရပါမည်။ တပည့် ဒကာ-ဒကာမများကို တွေ့တိုင်းလည်း မိမိရရှိထားသော ဘဝကောင်းကို တဆင့်ထက်တဆင့် မြင့်ထက်မြင့်စေရန် မမေ့ဘို့ ကြိုးစားအားထုတ်ကြဘို့ ဤသုံးချက်ကို ဟောပြောတိုက်တွန်းတော်မူလေ့ ရှိပါသည်။
ပြောသလိုလုပ်၍ လုပ်သလိုပြောလေ့ရှိခြင်း
ဆရာတော်ကြီးသည် ပဌမကျော် သကျသီဟ ဓမ္မာစရိယ စားမေးပွဲများကို အောင်မြင်ခဲ့သော်လည်း ကျမ်းစာများတွင် ထည့်သွင်းဖော်ပြလေ့ မရှိပါ။ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို လွတ်လပ်ရေးရလျှင်ရချင်း ဆက်ကပ်ခံခဲ့ရသော်လည်း ထိုဘွဲ့ကို အသုံးပြုလေ့မရှိပါ။
စာမေးပွဲအောင်မြင်မှု ဂုဏ်ထူးများသည် သာသနာရေး ဆောင်ရွက်ရာတွင် တစိတ်တဒေသ အထောက်ပံ့ဖြစ်စေသည်၊ အလုပ်လွယ်ကူအောင်မြင်စေမည် (တဘဝ သံသရာ စာမျက်နှာ-၃၁၇)ဟု သဘောပေါက် ယုံကြည်သော်လည်း သီလစင်ကြယ်၍ သာသနာတော်၏အကျိုးကို တကယ်လိုလားစွာ ဆောင်ရွက်မှသာ သာသနာတော် တိုးတက်မည်ဟု ဩဝါဒပေးတိုင်း ပြောဆုံးမလေ့ ရှိပါသည်။
ကျောင်းတိုက်အတွင်း စာမေးပွဲအောင်မြင်မှု ပူဇော်ပွဲ မွေးနေ့ပူဇော်ပွဲ ပြုလုပ်ခြင်းကို အားပေးခြင်းမပြု၊ ခွင့်ပြုတော်မမူပါ၊ ဆူညံသော လူစုလူဝေး အလှူပွဲခင်းကျင်းခြင်း တီးမှုတ်ဧည့်ခံခြင်းများကိုလည်း လုံးဝခွင့်ပြုတော်မမူပါ။
မည်သူမဆို မိမိ၏ကိုယ်မှု နှုတ်မှု စိတ်မှုတို့ကိုကောင်းသထက်ကောင်းအောင် အစဉ်ပြုပြင်နေသင့်သည်၊ သေသည့်အထိ အမြဲပြုပြင်နေရမည်ဟု ဆရာတော် ဆုံးမတော်မူလေ့ရှိပါသည်။
ဆရာတော်သည် အနာဂတ်သာသနာရေးကျမ်းတွင် မိမိရေးသားညွှန်ပြခဲ့သည့်အတိုင်း တကယ်လုပ်လျှင် တကယ်ဖြစ်နိုင်ပုံကို တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ပရိယတ္တိရော ပဋိပတ္တိဘက်ကပါ သာသနာ့ ကျက်သရေဆောင် အဖြစ် လက်တွေ့စံနမူနာ ပြခဲ့ပါသည် မျက်မှောက် သာသနာခေတ် တွင် သံဃာတော် ခုနစ်ရာခြောက်ဆယ်ကျော်သည် တိုင်းပြည်၏ ကောင်းမှုဖြင့် မငြိုမငြင် မပင်ပန်းဆင်းရဲရဘဲ အတူနေ အတူစား အတူပညာသင်လျက် စည်းလုံးညီညွတ်စွာ ရှိနေကြသည်မှာ မြန်မာပြည်တွင်သာမက ကမ္ဘာတွင် ဤတနေရာသာ ရှိပါသည်ဟုဆိုလျှင် စကားမလွန်ကန်ဟု ထင်ပါသည်။ ဤပြယုဂ်တခုနှင့်ပင် သာသနာ့ကျက်သရေသာမက မြန်မာ့ဂုဏ်ကျက်သရေ ထင်ရှားပေါ်လွင်လှပါသည်။
ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို လေ့လာလိုသူ မြန်မာပြည်သူပြည်သားနှင့် နိုင်ငံခြားသား သုတေသီတို့သည် တောင်မြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်ကို အရောက်လာလေ့ရှိကြပါသည်။ ရောက်လာသူတိုင်းပင် နှစ်သက်ကြည်နူး သဒ္ဓါ တရားပွားများကြပါသည် သန့်ရှင်းမှု ငြိမ်သက်မှု စည်းကမ်းကျနမှု အဆောက်အဦများ စည်ပင်မှုတို့ကိုမြင်ပြီး ကျေနပ်နှစ်သိမ့်မှုရကြလေသည်။ ဤအခြေအနေသို့ ရောက်အောင် ဆရာတော်လုံ့လဝီရိယဖြင့် မနားမနေ ကြိုးပမ်းသည်ကို ချီးကျူးအံ့ဩကြပါသည်၊ ကျောင်းတိုက်ပြုပြင်မှု-သံဃာပရိသတ် ထိန်းသိမ်းမှု-စာပို့ချမှု စသည့် များပြားလှသေ မပြတ်မလပ် တာဝန်များ ကြားမှပင်ဘာသာဋီကာအမျိုးမျိုးစသော ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ကို တကျမ်းပြီးတကျမ်း ပြုစုတော်မူခဲ့သည်။ ဆရာတော်၏ အာသီသကို အောက်ပါ ကြိုးစားချက်က ဖေါ်ပြနေပေသည်။
ကိုယ်တည်းတယောက် ချမ်းသာရောက်ဘို့ ခုလောက်ကြိုးကုတ် အားမထုတ်ဘူး၊ ဗုဒ္ဓမြတ်စွာ၊ သာသနာ၏ ရှေးခါဘိုးဘ လက်ထက်ကလျှင် ရသည်တန်ခိုး ထပ်မညှိုးဘို့ အားကြိုးမာန်တက် ငါဆောင်ရွက်သည် ဆက်လက်တည်တံ့ရုံသာတည်း။ (တဘဝ သံသရာ-၃၈၉)
ယခု (၁၃၄၁-ခုနှစ်)အခါ ဆရာတော် မရှိသည့်နောက် ဆရာတော် ဦးစန္ဒောဘာသ အမှူးပြုသော ဆရာတော် ဦးမဟိန္ဒ၊ ဆရာတော် ဦးဣန္ဒောဘာသာဘိဝံသ၊ ဆရာတော် ဦးအဂ္ဂဝံသ၊ ဆရာတော် ဦးကုဏ္ဍလာဘိဝံသ၊ နာယက ၅-ပါးအဖွဲ့က စီမံအုပ်ချုပ်လျက် သံဃာ ၇၆၀-ကျော်ကို လက်ခံကာ တာဝန်ယူ ကျွေးမွေးစောင့်ရှောက် သင်ကြားကျင့်ဆောင်နေကြရာ ဆရာတော်ကြီး၏ မွန်မြတ်သော သာသနာတော် တည်တံ့ရေး ပြန့်ပွါးရေး ရည်ရွယ်ချက်သည် ဝေဝေဆာဆာ သီးပွင့်နေလေပြီဟု ယူဆနိုင်ပါပြီ၊ လက်တွေ့ သင်ကြားပို့ချပေးခြင်း၊ ကျမ်းစာများဖြင့် တနိုင်ငံလုံး ဖြန့်ခြင်းတို့သည် အရှိန်အဟုန် မြင့်မားလာခဲ့ပေပြီ၊ ဤကိစ္စများကို ပြုစုပျိုးထောင်စဉ်က လောက သဘာဝအတိုင်း အပြစ်တင်ခံရမှု အထင်လွဲခံရမှုများ ရှိခဲ့ရာ ဆရာတော်သည် ထိုအဆိုအပြောများကို ဥပေက္ခာပြုကာမမှိတ်မသုံ ခဲယဉ်းစွာချီတက်ခဲ့ရပေသည်။ ကိုယ်တိုင်ရေး ထေရုပ္ပတ္တိဖြစ်သော “တဘဝသံသရာ” စာမျက်နှာ ၂၂၁-တွင် ပဌမကျမ်းစာဖြစ်သော ရတနာ့ဂုဏ်ရည်ကို ရိုက်နှိပ်စဉ် ချို့တဲ့စွာ စီမံခဲ့ရပုံကို အောက်ပါအတိုင်း တွေ့ရပေသည်။
“ရတနာ့ဂုဏ်ရည် ဆိုတဲ့ စာအုပ်ကလေး ရိုက်မယ်”လို့ စပ်မိစပ်ရာ ပြောတော့ ဟိုက ဒီက ၅-ကျပ်စီ ၁-စီ ထည့်ကြလို ၂၅၀ိ-လောက် ရပါတယ်။ စာအုပ်က တထောင်ရိုက်ပါတယ်။ အားလုံး ၃၅၀-ကျပါတယ်၊ တပည့်တော်မှာ ငွေမရှိပါဘူး၊ ညီထံက စာဘီဒိုကိုယူပြီးတော့ ငွေဖြစ်အောင် စီမံတော့ လိုတဲ့ ၃၅၀-ပြည့်ပါတယ်။ ငွေရေး ကြေးရေးနှင့် ပတ်သက်၍ မည်မျှသတိပြုပုံ ကျမ်းစာအုပ်များသည် စီးပွါးရေးအတွက်မဟုတ် သာသနာအကျိုးသာ အဓိကဖြစ်ပုံတို့ကို အောက်ပါ ဆရာတော်ကြီးကိုယ်တိုင် ဖော်ပြချက်က ထင်ရှားစေပါသည်။
တပည့်တော်က ကျမ်းစာအုပ်နဲ့စပ်ပြီး တပည့်တော်အတွက်သာ သတိထားတာ မဟုတ်ဘူး၊ တပည့်တော်နဲ့ စပ်ရာအတွက်လဲ သတိ ထားပါသည်၊ တပည့်တော်ရဲ့ ကျမ်းစာအုပ်တွေ ထွက်ခါစကစပြီး လူထွက်လိမ့်မယ်လို့ ထင်ကြတုန်းဘဲ၊ တပည့်တော် စဉ်းစားခဲ့ဘူးပါတယ်၊ သူတို့ပြောသလို ငါက လူထွက်ပါပြီ ဆိုကြပါစို့၊ လူထွက်ရင် ဒီစာအုပ်တွေ ရတဲ့ငွေဖြင့် ငါရယ် ငါနဲ့ ရေစက်ဆုံတဲ့သူရယ် သုံးစွဲ နေရင် ဘဝသံသရာမှာ နစ်နာလိမ့်မယ်ဆို ငါနဲ့ရေစက်ဆုံတဲ့သူရာ ထိုကဲ့သို့ အနစ်နာ မခံနိုင်ပါဘူးလို့ စဉ်းစားမိပါသေးတယ်။
ယခုလဲ ကျမ်းစာအုပ်တွေကို တာဝန်ယူပြီး စက်တင်ရိုက်နှိပ်ဖြန့်ဝေနေတဲ့ မောင်ကျော်နဲ့ တူဖြစ်သူ မောင်အောင်ခန့်တို့ကို အမြဲသတိပေး ထားပါတယ်။
ကျမ်းစာအုပ်မှထွက်တဲ့ငွေကို သာသနာအကျိုးများဘို့ သဘောထား ရမယ်၊ သင်တို့ရဲ့ စီးပွါးရေး မဖြစ်စေကြနဲ့၊ ငွေမလယ်လို ခေတ္တ သုံးလဲ ပြန်ပြီးရှင်းနိုင်မှ ကောင်းတယ်၊ ခေတ်အားလျော်စွာ သင်တို့ရဲ့ တာဝန်ဆောင်ခကိုတော့ တရားသဖြင့် သုံးကောင်းတာပေါ့။
စီးပွါးဖြစ်အောင်တော့ ဘယ်သူမှ မသုံးကောင်းပါဘူး၊ နောက်နောင် မတွင်ကျယ်နိုင်သော အထက်တန်း ဘာသာဋီကာတွေ ရိုက်နိုင်အောင်သာ ကြိုးစားကြပါ။
ငါဟာ သာသနာရေးအတွက် စာရေးတယ်၊ တိုက်က စာချဘုန်းကြီးများလဲ ကူညီကြတယ်၊ ဒီတော့ ဘယ်နည်းနဲ့မှ စီးပွါးရေး မဖြစ်ကောင်း ပါဘူး၊ စီးပွါးရေးသုံးရင် သားစဉ်မြေးဆက် အညွှန့်တုံးကြလိမ့်မယ်။
ငါမရှိတောင် ဂန္ဓာရုံ သာသနာအတွက် ဂန္ဓာရုံ ဆိတ်သုဉ်းသွားရင် အခြားဘာသာရေးအတွက်သာ ဖြစ်စေလိုတယ်လို့ ပြောထားပါတယ်။ (တဘဝသံသရာ စာမျက်နှာ-၃၁၆)
သာသနာတော် ကြီးပွါးမည် ဆိုလျှင် အများ ချမ်းသာမည်ဆိုလျှင် မိမိ တယောက် ဆင်းရဲခံရမည်ကို အနည်းငယ်မျှ မရွံ့ဘဲ ရဲစိတ် ရဲမာန် အပြည့်ဖြင့် ဆောင်ရွက်တော်မူလေ့ရှိပါသည်။-
ကိုယ်တည်းတယောက် ဆင်းရဲရောက် ကိုယ့်နောက်အများ ချမ်းသာပွါးမူ တပါးဖြစ်ထွေ ဆင်းရဲစေတော့ စိတ်နေခုလို ဝမ်းဝယ်သို့၍ ထိုထို အလုပ် လွန်ကြိုးကုတ်သော် မဟုတ်သတင်း လုပ်ဇာတ်ခင်းလျက် ချင်းချင်း ရွဲသံကဲ့ရဲ့သံကို နာခံမညီး ပြည်လုံးဟီမျှ ဝေးနီးအနှံ့ပျံအောင် ဖြန့်လည်း မခံ့တခံ့ ခံ့တခံ့နဲ့ ကြံြ့ကံ့ ပုံသေ ခံခဲ့ပေ၏။ (တဘဝသံသရာ-၃၉၄)
သာသနာတော်ကို တည်တံ့ ပြန့်ပွါးစေလိုသော ကြီးမားသော သမ္မာဆန္ဒတော် ဇွဲဖြင့် ကျမ်းစာများကို အဆက်မပြတ် ထုတ်ဝေရာတွင် စာအုပ်ကုန်သည် ဟူ၍၎င်း၊ ငွေစုပြီး လူထွက်လိမ့်မည်ဟူ၎င်း ကဲ့ရဲ့ ပြောဆိုခြင်းများကိုလည်း ဆရာတော်သည် သည်းခံခဲ့ရပေသည်၊ ဤလောကဓံ တရားများနှင့်ပတ်သက်၍ ဆရာတော်၏ သံဝေဂယူပုံမှာ
လူ-ဟုဆိုလျှင်လူလိုပင်သာ လူတွင်တွေ့ရိုး ကြောင်းအကျိုးနှင့် ကောင်းဆိုးနှစ်တန် လောကဓမ်ကို အမှန်တွေ့မြဲ စိတ်ဝယ်ခွဲ၍ ဝမ်းနဲဝမ်းသာ မများပါ။ (တဘဝသံသရာ စာမျက်နှာ-၁၀၅)
လူ့ဘုံထုံးစံ ကဲ့ရဲဒဏ်ဖြင့် ရန်မာရ်ပိတ်သဲ ခရီးခဲ၌ စိတ်ဇွဲသန်သန် နောက်မပြန်ဘဲ ရဲမာန်ရဲဆေး ရဲစိတ်မွေးလျက် ရဲသွေးနီနီ စီရရီ (တဘဝသံသရာ စာမျက်နှာ-၂၈၉)
ဤသို့သော ရဲစိတ် ရဲမာန်စိတ်ထားဖြင့် ဆောင်ရွက်ခဲ့သည့်အတိုင်း အောင်မြင်မှုကို ယခုမျက်မြင် တွေ့ကြရပေပြီ၊ ဆရာတော်၏ ပင်ကိုယ်ဆန္ဒတော်ကို ကိုယ်တိုင်ရေး ထေရုပ္ပတ္တိတနေရာတွင် အောက်ပါအတိုင်း ဖော်ပြခဲ့ပေသည်။
တပည့်တော်ရဲ့ ကျောင်းတိုက်တတိုက်သာ ကောင်းဘို့လောက် ဆိုယင် ဒါလောက်မကြိုးစားပါဘူး၊ နောင်အနာဂတ်အတွက် နိုင်ငံရော သာသနာရော ကောင်းဘို့ကို ရည်ရွယ်တာ ဖြစ်ပါတယ်၊ တပည့်တော် စိတ်မှာ တိုက်တတိုက် ဂိုဏ်းတဂိုဏ်း သာသနာတရပ် ကောင်းစားရေး ဆိုတဲ့ စိတ်ထားမရှိပါဘူး။ အများကောင်းစားစေလိုတဲ့ စိတ်ချည်း ပါဘဲ။ (၃၅၆)
တပည့်တော်က သာသနာရေးစိတ်နဲ့ချည်း ကြိုးစားတာ မဟုတ်ပါဘူး၊ နိုင်ငံရေးစိတ်နဲ့လဲ ကြိုးစားတာပါ။ (၃၄၄)
ဗုဒ္ဓမြတ်စွာရဲ့အမွေအနှစ်ဖြစ်တဲ့ သာသနာတော်ကြီးကို၎င်း၊ သာသနာတော်ကို ကြည်ညိုထောက်ပံ့ကြတဲ့ ဒကာ-ဒကာမတို့နေရာ နိုင်ငံတော်ကို၎င်း အင်မတန် သာယာစေလိုတဲ့ ဆန္ဒ တပည့်တော်မှာ ပြင်းပြနေပါတယ်ဘုရား၊ ပြီးတော့လဲ သာသနာတော်ကို အကြောင်းပြပြီး နိုင်ငံပါ အေးချမ်းသာယာတယ်ဆိုတဲ့ ဂုဏ်ကို အလွန်လိုချင် ပါတယ်။ (၃၅၇)
ဆရာတော်ကြီးသည် ဗုဒ္ဓမြတ်စွာ၏ အဆုံးအမသည် လောကတွင် အမှန်ဆုံး အမြတ်ဆုံး ပစ္စုပ္ပန်သံသရာနှစ်ဖြာ ကောင်းကျိုးပြုနိုင်ရုံမက ကမ္ဘာတခုလုံးက စံပြအဖြစ် လေးစားလာကြရမည် ဖြစ်ကြောင်း ယုံကြည်အားထားခဲ့ပုံကို အောက်ပါခံယူချက်ဖြင့် သိသာနိုင်ပါသည်။
ဒီတိုင်းသာ သဘောထားကြီးကြီး တဦးနဲ့တဦး အနွံနာခံပြီး သည်းခံမှုဖြင့် စိတ်ရှည်ရှည်ထားဆောင်ရွက်ကြယင် သာသနာဟာ နေလို လလိုမက ကမ္ဘာကစံပြုပြီး အကြည့်ခံကြရမှာပါ၊ ဒါလောက် မကသေးပါဘူး၊ လူတိုင်း၏လေးစားမှု ခံယူကြရပြီး ကျင့်သုံးသူ ကိုးကွယ်သူများဟာ ယခု ဘဝမှာပင် ရင်အေးပြီး သာသနာရေး မျှော်တွေး၍ အေးချမ်းမှုလဲ ဖြစ်နိုင်ကြရပါမည်။ (တဘဝသံသရာ စာမျက်နှာ-၂ဂဂ)
ဤသို့သော ခံယူချက်သဘောထားကို တပည့်သံဃာများကိုလည်း ဟောပြော ဒကာ-ဒကာမများကိုလည်း သွန်သင် သာသနာစိတ် အပြည့်အဝဖြင့် တက်တက်ကြွကြွ ဆောင်ရွက်ပြုစု ပျိုးထောင်တော်မူခဲ့ရာ မျှော်မှန်းသော ရည်ရွယ်ချက်များ အောင်မြင်သင့်သလောက် အောင်မြင်၍ မြန်မာ့စံပြ ကမ္ဘာ့စံပြအဖြစ် ရဲရဲဝံ့ဝံ့ အကြည့်ခံနိုင်သော အခြေသို့ ရောက်ခဲ့သည်ကို ယနေ့ မျက်မြင် တွေနေကြရလေပြီ၊ ဆရာတော်ကြီး၏ သီလ သမာဓိ ပညာ တန်ခိုး အရှိန်အဝါကြောင့် စေတနာ သဒ္ဓါတရား ထက်သန်သူ ဒကာ-ဒကာမများ တဖြည်းဖြည်း တချဉ်းကပ် ရောက်လာကြလေသည်။ ဤသို့ဖြင့် စေတနာရှင် ဒကာ-ဒကာမများ၏ သဒ္ဓါတရားကိုလည်း လိုက်လျောရခြင်း တိုးပွားလာသော တပည့်တပန်းများအတွက်လည်း နေရာထိုင်ခင်းဖြည့်စွမ်းရခြင်းတို့နှင့် မဟာဂန္ဓာရုံကျောင်းတိုက် အကျယ်အဝန်းသည် ၁၆-ဧကဖြစ်လာရပြီး ပျံလွန်တော်မူချိန်ဝယ် (အငယ် အလတ် အကြီး) အဆောက်အဦများလည်း စုစုပေါင်း ၉၆-ခုအထိ တိုးတက်လာခဲ့ပေသည်။ ဆရာတော်ကြီးသည်ကား မူလကျောင်းတိုက် တည်ထောင်စက နေခဲ့သော တထပ်သစ်သားကျောင်း လေးတွင်သာ နောက်ဆုံးရက်အထိ သီတင်းသုံး နေထိုင်တော်မူခဲ့လေသည်။ ဤနေရာတွင် အဆောက်အဦနှင့် ပတ်သက်၍ ဆရာတော်ကြီး၏ သဘောထားကို တင်ပြလိုပေသည်။
သာသနာသည် အဆောက်အဦမဟုတ်
သာသနာတည်မြဲအောင် ပြန့်ပွားအောင် သန့်ရှင်းအောင်လုပ်ဘို့ ဆိုတာ အဆောက်အဦကြီးတွေက တတ်နိုင်တာ မဟုတ်ဘူး၊ ပရိယတ္တိ သာသနာနှင့် ပရိယတ္တိကို အခြေခံသော လမ်းမှန်သည့် ပဋိပတ္တိ သာသနာကသာ သာသနာကို အရှည်တည်မြဲအောင် လုပ်နိုင်မှာ ဖြစ်တယ်။
ဥပမာ-ဒုတိယသင်္ဂါယနာတင်တဲ့ အချိန်တုန်းက ဘုရားရှင်နှင့် တကွ ရဟန္တာကြီးများ သီတင်းသုံးနေထိုင်သွားတဲ့ သာဝတ္ထိ ဇေတဝန် ကျောင်းတိုက်တော်ကြီး ပုပ္ဖာရုံ ကျောင်းတိုက်တော်ကြီးများနှင့် ရာဇဂြိုဟ်ပြည်က ဝေဠုဝန်ကျောင်းတိုက်တော်ကြီးများက ထင်ရှားကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်ကြီးများပါတာ မတွေ့ရဘူး၊ အကျင့် သီလနှင့်နေတဲ့ အခြားသော သာသနာ့ဝန်ဆောင် ရဟန်းတွေသာ ဦးဆောင်ပြီး သာသနာကို စောင့်ရှောက်တော် မူခဲ့ကြတာ တွေ့ရတယ်၊
ယခုခေတ်ကြည့်ယင်လဲ အင်ဒိုနေရှားတို့ အာဖဂန်နီစတန်တို့ အစရှိတဲ့ နိုင်ငံတွေ အိန္ဒိယပြည်ကြီးတပြည်လုံးအနှံ့ ပါကစ္စတန် ပရှဝါ အစရှိတဲ့ ပြည်များမှာ ကျောက်စာ သုတေသနဌာန အသီးသီးက ရှာဖွေတူးဖော်ကြရာ တပြည်လုံးအနှံ့ ဗုဒ္ဓနှင့်ဆိုင်ရာ ရုပ်တုတော်များ၊ ပစ္စည်းများ၊ အဆောက်အဦကြီးများ၊ စေတီကြီးများကို တွေ့ရသော်လည်း ပြည်သူအများမှာ ဗုဒ္ဓဘာသာဟူ၍ တယောက်မျှပင် မတွေ့ရလောက်အောင်ပင် ရှိနေပြီ မဟုတ်ပါလား၊
အဲဒီတော့ သာသနာတည်ဘို့ဆိုတာ အဆောက်အဦတွေ တိုးအောင် ခန့်ညားအောင် လှပအောင် ပြုနေခြင်းသည် အဓိကမဟုတ်၊ အများနားလည်နိုင်သော ပရိယတ္တိစာပေများ ပြန့်ပွားခြင်း စာပေ ပရိယတ္တိ မှန်ကန်သော တရားတော်များကို လေ့လာနိုင်ခွင့်ရခြင်း ကျင့်သုံး နေကြခြင်းသည်သာ ပဓာနဖြစ်တယ်။
ဤသို့လျှင် ပရိယတ္တိ ပဋိပတ္တိသာသနာသည်သာလျှင် ဗုဒ္ဓမြတ်စွာသာသနာတော် အဓွန့်ရှည်ကြာ ပြန့်ပွားစေမည့် အဓိက အကြောင်း ဖြစ်သည်ကို ရှင်းလင်းစွာ မြင်သိတော်မူသည်အားလျော်စွာ ပိဋကတ်သင်ရိုးကျမ်းပေါင်းစုံကို အချိန် ရှိသမျှ ရေးသားထားခဲ့ပါသည်။ ဆရာတော်သည် ညအချိန် မီးထွန်း၍ စာရေးသားလေ့မရှိပါ၊ သို့သော် လွန်ခဲ့သော ၅-နှစ်ခန့်ကစပြီး (သေဘို့အချိန် နီးနေပြီ၊ အလုပ်တွေ ကျန်နေမှာစိုးရတယ်)ဆိုကာ တခါတရံ ညအခါ မီးထွန်း၍ စာရေးတော်မူခဲ့ပါသည်၊ စာဝါ ပို့ချခြင်းကိုလည်း ပျံလွန်တော်မူမည့်ညနေ အထိ မပျက်မကွက်ဘဲ ဆောင်ရွက်တော်မူခဲ့လေသည်။ (ဒီနေ့တော့ အချိန်စေ့ပြီ၊ မသေသေးယင် မနက်ဖန်ဆက်ပြီးပို့ချမယ်) ဟူ၍ အမိန့်ရှိတော်မူခဲ့သေးကြောင်းကို ကြေကွဲဘွယ်ရာကြားယောင်နေကြရပေသည်။ (တဘဝသံသရာ စာမျက်နှာ-၅၃၂)
ဆရာတော်သည် အများကောင်းကျိုးအတွက် ကြိုးစားမှု ကြောင့်ကြမှုများကြောင့် လုပ်ရကိုင်ရ-ကြံစည်ရသော ခန္ဓာကိုယ် ပင်ပန်းမှု စိတ်ပင်ပန်းမှုများကို လုံးဝ ပင်ပန်းသည်မထင်ပေ။ သတ္တဝါတို့ ကောင်းကျိုးအတွက် ဗုဒ္ဓမြတ်၏ အလောင်းအလျာဘဝများတွင် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ အမျိုးမျိုးခံကာ ပါရမီ ဖြည့်ခဲ့ပုံများကိုလည်း အလွန်အားကျတော် မူပါသည်၊ “အကြွင်းမဲ့ ကြည်ညိုလေးစား အားရတော်မူသည်၊ ဘုရားအလောင်းတော်၏ ပါရမီတော် ကျင့်စဉ်ကို အားကျကာ သာသနာတော်အတွက်ဆိုလျှင် အသက်ပင်သေသေ မနေမနားကြိုးစားမည်ဟု စိတ်ထားခဲ့ပေသည်။
“ဘုရားဖြစ်မှ သာဝကဖြစ်မှ တပည့်တော်က ကြည်ညိုတာ မဟုတ်ပါဘူး၊ အလောင်းတော်ဘဝကိုပါ ကြည်ညိုတာပါ (စာမျက်နှာ-၃၅၇)
ဤခံယူချက် ယုံကြည်မှုအတိုင်း အစဉ်တစိုက် ပြုလုပ်ကျင့်ဆောင်ခဲ့ပုံကို ဆရာတော်ကြီး၏ ကိုယ်တော်တိုင်ရေး ထေရုပ္ပတ္တိတွင် ၅-ကြိမ်တိုင်တိုင် ဥဒါန်း ကျူးရင့်ခဲ့ပုံဖြင့် ဤစာတန်းကို နိဂုံးချုပ်လိုက်ပါသည်။
ဗုဒ္ဓမြတ်စွာလောင်းလျာတုန်းက နောက်ဆုံးအထိ ပါရမီ၊ လူ နတ် များစွာ ချမ်းသာရေးမို့ အသက်ပေးလို့ ဖြည့်ခဲ့သည်၊ ဗုဒ္ဓမြတ်စွာ သာသနာအတွက်တော့ ငါပါအသက်ဆုံးစေမည်၊ စိတ်မပျက်ပေါင် ခုလို တွေးလို့ ကုသိုလ်ရေးမို့ ကြိုးစားသည်။ (တဘဝသံသရာ စာမျက်နှာ-၁၀၊ ၃၇၂၊ ၄၆၇၊ ၄၆၅၊ ၅၀၀)
စဉ်ဆက်သာသနာ တည်စေသောဝ်
အကယ်၍သာ
မြတ်ဗုဒ္ဓသည် လူ့ရွာထင်ရှား မပွင့်ငြားက ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ မသိရ များလှအပြစ်တွေ။
ယခုသော်ကား ဘုရားရှင်တော် ပွင့်ထွန်း၍ ဟောဖေါ်ညွှန်ကြား မြတ်တရားကြောင့် ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ သိကြရ များလှကျေးဇူးပေ။
ဂန္ဓာရုံရှင်တို့သခင်သည် ထွဋ်တင်ဗုဒ္ဓ ဟောညွှန်ပြသည့် ဓမ္မဒေသနာ အဖြာဖြာကို များစွာဗိုလ်လူ သိစိမ့်ဟူ၍ ဆူဆူကျမ်းစာ ကိုယ့်ဘာသာဖြင့် ဖွင့်ရာပြရာ များဋီကာဟု စာဝါမျိုးမျိုး ကမ္မည်းထိုးခဲ့၊ နောင်ကျိုးကိုမျှော် ဆရာတော်၏ ဉာဏ်တော်စေစား နှလုံးသားမှ ကိုးစားလောက်ဘွယ် ကျမ်းသွယ်သွယ်ကို မကွယ်မပျောက် စဉ်ထွန်းတောက်ဖို့ များမြောက် ကျေးဇူး အထူးထူးကို ညွှတ်နူး ရည်လျက်တို့ဆောင်ရွက်သည် စဉ်ဆက်သာသနာ တည်စေသော်။
ဣဒံ နော ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု။
အချီနိဒါန်း
ပဇာ သဗ္ဗာ သုဿယန္တု, ဝုဋ္ဌဟန္တု သုမင်္ဂလာ၊
ဒူသေန္တု ဒုဂ္ဂတိံ ဂါမိံ, ပူရေန္တု၊ သဗ္ဗပါရမိံ
ပဇာ သဗ္ဗာ၊ ကိုယ်စီ ကိုယ်င ကိုယ့်ဒေသ၌ ပျော်ကြ စပ်ကြ, သတ္တဝါ ဟူသမျှတို့သည်။ သုဿယန္တု၊ အိပ်မက် ရာမက် ကောင်းစွာမက်၍ နှစ်သက် ကြည်သာ, အိပ်စက်နိုင်ကြပါစေသတည်း။ သုမင်္ဂလာ၊ မင်္ဂလာ ကျက်သရေ, ယှက်ဝေလန်းသဖြင့် စန်းပွင့်ကြကုန်သည်ဖြစ်၍။ ဝုဋ္ဌဟန္တု၊ ကောင်းစွာ မိုယ်းသောက် အလင်းရောက်လျက် ထမြောက် နိုးကြားနိုင်ကြပါစေသတည်း။ ဒုဂ္ဂတိံ ဂါမိံ၊ အပါယ်ဒုဂ္ဂတိ ရောက်မည့်အကြောင်း, မကောင်းညစ်ဆိုး ဒုစရိုက်မျိုးကို။ ဒူသေန္တု၊ သူတော် လက်နက် တရားစက်ဖြင့် ဖြိုဖျက်နိုင်ကြပါ စေသတည်း။ သဗ္ဗပါရမိံ၊ အလောင်းအလျာ, ဖြည့်ကောင်းရာသည့် သုံးဖြာ ဆယ်လီ ပါရမီအပေါင်း အကျင့်ကောင်းကို။ ပူရေန္တု၊ တဆင့်ထက် တဆင့် ရင့်ထက် ရအောင် မလင့် ပုံသေ ဖြည့်ကျင့်နိုင်ကြပါစေသတည်း။
ယခုခေတ်၏ အဖြစ်အပျက်ကို လေးနက်စွာ စဉ်းစားသောအခါ များစွာသော လူ သတ္တဝါတို့၌ မေတ္တာ ကရုဏာ မုဒိတာ ဟူသော ဗြဟ္မစိုရ်တရားများ ကွယ်ပျောက်၍ သွေ့ခြောက်နေသကဲ့သို့ ထင်ရလေသည်၊ ထိုသူတို့၏ ခြောက် သွေ့သွေ့ အပူဓာတ်သည် သူတော်ကောင်းတို့၌ပင် အရှိန်ဟပ်သဖြင့် သွေ့ခြောက်လုမတတ် ရှိရလေပြီ။
အပူဓာတ်ဆိုတာ ဘာလဲ
ထို အပူခက် ဟူသည်လည်း တယောက်နှင့် တယောက် မညှာတာနိုင်အောင် ဖြစ်နေသော လောဘ, ဒေါသ, မာန်မာနနှင့် ဣသာ မစ္ဆရိယ စသည်တို့ပင်တည်း၊ ထိုအပူဓာတ်သည် ယခုဘဝတွင်သာ ခြောက်ကပ်စေသည် မဟုက်, သံသရာ တလျှောက် နောက်နောက် ဘဝ၌လည်း ခြောက်ကပ်စေလိမ့်မည်သာ၊ ထို့ကြောင့် ထိုအပူဓာတ်တွေ့ကို ယခုဘဝက စွမ်းနိုင်သမျှ ငြိမ်းသက်လျက် မြင့်မြတ်သော စိတ်ထားဖြင့် မေတ္တာ၊ ကရုဏာ, မုဒိတာဟူသော ဗြဟ္မစိုရ် အအေး ဓာတ် မပြတ် စိမ့်စိုအောင် ကြိုးစားသင့်ကြပေသည်။
သံသရာဆိုတာ ဘာလဲ
“သံသရာတလျောက်” ဟူသော စကားအရ “သံသရာဆိုတာ “ဘာလဲ”ဟု စဉ်းစားဖွယ်ရှိ၏၊ သတ္တဝါတို့ တည်နေရာ ဤ ကမ္ဘာလောကကြီးကို “သံသရာ”ဟု ခေါ်သည် မဟုတ်၊ စိတ် စေတသိက် ရုပ်တရားတို့ တခုပြီးတခု ဆက်ကာဆက်ကာ ဖြစ်နေမှုကိုသာ “သံသရာ”ဟု ခေါ်သည်။ [သံ = ဆက်စပ်လျက်+သရ--ဖြစ်ခြင်း။
လူ နတ် ဗြဟ္မာဆိုတာ
စိတ် စောသိက် ၂-ပါးကို နာမ်တရားဟု ခေါ်၏။ ထိုနာမ် တရားနှင့် ရုပ်တရားတို့ ပေါင်းစပ်၍ ဆက်ကာ ဆက်ကာ ဖြစ်ပျက်နေသော အစဉ်အတန်းကိုပင် လူ နတ် ဗြဟ္မာဟု လည်းကောင်း ပုဂ္ဂိုလ် သတ္တဝါ, ငါ သူ ယောက်ျား မိန်းမ (အထီး-အမ)ဟု လည်းကောင်း ခေါ်ကြရသည်၊ စင်စစ်မှာ ရုပ် နာမ် ၂ပါးကို ဖယ်ထားလိုက်လျှင် လူ နတ် ဗြဟ္မာ သတ္တဝါ ဟူ၍ သီးခြား မရှိတော့ချေ။
ရုပ်နာမ်တို့ ဘာကြောင့် ဖြစ်ကြသလဲ
ရုပ် နာမ် တရားအစုတို့၏ ဆက်ကာဆက်ကာ ဖြစ်ပျက်နေခြင်းမှာလည်း အကြောင်းမဲ့ သက်သက် ဖြစ်ပျက်ကြသည်မဟုတ်၊ မိမိတို့ အပြင်ဘက်မှာ အမြဲတွေ့ကြုံနေရသော အာရုံများနှင့် မိမိတို့သန္တာန်ဝယ် ရှေးရှေးက ဖြစ်နှင့်သာ ကံများကြောင့်သာ ရုပ် နာမ်တရားတို့ ဆက်လက်၍ ဖြစ်ပွားနေကြသည်၊ ထို့ကြောင့် ရုပ် နာမ်ဖြစ်ဖို့ရာ အပြင်ဘက်က အာရုံအကြောင်း ရှေးရှေးက ကံအကြောင်းဟု အကြောင်း ၂-မျိုးရှိသည်ဟု မှတ်ပါ။
အရေးကြီးသောအကြောင်း
ထို ၂-မျိုးသော အကြောင်းတွင် အပြင်ဘက်၌ တွေ့ကြုံကြရသော အာရုံအကြောင်းများသည် အတွင်းစိတ်အမျိုးမျိုး ဖြစ်အောင် အရိပ်အရောင်ပြရုံသာဖြစ်၍ အရေးမကြီးလှ၊ ကောင်းကောင်းဆိုးဆိုး အပြင် အာရုံအမျိုးမျိုးနှင့် တွေ့ရာ၌ မိမိ၏အတွင်း စိတ်ဓာတ် ကောင်းမွန်ဖို့သာ အရေးကြီးပေသည်။
ဆိုလိုရင်းကား-“မိမိတို့အတွင်းစိတ်က အမြဲကောင်းမွန်နေပါမူ နောက် နောက်ဘဝ၌ ဖြစ်သမျှ ရုပ်နာမ်တို့ အကောင်းအမွန်ချည်း ဖြစ်ရပေမည်။ တဘဝပြောင်းသော်လည်း စိတ်ကောင်းရုပ်ကောင်း (လူ နတ် ဗြဟ္မာ သတ္တဝါ အကောင်း)ချည်း ဖြစ်ရမည် မိမိတို့၏အတွင်းစိတ်က ယုတ်မာ ဆိုးဝါးနေပါမူ(ရှေးရှေးတုန်းက စိတ်ကောင်းအတွက် ယခုဘဝမှာကောင်းလျက် ရှိပါသော်လည်း) နောက်နောက်ဘဝတို့၌ စိတ်ဆိုး ရုပ်ဆိုး (ငရဲ ပြိတ္တာ တိရစ္ဆာန်မျိုး) ချည်းသာ ဖြစ်ရမည်”ဟု ဆိုလိုသည်။
ယောနိသာရှိမှ စိတ်ကောင်းရ
ယောနိသောရှိမှလည်း စိတ်ကောင်း နှလုံးကောင်း ရရှိနိုင်ကြသည်၊ တွေ့ရာကြုံရာကိစ္စ၌ သင့်လျော်အောင် နှလုံးသွင်းလေ့ ရှိမှုကို ယောနိသော မနသိကာရ”ဟု ခေါ်၏၊ ယခု ကာလ၌ မနသိကာရကိုဖြုတ်၍ “ယောနိသော”ဟု ပြောကြသည်။ ထိုကဲ့သို့ သင့်တော်အောင် နှလုံးသွင်းမှု(ယောနိသော)ရှိလျှင် အကုသိုလ်စိတ်(မကောင်း စိတ်)မဖြစ်ပဲ စိတ်ကောင်းချည်းဖြစ်သည်၊ ယောနိသော မရှိလျှင် စိတ်ကောင်း ဖြစ်လောက်သော အရာ ကိစ္စများ၌ပင် စိတ်မကောင်း ဖြစ်နေတတ်၏ ထို့ကြောင့် များစွာသော ရှင် လူအပေါင်းတို့ စိတ်ကောင်းရဖို့ရာ “ယောနိသော”သာလျှင် အရေး အကြီးဆုံးဖြစ်ပေသည်။
အကြောင်းအဆက်ဆက်
ယောနိသော ရှိခြင်း-မရှိခြင်းတို့၏ အကြောင်းများကား စာကောင်း ပေကောင်း ကြည့်ရှုခြင်း-မကြည့်ရှုခြင်း ပညာရှိထံ နည်းခံခြင်း-မခံခြင်းများတည်း စာကောင်း ပေကောင်းကို ကြည့်ရှုလေ့ရှိသူ ပညာရှိသူတော်ကောင်းထံ နည်းခံလေ့ရှိသူ (ပညာရှိ သူတော်ကောင်းနှင့် ပေါင်းလေ့ရှိသူ)ဖြစ်လျှင် အကြားအမြင်တိုးပွား၏၊ ထိုသို့ အကြား အမြင် တိုးပွားသူမှာ “ငါ့သန္တာန်၌ အမြဲစိတ်ကောင်းဖြစ်စေမည်”ဟု အဓိဋ္ဌာန် ထားလျှင် တွေ့ရာကြုံရာ အာရုံများ၌ ယောနိသော ရှိတတ်၏၊ စာကောင်း ပေကောင်းများကိုလည်း မကြည့်ရှူ ပညာရှိသူတော်ကောင်းထံလည်း နည်းမခံ သူသည် အကြားအမြင် နည်းပါး၍ စိတ်ထား မတတ်ပဲ ရှိလေသည်... ထို့ကြောင့်.....
၁။ တွေ့ရာကြုံရာကိစ္စ၌ ယောနိသောရှိသဖြင့် သင့်လျော်အောင် နှလုံးသွင်းကာ အရာရာ၌ ဗြဟ္မစိုရ်တရား လက်ကိုင်ထားလျက် ကြီးမားသော စိတ် သဘောရှိသူ အပေါင်းအသင်းဆန့်သူ ဖြစ်စေလိုခြင်း
၂။ ချမ်းသာရွှင်ပြု ရာထူးဂုဏ်သိရ် စည်းစိမ်တိုးတက်နေသည်ဖြစ်စေ တစုံတခု ပျက်စီးမှုကြောင့် ဆင်းရဲဒုက္ခ ရောက်နေရသည် ဖြစ်စေ စိတ်နေ မပြောင်း စိတ်ကောင်း မပျက် စိတ်စက်ကြည်ကြည် တည်တည်တံ့တံ့နှင့် ခံ့ခံ့ကြီးနေနိုင်စေလိုခြင်း
၃။ နောက်ဘဝမှစ၍ နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် ပြောင်ပြောင် လက်လက်နှင့် အဆက်ဆက် တန်းမြင့်ဖို့ရာ ယခုဘဝ၌ပင် ဒါနသီလ စသော လက်လှမ်းမီရာ ပါရမီကောင်းမှု ကုသိုလ်စုကို ကြိုးစားနေသူ ဖြစ်စေ လိုခြင်း
ဤ ၃-ချက်ကို အရင်းထား၍ များစွာသော လူအပေါင်းတို့ ကိုယ်ကျင့် ကောင်းရာ “ကိုယ်ကျင့်အဘိဓမ္မာ”ဟူသော နာမည်ဖြင့် ကျမ်းသစ်တစောင် တည်ထောင် ဖန်တီးရပေသတည်း။
ထောက်မှန်ပေါ်တွင် ကိုယ့်အသွင်ကို ဆင်ခြင်လိုမှု နေ့စဉ်ရှူသို့ ယခုဤကျမ်း မှန်လိုမှန်း၍ ရှုစမ်းစေချင် ကိုယ်ဖြစ်အင်ကို ဆင်ခြင်လေကွဲ့ – နေ့စဉ်တဲ့။
အချီနိဒါန်း ပြီးပြီ။
မာ တိ ကာ
တဘဝဖြစ်စဉ်အကျဉ်း
သာသနာ၌ အဆုံးအမများ
စဉ်ဆက်သာသနာ တည်စေသော်
မာတိကာစဉ်--မေခွန်းများ
(ဤကျမ်းစာ၌ ပါရှိ အကြောင်းကို အထူးလေ့လာသူတို့အတွက် မေးခွန်းဖြစ်အောင် မာတိကာခေါင်းစဉ်ကို မေးခွန်းလုပ်၍ ပြထားသည်။ ထိုမေးခွန်းအဆုံး၌ စာမျက်နှာနံပါတ်ကို ကြည့်၍ အဖြေကို သိပါ။
အမေးမာတိကာ ပထမခန်း လေ့ကျင့်ဖွယ်များ
၁။ အဘယ်သဘောကို ပရမတ္ထဟုခေါ်သနည်း ထိုပရမတ္ထတရား ဘယ်နှစ်ပါးရှိသနည်း။
၂။ ထိုပရမတ္ထတို့၏ သဘောအတိုင်း မဖောက်ပြန်ပုံ ထင်ရှားအောင် လောဘ မဖောက်ပြန်ပုံကို ပြပါ။ [“ပြပါ”ဟု တွေ့သမျှ၌ နှုတ်ဖြင့်ဖြစ် လက်ဖြင့် ဖြစ်စေ ဖြေပါ-ဟု ဆိုလိုသည်။)
၃။ အာရုံသိတတ်သော သဘောကို “စိတ်”ဟု ခေါ်ရာ၌ “သိ”ဆိုသည်မှာ ဉာဏ်အသိမျိုးပါလော, အဘယ်ကို “စိတ်”ဟု ခေါ်သနည်း။
၄။ စိတ်သည် အဝေးအာရုံကိုလှမ်း၍ ယူရာ၌ ထိုအာရုံရှိရာ အရပ်သို့ စိတ်က ရောက်သွားသလား။
၅။ လက်ဖြောက် တချက်တီးအချိန်မှာ စိတ်ပေါင်း မည်မျှ ဖြစ်နိုင်သနည်း။
၆။ စိတ် ၂-ခု ၃-ခုစသည် ပြိုင်၍ဖြစ်ရိုး ရှိသလား။
၇။ အာရုံ ၂-ခု ၃-ခုကို တပြိုင်တည်း သိနိုင်သလား။
၈။ ရုပ်များ စုပေါင်းနေသောအခါ အထည်ကိုယ်ပုံသဏ္ဌာန် ပေါ်သလို စိတ်မှာလည်း အထည်ကိုယ် ပုံသဏ္ဌာန် ရှိသလား။
၉။ စိတ်သည် ခန္ဓာကိုယ်ဝယ် အဘယ်အရပ်၌ အဖြစ်များသနည်း။
၁၀။ တယောက်နှင့်တယောက် ရုပ်များ ကွဲပြားသလို့ စိတ်ချင်း မကွဲပြားဘူးလား။
၁၁။ ရုပ်အဆင်းကို ပြုပြင်၍ရသလို့ စိတ်ကိုလည်း ပြုပြင်၍ မရနိုင်ဘူးလား။
၁၂။ စိတ်ကို ပြုပြင်သင့်သော အကြောင်းများကို မှတ်မိသလောက်ပြပါ။
၁၃။ မိလိန္ဒမင်းကြီး၏ စိတ်ပြုပြင်နည်းကိုပြပါ။
ဒုတိယခန်း လေ့ကျင့်ဖွယ်များ၊
၁။ စိတ်သည် ပင်ကိုယ်သဘောအားဖြင့် အကောင်းအဆိုးကွဲသလား ဘယ်တရားများကခြယ်လှယ်၍ စိတ်ကောင်း စိတ်ဆိုး ကွဲရသနည်း။
၂။ စိတ်ကိုမကောင်းအောင် ခြယ်လှယ်သော စေတသိက်များကို ရေတွက်ပြပါ၊
၃။ အဘယ်သဘောသည် မောဟမည်သနည်း, ပရိယုဋ္ဌာနမောဟနှင့် အနုသယမာဟကို ခွဲခြားပြပါ။
၄။ ကုသိုလ်စိတ်ဖြစ်နေသောအခါ ပုထုဇဉ်တို့ သန္တာန်မှာ ဘယ်လို မောဟ ကိန်းနေသနည်း။
၅။ ဟရီတစဝတ္ထု ကိုပြောပြ၍ ထိုဝတ္ထု၌ မောဟဖြစ်ပုံကို ကောက်ချက်ချပြပါ။
၆။ မသင်ဖူးသောအတတ် မရောက်ဖူးသောအရပ် စသည်ကို မသိခြင်းမှာ မောဟသဘောဟုတ်ရဲ့လား။
၇။ မရှက်ခြင်းကို အဟိရိက မလန့်ခြင်းကို အနောတ္တပ္ပဟု ဆိုရာ၌ အဘယ်အမှုမှ မရှက်မလန့်ခြင်းကို ဆိုသနည်း၊ ဥပုသ်စောင့် တရားနာ သွားရမှာ မရှက်ခြင်း ပြောရ ဟောရမှာ မလန့်ခြင်းကို အဟိရိက အနောတ္တပ္ပဟု ဆိုလိုပါသလား
၈။ အကုသိုလ် ဒုစရိုက်နှင့်စပ်၍ တွေ့ရတတ်သော ဘေးကြီး ၄-ပါးကို ပြပါ။
၉။ ဥဒ္ဓစ္စ၏ ပျံလွင့်ခြင်းသဘောကို ဥပမာနှင့်တကွ ပြောပြပါ။
၁၀။ ဆွေမျိုးပျက်ခြင်း စည်းစိမ်ဥစ္စာပျက်ခြင်း စသည်ကြောင့် စိတ်လွင့်ပါး၍ ဟိုသွားချင် သည်သွားချင် ဖြစ်နေရာဝယ် အဘယ်သဘောဟု သတ်မှတ်ရမည်နည်း။
၁၁။ လိုချင်မှုကို လောဘဟု ဆိုပါလျှင် နိဗ္ဗာန် လိုချင်မှု ကုသိုလ်လိုချင်မှု လှူဒါန်းဖို့ ပစ္စည်းလိုချင်မှု စသော ကုသိုလ်ဆိုင်ရာ လိုချင်မှုများကိုလည်း လောဘ ဟုပင် မှတ်ရမည်, လောဘ မဟုတ်လျှင် ဘာသဘော ပါနည်း။
၁၂။ လောဘကို ဘယ်လိုနာမည် ခေါ်နိုင်သနည်း။
၁၃။ သ္မီးခင်ပွန်းတို့ တယောက်နှင့်တယောက် နောက်နောက် ဘဝဝယ် နိဗ္ဗာန်အထိ မခွဲလိုရာ၌ (သူတော်ကောင်းချင်း ဖြစ်ပါမူ) လောဘသဘောချည်းမှတ်ရမည်၊ အခြား ဘယ်သသော ပါဝင်ပါသေးသနည်း။
၁၄။ အလိမ်ဉာဏ် အကောက်ဉာဏ်များသည် ဉာဏ်ပညာအစစ်မဟုတ်လျှင် အဘယ်သဘောပါနည်း။
၁၅။ ဘယ်သဘောကို သာဌေယျဟုခေါ်သနည်း။
၁၆။ ဒိဋ္ဌိသဘောကို နားလည်သမျှပြောပြပါ။
၁၇။ ဇာတိ ဓန ပညာ အဆင်းမာန်တို့ကို တခုစီ-ပြောပြပါ
၁၈။ ကြမ်းတမ်းခြင်း စိတ်ဆိုးခြင်းများကို ဒေါသဟုနားလည်ကြပြီး စိတ်မချမ်းသာခြင်း စိတ်ညစ်ခြင်း စိတ်အားငယ်ခြင်းများကို ဘာသဘောဟု ဆိုမည်နည်း။
၁၉။ အဘယ်သဘောကို မက္ခဟုခေါ်သနည်း ထိုမက္ခသည် အကုသိုလ်စေတသိက်များတွင် အဘယ်စေတသိက် ဖြစ်သနည်း။
၂၀။ အဘယ်သဘောကို ပဠာသဟု ခေါ်သနည်း။
၂၁။ ဝမ်းနည်းမှုကို “သောက”ဟု ခေါ်ရာ၌ ဝမ်းနည်းပုံများကို မိမိ သိသမျှပြပါ။
၂၂။ ငိုကြွေးမှုကို “ပရိဒေဝ”ဟု ခေါ်ရာ၌ အော်ဟစ်၍ ငိုကြွေးခြင်း၏ အပြစ်များကို ပြပါ။
၂၃။ ဒုက္ခနှင့် ဒေါမနဿကို ခွဲခြားပြီးလျှင် စိတ်ချမ်းသာအောင် ပြုပြင်နည်းကိုလည်း ပြပါ။
၂၄။ လောကဓံ ရှစ်ပါးကို ဖော်ပြ၍ (၄၉), နိန္ဒာအရ အကဲ့ရဲ့ခံနိုင်ရည်ရှိဖို့ အကြောင်းများကို ပြပါ။
၂၅။ မျောမေ့ (အပူလုံးဆို့)လောက်အောင်ပူလောင်ခြင်းကို အဘယ်သဘောဟု မှတ်ရမည်နည်း၊
၂၆။ အဘယ် သဘောထားမျိုးကို အဘယ် စကားမျိုးကို “ဣဿာ”ဟု ခေါ်သနည်း။
၂၇။ ဘယ်လိုအပြောမျိုးကို “အတ္တုက္ကံသန”ဟု ခေါ်၍ ဘယ်လို အပြောမျိုးကို “ပရဝမ္ဘန”ဟု ခေါ်သနည်း။
၂၈။ ဝန်တိုခြင်း၊ သူများ မရစေလိုခြင်းကို “မစ္ဆရိယ”ဟု နားလည်လျှင် မစ္ဆရိယ ၅-ပါးကို ခွဲခြားပြပါ
၂၉။ နောင်တ တဖန် ပူပန်မှုကို “ကုက္ကစ္စ”ဟု ခေါ်ရာ၌ နောင်တဖန်ပူပန်ပုံကိုပြပေး၊
၃၀။ နောင်တ မရသင့်ပုံ မိမိ ပြုမိသော အကုသိုလ်များ ပယ်ရှားနိုင်ပုံကို ပြပါ။
၃၁။ ဘယ်သဘောကို ထိန, ဘယ်သဘောကို မိဒ္ဓဟု ခေါ်သနည်း
၃၂။ ဝိစိကိစ္ဆာ၏ ယုံမှား သံသယဖြစ်ပုံကို အတော်စုံလင်အောင်ပြ၍ အဓိပ္ပါယ်စသည်တို့ကို ယုံမှားသံသယ ဖြစ်ရာ၌ ကုသိုလ် ဝိစိကိစ္စာ ဖြစ်-မဖြစ် ဆုံးဖြတ်ပါ။
တတိယခန်း လေကျင့်ဖွယ်များ
၁။ စိတ်ကို ကောင်းအောင် ခြယ်လှယ်သော စေတသိက်များကို ပြပါ။
၂။ ယုံကြည်ခြင်းကို သဒ္ဓါဟု ခေါ်ရာ၌ ယုံပုံ ကြည်ပုံကို ခွဲခြားပြပါ။
၃။ မိစ္ဆာအယူ ရှိသူတို့၏ စွန့်ကြဲ ပေးကမ်းမှု စသည်၌ ကုသိုလ်ရ-မရကို ပြပါ။
၄။ အဘယ်ကိစ္စ၌ အောက်မေ့မှု အမှတ်ရမှုကို သတိအစစ်ဟု ဆိုသနည်း မကောင်းမှု ဆိုင်ရာကို အမှတ်ရနေရာ၌ သတိအစစ် မဟုတ်လျှင် ဘယ်ကနည်း။
၅။ ဘယ်အမှုကို ရှက်မှ ဟိရီ ဩတ္တပ္ပ အစစ် ကုသိုလ် ဖြစ်သနည်း။
၆။ မပြောဝံ့ မဆိုဝံ့, မသွားဝံ့ ရှက်ရွံ့ခြင်းများသည် ဟိရီဩတ္တပ္ပ အစစ် အစစ် မဟုတ်လျှင် ဘာသဘောများ ပါနည်း။
၇။ အလောဘ အဒေါသ-အမောတို့ကို အကျဉ်းပါ။
၈။ သဒ္ဓါနှင့် ပညာ ကွာခြားပုံကိုပြ၍, ၂-ပါးလုံး မစုံလျှင် အစွမ်းကုန် အကျိုးရနိုင်ပါမည်လော။
၉။ အဘယ်သဘောမျိုးကို“မေတ္တာ”ဟု ခေါ်သနည်း မေတ္တာ အတုကိုလည်း ပြပါ။
၁၀။ ဆွေချစ် မျိုးချစ်ဇနီးမောင်နှံချစ် စသည်ဖြင့် ချစ်ခင် နေသူ အပေါ်၌ မေတ္တာအစစ် လုံးလုံးမဖြစ်နိုင် ဟုမှတ်ရမည်လော ဖြစ်နိုင်လျှင် ဝတ္ထု သက်သေပြပါ။
၁၁။ ကရုဏာ-မုဒိတာ-ဥပေက္ခာတို့ သဘောကို သိသာရုံပြပါ။
၁၂။ “သဗ္ဗေသတ္တာ အဝေရာ ဟောန္တု”မှစ၍ “ကမ္မသကာ” တိုင်အောင် စကားစုတွင် မေတ္တာပို့~ ကရုဏာပို့ မုဒိတာပို့--ဥပေက္ခာပို့ စကားကို ခွဲခြားပြပါ။
၁၃။ ဘယ်အမှုမှ ရှောင်ခြင်းကို သမ္မာဝါစာ ဘယ်အမှုမှ ရှောင်ခြင်းကို သမ္မာကမ္မန္တ ဘယ်အမှုမှ ရှောင်ခြင်းကို သမ္မာအာဇီဝဟု ခေါ်သနည်း။
၁၄။ သမာဒါန-သမ္ပတ္တ-သမုစ္ဆေဒ ဝိရတိ ၃-မျိုးကိုခွဲပြပါ။
စတုတ္ထခန်း လေ့ကျင့်ဖွယ်များ
၁။ စိတ်ကောင်းစိတ်ဆိုး ၂-လုံးတွင် ပါဝင်နိုင်သော စေတသိက်များကို ပြပါ။
၂။ တွေ့ထိခြင်း သဘောကို ဖဿဟု ဆိုရာ၌ ကိုယ်ထိ
လက်ရောက် အထိုမျိုးကို ဆိုလိုပါသလား ဘယ်လို အထိမျိုးပါနည်း။
၃။ ဣဋ္ဌာရုံ စသော အာရုံ ၃-မျိုး သုခစသော ဝေဒနာ ၅-မျိုးကို ရေတွက်၍ မည်သည့်အာရုံကို မည်သည့် ဝေဒနာက ခံစားသည်ဟု ခွဲပြပါ။
၄။ သညာ၏ မှတ်ပုံကို သိသာအောင် ပြ၍ မှတ်ခြင်း၌ရသော အကျိုး၂-မျိုးကိုလည်း ပြပါ။
၅။ စေ့ဆော်ခြင်းသဘောကို စေတနာဟု ခေါ်ရာ၌ စေ့ဆော်ပုံကို ထင်ရှားအောင်ပြပါ။
၆။ ထိုစေတနာကို “ကံ=အမှုသည်” တရားဟု ခေါ်ထိုက်ကြောင်း ဥပမာနှင့်တကွ ပြပါ။
၇။ အဘယ်သဘောသည် ဧကဂ္ဂတာ မည်သနည်း ထိုဧကဂ္ဂတာ၏ အခြားမည် တမျိုးကား အဘယ်ပါနည်း။
၈။ သတ္တဝါတို့၌ “အသက်”ဟု ခေါ်ရသော တရားကား အဘယ်တရားပါနည်း ထိုတရားများအပြင် ခန္ဓာကိုယ်၌ “အသက်ကောင်”ဟု သီးခြားရှိသေးသလော။
၉။ မနသိကာရဟူသည်အဘယ်သဘောနည်း ထိုမနသိကာရကြောင့် စိတ်တို့၌ ဘာကို အမြဲရနိုင်ကြပါသနည်း။
၁၀။ ကြံစည်စိတ်ကူးခြင်းကို “ဝိတက်”ဟုခေါ်ရာ၌မကောင်း ဝိတက် ၃-ပါးမှ ကောင်းဝိတက် ၃-ပါးကို ခွဲခြားပြပါ။
၁၁။ ဝိစာရနှင့် အဓိမောက္ခသဘောကို သိသာရုံမျှပြပါ။
၁၂။ တွေ့ကြုံလာသောကိစ္စ၌ မကြောက်မရွံ့ နောက်မတွန့်ဘဲ စွန့်စားခြင်းသဘောကို“ဝီရိယ”ဟု ဤကျမ်းက ဆိုပြီ၊ ထိုဝီရိယကြောင့် “ကျန်းမာပုံ စီးပွားရေး တန်းမြင့်ပုံ ပညာရေး တိုးတက်ပုံများကို တခုစီ ရှင်းလင်းပြ၍, ဝီရိယ ကောင်းကောင်းရှိသူသည် မည်သည့်အဖြစ်ကိုပင် ရနိုင်ပါသေးသနည်း။
၁၃။ ပီတိသဘောနှင့်သုခသဘောကို ကွဲပြားအောင်ပြပါ။
၁၄။ ဘုရားဖြစ်ချင် ရဟန္တာဖြစ်ချင် ကုသိုလ်လိုချင် လှူချင် လှူနိုင်အောင် ပစ္စည်းလိုချင်မှု စသည်၌ ဘယ်သဘောနည်း စည်းစိမ်ခံစားချင်-ခံစားဖို့ပစ္စည်းလိုချင်မှုစသည်၌ ဘယ်သဘောနှင့်ဘယ်သဘောတို့တွဲဖက်၍ သတ်ချင် ဖြတ်ချင်မှု စသည်၌ ဘယ်သဘောနှင့် ဘယ်သဘောတို့ တွဲနေသနည်း။
၁၅။ ထိုဖြစ်ချင်မှု လိုချင်မှုများ၌ ဖြစ်ချင်ရုံ(ဆုတောင်းနေရုံမျှဖြင့်) အကျိုးရမည်သော အကျိုးရအောင် ဘယ် တရား ပါစေရမည်နည်း။
၁၆။ ယခုအခါဆိုင်ရာဌာန၌ အထက်တန်းရောက် နေသူတို့သည် ဘုန်းနှင့်သမ္ဘာနှင့် ထက်ကြပ်ပါ၍ စိတ်သွားတိုင်း ကိုယ်ပါလျက် လိုရာပြီးနိုင်သူများမဟုတ်ကြလျှင် ဘယ်တရားများကြောင့် အထက်တန်း ရောက်နေကြသနည်း။
ပဉ္စမခန်း လေ့ကျင့်ဖွယ်များ
၁။ အဘယ်သဘောကို “စရိုက်”ဟု သနည်း, ထိုစရိုက် ၆-ပါးကို ရေတွက်ပြပါ။
၂။ ရာဂနှင့် သဒ္ဓါစရိုက်ရှိသူတို့၏ အစားအသောက် အသွားအလာ အနေအထိုင် အပြောအဆိုများကို ဖော်ပြ၍, ထိုသူ ၂-ဦးတို့ ထူးခြားချက်ကိုလည်း ပြပါ။
၃။ ဒေါသစရိုက်ရှိသူနှင့် ဗုဒ္ဓိစရိုက်ရှိသူတို့၏ ဖြစ်ပုံတူသော အရာ ထူးခြားသော အရာများကိုပြပါ။
၄။ မောဟနှင့် ဝိတက်စရိုက်ရှိသူတို့၏ဖြစ်ပုံတူသော အရာထူးခြားသော အရာများကိုပြပါ။
၅။ ရှေးဘဝက မည်သည့် အကြောင်းကြောင့် ယခုဘဝ၌ မည်သည့်စရိုက်ရှိသူ ဖြစ်တတ်သနည်း။
၆။ မကောင်းဝါသနာဆိုလျှင် ဘာကိုခေါ်၍ ကောင်းဝါသနာဆိုလျှင် ဘာကိုခေါ်သနည်း။
၇။ ထို့ဝါသနာ၏ ဘဝအဆက်ဆက် လိုက်ပါပုံကိုပြပါ။
ဆဋ္ဌခန်း လေ့ကျင့်ဖွယ်များ
၁။ အဘယ်အမှုကို “ပုညကြိယဝတ္ထု”ဟု ခေါ်သနည်း။ ထို၁၀-ပါးကို ရေတွက်ပြပါ။
၂။ စေတနာဒါန ဝတ္ထုဒါန ၂-မျိုးခွဲပြု၍ နောင် အကျိုးပေးရာ၌ မည်သည့်ဒါနက အကျိုးပေးသည်ဟု ပြပါ။
၃။ အလှူပစ္စည်းနှင့် အလှူခံတို့ စေတနာထက်သန်အောင် ကူညီပုံကို ပြပါ။
၄။ နဲနဲအလှူနှင့် များပြားကြီးကျယ်သော အလှူတို့ အကျိုးပေး ကွာခြားပုံကိုပြပါ။
၅။ အလှူပေးရာ၌ မျိုးစေ့စိုက်ပုံနှင့် တူဟန်ကို ဉာဏ်မှီသမျှ ပြပါ။
၉။ အလှူခံပုဂ္ဂိုလ်လိုက်၍ အကျိုးပေးပုံကို ပြပါ။
၇။ သံဃိကဒါနဖြစ်အောင် ဘယ်လိုလှူရမည်နည်း။
၈။ သံဃိကနှင့်ပုဂ္ဂလိကဒါန ၂-မျိုးတို့၏ အကျိုးပေး ကွာရာ၌ ဘာ့ကြောင့်ရသည်ဟု ထင်ရှားအောင်ပြပါ။
၉။ ဘုရားရှင်အား ရည်မှန်း၍ ဆွမ်းကပ်လှူပုံကို ပြပြီးလျှင်ထိုဆွမ်းကို မည်သူစားထိုက်ကြောင်းပြပါ။
၁၀။ ရုပ်ပွားတော်စသည် မရှိရာ၌ ဘုရားရှင်ကိုရည်စူး၍ ပန်းစသည် ပူဇော်လျှင် အကျိုးရနိုင်ကြောင်း ဝတ္ထုကို ပြပါ။
၁၁။ ဒါနပြုရာ၌ ပုဗ္ဗစေတနာ, မုဉ္စစေတန, အပရစေတနာ ၃-မျိုးကို ဖြစ်ပုံကို ခွဲခြားပြပါ။
၁၂။ အဘယ်ကုသိုလ်သည် ဒွိဟိတ်ကုသိုလ်ဖြစ်၍ အဘယ်ကုသိုလ်က တိဟိတ်ကုသိုလ်ဖြစ်သနည်း။
၁၃။ ထို ကုသိုလ်များသည် ဘယ်လိုဖြစ်လျှင် ဥက္ကဋ္ဌကုသိုလ် ဘယ်လိုဖြစ်လျှင် ဩမကကုသိုလ် ဖြစ်သနည်း။
၁၄။ ဒါန၏ အယုတ် အလတ် အမြတ် ၃-မျိုးကို နည်း အမျိုးမျိုးအရ ခွဲခြားပြပါ။
၁၅။ ဒါန၏အကျိုးကို ဉာဏ်မှီသမျှ ပြောပြပါ။
၁၆။ “ဒါနက သံသရာရှည်စေသည်”ဟု ပြောကြရာ၌ ဘယ်လိုဒါနသည် သံသရာရှည်စေ၍ ဘယ်လိုဒါနသည် သံသရာကို တိုစေပါသနည်း။
၁၇။ ဝဋ္ဋနိဿိတကုသိုလ်-ဝိဝဋ္ဋနိဿိတကုသိုလ် ၂-မျိုးကိုခွဲပြပါ
၁၈။ ဒါနကြောင့် အခြားပါရမီများပြည့်လွယ်ပုံကို ပြပါ။
၁၉။ ဒါနကိုပစ်ပယ်လျှင် ဖြစ်ဘွယ်အပြစ်များကိုပြပါ။
၂၀။ “ဒါနထက် သီလကမြတ်သည်”ဟုဆိုကြရာ၌ မြတ်ထိုက်သောအကြောင်းကို ပါဏာတိပါတ ဝိရတိ သီလ တခုဖြင့် နှိုင်းယှဉ်၍ပြပါ။
၂၁။ ပါဏာတိပါတ ဝိရတိသီလမှစ၍ ၅ ပါးသီလကြောင့် သတ္တဝါတွေ ချမ်းသာခွင့်ရပုံကို သိက္ခာပုဒ် တပါးစီ ခွဲပြပါ။
၂၂။ ဘာဝနာဟူသည် အဘယ်အလုပ်မျိုးနည်း။
၂၃။ သာမန်လူတို့၏ ဒါနနှင့် အလောင်းတော်၏ ဒါနဝယ် စိတ်ထားချင်းကွာခြားပုံကို ဝေဿန္တရာမင်း၏ ဒါနဖြင့် ထင်ရှားအောင်ပြပါ။
၂၄။ အပစာယနဟူသည် အဘယ်ကုသိုလ်မျိုးနည်း။
၂၅။ ပေယျာဝစ္စဟူသည် အဘယ်ကုသိုလ်မျိုးနည်း။
၂၆။ ပတ္တိဒါနဟူသည် အဘယ်ကုသိုလ်မျိုးနည်း။
၂၇။ ပတ္တာနုမောဒန ဟူသည်အဘယ် ကုသိုလ်မျိုးနည်း၊
၂၈။ ပတ္တာနုမောဒနာ ကုသိုလ်ကြောင့် အဘယ် သူတို့မှာ ဒိဋ္ဌဓမ္မအကျိုးရနိုင်ကြသနည်း။
၂၉။ တရားနာရာ၌ ရနိုင်သောအကျိုး ၅-ပါးကိုပြပါ၊
၃၀။ လာဘ်ကိုမြော်၍တရားဟောရာ၌ ဘာနှင့်တူသနည်း။
၃၁။ အသံလုပ်၍ တရားဟောရာ၌ အပြစ် ၅-ပါးကိုပြပါ။
၃၂။ တရားနည်းလမ်းကျသောစာကို ဖတ်ပြခြင်း, ဆုံးမ စကားပြောခြင်းများလည်း ဓမ္မဒေသနာ ကုသိုလ် မဖြစ်ပါလား။
၃၃။ အဘယ်ကုသိုလ်ကို ဒိဋ္ဌိဇုကမ္မဟု ခေါ်သနည်း ဤဒိဋ္ဌိဇုကမ္မနှင့် သမ္မာဒိဋ္ဌိ-ကမ္မသကတာဉာဏ်တို့ ခြားနားကြ သေးသလော။
၃၄။ သမ္မာဒိဋ္ဌိ အယူရှိတိုင်း ဗုဒ္ဓဘာသာပင်ဖြစ်မည်လား ဗုဒ္ဓဘာသာဝင်ဖြစ်အောင် ဘာကိုဆိုရသေးသနည်း
၃၅။ ပုညကြိယဝတ္ထု ၁၀-ပါးကို ၄၀-ဖြစ်အောင်မြှောက်ပြပါ။
သတ္တမခန်း လေ့ကျင့်ဖွယ်များ
၁။ ပါဠိလို က မြန်မာလို ကံ, တနည်းဆင့်၍ အဓိပ္ပါယ် ပြန်လျှင် ကိုယ်မှု နှုတ်မှု စိတ်မှုဟု ဆိုလိုကြောင်း နားလည်လျှင် ထိုကံဖြစ်အောင် လှုံ့ဆော်တတ်သော တရားကား အဘယ်တရားနည်း။
၂။ ကုသိုလ် အကုသိုလ်များဖြစ်ပြီးနောက် “သဗ္ဗေ သင်္ခါရာ အနိစ္စာ”အရ မမြဲ၍ ပျက်သွားသောအခါ) တစုံတရာ မကျန်ရစ် သလော။
၃။ ထိုကျန်ရစ်သောအရာသည် ခန္ဓာအစဉ်ဝယ် မည်ကဲ့သို့ လိုက်ပါ တည်ရှိသနည်း။
၄။ ကံပြုသူ၌ နောက်နောက် ဘဝဝယ် ကံ အကျိုးတိုက်ရိုက် ရပုံကိုပြပါ။
၅။ ကုသိုလ်ကံတူ အကျိုးပေးပုံကို ဇာတ်ဝတ္ထုများနှင့် တကွ ထင်ရှားပြပါ။
၆။ အကုသိုလ်ကံတူ အကျိုးပေးပုံကိုလည်း ဝတ္ထုနှင့်တကွ ထင်ရှားပြပါ။
၇။ တယောက်ကုသိုလ်၏ အကျိုးအာနိသင်ကို စပ်ဆိုင်သူများ ရတတ်ပုံကို ဝတ္ထုနှင့်တကွ ပြပါ။
၈။ အကုသိုလ်၏ အကျိုးများလည်း နီးစပ်သူတို့အား အဖျားခတ်တတ်ပုံကို ဝတ္ထုနှင့်တကွပြပါ။
၉။ အကုသိုလ်ကံသည် ကံပြုသူကို တိုက်ရိုက်နှိပ်စက်ခွင့် မရလျှင် နီးစပ်သူတို့ ဒဏ်ခံရတတ်ပုံကိုပြပါ။
၁၀။ ကံချင်းတူလျက် ကံပြုသူ၏ မျက်နှာလိုက်၍ အကျိုးပေး မတူတတ်ပုံကို ပြပါ။
၁၁။ သမ္ပတ္တိ ၄-ပါး ဝိပတ္တိ ၄-ပါးကို ပါဠိမြန်မာ ၂-မျိုးလုံး ပြပါ။
၁၂။ ကုသိုလ်ကံ အကုသိုလ်ကံ ၂-မျိုးတွင် သမ္ပတ္တိဆိုက်နေသောအခါ အဘယ်ကံ အကျိုးပေးခွင့်သာ၍ ဝိပတ္တိဆိုက်သောအခါ အဘယ်ကံ အကျိုးပေးခွင့် သာပါသနည်း။
၁၃။ ပယောဂသမ္ပတ္တိဖြင့် အကုသိုလ်ကံ အကျိုးမပေးအောင် တားနိုင်ပုံကိုပြပါ။
၁၄။ ပယောဂ သမ္ပတ္တိကြောင့် စီးပွါးရေး တန်းမြင့်ပုံကိုပြပါ။
၁၅။ ပယောဂသမ္ပတ္တိကြောင့် ကျန်းမာပုံကိုပြပါ။
၁၆။ ပယောဂသမ္ပတ္တိ အမျိုးမျိုးကိုပြပါ။
၁၇။ ဝိပတ္တိဆိုက်နေလျှင် ပြင်၍ မရပြီလော, ရနိုင်သမျှ ပြုပြင်နည်းကိုပြပါ။
၁၈။ “သမ္ပတ္တိဝိပတ္တိဆိုက်နေပုံအလိုက် ကုသိုလ် အကုသိုလ်ကံကို အကျိုးပေးခွင့် သာကြသည်”ဟု မယူဆ၍, (မည်သည့် ကောင်းကျိုး ဆိုးကျိုးကိုမဆို) ကံစီမံသလို ဖြစ်ကြရသည် မည်သည့်အချိန်မှာ မည်သည့်အကျိုးကို ရလိမ့်မည်ဟု ရှေးမဆွကပင် ကံက စီမံပြီးဖြစ်သည်ဟု အယူသည်းသူတို့မှာ အဘယ်မိစ္ဆာ အယူသို့ သက်ဝင်နေသနည်း။
၁၉။ ကုသိုလ် အကုသိုလ်ကံတူ ကံတူ အကျိုးပေးပုံကိုပြပါ။
၂၀။ ဒါနပြုစဉ်က အပရစေတနာ ချို့တဲ့၍ စည်းစိမ် မခံစားချင်ဘဲ ဖြစ်ရပုံ ဝတ္ထုကို ပြပါ။
အဋ္ဌမခန်း လေ့ကျင့်ဖွယ်များ
၁။ သေခြင်းအကြောင်း ၄-ပါးကို ပြပါ။
၂။ အသက်တမ်းကုန်၍ သေရပုံကိုပြပါ။
၃။ ကံစွမ်းကုန်၍ သေရပုံကို ပြပါ။
၄။ အသက်တမ်း ကံစွမ်း ၂-မျိုးလုံး ကုန်ခြင်းကြောင့် သေရပုံကို ပြပါ။
၅။ ဥပစ္ဆေဒကကံ ဟူသည် အဘယ်နည်း ထိုကံကြောင့် သေရပုံကို ပြပါ။
၆။ သေချိန်မကျဘဲ သေရသူတွေ ပေါများပုံကို ပြပါ။
၇။ စုတေခါနီး အရေးကြီးပုံကို ပြပါ။
၈။ စုတေခါနီးထင်လာတတ်သော အာရုံ ၃-မျိုးကိုပြပါ။
၉။ ကံအာရုံ ထင်လာပုံကို ပြပါ။
၁၀။ ကမ္မနိမိတ်အာရုံ ထင်လာပုံကိုပြပါ။
၁၁။ ဂတိနိမိတ်အာရုံ ထင်လာပုံကို ပြပါ။
၁၂။ ဂတိကောင်းမည်-မကောင်းမည်ကို ဘယ်လို အခြေအနေ ကြည့်၍ မှန်းနိုင်သနည်း။
၁၃။ စုတေခါနီး၌ ပြုပြင်ပေးသင့်ပုံကို ပြပါ။
၁၄။ စုတေစိတ်ကျပြီးနောက် ဘယ်လောက်ကြာမှ ဘဝသစ်၌ ပဋိသန္ဓေစိတ် ဖြစ်သနည်း။
၁၅။ စုတိသန္ဓေနှင့်စပ်၍ မိစ္ဆာအယူ ၂-မျိုး ဖြစ်တတ်ပုံ သမ္မာအယူဖြစ်ပုံကို ပြပါ။
နဝမခန်း လေ့ကျင့်ဖွယ်များ
၁။ အဘယ်ကို “ပဋိသန္ဓေ”ဟု ခေါ်သနည်း ထိုပဋိသန္ဓေ ဟူသော စကား၌ အဓိပ္ပါယ် ဘယ်လိုရသနည်း။
၂။ ဘယ်လို ပဋိသန္ဓေကို “ဥပပတ်ပဋိသန္ဓေ”ဟု ခေါ်သနည်း၊ ထိုဥပပတ်ပဋိသန္ဓေ နေသူများကား အဘယ် သူများနည်း။
၃။ ဘယ်လို ပဋိသန္ဓေကို “သံသဒဇ”ဟု ခေါ်သနည်း၊ ထိုပဋိသန္ဓေနေသူများကား ဘယ်သူများပါနည်း။
၄။ ဘယ်လို ပဋိသန္ဓေကို “အဏ္ဍဇ” ပဋိသန္ဓေဟု ခေါ်သနည်း၊ ထိုပဋိသန္ဓေနေသူများကို ပြပါ။
၅။ ဘယ်လို ပဋိသန္ဓေကို “ဇလာဗုဇ” ပဋိသန္ဓေဟုခေါ် သနည်း၊ ထိုပဋိသန္ဓေနေသူများကို ပြပါ။
၆။ ဇလာဗုဇပဋိသန္ဓေ နေခြင်း၏ အကြောင်း ၃-ပါးကို ပြပါ။
၇။ အဘယ်ကို “ကလလရေကြည်”ဟု ခေါ်သနည်း ထို“ကလလရေကြည်၏ ပမာဏကိုပြပါ။
၈။ ထိုကလလရေကြည်သည် ကံကြောင့် ဖြစ်ရိုးမှန်လျှင် ဘာ့ကြောင့် သားသ္မီးများ မိဘနှင့်တူတတ်သနည်း။
၉။ ဒုဂ္ဂတိအဟိတ်စသော ပုဂ္ဂိုလ်၄-မျိုးပြ၍ သုဂတိ အဟိတ် လူနှင့် နတ်များကို ဖော်ပြပါ။
၁၀။ အဘယ်ကုသိုလ်ကံကြောင့် ဒွိဟိတ်ပုဂ္ဂိုလ် ဖြစ်ရသနည်း ထိုသုဂတိအဟိတ်နှင့် ဒွိဟိတ်ပုဂ္ဂိုလ်တို့ ဘာ့ကြောင့် ဈာန်မဂ်ဖိုလ်ကို မရထိုက်သနည်း။
၁၁။ အဘယ်ကုသိုလ်ကြောင့် တိဟိတ်ပုဂ္ဂိုလ် ဖြစ်ရနည်း။ ယခုကာလ တိဟိတ်ပုဂ္ဂိုလ် နည်းပါးသလား မနည်းလျှင် ဘာ့ကြောင့် ဈာန်မရကြသနည်း။
၁၂။ အရိယာပုဂ္ဂိုလ် ၈-ယောက်ကို ရေတွက်ပြပါ။
၁၃။ သတ္တဝါတို့သည် အမိဝမ်း၌ အောင်းစဉ်ကစ၍ တယောက်နှင့် တယောက် ဆင်းရဲချမ်းသာ ကွဲခြင်း၊ အဆင်းလှ-မလှခြင်း၏ အကြောင်းရင်းကား အဘယ်ပါနည်း။
ဒသမခန်း လေ့ကျင့်ဖွယ်များ
၁။ ဖောက်ပြန်တတ်သော တရားစုကို “ရုပ်”ဟု ခေါ်ရာ၌ ထိုရုပ်တရားတို့၏ ဖောက်ပြန်ပုံကိုပြပါ။
၂။ အရေးတကြီး သိသင့်သော ရုပ် ၁၉-ပါးကို ရေတွက် ပြပါ။
၃။ ပထဝီ အပေါ် တေဇော, ဝါယာတို့၏ သဘောကို ပြပါ။
၄။ တေဇောကို ဘာဟု ခေါ်သနည်း ထိုတေဇော ၂-မျိုးကို ပြပါ။
၅။ ပါစကဝမ်းမီးဟူသည် ဘယ်ဓာတ်ပါနည်း။
၆။ ဝါယောဓာတ် ၆-မျိုးကို ပြပါ။
၇။ ခန္ဓာကိုယ်ဝယ် အဘယ်လေဓာတ် မလျှောက်မည်စိုး၍၊ “ကြာရှည်စွာ ကွေး၍မထိုင်ရ လမ်းများများ လျှောက်ပေးရမည်”ဟု တိုက်တွန်းကြသနည်း။
၈။ ခန္ဓာကိုယ်၌ အမာခံနှင့် အမွှန်းတင်ရုပ်များကို ခွဲခြား ပြပါ။
၉။ ပသာဒရုပ် ၅-ပါးကို ရေတွက်၍ ထိုပသာဒတို့၏ တည်ရာအရပ်ကိုလည်း ပြပါ။
၁၀။ အာရုံ ၅-ပါးကို ရေတွက်ပြ၍ ထိုအာရုံများကို ဖမ်းနိုင်သော ပသာဒ ၅-ရပ်နှင့် တွဲစပ်၍ပြပါ။
၁၁။ အဘယ်တရားကို ကာမဂုဏ် ၅-ပါးဟု ခေါ်သနည်း။
၁၂။ မိန်းမ ယောက်ျား ကွဲပြားခြင်း၏ အကြောင်းရင်း ဖြစ်သော ရုပ်များအား ဘယ်ရုပ်များနည်း၊ ထိုရုပ်များသည် ခန္ဓာကိုယ်ဝယ် အဘယ်အရပ်၌ တည်ရှိကြသနည်း။
၁၃။ များစွာသော စိတ်တို့၏ တည်ရာရုပ် ဘယ်ရုပ်နည်း ထိုရုပ်သည် အဘယ်အရပ်၌ တည်ရှိသနည်း။
၁၄။ ရုပ်တို့မှာ အသက်ရှိသလားရှိလျှင် ဘယ်တရားနည်း။
၁၅။ ဩဇာဟူသည် အဘယ်ရုပ်နည်း။
၁၆။ အကာသဓာတ်ဟူသည် အဘယ်နည်း။
၁၇။ အဘယ်ကို “ကလာပ်”ဟု ခေါ်သနည်း ရုပ်တို့သည် တခုစီခွဲ၍ ဖြစ်ရိုးရှိကြသလား။
၁၈။ အမြဲတွဲ၍ ဖြစ်ရာ ရုပ် ဂ-ပါးကို ပြ၍ မြေ ရေလေနေရောင် စသည်၌ မည်သည့်ရုပ်များ စုဝေးနေသည်ဟု ပြပါ။
၁၉။ ဤရုပ်ခန္ဓာကြီးကို ကံက စီမံပုံ-စိတ်က စီမံပုံ-ဥတုက စီမံပုံ-အာဟာရက စီမံပုံကိုလည်း အသီးသီး ခွဲခြား ပြပါ။
ဧကာဒသမခန်း လေ့ကျင့်ဖွယ်များ
၁။ ငရဲဘုံ ဘယ်မှာရှိသလဲ ဘာ့ကြောင့် ဖြစ်သလဲ
၂။ ငရဲကြီးရှစ်ထပ်ကို ရေတွက်ပြပါ။
၃။ ဘယ်သူ့ကို “ယမမင်း”ဟု ခေါ်သနည်း ထိုယမမင်းသည် ဘယ်လိုသဘောဖြင့် ငရဲရောက်လာသူများကို စစ်ဆေးသနည်း ငရဲရောက်လာသူတိုင်း အစစ်ဆေး ခံရသလား။
၄။ ဘယ်သူများကို ငရဲထိန်းဟု ခေါ်သနည်း ထိုငရဲထိန်းတို့က ဘယ်ကိစ္စများကို ရွက်ဆောင်ကြရသနည်း။
၅။ ငရဲကြီးရှစ်ထပ်၌ ဒုက္ခခံရပုံကို အသီးသီး ခဲ့ပြပါ။
၆။ ငရဲကြီးရှစ်ထပ်အပြင် အခြား ငရဲများ ရှိသေးသလား ငရဲဒုက္ခကို ကုန်အောင် ပြနိုင်မည်လား၊
၇။ ကမ္ဘာကြီးပျက်ပုံကို ပြပါ။
၈။ ကမ္ဘာတည်ပုံကို ပြပါ။
၉၊ လောကန္တရိက်ငရဲသည် ဘယ်မှာ တည်နေသနည်း။
၁၀။ မြင့်မိုရ်တောင်ကျွန်းကြီး ၄-ကျွန်း-နတ်ပြည် ဗြဟ္မာပြည်များ၏ တည်ရာအရပ်ကို ပြပါ။
၁၁။ ကမ္ဘာဦးက ဗြဟ္မာကြီးများ ကိုယ်တိုင် လူ့ပြည်ဆင်းကာလူဖြစ်ကြသလား ဘယ်လိုနည်းဖြင့် လူဖြစ်လာကြသနည်း။
၁၂။ ကမ္ဘာဦးက လူများ အစားအစာကို ပဌမ စားပုံ လ နေ နက္ခတ်တို့ ပေါ်လာပုံကို ပြပါ။
၁၃။ ယောက်ျား မိန်းမ ကွဲပြားလာပုံကို ပြပါ။
၁၄။ ကမ္ဘာဦးလူတို့ ဘာ့ကြောင့် အိမ်ဆောက်၍ နေကြသနည်း, မင်္ဂလာဆောင် ခဲပေါက်ကိစ္စ ဘယ်ကစ၍ ဖြစ်ခဲ့သနည်း။
၁၅။ နတ်ဘုံ နတ်နန်းကို ခမ်းနားပုံကိုပြပါ။
၁၆။ နတ်သ္မီးများ၏ လူ့သ္မီးထက် ထူးခြားပုံကိုပြပါ။
၁၇။ တချို့နတ်မှာ တဘက် ၅၀၀-အခြွေအရံရှိဘို့ကို မဆိုထားဘိ ဗိမာန်ကိုမျှ ကိုယ်ပိုင်ရှိကြမည်လား။
၁၈။ နတ်သ္မီး နတ်သားအချို့တို့ လူပျို အပျို လှည့်ရသေး သလား။
၁၉။ နတ်ပြည်၌ အနာဂါမ်နှင့်ရဟန္တာတို့ ဘာ့ကြောင့်မနေနိုင်သနည်း မနေနိုင်လျှင် ဘယ်သွားကြသနည်း။
၂၀။ နတ်ပြည်၌ ကမ္မဋ္ဌာန်း အားထုတ်ဘို့ကို မဆိုထားဘိ၊ ဥပုသ်မကျိုးရအောင် စောင့်ဘို့ လွယ်ကူရဲ့လား။
၂၁။ ပါရမီဖြည့်လိုသော အလောင်းတော်တို့သည် နတ်ပြည်မှာ ဘာ့ကြောင့် ကြာရှည်စွာ မနေလိုကြသနည်း၊
၂၂။ နတ်ပြည်၌ သူတော်ကောင်းစိတ်ဓာတ် ခိုင်မြဲအောင် မျှော်လင့်ဘွယ် အချက်ကလေးများရှိလျှင်ပြပါ။
၂၃။ ဗြဟ္မာများ၏ နေထိုင်ပုံကိုပြပါ။
၂၄။ အသညသတ် အရူပဆိုတာ ဘယ်လို ဗြဟ္မာများ ပါနည်း။
၂၅။ ဗြဟ္မပြည် တဝင်းဝင်း ဝက်စားကျင်း တရှုပ်ရှုပ် ဖြစ်ပုံကိုပြပါ။
၂၆။ ဆရာတော် အရှင်ဇနကာဘိဝံသ၏ ကျမ်းစာများ ရိုက်နှိပ်ခြင်းနှင့် ကုသိုလ်ရှင်များ
၂၇။ ပြုစုတော်မူခဲ့သော ကျမ်းစာများစာရင်း
ကျမ်းစာရှုနည်း နိဿယ
၁။ မိမိနှင့် သင့်တော်သော ကျမ်းစာအုပ်ကို ရလျှင် နေ့စဉ်မှန်မှန် ကြည့်ရှုကာ နိဒါန်းမှစ၍ နိဂုံးတိုင်အောင် ကြည့်ရှုသင့်ပါသည်၊ နိဒါန်း၌ ကျမ်းစာ၏ ရည်ရွယ်ချက်များ ပါရှိတတ်၍ နိဂုံး၌ ကျမ်းဆရာ၏ အကြောင်း အတ္ထုပ္ပတ္တိဖြစ်စေ, အရေးကြီးသော အကြောင်းအရာဖြစ်စေ ပါရှိတတ်သည်။]
၂။ ထိုကျမ်းစာ၌ ကြည့်ရှုရင်းပင် မိမိနှစ်သက်ဘွယ် အချက်များကို သို့မဟုတ် မိမိသဘောအားဖြင့် မသင့်ဟု မှတ်ထင်ရသော အချက်များကို သို့မဟုတ် မိမိချည်း မဆုံးဖြတ်နိုင်၍ ပညာရှိအထံ မေးဘွယ် အချက်များကို အောက်ခြေက မင်တား၍သော်လည်းထားပါ၊ သို့မဟုတ် မျက်နှာနံပါတ်ကိုသော်လည်း မှတ်သားပါ။
၃။ အားလပ်ခွင့်ရသောအခါ ထိုမှတ်သားထားသော အချက်များကို သဘောတူဖြစ်လျှင် ထပ်ကာထပ်ကာ ကြည့် သို့မဟုတ် ကျက်ထားပါ၊ သဘောမကျလျှင် ပညာရှိနှင့်တွေက မေးမြန်းပါ။
ဤကဲ့သို့ လေ့လာကြမှသာ မိမိမှာ အကြားအမြင် ဗဟုသုတ တိုးပွားသူဖြစ်၍ အရာရာ စဉ်းစား နှိုင်းချိန်းလေ့ရှိကာ ကျမ်းစာ ကြည့်ရှုရကျိုး နပ်ပါလိမ့်မည်။
ဟိတောပဒေသ။ ။ အကြင်သူမှာ မိမိကိုယ်ပိုင် ဉာဏ်မရှိ၊ ထိုသူ့မှာ ကျမ်းစာသည် အသုံးမဝင်၊ မျက်စိ မမြင်သူမှာ အဖိုးထိုက် အဖိုးတန် ကိုယ်လုံးပေါ် မှန်ကြီးကို ဘယ်လို အသုံးချမည်နည်း။
ကိုယ်ကျင့်အဘိဓမ္မာ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ပထမအခန်း
(ဤအခန်း၌ ပရမတ်အကြောင်း စိတ်အကြောင်းပါသည်။)
ပရမတ္ထတရား ၄ ပါး။ ။ ပရမတ္ထဆိုသည်မှာ ပါဠိစကားတည်း။ မြန်မာလို “မြတ်သော အနက်သဘော” ဟုဆိုလိုသည်။ “မြတ်” ဆိုသည်မှာလည်း “မွန်မြတ်-မြင့်မြတ်-ကောင်းမြတ်” ဆိုသော အမြတ် မဟုတ်၊ ပင်ကိုယ်သဘောအတိုင်း မဖေါက်ပြန် မပြောင်း မလွဲပဲ ခိုင်မြဲတည့်မတ်သော အမြတ်တည်း။ (ပရမ= မြတ်သော+အတ္ထ= အနက်သဘော၊ ပရမတ္ထ=မြတ်သော အနက်သဘော၊ ဤပရမတ္ထ သဘောကို “ပရမတ်”ဟု လည်းခေါ်၏။) ထိုပရမတ္ထတရားကား စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်အားဖြင့် ၄ ပါး ရှိသည်။
မဖောက်ပြန်ပုံ။ ။ စေတသိက်တရားတို့၌ လောဘ ဒေါသများပါရှိ၏။ လောဘသည် လိုချင်ခြင်းသဘော၊ ဒေါသကား ခက်ထန်ခြင်း သဘောပင်တည်း။ လောဘသည် ပညာရှိသူတော်ကောင်း၏သန္တာန်မှာဖြစ်ဖြစ်၊ သူယုတ်မာ သန္တာန်မှာဖြစ်ဖြစ်၊ ခွေးသန္တာန်မှာဖြစ်ဖြစ် လိုချင်သောသဘောမှ ဖေါက်ပြန်ခြင်း၊ ပြောင်းလဲခြင်း မရှိချေ။ ထို့အတူ ဒေါသ၏ခက်ထန်ခြင်းသဘောလည်း မည်သူ့ သန္တာန်မှာ ဖြစ်ဖြစ် မဖေါက်ပြန် မပြောင်းလဲချေ။ အခြားသော ပရမတ္ထတရားတို့ မပြောင်းလဲကြပုံကိုလည်း ဤနည်းအတိုင်း သိပါ။
ဤသို့လျှင် ပရမတ်သဘောတို့သည် မျက်နှာကြီးငယ် ရွေးချယ်လိုက် စားခြင်းမရှိပဲ မူရင်းအတိုင်း ထင်ရှားမြဲ ဖြစ်သောကြောင့် မိမိ-သူတပါးတို့၏ စိတ်နေစိတ်ထားကို အမှန်အတိုင်း သိနိုင်ဖို့ရာ ယခုညွှန်ပြမည့် ပရမတ်သဘောများကို ကြိုးကြိုးစားစား လေ့လာသင့်ကြပါသည်။
[ဆောင်] ၁။ သဘောအမှန်၊ မဖေါက်ပြန်သဖြင့်၊ မှန်ကန်တည့်မတ်၊ ဂုဏ်အမြတ်၊ ပရမတ္ထခေါ်။
၂။ စိတ်စေတသိက်၊ ရုပ်နိဗ္ဗာန်အား၊ ခွဲ၍ထား၊ လေးပါး ပြားဘိသော်။
စိတ်အကြောင်း
အာရုံကို သိတတ်သော သဘောသည် စိတ်။ ။ ငါတို့သည် ဟိုဟာသိ သည်ဟာသိနှင့် အချိန်ရှိသမျှ အာရုံတွေကို သိနေကြ၏။ ထိုသို့ အာရုံတွေ သိတတ်သော သဘောကို “စိတ်” ဟုခေါ်သည်။ “သိ”ဆိုသော်လည်း ဉာဏ်ဖြင့်သိသော အသိမဟုတ်၊ အာရုံကို ရအောင် ယူနိုင်ခြင်းကိုပင် “အသိ”ဟု ခေါ်သည်။
အာရုံ ၆ ပါး အသိ ၆ မျိုး
၁။ အဆင်း အရောင် ဟူသမျှ ... ရူပါရုံ
၂။ အသံ ဟူသမျှ ... သဒ္ဒါရုံ
၃။ အနံ့ ဟူသမျှ ... ဂန္ဓာရုံ
၄။ အရသာ ဟူသမျှ ... ရသာရုံ
၅။ အတွေ့ ဟူသမျှ ... ဖောဋ္ဌဗ္ဗာရုံ
၆။ ကြွင်းသော သိဖွယ်ဟူသမျှ .... ဓမ္မာရုံ
ရူပါရုံကို မြင်သောအခါ မြင်သိ-သိသောစိတ် ဖြစ်၏။ သဒ္ဒါရုံကို ကြားသောအခါ ကြားသိ-သိစိတ်၊ ဂန္ဓာရုံကို နံသော မွေး ယောအခါ နံသိ မွေးသိ-သိသောစိတ်၊ ရသာရုံကို အရသာ ခံသောအခါ အရသာသိ-သိသောစိတ်၊ တစုံဘခုကို တွေ့ထိရသောအခါ အတွေ့အထိသိ-သိသောစိတ်၊ ထိုအာရုံငါးပါးနှင့် တကွ ကြွင်းသော အကြောင်းအရာတွေကို သိသောအခါ ဆိုင်ရာကို သိစိတ်များ ဖြစ်ကြလေသည်။ ဤသို့ ဆိုင်ရာအာရုံကို ရအောင် ယူနိုင်ခြင်းသည် စိတ်၏ သိခြင်းပင်တည်း။
စိတ်၏ အခြင်းအရာ။ ။ စိတ်သည် အဝေးသို့လည်း သွားနိုင်၏။ တပါးတည်းသာ လှည့်လှည်လေ့ ရှိ၏။ ခန္ဓာကိုယ် အထည် ဒြပ်လည်းမရှိ။ ခန္ဓာကိုယ်ဝယ် ဟဒယလိုဏ်ဂူ၌ အများအားဖြင့် ဖြစ်လေ့ရှိ၏ဟု ဓမ္မပဒ ပါဠိတော်၌ ဟောတော်မူသည်။ ထိုဟောတော်မူသည့် အတိုင်း စိတ်၏ အခြင်းအရာကို ထင်ရှား ပြပါဦးမည်။
အဝေးလည်းသွား။ ။ စိတ်သည် ခြေဖြင့် လျှောက်သွား သကဲ့သို့ အဝေးရပ် ရောက်အောင် သွားနိုင်သည် မဟုတ်။ သို့သော် အလွန်ဝေးသောအရပ်ကို လှမ်း၍ အာရုံပြုနိုင်ရင်း အဝေးရောက်အောင် သွားသကဲ့သို့ ထင်ရပေသည်။ ဥပမာ-မန္တလေး၌နေ၍ ရန်ကုန်ရှိ အာရုံများကို အာရုံပြုရာ၌ စိတ်သည် ရန်ကုန်သို့ ရောက်သွားသည် မဟုတ်၊ မန္တလေးမှာ ဖြစ်လျက်ပင် ရန်ကုန်သိုလှမ်း၍ အာရုံပြုနိုင်သည်။ ထိုသို့ အဝေးအာရုံကို ယူနိုင်သည့်အတွက် “အဝေးလည်းသွား”ဟု ဆိုရပေသည်။
တပါးတည်းလည်။ ။ စိတ်သည် အလွန် အဖြစ် အပျက် မြန်၏။ လက်ဖျစ် တချက်တီးခန့် အချိန်မှာပင် စိတ်ပေါင်း ကုဋေတသိန်းမက ရှေ့နောက် ဆက်၍ ဖြစ်ပျက်နိုင်၏။ ထိုမျှလောက် အဖြစ် အပျက် မြန်သည့်အတွက် စိတ် ၂ မျိုး ၃ မျိုး တပြိုင်နက်ဖြစ်၍ အာရုံ ၂ ခု ၃ ခုကို တခါတည်း ယူနိုင်သည်ဟု ထင်ရလေသည်။ စင်စစ်မှာ ၂ စိတ် ၃ စိတ် ပြိုင်၍ ဖြစ်ရိုးမရှိ၊ တစိတ်ပြီးမှ တစိတ်ဖြစ်၍ အာရုံတခုကို ယူပြီးမှတခြားအာရုံတခုကို ဆက်၍ယူရသည်။
မွှေးကြိုင်စွာ ပန်းနံ့သာ ခြယ်လှယ်ထားသော ဖဲမွေ့ရာပေါ်မှာ ထိုင်လျက် ချိုချဉ်စားယင်း က၍ သီဆိုနေသူ့ကို ကြည့်ရှုနားထောင်ရာ၌ အဆင်း-အသံ-အနံ့-အရသာ-အတွေ့-အာရုံ ၅ မျိုးလုံးပင် အနီးအပါး တွင်ရှိ၏။ ထိုအခါ၌ စိတ်သည် ထိုအာရုံ ၅ မျိုးလုံးကို တပြိုင်နက် မသိ၊ မိမိ အနှစ်သက်ဆုံး အာရုံတခုခုကို စိတ်တမျိုးဖြင့် ရှေးဦးစွာ သိပြီးမှ အခြားအခြားသော အာရုံများကို တခုပြီးတခု ဆက်၍ ဆက်၍ သိသည်။ ဤသို့လျှင် စိတ်သည် ၂ ပါး၊ ၃ ပါး (အများအပြား) ပြိုင်၍ ဖြစ်ရိုး မရှိ။ တခုတည်းသာ ဖြစ်ရိုးရှိသောကြောင့် “တပါးတည်းလည်”ဟု ဆိုရပေသည်။
ဆက်ဦးအံ့-“လည်” ဆိုသော်လည်း အဝေးသို့ လှည့်လည်သည် မဟုတ်၊ အဝေး အာရုံကို ယူနိုင်သောကြောင့် “လည် = လှည့်လည်ဟု ဆိုရပေသည်။ အာရုံတခုကို စိတ်က ယူရာ၌လည်း ထိုအာရုံကို စိတ်တစိတ်ထည်းက အပြီးအစီး သိအောင် မယူနိုင်။ အရုံတခုကို သိထိုက်သမျှ သိအောင် စိတ်ပေါင်း အတော်များစွာ ဆက်ကာ ဆက်ကာ ဖြစ်ရသည်။ ထိုသို့ ဆက်၍ ဆက်၍ အတော်များစွာ ဖြစ်ရသော်လည်း လက်ဖျစ်တချက်တီး အချိန်မှာ ကုဋေသိန်းပေါင်းများစွာ ဖြစ်ပျက်နိုင်သောကြောင့် လူ အပေါင်းတို့က မြင်မြင်ချင်း၊ ကြား-ကြားချင်း၊ မွှေး-မွေးချင်း၊ ထိ-ထိချင်း သိသည်ဟု မှတ်ထင်ကြလေသည်။
ကိုယ်ထည်မရှိ။ ။ စိတ်မှာ အထည်ကိုယ်ဒြပ် အထင်အရှား မရှိ။ ထို့ကြောင့် စိတ်ကို ဖြူသည်၊ မဲသည်၊ ပိန်သည်၊ ဝသည်ဟု မဆိုနိုင်။ အာရုံကိုသိနိုင်သော သဘော သတ္တိမျှသာ ထင်ရှားရှိသည်။
ဂူအောင်းဘိ။ ။ မြင်သိ သိသော စိတ်သည် မျက်လုံးအတွင်းမှာ ဖြစ်၏။ ကြားသိ သိသောစိတ်သည် နားအတွင်းမှာ ဖြစ်၏။ နံသိ သိသော စိတ်သည် နှာခေါင်းအတွင်းမှာ ဖြစ်၏။ အရသာသိ သိသော စိတ်သည် အတွင်းမှာ ဖြစ်၏။ အတွေ့သိ သိသော စိတ်သည် ခန္ဓာကိုယ်ဝယ် ထိမိရာ အရပ်တိုင်းမှာ ဖြစ်၏။ ဤသို့လျှင် အချို့အချို့ စိတ်များ မျက်လုံး စသော အရပ်၌ ဖြစ်သော်လည်း များစွာသော စိတ်တိုကား ရင်ချိုင့်အတွင်းရှိ ဟဒယနှလုံးအိမ်မှာ ဖြစ်ကြသည်။ ဤသို့ လိုဏ်ဂူနှင့် တူသော နှလုံးအိမ်မှာ အဖြစ်များသောကြောင့် စိတ်ကို “ဂူအောင်းသည်”ဟု ဆိုရပေသည်။
အချုပ်မှာ စိတ် ဟူသည် ပုံသဏ္ဌာန် မရှိ အာရုံကို ရအောင်ယူခြင်း အာရုံကိုသိခြင်း သဘော သတ္တိသာတည်း။ ထိုကဲ့သို့ အာရုံယူရာ၌ မိမိ ဖြစ်ရင်းစွဲ ဟဒယလိုဏ်ဂူအတွင်းမှ တဆံခြည်မျှ အပြင်မထွက်ကြပဲ အလွန်ဝေးသော အာရုံကို လှမ်း၍ ယူနိုင်ကြသည်။ ထိုသို့ ယူရာ၌ ၂ စိတ် ၃ စိတ် ပြိုင်တူ ပူးပေါင်း၍ မဖြစ်။ တဆိတ်ပြီး တစိတ် စီကာ စဉ်ကာ ဖြစ်သည်ဟု မှတ်ပါ။
[ဆောင်] ၁။ အာရုံတခုခု ရအောင်ပြု မှတ်ရှု စိတ်သိပုံ။
၂။ အဝေးလည်းသွား တပါးထည်းလည် ကိုယ်ထည်မရှိ ဂူအောင်းဘိ စိတ်၏ခြင်းရာစုံ၊
စိတ်ကောင်း စိတ်ဆိုးရောနေပုံ။ ။ စိတ်တို့သည် အလွန် အဖြစ်အပျက် မြန်သောကြောင့် ၅ မိနစ်လောက် အတွင်းမှာပင် စိတ်ကောင်း စိတ်ဆိုး(ကုသိုလ်-အကုသိုလ်စိတ်) ရောနှောလျက်ဖြစ်တတ်သည်။ နံနက်စောစော အိမ်ပေါ်မှာ ဘုရားရှိခိုးလျက် ကုသိုလ်စိတ် ဖြစ်နေစဉ် အိမ် အောက်ထပ်မှ ရောင်းဝယ်မှု ကိစ္စဖြင့် ခေါ်သံကြား၍ လောဘစိတ်ဖြစ်ရ၏။ ဘုရားအာရုံပြုနေစဉ် မခံချင်ဖွယ် ပြောလာသဖြင့် ဒေါသစိတ် ဖြစ်ရ၏။
ရောင်းမှု ဝယ်မှု လောဘကိစ္စပြုတုန်းမှာပင် လှူချင်ဒါန်းချင်သည့်အခါ (လှူမည်ဒါန်းမည်ဟု ကြံမိသည့်အခါ)သဒ္ဓါစိတ် ကုသိုလ်စိတ်ဖြစ်၏။ တစုံ တခု အလိုမကျ၍ ဒေါသဖြစ်နေတုန်းမှာ ဆရာသမားတို့၏ အဆုံးအမကို သတိရ၍ သတိစိတ် (ကုသိုလ်စိတ်)ဖြစ်ပြန်၏၊ တဏှာပေမ လောဘစိတ်ဖြင့် သမီးခင်ပွန်းစကားပြောနေစဉ် စကားပြောတဲ့၍ဒေါသစိတ်ဖြစ်လေရာ တယောက်နောက်က ကျေနပ်အောင် ချော့သဖြင့် စိတ်ပျော့၍လာသောအခါ လောဘစိတ်ဖြစ်ပြန်၏။ ဤသို့ စသည်ဖြင့် စိတ်တို့၏ပြောင်းလဲပုံ လျင်မြန်သောကြောင့် စိတ် ဖြစ် တိုင်း ဖြစ် တိုင်း မိမိစိတ်ကို “စိတ်ကောင်းလား စိတ်ဆိုးလား”ဟု ခွဲခြား၍ သိအောင် သတိထားပြီးလျှင် မိမိစိတ်ကို စိတ်ကောင်း များများဖြစ်အောင် ပြုပြင်ကြပါကုန်။
ရုပ်ချင်းကွဲသလို စိတ်ချင်းကွဲပုံ။ ။ လူတို့မှာ တယောက်နှင့်တယောက် ရုပ်ချင်းမတူကြသကဲ့သို့၊ ထို့အတူ စိတ်ချင်းလည်းမတူကြချေ။ ထုံထိုင်းသောရုပ်၊ သွက်လက်သော ရုပ်၊ ကွဲပြား သကဲ့သို့ ထုံထိုင်း ရိုးအသောစိတ်၊ သွက်သွက်လက်လက်ထက်မြက်သော စိတ် ဟုလည်းကွဲပြားလျက်ရှိ၏။ ထိုကဲ့သို့ ကွဲပြားရာ၌ အလှဘက်-အသွက် ဘက်မှာ အဆင့်ဆင့်သာ၍ ပြိုင်ဘက်ကင်းလောက်အောင် လှသူ သွက်သူများလည်းရှိ၏။ အဆိုးဘက်-အထိုင်းဘက်မှာလည်း အဆက်ဆက်အောက် ကျလျက် တစ္ဆေပြိတ္တာတမျှ ဆိုးဝါးသူများလည်း ရှိကြလေသည်။ ထို့အတူ စိတ်ချင်းကွဲပြားရာ၌လည်း စိတ်ကောင်း စိတ်ထက်ဘက်၌ အဆက် ဆက် တန်းတက်ကာ ပြိုင်ဘက် ကင်းလောက်အောင် စိတ်ကောင်းသူ ထက်မြက်သူများရှိကြ၍ စိတ်ယုတ်မာဘက် စိတ်ထိုင်းဘက်၌လည်း အဆက်ဆက် ဆိုးကာ ကြောက်မက် စက်ဆုပ်ဖွယ်ကောင်းအောင် ယုတ်မာသူ-သုံးမဖြစ်အောင် ထိုင်းမှိုင်းသူများရှိကြလေသည်။
ပြင်၍ရနိုင်ပုံ။ ။ တော၌မွေး၍ သွေးပါလာသော တောသူတောသားသည် မြို့ကြီး ပြကြီး သူတို့၏ ဝတ်ပုံ စားပုံ နေပုံကို အလုံးစုံအတုယူ၍ ကိုယ်ကျန်းမာရေး စိတ်ချမ်းသာရေး ကိုပါ လိုက်စားပြီး ပြုပြင်လိုက်က မကြာခင်ရုပ်တမျိုးပြောင်းကာ ၁ နှစ် ၂ နှစ်လောက်ကြာလျှင် ရှေးကတွေ့နေကျ လူအများပင် အထင်မှားလောက်အောင် ရုပ်အဆင်းပြောင်းလာနိုင်၏။ ဤသို့အပြောင်းအလဲနှေးသဖြင့် အပြင်ခက်သောရုပ်အဆင်းသည်ပင် ပြင်တတ်သူ ပြင်ချင်၍ပြင်ဆင် နေလိုက်က တမျိုးတဖုံပြောင်းနိုင်သေး၏။ အပြောင်းအလဲ အလွန်မြန်၍ အင်မတန် ပြုပြင်လွယ်သောစိတ်ကို တကယ်ပြင်လိုလျှင် အဘယ်မှာ ပြင်မရပဲ ရှိမည်နည်း။ နေ့စဉ်နှင့်အမျှ မိမိစိတ်ဖြစ်ပုံကို သတိထား၍ မတော်မတရားစိတ်တို့ကို နှိမ်နင်းသွားပါလျှင် မကြာခင် စိတ်ကောင်းရှိသူဖြစ် ကာ ၂ နှစ်၊ ၃ နှစ် လောက်ကြာသောအခါ ကိုယ့်စိတ်ကိုယ်ပင် ကြည်ညိုချင်လာအောင် စိတ်ကောင်းများ ဖြစ်သွာပါလိမ့်မည်။
စိတ်ကိုပြင်သင့်သောအကြောင်းများ။ ။ မိမိ၏ စိတ်နေစိတ်ထားကို ကောင်းအောင် ပြုပြင်ဖို့ရာ အကြောင်းများစွာ ရှိပေသည်။ မိမိစိတ်ထားမကောင်းသေးသော အချက်၊ ယုတ်မာနေသော အချက်များကို မိမိသာ အသိဆုံးဖြစ်၏။ ထိုကဲ့သို့စိတ်ယုတ်မာရှိနေ သူသည် လောကီဂုဏ်အတွက် အထက်တန်း၌ ရောက်နေသော်လည်း စိတ် အနေအထားဖြင့် အောက်တန်းအစားပင် ဖြစ်သေး၏။ စိတ်နေ စိတ် ထား အောက်တန်းစား ဖြစ်နေသော ဂုဏ်ကြီးရှင်သော်လည်း နောက် နောက်ဘဝတို့၌ အောက်ကျနောက်ကျ ဖြစ်ရတော့လတ္တံ့။ ထိုကဲ့သို့ တန်းလျှောရမည့် အရေးကို တွေးမိခြင်းကြောင့်လည်း စိတ်နေစိတ်ထား ကြီးမားမြင့်မြတ်အောင် ပြုပြင်ထိုက်ပေသည်။
စိတ်ဆိုးစိတ်ယုတ် ရှိသူသည် ကိုယ့်ကိုယ်ကိုလည်း မကြည်ညိုနိုင်၊ မိတ်ဆွေချင်း-ညီအစ်ကိုမောင်နှမသားချင်း သမီးခင်ပွန်းချင်း ဆရာဒကာချင်း၊ အပေါင်းအသင်း ရင်းနှီးကြသူချင်းကလည်း သူ၏ ယုတ်မာကြောင်းကို သိလျှင် ချစ်ခင်နိုင်၊ အားရနိုင်၊ ကြည်ညိုနိုင်ကြမည် မဟုတ်။ ဤသို့ ရင်းနှီး သူများ အထင်သေးမည်ကို စိုးသောကြောင့်လည်း မိမိစိတ်ကိုဖြူစင် ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်ထိုက်ကြပေသည်။
ထို့ပြင်~စိတ်ဆိုး စိတ်ယုတ်မာရှိနေသူသည် ဒါနပြုပြု၊ သီလဆောက်တည် ဆောက်တည်၊ ဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်းစီးဖြန်း၊ မည်သည့်ကုသိုလ် လုပ်ငန်း၌မဆို ရိုးသားဖြူစင်လိမ့်မည် ဟူ၍ မမှတ်ထင်ထိုက်။ ထိုစိတ်ရင်း မကောင်းသူ၏ ကုသိုလ်ကံများကား အကျိုးပေး စင်စင်ကြယ်ကြယ် မရှိ တတ်ချေ။ ဤသို့ နောက်နောက်ဘဝ အရေးဝယ် ပြုသမျှ ကုသိုလ်၏ အကျိုးပေး မစင်ကြယ်မည်ကို စိုးသောကြောင့်လည်း မိမိ စိတ်ကို ဖြူစင် ဖြောင့်မတ် ကောင်းမြတ်အောင် ပြုပြင်ထိုက်ကြပေသည်။
ထို့ပြင်~စိတ်ဆိုး စိတ်ယုတ်မာ ရှိနေသူသည် ယခုတဘဝသာ ယုတ်မာ မည်မဟုတ်၊ ဖြစ်တိုင်းဖြစ်တိုင်းသော စိတ်ယုတ်မာများက တသန္တာန်လုံး (တကိုယ်လုံး) ထုံမွှမ်းနေရကား နောက်နောက် ဘဝပေါင်း များစွာသို့လည်း စိတ်ယုတ်မာ အဆက်ဆက် ဓာတ်သတ္တိ ကူးစက်နေသောကြောင့် ထိုသူ့ကို ရင့်မာသောပါရမီရှင်ဟု ဆို့ဖို့ရန်ခဲယဉ်းလေသည်။ ထို့ကြောင့် မိမိကိုယ်ကို ပါရမီရှင်များ၌ စာရင်း မပါဝင်မည်စိုး၍လည်း ယုတ်မာ ဆိုးဝါးသောစိတ်များကို အမြန်ဆုံးပြင်ထိုက်ကြသည်။ ဤသို့လျှင် မိမိ၏ စိတ်နေ စိတ်ထားကို မကောင်း ကောင်းအောင် ပြုပြင်သင့်သော အကြောင်းအရာတွေ များစွာရှိပေသည်။
မိလိန္ဒမင်း စိတ်ပြုပြင်ပုံ။ ။ မိလိန္ဒမင်းကြီးသည် အရှင်နာဂသိန်ထံ ပြဿနာများ အထိုက်အလျောက် မေးပြီးနောက် သာသနာတော်ဝယ် လွန်စွာ အရေးကြီးသော ပြသာနာတို့ကို မေးဖို့ရန် အကြံ ဖြစ်လာသောအခါ ထိုပြဿနာများကို မမေးသေးပဲ ၇-ရက် ပတ်လုံး မိမိစိတ်ကို သမာဓိရအောင် ထိန်းသိမ်း စောင့်စည်း နေပုံမှာ သူတော်ကောင်းတိုင်း အတု ယူစရာကောင်းလှပေသည်။
စောင့်စည်းပုံကား--နံနက် စောစော အိပ်ရာထပြီးလျှင် ကိုယ်လက်စင်ကြယ်အောင် ရေချိုး၍ ဝတ်ရိုးဝတ်စဉ် အဝတ် တန်ဆာများကို မဝတ်တော့ပဲ ဖန်ရည် ဆိုးသော အဝတ်ကို ဝတ်ဆင်ကာ ဦးခေါင်းလည်း ခေါင်းတုံးသွင် မှတ်ထင် လောက်အောင် ခေါင်းစွပ်ကို စွပ်လျက် (ရဟန်းမဟုတ်သော်လည်း) ရဟန်းဟုပင် မှတ်ထင်ရလောက်အောင် ကြံဆောင်ဝတ်ဆင်ပြီးနောက် ဂ-ပါးသော အချက်များကို ၇-ရက်လုံးလုံး မပျက်ပြားအောင် စိတ်၌ စွဲမြဲစွာဆောက်တည်လေသည်။ ဂ-ပါးကား...
၁။ ၇-ရက်အတွင်း မင်းကိစ္စကို မပြုတော့ပြီ။
၂။ ရာဂ စိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၃။ ဒေါသစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၄။ မောဟစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၅။ ကျေးတော် ကျွန်တော် အလုပ်သမား အမှုထမ်းများအပေါ်၌သော်လည်း စိတ်ကို နှိမ်ချ၍ မာန်မာန မဖြစ်အောင် စောင့်စည်းမည်။
၆။ ကိုယ်မှု နှုတ်မှုများ ထူးခြားစွာ စောင့်စည်းမည်။
၇။ မြင်ရ ကြားရ တွေ့ရ သိရသမျှသော အာရုံများအတွက် အကုသိုလ် မဖြစ်အောင် မျက်စိ နား စသော ဣန္ဒြေများကိုစောင့်စည်းမည်။
၈။ အားလုံး သတ္တဝါတို့အပေါ်မှာ မေတ္တာစိတ်ထားမည်။
ဤရှစ်ပါးသော အချက်ကို ၇-ရက်လုံး စောင့်သုံးလျက် ၈-ရက် မြောက်နေ့၏ နံနက်အခါဝယ် နံနက်စာ စောစော စား၍ ဣန္ဒြေကြီးမားသော ရဟန်းတော်ကဲ့သို့ စက္ခုန္ဒြေချပြီးလျှင် စကားပြော ဆင်ခြင်ကာ အရှင်နာဂသိန်အထံသို့ ကြည်လင်ရွှင် အေးမြသော စိတ်ဓာတ်ဖြင့် ချဉ်း ကပ်လျက် လေးနက်သော ပြဿနာများကို မေးလျှောက်လေသည်။
အတုယူဖွယ်။ ။ ဤ မိလိန္ဒမင်းကြီး၏ ၇-ရက်လုံးလုံး စိတ်ပြုပြင်ပုံကို အတု ယူလျက် သူတော်ကောင်းဘက်က အထက်တန်း ရောက်သော အမျိုးသား အမျိုးသမီးများလည်း မိမိတို့ နေအိမ်မှာပင် တနေ့ တရက် တနံနက် စသည်ဖြင့် ရက်ကိုပိုင်းခြား၍ မိမိသန္တာန်၌ ဖြစ်လေ့ရှိသော အကုသိုလ်စိတ်များ မဖြစ်ရလေအောင် မကြာမကြာ အထူးစောင့်စည်းသင့်ပေသည်။ ဤသို့ စောင့်စည်းဖန်များလျှင် အကုသိုလ်စိတ် အထူးနည်းပါးသော သူတော်စင်အဖြစ်သို့တက်ရောက်၍ သဒ္ဓါထူး ပညာထူး ပေါ်ပေါက်လာပါလိမ့်မည်။ ရက်ပေါင်း အတော်ကြာအောင် နဂိုဖြစ်တတ်သော အကုသိုလ်စိတ်များလည်း မဖြစ်ပဲ ရှိပါလိမ့်မည်။
“ဤလောကကြီးကို စိတ်သည် ဆောင်ကြဉ်းအပ်၏။
ဤလောကကြီးကို စိတ်သည် ဆွဲငင်အပ်၏။
သတ္တဝါအားလုံးပင် စိတ်တည်းဟူသော တရားတခု၏ အလိုသို့ လိုက်နေရသည်”။ တရားတော်
“ဓာတ်မရိုက်ခင်၊ ကောင်းစွာပြင်မှ၊ ပုံတွင်ကျန၊ ရုပ်သွင်လှသို့၊ မုချမှန်စွာ၊ သံသရာ၏၊ ကမ္ဘာရပ်ခွင်၊ ဓာတ်အပြင်၌၊ စိတ်စဉ်ကျန၊ ရုပ်သွင်လှ၍၊ ခေမမြို့နန်း၊ အရောက်လှမ်းဖို့၊ ပြစမ်းစေချင်၊ စိတ်အစဉ်ကို ပြင်ဆင်လေကွဲ့-နေ့စဉ်တဲ့။
စိတ်အကြောင်း ပြီး၏။
ဒုတိယ အခန်း
[ဤအခန်း၌ စေတသိက်အကြောင်းနှင့် အကုသိုလ်စေတသိက်များပါသည်။]
စေတသိက်က စိတ်ကို ခြယ်လှယ်ပုံ။ ။ စိတ် အကြောင်းကို ပြရာဝယ် “စိတ်ကောင်းစိတ်ဆိုး”ဟု ပြခဲ့ပါပြီ။ သို့သော် စိတ်သည် အာရုံကို သိဖို့ရန် ကိစ္စတခုသာရှိသောကြောင့် သူ့ချည်းသက်သက် အကောင်းအဆိုး မကွဲပြား နိုင်ချေ။ စေတသိက် အမျိုးမျိုးနှင့်အတူ ဖြစ်ရသောကြောင့် ထိုစေတသိက် အများ၏ အကောင်းအဆိုးလိုက်၍ စိတ်သည်လည်း စိတ်ကောင်းစိတ်ဆိုး ဖြစ်ရပေသည်။ “စိတ်ကောင်းစိတ်ဆိုး ၂-မျိုးကွဲဖို့ရန် ယှဉ်ဖက်စေတသိက်များက ခြယ်လှယ်၍ထားကြသည်”ဟု ဆိုလိုသည်။ ဥပမာ-ရေသည် ပင်ကိုယ် အနေဖြင့် အရောင်တမျိုးတည်းရှိသော်လည်း ဆေးနီ-ဆေးဝါ-ဆေးပြာ ဆေးနက်တို့နှင့် ရောစပ်မိသောအခါ၌ ရေနီ ရေဝါ ရေပြာ ရေနက်ဖြစ်ရတော့ သကဲ့သို့တည်း။ ထို့ကြောင့် စိတ်ကောင်း စိတ်ဆိုးဟု နားလည်ဖို့ရာ စေတသိက်တို့၏ အကြောင်းကိုလည်း ဆက်လက်၍ လေ့လာ သင့်ကြပေသည်။
[ဆောင်] စိတ်၏တံထွာ၊ ဓမ္မတာကား၊ ကြုံရာအာရုံ၊ ရမိရုံသာ၊ ဖုံဖုံကောင်းဆိုး၊ မကွဲရိုးတည်း၊ တမျိုးတွဲဖက်၊ စေတသိက် တွက်ကြောင့်၊ သက်သက်ဆိုးကောင်း၊ အရောင်ပြောင်း၍၊ မကောင်းလည်းစိတ် ကောင်းလည်းစိတ်ဟု ခွဲစိတ်စမြဲ၊ ဥဒါန်းကဲသည်၊ စိတ်လဲ စေတသိုက်ကြောင့်သာကိုး၊
စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ်စေတသိက် ၁၄-ပါး
၁။ မောဟ
၂။ အဟိရိက
၃။ အနောတ္တပ္ပ
၄။ ဥဒ္ဓစ္စ
၅။ လောဘ
၆။ ဒိဋ္ဌိ
၇။ မာန
ဂ။ ဒေါသ
၉။ ဣဿာ
၁၀။ မစ္ဆရိယ
၁၁။ ကုက္ကစ္စ
၁၂။ ထိန
၁၃။ မိဒ္ဓ
၁၄။ ဝိစိကိစ္ဆာ
[ဆောင်] မသိတတ်ဘိ−မောဟ သိလော၊ အဟိရိက-မရှက်စွတည့်၊ နောတ္တပ္ပမူ-မလန့်ဟူ၏၊ မှတ်ယူပြန့်လျက်-မငြိမ်သက်ထ–ဥဒ္ဓစ္စနှင့် လောဘသဘော-လိုချင်ဟော၍၊ မှားသောအမြင်-ဒိဋ္ဌိတွင်သား၊ မာနကားမူ–ထောင်လွှား ကြွတက်၊ ဒေါသတွက်ကြောင့်၊ ခက်ခက်ထန်ထန်၊ ဣဿာလျှံမူ-လွန်ငြူစူ၏၊ ပြောထူ မစ္ဆေ-ဝန်တို့ လေသတဲ့၊ တထွေမှတ်ကြ—ကုက္ကုစ္စကား၊ နောင်တ တဖန်-ပူပန် ထန်ပြင်း၊ ထိုင်းခြင်း ထိန၊ မှိုင်းမိဒ္ဓနှင့် ဗုဒ္ဓ စသည့် ယုံမှားဘိမူ-ဝိစိကိစ္ဆာ၊ ဆဲ့လေးဖြာသည်၊ မှန်စွာ အကုသိုလ်ချည်းတည်း။
(ကုသလ-ကုသိုလ်၏ + အ-ဆန့်ကျင်ဘက်၊ အကုသလ-ကုသိုလ်၏ + ဆန့်ကျင်ဘက်။)
မောဟအကြောင်း
မောဟ ၂ မျိုး။ ။ မသိတတ်ခြင်း သဘောသည် မောဟတည်း။ ထို့ကြောင့် “မသိတတ်ဘိ-မောဟသိလော”ဟု ဆိုခဲ့သည်။ ထိုမောဟသည် အနုသယမောဟ – ပရိယုဋ္ဌာနမောဟဟု ၂ မျိုး ရှိ၏။ အနုသယဟူသော ပါဠိသည် ငြိမ်ဝပ်ခြင်း ကိန်းအောင်းနေခြင်းဟု အဓိပ္ပါယ်ရှိ၏။ ပရိယုဋ္ဌာနဟူသော ပါဠိကား ထကြွခြင်းခြင်းဟု အဓိပ္ပါယ်ရ၏။ ထို့ကြောင့် သတ္တဝါတို့၏ သန္တာန်တွင် အစဉ်တစိုက်လိုက်ပါနေသော မောဟသည် အနုသယမောဟမည်၏။ တရံတခါ စိတ်နှင့်တွဲ ဖက်၍ ဖြစ်ပေါ်လာသော မောဟသည် ပရိယုဋ္ဌာနမောဟမည်၏။
အနုသယမောဟ။ ။ အဆိပ်ပင်၌ အဆိပ်သီးများကို သီးစေနိုင်သောဓာတ်သတ္တိ ပါရှိသကဲ့သို့၊ ထို့အတူ သတ္တဝါတို့ သန္တာန်၌ သိထိုက်သော တရားများကို မသိအောင်ဖုံးကွယ်တတ်သော ဓာတ်သတ္တိ တမျိုးပါရှိလေသည်။ ထိုဓာတ်သတ္တိကို အနုသယမောဟဟု ခေါ်၏။ ဤ အနုသယ မောဟ၏ ဖုံးကွယ်ထားမှုကြောင့် ပုထုဇဉ်တို့သည် အနိစ္စ ဒုက္ခ အနတ္တ သဘောတို့ကိုလည်း နစ်နစ်နောနော မသိကြ၊ သစ္စာလေးပါးကိုလည်း ထိထိမိမိ မသိကြ၊ ပဋိစ္စသမုပ္ပါဒ်ကိုလည်း တပ်အပ်ထင်ထင် မသိမြင်ကြချေ။
ဤ အနုသယမောဟဓာတ်ကို ပုထုဇဉ်တို့ ဉာဏ်ဖြင့် မသိနိုင်။ ယခု ကာလ စာပေသင်ဘူး၍ အနိစ္စ ဒုက္ခ အနတ္တ စသည်ကို သိသည်ဟု ဆိုသော်လည်း သင့်တော်ရုံ ခန့်မှန်းနိုင်သော အသိမျိုးသာ ဖြစ်၏။ ထိုးထိုးထွင်းထွင်း ရှင်းလင်းအောင် သိသော အသိမျိုး မဟုတ်ချေ။ သောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်သည့်တိုင်အောင် ထိုအနုသယ မောဟဓာတ်မှာ အဆင့်ဆင့် ပါးလှပ်ရုံသာ ရှိသေး၏။ ရဟန္တာအဖြစ် ရောက်မှ အနုသယမောဟဓာတ် အကုန်အစင်ပြတ်သည်။ ထို့ကြောင့် “ရဟန္တာ မဖြစ်သေးသမျှ ကုသိုလ်ပြုနေတုန်း ခဏ၌လည်း အနုသယ မောဟဘတ်မှာ ငြိမ်သက်ကိန်းဝပ်လျက် ရှိနေသည်”ဟု မှတ်ပါ။
ပရိယုဋ္ဌာနမောဟ။ ။ စိတ်နှင့် တွဲဖက်၍ မောဟ ထကြွလာသောအခါ အကုသိုလ်စိတ် မကောင်းစိတ် ဖြစ်နေပြီဟု ဆိုရပေသည်။ ဤ ပရိယုဋ္ဌာနမောဟ၏ ဖုံးကွယ်မှုကြောင့် ဒုစရိုက်အကုသိုလ်၏ နောင်ရေးနောင်တာ ခံစားရမည့် မကောင်းကျိုးကိုလည်း မသိကြရ။ ယခုလောလောဆယ် ယုတ်မာညစ်ညမ်းဆိုးသွမ်းမှု အပြစ်ကိုလည်း မသိကြရ။ ထို့ကြောင့် မောဟဖြစ်ပေါ်လာသောအခါ နဂိုက ပညာရှိ သူတော်စင်တို့သည်ပင် အပြစ်ကို မမြင်နိုင်ပဲ ဒုစရိုက်အမှုကို ပြုမိကြလေတော့သည်။ ဤ မောဟသည် အကုသိုလ်စခန်း၌ အလွန်ဆိုးသွမ်း မိုက်မဲသော တရားမျိုးပင်တည်း။ ဤလောက၌ မိုက်မဲမှုဟူသမျှဝယ် ဤမောဟ သာလျှင် အခြေတည်လျက် ရှိလေသည်။
ပညာရှင်ကြီး မောဟစီးပုံ။ ။ ဟရိတစမည်သော ငါတို့ ဘုရားအလောင်းသည် ကုဋေ ရှစ်ဆယ် ကြွယ်ဝသော စည်းစိမ်ကြီးကို စွန့်လွှတ်လျက် တောထွက်၍ ရသေ့ လုပ်ပြီးလျှင် ဈာန်အဘိညာဉ်ကို ရလေသည်။ ထို့နောက် မိုးကာလအခါဝယ် ဟိမဝန္တာ၌ မိုးများသောကြောင့် ဗာရာဏသီပြည်သို့ ကြွလာ၍ ဘုရင့် ဥယျာဉ်တော်မှာ သီတင်း သုံးတော်မူလေသည်။ ထိုဗာရာဏသီ ပြည့်ရှင်ကား ရှင်အာနန္ဒာအလောင်း ပါရမီဖြည့်ဖက် မိတ်ဟောင်းပေတည်း။ ထို့ကြောင့် မြင်လျှင်မြင်ချင်း လွန်မင်းစွာကြည်ညိုရကား ဥယျာဉ်တော် အတွင်းမှာ သီတင်းသုံးရန် တောင်းပန် လျှောက်ထား၍ ပစ္စည်း လေးပါးဖြင့် ထောက်ပံ့လျက် နံနက်တိုင်း နန်းတော်မှာ မိမိကိုယ်တိုင် ဆွမ်းကပ်လေသည်။
အခါတပါး၌ကား တိုင်းပြည်ဝယ် သူပုန်ထသောကြောင့် ဘုရင့် ကိုယ်တိုင် နှိမ်နင်းရန် ထွက်ခါနီးမှာ ဆရာရသေ့ကို မမေ့ရစ်ဖို့ရန် မိဖုရားအား တန်တန်မှာပြီးမှ ထွက်သွားလေသည်။ မိဖုရားလည်း အချိန်မှန်မှန် ဆွမ်းပြုစု၍ တနေ့သောနံနက်မှာမူ ဆရာရသေ့မလာသေး သည့်အတွက် ကိုယ်လက် သန့်စင်အောင် နံ့သာရေမိုး ကောင်းစွာ ချိုး၍ ချောမွေ့နုနယ်သော အဝတ်ကို ဝတ်ဆင်ကာ ဆရာ ရသေ့အလာကို စောင့်မျှော်ယင်း သလွန် ပေါ်မှာ ခေတ္တ လျောင်းနေလေသည်။
အလောင်းတော် အရှင်ရသေ့လည်း အဘိညာဉ် သမာပတ် အစွမ်းဖြင့် ကောင်းကင်လမ်းက ကြွ၍လာခဲ့ရာ၊ လေသာနန်းတံခါး ပေါက်သို့ ရောက်သောအခါ “လျော်တေ” ခေါ်သော ရသေ့အဝတ်သံကို ကြား၍ ဗြူးကနဲ အထလိုက်တွင် အမြင်မတော်သော ကိုယ်တပိုင်းမှ ခါးဝတ် လျောကျသွားသည်ကို မြင်လေသော် သန့်ရှင်းသော စိတ်ဓာတ်ဝယ် ကိန်းဝပ် တည်နေသော အနုသယ မောဟသည် ရုတ်တရက် ထကြွ၍ ပရိယုဋ္ဌာနမောဟ အဖြစ်သို့ ရောက်ကာ လောဘ တဏှာ ဖက်တွဲလျက် မိဖုရားလက်ကို ဆွဲပြီးလျှင် သဘက်သရဲပမာ မှားခြင်းကြီး မှားရှာလေသတဲ့။
ဝတ္ထုမှတ်ချက်။ ။ ဤ ဝတ္ထု၌ မောဟ၏ မိုက်မဲ ရမ်းကားမှုကို လေးလေး နက်နက် သတိပြုသင့်ကြပေသည်။ ဤမောဟ မျိုးသာ မဝင်လာလျှင် အလောင်းတော် အရှင်ရသေ့သည် ထိုကဲ့သို့ မတရားအမှုကို ဘုရင့်ကိုယ်တိုင်က ကျေကျေနပ်နပ် ခွင့်ပေးသော်လည်း ပြုနိုင်မည် မဟုတ်ပါ။ ယခုမောဟမှောင်ကြီး ဖိစီးကျရောက်ရကား ယခုဘဝအပြင် နောင် သံသရာအပြစ်တို့ကို မမြင်နိုင်တော့သဖြင့် မသင့်သောအမှုကို ပြုမိလေသည်။ တသက်လုံး အားထုတ်လာခဲ့သော ဈာန်အဘိညာဉ် ပညာများလည်း ယခုလိုအချက်ထဲ၌ မောဟအမှောင်ကို မဖျက်ခဲ့နိုင်ရုံမက၊ မောဟ၏ ဖိစီးမှုကြောင့် ဈာန်အဘိညာဉ်တို့သာ ကွယ်ပျောက်ရလေသည်။
သို့သော် အလောင်းတော် အရှင်ရသေ့ကား မူလက ပါရမီဓာတ်ခံ ရင့်သန်ပြီး ဖြစ်သောကြောင့် ဘုရင် ပြန်ရောက်လာသောအခါ လွန်စွာ သံဝေဂဖြစ်၍ လျှောကျသော ဈာန်ကို ပြန်ရအောင် အားထုတ်ကာလူ့ အနားနေလို့ ဤအမှုမျိုးဖြစ်ရသည်ဟု နောင်တရလျက် လူသူကင်းကွာသော ဟိမဝန္တာသို့ ပြန်ကြွလေသည်။
မသိတိုင်း မောဟဟု မမှတ်ရ။ ။ မသိခြင်းသဘောကို မောဟဟု ဆိုသောကြောင့် မသင်ဘူးသော အတတ် – မရောက်ဘူးသော အရပ်နှင့် မမှတ်ဘူးသော နာမည် စသည်တို့ကို မသိခြင်းများလည်း မောဟအစစ် အကုသိုလ်ဖြစ်သည်ဟု မှတ်ထင်တတ်ကြ၏။ ထိုမသိမျိုးမှာ မသိရုံ သက်သက်သာဖြစ်၍ မောဟ အစစ် အကုသိုလ် မဖြစ်ပါ။ မိမိ၌ မှတ်သားဘူးသော သညာမရှိမှု သာတည်း။ ထိုမသိမျိုးမှာ သာမန်လူတွေကို မဆိုထားဘိ၊ ရဟန္တာများမှာပင် ရှိပါသေးသည်။
ဘုရားရှင်က လွဲလျှင် ပထမတန်းဉာဏ်တော်ရှင် ဖြစ်သော အရှင်သာရိ ပုတြာ သည်ပင် တပည့်ရဟန်းကလေးတပါး၌ ကမ္မဋ္ဌာန်း အပေးမှားတော် မူခဲ့သေး၏။ ရဟန်းကလေးက ငယ်ရွယ်သူဖြစ်၍ ကာမရာဂ ထကြွချိန်ဟု သဘောပိုက်ကာ အသုဘကမ္မဋ္ဌာန်းကို ပေးတော်မူလေရာ၊ ရဟန်းကလေး၏ စရိုက်အလိုနှင့် မတဲ့သောကြောင့် ၄-လလုံးလုံး အားထုတ် ပါသော်လည်း အရိပ်နိမိတ်မျှမထင်ပဲ ရှိလေသတဲ့။
ထို့နောက် ဘုရားရှင်ထံခေါ်သွားမှ ဘုရားက စရိုက်နှင့်သင့်မြတ်အောင် ပဒုမ္မာကြာပန်းကို ဖန်ဆင်း၍ပေးတော်မူလေရာ လွန်စွာနှစ်သက် နေစဉ် မကြာခင် ညှိုးနွမ်းအောင် ဖန်ဆင်းပြ၍ သံဝေဂအရမှာ အနိစ္စ ဒုက္ခ အနတ္တ ထင်မြင်အောင် ဆင်ခြင်၍ ဟောပြသောအခါ ရဟန္တာ ဖြစ်သွားလေသည်။ ဤနေရာတွင် ဘုရားရှင်၏ ညဏ်တော်ကြီးပုံနှင့် မောဟ ကင်းပြီး အရှင်သာရိပုတြာ၏ အချို့အရာ၌ မသိပုံကို သတိပြုခဲ့ပါ။
ဤသို့လျှင် အရှင်သာရိပုတြာသော်မှ မိမိအရာမဟုတ်သော အချက်များကို မသိနိုင်သောကြောင့် ယခုကာလ မသင်ဘူးသောအတတ် စသည်နှင့် ဉာဏ်ကြီးရှင်တို့ အရာကို မသိခြင်းမှာ မောဟ၏ ကာကွယ်မှု မဟုတ်၊ မိမိဉာဏ်ပညာ၏အစွမ်းသတ္တိ နုံ့မှုသာဟုမှတ်ပါ။ ဥပမာ-နေ့လယ်ကြောင်တောင် နေရောင်ရှိတုန်း အခါ၌ အကွယ်အကာ မရှိသော အဝေးအရပ်ကို လှမ်း၍ မမြင်ရခြင်းမှာ တစုံတရာ ကွယ်ကာမှုကြောင့်မဟုတ်၊ မိမိမျက်စိ၍ အစွမ်းသတ္တိ မရှိခြင်းကြောင့်သာ ဖြစ်သကဲ့သို့တည်း။
မောဟ အကြမ်းအနု။ ။ ထိုပြခဲ့သော မောဟအစစ်တွင် အကုသိုလ်မှန်း၊ ကုသိုလ် အမှန်းကို ခွဲခြား၍ မသိအောင် ဖုံးလွှမ်းထားသော မောဟသည် အတော် ကြမ်းတမ်း ထူထဲ၏၊ ရုပ်နာမ် တရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ သဘောကို မသိ၊ သစ္စာ လေးပါးကိုလည်း အတော်အတန် မသိ၊ ပဋိစ္စသမုပ္ပါဒ် အကြောင်းကို မရိပ်မိသော မောဟ မျိုးကား (မောဟအကြမ်းကိုစာလျှင်) အတော် အတန် ပါးလှပ်သော မောဟပေတည်း။ ဤမောဟနှင့် တွဲဖက်၍ဖြစ်သော စိတ်ကို “မောဟစိတ် အမိုက်စိတ်”ဟု ခေါ်၍ ထိုမောဟဓာတ် အားကြီးသူကိုလည်း “လူမိုက်၊ လူမဲ၊ လူမှောင်၊ လူပြိန်း၊ လူအ၊ လူန၊ လူထိုင်း၊ လူရိုင်း၊ လူဖျင်း”ဟု ယခုကာလ ခေါ် ခေါ်ရလေသည်။
ဤလောကကြီးသည် အမှောင်အတိဖြစ်၍နေ၏။ ဤလောကကြီးတွင် သတ္တဝါ အနည်းငယ်သာ ထူးထူးခြားခြားရှုမြင်နိုင်၏။ ပိုက်ကွန်ပြီးမှ လွတ်ထွက်နိုင်သော ငှက်သည် နည်းသကဲ့သို့ ထို့အတူ သေပြီးနောက် နတ်ပြည်ရောက်နိုင်သူမှာ အနည်းငယ်သာ ရှိလေသည်။(ဓမ္မပဒ-ပါဠိတော်)
မောဟအကြောင်း ပြီး၏။
အဟိရိက အကြောင်း
မရှက်ခြင်းသဘောသည် အဟိရိကတည်း၊ ထို့ကြောင့် “အဟိရိက-မရှက်စွတည့်”ဟု ဆိုခဲ့သည်။ အကုသိုလ်ဒုစရိုက်ဟူသမျှ မစပ်ဘင်ပုပ်နှင့်တူ၏။ အဟိရိကကား ရွာဝက်ကြီးနှင့် တူလေသည်။ ချဲ့ဦးအံ့--မစင်သည်စက်ဆုပ်ရွံရှာဖွယ် ကောင်းလှ၏၊ မတော်တဆ လူးမိပြန်လျှင် ပရိသတ်အလယ်မှာ ရှက်ဖွယ်ရာကြီးတည်း။ သို့သော် မစင်ကို အမွန်အမြတ်အစာဟု ထင်နေသော ရွာဝက်ကြီးကား ထိုမစင်ကို မစက်ဆုပ် မရွံရှာ၊ မစင်လူးမှာလည်း မရှက်။ မစင်ထဲ၌ လူးကာလှိမ့်ကာ မစင်များများ စားရသည်ကိုပင် ဂုဏ်တမျိုးတက်သည်ဟု မှတ်ထင်လေသည်။
ထို့အတူ ပါဏာတိပါတ စသော ဒုစရိုက်တရားစုတို့သည် သူတော်ကောင်းတို့၏ သဘောဖြင့် ကြည့်လျှင် အင်မတန်စက်ဆုပ် ရွံရှာဖွယ်ကောင်း၏။ မတော် တဆပြုမိပြန်လျှင်လည်း သူတော်စင် ပရိသတ်တို့၏ အလယ်မှာ ရှက်ဖွယ်သာ ဖြစ်၏။ သို့သော် အဟိရိက သဘောကား ထိုဒုစရိုက်တို့ကို စက်ဆုပ်ရွံရှာခြင်း လည်းမရှိ၊ ပြုမိသော်လည်းမရှက်တတ်ချေ။ စင်စစ်မှာ အဟိရိကသမား အရှက်မရှိ သူများအလယ်၌ ဒုစရိုက်များများပြုနိုင်သည်ကိုပင် “ကြီးကျယ်သော ဂုဏ်တမျိုး”ဟု မှတ်ထင်နေလေသည်။
မောဟဖြစ်လျှင် ဤအဟိရိက သဘောလည်း ပါဝင်လာသဖြင့် ပညာရှိများပင် ဒုစရိုက်မှုကို မရှက်တမ်း ပြုမိကြလေတော့သည်။ ဤစကား မှန်မမှန်ကို ပညာရှိ အခေါ်ခံရသူတိုင်း ကိုယ်တွေ့အမှုများဖြင့် စဉ်းစား၍ကြည့်ကြပါလေ။
ဟရိတစဝတ္ထု မှတ်ချက်။ ။ မောဟအခန်း၌ ပြခဲ့သော ဟရိတစ ရှင်ရသေ့၏ ပြုမူပုံ၌ ဤအဟိရိက သဘောလည်း ပေါလောပေါ်အောင်ထင်ရှား၏။ အရှင်ရသေ့ကား ဈာန်အဘိညာဉ်ရသော ပထမတန်း သူတော်ကောင်းကြီးဖြစ်၏။ ပြုကျင့်သော အမှုကလည်း နန်းတော်ကြီး၏ အထက်ထပ်ဝယ် မောင်းမမိဿံတို့၏ အလယ် တကယ်ရှက်စရာ ကောင်းသော ကာမမှုကြီးပေတည်း။ ထိုမျှလောက် မဖွယ်ရာသောကိစ္စကိုပင် မောဟကလည်းဖုံးလွှမ်း၊ အဟိရိကကလည်း မရှက်တမ်းပင် ဖြစ်နေသောကြောင့် လက်စွမ်းကုန်ယွင်းမှား၍ မကြားကောင်း မနာသာ ဖြစ်ရရှာလေတော့သည်။
အကုသိုလ်မှန်လျှင် ရှက်ဖွယ်။ ။ မကောင်းမှု ဒုစရိုက်မှန်လျှင် ဤ ကာမမှုသာ ပရိသတ် အလယ်၌ ရှက်ဖွယ် မဟုတ်သေး။ အပြင်းအထန် စိတ်ဆိုးသဖြင့် ဟစ်အော် ငေါက်ငန်း ကြမ်းတမ်းစွာ ဆဲဆိုသော ဒေါသ၊ နှလုံးကိုလေပင့်၍ ဘဝင် မြင့်သော အရူးကဲ့သို့ ထောင်လွှား ကြွတက် သူတပါးကို အဖက်မထင် စိတ်ကြီးဝင်သောမာန၊ ငြူစူစောင်းမြောင်း မကောင်းပြစ်တင် ကဲ့ရဲ့ ချင်သော ဣသာမှု စသည်များလည်း စက်ဆုပ် ရွံရှာ ရှက်ဖွယ်ရာ ကောင်းလှပေသည်။ ထို့ကြောင့် ဒုစရိုက် မကောင်းမှုမှန်လျှင် အားလုံးပင် ရှက်ဖွယ်ချည်းဟုမှတ်ပါ။ ဤ အဟိရိကနှင့်အတူဖြစ်သော စိတ်ကိုလည်း “အဟိရိကစိတ်= မရှက်စိတ်”ဟု ခေါ်၍ ဒုစရိုက်အမှုပြုနေသူကိုလည်း “အရှက်မရှိသူ”ဟု ခေါ်ဝေါ်ရလေသည်။
အနောတ္တပ္ပ အကြောင်း
မကြောက်မလန့်ခြင်း သဘောသည် အနောတ္တပ္ပတည်း။ ထို့ကြောင့် “အနောတ္တပ္ပ-မလန့်ဟူ၏”ဟု ဆိုခဲ့ရပေသည်။ အကုသိုလ် ဒုစရိုက်တွေသည် မီးတောက်မီးလျှံ တွေနှင့်တူ၏။ အနောတ္တပ္ပကား ပိုးပရန်နှင့်တူလေသည်။ ချဲ့ဦးအံ့--မီးတောက် မီးလျှံသည် ကြောက်မက်ဖွယ် အလွန်ကောင်း၏။ သို့သော် “ပိုးပရန်”ဟု ခေါ်သော ပိုးကောင်ကလေးကား ထိုမီးလျှံကို ကြောက်၍ ဖွယ်ဟု မထင်ပဲ ရဲရဲကြီးတိုးကြလေသည်။ ထို့အတူ အကုသိုလ် ဒုစရိုက်များသည်လည်း ဘေးဒုက္ခအမျိုးမျိုးကို ဖြစ်စေတတ်သည့်အတွက် ကြောက်မက်ဖွယ် ကောင်းလှ၏။ သို့သော် ထိုဒုက္ခဘေးတွေကို မောဟက ဖုံးကွယ် ထားမှုအတွက် အနောတ္တပ္ပက ကြောက်လန့်ဖွယ်ကို မမြင်တော့ပဲ ရဲရဲကြီး ပြုဝံ့လေသည်။ အကုသိုလ် ဒုစရိုက်များနှင့် စပ်၍ တွေ့ရတတ်သော ဘေးတို့ကား
၁။ အတ္တာနုဝါဒဘေး-သူတပါးက “ငါ့ကို လူကြီး လူကောင်း၊ သူတော်ကောင်း”ဟု အထင်ကြီးကြသော်လည်း ငါ့အကြောင်းကို ငါသာ သိ၏။ ငါသည် သူတို့ ထင်သလို ကောင်းသော သူတော်ကောင်း မဟုတ်ချေ။ “မကောင်းမှု ဒုစရိုက်များကို ခိုးကြောင် ခိုးဝှက် ပြုလုပ်လေ့ရှိသော လူယုတ်မာ တယောက် ဖြစ်သည်”ဟု မိမိကိုယ်ကို မိမိ ပြန်၍ စွပ်စွဲ ကဲ့ရဲ့ခြင်း၊ မိမိကိုယ်တိုင် မကြည်ညိုနိုင်ခြင်း ဘေးတည်း။ [အတ္တ=မိမိကိုယ်ကို+အနုဝါဒ=စွပ်စွဲခြင်း။]
၂။ ပရာနုဝါဒဘေး -“အကုသိုလ် ဒုစရိုက်များကို ပြုနေသော လူယုတ်မာပဲ”ဟု သူတပါးတို့က စွပ်စွဲကဲ့ရဲ့ခြင်း၊ အထင်သေး အမြင်သေး ခံရခြင်းဘေးတည်း။ [ပရ= သူတပါးတိုက+အနုဝါဒ= စွပ်စွဲခြင်း]။
၃။ ဒဏ္ဍဘေး-အကုသိုလ်ကို ပြုလျှင် ယခုဘဝမှာပင် “သူ့ကို သတ်မိ၍ ကိုယ်ကိုလည်း အသတ်ခံရခြင်း၊ သူ့ဥစ္စာခိုးမိ၍ ဥစ္စာရှင်၏ ရိုက်နှက် သတ်ပုတ်ခံရခြင်း၊ သူ့ အိမ်ရာကို ပြစ်မှားမိ၍ အသတ်ခံရခြင်း၊ မှုပြစ် ထင်ရှားသဖြင့် ထောင်ကျရခြင်း” စသော ဒုက္ခဘေးရန် အပြစ်ဒဏ်အမျိုးမျိုး ခံကြရခြင်း ဘေးတည်း။
၄။ ဒုဂ္ဂတိဘေး-အကုသိုလ် ဒုစရိုက်ကို ပြုထားမိသည့်အတွက် သေခါနီးမှ အကြီးအကျယ် နောင်တရ၍ နောက်ဘဝ၌ အပါယ်လေးပါးတည်း ဟူသော မကောင်းသောဂတိသို့ ရောက်ရမည့်ဘေးတည်း။
အကုသိုလ်ကို ပြုထားမိလျှင် လူပါး လူနပ် လူလည်ဖြစ်၍ ရှေ့ဘေးကြီး ၃-ပါးမှ လွတ်အောင် တိမ်းရှောင် နိုင်စေကာမူ နောင် သံသရာအရေး ဒုဂ္ဂတိ ဘေးမှ လွတ်အောင်ကား ရှောင်နိုင်ရန် ခဲယဉ်းလှသောကြောင့် အကုသိုလ် ဒုစရိုက်မှန်က အလွန်ကြောက်ရွံ့ ထိတ်လန့်ဖွယ် ကောင်းလှ၏။ သို့သော် အနောတ္တပ္ပ ဝင်လာသောအခါ နဂိုက ဒုစရိုက်ကို ကြောက်ရွံ့တတ်သော သူတော်ကောင်း များပင် ဤမျှလောက် ကြောက်ဖွယ် ကောင်းသော ဒုစရိုက်မှုကို မကြောက်မရွံ့ ရဲဝံ့စွာ ပြုမိကြလေတော့သည်။
ဟိရိတစဝတ္ထု မှတ်ချက်။ ။ ဤနေရာ၌လည်း အလောင်းတော်ကြီး ဟရိတစရှင်ရသေ့၏ အမှုသွားကိုပင် ထပ်မံ၍ စဉ်းစားသင့်ပေသည်။ ရှင်ရသေ့၏ အမှုဝယ် ကြောက်ရွံ့ဖွယ်များလှ၏။ မိမိကိုယ်ကို မိမိမကြည်ညိုနိုင်သော အတ္တာနုဝါဒဘေးမှာ ပြောဖွယ်ရာ မရှိပြီ၊ “ဘုရင်၏ ဆရာတော် အရှင်ရသေ့က မိဖုရားကို ပြစ်မှားသတဲ့” ဟူသော သတင်းဆိုးကြီးကား ဘုရင် မရှိတုန်းဝယ် တမြို့လုံးနှံနှင့်လေသောကြောင့် သူတပါးတို့၏ အစွပ်စွဲ အကဲ့ရဲ့ ခံရခြင်း ဟူသော ပရာနုဝါဒဘေးလည်း လက်ငင်းဒိဋ္ဌိတွေ့ကြုံလျက် ရှိလေပြီ။
ထို ရှင်ဘုရင်သာ အရှင်အာနန္ဒာအလောင်း ပါရမီဖြည့်ဖက် သူတော်ကောင်း မဟုတ်ပါမူ မိမိကြင်ရာတော်ကို စော်ကားသည့်အတွက် ရသေ့၏ အသက်ကို မြက်တပင်လောက်မျှ ပမာဏပြုမည်မဟုတ်။ ရှင်ဘုရင်က သူတော်ကောင်းဖြစ်၍သာ ဒဏ္ဍဘေးမှ သီသီကလေး လွတ်ခဲ့ရသည်။ ထိုမျှလောက် အသက် ဘေးနှင့် အရေးတကြီး နီးကပ်နေသော ကာမမှုကိုပင် အနောတ္တပ္ပ ဝင်လာ သည့်အတွက် မည်သူ့ကိုမျှ ထီမထင်တော့ပဲ ပြုရဲလေတော့၏။ ဤအနောတ္တပ္ပနှင့် အတူဖြစ်သော စိတ်ကို “အနောတ္တပ္ပစိတ်”ဟု ခေါ်သည်။
ရွာဝက်သည် မစင်ကို မရွံ့သကဲ့သို့၊ အရှက်မရှိသူသည် မကောင်းမှုကို မရွံ့....။
ပိုးပရန်ကောင်သည် မီးလျှံကို မကြောက်သကဲ့သို့၊ ဩတ္တပ္ပ မရှိသူလည်း မကောင်းမှုမှ မကြောက်။ (ဋီကာကျော်)
ဥဒ္ဓစ္စ အကြောင်း
စိတ်၏ ပျံလွင့်ခြင်း၊ မငြိမ်သက်ခြင်း သဘောသည် ဥဒ္ဓစ္စတည်း။ ထို့ကြောင့် “မှတ်ယူပျံ့လျက်-မငြိမ်သက်ထ-ဥဒ္ဓစ္စနှင့်”ဟု ဆိုခဲ့သည်။ “ပျံ့လွင့်” ဆိုသည်ကား ပြာပုံပေါ်၌ ခဲကျသောအခါ ပြာတွေ လွင့်တက်သကဲ့သို့ အာရုံတခုခု အပေါ်၌ ငြိမ်သက်စွာ မတည်နိုင်ပဲ ဟိုအာရုံရောက်လိုက်၊ သည်အာရုံရောက်လိုက် ဖြစ်နေခြင်းတည်း။ ထိုဥဒ္ဓစ္စနှင့် အတူတကွ ဖြစ်သော စိတ်လည်း စိတ်လေ စိတ်လွင့်ဖြစ်၍ ဥဒ္ဓစ္စ အားကြီးနေသောအခါ ကိုယ်ခန္ဓာလည်း မငြိမ်မသက် ဖြစ်နေရကား လူလေလူလွင့် လူ့ ဘော်ကျော့ ဖြစ် တတ်လေသည်။
နန္ဒထေရ် စိတ်မတည်ပုံ။ ။ ဇနပဒကလျာဏီနှင့် လက်ထပ်မင်္ဂလာ ပြုမည့်ဆဲဆဲမှာ နန္ဒမင်းသားကို ဘုရားရှင် ခေါ်လာ၍ ရဟန်းပြုပေးလေရာ ရဟန်း တရား၌ ငြိမ်သက်စွာ မတည်နိုင်ပဲ စိတ်လွင့်ပါး၍ ဇနပဒ ကလျာဏီ အထံသို့ မကြာခဏ စိတ်ရောက်သွားလေသည်။ ဤဝတ္ထု၌ ရဟန်း တရားဝယ် ငြိမ်သက်စွာ မတည်ခြင်းမှာ ဥဒ္ဓစ္စ သဘောပင်တည်း။
ဥဒ္ဓစ္စ သတ္တိ ညံ့ပုံ။ ။ ဤ ဥဒ္ဓစ္စသည် သူ့ပင်ကိုယ် သဘောအားဖြင့် မည်သည့် အာရုံ၌မျှ တည်တည်တံ တံ မရှိ။ ဟိုအာရုံရောက်လိုက်၊ သည်အာရုံရောက်လိုက်နှင့် ပျံ့လွင့်နေရကား မကောင်းတရား အကုသိုလ် တရားဟု ဆိုရစေကာမူ မည်သည့် ဒုစရိုက်ကိုမျှ ထိထိမိမိ မပြုသောကြောင့် လောဘ ဒေါသ စသည်တို့ကဲ့သို့ အပါယ် ချနိုင်လောက်အောင် သတ္တိ မကြီးမချေ။
လောဘ အကြောင်း
လိုချင်မှု သဘောသည် လောဘတည်း။ ထို့ကြောင့် “လောက သဘောလိုချင်ဟော၍”ဟု ဆိုခဲ့သည်။ “လိုချင်” ဆိုသော်လည်း ကာမဂုဏ်ဆိုင်ရာ လိုချင်မှုမျိုးကိုသာ လောဘ ဖြစ်သည်။ နိဗ္ဗာန်ကိုလိုချင်မှု၊ တရားကို လိုချင်မှု၊ စာပေ တတ်ချင်မှု၊ ဆင်းရဲသူများကို ပေးကမ်းလို၍ ပစ္စည်း ဥစ္စာကို လိုချင့်မှု စသော ကောင်းသော အရာ၌ လိုချင်မှုမျိုးကား လောဘ မဟုတ်၊ နောက်၌ ပြမည့် ဆန္ဒသဘောသာ ဖြစ်ပေသည်။
လောဘ၏ အခြားနာမည်များ။ ။ဤလောဘကို “ပေမ”ဟု လည်းကောင်း၊ “တဏှာ”ဟု အခြား နာမည်များလည်းကောင်း၊ “ရာဂ” ဟုလည်းကောင်း၊ သမုဒယ ဟုလည်းကောင်း အမျိုးမျိုး နာမည်တပ်၍ ပြောဆိုသုံး နှုန်းကြ၏။ ပေမ ဟူသော အမည်ကို သားသမီး မောင်နှမ ညီအစ်ကို သမီး ခင်ပွန်း စသော အိမ်သူ အိပ်သားချင်း ဆွေမျိုးသားချင်း ချစ်ခင်မှုနှင့် ဆွေလို မျိုးလိုချစ်ခင်မှုတို့၌ သုံးနှုန်းကြရသည်။ ပေမ-ဟူသော စကား၌ “ချစ်ခင်ခြင်း”ဟု အဓိပ္ပါယ်ရ၏။ ဤ ချစ်ခြင်းမျိုးကိုပင် “သံယောဇဉ်” ဟုလည်း တမျိုး ခေါ်ကြသေး၏။ သံယောဇဉ် ဟူသော စကား၌ “ကြိုး”ဟု အဓိပ္ပါယ်ရသည်။ ကြိုးဖြင့် ချည်နှောင်ထားသကဲ့သို့ တယောက်နှင့် တယောက်ကို မခွဲနိုင် မခွါရက်အောင် ချည်နှောင်ခြင်း-ဟု ဆိုလိုသည်။
အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ ဤငါးပါးကို လူအများတို့ လိုလားအပ်သောကြောင့် “ကာမဂုဏ်ငါးပါး”ဟု ခေါ်၏။ ကာမ-လိုလားအပ်သော+ဂုဏ-အနှောင်အဖွဲ့။] ထမင်းဆာ-ရေငတ်သကဲ့သို့ ထိုကာမဂုဏ် အာရုံများကို သာမန် လိုချင်ရုံမကပဲ ကပ်ကပ်သတ်သတ်ငတ်ခြင်းကို “တဏှာ”ဟု သုံးစွဲရုံမက၊ မိန်းမ ယောက်ျား တဦးဦး၌ မရမက တွယ်ကပ်နေသူကို “တဏှာရူး” ဟုလည်း ခေါ်ကြလေသည်။ တဏှာ ဟူသော စကား၌ “တပ်မက်ခြင်း၊ ငတ်ခြင်း”ဟု အဓိပ္ပါယ်ရ၏။ ထိုကာမဂုဏ်အာရုံ ငါးပါးတို့တွင် အတွေ့အာရုံ (မေထုန်မှု)ကို အလွန်လိုလားရာ၌ “ရာဂ”ဟု သုံးစွဲကြပြန်သည်။ ရာဂ ဟူသော စကား၌ “ငြိကပ်ခြင်း-စွဲလမ်းခြင်း”ဟု အဓိပ္ပါယ် ရပြန်သည်။ (ရာဂ-အဝတ်ကို ဆိုးရည်ဖြင့် ဆိုးသောအခါ စွဲကပ်နေသကဲ့သို့ တယောက်အပေါ်၌ စွဲနေသော လောဘ)၊ ဤကား စာသုံးမဟုတ်၊ လောက အသုံးကို လိုက်၍ ခွဲခြင်းတည်း။
သစ္စာလေးပါး ခွဲခြားခန်း၌ကား ဤလောဘကို “သမုဒယ”ဟု သုံးနှုန်း ပြန်သည်။ သမုဒယ ဟူသော စကား၌ “ဒုက္ခဖြစ်ကြောင်းဒုက္ခလောင်း”ဟု အဓိပ္ပါယ် ရပြန်၏။ ပြခဲ့သော ပေမ-တဏှာ-ရာဂဟု ခေါ်ဆိုရသည့် လောဘ မကင်းနိုင်သောကြောင့်သာ သံသရာ၌ ဆင်းရဲဒုက္ခနှင့် ယှဉ်တွဲ၍ တဝဲလည်လည် နေကြရသည်။ ယခုအခါ သူသူ ငါငါ တွေ့နေကျဖြစ်သော ဒုက္ခကြီးငယ် အသွယ်သွယ်သည် ဤ တဏှာလောဘ သမုဒယကြောင့်သာ ဖြစ်ရကား “လောဘကြီးလျှင် ဒုက္ခကြီး၏၊ လောဘ ငယ်လျှင် ဒုက္ခငယ်၏၊ လောဘ မရှိလျှင် ဒုက္ခ မရှိတော့ပြီ”ဟု ဆိုလိုသည်။ ဤ လောဘနှင့် အတူ ဖြစ်ရသော စိတ်ကို “လောဘစိတ်၊ တဏှာစိတ်၊ ရာဂစိတ်၊ သံယောဇဉ်စိတ်”ဟု ခေါ်၍ လူကိုလည်း “လောဘကြီးသူ၊ တဏှာကြီးသူ၊ ရာဂကြီးသူ၊ သံယောဇဉ်အားကြီးသူ”ဟု ခေါ်ဝေါ်ရလေသည်။
တဏှာလောဘ နောက်မဆုတ်ပုံ။ ။ဤ တဏှာပေမ သမုဒယ သံယောဇဉ်ဟု ခေါ်ရသော လောဘသည် တရားဖြင့် မထိန်းနိုင်ပဲ သူ့ အလိုဆန္ဒ အတိုင်းသာ ဦးစားပေးလိုက်ပါမူ မည်သည့်အခါ နောက်ဆုတ်မည်မဟုတ်။ နွားကလေး၏ပေါက်ခါစ ဦးချို့သည် ကြီးလေ-ရှည်လေ ဖြစ်သကဲ့သို့ ပဋိသန္ဓေကပင် မျိုးစေ့ ပါလာခဲ့သော ဤ တဏှာလောဘသည်လည်း အရွယ်ကြီးလေ လောဘကြီးလေပင် ဖြစ်၏။ ထိုကဲ့သို့ လောဘကို မတားဆီးနိုင်သူ ဇရာအိုကြီးတို့အတွက် “မောင်ကြီးလျှင်ငိုက်၊ လူကြီးလျှင်မိုက်”ဟု ပြောစမှတ်ပြုကြသည်။
ဆားငန်ရေသောက်။ ။ ဖွားမြင်သည်ကစ၍ မိဘချစ်ရ-ဆွေမျိုးဉာတိချစ်နှင့် ချစ်လက်စ တီထွင်တာ အတော်ကြာလျှင် ကစားဖော်ချင်း ချစ်ရ-မိတ်ဆွေချင်းချစ်ရ စသည်ဖြင့် ဝမ်းတွင်းပါ ဓမ္မတာ တရားက အချစ်ကို လမ်းပြနေသောကြောင့် ရေငတ်ငတ်ရှိ၍ ဆားငန်ရေကို သောက်လိုက်ရာ၊ သောက်ပြီးခါမှ သာ၍ငတ်၊ ငတ်သည့်အတွက် ထပ်၍သောက်၊ သောက်လေငတ်လေ ဖြစ်သကဲ့သို့ ကာမဂုဏ် အာရုံ တွေကို ငတ်ငတ်ရှိ၍ လိုက်စားမှ သာ၍ငတ်ပြီးလျှင် အပြစ်မမြင်နိုင်ပဲ ချစ်ပင်လယ်ထဲ၌ ဝဲလှည့်၍ နေကြရတော့သည်။
“အချစ် အချစ်၊ ချစ်တိုင်း ချစ်၍၊ ချစ်လေ ချစ်လေ၊ ချစ်မပြေတည်း။ ဆားငန်ရေနောက်၊ ငတ်တိုင်း သောက်က၊ သောက်လေ သောက်လေ။ ငတ်မပြေဘို့၊ ပေမ အရာ၊ တဏှာဖွဲ့ရစ်၊ ထိုအချစ်လည်း၊ အပြစ် မမြင်၊ မဆင်ခြင်ပဲ၊ ချစ်လျှင် ပျော်နိုး ချစ်စပျိုးသည်၊ ချစ်ရိုးချစ်စဉ်၊ ချစ်လမ်းတည်း။” ရှေးပညာရှိ ပျို့။
လောဘသက်သက် အပါယ်ချပုံ။ ။ လောဘသည် ကုသိုလ် အထောက် အပံ့ မရပဲ သူ့ချည်း သက်သက် စဉ်းစားလျှင် သေးငယ်သော လောဘပင် အပယ်ချနိုင်၏။ ဥပမာ-ကျောက်ခဲမှန်လျှင် အငယ်ဆုံး ကျောက်မှုန့်ကလေးပင် ရေထည်းမှာ နစ်ရသကဲ့သို့တည်း။ ထို့ကြောင့် စုတေခါနီး၌ သမီးခင်ပွန်းအပေါ် စွဲလမ်းမှု၊ သမီးသားနှင့် စီးပွားဥစ္စာ တစုံတရာကို စွဲလမ်းမှုကြောင့် ပြိတ္တာဖြစ်ရသူတွေ များလေသည်။ ငါတို့ဘုရားလက်ထက်၌ ရဟန်းတော်တပါးကား သင်္ကန်းသစ်ကလေးကို စွဲလမ်းသွားသည့်အတွက် သင်္ကန်းမှာ လာ၍ သန်း ဖြစ်ရလေသည်။ ၇-ရက်လည်မှ သန်းဘဝက ကျွတ်လွတ်သတဲ့။
ကုသိုလ်ကောင်းမှု အကူအညီ အပါယ်မချပုံ။ ။ တယောက်နှင့် တယောက် ချစ်ခင်မှု ခေါ် တဏှာပေမ ဖြစ်နေကြသော်လည်း ကုသိုလ်ကောင်းမှု အကူအညီရလျှင် အပါယ်သို့ မချနိုင်ချေ။ ဥပမာ-ကျောက်ခဲသည် သူ့ချည်းသက်သက် ဆိုလျှင် ရေ၌နစ်သော်လည်း လှေ အကူအညီရလျှင် ရေမနစ်ပဲ လှေ၏အလိုကျ လှေပေါ်မှာ ပါရသကဲ့သို့တည်း။ ထို့ကြောင့် ဇာတ်ဝတ္ထုတို့၌ တဏှာပေမ မကင်းသူချင်း ရင်းနှီးစွာ အကျိုးပေးလျက် ပါရမီဖြည့်ဖက်များ ဖြစ်ကြလေသည်။
စဉ်းစားဖွယ်။ ။ သမီးခင်ပွန်းတို့ စိတ်တူ သဘောတူ ဖြစ်ကြသောအခါ တယောက်ကို တယောက် မခွဲခွါလိုကြ။ သံသရာဝယ် ပါရမီ အတူဖြည့်ကာ နိဗ္ဗာန်ကို ရလိုကြ၏။ အလောင်းတော် သုမေဓာဘဝ၌ ယသော်ဓရာအလောင်း “သုမိတ္တာ” မည်သော အမျိုးကောင်းသမီးကလေးသည် ဘုရားအလောင်းနှင့် မကွဲမကွာ ဖြစ်ရလိုကြောင်း ဆုတောင်းခဲ့၏။ အရှင်မဟာကဿပနှင့် မယ်ဘဒ္ဒါ အလောင်းလည်း ကမ္ဘာပေါင်းများစွာဝယ် ပါရမီကို အတူ ဖြည့်ခဲ့ကြသည်။ ဤသို့ ဖြစ်ခဲ့ရာဝယ် “နောက်၌ ပြမည့် ဆန္ဒ သဘောလား၊ တဏှာပေမ လောဘ သဘောလား”ဟု စဉ်းစားထိုက် ပေသည်။
ဆုံးဖြတ်ချက်။ ။ ပြခဲ့သော ဇာတ်လမ်းတွင် ပါဝင်သောအရှင်တိုကား စင်စစ်သူတော်ကောင်းများ ဖြစ်ကြသည်။ သူတော်ကောင်းနှင့် အဆင့်ဆင့် ပေါင်းလိုခြင်းမှာ တမင်္ဂလာ ဆုတောင်းရသော ကုသိုလ်ဆန္ဒ ကောင်းပေတည်း။ ထိုအရှင်တို့သည် ပါရမီကို ကြိုးစားနေသော သီလရှိသူများလည်း ဖြစ်ကြသည်။ ကျန်းဂန်တို့၌ “သီလရှိသူမှာ တောင့်တတိုင်း ပြည့်စုံနိုင်သည်။ ဆန္ဒရှိလျှင် ဘယ်အရာမဆို ပြီးစီးနိုင်သည်”ဟု အဆိုရှိ၏။ ထို့ကြောင့် ထိုအရှင်တို့၌ တယောက်နှင့်တယောက် မကွဲအောင် တွယ်တာသော တဏှာ ပေမ ရှိကြမည် ဖြစ်သော်လည်း ကြီးမားသော ကုသိုလ်ဆန္ဒကြောင့် အလောင်း အလျာကို အလိုကျအောင် ပြုသမျှ ကုသိုလ်ကံတွေက တွဲဖက်၍ စီမံသဖြင့် ဥမကွဲသိုက်မကွာ ပါရမီဖြည့်ဖက်များ ဖြစ်ကြရပေသည်။
ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ=ရဟန်း များတို...သီလရှိသူမှာ (သူ၏တောင့်တမှုက စင်ကြယ်သည့်အတွက်) စိတ်တောင့်တတိုင်း ပြည့်စုံနိုင်သည်။[ပါဠိတော်။]
နကုလပိတာနှင့် နကုလမာတာ
ဘုရားလက်ထက်တော်အခါဝယ် “နကုလပိတာ”ဟု ထင်ရှားသော သူကြွယ်နှင့် “နကုလမာတာ” ခေါ် သူကြွယ်ကတော်တို့သည် ရှေးရှေးဘဝ များစွာကပင် မကွဲမကွာ ဖြစ်လာကြ၍ ယခုဘဝ၌ ဘုရားရှင်ကို ပထမဆုံး ဖူးမြင်ရသည့် အချိန်ကပင် သောတာပန် ဖြစ်ခဲ့ကြလေသည်။ ထိုဇနီးမောင်နှံ ၂-ဦးလုံးပင် ဘဝပေါင်းများစွာက ဘုရားအလောင်း၏ မိဘ အဖြစ်-ဦးကြီး မိကြီး အဖြစ်-ဦးလေး ဒေါ်လေး အဖြစ်ဖြင့် အတူနေခဲ့ကြရသောကြောင့် ဘုရားရှင်ကို သားအသွင် ချစ်ခင်ကာလွန်စွာအကျမ်းဝင်ကြရကား လျှောက်လိုရာကို ခြွင်းချက်မရှိ လျှောက်လေ့ ရှိကြသည်။ ထို့ကြောင့် အခါတပါး၌ သူကြွယ်က လျှောက်သည်မှာ..
“တပည့်တော်သည် နကုလမာတာကို ငယ်ရွယ်စဉ်ကပင် သိမ်းပိုက်ခဲ့ပါသည်။ သူ့ကို သိမ်းပိုက်ခဲ့သောအခါမှစ၍ အခြား တယောက်ကို ကိုယ်ထိလက်ရောက် မဆိုထားဘိ စိတ်နှင့် မပြစ်မှားမိပါ။ နကုလမာတာကို ယခုဘဝမှာလည်း အမြဲကြည့်နေချင်၊ သံသရာမှာလည်း အမြဲမြင်လိုပါသည်။”
ထိုစကားကို နကုလမာတာ ကြားလျှင် အားကျမခံ သူ့စိတ်ရင်းအတိုင်း လျှောက်ပြန်သည်မှာ...
“တပည့်တော်မသည် ငယ်ရွယ်စဉ်ကပင် နကုလပိတာ၏ အိမ်သို့လိုက်ခဲ့ရပါသည်။ ထိုအခါမှစ၍ အခြားသူကို စိတ်မျှ မကူးမိပါ။ နကုလပိတာကို ယခုဘဝမှာလည်း အမြဲကြည့်နေချင်၊ သံသရာမှာလည်း အမြဲ တွေ့မြင်လိုပါသည်။”
ထိုသမီးခင်ပွန်း ၂-ဦးတို့၏ စကားကို ဘုရားရှင်က ပြန်၍ မိန့်တော်မူသည်မှာ--
“ယခုဘဝ၌ စိတ်တူ သဘောတူ ကြည်ဖြူကြသော သမီးခင်ပွန်းတို့သည် နောက်နောက် ဘဝ၌ မကွဲမကွာ ဖြစ်လို့ကြလျှင် တယောက်နှင့် တယောက် သဒ္ဓါ-သီလ-စာဂ-ပညာတို့ အရာရာ တူစေကြရမည်။
အိမ့်ရှင်က သဒ္ဓါတရား ကောင်းသကဲ့သို့ အိမ်သူကလည်း သဒ္ဓါတရားကောင်း ရမည်။ အိမ်ရှင်က သီလ စင်ကြယ်သကဲ့သို့ အိမ်သူကလည်း သီလစင်ကြယ်စေ ရမည်။ တယောက်ယောက်က စွန့်ကြဲ ပေးကမ်း လှူဒါန်းလိုလျှင် မတားမြစ် “မယ်က လှူမူ မောင်ကြည်ဖြူ-မောင်က လှူဒါန်း မယ်ရွှင်လန်း” ဖြစ်စေရမည်။ အသိ အလိမ္မာ ဉာဏ်ပညာ ချင်းလည်း အရာရာ တူစေရမည်-ဟု ဟောတော်မူလိုရင်း ဖြစ်၏။ ဤ အဓိပ္ပါယ်ကို ရည်ရွယ်၍ ပဉ္စဝုဓပျို့၌--
“လူ့ ရပ်ခွင်၊ အိမ့်ရှင် အိမ်သူ၊ မြတ်ရည်တူလျက်၊ ဆုယူ ညီမျှ၊ လှူဒါနနှင့်၊ သီလမယိုင်၊ သဒ္ဓါပြိုင်မှု၊ ဘုန်းလှိုင် ကျော်ကြား၊ မိုးနတ်သားနှင့်၊ ဆွေဝါးအနီး၊ နတ်သမီးသို့၊ ကောင်းချီးအံ့ရာ၊ စုမိရှာလျက်၊ သံသာနောင်လည်း၊ ချစ်စည်းမပြေ၊ ရှည်ကြာလေ၏” ဟူသတည်း။
ဤဝတ္ထု၌ သောတာပန် ဖြစ်ပြီးသော ဇနီးမောင်နှံတို့ အပြန်အလှန် ချစ်ခင်ကြပုံကို ပထမ စဉ်းစားသင့်၏။ ထိုကဲ့သို့ လုံလုံ လောက်လောက် ချစ်ခင် ကြသည့်အတွက် မိမိတို့အချင်းချင်းမှ လွဲ၍ အခြား သူနှင့် ဖေါက်ပြားဖို့ရန် စိတ်မျှမကြံမိကြ၊ ထိုမျှလောက် စိတ်ထား စင်ကြယ် ကြသဖြင့်လည်း ပိုမို၍ မြတ်နိုးကာ တသံသရာလုံး မခွဲမခွါလိုပဲ အမြဲ တွေ့မြင် လိုကြပေသည်။ ဤကဲ့သို့ တွေ့မြင်လိုကြရာ၌ လောဘ အရင်းခံသော ဆန္ဒပင် ဖြစ်လင့်ကစား ထိုသူတော်စင်တို့၏ တဏှာပေမ လောဘသည် သူတို့ချင်း မကွဲမကွာအောင် ချည်နှောင်ပြီးလျှင် ပြုပြုသမျှ ကုသိုလ် အပေါင်းက ကောင်း မြတ်ရာသို့ ပို့ဆောင်ပေလိမ့်သတည်း။
မာယာ အကြောင်း
တဏှာလောဘကိုပင် တချို့ အရာ၌ “မာယာ”ဟု ခေါ်ရ၏။ ထို့ကြောင့် ဤနေရာဝယ် မာယာ အကြောင်းကိုလည်း ထည့်သွင်း ဖွင့်ပြဦးမည်။ မာယာသည် မျက်လှည့်သည်နှင့် တူ၏။ မျက်လှည့် သမားသည် ကျောက်ခဲကို ကောက်၍ ရွှေတုံး ထင်အောင် လှည့်စားနိုင် သကဲ့သို့၊ ဤ မာယာလည်း လူတဘက်သား အထင်မှားအောင် မိမိမှာရှိသော အပြစ်ကို ဖုံးကွယ်တတ်လေသည်။ “မိမိမှာ အပြစ်ရှိလျက် မရှိသလို ဟန်ဆောင်တတ်သည်”ဟု ဆိုလိုသည်။
မိန်းမာယာ။ ။ ရှေးသရောအခါ တက္ကသိုလ် ဆရာကြီးမှာ တပည့် တယောက် ရှိလေသည်။ ထိုတပည့်၏ မိန်းမသည် အခြားယောက်ျားနှင့် ဖေါက်ပြား ရှိ၏။ ထိုဖေါက်ပြားသောနေ့၌ မိမိ၏ခင်ပွန်းကို ခါတိုင်းထက် ပို၍ ယုယ၏။ မဖေါက်ပြားသော နေ့၌ကား ကျွန်ကဲ့သို့ သဘောထား၍ စော်စော်ကားကား ပြုလုပ်လေ့ ရှိ၏။ ထိုကဲ့သို့ ထူးခြားသော အမူအရာကို နားမလည်၍ စိတ်ရှုပ်လာသော တပည့်က မိမိ ဆရာကြီးကို အကြောင်းစုံ ပြောပြလေရာ ဆရာကြီးက မိန်းမတို့ ပြုမူတတ်ပုံ သဘောကို အမှန်အတိုင်း ပြောပြလေသည်။
မှတ်ချက်။ ။ ဤ ဝတ္ထုလာ မိန်းမသည် အခြား ယောက်ျားနှင့် ဖောက်ပြားသော နေ့ဝယ် မိမိအပြစ်ကို ကွယ်ကာလိုသောကြောင့် ခင်ပွန်းအပေါ်မှာ များစွာ ကြင်နာဟန်ဆောင်လေသည်။ ထိုကြင်နာဟန်ဆောင်မှုသည် ဤ မာယာ ပင်တည်း။ ဤ မာယာကို တချို့ အရာ၌ “တင်္ခဏုပ္ပတ္တိဉာဏ်” (ရုတ်တရက် အကြံကောင်းသောဉာဏ်) ဟုလည်း ခေါ်ရပြန်သည်၊ တင်္ခဏ = ထိုတခဏ၌ +ဥပ္ပတ္တိ= ဖြစ်ပေါ်လာသော ဉာဏ်၊ “ဉာဏ်” ဆိုသော်လည်း ဉာဏ်အစစ် မဟုတ်၊ ဉာဏ်အတုသာ ဖြစ်သည်။ ဉာဏ်အစစ်ကား ကောင်းသော အရာ၌သာ ဖြစ်သည်။]
ရုတ်တရက် ဉာဏ်ကောင်းသူ။ ။ အိမ်ရှင်မ တယောက်သည် အစေခံ ယောက်ျားကလေးနှင့် ဖေါက်ပြားလေ့ရှိ၏။ အခါတပါးသော် ထိုယောက်ျား ကလေးအား နမ်းနေသည်ကို အိမ့်ရှင် ယောက်ျားမြင်သွားလေသည်။ ထိုသို့ မြင်သွားကြောင်းကိုလည်း အိမ်ရှင်မ ကိုယ်တိုင် သိလိုက် ရကား မိမိ၏ ခင်ပွန်းထံသို့ သွားပြီးလျှင်
“အရှင်...ဒီကောင်ကလေးဟာ မရိုးသားဘူး၊ ယနေ့ ရှင့်ဖို့ ထားသော မုန့်ကို စားပြီး၊ ကျွန်မက မေးတော့ မယူဘူးလို့ လိမ်တယ်။ ယခု သူ့ပါးစပ် နမ်းကြည့်တော့ ပါးစပ်က မုန့်စော်နံတယ်။ မရိုးသား သူကို အိမ်မှာထားလို့ မတော်ဘူး ထင်တယ်”ဟု ပြောလေသည်။
မှတ်ချက်။ ။ ဤ ဝတ္ထု၌ အစေခံကို သူက နမ်းမှုသည် လွန်စွာ ဆိုးရွားသော အပြစ်ကြီး ဖြစ်ပါလျက် ထိုအပြစ် မပေါ်အောင် လှည့်ပတ် တတ်သော ရုတ်တရက် အကြံမှာ မာယာပင် ဖြစ်သည်။ ဤ မာယာသည် မိန်းမမှာသာ ရှိသည် မဟုတ်၊ ယောကျ်ားများ၌လည်း ရှိသည်ပင်။
ရသေ့မာယာ။ ။ ရှေးသရောအခါ ရွာတရွာ၌ ဒါယကာ တယောက် ကိုးကွယ် ထားသော ရသေ့တဦး ရှိလေသည်။ ခိုးသူဘေးကြောင့် ရွှေစင်နိုက္ခတရာကို ရသေ့ကမ္မဋ္ဌာန်းကျောင်း အနီးအပါး၌ မြှုပ်ထားပြီးလျှင် “အရှင်ဘုရား....သတိပြုလိုက်ပါ”ဟု မှာထားသောအခါ “ဟဲ့-ဒါယကာ... ရသေ့ ရဟန်းကို ယခုလို ကြည့်ရှုရစ်ဖိုရန့် မမှာကောင်းဘူး”ဟု မိန့်လိုက်လေသတဲ့။
ထို့နောက် ရသေ့ အကြံ ဖြစ်သည်မှာ “ရွှေစင်နိက္ခတရာ ဆိုလျှင် လူ့ဘောင်မှာ ချောင်ချောင်လည်လည် ရှိပြီ” ဤသို့ ကြံပြီးလျှင် ထိုရွှေများကို မိမိသွားမည့် လမ်းအနီး၌ ရွှေ့ပြောင်းမြှုပ်ထား၍ နက်ဖြန်ဆွမ်းစား အပြီးတွင် “ဒကာတို့ကို မှီ၍နေခဲ့သည်မှာ အတော်ကြာပြီ။ ကြာလွန်းတော့ သံယောဇဉ် ဖြစ်တတ်သည်။ သို့ဖြစ်၍ တခြားအရပ်သို့ သွားဦးမည်”ဟု ပြောလေရာ ဒါယကာက အခါခါ တားသော်လည်း မရသောကြောင့် ရွာတံခါးထိအောင်ပင် လိုက်၍ ပို့ရှာသေးသည်။
ထို့နောက် တော်တော်သွားပြီးကာမှ တဖန် ပြန်လာပြီးလျှင် “ဒါယကာ သင်တို့ အိမ်အမိုးက သက်ငယ်မြက် တမျှင် ငါ၏ ဆံကျစ်၌ ငြိပါလာသည်။ ရသေ့ ရဟန်း ဆိုတာ မပေး မလှူ အပ်သောအရာကို မြက်တပင် မယူကောင်း”ဟု ပြောပြလေသော် ရိုးရှာသော ဒါယကာက “သိပ်ပြီး သီလရှိ တာပဲ”ဟု လေးလေးပင်ပင် ကြည်ညိုသွားလေသည်။
သို့ရာတွင် ထိုအခိုက်၌ ထိုဒါယကာ၏အိမ်မှာ အတော်ပါးနပ်သော ဧည့်သည် ရောက်ရှိနေသဖြင့် ထိုဧည့်သည်က “မိတ်ဆွေရဲ့ ဆရာ့အထံမှာ ဘာများ အပ်နှံထားပါသလဲ။ အပ်ထားလျှင် သွားကြည့်စမ်းပါ”ဟု သတိပေးမှ သွား၍ ကြည့်လေရာ ရွှေများ မရှိတော့၍ ဧည့်သည်နှင့်အတူ ရသေ့ နောက်သို့ အမြန်လိုက်ခါ ရွှေများနှင့်တကွ ရသေ့ကို ဖမ်းမိကြလေသည်။
မှတ်ချက်။ ။ ဤဝတ္ထု၌ ရသေ့၏ မိမိရွှေခိုးမှုပေါ်မည်စိုး၍ သက်ငယ် မြက်တပင်ကို ပြန်၍ ပေးခြင်းသည် ဤမာယာပင် ဖြစ်၏။ ဤသို့လျှင် ပရိယာယ် မာယာသည် ရသေ့ ရဟန်း အချို့ တိုင်အောင် ပျံ့နှံ့လျက် ရှိရကား ယခုလို “အပလီဉာဏ် အလိမ်ဉာဏ်” “မာယာ ပေါသော ကာလ၌ လုံးဝ ပုံ၍ ယုံကြည်ထိုက်သူ နည်းပါးသောကြောင့် ရိုးသားဖြောင့်မတ်သူနှင့် ပေါင်းသင်းဆက်ဆံမိဖို့အရေးမှာ ရှေးကံကောင်းမှသာ ဖြစ်နိုင်ပေလိမ့်မည်။
မာယာ ပေါများပုံ။ ။မိမိအပြစ်ကို ဖုံးလွှမ်းရာ၌ ပြခဲ့သော ဝတ္ထုများအပြင် မိမိမှာ အပြစ်ကင်းဟန် ခက်ထန်ထန်ဖြင့် ဆောင့်ကြီးကြီး လုပ်၍ "ဖုံးကွယ်ခြင်း၊ အပြစ်တင်မည့်သူ ကြောက်လောက်အောင် ချောက်၍ ဖုံးကွယ်ခြင်း၊ မြှောက်၍ ဖုံးကွယ်ခြင်း စသည်ဖြင့် မာယာ၏အပြစ် ကွယ်ကာနည်းတွေ အမျိုးမျိုး ရှိလေသည်။
လူအများနေသော ကျောင်းတိုက်၊ အိမ် စသည်များ၌ ထိုကဲ့သို့ မာယာ သမားမျိုးကို အများအပြား တွေ့ရတတ်၏။ ဉာဉ့်အခါ၌ မစွန့်ထိုက်သော နေရာဝယ် အညစ်အကြေး စွန့်ထားမိလျှင် စွန့်ထားသူက သူမဟုတ် သလိုဟန်ဆောင်တတ်၏။ ပရိသတ်အလယ် ကိုယ်တွင်းမှ မကောင်းနံ့ လည်သွားလျှင်လည်း ယုန်ထင် ကြောင်ထင် ဖြစ်အောင် သားရေသံနှင့် ရောစပ်တတ်ရုံ မက (လေလည်သံကို သားရေအခင်း၏ အသံ ထင်အောင် ပြုတတ်ရုံမက) သူတပါးအပေါ် အထင်ရောက်အောင်လည်း ကြံဆောင် လှည့်ပတ်တတ်၏။
ဤသို့ စသည်ဖြင့် မာယာသဘောတွေ အလွန် ပေါများနေရကား ရှေးလူကြီးတို့က---“ပရိယာယ် တထောင်၊ မာယာကောင် တသိန်း၊ အပလိန်း အနန္တ၊ သဲကိုးဖြာ မလောက်လို့၊ ရှားကိုးပင်က ရှားရွက်တွေကိုပင် ရောနှောက်၍ ရေတွက်ရသည်”ဟု ပြောစမှတ်ပြုခဲ့ကြလေသည်။ [ထိုစကား၌ “ပရိယာယ်၊ အပလိန်း၊ (အပလီ)” ဟူသည်လည်း ဤ မာယာပင်တည်း။]
သာဌေယျ အကြောင်း
မာယာနှင့်စပ်၍ သာဌေယျ အကြောင်းကိုလည်း မှတ်သားထိုက်၏။ အခြား သူတို့ အထင်ကြီးအောင် မိမိမှာမရှိသော ဂုဏ်ကို ရှိဟန်ဆောင်တတ်သော လောဘတမျိုးကိုပင်။ “သာဌေယျ”ဟု ခေါ်သည်။ မာယာသည်ရှိသော အပြစ်ကို ဖုံးကွယ်၍ မိမိမှာ အပြစ်ကင်းဟန်ဆောင်၏။ သာဌေယျကား မိမိမှာ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်သည်။ ထို၂-မျိုးလုံးပင် အလိမ်ဉာဏ်၊ အပလီဉာဏ်၊ အကောက်ဉာဏ် မျိုးချည်းတည်း။
ဘုန်းကြီးများ သာဌေယျ။ ။ သီလမရှိပဲ သီလရှိဟန်၊ အကျင့် မကောင်းပဲ အကျကောင်းဟန်၊ စာပေ မတတ်ပဲ စာပေ တတ်ဟန်ဆောင်ခြင်းသည် “သားဌေယျ ပင်တည်း။ ပါးနပ်သော ဒကာများနှင့် မတွေ့သမျှ ထိုဟန်ဆောင်မှု သာဌေယျသည် ထိုပုဂ္ဂိုလ်မှာ အကျိုးရလျက် ရှိ၏။ ပါးနပ် သူတို့နှင့် တွေ့စေကာမူ ထိုသူတို့က “ငါတို့ အနေသာချည်းပဲ၊ သူ့ဘာသာသူ ညာချင် ညာပေစေ”ဟု သဘောထားသောကြောင့် လည်းကောင်း၊ ရင်းနှီး၍ ပါးနပ်သူတို့ကမူ မိမိဆရာ၏ အရည်အချင်း မရှိကြောင်းကို အခြားသူတို့ သိမည် စိုးသောကြောင့် လည်းကောင်း၊ ထိုသူ၏ ဟန်ဆောင်မှု သာယျသည် ယခုဘဝအတွက် အကျိုးရလျက်ပင်။
လူများ သာဌေယျ။ ။ သီလ မရှိပဲ သီလ ရှိဟန်၊ သမာဓိ မရှိပဲ သမာဓိ ရှိဟန်၊ စွမ်းရည် သတ္တိ မရှိပဲ စွမ်းရည်သတ္တိ ရှိဟန်၊ ပညာ မရှိပဲ ဘီအေ၊ အမ်အေ အောင်ဟန်၊ ဥစ္စာ မရှိပဲ ဥစ္စာ ရှိဟန် စသည်ဖြင့် လူတို့၏ ဟိတ်ဟန်ထုတ်မှု သာဌေယျလည်း များလှပေသည်။
မာယာသာဌေယျတို့ ဆိုးရွားပုံ။ ။ ဤ မာယာ သာယျတို့သည် ဖြစ်ရိုး ဖြစ်စဉ်လိုချင်မှု လောဘထက်ပင် လောက၌ ဆိုးရွာ၏။ ထင်ရှားစေအံ့- ဘုန်းကြီးများမှာ သီလ သမာဓိ ပညာမရှိပဲ ရှိဟန်ဆောင် နေသည့်အတွက် သီလ သမာဓိ ပညာ အမှန်ရှိသော ပုဂ္ဂိုလ်များကို မိမိနှင့် တန်းတူထား၍ ဝါကြွား ပြောဆိုရတော့မည်။ ထိုသို့ ပြောဆိုမိသည့်အတွက် ဘဝသံသရာ၌ ကိုယ်ကျိုးနစ်နာခဲ့လေပြီ။ ထိုဘုန်းကြီး မျိုးကို ကိုးကွယ် ထားသော ဒကာ ဒကာမတို့မှာလည်း အသိ အလိမ္မာ တိုးပွားဖို့ မရှိသည့်အပြင် လှူဒါန်းရာ၌လည်း ပစ္စည်း ကုန်သလောက် အကျိုးမများ တော့ချေ။ လူတို့တွင်လည်း သီလ သမာဓိ မရှိပဲ ရှိဟန်ဆောင်နေကြသော ကြောင်သူတော်များကြောင့် အမျိုးသမီးကလေးတွေ ပျက်စီးရ၏။ ထိုလူကြီးလူကောင်း အခေါ်ခံနေသူတို့၏ ဆိုးရွားသော မတရားအသက် မွေးမှုကြောင့် မြို့ ရွာ နယ်ပယ်ရှိ လူအများလည်း အကျင့်စာရိတ္တ ပျက်ပြား ရ၏။
စွမ်းရည်သတ္တိ မရှိပါပဲလျက် စွမ်းရည် သတ္တိ ရှိဟန်ဆောင်၍ ခေါင်းဆောင် အခေါ်ခံနေသူတို့အတွက် နောက်လိုက် ငယ်သားတို့အသက်စည်းစိမ့် ကိုပါ ဆုံးရှုံးကြ ရုံမက၊ ထီးကျိုးစည်ပေါက်၍ တိုင်းပြည်ပါ မှောက်တတ်လေသည်။ ပစ္စည်း ဥစ္စာ အရည်အချင်း မရှိပါပဲ ရှိဟန်ဆောင်ကြသော မာယာသာဌေယျသမား လူလိမ်ကြီးများကို ယုံမှားမိကြ၍ ယခုကာလ လက်ထပ် ထိမ်းမြားသော အချို့ မင်္ဂလာတွေမှာ ပေါင်းမိကြသောအခါ မင်္ဂလာ မစစ်နိုင်တော့ပဲ အမင်္ဂလာ အဖြစ်သို့ ပြောင်းလဲရှာရလေသည်။
ဆက်ဦးအံ့---လက်ထပ် မင်္ဂလာပြုကြရာ၌ ၂-ဘက်လုံးမှာ ဖြစ်စေ၊ တဘက် ဘက်မှာ ဖြစ်စေ ရှိနေသော အပြစ် အနာများကို ဖုံးကွယ်ထားသော မာယာနှင့် မရှိသော ဂုဏ်သိန် စည်းစိမ်ကို ရှိဟန်ဆောင်မှု သာဌေယျေတို့ ပါနေကြပါမူ လက်ထပ်ပြီးနောက် မကြာမီ ပေါ်ပေါက်ပါလိမ့်မည်။ ထိုအခါ မိမိအား လှည့်စား သူကို (ဆွေမျိုးတစုကို) မြတ်နိုးနိုင် ပါဦးမည်လော။ မမြတ်နိုးပဲ ပေါင်းသင်းနေရလျှင်ကော စိတ်ချမ်းသာ နိုင်ပါဦးမည်လော။ အိမ်ထောင်ဘက်” ဟူသည် တဏှာဖြင့် ချစ်ရုံတွင်မက၊ မေတ္တာစစ်ဖြင့် မြတ်နိုးမှုလည်း ပါရှိရပါသေးသည်။
ဗုဒ္ဓဘာသာဝင်တို့၏ လက်ထပ် မင်္ဂလာမှုသည် ယခု တဘဝနှင့် ကိစ္စပြီးနိုင်ကြသည် မဟုတ်ပေ။ စိတ်တူ သဘောတူ ကြည်ကြည်ဖြူဖြူ ရှိကြပါမူ ဘုရားသွား ကျောင်းတက် အလှူရေစက်တို့က နောက်နောင် သံသရာအတွက် ဆက်လက် ပေးတတ်ကြလေသည်။ (အားလုံး ပေးလိမ့်မည်ဟု မဆိုလို၊ ပေးတတ်သည်ဟု ဆိုလိုပါသည်။) ထိုကဲ့သို့ မဖြူစင်ကြပဲ၊ မာယာ သာဌေယျတို့ကို အရင်းခံခဲ့ပါလော။တဘဝတွင် မက၊ အတူပြုရသမျှ ကုသိုလ်တို့၌လည်း စိတ် မထက်သန်ရကား နောက်နောင်သံသရာတိုင်အောင် အကျိုးနည်းဖွယ်ရှိ၏။ ထို့ကြောင့် လက်ထပ် မင်္ဂလာပြုမည်ဟု ကြံစည်စကပင် မာယာသာဌေယျမနှော စင်းလုံးချော မင်္ဂလာ ဖြစ်စေသင့်ကြပါသည်။
ဤသို့လျှင် မာယာသာယျသည် တဦးတယောက်ကို ဖြစ်စေ၊ လူအများ ကိုဖြစ်စေ၊ တတိုင်းပြည်လုံးကိုဖြစ်စေ၊ (ဘုရား မဟုတ်ပဲ ဘုရားလုပ်နေသူ တိတ္ထိ များကဲ့သို) တကမ္ဘာလုံးကိုဖြစ်စေ လှည့်ပတ်တတ်လေရကား အလွန် ယုတ်မာဆိုးရွားသော တရားဟု ဆိုထိုက်ပေသည်။ ထိုမျှလောက် ဆိုးရွားသော်လည်း ယခုကာလ၌ အများအပြား ဖြစ်လျက်ရှိသောကြောင့် မိမိကိုယ်ကို ပါရမီရှင် သူတော်စင်ဟု ဆုံးဖြတ်ထားသူတို့သည် ထိုမာယာဌေယျသမား လူအများတွင် မပါဝင်ကြစေပဲ မရိုးမသား ဆိုးရွားသော တရားတို့ကို မိမိသန္တာန်မှာလည်း မဖြစ်အောင် မိမိနှင့် ဆက်သွယ်သူများ၌လည်း မဖြစ်စေရအောင် အထူး သတိထားကြပြီးလျှင် ဖြူစင် ထက်မြက် သွက်လက် ဖြောင့်မတ် မြင့်မြတ်သော စိတ်ရှိသူချည်းသာ ဖြစ်သင့်ကြပေသတည်း။
ဒိဋ္ဌိ အကြောင်း
မှားမှားယွင်းယွင်း သိမြင်ခြင်းသည် ဒိဋ္ဌိ မည်၏။ ထို့ကြောင့် “မှားသော အမြင်-ဒိဋ္ဌိတွင်သား”ဟု ဆိုခဲ့သည်။ ဤ အသိအမြင် မှားနေခြင်းကိုပင် ယခုကာလ၌ “အယူမှားနေခြင်း”ဟု ခေါ်ကြ၏။ ဤ ဒိဋ္ဌိသည် မရှိသည်ကို အရှိ၊ ရှိသည်ကိုမရှိ၊ မဟုတ်သည်ကို အဟုတ်၊ ဟုတ်သည်ကို မဟုတ်”ဟု သိမြင်နေရုံမက “သူ၏အယူက အမှန်၊ သူများ အယူတွေ တလွဲ” ဟုပင် စွပ်စွဲတတ်သေးသည်။
ထိုတွင် ဤကမ္ဘာလောကကြီးနှင့် သတ္တဝါတွေကို ဖန်ဆင်းသူ မရှိပဲလျက် ဖန်ဆင်းသူရှိ၏ဟု သိမြင်ခြင်း၊ သတ္တဝါတို့၏ ကိုယ်ခန္ဓာအတွင်း၌ အတ္တခေါ်သော အသက်ကောင် မရှိပဲလျက် “အတ္တရှိ၏၊ အသက်ကောင် ရှိ၏”ဟု သိမြင်ခြင်းသည် မရှိသည်ကို အရှိ”ဟု သိမြင်သော ဒိဋ္ဌိတည်း။ သတ္တဝါတို့ သန္တာန်၌ ပြုပြုသမျှ ကုသိုလ်ကံ အကုသိုလ်ကံသည် နောင်ခါ အကျိုးပေးရန် သတ္တိ ကျန်ရှိပါလျက် ထိုကုသိုလ်ကံ အကုသိုလ်ကံ မရှိဟု သိမြင်ခြင်း၊ ထိုကံ၏ အကျိုးကို အကောင်းအဆိုး အမျိုးမျိုးခံစားရပါလျက် “ကံ၏အကျိုးမရှိ”ဟု သိမြင်ခြင်း၊ ရုပ်နာမ်တရားတို့၏ ချုပ်ငြိမ်းခြင်း ဟူသော နိဗ္ဗာန်တရား ရှိပါလျက် နိဗ္ဗာန်မရှိဟု သိမြင်ခြင်း၊ နိဗ္ဗာန်မရသေးသမျှ ရောက်ရဦးမည့် နောက်ဘဝရှိ ပါလျက် တမလွန် (နောက်နောက်ဘဝ) မရှိဟု သိမြင်ခြင်းသည် “ရှိသည်ကို မရှိ”ဟု သိမြင်သော ဒိဋ္ဌိတည်း။
သတ္တဝါတွေကို သတ်၍ ယဇ်နတ် ပူဇော်ကြခြင်းသည် အင်မတန်ကြီးကျယ်သော ကောင်းမှုကုသိုလ်ကြီးပေတည်း။ အလွန်အေးမြသောကာလ၌ ရေချိုးခြင်း၊ အလွန်ပူအိုက်သောကာလ၌ နေ့လယ်ကြောင်တောင်ဝယ် မီးလေးဖိုအလယ်၌ နေ၍ ကိုယ်ကိုမီးကင်ခြင်း၊နွားလိုနေခြင်း၊ ခွေးလိုနေခြင်း စသော အကျင့်များသည် ကိလေသာ စင်ကြယ်ဖို့အကြောင်း ကောင်းသောအကျင့်တည်း။ ကောင်းသော အချိန်အခါဝယ် ဂင်္ဂါမြစ်ရေ၌ အပြစ်တွေကို မျှောရခြင်းသည်ပြုမိသော အပြစ်များ၏ စင်ကြယ်ဖို့အကြောင်း ကောင်းသော အကျင့်တည်း။ ဤသို့ စသည်ဖြင့် သိမြင်နေခြင်းသည် “မဟုတ်သည်ကို အဟုတ်”ဟု သိမြင်သော ဒိဋ္ဌိတည်း။
ဒါန သီလ ဘာဝနာများကို ပြုခြင်းသည် သုဂတိဘဝသို့ ရောက်ကြောင်း၊ နိဗ္ဗာန်ကို သိမြင်ဖို့အကြောင်း ကောင်းသောအကျင့် မဟုတ်ဟု သိမြင်ခြင်းသည် “ဟုတ်သည်ကို မဟုတ်”ဟု သိမြင်သော ဒိဋ္ဌိတည်း။ ဤသို့ စသည်ဖြင့် ဒိဋ္ဌိ၏ အမှားသိပုံမှာ လွန်စွာ အရာကျယ်လေသည်။ ဤ ဒိဋ္ဌိနှင့်တကွဖြစ်သော စိတ်ကို “ဒိဋ္ဌိစိတ်”ဟု ခေါ်၍ ထိုအယူမှားရှိသူကို “မိစ္ဆာဒိဋ္ဌိ”ဟု ခေါ်ကြသည်။ နောက်နောက် စေတသိက်များ၌လည်း တွဲဖက်စိတ်နှင့် ပုဂ္ဂိုလ် အပေါ်မှာ ထိုက်သလို နာမည်ရပုံကို သိပါ။
မာန အကြောင်း
ထောင်လွှား တက်ကြွခြင်း သဘောသည် မာန်မာန မည်၏။ ထို့ကြောင့် “မာနကားမူ ထောင်လွှားကြွတက်”ဟု ဆိုခဲ့ပေသည်။ မာနဓာတ်ခံ ရှိသူသည် တံခွန်အလံကို စိုက်ထောင်၍ ထားသကဲ့သို့ အများအပေါ်၌ မောက်မော် လို၏။ ကြွတတ ရှိ၏။ ရာထူး ဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ ပညာအဆင်း၊ ရောဂါ ကင်းခြင်း စသော ဂုဏ်တို့ဖြင့် သူများထက် သာနေသောအခါ “ငါက သင်းတို့နှင့် တူသလား၊ ငါနှင့် အဖက်တန်သလား”ဟု ကိုယ် ကိုယ်ကို အထင်ကြီးကာ သူတပါးကို အထင်သေးတတ်၏။
သူများထက်မသာပဲ တန်းတူဖြစ်နေလျှင်လည်း မာနဓာတ်ခံရှိနေသူတို့မှာ “သင်းနဲ့ ငါနဲ့ ဘာထူးသေးသလဲ၊ သူ့ လောက်တော့ ငါလဲ ရတာပေါ့”ဟု တန်းတူ ထားလျက် မာန်တက်ပြန်၏။ ရာထူးစည်းစိမ် စသည်တို့က အောက်တန်းကျပြန် လျှင်လည်း မာနတ်ခံရှိနေသူမှာ “သူတို့က ငါထက်သာကော၊ ငါက ဘာအရေးစိုက်ရမှာလဲ၊ ကိုယ့်ရှိမှ ကိုယ်စားရ၊ ကိုယ်လုပ်မှ ကိုယ်ရတာပဲ ဘယ်သူ့ကို ခခယယ လုပ်နေရမှာတုံး”ဟု အံမတုနိုင်သော်လည်း မာန်ပြုလျက်ပင်။
အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ဇာတိမာန်။ ။ အမျိုးကောင်းသည့်အတွက် မာန်မာနတက်ခြင်းကို “ဇာတိမာန်” ဟုခေါ်သည်။ ယခုခေတ်၌ အတော်အတန် အမျိုးကောင်းသူတွေ ရှိပါပေသည်။ သို့သော်မာန်တက်လောက် ဟန်ကြီးပန်ကြီး လုပ်လောက်အောင် တဘက်သားကို ခြေဖဝါးအောက်ကဟု ထင်လောက်အောင် အမျိုးမကောင်းပါ။ ရှေးက မဟာသွေး မဟာမျိုးဖြစ်၍ တကယ် အမျိုးကောင်းသည်ပင် ဆိုဦးတော့၊ အမျိုးမြတ်သူက မာနမဖက်ပဲ ညက်ညက်ညောညောအပြောချိုကာ အရာရာမှာလိုက်လျောပါမူ အောက်တန်းကျသူတို့ကပိုမို၍ ချစ်ခင်ကြည့်ညို ရိုသေကြမည် မဟုတ်ပါလော။ “အရောဝင်တော့-အရိုသေတန်”ဆိုသကဲ့သို့ အချို့ ရိုင်းစိုင်းသူတို့က အရောဝင်၍ အရိုသေတန်ကောင်း တန်ပေလိမ့်မည်။ သို့သော် ထိုအရိုသေတန်မှုအတွက် ထိုသူ့အပြစ်သာဖြစ်၍ ထိုသူပင် နစ်နာပေလိမ့်မည်။
ဤသို့ အရာရာ ရှေ့နောက် စိစစ်လျက် ဇာတိမာန် မတက်မိအောင် သတိ ဆောင်ကြပါကုန်။
ဓနမာန်။ ။ အထိုက်အလိုက် ဥစ္စာရှိသူတို့၏ မာန်ကို “ဓနမာန်”ဟု ခေါ်၏။ ယခုအခါ အတော်အတန် ဥစ္စာပေါသူတွေ့ရှိပါပေ၏။ သို့သော် ဥစ္စာနည်းပါးသူများနှင့် အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူ စကားမပြောနိုင်လောက်အောင် မကုန်မခန်း ပေါများကြသည် မဟုတ်ပါ။ “မမြင်ဘူး မူးမြစ်ထင်” ဆိုသလို မိမိကိုယ်ကို သဌေး သူကြွယ်ဟုပင် ထင်စေဦးတော့၊ ဆင်းရဲသူဆင်းရဲသားတို့၏ အပေါ်မှာ သဘောကြီးကြီးထား၍ သနားကြင်နာ ကရုဏာသက်တတ်ပါလျှင် သာ၍ပင် ဂုဏ်မရှိပါလော။ မိမိ ပစ္စည်း၌ ဘေးအန္တရာယ် မထူအောင် အကူအညီပင် ရနိုင်သေးသည်မဟုတ် ပါလော။ ဓနရှင်တို့၏ ပြုံးရွှင်သောမျက်နှာ၊ ချိုသာသော စကား အသုံးသည် ဆင်းရဲသားတို့အတွက် အမြန်ရှက်ဆုံး အမြိုက်ဆေးတမျိုးပင် ဖြစ်နိုင်ပါသည်။
ထို့ကြောင့် ရှေးက ဒါနကုသိုလ် အကျိုးပေး၍ တသက်လျာအတွက် ရရှိသော စည်းစိမ်ကလေးကို နောင်သံသရာ အဝယ် အမျိုးအနွယ်အောက်ကျသွားဖို့အကြောင်း မကောင်းသောမာန၏ အောက်ခံ ပုံသဖွယ် မဖြစ်စေပဲ ဓနရှင်ပီပီ တည်ကြည်သော စိတ်ထားဖြင့် အများ၏ ကိုးစားစရာ ဖြစ်အောင် ကြိုးစား၍ သတိဆောင်ကြပါကုန်။ ယခုတဘဝ ကြီးကျယ်သော စည်းစိမ်သည် ဘေးအန္တရာယ်အလွန်များလှ၏။ ဘေးအန္တရာယ်ကင်းစေကာမူ တသက်လျာမျှသာ သုံးစွဲနိုင်ပါသည်။
“ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ မင်းစည်းစိမ်ကား၊ သမုဒြာ၊ ရေမျက်နှာထက်၊ ခဏ တက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည်း”၊-[အနန္တသူရိယအမတ်။]
ပညာမာန်။ ။ စာပေတတ်ကျွမ်းသူတို့၏ မာန်ကို “ပညာမာန်”ဟု ခေါ်၏။ စာပေပညာသည် မသင့်သည်ကို မသင့်မှန်းသိ၍၊ သင့်သည်ကို သင့်မှန်း သိဖို့ရာ အလိမ္မာပေးသော ပညာ၊ ပေါင်းသင်းဆက်ဆံရာ၌ ယဉ်ကျေးဖို့ရန် အလိမ္မာပေး ပညာတည်း။ သို့ပါလျက် ထိုပညာကို အကြောင်းပြု၍ မတော်မတရားကြီးမားသော မာန်မာနဖြစ်ရခြင်းမှာ လွန်စွာ ရှက်ဖွယ်ကောင်းလှ၏။ ယခုကာလ၌ လူများထံမှ တဆင့် သင်ယူ၍ တတ်သိရသော စာပေ ပညာလည်း ထူးခြားသော အတတ် မဟုတ်သေးပါ။ အကြောင်း ညီညွတ်၍ ဆရာကောင်းထံသင်ကြရလျှင် အများပင် တတ်နိုင်ပါ၏။
သို့ဖြစ်၍ အကြောင်း မညီညွတ်သဖြင့် မသင်ကြရသူ၊ အထူးဉာဏ်ထိုင်း သူများကို တွေ့ရသောအခါ မောက်မော် ဝါကြွားမည့် အစား သနားကြင်နာ ကရုဏာသက်ဖို့သာ၊ သို့မဟုတ် တဆင့် သင်ပြပေးဖို့ သင့်ပါသည်။ ရှေးတုန်းက အတော်ထင်ရှားသော ဆရာတော်တပါးသည် လွန်ခဲ့သောဘဝက စိတ်ရှည်လက်ရှည် စာချဘူးသဖြင့် ယခုဘဝမှာ လောက-ဓမ္မ ၂ ဌာန၌ ထင်ရှားကျော်ကြားသော ကျမ်းတတ်ပုဂ္ဂိုလ်ကြီးတပါး ဖြစ်လာရပါသတဲ့။ ထို့ကြောင့် တတ်သိသော ပညာကို သံသရာအတွက် အသုံးပြုကြပါလေ။
စာပေ ပညာ၏လမ်း ၂-သွယ်။ ။ ယခုခေတ် အသက်မွေး ဝမ်းကျောင်းနှင့် သက်ဆိုင်သော လမ်း ၂-သွယ် လောကီပညာတို့သည် နဂိုကပင် အသက်မွေးဖို့ လမ်းကိုမှန်းပြီးဖြစ်၍ စိစစ်ဖွယ် မလိုပါ။ သာသနာဝန်ထမ်း ရဟန်းတော်များ၏ ပိဋကစာပေ ပညာမှ လမ်း ၂ သွယ် ဖြာနေပုံကို ထင်ရှား ဦးမည်။
အောက်လမ်း စာပေတတ်လျှင် နာမည်ကြီးလာလိမ့်မည်၊ လှူဒါန်းချင်သူ ပေါလာလိမ့်မည်။ ဆွမ်း သင်္ကန်းကျောင်းတို့ အကောင်း အမွန်ရလိမ့်မည်၊ သူတပါးအပေါ် မောက်မော်နိုင်မည်၊ စာပေတတ်လျှင် မည်သူ့ကိုမျှ လူမထင်ပဲ လုပ်ချင်ရာလုပ်နိုင်မည်။ ဤသို့ စသည်ဖြင့် လောဘ ဒေါသ မာန်မာနကို အခြေခံ၍ စာပေသင်ကြ၏။ တတ်မြောက်သော အခါ၌လည်း မူလရည်ရွယ်ချက်အတိုင်း လာဘ်ပေါအောင်ကြိုးစား၍ သူတပါးအပေT မောက်မော် စော်ကားတက်၏။ ထိုသူ၏ ပညာသင်ကြားမှု ပညာတတ်သိမှုသည် အောက်လမ်းသွားဖို့ အကြောင်း မကောင်းမှုချည်းသာ ဖြစ်သည်။ ထိုကဲ့သို့ စိတ်ထားဖြင့် စာပေသင်ကြားမည့်အစား အိပ်နေခြင်းကပင် တော်သေး၏ဟု ကျမ်းဂန်၌ ဆိုသည်။
အထက်လမ်း။ ။ စာပေတတ်လျှင် ဘုရားရှင်၏ တရားတော်ကို သိရလိမ့်မည်။ သူတပါးအား တဆင့်ပို့ချမည်။ စာပေပိဋကတ် တည်းဟူသော မှန်အပြင်ဝယ် အစဉ်မပြတ်ကြည့်ရှု၍ မိမိစိတ်နေစိတ်ထားကို ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်မည်။ ဤသို့ စသောရည်ရွယ်ချက်ဖြင့် သင်၍ တတ်မြောက်သောအခါလည်း ပစ္စည်းလာဘ်လာဘ ဒကာ ဒကာမ ပေါများမှုကို ဂရုမစိုက်ပဲ မူလရည်ရွယ်ယင်း အတိုင်းပင် ကြိုးစား၏။ ထိုပုဂ္ဂိုလ်၏ စာပေသင်ကြားတတ်မြောက်မှုမျိုးကား အထက်လမ်းသို့ တက်လှမ်းဖို့အကြောင်း အကောင်းချည်းသာ ဖြစ်ပါပေသည်။
အချို့မှာကား စာပေမတတ်ခင်က စိတ်ထားမတတ်၍ စာမေးပွဲအောင်လိုခြင်း၊ နာမည်ကြီးလိုခြင်း စသောရည်ရွယ်ချက်များရှိသော်လည်း စာပေတတ်မြောက် သောအခါ အရာရာ စိတ်ပြောင်း၍ စိတ်ကောင်း နှလုံးကောင်း ရှိ၏။ ထိုပုဂ္ဂိုလ်ကား ရေမပြည့်ခင် ဘောင်ဘင်ခတ်နေသော ရေအိုးသည် ရေပြည့်သောအခါ ငြိမ်သက်လာသလို ဖြစ်သည့်အတွက် အထက်တန်းသို့ တက်လှမ်းဖို့အကြောင်း လမ်းကောင်း ရသူပင်ဖြစ်သည်။ ငယ်ရွယ်သူဟူသမျှကို စာတတ်သောအခါ ဤကဲ့သို့ လမ်းကောင်း ရကြပါစေ။
အဆင်းမာန်။ ။ အလှဂုဏ်အတွက် မာန်တက်ခြင်းကို “အဆင်းမာန်”ဟု ခေါ်၏။ ရှေးဘဝက ဒေါသနည်းပါးခြင်း၊ ပန်း စသည်ကို လှူဒါန်းခြင်း၊ ဘုရားကျောင်းဝင်း စသည်တို့၌ အမှိုက်သုတ်သင်ရှင်း လင်းခြင်းစသော ကုသိုလ်ကောင်းမှုကြောင့် ယခုဘဝ၌ “ပရိသတ်အလယ် တင့်တယ်ဝင်းစက် အဆင်းထွက်ခြင်းမှာ မာန်တက်မည်ဆိုလျှင် တက်လောက် ပါပေသည်။
သို့ရာတွင် မိမိအဖြစ်ဟောင်းကို ပြန်ပြောင်း၍ မှန်းဆသောအခါ ဒေါသ ကင်းစင် စိတ်ကြည်လင်၍ ရေလှူ-ပန်းလှူခြင်း စသောကုသိုလ်ကောင်းမှုရှင် သူတော်စင် ဖြစ်ခဲ့ဖူးရကား ယခုဘဝရောက်မှ အလှဂုဏ်မာန်တက်၍ သူတပါး အဖက်မထင်နိုင်အောင် ဟန်ကြီးပန်ကြီး မလုပ်သင့်ပါ။ လှပသော ကိုယ်တွင်း၌ သန့်ရှင်းသောစိတ်အစဉ်ကို မွေးမြူကာ အရာရာသိမ်မွေ့လျက် ဣန္ဒြေရှင် သူတော်စင်ဖြစ်အောင် သတိထား၍ ကြိုးစားသင့်ပါသည်။
အချုပ် သတိပေးချက်။ ။ အချုပ်မှာ နိဗ္ဗာန် စံဝင်ပြီးသော သူတော်စင်ကြီးတို့သည် ယခု ပြခဲ့သော ဇာတိမာန် စသည်တို့ တက်မည် ဆိုလျှင် မိုးထိအောင် လှေကား မထောင်ပဲ တက်နိုင်ကြပေ၏။ မာန်တက်လောက်အောင်ပင် ဘုရင် မိဖုရားတို့၏ လက်ပေါ်တွင် ကြီးပွားရသော မင်းညီ မင်းသားများ ဖြစ်ကြသည်။ ပညာဘက်ကလည်း မဟောသဓာ သုခမိန် စသည်ဖြင့် ကမ္ဘာ့စံချိန် ချိုးတော်မူခဲ့သည်။ အမျိုးသမီးများဘက်ကလည်း ဥပ္ပလဝဏ်၊ ခေမာ၊ ယသော်ဓရာ စသော သူတော်ကောင်း အမျိုးသမီးတို့မှာ အမျိုး ဥစ္စာ ပညာဘက်၌သာမက၊ အလှဘက်ကလည်း တကမ္ဘာလုံး၏ မျက်နှာဖုံးများ ဖြစ်ကြပေသည်။
ထိုမျှလောက် အထက်တန်းကျသော အမျိုးသား အမျိုးသမီးတို့သည် သူတို့၏ မျိုးရိုးဇာတိ စသည်တို့အတွက် မာန်မာန မတက် ကြပါပဲလျက် “သည်လိုယုန်တော့-ချုံတိုင်းတွေ့နိုင်”တဲ့ အစား၊ “တံငါစာ၍-ငါသာသာ” ရှိသူများက ရှိစု မဲ့စု-စု၍ရသော ဇာတိ ပညာ ဥစ္စာ အဆင်းဖြင့် “ကြက်ဆူပင်မင်းမူ” နေခြင်းမှာ နက်နက်နဲနဲ တွေးလျှင် လေးလေးပင်ပင် ရှက်ဖွယ်ပါတကား။
ထို့ကြောင့် နှလုံးလေပင့်၍ ဘဝင်မြင့်သူအား ထောင်လွှား တက်ကြွ မာန်မာန ဖြစ်ခြင်းသည် သူတပါးတို့ မြင်ပြင်းကတ်ဖွယ်ရာ အကျိုးမဲ့ကိုသာ ဖြစ်စေရုံမက၊ နောက်နောက်ဘဝတို့၌ အမျိုးညံ့ဖို့ အကြောင်း မကောင်း သက်သက်ဖြစ်ရကား ဇာတိ ပညာ ဥစ္စာ အဆင်းအားဖြင့် ရောက်သင့်သလောက် အထက်တန်း ရောက်နေသော်လည်း နောက် နောက် ဘဝ အဆင့်ဆင့်၌ မြင့်သည်ထက်မြင့်ဖို့ အရေးကိုသာ ရွယ်ကိုး၍ “အစွယ်ကျိုသောမြွေ၊ ဦးချို ကျိုးသော နွား၊ ခြေသုတ်ပုဆိုး အလား”ကဲ့သို့ တက်ကြွားသော မာန်စွယ်ကို နုတ်ပယ် နှိမ်ချိုးနိုင်ကြပါစေသား။
ဒေါသ အကြောင်း
စိတ်၏ ခက်ထန် ကြမ်းတမ်းခြင်း သဘောသည် ဒေါသ မည်၏။ ထို့ကြောင့် “ဒေါသတွက်ကြောင့်-စိတ်စက်ခက်ထန်”ဟု ဆိုခဲ့သည်။ ခက်ထန်-ဆိုသော်လည်း ရှူးရှူးရှဲရှဲ ခက်ထန်ခြင်းတမျိုးသာ မဟုတ်၊ စိတ်ညစ်နွမ်းနေပြန်လျှင်လည်း မညစ်နွမ်းသောစိတ်ကဲ့သို့ ညက်ညက်ညောညာ မရှိ၊ စိတ်နေပုံမှာ ဇာတာ ကြမ်းတမ်းတမ်း ရှိရကား စိတ်ညစ်နွမ်းမှု၊ စိတ်အားငယ်မှု၊ ကြောက်လန့်မှုများလည်း ဒေါသ သဘောပင်။
အချုပ်မှာ-စိတ်ညစ်မှု၊ စိတ်မချမ်းသာမှု၊ ကြောက်ရွံ့မှု၊ စိတ်ပျက်မှု၊ စိတ်ကောက်မှု၊ စိတ်ဆိုးမှု၊ ရန်ငြိုးဖွဲ့မှု၊ ဆဲဆို ငေါက်ငမ်း ချောက်ချမ်းမှု၊ တိုက်ခိုက်မှု၊ သေကြေပျက်စီးအောင် ကြံဆောင်မှု အစုံစုံသည် ဒေါသချည်းတည်း၊ ကြောက်လန့်မှု ကြမ်းတမ်းမှု ၂-မျိုးလုံး၌ပင် ဒေါသ ပါဝင်ရကား ဒေါသကြီး၍ စိတ်ခက်ထန် ကြမ်းတမ်းသူသည် ကြောက်စရာ ရှိလျှင်လည်း ကြောက်လွယ်တတ်သည်။ ထိုလူမျိုးကို သတိထား၍ အကဲခတ် ပါလေ။ [ခက်ထန်မှုကို အတက် ဒေါသ၊ ကြောက်ရွံ့မှုကို အသက် ဒေါသ ဟုလည်း ခဲ့ကြသေး၏။
အမျိုးသမီးတယောက် ဝတ္ထု။ ။ ပြခဲ့သော ဒေါသများကို အတော် စုံအောင် ခံစား၍ သွားရရှာသော အမျိုးသမီးကလေး တဦး၏ အိန္ဒိယနိုင်ငံ၌ ဖြစ်ပုံကို ဒေါသ သဘောသိရရုံမက၊ လူငယ်ချင်း မမျှပဲ အတင်းပေးစားလေ့ရှိသော မိဘတို့ကို သတိရစေသလိုလည်း ဖြစ်ပေသည်။
ဤဝတ္ထုပါ ငယ်ရွယ်သူ ၂-ယောက်ကား တယောက်သဘောကို တယောက် မသိကြ။ ၂-ဘက်မိဘတို့ စေ့စပ်ချက်ဖြင့် လက်ထပ်ပြီးကြလေပြီ။ သတို့သမီး ကလေးသည် အမျိုးကောင်းသမီးပီပီ တည်တည်ကြည်ကြည်နှင့် ဝတ်ကျေအောင် ပြုရှာပေ၏။ သို့သော် သတို့သားက ဘယ်ဟာပြုပြု အကောင်းဟု မထင်၊ ခင်မင် ယုယမှု မရှိချေ။
မိမိက ပြုစုပါလျက် ခင်ပွန်းက မိမိကို ဂရုမစိုက်သည့်အတွက် သတို့သမီး စိတ်ပျက်စပြုလာ၏၊ စိတ်ညစ်၏၊ စိတ်မချမ်းသာ၊ မကြာမကြာ မှိုင်နေသည်။ နဂိုကပင် မကျေနပ်သော ခင်ပွန်းသည်သည် ထိုသို့ မသာမယာ ဖြစ်နေပုံကို မြင်လျှင် သာ၍ပင်ရွံမုန်းကာ တခါ တခါ အကြမ်းဖက်လာ၏။ သတို့သမီးက စိတ်နာ၏။ ခင်ပွန်းသည်၏ ပြုမူပုံကို မကျေနပ်နိုင်။ သို့သော် မည်သို့မျှ မတတ်နိုင်တော့ပဲ မိမိဝတ္တရားကျေအောင် ပြုမြဲပြုရှာ၏။
သို့ရာတွင် ကျောက်တုံး ကျောက်သား မဟုတ်ပဲ စိတ်ဝိညာဉ် ပါသော ကိုယ်ခန္ဓာဖြစ်ရကား မကြာခဏ မိမိ၏ ဘဝကို အဆုံးစီရင်ရန် ကြံလေသည်။ ဤကဲ့သို့ ဒေါသထွက်ခြင်း၊ စိတ်ပျက်ခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်မချမ်းသာခြင်း၊ ကြောက်ရွံ့ခြင်းတို့ ဆက်တွဲ၍ လောကငရဲ ခံကာ သားသမီး ၂-ယောက် ဖွားမြောက်ပြီးသည့်တိုင်အောင် အောင့်အည်းခဲ့ပါသော်လည်း နောက်ဆုံး၌ မစောင့်စည်းနိုင်တော့ရကား ကိစ္စတခုအတွက် အခြားမြို့သို့ သွားနေသော ခင်ပွန်းသည် အထံသို့ စာတစောင် ရောက်လာသည်မှာ.......။
“အရှင်မိဘများ ပေးစားသော ခင်ပွန်းပင် ဖြစ်သော်လည်း ရှင့်ကို အမှန်ချစ်၍ ရှင်၏အချစ်ကိုလည်း ရရှိနိုင်ရန် အမှန်ပင် ကြိုးစားခဲ့ပါသည်။ သို့သော် ကျွန်မ၏ ကြိုးစားမှုတွေမှာ အကျိုး မရသည့်ပြင် “ပလီတယ်၊ မာယာများတယ်” ဟုသာ အထင်ခံရ၍ စိတ်ပျက်လှသဖြင့် ဘဝကိုအဆုံးစီရင်ရန် မကြာခဏ ကြံသော်လည်း ကလေးများ မျက်နှာထောက်၍ အထမမြောက်ခဲ့ပါ။ ယခုမှာမူ ဆက်လက်၍ နေသော်လည်း စိတ်ညစ်ရုံသာရှိမည် ဖြစ်သောကြောင့် ဤစာကိုရေးပြီးနောက် ကလေးများစားမည့် မုန့်ထည်း၌ အဆိပ် ခတ်ပြီးလျှင် ကျွန်မ၏ဘဝကို အဆုံးစီရင်လိုက်ပါပြီ။”
အထက်ပါစာကို ရပြီးနောက် ခင်ပွန်းသည် ယောက်ျားလည်း သူ့ ဇနီး၏ လိမ္မာပုံတွေကို အကုန်အစင် ထင်မြင် လာရကား ကပျာကသီ ပြန်သွားလေရာ အိမ်ပေါ်မှာ ပြင်ထားသော မိသား ၃-ဦး၏ အလောင်းကိုသာ တွေ့ရတော့သဖြင့် အဆင်သင့်ရှိသော သေနတ်ဖြင့် သူ၏ ဇာတ်ကိုပါ အဆုံး သတ်လိုက်လေသည်။ ဤဝတ္ထု၌ ဒေါသ ဖြစ်ပုံများ ထင်ရှားပြီ။] ဤဝတ္ထုကို ထောက်ထား၍ အကြောင်းအားလျော်စွာ ဆုံတွေ့ကြရသောအခါ သဘော ကြီးကြီးထား၍ ပြေပြေပြစ်ပြစ် ဖြစ်အောင် ကြိုးစားကြပါလေ။
မက္ခ အကြောင်း
ဒေါသနှင့်စပ်၍ အများဖြစ်တတ်သော မက္ခ-ပဠာသ-သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသကို သဘောကိုလည်း မှတ်သင့်ပါသည်။ ထိုတွင် “မက္ခ” ဟူသည် သူ့ကျေးဇူးကို ချေဖျက်တတ်၊ ကျေးဇူးကန်းတတ်သော ဒေါသ တမျိုးတည်း။ ငယ်ရွယ်စဉ်ကစ၍ မိဘကျေးဇူး၊ ဆရာသမားကျေးဇူး မိတ်ဆွေကောင်း ကျေးဇူး စသည်ဖြင့် သူတပါးတို့က ပြုထားသော ကျေးဇူးတွေ ရှိတတ်ပေသည်။ ထိုကျေးဇူးများကို ကျေးဇူးဟု မထင်၊ ကျေးဇူးလည်း မတင်နိုင်ပဲ “ငါ့မှာ သူ့ကျေးဇူး ဘာရှိလို့ လဲ”ဟု ချေဖျက်တတ်၊ ကျေးဇူး ကန်းတတ်ကြလေသည်။
အချို့ကား ကျေးဇူးကန်းရုံတင်မက၊ သားရေပေါ်အိပ်ပြီး သားရေနား စားကာ ကျေးဇူးရှင်ကိုပင် ကျေးစွပ်တတ်ကြသေးသည်။ ထိုသူမျိုးကို “မိတ္တဒုဗ္ဘိ ဒု-မိတ်ဆွေပြစ်မှားသူ-လူယုတ်မာ”ဟု များစွာ အပြစ် ဆိုလေသည်။ “သူတပါးကျေးဇူး” ဟူသည်မှာ ကြွေးတင်သလို တင်နေသော အရာတမျိုးတည်း။ ထိုကျေးဇူးကို အတုံ့ပြန်၍ မဆပ်နိုင်သည့်အတွက် မဆပ်ရသေးသော်လည်း ကျေးဇူးရှင်မှန်းကို အသိအမှတ်ပြုကာ ကျေးဇူးတင်မိစေရမည်။ ဆပ်နိုင်သည့်နေ့၊ ဆပ်ခွင့်ကြသည့်နေ့၌ကား မြိန်မြိန်ရှက်ရှက်နှင့် နှစ်သက်ကျေနပ်စွာ ပြန်၍ ဆပ်ကြရမည်။
တရားတော်။ ။ အကြင် သစ်ပင်၏ အရိပ်၌ ထိုင်နေ-အိပ်နေအံ့၊ ထိုသစ်ပင်၏အခက် မချိုးပါနှင့်။ အရိပ်နေနေ-အခက်ချိုချို၊ မိတ်ဆွေ ပြစ်မှားသော ထိုလူမျိုးဟာ လူယုတ်မာ ဖြစ်သည်။
ကျေးဇူးသိတတ်သော သားအကြောင်း။ ။ တခုသောမြို့၌ မုဆိုးမ မိခင်ကို ကူလီထမ်း၍ ကြိုးကြိုး အတင်း ပမ်းပမ်း ပြုစုလုပ်ကျွေးနေသော လုလင်တယောက် ရှိသည်။ ထိုသူ၏မိခင်ဖြစ်သူကား မိခင်ပီပီ မတည်ကြည်၊ အခြားယောက်ျားနှင့် တိတ်တိတ်ပုန်း ဖေါက်ပြားနေ၏။ သားကို အားနာ၍ အထင်အရှားလည်း နေဝံ့ဟန်မတူ။ ထိုဖေါက်ပြားပုံကို သိကြသော မိတ်ဆွေ များက (ရိုးရိုးသားသားနှင့် ပြုစုနေသော လုလင်ကို သနား၍) လုလင်အား အကြောင်းစုံ တိုင်ကြားလေသော် “အမေ ပျော်သလို နေပါစေဗျာ၊ အမေ စိတ်ချမ်းသာလျှင် ပြီးရော၊ ကျွန်တော့်အတွက်မှာ အမေ ဘာလုပ်လုပ်ပြုစုဖို့ ပါပဲ”ဟု ပြောရှာလေသတဲ့။ သားကောင်း သမီးကောင်း ရှားသလောက် မိဘကောင်းလည်း ရှားသည်ပင်။
မှတ်ချက်။ ။ ဤ ဝတ္ထု၌ မိခင်၏ယုတ်မာမှုမှာ မိခင်၏တာဝန်သာ ဖြစ်သည်။ ပြုစုဖို့ကား သား၏တာဝန်သာ ဖြစ်သည်။ ထိုကဲ့သို့ ယုတ်မာသော မိခင်ကို ပြုစုရာ၌ မိခင်အဖြစ်နှင့် ပြုစုသည်ဟု သဘောမထားရ။ ကျေးဇူးရှင်ကို ကျေးဇူးကြွေး မကျန်အောင် ပြန်၍ ဆပ်နေသည်ဟု သဘောထားရမည်။ ဤသို့လျှင် ခုရောနောင်ပါ သံသရာအရေး မျှော်တွေးတတ်သူ လူကောင်း သူကောင်းမှန်လျှင် ကျေးဇူးရှင်ကို ကျေးဇူးဆပ်မိအောင် ကြိုးစားသင့်ပေသည်။ ဘုရားအလောင်းကား တိရစ္ဆာန်ဘဝ၌ ဖြစ်ရခိုက်မှာပင် ကျေးဇူးဆပ်လေ့ရှိခဲ့ပါသည်။ [မျက်မမြင် မိခင်ဖြစ်သော ဆင်မကြီးကို ပြုစုနေသော ဆင်ဖြူကလေးကို ရှင်ဘုရင်က ဖမ်းသွားရာ၌ အစာမစားပဲ ဆန္ဒပြကာ မိခင်အကြောင်းကို ပြောပြသဖြင့် ပြန်၍ လွတ်ခဲ့ရလေသည်။]
ပဠာသ အကြောင်း
ပဠာသ ဟူသည် ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်သော ဒေါသတမျိုး ပင်တည်း။ သီလ သမာဓိ ပညာရှိသူ၊ ဥစ္စာပေါသူ၊ ရုပ်ချောသူ၊ အမျိုးမြတ်သူ၊ လိမ္မာသူများကို အသာမပေးနိုင်ပဲ “သူနဲ့ ငါနဲ့ ဘာထူးသေးသလဲ”ဟု (မိမိထက် အမှန်သာနေသူ၊ သာမှန်းလည်းသိလောက်သူနှင့်) အင်းတူအားတူ ဂုဏ်တူလုပ်၍ ပြောဆို ပြိုင်ဆိုင်ခြင်းမျိုးတည်း။ မိမိမှာ ထိုကဲ့သို့ဂုဏ်မျိုးရှိသည်ထင်၍ နှိုင်းယှဉ် ပြောဆိုမှုမှာ ပဠာသ မဟုတ်ချေ။
သောက အကြောင်း
ဝမ်းနည်းမှုကို “သောက”ဟု ခေါ်သည်။ နောက်၌ ပြမည့် ဒေါမနဿ ဝေဒနာ စေတသိက်ကိုပင် ဝမ်းနည်းစရာတွေ့၍ စိတ်မချမ်းမသာ ဖြစ်ရာ၌ “သောက”ဟု ခေါ်ရလေသည်။ ဤ သောကဖြစ်တိုင်း ဒေါသလည်းပါနေသောကြောင့် ဒေါသနှင့်စပ်၍ သောကအကြောင်းကိုလည်း သိသင့်သည်။ သောက၏ ဝမ်းနည်းမှုသည် ယခု လူတို့၌ များပြားလှချေ၏။ မိမိနှင့် ချစ်ခင် နေသော ဆွေမျိုး စသည်တို့ ပျက်စီး၍ ဝမ်းနည်းရခြင်း၊ စည်းစိမ် ဥစ္စာ ပျက်ဆီး ဆုံးရှုံး၍ ဝမ်းနည်းရခြင်း၊ မိမိ၏အကျိုးကို လိုလားသော မိတ်ဆွေများ၌ ဥစ္စာစည်းစိမ်ပျက်၍ ဝမ်းနည်းခြင်းများသည် သောကချည်းတည်း။
ဒေါမနဿ တမျိုး။ ။ “သောက”ဟု ထင်မှားနေသော ဒေါမနဿ တမျိုးလည်း ရှိသေး၏။ ချစ်ခင်သူများ ဖျားနာမည်ကို စိုးရိမ်ခြင်း၊ အရပ်တပါး သွားသောအခါ ပြန်ချိန်တန်လျက် မပြန်လာသဖြင့် စိုးရိမ်ခြင်း၊ ကလေးသူငယ် လူမမယ်အတွက် အရာရာမှာ စိုးရိမ်ခြင်း၊ ဤသို့ စသည်ဖြင့် စိုးရိမ်ကြောင့်ကြမှု များရုံတွင်မက၊ “ငါမရှိလျှင် သူတို့တော့ခက်ရစ်တော့ မှာပဲ”ဟု နောက်ဆက်တွဲ စိုးရိမ်မှုတို့မှာ သောကမဟုတ်၊ ရိုးရိုးဒေါမနဿသာတည်း။
စိုးရိမ်လို့ အကျိုးရှိရဲ့လား။ ။ ပြခဲ့သော စိုးရိမ်မှုများသည် သက်သက်သာသာ ဖြစ်ကြသည် မဟုတ်။ စိတ်နှလုံးကို ထိခိုက်စေ၍ လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းခြင်း၊ ပူပန်ခြင်းဖြင့် ဖြစ်ကြရသည်။ ထိုမျှလောက် စိတ်ပန်း-ကိုယ်ပန်း မချမ်းမမြ စိုးရိမ်ကြောင့်ကြမှုကြောင့် တစုံတခုကောင်းကျိုး ရလျှင် တော်ပါသေး၏။ စင်စစ်မှာ စိတ်နှလုံး၏ ပူလောင်ခြင်းမှတပါး ကောင်းကျိုးဘက်က တချက်မျှ မရှိချေ။ ထို့ကြောင့် မည်သူ့အတွက်ဖြစ်ဖြစ် အကျိုးမဲ့ အချည်းနှီး အစိုးရိမ်ကြီးနေမည့်အစား ထိုသို့ စိုးရိမ်ဖွယ်မရှိအောင် သတိ ကြီးစွာဖြင့် ကြိုတင်၍ စီစဉ်သင့်ကြပါသည်။ ဥပမာ-ငယ်ရွယ်သူတို့အတွက် ဖျားနာမှုကို စိုးရိမ်ရမည့်အစား အဖျားအနာကို ကာကွယ်ဖို့ရာ အသွားအလာ အစားအသောက်ကိုသာ သင့်တင့်အောင် စီစဉ်သင့်၏။ ထိုသို့ စီစဉ်ပါလျက် ဖျားနာလာလျှင် ဆရာခေါ်သာ တာဝန်ရှိ၏။
အရပ်တပါးသို့ သွားလာရာ၌ စိုးရိမ်ဖွယ်ရှိလျှင် မသွားအောင် တားမြစ်ဖို့ တာဝန်ရှိ၏။ မလွဲသာ၍ သွားစေရလျှင် စိတ်ချရသော နည်းကို စီစဉ်ပေးဖို့ တာဝန်ရှိ၏။ ငါမရှိလျှင် ဖြစ်ပုံမရ သူတို့အတွက် ငါမရှိလျှင် မည်သူ စောင့်ရှောက်လိမ့်မည်ဟု စိတ်ချရလောက်သူ အထံ အပ်နှံထားဖို့ တာဝန်ရှိ၏။ ထိုကဲ့သို့ စိုးရိမ်တတ်သူ လူကြီး၊ သို့မဟုတ် ခေါင်းဆောင်၏ တာဝန်ကျေပွန် ပါလျက် စီစဉ်တိုင်း မလိုက်နာမှုနှင့် တစုံတခု အန္တရာယ်ဖြစ်ခဲ့သော် (သေတန်လျှင်-သေခဲ့ပါစေ) မပူပန်လေနှင့်။ အစီအစဉ်တိုင်း မလိုက်နာသူတွေအတွက် ပူပန်နေဦးမည်ဆိုလျှင် ထိုသူ့ ကိုမိုက်မဲဖျင်းအ အသုံးမကျသော အဆင့်အတန်းမှာပင် ရှိသေးသူဟု မှတ်ပါ။ မှန်၏။-ယခုခေတ်၌ ဆရာသမားနှင့် မိဘစကားကို မလိုက်နာသူတွေ များလှ၏။ ထိုမလိုက်နာမှုကြောင့် ဒုက္ခဖြစ်ရသူတွေလည်း မနည်းလှချေ။ ထိုသူတ္တိအတွက် ဆရာ မိဘတို့ ဝမ်းနည်းထိုက်ပါ သလော။
ပရိဒေဝ အကြောင်း
ငိုကြွေးမှုကို “ပရိဒေဝ”ဟု ခေါ်၏။ ဤ ပရိဒေဝ ဟူသည် “ငိုသံ” ပင် ဖြစ်၏။ သို့သော် ထိုငိုသံဖြစ်ခြင်း၏ အကြောင်းရင်းမှာ အတွင်းက ဒေါသ ဒေါမနဿတို့သာဖြစ်၍ ပရိဒေဝသဘောကိုလည်း ဤနေရာမှာပင် မှတ်သား သင့်ပေသည်။ ရာထူး ဂုဏ်သိန် စည်းစိမ် ဆွေမျိုး စသည်တို့တွင် တခုခု ပျက်စီးသောအခါ၊ ပျက်စီးတော့မည်ဟု ထင်ရသောအခါ လွန်စွာ ဝမ်းနည်းကြ၏။ အားငယ်ကြ၏။ ဤ ဝမ်းနည်းအားငယ်မှုကား ပြခဲ့သော “သောက” အမည်ရ ဒေါမနဿ သာတည်း။ ထိုဝမ်းနည်း အားငယ်မှုကို မျိုသိပ်၍ မထားနိုင်သောအခါ ပရိဒေဝ-ခေါ် ငိုကြွေးသော အသံတမျိုးပေါ်လာ၏။ “ပရိဒေဝမီး”ဟု ခေါ်ရာ၌ ငိုတဲ့အသံကို ခေါ်ခြင်း မဟုတ်။ ထိုသို့ဖြစ်လောက်အောင် ဝမ်းတွင်း၌ အပြင်းအထန် ပူပန်တောက်လောင်နေသော ဒေါသ ဒေါမနဿတို့ကို အစွဲပြု၍ ခေါ်ရခြင်း ဖြစ်သည်။
ငိုကြွေးလို့ အကျိုးရှိရဲ့လား။ ။ ဤငိုကြွေးမှုလည်း စိုးရိမ်မှုကဲ့သို့ ကောင်းကျိုးမရသော တရား တမျိုးပင်။ ချစ်ခင်သူ၊ သို့မဟုတ် အားကိုးလောက်သူ တယောက် မျက်စိအောက်မှ ရုတ်တရက် ကွယ်ပျောက် သေဆုံး သွားသောအခါ ဝမ်းနည်း ပူပန်ကြသည်မှာ ထုံးစံ ဓမ္မတာလို ဖြစ်နေ၍ အပြစ်မတင်ထိုက်လှပါ။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူစက သောတာပန် အရှင်အာနန္ဒာ သည်ပင် ငိုရှာပါသေးသည်။ သို့သော် ယခုကာလလို ဟစ်အော်၍ ငိုခြင်းကား လိုရင်း စိတ်မချမ်းသာမှုထက် မိမိကို ဝိုင်း၍ သနားအောင် မာယာဆောင်မှုက များသလို ဖြစ်နေသည်။ (များသည်ဟု အတိအလင်း မဆိုလို) လူတယောက်၏ ဟစ်အော်၍ ငိုသံသည် ကြားရသမျှ လူအပေါင်း၏ စိတ်နှလုံးကို ထိခိုက်စေ နိုင်၏။ ချမ်းသာ သုခ ရှိနေသူ အများပင် ငိုသံကြားက ချမ်းသာ သုခ ကွယ်ပျောက်၍ ရုတ်တရက် စိတ်ဒုက္ခ ရောက်ရ၏။
ထိုမျှလောက် လူအများကို ချောက်ချားစေနိုင်သောငိုသံကို တယောက်ကြား ၂-ယောက်ကြား၊ တအိမ်ကြား၊ ၂-အိမ်ကြားမက တရပ်လုံး၊ တရွာလုံး ချောက်ချားအောင် အဘယ့်ကြောင့် ဟစ်အော်ကြွေးကြော်လိုကြသနည်း။ ထိုမျှလောက် ဟစ်အော်ရာ၌ “မိမိမှာ ချုပ်တည်းနိုင်သော တရားများ တခုတလေမျှ လက်ကိုင် မရှိပ”ဟု ဝန်ခံရာလည်း ရောက်လေတော့သည်။ ထို့ကြောင့် မလွဲသာ၍ ပရိဒေဝမီး တောက်လာလျှင် တိုးတိုးသက်သာ ယိုကျလာသော မျက်ရည်ဖြင့် အမြန် ငြိမ်းအောင် သိမ်းသိမ်းဆည်းဆည်း ငိုခြင်းသာလျှင် လိုရင်းအကျဆုံး ဖြစ်ပါသည်။ ထို့ ထက် ပိုမို၍ စိတ်ကို ချုပ်တည်းနိုင်သော အထက်တန်း သူတော်စင် ပါရမီရှင် ဖြစ်သူကား ကြုံရသော ဒုက္ခကို ငြီးငွေ့သော သံဝေဂ တရားဖြင့် ဖြေသိမ်းထိုက်ကြပါသည်။
အလောင်းတော်၏ ဖြေသိမ်းပုံ။ ။ ဘုရားရှင်နှင့် ယသော်ဓရာ လောင်းလျာ ၂-ပါးတို့ တခုသော ဘဝဝယ် ကုဋေများစွာ ကြွယ်ဝသော သဌေးအဖြစ်မှ စည်းစိမ် ဥစ္စာများကို သဘောတူ လှူဒါန်းလျက် ရသေ့ ရဟန်းပြုကာ မကွဲမကွာပင် နေကြလေသည်။ ရသေ့မ ကလေး၏ ရုပ်ရည်မှာ လွန်စွာ ထူးခြားသည့်ပြင် ပြုံးရွှင်သလိုနှင့် ခန့်ညားသော မျက်နှာအနေအထားကြောင့် အများပင် ချစ်ခင်လေးစားကြ၏။
ထိုကဲ့သို့ တောထွက်လာခဲ့ရာ၌ သဌေးမျိုး-သဌေးနွယ် နုနယ်သော ရသေ့မ ကလေးမှာ ရှေးကလိုမွန်မြတ်သောအစာကို မစားရပဲရသေ့ရဟန်းတို့၏ ဓမ္မတာ သစ်ဥ-သစ်သီးနှင့် သူပေး-လူပေး အာဟာရများဖြင့်သာ မျှတရရှာသောကြောင့် အတော်ကြာလျှင် ဝမ်းသွေး ရောဂါဖြင့် လွန်စွာ အားနည်းရှာလေသော် အလောင်းတော်ကိုယ်တိုင် တွဲယူကာမြို့တံခါးအနီး ဇရပ်ကြီးပေါ်မှာ အသာချထား၍ အလောင်းဘုရား ဆွမ်းခံဝင်တော်မူလေသည်။
ထိုကဲ့သို့ ဆွမ်းခံဝင်တော်မူနေတုန်းအချိန်မှာပင် ဇရပ်ပေါ်တွင် ကျန်ရစ်သော ရသေ့မကလေးသည် သူ၏ ရောဂါဒဏ်ကို ကြာရှည် မခံနိုင်သည့်အလား အလောင်းဘုရား ပြန်ချိန်ကို မစောင့်နိုင်ရှာတော့ပဲ ဘဝဇာတ် အသစ်လဲရရှာလေသည်။ ထိုကဲ့သို့ ဖြစ်ပုံကို မြို့တွင်းမှ ထွက်လာသူတို့ တွေ့ကြလေရာ ဆွေမတော်-မျိုးမစပ်ပဲ လှိုက်လှိုက်လှဲလှဲ ငိုကြွေးကာ အလောင်းကို ပြင်ကြရှာလေသည်။
ထိုအခိုက်မှာပင် အလောင်းဘုရား ဆွမ်းခံ ပြန်လာလေသော်၊ မမျှော်လင့်သော အဖြစ်အပျက်ကို ရုတ်တရက် တွေ့ရလေလျှင် အစွမ်းကုန် ငိုချင်ဖွယ် ကောင်းသော်လည်း ရင့်မာသော အလောင်းဘုရားပီပီ တည်ကြည်သော ကုဋေဖြင့် ဇရပ်ပေါ်တက်၍ ပြင်ထားသော အလောင်း၏ ဦးခေါင်းဘက်မှ ထိုင်တော်မူပြီးလျှင် ၂-ယောက်စာ ခံယူလာသောဆွမ်းကို တပါးတည်း ဘုဉ်းပေးတော်မူပြီးမှ များစွာသော ပရိသတ်၏ ပရိဒေဝမီးကို ကြည်လင်အေးမြသော ဩဝါဒရေချမ်းဖြင့် ဆွတ်ဖျန်း ငြိမ်းစေတော်မူလေသည်။
မလ္လိကာ စစ်သူကြီးကတော်။ ။ ဗန္ဓုလ စစ်သူကြီးကတော် မလ္လိကာ အမျိုးသမီး၏ စိတ်ထားလည်း အားရစရာပင်။ ကောသလမင်း၏ စစ်သူကြီး ဗန္ဓုလနှင့် မလ္လိကာတို့မှာ အမွှာမွေးညီနောင် ဖြစ်ကြသော သားရတနာ ၃-ကျိပ် ၂-ယောက် ထွန်းကားလေသည်။ ထူးခြားသော မိဘ ၂-ဦး၏ သားများ ဖြစ်ကြသည် အားလျော်စွာ သူတို့ အခြွေအရံများနှင့်တကွ ဘခင်နောက်က ဘုရင့်ထံ အခစားဝင်ကြသောအခါ သူတို့လူစုနှင့်ပင် ပရိသတ် ကြီးတခုဖြစ်လေသည်။
ထိုအခြင်းအရာကို မလိုလားသော အမတ်တို့က ဘုရင့်ထံ – တနေ့ကျလျှင် ဗန္ဓုလစစ်သူကြီးက သူ၏သားများနှင့်အတူ တိုင်းပြည်ကို ကြံပါလိမ့်မည်”ဟု ကုန်းချောကြလေရာ၊ နဂိုကပင် အဆင်ခြင်နည်းသောရှင်ဘုရင်ကြီးသည် အလွယ်တကူ ယုံကြည်၍ အဘတစုကို ပရိယာယ်ဖြင့် လည်ဆယ်ကာ အိမ်တဆောင်မှာ နေခိုက် မီးတိုက်၍ သတ်စေလေသည်။
သားအဘတစုတို့ အသတ်ခံရသည့် ညဉ့်၏ နောက်တနေ့ နံနက်မှာ မလ္လိကာလည်း ရှင်သာရိပုတ္တာ အမှူးရှိသော သံဃာတော်များကို ဆွမ်းကပ်ဖို့ရန် စီမံ ထား၏။ နံနက်၌ ဆွမ်းကပ်ချိန်နီးလတ်သော် “ညဉ့်တုန်းက သားအဘအားလုံး တပြိုင်နက်ဆုံးကြောင်း” စာကို မလ္လိကာ ရရှိလေလျှင် ဟစ်၍သာ ငိုချင်စရာကောင်းသော်လည်း မျက်ရည် တစက်မျှ မထွက်စေပဲ ပြင်ဆင်မြဲဆွမ်းကို ပြင်ဆင်ကာ ထိုစာကို သိမ်းထားလိုက်လေသည်။
မှတ်ချက်။ ။ ပြခဲ့သော ဝတ္ထု ၂-ရပ်၌ ဘုရားအလောင်း၏ ပရိဒေဝ မဖြစ်ခြင်းမှာ ရင့်မာသော ပါရမီရှင်ဖြစ်၍ ရှိပါစေဦးတော့။ မလ္လိကာ၏ ပရိဒေဝမီး ချုပ်တည်းနိုင်မှု အများပင် အားရဖွယ်၊ အတုယူဖွယ် ကောင်းလှပါပေသည်။ ထို့ကြောင့် အသက်တရာ မနေရသော်လည်း အမှုတရာတွေ့ဖို့ လွယ်ကူသော လောကကြီး၌ ပရိဒေဝမီးကို အစွမ်းကုန်ငြိမ်းနိုင်မှ သက်သာရာရဖွယ် ရှိရကား ပရိဒေဝ ဖြစ်လောက်သော ဒုက္ခ၌ “ငါ့ ပါရမီ မည်မျှလောက် အခြေတည်မိပြီ”ဟု အကဲခတ်ဖို့ရာ ကြုံလာသော ဒုက္ခ မှတ်ကျောက်တွင် ပါရမီကို မှတ်တင်၍ ကြည့်ကြပါကုန်။
ဒုက္ခ ဒေါမနဿတို့ အကြောင်း
ကိုယ်ဆင်းရဲမှုကို “ဒုက္ခ”၊ စိတ်ဆင်းရဲမှုကို “ဒေါမနဿ”ဟု ခေါ်၏။ အသွားအလာ၊ အလုပ်အကိုင်၊ အနေအထိုင် ကျပ်တည်းကျဉ်းမြောင်းမှု၊ ရောဂါဝေဒနာဒဏ်ကို ခံစားနေရမှု၊ အရိုက်အနှက်ခံရမှု၊ တစုံတခုနှင့်ထိခိုက်မှု စသည်တို့ကြောင့် ခန္ဓာကိုယ်၏ ပင်ပန်း နွမ်းနယ်ခြင်းသည် ဒုက္ခချည်းတည်း။ ယခု လောက၌လည်း ကိုယ်ခန္ဓာနာကျင်လျှင် “အလိုလေး....ဒုက္ခ-ဒုက္ခ”ဟု ညည်းညူကြလေသည်။ ထိုသို့ ခန္ဓာကိုယ် ဆင်းရဲသော်လည်း စိတ်ကား ဆင်းရဲ ချင်မှ ဆင်းရဲမည်။ ဘုရားအလောင်း ပါရမီ ဖြည့်တော်မူရာ၌ မဟောသဓာ၊ ဝေဿန္တရာဘဝ စသည်တိုဝယ် ကိုယ်ခန္ဓာ မသက်သာပဲ ဆင်းရဲဒုက္ခ ရောက်တော် မူကြ၏။ သို့သော် သတ္တဝါတို့၏ အကျိုးကို မျှော်ကိုးရင်း စေတနာကြောင့် စိတ်ဆင်းရဲမှု ဒေါမနဿကား မဖြစ်ခဲ့ပါ။
စိတ်ဆင်းရဲမှု၊ စိတ်မချမ်းသာမှု၊ စိတ်ညစ်မှု၊ စိတ်ပျက်မှု စသည်ဖြင့် စိတ်မှာ ဖြစ်နေသော ဒုက္ခစုကိုပင် “ဒေါမနဿ”ဟု ခေါ်ရလေသည်။ ဤ ဒေါမနဿ ဝေဒနာသည် စိတ်မှာ စွဲကပ်လာသော ရောဂါတမျိုးပင် ဖြစ်၏။ ထို့ကြောင့် “သူ့ အကြောင်းကြားရတာ စိတ်ထဲမှာ နာလွန်းလို့ ငါ့အား သူ့ အကြောင်းကို မပြောလာပါနဲ့” စသည်ဖြင့် စိတ်မချမ်းသာမှုကိုပင် “စိတ်နာ”ဟု ပြောဆို ကြလေသည်။ ဤကဲ့သို့ စိတ်မချမ်းသာတိုင်း၊ စိတ်နာတိုင်းလည်း ကိုယ်ဆင်းရဲ ချင်မှ ဆင်းရဲမည်။ ခြွေရံပေါကြွယ် စည်းစိမ်လယ်မှာ ကိုယ်ခန္ဓာ ချမ်းမြပါလျက် ဓမ္မစကြာ တရားတော်လာ “ယံပိစ္ဆံ န လဘတိ၊ တံပိ ဒုက္ခံ = ရတာမလို၊ လိုတာ မရ” ဖြစ်နေကြသူတို့၏ ဒုက္ခလည်း ဤဒေါမနဿပင်တည်း။ ဤဒေါမနဿ၏ ဆင်းရဲပုံသည် ခန္ဓာကိုယ် ဆင်းရဲပုံထက် လွန်ကဲ ပြင်းပြ၏။ ရွှေပုံပေါ်မှာ စံနေရသော်လည်း ဒေါမနဿဒဏ်ကို မခံနိုင်ကြ၍ ရွှေပုံပေါ်မှ ဆင်းကာ တူပျော်ပျော် ယှဉ်တွဲလျက် တဲအိုထဲ၌ ကိုယ်ဆင်းရဲဒဏ်ကို ခံနိုင်ကြလေသည်။
စိတ်ချမ်းသာအောင် ပြုပြင်နည်းမှာ အကြောင်းအားလျော်စွာ အတော် များစွာပါရှိ၏။ သို့သော် သူ့အကြောင်းနှင့်သူ ထိုက်တန်အောင် ပြုပြင်တတ်ဖို့ကား တော်တော်တန်တန် အသိဉာဏ်ရှိရုံမျှဖြင့် မလွယ်ကူချေ။ အချုပ်မှာအရှည်ကိုမြော်မြင်၍ ဆိုင်ရာကိစ္စအဝဝကို ကြိုတင်ပြီး စီစဉ်ထားရမည်။ မိမိ အစီ အစဉ်နှင့် တည့်အောင်လည်း မပျင်းမရိ လုံ့လရှိရမည်။ ထိုကဲ့သို့ ဉာဏ်ရော ဝီရိယပါ အရာရာ ပြည့်စုံပါလျက် ကံမကောင်း အကြောင်းမသင့် ဖြစ်ခဲ့ပြန်သည် (ရည်ရွယ်ချက် မမြောက်ခဲ့သော်) စိတ်အား မငယ်စေနှင့်။ နောက်တမျိုးတိုး၍ ကြိုးစားလေဦး။ ကြိုးစားလျှင် ဘုရားပင် ဖြစ်နိုင်သေးသည်။ ထို့ပြင် လောကဓံကြောင့် မတုန်လှုပ်ဖို့လည်း အရေးကြီးသေး၏။ လောကဓံဆိုသည်ကား လောက၌ တွေ့ကြုံရန် ထုံးစံတမျိုးတည်း။ လောက= လောက+ဓမ္မ= ဓမ္မတာ (ထုံးစံ)။] ထိုလောကဓံသည်
၁။ လာဘ ... ပစ္စည်းဥစ္စာ ရခြင်း။
၂။ အလာဘ .... ပစ္စည်းဥစ္စာ မရခြင်း။
၃။ ယသ ... အခြွေအရံ များခြင်း။
၄။ အယသ ... အခြွေအရံ မရှိခြင်း။
၅။ နိန္ဒာ .. အကဲ့ရဲ့ ခံရခြင်း။
၆။ ပသံသာ ... ချီးမွမ်း ခံရခြင်း။
၇။ သုခ ... ကိုယ်-စိတ်ချမ်းသာခြင်း။
၈။ ဒုက္ခ ... ကိုယ်-စိတ် ဆင်းရဲခြင်း။
ဤသို့အားဖြင့် ရှစ်ပါး ရှိသည်။
ဤလောကဓံများ၌ မကောင်း ၄-ပါး၊ ကောင်း ၄-ပါး ပါ၏။ ကောင်းသော လောကဓံနှင့်တွေ့ကြုံသောအခါ ဝမ်းသာရွှင်ပျ တကြွကြွဖြစ်နေခြင်း၊ မကောင်း လောကဓံနှင့် တွေ့ကြုံသောအခါ စိတ်အားခွဲ၍ တမဲ့မဲ့ဖြစ်နေခြင်းသည် လောကဓံကြောင့် တုန်လှုပ်ခြင်းတည်း။ ဝမ်းသာလွယ်သူသည် ဝမ်းနည်းလွယ်၏၊ ဝမ်းသာအားကြီးသူသည် ဝမ်းနည်းအားကြီး၏။ ဝမ်းနည်း မှုမှာ ပြခဲ့သော ဒေါမနဿ သဘောတည်း။ ထို့ကြောင့် အမြဲ စိတ်ချမ်းသာခြင်းကို အလိုရှိလျှင် လောကဓံရှစ်ပါး ဖြစ်ရိုးဖြစ်စဉ် တရားကြောင့် (ဆိုးဆိုးကောင်းကောင်း) သိသိ သာသာ စိတ်မပြောင်းဖို့ အထူးသတိထား သင့်ကြ ပေသည်။ ... ချဲ့ဦးအံ့ -
လာဘ အလာဘ။ ။ မိမိနှင့်ထိုက်တန်သော လာဘ်ကို တရားသဖြင့်ရအောင် ကြိုးစားရမည်။ ရသည့်အခါလည်း သူတပါး မြင်ပြင်း ကတ်အောင် ဝမ်းသာရွှင်ပျ တကြွကြွမရှိစေသင့်။ တချို့ ရှာဖွေမှုကား ရှာဖွေ၍မရ သည့်ပြင် “ဗူးထဲက ရေပါ၍” အရင်းပင်ရှုံးတတ်သေးသည်။ ထိုကဲ့သို့ ဆုံးရှုံး မှုကြောင့်လည်း ဝမ်းနည်း ပူဆွေး၍မနေနှင့်။ ထိုသို့ ဆုံးရှုံးသူတွေ မရေမတွက် နိုင်အောင် ရှိကြသည့်ပြင် ထီးနန်းကိုပင် စွန့်လွှတ်၍ တမျိုးလုံး သခင်ဘဝမှ ကျွန်ဘဝသို့ ဆင်းကာ မောင်မောင်လို့ ခေါ်တုန်းက “ဗျာ” လိုမျှ ထူးဖော်မရပဲ အောင်ကျော်လို့ ခေါ်ကာမှ “ဘုရား”ဟု ထူးရသူတွေ အများပင် ရှိရှာကြပေသည်။ သို့ဖြစ်၍ ရမှု မရမှု လောကဓံ ၂-ကြောင့် မတုန်လှုပ်ဖို့ရာ ခိုင်မာသော စိတ်ကိုသာ အမြဲထားသင့်ကြပေသည်။
ယသ အယသ။ ။ ဆရာသမားကြီး လူကြီး လူကောင်းတို့၌ အထိုက် အလိုက် အခြွေအရံရှိမှ တင့်တယ်သည်။ အခြံအရံဟူသည် အိမ်ဝင်း အိမ်ခြံတို့ကဲ့သို့ ဘေးဆီး ရန်ကာ အရာရာမှာပင် စောင့်ရှောက်လုပ်ကျွေး အကူ အညီ ပေးသူများပေတည်း။ ထိုကဲ့သို့ အခြံအရံများအောင် မိမိ၏ ပစ္စည်းများကို ခြွေတာဝေငှ မ-စ ချီးမြှောက်ရမည်။ ထို့ကြောင့် “ခြွေရံသည်”ဟု ပြောလေ့ ရှိသည်။ ထိုအခြွေအရံများကိုလည်း အစေခံလို သဘောထား၍ အားမနာ ပါးမနာများစွာ မစေခိုင်းသင့်။ မိမိကိုမှီခို၍ ကြီးပွားစေလိုသော စိတ်သာ ရှိသင့်ပေသည်။ အခိုင်းအစေကိုခံရာ ငှားရမ်းထားသော အစေခံများကိုပင် အခြွေအရံလို သဘောထားလျက် မိမိကိုအမှီပြု၍ တနေ့နေ့ ကြီးပွားအောင် စောင့်ရှောက်သင့်ပေသည်။ ထိုကဲ့သို့ သဘောထားကောင်းပါလျက် အခြွေ အရံ မရှိပြန်လျှင် စိတ်နှလုံး မပူပန်လေနှင့်။ အခြွေအရံ ပေါများသည့်အတွက်လည်း မာန်မာန မတက်စေသင့်။
ကျော်စောမှု၊ ဂုဏ်သတင်း ပြန့်နှံမှုများလည်း ယခု တဘဝသာမက ဘဝ တိုင်း အရေးကြီး၏။ မြင့်မြတ်သောအလုပ်ကို လုပ်မည်ကြံလျှင် ဂုဏ်ရှိမှ နာမည် ကြီးမှ အထမြောက်နိုင်သည်ကို ရှေးဦး သတိပြုသင့်ပေသည်။ “ဂုဏဝန္တေ ပဿန္တိ ဇနာ =ဂုဏ်ရှိသူမှ လူထင်ကြသောအခါ” ဖြစ်သည်။ သို့ဖြစ်၍ ရသင့်သော ကျော်ကြားမှု ဂုဏ်ကိုရအောင် ဉာဏ် ဝီရိယဖြင့် ထူထောင်ရမည်။ ရခဲ့ပြန်သည် ထိုဂုဏ်အတွက် မကြွား မမော်လေနှင့်။ ရသင့်ပါလျက် မရပြန်လျှင်လည်း စိတ်အား မငယ်လေနှင့်။
နိန္ဒာ-ပသံသာ။ ။ မလိုမုန်းထား ဣဿာများသူ၊ သို့မဟုတ် အလုပ်မရှိ အလုပ်ရှာ၍ ကဲ့ရဲ့စရာ ကြံစည်နေကြသူတွေ ပေါများသော ယခု ကာလဝယ် အချီးမွမ်းခံရဖို့ခဲယဉ်းသော်လည်း အကဲ့ရဲ့ခံရဖို့မှာ သေချာပြီးဖြစ်၏။ ထို့ကြောင့် ကဲ့ရဲ့စရာမရှိအောင် ရှေးဦးစွာ သတိထားရမည်။ သို့ရာတွင် သကြားမင်း ဖန်ဆင်းအပ်သော နွားသော်မှ မစင်ပျော့သည်ဟု နော့တော့တော့ အဆို ခံရသေးသောကြောင့် “မုန်းအပြစ်၊ ချစ်အကျိုး၊ မြတ်နိုးမှ သဒ္ဓါ” နိုင်သော ယခုကာလဝယ် မုန်းသူလည်း မရှားသဖြင့် အပြစ်မြင်ချင်သူလည်း အများပင် ရှိပေမည်။
သို့သော် သူတပါး၏ အပြစ်ကို လွယ်ကူစွာ မြင်နိုင်သော ထိုသူများသည် အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဗူလာတို့အလား၊ သို့မဟုတ် မဟောသဓာ၊ ဝေဿန္တရာတို့ တမျှ၊ သို့မဟုတ် အရှင်မဟာကဿပ၊ အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒာတို့လို “ခြောက်ပြစ်ကင်း၊ စင်းလုံးချော”ဟု ဆိုနိုင်ပါမည်လော။ ရွာတရွာ၌ တောင်ဘက်အိမ်က မိန်းမကြီး စကားထစ်ကြောင်း ပြောလာသောသားငယ်က “အ.. အ..အဖေ၊ ဟို..ဟို..ဟို ဘက် အိမ် က မိန်းမိန်းမိန်း-မကြီးဟာ စ..စ.. စကား ထစ်၊ ထစ်ထစ်၊ ထစ်လိုက်တာ”ဟု ပြောသလို ထိုသူ့ ကိုယ်တိုင်မှာ အကဲ့ရဲ့ခံရပြီးဖြစ်၍ “သူခိုးသေဖော်ညှိများ” ဖြစ်တတ်ကြသည်။
သို့မဟုတ် မိမိကဲ့ရဲ့ဖွယ်ကို အစွမ်းကုန် ဖုံးကွယ်ထားသော “ကြောင်သူတော် များ” ဖြစ်တတ်ကြသည်။ ဘာ့ကြောင့်နည်း။ “ခိုးတတ်လျှင် ရိုးတတ်”သောကြောင့်တည်း။ တချို့ အချက်များ၌ကား “ကိုယ့်ထက်သာ၍ မနာလို” လို ကဲ့၍သော်လည်း ထိုအကဲ့ရဲမျိုးကို သူကိုယ်တိုင်ပင် ခံချင်ကောင်း ခံချင်ပါလိမ့်မည်။ ဘာ့ကြောင့်နည်း။ မိန်းကလေးတယောက်အိမ်သို့ ဂုဏ်ရှိသိန်ရှိ ယောက်ျား ကလေး ထွက်ဝင်နေရာဝယ် တနယ်လုံး ကဲ့ရဲကြရာ၌ အမှန်စင်စစ်မှာ မိမိတို့ဆီ မလာသောကြောင့်သာ ဖြစ်သကဲ့သို့တည်း။ ဤသို့လျှင် အကဲ့ရဲ့ခံရမှုသည် မကင်း နိုင်သော လောကဓံဖြစ်သည့်ပြင် အမှန်အားဖြင့် ကဲ့ရဲသလောက် အပြစ်ရှိချင်မှ ရှိမည်။ အပြစ်ရှိသည်ပင်ထားဦးတော့၊ ကြောက်သင့် ရှက်သင့်သလောက်ထက် မိမိစိတ်ကို မိမိချောက်နေခြင်းက ပိုကောင်းပိုပါလိမ့်မည်။
တစ္ဆေ ကြောက်တတ်သူသည် ညဉ့် မှောင်မိုက်ထဲတွင် ထန်းပင်ငုတ်တို့ကို မြင်ရာ၌ ထန်းပင်ငုတ်တို့က လုံးဝ မပျောက်သော်လဲ သူ့ စိတ်ထဲက “တစ္ဆေပဲ.... တစ္ဆေ”ဟု အသေအလုံး စွဲလမ်း၍ တစ္ဆေ ကမ္မဋ္ဌာန်း စီးဖြန်းသောကြောင့် ကမ္မဋ္ဌာန်း ပေါက်ပြီးလျှင် သူ့နောက်သို့ လိုက်နေသည်ဟု ထင်ကာ မစင်ပါအောင် ပြေးရှာသကဲ့သို့တည်း။ ထို့အတူ တချို့ကိစ္စ၌ မိမိစိတ်ကို မိမိချောက်ကာ အလွန့်အလွန်ကြောက်စရာဟု ထင်လာတတ်ပေသည်။ ထို့ကြောင့် သံယုတ် ပါဠိတော်၌ “တောထဲမှာ ချွတ်ချွတ်သံကြားတိုင်း မောကြီးပန်းကြီး ပြေးရ ရှာသော သမင်ပျံကဲ့သို့ အကဲ့ရဲ့ ခံရမည်ကို ကြောက်နေသူကိုလည်း စိတ်မတည်သူ၊ စိတ်မခိုင်သူ၊ ပေါ့ဆဆစိတ်ရှိသူ”ဟု မိန့်တော်မူသည်။ ချွတ်ချွတ်သံ ကြားတိုင်း ပြေးရသဖြင့် သမင်ပျံမှာ အစာ-ရေစာ မဝသကဲ့သို့၊ ထိုကြောက်တတ် သူမှာလည်း မည်သည့် အကျိုးကိုမျှ မရချေ။ နဂိုကပင် အရှက်ရစေတော့ဟု သဘောထား၍ ကဲ့၍ ရကား ထိုကဲ့သို့ ရှက်မှန်း ကြောက်မှန်းသိလျှင် ကဲ့ရဲ့ သူတို့အတွက် “မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ” ဖြစ်ပေလတ္တံ့။
တနည်းတဖုံ စဉ်းစားပြန်လျှင် အကဲ့ရဲ့ ခံနေရသည်မှာ တမျိုးအားတက် စရာဖြစ်၏။ ဘာ့ကြောင့်နည်း။ ခွေးလေးဂျပိုး အုတ်ကြားမြက်ပေါက် အစား မျိုးကို အရေးလုပ်၍ မလိုကြ၊ အတော်ထင်ရှားသူကိုမှ ကဲ့ရဲ့ ကြသော ကြောင့်တည်း။ ထို့ကြောင့် သစ်ပင်အများရှိရာတွင် အမြင့်ဆုံး သစ်ပင်သည် လေတိုက် အခံရဆုံး ဖြစ်သကဲ့သို့၊ ထို့အတူ အထက်တန်းကျလေ လောကဓံ လေမုန်တိုင်း အတိုက်ခံရလေဖြစ်ရကား၊ အကဲ့ရဲ့ခံရမှုကို ဂရုစိုက်၍ ဝမ်းမနည်း ထိုက်သည့်ပြင် တချို့ ကဲ့ရဲ့ခြင်းမျိုးမှာ မိမိအထက်တန်း ရောက်နေခြင်း၏ အမှတ်လက္ခဏာဖြစ်၍ ဝမ်းသာဖွယ်ကောင်းပေသည်။
ထို့ကြောင့် မည်သူမဆို ကဲ့ရဲ့မှုများကို အရေးစိုက်ကာ အရာရာ မတုန်လှုပ်အောင် “ခွေးဟောင်တိုင်း ထ၍ မကြည့်မိရန်” မြဲမြံသော စိတ်ထား၊ ခိုင်မာသော သမာဓိတရား ရှိအောင် ကြိုးစား၍ လေ့လာကြရမည်။ အကဲ့ရဲ့ ခံရသည့် အခါတိုင်း “ငါ၏ စိတ်များ ဘယ်အခြေရောက်အောင် ခိုင်မာနေ ပါလိမ့်မည်နည်း”ဟု စဉ်းစဉ်းစားစား သတိထားကာ အကဲ့ရဲ့ ဒဏ်ကို အရသာ ခံကြည့်ပါလေ။ သို့ရာတွင် ကဲ့ရဲ့ဖွယ် မရှိအောင်ကား သတိဆောင်ရပေလိမ့်မည်။
ကဲ့ရဲ့ ရာ၌ မတုန်လှုပ်သကဲ့သို့ တခုခုဂုဏ်ရ၍ ချီးမွမ်းကြသည့် အခါ၌လည်း သိသိသာသာကြီး မပြုမိစေပဲ “အလုပ်ကောင်း၍ အကျိုးရသည်မှာ ဓမ္မာပဲ”ဟု နှလုံးသွင်းလျက် သန့်ရှင်းသော စိတ်ထားဖြင့် အခြားသူများလည်း ငါကဲ့သို့ ဂုဏ်ရကာ အချီးမွမ်းခံကြရပါစေ”ဟု အမျှဝေ သဘောဖြင့် စိတ်မနော ကောင်းသင့်ကြပေသည်။ သုခ ဒုက္ခကို သဘောကား ထင်ရှားပြီ။]
အချုပ်ကား-လောကဓံ ၈-ပါးတွင် အကောင်း ၄-ပါးကို “ဣဋ္ဌာရုံ (အလိုရှိအပ်သော အာရုံ)”ဟု ခေါ်သည်။ မကောင်း ၄-ပါးကို “အနိဋ္ဌာရုံ (အလိုမရှိအပ်သော အာရုံ)”ဟု ခေါ်သည်။ ရှေးရှေးသော ဘဝများစွာ သံသရာက ကံကောင်း ကံဆိုး (ကုသိုလ် အကုသိုလ်) ၂-မျိုးကို ပြုလာခဲ့သော ငါတို့မှာ ထိုဣဋ္ဌာရုံ အနိဋ္ဌာရုံ အမျိုးစုံနှင့် အမှန် တွေ့ကြုံကြရတော့မည်။ ထိုကဲ့သို့ တွေ့ကြုံရာ၌ ထိုဣဋ္ဌာရုံ အနိဋ္ဌာရုံ လောကဓံ လေမုန်တိုင်းကို မိမိ၏ လုံ့လစွမ်း၊ ဉာဏ်စွမ်းတို့ဖြင့် နည်းလမ်းရှိသမျှ ခုခံကာကွယ်ကြပြီးလျှင် အကြင် သို့သော နိဗ္ဗာန်ဆိပ်ကမ်းသို့ မျှော်မှန်းကူးခပ်ရမည်။
ဥပမာ-ပင်လယ်ကို ကျော်ဖြတ်နေသော မာလိန်မှူးတို့၌ အခါခပ်သိမ်း ငြိမ်သက်ချမ်းသာစွာ ကျော်လွန်ရလိမ့်မည်ဟု မမျှော်လင့်နိုင်။ မကြာ မကြာပင် သာမန် လှိုင်းလေ၊ ပြင်းထန်သော လှိုင်းလေ၊ သဘောကိုပင် အန္တရာယ် ဖြစ်စေနိုင်သော လှိုင်းလေးများကို တွေ့ကြုံရပေသည်။ ထိုသို့ တွေ့ကြုံရာဝယ် ကျွမ်းကျင်သော မာလိန်မှူးတို့မှာ မိမိတို့ လုံ့လစွမ်း၊ ဉာဏ်စွမ်းတို့ဖြင့် ထိုလှိုင်းလေများကို ခုခံ၍ မိမိ၏ လိုရာ ဆိပ်ကမ်းသို့ ရောက်နိုင်ကြသကဲ့သို့တည်း။
ကတတ္တာ နာနာကမ္မာနံ၊ ဣဋ္ဌာနိဋ္ဌေပိ အာဂတေ၊
ယောနိသော တိတ္ထံ သန္ဓာယ၊ တရေယျ နာဝိကော ယထာ။
နာနာကမ္မာနံ၊ ကံကောင်း, ကံဆိုး, အမျိုးမျိုးတို့ကို, ကတတ္တာဘဝများစွာ, သံသရာက, မကွာထက်ကြပ်, ပြုအပ်ခဲ့လေသောကြောင့်။ ဣဋ္ဌာနိဋ္ဌေ၊ အကောင်း အဆိုး, အာရုံ ၂၊ မျိုးသည်။ အာဂတေပိ၊ အကြောင်း အားလျော်စွာ ပေါ်လာခဲ့ပါသော်လည်း။ နာဝိကော ယထာ၊ ပင်လယ်ကိုကူး, မာလိန်မှူးကဲ့သို့။ ယောနိသော၊ သင့်တင့် လျှော်ကန်, တော်မှန်ထုံးအရ, အသုံးကျမည်, လုံ့လပညာ, အလိမ္မာဖြင့်။ တိတ္ထံ၊ ဒုက္ခမီးစက်, ဆူဆူပွက်သည့်, ဤဘက်ကမ်းမှ, စခန်းထဖို့, နန်းမခေမံ, နေရဗဏ်နန်း, ဟိုဘက်ကမ်းကို။ သန္ဓာယ၊ စိတ်စဉ် ဖြောင့်တန်း, ကောင်းစွာမှန်း၍။ တရေယျ၊ လောကဓံလှိုင်း, လေမုန်တိုင်းကြောင့်, မဆိုင်းမလှုပ်, ဉာဏ်အားထုတ်လျက်, သုတ်သုတ်လျင်စွာ, ကူးခပ်ရာသတည်း။
ဤသို့လျှင် လောကဓံ ဂ-ပါးကြောင့် စိတ်လှုပ်ရှားခြင်း မရှိ၊ အရှည်ကို မျှော်မြင်၍ ကြိုတင်စီမံလေ့ လည်းရှိ၊ မိမိစီမံသည့်အတိုင်း အကျိုးရှိအောင် ဝီရိယလည်းရှိသူတို့မှာ ကိုယ်ဆင်းရဲမှု ဒုက္ခ၊ စိတ်ဆင်းရဲမှု ဒေါမနဿတို့မှ ကင်း၍ ချမ်းချမ်းသာသာနှင့် ပါရမီကုသိုလ်များကို ကြိုးစားဖြည့်ကျင့်ကာလူဖြစ်ရကျိုးနပ်သူ ဖြစ်ပါလိမ့်သတည်း။
“လောကဓံရိုးမို့၊ အမျိုးမျိုး တွေ့ရမယ်။
စိတ်အနေ မတုန်လှုပ်အောင် ထိန်းချုပ်ပါကွယ်။”
ဥပါယာသ အကြောင်း
ဆွေမျိုး ဂုဏ်သိန် စည်းစိမ် ဥစ္စာ စသော သမ္ပတ္တိတို့ တခုခု ပျက်စီးသည့် အခါတို့၌ ပြင်းစွာသော ဒေါသကို “ဥပါယာသ”ဟု ခေါ်၏။ ရိုးရိုးဒေါသ ဖြစ်သောအခါ စိတ်ဆိုး၏၊ သတ်ဖြတ်ချင်၏။ ဤ ဥပါယာသဟု ခေါ်သော ဒေါသဖြစ်သောအခါ၌ကား လွန်စွာ စိတ်ပူပန်၏။ ပူပန်သောစိတ်၏ အပူဓာတ်သည် နှလုံးသွေးကို အရှိန်ဟပ်သဖြင့် နှလုံးသွေးမှ ဖြာ၍ ကျသော သွေးများသည် အကြောသို့ လျှောက်ကာ တကိုယ်လုံး ထူပူပြီးလျှင် မေ့မျော၍ပင် သွားတက်၏။ အပူလုံးဆို့ကာ တက်သွားတတ်သည်။
ဆွေမျိုးတယောက် ပျက်စီးရာ၌ ငိုသံထွက်လာသော ပရိဒေဝသည် အလွန် အမင်း ပြင်းထန်လာသောအခါ မငိုနိုင်တော့ပဲ တက်သွား၏။ ထိုတက်သွားခြင်းကား ဥပါယာသ ဒေါသ၏ စနက်ပင်တည်း။ ထို့ကြောင့် ဥပဃာသသည် သောက ပရိဒေဝတိုထက်ပင် အပူပြင်းလေသည်။ သောက၏ ပူပုံသည် ဆီချက်ရာ၌ အိုးအတွင်းမှာ ကျက်နေခြင်းနှင့် တူ၏။ ပရိဒေဝ၏ ငိုသံ အပြင်သို့ လျှံပုံသည် ဆီကျက်၍ ဝေတက် လျှံလာခြင်းနှင့် တူ၏။ ဥပါယာသည် ပူလောင်ပုံကား ကျန်သမျှ ဆီတွေ ကုန်ခန်းအောင် ကျက်နေခြင်းနှင့် တူသည်။
ဥပါယာသ ဖြစ်တတ်သူများ။ ။ ဤ ဥပါယာသသည် စိတ်အားငယ်တတ်သူနှင့် သူတပါးကို ယုံကြည် အားကိုး နေသူများ၌ အဖြစ်များ၏။ အများအားဖြင့် မိန်းမသားတို့၌ ဖြစ်တတ်ကြ၏။ မိန်းမသားတို့၏ စိတ်သည် များသောအားဖြင့် ယောက်ျားတို့ စိတ်လောက် မကြီးမားလှချေ။ ရုပ်အနေကလည်း အင်အားနည်းပါးသည်။ စိတ်ကို ကြီးမားအောင် ပြုပြင် တတ်သော အသိဉာဏ် ဗဟုသုတများလည်း မရှိရှာကြ။ သူတပါးတို့ကိုလည်း အားကိုးလေ့ ရှိကြ၏။ ထို့ကြောင့် ထိုသူများသန္တာန်၌ သောကဖြစ်လျှင် ပရိဒေဝလည်း ဖြစ်တော့၏။ ထိုသောက ပရိဒေဝ အပူဓာတ်သည် အားနည်းသောရုပ်ကို အလွယ်တကူ ဟပ်နိုင်ရကား ဥပါယာသအဖြစ်သို့ တိုးတက်ကာ မကြာခင် မေ့မျော သွားရရှာလေသည်။ [ယောက်ျားများပင် ခန္ဓာကိုယ် အားနည်းသောအခါ စိတ်ဆင်းရဲ မခံနိုင်သည်မှာ မျက်မြင်ပင် ဖြစ်သည်။ ထို့ကြောင့် တစုံတယောက် ကွယ်လွန်၍ ပူဆွေးဒုက္ခ ရောက်သောအခါ ထိုဒုက္ခကို နိုင်အောင်ရှိသော အစားအစာကို စားသောက်မိအောင် ကြိုးစားကြပါ။ သို့ဖြစ်၍ များစွာသော ယောက်ျား မိန်းမတို့၌ ဒုက္ခတခု ကြုံသောအခါ ပဌမ ဖြစ်သော သောက ပရိဒေဝမီးကိုပင် အမြန်ဆုံး ငြိမ်းအောင် ငြိမ်းသင့်ကြပေသည်။ သို့မှသာ ဥပါယာသ အထိ လွန်မတက်ပဲ သက်သာခွင့် ရကြပေလိမ့်မည်။ [သောက ပရိဒေဝ ငြိမ်းအေးရန် အကြောင်းများကို ပြခဲ့ပြီ။ ဤမျှသော စကားအစဉ်ဖြင့် ဒေါသနှင့်စပ်၍ ပြဖွယ် အချက်များ ပြီးပြီ။
ဣဿာ အကြောင်း
ငြူစူခြင်း၊ မနာလိုခြင်း သဘောရှိသည် “ဣဿာ” ပင်တည်း။ ထို့ကြောင့် “ဣဿာလျှံမူ၊ လွန့်၏”ဟု ဆိုခဲ့သည်။ သူတပါး လှကြောင်း၊ ဥစ္စာ ပေါကြောင်း၊ ပညာတတ်ကြောင်း၊ အကျင့်ကောင်းကြောင်း စသော ဂုဏ်သတင်းများကို ပြောပြလာလျှင် မနာလိုခြင်း (နားမထောင်လိုခြင်း) နားမထောင်လိုတွင်သာမကပဲ ဇီးကွက်လောက်တော့ ငှက်တိုင်းလှ၍၊ သည်လို ယုန်တော့ ချုံတိုင်းရှိရဲ့” စသည်ဖြင့် နှုတ်ခမ်းစူကာ၊ ပါးစပ်ရွဲ့ကာ၊ မျက်စောင်း ထိုးကာနှင့် ပြောဆို ကဲ့ရဲ့တတ်ခြင်းသည် ဣသာ သဘော ချည်းတည်း။ ကျေးရွာသားတို့ ကဲ့ရဲ့ ရာ၌ကား “ဒီ ထန်းသီးမှုတ်မျိုးတော့ ဘယ်ထန်းပင် အောက်မဆို ကောက်လို့ ရနိုင်တယ်”ဟု ဆိုလေ့ရှိ၏။
“ကိုယ်ထက်သာ မနာလို၊ အကြံတူ ရန်သူ၊ အလုပ်တူ ငြူစူ”ဟု ဆိုရိုး ရှိသည့်အတိုင်း ဤဣဿာသည် အလုပ်တူ၍ ကိုယ့်ထက်သာနေသူ၏ အပေါ်မှာ ဖြစ်တတ်သည်။ ငါးပိသည်က ရွှေသည်၏ အပေါ်မှာ ဣဿာဖြစ်ဖို့ ခဲယဉ်းသော်လည်း ရွှေသည် အချင်းချင်း၊ ငါးပိသည် အချင်းချင်း၊ ရဟန်း သံဃာ အချင်းချင်း၊ ဓမ္မကထိက အချင်းချင်း စာချဘုန်းကြီး အချင်းချင်း၊ ဆရာတော် အချင်းချင်း အတင်း ပြောကာ ဣဿာ ဖြစ်ဘတ်ကြသည်။ သူ၏ ကံစမ်း၊ ဉာဏ်စွမ်း၊ ဝီရိယစွမ်းကြောင့် မိမိထက် သာလွန်၍ တိုးတက်နေသူကို အတင်း အဖျင်းပြောကာ ဣဿာ ဖြစ်မှုကြောင့် ထိုသူ့မှာ အကျိုးမယုတ်ပဲ မိမိမှာသာ ပညာရှိတို့ အထင်သေးခံရမည့်ပြင် ဘဝသံသရာ၌လည်း ယခုထက် အောက်ကျဖို့ အကြောင်း မကောင်းသောတရားတမျိုးဖြစ်၍ စင်စစ် ပယ်ရှားထိုက်လှပေသည်။
မြဂူကို မနာလိုသော ဝက်များ ဟိမဝန္တာတောင် ဂူအတွင်း၌ ခြင်္သေ့တစီး အောင်းနေ၏ ထိုဂူ၏ မနီးမဝေးမှာလည်း ဝက်အများ နေကြသည်။ ထိုဝက်တို့သည် မြဂူအတွင်းက ခြင်္သေ့ကို မြင်နေ ကြရသဖြင့် အမြဲကြောက်ရွံ့ကာ မြဂူ၏အရောင်ကိုပင် အပြစ်မြင်နေကြ၏။အခါတပါး၌ ထိုဝက်အများ တိုင်ပင်ကာ ရွှံ့ညွန်ထဲ၌လူးပြီးလျှင် ထိုညွှန်ဖြင့် မြဂူကို (အရောင်မှိန်သွားအောင်) ပွတ်တိုက်ကြလေရာ၊ မြဂူမှာ အရောင်မညှိုးပဲ တိုး၍ ပြောင်လာလေသည်။ ထို့အတူ မိမိထက် သာသူကို မနာလို၍ အပြစ်ပြောလျှင် မိမိမှာသာ အနေခက်၍ အထက်တန်းရောက်ပြီးသူမှာ တိုး၍သာ ပြောင်ဖွယ် ရှိလေသည်။
အတုက္ကံသန ပရဝမ္ဘနာ။ ။ စကားပြောသောအခါ ဖြစ်စေ၊ စာရေးသောအခါ ဖြစ်စေ မိမိကိုယ်ကို မြှောက်၍ မြှောက်၍(ဂုဏ်ဖော်၍)ပြောဆိုရေးသားခြင်းကို “အတ္တုက္ကံသန”ဟု ခေါ်၏။ [အတ္တ=မိမိကိုယ်ကို+ ဥက္ကံသန =ချီးမြှောက်ခြင်း၊] သူတပါးကို ရှုတ်ချ၍ ရှုတ်ချ၍ (အပြစ်တင်၍) ပြောဆိုရေးသားမှုကို “ပရဝမ္ဘန”ဟု ခေါ်၏။ [ပရ=သူတပါးကို+ဝမ္ဘန = ရှုတ်ချခြင်း၊ ထိုတွင် အတ္တုက္ကံသန အမှု၌ မိမိဂုဏ်ကို သာယာသော လောဘနှင့် အထင်ကြီးသော မာနများ ဖြစ်တတ်၏။ ပရဝမ္ဘာနအမှု၌ကား ယခုပြနေသော ဣသာနှင့် မလိုမုန်းထားသော ဒေါသ သဘော ဖြစ်တတ်လေသည်။
ဂုဏ်ဖော်ပုံ။ ။ စကားပြောဆိုရာ၊ စာရေးသားရာတို့၌ မိမိ တတ်သိ နားလည်ကြောင်း၊ မိမိ ပစ္စည်းဥစ္စာ ပေါများကြောင်း၊ အမျိုးအဆွေ ကြီးကြောင်း၊ ဘီအေ-အမ်အေ အောင်ကြောင်း၊ သူများနှင့် ပြိုင်ဆိုင်စဉ်တုန်းက မိမိအနိုင်ရခဲ့ကြောင်း၊ ယခုအခါ အောက်ကျ၍ နေရစေကာမူ ရှေးအခါတုန်းက ရွှေထီးဆောင်းခဲ့ရဘူးကြောင်း၊ (ဘုန်းကြီး ဖြစ်လျှင်) ဘုန်းကံကြီးကြောင်း၊ မိမိ၏ ဒကာ ဒကာမတို့ ပစ္စည်းဥစ္စာ ပေါများကြောင်း၊ ရာထူးကြီးကြောင်း၊ မိမိ စာမေးပွဲ အောင်ကြောင်း၊ တရားကောင်းကြောင်း၊ စာချ ကောင်းကြောင်း၊ ရွှေ ငွေ ဖြစ်ကြောင်း စသည်ဖြင့် (ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ) ဂုဏ်ဇော်တတ်ကြလေသည်။ ဤသို့ ဂုဏ်ဖော်ကြရာဝယ် ဆင်ခြင် နည်းပါးသူတို့ အပေါ်မှာ အထိုက်အလျောက် အကျိုးရှိမည် ဖြစ်သော်လည်း စဉ်းစားက တုံကမူ “ဤသူဟာ အူကြောင်ကြောင်ကြီး”ဟု အထင်သေး တတ်ကြသည်၊သို့ဖြစ်၍ စကားပြောရာ၊ စာရေးရာတို့၌ ဂုဏ်ဖော်ခြင်း ဟူသော အတ္တုက္ကံသန အမှုကို သတိပြု၍ ရှောင်သင့်ပေသည်။
ဂုဏ်ဖော်သင့်သောအခါ။ ။ တခါတရံ ဂုဏ်ဖော်သင့်သော အချက်များလည်း ရှိတတ်သေး၏။ ထိုအချက်များကား မိမိဂုဏ်ကို ဖော်မပြောလျင်မိမိ အလုပ်ကို ဖြစ်စေ၊ မိမိ စကား မိမိ တရားကို ဖြစ်စေ သူတပါးကိုက အထင်သေးဖွယ်ရှိသော အချက်တည်း ထိုကဲ့သို့ အချက်များ ၌ကား မိမိဂုဏ်ကို ထိုက်သလို ထုတ်ဖော်ရပေမည်။ ထိုကဲ့သို့ မိမိအလုပ်ပိုစကားကို လေးစားစေလို၍ ဂုဏ်ဖော်ခြင်းကား မာန မဟုတ်ပါ။ မိမိအလုပ် မိမိစကားကို တွင်ကျယ်အောင် အမွှန်းတင်တတ်၊ စီစဉ်တတ်သော အသိ အလိမ္မာပင်ဖြစ်ပါသည်။
ရှုတ်ချမှု။ ။ သူတပါးကို ရှုတ်ချတတ်သော ပရဝမ္ဘနအမှုလည်း သတိ မထားတတ် သူ၏ စာအရေးအသား၊ စကား အပြောအဆိုများ၌ တွေ့ရတတ်သည်။ ကြားရသူတိုင်းက အထင်အမြင်သေးအောင် နိမ့်ကျသွားအောင် သူတပါးကိုရှုတ်ချခြင်းသည် ယုတ်မာ ဆိုးရွားလှ၏။ သို့သော် တကယ် ယုတ်မာသူကို အများလူတို့က ဖြစ်စေ၊ မိမိနှင့် ရင်းနှီးသူတို့က ဖြစ်စေ အထင် ကြီးနေရာ၌ကား တိုင်းသူပြည်သားတို့ (မိမိနှင့် စပ်သူတို့) အထင်မမှားရလေအောင် အခါအခွင့် အလိုက် ရှုတ်ချထိုက်ပေသည်။ သို့သော် ထိုသို့ အများက အထင်ကြီးနေသူကို အပြစ်ပြ၍ ရှုတ်ချရာဝယ် သက်သေခံ မရလျှင် မိမိကိုပင် ရင်းနှီးသူတို့ကပါ အထင်မှားတတ်သောကြောင့် သတိထား၍ ရှုတ်ချသင့်မှ ရှုတ်ချပါလေ။
ကြားဘူးသည်မှာ-ကျောင်းဒကာနှင့် ကျောင်းအမတို့သည် မိမိတို့ ဘုန်းကြီးကို ရဟန္တာလောက်ပင် ကြည်ညိုနေကြ၏။ အခါတပါးသော် အလှူတလှူ၌ သံဃာစဉ်ရာတွင် မိမိတို့ဘုန်းကြီးကို မမြင်ရသောကျောင်းဒကာသည်“ဘုန်းကြီး နေမကောင်းဘူး” ထင်၍ ကျောင်းသို့သွားလေသည်။ ထိုအခါ မီးတင်းကုပ်မှ မီးခိုးထွက်နေသည်ကိုမြင်၍ ချောင်းကြည့်မိရာ ဘုန်းတော်ကြီးကိုယ်တိုင် ကြက်ဥ ကြော်နေသည်ကိုမြင်ရသဖြင့် ကြက်သီးထကာ စိတ်မချမ်းမသာနှင့် ကျောင်းအမကို ပြန်ပြောလေရာ၊ ကျောင်းအမက “ကျောင်းဒကာ စိတ်ဖောက်ပြန်လာပေါ့”ဟု စိုးရိမ်၍ “အရပ်ကတို့...လာကြပါဦး၊ ကျုပ်တို့ ကျောင်းဒကာ ဘာဖြစ်လာမှန်း မသိပါဘူး”ဟု အော်လေရာ၊ ကျောင်းဒကာသည် လွန်စွာ ရှက်၍ သက်သက်အရူးပျောက်သလို လုပ်၍ ရောက်လာသူတို့အား ဘာမှ မဖြစ်ကြောင်းကို ပြောပြရလေသည်။ ထို့နောက် အိပ်ရာဝင်မှ တခါပြန်လေရာ ရှေးနည်း အတိုင်း ကျောင်းအမက အော်မည် လုပ်ပြန်သောကြောင့် ကျောင်းအမကို တောင်းပန်ကာ နောက်နောင်အခါ ဘုန်းကြီး ကြက်ဥကြော်စားသော အမှု မှန်ကို ဘယ်သူ့ကိုမှ မပြောဝံ့တော့ချေ။
ဤသို့လျှင် တချို့ အပြစ်များကို ပြောရာ၌ ပြောဆိုသူကိုပင် အရူး အထင်ခံ ရတတ်သေးသောကြောင့် အခါအခွင့်ကို ကြည့်ကာ ပြောသင့်မှ ပြောဆိုရမည်။ သို့ရာတွင် မိမိအိမ်သား အိမ်သူ စသော အလွန် ရင်းနှီးနေသူတို့ကိုကား (မယုံချင် နေပေစေ) ယုတ်မာသူကို အထင်ကြီးနေလျှင် ကြိုတင်၍ သတိပေးထားခြင်းသာ အမြော်အမြင်ကြီးရာ ရောက်သဖြင့် ထိုယုတ်မာ သူ၏ အပြစ်ကို ပြောထား သင့်သည်။
မစ္ဆရိယ အကြောင်း
ဝန်တိုခြင်းသဘောသည် မစ္ဆရိယတည်း။ ထို့ကြောင့် “ပြောထူမစ္ဆေ၊ ဝန်တို လေသတဲ့”ဟု ဆိုခဲ့သည်။ ယခုကာလ၌ မလှူရက်၊ မပေးကမ်းရက်သူကို မစ္ဆရိယ ရှိသူဟု ခေါ်ကြသည်။ မစ္ဆရိယကား မလှူချင် မပေးချင်မှုမျိုးမဟုတ်။ သူတပါး တို့အား မရစေချင်သော သဘောသာတည်း။ ထို့ကြောင့် မလှူချင် မပေးချင်မှုတို့မှာ မိမိပစ္စည်းကို တွယ်တာသော လောဘသဘောသာ ဖြစ်သည်။ မိမိပစ္စည်းကို ဖြစ်စေ၊ အခြား ပစ္စည်းကို ဖြစ်စေ၊ ဂုဏ်ကို ဖြစ်စေ၊ သူတပါး မရစေလိုသော သဘောကိုသာ ဝန်တိုမူ မစ္ဆရိယ သဘောဟု မှတ်ပါ။ ဤ မစ္ဆရိယကို ကျမ်းဂန်တို့၌ ၅-မျိုး ပြ၏။
၁။ အာဝါသမစ္ဆရိယ=မိမိနေရာ၊ ကျောင်း၊ အိပ်ရာ၊ နေရာ၌ ဝန်တိုမှု... သံဃာ အများနှင့် သက်ဆိုင်သော သံဃိကကျောင်း၊ အိပ်ရာ၊ နေရာကို မိမိ ရသည့်အခါ ထိုကျောင်းသို့ အခြား သံဃာများကို မလာစေလိုခြင်း မျိုးတည်း။ သို့သော် မကောင်း ဆိုးရွားသော ရဟန်းများ မလာစေ လိုခြင်းကား မစ္ဆရိယ မဟုတ်ပါ။ ဤ အာဝါသ မစ္ဆရိယ ရှိသူသည် သေသောအခါ ထိုကျောင်း၌ပင် ပြိတ္တာ ဖြစ်နေတတ်သည်။ သို့မဟုတ် သံအိမ်ငရဲ၌ ကျက်ရတတ်သည်။
၂။ ကုလ မစ္ဆရိယ=မိမိ အမျိုးနှင့် ဒကာ ဒကာမများကို ဝန်တိုမှု၊ မိမိ ဆွေမျိုးကို ဖြစ်စေ၊ ဒကာ ဒကာမမျိုးကို ဖြစ်စေ၊ အခြား သံဃာများ မလာစေလို၊ မဆက်ဆံစေလိုခြင်းတည်း။ သို့သော် သဒ္ဓါ တရားကို ဖျက်ဆီးမည့် ယုတ်မာ ဆိုးရွားသော ရဟန်းများနှင့် မဆက်ဆံ စေလိုခြင်းမှာ မစ္ဆရိယ မဟုတ်ပါ။ ဤကုလမစ္ဆရိယရှိသူသည် မိမိ ဒကာ ဒကာမတို့၌ သူများဆက်ဆံနေသည်ကို မြင်တွေ့ရသောအခါ ဝမ်းထဲ၌ ပူပူလောင်လောင်ဖြစ်၍ သွေးအန်တတ်၏၊ ဝမ်းလျှောတတ်၏။ အူအပိုင်းပိုင်း ပြတ်တတ်၏။ သို့မဟုတ် နောက်ဘဝ၌ လာဘ်လာဘပါးရှားတတ်သည်။
၃။ လာဘ မစ္ဆရိယ=ပစ္စည်း လာဘ်လာဘကို ဝန်တိုမှု... သူတပါးတို့အား ပစ္စည်း လာဘ်လာဘ မရစေလိုခြင်းတည်း။ သို့သော် ရရှိသော လာဘ် လာဘကို မတရား သုံးစွဲမည့် ရဟန်းတို့ကို မရစေလိုပဲ၊ တရားသဖြင့် သုံးစွဲသော ရဟန်းတို့ကို ရစေလိုခြင်းမှာ လာဘမစ္ဆရိယ မဟုတ်ပါ။ ဤ လာဘမစ္ဆရိယ ရှိသူသည် ဘင်ပုတ်ငရဲ၌ကျက်၍ ဘင်ပုတ်ကို စားနေရ တတ်၏။ [ဤ လာဘမစ္ဆရိယကြောင့် အပြစ်ရသော လောသကတိဿ ဝတ္ထုကို ကံအခန်း၌ ပြအံ့။
၄။ ဝဏ္ဏ မစ္ဆရိယ= ကိုယ်အဆင်း ဂုဏ်သတင်း ၂-မျိုးလုံး၌ ဝန်တိုမှု၊ မိမိထက် အဆင်းလှမည်ကို ဝန်တိုမှု၊ မိမိထက် ဂုဏ်ကြီးမည်ကို ဝန်တိုမှုသည် ဝဏ္ဏမစ္ဆရိယပင်တည်း။ ဤ ဝဏ္ဏမစ္ဆရိယ ရှိသူသည် ဘဝသံသရာဝယ် ရုပ်အဆင်း ဆိုးရွားတတ်၏။ ဂုဏ်သတင်းလည်း ညံ့ဖျင်းတတ်သည်။
၅။ ဓမ္မမစ္ဆရိယ=မိမိ တတ်သိသောတရား (အတတ်ပညာ)ကို ဝန်တိုမှု၊ ဓမ္မမစ္ဆရိယ ရှိသူသည် မိမိ တတ်သိသော အတတ်ပညာ၊ စာပေပညာ၊ လက်မှုပညာ၊ နှုတ်မှုပညာများကို သူတပါး တတ်သိမှာ စိုးသောကြောင့် အကြောင်း မေးလာလျှင် ကောင်းမွန်စွာ မပြောလိုခြင်း၊ ရေးကူးထားသော ပညာကို မပြလိုခြင်း၊ စာချသောအခါလည်း မိမိလို တတ်မည်စိုး၍ အကုန် မပြောလိုခြင်း ဖြစ်တတ်သည်။ သို့သော် စာပေတတ်ပြီးနောက် ထိုစာကို မတရားသုံးစွဲမည့်သူ၊ သာသနာကို ဖျက်ဆီးမည့်သူတို့အား ပြောမပြုခြင်းတို့မှာ မစ္ဆရိယ မဟုတ်ပါ။ ဤဓမ္မမစ္ဆရိယရှိသူသည် ဖြစ်လေရာ ဘဝတို့၌ အဖျင်း အ အ ဖြစ်တတ်၏။ သို့မဟုတ် ပြာပူငရဲ၌ ကျက်ရတတ်သည်။
စဉ်းစားဖွယ်။ ။ ကျမ်းဂန်လာ မစ္ဆရိယ ၅-ပါးကို စဉ်းစားလျှင် သူတပါး လှူဒါန်းမှ နေထိုင်စားသောက်ရသော ရဟန်းများ၊ သီလရှင်များ၌ အဖြစ်များဖွယ် ရှိ၏။ ယခု မျက်မြင်အားဖြင့်လည်း ထိုသူများ၌ ဤမစ္ဆရိယ သောင်းကျန်းလျက် ရှိသည်။ လူအများ၌လည်း ကိုယ်ထက် အိမ်ကောင်း ယာကောင်းရှိမှာ စိုးခြင်း၊ ကိုယ်ထက်ဥစ္စာပေါမှာ၊ ရောင်းဝယ်ကောင်းမှာ စိုးခြင်း၊ ကိုယ်ထက် ဆွေမျိုးဉာတိပေါမှာ စိုးခြင်း၊ ကိုယ်ထက် လှမှာ စိုးခြင်း၊ ကိုယ်ထက် ဂုဏ်ကြီးမှာ စိုးခြင်း၊ ကိုယ်ထက် တတ်သိမှာ စိုးခြင်း စသောအားဖြင့် အများပင် ဖြစ်တတ်ပါသည်။ ထိုသဘောများကား မစ္ဆရိယပင်တည်း။ ထိုသို့ မစ္ဆရိယဖြစ်သည့်အတွက် ထိုအဖြစ်ခံရသူမှာ အကျိုးမယုတ်ပဲ မိမိမှာ စိတ်ယုတ်မာ ရှိကြောင်း ထင်ရှားရကား ဤ မစ္ဆရိယကို ဝါသနာနှင့်တကွ အမြစ်ပါ ပြုတ်အောင် ကြိုးစား၍ ဖြုတ်သင့်ကြပေသည်။ ဤကဲ့သို့ တရားသိသော ဘဝ၌ သော်မှ မစ္ဆရိယကို မတားလျှင် ပြိတ္တာဖြစ်ဖို့သာ ပြင်ကြပါတော့။
ကုက္ကုစ္စ အကြောင်း
နောင်တ တဖန် ပူပန်ခြင်း သဘောသည် ကုက္ကုစ္စတည်း။ ထို့ကြောင့် “ကုက္ကုစ္စကား၊ နောင်တ တဖန်၊ ပူပန် ထန်ပြင်း”ဟု ဆိုခဲ့သည်။ ချဲ့ဦးအံ့-ဤ ကုက္ကုစ္စ၏ နောင်တရမှုသည် အကုသိုလ်ပြုပြီးမှ “ပြုမိတာမှားလေစွ”ဟုလည်းကောင်း၊ ကုသိုလ်ကို မပြုခဲ့မိ၍ “မပြုမိတာမှားလေစွ”ဟု လည်းကောင် နောင်တရခြင်း ၂-မျိုး ရှိ၏။
နောင်တရပုံ။ ။ “ဒု-သ-န-သော”ဟု အများ ပြောကြသော သဌေးသား ၄-ယောက်သည် လူ့ ဘဝ၌ ကုသိုလ်ကောင်းမှု ပြုလုပ်ဖို့ရာ ပစ္စည်းဥစ္စာ အလုံအလောက် ရှိကြပါလျက် ကုသိုလ်ကောင်းမှု ပြုရမည့်အစား မိစ္ဆာစာရ ကာမမှု အကုသိုလ်ကိုသာ ပြုမှားခဲ့ကြလေသည်။ ထို့နောက် “လောဟကုမ္ဘီ”သံရည်ပူငရဲ၌ ကျကာ အနှစ် ၆-သောင်းကြာမှ ပေါ်လာ၍
“ငါတို့သည် ပစ္စည်းဥစ္စာ ပေါများသော လူ့ဘဝတုန်းက မှီခိုအားထား ကိုးစားလောက်သော ကုသိုလ်များကို မပြုမိပဲ မှားယွင်းစွာ အသက် မွေးခဲ့ကြတယ်နော်”ဟု ပြောလိုသော စကားများကို စုံလင်စွာ မပြော နိုင်ပဲ “ဒု” ဟူသော အသံနက်ကြီးကို ဟစ်အော်ကာ မြုပ်သွားရှာလေ၏။ ဤသူ၌ ကုသိုလ်ကောင်းမှုကို မပြုခဲ့မိ၍ နောင်တရသော ကုက္ကစ္စ ဖြစ်သည်။
အခြား တယောက်ကလည်း... “ငတို့၏ ငရဲခံနေရသော ဒုက္ခသည် ဆုံးတော့မှာ မဟုတ်ပါဘူး၊ လူ့ဘဝတုန်းက မကောင်းမှုကို ငါတို့ပြုခဲ့ ကြတယ်နော်”ဟု ပြောလိုရင်း စကားဆုံးအောင် မဟနိုင်ပဲ “န”ဟု အသံနက်ကြီးဖြင့် ဟစ်အော်ကာ မြုပ်သွားရှာလေသည်။ ဤ သူကား အကုသိုလ်ကို ပြုခဲ့မိ၍ နောင်တရသည်။
ဤကဲ့သို့ နောင်တရမှု၊ နောက်တဖန် ပြန်၍ ပူပန်မှုသည် ဒု-သ-န-သောတို့ကဲ့သို့ နောက်ဘဝကျမှသာ ဖြစ်သည် မဟုတ်ပါ။ ယခု ဘဝမှာလည်း ထိုသို့ ပူပန်တတ်ကြပါသည်။ အလွန်အမင်း ပူပန်လာသောအခါ စိတ်ထဲတွင်မက ချွေးကျလာအောင် ခန္ဓာကိုယ်ပါ ပူပန်လာတတ်လေသည်။
နောင်တမရသင့်ပုံ။ ။ အကုသိုလ်ကိုပြုလုပ်ပြီးမှ နောင်တ တဖန် ပူပန်နေခြင်းကြောင့် ပြုပြီး အကုသိုလ် ကင်းပျောက်သွားမည် မဟုတ်။ ကုက္ကုစ္စ အကုသိုလ်အသစ်ပင်တိုးလာပါသေး၏။ ထို့ကြောင့် နောင်တ တဖန် ပူပန်မနေပဲ ပြုပြီးသမျှ အကုသိုလ်များ နောင်ခါ အကျိုးပေးခွင့် မရအောင် ထိုအကုသိုလ်မျိုး နောက်ထပ် မဖြစ်စေရန် သတိထား၍ ရှောင်ကြဉ်ရမည်။ ထိုကဲ့သို့ လွန်ပြီးသော အကုသိုလ်မျိုး “ငါမှာ နောင်အခါ မဖြစ်စေရ”ဟု စိတ်ပါ လက်ပါ အဓိဋ္ဌာန်ပြု၍ စောင့်စည်းသူအတွက်မှာ ပြုပြီး အကုသိုလ် (သိပ်မကြီးကျယ်လျှင်) အကျိုးမပေးပဲ ပပျောက်သွားတတ်ကြောင်းကို (မဟာဝဂ္ဂ သံယုတ်၌) ဟောတော်မူသည်။
အချိန်ရှိခိုက် လုံ့လစိုက်။ ။ ငယ်ရွယ်စဉ် အခါသည် ပညာ၊ ဥစ္စာ၊ ကုသိုလ် ဤ ၃-မျိုးကို မိမိဉာဏ်ရှိသလောက်၊ လိုချင်သလောက် ရှာရမည့်အခါ၊ ရှာဖို့ရန် အခွင့်အလမ်းသာသောအခါ ဖြစ်၏။ “မိုးကုန်မှ ထွန်ချ”လျှင် အကျိုးရနည်းရုံမက၊ လုံးလုံးမရပဲလည်း ရှိတတ်သည်။ သို့ရာတွင် အချိန်နှောင်းမှ သတိရသော်လည်း “ကုသိုလ်ကိုမပြုမိတာ မှားပေါ့”ဟု နောင်တမဖြစ်စေသင့်။ အချိန်နှောင်းမှ သတိရခြင်းသည် လုံးလုံး သတိမရကြသူ များသော လူတို့ထက် အပုံကြီး သာပါသေးသည်။
တမ္ဗဒါဌိက မည်သော အဘိုးကြီးသည် အရွယ်ကောင်းတုန်းက သေဒဏ် ကျသူများကို သတ်ဖြတ်ရသော အလုပ်ဖြင့် ဘုရင့်အမှုကို ထမ်းလာခဲ့၏။ ကောင်းစွာမသတ်နိုင်သော အဘိုးကြီးအရွယ်ရောက်မှ သူသတ်ရာထူးက ထွက်၏။ သေခါနီးဆဲဆဲမှာ အရှင်သာရိပုံနှင့်တွေ့၍ တရားနာရာတွင် သူ လုပ်ခဲ့သော အပြစ်နှင့် ယခုတရားသည် အလွန်ခြား၍ နေသောကြောင့် တရားတော်၌ စိတ်မဝင်စားနိုင်ပဲ ရှိလေသည်။
ထိုအခါ အရှင်သာရိပုတြာ သိတော်မူ၍ “ဒါယကာ..အသင် သတ်ချင်လို သတ်တာလား၊ အသက်မွေးမှုအတွက် မလွှဲသာ၍ ရှင်ဘုရင်က ခိုင်းလို့ သတ်ရ တာလား”ဟု မေးတော်မူလေရာ၊ “တပည့်တော် သတ်ချင်လို့ မဟုတ်ပါ။ ရှင်ဘုရင်က ခိုင်းလို့ သတ်ရပါကြောင်း” လျှောက်လေလျှင် “သည်လို ဆိုလျှင် အပြစ် ရှိသေးသလား”ဟု ပရိယာယ်ဖြင့် မေးတော်မူပြီးနောက် ဆက်လက်၍ တရားဟောတော်မူသောအခါ “မှာ အပြစ်ရှိပုံ မရဘူး”ဟု စိတ်သက်သာပြီးလျှင် တရားကို စိတ်စိုက်နာရင်း “စူဠ သောတာပန်” (သောတာပန်အငယ်=သောတာပန်အတု) ဖြစ်ကာ မကြာခင် စုတေ၍ နတ်ပြည်သို့ ရောက်ရလေသည်။ [ဤဝတ္ထု၌ ရှင်ဘုရင် ခိုင်း၍ သတ်ရသော်လည်း ခိုင်းသူရော သတ်သူပါ အပြစ်ရှိ၏။ သို့သော် စိတ်သက်သာအောင် ပရိယာယ်ဖြင့် မေးတော်မူခြင်း ဖြစ်သည်။]
မှတ်ချက်။ ။ ထိုအဘိုးကြီး၌ ပါဏာတိပါတ အပြစ်တွေများစွာ ရှိနေသည်ကား မှန်၏။ သို့သော် ထိုအပြစ်တွေအတွက် ကုက္ကုစ္စ မဖြစ်အောင် ပရိယာယ်ဆောင်၍ မေးတော်မူလိုက်ရာ၊ ကုက္ကစ္စ ငြိမ်းအေးသွားလေသည်။ ကုက္ကုစ္စ ငြိမ်းအေးပြီးမှ တရား၌ စိတ်စိုက်သော ကုသိုလ်ကြောင့် နတ်ပြည်သို့ ရောက်ရလေသည်။ သို့ဖြစ်၍ မည်သူမဆို ပြုခဲ့ပြီး အကုသိုလ်အတွက်လည်း မပူပန်ရ၊ ကုသိုလ်ကို မပြုခဲ့ရသေး၍လည်း နောင်တ မဖြစ်ကြစေပဲ၊ ပြခဲ့သော နည်းဖြင့် အကုသိုလ်အသစ် မဖြစ်အောင်သာ ကြိုးစားလျက် သတိရသော အရွယ်ကစ၍ ကုသိုလ်ကို အားထုတ်သင့်ကြပေသည်။
ထိန မိဒ္ဓတို့ အကြောင်း စိတ်ရော ကိုယ်ပါ သွက်လက်ခြင်းမရှိပဲ ထိုင်းတိုင်းတိုင်းဖြစ်ခြင်းကို “ထိန” ဟုလည်းကောင်း၊ မှိုင်းတိုင်းတိုင်းဖြစ်ခြင်းကို “မိဒ္ဓ” ဟုလည်းကောင်း၏။ ထို့ကြောင့် “ထိုင်းခြင်း ထိန၊ မိုင်း မိဒ္ဓနှင့်”ဟု ဆိုခဲ့သည်။ ဤ စေတသိက် ၂-ပါးသည် အတူ ဖြစ်ရိုးတည်း။ ဤ ၂-ပါး ဖြစ်သည့်အခါ လုံ့လ ဝီရိယ ကင်း၍ ပျင်းရိသလို ဖြစ်နေ၏။ ဆိုင်ရာအလုပ်ကိစ္စ၌ ထက်ထက်သန်သန် မရှိပဲ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေ၏။ ဤ ၂-ပါး ဖြစ်ပုံသည် အိပ်ပျော်ကာနီးအခါ၊ တရားနာရင်း ငိုက်သည့်အခါတို့၌ ထင်ရှား၏။
အိပ်ချင်တိုင်းလည်း ထိန မိဒ္ဓ မဟုတ်။ တချို့ အိပ်ချင်မှုမှာ အလုပ်အကိုင် ပင်ပန်းသဖြင့် ခန္ဓာကိုယ် ညှိုးနွမ်းမှုကြောင့် ဖြစ်ရသည်။ ထိုအိပ်ချင်မှုမျိုး ရဟန္တာများ၌လည်း ဖြစ်ရလေသည်။ နေပူမိသဖြင့် ညှိုးနွမ်းသော သစ်ပင်များလည်း တွန့်ကာ ရှုံ့ကာ အိပ်ချင်လာသကဲ့သို့ ဖြစ်ကြရလေသည်။ ထို့ကြောင့် အိပ်ချင်တိုင်း ထိန မိဒ္ဓ မဟုတ်။ ထိုထို ကိစ္စတို့၌ စိတ်နှင့် စေတသိက်များ ထက်ထက်သန်သန် မရှိလုပ် တွန့်ဆုတ်ခြင်း၊ ထိုင်းမှိုင်းခြင်းကိုသာ ထိန မိဒ္ဓဟု မှတ်ပါ။ ယခု ကာလ၌လည်း အလုပ်အကိုင် ပျင်း၍ ထိုင်းမှိုင်းနေသကို “တယ်...ထိန မိဒ္ဓ အားကြီးတဲ့လူ”ဟု ပြောစမှတ်ပြုကြသည်။
ဝိစိကိစ္ဆာ အကြောင်း
ဘုရား စသည်၌ ယုံမှားခြင်း သဘောသည် ဝိစိကိစ္ဆာတည်း။ ထို့ကြောင့် “ဘုရား စသည့်၊ ယုံမှားဘိမူ၊ ဝိစိကိစ္ဆာ”ဟု ဆိုခဲ့သည်။ “ယုံမှား” ဟူသည် လုံးလုံး မယုံခြင်းမျိုးလည်း မဟုတ်၊ စိတ်ချလက်ချလည်း မယုံကြည်ပဲ “မယုံ တဝက် ယုံတဝက်” ဆိုသလို ဖြစ်နေခြင်းမျိုးတည်း။ ဤ ဝိစိကိစ္ဆာ၏ မယုံမှု များကား--
၁။ အလုံးစုံကို အကုန်သိသော ဘုရားဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား။
၂။ ထိုတရားအတိုင်း ကျင့်လျှင် နတ်နိဗ္ဗာန် ရနိုင်သည်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား
၃။ (ကောင်းမွန်စွာ ကျင့်သော သံဃာကို ကြည့်၍) ကောင်းမွန်စွာ ကျင့်သော သံဃာ ဟုတ်မှ ဟုတ်ရဲ့လား။
၄။ ငါတို့ ကျင့်ကြံ စောင့်ရှောက်အပ်သော သီလသိက္ခာပုဒ်များ အကျိုးရှိမှ ရှိပါ့ မလား။
၅။ ငါတို့ ရှေးရှေး ဘဝက ဖြစ်ခဲ့မှ ဖြစ်ခဲ့ဖူးရဲ့ လား။ (ယခုဘဝမှ ထာဝရဘုရား-ဖန်ဆင်းလို့ ဖြစ်ရတာလေလား)
၆။ နောက်၌ ရောက်ဖို့ရာဘဝ ရှိသေးတယ်ဆိုတာ ဟုတ်ပါ့မလား။ (ယခုဘဝသေလျှင် ပြီးချင် ပြီးနေမလား)
၇။ ပြုသမျှကောင်းမှု မကောင်းမှုသည် ကုသိုလ်ကံ အကုသိုလ်ကံ အဖြစ်ဖြင့် ခန္ဓာအစဉ်၌ သတ္တိ ကျန်ရစ်တယ်ဆိုတာ ဟုတ်နိုင်ပါ့မလား။ (ကံကို မယုံကြည်ပုံ)
၈။ ထိုကံ၏ အကျိုးများကို ရလိမ့်မည်ဆိုတာ ဟုတ်ပါ့မလား။ (ကံ၏ အကျိုးကို မယုံကြည်ပုံ)
၉။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ခြင်း အစရှိသော အကြောင်း အကျိုးစပ်ပုံသည်ဟုတ်မှ ဟုတ်ပါ့မလား။ (ပဋိစ္စသမုပ္ပါဒ်ကို မယုံကြည်ပုံ)။ ဤသို့ ဘုရား စသည်၌ မယုံကြည်ခြင်းကိုသာ ဝိစိကိစ္ဆာဟု မှတ်ပါ။ ဤဝိစိကိစ္ဆာကို “သံသယ ဖြစ်ခြင်း” ဟုလည်း ဆိုကြသည်။
ဝိစိကိစ္ဆာ။ ။ စာအဓိပ္ပါယ်ကိုဖြစ်စေ၊ တစုံတခု အမှုကိစ္စကို ဖြစ်စေ၊ ခရီးသွားရာ၌ လမ်းကိုဖြစ်စေ၊ “ဟုတ်မှ ဟုတ်ပမလား၊ ပြုလို့ တော်ပါ့မလား” စသော ယုံမှား သံသယများ ဖြစ်တတ်၏။ ရဟန္တာ များပင် ဝိနည်းတော်ဆိုင်ရာ၌ “ဤ အမှုဟာ အပ်မှအပ်မလား”ဟု ယုံမှားတော်မူကြသေး၏။ ဤ ယုံမှားသံသယ ဝိစိကိစ္ဆာ မဟုတ်။ တချို့ အရာ၌ စဉ်းစား ကြံစည်တတ်သော ဉာဏ်၊ တချို့ အရာ၌ အကြံသက်သက် ဝိတက် သဘောသာ ဖြစ်၏။ ဧကန်ယုံထိုက်သော ဘုရား စသည်ကို မယုံသင်္ကာ ဖြစ်နေရာ၌သာ ဝိစိကိစ္ဆာအစစ်ဖြစ်သည်။ ဤသို့ ဝိစိကိစ္ဆာဖြစ်သောအခါ ပညာရှိများ အထံ မေးမြန်းရမည်။ သို့မှသာ ဝိစိကိစ္ဆာ ကင်းကွာလျက် ဘုရား စသည်တို့၌ ယုံကြည်မှု သဒ္ဓါတရား ဖြစ်ပေါ်လာ နိုင်ပေမည်။
နိဂုံး။ ။ ဤပြခဲ့သော စကားအစဉ်ဖြင့် စိတ်ကို မကောင်းအောင် ခြယ်လှယ်စာတ်သော အကုသိုလ်စေတသိက်များကို နိဂုံးအုပ်ပါတော့မည်။ ပြခဲ့သော အကုသိုလ်တို့သည် သူသူကိုယ်ကိုယ် သန္တာန်၌ တွေ့မြင်နိုင်သော စေတသိက်များ ဖြစ်၏။ တကမ္ဘာလုံး ထိုတရားဆိုးများ သောင်းကျန်းလျက်ရှိသောကြောင့်သာ ဒုက္ခအဖုံဖုံကို နေ့စဉ်နှင့်အမျှ တွေ့ကြုံ ကြားသိ နေကြရလေသည်။
ဤသို့ စိတ်ဆိုး စိတ်ယုတ်မာဖြစ်အောင် ခြယ်လှယ်တတ်သော အသိုလ် တရားစုကို သိသာ ထင်ရှား အများ နားလည်အောင် ကြိုးကြိုးစား ရေးသားပြုစု၏ ကောင်းမှုကြောင့် ငါ့သန္တာန်၌ အကုသိုလ်တရား နည်းပါး သည်ထက် နည်းပါးပါစေ။ ငါ၏ အဆက်အသွယ် ကြီးကြီးငယ်ငယ်တို့လည်း စိတ်ကောင်းရှိသူတွေသာ ဖြစ်ကြပါစေ။ ဤကျမ်းကိုကြည့်ရှုကြသူ အများလူလည်း စိတ်ကောင်းရှိသူတွေ ဖြစ်ကြပါစေ။
အကုသိုလ်မျိုး၊ စိတ်ယုတ်ဆိုးကို ကြိုးကြိုးစားစား၊ ရေးသည့်အားကြောင့်၊ အများ လူပေါင်း၊ စိတ်ယုတ်ပြောင်း၍၊ စိတ်ကောင်းရစေ၊ ငါ့အနေမှု၊ ဘဝေ ဘဝ၊ ဖြစ်သမျှ၌၊ ပါပ ညစ်ညမ်း၊ အပြစ် သွမ်းတို့၊ ကုန်ခန်းပျောက်လွင့်၊ စိတ်ကောင်း တင့်၍၊ ငါနှင့် ဆက်သွယ်၊ ကြီးကြီးငယ်လည်း၊ ငါ့နှယ် နည်းတူ၊ စိတ်ကောင်း ယူသည်၊ နိဗ္ဗူထုတ်ချောက် ရောက်ရန်သောဝ်။
စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ် စေတသိက်များ ပြီးပြီ။
တတိယအခန်း
[ဤအခန်း၌ ကောင်းသော စေတသိက်များကို ပြသည်။]
စိတ်ကို ကောင်းအောင် ခြယ်လှယ်သော စေတသိက်များ
၁။ သဒ္ဓါ
၂။ သတိ
၃။ ဟိရီ
၄။ ဩတ္တပ္ပ
၅။ အလောဘ
၆။ အဒေါသ
၇။ အမောဟ
ဂ။ မေတ္တာ
၉။ ကရုဏာ
၁၀။ မုဒိတာ
၁၁။ ဥပေက္ခာ
၁၂။ သမ္မာဝါစာ
၁၃။ သမ္မာကမ္မန္တ
၁၄။ သမ္မာအာဇီဝ
[ဆောင်] ကောင်းသည့်အာရုံ၊ အဖုံဖုံဝယ်၊ ယုံကြည်တတ်လေ့၊ သဒ္ဓါငွေ့တည်း၊ အောက်မေ့သတိ၊ ဒုစရိကို၊ ဟိရီရှက်စွ၊ လန့်-ဩတ္တနှင့်၊ အလောဘလျှင်၊ မလိုချင်တည်း၊ ထို့ပြင် တဝ၊ အဒေါသတွက်၊ မခက်ထန်၊ ပညာဉာဏ်မူ၊ အမောဟ-ဟူ၏။ မှတ်ယူချစ်ငြား၊ မေတ္တာပွား၍၊ သနား-ကရုဏာ၊ ဝမ်းသာ-မုဒိ၊ ရှုသည့်လျစ်လျူ၊ ပေက္ခာပြုလော၊ သုံးခုသမ္မာ၊ ဝါစာ-ကမ္မ၊ အာဇီဝကား၊ ကာယ ဝစီ၊ မသတီပေါင်း၊ ရှောင်ကြဉ်ကြောင်းသည်၊ စိတ်ကောင်း ဖြစ်ရန်၊ စေတသိက်တည်း။
သဒ္ဓါ အကြောင်း
ယုံကြည်ခြင်း သဘောသည် သဒ္ဓါတည်း။ ထို့ကြောင့် “ယုံကြည်တတ်လေ့၊ သဒ္ဓါငွေ့တည်း”ဟု ဆိုခဲ့ပေသည်။ “ယုံကြည်” ဟူရာ၌ ယုံအတွက် အဓိပ္ပါယ်တရပ်၊ ကြည်အတွက် အဓိပ္ပါယ်တရပ်ဟု ၂-မျိုးခွဲ၍ မှတ်ရမည်။
ယုံပုံ။ ။ ဒိဋ္ဌိသည် ကံတရားမရှိ၊ ကံ၏ ကောင်းကျိုး ဆိုးကျိုး မရှိ။ လွန်ခဲ့သော ကာလက မိမိတို့ ဖြစ်ခဲ့ရသော ဘဝဟောင်းဟူ၍ မရှိ၊ ယခုဘဝ သေလျှင် နောက်ထပ်ဖြစ်ဖို့ ဘဝသစ်လည်း မရှိ။ ဤဘဝ-ထိုဘဝ ဓမ္မ အားလုံးကို သိနိုင်သော လူ ဘုရား မရှိ၊ တရား မရှိ၊ သံဃာ မရှိ။ ဤသို့ စသည်ဖြင့် ယူမှား၏။ ထိုကံ စသည်ကို လုံးဝ မယုံချေ။ ဝိစိကိစ္ဆာ မယုံတဝက် ယုံတဝက်နှင့် ယုံမှားသံသယ ဖြစ်နေ၏။ ဤသဒ္ဓါကား – ကံ-ကံ၏အကျိုး စသော အရာစုကို ဧကန်ရှိ၏”ဟု ယုံသည်။ ဤ ယုံသော သဒ္ဓါကို “သဒ္ဓါမောက္ခ= ယုံသော အားဖြင့် ဆုံးဖြတ်ခြင်း သဘော” ဟုလည်း ကျမ်းဂန်တို့၌ ဆို၏။ ဤသို့ အမှန်ရှိသော အကြောင်းအရာ၌ ယုံခြင်းကိုသာ သဒ္ဓါ အစစ် ကုသိုလ်ဖြစ်သည်ဟု မှတ်ပါ။
ကြည်ပုံ။ ။ စွန့်ကြဲပေးကမ်း လှူဒါန်းနေရသောအခါ၊ သီလဆောက်တည်၍ ကမ္မဋ္ဌာန်း စီးဖြန်းသောအခါ၊ ထိုထို ကုသိုလ်ဆိုင်ရာ ကိစ္စကို ပြုနေရသောအခါ၊ စိတ်၌ ကြည်လင်သော သဒ္ဓါ ဖြစ်နေ၏။ နောက်ကျုသော ရေခွက်၌ ပတ္တမြားရတနာကို ထည့်လိုက်သောအခါ အနယ် အမှုန်တွေ အောက်ကျ၍ ရေသည် ကြည်လာရသကဲ့သို့၊ စိတ်၌ ပတ္တမြား ရတနာနှင့် တူသော သဒ္ဓါ ဖြစ်ပေါ်လာသောအခါ ဝိစိကိစ္ဆာ စသော ကိလေသာ အနောက် အကျု ကင်းကွာ၍ စိတ်ကြည်လင်လာပေသည်။ ထိုကဲ့သို့ စိတ်ကို ကြည်လင်အောင် ပြုနိုင်သော သဘောကား ဤ သဒ္ဓါပင်တည်း။
ထို့ကြောင့် တချို့ တိရစ္ဆာန်များနှင့် ကလေးသူငယ် စသူတို့မှာ ကံ-ကံ၏ အကျိုး စသည်ကို နားမလည်၍ ယုံသဒ္ဓါ ဖြစ်ဖို့ ခဲယဉ်းပါသော်လည်း လူကြီးများ ပြုမူပုံကို အတုလိုက်၍ ဘုရား သံဃာကို ရှိခိုးနေသောအခါ၊ သူတပါးကို ပေးကမ်းနေသောအခါ၊ သူတပါးအကျိုးဆောင်နေသောအခါများ၌ စိတ်ကို ကြည်လင်စေနိုင်သော ကြည်သဒ္ဓါကား ဖြစ်နိုင်ကြပေသည်။ မိစ္ဆာအယူ ရှိသူများလည်း ဆေးရုံအတွက်၊ သူအိုရုံအတွက်၊ နူနာရုံအတွက်၊ မိဘ မရှိသော ကလေးများအတွက်၊ ကောင်းသော ပညာရေးအတွက်၊ ပေးကမ်း စွန့်လှူကြရာ၌ ကြည်သဒ္ဓါအစစ် ကုသိုလ်ဖြစ်ကြသည်။
အမှာ။ ။ ဤ သဒ္ဓါအစစ် ရှိသူ၏ အပြုအမူများကို ပိုမို၍ နားလည်ဖို့ စရိုက် အခန်းမှာ လာမည့် သဒ္ဓါစရိုက်၏ အကြောင်းကို ဆက်လက်၍ ကြည့်ရှုပါကုန်။
သဒ္ဓါအတု။ ။ ဤပြခဲ့သော အချက်များကို သတိထား၍ စဉ်းစားပြီးလျှင် “သဒ္ဓါတရား အစစ် ဟူသည် အပြစ်ကင်း၍ သန့်သန့်ရှင်းရှင်း ယုံကြည်ခြင်း၊ မှန်ကန်သော အရာများကို ယုံခြင်းဟု နားလည်လောက်ပါပြီ။ ဘုရားက ရောင်ခြည်တော် မလွှတ်ပါပဲ “ရောင်ခြည်တော် လွှတ်သည်”ဟု ဘုရားကို မှီစားနေသူတို့က လိမ်ပြောသည်ကို ယုံမှု၊ ဓာတ်တော်အစစ် မဟုတ်ပဲ ဓာတ်တော် အစစ်ဟု ပြောသည်ကို ယုံမှု၊ မိစ္ဆာအယူ ရှိသူများ၏ မိမိတို့ အယူ ဝါဒကို ယုံမှုစသော အလွဲအမှား ယုံမှုများသည် သဒ္ဓါအစစ် မဟုတ်ပါချေ။ ရိုး-အ-ညံ့ဖျင်း-အသိဉာဏ်ကင်းသော မောဟ အကုသိုလ်သာ ဖြစ်လေသည်။
ထို့ပြင် အပြောကောင်း၊ အသံကောင်း၊ ရုပ်ကောင်း၊ အကျိုးဆောင်ကောင်း၊ ဆေးကောင်း ဝါးကောင်း စသော အကောင်းရှိသည့် ရသေ့ရဟန်းကို “ကြည်ညိုလှပါသည်”ဟု ပြောဆိုကြသော မိန်းမများနှင့် ယောက်ျားအချို့၏ ကြည်ညိုမှုလည်း သဒ္ဓါအစစ် မဖြစ်နိုင်။ ရင်းနှီးမှု တဏှာပေမ မကင်းသော မောဟပင်တည်း။ ထိုကဲ့သို့ သဒ္ဓါအတုမျိုးကို ကျမ်းစာတို့၌ “မုဒ္ဓပ္ပသန္ဓ”ဟု ဆို၏။ [မုဒ္ဓ= ဖျင်းအသော+ပသန္န=ကြည်ညိုမှု။)
သတိပေးချက်။ ။ ယခုခေတ်ကား အညာ အဖြန်း ပေါများသောခေတ် ဖြစ်၏။ ဘာသာခြားတို့၌ တရားဆန်းတွေ ပေါများနေ သည့်ပြင်၊ ဗုဒ္ဓဘာသာဆိုသူတို့ အတွင်းမှာလည်း တရားအဆန်း၊ ကမ္မဋ္ဌာန်း အဆန်း၊ ဆေးဝါးအဆန်းတို့ဖြင့် အမျိုးမျိုးဖြန်းကာ ပြခဲ့သော မုဒ္ဓပ္ပသန္နသမား ရိုးရှာသူများကို လှည့်စား ဖြားယောင်းလျက် ရှိသည်။ ထိုပုဂ္ဂိုလ်များကို လှူဒါန်း ပေးကမ်းနေရာ၌ သဒ္ဓါပေး မဟုတ်။ တဏှာအချစ်ပေး၊ အဖျင်း အနပေးသာ များလေသည်။
ဇယာ ဗလဝတိယာ သဒ္ဓါယ သမန္နာဂ အဝိသဒညာဏော၊ သော မုဒ္ဓပ္ပသန္နော ဟောတိ၊ န အဝေစ္စ ပသန္နော၊ တထာဟိအဝတ္ထုသ္မိံ ပသီဒတိ-သေယျထာပိ တိတ္ထိယာ။ [ဧကနိပါတ် အင်္ဂုတ္တရဋီကာ။]
ထို အဆန်းအပြား ဉာဏ်သမားတွေကို ပညာရှိ ပုဂ္ဂိုလ်များက “အရေး မစိုက်လောက်ဘူး”ဟု သဘောထားကြသည့်အတွက် ထိုအဆန်းသမားတွေ အိမ်ဦး တက်လျက် ရှိကြလေပြီ။ မှားသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ တရား ဘက် ဆိုင်ရာဝယ် မိန်းမတွေသာ ခေါင်းဆောင်လုပ်နေကြ၏။ ထို့ကြောင့် ဘယ်ကိစ္စမဆို၊ ယုံသင့်-မယုံသင့် နှိုင်းချင့်ဖို့ရာ ဘာသာရေးနှင့် ဆိုင်သော အသိဉာဏ်အလိမ္မာကို ယခုလက်ရှိ အခြေအနေထက် တိုးပွားအောင် (မိန်းမ တွေကစ၍) ကြိုးစားသင့်ကြပါသည်။
သဒ္ဓါနှင့် ပေမရောနှောပုံ။ ။ ယခုကာလ အချို့သော သူတော်ကောင်းများ၌ သဒ္ဓါနှင့် ပေမ ရောနှောနေသည်ကိုလည်း တွေ့ရ၏။ အနေအထိုင်နှင့် အပြော အဟော အဆုံး အမ ကောင်းမွန်သော ပုဂ္ဂိုလ် အပေါ်တွင် အနေအထိုင်နှင့် အဟောအပြောအတွက် ကြည်ညို၏။ သဒ္ဓါ တရား ဖြစ်၏။ မိမိကို သွန်သင်ဆုံးမသည့်အတွက် ဆွေမျိုးရင်းချာကဲ့သို့ ချစ်ခင်၏။ ဤသို့ ဖြစ်ရာ၌ ကြည်ညိုခြင်းသဘောသည် သဒ္ဓါ၊ ချစ်ခင်ခြင်း သဘောကား ပေမတည်း။ ဘုရားရှင်ကို ကြည်ညိုသော ဝက္ကလိသည်ပင် ဘုရားရှင်ကို ချစ်ခင် ကြည်ညို၏။ ဆန္နအမတ်ဟု အများသိကြသော ငယ်ကျွန်ရင်း ဆန္န မထေရ်လည်း ဘုရားအပေါ်မှာ သခင်ချစ်-ချစ်နေရှာသည်။
ထိုသို့ဖြစ်ရာ၌ သဒ္ဓါသဘောက ကုသိုလ်အစစ် ဖြစ်သော်လည်း သံယောဇဉ် ပေမမှာ အကုသိုလ်သာတည်း။ ထိုသံယောဇဉ်အတွက် “ပုဂ္ဂိုလ်ခင်၍ တရားမင်ကာ” အသိ အလိမ္မာနှင့် ကုသိုလ်ပါရမီ တိုးပွားပါမူ “အကုသလော ဓမ္မော အကုသိုလ် တရားသည်၊ ကုသလဿ ဓမ္မဿ-ကုသိုလ်တရားအား၊ ဥပနိဿယ ပစ္စယေန-ပကတူပနိဿယ ခေါ်သော ပဋ္ဌာန်းပစ္စည်း တမျိုးဖြင့်၊ ပစ္စယော-ကျေးဇူးပြုနိုင်၏” ဟူသော ပဋ္ဌာန်းပါဠိတော်နှင့်အညီ၊ အကုသိုလ်ကလေးက များစွာသော ကုသိုလ် ကျေးဇူးပြုဖို့ အကြောင်း အကောင်းပင် ဖြစ်၏။ ထိုကဲ့သို့ အကောင်းဖြစ်အောင်လည်း ဆရာသမားဖြစ်သူက စေတနာရင်းဖြင့် ဟောပြောဆုံးမ၍၊ တပည့်ဖြစ်သူကလည်း ဟောပြောသမျှ လိုက်နာမှ အကျိုး ရပေမည်။
သတိ အကြောင်း
အောက်မေ့ခြင်း အမှတ်ရခြင်းသဘောသည် သတိတရားတည်း။ ထို့ကြောင့် “အောက်မေ့-သတိ”ဟု ဆိုခဲ့သည်။ ဤအောက်မေ့မှု၊ အမှတ်ရမှုသည် အလွန် များပြား၏။ ရှေးက ကုသိုလ်ကောင်းမှု တခုခုကို ပြုခဲ့၏။ ယခု ထိုကုသိုလ်ကို ပြန်၍ အမှတ်ရ၏။ တရားစကား ပြောဟောနေသည့်အခါ၊ ဆုံးမ ဩဝါဒ ပေးနေသည့်အခါ မှတ်မိနားလည်အောင် သတိထား၍ နားထောင်၏။ ကမ္မဋ္ဌာန်း နှလုံးသွင်းသည့်အခါ အာရုံ ပျောက်မသွားအောင် စူးစူးစိုက်စိုက်နှင့် နှလုံးသွင်း၏။
နက်ဖြန် ပြုရမည့်ကုသိုလ်၊ သို့မဟုတ် နောင် အတော်ကြာမှပြုရမည့်ကုသိုလ်ကို ကြိုတင်၍ အမှတ်ရ၏။ မိမိဆောက်တည်အပ်သော သီလ သိက္ခာပုဒ်များကို မကျိုး မပေါက်ရအောင် သတိ ထား၏။ လောဘ ဒေါသ မာန်မာန စသည် မဖြစ်ရအောင် သတိ ထား၏။ ဆရာသမား၏ အဆုံးအမကို သတိရ၏။ ဤသို့ စသည်ဖြင့် ကုသိုလ်ကောင်းမှုဆိုင်ရာ ကိစ္စကို အမှတ်ရနေခြင်းသာ သတိ အစစ်ဖြစ်၏။ ဤ သတိအစစ်ကို “အပ္ပမာဒ=မမေ့မလျော့ခြင်း” ဟုလည်း ခေါ်၏။ ထို့ကြောင့် ဘုန်းကြီးများ သီလပေးသောအခါ “အပ္ပမာဒေန+ သမ္မာဒေထ = မမေ့ မလျော့သော သတိတရားဖြင့် ကုသိုလ် ကိစ္စတို့ကို ပြည့်စုံကြစေလော”ဟု တိုက်တွန်းရိုး ရှိကြပေသည်။ ဘုရားရှင်လည်း “သတိဉ္စ ခွါဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ဝဒါမိ-ဘိက္ခုတို့..သတိကို အရာရာ၌ လိုလားထိုက်၏”ဟု ဟောတော်မူသည်။ [“သဒ္ဓါစသည်မှာ လွန်နေတတ်သော်လည်း သတိကား လွန်သွားသည်ဟု မရှိ၊ နေရာတိုင်းမှာ သတိပါစေရမည်”ဟု ဟောတော်မူလိုရင်း ဖြစ်သည်။] ပရိနိဗ္ဗာန် စံတော်မူခါနီး၌လည်း “အပ္ပမာဒေန သမ္ပာဒေထ”ဟု မိန့်တော်မူ၏။
သတိအတု။ ။ ဆွေမျိုးကို အောက်မေ့မှု၊ သမီးခင်ပွန်းချင်း ကွဲနေသည့် အခါ အောက်မှု၊ သူငယ်ချင်းချင်း ချိန်းချက်ထားသည်ကို အမှတ်ရမှု၊ မိမိအား ဂရုတစိုက်-အရေးပါလိုက်သည်ကို အမှတ်ရမှု၊ ဤသို့စသည်ဖြင့် တဏှာပေမဆိုင်ရာ အမှတ်ရမှုများ ရှိ၏။ ထို့ပြင် မိမိအား နှိပ်စက်ဖူးသူကို လက်စားချေရန် အမှတ်ရနေမှု၊ သတ်ချိန် ဖြတ်ချိန်ကို အမှတ်ရနေမှု၊ သွားလာရာ၌ ဘေးရန် အန္တရာယ်ကို သတိထားမှု၊ ဤသို့ စသည်ဖြင့် ဒေါသ ဒေါမနဿဆိုင်ရာ အမှတ်ရမှုများလည်း ရှိသေး၏။ ထိုအမှတ်ရမှုများ၌ သတိ အစစ် မဟုတ်ပါချေ။ နောက်၌ ပြမည့် အမှတ်အသားကောင်းသော သညာသဘော စဉ်းစား ကြံစည်တတ်သော ဝိဘက် သဘောသာ ဖြစ်လေသည်။
ဟိရီနှင့် ဩတ္တပ္ပတ္တိ အကြောင်း
မကောင်းမှုဒုစရိုက်ကို ပြုရမည်မှ ရှက်ခြင်းသဘောသည် ဟိရီဖြစ်၍၊ ကြောက်လန့်ခြင်းသဘောကား ဩတ္တပ္ပဖြစ်သည်။ ထို့ကြောင့် “ဒုစရိကို ဟိရီ ရှက်စွ၊ လန့် ဩတ္တနှင့်”ဟု ဆိုခဲ့သည်။ ဤ ဟိရီဩတ္တပ္ပ ၂ ပါးဟိုတွင် မိမိ၏ ဂုဏ်သိက္ခာကို စောင့်ရှောက်လေ့ ရှိသူတို့၌ ဟိရီတရား ထင်ရှားသကဲ့သို့၊ ဆရာ မိဘ ဆွေမျိုး စသူနှင့် အခြားလူများကို လေးစားသူ၌ ဩတ္တပ္ပတရား ထင်ရှား ပေသည်။
ချဲ့ဦးအံ့-“ငါသည် အမျိုးကောင်းတယောက် ဖြစ်၏။ ငါ့လိုအမျိုး ကောင်းသူက မကောင်းမှုကိုပြုနေလျှင် (ဥပမာ-တံငါလုပ်နေလျှင်) ရှက်စရာ ဖြစ်လိမ့်မည်”ဟု မိမိအမျိုးဂုဏ်ကို စောင့်ထိန်းသောအားဖြင့် မကောင်းမှုကို ပြုရမည်မှ ရှက်၏။ ပညာတတ်သူကလည်း “ငါ့လို ပညာရှိတယောက်က အောက်ကျသော မကောင်းမှုကို ပြုနေလျှင် (သူ့ဥစ္စာကို မတရားယူလျှင်) ရှက်စရာဖြစ်မည်”။ အသက်ကြီးသူကလည်း “ငါ့လိုအဘိုးကြီးက မကောင်း မှုကို ပြုနေလျှင် (လိမ်နေလျှင်) ရှက်စရာကြီး ဖြစ်တော့မည်”။ ဤသို့ စသည်ဖြင့် မိမိမှာရှိသော ဂုဏ်တခုခုကို လေးစားသူ၌ ဟိရီတရား ထင်ရှားလေသည်။
ငါတယောက်က မကောင်းမှုကို ပြုလိုက်လျှင် မိဘ ဆွေမျိုးများ (ဆရာသမားများ) သူတပါး၏ အကဲ့ရဲ့ကို ခံရ၍ “တံထွေးခွက် ပက်လက်မျော”ကာ “ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုပ်” ရှာကြလိမ့်မည်။ ဤသို့ စပ်ဆိုင်သူများကို သွားတတ်သူ၌ ဒုစရိုက်မှ ကြောက်လန့်တတ်သော ဩတ္တပ္ပတရားဖြစ်လေသည်။ မိမိ ဂုဏ်သိက္ခာကိုလည်း မငဲ့၊ ဆရာသမား မိဘဆွေမျိုးများကိုလည်း မငဲ့၊ ရွဲ့ချင်တိုင်းရွဲ့ သူ၌ကား ဟိရီ ဩတ္တပ္ပ ၂-မျိုးလုံးကင်း၍ ဒုစရိုက်အမှုတွေ ပြည့်တင်းနေလေတော့သည်။
ထို့ကြောင့် ဤ ဟိရီနှင့် ဩတ္တပ္ပ တရား ၂-ပါးသည် ကမ္ဘာသူ ကမ္ဘာသား လူအများကို သားနှင့် အမိ မောင်နှင့် နှစ်မ စသည် ခြားနားအောင် စောင့်ရှောက်တတ်သောကြောင့် “လောကပါလ = ကမ္ဘာစောင့်တရား”ဟု လည်းကောင်း၊ ဖြူစင်သန့်ရှင်း အပြစ်ကင်းအောင် ပြုတတ်သောကြောင့် “သုက္ကဓမ္မ= ဖြူစင်သောတရား” ဟုလည်းကောင်း နာမည်ရသည်။ လူ့လောက၌ ဤတရား ၂-ပါးသာ မရှိပါမူ တိရစ္ဆာန်တို့နှင့် မထူးခြားပဲ မှားချင်တိုင်းမှား၍ မကြားကောင်း မနာသာဖြစ်ရာ၏။ ယခုအခါမှာပင် ဟိရီဩတ္တပ္ပ ကင်းသူတို့နှင့် ပေါင်းသင်းဆက်ဆံ၍ နေကြရသဖြင့် အဝတ် အစား အနေ အထိုင် အသွား အလာမှစ၍ လျှပ်ပေါ်လော်လီကာ အမြင်မတော်စရာတွေ များလှချေပြီ။ ဤအတိုင်းသွားလျှင် မကြာခင် အမြီးပေါက်ကြလိမ့်မည်။
ဟိရီဩတ္တပ္ပအတု။ ။ ရှက်မှု ကြောက်လန့်မှုကို ဟိရီ-ဩတ္တပ္ပဟု ဆိုသော်လည်း တွေ့ကရ ရှက်ကြောက်မှုတွေကို ဟိရီ ဩတ္တပ္ပအစစ်ဟု မမှတ်ရ။ ဒုစရိုက် မကောင်းမှုတို့ ပြုရမည်မှ ရှက်ခြင်း ကြောက်ခြင်းကိုသာ ဟိရီဩတ္တပ္ပ အစစ်ဟု မှတ်ရမည်။ ထို့ကြောင့် ဥပုသ်စောင့် တရားနာ ဘုရား သွားရမှာကို ရှက်မှု၊ ပရိသတ် အလယ်မှာ စာဖတ် စကားပြော တရားဟော ရမှာကို ရှက်မှု-(အစာပြတ်၍ ငတ်သေရမည်ကို မရှက်၊ အလုပ်လက်မဲ့နှင့် တေလေလုပ်ရမည်လည်း မရှက်ပဲ) အောက်ကျသည်ဟု ထင်သော အလုပ် တခုခု လုပ်ရမည်ကို ရှက်မှု၊ ယောက်ျားနှင့် မိန်းကလေးတို့ အချင်းချင်း တွေ့သောအခါ ရှက်နေမှုများသည် ဟိရီအစစ်မဟုတ်၊ ပရိယာယ်မာယာများခြင်း၊ ဟန်ကြီး ပန်ကြီး လုပ်ခြင်း ဖြစ်၏။ အဘိဓမ္မာအလိုအားဖြင့် တဏှာ သဘောပင်တည်း။
မရှက် ၄-ပါး။ ။ လောကီ အကျိုးစီးပွားကို ပြသော နီတိကျမ်းများ၌ ၁-ရောင်းဝယ်ဖောက်ကား အတိုးအပွား ပေးသောအခါ၊ ၂-ဆရာ အထံ ချဉ်းကပ်၍ အတတ်ပညာ သင်သောအခါ၊ ၃-အစာ စားသောအခါ၊ ၄-သမီးခင်ပွန်းချင်း ရင်းရင်းနှီးနှီး ပျော်မွေ့သောအခါ၊ ဤအခါများ၌ အရှက်ကို ဖယ်ထားရမည်ဟု ညွှန်ပြလျက်ရှိသည်။ ထိုအရှက်မရှိမှုများ၌ ကုသိုလ်ဖြစ်-မဖြစ်ကို ပြောလိုရင်း မဟုတ်၊ မိမိအကျိုးရှိမည့် အရာ၌ မရှက် ရဟု ပြောလိုရင်း ဖြစ်သည်။]
ထို့ပြင် တရားရုံးစသည်၌ တရားသူကြီးကို ကြောက်ခြင်း၊ ရထား-သင်္ဘော မြို့ပြတို့၌ တောသူတောင်သားတို့ အိမ်သာ မသွားဝံအောင် ကြောက်ခြင်း၊ လူတယောက်နှင့်တယောက် ဖြစ်စေ၊ ချေဧသော တိရစ္ဆာန်များကို ဖြစ်စေ၊ တစ္ဆေကိုဖြစ်စေ ကြောက်ရွံ့ခြင်း၊ မရောက်ဘူးသော အရပ်သို့ ခရီးသွားရမည်ကို ကြောက်ရွံ့ခြင်း၊ ယောက်ျားကလေး မိန်ကလေးများ အရေးရောက်က ကြောက်နေကြခြင်း၊ ဆရာမိဘ လူကြီးသူမတို့ကို ကြောက်ခြင်း၊ ထိုသူတို့၏ ရှေ့၌ စကားမပြောဝံ့အောင်ကြောက်ခြင်း၊ ဤသို့စသော ကြောက်ခြင်းများလည်း ဩတ္တပ္ပအစစ် မဟုတ်။ သတ္တိညံ့ဖျင်းမှု (တရားသောအားဖြင့်) ဒေါမနဿ ပြဋ္ဌာန်းသော အကုသိုလ်စုပင် ဖြစ်လေသည်။
အလယ်အလတ်။ ။ ဤပြခဲ့သော စကားအစဉ်ကိုကြည့်၍အကုသိုလ်မဖြစ်သော ကိစ္စ၌ မရှက်သင့်၊ မကြောက်သင့်ဟု နားလည် ကြပြီ။ သို့သော် မရှက် မကြောက်ပဲ လူမိုက်အားကိုး ရဲရမည်ဟု မဆိုလို။ ထိုလူမိုက် အားကိုး အရဲမျိုးသည် တဘက်သားကို မလေးစားသော အဂါရဝဒေါသ မာန တရားဖြစ်၍၊ မိုက်ရူးရဲမှာ မောဟ ဒေါသတို့သာ အဖြစ်များသည်။ ထို့ကြောင့် မရှက်သင့် မကြောက်သင့်သော ကိစ္စတို့၌ ဆင်ကန်း တောတိုး သဘောမျိုးဖြင့် အကျိုးမရှိသော မိုက်ရူးရဲနှင့် ဆရာ မိဘလူကြီးသူမတို့၌ မရိုသေ မလေးစားမှု အဂါရဝမျိုးကို မဖြစ်စေပဲ အလိမ္မာဉာဏ် ဖက်၍ မိမိ၏ စိတ်စက်ကို ပြုပြင်ကာ ကျက်သရေ မင်္ဂလာရှိသော အလယ်အလတ် မရှက် မကြောက်ခြင်းမျိုးကိုသာ အလိုရှိထိုက်ကြသည်။ [အဘေတဗ္ဗမှိ ဘာယန္တိ၊ ဘာယိတဗ္ဗေ န ဘာယရေ = လောက၌ လူတို့သည် မတက်ရမည့်နေရာ၌ ကြောက်ကြ၏။ ကြောက်ရမည့် မကောင်းမှု၌ကား မကြောက်ကြ။-တရားတော်။]
အလောဘ အကြောင်း
မလိုချင်မှု သဘောသည် အလောဘ တရားတည်း။ ထို့ကြောင့် “အလောဘလျှင်၊ မလိုချင်တည်း”ဟု ဆိုခဲ့သည်။ ဤ အလောဘ၏ မလိုချင် မှုသည် လောဘနှင့် ပြောင်းပြန် ဖြစ်၏။ မီးနှင့်ရေ ပမာ ကမ္ဘာ့ရန်ဘက်ကဲ့သို့ ဖြစ်ရကား လောဘ၏ လိုချင်အပ်သော အရာမှန်သမျှကို အလောဘက မလိုချင်ချည်း ဖြစ်သည်။ မျက်မြင်အားဖြင့် လောဘသမားနှင့် အလောဘသမားတို့ ကွာခြားပုံကို သတိပြုပါ။
လောဘဘုန်းကြီး။ ။ လောဘသမားသည် ဘုန်းကြီး ဖြစ်လျှင် ပစ္စည်းလာဘ်ကို လိုချင်၏။ မိမိကို လှူချင်လာအောင် ဆွယ်တရား ဟော၏။ ရပြန်လျှင်လည်း ထိုပစ္စည်းကို မလှူရက်၊ မပေးရက်၊ အလွန် မက်မော၏။ ထိုပစ္စည်းရမှုကို အကြောင်းပြု၍ “အာဂ...ငါပဲ”ဟု စိတ်ကြီးဝင်လိုက် သေး၏။ လှူဒါန်းနိုင်သော ဒကာ ဒကာမများကို အောက်ကျို့၍ ဆက်ဆံ ရသဖြင့် မိမိ၏ အောက်ကျပုံကိုကား သတိမရချေ။
လောဘလူ။ ။ လောဘသမားလူ ပုဂ္ဂိုလ်များသည် ဤနည်းပင်တည်း။ ပစ္စည်း ဥစ္စာကို (တရားသည် မတရားသည် မစိစစ်နိုင်တော့ပဲ) မရမက ရှာဖွေလေ့ ရှိ၏။ ရပြန်လျှင်လည်းတင်းမတိမ်နိုင် “ရလေ လိုလေ အိုတစ္ဆေ”သာ ဖြစ်၏။ တသက်လုံး အချိန်ရှိသမျှ စု၍ရသောပစ္စည်းတွေကို “ငါ့ဟာ..ငါ့ဟာ”ဟု လွန်စွာ စွဲလမ်းနေစဉ် သေမင်းငင်သောအခါ ပြိတ္တာဘောင်သို့ ထိုဥစ္စာများ ကပင် ပို့ဆောင်တတ်လေသည်။ လောဘသည် ဤ အခြေအနေ ရောက်အောင် ဆိုရွားလှချေတကား။
အလောဘဘုန်းကြီး။ ။ အလောဘ ဤသို့ မဟုတ်။ ဘုန်းကြီး ဖြစ်လျှင် ပစ္စည်းကို မခင်မင်။ အဆင်သင့် ရသည်ကိုလည်း မသာယာ။ ဒကာ ဒကာမတို့က ကုသိုလ်ရချင်၍ စွန့်ကြဲလိုက်သော စာလုံး စားပေါက် ကလေးများကို ဧရာမ လာဘ်လာဘကြီးဟု ထင်နေကြရာ၌ ဘုရားသားတော် အနေနှင့် စဉ်းစား၍မကြည့်သေးပဲ ယောက်ျားကောင်း တယောက်အနေနှင့် စဉ်းစားကြည့်ရုံမျှဖြင့် ရှက်ဖွယ်ကောင်းလှပြီဟု အယူရှိဟန် တူ၏။ “ယောက်ျားကောင်း” ဟူသည် မိမိကသာ သူတပါးတို့အား ပေးကမ်း စွန့်ကြဲသင့်သည်ဟု သဘောထားဟန် လက္ခဏာ ရှိသည်။ ထို့ကြောင့် အလောဘ ဓာတ်ခံရှိသူသည် ဘုန်းကြီးဖြစ်မူ ပစ္စည်းလာဘ်လာဘကိုမက်မောခြင်း
အလောဘလူ။ ။ လူ ဖြစ်ပြန်လျှင်လည်း မလွှဲသာ၍ ပစ္စည်းဥစ္စာကို ရှာနေရစေကာမူ မတရားသဖြင့် ရှာဖွေခြင်း မရှိ။ လောကီအာရုံ ကာမဂုဏ်ကိုလည်း လိုက်စားလေ့ မရှိ၊ ပစ္စည်းရှာရာ၌ ဆင်းရဲသားတို့အပေါ် သနား ညှာတာလေ့ရှိ၏။ စွန့်ကြဲပေးကမ်းလှူဒါန်းလေ့ ရှိ၏။လှူပြန်လျှင်လည်း တွန့်ဆုတ် တွန့်ဆုတ် မဟုတ်။ မုတ္တစာဂီ = လူကောင်း သူကောင်း ပီပီဖြင့် လွတ်လွတ် ကျွတ်ကျွတ် စွန့်လေ့ ရှိ၏။ ရွှေအိမ် ရွှေနန်းကို သော်မှလည်း ပြတ်ပြတ် တောက်တောက် စွန့်ခွါ၍ ရိပ်သာပင်နန်း ကျောင်းသင်္ခမ်း၌ ရွှင်လန်း မွေ့လျော် စံပျော်နိုင်ကြပေသည်။
ဤသို့လျှင် လောဘသမားနှင့် အလောဘသမားတို့ ကျောချင်းကပ်၍ ပြေးကြသကဲ့သို့ သဘောထားချင်း ဝေးလှလေရကား မိမိကိုယ်ကို ပါရမီရှင် သူတော်စင်ဟု အထင်ရောက်နေကြသူတို့သည် ပြခဲ့သော သဘောထားကို စဉ်းစား၍ “လောဘသမားလော၊ အလောဘသမားလော”ဟု စစ်ကြော ကြည့်ကြပါကုန်။ လောဘသမား ဖြစ်နေသေးလျှင် ယခုဘဝက အမြန်ပြင်ကြပါ။ အလောဘသမားဘက်သို့ ပါဝင်နိုင်သူဖြစ်က အခြေခံ အတော်ကောင်းပြီးဖြစ်၍ ရှေ့သို့ အဆင့်ဆင့် တိုးတက်ဖို့ရာ အဘက်ဘက်၌ သတိထားလျက် အလောဘ သမားအစစ် ဖြစ်အောင် အားထုတ်ကြပါကုန်။
အဒေါသ အကြောင်း
မခက်ထန် မကြမ်းတမ်းခြင်း သဘောသည် အဒေါသတည်း။ ထို့ကြောင့် “အဒေါသတွက်၊ မခက်ထန်”ဟု ဆိုခဲ့သည်။ ဤ အဒေါသလည်း ဒေါသကို ဆန့်ကျင်ဘက်ပြုကာ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်သော မြွေနှင့် တောက်တဲ့ကဲ့သို့ ဖြစ်သည်။ ဒေါသသမားတွေ ကြမ်းတမ်းသလောက် အဒေါသသမားများက ချိုသာသည်။ စိတ်နေ သဘောထား အေးမြသဖြင့် သူတပါးက ဒေါနှင့် မောနှင့် ပြောသည်ကိုပင် သည်းခံခြင်း အအေးဓာတ်ဖြင့် ငြိမ်းစေနိုင် ကြ၏။ စိတ်ဓာတ်သာ အေးသည်မဟုတ်၊ ဒေါသသမားတို့ မျက်နှာထားတင်း သလောက် အဒေါသ သမားတို့၏ မျက်နှာအနေလည်း ငွေစန္ဒာလမင်းအသွင် ကြည်လင် လှပ၍ ပသာဒ ရှိသည့်အပြင် ချိုသာသော စကားအသုံးအနှုန်းတို့ကြောင့် တွေ့ရသူတိုင်း မမုန်းနိုင်အောင် ကျက်သရေကို ဆောင်လျက် ရှိကြ ပေသည်။ အဒေါသ ဓာတ်ခံသည် သို့ကလောက်ပင် အကျိုးကြီးမား၏။ တလောကလုံး၏ အနှစ်သက်ဆုံးသော မေတ္တာဟူသည်လည်း ဤ အဒေါသပင် ဖြစ်ပေသည်။ [မေတ္တာအကြောင်းကို နောက်၌ တွေ့ရလုပြီ။]
အလောင်းတော်၏ အလောဘ အဒေါသ
ရှေးသရောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းသည် မိဖုရားခေါင်ကြီး နတ်ရွာစံသဖြင့် မိဖုရားငယ် အသစ်မြှောက်ကာ အရွယ်ရောက်သော သားတော် မဟာပဒုမမင်းသားကို အိမ်ရှေ့ ထားလေသည်။ အခါတပါးဝယ် သူပုန်များ ထ၍ ဘုရင့်ကိုယ်တိုင် နှိမ်နင်းရန်ထွက်ခွာသွားစဉ် အိမ်ရွှေမင်းသားက ထီးနန်း ကိုစောင့်ရှောက်ရစ်ရလေသည်။ သူပုန်ရန်ငြိမ်းအေး၍ ခမည်းတော်မြို့ဝင်ခါနီး၌ နန်းတော်ကြီးနှင့်တကွ တမြို့လုံး တန်ဆာဆင်ပြီးနောက် အကျိုးအကြောင်း သံတော်ဦးတင်ဖို့ရန် မိထွေးတော်အထံသို့ သွား၍ “ပြုဖွယ်ကိစ္စရှိက အမိန့် ပေးပါရန်” သံတော်ဦးတင်လေသော်...
မင်းသား၏ ရုပ်အဆင်းအင်္ဂါကို စွဲလမ်းရင်းရှိသော မိဖုရားက မင်းသား၏ လက်ကိုဆွဲ၍ သလွန်ပေါ်သို့ တက်ဖို့ရန် ညွှန်ပြလေရာ၊ မင်းသားက ပယ်ရှားလေသည်။ ၃ ကြိမ်တိုင်အောင် တိုက်တွန်းပါသော်လည်း မင်းသားက ပယ်မြဲ ပယ်နေလေရာ “ကောင်းပြီ အလိုသို့ မလိုက်တဲ့ မင်းသားကို မင်းတရား လာမှ သိစေမယ်”ဟု “ငဖယ်လန်က ပြောင်းပြန်” သူကပင် မာန်လိုက်လေ သေးသည်။ မင်းသားက “ပြုချင်သလိုသာပြုတော့”ဟု ပြော၍ ထွက်သွား သောအခါ သူ့အပြစ်ကို ကာကွယ်ဖို့ရာ သူ့ကိုယ်သူ ကုတ်ဖဲ့၍ တကယ့်ကို မင်းသား၏ အစော်ကား ခံရလေယောင် အားငယ်ဟန် ဆောင်နေလေသည်။
ဘုရင်မင်းလည်း မြို့တော်သို့ ရောက်လျှင် ရောက်ခြင်းပင် သူ့မိဖုရားကို မမြင်၍ မေးမြန်းရာ မိဖုရား အခြွေအရံတို့က မကျန်းမာကြောင်းကို သံတော်ဦး တင်ကြသဖြင့် မိဖုရားအဆောင်သို့ ကြွရောက်လေသည်။ ထိုအခါ မိဖုရားက လေးက ကုတ်ဖဲ့ထားသော အရာများကိုပြလျက် အိမ်ရှေ့မင်းသားက သူ့အား အတင်းကြံပုံ၊ သူက အလိုမပါသောကြောင့် ကုတ်ဖဲ့ ပုံပါ(မည်သည့်ဆရာ့အထံ၌ နည်းမခံရပဲ) ဝမ်းတွင်းပါ မိန်းမဉာဏ်ဖြင့် သူကြံထားသမျှ အားလုံးကို ရှိုက်ကြီးတငင် သံတော်ဦးတင်လေသည်။
ထိုအခါ ဘုရင်သည် လွန်စွာ ရာဇမာန်ရှသဖြင့် “မယားထိက ဓါးကြည့်” ဟူသော ပြောရိုးစကားနှင့် ညီစွာ ဘာကိုမှ မစဉ်းစားတော့ပ် မင်းသားကို ရှေ့တော်သွင်း၍ ချက်ခြင်းပင် တောင်ထိပ်မှ ပစ်ချရန် အမိန့်ပေးလေသည်။ ထို့နောက် တိုင်းပြည်က ချစ်ကြည် နေသော မင်းသားကို ပြည်သူတို့က အင်အားဖြင့် အတင်းလုမည် စိုးသောကြောင့် အာဏာသားများနှင့် အတူ ကိုယ်တိုင် ထွက်၍ တောင်ထိပ်ပေါ်မှ ပစ်ချလေသည်။ သို့သော် မင်းသား၏ မေတ္တာ တန်ခိုးကြောင့် တောင်စောင့်နတ် ကယ်မသဖြင့် အသက်ချမ်းသာရာ ရတော်မူလေသည်။
ဝတ္ထုမှတ်ချက်။ ။ ဤဝတ္ထုဝယ် မိဖုရားနှင့် မင်းသား တွေ့ခန်း၌ မိဖုရားမှာ တဏှာလောဘစိတ် ပြင်းထန်နေ၏။ မင်းသားမှာ မလိုချင်မှု အလောဘစိတ် ထင်ရှားသည်။ ထို့နောက် မိဖုရား၌ သူ့ အပြစ်ကို ကွယ်ကာသော မာယာစိတ်၊ ရှင်ဘုရင့်ထံ ကြံဖန်၍ သံတော်ဦးတင်သော မာယာစိတ် (မုသာဝါဒကံ) ဖြစ်၏။ ရှင်ဘုရင်၌ ကြားသည်က စ၍ တောင်ပေါ်မှ ပစ်ချသည် အထိ ပြင်းပြသော ဒေါသစိတ်များ ဖြစ်နေ၏။ မင်းသား၌ကား မိဖုရား ကလေးကို မတပ်မက်သော အလောဘစိတ်၊ မိဖုရားနှင့် ရှင်ဘုရင့်အပေါ်၌ ရန်ငြိုးမထားသော အဒေါသစိတ်၊ သည်းခံနိုင်သော ခန္တီစိတ်၊ မေတ္တာထား နိုင်သော မေတ္တာစိတ်၊ အဒေါသစိတ်များ ဖြစ်သည်။ ဤဝတ္ထု၌ မင်းသားကလေးသည် ဘုရားအလောင်း၊ မိဖုရားကား စိဉ္စမာနခေါ်သော စိဉ္စမာနဝိကာ အလောင်း၊ ရှင်ဘုရင်ကား ရှင်ဒေဝဒတ် အလောင်းတည်း။
ကာလဝိပါက် နောက်ပိုးတက်။ ။ ထိုသို့သော ကိစ္စများဖြစ်ပျက်ပြီးနောက် မင်းသားကလေးကို နဂါးမင်း ဆောင်ယူ၍ နဂါးပြည်၌ တနှစ် စံစေသည်။ ထို့နောက် လူ့ပြည်သို့ပြန်၍ ရသေ့ရဟန်းပြုသောအခါ မုဆိုးနှင့်တွေ့သောကြောင့် ဘုရင့်အထံသို့ သံတော်ဦးတင်လေရာ၊ ရှင်ဘုရင် ထွက်တော်မူလာ၍ အဖြစ်မှန်ကို သိသောအခါ သားတော်ကို ပြန်၍ ခေါ်သော်လည်း မရ၊ မိဖုရားကိုလည်း မိမိကို မှားယွင်းအောင် ပြုသည့်အတွက် စိတ်နာလှသောကြောင့် “ကာလဝိပါက် နောက်ပိုးတက်ရန်” တောင်ထိပ်မှ ပစ်ချသည်ကို မိဖုရားကလေးခံလျက် နတ်ရွာမစံပဲ တလူးလူးတလဲလဲနှင့် ငရဲခံ ရလေသည်။
အမောဟ (ပညာ) အကြောင်း
အမောဟဟူသည် ဉာဏ်ပညာတည်း။ ထို့ကြောင့် “ပညာ ဉာဏ်မူ-အမောဟ ဟူ၏”ဟု ဆိုခဲ့သည်။ မောဟက ဖုံးလွှမ်းကွယ်ကာထားသော အရာဟူသမျှကို ဤဉာဏ်ပညာဟု ခေါ်သော အမောဟက မဖုံးကွယ်နိုင်အောင် စွမ်းနိုင်သမျှ ထုတ်ဖော်ပြသဖြင့် အမှန်ကို သိရလေသည်။ သို့ဖြစ်၍ မောဟနှင့် အမောဟသည် “ခင်ပုတ်နှင့် ကျီး”ကဲ့သို့ ကမ္ဘာ့ ရန်ဘက်ကြီးများပေတည်း။
ပညာစစ်။ ။ ဤဉာဏ်ပညာသည် ပညာစစ် ပညာတုဟု ၂-မျိုးရှိ၏။ ထိုတွင်ကံ ကံ၏ အကျိုးကို သိတတ်သော ဉာဏ်၊ စာပေကျမ်းဂန်၏ အဓိပ္ပါယ်မှန်ကို နားလည်သော ဉာဏ်၊ ဝိပဿနာ ဉာဏ်၊ မဂ်ဉာဏ် ဖိုလ် ဉာဏ်များနှင့် ဘုရားရှင်၏ သဗ္ဗညုတာ ဉာဏ်တိုင်အောင် အပြစ်ကင်းသော အသိအလိမ္မာ ဉာဏ်ပညာဟူသမျှ ပညာအစစ်ပင်တည်း။
ပညာတု။ ။ “ပါးနပ်သူ”ဟု ခေါ်ရသူတို့ သန္တာန်ဝယ် တဘက်သားကျလောက်အောင် ဟန်ပန် လေသံ ဆောင်တတ်၊ ပြောတတ်၊ ဟောတတ်သောဉာဏ်၊ အခိုးအဝှက်ဉာဏ်၊ အလှည့်စားဉာဏ်၊ အလိမ်ဉာဏ်၊ ပရိယာယ်မာယာဉာဏ်များ ရှိ၏။ ထိုဉာဏ်မျိုးသည် ပညာစစ် မဟုတ်။ လိမ်လည် လှည့်ပတ်တတ်သော “ဝဉ္စနာပညာတု” ဖြစ်သည်။ [ဝဉ္စနာ= သူတပါးကို လှည့်စားနိုင်သော ပညာ=အသိ၊ ပရမတ္ထ သဘောအားဖြင့် တဏှာပြဋ္ဌာန်းသော အကုသိုလ်တည်း။ ထို့ပြင်-သတ်နည်းဖြတ်နည်း တိုက်ခိုက်နည်း လက်နက်ကောင်းကောင်း လုပ်နည်းများကို နားလည်သောဉာဏ်များလည်း ရှိသေးသည်။ ထိုဉာဏ်များလည်း ပညာစစ် မဟုတ်၊ နောက်၌ပြမည့် “ဝိတက်”သော အကြံကောင်းသော အကုသိုလ်သာ ဖြစ်သည်။
သို့သော် ထိုပြခဲ့သော ပညာအတုများသည် ထူထိုင်း ဖျင်းအသူတို့မှာ မရှိ၊ ပင်ကိုယ်က ပညာအစစ်အမှန် ဓာတ်ခံပါသူ၊ အတွေအကြုံ အကြားအမြင် (ဗဟုသုတ) များသူတို့၌သာ ဖြစ်နိုင်ပေသည်။ အစစ်အမှန် ပညာဉာဏ်က ပညာအတူအား ပကတူပနိဿယခေါ် ပဋ္ဌာန်းပစ္စည်းဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုသည်။ ထို့ကြောင့် ပင်ကိုယ်က ဉာဏ် ထက်မြက်သူတို့မှာ ကောင်းသော လုပ်ငန်း ကုသိုလ်လမ်း၌ အမြင့်ဆုံး အတန်းသို့ ရောက်အောင် စွမ်းနိုင်ကြသကဲ့သို့၊ မကောင်းလုပ်ငန်း အကုသိုလ်လမ်း၌လည်း ကမ်းကုန်လမ်းကုန် အဂွမ်းကုန် ဆိုးသွမ်းနိုင်ကြလေသည်။
ဇာတိနှင့် ပဝတ္တိပညာ။ ။ အစစ် ဖြစ်သော ပညာသည် ဇာတိပညာ-ပဝတ္တိပညာဟု ၂-မျိုး ရှိ၏။ ပဋိသန္ဓေ တည်နေစဉ်ကပင် အလောဘ အဒေါသ အမောဟ ၃ မျိုးပါလာသူကို “တိဟိတ်ပုဂ္ဂိုလ်”ဟု ခေါ်သည်။ “ပဋိသန္ဓေစိတ်မှာ အလောဘ စသော ဟိတ် ၃ ပါးရှိသူ”ဟု ဆိုလိုသည်။ ထိုတိဟိတ်ပုဂ္ဂိုလ်၏ အမောဟခေါ် ပညာသည် ဇာတိပညာ (ဝမ်းတွင်းပါ ပညာ)တည်း။ ထို ဇာတိပညာ ပါသူသည် ကလေးဘဝကပင် ပြောပြ၍ နားလည်လွယ်၏။ တောင်တောင် ဤဤ ကြံစည်တတ် တွေးတော စဉ်းစား တတ်၏။
ပဋိသန္ဓေပညာ မပါခဲ့ပဲ ပဝတ္တိအခါကျမှ (ဖွားမြင်လာမှ) မိကောင်း ဘကောင်းတို့က သင်ပြခြင်း၊ အရွယ်ရောက်၍ စာပေသင်ခြင်း၊ ကြီးရင့်သည့်အခါ ပညာရှိထံ မေးမြန်းလေ့ စုံစမ်းလေ့ ရှိခြင်း၊ ဗဟုသုတ ရှာမှီးခြင်း စသည်တို့ကြောင့် တတ်သိနားလည်သော ပညာသည် ပဝတ္တိပညာ မည်၏။ ထို့ကြောင့် ဇာတိပညာ မပါသူသည် ပဝတ္တိပညာ ဖြစ်အောင် ထူထောင်နိုင် သေး၏။ ဇာတိပညာ ပါလာသည့်ပြင် (ပြခဲ့သောနည်းဖြင့်) ပဝတ္တိပညာကိုလည်း ရပြန်ပါမူ အထက်တန်းရောက်သူတို့တွင် ပါဝင်နိုင်သည်။
ဇာတိပညာရှိအောင် ပျိုးထောင်နည်း။ ။ ပဋိသန္ဓေက ဉာဏ်ဓာတ် ပါလာခြင်းသည် လောကီ၌သာ အကျိုးများသည် မဟုတ်သေး။ တရား အားထုတ် ပျိုးထောင်နည်းရာ၌လည်း အကျိုးများ၏။ ပဋိသန္ဓေ ပညာရှိသူသာ တရားအားထုတ်၍ ပေါက်နိုင်၏။ ထို့ကြောင့် ဖြစ်လေရာဘဝတို့၌ ပဋိသန္ဓေ ပညာရှိဖြစ်အောင် ယခုဘဝကပင် ထူထောင်သင့်ကြသည်။ ထူထောင်နည်း တချို့ကား- ပထမဆုံး အသိအလိမ္မာ ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ချင်ရမည်။ ထိုသို့ ဖြစ်ချင်သည့် အတိုင်းလည်း အသိအလိမ္မာ ဉာဏ်ပညာ တိုးပွားအောင် ရေးသားအပ်သော ကျမ်းစာတို့ကို စိတ်ပါ လက်ပါ ကြည့်ရှုရမည်။ ပညာရှိနှင့် ဆက်ဆံ၍ ထိုသူ့အထံမှ အကြံဉာဏ် အကောင်းများကို မေးမြန်းမှတ်သား ရမည်။ ဤမျှလောက် ကြိုးစားလျှင်ပင် ပဝတ္တိဉာဏ်တိုးပွား၍ အရာရာ၌ စဉ်းစားတတ်သူ ဖြစ်လာပါလိမ့်မည်။ ထိုအခါ နောင်သံသရာအတွက် ဉာဏ်ပညာ အထုံပလောက်ပေပြီ။ သို့သော် အားမရသင့်သေးပါ။
ဉာဏ်ပညာ ပွင့်လင်းအောင် အဝတ်အစား အိပ်ရာ နေရာမှစ၍ တကိုယ်လုံး အမြဲ သန့်သန့်ရှင်းရှင်း ရှိစေရမည်။ ဒါန စသော ကုသိုလ်ပြုတိုင်း “ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ရပါလို၏”ဟု စိတ်ကလည်း ညွှတ်ရမည်၊ နှုတ်ကလည်း ရွတ်ဆို ဆုတောင်းရမည်။ ရဟန်း သံဃာ လှူဒါန်းရာ၌လည်း “စာပေကို သင်ယူနိုင် ပို့ချ ရေးသားနိုင်ပါစေ”ဟု စိတ်စေတနာ ဖြစ်စေရမည်။ တတ်နိုင်ပါမူ စာသင်ကျောင်းတိုက် တည်ထောင်၍ စာပို့ချနိုင်သော ပုဂ္ဂိုလ်ကို ကိုးကွယ်ကာ ပို့ချနိုင်အောင်လည်း ထောက်ပံ့ရမည်။
လူ စာသင်ကျောင်းများကိုလည်း ထောက်ပံ့ရမည်။ တိုင်းသူပြည်သားတို့ ပညာတိုးပွားအောင် ကူညီရမည်။ မိမိတတ်သိသမျှကို သူတပါးအား ပြောပြချင်စိတ်၊ နားလည်စေချင်စိတ် ရှိရမည်။ ဤသို့ စသည်ဖြင့် ပညာဘက်၌ စိတ်ထက်သန်သူသည် ဘဝသံသရာဝယ် ကြီးကျယ်သော ပညာရှင် ဖြစ်နိုင်ပါသည်။ ဤကား နောက်ဘဝ အဆက်ဆက်၌ ဇာတိပညာ (ဝမ်းတွင်း ပညာရှိ) ဖြစ်အောင် ပျိုးထောင်နည်း ပေတည်း။
သဒ္ဓါနှင့် ပညာ ကွာခြားပုံ။ ။ သဒ္ဓါ၏ သဘောကား စွန့်ကြဲပေးကမ်း လှူဒါန်းရလျှင်ပြီးရော၊ နောင်သံသရာမှာ ချမ်းချမ်းသာသာ ဖြစ်ဖို့သာ အရေးကြီး၏။ အမျိုးဘာသာ သာသနာ ကြီးပွားရေးကို လေးလေးနက်နက် သတိမထားတတ်။ ပညာ၏သဘောကား အမျိုးဘာသာ သာသနာ ပညာရေးကို လေးလေးနက်နက် စဉ်းစားပြီးလျှင် အကျိုးရှိလောက်မှလှူသည်။ အကြောင်းကောင်းလျှင် အကျိုးကောင်းမည်ဟု (ကံ-ကံ၏အကျိုးကို) ယုံကြည်ပြီးဖြစ်၍ နောက်ဘဝ၌ အကျိုးရဖို့ အရေးကို အထူးတလည် တွေးမနေတော့။ ဤသို့လျှင် သဒ္ဓါနှင့် ပညာသည် အခြေတည်က စ၍ပင် ကွာချင်တိုင်း လာသည်။ မြန်မာနိုင်ငံကို သဒ္ဓါမျက်စိ၊ ပညာမျက်စိဖြင့် တမျိုးစီ ကြည့်ကြပေလိမ့်မည်။ သို့ရာတွင် အစုံကြည့်ခြင်း မဟုတ်ပဲ တဘက်စီခွဲ၍ အလွန်အကဲ ကြည့်ခြင်းကား သဒ္ဓါလည်း မကောင်း၊ ပညာလည်း မကောင်းပင်။ ၂-ဘက်စုံ ကြည့်တတ်မှသာ ကောင်းပါသည်။ “သဒ္ဓါလွန်တော့ တဏှာ၊ ပညာလွန်တော့ မာယာ”ဟု ကျမ်းလာဆိုရိုး ရှိပါသည်။
အမှာ။ ။ သဒ္ဓါမျက်--ပညာမျက်စိဖြင့် တဘက်စီ ကြည့်ကြပုံ၊ ၂-ဘက်စုံ ကြည့်ကြပုံကို စုံစုံလင်လင် ရေးရလျှင် ကျမ်းစာတစောင် ဖြစ်အောင်ရေးမှသာ လုံလောက်ဖွယ်ရှိသောကြောင့် ဤနေရာ၌ မရေးပဲ လျစ်လျူရှုရတော့မည်။
တိုက်တွန်းချက်။ ။ အို-အမျိုးသားတို့.....အသိအလိမ္မာ ဉာဏ်ပညာ ဟူသည် အစစ်ဖြစ်စေ၊ အတုဖြစ်စေ မိမိ၌ ဓာတ်ခံရှိဖို့ အရေးကြီးလှပေသည်။ လူတို့ အသက်ရှင်ဖိုအရေး၌ နှလုံးသည်းပွတ်သည် အရေးအကြီးဆုံး ဖြစ်သကဲ့သို့၊ လောကသံသရာ ၂-ဖြာ ကြီးပွားရေး၌လည်း ဉာဏ်ပညာသည် အရေးအကြီးဆုံး နှလုံးသည်းပွတ်ပင် ဖြစ်၏။ ဒါန သီလ စသော ပါရမီ အားလုံး၏ အကျိုးကို ဉာဏ်ပညာရှိသူသာ အဆုံးတိုင်သိနိုင်၍ ဉာဏ်ပညာကြောင့်သာ ထိုပါရမီများ ပြည့်ဝကြပေသည်။
လောက၌လည်း အိမ်တွင်းရေး ငြိမ်းချမ်းမှုသည် သမီးခင်ပွန်း ၂-ယောက်၏ အသိအလိမ္မာ ဉာဏ်ပညာ အပေါ်မှာ တည်သည် မဟုတ်လော။ သားရေး၊ သမီးရေး၊ စီးပွားရေး၊ ကြီးပွားရေးတို့၌လည်း ဉာဏ်ပညာရှိမှ ဝီရိယအကျိုး နားလည်၍ လုံ့ လစိုက်ကာ သာသာယာယာ ရှိစေနိုင်သည်။ ပရိသတ်ဗိုလ်ပုံတို့၏ အလယ်မှာလည်း “ပညာရဲရင့်သူတို့သာ ပွဲလယ်တင့်” နိုင်ကြသည်။ ဗူးလုံး နားမထွင်း အဖျင်း အအ ပညာပိုင်းက အောက်တန်းကျနေသူတို့မှာ စည်းစိမ် ရှင်ပင် ဖြစ်သော်လည်း အထက်တန်းသို့ မတက်လှမ်းနိုင်ကြပါ၊
ကမ္ဘာကို လွှမ်းမိုး၍ အုပ်စိုးနိုင်သော သတ္တိမှာ ဤ ပညာ အရည်အချင်းသာတည်း။ ဓနရှင်တို့မှာ ထိုပညာရှင်တို့ကို ကူညီကြသဖြင့် ကြီးပွားရေး၌ဝေစုရသူ များသာ ဖြစ်လေသည်။ အသေးအဖွဲ့ ရန်ပွဲကလေးမှစ၍ တိုင်းနိုင်ငံချင်း စစ်ခင်းသည်အထိ ပညာရှိတို့ဘက်မှ အောင်ပွဲရစမြဲ ဖြစ်သည်။ စတုဓမ္မဇာတ်တော်၌ ဂင်္ဂါမြစ် အတွင်း သူ့နယ်ဖြစ်သော စစ်တလင်းမှာပင် အလောင်းတော် မျောက်မင်းက ဝဉ္စနာပညာဖြင့်လှည့်စား၍ မိကျောင်းကို အနိုင်ရခဲ့ဖူးလေသည်။ [ဤ ဝတ္ထု၌ လှည့်စားတတ်သော ဉာဏ်သည် ပညာအတုသာ ဖြစ်၏။ သို့သော် လောကီ ကြီးပွားရေး၌ ဤ ပညာအတုလည်း များစွာ အသုံးကျသည်ပင်။]
မဟောသဓာ ဇာတ်တော်၌လည်း မရေမတွက်နိုင်လောက်အောင် မြားမြောင် လှစွာသော စစ်တပ်တို့ဖြင့် ချဉ်းကပ်လာသော ကေဝဋ်ပုဏ္ဏားနှင့် စူဠဏီမင်းကို အလောင်းတော်၏ပညာအစွမ်းဖြင့် ကျီးခြောက်သလိုခြောက်လှန့်၍ ခန့်ခန့်ကြီး အောင်ပွဲယင်ခဲ့ရပေသည်။ ပညာဘက်၌ အလိုက်အစား နည်းခဲ့သောဤ မြန်မာ နိုင်ငံကိုလည်း ရေနံတွင်း၊ ကျောက်တွင်းနှင့် သစ်တောများကို သွားရည်ယိုသော ဝဉ္စနာ ပညာရှင်တို့က သူငယ်နှပ်စား-ကလေးကို လှည့်စားသလို သိမ်းယူသွား သည်မှာ သူတို့၏ ပညာစွမ်းပင် ဖြစ်လေသည်။
ယခုအချိန်တိုင်အောင် ကူးသန်းရောင်းဝယ်မှု၌ ဉာဏ်မျက်စိ စူးရှသော နိုင်ငံခြားသားတို့က ငါတို့ အမျိုးသား အမျိုးသမီးတွေကို ကလေးလို သဘော ထား၍ ပစ္စည်းရော လူပါ အညွန့်ခူးချင်တိုင်း ခူးနေကြသည့်ပြင် အောက်တန်း စားဟု ထင်ရသော နိုင်ငံခြားသား လက်လီ ကုန်သည်ကလေးများကလည်း ထထကြွကြွ ဝီရိယဖြင့် စားပေါက်စားလမ်းကို အစွမ်းကုန် နှိုက်နေကြသည်။ ငါတို့ အမျိုးသားတွေက “ဖိုးသူတော် ကျပ်တလုံးနှင့် ညောင်ပင်ကုန်းမှာ အိပ်ပျော်နေကြတုန်းပင်”။
အို... အမျိုးသားတို့ ပညာတတ်နည်းပါးသော နိုင်ငံဟူသမျှသည် အဘက် ဘက်က အောက်တန်းကျရမည်မှာ ဗေဒင်မေးနေစရာ မလိုတော့ပါ။ အမျိုးကို ချစ်ခင်ကြသော ကျောင်းဆရာကြီးများကလည်း စွမ်းနိုင်သမျှ နည်းကောင်း လမ်းမှန်များကို ညွှန်ပြကြပါ။ ကျောင်းသူ ကျောင်းသားတို့ကလည်း စိတ်ပါ လက်ပါ ကြိုးစားကြပါ။ ဓနရှင် လူကြီးလူကောင်းနှင့် သံဃာတော် အပေါင်းကလည်း ပညာရေး တိုးတက်အောင် အဘက်ဘက်က အားပေးကြပါ။ ဤသို့ တနိုင်ငံလုံး ကြိုးစားမှသာ ယခုဘဝ၌ နာလန်ထူပြီးလျှင် သံသရာအဆက်ဆက်လည်း ထက်မြက်သော ဇာတိ ပညာရှင်များ ဖြစ်နိုင်ကြပါလိမ့်မည်။
မေတ္တာ အကြောင်း
“မေတ္တာ” ဟူသော နာမည်ဖြင့် စေတသိက် သီးခြား မရှိချေ။ ရှေ့၌ ပြခဲ့သော အဒေါသစေတသိက်ကိုပင် သတ္တဝါများ၏ စီးပွား ချမ်းသာ လိုလား ချစ်ခင်ရာ၌ “မေတ္တာ”ဟု ခေါ်ဝေါ်ရပေသည်။ ထို့ကြောင့် “မှတ်ယူ ချစ်ငြား၊ မေတ္တာ ပွား၍”ဟု ဆိုခဲ့သည်။ သို့ဖြစ်၍ တယောက်ယောက် အပေါ်ဝယ် သူ၏ အကျိုး စီးပွားကို လိုလားသော (ကြီးပွားအောင် စောင့်ရှောက် ကူညီလိုသော) ချစ်ခင်မှုကို မေတ္တာဟု မှတ်ပါ။
မေတ္တာအတု။ ။ ဆွေချစ် မျိုးချစ် သမီး ခင်ပွန်းချစ် စသော အချစ်များလည်း တယောက်အကျိုး တယောက်က လိုလားကြ၊ ကူညီ စောင့်ရှောက်လို ထောက်ပံ့လိုကြ၏။ ထိုကဲ့သို့ ချစ်နေသူ့အပေါ်၌ “မေတ္တာရှိသည် ဟုလည်း ပြောဆိုကြသည်။ သို့သော် ထိုအချစ်မျိုးမှာ မေတ္တာအစစ် မဟုတ်၊ လောဘခန်း၌ ပြခဲ့သော “ဂေဟဿိတပေမ=အိမ်၌မှီသောအချစ်”တည်း။
ရှေးတုန်းက ဒါယကာ တယောက်သည် “မေတ္တာ ပွားများသောအခါ မည်သူကစ၍ ပွားများရပါသနည်း”ဟု သူ၏ ဆရာ့အထံ လျှောက်လေရာ၊ ဆရာက “မေတ္တာအရှိဆုံးသူကစ၍ ပွားများရမည်”ဟု မိန့်သဖြင့် ညဉ့်အခါ အိပ်ခန်း အပြင်ဘက်၌ ထိုင်၍ သူ၏ဇနီးကို ရည်မှန်းလျက် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းလေလျှင်၊ ဇနီးအပေါ်၌ ချစ်ခင်မှု တိုးလာရကား ချက်ချင်း ထ၍ ဇနီးအထံ သွားလေသည်။ သို့သော် အတွင်းက မင်းတုပ်ထိုးထားသဖြင့် ဝင်ခွင့် မရသောကြောင့် နံရံကို ဦးခေါင်းဖြင့်ဝှေ့ကာ မေတ္တာ၏ အကျိုးကို ခံစား နေရရှာသတဲ့။ ထို့ကြောင့် ထိုအချစ်မျိုးကို “ဂေဟဿိတပေမ”ဟု မှတ်ရမည်။
နွားမကြီး၏ မေတ္တာ။ ။ ထိုတဏှာပေမမျိုးဖြင့် ချစ်ခင်နေသူ၏ အပေါ်မှာ “မည်သည့်အခါ၌ မေတ္တာအစစ် ကုသိုလ်စိတ် မဖြစ်နိုင်”ဟု မဆိုထိုက် ပါ။ မကြာမကြာ မေတ္တာအစစ် ကုသိုလ်ဖြစ်သော အခါလည်း ရှိနိုင်ပါသည်။ ရှေးသောအခါ မိခင်နွားမကြီးသည် မေတ္တာအစစ်ဖြင့် သားငယ် နွားကလေးကို နို့ချိုတိုက်ကျွေးနေစဉ် မုဆိုးက လှံဖြင့် ထိုးသတ်လေရာ မေတ္တာ တန်ခိုးကြောင့် လှံမစူးပဲ ထန်းရွက်ကဲ့သို့ ပျော့ကျသွားလေသတဲ့။ ဤသို့လျှင် ဆွေမျိုးဉာတိ သားအမိ ဇနီးမောင်နှံတို့၏ အတွင်းမှာလည်း အချင်းချင်း မေတ္တာအစစ်များ ဖြစ်နိုင်ကြပေသည်။
သာမာဝတီ၏ မေတ္တာ။ ။ ကောသမ္မီပြည် ဥတေနမင်းဝယ် သာမာဝတီ၊ မာဂဏ္ဍီ၊ ဝါသုလဒတ္တဒေဝီဟု မိဖုရား ၃-ယောက် ရှိသည်။ သာမာဝတီသည် ရတနာ ၃-ပါးကို ကြည်ညို၏၊ မာဂဏ္ဍီကား မိဖုရား မဖြစ်ခင် အပျိုစင်ဘဝကပင် ဘုရားရှင်အပေါ်မှာ ရန်ငြိုးထားခဲ့သော ပုဏ္ဏေးမ ကလေးတည်း။ ထို့ကြောင့် မာဂဏ္ဍီသည် သာမာဝတီအပေါ် အမြဲ အပြစ် ရှာ၏။ သာမာဝတီကား မေတ္တာတရား အထူးပွားများနေသူ ဖြစ်သည်။ ဥတေနမင်းသည် မိဖုရား ၃-ယောက်တို့၏ အဆောင်ဝယ် တလှည့်စီ စံစားကာ စောင်းတီး ဝါသနာပါသော ဘုရင်တဦးတည်း။
အခါတပါး၌ သာမာဝတီ အထံ အဆောင်တော်ကူးရန် နီးလေသော် မာဂဏ္ဍီသည် သူ၏ ဘထွေးထံ အဆိပ်ပြင်းသော မြွေကို မှာ၍ အဆိပ်ကို ဖြေစေလျက် စောင်းခွက်အတွင်းသို့ သွင်းထားလေသည်။ ထို့နောက် အပေါက်ကို ပန်းကုံးဖြင့် ပိတ်ဆို့ပြီးမှ ဘုရင့်ထံ သွား၍ အိပ်မက် ရာမက် မကောင်းသောကြောင့် သာမာဝတီ၏အောင် မကူးဖို့ရန် မိန်းမတို့ ပင်ကိုယ်ဉာဏ်ဖြင့် သံတော်ဦး တင်လေသော်၊ ဘုရင်က ဂရုမစိုက်ပဲ သာမာဝတီ၏ အဆောင်သို့ ကူးသွားလေရာ၊ စိတ်မချသည့်ဟန်ဖြင့် နောက်က အတင်းလိုက်သွားလေသည်။
အဆောင်တော်ရောက်၍ ဆက်သသော ပွဲတော်ကို တည်ပြီးနောက် သလွန် ပေါ်၌ လျောင်းသည့်အခါ မယောင်မလည်နှင့် သူ ပိတ်ဆို့ ထားသော ပန်းကုံးကို နုတ်လိုက်လေသည်။ ထိုအခါ ထည့်ထားသောမြွေသည် အလွန် စိတ်ဆိုးနေရကား ရှူးကနဲ ထွက်ခါ ဘုရင့်ဦးခေါင်းအနီးသို့ ရောက်လာလေသော်၊ အလွန်ထိတ်လန့် စိုးရိမ်ဟန်ဖြင့် ရှင်ဘုရင်ကိုပြ၍ သာမာဝတီနှင့် မောင်းမတစုံကို ကြိမ်းမောင်းပြီးလျှင် ရှင်ဘုရင်လည်း သူ့စကားကို နားမထောင်သဖြင့် ယခုလို ဖြစ်ရသည်ဟု အပြစ်တင်လေသည်။
ဥတေနမင်းကား မာဂဏ္ဍီ စီစဉ်သမျှကို လုံးဝ နားမလည်ခြင်းကြောင့် လွန်မင်း ထိတ်လန့်၍ ရာဇမာန်ရှလေရကား “မင်းတိုမျက်စောင်း အကြောင်း မရွေး” တော့ပဲ ကိုင်နေကျ လေးကို တင်ကာ သာမာဝတီတို့ အစုကို စီတန်း စေလျက် ပစ်ဖို့ရန် ကြိမ်းဝါးနေတုန်းမှာပင် သူတော်စင် ထိပ်ထားကလေးက သူ၏ မောင်းမ မိဿံများကို ဩဝါဒ ပေးသည်မှာ-
“အမိတို့ .... မောင်တော်မင်းမြတ်နှင့် မာဂဏ္ဍီတို့ အပေါ်မှာ အနည်းငယ်မျှ စိတ်မကွက်ကြနဲ့နော်။ ယခုလို အခါမျိုးမှာ မေတ္တာမှတပါး အားကိုးစရာမရှိပေဘူး။ အမိတို့ ပွားများနေကျဖြစ်သော မေတ္တာ ကိုသာ မောင်တော်နှင့် မာဂဏ္ဍဂီတို့ အပေါ်မှာ ကြိုးစား၍ ပွားများကြပါ”
ဤသို့ တိုက်တွန်းလေလျှင် ပင်ကိုယ် ယဉ်ကျေးပြီးသော မောင်းမများ ဖြစ်သည့်အတွက် နီးကပ်နေသော အသက်ဘေးကို အရေးတကြီး မစဉ်းစားပဲ မေတ္တာကိုသာပွားကြလေသည်။ ဥတေနမင်းကား အမျက်မပြေနိုင်သေးသဖြင့် ချိန်ရွယ်ထားသော မြားကို တအားကုန် လွှတ်လိုက်လေရာ၊ မေတ္တာ၏ တန်ခိုးကြောင့် မြားအရှိန် ရွှေမတိုးပဲ ပစ်သူ့ အထံမှာပြန်၍ ခလေသော်၊ ဥတေနမင်း သတိရ၍ မိဖုရားခြေက်ရင်း၌ ထိုင်ကာ သည်းခံဖို့ရန်တောင်းပန်ရှာလေသည်။
ဝတ္ထုမှတ်ချက်။ ။ မာဂဏ္ဍီမှာ သာမာဝတီ၏ အပေါ်၌ ကိုယ့်ထက်သာ၍ မနာလိုသော ဣဿာစိတ်၊ ပရိယာယ်ဉာဏ် ဆင်ရသော မာယာစိတ်၊ သေစေလိုသော ဒေါသစိတ်များ ဖြစ်၏။ ဥတေနမင်း၌ မြွေကို မြင်ရသည်ကစ၍ ဒေါသစိတ်မွှန်ကာ မြားပြန်လာသောအခါကျမှ လွန်စွာ ကြောက်ရွံ့သော ဒေါသ ဒေါမနဿစိတ်များ ဖြစ်ရပြန်သည်။ မောင်းမ အများနှင့်တကွ သာမာဝတီ ထိပ်ထားကား ရန်သူ့ အပေါ်၌ပင် မေတ္တာစိတ်ထားနိုင်ပေသည်။
နည်းယူဖွယ်။ ။ ယခုကာလ သူတော်ကောင်း အမြင့်တန်းကို မှန်းထားရင်း ရှိသူများလည်း သာမာဝတီ ထိပ်ထား၏ ထုံးကို နှလုံးသွင်းလျက် မိမိအပေါ်မှာ မတော်မတရား ဣဿာ မစ္ဆရိယများသူကိုပင် အတုံ့ပြန်၍ ရန်မမူမိစေပဲ မိမိစိတ်ကိုသာ ကောင်းသည်ထက် ကောင်းအောင် ပြုပြင်ကြပါ။ အကျိုးဆောင်ခွင့် ကြုံလာလျှင် မိမိကို မလိုလားသူ၏ အကျိုးကိုပင် စိတ်ပါ လက်ပါ ဆောင်လျက် အဖိုးတန်လှစွာသော မေတ္တာ လက်နက်ကို အချက်ကျကျ သုံးစွဲသင့်ပါသည်။ ထိုသို့ သုံးစွဲနိုင်မှသာလျှင် ပါရမီရှင်ဟု ထင်မြင်နိုင်ပါသည်။ [မေတ္တာသည် ရေနှင့်တူ၏။ ဒေါသသည် မီးနှင့်တူ၏။ ရေများလေ မီးငြိမ်းလေ။ ထို့ ကြောင် ဒေါသနည်းအောင် မောတိုးပွားဖို့ ကြိုးစားသင့်ကြပါသည်။]
ကရုဏာ အကြောင်း
ဆင်းရဲသော “ဒုက္ခိတ သတ္တဝါ”များကို မြင်ရ ကြားရသောအခါ ဖြစ်ပေါ်လာသော သနားကြင်နာမှုကို “ကရုဏာ”ဟု ခေါ်သည်။ ထို့ကြောင့် “သနား-ကရုဏာ”ဟု ဆိုခဲ့သည်။ ထိုသို့ ကရုဏာအစစ် ဖြစ်သောအခါ ထိုဒုက္ခိတ သတ္တဝါကို ကယ်ဆယ်လို၏။ သူ၏ ဆင်းရဲမှုကို သက်သာနိုင်သမျှ သက်သာအောင်စောင့်ရှောက်လို၏။ ကူညီထောက်ပံ့လို၏။ ထိုသို့ မကူညီနိုင်လျှင် များစွာ စိတ်ထိခိုက်၏။ ရင်ထဲမှာ ပူလောင်သလို ဖြစ်၏။ ဤသို့ စိတ်ကို ထိခိုက်ခြင်းကား ကရုဏာအစစ် မဟုတ်ပါ။ ကရုဏာ အရင်းခံ၍ သူတော်ကောင်း သန္တာန်မှာ ဖြစ်တတ်သော ဒေါမနဿ အကုသိုလ်ကလေးမျှသာ ဖြစ်သည်။ ဤ အကုသိုလ်ကလေးကား ယုတ်မာ ဆိုးရွားလှသည် မဟုတ်ပါ။ ဒုက္ခိတ သတ္တဝါကို မြင်လျှင် သူတော်စင်တို့ သန္တာန်၌ ဖြစ်လေ့ရှိသော သဘောထုံးစံ ပင်တည်း။
ကရုဏာအတု။ ။ တခါတရံ မိမိနှင့် သက်ဆိုင်သူများ ဆင်းရဲသည်ကို မြင်ရကြားရ၍ ကရုဏာအစစ်သဖွယ် ကယ်ဆယ်ချင်သော သဘောများ ဖြစ်၏။ ထိုအခါ ကရုဏာ အစစ် လိုလိုနှင့် သောက ဖြစ်တတ်လေသည်။ ကရုဏာ အစစ်သည် သနားကြင်နာသော်လည်း စိတ်ကို မပူပန်စေတတ်။ ကရုဏာ အတုကား ပူပူပန်ပန်ရှိလေသည်။
ပုဂ္ဂိုလ်ထူးများနှင့် စိတ်ထား။ ။ သူတော်ကောင်း အခေါ်ခံသူ ယခု လူတို့တွင် တကယ် သနားစရာ ဒုက္ခိတ သတ္တဝါကို မြင်မှသာ ကရုဏာ ဖြစ်နိုင်ကြ၍၊ တကယ် ချစ်စရာ ဆွေမျိုး ဉာတိ စသူတို့ အပေါ်၌သာ မေတ္တာ ဖြစ်နိုင်ကြ၏။ အထက်တန်း ပါရမီကို ဖြည့်တော်မူကြသော အလောင်း အလျာနှင့် ပါရမီရင့်ပြီး သူတော်ကောင်းကြီးတို့ကား (မိမိ၏ သားသမီး ကလေးများ ဆင်းရဲနေသောအခါ မိဘတို့၌ ပြင်းပြစွာ ကရုဏာ ဖြစ်သကဲ့သို့) သတ္တဝါ ဟူသမျှတို့ အပေါ်တွင် မတော်တဆ ကျရောက်ရမည့် အပါယ်ဘေး၊ ဝဋ်ဆင်းရဲဘေးတို့ကို မျှော်တွေးတော်မူကာ ကရုဏာ သက်တော်မူကြသည်။ (ချစ်စရာမကောင်းသော သားကလေးကိုပင် မိခင်၏မေတ္တာက အလျှော့မပေးပဲ လေးလေးပင်ပင် ချစ်ခင်သကဲ့သို့) သတ္တဝါ အားလုံးကိုလည်း သိမ်း၍ ချစ်ခင်သော မေတ္တာစွမ်းဖြင့် လွန်စွာ ချစ်ကြည်တော်မူကြပေသည်။
ထိုကဲ့သို့ ဖြူစင် မြင့်မြတ်သော မေတ္တာ ကရုဏာ ဓာတ်ခံသည် ပါရမီတော် ဖြည့်စဉ်ကပင် ကိုယ်တော်သန္တာန်၌ အနှစ် တည်ကာ အမြူတေအလား ကြီးမား ခိုင်ခံ့စွာ ပါလာခြင်းကြောင့် ဘုရား ဖြစ်တော် မူခါနီး၌ အကြီးအကျယ်နှောင့်ယှက် လာသော မာရ်နတ် အပေါ်ဝယ် မပြယ်သော မေတ္တာဖြင့် ရှုစားတော်မူနိုင်သည့်ပြင် အသက်ကို ရန်ရှာနေသော ရှင်ဒေဝဒတ် အပေါ်မှာပင် ကရုဏာ သက်တော်မူနိုင်ပေသည်။ ထို့ကြောင့် ယခုအခါ သူတော်စင် ဖြစ်လိုသူတိုင်း အလောင်းတော်၏ စိတ်ထားပုံကို အတုယူကာ “သူတော်မှ ငါကောင်းမည်”ဟု သဘောမထားကြပဲ “သူတော်တော်၊ မတော်တော် ငါတော်မည်”ဟု အဓိဋ္ဌာန်ပြုလျက် မည်သူ့အပေါ် ဖြစ်ဖြစ် မေတ္တာစစ်၊ ကရုဏာစစ် ဖြစ်အောင် သတိထားနိုင်ကြပါစေသတည်း။
မုဒိတာ အကြောင်း
ပြည့်စုံကြွယ်ဝ ချမ်းသာကြသူများကို မြင်ရ ကြားရသောအခါ ဝမ်းမြောက်ခြင်း သဘောတရားသည် မုဒိတာတည်း။ ထို့ကြောင့် “ဝမ်းသာ-မုဒိ”ဟု ဆိုခဲ့ပေသည်။ ချဲ့ဦးအံ့-ဥစ္စာစည်းစိမ် ဂုဏ်သိန်ဘက်က ဖြစ်စေ၊ အမျိုးအဆွေ၊ အဆင်း၊ ကျန်းမာခြင်း၊ ပညာတတ်ခြင်း စသည်တို့တွင် တမျိုးမျိုးဘက်က ဖြစ်စေ သမ္ပတ္တိဆိုက်နေသူကို မြင်ရ ကြားရသောအခါ အဘိဇ္ဈာ ဣဿာ အားကြီးသူတို့၌ မတရားလိုချင်မှု၊ မနာလိုမှု၊ မစားရတဲ့အမဲ သဲနှင့်ပက်လိုမှု စသော အယုတ်တမာ တရားတွေ ဖြစ်တတ်သော်လည်း စိတ်ထားဖြူလွင် သူတော်စင်တို့၌ကား “တော်ပါပေတယ်၊ တော်ပါပေတယ်၊ သာဓု..သာဓု၊ ရှေးကောင်းမှုကြောင့် ယခုလို ချမ်းသာတာပဲ”ဟု မုဒိတာအစစ် ဖြစ်နိုင်ကြ ပေသည်။
မုဒိတာအတု။ ။ တရံတခါ၌ကား မိမိနှင့် စပ်သူ သမ္ပတ္တိ ဆိုက်နေသည်ကို မြင်ရ၍ ဝမ်းသာအားရ ဖြစ်တတ်ကြသည်။ ထိုအဖြစ်ကား မုဒိတာနှင့် ဆင်တူရိုးမှား တဏှာလောဘ မကင်းသော နှစ်သက်ခြင်း ပီတိသောမနဿ များတည်း။ နှစ်သက်ရုံတွင်မက အလွန်အမင်း အားရလှ၍ မျက်ရည်ပင် ကျလာတတ်ပါသေးသည်။ ဤကဲ့သို့ ဖြစ်ခြင်းကို “မုဒိတာအတု”ဟု မှတ်ပါ။ သို့သော် ထိုသို့ ဖြစ်တိုင်းလည်း မုဒိတာအစစ် မဟုတ်ဟု မဆိုလို။ အခါများစွာပင် မုဒိတာအစစ်လည်း ဖြစ်ပေလိမ့်မည်။
ဥပေက္ခာ အကြောင်း
သတ္တဝါတို့ အပေါ်၌ လျစ်လျူရှုခြင်း သဘောသည် ဥပေက္ခာတည်း။ ထို့ကြောင့် “ရှုသည့်လျစ်လျူ၊ ပေက္ခပြုလော”ဟု ဆိုခဲ့သည်။ (ဤဥပေက္ခာကို အဘိဓမ္မာ ကျမ်းများ၌ “တတြမဇ္ဈတ္တတာ စေတသိက်”ဟု ခေါ်သည်။) လျစ်လျူရှူ-ဟူသည် မေတ္တာကဲ့သို့ ချစ်လည်းမချစ်၊ ကရုဏာကဲ့သို့ သနားလည်း မသနား၊ မုဒိတာကဲ့သို့ ဝမ်းလည်းမမြောက်၊ ဒေါသကဲ့သို့ မုန်းလည်းမမုန်းပဲ “မကောင်းလှဲသူ့ကံ ကောင်းလဲသူ့ကံ”ဟု ကမ္မဿကာ ချထားခြင်းတည်း။ [“ကမ္မ=မိမိပြုအပ်သောကံသာ + သက=မိမိ ဥစ္စာဖြစ်သည်”ဟု သဘော ထားခြင်း။]
ယခုကာလ၌ ပြောဆို ဆုံးမ၍ မရသော တပည့် သားသမီးများကို “လျစ်လျူရှုထားသည်”ဟု ပြောကြ၏။ ထိုသို့ လျစ်လျူရှုခြင်းကား တပည့် (သို့မဟုတ် သားသမီး)ကို စိတ်၌ ထည့်၍ မစဉ်းစားတော့ပဲ ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ နေချင်သလို နေပေစေဟု ပစ်စလက်ခတ် ထားခြင်းတည်း။ ထိုပစ်စလက်ခတ် ထားခြင်းသည် ဤနေရာ၌ ပြနေသော ဥပေက္ခာ မဟုတ်။ ဤဥပေက္ခာ၏ လျစ်လျူရှုခြင်းကား စိတ်ထဲမှာထည့်၍ စဉ်းစားပါသေးသည်။ သို့ရာတွင် အမုန်းဘက်သို့လည်းမရောက်စေ၊ အချစ်ဘက်ညှိုးလည်းမရောက်စေပဲ အလယ် အလတ် စိတ်ထား၍ ရှုစားနိုင်သော သဘောတည်း။ ဤ ဥပေက္ခာသည် သာမန် လူတို့၌ ဖြစ်နိုင်ပါ၏။ ဈာန်ရအောင် ရှုသော ဥပေက္ခာကား မေတ္တာ၊ ကရုဏာ၊ မုဒိတာ တပါးပါးဖြင့် တရားပေါက်ပြီးသူ၌သာ တိုးတက် အားထုတ်မှဖြစ်နိုင်ပါသည်။
ဗြဟ္မစိုရ်တရား ၄-ပါး
ဤ ပြခဲ့သော မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ၄-ပါးကို ပါဠိလို “ဗြဟ္မဝိဟာရ”၊ မြန်မာလို “ဗြဟ္မစိုရ်” တရား ၄-ပါးဟု ခေါ်သည်။ [ဗြဟ္မ= မြတ်သော+ဝိဟာရ = နေခြင်း။ “သတ္တဝါတို့အပေါ်၌ မေတ္တာပွား၍ ဖြစ်စေ၊ ကရုဏာ မုဒိတာ ဥပေက္ခာတို့တွင် တပါးပါးပွား၍ဖြစ်စေ နေခြင်းသည် မြင့်မြတ်သောနေခြင်း ဖြစ်သည်”ဟု ဆိုလိုသည်။ ထိုကဲ့သို့ ပွားများ၍ နေထိုင်ခြင်းသည် ဒေါသစိတ် အဘိဇ္ဈာ ဣဿာစိတ်တို့ဖြင့် နေခြင်းကဲ့သို့ ခြောက်ခြောက် သွေ့သွေ့ မဟုတ်ပဲ စိုစိုပြည်ပြည် ရှိနေသောကြောင့် “ဗြဟ္မစို”ဟု ခေါ်ဟန် တူသည်။ အချို့က “ဗြဟ္မစရိယ” ဟူသော ပါဠိကို “ဗြဟ္မစိုရ်”ဟု မြန်မာပြန်ထားကြောင်း ပြောကြ၏။]
မေတ္တာပွား။ ။ မေတ္တာစိတ်ကို မိမိသန္တာန်၌ အထပ်ထပ် ဖြစ်စေနိုင်လျှင် မိမိမှာ မေတ္တာစိတ်တွေ တိုးပွားများပြားနေ၏။ ဤသို့ မေတ္တာစိတ်တွေ တိုးစေ၊ ပွားစေ၊ များလာခြင်းကို “မေတ္တာပွားသည်”ဟု ခေါ်၏။ “ပွားစေ”၌ စေကို ဖြတ်၍ “မေတ္တာပွား”ဟု ခေါ်ကြသည်” ဟူလို။
မေတ္တာပို့။ ။ တစုံတယောက်ကို ရည်မှန်း၍ “ချမ်းသာပါစေ”ဟု အာရုံပြုနေသောအခါ မိမိ၏ မေတ္တာသည် ထိုသူနှင့် ဆက်သွယ်လျက် ရှိ၏။ ထိုအခါ မိမိ၏ မေတ္တာကို ထိုသူ့ အထံသို့ ရောက်အောင် နေသကဲ့သို့ ဖြစ်သောကြောင့် မေတ္တာပွားစေခြင်းကိုပင် “မေတ္တာပို့သည်”ဟု ယခုကာလ သုံးစွဲကြသည်။
အများသုံးနေသော မေတ္တာ ပို့နည်း
ပါဠိ-“သဗ္ဗေ သတ္တာ အဝေရာဟောန္တ *၊ အဗျာပဇ္ဇာဟောန္တု*၊
အနီဃာဟောန္တု*၊ သုခီ အတ္တာနံ့ ပရိဟရန္တု*။
မြန်မာ-“၁-သတ္တဝါအားလုံး ဘေးရန်ကင်းကြပါစေ။
၂-ဒေါမနဿကင်းကွာ စိတ်ချမ်းသာကြပါစေ။
၃-ဒုက္ခကင်းကွာ ကိုယ်ချမ်းသာကြပါစေ။
၄-ချမ်းသာခြင်း ရှိ၍ မိမိကိုယ်ကို အသက် ရှည်အောင် ဆောင်ရွက်နိုင်ကြပါစေ”
အမှန်မေတ္တာပို့နည်း။ ။ သတ္တဝါအများကို ဖြစ်စေ၊ တယောက်ယောက်ကို ဖြစ်စေ ရည်စူး၍ ထိုသူ၏ စီးပွားချမ်းသာကို လိုလားမှသာ ထိုသူ၏အထံသို့ မေတ္တာပို့ရာ ရောက်၏။ တွေးချင်ရာတွေး၊ ကြံချင်ရာကြံပြီးလျှင် မိမိ နှုတ်တက် ရနေသော “အဝေရာ ဟောန္တု” စသည်ကို ရွတ်ဆိုနေသော်လည်း အမှန် မေတ္တာပို့ရာ မရောက်။ ထို့ကြောင့် မိမိ နားလည်သော (ဆိုလိုရင်း အဓိပ္ပါယ် မိမိ၏စိတ်မှာ ပေါ်မလာသော) ပါဠိဖြင့် “အဝေရာ ဟောန္တု စသည် ဆို၍ ပို့ခြင်းထက် မြန်မာလို ပြုခြင်းကသာ လိုရင်းကျဖွယ် ရှိသည်။ ထို့ကြောင့် မိမိ မေတ္တာပို့လိုသူ၏ နာမည် သွင်းပြီးလျှင်-
“ငါ၏ မိခင် သည်...ဘေးရန်ကင်းကွာ၊ စိတ်ချမ်းသာ၍၊ ကိုယ်ပါခံကျန်း၊ လွန်ရွှင်လန်းလျက်၊ ချမ်းမြေ့သာချို၊ မိမိကိုယ်လျှင်၊ အသက်ရှည်အောင်၊ ရွက်ဆောင်နိုင်ပါစေ”ဟု
စိတ်ပါလက်ပါ ရွတ်ဆို၍ ပိုသင့်သည်။ ဖခင်ကို ပိုရာ၌ “ငါ၏ ဖခင်သည်” ဆရာကို ပိုရာ၌ “ငါ၏ဆရာသည်”ဟု ပြောင်းလွှဲ၍ ဆိုပါ။ သတ္တဝါအားလုံးကို သိမ်းကျုံး၍ ပိုရာ၌ “သတ္တဝါ ဟူသမျှ”ဟု ဆိုပါ။ ဤနည်းကား ပါဠိအတိုင်း တိုက်ရိုက် မြန်မာပြန်ခြင်းတည်း။ ဤပိုနည်းကို ရှည်သေးသည်ဟု ထင်လျှင်လည်း “ငါ၏ မိခင်သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာပါစေ”... “ငါ၏ ဘခင်သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာပါစေ” “ငါ၏ဆရာသမားတို့သည် ငါ၏ဆွေမျိုးတို့သည်” .... စသည်ဖြင့် ဆို၍ စိတ်ဝင်စားစွာဖြင့် ပို့ကြပါလေ။
ကရုဏာ ပို့နည်း
ကရုဏာ၏ သဘောကား ဆင်းရဲနေသူကို မြင်ရ ကြားရသောအခါ ထိုဒုက္ခမှ လွတ်စေလိုခြင်း၊ ကယ်ဆယ်လိုခြင်း သဘော ဖြစ်၏။ ထို့ကြောင့် ကရုဏာပိုရာ၌ ပါဠိလို “ဒုက္ခာ မုစ္စန္တ”၊ မြန်မာလို “ယခုရောက်ရှိနေသော ဒုက္ခမှ လွတ်မြောက်ကြပါစေ”ဟု ပို့ရသည်။ ဆင်းရဲဒုက္ခမှ လွတ်မြောက်၍ ချမ်းသာသို့ ရောက်စေလိုခြင်းသာ ကရုဏာအစစ် ဖြစ်၏။ “ဆင်းရဲအချိန် တိုပါစေတော့” ဟူသော သဘောဖြင့် “မြန်မြန် သေပါစေ”ဟု တချို့ ဆုတောင်းခြင်း ကရုဏာပို့ရာ မရောက်သည့်ပြင် ဗျာပါဒ ဒုစရိုက်ပင် ဖြစ်သေးသည်။ ဤ ကရုဏာလည်း ဆင်းရဲသူကို စိတ်မှန်း၍ ပို့မှသာ ကရုဏာ အစစ် ဖြစ်သည်။ နှုတ်မှရနေ၍ “ဒုက္ခာ မုစ္စန္တု”ဟု ဆိုရုံမျှဖြင့် ကရုဏာ မဖြစ် နိုင်ပါ။
မုဒိတာ ပို့နည်း
“မုဒိတာ”ဟူသည် ချမ်းသာနေသူကို မြင်ရ ကြားရသောအခါ ဝမ်းမြောက် ဝမ်းသာ ဖြစ်ခြင်း၊ ထိုရရှိနေသော စည်းစိမ်ချမ်းသာမှ လက်မလွတ်စေလိုခြင်းတည်း။ ထို့ကြောင့် မုဒိတာ ပိုရာ၌ ပါဠိလို “ယထာလဒ္ဓသမ္ပတ္တိတော မာဝိ ဂစ္ဆန္တု”၊ မြန်မာလို “ရရှိနေသော စည်းစိမ်မှ လက်မလွတ်ပါစေသတည်း”ဟု ပို့ရသည်၊ ဤ မုဒိတာလည်း ချမ်းသာသူကို မြင်ရ ကြားရ၍ ဝမ်းမြောက်ပို့မှ မုဒိတာအစစ် ဖြစ်သည်။ နှုတ်လွတ်ရ၍ “ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု ဆိုရုံဖြင့် မုဒိတာ မဖြစ်ပါ။
ဥပက္ခာ ပို့နည်း
ဥပေက္ခာပို့ရာ၌ ပါဠိလို “ကမ္မဿကာ”၊ မြန်မာလို “ကံသာလျှင် ကိုယ်ပိုင် ဥစ္စာ ရှိသည်။ ကောင်းလဲသူ့ ကံ၊ ဆိုးလဲသူ့ကံ”ဟု ပို့ရသည်။ ဆိုလိုရင်းကားငါက ချမ်းသာအောင် မေတ္တာပို့သော်လဲ သူ့ကံရှိမှ ချမ်းသာမည်။ ငါက သနားသော်လည်း သူ့ ကံရှိမှသာ ဒုက္ခက လွတ်မည်။ သူ ချမ်းသာနေသည်ကို ငါက ဝမ်းမြောက်၍ ဤ စည်းစိမ် ချမ်းသာမှ မလွတ်စေလိုသော်လည်း သူ့ ကံ ရှိမှသာ ဤစည်းစိမ်နှင့် ဤအသက် မြဲနိုင်မည်။ သို့ဖြစ်၍ ငါကြောင့်ကြစိုက်ဖွယ် မလို “ကမ္မသကာပဲ”ဟု ဆိုလိုသည်။
အချုပ်မှတ်ဖွယ်
ဤ မေတ္တာ စသော ဗြဟ္မာစိုရ်တရား ၄-ပါးသည် တပါးနှင့်တပါး သတ္တဝါတို့အပေါ်ဝယ် အာရုံပြုပုံချင်း မတူကြချေ။ မေတ္တာသည် သတ္တဝါကို ချစ်စရာ အနေအားဖြင့် အာရုံပြု၏။ ကရုဏာက သနားစရာ အနေအားဖြင့် အာရုံပြု၏။ မုဒိတာကား ဝမ်းမြောက်စရာ အနေအားဖြင့် အာရုံပြု၏။ ဥပေက္ခာမှာ လျစ်လျူရှုစရာ အနေအားဖြင့် အာရုံပြုသည်။ ထို့ကြောင့် သတ္တဝါ အများကိုဖြစ်စေ၊ တယောက်ယောက်ကိုဖြစ်စေ တချိန်တည်း၌ ဗြဟ္မစိုရ် ၄-ပါး လုံးကို အာရုံပြု၍ မဖြစ်နိုင်။ သို့ဖြစ်၍ တကယ် စူးရှအောင် ပို့ရာ၌ မေတ္တာပို့ ဖြစ်လျှင် မေတ္တာသံပါအောင် “အဝေရာဟောန္တု” မှစ၍ “သုခီ အတ္တာနံ ပရိဟရန္တု” တိုင်အောင် ၄-မျိုးကို (ပါဠိလိုဖြစ်စေ-မြန်မာလိုဖြစ်စေ) အသုံးပြုရသည်။
ထို့အတူ ကရုဏာ စသည်ကိုလည်း သူနှင့် ဆိုင်ရာ ပါဠိလို၊ သို့မဟုတ် မြန်မာလို ဆို၍ ပို့ရသည်။ တကယ်စူးရှအောင် ပိုခြင်း မဟုတ်ပဲ မိမိရနေသည်ကို ရွတ်ဆိုနေခြင်း ဖြစ်မူ “သဗ္ဗေ သတ္တာ” က စ၍ “ကမ္မဿကာ” တိုင်အောင် ရွတ်သော်လည်း အထူး စိစစ်ဖွယ် မလိုတော့ပါ။ သို့ရာတွင် ယခုအခါ “ဗုဒ္ဓ ဘာသာဝင်” ဆိုသူတို့၏ ဘာသာရေး အလုပ်များ၌ ဝတ်ကျေတန်းကျေ လုပ်သူ တွေသာ များရကား ဘာသာရေး လေးစားသော နောင်လာနောက်သားတို့က စံနစ်တကျ ဖြစ်အောင် ပြုပြင်ထိုက်ကြပေသည်။
ဝိရတိ ၃-ပါး အကြောင်း၊
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ
ဤ ဝိရတိ စေတသိက် ၃-ပါးကို လေ့လာရာ၌ ရှေးဦးစွာ ဒုစရိုက် ၁၀-ပါးကို နားလည်ပြီး ဖြစ်ရမည်။ ဤကျမ်း၌ကား ဒုစရိုက်များကို မပြောတော့။]
ထိုဒုစရိုက်များကို အသက်မွေး ဝမ်းကျောင်းနှင့် ဆိုင် မဆိုင် ၂-မျိုး ခွဲရာ၏။ ထိုတွင် သူ့အသက်ကိုသတ်ရာ၌ သေသူ၏ဥစ္စာကိုလိုချင်၍ ဖြစ်စေ၊ သူတပါးက ငွေဖြင့်ခိုင်း၍ ဖြစ်စေ၊ မုဆိုးတံငါ အလုပ်ဖြင့် အသက်မွေးနေ၍ဖြစ်စေ သတ်ဖြတ်ခြင်းသည် အသက်မွေး ဝမ်းကျောင်းနှင့် သက်ဆိုင်သော ကာယဒုစရိုက်တည်း။ တစုံတခု ပစ္စည်းကို မမျှော်လင့်ပဲ သက်သက်မုန်း၍ သတ်ခြင်းသည် အသက်မွေး ဝမ်းကျောင်းနှင့် မဆိုင်သော ကာယဒုစရိုက်တည်း။ အခြား ဒုစရိုက်တို့၌လည်း ရထိုက်သလို ခွဲခြားရာ၏။
ပစ္စည်းရမှုအတွက် မုသား သက်သေလိုက်ခြင်း၊ မတရား ရှေ့နေ လိုက်ခြင်း၊ ကွက်စိပ်ဆရာ လုပ်၍ မမှန်သော ဒဏ္ဍာရီ ဇာတ် ဝတ္ထု ပြောဆိုခြင်းသည် အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သော ဝစီဒုစရိုက်တည်း။ ပစ္စည်း တစုံ တရာကို မမျှော်လင့်ပဲ သက်သက် မုသားပြောခြင်း၊ ရန်တိုက်ခြင်း၊ ကြမ်းကြမ်း တမ်းတမ်းပြောခြင်း၊ မမှန်သော ဒဏ္ဍာရီ ဇာတ် ဝတ္ထုခြင်းများသည် အသက်မွေးဝမ်းကျောင်းနှင့် မသက်ဆိုင်သော ဝစီဒုစရိုက်တည်း။
ဝိရတိ။ ။ ထို ကာယ ဒုစရိုက်၊ ဝစီ ဒုစရိုက် အမှုတို့မှ ရှောင်ကြဉ်ခြင်းသဘောသည် ဝိရတိမည်၏။ မုသားစကားပြောခွင့် (ဝစီဒုစရိုက် ဖြစ်ခွင့်) ကြုံလာသောအခါ “မပြောတော့ပါဘူး”ဟု ရှောင်ကြဉ်ရာ၌ ထိုအခွင့်ကြုံလာသော မုသားစကားသည် အသက်မွေး ဝမ်းကျောင်းနှင့် မစပ်ဆိုင်လျှင် သမ္မာဝါစာ ဝိရတိဖြစ်၍ အသက်မွေး ဝမ်းကျောင်းနှင့် စပ်ဆိုင်လျှင် သမ္မာအာဇီဝ ဝိရတိ ဖြစ်၏။ သူ၏ အသက်ကို သတ်ခွင့် (ကာယဒုစရိုက် ပြုခွင့်) ကြုံလာသောအခါ “မသတ်ပါဘူးလေ”ဟု ရှောင်ကြဉ်ရာ၌ ထိုအခွင့် ကြုံလာသော ပါဏာတိပါတမှုက အသက်မွေး ဝမ်းကျောင်းနှင့် မဆိုင်လျှင် သမ္မာကမ္မန္တ ဝိရတိ ဖြစ်၏။ အသက်မွေး ဝမ်းကျောင်းနှင့် ဆိုင်လျှင် သမ္မာအာဇီဝ ဝိရတိ ဖြစ်၏။
ဝိရတိ မဟုတ်သောအရာ။ ။ ရှောင်ကြဉ်မှု မပါ၊ ရှောင်ကြဉ်စရာ မရှိပဲ ကောင်းသောစကားကို ပြောဆိုရာအခါနှင့် “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” စသည်ဖြင့် သီလဆောက်တည်ရာ အခါတို့၌ သမ္မာဝါစာ (ကောင်းသော စကား)ဟု ဆိုနိုင်ပါ၏။ ကုသိုလ် စေတနာတွေ ဖြစ်၏။ ရှောင်ကြဉ်စရာ မပါပဲ အပြစ်မရှိသော အလုပ်အကိုင်ကိုပြုနေရာအခါ၊ ဒါနပြုနေရာအခါ၊ ဘုရားဖူး တရားနာစသောအခါတို့၌ သမ္မာကမ္မန္တ (ကောင်းသောအလုပ်)ဟု ဆိုနိုင်ပါ၏။ ကုသိုလ် စေတနာတွေ ဖြစ်၏။ ရှောင်ကြဉ်စရာ မပါပဲ မိရိုးဖလာ ကောင်းရောင်း ကောင်းဝယ် ကုန်သွယ် လယ်လုပ်ခြင်း စသော အမှုများဖြင့် အသက်မွေးရာ၌ သမ္မာအာဇီဝ (ကောင်းသော အသက်မွေးမှု)ဟု ဆိုနိုင်၏။ သို့သော် ရှောင်ကြဉ်မှု သဘော မပါသောကြောင့် ထိုသမ္မာဝါစာ စသည်တို့ကို ဝိရတိ စေတသိက်ဟု မမှတ်ရ။ ရိုးရိုး ကုသိုလ် စေတနာများသာ ဖြစ်သည်ဟု မှတ်ပါ။
သမာဒါန၊ သမ္ပတ္တနှင့်၊ သမုစ္ဆေဒ တလီ၊ သုံးမျိုးစီ၊ နာမည် ထပ်၍ဖြာ။
သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဟု ၃-မျိုးပြားသော ထိုဝိရတိသည် တမျိုးတမျိုးလျှင် သမာဒါနရတိ၊ သမ္မတ္တရတိ၊ သမုစ္ဆေဒဝိရတိဟု ၃-မျိုးစီ ပြား၏။ ထို၃-မျိုးတွင် သီလ ဆောက်တည်သော အားဖြင့် ဒုစရိုက်အမှုမှ ရှောင်ကြဉ်ခြင်းသည် သမ္မာဒါနဝိရတိတည်း။ သတ်ဖို့ နွားတကောင် ရောက်နေရာ မသတ်တော့ပါဘူးဟု ကြံပြီးလျှင် “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ”ဟု ဆောက်တည်လျှင် ဆောက်တည်နေတုန်းမှာလည်း သမာဒါနဝိရတိ ဖြစ်နိုင်သည်။
ရှေးတုန်းက ဥပါသကာ တယောက်သည် မထေရ်တပါးအထံ သီလခံယူ ပြီးနောက် ပျောက်သော နွားကိုရှာစဉ် တောင်ပေါ်သို့အရောက်တွင် စပါးကြီးမြွေက ခြေကိုပတ်သောကြောင့် ဓားဖြင့် ခုတ်မည်ဟု ကြံပြီးမှ သီလကိုသတိရ၍ မသတ်ပဲ ရှောင်လေသည်။ သီလတန်ခိုးကြောင့် မြွေကြီးကလည်း လွှတ်သွားလေ၏။ ဤဝတ္ထု၌ သီလဆောက်တည်ထားသဖြင့် မသတ်ပဲ ရှောင်ကြဉ်သောကြောင့် သမာဒနဝိရတိဖြစ်၏။ ဤသို့လျှင် သီလဆောက်တည်နေတုန်းမှာ ဖြစ်စေ၊ ဆောက်တည်ပြီးနောက် ဖြစ်စေ ရှောင်ဖွယ် ဒုစရိုက်မှ ရှောင်ကြဉ်လျှင် သမာဒါနဝိရတိ ဖြစ်သည်။ [သမာဒါန=သီလဆောက်တည်ထားခြင်း+ဝိရတိ= မကောင်းမှုမှ ရှောင်ခြင်း။]
သီလဆောက်တည် မထားပဲ ရုတ်တရက် တွေ့ကြုံလာသောအခါ ရှောင်ကြဉ် မှုသည် သမ္မတ္တဝိရတိ မည်၏။ သီဟိုဠ်ကျွန်း၌ “စက္ကန” ဥပသကာသည် ငယ်ရွယ်စဉ်အခါက မကျန်းမာသော မိခင်မှာ လတ်ဆတ်သော ယုန်သား ဓာတ်စာ ကျသောကြောင့် တောထဲသို့ ယုန်ရှာထွက်လေသော် ကောက်နု ကလေးတွေ စားမည် လာသော ယုန်ငယ်ကို ဖမ်းမိ၍ သတ်တော့မည် ကြံပြီးမှ သနားသဖြင့် မသတ်ပဲ ရှောင်ကြဉ်၍ ယုန်ငယ်ကို လွှတ်လိုက်လေသည်။ အိမ်ပြန် ရောက်သောအခါ မိခင်အား ဖြစ်ပျက်ပုံအကြောင်းစုံကို ပြောပြ၍ “ကျွန်ုပ်သည် နားလည်သော အရွယ်မှစ၍ သူ၏အသက်ကို သေစေလိုသော စေတနာဖြင့် မသတ်ခဲ့ဘူး”ဟု သစ္စာစကားပြောလေ၊ သူ၏သစ္စာအစွမ်းကြောင့် မိခင်၏ ရောဂါလည်း ပျောက်ကင်းလေသည်။ ဤဝတ္ထု၌ သီလ မဆောက်တည်ပဲ ရုတ်တရက် တွေ့၍ ရှောင်ကြဉ်သောကြောင့် သမ္မတ္တဝိရတိ ဖြစ်သည်။ [သမ္မတ္တ= တိုက်ဆိုင်လာသော (ရုတ်တရက် တွေ့ကြုံလာသော) မကောင်းမှု ဒုစရိုက်မှ + ဝိရတိ=ရှောင်ကြဉ်ခြင်း။]
မဂ်ကို ရသောအခါ ကိလေသာဓာတ် လုံးဝ ကင်းပြတ်အောင် ရှောင်ကြဉ်သောကြောင့် မဂ်စိတ်၌ ပါသော ဝိရတိသည် သမုစ္ဆေဒ ဝိရတိ မည်၏။ [သမုစ္ဆေဒ-ကိလေသာ အနုသယဓာတ်တို့ကို အကြွင်းမရှိအောင် ဖြတ်လျက်+ ဝိရတိ-ရှောင်ကြဉ်မှု။] ဤသို့လျှင် သမ္မာဝါစာ စသော မူလ ဝိရတိစေတသိက် ၃-မျိုး၌ တမျိုးတမျိုးလျှင် သမာဒါနဝိရတိ စသည်ဖြင့် ၃-မျိုး ကွဲပြား နိုင်ကြ ပေသည်။
နိဂုံး
ဤမျှလောက်သော စကားအစဉ်ဖြင့် ကိုယ်ကျင့်အတွက် လူများ သိဖွယ်ရာ စိတ်ကို ကောင်းအောင် ခြယ်လှယ် စေတသိက်များ ပြီးဆုံးပါပြီ။ ယခုအခါ မိမိ၏စိတ်ကို ကောင်းအောင် ခြယ်လှယ်သော စေတသိက်များနှင့် (ဒုတိယအခန်း၌ ပြခဲ့သော) မကောင်းအောင် ခြယ်လှယ်တတ်သော စေတသိက်များကို နားလည်ကြပါပြီ။ ထိုသို့နားလည်ပြီးနောက် “အကောင်း မကောင်း ၂-ဘက်တွင် မည်သည့်ဘက်က အဖြစ်များပါလိမ့်မည်နည်း”ဟု စဉ်းစား သင့်၏။
အကောင်း စေတသိက်များကိုပြရာဝယ် “အကောင်းအစစ် မဟုတ်ပဲ သဒ္ဓါ အတု၊ သတိအတု၊ ဟိရီဩတ္တပ္ပအတု” စသည်ဖြင့် အတုတွေ ပါဝင်နေသည်။ မကောင်း စေတသိက်များကို ပြရာ၌ကား မကောင်းသက်သက် အကောင်း မရောယှက်ခဲ့ချေ။ ဤမျှလောက် ခွဲခြားရုံမျှဖြင့် “အကောင်းသက်သက် အဖြစ် နည်း၍ အကောင်း-မကောင်း သောင်းပြောင်းနှင့် မကောင်းသက်သက်တွေ ကသာ ငါတို့သန္တာန်၌ အဖြစ်များနေပါတကား”ဟု စဉ်းစားမိလောက်ပြီ။
ထိုသို့ မကောင်းတရားတွေ ဗရပွေ ဖြစ်နေသောကြောင့်သာ သံသရာမှာ ကြာခဲ့ကြရသည်။ ယခုလောက် တတ်သိ နားလည်သော ဘဝမှာပင် မကောင်း တရားတွေ အဖြစ်များစေဦးမည်ဆိုက နိဗ္ဗာန်ရလိုကြောင်း အာပေါက်အောင် ဆုတောင်းနေသော်လည်း အကောင်းဆုံးနိဗ္ဗာန်နှင့် ဧကန် ဝေးကြဦးမည်သာ။ သို့ဖြစ်၍ သူတော်ကောင်း စာရင်းတွင် ပါဝင်လို၊ နိဗ္ဗာန်ကို အမြန် ရလိုသူတိုင်း သူတပါး အထင်ကြီးရုံကောင်းသော သူတော်ကောင်းမျိုးထက် မိမိကိုယ်ကို မိမိအထင်ကြီးသော သူတော်ကောင်းအဖြစ်မျိုးကိုသာ နစ်နစ်ကာကာ အလိုရှိ ကြပါကုန်။ ငါ၏အတွက်ကား ပရိယာယ်သဘော မာယာသာဌေယျမနှောသော စင်းလုံးချော စိတ်ကောင်းစိတ်ထက်သာ ဘဝတိုင်း ဖြစ်ရလို၏။ ငါ၏ အဆက် အသွယ် ကြီးကြီးငယ်ငယ်များလည်း တကယ်စင်စစ် သူတော်ကောင်းဖြစ်အောင် ထူထောင်နိုင်ကြပါစေသောဝ်။
စိတ်ကောင်းဖြစ်မှု၊ ခြယ်လှယ်ပြုသည့်၊ ယခု ညွှန်ကြား၊ စေတသိက်များကို၊ ခွဲခြမ်းစုပေါင်း၊ စိတ်စက်ကောင်းဖြင့်၊ နှစ်ထောင်းအားရ၊ ရေး-ပုညကြောင့်၊ ရှုကြသူပေါင်း၊ စိတ်ယုတ်ပြောင်း၍၊ စိတ်ကောင်းရစေ၊ ငါ့အနေမူ၊ မသွေဖြောင့်တန်း၊ နိဗ္ဗာန်လှမ်းဖို့၊ စိတ်စွမ်းထက်မြက်၊ ဆင့်ဆင့်တက်သား၊ အဆက် အသွယ်၊ ကြီးကြီးငယ်လည်း၊ ငါ့နှယ်နည်းတူ၊ စိတ်ကောင်းယူသည်၊ နိဗ္ဗူထုတ်ချောက်၊ ရောက်ရန်သောဝ်။
စိတ်ကို ကောင်းအောင် ခြယ်လှယ်သော စေတသိက်များ ပြီးပြီ။
စတုတ္ထ အခန်း
စိတ်ကောင်း စိတ်ဆိုး ၂ မျိုးလုံး၌ ပါဝင်သော စေတသိက်များ
၁။ ဖဿ
၂။ ဝေဒနာ
၃။ သညာ
၄။ စေတနာ
၅။ ဧကဂ္ဂတာ
၆။ ဇီဝိတိန္ဒြေ
၇။ မနသိကာရ
ဂ။ ဝိတက်
၉။ ဝိစာရ
၁၀။ အဓိမောက္ခ
၁၁။ ဝီရိယ
၁၂။ ပီတိ
၁၃။ ဆန္ဒ
[ဆောင်] တွေ့ထိ-တရား၊ ဖဿ ထားလော့၊ ခံစား-ဝေဒနာ၊ မှတ်သညာတည်း၊ စေတနာတွက်၊ စေ့ဆော်ချက်နှင့်၊ ဧကဂ္ဂတာ၊ တည်ငြိမ်စွာသား၊ မကွာနာမ်သက်၊ ဇီဝိန်ဆက်၍၊ မပျက် မပြုန်း၊ နှလုံးသွင်းကို၊ မနသိ ဆို၏၊ ထိုထိုကြံစည်၊ ဝိတက်မည်ရှင့်၊ အလီလီ သုံးသပ်၊ ဝိစာရ မှတ်၊ ဆုံးဖြတ် ဓိမောက်၊ ရဲစွမ်းရောက်က၊ ဝီရိယဟု၊ အားရနှစ်သက်၊ ပီတိဆက်၍၊ သက်သက်အာရုံ၊ ပြုလို ရုံမျှ၊ ဆန္ဒသဘော၊ ကောင်း-ဆိုး ရောသည်၊ မှတ် တဆယ့် သုံးပါးတည်း။
ဖဿ အကြောင်း
အာရုံကို တွေ့ထိခြင်း သဘောသည် ဖဿတည်း။ ထို့ကြောင့် “တွေ့ထိ တရား၊ ဖဿ ထားလော”ဟု ဆိုခဲ့ပေသည်။ “တွေ့ထိ” ဟူရာ၌ ကိုယ်ထိ လက်ထိမျိုး၊ ပစ္စည်း တခုနှင့်တခု တိုက်မိသော အထိမျိုး မဟုတ်။ စိတ်နှင့်အာရုံ တွေ့ကြုံသောအခါ ဓာတ်သဘောအလိုက် ထိခိုက်သလို ဖြစ်လောက်အောင် ဓာတ်ခိုက်ခြင်းသာတည်း။ ထိုဓာတ်ခိုက် ဓာတ်ထိ ဓာတ်တွေမျိုးသည် တချို့ အရာ၌ ကိုယ်ထိလက်ရောက် တွေ့ရ ထိရသလောက်ပင် ထင်ရှား၏။
ချဲ့ဦးအံ့-နာလန်ထစ လူတယောက်သည် သူတပါးတို့ သံပရာသီးစားသည်ကို မြင်ရလျှင် သွားရည်ကျတတ်၏။ ကြောက်တတ်သူသည် သူတပါးတို့ သတ်ပုတ် နေကြသည်ကိုမြင်လျှင် ကြောက်ဒူးတုန်နေတတ်၏။ အရွယ်ရောက် မိန်းကလေးများသည် မိမိနှင့်ရွယ်တူ ဂုဏ်တူ ယောက်ျားကလေး၏ အဆင်း အသံကို ကြား ရသောအခါ ရင်တွင်း၌ တမျိုးတမည် ဖြစ်တတ်၏။ ယောက်ျားကလေးများလည်း ဤနည်းဖြစ်တတ်ကြ၏။ ဤသို့ဖြစ်ရာ၌ စိတ်သည် သံပရာသီး စသည်တို့နှင့် ဓာတ်တွေ့ ဓာတ်ထိ ဓာတ်ခိုက်မိသောကြောင့် ခန္ဓာကိုယ်တိုင်အောင် သွားရည်ကျခြင်း၊ တုန်လှုပ်ခြင်း စသည်တို့ ဖြစ်ကြရပေသည်။ ဤ ဓာတ်တွေ့ ဓာတ်ထိ ဓာတ်ခိုက်မိခြင်း သဘောသည် ဖဿသဘောတည်း။
ဤဖဿသည် ကုသိုလ်ဆိုင်ရာ အာရုံကိုလည်း ထိရ၊ အကုသိုလ်ဆိုင်ရာ အာရုံကိုလည်း ထိရသဖြင့် စိတ်ကောင်း စိတ်ဆိုး ၂-မျိုးတွင် အမြဲ ပါဝင်ရသော တရားတည်း။ ဥပမာ-ဆားသည် ကောင်းသောဟင်း၌ခတ်လည်းငန်၊ မကောင်းသော ဟင်း၌ ခတ်လည်းငန်သကဲ့သို့တည်း။ နောက်၌ပြမည့် ဝေဒနာ စသော စေတသိက်များလည်း ဤကဲ့သို့ စိတ်ကောင်း စိတ်ဆိုး ၂-မျိုးလုံးတွင် ပါဝင်ရကြောင်းကို သတိပြုပါ။ [ကုသိုလ်လည်း မဟုတ်၊ အကုသိုလ်လည်း မဟုတ်သော ဝိပါက်ကြိယာစိတ် ဖြစ်ဖို့လည်း အစရုံ၌ ဖဿက ထိရသည်သာ။]
ဝေဒနာ အကြောင်း
အာရုံ အရသာကို ခံစားခြင်း သဘောသည် ဝေဒနာတည်း။ ထို့ကြောင့် “ခံစား-ဝေဒနာ”ဟု ဆိုခဲ့သည်။ ရူပါရုံ စသော အာရုံ ၆-မျိုးကို စိတ် အကြောင်း၌ ပြခဲ့ပြီ။ ထိုအာရုံ ၆-ပါးကိုပင် ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံ၊ ဣဋ္ဌမဇ္ဈတ္တာရုံဟု ၃-မျိုးစီ ခွဲရာ၏။ ထိုတွင် လူအများကို လိုလားတောင့်တအပ် ရှာမှီးအပ်သော အာရုံမျိုးသည် ဣဋ္ဌာရုံ မည်၏။ [ဣဋ္ဌ=လိုလား နှစ်သက် အပ်သော+ အာရုံ။ လှသောအဆင်း၊ ကောင်းသော အသံ၊ အနံ့၊ အရသာ၊ အတွေ့များ နှင့် ကောင်းသောနာမည်၊ ကောင်းသော အဆောက်အအုံ စသည်များတည်း။
လူအများကို မလိုလားအပ် မတောင့်တအပ် မရှာဖွေအပ်သော အာရုံသည် အနိဋ္ဌာရုံ မည်၏။ [အနိဋ္ဌ=အလိုမရှိအပ်သော+အာရုံ။] မလှသောအဆင်း၊ မကောင်းသော အသံ၊ အနံ့၊ အရသာ၊ အတွေ၊ နာမည်၊ အိမ်အိုအိမ်ပျက်စသော အဆောက်အအုံများတည်း။ အကောင်းဘက်လည်း မပါ၊ မကောင်း ဘက်လည်း မပါဘဲ အလယ် အလတ် အာရုံမျိုးသည် ဣဋ္ဌမဇ္ဈတ္တာရုံ မည်၏။ ရုပ်လည်းမဆိုး-လှလည်းမလှသော အဆင်း စသည်များတည်း။
ဝေဒနာလည်း သုခ၊ ဒုက္ခ၊ သောမနဿ၊ ဒေါမနသာ၊ ဥပေက္ခာဟု ၅-မျိုး ရှိ၏။ ထိုတွင် ဣဋ္ဌာရုံများ၌ ကောင်းသော အရသာ ပါရှိ၏၊ ထိုကောင်းသော အရသာကို ခံစားသော ဝေဒနာကို သုခဝေဒနာဟု ခေါ်၏။ သုခ = ချမ်းသာသော+ဝေဒနာ=ခံစားမှု။ ထိုကောင်းသော အရသာကို ခံစားသောအခါ ဝမ်းပန်းတသာ ခံစားကြရသောကြောင့် သောမနဿဝေဒနာဟုလည်း ခေါ်ရသည်။ သောမနဿ = ဝမ်းမြောက်ဝမ်းသာဖြစ်သော + ဝေဒနာ = ခံစားမှု။] ထိုသုခသောမနဿဟု ခေါ်ရသော ဝေဒနာများ၏ ဖြစ်ပုံသည် ရူပါရုံ သဒ္ဒါရုံ စသော ကာမဂုဏ် အာရုံကို တွေ့ကြုံ ခံစားနေသောအခါ ဘုရားအာရုံ တရားအာရုံ စသည်တို့နှင့် တွေ့ကြုံ ရ၍ ချမ်းသာရွှင်ပျသောအခါတို့၌ ထင်ရှား ပေသည်။
အနိဋ္ဌာရုံများ၌လည်း မကောင်းသောအရသာ ပါရှိ၏။ ထိုမကောင်းသော အရသာကို ခံစားသော ဝေဒနာကို ဒုက္ခဝေဒနာ (ဆင်းရဲသော ခံစားမှု)ဟု လည်းကောင်း၊ ဒေါမနဿဝေဒနာ (စိတ်မချမ်းသာသောခံစားမှု)ဟု လည်းကောင်း ခေါ်၏။ ထိုဒုက္ခဒေါမနဿဝေဒနာတို့ ဖြစ်ပုံများကို ဒေါသစေတသိက်နှင့် စပ်၍ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ ဟူသော နာမည် များဖြင့် ပြခဲ့ပြီ။ [ခန္ဓာ ကိုယ်အတွေးနှင့် ဆိုင်သော စိတ်၏ ချမ်းသာ ဆင်းရဲကို သုခ-ဒုက္ခဟု ခေါ်၍ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ စိတ်တို့နှင့်သာ ဆိုင်သော ချမ်းသာ ဆင်းရဲကို သောမနဿ ဒေါမနဿဟု ခေါ်သည်။
ဣဋ္ဌမဇ္ဈတ္တာရုံ၌ အကောင်းလည်းမထင်ရှား၊ မကောင်းလည်းမထင်ရှားသော အရသာများ ပါရှိ၏။ ထိုအရသာကို ခံစားသော ဝေဒနာကို ဥပေက္ခာဝေဒနာဟု ခေါ်၏။ ဤ ဥပေက္ခာဝေဒနာ၏ အာရုံအရသာ ခံစားပုံမှာ မထင်ရှားသောကြောင့် မိမိကိုယ်တိုင် အာရုံ၏အရသာကို ခံစားနေရမှန်း မသိနိုင်ချေ။ သို့သော် နေယင်း၊ ထိုင်ယင်း၊ သွားယင်း၊ လာယင်း များစွာသော အာရုံတွေကို တွေ့ရာ၌ ထိုအာရုံအရသာကို ခံစားရမှန်း မသိလာသော ဥပေက္ခာဝေဒနာ တွေကား များစွာ ဖြစ်လျက် ရှိပေသည်။
ဤဝေဒနာလည်း ကုသိုလ်ဆိုင်ရာ အာရုံ၏ အရသာကိုလည်း ခံစား၏။ အကုသိုလ်ဆိုင်ရာ အာရုံ၏အရသာကိုလည်း ခံစား၏။ ဤသို့ အကောင်း အဆိုး အာရုံ ၂-မျိုးလုံး၏ အရသာကို ခံစားနိုင်သောကြောင့်“ကာမဂုဏ် စည်းစိမ်ကို ခံစားသည်၊ တရားအရသာကို ခံစားသည်”ဟု ဆိုရာ၌ ဤ ဝေဒနာသော ဟုချည်း မှတ်ပါ။
သညာ အကြောင်း
မှတ်သားခြင်း သဘောသည် သညာတည်း။ ထို့ကြောင့် “မှတ်-သညာ တည်း”ဟု ဆိုခဲ့သည်။ ဤမှတ်သားပုံသည် အသိဉာဏ်နည်းပါးသူ၊ ဗဟုသုတ နည်းပါးသူများ၌ ထင်ရှား၏။ ငယ်ရွယ်သော ကလေးကို ဆွေမျိုးများက “ဟောဒီ လူက အဖေ၊ ဟောဒီ လူက အမေ”ဟု ပြကြ၏။ ကလေးက ထိုသူများကို “အဖေ....အမေ”ဟု မှတ်လိုက်၏။ လေယာဉ်ပျံကို ပထမ စ၍ မြင်ရာ၌ “အတောင်က ဘယ်နည်း၊ အမြီးက ဘယ်လို၊ အထည်ကိုယ်က ဘယ်ပုံ”ဟု မှတ်လိုက်၏။ မရောက်ဖူးသောအရပ်ကို ရောက်သွားသော အခါ၌လည်း အထူးအဆန်းဟူသမျှကို မှတ်၏။ ဤသို့ သညာ၏ မှတ်သားမှုတွေ များစွာ ရှိပေသည်။
မှတ်ခြင်း၌ အကျိုး ၂-မျိုး။ ။ သညာ၏ မှတ်သားမှု၌ အကျိုး ၂-မျိုး ရ၏။ ဆွေမျိုးများက ကလေးအား “ဤသူဟာ အဖေ”ဟု ပြသောအခါ ကလေး၏ သညာက မှတ်သားသည့်အတွက် ထိုခဏ၌ အဖေမှန်းသိရခြင်း အကျိုး၊ နောင်အခါ “ဤသူဟာ အဖေပဲ”ဟု မှတ်မိခြင်းအကျိုး ၂-မျိုးရသည်။
မှန်မှန်မှားမှား မှတ်ပုံ။ ။ သညာသည် ပညာကဲ့သို့ အမှန်ကိုချည်းသိသည် မဟုတ်၊ အမှား များကိုလည်း မှတ်၏။ အမှန်ကိုလည်းမှတ်၏။ တစ္ဆေခြောက်သူသည် ညဉ့်မှောင်မိုက်တွင် ထန်းပင်ငုတ်ကို တစ္ဆေဟု မှတ်ထင်ရာ၌ အမှားကိုမှတ်ခြင်းဖြစ်၏။ မှားယွင်းသော တရားတွေကို တရားမှန်ဟု ထင်မှတ်ကြ ရာ၌လည်း ဒိဋ္ဌိသာမက ဤမှားသောသညာလည်း ပါဝင်၏။ မှားသောအရာ၌ သညာအမှတ် ကြပ်ကြပ်စွဲနေပြီးဖြစ်သူကို အမှန်သိအောင်ပြုပြင်ဖို့ ခဲယဉ်းလှ၏။
သညာနယ်ကျယ်ပုံ။ ။ အမှားကို အမှန်ဟု မှတ်ထင်နေသော သညာသည် လွန်စွာပင် နယ်ကျယ်၏။ သံသရာဝယ် ကြာရှည်စွာ ကျင်လည်နေရာ၌ အဝိဇ္ဇာတဏှာအတွက်သာမက ဤသညာ၏ အမှတ်လွဲမှုလည်း ပါဝင်လေသည်။ ထင်ရှားစေအံ့မစင်ကို လူတို့က စက်ဆုပ်ဖွယ်ဟု အမှန် အတိုင်း မှတ်ထား၏။ ပိုးလောက်တို့ကား အလွန်ကောင်းသော အာဟာရဟု မှတ်ထင်လေသည်။ ခွေးသေပုပ်ကို လင်းတတို့ ထင်မှတ်ရာ၌လည်း ဤနည်း ပင်တည်း။
ဘုရား ရဟန္တာတို့က ကာမဂုဏ် အာရုံတွေကို စက်ဆုပ်ဖွယ်ဟု အမှန်အတိုင်း မှတ်ထင်တော်မူကြ၏။ “ဟီနော-အယုတ်တမာတည်း။ ဂမ္မော-ရွာသူရွာသားတို့ ဥစ္စာတည်း။ ပေါထုဇ္ဇနိကော-မဖြုစင် မသန့်ရှင်းသော ပုထုဇဉ်တို့ဟာတည်း။ အနရိယော-ဖြူစင်သူတို့၏ ဥစ္စာ မဟုတ်။ အနတ္ထသံဟိတော-ကောင်းကျိုးနှင့် မစပ်”ဟု ပြတ်ပြတ်သားသား ရှုတ်ချကဲ့ရဲတော်မူ၏။ သို့သော် လူအများကား ထိုတရားတို့ကို နားမဝင်ပဲ ကာမဂုဏ် အာရုံတွေကို မရမနေ ရှာဖွေကြ တုန်းပင် ဖြစ်၏။ ဤသို့လျှင် သညာ၏ အမှတ်မှားမှုကြောင့် သံသရာတွင် ကြာရှည်စွာ ကျင်လည်ကြရလေသည်။
သညာက သတိဟန်ဆောင်ပုံ။ ။ ကုသိုလ်ဆိုင်ရာကိုပြန်၍ အမှတ်ရနေရာ၌ သတိသဘောလည်း ပါ၏။ ကောင်းသော သညာသဘောလည်း ပါ၏။ သတိအစစ် မှန်လျှင် ကုသိုလ်ကောင်းမှု ဆိုင်ရာ၌သာ ဖြစ်၏။ “ငယ်ကချစ် အနှစ်တရာမမေ့သာ၊ ငယ်ကပေါင်း အနှစ်တသောင်းမမေ့ကောင်း”ဟု ဆိုကြသော မမေ့နိုင်မှာ အကုသိုလ်ဆိုင်ရာဖြစ်၍ သတိအစစ် မဟုတ်၊ သတိကဲ့သို့ အမှတ်အသားကောင်းသော ဤသညာပင် ဖြစ်၏။ ဤသို့ စသည်ဖြင့် သတိအခန်း၌ ပြခဲ့သော သတိအတုကို ပြန်ကြည့်ပါ။
စေတနာ အကြောင်း
မိမိနှင့် အတူဖြစ်ကြသော စိတ်စေတသိက်များကို စေ့ဆော်ခြင်းသည် စေတနာတည်း။ ထို့ကြောင့် “စေတနာတွက်၊ စေ့ဆော်ချက်နှင့်”ဟု ဆိုခဲ့သည်။ ထင်ရှားစေဦးအံ့-အာရုံတခုကို စိတ်က ယူရာ၌ ဖဿ က ထိုအာရုံကို ထိ၏။ ဝေဒနာက ခံစား၏။ သညာက မှတ်၏။ ဤသို့ စသည်ဖြင့် နောက်၌ပြမည့် ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရတို့လည်း ဆိုင်ရာ တာဝန်ကို ရွက်ဆောင်လျက် စိတ်နှင့် တပြိုင်နက် ဖြစ်ကြသည်။ လောဘ ဒေါသ စသော မကောင်း တရား၊ သဒ္ဓါ သတိ စသော ကောင်းသော တရားများလည်း စိတ်က အာရုံကို ယူရာတွင် ပါဝင်ကြသည်။
ထိုသို့ ဆိုင်ရာ ယှဉ်ဘက် စေတသိက်များနှင့်အတူ စိတ်က အာရုံကို ယူရာ၌ မည်သည့်စေတသိက်မျှ နောက်ချန်၍ မနေရစ်ရ။ မည်သည့်စေတသိက်လည်း မိမိတာဝန်ကို မလစ်လပ်စေရ။ အားလုံး စေတသိက်များသည် စိတ်နှင့်အတူ အာရုံကို စေစေ့စပ်စပ် ကပ်နေသလိုဖြစ်အောင် ယူကြရ၏။ ထိုသို့ အာရုံနှင့်စိတ် စေတသိက်တို့ စေ့စပ်မိအောင် နှိုးဆော်သော တရားကား အခြား မဟုတ်၊ ဤ စေတနာပင်တည်း။ ထို့ကြောင့် “စေတနာတွက်၊ စေ့ဆော်ချက်နှင့်”ဟု ဆိုခဲ့သည်။
ထပ်မံ၍ ပြဦးမည်ဆိုင်ရာစေတသိက်များနှင့်အတူ စိတ်က အာရုံကိုယူရာ၌ မည်သည့်တရားမျှ နောက်ချန်၍ မဖြစ်ရကား အတူဖြစ်ကြရသော စေတသိက် များနှင့် စိတ်ကို အပေါင်းအဖော်တစု (အသင်းတခု)ဟု သဘောထားပါ။ ထိုအသင်း၌ စိတ်သည် ခေါင်းဆောင် ဥက္ကဋ္ဌ၊ စေတနာကား အကျိုးဆောင်တည်း။ ရိုးရိုးအသင်းများ၌ အကျိုးဆောင်သည် အလွန် ဗျာပါရ များ၏။ အသင်းသားများကိုလည်း ဆိုင်ရာကိစ္စ၌ မလစ်လပ်ရအောင် ဆော်ဩရ၊ မိမိ ကိုယ်တိုင်လည်း အသင်းကိစ္စကို ကြိုးစား၍ လုပ်ရလေသည်။
ထို့ကြောင့် အကျိုးဆောင်မှာ အခြားသော အသင်းသားတို့ထက် ၂-ဆ လောက် တာဝန်ကြီး၏။ ထို့အတူ စေတနာလည်း အခြား စိတ်စေတသိက်များကို ဆိုင်ရာကိစ္စ၌ မလစ်လပ်စေပဲ အာရုံနှင့်စေ့စပ် ကပ်နေသကဲ့သို့ ဖြစ်အောင်လည်း ဗျာပါရ များရ၏။ မိမိကိုယ်တိုင်လည်း မိမိကိစ္စကို ဆောင်ရွက်ရသည်။ စစ်တိုက်ရာတွင် စစ်ဗိုလ်လုပ်သူတို့ ဗျာပါရ များပုံကိုလည်း ဥပမာ ပြုပါ။ ထို့ကြောင့် ကိစ္စတခုပြုလုပ်ရာ၌ စေတနာက ညံ့နေလျှင် စိတ်လည်း မပါ့တပါ ဖြစ်၏။ အခြား စေတသိက်များလည်း ညံ့ကြသည်။ စေတနာ ထက်သန်နေလျှင် စိတ်စေတသိက်များလည်း ထက်သန်လာကြ၏။ စိတ်ရော စေတသိက်ပါ ထက်သန်ကြသဖြင့် ခန္ဓာကိုယ်လည်း ထိုကိစ္စအတွက် သွက်လက်လာလေသည်။ ဤသို့လျှင် မည်သည့်အာရုံမဆို အာရုံကိုယူရာတိုင်း၌ စေတနာသာ အချုပ်အခြာ အခယာ ဖြစ်ပေသည်။
စေတနာကို ကံဟုခေါ်ရပုံ
လူတယောက်ကို အများက ဝိုင်း၍ သတ်ကြရာ၌ အခြားသူတို့က အတော်အတန် ရိုက်ကြ နှက်ကြသော်လည်း အရာမျှ မထင်၊ လူတယောက် သူများထက် ၂-ဆ လောက် နာအောင် ရိုက်နှက်လိုက်ရာ သေရှာလေ၏။ ထိုလူသတ်မှု၌ သေအောင် ရိုက်နှက်သာ တရားခံအစစ် အမှုသည် ဖြစ်ရသကဲ့သို့၊ ထို့အတူ ဒါန သီလ စသော ကုသိုလ်ကံ၊ ပါဏာတိပါတ စသော အကုသိုလ်ကံကို စိတ် စေတသိက် အများ ပူးပေါင်း၍ ပြုကြရာ၌ စေတနာသည် သတ္တိ အထက်ဆုံး ဗျာပါရ လွန်ကဲဆုံး ဖြစ်ရကား စေတနာ၏ သတ္တိသာလျှင် ကံပြုသူ သန္တာန်၌ အဖတ်တင်ရစ်လေ၏။ ထို့ကြောင့် ထိုကံပြုသူဖြစ်သော အမှုသည် (လက်သည်)ကို ရှာလျှင် စေတနာ အပေါ်မှာသာ သတ္တု ကျ၏။ သို့ဖြစ်၍ စေတနာကို “ကံတရား = အမှုသည်=လက်သည်”ဟု အမည်တပ်ကာ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ”ဟု ဘုရားရှင် ဟောတော်မူသည်။ [ဘိက္ခုတို့ စေတနာကို ကံဟု ငါဘုရား ဟောတော်မူ၏။] ဤစကားအရ “စေတနာထက်လျှင် ကံကြီး၏၊ စေတနာညံ့လျှင် ကံညံ့၏” ဟု မှတ်ပါ။
ဧကဂ္ဂတာ အကြောင်း၊
တည်ကြည်ခြင်း ငြိမ်သက်ခြင်း သဘောသည် ဧကဂ္ဂတာတည်း။ ထို့ကြောင့် “ဧကဂ္ဂတာ၊ တည်ငြိမ်စွာသား”ဟု ဆိုခဲ့သည်။ ဤ ဧကဂ္ဂတာကို “သမာဓိ” ဟုလည်း ခေါ်ကြ၏။ ဤ ဧကဂ္ဂတာ ခေါ်သော သမာဓိ၏ အစွမ်းကြောင့် စိတ်သည် အာရုံယူသောအခါ အာရုံတစု၌ အတော်ကြာအောင် ထပ်ကာ ထပ်ကာ ယူနိုင်၏။ ထို့ကြောင့် ဤ သမာဓိကို လေငြိမ်ရာ၌ ထွန်းထားသော မီးတောက်၏ ငြိမ်သက်နေပုံကဲ့သို့ အာရုံတခု၌ တည်တံ့သော(တည်ကြည်သော) ငြိမ်သက်သော တရားဟု ဆိုရပေသည်။
ကမ္မဋ္ဌာန်းအာရုံ တခုခုကို ယူနေရာ၌ ထိုအာရုံတခုအပေါ်မှာ ကြာရှည် ထပ်၍ထပ်၍ အာရုံပြုနိုင်လျှင် “သမာဓိရပြီ။ သမာဓိအားကောင်းလာပြီ” ဟု ပြောစမှတ်ပြုကြ၏။ ထိုသမာဓိဓာတ်ခံကောင်းသူသည် အနေအထိုင် တည်ကြည်၏။ အပြောအဆိုလည်း တည်ကြည်၏။ သွားလာသောအခါ၌လည်း ဣန္ဒြေရ၏။ ပေါင်းသင်းဆက်ဆံရာ၌လည်း တည့်မတ်၏။ သို့ရာတွင် စွဲမိစွဲရာ အာရုံကိုကား စွဲလမ်းတတ်လေသည်။
ဇိဝိတိန္ဒြေ အကြောင်း
စိတ် စေတသိက် ၂-ပါးကို နာမ်တရားဟု ခေါ်၏။ ထိုနာမ်တရားတို့၏ အသက်သည် ဇီဝိတိန္ဒြေတည်း။ ဖြစ်သမျှ စိတ် စေတသိက်တို့၌ အသက်ပါ၏။ ထို့ကြောင့် ဖြစ်နေသော စိတ် စေတသိက်များသည် အသေမဟုတ်၊ အရှင်များတည်း။ ထိုသို့ အရှင်ဖြစ်သောကြောင့်ပင် အာရုံကိုသိနိုင်၏။ အကယ်၍ အသက် မပါပဲ စိတ် စေတသိက်တွေ အသေချည်း ဖြစ်နေပါမူ မည်သည့် ကိစ္စကို ရွက်ဆောင်နိုင်ကြလိမ့်မည် မဟုတ်။ အချုပ်မှာ-ဤ ဇီဝိတိန္ဒြေဟု ခေါ်သော အသက်ပါနေသောကြောင့်သာ စိတ် စေတသိက်တို့ တခုပြီးတခု ဆက်၍ မပျက်စီးပဲ (ကံအရှိန်ရှိသမျှ) တည်နေကြရလေသည်။ ထို့ကြောင့် “မကွာ နာမ်သက်၊ ဇီဝိန်ဆက်၍၊ မပျက်မပြုန်း”ဟု ဆိုခဲ့ပေသည်။ နာမ်တရားတို့၌ နာမ်သက်သကဲ့သို့ ရုပ်တရားတို့၌လည်းရုပ်သက်ပါ၏။ဤနာမ်သက်နှင့်ရုပ်သက် ဖြစ်သော ဇီဝိတ ၂-ပါးကိုပင် သတ္တဝါတို့၏ အသက်ဟု ခေါ်ရပေသည်။ ထိုရုပ်ဇီဝိတ နာမ်ဇီဝိတ ၂-မျိုးအပြင် သတ္တဝါတို့ ကိုယ်အတွင်း၌ အသက်ကောင်၊ ဝိညာဉ်ကောင်၊ လိပ်ပြာကောင်၊ အတ္တကောင် ဟူ၍ မရှိတော့ပြီ။
မနသိကာရ အကြောင်း
နှလုံးသွင်းခြင်း သဘောသည် မနသိကာရ မည်၏။ ထို့ကြောင့် “နှလုံးသွင်းကို မနသိ ဆို၏”ဟု ဆိုခဲ့သည်။ “နှလုံး+သွင်း” ဟူရာ၌ စိတ်ကို “နှလုံး”ဟု ခေါ်၏။ ဤ စိတ်နှလုံး အတွင်းသို့ အာရုံတခုခု ပေါ်ထင်အောင် (သွင်းပေးသကဲ့သို့) ပြုပေးခြင်းကို နှလုံး+သွင်း”ဟု ခေါ်သည်။ အမှန်အားဖြင့် ဤ မနသိကာရသည် စိတ်ထဲတွင် အာရုံဝင်လာအောင် ဆွဲဆောင် သွင်းနိုင်သည် မဟုတ်။ သို့ရာတွင် မနသိကာရ၏ အစွမ်းကြောင့် အာရုံတခုခု အမြဲရလျက်ရှိရကား ဤ မနသိကာရသည်ပင် အာရုံကို ရအောင် ဆောင်ယူ သွင်းပေးသကဲ့သို့ တင်စား၍ ပြောဆိုရပေသည်။
စေတသိက် ၇-ပါး စိတ်ဖြစ်တိုင်းပါပုံ။ ။ စိတ်တခုခုဖြစ်ရာ၌ အာရုံကိုထိမှု “ဖဿ”နှင့်“မနသိကာရ” တိုင်အောင် စေတသိက် ၇-ပါးကို အမြဲပါကြရသည်။ လောဘ ဒေါသ သဒ္ဓါ သတိ စသည်တို့ကား သူတို့ဆိုင်ရာ အာရုံကို ယူသောအခါ၌သာ အပို ပါဝင်လာကြသည်။ ထိုရ-ပါးတွင် တစုံ တခုကို ခံစားနေသောအခါ ဝေဒနာသည် သတ္တိထင်ရှား၍ တစုံတခုကို မှတ်နေသောအခါ သညာသည် သတ္တိထင်ရှား၏။ ကံတခုကို ပြုနေသောအခါ စေတနာသည် သတ္တိထင်ရှား၍ အာရုံတခုခုကို စူးစိုက်သောအခါ ဧကဂ္ဂတာ ခေါ်သော သမာဓိက သတ္တိထင်ရှား၏။ ကြွင်းသော ဖဿ ဇီဝိတိန္ဒြေ မနသိကာရ ၃-ပါးတို့ကား ဘယ်အခါမျှ သတ္တိ မထင်ရှားလှချေ။
ဝိတက် အကြောင်း
ကြံစည်ခြင်း သဘောသည် ဝိတက်တည်း။ ထို့ကြောင့် “ထိုထိုကြံစည်။ ဝိတက်မည်ရှင့်”ဟု ဆိုခဲ့သည်။ ဤကြံစည်ခြင်းကို “စိတ်ကူးခြင်း-စဉ်းစားခြင်း” ဟုလည်း ခေါ်ကြသည်။ ဤဝိတက်သည် ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာ ဝိတက်ဟု မကောင်းဝိတက် ၃-မျိုး၊ နေက္ခမ္မဝိတက် အဗျာပါဒဝိတက် အဝိဟိံသာဝိတက်ဟု အကောင်းဝိတက် ၃-မျိုးအားဖြင့် ၆-မျိုး ပြား၏။
ကာမဝိတက်နှင့် နေက္ခမ္မဝိတက်။ ။ ရူပါရုံ သဒ္ဒါရုံ စသော ကာမဂုဏ် အကြောင်းအရာ ကာမဂုဏ် အမှု ကိစ္စစုတို့ကို ကြံစည် စိတ်ကူးခြင်း၊ ပစ္စည်း ဥစ္စာ ရှာဖွေမှုကို ကြံစည်စိတ်ကူးခြင်း စသော လောဘနှင့် မကင်းသော ကြံစည် စိတ်ကူးခြင်း ဟူသမျှကို “ကာမဝိတက်”ဟု ခေါ်သည်။ တောထွက်ဖို့၊ ရသေ့ရဟန်းပြုဖို့၊ လှူဒါန်းဖို့၊ ဥပုသ်သီလ ဆောက်တည်နေဖို့၊ တရားအားထုတ်ဖို့ စသော လောဘတဏှာမှ လွတ်ကင်းသော ကြံစည် စိတ်ကူးခြင်းကို “နေက္ခမ္မဝိတက်”ဟု ခေါ်သည်။
ဗျာပါဒနှင့် အဗျာပါဒဝိတက်။ ။ ဗျာပါဒဟူသည် သူတပါးကို ပျက်စီးစေလို သေစေလိုသော ဒေါသတည်း။ ထိုဒေါသနှင့်ယှဉ်သော အကြံကို “ဗျာပါဒ ဝိတက်”ဟု ခေါ်၏။ အဗျာပါဒ ဟူသည် ဒေါသနှင့် ဆန့်ကျင်ဘက် ဖြစ်သော မေတ္တာတည်း။ ထိုမေတ္တာနှင့် စပ်ယှဉ်သော အကြံ (သတ္တဝါများကို ချမ်းသာစေလို ချမ်းသာအောင် ပြုလုပ်လိုသော အကြံ)များကို “အဗျာပါဒဝိတက်”ဟု ခေါ်သည်။
ဝိဟိံသာနှင့် အဝိဟိံသာဝိတက်။ ။ ဝိဟိံသာ ဟူသည် သူတပါးကို ညှဉ်းဆဲလို နှိပ်စက်လိုသောဒေါသတည်း။ ထိုဒေါသနှင့် ယှဉ်၍ ရိုက်ပုတ် သတ်ဖြတ်ဖို့ရန် ကြံစည်ခြင်း၊ တနည်းနည်းဖြင့် ဆင်းရဲ ဒုက္ခ ရောက်သွားအောင် ကြံစည်ခြင်းများကို “ဝိဟိံသာဝိတက်”ဟု ခေါ်၏။ အဝိဟိံသာ ဟူသည် ထိုဝိဟိံသာ (ဒေါသ၏) ဆန့်ကျင်ဘက်ဖြစ်သော ကရုဏာတည်း။ ထိုကရုဏာနှင့်ယှဉ်၍ ဒုက္ခိတ သတ္တဝါများကို ဒုက္ခမှ ကယ်ဆယ်ဖို့ရန် ကြံစည် စိတ်ကူးခြင်း၊ တနည်းနည်းအားဖြင့် ဒုက္ခမှ လွတ်ကင်းအောင်ပြုရန် ကြံစည်ခြင်းကို “အဝိဟိံသာဝိတက်”ဟု ခေါ်၏။ မကောင်းသော ဝိတက်များကို ရှောင်ရှား၍ ကောင်းသော ဝိတက် ၃-ပါးကိုသာ ဖြစ်စေကြပါကုန်။
ဝိစာရ အကြောင်း
အာရုံတခုခုကို အထပ်ထပ် အလီလီ သုံးသပ်ခြင်းသဘောသည် ဝိစာရတည်း။ ဝိတက်သည် အာရုံတခုသို့ စိတ်ရောက်၍ ရောက်၍ နေအောင် ကြံစည်ပါသော်လည်း ထိုအာရုံအပေါ်၌ ကြာရှည်စွာ မတည်၊ အခြား အာရုံကိုလည်း ဆက်လက် ကြံစည်၏။ ဝိစာရကား ဝိတက် အစွမ်းကြောင့် ရောက်ရှိနေသော အာရုံကို တော်တော်နှင့် မလွတ်စေပဲ အထပ်ထပ် ပွတ်တိုက်သကဲ့သို့ ထိုအာရုံကို ထပ်ကာထပ်ကာ အာရုံပြုသည်။ ဤသို့ အထပ်ထပ်အာရုံပြုခြင်းကိုပင် ထိုအာရုံကို သုံးသပ် ပွတ်တိုက်သလို ဖြစ်နေသောကြောင့် “အလီလီ သုံးသပ်၊ ဝိစာရ မှတ်လော”ဟု ဆိုခဲ့ပေသည်။
အဓိမောက္ခ အကြောင်း
ဆုံးဖြတ်ခြင်း သဘောသည် အဓိမောက္ခတည်း၊ ကိစ္စတခုခုကို ပြုလိုသောအခါ ဖြစ်စေ၊ အာရုံတခုခုကို အမှားအမှန် ဝေဖန်သောအခါဖြစ်စေ ဤ ဆုံဖြတ်ချက် ချတတ်သော အဓိမောက္ခသဘော ပါရပေသည်။ ပါဏာတိပါတ စသော ဒုစရိုက်မှုနှင့် ဒါန သီလ စသော ကောင်းမှုကိုလည်း ဤအဓိမောက္ခက ဆုံးဖြတ် လိုက်မှ အထမြောက်ကြသည်။ ထို့ကြောင့် ဆုံးဖြတ်-ဓိမောက်”ဟု ဆိုခဲ့ ပေသည်။သူတပါးက လိမ်သည်ကိုယုံရာ၌လည်း သဒ္ဓါမဟုတ်၊ ဤအဓိမောက္ခဖြင့် အမှားကို ဆုံးဖြတ်ချက်ချခြင်း ဖြစ်သည်။
ဝိရိယ အကြောင်း
အားထုတ်ခြင်း သဘောကို “ဝီရိယ”ဟု အများ နားလည်ကြပြီ။ ထိုအားထုတ်ခြင်း သဘောကို စဉ်းစားလျှင် ဆိုင်ရာကိစ္စကို ပြုလုပ်ဆောင်ရွက်ဖို့ရာ မကြောက်မရွံ့ ရဲဝံ့ခြင်းသာတည်း။ ထို့ကြောင့် “ရဲစွမ်းရောက်က၊ ဝီရိယ”ဟု ဆိုခဲ့ပေသည်။ ထိုစကားမှန်၏။ ဝီရိယလုံ့လ ကင်းမဲ့သူကို “အပျင်းထူသူ”ဟု ခေါ်ကြသည်။ထိုငပျင်းကား အလုပ်တခုရှိလျှင်“ဝေးပါသေးတယ်၊မိုးချုပ်လှပြီ။ ချမ်းလှသေးတယ်၊ နေပူလှန်းပါသေးတယ်၊ ယနေ့ ထမင်းစားလိုမကောင်းဘူး၊ (မနေ့ ထမင်းအများကြီး စားမိလို့ နဲနဲနေမကောင်းဘူး၊ နေကောင်းပြီးစမို့၊ ခရီးသွားစရာရှိသေးလို့၊ ခုမှ ခရီးပြန်ရောက်စမို့ စသည်ဖြင့် ဆင်ခြေပေးလျက် အလုပ် လုပ်ရမည့်အရေးကို တွေး၍ ကြောက်နေတတ်၏။ ထိုသို့ ပျင်းနေသော စိတ်သည် ကုသိုလ်စိတ် မဟုတ်၊ ထိန မိဒ္ဓ လွန်ကဲသော အကုသိုလ်စိတ်ပင် ဖြစ်သည်။
ဝီရိယ လုံ့လရှိသူကား အအေး အပူ စသည်လောက်ကို မဆိုထားဘိ၊ တကယ် ကိစ္စ ကြုံလာလျှင် အသက်ကိုပင် ထီမထင်ပဲ ရင်ဆိုင် တွေ့နေသော ကိစ္စကိုပင် အားပါးတရ ပြုလုပ်ခဲ့လေသည်။ မဟာဇနကဇာတ်၌ ရွက်သင်္ဘောကြီး ပျက်ခါနီးမှာ ကုန်သည် ၇၀၀-တို့သည် ဝီရိယကို လျှော့၍ မိရိုးဖလာ နတ်များကို တိုင်ကြ ပသကြသော်လည်း ကယ်ဆယ်သူ ပေါ်မလာ၊ ငါးလိပ်တို့၏ အစာသာ ဖြစ်ကြရသည်။ အလောင်းတော်ကား မည်သည့်နတ်ကို အားကိုးမနေပဲ ရဲစိတ် ရဲသွေး ဝီရိယဓာတ်ကို အထပ်ထပ်မွေးပြီးလျှင် ပင်လယ်ရေပြင်ကို လက်ပစ် ကူးကာ ဥပုသ်ကိုပင် စောင့်သုံးတော်မူခဲ့ပေသေးသည်။ ဤသို့လျှင် ဝီရိယဟူသည် တွေ့ကြုံလာသော ကိစ္စ၌ မကြောက်မရွံ့ ရဲဝံ့သော သဘောတည်း။
ကျန်းမာရေး ဝီရိယ အကျိုးသည် လောကတွင် များထင်ရှား၏။ ကျန်းမာရေး လိုက်စားရာ၌ လမ်းမှန်မှန်လျှောက်ခြင်း (အဝေး မလျှောက်သာလျှင် မိမိနေအိမ် အနီးအပါးမှာပင် လျှောက်ခြင်း)၊ အစာကို အချိန်မှန်မှန် စားသောက်ခြင်း၊ အလေးအပေါ့ကို ပျင်းသည့်အတွက် (ဆောင်းအခါ အိပ်ရာမှာ ဖြစ်စေ) ချုပ်တည်း မထားခြင်း၊ သင့်တော်သော အချိန်ဝယ် ရေချိုးခြင်း၊ သင့်တော်သော ဆေး-ဓာတ်စာများကို အချိန်မှန်မှန် စားခြင်း စသည်တို့ကို ပြုကြရသည်။ ထိုအားလုံးကို ဝီရိယကင်း၍ အပျင်းထူနေက မဖြစ်နိုင်။ ထို့ကြောင့် ဝီရိယရှိသူမှ ကျန်းမာရေး လိုက်စားနိုင်သည်။
စီးပွားရေး။ ။ စီးပွားရှာရေးတွင်လည်း အပူ အအေး စသည်တို့ကို ကြောက်၍ နေလျှင် ဝီရိယရှိသူများက ထိုသူ့ အရင် ရောင်းဝယ်နှင့်ကြသဖြင့် ဝီရိယကင်းသူမှာ အရာရာပင် နောက်ကျ၍ နောက်ချေးနှင့် သလဲသာ ရတော့ လတ္တံ့။ မြန်မာအမျိုးသားတို့ ဝီရိယနည်းပါးပုံမှာ စံနမူနာတင်လောက်ပါပေ၏။ လူမျိုးခြားတို့က နံနက် စောစော ထပြီးလျှင် ကျက်သရေရှိအောင် ရောင်းရေး၊ ဝယ်မှုတို့ကို ပြင်ဆင်သူကပြင်၊ နေရာထိုင်ခင်း လှဲကျင်းသူကလှဲနှင့် ရေမိုးချိုးကာ အဝတ်အစားလဲ၍ လက်ဖက်ရည်ကလေးများ သောက်ပြီးမှ အလုပ်ခွင်၌ ဝင်နေ ချိန်ဝယ်၊ များစွာသော မြန်မာလူမျိုးတို့က အိပ်ရာမှ မထကြသေး။ အိပ်ရာမှ ထခါနီးလည်း လွန့်ကာလိမ်ကာ သန်းကာ ဝေကာနှင့် မိမိ၏ အပျင်းတွေကို အတော်ကြာကြာ မှုတ်ထုတ်ပြီးမှ အနိုင်နိုင် ထပြီးနောက် အတော်ကြာကြာပင် ကျက်သရေ မရှိသော ပုပ်သိုးသိုး မျက်နှာဖြင့် မှိုင်နေလိုက်ကြသေး၏။ ထိုမျှလောက် အပျင်းထူနေသူတွေ အဘယ်မှာ စီးပွားရေးဘက်က တန်းတက်နိုင် တော့အံ့နည်း။
အမျိုးသမီးများများ ကျေးဇူး။ ။ မြန်မာအမျိုးသမီးတို့ကား ကူးသန်းရောင်းဝယ်ရေး၌ ကိုယ်တိုင် ပါဝင်နေကြရှာ၏။ များစွာသော ဈေးသည်တို့မှာ အမျိုးသမီး များသာ ဖြစ်ကြ၏။ ထိုဈေးသည် အမျိုးသမီးများ အရွယ်လောက် ရောက်ရှိနေသော အမျိုးသားတို့ကား ကျောင်းနေသူနေ၊ အလုပ်လက်မဲ့ ဖြစ်သူဖြစ်နှင့် မိမိတို့ မိဘနှင့် အစ်မ၊ နှမများကို မှီခို အားကိုး၍ နေကြရ၏။ မြန်မာအမျိုးသမီးတွေသာ အိမ်တွင်းပုန်း လုပ်နေကြပါမူ ဤ မြန်မာနိုင်ငံသည် ယခုထက်ပင် အောက်ကျနောက်ကျ ဖြစ်ဖွယ် ရှိ၏။ အမျိုးသမီးများ၏ ကျေးဇူးကြောင့် ယခုလောက် အခြေအနေမှာ တည်နေနိုင်ကြသည်။
၂-ဘက်လုံး ကြိုးစားလျှင်။ ။ စီးပွားရေး၌ အမျိုးသမီးများ ကြိုးစားကြသလို အမျိုးသားအားလုံး ကြိုးစားကြမည် ဆိုပါလျှင် (မြို့များ၌ အမျိုးသားတို့က တဘက်တလမ်း စီးပွားရှာနိုင်ကြလျင်) ဤမြန်မာနိုင်ငံသည် ထွန်းသစ်စ လဝန်းကဲ့သို့ လန်းဆန်းရွှန်းဝေ ကျက်သရေ အမျိုးမျိုး ထွက်၍ တိုးတက်သော နိုင်ငံကလေး ဖြစ်လောက်ပေသည်။
ပညာရေး။ ။ အမျိုးသားတို့သည် စီးပွားရေးဘက်တွင်သာ အချက်မကျသည် မဟုတ်သေး၊ ပညာရေးဘက်မှာလည်း ဂေဇက်ကို ကြည့်လျှင် ဂုဏ်ထူးဆောင်နှင့် အောင်မြင်သူ နည်းပါးလှသည့်ပြင် အထက်တန်း ပညာရပ်များ၌လည်း အခြား လူမျိုးများထက် ရာခိုင်နှုန်း နည်းပါးသည်ဟု ကြားရ၏။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အမေက အမွေးညံ့၍ချည်း မဟုတ်တန်ရာ။ ကျောင်းတော်ကြီးများဝယ် ငွေကုန်ကြေးကျ များစွာခံပြီး နေကြပါလျက် ငွေထောက်ပံ့ ကြရသော မိဘ အစ်ကို အစ်မတို့ကို မငဲ့ညှာပဲ လုံ့လ ဝီရိယကင်း၍ အပျင်းပေါပြီး ကမြင်းကြောထနေမှုတို့ကြောင့်သာ အများအပြား ဖြစ်တန်ရာ၏။
ကျောင်းတော်သို့ ရောက်ကြသည့် အချိန်မှာ အသက် ၂၀-နီးပါး ရှိကြပေလိမ့်မည်။ ထိုမျှလောက် အသက် မကြီးကြသော တပင်ရွှေထီး၊ ဘုရင့်နောင်၊ မင်းရဲကျော်စွာ စသော လူမျိုး၏ ကျက်သရေဆောင် လူငယ်တွေ ထွန်းကား ခဲ့သော အမျိုးသား ဖြစ်ပါလျက် ငါတို့လက်ထက်ကျမှ အဘယ့်ကြောင့် အပျင်း ဘဝ၌ အဖျင်း အ အ လုပ်နေကြသနည်း။ ရဲမာန် ရဲသွေး ရဲစိတ်မွေးကာ ရဲဇာ နည် စိတ်ထားဖြင့် ရဲရဲတောက်ကလေးများ ဖြစ်သကြသည် မဟုတ်ပါလော။
လူတို့ဘက်၌သာ ပညာစံချိန် ညံ့သည် မဟုတ်သေး။ သာသနာ ပညာလည်း အခါအလျှောက် အောက်ကျလျက်ပင်။ မှန်၏။ ရှေးက ဘုန်းတော်ကြီးများသည် ရပ်သူနယ်သား လူအများ၏ ဆရာ ဖြစ်ရုံမက မြို့ပြတို့၌လည်း မင်းညီ မင်းသား မှူးမတ်သားတို့၏ ဆရာတော်များ ဖြစ်ကြသည်။ မိမိတို့သည် အခါနှင့် လိုက်အောင် ပညာရေးကို ပြုပြင်နိုင်ခဲ့ကြလျှင် ယခု အချိန်မှာလည်း တိုင်းသူ ပြည်သားတို့၏ ဆရာအဖြစ်၌ တည်နိုင်ဖွယ် ရှိ၏။ ယခုသော်ကား ထိုကဲ့သို့ မပြု မပြင် နိုင်ကြမှုကြောင့် ဆရာ အဖြစ်မှပင် လျှောကျရုံမက၊ တချို့ ကျေးရွာကျောင်းများ၌ ဆွမ်းခံပေးမည့် ကလေးပင် မရှိတော့ချေ။ ဤအချက်ကား မြန်မာနိုင်ငံအတွက် သာသနာရေးအသက်ငင်နေခြင်းပင် ဖြစ်တော့သည်။ ဤသို့ ဖြစ်ခြင်း၏ အကြောင်းရင်းကိုရှင်းရလျှင် ကိုယ့်အထုပ် ကိုယ်ဖြည်ပြရာ ရောက်မည်ဖြစ်၍ မရှင်းလိုတော့ပါ။ ဤသို့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး စသည်တို့ဖြင့် အဘက်ဘက်က အောက်ကျနောက်ကျ ဖြစ်ကြရခြင်းမှာ လုံ့လ ဝီရိယ ကင်း၍ အပျင်းများမှုကြောင့် ဖြစ်သည်။ ဝီရိယကြောင့်
ဝီရိယကြောင့် ဘုရားဖြစ်။ ။ ငါတို့ ကိုးကွယ်ရာ ဗုဒ္ဓ မြတ်စွာသည် ကိုယ်တော်တိုင် ဝီရိယပါရမီကို ကြိုးစား၍ ဘုရားဖြစ်တော်မူသည်။ ဘုရားဖြစ်တော်မူပြီးနောက်၌လည်း မနားမနေ တရားဟောတော်မူခဲ့ပေ၏။ ထိုဟောတော်မူသမျှ၊ တရားတိုင်းမှာ သိဖို့က ပထမ၊ သိသည့်အတိုင်း ကြိုးစားဖို့က ဒုတိယ ထား၍-
“ဝါယမေဝေဝ ပုရိသာ၊ န နိဗ္ဗိန္ဒေယျပဏ္ဍိတော”
“ယောက်ျားမှန်က ကြိုးစားသင့်စွာ၊ ပညာရှိ မပျင်းမရိရာ”ဟု ဟောတော်မူသည်။
ပြင်ကြဦးစို့။ ။ ဗုဒ္ဓကိုအားကိုးသူ၊ ဗုဒ္ဓတရားကိုလိုက်နာသူ ဗုဒ္ဓဘာသာဝင် ဟူ၍ အခေါ်ခံနေကြသော မွန် မြန်မာတို့မှာ ဗုဒ္ဓ၏ တရားတော်ကို သင့်တော်ရာ ချိတ်ထားလိုက်ကြသဖြင့် ဘာသာခြားတို့က ဗုဒ္ဓ၏ တရားတော်နှင့် အညီ လောကီရေးရာဝယ် လိုက်စားလျက် ဧရာမ ဓနရှင် ပညာရှင်ကြီးများ ဖြစ်နေကြလေပြီ။ ဗုဒ္ဓဘာသာဝင်တို့အား ရှင်ပြုတုန်းက ရွှေထီးဆောင်းရသည်ကို ဂုဏ်ယူကာ ဝတိံသာမြင့်အောင် စိတ်ထားသော်လည်း လူအနေမှာမူ ချုံကြား က မထွက်နိုင်သေးချေ။ ထို့ကြောင့် “တို့သားအဖတစု ပြင်ထိုင်ကြဦးစို့” ဟူသကဲ့သို့ ငါတို့တစုလည်း အပျင်းကို ပယ်ရှား၍ ဝီရိယသမား ဖြစ်အောင် ပြင်ကြဦးစို့။
“ဝီရိယဝတော ကိံနာမ န သိဇ္ဈတိ”
“လုံ့လ ဝီရိယ ရှိသူမှာ မပြီးနိုင်သော အရာ မရှိ”
[ဝီရိယ ကောင်းဖို့ရန် တိုက်တွန်းသော်လည်း ဆင်ကန်း တောတိုး သဘော မျိုးဖြင့် အကျိုးမများသော ဝီရိယကို မဆိုလို။ စဉ်းစားဉာဏ်ပါသော ဝီရိယ ကိုသာ ဖြစ်စေလိုသည်။]
ပီတိ အကြောင်း
အာရုံတခုခုကို နှစ်သက် အားရ သဘောကျ နေခြင်းသည် ပီတိတည်း။ ထို့ကြောင့် “အားရနှစ်သက်၊ ပီတိဆက်၍”ဟု ဆိုခဲ့သည်။ ဤပီတိသည် သုခဝေဒနာကဲ့သို့ ခံစားခြင်း မဟုတ်။ နှစ်သက်အားရခြင်း၊ သဘောကျခြင်းသာ ဖြစ်သည်။ ရေငတ်သူသည် ရေရှိကြောင်းကို ကြားရ၊ ရေကို မြင်ရသောအခါ နှစ်သက်၏၊ ပီတိဖြစ်၏။ ရေကိုသောက်ရသောအခါ သုခဝေဒနာ ဖြစ်သည်။
မိမိချစ်သူကို မြင်ရသည်ဖြစ်စေ၊ စကားအတူပြောနေရသည်ဖြစ်စေ၊ သီချင်း သံကို ကြားရသည်ဖြစ်စေ၊ တရားသံကို ကြားရသည်ဖြစ်စေ ကြက်သီးထလာအောင် နှစ်သက်ခြင်း ဖြစ်၏။ ထိုနှစ်သက်မှုသည် ပီတိပင်တည်း။ ရှေးတုန်းက အမျိုးသမီးတယောက်သည် တောင်ပေါ်က ဘုရားပွဲတော်အချိန်မှာ ကိုယ်လေး လက်ဝန် ရှိနေသောကြောင့် ဘုရားပွဲမလိုက်ရသဖြင့် မိမိအိမ်မှနေ၍ တောင်ပေါ် ဘုရားကို ဖူးမြော်ယင်း ဖူးမြော်ယင်း အလွန်အမင်း နှစ်သက်ရကား ထိုပီတိအဟုန်ကြောင့် တကိုယ်လုံး မြောက်ပြီးလျှင် ဘုရားယင်ပြင်တော်သို့ ရောက်မှန်းမသိ ရောက်သွားဖူးသတဲ့။
ကုသိုလ်ကောင်းမှု တခုခုကို ပြုနေစဉ် (အလှူပေးနေစဉ်) မိမိလှူဖွယ်များကို ကြည့်၍ လည်းကောင်း၊ စားကြ သောက်ကြသည်ကို ကြည့်၍ လည်းကောင်း ဤပီတိများ ဖြစ်တတ်၏။ တခါတရံ ထိုကဲ့သို့ ပီတိအရင်းခံ၍ အပြင်းအထန် နှစ်သက်လေရာ တဏှာမကင်းသော သောမနဿလည်း ဖြစ်တတ်၏။ ထိုအခါ မျက်နှာလည်း တပြုံးပြုံး တကိုယ်လုံးလည်း တရွရွ တကြွကြွနှင့် ဖြစ်နေတတ်လေသည်။ ကျန်းမာရေး ပညာရေး စီးပွားရေးများ၌ ဝီရိယ သန်သန်ဖြင့် မှန်မှန်ကြီး လိုက်စားသူတို့သည် တနေ့နေ့၌မိမိ ရည်ရွယ်သလောက် အကျိုးရ၏။ ထိုအခါ မိမိ အလုပ်များကို ကြည့်၍ ပီတိဖြစ်နေတတ်လေသည်။
ဘုရားရှင် ကိုယ်တော်မြတ်သည်ပင် မဟာဗောဓိ ပလ္လင်တော်မှ ထတော်မူ ပြီးနောက် ကိလေသာ အားလုံးကို သတ်ဖြတ်၍ ဘုရားဖြစ်တော်မူရာ မဟာဗောဓိမဏ္ဍိုင် အရပ်ကို ကျေနပ်သော လက္ခဏာ လွန်စွာ နှစ်သက်သော ပီတိဖြင့် ၇-ရက်လုံး မမှိတ်ပဲ ကြည့်တော်မူပါသည်။ တရားအားထုတ်ကြသော ယောဂီ ပုဂ္ဂိုလ်များလည်း တရားကို သဘောကျ၍ ထိုင်ရာမှ မထချင်အောင် ပီတိက ဆွဲဆောင်ထားတတ်ပေသည်။ ဤသို့လျှင် ဝီရိယရှင်တို့၌ မြင့်မြတ်သော ပီတိများလည်း များစွာဖြစ်ခွင့်ရှိသည်။
ဆန္ဒ အကြောင်း
အာရုံတခုခုကို ပြုလိုခြင်း (ရယူလိုခြင်း) သဘောသည် ဆန္ဒတည်း။ “ပြုလိုခြင်း ရယူလိုခြင်း” ဟူရာ၌ လောဘကဲ့သို့ စွဲလမ်းခြင်း ကပ်ငြိခြင်း မဟုတ်၊ ပြုလိုရုံမျှ ရလိုရုံမျှသာ ဖြစ်သည်။ ထို့ကြောင့် “သက်သက်အာရုံ၊ ပြုလိုရုံမျှ။ ဆန္ဒသဘော”ဟု ဆိုခဲ့သည်။ ဤဆန္ဒသဘောလည်း သတ္တဝါတို့၌ အလွန် ထင်ရှား၏။ ကလေးငယ်သည် ဖခင်လက်မှ မိခင်လက်သို့ လိုက်ချင်၍ လက် လှမ်း၏။ ဤ လိုက်ချင်မှုသည် ဆန္ဒတည်း။ ဟိုသွားချင်၊ သည်လာချင်၊ တစုံ တယောက်ကို တွေ့ချင်၊ မြင်ချင်၊ ကြားချင်း၊ နာချင်၊ နမ်းချင်၊ စားချင်၊ ကိုင်ချင်၊ ထိချင်၊ တတ်သိနားလည်ချင်မှု အစုစုသည် ဆန္ဒချည်းတည်း။
နိဗ္ဗာန်လိုချင်၊ အဂ္ဂသာဝက မဟာသာဝက ဖြစ်ချင်၊ ဘုရားဖြစ်ချင်၊ ရှင်ဘုရင် ဖြစ်ချင်၊ သဌေးဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင်၊ ရသေ့ ရဟန်း ပြုချင်၊ လှူဒါန်းချင်၊ ဥပုသ်စောင့်၍ နေချင်၊ ကုသိုလ်ရချင် စသည်တို့လည်း ဆန္ဒပင်တည်း။ တော်ရုံတန်ရုံ လိုချင်မှု၌ ဆန္ဒအားသေး၏။ မရမက လိုချင်၊ မဖြစ်မနေ ဖြစ်ချင်မှုများ၌ကား ဆန္ဒအားကြီး၏။ ဤဆန္ဒကို အရင်းခံ၍ ဝီရိယသန်သန်ဖြင့် ပါရမီဖြည့်တော်မူခဲ့သောကြောင့် နောက်ဆုံး၌ဆန္ဒတော်အတိုင်းဘုရားဖြစ်တော် မူရသည်။
ထိပ်တန်းရောက်ရန် အခြေခံ ဆန္ဒမျှ မရှိသေးလျှင် ထက်သန်သော ဝီရိယကို မည်သူမျှ ပြုကြမည် မဟုတ်။ သို့ဖြစ်၍ အကျိုးကျေးဇူး တခုခု ရလိုသော ဆန္ဒကို ပထမ ဖြစ်စေရမည်။ ဤ ဆန္ဒမျိုးကို “အာသာ” ဟုလည်း ခေါ်သည်။ [အာသာ = လိုလား တောင့်တခြင်း။ ထို့နောက် အာသာဆန္ဒ ရှိရုံနှင့် (ဆုတောင်းနေရုံမျှနှင့်) မရနိုင်ကြောင်းကို နားလည်ကာ စိတ်ပါလက်ပါ ဝီရိယ စိုက်ရမည်။ ထင်ရှားစေအံ့-မန္တလေးမှ ရန်ကုန်သို့ သွားလိုခြင်းသည် ဆန္ဒတည်း။ ထိုဆန္ဒရှိရုံမျှဖြင့်ကား ရန်ကုန်မရောက်နိုင်။ ရန်ကုန်သွားနိုင်အောင် ငွေရှာရမည်။ မီးရထားဖြင့် သွားလိုလျှင် မီးရထားစရိတ် လုံလောက်အောင် ရှာရမည်။ လေယာဉ်ပျံဖြင့် သွားလိုလျှင် လေယာဉ်ပျံစရိတ်ကို လုံလောက်အောင်ရှာရမည်။ ထိုသို့ ရှာရခြင်းကား ဝီရိယသဘောတည်း။ ထို့အတူပင် နိဗ္ဗာန်ရလိုလျှင် ဘုရား အဖြစ် သာဝကအဖြစ် အမျိုးမျိုးနှင့်တန်အောင် ပါရမီ ရှာရမည်။
ယခုကာလ လူ့ဘက် ရှင်ဘက်၌ အထက်တန်းရောက်နေကြသူတို့သည် ဘုန်းနှင့် သမ္ဘာ ထက်ကြပ်ပါ၍ စိတ်သွားတိုင်း ကိုယ်ပါလျက် လိုရာပြီးစီးနိုင်သော မိုးပေါ်ကျ ရွှေကိုယ်တော်များ မဟုတ်ကြချေ။ အာသာဆန္ဒအလိုက် ဝီရိယ စိုက်ထားသူတွေသာ များပေသည်။ ထို့ကြောင့် အလွန်ရခဲလှသော မနုဿတ္တ ဒုလ္လဘကို ရှေးကံကောင်း ထောက်မ၍ ရကြပြီး ဖြစ်ပါလျက် တိုးတက်လိုသော အာသာဆန္ဒကင်း၍ အဖျင်း အအ အပျင်းအနတွေ ဖြစ်နေပါလျှင် တိရစ္ဆာန် ဘဝနှင့် မခြားတော့ရကား မိမိကိုယ်ကို ယခုဘဝလည်း အထက်တန်းရောက် နောင်သံသရာလည်း မဂ်လမ်းပေါက်အောင် ထက်သန်သော အာသာဆန္ဒကို ကိုယ်စီ ကိုယ်ငှ ဖြစ်စေကြပါကုန်။
“ဆန္ဒဝတော ကိံနာမ န သိဇ္ဈတိ= ဆန္ဒရှိသူမှာ မပြီးနိုင်သော အရာ မရှိ”
“အာသာ ဖလဝတီ သုခါ= တောင့်တမှုသည် ကြိုးစား၍ အကျိုးရလျှင် ချမ်းသာကို ဖြစ်စေနိုင်၏”
ဤမျှလောက်သော စကားအစဉ်ဖြင့် ဆားကဲ့သို့ ကောင်း ဆိုး နှစ်တန် ခတ်တိုင်းငန်သော စေတသိက်များ ပြီးဆုံးပေပြီ။ ဤစေတသိက်များကို ထင်ရှားအောင် ရေးသားရကြောင်း ကောင်းမှု ပဋိပတ် အကျင့်မြတ်သင့် ဤ ကျမ်းကို ကြည့်ရှုသူတို့ ကုသိုလ်ကိစ္စဝယ် ထက်သန်သော ဆန္ဒ ဝီရိယနှင့် ထက်သန်သော စေတနာ ထားနိုင်ကြပါစေ။ ဖြစ်လေသမျှ ဘဝတိုင်းမှာ ငါတွက် တာမူ သမ္မာဆန္ဒ ဝီရိယဖြင့် ပုညကောင်းမှု အစုစုတို့ကို ပြုကာပြုကာ အချိန်ကို ကုန်စေလိုပါသည်။ ငါ၏ အဆက်အသွယ် ကြီးကြီးငယ်တို့လည်း ပါရမီကိစ္စ အဝဝ၌ ထက်မြက်သော စေတနာနှင့် သမ္မာဆန္ဒ ဝီရိယရှင်တိုချည်းသာ ဖြစ်ကြ ပါစေ။
ပင်ကိုယ်သဘော၊ ကောင်းဆိုးရောလျက်၊ စိတ်ဇောခြယ်လှယ်၊ ဆယ့်သုံးသွယ်ကို၊ အကျယ်ရေးဖွင့်၊ ဤအကျင့်ကြောင့်၊ အသင့်စိတ်ထား၊ ဗိုလ်လူများတို့၊ တက်ကြွားဝေဆာ၊ စေတနာနှင့်၊ သမ္မာဆန္ဒ၊ ဝီရိယမျိုး၊ ကိုယ်စီနှိုး၍၊ အကျိုး ရစေ၊ ငါ့အနေမှု၊ ဘဝေဘဝ၊ ဖြစ်သမျှ၌၊ ဆန္ဒလည်းတင့်၊ လုံလရင့်လျက်၊ ဆင့်ဆင့်ဝေဆာ၊ စေတနာဖြင့်၊ ကောင်းရာထိုထို၊ ပြုစွမ်းလို၏၊ နဂိုအရင်း၊ ငါ့အသင်းလည်း၊ မယွင်း ငါ့တူ၊ စိတ်ကောင်းယူသည်၊ နိဗ္ဗူထုတ်ချောက်၊ ရောက်ရန်သော။
စိတ်ကောင်း စိတ်ဆိုး ၂-မျိုးလုံး၌ ပါသော စေတသိက် များပြီးပြီ။
ပဉ္စမအခန်း
ဤအခန်း၌ စရိုက် ဝါသနာ အကြောင်းပါသည်။
ဤ ပြခဲ့သော အခန်း ၄-ခန်းဖြင့် စိတ်စေတသိက်တို့ ဖြစ်ပုံကို နားလည် လောက်ပြီ။ စိတ်ကောင်း စိတ်ဆိုး အမျိုးမျိုး ဖြစ်မှုများ၌ ယခု တဘဝနှင့်သာ သက်ဆိုင်သည် မဟုတ်သေး၊ ရှေးရှေးဘဝက အထုံဝါသနာနှင့်လည်း ဆိုင်သေး၏။ ရှေးရှေးဘဝက အထုံကောင်း ပါလာသူသည် ယခုဘဝ၌ စိတ်ကောင်းရှိ တတ်၏။ ရှေးရှေးဘဝက အထုံဝါသနာဆိုး ပါလာသူသည် ယခုဘဝ၌ စိတ်ကောင်းရှိအောင် ပြုပြင်ဖို့ ခဲယဉ်းလှ၏။
ပညာရှိ သူတော်ကောင်းနှင့် ပေါင်းမိ၍ “စိတ်ကိုပြင်ပါသည်”ဟု ဆိုသော်လည်း ပညာရှိ သူတော်ကောင်းနှင့် ဝေးနေရသောအခါ “မီးဝေးသောချိပ်” ပမာ စိတ်ကြမ်း စိတ်ယုတ်မာတွေသာ ပြန်၍ ဖြစ်တတ်၏။ ခွေးမြီးကောက်ကို ဖြောင့်လာအောင် ပြုပြင်သူသည် ၁၂-နှစ်လုံးလုံး ဆီဖြင့် နူးကာ ကျည်တောက်ကို စွပ်ထားသော်လည်း ကျည်တောက် ချွတ်လိုက်သည်နှင့် တပြိုင်နက် ကောက်မြဲ ကောက်သကဲ့သို့ ဖြစ်လေသည်။
ခွေးသည် ကောင်းစွာ ကျွေးထားသဖြင့် အစာ ဝနေသော်လည်း ဖိနပ်စုတ် တွေ့က မစားနိုင်စေကာမူ နမ်းကြည့်ရမှ ကျေနပ်သကဲ့သို့ သန္ဓေဆိုး အထုံပါ လာ၍ ဝါသနာဓာတ်ခံ ညံ့ဖျင်းနေသူသည်လည်း ဆိုင်ရာ ပညာရှင် သူတော်စင်တို့က အထက်တန်းသို့ရောက်အောင် မြှောက်တင်ထားသော်လည်း သူ၏ ယုတ်ညံ့သော ဝါသနာမှာ မပျောက်နိုင်ပဲ ရှိတတ်လေသည်။ ထို့ကြောင့် မိမိကိုယ်ကို ဖြစ်စေ၊ မိမိနှင့် စပ်ဆိုင်သူကိုဖြစ်စေ “မည်ကဲ့သို့ အထုံဝါသနာမျိုး ရှိခဲ့ပါလိမ့်မည်နည်း”ဟု စဉ်းစားတတ်ဖို့ရာ စရိုက် အကြောင်းအရာကို ရှေးဦးစွာ နားလည်သင့်ကြပေသည်။
စရိုက်။ ။ ပင်ကိုယ်ရိုးရာ သူတကာဖြစ်နေကျထက် လွန်လွန်ကဲကဲ ဖြစ်တတ်သော သဘောကို “စရိုက်”ဟု ခေါ်သည်။ ထိုစရိုက်သည် ရာဂ၊ ဒေါသ၊ မောဟ၊ သဒ္ဓါ၊ ဗုဒ္ဓါ၊ ဝိတက် အားဖြင့် ၆-ပါး ပြား၏။ [လောဘကို ရာဂဟုလည်းကောင်း၊ ဉာဏ်ပညာကို ဗုဒ္ဓိဟုလည်းကောင်း ခေါ်၏။ ဒေါသ စသည်မှာ ပြခဲ့သော စေတသိက်များပင်တည်း။] သတ္တဝါတယောက်၌ ထိုစရိုက် ၆-ပါးတွင် တပါးပါး ဖြစ်စေ၊ ၂-ပါး၊ ၃-ပါး စသည် ရောလျက်ဖြစ်စေ ဖြစ်လေ့ရှိ၏။
အကဲခတ်နည်း။ ။ "ဤသူသည် မည်သည့် စရိုက်ရှိသူ ဖြစ်ပါလိမ့်မည်နည်း” ဟုအကဲခတ်ဖို့ရာ အသွားအလာ အနေအထိုင်ကို လည်းကောင်း၊ သူကြိုက်တတ်သော အစာကို လည်းကောင်း၊ အဖြစ်များသော တရားကို လည်းကောင်း သတိပြု၍ ကြည့်ရှု အကဲခတ်ရသည်။ ထိုစရိုက် အမျိုးမျိုး ရှိသူတို့တွင် ရာဂနှင့်သဒ္ဓါစရိုက်ရှိသူ၊ ဒေါသနှင့်ဗုဒ္ဓိစရိုက်ရှိသူ၊ မောဟနှင့်ဝိတက်စရိုက်ရှိသူမှာ သွားလာ နေထိုင် အလုပ်အကိုင် အစားအသောက်မှစ၍ သဘောတူတတ်ကြသည်။
ရာဂစရိုက်နှင့် သဒ္ဓါစရိုက်ရှိသူ။ ။ ၂-ဦးလုံးပင် အသွား အလာ အနေအထိုင် ယဉ်ကျေး၏။၊ အဝတ်ဖွပ်မှု တံမြက်လှည်းမှုစသော အလုပ်တို့၌ သေသေသပ်သပ် ရှိ၏။ ချိုဆိမ့် မွှေးကြိုင် ပျံလှိုင် နူးညံ့သော အစားအသောက် အသုံးအဆောင်ကို နှစ်သက်၏။ ထို၂-နှစ်ယောက်တို့ ထူးခြားပုံကား- ရာဂ စရိုက်ရှိသူသည် ကာမဂုဏ် အာရုံများကို မခွဲနိုင် မခွါရက်အောင် စွဲမက်တတ်၏။ ပရိယာယ်မာယာ များ၏။ ကောက်ကျစ်စဉ်းလဲမှု သာဌေယျ ပေါ၏။ မာန၊ လောဘကြီး၏။ သဒ္ဓါစရိုက်ရှိသူ...မာယာသာဌေယျနှင့် မာန လောဘတို့ မကြီးမားပဲ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ ရှိ၏။ ဝတ်ကျောင်း ဘုရား သံဃာများကို ဝပ်တွား ဆည်းကပ် လေးမြတ် ပူဇော်ကာ တရားနာလေ့ ရှိသည်။ [သွားမှု ရပ်မှု ထိုင်မှု လျောင်းမှု ဤ ၄-ပါးကို “ဣရိယာပုထ်”ဟု ခေါ်၏။ ဤ ၄-ပါးကို လင်္ကာ၌ “ယာပိုက်လေးထွေ”ဟု ဆိုထားသည်။
[ဆောင် ရာဂစရိုက်၊ ရှိသူ၌ကား၊ ယာပိုဒ်လေးထွေ၊ ယဉ်ကျေးလေ၏၊ ထွေထွေကိစ္စ၊ ပြုသမျှလည်း၊ ကျနစေလတ်၊ လွန်သေသပ်ရှင်၊ လေးမြတ်ဖွယ်ရေး၊ ဘောဇဉ်ရွေးက၊ ချိုမွှေးဆိမ့်အိမ့်၊ လွန်နှစ်သိမ့် သတဲ့၊ မစိမ့်လောက်တုံ၊ကာမဂုဏ်ကြောင့် အာရုံစွဲကာ၊ ခွဲမခွါတည်း၊ မာယာ ဗရဝ၊ သာဌေယျနှင့်၊ မာနဖိစီး၊ အလိုကြီး၏၊ ထိုနည်းသဒ္ဓါ၊ စရိုက်မှာမူ၊ မာယာစသော၊ ပြစ်မနှောပဲ၊ သမောရွှင်လန်း၊ လှူပေးကမ်းလျက်၊ ရဟန်းတော်ပေါင်း၊ ထေရ်ရှင်ကောင်းနှင့်၊ ဝတ်ကျောင်း ဘုရား၊ မြတ်တရားကို မှတ်သားနာယူ၊ လွန်ကြည်ဖြူသည်။ ဤသူမွန်မြတ်ပေတကား။
ဒေါသ စရိုက်ရှိသူနှင့်၊ ဗုဒ္ဓိစရိုက်ရှိသူ။ ။ စရိုက် ၂-မျိုးလုံး ရုန့်ရင်း ကြမ်းတမ်းသော အသွား အလာ အနေအထိုင် ရှိ၏။ အဝတ်ဖွပ်မှု တံမြက်လှည်းမှုစသော ကိစ္စ၌ ကျကျနန သေသေသပ်သပ် မရှိ။ အချဉ် အငန် အစပ် အခါး စူးရှသောအရသာများကို နှစ်သက်တတ်၏။ မကောင်းသော အဆင်း အသံ စသည်နှင့် တွေ့ကြုံလျှင် သည်းခံ အောင့်အည်း၍ ချုပ်တည်းခြင်း မရှိပဲ ဆဲဆို ငေါက်ငမ်း ကြမ်းတမ်း စိတ်တို၏။ ဤသို့ ဒေါသနှင့်ပညာ စရိုက်ကို ဖြစ်ပုံချင်း တူသောကြောင့် ထိုစရိုက်ရှိသူတို့သည် (မိမိစိတ်ကို မပြင်သေးသမျှ) ဆဲဆို ငေါက်ငမ်း ကြမ်းတမ်းနေကြသည်မှာ ဓမ္မတာကဲ့သို့ ဖြစ်လေသည်။
ထိုသူ ၂-မျိုးတို့ ကွဲလွဲပုံကား...ဒေါသစရိုက် ရှိသူ၌ ရန်ငြိုးဖွဲ့မှု အာဃာတ၊ ငြူစူခြင်း ဣဿာ၊ ဝန်တိုခြင်း မစ္ဆရိယ၊ သူတပါးဂုဏ်ကို ဖျက်ဆီးလိုခြင်း မက္ခ၊ ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်း ပဠာသ၊ အဆုံးအမ ခက်ခြင်း ဒုဗ္ဗစ တရားတို့ ဖြစ်ပွားလေ့ ရှိ၏။ ဗုဒ္ဓိစရိုက်ရှိသူ၌ကား ရန်ငြိုးဖွဲ့ခြင်း စသော တရားတို့မရှိ။ ဆိုဆုံးမ၍လွယ်၏။ စားဖွယ် သောက်ဖွယ် ဟူသမျှ၌ နှိုင်းနှိုင်းချိန်ချိန် ပြုလေ့ ရှိ၏။ နောင်ရေးနောင်တာ သံသရာအတွက် သတိပညာဖြင့် ကောင်းစွာ မြော်မြင်လေ့ ရှိရကား ပါရမီကုသိုလ်များကို ကြိုးစားလေ့ ရှိသည်။
[ဆောင် ဒေါသစရိုက်၊ ရှိသူ၌ကား၊ ယာပိုဒ်လေးထွေ၊ ကြမ်းတမ်းလေ၏၊ ထွေထွေကိစ္စ ပြုသမျှလည်း၊ ကျနမဖွယ်၊ မတင့်တယ်တည်း၊ စားဖွယ် ငန် ချဉ်၊ စပ် ခါး မင်၏၊ ငါးအင် အာရုံ၊ မဖွယ်ကြုံလျှင်၊ ယမ်းပုံမီးကျ၊ စိတ်တိုလျ၍၊ ကောဓ ထန်သည်း၊ ရန်ငြိုးကြီးလျက်၊ ဖိစီး ဣဿာ၊ မစ္ဆေရာနှင့်၊ မက္ခာ ပဠာသ၊ ဒုဗ္ဗစတို့၊ မုချဆစ်ပွား၊ အပြစ်များ၏။ တရားပညာ၊ စရိုက်မှာမူ၊ ရှေ့လာအားလုံး၊ နည်းတူ သုံးလည်း၊ လုံးလုံးကောဓ၊ စသည်ဆိတ်ကွယ်၊ ဆုံးမလွယ်၏၊ စားဖွယ် ကသိုဏ်း၊ ဘေ့ကြုံတိုင်းလည်း၊ နှိုင်းနှိုင်းချိန်ချိန်၊ သုခမိန်တည်း၊ ကြိမ်ကြိမ်နောင်လာ၊ သံသရာကို၊ ပညာသတိ၊ ပျော်ခေါ်ညို၍၊ ဂတိနောင်လျှင်၊ ကောင်းအောင်ပြင်သည်၊ လူတွင် သူမြတ် ပေတကား။
မောဟစရိုက်နှင့် ဝိတက်စရိုက်ရှိသူ။ ။ မောဟစရိုက် ရှိသူသည် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ ရှိ၏။ ကိစ္စအထွေထွေလည်း ပွေပွေလိမ်လိမ်ရှိ၏။ ဘယ်အစာ နှစ်သက်၏ဟု အမြဲမရှိ။ အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြား၍မသိ။ သူများ ချီးမွမ်းအပ်သူကို မိမိလည်း လိုက်၍ ချီးမွမ်းတတ်၏။ သူများ ကဲ့ရဲ့အပ်သူကိုလည်း လိုက်၍ ကဲ့ရဲတတ်၏။ သတိပညာ ကင်း၍ ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓ၊ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စကိုနှင့်သာ ကာလကုန်ရလေသည်။
ဝိတက်စရိုက် ရှိသူလည်း မောဟူသမားနှင့် ထူးမခြားနားပင်။ ထိုထိုကိစ္စ၌ စကားပေါလျက် ကိစ္စမချောပဲ မျောနေသည်သာ များ၏။ ကောင်းသော လုပ်ငန်း၌မူ အစွမ်းအစ မရှိပဲ ပျင်းရိတတ်၏။ မိမိကဲ့သို့ လူ့ပေါက်ပန်း လူ့ ဘော်ကြော့တို့နှင့် ပျော်မွေ့ကာ ထွေရာလေးပါး အကြံများလျက် လူအား လူပိုသာ ဖြစ်သည်။
[ဆောင်] မောဟစရိုက်၊ ရှိသူ၌ကား၊ ယာပိုက်လေးတွေ၊ ရှုပ်ပွေပွေနှင့်။ ထွေထွေကိစ္စ၊ ရှုပ်ထွေးစွတည်း၊ အာဟာရအရာ၊ စားသောက် ပါလည်း၊ ဘယ်ဟာမိမိ၊ မြဲမရှိခဲ့၊ ကိုယ်၏အစွမ်း၊ စုံထောက်လှမ်း၍၊ အဆန်းအရိုး၊ ကြောင်းအကျိုးဟု၊ ချောင်းဆိုးယုတ်မြတ်၊ မသိ တတ်သဖြင့်၊ အရပ်ရပ်မှာ၊ နောက်လိုက်သာတည်း၊ ပညာသတိ၊ ကင်းကွာဘိ၍၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စနှင့်၊ ကာလကုန်ဆုံး၊ အချိန်ဖြုန်း၏။ ထုံးနည်းမခြား၊ ဝိတက်များလည်း၊ စကားတွေပေါ၊ ကိစ္စမျောလျက်၊ ကောင်းသောလုပ်ငန်း၊ ကုသိုလ်လမ်းမူ၊ အစွမ်းမရှိ၊ ပျင်းရိရိတည်း၊ မိမိတိုတမ်း၊ လူ့ပေါက်ပန်းနှင့်၊ ရောပြွမ်းပျော်ပါး၊ အကြံများသည်၊ လူအား လူပိုတွေတကား။
စရိုက်ဖြစ်ခြင်း၏ အကြောင်းရင်း။ ။ “လူချင်း တူပါလျက် အဘယ့်ကြောင့် စရိုက် အမျိုးမျိုး ကွဲပြားကြပါလိမ့်မည်နည်း”ဟု စဉ်းစားဖွယ်ရှိ၏။ ရှေးရှေးဘဝ ကုသိုလ်ကံပြုစဉ်က ဘဝစည်းစိမ်ကို လိုလားတောင့်တသော လောဘခြံရံ၍ ပြုခဲ့လျှင် ထိုကံအကျိုးပေးရာ ဘဝ၌ ရာဂစရိုက် ရှိတတ်၏။ ဒေါသခြံရံ၍ ပြုခဲ့လျှင် ဒေါသစရိုက် ရှိတတ်၏၊ အသိဉာဏ် နည်းပါးလျက် မောဟကြီးစွာ ပြုခဲ့လျှင် မောဟစရိုက် ရှိတတ်သည်။ ပညာဖြင့် လည်းကောင်း၊ ပညာကြီးဖို့ရန် ဆုပန်၍ လည်းကောင်း၊ ပညာရေးဆိုင်ရာ ကုသိုလ်များကို ပြုခဲ့လျှင် ထိုကံ အကျိုးပေးရာ ဘဝဝယ် ဗုဒ္ဓိစရိုက် ရှိတတ်၏။ သဒ္ဓါထက်သန်စွာ ပြုခဲ့လျှင် သဒ္ဓါ စရိုက် ရှိတတ်၏။ ကာမဝိတက် စသော မကောင်းသောအကြံ ခြံရံလျက် ကံပြုခဲ့လျှင် ဝိတက်စရိုက် ရှိတတ်၏။ ဤသို့လျှင်စရိုက်အမျိုးမျိုး ကွဲပြားကြောင်းမှာ ရှေးကံသာ ပဓာနဖြစ်၍ နောက်နောက်ဘဝတို့၌ မကောင်းသော စရိုက်များ မပါရအောင် သဒ္ဓါပညာ ခြံရံလျက် ထက်သန်သော ကောင်းမှုများကိုသာ တည်ထောင် အားထုတ်သင့်ကြပေသည်။
ဝါသနာဘာဂီ ဆက်တိုင်းမီ။ ။ မကောင်းသော အရာဌာန၌ ဝါသနာ ဟူသည် ကိလေသာ၏ သတ္တိတည်း။ ကောင်းသော အရာဌာန၌ ဝါသနာကြား သမ္မာ ဆန္ဒပင်တည်း။ ထိုဝါသနာသည် သတ္တဝါတို့၏ သန္တာန်၌ ဘဝတိုင်းမှာပင် စွဲကပ်နေ၏။ ထို့ကြောင့် ရှေးကံအားလျော်စွာ ရာဂစရိုက်အား ကြီးနေပါမူ ထိုရာဂအတွက် ယောက်ယက်ခတ်တတ်သော ဝါသနာသည် စိတ်အစဉ်မှာ စွဲထုံနေရကား ထိုစရိုက်ဆိုးကို ယခုဘဝ၌ တရားဖြင့် မနှိမ်ချိုး ပါလျှင် ထိုဝါသနာအထု စွဲကပ်၍ နောက်ဘဝများသို့ လိုက်ပါသွားတတ်၏။ ဒေါသ မောဟ ဝိတက်များလည်း ဤနည်းပင်တည်း။ ပညာစရိုက်ရှိသူလည်း စရိုက်အားလျော်စွာ အခွင့်သာသလောက် ကြိုးစားလျှင် ထိုပညာ၏ အထုံ ဝါသနာသည် မိမိ၌ စွဲကပ်လေရကား နောက်နောင်အခါ သံသရာတလျှောက် လုံးပင် ပညာတုံးကြီး ဖြစ်နေတတ်သည်။ ဘုရားဆုကို ပန်လျှင် ပညာဓိက၊ သာဝကဆုကို ပန်လျှင် ရှင်သာရိပုတြာကဲ့သို့ ပညာဘက်၌ ဧတဒဂ်ရကြသည်မှာ ထိုဝါသနာဘာဂီက ဆက်တိုင်းမီ နေသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ယခုဘဝ၌ပင် မကောင်းသော ဒုစရိုက်များ ပပျောက်၍ စရိုက်ကောင်းတခု အထမြောက်အောင် ထူထောင်ကြဖို့ အရေးကား စဉ်းစားတိုင်း ကြီးလေးကြသည်။
ရာဂစရိုက်ရှိသူသည် ရာဂနည်းပါးအောင် တွေ့ရာအာရုံများ၌ အသုဘဟု ရှုလေ့ရှိရမည်။ သို့မှသာ ရာဂအထုံ ပျောက်သွားပါလိမ့်မည်။ ဒေါသစရိုက် ရှိသူသည် ဒေါသနည်းပါးအောင် မေတ္တာ တရားကို ကြိုးစားရလိမ့်မည်။ မေတ္တာဓာတ်သည် အအေးဓာတ်ဖြစ်၍ ဒေါသ၏ အပူဓာတ်ကို ငြိမ်းနိုင်သည်။ မောဟစရိုက်ရှိသူသည် မောဟနည်းပါးအောင် ပညာရှိထံ ချဉ်းကပ်၍ မေးမြန်း ရမည်။ အာနာပါနကမ္မဋ္ဌာန်းကိုလည်း ပွားများရမည်။ အမေးအမြန်း များလျှင် အသိဉာဏ် တိုးပွား၍ မောဟအထုံ ကင်း သွားလိမ့်မည်။ သဒ္ဓါ ပညာ ဟူသော စရိုက်ကောင်းရှိသူကား မိမိမှာ ရှိနေသော ထိုစရိုက်များကို ဝမ်းသာအားရ သဘောကျပြီး တိုးပွားသည်ထက် တိုးပွားအောင် ကြိုးစားရမည်။
ဤမျှသော စကားအစဉ်ဖြင့် စရိုက်ဝါသနာအကြောင်းများ ပြီးခဲ့ပြီ။ ဤသို့ ရေးသားရကြောင်း ကောင်းမှု ပဋိပတ် အကျင့်မြတ်ကြောင့် များစွာသော လူအပေါင်းတို့ စရိုက်ကောင်း ရကြပါစေ။ ငါ၏ အဖော်အပေါင်းဟူသမျှလည်း ယခုဘဝကစ၍ စရိုက်ကောင်းရှိအောင် ကြိုးစားကာ စရိုက်ဆိုးများကို အစွမ်းကုန် ပယ်ရှားနိုင်ကြပါစေ။
စာပေ ပညာကို နေ့စဉ် ပို့ချ ရေးသား၍ နေရသော ငါအတွက်ကား အဖိုးတန်လှသော ပညာစရိုက်သည် ငါ၏ သန္တန်၌ သာမန်မက အမြူတေတမျှ ခိုင်မြဲ တည်တံ့ပါစေ။ ထိုပညာကြောင့်ပင် အမှန်အကန်ကိုသာ ယုံကြည်တတ်သော သဒ္ဓါစရိုက်လည်း အလွဲအမှားကို ပယ်ရှား၍ အဖြောင့်အမှန်ကိုသာ ယုံကြည်လေ့ ရှိအောင် စွမ်းဆောင်နိုင်ပါစေ။
စရိုက် ဝါသနာ၊ ကြောင်းအရာကို၊ ကောင်းစွာ ရေးလတ်၊ ပဋိပတ်ကြောင့်။ အမြတ်စရိုက်၊ လူတိုင်းဆိုက်၍၊ သိုက်မြိုက်ကြစေ၊ ငါ့အနေမူ၊ ဘဝေ ဘဝ၊ ဖြစ်သမျှ၌၊ ရာဂ-ဒေါသ၊ မောဟဝိတက်၊ စရိုက်တွက်ကြောင့် ယောက်ယက် ခတ်ပျော်၊ လျှပ်ပေါ်ခြင်း၊ လော်လီကင်းလျက်၊ သန့်ရှင်းဝေဆာ၊ စေတနာနှင့်၊ သဒ္ဓါဖြိုးပြက်၊ ဉာဏ်ရောင်လက်၍၊ ဆက်ဆက်မပြောင်း၊ ကောင်းထက်ကောင်းသား၊ အပေါင်းကြီးငယ် အသွယ်သွယ်လည်း၊ ငါနှယ် နည်းတူ၊ စရိုက်ဖြူသည်၊ နိဗ္ဗူထုတ်ချောက် ရောက်ရန်သော်။
စရိုက် ဝါသနာ ပြီးပြီ။
ဆဋ္ဌ အခန်း
[ဤအခန်း၌ ဒုစရိုက် ၁၀-ပါး၊ သုစရိုက် ၁၀-ပါး၊ ပုညကြိယ ဝတ္ထု ၁၀-ပါးကို အကျယ်နားလည်သင့်သည်။ ထိုတွင် ဒုစရိုက် သုစရိုက်များကို ထိုထို ကျမ်းစာများ၌ ရေးကြသည့်ပြင် ရတနာ့ဂုဏ်ရည်၌လည်း ရေးခဲ့ပြီး ဖြစ်သောကြောင့် ဒုစရိုက် သုစရိုက်များကို မပြတော့ပဲ ပုညကြိယ ဝတ္ထုများကိုသာ အကျယ်ပြပါမည်။]
ပုည ကြိ ယ ဝတ္ထု ၁၀-ပါး
မိမိ စိတ်အစဉ်ကို သန့်ရှင်းဖြူစင်စေတတ်သော တရားကို ပါဠိလို “ပုည” မြန်မာလို “ကောင်းမှု = ကောင်းသောအမှု”ဟု ခေါ်၏။ ထိုပုညစုကို ဧကန် ပြုထိုက်သောကြောင့် ပါဠိလို “ကြိယ” မြန်မာလို “ပြုသင့်သောတရား”ဟု ခေါ်၏။ [ဝတ္ထု =ကောင်းကျိုး ချမ်းသာ၏ တည်ရာ၊ ဤ စကားအစဉ်ဖြင့် ကောင်းကျိုးချမ်းသာမင်္ဂလာ၏တည်ရာ ဖြစ်သောကြောင့် စင်စစ် ပြုထိုက်သော ကောင်းမှုများကို “ပုညကြိယဝတ္ထု” ခေါ်သည်ဟု မှတ်ပါ။ ထိုပုညကြိယဝတ္ထုသည် ၁၀-ပါး ရှိ၏။
၁။ ဒါန
၂။ သီလ
၃။ ဘာဝနာ
၄။ အပစာယန
၅။ ဝေယျာဝစ္စ
၆။ ပတ္တိဒါန
၇။ ပတ္တာနုမောဒန
ဂ။ ဓမ္မသဝန
၉။ ဓမ္မဒေသနာ
၁၀။ ဒိဋ္ဌိဇုကမ္မတည်း။
ဒါန အကြောင်း
စွန့်ကြဲပေးကမ်း လှူဒါန်းမှုကို “ဒါန”ဟု ခေါ်၏။ ဤဒါနသည် စေတနာ ဒါန၊ ဝတ္ထုဒါနဟု ၂-မျိုး ရှိ၏။ ဆွမ်း သင်္ကန်း ကျောင်း စသော လှူဖွယ်ဝတ္ထုများသည် “ဝတ္ထုဒါန” မည်၏။ ထိုဝတ္ထုများကို စွန့်ကြဲ ပေးကမ်း လှူဒါန်းနေသောအခါ ကိုယ်အတွင်း၌ စိတ်စေတနာတို့ကို ဖြစ်စေ၏။ ထိုစေတနာကို “စေတနာဒါန”ဟု ခေါ်၏။ နောက်ဘဝ သံသရာဝယ် အကျိုးပေးရာ၌ ဆွမ်း သင်္ကန်း ကျောင်း စသော ဝတ္ထုဒါနများက အကျိုးပေးကြသည်မဟုတ်၊ အတွင်းသန္တာန်၌ ဖြစ်သော စေတနာဒါနများကသာ အကျိုးပေးကြသည်။ လှူဖွယ်ဝတ္ထု ဒါနစုမှာ စေတနာဖြစ်ဖို့ရာ အာရုံတွေသာတည်း။ ထို့ကြောင့် လှူဖွယ်ဝတ္ထုက မွန်မြတ်လျှင် စေတနာလည်း မွန်မွန်မြတ်မြတ် ဖြစ်တတ်သည်။
ဆက်ပါဦးမည် – ဆွမ်းလှူရာ၌ ထိုဆွမ်းကို အာရုံပြု၍လည်းကောင်း၊ ဆွမ်းဘုဉ်းပေးကြသော သံဃာများကို အာရုံပြု၍ လည်းကောင်း အတွင်းသန္တာန်၌ စိတ်စေတနာတွေ များစွာဆက်၍ ဖြစ်နေ၏။ ထိုစိတ်စေတနာတွေသည် ဖြစ်ပြီးလျှင် ချုပ်ကြသော်လည်း တခါတည်း မျိုးပြုတ်အောင် ချုပ်ပျောက်ကြသည် မဟုတ်။ နောင်အခါ အကျိုးပေးရန် မိမိတို့သတ္တိကို မြှုပ်နှံ၍ ချုပ်သွားကြသည်။ [ကံ၏သတ္တိများ ခန္ဓာအစဉ်၌ ကျန်ရစ်ပုံကို ကံအခန်း၌ ပြမည်။ ထိုဆွမ်းကျွေးမှု ကုသိုလ်ပြုရာ အချိန်သည် ၃-နာရီကြာလျှင် ထိုအတွင်း၌ စေတနာပေါင်းမည်မျှ များပြားမည်ကို မှန်းဆပါ။ [လက်ဖြောက် တချက်တီး အချိန်တွင် စိတ်ပေါင်း ကုဋေတသိန်းမက ဖြစ်ပျက်နိုင်ပါသည်။]
ပစ္စည်းနှင့် အလှူခံက စေတနာထက်သန်အောင် ကူညီပုံ။ ။ ဆွမ်းစသော လှူဖွယ်ဝတ္ထု၊ ရဟန်းသံဃာတော်စသော အလှူခံပုဂ္ဂိုလ်များသည် နောက်နောက်ဘဝ၌ လိုက်၍ အကျိုးမပေးနိုင်ကြပါသော်လည်း စေတနာထက်သန်အောင်ကား ကူညီနိုင်ကြသည်။ သာမန် ရိုးရိုးဆွမ်းကို လှူရသောအခါနှင့် အထူးတလည် ချက်ပြုတ် စီစဉ်၍ လှူရသောအခါ ၂-မျိုးတွင် ရိုးရိုးဆွမ်းကို အာရုံပြုရသော စေတနာသည် လွန်စွာ ထက်သန်ခြင်း မရှိ။ အထူးတလည် စီစဉ် ချက်ပြုတ်အပ်သော ဆွမ်းကို အာရုံပြုသော စေတနာကား လွန်စွာ ထက်သန်၏။ အလှူခံပုဂ္ဂိုလ်အတွက်လည်း တော်စွာလျော်စွာ အလှူခံကို လှူရသောအခါ စေတနာသည် သိပ်မထက်သန်လှ။ အလွန် မွန်မြတ်သော ပုဂ္ဂိုလ်ကို လှူရသောအခါ၊ သံဃာအများကြီးကို လှူဒါန်းရသော အခါ၌ စေတနာသည် လွန်စွာ ထက်သန်၏။ ဤသို့လျှင် လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့ကလည်း စေတနာကို ထက်သန်အောင် မွန်မြတ်အောင် ကူညီနိုင်ကြသည် ဟုမှတ်ပါ။
နည်းနည်း အလှူနှင့် များများအလှူ။ ။ ပစ္စည်းနည်းနည်းကိုလှူဖို့ရန်နှင့် ပစ္စည်းများများကို(ကြီးကြီး ကျယ်ကျယ်) လှူဖို့ရန် အားထုတ်ရာ၌လည်း အားထုတ်မှု လုံ့လချင်း မတူကြချေ။ နည်းနည်းလှူ ဖို့ရန် အားထုတ်ရာ၌ တခဏနှင့် ကိစ္စပြီး၏။ များများ လှူဖို့ အားထုတ်ရာ၌ကား အလှူဝတ္ထုက များပြား ကြီးကျယ်သလောက် အချိန်ကြာ၏။ လှူဖို့ရန် ပစ္စည်းကို ရှာဖွေ စုဆောင်းခိုက်မှာလည်း (မလှူမီ ရှေးအဖို့၌ ပုဗ္ဗစေတနာတွေ) အတော်များ ဖြစ်နေပြီ။ ထို့ကြောင့် နည်းနည်းအလှူနှင့် များများအလှူ ၂-မျိုး၌ ပုဗ္ဗစေတနာချင်း ယှဉ်ပြိုင်ကြည့်လျှင် များများအလှူက သာလွန်ကြောင်းသိသာ၏။ ပေးလှူနေတုန်းအခါမှာလည်း အများကြီးလှူနေရသူမှာ အာရုံက ကြီးကျယ် ခမ်းနားသလောက် စေတနာလည်း ခမ်းနားကြီးကျယ်နိုင်သည်။ ထို့ကြောင့် လှူနေတုန်း မုဉ္စစေတနာ အခိုက်မှာလည်း အကြီးအကျယ် အများအပြား သားသားနားနား အလှူ၌သာ စေတနာ ထက်သန်ပုံ သာလွန်ဖွယ် ရှိပေသည်။ လှူဒါန်းပြီးနောက် ဝမ်းမြောက် ဝမ်းသာ အပရစေတနာ ဖြစ်ဖို့ရန်လည်း ကြီးကျယ် ခမ်းနားသော မိမိအလှူကြီးကို ပြန်၍ မှန်းလိုက်ရလျှင် အင်မတန် ဝမ်းမြောက်ကြပေသည်။ ထို့ကြောင့် အပရစေတနာအခိုက်မှာလည်း ကြီးကျယ်သော အလှူကို အာရုံပြုရသော စိတ်စေတနာက သာ၍ထက်သန်တတ်လေသည်။ ဤကား အများဖြစ်ရိုးတည်း။
ကြီးကျယ်သလောက် ဝမ်းမမြောက်မှု စေတနာသာ ပဓာန။ ။ တချို့မှာကား လှူ ရတာ များလှ၍ အကြီးအကျယ် လှူဒါန်းရပါသော်လည်း သိပ်ကြီး ဝမ်းမမြောက်လှ။ စေတနာသာ ပဓာန စေတနာလည်း သိပ်ကြီး မထက်လှ။ အမှတ်တမဲ့ပင် လှူလိုက်ကြ၏။ ထိုသူတို့အတွက် လှူဖွယ်ဝတ္ထုက များပြားစေကာမူ စေတနာ ထက်သန် ဖွံ့ဖြိုးမည်ဟု မဆိုနိုင်။ ဒုဋ္ဌဂါမဏိ အဘယ် မင်းသည် စုတေခါနီး၌ မဟာစေတီတော်ကြီးကို တည်ရသော ဒါနမှုထက် စစ်ရှုံးစဉ်က တောထဲ၌ ဆွမ်း တ ထပ် စာ လှူခဲ့ဖူးသော ကုသိုလ်ကို သာ၍ ဝမ်းမြောက်ရကား ထိုဆွမ်းကုသိုလ်ကြောင့်ပင် တုသိတာနတ်ပြည်သို့ ရောက်ရသည်။ အချုပ်မှာ-အလှူဝတ္ထုထက် စေတနာထက်သန်မှုက သာ၍ အရေးကြီးကြောင်း သတိပြုကြပါကုန်။
အလှူပေးရာ၌ မျိုးစေ့စိုက်ပုံနှင့် တူဟန်
အလှူခံမှာ လယ်ပမာ၊ လှူရှာသူများ လယ်သမား။
အများလှူဖွယ် မျိုးစေ့နှယ်၊ နောင်ဝယ် အသီးစား။
ပေတဝတ္ထု ပါဠိတော်ဝယ် “အလှူခံ ပုဂ္ဂိုလ်သည် လယ်ယာနှင့် တူ၏။ အလှူဒကာ အလှူ အမမှာ လယ်ယာလုပ်သူနှင့် တူ၏။ လှူဖွယ်ဝတ္ထုများက မျိုးစေ့နှင့် တူ၏။ နောက်သံသရာ၌ ရနိုင်မည့်အကျိုးရှိမှာ ထိုမျိုးကြောင့် အပင်ပေါက်၍ အသီးသီးခြင်းနှင့် တူသည်”ဟု ဥပမာ ပြထား၏။ ဤ ဥပမာများကို လေးလေးနက်နက် စဉ်းစားသောအခါ လယ်ယာလုပ်ကိုင်မှု၌-
၁။ လယ်ယာက မြေကောင်း မကောင်းလိုက်၍ အပင်အသီးကွာခြားသကဲ့သို့ အလှူခံပုဂ္ဂိုလ်က ကောင်း မကောင်း လိုက်၍ အကျိုးပေး ကွာခြားဖွယ် ရှိ၏။
၂။ မျိုးစေ့ကအောင် မအောင် လိုက်၍ အပင် အသီး ကွာခြားသကဲ့သို့ လှူဖွယ်ပစ္စည်းက တရားသဖြင့် ဟုတ် မဟုတ်နှင့် အနည်းအများ လိုက်၍ အကျိုးပေးကွာခြားဖွယ် ရှိ၏။
၃။ လယ်ယာလုပ်သူက နားလည် မလည်၊ လုံ့လဝီရိယ ရှိ မရှိ လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့ အလှူရှင်က ဉာဏ်ရှိ မရှိ၊ အားတက်သရောနှင့် ဝမ်းမြောက်ဝမ်းသာ ရှိမရှိ လိုက်၍ အကျိုးပေးကွာခြားဖွယ် ရှိ၏။
၄။ မစိုက်ပျိုးမီ မျိုးစေ့တို့ကို ပြုပြင် မပြုပြင် လိုက်၍ အပင် အသီးများ ကွာခြားသကဲ့သို့ မိမိ၏ ပုဗ္ဗစေတနာကို ထက်သန်အောင် ပြု မပြု လိုက်၍လည်း အကျိုးပေးကွာခြားဖွယ် ရှိ၏။
၅။ လယ်ယာတို့၌ မျိုးစေ့ကို စိုက်ပျိုးပြီးနောက် ရေလောင်းခြင်း၊ ပေါင်းသင်ခြင်း စသည်ကို ပြု မပြု လိုက်၍ အပင် အသီး ကွာခြားသကဲ့သို့ လှူဒါန်းပြီးနောက် ထိုကုသိုလ်ကံကို ထပ်မံ၍ သတိရမှု၊ သတိရတိုင်း ဝမ်းမြောက်မှု(အပရစေတနာ ထက်သန် မထက်သန်လိုက်၍)အကျိုးပေး ကွာခြားဖွယ် ရှိ၏။
၆။ မျိုးစေ့ စိုက်ပျိုးပြီးနောက် စိတ်ပေါက်ပေါက်ရှိ၍ဖျက်ဆီးပစ်လိုက်သကဲ့သို့ လှူဒါန်းပြီးနောက် “လှူမိတာ မှားပေါ့” စသည်ဖြင့် စိတ်ပျက်မှု ဖြစ်ရပြန်လျှင် (အပရစေတနာ ချိုတဲ့ပြန်လျှင်) ထိုဒါနသည်ပင် အကျိုးမရပဲ (အကျိုးရစေကာမူ ကောင်းမွန် မဟုတ်ပဲ) ပျက်စီးဖွယ် ရှိ၏။
၇။ မျိုးစေ့ လယ်ယာတို့က အားလုံး အဆင်သင့်သော်လည်း စိုက်ပျိုးသင့်သော အခါ၌ စိုက်ပျိုးမှ အပင်အသီး ဖွံ့ထွား သကဲ့သို့ အလှူခံနှင့် လှူဖွယ်ဝတ္ထု အဆင်သင့်သော်လည်း လှူသင့်သောအခါ (လိုနေသော နေရာဝယ်) လှူမှသာ ဖွံ့ထွားထွား အကျိုးများဖွယ် ရှိ၏။
ဤသို့လျှင် ပေတ ဝတ္ထု ပါဠိတော်ကို လေးလေးနက်နက် ဆင်ခြင် စဉ်းစား လိုက်သောအခါ ညွှန်ပြအပ်ခဲ့သောအချက်များ ကွက်ကွက်ကွင်းကွင်း ရှင်းလင်းစွာ ပေါ်လာပေသည်။ ထို့ကြောင့် ဒါနပြုရာ၌ အလှူခံကိုလည်း ရွေးသင့်၏။ လိုနေသော ဌာန၌သာ လှူသင့်၏။ မိမိတို့စိတ်ကို ကြည်နူးစေသင့်၏။ လောကီ စည်းစိမ်ကို တောင့်တ တတ်သော တဏှာသဘော မရောနှောအောင်လည်း ဖြူစင်စေသင့်ပါသည်။
အလှူခံပုဂ္ဂိုလ်လိုက်၍ အကျိုးပေးကွာခြားပုံ။ ။ “အလှူခံ ပုဂ္ဂိုလ်သည် လယ်ယာမြေနှင့် တူ၏”ဟု ဆိုခဲ့ပြီ။ သို့ဖြစ်၍ လယ်မြေသည် ပထမတန်း ဒုတိယတန်း တတိယတန်း ရှိသကဲ့သို့၊ အလှူခံ ပုဂ္ဂိုလ် ဟူသော လယ်များသည် အတန်းအစား အမျိုးမျိုး ရှိ၏။ လယ်တို့၌ မြက် စသော အနှောင့်အယှက်မရှိလေ အပင်သန်လေ ဖြစ်သကဲ့သို့၊ ထို့အတူ အလှူခံရာ၌လည်း ရာဂ ဒေါသ မောဟ နည်းလေ လှူရသူမှာ အကျိုးများလေ ဖြစ်၏။ လယ်ယာတို့၌ နွားချေး စသော မြေဩဇာများ၍ ရေအဆင်သင့်လေ ကောက်ပင်သန်လေ ဖြစ်သကဲ့သို့၊ အလှူခံ ပုဂ္ဂိုလ်များ၌လည်း သီလ သမာဓိ ပညာကြီးလေ လှူရသူ၌ အကျိုးများလေ ဖြစ်၏။
သံဃဃိကဒါန။ ။ ပါဠိလို “သံဃ”၊ မြန်မာလို အပေါင်းအဖွဲ့ကို “သံဃာ”ဟု ခေါ်၏။ ထိုသံဃာ့အဖွဲ့အစည်းကို ရည်မှန်း၍ လှူဒါန်းအပ်သော ဒါနသည် သံဃိကဒါန မည်၏။ အသင်းတသင်း၌ ငွေ ၁ိ-လောက်ထည့်ဝင်လျှင် ထိုငွေ ၁ိ-သည် အသင်းဝင် အားလုံး (သဌေး ဆင်းရဲသား မကျန်) သက်ဆိုင်သကဲ့သို့၊ ဆွမ်းတအုပ်ဖြစ်ဖြစ် သင်္ကန်းတထည်ဖြစ်ဖြစ် သာသနာတော်၌ ရှိသမျှ သံဃာ့အဖွဲ့အစည်းကို ရည်မှန်း၍ လှူဒါန်းလျှင် တသာသနာလုံး (ရဟန္တာနှင့် အောက်တန်းစား ပုထုဇဉ် မကျန်) သက်ဆိုင်၏။ ထိုသံဃာအားလုံးကို ရည်မှန်း၍ လှူဒါန်းအပ်သော ပစ္စည်းကို တကမ္ဘာလုံးရှိ သံဃာတော်များအား လိုက်၍ ဝေငှနေဖွယ် မလို။ ထိုအသင်း၌ ထည့်ဝင်သော ငွေ ၁ိ-ကို အသင်းဝင်သူ မည်သူမဆို သုံးခွင့်ရသကဲ့သို့၊ သံဃိက ပစ္စည်းကိုလည်း တွေ့ကြုံနေသော သံဃာက ဝေငှ၍ သုံးစွဲ စားသောက်နိုင်ကြပါသည်။ "
သံဃာ၌ စိတ်ရောက်မှ သံဃိကဒါန မြောက်ပုံ။ ။ ထိုကဲ့သို့ သံဃိကဒါန ဖြစ်အောင် လှူဒါန်းရာတွင် စိတ်ကလည်း သံဃာသို့ ညွတ်နိုင်မှသာ သံဃိက ဒါနအစစ် ဖြစ်နိုင်ပေသည်။ နှုတ်က “သံဃဿ ဒေမိ=သံဃာအား လှူပါ၏”ဟု ဆိုနေသော်လည်း စိတ်က ကိုယ်ကြည်ညို နေသော ကျောင်းတိုက် သံဃာ၊ ကိုယ်ကြည်ညိုနေသော ဘုန်းကြီးကိုသာ လှူလိုလျှင် သံဃာကအစစ် မဖြစ်နိုင်။ တကယ့်ကို (ပုဂ္ဂိုလ်မခွဲခြားပဲ) သံဃာ အားလုံးကို ရည်စူးနိုင်မူကား နေ့စဉ် ဆွမ်းလောင်းရာ၌လည်းကောင်း၊ သံဃာမှ ညွှန်ပြ၍ရသော ပုဂ္ဂိုလ်တပါးအား ဆွမ်းကျွေးရာ၌လည်းကောင်း သံဃိကဒါန အစစ် ဖြစ်နိုင်ပါသည်။
ဆွမ်းလောင်းရာ၌ သံဃာညွတ်ပုံ။ ။ ဘုရားရှင်ကို ကြည်ညိုလှသဖြင့် ဘုရားရှင် တည်ထောင်တော်မူအပ်သော သာသနာကိုလည်းကောင်း၊ သာသနာ့ဝန်ထမ်း ရဟန်းကောင်း အဆက်ဆက် ပေါ်ထွက်၍ သာသနာတော် ကြီးပွားရေးကို လည်းကောင်း မျှော်တွေးမိသော အမျိုးသား အမျိုးသမီးတို့သည် ဆွမ်းလောင်းဖို့ရာ ပြင်ဆင်ပြီးသောအခါ (ငါ့ ဘုန်းကြီး၊ ဦးပဉ္စင်း စသော အစွဲကို ပယ်ရှား၍) ဤဆွမ်းကို (ဤဆွမ်းနှင့်ဟင်းကို) “သံဃဿ ဒေမိ= သံဃဿ ဒေမိ=သံဃာအားလှူပါ၏၊ သံဃာအား လှူပါ၏”ဟု နှုတ်ကလွဲရွတ်၊ စိတ်ကလဲ ညွှတ်ပါစေ။ ဤသို့ လှူနိုင်လျှင် နေ့စဉ်ဆွမ်းလောင်းရာ၌လည်း သံယိက ဒါန ဖြစ်နိုင်ပါသည်။ ပုဂ္ဂိုလ်စွဲ၊ ကျောင်းတိုက်စွဲ စွဲ၍ လောင်းလှူလျှင်ကား သံဃိကဒါန မဖြစ်နိုင်။ ပုဂ္ဂလိက (ပုဂ္ဂိုလ်အများဆိုင်သော) ဒါနသာ ဖြစ်နိုင်သည်။
ဆွမ်းပင့်ကျွေးရာ၌ သံဃိကဒါန။ ။ အနီး အပါး ကျောင်းတိုက်သို့ သွားပြီးလျှင် “နက်ဖြန် ဆွမ်းကပ်လိုပါ၍ သံဃာတော်ထဲမှ တပါး (အလိုရှိသလို ၂-ပါး ၃-ပါး စသည်) နံနက် ၆-နာရီအချိန် ချီးမြှင့် တော်မူပါ”ဟု လျှောက်ရမည်။ [“ဘုန်းကြီးနှင့်တကွ၊ ဆရာတော်နှင့်တကွ”ဟု မပါစေရ။] ထိုသို့ကဲ့ လျှောက်ပြီးနောက် နက်ဖြန်၌ ဆွမ်းဟင်းများ ချက်ပြုတ်တုန်းကပင် သတိရတိုင်း “သံဃဿ ဒေမိ၊ သံဃဿ ဒေမိ”ဟု စိတ်ကလည်း ညွှတ်၊ နှုတ်ကလည်း ရွတ်ပါ။ အချိန်ကျ၍ ကြွလာသော ပုဂ္ဂိုလ်သည် တော်စွာလျော်စွာ အညံ့စား ဖြစ်နေလျှင်လည်း စိတ်မပျက်ပါနှင့်။ “ငါသည် သူ့ကို လှူသည် မဟုတ်၊ သံဃာကို လှူသည်”ဟု သတိထား၍ သံဃာအား ရိုသေသလို ထိုကိုယ်တော်အား ရိုသေစွာ ဆွမ်းကပ်ပါ။ ဆရာတော် ကြွလာလျှင်လည်း ထူး၍ ဝမ်းမသာပါနှင့်။ “ဆရာတော်အား ဆွမ်းကပ်လှူခြင်းမဟုတ်၊ ဆရာတော် ပါဝင်သော သံဃာအားလုံးကို ကပ်လှူခြင်းဖြစ်သည်”ဟု သတိထားပါ။ ထိုသို့ သံဃာ၌ စိတ်ညွှတ်နိုင်လျှင် သံဃာက ညွှန်ပြ၍ရသော တပါးကို လှူရာ၌လည်း သံယိကဒါနအစပ် ဖြစ်နိုင်ပါသည်။
ဒကာတဦး စိတ်ထားတတ်ပုံ။ ။ ရှေးတုန်းက ဒကာတဦးသည် ဆွမ်းကပ်လို၍ သံဃာ့ထံမှ-ရဟန်း တပါးကို လျှောက်တောင်း လေရာလူအများ-မကြည်ညိုနိုင်လောက်အောင် ထင်ရှားသော ဒုဿီလ ရဟန်းကို ရလေသည်။ သို့သော် သံဃာကို ရည်မှန်းထားသူဖြစ်၍ စိတ်မပျက်။ နေရာကို ကျနစွာ ခင်းပြီးလျှင် အပေါ်၌ မျက်နှာကြက် မိုး၍ ပန်းနံ့သာတို့ဖြင့် ကျနစွာ ပြင်ဆင်ထား၏။ ကြွလာသောအခါ ခြေကို ကိုယ်တိုင်ဆေးပေး၍ ဘုရားရှင်ကို အရေးပါသလို အရေးပါလျက် လှူဖွယ်များကို လှူဒါန်းလေသည်။ ဤမျှလောက် အရေးပါနိုင်မှုကား သံဃာတော်ကိုသာ အာရုံပြုထားခြင်းကြောင့် ဖြစ်၏။ ထို့ကြောင့် ထိုဒကာ၏ ဒါနမှာ ဒုဿီလကို ရသော်လည်း သံဃိက ဒါန ဖြစ်လေပြီ။
ဆက်ဦးအံ့-ထိုကဲ့သို့ အရေးတယူ ပြုစုလိုက်သည့်အတွက် ဒုဿီလကြီးကား “သူ့ကို အတော်ကြည်ညိုတဲ့ ဒကာ”ဟု အထင်ကြီးသွားဟန်တူ၏။ ညနေအချိန် ကျတော့ သူ၏ ကျောင်းကို ပြင်လို၍ ထိုဆွမ်းဒကာ အထံ ကိုယ်တိုင် လာပြီး ပေါက်တူးကို ငှားလေသော် ဒကာက ပေါက်တူးကို ခြေဖြင့်ညှပ်၍ “ရော့” ဟုပေးလိုက်သတဲ့။ ထိုအခြင်းအရာကို အိမ်နီးချင်းတို့က မြင်ကြ၍ မနက်က ရိုသေ ပုံနှင့် ယခု မရိုသေပုံမှာ ကွာခြားလှသဖြင့် ထိုဒကာ၏စိတ်ထားကို မေးကြလေရာ “မနက်က ဒီကိုယ်တော်ကို ရိုသေ လေးစားခြင်း မဟုတ်ပါ။ သံဃာကိုသာ ရိုသေခြင်း ဖြစ်ပါတယ်။ ယခုတော့ ဒီကိုယ်တော်ကို မရိုသေခြင်းဖြစ်ပါတယ်”ဟု ရှင်းလင်းလေသည်။ ဤဝတ္ထုကို ထောက်၍ သံဃိကဒါန ဖြစ်အောင် လှူဒါန်း သောအခါ သံဃာ၌ စိတ်ညွတ်နိုင်အောင် စိတ်ကို ပြုပြင်ကြပါကုန်။
ဒါန ၂ မျိုး အကျိုးပေးကွာပုံ။ ။ ၁-ပါး၊ ၂-ပါး၊ ၃-ပါး စသော ပုဂ္ဂိုလ်များကို သီးခြား ရွေးချယ်၍ လှူသော အလှူမှန်လျှင် အလှူခံက တထောင်မက များသော်လည်း ပုဂ္ဂိုလ်ကို ရည်စူးသောကြောင့် ပုဂ္ဂလိကဒါန ချည်းသာ ဖြစ်၏။ ထိုပုဂ္ဂလိကဒါန၌ ဘုရားပစ္စေကဗုဒ္ဓါမှ တပါး အခြားသော ပုဂ္ဂလိကဒါနထက် သံယိက ဒါနက အကျိုးပေးသာသည်ဟု ကျမ်းဂန်၌ ဆို၏။ သဘောယုတ္တိကို စဉ်းစားလျှင်လည်း သံဃိကဒါနလှူရာ၌ ရဟန္တာအရှင်တို့လည်း ထိုသံဃာအဖွဲ့တွင် ပါဝင်၏။ ပုဂ္ဂလိကဒါနပြုရာ၌ကား ထိုကဲ့သို့ ရဟန္တာပါချင်မှ ပါမည်။ ပါစေကာမူ သံဃိကဒါနလောက် မများနိုင်ပေ။ သံဃိကဒါနလှူရာ၌ အကျင့်အကောင်းဆုံး ပုဂ္ဂိုလ်များကိုလည်း လှူရာ ရောက်၏။ ပုဂ္ဂလိက ဒါနကား အတော် ရွေးချယ်တတ်မှသာ သင့်တင့်သော ပုဂ္ဂိုလ်ကို ရနိုင်စရာရှိ၏။ ထို့ကြောင့် ဘယ်အခါမဆို ပုဂ္ဂလိကဒါနထက် သံယိက ဒါနက အကျိုးပေးသာလွန်သည် ဟူသော စကားသည် ကောင်းစွာ ယုတ္တိရှိပါ ပေသည်။
ဘုရားရှင်အား ရည်မှန်း၍ လှူဒါန်းပုံ။ ။ သက်တော်ထင်ရှား ရှိတော်မူစဉ်တုန်းက ဘုရားရှင်အား တိုက်ရိုက် လှူဒါန်း နိုင်ကြသော်လည်း ယခုအခါ ဘုရားရှင် မရှိတော့ရား ဘုရားရှင်အား ရည်မှန်း၍ လှူဒါန်းပုံကို ကျန်းဂန်အတိုင်း သိထိုက်၏။ ဘုရားအစစ်ကို ရည်မှန်း၍ ဆွမ်းလှူလိုလျှင် ရဟန်းတပါး ဆွမ်းကပ်ရာ၌ ပြင်သလို တပါးစာလောက်အောင် ပြင်ဆင်၍ ရုပ်ပွားတော်၏ရှေ့မှာ ဖြစ်စေ၊ အနီး၌ ရုပ်ပွားတော်မရှိလျှင် ရုပ်ပွားတော်ကို ရည်မှန်း၍ ဖြစ်စေ ကပ်လှူရမည်။ နဂိုက ဘုရားရှင်၏ ဝေယျာဝစ္စ (တံမြက်လှည်းမှု၊ အမှိုက်သုတ်သင်မှု စသည်ကို)ပြုလုပ်နေသူရှိလျှင် ဘုရားရှင်အား ကပ်လှူသော ဆွမ်းကို ထိုဝေယျာဝစ္စပြုသူ စားထိုက်၏။ ထိုကဲ့သို့ အမြဲပြုသူ မရှိလျှင် ယခု လောလောဆယ်ပြု၍ (ရဟန်းဖြစ်စေ၊ လူဖြစ်စေ) စားထိုက်၏။ ဥပုသ်သည်ဖြစ်သူကား မွန်းတည့်ခါနီးနေလျှင် စားပြီးမှလည်း ဝေယျာဝစ္စကို ပြုနိုင်၏။ အလှူကြီးပေးရာ၌ ဘုရား အမှူးရှိသော သံဃာအား ဆွမ်းကပ်လှူလို လျှင်လည်း ဤနည်းအတိုင်း ဘုရားအတွက် ပြင်ဆင်ကပ်ရာ၏။
ဘုရားရှင်အား ရည်မှန်း၍ သင်္ကန်းလှူဒါန်းရာ၌လည်း ထိုသိုကဲ့ ဝေယျာဝစ္စ ပြုသော ရဟန်းသံဃာများ ဝတ်ကောင်း၏။ ထိုသင်္ကန်းကို ကပ္ပိယဒါယကာက အခြားပစ္စည်းနှင့် လဲ၍လည်း ဘုရားအတွက် လိုနေသောနေရာ၌ သုံးစွဲထိုက်၏။ ပန်း၊ ဆီမီး၊ အမွှေးတိုင် စသည်မှာ ယခုကာလ ပူဇော်နည်းအတိုင်းပင် သင့်တော်ပါ၏။ သို့သော် ရုပ်ပွားတော် စေတီတော် ရင်ပြင်၌ စိုရွှဲနေအောင် ရေ ပူဇော်ခြင်း၊ ပန်း အမှိုက်တွေ ရှုပ်ပွေနေအောင် ပူဇော်ခြင်း၊ ဆီမီး ဖယောင်းအစက် ပေတေနေအောင် ပူဇော်ခြင်းတို့မှာ (မိမိ၏ အိမ်၊ ဘုန်းကြီးကျောင်းများ၌ ထိုကဲ့သို့ လာ၍ ပူဇော်လျှင် အိမ်ရှင်နှင့် ကျောင်းပိုင်တို့က ကျေနပ်မည် မဟုတ်သလို) ကျေနပ်ဖွယ် မဟုတ်သော ပူဇော်ခြင်း ဖြစ်သည်။ ထို့ကြောင့် မိမိ၏ ရေချမ်း၊ ပန်း၊ ဆီမီးများအတွက် ဘုရား ရှေ့တော်မှာ မသန့်မရှင်း မဖြစ်အောင် ပူဇော်နိုင်မှသာ လောကရော သံသရာရော ချောမောသန့်ရှင်း၍ အပြစ်ကင်းသော ပူဇော်ခြင်းဟု ဆိုလိုပါသည်။
အဝေးကနေ၍ ပူဇော်နည်း။ ။ ယခုကာလ၌ ရုပ်ပွား စေတီတော် ရှိရာ အရပ်သို့ ရောက်အောင် သွားခွင့် မရကြသောကြောင့် အိမ်မှာပင် ဘုရားကို ရည်မှန်း၍ ပန်း စသည်ကို ပူဇော်ကြ၏။ ထိုကဲ့သို့ ပူဇော်ရာ၌ အကျိုးရ မရ ရှေးကပင် စဉ်းစားဖူးကြလေပြီ။ အကျိုးရမှု မရမှုမှာ ပူဇော်သူများ၏ စေတနာသာ ပဓာန ဖြစ်၏။ မိမိ၏ စိတ်စေတနာက ဘုရားကို ရည်မှန်း၍ လှူဒါန်းပူဇော်ပါလျှင် ကုသိုလ်စေတနာဖြစ်သောကြောင့် အဘယ်မှာ အကျိုး မရပဲ ရှိအံ့နည်း။ ဧကန် အကျိုးရနိုင်ပါသည်။
ဤကမ္ဘာမှ ပြန်၍ ရေတွက်သော် တရာ့တဆယ့်ရှစ်ကမ္ဘာ ထက်၌ အတ္ထဒဿီ ဘုရား ပွင့်တော်မူ၏။ တနေ့သ၌ အမျိုးသားတယောက်သည် ကောင်းကင်၌ သံဃာတော် အခြံအရံနှင့် ကြွတော်မူလာသော ဘုရားရှင်ကို ဖူးမြင် လိုက်ရ၏။ ထို့နောက် အရပ်တပါးသို့ ရောက်တော်မူနေသော ဘုရားရှင်ကို ရည်မှန်း၍ ပန်း နံ့သာ စသည်ကို အဝေးမှ လှူဒါန်းပူဇော်လေသည်။ ထိုကောင်းမှုကြောင့် ဒုဂ္ဂတိ ဘဝသို့ မလားရပဲ ငါတို့ ဘုရားလက်ထက်၌ “ဒေသပူဇာကမထေရ်”ဟု ထင်ရှားသော ရဟန္တာတပါး ဖြစ်လာလေသည်။
ပုဗ္ဗ-မုဉ္စ-အပရစေတနာ
ပုဗ္ဗစေတနာ။ ။ အလှူတမျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာဟု ၃-မျိုး ရနိုင်၏။ ထိုတွင် အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနှင့်ဆိုင်သော ပစ္စည်းများကို ရှာဖွေစုဆောင်းနေသောအခါမှစ၍ မလှူမီ ရှေ့အဖို့၌ ဖြစ်သမျှ ကုသိုလ်စေတနာတွေသည် “ပုဗ္ဗစေတနာ” မည်၏။ ထိုသို့ ပုဗ္ဗစေတနာနယ်အတွင်း၌ ဤအလှူဒါနကို အကြောင်းပြု၍ အလှူဒကာ အလှူ့အမ၊ ကျောင်းဒကာ ကျောင်းအမ စသည်ဖြင့် ထင်ရှား ကျော်စော လိုသောစိတ်၊ မိမိလှူနိုင်ကြောင်း ကြားလိုသောစိတ်များ မဖြစ်စေရ။ လှူဖို့ရာ ပစ္စည်းစုခိုက် အိမ်သား အချင်းချင်း အလှူနှင့်စပ်၍ မကျေမနပ် ဒေါသ-မာန စသော အကုသိုလ်များ၊ အလှူကို လှူမည်ဟု ကြံခဲ့ပြီးမှ တစုံတခုအတွက် စိတ်ပျက်ပြီး တွန့်ဆုတ်သော မလှူလိုသောစိတ်များ မဖြစ်စေရ။ ထိုသို့ မဖြစ်စေပဲ ပျော်ရွှင် ဝမ်းမြောက်စွာ အရာရာ ကျေနပ်လျက် လှူဖွယ်အရပ်ရပ်တို့ကို စီမံနိုင်လျှင် “ပုဗ္ဗစေတနာတွေ အလွန် စင်ကြယ်စွာ ဖြစ်နေပြီ”ဟု မှတ်ပါ။
"မုဉ္စစေတနာ။ ။ မုဉ္စသဒ္ဒါသည် “စွန့်လွှတ်ခြင်း” ဟူသော အနက်ကို ဟော၏။ ထို့ကြောင့် စွန့်လွှတ် လှူဒါန်းနေတုန်း အခိုက်၌ ဖြစ်သော စေတနာသည် (ဆွမ်းလှူရာ၌ ဆွမ်းကို အလှူခံပုဂ္ဂိုလ်အား ကပ်လှူနေတုန်းမှာ ဖြစ်သော စေတနာနှင့် ကိုယ်ထိလက်ရောက်မကပ်ပဲ နှုတ်ဖြင့်လျှောက်ထား၍ လှူရာ၌ “လှူပါ၏”ဟု ဆိုခိုက်မှာ ဖြစ်သော စေတနာသည်) “မုဉ္စစေတနာ” မည်၏။ ဤ မုဉ္စစေတနာ အခိုက်လည်း ပြခဲ့သော အကုသိုလ်စိတ်များ မဖြစ်စေပဲ အလှူခံမည့် ပုဂ္ဂိုလ်ကိုလည်း ကပ်ငြိ တွယ်တာသော တဏှာလောဘစိတ် မဖြစ်စေပဲ ယခု လှူဒါန်းလိုက်သည့်အတွက်ကြောင့် ငါ၏ ကိစ္စကို ကူညီ ဆောင်ရွက်လိမ့်မည်ဟု တစုံတခုသော လောကီ အကျိုးကို မမျှော်ပဲ ရက်ရက်ရောရော လှူဒါန်းနိုင်ပါလျှင် “မုဉ္စစေတနာတွေ စင်ကြယ်စွာ ဖြစ်ပြီ”ဟု မှတ်ပါ။
အပရစေတနာ။ ။ အလှူ အထမြောက်ပြီးနောက် ထိုကုသိုလ်နှင့်စပ်၍ ဖြစ်သမျှ စေတနာကို “အပရစေတနာ”ဟု ခေါ်၏။ ထို့ကြောင့် ဒါနပြုပြီးနောက် ထိုဒါနကို သတိရတိုင်း “အလှူအထမြောက်ပေပြီ၊ ဝမ်းမြောက်ဖွယ်ကောင်းပေသည်။ နောက်ထပ်လှူချင်သေးသည်”ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလျှင် အပရစေတနာ နယ်၌လည်း ကုသိုလ်စေတနာတွေ ထပ်မံ တိုးပွားပြန်၏။ အလှူပေးပြီးနောက် ပစ္စည်းပျက်ပြား၍ ဖြစ်စေ၊ ကျောင်းဆောက် ကိုးကွယ်ပြီးနောက် ကျောင်းထိုင်ဘုန်းကြီး၏ အပေါ်၌ မကျေနပ်၍ ဖြစ်စေ “ငါလှူမိတာ မှာလေစွ”ဟု အပရစေတနာပျက်လျှင် အလှူနှင့်စပ်၍ မကျေနပ်ခြင်း ဟူသော ဒေါသ အကုသိုလ်ပင် ဖြစ်ပါသေးသည်။
သတိထားဖွယ်။ ။ ဒါနပြုရာ၌ ကျောင်းဆောက်မှု၊ ဘုရားတည်မှု၊ အလှူကြီးပေးမှုစသည်တို့ဖြင့် ကြီးကျယ်သော ဒါနလည်း ရှိ၏။ ဆွမ်း၊ သင်္ကန်း၊ ဆေး အစရှိသည်တို့ဖြင့်လည်းကောင်း၊ မရှိဆင်းရဲသားတို့အား စွန့်ကြဲပေးကမ်းမှု စသည်တို့ဖြင့် လည်းကောင်း အနည်းအပါး ဒါနလည်း ရှိ၏။ ထိုတွင် ကြီးကျယ်သော ဒါနတို့၌ အလှူခံပုဂ္ဂိုလ်အတွက် ဖြစ်စေ၊ သူတပါးတို့လာ၍ နှောင့်ယှက်သောကြောင့်ဖြစ်စေ စေတနာပျက်ဖွယ်တွေ (စိတ်ထားမတတ်သူ၊ ဉာဏ်မရှိသူမှာ) များလှ၏။ ထို့ကြောင့် ထိုသို့ ဒါန အကြီးအကျယ် လှူရာ၌ မိမိကိုယ်တိုင် စွမ်းနိုင်သမျှ စဉ်းစားရုံသာမကပဲ မိတ်ဆွေကောင်း ဆရာကောင်းတို့နှင့် တိုင်ပင်ကာ ပုဂ္ဂိုလ်ကောင်းများကို ရွေးချယ်၍ ပြုလုပ်ထိုက်ကြပေသည်။ အနည်းငယ် ပြုကြသော ဒါနတို့ကား ခွေးတိရစ္ဆာန်များကို ကျွေးမွေးရခြင်းသည်ပင် အကျိုးများလှပြီ ဖြစ်သောကြောင့် အလှူခံ ပုဂ္ဂိုလ်ကို မရွေးချယ်သော်လည်း အရေးမကြီးလှ။ အချို့ အရာ၌ သံဃိကဒါနမြောက်အောင် စိတ်ထား၍ အချို့ အရာဝယ် လှူဖွယ်ဝတ္ထုများ၌ မတွယ်တာပဲ မုတ္တစာဂီဖြစ်အောင် စွန့်လွှတ်ပေးကမ်း လှူဒါန်းကြရမည်။ မုတ္တ=မတွယ်တာပဲ လွတ်လွတ်ကျွတ်ကျွတ်+စာဂီ=စွန့်ကြဲ ပေးကမ်းလေ့ရှိသူ။] “အလှူခံပုဂ္ဂိုလ်၌လည်း မတွယ်တာ၊ လှူဖွယ်ပစ္စည်း၌လည်း မတွယ်တာ၊ နောက်ဘဝ၌ လူ နတ် စည်းစိမ်ကိုလည်း မတွယ်တာ မတောင့်တပဲ နိဗ္ဗာန်ကို ရည်မှန်းလျက် လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းသူ”ဟု ဆိုလိုသည်။
ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
စေတသိက်ခန်း၌ ပြခဲ့သော အလောဘ အဒေါသ အမောဟ ၃-ပါးကို ပါဠိလို “ဟေတု” မြန်မာလို “ဟိတ်”ဟု ခေါ်သည်။ ဤနေရာ၌ ဟေတုသဒ္ဒါသည် “အခြေအမြစ်” ဟူသော အနက်ကို ဟော၏။ သစ်ပင်၌ ရေသောက် မြစ်သည် သစ်ပင် တပင်လုံး ခိုင်မြဲ စည်ကား ကြီးထွားအောင် ပြုသကဲ့သို့ ထိုဟိတ်တရားများလည်း မိမိတို့နှင့် ယှဉ်ဘက် စိတ်ကို ခိုင်မြဲ စည်ကား အကျိုးများအောင် ပြုနိုင်ကြပေသည်။ ထို့ကြောင့် ကုသိုလ်စိတ်ကို ဟိတ် ၂-ပါးနှင့် ယှဉ်သော ဒွိဟိတ်ကုသိုလ်စိတ်၊ ဟိတ် ၃-ပါးနှင့် ယှဉ်သော တိဟိတ်ကုသိုလ်စိတ်ဟု ခွဲခြား မှတ်သားရမည်။
ဒွိဟိတ်ကုသိုလ်စိတ်။ ။ အလောဘ အဒေါသ ဟိတ် ၂-ပါးနှင့် ယှဉ်သော ကုသိုလ်စိတ်-သည် ဒွိဟိတ် ကုသိုလ်စိတ် မည်၏။ သုစရိုက် ဆယ်ပါးတို့တွင် “သမ္မာဒိဋ္ဌိသည် “ကံ ကံ၏အကျိုး ဧကန်ရှိ၏”ဟု ယုံကြည်သော ဉာဏ်ပညာတည်း။ ထိုဉာဏ်ကိုပင် “ကမ္မသကတာဉာဏ်”ဟု ခေါ်၏။ ကလေး ဖြစ်စေ၊ ကံ-ကံ၏အကျိုးကို နားမလည်သော အရိုင်းအစိုင်း ဖြစ်စေ ပစ္စည်းဝတ္ထု တစုံတခုကို ပေးကမ်းရာ၌ ဝမ်းမြောက်ဝမ်းသာ ကုသိုလ်စိတ်ကား ဖြစ်တတ် ပါ၏။ သို့သော် “ယခုပြုသော ကုသိုလ်ကံသည် မိမိသန္တာန်မှာ အဖတ်တင်ရစ်၏။ ထိုကံကြောင့် နောက်နောင်အခါ အကျိုးခံစားရမည်”ဟု သိသော သမ္မာဒိဋ္ဌိ (ကမ္မသကတာဉာဏ်) အမောဟ မပါ၊ အလောဘ အဒေါသ ဟိတ် ၂-ပါး ပါ၏။ ထို့ကြောင့် ထိုကုသိုလ်စိတ်မျိုးကို “ဒွိဟိတ် ကုသိုလ်စိတ်”ဟု ခေါ်ကြရသည်။
ယခုကာလ ဗုဒ္ဓဘာသာဝင်အချို့လည်း ကံ-ကံ၏အကျိုးကို နားမလည်ကြပဲ သူများယောင်လို့ ရောယောင်ကာ သူများလို့ လှူကြရသူတွေ များစွာ ရှိသည်။ ထိုသူများ၏ ကုသိုလ်စိတ်လည်း ဒွိဟိတ်ကုသိုလ်ပင်တည်း။ ပင်ကိုယ်ဉာဏ် ရှိသူ (တတ်သိ နားလည်သူ) ဖြစ်သော်လည်း အမှတ်တမဲ့ ပေးကမ်းရာ၌ ဒွိဟိတ် ကုသိုလ်စိတ်ပင် ဖြစ်ပေလိမ့်ပည်။ အချုပ်မှာ–ကုသိုလ်ပြုတုန်း၌ ဉာဏ်ပညာ မပါလျှင် ဒွိဟိတ်ကုသိုလ်ချည်း မှတ်ပါ။
တိဟိတ် ကုသိုလ်စိတ်။ ။ အလောဘ အဒေါသ အမောဟ ဟိတ် ၃-ပါးနှင့် ယှဉ်သော ကုသိုလ်စိတ်သည် “ဟိဟိတ် ကုသိုလ်စိတ်” မည်၏။ ကုသိုလ်ပြုနေတုန်းအခါ ကံကို လည်းကောင်း၊ ကံ၏ အကျိုးကိုလည်းကောင်း နားလည်သော ကမ္မသကတာဉာဏ် ပါလျှင် တိဟိတ် ကုသိုလ်စိတ် ဖြစ်သည်။ ယခုကာလဝယ် အတော်အတန် ဉာဏ်ရှိသော အမျိုးသား အမျိုးသမီးတို့သည် ဘုရားကိစ္စ၊ တရားကိစ္စ၊ သံဃာ့ကိစ္စ၊ မိဘကိစ္စ၊ လူကြီးသူမတို့ ကိစ္စကို စိတ်စေတနာဖြူစင်စွာဖြင့် ပြုကြသည်။ ထိုကုသိုလ်စိတ်များ၌ သံသရာအကျိုးကို နားလည်သောဉာဏ် ပါရှိရကား တိဟိတ် ကုသိုလ်မျိုးဖြစ်ကြသည်။ တစုံတခု ပစ္စည်းကို ပေးလှူသောအခါ “ထို ပစ္စည်းသည် ရုပ်ကလာပ် အစုသာ ဖြစ်၏။ ထိုရုပ်ကလာပ်ကား အနိစ္စ ဒုက္ခ အနတ္တ ပါတကား”ဟု ဝိပဿနာ တင်၍ လှူတတ်သူအတွက် ဉာဏ်ဓာတ်ပါရှိခြင်း တိဟိတ်ကုသိုလ်စိတ်ဖြစ်ကြောင်းမှာ အထူးပြောဖွယ် မလိုတော့ပါ။ အလွန်ကောင်းသော တိဟိတ်ကုသိုလ်တည်း။ ထို့ကြောင့် ယခုအခါ ဆရာမိဘတို့က အလှူပေးခါနီး၊ ရေစက်ချခါနီး၌ ကံနှင့် ကံအကျိုးကို လည်းကောင်း၊ အနိစ္စ ဒုက္ခ အနတ္တ အကြောင်းကို လည်းကောင်း နားလည်အောင် ပြောသင့်ကြပါသည်။
ဥက္ကဋ္ဌ ဩမကအခွဲ။ ။ [ဥက္ကဋ္ဌ= အမြတ်။ ဩမက=အညံ့။] ပြုခဲ့ပြီးသော ဒွိဟိတ်-တိဟိတ် ကုသိုလ်စိတ်တို့၌ ရှေ့ပုဗ္ဗစေတနာ အခိုက်တုန်းက ဖြစ်စေ၊ လှူပြီး-နောက် အပရစေတနာ အခိုက်မှာ ဖြစ်စေ ကုသိုလ်စေတနာ ခြံရံ ဇနလျှင် (အကုသိုလ် မဖြစ်ပဲ ကုသိုလ် စိတ်တွေ ရှေ့နောက် ပါနေလျင်) မြင့်မြတ်သော ဥက္ကဋ္ဌကုသိုလ် ဖြစ်၏။ မလှူမီ ရှေ့အဖိုနှင့် လှူပြီးနောက်အဖို့၌ အကုသိုလ်များ ခြံရံနေလျှင် ညံ့ဖျင်းသော ဩမကကုသိုလ် ဖြစ်၏။
“ရှေ့ နောက် ကုသိုလ် အကုသိုလ် ခြံရံ” ဟူရာ၌ ထိုကုသိုလ်နှင့်စပ်၍ ပုဗ္ဗ စေတနာ အပရစေတနာတို့ အခိုက်မှာ ကုသိုလ်စိတ်ဖြစ်မှု၊ အကုသိုလ်စိတ်ဖြစ်မှုကို “ခြံရံသည်”ဟု ဆိုလိုသည်။ ထိုကုသိုလ်နှင့်မစပ်ပဲ အလွတ်သက်သက် ဖြစ်သော ကုသိုလ် အကုသိုလ်တို့ကို “ခြံရ”ဟု မဆိုရ။ ဥပမာ–အလှူပေးခါနီး ရှေ့အဖို့၌ ကြွေးတောင်းမရ၍ မြီစားကို တရားစွဲကာ ဒေါသ အကုသိုလ် ဖြစ်၏။ သို့သော် အလှူပေးဖို့ ကိစ္စ၌ကား စိတ်မပျက်။အလှူပေးပြီးနောက်၌ အလှူကိုဝမ်းမြောက်၏။ အပရစေတနာ ထက်သန်၏။ သို့သော် ထိုအလှူနှင့် မဆိုင်သော ကိစ္စ၌ကား လောဘ ဒေါသ ဖြစ်ရ၏။ ဤသို့ အလှူနှင့် မဆိုင်သော အရာဝယ် ဖြစ်သမျှ အကုသိုလ်ကား အလှူကုသိုလ် ယုတ်ညံ့အောင် မနှောင့်ယှက်ပါ။
ဤစကားအရ အချုပ်ကား-ပုဗ္ဗစေတနာ အပရ စေတနာ ထက်သန်သော တိဟိတ်ကုသိုလ်သည် “တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်” ဖြစ်၏။ ပုဗ္ဗ စေတနာ ဖြစ်စေ အပရ စေတနာ ဖြစ်စေ တခုခုချို့တဲ့လျှင် “တိဟိတ် ဩမက ကုသိုလ်” ဖြစ်၏။ ၂-ခုလုံး ချို့တဲ့လျှင် သာ၍ “တိဟိတ် ဩမက” ဖြစ်၏။ ဒွိဟိတ် ဥက္ကဋ္ဌ၊ ဒွိဟိတ်ဩမက ဖြစ်ပုံကိုလည်း ဤနည်းအတိုင်း မှတ်ပါ။ [ပုဗ္ဗ-မုဉ္စ-အပရ စေတနာ ၃-မျိုး၊ တိဟိတ် ဒွိဟိတ် ကုသိုလ် ၂-မျိုး၊ ဥက္ကဋ္ဌ ဩမက ကုသိုလ် ၂-မျိုးအခွဲကို သီလ စသော ကုသိုလ်များ၌လည်း ရနိုင်၏။]
[ဆောင်] ၁။ ကုသိုလ်ပြုစဉ်၊ ကံကျိုး မြင်သိ၊ ဉာဏ်ယှဉ်ဘိ၊ တိဟိတ် ကုသိုလ်ခေါ်။
၂။ ကုသိုလ်ပြုစဉ်၊ ကံကျိုး မြင်သိ၊ ဉာဏ်မရှိ၊ ဒွိဟိတ် ကုသိုလ်ခေါ်။
၃။ ရှေ့နောက် နှစ်ရပ်၊ ကုသိုလ်ညှပ်၊ ဥက္ကဌ အမြတ်ခေါ်။
၄။ ရွှေ နောက် နှစ်တန်၊ အကုခြံ၊ ညံ့ဟန် ဩမကခေါ်။
အယုတ် အလတ် အမြတ် ခွဲနည်းတမျိုး။ ။ ဟီနဒါန၊ မဇ္ဈိမဒါန၊ ပဏီတဒါနဟု ဒါန ၃-မျိုး ရှိ၏။ မိမိသုံးသော ပစ္စည်းလောက် မကောင်းသော အစားအဝတ်များကို လှူလျှင် ဟီန (ယုတ်ညံ့သော) ဒါန ဖြစ်၏။ မိမိသုံးစားသော ပစ္စည်းနှင့် တန်းတူ ပစ္စည်းကို လှူလျှင် မဇ္ဈိမ (အလတ်စား) ဒါန ဖြစ်၏။ မိမိသုံးသော ပစ္စည်းထက် သာလွန် ကောင်းမြတ်သော ပစ္စည်းကို လှူလျှင် ပဏီတ (မွန်မြတ်သော) ဒါန ဖြစ်၏။
တနည်း– ဒါသဒါန၊ သဟာယဒါန၊ သာမီဒါနဟု ၃-မျိုး ရှိ၏။ ထိုတွင် ပြခဲ့သော ဟီနဒါနကို “ဒါသဒါန” ဟုခေါ်သည်။ “ကျွန်အနေမျိုး ဖြစ်သော အောက်တန်းစား အလှူ”ဟု ဆိုလိုသည်။ ပြခဲ့သော မဇ္ဈိမဒါနကို “သဟာယ ဒါန”ဟု ခေါ်၏။ “မိတ်ဆွေ သူငယ်ချင်း အနေမျိုး ဖြစ်သော အလတ်တန်း စား အလှူ”ဟု ဆိုလိုသည်။ ပြခဲ့သော ပဏီတဒါနကို “သာမီဒါန”ဟု ခေါ်၏။ “အရှင် သခင်မျိုး ဖြစ်သော အထက်တန်းစား အလှူ”ဟု ဆိုလိုသည်။
တနည်း-ဒါနပြုတုန်း၌ စိတ်ဆန္ဒလုံ့လ ဝီရိယ သဒ္ဓါ တရားကို ညံ့လျှင် “ဟီန ဒါန” ဖြစ်၏။ စိတ်ဆန္ဒ လုံ့လ ဝီရိယ သဒ္ဓါ တရားတို့ မှန်မှန်ရှိလျှင် “မဇ္ဈိမ ဒါန” ဖြစ်၏။ စိတ်ဆန္ဒ လုံ့လ ဝီရိယ သဒ္ဓါ တရားတို့ ထက်သန်လျှင် “ပဏီတ ဒါန” ဖြစ်၏။
တနည်း–ကျောင်းဒကာ၊ ဘုရားဒကာ၊ အလှူ့ဒကာ စသောဂုဏ် “အင်မတန် သူတော်ကောင်းတာပဲ” စသော ချီးမွမ်းမှုကို လိုလား၍ ပြုသော ဒါနသည် “ဟီနဒါန”တည်း။ “နောင်ဘဝ သံသရာ၌ တစုံတခုကောင်းကျိုးကိုရလိမ့်မည်”ဟု အကျိုးကို မျှော်၍ ပြုသောဒါနသည် “မဇ္ဈိမဒါန”တည်း။ နောင်သံသရာ၌ အကျိုးရ မရကို ဂရုမစိုက်ပဲ (အကျိုးမရချင် နေပေစေ) “သူတော်ကောင်း ပညာရှိ” ဆိုတာ သူတပါးကို ပေးကမ်း ချီးမြှောက်ရိုး ထုံးစံတည်းဟု သဘော၍ သူတပါးကို စားစေ ဝတ်စေလိုသော စေတနာ သက်သက်ဖြင့် ပေးလှူ စွန့်ကြဲခြင်းသည် “ပဏီတဒါန”တည်း။
မှတ်ချက်။ ။ ဤနည်း၌ အကျိုးကို လိုလား၍ ပြုသော ဒါနထက် အကျိုးကို မမျှော်ပဲ ပြုသော ဒါနက မြတ်ပုံကို သတိပြုသင့်၏။ မိမိ အကျိုးကို မလိုလားပဲ “သူတပါး ချမ်းသာလျှင် ပြီးရော” ဆိုသော စေတနာတို့မှာ အလွန်မြင့်မြတ်သော စိတ်ဓာတ်ရှိသော အလောင်းတော် ကြီးများ၏ စိတ်ထားမျိုးပင် ဖြစ်ပါသည်။
တနည်း–ဘဝစည်းစိမ်ကို ခံစားလို၍ ပြုသော ဒါနသည် “ဟီနဒါန”တည်း။ မိမိ၏ သံသရာမှ လွတ်မြောက်ရေးကို လိုလား၍ (ဤဒါနသည် မဂ်ဖိုလ်၏အခြေခံ ဖြစ်ပါစေဟု ဆုတောင်း၍) ပြုသောဒါနသည် “မဇ္ဈိမဒါန”တည်း၊ သတ္တဝါများ၏ သံသရာမှ လွတ်မြောက်ရေးကို မျှော်တွေးလျက် ဘုရားအလောင်းကို ဖြည့်ကျင့်အပ်သော ဒါနပါရမီသာလျှင် အမြတ်ဆုံး “ပဏီတဒါန” ဖြစ်သည်။ ဤကား တမျိုးထက်တမျိုး (စိတ်ထားတတ်၍) မြတ်ပုံတည်း။ [သီလ စသည် များ၌လည်း ဤကဲ့သို့ စိတ်ထားလိုက်၍ အယုတ် အလတ် အမြတ် ကွဲပြားနိုင်ကြသည်။
ဒါနအကျိုး။ ။ ဒါန၏ အကျိုးကို အထူးချဲ့ထွင်၍ တန်ဆာဆင်နေဖွယ် မလိုပါ။ တိရစ္ဆာန်ကလေး တကောင်အား ဝဝလင်လင်ရှိအောင် ထမင်း တထပ်ကျွေးသော ဒါနကလေးသည်ပင် ဘဝပေါင်း တရာတို့၌ “အာယု၊ ဝဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာန” (အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း) ဟူသော အကျိုး ၅-ပါးကို ရနိုင်သည်။ တခြား ကုသိုလ်ကြောင့် လူ နတ် ဖြစ်ခြင်း တူသော်လည်း ဒါနရှင်တို့က သာလွန် မြင့်မြတ်ကြသည်။
ကဿပဘုရားရှင် လက်ထက်တော်တုန်းက မိတ်ဆွေ ရဟန်း ၂-ပါး ရှိရာ ကပါးက ဒါနရှင်၊ တပါးက ဒါနမဲ့ ဖြစ်ခဲ့၏။ ၂-ပါးလုံးပင် သီလပြည့်စုံသဖြင့် ငါတိုဘုရား လက်ထက်တိုင်အောင် လူ့ပြည် နတ်ပြည် ကျင်လည်ရာဝယ် ဒါနရှင် ကသာ အထက်တန်းကျခဲ့၏။ နောက်ဆုံးဘဝ၌ ကောသလမင်း၏ နန်းတော်တွင် ထိုမိတ် ဆွေ ရင်း ၂-ဖော် တွေ့ဆုံ ပြန်ရာ ဒါနရှင်က မင်းသား၊ ဒါနမဲ့က အထိန်းတော်သားဖြစ်၍ ပုခက် ၂-လုံးတွင် ဒါနရှင်က ထီးဖြူဆောင်းလျက် ရွှေပုခက်၊ ဒါနမဲ့က သစ်သားပုခက်ကို စီးကာ ထိုကဲ့သို့ အရည်အချင်း ကွာခြား စ္စာဖြင့်ပင် ကျွတ်တမ်းဝင်ကြလေသည်။
ဒါနသည် သံသရာကို ရှည်စေသလော။ ။ ယခုကာလ၌ “ဒါနသည် သံသရာရှည်စေ၏”ဟု အယူသည်းကြသည်။ ပြခဲ့သော ဝတ္ထုဝယ် ဒါနရှင်က ကျွတ်တမ်းဝင် နောက်မကျချေ။ ထို့ကြောင့် သံသရာ အရှည် အတိုဝယ် ဒါနကို ရိုးမယ်မဖွဲ့သင့်ပါ။ ဒါနပြုရာတွင် သူတို့၏ စိတ် မစင်ကြယ်မှုကြောင့်သာ “လူတွင်ပါ၍ နွားကျားကိုက်” ခံရသည်။ အမှန်မှာ ဒါနက သံသရာ မရှည်စေ။ “ဤဒါနကြောင့် လူ့ချမ်းသာ နတ်ချမ်းသာ ခံစား ရတော့မည်”ဟု ရည်ရွယ်မှု တဏှာဇောက သံသရာ ရေယဉ်၌ မျောစေခြင်းသာ ဖြစ်သည်။
အချို့က “ဘုရားရှင်သည်ပင် ဒါနတွေ အားကြီးသောကြောင့် သံသရာမှာ ကြာရှည်တော်မူရသည်”ဟု သူတို့ ဉာဏ်ကလေးဖြင့် တွေးကြပြန်သေး၏။ ထိုဒါန အားကြီးတော်မူကြသော ဘုရားရှင်အပေါင်း အသင်္ချေနှင့်အနန္တ (ဂင်္ဂါ ဝါဠု သဲစုမက) ကျွတ်တမ်း ဝင်ကြပြီး ဖြစ်ပါလျက် ငါတို့က ယခုတိုင် မကျွတ် ရသေးသည်မှာ ထိုဘုရားရှင်တို့ထက်ပင် ဒါန အားကြီးနေလို့ ပါလော။ ဝေဿန္တရာမင်းသည် ဘုရားမဖြစ်မီ ၂-ဘဝမြောက်က အကြီးအကျယ် ဒါနကို ပြုတော်မူ၏။ ထိုဒါနတွေ အဘယ်ကြောင့် သံသရာမှာ မကြာစေပါသနည်း။
ထို့ကြောင့် ဒါနသည် သူ၏သဘောအားဖြင့် သံသရာမှာ ကြာရှည်စေသည် မဟုတ်ပါ။ မစင်ကြယ်သော တဏှာကြောင့် သံသရာ၌ မျောကြရသည်ဟု မှတ်ပါ။ ဘုရားအလောင်းတော်တို့၏ သံသရာ၌ ကြာရှည်စွာ နေရခြင်းမှာလည်း ရည်ရွယ်တော်မူရင်းက သဗ္ဗညုတ ဉာဏ်အထူးကို ရဖို့ဖြစ်၍ ထိုဉာဏ်နှင့် ထိုက်တန်သော ပါရမီ အခြေခံ မပြည့်သေးသမျှ ထိုဉာဏ်ကို မရသောကြောင့်သာ ဖြစ်သည်။ ဥပမာ-ရင့်မှ မှည့်နိုင်သော သရက်သီးကို အနုကလေး ဆွတ်ခူး၍ အုပ်သော်လည်း မမှည့်နိုင်သကဲ့သို့တည်း။
ဝဋ္ဋနိဿိတ ဝိဝဋ္ဋနိဿိတ။ ။ ကုသိုလ်ပြုစဉ်၌ လူချမ်းသာ နတ်ချမ်းသာကို ခံစားလို၍ ပြုသော ကုသိုလ်သည် “ဝဋ္ဋနိဿိတ ကုသိုလ်” မည်၏။ [ဝဋ္ဋ= သံသရာဝဋ်ကို+နိဿိတ=မှီသော ကုသိုလ်။] “သံသရာဝဋ်မှ ကျွတ်ဖို့ မမျှော်၊ သံသရာဝဋ်အတွင်း၌ ခံစားဖို့သာ မျှော်သော ကုသိုလ်”ဟု ဆိုလိုသည်။ နိဗ္ဗာန်ကို ရည်မှန်းလျက် ပြုအပ်သော ကုသိုလ်သည် “ဝိဝဋ္ဋနိဿိတ ကုသိုလ်” မည်၏။ (ဝိဝဋ္ဋ=ဝဋ်ကင်းရာ နိဗ္ဗာန်+နိဿိတ =မှီသောကုသိုလ်။] ဤကုသိုလ် ၂-မျိုးတွင် (ဒါန ဖြစ်စေ၊ သီလ စသည် ဖြစ်စေ) ဝဋ္ဋနိဿိတ မှန်လျှင် သံသရာ၌ ကြာရှည်စေ၏။ ဝိဝဋ္ဋနိဿိတ မှန်က သံသရာမှ အမြန်လွတ်အောင်ပင် ရည်ရွယ်ရင်း ဆုကို ပြည့်လွယ်စေသည်။
ဒါနကြောင့် ပါရမီများ ပြည့်လွယ်ပုံ။ ။ ဒါန ရှိသူသည် ဖြစ်လေရာ ဘဝတို့၌ ဥစ္စာ ပြည့်စုံကြ၏။ ဥစ္စာ ပြည့်စုံလျှင် (ပင်ကိုယ်စိတ်ရင်း ကောင်းသူ၊ ဝိဝဋ္ဋနိဿိတ ဒါနပြုခဲ့သူအတွက်) သီလ လုံခြုံ၏။ ဥပုသ် ရက်ရှည် စောင့်ခွင့် ရ၏။ ဥစ္စာမရှိလျှင် ဝမ်းရေး ပူပန်ရသဖြင့် အူမ-မတောင့်၍ သီလ မစောင့်နိုင်ရုံမက ငါးပါးသီလ လုံ့ရန် ခဲယဉ်း၏။ ဒါနရှိမှ သီလ လွယ်ကူသည်။ ပညာရှာဖွေရာ၌လည်း ဒါနရှင်တို့သာလျှင် လွယ်ကူစွာ ရှာနိုင်၏။ ယခု လောကီကျောင်း၌ ပညာရှာရပုံကို ကြည့်ပါ။ အခမဲ့ သင်ရသော ဘုန်းကြီးကျောင်း တချို့မှာပင် ပစ္စည်းရှင် သားသမီးများသာ ပို၍ အသင်အပြ ခံရ၏။ ဤသို့လျှင် ဒါနရှိက ပညာရှာမှီးရာ၌ လွယ်ကူပြန်သည်။
ဒါနရှင်တို့သည် သူတကာက စော်ကားလာလျှင် အဖက်မထင်၍ ဖြစ်စေ၊ စိတ်သဘောကြီး၍ ဖြစ်စေ သည်းခံလွယ်၏။ ပစ္စည်း ဥစ္စာ မရှိက “ငါ့ကို ပစ္စည်း မရှိလို စော်ကားတာပဲ”ဟု အထင်ရှိ၍ သည်းမခံလိုကြ။ ဒါနရှင်တို့သည် နေရာတိုင်းမှာ သူတပါးကို၏ လေးစားခြင်းကိုခံရသဖြင့် မိမိအား အရိုအသေပေးသူ အပေါ်မှာ မေတ္တာ ကရုဏာ ဖြစ်လွယ်၏။ ဥစ္စာမရှိလျှင် ထိုသို့ ရိုသေသူလည်း နည်းပါးကြသဖြင့် ကိုယ့်ဂရုမစိုက်သူကို ပြန်၍ အမျက်ထွက်ကာ မေတ္တာ ကရုဏာ ဖြစ်ရမည့်အစား၊ ဒေါသ မာနတွေသာ တိုးပွားတတ်လေသည်။ ဤနည်းအားဖြင့် ဒါနကြောင့် ခန္တီ မေတ္တာ ပါရမီများလည်း ဖြစ်လွယ်ပုံကို ချဲ့ထွင်ကြည့်ပါ။
“ဥစ္စာမရှိ ကတိမတည်” နိုင်သော လောကကြီးဝယ် သစ္စာပါရမီ ဖြစ် အရေးမှာလည်း ဒါနသည် အကူအညီ ပေး၏။ ဤသို့ စသည်ဖြင့် ဒါနမပါလျှင် ပါရမီအားလုံးပြည့်ဖို့အရေး၌ အနှောင့်အယှက်ပေးတတ်ရကား ဘုရားအလောင်း ဟူသမျှတို့ ဒါနကိုသာ ပထမဆုံး မြင်တော်မူကြပေသည်။ ငါတို့ ဘုရားရှင်မှာ စတည်တော်မူစဉ်ကလည်း သုမေဓာဘဝ၌ ဒါနကို စတည်ခဲ့၍ ဝေဿန္တရာဘဝ၌ ဒါနဖြင့် ကမ္ပတ်ဖုံးလျက် ပါရမီအားလုံးကို နိဂုံးချုပ်တော်မူခဲ့ပေသည်။
ဒါနပြုဖွယ် မလိုသူ။ ။ ဒါန ပြုဖွယ် မလိုသော ပုဂ္ဂိုလ်တမျိုး ရှိသေး၏။ ထိုပုဂ္ဂိုလ်မျိုးကား ယခု ဘဝ၌ပင် ခန္ဓာဝန် လက်စသိမ်း၍ အေးငြိမ်းအောင် တရား အားထုတ်နေသော ယောဂီ ပုဂ္ဂိုလ်ကြီးတည်း။ ထိုပုဂ္ဂိုလ်မှာ ဒါနပြုနေလျှင် ထိုဒါနပြုနေသည့် အတောအတွင်း၌ ကမ္မဋ္ဌာန်း အားထုတ်မှု လစ်ဟင်း၏။ ထို့ကြောင့် ယနေ့ နက်ဖြန်ဆိုသလို တရားထူးရအောင် အားထုတ်နေသော ပုဂ္ဂိုလ်အတွက် ဒါနပြုဖွယ် မလိုပါ။ ငါ့တို့ ဥပဇ္ဈာယ်ဆရာ မဟာဂန္ဓာရုံ ဆရာတော်ဘုရား အထံ၌ မန္တလေးမှ ဒါန ဝါသနာ ပါသော ဆရာတော်ကြီးတပါး ကမ္မဋ္ဌာန်း အားထုတ်နေစဉ် နံနက်စောစော၌ ဘုရားလှူရန် ပန်းကောက်နေသည်ကို ဆရာတော်မြင်၍ “ပန်းကို နောက်မှလှူပါ၊ တရားကို အားထုတ်သည့်အခါ တရားကိုသာ ကြိုးစားတော်မူပါ”ဟု တောင်းပန်ဖူးလေသည်။
မဟာဂန္ဓာရုံ ဆရာတော် ကိုယ်တိုင်ကား ခန္ဓာဝန် လက်စသိမ်း မသိမ်း မသိရသော်လည်း အားထုတ်တော်မူ စဉ်မှာ အမှန်ပင် လက်စသိမ်းအောင် အားထုတ်ခြင်း ဖြစ်၏။ ထိုမျှ အားထုတ်သော ဆရာတော်သည်ပင် ဂူအောင်း၍ ထွက်တော်မူပြီးနောက် ရရှိသမျှ လဘ်လာဘတို့ကို ဝေဖန် ခွဲခြား၍ ဒါနပြုတော် မူပါသေးသည်။ ထို့ကြောင့် တရားထူးပေါက်အောင် အားထုတ်နေခိုက်၌ ဒါန ပြုဖွယ်မလို။အခြားအခါနှင့် အခြားသူများမှာ နေ့ရှိသမျှ ဒါနပြုသင့်ကြပေသည်။
ပျော်စရာ့ဒါန။ ။ စွန့်ကြဲ ပေးကမ်း လှူဒါန်းနေရခြင်းသည် အလွန် ပျော်စရာ ကောင်းပေ၏။ တကယ့်စေတနာနှင့် တကယ်တမ်း အလှူဒါန ဝါသနာ ပါနေသူသည် ဆင်းရဲသူတွေကို မြင်လျှင် သနား ကရုဏာက အရင်းခံလျက်ရှိသောကြောင့် အားလုံးသတ္တဝါတွေ အပေါ်မှာ ချစ်ကြည်သော မေတ္တာနှင့် ချမ်းသာပြီးသူများကိုနှစ်သက်သော မုဒိတာတို့ မကြာခဏဖြစ်ရကား ဒါနရှင်၏ မျက်နှာသည် စန်းလအသွင် အမြဲ ကြည်လင် အေးမြကာ ကျက်သရေ မင်္ဂလာဖြင့် လွန်စွာ ပျော်ရွှင်ပုံရပေသည်။
ထို ဒါနရှင်၏ အလှူကို ခံယူသူတို့ကလည်း ဒါနရှင်ကို ရည်စူး၍ အထူး မေတ္တာပို့သည့်ပြင် ဒါနရှင် ချမ်းသာလေ အလှူခံများ၌ မုဒိတာပွားလေ ဖြစ်ရကား ဒါန တခုတည်းကပင် လူ သတ္တဝါတို့၌ ဗြဟ္မစိုရ်တရား ထွန်းကားအောင် ပြုနိုင်ပေသည်။ ထို့ကြောင့် ဒါနအစစ်မှန်လျှင် ဒါနဖြစ်ရုံမက မေတ္တာ ကရုဏာ မုဒိတာတို့နှင့်လည်း အဆင်သင့် လိုက်လျော၍ ဘာဝနာ သဘောကိုလည်း ကျေးဇူးပြုနိုင်ပါသည်။
ဒါနရှင်မှ ဓနရှင်။ ။ လူချမ်းသာ ဟူ၍ အမွှန်း တင်ကြရသော ယခု ကာလ လူ့လောက၌ စားသောက်နေထိုင်ရေးအတွက် မပူမပင်ရသူ နည်းပါးလှ၏။ ထိုကျပ်တည်း ကျဉ်းမြောင်းနေကြရှာသော ဒုက္ခိတ စာရင်းတွင် ပါဝင်သူများသည် ရှေးရှေးဘဝက ဒါနချို့သူများသာ ဖြစ်၏။ လူ့ချမ်းသာ စာရင်းဝင်သူတို့ကား ယခုဘဝ ဓနရှင် ဖြစ်လောက်အောင် ရှေးရှေးဘဝက ဒါနရှင်လည်း ဖြစ်ခဲ့ကြပေသည်။ ထိုဓနရှင်များသည် ဤဘဝတွင် ဓနရှင်ဖြစ်ရုံနှင့် ကျေနပ်လိုက်ပါမည်လော။ ယခု တဘဝ မျက်စိမှိတ်လိုက်သည်နှင့် တပြိုင်နက် လက်ရှိ ဓနများ လက်မဲ့ဖြစ်ကြပြီးလျှင် အသစ်ဘဝတွင် အသစ်ဓနနှင့် စခန်း သွားကြရလိမ့်မည်။
ထို့ကြောင့် သူတော်ကောင်း ဓနရှင်တို့သည် လက်ရှိ ဓနများကို (အမွေခံ များအတွက် သင့်အောင် ချန်ထား၍) ဆင်းရဲသူများကို ဖြန့်ဖြူး နိုင်မှသာ “ရှေးဘဝက ဒါနရှင်၊ ယခုဘဝ ဓနရှင်။ ယခုဘဝ ဒါနရှင်၊ နောင်အဆက်ဆက် ဓနရှင်”ဟု နိဗ္ဗာန်စံဝင်သည့်တိုင်အောင် အမြဲ ဓနရှင်များ ဖြစ်နိုင်ကြပေမည်။ ထို့ကြောင့် တဘဝမျှပင် ခေတ္တပိုင်ရသော ဓနကို “ငါပိုင်”ဟု သဘောမထားပဲ “ဆင်းရဲသား အများဆိုင်သော ငါပိုင်”ဟု သဘောထား၍ ဒုက္ခိတအများကို ဖြန့်ဖြူးနိုင်စေရမည်။
မြစ် စသည်နှင့် တူသော ဓနရှင်။ ။ လောကနီတိ ကျမ်းများ၌လည်း သူတော်စင် ဓနရှင်သည် တူသာ ဓနရှင်မြစ်၊ သစ်ပင်၊ မိုးများနှင့် တူ၏-ဟု ဆိုထား၏။ မြစ်များ၌ ရေတွေရှိသော်လည်း ထိုရေကို မြစ်က မသောက်ပါ။ ရေလိုသူတို့ ချိုးကြ သောက်ကြဖို့ရာ ရေတွေကို စုထားသည်။ သစ်ပင်များလည်း သစ်သီးကို မိမိတို့ မစားကြ၊ အလိုရှိသူတို့ သုံးစားကြဖို့ အသီးကို သီးပေးကြသည်။ မိုးများသည် ရေတွင်း ရေကန်တို့၌သာ ရွာသည်မပာုတ်၊ ရေမရှိသော ကုန်းပြင်မှာလည်း ရွာကြသည်။
ထို့အတူ ဓနရှင် သူတော်ကောင်းများလည်း မိမိတို့ချည်းသာ သုံးစွဲဖို့ရာ ပစ္စည်း ဥစ္စာများ ရှာဖွေ စုဆောင်းထားသည် မဟုတ်၊ ဆင်းရဲသားများအတွက်လည်း လက်ရှိ ပစ္စည်းများကို သိမ်းဆည်း၍ ထားကြလေသည်။ ဒါနပြုသော အခါလည်း ချမ်းသာ ကြွယ်ဝ၍ ရေရှိသော တွင်းနှင့် တူသူကိုသာ (ဘုန်းကံ ကြီးမားသော ဆရာတော်ကြီးများကိုသာ) ရွေးချယ်၍ မပြုပဲ ကုန်းပြင်နှင့် တူသော ဆင်းရဲသားများကိုလည်း ပြုကြရသည်ဟု ဆိုလို၏။
“မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ဖြာစီးကြ၊ မြစ်ထိုမျှကား၊ ချမ်းမြ ရည်တွေ၊ စီးသည့်ရေကို၊ ရှိသည့်အလျောက်၊ မြစ် မသောက်ဘူး၊ ပေါက်ရောက်ပွားစည်၊ သစ်ပင်သည်ကား၊ သစ်သီးများကို၊ မစား ကြဘူး၊ သွန်မှူးရေရည်၊ မိုးတုံသည်လည်း၊ ရေတည်သင့်ရာ၊ တွင်း၌ သာလျှင်၊ ရွာသည်ဟုတ်ဘူး၊ ဂုဏ်ထူးမြင်ကျယ်၊ သူတော်ကြွယ်တို့၊ လက်ဝယ်ဥစ္စာ၊ ရတနာလည်း၊ လာလာအများ၊ သူတပါးတို၊ စီးပွားချမ်းသာ၊ အကျိုးငှါသည်၊ မှန်စွာမြဲတည့် မသွေတည်း” -နီတိပျို့။
ဤပြဆိုခဲ့သော အစဉ်ဖြင့် ဓနရှင်ဘဝ၌ ဒါနပြုခြင်းသည် မေတ္တာ ကရု မုဒိတာ ဗြဟ္မစိုရ်တရား အမြဲ တိုးပွားစေသဖြင့် နေ့စဉ်နှင့်အမျှ မျက်နှာ ကြည်လင်၍ ကုသိုလ်ရနေရုံမက နောက်နောက်ဘဝ၌ ဓနရှင်ဖြစ်ဖို့အကြောင်း ထပ်လောင်း၍ ကောင်းပြန်စေသည့်ပြင် သံသရာလမ်း ဖြောင့်တန်းစွာဖြင့် ခေမာ နိဗ္ဗာန်သို့ ရောက် စေနိုင်သော ဒါနကို အဘယ်မှာ မေ့လျော့ သင့်ပါတော့ အံ့နည်း။
ထို့ကြောင့် ဘုရား တရားတော် အရ ဂ-ပါးသီလ၊ ၁၀-ပါးသီလ၊ အာဇီ ဝဋ္ဌမက သီလများကို စောင့်သုံးလျက် သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ကာ ကောင်းစွာ ရေမိုးချိုးပြီးနောက် မေတ္တာ ကရုဏာ မုဒိတာ ဗြဟ္မစိုရ် ၃-ပါးကို ပွားများ၍ “အဒ္ဓါ ဣမာယ ပဋိပတ္တိယာ ဇရာ မရဏမှာ ပရိမုစ္စိဿာမိ=ဤ ဒါန အကျင့်ဖြင့် အို နာ သေရေး ဆင်းရဲဘေးမူ ဧကန် လွတ်မြောက်ရတော့မည်” ဟု တည်ကြည်သော စိတ်ထားဖြင့် နိဗ္ဗာန်ကို မှန်းပြီးလျှင် သူတော်စင် သူယုတ်မာ လာလာသမျှ အလှူခံ အပေါင်းအား နှစ်ထောင်း အားရ လှူဒါန်း ဝေငှ၍ နေရပါလျှင် မည်မျှလောက် ပျော်ရွှင်ဖွယ် ကောင်းမည်နည်း။ အဘယ်မှာလျှင် သံသရာ ရေယဉ်ကြော၌ ကြာရှည်စွာ မျောအောင် ဆွဲထားမည်နည်း။ နိဗ္ဗာန်သို့ အမြန်တက်အောင် ခပ်သွက်သွက် ပိုဆောင်လိမ့်မည် မဟုတ်ပါလော။
ဒါန ပစ်ပယ်လျှင် ဖြစ်ဖွယ် အပြစ်။ ။ ယခု ပြခဲ့သော စကားများဖြင့် ဒါန၏ အကျိုးကျေးဇူးများ ကုန်လောက်ပြီဟု မမှတ်ဘဲ့။ ဒါန၏ ကျေးဇူးသက်သက် စာတအုပ် ရေးထုတ်စေကာမူ ကုန်လိမ့်မည် ဟူ၍ မဆိုနိုင်။ ထို့ကြောင့် ဒါနကို မည်သည့်နည်းနှင့်မျှ မပစ်ပယ်သင့်ကြ။ တချို့ လူတို့ဝါဒဖြင့် ဒါနကို ပစ်ပယ်လိုက်ပြီ ဆိုပါတော့။ ထိုကဲ့သို့ ပစ်ပယ်လိုက်လျှင် တယောက်နှင့် တယောက် ပေးကမ်း ချီးမြှောက်ခြင်း မရှိတော့ရကား အချင်းချင်း မေတ္တာ မရောက်ပဲ သွေ့ခြောက်ခြောက်ဖြစ်ကြရတော့မည်။ ဆင်းရဲသူ ဆင်းရဲသားတွေကို မပေးမစွန့်လျှင် ထိုသူတွေကို ဘယ်လို စိတ်စေတနာတွေထား၍ ရှုစားရမည်နည်း။ “ဒီအကောင်တွေငတ်လိုသေသေ”ဟု သဘောထားရတော့မည်။ ထိုသို့ဖြစ်လျှင် ဒါနကို ပယ်လိုက်ရုံဖြင့် ထိုသူ၏ စိတ်ထားသည် ကြမ်းတမ်း သွားချေပေါ့။ စိတ်ကြမ်းလျှင် ရုပ်လည်း ကြမ်းတော့မည်သာ။
ဆက်ဦးမည်...ငါတို့ ဘုရားရှင်သည် ထီးနန်းကို စွန့်ခွာတော်မူခဲ့သည်မှစ၍ ဒါနရှင်တို့ အကူအညီဖြင့်သာ ဘုရားဖြစ်တော်မူလာခဲ့ရပေသည်။ ဘုရားဖြစ်တော် မူပြီးနောက်၌လည်း အနာထပိဏ် ဝိသာခါ ဗိမ္ဗိသာရမင်း စသော ဒါနရှင်ကြီးများ၏ အကူအညီ ရ၍သာလျှင် သာသနာတော်ကြီးကို တည်ထောင်တော်မူနိုင် ပေသည်။ ထိုခေတ်မှစ၍ ဒါနကို ပယ်သူများ ထွန်းကားနေခဲ့ပါလျှင် ဘုရားရှင်လည်း မပွင့်နိုင်ရာ၊ သာသနာတော်မှာမူ သာ၍ပင် ဝေးခဲ့ရာ၏။ ငါတို့ ဘုရားရှင် လက်ထက်တော်ကို ထားလိုက်ပါဦးတော့။ ကမ္ဘာ့ ကမ္ဘာ သံသရာဝယ် ဒါနဟု ခေါ်သော အကျင့်ကောင်း တမျိုးသာ မရှိပါမူ ဂင်္ဂါဝါဠု သဲစုမကသော ဘုရားရှင်များ ဧကန် ပွင့်တော်မူခွင့် ရကြမည် မဟုတ်ပါ။ “ဖွတဲ့ လွှဲစေ ဖယ်စေ” ယခုအချိန်မှစ၍ နောက်နောက်အခါ ကမ္ဘာ အသစ်အသစ်တို့၌ ဒါနကို ပစ်ပယ်လိုသူများ မဖြစ်ပေါ်ရစ်ပါစေသား။
ဒါနအစွမ်း၊ လက်ရုံးတန်းဖို့၊ ဆုံးခန်းရောက်ဖွယ်၊ ဤကျမ်းငယ်က၊ အဘယ်ထုတ်ချောက်၊ ရေးသားလောက်လိမ့်၊ နှိုင်းထောက်ကြံချယ်၊ ဉာဏ်မမယ်တို့၊ စိတ်ဝယ်ဝိုးဝါး၊ မထင်မှားနှင့်၊ ဘုရားဆူဆူ၊ ဒါနကူမှ၊ သုံးလူသင်းကျစ်၊ ဧကန်ဖြစ်၍၊ အသစ်တရား၊ ဟောဖော်ထားလျက်၊ အများဝေနေ၊ ကျွတ်လွတ်စေ၏၊ ထွေထွေများမြောင်၊ ဒါနဆောင်သော်၊ ပြောင်တလက်လက်၊ အရောင်ထွက်သို့၊ ခေါင်ထက်ခေါင်နင်း၊ ဖြစ်ကြခြင်းနှင့် ယင်းသည့်ဒါန၊ မပါကြသည့်၊ ဒုက္ခသည်စု၊ တွေ့တိုင်းရှု၍၊ လူမှုအားကိုး၊ ဒါနမျိုးကို၊ ပျိုးလေ ဆန်းဆန်း၊ နေ့စဉ်လန်းအောင်၊ ကျွတ်တမ်းဝင်လိုဘိမူကား။ "
သီလ အကြောင်း
“ဒါနထက် သီလက မြတ်သည်”ဟု ပြောစမှတ်ပြုကြရာ၌ သာမန်လောက် စဉ်းစားလျှင် ထိုစကားကို ဝန်ခံဖို့ ခဲယဉ်း၏။ သို့သော် လေးလေးနက်နက် စဉ်းစားသောအခါ ကောင်းစွာ လုံလောက်သော အကြောင်းကို တွေ့ရပေသည်။ လောက၌ ရှိရှိသမျှ အလုပ်တို့တွင် သူတပါးမဆင်းရဲအောင် စောင့်ရှောက် အလုပ်နှင့် သူတပါးချမ်းသာအောင်ကူညီသောအလုပ်သည် ကောင်းအလုပ် အကျိုးများသောအလုပ်တို့ပေတည်း။
ဒါနအလုပ်နှင့် သီလအလုပ် ၂-မျိုးတွင် ဒါနသည် သူတပါးချမ်းသာအောင် ပြုနိုင်သောအလုပ်ဖြစ်၍ သီလအလုပ်က သူတပါးမဆင်းရဲအောင် စောင့်ရှောက်သော အလုပ် ဖြစ်၏။ [သီလအလုပ် ဟူရာ၌ ၅-ပါးသီလ၊ အာဇီဝဋ္ဌမကသီလတို့ကို ဆိုလိုသည်။ ဂ-ပါးသီလ၊ ၁၀-ပါးသီလတို့အတွက်မှာ အကြောင်းတမျိုး ပြဖွယ် ရှိ၏။
ဒါနအလုပ်။ ။ ချဲ့ဦးမည်-“ဘယ်သူ မပြု မိမိမှု” ဆိုသည့်အတိုင်း သတ္တဝါ တဦး တယောက်သည် သူ့ကံအားလျော်စွာ ဆင်းရဲနေပြီ ဆိုကြပါစို့။ ထိုဆင်းရဲနေသူကို ကူညီထောက်ပံ့ခြင်း စွန့်ကြဲပေးကမ်းခြင်းသည် ဒါနအလုပ်တည်း။ ထပ်၍ပြဦးမည်ယခုခေတ် ရဟန်း သံဃာ စသော ပုဂ္ဂိုလ်များသည် တကယ် ဆင်းရဲနေသူများ မဟုတ်ကြ။ သို့သော် ထိုပုဂ္ဂိုလ်တို့၌ ကိုယ်ပိုင်ဟု ဆိုရာ ရိက္ခာမလုံလောက်ချေ။ သို့ဖြစ်၍ တနည်းအားဖြင့် ဆင်းရဲသူ များပင် ဖြစ်၏။ ထို့ကြောင့် ဆင်းရဲသူတွင် ပါဝင်သော ထိုရဟန်းသံဃာတော်တို့အား လှူဒါန်းခြင်းသည်လည်း ကူညီခြင်းပင် ဖြစ်၏။
ဘုန်းကံကြီး၍ ချမ်းသာနေသော ဆရာတော်တို့အား လှူဒါန်းခြင်းမျိုး ရှိသေး၏။ ထိုသို့ လှူဒါန်းရာ၌လည်း ဆရာတော်ကြီးမှာ လိုနေသော (ဆရာတော်နှင့် ထိုက်တန်အောင် မလုံလောက်သေးသော) အရာဝတ္ထုကို လှူဒါန်းခြင်း ဖြစ်လျှင် ဆင်းရဲသူ့ကို ကူညီခြင်းမျိုးပင် ဖြစ်၏။ ဆရာတော်မှာ အရာရာ ပြည့်စုံပြီး ဖြစ်လျက် ဖြည့်စွက် လှူဒါန်းရာ၌ကား ဆရာတော်မှ တဆင့် မရှိနွမ်းပါးသော တပည့်တပန်းတို့အားဖြန့်ကမ်း ဝေဌဖို့ရန် ဆရာတော်ကြီးအထံ အပ်နှံလှူဒါန်းခြင်းမျိုး ဖြစ်သောကြောင့် မရှိဆင်းရဲသူများအား ထောက်ပံ့ခြင်းနှင့် အလားတူပင် ဖြစ်၏။ ထို့ကြောင့် ဒါနအလုပ် ဟူသမျှသည် တယောက် ၂-ယောက်က စ၍ ကမ္ဘာသူ ကမ္ဘာသား ဆင်းရဲသူ သတ္တဝါများကို စောင့်ရှောက်ရသော အလုပ်ကောင်းတမျိုး ဖြစ်ရကား ဒါနအကျိုး နားလည်သူ မှန်လျှင် အလွန် ပြုချင်ဖွယ် ကောင်းပါပေသည်။
ပါဏာတိပါတာ ဝိရတိ။ ။ သီလအလုပ်ကား သူတပါး မဆင်းရဲအောင် စောင့်ရှောက်သော အလုပ်တည်း။ ချဲ့ဦးမည်- ပါဏာတိပါတာ ဝေရမဏိ” စသော သိက္ခာပုဒ် သီလများကို မစောင့်ထိန်းပဲ တွေ့ကရကို သတ်နေလျှင် အသတ်ခံရသော သတ္တဝါမှာ မည်မျှ ဆင်းရဲမည်ကို စဉ်းစားကြည့်ပါလော။ ထိုသိက္ခာပုဒ် သီလတခု မစောင့်ထိန်းပဲ သတ်ချင်တိုင်း သတ်နေကြသည့်အတွက် မြစ်ထဲ၌ ငါးပေါင်းမည်မျှ၊ မြို့ရွာတို့၌ နွား၊ ဆိတ် ဝက် ကြက် ငှက် စသော သတ္တဝါပေါင်းမည်မျှ အသတ်ခံရ၍ သတ်ခါနီး၌ မည်မျှ ဆင်းရဲရှာကြည်ကိုလည်းကောင်း၊ လူအချင်းချင်း ရက်စက်စွာ သတ်မှုမှ စ၍ စစ် အကြီးအကျယ် ခင်းလျက် သွေးချင်းချင်းနီအောင် သတ်နေကြသဖြင့် ကမ္ဘာ အရပ်ရပ်ဝယ် စစ်ဖြစ်တော့မည် ကြားကတည်းက မည်မျှ ဆင်းရဲကြ သည်ကို လည်းကောင်း မျက်မြင် နားကြားဖြင့် စဉ်းစားကြည့်သောအခါ ပါဏာတိပါတသီလတပါးကို မစောင့်ထိန်းနိုင်ရုံမျှဖြင့် တယောက် ၂-ယောက်က စ၍ ကမ္ဘာသူ ကမ္ဘာသားများ တိုင်အောင် ဆင်းရဲဒုက္ခများပုံကို မြင်ကြရသည် မဟုတ်ပါလော။
ပါဏာတိပါတမှ ရှောင်ကြဉ်၍ ပါဏာတိပါတ ဝိရတိ သီလကို စောင့်ထိန်း လျှင်ကား သတ်ပုတ် ရိုက်နှက် နှိပ်စက် ညှဉ်းပန်းခံရ၍ မျက်ရည် တလည်လည်နှင့် အားငယ်ကြရသော ဆင်းရဲ၊ မချိမဆံခံရသော ဆင်းရဲမှ ကယ်ဆယ်ရာ ရောက်သောကြောင့် ဤသီလကိုတယောက်စောင့်လျှင် တယောက်အတွက်၊ ၂-ယောက် ၃-ယောက်စောင့်လျှင် ၂-ယောက် ၃-ယောက်အတွက်၊ ကမ္ဘာသူ ကမ္ဘာသား အားလုံးစောင့်လျှင် ကမ္ဘာသူ ကမ္ဘာသားအတွက် ထိုဆင်းရဲမျိုး မရကြန်တော့ပဲ တွေ့ရာ မြင်ရာ သတ္တဝါတို့ အပေါ်၌ မေတ္တာ ကရုဏာ မုဒိတာ တရားတွေ စိုစိုပြည်ပြည် ဖြစ်လျက် အလွန် ကျက်သရေ ရှိ၍ ပျော်ဖွယ်ကောင်းသော ကမ္ဘာကြီး ဖြစ်နေပေလိမ့်မည်။
နှိုင်းယှဉ်ချက်။ ။ ဤပါဏာတိပါတ သီလ တပါးတည်းပင် ဒါနနှင့် နှိုင်းယှဉ်ကြည့်မူ သီလက သာလွန် မြင့်မြတ်ကြောင်း ထင်ရှားနေပေပြီး၊ ဤနေရာဝယ် သူတပါးက တစုံတရာပေး၍ စိတ်ချမ်းသာနေသူ တယောက်နှင့် အသတ်ခံရမည့်ဆဲဆဲမှ လွတ်လာ၍ စိတ်ချမ်းသာနေသူ တယောက်၏ ချမ်းသာပုံကို နှိုင်းယှဉ်ကြည့်လျှင် တစုံတရာ ရ၍ စိတ်ချမ်းသာသူ၏ ချမ်းသာပုံထက် အသက်ဘေးမှ လွတ်လာသူ၏ ချမ်းသာပုံက ဆထက်ထမ်းပိုးမက အဆ ရာထောင် သာလွန်နေမည်ကို စဉ်းစားတတ်သူတိုင်း ဝန်ခံပါလိမ့်မည်။ အစာမရလျင် သေရတော့မည့်သူကို အစာကျွေးသဖြင့် စိတ်ချမ်းသာမှုသော်မှလည်း အသတ်ခံ ရတော့မည့်ဘေးမှ လွတ်မြောက်ခွင့်ရခဲ့သူ၏ စိတ်ချမ်းသာမှုကို မီနိုင်မည် မဟုတ်ပါ။
အဒိန္နာဒါန ဝိရတိ။ ။ သူ့ဥစ္စာကို ခိုး၍ တိုက်၍ လုယက်၍ ယုမူကြောင့် ဥစ္စာရှင်တို့မှာ ဆင်းရဲကြရရှာသည်။ တနိုင်ငံလုံးကို တိုက်ခိုက် လုယူမှုကြောင့် နိုင်ငံရှင် ဘုရင် မိဖုရား ဆွေတော် မျိုးတော်များနှင့် တကွ နိုင်ငံသူ နိုင်ငံသားတို့ မခံမရပ်နိုင်အောင် စိတ်ဆင်းရဲကြရ၏။ ရသင့်ရထိုက်သော နိုင်ငံတွင်းရှိ အလုပ်များကို မလုပ်နိုင်ကြ၊ လုပ်ဖို့အခွင့်လည်း မရကြသဖြင့် ဥစ္စာဓန ရှားပါး၍ ကိုယ်ဆင်းရဲရ၏။ ထို့ကြောင့် အဒိန္နာဒါနမှုသည် ဥစ္စာရှင်များကို အဆက်ဆက် နာလန်မထူနိုင်အောင် ဖိစီး နှိပ်စက်သော အမှုကြီးပေတည်း။ ထိုအဒိန္နာဒါနမှ ရှောင်ကြဉ်၍ အဒိန္နာဒါနဝိရတိသီလကို စောင့်ထိန်းကြပါလျှင် ထိုဆင်းရဲမျိုးကို ကမ္ဘာမှာ တွေ့မြင်ကြရတော့မည် မဟုတ်သဖြင့် အဒိန္နာဒါန ဝိရတိ သီလသည် ကမ္ဘာသူ ကမ္ဘာသားများကို ဆင်းရဲဒုက္ခမှ မုချ လွတ်လပ်ခွင့် ရစေနိုင်သော ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေနိုင်သော သိလပေတည်း။
ကာမေသုမိစ္ဆာစာရ ဝိရတီ။ ။ ကာမဂုဏ် အတွေ့သည် ပုထုဇဉ်များ၌ ထူးခြားသော အာရုံတမျိုး ဖြစ်ရကား ထိုအတွေ့ပစ္စည်းကို အခြား ပစ္စည်းထက် ခင်မင်၏။ မိမိပိုင်ဆိုင်သော (မိမိ အလွန် မြတ်နိုးသော) ထိုကာမအတွေ့ကို အခြားသူအား (အရူးအနှမ်း မဟုတ်လျှင်) အပိုင်ပေးဖို့ မဆိုထားဘိ၊ ခေတ္တမျှ မပေးနိုင်ရုံမက တနည်းအားဖြင့် နှောင့်ယှက် လုယူမည့်သူကိုပင် ရန်သူကြီး အစစ်ဟု တထစ်ချ မှတ်ယူလေ့ ရှိကြသည်။ ထို့ကြောင့် သူပိုင် ကာမကို ခိုး၍ လု၍ ယူလျှင် ပိုင်ရှင်ဖြစ်သူမှာ အခြားပစ္စည်းကို လုယူသွားသည်ထက် နက်နက်နဲနဲ ဆင်းရဲရ၏။ တကယ်လို့ ခုခံနိုင်လျှင် အသက်ချင်း လဲမည့်သူသာ များလေသည်။ ထို့ကြောင့် ထိုမိစ္ဆာစာရမှ ရှောင်ကြဉ်မှု သီလလည်း သူတပါး၏ ဆင်းရဲရမည့် အရေးကို လေးလေးပင်ပင် ရှောင်ကြဉ်ရာရောက်သဖြင့် ကမ္ဘာသူကမ္ဘာသား လူအများချမ်းသာစေနိုင်သော သီလတမျိုး ဖြစ်ပေသည်။
မုသာဝါဒ ဝိရတိ။ ။ လောကဝယ်အလိမ်ခံရသော ဆင်းရဲလည်း “ပျော့ပျော့နှင့် နံ” ဆိုသလို အတော်ကို အခံရခက်သော ဆင်းရဲတမျိုးတည်း။ ထိုအလိမ်ခံရသည့်အတွက် အကျိုးပျက်စီးရပုံတို့မှာ မျက်မြင်အားဖြင့် ထင်ရှားရုံမက လိမ်သူက စွမ်းလှလျှင် နိုင်ငံတခုလုံးကိုပင် ရအောင် လိမ်နိုင်ကြသဖြင့် မည်မျှလောက် နစ်နာကြသည်ကို စဉ်းစားကြလေတော့။ ယခုခေတ် ဘာသာ အမျိုးမျိုး၏ ဆရာအမျိုးမျိုး တရားတွေကြောင့် (ဗုဒ္ဓဘာသာ တရားတော်အရ ဆိုလျှင်) မြော်မြင် မှန်းဆ၍ မကုန်နိုင်သော ဆင်းရဲကိုလည်း အမှားလမ်း လိုက်မိသူတိုင်း တွေ့ရတော့မည်။ ထို့ကြောင့် မုသာဝါဒမှ ရှောင်ကြဉ်မှု သီလလည်း တယောက် ၂-ယောက်မှ စ၍ ကမ္ဘာသူ ကမ္ဘာသားတို့၏ ဒုက္ခကို မုချ စောင့်ရှောက်ရာ ရောက်ပေသည်။ [ဤနေရာဝယ် ဗုဒ္ဓဘာသာ ဝင်ထဲမှ တချို့ တရားဟောဆရာတွေ ညာနေပုံ၊ ဉာဏ်မရှိသူ လူအများပင် ထိုအညာ ဆရာကို အထင်ကြီးပုံကိုပါ စဉ်းစားကြပါလေ။]
သုရာပါန ဝိရတိ။ ။ သေရည် သေရက် သောက်သူသည် မိမိဘာသာ သောက်ရုံ သက်သက်ဖြစ်လျှင် မိမိမှာ နောင်ဘဝသံသရာ၌ မကောင်းကျိုး ခံစားရုံမှတပါး အခြားသူတို့၌ များစွာ မထိခိုက်သေးပေ။ သို့သော် ထိုကဲ့သို့ သောက်ရုံသက်သက်ဖြင့် အမြဲတင်းတိမ်မည် မဟုတ်။ မူးလာသောအခါ ရှေ့သိက္ခာပုဒ်များကို ကျူးလွန်ဖို့ရန် အခြေခံ ဖြစ်လေပြီ။ လောက၌ အလွန် လည်ပတ်သူ လူတယောက်သည် သတ်မှု ခိုးမှု ကာမမှု စသည်တို့ကို တစုံတခုမျှ ကိုယ်တိုင် မပြု။ သို့သော် သူ၏ဘက်သား ရဲဘော်များကို ကျကျနန နည်းပေး လမ်းပြလေ့ ရှိ၏။ ထိုလူလည်ဖြစ်သူသည် (သူ့ ကိုယ်တိုင် မလုပ်သော်လည်း) ကိစ္စအားလုံး၌ နည်းပေးလမ်းပြ ခေါင်းဆောင်နေသူ ဖြစ်ရကား ကိုယ်တိုင် လုပ်သူထက်ပင် ကြောက်မက်ဖွယ် ကောင်းသေး၏။ ကိုယ်တိုင် လုပ်သူထက်ပင် သူများကို ဆင်းရဲစေသေး၏။ ထို့အတူ သုရာပါနမှုလည်း တဖြည်းဖြည်း အနယ်ကျ၍ ယစ်ထုပ်ဘဝသို့ ရောက်သောအခါ ပါဏာတိပါတမှု စသည်ထက် ကြောက်မက်ဖွယ် ကောင်းလှ၍ ပါဏာတိပါတမှု စသည်တို့ထက် သတ္တဝါ အများ၏ ဆင်းရဲဒုက္ခကို များစွာ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် သုရာပါန ဝိရတိလည်း မိမိအိမ်သူအိမ်သားမှစ၍ ကမ္ဘာသူကမ္ဘာသားအထိ ဆင်းရဲမည့် အဖြစ်မှ စင်စစ် ကယ်တင်ရာ ရောက်လေသည်။
ဤနည်းအားဖြင့် အခြားသော အာဇီဝဋ္ဌမကသီလ စသည်တို့၏ အကျိုးကို စဉ်းစားကြပါလေ။ ဤကဲ့သို့ အကျိုး အပြစ်ကို စိစစ်လိုက်သောအခါ တကမ္ဘာလုံး ငါးပါးသီလ လုံခြုံနေပါမူ တကမ္ဘာလုံး ချမ်းသာကြမည့်အကြောင်း ကောင်းကောင်းကြီး ထင်ရှားရကား ငါးပါးသီလ တမျိုးသည်ပင် ဒါနထက် သာလွန် မြင့်မြတ်ကြောင်း ထင်ရှားပြီ။ သို့ဖြစ်၍ မိမိကိုယ်တိုင်နှင့် စပ်ဆိုင်ရာ အားလုံးဝယ် ငါးပါးသီလ ပြည့်ဝ လုံခြုံသူချည်း ဖြစ်အောင် သတိဆောင်ကာ သတ္တဝါများအပေါ်၌ မေတ္တာ ကရုဏာ ထားနိုင်ကြပါစေသတည်း။
ဥပုသ်သီလ။ ။ ဗြဟ္မစရိယ၊ ဝိကာလဘောဇန စသော ဥပုသ်သီလများကား ပြခဲ့သောငါးပါးသီလ စသည်တို့ကဲ့သို့ သူတပါးမဆင်းရဲအောင် စောင့်ရှောက်ရသော သီလ မဟုတ်၊ မိမိစိတ်ဓာတ်ကို မြင့်မြတ်အောင် စောင့်သုံးရသော သီလ များတည်း။ ချဲ့ဦးအံ့ – ယခုကာလ အများစောင့်သုံးသော အိမ်နီးချင်း ရိုသေရုံ ဥပုသ် မဟုတ်ပဲ တကယ် စောင့်ရသော ဥပုသ်မျိုးကို “အရိယ ဥပုသ်”ဟု ခေါ်၏။ [ထိုဥပုသ် အမျိုးမျိုးတို့နှင့် ဥပုသ်စောင့်ပုံ အစီအစဉ်ကို ရတနာ့ဂုဏ်ရည်၌ ကျယ်ဝန်းစွာ ပြထားခဲ့ပြီ။]
ထို အရိယ ဥပုသ်ကို စောင့်သူသည် သီလဆောက်တည်ပြီးနောက် ဘုရား ဂုဏ်တော်ကိုဖြစ်စေ၊ သို့မဟုတ် တရားဂုဏ်၊ သံဃာ့ဂုဏ်၊ မိမိသီလဂုဏ်၊ ဒါနဂုဏ် တမျိုးမျိုးကိုဖြစ်စေ အာရုံပြု၍ ကမ္မဋ္ဌာန်း ဘာဝနာကို ပွားများနေထိုင်ရမည်။ ထိုသို့ ပွားများနေထိုင်သောအခါ မိမိ၏စိတ်ဝယ်လောဘ ဒေါသ မာန စသော အကုသိုလ်များ နည်းသည်ထက် နည်းပါး၍ စိတ်နေ စိတ်ထားလည်း ကြီးသည်ထက် ကြီးမားလာပေလိမ့်မည်။ ထို့ကြောင့် ဥပုသ်သီလတို့မှာ သီလမည်ရုံသာမက ဘာဝနာနှင့် အဖော်အပေါင်း ဖြစ်သည့်ပြင် အရင်းခံဖြစ်သော ပါဏာတိပါတ စသည်မှလည်း ရှောင်ကြဉ်ပြီး ဖြစ်သောကြောင့် ရိုးရိုး ငါးပါးသီလ ထက်ပင် သာလွန်မြင့်မြတ်သော အကျင့်ဖြစ်ကြောင်းကို သိနိုင်ပါသည်။
ဘာဝနာ အကြောင်း
“ဘာဝနာ” ဟူရာ၌ မြန်မာလို “တိုးပွားစေခြင်း၊ ထုံမွှမ်းခြင်း”ဟု အဓိပ္ပါယ်ရ၏။ မိမိ၏စိတ်ကို မြင့်မြတ်ဖြူစင်အောင် အားထုတ်ရသော စိတ်အလုပ် (မနောကံ) တမျိုးတည်း။ ထို့ကြောင့် တွေ့ရာ မြင်ရာ သတ္တဝါတို့အပေါ်၌ ကောင်းကျိုး ချမ်းသာ မင်္ဂလာကို အမှန်လိုလား၍ မေတ္တာထားခြင်းသည် မေတ္တာ ဘာဝနာ မည်၏။ “မေတ္တာစိတ်ကို မိမိသန္တာန်၌ တိုးပွား၍ များလာစေခြင်း၊ မေတ္တာစိတ်ကို မိမိသန္တာန်၌ ထုံမွှမ်းခြင်း” ဟုဆိုလိုသည်။ ထိုမေတ္တာ ဘာဝနာကို အလေ့အလာပြုသူ၌ ထိုမေတ္တာဓာတ်တွေ အလွန် များလေသည်။ တကိုယ်လုံးကို မေတ္တာဖြင့် ထုံမွှမ်းထားသကဲ့သို့ ဖြစ်နေလေသည်။
ထိုသို့ မေတ္တာဓာတ်ခံ ရှိနေသူသည် ဆင်းရဲသူကို မြင်ရပြန်လျှင် ထိုသူ့ကို ဆင်းရဲဒုက္ခမှ ကယ်တင်လိုသော ကရုဏာ ဘာဝနာလည်း အဆင်သင့် ဖြစ်လာတော့၏။ သတ္တဝါများ၏ ကောင်းကျိုး ချမ်းသာတို့ကို လိုလားသော မေတ္တာ ဓာတ်ခံ ရှိနေသောကြောင့် ကြွယ်ဝ ချမ်းသာသူကို မြင်လျှင် ဝမ်းမြောက်သော မုဒိတာ ဘာဝနာလည်း အဆင်သင့် ဖြစ်ပေါ်လာနိုင်ပေသည်။ ဤပြခဲ့သော ဘာဝနာ ၃-မျိုးကား စိတ်နေ စိတ်ထား မြင့်မြတ်သူ မှန်လျှင် တွေ့ရာ ကြုံရာ သွားလာ နေထိုင်ယင်းမှာပင် ဖြစ်နိုင်ပေသည်။
ဗုဒ္ဓါနုဿတိ စသော ကမ္မဋ္ဌာန်းတို့တွင် ဘုရားဂုဏ်တော်များကို အာရုံ ပြုသော ဗုဒ္ဓနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ ဘုရားရှင်၏ ရှေးအကြောင်းကောင်းပုံ၊ အကျိုးကောင်းပုံ၊ သတ္တဝါတို့အား အကျိုးများပုံ ဤ ၃-ချက်ကို လေးလေးနက်နက် စဉ်းစား၍ အာရုံပြုရမည်။
အကြောင်း ကောင်းပုံ။ ။ အကြောင်း ဆိုသည်မှာ ဘုရားဖြစ်ဖို့ရန် အကြောင်းဖြစ်သော ပါရမီတည်း၊ ထိုကောင်းမှုပါရမီတော်များကို ဖြည့်ကျင့်ခဲ့ရာဝယ် အများ သတ္တဝါတွေလို ပေါ့ပေါ့ဆဆ မဟုတ်။ အလွန်ထက်သန်တော်မူပေသည်။ ထိုသို့ထက်သန်စွာ ဖြည့်ကျင့်တော်မူရာ၌လည်း ဘဝသံသရာဝယ် ကိုယ်တော့် ချမ်းသာရေးကို မျှော်တွေး၍ ဖြည့်ကျင့်သည် မဟုတ်။ သတ္တဝါအများ၏ စီးပွားချမ်းသာ ရွက်ဆောင်နိုင် အရေးကိုသာ မျှော်တွေး၍ ဖြည့်ကျင့်တော်မူသည်။ ဤ အချက်များ ထင်ရှားအောင် ဝေဿန္တရာမင်း ဘဝ၌ ဒါနပါရမီကို စဉ်းစားပါလော။
များစွာသော လူတို့ ဒါန ပြုကြရာ၌ မိမိကိုယ်ကို “အလှူ့ရှင်”ဟု အများ သိစေလို၏။ အလှူခံ ပုဂ္ဂိုလ်တို့က ပြန်၍ ကျေးဇူးတင်စေလို၏။ တတ်နိုင်လျှင် ပြန်၍ပင် ကျေးဇူးဆပ်စေလိုသေး၏။ ဤ ဒါနကြောင့် နောက်နောင်ဘဝတို့၌ စည်းစိမ် ချမ်းသာကို ခံစားလိုကြ၏။ အားလုံးပြီးစီးမှ နိဗ္ဗာန်ကို မလိုလဲ လိုလဲ ဆုတောင်းကြ၏။ အလောင်းတော် ဝေဿန္တရာမင်းကား ထိုကဲ့သို့ မဟုတ်ပါ။ ဖွားမြင်ပြီး၍ မကြာခင် မယ်တော် အထံ လက်ကလေး ဖြန့်၍ လှူစရာကို တောင်းတော်မူ၏။ ဤအချိန်မှာ ဂုဏ် ပကာသန စသည်များကို မတွက်တတ် သေးပါ။ ဝါသနာတော်အတိုင်းသာ သူတပါးအား ပေးကမ်းလိုသော ဆန္ဒက ပြင်းပြတော်မူခြင်းသာ ဖြစ်ပါသည်။
ဤသို့ ပြင်းပြသော ဆန္ဒတော်ဖြင့် လက်ဝတ်လက်စားများကို ချွတ်ကာ ချွတ်ကာ မကြာမကြာ ပေးကမ်း၍ ထီးနန်းရသော အခါ နေ့စဉ်နှင့်အမျှ သိန်းပေါင်းများစွာ ကုန်အောင် အလှူတင်းကုပ် ဆောက်လုပ် လှူဒါန်းပါသည်။ အလှူ မဏ္ဍပ်ဝယ် စားကြ သောက်ကြ ဝတ်ဆင်ကြ သူတွေကို ရှုစားတော်မူစဉ် စားသောက် ဝတ်ဆင် ကြရသူတို့ ပျော်ရွှင်ကြပုံကို မြင်ရ၍ ကိုယ်တိုင်လည်း အလွန် ရွှင်ပျတော်မူ၏။ ဤနေရာ၌လည်း ကိုယ်တော်၏ နောင်သံသရာ ချမ်းသာရေးနှင့် ဂုဏ်ပကာသန အရေးတို့ကို မတွေးအားပါ။ ထိုမရှိဆင်းရဲ စားရမဲ့ သောက်ရမဲ့ ဒုက္ခသည်တို့ကို ကယ်တင်နေရခြင်းကိုပင် “ဓနရှင် သူတော်ကောင်းတို့၏ မွန်မြတ်သော တာဝန်”ဟု အယူရှိ၍ ထိုဒုက္ခသည်တို့ကို ကယ်ဆယ်လိုသော ဆန္ဒ၏ ပြင်းပြတော်မူခြင်းသာ ဖြစ်ပါသည်။
တမြို့လုံး ပွက်ပွက်ဆူအောင် ပစ္စယဆင်ဖြူတော်ကို လှူသောအခါမှာလည်း ဂုဏ်ပကာသနနှင့် ဘဝစည်းစိမ်ကို တွေးတော်မမူပဲ “ဤကောင်းမှုကြောင့် သဗ္ဗညုတဉာဏ်တော်ကို ရလိုပါ၏”ဟု ဆုတောင်းတော်မူသည်။ ဤနေရာဝယ် သဗ္ဗညုတဉာဏ် ရခြင်းကို ကိုယ်တော်၏ အကျိုးဟု မှတ်ထင်ကြပေလိမ့်မည်။ ထိုထင်သလို မဟုတ်ပါ။ သဗ္ဗညုတဉာဏ် ရခြင်းကြောင့် ကိုယ်တော်မှာ သာ၍ ပင်ပန်းစရာ ရှိပါသည်။ ထိုအသိဉာဏ် ရသည့်အတွက် မနေမနား ဟောပြ ဆုံးမတော်မူရခြင်း၊ ဒေသစာရီ ကြွချီတော်မူရခြင်းတို့ဖြင့် အားလပ်ခွင့်ရတော်မမူပုံကို မှန်းဆ၍ ကြည့်ကြပါကုန်။ ထို့ကြောင့် သဗ္ဗညုတဉာဏ်ကို တောင့်တော်မူခြင်းသည် ကိုယ်တော်အတွက်မဟုတ်၊ အများချမ်းသာအတွက်သာ ဖြစ်ပါသည်။
နောက်ဆုံး၌ ချစ်လှစွာသော သားတော် သမီးတော် ၂-ပါးနှင့် မဒ္ဒီမိဖုရားကို လှူရက်ပုံမှာ “ကိုယ်တွက်ကိုယ့်တာ မပာုတ်၊ သတ္တဝါတို့အကျိုးသာဖြစ်ကြောင်း” ကောင်းကောင်းကြီး ထင်ရှား နေပါသည်။ ချဲ့ဦးအံ့-လူ့စည်းစိမ် ဖြစ်စေ၊ နတ်စည်းစိမ် ဖြစ်စေ လိမ္မာလှပ မိမိအလိုကျ နေထိုင်ဖော်ရသော ဇနီးနှင့် အဖိုးတန် သားသမီးများသာ အချုပ်အခြာ ဖြစ်၏။ ထိုအရာများ မရှိလျှင် စကြာမင်းပင် ဖြစ်သော်လည်း မပျော်မွေ့နိုင်ပါ။ ဝေဿန္တရာမင်း ဘဝ၌ကား မဒ္ဒီမိဖုရားနှင့် သားတော် သမီးတော် ၂-ပါးသည် တကမ္ဘာလုံး၏ မျက်နှာဖုံးဟု ဆိုရလောက်အောင် အထက်တန်း ရောက်ကြ၏။ ထို့ကြောင့် လောက စည်းစိမ်ဝယ် အမြိန်ဆုံး သားတော် သမီးတော်နှင့် မိဖုရား ရတနာကို လှူရက်တော်မူသည်မှာ မည်သည့်နည်းနှင့်မှ ဂုဏ် ပကာသနနှင့် ဘဝစည်းစိမ်အတွက် မဟုတ်နိုင်ပါ။ သဗ္ဗညုတဉာဏ်တော်ကို ရ၍ ဒုက္ခိတ သတ္တဝါတွေကို ချမ်းသာစေရန် အကျိုးသာ ဖြစ်ပါသည်။
ဤသို့သော ဆန္ဒတော်ဖြင့် အလောင်းဘုရားသည် ကမ္ဘာပေါင်းများဝယ် အသက်ကိုစွန့်၍ သီလစောင့်ခြင်း၊ အသက်ကိုစွန့်၍ သည်းခံခြင်း၊ မိမိအသက် စွန့်၍ သူတပါးအသက်ကိုကယ်ဆယ်ခြင်း၊ မဟောသဓာဘဝကဲ့သို့ သူ့အသက်ကို ကယ်ဆယ်ခြင်းအားဖြင့် ပါရမီဖြည့်တော်မူလာခဲ့သောကြောင့် ဘုရားရှင်ကို အကြောင်းရင်း ပါရမီတော်အားဖြင့် ကြည်ညိုသောအခါ လွန်စွာကောင်းသော အကြောင်းများကို တွေ့ရပေသည်။ ဤကား ဘုရားရှင်၏ အကြောင်းကောင်းပုံ ပေတည်း။
အကျိုးကောင်းပုံ။ ။ ပြခဲ့သော ပါရမီကောင်းမှု အကြောင်းစုကြကြောင့် ဘုရားဖြစ်မည့် ဘဝ၌ ရရှိသော အကျိုးများ၏ အထက်တန်းကျခြင်းကို “အကျိုးကောင်းခြင်း”ဟု ဆိုလိုပါသည်။ ထိုအကျိုးများကား ရုပ်အဆင်းတော်၏ သပ္ပါယ်ခြင်း၊ ဉာဏ်တော်ကြီးမားခြင်း၊ တန်ခိုးအာနုဘော် ကြီးမားခြင်း များတည်း။ ထိုအကျိုးများကို မိမိတို့ ကြားဘူးသည့်အတိုင်း ချဲ့ထွင်၍ အာရုံပြုကြပါ။
သတ္တဝါတို့ အကျိုးများပုံ။ ။ ထို ပြခဲ့သော အကြောင်းကြောင့် တင့်တယ် ကြီးမား ခမ်းနားသော အကျိုးကို ရရှိတော်မူပြီးသောအခါ အေးအေးသက်သာ သီတင်းသုံးတော်မမူပါပဲ သတ္တဝါတို့၏ အကျိုးစီးပွားများပြားဖို့ရာ တရားဟောတော်မူလျက် ၄၅-ဝါ အချိန်အခါကို ကုန်လွန်စေတော်မူပါသည်။ ထို့နောက် ပရိနိဗ္ဗာန် စံတော်မူခါနီးဆဲဆဲမှာပင်-
“ဟန္ဒ ဒါနိ ဘိက္ခဝေ၊ အာမန္တယာမိ။
ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ”ဟု ဆုံးမ ဩဝါဒ ပေးတော်မူရှာပါသေးသည်။ ထိုသို့ မနားမနေ ဟောပြ တော်မူပေသောကြောင့် ကုဋေများစွာ သတ္တဝါတို့ သံသရာဝဋ် ဇာတ်သိမ်း၍ အေးငြိမ်းကြရပါသည်။
ဤသို့ အကြောင်းကောင်းပုံ၊ အကျိုးကောင်းပုံ၊ လုံ့လ ဝီရိယ ကြီးမား၍ သတ္တဝါတို့၏ အကျိုးများပုံကို ယုံယုံ ကြည်ကြည်နှင့် အာရုံပြုသောအခါ “ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ=ဘုရားရှင်သည် တပည့်တော်၏ ကိုးကွယ်ရာ ဖြစ်ပေသည်။ ဘုရားမှတပါး အခြား ကိုးကွယ်ရာ မရှိတော့ပါ”...ဟု ဘုရား ကိုးကွယ်မှု၊ သရဏဂုံသည် အသိဉာဏ်နှင့်တကွ ထက်သန်သော သဒ္ဓါတရားပါ မိမိသန္တာန်၌ တည်တော့၏၊ ဤကား ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းစီးဖြန်း ပွားများပုံ အချုပ်တည်း၊ ဤသို့ စသည်ဖြင့် မေတ္တာကို ဖြစ်စေ၊ ဗုဒ္ဓါနုဿတိ စသော တမျိုးမျိုးကိုဖြစ်စေ မိမိသန္တာန်၌ ဖြစ်စေခြင်း၊ ထုံမွှမ်းထားခြင်းကို “ဘာဝနာ”ဟု ခေါ်ရပေသည်။ ဤကား သွားယင်း လာယင်း ဘုရားရှိခိုးယင်း ဖြစ်နိုင်သော ဘာဝနာ တချို့တည်း။ အများ ပွားနေကျ ဘာဝနာကို ထိုထို ကျမ်းဂန်၌ ရှုကြပါတော့။
အပစာယန အကြောင်း
အရိုအသေ ပေးမှုကို “အပစာယန”ဟု ခေါ်၏။ ထို့ကြောင့် မိမိထက် အသက်ကြီးသူ၊ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် သိက္ခာတမျိုးမျိုး ကြီးသူကို ဖြစ်စေ၊ အမိ အဖ၊ မိကြီး မိထွေး (ဒေါ်ကြီး ဒေါ်လေး၊ အရီးကြီး အရီးလေး) ဘကြီး ဘထွေး၊ ဦးကြီး ဦးလေး စသူကို ဖြစ်စေ ရိုသေခြင်းသည် “အပစာယန” ဖြစ်၏။ “ရိုသေ” ဟူသည်ကား ရိုသေထိုက်သူ လာလျှင် နေရာမှ ထပေးခြင်း၊ လမ်းဆုံနေပြန်လျှင် လမ်းဖယ်ပေးခြင်း၊ ထိုသူ၏ရှေ့၌မားမားမတ်မတ် မသွားပဲ ရိုသေသော အမူအရာဖြင့် ဦးခေါင်းကို ညွှတ်၍ ဖြစ်စေ၊ ကိုယ်ကို ညွတ်ကိုင်း ကုန်းကွ၍ ဖြစ်စေ သွားခြင်း၊ ရဟန်း သံဃာ ရှေ့မှာ ဖြစ်လျှင် လက်အုပ်ချီခြင်း စသည်တည်း။ မိမိတို့ ထုံးစံအတိုင်း ဦးထုပ် ချွတ်ခြင်း၊ ဆလံ ပေးခြင်း စသည်များလည်း ရိုသေခြင်းပင် ဖြစ်၏။ ထိုသို့ အရိုအသေ ပေးရာ၌ စိတ်စေတနာ ရိုးရိုးဖြင့် ရိုသေမှသာ အပစာယန ကုသိုလ် ဖြစ်သည်။ စိတ်မပါပဲ ကိုယ်ထက် အရာကြီးသူကို ကြောက်၍ လည်းကောင်း၊ တစုံတရာ လာဘ်ကို မျှော်၍ လည်းကောင်း ရိုသေဟန်ဆောင်ခြင်းမှာ ကုသိုလ်မဟုတ်သည့်ပြင် လှည့်စားသော မာယာတမျိုးပင် ဖြစ်သေး၏။
စဉ်းစားဖွယ်။ ။ ဦးခေါင်းညွတ်မှု၊ ကိုယ်ကို ကိုင်းညတ်မှု၊ လက်အုပ်ချီမှုများကို အရိုအသေ ပေးခြင်းဟု အများ ယူဆကြပြီ။ တချို့ ဗုဒ္ဓ ဘာသာဝင်တို့သည် ဦးခေါင်းပေါ်၌ လေးလံသော ဝန်ထုပ်ကို ရွက်ထားယင်း ရဟန်း သံဃာကို တွေ့မြင်သောအခါ ထိုဝန်ထုပ်ကို ပင်ပန်းချ၍ ရှိခိုး ဦးချကြ၏။ တချို့လည်း သစ်သစ်လွင်လွင်အဝတ်ကို ဝတ်ဆင်ပြီးလျှင် မြေကြီးပေါ် ထိုင်လျက် ရှိခိုး ဦးချကြ၏။ အချို့လည်း သင်္ဘောရထား လူအများ ရှုပ်ထွေးသော အရပ်၌ ဖိနပ်ချွတ်၍ ရှိခိုး ဦးချကြ၏။ ထိုကဲ့သို့ ရိုသေမှုကို အပြစ်ရှိသည်ဟု မဆိုလိုပါ။ စိတ်စေတနာ အမှန်အတိုင်း ရိုသေခြင်း ဖြစ်လျှင် အမှန် အကျိုးရှိပါ၏။ သို့သော် ခေတ်ကာလအလိုက် ပြောရလျှင် ထိုကဲ့သို့ နေရာမျိုး၌ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ လက်အုပ်ချီ ဦးခေါင်းညွှတ်ရုံ တခုခုဖြင့် လည်းကောင်း၊ “သွားပါဦးမည်၊ ဦးတင်ပါသေး” စသော စကားဖြင့် လည်းကောင်း ရိုသေသော အမူအရာကို ပြလျှင် တော်သင့်ပေပြီဟု ထင်မိပါသည်။ တရံတခါ လူအလွန်ရှုပ်သော ရထား သင်္ဘောဝယ် ဆရာတော်လုပ်သူကလည်း စိတ်မအား ကိုယ်မအား၊ လာရောက်သူတို့ကလည်း အရိုအသေ များများနှင့် လူမျိုးခြားတို့က အထက်အမြင့်မှာ ထိုင်နေစဉ် ရှိခိုးဦးချကြသည်ကို တွေ့ရသည်မှာ အဆင်မပြေသလို ရှိပါသည်။
ဝေယျာဝစ္စ အကြောင်း
သူတပါး၏ ကုသိုလ်ကောင်းမှု ကိစ္စကို ကူညီ၍ ပြုလုပ်ခြင်းသည် “ဝေယျာ ဝစ္စ” မည်၏။ ထို့ကြောင့် သူတပါး အလှူဒါနပြုသောအခါ မိမိကလည်း စိတ်ပါ လက်ပါနှင့် အလှူရှင်၏ စိတ်ကြည်လင်အောင်၊ သက်သာအောင်၊ အလှူမှာ တင့်တင့်တယ်တယ် ဖြစ်အောင် သဘောထား၍ ကူညီရမည်။ မကျန်း မမာသူ၊ အိုမင်းသူ၊ ကျန်းမာသော်လည်း မနိုင်မနင်းဖြင့် ထမ်းပိုးနေရသူ၊ ကျန်းမာ၍ နိုင်နင်းသော်လည်း မိဘ၊ မိမိထက်ကြီးသော ဆွေမျိုး မိတ်ဆွေ စသူ၏ (အကုသိုလ်နှင့် မသက်ဆိုင်သော) ကိစ္စ ကြီးငယ်ကို ကူညီ၍ ရွက်ဆောင်ခြင်းလည်း ဝေယျာဝစ္စ ကုသိုလ် ပင်တည်း။
ဤ ဝေယျာဝစ္စ ကုသိုလ်သည် စိတ်ထားတတ်သူတို့မှာ တချို့ အလှူရှင် ထက်ပင် အကျိုးများပါသေး၏။ အရှင်ကုမာရကဿပ၏ တရားတော် မိစ္ဆာဒိဋ္ဌိ အဖြစ်မှ ကျွတ်လွတ်သာ “ပါယာသိ” မည်သော ဘုရင်ခံသည် အမြဲမပြတ် လှူဒါန်းနေသော်လည်း ကိုယ်တိုင်မပြုပဲ “ဥတ္တရ” မည်သော လုလင်တယောက်ကို မိမိ၏ကိုယ်စား လှူဖို့ရန် လွှဲအပ်ထားသည်။ ဥတ္တရလုလင်း သူများပစ္စည်းဖြင့် လှူဒါန်းရသော်လည်း အလွန် စိတ်ပါလက်ပါ ကောင်းမွန်စွာ စီစဉ်၍ လှူဒါန်းသည်။ ထိုအလှူရှင်နှင့် ဝေယျာဝစ္စပြုသောလုလင်ကို စုတေသောအခါ အလှူရှင်မှာ အောက် စတုမဟာရာဇ်ဘုံ၌သာဖြစ်၍၊ ဥတ္တရလုလင်က ထိုဝေယျာဝစ္စကြောင့် အထက်တန်းကျသော တာဝတိံသာ၌ ဖြစ်ရသည်။
ပတ္တိဒါန အကြောင်း
မိမိရသော ကုသိုလ် အဖို့ကို သူတပါးတို့အား အမျှပေးဝေခြင်းကို “ပတ္တိဒါန”ဟု ခေါ်၏။ [ပတ္တိ-မိမိ၌ ရအပ်သော အဖို့ကို+ဒါန-သူတပါးအား ပေးခြင်း] ဒါနပြုရာ၌ ထိုဒါနအတွက် အလှူရှင်မှာ ရသင့် ရထိုက်သော ကုသိုလ်များကို ရလေပြီ။ ထိုမိမိရရှိသော ကုသိုလ် အဖို့ကို မိမိရသလို ညီတူ ညီမျှ သူတပါးလည်း ရစေလိုသော ဆန္ဒသည် အလွန် ဖြူစင် မြင့်မြတ်သော စိတ်ထားပေတည်း။ ထိုဆန္ဒမျိုးဖြင့် “အကျွန်ုပ် ပြုသော ကုသိုလ်အဖို့ကို ကြားကြားသမျှ သတ္တဝါအပေါင်းအား အမျှပေးဝေပါ၏။ အကျွန်ုပ်နှင့်အတူ ကုသိုလ်အဖို့ကို ရကြပါစေ”ဟု အမျှပေးဝေခြင်း (အညီအမျှ ရအောင် ဝေခြင်း) ကိုသာ “ပတ္တိဒါန” ကုသိုလ်ဟု မှတ်ပါ။
သတိပြုရန်။ ။ ထိုကဲ့သို့ သူတပါးတို့အား မိမိကဲ့သို့ ကုသိုလ်ရစေလိုသော စိတ် မရှိသော “သူများယောင်လို့ယောင်၊ အမယ်တောင်မှန်း မြောက်မှန်း မသိ” ဟူသကဲ့သို့ သူများ အမျှဝေရိုးရှိ၍သာ မိမိနှုတ်က “အမျှ ယူတော်မူကြပါ”ဟု ဆိုသော်လည်း ပတ္တိဒါန ကုသိုလ်စစ်စစ် ဖြစ်ဖို့ရန် ခဲယဉ်းလေသည်။ ရှေးတုန်းက နာမည်ကြီးသော အလှူဒကာ တယောက်မှာ ကြွေးယူ၍ အလှူအကြီးအကျယ်ပေး၏။ သူထင်သလောက် ငွေကူမလာသောကြောင့် ညနေ ရေစက်ချယင်း (ဘုန်းကြီးက ရေစက်ချ ပေးနေစဉ်) မိမိ၏ စိတ်ကူးနှင့် ကြွေးစာရင်း ရှင်းနေ၏။ ထိုအခါ အကြွေးများစွာ ကျန်ရှိတော့မည့် အကြောင်းကို သိရ၍ ရေစက်ချလည်းဆုံး စိတ်ကလည်း မကြည်မသာ ရှိတုန်းမှာ အနီး အပါး လူကြီးများက “အမျှဝေလိုက်၊ အမျှဝေလိုက်”ဟု တိုက်တွန်းမှ ဗြူးကနဲ့ သတိရသဖြင့် “အမျှဗျို့”ဟု ဆိုရမည့်အစား “သောက်ကျိုးနဲပါဗျိုး”ဟု ဆိုမှားမိလေသတဲ့။
အမျှဝေသော်လည်း အကျိုးမနည်း။ ။ မိမိရသော ကုသိုလ်အဖို့ကို သူတပါးအား အမျှဝေသောအခါ “မိမိမှာ ကုသိုလ်အရ နည်းမသွားပေဘူးလား”ဟု စဉ်းစားဖွယ်ရှိ၏ ကုသိုလ်ဆိုသည်မှာ စိတ်စေတနာသာ လိုရင်း ဖြစ်၏။ မိမိ ပထမပြုသော ဒါနကုသိုလ်အတွက် စိတ်စေတနာကောင်း ဖြစ်ပြီးလေပြီ။ မိမိမှာ ဒါနကုသိုလ်ဖြစ်သလို သူတပါးအားလည်း ဖြစ်စေလိုသောအခါ “ရွှေပေါ်မြတင်” သကဲ့သို့ မူလ ဒါနကုသိုလ် အပေါ်တွင် ပတ္တိဒါန ကုသိုလ် ထပ်၍တင်ရာ ရောက်၏။ ထို့ကြောင့် အမျှဝေသည့်အတွက် ကုသိုလ်အရ နည်းမသွား သည့်အပြင် ပို၍ပင် ကုသိုလ်ရပါသေးသည်။ မီးခြစ်အကုန်ခံ၍ ပထမ ဆီမီးထွန်းပြီးနောက် ထိုဆီမီးမှ အဆင့်ဆင့် မီးကူးပေးရာ၌ မူလမီးမှာ အရောင် မမှိန်သည့်အပြင် နောက်မီးတွေ့၏ အကူအညီကြောင့် သာ၍ အားရှိသကဲ့သို့တည်း။ [သီလ ကုသိုလ်၊ ဘာဝနာ ကုသိုလ် စသည်များလည်း အမျှဝေလျှင် ပတ္တိဒါနကုသိုလ် ဖြစ်ကြသည်သာ။]
ပတ္တာနုမောဒန အကြောင်း
ကုသိုလ်ရှင်တို့က အမျှဝေသောအခါ ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်မှုကို “ပတ္တာနုမောဒန” ကုသိုလ်ဟု ခေါ်၏။ [ပတ္တ=အမျှဝေသဖြင့် မိမိသို့ ရောက်လာသော ကုသိုလ်ကို+အနုမောဒနာ= ဝမ်းမြောက်ခြင်း၊ သာဓု ခေါ်ခြင်း။] သူတပါးကို ကုသိုလ်ပြုနိုင်ကြသည်ကို မိမိက ဝမ်းမြောက် ဝမ်းသာဖြစ်၍ နေခြင်းသည် အတော် မြင့်မြတ်သော (မုဒိတာ သဘောရှိသော) စိတ်ထား ပေတည်း။ ထို့ကြောင့် ဤဝမ်းမြောက်မှုကို ကုသိုလ်တမျိုးဟု သတ်မှတ်ရပေသည်။ ဝမ်းမြောက် ဝမ်းသာ မဟုတ်ပဲ ခေါ်ရိုးခေါ်စဉ် (တွေးချင်ရာ တွေး၍) သာဓုခေါ်ရာ၌ “ပတ္တာနုမောဒန” ကုသိုလ်အစစ်ဖြစ်ဖို့ ယဉ်းလှပေသည်။ အချို့ကား သူတပါးတို့ လှူဒါန်းနိုင်သည်ကို ဝမ်းမြောက်မှုမရှိသည့်ပြင် ဣဿာပင် ဖြစ်တတ်သေးသည်။
ပတ္တာနုမောဒနကုသိုလ်၏ ဒိဋ္ဌဓမ္မအကျိုး။ ။ သေလွန်လေသော မိဘ ဆွေမျိုးကို ရည်စူး၍ ကျန်ရစ်သော ဆွေမျိုးက ဆွမ်းကျွေးတရားနာပြီးနောက် အမျှဝေသည်ကို ဒိဋ္ဌဓမ္မအကျိုး သေသူ ဆွေမျိုးက သာဓုခေါ်ကာ ဝမ်းမြောက်ရာ၌ သေလွန်သူဆွေမျိုးမှာ လက်ငင်း အကျိုးရ၏။ ဆွမ်း၍ အမျှဝေသည်ကို သာဓုခေါ်လျှင် ငတ်မွတ်နေသူမှာ အစာကောင်းရ၏။ အဝတ် လှူ၍ အမျှဝေလျှင် အဝတ်မရှိသူမှာ အဝတ်ကောင်းများ ရရှိ၏ဟု ကျမ်းစာတို့၌ တွေ့ရသည်။ ထိုကဲ့သို့ သေသူကိုရည်မှန်း၍ ကျန်ရစ်သူ ဆွေမျိုးက လှူဒါန်းရာ၌ အလှူခံပုဂ္ဂိုလ်က သီလရှိသူ ဖြစ်ဖို့လည်း အရေးကြီးလှပေသည်။ ရှေးတုန်းက ဒုဿီလ ရဟန်း (သီလမရှိသော ရဟန်း) တပါးအား လှူဒါန်း၍ အမျှဝေရာ၊ ၃-ကြိမ်တိုင်အောင်ပင် လှူဒါန်း အမျှဝေ ပါသော်လည်း အဖို့မရသဖြင့် “ငါ့အဖို့ ဥစ္စာကို ဒုဿီလကြီးက လုယူနေပါတယ်”ဟု ပြိတ္တာဆွေမျိုးက ဟစ်အော်ရှာသည်။ ထို့နောက် သီလရှိသော ရဟန်း တပါးကို ပင့်ဖိတ် လှူဒါန်း၍ အမျှဝေမှ ကုသိုလ်အဖို့ကိုရသည်။ [ဥပရိပဏ္ဏာသ ဒက္ခိဏဝိဘင်္ဂသုတ်၊ အဋ္ဌကထာ။]
ဤ စကားအရ သေလွန်သူကို ရည်စူး၍ အမျှဝေရာ၌ ရှေးဦးစွာ မိမိစိတ်၌ စိုးရိမ် ပူဆွေး ငိုကြွေးမှု အကုသိုလ်များကို ကင်းစေလျက် ကုသိုလ် စင်စင် ကြယ်ကြယ်ဖြင့် ဆွမ်း၊ သင်္ကန်း၊ ဖိနပ်၊ ထီး၊ ကျောင်း ဒါနမျိုးကို ပြုကြရပေလိမ့်မည်။ [ကျောင်းသည် သွားလေသူမှာ နေစရာအတွက် ဖြစ်၏။] ထိုဒါနကိုလည်း သီလ အစင်ကြယ်ဆုံး ပုဂ္ဂိုလ်ကို ရွေးချယ်၍ (သို့မဟုတ် သံဃိကဒါန ဖြစ်စေ၍) ပြုရမည်။ ထိုကုသိုလ်ပြုခါနီး၌ သွားလေသူကို ခေါ်ယူ ဖိတ်ထားလျှင် သာ၍ ကောင်း၏။ (လာနိုင်လျှင် လာလိမ့်မည်။) ထို့နောက် သွားလေသူ၏ နာမည်ကို ခေါ်၍ ကြားလောက်အောင် အသံကျယ်ဖြင့် အမျှဝေရမည်။ ယခုကာလ ဖြစ်ပုံ
ယခုကာလဖြစ်ပုံ။ ။ ယခုကာလ၌ကား ပုဂ္ဂိုလ် ကောင်းဆိုးကိုလည်း မရွေးချယ်အား၊ မိမိ၏ စိတ်ကို စင်ကြယ်အောင် (ကုသိုလ်ဖြစ်အောင်လည်း) သတိမထားနိုင်တော့ပဲ သူတပါး အကဲ့ရဲ့လွတ်ရုံ ချီးမွမ်းခံရရုံ သဘောထား၍ ငိုငိုရီရီနှင့် သုသာန်မှာ လှူဖွယ်ဝတ္ထုကို (တချို့မှာ ငွေတွေကို) လှူဒါန်းလျက် အမျှဝေကြ၏။ ထိုဒါနများအတွက် သွားလေသူ အကျိုးရ နိုင်မည်-မရနိုင်မည်ကိုကား မစဉ်းစားတော့ချေ။ ထိုကဲ့သို့ သောက ပရိဒေဝဖြင့် သုသာန်မှာလှူဒါန်းမည့်အစား သောကပရိဒေဝကင်း၍ စိတ်ကြည်လက်ကြည်နှင့် မိမိတို့အိမ်မှာ ကျကျနန ကုသိုလ်ပြုခြင်း၊ အမျှဝေခြင်းသာ စည်းကမ်းကျဖွယ် ရှိ၏။ သောက ကင်း၍ စိတ်ရှင်းရှင်း လှူနိုင်ပါမူ သုသာန်မှာ လှူလည်း အကျိုး မယုတ်ပါ။ [ဤကိစ္စနှင့်စပ်၍ သတိပေးဖွယ်များကို “အနာဂတ် သာသနာ” ကျမ်းစာတွင် သတိပေးထားသည်။]
အမျှရနိုင်သူ။ ။ ဤသို့ အမျှဝေရာဝယ် သေလွန်သူက အိမ်၏ အနီးအပါး စသည်၌ ပြိတ္တာ ဖြစ်နေမှသာ သာဓု ခေါ်နိုင်၍ အမျှရသည်။ လူ နတ် တိရစ္ဆာန် တောကြီး တောင်ကြီးတို့၌ ပြိတ္တာဖြစ်နေလျှင်ကား အမျှဝေသော်လည်း သာဓုမခေါ်နိုင်၊ အမျှမရ။ သို့သော် ရှေးရှေးက ဆွေမျိုးဟောင်း ပြိတ္တာများရှိနေလျှင် သူတို့မှာ အမျှရနိုင်ကြသေးသဖြင့် တစုံတယောက် သေဆုံးရာ၌ ကုသိုလ်ပြုခြင်း အမျှဝေခြင်း ထုံးစံမှာ ကောင်းသောထုံးစံပင် ဖြစ်ပါသည်။
ဓမ္မဿဝန အကြောင်း
တရားနာခြင်းကို “ဓမ္မဿဝန”ဟု ခေါ်၏။ တရားနာရာ၌...
၁-မကြားဖူးသော အကြောင်းအရာများကို ကြားရခြင်း၊
၂-ကြားဖူးသော အကြောင်း အရာများကို ထပ်၍ ရှင်းလင်းစွာ နားလည်ရခြင်း၊
၃-ယုံမှား သံသယ ဖြစ်နေသော အချက်များ၌ ယုံမှား ကင်းရခြင်း၊
၄-အယူမှန် သမ္မာဒိဋ္ဌိကို ရခြင်း၊
၅-သဒ္ဓါ ပညာ တိုး၍ စိတ်ကြည်လင်ခြင်း ဟူသော အကျိုး ၅-ပါးကို ရနိုင်သည်။
[ဆောင်] သူတော်တရား၊ နာယူငြားက၊ မကြားစဖူး၊ ကြားရဖူး၏။ ကြားဖူးပြီးပြန်၊ ထပ်မံ၍ရှင်း၊ လွတ်ကင်းယုံမှား၊ ဖြောင့်သားအယူ၊ စိတ်ကြည်ဖြူသည်၊ ငါးဆူရမြဲ အကျိုးတည်း။
တရားနာအတု။ ။ ဤ အကျိုးများကို ရဖို့ရန် ရည်သန်၍ တရားနာရာ၌သာ ဓမ္မဿဝန ကုသိုလ်အစစ် ဖြစ်နိုင်၏။ ဓမ္မကထိကကို ခင်မင်၍ ဖြစ်စေ၊ ရယ်စရာ မောစရာ အသောပါသဖြင့် ပျော်ရွှင်၍ ဖြစ်စေ၊ “တရားမှ နာဘော်မရဘူး၊ အပျင်းထူလိုက်တာ”ဟု ကဲ့ရဲမည်စိုး၍ ဖြစ်စေ၊ သူများ အထင်ကြီးအောင် ဖြစ်စေ၊ ဓမ္မကထိက၏ အရည်အချင်းကို အကဲခတ်ကာ ကဲ့ရဲတန်လျှင် ကဲ့ရဲလို၍ ဖြစ်စေ နာကြရာ၌ကား ပေါက်ဖော်ကြီး စကားလို “ဝမ်မှာ”စိုးရသည်။
ရှေးတုန်းက ပေါက်ဖော်တယောက် လှေစီးသွားရာ လှေသမားက “ပေါက်ဖော်လှေ ကယိုလို့ သတိထားထိုင်ပါ”ဟု သတိပေး၏။ ပေါက်ဖော်က “လှေထဲ၌ရှိသော ရေယိုတာ ဘာအရေးစိုက်စရာ ရှိသလဲ”ဟု ယူဆ၍ အားရပါးရ ထိုင်၏။ အတော်ကြာလျှင် တင်ပါးက အေးစက်စက် ရှိ၍ “ကြည့်သောအခါ ရေတွေကို မြင်သဖြင့် “ဟင်...မယိုတဲ့အပြင် ဝမ်တောင် ဝမ်သေးကိုး”ဟု ပြောသတဲ့။ ထို့အတူ မကောင်းစိတ် ယိုထွက်ဖို့ တရားနာရာ၌ မယိုပဲ ဝမ်မှာ စိုးရသည်။
စာဖတ်ခြင်း အကျိုး။ ။ ယခုခေတ်၌ကား အလိမ္မာကို ကောင်းစွာ ပေးနိုင်သော ကျမ်းစာတွေ ပေါများလှ၏။ ထိုကဲ့သို့သော ကျမ်းစာများကို ကြည့်ရှု ကျက်မှတ် ရွတ်ဖတ်၍နေလျှင်လည်း တရားနာခြင်း၏ အကျိုးကို ရနိုင်၏။ ထို့ကြောင့် အချို့သော ခေတ်ဆန်ဆန် တရားကို နာမည့်အစား ကျမ်းစာကိုကြည့်ရှုနေခြင်း၊ နှုတ်ရှင်းသူကို ဖတ်ဖို့ရန်တောင်းပန်၍ ကြားနာခြင်းတို့က သာ၍ အကျိုးများဖွယ် ရှိပါသေးသည်။
[မည်သည့်ကျမ်းစာသည် မိမိတို့နှင့် သင့်လျော်သည်ဟု မရွေးချယ်တတ်လျှင် ဇိနတ္ထပကာသနီ၊ ဗုဒ္ဓဝင်၊ သံဝေဂဝတ္ထု ဒီပနီ၊ ငါးရာ့ငါးဆယ် ဇာတ်တော်ကြီး များနှင့် ရှေးဆရာတော်ကြီးများ စီစဉ်တော်မူအပ်သော ကျမ်းစာတို့သည် အမှန် အကျိုးများသော ကျမ်းစာများ ဖြစ်ပါသည်။]
ဓမ္မဒေသနာ အကြောင်း
တရားဟောမှုကို “ဓမ္မဒေသနာ” ကုသိုလ်ဟု ခေါ်၏။ ရိုးသားဖြူစင် မြင့်မြတ်သော စိတ်ထားဖြင့် ဟောပြော ပြသဆုံးမ ပါလျှင် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ = အလှူ ဟူသမျှကို ဓမ္မအလှူက နိုင်၏။ ဓမ္မအလှူက အကျိုးပေး သာ၏”ဟု ဟောပြတော်မူသည့်အတိုင်း အလွန် အကျိုးကြီးပေ၏။ ထို့ကြောင့် ဓမ္မဒေသနာ ကုသိုလ်အစစ် ဖြစ်စေလိုလျှင် ထိုတရားဟောမှုနှင့် ရမည့် ပစ္စည်း လာဘ်နှင့် ကျော်စောခြင်း ဂုဏ် ပကာသနကို မမျှော် သင့်ချေ။
မျှော်လင့်လျှင် ထိုလာဘ်လာဘနှင့် ဂုဏ် ပကာသနကို လိုချင်သေး လောဘက ဓမ္မဒေသနာ ကုသိုလ်ကြီး၏ အကျိုးပေးကို သေးသိမ် ညံ့ဖျင်းအောင် နှောင့်ယှက်လိမ့်မည်ဖြစ်၍ ကောသလမင်း အိပ်မက်မှာ လာသည့်အတိုင်း တသိန်းတန် စန္ဒကူးကို ရက်တက်ရည်ပုပ်နှင့် လဲလှယ်စားသောက်သူကဲ့သို့ ဖြစ်လိမ့်မည်။
[ဆောင်] တသိန်းတန် စန္ဒကူး၊ နေ့ကျူးပုပ် ရက်တက်ရေ။
အဖိုး မတန်ပဲနှင့်၊ လဲထပ်ကြပေ။
မြတ်ဗုဒ္ဓေ၊ စိန္တမိန့်ကြား။ ဖိုးထိုက်စွာ ဓမ္မာမြတ်ကို၊
ပစ္စယာ လေးဖြာလာဘ်နှင့်၊ လဲထပ်လို့စား။
ဓမ္မကထိက ဂုဏ်ရည်။ ။ ထို့ပြင် တရားဟောပြောနိုင်သော အရည်အချင်းရှိသူသည် သာမန် ပုဂ္ဂိုလ် မဟုတ်။ အသံသာသာ နှုတ်လျာရှင်းရှင်းနှင့် မိမိ၏ ဆိုလိုရင်း အဓိပ္ပါယ်ကို ကြားနာသူများ နားလည်အောင် ပြောနိုင်သော ပုဂ္ဂိုလ်မှာ “မ-တထောင် တကောင်ဖွား” ဖြစ်၏။ ထိုစကားမှန်၏။ နွားခြံတွင်း၌ နွားမတထောင် သွင်းလှောင်၍ ထားသော်လည်း ထောင်ထောင်မားမား ဘို့ထွားထွားနှင့် နွားလား ဥသဘ ဖြစ်အောင် ဖွားမြင်နိုင်သော နွားမမှာ တကောင်တလေပင် အနိုင်နိုင်သာ ရှိသကဲ့သို့ ဓမ္မကထိက တပါးမြင်နိုင်သော မိခင်လည်း အလွန်ရှားပေသည်။
အသံလုပ်ခြင်း အပြစ်။ ။ ထို့ကြောင့် ဓမ္မကထိက ပုဂ္ဂိုလ်များလည်း မိမိ၏ မြင့်မြတ်သော ရှေးကံကို တွေးကြံ စဉ်းစားကြပြီးလျှင် ဘုရားရှင်၏ တရားတော်များကို မိမိနှုတ်ဖျားမှ ထွက်စေရာ၌ အသံသာအောင် တမင်္ဂလာပြုခြင်း၊ သံဖို့ သံမ သံတို့ သံရှည် ဆွဲငင်ခြင်းများကို လုံးဝ ရှောင်ရှားလျက် ယောက်ျားပီပီ တည်ကြည်သော အသံဖြင့် ဟောပြော ဆုံးမသင့်ပါသည်။ အသံကို ဆွဲကာ ငင်ကာ တမင် သာယာအောင် လုပ်၍ ဟောရာ၌ အပြစ် ၅-ပါးကို ဘုရားရှင် ဟောတော်မူသည်မှာ
“ရဟန်းတို့...သီချင်းသံ ပေါက်လာအောင် ရှည်စွာ ဆွဲ၍ တရားဟောရာ၌ အပြစ် ၅-ပါး ရှိသည်။ ၁-မိမိအသံကို မိမိပြန်၍ သာယာသော တဏှာ ဖြစ်၏။ ၂-ကြားနာသူတို့မှာလည်း ထိုကဲ့သို့ တဏှာဖြစ်၏။ ၃-လူကြီး လူကောင်းတို့က “ငါ့တို့ သီချင်းဆိုသလို ဘုရားသားတော် အခေါ်ခံနေသော ဘုန်းကြီးများလဲ သီချင်းဆိုကြတာပဲ”ဟု စွပ်စွဲ ကဲ့ရုံတတ်၏။ [ယခုအခါ လူကြီးသာမက၊ လူငယ်များကပင် ကဲ့ရဲကြလေပြီ။] ၄-တရားဟောယင်း အသံလုပ်လိုသော ဇောကြောင့် မိမိသမာဓိလည်း ပျက်၏။ ၅-နောင်လာ နောက်သား မလိမ်တမာ ကိုယ်တော်ကလေးများကလည်း “အသံလုပ်၍ ဟောရသည်”ဟု အတု လိုက်တတ်ကြသည်။
[ဆောင်] အသံလုပ်ကာ၊ ဒေသနာဝယ်၊ သေချာအမှန်၊ ကိုယ့်အသံကို၊ ကိုယ်ပြန်၍ထိ၊ တဏှာငြိလျက်၊ နာသည့်လူပေါင်း၊ တဏှာပြောင်းသား၊ သူကောင်းဉာဏ်မြင်၊ လွန်ပြစ်တင်၏။ ထို့ပြင် တရှိ၊ သမာဓိလည်း ကင်းဘိပေါက်ကြား၊ နောက်နောက်သားတို့၊ လိုက်စား အတု၊ ဤ ၅-ခုသည်၊ မှတ်ရှုရမြဲ အပြစ်တည်း။
ထိုဟောတော်မူအပ်သော အပြစ်များ ယခုအခါ လုံလောက်စွာ ပေါ်ပေါက်လျက် ရှိလေပြီ။ နောင်လာ နောက်သားတို့ တကယ်ပင် အတုယူကာ တရားဆန်း ဟောနည်းကို သင်ယူကြလေပြီ။ ထိုသူတို့၏ တရားပွဲ၌ ဉာဏ်အမြော်အမြင် ရှိကြသော လူကြီးလူကောင်းများ နည်းပါးရုံမက၊ မလွဲသာ၍ နာနေရသော လူကြီးလူကောင်းတို့လည်း သူတို့ တရား၌ စိတ်မဝင်စားကြကုန်။ ခေတ်ပညာတတ်သူတို့ကမူ (တရားတော် အမှန်နာယူလိုသော်လည်း) ထိုတရားမျိုး နာရမည်ကိုကား ရှက်ဖွယ်ဟု ထင်မှတ်နေကြသည်။ သို့ဖြစ်၍ အသံလုပ် တရားဟောရာ၌ “ကိုယ့်လိပ်ပြာ ကိုယ်ရှက်” ဆိုသလို ရှက်ဖွယ် ကောင်းလှပေသည်။
စကားပြောလည်း တရားဟောပင်။ ။ ပရိသတ်အလယ် ထိုင်၍ မြိုင်မြိုင်ကြီး ဟောခြင်းကိုသာ တရားဟောပင်။ “ဓမ္မဒေသနာ”ဟု မမှတ်ရ။ မိမိအထံ ရောက်လာကြသော ဒကာ ဒကာမ တယောက် ၂-ယောက်ကိုပင် ပစ္စည်းလာဘ်ကို မမြင်ပဲ ဖြူစင်သောစိတ်ဖြင့် ဟောပြော ဆုံးမ ဩဝါဒ ပေးမှုများလည်း “ဓမ္မဒေသနာ” ပင် ဖြစ်၏။ လူကြီး သူမက လူငယ်များကို သွန်သင်ဆုံးမ နည်းလမ်းပြခြင်း၊ အပြစ်မရှိသော လက်မှု စက်မှု အတတ်ကို သင်ပေးခြင်း၊ စာပေပို့ချခြင်း၊ တရားစာဖတ်ပြခြင်းများလည်း ဓမ္မဒေသနာပင် ဖြစ်ကြပေသည်။ ထို့ကြောင့် ယခုအခါ တရားဟောနည်းသာမက၊ ခေတ်အားလျော်စ္စာ ဣန္ဒြေရရနှင့် အနှစ်အသား ပါသော စကားပြောနည်း စာရေး စာဖတ်နည်းများ လေ့လာသင့်ကြပေသည်။
ဒိဋ္ဌိဇုကမ္မ အကြောင်း
အယူဖြောင့်မှန်ခြင်းကို “ဒိဋ္ဌိဇုကမ္မ”ဟု ခေါ်၏။ [ဒိဋ္ဌိ-အယူ+ ဥဇုကမ္မ=ဖြောင့်မှန်မှု။) အယူ ဟူသည် အသိဉာဏ်တည်း။ ထိုအသိဉာဏ်က လမ်းမှန်ကျနေလျှင် သမ္မာဒိဋ္ဌိ (မှန်ကန်သောအယူ) ဖြစ်၏။ ထိုအသိဉာဏ်က မှားယွင်းနေလျှင် မိစ္ဆာဒိဋ္ဌိ (မှားသောအယူ) ဖြစ်၏။ အောက်ပါအချက်များ၌ မိမိအသိဉာဏ် ဘယ်လိုဖြစ်သလဲဟု စဉ်းစားပါ။
၁။ ကုသိုလ်ကံ၊ အကုသိုလ်ကံ။
၂။ ထိုကံများ၏ ကောင်းကျိုး၊ မကောင်းကျိုး။
၃။ ထိုကံများကြောင့် ရောက်ရသည့် ဤဘဝ၊ နောက်ဘဝ။
၄။ နတ်များ၊ ဗြဟ္မာများ။
၅။ ကောင်းမွန်စွာ ကျင့်ကြံ၍ ဈာန်အဘိညာဉ်ရသူ၊ သို့မဟုတ် ရဟန္တာ ဖြစ်သူများ။
အထက်ပါ အချက် ၅-ချက်ကို လေးလေးနက်နက် စဉ်းစားသောအခါ “ရှိနိုင်သည်၊ ရှိထိုက်သည်၊ ရှိရမည်”ဟု အသိဉာဏ်ဖြစ်လျှင် သမ္မာဒိဋ္ဌိတည်း။ ဤ သမ္မာဒိဋ္ဌိကိုပင် “ဒိဋ္ဌိဇုကမ္မ”ဟု လည်းကောင်း၊ “ကမ္မသကတာဉာဏ်”ဟု လည်းကောင်း ခေါ်၏။ ကမ္မ=ကံ+သက=ကိုယ့်ဥစ္စာ+တာ= ဖြစ်ပုံကို+ဉာဏ်= သိခြင်း။ မိမိပြုသော ကုသိုလ်ကံ အကုသိုလ်ကံသာလျှင် မိမိနောက်သို့ လိုက်ပါသော ကိုယ်ပိုင်ဥစ္စာ ဖြစ်ပေသည်ဟု သိတတ်သော ဉာဏ်ကို “ကမ္မသကတာ ဉာဏ်”ဟု ခေါ်သည်။]
ထို ပြခဲ့သော အချက် ၅-ချက်ကို လေးနက်စွာ စဉ်းစားသောအခါ “မရှိနိုင်၊ မရှိထိုက်”ဟု ယူနေလျှင် မိစ္ဆာဒိဋ္ဌိ ဖြစ်တော့၏။ ထိုသို့ “ကံ ကံ၏ အကျိုးမရှိ”ဟု ယူသော မိစ္ဆာဒိဋ္ဌိကြောင့်ပင် တိရစ္ဆာန် သတ္တဝါတွေကို ကံကြောင့် ဖြစ်ရသော သတ္တဝါတမျိုးဟု အယူမရှိပဲ ရဲရဲဝံ့ဝံ့ သတ်ဖြတ်နိုင်ကြ၏။ ကံကြောင့် ရောက်ရသော ဤဘဝ၊ နောက်ဘဝ မရှိဟု ယူသောကြောင့်ပင် ကမ္ဘာလောကနှင့် သတ္တဝါတွေကို တစုံတဦးသော တန်ခိုးရှင်က ဖန်ဆင်းထား သည်ဟု အယူရှိကြသည်။ “ငါတို့၏ ဗုဒ္ဓရှင်တော်ကို ရာဇဝင်နှင့် တကွ ထင်ရှား သိရသကဲ့သို့၊ ထိုတန်ခိုးရှင် ဆိုသော ပုဂ္ဂိုလ်ကို ယခု လူတို့ သိနိုင်ကြ ပါ၏လော။”
ဗုဒ္ဓဘာသာဝင် ဖြစ်မှု။ ။ ဒိဋ္ဌိဇုကမ္မကို သမ္မာဒိဋ္ဌိဟု ဆိုခဲ့ပြီ။ ထိုသမ္မာဒိဋ္ဌိ အယူရှိကြသူတိုင်းလည်း ဗုဒ္ဓဘာသာဝင် မဟုတ်နိုင်သေး။ ဟိန္ဒူလူမျိုးတို့သည် ကံ ကံ၏ အကျိုးကို ယုံကြည်ကြပေ၏။ သို့သော် ဗုဒ္ဓ ဘာသာဝင်များ မဟုတ်ကြ။ ဘုရား တရား သံဃာကို ယုံကြည်၍ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃ သရဏံ ဂစ္ဆာမိ”ဟု ပါဠိလို ဖြစ်စေ၊ “ဘုရား ကိုးကွယ်ပါ၏ တရား ကိုးကွယ်ပါ၏၊ သံဃာ ကိုးကွယ်ပါ၏”ဟု မြန်မာလို ဖြစ်စေ ရွတ်ဆိုမှသာ “ဗုဒ္ဓဘာသာဝင်ဖြစ်သူ-သရဏဂုံတည်သူ”ဟု ခေါ်နိုင်သည်။ ဤသို့ ရတနာ ၃-ပါးကို ကိုးကွယ်ရာတွင် ဂုဏ်ကို မသိပဲ (ကလေးများကဲ့သို့ မိရိုးဖလာ ယုံကြည်ရုံသာ ယုံကြည်၍ ကိုးကွယ်လျှင်လည်း ဗုဒ္ဓဘာသာဝင် ဖြစ်နိုင်ပေသည်သာ။ [ရတနာ ၃-ပါး၏ ဂုဏ်တော်နှင့် သရဏဂုံ အဓိပ္ပါယ်များကို ရတနာ့ဂုဏ်ရည်၌ ရေးသားထားပြီ။]
ဒိဋ္ဌိဇုကမ္မဖြစ်ဖို့ အချက်များ။ ။ သမ္မာဒိဋ္ဌိဟုလည်းကောင်း၊ ကမ္မဿကတာဉာဏ်ဟုလည်းကောင်း ခေါ်အပ်သော ဤ ဒိဋ္ဌိဇုကမ္မ ကုသိုလ်သည် ကံ ကံ၏အကျိုး၊ “ဤဘဝ နောက်ဘဝ စသည်များကို မိမိဘာသာ စဉ်းစား ကြံစည်နေသော အခါလည်း ဖြစ်၏။ ဒါန ပြုခါနီး၊ သီလ ဆောက်တည်ခါနီးဝယ် “ဤဒါန...ဤ သီလသည် ကုသိုလ်ကံတည်း၊ ဤကုသိုလ်ကံသည် နောက်နောင် ဘဝတို့၌ ကောင်းကျိုး ချမ်းသာကို ပေးနိုင်သည်”ဟု သတိရသော အခါ၌လည်း ဤ ဒိဋ္ဌိဇုကမ္မ ကုသိုလ် ဖြစ်၏။ ကံ ကံ၏ အကျိုးကို ယုံယုံကြည်ကြည်နှင့် ဒါန သီလ စသော ကုသိုလ်များကို ပြုခိုက်မှာလည်း ဤ ဒိဋ္ဌိဇုကမ္မ ကုသိုလ် ဖြစ်၏။ မည်သည့်ကုသိုလ်မဆို ဤဒိဋ္ဌိဇုကမ္မ ကုသိုလ်ပါမှ သာ၍ အကျိုးကြီးသည်။-
ပုညကြိယာ ၄၀။ ။ ဤပြခဲ့သော ဒါန စသည်ကို ကိုယ်တိုင် ပြုမှသာ ကုသိုလ် ဖြစ်သည် မဟုတ်၊ သူတပါးကို ပြုဖို့ရန် တိုက်ရိုက်ခိုင်းခြင်း၊ ပြုချင်လာအောင် ဂုဏ်ကျေးဇူးကို ပြောပြခြင်း၊ သူတပါးပြုနေသည်ကို မြင်ရကြားရ၍ ဝမ်းမြောက်ခြင်းများလည်း ကုသိုလ်ဖြစ်သည်။ ထို့ကြောင့် ပုညကြိယ ဝတ္ထု ၁၀-ပါးကို တည် ... ၁-ကိုယ်တိုင်ပြုခြင်း၊ ၂-ပြုဖို့ရန် စေခိုင်းခြင်း၊ ၃-ဂုဏ်ကို ပြောပြခြင်း၊ ၄-ဝမ်းမြောက်ခြင်း ဤလေးပါးဖြင့် မြှောက်လျှင် ပုညကြိယဝတ္ထု ၄၀-ဖြစ်၏
[ဆောင်] ကောင်းမှုဆယ်ခိုင်၊ အရင်း ကိုင်၍၊ ကိုယ်တိုင်ပြုငြား၊ သူများခိုင်းတုံ၊ ဂုဏ်ကို ပြောပြ၊ ဝမ်းမြောက်ကလျှင်၊ လေးဆယ်တွင်၊ မြှောက်တင် ပုည ဝတ္ထုတည်း။
နိဂုံး
ဤမျှသော စကားအစဉ်ဖြင့် စိတ်ကောင်း စေတနာကောင်း ထား၍ ပြုရသော ပုညကြိယ ဝတ္ထုများ ပြီးပြီ။ ဤပုညကြိယ ဝတ္ထုများကို ထင်ထင်ရှားရှား ရေးသားရကြောင်း ကောင်းမှု ပဋိပတ် အကျင့်မြတ်ကြောင့် ဤကျမ်းကို ကြည့်ရှုသူတိုင်း ပုညကြိယ ဝတ္ထုများကို ပြုလိုသော စိတ်ဆန္ဒ ရှေးကထက် တိုးတက်ပါစေ။ ငါနှင့် စပ်ဆိုင်သူ ဟူသမျှလည်း ဤ ကောင်းမှု ၁၀-ပါးကို နိဗ္ဗာန်အထိ ခေါ်၍ ပျော်ပျော်ကြီး ကြိုးစားကြပါစေ။
ငါ၏အတွက်ကား ဒါန သီလ ဘာဝနာကို အခြေတည်လျက် ရွှေပြည်နိဗ္ဗာန် ရောက်ရန်ကောင်းမှု အစုစုကို ပြုတိုင်းပြုတိုင်း ယုတ်ဆိုင်း တွန့်တိုသော စိတ်များကို ဖယ်ရှား၍ ထက်မြက်သော သဒ္ဓါ ဝီရိယ သမာဓိနှင့် သတိ ပညာ ဗိုလ်ငါးဖြာတို့ ကောင်းစွာ အုပ်စည်းလျက် အပြီးတိုင် ကျင့်နိုင်ပါစေ။
ကောင်းမှုဆယ်လီ၊ နှစ်အဆီကို၊ ပြီပြီသသ၊ ရေးစီရသည့်၊ ပုညမြင့်ဖူး၊ အကျင့်ထူးကြောင့်၊ ကြည်နူးရွှမ်းအိ၊ ဂွမ်းဆီထိသို့၊ ပီတိဝေဖြာ၊ စေတနာဖြင့်၊ တေဇော ဆင့်ဆင့်၊ ကောင်းရာချင့်၍၊ ကောင်းကျင့်တရား၊ ကောင်းအောင်ပွားလျက်။ ကောင်းစားကြစေ၊ ငါ့အနေမူ၊ ဘဝေ ဘဝ၊ ဖြစ်သမျှ၌၊ ပုညဆယ်ဆင့်၊ ကုန်အောင်ကျင့်သား၊ ငါနှင့်ရင်းသူ၊ အတွင်းလူလည်း၊ ဝင်းဖြူဆယ်တန်၊ ကုန်ကျင့်ကြံသည်၊ နိဗ္ဗာန်ထုတ်ချောက် ရောက်ရန်သောဝ်။
ပုညကြိယ ဝတ္ထု ၁၀-ပါး ပြီးပြီ။
သတ္တမအခန်း
ကံနှင့် စပ်၍ အရပ်ရပ် မှတ်ဖွယ်ပါသည်။
ကံဆိုတာ ဘာလဲ။ ။ “ကမ္မ” ဟူသော ပါဠိ စကားကို မြန်မာလို “ကံ”ဟု ခေါ်၏။ ထို“ကံ” ဟူသော စကားကို တမျိုးထပ်၍ မြန်မာပြန်လျှင် “အမှု”ဟု ခေါ်ပြန်သည်။ ထိုအမှုကား ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှု အားဖြင့် ၃-မျိုး ကွဲပြား၏။ “ကိုယ်မှု” ဟူသည် လက် ခြေ စသော ကိုယ်အင်္ဂါဖြင့် ပြုရသော လုပ်ငန်း ကိစ္စစုတည်း။ ဥပမာ-သူ့အသက်ကို ကိုယ်တိုင်သတ်ခြင်း၊ အလှူဒါနကို ကိုယ်တိုင်ပြုခြင်း စသည်တည်း။
“နှုတ်မှု” ဟူသည် နှုတ်ဖြင့် ပြောဆို ပြုလုပ်ရသော ကိစ္စတည်း။ ဥပမာ“ဟို အကောင် သတ်လိုက်၊ ဆွမ်းလောင်းလိုက်ပါ” စသည်ဖြင့် စေခိုင်း တိုက်တွန်းမှု၊ လိမ်လည်မှု၊ တရားဟောပြောမှု စသည်တည်း။ “စိတ်မှု” ဟူသည် ကိုယ်လည်း မလှုပ်၊ နှုတ်လည်း မပါ၊ စိတ်ထဲ၌သာ စဉ်းစား ကြံစည် စိတ်ကူးမှုတည်း။ ဥပမာ-“ဟိုလူ့ ပစ္စည်းတွေဟာ ငါ့ပစ္စည်းတွေဖြစ်လျှင် သိပ်ကောင်း မှာပဲ” စသည်ဖြင့် မကောင်း ကြံခြင်း၊ သူတပါးကို သနားကြင်နာခြင်း၊ ချမ်းသာစေလိုခြင်း၊ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများခြင်း စသည်များတည်း။
အမှုသည်ကို ရှာဖွယ်။ ။ ထိုကိုယ်မှု နှုတ်မှု စိတ်မှုများသည် စိတ်ကို မလှုံ့ ဆော်ရပဲ ဘာသိဘာသာ ဖြစ်နေသည် မဟုတ်။ သူ့အသက်ကို သတ်ရာ၌ လက်က ဓားကို ကိုင်မိအောင်၊ ထိုဓားကို လူတယောက် အပေါ်သို့ ရောက်အောင် ပြုလုပ်နိုင်သော အမှုသည် လက်သည် တရားကား ရှိရသေးသည်။ နှုတ်ဖြင့် ပြောရာ၌လည်း စကားသံ တလုံးချင်း ပေါ်လာအောင် ပြုလုပ်နိုင်သော အမှုသည် လက်သည်တရား ရှိသည်။ အိပ်ပျော်နေတုန်းအခါ စိတ်တွေများစွာ ဖြစ်နေသော်လည်း မည်သည့် စိတ်အမှုမျှ မဖြစ်။ ထို့ကြောင့် ကိုယ်မှု နှုတ်မှု စိတ်မှုတို့၌ ပကတိစိတ်မှ ထူးခြား၍ သတ္တိထက်သော တရားတမျိုး ရှိပေလိမ့်မည်။ လောက၌့အမှု တစုံတရာ ပေါ်လျှင် လက်သည် ရှာရသကဲ့သို့၊ ထို့အတူ ဤ ကိုယ်မှ နှုတ်မှု စိတ်မှုများကို ဖြစ်ပေါ်အောင် ပြုလုပ်နိုင်သော အမှုသည် လက်သည် တရားကို ရှာသင့်ပေသည်။
စေတနာသည် အမှုသည် စေတနာသည်ကံ။ ။ ထို ကိုယ်မှ နှုတ်မှု စိတ်မှုများ ဖြစ်အောင် လှုံ့ ဆော် ပေးသော တရား အတွင်းသန္တာန်၌ ဖြစ်နေသော စိတ် စေတသိက် အထဲမှာပင် ဗျာပါရ လွန်ကဲသော စေတနာ စေတသိက်တည်း။ ထို့ကြောင့် စေတနာ စေတသိက်သည် ထိုကိုယ်မှု နှုတ်မှု စိတ်မှုကို ဖြစ်အောင် လှုံ့ဆော်တတ်သော အမှုသည် လက်သည် တရားတည်း။ ထိုအမှု “ကံ”များကို အထမြောက်အောင် ဖန်တီးတတ်သောကြောင့် (အကျိုးအမှု၏ ကံ ဟူသော နာမည်ကို အကြောင်းရင်း စေတနာအပေါ်မှာ တင်စား၍) စေတနာ စေတသိက်ကိုပင် “ကံတရား”ဟု ခေါ်ရသည်။ [စိတ် စေတသိက် အများတွင် စေတနာက သတ္တိလွန်ကဲပုံ၊ ထိုစေတနာကိုပင် အမှုသည် လက်သည် တရားဟု စွဲချက်တင်ပုံကို စေတနာ စေတသိက် အခန်းတုန်းကလည်း ပြုပြီးဖြစ်၍ ထိုအခန်းနှင့် တွဲဘက်ကြည့်ပါ။]
မထင်မရှားဖြစ်သော စိတ်များ။ ။ မိမိစိတ် ဖြစ်ပုံကို မိမိကိုယ်တိုင် စဉ်းစားကြည့်သောအခါ စိတ်များ တချို့ စိတ်၏ ဖြစ်ပုံသည် ထင်ရှား၏။ တချို့ စိတ်၏ ဖြစ်ပုံကား မထင်ရှားချေ၊ အိပ်ပျော်နေသော အခါ၌ စိတ်အစဉ်သည် ဖြစ်မြဲ ဖြစ်နေ၏။ သို့သော် ဖြစ်ပုံကား မထင်ရှားချေ။ နိုးသော အခါမှာလည်း အမှတ်တမဲ့ မြင်ရ၊ ကြားရ၊ နံရ၊ ထိရသောအခါ စိတ်ဖြစ်ပုံ မထင်ရှား။ စိတ်ဖြင့် တွေးမိတွေးရာကို တွေး၍ ငေးမိငေးရာ နေသောအခါလည်း စိတ်ဖြစ်ပုံ မထင်ရှား။ ထိုသို့ မထင်မရှား ဖြစ်သောအခါ၌ ကုသိုလ်ဇော အကုသိုလ်ဇော စိတ် စေတနာတွေ ဖြစ်ပေါ်နေသော်လည်း ထိုဇောစေတနာများကြောင့် မည်သည့် ကံ တခုမျှ အထမမြောက်။ ဤသို့လျှင် မည်သည့် ကံ တခုမျှ အထမမြောက်ပဲ အမှတ်တမဲ့ မသိမသာ ဖြစ်သော ဇောစေတနာများလည်း တနေ့အဖို့မှာ အတော်များ ဖြစ်ကြသည်။
ထင်ရှားသော အကုသိုလ် စေတနာ။ ။သူတပါး သတ်ဖို့ ကြံစည်သောအခါ၌ ဒေါသဇော စိတ်စေတနာသည် လွန်စွာ ထင်ရှား၏။ သတ်ဖို့ရာ လွန်စွာဗျာပါရ များနေ၏။ ကာမမှုကို မတရား ကြံစည်လိုသော အခါ၌လည်း လောဘဇော စေတနာ လွန်စွာ ဗျာပါရ များရလေ၏။ အတွင်းဇော စေတနာက ဗျာပါရ များနေမှုကြောင့်ပင် အပြင်ပ ကိုယ်ခန္ဓာကြီးလည်း ထကြွ လှုပ်ရှား၍ ဗျာပါရ များရလေသည်။ ဤသို့လျှင် ကိုယ်မှု နှုတ်မှု စိတ်မှု မကောင်းတခုခု အထင်အရှား ဖြစ်ရာ၌လည်း အတွင်းက ဆိုင်ရာ အကုသိုလ် စေတနာတွေ ဗျာပါရ များနေပုံ၊ ရိုးရိုးအခါ ဖြစ်သော စိတ်ဇောများနှင့် မတူပဲ ထက်ထက်မြက်မြက်ရှိကြပုံကို သတိထား၍ စဉ်းစားလျှင် အကုသိုလ်ဇော စေတနာများ၏ ဖြစ်ပုံမှာ လွန်စွာ ထင်ရှားလေသည်။
ထင်ရှားသော ကုသိုလ် စေတနာများ။ ။ လှူဒါန်း ပေးကမ်း နေရသော အခါ၊ ဥပုသ် သီလ စေတနာများ
(ဆောက်တည် နေရသောအခါ၊ လူကြီး သူမကို ပြုစုလုပ် နေရသောအခါ၊ တရားစကားကို ပြောဆို ကြားနာ နေရသော အခါ၊ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်း နေရသောအခါ၊ မကောင်းမှု အကုသိုလ်မှ ရှောင်ကြဉ်သောအခါ၌ ကုသိုလ်စေတနာတွေ လွန်စွာ တက်တက်ကြွကြွ ရှိ၏။ ထိုကုသိုလ်များ အထမြောက်ဖို့ရာ လွန်စွာ ဗျာပါရ အားကြီးလေ၏။ ထိုဇောစေတနာတွေက ဗျာပါရ များရခြင်းကြောင့် ကိုယ် လက် နှုတ်များလည်း အချို့ ကုသိုလ်ကိစ္စ၌ လှုပ်လှုပ်ရှားရှား ဗျာပါရများလျက် ရှိလေသည်။
ခန္ဓာအစဉ်၌ ကံ၏သတ္တိ ကျန်ရှိရစ်ပုံ။ ။ ထိုကဲ့သို့ အထင်အရှား ဖြစ်နေကြသော ကုသိုလ်အကုသိုလ် ဇော စေတနာကို “ကံ”ဟု ခေါ်၏။ ထိုကံ တရားတို့သည် ထုံးစံအတိုင်း ချုပ်ပျောက်ကြသော်လည်း ပြီးပြီးပျောက်ပျောက် ချုပ်သွားကြသည် မဟုတ်၊ မိမိတို့၏ ကံစွမ်း သတ္တိကို ခန္ဓာ အစဉ်မှာ မြှုပ်ထားလျက် ချုပ်သွားကြလေသည်။ ဆိုလိုရင်းကား-ခန္ဓာကိုယ်၌ စိတ်တခုပြီးတခု ဖြစ်ရာဝယ် သတ္တိနည်းသော စိတ်တို့သည် ချုပ်ပြီးနောက်၌ သူတို့၏ အစွမ်းသတ္တိ တစုံတရာ မကျန်ရစ်တော့။ သတ္တိ ထက်မြက်သော ဇောစေတနာတို့၏ သတ္တိကား ခန္ဓာအစဉ်မှာ ကျန်ရစ်ကြလေသည်။ ဥပမာ-မထက်မြက် မထင်ရှားသော မိဘတို့ ကွယ်လွန်သောအခါ သူတို့၏ အရှိန်အဝါသည် သားသမီး အပေါ်၌ သိသိသာသာ မကျန်ရစ်တော့ပဲ ထက်မြက် ထင်ရှားသော မိဘတို့ ကွယ်လွန်သောအခါ၌သာ သူတို့၏ အရှိန် အဝါသည် သားသမီးတို့မှာ သိသိသာသာ ကျန်ရစ်သကဲ့သို့တည်း။
ခန္ဓာအစဉ်၌ ကံသတ္တိများ လိုက်ပါပုံ။ ။ အသီး သီးသော သစ်ပင်မျိုး၌ အသီး သီးစေ ခန္ဓာအစဉ်၌ တတ်သော ဓာတ်သတ္တိ အမြဲ ပါရှိသည်။ သစ်ပင် ပေါက်ခါစ၌လည်း ပါရှိ၏။ အညွန့် အခက် အရွက် ထွက်သောအခါ ပင်လုံးနှင့်တကွ ထိုအသီးနှင့် အသီး၏ အစေ့မှာလည်း ပါရှိ၏။ ထိုအစေ့ ရင့်၍ မြေ၌ချပြီး စိုက်ပျိုးသောအခါ၌လည်း အသီး သီးစေတတ်သော ဓာတ်သတ္တိ ပါရှိ၏။ ထိုဓာတ် သတ္တိသည် “ဘယ်လိုအရာ”ဟု ခွဲခြားမရသော်လည်း ထိုသစ်ပင်အမျိုးတို့၏ အစဉ်အဆက်မှာ သီးစေတတ်သော ဓာတ်သတ္တိ တမျိုးကား ဧကန် ပါရှိသကဲ့သို့၊ ထို့အတူ ရုပ်တခုပြီးတခု နာမ်တခုပြီး တခု ဆက်၍ဆက်၍ ဖြစ်ပျက်နေကြရာ၌ အသစ်ဖြစ်သော ရုပ်နာမ်ခန္ဓာအစဉ်ဝယ် ချုပ်လေပြီးသော ထိုစေတနာ ကံတရား၏ သတ္တိလည်း အမြဲလိုက်ပါလျက် ရှိသည်။ စုတိစိတ် အခိုက်မှာလည်း ကံ၏သတ္တိတွေ အများအပြား ရှိနေသည်။ စုတေပြီးနောက် ဘဝအသစ် ပဋိသန္ဓေ ခဏ၌လည်း ကံ၏ သတ္တိတွေ ပါရှိ၏။ ထို့နောက် တဘဝလုံးနှင့် ထိုဘဝ၏ စုတိ၊ ထို့နောက် တဖန် ပဋိသန္ဓေ ခဏ၌လည်း ရုပ် နာမ်ခန္ဓာ အစဉ်မှာ (ဘယ်လိုအရာမျိုးဟု အထင်အရှား အထည် ဝတ္ထုကို ခွဲခြား မရသော်လည်း) အကျိုး မပေးရသေးသော ကံ၏ သတ္တိတွေ လိုက်ပါ တည်ရှိလေသည်။ (ကံ၏ သတ္တိ ဟူသည် အထည်ကိုယ် အထင်အရှား မဟုတ်၊ သတ္တိမျှသာ ဖြစ်ကြောင်းကို သတိပြုပါ။)
ကံပြုသူ၌ ကံအကျိုးတိုက်ရိုက် ရပုံ။ ။ပြခဲ့သော စကားစဉ်အရ သတ္တဝါတို့ တဘဝမှ တဘဝ ပြောင်းကြရသော်လည်း ရှေးဘဝက မိမိ၏ အဝိဇ္ဇာ တဏှာ ကံစွမ်းအတွက် နောက်ဘဝ အသစ်၌ ဖြစ်ရသောကြောင့် နောက်ဘဝ ဖြစ်သူသည် သူများမဟုတ် မိမိပင်တည်း။ ပြုခဲ့သမျှသော စေတနာ ကံတရားတို့သည် ချုပ်ပျောက်သွားသော်လည်း ထိုကံ၏ အရှိန်သတ္တိတွေ အကျိုး မပေးရသေးသမျှ မပျောက်မပျက် လိုက်ပါလျက်ရှိသောကြောင့် မိမိပြုသော ကုသိုလ်ကံ၏ သတ္တိသည် မိမိသန္တာန်မှာ (လူသွားရာသို့ လူရိပ် လိုက်ပါသလို) မိမိကို စောင့်ရှောက်ရန် အမြဲ လိုက်ပါနေ၏။ မိမိပြုအပ်သော အကုသိုလ်ကံ၏ သတ္တိများလည်း(လှည်း၌ တပ်အပ်သော နွား၏နောက်သို့ လှည်းဘီးပါသကဲ့သို့) မိမိကို နှိပ်စက်ဖို့ရန် အမြဲ လိုက်ပါနေ၏။ မိမိပြုအပ်သော အကုသိုလ်ကံ၏ အကျိုးကို မိမိသာ တိုက်ရိုက်ရသောကြောင့် “ဒီဘဝ ဒီကိုယ်စံ၊ နောက်ဘဝ နောက် ကိုယ် ခံလိမ့်မည်”ဟု တချို့က ပြောကြသော်လည်း နောက်ဘဝ နောက်ကိုယ်မှာ သူများ မဟုတ်၊ မိမိပင် ဖြစ်ကြောင်း ကောင်းကောင်းကြီး နားလည်ကြပါကုန်။
ကုသိုလ် ကံတူအကျိုးပေး။ ။ ဇာတ်တော်များ၌ ကံတူ အကျိုးပေးပုံတွေ များစွာ ပါရှိ၏။ ရှေးရှေးက စိတ်တူကိုယ်တူပြုခဲ့သော ကံတို့သည် နောင်အခါလည်း အတူ အကျိုးပေးတတ်ကြ၏။ ဒါန အတူပြုခြင်း၊ သီလအတူ ဆောက်တည်ခြင်း၊ ထိုကဲ့သို့ အတူတကွ ပြုခွင့်မရသော အခါ၌လည်း တယောက်ပြုနေသည်ကို တယောက်က သဘောကျခြင်း(အိမ့်ရှင်က ပစ္စည်းရှာ၍ အိမ်သူက ထိုပစ္စည်းဖြင့် ကုသိုလ်ပြုသည်ကို ဝမ်းမြောက်ခြင်း) ဤသို့ စသော ကုသိုလ်များကို “ကံတူ”ဟု ဆိုလိုသည်။ ထိုကဲ့သို့ ကံတူ ပြုရာ၌ ပညာရှိ သူတော်ကောင်းချင်း ဖြစ်လျှင် တယောက်စကား တယောက်နားထောင်ကာ မခွဲမခွါ နေလိုသော သမ္မာဆန္ဒဖြင့် တယောက်နှင့်တယောက် ငဲ့ညှာသော တဏှာဆန္ဒများလည်း ကုသိုလ်၏ ရှေ့အဖို့ နောက်အဖိုမှာ မကင်းပဲ ရှိတတ်၏။ ထိုကုသိုလ်ကံ အကျိုးပေးသောအခါ သမ္မာဆန္ဒ တဏှာဆန္ဒ အလိုကျအောင် ထိုသူ ၂-ယောက်တို့ အတူ တွေ့ဆုံရတတ်၊ အတူ အကျိုးခံစားရတတ် ပေသည်။ ဤအရာမျိုးကို “ကံတူ အကျိုးပေး”ဟု ခေါ်သည်။
ထိုကဲ့သို့ တယောက်နှင့်တယောက် ငဲ့ညာမှုဆန္ဒ ပြင်းပြလှသော ကုသိုလ်ရှင်တို့သည် သံသရာထဲ၌ ပါရမီဖြည့်ဘက် အဖြစ်ဖြင့် ကျင်လည်ကာ တပျော်တပါး အလောင်းတော်များ ဖြစ်ရပုံကိုလည်း ဘုရားရှင်နှင့် ယသော်ဓရာ မိဖုရား၊ ရှင်မဟာကဿပနှင့်မယ်ဘဒ္ဒါ၊ မဟာကပ္ပိနမင်းနှင့်အနော်ဇာတို့အပြင် မကင်းရာ မကင်းကြောင်းဖြစ်၍ ပါလာကြသော ရှင်သာရိပုတြာ၊ ရှင်မောဂ္ဂလ္လာန်၊ ရှင်အနုရုဒ္ဓါ၊ ရှင်ရာဟုလာ၊ ခေမာထေရီ၊ ဥပ္ပလဝဏ်ထေရီ၊ မိထွေးတော် ဂေါတမီး သုဒ္ဓေါဒန မဟာရာဇာတို့၏ ဝတ္ထုကြောင်းဖြင့် ကောင်းကောင်းကြီး ယုံကြည်သင့်ကြပေသည်။
အကုသိုလ်ကံတူအကျိုးပေး။ ။ အကုသိုလ် အရာမှာလည်း စိတ်တူ သဘောတူပြုလျှင် ကံတူ အကျိုးပေးပင် ဖြစ်၏။ ရှေးက ဇနီးမောင်နှံ ၂-ဦးသည် လှေပျက်၍ လူမရှိသော ကျွန်းငယ်တခုသို့ ရောက်သွားသည်။ ထိုနေရာ၌ အစာ မရသဖြင့် ငှက်ကလေးများကို သတ်၍ စားကြရ၏။ ထိုမကောင်းမှုအတွက် ငရဲကျပြီးနောက် ဘုရား လက်ထက်၌ ဥတေနမင်း၏ သားတော် ဗောဓိမင်းသားနှင့်မိဖုရား ဖြစ်လာကြသော်၊ ရှေးက ငှက်ကလေး တွေကို သတ်စားမိခဲ့သော ကံကြောင့် သားသမီးမရပဲ ရှိလေသည်။
ငှက်ကလေးများကို သတ်စားတုန်းဝယ် မိန်းမက သဘော မတူခဲ့လျှင် မိန်းမအတွက် သားသမီး ရထိုက်၏။ ယောက်ျားက သဘော မကျလျှင် ယောက်ျားအတွက် သားသမီး ရထိုက်၏။ ထိုသူ ၂-ယောက်မှာ စိတ်တူကိုယ်တူ သတ်ခဲ့သောကြောင့် သားသမီး မရပဲ ရှိလေသည်။ ဤသို့ စသည်ဖြင့် စိတ်တူ ကိုယ်တူ ပြုခဲ့သော အကုသိုလ်ကံများ၏ ကံတူအကျိုးပေးတတ်ပုံကို သတိထား၍ တယောက်က အကုသိုလ် ပြုလိုလျှင် သဘောမတူပဲ တားမြစ်ဖို့ သတိပြုသင့်ကြ ပေသည်။
“အကုသိုလ် နှင့်၊ ကုသိုလ် နှစ်ပါး၊ ကံတရားကား၊ မယားပြုရာ၊ စိတ်မပါလျှင်၊ လင်မှာ မရ၊ လင်ပြုကလည်း၊ မယား အိမ်သူ၊ စိတ်မတူသော် မှတ်ယူမှန်စွာ၊ မရရာဘူး”-မဃဒေဝ လင်္ကာ။
ကုသိုလ်ကံ အကျိုးပေး အာနိသင်။ ။ လောက၌ ဆရာတပည့်တစု၊ မိသားတစုံ၊ ဆွေမျိုးတစု စသည်ဖြင့် အစုအဖွဲ့ရှိတတ်လေရာ၊ တယောက်ယောက်၏ ကုသိုလ်ကံ အကျိုးကို အစုအဖွဲ့ ပါဝင်သူများလည်း ထိုက်တန်သလောက် ခံစားရ၏။ သီဟိုဠ်ကျွန်း ဘာတိကမင်း လက်ထက်၌ နွားသားစားသူများကို ဖမ်းဆီး၍ ဒဏ်တပ်လေရာ ဒဏ်ငွေမဆောင်နိုင်ကြသဖြင့် နန်းတော်တွင်း၌ အမှိုက် သုတ်သင်သူများ ပြုထားလေ၏။ ထိုသူတို့ အထဲမှာ အဆင်းလှသူကလေး တယောက်ကို ရှင်ဘုရင် မြင်၍ ထိုသူ့ကို နန်းတွင်းမှာ “သာမာဒေဝီ” ဟူသော ဘွဲ့အမည်ဖြင့် အကျွမ်းတဝင် ထားပြီးနောက်၊ သူ့ကို အကြောင်းပြု၍ သူ၏ ဆွေမျိုးများကိုလည်း အပြစ်မှ လွတ်စေပြီးလျှင် ချမ်းသာစွာ အသက်မွေး နိုင်လောက်အောင် ချီးမြှောက် မ စလေသည်။ ဤကား တယောက် ကုသိုလ်ကြောင့် ဆွေမျိုးများ၌ အကျိုးရပုံတည်း။ [ဤနေရာဝယ် “ဆွေမျိုးများမှာလဲ ကုသိုလ်ရှိလို့ပေါ့”ဟု ပြောစရာ ရှိ၏။ သို့သော် ထိုဆွေမျိုးများ၌ရှိသော ကုသိုလ်ကံမှာ သာမာဒေဝီ မပါလျှင် အကျိုးပေးနိုင်လောက်သော အခြေအနေ မရှိချေ။]
အကုသိုလ်ကံ အကျိုးပေး အဖျားခတ်ပုံ။ ။ အကုသိုလ်ကံ အကျိုးများလည်း ကုသိုလ်ကဲ့သို့ အဖျား ခတ်တတ် သေး၏။ ကဿပဘုရားရှင် လက်ထက်တော်ဝယ် သူကြွယ် တယောက်၏ ကျောင်းဘုန်းကြီးဖြစ်သော ရဟန်းတပါးသည် သီလရှိသော သူတော်ကောင်း ပေတည်း။ သို့သော် အာဂန္တု ရဟန္တာကို ကျောင်းဒကာ သူကြွယ်က ကြည်ညို သည်ကို သည်းမခံနိုင်သော ကုလမစ္ဆရိယကြောင့် နံနက်စောစော သူကြွယ်အိမ်သို့ ဆွမ်းစား သွားခါနီး၌ အာဂန္တု ကိုယ်တော် မနိုးအောင် ခေါင်းလောင်းကို လက်ဖျားဖြင့် တောက်၍ သွားလေသည်။ အိမ်ရောက်၍ သူကြွယ်က အာဂန္တု ကိုယ်တော်ကို မေးလေသော် “ဒါယကာ၍ ကိုယ်တော်ဟာ အင်မတန် အအိပ် ကြီးတယ်၊ ခေါင်းလောင်းထိုးတာတောင် မနိုးလို့ ထားခဲ့တယ်”ဟု ပြောလေသည်။ [ထိုစကားသည် မစ္ဆရိယအသံပါသော စကားတည်း။
ပါးနပ်သော ကျောင်းဒကာက သူ့ဘုန်းကြီး၏ စိတ်ထားကို ရိပ်မိ၏။ ထို့ကြောင့် ကျောင်းဘုန်းကြီးအား ဆွမ်းကပ်ပြီးနောက် “အာဂန္တုကိုယ်တော်အား လှူပါလေ”ဟု မှာ၍ သပိတ်ထဲ၌ ဆွမ်းထည့် ပေးလိုက်လေသည်။ ကျောင်းဘုန်းကြီးသည် သဘောမကျ။ “သည်လို ဆွမ်းကောင်း စားနေရလျှင် ငါ့ကျောင်းက ဆွဲချသော်လဲ သွားတော့မှာ မဟုတ်ဘူး”ဟု ကျောင်း၌ ဆက်၍နေမည် စိုးသော အာဝါသမစ္ဆရိယ၊ မိမိထက် သာသည်ကို မနာလိုသော ဣဿာတို့ကြောင့် ထည့်ပေးလိုက်သော ဆွမ်းကို လမ်းမှာ သွန်ပစ်လေသည်။ [ဤနေရာ၌ ဆွမ်းသွန်ပစ်ခဲ့ပုံ အပြစ်ကြီးကိုပါ သတိပြုပါ။]
အာဂန္တု အရှင်မြတ်လည်း ကျောင်းဘုန်းကြီး၏ စိတ်ဓာတ်ကို သိတော်မူ၍ စောစောကပင် ကောင်းကင်ခရီးဖြင့် လိုရာအရပ်သို့ ကြွနှင့်ပြီး ဖြစ်သောကြောင့် ကျောင်းသို့ ရောက်၍ ရှာဖွေသောအခါ အာဂန္တုကိုယ်တော်ကို မတွေ့မှ နောင်တ တဖန် ပူပန်မှု ကုက္ကုစ္စဖြင့် စိတ်ထဲ၌ ပူလောင်နေရကား စိတ်ရော ကိုယ်ပါ သွေ့ခြောက်လျက် မကြာမီ စုတေပြီးနောက် ငရဲသို့ ရောက်ရလေသည်။
ထိုငရဲမှ တက်ပြီးနောက် ဘီလူးဘဝ ၅၀၀၊ ခွေးဘဝ ၅၀၀-တို့၌ အစာ ဝအောင် မရသည်သာ များလေ၏။ ထိုကဲ့သို့ ဆင်းဆင်းရဲရဲဖြင့် ကျင်လည်ခဲ့ရာ၊ ငါတို့ ဘုရားရှင် လက်ထက်တော်၌ အိမ်ခြေတထောင်ရှိသော တံငါသည်ရွာဝယ် တံငါသည်မ ဝမ်း၌ ပဋိသန္ဓေ နေရလေသည်။ ထိုသူ ပဋိသန္ဓေ နေသည်ကစ၍ တံငါများ ငါးအရနည်းရုံသာမက တရွာလုံး မင်းဒဏ် ၇-ကြိမ် ခံရ၊ ၇-ကြိမ် မီးလောင်ခံရလေသည်။
ထို့နောက် စဉ်းစားတတ်သူ လူကြီးများက “ငါတို့ရွာ၌ ကံဆိုးသူရှိလိမ့်မည်။ ရွာကို တဝက်စီ ခွဲကြစို့”ဟု ပြော၍ တဝက်စီ ခွဲကြရာ ထိုကိုယ်ဝန်ပါသော ဘက်၌ ရှေးနည်းတူ ဆင်းရဲပြန်သစ် ထပ်၍ ထပ်၍ ခွဲကြရာ၊ နောက်ဆုံး၌ ထိုကိုယ်ဝန်ရှိသော မိဘတို့ တအိမ်သာ သီးခြား ဖြစ်နေလေသည်။ ထိုသို့ သီးခြား ဖြစ်ရပြီးနောက် မိခင်မှာ ဆင်းရဲစွာ ဖွားမြင်ပြီးလျှင် သွားလာနိုင်သောအခါ ခွက်ကလေးကို ကလေးလက် အပ်၍ မိခင် ထွက်ပြေးလေသည်။ ကလေး ငယ်လည်း ထိုခွက်ကလေးဖြင့် တောင်းရမ်း စားသောက်၍ ၇-နှစ် အရွယ်သို့ ရောက်သောအခါ အရှင်သာရိပုတ္တာနှင့် တွေ့သဖြင့် ရှင်ပြုပေး ပြီးနောက် “လောသကတိဿ” မည်သော ရဟန်းဖြစ်၍ တရားကို အားထုတ်စေရာ (ရှေး ရဟန်းဘဝတုန်းက သီလရှိသော ပုဂ္ဂိုလ် ဖြစ်သည့်အတွက်) ရဟန္တာ ဖြစ်လေသတည်း။
ထိုသို့ ရဟန္တာ ဖြစ်သော်လည်း တနေ့မျှ ဆွမ်းဝအောင် မဘုဉ်းပေးရရှာ။ ပရိနိဗ္ဗာန် စံမည့်နေ့၌ အရှင်သာရိပုတြာ ခေါ်၍ ဆွမ်းခံ အတူ သွားရာ အရှင်သာရိပုတြာပင် ဆွမ်းမရတော့ချေ။ ထို့နောက် ထိုရဟန်းကို ပြန်လွှတ်၍ တပါးတည်း ဆွမ်းခံမှ ဆွမ်းရလေသတဲ့။ အရှင်သာရိပုတြာလည်း အိမ်တအိမ်၌ ဆွမ်းဘုဉ်းပေးပြီးလျှင် ထိုရဟန်းအတွက် အိမ်က လူများကို ထိုရဟန်းအထံသို့ ဆွမ်းပို့ လွှတ်လိုက်ရာ လွှတ်လိုက်သူများက သတိမေ့ပြီး လမ်းမှာ ချစားကြလေသည်။ ထိုရဟန်းထံသို့ ဆွမ်းမရောက်ကြောင်း အရှင်သာရိပုတြာ ပြန်လာမှ သိရလေလျှင် ကောသလမင်းထံ စတုမဓူကို အလှူခံ၍ (သပိတ် လွှတ်ပေးလျှင် သပိတ်ပါ ကွယ်မည် စိုးသောကြောင့်) သပိတ်ကို အရှင်သာရိပုတ္တရာ ကိုယ်တိုင် ကိုင်၍ ကျွေးမှ ထိုစတုမဓူကို အဝ ဘုဉ်းပေး၍ ပရိနိဗ္ဗာန် စံလေသည်။
မှတ်ချက်။ ။ ဤ ဝတ္ထု၌ ကဿပ ဘုရားရှင် သာသနာတော်က ပြုခဲ့သော မကောင်းမှုတို့ကြောင့် သူတယောက်တွင်မက တရွာလုံး မကောင်းကျိုး ခံစားရပုံ၊ အရှင်သာရိပုတ္တာသည်ပင် သူနှင့် တွဲ၍ ဆွမ်းခံဝင်ရာ ဆွမ်းမရပုံတို့မှာ တယောက်၏ မကောင်းမှုက အခြားသက်ဆိုင်သူများကိုလည်း ကံအရှိန် ခတ်တတ်ကြောင်း ညွှန်ပြသည့် သက်သေ သာဓကတို့ ပေတည်း။ ထို့ကြောင့် မိမိ၏ သံသရာ စခန်း၌ ဖြောင့်တန်းဖို့ အရေးကို မျှော်တွေးမိသူ ဟူသမျှသည် ယခုဘဝ၌ တွေ့ရှိသူ လူယုတ်မာများကို ဆွေမျိုး ဉာတိပင် ဖြစ်နေသော်လည်း မကင်းစကောင်း၍ မပစ်ပယ်နိုင် စေကာမူ ထိုကဲ့သို့ လူမျိုးကို စိတ်အားဖြင့် ဝေးနိုင်သမျှ ဝေးအောင် ရှောင်မှသာ ဘဝအဆက်ဆက်၌ ထိုသူနှင့် ကင်းပြတ်၍ လွတ်လပ်သော သူတော်စင်များ ဖြစ်နိုင်ကြပေလိမ့်မည်။
ဒဏ်ခံရတတ်ပုံ။ ။ တချို့ အကုသိုလ်ကံများသည် ကံပြုသူက အစောင့်အရှောက် အနေအထိုင် ကောင်းလှ၍ ထိုသူကို တိုက်ရိုက် ထိခိုက်အောင် မတတ်နိုင်လျှင် ထိုသူနှင့် ဆက်သွယ်သော မိဘ၊ ဆရာ၊ သား၊ သမီး၊ ကျေးကျွန်နှင့် တပည့်၊ ဒကာ၊ ဒကာမများကို ထိခိုက်စေတတ်၏။ ထိုကဲ့သို့ တစုံ တယောက်ကို ထိခိုက်သွားလျှင် “ဒဏ်ခံသွားရှာသည်”ဟု ပြောစမှတ်ပြုကြ၏။ ထိုသို့ သက်ဆိုင်သူက ဒဏ်ခံသွားသောအခါ အကုသိုလ်ကံရှင်မှာလည်း စိတ်ဒုက္ခ ရောက်ရသောကြောင့် တနည်းအားဖြင့် ကံပြုသူကိုလည်း ညှဉ်းဆဲပြီး ပင်ဖြစ်လေသည်။ [လင်္ကာ၌ “ဇနမ” ဟူသည် ဖြစ်ပုံတည်း။ ပါပ+ဂြဟ= မကောင်းသော ဂြိုဟ်၊ “ဂြိုဟ်စီး မကောင်း” ဟူလို။]
“အခံ ပုည၊ ရှိကြသူမှာ၊ ဇာတာ မူလ၊ ဇနမ၌၊ ပါပ ဂြဟ၊ စီးနင်း ကျလည်း၊ ကိုယ်မှတပါး၊ ခြွေရံများနှင့်၊ ကျွဲ နွား မျှသာ၊ ပျက်စီးရာ၏၊ ကိုယ်မှာ ချမ်းမြေ့၊ ဘေး မတွေ့ဘူး”-မဃဒေဝ လင်္ကာ။
ကံချင်းတူလျက် မျက်နှာလိုက်။ ။ လောက၌ အလွန် ဖြူစင်သော သူတော်ကောင်း တမျိုး၊ သူယုတ်မာ တမျိုးဟု ၂-မျိုး ခွဲရာ၏။ ထိုသူ ၂-မျိုးသည် သာမန် အကုသိုလ်ကံ တခုကို ကိုယ်စီကိုယ်ငှ ပြုမိကြသော်လည်း သူတော်ကောင်း၌ ထိုကံအကျိုးပေးခွင့်မရ၊ များစွာသောကောင်းမှုတို့က ထိုကံကို ဖုံးလွှမ်းလိုက်ကြ၏။ ယုတ်မာသူ၌ကား ထိုသို့ ကာကွယ်ဖို့ရန် အားကိုး လောက်သော ကုသိုလ်ကံ မရှိရကား ထိုအနည်းငယ်သော အကုသိုလ်ကံသည်ပင် အထင်အရှား အကျိုးပေးနိုင်လေတော့သည်။ ဥပမာ-တညဉ့်သ၌ သဌေးသားသည် အိမ်တအိမ်မှ ကြက်ကို ခိုး၏။ ဘိန်းစားလည်း ကြက်တကောင် ခိုး၏။ ကြက်ရှင်က သိ၍ လိုက်ရှာသောအခါ ကြက်တကောင်ကို သဌေးသားအထံ၌ တွေ့၏။ သဌေးသားကို သူခိုးဟု မစွပ်စွဲဝံ့သည့်ပြင် ချော့ချော့မော့မော့နှင့် တောင်းယူရ၏။ ဘိန်းစားကိုကား ဂါတ်တိုင်၍ ထောင်ချသကဲ့သို့တည်း။ ဥပမာ တနည်းသော်-ဆား တပိဿာကို ဧရာဝတီမြစ်ထဲ၌ ချသော် ရေ၏ အရသာ မပျက်သကဲ့သို့၊ ကုသိုလ်ကံများစွာ ရှိသူ၌ အကုသိုလ်ကလေးအတွက် မကောင်းကျိုးအရသာ မပေါ်နိုင်တော့ပြီ။ ထိုဆားတပိဿာကို သောက်ရေအိုး တလုံးထဲ၌ ထည့်လိုက်လျှင် သောက်ရေတွေ အကုန်ပျက်တော့၏။ ထို့အတူ အနည်းငယ် ကုသိုလ် ရှိသူ၌ အထိုက်အလျောက် အကုသိုလ် ဖြစ်လျှင် ထိုရှိရင်း ကုသိုလ်ကလေးများ၏ သတ္တိပင် ပျက်ပြားတတ်လေသည်။
ဤသို့လျှင် ကာမာဝစရ ကုသိုလ် အကုသိုလ် ကံသည် “မျက်နှာကြီးရာ ဟင်းဖတ်ပါ” တတ်ရကား၊ များစွာသော ကုသိုလ်တွေကို အနည်းငယ်သော အကုသိုလ်က မနှောင့်ယှက် နိုင်ပါသော်လည်း အနည်းငယ် ကုသိုလ်ကို အနည်းငယ် အကုသိုလ်ကပင် နှောင့်ယှက်နိုင်သောကြောင့် သူတော်ကောင်း ဘက်တွင် ပါဝင်လက်စ ရှိသူတို့သည် ကုသိုလ်အလွန်များအောင် ထူထောင်နိုင် ကြပါစေသား။
သမ္ပတ္တိ ဝိပတ္တိ
ဆိုင်ရာ အကြောင်းများ၏ ပြည့်စုံမှုကို “သမ္ပတ္တိ”ဟု ခေါ်၏။ ဆိုင်ရာ အကြောင်းများ၏ ချို့ယွင်းမှုကို “ဝိပတ္တိ”ဟု ခေါ်၏။ သတ္တဝါတို့၏ သန္တာန်၌ ရှေးရှေး ဘဝ ပေါင်းများစွာက ပြုခဲ့သော ကံတို့သည် အလွန် များပြားရကား အကျိုးပေးရန် အခွင့်မသင့်၍ အကျိုးမပေးရသေးသမျှ ခန္ဓာအစဉ်မှာ အမြဲပါရှိသောကြောင့် သမ္ပတ္တိဆိုက်နေသောအခါ ကုသိုလ်ကံ အကျိုးပေးခွင့် သာသလို၊ ဝိပတ္တိဆိုက်ရာ၌လည်း အကုသိုလ်ကံ အကျိုးပေးခွင့် သာလေသည်။
သမ္ပတ္တိ ၄-ပါး
၁။ ဂတိသမ္ပတ္တိ .. ရရှိသော ဘဝက ကောင်းခြင်း။
၂။ ဥပဓိသမ္ပတ္တိ .. ရုပ်အဆင်း လှပခြင်း။
၃။ ကာလသမ္ပတ္တိ ... အခါကာလ ကောင်းခြင်း။
၄။ ပယောဂသမ္ပတ္တိ .... ဉာဏ် ဝီရိယ စသော ပယောဂ ရှိခြင်း။
ဝိပတ္တိ ၄-ပါး
၁။ ဂတိဝိပတ္တိ .... ရရှိသော ဘဝက မကောင်းခြင်း။
၂။ ဥပဓိဝိပတ္တိ ... ရုပ်အဆင်း မလှခြင်း။
၃။ ကာလဝိပတ္တိ .... အခါကာလ မကောင်းခြင်း။
၄။ ပယောဂဝိပတ္တိ ... ဉာဏ် ဝီရိယ စသော ပယောဂ မရှိခြင်း။
ဂတိသမ္ပတ္တိ ဖြစ်ပုံ။ ။ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်ကို “ဂတိသမ္ပတ္တိ” ဟု ခေါ်၏။ ထိုဂတိသမ္ပတ္တိ၌ ဖြစ်ရသောအခါ များစွာသော ကုသိုလ်ကံတို့သည် အကျိုးပေးခွင့် ရကြ၏။ လူ့ပြည်၌ ဒုက္ခရှိသေးသော်လည်း နတ်ပြည် ဗြဟ္မာ့ပြည်မှာ ဒုက္ခမရှိသလောက်နည်းပါး၏။ ကုသိုလ်ကံတို့ အခွင့်ရ၍ အကျိုးပေးနေသောကြောင့် အစားအသောက်၊ အနေအထိုင်၊ အတွေအကြုံ အာရုံတို့မှာလည်း အကောင်းအမွန် ချည်းသာ ဖြစ်ကြပေသည်။ ထိုကဲ့သို့ ဂတိသမ္ပတ္တိဆိုက်နေသူတို့၌ အကုသိုလ်ကံတွေ ပါရှိသော်လည်း ထိုအကုသိုလ် ကံများ အကျိုးပေးခွင့် များစွာ မရကြ။ လူ့ဘုံမှာ “ဒုက္ခမကင်း”ဟု ဆိုရသော်လည်း အပါယ် ၄-ပါးနှင့် စာလျှင် များစွာ သက်သာပါသေး၏။ ကုသိုလ်ကံများက အထိုက်အလျောက် အကျိုး ပေးခွင့် သာသောကြောင့် မကောင်းသော အာရုံမှ တိမ်းနိုင် ရှောင်နိုင်၍ ကောင်းသော အာရုံများကို တွေ့ကြုံနိုင်ကြပေသည်။
ဂတိဝိပတ္တိဖြစ်ပုံ။ ။ အပါယ် ၄-ပါးကို “ဂတိဝိပတ္တိ”ဟု ခေါ်၏။ ထိုဂတိဝိပတ္တိ၌ ဖြစ်ရသောအခါ အကုသိုလ်ကံများ အခွင့်သာ၏။ ငရဲကျရောက်သူ ပြိတ္တာဖြစ်သူတို့၌ အမြဲ ဒုက္ခရောက်၊ အမြဲ အနှိပ်စက်ခံ၊ အမြဲ ပူလောင်နေရသဖြင့် အကုသိုလ်ကံတွေ ဝိုင်း၍ အကျိုးပေးချင်တိုင်း ပေးဖို့ အခွင့်သာကြပုံမှာ ဆိုဖွယ်မရှိ၊ အထိုက်အလျောက် သက်သာသေး၍ဟုဆိုရသော တိရစ္ဆာန်၌ပင် အစာငတ်ဖို့၊ ရေငတ်ဖို့၊ နေပူမိုးရွာ လွန်စွာ ဆင်းရဲဖို့၊ တုတ် ဓား စသည်ဖြင့် အရိုက်အနှက် အသတ်အဖြတ် ခံရဖို့၊ တကောင်နှင့်တကောင် နှိပ်စက် သတ်ဖြတ် စားသောက်မှု ထိုဒုက္ခစုကို ခံဖို့ရန် အကုသိုလ်ကံတွေ အကျိုးပေးခွင့် သာ၏။ အလွန် သေးငယ်သော ပိုးမွှား တိရစ္ဆာန်ကလေးများ၌ကား သွားယင်း လာယင်း သူကနင်း ငါကနင်းနှင့် သေခြင်းဆိုးဖြင့် သေဖို့ရန် အကုသိုလ်ကံတွေ အလွန့် အလွန် အခွင့်ကြပေသည်။ ထိုဂတိဝိပတ္တိ ဆိုက်နေသောအခါ ရှေးရှေးဘဝက ကုသိုလ်ကံတွေ ပါရှိနေကြသော်လည်း ကယ်ဆယ်ဖို့ရန် အခွင့် မရတော့ချေ။
ဥပဓိသမ္ပတ္တိ။ ။ ဂတိသမ္ပတ္တိ ရောက်နေသော်လည်း (အထူးအားဖြင့် လူ့ဘုံမှာ) ရုပ်အဆင်းလှပခြင်း ဟူသော ဥပဓိသမ္ပတ္တိက အရေးကြီးနေပြန်၏။ ဥပဓိသမ္ပတ္တိ ဖြစ်လျှင် အမျိုးအဆွေ ပစ္စည်း ဥစ္စာက အောက်ကျနေသော်လည်း ပစ္စည်းရှိသူ အမျိုးမြတ် သူတို့က ကြည်ဖြူကြ လေးမြတ်ကြသဖြင့် အထက်တန်းရောက်၍ ကုသိုလ်ကံများ အခွင့်သာကြ ပေသည်။ တယောက်၏ ကုသိုလ်က ဆက်သွယ်သူတို့အား အကျိုး အာနိသင် ပေးနိုင်ပုံ၌ ပြခဲ့သော သာမာဒေဝီမှာ ဥပဓိသမ္ပတ္တိကြောင့် ဘုရင်၏ အကျွမ်း ဝင်သူ ဖြစ်ရ၏။ မကြာမီက မစ္စစ်ဆင်ပဆင်ကို ဧဒွက်ဘုရင်က ကြည်ဖြူရခြင်းမှာလည်း မစ္စစ်ဆင်ပဆင်၏ ဥပဓိသမ္ပတ္တိကြောင့်ပင် မဟုတ်ပါလော။
လူ့ဘဝကို မဆိုထားဘိ၊ ဂတိဝိပတ္တိ ဆိုက်နေရသော တိရစ္ဆာန်၌ပင် ရုပ်အဆင်းလှ၍ ဥပဓိသမ္ပတ္တိ ဖြစ်နေလျှင် (ခွေးလှ၊ နွားလှ၊ မြင်းလှ စသည် ဖြစ်နေလျှင်) လူချမ်းသာတို့၏ လက်သပ်မွေးမြူခြင်းကို ခံရလျက် ကုသိုလ်ကံတွေ အကျိုးပေးခွင့် သာပြန်လေ၏။ ရုပ်အဆင်းလှမှု ဟူသော ဥပဓိသမ္ပတ္တိ ဤမျှလောက်ပင် အကျိုးများပေသည်။
ဥပဓိဝိပတ္တိ။ ။ ဂတိဝိပတ္တိ ဖြစ်နေသော တိရစ္ဆာန်တို့၌ ရုပ်အဆင်းမလှမှုဟူသော ဥပဓိဝိပတ္တိကြောင့် ကုသိုလ်ကံ အခွင့်မရသည်မှာ ဆိုဖွယ်ရာ မရှိပြီ။ ဂတိသမ္ပတ္တိ ဖြစ်သော လူ့ဘုံမှာပင် ဥပဓိဝိပတ္တိ ဖြစ်နေလျှင် ကုသိုလ်ကံ၏အကျိုးကို ရသင့်သလောက်မရပဲ ရှိတတ်၏။ အမျိုးမြတ်ဥစ္စာရှင်ပင် ဖြစ်သော်လည်း အမျိုးတူ ဥစ္စာတူတို့က မကြည်ဖြူနိုင်ကြ။ အလောင်းတော် ကုသမင်းကို ပဘာဝတီက တော်တော်နှင့် မကြည်ဖြူနိုင်ခြင်းမှာလည်း ထင်ရှားသော သက်သေ သာဓကကြီးပင်တည်း။ ထိုကဲ့သို့ ဥပဓိဝိပတ္တိ ဖြစ်နေသောအခါ အကုသိုလ်ကံတို့က စွမ်းနိုင်သမျှ အကျိုးပေးကြသောကြောင့် အလောင်းတော် ကုသမင်းမှာ အိုးတော်လုပ်ရ၊ ဖျာတော်ရက်ရ၊ ပွဲတော်ချက်နှင့် သွက်သွက် လည်အောင် ဒုက္ခခံလိုက်ရပါသေးသည်။ သမီးခင်ပွန်း ၂-ယောက် ရုပ်အဆင်းချင်း ရွှေ့သွား နောက်လိုက် မညီလျှင် ဥပဓိဝိပတ္တိ ဖြစ်နေသူကို အစေခံဟုပင် အထင်ခံရတတ်သေး၏။ ရုပ်အဆင်း မလှမှု ဟူသော ဥပဓိဝိပတ္တိကား ဤမျှ လောက်ပင် ဆိုးရွားလှချေသည်။
ကာလသမ္ပတ္တိ။ ။ မင်းကောင်း လူကောင်းတို့ အုပ်စိုးနေရာ အခါကို “ကာလ သမ္ပတ္တိ”ဟု ခေါ်၏။ တိုင်းသူပြည်သားတို့ကို သာယာ ဝပြောအောင်၊ ပညာတတ်အောင်၊ ကျန်းမာအောင် အစရှိသည်ဖြင့် စီမံတတ်သော မင်းကောင်း ခေါင်းဆောင်ကောင်းတို့ လက်ထက်၌ ကုသိုလ်ကံများ အခွင့်သာ၏။ ထိုကုသိုလ်ကံ အခွင့်သာသဖြင့် ကောင်းသောအာရုံတို့ကို တွေ့ကြုံ ကြရ၏။ ပူပန် သောက ကင်း၍ ဆွေမျိုး ဉာတိ ရပ်ရှိ ရွာကုန် အလုံးစုံတိုပင် ချမ်းသာကြ၏။ တက်ကပ်အခါလည်း ကာလသမ္ပတ္တိ ပင်တည်း။ ထိုကဲ့သို့ ကာလသမ္ပတ္တိ ကြုံကြိုက်သောအခါ ပြတ်သတ် ငတ်နေအောင် အကျိုးပေးမည့် အကုသိုလ်ကံ ပါရှိသော်လည်း အခွင့်မရသဖြင့် အကျိုးမပေးနိုင်။၊။
ကာလဝိပတ္တိ။ ။ မင်းဆိုး မင်းယုတ် ခေါင်းဆောင် အညံ့စားတို့ ရွှေ့သွားဦးဆောင် လုပ်လျက် စိုးအုပ်နေရာ အခါကို “ကာလ ဝိပတ္တိ”ဟု ခေါ်၏။ တိုင်းပြည်ပျက်သောအခါ မိမိတို့ တိုင်းပြည်ဝယ် စစ်ဖြစ်နေကြသော အခါများလည်း ကာလဝိပတ္တိ ပင်တည်း။ ထိုကဲ့သို့ ကာလဝိပတ္တိ ကြုံရသောအခါ၌ ရှေးက ပါလာခဲ့သော အကုသိုလ်ကံတို့ အခွင့်သာကြသည်။ လူအများပင် ဆင်းရဲ ပြတ်သတ် ငတ်မွတ်ကြရ၏။ ကုသိုလ်ကံ ကြီးမားသူတိုပင် ထိုကုသိုလ်ကံ အခွင့်မရပဲ ရှိသမျှ အကုသိုလ်ကံတို့၏ ဒဏ်ကို ခံကြရသောကြောင့် ပြေးရ လွှားရ၊ ပုန်းရ လျှိုးရ၊ စားချင်တာ မစားရ၊ ချစ်သူနှင့် ကွဲရ၊ တချို့ မသေလောက်သော ရောဂါ ကလေးအတွက် သင့်တော်သောဆေး၊ ကုပေးမည့် ဆရာ မရသောကြောင့် သေရသည့်တိုင်အောင် ဒုက္ခရောက်ရလေသည်။
ပယောဂသမ္ပတ္တိ။ ။ သတိ၊ ဝီရိယ၊ ဉာဏ်ကို “ပယောဂ” ဟု ခေါ်၏။ ဉာဏ်ဆိုသော်လည်း အပြစ်ကင်းသော အရာ၌ ပါသော ပညာချည်းမက၊ အကုသိုလ်ဆိုင်ရာတွင် ပါသော ဝဉ္စနာပညာနှင့် အကြံကောင်းသော ဝိတက်များကိုလည်း ဉာဏ်ဟုပင် ဆိုလိုသည်။ ထို့ကြောင့် အရာရာတို့၌ သတိရှိခြင်း၊ လုံ့လ ဝီရိယကောင်း၍ သွက်သွက်လက်လက် ထထကြွကြွ ရှိခြင်း၊ လိမ္မာခြင်း၊ ပါးနပ်ခြင်း၊ သိတတ်ခြင်း၊ မမေ့မလျော့ခြင်းများသည် ပယောဂ သမ္ပတ္တိချည်း ပင်တည်း။ နတ်ပြည် ဗြဟ္မာပြည်တို့၌ ပယောဂ သမ္ပတ္တိအတွက် မထင်ရှားသော်လည်း ဤ လူ့ပြည်မှာ ပယောဂသမ္ပတ္တိ အကျိုး ထင်ရှား၏။ ယခု လူတို့၌ အကျိုးမပေးရလျှင် မနေနိုင်အောင် ကြီးကျယ်သော အကုသိုလ်ကံ ပါသူ နည်းပါးလှ၏။ အတော်အတန် ထက်သန်သော ကံများကား ပယောဂ သမ္ပတ္တိ ရှိ မရှိ လိုက်၍ အကျိုးပေး၏။ ပယောဂသမ္ပတ္တိ ရှိနေပြန်လျှင်လည်း ထိုပယောဂသမ္ပတ္တိ၏ ထက် မထက် လိုက်၍ အကျိုးပေးကြရသည်။
အချုပ်ကား-ယခု လူတို့ ကောင်းကျိုးရဖို့ အရေး၌ ရှေးကံတခုကိုသာ အားမကိုးသင့်။ ယခုဘဝ ပြုအပ်သော ပယောဂကိုလည်း အားကိုးရမည်။ ပယောဂသမ္ပတ္တိသည် ရှေးကကုသိုလ်ကံကို အခွင့်သာအောင် ရေလာမြောင်းပေး ပြုလုပ်ခြင်းနှင့်တူ၏။ ထို့ကြောင့် (ရုတ်တရက် ထီပေါက်ခြင်း၊ ရွှေအိုးတွေခြင်း မျိုးမှ တပါး)ကူးသန်းရောင်းဝယ်ခြင်း စသည်ကြောင့် ကောင်းကျိုးခံစားရရာ၌ တကျပ်သားလျှင် ရှေးကံ၏သတ္တိမှာ တမတ်သားလောက်သာ ပါဝင်၍ ယခုဘဝ သတိ ဝီရိယ ဉာဏ် ဟူသော ပယောဂသမ္ပတ္တိက သုံးမတ်သားလောက် ပါရှိနိုင်ကြောင်းကို ကောင်းကောင်းကြီး နားလည်ကြပါကုန်။
ပယောဂ သမ္ပတ္တိ ဖြင့် အကုသိုလ်ကံများကို တားဆီးထားပုံ။ ။ အကုသိုလ်ကံများကို အလွန်ကြီးသောကံ၊ သိပ်မကြီးမားသောကံဟု ၂-မျိုး ခွဲခြားပါ။ အကျိုးမပေးရလျှင် မနေနိုင်လောက်အောင် ကြီးသော ကံကို ပယောဂသမ္ပတ္တိဖြင့် တားဆီးသော်လည်း လွှတ်ခွင့်ရမည် မဟုတ်။ သို့သော် သက်သာအောင် တတ်နိုင်ပါ၏။ အဇာတသတ်မင်းသည် ခမည်းတော်ကို သတ်ခြင်း ဟူသော အလွန်ကြီးမားလှသည့် ပါဏာတိပါတကံကို ပြုမိ၏။ ထိုကံကြောင့် မုချ အဝီစိသို့ ကျတော့မည်သာ။ ပယောဂသမ္ပတ္တိက ဘယ်လောက်ပင် ကောင်းသော်လည်း လုံးဝ လွတ်လပ်ခွင့် မရနိုင်။ သို့သော် ခမည်းတော်မရှိသောအခါကျမှ နောင်တရ၍ ဘုရားရှင်ကို အလွန် ကြည်ညိုသော ပယောဂသမ္ပတ္တိကြောင့် အဝီစိငရဲ၌ မကျပဲ အဝီစိငရဲ၏ အခြံအရံဖြစ်သော ဥဿဒငရဲ၌ ကျသဖြင့် သက်သာခွင့်ရလေသည်။ ဤစကားဖြင့် အလွန်ကြီးမားသော အကုသိုလ်ကံများ ကိုပင် ပယောဂသမ္ပတ္တိက သက်သာအောင် တတ်နိုင်သေးသည်ဟု မှတ်ပါ။
ထိုမျှလောက် မကြီးမားသော အကုသိုလ်ကံများကိုကား လုံးဝ အကျိုးမပေးအောင် တားဆီးနိုင်သည်။ မိဘကို ဆဲရေးခြင်း၊ ဆရာသမားများကို အပြစ် ပြောခြင်း၊ လူကြီးများကို ဆဲရေးခြင်း၊ ဂုဏ်ရှိသူ သီလ သမာဓိ ကြီးမားသူတို့ကို ကဲ့ရဲခြင်း ပြစ်မှားခြင်းတို့သည် အတော်အတန် ကြီးမားသော အကုသိုလ်ကံ များပင် ဖြစ်လေသည်။ သို့သော် အပြစ်ကိုကြောက်၍ (သတိရ၍) ပြစ်မှားခံရသူ ရှိသေးလျှင် ထိုသူ့ထံ သွား၍ ဖြစ်စေ၊ ထိုသူ မရှိလျှင် ထိုသူ၏ သင်းချိုင်းသို့ သွား၍ ဖြစ်စေ၊ ထိုကဲ့သို့ မသွားနိုင်ပါလျှင် မာန်မာနကို လျော့၍ တကယ် စေတနာဖြင့် အဝေးမှ ဖြစ်စေ တောင်းပန် ဝန်ချလျှင် (ထို ဝန်ချမှု ပယောဂ သမ္ပတ္တိကြောင့်) ထိုအကုသိုလ်ကံများ အကျိုးမပေးနိုင်တော့ချေ။
ထို့အတူပင် အခြားသော အကုသိုလ်ကံကလေး များစွာလည်း ကုသိုလ်ကံ အားကြီးလျှင် ပပျောက်ကြရသည်။ (ကံချင်းတူပါလျက် ပုဂ္ဂိုလ်မျက်နှာလိုက်ပုံ အခန်း၌ ပြခဲ့သော ကြက်ခိုး ဥပမာ၊ ဆား ဥပမာများကို သတိပြုပါလေ။) ဘုရားပညတ်တော်ကို ကျူးလွန့်၍ အာပတ်သင့်သော ရဟန်းမှာလည်း ဘုရားရှင် အမိန့်တော်အတိုင်း ကုစားလျှင် တချို့ အာပတ်၏ မကောင်းကျိုးများ ပျောက်၏။ ဤသို့ စသည်ဖြင့် အတော်အတန် ကြီးမားသော အကုသိုလ်များပင် ပယောဂသမ္ပတ္တိဖြင့် တားဆီးက အကျိုး မပေးတော့ပဲ ပြေပျောက်ကြရလေသည်။
ပယောဂ သမ္ပတ္တိကြောင့် စီးပွားရေးတန်းမြင့်ပုံ။ ။ “မိစ္ဆာဒိဋ္ဌိ လူမျိုးတွေ”ဟု ခေါ်ရသော နိုင်ငံခြားသားတို့ သန္တာန်၌ ရှေးရှေးကပြုခဲ့သော ကုသိုလ်ကံများ ဧကန် ပါရှိ၏။ သူတို့၏ သတိ၊ ဝီရိယ၊ အလိမ္မာဉာဏ် ထက်သန်ပုံမှာလည်းချီးမွမ်းစရာပင်တည်း။ တယောက်၏ကျန်းမာရေးကလေးကို မဆိုဘိ၊ တပြည်နှင့် တပြည် လာမည့်ဘေး တွေးကာ စစ်မက် အင်္ဂါတွေကို ဉာဏ်အမျိုးမျိုးဖြင့် စိတ်ကူးကြ၊ ဝီရိယ သန်သန်ဖြင့် မှန်မှန်ကြီး လုပ်ကိုင်နေကြ၏။ ထိုအလုပ်များကို (ဗုဒ္ဓဘာသာဝင် ဆိုသူတို့က အကုသိုလ်ဖြစ်သည် ဟု နှာခေါင်းရှုံ့ကြသော်လည်း) လောကီ၌ ကြီးပွားကြောင်း ကျက်သရေမင်္ဂလာ တိုးကြောင်း လမ်းကောင်း မဟုတ်ဟုကား မည်သည့် ဗုဒ္ဓဘာသာဝင်မျှ မငြင်း ပယ်နိုင်ကြပေ။
ဤ မြန်မာနိုင်ငံ လာ၍ စီးပွားရှာကြသော လူမျိုးခြားတို့လည်း အလွန် သတိကောင်းကြ၏။ လုံ့လ ဝီရိယမှာ ပြောစရာ မရှိ၊ လိမ္မာပါးနပ်မှုကား မတုနိုင်အောင်ပင်။ စီးပွားရှာ၍ ကောင်းမည့် အရပ်ဒေသကို (ပဋိရူပဒေသကို) ရွေးချယ်တတ်ခြင်းမှာလည်း ထိုသူတို့ အသိဉာဏ်ပင်တည်း။ ထိုမျှလောက် ပယောဂသမ္ပတ္တိ-ရှိနေရကား သူတို့သန္တာန်၌ ရှေးရှေး ဘဝက ပါလာသော ကုသိုလ်ကံတွေသည် အကျိုးပေးဖို့ ဧကန် အခွင့်ကြုံသောကြောင့် ကောင်းကျိုး ချမ်းသာ မင်္ဂလာနှင့် ပြည့်စုံကြပေသည်။ ဗုဒ္ဓဘာသာဝင် ဆိုသူ မွန် မြန်မာတို့ တွင်လည်း သတိ၊ ဝီရိယနှင့် အသိ အလိမ္မာ၊ ပညာ၊ အဆင်အခြင်နှင့် အမြော်အမြင် ဟူသော ပယောဂသမ္ပတ္တိ ရှိသူတို့မှာ ကြီးပွားကြသည်သာ။
ပယောဂသမ္ပတ္တိကြောင့် ကျန်းမာပုံ။ ။ ယခု လူတို့၌ ကျန်းမာဖို့ရာ ကုသိုလ်ကံနှင့် မကျန်းမာဖို့ရာ အကုသိုလ်ကံများလည်း ထိုက်တန်သလို ပါရှိကြနေ၏။ အသွားအလာ၊ အစားအသောက်၊ အနေအထိုင် မှစ၍ အရာရာဝယ် မသင့်မတော်သည်ကို သတိထား၍ ရှောင်ရှားခြင်း၊ မှန်မှန် အိပ် မှန်မှန်စား၊ မှန်မှန်ရေချိုး၊ မှန်မှန်လမ်းလျှောက် စသည်ဖြင့် အချိန်မှန်မှန် ပြုဖို့ရန် မပျင်းမရိ လုံ့လ ရှိခြင်း၊ ဘယ်ဥတုမှာ ဘယ်အစာ သင့်၏၊ ဘယ်အချိန် ရေချိုးသင့်၏၊ ဘယ်ဆေးကို စားသင့်၏၊ တနေ့ တနေ့လျှင် အနည်းဆုံး ၆-နာရီ အိပ်သင့်၏၊ ကျန်းမာရေးကို မည်သို့ လေ့လာသင့်၏။ ဤသို့ စသည်ဖြင့် တတ်သိ နားလည်မှုသည် ကျန်းမာဖို့ရန် လမ်းမှန်သော ပယောဂသမ္ပတ္တိ များတည်း။ ဤ ပယောဂသမ္ပတ္တိ ရှိသူတို့၌ ကျန်းမာဖို့ရန် ပါလာသော ကံလည်း အခွင့်သာလေသည်။
ဤသို့ စသည်ဖြင့် ပယောဂသမ္ပတ္တိသည် ကုသိုလ်ကံအကျိုးပေးဖို့ရန် အချုပ်အခြာ ဖြစ်ပေရကား ပယောဂသမ္ပတ္တိ ရှိသူသည် ပညာလည်း တတ်နိုင်၏။ အိမ်ထောင်ဘက် ကောင်းလည်း ရနိုင်၏၊ မိတ်ဆွေကောင်းလည်း ရနိုင်၏၊ ဆရာကောင်းလည်း တွေ့နိုင်၏၊ ပညာ ဥစ္စာ ရာထူး ဂုဏ်သိန် စည်းစိမ်များလည်း တိုးတက်နိုင်၏။ နောက်နောက်ဘဝတို့၌ နိဗ္ဗာန်ရသည့်တိုင်အောင် တန်းမြင့်ဖို့ရန် ယခုဘဝကပင် အခြေခံ ပါရမီများကိုလည်း ရနိုင်၏။ ထိုပယောဂသမ္ပတ္တိတွင် အရာရာ၌ တတ်သိ နားလည်မှု ဉာဏ်သည် ပထမ အရေးကြီး၏။ ထို့နောက် အရာရာ၌ သတိထားဖို့ အရေးကြီး၏။ ထို့နောက် ပေါ်ပေါက်လာသော ကိစ္စ၌ မပျင်းမရိ လုံ့လရှိဖို့ အရေးကြီးသည်။
ပယောဂဝိပတ္တိ။ ။ ဉာဏ်ပညာ ကင်း၍ ဖျင်းအထိုင်းမှိုင်းမှု၊ သတိကင်းပေါ့ မေ့လျော့မှု၊ ဝီရိယ ကင်း၍ ပျင်းရိမှုများသည် ပယောဂ ဝိပတ္တိ ချည်းတည်း၊ ထို့ပြင် တယောက်အပေါ် တယောက် ဣဿာ မစ္ဆရိယ အားကြီးမှု၊ အရာရာ၌ စိတ်တိုလျက် ဒေါသကြီးမှု၊ မာန် မာနကြီးမှုများလည်း ကြီးပွားရေး စီးပွားရေးကို နှောင့်ယှက်တတ်သဖြင့် ပယောဂဝိပတ္တိ များပင် ဖြစ်သည်။ ယခု လူတို့ သန္တာန်၌ အကျိုးမပေးရလျှင် မနေနိုင်လောက်အောင် ကြီးသော အကုသိုလ်ကံများသည် အကျိုးပေးခဲ့ပြီး ဖြစ်၏။ ထိုအကုသိုလ်ကံ ကြီးများ လူတိုင်းမှာ ရှိတော့မည် မဟုတ်။ သို့သော် ပယောဂဝိပတ္တိ ဖြစ်နေလျှင် မကောင်းကျိုး ပေးမည့် အကုသိုလ်ကလေး များကား ကိုယ်စီကိုယ်ငှ ပါရှိကြသည်။
ဥပမာ–အမျိုးကောင်း သားသမီးများ ပီပီ ပညာတတ်အောင် သင်ခြင်း၊ ဥစ္စာကို တရားနည်းလမ်းအတိုင်း ရအောင် ရှာဖွေခြင်း၊ ကံ ၅-ပါးကို မကျူး လွန်ခြင်း စသည်ဖြင့် အပြစ်ကင်းအောင်နေသူတို့၌ အကုသိုလ်ကံပါရှိသော်လည်း ထိုအကုသိုလ်ကံက အကျိုးပေးခွင့် မရတော့ချေ။ ငယ်ရွယ်စဉ်က ပညာကိုလည်း မသင်၊ ဥစ္စာရှာချိန်၌လည်း မတရား ရှာဖွေ၏။ သို့မဟုတ် လုံးလုံးမရှာပဲ နေ၏။ ကံ ၅-ပါးကိုလည်း အခွင့်သင့်သလို ကျူးလွန်၏။ ထိုသူ၌ ပယောဂဝိပတ္တိ ဆိုက်နေရကား တနေ့နေ့မှာ အကုသိုလ်ကံများ ဧကန်မုချ အကျိုးပေးခွင့် ရကြပေတော့မည်။
အချုပ်ကား-အလွန် ကြီးကျယ်သော ကုသိုလ် အကုသိုလ်ကံ များမှတပါး များစွာသော ကုသိုလ် အကုသိုလ်ကံတို့၏ အကျိုးပေးခွင့်ရမှု-မရမှုမှာ ပယောဂ အပေါ်၌ အခြေစိုက်လျက် ရှိရကား ပယောဂသမ္ပတ္တိ အမြဲ ရှိနေသူများ၌ (ကံဇာတာ နိမ့်ခိုက်ပင် ဖြစ်စေကာမူ) အကုသိုလ်ကံ အခွင့်မရ၍ ကုသိုလ်ကံ တွေသာ အခွင့်ရကြပေသည်။ ပယောဂ ဝိပတ္တိရှိနေ သူ၌ကား (ကံဇာတာ မြင့်တုန်း၌ “ခွေးရူးကောင်းစား တမွန်းတည့်” ဆိုသလို ကောင်းစားနေစေကာမူ) တနေ့နေ့မှာ အကုသိုလ်အခွင့်သာ၍ ချူနာပါတေးဘဝသို့ နိမ့်ကျရမည် သာတည်း။ ဤ အရာဝယ် ပယောဂဝိပတ္တိ ဖြစ်သည့်အတွက် အကုသိုလ်ကံ အခွင့်ရ၍ ပျက်စီးသူတွေကို မိမိတို့ ရပ်ရွာ၏ အနီးအပါးမှာပင် ပုံပြင်ဝတ္ထုပမာ တွေ့နိုင်ပါသည်။
ပြုပြင်၍ ရ မရ။ ။ ပြခဲ့သော ဝိပတ္တိများ ဆိုက်ရောက်နေသူတို့မှာ ပြုပြင်၍ရနိုင်သော အချက်လည်းရှိ၊ မရနိုင်သော အချက်လည်းရှိသည်။ ရပြီးသော ဂတိဘဝကို ပြုပြင်၍ မရတော့ပြီ။ သို့သော် မိမိဖွားမြင်ရာ ဒေသက အောက်ကျ နောက်ကျဖြစ်၍ ညံ့ဖျင်းလှလျှင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ကောင်းသဖြင့် ပဋိရူပခေါ်သော ဒေသကောင်းသို့ ရွှေ့ပြောင်းသောအားဖြင့် ပြုပြင်နိုင်သေး၏။ နိုင်ငံခြားသားတို့ မြန်မာပြည်လာ၍ စီးပွားရှာပုံ၊ ရှေးခေတ် အထက် အညာသားများ အောက်ပြည်သို့ ဆင်း၍ စီးပွားရှာကြပုံ၊ ပညာကောင်းသော ကျောင်းသို့သွား၍ ပညာသင်ကြပုံမျိုးတည်း။ ထိုသို့ ပြောင်းရွှေ့ သင့်သော်လည်း မိမိမှာ လူစွမ်းလူစ အရည်အချင်း ရှိမှ သင့်လျော်၏၊ အရည်အချင်း ရှိသူများအတွက် “တရွာမပြောင်း သူကောင်းမဖြစ်”ဟု ဆိုကြသည်။ အရည်အချင်းမရှိသူကို တရွာပြောင်းလျှင်ကား “တရွာပြောင်းခါမှ သူကောင်း ကျွန်စော်နံရသည်ဟု လည်းကောင်း၊ “ထိုင်နေ အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ”ဟု လည်းကောင်း ဆိုကြသည်။
ရုပ်အဆင်း ဥပဓိလည်း များများကြီး ပြုပြင်၍ မရပြီ။ သို့သော် “လူအဝတ် တောင်းအကွပ်”ဟု ပြောစမှတ်ပြုသည့်အတိုင်း ဝတ်စားဆင်ယင် ပြုပြင်တတ် လျှင်ကား နဂို ဥပဓိ ညံ့သော်လည်း ကြည့်သာပါသေး၏။ တောသူတောသားနှင့် မြို့သူမြို့သားတို့ ကွာခြားပုံကို သတိပြုပါ။ ထို့ပြင် ဖွားမြင်ခါစ လသား အရွယ် သူငယ်များ၏ လက် ခြေ အင်္ဂါတို့ အချိုးကျအောင် ဥပဓိကို ပြင်နိုင်သေး၏။ ယခုကာလ၌ မိခင်တို့က ပြုပြင်၍ မပေးကြသောကြောင့် တဘက်သတ် အိပ်လေ့ရှိသော ကလေးတို့၌ ဦးခေါင်း မတဲ့ပဲ စောင်းရွဲ့ နေတတ်ကြ၏။ မွေးဖွားပြီးစ ကလေး ခါးကုန်းလျှင် ကျောအောက်၌ ပျဉ်ပြားခံပေးကာ ပြုပြင် နိုင်ပါလျက်နှင့် ပြုပြင်၍ မပေးကြ။ အထက်ပိုင်း လေး၍ ခြေသလုံး ပေါင်ရိုးတို့ မတောင့်တင်းသေးမီ “ရပ် နိုင် ပေ့..ရပ် နိုင် ပေ့”ဟု အရပ် သင်ပေးကြသဖြင့် ကလေးများ ခြေခွင်နေတတ်ကြသည်။
လက် ၂-ဘက်ဖြင့် ချိုင်းအောက်ကို ပွေ့ယူ မြှောက်ချီကြသောကြောင့် ရင်ဘတ်သေးလျက် ပခုံး ၂-ဘက်လည်း သေးနေတတ်၏။ ပက်လက်ယူ၍ ချီသောအခါ တင်ပါးအထက် ခါးပေါ်မှ ကိုင်ယူ၍ ချီကြသောကြောင့် တင်ပါးကော့၍ နေတတ်၏။ နုနယ်သော လက် ခြေ အင်္ဂါ နှာခေါင်းများကို နဂိုက မလှသော်လည်း ပြုပြင်ပေးလျှင် အထိုက်အလျောက် ဖြောင့်စင်း လှပါ နိုင်လျက် ပြုပြင်၍ မပေးကြ။ သင့်မြတ်သော အစာ နို့ရည်များကို တိုက်ကျွေး ဖို့ရန် နားမလည်၍ ရောဂါထူပြောလျက် ကလေးများ ရုပ်အဆင်း ပျက်ကြရ၏။ ဤအချက်များသည် မိဘ ဆွေမျိုးတို့၏ ပယောဂသမ္ပတ္တိ မရှိမှုကြောင့် ကလေး၌ အကုသိုလ်ကံ အကျိုးပေးခွင့် သာခြင်း ဖြစ်ရကား ထိုကဲ့သို့ မဖြစ်ရအောင် မိဘ လုပ်သူများက (နားလည်မှုဉာဏ်၊ မပျင်းမရိမှု) ပယောဂသမ္ပတ္တိဖြင့် ပြုပြင်၍ ပေးထိုက်လှပေသည်။
ကာလသမ္ပတ္တိ ဖြစ်အောင်ကား “ခေါင်းဆောင်၊ မင်း” စသူတို့ ပြုပြင်မှ ဖြစ်နိုင်သောကြောင့် မိမိတယောက်တည်း ပြုပြင်လို့ မရနိုင်။ သို့သော် အင်မတန် ဆိုးရွာ၍ တကမ္ဘာလုံး ပျက်ပြားနေသောအခါ မဟုတ်လျှင် မင်းကောင်း၊ ခေါင်းဆောင်ကောင်းတို့ ရှိရာ အရပ်သို့ ရွှေ့ပြောင်းနိုင်၏။ ရပ်ရွာလူကြီး၊ ဆရာသမား၊ ဘုန်းတော်ကြီးတို့ကမူ မိမိတို့ရပ်ရွာနယ်ပယ်၌ အထိုက်အလျောက် ကာလသမ္ပတ္တိဖြစ်အောင် ပြုပြင်နိုင်ကြပါသည်။ ဤ စကားစဉ် အရ ဂတိ၊ ဥပဓိ၊ ကာလတို့ကို အကုန် မပြင်နိုင်သော်လည်း တတ်သိ နားလည်လျှင် အထိုက် အလျောက် ပြုပြင်နိုင်သည်ဟု သိသာပြီ။
ပယောဂကိုကား ပြုပြင်လို့ ရလွယ်၏။ သတိ မေ့တတ်လျှင် ကြိုးစား၍ သတိထားက သတိကောင်းသူ ဖြစ်နိုင်ပါ၏။ နဂိုက ဝီရိယညံ့ဖျင်းလျှင် “ငါမပျင်းဘူး”ဟု ပြုပြင်ကာ ဝီရိယကောင်းသူ ဖြစ်နိုင်၏။ ဒေါသကြီးလျှင် ဒေါသမဖြစ်အောင် စိတ်ပါလက်ပါ စောင့်စည်းသွားပါက အလွန် အေးမြသူ ဖြစ်နိုင်၏။ မာနကြီးလျှင် မာနကို ပြုပြင်နိုင်၏။ အသိ အလိမ္မာ ဉာဏ်ပညာ မရှိလျှင် တတ်သိ နားလည်သူတို့၏ စကားကို နားထောင်၍ ယခုပြုပြင်လျှင် ယခု အလိမ္မာ တိုး၏။ အတော်ကြာလျှင် တဘဝပြောင်းသလို အသိအလိမ္မာတွေ တိုးလာ၏။ (စာကျက်၍ မရသဖြင့် သတိမကောင်းသူဟု ဆိုကြသော်လည်း၊ ယခုကာလ ဉာဏ်မကောင်းဟု ဆိုကြသော်လည်း) အလိမ္မာနည်းမှာ အရ မကျက်ပဲ ဖြစ်နိုင်ပါသည်။ ဤ အလိမ္မာကို ပြိုင်ပြင်လေ့ရှိသူသည် ယခုဘဝသာ လိမ္မာမည် မဟုတ်။ နောင်သံသရာလည်း အလိမ္မာဓာတ် လိုက်ပါလျက် တသံသရာလုံး အလိမ္မာတုံး ဖြစ်နိုင်ပေသည်။
“မကောင်းလည်းကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး။”
ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ မဟာမေဒင်ဘာသာဟု ဘာသာကြီး ၄-မျိုး ရှိ၏။ ခရစ်ယာန်ဘာသာ မဟာမေဒင် ဘာသာတို့၌ သတ္တဝါတို့၏ ကောင်းကျိုး ဆိုးကျိုးများကို ထာဝရဘုရား စသူ တို့က ဖန်ဆင်းပေးသည်ဟု ဖန်ဆင်းပေးသူကို စွဲလမ်းကြ၏။ ဗုဒ္ဓဘာသာ ဟိန္ဒူ ဘာသာဝင်တို့က “ကောင်းကျိုး ဆိုးကျိုးကို ရှေးကပြုခဲ့သောကံက စီမံ၏”ဟု ရှေးကံကို စွဲလမ်း၏။ ဖန်ဆင်းသူကို စွဲလမ်းမှု၏ မှားပုံမှာ ဤကျမ်းစာ ရှုသူတို့ ရိပ်မိလောက်ပြီဖြစ်၍ မရေးတော့ပြီ။ အရာရာ ကံကိုချည်း စွဲလမ်းသူများလည်း “ပုဗ္ဗေကတဟေတုဒိဋ္ဌိ” ခေါ် မိစ္ဆာဒိဋ္ဌိတမျိုးမှ မလွတ်ကင်းပဲ ရှိကြလေသည်။ ထိုဒိဋ္ဌိ၏ ယူမှားပုံကား... “ယခု မျက်မြင် သတ္တဝါတွေသည် ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးသော အကြင် အကျိုးကို ခံစားရ၏။ ထိုအကျိုးအားလုံးသည် ရှေးက ပြုခဲ့သော ကံကြောင့် ချည်းသာ ဖြစ်၏” ဤသို့ စသည်ဖြင့် ယူလေသည်။
မိစ္ဆာအယူကို စဉ်းစားလျှင် ယခုအခါ “မကောင်းလည်းကံ၊ ကောင်းလည်းကံ”ဟု ကံတခုကို စွဲလမ်းကြသော ဗုဒ္ဓဘာသာဝင်တို့လည်း ထိုပုဗ္ဗေကတ ဟေတုဒိဋ္ဌိမှ မလွတ်သည်ကို တွေ့ရပေသည်။ ထို့ကြောင့် ရှေ့၌ ပြခဲ့ပြီးသော သမ္ပတ္တိ ၄-ပါး ဝိပတ္တိ ၄-ပါးတို့ကို စဉ်းစားပြီးလျှင် ငါတို့သန္တာန်၌ အကျိုး မပေးရသေးသော ကုသိုလ်ကံ အကုသိုလ်ကံများ အစဉ်တစိုက် လိုက်နေ သည်ကား မှန်၏။ သို့သော် ထိုကံတွင် အကုသိုလ်ကံတို့သည် ဝိပတ္တိ အမျိုးမျိုး ဆိုက်နေရာ အခါမှသာ အကျိုးပေးခွင့် ရကြ၏။ ကုသိုလ်ကံတို့လည်း သမ္ပတ္တိ အမျိုးမျိုး ရှိမှသာ အကျိုးပေးခွင့် ကြပေသည်-ဟု ယုံကြည်ကြပါကုန်။
ဆက်ဦးအံ့ – အကုသိုလ်ကံ အကျိုးပေးဖို့ရာ (ကံဇာတာညံ့ခိုက်) ကြုံသော်လည်း သတိ ဝီရိယ ဉာဏ် ဟူသော ပယောဂသမ္ပတ္တိ ရှိသူမှာ အကုသိုလ်များ မကောင်းကျိုး မပေးပဲ ရှောင်လွှဲရမည် သာတည်း။ အကယ်၍ ယခုဘဝ၌ သူတော်ကောင်းတရား ပါရမီများကို ကြိုးကြိုးစားစား ထူထောင်လိုက်ပါလျှင် နောက်နောင်သံသရာဝယ် ကောင်းမြတ်သော ဂတိကို ဧကန်ရမည် သာတည်း။ ထိုသို့ ဂတိသမ္ပတ္တိ စသည်နှင့် အဆင့်ဆင့် ကြုံနေပါမူ ရှေးရှေးက ပြုခဲ့သော အကုသိုလ်ကံတို့သည် နိဗ္ဗာန်ရသည့် ဘဝတိုင်အောင်ပင် အကျိုးပေးခွင့် မရနိုင်။ ထို့ကြောင့် မိမိ မမြင်နိုင်သော ရှေးကံကို တွေးကြံ ကြောက်မနေပဲ ယခုဘဝ၌လည်း စီးပွားရေး တန်းမြင့်၍ နောင် သံသရာ၌လည်း အဆင့်ဆင့် မြင့်မြတ် လေအောင် ယခု လက်ငင်း ပြုပြင်၍ ရကောင်းသော ပယောဂ သမ္ပတ္တိ ကိုသာ ထူးထူးခြားခြား ကြိုးစား၍ ပြုပြင်ကြပါကုန်။
တူသော အကျိုး ပေးတတ်ပုံ။ ။ ကုသိုလ်ကံဖြစ်စေ၊ အကုသိုလ်ကံဖြစ်စေ တူသောအကျိုးကို ပေးတတ်၏။ သူတပါးကို သတ်သော ပါဏာတိပါတကြောင့် ဖြစ်ရာဘဝ၌ အသတ် ခံရတတ်၏။ ရောဂါများ တတ်၏။ ဤသို့ စသည်ဖြင့် ရတနာ့ဂုဏ်ရည် ၅-ပါး သီလနှင့် ကံ ကံ၏အကျိုး အဖွင့်၌ ပြခဲ့၏။
စွန့်ကြဲပေးကမ်း လှူဒါန်းသောအခါ အလှူခံကို စားစေချင်၊ ကောင်းကောင်းမွန်မွန် နေစေချင်သော စေတနာသည် ဒါနတည်း။ ထိုဒါနကြောင့် ဖြစ်လေရာဘဝ၌ စားရ ဝတ်ရ ကောင်းကောင်းမွန်မွန် နေထိုင်ရလောက်အောင် စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသော ဓနရှင်များ ဖြစ်လာရပေသည်။ သို့သော် လှူဒါန်းပေးကမ်းသည့် အခါတုန်းက အပရစေတနာ ချို့တဲ့လျှင် (လှူပြီးနောက် နှမြောသလိုဖြစ်ကာ စိတ်မချမ်းသာလျှင်) ထိုဒါနကြောင့် ရရှိသော စည်းစိမ်ကို ခံစားလိုစိတ် မရှိပဲ ဓနရှင် ဖြစ်ပါလျက် လူဆင်းရဲများကဲ့သို့ နုံနုံချာချာနှင့် နေရတတ်လေသည်။
သူဌေးတစ်ဦး။ ။ ငါတို့ ဘုရား မပွင့်မီ သာသနာပ ကာလ၌ သူကြွယ်တယောက်သည် အိမ်ပေါက်၌ ဆွမ်း ရပ်တော် မူလာသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား "ဆွမ်းလောင်းကြပါ”ဟု ပြောဆို၍ ကိစ္စ တခုအတွက် နေရာမှ ထသွားပြီးနောက် “ဆွမ်းလောင်း ခိုင်းမိတာ မှားပေါ့။ ထိုထမင်းများကို အခိုင်းအစေများ စားတာကပင် ကောင်းသေးရဲ့”ဟု တွေးကာ နှလုံး မသာမယာနှင့် အပရစေတနာ ချို့မိလေသည်။
အကျိုးပေးပုံ။ ။ ထိုဆွမ်းလှူ ခိုင်းခဲ့သော ကုသိုလ်ကြောင့် ငါတို့ ဘုရားရှင် လက်ထက်တော်၌ သဌေး ဖြစ်လာ၏။ သို့ရာတွင် အပရစေတနာ ချို့တဲ့မှုကြောင့် သဌေးနှင့် တူအောင် နေချင်စိတ် မရှိ။ ပိုက်ဆံလျှော်ချည်ဖြင့် ယက်သော အဝတ်ကြမ်းကို ၃-စပ်လောက် ဆက်စပ်ပြီး ဝတ်လေ့ ရှိ၏။ ဆန်ကွဲ ထမင်း ပုန်းရည်ဟင်းကို စားသောက်လေ့ ရှိ၏။ ဤသို့ အနုံအမွဲ လူဆင်းရဲ အနေမျိုး နေကာ မကြာခင် အသက်ဆုံး၍ စည်းစိမ် အားလုံး မင်းဘဏ္ဍာ ဖြစ်ရလေသည်။
ဝတ္ထု မှတ်ချက်။ ။ ဤ ဝတ္ထုကို လေးနက်စွာ စဉ်းစားသင့်၏။ ယခုအခါ မိမိနှင့် ထိုက်တန်သော အဝတ်အစားကို ဝတ်ချင် စားချင်စိတ် မရှိသူ၊ မိမိနှင့် တန်အောင် နေထိုင်ချင်စိတ် မရှိသူများကို တွေ့မြင်ကြရ၏။ ထိုသူများသည် တရားသဘော သက်ဝင်ကာဝတ်မည့် စားမည့်အတွက် လှူမယ်၊ စွန့်ကြဲ ပေးကမ်းမယ် ဆိုလျှင် သူတော်ကောင်း သဘောဖြစ်၍ အပြစ် မတင်သာချေ။ ထိုစိတ်မျိုး မဟုတ်ပဲ နှမြော ကုပ်ကပ်သည့်အတွက် မစားရက် မဝတ်ရက်လျှင် သဌေးကြီး ဝဋ်ပါသကဲ့သို့ ဝဋ်ပါသူ-ဟု ဆိုရပေလိမ့်မည်။
အကောင်းဆုံး။ ။ အရပ်ရပ်ကို ကောက်ချက်ချလိုက်လျှင် ထိုက်တန်အောင်လည်း ဝတ်လို့ စားလို့၊ မိမိ၏ကလေးများအတွက်လည်း အမွေအနှစ် ထားလို့၊ ထိုက်တန်အောင်လည်း စွန့်ကြဲပေးကမ်းလို့ နေထိုင်ကြမှာ ပစ္စည်း ဥစ္စာနှင့် ဆိုင်ရာဝယ် လောက သံသရာ ၂-ဖြာလုံး အကျိုးရှိအောင်နေတတ်သူဟု ဆိုရပေမည်။ ထို့ကြောင့် ဒီပဲရင်း ဆရာတော် ဘုရားကြီးသည် “စားလဲ စားကြပါ။ မသေခင် စားဖိုနဲ့ အမွေအနှစ် ပေးဖို့လဲ ထားကြပါ။ နောင်သံသရာအတွက် ကုသိုလ် ပဒေသာပင်ကိုလဲ စိုက်ပျိုးကြပါ” ဟူသော တိုက်တွန်းချက်ဖြင့် အောက်ပါ လင်္ကာကို မိန့်ဆိုတော်မူသည်။
“စားသမျှ မစင်၊ ထားသမျှ မသေခင်၊ ပြုသမျှ ကုသိုလ်အပင်၊ ယခုကာလ ဘဝကောင်းတွင်၊ စားလဲစား၊ ထားလဲထား၊ ပြုလဲပြုကြမှ တော်မည်ထင်။”
သီလ၏ တူသောအကျိုး။ ။ အမှန် စောင့်ထိန်းရမည့် ဥပုသ် သီလနှင့် ၅-ပါး သီလသည် စောင့်ထိန်းသောအခါ သတ္တဝါတို့ကိုလည်း ချမ်းသာစေ၏။ ကိုယ်တိုင်လည်း အလုပ် ဗျာပါရ ကင်း၍ ငြိမ်းအေးသော စိတ်ဖြင့် စောင့်ထိန်းရ၏။ ထို့ကြောင့် သီလ အကျိုးပေးသောအခါ (ပစ္စည်း ဥစ္စာ မပေါစေကာမူ) အနာကင်း၍ စိတ်ချမ်းသာ ကိုယ်ချမ်းသာ အေးအေး သက်သာ နေရအောင် အကျိုးပေး၏။ ထို့ကြောင့်ပင် “ဒါနတော ဘဂဝါ၊ သီလတော သုခိတော”ဟု ပြောစမှတ်ပြုကြသည်။ [ဒါနတော-ဒါနကြောင့်၊ ဘောဂဝါ-စည်းစိမ် ကြွယ်ပြော ဥစ္စာပေါသူ ဖြစ်ရ၏။ သီလတော-သီလကြောင့်၊ သုခိတော-ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသူ ဖြစ်ရ၏။]
ဘာဝနာ၏ တူသောအကျိုး။ ။ ကမ္မဋ္ဌာန်း ဘာဝနာ စီးဖြန်းလိုသူကား ပင်ကိုယ်ကပင် လူသူ မခို မြိုင်ညိုစိမ့်စမ်း ရဂုံလမ်း၌ အေးချမ်းသာယာစွာ တကိုယ်တည်း နေ၍ စီးဖြန်းရသည်။ စီးဖြန်းသောအခါ၌လည်း ဈာန်ရအောင် အားထုတ်လျှင် လောကီအာရုံ ကာမဂုဏ်ကို အစွမ်းကုန် အပြစ်မြင်နိုင်မှ ဈာန်ရ၏။ မဂ်ဖိုလ်ရအောင် အားထုတ်လျှင် ရုပ်၊ နာမ်၊ ခန္ဓာ၊ တသံသရာလုံး ငြီးငွေ့နိုင်မှ မဂ်ဖိုလ်ရသည်။
“မာတင်္ဂကြီး၊ တောခိုမှီးသို့၊ ကိုယ်တည်း အောင်းခို၊ ဗြဟ္မစိုရ်ဖြင့်၊ အလိုတော်ပြည့်၊ ပြည့်အောင် ဖြည့်ပိမ့်၊ ငါ၏ နောက်တော်၊ တယောက်သော်မျှ၊ မခေါ် အပို၊ ဖော် မလိုသည်၊ ရွှေကိုယ်သက်သက် ရှင်းရှင်းတည်း။”
ဟူသော မဃဒေဝ လင်္ကာနှင့် အညီ တကိုယ်တည်း အားထုတ်ရသော ဘာဝနာအလုပ် ၂-မျိုးတွင်လည်း ဈာန်ကိုရ၍ ဗြဟ္မာ့ပြည် ရောက်သောအခါ ကြင်ရာဒေဝီ မဟေသီဗြဟ္မာမ-ဟု မရှာရတော့ပဲ တကိုယ်တည်း အေးချမ်းစွာဖြင့် မေတ္တာ ကရုဏာ မုဒိတာ ပွားများ၍ ခမ်းနားသော ဘုံဗိမာန်တွင် ယောဂီ ကိုယ်တော်ကြီး အသွင် အင်မတန့် သိက္ခာဖြင့် တည်ငြိမ်စွာ နေထိုင် ကြရပေသည်။ မဂ်ဖိုလ်ပေါက်သူ ဖြစ်လျှင်ကား ပင်ကိုယ်က ရုပ် နာမ်အားလုံးကို အမုန်းကြီး မုန်း၍ အငြီးငွေ့ကြီး ငြီးငွေ့ခဲ့သည့် အားလျော်စွာ နိဗ္ဗာန်ရောက် သောအခါ ဘုံဗိမာန် ဟူသော ရုပ်တရားကို မဆိုထားဘိ၊ ကိုယ်ရုပ် ကိုယ့်နာမ်ပါ မကြွင်းကျန်တော့ပဲ ရုပ်နာမ်နှင့် မစပ်သော ဓာတ်တမျိုးအဖြစ်ဖြင့်သာ တည်ရှိ ပေတော့သည်။
ဤသို့လျှင် ဒါန သီလ ဘာဝနာ စသော ကုသိုလ်အားလုံးပင် အကြောင်းနှင့် တူသော အကျိုးကို ဆောင်သောကြောင့် သံသရာ နောင်ရေးကို မျှော်တွေးမိ သူတိုင်း မိမိကိုယ်ကို မိမိ ချစ်ခင်ကာ နိဗ္ဗာန်အထိ သံသရာလမ်း ကောင်းဖို့ရန် မကောင်းသော စိတ်ထားများကို ပယ်ရှား၍ ကောင်းသော ကံကို ချည်း ကြိုးစားသင့်ကြသည်။
“အကုသလ၊ ကုသလ၏၊ ကမ္မသကာ၊ လက္ခဏာကို၊ မြဲစွာဝမ်းတွင်း၊ နှလုံးသွင်းလော့၊ မပျင်းကုသိုလ်၊ ထိုပုဂ္ဂိုလ်ကား၊ ကိုယ့်ကိုချစ်သူ၊ မည်သောဟူ၏၊ အယူမယွင်း၊ ဆောက်တည်ခြင်းဖြင့်၊ ကံရင်းမူလ ဝီရိယနှင့်၊ ဉာဏ ထောက်ကူ၊ ထိုသည့် သူမှ၊ လူတွင် လူလွန်၊ လွှား တံခွန်သို့၊ လူမွန်တယောက်၊ တစ် ခေါ်လောက်အောင်၊ ခါရောက် ချိန်ဆုံး၊ တုမဲ့နှုန်း၍၊ ရွှေဘုန်း မော်ရမည်ကိုကား။” -မဃဒေဝ လင်္ကာ။
နိဂုံး
ဤမျှသော စကားအစဉ်ဖြင့် ကံနှင့် ကံ၏ သတ္တိ၊ ကံ၏ အကျိုးပေးပုံများ ပြီးဆုံးပြီ။ ဤသို့ ကံနှင့်စပ်၍ အရပ်ရပ် မှတ်ဖွယ်များကို ရေးသားရကြောင်း ကောင်းမှုပဋိပတ် အကျင့်မြတ်ကြောင့် ဤကျမ်းကိုရှုသူတိုင်း ကမ္မဿကတာဉာဏ် ရင့်သန်၍ သမ္မာဒိဋ္ဌိအစစ် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါစေ။ ငါနှင့်တကွ ငါ၏ အတွင်းလူ ဟူသမျှလည်း ဖြစ်လေရာ ဘဝတို့၌ သမ္မာဒိဋ္ဌိ အစစ်ချည်း ဖြစ်ကာ နိဗ္ဗာန်ရောက်ကြောင်း တရားကိုသာ ကြိုးစားကြပါစေ။
ကံနှင့် စပ်ရာ၊ အဖြာဖြာကို၊ ကောင်းစွာ ခွဲခြမ်း၊ ရေးသည့်စွမ်းကြောင့်၊ ဤကျမ်းရှုကြ၊ ဟူသမျှကို၊ ကမ္မသကတာ၊ ဉာဏ်ရင့်စွာဖြင့်၊ သမ္မာယူစစ်၊ ဖြစ်ကြပါစေ၊ ငါ့ အနေသော်၊ အခြေခိုင်မြဲ၊ သမ္မာစွဲ၍၊ မကွဲအသင်း၊ ငါ့အရင်းလည်း၊ မယွင်းငါ့တူ၊ သမ္မာယူသည်၊ နိဗ္ဗူထုတ်ချောက် ရောက်ရန်သောဝ်။
ကံနှင့် စပ်၍ အရပ်ရပ် မှတ်ဖွယ် ပြီးပြီ။
အဋ္ဌမ အဋ္ဌမအခန်း
[ဤ အခန်း၌ စုတေခါနီး အဖြစ်အပျက်ပါသည်။]
ပြခဲ့သော အခန်းများဝယ် လူသတ္တဝ၌ ဖြစ်သင့်သော စိတ်နေစိတ်ထားနှင့် ပြုသင့်သော ကံများကို ပြခဲ့ပါပြီ။ ထိုသို့ စိတ်ကောင်း စိတ်ဆိုး အမျိုးမျိုး ဖြစ်နေကြယင်းပင် ဥစ္စာ စီးပွား ချစ်သူများနှင့် ကွေကွင်းဖို့ သေမင်းငင်သဖြင့် မသေချင်ပဲလည်း သေမြဲ ဓမ္မတာ သေပေါက် သေဝသို့ အသေခံ ရောက်ကြရရှာတော့မည်။ သို့ဖြစ်၍ စုတေခါနီး အရေးကြီးပုံကို ကိုယ်စီကိုယ်ငှ သတိပြုကြဖို့ ဆက်လက် ညွှန်ပြပါဦးမည်။
သေခြင်းအကြောင်း ၄-ပါး။ ။ ၁-အသက်တမ်း ကုန်ခြင်း၊ ၂-ကံအစွမ်း ကုန်ခြင်း၊ ၃-အသက်တမ်း ကံအစွမ်း ၂-မျိုးလုံး ကုန်ခြင်း၊ ၄-ဥပစ္ဆေဒက ကံက သတ်ဖြတ်ခြင်း၊ ဤသို့ သတ္တဝါတို့ စုတေရခြင်း အကြောင်း ၄-မျိုး ရှိ၏။ ဥပမာ-ဆီမီးငြိမ်းရာ၌ ၁-ဆီကုန် ခန်းခြင်း၊ ၂-မီးစာ ကုန်ခြင်း၊ ၃-ဆီနှင့် မီးစာ ၂-မျိုးလုံး ကုန်ခန်းခြင်း၊ ၄-ဆီနှင့်မီးစာ ရှိသေးသော်လည်း လေပြင်းတိုက်ခတ်ခြင်း၊ သို့မဟုတ် တမင် ငြိမ်းသတ်ခြင်းဟု အကြောင်း ၄-မျိုး ရှိသကဲ့သို့တည်း။
အသက်တမ်း ကုန်၍ စုတေရပုံ။ ။ ထိုထို ဘုံဘဝ၌ သတ်မှတ်ထားအပ်သော အသက်တမ်း ရှိ၏။ ဤလူ့ဘုံ၌ တက်ကပ် အခါဝယ် တဖြည်းဖြည်း တက်၍ အသချေင်္ တိုင်အောင် အသက်တမ်း ရှိ၏။ ဆုတ်ကပ် အခါ၌ကား တဖြည်းဖြည်း ဆုတ်ကာ ၁၀-နှစ်တမ်း တိုင်အောင် အသက်တမ်း ရှိ၏။ ဘုရားရှင် လက်ထက်တော်၌ အသက် တရာတမ်းဟု ဆို၏။ ယခု ၇၅-နှစ် တမ်းဟု ခန့် မှန်းကြသည်။ သင့်တော်ရုံ ကံပါလာသူတို့သည် သတ်မှတ် ထားအပ်သော အသက်တမ်းကို မလွန်နိုင်ကြ။ အလွန် ကံထူးသူ “ရသာယန” စသော ဆေးကောင်း ရှိသူတို့သာ အသက်တမ်းကို လွန်နိုင်ကြ ပေသည်။ ဘုရား လက်ထက်တော်၌ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ၊ ကျောင်းအမ ဝိသာခါတို့လည်း အသက် ၁၂၀-ရှည်ကြ၏။ အရှင်ဗာကုလသည် အသက် ၁၆၀-ရှည်၏။ ထိုပုဂ္ဂိုလ်များကား အလွန် ကံထူး ပါသူများတည်း။ ထိုသို့ ကံအထူးလည်းမပါ၊ သာမန်လောက် ကံကလည်း အသက်တမ်းကို လွန်အောင် မဆောင်တော့ပဲ ၇၅-နှစ်တမ်း၌ ၇၅-နှစ်ပြည့်၍ စုတေရခြင်းကို “အသက်တမ်း ကုန်၍ စုတေရခြင်းဟု ခေါ်၏။ မီးစာ ရှိသေးသော်လည်း ဆီကုန်၍ မီးငြိမ်းခြင်းနှင့် တူ၏။
ကံကုန်ခြင်းကြောင့် စုတေရပုံ။ ။ ဘဝ တခုကို စီမံလိုက်သော ကံသည် ပဋိသန္ဓေတည်နေသည့် အချိန်မှစ၍ မိမိ၏ သတ္တိ မကုန်သေးသမျှ ဘဝ မပြတ်အောင် (မသေအောင်) အစဉ်တစိုက် အမြဲ ဖန်တီးလျက် ရှိ၏။ ထိုမူလ စီမံလိုက်သော ကံ၏အစွမ်းကို အားပေးကူညီသော အခြားကံများလည်း ရှိနေသေး၏။ ထိုမူလ စီမံလိုက်သော ကံနှင့် အားပေး ကူညီကြသော ကံတို့၏ အစွမ်းသတ္တိ ကုန်လျှင် အသက်တမ်းက မကုန်သေးသော်လည်း ဧကန်မုချ စုတေကြရတော့သည်။ ၇၅-နှစ်တမ်း၌ ကံစွမ်းက အသက် ၅၀-လောက်သာ ရှိလျှင် ၅၀-အရွယ်မှာပင် စုတေကြရသည်-ဟူလို။ ဥပမာဆီမကုန်သေးသော်လည်း မီးဇာ ကုန်လျှင် ဧကန် မီးငြိမ်းရသကဲ့သို့တည်း။ ဤကဲ့သို့ အသက်တမ်း မကုန်သေးပဲ ကံအစွမ်း ကုန်ခြင်းကြောင့် စုတေရမှုကို “ကံကုန်ခြင်းကြောင့် စုတေခြင်း”ဟု ခေါ်သည်။
၂-မျိုးလုံး ကုန်၍ စုတေရပုံ။ ။ တချို့ သတ္တဝါတို့ကား အသက်တမ်းလည်း မကုန်၊ ကံစွမ်းလည်း ကုန်ခြင်းကြောင့် စုတေကြရသည်။ ဆီလည်းကုန်၊ မီးစာလည်း ကုန်ခြင်းကြောင့် မီးငြိမ်းရခြင်းနှင့် တူ၏။ ထို့ကြောင့် ၇၅-နှစ်တမ်း၌ ၇၅-နှစ် လောက် နေဖို့ရန် ကံပါသူ၏ ၇၅-နှစ် ပြည့်၍ စုတေရမှုကို “အသက်တမ်း ကံအစွမ်း ၂-မျိုးစုံ ကုန်ခြင်းကြောင့် စုတေရခြင်း”ဟု ခေါ်သည်။ ဤပြခဲ့သော အကြောင်း ၃-ပါးတို့တွင် တပါးပါးကြောင့် စုတေခြင်းကို “ကာလ မရဏ =သေချိန် ကျ၍ သေရခြင်း” ဟုလည်း ခေါ်သည်။
ဥပစ္ဆေဒကံကြောင့် စုတေရပုံ။ ။တချို့ သတ္တဝါတိုကား သက်တမ်းလည်း မကုန်သေး၊ ကံအစွမ်းလည်း မကုန်သေး၊ တစုံတရာ အနှောင့်အယှက် မရှိလျှင် အတော်ကြာအောင် နေနိုင်သေး၏။ သို့သော် ရှေးရှေးဘဝက ဖြစ်စေ၊ ယခုဘဝမှာ ဖြစ်စေ ပြုမိသော အကုသိုလ်ကံက အခွင့်ရသဖြင့် တနည်းနည်းနှင့် သေရတော့၏။ ဥပမာ--မီးစာ ဆီ ၂-မျိုးလုံး မကုန်သေးပဲ လေပြင်းတိုက်ခတ်မှု၊ တမင် ငြိမ်းသတ်မှုတို့ကြောင့် မီးငြိမ်းခြင်းမျိုးကဲ့သို့တည်း။ ထိုကဲ့သို့ သေရခြင်းကို “ဥပစ္ဆေဒက ကံ၏ သတ်ဖြတ်မှုကြောင့် သေရခြင်း”ဟု ခေါ်သည်။ [ဥပစ္ဆေဒက=ကပ်၍ သတ်ဖြတ်တတ်သော ကံ။]
ဥပစ္ဆေဒက ကံနှင့် သေရသူများ။ ။ အရှင်မောဂ္ဂလ္လာန်သည် ရှေးက အမိကို သတ်ခဲ့ဘူး၏။ အရှင်မောဂ္ဂလ္လာန် ဘဝ၌ ထိုကံ အခွင့်ရသဖြင့် ခိုးသား ငါးရာ၏ အသတ်ကို ခံပြီးမှ ပရိနိဗ္ဗာန် စံရလေသည်။ ဗိမ္ဗိသာရမင်းသည် ရှေးက ဘုရားရင်ပြင်တော်ဝယ် ဖိနပ်စီးခဲ့ဘူး၏။ ဗိမ္မသာရမင်း ဘဝ၌ ထိုကံက အခွင့်ရသဖြင့် ခြေဖဝါးကို ဓားခွဲခံလျက် နတ်ရွာ စံရလေသည်။ သာမာဝတီ အမှူးရှိသော နန်းတွင်းသူတို့သည် ရှေးက ပစ္စေကဗုဒ္ဓါကို သမာပတ်ဝင်စားနေစဉ် အလောင်းတော် ထင်၍ မီးရှို့ရာ၊ သမာပတ်မှ ထသောအခါ အသက်ရှိသေးကြောင်းကို သိလျက်ပင် မိမိတို့ အမှုပေါ်မည် စိုး၍ ထပ်မံ မီးတိုက်ခဲ့ဘူး၏။ ထိုကံက အခွင့်ရသဖြင့် မီးလောင်၍ ဘဝဆုံးကြရလေ၏။ ဤကား ရှေးဘဝက ပြုခဲ့သော အကုသိုလ်ကံ အခွင့်ရသဖြင့် သတ်ဖြတ်ခံရသူ များတည်း။
ယခုဘဝမှာပင် ဂုဏ်ကြီးသူများကို အကြီးအကျယ် စော်ကားမိ၍ ထိုကံက သတ်ဖြတ်သော ဝတ္ထုများလည်း ရှိသေး၏။ “ဒုဿီ” မည်သော မာရ်နတ်သည် ကဿပ ဘုရားရှင်၏ လက်ျာတော်ရံ အဂ္ဂသာဝက အရှင်၏ ဦးခေါင်းတော်ကို ကျောက်ခဲဖြင့် ပေါက်လေ၏။ “နန္ဒ” မည်သော နတ်ဘီလူးကား အရှင်သာရိပုတြာ၏ ရိတ်ပြီးခါစ ဦးခေါင်း ပြောင်ပြောင်ကို လက်ဖြင့် ခေါက်၏။ ကလာဗုမင်းမှာ အလောင်းတော် ခန္တီဝါဒီရသေ့ကို သေလောက်အောင် နှိပ်စက်ခိုင်း၏။ ထိုနတ်၊ ဘီလူး၊ မင်းတို့၏ ထိုဘဝ၌ ပြုအပ်သော ကံသည် ထိုဘဝမှာပင် အခွင့်ရ၍ မြေမျို စေလေသည်။ ဤသို့ စသည်ဖြင့် အမိ အဖ ဂုဏ်ကြီးသော ဆရာသမားတို့ကို စော်ကားသူ့ကိုသည် ထိုကဲ့အတွက် အသက်တမ်းစေ့အောင် မနေကြရပဲ လတ်တလော သေရတတ်လေသည်။ ဤဥပစ္ဆေဒကကံ တခုခုကြောင့် သေရခြင်းကိုပင် “အကာလ မရဏ=သေဖို့ရန် အချိန်မကျသေးပဲ သေရခြင်း”ဟု ခေါ်သည်။
သေချိန် မကျပဲ သေရသူများ။ ။ သတ္တဝါတို့၏ သန္တာန်၌ ရှေးက မကောင်းမှုကံကလေးတွေ ကိုယ်စီကိုယ်ငှ အများအပြား ပါရှိကြလေ၏။ ထိုကံများသည် မိမိတို့ချည်းသက်သက် သေကြေအောင် မသတ်ဖြတ် နိုင်သော်လည်း သတိမရှိ၊ ဉာဏ်မရှိ၍ (အစဉ်းစား အဆင်ခြင်၊ အမြော်အမြင် မရှိ၍) အစားမတတ်၊ အသွားမတတ်၊ အနေအထိုင် မတတ်သူများကို ဘေးဥပဒ် ရောက်အောင် ထိုဘေးဖြင့် သေကြေပျက်စီးအောင်ကား တတ်နိုင်ကြပေသည်။ ရှေးရှေးက သူတပါးကို အငတ် ထားခဲ့ဘူးခြင်း၊ မြွေနှင့် တိုက်ခြင်း၊ အဆိပ် ခတ်ခြင်း၊ တုတ် ဓား စသည်တို့ဖြင့် ရိုက်သတ်ခြင်း၊ ရေနှစ်သတ်ခြင်း၊ မီးတိုက် သတ်ခြင်း စသည်ဖြင့် သူတပါး သေအောင် တနည်းနည်းဖြင့် ပြုခဲ့သူသည် ထိုကံများ အခွင့်ရသော ဘဝဝယ် ထမင်းငတ်၍ သေတတ်၊ ရေငတ်၍သေတတ်၊ မြွေကိုက်၍ သေတတ်၊ အဆိပ်မိ၍ သေတတ်၊ လက်နက်ဖြင့် သေတတ်၊ ရေနစ်၍ သေတတ်၊ မီးလောင်၍ သေတတ်လေသည်။
သူတပါးကို တနည်းနည်းဖြင့် နှိပ်စက် သတ်ဖြတ်ခဲ့ဘူးသူသည် ယခုဘဝ၌ လေနာခြင်း၊ သလိပ်ရောဂါရှိခြင်း၊ ပန်းနာရှိခြင်း၊ နူနာရှိခြင်း၊ မကျန်းမမာခြင်း စသည်ဖြင့် ညှိုးနွမ်း ပင်ပန်းစွာ အသက်ရှည်နေရသည့်ပြင် ထိုရောဂါဖြင့်ပင် သေရတတ်၏။ ဤသို့ စသည်ဖြင့် ရှေးကံကလေးတွေသည် (ဆင်ခြင် စဉ်းစား သတိထားတတ်သူတို့၌ နှိပ်စက်ခွင့် သတ်ဖြတ်ခွင့် မရသော်လည်း) အစဉ်းစား အဆင်ခြင် မရှိသူကိုကား မကျန်းမာအောင် သေကြေအောင် နှိပ်စက်ဖို့ရန် နှောင့်နှေးမည် မဟုတ်ချေ။ ထို့ကြောင့် “အသက်ဉာဏ်စောင့်။ အသွားမတော် တမုဟုတ်၊ အစားမတော် တလုတ်။ ကျားရဲရာ ကြမ္မာမရိုးသာ (ကျားထနေသော တောသို့ သွားလျှင် ကျားကိုက်ခံရမှာပဲ။ ကျားကိုက်ခံရတာကို ကံကြမ္မာဟု မရိုးမစွဲပါနှင့်။) ကံယုံပြီး မီးပုံမဆင်းနဲ့၊ မီးပုံထဲဆင်းလျှင် ကံကောင်းနေသော်လဲ မီးလောင်မှာပဲ” စသည်ဖြင့် လူကြီးသူမတို့ ပြောဆိုခဲ့ကြပေသည်။
ထိုစကားတို့၌ လူကြီးများ၏ ဆိုလိုရင်းကား..လူတိုင်းမှာပင် မကောင်းကျိုး ပေးဖို့ရန် အကုသိုလ်ကံများ (ရှေးဘဝများစွာက တမျိုး ၂-မျိုး စသည် ပြုခဲ့မိ ကြသဖြင့်) ကိုယ်စီကိုယ်ငှ ရှိကြပေ၏။ သို့သော် ထိုကံများသည် အလွန် သတ္တိ မထက်လျှင် သူတို့ဘာသာ အကျိုးပေးခွင့်သာအောင် မတတ်နိုင်ကြပါ။ အဆင်ခြင် အစဉ်းစား မရှိသူများ၌သာ အသွားအလာ၊ အစားအသောက်၊ အနေအထိုင် မတက်သည့်အတွက် ထိုကံများကို အကျိုးပေးခွင့် ရကြပါသည်။ သို့ဖြစ်၍ အသက်ရှည်ကြာ အနာကင်းမှုကို ဂရုစိုက်ခြင်း မရှိလျှင် ဥပစ္ဆေဒကကံ ကလေးတွေ အခွင့်သာ၍ (အသက်တမ်း မစေ့ခင်၊ ထိုဘဝကို စီမံလိုက်သော ကံကလည်း မကုန်သေးခင်) သေရမည့်အရေးကား မည်သူမျှ မဝေးကြောင်းကို နောက်နှောင်း လူများအတွက် လေးနက်စွာ သတိပေးထားခြင်း ဖြစ်သည်။
အချုပ်ကား-သတ္တဝါတို့ သေဖို့ရာ “အသက်ကုန်ခြင်း၊ ကံကုန်ခြင်း၊ အသက် ကံ ၂-မျိုးလုံး ကုန်ခြင်း၊ ဥပစ္ဆေဒကကံက သတ်ဖြတ်ခြင်း”ဟု အကြောင်း ၄-ပါး ရှိ၏။ ထိုတွင် ဥပစ္ဆေဒကကံများ အခွင့်သာ၍ (အခွင့်သာအောင် အနေအထိုင်၊ အစားအသောက်၊ အသွားအလာ မတတ်ကြ၍) သေချိန် မကျပဲ သေရသူတွေ ယခုကာလ၌ ပေါများလှ၏။ ထို့ကြောင့် မိမိကိုယ်ကို အသက်တမ်းစေ့ နေနိုင်အောင် အသက်ကို အသိဉာဏ်ဖြင့် စောင့်ရှောက်ကြပါဟု ဆိုလိုသည်။
စုတေခါနီး အရေးကြီးပုံ။ ။ ပြခဲ့သောအကြောင်းများတွင် တပါးပါးကြောင့် လူတယောက် စုဖို့ရာ အချိန်နီးကပ်လာလျှင် မစုတေမီ နာရီဝက်လောက်မှစ၍ စိတ်ကောင်း ကောင်းရဖို့ အရေးကြီး၏။ စုတေသည့် တိုင်အောင် ကုသိုလ်ဇောများ စောနေလျှင် ဧကန် မုချ သုဂတိဘဝသို့ ရောက်ရမည်။ စုတေခါနီးဝယ် အကုသိုလ်ဇောများ စောနေလျှင် ဧကန် အပါယ်ဘုံသို့ ရောက်ရတော့မည်။ သို့ဖြစ်၍ မြင်းအပြေးပြိုင်ရာတွင် ပန်းဝင်ခါနီး၌ အရေး အကြီးဆုံး ဖြစ်သကဲ့သို့၊ နောက်တဖန် ဘဝကောင်းရဖို့ စုတေခါနီး၌ အရေးကြီး လှပေသည်။ ထိုစုတေခါနီး၌ စိတ်ကောင်း မကောင်းမှာလည်း ထိုအခါ ထင်လာသော အာရုံနှင့် သက်ဆိုင်ကြလေသည်။
ထင်လာတတ်သော အာရုံ ၃-မျိုး။ ။ စုတေခါနီး၌ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟု အာရုံ ၃-မျိုးတွင် တမျိုးမျိုး ထင်လာတတ်၏။ “ကံ”ဆိုသည်မှာလည်း ကုသိုလ် အကုသိုလ် စေတနာတည်း။ “ကမ္မ နိမိတ်” ဆိုသည်ကား ထိုကုသိုလ် အကုသိုလ်ပြုစဉ်က တွေ့ကြုံ သုံးစွဲခဲ့ရသော အရာဝတ္ထုများတည်း။ “ဂတိနိမိတ်”ဆိုသည်မှာ စုတေပြီးနောက် ရောက်ရမည့် ဂတိ၌ (ဘဝ၌) ကြုံရမည့် အရာဝတ္ထုတည်း။
ကံ အာရုံ ထင်လာပုံ။ ။ သေချိန်မရောက်ခင် စက္ကန့်အနည်းငယ်က ဖြစ်စေ၊ နာရီဝက် တနာရီ စသည် ကွာခြားသောအခါက ဖြစ်စေ၊ ရက်ပေါင်း-လပေါင်းများစွာ ကွာခြားသော အခါက ဖြစ်စေ၊ ဘဝပေါင်း ကမ္ဘာပေါင်း များစွာ ကွာခြားသောအခါက ဖြစ်စေ ပြုခဲ့သော ကံအမျိုးမျိုးသည် နောက်ဘဝ သစ်တွင် ပဋိသန္ဓေ အကျိုးပေးခွင့် ကြုံလာလျှင်သေခါနီး လောလောဆယ် ထင်လာတတ်၏။ ထိုသို့ ထင်လာရာဝယ် ရှေးက ဒါန သီလ စသော ကုသိုလ်ကံဖြစ်လျှင် ထိုကံကို ပြန်၍ အမှတ်ရသောအားဖြင့် ထင်လာခြင်း၊ ယခုလောလောဆယ် လှူနေရသလို ဥပုသ်စောင့်နေရသလို အိပ်မက် မက်သလို အနေအားဖြင့် ထင်လာခြင်းဟု ၂-မျိုး ရှိသည်။ အကုသိုလ် ကံများတွင်လည်း ပါဏာတိပါတမှု ဖြစ်လျှင် ထိုကံကို ပြန်၍ အမှတ်ရခြင်း တမျိုး၊ ယခုပင် သတ်ဖြတ်၍ နေရသလို ထင်ခြင်း တမျိုးဟု ၂-မျိုး ရှိသည်။ ဤနည်းအတိုင်းပင် အခြားသော ကုသိုလ် အကုသိုလ်ကံ ထင်လာပုံကိုလည်း ချဲ့ထွင်ကြည့်ပါလေ။
ကမ္မနိမိတ် အာရုံ ထင်လာပုံ။ ။ အကုသိုလ်ကံ ပြုခဲ့ကြသူတို့မှာ ပါဏာတိပါတ ဖြစ်လျှင် သတ်ဖြတ်စဉ်အခါက အသုံးပြုခဲ့သော ဓား၊ တုတ်၊ သေနတ်၊ ပိုက်ကွန်၊ လေး၊ မြား၊ လှံ စသော လက်နက်များ ထင်လာတတ်၏။ နွားသတ်သမား တယောက်၌ကား နွားများကို သတ်ပြီးနောက် အသားတွေ ခွါ၍ စုပုံထားသော အရိုးပုံကြီး ထင်လာသတဲ့။ အဒိန္နာဒါနမှု ကာမမှု စသည်များကို ပြခဲ့ကြသူမှာလည်း မကောင်းနှင့်ဆိုင်ရာ ကံအာရုံများ ထင်လာပုံကို ချဲ့ထွင် ကြည့်ကြပါလေ။
ကုသိုလ်ကံ ပြုခဲ့ကြသူတို့တွင်လည်း ဒါနပြုရာ၌ ကျောင်း ဘုရား တည်ဆောက် ကိုးကွယ်သူဖြစ်လျှင် ကျောင်းအာရုံ၊ ဘုရားအာရုံ၊ ကျောင်းနှင့်စပ်၍ လှူခဲ့သော သင်္ကန်း၊ ဆွမ်း၊ ဆေး အာရုံ၊ ဘုရားနှင့်စပ်၍ လှူခဲ့သော ပန်း၊ ဆီမီး၊ အမွှေးတိုင် စသော အာရုံများ ထင်လာတတ်၏။ ဥပုသ်စောင့်သုံးခဲ့သူ၊ ကမ္မဋ္ဌာန်းထိုင်ခဲ့သူ ဖြစ်လျှင် ဥပုသ်နှင့်စပ်ဆိုင်သော စိပ်ပုတီး၊ စင်ကြယ်သော အဝတ်အစား၊ ကမ္မဋ္ဌာန်းကျောင်း၊ စိပ်ပုတီး စိပ်ရာ သစ်ပင်ရိပ် စသော နေရာများ ထင်လာ တတ်၏။ အပစာယန၊ ဝေယျာဝစ္စ စသော ကုသိုလ်များ၏ အာရုံလည်း ထိုက်သလို ထင်လာတတ်ကြသည်။
ဂတိနိမိတ် အာရုံ ထင်လာပုံ။ ။ စုတေခါနီး၌ ဘဝသစ်ဝယ် တွေ့ကြုံရမည့် အာရုံများလည်း အာရုံ ထင်လာပုံ တင်ကြို၍ ထင်လာတတ်၏။ နတ်ပြည်ရောက်မည့်သူ ဖြစ်လျှင် နတ်သမီးတွေ၊ ဘုံဗိမာန်၊ ဥယျာဉ် စသည် ထင်လာတတ်၏။ လူ့ပြည်ရောက်မည့်သူ ဖြစ်လျှင် အမိဝမ်းရေ၏ နီနီရဲရဲအဆင်း ထင်လာတတ်၏။ ငရဲသွားရမည့်သူ ဖြစ်လျှင် ငရဲမီး၊ ငရဲထိန်း၊ ခွေးကြီး စသည် ထင်လာတတ်၏။ ပြိတ္တာဖြစ်မည့်သူ ဖြစ်လျှင် တောကြီး၊ တောင်ကြီး၊ မြစ်ရေ၊ သမုဒ္ဒရာကမ်း စသည်ဖြင့် မိမိ နေထိုင်ရမည့် အရပ် ဒေသ အလိုက် ထင်လာတတ်၏။
မျက်နှာအနေအထားနှင့် ဂတိမှန်းဆဖွယ်။ ။ စုတေခါနီး၌ မျက်နှာ အနေ အထား ကြည့်ပါ။ ကြည်ကြည်လင်လင် ရှိလျှင် အာရုံကောင်း ထင်နေပြီဖြစ်၍ သုဂတိ သွားရလိမ့်မည်ဟု မှန်းဆနိုင်သည်။ မျက်နှာ အနေ ညှိုးငယ်လျှင်၊ သို့မဟုတ် ကြမ်းတမ်းသော အမူအရာ ဖြစ်နေလျှင် မကောင်းသောအာရုံ ထင်နေပြီဖြစ်၍ ဧကန်မုချ ဒုဂ္ဂတိသို့ သွားရတော့မည်ဟု မှန်းဆနိုင်ပေသည်။ [တချို့ကား ရှေးက ခံစားခဲ့သော ကာမဂုဏ်ကြောင့် ပြုံးနေပေလိမ့်မည်။ ထိုအပြုံးကား ကောင်းသော ပြုခြင်း မဟုတ်ပါ။]
ယောင်ယမ်းပုံဖြင့် မှန်းဆဖွယ်။ ။ တချို့ စုတေခါနီး၌ ညင်ညင်သာသာ မရှိပဲ ပြောလား ဆိုလား၊ ယောင်လား ယမ်းလား လုပ်၏။ ရှေးတုန်းက ရဟန္တာ ရှင်သောဏ၏ ခမည်းတော်သည် ငယ်ရွယ်စဉ်က မုဆိုးကြီးဖြစ်၍ ကြီးမှ ရဟန်းပြု၏၊ စုတေခါနီးသော် (မိနစ် အတော်ဝေးဝေး ကပင်) ခွေးကြီးတွေက သူ့ကို ကိုက်တော့မည့်ဟန် ထင်နေသဖြင့် “သားရဲ့ ချောက်ပါတဲ့၊ ချောက်ပါတဲ့”ဟု အော်သတဲ့။
အရှင်သောဏ က “ဦးပဉ္စင်းကြီးမှာ ငရဲနိမိတ် ထင်နေပါပကော”ဟု တွေးတော၍ ချက်ချင်း ပန်းတွေကို ရှာပြီးလျှင် ဘုရား ရင်ပြင်တော်မှာ ပန်းမွေ့ရာခင်း၍ ဦးပဉ္စင်းကြီးကို ခုတင်နှင့်တကွ ယူသွားပြီး “ဦးပဉ္စင်းကြီး.. ကြည်ညိုလိုက်၊ ကြည်ညိုလိုက်။ ဦးပဉ္စင်းကြီးအတွက် ပန်းတွေလှူထားတယ်” ဟု ပြောသောအခါ သတိရလာ၍ ဘုရား အာရုံပြုလျက် ပန်းများကို လှူဒါန်းနေစဉ် မျောမေ့သွားပြန်ရာ၊ နတ်သမီးတွေ ထင်လာသဖြင့် “ဟဲ ..သားရဲ့--နေရာ ဖယ်ပေးလိုက်ပါ၊ နေရာဖယ်ပေးလိုက်ပါ။ သားရဲ့ မိထွေးတွေ လာနေတယ်”ဟု ယောင်ပြန်လေရာ “အင်း..နတ်ပြည် ဂတိ နိမိတ် ထင်လာပေါ့ကိုး”ဟု အောက်မေ့တုန်းမှာပင် ဦးပဉ္စင်းကြီး ဘဝဆုံး၍ နတ်ပြည်ရောက် သွားလေသည်။
ဂတိနိမိတ် ထင်ပုံ တမျိုး။ ။ တချို့ စုတေခါနီး လားရာဂတိ၌ တွေ့ကြုံရမည့် အရာဝတ္ထုတို့ကို တိုက်ရိုက်ပင် မျက်စိဖြင့် တွေ့ရ၏။ “ရေဝတီ” မည်သော မိန်းမသည် ဘုရား ကျောင်းဒါယကာ နန္ဒိယ သူကြွယ်၏ ဇနီးတည်း။ နန္ဒိယ သူကြွယ်က သဒ္ဓါတရား ရှိသလောက် ရေဝတီမှာ သဒ္ဓါတရား ကင်းမဲ့၏။ ဗုဒ္ဓဘာသာဟူ၍ပင် မဆိုထိုက်။ ရဟန်းတော်များကို ဆဲရေးတတ်၏။ နန္ဒိယ သူကြွယ်က ရှေးဦးစွာ စုတေ၍ နတ်ပြည်၌ဖြစ်ပြီးနောက်၊ ရေဝတီ သေချိန်ရောက်သော် ငရဲမှ ငရဲထိန်း ၂-ဦး လာရောက်၍ အတင်းဆွဲယူကာ နတ်ပြည်သို့ ခေါ်သွား၍ နန္ဒိယ၏ စည်းစိမ်ကို ပြပြီးမှ ငရဲသို့ အတင်းဆွဲချသွားသတဲ့။
ဘုရား လက်ထက်တော်တုန်းက “ဓမ္မိက” ဥပသကာသည် ဥပါသကာ ပေါင်းများကို ခေါင်းဆောင်၍ သူတော်ကောင်း အဖြစ်ဖြင့် နေထိုင်၏။ စုတေခါနီးလေသော် ရဟန်းတော်များ၏ တရားကို နာစဉ် နတ်ပြည် ၆-ထပ်မှ နတ်ရထား ၆-စင်းတို့ ကောင်းကင်၌ တည်လျက် “သူ့ရထား တင်မည်။ ငါ့ရထား တင်မည်”ဟု ပြောဆိုနေသံကို တရားနာ နေရသော ဓမ္မိက ဥပါသကာသည် မြင်လည်းမြင်ရ၊ ကြားလည်းကြားရ၏။ ထို့နောက် မကြာမီပင် စုတေ၍ တုသိတာနတ်ရထား၌ နတ်သားအဖြစ်ဖြင့် ပါသွားလေသည်။
မြေမျိုသူကား အဝီစိက မီးအရှိန်သည် လူ့ပြည် တိုင်အောင် ဟပ်သဖြင့် မီးပူအကို မသေခင်က တွေ့ရလေသည်။ ဤသို့လျှင် စုတေခါနီး ဂတိနိမိတ် ထင်လာပုံ အမျိုးမျိုး ရှိ၏။ ယခုကာလ တချို့ စုတေခါနီး၌ကား တီးသံ မှုတ်သံနှင့် အမွှေးအကြိုင်များကို အနီးအပါး လူအများပင် ကြားရ မွှေးရ၏။ ဤ ဂတိနိမိတ်နှင့်အကွ ပြခဲ့သော ကံ ကံနိမိတ်တို့သည် များသောအားဖြင့် အကျိုးပေးခွင့်ရသော ကံအစွမ်းကြောင့် ထင်လာသည်ဟု မှတ်ပါ။
တေခါနီး ပြုပြင်ပေးရပုံ။ ။ မကျန်းမာခြင်း စသည်ဖြင့် ဖြည်းဖြည်းသက်သာ သေရသော အချို့လူတို့ စုတေခါနီး ကာလ၌ ဆရာသမားကောင်း၊ ဆွေကောင်း မျိုးကောင်း များက အာရုံကောင်း ထင်လာဖို့ရာ ပြုပြင်ပေးကြရမည်။ လူမမာသည် ယခု ရောဂါမှ လွတ်နိုင်တော့မည် မထင်လျှင် လူမမာ၏ အနီးအပါး၌ သန့်ရှင်းနိုင်သမျှ သန့်ရှင်းအောင် ပြုပြင်ရမည်။ ဘုရားကို ရည်စူး၍ ပန်းများကို ရေမွှေးကောင်းကောင်း ဆွတ်ဖျန်းလျက် လှူဒါန်း ပူဇော်ထားရမည်။ ညဉ့်အခါ ဖြစ်လျှင် ဆီမီးတွေ ထိန်လင်းအောင် ညှိထွန်းထားရမည်။
ဂိလာနကိုလည်း “ပန်းတွေ၊ ဆီမီးတွေ (အမေ့အတွက်၊ အဖေ့အတွက်) ပူဇော်ထားပါသည်။ ကြည်ညိုဝမ်းမြောက်ပါ”ဟု ပြောရမည်။ အရွတ် အဖတ် ကောင်းကောင်းနှင့် ဓမ္မစကြာ စသော တရားစာကို ရွတ်ဖတ်ရမည်။ ထိုသို့ ပူဇော် ရွတ်ဖတ်မှုကို စုတေခါနီး မိနစ် အနည်းငယ် အချိန်ကျမှ မဟုတ်ပဲ ရက်အတော်ကြာကပင် ကြိုတင်၍ ပြုရမည်။ ဂိလာနကလည်း အားမငယ်ရ၊ ပြုစုသူ ဆွေမျိုးများကလည်း ဝမ်းမနည်းရ။ ထိုကဲ့သို့ ပြုပြင်ခံနေရသူမှာ ထိုပန်း ဆီမီး အမွှေးနံ့ တရားသံကို လည်းကောင်း၊ ဘုရားသံကို လည်းကောင်း အာရုံပြုကာ ရက်အတော်ကြာ အချိန်အတော်ကြာအောင် ကုသိုလ်တွေ အထုံရနေပါလိမ့်မည်။
ထို့နောက် စုတေချိန် နီးကပ်လာသောအခါ ပန်း ဆီမီး အမွှေး တရားသံတို့ကလည်း ရှိတုန်း၊ မျက်စိ နားတို့ကိုလည်း မြင်တုန်း ကြားတုန်း ဖြစ်လျှင် ထိုအာရုံ တခုခု မပျောက်ခင်မှာပင် စုတေစိတ် ကျရောက်တတ်၏။ ထိုအခါ ထိုပန်း ဆီ မီး စသည်တို့ကို ပူဇော်သော ကုသိုလ်ကံက ဧကန် အကျိုးပေးမည်။ သုဂတိ ဘဝသို့ ဧကန် မုချ ရောက်ရတော့မည်။ ဤသို့ အာရုံ တိုက်ရိုက်ရှိတုန်း စုတေနိုင်အောင် ဆိုင်ရာ ဆွေမျိုးများမှာ ပြုပြင်ဖို့ တာဝန် ရှိသည်ကို လူတိုင်း သတိပြုသင့်သည်။ အရှင်သောဏ၏ ဖခင် ရဟန်းကြီးမှာ အရှင်သောဏ တည်းဟူသော သားကောင်းက ပြုပြင်ပေးမှုကြောင့် ငရဲနိမိတ်များ ကွယ်ပျောက်၍ နတ်ပြည်နိမိတ်များ ထင်လာရသည်။
ပဋိသန္ဓေစိတ် ဖြစ်ပုံ။ ။ စုတိစိတ် ဖြစ်ပြီးနောက် ဘဝသစ်၌ ပဋိသန္ဓေစိတ် ဖြစ်၏။ စုတိစိတ်နှင့် ပဋိသန္ဓေစိတ်တို့သည် ချက်ချင်း ဆက်၏။ စုတိစိတ်နှင့် ပဋိသန္ဓေစိတ်တို့ အလယ်မှာ အချိန်ကာလ အကြား ကလေးမျှ မခြားတော့ချေ။ ဘဝအသစ် ရောက်ဖို့ရာ ထိုမျှလောက်ပင် မြန်လှ၏။ လူ့ပြည်မှ စုတေ၍ နတ်ပြည် ရောက်သူ ဖြစ်ဖြစ်၊ ငရဲ ရောက်သူ ဖြစ်ဖြစ် စုတေ ပြီးသည်နှင့် တပြိုင်နက် ပဋိသန္ဓေစိတ် ဆက်ကာ ဆိုင်ရာ ဘဝသစ်၌ ခန္ဓာအသစ် ထူထောင်မိလေသည်။
မိစ္ဆာအယူ ၂-မျိုး။ ။ တဘဝ မှ တဘဝသို့ ပြောင်းရွှေ့ရာ၌ သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ ၂-မျိုး လုံးမှ လွတ်ကင်း၍ သမ္မာဒိဋ္ဌိ အယူ ဖြစ်အောင် သတိထားရမည်။ ထိုဒိဋ္ဌိ ၂-မျိုးတွင် “ဘဝဟောင်း ရုပ်နာမ် ခန္ဓာအိမ်၌ အသက်ကောင်ကလေး ရှိ၏။ ထိုအသက်ကောင်ကလေး သည်ပင် ခန္ဓာအိမ် အသစ်လဲကာ ဘဝသစ်၌ ပြောင်းရွှေ့၍ ဖြစ်၏” ဟူသော အယူသည် သဿတဒိဋ္ဌိတည်း။ [သဿတ=မပြတ်မစဲ အသက်ကောင်ကလေး မြဲ၏ ဟူ၍+ ဒိဋ္ဌိ=ယူမှားခြင်း။] “ဘဝဟောင်းက ရုပ် နာမ်ခန္ဓာ အားလုံးသည် (သူတို့ ထင်သော အသက်ကောင်နှင့်တကွ) ဘဝသစ်၌ လုံးဝ အဆက်အစပ် မရှိတော့။ သတ္တဝါတယောက်သေလျှင် ဘဝဟောင်းက အရာဝတ္ထုတွေ အားလုံး ပြတ်စဲ၏။ ဘဝသစ်၌ ထာဝရဘုရား၏ ဖန်ဆင်းမှုကြောင့် အခြား သတ္တဝါတယောက်သာ အသစ်ဖြစ်တန်လျှင် ဖြစ်ရသည်”ဟု ယူသော အယူသည် ဥစ္ဆေဒဒိဋ္ဌိ မည်၏။ [ဥစ္ဆေဒ=တဘဝတုံးလျှင် တဘဝ၏ ရုပ် နာမ်တွေ အားလုံး ပြတ်၏၊ နောက်ထပ် ဆက်သွယ်ခြင်း မရှိဟု+ဒိဋ္ဌိ= ယူမှားခြင်း။
သမ္မာအယူ။ ။ သတ္တဝါတို့၌ အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ ဤတရား ၃-ပါးသည် ဘဝသစ်၌ ဖြစ်ဖို့ရာ အချုပ်အခြာတည်း၊ သေခါနီး၌ အဝိဇ္ဇာသည် ဘဝသစ်၌ ရုပ် နာမ် ခန္ဓာတို့၏ အပြစ်ကို မမြင်အောင် ဖုံးထား၏။ တဏှာက ထိုဘဝသစ်ကို တပ်မက် ခင်မင်လျက် ရှိ၏။ မကောင်းဆိုးရွား ကြောက်မက်ဖွယ် ဂတိနိမိတ် ထင်လာစေကာမူ ထိုနိမိတ်တို့မှ လွတ်လပ်သော ဘဝကို ရလိမ့်မည်ဟု ထင်၏။ ထိုသို့ အဝိဇ္ဇာ ဖုံးထားသဖြင့် အပြစ် မမြင်နိုင်ပဲ တဏှာက ညွတ်ကိုင်း စွဲလမ်းရာ ဘဝအသစ်၌ ကံအစွမ်းကြောင့် သန္ဓေဟု ခေါ်သော ရုပ် နာမ် တရားများ ရှေးဦးစွာ စတည်မိကြလေသည်။
ဤသို့ ဘဝသစ်၌ ပဋိသန္ဓေ ရုပ်နာမ်တို့သည် ဘဝဟောင်းက အဝိဇ္ဇာ၊ တဏှာ၊ ကံ ဟူသော အကြောင်းကြောင့် ဖြစ်ရကား “ဘဝဟောင်းနှင့် မဆက်စပ်ပဲ ဘဝသစ်၌ (ထာဝရဘုရား စသူတို့၏ ဖန်ဆင်းမှုကြောင့်) အသစ်ဖြစ်ရ၏” ဟူသော ဥစ္ဆေဒဒိဋ္ဌိလည်း မမှန်။ “ဘဝဟောင်းက အသက်ကောင် ကလေးသည် ဘဝသစ်၌ ပြောင်းရွှေ့၍ ဖြစ်၏”ဟု ယူသော သဿတဒိဋ္ဌိလည်း အမှားပင်။ ဘဝအဟောင်းက ရုပ် နာမ်တို့ ပြောင်းရွှေ့ သွားဖို့ကို မဆိုထားဘိ၊ တဘဝတည်းမှာပင် တနေရာ၌ ဖြစ်သော ရုပ်နာမ်တို့သည် တခြား နေရာရောက်အောင် မပါနိုင်ကြ။ ဖြစ်ပြီးလျှင် ချက်ချင်း ပျက်ရ၏။ အသက်ကောင် ဆိုသော အရာမှာ နဂိုကပင် မရှိချေ။
ထို့ကြောင့် ထိုဥစ္ဆေဒဒိဋ္ဌိ သဿတဒိဋ္ဌိ ၂-မျိုးလုံး မဖြစ်စေပဲ ဘဝသစ်ဝယ် ပဋိသန္ဓေ ရုပ် နာမ်တို့ ပထမ ဖြစ်ပေါ်ရာ၌ ရှေးရှေးဘဝဟောင်းက အဝိဇ္ဇာ တဏှာ ကံ ဟူသော အကြောင်းကြောင့် တမျိုးတဖုံ ရုပ်သစ် နာမ်သစ် ဖြစ်ရသည် ဟူသော အယူသာလျှင် သမ္မာအယူ (အယူမှန်)ဟု မှတ်ပါ။ ဥပမာ-တောင်၏ အနီးအပါး၌ ဟစ်အော်သော အသံသည် တောင်နံရံကို ထိခိုက်သောအခါ ပဲ့တင်သံဟု ခေါ်သော အသံတမျိုး ဖြစ်ပေါ်လာ၏။ ထိုပဲ့တင်သံ ဟူသည် မူလ အော်သော လူ၏ အသံလည်း မဟုတ်၊ လူ့အသံနှင့် ကင်း၍ သူ့ဘာသာ ဖြစ်ပေါ်လာသော အသံလည်း မဟုတ်သကဲ့သို့တည်း။ [မီးတိုင်တခုမှ မီးကူးယူရာ၌ ဒုတိယ မီးတိုင်၏ မီးသည် ပထမ မီးတိုင်က မီးလည်း မဟုတ်၊ ပထမ မီးတိုင်က မီးနှင့် အဆက်အသွယ် မကင်းပုံကိုလည်း ဥပမာ ပြုကြပါကုန်။]
ဤ စကားစဉ် အရ၊ ရှေးကံ ကောင်းလျှင် ယခုဘဝ ရုပ်နာမ် ကောင်း၏။ ရှေးကံ ညံ့လျှင် ယခုဘဝ ရုပ် နာမ် ညံ့၏။ “ဤဘဝ၌ အကောင်း အဆိုး အမျိုးမျိုးကိုတွေ့ရသည်မှာ ရှေးဘဝက ပြုအပ်သောကံ၊ ဤဘဝ ဉာဏ် ဝီရိယတို့ကြောင့် ဖြစ်၏”ဟု မှတ်ပါ။
နိဂုံး
ဤမျှသော စကားအစဉ်ဖြင့် စုတေခါနီး၌ အဖြစ်အပျက်ကို ပြဆိုချက်များ ပြီးဆုံးပြီ။ “စုတေ” ဆိုသော်လည်း စုတေရုံဖြင့် ပြီးရသေးသည်မဟုတ်၊ ဘဝအသစ်၌ တမျိုးဖြစ်ဖို့ရာ စုတေပေးရခြင်း ဖြစ်သောကြောင့် အသစ်ဘဝ၌ အဖြစ် လှဖို့ အရေးသည် ယခု သေရေးထက်ပင် အရေးကြီး၏။ စုတေခါနီး၌ စိတ်ကောင်းရှိအောင် ပြုပြင်ဖို့မှာလည်း မိမိကိုယ်တိုင်က သက်သာသော ရောဂါကို ရ၍ အနီးအပါး မိတ်ကောင်း ဆွေကောင်း (ပြုပြင်ပေးတတ်သူ)လည်း ရှိမှ ပြုပြင်ခွင့် ရနိုင်မည်။ ထို့ကြောင့် သေခါနီးကျမှ ပြုပြင်လိုက်မည်ဟု အားခဲသော်လည်း အကြောင်းညီညွှတ်ဖို့ မလွယ်ကူသောကြောင့် မသေမီ ရှေးမဆွကပင် ယခုဘဝ နေရေး သေရေးနှင့် နောက်ဘဝ အဆက်ဆက်ဝယ် နိဗ္ဗာန်အထိ အရေးကို အရှည်ကြီး မြော်မြင်၍ သူတော်စင် ဖြစ်နေမှသာ အရာရာ စိတ်ချ ဖွယ်ရှိပေသတည်း။
သေရေး နေရေး၊ အရှည်အေးဖို့၊ လေးလေးနက်နက်၊ ဤအချက်ကို ကွက်ကွက်ကွင်းကွင်း၊ ရေးရခြင်းကြောင့်၊ ခပင်း လူပေါင်း၊ အနေကောင်း၍၊ အဟောင်းအဖြစ်၊ စွန့်တုံလစ်က၊ အသစ်ဘဝ အဖြစ်လှစေ၊ ငါ့အနေမူ၊ မသေမီရှေး၊ အတော်ဝေးက၊ နောင်ရေးဆင့်ဆင့်၊ မျှော်ခေါ်ချင့်လျက်၊ အသင့်စုဆောင်း၊ နိဗ္ဗူအောင်းဖို့၊ အကောင်း ပါရမီ၊ စုံပြည့်ညီသား၊ အလီလီပွား၊ ရင်းသူများလည်း၊ ငါ့အားနည်းတူ၊ စုံအောင်ယူသည်။ နိဗ္ဗူထုတ်ချောက်၊ ရောက်ရန်သောဝ်။
စုတေခါနီး ဖြစ်ပျက်ပုံ ပြီးပြီ။
နဝမအခန်း
[ဤအခန်း၌ ပဋိသန္ဓေနှင့် စပ်၍ မှတ်ဖွယ်ပါသည်။]
ပဋိသန္ဓေခေါ်ပုံ။ ။ အဋ္ဌမအခန်း၌ ပြခဲ့သော အစီအစဉ်ဖြင့် စုတေပြီးနောက် ကံအားလျော်စွာ ဘဝသစ်၌ ပထမဆုံး စိတ်စေတသိက်နှင့် ရုပ်များ ဖြစ်ကြလေသည်။ ထိုပထမဆုံးဖြစ်သော စိတ်စေတသိက် ရုပ်များကိုပင် “ပဋိသန္ဓီ” မြန်မာလို “ပဋိသန္ဓေ တည်နေခြင်း”ဟု ခေါ်သည်။ ထိုပဋိသန္ဓေ"ဟူသော ပါဠိစကား၌ ဘဝဟောင်း အပြတ်တွင် “ဆက်စပ်၍ ဖြစ်ခြင်း”ဟု ဆိုလိုသည်။
ပဋိသန္ဓေ ၄-မျိုး။ ။ ထို ပဋိသန္ဓေ စိတ်စေတသိက် ရုပ်များသည် ကံကြောင့် ဖြစ်ရကား ကံအမျိုးမျိုး လိုက်၍ ဩပပါတိက ပဋိသန္ဓေ၊ သံသေဒဇ ပဋိသန္ဓေ၊ အဏ္ဍဇ ပဋိသန္ဓေ၊ ဇလာဗုဇ ပဋိသန္ဓေဟု ၄-မျိုးပြားသည်။
ဩပပါတိက ပဋိသန္ဓေ။ ။ခန္ဓာကိုယ် အထင်အရှားဖြစ်သော ပဋိသန္ဓေတည်း။ နတ် ဗြဟ္မာ ငရဲသူငရဲသား ပြိတ္တာ အသုရကာယ်တို့သည် ဤဥပပတ်ပဋိသန္ဓေ နေရကား မိခင်ဝမ်း၌ အောင်းဖွယ် မလို။ ပဋိသန္ဓေ စိတ် စေတသိက်ရုပ်များ ဖြစ်သည်နှင့်တပြိုင်နက် သူတို့နေရမည့် ဗိမာန် တော တောင် မြစ် သမုဒ္ဒရာကမ်း စသော အရပ်များ၌ သူတို့၏ နဂိုအရွယ်အတိုင်း ကြီးကြီးမားမား အထင်အရှား ဖြစ်သည်။ ကမ္ဘာဦး လူများလည်း ဤ ဩပပါတိက ပဋိသန္ဓေ နေသူများပင် ဖြစ်ကြသည်။ ဤ ဩပပါတိက ပဋိသန္ဓေကို “ဥပပါတ် ပဋိသန္ဓေ” ဟုလည်း ခေါ်သည်။
သံသေသဇ ပဋိသန္ဓေ။ ။ ငြိတွယ်၍ ဖြစ်လောက်သော အရပ်၌ ကပ်ငြိ တွယ်တာ၍ ဖြစ်ရသော ပဋိသန္ဓေတည်း။ ဤ သံသေဒဇ ပဋိသန္ဓေ နေသူကား အလွန် သေးငယ်သော အရွယ်မှ စ၍ တဖြည်းဖြည်း ကြီးပွားရ၏။ ထိုသံသေဒဇမျိုးတွင် ပိုးလောက် စသော သတ္တဝါတို့သည် မစင်ပုပ် ငါးပုပ် စသော ပုပ်နံသော အရာဝတ္ထုများဝယ် ငြိတွယ်၍ ဖြစ်ကြရ၏။ ပဒုမဝတီ မိဖုရားသည် ပဒုမ္မာကြာပန်းဝယ် ငြိတွယ်၍ ဖြစ်ရ၏။ ဝေဠုဝတီ မိဖုရားသည် ဝါးလုံးအတွင်းဝယ် ငြိတွယ်၍ ဖြစ်ရ၏၊ ဘုရားကို စွပ်စွဲသော “စိဉ္စမာန” ဟု ခေါ်သော စိဉ္စမာနဝိကာသည် မန်ကျည်းပင်ဝယ် ငြိတွယ်၍ ဖြစ်ရ၏။ ဤသို့ စသည်ဖြင့် သံသေဒဇ ပဋိသန္ဓေနေသော သန္ဓေသူ လူတွေ အတော်များ ရှိလေသည်။
အဏ္ဍဇပဋိသန္ဓေ။ ။ အမိဝမ်းတွင်းဝယ် ဥခွံ၌ ဖြစ်ရသော ကြက် ငှက် စသော သတ္တဝါတို့သည် အဏ္ဍဇပဋိသန္ဓေနေရသော သတ္တဝါများတည်း။ ဇာတ်နိပါတ် ရာဇဝင်များ၌ လူအချို့ တိုလည်း နဂါးမနှင့် အကြောင်း ပါ၍ အဏ္ဍဇပဋိသန္ဓေ တည်နေပြီးလျှင် လူသတ္တဝါ ဖွားမြင်ကြောင်းကို အဆိုရှိ လေသည်။
ဇလာဗုဇ ပဋိသန္ဓေ။ ။ အမိဝမ်းတွင်း သားအိမ်၌ ဖြစ်ကြရသော လူ မြင်း ကျွဲ နွား စသော သတ္တဝါတို့သည် ဇလာဗုဇ ပဋိသန္ဓေနေရသော သတ္တဝါများတည်း။ ဘုမ္မဇိုဝ်း ရုက္ခဇိုဝ်းဟု ခေါ်ရသော အောက်နတ်တို့တွင် အချို့နတ်များလည်း ဇလာဗုဇ ပဋိသန္ဓေ နေကြရသည်။ [အဏ္ဍဇနှင့် ဤ ဇလာဗုဇ ၂-ပါးကို ဂဗ္ဘသေယျက ပဋိသန္ဓေ နေသူများဟုလည်း ခေါ်၏။ ဂဗ္ဘ= အမိဝမ်း၌+သေယျက =ကိန်းရသူ။]
ပဋိသန္ဓေ နေခြင်း၏ အကြောင်း ၃-ပါး။ ။ သံသေဒဇ ဥပပါတ် ပဋိသန္ဓေနေရသူတို့သည် မိဘနှင့် မစပ်ပဲ မိမိတို့၏ ကံသက်သက်ကြောင့် ဖြစ်ရကား ပဋိသန္ဓေ နေရခြင်း အကြောင်းကို ရှာဖွယ်မလို၊ ဂဗ္ဘသေယျက သတ္တဝါတို့မှာ အမိဝမ်း၌ ဖြစ်ကြရသောကြောင့် “ဘယ်လိုအကြောင်း စုံမှ အမိဝမ်း၌ကိန်းအောင်းနိုင်ကြသနည်း”ဟု မေးဖွယ် ရှိ၏။ အဖြေကား... ၁-မိခင်လောင်း၏ ရာသီပန်း ပွင့်ပြီးခါစဖြစ်၍ သားအိမ် စင်ကြယ်ခြင်း၊ ၂-မိဘလောင်း ၂-ဦးတို့ ပျော်မြူး ပေါင်းသင်းခြင်း၊ ၃-သန္ဓေ တည်မည့် သူငယ်လောင်းက ဘဝဟောင်းမှ စုတေခြင်း၊ ဤအကြောင်း ၃-ပါး စုံမှ ပဋိသန္ဓေတည်နေနိုင်သည်။ ဤအရာ၌ မိဘ ၂-ဦးတို့ တကြိမ်တခါမျှ ပျော်မြူးလျှင် ၇-ရက်အတွင်း၊ သို့မဟုတ် ၁၅-ရက်အတွင်း သန္ဓေတည်ခွင့်ရှိသည်ဟု ကျမ်းစာတို့၌ ဆိုကြ၏၊ ဤကား ယခုကာလ အများအပြား ဖြစ်ရသော ပဋိသန္ဓေ တည်နေရိုးတည်း။
အလွန်ထူးဆန်းသော တချို့ အကြောင်း။ ။ မိဘ ၂-ဦးတို့ ထိထိရောက်ရောက် ပျော်မြူးခြင်း မရှိ ကြသော်လည်း ပဋိသန္ဓေတည်နေနိုင်၏။ အလောင်းတော် သုဝဏ္ဏသာမ (သုဝဏ္ဏသျှံ)၏ မိခင်သည် ပန်းပွင့် ပြီးခါစ အခါဝယ် ခမည်းတော်က ချက်ကို သုံးသပ်ရုံမျှဖြင့် သန္ဓေရ၏။ စဏ္ဍပဇ္ဇောတမင်း၏ မိခင်သည် ပန်းပွင့်ပြီးခါစဝယ် ကင်းလျှောက်သွားသည်ကို သာယာမိရုံဖြင့် သန္ဓေရ၏။ ဗျိုင်းအောက်တို့သည် မိုးဦးအခါ တောင်လေလာသည်ကို သာယာသဖြင့် သန္ဓေရကြ၏။ ဘုရားရှင်လက်ထက်တော်က ဘိက္ခုနီမ တဦးသည် ယောက်ျားဟောင်း ရဟန်း၏ သင်းပိုင်မှ သုက်ကို စုတ်ယူမိ၍ သန္ဓေ ရ၏။ ရသေ့တဦး၏ သုက်နှင့်ရောသော ကျင်ငယ်ရေကို သမင်မ သောက်မိ၍ သမင်မ၌ သန္ဓေရလျက် ဣသိသိင်္ဂ သတို့သားကို ဖွားမြင်ခဲ့ရ၏။ ထိုအကြောင်း များက တခါတရံမှ အထူးအဆန်း ဖြစ်ရသော အဖြစ်မျိုးတည်း။
ကလလရေကြည်။ ။ ပဋိသန္ဓေစိတ် စေတသိက်နှင့်အတူ ရုပ်ကလေးများပါရှိ၏။ ထိုရုပ်ကလေးများကို “ကလလရေကြည်”ဟု ခေါ်ကြ၏။ “ထို ကလလရေကြည်ကား မြောက်ကျွန်းသူတို့၏ ဆံပင်ကို အလွန်ကြည်သော ဆီတွင် နှစ်၍ ထိုဆံပင်ဖျား၌ ပါလာသော ဆီကြည်ကလေးမျှ ပမာဏရှိ၏”ဟု ဆိုသည်။ ထိုရေကြည်သည် ရှေးကံ၏ အစွမ်းကြောင့် ဖြစ်ရသော ရုပ်ကလေး သာတည်း။ မိဘတို့၏ သုက်သွေးမဟုတ်။ ထိုသုက်သွေးကား ထိုကလလရေကြည် ကလေးကို ထောက်ပံ့ ရုံသာ ဖြစ်သည်။
မိဘသုက်သွေးက ကျေးဇူးပြုပုံ။ ။ ဤ ဆိုခဲ့ပြီးသော စကားအရ ရှေးကံ အစွမ်းကြောင့် အမိဝမ်းမှာ ကလလရေကြည် သန္ဓေတည်ရသော်လည်း မိဘ တို့၏ သုက်သွေးက အရေးတကြီး ထောက်ပံ့ လျက်ရှိသည်ဟု သိသာပြီ။ ထိုကလလရေကြည်သည် မျိုးစေ့နှင့် တူ၏။ မိဘတို့၏ သုက်သွေးကား ရွှံ့ညွှန်ရေမြေများနှင့် တူ၏။ ထိုကလလရေကြည်ကိုဖြစ်စေသော ရှေးဘဝ ကံမှာ မျိုးစေ့ကို စိုက်ပျိုးသူနှင့် တူပေသည်။ သို့အတွက် ကလလရေကြည် သန္ဓေတည်နေဖို့ရာ စင်ကြယ်သော သားအိမ်နှင့် အနာရောဂါ အပြစ်အဆာ ကင်းစင်သော သုက်သွေးကောင်းများ အရေးတကြီး လိုလားအပ်ပေသည်။ ဘာ့ကြောင့်နည်း။ သားအိမ်နှင့် သုက်သွေး၌ ရောဂါမကင်းလျှင် ထိုသန္ဓေ သူငယ်သည် ကျန်းကျန်းမာမာနှင့် ကြီးပွါးနိုင်ဖွယ် မရှိသောကြောင့်တည်း။
ထို့ပြင်-မြေနီဘွင်း၌ အောင်းနေရသော ဖွတ်သတ္တဝါ၏ အဆင်းသည် နီ၍၊ မြေနက်တွင်း၌ အောင်းနေသော ဖွတ်သတ္တဝါ၏ အဆင်းသည် နက်သကဲ့သို့၊ မိဘကို သုက်သွေး၌ ငြိတွယ်နေရသော သန္ဓေသူငယ်၌ မိဘတို့၏ သုက်သွေးမှ ဥတုဇရုပ်များ ဆက်သွယ်လျက်ရှိသောကြောင့် မိဘတို့၏ အဆင်းနှင့်သူငယ်၏ အဆင်းသည် တူကြရိုးပင်ဖြစ်၏။ လက်ခြေပုံသဏ္ဌာန်များလည်း တူတတ်ကြ၏။ အဆင်းပုံသဏ္ဌာန် သာမက၊ မိဘတို့၏ စိတ်နေစိတ်ထား သတ္တိဗျတ္တိ အကြံဉာဏ်များလည်း သားသမီးတို့၌ ကူးစက် ပြန့်ပွါးတတ်သည်။
ဤသို့ စိတ်ဓာတ်ချင်း ကူးစက်လာခြင်းကား သန္ဓေတည်စကပင် မိဘတို့၏ စိတ္တ ပစ္စယ ဥတုဇ ရုပ်များက ကူးစက်ခြင်းကြောင့်လည်း ဖြစ်နိုင်၏။ ဖွားမြင် ပြီးနောက် မိဘတို့၏ စိတ်နေစိတ်ထား အပြုအမူများကို တွေ့ရဖန်များသဖြင့် အတုယူမိခြင်းကြောင့်လည်း ဖြစ်နိုင်၏။ ထို့ကြောင့် ကောင်းမြတ် ထက်မြက်သော အမျိုးမှ ကောင်းမြတ် ထက်မြက်သော သားသမီးများ ထွန်းကား၍ မသန့်သောအမျိုးမှ အညံ့စားသားသမီးများဖြစ်ပွါးတတ်သောကြောင့် ၂-ဘက် လုံးပင် အမျိုးကောင်း၍ မိဘ ၂-ဦး၏ အထူး စင်ကြယ်သော သွေးသား၌ ငြိတွယ်ရသော ကလလရေကြည်သည် အဖိုးတန် သားသမီးကလေး ဖြစ်ဖို့ အကြောင်း အကောင်းဆုံး ခန္ဓာကိုယ်ကလေးပင်တည်း။
အမှာ။ ။ ရှေးစာအုပ်များ “ငှက်ပျောပင်စိုက် မိလိုက် ဘပါ”ဟု ဥပမာပြု၍ ရေးသားခဲ့သော်လည်း ထိုဥပမာ၏ အဓိပ္ပါယ်မှာ “မင်းမျိုး ဖြစ်သူ၏ ကိစ္စ၌သာ ငှက်ပျောပင် စိုက်ရသည်”ဟု ဆိုလိုသတတ်။ ထို့ကြောင့် ဤနေရာ၌ မသုံးပဲ ထားသည်။
ပုဂ္ဂိုလ် ၄-မျိုး ပြားပုံ။ ။ ပဋိသန္ဓေတည်သောအခါ တချို့ ပုဂ္ဂိုလ်က အပါယ်ဘုံ၌ တည်ရ၏။ ထိုအပါယ်ဘုံသားများကို ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ်ဟု ခေါ်၏။ [ဒုဂ္ဂတိ=မကောင်းသော ဂတိ(ဘဝ)၌+အဟိတ်=ပဋိသန္ဓေ စိတ်မှာ အလောဘ အဒေါသ အမောဟ ဟူသော ဟိတ်များ မပါသော ပုဂ္ဂိုလ်။] လူနှင့် လူ့ပြည်၌ ရှိကြသော အချို့ နတ်ငယ်ကလေးများ၌လည်း ထိုကဲ့သို့ အဟိတ်ပုဂ္ဂိုလ်များရှိ၏။ ထိုပုဂ္ဂိုလ်များကို သုဂတိအဟိတ်ပုဂ္ဂိုလ်ဟု ခေါ်၏၊ [သုဂတိ=ကောင်းသောဂတိ၌ + အဟိတ်=ပဋိသန္ဓေစိတ်မှာ ဟိတ် ၃-မျိုး မပါသူ။] ဒွိဟိတ် တိဟိတ် ၂-မျိုးကို နောက်၌ ပြအံ့။
သုဂတိ အဟိတ်လူ။ ။ ထို ပြခဲ့သော “သုဂတိအဟိတ်” လူတို့သည် အလွန်ညံ့သော ကုသိုလ်ကံကြောင့် လူ့ဘဝ၌ ဖြစ်လာရကား အကန်း အအ(စကားမပြီသူ)၊ အဆွံ့(မသွားနိုင်သူ)၊ အထိုင်း (နားထိုင်းသူ)၊ အဖျင်း အညံ့ (အရှေ့ အနောက် တောင်မြောက်၊ ပဲ-မူး-မတ် စသည်ကိုမျှ သင်ပြ၍ နားမလည်နိုင်သူ)၊ နပုံးပဏ္ဍုက် (ယောက်ျားအင်္ဂါ မိန်းမအင်္ဂါ လုံလုံ လောက်လောက် မပါသူ)၊ ဥဘတောဗျဉ်း (ယောက်ျားအင်္ဂါ မိန်းမအင်္ဂါ ၂-မျိုးလုံး ပါနေသူ)၊ ဤသို့ စသည်ဖြင့် လူတမ်းမစေ့ သူများ ဖြစ်ကြလေသည်။
သုဂတိအဟိတ်နမ်များ။ ။ ထို နတ်များလည်း သေးသိမ်သော ရှေးကုသိုလ်ကံကြောင့် ဖြစ်ရ၏။ “နတ်” ဆိုရရုံသာ။ တန်ခိုးမရှိ၊ ဘုံဗိမာန် သီးခြားမရှိ၊ ဘုမ္မဇိုဝ်း ရုက္ခဇိုဝ်းဟု ခေါ်သော နတ်ကြီးများကို မှီခို၍ ထိုနတ်ကြီးများ၏ ဗိမာန် အနီးအပါးမှာ နေကြရသည်။ အစားအသောက်များလည်း ကျကျနနမရှိ၊ အစိမ်း တစ္ဆေများကဲ့သို့ ထမင်းလုံး ဟင်းပေါက်ကို ကောက်ယူ စားသောက်ကြရ၏။ တခါတရံ သမာဓိနည်းပါးသော မိန်းမများနှင့် ကလေးများကို ချောက်လှန့် ပူးကပ်၍ ထိုသူတို့ ပစ်အပ်သော တစ္ဆေစာ (ခေါ်စာ)ကိုပင် စားသောက်ကြရသည်။ အမျိုးအစားအားဖြင့် စာတုမဟာရာဇ် နတ်မျိုးပင်တည်း။ လူ့ပြည်၌ လူဆင်းရဲဖြစ်သော်လည်း တချို့မှာ ပညာ အရည်အချင်း ရှိတတ်သကဲ့သို့၊ ထို့အတူ ထိုနတ်ဆင်းရဲများတွင်လည်း သုဂတိ အဟိတ် မဟုတ်ပဲ ပြလတ္တံ့သော ဒွိဟိတ် တိဟိတ် နတ်များလည်း ရှိကြရုံမက ဘုရားရှင်လက်ထက်တော်ကမူ ထိုကဲ့သို့သော နတ်ဆင်းရဲ အများပင် မဂ်ဖိုလ်ကို ရကြပေသေးသည်။
ဒွိဟိတ်ပုဂ္ဂိုလ်။ ။ ဒါနခန်း၌ ဒွိဟိတ်ဥက္ကဋ္ဌ ကုသိုလ်၊ တိဟိတ်ဩမက ကုသိုလ် ဟုပြခဲ့ပြီ။ ထိုကုသိုလ်ကံကြောင့် လူ့ဘုံ နတ်ဘုံမှာ ဖြစ်သော်လည်း ကုသိုလ်ပြုစဉ်က အမောဟခေါ်သော ဉာဏ်ပညာနှင့် ယှဉ်၍ မပြုမိခဲ့သောကြောင့် လည်းကောင်း၊ ဉာဏ်ပညာပါသော်လည်း မထက်သန်၊ ထက်သန်သော်လည်း မိမိ၏ ကုသိုလ်ကို ပြန်၍ စိတ်ပျက်၊ ဤအချက်များကြောင့် သေသော်လည်းကောင်း ပဋိသန္ဓေစိတ်၌ အလောဘ အဒေါသ ဟိတ် ၂-မျိုးသာ ပါသော ဒွိဟိတ်ပုဂ္ဂိုလ် ဖြစ်ရလေသည်။
ပြခဲ့သော အဟိတ်ပုဂ္ဂိုလ် ၂-မျိုးနှင့် ဤဟိတ်ပုဂ္ဂိုလ်တို့မှာ ပဋိသန္ဓေစိတ် ဟူသော မျိုးစေ့က ညံ့ဖျင်းသောကြောင့် ထိုဘဝ၌ ဈာန်မဂ်ဖိုလ်များကို ရခွင့် မရှိကြန်တော့။ သို့သော် ကမ္မဋ္ဌာန်းအားထုတ်လျှင် နောင်ခါ တိဟိတ်ပုဂ္ဂိုလ်ဖြစ်ဖို့ အကြောင်း ကောင်းမြတ်သော ကုသိုလ်ဖြစ်သည့်အပြင် အထုံပါသဖြင့် ဈာန် မဂ်ဖိုလ်လည်း ရလွယ်နိုင်သောကြောင့် ယခုဘဝ မရသော်လည်း ကြိုးစား၍ အားထုတ်မိအောင် သတိပြုကြရမည်။
တိဟိတ်ပုဂ္ဂိုလ်။ ။ ဒါနခန်း၌ ပြခဲ့ပြီးသော တိဟိတ် ဥက္ကဋ္ဌ ကုသိုလ် စိတ်ကြောင့် လူ့ပြည် နတ်ပြည်ဝယ် ဖြစ်ရသောအခါ ပဋိသန္ဓေ စိတ်၌ (အလောဘ အဒေါသ အမောဟ) ဟိတ် ၃-ပါး ပါသော တိဟိတ်ပုဂ္ဂိုလ် ဖြစ်ရ၏။ ထိုပုဂ္ဂိုလ်မျိုးကား တတ်သိနားလည်၏။ ကြိုးစားလျှင် ဈာန်ကို ရနိုင်၏။ ပါရမီပြည့်လျှင် မဂ်ဖိုလ်ကိုလည်း ရနိုင်သည်။ ယခုကာလ၌ တိဟိတ်ပုဂ္ဂိုလ်တို့ ပေါများ၏။ စည်းကမ်းကျအောင် အားမထုတ်ကြ၍သာ တရားထူး မရပဲ ရှိကြရလေသည်။ ဤသို့လျှင် ပဋိသန္ဓေစိတ်ရင်းက ကွဲပြားခဲ့သောကြောင့် ဒုဂ္ဂတိအဟိတ်၊ သုဂတိအဟိတ်၊ ဒွိဟိတ်၊ တိဟိတ် အားဖြင့် ပုထုဇဉ် ၄-မျိုးကွဲပြားရသည်။
အရိယာရှစ်ယောက်။ ။ ထို တိဟိတ်ပုထုဇဉ်သည်ပင် တရားအားထုတ်၍ သောတာပတ္တိမဂ်-ကို ရလျှင် (၁) သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ် ဖြစ်သည်။ သောတာပတ္တိဖိုလ်ကို ရလျှင် (၂) သောတာပတ္တိဖလဋ္ဌ “သောတာပန် ပုဂ္ဂိုလ် ဖြစ်၏။ ဤနည်းအတိုင်း အထက်မဂ်ဖိုလ်များကို အဆင့်ဆင့်ရလျှင်-
၃။ သကဒါဂါမိမဂ်ရ ပုဂ္ဂိုလ်၊
၄။ သကဒါဂါမိဖိုလ်ရ ပုဂ္ဂိုလ်၊
၅။ အနာဂါမိမဂ်ရ ပုဂ္ဂိုလ်၊
၆။ အနာဂါမိဖိုလ်ရ ပုဂ္ဂိုလ်၊
၇။ အရဟတ္တမဂ်ရ ပုဂ္ဂိုလ်၊
၈။ အရဟတ္တဖိုလ်ရ ပုဂ္ဂိုလ် ဖြစ်၏။
[(၈) နံပါတ် ပုဂ္ဂိုလ်ကို “ရဟန္တာ”ဟု ခေါ်၏။ ပစ္စေကဗုဒ္ဓနှင့် ဘုရားရှင်သည်လည်း ဉာဏ်အထူးရတော်မူသော ဤရဟန္တာများပင် ဖြစ်ပါသည်။]
ကံသာအမိ ကံသာဖ။ ။ မိမိပြုသော ကံသည် မိမိကို ပဋိသန္ဓေ စိတ်ရင်းကပင် ကွဲပြားအောင် ပြုရုံသာမက၊ ရုပ်အဆင်း၊ ကွဲပြားအောင်၊ အမျိုးအဆွေ ကွဲပြားအောင်၊ ချမ်းသာ ဆင်းရဲ ကွဲပြားအောင်လည်း မိမိကံကပင် မိမိကို စီမံလိုက်သည်။ ထင်ရှားစေအံ့-လူတယောက်သည် ကုသိုလ်ကံကို ဉာဏ်နှင့်ယှဉ်လျက် ထက်ထက်သန်သန် ပြု၏။ လူတယောက်ကား ကုသိုလ်ကို မပြု၊ ပြုသော်လည်း ထက်ထက်သန်သန် မဟုတ်။ ထိုသူ ၂-ယောက်တို့ လူ့ ပဋိသန္ဓေ နေကြရလျှင် ကုသိုလ်ရှင်က ချမ်းသာသော အမိဝမ်း၌ ပဋိသန္ဓေ နေရ၏။ မိခင်သည် လိမ္မာနားလည်သူဖြစ်လျက် ကိုယ်ဝန်ကလေး မဆင်းရဲလေအောင် အထိုင်အထ သတိထား၏။ ပူလွန်းစပ်လွန်းသော အစာနှင့် အေးလွန်းသော အစာကို ရှောင်ကြဉ်၏။
ကုသိုလ်နည်းပါးသူများ ဆင်းရဲသူမဝမ်း၌ သန္ဓေတည်ရ၏။ ထိုဆင်းရဲသူမသည် အရာရာဝယ် တတ်သိနားလည်သူ မဟုတ်ချေ။ နားလည်ပြန်လျှင်လည်း ရှောင်ကြဉ်ဖွယ် ဟူသမျှကို ရှောင်ဖို့ရာ။ ဥစ္စာဓန မရှိရှာသောကြောင့် အပူ အစပ် အေးလွန်းသောအစာများကိုလည်း မရှောင်နိုင်ရာ။ ကိုယ်ဝန်သူငယ်မှာ အမိက အလွန်ပူစပ်သော အစာကိုစားလိုက်လျှင် ငရဲကျသလို ပူလောင်ရှာ၏။ အလွန်အေးသော အစာကို စားလိုက်လျှင်လည်း လောကန္တရိက်ငရဲ၌ ကျရ သလို အေးရရှာတော့၏။ ရုတ်တရက် (ကလျာကယာ) ထိုင်လျက် ထလိုက်လျှင်လည်း ဆွဲ၍ ဆောင့်သလို ပင်ပန်းရှာ၏။ [ဤကား ကျမ်းစာတို့၌ ပြအပ်သော အချို့သော ဒုက္ခများသာ ဖြစ်သေး၏။ သားငယ်၏ ကံမကောင်းမှုကြောင့် အမိဖြစ်သူမှာလည်း မသက်မသောကိုယ်ဝန်ဆောင်ရ၊ ဖွားမြင်ရသည်။]
ထိုကဲ့သို့ အမိဝမ်း၌ အောင်းနေစဉ်ကပင် ဆင်းရဲချမ်းသာသည် ခြားနားလေပြီ။ ထို့နောက် ဖွားချိန်သို့ရောက်လျှင် ကုသိုလ်ရှင်မှာ လက်သည်ကောင်းတို့ဖြင့် သက်သာနိုင်သလောက် သက်သာအောင် ဖွားမြင်ရ၍၊ အပြင်ရောက် သောအခါ နုနယ်သော ဖလံနယ် စသည်တို့ဖြင့် ကျကျနနပြုစုကြသောကြောင့် သက်သာခွင့်ရ၏။ ကုသိုလ် နည်းသူကား လက်သည်ကောင်း မရသဖြင့် ကျဉ်းမြောင်းသောကြွက်တွင်းမှ ကြွက်ကလေးတိုး၍ ထွက်ရသလို အလွန်ပင်ပန်း ထွက်လာခဲ့ရသည့်အပြင် ဖွားမြင်ပြီးသောအခါ၌လည်း အပြုအစု ကောင်းကောင်း မရ၊ အဝတ်ကြမ်းတို့ဖြင့် ကိုင်ကြသောကြောင့် အနာကို ကြက်တောင်နှင့်ဆူသလို မချိမဆန့်ခံရလေတော့သည်။
ထိုကဲ့သို့ ချမ်းသာဆင်းရဲ ကွဲပြားရုံဖြင့် မပြီးသေး၊ ကုသိုလ်ရှင်သူငယ်မှာ အမိနို့ရည်ကောင်းကို လုံလုံလောက်လောက်ရသည့်ပြင် အခြားသော နို့မှုန့်နှင့် ကျန်းမာရေး ဆေးကောင်း ဆရာကောင်းတို့က စောင့်ရှောက်ကြသဖြင့် ကျန်းကျန်းမာမာ ရှိရုံသာမက၊ အဘိုးအဘွား အဒေါ် အရီး ကြီးကြီးငယ်ငယ် စသူတို့က ချော့ကြ မြှူကြ ယုယကြသဖြင့် ချမ်းသာချင်တိုင်း ချမ်းသာခွင့် ရတော့၏။ ကုသိုလ်နည်းပါးသော သူငယ်အား မိခင်၏ နို့ရည်ကောင်းကို လည်းမရ၊ ဆေးကောင်း ဝါးကောင်း ဆရာကောင်းကို မဆိုထားနှင့် အဘိုး အဘွား စသူတို့ကပင် ခင်ခင်မင်မင် မယုယလိုကြ။ မိခင်လုပ်သူမှာ ကလေး အနားက မခွလိုပါသော်လည်း ကလေးကို အဆာပြေရုံ နို့တိုက်ပြီးနောက် စားရေးသောက်ရေးအတွက် ဈေးလည်၍သော်လည်း ရောင်းရ။ ကူလီသော်လည်း လုပ်ရသဖြင့် လူမမယ် ကလေးမှာ ပစ်စလက်ခတ် နေရရှာတော့သည်။
နိဂုံး။ ။ ဤသို့လျှင် ကလေးအရွယ်လူမမယ်ဘဝ ဉာဏ်ဝီရိယကူလျက် ဥစ္စာမရှာနိုင် သေးခင်က ရှေးကံချင်း ခြားနားသည့်အတွက် ဆင်းရဲချမ်းသာ ကွဲပြားရပုံကို စုံစုံလင်လင်ကြီး သတိထား၍ “မျက်နှာကြီးရာ ဟင်းဖတ် ပါတတ်သော” ဤကမ္ဘာလောကကြီးတွင် မျက်နှာကြီးသူတို့၌ ဟင်းဖတ်ပါနေသည်ကို အပြစ် မြင်၍ မနေသင့်ပေ။ ရှေးရှေးဘဝ၌ ကံပြုစဉ်ကာလက မိမိကိုယ်တိုင် အသိဉာဏ် ကင်းလျက် ညံ့ဖျင်းစွာ ပြုခဲ့မိပုံကိုသာ အပြစ်တင်၏။ မိမိကိုယ်တိုင် မျက်နှာကြီး သူတော်စင် ဖြစ်အောင် ကြိုးစားကြဖို့ လိုပါသည်။
ထိုကဲ့သို့ ကိုယ်တိုင်တော့မကျင့်ပဲ သူတပါးမျက်နှာကြီးသည်ကို မနာလိုနေ ကြပါလျှင် နောင်ဘဝ အဆက်ဆက်၌ သာ၍ ဒုက္ခတွင်းနက်ဖို့သာရှိသောကြောင့် ဤကျမ်းစာ ကြည့်ရှုသူများနှင့် ငါ၏ အတွင်းလူ ဟူသမျှကို သန္ဓေကောင်း ရဖို့ရန် ယခုနှယ်က ကြိုးစားကြပါစေသား။
သန္ဓေတည်ခြင်း၊ ဤအခင်းကို ရှင်းလင်းခွဲခြား၊ ရေးသည့်အားကြောင့်၊ အများ လူပေါင်း၊ သန္ဓေကောင်းဖို့၊ အကြောင်းလှပေ၊ ငါ့အနေမူ၊ ဘဝေဘဝ၊ ဖြစ်သမျှ၌၊ အောက်ကျညံ့ဖျင်း၊ သန္ဓေကင်း၍၊ ထန်ပြင်းလုံ့လ၊ ဉာဏ်ရောင် ရှလျက် ကမ္ဘာ့ထက်ကောင်း၊ နိဗ္ဗာန်ပြောင်းဖို့၊ အကြောင်း ဆင့်ဆင့်၊ ကုန်အောင်ကျင့်သား၊ ငါနှင့် ဆက်သွယ်၊ ကြီးကြီးငယ်လည်း၊ ငါ့နှယ် နည်းတူ၊ သန္ဓေယူသည်၊ နိဗ္ဗူထုတ်ချောက် ရောက်ရန်သောဝ်။
ပဋိသန္ဓေနှင့် စပ်၍ မှတ်ဖွယ် ပြီး၏။
ဒသမ အခန်း
[ပဋိသန္ဓေ တည်စကပင် ကလလ ရေကြည်ခေါ် ရုပ်ခန္ဓာကိုယ်ကလေး ပါဝင်ခဲ့သောကြောင့် တဘဝလုံးအတွက် ရုပ် ခန္ဓာကိုယ်၏ အဖြစ် အပျက်ကို နားလည် သင့်ကြ ပေသည်။ ထို့ကြောင့် ဤအခန်း၌ ရုပ်နှင့် စပ်၍ မှတ်ဖွယ်များကို ပြမည်။]
ရုပ်ခေါ်ပုံ။ ။ “ရူပ” ဟူသော ပါဠိကို မြန်မာလို “ရုပ်”ဟု ခေါ်၏။ “ဖေါက်ပြန်တတ်သော သဘောတရား”ဟု ဆိုလို၏။ ဖောက်ပြန်ခြင်း၏ အကြောင်းကား အအေး အပူ စသောအားဖြင့် များစွာရှိ၏။ ထိုတွင် အအေးကြောင့် ရုပ်ဖေါက်ပြန် ပျက်စီးပုံကား-ဆောင်းအခါ အသားအရေ ကွဲခြင်း၊ အလွန် ချမ်းသောအခါ အသားအရေ ညိုမဲခြင်း၊ အအေးမိ၍ ဖျားခြင်း၊ လောကန္တရိက် ငရဲသားတို့၏ ကမ္ဘာကို ခံသော ရေသို့ ကျ၍ မွမွကျေရခြင်း စသည်များတည်း၊ အပူကြောင့် ဖောက်ပြန်ပျက်စီးပုံမှာ--နေပူထဲ၌ သွားသောအခါ အသားအရေ နီမြန်းခြင်း၊ နေပူ-မီးလောင်၍ ညိုမဲခြင်း၊ အပူ မိ၍ ဖျားခြင်း၊ သဲကန္တာရ စသည်၌ အပူမိ၍ သေရခြင်း စသည်များတည်း။ ထို့ပြင်—မှက် ခြင် စသည်ကြောင့် အဖုအပိမ့် ထခြင်း၊ မြွေ ကင်း ကိုက်၍ အနာဖြစ်ခြင်း၊ သေခြင်း၊ ထမင်းဆာ ရေငတ်ခြင်း စသည်တို့ကြောင့် ခြောက်ကပ် နေခြင်း၊ သေခြင်း စသည်များလည်း ရုပ်၏ ဖေါက်ပြန် ပျက်စီးခြင်းပင်တည်း။
[ဆောင်] ပူအေး ထန်ပြင်း၊ မြွေခြင် ကင်းနှင့်၊ ထမင်း ရေဆာ၊ ကြောင်းများစွာကြောင့်၊ သိသာ ဖေါက်ပြား၊ ထိုတရား၊ မှတ်သား ရုပ်ဟု ခေါ်။
[ရုပ် ၂၈-ပါးရှိသော်လည်း၊ အရေးကြီးသော ၁၉-ပါး ကိုသာ ပြမည်။
မဟာဘုတ် (ဓာတ်ကြီး၊) ၄-ပါး
၁။ ပထဝီဓာတ်၊
၂။ အာပေါဓာတ်၊
၃။ တေဇောဓာတ်၊
၄။ ဝါယောဓာတ်။
၅။ စက္ခုပသာဒ
၆။ သောတပသာဒ
၇။ ဃာနပသာဒ
၈။ ဇိဝှါပသာဒ
၉။ ကာယပသာဒ
အာရုံ ၅-ပါး
၁၀။ ရူပါရုံ
၁၁။ သဒ္ဒါရုံ
၁၂။ ဂန္ဓာရုံ
၁၃။ ရသာရုံ
ဖောဋ္ဌဗ္ဗာရုံ [ပထဝီ တေဇော ဝါယော ဓာတ်ကြီး ၃-ပါးကိုပင် တွေ့ထိဘွယ် အာရုံတမျိုးဖြစ်၍ ဖောဋ္ဌဗ္ဗာရုံဟု ခေါ်ထားသည်။
ဘာဝရုပ် ၂-ပါး
၁၄။ ဣတ္ထိဘာဝ
၁၅။ ပုရိသဘာဝ
၁၆။ ဟဒယဝတ္ထု
၁၇။ ဇီဝိတ
၁၀။ ဩဇာ (အာဟာရ)
၁၉။ အာကာသဓာတ်
မဟာဘုတ် ၄-ပါးအကျယ်
ပထဝီဓာတ်။ ။ ပကတိမြေသည် ထိုထို အရာဝတ္ထုတို့ကို ခံယူဆောင်ထားနိုင် လောက်အောင် ခိုင်မာသကဲ့သို့ အတူဖြစ်ဘက် ရုပ်တရား စုကို ခံယူ ဆောင်ထားနိုင်လောက်အောင် ခိုင်မာသော ရုပ်ကို ပထဝီဓာတ် (မြေဓာတ်)ဟု ခေါ်သည်၊ ပကတိမြေကြီးနှင့် ကျောက်ခဲသံခဲ စသည်မှာ ဤပထဝီဓာတ် လွန်ကဲသော ရုပ်အစုအဝေးများတည်း
အာပေါဓာတ်။ ။ ပကတိရေသည် မြေမှုန့် မုံမှုန့် စသည်တို့ကို ပေါင်းစပ်ဒေသကဲ့သို့ အတူဖြစ်ဘက် ရုပ်မှုန့်ကလေးတွေကို ပေါင်းစပ်စေနိုင်သော (ပူးတွဲစေနိုင်သော)ရုပ်ကို အာပေါဓာတ် ရေဓာတ်)ဟုခေါ်သည်၊ ဤ အာပေါဓာတ်သည် သတ္တိလွန်ကဲသောအခါ မိမိနှင့်အတူဖြစ်သော ရုပ်များကို အရည်ဖြစ်အောင် ယူဆောင်လျက် ယိုစီးခြင်း သဘောလည်း ရှိသေးသည်။ ထို့ကြောင့် ပကတိ, ကျင်ငယ် တံထွေး နှပ် စသည်တို့မှာ အာပေါဓာတ် လွန်ကဲသော ရုပ်အစု ဖြစ်ကြပေသည်။
တေဇောဓာတ်။ ။ ပကတိ မီးငွေ့ နေပူငွေ့များသည် အစိုအစေးများကို ခြောက်စေသကဲ့သို့ အာပေါဓာတ်ဖြင့် စိုစွတ် စေးကပ်သော ရုပ် အမှုန့်များကို အလွန်ကြီး မစိုစေဘဲ အနေတော်ရုံ သွေ့ခြောက်စေသော ရုပ်ကို တေဇောဓာတ် (မီးဓာတ်)ဟု ခေါ်၏၊ နွေအခါ၌ ကျန်းမာသူတို့၏ ခန္ဓာကိုယ်ဝယ် အအေးငွေ့ရှိ၏၊ ထိုအအေးငွေ့လည်း တေဇောဓာတ်ပင်တည်း၊ ထို့ကြောင့် ဥဏှတေဇော သီတတေဇောဟု တေဇော ၂-မျိုး ရှိကြောင်းကို သိရာ၏။
ဤတေဇောကိုပင် ဥတု ဟုလည်း ခေါ်၏၊ ခန္ဓာကိုယ်နှင့် တကွ အပြင်ပ မြေ ရေ တော တောင်ဟူသမျှ၌ ဧသောအခါ သီတတေဇော (သီတဥတု)သည် တလောကလုံးပြန့်နှံ၍, ပူသောအခါ ဥဏှတေဇော (ဥဏှဥတု)သည် တလောကလုံး၌ ပြန့်နှံ့လျက်ရှိ၏၊ ဤတေဇောသည် သူ့အခါနှင့်သူ ပူချိန် ပူ၍ ဧချိန်လျှင် ကျန်းမာ၏၊ ခန္ဓာကိုယ်တွင်း၌ရှိသော ဥဏှတေဇောသည် နဂိုသဘောထက် လွန်ကဲလာလျှင် နဲနဲလွန်လျှင် နဲနဲဖျား၏၊ များများလွန်လျှင် များများဖျား၏၊ သိပ်လွန်လျှင် သေ၏။ ထို့အတူ သီတတေဇောလွန်လျှင်လည်း ရောဂါရကြန်တော့သည်သာ။
ထို့ကြောင့် တေဇော၏ အပြောင်းအလွဲကို မခံနိုင်သူတို့သည် အလွန် ပူသောအခါ၊ ခရီးသွားခြင်း အလွန်ပူသောအစာ စားခြင်း အလွန် အေးသောအခါ ခရီးသွားခြင်း၊ အအေးမိခြင်း, အလွန် အေးသော အစာကို စားခြင်းကို သတိကြီးစွာထား၍ ရှောင်ရှားနိုင်မှသာ ကျန်းမာသူ အသက် ရှည်သူများ ဖြစ်နိုင်သည်။ ပကတိ မီး နေတို့သည် ဥဏှတေဇော လွန်ကဲသော ရုပ်အစုအဝေးများဖြစ်ကြ၍ အေးမြသောရေနှင့် ရေခဲ စသည်တို့မှာ သီတတေဇောလွန်ကဲသော ရုပ်အစုအဝေးများ ဖြစ်ကြလေသည်။
ပါစကဝမ်းမီး။ ။ အစာသစ်အိမ်၏အောက်၌ စားသမျှအစာကို ကြေကျက်စေနိုင်သော “ပါစကဝမ်းမီး”ခေါ် တေဇာတမျိုးရှိသေး၏၊ ထိုပါစကတေဇော အားကောင်းသူ၌ စားသမျှအစာ ကြေ၏၊ ထိုတေဇောညံ့လျှင် အစာမကြေဘဲ ဓာတ်ပျက်တတ်၏၊ ထိုကဲ့သို့ ဓာတ်ပျက်မှန်း သိလျှင် ကြေကျက်လွယ်၍ နူးညံ့သော အစာကို စားသောက်မှသာ ကျန်းမာနိုင်မည်။
ဝါယောဓာတ်။ ။ ပကတိလေသည် ထိုထိုအရာဝတ္ထုကို တွန်းထိုး ထောက်ကန်နိုင်သကဲ့သို့ တကွဖြစ်ဘက် ရုပ်အစုကို အချင်းချင်းထိကပ်နေအောင် တွန်းထိုး ထောက်ကန်တတ်သော ရုပ်ကို ဝါယောဓာတ်(လေဓာတ်)ဟု ခေါ်၏၊ ခန္ဓာကိုယ်တွင်း၌ လေဓာတ် ၆-မျိုး ရှိ၏၊ ၆-မျိုး က..
၁။ ဥဒ္ဓင်္ဂမ လေ။ ။ အထက်သို့ဆန်တက်သော လေတည်း၊ ထိုလေ လွန်ကဲသောအခါ ရင်ပြည့်ခြင်း, ရင်ခံခြင်း၊ ကြို့ထိုးခြင်း၊ ချောင်းဆိုးခြင်း ချီခြင်း စသော ရောဂါများ ဖြစ်စေတတ်၏၊ စကားပြောသောအခါ၌ ဤလေဓာတ်က အထက်သို့ အမြဲတက်လျက်ရှိသောကြောင့် ရင်ပြည့် ရင်ခံ ရောဂါရှိသူသည် ထိုစကားပြောမှုကို အထူးဆင်ခြင်ရမည်၊ ဝမ်းထဲ၌ တစုံတရာအစာမရှိလျှင် သာ၍ပင် အထက်သို့ လေတက်တတ်လေသည်။
၂။ အဓောဂမ လေ။ ။ အောက်သိုစုန်ဆင်းသော လေတည်း၊ ထိုလေလွန် သောအခါ၌ ဝမ်းလျှောခြင်း စသော ရောဂါကို ဖြစ်စေတတ်၏။
၃။ ကုဉ္ဆိဋ္ဌလေ။ ။ အူသိမ် အူမရှိ အတွင်းကိုချန်၍ ဝမ်းတွင်း ရှိသမျှအရပ်ဝယ် သွားလာနေသော လေတည်း၊
၄။ ကောဋ္ဌာသယ လေ။ ။ အူသိမ်အူမတို့အတွင်းဝယ် လှည့်လည်နေသော လေတည်း၊ စားသမျှအစာကို အောက်သို့ဆောင်ပို့သော ဤလေက အူမကြီး အတွင်း၌ရှိသောကြောင့် စားသမျှ အစာတွေ အစာသစ်အိမ်မှ အစာဟောင်း အိမ်သို့ သက်ဆင်းလျက် အပြင်သို့ ထွက်ကြရသည်။
၅။ အင်္ဂမင်္ဂါနုသာရီ လေ။ ။လက် ခြေ စသောအင်္ဂါကြီးငယ်တို့ကို လျှောက်သော လေတည်း၊ ထိုလေတို့က ကောင်းစွာမလျှောက်လျှင် ရောဂါ ဖြစ်တတ်၏ ခန္ဓာကိုယ်၌ အကြောသေးကလေးများရှိကြ၏၊ထိုးအသေးများ၏ အတွင်း၌ လေလျှောက်လျက်ရှိရာ ကြာရှည်စွာ ကွေး၍နေထိုင်သူ) ရှည်စွာ ကုန်း၍ ဝပ်၍ နေသူ၊ လက်ကို ကွေးထားသူ၌ (ရေပိုက်လုံးကို ကွေးထားလျှင် ရေမသွားသကဲ့သို့) လေ ကောင်းစွာ မလျှောက်နိုင်၊ ထိုလေများ စုမိစုရာ စုကြ၏၊ ထို့ကြောင့် လေကတွန်းပို့မှ သွားနိုင်သော သွေးများလည်း စုမိစုရာ စုနေသဖြင့် ဧကန် ရောဂါတခုခု ရကြသည့်ပြင် နဂို ရောဂါမကင်းသူမှာ ရောဂါတိုးလာတော့၏။ ထို့ကြောင့် ဤလေမျိုး မှန်မှန်လျှောက်အောင် ကြာရှည်စွာ ကွေးပြီးလျှင် ပေါင် ခြေသလုံး ပိညပ် နေအောင် မထိုင်ကြဘို့နှင့် အကြောများ ဆန့်အောင် လမ်းများများ လျောက်ဘို့ တိုက်တွန်းကြသည်။
၆။ အဿာသ ပဿာသ လေ။ ။ဤလေကား အသက် ရှူရှိုက်သောအခါ ထွက်သက် ဝင်သက် လေများတည်း၊ အာနာပါနဟုလည်း ခေါ်၏။ ဤသို့လျှင် လေအမျိုးအစား ၆-ပါးရှိ၏။
အမာခံနှင့် အမွှန်းတင်ရုပ်။ ။ ဤ ပထဝီအခါ တေဇော ဝါယော ဟူသော ဓာတ်ကြီး ၄-ပါးသည် အထည်ကိုယ် အမာခံရုပ်များတည်း၊ နောက်၌-ပြမည့် ပသာဒရုပ်စသည်ကား ထိုဓာတ်ကြီး ၄-ပါးကိုမှီတွယ်၍ ဖြစ်ရသော အမွှန်းတင် ရုပ်များဖြစ်သည်။ ထင်ရှားစေအံ့-ခေတ်ကြီး ၄-ပါးသည် အထည်ကိုယ် အမာခံများဖြစ်ရကား ဓာတ်ကြီးလေးပါးတို့ အစုအဝေး များလေ ခန္ဓာကိုယ်ကြီးမားလေ ဖြစ်၏၊ မြေပြင်ကြီး ကျောက်တောင်ကြီး ရေပြင်ကြီး “မီးလုံးကြီး လေမုန်တိုင်းကြီး စသည်ဖြင့် သက်မဲ့ ဝတ္ထု ကြီးတွေ ကြီးမားလေသမျှ၌၎င်း လူကြီး, နတ်ကြီး, ငါးကြီး, လိပ်ကြီး စသည်ဖြင့် သက်ရှိ အကောင်အထည်တွေ ကြီးမားလေသမျှ၌၎င်း, ဤဓာတ်ကြီး ၄-ပါးတို့ အစုအဝေး၏ များနေခြင်းသာ ဖြစ်သည်။
ပြလတ္တံ့သော စက္ခု သောတ ရူပ သဒ္ဒ စသည်တို့အတွက်ကား ထူး၍ အရာ ဝတ္ထု ကြီးမားတော့မည်မဟုတ်၊ ဥပမာ-ဆပ်ပျာမွေးခဲ တခဲ၌ အလွန် အနံ့ကောင်းအောင် အနံ့ဓာတ် ဂန္ဓရုပ်တွေ များစွာထုံမွှမ်းထားသော်လည်း ဆပ်ပျော်ခဲသည် တိုး၍လည်းမကြီး အနံ့ဓာတ် ဂန္ဓရုပ်တွေ လျော့လိုက်ခြင်း ကြောင့်လည်း ဆပ်ပျော်ခဲ တိုး၍မငယ်၊ ထို့ကြောင့် ပထဝီစသော ဓာတ်ကြီး ၄-ပါး အထည်ဝတ္ထု ထင်ရှားသောအမာခံ ရုပ်များဖြစ်ကြောင်း သိပါ။
ပသာဒရုပ် ၅-ပါးအကျယ်
ယခုအခါ အသံဖမ်း အရိပ်ဖမ်း ဓာတ်များကို တွေ့ရသကဲ့သို့ ထို့အတူ ခန္ဓာ ကိုယ်တွင်း၌လည်း ဆိုင်ရာအာရုံကို ဖမ်းနိုင်သော အကြည်ဓာတ်များ ရှိကြလေသည်၊ ထိုအကြည်ဓာတ်ကိုပင် ပါဠိလို “ပသာဒ”ဟု ခေါ်သည်။
စက္ခုပသာဒ။ ။ မျက်လုံးအတွင်း၌ရှိသော အကြည်ဓာတ်ကို စက္ခုပသာဒဟု ခေါ်သည်။ မျက်လုံးအတွင်း မျက်နက်ဝိုင်း၏အလယ်၌ ဤစက္ခု အကြည်ဓာတ်ပေါင်း များစွာ ပြန့်နှံ့လျက်ရှိ၏၊ အမျိုးမျိုးသော အဆင်း အရောင် (ရူပါရုံ)များကို ဤစက္ခု အကြည်ဓာတ်က ဖမ်းမိသော အခါ၌ ထိုရူပါရုံကို သိသော စက္ခုဝိညာဉ်ခေါ် မြင်သိစိတ်ဖြစ်၏။
သောတပသာဒ။ ။ နားပေါက် အတွင်းဝယ် လက်စွပ်ကွင်းသဏ္ဌာန်ရှိသော အရပ်၌ ပြန့်နှံ့၍နေသော အကြည်ဓာတ်များစွာကို “သောတပသာဒ”ဟု ခေါ်၏၊ အမျိုးမျိုးသော အသံ(သဒ္ဒါရုံ)ကို ဤသောတ အကြည်ဓာတ်က ဖမ်းမိသော အခါ၌ သောတဝိညဉ်ခေါ် ကြားသိစိတ် ဖြစ်၏။
ဃာနပဒသာ။ ။ နှာခေါင်းတွင်းဝယ် ဆိတ်သတ္တဝါ၏ ခွါနှင့် ပုံသဏ္ဌာန်နှင့် တူသော အရပ်၌ ပြန့်နှံ့နေသော အကြည် ဓာတ်ပေါင်းများကို “ဃာနပသာဒ”ဟု ခေါ်၏၊ အမျိုးမျိုးသော အနံ့ (ဂန္ဓာရုံ)များကို ဤဃာနအကြည်ဓာတ်က ဖမ်းမိသောအခါ ဃာနဝိညာဉ်ခေါ် နံသိစိတ်ဖြစ်၏။
ဇိဝှါပသာဒ။ ။ လျှာအလယ်ငယ် ကြာပွင့်ကြာဖတ်များနှင့် ပုံသဏ္ဌာန်တူသောအရပ်၌ ပြန့်နှံ့တည်ရှိနေသော အကြည်ဓာတ် များစွာကို “ဇိဝှါပသာဒ”ဟု ခေါ်၏၊ စားသောက်သမျှ အစာတွင်ပါဝင်သော အရသာ(ရသာရုံ)များကို ဤဇိဝှါအကြည်ဓတ်က ဖမ်းမိသောအခါ ဇိဝှါဝိညာဉ်ခေါ် အရသာသိ-စိတ်ဖြစ်၏။
ကာယပသာဒ။ ။ ခြောက်သွေ့သော အသားအရေကို ချန်လှပ်၍ တကိုယ်လုံး အရပ်တိုင်း၌ ပြန့်နှံနေသော အကြည်ဓာတ်ပေါင်းများကို “ကာယပသာဒ”ဟု ခေါ်၏၊ ထိမိ တိုက်မိ တွေ့ထိအပ်သမျှ (ဖောဋ္ဌဗ္ဗာရုံ)များကို ဤ ကာယအကြည်ဓာတ်က ဖမ်းမိသောအခါ ကာယဝိညာဉ် ထိသိ-စိတ် ဖြစ်၏၊ ဤသို့လျှင် ခန္ဓာကိုယ်၌ အကြည်ဓာတ် ၅-မျိုး ရှိသည်။
အာရုံ ၅-ပါးအကျယ်
အာရုံ။ ။ “အာရမ္မဏ”ဟူသော ပါဠိကို မြန်မာလို “အာရုံ”ဟု ပြန်ထားကြ၏။ “စိတ်၏ မွေ့လျော်ရာ”ဟု ဆိုလိုသည်၊ မည်သည့် စိတ်မဆို အာရုံတခုခုနှင့် ကင်း၍ မဖြစ်နိုင်၊ အာရုံ ရှိမှသာ စိတ် ဖြစ်နိုင်သည်။ ထို့ကြောင့် အာရုံဟူသမျှသည် စိတ်၏ ပျော်မွေ့ရာဖြစ်သည်၊ ထိုအာရုံများတွင် အဆင်း အရောင် ဖြစ်သော ရုပ်တရားကို ရူပါရုံဟု ခေါ်၏၊ အသံရုပ်ကို သူရဲ့ သဒ္ဒါရုံ, အနံ့ရုပ်ကို ဂန္ဓာရုံ, အရသာရုပ်ကို ရသာရုံ, အတွေ့ရုပ်ကို ဖောဋ္ဌဗ္ဗာရုံဟု ခေါ်သည်။ [“ဓမ္မာရုံ”ဟူသည်ကား ရုပ်ချည်းသက်သက် မဟုတ် ရုပ်တချို့နှင့် စိတ် စေတသိက် နိဗ္ဗာန်ပညတ် အားလုံးတည်း။]
ကာမဂုဏ်။ ။ ဤအာရုံများတွင် နှစ်သက်ဘွယ်ကောင်းလှသော အဆင်း, အသံ, အနံ့, အရသာ, အတွေ့အာရုံများကို “ကာမဂုဏ်” ဟုလည်းခေါ်၏။ [ကာမ-လိုလား နှစ်သက်အပ်သော+ဂုဏ= ဂုဏ် = အနှောင်အဖွဲ့] ကာမဂုဏ်ငါးပါး အာရုံတရားဟူရာ၌ ဤအဆင်း (ရူပါရုံ)စသော ၅-ပါး ကိုပင် ဆိုသည်။ သို့ဖြစ်၍ မိန်းမတို့၏ အဆင်း, အသံ, အနံ့နှင့် ချက်ပြုတ် ကျွေးမွေးအပ်သော အရသာ, ကိုယ်အတွေ့များသည် ယောက်ျားတို့ အနှစ် သက်ဆုံး ကာမဂုဏ်တည်း၊ ယောက်ျားတို့၏ အဆင်း စသည်များလည်း မိန်းမတို့အတွက် အနှစ်သက်ဆုံးသော ကာမဂုဏ်များ ဖြစ်ကြလေသည်။
ဘာဝရုပ်။ ။ ပဋိသန္ဓေတည်စ ပဌမဆုံးခဏ၌ပင် အဖို အမ ကွဲပြားဘို့ရန် ရှေးကံ၏ အစွမ်းကြောင့် ရုပ်တမျိုးစီ ပါရှိခဲ့ကြသည်။ ထိုရုပ်ကလေးများသည် ခန္ဓာကိုယ်တခုလုံး အရပ်ရပ်၌ပင် ရှိကြလေ၏၊ မိန်းမဖြစ်ဘို့ရန် ထိုအနင်းခံရုပ်ကို ဣတ္ထိဘာဝရုပ် ယောက်ျားဖြစ်ဘို့ရန် ထိုအရင်းခံရုပ်ကို ပုရိသဘာဝ ရုပ်ဟု ခေါ်၏၊ သစ်ပင် မျိုးစေ့အလိုက် အကိုင်း အခက် အရွက် အသီးတို့ ထွက်သကဲ့သို့ အတူ ဣတ္ထိဘာဝရုပ်ဟူသော အရင်းခံ မျိုးစေ့ကြောင့် မိန်းမ ပုံသဏ္ဌာန်, မိန်းမ အင်္ဂါ, မိန်းမ အမူအရာများ ဖြစ်လာ၍ ပုရိသ ဘာဝဟူသော အရင်းခံမျိုးကြောင့် ယောက်ျားပုံသဏ္ဌာန်, ယောကျားအင်္ဂါ, ယောကျ်ား အမူအရာများဖြစ်လာရပေသည်။
ဟဒယဝတ္ထု။ ။ ဤရုပ်ကား သားမြတ် ၂-ခု အလယ်ဝယ် ရင်ချိုင့် အတွင်းရှိ သွေးများကို ပြန့်နှံ့နေသော ရုပ်တည်း၊ များစွာသော စိတ်ရှိသည် ဤရုပ်ကို မှီ၍ ဖြစ်ကြရ၏၊ [“ဟဒယ-နှလုံး”ဟု မြန်မာပြန်ကြ၏၊ ဆရာဝန်များ ယူကြသော နှလုံးနှင့် နေရာချင်းမတူပါ။]
ဇီဝိတရုပ်။ ။ နာမ်တရားတို့၌ အသက်ဟု ခေါ်သော ဇီဝိတိန္ဒြေ စေတသိက် ရှိသကဲ့သို့ ဤ ရုပ်တရားတို့၌လည်း “အသက်”ဟု ခေါ်သော ဇီဝိတရုပ်ရှိ၏၊ သို့သော် ဤ ဇီဝိတ ခေါ်သော အသက်သည် စိတ် ဥတု အာဟာရကြောင့်ဖြစ်ရသော ရုပ်များ၌မပါ ကံကြောင့်ဖြစ်ရသော ရုပ်များ၌သာ ပါ၏။ သတ္တဝါတို့၌ နာမ်ဇီဝိတနှင့် ရုပ် ဇီဝိတ နှစ်ပါးသည် အချုပ် ဖြစ်၏၊ ထိုဇီဝိတ (အသက်) ၂-မျိုးမရှိလျှင် အသေကောင် ဖြစ်ရတော့၏၊ ခန္ဓာကိုယ်၌ရှိနေ ရုပ်တွေ မပုပ်မသိုးဘဲ တည်နေနိုင်သည်မှာလည်း ဤ ဇီဝိတ ခေါ်သော အသက်ရှိနေသောကြောင့် ဖြစ်၏၊ အသေကောင်၌ရှိသော ရုပ်များမှာ ဤ ဇီဝိတခေါ် အသက်မပါခြင်းကြောင့် ပုပ်ရ လေသည်၊ ဤဇီဝိတ ရုပ်လည်း တကိုယ်လုံးမှာ ပြန့်နှံ့လျက်ရှိသည်။
ဩဇာရုပ်။ ။ ထမင်း၌ အဆီအနှစ် အစေးရှိ၏၊ ထိုအဆီအနှစ်ကို“ဩဇာ”ဟု၎င်း၊ “အာဟာရ”ဟု၎င်း ခေါ်၏၊ ခန္ဓာကိုယ်၌လည်း ထိုအဆီအနှစ် များပါရှိ၏၊ ချို-ချဉ်-စပ်-ဖန်-အငန်-အခါး, ဤ ခြောက်ပါးကို အရသာ (ရသာရုံ)ဟု ခေါ်၏ ဩဇာကား ထိုအရသာတွင် ပါဝင်သော အဆီအနှစ်တည်း၊ ထိုအဆီအနှစ်သည် ခန္ဓာကိုယ်၌ ရုပ်အသစ်ကို တိုးပွားစေတတ်၏၊ နောက်၌ အကျယ်ပြဦးမည်။]
အာကာသဓာတ်။ ။ အာကာသသဒ္ဒါသည် “အကြား” ဟူသော အနက်ကို ဟော၏၊ ရုပ်တို့သည် တခုတည်းခဲ့၍ဖြစ်ရိုး မရှိ၊ အနည်းဆုံး ဂ-ခု၊ ၉-ခု စသည် ပူးတွဲ၍ ဖြစ်ရိုးတည်း၊ ထိုကဲ့သို့ ပူးတွဲဖြစ်ကြသော ရုပ်တစု တစု ကို“ကလာပ်တစည်း”ဟု ခေါ်၏၊ (ကလာပ်ဖွဲ့ပုံနောက်၌ပြမည်။) လက်ချောင်း ၂-ခု ပူးကပ်ညပ်နေသော်လည်း အလယ်၌ အကြား အာကာသ ရှိသကဲ့သို့ ထို့အတူ ဤခန္ဓာကိုယ်၌ ရုပ်ကလာပ် ကလေးတွေ ပြည့်ညပ်နေသော်လည်း ကလာပ် တခုနှင့်တခုမှာ အကြားရှိသေး၏၊ ထိုအကြားကိုပင်“အာကာသဓာတ်”ဟု (ရုပ်တမျိုးအနေဖြင့်) သမုတ်ထားသည်၊ စင်စစ်မှာ ထင်ရှားရှိနေသော ရုပ်အစစ်မဟုတ်၊ ရုပ်ကလာပ် ၂-ခု ပေါင်းမိမှ အလိုလို ထင်ရှားသော ပညတ် တမျိုးသာဖြစ်သည်။
ကလာပ်ခေါ်ပုံ။ ။ ယခုအခါ မြို့ကြီးတို့၌ လူအများစုပေါင်းထားသောအဖွဲ့ တမျိုးကို “ကလာပ်”ဟု ခေါ်၏။ “ကလာပ်” ဟူသော နာမည်သည် အပေါင်းအစု၏ နာမည်တည်း။ ပြခဲ့သော ရုပ်ကိုလည်း တခုစီ တခုစီခွဲ၍ ဖြစ်ရိုးမရှိ ပေါင်း၍ ရစကောင်းသော ရုပ်ကလေးများအချင်းချင်း စုပေါင်းတွဲစပ်၍ ဖြစ်ရိုးရှိသည်။ ထိုသို့ အတူဖြစ်ဘက် အတူပျက်ဘက် ရုပ်အစုကို “ကလာပ်တစည်း”ဟု မှတ်ပါ၊
အမြဲတွဲနေသော ရုပ် ၈-မျိုး။ ။ ပထဝီ အာပေါတော ဝါယော ဟူသော မဟာဘုတ်ကြီး-၄-ပါးနှင့် ဝဏ္ဏ (အဆင်း) ဂန္ဓ (အနံ့) ရသ (အရသာ) ဩဇာ (အဆီ အနှစ်) ဤ ၄-ပါးသည် အမြဲတွဲနေသော ရုပ်ပေါင်းတည်း၊ ဘယ်နေရာ ဘယ်ဌာနမှ ထိုဂ-ပါးတို့ ကွဲပြားလျက် မရှိ, မြေထဲ၌ ရှိရှိသမျှ မြေမှုန့်တို့သည် ထိုရုပ် ဂ-ပါး အပေါင်းချည်း သာတည်း၊ မြေကြီး၌ အဆင်း (ဝဏ္ဏရုပ်)ပါ၏၊ နမ်းကြည့်လျှင် အနံ့တမျိုးမျိုးရှိ၏၊ စားကြည့်လျှင် အရသာ တမျိုးမျိုးရှိ၏။ ထိတွေ့၍လည်း ရကောင်း၏၊ မြေကြီး၌သာ မဟုတ် ရေ၌လည်း ဤရုပ် ဂ-ပါး, လေ၌လည်း ဤရုပ် ဂ-ပါး၊ မီးပူ နေပူ မီးရောင် နေရောင် စသည်တို့၌လည်း ဤရုပ် ဂ-ပါးတို့ ပေါင်း၍ ဖြစ်ကြလေသည်။
ကလာပ်တခု၏ ပမာဏ။ ။ ထိုကလာပ်ကခုသည် အလွန်သေးငယ်၏။ စိတ်နိုင်သမျှစိတ် မှုန့်နိုင်သမျှ မှုန့်နေသော မြူမှုန့်ကလေး၌ပင် ကလာပ် အမျိုးပေါင်း အလွန်များစွာ ပါရှိ၏၊ ပလက် မျက်စိဖြင့် ကြည့်၍မမြင်ရ၊ အလွန် အားကောင်းသော မှန်ဘီလူးဖြင့် ချဲ့ထွင်၍ ကြည့်မှသာ မြင်ရသော ပိုးကောင်ကလေး၌ ကံကြောင့်ဖြစ်သော ရုပ်ကလာပ်များစွာ၊ စိတ်ကြောင့် ဥတုကြောင့် အာဟာရကြောင့်ဖြစ်သော ရုပ်ကလာပ်ကလေးတွေ အလွန်များစွာ ပါရှိလေရကား၊ ကလာပ်တခုပမာဏသည်“မည်မျှသေးငယ်သည်”ဟုပြောပြ၍ မဖြစ်နိုင်အောင်ပင် သေးငယ်လှလေသည်၊ ဤကလာပ်အမျိုးများ နာမည်များကို သိလိုလျှင် သင်္ဂြိုဟ်ကျမ်းများကို ကြည့်ရှုလေ။]
အကြောင်း၎င်း-ပါးတို့ ပြုပြင်နေပုံ။ ။ ဤနေရာဝယ် ဓာတ်ကြီး ၄-ပါးကို စုပေါင်း နေပုံနှင့် ကံ စိတ် ဥတု အာဟာရကြောင့် ရုပ်တို့ ဖြစ်ရကြောင်းကို ထင်ရှားစေရန် ထပ်၍ ရှင်းပြပါဦးမည်။ ရှေးဦးစွာ မြေကြီးဖြင့် ပြုလုပ်အပ်သော လူရုပ် ကလေးကို စဉ်းစားကြဖို့ .. မြေမှုန့်တွေချည်း သက်သက် လူရုပ်ဖြစ်နိုင်မလား မဖြစ်နိုင်၊ မြေမှုန့်ချည်း သက်သက်ထားလျှင် လေတိုက်သဖြင့် လွင့်သွားလိမ့်မည်။ သို့ဖြစ်၍ လွင့်မသွားနိုင်အောင် ရေဆွတ်ပေးရလိမ့်မည်။ မြေနှင့် ရေ ပေါင်းရုံဖြင့်လည်း လူရုပ်ဖြစ်ဘို့ မဆိုထားဘိ၊ စည်းစည်းလုံးလုံးပင် မဖြစ်နိုင်၊ ထို့ကြောင့် စည်းလုံး မိအောင် စုပေးရဦးမည်၊ ထိုမျှဖြင့်လည်း လူရုပ်မဖြစ်နိုင်သေး ရေဆွတ်ထားသဖြင့် စိုစွတ်နေသောရွံ့ကို အရုပ်လုပ်ဖြစ်ရုံ ခပ်ထန့်ထန့်ဖြစ်အောင် နေလှန်း ပေးရဦးမည်၊ ထိုသို့ မြေဓာတ် ရေဓာတ် လုံးထွေးမိအောင် ပြုပေးသော လေဓာတ်, အပူ(မီး)ဓာတ်တို့ဖြင့် သင့်တင့်ညီမျှနေသော ရွှံ့ကိုမှ အရုပ်ပြုလုပ် တတ်သူက အရုပ်လုပ်သောကြောင့် လူရုပ်ကလေး ဖြစ်လာရလေသည်၊ ဤကား ဥပမာသဘောအားဖြင့် ပြောပြခြင်းသာတည်း။
ကံစီမံပုံ။ ။ ထို့အတူ ပထဝီဓာတ်ချည်းသက်သက် ခန္ဓာကိုယ်မဖြစ်နိုင်၊ ပထဝီဓာတ် လွှင့်မသွားအောင် အာပေါဓာတ်က စိမ့်စိုလျက် ရှိရ၏။ စိုထိုင်းထိုင်း မရှိရအောင် တေဇာဓာတ်က အငွေ့ပေးလျက် ရှိရ၏။ တဖွဲ့စီ တဖွဲ့စီ(တကလာပ်စီ) တွဲမိအောင် ဝါယောဓာတ်က တွန်းထိုးဖိညှပ်လျက် ရှိရ၏၊ ထိုဓာတ်ကြီး ၄-ခု အစုအဖွဲ့၌ မကင်းကောင်းသော ဝဏ္ဏ ဂန္ဓ ရသ ဩဇာတို့ ပါရှိကြ၏၊ ထိုသို့ ရုပ်ကလာပ်များစွာတို့ ပူးပေါင်းမိသောအခါ (တော်စွာ လျော်စွာ မပူးပေါင်းဘဲ) ရှေးက လူရုပ်ဖြစ်အောင် လုပ်နိုင်သော ကံစီမံချက်အတိုင်း “လူကိုယ်ကောင်” ဖြစ်အောင် ပူးတွဲမိကြလေသည်။
ထိုကဲ့သိုကံက စီမံရာ၌ ကံပြုစဉ်က စိတ်အနေအထားလိုက်၍ ယောကျ်ား သဏ္ဌာန် မိန်းမ သဏ္ဌာန် ပေါ်အောင်လည်း စီမံရ၏၊ အကုသိုလ်ကံ အလိုက် ငရဲသဏ္ဌာခန့် ပြိတ္တာသဏ္ဌာန်များကိုလည်း စီမံရ၏၊ ကုသိုလ်ကံ ကောင်းမကောင်းကို လိုက်၍ လှပသောဏ္ဌာန်, မလှပ သဏ္ဌာန်များကိုလည်း စီမံရ၏၊ အကုသိုလ်ကံကြောင့် တိရစ္ဆာန်သဏ္ဌာန်ကို ရသော်လည်း ရှေးကုသိုလ် ကံများက အခွင့်သာလျှင် တိရစ္ဆာန်လှလှကလေးဖြစ်အောင် ကျွေးချင် မွေးချင်စရာကောင်းအောင် စီမံပြန်၏၊ ကုသိုလ်ကံကြောင့် ဖြစ်သော်လည်း အကုသိုလ်ကံက မလှမပ ဖြစ်အောင် သူတပါး ရွံ့မုန်းအောင် ပေးကမ်းချင် သူနည်းအောင် စီမံပြန်၏။ ဤသို့လျှင် ကံတရားသည် မိမိစွမ်းအားရှိသလောက် ဤခန္ဓာကိုယ်(ရုပ်) တရားကြီးကို ပဋိသန္ဓေတည်စ အမိဝမ်းတွင်းကစ၍ စီမံ ဖန်တီးထားလေသည်။ ဤကံကြောင့်ဖြစ်သောရုပ်ကို “ကမ္မဇရုပ်”ဟု ခေါ်၏။)
စိတ်ကပြုပြင်ပုံ။ ။ ကံစီမံထားသော ထိုရုပ်ကြီးကို စိတ်ကလည်း ထပ်မံ၍ပြုပြင် ပြန်၏၊ စိတ်၏အလိုအတိုင်း ထိုင်ရ အိပ်ရ ရပ်ရ သွား၏။ သွားလိုသောစိတ် ဖြစ်သောအခါ စိတ္တဇရုပ်တို့သည် တကိုယ်လုံးပြန့်နှံ့လျက် ဖြစ်၏၊ ထိုစိတ္တဇရုပ်များ၌ ဝါယောဓာတ်သည် ခါတိုင်းထက် သတ္တိကောင်း၏၊ ထိုပါယောဓာတ်အစွမ်းကြောင့် တကိုယ်လုံး လှုပ်လှုပ်ရွရွဖြစ်၏၊ ဝါယောဓာတ် လွန်ကဲသော ရုပ်ကလာပ်တွေများသည်ထက်များလာသောအခါ ရွေ့ကာ ရွေ့ကာ သွားလာသကဲ့သို့ ဖြစ်၏၊ ထိုဓာတ်အစွမ်းကြောင့် ရွေ့ကာ ရွေ့ကာဖြစ်ရာ၌ (ရွေ့ချင်တိုင်း မရွေ့ဘဲ စိတ်အလိုကျအောင်) ရွေ့ကြရလေသည်။
ဤနေရာ၌ “ရွေ့ကာရွေ့ကာ ဖြစ်ခြင်း”ဟူသော စကားကို ထပ်၍ ထင်ရှား စေဦးအံ့-ယခုကာလ ရုပ်ရှင်ရိုက်ကူးရာ၌ လူတယောက်၏ ခြေလှမ်း၍ သူသွားနေပုံ ပေါ်လာအောင် သားငယ်ကလေးပေါင်း များစွာရိုက်ကူးရ၏၊ ပဌမကား၌ ရပ်နေပုံသာ ပါသေး၏၊ ဒုတိယ တတိယ စသော ကားများ၌လည်း ထူးခြားခြင်းမရှိလှသေး၊ ကားပေါင်း အတော်များမှ ကြွသလို ပေါ်လာ၏၊ ထိုနောက်လည်း ကားပေါင်း အတော်များမှ ခြေကို မြှောက်သလို ပေါ်လာ၏၊ ဤသို့ သွားနေပုံ ပေါ်လာအောင် ကားပေါင်းများစွာ ဆက်ရလေသည်။ ထိုကားပုံကလေးများသည် တကယ့်လူ၏ အနေအထားကို အဆက်ဆက် ထင်ရှားစေသော ပုံကလေးများတည်း။
ထိုကြောင့်“လူသွားသည်”ဟု ဆိုရာ၌ သွားလိုသော စိတ်ကြောင့် ပဌမ ဖြစ်သောရုပ်များ မသွားသေး မတ်တတ်ရပ်လျက် ရှိသေး၏၊ သို့သော် ပဌမ ရုပ်ကလာပ်၌ ပါဝင်သော ဝါယောဓာတ်အစွမ်းကြောင့် မငြိမ်သက်သော အမူအရာ ဖြစ်လာ၏၊ ထို့ကြောင့် ဒုတိယ ရုပ်စုသည် ပဌမရုပ်စု၏နေရာ၌ ထပ်၍ မဖြစ်ဘဲ ထိုနေရာနှင့် ဆက်စပ်နေသော ဒုတိယနေရာ၌ ဖြစ်၏၊ ဤသို့လျှင် နောက်နောက် ဖြစ်ကြသော ရုပ်ကလာပ်စုက နေရာရွှေ့၍ရွှေ့၍ ဖြစ်နေကြရာဝယ် (မျက်စိတမှိတ်ခန့်အတွင်း၌ ကုဋေ တသိန်းခန့်မက စိတ်ဖြစ်လျှင် စိတ္တဇ ရုပ်လည်း ကုဋေတသိန်းမက အထပ်ထပ်ဖြစ်သောကြောင့်) မျက်စိတမှိတ်ခန့် အချိန်အတွင်းမှာပင် သွားနေသော ပုံသဏ္ဌာန် ထင်ပေါ်လာလေသည်။
ထို့ပြင် “စိတ်ပျိုတော့ ကိုယ်နု” ဆိုသည့်အတိုင်း စိတ်ချမ်းသာသူ၌ ကြည်လင်သော စိတ္ထဇရုပ်များဖြစ်၍, ချစ်ချစ်ခင်ခင် စကားပြောနေသောအခါဝယ် မျက်နှာများ ကြည်လင်၏၊ ထိုက်တန်သမျှ ကျန်းမာအောင် ကြည်လင်သောစိတ်က စွမ်းဆောင်နိုင်၏၊ “စိတ်ထောင်းတော့ ကိုယ်ကြေ”ဟု ပြောဆိုရိုး ရှိသည့်အတိုင်း စိတ်မချမ်းသာလျှင် စိတ်ကြောင့် ဖြစ်သော ရုပ်များ ညှိုးနွမ်း၏ စကားပြောမတဲ့၍ စိတ်မကောင်းသောအခါ၌ ချိုနေသောမျက်နှာသည်ပင် ချက်ခြင်း ပျက်တော့၏။
အိမ်တဆောင်ကို မီးလောင်လျှင် နီးကပ်နေသော အခြားအိမ်များလည်း လောင်ရသကဲ့သို့ စိတ္တဇရုပ်က ညှိုးနွမ်း ပူလောင်နေလျှင် ဆက်စပ်နေသော ကမ္မဇ, ဥတုဇ, အာဟာရဇ ရုပ်များလည်း ပူလောင်ရတော့၏။ ထို့ကြောင့် အလွန့်အလွန် စိတ်မချမ်းသာသူသည် အရွယ်နှင့် မတန်အောင် အိုဆိုး၍, ထိုထက်ပူပန်လာသောအခါ နှလုံးကွဲ၍ စုတေရလေတော့၏။ ဤသို့လျှင် ခန္ဓာ ကိုယ်ကို ပဋိသန္ဓေကစ၍ စိတ်ကလည်း ပြုပြင်လျက်ရှိလေသည်။
ဥတုက ပြုပြင်ပုံ။ ။ ဥတုကလည်း ရုပ်ကိုပြုပြင်နိုင်၏၊ သာယာသော ဥတု၌ နေထိုင်လျှင် ရုပ်ကြည်လင်၏ ကျန်းမာ ဝဖြိုး၏။ သန့်ရှင်းသော အိပ်ရာနေရာ အဝတ်များကို ဝတ်လေ့ရှိသူ၌ ထိုအဝတ်မှ တွေ့ထိသော ဥတုကြောင့် သန့်ရှင်းသော ဥတုဇရုပ်များ တိုးပွားသဖြင့် ကျန်းမာ ကြည်လင်၏။ ထို့ကြောင့် အမြဲသန့်ရှင်းနေသော အဝတ် အိပ်ရာ နေရာများကို သုံးစွဲခြင်းသည် ကျန်းမာဘို့ အကြောင်း နည်းကောင်း အစစ်ပင်တည်း၊ မသန့်ရှင်းသော အဝတ် အိပ်ရာ နေရာများကို သုံးစွဲသူ၌ကား မကောင်းသော ဥတုဇရုပ်များ တိုးပွားသဖြင့် ကျန်းမာရေး ဆုတ်ယုတ်ပျက်ပြား၏၊ တောတောင် သစ်ပင်တို့သည် မိုယ်ကျသောအခါ၌ ဥတုကောင်းနှင့် တွေ့ရ၍ တိုးတက် ပြန့်ပွား စည်ကားကြ၏။ နွေဥတုကျသောအခါ မကောင်းသော ဥတုနှင့်တွေ့၍ ညှိုးနွမ်းခြောက်သွေ့ကြရလေသည်။ ဤသို့လျှင် ဥတုကလည်း ခန္ဓာကိုယ်ကို အမိ ဝမ်းတွင်း အောင်းနေစဉ်က စ၍ ပြုပြင်နေရကား ဥတုအလိုက် သစ်ပင်တောတောင်တို့ ပြောင်းလွှဲပုံကိုကြည့်၍ မိမိကိုယ်၌လည်း ဥတု ကောင်းမကောင်း လိုက်၍ ဥတုဇရုပ်များ ပြောင်းရပုံကိုသတိပြုပါကုန်။
အာဟာရ ပြုပြင်ပုံ။ ။ စားသမျှ အစာ၌ (သောက်ရေ၌ပင်)ပါရှိသော ဩဇာသည် ရုပ်ကိုဖြစ်စေနိုင်၏၊ မိမိနှင့်သင့်သော အစား အသောက်နှင့် ဆေးများသာ စားသောက်သုံးစွဲလျှင် ကောင်းသောရုပ်များ တိုးပွား၍ ဝဖြိုးကြည်လင် စည်ပင်ကျန်းမာ၏၊ မသင့်တော်သော အစား အသောက်နှင့် ဆေးများကို သုံးစွဲစားသောက်မိလျှင် မကောင်းသောရုပ်များ တိုး၍ ညှိုးနွမ်းသွေ့ခြောက် ရောဂါရောက်ရသည်မှာ မျက်မြင်ပင် ဖြစ်ကြသကဲ့သို့ သင့်တော်သော အစားအသောက်နှင့် ဆေးများကို သုံးစွဲစားသောက် လေ့ရှိသူတို့ အသက်ရှည်ကြ အနာကင်းကြသည်မှာလည်း မျက်မြင်ပင်ဖြစ်သည်။
အမိဝမ်းကွင်း သန္ဓေတည်နေစဉ်မှာလည်း ကိုယ်ခန္ဓာကလေး ထင်ရှားသည်က စ၍ အမိစားသမျှ အစာသည် သူငယ်၏ ကိုယ်အတွင်းသို့ စိမ့်ဝင်၏၊ ထိုအခါ ကလေး၏ကိုယ်၌ အာဟာရကြောင့် ရုပ်များ တိုးပွားကြ၏။ ထို့ကြောင့် မိမိကလေး၏ ကျန်းမာရေးကို လိုလားသော မိခင်တိုင်းပင် ကိုယ်ဝန်ရှိသည်က စ၍ ကလေးနှင့် မသင့်တော်သော အစာအာဟာရများကို အထူးရှောင်ကြဉ် ကြရသည်၊ အမိသည် အကြင်အစား အသောက်ကို စားသောက်၏၊ ထိုအစား အသောက်ဖြင့် အမိဝမ်း၌ တည်နေရသော ကိုယ်ဝန်သူငယ် ကလေးသည် မျှတရရှာ၏၊ (အမိစားအစာသည် ချက်ကြိုးမှစိမ့်၍ ကလေးကိုယ်၌ ပြန့်နှံ့၏)ဟု ကျမ်းစာတို့၌ဆိုသည်။
ယခုအခါ၌ကား ကျန်းမာရေးကို အတော်နားလည်သော ဆရာတို့၏ ညွှန်ကြားချက်ဖြင့် သန္ဓေရှိသည်ကစ၍ မိခင်သည် အားရှိသောအစာကို စားရ၏၊ ကြမ်းကြမ်းတန်းတန်း သွားလာမှုကို သတိပြုရ၊ မကြာမကြာ ကိုယ်ဝန်ကို ဆိုင်ရာဆရာ့ထံ ပြရ၏၊ အအိပ်အစားမှန်စေရ၏။ မိဘကိုယ်တိုင်က ရောဂါကင်း၍ ထိုကဲ့သို့ ဂရုစိုက်ခြင်းရှိပါမူ ကျန်းမာသော သားသ္မီးတို့က များပေလိမ့်မည်။ ထို့ကြောင့် မိခင် ကိုယ်တိုင်ကလည်း ကလေး၏ဒာဟာရကို ကိုယ်ဝန် ရှိစဉ်ကစ၍ ပြုပြင်ပေးကြပါကုန်။
နိဂုံး။ ။ ဤမျှသော စကားအစဉ်ဖြင့် နားလည်သင့်သမျှ ရုပ်တို့၏ အကြောင်းကို ပြခဲ့ပြီ။ ဤသို့ ရုပ်တို့၏ဖြစ်အင်ကို စီစဉ်ရကြောင်း ကောင်းမြတ်သော ပဋိပတ်ကြောင့် ဤကျမ်းစာ ကြည့်ရှုသူတိုင်း ယခုဘဝ ကျန်းမာရေး နောင်သံသရာ၌ နိဗ္ဗာန်မပြောင်းရသေးမှီ ရုပ်ကောင်းရုပ်မွန် ရရေးအတွက် ထက်မြက် ကောင်းမြတ်သော ကံကို ပြုနိုင်ကြပါစေ၊ ငါနှင့်အတူ အတွင်းလူတို့ကား ဖြစ်လေရာ ဘဝ၌ (နိဗ္ဗာန်မရသေးလျှင် ကုသိုလ်ကောင်းမှု ပါရမီပြုရာဝယ်) စိတ်သွားတိုင်း ကိုယ်ပါ၍ လိုရာ ကောင်းမှုများကို အားထုတ်နိုင်လောက်အောင် ကျန်းမာ သန့်ရှင်းသော ရုပ်အဆင်းကို ရရှိကာ ပါရမီတိုးပွားအောင် ကြိုးစားနိုင်ကြ ပါစေ။
“ယခုနောက်နှောင်း ရုပ်ရည်ကောင်းဘို့ ကျိုးကြောင်းစုံလင်, ရုပ်ဖြစ်အင်ကို စီစဉ်ပါရ, ဤပုညကြောင့်, ရှုကြ သသူ များဗိုလ်လူတို့ ခုမူမျှော်တွေးကျန်းမာ ရေးနှင့် နောင်ရေးရုပ်ကောင်း, ရဘို့ကြောင်းဟု ကံကောင်းပြုစေ ငါ့အနေမူ ဘဝေ ဘဝ, ဖြစ်သမျှ၌, ပုည အလုပ် ကြိုးအားထုတ်က, ဤရုပ် ခန္ဓာ ကျန်းခံ့သာ၍ ခိုင်မာစေကြောင်း ဖေါ်အပေါင်းလည်း အကောင်း ဆင်တူ ရုပ်စင်ဖြူသည် နိဗ္ဗူထုတ်ချောက် ရောက်ရန်သောဝ်။
ရုပ်နှင့်စပ်၍ မှတ်ဖွယ်များပြီးပြီး၊
ရှေ့မာတိကာသို့
ဧကာဒသမ အခန်း
[ဤအခဏ်း၌ ဘုံနှင့် စပ်၍ မှတ်ဘွယ်ပါသည်။]
ဘုံ။ ။ သတ္တဝါတို့၏ တည်နေရာအရပ်ကို ပါဠိလို “ဘူမိ” မြန်မာလို “ဘုံ”ဟု ခေါ်သည်။ ထိုဘုံသည် အပါယ် ၄-ဘုံ ကာမ သုဂတိ ၇-ဘုံ ဗြဟ္မာဘုံ ၂၀-အားဖြင့် ၃၁-ဘုံရှိ၏၊ ထိုတွင် အပယ် ၄-ဘုံ ဟူသည် ငရဲဘုံ တိရစ္ဆာန်ဘုံ ပြိတ္တာဘုံ, အသုရကာယ်ဘုံတည်း၊ ကာမသုဂတိ ၇-ဘုံဟူသည် လူဘုံနှင့် နတ်ပြည် ၆-ထပ်တည်း၊ နတ်ပြည် ၆-ထပ်ကား စတုမဟာရာဇ် တာဝတိံသာ, ယာမာ, တုသိတာ, နိမ္မာန-ရတိ ပရနိမ္မိတ ဝသဝတ္တိတည်း၊ ဗြဟ္မာ ၂၀ တွင် ရူပဗြဟ္မာဘုံ ၁၆, အရူပဗြဟ္မာဘုံ ၄-ဘုံတည်း။
ငရဲခဏ်း
ယခု လူ့ပြည်၌ ပြစ်မှုကျူးလွန်သူတို့၏ ကျရောက်ခံစားဘို့ရာ အကျဉ်း ထောင်များ တည်ရှိသကဲ့သို့ သတ္တဝါတို့၏ တည်နေရာ ဤကမ္ဘာမြေအတွင်း၌လည်း မကောင်းမှုဒုစရိုက် ကျူးလွန်သူတို့၏ ကျရောက် ခံနေဘို့ရာ ငရဲထောင်များ တည်ရှိ၏၊ ထိုငရဲထောင်ကား သတ္တဝါတို့ကံလျှင် အရင်းခံ၍ ဥတုကြောင့်ဖြစ်နေသော ကမ္မပစ္စယ ဥတုဇရုပ် တရားတည်း၊ ထိုငရဲသည် သတ္တဝါတို့ ကံအားလျော်စွာ အမျိုးမျိုး ရှိနေရုံမျှသာမက, လူ့ဘုံနှင့်နီးကပ်သော မြေတွင်းမှာပင် လောဟကုမ္ဘီ သံရည် ငရဲရှိကြောင်းကို ကျမ်းဂန်တို့၌ တွေ့ရ၏။
ဤကျမ်း၌ အများပြောရိုးဖြစ်သော ငရဲကြီးရှစ်ထပ်ကိုသာ အကျယ်ထုတ် ပြမည်၊ ထိုငရဲရှစ်ထပ်သည်ကား... ၁-သဉ္ဇိုင်းငရဲ, ၂-ကာဠသုတ်ငရဲ, ၃-သံဃာတငရဲ, ၄-ရောရုဝငရဲ, ၅-မဟာရောရုဝငရဲ, ၆-တာပနငရဲ, ၇-မဟာတာပန ငရဲ, ဂ-အဝီစိငရဲတည်း၊ ငရဲတထပ်တထပ်၌ ၁-ဘင်ပုတ်ငရဲ, ၂-ပြာပူငရဲ, ၃-လက်ပန်တေငရဲ, ၄-သန်လျက်ရွက်တောငရဲ, ၅-ဝေတ္တရဏီခေါ် “သံရည် မြစ်ငရဲ”ဟု ငရဲငယ် ၅-ထပ် တံတိုင်းခတ်သကဲ့သို့ ရံပတ်၍ နေသတဲ့၊ ထိုငရဲငယ် ၅-ထပ်ကို ဥဿဒငရဲဟု ခေါ်သည်။
ယမမင်း။ ။ စာတုမဟာရာဇ်နတ်တို့တွင် အပါအဝင်ဖြစ်သော ဝေမာနိက ပြိတ္တာ မင်းကိုပင် “ယမမင်း”ဟုခေါ်၏၊ တခါတရံ နတ်စည်းစိမ်ကို ခံစား၍ တခါတရံမှာမူ မကောင်းမှုကံအကျိုးကို (ရိုးရိုး ပြိတ္တာများကဲ့သို့ ခံစား ရရှာသေး၏၊ ထိုယမမင်းကား တယောက်သာမက အများပင် ရှိလေသည်။ လူ့ဘုံ၌ အစိုးရများရုံးထိုင်သလို ယမမင်းများလည်း ငရဲဘုံ၏ တံခါးလေးဘက်၌ ရုံးစိုက်ကြပြီးလျှင် ငရဲ ရောက်လာသူများကို စစ်ဆေး မေးမြန်းကြသည်။
သို့သော် ငရဲသို့ ရောက်လာသူတိုင်း အစစ်အဆေးခံရသည် မဟုတ် အကုသိုလ်ကြီး၍ ပြစ်မှုထင်ရှားသူတို့မှာ တခါတည်း ငရဲသို့ ကျရလေသည်၊ ကုသိုလ် နည်းပါးသူများအတွက် လွတ်လိုလွတ်ငြား အနေအားဖြင့် ယမမင်းထံ အစစ်အဆေးခံခွင့် ရလေသည်၊ ထို့ကြောင့် ယမမင်း၏ စစ်ဆေးမှုမှာ အပြစ် ရှာလို၍မဟုတ်, လွတ်သင့်က လွတ်ခွင့်ရစေလိုသောကြောင့် ဖြစ်သည်။ ယခုအခါ အယူခံရုံးမင်းများနှင့် အလားတူပင်တည်း၊ သို့အတွက် “ယမမင်း ဟူသည်မှာ တရားစောင့်သော မင်းကောင်းမင်းမြတ်ပင်တည်း”ဟု မှတ်ပါ။ [ဥပရိပဏ္ဏာသ ဒေဝဒူတသုတ်။]
ငရဲထိန်း။ ။ ဤငရဲထိန်းများလည်း စာတုမဟာရာဇ်နတ်မျိုး အပါအဝင် နတ်ဘီလူး နတ်ရက္ခိုသ် များတည်း၊ ထိုငရဲထိန်းများ၏ အလုပ်ကား အနည်းငယ်သော အကုသိုလ်ဖြင့် ကျရောက်လာသူများကို ယမမင်းထံ ပိုခြင်း, ငရဲသို့ ရောက်ပြီးသူများကို လက်မရွံ့ အာဏာသားတို့ကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ သတ်ပုတ် ရိုက်နှက်ခြင်းပင်တည်း။ [“ငရဲမီး”စသော အန္တရာယ်တို့လည်း ကံကြောင့် ဖြစ်ရသော ကမ္မပစ္စယ ဥတုဇရုပ်များဖြစ်ရကား ငရဲခံရမည့် သူ၌သာ ပူလောင်၍ ထိုငရဲထိန်းတို့မှာ မပူလောင်ချေ။]
ယမမင်းစစ်တမ်း။ ။ အများ ကြားဖူးနားဝ ရှိအောင် ဒေဝဒူတ သုတ္တန်ပါဠိတော်လာ ယမမင်း၏စစ်တမ်းကို အကျဉ်းချုပ် ပြဦးအံ့- လူ့ပြည်မှာရှိသော ကလေး သူအို, သူနာ, သူသေ, အကျဉ်းသမား ၅-ဦးသားကို ယမမင်း စေလွှတ်အပ်သော တမန်တော်မဟုတ်သော်လည်း အလားတူဖြစ်သောကြောင့် “ဒေဝဒူတ”ခေါ်သည်။ [ဒေဝ=ယမမင်း၏ + ဒူတ= တမန်တော်၊ ဒေဝဒူတပုဒ်ကို အမျိုးမျိုး ဖွင့်ကြသေး၏။] ယမမင်းသည် မိမိ ထံမှောက်သို့ ရောက်လာသော ငရဲသားများအား ဒေဝဒူတ ၅-မျိုးကို ဖေါ်ပြလျက် စစ်ဆေးလေ့ ရှိသည်။
ယမမင်း။ ။ မောင်မင်း ... လူ့ပြည်မှာတုန်းက မိမိ၏ ကျင်ကြီးကျင်ငယ်ကိုပင် မသုတ်သင်နိုင်ဘဲ ကျင်ကြီးကျင်ငယ်ထဲ၌ လူးလှိမ့်ကာ နေရရှာသော ကလေးများကို မတွေ့ခဲ့ဘူးလား
ငရဲသား။ ။ တွေ့ခဲ့ပါသည်။
ယမမင်း။ ။ မိမိကိုယ်တိုင်လည်း အရွယ်သို့ ရောက်သောအခါ ထိုကလေးများကို ကြည့်ရှု၍ “ငါသည် ဘာမျှ နားမလည်ရှာသော ယခုလို ကလေးသူငယ်ဖြစ်ဘို့ရာ နောင်ခါ ပဋိသန္ဓေ နေရဦးမည်, ပဋိသန္ဓေ နေခြင်း သဘောကို မလွန်နိုင်ပါတကား, ယခုနှယ်က ကိုယ် နှုတ် စိတ်ကို စောင့်စည်းလျက် ကောင်းကောင်း နေမှသာ တော်တော့မည်”ဟု အကြံ အစည်များ မဖြစ်ခဲ့ဘူးလား မောင်မင်း၊ (အလွန်ကြင်နာစွာ မေးမည်။)
ငရဲသား။ ။ ကျွန်တော် မေ့လျော့နေသည့်အတွက် ကုသိုလ်ကောင်းမှုဘက်၌ စိတ်စက် မဝင်စားမိခဲ့ပါ။
ယမမင်း။ ။ မောင်မင်း.. မကောင်းမှုကို ဆွေမျိုးဉာတကာ ဆရာ မိဘစသူတို့က ပြုပေးသည် မဟုတ်, မောင်မင်း ကိုယ်တိုင်ပြုခဲ့သည်ဖြစ်၍ မိမိ၏အပြစ် ဒဏ်ကို မေ့လျော့သူတို့ ထုံးစံအတိုင်းမောင်မင်း ခံရချတော့မည်။
ဤနည်းအတိုင်း သူအိုကို ညွှန်ပြ၍ ဒုတိယအကြိမ် မေး၏။ သူနာကို ညွှန်ပြ၍ တတိယအကြိမ် မေး၏။ သူသေကို ညွှန်ပြ၍ စတုတ္ထအကြိမ်မေး၏၊ အကျဉ်း သမားကို ညွှန်ပြ၍ ပဉ္စမအကြိမ် မေး၏၊ ၅-ကြိမ် တိုင်အောင် မေး၍ ကုသိုလ်ကောင်းမှုကို သတိမရသေးလျှင် ယမမင်းကိုယ်တိုင် “လူ့ဘဝဝယ် ထိုသူ ကုသိုလ်ပြုတဲ့ အခါတုန်းက မိမိအား အမျှဝေဘူးသလား”ဟု စဉ်းစား၏။ (ဤအချက်ကို ထောက်၍ ကုသိုလ်ပြုသောအခါ ယမမင်းအား အမျှ ပေးဝေကြသည်။) စဉ်းစား၍ရလျှင် ထိုကုသိုလ်ကို ဖော်ပြော၏၊ ယမမင်းက ပြောခြင်းကြောင့် ဖြစ်စေ မိမိဘာသာ သတိရ၍ ဖြစ်စေ၊ ကုသိုလ်ကို သတိရ သည်နှင့် တပြိုင်နက် ငရဲမှ လွတ်မြောက်၍ နတ်ပြည် ရောက်သူလည်း အများအပြားပင် ရှိ၏၊ ထိုနေရာမျိုးကျမှ မိမိ၏ ကုသိုလ်များ အားထားရကြောင်း ထင်ရှား ပေသည်၊ ယမမင်းကိုယ်တိုင် စဉ်းစား၍မရသောအခါ ဆိတ်ဆိတ်နေရတော့၏။ ထိုအခါ ငရဲကောင်သတ္တဝါကို ငရဲထိန်းတို့ ယူဆောင်လျက်အမျိုးမျိုး နှိပ်စက် ကြလေတော့သည်။
သဉ္ဇိုဝ်းငရဲ။ ။ “သဉ္ဇီဝ” ဟူသော ပါဠိကို မြန်မာလို “သဉ္ဇိုဝ်း”ဟု ပြန်ထား ရသည်၊ “သံ=အဖန်ဖန်+ဇီဝ-အသက်ရှင်ရာငရဲ”ဟု ဆိုလိုသည်။ ထိုငရဲသို့ ကျရောက်လာသော သတ္တဝါကို ငရဲထိန်းတို့က အပိုင်းပိုင်းပြတ်အောင် ခုတ်ဖြတ်ကြ၏။ ထိုကဲ့သို့ ခုတ်ဖြတ်သည့်အတွက် တခါတည်း သေစရာပင်။ သို့သော် အကုသိုလ်ကံ မကုန်သေးသမျှ တခါတည်း သေကျေပျောက်ပျက်၍ မသွားဘဲ ထပ်ကာထပ်ကာ အသက်ရှင်လျက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှု သတ်ပုဒ်မှုကိုသာ ပြင်းစွာခံကြရရှာလေတော့သည်။ အကုသိုလ်ကံ၏ ကြောက်ဘွယ် ကောင်းပုံသည် ငရဲ၌ သာ၍ ထင်ရှားပေသည်။
ဇလိတာဝုဓဟတ္ထေ ခဏ္ဍိတာပိ နေရယိကာ၊
ဇီဝန္တာ ယမှိ ပုနောပိ, သဉ္ဇီဝေါတိ ပဝုစ္စတေ။
ယမှီ နိရယေ၊ ကံကြမ္မာရင်း, ဖန်လာညှဉ်းက, မကွင်းနိုင်အောင်, အတင်း ဆောင်လျက်, သွင်းလှောင် ပိတ်ဆီး အကြင်သို့သော ငရဲကြီး၌။ နေရယိကာ၊ အမြဲ အစွဲ အနဲနဲဖြင့် တသဲသဲဆူ ငရဲသူတို့သည်။ ဇလိတာဝုဓဟတ္တေဟိ၊ ပြောင်တလက်လက် အရောင်ထွက်သည့် လက်နက်ကိုင်စွဲ ငရဲထိန်း ကြီးတို့က။ ခဏ္ဍိတာပိ၊ သေလောက် ကြေလောက် အနေရောက်အောင် တောက်တောက်ဖြတ်စင်း, သတ်ညှဉ်းအပ်ကုန်သော်လည်း။ ပုနောပိ ဇီဝန္တာ၊ အကုသိုလ်ကံ မကုန်ပြန်လျှင်, တဖန်ဆက်တည် အသက်ရှည်ကြရလေကုန်၏။ သော နိရယော၊ ဘို့ကလိုကံ မကုန်ပြန်လျှင် တဖန်ဆက်တည် အသက်ရှည်ရိုး ငရဲအိုးကို။ သိဉ္ဇီဝေါတိ၊ သဉ္ဇိုဝ်းငရဲဟူ၍။ ပဝုစ္စတေ၊ ဗျူပ္ပတ်အလိုက် ရုပ်ဓာတ် ကိုက်အောင် သမိုက်အပ်လေတော့သတည်း။
ကာဠသုတ်ငရဲ။ ။ သစ်တုံးကို ရွေသော လက်သမားတို့ အသုံးပြုသော မျဉ်းကြိုးကို ပါဠိလို “ကာဠသုတ္တ” မြန်မာလို “ကာဠသုတ်”ဟု ခေါ်သည်။ ထိုငရဲသို့ ကျရောက်လာသော သတ္တဝါများကို ငရဲထိန်းတို့က (သားကောင်ကို ခွေးတွေက လိုက်သလို) အတင်းလိုက်ကြ၏။ ထိုသို့ အတင်းလိုက်၍ မောဟိုက် လဲသွားသည့်အခါ (သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့) ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တမျိုး, မှောက်လျက် တမျိုး, ဝဲယာတမျိုး, ရှေ့နောက်တမျိုးအားဖြင့် အမျိုးမျိုး ခုတ်ရွေကြလေတော့သည်။ သို့သော် အကုသိုလ်ကံ မကုန်သေးသမျှ လွတ်ခွင့်မရ သေလည်း မသေနိုင်ကြချေ။
ကာဠသုတ္တေန တစ္ဆန္တိ, ယမှိ နိရယ ပါလကာ၊
အနုဗန္ဓာ ပ ပတန္တေ, ကာဠသုတ္တော ပဝုစ္စတေ။
ယမှီ နိရယေ၊ ကံကြမ္မာရင်း ဖန်လာညှဉ်းက မကွင်းနိုင်အောင် အတင်း ဆောင်လျက် သွင်းလှောင်ပိတ်ဆီး အကြင်သို့သော ငရဲကြီး၌။ နိရယပါလကာ၊ ပြောင် တလက်လက် အရောင်ထွက်သည့်, လက်နက်ကိုင်စွဲ, ငရဲထိန်းကြီးတို့က။ အနုဗန္ဓာ၊ သားကောင်တသိုက်, ခွေးတွေလိုက်သို့ ရိုက်နှက် သတ်ညှဉ်း အကင်း လိုက်အပ်ကုန်သည်ဖြစ်၍။ ပပတန္တေ၊ ဟော တဟိုက်ဟိုက်, အမောဆိုက်လျက်, မူးမိုက် လဲငြားငရဲသားတို့ကို။ ကာဠသုတ္တေန၊ သစ်ရွေသမား, လက်ကိုင်ထားလျက် သစ်များတိုင်းရိုး တမျဉ်းကြိုးဖြင့်။ တစ္ဆန္တိ၊ တိုင်းကာ ထက်အောက် ပက်လက်မှောက်၍ ရှေ့နောက်ရှုပ်ပွေ, ခုတ်ရွေကြလေကုန်၏။ သော နိရယော၊ သို့ကလို ကံ, မကုန်ပြန်လျှင် ဖန်ဖန် ရှုပ်ပွေ, ခုတ်ရွေကြရိုး, ငရဲအိုးကို။ ကာဠသုတ္တောတိ၊ ကာဠသုတ် ငရဲဟူ၍။ ပဝုစ္စတေ၊ ဗျူပ္ပတ်အလိုက် ရုပ်ဓာတ် ကိုက်အောင် သမိုက်အပ်လေတော့သတည်း။
သံဃာတ ငရဲ။ ။ အပြင်းအထန် ကြိတ်ချေ သတ်ဖြတ်ရာ ဖြစ်သော ငရဲကို “သံဃာတငရဲ”ဟု ခေါ်သည်၊ ထိုငရဲ၏ အောက်မြေအပြင်မှာ မီးအလျှံတွေထလျက် အထု ၉-ယူဇနာရှိသော သံမြေပြင်ကြီးတည်း၊ ထိုငရဲသို့ ကျရောက်လာသူများကို ထိုသံမြေအပြင်၌ (ထန်းပင်ငုတ်ကလေးတွေ စိုက်ထားသလို) ခါးထိအောင် စိုက်ထားကြ၏၊ ထိုအခါ အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည် ဝါးမည်ဟု ဆိုနေသလို ကဒိန်းဒိန်း တဂျိန်းဂျိန်း မြည်ဟီးလျက် ကြိတ်ကာ ကြိတ်ကာ အနောက်အရပ်သို့ သွားပြီးနောက် တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာ ကြိုက် မြောက်သို့သွားပြီးလျှင် အနောက်အရပ်ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့သို့ ကြိတ်ကာ ကြိတ်ကာ ပြန်၍ လာလေသည် ဤနည်းအတိုင်း အရပ် လေးမျက်နှာမှ သံတောင်တွေ (သန်းအု တုတ်သလို ဖိနှိပ် ကြိတ်ချေကြ သော်လည်း အကုသိုလ်ကံ မကုန်သမျှ ငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာ ဆက်ကာ အကြိတ်ခံရရှာလေသည်။
အယောမယ ပထဗျံ ယမှိ, ကဋိမတ္တံ ပဝေသိတေ၊
အယောသေလာ သံဃာတေန္တိ, သံဃာတောတိ ပဝုစ္စတေ။
ယမှိနိရယေ၊ ကံကြမ္မာရင်း, ဖန်လာ ညှဉ်းက မကွင်းနိုင်အောင် အတင်း ဆောင်လျက်, သွင်းလှောင် ပိတ်ဆီး, အပြင်သို့သော ငရဲကြီး၌။ အယောမယ ပထဗျံ၊ ၉-ယူဇနာ, အလျှံဖြာသည့်, သံမာအတိပြီး မြေပြင်ကြီးဝယ်။ ကဋိမတ္တံ၊ ဖဝါးလျှောက်တက်, ခါးလောက် နက်အောင်။ ပဝသိတေ၊ ယိမ်းယိုင် ဆုတ်ခံ မလှုပ်ရန်တို့, မြှုပ်နှံသွင်းထား ငရဲသားတို့ကို။ အယေသေလာ၊ ဂျိုးတဂျိမ်းဂျိမ်း တဟိုးဟိန်းနှင့် ဒိန်းဒိန်း ညံအောင် အလျှံပြောင်ညီ, သံတောင်ကြီးတို့သည်။ သံဃာတေန္တီ၊ ရှေ့နောက် နှစ်ဖက် လှဲ့စီထွက်၍ ဆက်ဆက်နှိပ်မွှေ, ကြိတ်ချေ ကြလေကုန်၏။ သောနိရယော၊ ဘို့ကလိုကံ မကုန်ပြန်လျင်, ဖန်ဖန် နှိပ်မွှေ, ကြိတ်ချေကြရိုး ထိုငရဲအိုးကို။ သံဃာတောတိ၊ သံဃာတငရဲဟူ၍။ ပဝုစ္စတေ၊ ဗျုပ္ပတ် အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့သတည်း။
ရောရုဝ ငရဲ။ ။ “ရောရုဝ”ဟူသော ပါဠိသည်“ပြင်းစွာ ငိုကြွေးခြင်း”ဟူသော အနက်ကို ပြ၏၊ ထိုငရဲ၌ မီးတောက်တို့သည် တဟုန်းဟုန်း ထလျက် ရှိ၏၊ ငရဲသို့ ကျရောက်လာသူတို့ ထိုမီးတောက် မီးလျှံများက ဒွါရ ၉-ပေါက်မှ အတင်း ဝင်ရောက် လောင်ကျွမ်းသဖြင့် အလွန် အားငယ်စွာ တစာစာ အော်ကြရရှာလေတော့သည်၊ ဤသို့ မီးတောက် မီးလျှံ အလောင် ခံနေရသောကြောင့် “ဇာလရောရုဝငရဲ”ဟုလည်း ခေါ်သည်။
ဇာလာဟိ ပဝိသိတွာ, ဍယုမာနာ ဒယာဝဟံ၊
မဟာရဝံ ရဝန္တေတ္ထေ, ဝုစ္စတေ ဇာလရောရုဝေ။
ဧတ္ထနိရယေ၊ ကံကြမ္မာရင်း ဖန်လာညှဉ်းက မကွင်းနိုင်အောင် အတင်း ဆောင်လျက် သွင်းလှောင်ပိတ်ဆီး ဤမည်သော ငရဲကြီး၌။ ဇာလာဟိ၊ တငရဲလုံး ပြုတ်ပြုတ်ပြုန်းမျှ တဟုန်းဟုန်းထန်, မီးတောက် မီးလျှံတို့သည်။ ပဝိသိတွာန၊ ဒွါရ ၉-သွယ် အပေါက်ငယ်မှ ဘယ်ဝယ်မကြွင်း, ချဉ်းနင်း ဝင်ရောက်ကြကုန်လျက်။ ဍယှမာနာ၊ အတင်းအကြပ် လောင်ကျွမ်းအပ်သည့် များလတ်ဘိတောင်း, ငရဲသား အပေါင်းတို့သည်။ ဒယာ ဝဟံ၊ အားငယ် ပါးငယ် အများကယ်အောင် သနားဘွယ်ကို ဆောင်သော။ မဟာရဝံ၊ ကယ်ပါ ယူပါ တစာစာနှင့် ကြမ္မာထန်သီး, အသံကြီးကို။ ရဝန္တိ၊ သံကုန်လှစ်၍, ဟစ်အော်ကြရှာလေကုန်၏။ သော နိရယော၊ သို့ကလို ကံ မကုန်ပြန်လျှင် ဖန်ဖန် အော်ရိုး, ထိုငရဲအိုးကို။ ဇာလရောရုဝေါ၊ ဇာလရောရုဝ ငရဲဟူ၍။ ပဝုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့သတည်း။
မဟာရောရုဝ။ ။ ဤငရဲကား မီးတောက် မီးလျှံ မဟုတ်ဘဲ မီးခိုးတွေ တငရဲလုံး လွှမ်းဖုံးနေ၏၊ ငရဲသို့ ကျရောက်သူတို့ကို မီးခိုးက အတွင်း အပြင် အတင်းဝင်၍ နှူးနှပ်ကြလေတော့၏၊ ငရဲသူ ငရဲသားတို့မှာ ဘာမျှ မတတ်နိုင်ကြန်တော့ဘဲ သနားစဘွယ် အားငယ်စွာ အော်နေကြရရှာလေတော့သည်၊ ဤငရဲကို “ဓူမရောရုဝငရဲ”ဟုလည်း ခေါ်၏။
ဓုမေဟိ ပဝိသိတွာန သေဒမာနာ ဒယာဝဟံ၊
မဟာရဝံ ရဝဗန္တတ္ထ, ဝုစ္စတေ ဓူမရောရုဝေါ။
ဧတ္ထနိရယေ၊ ကံကြမ္မာရင်း, ဖန်လာညှင်းက မကွင်းနိုင်အောင် အတင်း ဆောင်လျက် သွင်းလှောင်ပိတ်ဆီး ဤမည်သော ငရဲကြီး၌။ ဓူမေဟိ၊ တငရဲ လုံး လွှမ်းအုပ်ဖုံးလျက် တရုံးရုံးတိုး မီးအခိုးတို့သည်။ ပဝိသိတွာန၊ ဒွါရ ၉-သွယ် အပေါက်ငယ်မှ ဘယ်ဝယ်မကြွင်း ချဉ်းနင်းဝင်ရောက် ကြကုန်လျက်။ သေဒမာနာ၊ အတင်းအကြပ် နှူးနှပ်အပ်သည့် များလတ်ဘိတောင်း ငရဲသားအပေါင်းတို့သည်။ ဒယာဝဟံ၊ အားငယ် ပါးငယ် အများကယ်အောင် သနားဘွယ်ကို ဆောင်သော။ မဟာရဝံ၊ ကယ်ပါ ယူပါ တစာစာနှင့် ကြမ္မာ ထန်သီး, အသံကြီးကို။ ရဝန္တိ၊ သံကုန်လှစ်၍, ဟစ်အော်ကြရှာ လေကုန်၏။ သောနိရယော၊ သို့ကလိုကံ မကုန်ပြန်လျှင်, ဖန်ဖန်အော်ရိုး ထိုငရဲအိုးကို။ ဓူမရောရုဝေါ၊ ဓူမရောရုဝငရဲဟူ၍။ ပဝုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ် ကိုက်အောင်, သမိုက်အပ်လေတော့သတည်း။
တာပနငရဲ။ ။ “တာပန”ဟူသော ပါဠိသည် “ပူလောင်စေတတ်” ဟူသော အနက်ကိုပြ၏၊ ထိုငရဲသို့ ကျရောက်လာသော သတ္တဝါများကို ထန်းလုံးလောက် ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုထန်းလုံးလောက်ရှိသော တံကျင်မှထွက်သော မီးအလျှံတို့က အမြဲပူလောင်စေသည်။
ဇလိတေ အယသူလမှိ, နိစ္စလံ နိသီဒါပိတေ၊
တာပေဟိ ပါပကေ ပါဏေ, တာပနောတိ ပဝုစ္စတေ။
ယောနိရယော၊ ကံကြမ္မာရင်း ဖန်လာညှင်းက မကွင်းနိုင်အောင် အတင်း ဆောင်လျက် သွင်းလှောင်ပိတ်ဆီး, အကြင်သို့သော ငရဲကြီးသည်။ ဇလိတေ၊ ရဲရဲငြိလောင် ပြောင်တလက်လက် အရောင်ထွက်၍နေသော။ အယ သူလမှိ၊ ထန်းလုံးပင်စည် ပမာထင်သည့် သံလျှင်အတိပြီး တံကျင်ကြီး၌။ နိစ္စလံ နိသီဒါပိတေ၊ မယိမ်းမယိုင် ထိုင်စေအပ်ကုန်လျက်။ ပါပကေ ပါဏေ၊ အယုတ် တမာ, သတ္တဝါအများ ငရဲသားတို့ကို။ တာပေတိ၊ ကိုယ်လုံးရဲရဲ, မီးလျှံစွဲ၍ အမြဲပုံသေ ပူလောင်စေ၏။ သော နိရယော၊ သို့ကလိုကံ မကုန်ပြန်လျှင် ဖန်ဖန်လောင်ရိုး ထိုငရဲအိုးကို။ တာပနာတိ၊ တာပနငရဲဟူ၍။ ပဝုစ္စတေ၊ ဗျုပ္ပတ် အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့သတည်း။
မဟာတာပနငရဲ။ ။ တာပနငရဲထက်ပင် သာလွန်၍ ပူလောင်စေသော ငရဲကို “မဟာတာပန”ဟု၎င်း “ပတာပန”ဟု၎င်း ခေါ်၏၊ ထိုငရဲ၌ မီးလျှံထနေသော သံတောင်ကြီးရှိ၏၊ ထိုသံတောင်၏ အောက်ခြေ၌ သံတံကျင်တွေ စိုက်ထူထား၏၊ ထိုငရဲသို့ ကျရောက်လာသော သတ္တဝါများကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်-တက်အောင်ရိုက်နှက်၍ တင်ကြကုန်၏၊ “သံတောင်ပေါ်သို့ ရောက်လာသောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်း ပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်သို့ ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားကနဲ စူးဝင်ကြရရှာလေတော့သည်။
အယောသေလံ အာရောပေတွာ, ဟေဋ္ဌာသူလံ ပတာပိယ၊
ပါပကေ ယော ပတာပေတိ, ပတာပနာတိ ဝုစ္စတေ။
ယော နိရယော၊ ကံကြမ္မာရင်း ဖန်လာ ညှဉ်းက, မကင်းနိုင်အောင် အတင်းဆောင်လျက် သွင်းလှောင် ပိတ်ဆီး အကြင်သို့သော ငရဲကြီးသည်။ အယောသေလံ၊ ရဲရဲ ငြိလောင် အလျှံပြောင်လက်, သံတောင်ထက်သို့။ အာရောပေတွာ၊ ရိုက်နှက်သောအား, တင်ထားပြီး၍။ ဟေဋ္ဌာသူလံ၊ တောင်ခြေ စိုက်ထား တံကျင်ဖျားသို့။ ပတာပိယ၊ ကံကြမ္မာမွှေ, မုန်တိုင်း လေကြောင့် အနေ မမှန် ဂျွမ်းပြန် ခေါက်ချိုး, ဇောက်ထိုး ကျစေလျက်။ ပါပကေ၊ အယုတ်တမာ သတ္တဝါအများ ငရဲသားတို့ကို။ ပတာပေတိ၊ တာပနထက် နှစ်ဆ တက်အောင် နှိပ်စက် ဆန်းပွေ, လောင်ကျွမ်းစေ၏။ သော နိရယော၊ သို့ကလိုကံ မကုန်ပြန်လျှင် ဖန်ဖန် လောင်ရိုး ထိုငရဲအိုးကို။ ပတာပနောတိ၊ ပတာပန ငရဲဟူ၍။ ဝုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက် အပ်လေတော့သတည်း။
အဝီစိငရဲ။ ။ [အ=မရှိ+ဝီစိ = အကြား၊] ထိုအဝီစိငရဲ၌ မီးတောက် မီးလျှံများ လည်းအကြားမရှိ တငရဲလုံး၌ မီးလျှံချင်း ဆက်၍နေ၏။ ငရဲ သတ္တဝါချင်းလည်း အခြားမရှိ ဝါးကျည်တောက်အတွင်း၌ မုန်ညင်းစေ့ ကလေးတွေ ပြည့်ကြပ်ညပ်နေသကဲ့သို့ သတ္တဝါတွေ ပြည့်ကြပ် ညပ်နေတော့၏။ ဆင်းရဲဒုက္ခလည်း အကြားမရှိ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်၊ ဤသို့ မီးလျှံ သတ္တဝါ ဆင်းရဲဒုက္ခ ဤ ၃-မျိုးတို့ အကြားမရှိအောင် ဆက်စပ် နေသောကြောင့် “အဝီစိ ငရဲ”ဟုခေါ်၏။
ဇာလာနံ သတ္တာနံ ယတ္ထ, နတ္ထိ ဒုက္ခဿ အန္တရံ၊
ဗာလာနံ နိဝါသော သောဟိ အဝီစိတိ ပဝုစ္စတေ။
ယတ္ထ နိရယေ၊ ကံကြမ္မာရင်း ဖန်လာညှဉ်းက မကွင်းနိုင်အောင် အတင်း ဆောင်လျက်, သွင်းလှောင် ပိတ်ဆီး အကြင်သို့သော ငရဲကြီး၌။ ဇလာနံ၊ ဝဲယာ ရှေ့နောက် အထက်အောက်မှ ထွင်းဖောက်ထွက်သွား, မီးလျှံ အများတို့၏၎င်း။ သတ္တာနံ၊ ကျည်တောက်အတွင်း နှမ်းမုန်ညင်းသို့ ပြည့်တင်း ကြပ်လှောင်း သတ္တဝါအပေါင်းတို့၏၎င်း။ ဒုက္ခဿ၊ ကိုယ်ရော စိတ်မှာ မသက်သာအောင် ဆက်ကာ နှိပ်နင်း ဆင်းရဲခြင်း၏၎င်း။ အန္တရံ နတ္ထိ၊ တမိနစ်မျှ, မလစ်ရ၍ ခေတ္တ နားရန် အကြား မကျန်တော့ချေ။ ဗာလာနံ၊ ကမ္ဘာ့ တိုက်ဖွား ငမိုက်သားတို့၏။ နိုဝါသော၊ အမြဲ မပြတ် နေထိုင်ရာ အရပ်ဖြစ်သော။ သောဟိ နိရယော၊ အကုသိုလ်ကံ, အရင်းခံလျက် သယံ ဇာတ ထာဝရဖြင့် ကာလ ကြာပြီး ထိုငရဲကြီးကို။ အဝီစိတိ၊ အဝီစိငရဲ ဟူ၍။ ပဝုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ် ကိုက်အောင် သမိုက်အပ်လေ တော့သတည်း။
ငရဲဒုက္ခ အကုန်အပြနိုင်။ ။ ဤငရဲကြီး ရှစ်ထပ်မှ နောက်၌ ဘင်ပုပ်ငရဲစသော ဥသာဒ ငရဲများဝယ် ဆင်းရဲပုံတွေများစွာ ရှိသေး၏၊ ထို့ပြင် ဒု-သ-န-သောဟု ဟစ်အော်ကြသော သေဌေးသား ၄-ယောက်တို့၏ ကျက်ရာ “လောဟကုမ္ဘီ” သံရည်အိုးငရဲကား ရာဇဂြိုဟ်ပြည်၏ အနီး အောက်မှာပင်ရှိ၏၊ ရာဇဂြိုဟ်ပြည် အနီးက တပေါဒ မြစ်ခေါ်သော ရေပူမြစ်သည် လောဟကုမ္ဘီငရဲ ၂-ခုစပ်ကြားမှ စီးတက်လာသော မြစ်ပင်တည်း၊ ထို့ကြောင့် ငရဲငယ်တွေ လူ့ပြည်အနီးအပါးမှာပင် များစွာရှိလေသည်။ ငရဲ၌ ခံရသော ဒုက္ခ အမျိုးမျိုးကား “ယာဝဉ္စိဒံ ဘိက္ခဝေ န သုကရာ အက္ခာနေန ပါပုဏိတုံ ယာဝဒုက္ခာ နိရယာ”နှင့် အညီ နှစ် လ ရှည်စွာ ဘုရားရှင်ဟောပြတော် မူအပ်သော်လည်း ကုန်နိုင်ဘွယ် မရှိဘူးတဲ့၊ ဘိက္ခဝေ-ဘိက္ခုတို့၊ ယာဝဉ္စိဒံ-ငရဲ၌ ဆင်းရဲသလောက်၊ အက္ခာနေန-ဟောပြတော် မူသဖြင့်၊ ပါပုဏိတုံ-အပြီး ရောက်ခြင်းငှါ၊ န သကရာ-မလွယ်ကုန်၊ နိရယာ- ငရဲတို့သည်၊ ယာဝ-အလွန်အကဲသာလျှင်၊ ဒုက္ခာ-ဆင်းရဲစေတတ် ဆင်းရဲ အရပ်တို့ပေတည်း။]
တိုက်တွန်းချက်။ ။ ဤ ငရဲဒုက္ခကို ဖန်ဖန် စဉ်းစားမိသူသည် မိမိပြုမိသော အကုသိုလ်အတွက် နောင်တ ဖန် မပူပန်တော့ဘဲ အသစ် အကုသိုလ် မဖြစ်အောင်သာ သတိထား၍ ကုသိုလ်တရားကို ပွားများ အားထုတ်သင့်ပြီ၊ ရှေးတုန်းက ဤဒေဝဒူတသုတ္တန်ကို ဆရာ့ထံ သင်ယူသော ရဟန်းတော်ကလေး တပါးသည် “အရှင်ဘုရား တပည့်တော်ကို စာမချသေးဘဲ ကမ္မဋ္ဌာန်းသာပေးတော်မူပါဘုရား”ဟု ဆရာ့ထံ ကမ္မဋ္ဌာန်းတောင်း၍ တရားကို အားထုတ်လေရာ မကြာမီ သောတာပန် ဖြစ်ပြီးနောက် ကျမ်းစာကို ထပ်၍ ယင်ယူသတဲ့၊ ဤ ဒေဝဒူတ သုတ္တန်၏ အဆုံး၌ တရားကို အားထုတ်၍ ရဟန္တာဖြစ်သော ပုဂ္ဂိုလ်မြတ်တို့မှာ မရေမတွက်နိုင်အောင် ရှိခဲ့ဘူးပြီ။ ဘုရားရှင် အဆူဆူလှယ်း ဤ ဒေဝဒူတသုတ္တန်ကို ဟောတော်မူမြဲပင် ဖြစ်ပါသတဲ့၊ [တိရစ္ဆာန် ပြိတ္တာ အသုရကာယ်တို့၏ အကြောင်းကို အကျဉ်းချုပ် ရတနာ့ဂုဏ်ရည်၌ ပြခဲ့ပြီးဖြစ်၍ ရှုကြပါလေတော့။]
ကမ္ဘာပျက်ပုံ
ဖြစ်ဖြစ်သမျှ အရာဝတ္ထုအစုစုသည် တနေ့ကျလျှင် ဧကန် ပျက်ရမည့် အနိစ္စတရားသာ ဖြစ်၏။ ထို့ကြောင့် သတ္တဝါတို့ တည်နေရာ ဤကမ္ဘာလောက ကြီးလည်း ထိုအနိစ္စနယ်တွင် ပါဝင်ရကား ခိုင်မြဲတည်တံ့နိုင်မည် မဟုတ် တနေ့ကျလျှင် ဧကန်မုချ ပျက်ရချမည်၊ ကမ္ဘာလောက ပျက်ဘို့ အကြောင်းမှာ မီး ရေ, လေ အားဖြင့် ၃-မျိုးရှိ၏၊ မီးကြောင့် ပျက်စီးရမည့် ကမ္ဘာကြီး၌ ပျက်ချိန်တန်လျှင် ရှေးဦးစွာ နေ ၂-စင်း ပေါ်လာ၏၊ ရိုးရိုးနေက နေ့အခါ ထွက်၍ နေသစ်က ညဉ့်အခါ ဆက်လက်ထွက်လာသဖြင့် ညဉ့်အခါဟု မရှိတော့ပြီ၊ ထိုနေသစ်၏ ပူလောင်မှုကြောင့် မြစ်ငယ် ချောင်းငယ်များ၌ရှိသော ရေတွေ ခြောက်ခန်းရလေတော့သည်၊ ထို့နောက် ၃-စင်းမြောက် နေအသစ် ပေါ်လာပြန်သောအခါ မြစ်ကြီးများ၌ရှိသော ရေတွေ ခြောက်ခန်း၏။ ၄-စင်းမြောက်နေ ပေါ်လာပြန်လျှင် ဟိမဝန္တာအတွင်း၌ရှိသော အိုင်ကြီး ၇-အိုင်လည်း ခြောက်ခန်းရတော့သည်။
ထို့နောက် ၅ စင်းမြောက်နေ ပေါ်လာပြန်လျှင် သမုဒြာရေ ခြောက်ခန်း၏၊ ၆-စင်းမြောက် နေထွက်သောအချိန်မှာ ကမ္ဘာလောက၌ အစိုအစေး ဟူသမျှ လုံးဝ မရှိတော့၊ ၇-စင်းမြောက်နေ ပေါ်သောအခါ ဤကမ္ဘာလောကမျိုး တသိန်းမျှ မီးဟုန်းဟုန်း ထလျက် ကာလ အတော်ကြာလျှင် ကမ္ဘာမြေပြင်မှ ပဌမဈာန် ဗြဟ္မာဘုံတိုင်အောင် မီးတောက်မီးလျှံ စွဲရကား ဟိမဝန္တာတောင် မြင့်မိုရ်တောင် စကြဝဠာတောင်ကြီး များနှင့်တကွ ငွေ ရွှေ ရတနာ နီလာ မြသား အလွန်ကြီးမားသော ဗိမာန်များလည်း မတိမ်းသာ မရှောင်သာ လောင်စာချည်း ဖြစ်ကြရလေတော့၏၊ မီးလောင်စာ မရှိ၍ မီးတောက် မီးလျှံ ငြိမ်းလျက် ပြာအမှုန့်မျှ မကျန်တော့သည့် အခါကျမှ ကမ္ဘာပျက်ခြင်းကိစ္စ ပြီးတော့သည်။ [ရေဖျက် လေဖျက်ဘို့ အလှည့်ကြုံသည့် အခါ၌လည်း ဆားငံရေထိ၍ မြည့်မြည့်ကြေရပုံ, လေမုန်တိုင်းကျ၍ မွမွကြေရပုံများကို သိပါလေ။]
ပျက်နေရာ အချိန်အခါ။ ။ဤသို့ ကမ္ဘာလောဓာတ်ကြီး၏ ပျက်စီးနေရာ အချိန်အခါသည် “နှစ်ပေါင်း မည်မျှကြာသည်”ဟု မခန့်မှန်းနိုင်လောက်အောင်ပင် ကြာ၏၊ ၁၀-နှစ်တမ်းမှ တဖြည်းဖြည်းတက်၍ အသက် အသင်္ချေတမ်းသို့ရောက် ထိုအသင်္ချေတမ်းမှ တဖြည်းဖြည်းဆုတ်၍ ၁၀-နှစ်တမ်းသို့ရောက် ဤ တက်ကပ် ဆုတ်ကပ်တစုံကို အန္တရကပ် (အကြား ကပ်)ဟု ခေါ်၏။ ကမ္ဘာလောကကြီး မီးလောင်၍ ပျက်စီးနေရာ အချိန်အခါသည် ထိုအန္တရကပ်ပေါင်း ၆၄-ကပ်မျှ ကြာသတဲ့၊ ထိုကဲ့သို့ ပျက်စီးပြီးနောက် (အိမ်တဆောင်ကို မီးလောင်ပြီးနောက် အိမ်အသစ် မဆောက်ခင်ပျက်မြဲအတိုင်း တည်နေသကဲ့သို့)ကမ္ဘာအသစ် မတည်ခင် ပျက်မြဲအတိုင်း တည်နေသောအချိန်လည်း အန္တရကပ် ၆၄-ကပ်မျှပင် ကြာသတဲ့။
သတ္တဝါတိုင်း ဗြဟ္မာ့ပြည်မှာ။ ။ ထိုသို့ ကမ္ဘာပျက်နေတုန်းအခါ ပျက်မြဲအတိုင်း တည်နေတုန်းအခါဝယ် သတ္တဝါတိုလည်း မီးမလောင်သော အထက်ဗြဟ္မာ့ဘုံသို့ ရောက်နေကြ၏၊ “ကမ္ဘာပျက်လိမ့်မည်”ဟု အနှစ်တသိန်း လောက်ကပင် နတ်များ ကြွေးကြော် ထားသောကြောင့် ကြားကြားသမျှ သတ္တဝါတွေ ရှေးကလို မမေ့မလျော့နိုင်ကြဘဲ ကုသိုလ်တထူးပွားများ၍ နေကြ လေရာ, ကမ္ဘာပျက်ခါနီးအခါဝယ် အားလုံးပင် ဗြဟ္မာပြည်သို့ ရောက်ဘို့ရန် ဈာန်ကို ရကြလေသည်၊ ထို့ကြောင့် နိယတ မိစ္ဆာဒိဋ္ဌိ အယူရှိသူတို့မှ တပါး သတ္တဝါဟူသမျှ တကမ္ဘာလျှင် တခါတော့ ဗြဟ္မာပြည်၌ ဖြစ်ကြ၏။ [နိယဘ မိစ္ဆာအယူရှိသူတို့ကား ငရဲသက် မစေ့သေးလျှင် မပျက်သောကမ္ဘာသို့ပြောင်း ရွှေ့၍ ငရဲခံရသတဲ့။]
ကမ္ဘာတည်ပုံ
ထိုကဲ့သို့ ကမ္ဘာပျက်ပြီးနောက် တည်ချိန်ရောက်သောအခါ၌ ကမ္ဘာပြု မိုဃ်းကြီး ရွာသွန်းလာလေသည်။ ရှေးဦးစွာ မိုဃ်းဖွဲ့ကလေးကစပြီး တဖြည်းဖြည်း ကြီးမား၍ အိမ်လုံး တောင်လုံးခန့် မိုဃ်းပေါက်တွေ ကျသဖြင့် ပျက်စီး သောနေရာတွင် ဗြဟ္မာ့ပြည်ထိအောင် ရေအလျင်ပြည့်လာ၏၊ နှစ်ပေါင်းအတော်ကြာ၍ ထိုရေများ တဖြည်းဖြည်း ခန်းခြောက်လေသော် မီးလောင်သော ဗြဟ္မာဘုံ နတ်ဘုံတို့ တည်ရာ အရပ်သို့ ရောက်လျှင် ဗြဟ္မာဘုံ နတ်ဘုံများလည်း တည်ပြီးဖြစ်တော့၏၊ ထို့နောက် တဖြည်းဖြည်း ရေလျော့လာခဲ့ရာ လူ့ဘုံ တည်ရာသို့ ရောက်လာလျှင် ရေအလျှင် မာလျှောကျတော့ဘဲ မြင့်မောက်သော နေရာ၌ တောင်ကြီး တောင်ငယ် ချိုင့်ဝှမ်းသောနေရာ၌ မြစ်ကြီးမြစ်ငယ် ညီညွတ်သောနေရာ၌ မြေပြင်ဖြစ်ဘို့ရာ ရေ၏ အထက်မှာ (နွားနို့မလိုင် တက်သကဲ့သို့) ခပ်ပြစ်ပြစ် ခပ်ခဲခဲ ဖြစ်ရာမှ ကာလကြလျှင် ကျောက်တောင် ကျောက်သား မြေသားတွေ ဖြစ်ကြရလေသည်။
ထိုကဲ့သို့ ဖြစ်နေသော မြေသားသည် အထု ယူဇနာ ၂-သိန်း ၄-သောင်း ရှိ၏။ ထိုမြေသားကို ခံနေသော ရေကား အလွန် အေးမြ၍ လေပူ နေပူ မတွေ့ရသော ရေခဲပြင်ကြီး ဖြစ်နေဘွယ်ရှိ၏၊ ရေပြင်ကြီးသည် ယူဇနာပေါင်း ၄-သိန်း ဂ-သောင်း ထူရကား ယူဇနာ ၂-သိန်း ၄-သောင်းမျှသာ ထူသော မြေပြင်ကြီးကို ဆောင်ရွက်ဘို့ရန် တာဝန်ကြီးဘွယ် မရှိတော့ပြီ၊ ထိုယူဇနာ ၄-သိန်း ဂ-သောင်း ထူသော မြေပြင်ကြီးကိုကား ယူဇနာ ၉-သိန်း ၆-သောင်း ထူသော လေပြင်ကြီးက ပင့်မြှောက်၍ တားသတဲ့၊ ထို လေပြင်၏ အောက်မှာလည်း မဆုံးနိုင်သော ဟာလာဟင်းလင်း ရှိလေသေးသည်။
ဤကဲ့သို့ လေထု ရေထုမြေထုနှင့် လူ့ဘုံ နတ်ဘုံ ဗြဟ္မဘုံ အစုံအလင်ရှိကြသော ကမ္ဘာလောကလည်း ငါတို့နေရာ ဤကမ္ဘာ တခုသာမက, ရေတွက်၍ မကုန်နိုင် မဆုံးနိုင်အောင် များပြားလှလေ၏၊ ထို့ကြောင့် အနန္တစကြဝဠာ (အဆုံးမရှိသော စကြဝဠာ)ဟု ခေါ်စမှတ်ပြုကြသည်။ ထိုစကြဝဠာအများတွင် ကုဋေတသိန်းလောက် စကြဝဠာတို့မှာ ပျက်လည်းအတူ ဖြစ်လည်း အတူပင်တည်း၊ စကြဝဠာ တခုနှင့်တခုကို ကွဲပြားအောင် စကြဝဠာ ကျောက်တောင်ကြီးက မဟာရာမ် တံတိုင်းခတ်သလို ရံပတ်၍ နေလေသည်။
လောကန္တရိက်ငရဲ။ ။ စကြဝဠာ ၃-ခုအကြား၌(လင်ပန်း ၃-ချပ် စပ်နေသလို) အကြားတခုရှိ၏၊ ထိုအကြား၌ နေရောင် လရောင် မထွန်းနိုင်ဘဲ အမြဲမှောင်၍နေ၏၊ ထိုအကြားအရပ်ကို “လောကန္တရိက်ငရဲ”ဟု ခေါ်၏၊ မိဘ သူတော်ကောင်းများကို စော်ကားသူတို့ ပြိတ္တာ အသုရာ ဖြစ်လျက် မစားရ မသောက်ရဘဲ ထိုလောကန္တရိက်ငရဲ၌ဖြစ်ကာ သစ်ပင်ကို လင်းနို့များ တွယ်နေသလို စကြဝဠာ နံရံကို တွယ်ကပ်နေရာမှ တကောင်နှင့် တကောင် မှောင်အတွင်း တွေ့ကြသောအခါ အစာမှတ်၍ လှမ်းအဟပ်လိုက်တွင် အောက်ခံ ရေပြင်ပေါ်သို့ ကျသဖြင့် မွမွကြေရလေသတဲ့။
မြင့်မိုရ်တောင်။ ။ထိုပြခဲ့သော စကြဝဠာ ကမ္ဘာလောကကြီး၏ အလယ်ဗဟို၌ ယူဇနာ တသိန်း ခြောက်သောင်း ရှစ်ထောင် မြင့်သော မြင့်မိုရ်တောင် တည်ရှိ၏။ ထို ၁၆၈၀၀၀-တွင် ရှစ်သောင်း လေးထောင်မှာ သမုဒြာတွင်း နစ်မြုပ်နေသောကြောင့် သမုဒြာရေပြင်မှ အထက်၌ မြင့်တက်နေသော အထက်ပိုင်းကိုသာ ရေတွက်၍ “ယူဇနာ ရှစ်သောင်း လေးထောင် အမြင့်ဆောင်သော မြင့်မိုရ်တောင်”ဟု ဆိုကြ၏။ ထိုမြင့်မိုရ်တောင်၏ ပတ်ဝန်းကျင်၌ “သီဒါ”ခေါ် မြစ်တစင်းက တံတိုင်းခတ်သလို ရံပတ်လျက် နေလေသည်။ ထိုသီဒါ၏ ပြင်ဘက်၌ ယုဂန္ဓုရ်တောင် တည်ရှိ၏။ အမြင့်မှာ မြင့်မိုရ်တောင်၏ တဝက်သာ မြင့်၍ သမုဒြာရေအတွင်းသို့လည်း တဝက်မျှ ဝင်လေသည်။ ထိုယုဂန္ဓိုရ်တောင်၏ ပြင်ဘက်၌ သီဒါမြစ်ခြား၍ ဤသန္ဓိုရ်တောင် တည်ပြန်၏၊ ဤနည်းအတိုင်း မြင့်မိုရ်တောင်ကို သီဒါ ၇-တန်နှင့် တောင်စဉ် ၇-ထပ်တို့ ရံပတ်တည်ရှိကြလေသည်။
ကျွန်းကြီး ကျွန်းငယ်။ ။ထိုတောင်များ၏ ပြင်ဘက်၌ သမုဒြာ ရေပြင်ကြီးသည် စကြဝဠာတံတိုင်းအထိ တည်ရှိလေ၏၊ ထိုရေပြင်၏ အလယ်၌ ကျွန်းကြီး ကျွန်းငယ် အသွယ်သွယ် ပေါ်ထွန်းလျက်ရှိရကား မြင့်မိုရ်တောင် အရှေ့ဘက်၌ ပေါ်ထွန်းသော ကျွန်းများကို အရွှေကျွန်း, ထို့အတူတောင်, အနောက်, မြောက်ဘက်၌ ပေါ်ထွက်သောကျွန်းများကို တောင်ကျွန်း အနောက်ကျွန်း မြောက်ကျွန်းဟု ခေါ်ဝေါ်ရလေသည်။
နတ်ပြည် ဗြဟ္မာ့ပြည်။ ။ မြင့်မိုရ်တောင်၏ တဝက် ယုဂန္ဓိုရ်တောင်ထိပ်၌ စတုမဟာရာဇ်နတ်ပြည် တည်ရှိ၏၊ ယခုမြင်ရသော လ နေ နက္ခတ်တို့သည် စတုမဟာရာဇ်နတ်ပြည်ဝယ် ပါဝင်သော ဘုံဗိမာန်များဟု ဗုဒ္ဓဘာသာ ကျမ်းစာများ၌ ဆို၏၊ မြင့်မိုရ်တောင်ထိပ်နှင့် ညီမျှသော အရပ်ဝယ် “တာဝတိံသာ” နတ်ပြည် တည်ရှိ၏။ သိကြားမင်းစံရာ သုဒဿနခေါ် နတ်မြို့တော်သည် မြင့်မိုရ်တောင်ထိပ်မှာ တည်ရှိသတဲ့၊ ယာမာ တုသိတာ နိမ္မာနရတိ ပရနိမ္မိတဝသဝတ္တီ နတ်ပြည် ၄-ထပ်ကား မြေကြီးနှင့် လုံးဝ မစပ်ဘဲ ကောင်းကင်မှာပင် အဆင့်ဆင့် မြင့်ကာ တည်ရှိလေသည်၊ ဗြဟ္မာဘုံများလည်း ထိုအတူပင်၊ [အကျယ်ကို သိလိုလျှင် သင်္ဂြိုဟ် ဘာသာဋီကာ ဝီထိမုတ်ပိုင်းမှ ကြည့်ပါ။]
လူများ ဖြစ်ပေါ်လာပုံ
ထိုကဲ့သို့ လူ နတ်ဘုံ ဗြဟ္မာဘုံကို တည်မိသောအခါ အထက် ဗြဟ္မာ့ ပြည်၌ရှိသော ဗြဟ္မာတို့တွင် အသက်တမ်းစေ့၍ ဖြစ်စေ ကံ ကုန်၍ဖြစ်စေ အချို့ဗြဟ္မာတို့ စုတေကြလေ၏၊ ထိုစုတေသူတို့တွင် တချို့ အောက်ဗြဟ္မာ့ဘုံမှာ ဖြစ်ကြ၏။ အချို့ကား နတ်ဘုံ၌ဖြစ်ကြ၏၊ တချို့ကား ဤလူဘုံဝယ် လူဖြစ်လာ ကြလေသည်။ ထိုကဲ့သို့ ဗြဟ္မာပြည်မှ စုတေ၍ လူ့ပြည်၌ ဖြစ်ကြသော ကမ္ဘာဦး လူတို့၌ မိဘ မရှိကြ၊ နတ်ပြည်၌ နတ်ဖြစ်ကြသလို လူ့ပြည်၌လည်း ကံ၏ အစွမ်းကြောင့် လူ့ကိုယ်ကြီး အထင်အရှား ဖြစ်လာကြသည်။ ထိုကမ္ဘာဦးလူတို့၌ ယောကျ်ား မိန်းမဟု ခွဲခြားဘို့ရာ ယောက်ျားအင်္ဂါ မိန်းမအင်္ဂါများလည်း မပါကြသေးချေ၊ မည်သည့် အစားအစာကိုလည်းမျှလည်း မစားမသောက်ဘဲ နေနိုင် ကြ၏၊ နေ့ လ, နက္ခတ်တို့လည်း မရှိကြသေး၊ မိမိတို့၏ ကိုယ်ရောင် ကိုယ်ဝါ ဖြင့်သာ ထွန်းလင်းတောက်ပကုန်လျက် ဗြဟ္မာအဖြစ်တုန်းကကဲ့သို့ ကောင်းကင်၌ လှည့်လည်သွားလာနိုင်ကြလေသည်။
ရှေးဦးစွာစားသောက်ကြ။ ။ ကိုယ်ရောင် ကိုယ်ဝါဖြင့် ကောင်းကင်၌ လှည့်၍ နေကြစဉ် မြေအပြင်၌ မလိုင်တက်သလို အလွန် ဝါဝင်းသော မြေဆီများ ဖြစ်ပေါ်လာ၏၊ ထိုမြေအဆီကို လက်မငြိမ်သူတယောက်က “အဆင်းဖြင့် လှပါပေသည် အရသာမှာ ဘယ်လိုနေပါလိမ့်”ဟု လက်ဖြင့်တို့၍ လျက်ကြည့်လေသော် အလွန် ချိုဆိမ့်သော အရသာရှိသောကြောင့် “ကောင်းမှန်းသိ-သာအိ တစိုစို” ဖြစ်နေသည်ကို အခြားလူတို့ မြင်လျှင် “အတုမြင် အတတ်သင်”က လက်ဖြင့် ကော်၍ ကော်၍ လျက်ရာမှ အားမရသဖြင့် ဆုပ်ကာ ဆုပ်ကာ လွေးကြးလေ၏။ ထိုအခါ အရသာကို တပ်မက်သော တဏှာ၏ ပူလောင်မှုကြောင့် ကိုယ်ရောင် ကိုယ်ဝါ ကွယ်ပျောက်၍ အမိုက်မှောင်ကြီး ကျရောက်လေတော့သည်။
နေလပေါ်ပုံ။ ။ ထိုအမှောင်ကြီး ကျရောက်သောအခါ ကမ္ဘာဦးလူတို့ အလွန် ကြောက်ရွံ့ကြလေသော် ထိုသူတို့ ကံအားလျော်စွာ ရဲရင့်ခြင်းကို ဖြစ်စေတတ်၍ “သူရိယ”ဟု ခေါ်ဝေါ်အပ်သော ယူဇနာ ၅၀-အဝန်းကျယ်သော နေဗိမာန်ကြီးသည် အရှေ့ လောကဓာတ်မှ ထွက်ပေါ်လာ၏၊ ထိုနေဝန်းကြီးက နေ့အဘို့ ထွန်းလင်း၍ တောင်စွယ်ကို ကွယ်သွား သောအခါ “အရောင်တခု ပေါ်လာလျှင် ကောင်းလေစွ”ဟု အလိုဆန္ဒ ဖြစ်ကြသဖြင့် ဆန္ဒအားလျော်စွာ ၄၉ ယူဇနာ အဝန်းရှိသော လဗိမာန်ပေါ်လာ ပြန်သည်။ [ဆန္ဒအတိုင်း ပေါ်ထွက် လာပြန်သောကြောင့် လကို “ဆန္ဒ ဆန္ဒ”ဟု ခေါ်ခဲ့ကြရာမှ ကာလကြာသဖြင့် “စန္ဒ စန္ဒ”ဟု အခေါ်တမျိုး ပြောင်းရွှေ့ လာသတဲ့။] ထိုနေ လတို့ ပေါ်ထွက်လာသောအခါ နက္ခတ်များလည်း တပါတည်း ပါလာ၏၊ ထိုနေ လ နက္ခတ်ကို လှည့်လည် သွားလာရာ ပဌမဆုံးအခါသည် “မဇ္ဈိမဒေသ” အခေါ်အားဖြင့် တပေါင်းလကွယ်နေ့ ဖြစ်၏၊ ထို့ကြောင့် ကမ္ဘာ၏ လဆန်းစ အခါသည် တာကူးလ ဖြစ်ရကား “ကမ္ဘာတည်ဦး တာကူး ရက်မစုံ”ဟု ပြောစမှတ်ပြုကြသည်။
ထမင်းပေါ်လာပုံ။ ထိုကဲ့သို့ မြေဆီကို စားခဲ့ရာမှ ရသတဏှာ (အကုသိုလ်အတွက်) မြေဆီများ ယုတ်လျော့၍ အလှပ်လှပ် အလွှာလွှာ ဖြစ်နေသော မြေလွှာများကို စားသောက်ကြရ၏၊ ထိုမြေလွှာလည်း တဖြည်း ဖြည်း လျော့ပါး၍ အစိတ်စိတ် အမွှာမွှာ နွယ်ချောင်းကလေး များကဲ့သို့ ဖြစ် လာ၏၊ ထိုမြေနွယ်များကို နွယ်ချိုဟု ခေါ်၏၊ ထိုနွယ်ချို့များ ကွယ်ပသော အခါ၌ အခွံ မပါသော သလေးဆန် ပေါ်လာ၏၊ ထိုဆန်ကို အိုး၌ ထည့်လျက် “ဇောတိ ပါသာဏ” ခေါ် ကျောက်တုံးပေါ်သို့ တင်လိုက်လျှင် မီးအလိုလို တောက်၍ ပျက်ချိန်းမဟုတ်က အလိုလို မီငြိမ်းလေသည်။
ယောက်ျား မိန်းမ။ ။ မြေဆီ မြေလွှာ နွယ်တို့ကို စားသုံးသော အခါဝယ် ခန္ဓာကိုယ်တွင် အဆီ အသားများ ဖြစ်ပြီးနောက် အဖက်အကာ အနည်းငယ်သာ ကြွင်းကျန်၏၊ ထို ကြွင်းကျန်သော အဖတ် အကာ ကလေးများမှာ ဝမ်းမီး လောင်ရုံမျှဖြင့် ကုန်ခန်း နိုင်ကြလေသည်။ သလေး ထမင်းကို စားသုံးသော အခါ၌ကား ဝမ်းမီးလောင်ရုံဖြင့် မကုန်ခန်းနိုင်ဘဲ အရည်အဖတ် (ကျင်ကြီးကျင်ငယ်) များစွာ ကြွင်းကျန်၏၊ ကမ္ဘာဦးလူတို့ ဖြစ်စက ကျယ်ငယ်လမ်း ကျင်ကြီးလမ်းများလည်း မပါခဲ့ကြချေ၊ ယခုအခါ ခန္ဓာကိုယ်တွင်းမှာရှိသော ဝါယောဓာတ်က ထိုအရည် အဖတ်များကို မှုတ်ထုတ်နေလေပြီး၊ သို့ဖြစ်၍၊ အရည်အဖတ်များ ထွက်ဘို့ ကျင်ငယ်လမ်းပေါက ကျင်ကြီးလမ်းပေါက်များ ပေါ်ပေါက်ရလေသည်၊ ထိုသို့ ပေါ်ပေါက်ရာ၌ ဗြဟ္မာပြည်သို့ မရောက်မီက မိန်းမ ဖြစ်ခဲ့သူမှာ ဣတ္ထိဘာဝရုပ် ပေါ်လာ၍ ယောက်ျားဖြစ်ခဲ့သူမှာ ပုရိသဘာဝရုပ် ပေါ်လာသတဲ့။
အိပ်ယာထောင်ကြပုံ။ ။ ကိုယ်အင်္ဂါ ပေါ်ပေါက်ပုံ မတူကြသဖြင့် တယောက် ဥစ္စာကို တယောက်က တစိမ့်စိမ့် ကြည့်ရှုလျက် စိတ်ကို မချုပ်တည်းနိုင်ဘဲ ကာမကိစ္စ မှီဝဲမှုကြောင့် ပညာရှိ လူစုက တားမြစ်၍ မရသဖြင့် ကဲ့ရဲ့ရှုတ်ချ ဒုတ် စသည်ဖြင့် ပစ်ခတ်ကြလေရာ, ပုန်းအောင်း ခိုကပ်ကြဘို့ရာ အိမ်နေရာများကို တည်ဆောက်ကြရလေသည်။ [ကမ္ဘာဦးက ဤအလေ့အထကို စွဲ၍ ယခုကာလ မင်္ဂလာဆောင်၌ ခဲပေါက်ရိုးပြုကြသည်။ ဤနည်းအားဖြင့် လူများဖြစ်ကြပြီးနောက် ကံအားလျော်စွာ တိရစ္ဆာန် သတ္တဝါတို့လည်း ပေါ်လာကာ ကမ္ဘာအသစ် တည်မိလေသည်။]
နတ်ဘုံခန်း
ထိုကဲ့သို့ တည်ထောင်ပြီးသော ကမ္ဘာသစ်၌ ငရဲသူ ငရဲသားတို့ ဆင်းရဲရပုံကို ပြခဲ့ပြီ၊ တိရစ္ဆာန် ပြိတ္တာတို့ ဆင်းရဲရပုံကိုလည်း မျက်မြင်အားဖြင့် ကြားဘူး နားဝ အားဖြင့်၎င်း, အတော်အတန် သိလောက်ပြီ၊ လူများ၏ ဆင်းရဲ ချမ်းသာမှာ ကိုယ်တွေ့ဖြစ်၍ အထူး ရေးဘွယ်မလို၊ နတ်စည်းစိမ်ကိုကား အများပင် သိလိုကြပေလိမ့်မည်။ ထို့ကြောင့် ကျမ်းဂန်လာ အချက်များကို အကျဉ်းချုပ် စုပေါင်း၍ နတ်တို့ နေထိုင်ကြပုံအကြောင်းများကို ပြပေအံ့။
နတ်ဘုံနတ်နန်း။ ။ နတ်စည်းစိမ်ကား လူ့စည်းစိမ်ထက် နေရာတိုင်းပင် သာလွန်၏၊ မြက်ဖျားပေါ်က ဆီးနှင်းပေါက်ဖြင့် သမုဒြာရေများ ကွာခြားသလောက် လူ့စည်းစိမ်နှင့် နတ်စည်းစိမ်များ ကွာခြား၏။ တာဝတိံသာနတ်တို့၏ “သုဒဿန” မည်သော နေပြည်တော်သည် မြင့်မိုရ် တောင်ထိပ်ဝယ် ယူဇနာ တသောင်း ကျယ်သော အရပ်၌ တည်ရှိ၏၊ ထို နေပြည်တော်၏ အရှေ့ဘက်၌ နန္ဒနယျာဉ်ခေါ် နန္ဒနဥယျာဉ်သည်ကား စုတေခါနီး၌ အလွန်ပူဆွေးနေသော နတ်များကိုပင် စုတေရမည့် အရေးကို မတွေးမိလောက်အောင် ပျော်မွေ့ဘွယ်ကို ဆောင်သတဲ့။
မခြောက်မသွေ့ ပကတေ့စိုစိမ်း၍ မြရည်လိမ်းထားသလို ပန်းပင်ပျိုတို့၏ အကြားအကြားဝယ် မောင်မယ်စုံ နတ်များတို့ လှည့်လည်သွားလာနေကြသည့်အတွက် ဥယျာဉ်တော်မှာ တမျိုး ကျက်သရေ တက်လေတော့၏၊ ထိုဥယျာဉ် တော်နှင့် မြို့တော်၏ အလယ်မှာ မဟာ နန္ဒာ စူဠနန္ဒာ အမည်ရှိသော ကန်တော်ကြီး ၂-သွယ်ကလည်း နဂိုရ်က တင့်တယ်သည့်အပြင် ကြည်လင်သော ရေများကို ရှုစားဘို့ရာ ကမ်းအစ၌ ဆန်းလှသော ရတနာ ထိုင်ခုံများကြောင့် တမျိုး သားနားလျက် ရှိပြန်လေ၏၊ မြို့တော်၏ တောင်မျက်နှာ အနောက် မျက်နှာနှင့် မြောက်မျက်တို့၌လည်း ထိုကဲ့သို့ တည်ရှိလေသည်။
နတ်သား နတ်သ္မီး။ ။ မိမိတို့ ရှေးကုသိုလ်ကံကြောင့် ကိုယ်ပိုင် ရရှိပြီးသော ဗိမာန်များကလည်း ဆန်းပြားလှပေ၏၊ အားလုံးသော နတ်လုလင်တို့က အသက် ၂၀-အရွယ် နတ်မိမယ်တို့က ၁၆-နှစ် အရွယ် သွားကျိုး ဆံဖြူ နားအူ မျက်မွဲ အရေတွန့်တွဲခြင်း မရှိ ပကတိ အလှမပျက်အောင် တသက်လုံး တည်နေ၏၊ နတ်ဩဇာ အဆီအနှစ်ကိုသာ စားသောက် ကြရသဖြင့် ခန္ဓာကိုယ်အတွင်း၌ အလေး အပေါ့မှစ၍ မကောင်းသော အနိဋ္ဌအာရုံ ဟူသမျှကို လုံးဝ မရှိတော့ရကား နတ်သီးတို့မှာ ဓမ္မတာသွေး အညစ်အကြေးတို့မှ ကင်းစင်လေ၏၊ (၁) ကာမချမ်းသာ ခံစားမှုတို့ကား နတ်ပြည် ၆-ထပ်လုံးမှာပင် လူများနှင့် မထူးခြားသော်လည်း အညစ်အကြေး မဖြစ်ဘဲ သွေးသား လှုပ်ရှားရုံမျှဖြင့် ကိစ္စပြီးလေသည်၊ (၂) နတ်ဒေဝီတို့၌ ကိုယ်ဝန်ဆောင်မှုနှင့် သက်ဆိုင်သော ကိစ္စစုများ တခုမျှမရှိ၊ (၃)သား သ္မီး ဖြစ်ထိုက်သော နတ်သား နတ်သ္မီးတို့မှာ ရင်ခွင်၌သော်၎င်း အိပ်ရာပေါ်၌သော်၎င်း ဖြစ်ပေါ်လာကြကုန်၏၊ ဤသို့ သားသ္မီးအရာ၌တည်သော နတ်များ အပြင် အခြားအစေခံ နတ်သား နတ်သ္မီးများလည်း ရှိသေးရကား တချို့ နတ်များ၌ ဗိမာန် ကိုယ်ပိုင် မရှိကြဟု သိသာ၏၊ လူ့ပြည်၌ကဲ့သို့ နတ်သား နတ်သ္မီးပျိုတို့၏ သွားလာ လှည့်ပတ်ကြမည့် အရေးမှာ တွေးတော စဉ်းစား ဘွယ်ရာပင်တည်း၊ နတ် ဇာတ်သမား ဖြစ်သော ပဉ္စသီခ နတ်သားသည် တိမ္ဗရု နတ်မင်းကြီး၏ သ္မီးပျို ဖြစ်သော သူရိယဝစ္ဆသာ နတ်သ္မီး အပေါ်မှာ အတော် စွဲလမ်းနေ၏၊ နတ်ပျိုလှည့်ရာတွင် စောင်းကို တီးကာ သာသာယာယာ သီဆိုသော စောင်းသီချင်းသံများတွင် အောက်ပါ ဂါထာလည်း အပါအဝင် ဖြစ်၏။
ယံ မေ အတ္ထိ ကတံ ပုညံ, အရဟန္တေသု တာဒိသု၊
တံ မေ သဗ္ဗင်္ဂကလျာဏိ, တယာ သဒ္ဓိံ ဝိပစ္စတံ၊
တာဒိသု၊ ကောင်းဆိုး ၂-တန့် လောကဓမ်ကြောင့် ဖောက်ပြန်မတုန် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကြပေသော။ အရဟန္တေသု၊ ပူဇော်သမျှ အကျိုးရဘို့ နိစ္စဖြူစင် ရဟန္တာအရှင်မြတ်တို့၌။ မေ ကတံ၊၊ မောင်တော် ချည့်သာ မယ်မပါဘဲ ကောင်းစွာ သီးသီး ပြုအပ်ပြီးသော။ ယံ ပုညံ၊ ဒါန သီလ စသည်ပေါင်းစု အကြင်သို့သော မြတ်ကောင်းမှုသည်။ အတ္ထိ၊ အကျိုးပေးမှု့ အလေး ပြုလျက် ယခုအနေ ရှိပါပေ၏။ သဗ္ဗင်္ဂကလျာဏိ၊ ကောင်းခြင်းအင်္ဂါ မင်္ဂလာနှင့် ထင်စွာပြည့်ကြွယ် အို... နတ်မိမယ်။ မေ၊၊ ပဉ္စသီခ မည်ရဘွဲ့နှောင် မယ်မယ့်မောင်၏။ တံ ပုညီ၊ ရှေးက ဆည်းပူး, ထိုကုသိုလ်ထူးသည်။ တယာ၊ မောင်တော့် သက်လယ်, သင် နတ်မယ်နှင့်။ သဒ္ဓိံ ဝိပစ္စတံ၊ အတူ တွဲနှောင်, မကွဲအောင်လျှင် မြဲခေါင်ဖြိုးဝေ, အကျိုးပေးပါစေသတည်း။
မာန်လည်ဆရာတော် မေး
မင်းကွန်း အလယ်တောရ ဆရာတော် ဖြေ
၁...(မေး) ဆကာမာဘူမိ, ကုမာရိ နတ်အပျို, လူလိုတဲ့ ပေလား၊ ပွင့်မြဲငယ်မှီ, တလလျှင်ကြိမ်အညီပ, ချိန်ရာသီ ပေါ်တဲ့ပန်းငယ် လန်းပါစလား။
(ဖြေ) ဆကာမာဘူမိ, ကုမာရိ နတ်အပျို, လူလိုပ ဟုတ်ဘဲ၊ ပွင့်မြဲငယ်မှီ, တလလျှင် ကြိမ်အညီပ ချိန်ရာသီပေါ်တဲ့ပန်းငယ် လန်းကြ မမြဲ။
၂...(မေး) အပွေပို-မဖြေလို စိတ်တော်ရှိပါနှင့်, ခင်သိသားမို့၊ နတ်ခြောက်ဆူ ချစ်သွေး နှစ်ကိုယ်မြှူတော့, ဟို အမူ လူလိုချင်းပေထင့်, သင်းက ဘယ်သို့။
(ဖြေ) အပွေပို-မဖြေလို စိတ်တော် ရှိပါဘု, ကိုယ်သိသားမို့၊ နတ်ခြောက်ဆူ ချစ်သွေးနှစ်ကိုယ်မြှူတော့ ဟို အမူ လူလို ကျင့်ကြတယ်, သင်းက ဤသို့။
၃...(မေး) နတ်ခြောက်ဘုံ၊ မောင်နှံစုံ, လူလိုရှိတယ်လို့ ခင်သိမူကား၊ မိန့်ပါရှင့်, နတ်ကလျာ လုံမယ်ခင်တို့ လူ့နယ်ပင် နှုတ်ငုံပိုက်တယ်, သားနို့ တိုက်လား။
(ဖြေ) နတ်ခြောက်ဘုံ မောင်နှံစုံ လူလိုရှိသည်ဟု မှန်ဘိမယွင်း၊ မိန့်လိုက်ပြီ, နတ်ကလျာမယ်ဒေဝီတို့ နှုတ်ငုံချီလွယ် မပိုက်တယ် သားနို့တိုက်ကင်း။
ဤမျှလောက်ပင် ပဉ္စသီခနတ်သားက စွဲလမ်းနေသော်လည်း သူရိယဝစ္ဆသာ နတ်သီးကမူ မာတလိနတ်မင်း၏ သားဖြစ်သော သိခန္တီနတ်သားကို မှန်းထားလျက် ရှိ၏၊ သို့ရာတွင် သိကြားမင်းက ပဉ္စသီခ နတ်သားကို (သူ့အားကျေးဇူး များသည့်အတွက်) သူရိယဝစ္ဆသာ နတ်သ္မီးနှင့် လက်ထပ်ပေးလေသည်၊ တချို့ နတ်သ္မီးတွေမှာ ဗိမာန် အဆင့်သင့် ရရှိသော်လည်း ဗိမာန်နှင့်တကွ မိမိတို့ကို ပိုင်ဆိုင်မည့် နတ်သား မရှိကြသဖြင့် ပျင်းရိငြီးငွေ့ အလိုမပြေ့ကြသည်လည်း ရှိသေး၏၊ ကုသိုလ်ကံချင်း ကွာခြားသလောက် ဘုံဗိမာန်နှင့် ရုပ်အဆင်းလည်း ကွာခြားနေသောကြောင့် ကိုယ့်ထက်သာ၍ မနာလိုသူတွေလည်း ရှိပေမည်သာ၊ ဥယျာဉ် ရေကန်၌ တပျော်တပါး လှည့်လည်ကြသည်မှာလည်း ကြည်နူးစရာပေ။
အပေါင်းရွေညီ, ဘုံကိုယ်စီဝယ်, ကျူးသီမပြီး, ပျော်မငြီးဖို့, နတ်ထီးနတ်ငြိမ့်, တခြိမ့်ခြိမ့်နှင့်, သိမ့် သိမ့်သဲသဲ, ရှုမရဲအောင်, နတ်ပွဲသဘင်, အမြဲရွှင်၏၊ မပင်မပူ, နတ်နန်းသူတို့, ပျူပျူငှာငှာ ရွှေမျက်နှာဖြင့်, ကြည်သာစိမ်းစိမ်း , မြမြရှိန်းတည်း၊ ငြိမ်းငြိမ်းအေးလျက် , ကုသိုလ်စက်ကြောင့်, မပျက်တရံ, စည်းစိမ်ခံ၍, မောင်နှံချစ်ပုံ, အသစ်ကြုံသို့, ဖော်စုံရွှင်မြူး, ချစ်ကြည်နူးလျက်, အထူး မေတ္တာ, သက်ပမာဖြင့် , ချမ်းသာမကင်း , ချစ်ငွေ့သွင့်သည် , ချစ်ခြင်း အတုံ့အလှယ်တည်း။ မဃဒေဝလင်္ကာ။
ဤသို့ ကာမဂုဏ်စခန်း၌ အစွမ်းကုန် ပျော်ဖွယ်ကောင်းလှသည့်အပြင် ထိုပျော်မွေ့ကောင်း သလောက်လည်း ပျော်စံလေ့ ရှိကြသောကြောင့် ကာမဂုဏ်ကို စက်ဆုပ်သော အနာဂါမ်နှင့် ရဟန္တာအဖြစ်သို့ ရောက်သောအခါ နတ်ပြည်မှာ ကြာရှည်စွာ မနေနိုင်ကြန်တော့ဘဲ, အနာဂါမ်ဖြစ်သူတို့ ဗြဟ္မာ့ပြည်သို့ စုတေ ရွှေ့ပြောင်း၍ ရဟန္တာအပေါင်းတို့မှာ ပရိနိဗ္ဗာန်စံကြလေတော့သည်၊ သို့ဖြစ်၍ နတ်ပြည်ကျမှ အန္တရာယ်ကင်း ရန်ဘေးရှင်းလျက် တရားအားထုတ်၍ ယောဂီလုပ်မည်ဟု မမြှော်လင့်လေနှင့်၊ လူ့ပြည်က အသေအလဲ အားခဲ သွားသူများနှင့် ဘုရားလက်ထက်တော်တုန်းက ဘုရားတရားတော်ကို နာရသူများလောက်သာ နတ်ပြည်၌ တရားအသား တက်ဖွယ် ရှိပါသည်၊ မလိုလဲ လိုလဲ တရားမြဲသူတို့မှာ နန္ဒနဥယျာဉ်အပေါက်ဝတွင် တရားကလေးများ ပျောက်ကြရစ်လတ္တံ့။
နတ်ပြည်၌ ကမ္မဋ္ဌာန်းကို မဆိုထားနှင့် ဥပုသ် မကျိုးအောင်ပင် စောင့်စည်း ဘို့ရာ အပုံကြီး ခဲယဉ်း၏၊ နတ်သ္မီးတွေ ပွတ်သီး ပွတ်သပ်ပြုချက်ကြောင့် သီလ ပျက်သည်သာ များလေ၏၊ စမ္ပေယျ နဂါးမင်းတို့ နဂါးပြည်မှာ မကြာမကြာ ဥပုသ်ကျိုးရပုံနှင့် ဝိဓူရဇာတ်တော်လာ သိကြားမင်းတို့ လူ့ပြည်ဆင်း၍ ဥပုသ်စောင့်ရပုံကို ထောက်ပါလေ၊ ဘုရားအလောင်းတော်တို့သည် ပါရမီဖြည့်ခွင့် မရကြသော နတ်ပြည်၌ သက်တမ်း စေ့အောင် မနေဘဲ စုတေခြင်းတမျိုးဖြင့် စုတေအောင် ဓိဋ္ဌာန်ကာလူ့ပြည်၌သာ ပါရမီဖြည့်တော်မူကြသည်။
နတ်ပြည်၌ သူတော်ကောင်းစိတ်ဓာတ် မြဲကြသူတို့ မျှော်လင့်ဘို့ အချက် အနည်းငယ်မျှ ရှိသေး၏၊ ထိုအချက်ကား စူဠာမဏိ စေတီတော်နှင့် သုဓမ္မာ ဓမ္မာရုံကြီးတို့တည်း၊ စူဠာမဏိ စေတီတော်မှာ တယူဇနာမြင့်သော မြသားစေတီတော်ကြီး ဖြစ်သည့်ပြင် ထိုမြသား စေတီတော်ကြီးအတွင်း၌ ဘုရားအလောင်း ဘဝက ဆံတော်ဓာတ်နှင့် လက်ျာစွယ်တော်ဓာတ်များ ကိန်းဝပ်တော်မူလျက်ရှိ၏၊ သဒ္ဓါတရားထက်သန်သော နတ်သီး နတ်သား မောင်မယ်စုံ နတ်များမှာ အသက်တမ်းကလည်းရှည် စိတ်ဓာတ်ကလည်း ကြည်သာကြောင့် (အခြား မောင်မယ်စုံတို့လို ဥယျာဉ်ထဲ၌ ပျော်ပွဲမခံဘဲ) စေတီတော်ထံပါး၌ ပန်း စသော လှူဘွယ်ဝတ္ထုများဖြင့် ဝပ်တွားဆည်းကပ်၍ ဆုထူး ဆုမြတ်ကို ပန်ဆင်ကာ ရသင့်သမျှ ပါရမီ တိုးအောင် ကြိုးစားကြမည်မှာလည်း ယုံမှားစရာမရှိပါပေ။
သုဓမ္မာ ဓမ္မာရုံကြီး၏ ကျက်သရေမှာ ရေးသား၍ ကုန်ဆုံးနိုင်ဘွယ်ရာမရှိ၊ ဓမ္မာရုံ အဆောက်အဦးအားလုံး၌ ရတနာမျိုးစုံကို သူ့နေရာနှင့်သူ သုံးစွဲထား၏၊ ထိုဓမ္မာရုံ၏ အနီး၌ တည်ရှိသော ပယ်လယ်ကသစ်ပင်မှ ပန်းများလည်း ဓမ္မာရုံအတွင်းသို့ လေညှင်းညှိသဖြင့် နှစ်မျို့စဘွယ် တင့်တယ်စွာ ပြန့်နှံ့လျက်ရှိ၏။ အလယ်ဗဟို တရားပလ္လင်ဝယ် ထီးဖြူကြီးကို စိုက်ထူထားပြီးလျှင် တရားပလ္လင်၏ ဘေးမှစ၍ သိကြားမင်း, ပဇာပတိ နတ်မင်း, ဝရုဏ နတ်မင်း, ဤသာန နတ်မင်း စသော (မဃလုလင် ဘဝတုန်းက ကောင်းမှုပြုဘက်)၃-ကျိပ် ၃-ပါး နတ်မင်း ကြီးများ၏ နေရာကို စီစဉ်ထား၏၊ ထို့နောက် ထင်ရှားနတ်များနှင့် မထင်ရှားသော နတ်များတို့လည်း နေရာများ စီစဉ်ထားသည်။ [ဤ သုဓမ္မာနတ်သဘင်မှာ တာဝတိံသာမှ အထက်နတ်ပြည်-ထပ်၌လည်း ရှိ၏။
စည်းဝေးချိန်ရောက်လျှင် သိကြားမင်းကိုယ်တိုင် အချက်ပေးလိုက်သော “ဝိဇယုတ္တရ”ခေါ် ခရုသင်းကြီး၏ အသံမှာ ယူဇနာ တသောင်းကျယ်သော သုဒဿနနတ်မြို့တော်ကြီးကို ရိုက်ဟီးလျက် လူ့အရေအတွက်ဖြင့် ၄-လကြာအောင် အဆက်ဆက် မြည်ဟီးနေသော ဟူ၏၊ ဆိုင်ရာနတ်များ ဓမ္မာရုံအတွင်းသို့ ဝင်မိကြလျှင် ရတနာရောင် ပန်းရောင်တွေ လွှမ်းနေသဖြင့် ဓမ္မာရုံတဆောင်လုံး နီမြန်းနေတော့၏။ တရံတခါ ဗြဟ္မာပြည်မှဆင်းလျက် သနင်္ကုမာရ ဗြဟ္မာမင်းက တရားဟော၏၊ တရံတခါ သကြားမင်း ကိုယ်တိုင် တရားဟော၏၊ တရံတခါ တရား အဟောကောင်းသော နတ်သား တဦးဦး ဟော၏။ ထို့ကြောင့် စူဠာမဏိစေတီတော်ကို ဖူးမျှော်ရခြင်း သုဓမ္မာနတ်သဘင်ဝယ် တရားနာခြင်းတို့အတွက် မျှော်လင့်ချက်ကလေး ရှိပေသေး၏၊ “မျှော်လင့်ချက်” ဆိုသော်လည်း မဂ်ဖိုလ် ရလောက်အောင် မျှော်လင့်ချက်ကို ဆိုလိုသည် မဟုတ် သူတော်ကောင်းစိတ်ဓာတ် မပျောက်ပျက်ဘဲ ခိုင်မြဲ၍ ကာမဂုဏ်ထဲမှ အထိုက်အလိုက် ရှောင်လွှဲနိုင်စရာရှိသည်ဟု ဆိုလိုသည်။
နောင်လာမည့် လူ့ပြည်ဆုတ်ကပ် အခါကြီး၌ကား “ရဟန်း ရှင် လူတို့ တရားပြည့်ဝကြလိမ့်မည်”ဟု မျှော်လင့်ဘွယ် မရှိတော့၊ ယခုပင် အမြင် မတော်လှပြီ၊ သံသရာဒုက္ခတွေကို တကယ် ရွံ့လျှင် ယခုဘဝ၌ပင် စွန့်စွန့် စားစား မဂ်ဖိုလ်ပေါက် တရားကို ကြိုးစားသင့်ကြ၏၊ နတ်ပြည်ကပင် အရိမေတ္တယျ ဘုရားရှင်ကို စောင့်စားဖူးမြော်လျက် တရားတော်ကိုနာပြီးမှ မဂ်ဖိုလ်ရဘို့ မှန်းသူများလည်း နန္ဒန ဥယျာဉ်ပေါက်၌ ရှိသမျှ ဓာတ်ခံလေးများ ပျောက်မသွားအောင် အတော် ထူထောင်ရလိမ့်မည်၊ ပေါ့ပေါ့ဆဆနှင့် “နတ်ပြည်ကျမှ အားရပါးရ ခံစားမည်”ဟု အားခဲနေသူတို့ကား အရိမေတ္တယျ ဘုရားရှင် ပွင့်တော်မူလာသော်လည်း ကာမဂုဏ် အတွေ့ထူးဖြင့် မေ့မူးလျက် ရှိဦးမည်သာ၊ ထို့ကြောင့် ကိုယ့်အစွမ်း ကိုယ့်တရားဖြင့် အများကို ကယ်တင်မည့် ပုဂ္ဂိုလ်နှင့် အဂ္ဂသာဝက မဟာသာဝက အလောင်းတို့မှတပါး အခြား သူတို့ကား ယခုပင် ကြိုးစားသင့်ကြပါသည်။
“ဘေးပွဲကြုံ, အေးသဲတုန် ကိုယ်စီ ကုတ်ပါလို့ အားထုတ် သင့်သား၊ သို့ပါကို, ဘယ်တော့ ဘာလိုလိုနှင့် နောင်ရေးကို မျှော်ခေါ်လင့်လို့, ဘာဝနာ သီခေါင် လွင့်တယ်, ဖျင်းဖင့် အများ...ဆရာတောကြီး။
[၁၃၂၀-ခုနှစ်ရိုက် စာအုပ်ကျမှ ထည့်အပ်သော နောက်ဆက်တွဲ]သိကြားမင်း တရားမေ့ပုံ
သောတာပန် ဖြစ်ပြီးသော သကြားမင်းသည် အခါတပါး၌ ကြီးကျယ် ခမ်းနားသော ဥယျာဉ်ပွဲကို ရှုစားဘို့ရန် အခြွေရံများစွာဖြင့် ဧရာဝဏ်ဆင်ကို စီး၍ ထွက်လာ၏၊ ဥယျာဉ် တံခါးပေါက်သို့ရောက်သောအခါ ဘုရားရှင်အား ပြဿနာမေးရန် အကြံပေါ်လာလေ၏။ ထိုပြဿနာကား တဏှာကုန်ခန်း နိဗ္ဗာန်နန်းသို့ လွတ်လွတ်ကျွတ်ကျွတ် ကြွမြန်းနိုင်သော ရဟန္တာ၏ ကျင့်ခဲ့သော လမ်းစဉ် ပြသာနာတည်း။
ထိုသို့ ပြဿနာ မေးလျှောက်လိုသော စိတ်အကြံသည် ဥယျာဉ်တွင်းဝယ် ပွဲသဘင်အလယ်သို့ ရောက်လျှင် မေ့ပျောက်သွားဘွယ်ရာရှိသောကြောင့် “ယခုပင် သွား၍ မေးလျှောက်မည်”ဟု ကြံစည်ကာ ဧရာဝဏ်ဆင်ပေါ်မှ ကွယ်ပျောက်၍ ဘုရားအထံ အရောက်လာခဲ့လေသည်၊ ဆင်ကြီးလည်း ဥယျာဉ် အပေါက်မှာပင် ရပ်နေရစ်၏၊ နောက်ပါ အခြွေအရံများလည်း ဥယျာဉ်ပေါက်မှာ ကျန်ရစ်ကြလေသည်။
ပုဗ္ဗာရုံကျောင်းတိုက်၌ သီတင်းသုံးတော် မူခိုက်ဖြစ်သော ဘုရားအထံတော်သို့ရောက်သောအခါ ဥယျာဉ်ပွဲက နောက်ဆံတင်းလျက်ရှိသောကြောင့် “တဏှာသင်္ခယ နိဗ္ဗာန်၌ လွတ်လွတ်ကျွဟ်ကျွတ် အာရုံပြုနိုင်သောရဟန္တာ၏ ကျင့်ခဲ့သောလမ်းစဉ်တရားကို ခပ်တိုတို အမိန့်ရှိတော်မူပါ”ဟု လျှောက်ထားလေသည်။ ဘုရားရှင်လည်း သူ၏ လျှောက်ထားချက်အရ တိုတိုပင် ဖြေတော် မူသည်မှာ...
သကြားမင်း.. ရဟန္တာဖြစ်မည့် ရဟန်းသည် “အလုံးစုံသော တရားကို ငါ, ငါ့ဥစ္စာဟု နှလုံးသွင်းခြင်း စွဲလမ်းခြင်းငှါ မထိုက်” ဟူသော တရားစကားကို ကြားနာရ၏၊ ထိုရဟန်းသည် (ခန္ဓာငါးပါး) တရားအားလုံးကို သိအောင် ကြိုးစား၏။ သိသောအခါ အားလုံး ဒုက္ခချည်းဘဲဟု သိပြန်၏၊ ဒုက္ခချည်းဘဲဟု သိပြီးနောက် ဘာမဆို ခံစားရသမျှ ဝေဒနာကို အနိစ္စ စသည်ဖြင့် ရှု၍ ရှူ၍ နေ၏။ ထိုသို့ ရှုဖန်များသော် ဘာတခုကိုမျှ မစွဲလမ်းတော့ဘဲ နောက်ဆုံး၌ ရဟန္တာဖြစ် တဏှာ ကုန်ခန်း နိဗ္ဗာန်နန်းသို့ လွတ်လွတ်ကျွတ်ကျွတ် မြန်းနိုင်လေသည်။ [အချုပ် မြန်မာပြန်သည်။]
သိကြာမင်း၊ ဤသို့ အကျဉ်းမျှ-ပြအပ်သော ပြဿနာ အဖြေကို လွန်စွာသဘောကျ ဝမ်းမြောက်လှ၍“သာဓု သာဓု”ဟု အသံပြုလျက် နတ်ပြည်သို့ ပြန်လေသည်၊ ထိုသာဓုခေါ်သံကို ဘုရားကျောင်းတော်၏ ဝဲဘက် ခန်းဆောင်မှာ သီတင်းသုံးနေသော အရှင်မောဂ္ဂလ္လာန်ကြား၍ “ဒီသကြားဟာ တရားကိုသိလို့ သာဓုခေါ်တာလား မသိဘဲနှင့် သာဓုခေါ်တာလား”ဟု စဉ်းစား၍ သိကြားကို စုံစမ်းလိုသောကြောင့် သကြားနှင့် ရှေ့ဆင့် နောက်ဆင့် လိုက်ကာ တာဝတိံသာသို့ တက်သွားလေသော်...
ဘုရားထံမှ တရားနာ၍ ပြန်သွားသော သောတာပန် သကြားမင်းလည်း ဥယျာဉ်တွင်း၌ တီးကြ မှုတ်ကြ ကကြ ပြကြသည်ကို နှစ်သက်အားရ ရှုမဝ ဖြစ်နေစဉ် အရှင်မောဂ္ဂလ္လာန်ကို မြင်၍ (ပွဲကြည့်နေသော ကျောင်းဒကာက ဆရာတော်ကြီး လာသည်ကို မြင်ရသည့်ပမာ) ခပ်ရှက်ရှက်မျက်နှာဖြင့် အရှင်မောဂ္ဂလ္လာန်ကို ခရီးဦးကြိုလျက် နှုတ်ဆက်စကား လျှောက်ထားရလေတော့သည်။
ထိုသို့တွေ့လျှင် တွေ့ချင်း ရှင်မောဂ္ဂလ္လာန်က သကြားကို ပြောသည်မှာ “မြတ်စွာဘုရားက အသင်သကြားအား တဏှာသင်္ခယ ဝိမုတ္တိ အကြောင်းကို ဘယ်လို ဟောလိုက်ပါသလဲ၊ ငါတို့လဲ ထိုတရားကို တဆင့် နာပါရစေ” ဤသို့ ပြောလျှင် ထိုတရားကို သကြားမင်း စဉ်းစား၏၊ ပေါ်မလာချေ။ အထပ်ထပ် စဉ်းစားသော်လည်း လုံးလုံး သတိမရသဖြင့် နာတုန်းက မှတ်မှတ်သားသား နာယူခဲ့သော်လည်း နတ်ပြည် ကိစ္စတွေ များသည့်အတွက် မေ့ရကြောင်းကို အရှက်ပြေလျှောက်လေသည်။ [မူလပဏ္ဏာသ စူဠတဏှာယသုတ်မှ ကောက်နုတ်ချက်]
စဉ်းစားဘွယ်ရာ အဖြာဖြာ
ဤတရားတော်အရ စဉ်းစားပါလျှင် နတ်ပြည်အာရုံသည် တရားမေ့အောင် မှိုင်းတိုက်နိုင်ကြောင်းကို နားလည်နိုင်ပေပြီ၊ မှန်၏-သကြားမင်းသည် ပင်ကိုယ်အားဖြင့် သတိကောင်း ဉာဏ်ထက်၍ အလွန် သွက်လက်သူပေတည်း၊ ထိုအချိန်မှာ သောတာပန်လည်း ဖြစ်ပြီးလေပြီ၊ နာခဲ့သော တရားလည်း သူ့ကိုယ်တိုင် သိချင်လှ၍ လျှောက်ထားသော ပြဿနာ၏ အဖြေ တရား အကျဉ်းမျှသာ ဖြစ်၏၊ ရှင်မောဂ္ဂလ္လာန် မေးချိန်နှင့် ထိုတရား နာခဲ့ချိန်မှာ မိနစ်လောက်သာ ဝေးပေလိမ့်ဦးမည်၊ သို့ပါလျက် ဥယျာဉ်ပွဲ၏ မှိုင်းတိုက် မှုကြောင့် စဉ်းစား၍ မရအောင်ပင် မေ့ရလေသည်။
၁။ ဤဝတ္ထုကို ထောက်ထား၍ မိမိတို့အတွက် လေးလေးနက်နက် စဉ်းစားသင့်၏၊ မိမိကိုယ်ကို “သူတော်ကောင်း ဟုတ်ပါသည်”ဟု ဝန်ခံနိုင်သော သူတော်ကောင်းမှန်လျှင် နောက်ဘဝတွက် ဂတိကောင်း ရောက်ဘို့ များပါ၏၊ သို့သော် ထိုရောက်ရမည့် ဂတိကား လူနှင့် နတ် ဘဝသာဖြစ်ပါသည်၊ ဈာန်မရ၍ ဗြဟ္မာ မဖြစ်နိုင်၊ ရဟန္တာ မဟုတ် သေး၍ နိဗ္ဗာန်မရနိုင်ပါ။ အထက် နတ်ဖြစ်ခဲ့သော် သကြားမင်းလို အရိယာပုဂ္ဂိုလ်သော်မှ မေ့ရပုံကို ထောက်၍ မိမိတို့အတွက် သိပြီး တခြားကလေးများ ပျောက်သွားမည်ကို မစိုးရိမ်ရပါလော။
၂။ တရားမေ့၍ နတ်တိုဓလေ့ဖြင့် အပျော်ကြီး ပျော်မွေ့နေစဉ် (ပုထုဇဉ် ဘဝဖြင့်) စုတေချိန်ရောက်သောအခါ မိမိ စည်းစိမ်ကို တမ်းတ၍ နွမ်းလျ အားငယ်စွာ စုတေရပါမူ အပါယ် ၄-ပါးသို့ တဆင့် သွားဘို့ အရေး မဝေးလှတော့ပါ၊ တခါတုန်းက နတ်သ္မီး ငါးရာ တို့သည် ဥယျာဉ်တွင်းဝယ် ပန်းပင်တက်၍ ပန်းခူးရင်း သီချင်း ကြူနေကြစဉ် ရုတ်တရက်စုတေကာ အဝီစိသို့ ရောက်သွားကြဘူးပါသည်။
၃။ တဖန်-နောက်တချိန်ရောက်မည့် လူ့ဘဝကို တွေးလျှင်လည်း စိတ်ဧဘွယ် မရှိလှပါ၊ ရှင်းပြပါဦးမည်... သူတော်ကောင်း အနေဖြင့် လူ့ဘဝ၏ တန်ဘိုးကို စဉ်းစားလျှင် ..(၁) ဘုရားသာသနာနှင့် ကြုံတွေ ရခြင်း... (၂) အားလုံး မဟုတ်စေကာမူ လူအများစုက လူကောင်း သူကောင်း ဖြစ်ကြခြင်း (၃) ဆရာ မိဘတို့က သူတော်ကောင်းများ ဖြစ်ကြခြင်း ... (၄) အလွန် မဆင်းရဲဘဲ အထိုက်အလျောက် ချမ်းသာသော အမျိုး၌ ဖြစ်ရခြင်း၊ ဤ အကြောင်းများ စုံညီမှ လူဘဝရကျိုး နပ်ပါလိမ့်မည်။
၄။ ဘုရား သာသနာ့အရေးကို စဉ်းစားလျှင် ယခုအချိန်မှာပင် ပုဂ္ဂိုလ် ကောင်းကို အတော်ရှာမှ ရနိုင်သောအချိန် ဖြစ်နေပြီ၊ လောကီ အာရုံတွေကလည်း သောင်းကျန်း ဂုဏ်ပကာသနနှင့် လာဘ်လာဘ လိုက်စားသူလည်းများ လူဒကာ ဒကာမတို့ကလည်း သီလ သမာဓိ ပညာရှိသူထက် ဂုဏ်ရှိသူကို ကိုးကွယ်လိုကြ, မိမိတို့ဆရာ ဂုဏ်ရှိအောင်လည်း ဟိုကပ်သည်ကပ်နှင့် ကပ်ကြ, လူအချင်းချင်း ဂုဏ်သတင်း လွှင့်ကြနှင့် သာသနာ့ ဝန်ထမ်းများအတွက် ခေါင်က မိုယ်းယိုနေ လေပြီ။
၅။ သာသနာကို ယခု ကိုးကွယ်နေကြသော (သာသနာ့ဒါယကာ ဆိုသူတို့၏) သား သ္မီးများကို သာသနာ့ဝန်ထမ်း ရဟန်းတော်များက သင်ပြ ပေးမှုသည် တစစ လက်လွတ်၍လာခဲ့ရာ ယခုခါမှာ တချို့ ဘုန်းကြီးကျောင်း၌ ကျောင်းသားဟူ၍ မရှိတော့ပါ၊ ကျောင်းသားမရှိလျှင် ရှင်သာမဏေ (အမြဲနေ) မရှိနိုင်၊ ရှင်သာမဏေ မရှိလျှင် ရှင်သာမဏေ ဘဝ၌ စာသင်၍ စာတတ်သော ရဟန်းလည်း မရှိနိုင်။ သိပ်မကြာသော နောင်အခါဝယ် များစွာသော ကျေးရွာတို့၌ တောထွက်ရဟန်း ကြီးတွေသာ ကျောင်းကြီး ကံကြီးပေါ်ဝယ် စက်တော်ခေါ်၍ နေရစ်ကြပေလိမ့်မည်။
၆။ တဖန်-သာသနာကို ပစ္စည်း ၄-ပါးဖြင့် ထောက်ပံ့ရသော ဒကာ ဒကာမများဘက်ကို ဆက်လက်စဉ်းစားပြန်လျှင် ... ယခုအခါ ကလေးတွေ သင်ယူနေကြသော ပညာသည် လောကီအတွက် တဘဝမျှ အကျိုးပေးနိုင်သော ခေတ်မှီ ပညာကား ဟုတ်လောက်စရာ ရှိပါ၏။ သို့သော် ထိုပညာ၌ မဂ်ဖိုလ်နိဗ္ဗာန် ယုံကြည်ဘို့ ဉာဏ်ကို မဆိုထားဘိ၊ ကံနှင့် ကံ၏အကျိုးကို နားလည်စေနိုင်သော ပညာပင် ပါရှိ၏လော၊ ထိုသို့ မပါလျှင် နတ်ပြည် ဗြဟ္မာပြည် ဆိုတာ ယုံကြည်ဦးမှာလော၊ နတ်ပြည် ဗြဟ္မာပြည်ကို မယုံလျှင် ငရဲ ပြိတ္တာကို ယုံဦးမည်လော၊ ထိုသို့ မယုံသူသည် ရဟန်း သံဃာတို့အား ပစ္စည်း ၄-ပါး မဆိုထားဘိ ဝမ်းဝရုံမျှ ဆွမ်းပေးဘို့ သတိရပါဦးမည်လော။
၇။ ထို့ပြင်-ယခု ပညာသင်နေသော ကလေးများ ကြီးရင့်သောအခါ ရှေးတုန်းကလို မိဘ အမွေအနှစ်ကို များများစားစား ရကြန်တော့မည် မဟုတ်၊ သူတို့၏ ကျောင်းစရိတ်ကိုပင် များစွာသော မိဘတို့ မနိုင့်တနိုင် ကြိုးစားနေကြရလေပြီ၊ လူတို့၏ အသုံးအဆောင် အလှအပ ပကာသန တွေကလည်း တစထက် တစ တိုး၍တိုး၍လာတော့သည်၊ ယခု ကလေးများ ကျောင်းမှထွက်၍ အသက်မွေးသောအခါ သူတို့၏ ပညာသည် သူတို့၏ အိမ်သူ အိမ်သားများပါ ဝမ်းဝ၍ ခါးလှရုံကိုပင် အင်မတန် ကြိုးစားနိုင်မှ (သို့မဟုတ်-မတရားရှာနိုင်မှ) တော်ရုံ ကျပေလိမ့်မည်။ ထိုမျှလောက် အသက်မွေးခဲယဉ်းချိန်ဝယ် အဘယ်မှာလျှင် သာသနာကို ထောက်ပံ့နိုင်တော့မည်နည်း။
၈။ တနည်း စဉ်းစားပြန်လျှင်-သာသနာ့ ဝန်ထမ်း ရဟန်းတော်တို့မှာ ကလေးများကို ဘာသာရေး အဝါးဝ၍ လောကီ အသက်မွေးဝမ်းကျောင်း အခြေခံရအောင် သင်ပြဘို့တာဝန် ရှိနေ၏၊ အရာရာ ပြုပြင်လျှင် သင်ပြနိုင်မည့် အခြေအနေလည်း လုံလုံလောက်လောက်ရှိ၏။ သို့သော် ယနေ့တိုင်အောင် (အချို့ ကျောင်းများမှ တပါး အများပြားက) မစဉ်းစားကြသေးချေ။ ထိုသို့ မစဉ်းစားရုံမက အသွား အလာ အနေ အထိုင်မှစ၍ ခေတ်လူတို့၏စိတ်ကို ဆွဲငင်နိုင်လောက်အောင် မကြိုးစားကြသဖြင့် ခေတ်ပညာတတ်သူတို့၏ အထင်သေး အမြင်သေးကိုသာ အများစုက ခံနေရလေသည်။ သို့ဖြစ်လျှင် ထိုခေတ်ပညာတတ် လူအများသည် ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို အားပေးလိုကြလိမ့်မည်လော၊ ဤအချက်များကို တွေးပြန်သော် သာသနာဆုတ်ယုတ်ဘို့ အရေးသာလျှင် နီးသည်ထက် နီးလာသည်ကို တွေ့ရပါသည်။
၉။ နောက်လာမည့် ဘဝ၌ လူများစုက လူကောင်း သူကောင်း ဖြစ်ဘို့လည်း မလွယ်ကူတော့ချေ၊ ထင်ရှားစေအံ့-လူကောင်း သူကောင်း ခေတ်သည် မေတ္တာ, ကရုဏာ၊ မုဒိတာ ဤ တရား ၃-ပါး ထွန်းကားသော ခေတ်တည်း၊ ယခု မျက်မြင်မှာကား တယောက်အပေါ် တယောက်က ကောင်းကျိုးလိုလားသော မေတ္တာစစ် နည်းပါးလှလေပြီ။ မေတ္တာ မရှိလျှင် ဆင်းရဲသူကိုမြင်၍ သနားသော ကရုဏာနှင့် ချမ်းသာသူကို မြင်၍ ဝမ်းမြောက်သော မုဒိတာလည်း မဖြစ်နိုင်တော့ပါ၊ ယခု ဖြစ်နေ သည်မှာ တယောက် ကောင်းစားသည်ကို အခြားတယောက်က မနာလိုသော ဣဿာ မိမိကဲ့သို့ ကြီးပွားမည်ကို စိုးသော မစ္ဆရိယ, အထက်တန်း ရောက်နေသူက စိတ်ကြီးဝင်သော အထက်တန်းမာန, အောက်ကျ သူကလည်း “ဘာ အရေးစိုက်ရမှာတုန်း” ဟူသော အောက်တန်း မာနတွေ ဝေဆာလျက် ရှိလေသည်။
၁၀။ ထို့ပြင် လိုချင်ဘွယ် အာရုံ ခံစားဘွယ် ကာမဂုဏ်တွေလည်း တနေ့တခြား တိုးပွား၍ လာရကား (မီးသည် လောင်စာရှိသလောက် လိုက်၍ လောင်သလို) ယခု လူတို့ သန္တာန်၌ လောဘကလည်း အာရုံများ သလောက် ကြီးမား၍ လာလေသည်၊ လောဘ အလိုကို မဖြည့်နိုင်သောအခါ သတ်မှု ဖြတ်မှု တိုက်ခိုက်မှု စစ်ဖြစ်မှုတိုင်အောင် ဒေါသတွေလည်း တရှူးရှူး တရှဲရှဲနှင့် တကဲကဲဖြစ်၍ နေလေတော့၏၊ ဤသို့ အကောင်း တရားတွေ ထွန်းကားနေသော ယခုခေတ်မှာပင် လူကောင်း သူကောင်း ရှားပါးနေရကား နောက်ကာလဝယ် အဘယ်မှာ ယခုထက် ပို၍ မဆိုးဝါးဘဲ နေတော့မည်နည်း။
၁၁။ ထိုသို့ လူကောင်း သူကောင်း အလွန်နည်းပါးမည့် နောက်ကာလ၌ မိဘကောင်း ဆရာကောင်းလည်း ရနိုင်တော့မည် မဟုတ်ပါ။ ထိုသို့ အားကိုးစရာ မိဘကောင်း ဆရာကောင်း မရှိဘဲ မတရားလူများ၏ အလယ်မှာ မိမိတယောက်တည်း လူကောင်းကလေး ဖြစ်ဘို့လည်း မလွယ်ကူပါ၊ ထို့ကြောင့် နတ်ပြည်မှာ မှိုင်းတိုက်မည့် အာရုံများ၌ သွားဘို့ ခက်သလို လူ့ပြည်မှာလည်း အကုသိုလ် ထွန်းကားတော့မည့်အတွက် လူပြန်ဖြစ်ဘို့ ခက်လှပါတော့သည်။
၁၂။ ဤနေရာဝယ် မိမိစဉ်းစားမိသော အကြောင်းတခုကို ညွှန်ပြပါမည်။ လွန်ခဲ့သော (၁၃၁၉-ခု) ပြာသိုလက ရန်ကုန်သို့ သိမ်သမုတ် ကိစ္စဖြင့်သွား၍ ပြန်မည့်နေ့ဝယ် ဘူတာကြီး၌ အကြောင်းအားလျော်စွာ စောစောရောက်နေ၏၊ မီးရထား တွဲထိုးမည့် နေရာဘက်ကို ကျောပေးလျက် လိုက်ပို့သော ဘုန်းတော်ကြီးတပါးနှင့်အတူ စကား ပြောနေစဉ် ရထားတဲ့ထိုးသဖြင့် လူအများလှုပ်ရှားသံကြား၍ စကား ဖြတ်ပြီး လှည့်၍ ကြည့်လိုက်ရာ နေ့စဉ် ထုံးစံအတိုင်း အလုယက် နေရာယူနေကြသော လူအများကို မြင်ရပါသည်။
၁၃။ ထိုအခါ စဉ်းစားမိသည်မှာ ဤလူများ၏ အကြာဆုံး ရထားစီးရမည့် အချိန်မှာ ၂-ရက်နီးနီးနှင့် တညဖြစ်၏၊ ထိုအချိန် အတွင်း၌ နေရာကောင်း မရလျှင် ဆင်းရဲမည်စိုး၍ အလုအယက် နေရာယူကြသည်၊ တချို့လည်း ငွေပိုပေး၍သီးခြားနေရာရအောင် ကြိုးစားရသည်။ ထိုမျှမက, ရထားပေါ်မှာ စိတ်ချရသော အဖော်ကိုလည်း ရှာကြသေးသည်၊ မတော်များ နေရာကောင်း မရပြန်လျှင် အလွန်ပင် စိတ်မကောင်းဖြစ်၏။ မိမိနေရာ အနီးက လူကို ကြည့်၍ ရိုးသားပုံမရလျှင်လည်း တလမ်းလုံး စိဘ်မချကြ။
၁၄။ ဤ ၂-ရက် တည အချိန်အတွင်း ဆင်းရဲမည့် အရေးကို တွေးကာ ဤမျှလောက် နေရာကောင်း ကြိုးစား သူတို့သည် နေနောက်ဘဝ-ဟို နောက်နောက် ဘဝတို့အတွက် နိဗ္ဗာန်အထိ နေရာကောင်း အဖော်ကောင်း ရအောင် အဘယ့်ကြောင့် မကြိုးစားဘဲ အေးစက်စက် နေကြပါလိမ့်မည်နည်း၊ မတော်တဆ ခြေချော် လက်ချော် ဆိုသလို အပါယ် ၄-ပါးရောက်သွားရလျှင် တဘဝလုံးဆင်းရဲရုံမက အဆက်ဆက် အကုသိုလ်တိုးပွား၍ အဆက်ဆက် နေရာကောင်းမရဘဲ ရှိနိုင်သည်။ လူ့ဘဝ ရောက်သော်လည်း လူနုံ လူမွဲ လူဆင်းရဲဖြစ်၍ တဘဝလုံး အောက်ကျနောက်ကျ ဒုက္ခရောက်နိုင်သည်။ သို့ပါလျက် ရထားစီးဘို့ ခရီးတိုကလေးအတွက် ကြိုးစားသလောက် နောက်ဘဝ၌ နေရာကောင်းရအောင်ကြိုးစားဘဲ နေကြခြင်းကား ထိုင်းမှိုင်းတွေဝေ အရှည်ကို မျှော်တတ်သော အသိဉာဏ်ကင်း၍ ဖျင်းလွန်းညံ့လွန်း လေစွကား၊ ဤသို့စဉ်းစားကာ ဤအကြောင်းကိုပင် လိုက်ပို့သော ဘုန်းတော်ကြီးအား ပြောပြမိခဲ့ပါသည်။
၁၅။ ပြခဲ့သော စဉ်းစားဘွယ်တို့ကို ဤကျမ်းစာရှုသူများလည်း လေးလေးနက်နက် စဉ်းစား၍ လက်လှမ်းမှီတရားထူးကို ရအောင်သော်လည်း ကြိုးစားသင့်ကြ၏၊ ရှေးဘဝက အထုံဝါသနာ ပါခဲ့သည့်အတိုင်း အထက်တန်း ပါရမီကို ဖြည့်ကျင့်နေသူ ဖြစ်လျှင်လည်း အကုသိုလ် နည်းအောင် သတိထား၍ ဒါနသီလ စသော ပါရမီများကို အနှစ် အမတေဖော်တည်လျက် မပျက်နိုင်အောင် အလွန်ကြိုးစားသင့်၏၊ ထိုသို့ ကြိုးစားလျှင် နတ်ပြည်၌လည်း နတ် သူတော်ကောင်း လူ့ပြည်၌လည်း ထူးခြားသော လူ သူတော်ကောင်းဖြစ်၍ (ရှေး အလောင်းတော်တို့ သာသနာပ၌ပင် ပါရမီများစွာ ဖြည့်ကျင့်တော်မူ ကြသကဲ့သို့) ရင့်သည်ထက် ရင့်အောင် ပါရမီ ဖြည့်ကျင့်နိုင်ကြပါလိမ့် သတည်း။
နောက်ဆက်တွဲပြီး၏။
ဗြဟ္မာ့စည်းစိမ်
ဗြဟ္မာပြည် ရောက်ရန် ဈာန်ကို အားထုတ်စဉ်ကပင် လောကီ အာရုံ ကာမဂုဏ်နှင့် လူသူထူထပ်သော မြို့ ရွာ အိမ် ကျောင်းတို့ကို ရှောင်ရှား၍ ဆိတ်ဆိတ်ငြိမ်ငြိမ် နေထိုင်အားထုတ် ရသောကြောင့် ထိုဈာန်ကုသိုလ်တရားတို့အတွက် ဗြဟ္မာပြည်၌ ဖြစ်ကြရသော ဗြဟ္မာတို့လည်း လွန်စွာ ငြိမ်သက်ကြ ပေသည်၊ သားသီးဇနီးမောင်နှံဟူ၍ မရှိကြ၊ အားလုံးဗြဟ္မာတို့မှာ ယောက်ျား သဏ္ဌာန်ရှိသော်လည်း ယောကျ်ားအင်္ဂါနှင့် မိန်းမအင်္ဂါတို့ မပါကြန်တော့ချေ၊ သို့အတွက် ကာမဂုဏ်ချမ်းသာကို ခံစားခြင်းမရှိကြ၊ ဈာန်ကို အားထုတ်စဉ် (လူ့ဘဝ)တုန်းကပင် ကာမဂုဏ်အပြစ်ကို နှစ်နှစ်ကာကာ မြင်ခဲ့ပြီးဖြစ်သောကြောင့် ကာမစိတ်ဓာတ်များလည်း လုံးဝမဖြစ်အောင် ငြိမ်ဝပ်လျက် ရှိကြလေသည်။
ထို့ကြောင့် နတ်ဘုံနတ်နန်းတို့ထက် ခမ်းနားလှသော ဗိမာန်ဥယျာဉ်တွင် တကယ့် ယောဂီ သူတော်စင်များ နေသလို တချို့က မေတ္တာ စသော ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ, တချို့က ဈာန်ဝင်စားလျက် ငြိမ်သက် ဧချမ်းစွာ စံမြန်းနေကြလေသည်။ သို့သော် လူ့ပြည်၌ အတန်းအစားခြား သကဲ့သို့ ဗြဟ္မာချင်းလည်း အတန်းအစား ကွာခြားနေရ အချို့ ဗြဟ္မာက ဗြဟ္မာမင်း (ဗြဟ္မာဘုရင်) ဖြစ်ကြ၍ တချို့က ဗြဟ္မပုရောဟိတ် (ဗြဟ္မာမင်း၏ အမတ်)များ ဖြစ်ကြပြီးလျှင် တချို့ကမူ ဗြဟ္မာမင်း၏ အခြွေအရံ ပရိသတ်များ ဖြစ်ကြလေသည်။ [ဗြဟ္မာမင်းကို အောက်တန်း ဗြဟ္မာတို့က (တမင်မပြလျှင်) မမြင်နိုင်ကြ။]
အသညသတ်ဗြဟ္မာ။ ။ လူ့ပြည်တုန်းက ထုံးစံအတိုင်း ဈာန်ရပြီးသောအခါ တချို့က “စိတ်ဝိညာဉ်နှင့် အမှတ်သညာ ရှိ၍သာ မြင်ချင် ကြားချင် နံချင် စားချင် တွေ့ထိချင် သိချင်သော သဘောများ ဖြစ်နေရသည်၊ စိတ်နှင့် သညာသာ မရှိပါလျှင် အင်မတန် အေးမြပေလိမ့်မည်”ဟု စိတ်နှင့် သညာတို့ အပေါ် အတော်များစွာ အပြစ်မြင်နေ၏၊ ထိုသို့ အပြစ် မြင်သည့် အတိုင်းပင် “စိတ်သည် စက်ဆုပ်ဘွယ်, စိတ်သည် စက်ဆုပ်ဘွယ်”ဟု ကြပ်ကြပ် အပြစ်ရှုမိသောအခါ “သညာဝိရာဂ ဘာဝနာ” ခေါ် စိတ်သညာနှင့် နာမ် အားလုံးကို ရွံမုန်းသော ကမ္မဋ္ဌာန်းတမျိုး ပေါက်လေသည်။ ထိုပုဂ္ဂိုလ် စုတေလျှင် အသညသတ် ဗြဟ္မာဘုံ၌ဖြစ်၍ ကမ္ဘာ ၅၀၀-ခန့် ဘာကိုမျှ မသိတော့, ရွှေရုပ်ကြီးကဲ့သို့ တချို့က မတ်မတ်ရပ် တချို့က ထိုင် တချို့က အိပ်လျက် နေလေ၏။
အရူပဗြဟ္မာ။ ။ဤ ဗြဟ္မာလောင်းတို့ကမူ စျာန်ရိုးရိုး ရပြီးနောက် “ရုပ်ခန္ဓာကြီး ရှိနေ၍သာ အရာရာအပြစ်များ ဆင်းရဲဒုက္ခ များရလေသည်။ စိတ်ဝိညာဉ် နာမ်တရားချည်းသာရှိနေပါမူ လွန်စွာချမ်းမြပေလိမ့်မည်”ဟု ရုပ်ကို အပြစ်ရှုကာ ဘာဝနာပွားများသောအခါ “ရူပဝိရာဂ ဘာဝနာ” ခေါ်သော ရုပ်ခန္ဓာကိုရွံမုန်းသော ကမ္မဋ္ဌာန်းတမျိုး ပေါက်လေသည်၊ ထိုပုဂ္ဂိုလ် စုတေလျှင် အရူပဘုံဟု ခေါ်သော ကောင်းကင်ပြင်ဝယ် ကမ္ဘာပေါင်းများစွာ ရုပ်ခန္ဓာမပါဘဲ စိတ်ဝိညာဉ်ချည်းသာ တည်ရှိလေ၏၊ ဤ စိတ်ဝိညာဉ် အစဉ်ကိုပင် အရူပဗြဟ္မာဟု ခေါ်ဝေါ်ရလေသည်။ [ဘာသာခြားတို့ကမူ ဤ ဗြဟ္မာ ၂-မျိုးကို ယုံကြည်ဘို့ ခဲယဉ်းပေလိမ့်မည်။]
ဗြဟ္မာ့ပြည် တဝင်းဝင်း ဝက်စားကျင်း တရှုပ်ရှုပ်။ ။ ဗြဟ္မာ့ပြည်၌ ဗြဟ္မာ ဖြစ်ရသူတို့သည် အရိယာအဖြစ်သို့ ရောက်လျှင် (မဂ်ဖိုလ်ရလျှင်) ထိုဗြဟ္မာ့ဘုံမှ အောက် ကာမဘုံသို့ ပြန်၍ ပဋိသန္ဓေ မနေရဘဲ အဆင့်ဆင့် ရင့်ကာ ရဟန္တာဖြစ်၍ နိဗ္ဗာန် စံကြလေတော့သည်၊ အရိယာ မဖြစ်သေးလျှင်ကား သူတို့၏ ဈာန်အဟုန် ကုန်သောအခါ လူ့ဘုံနတ်ဘုံဟူသော အောက်ကာမဘုံများ၌ တဖန်ပြန်၍ ပဋိသန္ဓေ နေကြရပြန်သည် သို့ရာတွင် ဈာန် မရမီက မိမိအားထုတ်ခဲ့သော ကုသိုလ်အဟုန်နှင့် ရုတ်တရက် အောက်တန်း မကျလှသေးဘဲ ဒွိဟိတ် တိဟိတ်ပုဂ္ဂိုလ် (ဒွိဟိတ် လူ နတ်-တိဟိတ် လူနတ်)များ ဖြစ်ပြီးလျှင် ထိုလူ နတ်အဖြစ်မှ တဆင့် ကံအကြောင်း မသင့်၍ လျှောကျရပြန်သောအခါ အပါယ် ၄-ပါး၌ ငရဲကောင် ပြိတ္တာကောင် တိရစ္ဆာန်ကောင်များလည်း ဖြစ်ခွင့်ရှိကြလေပြန်သည်။
ဆိုလိုရင်းကား-ပုထုဇဉ်အဖြစ်မှ တန်းမတက်သေးသူတို့သည် ဗြဟ္မာပင် ဖြစ်နေသော်လည်း နောက်တဖန် တိရစ္ဆာန်စသော အပါယ်ဘုံသား ဖြစ်နိုင်ရကား “ဗြဟ္မာ့ပြည်မှာ တဝင်းဝင်း” နေသော်လည်း တနေ့ကျလျှင် ဝက် တိရစ္ဆာန်လည်း ဖြစ်နိုင်၍ “ဝက်ကျင်းမှာ တရှုပ်ရှုပ်” နေခွင့်ရှိသေးသည်။ “ပုထုဇဉ် အဖြစ်ကား လွန်စွာစက်ဆုပ် ကြောက်ရွံ့ဘွယ် ကောင်းလေစွ” ဘုံဘဝတို့၏ အထက်ဆုံးဖြစ်၍ “ဘဝဂ်”ဟု ခေါ်သော ဗြဟ္မာဘုံသို့ တက် ရောက်နေသော်လည်း တနေ့ကျလျှင် ဒုဂ္ဂတိဘဝသို့ ရောက်ရသေးသည်း ယခု ခေတ်၌ ဒုန်းခေါ်သော အရာဝတ္ထုကို အထက်ကောင်းကင်သို့ တင်ပို့လိုက်သောအခါ အရှိန်ရှိသမျှ တက်သွား၍ ကောင်းကင်၌ လှည့်ပတ်ပြီးလျှင် အရှိန် ကုန်သောအခါ အောက်သို့ ပြန်၍ ကျရသကဲ့သို့ ထို့အတူ ဈာန်အရှိန် ကုန်သောအခါ အောက်ဘုံသို့သာ ပြန်ကြရသည်-ဟူလို၊ [ဘဝဂ္ဂ=ဘဝ+အဂ္ဂ၊ “ဘဝ=ဘုံဘဝတို့တွင်+ အဂ္ဂ= အထက်ဆုံးဘုံ” ဖြစ်သောကြောင့် “နေဝသညာ နာသညာယတန” ဘုံကို “ဘဝဂ်”ဟု ခေါ်သည်။]
ဥက္ခိတ္တာ ပုညတေဇေန, ကာမရူပဂတိံ ဂတာ။
ဘဝဂ္ဂန္တံပိ သမ္ပတ္တာ, ပုန အာယန္တိ ဒုဂ္ဂတိံ။
ပုညတဇေန၊ ကောင်းမှု ရှိန်စော် အာနုဘော်သည်။ ဥက္ခိတ္တာ၊ အခွင့် သင့်စဉ် မြှင့်တင်အပ်ကုန်သည်ဖြစ်၍။ ကာမရူပဂတိံ၊ ဘုံဆောင် ကြငှန်း ဗိမာန်နန်းတို့ တင့်ဆန်း နတ်ဘုံ ဗြဟ္မာဘုံသို့။ ဂတာ၊ ထိန်တဝင်းဝင်း အရှိန်ပြင်းလျက် ချဉ်းနင်း ရောက်ကြ, ပုထုဇဉ် ဟူသမျှတို့သည်။ ဘဝဂ္ဂန္တ၊ ဘုံပေါင်း တမွတ် တုဘက်လွတ်သည့် အထွဋ်ထက်ခြုံ ဘဝဂ်ဘုံသို့။ သမ္ပတ္တာပိ၊ ကမ္ဘာမြောက်အများ, အောက်မသွားဘို့ ထောက်ထားပလေ, ရောက်သွားကြ စေကာမူ။ ဒုဂ္ဂတိံ၊ ဒုက္ခအဖုံဖုံ မျိုးပေါင်း စုံသည့် တလုံလဲလဲ အပါယ်ထဲသို့။ ပုနအာယန္တိ၊ ကောင်းမှု နုံဖျင်း, အဟုန် ကင်းက, ဒုန်ရင်းတဖန် ရောက်ကြရ ပြန်လေသတည်း။
ဘုံနှင့်စပ်၍ အရပ်ရပ် မှတ်ဘွယ် ပြီးပြီ။
နိဗ္ဗာန်အကြောင်း
နိဗ္ဗာန်အကြောင်းကို ရေးသားလျှင် ကြောင်းကျိုးစုံလင်အောင် ကျယ်ဝန်းစွာရေးမှ တာဝန်ကြေပေလိမ့်မည်။ ဤစာအုပ်၌ကား ထိုမျှလောက် ကျယ်ဝန်းရေးခွင့်မရ၊ “အနည်းငယ်မျှ မထိတထိ ရေးခြင်းထက် လုံးလုံး မရေးခြင်းက သင့်တော်သေး၏”ဟု သဘောရ၍ နိဗ္ဗာန်အကြောင်းကို (ရှေးရိုက် စာအုပ်များ၌) လျစ်လျူရှုခဲ့ပါသည်။ သို့သော် အထိုက်အလျောက်သိနှင့် ကြဘို့ရန် ၁၃၂၀-ခုရိုက် စာအုပ်၌ကား သဂြိုဟ်ဘာသာဋီ၌ ပါသော ဥပသမာနုဿတိ ခဏ်းကို ထည့်သွင်းပြလိုက်ပါသည်။
ဥပသမာနုဿတိ။ ။နိဗ္ဗာန်၏ ချမ်းသာအေးမြ သန္တိသုခရှိပုံကို အဖန်ဖန် အောက်မေ့ခြင်းသည် ဥပသမာနုဿတိမည်၏၊ နိဗ္ဗာန်တရားကို ရုပ်ဝိသေသ နာမ်ဝိသေသဟုလည်းကောင်း, ခန္ဓာကိုယ်တွင်း၌ အနှစ်အမြုတေအလား မြဲခိုင်သော နိစ္စတရားရှိ၏၊ ရုပ်နာမ်တရားများ ချုပ်ပျောက်သောအခါ ထိုအနှစ်အမြုတေသာ အဖတ်တင်ရစ်၏၊ ထိုအနှစ် အမြုတေအဖြစ်ဖြင့် တည်နေရခြင်းသည်ပင် နိဗ္ဗာန်တည်းဟုလည်းကောင်း, နိဗ္ဗာန်၌ ရုပ်နာမ်မရှိ၍ ခံစားခွင့် မရလျှင် အဘယ်မှာ ချမ်းသာဟု ဆိုနိုင်ပါအံ့နည်းဟုလည်းကောင်း, မိမိတို့ ထင်ရာ မြင်ရာ ပြောဆို ရေးသား ကြ၏၊ တစ်စုံတစ်ခုသော အာရုံ၏ အကြောင်းကို ထိုအာရုံ ရရှိဖူးသူသာလျှင် ပိုင်ပိုင်နိုင်နိုင် သိမြင်နိုင်ရိုးရှိ သကဲ့သို့, နိဗ္ဗာန်၏ အကြောင်းကိုလည်း နိဗ္ဗာန်ရပြီးသော အရိယာတို့သာ ပိုင်နိုင်စွာ သိမြင်နိုင်ပေသည်၊ ယခု ပုထုဇဉ်တို့၏အတွေးဖြင့် လေးနက်သောနိဗ္ဗာန်ကို အမှန် မထိမိနိုင်ရာ၊ သို့သော် ကျမ်းဂန်လာ သာဓကယုတ္တိ ကို ချိန်ဆ၍ ဉာဏ်မြင်သမျှ ရေးပြပါဦးအံ့။
နိဗ္ဗာန်ဟူသည် စိတ် စေတသိက် ရုပ်ပရမတ်တို့မှ သီးခြားဖြစ်သော ပရမတ်တရားတည်း၊ ထို့ကြောင့် ရုပ် နာမ် သင်္ခါရနှင့် လုံးဝဆက်သွယ်ခြင်း မရှိရကား ရုပ်ဝိသေသ နာမ်ဝိသေသ မဟုတ်နိုင်ပါ၊ အဇ္စျတ္တ ဗဟိဒ္ဓနှစ်မျိုးတွင် "ဗဟိဒ္ဓါ ဓမ္မာ" ဟူသော မာတိကာပုဒ်အရတွင် ပါဝင်သော ဗဟိဒ္ဓတရားဖြစ်သောကြောင့် ခန္ဓာကိုယ်အတွင်း၌ အနှစ်အမြုတေအဖြစ်ဖြင့် တည်ရှိသော ဓာတ် တစ်မျိုးလည်း မဟုတ်နိုင်ပါ၊ နိဗ္ဗာန်သည် ပုဂ္ဂိုလ် သတ္တဝါကဲ့သို့ ခံစားတတ်သော တရားလည်း မဟုတ်, ရူပ သဒ္ဒစသည်အာရုံ ကာမဂုဏ်ကဲ့သို့ ခံစားအပ်သော တရားလည်း မဟုတ်ရကား နိဗ္ဗာန်၌ ဝေဒယိတသုခ မရှိသည်မှာ အမှန်ပင်တည်း၊ သို့သော် ဝေဒယိတသုခထက် အဆပေါင်းများစွာ သာလွန်သော သန္တိသုခသာ ရှိသည်မှာ အမှန်ပင်တည်း။
ချဲ့ဦးအံ့ –ခံစားမှုဟူသော ဝေဒယိတသုခသည် ခံစား စံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ် အသစ်ရအောင် ထူထောင်ရ၏၊ ထိုအသစ်အသစ်ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ၊ ထိုဒုက္ခဖြင့် ထူထောင်ပြီးနောက် ပေါ်ပေါက်ရရှိသော သုခကလေးဖြင့် တင်းမတိမ်နိုင်ကြ သောကြောင့် အပိုအမို အကြွေးယူကာ မတရားခံစားမှုအတွက် အပါယ်သွား၍ သုခအကြွေးကို အတိုးနှင့် တကွ ဒုက္ခဖြင့် ဆပ်ကြရသည်မှာ တွေးမိတိုင်း ဝမ်းနည်းစရာကြီးပေတည်း၊ ထိုကဲ့သို့ ခံစားမှုသုခနှင့် မရောသော သန္တိသုခသဘောကား ရုပ်နာမ်သင်္ခါရတို့ ချုပ်ငြိမ်းသဖြင့် အေးမြငြိမ်းချမ်းခြင်းသဘောပေတည်း၊ ထင်ရှားစေအံ့-လောကီအာရုံ ကာမဂုဏ်တွေ ပြည့်စုံလှသော သူဌေးတစ်ယောက်သည် အားရပါးရ အိပ်ပျော် ၍နေစဉ် လောကီအာရုံများကို ပြင်ဆင်၍ အစေခံတို့က နှိုးလာသောအခါ "အအိပ် ဖျက်ရမည်လား" ဟု ကြိမ်းဝါး မောင်းမဲမည်သာတည်း၊ ထိုသူ အိပ်နေစဉ် ခံစားမှု အထင်အရှား မရှိ၊ သို့ပါလျက် ငြိမ်းချမ်းစွာ အိပ်နေရမှုကိုပင် ခံစားမှုသုခတွေထက် နှစ်သက်ပေသေးသည်၊ ထိုခံစားမှု မပါသော အိပ်ပျော်မှုသုခကိုပင် "အိပ်ရကောင်းလိုက်တာ" ဟု အမွှန်းတင်ကြသေး၏၊ ထို့ကြောင့် ရုပ် နာမ်အားလုံးကင်း၍ ငြိမ်းချမ်းခြင်း သန္တိသုခကား မည်မျှလောက် မွန်မြတ်လိမ့်မည်ကို မှန်းဆသင့်တော့သည်။
ဆက်ဦးအံ့ –အနာဂါမ် ရဟန္တာအရှင်မြတ်တို့သည် ရုပ် နာမ်ခန္ဓာကြီးကို လေးလံလှစွာသော ဝန်ထုပ်ကြီး ကဲ့သို့ မှတ်ထင်တော်မူကြသဖြင့် ရုပ်နာမ်ခန္ဓာမှ ကင်းနိုင်သမျှ ကင်းဖို့ရာ နိရောဓသမာပတ်ကို ဝင်စားတော်မူ ကြ၏၊ ထိုသမာပတ်အတွင်း၌ ခံစားမှု လုံးဝမရှိ, စိတ် စေတသိက်တည်းဟူသော နာမ်တရားနှင့် အချို့ရုပ်များ အသစ်မဖြစ်ကြဘဲ ရပ်စဲနေခြင်းသာတည်း၊ ထိုကဲ့သို့ ရုပ်နာမ် အချို့တို့ ချုပ်ငြိမ်းနေခြင်းကိုပင် အင်မတန့် သုခကြီးဟု သဘောရ၍ နိရောဓသမာပတ်ကို ဝင်စားတော်မူကြပေသည်၊ ထို့ပြင်-အသညသတ် အရူပဗြဟ္မာ တို့၏ အဖြစ်သနစ်ကို စဉ်းစားပြန်လျှင်လည်း သန္တိသုခ၏ အေးမြငြိမ်းချမ်းပုံသည် ထင်ရှားပြန်၏၊ အသညသတ် ဗြဟ္မာတို့၌ နာမ်တရား မရှိ, ခံစားမှု မရှိ, ကမ္ဘာ(၅၀၀)ခန့်မျှ နာမ်တရားတို့မှာ ငြိမ်းချမ်းလျက် နေရ၏၊
အရူပဗြဟ္မာတို့၌ ရုပ်တရားတို့မှ အေးမြငြိမ်းချမ်းလျက်ရှိ၏၊ အထက်ဆုံး အရူပဗြဟ္မာ့သန္တာန်ဝယ် ဖြစ်ခွင့်ရှိ နေသော နာမ်တရားသည်ပင် အလွန်နည်းပါးလှချေပြီ၊ ရဟန္တာဖြစ်လျှင် မနောဒွါရာဝဇ္ဇန်း, မဟာကြိယာ(၈), နေဝသညာနာသညာယတနဝိပါက်(၁), ကြိယာ(၁), အရဟတ္တဖိုလ်စိတ်(၁)အားဖြင့် ယှဉ်ဖက်စေတသိက် များနှင့်တကွ စိတ်ပေါင်း(၁၂)ပါးသာ ဖြစ်ခွင့်ရှိတော့၏၊ ထို(၁၂)ပါးလည်း တစ်ခုစီဖြစ်နေရကား ထိုရဟန္တာ ဗြဟ္မာကြီး၌ ထိုစိတ်ကလေးတစ်ခု နောက်ထပ်မဖြစ်လျှင် ရုပ်နာမ်အားလုံး ချုပ်ငြိမ်းရတော့၏။ ထိုအခါ "သန္တိသုခ" ခေါ်သော နိဗ္ဗာနဓာတ် တရားမြတ်သည် မုချဆတ်ဆတ် ထင်ရှားတော့လတ္တံ့၊
ထိုသန္တိသုခ နိဗ္ဗာနဓာတ်သည် ဘာမျှမရှိသော အဘာဝပညတ် မဟုတ်ပါ၊ အများဆိုင် ဘုံတရားကဲ့သို့ တစ်ပါးတည်းလည်း မဟုတ်ပါ၊ ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် အသီးသီး ရှိကြ၏၊ ထို့ကြောင့် အရိယာအရှင်မြတ်တို့သည် ခန္ဓာကိုယ်ဒြဗ် ထင်ရှားရှိစဉ် မိမိတို့နိဗ္ဗာန်ကို အာရုံပြုလျက် ဖလသမာပတ် ဝင်စားတော်မူကြပေသည်၊ ထိုဖလသမာပတ် ဝင်စားခိုက်ဝယ် နိဗ္ဗာန်ကို အာရုံမှန်းလျက် စိတ်တမ်း၍ နေရ ခြင်းသည်ပင် အင်မတန်ချမ်းသာကြသတဲ့။ ထေရာ ထေရီ အလီလီတို့ ရွှေပြည်နိဗ္ဗာန် ဝင်စံခါ နီးဝယ် ဥဒါန်းဂါထာများကို ကျူးကာ ကျူးကာဖြင့် ရုပ်နာမ်ခန္ဓာကို အားရပါးရ စွန့်ပစ်ခဲ့ကြပေသည်၊ ရဟန္တာ အရှင်မြတ်တို့၏ ရုပ်နာမ်စွန့်ကြပုံကို စဉ်းစားလျှင် ရုပ်နာမ်ကို ခင်မင်နေသော ငါတို့လို ပုထုဇဉ်များအတွက် ရှက်ဖွယ်ကြီးပါတကား။
သဒေဝကဿ လောကသာ, ဧတေ ဝေါ သုခသမ္မတာ၊
ယတ္တစေ တေ နိရုဇ္ဈန္တိ၊ တံ တေသံ ဒုက္ခသမ္မတံ။
သဒေဝကဿ၊ ဗြဟ္မာ သကြား, နတ် အများနှင့်တကွ ဖြစ်သော။ လောကဿ၊ ပုထုဇဉ်ဉာဏ်မြင်ပေတုံး တလောကလုံးသည်။ ဧတေ၊ ရူပ သဒ္ဒ စသည်အာရုံ ဤ ကာမဂုဏ်တို့ကို။ သုခသမ္မတာ၊ ချမ်းသာဘွယ်တောင်း အကောင်းဟု သမုတ်အပ်ကုန်ပြီ။ ယတ္ထ၊ အရိယာအများ, အလွန် လေးစား သည့် တရားမျက်ရှင် အကြင်သို့သော နိဗ္ဗာန်၌။ တေ၊ ရူပ သ စသည့် အာရုံ ဤ ကာမဂုဏ်တို့သည်။ နိရုဇ္ဈန္တိ၊ ကွယ်ပျောက်ချုပ်ငြိမ်း ရုပ်သိမ်းရလေ ကုန်၏။ တံစ၊ ကာမဂုဏ် အားလုံး ပြုတ်ပြုတ်ပြုန်းလျက် ဆုံးရာအမှန် ထိုနိဗ္ဗာန် ကိုကား။ တေသံ၊ ထို ဉာဏ်မြင်ပေတုံး ပုထုဇဉ် အားလုံးတို့သည်။ ဒုက္ခသမ္မတံ၊ ခံစားဘွယ်အချက် ကင်းသည့် တွက်ကြောင့်, သက်သက်ရှုတ်ချ၍ ဒုက္ခဟု သမုတ်အပ်လေသတည်း။ [ဧတေဝေါ၌ ဝေါအတွက် အနက်မရှိ၊]
သုခံ ဒိဋ္ဌမရိယေဘိ သက္ကာယဿ နိရောဓနံ၊
ပစ္စနီကမိဒံ ဟောတိ သဗ္ဗလောကေန ပဿတံ။
သက္ကာယဿ၊ ပရမတ္ထအားဖြင့် ထင်ရှားဘိတောင်း, ခန္ဓာငါးပါး အပေါင်း၏။ နိရောဓနံ၊ ကင်းပျောက်ချုပ်ငြိမ်း, ရုပ်သိမ်းရာဖြစ်သော။ သုခံ၊ နိဗ္ဗာနဓာတ် ချမ်းသာမြတ်ကို။ အရိယေဘိ၊ အရိယာအရှင် သူတော်စင် တို့သည်။ ဒိဋ္ဌံ၊ ဉာဏ်စက္ခုဖြင့်, စေ့ငုထင်ထင် သိမြင်အပ်ပေပြီ။ ဣဒံ၊ များပုထုဇဉ် ဉာဏ်အမြင်ဖြင့် မမြင်နိုင်တန် ဤနိဗ္ဗာန်ကို။ ပဿတံ၊ တပ်အပ် ထင်ထင် ကိုယ်တိုင်မြင်သည့် အရှင်အပေါင်း သူတော်ကောင်းတို့မှာ။ သဗ္ဗ လောကေန၊ အဝိဇ္ဇာဖုံး, တဏှာတုံး အားလုံး လောက, ဟူသမျှနှင့်။ ပစ္စနီကံ ဟောတိ၊ ကျောချင်း ကပ်ယှဉ် ပြေးကြအင်သို့ အစဉ်ဆက်ဆက် ဆန့်ကျင်ဘက်အနေ, ဖြစ်ရလေတော့သတည်း။ သဠာယတနသံယုတ် ဒေဝဒဟဝဂ်။
ကျမ်းပြီး နိဂုံး
ကိုယ့်တာဝန်။ ။ ဤမျှလောက်သော စကား အစဉ်ဖြင့် ကိုယ်ကျင့်တရား သိဘွယ်များကို နားလည်လောက်ကြပေပြီ၊ တတ်သိ နားလည်မှုမှာ ကျမ်းစာ၏တာဝန်ဖြစ်၏၊ တတ်သိနားလည်သည့်အတိုင်း သတိထားမှု စောင့်စည်းမှု, ကြိုးစားမှုတို့ကား ကျမ်းစာရှု သူတို့၏တာဝန် ဖြစ်၏၊ “ယခုအခါ ကျမ်းစာ၏ တာဝန် ကျေပွန်လောက်ပြီဖြစ်၍ ကျမ်းစာရှုသူတို့၏ တာဝန်သာ လိုတော့သည်”ဟု ဆိုလိုပါသည်။
အသိနှင့် ကိုယ်ကျင့်။ ။ အသိသည် အသိသာ, ကိုယ်ကျင့် မဟုတ်၊ သိတိုင်း မကျင့်လျှင် သိနေရုံဖြင့် အကျိုးမရ၊ ကျမ်းစာတို့သည် သိအောင်သာ ညွှန်ပြနိုင်၏၊ ကျင့်၍ မပေးနိုင်ကြ။ ယခုကာလ စာပေလိုက်စားသူ အဆုံးအမများများ ခံရသူတို့သည် အသိမနဲကြချေ၊ သို့သော် ထိုသိသူ များတွင် အထိုက်အလျောက် စောင့်စည်းသူ သတိထားသူကား အလွန် နည်းပါး လှ၏၊ ထိုကဲ့သို့ လူစားတွေ ပေါများနေသော ဤလောကကြီးဝယ်လူကောင်း သူကောင်းများပင် စိတ်ကောင်းစားဘို့ ခဲယဉ်းလေတော့သည်။
မှန်၏-ဒါနပြုရာမှာပင် ပကာသန ဒါနတွေ ပေါများရကား ဒါနစစ်စစ် ပြုလိုပါလျက် ပတ်ဝန်းကျင် အခြေအနေကြောင့် မိမိလည်း ပကာသန ဒါနကိုသာ ပြုရတော့သဖြင့် သူတော်ကောင်း စစ်စစ်တို့၏ သွားရာလမ်းကြောင်း ဖြစ်သော ဒါနပါရမီ လမ်းကို ဖြောင့်တန်းအောင် မလိုက်နိုင်တော့ ထိုပကာသန ဒါနပြုသူများလည်း ပကာသနဒါန၏ အကျိုးမရကြောင်း (ရသော်လည်း အကျိုးနည်းကြောင်း)ကို သိကြ၏၊ သို့သော် ဂုဏ်ပကာသနကို မက်သော တဏှာ၏ စနက်ကြောင့် သိပါလျက်နှင့် မသိသူတို့၏ အလုပ်ကိုပင် လုပ်ကြရ လေတော့သည်။
ကျားငစဉ်းလဲအကြောင်း
ဟိတောပဒေသ၌ ကျားအိုကြီး စဉ်းလဲပုံကို ပုံဝတ္ထုလုပ်၍ ပြထားသည်မှာ အသိနှင့် ကိုယ်ကျင့် တခြားစီဖြစ်၍ နေကြောင်း ထင်ရှားစေတော့၏၊ ကျားကြီးကား အတော်အိုပြီ၊ ရှေးကလို သားကောင်များကို လျင်လျင်မြန်မြန် မဖမ်းနိုင်တော့ချေ၊ သို့ဖြစ်၍ တနေ့သ၌ တောသွား တောလာတို့ ကြားလောက်အောင် ဟစ်အော်သည်မှာ-
“အို...အို ခရီးသွားတို့ ဤ ရွှေလက်ကောက်ကို ယူလှည့်ပါကုန်”
ထိုစကားကို ခရီးသွားတယောက် ကြား၍ အနား လာပြီးလျှင်“ဘယ်မှာလဲ ရွှေလက်ကောက်”ဟု မေးသဖြင့် ကျားအိုကြီးကလက်ကို ဖြန့်၍ ရွှေလက်ကောက်ကို ပြသောအခါ ထိုခရီးသည်က “သူများအသက်ကို သတ်ဖြတ် စားသောက် လေ့ရှိသော အသင်၏ အနား၌ ဘယ့်နှယ်လုပ်ပြီး အကျွမ်းတဝင် ယူငင်ဝံ့ ပါမည်လဲ”ဟု ပြောလေသော်...
ကျားကြီးက ပြောသည်မှာ ကျွန်ုပ် ငယ်ရွယ်စဉ်က တရားကိုနားမလည်၍ သူများကို သတ်ဖြတ်ခဲ့၏၊ ထိုသို့ သူများကို သတ်ခဲ့မိ၍ “ကာလဝိပါက် နောက် ပိုးတက်”သဖြင့် ကျွန်ုပ် သားသ္မီးနှင့် မယားလဲဆုံးလို့ သံဝေဂ ဖြစ်နေတုန်းမှာ သူတော်စင်နှင့် တွေ့၍ “ယနေ့ကစပြီး အလှူဒါနပြုလျက် တရားကျင့်လာ”ဟု ဩဝါဒ ပေးခဲ့သောကြောင့် ထိုဩဝါဒအတိုင်း လိုက်နာနေထိုင်သူ ဖြစ်ပါတယ်၊ ကျွန်ုပ်ရဲ့ လက်သည်း ခြေသည်းနှင့် သွားများလဲ လျှောကျကုန်ပြီဖြစ်၍ အဘယ်မှာ ကြောက်ရွံ့စရာ ရှိပါမည်လဲ။
ကျွန်ုပ်မှာ လောဘဆိုလို အလွန် နည်းပါးနေပါပြီ၊ ကျွန်ုပ်၏ လက်မှာ ရှိနေသော ဤ ရွှေလက်ကောက်ကို တစုံယောက်အား ပေးချင်နေတာကို ကြည့်ပါတော့၊ သည်တော့ကား... ကျွန်ုပ်က ဘယ်မှာ သင့်ကို သတ်ဖြတ်တော့ မည်လဲ၊ ကျွန်ုပ် ကြားဘူးသော တရားစုမှာလဲ...
“သူများ မယားကို ကိုယ်၏ မိခင်လို သဘောထား၍ သူများ ဥစ္စာကို ကျောက်ခဲသလဲများလို သဘောထားပြီးလျှင် သတ္တဝါ ဟူသမျှတို့ကို ကိုယ်နှင့်မခြားအောင် စိတ်ထားနိုင်မှ ပညာရှိ သူတော်ကောင်း”...ဟု
မိန့်ဆိုချက် ရှိလေတော့ ကျွန်ုပ်လို တရားသိ သူတော်ကောင်းတယောက်က အဘယ်မှာ သူ့အသက်ကို သတ်ရက်တော့မှာလဲ၊ သို့ဖြစ်၍ “ဤရေအိုင်မှာ ရေဆင်းချိုးပြီး စင်စင် ကြယ်ကြယ်နှင့် ကျွန်ုပ် လက်အောက်ကို အလှူခံပါ”ဟု ပြောလေသော်.. ထိုစကားကို ယုံကြည်မိသော ခရီးသွားသည် ရေချိုးရန် ဆင်းလျှင် ဆင်းခြင်း ညွှန်၌ နစ်လေ၏၊ ထိုအခါ သူတော်စင် ကျားကြီးက “ဟား ဟား ညွှန်ထဲ နစ်နေသကိုး ကျွန်ုပ် ဆယ်ပါမယ်”ဟု ပြောပြောဆိုဆိုနှင့် အနားသို့ကပ်ကာ သတ်စားလေသည်။
ဤပုံဝတ္ထုကိုထောက်၍ အသိသည် အသိမျှသာ ဖြစ်ကြောင်း သိသလောက် ကိုယ်ကျင့်တရားမရှိလျှင် ကျကျနန ယုတ္တိယုတ္တာနှင့် စဉ်းလဲတတ်သဖြင့် မသိ၍ ဆိုးဝါးနေသူထက်ပင် ကြောက်ဘွယ် ကောင်းကြောင်းကို နားလည်ကာ ဤကျမ်းစာရှုသူတို့မှာ သိရုံနှင့် မပြီးကြဘဲ သိသည့်အတိုင်း ကိုယ်ကျင့်ကောင်း သူများချည်း ဖြစ်ကြပါစေကြောင်း ဆုမွန်တောင်းလျက် ထပ်လောင်း၍ သတိပေးရပါသတည်း၊
နိဂုံးလင်္ကာ
ကျမ်းပြီး မှတ်ထုံး, ကပ္ပတ်ဖုံး၍ နိဂုံး အရာ အကျဉ်းမှာပိမ့်၊ ခုခါမျက်မြင် လူရောရှင်တို့ ပြည်ခွင်နိဗ္ဗာန် ဝင်ဘို့ရန်ဟု ဓိဋ္ဌာန်မနော, စိတ်ကြံစောလည်း သဘောရင်းနှစ် အတွင်းစစ်က, သစ်သစ် လွင်လွင်, မဖြုစင်သော်, ခေမင်ရွှေပြည် ဝေးဦးမည်ကြောင့် ငါသည်၎င်း ငါ့အပေါင်းနှင့် ငါ့နှောင်း ငယ်သား အစထား၍ တရားယူလို့ များလူ ဗိုလ်တို့ နဂိုရ် မြင့်မြင့် အလိုတင့်အောင် ကိုယ်ကျင့်အဘိဓမ္မာ ဤကျမ်းစာကို ကောင်းစေ့ တွေ့တိုင်း ရှု၍ စိတ်မှု စုံလင် အကုန် ပြင်မှ, ဂုဏ်အင် ပြည့်မော် ဘေးလောင်းတော်တို့ စံပျော်လေရာ, ပြည်မာဝယ် ရှစ်ဖြာရိပ်ဖြူ ဘိသိက်ယူလျက် နိဗ္ဗူနန်းမြင့် အောင်ခန်းဖွင့်ဘို့ အောင်သင့် အောင်ကြောင်း အောင်တပ်ပေါင်းနှင့် အောင်မောင်းဆော်ဟီး အောင်စည်တီးလျက် အောင်ကြီး အောင်ရမည် သာကိုး။
ကိုယ်ကျင့်အဘိဓမ္မာ ပြီးပြီး။