Skip to main content

ပိဋကတ်ဝတ္ထုလမ်းညွှန်

အကတညုဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ သူဌေးကြီးဖြစ်၍ သူ၏ သူငယ်ချင်း ပစ္စန္တရာဇ်သူဌေးအတွက် ကုန်များကို ရောင်းချပေးခဲ့သော်လည်း ပစ္စန္တရာဇ်သူဌေးကမူ ဘုရားအလောင်း၏ ကုန်များကို ရောင်းချမပေးသဖြင့် ဘုရားအလောင်း၏ လူများက လက်စားချေပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အကပ္ပိယမံသဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင် သက်တော်ထင်ရှားရှိတော်မူစဉ် လူတို့သည် ငတ်မွတ်သောကြောင့် လူသား၊ ဆင်သား၊ မြင်းသား၊ ခွေးသား၊ မြွေသား၊ ခြင်္သေ့သား၊ ကျားသား၊ ကျား၊ သစ်သား၊ ဝက်ဝံသား၊ အောင်းသားများကို စားကြပြီး ရဟန်းတော်တို့အားလည်း လှူကြပုံ၊ ထိုအခါ ထိုအသား မစားသူတို့က ကဲ့ရဲ့ကြသဖြင့် ထိုအသားကြီး(၁၀)မျိုးကို ရဟန်းတော်များ မစားသုံးရန် ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အကာလရာဝိဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဒိသာပါမောက္ခဆရာကြီးဖြစ်၍ လူငယ်ငါးရာကို ပညာသင်ပေးနေစဉ် အချိန်မှန်မှန် တွန်သော ကြက်တစ်ကောင် သေဆုံးသွားသဖြင့် သုသာန်မှ ကြက်တစ်ကောင်ကို ကောက်ယူမွေးထားကြပုံ၊ ၎င်းကြက်သည် အချိန်မတော်တွန်သဖြင့် လုလင်တို့ထ၍ အချိန်မတော်စာအံကြရပုံ၊ ထိုကြက်ကို စိတ်ဆိုးပြီး သတ်လိုက်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အကိတ္တိဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ပုဏ္ဏားအမျိုးနွယ်၌ဖြစ်၍ အကိတ္တိဟု အမည်တွင်ပုံ၊ မိဘများ ကွယ်လွန်ကြသောအခါ ဘုရားလောင်း အကိတ္တိသည် စည်းစိမ်ဥစ္စာတို့ကို စွန့်လှူ၍ နှမဖြစ်သူကို ခေါ်ပြီး ရသေ့ရဟန်းပြုကာ ကျောင်းသင်ခမ်း၌ နေပုံ၊ ပရိသတ် အခြံအရံ လဘ်လာဘ ပေါများလွန်းသဖြင့် တစ်ကိုယ်တည်း ထွက်ခွာလာခဲ့ပြီး ကံပြင်းသီး ကံပြင်းရွက်တို့ကိုသာ စားလျက် ဈာန်သမာပတ်တို့ဖြင့် မွေ့လျော်နေပုံ၊ ထိုအခါ သိကြားမင်းသည် အလှူခံပုဏ္ဏားအသွင်ဖြင့် အကိတ္တိရသေ့၏ အကျင့်သီလကို လာရောက်စုံစမ်းပုံ၊ နောက်၌ သိကြားမင်းက လိုသောဆုတောင်းရန်ပြောသောအခါ အကိတ္တိရသေ့သည် ‘‘လူမိုက်ကို မမြင်လို မကြားလို၊ စကားပင် မပြောလို’’အစရှိသော ဆုများကို တောင်းပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၂၁) (ဇာ၊ဋ္ဌ၊၄၊၂၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အက္ကနာဠစီဝရဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် မုရိုးမျှင်ဖြင့်ပြုသောသင်္ကန်း၊ သင်ပန်းမျှင်ဖြင့်ပြုသော သင်္ကန်းကို ဝတ်၍ အလိုနည်းရန်အတွက် ထိုသင်္ကန်းတို့ကို ရဟန်းတို့အား ဝတ်ခွင့်ပြုပါရန် ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က ကဲ့ရဲ့တော်မူပြီး ‘‘မုရိုးမျှင်၊ သင်ပန်းမျှင်များကို မဝတ်ရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အက္ကန္တသညကတ္ထေရဝတ္ထု

ဤဝတ္ထု၌ အက္ကန္တသညကမထေရ် လောင်းလျာသည် တိဿဘုရားရှင် နင်းတော်မူစေရန် ပုဆိုးနွမ်းကလေးကို ဖြန့်ခင်းလှူဒါန်းခဲ့သော ကုသိုလ်ကြောင့် ကိုးဆယ့်လေးကမ္ဘာ အပါယ်မလားရဘဲ သုနန္ဒမည်သော စကြဝတေးမင်းဖြစ်ခဲ့ပုံ၊ ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အက္ကမနဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ အက္ကမနဒါယကမထေရ်လောင်းလျာသည် ကကုသန်မြတ်စွာဘုရားအား ခြေနင်း(ဖိနပ်)လှူဒါန်းခဲ့ရသော ကုသိုလ်ကြောင့် အပါယ်မလားခဲ့ရဘဲ ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အက္ကောသကဘာရဒွါဇဝတ္ထု

ဤဝတ္ထု၌ အက္ကောသကဘာရဒွါဇပုဏ္ဏား၏ မရီးဖြစ်သော ပုဏ္ဏေးမသည် နှာချေသောအခါ၌ဖြစ်စေ တစ်ခုခု ချွတ်ချော်သောအခါ၌ဖြစ်စေ၊ နမော တဿကို ရွတ်ဆိုလေ့ရှိပုံ၊ တစ်နေ့တွင် ပုဏ္ဏားများအလယ်၌ ရွတ်ဆိုမိသဖြင့် ပုဏ္ဏားကြီး စိတ်ဆိုးကာ မြတ်စွာဘုရားကို အပြစ်တင်ရန် သွားပုံ၊ မြတ်စွာဘုရား၏ တရားတော်ကို နာကြားရ၍ ရဟန္တာဖြစ်ပုံ၊ ထိုအခါ ညီငယ် အက္ကောသကဘာရဒွါဇက ဘုရားရှင်အား ဆဲရေးပုံ၊ ထိုပုဏ္ဏားလည်း မြတ်စွာဘုရား၏ တရားတော်ကို နာကြားရ၍ ရဟန္တာဖြစ်ပုံုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အက္ခရုက္ခပေတဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိပြည်သား ဥပါသကာတစ်ယောက်သည် လှည်းများဖြင့် အရပ်တစ်ပါးသို့ ကုန်ရောင်းကုန်ဝယ်သွားပြီး ပြန်လာသောအခါ တောအုပ်တစ်ခုသို့ ရောက်စဉ် ၎င်း၏ လှည်းဝင်ရိုးကျိုးသွားပုံ၊ ယောကျ်ားတစ်ယောက်သည် သစ်ခုတ်ရန်အတွက် တောအုပ်ထဲရောက်သောအခါ လှည်းဝင်ရိုးကျိုးသဖြင့် စိတ်ဒုက္ခရောက်နေသော ဥပါသကာကုန်သည်ကို တွေ့မြင်ပြီး လှည်းဝင်ရိုးတပ်ပေးလိုက်ပုံ၊ သစ်ခုတ်သမားသည် ထိုကုသိုလ်ကံကြောင့် ထိုတောအုပ်အတွင်း၌ပင် ဘုမ္မစိုးနတ်ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၂၁၆) (ပေတ၊ဋ္ဌ၊၂၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဂါရိယဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သား ဇနီးမောင်နှံနှစ်ဦးတို့သည် သီလနှင့် ပြည့်စုံကြပြီး ရဟန်း, ရဟန်းမတို့၏ ရေတွင်းသဖွယ် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုပြုခဲ့သောကြောင့် စုတေသောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဂါရိယဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ဇနီးမောင်နှံနှစ်ယောက်တို့ နေ့စဉ် နေ့တိုင်း ရတနာသုံးပါးကို လာရောက် ဆည်းကပ်လေ့ရှိပုံ၊ ရဟန်း ရဟန်းမများကလည်း ထိုဇနီးမောင်နှံနှစ်ယောက်တို့၏ အိမ်သို့ ဝင်ထွက်သွားလေ့ရှိပုံ၊ ၎င်းဇနီးမောင်းနှံသည် အသက်ထက်ဆုံး ရတနာသုံးပါးကို ဆည်းကပ်လျက် ကောင်းမှုကုသိုလ်များ ပြုလုပ်ပြီးနောက် သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌ (၁၂) ယူဇနာရှိသော ရွှေဗိမာန်၌ ဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၉၆) (ဝိမာန၊ဋ္ဌ၊၂၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဂ္ဂပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းသည် တောင်ကြား၌ သီတင်းသုံးနေတော်မူသော သိခီဘုရားရှင်အား အဂ္ဂဇမည်သော ပန်းကို ပေးလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုံးဆယ့်တစ်ကမ္ဘာ အပါယ်မလားဘဲ နှစ်ဆယ်ငါးကမ္ဘာအထက်၌ အမိတောဂတမည်သော စကြဝတေးမင်းဖြစ်ခဲ့ရပုံ၊ ဤဂေါတမဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်၍ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဂ္ဂမဟေသီဝတ္ထု

ဤဝတ္ထု၌ ဘုရင်တစ်ပါး၏ ကချေသည်မတစ်ယောက်သည် ရေချိုးပြီးသော ဘုရင်၏ ကိုယ်မှ ရေတို့ကို သုတ်ပေးခြင်း၊ ချွေးများကို လက်ဖြင့် သုတ်ပေးခြင်း၊ ဘုရင်နှင့် စကားပြောဆိုပြုမူခြင်းတို့ကို ပြုလုပ်ပေးရာ မနာလိုဖြစ်နေသော မိဖုရားကြီးက မီးကျီးခဲအိုးဖြင့် ထိပ်ထက်မှ သွန်လောင်းခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် ထိုမိဖုရားကြီး ကွယ်လွန်သောအခါ ပြိတ္တာဖြစ်ပြီး မီးကျီးခဲတို့ဖြင့် လောင်းချခံရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၂၊၁၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဂ္ဂိကဘာရဒွါဇဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း ကြွက်မင်းဖြစ်စဉ် အဂ္ဂိကဘာရဒွါဇ မည်သော မြေခွေးတစ်ကောင်သည် ကြွက်မင်းထံလာ၍ ‘‘ကြွက်တို့ကို စောင့်ရှောက်မည်ဟု ဆိုကာ သူတော်ကောင်းယောင်’’ဆောင်၍ နေ့စဉ် ကြွက်တစ်ကောင်ကျ ဖမ်းစားပုံ၊ ထိုမြေခွေးယုတ်ကို ကြွက်တို့က ဆန့်ကျင်တိုက်ခိုက် သတ်ဖြတ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဂ္ဂိကဘာရဒွါဇဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ မီးကို ကိုးကွယ်သော ဘာရဒွါဇပုဏ္ဏားသည် ဗြဟ္မာကြီးကို ပူဇော်ရန် ပြင်ဆင်နေစဉ် ကြွရောက်တော်မူလာသော ဘုရားရှင်အား စိတ်ဆိုး၍ ‘‘သူယုတ်မာ’’ဟု ခေါ်ဆိုပုံ၊ သူတစ်ပါး၏ အသက်ကို သတ်၍ ဒုစရိုက်ကျူးလွန်သူတို့သာ သူယုတ်မာဖြစ်ကြောင်း ပုဏ္ဏားကြီးအား ဘုရားရှင်က အကျယ်ဟောပြသဖြင့် ပုဏ္ဏားကြီး ဥပါသကာ ဖြစ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဂ္ဂိက္ခန္ဓောပမဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် များစွာသော ရဟန်းတော်များနှင့်အတူ ဒေသစာရီ ကြွချီတော်မူစဉ် အလျှံတပြောင်ပြောင် တောက်လောင်နေသော မီးပုံကြီးကို တွေ့မြင်ရပုံ၊ ဘုရားရှင်က ‘‘မီးပုံကြီးကို ပွေ့ဖက်၍ အိပ်ခြင်းနှင့် လှပနုနယ်သော အမျိုးသမီးကို ပွေ့ပိုက်၍ အိပ်ခြင်းတို့တွင် မည်သည်က ပို၍ မြတ်သနည်း’’ဟု မေးမြန်းတော်မူရာ ရဟန်းများက လှပနုနယ်သော အမျိုးသမီးကို ပွေ့ပိုက်၍ အိပ်ခြင်းက ပို၍ မြတ်ကြောင်း လျှောက်ထားပုံ၊ ဘုရားရှင်က ဥပမာ ဥပမေယျတို့ဖြင့် ဟောကြားသဖြင့် ရဟန်းအပါးခြောက်ဆယ် သွေးအန်၍ ရဟန်းအပါးခြောက်ဆယ် လူထွက်ပြီး ရဟန်းအပါးခြောက်ဆယ် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၄၉၅) (အံ၊ဋ္ဌ၊၁၊၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဂ္ဂိဒတ္တဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ကောသလမင်းကြီး၏ ပုရောဟိတ်ပုဏ္ဏားသည် ရသေ့ဝတ်သွားပြီး တပည့်များစွာနှင့် အတူနေစဉ် ကာမဂုဏ်နှင့် စပ်သော အတွေးအကြံဖြစ်ပါက သဲတစ်ဆုပ်စီထမ်းရန် တပည့်တို့အား ဩဝါဒ ပေးပုံ၊ ကာလကြာသော် သဲပုံကြီးဖြစ်လာပုံ၊ ထိုသဲပုံ၌ အဟိဆတ္တမည်သော နဂါးမင်းသိမ်းပိုက်နေထိုင်ပုံ၊ ရသေ့ကြီးသည် တပည့်တို့အား ဒုက္ခမှ လွတ်မြောက်ရန် သစ်ပင်၊ တော၊ တောင်တို့အား ကိုးကွယ်ရန် ဩဝါဒ ပေးပုံ၊ ဘုရားရှင်သည် ထိုအရပ်သို့ အရှင်မဟာမောဂ္ဂလာန်ကို ကြွရောက်စေပြီး သဲပုံကြီး၌နေသော အဟိဆတ္တနဂါးမင်းအား ဆုံးမစေပုံ၊ ထို့နောက်ဘုရားရှင်ကိုယ်တော်တိုင် ကြွလာတော်မူကာ အဂ္ဂိဒတ္တဦးဆောင်သော ရသေ့တို့ကို ‘‘တော၊ တောင်၊ အာရာမ်၊ စေတီ၊ နတ်ကွန်းတို့ကို ကိုးကွယ်နေမည့်အစား ဘုရား၊ တရား၊ သံဃာတို့ကို ကိုးကွယ်ပြီး သစ္စာလေးပါးကိုသိမှ အလုံးစုံသော ဒုက္ခမှ လွတ်မြောက်မည်’’ဟု ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အကုင်္ရဣန္ဒကဝတ္ထု

ဤဝတ္ထု၌ အကုင်္ရမင်းသားသည် မိမိအတွက် ရရှိသော နိုင်ငံကို အစ်မအား ပေး၍ ကုန်ရောင်း ကုန်ဝယ်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုပုံ၊ ကုန်ရောင်းသွားစဉ် မရုသဲကန္တာရအတွင်း၌ မျက်စိလည်လမ်းမှားကာ အစာငတ် ရေငတ်ဖြစ်ရပုံ၊ အင်္ကုရ၏ ကျေးဇူးရှိခဲ့ဖူးသော ဘုမ္မစိုးနတ်က ကယ်တင်ပြီး အလှူဒါန၏ အကျိုးအာနိသင်ကို ပြောကြားပုံ၊ အကုင်္ရမင်းသားသည် သာသနာပအခါ၌ ကြီးကျယ်သော အလှူဒါနကြီးများကို ရာသက်ပန် ပြုလုပ်ခဲ့၍ သေလွန်သော် တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်ပုံ၊ ဣန္ဒကမည်သော လုလင်ကမူ သာသနာတွင်းအခါ၌ အရှင်အနုရုဒ္ဓါမထေရ်အား ဆွမ်းတစ်ဇွန်းမျှ လောင်းလှူခဲ့ဖူး၍ သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ပြီး အကုင်္ရနတ်သားထက် တန်ခိုးကြီးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၅၄) (ပေတ၊ဋ္ဌ၊၁၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အင်္ကောလကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းသည် သိဒ္ဓတ္ထဘုရားရှင်အားမှန်ကူပန်းတို့ကို အညှာနှင့်တစ်ကွ ဆွတ်ခူးပြီး လှူဒါန်းပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ကိုးဆယ့်လေးကမ္ဘာ အပါယ်မလားဘဲ သုံးဆယ့်ခြောက်ကမ္ဘာအထက်၌ ဒေဝဂဇ္ဇိတမည်သော စကြဝတေးမင်းဖြစ်ခဲ့ပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်၍ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အင်္ကောလပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းသည် ဝိပဿီဘုရားရှင်အား မှန်ကူပန်းတို့ကို လှူဒါန်းပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၁)ကမ္ဘာ အပါယ်မလားဘဲ၊ ခုနစ်ဆယ်လေးကမ္ဘာအထက်၌ ရောမသမည်သော စကြဝတေးမင်း ဖြစ်ခဲ့ပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်၍ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အင်္ဂဏိကဘာရဒွါဇတ္ထေရဝတ္ထု

ဤဝတ္ထု၌ အင်္ဂဏိကဘာရဒွါဇမထေရ်လောင်းသည် သိခီဘုရားရှင်ကို ထိခြင်းငါးပါးဖြင့် ရိုသေစွာ ရှိခိုးခဲ့သော ကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပုံ၊ ဂေါတမဘုရားရှင် လက်ထက်၌ အင်္ဂဏိကဘာရဒွါဇပရိဗိုဇ် ဖြစ်လာပုံ၊ တရားမှန်ကို ရှာစဉ် မြတ်စွာဘုရား အထံတော်မှ တရားတော်ကို နာကြားရသဖြင့် ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အင်္ဂုလိမာလတ္ထေရဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် အင်္ဂုလိမာလအမည်ရှိသော လူသတ်ခိုးသူကြီးအား ဆုံးမတော်မူပြီး ရဟန်းပြုပေးတော်မူခဲ့ပုံ၊ ထိုအခါ လူတို့သည် အင်္ဂုလိမာလရဟန်းကို တွေ့လျှင် ထိတ်လန့် ကြောက်ရွံ့စွာ ပြေးလွှားကြပုံ၊ အိမ်တံခါးကို ပိတ်ထားကြပုံ၊ နာမည်ကြီးခိုးသူများကို ဘာကြောင့် ရဟန်းခံပေးကြကုန်သနည်းဟု ကဲ့ရဲ့ကြ သောကြောင့် ‘‘သူခိုးကို ရဟန်းခံမပေးရ’’ဟု ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အင်္ဂုလိမာလတ္ထေရဝတ္ထု

ဤဝတ္ထု၌ အင်္ဂုလိမာလထေရ်လောင်းလျာသည် အတိတ်ဘဝတစ်ခုတွင် လယ်သမားဖြစ်စဉ် မိုးမိသဖြင့် တစ်ကိုယ်လုံး စိုရွှဲနေသော ပစ္စေကဗုဒ္ဓါတစ်ပါးအား မီးဖိုလျက် သင်္ကန်းများ ခြောက်သွေ့သွားအောင် ခန္ဓာကိုယ် အအေးဒဏ် သက်သာအောင် ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဖြစ်လေရာဘဝတိုင်း၌ ခွန်အား ဗလနှင့် ပြည့်စုံခဲ့ပြီး ဤဘုရားရှင် လက်ထက်တွင် မွေးဖွားသောနေ့၌ပင် တစ်နိုင်ငံလုံးရှိ လက်နက်များ အရောင်ထွက်လျက် ကြီးလာသောအခါ ဆင်ပြောင်(၇)စီး၏ ခွန်အားဗလကို ဆောင်နိုင်ပုံ၊ တက္ကသိုလ်ပြည်၌ ပညာသင်ယူစဉ် အခြားတပည့်များ၏ ကုန်းတိုက်မှုကြောင့် ဒိသာပါမောက္ခဆရာကြီးက လက်ညှိုးပေါင်း တစ်ထောင်ဖြင့် ကန်တော့ရန် အင်္ဂုလိမာလအား ပြောကြားပုံ၊ လက်ညှိုးတစ်ထောင်ပြည့်ရန် တစ်ချောင်းအလိုတွင် ဘုရားရှင်ကို တွေ့သဖြင့် ဘုရားရှင်နောက်သို့ သတ်ရန် လိုက်ပုံ၊ ဘုရားရှင်က တရားဟောသောအခါ ဧဟိဘိက္ခုရဟန်း ဖြစ်ပြီး ဝိပဿနာပွားသဖြင့် မကြာမီပင် ရဟန္တာဖြစ်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (မ၊၂၊၃၀၁) (ဓမ္မ၊ဋ္ဌ၊၂၊၁၁၀) (ထေရ၊ဋ္ဌ၊၂၊၃၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အင်္ဂုလိမာလတ္ထေရဝတ္ထု

ဤဝတ္ထုသည် အသဒိသဒါနဝတ္ထု၌ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အစေလကဿပဝတ္ထု

ဤဝတ္ထု၌ စိတ္တသူကြွယ် ဥပါသကာသည် သူငယ်ချင်းဖြစ်သူ အစေလကဿပထံ ချဉ်းကပ်၍ အနှစ်သုံးဆယ်အတွင်း တရားထူး တရားမြတ်များ ရပြီလောဟု မေးမြန်းပုံ၊ အစေလကဿပက ငါ့အား အဝတ်မဝတ်ရခြင်း၊ ခေါင်းတုံးရခြင်း၊ တင်ပါး၌ ဖုံခါရန် ဥဒေါင်းမြီးစည်းကို ကိုင်ဆောင်ရခြင်းမှ တစ်ပါး တရားထူး မရှိကြောင်း ပြောကြားပုံ၊ စိတ္တသူကြွယ် ဥပါသကာက မိမိကား လူဖြစ်သော်လည်း ဈာန်လေးပါးကို ရရှိကြောင်း ပြောကြားရာ သူကြွယ်၏ စကားကြောင့် အစေလကဿပ မိစ္ဆာအယူကို စွန့်ကာ သာသနာတော်၌ ရဟန်းပြု လာပြီး ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၄၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အစေလကဠာရမဋ္ဋကဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် မဟာဝုန်တော၌ သီတင်းသုံးနေတော်မူစဉ် အစေလကဠာရမဋ္ဋကတက္ကတွန်းသည် ‘‘အသက်ရှည်နေသမျှကာလပတ်လုံး အရက်နှင့်အမဲသားကိုသာ စားသုံးမည်၊ ထမင်း၊ မုယောမုန့်တို့ကို မစားသုံး၊ မေထုန်အမှုကိုလည်း မမှီဝဲ စသော အကျင့်ခုနစ်မျိုးကို ဆောက်တည်ကျင့်သုံးသဖြင့် လာဘ်အခြံအရံများ ပေါများလျက်ရှိပုံ၊ သုနက္ခတ္တရဟန်းသည် အစေလကဠာရမဋ္ဋကတက္ကတွန်းထံ ချဉ်းကပ်ပြီး အမေးပုစ္ဆာပြဿနာများကို မေးမြန်းသောအခါ အစေလကဠာရမဋ္ဋကတက္ကတွန်းသည် လုံးဝ မဖြေနိုင်သဖြင့် အမျက်ဒေါသပြင်းစွာ ထွက်လျက်ရှိပုံ၊ သုနက္ခတ္တရဟန်း၏ သန္တာန်၌ ‘‘ငါသည် ရဟန္တာပုဂ္ဂိုလ်ကို ဖိနှိပ်ချုပ်ချယ်မိလေပြီ’’ဟု မှားယွင်းသော မိစ္ဆာအယူ ဖြစ်ပေါ်ပုံ၊ ထိုအယူကို စွန့်ပယ်ရန် ဘုရားရှင်က တရားဟောပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၃၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အစေလပါထိကပုတ္တဝတ္ထု

ဤဝတ္ထု၌ အစေလပါထိကပုတ္တသည် ဘုရားရှင်နှင့် တန်ခိုးပြိုင်မည့်အကြောင်း၊ ပညာပြိုင်မည့် အကြောင်း၊ ဘုရားရှင်က တန်ခိုးတစ်မျိုးပြလျှင် မိမိက နှစ်မျိုးပြမည်၊ ဘုရားရှင်က နှစ်မျိုး ပြလျှင် မိမိက လေးမျိုးပြမည်စသည်ဖြင့် ပရိသတ်အလယ်၌ ဝါကြွားပြောဆိုပုံ၊ ထိုအကြောင်းအရာကို သုနက္ခတ္တရဟန်းက ဘုရားရှင်ထံ လာရောက်လျှောက်ထားသောအခါ ဘုရားရှင်က ‘‘အစေလပါထိကပုတ္တသည် ထိုစကားကို မပယ်စွန့်ဘဲ ငါဘုရားမျက်မှောက်သို့ လာရောက်နိုင်လိမ့်မည်မဟုတ်’’ဟု မိန့်ကြားပုံ၊ သုနက္ခတ္တရဟန်းသည် ဘုရားရှင်နှင့် အစေလပါထိကပုတ္တတို့ တန်ခိုးပြိုင်မည့်အကြောင်း ဝေသာလီမြို့တွင်းရှိ ထင်ရှားကျော်ကြားသော မင်း ပုဏ္ဏား သူဌေး သူကြွယ်စသော ပုဂ္ဂိုလ်ကြီးများထံ သွားရောက်ပြောကြားထားပုံ၊ ဘုရားရှင်မိန့်တော်မူသည့်အတိုင်း အစေလပါထိကပုတ္တ ဘုရားရှင်ထံသို့ မလာရောက်နိုင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၃၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အစေလဝိဟာရဝါသီသောဏတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဓမ္မကထိကရဟန်းတော် သောဏမထေရ်၏ ဖခင်သည် ခွေးဖြင့် အမဲလိုက်လေ့ရှိပုံ၊ သားရဟန်းက တားမြစ်သော်လည်း မရသဖြင့် အသက်အရွယ် ကြီးရင့်လာသောအခါ ရဟန်းပြုပေးပုံ၊ သေခါနီးအခါ၌ ခွေးနက်ကြီးများ ဝိုင်းဝန်း အကိုက်ခံရသည်ဟု ငရဲနိမိတ် ထင်ပုံ၊ သားရဟန်းတော်က ပန်း, ဆီမီး, နံ့သာ စသည်တို့ဖြင့် စေတီတော်အား ပူဇော်စေရာ ထိုခဏ၌ပင် နန္ဒဝန်ဥယျာဉ်နှင့်တကွ နတ်သမီးများ ဝိုင်းရံလာသည့် အာရုံနိမိတ် ထင်လာပြီး ကွယ်လွန်သောအခါ နတ်ပြည်သို့ ရောက်ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (အံ၊ဋ္ဌ၊၁၊၃၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အစ္စယဝတ္ထု

ဤဝတ္ထု၌ ငြင်းခုံ ခိုက်ရန်ဖြစ်ကြသော ရဟန်းနှစ်ပါးတို့ကို မြတ်စွာဘုရားက ‘‘မိမိအပြစ်ကို အပြစ်ဟု မသိသူ၊ အပြစ်ကို တောင်းပန်ပါလျက် လက်မခံသူတို့သည် လူမိုက်။ မိမိအပြစ်ကို အပြစ်ဟု သိသူ၊ အပြစ်ကို တောင်းပန်လျှင် လက်ခံသူသည် ပညာရှိ’’ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၄၁) (သံ၊ဋ္ဌ၊၁၊၃၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အစ္စာယိကကရဏီယဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးကို မြွေကိုက်ရာ အဖေါ်ရဟန်းတစ်ပါးသည် နေလွဲအချိန်၌ အရေးတကြီး ရွာထဲဝင်၍ မီးတောင်းခဲ့ပြီးနောက် သံသယဖြစ်၍ ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က အရေးတကြီးကိစ္စ ပေါ်ပေါက်လာလျှင် နေလွဲအချိန်၌ ရွာထဲသို့ မပန်ကြားဘဲ ဝင်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဇကလာပကဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် ပါဝါမြို့ အဇကလာပကဘီလူး၏ နတ်ကွန်း၌ သီတင်းသုံးတော်မူစဉ် နတ်သဘင်အစည်းအဝေးသို့ ရောက်နေသော အဇကလာပကဘီလူးသည် မြတ်စွာဘုရားထံ ရောက်လာပြီး နည်းမျိုးစုံ, လက်နက်မျိုးစုံဖြင့် တိုက်ခိုက်ပုံ၊ ထိုသို့ တိုက်ခိုက်ခံရသောလည်း တုန်လှုပ်ခြင်း မရှိသော ဘုရားရှင်အား ကြည်ညို၍ ဘုရားရှင်ထံ ဥပါသကာအဖြစ် ခံယူရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဇဂရပေတဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တွင် သူခိုးတစ်ယောက်သည် သုမင်္ဂလမည်သော သူဌေးအပေါ် ရန်ငြှိုးထား၍ လယ်၊ အိမ်၊ ဘုရားသီတင်းသုံးရာ ဂန္ဓကုဋိတိုက်တို့ကို မီးရှို့ခဲ့သောကြောင့် အဝီစိငရဲ၌ ဖြစ်ရပုံ၊ ငရဲမှ လွတ်သောအခါ ဂေါတမဘုရားရှင်လက်ထက်တိုင်အောင် ဂိဇ္ဈကုဋ်တောင်ခြေ၌ မီးလောင်နေသော မြွေပြိတ္တာကြီး ဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဇပါလဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ပဌမသတ္တာဟ လွန်မြောက်ပြီးနောက် ဗောဓိပင်မြတ်မှ အဇပါလခေါ် ဆိတ်ကျောင်းညောင်ပင်သို့ ကြွတော်မူပုံ၊ ထိုညောင်ပင်ရင်း၌ ခုနစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားတော်မူပုံ၊ ဟုံဟုင်္ကဇာတ်ရှိသူ ပုဏ္ဏားတစ်ယောက် ဘုရားရှင်ထံ ချဉ်းကပ်ပြီး ဗြာဟ္မဏမည်ပုံ မေးလျှောက်ရာ ဘုရားရှင်က ဥဒါန်းကျူးရင့်၍ ဖြေကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဇာတသတ္တုကုမာရဝတ္ထု

ဤဝတ္ထု၌ အရှင်ဒေဝဒတ်သည် အဇာတသတ်မင်းသားလေးအား မိမိတန်ခိုးကို ပြ၍ ကြည်ညိုစေခဲ့ပြီး ခမည်းတော်ဗိမ္ဗိသာရမင်းကြီးကို သတ်ရန် တိုက်တွန်းခဲ့ပုံ၊ အဇာတသတ်က ခမည်းတော်ကို သတ်ရန် ပေါင်၌ ဓားကို ချီနှောင်၍ နန်းတော်တွင်းသို့ ဝင်ခဲ့ပုံ၊ အမတ်တို့က ဖမ်းပြီး ဘုရင်ကြီးထံသို့ ပို့ရာ ဘုရင်ကြီးက မသတ်ဘဲ ဘုရင်ရာထူး လွှဲပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဇာတသတ္တုရာဇဝတ္ထု

ဤဝတ္ထု၌ အဇာတသတ်မင်းကို မမွေးဖွားမီ ပဋိသန္ဓေယူစဉ်အချိန်ကပင်လျှင် ဝေဒေဟီမိဖုရားကြီး၏ သန္တာန်၌ ဗိမ္ဗိသာရမင်းကြီး၏ လက်မောင်းသွေးကို သောက်လိုသော အာသာဆန္ဒချင်ခြင်းဖြစ်ပေါ်ပုံ၊ မင်းသားလေးကို မွေးလာသောအခါ ပုဏ္ဏားများက ‘‘အဇာတသတ္တု=အဇာတသတ်(မမွေးဖွားမီကပင် ဖခင်၏ ရန်သူဖြစ်နေသူ)ဟု အမည်မှည့်ပုံ၊ အဇာတသတ်မင်းသား အရွယ်ရောက်လာသောအခါ တန်းခိုးပြာဋိဟာ ပြလျက် ဖြားယောင်းသွေးဆောင်သော ဒေဝဒတ်အပေါ် ကြည်ညိုသွားပြီး နေ့စဉ်နေ့တိုင်း ဆွမ်းအုပ်ငါးရာ ပေးပို့လှူဒါန်းလျက် ရထားငါးရာတို့ဖြင့် ချဉ်းကပ်လေ့ရှိပုံ၊ ဒေဝဒတ်သည် အဇာတသတ်နှင့် ပူပေါင်းပြီး ဘုရားရှင်နှင့် ဗိမ္ဗိသာရမင်းကြီးတို့ကို သတ်ရန် အမျိုးမျိုးကြံစည်အားထုတ်ကြပုံ၊ ဗိမ္ဗိသာရမင်းကြီး နတ်ရွာစံသွားပြီးနောက် ညစဉ် အိပ်မပျော်ဖြစ်နေသော အဇာတသတ်မင်းအား ဆရာဇီဝက-က ဘုရားရှင်ထံ ခေါ်ဆောင်သွားပုံ၊ ဘုရားရှင်က သာမညဖလသုတ် ဒေသနာတော်ကို ဟောကြားသောအခါ သာသနာတော်ကို အကြည်ညိုဆုံး ဥပါသကာတစ်ယောက်ဖြစ်သွားပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဒီ၊၁၊၄၄) (ဒီ၊ဋ္ဌ၊၁၊၁၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဇာတသတ္တုရာဇဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင် ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူစဉ် ဝဇ္ဇီမင်းတို့ကို စစ်ထိုးလိုသော အဇာတသတ်မင်းသည် ဘုရားရှင်၏ အကြံဉာဏ်ကို ရယူလိုသဖြင့် ဝေဿကာရ ပုဏ္ဏားအား စေလွှတ်၍ ဥပါယ်တမျဉ်ဖြင့် မေးလျှောက်စေပုံ၊ ဘုရားရှင်က အပရိဟာနိယတရား (၇)ပါးကို ဟောတော်မူပြီး ထိုတရား(၇)ပါးနှင့် ပြည့်စုံပါက ဆုတ်ယုတ်မှု မရှိနိုင်ကြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဇာတသတ္တုရာဇဝတ္ထု

ဤဝတ္ထု၌ ပုထုဇဉ်တို့၏ သဒ္ဓါတရားဖြင့် ဘုရားရှင်အပေါ် ကြည်ညိုသောသူတို့တွင် အဇာတသတ်မင်းကို မီသောသူ မရှိပုံ၊ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသောအခါ စတုမဓူအပြည့်ထည့်ထားသော ရွှေစားကျင်းသုံးလုံးတို့၌ အဇာတသတ်မင်းကိုထည့်၍ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူကြောင်း အမတ်တို့က လျှောက်ထားကြပုံ၊ ထိုသတင်းစကားကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် အဇာတသတ်မင်း သတိမေ့မြောလျက် ရွှေစားကျင်းခွက်ထဲ လဲကျကာ အခိုးအငွေ့များ ထွက်လာပုံ၊ မင်းကြီး သတိရပြီးနောက် စစ်အင်္ဂါလေးပါးပြင်ဆင်ကာ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်ရာ ကုသိနာရုံပြည်သို့သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၁၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဇိတတ္ထေရဝတ္ထု

ဤဝတ္ထု၌ အဇိတထေရ်လောင်း အမျိုးကောင်းသားသည် ဝိပဿီဘုရားရှင်အား သီးသီးလှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၁)ကမ္ဘာအပါယ်မလာဘဲ ဤဘုရားရှင်၏ သာသနာတော်၌ ရဟန္တာ ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဇိတတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အရှင်လောင်းလျာသည် သစ်မည်စည်ဆီအိုးကို ယူ၍ ဆီမီးညှိထွန်းကာ ပဒုမုတ္တရဘုရားရှင်အား ပူဇော်ခဲ့သော ကောင်းမှုကြောင့် ကမ္ဘာခြောက်သောင်းတို့ ကာလပတ်လုံး နတ်ပြည်၌ ဖြစ်ခဲ့ရပုံ၊ စကြဝတေးမင်း၊ သိကြားမင်း၊ ပဒေသရာဇ်မင်းတို့ ကြိမ်ဖန်များစွာ ဖြစ်ခဲ့ရပုံ၊ အပါယ်လေးပါး မလားခဲ့ရဘဲ ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဇိတဗြာဟ္မဏဝတ္ထု

ဤဝတ္ထုသည် သောဘိတဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဇိနတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုစိန္တိတမည်သော ပစ္စေကဗုဒ္ဓါတစ်ပါး ရောဂါ နှိပ်စက်ခံနေရသဖြင့် ဆေးအလို့ငှါ ထောပတ်ဆီဦးများကို ပေးလှူခဲ့သောကုသိုလ်ကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤ ဘုရားရှင် လက်ထက်တော်၌ သူဆင်းရဲမျိုး၌ ဖြစ်ကာ သာသနာတော်သို့ ဝင်ရောက်ခဲ့ပြီးနောက် ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဇိနဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိခီဘုရားရှင်အား သားရေပိုင်းကို ဖြန့်ခင်းလှူဒါန်းခဲ့သော ကုသိုလ်ကြောင့် (၃၁)ကမ္ဘာအပါယ် မလားဘဲ သုဒါယကစကြဝတေးမင်း ဖြစ်ခဲ့ရပုံ၊ ဤဘုရား သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဇေလိဖလဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ အဇ္ဇုနမည်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား အိုးစရည်းပမာဏရှိသော အဇေလိမည်သော သစ်သီးကို လှူဒါန်းခဲ့ခြင်းကြောင့် (၉၄)ကမ္ဘာအပါယ်မလားဘဲ ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဇ္ဇုနတ္ထေရဝတ္ထု

ဤဝတ္ထု၌ အဇ္ဇုနမထေရ်လောင်းလျာသည် ခြင်္သေ့မျိုး၌ ဖြစ်၍ ဝိပဿီမြတ်စွာဘုရားအား ကြည်ညိုသော စိတ်ဖြင့် အပွင့်များပြည့်နေသော အင်ကြင်းခိုင်ကို ချိုးကာ ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့ သူဌေးမျိုး၌ ဖြစ်ကာ ငယ်ရွယ်စဉ်မှာ နိဂဏ္ဌတို့ထံ ရဟန်းပြုပြီး၍ အနှစ်သာရကို ရှာဖွေခဲ့ပုံ၊ နိဂဏ္ဌတို့အထံ၌ အနှစ်သာရကို ရှာမရသဖြင့် ဗုဒ္ဓသာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွား၍ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဇ္ဇုနပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ရှေးအခါက ပွင့်တော်မူခဲ့သော ဘုရားရှင်အား စန္ဒဘာဂမြစ်ကမ်းမှ ကိန္နရာ တစ်ဦးသည် ကြည်ညိုသော စိတ်ဖြင့် ထောက်ကြန့်ပန်းကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ဖြစ်ခဲ့ရပြီး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဉ္ဇနဝနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက် သုဒဿနမည်သော ပန်းသည် ဖြစ်၍ မြတ်လေးပန်းတို့ဖြင့် မြတ်စွာဘုရားကို ပူဇော်ပြီး ကုသိုလ်များစွာ ပြုခဲ့သောကြောင့် သုဂတိဘဝတို့၌သာ ဖြစ်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဝေသာလီပြည် ဝဇ္ဇီမင်းမျိုး၌ ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရအာဇီဝကဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် ရဟန်းတော်တို့အား ဂဏဘောဇဉ်(သုံးပါးထက်များသော ရဟန်းများအား ထမင်း, ဟင်း စသော မအပ်စပ်သော ဝေါဟာရဖြင့် ပင့်ဖိတ်သည့် ဘောဇဉ်)ကို အလှူမခံရဟု ပညတ်ထားသဖြင့် ဗိမ္ဗိသာရမင်းကြီး၏ ဆွေမျိုး အာဇီဝက တစ်ဦးသည် ဘာသာပေါင်းစုံ ထမင်းကျွေးပွဲကြီး ကျင်းပလိုသဖြင့် ရဟန်းတို့အား ထမင်းစားဖိတ်ပုံ၊ ရဟန်းတို့က ငြင်းဆိုသောကြောင့် ဘုရားရှင်အား လျှောက်ထားသောအခါ ၎င်းသိက္ခာပုဒ်ကို အနုပညတ်ဖြင့် ပြင်ဆင် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဣတ္ထီဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော်တစ်ပါးသည် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းတောင်းပြီး ဥယျာဉ်တော်ကြီး တစ်ခုအတွင်းသို့ သွားကာ တရားအားထုတ်နေစဉ် ပြည့်တန်ဆာမ တစ်ယောက်သည် ယောကျ်ား တစ်ယောက်နှင့် ချိန်းဆိုပြီး ထိုဥယျာဉ်ထဲသို့ ရောက်လာပုံ၊ ပြည့်တန်ဆာမသည် မိမိနှင့် ချိန်းထားသော ယောကျ်ား ရောက်မလာသဖြင့် ဟိုဟိုသည်သည်လှည့်လည် ကြည့်ရှုသောအခါ တရားအားထုတ်နေသော ရဟန်းတော်ကို တွေ့မြင်ပုံ၊ ပြည့်တန်ဆာမသည် ရဟန်း၏ ရှေ့၌ ထဘီကို မကြာခဏ ပြင်ဝတ်လျက် လက်ခုပ်တီး၍ရယ်မောသောအခါ ရဟန်းတော်အား ထိုအကြောင်းအရာကို ဘုရားရှင် သိမြင်တော်မူပြီး တရားဟောသဖြင့် ထိုရဟန်းတော် သံဝေဂတရား ဖြစ်ပွားခဲ့ပုံ၊ တစ်ထိုင်တည်း ရဟန္တာဖြစ်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဥက္ကဏ္ဌိတဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ဝဋ်ဒုက္ခမှ လွတ်လိုသဖြင့် ရဟန်းပြုခဲ့ပုံ၊ ဆရာတို့က ဝိနည်း အဘိဓမ္မာ၌ လိုက်နာရမည့် ကျင့်ဝတ်များစွာကို ပြောပြသဖြင့် စိတ်ပျက်၍ လူထွက်ရန် ပြင်ဆင်နေပုံ၊ ထိုအခါ ဘုရားရှင်က ခေါ်တော်မူ၍ စိတ်တစ်ခုတည်းကိုသာ စောင့်ထိန်းရန် မိန့်တော်မူပြီး တရားဟောသဖြင့် သောတာပန်တည်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရကဿကဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် အစိရဝတီမြစ်ကမ်းရှိ မုယောလယ်ကွင်း၌ ထွန်ယက်နေသော ပုဏ္ဏားထံသို့ ချီးမြှောက်လိုသဖြင့် ကြွသွားတော်မူသောအခါ ထိုပုဏ္ဏားသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ပုံ၊ ထိုပုဏ္ဏား၏ ကောက်ပင်များ ရင့်မှည့်၍ ရိတ်သိမ်းခါနီးအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ပျက်စီးသွားသော အခါ မြတ်စွာဘုရားသည် တရားဟောတော်မူရန် ကြွရောက်တောမူလာ၍ ပုဏ္ဏားက မိမိကောက်စပါးများ ပျက်စီး၍ စိတ်ဆင်းရဲကြောင်း လျှောက်ထားပုံ၊ ပစ္စည်းများ ပျက်စီးခြင်း ပြည့်စုံခြင်းကြောင့် ဝမ်းနည်းဝမ်းသာ မဖြစ်သင့်ကြောင်း မြတ်စွာဘုရားက ဟောပြတော်မူသောအခါ ထိုပုဏ္ဏား လင်မယားတို့ သောတာပန်တည်ကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၂၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရကုဋုမ္ဗိကဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သားသေ၍ သောကရောက်နေသော သူကြွယ်၏အိမ်သို့ ကြွတော်မူ၍ ‘‘သေခြင်းတရားမည်သည် တစ်နေရာ တစ်ယောက်တည်းအတွက်သာ ဖြစ်သည် မဟုတ်၊ ဘဝတစ်ခုကို ရရှိလာသော သတ္တဝါတိုင်းအတွက် ဖြစ်မြဲ ဖြစ်၏၊ သင်္ခါရတရားဟူသမျှ မခိုင်မြဲကြသဖြင့် သေခြင်းသဘောတရားသည် သေတတ်ပေ၏၊ ပျက်စီးခြင်းသဘောတရားသည် ပျက်စီးတတ်ပေ၏ဟု တရားဟောတော်မူသဖြင့် သူကြွယ် သောတာပန်တည်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရကုလဒါရိကာဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့တွင် မိသားစု တစ်စုက ဘုရားအမှူးရှိသော သံဃာတော်များအား မင်္ဂလာဆွမ်း ဆက်ကပ်နေစဉ် ချွေးမဖြစ်သူက သံဃာတော်များအတွက် ဆွမ်းကွမ်းကိစ္စစသည်ကို စီစဉ်လျက် ခေါက်တုံ့ခေါက်ပြန် သွားလာနေပုံ၊ လင်ယောကျ်ားဖြစ်သူက ထိုချွေးမကို ကြည့်ပြီး ရာဂစိတ်များဖြစ်ပေါ်လျက် ဘုရားရှင်နှင့် သံဃာတော်များကိုပင် ဦးမချနိုင်ဘဲ ချွေးမကို ကိုင်တွယ်သုံးသပ်ရန် စိတ်အကြံဖြစ်ပေါ်ပုံ၊ ထိုအခြင်းအရာကို ဘုရားရှင် သိတော်မူပြီး တန်ခိုးတော်ဖြင့် ချွေးမကို ဖုံးကွယ်လျက် ‘‘ရာဂနှင့် တူသော မီးမည်သည် မရှိ၊ ဒေါသနှင့် တူသော အပြစ်မည်သည်လည်း မရှိ’’ စသည်ဖြင့် တရားဟောတော်မူသောအခါ ဇနီးမောင်နှံ နှစ်ယောက်တို့ သောတာပန် တည်သွားကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရကုလပုတ္တဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မင်္ဂလာဆောင်ပြီးစ ဇနီးမောင်နှံ နှစ်ယောက်တို့တွင် မယားဖြစ်သူ လင်ငယ်နေသဖြင့် လင်ယောကျ်ား ဖြစ်သူသည် ရှက်လွန်း၍ ပရိသတ်ထဲ မသွားရဲမလာရဲ ဖြစ်နေပုံ၊ တစ်နေ့သောအခါ ဘုရားရှင်ထံ သွားရောက်ပြီး အကျိုးအကြောင်း လျှောက်ထားသောအခါ ဘုရားရှင်က ‘‘မိန်းမများသည် အရက်ဆိုင်၊ မြစ်၊ လမ်း၊ သောက်ရေအိုးစင်’’ စသည်နှင့် တူကြောင်း၊ ဘုံဆိုင်ဖြစ်ကြောင်း ထိုမိန်းမများအပေါ်၌ ပညာရှိတို့သည် အမျက်မထွက်သင့်ကြောင်း ‘‘ကုဏာလ ဇာတ်’’ကို အကျယ်ချဲ့ဟောသဖြင့် တရားနာရသူ များစွာတို့ သောတာပန်တည်သွားကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရခီဏာသဝဝတ္ထု

ဤဝတ္ထု၌ ရဟန္တာမထေရ်တစ်ပါးသည် အလုပ်အကျွေးဒါယကာအိမ်သို့ ကြွတော်မူစဉ် ဥပါသိကာမသည် အိပ်ရာခုတင်ကို မှီ၍ နေထိုင်ပုံ၊ တံခါးဝ၌ ဆွမ်းခံရပ်လာသော ရဟန်တစ်ပါးသည် ထိုဥပါသိကာမနှင့် ရဟန္တာမထေရ်တို့ တစ်ခန်းတည်း၌ မစင်မကြယ် နေထိုင်၏ဟု ထင်မှတ်ပုံ၊ ကျောင်းသို့ ရောက်သောအခါ ဆွမ်းခံရဟန်းသည် ရဟန္တာမထေရ်ကို စွပ်စွဲအံ့ဟု လာစဉ် ရဟန္တာမထေရ်က ကောင်းကင်သို့ ပျံကြွ၍ ကျောင်းထိပ်၌ ပလ္လင်နှင့်တကွ ထိုင်နေတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၂၊၂၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဂိလာနဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဖျားနာနေသော ရဟန်းတစ်ပါးအတွက် ရဟန်းတစ်ပါးက ဆွမ်းခံပြီး ဆွမ်းကျွေးရာ ဂိလာနရဟန်းက ဆွမ်းပို့မည့်သူရှိပြီးဖြစ်၍ မစားဘဲ နေပုံ၊ နေမြင့်မှ ဆွမ်းပို့သဖြင့် လူမမာရဟန်း စိတ်တိုင်းကျ မဘုဉ်းပေးရပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိသဖြင့် ဖျားနာနေသော ရဟန်းတို့သည် ပင့်ဖိတ်ထားသော ဆွမ်းမှတစ်ပါး အခြားဆွမ်းများကိုလည်း စားနိုင်ကြောင်း ခွင့်ပြုတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဆပကဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီပြည်၌ ဒွန်းစဏ္ဍာတစ်ယောက်၏ ဇနီးသည် ကိုယ်ဝန်ရှိသဖြင့် သရက်သီးစားလိုကြောင်း ပြောကြားပုံ၊ ဘုရင့်ဥယျာဉ်တွင် အမြဲမပြတ် သရက်သီး သီးသော သရက်ပင်ကြီးတစ်ပင် ရှိသဖြင့် ဒွန်းစဏ္ဍားသည် သရက်သီး ခူးရန် သွားပြီး သစ်ပင်ပေါ် တက်နေစဉ် ဘုရင်နှင့် ပုရောဟိတ်တို့ ရောက်လာပြီး ဘုရင်က မြင့်ရာမှ နေ၍ မန္တန် သင်ယူပုံ၊ ဘုရားအလောင်း ဒွန်းစဏ္ဍားသည် ထိုအဖြစ်ကို မြင်၍ သုံးယောက်စလုံး တရားနှင့် ညီစွာ မကျင့်ဆောင်ကြကြောင်း ရှုတ်ချ ပြောဆိုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရတ္ထေရဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိပြည်တွင် မိစ္ဆာဒိဋ္ဌိအယူရှိသော ပုဏ္ဏားတစ်ယောက်သည် မိမိ၏ အပေါ်ရုံအဝတ်ကို ချွေးနံ့နံမည်စိုးသဖြင့် ချွတ်ကာ တစ်ခုသော နေရာ၌ ထားပုံ၊ ဆွမ်းစားပြီး မြို့ထဲမှ ပြန်ကြွလာသော ရဟန္တာမထေရ်တစ်ပါးက အဝတ်ပိုင်ရှင်ကို မတွေ့သဖြင့် ပံ့သကူအမှတ်ဖြင့် ကောက်ယူခဲ့ပုံ၊ ရဟန်း၏ လက်ထဲ၌ မိမိ၏ အပေါ်ရုံအဝတ်ကို မြင်သဖြင့် ပုဏ္ဏားက ဆဲရေးပုံ၊ ရဟန်းက ပိုင်ရှင်ကို မတွေ့သဖြင့် ပံ့သကူအမှတ်ဖြင့် ကောက်ယူခဲ့ကြောင်း ပြောပြကာ အဝတ်ကို ပြန်ပေးပုံ၊ အခြားရဟန်းများက ထိုရဟန်းကို ပြောင်လှောင်ကဲ့ရဲ့သောအခါ ဘုရားရှင်က ထိုရဟန်းသည် ရဟန္တာဖြစ်ကြောင်း၊ ရဟန္တာမည်သည် သူတစ်ပါးဥစ္စာကို မခိုးယူကြောင်း တရားဟောပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဒန္တကာရဝတ္ထု

ဤဝတ္ထု၌ ဆင်စွယ်ပွတ်သမားက အလှူခံရန် ဖိတ်ကြားထားသဖြင့် ရဟန်းတို့သည် အပ်ကျည်တောက် အပ်ဗူး အမျိုးမျိုးကို အလှူခံကြသောကြောင့် ဆင်စွယ်ပွတ်သမား မိသားစု စားဝတ်နေရေး စီးပွားရေး ပြုလုပ်ချိန်မရဘဲ တစ်မိသားစုလုံး ပင်ပန်းဆင်းရဲကြပုံ၊ ထိုအခါ မြတ်စွာဘုရားက ‘‘အရိုး အစွယ် ဦးချိုတို့ဖြင့် ပြုလုပ်ထားသော အပ်ကျည်တောက်တို့ကို ပြုလုပ်စေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သူစိဃရ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရပရိဗ္ဗာဇကဝတ္ထု

ဤဝတ္ထု၌ ပရိဗိုဇ်တစ်ဦး၏ မယားသည် မီးဖွားရန် နီးကပ်လာသဖြင့် ဆီကို လိုချင်သောကြောင့် လင်ဖြစ်သူ ပရိဗိုဇ်သည် ကောသလမင်းကြီး၏ ဘဏ္ဍာတိုက်သို့ သွား၍ ဆီကို ဝအောင် သောက်ပြီး အန်ထုတ်ပေးရန် ကြိုးစားပုံ၊ အော့မရ၊ အန်မရဖြစ်သဖြင့် ဒုက္ခရောက်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊၉၁) (ဥဒါန၊ဋ္ဌ၊၁၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရပါပဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ခြင်္သေ့ရေ ကျားရေ သစ်ရေ သားကောင်ကြီးများ၏ အရေအသားများကို မသုံးစွဲကြရန် တားမြစ်တော်မူသဖြင့် နွားရေတို့ကို ဆောင်ကြပုံ၊ တစ်နေ့တွင် ယုတ်ညံ့သော ရဟန်းတစ်ပါးသည် ယုတ်ညံ့သော ဒကာအိမ်သို့ ဆွမ်းခံသွားစဉ် နုနယ်လှပပြီး ကျားသစ်ငယ်ကဲ့သို့ ပြောက်ကျားသော အရေရှိသည့် နို့စို့နွားငယ်ကို စူးစိုက်ကြည့်လျှင် ဒကာက ‘‘ဘာ့ကြောင့် ကြည့်သနည်း’’ဟု မေးခဲ့ပုံ၊ နွားလေး၏ အရေကို အလိုရှိကြောင်း ပြောရာ နွားလေးကို သတ်၍ အရေခွာပေးလိုက်ပုံ၊ သားရေစိမ်းကို သင်္ကန်းဖြင့် ဖုံး၍ ယူလာရာ သားသည်အမေနွားမကြီးက လိုက်လာပုံ၊ ဘုရားရှင် သိတော်မူ၍ ကဲ့ရဲ့ရှုတ်ချတော်မူကာ သားရေအားလုံးတို့ကို မသုံးစွဲရဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရပုရိသဝတ္ထု

ဤဝတ္ထုသည် ဒု-သ-န-သောဝတ္ထုနှင့် တူသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ သာသနာပတွင် ရဟန်းပြု၍ မိမိကို မြတ်စွာဘုရား၏ တပည့်များကဲ့သို့ ရဟန်းဟု အခေါ်ခံချင်သော ပုဏ္ဏားက မိမိကိုလည်း ရဟန်းဟု ခေါ်သင့်ကြောင်း မြတ်စွာဘုရားအား လျှောက်ထားရာ မြတ်စွာဘုရားက မကောင်းမှုပယ်ပြီး သူကိုသာ သာသနာတော်၌ ရဟန်း-ဟု ခေါ်ကြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် အစိရဝတီမြစ်သို့ သွား၍ ရေဆင်းချိုးစဉ် ပုဏ္ဏား တစ်ယောက်သည်လည်း အသပြာငါးရာပါသော အိတ်ကို ကမ်းပေါ်၌ ထား၍ ရေဆင်းချိုးခဲ့ပုံ၊ ရေချိုးပြီးသော အခါ အသပြာအိတ်ကို မေ့ကျန်ခဲ့သဖြင့် ရဟန်းက ထိုအိတ်ကို သိမ်းဆည်း၍ ပုဏ္ဏားအား ပြန်ပေးခဲ့ပုံ၊ ပုဏ္ဏားက ဆုကြေးပေးရမည်စိုးသဖြင့် အသပြာတစ်ထောင်ပါသည်ဟု လိမ်ညာပြောဆို၍ အငြင်းပွားကြပုံ၊ ဘုရားရှင် သိတော်မူ၍ ‘ရတနာစသည်ကို ကောက်ယူသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ရတန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ၊ ထို့နောက် ဝိသာခါ၏ မဟာလတာတန်ဆာ မေ့ကျန်မှုကို အကြောင်းပြု၍ ဒါယကာတို့ မေ့ကျန်ရစ်သော ပစ္စည်းများကို ဥစ္စာရှင် တွေ့လျှင် ပြန်ပေးမည်ဟု စိတ်ထားပြီး သိမ်းထားရမည်ဟု အနုပညတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ပုဏ္ဏားတစ်ဦးသည် ရဟန်းတို့ ပို့ဆွမ်းဖြစ်သော ဆွမ်းကောင်း ဟင်းကောင်းများကို သုံးဆောင်နေရသည်ကို မြင်သဖြင့် ရဟန်းပြုလာခဲ့ရာ ပို့ဆွမ်းများ ပြတ်၍ ဆွမ်းခံ ထွက်ရန် ခေါ်သောအခါ ဆွမ်းမခံလိုကြောင်း ငြင်းဆိုခဲ့ပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ ဆွမ်းခံ၍ရသော ဆွမ်းကို အသက်ထက်ဆုံး မှီဝဲသုံးဆောင်ရမည်၊ ပံ့သကူသင်္ကန်း, သစ်ပင်ရင်းကျောင်းနေရာ, နွားကျင်ငယ်နှင့် ဖန်ခါးသီးဆေးကို မှီဝဲ သုံးဆောင်ရမည်...စသည်ဖြင့် ရဟန်းမခံမီ မှီရာကြီး လေးပါးကို ပြောပြဆုံးမရန် မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ မြစ်ကမ်းပါး၌ လယ်ထွန်နေသော မိစ္ဆာဒိဋ္ဌိလယ်သမား ပုဏ္ဏားကြီးတစ်ဦးနှင့် ဘုရားရှင်က မိတ်ဖွဲ့ခဲ့ရာ ခင်မင်နေပြီး ကောက်စပါးအောင်လျှင် တတ်နိုင်သလောက် ခွဲဝေပေးလှူမည်ဟု ပုဏ္ဏားကြီး ကြံစည်ထားပုံ၊ မိုးကြီးရွာ၍ လယ်ယာအားလုံး ပျက်စီးသွားသောအခါ သောကဝေဒနာဖိစီး၍ ဆင်းရဲဒုက္ခရောက်နေသော ပုဏ္ဏားကြီးအား ဘုရားရှင်က တဏှာ ကြောင့် သောကဖြစ်ရကြောင်း ဟောပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ပုဏ္ဏားတစ်ဦးသည် ရဟန်းတော်များ သင်္ကန်းရုံကြရာနေရာသည် မြက်တောကြီး ဖြစ်နေသဖြင့် သုတ်သင်ရှင်းလင်း၍ ဇရပ်ဖြစ်သည်အထိ လိုအပ်ချက်ကို အဆင့်ဆင့်ကြည့်ရှု၍ ကောင်းမှုပြုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ အခြားသာသနာ၌ ရဟန်းပြုခဲ့သော ပုဏ္ဏားတစ်ယောက်သည် ‘‘ဆွမ်းခံစားသူသည် ဘိက္ခုမည်၏’’ဟု ဆိုလျှင် မိမိတို့လည်း ဘိက္ခု မဟုတ်လောဟု ဘုရားရှင်အား မေးမြန်းပုံ၊ ဘုရားရှင်က ကိလေသာ အနံ့ဆိုးလှိုင်လျှင် ဆွမ်းခံကာ အသက်မွေးရုံမျှဖြင့် ဘိက္ခုဟု-မခေါ်နိုင်၊ ကိလေသာကုန်ရန် ကျင့်သူကိုသာလျှင် ဘိက္ခု ခေါ်နိုင်၏ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ပုဏ္ဏားတစ်ယောက်သည် သံဃာတော်အား နို့အဖျော်ရည် ဆက်ကပ်ရာ ရဟန်းတို့သည် ရှရူးရှရူး အသံမြည်အောင် သောက်ကြသဖြင့် ဘုရားရှင်က ‘‘ရှရူးရှရူးအသံမြည်အောင် မသုံးဆောင်ရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ပုဏ္ဏားတစ်ယောက်တွင် နှမ်းအသစ်နှင့် ပျားရည်အသစ်တို့ ရရှိခဲ့သဖြင့် ဘုရားအမှူးရှိသော သံဃာတော်တို့အား လှူဒါန်းလိုသောကြောင့် ဆွမ်းစားပင့်၍ လှူဒါန်းခဲ့ပုံ၊ ကျောင်းသို့ ဖျဉ်းအိုးကြီးများဖြင့် သယ်ယူလာပုံ၊ ဘုရားရှင်က သံဃာတော်အား လှူဒါန်းရန် မိန့်တော်မူပုံ၊ ပုဏ္ဏားကြီးက သံဃာအား လှူသောအခါ အတိရိက်ဝိနည်းကံ မပြုဘဲ သုံးဆောင်ခွင့်ပြုကြောင်း ဘုရားရှင်က မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် နောက်လိုက်ရဟန်း (၁၂၅၀)ပါးတို့နှင့်အတူ အန္ဓကဝိန္ဒဇနပုဒ်သို့ ကြွတော်မူလာပုံ၊ ဇနပုဒ်သားလူများစွာသည် ဆန်၊ ဆီ၊ ဆား၊ ခဲဖွယ်များကို လှည်းများပေါ် တင်၍ ဘုရားအမှူးရှိသော သံဃာတော်တို့အား မိမိတို့ အလှည့်ရောက်လျှင် ဆွမ်းကပ်မည်ဟု နှလုံးပိုက်၍ နောက်ကလိုက်နေကြပုံ၊ ပုဏ္ဏားတစ်ယောက်လည်း မိမိဆွမ်းကပ်လှည့်ကို စောင့်နေခဲ့သည်မှာ နှစ်လကျော်ရှိပြီဖြစ်၍ သံဃာတော်တို့ လိုအပ်သော ပစ္စည်းကိုသာ လှူတော့မည်-ဟု စိတ်ကူးပြီး ဆွမ်းစားကျောင်းသို့ ဝင်၍ကြည့်ရာ ယာဂုနှင့်ပျားသကာ ထည့်ထားသော မုန့်ချိုတို့ လိုနေသည်ကို တွေ့၍ လှူဒါန်းခဲ့ပုံ၊ ရဟန်းတို့က သံသယရှိနေရာ ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့မှ ပုဏ္ဏားတစ်ယောက်သည် မြတ်စွာဘုရား၏ အရပ်တော်ကို မတိုင်းတာနိုင်ဟု ကြားရသဖြင့် ဆွမ်းခံကြွလာတော်မူသော မြတ်စွာဘုရားကို ဝါးလုံးဖြင့် (၂)ကြိမ် တိုင်းတာကြည့်ပုံ၊ ထိုအခါ မြတ်စွာဘုရား၏ အရပ်တော်သည် ထို့ထက် နှစ်ဆမျှမကရှိပုံ၊ မြတ်စွာဘုရားသည် လေးသချေင်္နှင့် ကမ္ဘာတစ်သိန်း ဖြည့်ခဲ့သောပါရမီတော်ကြောင့် အတုမဲ့၊ အနှိုင်းမဲ့ဖြစ်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၂၅၄) (မ၊ဋ္ဌ၊၃၊၂၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ပုဏ္ဏားတစ်ယောက်သည် မိမိ၏သမီးကို ထိမ်းမြားပေးသည့်အခါ မည်သူမှမသုံးဆောင်ရသေးသည့် ပန်းများဖြင့် တန်ဆာဆင်ပြီး ထိမ်းမြားပေးမည်-ဟု ကြံစည်ကာ ပန်း အရှာထွက်ပုံ၊ သာဝတ္ထိမြို့တွင်းမြို့ပြင် ရှာဖွေသော်လည်း အခြားသူများ မသုံးဆောင်ဖူးသေးသော မြက်ပန်းမျှကိုလည်း မတွေ့ပုံ၊ ပုဏ္ဏားသည် သေသောက်ကြူးများကို တွေ့သောအခါ အခြားသူတစ်ပါး မသုံးဆောင်ဖူးသေးသော ပန်းကို မေးမြန်းပုံ၊ သေသောက်ကြူးများက ပြက်ရယ်ပြုလျက် ရေသဖန်းပင်၏ အပွင့်ကို မည်သူမျှ မသုံးဆောင်ဖူးသေးကြောင်း ပြောကြားသဖြင့် ရေသဖန်းပင်၏ အပွင့်ကို ရှာဖွေပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ပုဏ္ဏားတစ်ယောက်သည် ဘုရားရှင်ထံ ချဉ်းကပ်ကာ မိမိတို့သည်လည်း ဇာတ်၊ အနွယ်အားဖြင့် ဗြာဟ္မဏများဖြစ်ကြောင်း လျှောက်ထားပုံ၊ ဘုရားရှင်က သာသနာတော်၌ ဇာတ်၊ အနွယ်အားဖြင့် ဗြာဟ္မဏမည်ရုံမျှဖြင့် ဗြာဟ္မဏဟု မခေါ်ဘဲ အမြတ်ဆုံး အရဟတ္တဖိုလ်သို့ ရောက်ရှိပြီး ရဟန္တာဖြစ်သည့် ပုဂ္ဂိုလ်များကိုသာ ဗြာဟ္မဏဟု ခေါ်ဆိုကြောင်း မိန့်ကြားတော်မူသော ပုဏ္ဏားကြီး သောတာပန်တည်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ‘‘ကျွန်များကို ရဟန်းခံမပေးရ’’ဟူသော သိက္ခာပုဒ်ကို မပညတ်ရသေးမီ ပုဏ္ဏားကြီး၏ ကျွန်တစ်ယောက်သည် ထွက်ပြေးလာပြီး ဘုရားရှင်ထံ ရဟန်းဝတ်ကာ ရဟန္တာဖြစ်သွားပုံ၊ ရဟန္တာထေရ်သည် ဘုရားရှင်နှင်အတူ ဆွမ်းခံကြွသောအခါ ပုဏ္ဏားကြီးက သင်္ကန်းကို မြဲစွာ ဆုပ်ကိုင်လျက် ဘုရားရှင်အား ဤရဟန်းသည် မိမိ၏ ကျွန်ဖြစ်ကြောင်း လျှောက်ထားပုံ၊ ဘုရားရှင်က ဤရဟန်းသည် ခန္ဓာကိုယ်ဝန်ကို ချထားပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်ကြီး ဖြစ်သွားပြီဖြစ်ကြောင်း မိန့်တော်မူ၍ တရားဓမ္မ ဟောပြတော်မူသောအခါ ပုဏ္ဏားကြီးသောတာပန်တည်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုနီဝတ္ထု

ဤဝတ္ထု၌ ဘိက္ခုနီတစ်ပါးသည် သာဝတ္ထိမြို့တွင်းမှ ဆွမ်းခံအပြန်တွင် ရဟန်းတစ်ပါးအား ဆွမ်းလှူခဲ့ပုံ၊ ထိုရဟန်းက အားလုံး ခံယူသဖြင့် ဘိက္ခုနီ ထိုနေ့၌ ဆွမ်းမစားရပုံ၊ နှစ်ရက် သုံးရက်ဆက်၍ ထိုနည်းအတိုင်း ရဟန်းက ဆွမ်းအလှူခံသဖြင့် ဘိက္ခုနီ ဆွမ်းပြတ်ခဲ့ပုံ၊ စတုတ္ထနေ့တွင် ထိုဘိက္ခုနီသည် ရထားလမ်း၌ တုန်တုန်ယင်ယင် ဆွမ်းခံထွက်စဉ် သူကြွယ်တစ်ဦးက ရထားတိုက်မိမှာစိုး၍ နောက်ဆုတ်ခိုင်းရာ ထိုဘိက္ခုနီ လဲကျခဲ့ပုံ၊ သူကြွယ်က အကြောင်းစုံကို သိ၍ ရဟန်းအား ကဲ့ရဲ့ခဲ့ပုံ၊ ဘုရားရှင် သိတော်မူသောအခါ ‘‘ဆွေမျိုးမတော်သော ဘိက္ခုနီထံမှ ဆွမ်းကို ခံယူ၍ သုံးဆောင်သော ရဟန်းအား ပါဋိဒေသနီယ အာပတ် သင့်၏’’ဟု ပထမ ပါဋိဒေသနီယ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုနီဝတ္ထု

ဤဝတ္ထု၌ ဥပ္ပဝဏ်ထေရီ၏ တပည့် ဘိက္ခုနီမတစ်ပါးသည် ဝိနည်းကို သင်ယူရန် ဘုရားရှင့်နောက်သို့ ခုနစ်နှစ်လုံးလုံး လိုက်ခဲ့ပုံ၊ အမှတ်သတိ မကောင်းသူဖြစ်သဖြင့် မေ့လျော့သွားပုံ၊ ဘိက္ခုနီတစ်ပါးအနေဖြင့် ဘုရားရှင့်နောက် မပြတ်လိုက်ဖို့ရာ ခဲယဉ်းကြောင်း ရဟန်းတို့အား လျှောက်ထားပုံ၊ ဘုရားရှင် သိတော်မူ၍ ဘိက္ခုနီတို့သည် ရဟန်းတို့ထံမှ ဝိနည်းသင်ယူရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုနီဝတ္ထု

ဤဝတ္ထု၌ မလ္လမင်းသမီးမှ ဘိက္ခုနီဝတ်လာသော ဘိက္ခုနီတစ်ပါးသည် ရထားလမ်းမတွင် အားအင်ချိနဲ့သော ရဟန်းတစ်ပါးကို တွေ့၍ ပခုံးဖြင့် တိုက်လှဲခဲ့သည့်အကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘ဘိက္ခုနီသည် ရဟန်းအား မတိုက်ရ၊ ရဟန်းကို မြင်လျှင် အဝေးကပင် လမ်းဖယ်၍ ပေးရမည်’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုနီဝတ္ထု

ဤဝတ္ထု၌ အမျိုးသမီးတစ်ယောက်သည် လင်ငယ်နှင့် ကိုယ်ဝန်ရသဖြင့် ထိုကိုယ်ဝန်ကို ဖျက်ချကာ ဆွမ်းခံဝင်နေကျ ဘိက္ခုနီအား သပိတ်ထဲ ထည့်၍ ယူသွားခိုင်းပုံ၊ ထိုကိုယ်ဝန်ကို သပိတ်ထဲထည့်၊ သင်္ကန်းဖြင့် ဖုံး၍ ယူလာစဉ် ပဌမဆုံးရသည့် ဆွမ်းကို လှူရန် အဓိဋ္ဌာန်ထားသော ရဟန်းနှင့် တွေ့၍ ဆွမ်းအလှူခံရန် ပြောရာမှ ထိုကိစ္စပေါ်လာပုံ၊ ဘုရားရှင် သိတော်မူ၍ ‘‘သပိတ်ထဲ ကိုယ်ဝန်သားကို မထည့်ရ’’ဟု ပညတ်တော်မူပြီး ‘‘ဘိက္ခုနီတို့သည် ရဟန်းကို တွေ့လျှင် သပိတ်ကို ထုတ်ဆောင်ပြရမည်’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုနီဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့ ရထားလမ်းမ၌ ယောကျ်ားတန်ဆာပြတ်ကြီးတစ်ခုကို စွန့်ပစ်ထားရာ ဘိက္ခုနီတို့က သေသေချာချာ စူးစိုက်ကြည့်ကြသဖြင့် လူတို့က ပြက်ရယ်ပြုကြပုံ၊ ဘုရားရှင် သိတော်မူ ‘‘ဘိက္ခုနီတို့သည် ယောကျ်ားတန်ဆာကို စူးစိုက်မကြည့်ရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုနီဝတ္ထု

ဤဝတ္ထု၌ ကိုယ်ဝန်တည်စ အမျိုးသမီးတစ်ဦးသည် ဘိက္ခုနီဝတ်လာရာ နောက်မှ ကိုယ်ဝန်ရင့်လာပုံ၊ ဘုရားရှင်အား လျှောက်ထားရာ သားသမီးမွေးဖွားပြီး ကလေး တတ်သိနားလည်သည့် အရွယ်အထိ စောင့်ရှောက်ရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် အခြားရဟန်းတို့၏ အထံ၌ နှစ်ထပ်သင်္ကန်းကြီးကို ထားခဲ့ပြီး သင်းပိုင်ဧကသီသင်္ကန်းမျှဖြင့် ရပ်ရွာဇနပုဒ်များသို့ ကြွသွားကြပုံ၊ ကြာမြင့်စွာ ထားခဲ့သော နှစ်ထပ်သင်္ကန်းကြီး မှိုတက်နေ၍ နေပူလှန်းရသည်ကို အရှင်အာနန္ဒာ မြင်သဖြင့် ကဲ့ရဲ့ရှုတ်ချသောကြောင့် နှစ်ထပ်သင်္ကန်းကြီး၊ သင်းပိုင်၊ ဧကသီတို့နှင့် တစ်ရက်မျှ ကင်း၍မနေရ၊ နေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏-ဟု ဥဒေါသိတ သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဖျားနာနေသော ရဟန်းတစ်ပါးအား ဆွေမျိုးတို့က ပြုစုရန် ကောသမ္ဗီသို့ ပင့်ကြသော်လည်း တိစီဝရိက်နှင့် မကင်းကွာရဟူသော ပညတ်ချက်အရ မသွားနိုင်ဘဲဖြစ်နေပုံ၊ ဘုရားရှင်က ဂိလာနတို့အတွက် သမ္မုတိတောင်းပြီး ကင်းကွာ၍ နေနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် သင်္ကန်းကာလမဟုတ်သည့်အချိန်၌ သင်္ကန်းချုပ်ရန် သင်္ကန်းလျာ အဝတ်ကို ရလာပုံ၊ ထိုရဟန်းသည် မိမိရလာသော သင်္ကန်းလျာအဝတ်မှာ သင်္ကန်း မချုပ်လောက်သဖြင့် အဝတ်ပမာဏ ကြီးလာမည် အထင်ဖြင့် အဝတ်ကို ထပ်ကာ ထပ်ကာ ဆွဲဖြန့်၍ နေသည်ကို ဘုရားရှင် တွေ့မြင်တော်မူ၍ နောက်ထပ် သင်္ကန်း ရရန် မျှော်လင့်ချက်ရှိပါက သင်္ကန်းလျာအဝတ်ကို တစ်လအထိ သိမ်းထားနိုင်ကြောင်း၊ တစ်လကျော်အောင် ထားပါက နိဿဂ္ဂိပါစိတ်အာပတ် သင့်ကြောင်း တတိယကထိနသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဖျားနာနေသော ရဟန်းတစ်ပါးထံ ပြုစုလိုသော ဆွေမျိုးများက ကောသမ္ဗီသို့ ကြွလာရန် ပင့်ခေါ်ရာ အခင်းသစ်ကို ၆-နှစ် သုံးရမည်ဟူသော သိက္ခာပုဒ်အရ အခင်းကို ယူမသွားနိုင်သဖြင့် ဘုရားရှင်က ဖျားနာသမ္မုတိရလျှင် အခင်းသစ် ပြုနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း ဇနပုဒ်တစ်ခုမှ သာဝတ္ထိပြည်သို့ လာစဉ် ခရီးအကြား၌ သိုးမွေးများကို ရရှိပုံ၊ ၎င်းသိုးမွေးများကို အပေါ်ရုံသင်္ကန်းကြီးဖြင့် အထုပ်ထုပ်ကာ သယ်ပိုးလာသဖြင့် လူတို့က ပြောင်လှောင်ကြပုံ၊ ဤဝတ္ထုကို အကြောင်းပြု၍ သိုးမွေးများကို သုံးယူဇနာထက် ပို၍ မသယ်ရဟု ဘုရားရှင်က ဧဠကလောမ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်က သပိတ်အသစ်များ တောင်းဆိုအလှူခံမှုကို ခွင့်ပြုတော်မမူတော့သဖြင့် သပိတ်ကွဲသွားသော ရဟန်းတစ်ပါးသည် လက်နှင့်ဆွမ်းခံသောကြောင့် သပိတ်ကွဲ သပိတ်ပျောက်လျှင် သပိတ်သစ် အလှူခံနိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရသာလာကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် ပစ္စည်းအားလုံး ပံ့သကူပစ္စည်းများကိုသာ သုံးဆောင်သော ရဟန်းတစ်ပါးသည် သုသာန်၌သာ သီတင်းသုံးနေပုံ၊ ထိုရဟန်းသည် လူတို့က ဆက်ကပ်လှူဒါန်းသည်ကို လက်မခံဘဲ သုသာန်၊ သစ်ပင်ရင်း၊ တံခါးခုံအရပ်တို့၌ ကွယ်လွန်လေပြီးသော မိဘဘိုးဘွားတို့အား ရည်စူး၍ စွန့်ထားသော အစားအသောက်များကိုသာ ကိုယ်တိုင် ယူ၍ စားသဖြင့် လူတို့က ကဲ့ရဲ့သောကြောင့် ‘‘အကပ်မခံဘဲ အာဟာရကို စားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဒန္တပေါန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါး၏ ဦးလေးသည် စစ်တပ်ထဲ၌ ဖျားနာနေသဖြင့် ထိုရဟန်းအား ကြွရောက်ပါရန် ပင့်လျှောက်ရာ စစ်တပ်ကို ကြည့်ရှုရန် မသွားရဟု ပညတ်ပြီးဖြစ်၍ ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က အကြောင်းကိစ္စရှိလျှင် သွားနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် အခွန်ကောက်ရာဌာနကို ရှောင်လွှဲသွားသည့် ကုန်သည်များနှင့် အတူ လိုက်ပါသွားပုံ၊ အခွန်ကောက်သူများက စောင့်ဆိုင်းဖမ်းကြပုံ၊ ထိုရဟန်းအား ရဟန်းကောင်းများက ကဲ့ရဲ့ကြသည်ကို အကြောင်းပြု၍ ‘‘အခွန်ရှောင်လွှဲသည့် ကုန်သည်နှင့် အတူ ခရီးသွားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ထေယျသတ္ထ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း ဇနပုဒ်တစ်ခုမှ သာဝတ္ထိသို့ ခရီးထွက်ခဲ့ရာ လင်ယောက်ျားနှင့်စကားများပြီး အိမ်မှထွက်လာသော အမျိုးသမီးတစ်ယောက်နှင့် လမ်းခရီးတွင် တွေ့ဆုံပုံ၊ အမျိုးသမီးက အတူ လိုက်ပါရစေဟု တောင်းပန်သဖြင့် အတူ သွားခဲ့ကြရာ အမျိုးသမီး၏ လင်ယောက်ျား နောက်မှ လိုက်လာပြီး အထင်အမြင်လွဲကာ ရဟန်းအား ထောင်းထုပုံကို အကြောင်းပြု၍ ‘‘မာတုဂါမများနှင့် စီစဉ်ချိန်းချက်၍ ခရီးသွားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သံဝိဓာနသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ကောသလတိုင်းမှ သာဝတ္ထိသို့ ကြွစဉ် ညနေချိန် ရွာတစ်ရွာသို့ ရောက်၍ လူတို့က ရွာထဲဝင်ရန် ပင့်သော်လည်း ကုက္ကုစ္စရှိ၍ မဝင်ဘဲနေပုံ၊ ခိုးသူတို့ လုယက်ခံရပုံ၊ ဘုရားရှင် သိတော်မူ၍ အနီးတွင် ရဟန်းတစ်ပါးပါး ထင်ရှားရှိလျှင် ပန်ကြား၍ နေလွဲအခါ ရွာထဲ ဝင်နိုင်သည်ဟု ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် သေက္ခသမ္မုတိရသော အိမ်သို့ ကြွလေ့ရှိပုံ၊ ဆွမ်းဘုဉ်းပေးရန် လျှောက်သော်လည်း ရဟန်းက ပါဋိဒေသနီယသိက္ခာပုဒ်ဖြင့် သံသယရှိ၍ ငြင်းပယ်ခဲ့ပုံ၊ ထိုရဟန်း ဂိလာနဖြစ်၍ အခြားနေရာသို့ ဆွမ်းမခံနိုင်သောအခါ ဆွမ်းမစားရပုံကို ဘုရားရှင် သိတော်မူသဖြင့် ဂိလာနဖြစ်လျှင် သေက္ခသမ္မုတိတို့ထံမှ ဆွမ်းကို ဘုဉ်းပေးနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် တောကျောင်း၌ နေစဉ် ဖျားနာနေပုံ၊ လူတို့က ဆွမ်းခဲဖွယ်များကို ယူလာကြပြီး လှူဒါန်းကြပုံ၊ စတုတ္ထပါဋိဒေသနီယ သိက္ခာပုဒ် ပညတ်ပြီးဖြစ်၍ ထိုရဟန်းက ငြင်းပယ်ခဲ့ပုံ၊ ထိုနေ့ ထိုရဟန်းဆွမ်းမစားရကြောင်းကို ဘုရားရှင် သိတော်မူသဖြင့် ဂိလာနဖြစ်လျှင် လူတို့စီမံအပ်သော ဆွမ်းကို ဘုဉ်းပေးနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် လမ်းမပေါ်၌ ဆွမ်းခံကြွစဉ် ရဟန်းမတစ်ပါးအား လမ်းမပေါ်ရှိ ဆွမ်းလောင်းရာ နေရာကို ပြောပြပုံ၊ ဤသို့ဖြင့် ရဟန်းနှင့် ရဟန်းမတို့ ရင်းနှီးသွားကြရာ ရဟန်းက ရဟန်းမအား သင်္ကန်းပေးခဲ့ပုံ၊ မိမိမှာတော့ သင်္ကန်းရှားပါးသဖြင့် ဒုက္ခရောက်ရပုံ၊ ဤဝတ္ထုကို အကြောင်းပြု၍ ဘုရားရှင်က ‘‘ဆွေမျိုးမတော်သော ရဟန်းမတို့အား သင်္ကန်းပေးသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု စီဝရဒါနသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၂၊၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ရာဇဂြိုဟ်မြို့မှ ရဟန်းပြုလာပြီး ဆွေမျိုးများထံ အသွားတွင် ဆွေမျိုးများက ဆွမ်းကပ်ရာ ဘိက္ခုနီတစ်ပါးက ကြားဝင်ပြီး စီမံသဖြင့် ရဟန်းက မြတ်စွာဘုရား ပညတ်ထားပြီးဖြစ်သော ဘိက္ခုနီ စီစဉ်သော ဆွမ်းကို မခံယူရဟူသော သိက္ခာပုဒ်အရ သံသယရှိ၍ မခံယူဘဲနေပုံ၊ ထိုနေ့ ဆွမ်းမဘုဉ်းပေးရဘဲ ကျောင်းသို့ပြန်လာပြီး ဘုရားရှင်အား လျှောက်ထားရာ ရှေးဦးစွာ လူတို့စီမံပြင်ဆင်ထားပြီးဖြစ်လျှင် လက်ခံနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ လုလင်တစ်ယောက်သည် ရဟန်းခံပေးရန် တောင်းပန်လာရာ ရဟန်းတို့က ကြိုတင်၍ ရဟန်းတို့ အမှီပြုရမည့် တရားများကို ပြောပြပုံ၊ ထိုလုလင်က ရဟန်းဖြစ်မှ ပြောပါမူ လိုက်နာနိုင်ကောင်းပါသည်၊ ယခုမူ ကြိုတင် သိနေရပြီ ဖြစ်၍ စက်ဆုပ်ပါသည်ဟု ဆိုကာ ရဟန်းမခံဘဲနေတော့သဖြင့် ရဟန်းခံခါနီးမှသာ မှီရာကြီးများကို ပြောပြရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးကို ဆွေမျိုးတို့သည် ထိုဥပုသ်နေ့၌ပင် ဖမ်းဆီးထားကြပုံ၊ ထိုရဟန်း ဥပုသ်ပြုနိုင်ရန်အတွက် ခေတ္တခဏ ထိုရဟန်းကို လွှတ်ပေးရန် ရဟန်းတို့က ဆွေမျိုးများကို ပြောရမည်၊ သို့မဟုတ် ပါရိသုဒ္ဓိပေးနိုင်ရန် လွှတ်ပေးဖို့၊ သို့မဟုတ် ထိုရဟန်းကို သိမ်ပြင်ပသို့ ထုတ်ဆောင်သွားရန် ပြောရမည်။ ဝဂ်ဖြစ်နေသော သံဃာသည်ကား မည်သို့မျှ ဥပုသ်မပြုရဟု ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ဂိလာနဖြစ်နေသဖြင့် ရဟန်းတို့ လာရောက်ရန် သတင်းပို့လိုက်ပုံ၊ ဘုရားရှင်အား လျှောက်ထားရာ ဝါတွင်းကာလဖြစ်သော်လည်း သီတင်းသုံးဖော် ငါးဦးနှင့် ပတ်သက်လာလျှင် ပင့်သည်ဖြစ်စေ၊ မပင့်သည်ဖြစ်စေ၊ ၇-ရက်ကြာ သွားနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ၊ ထို့အတူပင် သီတင်းသုံးဖော် ငါးဦးတို့ကဲ့သို့ပင် အမိအဖတို့ ဖျားနာလျှင်လည်း သွားလာနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ၊ အစ်ကို အစ်မဆွေမျိုးတို့ ဖျားနာလျှင်မူ ပင့်မှ သွားကောင်းကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ဘုရားရှင်နှင့်အတူ ဆွမ်းခံဝင်သော် ကွလျက် လိုက်ပုံ၊ အလွှာများသော ဖိနပ်ကို စီးထားသော ဒကာတစ်ဦးက ဘုရားရှင်ကို ရှိခိုးရင်း ထိုရဟန်း၏ ဝေဒနာကို မေးရာ ခြေကွဲနာဖြစ်ကြောင်း သိရသဖြင့် ဖိနပ်လှူခဲ့ပုံ၊ ထိုရဟန်းက လက်မခံသဖြင့် ဘုရားရှင်က ရဟန်းတို့အား အလွှာအထပ်ထပ်ပါသော ဖိနပ်ဟောင်းကို စီးခွင့်ပြုကြောင်း ခွင့်ပြုတော်မူခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ခြေဖဝါး၌ တံသင်းငုတ်ကဲ့သို့ အသားပိုထွက်သော အနာ ဖြစ်နေရာ ရဟန်းတော်တို့က မ,ယူချီပိုး၍ ကျင်ကြီးကျင်ငယ် တည်ကြရပုံ၊ ဘုရားရှင် သိတော်မူ၍ ခြေဖဝါးနာ ခြေဖဝါးကွဲ အသားထွက်လျှင် ဖိနပ်စီးနိုင်ကြောင်း၊ သစ်ငုတ်၊ ဆူး မနင်းမိစေရန် ကျောင်းအတွင်း၌ ဖိနပ်စီးနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း ဇနပုဒ်တစ်ခုမှ ဘုရားရှင်အား ဖူးမြော်ရန် သာဝတ္ထိသို့ လာစဉ် လမ်းခရီး၌ ဖျားနာပုံ၊ လူတို့က ယာဉ်၌စီးကာ လိုက်ခဲ့ပါရန် ခေါ်သော်လည်း ငြင်းပယ်ခဲ့ပုံ၊ နောင်အခါ ဘုရားရှင် သိတော်မူသောအခါ ဂိလာနရဟန်းအား အထီးကသောယာဉ်၊ လက်ဆွဲယာဉ်၊ ထမ်းစင်၊ သန်လျင်းကို ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ရဟန်းတို့အား တိစီဝရိက်ကို ခွင့်ပြုတော်မူပြီးနောက် ရဟန်းတစ်ပါး၏ သင်္ကန်းသည် ပေါက်ပြဲနေရာ ထိုရဟန်းက အဝတ်စတစ်စဖြင့် ဖာထေးထားပုံ၊ ဘုရားရှင် တွေ့တော်မူလျှင် သာဓုခေါ်တော်မူပြီး သင်္ကန်းများ ပေါက်ပြဲလျှင် ဖာထေးနိုင်ကြောင်း၊ လေးထပ်ဒုကုဋ၊် နှစ်ထပ်ကိုယ်ဝတ်၊ နှစ်ထပ်သင်းပိုင်အထိ ထပ်ပိုးနိုင်ကြောင်း ပံ့သကူသင်္ကန်း၌ အလိုရှိသမျှ ထပ်နိုင်ကြောင်း၊ ဖာထေးခြင်း၊ အပ်ဖြင့်ချုပ်ခြင်း၊ လုံး၍ချုပ်ခြင်း၊ တလုပ်အုပ်ခြင်း၊ အရိအဆွေးကို မခွာဘဲ အပေါ်၌ ထပ်ခြင်း ဖာခြင်းကို ခွင့်ပြုကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါး သင်္ကန်းချုပ်စရာ အဝတ်များစွာ ရရှိလာသောကြောင့် မိဘတို့အား ပေးလိုသောဆန္ဒ ဖြစ်ပေါ်လာရာ ဘုရားရှင်က မိဘတို့ကို ပေးရာ၌ ပြောဆိုဖွယ်မရှိ ပေးခွင့်ပြုတော်မူခဲ့ပုံ၊ ‘‘လူတို့သဒ္ဓါ၍ လှူသောပစ္စည်းကို မဖျက်ဆီးအပ်၊ ဖျက်ဆီးသူအား သဒ္ဓါဒေယျ ဝိနိပါတ ဒုက္ကဋ်အာပတ် သင့်စေ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးနှင့် သာမဏေတစ်ပါးတို့သည် ဂိလာနရဟန်းတစ်ပါးအား ပြုစုနေကြစဉ် ထိုဂိလာန ရဟန်း ပျံတော်မူသွားခဲ့ပုံ၊ သပိတ်နှင့် တိစီဝရိက်တို့ကို ရဟန်းနှင့်သာမဏေတို့ အညီအမျှ ခွဲဝေ ယူရမည်ဟု ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ပစ္စည်းဥစ္စာပရိက္ခရာများသော ရဟန်းတစ်ပါး ပျံတော်မူသောအခါ ဘုရားရှင်က ‘‘တိစီဝရိက်နှင့် သပိတ်ကို ဂိလာနပြုစုသူက ယူရန်၊ လဟုဘဏ်များကို မျက်မှောက်သံဃာများက ခွဲဝေယူရန်၊ ဂရုဘဏ်များမှာမူ ရောက်လာပြီး မရောက်လာသေးသော အရပ်လေးမျက်နှာရှိ သံဃာ၏ ဥစ္စာဖြစ်၍ မစွန့်ရ မဝေရ’’ဟု ပစ္စည်းခွဲဝေရေးနှင့် ပတ်သက်၍ ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် အဝတ်မဆည်း ကိုယ်လုံးတီးအနေဖြင့် ဘုရားရှင့်အထံတော်သို့ သွားကာ အလိုနည်းရန်အတွက် ရဟန်းတို့အား အဝတ်မဝတ်ဘဲ နေခွင့်ပြုပါရန် လျှောက်ထားပုံ၊ ဘုရားရှင်က ကဲ့ရဲ့တော်မူပြီး ‘‘တိတ္ထိတို့၏ အကျင့်ဖြစ်သည်ဟု ပယ်တော်မူကာ ကိုယ်လုံးတီးမနေရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် မြွေကိုက်ခံရပြီး ပျံလွန်တော်မူရာ ဘုရားရှင် သိတော်မူ၍ ဤရဟန်းသည် မြွေနဂါးမင်းမျိုးတို့ကို မေတ္တာမပို့၍ မြွေကိုက်ခံရသည်၊ မေတ္တာပို့လျှင် မြွေကိုက်မခံရဟု မိန့်တော်မူကာ ခန္ဓသုတ်ကို ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း ဇနပုဒ်တစ်ခုမှ သာဝတ္ထိမြို့သို့ ကြွလာစဉ် လမ်းခရီးအကြားတွင် ဆင်လိုက်ခံရပုံ၊ သစ်ပင်ရင်းသို့ ကပ်ရှောင်ပြီး သစ်ပင်မတက်ရဟူသော ပညတ်ချက်အရ သစ်ပင်မတက်ဘဲ နေခဲ့ပုံ၊ ဆင်က တခြားရှောင်သွားသဖြင့် အသက်ချမ်းသာရာရပုံကို ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က အရေးကိစ္စရှိလျှင် လက်ခုပ်တစ်ဖောင် တစ်သူလောက်ထိ တက်နိုင်ကြောင်း၊ ဘေးရန်ကြုံပါက အလိုရှိသလောက် တက်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဗြာဟ္မဏလူမျိုး ရဟန်းတစ်ပါးသည် ကျင်ကြီးစွန့်ပြီး သန့်သက်ရေ မဆေးသောကြောင့် ဝစ္စမဂ်(စအို)၌ ပိုးကောင်များ တွယ်လာပုံ၊ ဘုရားရှင်က ရေရှိလျှင် ကျင်ကြီးစွန့်ပြီးနောက် သန့်သက်ရေ အသုံးပြုရန်၊ ကုဋိတက်ရာ၌ ဝါစဉ်အတိုင်း မဟုတ်ဘဲ အလျင်ရောက်သော ရဟန်းက အလျင်ကုဋိတက်ရန်၊ ညည်းတွားလျက် ကုဋိတက်ခြင်း စသည်ကို မပြုလုပ်ရန် ဝစ္စကုဋိဝတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ သီဟိုဠ်ကျွန်း၌ ဘာတိယမင်း အုပ်ချုပ်နေစဉ် မဟာစေတီဘုရားပွဲတော်သို့ ရဟန်းတစ်ပါး အဝတ်စတစ်စ ပခုံးတင်၍ လာရောက်ပုံ၊ လူကြပ်လှသဖြင့် အဝတ်စ ပြုတ်ကျ ကျန်ရစ်ခဲ့ပုံ၊ ပြန်ရမည်ဟု မျှော်လင့်ချက် မထားတော့ပုံ၊ တခြားရဟန်းတစ်ပါးက တွေ့၍ ခိုးလိုစိတ်ဖြင့် ယူခဲ့ပုံ၊ သံသယကို စူဠသုမနထေရ်ထံ လျှောက်ရာ သင်္ကန်းပိုင်ရှင်ကို ရှာခိုင်းပုံ၊ ရှာတွေ့သောအခါ မည်သို့ စိတ်ထားသနည်းဟု မေးရာ မျှော်လင့်ချက်မထားတော့ကြောင်း လျှောက်ပုံ၊ ဝိနည်းဓိုရ်က ပိုင်ရှင်က စွန့်ပြီးဖြစ်၍ ပါရာဇိက အာပတ် မသင့်ကြောင်း ဆုံးဖြတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၂၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ဘုရားရှင့်ထံမှ အရဟတ္တဖိုလ်ရောက် ကမ္မဋ္ဌာန်းကို တောင်းယူ၍ တောသို့ ဝင်ကာ ကမ္မဋ္ဌာန်းတရားကို အားထုတ်ပါသော်လည်း အရဟတ္တဖိုလ်သို့ မရောက်ဖြစ်နေပုံ၊ ‘‘အခြားကမ္မဋ္ဌာန်းကို တောင်းအံ့’’ဟု ကြံ၍ ဘုရားရှင်ထံ လာစဉ် လမ်း၌ တောမီးလောင်နေသည်ကို ကြည့်ကာ မီးသည် သစ်ပင် ကြီးငယ်များကို လောင်မြှိုက်သကဲ့သို့ ခန္ဓာကိုယ်တွင်းရှိ ကိလေသာအားလုံးကို လောင်မြှိုက်ရန် ငါ အားထုတ်သင့်သည်ဟု ဆင်ခြင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မာတိကရွာနေ ရဟန်းတော်(၆၀)တို့သည် ထိုရွာမှ မာတိကမာတာ ဥပါသိကာမကြီး၏ ပစ္စည်းလေးပါး အထောက်အပံ့ဖြင့် တရားအားထုတ်ကြပုံ၊ ဤဥပါသိကာမကြီးသည် ထိုရဟန်းတော်တို့ထံမှ သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို သင်ယူ၍ တရားအားထုတ်သဖြင့် အနာဂါမ်တည်သွားပုံ၊ ဥပါသိကာမကြီးသည် ရဟန်းတော်တို့၏ အလိုကို သိ၍ အာဟာရသပ္ပါယဖြစ်အောင် ထောက်ပံ့သဖြင့် ထိုရဟန်းတော်များသည် ဝိပဿနာပွားကာ မကြာမီ ရဟန္တာဖြစ်ကြပုံ၊ ထို့နောက် အခြားရဟန်း တစ်ပါးသည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းယူ၍ တရားအားထုတ်စဉ် မိမိ၏ စိတ်အကြံအစည်ကို ဥပါသိကာမကြီးက သိနေသဖြင့် ရှက်၍ မြတ်စွာဘုရားထံ ပြန်လာသောအခါ မြတ်စွာဘုရားက နှိပ်ကွပ်နိုင်ခဲသော စိတ်ကို ဆုံးမရန် ဩဝါဒပေးသဖြင့် ဝိပဿနာပွားကာ ရဟန္တာဖြစ်သွားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော်တစ်ပါးသည် ညောင်စောင်းအင်းပျဉ် စသည့်ပရိက္ခရာများကို မိုးထဲ၊ ရေထဲ၊ နေပူထဲ၌ စွန့်ပစ်ထားသဖြင့် ခြများကိုက်ပြီး ပျက်စီးနေပုံ၊ အခြားရဟန်းများက တွေ့မြင်သဖြင့် သိုမှီးသိမ်းဆည်းထားသင့်ကြောင်း ပြောကြားသောအခါ ‘‘နည်းနည်းပါးပါးလေးပဲ အကြောင်းမဟုတ်ပါ၊ ကိစ္စမရှိပါ’’ဟု ပြောကြားပုံ၊ ထိုအကြောင်းအရာကို အခြားရဟန်းတော်များက ဘုရားရှင်အား လျှောက်ထားပုံ၊ ပရိက္ခရာများကို မသိမ်းဆည်းသော ရဟန်းအား ဘုရားရှင်က ခေါ်ယူဆုံးမသောအခါ၌လည်း ရှေးနည်းအတိုင်းပင် မထီမဲ့မြင် ပြောကြားလျှောက်ထားပုံ၊ ဘုရားရှင်က မကောင်းမှုဟူသမျှကို သေးသည်၊ ငယ်သည်၊ နည်းသည်ဟူ၍ အထင်မသေးသင့်ကြောင်း၊ တံစက်မြိတ်မှ တစ်စက်ချင်း ကျလာသော မိုးရေပေါက်သည် ကျဖန်များလာသောအခါ အိုးစရည်းကြီးများပင် ပြည့်လျှံသွားသကဲ့သို့ အနည်းငယ်မျှသော မကောင်းမှုမျိုးကိုလည်း ပြုဖန်များလာသောအခါ ထုထည်ကြီးမားလာပြီး အပါယ်ငရဲသို့ ကျရောက်စေတတ်ကြောင်း စသည်ဖြင့် ဟောပြတော်မူသောအခါ များစွာသော ရဟန်းတော်များသောတာပန်တည်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော်များအတွက် ကျောင်းအိပ်ရာနေရာများကို ဘုရားရှင် ခွင့်ပြုတော်မူသဖြင့် ရဟန်းတစ်ပါးသည် ကျောင်းဆောက်ရန် သစ်ပင်ကို ခုတ်လှဲသောအခါ ရုက္ခစိုးနတ်၏သားငယ့်လက်ကို ခုတ်ဖြတ်မိပုံ၊ ရုက္ခစိုးနတ်သည် ဒေါသထွက်ကာ ရဟန်းကို သတ်ရန် ကြံစည်ပြီးမှ အပါယ်ငရဲသို့ လားရောက်ရမည်ကို ကြောက်သဖြင့် ငိုယိုပြီး ဘုရားရှင်ထံ အကျိုးအကြောင်း စုံလင်စွာ လျှောက်ထားသောအခါ ဘုရားရှင်က တရားဟောသဖြင့် ရုက္ခစိုးနတ် သောတာပန်တည်သွားပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော်တစ်ပါးသည် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းတောင်းပြီး တောထဲ၌ တရားအားထုတ်သောအခါ ရဟန္တာဖြစ်သွားသဖြင့် မိမိရရှိထားသော အရဟတ္တဖိုလ်တရားထူးကို ဘုရားရှင်အား လျှောက်ထားရန် တောအုပ်ထဲမှ ထွက်ခွာလာပုံ၊ ထိုစဉ် လင်ယောကျ်ားနှင့် ရန်ဖြစ်သဖြင့် မိဘအိမ်သို့ ပြန်ပြေးသည့် အမျိုးသမီး တစ်ယောက်သည် ရဟန်းတော်နောက်မှ လိုက်ပါလာပုံ၊ လင်ယောကျ်ားဖြစ်သူက မိမိအိမ်၌ ဇနီးမယားကို မတွေ့သဖြင့် နောက်မှ လိုက်သွားသောအခါ တောအုပ်ထဲ၌ ရဟန်းနှင့် ရှေ့ဆင့်နောက်ဆင့် တွေ့သဖြင့် ရဟန်းတော်အား ခြိမ်းခြောက်ရိုက်နှက် ထောင်းထုပုံ၊ ဇေတဝန်ကျောင်းသို့ ရောက်သောအခါ ထောင်းထုခံရသဖြင့် ဖူးယောင်နေသော ရဟန်းတော်အား အခြားရဟန်းများက အမျက်ဒေါသ ထွက်မထွက် မေးမြန်းပုံ၊ ရဟန်းတော်က အမျက်ဒေါသ မထွက်ကြောင်း ပြောကြားသောအခါ အခြားရဟန်းများက ဤရဟန်းသည် လိမ်ညာ၍ အရဟတ္တဖိုလ်ကို ပြောကြားနေပါသည်ဟု ဘုရားရှင်အား လျှောက်ထားကြပုံ၊ ဘုရားရှင်က ရဟန္တာပုဂ္ဂိုလ်တို့မည်သည် သတ္တဝါတို့အပေါ်၌ တုတ်ဓားစသည့် လက်နက်များကို ပစ်ချဖယ်ခွာထားပြီး ဖြစ်ကြောင်း စသည်ဖြင့် တရားဟောသောအခါ အခြားရဟန်းများ သောတာပန်တည်သွားကြပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ဂဂ္ဂရာရေအိုင်အနီး၌ နေစဉ် တဏှာ၏အလိုသို့လိုက်၍ အကုသိုလ်အကြံအစည်များကို ကြံစည်နေပုံ၊ မြတ်စွာဘုရားက ထိုရဟန်း၏ အလိုဆန္ဒကိုသိတော်မူ၍ တဏှာ၏ အပြစ်များကို ဟောတော်မူသောအခါ ထိုရဟန်းသည် သီလစောင့်ခြင်း စသည်ဖြင့် တဏှာကို ပယ်ခွာနိုင်ပြီး ရဟန္တာဖြစ်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ဂင်္ဂါမြစ်ကမ်း၌ နေစဉ် နွေရာသီ ရေနည်းချိန်၌ ရေအလျဉ်က ကျူတံတားကို တိုက်ယူသယ်သွားပုံကို တွေ့ရ၍ သင်္ခါရတို့၏ မမြဲခြင်းကို ထိတ်လန့်ပုံ၊ မြတ်စွာဘုရားက ထိုရဟန်း၏ အလိုဆန္ဒကိုသိတော်မူ၍ မာနနှင့် ကျူရိုးတံတား တူပုံ၊ အရဟတ္တမဂ်နှင့် ရေအလျဉ် တူပုံတို့ကို ဥပမာပြ၍ ဟောတော်မူရာ ထိုရဟန်းသည် ရဟန္တာဖြစ်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ တော၌နေသော ရဟန်းကို မုဆိုးက မြင်ဖန်များသဖြင့် ကြည်ညိုကာ ပစ္စည်းလေးပါး လှူဒါန်းပုံ၊ ထိုသို့ လှူဒါန်းမှုကို လူတို့ မြင်၍ တစ်ဦးနှင့်တစ်ဦး မှီတွဲကာ အသက်မွေးကြသည်ဟု ကဲ့ရဲ့ကြပုံ၊ မြတ်စွာဘုရားရှင်က အသက်မွေးမှု မတူညီသော ရဟန်းနှင့် မုဆိုးတို့မှာ တခြားစီသာ ဖြစ်၏-ဟု မိန့်ကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မထေရ်ကြီးတစ်ပါးသည် တောကျောင်း၌ နေလျက် တရားအားထုတ်စဉ် ဘီလူးမတစ်ကောင်သည် ကျောင်း၏တံခါးဝ၌ ရပ်လျက် သီချင်းဆိုပြပုံ၊ မထေရ်ကြီးထွက်လာသောအခါ စင်္ကြံထိပ်သို့ သွား၍ သီချင်းဆိုပုံ၊ မထေရ်ကြီးက စင်္ကြံထိပ်သို့ ရောက်လာသောအခါ အလွန်တရာနက်သော ချောက်ကမ်းပါးထိပ်၌ သွားရပ်လျက် သီချင်းဆိုပုံ၊ မထေရ်ကြီးက ဆက်မလိုက်တော့ဘဲ ပြန်လှည့်သွားသောအခါ ဘီလူးမက ပြေးလာပြီး ပခုံးကို ဖမ်းဆုပ်လျက် ‘‘သင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး နှစ်ယောက်သုံးယောက်ကို စားဖူးပြီ’’ဟု ပြောကာကိုက်စားပုံ၊ ထိုကဲ့သို့ မလျောက်ပတ်သော ကျောင်းနေရာမျိုး၌ တရားအားမထုတ်သင့်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၁၁၈) (သာရတ္ထ၊ဋီ၊၂၊၂၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရမဟာမတ္တဝတ္ထု

ဤဝတ္ထု၌ အမတ်ကြီးတစ်ဦးသည် အရပ်တစ်ပါးရှိ စစ်မြေပြင်သို့ ခရီးထွက်နေစဉ် ရဟန်းတော်တို့ထံ ဝါကျွတ်သင်္ကန်းကို ကြွရောက် အလှူခံပါရန် တမန်စေလွှတ်လျှောက်ထားပုံ၊ ရဟန်းတို့က ဝါကျွတ်သင်္ကန်းကို ဘုရားရှင်က ဝါကျွတ်သော ရဟန်းတို့အားသာ ခွင့်ပြုထားသည်ဟု သံသယရှိကြပုံ၊ ရဟန်းတို့ အလှူခံ မသွားဘဲနေရာ အမတ်ကြီးက ကဲ့ရဲ့သဖြင့် ဘုရားရှင်က အဆောတလျင် လှူဒါန်းသော သင်္ကန်းကို လက်ခံနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရသေဋ္ဌိပုတ္တဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သား သူဌေးသားတစ်ဦးသည် နွေ မိုး ဆောင်း ဥတုအလိုက် ပြာသာဒ်သုံးဆောင်တို့၌ ကာမဂုဏ်စည်းစိမ် ခံစားပုံ၊ သံဝေဂရ၍ ရဟန်းပြုပုံ၊ ရဟန်းဘဝ၏ ဆင်းရဲဒုက္ခကို မခံနိုင်သောကြောင့် လူထွက်ပုံ၊ ထို့နောက် တစ်ဖန် ရဟန်းပြန်ဝတ်ပြီး လူထွက်ပြန်ပုံ၊ သုံးကြိမ်တိုင်တိုင် ရဟန်းဝတ်လိုက် လူထွက်လိုက်ပြုလုပ်ပြီး စတုတ္ထအကြိမ် ရဟန်းဝတ်သောအခါမှ ဝိပဿနာရှုပွား၍ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီမအလောင်းလျာသည် ကောဏာဂုံ မြတ်စွာဘုရားရှင်အား ပင့်ဖိတ်၍ ဆွမ်းကျွေး သင်္ကန်းလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဝေသာလီပြည် ခတ္တိယမဟာသာလမျိုး၌ ဖြစ်၍ မဟာပဇာပတိဂေါတမီထံ ဘိက္ခုနီပြုပြီး မီးတောက် မီးလျှံကို အာရုံပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတရာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီမလောင်းလျာသည် ရှေးဘုရားတို့ထံ ဆုပန်ခဲ့သဖြင့် ဤဘုရားရှင် လက်ထက်တော်ဝယ် ဒေဝဒဟမြို့သူ မဟာပဇာပတိဂေါတမီမိဖုရား၏ နိ့ုထိန်းဖြစ်ပုံ၊ မဟာပဇာပတိဂေါတမီမိဖုရားကြီး ဘိက္ခုနီဝတ်သောအခါ အတူလိုက်၍ဘိက္ခုနီဝတ်ပြီး (၂၅)နှစ်လုံးလုံး ကမ္မဋ္ဌာန်းအားမထုတ်ဘဲ မေ့လျော့စွာ နေခဲ့ပုံ၊ ဓမ္မဒိန္နာထေရီမ၏ တရားစကားကြောင့် ကမ္မဋ္ဌာန်းအားထုတ်ခဲ့ရာ ရဟန္တာဖြစ်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညတိတ္ထိယပုဗ္ဗကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရှေးယခင်က တိတ္ထိဖြစ်ဖူးသူတစ်ဦးသည် ရဟန်းဝတ်လာပြီး ဥပဇ္ဈာယ်ဆရာက ဝိနည်းအရာ သင်ပြသောအခါ အယူဝါဒကို ပြန်လှန်တင်ပြပြီး တိတ္ထိဘောင်သို့ ပြန်ဝင်သွားပုံ၊ ထို့နောက် ရဟန်းခံပေးပါရန် တောင်းပန်လာသောအခါ ဘုရားရှင်အား လျှောက်ထားကြပုံ၊ ဘုရားရှင်က တိတ္ထိဖြစ်ဖူးသူတစ်ဦးက ရဟန်းခံပေးရန် တောင်းပန်လာလျှင် လေးလကြာ ပရိဝါသ်ပေးပြီးမှ ဝိနည်းနှင့်အညီ ရဟန်းခံပေးရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အညာသိကောဏ္ဍညတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကောဏ္ဍညထေရ်လောင်းလျာသည် ပဒုမုတ္တရ ဘုရားရှင်လက်ထက်၌ ဦးဦးဖျားဖျား တရားထူးရပြီး ရတ္တညူဧတဒဂ်ရာထူးရသော ရဟန်းတော်တစ်ပါးကို တွေ့မြင်ခဲ့ရသဖြင့် အားကျအတုယူလျက် ခုနှစ်ရက်တိုင်တိုင် အလှူကြီးပေးကာ ထိုဆုမျိုးကို တောင်းခံခဲ့ပုံ၊ ဝိပဿီဘုရားရှင်လက်ထက်၌ လယ်စိုက်တိုင်း စိုက်တိုင်း ကိုးကြိမ်တိုင်တိုင် ဦးဦးဖျားဖျား ပေးလှူခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဤဘုရားရှင့် လက်ထက်တော် ရောက်သောအခါ၌ ပထမဦးဆုံး တရားထူးရ၍ ရတ္တညူဧတဒက်ရာထူး ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၅၂) (အံ၊ဋ္ဌ၊၁၊၁၀၅) (ထေရ၊ဋ္ဌ၊၂၊၂၅၀) (အပ၊ဋ္ဌ၊၁၊၃၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဋ္ဌသဒ္ဒဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဈာန်အဘိညာဉ်ရ ရသေ့ဖြစ်၍ မင်းဥယျာဉ်၌ နေစဉ် ဗြဟ္မဒတ်မင်းကြီးသည် သန်းခေါင်ယံ၌ ဗျိုင်းသံ၊ ကျီးသံ၊ ဃုဏ မည်သော ပိုးကောင်အသံ၊ ဥဩသံ၊ သမင်သံ၊ မျောက်သံ၊ ကိန္နရာသံ၊ ပစ္စေကဗုဒ္ဓါ၏ အသံတို့ကို ကြားရပုံ၊ ထိုအသံတို့၏ အဓိပ္ပါယ်ကို ပုဏ္ဏားတို့အား မေးရာ သဗ္ဗစတုက္ကယဇ် (ပူဇော်ဖွယ်အားလုံး လေးခုစီဖြင့် ပူဇော်သောယဇ်) ပူဇော်ရမည်ဟု သံတော်ဦးတင်ကြသဖြင့် သတ္တဝါအားလုံးကို ဖမ်းချုပ်ထားစဉ် ဘုရားအလောင်းရသေ့ကြီးက ထိုအသံတို့၏ အဓိပ္ပါယ်မှန်ကို ရှင်းပြပြီး သတ္တဝါအားလုံးအား ကယ်တင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဋ္ဌာနဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း သူဌေးသားသည် နေ့စဉ် ပြည့်တန်ဆာမတစ်ဦးကို အသပြာတစ်ထောင်ပေးပြီး ပျော်မြူးခဲ့ပုံ၊ တစ်နေ့တွင် ဘုရင်မင်းထံ ဝင်ရောက်ခစားရာမှ အချိန်မတော် ညဉ့်နက်သွား၍ ပိုက်ဆံမပါဘဲ ပြည့်တန်ဆာမထံ ဝင်ရောက်သွားရာ လည်ကုပ်ကိုဆွဲ၍ နှင်ထုတ်ခံရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဋ္ဌိသေနဇာတက

ဤဇာတ်တော်၌ အဋ္ဌိသေန သတို့သားသည် အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်၌ အတတ်ပညာအားလုံးကို သင်ယူခဲ့ပုံ၊ ကာမဂုဏ်တို့၌ အပြစ်မြင်လျက် တောထွက်ကာ ဟိမဝန္တာ၌ ရသေ့ရဟန်းပြု၍ နေထိုင်ပုံ၊ တစ်နေ့သောအခါ ချဉ်ဆားမှီဝဲရန်အတွက် ဗာရာဏသီသို့ ကြွစဉ် မင်းကြီးက ကြည်ညိုသဖြင့် ဥယျာဉ်တွင်းသို့ ပင့်ကာ တစ်နေ့သုံးကြိမ် ဆည်းကပ်လေ့ရှိပုံ၊ အလိုရှိသောဝတ္ထုကိုတောင်းပါဟု မင်းကြီးက မကြာခဏ လျှောက်ထားသော်လည်း တောင်းရန်ဝန်လေးသဖြင့် တစ်စုံတစ်ခုမျှ တောင်းခံလေ့မရှိပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဍ္ဍကရဏဝတ္ထု

ဤဝတ္ထု၌ ကောသလမင်းကြီး၏ တရားရုံးတော်၌ ရာထူးစည်းစိမ်ရှင် မင်းပုဏ္ဏား သူကြွယ်တို့သည် မမှန်သော စကားကို ပြောဆိုကြပုံ၊ တရားသူကြီးအမတ်တို့ကလည်း တံစိုးလက်ဆောင်စား၍ မမှန်မကန် ဆုံးဖြတ်ကြပုံ၊ မင်းကြီးက မြတ်စွာဘုရားထံ ထိုအကြောင်းကို လျှောက်ထားရာ မြတ်စွာဘုရားက ဉာဏ်နည်းသူ ပုထုဇဉ်တို့သည် ဆိုးဝါးသော ဆင်းရဲကို ခံကြရမည်ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၇၄) (သံ၊ဋ္ဌ၊၁၊၁၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဍ္ဎကာသိထေရီဝတ္ထု

ဤဝတ္ထု၌ အဍ္ဎကာသိထေရီမလောင်းလျာသည် ကဿပမြတ်စွာဘုရားရှင်လက်ထက်တော်၌ ရဟန်းမတစ်ပါး ဖြစ်၍ ရဟန္တာထေရီမကို ပြည့်တန်ဆာမဟု နှုတ်ဖြင့် ပြစ်မှားခဲ့ပုံ၊ ထိုကံကြောင့် ဤဘုရားရှင့် လက်ထက်တော်၌ ပြည့်တန်ဆာမ ဖြစ်ခဲ့ရပုံ၊ မြတ်ဗုဒ္ဓ၏ တရားတော်ကို နာကြားရ၍ ရဟန်းပြုကာ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၉၂) (ထေရီ၊ဋ္ဌ၊၃၁) (ထေရီ၊၄၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဍ္ဎစန္ဒိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တိဿဘုရားရှင်၏ ပိတောက်ဗောဓိပင်အား ပန်းများကို လခြမ်းသဏ္ဌာန် ပြုလုပ်လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်မလားခဲ့ရဘဲ နှစ်ဆယ့်ငါးကမ္ဘာအထက်၌ ဒေဝလစကြဝတေးမင်းဖြစ်ခဲ့ရပုံ၊ ဤဘုရားရှင်၏ သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဍ္ဎစေလကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းသည် တိဿဘုရားရှင်အား ကိုယ်ဝတ်ပုဆိုးတစ်ပိုင်းကို ဖြစ်ခဲ့ရပုံ၊ ပေးလှူခဲ့သော (၉၂)ကမ္ဘာပတ်လုံး အပါယ်မလားခဲ့ရပုံ၊ တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ ဖြစ်ခဲ့ရပုံ၊ ကြွင်းသော ကမ္ဘာတို့၌ ကုသိုလ်ပြုခွင့် ရရှိခဲ့ပုံ၊ လေးဆယ့်ကိုးကမ္ဘာအထက်၌ သမန္တစ္ဆဒနမည်သော စကြဝတေးမင်း သုံးဆယ်နှစ်ကြိမ် ဖြစ်ခဲ့ပြီး နောက်ဆုံး ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာဖြစ်၍ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၈) (အပ၊ဋ္ဌ၊၂၊၁၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဏ္ဍဘူတဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ဗာရာဏသီပြည်၌ မင်းပြုစဉ် ပုရောဟိတ်ပုဏ္ဏားနှင့် ကြွေအန်ကစားသောအခါ ‘‘သဗ္ဗာ နဒီ ဝင်္ကဂတီ’’စသော ဂါထာကို ရွတ်ဆိုလျက် ကြွေအန်ပစ်သောကြောင့် အမြဲတမ်းအနိုင်ရပုံ၊ ပုရောဟိတ်ပုဏ္ဏားကြီးသည် ပစ္စည်းဥစ္စာကုန်ဆုံးသွားသဖြင့် မင်းကြီး သစ္စာဆိုသော ဂါထာကို လွဲမှားအောင် ကြံစည်ပြုလုပ်လိုသောကြောင့် ယောကျ်ားတစ်ပါး မမြင်ဖူးသော မိန်းမငယ်ကို မွေးလာသည့် အချိန်မှစ၍ ထိန်းသိမ်းစောင့်ရှောက်ကာ အရွယ်ရောက်သောအခါ မယားငယ်အဖြစ် သိမ်းပိုက်ပြီး တစ်ဖန် မင်းကြီးနှင့် ကြွေအန်ကစားပုံ၊ ပုရောဟိတ်ပုဏ္ဏားကြီးကအမြဲတမ်း အနိုင်ရနေသဖြင့် အကျိုးအကြောင်းစုံစမ်းကာ ပုရောဟိတ်၏ မယားငယ်အား သေသောက်ကြူးသမားကို ဖျက်ဆီးစေပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အတိဆတ္တိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းသည် အဆင့်ဆင့်သော ထီးတော်ကို ပြုလုပ်၍ အတ္ထဒဿီဘုရားရှင်၏ ပုထိုးစေတီတော်၌ တင်လှူပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ကမ္ဘာတစ်ထောင့်ခုနစ်ရာပတ်လုံး အပါယ်မလားဘဲ နတ်ပြည်၌ ဖြစ်ခဲ့ရပုံ၊ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်၍ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၈) (အပ၊ဋ္ဌ၊၂၊၁၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အတိဒေဝဗြာဟ္မဏဝတ္ထု

ဤဝတ္ထုသည် ရေဝတဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အတိသာရဝတ္ထု

ဤဝတ္ထု၌ ဘုရားလောင်းသည် သူကြွယ်မျိုး၌ ဖြစ်စဉ် ဆေးဆရာအတတ်ဖြင့် အသက်မွေးမှု ပြုပုံ၊ တစ်နေ့သောအခါ သူဌေးသားတစ်ယောက်ကို ဆေးကုသပေးပုံ၊ သူဌေးသားသည် ရောဂါပျောက်ကင်း သွားသောအခါ ဆေးဖိုးပေးရန် မေ့လျော့နေပုံ၊ သို့ဖြစ်၍ ဘုရားလောင်း ဆေးဆရာက သူဌေးသားအား ဝမ်းလျောဆေးကို တိုက်ကျွေးပုံ၊ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဖြစ်လေရာဘဝတိုင်း၌ သွေးဝမ်းသွန်သော ရောဂါဝေဒနာ ခံစားရပုံ၊ နောက်ဆုံးဘဝ သဗ္ဗညုတ ဘုရားရှင် ဖြစ်တော်မူသည့် အချိန်၌လည်း စုန္ဒပန်းထိမ်သည် ဆက်ကပ်သည့် ဝက်ပျိုသားဆွမ်းကို ဘုဉ်းပေးပြီး သွေးဝမ်းသွန်ရောဂါဝေဒနာ ခံစားရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အတုလဥပါသကဝတ္ထု

ဤဝတ္ထု၌ အတုလဥပါသကာသည် တရားမဟောဘဲ ဆိတ်ဆိတ်နေသော အရှင်ရေဝတထေရ်၊ သိမ်မွေ့နက်နဲသော အဘိဓမ္မာတရားကို ရှည်လျားစွာ ဟောကြားတော်မူသော အရှင်သာရိပုတ္တရာမထေရ်နှင့် တရားကို အနည်းငယ်မျှသာ ဟောကြားလေ့ရှိသော အရှင်အာနန္ဒာမထေရ်တို့အား ကျေနပ်မှုမရှိဘဲ ကဲ့ရဲ့ပုံကို အကြောင်းပြု၍ မြတ်စွာဘုရားက လောကတွင် အကဲ့ရဲ့မခံရသူ မရှိကြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အတုလနာဂရာဇဝတ္ထု

ဤဝတ္ထုသည် သုမနဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အတုလနာဂရာဇဝတ္ထု

ဤဝတ္ထုသည် ဝိပဿီဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အတ္တကာမပါရိစရိယ ဝိနီတဝတ္ထူနိ

ဤဝတ္ထု၌ အတ္တကာမပါရိစရိယနှင့် ပတ်သတ်၍ သံဃဒိသေသ်အာပတ် သင့်/မသင့် ဆုံးဖြတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အတ္တဒဏ္ဍဝတ္ထု

ဤဝတ္ထု၌ မာဂဏ္ဍီမိဖုရားကြီးသည် မိစ္ဆာဒိဋ္ဌိတို့အား တံစိုးလက်ဆောင်ပေး၍ ဆွမ်းခံကြွလာသော ရဟန်းတော်များအား ဆဲရေးခြင်းဆယ်မျိုးတို့ဖြင့် နောက်မှလိုက်၍ ဆဲရေးစေပုံ၊ ထို့ကြောင့် အရှင်အာနန္ဒာမထေရ်က တခြားမြို့သို့ ကြွရန် ဘုရားရှင်အား လျှောက်ထားပုံ၊ ‘‘တခြားသော မြို့များ၌လည်း ဤကဲ့သို့ ဆဲရေးလျှင် မည်သို့ ပြုမည်နည်း၊ လောကဓံကြုံလာလျှင် ရင်ဆိုင်ရမည်သာ ဖြစ်သည်’’ဟု ဘုရားရှင်ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အတ္တဒတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ အတ္တဒတ္ထမထေရ်သည် ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ခါနီးဖြစ်သဖြင့် အခြားရဟန်းတော်များ အလွန် အလုပ်များနေချိန်တွင် မိမိ၏ တစ်မဂ်တစ်ဖိုလ်ရမည့် အရေးကိုသာ ဦးစားပေးလျက် တရားအားထုတ်နေခဲ့ပုံ၊ အခြားရဟန်းတော်များက အတ္တဒတ္ထမထေရ်အကြောင်းကို ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က သာဓု အနုမောဒနာ ခေါ်တော်မူပုံ၊ လောက၌ မည်သူမဆို သူတစ်ပါးတို့၏ အရေးကိစ္စထက် မိမိ၏ မဂ်ဖိုလ်ရရေးကိစ္စကိုသာ ဦးစားပေး ဆောင်ရွက်သင့်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အတ္တနောပုဗ္ဗကမ္မဝတ္ထု

ဤဝတ္ထု၌ ကပ်ကြီးသုံးပါး ဆိုက်ရောက်သဖြင့် ဝေသာလီပြည်သား ဝဇ္ဇီမင်းများသည် ဘုရားရှင်အား ပင့်လျှောက်ရာ လမ်းတစ်လျှောက် အလွန်ခမ်းနားကြီးကျယ်စွာ ပြင်ဆင်၍ ပင့်ဆောင်ကြပုံ၊ ထိုသို့ အလွန်ခမ်းနားစွာ ပူဇော်ခံရခြင်းသည် ငါဘုရား၏ တန်ခိုး၊ နဂါးနတ်ဗြဟ္မာတို့၏ တန်ခိုးကြောင့်မဟုတ်၊ ငါဘုရား သင်္ခပုဏ္ဏားဘဝက ပြုခဲ့သော ကုသိုလ်ကောင်းမှု၏ အစွမ်းကြောင့် ဖြစ်သည်ဟု ဟောပြတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အတ္ထဒဿီဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ အတ္ထဒဿီဘုရားရှင်သည် သောဘနနေပြည်တော်၌ ခမည်းတော်သာဂရမင်းကြီးနှင့် မယ်တော်သုဒဿနမိဖုရားကြီးတို့မှ မွေးဖွားခဲ့ပြီး ဝိသာခါမည်သော မင်းသမီးနှင့် နန်းစည်းစိမ်ခံစားခဲ့ပုံ၊ သေလမည်သော သားတော် မွေးဖွားပြီးနောက် မြင်းယာဉ်ဖြင့် တောထွက်တော်မူ၍ စကားပင်အောက်၌ ဘုရားဖြစ်တော်မူပုံ၊ သန္တနှင့် ဥပသန္တ အဂ္ဂသာဝကနှစ်ပါးရှိပုံ၊ အဘယမထေရ်က ပြုစုလုပ်ကျွေးပုံ၊ ဂေါတမဗုဒ္ဓလောင်းလျာသည် သုသီမဟူသော အဘိညာဉ်ရ ရသေ့ဘဝဖြင့် နိယတဗျာဒိတ်ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၆) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အတ္ထသန္ဒဿကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်း နာရဒရှင်ရသေ့သည် ဟိမဝန္တာ၌ ရဟန္တာတစ်သိန်း အခြံအရံနှင့်အတူ ပဒုမုတ္တရဘုရားရှင်ကို ဖူးမြင်ရသည့်အခါ ကြည်ညိုလှသဖြင့် ဘုရားရှင်၏ ဂုဏ်တော်တို့ကို ချီးမွမ်းပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကြောင့် အပါယ်မလားဘဲ သုမိတ္တစကြဝတေးမင်း ဖြစ်ခဲ့ရပုံ၊ ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၄) (အပ၊ဋ္ဌ၊၂၊၁၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အတ္ထသလ္လာပိကဝတ္ထု

ဤဝတ္ထု၌ ယုန်ကလေးသည် မြေကြီးပေါ်၌ ရပ်တည်နေသူ ဖြစ်ပါလျက် မြေကြီးကို မသိဟု ဆိုသောကြောင့် မြေကြီးက ယုန်ကလေးကို အပြစ်တင်ပုံ၊ ယုန်ကလေးသည် မကျေနပ်သဖြင့် သင်နှင့် ငါ မနေလိုဟုဆိုကာ အဝေးသို့ အကြိမ်များစွာ ခုန်ထွက်သွားသော်လည်း မြေကြီးနှင့် မကင်းကွာနိုင်ဘဲ ရှိသကဲ့သို့ မိစ္ဆာဒိဋ္ဌိတို့သည်လည်း အတ္တကို စွဲမှီထားသော မိမိ၏ မှားယွင်းသော အယူအဆကို မစွန့်လွှတ်နိုင်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၃၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အတ္ထဿဒွါရဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် သူဌေးဖြစ်၍ သူ၏ သားသည် (၇)နှစ်သားမှာပင် ပညာရှိဖြစ်ခဲ့ပုံ၊ ထိုသားငယ်သည် ဖခင်အား ကြီးပွားကြောင်းတရားများကို မေးသဖြင့် ဘုရားအလောင်းက ဖြေဆိုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အတြိစ္ဆအမစ္စဝတ္ထု

ဤဝတ္ထု၌ အလွန်လောဘကြီးသော အမတ်တစ်ယောက်သည် မိမိနိုင်ငံမှ အခြားသော နိုင်ငံသို့ ဝင်ရောက်ကျူးကျော်ခဲ့ပုံ၊ ထိုနိုင်ငံမှ ရိုက်နှက်ထောင်းထုလွှတ်လိုက်သဖြင့် ရသေ့တစ်ပါး၏ ကျောင်းသင်္ခမ်းသို့ ဝင်ရောက်၍ ဥပုသ်စောင့်ပုံ၊ ရသေ့က အကျိုးအကြောင်း မေးမြန်းစုံစမ်းသောအခါ လောဘကြီးခြင်း၏ အဖြစ်ကို နားလည်သဘောပေါက်၍ ဥပုသ်စောင့်ကြောင်း ဖြေကြားပုံ အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဒိဋ္ဌပုဗ္ဗကိံသုကဝတ္ထု

ဤဝတ္ထု၌ ပစ္စန္တရာဇ်သား ရောဂါဝေဒနာခံစားနေရသူတစ်ယောက်သည် ဆေးဖော်ရန်အတွက် ပေါက်ပင်ကို အလိုရှိသော်လည်း ပေါက်ပင်ကို မမြင်ဖူးသဖြင့် မြင်ဖူးသူများကို မေးပုံ၊ အရွက်ကြွေ၍ အငုတ်ဖြစ်ချိန်ကိုသာ မြင်ဖူးသူက မီးလောင်ငုတ်နှင့် တူ၏ဟူ၍လည်းကောင်း၊ အသီးသီးချိန်ကို မြင်ဖူးသူက ကုက္ကိုပင်နှင့် တူ၏ဟူ၍လည်းကောင်း၊ အရွက်နုထွက်ချိန်ကို သိသူက ပညောင်ပင်နှင့် တူ၏ဟူ၍လည်းကောင်း၊ အပွင့်ပွင့်ချိန်ကို သိသူက သားတစ်စိုင်နှင့် တူ၏ဟူ၍လည်းကောင်း၊ တစ်ပင်တည်းကိုပင် အချိန်ကာလ လိုက်၍ အသီးသီး အမြင်ကွဲပြားစွာ ပြောဆိုကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဒ္ဓါနဂမနသမယဝတ္ထု

ဤဝတ္ထု၌ လူတို့နှင့် ခရီးအတူသွားကြသော ရဟန်းတို့သည် ထိုလူတို့အား ခဏလေး စောင့်ပါဦး၊ ဆွမ်းခံဝင်ကြပါဦးမည်ဟု ပြောရာ ဆွမ်းမခံပါနှင့်၊ ဤနေရာက ဆွမ်းကိုပဲ ဘုဉ်းပေးကြပါဟု လျှောက်သော်လည်း ဂဏဘောဇဉ်ကို ဘုရားရှင် ပညတ်ပိတ်ပင်ပြီးဖြစ်၍ မခံယူကြပုံ၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ခရီးရှည် ထွက်ချိန်၌ ဂဏဘောဇဉ်ကို ခံယူနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဒ္ဓါနဂမနသမယဝတ္ထု

ဤဝတ္ထု၌ ၁၅-ရက်တစ်ကြိမ်သာ ရေချိုးရန် သိက္ခာပုဒ်ပညတ်တော်မူပြီးသောအခါ ခရီးရှည်သွားကြသော ရဟန်းတို့အတွက် ရေချိုးရန် လိုအပ်လာသဖြင့် ခရီးရှည်သွားသူများ ၁၅-ရက် တစ်ကြိမ်မက ရေချိုးနိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဓမ္မကမ္မဝတ္ထု

ဤဝတ္ထု၌ ဝိနည်းလေးစားသော ရဟန်းတော်တို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့၏ အဓမ္မကံပြုခြင်းကို ကန့်ကွက်ကြသောအခါ ဆဗ္ဗဂ္ဂီတို့က ဝိနည်းဓိုရ်ရဟန်းတော်တို့အား ရန်ငြိုးဖွဲ့ပြီး သတ်မည်ဟုပင် ခြိမ်းခြောက်ကြပုံ၊ ဘုရားရှင် သိတော်မူ၍ ၄-၅ပါး ဖြစ်လျှင် ကန့်ကွက်ရန်၊ ၂-၃ပါးဖြစ်လျှင် ဆန္ဒကို ပြောပြရန် တစ်ပါးတည်း ဖြစ်လျှင် မိမိမထောက်ခံ မနှစ်သက်မှုကို စိတ်တွင် အဓိဋ္ဌာန်ထားရန် မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဓမ္မိကကတိကဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့၌ ဝါကပ်ကြသော ရဟန်းတို့သည် ဝါတွင်းကာလတွင် ရှင်ပြုမပေးရဟု ကတိကဝတ်ပြုထားကြပုံ၊ ဝိသာခါ၏ မြေးတစ်ယောက်သည် ရဟန်းတော်တို့ထံ လာပြီး ရှင်ပြုပေးရန် တောင်းပန်ရာ ကတိကဝတ်ရှိသဖြင့် ရှင်ပြုမပေးကြပုံ၊ ဝါကျွတ်သောအခါ ရှင်ပြုရန် ခေါ်သောအခါ မဝတ်နိုင်တော့ကြောင်း ငြင်းဆိုပုံ၊ ဝိသာခါက ရှုတ်ချသဖြင့် ဘုရားရှင်က ထိုကဲ့သို့ ကတိကဝတ်မပြုရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဓိမုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ အဓိမုတ္တမထေရ်လျောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား လျော်တေသင်္ကန်းကို ဘုရားရှင်ခြေရင်းဝယ် ဖြန့်ခင်းကာ အကျော်ပန်းတို့ဖြင့် ပူဇော်ပြီး (၁၀)ဂါထာတို့ဖြင့် ချီးကျူးပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည် ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ထေရ၊ဋ္ဌ၊၁၊၂၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဓိမုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ အဓိမုတ္တမထေရ်လောင်းလျာသည် အတ္ထဒဿီဘုရားရှင်နှင့် သံဃာတော် တို့အား မဟာဒါနအလှူကြီးကို လှူခဲ့သောကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရ၍ ဤဘုရားသာသနာတော်၌ အဓိမုတ္တလုလင်ဖြစ်လာပုံ၊ ဦးရီးတော် သံကိစ္စမထေရ်ထံ ရှင်ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဓိမုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကြံဖြင့် မဏ္ဍပ်ဆောက်လုပ်၍ အတ္ထဒဿီဘုရားရှင်၏ တပည့်သာဝက ရဟန်းသံဃာတို့ကို ပင့်ဖိတ်၍ ဆွမ်းကပ်ခဲ့ရသော ကုသိုလ်ကောင်းမှုကြောင့် အပါယ်လေးပါးသို့ လုံးဝ လားရောက်ခြင်းမရှိဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၉၈) (အပ၊ဋ္ဌ၊၂၊၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဓိမုတ္တသာမဏေရဝတ္ထု

ဤဝတ္ထု၌ သံကိစ္စသာမဏေ၏တူ အဓိမုတ္တသာမဏေသည် မိဘတို့ထံ သွားစဉ် သူခိုးအဖမ်းခံရပြီး သူခိုးတို့ရှိကြောင်း မည်သူကိုမျှ မပြောပါ-ဟူသော ကတိစကားဖြင့် လွတ်မြောက်ခဲ့ပုံ၊ သာမဏေသည် မိဘတို့ကိုပင် ဖွင့်မပြောကြောင်း တွေ့ရ၍ ကြည်ညိုကာ ခိုးသူအားလုံး ရဟန်းဝတ်ကြ ရဟန္တာဖြစ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၅၄) (ဓမ္မ၊ဋ္ဌ၊၁၊၄၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဓောပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ အဓောပုပ္ဖိယထေရ် အလောင်းသည် ကာမဂုဏ်တို့၌ အပြစ်မြင်၍ ရသေ့ဝတ်ကာ တရားအားထုတ်သဖြင့် အဘိညာဉ်ငါးပါး၊ သမာပတ်ရှစ်ပါး ရပြီး ကောင်းကင်၌ ဈာန်ယာဉ်စီးခဲ့ပုံ၊ သိခီဘုရားရှင်၏ လက်ယာရံ အဂ္ဂသာဝက ‘‘အဘိဘူ’’ရဟန်း၏ ဦးထိပ်၌ ပန်းခုနစ်ပွင့်တို့ကို ကြဲမြှောက်ပူဇော်ခဲ့သော ကောင်းမှုကြောင့် အပါယ်လေးပါးသို့ မလားရောက်ရဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၂) (အပ၊ဋ္ဌ၊၂၊၁၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနဇ္ဈိဋ္ဌဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သံဃာတော်များ အလယ်တွင် တိုက်တွန်းမှု မရှိဘဲ တရားဟောကြေြုကာင်းကို ဘုရားရှင် သိတော်မူ၍ မထေရ်ကြီးသည် ကိုယ်တိုင် တရားဟောနိုင်ပြီး သူတစ်ပါးကိုလည်း တရားဟောရန် တိုက်တွန်းနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။(ဝိ၊ ၃၊ ၁၅၂) (ဝိ၊၃၊၁၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနတိရိတ္တဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် ဂိလာနရဟန်းတို့အတွက် စားကောင်းသောက်ဖွယ်ဆွမ်းတို့ကို ယူဆောင်လာကြသော်လည်း ဂိလာနရဟန်းတို့သည် စိတ်တိုင်းကျ အားပါးတရ မဘုဉ်းပေးနိုင်ကြသဖြင့် ပိုလျှံနေကြရာ အားလုံးကို စွန့်ပစ်ကြရပုံ၊ ခွေး, ကျီး, ငှက်တို့ ဆူညံစွာ စားသောက်သံကို ဘုရားရှင် ကြားတော်မူပုံ၊ ထိုအကြောင်းအရာ အလုံးစုံကို ဘုရားရှင်သိတော်မူ၍ ဆွမ်းစားပြီး တော်ပြီတန်ပြီဟု ပယ်မြစ်ပြီးဖြစ်သဖြင့် ပဝါရိက်သင့်ပြီးသော ရဟန်းသည် အတိရိက်ဝိနည်းကံပြု၍ ဘုဉ်းပေးနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနတ္ထပုစ္ဆကဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ အကျိုးမဲ့ကို ဖြစ်စေတတ်သည့် တရားမျိုးကို ဟောပြပါရန် လျှောက်ထားလာသော ပုဏ္ဏားအား ဘုရားရှင်က နေမြင့်အောင် အိပ်ခြင်း၊ ပျင်းရိခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ အရက်ဆိုင်၊ စားသောက်ဆိုင်၊ အပျော်အပါးနေရာတို့၌ ကြာမြင့်စွာ အချိန်ဖြုန်းခြင်း၊ တစ်ဦးတည်း ခရီးသွားခြင်း၊ သူတစ်ပါးသားမယားအား ပြစ်မှားခြင်းတို့သည် အကျိုးမဲ့တရားများ ဖြစ်ကြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနနုသောစိယဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သူကြွယ်မျိုး၌ ဖြစ်၍ ဇနီးသည်နှင့်အတူ တောထွက်၍ ရသေ့ဝတ်သွားခဲ့ပုံ၊ တစ်နေ့သောအခါတွင် ရာသီကြမ်း၊ အစာကြမ်း ဒဏ်ကို ခံရသဖြင့် ရသေ့မလေး ကွယ်လွန်သွားသော်လည်း ရသေ့ကြီးက မရဏာနုဿတိဘာဝနာ ဆင်ခြင်၍ မငိုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနဘိရတဘိက္ခုဝတ္ထု

ဤဝတ္ထု၌ သားရဟန်းကို ရည်မှန်း၍ သင်္ကန်းသပိတ်ဖိုး အတွက် အသပြာငွေ တစ်ရာကို သားငယ်လက်၌ ထားလျက် ဘခင်ဖြစ်သူ သေဆုံးခဲ့ပုံ၊ ညီငယ်ထံသို့ ရောက်သော် ထိုရဟန်းကို ဖခင်အပ်နှံထားသော အသပြာငွေကို လွှဲအပ်ပုံ၊ ပထမသော် လက်မခံဟု ငြင်းပယ်၍ နောက်၌ ထိုငွေတစ်ရာဖြင့် အသက်မွေးရန် လူထွက်ချင်ပုံ၊ မြတ်စွာဘုရားရှင် သိတော်မူသော် ‘‘ထိုငွေတစ်ရာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင် မပြုနိုင်’’ စူးစမ်းစေပုံ၊ မရနိုင်ကြောင်း သိစေပြီးမှ တဏှာ၏အလိုသည် မည်သည့်အခါမျှ မပြည့်နိုင်ကြောင်း ဘုရားရှင် ဟောပြောဆုံးမပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနဘိရတဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် မိမိ၏ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းသဖြင့် တရားအားထုတ်၍ မရသောကြောင့် သာသနာတော်၌ မပျော်ပိုက်ကြောင်း ဆရာဥပဇ္ဈာယ်ထံ လျှောက်ထားပုံ၊ ဆရာဥပဇ္ဈာယ်က ထိုရဟန်းကို မြတ်စွာဘုရားထံသို့ ခေါ်လာပုံ၊ မြတ်စွာဘုရားက ထိုရဟန်းအား ဣန္ဒြေတို့ကို စောင့်ခြင်း၊ အစားအစာကို မျှတစွာ သုံးဆောင်ခြင်းစသည်ဖြင့် တရားကျင့်ရန် ဟောတော်မူပုံ၊ ထိုရဟန်းသည် မြတ်စွာဘုရား၏ ဩဝါဒအတိုင်း ကြိုးစား၍ တရားကို အားထုတ်ရာ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနဘိရတိဇာတက

ဤဇာတ်တော်၌ ဥပါသကာတစ်ယောက်သည် မိမိ၏ ဇနီးမယားဖြစ်သူက သူတစ်ပါးတို့နှင့် ဖောက်ပြန်ပျက်စီးနေသဖြင့် စိတ်သောကရောက်ကာ ဘုရားရှင်ထံ မချဉ်းကပ်နိုင်ဘဲ တစ်ပတ်ကျော်ကျော် မိမိအိမ်၌သာ နေပုံ၊ တစ်နေ့တွင် ဘုရားရှင်ထံ အဖူးမြော်ရောက်သောအခါ ဘုရားရှင်က ‘‘တစ်ပတ်လုံးလုံး အဘယ့်ကြောင့် ကျောင်း မရောက်သနည်း’’ဟု မေးမြန်းသဖြင့် အကျိုးအကြောင်း လျှောက်ထားပုံ၊ ထိုအခါ ဘုရားရှင်က သင်၏ ဇနီးသည် ယခုဘဝ၌သာ ဖောက်ပြန်သည်မဟုတ်၊ အတိတ်ဘဝတစ်ခုတွင် မိမိက ဒိသာပါမောက္ခဆရာကြီးဖြစ်ပြီး သင်ဥပါသကာက တပည့် ဖြစ်ခဲ့စဉ်အခါကလည်း သင်၏ ဇနီးမယားသည် ယခုကဲ့သို့ပင် ဖောက်ပြန်ပျက်စီးခဲ့ဖူးကြောင်း၊ မိန်းမတို့အပေါ်၌ အမျက်ဒေါသ မထွက်သင့်ကြောင်း၊ လျစ်လျူရှူသင့်ကြောင်း စသည်ဖြင့် အတိတ်ဇာတ်ကြောင်း ဆောင်၍ တရားဟောတော်မူသဖြင့် ဥပါသကာ သောတာပန်တည်သွားပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနဘိရတိဇာတက

ဤဇာတ်တော်၌ ဗေဒင်သုံးပုံတွင် တစ်ဖက်ကမ်းခတ် တတ်မြောက်ထားသော ပုဏ္ဏားလုလင် တစ်ယောက်သည် အိမ်ထောင်ကျသောနေ့မှ စ၍ အိမ်မှုကိစ္စများဖြင့် ရှုပ်ထွေးနေသဖြင့် ဗေဒင်မန္တန်တို့ကို ရွတ်ဖတ်သရဇ္ဈာယ်မှု မပြုနိုင်တော့ကြောင်း ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က အတိတ်ဇာတ်ကြောင်း ဆောင်၍ ဟောတော်မူပုံ၊ ဘုရားလောင်းသည် တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခဆရာကြီး ဖြစ်ခဲ့စဉ် များစွာသော မင်းညီမင်းသားတို့နှင့် ပုဏ္ဏားလုလင်တို့ကို ဗေဒင်သုံးပုံ သင်ကြားပို့ချ ရွတ်ဆိုစေခဲ့ပုံ၊ ဆရာအားကိုးအားထားပြုလောက်အောင် တော်သောပုဏ္ဏားလုလင် တပည့်တစ်ယောက်သည် အိမ်ထောင်ကျသွားသည့် အချိန်မှ စ၍ အိမ်မှုကိစ္စတို့ဖြင့် စိတ်နောက်ကျုသဖြင့် ဗေဒင်မန္တန်တို့ကို မရွတ်ဆိုနိုင်တော့ပုံ၊ ရေကြည်လင်နေသော စမ်းချောင်းလေး၌ ကျောက်စရစ်ခဲ အိုးခြမ်းကွဲ၊ ငါးပုဇွန်စသည်တို့ကို တွေ့မြင်ရသကဲ့သို့ စိတ်ကြည်လင်နေမှသာလျှင် မိမိအကျိုး သူတစ်ပါးအကျိုးတို့ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် တရားဟောသဖြင့် ပုဏ္ဏားလုလင် သောတာပန်တည်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနာထပိဏ္ဍိကဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ အနာထပိဏ်သူဌေးကြီး ကွယ်လွန်ပြီးနောက် တုသိတာနတ်ပြည်၌ဖြစ်ပုံ၊ မဂ္ဂင်ရှစ်ပါး တရားအပေါင်းကြောင့်သာ သတ္တဝါတို့ ကိလေသာအညစ်အကြေးမှ ကင်းဝေး စေနိုင်ကြောင်း ဘုရားရှင်ထံ လာရောက်လျှောက်ထားပုံ၊ ပစ္စည်းဥစ္စာပြည့်စုံကြွယ်ဝမှု၊ အမျိုးအနွယ်၏စင်ကြယ်မြင့်မြတ်မှုစသော အကြောင်းများကြောင့် ကိလေသာ အညစ်အကြေးမှ မကင်းဝေး မစင်ကြယ်နိုင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနာထပိဏ္ဍိကပုတ္တကာလဝတ္ထု

ဤဝတ္ထု၌ အနာထပိဏ်သူဌေးကြီး၏သားကာလသည် ဘုရားရှင်ထံလည်း မသွား၊ ဘုရားရှင်ကြွလာသောအခါ၌လည်း ရှိမခိုး၊ တရားကိုလည်း မနာ၊ သံဃာ့ဝေယျာဝစ္စ များကိုလည်း မပြုလုပ်သဖြင့် သူဌေးကြီးက သားဖြစ်သူကာလအား ‘‘ကျောင်းတစ်ခါသွားကာ ဥပုသ်စောင့်ပြီး တရားနာလျှင် အသပြာတစ်ရာ ပေးမည်’’ဟု ပြောပုံ၊ သူဌေးသားကာလသည် ကျောင်းသို့သွားကာ ဥပုသ်စောင့်ပြီးတရားမနာဘဲ သင့်တော်ရာနေရာ၌ အိပ်လျက်ပြန်လာပုံ၊ နောက်ရက်များ၌ သူဌေးကြီးက ကာလအား အသပြာတစ်ထောင်ပေးမည် တရားတစ်ပုဒ်ရအောင် သင်ယူခဲ့ပါ’’ဟု ပြောသောအခါ တရားတစ်ပုဒ်ကို မရရအောင်နာယူမှတ်သားရင်း သောတာပန်တည်သွားပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနာထပိဏ္ဍိကဝတ္ထု

ဤဝတ္ထု၌ အနာထပိဏ်သူဌေးသည် မိမိ၏ ယောက်ဖဖြစ်သော ရာဇဂြိုဟ်သူဌေးထံ သွားရောက်စဉ် ဘုရားရှင်အတွက် ဆွမ်းစားပင့်ထားကြောင်း ကြားသိရသဖြင့် ထိုညမှာပင် ဘုရားရှင်ကို ဖူးတွေ့ရန် ဆန္ဒစောလွန်းသောကြောင့် အိပ်မပျော်ခဲ့ပုံ၊ မိုးမလင်းခင်မှာပင် အိမ်မှထွက်၍ မြို့ပြင်ရှိ သီတဝန်တော၌ သီတင်းသုံးနေသော ဘုရားရှင့်အထံတော်သို့ အရောက်သွားပြီး တရားနာ၍ သောတာပန်ဖြစ်ခဲ့ပုံ၊ သာဝတ္ထိမြို့ရှိ ဇေတမင်းသား၏ ဥယျာဉ်ကို ငွေဒင်္ဂါပြားများ အပြည့် ခင်း၍ ဝယ်ယူပြီးလျှင် ဇေတဝန်ကျောင်းတော်ကိုဆောက်လုပ် လှူဒါန်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၀၁) (ဝိ၊ဋ္ဌ၊၄၊၆၃) (သာရတ္ထ၊ဋီ၊၃၊၃၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနာထပိဏ္ဍိကဝတ္ထု

ဤဝတ္ထု၌ အနာထပိဏ်သူဌေးကြီး အနာရောဂါပြင်းထန်နေစဉ် အရှင်သာရိပုတ္တရာ ကြွရောက်ပြီး အဇ္ဈတ္တိကာယတန၊ ဗာဟိရာယတန စသော အာယတနတို့၌ စွဲလမ်းမှုကင်းရန် ဟောပြသဖြင့် သူဌေးကြီးသည် ဒီတရားမျိုး အခုမှ နာရလေခြင်းဟု ဝမ်းနည်းစွာ ငိုကြွေးပုံ၊ ကွယ်လွန်သောအခါ တုသိတာနတ်ပြည်၌ နတ်သားဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၃၊၃၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနာထပိဏ္ဍိကဝတ္ထု

ဤဝတ္ထု၌ အနာထပိဏ်သူဌေးကြီးသည် ပရိဗိုဇ်ကျောင်းသို့ သွားရောက်သည့်အခါ ပရိဗိုဇ်တို့က သဿတဝါဒစသော အယူဝါဒများကို ပြောပြကြပြီး သူဌေးကြီး၏အယူဝါဒကို မေးရာ အနိစ္စ, ဒုက္ခ, အနတ္တ အယူအဆကို ရှင်းပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၄၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနာထပိဏ္ဍိကဝတ္ထု

ဤဝတ္ထု၌ သူဌေးကြီး အလောင်းအလျာသည် ပဒုမုတ္တရ ဘုရားရှင်လက်ထက်၌ ဒါယကာတို့တွင် အသာဆုံး ဧတဒဂ်ရသူကို အားကျပြီး ကုသိုလ်ပြုဆုတောင်းခဲ့သောကြောင့် ဤဘုရားရှင် လက်ထက်ဝယ် သာဝတ္ထိပြည် သုမနသူဌေးကြီး၏သား သုဒတ္တ သူဌေးဖြစ်ပုံ၊ ဇေတမင်းသား၏ ဥယျာဉ်မြေကို ငွေအသပြာအပြည့်ခင်းပြီး ဘုရားရှင်အား ဇေတဝန်ကျောင်း တော်ကြီး ဆောက်လုပ်လှူဒါန်းပုံ၊ ဧတဒဂ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနာထပိဏ္ဍိကသေဋ္ဌိဝတ္ထု

ဤဝတ္ထု၌ အနာထပိဏ်သူဌေးကြီးသည် (၅၄)ကုဋေ အကုန်အကျခံ၍ ဇေတဝန်ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းခြင်း၊ တစ်နေ့လျှင် သုံးကြိမ် နေ့စဉ် နေ့တိုင်း အလှူဒါနဝတ်များပြုလုပ်ခြင်း၊ မြစ်ကမ်းနား၌ မြှုပ်ထားသော (၁၈)ကုဋေမျှသော ပစ္စည်းဥစ္စာရတနာများ မဟာသမုဒ္ဒရာထဲသို့ မျောပါသွားခြင်းစသည်တို့ကြောင့် ဆင်းရဲမွဲတေသွားသောအခါ တံခါးစောင့်နတ်က ဘုရားအမှူးရှိသော သံဃာတော်များအား လှူဒါန်းမည့်အစား ငွေကြေးများကို လုပ်ငန်းထဲ၌ အသုံးချကာ စည်းစိမ်ဥစ္စာများ တိုးပွားအောင် ပြုလုပ်ရန် သတိပေးပုံ၊ အနာထပိဏ်သူဌေးကြီးသည် သောတာပန်ပုဂ္ဂိုလ် ဖြစ်သဖြင့် မိစ္ဆာဒိဋ္ဌိတံခါးစောင့်နတ်အား အိမ်မှနှင်ထုတ်လိုက်ပုံ၊ ထိုနတ်သည် နေထိုင်စရာ နေရာမရှိတော့သဖြင့် မြို့စောင့်နတ်၊ နတ်မင်းကြီးလေးပါး၊ သိကြားမင်း စသူတို့ထံ အဆင့်ဆင့် အကူညီတောင်းခံသောအခါ သိကြားမင်းက သူဌေးကြီး ပျက်စီးဆုတ်ယုတ်သွားသော ပစ္စည်းဥစ္စာ ရတနာများကို ပြန်လည် ဖော်ထုတ်ဖြည့်ဆည်းပေးပြီး ဝန်ချတောင်းပန်လျက် အပြစ်ကို သည်းခံစေကာ နေရာဌာနပြန်လည်တောင်းခံရန် အကြံပြုပုံ၊ သိကြားမင်း အကြံပြုသည့်အတိုင်း တံခါးစောင့်နတ်က ဆောင်ရွက်သဖြင့် မိမိနေရာဌာန ပြန်လည်ရရှိပြီး ဘုရားရှင်၏ တရားတော်ကို နာကြားရသောအခါ တံခါးစောင့်နတ် သောတာပန်တည်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနိစ္စလက္ခဏဝတ္ထု

ဤဝတ္ထု၌ ရဟန်းငါးရာတို့သည် ဘုရားရှင်ထံ ကမ္မဋ္ဌာန်းတောင်း၍ အားထုတ်သော်လည်း တစ်မဂ်တစ်ဖိုလ် မရသဖြင့် ဘုရားရှင်ထံပြန်လာကြပုံ၊ ဘုရားရှင်က ထိုရဟန်းငါးရာတို့၏ အတိတ်အကြောင်းကို ရှုတော်မူကာ သင်္ခါရတရားအားလုံးတို့သည် ဖြစ်ပြီးလျှင် ပျက်တတ်သော သဘောကြောင့် အနိစ္စ မည်ကြောင်းစသည်ဖြင့် အနိစ္စလက္ခဏာတရားကို အထူး ဟောကြားသဖြင့် ရဟန္တာဖြစ်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနိတ္ထိဂန္ဓကုမာရဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိပြည်သား အနိတ္ထိဂန္ဓမည်သော သူဌေးသားသည် မိဘတို့တိုက်တွန်းချက်အရ ရွှေရုပ်နှင့်တူသော သာဂလမြို့သူ သူဌေးသမီးကို ဆောင်ယူလာစဉ် ခရီးပန်းသဖြင့် ကွယ်လွန်ခဲ့ရပုံ၊ သူဌေးသမီးကွယ်လွန်သဖြင့် သောကရောက်နေသော သူဌေးသားထံ ဘုရားရှင်ကြွတော်မူ၍ ကာမတဏှာကြောင့် သောကဖြစ်ရကြောင်း ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနုကုလယညဝတ္ထု

ဤဝတ္ထု၌ အနာထပိဏ်သူဌေး၏ အိမ်တွင် နေ့စဉ်နေ့တိုင်း နိစ္စဘတ်ငါးရာ၊ စာရေးတန်မဲ ငါးရာပေးလှူလေ့ရှိပုံ၊ သူဆင်းရဲ အမျိုးသမီးတစ်ယောက်သည် စာရေးတံမဲတစ်ခုကိုမျှ မပေးလှူနိုင်သဖြင့် သေတဝါဟနတိုင်းသို့ သွားပြီး ကောက်နယ်တလင်းကို ရှင်းလင်းသုတ်သင်ကာ ရရှိလာသော စပါးများဖြင့် စာရေးတံမဲကို ပေးလှူပုံ၊ ထိုအကြောင်းအရာကို မင်းကြီးကြားသိပြီး မိဖုရားအရာ၌ထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၂၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနုမောဒနဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆွမ်းစားကျောင်း၌ ဆွမ်းစားပြီးလျှင် မထေရ်ကြီးက အနုမောဒနာပြုရမည်ဟု ပညတ်တော်မူထားသဖြင့် အရှင်သာရိပုတ္တရာတစ်ပါးတည်း နေတော်မူခဲ့၍ အနုမောဒနာပြုခဲ့ပုံ၊ မထေရ်တစ်ပါးတည်း အဖေါ်မဲ့ ပြန်ကြွလာသည်ကို ဘုရားရှင် တွေ့တော်မူ၍ မထေရ်လေးပါး ငါးပါး စောင့်နေရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနုရုဒ္ဓတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်အနုရုဒ္ဓါမထေရ်သည် ကောသလတိုင်းမှ သာဝတ္ထိမြို့သို့ ကြွတော်မူစဉ် ရွာငယ်တစ်ရွာရှိ အမျိုးသမီးတစ်ဦး ဆောက်လုပ်လှူဒါန်းထားသော တည်းခိုဇရပ်၌ တည်းခိုနေပုံ၊ နောက်ထပ် ခရီးသွားများ ရောက်လာသဖြင့် မထေရ်ကို အိမ်ပေါ်သို့ ပင့်၍ တည်းခိုစေပြီး အိမ်ရှင်အမျိုးသမီးသည် ဝတ်စားတန်ဆာ ဝတ်ဆင်၍ မထေရ်ကို ဖြားယောင်းသွေးဆောင်ပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် သိတော်မူ၍ ‘‘အမျိုးသမီးများနှင့် တစ်မိုးတစ်ရံတည်း အိပ်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဒုတိယ သဟသေယျ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနုရုဒ္ဓတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမတ္တရဘုရားရှင်လက်ထက် သူကြွယ်တစ်ဦး ဖြစ်၍ ဒိဗ္ဗစက္ခုအရာတွင် အမြတ်ဆုံးဧတဒဂ်ရရှိသော မထေရ်တစ်ပါးကို အားကျ၍ (၇)ရက်(၇)လီ အလှူကြီးပေးလှူကာ ဆုတောင်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝဝယ် ကပိလဝတ္ထုမြို့၌ အမိတ္တောဒန သာကီဝင်မင်း၏သား ဖြစ်၍ မြတ်စွာဘုရားရှင် ကပိလဝတ္ထုသို့ ပထမဆုံးအကြိမ် ကြွတော်မူလာစဉ် ရဟန်းဝတ်ခဲ့ပြီး ရဟန္တာတစ်ပါး ဖြစ်၍ ဒိဗ္ဗစက္ခုဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနုရုဒ္ဓထ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်အနုရုဒ္ဓါထေရ်သည် တစ်ပါးတည်း ကိန်းအောင်းလျက် နေ့သန့်နေစဉ် မနာပကာယိကာနတ်သမီးများက အဆင်း၊ အသံ၊ ချမ်းသာ ဤအရာဌာနသုံးမျိုးတို့၌ မိမိတို့အလိုရှိတိုင်း ဖန်ဆင်းနိုင်ကြောင်း လာရောက်လျှောက်ထားကြပုံ၊ အညိုရောင်၊ အဖြူရောင် အဝါရောင်စသည်ဖြင့် အရှင်အနုရုဒ္ဓါ၏ စိတ်အလိုဆန္ဒအတိုင်း ဖန်ဆင်းပြပြီးနောက် ကသူက-က၊ သီချင်းဆိုသူကဆို၊ လက်ခုပ်တီးသူကတီး လုပ်ပြသောအခါ အရှင်အနုရုဒ္ဓါထေရ်က မျက်လွှာချထားသဖြင့် ထိုနေရာ၌ပင် နတ်သမီးများ ပျောက်ကွယ်သွားကြပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က မနာပကာယိကာနတ်ဖြစ်ရန် အကြောင်း(၈)ချက်ကို ဟောကြားပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (အံ၊၃၊၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနုရုဒ္ဓတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်အနုရုဒ္ဓမထေရ်သည် သင်္ကန်းဟောင်းနွမ်းနေပြီဖြစ်၍ ပံ့သကူကောက်ရန် ကြွတော်မူစဉ် ဇာလိနီနတ်သမီးက နတ်ဝတ်သုံးထည် ချထားသဖြင့် မထေရ်က ကောက်ယူခဲ့ပုံ၊ ဘုရားရှင်နှင့် ရဟန်းတော်တို့က ဝိုင်းဝန်း ချုပ်လုပ်ပေးကြပုံ၊ ထိုအခါ ဘုရားရှင်နှင့် ရဟန်းသံဃာတို့အတွက် ဆွမ်းဘောဇဉ်များ ပိုလျှံ၍ နေပုံ၊ သို့ဖြစ်၍ ပုထုဇဉ်ရဟန်းတို့က ‘‘အရှင် အနုရုဒ္ဓါသည် ဒကာဒကာမများစွာရှိကြောင်း ပြ၏’’ဟု ကဲ့ရဲ့ကြသောကြောင့် ရဟန္တာတို့၌ ပစ္စည်းနှင့်ပတ်သက်၍ လှုံ့ဆော်စကား ပြောလေ့မရှိကြောင်း ဘုရားရှင်က ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနုရုဒ္ဓတ္ထေရဝတ္ထု

ဤဝတ္ထု၌ အနုရုဒ္ဓထေရ်အလောင်းအလျာသည် ပဒုမုတ္တရဘုရားရှင် လက်ထက်တော်၌ ဒိဗ္ဗစက္ခုအဘိညာဉ်အရာ၌ ဧတဒဂ်ဘွဲ့ထူးရရန် ဆုပန်၍ ကောင်းမှုပြုခဲ့ပုံ၊ ကဿပ မြတ်စွာဘုရားရှင်၏ ရွှေစေတီကို ဆီမီးဖြင့် ထူးခြားစွာ ပူဇော်ခဲ့ပုံ၊ ဥပရိဋ္ဌပစ္စေကဗုဒ္ဓါ အရှင်မြတ်အား အန္နဘာရဆင်းရဲသားဘဝဖြင့် လှူဒါန်းသမှုပြုရာ ထီးချက်စောင့် နတ်သမီးက သာဓုခေါ်ခဲ့ပုံ၊ ထိုကောင်းမှုကြောင့် မဟာဓနသူဌေးဖြစ်ခဲ့ရပုံ၊ ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော်၌ ဘဒ္ဒိယမင်းသားတို့နှင့်တကွ ရဟန်းပြု၍ အဘိညာဉ်နှင့်တကွ ရဟန္တာဖြစ်ခဲ့ကာ ဒိဗ္ဗစက္ခုအဘိညာဉ်အရာ၌ ဧတဒဂ်ဘွဲ့ထူး ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၃၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနုရုဒ္ဓတ္ထေရဝတ္ထု

ဤဝတ္ထု၌ အလှူဒါနတို့၏ ကျေးဇူးသည် မမျှော်မှန်း မကြံစည်နိုင်လောက်အောင် ဆန်းကြယ်ပုံ၊ အရှင်အနုရုဒ္ဓါလောင်းလျာဖြစ်သော အန္နဘာရစာရင်းငှါးသည် မိမိအတွက် ရရှိထားသော ထမင်းတစ်နပ်ကို နိရောဓသမာပတ်မှထလာသော ပစ္စေကဗုဒ္ဓါအား ပေးလှူလိုက်သဖြင့် ထိုဘဝ၌ပင် မြေထဲမှ ရွှေအိုးများ ပေါ်ထွက်လာပြီး အချမ်းသာဆုံး အကြွယ်ဝဆုံး သူဌေးဘဝသို့ ရောက်ရှိသွားပုံ၊ ဤဂေါတမဘုရားရှင် လက်ထက်၌ ‘‘မရှိ’’ဟူသော စကားကို နားမလည်မကြားဖူးလောက်အောင်ပင် အလိုရှိသမျှ ပြည့်စုံပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၃၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနုလေပဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ အနုလေပဒါယကမထေရ်လောင်း အမျိုးကောင်းသားသည် အနောမဒဿီဘုရားရှင့်လက်ထက်တော်၌ သူဌေးသူကြွယ်တစ်ဦးဖြစ်ခဲ့ပုံ၊ အနောမဒဿီဘုရားရှင်၏ ဗောဓိပင်ကို ပွတ်လုံးပွတ်တိုင်များ ဝန်းရံစိုက်ထူ၍ အင်္ဂတေမြေညက်တို့ဖြင့် အချောကိုင်ပြီး ငွေဗိမာန်ပုံစံသဖွယ် ဆောက်လုပ်လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် အပါယ်လေးပါးသို့ လားရောက်ရခြင်းမရှိဘဲ ဖြစ်လေရာဘဝတိုင်း၌ ငွေဗိမာန်စံအိမ်တို့၌ နေထိုင်ခဲ့ရပုံ၊ ဤဘုရားရှင့်သာသနာတော်၌ ရဟန်းပြု၍ ဝိပဿနာ ရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၀) (အပ၊ဋ္ဌ၊၂၊၁၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနုသာသိကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ငှက်တို့၏ အကြီးအမှူးဖြစ်ပုံ၊ ဟိမဝန္တာတော၌ ငှက်အပေါင်းခြံရံလျက်နေစဉ် ငှက်မတစ်ကောင်သည် ကုန်သည်တို့ သွားရာလမ်း၌ ကျရစ်သော စပါးစေ့၊ ပဲစေ့များကို စားလေ့ရှိပုံ၊ မိမိစားကျက်သို့ အခြားငှက်များ မလာစေရန် ထိုလမ်းသည် နွားဆိုး၊ လူဆိုး၊ လှည်းကြမ်းတို့ ပေါများသဖြင့် အန္တရာယ်ရှိ၏။ မသွားကြနှင့်ဟု ပြောဆို၍ မိမိတစ်ဦးတည်းသာ လမ်းလယ်၌ ကျက်စားလျက်နေစဉ် လှည်းကြိတ်၍ သေရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနုသံသာဝကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းလျာသည် ဝိပဿီဘုရားရှင်အား တစ်ယောက်ချို(တစ်ဇွန်း)မျှသော ဆွမ်းကို လောင်းလှူခဲ့သည့်ကုသိုလ်ကောင်းမှုကြောင့် ကိုးဆယ့်တစ်ကမ္ဘာတိုင်တိုင် အပါယ်မလားရဘဲ ဤဘုရားရှင့်သာသနာတော်တွင် ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနုဠာဒေဝီဝတ္ထု

ဤဝတ္ထု၌ ဒေဝါနံ ပိယတိဿ မင်းကြီး၏ မိဖုရား အနုဠာဒေဝီသည် ဘိက္ခုနီပြုလိုပါကြောင်း လျှောက်ထားလာသဖြင့် အရှင်မဟိန္ဒမထေရ်က သီရိဓမ္မာသောကမင်းကြီးထံ သင်္ဃမိတ္တာထေရီနှင့် ဗောဓိပင်၏ ဒက္ခိဏသာခါတို့ကို ပေးပို့ရန် တောင်းခံတော်မူခဲ့ပုံ၊ သင်္ဃမိတ္တာထေရီ ရောက်လာသဖြင့် သီဟိုဠ်ကျွန်း၌ အနုဠာဒေဝီနှင့် မင်းသမီးတစ်ထောင် ဘိက္ခုနီ ပြုကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနူပမတ္ထေရဝတ္ထု

ဤဝတ္ထု၌ အနူပမမထေရ်လောင်းလျာသည် ပဒုမပစ္စေကဗုဒ္ဓါအား စက်ကတုံးပန်းများ လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပြီး ဂေါတမဘုရားရှင်လက်ထက်တွင် အတုမရှိ လှပသူ အနူပမလုလင် ဖြစ်လာပုံ၊ အရွယ်ရောက်သော် ရဟန်းပြုပြီး တောအရပ်တွင် မိမိစိတ်ကို ဆုံးမ၍ ဝိပဿနာရှုပွားများသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနေကဝဏ္ဏဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ သုမေဓာဘုရားရှင်လက်ထက်ဝယ် ဘုရားရှင်၏ သရီရဓာတ်တော်တို့ကို ရတနာစေတီတည်ခဲ့သော လူတစ်ယောက်သည် ရဟန်းပြု၍ (၇) နှစ်တိုင်တိုင် ဗြဟ္မစရိယကို ကျင့်သုံးပြီးနောက် လူထွက်ခဲ့ပုံ၊ ထို့နောက် သံဝေဂများစွာဖြင့် စေတီတော်၌ တံမြက်စီးလှည်းခြင်း၊ ဥပုသ် ဆောက်တည်ခြင်း၊ တရားနာ ခြင်းစသော ကုသိုလ်များစွာ ပြုလုပ်ခဲ့ပုံ၊ ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်သို့ ရောက်ရပုံ၊ ထိုမှတစ်ဖန် လူ့ပြည်နတ်ပြည်တို့၌ ကျင်လည်ကာ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဤဘုရားရှင်သာသနာတော်၌ တာဝတိံသာနတ်ပြည်၌ အနေကဝဏ္ဏနတ်သား ဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၁၁၂) (ဝိမာနဋ္ဌ၊၂၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနောပမာထေရီဝတ္ထု

ဤဝတ္ထု၌ သာကေတမြို့ မဇ္ဈသူဌေး၏သမီး အနောပမာသည် အရွယ်ရောက်သော် များစွာသော မင်း သူဌေးတို့က လာရောက် စေ့စပ်ကြောင်းလမ်းသော်လည်း အိမ်ရာထောင်မှုကို မနှစ်သက်ပုံ၊ ဘုရားရှင် အထံသို့သွား၍ တရားနာစဉ်် ဝိပဿနာ အဆင့်ဆင့်အားထုတ်၍ အနာဂါမ်တည်ပုံ၊ ထို့နောက် ရဟန်းမ ဖြစ်၍ (၇) ရက် မြောက်နေ့၌ အရဟတ္တဖိုလ်သို့ ရောက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အနောမဒဿီဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ အနောမဒဿီမြတ်စွာဘုရားသည် စန္ဒဝတီနေပြည်တော်ရှိ ခမည်းတော် ယသဝါမင်းကြီး၊ မယ်တော်ယသောဓရာ မိဖုရားကြီးမှ မွေးဖွားခဲ့ပုံ၊ သိရီမာမင်းသမီးနှင့်အတူ နန်းစည်းစိမ်ခံစားပုံ၊ သားတော်ဥပဝါဟဏ မွေးဖွားပြီးနောက် ထမ်းစင်ဖြင့် တောထွက်တော်မူပြီး ထောက်ကြံ့ပင်ရင်း၌ ဘုရားဖြစ်တော်မူပုံ၊ နိသဘနှင့် အနောမ-ဟု အဂ္ဂသာဝက နှစ်ပါးရှိတော်မူပုံ၊ ဝရုဏမထေရ်က ပြုစုလုပ်ကျွေးပုံ၊ ဂေါတမဗုဒ္ဓလောင်းလျာသည် ဘီလူးစစ်သူကြီးဘဝဖြင့် ဗျာဒိတ်ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၃) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အန္တဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် တစ်ခုသော ရွာအနီး၌ ကြက်ဆူပင်စောင့်နတ်ဖြစ်ပုံ၊ ရွာသားတို့သည် နွားသေတစ်ကောင်ကို ကြက်ဆူပင်တော၌ စွန့်ပစ်သည်ရှိသော် မြေခွေးနှင့်ကျီးတို့ ရောက်ရှိလာပြီး နွားသေသားကို စားကြပုံ၊ ကျီးကန်းက မြေခွေးကို ခြင်္သေ့နှင့် တူသည်၊ မြေခွေးက ကျီးကန်ကို ဥဒေါင်းငှက်နှင့် တူသည်ဟု အချင်းချင်း မဟုတ်မမှန် မြှောက်ပင့်ပြောကြသဖြင့် ကြက်ဆူပင်စောင့်နတ်က နှင်ထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အန္တရာယိကဓမ္မဝတ္ထု

ဤဝတ္ထု၌ ရဟန်းလောင်းအား တစ်နေရာ၌ ဆုံးမမှုပြုပြီးနောက် သံဃာ့အလယ်တွင် အန္တရာယ်ကြီး ၁၃-ပါးရှိမရှိ၊ မေးစိစစ်ရန် လိုအပ်ပုံ၊ ရောဂါကြီးများ ရှိမရှိ၊ လူယောကျ်ားဟုတ်မဟုတ်၊ ကျွန်ဟုတ်မဟုတ်၊ ကြွေးကင်းသူဟုတ်မဟုတ်၊ မင်းမှုထမ်းဟုတ်မဟုတ်၊ မိဘတို့က ရဟန်းပြုခွင့် ပေးမပေး၊ အသက် ၂၀-ပြည့်သူ ဟုတ်မဟုတ်၊ သပိတ်သင်္ကန်း ပြည့်စုံမစုံ၊ အမည်နှင့် ဥပဇ္ဈာယ်ဆရာအမည်တို့ကို မေးရန်ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အန္တရာယိကဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် ကောသလတိုင်း ဇနပုဒ်ရှိ တောကျောင်း၌ ဝါကပ်နေကြစဉ် သားရဲတိရစ္ဆာန်၊ မှက်ခြင်၊ သူခိုး၊ သူဝှက်၊ မြေဘုတ်ဘီလူးတို့ နှိပ်စက်ခံကြရပုံ၊ တစ်ချို့မှာ ရွာကို မီးလောင်၊ ကျောင်းကိုမီးလောင်၊ ရေမျောကြကုန်သဖြင့် ဘုရားရှင်က အန္တရာယ်ရှိလျှင် တခြားဒေသသို့ ပြောင်းရွှေ့နိုင်ကြောင်း၊ ဝါကျိုးသော်လည်း မပြစ်မရှိကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အန္ဓဂဏဝတ္ထု

ဤဝတ္ထု၌ အရက်သမားတစ်ယောက်သည် မျက်မမြင်လူတစ်စုကို တွေ့လျှင် အစားအစာ ပေါများသော ရွာသို့ လိုက်ပို့မည်ဟု တံစိုးလက်ဆောင် ယူ၍ ခေါ်လာပုံ၊ လမ်းခရီးတွင် မျက်မမြင်လူတို့ကို စွန့်ပစ်ကာ ထွက်ပြေးသွားပုံ၊ မျက်မမြင်တို့သည် လမ်းပျောက်ကာ ငိုကြွေးရင်း ထိုနေရာတွင် သေဆုံးကြရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၂၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အန္နသံသာဝကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား ပင့်ဖိတ်၍ ဆွမ်းလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၄-ကမ္ဘာ အပါယ်မလားဘဲ) ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၈၆) (အပ၊ဋ္ဌ၊၂၊၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အပဏ္ဏကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးလက်ထက်၌ လှည်းကုန်သည်မျိုး၌ ဖြစ်၍ လှည်းအစီးပေါင်းငါးရာနှင့် ကုန်ကူးနေပုံ၊ ဒေဝဒတ်လောင်းသည်လည်း ထိုမြို့၌ပင် လှည်းကုန်သည်ဖြစ်ပုံ၊ ဒေဝဒတ်လောင်း လှည်းကုန်သည်သည် ကန္တာရခရီးသွားစဉ် ဘီလူးတို့၏ စကားကို အမှန် ထင်၍ ရိက္ခာရေများကို စွန့်ပစ်စေသဖြင့် သေကျေဒုက္ခရောက်ရပုံ၊ ဘုရားလောင်း လှည်းကုန်သည်မှာမူ ဘီလူးစကား နားမယောင် နားမထောင်ဘဲ အမှန် ဖြစ်ပေါ်နေသည့် မိုး၊ လေ၊ တိမ် အခြေအနေကို ထောက်ဆသုံးသပ်ပြီး ရိက္ခာရေကို မစွန့်ဘဲ နေသဖြင့် အသက်ချမ်းသာ၍ ကြီးပွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အပတ္တကဝတ္ထု

ဤဝတ္ထု၌ ကိုယ်ပိုင်သပိတ်မရှိသူကို ရဟန်းခံပေးကြသဖြင့် ပိုင်ရှင်တို့က သပိတ်ကို ပြန်ယူသွားကြသောအခါ ရဟန်းတို့သည် လက်နှင့် ဆွမ်းကို ခံယူသောကြောင့် တိတ္ထိများကဲ့သို့ လက်နှင့် ဆွမ်းခံကြသည်ဟု လူတို့က ကဲ့ရဲ့ကြပုံ၊ ဘုရားရှင်သိတော်မူသောအခါ ‘‘ကိုယ်ပိုင်သပိတ်မရှိသူ၊ ကိုယ်ပိုင်သင်္ကန်းမရှိသူကို ရဟန်းခံမပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အပဒါနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဘုရားရှင်တို့၏ အကြောင်းအရာ၊ ဂုဏ်ကျေးဇူးတို့ကို မြွက်ဆိုပြီး ဦးခေါင်းဖြင့်လည်းကောင်း၊ လက်တို့ဖြင့်လည်းကောင်း ရှိခိုးခဲ့သော ကောင်းမှုကြောင့် ကိုးဆယ့်နှစ်ကမ္ဘာတိုင်တိုင် အပါယ်လေးပါး မလားရောက်ရဘဲ ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အပရဥတ္တရတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်၏ ဓာတ်တော်များကို ပူဇော်ခဲ့သော ကုသိုလ်ကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်၏ သာသနာတော်၌ သာကေတမြို့သား ပုဏ္ဏားဖြစ်၍ သရက်ဖြူပင်ရင်း၌ တန်ခိုးပြာဋိဟာပြသည်ကို ကြည်ညိုပြီး ရဟန်းပြုခဲ့ရာ မကြာမီ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၂၊၂၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အပရလကုဏ္ဍကဘဒ္ဒိယဝတ္ထု

ဤဝတ္ထု၌ အပရလကုဏ္ဍကဘဒ္ဒိယမထေရ်သည် ကြည်ညိုဖွယ် အမူအရာဖြင့် သတိသမ္ပဇဉ်နှင့် ပြည့်စုံစွာ ကြွသွားလေ့ရှိပုံ၊ ထိုမထေရ်သည် မိမိ၏ ရုပ်ဆင်းမလှ မတင့်တယ်ပုံကို ကဲ့ရဲ့တတ်သော ရဟန်းတို့ အကုသိုလ်မပွားစေရန် အခြားရဟန်းတို့နောက်မှသာ မရောနှောဘဲ သွားလေ့ရှိပုံ၊ မြတ်စွာဘုရားထံ ရောက်လျှင် မြတ်စွာဘုရားက ရဟန်းတို့အား ထိုမထေရ်သည် ရဟန္တာဖြစ်သောကြောင့် ကျောက်ထီးကဲ့သို့ လေးစားသင့်ကြောင်း မိန့်တော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၃၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အပရာဥတ္တမာထေရီဝတ္ထု

ဤဝတ္ထု၌ ဥတ္တမာထေရီလောင်း အမျိုးသမီးသည် ဝိပဿီဘုရားရှင်လက်ထက်၌ ကျွန်မဘဝဖြင့် ကတွတ်မုန့်သုံးချပ်ကို လှူဒါန်းသော ကုသိုလ်ကောင်းမှုကြောင့် တစ်ကမ္ဘာပတ်လုံး သုဂတိ ဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန်းပြုကာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အပရာသာမာထေရီဝတ္ထု

ဤဝတ္ထု၌ အပရာသာမာထေရီလောင်းလျာ ကိန္နရာမသည် ဝိပဿီမြတ်စွာဘုရားအား ပန်းလှူခဲ့သော ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်၌သာ ကျင်လည်ခဲ့ရပုံ၊ ဂေါတမမြတ်စွာဘုရား လက်ထက်၌ သာမာဝတီ၏ မိတ်ဆွေဖြစ်၍ သာမာဝတီသေဆုံးသော် သံဝေဂရကာ ရဟန်းမပြုပြီးနောက် အရွယ်ကြီးရင့်မှ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အပုတ္တကသေဋ္ဌိဝတ္ထု

ဤဝတ္ထု၌ သူဌေးကြီးတစ်ဦး ကွယ်လွန်ခဲ့ရာ အမွေခံသားသမီးမရှိသဖြင့် ကျန်ရစ်သော ဥစ္စာစည်းစိမ်တို့ကို မင်းဘဏ္ဍာအဖြစ်သိမ်းပိုက်ခဲ့ရပုံ၊ ထိုအကြောင်းကို ဘုရားရှင်အား ကောသလမင်းကြီးက မေးမြန်းလျှောက်ထားရာ ထိုသူဌေး၏ အတိတ် ကောင်းမှု မကောင်းမှုတို့ကို ဘုရားရှင် ဟောပြတော်မူပုံ၊ သားသမီးမရခြင်း၏ အကြောင်းမှာ အမွေခွဲဝေပေးရမည်ကို စိုးရွံ့ပြီး အစ်ကိုကြီးမရှိသောအခါ အစ်ကို၏ သားကို သတ်ခဲ့သော အကုသိုလ်ကံကြောင့်ဖြစ်ကြောင်း ဘုရားရှင်ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အာဂန္တုကသေဋ္ဌိဝတ္ထုကိုလည်းရှု) (သံ၊၁၊၉၂) (သံ၊ဋ္ဌ၊၁၊၁၄၇) (ဓမ္မ၊ဋ္ဌ၊၂၊၃၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အပ္ပါယုကဝတ္ထု

ဤဝတ္ထု၌ အရှင်အာနန္ဒာသည် ဘုရားရှင်၏ လွန်စွာတင့်တယ်တော်မူသော အသရေတော်ကို ဖူးမြော်ရသဖြင့် မယ်တော်မာယာသာ အသက်ရှင်လျက်ရှိလျှင် လွန်စွာ အားရပေမည်၊ မယ်တော်ကြီးသည် အသက်တိုလှပေသည်ဟု လျှောက်ထားရာ ဘုရားရှင်က ဘုရားမယ်တော်တို့၏ သဘာဝဖြစ်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၂၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဗ္ဘက္ခာနဝတ္ထု

ဤဝတ္ထု၌ ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်စဉ် ရသေ့ဝတ်ကာ ဟိမဝန္တာတောင်ခြေ၌ သစ်မြစ်သစ်သီး သစ်ဥတို့ကို စားသုံးလျက် များစွာသော လုလင်တို့ကို ဗေဒင်မန္တန်များ သင်ကြားပို့ချပေးနေပုံ၊ ထိုအချိန်၌ အဘိညာဉ်သမာပတ်နှင့် ပြည့်စုံသော ရသေ့တစ်ပါးသည် ဘုရားလောင်း၏ ရသေ့ပရိသတ်ထံ ကြွလာပုံ၊ ဘုရားလောင်းရသေ့သည် မနာလိုဝန်တိုဖြစ်ကာ မပြစ်မှားထိုက်သော ထိုဈာန်အဘိညာဉ်နှင့် ပြည့်စုံသည့် ရသေ့ကို ‘‘ဤရသေ့သည် ကာမဂုဏ်ခံစား၏၊ လိမ်ညာလှည့်ပတ်တတ်၏၊ လူလိမ်လူကောက် ဖြစ်၏’’စသည်ဖြင့် စွပ်စွဲပြောဆိုပုံ၊ ဘုရားလောင်းရသေ့၏ တပည့်များကလည်း ဝိုင်းအုံ၍ စွပ်စွဲပြောဆိုကြပုံ၊ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် သေလွန်သောအခါ ငရဲ၌ နှစ်ပေါင်းများစွာ ခံခဲ့ရပုံ၊ နောက်ဆုံးဘဝ ဘုရားဖြစ်သည့်အခါ၌လည်း ရှေးဦးစွာ သုန္ဒရီပရိဗိုဇ်မ၏ စွပ်စွဲခြင်းကို ခံရပုံ၊ ထို့နောက် တိတ္ထိများ၏ ဆဲရေးစွပ်စွဲခြင်းကို ခံရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဗ္ဘဉ္ဇနဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ခြေနယ်ဆီလှူဒါန်းခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံ ဘဝတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဗ္ဘန္တရဇာတက

ဤဇာတ်တော်၌ ယသောဓရာထေရီမအား လေနာစွဲကပ်သဖြင့် အရှင်သာရိပုတ္တရာထေရ်က ကောသလမင်းကြီးထံမှ သရက်သီးဖျော်ရည် အလှူခံပေးပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် သိတော်မူသောအခါ အတိတ်အကြောင်းဆောင်ပြီး ဟောပုံ၊ အတိတ်ဘဝတစ်ခု၌ ဗြဟ္မဒတ်မင်း၏ မိဖုရားကြီးသည် အဗ္ဘန္တရသရက်သီးကို စားလိုသည့် ချင်ခြင်းဖြစ်ပေါ်ပုံ၊ အရှင်သာရိပုတ္တရာမထေရ်အလောင်းက ရအောင် ကြံဆောင်၍ ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဗျာဓိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား မီးတင်းကုပ်ကို ပေးလှူခဲ့ပုံ၊ အနာနှိပ်စက်ခံနေရသော ရဟန်းသံဃာတို့အား ကျောင်းကိုလည်းကောင်း၊ ရေနွေးခံခွက်ကိုလည်းကောင်း ပေးလှူခဲ့ပုံ၊ ဤကောင်းမှုကံကြောင့် ကိုးဆယ့်တစ်ကမ္ဘာတိုင်တိုင် အပါယ်လေးပါး မလားရဘဲ အပရာဇိတစကြဝတေးမင်း စည်းစိမ်ကို ခံစားခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဘယတ္ထေရဝတ္ထု

ဤဝတ္ထု၌ အဘယမထေရ်နှင့် အမတ်ကြီး၏သားတို့သည် ရုပ်ရည်လှပသူများအဖြစ် ထင်ရှားကျော်ကြားခဲ့ကြပုံ၊ ထိုသူနှစ်ဦးတို့တွင် အဘယမထေရ်သည် ရှေးအခါက မထေရ်ကြီးဖြစ်စဉ် ဆွမ်းခံရွာရှိ စေတီရင်ပြင်ကို တံမြက်စည်းလှည်းခဲ့ပြီး အမတ်ကြီး၏ သားမှာမူ ဥပါသကာဖြစ်ခဲ့၍ တံမြက်လှည်းထားသော အမှိုက်ပုံကို စွန့်ပစ်ခဲ့သော ကုသိုလ်ကြောင့် ထိုသို့ ရုပ်ရည်လှပသူများ ဖြစ့်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၄၊၁၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဘယတ္ထေရဝတ္ထု

ဤဝတ္ထု၌ အဘယထေရ်အလောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တွင် ဓမ္မကထိက ရဟန်းတော်တစ်ပါး ဖြစ်ခဲ့ပုံ၊ တရားပွဲတိုင်း၌ ဘုရားရှင်အား ဂါထာလေးပုဒ်တို့ဖြင့် ချီးကျူးပူဇော် ကန်တော့လေ့ရှိပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ကမ္ဘာတစ်သိန်း အပါယ်မလားဘဲ ဤဘုရားရှင်၏ သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၀၃) (အပ၊ဋ္ဌ၊၂၊၂၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဘယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုမေဓဘုရားရှင်အား ထင်းရှူးပန်း လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ သာဝတ္ထိမြို့ ပုဏ္ဏားမျိုး၌ ဖြစ်ပြီး သာသနာတော်သို့ ဝင်ရောက်ကာ တရားအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဘယမာတုထေရီဝတ္ထု

ဤဝတ္ထု၌ အဘယမာတုထေရီလောင်း အမျိုးကောင်းသမီးသည် ဆွမ်းခံကြွလာသော တိဿဘုရားရှင်အား ကြည်ညိုသော စိတ်ထားဖြင့် ဆွမ်းတစ်ဇွန်းမျှ လောင်းလှူခဲ့သော ကုသိုလ်ကြောင့် လူချမ်းသာ နတ်ချမ်းသာတို့ဖြင့်သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဥဇ္ဇေနီပြည်၌ ပဒုမဝတီမည်သော အလွန်ချောမောလှပသည့် ပြည့်တန်ဆာမ တစ်ယောက် ဖြစ်လာပုံ၊ ဗိမ္ဗိသာရမင်းကြီးသည် ပဒုမဝတီ၏ သတင်းကို ကြားပြီး ဥဇ္ဇေနီပြည်သို့ သွားကာ ပဒုမဝတီနှင့် တစ်ညတာမျှ ပေါင်းသင်းဆက်ဆံခဲ့ပုံ၊ ထို့ကြောင့် ပဒုမဝတီမှာ ကိုယ်ဝန်ရလျက် ‘‘အဘယ’’ မည်သော သားတော်လေးမွေးဖွားပုံ၊ အဘယမင်းသားသည် အရွယ်ရောက်သောအခါ ရဟန်းပြု၍ ရဟန္တာဖြစ်ပုံ၊ မိခင်ဖြစ်သူ ပဒုမဝတီသည်လည်း အဘယထေရ်၏ တရားတော်ကို နာကြားရပြီး ဘိက္ခုနီဝတ်ကာ ဝိပဿနာပွားသဖြင့် ရဟန္တာဖြစ်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (အပ၊၂၊၁၉၂) (ထေရီ၊ဋ္ဌ၊၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဘယရာဇကုမာရဝတ္ထု

ဤဝတ္ထု၌ အဘယမင်းသားသည် နိဂဏ္ဌနာဋပုတ္တ၏ စေခိုင်းတိုက်တွန်းချက်အရ ဘုရားရှင်အား ဆွမ်းဆက်ကပ်ပြီး ‘‘မြတ်စွာဘုရားသည် သူတစ်ပါး မနှစ်သက်သော စကားမျိုးကို ပြောဆိုပါသလော’’ဟု နှစ်ဘက်အစွန်း မလွတ်သော ပြဿနာကို မေးမြန်းလျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ‘‘ဟုတ်မှန်ပြီး အကျိုးရှိလျှင် ပြော၍ ဟုတ်မှန်ပြီး အကျိုးမရှိလျှင် မပြောကြောင်း’’ မိန့်တော်မူခဲ့ပုံ၊ ထိုအကြောင်းအရာနှင့် စပ်လျဉ်းပြီး ဘုရားရှင်က စကားခြောက်မျိုးကို အကျယ်ချဲ့၍ ဟောကြားသဖြင့် အဘယမင်းသား ဥပါသကာအဖြစ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၅၄) (မ၊ဋ္ဌ၊၃၊၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဘယရာဇကုမာရဝတ္ထု

ဤဝတ္ထု၌ အဘယမင်းသားအား ဗိမ္ဗိသာရမင်းကြီးက (၇)ရက်ခန့် မင်းစည်းစိမ်ကို ခံစားခွင့်ပေးပုံ၊ မင်းစည်းစိမ်ခံစားနေစဉ် မမျှော်လင့်ဘဲ ကချေသည်မလေးတစ်ဦး လေဖြတ်၍ သေဆုံးသွားပုံ၊ ဘုရားရှင်ထံ သောကငြိမ်းကြောင်းတရားတော်ကို ဟောကြားပေးပါရန် လျှောက်ထားတောင်းပန်ခဲ့ပုံ၊ ဘုရားရှင်က ဆုံးစမထင် သံသရာတစ်ခွင်၌ ဤကချေသည်မလေးသေဆုံးသွားသဖြင့် ငိုကြွေးခဲ့ရသော သင်မင်းသား၏ မျက်ရည်တို့သည် ဤရွေ့ ဤမျှ ရှိသည်ဟူ၍ပင် မရေတွက်နိုင်တော့ကြောင်း ဟောကြားသောအခါ အပူမီးငြိမ်းလျက် သောတာပန်ဖြစ်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဘယာထေရီဝတ္ထု

ဤဝတ္ထု၌ အဘယာထေရီလောင်းလျာသည် သိခီဘုရားရှင်အား ကြာပန်းဖြင့်ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင်၏ သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဘိဇ္ဇမာနပေတဝတ္ထု

ဤဝတ္ထု၌ မုဆိုးတစ်ယောက်သည် သေလွန်သောအခါ အဝတ်မပါ၍ ထိတ်လန့်ဖွယ်ရုပ်အဆင်းရှိသော ပြိတ္တာဘဝသို့ ရောက်ရှိပုံ၊ ဂင်္ဂါမြစ်၌ ဗိမ္ဗိသာရမင်းကြီး၏ အမတ်ချုပ်ဖြစ်သော ကောလိယ အမတ်ကြီးက တွေ့မြင်ပုံ၊ အမတ်ကြီးသည် မုဆိုးပြိတ္တာကို ရည်စူး၍ ဘုရားရှင်အား စားဖွယ်သောက်ဖွယ်များ၊ အဝတ်ပုဆိုးများကို ပေးလှူ၍ အမျှဝေသဖြင့် ထိုပြိတ္တာသည် အမျှရ၍ စားသောက်ဖွယ်များ အဝတ်ပုဆိုးများ ရရှိသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၆၇) (ပေတ၊ဋ္ဌ၊၁၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဘိဏှဇာတက

ဤဇာတ်တော်၌ ဗာရာဏသီမင်း၏ မင်္ဂလာဆင်တော်နှင့် ဆင်၏ စားကြွင်းစားကျန်ကို စားသော ခွေးတစ်ကောင်တို့ ခင်မင်ရင်းနှီးကာ အကျွမ်းတစ်ဝင် နေထိုင်ကြပုံ၊ တစ်နေ့သောအခါ ဆင်ထိန်းက ခွေးကို ရောင်းလိုက်သဖြင့် မင်္ဂလာဆင်တော် မစားနိုင်မသောက်နိုင် ဖြစ်ခဲ့ပုံ၊ ဘုရားအလောင်း ပညာရှိအမတ်ကြီးက ထိုအကြောင်းအရာကို စုံစမ်းသိရှိသွားပြီး ထိုခွေးပိုင်ရှင်အား ဒဏ်တပ်မည် ဖြစ်ကြောင်း ကြေညာပုံ၊ ခွေးပိုင်ရှင်က ချက်ချင်း ခွေးကို ပြန်လွွှတ်လိုက်သဖြင့် မင်္ဂလာဆင်တော်နှင့် ခွေးတို့ ပျော်ရွှင်စွာ နေထိုင်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဘိဘူတတ္ထေရဝတ္ထု

ဤဝတ္ထု၌ အဘိဘူတမထေရ်လောင်းလျာသည် ပရိနိဗ္ဗာန်စံတော်မူသော ဝေဿဘူ ဘုရားရှင်၏ ရုပ်ကလာပ်မီးပုံကို နံ့သာရေဖြင့် ငြိမ်းလျက်ပူဇော်ခဲ့သော ကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ အဘိဘူတမင်းသား ဖြစ်လာရပုံ၊ မြတ်စွာဘုရားထံမှ တရားတော်ကို နာကြားရ၍ ထီးနန်းစွန့်ပြီးရဟန်းပြုပုံ၊ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဘိဘူထေရဝတ္ထု

ဤဝတ္ထု၌ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ သိခီမြတ်စွာဘုရား ပွင့်တော်မူပုံ၊ ဆွမ်းခံဝင်ရန် စောသေးသဖြင့် သိခီဘုရားရှင်နှင့် အဘိဘူအမည်ရှိသော အဂ္ဂသာဝကတို့ ဗြဟ္မာ့ပြည်သို့ ကြွရောက်တော်မူပုံ၊ သိခီဘုရားရှင်၏ တိုက်တွန်းချက်အရ အဘိဘူအဂ္ဂသာဝကထေရ်က ဗြဟ္မာပရိသတ်အား တရားဟောပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၅၇) (သံ၊ဋ္ဌ၊၁၊၂၀၃) (ပဋိသံ၊ဋ္ဌ၊၂၊၂၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဘိရူပနန္ဒာထေရီဝတ္ထု

ဤဝတ္ထု၌ အရှင်အာနန္ဒာ၏နှမ နန္ဒာ၊ ခေမကသာဝင်ကီမင်း၏သမီး အဘိရူပနန္ဒာ၊ ဇနပဒကလျာဏီ နန္ဒာတို့ ဘိက္ခုနီပြုလာကြပြီး မိမိတို့၏ အလှဂုဏ်ရည်ကို သာယာနေကြသဖြင့် ဘုရားရှင်ထံ မသွားဘဲနေခဲ့ကြပုံ၊ တစ်နေ့တွင် ဘိက္ခုနီမတို့နှင့်အတူ တရားနာလာကြစဉ် ဘုရားရှင်သည် သူတို့ထက်လှပသော သတို့သမီးကို ဖန်ဆင်း၍ တဖြည်းဖြည်း အို၊ နာ၊ သေပုံကို ပြတော်မူရာ တရားထူးရကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဘိရူပနန္ဒာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျာသည် ဝိပဿီဘုရားရှင်၏ ဓာတုစေတီတော်ကို ရွှေထီးဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်၏ သာသနာတော်၌ အဘိရူပနန္ဒာထေရီ ဖြစ်၍ ရဟန္တာဖြစ်ခဲ့ပုံ စသော မကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၉၀) (ထေရီ၊ဋ္ဌ၊၂၆) (ထေရီ၊၄၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အမောဒဖလိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းလျာသည် ဝိပဿီမြတ်စွာဘုရားရှင်အား အမောဒမည်သော သစ်သီးကို လှူဒါန်းခဲ့သည့် ကုသိုလ်ကြောင့် ဒုဂ္ဂတိဘဝမကျရောက်ခဲ့ဘဲ ဤဘုရားရှင် သာသနာဝယ် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အမ္ဗဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရသေ့ငါးရာတို့၏ ခေါင်းဆောင်ရသေ့ကြီးဖြစ်၍ ဟိမဝန္တာ၌ နေစဉ် နွေအခါပူပြင်းခြောက်သွေ့ ရေခန်းသဖြင့် တိရစ္ဆာန်တို့ ရေငတ်ကြရပုံ၊ ရသေ့ငယ်တစ်ပါးသည် သစ်တုံးကို အခေါင်းထွင်း၍ ရေထည့်လှူရာ တိရစ္ဆာန်တို့ကလည်း ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် သစ်သီးများ ယူဆောင်လာကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အမ္ဗဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် သိကြားမင်းဖြစ်စဉ် ရသေ့စဉ်းလဲတစ်ဦးသည် သရက်သီးတို့ကို လူဒါယကာတို့အား ပေးကမ်းလျက် မိစ္ဆာဇီဝ (မှားယွင်းသော အသက်မွေးနည်း)ဖြင့် အသက်မွေးနေပုံ၊ သူဌေးသမီး(၄)ယောက် သရက်တောသို့ ဝင်လာစဉ် သူခိုးဟု စွပ်စွဲကာ ကျိန်စာဆိုစေပြီး အရှက်ခွဲပြီးမှ ပြန်လွှတ်ပုံ၊ သိကြားမင်းသည် ထိုရသေ့ပျက်အား ခြောက်လှန့်၍ ဆုံးမပြီး နှင်ထုတ်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အမ္ဗဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဒွန်းစဏ္ဍားဖြစ်၍ အချိန်မရွေး သရက်ပင်ကို ချက်ချင်းသီး ချက်ချင်းမှည့်စေနိုင်စွမ်းရှိသော မန္တရားကို တတ်ပုံ၊ ဘုရားလောင်းထံမှ ထိုမန္တရားကို သင်ယူလိုသော တက္ကသိုလ်ပြန် ပုဏ္ဏားလုလင်သည် ပညာရအောင် ကြိုးပမ်းဆောင်ရွက်ပုံ၊ ပုဏ္ဏားလုလင်သည် ပညာရ၍ ပညာကို ပြသောအခါ ဘုရင်က သဘောကျ၍ ရာထူးခန့်ပုံ၊ ဘုရင်က မည်သည့်ဆရာထံမှ သင်ယူခဲ့ပါသနည်းဟု မေးရာ ပုဏ္ဏားလုလင်သည် ဆရာကို ဖော်ပြရမည်ကို ရှက်သဖြင့် လိမ်ညာပြောဆိုသောကြောင့် သရက်သီး သီးစေသော မန္တာန်ကွယ်ပုံ စသည်တို့ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အမ္ဗဋ္ဌဝတ္ထု

ဤဝတ္ထု၌ ဥက္ကဋ္ဌမြို့စား ပေါက္ခရသာတိပုဏ္ဏားကြီးသည် မြတ်စွာဘုရား၌ မဟာပုရိသလက္ခဏာကျမ်းလာ လက္ခဏာကြီး(၃၂)ပါးနှင့် ပြည့်စုံမှုရှိ မရှိ၊ စူးစမ်းရန် တပည့်အမ္ဗဋ္ဌကို စေလွှတ်ခဲ့ပုံ၊ အမ္ဗဋ္ဌက ဘုရားရှင်နှင့် တွေ့သောအခါ ပမာမခန့် လမ်းလျှောက်၍ စကားပြောရုံသာမက သကျလူမျိုးတို့ကို နှိမ်ချ၍ ဣဗ္ဘဝါဒဖြင့် ခေါ်ဝေါ်သုံးနှုန်းခဲ့သဖြင့် ဘုရားရှင်က အမ္ဗဋ္ဌကို သာကီဝင်တို့၏ ကျွန်မ၏သားဖြစ်ကြောင်း ဒါသိပုတ္တဝါဒဖြင့် ရှင်းပြပုံ ထို့နောက်တွင် အမ္ဗဋ္ဌသည် ဘုရားရှင်၏ လက္ခဏာတော်တို့ကို သိမြင်သွားပြီး ဆရာကြီးကို ပြန်တင်ပြရာ ပုဏ္ဏားကြီး ဘုရားတပည့် သာဝကအဖြစ်ခံယူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၁၊၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အမ္ဗဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းသည် အနောမဒဿီဘုရားရှင်လက်ထက်က ဟိမဝန္တာတွင် မျောက်ဖြစ်ခဲ့ပုံ၊ ထိုမျောက်သည် အနောမဒဿီဘုရားရှင်အား ပျားရည်နှင့် သရက်သီးကို လှူခဲ့သော ကုသိုလ်ကြောင့် တစ်သချေင်္နှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် အပါယ်မလားရဘဲ ငါးဆယ့်ခုနစ်ကမ္ဘာတိုင်တိုင် နတ်ပြည်၌ ဖြစ်ခဲ့ရပုံ၊ တစ်ရာခုနစ်ဆယ့် ခုနစ်ကမ္ဘာအထက်၌ အမ္ဗဋ္ဌဇစကြဝတေးမင်း ဖြစ်ခဲ့ရပြီး ဤဘုရားရှင်၏ သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၂၉) (အပ၊ဋ္ဌ၊၂၊၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အမ္ဗပါလီထေရီဝတ္ထု

ဤဝတ္ထု၌ အမ္ဗပါလီထေရီမလောင်းလျာသည် ဖုဿဘုရားရှင်၏ နှမတော်ဖြစ်၍ ရုပ်ရေချောမော လှပရန် တောင်းဆုပြုခဲ့ပုံ၊ သိခီဘုရားရှင်လက်ထက် စေတီရင်ပြင်ပေါ်၌ တံတွေးထွေးချ ရဟန်းမကို ပြည့်တန်ဆာမနှင့် နှိုင်း၍ ရေရွတ်ပြောဆိုမိပုံ၊ ကဿပဘုရားရှင် လက်ထက်၌ ရဟန်းမဖြစ်ခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ဝေသာလီမင်း၏ ဥယျာဉ်တော်ရှိ သရက်ပင် သစ်ကိုင်းခွကြား၌ ဥပပါတ်ပဋိသန္ဓေနေခဲ့ပြီး အမ္ဗပါလီဟု အမည်ရပုံ၊ ပြည့်တန်ဆာမဖြစ်ပြီး နောက်ဆုံးဘဝ၌ ရဟန္တာထေရီဖြစ်ကာ ဥဒါန်းကျူးရင့်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၉၅) (ထေရီ၊ဋ္ဌ၊၂၁၄) (ထေရီ၊၃၂၆) (ဒီ၊၂၊၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အမ္ဗပိဏ္ဍိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား သရက်သီးခိုင်လှူခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် ကိုးဆယ့်လေးကမ္ဘာပတ်လုံး အပါယ်မလားခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အမ္ဗဖလိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား ဦးဦးဖျားဖျားသီးသော သရက်သီးတို့ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၁)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင့် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အမ္ဗယာဂဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား သရက်သီး လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၁)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အမ္ဗယာဂုဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သမာပတ်မှ ထ၍ ဆွမ်းခံကြွလာသော ‘‘သတရံသီ’’မည်သော ပစ္စေကဗုဒ္ဓါအား သရက်သီးယာဂုလှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၄)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင်၏ သာသနာတော၌် ရဟန္တာဖြစ်ခဲ့ပုံ ကျွတ်တမ်းဝင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အမ္ဗဝနပေတဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့ရှိ သူကြွယ်တစ်ယောက်အား စီးပွားလည်းပျက်၊ မယားလည်းသေဆုံး၍ သမီးတစ်ယောက်သာ ကျန်ရှိခဲ့ပုံ၊ သမီးလေးကို မိတ်ဆွေသူဌေးထံ အသပြာတစ်ရာဖြင့် ပေါင်နှံ၍ ကုန်ရောင်းကုန်ဝယ်သွားပုံ၊ လမ်းခရီး၌ သူခိုးဓါးပြများ သတ်၍သေလွန်ရပုံ၊ ပစ္စည်းဥစ္စာများအပေါ် စွဲလမ်း၍ ပြိတ္တာဖြစ်ရပုံ၊ ကျန်ရစ်သူသမီးငယ်က ဘုရားရှင်ထံ အခင်း၊ ယာဂု၊ သရက်သီးမှည့်များကို ဖခင်ကြီးအား ရည်မှန်း၍ လှူဒါန်းပုံ၊ ထိုအခါ ဖခင်ပြိတ္တာကြီးသည် သရက်ဥယျာဉ် ဗိမာန်စသည်တို့ကို ရရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၂၁၅) (ပေတ၊ဋ္ဌ၊၂၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အမ္ဗဝနဝိဟာရဒါယိကာဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သူ အမျိုးသမီးတစ်ဦးသည် နှစ်သက်ဖွယ်ကောင်းသော ကျောင်းနေရာကို ပြုလုပ်၍ ကျောင်းဝန်းကျင်၌ သရက်ပင်တို့ကို စိုက်ပျိုးလှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် စုတေသောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အမ္ဗသက္ကရပေတဝတ္ထု

ဤဝတ္ထု၌ ဝေသာလီမြို့နေ ကုန်သည်တစ်ဦးသည် လူအများ သွားလာရာလမ်း ရွှံ့ဗွက် တစ်ခု၌ နွားဦးခေါင်းရိုးတစ်ခုကို လမ်းခင်းပေးခဲ့ပုံ၊ သူ၏ သူငယ်ချင်း ရေးချိုးရာ၌ ပြောင်လှောင်ကျီစယ်လိုသဖြင့် အဝတ်အစားများကို ဝှက်ထားပုံ၊ ယင်းကံ၏ အစွမ်းသတ္တိကြောင့် သေလွန်သောအခါ အာဇာနည်နတ်မြင်းကို ရ၍ အဝတ်မပါသော ဘုမ္မစိုးနတ်ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၈၁) (ပေတ၊ဋ္ဌ၊၂၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အမ္ဗာဋကဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝေဿဘူ ဘုရားရှင်အား ဂွေးသီးများ လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ ဤသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အမ္ဗာဋကိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝေဿဘူဘုရားရှင်အား ဂွေးသီးတို့ကို လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အပ၊၂၊၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အမ္ဗာရာမဝတ္ထု

ဤဝတ္ထု၌ ဆင်းရဲသား အခစားဖြစ်သော လူတစ်ယောက်သည် သရက်ဥယျာဉ်ကို စောင့်နေစဉ် နွေရာသီနေပူကျဲကျဲတွင် ချွေးတစိုစိုဖြင့် ကြွလာတော်မူသော အရှင်သာရိပုတ္တရာမထေရ်အား တွေ့၍ အလွန်ရိုသေလေးစားစွာဖြင့် ဥယျာဉ်၌ အပန်းဖြေသီတင်းသုံးရန် လျှောက်ထားပုံ၊ အရှင်သာရိပုတ္တရာထေရ်သည် သရက်ပင်အောက်၌ နားတော်မူပြီး ရေချိုးရေသောက် ခြေလက်ဆေးကြောတော်မူ၍ အနုမောဒနာတရားဟောကြားတော်မူပုံ၊ ဆင်းရဲသားသည် မထေရ်၏အနုမောဒနာတရားတော်ကို နာရသောကြောင့် သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၁၀၆) (ဝိမာန၊ဋ္ဌ၊၂၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အယကူဋဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်ကို ဗြဟ္မဒတ်မင်း အုပ်ချုပ်စဉ် လူတို့သည် သားကောင်များစွာကို သတ်၍ နတ်ဘီလူတို့အား ပူဇော်နေကြပုံ ထိုသို့ ပူဇော်မှုကို ဘုရားလောင်းက တားမြစ်သောအခါ ဘုရားလောင်းက တားမြစ်သောအခါ ဘုရားလောင်းအား နတ်ဘီလူးတို့က စိတ်ဆိုး၍ သံတူကြီးဖြင့် သတ်ရန် ကြံစည်ကြပုံ၊ ထိုအခါ ဘုရားလောင်းအား သိကြားမင်းက စောင့်ရှောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အယောဃရဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း၏ မယ်တော်သည် ဗြဟ္မဒတ်မင်း၏ မိဖုရားခေါင်ကြီး ဖြစ်ခဲ့ပုံ၊ မိဖုရားခေါင်ကြီး သားဖွားတိုင်း ဘီလူးမတစ်ကောင်က လာရောက်စားလေ့ရှိသဖြင့် ဘုရားအလောင်းကို သံလှောင်အိမ်ကြီးထဲတွင် မွေးဖွားစေခဲ့ပုံ၊ (၁၆)နှစ်ပြည့်၍ မင်းပြုရန် နန်းတော်သို့ ထုတ်ဆောင်သောအခါ ဘုရားအလောင်းသည် ‘‘ဘီလူးလက်မှ လွတ်သော်လည်း သေမင်းလက်မှ မလွတ်နိုင်’’ဟု ဆင်ခြင်ပြီး တောထွက်ကာ ရသေ့ပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၈၉) (ဇာ၊ဋ္ဌ၊၄၊၄၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အယျမိတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ အယျမိတ္တမထေရ်သည် ဆွမ်းခံဝင်သည်ရှိသော် ဒါယိကာမကြီးတစ်ယောက်၏ သမီးဖြစ်သူအား ‘‘သမီး၏ အစ်ကို မထေရ် ကြွလာလျှင် ဆန်ကောင်းကောင်းနှင့် ဆွမ်းချက်ကာ ဆီဦးထောပတ်တို့ဖြင့် ဆွမ်းကပ်လိုက်ပါ၊ ပိုလျှံလျှင် သမီးပါ စားနှင့်ပါ၊ အမေတော့ မနေ့က ကျန်သည့် ထမင်းကြမ်းကို ဟင်းရွက်လှော်၊ ပုန်းရည်တို့ဖြင့် စားပြီးပြီ’’ဟု မှာကြားသော စကားကို ကြားရပုံ၊ ‘‘ဆွေမတော် မျိုးမတော် ဤဒါယိကာမကြီးသားအမိသည် သင့်ကို ဤမျှ တရိုတသေ မြတ်မြတ်နိုးနိုး ပြုစုလုပ်ကျွေးနေသည်မှာ လောကီစည်းစိမ်ကို မက်မော၍ မဟုတ်ပေ၊ ရဟန်းတရားကို ချမ်းသာစွာ အားထုတ်နိုင်ရန် ပြုစုလုပ်ကျွေးခြင်းသာ ဖြစ်ပေသည်’’ဟု နှလုံးသွင်းပြီးလျှင် ဒက္ခိဏေယျ မြတ်သော အလှူခံပုဂ္ဂိုလ်မဖြစ်သမျှ ငါဆွမ်းခံမဝင်ပြီဟု ဆုံးဖြတ်ကာ သံမဏိစိတ်ဓာတ်ဖြင့် တရားအားထုတ်ရာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၃၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အရကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း အရကရသေ့သည် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ, ဗြဟ္မဝိဟာရ တရား(၄)ပါးကို (၇)နှစ်လုံးလုံး ပွားများခဲ့သဖြင့် သံဝဋ္ဋ, ဝိဝဋ္ဋ (၂)ကပ်တိုင်တိုင် ဗြဟ္မာ့ပြည်၌ ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အရညဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ဗာရာဏသီပြည် ပုဏ္ဏားမျိုး၌ ဖြစ်စဉ် မယားဖြစ်သူ ကွယ်လွန်သွားသဖြင့် သားငယ်ကို ခေါ်ကာ ဟိမဝန္တာတောသို့ သွားပြီး ရသေ့ဝတ်လျက် နေထိုင်ကြပုံ၊ သားငယ်ကို ကျောင်းသင်္ခမ်း၌ ထားခဲ့ပြီး သစ်သီးရှာ ထွက်စဉ် ရွာကို ခိုးသူများ ဖျက်ဆီးသဖြင့် ထွက်ပြေးလာသော အမျိုးသမီးငယ်တစ်ယောက် ကျောင်းသင်္ခမ်းသို့ ရောက်လာပြီး ရသေ့ငယ်ကို ဖြားယောင်းကာ ကိုယ်ကျင့်သီလ ပျက်စီးအောင် ပြုလုပ်ပုံ၊ အမျိုးသမီးငယ်က အတူတူ ထွက်ပြေးကြရန် ခေါ်သော်လည်း ဖခင်ရသေ့ကြီးကို ပန်ကြားပြီးမှ လိုက်လာမည်ဟု ပြောလျက် အမျိုးသမီးငယ်ကို အရင် သွားစေကာ ဖခင်ရသေ့ကြီး ပြန်လာသည်အထိ စောင့်ဆိုင်းနေပုံ၊ ရသေ့ကြီးပြန်လာသောအခါ အမျိုးသမီးငယ်၏ နောက်သို့ လိုက်ပါသွားတော့မည့်အကြောင်း ပန်ကြား၍စဉ် ဖခင်ရသေ့ကြီးက ဆုံးမဩဝါဒ ပေးသဖြင့် တော၌သာ နေကာ ကသိုဏ်းပရိကမ်များကို ပွားများ၍ ဈာန်အဘိဉာဉ်များကို ဖြစ်စေပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အရဟန္တဃာတကဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော်တို့သည် သာကေတမြို့မှ သာဝတ္ထိမြို့သို့ လာကြစဉ် လမ်းခရီးအကြား၌ ခိုးသူတို့နှင့်တွေ့ပြီး တစ်ချို့လုယက်ခံရ၍ တစ်ချို့အသတ်ခံကြရပုံ၊ မင်းမှုထမ်းတို့ ရောက်လာပြီး ခိုးသူတို့ကို ဖမ်းဆီးသောအခါ တစ်ချို့ထွက်ပြေးကြပြီး တစ်ချို့အဖမ်းခံရပုံ၊ ထွက်ပြေးသူတို့သည် ရဟန်းတော်တို့ထံ ရောက်လာပြီး ရဟန်းဝတ်နေကြပုံ၊ ဖမ်းမိသူတို့ကို သတ်ရန် ထုတ်ဆောင်လာသည်ရှိသော် ထွက်ပြေးပြီး ရဟန်းဝတ်လာသူတို့က ‘‘ငါတို့ ထွက်ပြေးသည်မှာ ဟန်ကျသွားသည်၊ ထွက်သာ မပြေး၍ မိလျှင် ငါတို့လည်း ဤသူတို့ကဲ့သို့ အသတ်ခံရမှာ သေချာသည်’’ဟု ပြောဆိုသံကို ရဟန်းတော်တို့ ကြားကြရပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ဤအသတ်ခံရသော ရဟန်းတို့မှာ ရဟန္တာများဖြစ်ကြသည်။ ထို့ကြောင့် ‘‘ရဟန္တာသတ်သူကို ရဟန်းခံမပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အရိဋ္ဌဝတ္ထု

ဤဝတ္ထု၌ လင်းတတို့ကို သတ်ဖူးသော ဂဒ္ဓဗာဓိပုဗ္ဗအရိဋ္ဌရဟန်းအား မိစ္ဆာအယူဖြစ်လာပုံ၊ ဘုရားရှင်က အန္တရာယ်ရှိသည်ဟု ပညတ်ထားသော အမှုတို့ကို ပြုလုပ်သော်လည်း အန္တရာယ်မရှိအောင် ပြုလုပ်နည်းကို သူသိသည်ဟု ပြောဆိုပုံ၊ မိစ္ဆာအယူကို စွန့်ရန် ပြောသော်လည်း မရသဖြင့် ဘုရားရှင်က ရှုတ်ချတော်မူ၍ ဥက္ခေပနီယကံပြုရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၇၅) (ဝိ၊၄၊၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အရိန္ဒမရာဇဝတ္ထု

ဤဝတ္ထုသည် သိခီဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အရိယူပဝါဒကမ္မဝတ္ထု

ဤဝတ္ထု၌ မထေရ်ကြီးတစ်ပါးနှင့် ရဟန်းငယ်တစ်ပါးတို့ ဆွမ်းခံအတူ ကြွကြစဉ် ပထမဦးဆုံး အိမ်၌ပင် ယောက်ချိုတစ်ဇွန်းစာမျှ ယာဂုပူပူလေးကို ရရှိသဖြင့် လေနာရောဂါနှင့် သင့်လျော်သောကြောင့် မထေရ်ကြီးသည် သစ်တုံးပေါ်၌ ထိုင်ကာ ဘုဉ်းပေးခဲ့ပုံ၊ ရဟန်းငယ်က မထေရ်ကြီးအား ‘‘ကိုယ်တော်ကြီးသည် အလွန်ငတ်ဘိ၏၊ ထေရ်ကြီး ဝါကြီးဖြစ်ပြီး ငါတို့အား အရှက်ရအောင် ပြု၏’’ဟု ကဲ့ရဲ့ရှုတ်ချပြောဆိုခဲ့ပုံ၊ ဆွမ်းခံပြီး ကျောင်းပြန်ရောက်သောအခါ မထေရ်ကြီးက ရဟန်းငယ်အား သာသနာတော်၌ တည်ရာမှီရာများ ရပြီလား(တရားထူးရပြီလား)ဟု မေးခဲ့ပုံ၊ ရဟန်းငယ်က သောတာပန်ဖြစ်ကြောင်း လျှောက်ထားသောအခါ ‘‘သင်သည် ရဟန္တာပုဂ္ဂိုလ်ကို ပြစ်မှားခဲ့၏၊ အထက်မဂ်ဖိုလ်အတွက် အားမထုတ်နှင့်တော့’’ဟု ဆိုသဖြင့် မထေရ်ကြီးအား ဝန်ချတောင်းပန်ခဲ့ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၁၃၄) (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အလမ္ဗုသာဇာတက

ဤဇာတ်တော်၌ ဣသိသိင်္ဂရသေ့သည် အလွန်အကျင့်ကောင်းသော ဈာန်ရ ရသေ့တစ်ပါး ဖြစ်ခဲ့ပုံ၊ သူ၏ သီလတန်ခိုးကြောင့် သိကြားမင်း၏ ဘုံဗိမာန် ပူနွေးခဲ့ပုံ၊ သီကြားမင်းက အလမ္ဗုသာနတ်သမီးကို စေလွှတ်၍ ရသေ့၏ သီလကို ဖျက်ဆီးစေခဲ့ပုံ၊ အလမ္ဗုသာနတ်သမီး၏ အတွေ့ကြောင့် ဣသိသိင်္ဂရသေ့ (၃)နှစ်တိုင်အောင် မေ့မြောခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၃၀၄) (ဇာ၊ဋ္ဌ၊၅၊၁၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အလီနစိတ္တဇာတက

ဤဇာတ်တော်၌ လက်သမားငါးရာတို့သည် သစ်များကိုရောင်းချ၍ အသက်မွေးစဉ် ဆင်ကြီးတစ်ကောင်သည် ရှားသစ်ငုတ်ကို နင်းမိပြီး ခြေထောက်၌ အနာဖြစ်၍ ပြည်များတည်နေသဖြင့် လက်သမားရွာအနီးသို့ ချဉ်းကပ်ကာ လှဲအိပ်နေပုံ၊ လက်သမားများက ရှားငုတ်ကို ဖယ်ထုတ်လျက် ဆေးကုသပေးသဖြင့် အနာပျောက် သွားသောအခါ လက်သမားများ၏ လုပ်ငန်းကိစ္စများကို ဝိုင်းကူလုပ်ဆောင်ပေးနေပုံ၊ အသက်အရွယ်ကြီးရင့်လာသောအခါ တောထဲမှ မိမိ၏ အာဇာနည်ဆင်ပေါက်လေးကို ခေါ်၍ လက်သမားများထံ အပ်နှင်းပုံ၊ အာဇာနည်ဆင်ပေါက်လေးသည် ဖခင်ကိုယ်စား လက်သမားများအား ပြုစုလုပ်ကျွေးစဉ် ဗာရာဏသီမင်းကြီးက လက်သမားများအား အသပြာတစ်သိန်းစီနှင့် အဝတ်အထည်များကို ပေးလျက် အာဇာနည်ဆင်ပေါက်လေးကို ဆောင်ယူပုံ၊ အာဇာနည်ဆင်(ဆင်ဖြူတော်) ရောက်လာသည့်အချိန်မှ စ၍ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို ဗာရာဏသီမင်းအုပ်ချုပ်ရပုံ၊ မိဖုရားကြီး၏ ဝမ်း၌ ဘုရားအလောင်း ပဋိသန္ဓေနေစဉ် မင်းကြီးကွယ်လွန်သွားပုံ၊ သားတော်လေးမွေးဖွားလာသောအခါ ‘‘အလီနစိတ္တ’’ဟု အမည်မှည့်ပြီး ကောသလမင်းက စစ်လာတိုက်စဉ် အလီနစိတ္တမင်းသားလေးကို အာဇာနည်ဆင်အား ပြသလျက် စစ်တိုက်စေပုံ၊ အာဇာနည်ဆင်တော်သည် ကောသလမင်းကို ဖမ်းယူလျက် မင်းသားလေး၏ ခြေရင်း၌ ချထားကာ ဆုံးမဩဝါဒပေးပြီး ပြန်လွှတ်လိုက်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အလီနသတ္တုဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းသည် ပဉ္စာလတိုင်း ဇယဒ္ဒိသမင်းကြီး၏ သားတော်တစ်ပါး ဖြစ်ခဲ့ပုံ၊ မင်းကြီးသည် အခြွေအရံများနှင့် တောကစားထွက်စဉ် မိမိဘေးမှ သမင် ထွက်ပြေးလွတ်မြောက်သွားသဖြင့် မိမိတစ်ဦးတည်း သမင်နောက်သို့ လိုက်ခဲ့ပုံ၊ သမင်ကို ဖမ်းမိပြီး ပြန်လာစဉ် မင်းကြီးအား ပေါရိသာဒ ဘီလူးက ဖမ်းဆီးထားခဲ့ပုံ၊ မင်းကြီးက ‘‘ပြန်လာပါမည်’’ဟု ပေါရိသာဒအား ဝန််ခံကတိပြု၍ နန်းတော်သို့ ပြန်ခဲ့ပုံ၊ ဖခင်မင်းကြီး၏ ကိုယ်စား သားတော် အလီနသတ္တုမင်းသားက ပေါရိသာဒဘီလူးထံ အစားခံရန် သွားခဲ့ပုံ၊ ဘုရားအလောင်း အလီနသတ္တုမင်းသားက ပေါရိသာဒဘီလူးအား တရားဟောသဖြင့် မင်းသားကို ပြန်လွှတ်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အလောမဒေဝဓီတာဝတ္ထု

ဤဝတ္ထု၌ အလောင်းမာမည်သော သူဆင်းရဲမ တစ်ယောက်သည် ဆွမ်းခံကြွလာတော်မူသော မြတ်စွာဘုရားအား အဆင်းပျက်နေသည့် ဆားမပါသော မုယောမုန့် ကြွပ်ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာ၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဝဋဖလိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် (၉၄)ကမ္ဘာ အပါယ်မလားဘဲ သတရံသီမည်သော ပစ္စေကဗုဒ္ဓါအား အဝဋမည်သော သစ်သီးကို ပေးလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဝဋဖလိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ သိဒ္ဓတ္ထဘုရားရှင်အား ချိုမြိန်သော သစ်သီးများကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၄)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဝါရိယဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ရသေ့ဖြစ်၍ ဗြဟ္မဒတ်မင်းကြီး၏ ဥယျာဉ်၌ တစ်ဆယ့်နှစ်နှစ်ကြာ နေထိုင်ခဲ့ပုံ၊ ထိုရသေ့သည် ဂင်္ဂါမြစ်တစ်ဘက်ကမ်းသို့ ကူးတို့လှေစီး၍ ကူးသောအခါ လှေခမပေးဘဲ ဩဝါဒသဖြင့် ကူးတို့သမား၏ ရိုက်နှက်မှုခံရပုံ၊ ဩဝါဒပေးသော သူသည် ဩဝါဒကို ခံယူနိုင်သော သူကိုသာ ပေးသင့်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဝိပ္ပဝါသသီမာဝတ္ထု

ဤဝတ္ထု၌ အရှင်မဟာကဿပသည် အန္ဓကဝိန္ဒအရပ်မှ ရာဇဂြိုဟ်မြို့သို့ ဥပုသ်ပြုရန် ကြွလာသောအခါ လမ်းခရီးအကြား၌ မြစ်ကို ဖြတ်ကူးစဉ် အနည်းငယ် ရေမျောပါသွားပြီး သင်္ကန်းများ ရေစိုခဲ့ပုံ၊ ဘုရားရှင် သိတော်မူသောအခါ တိစီဝရိက်သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော သိမ်သမုတ်ရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဝိဿဇ္ဇိယဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိနှင့် မနီးမဝေး ရွာတစ်ရွာရှိ ကျောင်းသို့ အာဂန္တုများ အရောက်များသဖြင့် ကျောင်းနေသံဃာတို့သည် နေရာထိုင်ခင်း ပေးရသောကြောင့် အလုပ်များကြပုံ၊ သံဃိကကျောင်း အသုံးအဆောင်များကို ရဟန်းတစ်ပါးအား ပေးအပ်လိုက်ပုံ၊ ဘုရားရှင်က အာရာမ်ကျောင်း ကျောင်းမြေ ခုတင် ညောင်စောင်း ခေါင်းအုံး ဘုံလျှိုစသည်တို့ကို မည်သူမျှ မဝေဖန်အပ်ကြောင်း ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဝေါပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိခီဘုရားရှင်အား ပန်းအမျိုးမျိုးတို့ဖြင့် ကြဲဖြန့်ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ ကမ္ဘာနှစ်ဆယ်အထက်၌ သုမေဓစကြဝတေးမင်းဖြစ်ခဲ့ရပုံ၊ ဤဘုရားရှင်၏ သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၂၄) (အပ၊ဋ္ဌ၊၂၊၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အသင်္ကိယဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းရသေ့သည် ချဉ်ဆားမှီဝဲရန် လှည်းကုန်သည်များနှင့်အတူ ခရီးသွားစဉ် တောအုပ်တစ်ခု၌ ရပ်နားကြပုံ၊ ခိုးသူများက လုယက်ရန် ချောင်းမြောင်းနေသည်ကို ဘုရားအလောင်းရသေ့က သိသဖြင့် ညမအိပ်ဘဲ သစ်ပင်ရင်း၌ စင်္ကြံလျှောက်နေပုံ၊ ရသေ့ကြီး စင်္ကြံလျှောက်နေသည်ကို တွေ့မြင်သဖြင့် ခိုးသူများ လုယက်ခွင့်မရဘဲ မိုးလင်းခါနီးအချိန်၌ တင်းပုတ်၊ တုတ်၊ ဓားစသော လက်နက်များကို စွန့်ပစ်၍ ထွက်ခွါသွားကြပုံ၊ နံနက်လင်းသောအခါ လှည်းကုန်သည်များက အကြောင်းစုံကို သိရှိသွားပြီး ဘုရားအလောင်းရသေ့အား ပူဇော်သက္ကာရ ပြုကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အသဒိသဇာတက

ဤဇာတ်တော်၌ ဘုရားလောင်း အသဒိသမင်းသားသည် ဖခင်ဗြဟ္မဒတ်မင်းကြီး နတ်ရွာစံသွားသောအခါ မင်းမပြုလိုသဖြင့် ညီငယ်ကို မင်းအဖြစ် အပ်နှင်းထားစဉ် မင်းခစားယောကျ်ားတို့၏ ကုန်းတိုက်မှုကြောင့် အခြားတိုင်းတစ်ပါးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပုံ၊ ထိုနိုင်ငံ၌ တစ်နှစ်လျှင် အသပြာတစ်သိန်းဖြင့် လေးသည်တော် အဖြစ် မင်းမှုထမ်းခဲ့ပုံ၊ မင်းကြီးဥယျာဉ်တော်သို့ သွားသောအခါ အပြွတ်လိုက် သီးနေသည့် သရက်သီးခိုင်ကို တွေ့မြင်ရသဖြင့် ဘုရားလောင်း လေးသည်တော်အား မြားဖြင့် ပစ်ခူးခိုင်းပုံ၊ ဘုရားလောင်း လေးသည်တော်က မြားကို နတ်ပြည်အထိ ပစ်လွှတ်လိုက်ပြီး ပြန်ကျလာသော အခါကျမှ သရက်သီးခိုင်၏ အညှာကို ဖြတ်တောက်စေလျက် သရက်သီးခိုင်နှင့် တကွ မြားကိုပါ မြေမထိစေဘဲ ဖမ်းယူပြခဲ့ပုံ၊ လူအများကောင်းချီးပေးကာ ဆုလာဘ်များပေးခဲ့ကြပုံ၊ အသဒိသမင်းသား ဗာရာဏသီပြည်၌ မရှိတော့ကြောင်း(၇)ပြည်ထောင်မင်းတို့ သိသွားသဖြင့် ဗာရာဏသီပြည်ကို လာရောက်ဝိုင်းရံထားစဉ် ညီတော်ဗာရာဏသီမင်းက အစ်ကို ဘုရားလောင်း အသဒိသမင်းသားထံ အကျိုးအကြောင်း ပြောကြားကာ အပြစ်ကို ဝန်ချတောင်းပန်ပြီး ဗာရာဏသီပြည်သို့ ပြန်ခေါ်ခဲ့ပုံ၊ အသဒိသမင်းသားက (၇)ပြည်ထောင် မင်းတို့အား လေးစွမ်းပြပြီး ထွက်ပြေးစေကာ ညီတော်ဗာရာဏသီမင်းကို မပန်ကြားဘဲ ရသေ့ဝတ်ပြီး ဈာန်အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေလျက် သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားရောက်ခဲ့ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အသဒိသဒါနဝတ္ထု

ဤဝတ္ထု၌ ကောသလမင်းကြီးသည် မည်သူတစ်ဦးတစ်ယောက်မျှ မလှူဖူးသော အသဒိသဒါနအလှူကြီးကို တစ်ဆယ့်လေးကုဋေ အကုန်အကျခံကာ လှူဒါန်းခဲ့ပုံ၊ ကာဠအမတ်ကြီးက မင်းဘဏ္ဍာများ အချည်းနှီး ဆုံးရှုံးပျက်စီးသည်ဟု ဝန်တိုခဲ့ပုံ၊ ဇုဏှအမတ်ကြီးကမူ မင်းကြီး၏အလှူဒါနကို နှစ်သက်သဘောကျကာ ဝမ်းမြောက်နုမော် သာဓု ခေါ်ခဲ့ပုံ၊ ဘုရားရှင်က အမတ်နှစ်ယောက်တို့၏ စိတ်အကြံကို သိကာ တစ်ဂါထာမျှသာ တရားဟောပြီး ကျောင်းတော်သို့ ပြန်ကြွတော်မူခဲ့ပုံ၊ ကောသလမင်းကြီးက ကျောင်းတော်သို့ လိုက်သွားကာ အကျိုးအကြောင်း လျှောက်ထားပုံ၊ ကာဠအမတ်ကို တိုင်းပြည်မှ နှင်ထုတ်ပြီး ဇုဏှအမတ်ကို မင်းစည်းစိမ်ခုနစ်ရက် ပေးကာ အလှူကြီးကို ခုနစ်ရက်တိုင်တိုင် ထပ်မံပြုလုပ်စေပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အသနဗောဓိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းသည် ခုနစ်နှစ်သားအရွယ်မှာပင် တိဿဘုရားရှင်ကို ကြည်ညိုဆည်းကပ်ပုံ၊ တိဿဘုရားရှင်၏ ပိတောက်ဗောဓိပင်ပျိုကို ငါးနှစ်ပတ်လုံး ပြုစု၍ ငါးနှစ်ပြည့်သောအခါ ပင်လုံးကျွတ်ပွင့်သော ပိတောက်ဗောဓိပင်ကို မြင်ရ၍ ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပုံ၊ ထိုကောင်းမှုကြောင့် ကိုးဆယ့်နှစ်ကမ္ဘာ အပါယ်မလားဘဲ ခုနစ်ဆယ့်လေး ကမ္ဘာအထက်၌ ဒဏ္ဍသေန စကြဝတေးမင်း၊ ခုနစ်ဆယ့်သုံး ကမ္ဘာအထက်၌ သမန္တနေမိစကြဝတေးမင်း၊ နှစ်ဆယ့်ငါးကမ္ဘာ အထက်၌ ပုဏ္ဏကစကြဝတေးမင်း အသီးသီးဖြစ်ခဲ့ရပုံ၊ အပြင် ဤဘုရားရှင်၏ သာသနာတော်၌ ရဟန္တာဖြစ်၍ နိဗ္ဗာန်နန်း စံမြန်းတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၂၂) (အပ၊ဋ္ဌ၊၂၊၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အသန္ဓိမိတ္တာဝတ္ထု

ဤဝတ္ထု၌ ဓမ္မာသောကမင်းကြီး၏ မိဖုရားကြီး အသန္ဓိမိတ္တာသည် မြတ်စွာဘုရား၏ အသံတော်နှင့်တူသော အသံရှိသော ပုဂ္ဂိုလ်မှာ ကရဝိတ်ငှက် ဖြစ်ကြောင်း သိရှိ၍ မင်းကြီးအား ထိုငှက်ကို ယူဆောင်ပေးရန် တိုက်တွန်းပုံ၊ မင်းကြီးက တန်ခိုးအာဏာဖြင့် ဟိမဝန္တာတောမှ ကရဝိတ်ငှက်တစ်ကောင်ကို ရွှေလှောင်ချိုင့်ဖြင့် နန်းတော်သို့ ဆောင်ယူသော်လည်း ကရဝိတ်ငှက်သည် အသံမမြည်ဘဲနေပုံ၊ ကရဝိတ်ငှက်၏ ဘေးပတ်လည်၌ မှန်များ ကာပေးသောအခါ ၎င်း၏ ဆွေမျိုးများ လာရောက်သည်ဟု ထင်မှတ်လျက် အတောင်ကိုခတ်၍ အသံသာယာစွာ မြည်တွန်ပုံ၊ ထိုအခါ မိဖုရားကြီးသည် မြတ်စွာဘုရား၏ အသံတော်သည် ထို့ထက်အဆပေါင်းများစွာ သာယာပေမည်ဟု ဝမ်းမြောက်ဝမ်းသာ ပီတိဖြာ၍ အခြံအရံ (၇၀၀)တို့နှင့် သောတာပန် တည်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၄၄) (မ၊ဋ္ဌ၊၃၊၂၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အသမ္ပဇာနဘိက္ခုဝတ္ထု

ဤဝတ္ထု၌ အိပ််မက်ထဲ၌ သုက္ကဝိသဋ္ဌိဖြစ်သော ရဟန်းအား အာပတ်မသင့်ကြောင်း ဘုရားရှင်က မိန့်ကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အသမ္ပဒါနဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကုဋေရှစ်ဆယ်ကြွယ်ဝသော သင်္ခအမည်ရှိသည့် ရာဇဂြိုဟ်သူဌေးဖြစ်ခဲ့ပုံ ၎င်းသည် ကုဋေရှစ်ဆယ်ပင် ကြွွယ်ဝသော ပီဠိယမည်သော ဗာရာဏသီသူဌေးနှင့် သူငယ်ချင်းဖြစ်ကြပုံ၊ ပီဠိယသူဌေး ဆင်းရဲသွားသောအခါ သင်္ခသူဌေးက ပစ္စည်းဥစ္စာထက်ဝက်ခွဲ၍ ပေးခဲ့သော်လည်း သင်္ခသူဌေး ဆင်းရဲသွားသောအခါ ပီဠိယသူဌေးက စပါးဖျင်း တစ်ပြည်မှုသာ ပေးခဲ့ပုံ၊ ထိုအကြောင်းကို ဘုရင်သိ၍ ဘုရင်က ပီဠိယသူဌေးကို သင်္ခသူဌေးအား ပစ္စည်းထက်ဝက် ခွဲပေးစေခဲပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၉၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အသာတမန္တဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းဖြစ်သော ဒိသာပါမောက္ခဆရာကြီးသည် အသက်တစ်ရာ့နှစ်ဆယ်ရှိနေသော မိခင်အိုကြီးကို တောထဲ၌ထား၍ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် ပြုစုစောင့်ရှောက်ခဲ့ပုံ၊ ရှင်အာနန္ဒာထေရ် အလောင်း အလျာဖြစ်သော တပည့်က အသာတမန္တန်ကိုသင်ကြားပေးရန် ပြောဆိုတောင်းပန်ခဲ့ပုံ၊ ဒိသာပါမောက္ခဆရာကြီးက သူ့တပည့်အား မိခင်အိုကြီးကို ခြေဆုပ်လက်နယ်ပြုစေပြီး မိခင်၏ သဘောကို စမ်းသပ်လိုသဖြင့် ရုပ်ရည်နှင့် ပတ်သက်၍ ချီးမွမ်းစကား အမြဲမပြတ် ပြောကြားစေပုံ၊ မိခင်အိုကြီးသည် တပည့်ဖြစ်သူအပေါ် သာယာလာသောအခါ သားဖြစ်သူ ဒိသာပါမောက္ခဆရာကြီးအား သတ်ရန်ကြံစည်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အသာတရူပဇာတက

ဤဇာတ်တော်၌ အရှင်သီဝလိ မထေရ်လောင်းလျာသည် ဗာရာဏသီမြို့ကို ခုနစ်ရက် ခုနစ်လီ ပိတ်ဆိုခဲ့သော အကုသိုလ်ကံကြောင်း ဤနောက်ဆုံးဘဝ၌ ခုနစ်နစ် ခုနစ်ရက် ပဋိသန္ဓေနေခဲ့ရပုံ၊ ပဒုမုတ္တရမြတ်စွာဘုရားအား အလှူကြီးပေးလှူခဲ့ခြင်း၊ ဝိပဿီမြတ်စွာဘုရားအား ဒိန်ချဉ် လှူဒါန်းခဲ့ခြင်းဟူသော ကုသိုလ်ကောင်းမှုတို့ကြောင့် ဤဘုရားရှင့် သာသနာတော်၌ လာဘ်လာဘအများဆုံး ရဟန်းတော် ဖြစ်ခဲ့ရပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အသိတာဘူဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ဈာန်အဘိညာဉ်ရ ရသေ့ကြီးဖြစ်၍ ဟိမဝန္တာ၌ သီတင်းသုံးနေပုံ၊ ဗာရာဏသီမင်းသည် မိမိ၏သားအား နယ်နှင်ခဲ့ပုံ၊ ထိုအခါ ဟိမဝန္တာရောက်လာသော နယ်နှင်ခံမင်းသားသည် မိမိမယား အသိတာဘူကို စွန့်၍ ကိန္နရီမ နောက်သို့ လိုက်သွားခဲ့ပုံ၊ အသိတာဘူသည် ရသေ့ကြီးထံ ချဉ်းကပ်၍ ကသိုဏ်းအားထုတ်သဖြင့် ဈာန်အဘိညာဉ်ရရှိခဲ့ပုံ၊ မင်းသားမှာ ကိန္နရီမကိုလည်းမရ၊ မိဖုရားကိုလည်း ဆုံးရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အသိဗန္ဓကပုတ္တဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ရဟန်းသံဃာများစွာနှင့်အတူငတ်မွတ်ခေါင်းပါးသောဘေး ကြုံနေသော နာလန္ဒာမြို့သို့ ကြွတော်မူစဉ် နိဂဏ္ဌနာဋပုတ္တ၏ သင်ကြားချက်အရ အသိဗန္ဓကရွာသူကြီးသည် ‘‘သတ္တဝါတို့ကို သနားလျှင် အစာရှားပါးသော ဤအရပ်သို့ဘာ့ကြောင့် ကြွလာပါသနည်း’’ဟု လျှောက်ထားရာ သံဃာတော်တို့အား ဆွမ်းအနည်းငယ်မျှကို လောင်းလှူရုံမျှဖြင့် ဆင်းရဲဒုက္ခ ရောက်သွားသူဟူ၍ ငါဘုရား မြင်တော်မမူကြောင်း၊ မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၅၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အသိလက္ခဏဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းဖြစ်စဉ် သံလျက် ကောင်းမကောင်း ဆုံးဖြတ်ရသော အမတ်တစ်ဦးသည် တံစိုးလက်ဆောင်ယူ၍ ဆုံးဖြတ်လေ့ရှိပုံ၊ ထိုအမတ်ကို ဆုံးမလိုသော သံလျက်ကုန်သည်တစ်ဦးသည် သံလျက် အိမ်တွင် ငရုတ်မှုန့်သုတ်လိမ်းထားပုံ၊ အမတ်က မသိသဖြင့် နှာခေါင်းဖြင့် နမ်း၍ စူးစမ်းရာ နှာချေပြီး နှာခေါင်းနှစ်ခြမ်းကွဲသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အသုဘဘာဝနာဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးနှင့် သာမဏေတစ်ပါး တောထဲသို့ ကြွသွားစဉ် သာမဏေသည် ရှေ့မှ သွားရာ လူသေကောင်အလောင်းတစ်ခုကို တွေ့၍ အသုဘရှုသောအခါ အနာဂါမ်တည်ပုံ၊ နောက်မှ လိုက်လာသော ရဟန်းသည်လည်း အသုဘရှု၍ဝိပဿနာအဆင့်ဆင့် ပွားများသောအခါ အနာဂါမ်ဖြစ်ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၁၆၆) (မ၊ဋ္ဌ၊၁၊၂၅၉) (သံ၊ဋ္ဌ၊၃၊၂၁၉) (အဘိ၊ဋ္ဌ၊၂၊၃၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အသုရာဝတ္ထု

ဤဝတ္ထု၌ အသုရာနှင့် သိကြားမင်းအမှူးပြုသော နတ်များ တစ်ဖက်နှင့်တစ်ဖက် စစ်မက်ဖြစ်ပွားခြင်း၏ အကြောင်းရင်းများကို ပြဆိုထားပုံ၊ အသုရာနှင့် သိကြားမင်းတို့ စစ်တိုက်ကြပုံ၊ သိကြားမင်း၏ ခံစစ်နှင့် စစ်နည်းပရိယာယ်များကို ပြဆိုထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋီ၊၃၊၃၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အသောကကုမာရဝတ္ထု

ဤဝတ္ထု၌ ဗိန္ဒုသာရမင်းကြီး၏သား အသောကမင်းသားသည် ဥဇ္ဇေနီမြို့သို့ သွားစဉ် လမ်းခရီးကြား၌ ဝေဋိသဂိရိမြို့သို့ ရောက်ရှိပုံ၊ ထိုမြို့သူ ဝေဋိသဂိရိ သတို့သမီးကို လက်ထပ်ယူပြီး ပေါင်းသင်းခဲ့ရာ မဟိန္ဒမင်းသားနှင့် သံဃမိတ္တာမင်းသမီးတို့ကို မွေးဖွားခဲ့ပုံ၊ ဗိန္ဒုသာရမင်းကြီး နတ်ရွာစံခါနီးတွင် အသောကမင်းသား အပြင်းချီတက်လာပြီး ခမည်းတော် နတ်ရွာစံသောအခါ ထီးနန်းသိမ်းပုံ၊ ကိုးဆယ့်ကိုးယောက်သော အမေကွဲ ညီနောင်တို့ကိုသတ်၍ အဘိသိက်ခံယူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၁၊၁၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အသောကပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ သရက်ဖြူပင်ရင်း၌ သီတင်းသုံးနေတော်မူသော ပဒုမုတ္တရဘုရားရှင်ကို နေတိမ်းသော်လည်း သရက်ပင်အရိပ်က ရွေ့လျားစွန့်ပယ်မသွားပုံကို တွေ့မြင်ရ၍ မထေရ်အလောင်း ဥယျာဉ်စောင့်သည် သော်ကပန်းတို့ကို ဆွတ်၍ ဘုရားရှင်အား ကြဲဖြန့်ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကြောင့် ကိုးဆယ်လေးကမ္ဘာတိုင်တိုင် အပါယ်လေးပါး မလားရောက်ခဲ့ရဘဲ သုံးဆယ့်ခုနစ်ကမ္ဘာထက်၌ အရဏဉ္ဇဟ စကြဝတေးမင်းဖြစ်ခဲ့ပြီး ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်၍ နိဗ္ဗာန်နန်း စံမြန်းတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အသောကရာဇဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်ပေါင်း(၂၀၀)ကျော်တွင် အသောကသည် ဇမ္ဗူဒိပ်ကျွန်း၌ ဧကရာဇ်မင်း ဖြစ်လာပုံ၊ မင်းဖြစ်ပြီးနောက် (၄)နှစ်အကြာတွင် သူ၏တူအရင်းဖြစ်သူ နိဂြောဓသာမဏေကို အကြောင်းပြု၍ ဗုဒ္ဓသာသနာတော်ကို ကိုးကွယ်လာပုံ၊ ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင်တို့ကို ရည်မှန်း၍ အသောကာရုံကျောင်းနှင့်တကွ ကျောင်း, စေတီပေါင်း(၈၄၀၀၀)စသည်တို့ကို လှူဒါန်းခဲ့ပုံ၊ မောဂ္ဂလိပုတ္တတိဿမထေရ်၏ အဆုံးအမကို ခံယူ၍ မိစ္ဆာဒိဋ္ဌိများကို နှိမ်နင်းပြီး တတိယသံဂါယနာတင်ရာ၌ သာသနာ့ဒါယကာ ဖြစ်လာခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၃၂) (သာရတ္ထ၊ဋီ၊၁၊၁၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဿကဇာတက

ဤဇာတ်တော်၌ ရှေးယခင်က ကာသိတိုင်း ပါဋလိပုတ်မြို့တွင် အဿကမင်း စိုးစံခဲ့ပုံ၊ နတ်သမီးတမျှ ချောမောလှပသည့် မိဖုရားခေါင်ကြီး နတ်ရွာစံသွားသဖြင့် ခုနစ်ရက်တိုင်တိုင် ပူဆွေးသောက ရောက်နေပုံ၊ ဘုရားလောင်းရသေ့က မိဖုရားကြီး နွားချေးပိုးကောင်ဘဝ ရောက်နေပြီး မင်းကြီးထက် သူ့လင် ပိုးကောင်ကြီးကို ပိုချစ်ကြောင်း မိန့်တော်မူပြီး ပိုးကောင်မကို ခေါ်မေးပုံ၊ ပိုးကောင်မက သူ့လင်ပိုးကောင်ကြီးကို မင်းကြီးထက်ပိုချစ်ကြောင်း၊ မင်းကြီးကို သတ်၍ မင်းကြီး၏ လည်ချောင်းသွေးဖြင့် ပိုးကောင်ကြီး၏ ခြေထောက်ကို ဆေးပေးလိုကြောင်းပြောဆို သဖြင့် ဘုရင်ကြီးသည် မိဖုရားကြီးကို စိတ်နာကာ အလောင်းကို စွန့်ပစ်၍ တရားနှင့်အညီ မင်းပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဿဇိပုနဗ္ဗသုကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ကီဋာဂိရိဇနပုဒ်၌ ကျောင်းထိုင်ကြသော အဿဇိပုနဗ္ဗသုကတို့သည် ဆဗ္ဗဂ္ဂီအုပ်စုဝင်များ ဖြစ်၍ ဝိနည်းသိက္ခာကို မလေးစား၊ အရှက်အကြောက်ကင်းမဲ့သော ရဟန်းတို့ ဖြစ်ကြပုံ၊ ပန်းပင်များကို စိုက်ကာ အမျိုးသမီးကြီးငယ်တို့အား ပန်းပေးခြင်း၊ တစ်နေရာတည်း အတူနေ၊ တစ်ခုတင်တည်း အတူအိပ်၊ စောင်အတူခြုံ၊ အမွှေးနံ့သာ လိမ်းကျံ၊ သီချင်းဆို ကခုန်မြူးတူး၊ ကျားထိုး၊ ကစားမျိုးစုံ ကစားပြီး သာသနာတော်နှင့် မသင့်လျော်သည့် ကုလဒူသက အနေသနအမှုတို့ကို ပြုလုပ်နေကြပုံ၊ ဘုရားရှင်သည် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့အား ပဗ္ဗာဇနိယကံ ပြုစေ၍ အဿဇိပုနဗ္ဗသုကတို့ကို နှင်ထုတ်ခိုင်းတော်မူပုံ၊ ဘုရားရှင်သည် အဿဇိုပုနဗ္ဗသုကရဟန်းတို့ကို ကဲ့ရဲ့တော်မူ၍ ကုလဒူသကသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၇၄) (ဝိ၊၄၊၂၂) (ဝိ၊ဋ္ဌ၊၂၊၁၉၈) (ဓမ္မ၊ဋ္ဌ၊၁၊၃၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဿဇိပုနဗ္ဗသုကဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင် ကီဋာဂိရိဇနပုဒ်သို့ ဒေသစာရီ ကြွတော်မူပုံ၊ အဿဇိပုနဗ္ဗသုတို့သည် ဘုရားရှင်နှင့် သံဃာတော်များ၊ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန်တို့ လာရောက်မည့်အကြောင်း သတင်းကြားပုံ၊ အဂ္ဂသာဝကတို့ကို မလိုမုန်းထားသော အဿဇိပုနဗ္ဗသုကတို့က သံဃိကကျောင်းကို ခွဲဝေယူထားကြသဖြင့် ဘုရားရှင်က ‘‘ကျောင်းအာရာမ်စသည်ကို ခွဲဝေမယူရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဟိတုဏ္ဍိကဇာတက

ဤဇာတ်တော်၌ ဆဲရေးရိုက်ပုတ်ခံရသော သာမဏေငယ်သည် ထိုရိုက်ပုတ်သော ပုဂ္ဂိုလ်ကို မည်သည့်အခါမျှ လှည့်မကြည့်ဘဲ စွန့်ခွာသွားခဲ့ပုံ၊ ရှေးဘဝမျောက်ဖြစ်စဉ်ကလည်း ဤကဲ့သို့ပင် စွန့်ခွာသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အဟိပေတဝတ္ထု

ဤဝတ္ထု၌ ရှေးအခါက မိစ္ဆာဒိဋ္ဌိတစ်ယောက်သည် ပစ္စေကဗုဒ္ဓါတစ်ပါး၏ ကျောင်းကို မီးရှို့ခဲ့သောကြောင့် အဝီစိငရဲ၌ ကျရောက်ခဲ့ပုံ၊ အဝီစီငရဲမှ လွတ်လာသောအခါ ၂၅-ယူဇနာ ခန္ဓာကိုယ်ရှိသည့် တစ်ကိုယ်လုံး မီးဟုံးဟုံးတောက်လျက် ပြေးလွှားနေရသော မြွေပြိတ္တာကြီးဖြစ်နေပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာကာသုက္ခိပိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား ကြာပန်းတစ်ပွင့်ကို ခြေတော်၌ ချထားပူဇော်၍ တစ်ပွင့်ကိုမူ ကောင်းကင်၌ ကြဲဖြန့်ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၄)ကမ္ဘာ အပါယ်မလားဘဲ သုံးဆယ့်ခြောက်ကမ္ဘာ အထက်၌ အန္တလိက္ခကရ စကြဝတေးမင်း ဖြစ်ပုံ၊ ဤဘုရားရှင်၏ သာသနာတော်ဝယ် ရဟန္တာဖြစ်၍ နိဗ္ဗာန်နန်း စံမြန်းတော်မူခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာဂန္တုကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ အာဂန္တုကရဟန်းတို့သည် ကျောင်းတိုက်များသို့ ရောက်လာကြပြီး အာဝါသိကရဟန်းတို့အား မပန်ကြားဘဲ ထီးဆောင်း၊ ဖိနပ်စီး၊ သင်္ကန်းခြုံ၍ ဝင်လာကြပုံ၊ ရဟန်းတစ်ပါးသည် လူမနေသော ကျောင်းသို့ တံခါးဖွင့်ဝင်ရာ ခေါင်းပေါ်သို့ မြွေပြုတ်ကျလာသဖြင့် လန့်အော်ခဲ့ပုံ၊ အာဝါသိကရဟန်းတို့က မပြောမဆိုဘဲ ဝင်လာရသလားဟု အပြစ်တင်ကြပုံ၊ ဘုရားရှင် သိတော်မူ၍ အာဂန္တုကဝတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာဂန္တုကသေဋ္ဌိဝတ္ထု

ဤဝတ္ထုသည် မယှကဇာတက၌ ပါဝင်သည်။ (သီ၊ဋီ၊သစ်၊၃၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာစာမဒါယိကာဝတ္ထု

ဤဝတ္ထု၌ အဟိဝါတကရောဂါဖြင့် တစ်မျိုးလုံး သေဆုံးသောကြောင့် အမျိုးသမီးတစ်ယောက်သည် နေရပ်မှ ထွက်ပြေးခဲ့ကာ သူတစ်ပါးအိမ်နောက်ဘက်၌ ကပ်ရပ်နေပြီး တောင်းရမ်း စားသောက်နေခဲ့ရပုံ၊ ရှင်မဟာကဿပမထေရ် ဆွမ်းရပ်လာသဖြင့် တောင်းရမ်းရခဲ့သည့် ထမင်းချိုးကို အရှင်မဟာကဿပမထေရ်အား လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် နိမ္မာနရတိနတ်ပြည်၌ နတ်သမီးဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာဇညဇာတက

ဤဇာတ်တော်၌ ယောကျ်ားကောင်း အာဇာနည်တို့သည် လူပျင်းတို့ကဲ့သို့ နေပူသည်၊ မိုးရွာသည်၊ ဗိုက်လေးသည်၊ ထမင်းဆာသည် စသည့်ဖြင့် ဆင်ခြေမပေးဘဲ၊ မိမိလုပ်ဆောင်ရမည့် တာဝန်ဝတ္တရား လုပ်ငန်းကိစ္စများကို အရိုးကြေကြေ အရေခန်းခန်း ကြိုးပမ်းဆောင်ရွက် တတ်ကြပုံ၊ အလောင်းတော်အာဇာနည်သိန္ဓောမြင်းသည် ထိခိုက်ဒဏ်ရာရရှိထားသဖြင့် နာကျင်နေသည်ဟူ၍ တာဝန်ကို ရှောင်လွှဲမသွားဘဲ စစ်ပွဲ အောင်နိုင်သည်အထိ အသက်စွန့်၍ ကြိုးပမ်း ဆောင်ရွက်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာတုမတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ကြည်ညိုသော စိတ်ဖြင့် နံ့သာရေ နံ့သာမှုန့်တို့ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်လက်ထက်၌ သာသနာတော်သို့ ဝင်ရောက်ကာ တရားအားထုတ်သဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာဒိစ္စုပဋ္ဌာနဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ကာသိတိုင်း ပုဏ္ဏားမျိုး၌ ဖြစ်စဉ် တက္ကသိုလ်ပြည်သို့ သွားကာ အတတ်ပညာများကို သင်ယူပြီးနောက် ရသေ့ဝတ်ပြီး အဘိညာဉ်သမာပတ်တို့ကို ဖြစ်စေလျက် ရသေ့အပါင်းခြံရံကာ ဂိုဏ်းဆရာအဖြစ်ဖြင့် ဟိမဝန္တာ၌ နေထိုင်ခဲ့ကြပုံ၊ ကာလအတန်ကြာ နေထိုင်ကြပြီးနောက် ချဉ်ဆားမှီဝဲရန်အတွက် ဟိမဝန္တာတောင်မှ ဆင်းလာကြပြီး အစွန်အဖျား ရွာလေးတစ်ရွာ၌ သစ်ရွက်မိုးကျောင်း ဆောက်၍နေပုံ၊ လျှပ်ပေါ်လော်လီသော မျောက်တစ်ကောင်သည် ရသေ့များ ဆွမ်းခံသွားနေစဉ် ကျောင်းသင်္ခမ်းအတွင်း ဝင်ရောက်ဖျက်ဆီးလေ့ရှိပုံ၊ ရွာသူရွာသားများ ဆွမ်းလာပို့သည့်အခါ သီလရှိသူယောင် ဟန်ဆောင်လျက် ရသေ့တို့၏ အနီး၌ နေမင်းကို ရှိခိုးကာ ရပ်တည်နေပုံ၊ အကြောင်းမသိသော လူအများက လျှပ်ပေါ်သော မျောက်အား ချီးကျူးပြောဆို နေသည်ကို ဘုရားလောင်း ရသေ့ကြီး ကြားသိသောအခါ မျောက်၏ အကျင့်ယုတ်မာမှုများကို ထုတ်ဖေါ်ပြောကြားသဖြင့် လူအများက မျောက်၏ ယုတ်မာသော အတွင်းစရိုက်ကို သိရှိသွားပြီး ရိုက်နှက် ထောင်းထုလွှတ်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာဒိတ္တဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သိဝိတိုင်း ရောရုဝမြို့၌ ရောရုဝမင်းကြီး ဖြစ်ခဲ့ပုံ၊ ဆင်းရဲနွမ်းပါးသူ ဖုန်းတောင်းယာစကာ စသည်တို့အား အလှူဒါနပြုရသည်ကို အားမရဘဲ မြတ်သော အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူလိုသဖြင့် ဥပုသ်သီလစောင့်ထိန်းကာ ပန်း(၇)ဆုပ်စီ ကြဲဖြန့်၍ အရှေ့အနောက် တောင်အရပ်ရှိ ပုဂ္ဂိုလ်မြတ်တို့ကို ပင့်ဆောင်သော်လည်း မရှိသဖြင့် မကြွရောက်ပုံ၊ မြောက်အရပ်သို့ ပင့်ဖိတ်ရာ ပစ္စေကဗုဒ္ဓါ(၇)ပါးကြွ၍ အလှူခံပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာဓာရဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းအလျာသည် သိခီဘုရားရှင်အား သပိတ်ခြေလှူခဲ့သော ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ နှစ်ဆယ့် ခုနစ်ကမ္ဘာအထက်၌ သမန္တဝရဏ စကြဝတေးမင်းဖြစ်ကာ ဤဘုရားရှင် သာသနာတော်ဝယ် ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာနန္ဒတ္ထေရပဥှဝတ္ထု

ဤဝတ္ထု၌ ရှင်အာနန္ဒာသည် လေစုန်၊ လေဆန် အနှံ့အပြား၊ မွှေးကြိုင်စေနိုင်သော အနံ့ရှိပါသလောဟု ဘုရားရှင်ထံ မေးလျှောက်ပုံ၊ ဘုရားရှင်က သီလရနံ့သည် အနံ့အားလုံးကို လွှမ်း၍ လေစုန်၊ လေဆန် အထက်အောက် မွှေးပျံ့နိုင်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာနန္ဒတ္ထေရပဥှဝတ္ထု

ဤဝတ္ထု၌ အရှင်အာနန္ဒာမထေရ်သည် နေ့လယ်အချိန်၌ တစ်ပါးတည်း သီတင်းသုံးနေစဉ် ဝိပဿီစသော ရှေးဘုရားခုနစ်ဆူတို့၏ ဥပုသ်ပြုပုံနှင့် ဂေါတမဘုရားရှင်၏ ဥပုသ်ပြုပုံ တူညီမှုရှိ မရှိ စဉ်းစားခဲ့ပုံ၊ ထိုအကြောင်းအရာကို အရှင်အာနန္ဒာမထေရ်က ဘုရားရှင့်ထံ ချဉ်းကပ်လျှောက်ထားပုံ၊ ဘုရားရှင်က ဝိပဿီဘုရားရှင်သည် ခုနစ်နှစ်တစ်ကြိမ်၊ သိခီဘုရားရှင်သည် ခြောက်နှစ်တစ်ကြိမ် စသည်ဖြင့် ကာလအပိုင်းအခြားသာ ကွာခြား၍ ဩဝါဒပါတိမောက် ဥပုသ်ပြုပုံမှာ တူညီကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာနန္ဒတ္ထေရပဥှဝတ္ထု

ဤဝတ္ထု၌ အရှင်အာနန္ဒာမထေရ်သည် ‘‘ဆင်အာဇာနည်၊ မြင်းအာဇာနည်၊ နွားအာဇာနည် စသည် ဖြစ်ပေါ်ရာအရပ် ထင်ရှားပါ၏၊ လူသားအာဇာနည်သည် မည်သည့်အရပ်၌ ပေါ်ပေါက်တတ်ပါသနည်း’’ ဟု ဘုရားရှင်ထံမေးလျှောက်ပုံ ဘုရားရှင်က ‘‘ယောကျ်ားအာဇာနည်ကို ရဖို့ရန်မလွယ်၊ နေရာတိုင်း၌ မပေါ်၊ ယောက်ျားအာဇာနည် ပေါ်ပေါက်ရာအရပ်သည် လူသားအားလုံးတို့ကို ချမ်းသာစေနိုင်၏’’ ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာနန္ဒတ္ထေရပရိနိဗ္ဗာနဝတ္ထု

ဤဝတ္ထု၌ သက်တော် ၁၂၀-ရှိသော ရှင်အာနန္ဒာမထေရ်သည် ဒါယကာတို့ အချင်းမများစေရန် ရည်ရွယ်၍ ပရိနိဗ္ဗာန်ပြုမည့်နေ့တွင် ရောဟိဏီမြစ်၏ အလယ် ထန်း(၇)ဆင့်မြင့်သောအရပ်၌ နေတော်မူပြီး တရားဟောတော်မူပုံ၊ ထို့နောက် ခန္ဓာကိုယ်နှစ်ခြမ်းကွဲ၍ တေဇောဓာတ်လောင်ရန် အဓိဋ္ဌာန်ပြုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာနန္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်အာနန္ဒာမထေရ်၌ သပိတ်အပိုများရှိနေ၍ အရှင်အာနန္ဒာက အရှင်သာရိပုတ္တရာ အား ထိုသပိတ်တို့ကို လှူလိုပုံ၊ အရှင်သာရိပုတ္တရာကလည်း သာကေတ၌ သီတင်းသုံးနေသဖြင့် ဘုရားရှင်အား လျှောက်ထားရာ ပိုလျှံသပိတ်များကို (၁၀)ရက်အထိ သိမ်းထားနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာနန္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်အာနန္ဒာမထေရ်သည် ခဲဖွယ်ဘောဇဉ်များ ပေါများနေသဖြင့် သူတောင်းစားတို့အား တန်းစီစေလျက် တစ်ခုစီပေးပုံ၊ ပရိဗိုဇ်မတစ်ယောက်အလှည့်တွင် မုန့်နှစ်ခုကို တစ်ခုမှတ်ထင်ကာ ပေးမိပုံ၊ အနီးရှိ ပရိဗိုဇ်မတစ်ယောက်က မုန့်ဝေသော ရဟန်းသည် ‘‘သင်၏ လင်ငယ် ဖြစ်သလော’’ဟုမေးပုံ၊ ပရိဗိုဇ်မ အချင်းချင်း ခိုက်ရန် ဖြစ်ကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘အစေလက စသူတို့ကို ခဲဖွယ်ဘောဇဉ် ပေးသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု အစေလက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာနန္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပသေနဒီကောသလမင်းကြီးသည် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်၍ ကျောင်းသို့ ရောက်လာပုံ၊ ထိုအချိန်၌ ကာဠုဒါယီမထေရ်သည် ဈာန်သမာပတ်ဝင်စား၍ ပရိသတ်အစွန်၌ ထိုင်နေပုံ၊ တစ်ချိန်တည်း၌ပင် အနောက်ဘက်အရပ်၌ နေဝင်၍ အရှေ့ဘက်အရပ်မှ လမင်းထွက်ပေါ်လာပုံ၊ အရှင်အာနန္ဒာမထေရ်က ကောသလမင်း, ကာဠုဒါယီမထေရ်တို့၏ ကိုယ်ရောင်, နေမင်း, လမင်းတို့၏ အရောင်နှင့် ဘုရားရှင်၏ ကိုယ်ရောင်တို့ကို နှိုင်းယှဉ်ကြည့်ပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားသည့်အခါ ဘုရားရှင်က ‘‘ထိုကောသလမင်း စသူတို့၏ ကိုယ်ရောင်သည် အချိန်အခါအလိုက်သာ တင့်တယ်တောက်ပ၍ ဘုရားရှင်မှာမူ အမြဲထာဝရ တင့်တယ်တောက်ပကြောင်း’’ ဒိဝါ တပတိ-စသော ဂါထာကို ဟောကြားတော်မူသဖြင့် ပရိသတ်များ သောတာပန်တည်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာနန္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ အာနန္ဒမထေရ်အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ညီတော်ဖြစ်ခဲ့ပြီး ပဒုမုတ္တရဘုရားရှင်နှင့်သံဃာတော်များအား ဆွမ်းစသည်ကိုလှူဒါန်း၍ ဘုရားတစ်ဆူဆူ၏ အလုပ်အကျွေး ဖြစ်ရလိုကြောင်း ဆုတောင်းခဲ့ပုံ၊ ဘဝများစွာတို့တွင် အလှူဒါနမျိုးစုံတို့ကို ပြုခဲ့၍ ဤဂေါတမ ဘုရားရှင်လက်ထက်တော်၌ ဖွားဖက်တော် အာနန္ဒာမင်းသား ဖြစ်လာပြီး ဘုရားရှင်ထံ ရဟန်းပြုခဲ့ပုံ၊ အရှင်မန္တာဏိပုတ္တပုဏ္ဏမထေရ်ထံမှ တရားနာယူရ၍ သောတာပန်တည်ခဲ့ပုံ၊ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်ပြီး ဧတဒဂ်ငါးတန်ရရှိခဲ့ပုံ၊ ပထမသင်္ဂါယနာတင်ခါနီး ရဟန္တာ ဖြစ်ပြီး အဖြေတာဝန်ယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၂၃) (ထေရ၊ဋ္ဌ၊၂၊၄၁၁) (အပ၊ဋ္ဌ၊၁၊၃၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာနန္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်အာနန္ဒာ၏ အရှင်သာရိပုတ္တရာအား လှူလိုသော အပိုသင်္ကန်းကို အကြောင်းပြု၍ အပိုသင်္ကန်းကို ဆယ်ရက်အထိ ထားနိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာနန္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လေနာရောဂါ စွဲကပ်တော်မူလာသဖြင့် ယခင်က ပျောက်ခဲ့ဖူးသော နှမ်း၊ ဆန်၊ ပဲ သုံးမျိုး ရောနှောကျိုချက်ထားသော တေကဋုလယာဂုကို အရှင်အာနန္ဒာသည် ကိုယ်တိုင်ထောင်း၊ ကျောင်းထဲတွင် ကိုယ်တိုင်သိမ်းဆည်း၊ ကိုယ်တိုင်ချက်ပြုတ် ကပ်ရာ ဘုရားရှင်က အကပ္ပိယကုဋိအတွင်း၌ သိုမှီးထားသည်ကို မသုံးဆောင်ရ၊ ကိုယ်တိုင် မချက်ရဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာနန္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဒက္ခိဏဂိရိဇနပုဒ်သို့ ကြွတော်မူစဉ် အရှင်အာနန္ဒာအား မဂဓလယ်သမားတို့၏ ကန်သင်းအကန့်များ ဖွဲ့၍ထားသော လယ်ကွက်ကို ပြ၍ ရဟန်းတို့အတွက် သင်္ကန်းချုပ်နိုင်ပါမည်လောဟု မေးရာ အရှင်အာနန္ဒာက ချုပ်နိုင်ကြောင်း လျှောက်ထားခဲ့ပုံ၊ အနားပတ်၊ တစ်လုပ်မြောင်းရှည်၊ တစ်လုပ်မြောင်းငယ်၊ အိမ်ဝမ်းကြီး၊ အိမ်ခွဲ၊ အလယ်ခေါင်၊ ခေါင်ရံ၊ လည်ပင်းအနားပတ်၊ ခြေသလုံးအနားပတ်၊ လက်လိပ်စသည်ဖြင့် ဖြတ်တောက်စပ်ချုပ်ထားသော သင်္ကန်းချုပ်ပုံကို ပြရာ ဘုရားရှင်က ချီးမွမ်းတော်မူ၍ ဒုကုဋ်၊ ကိုယ်ဝတ်၊ သင်းပိုင်အဖြစ် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာနန္ဒသေဋ္ဌိဝတ္ထု

ဤဝတ္ထု၌ အာနန္ဒာသူဌေးသည် ကုဋေလေးဆယ်ချမ်းသာကြွယ်ဝပါသော်လည်း အလွန်နှမြောတွန့်တိုလွန်းပုံ၊ မူလသိရီမည်သော သားကို ဆွေမျိုးသားချင်းများနှင့် တကွ စုဝေးစေလျက် ‘‘ပစ္စည်းဥစ္စာရတနာတွေကို များတယ်ဆိုပြီး မလှူဒါန် မပေးကမ်းသင့်ကြောင်း၊ အသစ်သစ်သော စည်းစိမ်ဥစ္စာများကိုသာ ဖြစ်ထွန်းစေသင့်ကြောင်း၊ ခြကိုပုံပြု ပျားလိုစုသင့်ကြောင်း’’ ဆုံးမဩဝါဒပေးလေ့ရှိပုံ၊ သူဌေးကြီးကွယ်လွန်သောအခါ ဒွန်းစဏ္ဍားမျိုး၌ ဖြစ်ပြီးလက်၊ ခြေ၊ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့သည် သူ့နေရာနှင့်သူ မဟုတ်ဘဲ ကိုယ်အင်္ဂါချို့တဲ့လျက် မြေဘုတ်ဘီလူးလေး တစ်ကောင်ကဲ့သို့ အလွန်အရုပ်ဆိုး အကျည်းတန်စွာ မွေးဖွားလာပုံ၊ မိဘများက မကျွေးမွေးနိုင်တော့သဖြင့် သွားနိုင်လာနိုင် အရွယ်ရောက်သောအခါ ခွက်တစ်လုံး လက်ထဲထည့်ကာ တောင်းစားရန် လွှတ်လိုက်စဉ် သူဌေးကြီးသား မူလသိရီသူဌေးအိမ်သို့ ရောက်ရှိသွားပုံ၊ အိမ်စောင့်များ ရိုက်နှက်ပြီး အမှိုက်ပုံ၌ပစ်ထားစဉ် ဘုရားရှင် တွေ့မြင်တော်မူပြီး မူလသိရိသူဌေးကို ခေါ်စေကာ တရားဟောပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာဘိဓမ္မိကဂေါဒတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် သမုဒ္ဒရာအတွင်းမှ ရရှိလာသော အုန်းမှုတ်ခွက်ကို ချောမွတ်လှပအောင် ပြုလုပ်၍ မိမိကျောင်း၌ ထားခဲ့ပြီး စေတိယတောင်သို့ ထွက်ခွာသွားခဲ့ပုံ၊ အခြားရဟန်းတစ်ပါးက ထိုအုန်းမှုတ်ခွက်ကို ခိုးယူလိုသော စိတ်ဖြင့် ကောက်ယူလျက် စေတိယတောင်သို့ပင် ထွက်ခွာသွားခဲ့ပုံ၊ ပိုင်ရှင် ရဟန်းက တွေ့၍ ငါ့ခွက်ကို ခိုးယူသည်ဟု စွပ်စွဲပြီး သံဃာ့အလယ်သို့ ဆွဲခေါ်သွားခဲ့ပုံ၊ ဝိနယဓရမထေရ်များက ခိုးမှုမြောက်သည်ဟု ဆုံးဖြတ်ကြပုံ၊ ထိုသံဃာ့အစည်းအဝေး၌ ပါဝင်သော အာဘိဓမ္မိကဂေါဒတ္တမထေရ်က အုန်းမှုတ်ခွက်၏ တန်ဖိုးကို မေးစီစစ်သောအခါ တစ်ပဲမျှသာ တန်ဖိုးရှိကြောင်း ဖြေကြားပုံ၊ မထေရ်က ပါရာဇိကအာပတ်မသင့်ဟု ဆုံးဖြတ်သောအခါ သံဃာအားလုံးက သာဓု ခေါ်ဆိုခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၂၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာမဂန္ဓတာပသဝတ္ထု

ဤဝတ္ထု၌ အာမဂန္ဓ အမည်ရှိသော ပုဏ္ဏားတစ်ဦးသည် လုလင်ငါးရာတို့နှင့်အတူ ရသေ့ဝတ်၍ သစ်သီးများကိုသာ စားကာ သားငါးမစားဘဲ သက်သတ်လွတ်စားပုံ၊ ဘုရားရှင်ပွင့်တော်မူသောအခါ ဘုရားရှင်ကို ‘‘အာမဂန္ဓခေါ် သားငါးစားပါသလား’’ဟု မေးရာ ဘုရားရှင်က ‘‘သားငါးကို အာမဂန္ဓ ဟု မခေါ်၊ ကိလေသာ အကုသိုလ်၊ တဏှာ တရားများကိုသာ အာမဂန္ဓ’’ဟု ခေါ်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာမဏ္ဍဖလဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပဒုမုတ္တရဘုရားရှင်အား သျှစ်ရှားသီး လှူဒါန်းခဲ့ရသော ကုသိုလ်ကောင်းမှုကြောင့် ကမ္ဘာတစ်သိန်း အပါယ်မလားဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာမိသဝတ္ထု

ဤဝတ္ထု၌ လူတို့သည် ရဟန်းတို့အား စားသောက်ဖွယ်များကို လှူကြရာ ရဟန်းတို့က ဘိက္ခုနီတို့အား ပေးကြပုံ၊ လူတို့က ကဲ့ရဲ့သောကြောင့် ဘုရားရှင်က ‘‘မိမိသုံးဆောင်ရန် လှူသောဝတ္ထုကို အခြားသူအား မလှူရ’’ဟု ပညတ်တော်မူပုံ၊ အလွန်များလျှင် သံဃာတော်အား လှူနိုင်ကြောင်း၊ အလွန့် အလွန် များပြားနေလျှင်မူ တစ်ပါးစီအားလည်း လှူဒါန်းနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာယာဂဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းအလျာသည် သိခီဘုရားရှင် ပရိနိဗ္ဗာန်စံသောအခါ ပုထိုးစေတီကို ရှိခိုးခြင်း၊ ဆွမ်းစားကျောင်း ဆောက်လုပ်၍ သံဃာတော်တို့အား လှူဒါန်းခြင်း ပြုခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ၊ လူ့ပြည်နတ်ပြည်တို့၌သာ ဖြစ်ပုံ၊ ဖြစ်တိုင်းဖြစ်တိုင်းသော ဘဝ၌ အဆိပ်မသင့်ခြင်း၊ လက်နက်တို့ မစူးရှခြင်း၊ ရေ၌ မည်ခြင်း၊ မိုးကို အလိုရှိသော် မိုးရွာစေနိုင်ခြင်းစသော အကျိုးထူးများကို ခံစားရပုံ၊ စကြဝတေးမင်း အကြိမ်သုံးဆယ် ဖြစ်ခဲ့ရပြီး၊ ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၉၉) (အပ၊ဋ္ဌ၊၂၊၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာယာစိတဘတ္တဇာတက

ဤဇာတ်တော်၌ သူကြွယ်တစ်ယောက်သည် မိမိ၏ စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းသဖြင့် ယဇ်နတ်ပူဇော်ရာ ဘုရားလောင်းရုက္ခစိုးနတ်မင်းက ဤသို့ ပြုလုပ်ခြင်းသည် အကျိုးမရှိကြောင်း ပြောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာယုတ္တကကုမာရဝတ္ထု

ဤဝတ္ထု၌ စကြဝတေးမင်းကြီးထံ မင်းမရှိသောဒေသမှ ပြည်သူတို့ လာရောက်ပြီး မင်းလောင်းတောင်းကြရာ မင်းကြီးက သားတော်တစ်ပါးကို ပေးလိုက်ပုံ၊ ထိုမင်းသားသည် လူဆိုးတို့နှင့် ပေါင်းသင်း၍ အရက်သမားဖြစ်ကာ ဆူပူလာကြပြန်ပုံ၊ မင်းကြီးသည် ထိုမင်းသားကို ဖမ်းဆီးဆုံးမပြီး ဆုံးမ၍ မရလျှင် ခေါင်းဖြတ်သတ်ရန် အမိန့်ပေး စေလွှတ်လိုက်သောကြောင့် မင်း၏ အာဏာအတိုင်း ဆောင်ရွက်သောအခါမှ လူဆိုး၊ သူခိုးတို့ ထွက်ပြေးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၁၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာယုဝဍ္ဎနကုမာရဝတ္ထု

ဤဝတ္ထု၌ (၇)ရက်တိုင်တိုင် သံဃာတော်များ ပရိတ်တရားတော်များကို ရွတ်ဖတ်ပွားများပေသဖြင့် အာယုဝဍ္ဎနသတို့သား အသက်(၁၂၀)ရှည်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာရက္ခဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းအလျာသည် သိဒ္ဓတ္ထဘုရားရှင်၏ ကျောင်းတော်၌ ပွတ်တိုင်တို့ကို ပြုလုပ်ခဲ့ပြီး ဘုရားရှင်အား အစောင့်အရှောက်ကို ပေးလှူခဲ့သော ကောင်းမှုကံကြောင့် (၉၄)ကမ္ဘာအပါယ်မလားဘဲ ဖြစ်တိုင်းသော လူဘဝ နတ်ဘဝတို့၌ ကြောက်မက်ဖွယ်ဘေးကို မတွေ့ခဲ့ရပုံ၊ ခြောက်ကမ္ဘာအထက်၌ အပေဿနစကြဝတေးမင်းဖြစ်ခဲ့ပြီး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာရညကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် ဝါကျွတ်၍ တောကျောင်းတို့၌ နေထိုင်ကြသောအခါ ကြတ္တိကာနက္ခတ်ပွဲ၌ ခိုးယူလေ့ရှိသော သူခိုးတို့သည် ရဟန်းတို့ထံမှ သင်္ကန်းများကို ခိုးယူကြပုံ၊ ထိုအကြောင်းကြောင့် ဘုရားရှင်က တိစီဝရိက်သင်္ကန်းသုံးထည်တွင် သင်္ကန်းတစ်ထည်ထည်ကို မြို့တွင်း ရွာတွင်း၌ ထားခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာရညိကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ တောနေရဟန်းတို့ထံ ခိုးသူများ ရောက်လာပြီး သောက်ရေ သုံးရေ မီးစသည်ကို တောင်းကြပုံ၊ အရပ်မျက်နှာ နက္ခတ်များကို မေးရာ မပြောနိုင်ကြသဖြင့် ရဟန်းမဟုတ် ခိုးသူများဖြစ်သည်ဟု ရိုက်ပုတ်ကြပုံ၊ ဘုရားရှင် သိတော်မူ၍ တောနေရဟန်းတို့ လိုက်နာရမည့် ကျင့်ဝတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာရဒ္ဓဝိပဿကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဝိပဿနာကမ္မဋ္ဌာန်းတရား ပွားများအားထုတ်ကြသော တောကျောင်းနေ ရဟန်းတော်အပါးခြောက်ဆယ်တို့သည် ကိလေသာစိတ်များ မဖြစ်ပေါ်တော့သဖြင့် တရားထူးရပြီဟု မှတ်ထင်ကြပုံ၊ တရားကို ဆက်လက်အားမထုတ်ကြတော့ဘဲ အကျိုးအကြောင်း လျှောက်ထားရန် ဘုရားရှင်ထံ ကြွလာကြပုံ၊ ဘုရားရှင်က ဖူးမျှော်ခွင့်မပေးဘဲ သုသာန်၌ လောလောဆယ်ဆယ် သေဆုံးသွားသော သူသေကောင်များကို အသုဘဘာဝနာ ရှုပွားစေပုံ ထိုအခါ ကိေ လသာစိတ်များ ဖြစ်ပေါ်သဖြင့် ရဟန္တာမဖြစ်သေးကြောင်း သိကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာရာမဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား အာရာမ်ကို လှူခဲ့သော ကောင်းမှုကြောင့် (၉၄)ကမ္ဘာ အပါယ် မလားဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာရာမဒူသကဇာတက

ဤဇာတ်တော်၌ ဥယျာဉ်စောင့်တစ်ယောက်သည် ပွဲကြည့်ရန်အတွက် မြို့သို့ သွားလိုသဖြင့် မိမိမွေးထားသော မျောက်တို့ကို အပင်ငယ်တို့ကို ရေလောင်းရန် မှာကြားခဲ့ပုံ၊ အသိဉာဏ်မဲ့သော ခေါင်းဆောင်မျောက်ကြီးက ရေကို ချွေတာရန်အတွက် သစ်ပင်များကို နှုတ်ကြည့်ပြီး အမြစ်တိုလျှင် နည်းနည်းလောင်းရန်၊ အမြစ်ရှည်လျှင် များများလောင်းရန် ညွှန်ကြားသဖြင့် ဥယျာဉ်ကြီးတစ်ခုလုံး ပျက်စီးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၉၇) (ဇာ၊ဋ္ဌ၊၂၊၃၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာလမ္ဗဏဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းအလျာသည် သိဒ္ဓတ္ထဘုရားရှင်အား တံကဲပျဉ်ကို ပေးဒါန်းလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၄)ကမ္ဘာ အပါယ်မလားဘဲ ခြောက်ဆယ့်နှစ်ကမ္ဘာအထက်၌ သမုဒ္ဒရာ ကမ်းတစ်ဖက်တိုင်အောင် ကျယ်ပြန့်သော မြေပြင်ကို အစိုးရသော ဧကပဿီစကြဝတေးမင်း သုံးကြိမ် ဖြစ်ခဲ့ပုံ၊ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာလုဝဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းအလျာသည် ဟိမဝန္တာတောင်၌ ရှိသော သုဒဿန မြစ်၏အနီး၌ နေသည့် ရဟန္တာအား မျောက်ဥ(ပိန်းဥ)ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ်မလားခဲ့ဘဲ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာဝရဏဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် သာမဏေတို့အား ဒဏ်ပေးခွင့်ပြုတော်မူလိုက်ပြီးဖြစ်သဖြင့် ကျောင်းတိုက်ကြီးထဲသို့ မဝင်ရဟု ဒဏ်ပေးလိုက်ကြပုံ၊ သာမဏေတို့ ဒုက္ခရောက်ကာ လူထွက်ကြ၊ တိတ္ထိဘောင်သို့ ပြောင်းရွှေ့ကြသဖြင့် မိမိနေရာအရပ်သို့ မဝင်ရန်သာ ဒဏ်ထားနိုင်ကြောင်း ဘုရားရှင်က မိန့်တော်မူပုံ၊ တစ်ချို့သော ရဟန်းတို့က သာမဏေများ စားသောက်ရန် ပါးစပ်သို့ ရောက်ခါနီး အစားအစာများကို မစားရဟု ဒဏ်ပေးကြပြန်သဖြင့် သာမဏေတို့ ယာဂုပင် သောက်ခွင့်မရ၍ လူတို့က ကဲ့ရဲ့ကြသောကြောင့် အစားအစာကို မစားရန် ဒဏ်မပေးရဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာသင်္ကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းရသေ့သည် ဟိမဝန္တာတော၌ နေခဲ့ပုံ၊ တာဝတိံသာ နတ်ပြည်မှ စုတေပြီး ပဒုမ္မာကြာပန်း၌ သန္ဓေတည်သော အာသင်္ကာအမည်ရှိသော သမီးတော်အား မွေးစားထားပုံ၊ သမီးကို သိကြားမင်းဖန်ဆင်းပေးသည့် ကောင်းကင်ပျံ ဖန်ပြာသာဒ်၌ ထားပုံ၊ တစ်နေ့တွင် ဗာရာဏသီမင်း ရောက်လာပြီး ၃-နှစ်တိုင်တိုင် သူမ၏ နာမည်ကို ဖော်ထုတ်နိုင်ရန် ကြိုးစားပြီးမှ မိမိတိုင်းပြည်သို့ ဆောင်ယူသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာသနသန္ထဝိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိခီဘုရားရှင်၏ ဥတ္တမမည်သော စေတီတော်၌ ဘုရားရှင်ကို အာရုံပြုပြီး ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ချီးကျူးပူဇော်ကာ ရှိခိုးခဲ့သော ကုသိုလ်ကာင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ၊ နှစ်ဆယ့်ခုနစ်ကမ္ဘာ အထက်၌ အတုလစကြဝတေးမင်း ဖြစ်ခဲ့ပုံ၊ ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာသနုပဋ္ဌာဟကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အတ္ထဒဿီဘုရားရှင်အား မြတ်သော နေရာကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ကမ္ဘာတစ်ထောင့်ရှစ်ရာ အပါယ်မလားဘဲ ကမ္ဘာခုနစ်ရာထက်၌ သန္နိဗ္ဗာပက စကြဝတေးမင်း ဖြစ်ခဲ့ပုံ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၈) (အပ၊ဋ္ဌ၊၂၊၁၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာဟုန္ဒရိကဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် ရာဇဂြိုဟ်မြို့၌သာ နွေ၊ မိုး၊ ဆောင်း နေထိုင်ကြသဖြင့် လူတို့က ရဟန်းတို့အတွက် အရပ်မျက်နှာများသည် မှောင်ပိန်းကျဉ်းမြောင်းနေဟန်တူ၏၊ အရပ်ဒေသတို့ကို ထင်ထင်ရှားရှား သိဟန်မတူတော့ဟု ဝေဖန်ရှုတ်ချကြပုံ၊ တစ်နေ့တွင် ဘုရားရှင်သည် ဒက္ခိဏာဂိရိသို့ ဒေသစာရီလှည့်တော်မူမည်ဖြစ်၍ လိုက်ပါနိုင်ကြောင်း နှိုးဆော်ခိုင်းရာ ရဟန်းတို့က ၁၀-ဝါအတွင်း နိဿယည်းဆရာနှင့် ကင်းကွာ၍မနေရဟု ပညတ်ပြီးဖြစ်၍ မလိုက်ဘဲနေကြပုံ၊ ဘုရားရှင်က ဝိနည်းအရာ လိမ္မာကျွမ်းကျင်သူသည် ၅-ဝါထိ နိဿယည်းဆရာနှင့် နေရပြီး မကျွမ်းကျင်သူမှာ တစ်သက်လုံးနေရမည်ဟု မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာဠဝကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ အာဠဝီတိုင်းသား ရဟန်းတို့သည် ကျောင်းဒါယကာမရှိဘဲ မိမိကိုယ်တိုင် ကျောင်းကြီးများကို ဆောက်လုပ်ကြသဖြင့် လူတို့ထံ ကျောင်းဆောက်လုပ်ရန် လှည်း၊ နွား၊ ပေါက်တူး၊ ပေါက်ဆိန်၊ ဓားမ စသည့် ပစ္စည်းများကို တောင်းရမ်းကြပုံ၊ ထိုအခါ လူတို့မှာ ဘုန်းကြီးကို မြင်လျှင် ထွက်ပြေးနေကြရပုံ၊ ထိုအကြောင်းစုံကို ဘုရားရှင် သိတော်မူသောအခါ ကျောင်းယကာမရှိဘဲ ကျောင်းဆောက်လျှင် ပညတ်ချက်အတိုင်းအတာ အတိုင်းသာ ဆောက်လုပ်ရန် ကုဋိကာရသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာဠဝကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ အာဠဝီပြည်သား ရဟန်းများသည် ကျောင်းဆောက်ခြင်း စသော အမှုကိစ္စများကို ဆောင်ရွက်ကြစဉ် ပိုးမွှားရှိသော ရေထဲသို့ ပိုးမွှားရှိမှန်း သိလျက်ပင် မြက်အမှိုက်များ, မြေကြီးများကို သွန်ချကုန်သောကြောင့် ‘‘ပိုးမွှားရှိသော ရေထဲသို့ မြက်စသည်ကို သွန်းချသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သပ္ပါဏကသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာဠဝကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ အာဠဝီပြည်သား ရဟန်းတော်များသည် ကျောင်းဆောက်ကြသောအခါ မြေကြီးကို ကိုယ်တိုင် တူးကြသဖြင့် လူတို့က ကဲ့ရဲ့သောကြောင့် ‘‘မြေကြီးကို တူးသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ပထဝီခဏန သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာဠဝကဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် အာဠာဝကဘီလူး၏ ဗိမာန်သို့ ကြွတော်မူပုံ၊ အာဠာဝကဘီလူးသည် ဘုရားရှင်ကို လက်နက်မျိုးစုံ နည်းမျိုးစုံဖြင့် တိုက်ခိုက်သော်လည်း ရှုံးနိမ့်သဖြင့် ဘီလူးက မြတ်စွာဘုရားအား ပြဿနာများစွာကို မေး၍ မဖြေနိုင်လျှင် အမျိုးမျိုးနှိပ်စက်မည်ဟု ခြိမ်းခြောက်ခဲ့ပုံ၊ သူ၏ အမေးပြဿနာဟူသမျှကို မြတ်စွာဘုရားက ဖြေနိုင်သဖြင့် ဘီလူးသည် မာန်လျော့ကာ အရှုံးပေးရပုံ၊ အာဠာဝကဘီလူးသည် သောတာပန်တည်၍ မြတ်စွာဘုရားကို ချီးကျူးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၁၆) (သံ၊ဋ္ဌ၊၁၊၂၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာဠဝကဝတ္ထု

ဤဝတ္ထု၌ အာဠဝီမင်းကြီးသည် သမင်လိုက်သွားရာမှ အပြန်တွင်အာဠာဝကဘီလူးအဖမ်းခံရ၍ မိမိကိုမသတ်ရန် တောင်းပန်ပြီး နေ့စဉ်နေ့တိုင်း (၁၂)နှစ်တိုင်တိုင် ဘီလူးစာ လူတစ်ယောက်စီပို့ခဲ့ရာ ဘုရင့်သားတော် ဟတ္ထာဠာဝကမင်းသားလေးပို့မည့်ညတွင် ဘုရားရှင်နှင့် အာဠဝကတို့ ပြိုင်ဆိုင်ကြရာ ဘုရားရှင် အနိုင်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

အာဠိန္ဒကဝါသီမဟာဖုဿဒေဝတ္ထေရဝတ္ထု

ဤဝတ္ထု၌ မဟာဖုဿဒေဝမထေရ်သည် (၁၉)နှစ်တိုင်တိုင် ဂတပစ္စာဂတ ကျင့်ဝတ်ကို ဖြည့်ကျင့်၍ ရဟန်းတရားကို ကြိုးစားအားထုတ်သော်လည်း ရဟန္တာမ ဖြစ်သဖြင့် မျက်ရည်ကျခဲ့ပုံ၊ အနှစ်(၂၀) ပြည့်အောင် ဖြည့်ကျင့်မှသာ ရဟန္တာဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၂၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဣဏာယိကဝတ္ထု

ဤဝတ္ထု၌ ကြွေးယူထားသော ကြွေးထူသူတစ်ဦးသည် ကြွေးများကို ပြေကျေအောင် ပြန်မဆပ်ဘဲ ထွက်ပြေးပြီး ရဟန်းဝတ်လာပုံ၊ ထိုသူ့ကို ကြွေးရှင်တို့က တွေ့၍ ဖမ်းရန်ကြိုးစားရာ မင်းတရားကြီး၏ အမိန့်တော်ကြောင့် မည်သို့မှ ပြုလုပ်မရကြပုံ၊ လူတို့က ကဲ့ရဲ့ကြသဖြင့် ဘုရားရှင်က ‘‘ကြွေးရှိသူကို ရဟန်းခံမပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဣန္ဒသမာနဂေါတ္တဇာတက

ဤဇာတ်တော်၌ ဣန္ဒသမာနဂေါတ္တရသေ့ငယ်သည် ဘုရားလောင်းရသေ့ကြီး၏ စကားကို နားမထောင်ဘဲ ဆင်ပေါက်လေးတစ်ကောင်ကို မွေးမြူထားပုံ၊ ဆင်ကြီးဖြစ်လာသောအခါ ထိုရသေ့ငယ်ကို နင်းခြေသတ်ဖြတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဣန္ဒြိယဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ပုရောဟိတ်သားဘဝမှ တောထွက်၍ ရသေ့ပြုကာ ဈာန်အဘိညာဉ်ရပြီး ရသေ့ပေါင်းများစွာ ခြံရံလျက် နေပုံ၊ တပည့်ဖြစ်သော နာရဒရသေ့သည် ပြည့်တန်ဆာမတစ်ဦး၌ စွဲလမ်း၍ လူထွက်ရန် ပြင်ဆင်နေသဖြင့် ဘုရားအလောင်းရသေ့ကြီး ရောက်လာကာ ကာမသုခ၏အဆုံး၌ ငရဲဒုက္ခရှိနေကြောင်း ပြောဆိုဆုံးမပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဣလ္လိသဇာတက

ဤဇာတ်တော်၌ ရှေးအခါက ကုဋေရှစ်ဆယ်ကြွယ်ဝသော ဣလ္လိသသူကြွယ်၏ ဖခင်သည် အလှူဒါနပြု၍ ကွယ်လွန်သောအခါ သိကြားမင်း ဖြစ်ခဲ့ပုံ၊ သူ၏သား သူဌေးမှာမူ အလွန်နှမြောတွန့်တိုလျက် မလှူရက် မတန်းရက် ဖြစ်နေပုံ၊ ထိုအခါ ဖခင်ဟောင်း သိကြားမင်း ဆင်းကာ ဣလ္လိသနှင့် ပုံတူဖန်ဆင်း၍ လှူဒါန်းရန် ဆုံးမပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဣသိဒတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားအား ချိုမြိန်ကောင်းမွန်သည့် အာမောဒမည်သော အသီးကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ အဝန္တိတိုင်းသား လှည်းကုန်သည်ဖြစ်၍ မဟာကစ္စာယနမထေရ်ထံ ရဟန်းပြုပြီးနောက်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဣသိဒါသီထေရီဝတ္ထု

ဤဝတ္ထု၌ ဣသိဒါသီထေရီလောင်း အမျိုးသမီးသည် ဤဂေါတမဘုရားရှင်လက်ထက်မရောက်မီ (နောက်ဆုံးဘဝမရောက်မီ) ခုနစ်ဘဝအလိုတွင် မသူတော်တို့နှင့် ပေါင်းမိသဖြင့် ပရဒါရိကကံ (သူတစ်ပါးသားမယားတို့ကို လွန်ကျူးပြစ်မှားသည့်ကံ)ကို ပြုလုပ်ခဲ့ သောကြောင့် ငရဲ၊ တိရစ္ဆာန်၊ သူဆင်းရဲဘဝတို့၌ ကျင်လည်ခဲ့ရပြီး ဤဂေါတမဘုရား ရှင်လက်ထက်တွင် ဥဇ္ဇေနီပြည်၌ ဣသိဒါသီမည်သော သူဌေးသမီးဖြစ်လာခဲ့ပုံ၊ အရွယ်ရောက်သောအခါ အိမ်ထောင်ကျပြီးနောက် လင်ယောကျ်ားဖြစ်သူက မနှစ်သက်သဖြင့် အိမ်မှ နှင်ထုတ်ခံရပုံ၊ သံဝေဂရပြီး ဘိက္ခုနီဝတ်ကာ ဝိပဿနာပွားသဖြင့် ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၂၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဣသိဒိန္နတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဣသိဒိန္နမထေရ်လောင်းသည် ဝိပဿီဘုရားရှင်အား ယပ်တောင်လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူနတ်စည်းစိမ်တို့ကို ခံစားရပြီး ဂေါတမဘုရားရှင်လက်ထက်တွင် သုနာပရန္တဇနပုဒ်၌ ဣသိဒိန္နလုလင် ဖြစ်လာပုံ၊ စန္ဒကူးကျောင်းတော် အလှူပွဲတွင် ဘုရားရှင်၏ တရားကို နာကြားရသောကြောင့် သောတာပန် တည်ခဲ့ပုံ၊ နတ်သားတစ်ဦး၏ နှိုးဆော်ချက် အရ ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဣသိမုဂ္ဂဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တပည့်သာဝက ရှစ်သိန်းနှင့်အတူ သီတင်းသုံးနေတော်မူသော ပဒုမုတ္တရဘုရားရှင်အား ပဲနောက်တို့ကို ကြိတ်၍ ပျားငယ်ရည်၌ ထည့်ကာ ပြုပြင်ထားသော မုန့်တို့ကို လှူဒါန်းခဲ့သော ကောင်းမှုကြောင့် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါး မလားခဲ့ပုံ ကမ္ဘာလေးသောင်း အထက်၌ ဣသိမုဂ္ဂစကြဝတေးမင်း သုံးဆယ့်ရှစ်ကြိမ် ဖြစ်ခဲ့ရပြီး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဣဿပကတိတ္ထိီဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့၌ အိမ်ရှင်မတစ်ဦး၏ လင်ယောကျ်ားသည် ကျွန်မနှင့် ဖေါက်ပြန်နေပုံ၊ အိမ်ရှင်မ သိသွားသဖြင့် ကျွန်မကို ကြိုးနှင့်တုပ်ကာ နားရွက်နှာခေါင်းတို့ကို ဖြတ်ပြီး လျှို့ဝှက်တိုက်ခန်းထဲတွင် တံခါးပိတ်၍ ဝှက်ထားပုံ၊ အိမ်ရှင်မက မိမိအပြစ်ကို ဖုံးကွယ်လိုသည့်အတွက် လင်ယောကျ်ားကို ခေါ်၍ ဇေတဝန်ကျောင်း၌ တရားသွားနာနေပုံ၊ အလည်အပတ်ရောက်ရှိလာသော ဧည့်သည်ဆွေမျိုးများက အကြောင်းစုံ သိသွားပြီး တံခါးဖွင့်၍ ကျွန်မကို လွှတ်ပေးလိုက်ကြပုံ၊ ကျွန်မက ဘုရားရှင်အား အကြောင်းစုံကို လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ‘‘ကိုယ်ပြုသည့် မကောင်းမှုကို မည်သူမျှမသိ-ဟူ၍ မည်သည့်အခါမှ မပြုလုပ်သင့်ကြောင်း’’ အကျယ်ချဲ့၍ တရားဟောသဖြင့် ဇနီးမောင်နှံနှစ်ယောက်တို့ သောတာပန်တည်ပြီး ကျွန်မလည်း အစေခံဘဝမှ လွတ်မြောက်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥက္ကာသတိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဥက္ကာသတိကမထေရ်လောင်းလျာသည် ဟိမဝန္တာအတွင်းရှိ စိတ္တကုဋ်တောင်၌ နိရောဓသမာပတ်ဝင်စားနေသော ကောသိကပစ္စေကဗုဒ္ဓါအား မီးရှူးတိုင်တစ်ရာတို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ကိုးဆယ့်လေးကမ္ဘာတိုင်တိုင် ကြီးကျယ်ခမ်းနား ထူးထွေဆန်းပြားသော လူချမ်းသာနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ဥက္ကာသတိကမထေရ်ဟူသော အမည်ဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥက္ခိတ္တပဒုမိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဟံသာဝတီမြို့၌ ပန်းသည်ဖြစ်ခဲ့သော မထေရ်အလောင်းသည် ပဒုမုတ္တရဘုရားရှင်ကို ဖူးမြင်ရသည့်အခါ ပဒုမုတ္တရဘုရားမှန်း မသိသော်လည်း ကြည်ညိုလှ၍ ပဒုမ္မာကြာအိုင်တွင်းသို့ ဆင်းကာ ပွင့်ချပ်တစ်ရာရှိသော ကြာပန်းကို ဆွတ်ယူပုံ၊ ဘုရားအစစ်အမှန်ဖြစ်က ကြာပန်းသည် ဦးထိပ်၌ ဆောင်းမိုးပါစေသတည်းဟု အဓိဋ္ဌာန်ပြု၍ ပစ်မြှောက်သည့်အခါ ကြာပန်းသည် အလိုလို သွား၍ ဘုရားရှင်၏ ဦးထိပ်၌ ဆောင်းမိုးနေပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ ယူဇနာခြောက်ဆယ် မြင့်၍ ယူဇနာသုံးဆယ် ကျယ်ပြန့်သော သတပတ္တဗိမာန်ကိုရရှိခဲ့ပုံ၊ သိကြားမင်းအကြိမ် တစ်ထောင်၊ စကြဝတေးမင်း ခုနှစ်ဆယ့်ငါးကြိမ်၊ ပဒေသရာဇ်မင်းအဖြစ် မရေမတွက်နိုင်အောင်ဖြစ်ခဲ့ရပုံ၊ ကမ္ဘာတစ်သိန်း အပါယ်မလားခဲ့ရဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥက္ခေပကတဝစ္ဆတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အတွက် တန်ဆောင်းဆောက်လုပ်ရာတွင် တိုင်တစ်တိုင်လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်၌ သာဝတ္ထိမြို့သား ပုဏ္ဏားတစ်ဦး၏ သားဖြစ်၍ သာသနာ့ဘောင်သို့ ဝင်ရောက်ကာ မကြာမြင့်မီပင် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဂ္ဂဂဟပတိဝတ္ထု

ဤဝတ္ထု၌ ဥဂ္ဂသူကြွယ်အလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ မနာပဒါယကဧတဒဂ်ရသော (နှစ်သက်ဖွယ်ကို လှူသူတို့တွင် အမြတ်ဆုံးဖြစ်သော) ဥပါသကာတစ်ဦးကို အားကျ၍ ထိုဧတဒ် ရရန် ကုသိုလ်ပြုဆုတောင်းပုံ၊ ထိုဘဝမှ သေလွန်သော် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်ဝယ် ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်ဖြစ်၍ အနာဂါမ်အရိယာဖြစ်ကာ ထိုဧတဒဂ်ရရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဂ္ဂတဂဟပတိဝတ္ထု

ဤဝတ္ထု၌ ဥဂ္ဂတသူကြွယ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ သံဃုပဋ္ဌာက ဧတဒဂ်ရသော ဒါယကာတစ်ဦးကို အားကျ၍ ထိုဧတဒဂ် ရရန် ကုသိုလ်ပြု၍ဆုတောင်းခဲ့သောကြောင့် ဤဘုရားရှင်လက်ထက်တော်၌ ဟတ္ထိရွာသား ဥဂ္ဂတသူဌေးဖြစ်၍ ဘုရားရှင်၏ တရားတော်ကို နာရသောအခါ အနာဂါမ်အရိယာဖြစ်၍ သံဃုပဋ္ဌာကဧတဒဂ် ရရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဂ္ဂတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အမျိုးကောင်းသားဖြစ်၍ သိခီမြတ်စွာဘုရားအား ဆပ်သွားပန်းတို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကောသလတိုင်း ဥဂ္ဂနိဂုံးတွင် သူဌေးသားဖြစ်၍ ဘုရားရှင်ထံ ရဟန်းပြုကာ ဥဂ္ဂမထေရ်ဟူသော အမည်ဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဂ္ဂသေနဝတ္ထု

ဤဝတ္ထု၌ ဥဂ္ဂသေနသူဌေးသားသည် ဂျွမ်းဘားမယ်ကိုနှစ်သက်စွဲလမ်းမိသဖြင့် မိဘဆွေမျိုးများ ဝိုင်းဝန်းတားမြစ်နေစဉ်မှာပင် ဂျွမ်းဘားမယ်နောက်သို့ လိုက်ပါသွားပုံ၊ ဂျွမ်းဘားမယ်နှင့် သားတစ်ယောက် ရပြီးနောက် မယားဖြစ်သူက သားချော့သည့်အခါ ဥဂ္ဂသေနသူဌေးသားကို စောင်းမြောင်းပြက်ရယ်ပြုလျက် သီချင်းဆိုပုံ၊ ဥဂ္ဂသေနက မခံချင်စိတ်ဖြင့် ဂျွမ်းဘားပညာ သင်ယူပြီးနောက် ရာဇဂြိုဟ်မြို့၌ ဂျွမ်းဘား ကပြနေစဉ် ဘုရားရှင် ကြွလာတော်မူသဖြင့် လူအများက ဘုရားရှင်အားသာ ဝိုင်းအုံ ကြည့်ရှုဖူးမြော်ကြပုံ၊ ဘုရားရှင်က တရားဟောသဖြင့် ဂျွမ်းဘား ကပြနေစဉ် ဝါးတိုင်ထိပ်၌ပင် ဥဂ္ဂသေနသူဌေးသား ရဟန္တာဖြစ်ခဲ့ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥစ္ဆင်္ဂဇာတက

ဤဇာတ်တော်၌ တောစပ်တစ်ခုအနီး၌ တောသူတစ်ဦး၏ မောင်၊ သားနှင့် လင်ယောက်ျား သုံးဦးတို့ လယ်ထွန်နေစဉ် လူအများက သူခိုးဟု စွပ်စွဲကာ ဖမ်းချုပ်ပြီး ကောသလမင်းထံ ပို့ဆောင်ခဲ့ပုံ၊ ဇနီးတောသူသည် နန်းတော်တွင်းသို့ ဝင်ရောက်ကာ မိမိအား ‘‘အဝတ်ပုဆိုးကို ပေးကြပါကုန်’’ ဟု အော်ဟစ်တောင်းဆိုခဲ့ပုံ၊ ကောသလမင်းကြီးက အဝတ်ပုဆိုးကို ပေးသောအခါ လင်တည်းဟူသော အဝတ်ပုဆိုးကိုသာ တောင်းဆိုခြင်းဖြစ်ကြောင်း လျှောက်ထား ပြောဆိုခဲ့ပုံ၊ လင်ယောကျ်ားမရှိသော မိန်းမများသည် အဖိုးတစ်သိန်းထိုက်သော အဝတ်အထည်များကို ဝတ်ဆင်ထားသော်လည်း အချည်းအနှီး အဝတ်မစည်းသည်နှင့်သာ တူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥစ္ဆင်္ဂပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဗန္ဓုမတီမြို့၌ ပန်းသည်ဖြစ်သော မထေရ်အလောင်းသည် ဝိပဿီဘုရားရှင်အား ၎င်း၏ ခါးပိုက်မှ ပန်းကို ယူ၍ လှူဒါန်းခဲ့သော ကောင်းမှုကြောင့် (၉၁)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ် ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥစ္ဆိဋ္ဌဘတ္တဇာတက

ဤဇာတ်တော်၌ ကာသိတိုင်း ရွာငယ်တစ်ရွာ၌ ပုဏ္ဏားကြီးတစ်ယောက်၏ ဇနီးပုဏ္ဏေးမ အကျင့်စာရိတ္တ ဖေါက်ပြန်နေပုံ၊ ပုဏ္ဏားကြီး အပြင် ထွက်နေခိုက် သယောက်လင်နှင့် ဖေါက်ပြန်၍ သယောက်လင်အား ထမင်းကျွေးခဲ့ပုံ၊ ပုဏ္ဏားကြီး ပြန်လာသောအခါ သယောက်လင်၏ စားကြွင်းကို ပုဏ္ဏားကြီးအား ကျွေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥစ္ဆုခဏ္ဍိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်ပွင့်တော်မူချိန်၌ ဗန္ဓုမတီ မြို့တော်၏ တံခါးစောင့်ဖြစ်ပြီး ဘုရားရှင်အား ကြံပိုင်းလှူခဲ့သည့်ကုသိုလ်ကြောင့် ထိုဘဝမှ သေလွန်သောအခါ သုဂတိဘဝ များ၌သာ ဖြစ်ခဲ့ကာ ဤသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥစ္ဆုဒါယိကာဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သူတစ်ဦးသည် သံဃာတော်တို့အား ကြံပိုင်းများကို ပေးလှူသောအခါ သူ၏ ယောက္ခမက ကုလားထိုင်ဖြင့် ရိုက်သောကြောင့် ထိုခဏမှာပင် သေဆုံးခဲ့ပြီး တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥစ္ဆုပေတဝတ္ထု

ဤဝတ္ထု၌ ယောက်ျားတစ်ယောက်သည် ကြံစည်းကို ထမ်းလျက် ကြံစုပ်၍ သွားစဉ် သီလရှိသော ဥပါသကာတစ်ဦး၏ ကလေးသူငယ်သည် ထိုကြံထမ်းသမားနောက်မှ ကြံစုပ်ရန် တောင်းပုံ၊ ကြံထမ်းယောက်ျားသည် ခက်ထန်မာကျောစွာဖြင့် ကြံပိုင်းကို နောက်ပြန် ပစ်ပေးပုံ၊ သေလွန်သောအခါ ပြိတ္တာဖြစ်ကာ ကြံတောကိုတွေ့သော်လည်း ကြံစုပ်၍မရပုံ၊ ကြံပင်များကို နောက်ပြန်နုတ်မှ ကြံစုပ်၍ရပုံ စသော အကြောင်းအရာများပါဝင်သည်။ (ပေတ၊၂၀၉) (ပေတ၊ဋ္ဌ၊၂၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥစ္ဆုဝိမာနဝတ္ထု

ဤဝတ္ထု၌ အရှင်မောဂ္ဂလာန်မထေရ်သည် ကြာပန်းများ ပန်ဆင်ထားသော ရွှေရောင်အဆင်းရှိသည့် နတ်သမီး တစ်ယောက်အား အဘယ်သို့သော ကောင်းမှုကုသိုလ်မျိုးကို ပြုလုပ်ခဲ့သနည်းဟု မေးမြန်းသောအခါ မိမိအိမ်သို့ ဆွမ်းခံကြွသည့် ရဟန်းတော်အား ကြည်ညိုသဒ္ဓါ ထက်သန်စွာဖြင့် ကြံပိုင်းများကို ပေးလှူခဲ့ခြင်းကြောင့်ဖြစ်ကြောင်း လျှောက်ထားပုံ၊ ယောက္ခမဖြစ်သူက ကြံပိုင်း ဘယ်ရောက်သွားသနည်းဟု မေးမြန်းပြီး အမျက်ထွက်ကါ ခဲဖြင့်၍ သေဆုံးခဲ့ရပြီး တာဝတိံသာနတ်ပြည်သို့ ရောက်ရကြောင်း လျှောက်ထားပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၆၇) (ဝိမာန၊ဋ္ဌ၊၁၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဇ္ဈာနသညိတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်ကြီးတစ်ပါးသည် အမြဲတမ်း သူတစ်ပါးတို့၏ အပြစ်ကိုသာ မြင်လေ့ရှိပုံ၊ သူတစ်ပါးတို့အပြစ်ကိုသာ ကိလေသာအာသဝတို့သာ တိုးပွားလျက် ဈာန်မဂ်ဖိုလ်မှ ဝေးကွာကြောင်း ဘုရားရှင် ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဏှသမယအဘိဠာဟသမယဝတ္ထု

ဤဝတ္ထု၌ အတိုင်းအရှည်မသိ ရေချိုးကြသဖြင့် ၁၅-ရက်တစ်ကြိမ်သာ ရေချိုးကြရန် သိက္ခာပုဒ်ပညတ်တော်မူပြီးဖြစ်၍ ပူအိုက်သော နွေရာသီ၌ ချွေးစိုရွှဲသော ကိုယ်ခန္ဓာဖြင့် အိပ်ကြ၊ ကျောင်းသင်္ကန်းကို သုံးဆောင်ကြသဖြင့် ဘုရားရှင် သိတော်မူသောအခါ ပူချိန်အိုက်ချိန်၌ ရေချိုးနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥတ္တမာထေရီဝတ္ထု

ဤဝတ္ထု၌ ဥတ္တမာထေရီအလောင်းသည် ဝိပဿီဘုရားရှင်လက်ထက်၌ ကျွန်မတစ်ဦး ဖြစ်၍ ဥပုသ်သီတင်းဆောက်တည်ခဲ့သော ကောင်းမှုကြောင့် (၉၁)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင်လက်ထက်တော်၌် ပဋာစာရီထေရီမထံမှ တရားနာရ၍ ရဟန်းမဘဝဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥတ္တရတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုမေဓဘုရားရှင်အား မဟာလှေကားပန်းတို့ဖြင့် ပန်းထီးပြုလုပ်ကာ လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ကမ္ဘာသုံးဆယ်တို့ပတ်လုံး လူ့ပြည် နတ်ပြည်တို့၌ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာ၌ ရာဇဂြိုဟ်မြို့ဝယ် မဟာသာလသူဌေးသား ဖြစ်ခဲ့ပုံ၊ ဝဿကာရပုဏ္ဏားကြီးက သမီးနှင့်လက်ထပ်ရန် တောင်းပန်သော်လည်း ငြင်းဆန်၍၊ အရှင်သာရိပုတ္တရာထံ သာမဏေဝတ်ခဲ့သဖြင့် ဝဿကာရပုဏ္ဏားက ရန်ငြိုးဖွဲ့ပုံ၊ တစ်နေ့သော နံနက်စောစောတွင် ဥတ္တရသာမဏေသည် မြို့တွင်းသို့ ဆွမ်းခံသွားစဉ် သူခိုးဟု မှားယွင်း ယိုးစွပ်ခံရပုံ၊ ဝဿကာရပုဏ္ဏားသည် အဖြစ်မှန်ကို မစစ်ဆေးတော့ဘဲ ရန်ငြိုးဖြင့် ဥတ္တရသာမဏေအား တံစို့ထိုး၍ သတ်ရန် ဆုံးဖြတ်ခဲ့ပုံ၊ တံစို့ထိုးခံရသော နေရာသို့ ဘုရားရှင်ကြွရောက်၍ တရားဟောတော်မူသဖြင့် ဥတ္တရသာမဏေ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၀၄) (အပ၊ဋ္ဌ၊၂၊၂၉၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥတ္တရတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဥတ္တရမထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်၏ ဓာတ်တော်ကို ပူဇော်ပွဲကြီး ပြုလုပ်ခဲ့သော ကောင်းမှုကြောင့် လူနတ်စည်းစိမ်တို့ကို ခံစားရပုံ၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ ဥတ္တရလုလင် ဖြစ်ခဲ့ပုံ၊ မြတ်စွာဘုရား၏ တန်ခိုးပြာဋိဟာများကို ဖူးမြင်ရ၊ ကာဠကာရာမသုတ်ကို နာရသဖြင့် ရဟန်းပြခဲ့ပုံ၊ ရဟန်းပြုပြီးနောက် အဘိညာဉ် (၆) ပါးနှင် ပြည့်စုံသော ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥတ္တရပါလတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဥတ္တရပါလမထေရ်အလောင်းလျာသည် ဝိပဿီဘုရားရှင် ကြွတော်မူရာ လမ်း၌ တံတားဆောက်လှူသော ကုသိုလ်ကောင်းမှုကြောင့် (၉၁)ကမ္ဘာ အပါယ်မလားဘဲ ဂေါတမဘုရားရှင်လက်ထက်တော်၌ ဥတ္တရပါလပုဏ္ဏားဖြစ်လာပုံ၊ မြတ်စွာဘုရားကို ဖူးမြော်ရ၍ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥတ္တရဗြာဟ္မဏဝတ္ထု

ဤဝတ္ထုသည် သုမေဓဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥတ္တရမာဏဝဝတ္ထု

ဤဝတ္ထု၌ ပါယာသိရာဇညမင်းကြီးသည် ရဟန်းပုဏ္ဏားများနှင့် သူဆင်းရဲ၊ ခရီးသွား၊ သူတောင်းစားစသည်တို့အား ဆန်ကွဲထမင်း၊ ပအုံးရည်ဟင်း၊ ဖျင်ကြမ်းအဝတ်အထည်များကို ပေးလှူစေသောအခါ အလှူတာဝန်ခံဖြစ်သူ ဥတ္တရလုလင်က ‘‘ဤကောင်းမှုကြောင့် ပါယာသိရာဇညမင်းကြီးနှင့် ယခုဘဝ၌သာ တွေ့ဆုံပြီး နောက်တမလွန်ဘဝ၌ မတွေ့ဆုံရပါစေသား’’ဟု ဆုတောင်းပုံ၊ မင်းကြီးက အဘယ့်ကြောင့် ဤသို့ ဆုတောင်းရပါသနည်းဟု ဥတ္တရလုလင်အား မေးမြန်းစိစစ်သောအခါ မင်းကြီးကိုယ်တိုင် သုံးဆောင်ရန်မဆိုထားဘိ၊ ခြေဖြင့်ပင် မတို့ချင်သော ထိုအစားအသောက်နှင့် အဝတ်အထည်များကို ပေးလှူနေရသဖြင့် စိတ်မချမ်းသာသောကြောင့်၊ ဤကဲ့သို့ ဆုတောင်းကြောင်း လျှောက်ထားပုံ၊ ထို့နောက်မင်းကြီးက မိမိသုံးဆောင်သည့် အစားအသောက် အဝတ်အထည်မျိုးကိုသာ ပေးလှူသဖြင့် သေလွန်သောအခါ ဥတ္တရလုလင်သည် အလှူဒါနကို ရိုရိုသေသေဖြင့် ပြုလုပ်သောကြောင့် တာဝတိံသာနတ်ပြည်၌ဖြစ်ပြီး ပါယာသိရာဇမင်းကြီးသည် မရိုမသေပြုလုပ်ခဲ့သောကြောင့် စတုမဟာရာဇ်ဘုံ၌သာ ဖြစ်ရပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၂၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥတ္တရမာတုပေတိဝတ္ထု

ဤဝတ္ထု၌ ဥတ္တရလုလင်သည် အရှင်မဟာကစ္စည်းမထေရ်အား အမြဲမပြတ် ဆွမ်းလှူဒါန်းခဲ့ပုံ၊ အရှင်မဟာကစ္စည်းမထေရ်၏ အဆုံးအမဩဝါဒ၌တည်လျက် သောတာပတ္တိဖိုလ်သို့ ရောက်ခဲ့ပုံ၊ ဥတ္တရလုလင်၏ မိခင်သည် နှမြောတွန့်တိုလျက် လှူဒါန်းသမျှစားသောက်ဖွယ်ရာများသည် နောက်ဘဝ၌ သွေးဖြစ်ပါစေဟု ကျိန်ဆဲခဲ့ပုံ၊ ဥတ္တရလုလင်၏မိခင် သေလွန်သောအခါ ပြိတ္တာဖြစ်ပြီး ရေသောက်မည်ပြုလုပ်တိုင်း ရေက သွေးဖြစ်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၆၁) (ပေတ၊ဋ္ဌ၊၁၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥတ္တရဝဍ္ဎမာနဥပါသကဝတ္ထု

ဤဝတ္ထု၌ ဥတ္တရဝဍ္ဎမာနတောင်၌နေသော သီဟိုဠ်ကျွန်းသား လယ်သမားတစ်ယောက်သည် အမ္ဗရိယကျောင်း၌ သီတင်းသုံးသော ပိင်္ဂဗုဒ္ဓရက္ခိတမထေရ်ထံမှ သီလခံယူပြီး လယ်ထွန်နေစဉ် ၎င်း၏ နွားပျောက်သွားခဲ့ပုံ၊ နွားရှားရန် တောင်ပေါ်သို့ တက်စဉ် မြွေကြီးတစ်ကောင်၏ အဖမ်းခံရ၍ လက်တွင် ကိုင်ထားသော ပဲခွပ်ဖြင့် မြွေခေါင်းကို ဖြတ်ရန် စဉ်းစားပြီးမှ မထေရ်မြတ်အထံ၌ မိမိဆောက်တည်ထားသော သီလကို သတိရ၍ မဖြတ်ဘဲ ပဲခွပ်ကို လွှတ်ပစ်လိုက်ပုံ၊ ထိုအခါ မြွေသည်လည်း လွှတ်၍ ဆင်းသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၂၀၇) (သံ၊ဋ္ဌ၊၂၊၁၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥတ္တရဝိမာနဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် အရှင်ကုမာရကဿပထေရ်သည် သံဃာအပါးငါးရာနှင့်အတူ သေတဗျနိဂုံး ရင်းတိုက်တော၌ သီတင်းသုံးနေတော်မူစဉ် ပါယာသိမင်း ရောက်လာကာ တမလွန်လောကမရှိကြောင်း မိမိ၏ မိစ္ဆာအယူကို လျှောက်ထားပုံ၊ အရှင်ကုမာရကဿပထေရ်က လ၊ နေ ဥပမာ၊ အခြားအခြားသော ဥပမာများစွာကို ပြလျက် တမလွန်လောကရှိကြောင်း ရှင်းလင်းဟောကြားသဖြင့် မိစ္ဆာအယူကို စွန့်ကာ သမ္မာဒိဋ္ဌိ ဥပါသကာတစ်ယောက်ဖြစ်လာပုံ၊ ရဟန်း ပုဏ္ဏား၊ သူဆင်းရဲ၊ ခရီးသွား စသူတို့အား မရိုမသေ ပေးလှူခဲ့သဖြင့် သေလွန်သော် အောက်ဆုံးဖြစ်သည့် စတုမဟာရာဇ် နတ်ဘုံ၌ ဖြစ်ရပြီး၊ အလှူတာဝန်ခံ ဥတ္တရလုလင်ကမူ ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုး ပြုလုပ်ခဲ့သောကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၁၀၂) (ဝိမာန၊ဋ္ဌ၊၂၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥတ္တရာဥပါသိကာဝတ္ထု

ဤဝတ္ထု၌ ဥတ္တရာဥပါသိကာမ၏ မိဘများဖြစ်ကြသော မောင်ပုဏ္ဏဇနီးမောင်နှံတို့သည် နိရောဓသမာပတ်မှ ထသည့် အရှင်သာရိပုတ္တရာ အား ဆွမ်း, ရေချမ်း, ဒန်ပူ လှူခဲ့သော ကုသိုလ်ကြောင့် ချက်ချင်း သူဌေးဘဝရောက်ကြပုံ၊ သမီးဖြစ်သူ ဥတ္တရာသည် အယူလွဲမှားသူနှင့် အိမ်ထောင်ကျသဖြင့် ကုသိုလ်ပြုခွင့်မရရှိခဲ့ပုံ၊ စိတ်တိုင်းကျကုသိုလ်ပြု, သီတင်းစောင့်သုံးနိုင်ရန် မိမိလင်ယောကျ်ားအတွက် သီရိမာပြည့်တန်ဆာမကို အငှားထားခဲ့ပုံ၊ ဥတ္တရာသည် သံဃာတော်များအတွက် ဆွမ်းခဲဘွယ်များ ချက်ပြုတ်နေစဉ် သီရိမာက ဦးခေါင်းပေါ်သို့ ထောပတ်ဆီပူဖြင့် လောင်းချ၍ လုပ်ကြံပုံ၊ ဥတ္တရာမှာမူ မေတ္တာပွားများနေသောကြောင့် အန္တရာယ်တစ်စုံတစ်ရာမျှမဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပဋိသံ၊ဋ္ဌ၊၂၊၂၈၆) (ဓမ္မ၊ဋ္ဌ၊၂၊၁၉၆) (ဝိမာန၊ဋ္ဌ၊၅၆) (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥတ္တရာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီမလောင်းလျာသည် ရှေးဘုရားရှင်တို့ထံ၌ ကုသိုလ်ကောင်းမှုပြုခဲ့ပုံ၊ ထိုကုသိုလ်ကံတို့ကြောင့် လူ့ပြည် နတ်ပြည်တို့၌ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝ၌ သာဝတ္ထိမြို့သူ ဖြစ်ခဲ့ပုံ၊ ပဋာစာရာထေရီမထံ၌ ရဟန်းပြုကာ ကမ္မဋ္ဌာန်းအားထုတ်ခဲ့သဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသောအကြောင်းအရာများပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥတ္တရာထေရီဝတ္ထု

ဤဝတ္ထု၌ ဥတ္တရာထေရီသည် အသက် ၁၂၀-ပင် ရှိသော်လည်း ဆွမ်းခံကြွလေ့ရှိပုံ၊ တစ်နေ့သောအခါ ဆွမ်းခံအပြန် လမ်းခရီးအကြား၌ ရဟန်းတော်တစ်ပါးကို တွေ့မြင်သဖြင့် ဆွမ်းဖြင့် ပင့်ဖိတ်ပုံ၊ ရဟန်းက မပယ်မြစ်သဖြင့် ဥတ္တရာထေရီက မိမိရလာသော ဆွမ်းအားလုံးကို လောင်းလှူပုံ၊ ဒုတိယနေ့၊ တတိယနေ့၊ စတုတ္ထနေ့တို့၌လည်း ထိုနေရာ၌ ထိုရဟန်းကိုပင် လောင်းလှူလိုက်ရသဖြင့် ဆွမ်းအာဟာရပြတ်ခဲ့ရပုံ၊ ဘုရားရှင်နှင့် ကျဉ်းမြောင်းသော နေရာတစ်ခု၌ တွေ့သောအခါ မိမိကိုယ်ကို မထိန်းနိုင်ဘဲ သင်္ကန်းစွန်းကို နင်းမိပြီး လဲကျသွားပုံ၊ ဘုရားရှင်က တရားဟောသောအခါ ဥတ္တရာထေရီ သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥတ္တရာနန္ဒမာတုဝတ္ထု

ဤဝတ္ထု၌ ဥတ္တရာအလောင်းအလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက် ဈာန်ဝင်စားသောအရာတွင် ဧတဒဂ်ရသော ဥပါသိကာမတစ်ယောက်ကို အားကျ၍ ကုသိုလ်ပြု ဆုတောင်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်ပြည် သုမနသူဌေး၏အခစား ဘဝမှ ကြွယ်ဝချမ်းသာလာသော ပုဏ္ဏသူဌေး၏ သမီး ဖြစ်လာပုံ၊ ဘုရားရှင်၏ တရားတော်ကို နာယူရသဖြင့် သောတာပန်တည်ပြီး ဧတဒဂ်ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥတ္တရေယျဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တပည့်သာဝက ရဟန်းအပေါင်းခြံရံလျက် ဆွမ်းခံလှည့်လည် လာသော ပဒုမုတ္တရဘုရားရှင်အား အပေါ်ရုံအဝတ်ကို ပစ်မြှောက်လှူဒါန်းခဲ့ပုံ၊ ထိုအဝတ်သည် ဘုရားရှင်နှင့် တပည့်သာဝက အားလုံးတို့၏ အပေါ်၌ အမိုးပြုကာ ဆွမ်းခံရာသို့ လိုက်ပါလာခဲ့ပုံ၊ ထိုကောင်းမှုကြောင့် ကမ္ဘာတစ်သိန်း အပါယ်မလားခဲ့ရဘဲ လူမင်းနတ်မင်း အကြိမ်ကြိမ် ဖြစ်ခဲ့ရပုံ၊ တစ်လံမျှလောက်သော အရပ်၌ ပုဆိုးအမိုး ဆောင်းမိုးခံရပြီး မတောင်းခံရဘဲ လိုသောပစ္စည်းတို့ကို ဝတ်ရုံသုံးဆောင်ရကာ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥတ္တလိပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင်၏ ဗောဓိပင်ဖြစ်သော ပညောင်ပင်ကို မြစ်ကိုင်းပန်းတို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကြောင့် ဒုဂ္ဂတိဘဝမကျရောက်ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥတ္တိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဥတ္တိယမထေရ်လောင်း သူတော်ကောင်းသည် သိဒ္ဓတ္ထဘုရားရှင် လက်ထက်တွင် စန္ဒဘာဂါမြစ်၌ ခန္ဓာကိုယ်ကြီးမားသော မိကျောင်းကြီးတစ်ကောင် ဖြစ်ခဲ့ပုံ၊ မြစ်တစ်ဘက်ကမ်းသို့ ကူးရန် ကြွတော်မူလာသော သိဒ္ဓတ္ထဘုရားရှင်ကို ရွှင်လန်း နှစ်သက်သော စိတ်ဖြင့် ပို့ဆောင်ပေးခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ပုဏ္ဏားမျိုး၌ဖြစ်ပြီး ရသေ့ရဟန်းပြုခဲ့ပုံ၊ ဝိပဿနာတရား ပွားများအားထုတ်စဉ် ဖြစ်ပေါ်လာသော အနာရောဂါပေါ်၌ သံဝေဂဉာဏ်ပွားကာ ဆက်လက်ရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲပုံ စသော အကြောင်းအရာများ ပါသည်။ (ထေရ၊ဋ္ဌ၊၁၊၁၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥတ္တိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုမေဓာဘုရားရှင်အား ဘုရားတို့နှင့်သာ ထိုက်တန်သော ပလ္လင်ကို ပြုလုပ်၍ လှူဒါန်းခဲ့သောကြောင့် ကမ္ဘာသုံးဆယ်တို့ ကာလပတ်လုံး လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် သာသနာတော်၌ သာကီဝင်မင်းမျိုး၌ဖြစ်၍၊ သာသနာတော်သို့ ဝင်ရောက်ကာ တရားအားထုတ်သဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ထေရ၊ဋ္ဌ၊၁၊၂၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒကဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင််းလျာသည် ပဒုမုတ္တရဘုရားရှင်နှင့် သံဃာတော်တို့အား ကြည်ညိုဝမ်းမြောက်သော စိတ်ဖြင့် သောက်ရေလှူခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ကမ္ဘာတစ်သိန်း အပါယ်မလားဘဲ ဖြစ်လေရာဘဝတိုင်း၌ တောင်ထိပ်၊ သစ်ပင်ဖျားနှင့် ကောင်းကင်တွင် နေပါသော်လည်း သောက်ရေတို့ အလွယ်တကူဖြစ်ပေါ်သော အကျိုးခံစားရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒကဒါယိကာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီမလောင်းလျာသည် ဝိပဿီမြတ်စွာဘုရားအား ချိုးတော်ရေ လှူဒါန်းခဲ့ရသော ကုသိုလ်ကောင်းမှုကြောင့် (၉၁)ကမ္ဘာ အပါယ်မလားဘဲ လူနတ်ချမ်းသာ အမျိုးမျိုးကို ခံစားခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ တစ်ခုသော အမျိုး၌ဖြစ်၍ ဘိက္ခုနီသာသနာသို့ ဝင်ရောက်ကာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒကပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကောင်းကင်၌ ကြွသွားတော်မူသော ပဒုမုတ္တရဘုရားရှင်အား မြေပြင်မှ လက်ခုပ်ဖြင့် ရေကို ယူ၍ ပစ်မြှောက်ပူဇော်ရာ ဘုရားရှင်က ကောင်းကင်၌ ရပ်တည်၍ အလှူခံတော်ခဲ့ပုံ၊ ထိုကောင်းမှုကြောင့် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်သို့ မလားရောက်ခဲ့ဘဲ ခြောက်ထောင့်ငါးရာ ကမ္ဘာအထက်၌ သဟဿရာဇစကြဝတေးမင်း သုံးကြိမ်ဖြစ်ခဲ့ကာ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၇) (အပ၊ဋ္ဌ၊၂၊၁၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒကာသနဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အာရာမ်တံခါးမှ ထွက်၍ ပျဉ်ချပ်ကို ခင်းပြီး သောက်ရေကို တည်ထားခဲ့သော ကောင်းမှုကံကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ တစ်ဆယ့်ငါးကမ္ဘာအထက်၌ အဘိသာမ စကြဝတေးမင်းဖြစ်၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲပုံ၊ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒဉ္စနီဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သားငယ်နှင့်အတူ တောထွက်၍ ရသေ့ဝတ်ခဲ့စဉ် မိန်းမတစ်ယောက်သည် ရသေ့ငယ်ကို ဖြားယောင်းလူထွက်စေပြီး အလုပ်များစွာ စေခိုင်းသဖြင့် ဘုရားအလောင်း ဖခင်ထံပြန်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒပါနဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းလျာသည် ဝိပဿီဘုရားရှင်အတွက် ရေတွင်း တူး၍ အိမ်သို့ ပင့်ပြီး ဆွမ်းကပ်ကာ ရေတွင်းကို လှူခဲ့သော ကောင်းမှုကြောင့် (၉၁)ကမ္ဘာ အပါယ် မလားဘဲ ဤဘုရားရှင်၏ သာသနာတော်တွင် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၈) (အပ၊ဋ္ဌ၊၂၊၁၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒပါနဒူသကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းရသေ့သည် နောက်လိုက်ရသေ့တို့နှင့်အတူ ဣသိပတနအရပ်၌ နေစဉ် မြေခွေးတစ်ကောင်သည် ထိုအရပ်ရှိ ရေတွင်းကို ဖျက်ဆီးပုံ၊ ရသေ့တို့က ထိုမြေခွေးကို ဖမ်းယူပြီး ဆုံးမလွှတ်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒယဘဒ္ဒဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သုရုန္ဓနမြို့ကို အုပ်ချုပ်နေစဉ် နတ်ကညာတမျှ အလွန်လှပသော မိန်းမနှင့် တိုက်ခန်းတစ်ခန်းတည်း၌ အနှစ်(၇၀၀)အတူနေသော်လည်း တဏှာ, ရာဂစိတ်ဖြင့် ဣန္ဒြေကို ဖျက်၍ ကြည့်ရှုဖူးခြင်းမရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒါယိတ္ထေရတ္ထု

ဤဝတ္ထု၌ ဥဒါယီမထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့၏ လက်ထက်တော်၌ နိဗ္ဗာန်ကို ရည်မှန်း၍ ကုသိုလ်များစွာပြုခဲ့သောကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ဥဒါယီပုဏ္ဏားဖြစ်ရပုံ၊ မြတ်စွာဘုရားရှင်၏ တန်ခိုးတော်ကို ကြည်ညိုကာ ရဟန်းပြု၍၊ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒါယီဝတ္ထု

ဤဝတ္ထု၌ အရှင်ဥဒါယီသည် ယောကျ်ားအိမ်သို့လိုက်ပါရမည့် မိန်းကလေးနှင့် ဖုံးကွယ်ရာ အရပ်မဟုတ်သော်လည်း ကာမဂုဏ်တို့နှင့်စပ်သော စကားတို့ကို ပြောဆိုနိုင်လောက်သည့် နေရာ၌ တစ်ဦးချင်း ထိုင်၍ စကားပြောနေသည်ကို ဝိသာခါကျောင်းအမကြီးက မသင့်လျော်ကြောင်း လျှောက်ထားပုံ၊ အရှင်ဥဒါယီသည် ပြောဆိုမြဲ ပြောဆိုနေသဖြင့် ဝိသာခါက ကဲ့ရဲ့ရှုတ်ချခဲ့ပုံ၊ ‘‘ရဟန်းသည် ထိုသို့သော နေရာမျိုး၌ မိန်းကလေးနှင့် တစ်ဦးချင်း စကားမပြောရ’’ဟု ဘုရားရှင်က ဒုတိယ အနိယတ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒါယိဝတ္ထု

ဤဝတ္ထု၌ အရှင်ဥဒါယီသည် မယားဟောင်းဘိက္ခုနီထံသို့ သွား၍ နှစ်ဦးစလုံး မိမိတို့၏ ဖုံးကွယ်အပ်သည်များကို ဖော်ကာ တပ်မက်သော စိတ်ဖြင့် ကြည့်ကြပုံ၊ အရှင်ဥဒါယီသည် သုက်လွတ်သဖြင့် ထိုသင်္ကန်းကို မယားဟောင်းဘိက္ခုနီကို အလျှော်ခိုင်းပုံ၊ ဘိက္ခုနီသည် အရှင်ဥဒါယီ၏ သုက်အချို့ကို ကိုယ်တွင်းသို့ ထည့်သောကြောင့် ကိုယ်ဝန်ရခဲ့ပုံ၊ ထိုအကြောင်းကို ဘုရားရှင်ကြားသိတော်မူသောအခါ ‘‘ဘိက္ခုနီကို သင်္ကန်းဟောင်းကို လျှော်ခိုင်းသော ရဟန်းအား နိဿဂ္ဂိပါစိတ် အာပတ် သင့်၏’’ဟု ပုရာဏစီဝရ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒါယိဝတ္ထု

ဤဝတ္ထု၌ ဥပ္ပလဝဏ်ထေရီသည် အန္ဓဝန်တောထဲ၌ သမာပတ်ဝင်စားနေစဉ် ခိုးသူတို့သည် နွားကို သတ်၍ နွားသားကို သစ်ပင်၌ ချိတ်ဆွဲပြီး ‘‘တွေ့သူတို့ ယူနိုင်ပါသည်’’ဟု ပြောဆို၍ ထားခဲ့ကြပုံ၊ ဥပ္ပလဝဏ် ထေရီသည် ထိုအသားကို ယူငင်၍ချက်ပြုတ်ပြင်ဆင်ပြီး ဘုရားရှင်ထံ လှူရန် ယူသွားပုံ၊ လမ်းတွင် အရှင်ဥဒါယီသည် ဥပ္ပလဝဏ်၏ သင်းပိုင်ကို အတင်းအလှူခံပုံ၊ ဘုရားရှင် သိတော်မူသောအခါ ‘‘ဆွေမျိုးမတော်သော ဘိက္ခုနီတို့အထံမှ သင်္ကန်းအလှူခံသော ရဟန်းအား နိဿဂ္ဂိ ပါစိတ် အာပတ် သင့်၏’’ဟု စီဝရပဋိဂ္ဂဟဏသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒါယီဝတ္ထု

ဤဝတ္ထု၌ အရှင်ဥဒါယီသည် ဆွမ်းခံကြွစဉ် အိမ်တစ်အိမ်သို့ ဝင်ပြီး အိမ်ရှင်ယောက္ခမ မိန်းမကြီး၏ အနားသို့ ကပ်၍ ပြောဆိုပုံ၊ တစ်ဖန် ချွေးမ၏ အနားသို့ ကပ်ကာ ပြောဆိုပြန်ပုံ၊ ထိုအခါ ချွေးမနှင့် ယောက္ခမတို့သည် တစ်ဦးနှင့်တစ်ဦး ‘‘ဤရဟန်းသည် သူ၏ လင်ငယ် ဖြစ်ဟန်တူ၏’’ဟု သံသယဝင်ပြီး အချင်းချင်း မေးကြည့်ရာ တရားဟောခြင်းသာ ဖြစ်ကြောင်း သိရသဖြင့် အရှင်ဥဒါယီကို ကဲ့ရဲ့ကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် ကြားသိတော်မူသောအခါ ‘‘အမျိုးသမီးတို့ကို တရားဟောသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဓမ္မဒေသနာ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒါယိဝတ္ထု

ဤဝတ္ထု၌ ဘိက္ခုနီတစ်ပါးသည် အရှင်ဥဒါယီကို သင်္ကန်းချုပ်ခိုင်းပုံ၊ ဥဒါယီသည် ထိုသင်္ကန်း၏ အလယ်၌ ယောက်ျားပုံနှင့် မိန်းမပုံကို ဆန်းကြယ်စွာ ချုပ်လုပ်ပေးလိုက်ပုံ၊ ထိုဘိက္ခုနီ၏ သင်္ကန်းကို တွေ့မြင်သော လူတို့က ကဲ့ရဲ့ကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် ကြားသိတော်မူ၍ ‘‘ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းချုပ်ပေးသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု စီဝရသိဗ္ဗန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒါယိဝတ္ထု

ဤဝတ္ထု၌ အရှင်ဥဒါယီသည် မိမိ၏မယားဟောင်း ဘိက္ခုနီထံသို့ မကြာခဏ သွားပုံ၊ ဘိက္ခုနီကလည်း မကြာခဏ လာပုံ၊ ထိုသူတို့နှစ်ဦး တစ်ယောက်ချင်း ဆိတ်ကွယ်ရာအရပ်၌ ထိုင်နေကြသည်ကို ရဟန်းကောင်းတို့ မြင်သောအခါ ကဲ့ရဲ့ရှုတ်ချကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် ကြားသိတော်မူ၍ ‘‘ဆိတ်ကွယ်ရာ၌ ဘိက္ခုနီနှင့် တစ်ယောက်ချင်းချင်း ထိုင်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ရဟောနိသဇ္ဇ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒါယိဝတ္ထု

ဤဝတ္ထု၌ အရှင်ဥဒါယီသည် မထေရ်ကြီးများ၊ ပြန်ကြွသွားသောအခါ ဓမ္မသဘင် တရားဟောပလ္လင်သို့ တက်၍နေပုံ၊ အာဂန္တုရဟန်းတို့က ပြဿနာမေးလျှောက်ကြသောအခါ မဖြေနိုင်ဖြစ်နေပုံ၊ ထို့အကြောင်းကို အာဂန္တုရဟန်းတို့က မြတ်စွာဘုရားအား လျှောက်ထားကြသောအခါ မြတ်စွာဘုရားက ယောက်မသည် ဟင်းအရသာမသိသကဲ့သို့ ပညာရှိနှင့် လူမိုက်သည် နီးကပ်စွာ နေသော်လည်း တရားကို မသိ-ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒါယိဝတ္ထု

ဤဝတ္ထု၌ အရှင်ဥဒါယီသည် လေးသမားတစ်ဦးဖြစ်ခဲ့ပြီး ကျီးကန်းတို့ကို အလွန်မုန်းသူဖြစ်သဖြင့် ကျီးကန်းတို့ကို ပစ်ခတ်၍ ခေါင်းဖြတ်ကာ တံစို့ထိုးသီထားပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်သိတော်မူ၍ ‘‘တိရစ္ဆာန်၏ အသက်ကို သတ်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သဉ္စိစ္စ သက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒါယီဝတ္ထု

ဤဝတ္ထု၌ အရက်သမားတို့သည် ပျော်ပွဲစားထွက်လာကြစဉ် ပြည့်တန်ဆာမတစ်ဦးကို လာရောက်ရန် မှာကြားထားကြပုံ၊ ပြည့်တန်ဆာမ မလာ၍ အရှင်ဥဒါယီက ကြားဝင်အောင်သွယ်ပေးခဲ့ပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘ရဟန်းသည် ပြည်တန်ဆာမနှင့်ပင် အောင်သွယ်မပေးရ’’ဟု သဉ္စရိတ္တသိက္ခာပုဒ်၏ အနုပညတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒါယိဝတ္ထု

ဤဝတ္ထု၌ အရှင်ဥဒါယီသည် ဒကာ,ဒကာမများအိမ်သို့ လည်ပတ်လေ့ရှိပုံ၊ တစ်နေ့တွင် ယောက်ျားအိမ်သို့ လိုက်ပါရမည့် မိန်းကလေးနှင့် ဆိတ်ကွယ်ရာအရပ််၌ တစ်ယောက်ချင်း နီးနီးကပ်ကပ် ပြောဆိုနေသည်ကို ဝိသာခါကျောင်းအမကြီး မြင်၍ ကဲ့ရဲ့ပုံ၊ ထိုကြောင့် ဘုရားရှင်က ‘‘ရဟန်းသည် ဆိတ်ကွယ်ရာ၌ မိန်းကလေးနှင့် တစ်ယောက်ချင်း နီးနီးကပ်ကပ် စကားမပြောရ’’ဟု ပထမအနိယတ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒါယီဝတ္ထု

ဤဝတ္ထု၌ အရှင်ဥဒါယီ၏ ပုဏ္ဏေးမတစ်ယောက်၌ ကာယသံသဂ္ဂပြုမှုကို အကြောင်းပြု၍ မာတုဂါမ၌ ယာယသံသဂ္ဂပြုသော ရဟန်းအား သံဃာဒိသေသ်အာပတ် သင့်၏-ဟု ဘုရားရှင်က မိန့်ကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒါယီဝတ္ထု

ဤဝတ္ထု၌ အရှင်ဥဒါယီ၏ ကျောင်းသည် လှပတင့်တယ်ရှုချင်စဖွယ်ရှိသဖြင့် များစွာသော မိန်းမတို့သည် ကျောင်းအလှကို ကြည့်ရှုရန် ရောက်လာကြပြီး လှည့်ပတ် ကြည့်ရှုကြပုံ၊ အရှင်ဥဒါယီသည် ထိုမိန်းမတို့နှင့် ဝိုင်းဖွဲ့ရောနှောထိုင်နေကာ ကာမဂုဏ်နှင့် ဆက်စပ်နေသော ရုန့်ရင်းကြမ်းတမ်းသော စကားတို့ဖြင့် လူပျို, အပျိုပြောသကဲ့သို့ ပြောဆိုခဲ့ပုံ၊ ဘုရားရှင် ကြားသိတော်မူသောအခါ ထိုကဲ့သို့ မပြောဆိုရန် သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒါယီဝတ္ထု

ဤဝတ္ထု၌ အရှင်ဥဒါယီသည် လင်သေပြီးစ ချောမောလှပသည့် အမျိုးသမီးတစ်ယောက်အား တရားဟောပြသဖြင့် ထိုအမျိုးသမီးက ကြည်ညိုကာ အလိုရှိရာ တောင်းခံပါရန် လျှောက်ထားပုံ၊ အရှင်ဥဒါယီက ကာမဂုဏ်ကို တောင်းဆိုပုံ၊ ထိုမိန်းမက ခုတင်ပေါ်သို့ လာရန် ခေါ်သောအခါတွင်မူ အရှင်ဥဒါယီသည် ကဲ့ရဲ့ရှုတ်ချ၍ ထွက်သွားခဲ့ပုံ၊ ထိုအကြောင်းကို ဘုရားရှင် ကြားသိတော်မူသောအခါ ‘‘ကာမဂုဏ်ကို မတောင်းဆိုရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒါယီဝတ္ထု

ဤဝတ္ထု၌ အရှင်ဥဒါယီ၏ အောင်သွယ်မှုကို အကြောင်းပြု၍ အောင်သွယ်မှု ပြုသော ရဟန်းအား သံဃာဒိသေသ်အာပတ် သင့်၏-ဟု ဘုရားရှင်က သဉ္စရိတ္တသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒါယီဝတ္ထု

ဤဝတ္ထု၌ အရှင်ဥဒါယီသည် ကိုယ်ခန္ဓာကြီးမားသူဖြစ်၍ ဘုရားရှင်ရှေ့တော်၌ နိသီဒိုင်ခင်း၍ ကျဉ်းကျဉ်းကျုတ်ကျုတ် ထိုင်ရပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ နိသီဒိုင်အခင်းပြုလုပ်လျှင် အလျားနှစ်ထွာ၊ အနံတစ်ထွာခွဲ ပြုလုပ်ပြီး အမြိတ်အဆာ တစ်ထွာ အနားတပ်၍ ချုပ်ရန်ခွင့်ပြုကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒုမ္ဗရဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ (၇)ရက် (၇)လီမိုးကြီးရွာသည်ရှိသော် ရေမစိုသော ကျောက်လိုဏ်ဂူ၌နေသော မျောက်တစ်ကောင်ထံသို့ ရေစိုပြီး အအေးဒဏ်ဖြင့် ခိုက်ခိုက် တုန်နေသော မျက်နှာမည်း မျောက်ကြီးတစ်ကောင်ရောက်လာပုံ၊ မျောက်ကြီးသည် ‘‘အပြင်ဘက်တွင် သဖန်းသီး၊ ညောင်သီး၊ ညောင်ချဉ်သီးတို့ပေါလှသည်၊ အပြင်ဘက်သို့ထွက်၍ စားပါ’’ဟု မျောက်ကလေးကို လိမ်ညာခေါ်ယူကာ မျောက်ကလေးထွက်လာသောအခါ ထိုနေရာသို့ ဝင်၍နေပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၄၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒ္ဒါလကဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ဗြဟ္မဒတ်မင်းကြီး၏ ပုရောဟိတ်ပညာရှိတစ်ဦး ဖြစ်စဉ် ဥယျာဉ်ကစား သွားသည့်အခါ ပြည့်တန်ဆာမတစ်ဦးနှင့် တွေ့ဆုံပြီး ပေါင်းဖေါ် မှီဝဲမိပုံ၊ ပြည့်တန်ဆာမ၌ ကိုယ်ဝန်တည်ကြောင်း သိရှိကာ ဘုရားလောင်းပုရောဟိတ်ပညာရှိက သမီးလေး မွေးလာလျှင် ပြုစုစောင့်ရှောက်ရန် သားယောကျ်ားလေး မွေးလာလျှင် မိမိထံသို့ ပို့ရန် မှာကြားလျက် လက်စွပ်တစ်ကွင်းပေးထားခဲ့ပုံ၊ သားယောကျ်ားလေး မွေးဖွားလာပြီး ဥဒ္ဒါလကဟု အမည်မှည့်ပုံ၊ အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်၌ ပညာသင်ကြားနေစဉ် ရသေ့ဂိုဏ်းတစ်ဂိုဏ်းကိုတွေ့မြင်၍ ပညာသင်ကြားလိုသည့်အတွက် ရသေ့ဝတ်ပုံ၊ ဥဒ္ဒါလကသည် ရသေ့ငါးရာတို့တွင် အတတ်ပညာအားဖြင့် အထွတ်အထိပ်သို့ ရောက်သောအခါ ဗာရာဏသီပြည်သို့ သွားကာ မင်းဥယျာဉ် အတွင်း၌နေပုံ၊ ဗာရာဏသီမင်းနှင့် ဖခင်ဖြစ်သူ ဘုရားလောင်းပုရောဟိတ်ပုဏ္ဏားတို့ ရောက်ရှိလာကာ ရသေ့တို့၏ အကျင့်နှင့်ပတ်သက်၍ အမေးအဖြေ ပြုလုပ်စဉ် ဘုရားလောင်း ပုရောဟိတ်၏ အမေးကို ဥဒ္ဒါလကရသေ့ မဖြေဆိုနိုင်သဖြင့် လူထွက်စေလျင် လက်ထောက်ပုရောဟိတ်အရာ၌ ခန့်ထာခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒ္ဒါလကဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကကုဇမည်သော ပစ္စေကဗုဒ္ဓါအား ငုရွှေပန်းကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ် မလားဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဒ္ဒါလကပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အနောမမည်သော ပစ္စေကဗုဒ္ဓါအား ငုရွှေပန်းကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ် မလားဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပကာဇီဝကဝတ္ထု

ဤဝတ္ထု၌ ဥပကသည် ဘုရားဖြစ်တော်မူပြီးစ မြတ်စွာဘုရားနှင့် တွေ့ရပြီးနောက် ဝင်္ကဟာရမုဆိုးရွာ၌နေခဲ့ပုံ၊ ထိုစဉ် မုဆိုးအကြီးအကဲ၏ သမီးဆာဝါ(စာပါ)ကို ချစ်ကြိုက်သဖြင့် မုဆိုးကြီးက ပေးစားခဲ့ပုံ၊ သုဘဒ္ဒမည်သော သားတစ်ယောက်ရလျှင် ဆာဝါ(စာပါ)၏ သားချော့ရင်း ပြက်ရယ်ပြုခြင်းကို မခံနိုင်သဖြင့် မြတ်စွာဘုရားထံ သွားပုံ၊ မြတ်စွာဘုရားက ရဟန်းပြုပေးတော်မူ၍ ကမ္မဋ္ဌာန်းပေးရာ ဥပကသည် အနာဂါမ်တည်၍ သေလျှင် အဝိဟာဘုံ၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၉၄) (ဓမ္မ၊ဋ္ဌ၊၂၊၃၄၉) (သုတ္တနိ၊ဋ္ဌ၊၁၊၂၄၇) (သာရတ္ထ၊ဋီ၊၃၊၁၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပက္ကိလေသဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ကောသမ္ဗီရဟန်းများအချင်းချင်း ခိုက်ရန်ဖြစ်ပွား ကြပုံ၊ ဘုရားရှင်ကြွတော်မူပြီး ခိုက်ရန် မဖြစ်ကြရန် သုံးကြိမ်တိုင်တိုင် တားမြစ်ဆုံးမသော်လည်း မနာခံသဖြင့် ကိုယ်တော်တစ်ပါးတည်း ပါစိနဝံသတောသို့ ကြွတော်မူပုံ၊ ထိုတော၌ အရှင်အနုရုဒ္ဓ၊ အရှင်ကိမိလ၊ အရှင်နန္ဒိယမထေရ် သုံးပါးတို့အချင်းချင်း ညီညီညွတ်ညွတ်ဖြင့် မေတ္တာကာယကံ ဝစီကံ မနောကံများကို ပွားများလျက် နေထိုင်ကြပုံ၊ ထိုအကြောင်းရာကို ဘုရားရှင်အား လျှောက်ထားသည့်အခါ သာဓုခေါ်တော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊၃၊၁၉၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပစာလာထေရီဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်၏ ဒုတိယမြောက်နှမတော် ဥပစာလာသည် နောင်တော်ကို အားကျအတုယူ၍ သာသနာဘောင်သို့ ဝင်ရောက်ကာ ဝိပဿနာပွား၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပဇ္ဈာယဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် သွန်သင်ဆုံးမမည့် ဥပဇ္ဈာယ်ဆရာ၊ အာစရိယဆရာ မရှိကြ၍ ဝတ်ပုံ၊ စားပုံ၊ သွားပုံ၊ လာပုံတို့၌ အချိုးမကျကြပုံ၊ ရဟန်းကောင်းတို့၏ အသွင်အပြင်နှင့် ညီစွာ ဆွမ်းမခံကြ၊ ဆွမ်းမစားကြသဖြင့် လူတို့က ဗြာဟ္မဏများကဲ့သို့ အချိုးမကျကြကြောင်း ကဲ့ရဲ့ရှုတ်ချကြပုံ၊ ဘုရားရှင် သိတော်မူ၍ ဆုံးမသွန်သင်ရန် ဥပဇ္ဈာယ်ဆရာ ထားရမည်-ဟု မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပဍ္ဎဒုဿဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ သူခစား အမျိုးသားတစ်ဦးသည် ပဒုမုတ္တရဘုရားရှင်၏တပည့် အရှင်သုဇာတမထေရ်အား မိမိအဝတ်မှ တစ်ပိုင်းတစ်ဝက်ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဘဝများစွာ သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် တရားဟောကောင်းသဖြင့် သူဌေးသားတစ်ယောက်သည် တရားနာပြီးသော် အလိုရှိရာအလှူခံရန် လျှောက်သောအခါ အပေါ်ရုံကို လှူခဲ့ရန် အတင်း အလှူခံခဲ့ပုံ၊ အိမ်ရောက်မှ ပို့လိုက်ပါမည် ပြောသော်လည်းမရ၍ အပေါ်ရုံကို လှူကာ အပေါ်ရုံမပါဘဲ အိမ်ပြန်ခဲ့ရပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် သိတော်မူ၍ ဆွေမျိုးမတော်သူတို့အထံမှ သင်္ကန်းတောင်းသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏-ဟု အညာတကဝိညတ္တိသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ ဒါယကာတစ်ယောက်သည် ‘‘အရှင်ဥပနန္ဒအား သင်္ကန်းလှူရဦးမည်’’ဟု ပြောရာ အခြားဒကာ တစ်ဦးက မိမိလည်း ‘‘အရှင်ဥပနန္ဒကို သင်္ကန်းလှူရဦးမည်’’ဟု ပြန်ပြောသည်ကို ကြားရသဖြင့် အရှင်ဥပနန္ဒသည် ထိုဒကာနှစ်ဦးထံ သွားပြီး ထိုနှစ်ဦးပေါင်း၍ သင်္ကန်းကောင်းကို မိမိအား လှူရန် စီမံပုံ၊ ဒကာတို့က ကဲ့ရဲ့ရှုတ်ချကြပုံ၊ ဘုရားရှင် ကြားသိတော်မူသောအခါ ထိုကဲ့သို့ တိုက်တွန်းစီမံမှုမျိုး မပြုလုပ်ရန် ဒုတိယ ဥပက္ခဋသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ အမတ်ကြီးတစ်ဦးသည် အရှင်ဥပနန္ဒအတွက် သင်္ကန်းဖိုးကို တမန်တစ်ဦးဖြင့် ပို့စေခဲ့ပုံ၊ အရှင်ဥပနန္ဒသည် ဝေယျာဝစ္စကပ္ပိယအဖြစ် လူတစ်ယောက်အား ညွှန်ပြပြီး ငွေကို လက်ခံစေခဲ့ပုံ၊ အရှင်ဥပနန္ဒသည် အလိုရှိသောနေ့တွင် ထိုဝေယျာဝစ္စကပ္ပိယထံ သင်္ကန်းဖိုးကို သွားရောက်တောင်းစေပုံ၊ တစ်ရက်မျှ ခေတ္တဆိုင်းပါဟု ပြောသော်လည်း မရ၊ အတင်းတောင်းဆိုသဖြင့် မင်းစည်းဝေးပွဲသို့ နောက်ကျ၍ရောက်သောကြောင့် ထိုဒကာ ဒဏ်ပေးခံရပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် ကြားသိတော်မူသောအခါ ထိုကဲ့သို့ အတင်းအကျပ် မတောင်းခံရန် ရာဇသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ အရှင်ဥပနန္ဒ၏ ဒါယကာတစ်ဦးသည် ညနေချမ်းအခါ၌ အသားဟင်းလျာ ရသဖြင့် အရှင်ဥပနန္ဒအတွက် တစ်ဖို့ ချန်ထားပုံ၊ မနက်မိုးလင်းကာနီးတွင် သားငယ်က အသားပေးရန် ပူဆာသောကြောင့် ထိုအဖို့ကို သားငယ်အား ပေးလိုက်ရပုံ၊ အရှင်ဥပနန္ဒ ကြွလာသောအခါ ထိုအသားအဖို့အတွက် ငွေကို လှူပုံ၊ အရှင်ဥပနန္ဒက လက်ခံလိုက်ပုံ၊ ထိုအခါ ဒါယကာတို့က ကဲ့ရဲ့ကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် ကြားသိတော်မူ၍ ‘‘ရဟန်းသည် ငွေကို လက်မခံရ’’ဟု ရူပိယသိသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် သင်္ကန်းပြုလုပ်ရန် ကျွမ်းကျင်သူဖြစ်သဖြင့် ဖျင်စတစ်စကို ကိုယ်ရုံသင်္ကန်းကြီးပြုလုပ်ကာ ကောင်းစွာဆိုး, ကောင်းစွာချုပ်လုပ်၍ ဝတ်ရုံထားပုံ၊ ထိုအချိန်၌ ပရိဗိုဇ်တစ်ယောက် ရောက်လာပြီး အဖိုးများစွာ ထိုက်တန်သည့် သူ၏ အဝတ်စဖြင့် အလဲအလှယ် ပြုလုပ်ပုံ၊ ထိုအဖြစ်ကို အကြောင်းပြု၍ ‘‘ရဟန်းသည် လဲလှယ်ရောင်းဝယ်မှု မပြုရ’’ဟု ကယဝိက္ကယသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် မိမိအစ်ကို၏ တပည့် သင်္ကန်းမရှိသော ရဟန်းငယ်တစ်ပါးအား မိမိနှင့် ခရီးထွက်ဖို့ရန် သင်္ကန်းပေးလိုက်ပုံ၊ ထိုရဟန်းငယ်သည် ဘုရားရှင် ဒေသစာရီကြွချီရာသို့ အတူ လိုက်မည်ပြုသောအခါ အရှင်ဥပနန္ဒသည် မိမိပေးထားသော သင်္ကန်းကို ပြန်လည် လုယူသွားပုံ၊ ဘုရားရှင်် ကြားသိတော်မူ၍ ‘ပေးပြီးသော သင်္ကန်းကို ပြန်လုယူသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏’’ဟု စီဝရ အစ္ဆိန္ဒန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ ‘‘အရှင်ဥပနန္ဒအား သင်္ကန်းလှူမည်’’ဟု ဒါယကာတစ်ယောက် မိမိဇနီးသည်နှင့် ပြောဆိုနေကြောင်း အရှင်ဥပနန္ဒသည် တစ်ဆင့် ကြားသိရပုံ၊ အရှင်ဥပနန္ဒသည် သင်္ကန်းရက်လုပ်သူထံ ကြိုတင် သွား၍ အလျားအနံ ရှည်ရှည် အသား ကောင်းကောင်း ရက်လုပ်ခိုင်းပုံ၊ သင်္ကန်းရက်သူသည် မိမိအား အပ်ထားသော ချည်ဖြင့် မလောက်တော့၍ ဒါယကာထံမှ ချည်များကို ထပ်မံ၍ တောင်းရပုံ၊ ဒါယကာက အရှင်ဥပနန္ဒအား ကဲ့ရဲ့ရှုတ်ချပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ထိုသို့ မပြုလုပ်ရန် မဟာပေသကာရသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် သံဃာဒိသေသ်အာပတ် သင့်သဖြင့် ပရိဝါသ် ဆောက်တည်နေသောကြောင့် ဆွမ်းစားကျောင်း၌ သံဃာ့အစွန်မှ ထိုင်နေရပုံ၊ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းဒကာတို့အား အရှင်ဥပနန္ဒသည် အာပတ်သင့်သဖြင့် ဝတ်ဆောက်တည်ရကြောင်း ရှုတ်ချပြောဆိုကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် ကြားသိတော်မူ၍ ‘‘သူတစ်ပါး၏ ဒုဋ္ဌုလ္လအာပတ်ကို လူသာမဏေတို့ကို ပြောသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဒုဋ္ဌုလ္လာရောစန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် ဆွမ်းပင့်ဖိတ်ထားသည့် ဒါယကာများ အိမ်သို့ ဦးစွာ မကြွသေးဘဲ အခြားဒါယကာအိမ်သို့ ကြွရောက်နေပုံ၊ မွန်းတည့်ခါနီးအချိန်မှ ဆွမ်းဒါယကာအိမ်သို့ ကြွရောက်လာပုံ၊ ရဟန်းတော်များက အရှင်ဥပနန္ဒအား ကဲ့ရဲ့ရှုတ်ချကြသဖြင့် ‘‘ဆွမ်းစားပင့်ထားလျက် အခြားအိမ်သို့ လှည့်လည်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု စာရိတ္တသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ အရှင်ဥပနန္ဒ၏ ဒုဋ္ဌုလ္လအာပတ်ကို ရဟန်းတစ်ပါးက ဖုံးထားခဲ့ခြင်းကို အကြောင်းပြု၍ ‘‘ထိုသို့ ဖုံးထားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဒုဋ္ဌုလ္လသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ ယောကျ်ားတစ်ယောက်သည် မိမိ၏ ဇနီးနှင့် အရှင်ဥပနန္ဒကို သင်္ကန်းကပ်လှူမည့်အကြောင်း တိုင်ပင်နေသည်ကို ဆွမ်းခံကြွလာသည့် ရဟန်းတော် တစ်ပါးက ကြားသိခဲ့ပုံ၊ ဆွမ်းခံကြွသည့် ရဟန်းက အရှင်ဥပနန္ဒကို ထိုအကြောင်းအရာ သွားပြောသဖြင့် အရှင်ဥပနန္ဒက ထိုဇနီးမောင်နှံနှစ်ယောက်တို့ထံ သွားကာ သင်္ကန်းကောင်းကောင်း ပေးလှူရန် တိုက်တွန်းစီမံပုံ၊ သင်္ကန်းလှူမည့် ဇနီးမောင်နှံနှစ်ယောက်တို့က ရဟန်းတို့အား ကဲ့ရဲ့ရှုတ်ချကြပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် သိတော်မူ၍ ဥပက္ခဋသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် မိမိနောင်တော်၏ တပည့်တစ်ယောက်ကို ဆွမ်းခံရာသို့ ခေါ်သွားပြီး ပစ္စည်း,ဝတ္ထု တစ်စုံတစ်ရာမပေးဘဲ ပြန်လွှတ်လိုက်ပုံ၊ ရဟန်းငယ်သည် ကျောင်းပြန်ရောက်သည့်အခါ နောက်ကျနေသည့်အတွက် ဆွမ်းစား မမီတော့ပုံ၊ ထိုအကြောင်းစုံကို ဘုရားရှင် သိတော်မူသောအခါ ‘‘ထိုသို့ ခေါ်သွားပြီးမှ တစ်စုံတစ်ရာ မပေးလိုက်ဘဲ ပြန်လွှတ်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဥယျောဇန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၂၊၁၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် မြင့်သော ကုတင်ပေါ်၌ နေထိုင်လေ့ရှိပုံ၊ ဘုရားရှင် ကျောင်းများကို လှည့်လည်ကြည့်ရှုသောအခါ အရှင်ဥပနန္ဒသည် မိမိ၏ အိပ်ရာထိုင်ခင်းများကို ကြွရောက်ကြည့်ရှုပါရန် လျှောက်ထားပုံ၊ ဘုရားရှင်က ကြည့်တော်မမူဘဲ ပြန်ကြွတော်မူ၍ ‘‘မြင့်သော ကုတင်ကို ပြုစေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ပဉ္စပီဌ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် ဆွမ်းခံဝင်သောအခါ သူငယ်ချင်းအိမ်သို့ ဝင်ပြီး သူငယ်ချင်းမယားနှင့် အိပ်ရာအနီး၌ စကားပြောနေစဉ် သူငယ်ချင်း ရောက်လာပြီး ဆွမ်းလောင်းကာ ပြန်ကြွရန် ပြောသော်လည်း မကြွဘဲနေပုံ၊ ထိုသူငယ်ချင်းက ကဲ့ရဲ့သောကြောင့် ‘‘လင်နှင့်မယား နှစ်ဦးရှိသောအိမ်သို့ ဝင်ပြီး အိပ်ရာနား၌ ထိုင်သော ရဟန်းအား ပါစိတ်အာပတ်သင့်၏’’ဟု သဘောဇန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ အရှင်ဥပနန္ဒ၏ ဒကာတို့သည် အရှင်ဥပနန္ဒအား လှူ၍ သံဃာအားလည်း လှူမည်ဟု ရည်ရွယ်၍ မုန့်ခဲဖွယ်များကို ပို့လိုက်ရာ အရှင်ဥပနန္ဒမှာ ရွာထဲ ဆွမ်းခံဝင်နေသဖြင့် အချိန်ကျော်လွန်သွားပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘ဆွမ်းခံကြွသော ရဟန်းသည် ဆွမ်းမစားမီနှင့် ဆွမ်းစားပြီးနောက် ဒကာတို့ထံ လှည့်ပတ်သွားနေပါက ပါစိတ်အာပတ် သင့်၏’’ဟု စာရိတ္တသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ အရှင်ဥပနန္ဒ၏ ဒါယကာတစ်ဦးသည် အရှင်ဥပနန္ဒကို ပြသအသိပေး၍ သံဃာအား လှူးရန် ခဲဖွယ်ကို အပို့ခိုင်းလိုက်ပုံ၊ အရှင်ဥပနန္ဒမှာ ဆွမ်းခံထွက်သွားပြီဖြစ်သဖြင့် သံဃာတို့ကို လှူခဲ့ပုံ၊ ဘုရားရှင်က ဥပနန္ဒလာသည်အထိ အကပ်ခံထားရန် မိန့်တော်မူပုံ၊ အရှင်ဥပနန္ဒမှာ နေမြင့်မှ ပြန်လာပုံ၊ ထိုအခါ ဘုရားရှင်က ရဟန်းတို့အား နံနက်အခါ၌ အကပ်ခံသော ဘောဇဉ်ကို အတိရိက်ဝိနည်းကံ မပြုဘဲ သုံးဆောင်ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ အာဇီဝကတစ်ဦး၏ ဒါယကာအမတ်ကြီးတစ်ဦး ဆွမ်းကပ်နေစဉ် နောက်မှရောက်လာသော အရှင်ဥပနန္ဒက ဆွမ်းစားနေဆဲ ရဟန်းတစ်ပါးအား ဝါငယ်သည်ဟု ဆိုကာ နေရာမှ ထခိုင်းခဲ့ပုံ၊ ဆွမ်းစားကျောင်း ဆူညံသွားသောကြောင့် အမတ်ကြီးက ကဲ့ရဲ့ပုံ၊ ဘုရားရှင် သိတော်မူ၍ ‘‘ဆွမ်းစားနေဆဲ ရဟန်းအား မထခိုင်းရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် သာဝတ္ထိမြို့၌ ကျောင်းနေရာ တစ်နေရာ ယူထားပြီး အခြားရွာကျောင်းတစ်ကျောင်း၌ တစ်နေရာ ထပ်ယူသောကြောင့် ရဟန်းတော်တို့က ကဲ့ရဲ့သဖြင့် ဘုရားရှင်က ‘‘တစ်ပါးတည်း ကျောင်းနေရာ နှစ်နေရာ မယူရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် ပသေနဒီကောသလမင်းကြီးအား ဝါကပ်ရန် ကတိပေးပြီးနောက် အခြား ပို၍ ပစ္စည်းပေါသော ကျောင်းတို့ကို တွေ့သဖြင့် ပထမကျောင်းသို့ မသွားတော့ဘဲ နောက်ကျောင်းများ၌ ဝါကပ်ခဲ့ပုံ၊ ဘုရင်ကြီးက ကဲ့ရဲ့ရှုတ်ချကြောင်း ဘုရားရှင် သိတော်မူ၍ ထိုသို့ မပြုရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် သူငယ်ချင်းအိမ်သို့ သွားပြီး အိမ်ရှင်မိန်းမနှင့် လူမမြင်ကွယ်ရာ အရပ်၌ စကားပြောနေသည်ကို လင်ယောကျ်ား တွေ့ရသဖြင့် ကဲ့ရဲ့သောကြောင့် ဘုရားရှင်က လူမမြင်ကွယ်ရာအရပ်၌ မာတုဂါမနှင့် အတူနေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ရဟောပဋိစ္ဆန္နာ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် သူငယ်ချင်းအိမ်သို့ သွား၍ သူငယ်ချင်း၏ မယားနှင့် လူမမြင်ကွယ်ရာအရပ်၌ တစ်ယောက်ချင်း နေသည်ကို သူမ၏ လင်ယောကျ်ား တွေ့ရ၍ ကဲ့ရဲ့သောကြောင့် ‘‘လူမမြင်ကွယ်ရာအရပ်၌ မိန်းမနှင့် တစ်ယောက်ချင်းနေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ရဟောနိသဇ္ဇ သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ ဥပနန္ဒသည် တရားဟောအလွန်ကောင်းသော်လည်း သူကိုယ်တိုင်ကမူ ကျင့်ကြံအားထုတ်မှု မရှိပုံ၊ အပြောတစ်ခြား အလုပ်တစ်ခြား ဖြစ်နေသော အရှင်ဥပနန္ဒအား ဘုရားရှင်က ကဲ့ရဲ့တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပနန္ဒဝတ္ထု

ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် သာဝတ္ထိမြို့၌ ဝါဆိုပြီး အခြားရွာတစ်ရွာသို့ ခရီးသွားပုံ၊ သံဃိကသင်္ကန်းကို ခွဲဝေသောနေရာမှ မိမိအဖို့ကို ခံယူပြီး အခြား အခြားသော ရွာများမှလည်း သင်္ကန်းအဖို့ကို ထပ်မံခံယူပုံ၊ ‘‘ရဟန်းသည် မိမိဝါဆိုသောကျောင်းမှ သင်္ကန်းအဖို့ကိုသာ ခံယူရမည်၊ အခြားဒေသမှ သင်္ကန်းအဖို့ကို မခံယူရ’’ဟု ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပဝါဏတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်ဥပဝါဏမထေရ်သည် ပရိနိဗ္ဗာန်စံလွန်ခါနီးဖြစ်သော ဘုရားရှင်၏ ရှေ့မှောက်၌ ယပ်ခတ်နေပုံ၊ ဘုရားကို ဖူးမြင်လိုသော နတ်တို့သည် အရှင်ဥပဝါဏမထေရ်က ရှေ့မှ ကွယ်ထား၍ ဘုရားရှင်ကို မဖူးမြင်ရသဖြင့် အရှင်ဥပဝါဏမထေရ်ကို ကဲ့ရဲ့ကြပုံ၊ နတ်တို့သည် အရှင်ဥပဝါဏမထေရ်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်း၍ မမြင်နိုင်သောကြောင့် မြတ်စွာဘုရားရှင်က ဥပဝါဏမထေရ်ကို ဘေးဖယ်ခိုင်းပုံ၊ အရှင်ဥပဝါဏမထေရ်သည် ဝိပဿီမြတ်စွာဘုရားရှင်၏ ဓာတုစေတီတော်ကို ပူဇော်စောင့်ရှောက်ခဲ့သောကြောင့် ဤကဲ့သို့ တန်ခိုးကြီးမားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၁၁၄) (ဒီ၊ဋ္ဌ၊၂၊၁၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပဝါဏတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဥပဝါဏမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ စေတီတော်၌ မိမိ၏ အပေါ်ရုံအဝတ်ကို ဝါးလုံးထိပ်၌ အလံတံခွန်သဖွယ် ပြုလုပ်၍ လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ဘဝများစွာ ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ဥပဝါဏပုဏ္ဏားဖြစ်လာပုံ၊ ဇေတဝန်ကျောင်းတော်အလှူပွဲတွင် မြတ်စွာဘုရားကို ဖူးတွေ့ကြည်ညိုကာ ရဟန်းပြုခဲ့ပုံ၊ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်၍ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၉၃) (အပ၊ဋ္ဌ၊၂၊၂၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပဝါဠဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဥပဝါဠမည်သော ရဟန်းသည် သံဃာ့အလယ်၌ အာပတ်ဖြင့် စိစစ်သည်ရှိသော် ငြင်းပြီးမှ ဝန်ခံခြင်း၊ ဝန်ခံပြီးမှ ငြင်းခြင်းပြုနေသဖြင့် ရဟန်းများက ကဲ့ရဲ့ကြပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က တဿပါပိယသိကာကံ ပြုရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပသမ္ပဒါဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့တွင် နူနာ၊ အိုင်းအမာ၊ လည်ပင်းကြီးနာ၊ ယားယံနာ၊ ခယရုပ်ချောင်းဆိုးနာ၊ ရူးသွပ်သော ရောဂါရှိသူတို့ကို တွေ့မြင်နေရသဖြင့် ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က ရဟန်းလောင်းအား ရဟန်းမဖြစ်အောင် ပိတ်ပင်တတ်သည့် အန္တရာယ်ကြီး ၁၃-ပါးကို မေးရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပသာဠကဇာတက

ဤဇာတ်တော်၌ ဥပသာဠကမည်သော ပုဏ္ဏားသားအဖသည် လူသေမမြှုပ်နှံဖူးသည့် သန့်ရှင်းသော နေရာအဖြစ် ဂိဇ္ဈကုဋ်တောင်၏ တောင်ထွတ်တစ်ခုကို ရွေးကြပုံ၊ ဘုရားရှင်က ဘဝပေါင်းသောင်းလေးထောင်လုံးလုံး ပုဏ္ဏားကြီးသေလွန်သောအခါ ဤနေရာ၌ပင် မြှုပ်နှံခံခဲ့ရကြောင်း၊ ဤမြေပြင်ဝယ် သချုႋင်းမပြုဖူးသော နေရာဟူ၍ မရှိကြောင်း ဟောပြတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပသီဝတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား ပိန္နဲသီးလှူဒါန်းခဲ့ရသော ကုသိုလ်ကောင်းမှုကြောင့် ကမ္ဘာတစ်သိန်း အပါယ်မလားဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော မကြောင်းအရားများ ပါဝင်သည်။ (အပ၊၁၊၄၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပသေနတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာ၏ညီငယ် ဥပသေနမထေရ်သည် ဆွမ်းစားပြီးနောက် လိုဏ်ဂူအရိပ်၌ ပြတင်းပေါက်မှ တိုက်ခတ်သော လေနုအေးဖြင့် လေညင်းခံလျက် နှစ်ထပ်သင်္ကန်းကို ချုပ်နေပုံ၊ မြွေ နှစ်ကောင်သည် လိုဏ်ဂူအမိုးပေါ်၌ ကစားနေရာမှ တစ်ကောင်ပြုတ်ကျပြီး မထေရ်၏ ပုခုံးစွန်းကို ကိုက်လိုက်ပုံ၊ ဥပသေနမထေရ်သည် ထိုမြွေဆိပ်ဖြင့် ပရိနိဗ္ဗာန်စံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၂၆၇) (သံ၊ဋ္ဌ၊၃၊၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပသေနတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာ၏ ညီငယ် အရှင်ဥပသေနမထေရ်သည် ဘုရားရှင် သိက္ခာပုဒ် မပညတ်ရသေးသဖြင့် နှစ်ဝါအရ၌ပင် ဥပဇ္ဈာယ် ဆရာပြုလုပ်၍ တပည့်တစ်ပါးကို ရဟန်းခံပေးခဲ့ပုံ၊ မိမိရဟန်းခံပေးထားသော တပည့် ရဟန်းနှင့် အတူ ဘုရားရှင့်ထံ ချဉ်းကပ်သည့်အခါ ဘုရားရှင်က ပရိသတ်အလယ်၌ အရှင်ဥပသေနမထေရ်အား ကဲ့ရဲ့တော်မူခဲ့ပုံ၊ အရှင်ဥပသေနမထေရ်သည် စိတ်ဆုတ်နစ်မှု မရှိဘဲ ပရိသတ်အလယ်၌ပင် ဘုရားရှင်၏ ချီးမွမ်းမှုခံရအောင် ကြိုးစားမည်ဟု ရည်ရွယ်၍ တရားအားထုတ်သဖြင့် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ရဟန္တာဖြစ်ပြီးနောက် ဓုတင်ဆောင် တပည့်ရဟန်းများနှင့်အတူ တစ်ဖန် ဘုရားရှင်ထံ ချဉ်းကပ်ခဲ့ပုံ၊ ဘုရားရှင်က အရှင်ဥပသေနမထေရ်အား ‘‘သမန္တပါသာဒိက’’ ဧတဒဂ်ဘွဲ့ ပေးကာ ပရိသတ်အလယ်၌ပင် ချီးမွမ်းတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊၁၃၁) (ဥဒါန၊ဋ္ဌ၊၂၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပသေနတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင် လက်ထက် သမန္တပါသာဒိက ဧတဒဂ်ရ မထေရ်တစ်ပါးကို အားကျ၍ ကုသိုလ်ပြုဆုတောင်းခဲ့သောကြောင့် လူ့ပြည်၊ နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝ၌ အရှင်သာရိပုတ္တရာ၏ ညီ ဖြစ်၍ သာသနာဘောင်သို့ ဝင်ရောက်ခဲ့ပုံ၊ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ကာ သမန္တာပါသာဒိကဧတဒဂ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပသေနဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဝင်္ဂန္တပုဏ္ဏား၏သား အရှင်ဥပသေနသည် တစ်ဝါသာ ရသေးလျက် ဥပဇ္ဈယ်ပြု၍ အခြားရဟန်း တစ်ပါးကို ရဟန်းခံပေးခဲ့ပုံ၊ ဘုရားရှင်ထံချဉ်းကပ်သောအခါ ဘုရားရှင်က မိမိကိုယ်တိုင် အဆုံးအမခံရမည့် အချိန်ဖြစ်ပါလျက် သူတစ်ပါးကို ဆရာလုပ်ရမည်လောဟု ရှုတ်ချတော်မူ၍ ‘‘(၁၀)ဝါရမှ ရဟန်းခံပေးရမည်’’ဟု မိန့်တော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၃၊၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပသေနဝင်္ကန္တပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင် လက်ထက်တော်၌ နတ်တို့ချစ်ခင်သည့်အရာ၌ ဧတဒဂ်ရသည့် ရဟန်းတစ်ပါးကို အားကျပြီး ကုသိုလ်ပြုဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိပြည်သား ပုဏ္ဏားတစ်ဦးဖြစ်ခဲ့ပုံ၊ ဘုရားရှင်ထံ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၆၇) (အံ၊ဋ္ဌ၊၁၊၂၁၁) (အပ၊ဋ္ဌ၊၂၊၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပဿယဒါယကဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် တောရွာ၌ ဝါဆို၍ ဝါကျွတ်သောအခါ ဘုရားရှင်ကို ဖူးမြော်ရန်ကြွလာခဲ့ပုံ၊ ခရီးလမ်းအကြား၌ ဒါယကာတစ်ဦးသည် ထိုရဟန်းကို မိမိအိမ်သို့ ပင့်၍ ကျောင်းအဖြစ်ဖြင့် သီတင်းသုံးရန် စီစဉ်လှူဒါန်းခဲ့ပုံ၊ နောက်တစ်နေ့၌ အိမ်သို့ ပင့်၍ ဆွမ်းဆက်ကပ်ပြီး အဖျော်ရည်များကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်အစုစုကြောင့် ဒါယကာသည် သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပဿယဒါယကဝတ္ထု

ဤဝတ္ထု၌ ရဟန်းများစွာတို့သည် ရွာကျောင်း၌ ဝါဆိုကြပြီး ဝါကျွတ်သောအခါ ဘုရားရှင်ကို ဖူးတွေ့ရန်လာကြပုံ၊ ညနေချမ်းအခါ ရွာတစ်ရွာသို့ ရောက်လျှင် ဒါယကာဇနီးမောင်နှံတို့သည် မိမိအိမ်ကို ကျောင်းအဖြစ် သီတင်းသုံးရန် စီမံလှူဒါန်းကြပုံ၊ နောက်တစ်နေ့၌ ရဟန်းတို့ကို အိမ်သို့ ပင့်၍ ဆွမ်းဆက်ကပ်ပြီး အဖျော်ရည်များကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် ဒါယကာဇနီးမောင်နှံ တာဝတိံသာနတ်ပြည်၌ဖြစ်ကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပါဂတာသယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းသည် ကိုးဆယ့်တစ်ကမ္ဘာအထက် ဝိပဿီ ဘုရားရှင်လက်ထက်တွင် ဟိမဝန္တာတောင်၏ အလယ်၌ ကောင်းစွာ ဖန်ဆင်းအပ်သော အိုင်၌ သူတစ်ပါးကို ညှဉ်းဆဲလေ့ရှိသော အလွန်ကြောက်မက်ဖွယ် ကောင်းသော ရက္ခိုသ် ဘီလူးဖြစ်ခဲ့ပုံ၊ ဝိပဿီဘုရားရှင် ကြွလာတော်မူ၍ နေရာမှ ထွက်ကာ ဘုရားရှင်အား ရှိခိုးခဲ့ပုံ၊ ထိုကောင်းမှုကြောင့် (၉၄)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပါလိတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ဝိနယဓရဧတဒဂ်ဘွဲ့ရ မထေရ်တစ်ပါးကို အားကျ၍ ကုသိုလ်ပြုဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် ဘဝများစွာ လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဆတ္တာသည်မျိုး၌ ဖြစ်ခဲ့ပုံ၊ သာကီဝင်မင်းသား ၆-ယောက်တို့နှင့်အတူ မြတ်စွာဘုရားထံ ရဟန်းပြုပုံ၊ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်၍ ဝိနယဓရဧတဒဂ်(ဝိနည်းကို ဆောင်သူတို့တွင် အတော်ဆုံး)ဘွဲ့ ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၄၁) (ထေရ၊ဋ္ဌ၊၁၊၄၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပါလိတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဥပါလိမထေရ်သည် ရဟန်းပြုပြီးနောက် တောအရပ်၌ အေးအေးဆေးဆေး တစ်ပါးတည်း သီတင်းသုံးနေထိုင်ကာ တရားအားထုတ်လိုပုံ၊ သို့သော် ဘုရားရှင်က ‘‘တောထဲ၌ တစ်ပါးတည်း တရားအားထုတ်နေလျှင် ဝိပဿနာဓုရတစ်မျိုးတည်းကိုသာ ထမ်းဆောင်ရာ ရောက်ပေလိမ့်မည်’’ဟု မိန့်ကြားတော်မူပုံ၊ ဘုရားရှင်ထံ၌ နေထိုင်ပြီး ဂန္ထဓုရ ဝိပဿနာဓုရ နှစ်မျိုးလုံး ကြိုးစားအားထုတ်သင့်ကြောင်း မိန့်ကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၀) (အပ၊ဋ္ဌ၊၁၊၃၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပါလိတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဝိနည်းတော်၏ ဂုဏ်ကျေးဇူးစကားကို ချီးမွမ်းတော်မူပြီး အရှင်ဥပါလိကိုလည်း ချီးမွမ်းတော်မူသဖြင့်ထေရနဝ မဇ္ဈိမတို့ အရှင်ဥပါလိမထေရ်ထံ၌ ဝိနည်းကို သင်ယူကြပုံ၊ မထေရ်တို့ကို လေးစားသဖြင့် အရှင်ဥပါလိက ရပ်၍ သင်ပေးပုံ၊ မထေရ်တို့ကလည်း တရားလေးစားသောအားဖြင့် ရပ်လျက် သင်ယူရသောကြောင့် ပင်ပန်းကြောင်း ဘုရားရှင် သိတော်မူ၍ သင်ပြသူသည် နေရာတူ နေရာမြင့်တို့၌ သင်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပါသိကာဝတ္ထု

ဤဝတ္ထု၌ ဥပါသိကာမတို့သည် ရဟန်းတို့အား တရားဟောရန် တိုက်တွန်းကြပုံ၊ ဘုရားရှင်က မာတုဂါမတို့အား တရား မဟောရဟု ပညတ်ထားသဖြင့် ရဟန်းတို့က တရားမဟောဘဲ ငြင်းပယ်ကြပုံ၊ ငါးခွန်း ခြောက်ခွန်းလောက်ဖြစ်ဖြစ် တရားဟောပါဟု တောင်းပန်သော်လည်း မဟောဘဲ နေကြသဖြင့် ဘုရားရှင်က မာတုဂါမတို့အား ငါးခွန်းခြောက်ခွန်းအထိ တရားဟောနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပါဟနဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဆင်ဆရာ ဖြစ်၍ ကာသိရွာသား လူငယ်တစ်ဦးအား ဆင်အတတ်ပညာကို မချွင်းမချန် သင်ပေးခဲ့ပုံ၊ ထိုတပည့်သည် ဆရာနှင့် လစာတူ ရလိုကြောင်း မင်းထံ လျောက်ထားသဖြင့် မင်းသည် ဆင်ပညာယှဉ်ပြိုင်ပွဲ ကျင်းပစေခဲ့ပုံ၊ ဘုရားအလောင်းဆင်ဆရာသည် ဆင်တစ်ကောင်အား အမိန့်ကို ပြောင်းပြန်ဆောင်ရွက်တတ်အောင် တစ်ညတွင်းမှာပင် သင်ပြပြီး ယှဉ်ပြိုင်ခဲ့ပုံ၊ တပည့်ဖြစ်သူ ရှုံးနိမ့်သဖြင့် ပရိတ်သတ်က ခဲတို့ဖြင့် ပစ်ခတ်ကြရာ တပည့်မိုက် သေဆုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပါဟနဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းအလျာသည် စန္ဒနမည်သော ပစ္စေကဗုဒ္ဓါအား ဖိနပ်တစ်ရန် လှူခဲ့သော ကောင်းမှုကြောင့် (၉၁)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင် သာသနာတော်၌် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပေါသထကမ္မဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် တစ်ပါးတည်း ကိန်းအောင်းနေတော်မူစဉ် ရဟန်းတော်တို့ ပါတိမောက်ပြခွင့်ပြုရန်အတွက် အကြံဖြစ်တော်မူပုံ၊ ထို့နောက် ဘုရားရှင်သည် ရဟန်းတော်တို့အား ဉတ်ထားပြီး ပါတိမောက်ကို ရွတ်ဆို၍ ဥပုသ်ပြုကြရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပေါသထဒိဝသဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်က ရဟန်းတို့အား ဥပုသ်ပြုရန် ခွင့်ပြုတော်မူလိုက်သောအခါ ရဟန်းတို့သည် နေ့စဉ် ဥပုသ်ပြုကြပြန်သဖြင့် တစ်ပက္ခ၏ ဥပုသ်နေ့တို့၌ ဥပုသ်ပြုကြရန် ခွင့်ပြုတော်မူပုံ၊ ထိုအခါ တစ်ပက္ခ၌ (၃)ကြိမ် ဥပုသ်ပြုကြပြန်သဖြင့် တစ်ပက္ခ၌ တစ်ကြိမ်အနေဖြင့် လပြည့် လကွယ် (၂)ကြိမ်သာ ဥပုသ်ပြုရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပေါသထပ္ပမုခါနုဇာနနာဝတ္ထု

ဤဝတ္ထု၌ ကျောင်းတိုက်တစ်ခုတွင် ဥပုသ်ဆောင်ကို အလွန်ကျဉ်းမြောင်းစွာ သမုတ်ထားကြပုံ၊ ဥပုသ်နေ့ ရောက်သောအခါ သံဃာတော်များစွာ ရောက်လာပုံ၊ ရဟန်းတို့သည် မသမုတ်ရသေးသော မြေပြင်ပေါ်၌ပင် ထိုင်၍ ပါတိမောက်ကို နာယူကြရပုံ၊ ရဟန်းတော်တို့မှာ ဥပုသ်ပြုမှုကံမြောက်မမြောက် သံသယရှိကြပုံ၊ ဘုရားရှင်အား လျှောက်ထားရာ ဥပုသ်ပြုမှုကံမြောက်ကြောင်း၊ သံဃာတော်သည် အလိုရှိသလောက် ကြီးကြီး ဥပုသ်ကျောင်း၏ ဥပစာကို သမုတ်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပေါသထာဂါရဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် ကျောင်းပရိဝုဏ်အလိုက် ဥပုသ်ပြုကြပုံ၊ အမှတ်အသား ချိန်းချက်မှုမရှိကြသဖြင့် အာဂန္တုရဟန်းတော်တို့အဖို့ ဥပုသ်ပြုမည့် နေရာကို မသိနိုင်ကြပုံ၊ ဘုရားရှင်အား လျှောက်ထားရာ ဥပုသ်ကျောင်းဆောင်ကို သမုတ်၍ ဥပုသ်ပြုရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပေါသထိကာဣတ္ထိဝတ္ထု

ဤဝတ္ထု၌ ဝိသာခါသည် ဥပုသ်သည် အမျိုးသမီးများအား ဥပုသ်စောင့်ခြင်း၏ ရည်ရွယ်ချက်ကို မေးကြည့်ရာ မိမိတို့၏ လောကီရည်ရွယ်ချက်များကိုသာ ဖြေဆိုကြပုံ၊ ထိုအဖြေများကို ဝိသာခါက ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က ဇရာ၊ မရဏသည် လူတို့အား သေမင်းထံသို့ မောင်းနှင်ပို့နေသဖြင့် သံသရာမှ လွတ်ရန် အားထုတ်သင့်ကြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပေါသထိကာဝတ္ထု

ဤဝတ္ထုသည် သောဏဒိန္နာဝတ္ထုနှင့် တူပြီ။ (ဝိမာန၊ဋ္ဌ၊၁၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပ္ပလဂန္ဓဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိပြည် သူဌေးသမီးတစ်ဦး၏ လင်ယောက်ျားသည် ဘုရားရှင်၏ တရားတော်ကို နာယူပြီးနောက် ပိဏ္ဍပါတိကထေရ်ထံ၌ ရဟန်းပြုပုံ၊ ပသေနဒီကောသလမင်းသည် သူဌေးသမီးကို နန်းတော်သို့ ဆောင်ယူခဲ့ပုံ၊ တစ်နေ့တွင် မင်းကြီးသည်ကြာညိုပန်း တစ်စည်းကို မိဖုရားတို့အား မျှဝေပေးခဲ့ပုံ၊ သူဌေးသမီးသည် ကြာညိုပန်းကို နမ်းရှုတ်၍ ရယ်လည်းရယ် ငိုလည်းငိုပုံ၊ မင်းကြီးသည် အဖြစ်ကို စူးစမ်းပုံ၊ ထိုအမျိုးသမီး၏ ယောကျ်ားဟောင်းသည် ရှေးဘဝက တရားတော်ကို ရိုသေစွာ နာကြား၍ ကောင်ချီးနုမော် သာဓုခေါ်ခဲ့သော ကောင်းမှုကြောင့် ယခုဘဝတွင် ခံတွင်းမှ ကြာညိုနံ့ ထွက်ကြောင်း ဘုရားရှင် ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပ္ပလဒါယိကာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီမလောင်းလျာသည် အရုဏဝတီမင်းကြီး၏ မိဖုရားဖြစ်၍ ရဟန္တာတစ်ပါးကို ပိဏ္ဍပါတ်ဆွမ်း လောင်းလှူခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ ကောင်းကျိုးကို ဘဝများစွာ ခံစားရခဲ့ပုံ၊ နောက်ဆုံးဘဝ၌ ဘုရားလောင်း သိဒ္ဓတ္ထ၏ မောင်းမတစ်ထောင်တို့၏ အကြီးအကဲဖြစ်ပုံ၊ ဘိက္ခုနီဝတ်ကာ ဝိပဿနာပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ ဥဒါန်းကျူးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၈၃) (ထေရီ၊၂၆၆) (ထေရီ၊ဋ္ဌ၊၁၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပ္ပလဝဏ္ဏာထေရီဝတ္ထု

ဤဝတ္ထု၌ နန္ဒလုလင်သည် ရဟန္တာဖြစ်သော ဥပ္ပလဝဏ်ထေရီမအား အတင်းအဓမ္မပြုကျင့်ပြီးနောက် မြေမျိုခံရပုံ၊ ‘‘ရဟန္တာပုဂ္ဂိုလ်တို့သည် ကာမဂုဏ်တရားကို နှစ်သက်မှုရှိကြ၏’’ဟု ထင်သော လူအပေါင်းကို ပဒုမ္မာကြာထက်၌ကျသော ရေပေါက်နှင့် ဥပမာပြ၍ ရဟန္တာပုဂ္ဂိုလ်တို့သည် ကာမဂုဏ်တို့၌ ငြိကပ်မှုမရှိကြောင်း မြတ်စွာဘုရားရှင်းပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၄၃) (ဓမ္မ၊ဋ္ဌ၊၁၊၃၁၀) (ဓမ္မ၊ဋ္ဌ၊၂၊၄၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥပ္ပလဝဏ္ဏာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ဝိမလာအမည်ရှိသော နဂါးမိဖုရားကြီးဖြစ်ခဲ့ပုံ၊ နဂါးဘုံ၌ စံနေစဉ် ဘုရားရှင်အား တပည့်သားသံဃာများနှင့်အတူ နဂါးဘုံသို့ ပင့်ဖိတ်၍ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပုံ၊ နဂါးပြည်၌ ပေါက်သည့် အရုဏအမည်ရှိသော ကြာပန်းကိုလည်း လှူဒါန်းပုံ၊ သုမနာအမည်ရှိသော တန်ခိုးအရာ၌ ဧတဒဂ်ရသည့် ထေရီအား အားကျကာ ဆုတောင်းခဲ့ပုံ၊ ကဿပဘုရားရှင်လက်ထက်တော်၌ ကိကီမင်းကြီး၏သမီးတော် သမဏဂုတ္တာဖြစ်ခဲ့ပုံ၊ ကောမာရိဗြဟ္မစရိယခေါ် အပျိုစင်အကျင့်ကို နှစ်ပေါင်းနှစ်သောင်းကြာ ကျင့်သုံးခဲ့ပုံ၊ ထို့နောက် ဘဝတစ်ခုတွင် အရိဋ္ဌပုရပြည် တိရိဋိဝစ္ဆ သူဌေးကြီး၏ သမီး ဥမ္မာဒန္တီ ဖြစ်ခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဥပ္ပလဝဏ်အမည်ဖြင့် ရဟန္တာထေရီဖြစ်၍၊ တန်ခိုးအရာ ဧတဒဂ်ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၂၉) (ထေရီ၊၁၅၅) (အပ၊ဋ္ဌ၊၂၊၁၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဗ္ဗရီပေတဝတ္ထု

ဤဝတ္ထု၌ စူဠနီဗြဟ္မဒတ်မင်းကြီး နတ်ရွာစံသွားသောအခါ ဥဗ္ဗရီမိဖုရားကြီးသည် သုသာန်၌ သွားရောက်ငိုကြွေးခဲ့ပုံ၊ ဘုရားအလောင်းရသေ့က ‘‘သေလွန်ပြီးသော ရှစ်သောင်းလေးထောင်သော စူဠနီဗြဟ္မဒတ်မင်းတို့တွင် အဘယ်မင်းကို ရည်ရွယ်၍ ငိုသနည်း’’ဟု မေးမြန်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၆၅) (ပေတ၊ဋ္ဌ၊၁၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဗ္ဗိရီထေရီဝတ္ထု

ဤဝတ္ထု၌ ဥဗ္ဗိရီထေရီလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ သံဃာတစ်ပါးကို ဆွမ်းလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဘဝများစွာ သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဂေါတမမြတ်စွာဘုရားလက်ထက် သာဝတ္ထိမြို့၌ သူကြွယ်တစ်ဦး၏ သမီး ဖြစ်ခဲ့ပုံ၊ ကောသလမင်းကြီး၏ မိဖုရားငယ်ဖြစ်ပုံ၊ သမီးငယ်သေဆုံးသဖြင့် ပူဆွေးသောကဖြစ်နေသော ဥဗ္ဗိရီကို မြတ်စွာဘုရား တရားဟောပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဗ္ဗေဂါပီတိဝတ္ထု

ဤဝတ္ထု၌ ပုဏ္ဏဝလ္လိကဝါသီ မဟာတိဿထေရ်သည် လပြည့်နေ့ညချမ်း အခါတွင် စေတီငယ်လေးတစ်ဆူ၏ စေတီရင်ပြင်ပေါ်သို့ ကြွရောက်၍ လရောင်ကို ကြည့်ကာ ‘‘ဤအချိန်ခါမျိုး၌ ပရိသတ် လေးမျိုးတို့သည် မဟာစေတီတော်ကို ဖူးနေကြပေလိမ့်မည်’’ဟု မျက်စိထဲမြင်ရောင်လာပုံ၊ ဘုရားလျှင် အာရုံရှိသော ဥဗ္ဗေဂါပီတိဖြစ်ပေါ်လာပြီး ကောင်းကင်ခရီးဖြင့် ပျံတက်လျက် မဟာစေတီရင်ပြင်တော်သို့ ရောက်ရှိသွားပုံ၊ ဝတ္တကာလကရွာရှိ အမျိုးသမီးငယ် တစ်ယောက်သည်လည်း မိဘများ ဘုရားသွားစဉ် မိမိ၌ကိုယ်ဝန်အရင့်အမာ ရှိနေသဖြင့် စေတီတော်ကို ဖူးမြော်ပူဇော်ခွင့်မရဘဲ အိမ်၌ကျန်ရစ်နေခဲ့ပုံ၊ လရောင်ဖြင့် ဂိရိကဏ္ဍကအရပ်ရှိ အာကာသစေတီကို ကြည့်ပြီးဥဗ္ဗေဂါပီတိဖြစ်ပေါ်လာကာ ကောင်းကင် ခရီးဖြင့် ပျံတက်ပြီး မိဘများအရင် စေတီတော်သို့ ရောက်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၁၅၉) (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၁၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဘတောဗျဉ္ဇနကဝတ္ထု

ဤဝတ္ထု၌ ဣတ္ထိလိင်၊ ပုလ္လိင် လိင်နှစ်မျိုးစလုံး ထင်ရှားရှိနေသော ဥဘတောဗျည်းတစ်ယောက် ရဟန်းဝတ်လာပုံ၊ ထိုရဟန်းသည် အခြားရဟန်းတို့ကို ကာမဂုဏ်မှီဝဲရန် အားထုတ်ပုံ၊ ကိုယ်တိုင်ကလည်း မှီဝဲခံခဲ့ပုံ၊ ထိုအကြောင်း ဘုရားရှင် သိတော်မူသောအခါ ‘‘ဥဘတောဗျည်းကို ရဟန်းခံမပေးရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဘတောဘဋ္ဌဇာတက

ဤဇာတ်တော်၌ ဒေဝဒတ်လောင်းသည် ငါးမျှားဝါသနာပါသူတစ်ဦးခဲ့ဖြစ်ပုံ၊ တစ်နေ့တွင် သားဖြစ်သူနှင့်အတူ ငါးမျှားစဉ် ရေအောက် သစ်တုံးကြီးတွင် ငါးမျှားချိတ် ချိပ်နေရာ ငါးကြီးတစ်ကောင်မိပြီဟု မှတ်ထင်ခဲ့ပုံ၊ ငါးကြီးမိပါက အိမ်နီးချင်းတို့ကို ဝေမပေးလို၍ သားကို မယားထံသို့ စေလွတ်ပြီး မိမိမယားကို အိမ်နီးချင်းတို့နှင့် ရန်ဖြစ်ခိုင်းပုံ၊ ရွာသူကြီးက ရန်ဖြစ်မှုနှင့် ဒဏ်ငွေရိုက်ပုံ၊ မိမိကိုယ်တိုင်လည်း အားဖြင့် ငါးကို သုတ်တင်သည့််အခါ ငါးမျှားချိတ်က မျက်စိကို ဖောက်ထွင်းသွားသဖြင့် မျက်စိကန်းပုံ၊ ငါးမရသည့်အပြင် တစ်အိမ်လုံးလည်း ဒုက္ခရောက်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥမာပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီးနောက် ပုထိုးတော် ပူဇော်ပွဲ၌ အောက်မဲညိုပန်းကို လှူဒါန်းပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် (၉၄)ကမ္ဘာ အပါယ်မလားဘဲ ကိုးကမ္ဘာအထက်၌သောမဒေဝသစကြဝတေးမင်း ဖြစ်၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၀) (အပ၊ဋ္ဌ၊၂၊၁၅၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥမ္မတ္တကစိတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မဟာဒါဋ္ဌိကနဂါးမင်းသည် စေတိယတောင်ပေါ်ရှိ စေတီတော်ကို လာရောက်ပူဇော်ခဲ့ပုံ၊ တောထွက်ရဟန်းကြီး စိတ္တသည် မင်းကြီးနှင့်အတူပါလာသည့် လှပတင့်တယ်သော နဂါးမိဖုရားကို စွဲလမ်းနှစ်သက်မိခဲ့ပုံ၊ ရဟန်းသည် နဂါးမိဖုရားကို တမ်းတပြီး ရူးသွပ်နေသကဲ့သို့ ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥမ္မာဒန္တီဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သိဝိမင်းကြီးဖြစ်ခဲ့ပုံ၊ တိရီဋိဝစ္ဆမည်သော သူဌေးကြီး၏ သမီး ဥမ္မာဒန္တီသည် မြင်ရသူယောက်ျားများ ရူးသွပ်လောက်အောင် ချောမောလှပသူ ဖြစ်ခဲ့ပုံ၊ သူဌေးကြီးက သမီးတော်ကို သိမ်းပိုက်ရန် ဘုရင်ကြီးအား လျှောက်ထားခဲ့ပုံ၊ မင်းကြီးသည် ပုဏ္ဏားပညာရှိတို့ကို ရှေးဦးစွာ စေလွှတ်၍ ကြည့်စေပုံ၊ ပုဏ္ဏားတို့သည် ဥမ္မာဒန္တီကို မြင်လျှင် ရူးသွပ်သော အမူအရာများ ရှိကြသဖြင့် ဥမ္မာဒန္တီက ပုဏ္ဏားတို့ကို အိမ်မှ နှင်ထုတ်ခဲ့ပုံ၊ ပုဏ္ဏားတို့သည် အရှက်ရသောကြောင့် ဥမ္မာဒန္တီအား လက်မခံရန် မင်းကြီးအား တိုက်တွန်းခဲ့ပုံ၊ မင်းကြီးက လက်မခံသဖြင့် အဘိပါရကစစ်သူကြီးအား ဆက်သခဲ့ရပုံ၊ တစ်နေ့တွင် သိဝိမင်းသည် တိုင်းခန်းလှည့်လည်ပွဲတွင် ဥမ္မာဒန္တီကို တွေ့သဖြင့် စွဲလမ်းကာ ရူးသွပ်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၂၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥရဂဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဟိမဝန္တာ၌ နေသော ရသေ့ကြီး ဖြစ်ခဲ့ပုံ၊ ဗာရာဏသီပြည် ပွဲတော်ကြီးသို့ နဂါးတစ်ကောင်နှင့် ဂဠုန်တစ်ကောင်တို့သည် လူယောင်ဆောင်၍ ပွဲလာကြည့်ကြပုံ၊ အချင်းချင်းရင်ဆိုင်တွေ့ကြသောအခါ နဂါးသည် ရှေ့ကပြေးပြီး ရသေ့ကြီး၏ လျော်တေသင်္ကန်းပုံကြားသို့ ဝင်ပုန်းနေပုံ၊ ဂဠုန်က သိပြီး ရသေ့ကြီးကို ပြောပြရာ ရသေ့ကြီးက မေတ္တာအကျိုးတရားများကို ဟောကြားသဖြင့် ရန်ဘက်သတ္တဝါများပင် အချင်းချင်း ချစ်ခင်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥရဂပေတဝတ္ထု

ဤဝတ္ထု၌ ကာသိတိုင်း ဓမ္မပါလရွာ၌ ပုဏ္ဏား, ပုဏ္ဏေးမ, သား, သမီး, ချွေးမ, ကျွန်မဟူသော (၆)ယောက်တို့သည် မရဏာနုဿတိဘာဝနာပွားများထားကြပုံ၊ တစ်နေ့တွင် သားအဖနှစ်ယောက် လယ်ထွန်နေရာမှ သားသည် မြွေကိုက်၍ သေဆုံးသွားခဲ့ပုံ၊ ကျန်ရစ်သူ မိသားစုတို့သည် ငိုယိုမှု မရှိဘဲ မီးသင်္ဂြိုဟ်နေကြသည်ကို အခြားသူတို့က မြင်၍ မေးကြပုံ၊ သေသူသည် မြွေအရေလဲသကဲ့သို့ ဘဝဟောင်းကို စွန့်၍ ဘဝသစ်သို့ ပြောင်းခြင်းသာဖြစ်ပုံ၊ မသေခင်က ကုသိုလ်ပြုထားသူအတွက် ဘဝသစ်သည် သုဂတိဘုံသာ ဖြစ်မည်ဖြစ်၍ မြေအိုးမှ ရွှေအိုးသို့ ပြောင်းသည်နှင့် တူသောကြောင့် မငိုကြောင်းပြောပြပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ပေတ၊၁၃၇) (ပေတ၊ဋ္ဌ၊၅၆) (ဇာ၊ဋ္ဌ၊၃၊၁၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥရုဝေလကဿပတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဥရုဝေလကဿပမထေရ်လောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တွင် ပရိသတ်အခြံအရံများသောအရာ၌ ဧတဒဂ်ရသော ရဟန်းတော်တစ်ပါးကို အားကျလျက် ခုနစ်ရက်ပတ်လုံး ပဒုမုတ္တရဘုရားရှင်အမှူးရှိသော သံဃာတော်များအား အလှူကြီးပေးကာ ဆုတောင်းခဲ့ပုံ၊ ဖုဿဘုရားရှင်လက်ထက်၌လည်း မဟိန္ဒမင်းကြီး၏ သားတော်ဖြစ်စဉ် ဖအေတူ မအေကွဲ ညီငယ်နှစ်ယောက်နှင့် အတူ ဘုရားအမှူးရှိသော သံဃာတော်တို့အား အလှူကြီးပေးလှူကာ ဆယ်ပါးသီလ ဆောက်တည်ခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ညီအစ်ကိုသုံးယောက်လုံး ဿပပုဏ္ဏားအမျိုးအနွယ်၌ ဖြစ်ပြီး ဗေဒင်သုံးပုံတို့ကို သင်ကြားတတ်မြောက်ခဲ့ပုံ၊ ညီအစ်ကိုသုံးယောက်တို့သည် ဗေဒင်သုံးပုံတို့၌ မျက်မှောက်အကျိုးကိုသာ တွေ့မြင်ပြီး သံသရာအကျိုးကို မတွေ့မြင်သဖြင့် အစ်ကိုအကြီးဆုံးဖြစ်သူက အခြွေအရံငါးရာနှင့် အတူ ဥရုဝေလတောသို့ သွားကာ ရသေ့ဝတ်သောကြောင့် ဥရုဝေလကဿပဟု အမည်တွင်ပုံ၊ ညီအလတ်သည် အခြွေအရံသုံးရာနှင့် အတူ ဂင်္ဂါမြစ်အကွေ့၌ ရသေ့ဝတ်သောကြောင့် နဒီကဿပဟု အမည်တွင်ပုံ၊ ညီအငယ်ဆုံးသည် မိမိပရိသတ်နှစ်ရာနှင့် အတူ ဂယာသီသ၌ ရသေ့ဝတ်ကာ နေသောကြောင့် ဂယာကဿပဟု အမည်တွင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၃၀) (ထေရ၊ဋ္ဌ၊၂၊၇၈) (အပ၊ဋ္ဌ၊၂၊၂၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥရုဝေလကဿပဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဥရုဝေလတောအုပ်၌ သီတင်းသုံးတော်မူစဉ် စတုမဟာရာဇ်နတ်မင်းကြီးလေးယောက်, သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ဘုရားရှင်ထံ ချဉ်းကပ်ကြပုံ၊ ဥရုဝေလရသေ့ မြင်၍ ‘‘တန်ခိုးသာ ကြီး၍ ရဟန္တာမဟုတ်သူ’’ဟု ဘုရားရှင်အား ထင်မှတ်ပုံ၊ သိကြားမင်းက ဘုရားရှင်၏ ဝေယျာဝစ္စကို ဆောင်ရွက်ပေးခြင်း၊ ရသေ့၏ စိတ်အကြံကို ဘုရားရှင် သိနိုင်ခြင်း-စသော တန်ခိုးများကို ဘုရားရှင်က ပြသဆုံးမသော်လည်း ‘‘တန်ခိုးသာ ကြီး၍ ရဟန္တာမဟုတ်’’-ဟုပင် ထင်မှတ်ပုံ၊ နောက်ဆုံး ဘုရားရှင်က ဥရုဝေလကဿပကို ‘‘သင်သည် ရဟန္တာ မဟုတ်၊ ရဟန္တာဖြစ်ကြောင်း အကျင့်ကို ကျင့်သူလည်း မဟုတ်’’ဟု ဆုံးမတော်မူပုံ၊ ဥရုဝေလကဿပသည် ထိတ်လန့်သံဝေဂ ရ၍ ရဟန်းပြုလိုပါကြောင်း ဘုရားရှင်အား လျှောက်ထားခဲ့ပုံ၊ ဥရုဝေလကဿပနှင့် တကွ ရသေ့ညီနောင် ရှင်တစ်ထောင်တို့ ဧဟိဘိက္ခု ရဟန္တာများ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥလူကဇာတက

ဤဇာတ်တော်၌ ကမ္ဘာဦးကာလ ရှေးဦးလူသားတို့သည် ချောမောလှပပြီး အကျင့်စာရိတ္တနှင့် ပြည့်စုံသည့် ယောက်ျားတစ်ယောက်ကို မင်းမြှောက်ခဲ့ပုံ၊ ခြေလေးချောင်းတို့က ခြင်္သေ့ကိုလည်းကောင်း၊ ငါးတို့ကလည်း ငါးကြီးအာနန္ဒာကိုလည်းကောင်း မင်းမြှောက်ကြခဲ့ပုံ၊ ငှက်အပေါင်းတို့သည်လည်း စုဝေးကြပြီး ခင်ပုပ်ကို မင်းမြှောက်ရန် စဉ်းစားကြသောအခါ ကျီးကန်းတစ်ကောင်က ကန့်ကွက်ခဲ့ပုံ၊ ထိုအချိန်မှစ၍ ကျီးကန်းနှင့် ခင်ပုပ်တို့ ရန်သူဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥလူကဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် ဝေဒိသခဲ့ကတောင် ဣန္ဒသာလလိုဏ်ဂူ၌ နေစဉ် ခင်ပုပ်ငှက် တစ်ကောင်သည် မြတ်စွာဘုရား ဆွမ်းခံကြွစဉ် အသွားအပြန် ကြိုဆိုပုံ၊ ဘုရားရှင်နှင့် သံဃာတော်အပေါင်းကိုလည်း အတောင်နှစ်ဖက်ယှက်၍ ဦးညွတ်ကာ ရှိခိုးခဲ့ပုံ၊ ခင်ပုပ်ငှက်ငယ်သည် နောင်သောအခါ ပစ္စေကဗုဒ္ဓါဖြစ်မည့်အကြောင်း ဘုရားရှင်က ဗျာဒိတ်မြွက်ကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၃၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥသဘတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် နတ်သား ဖြစ်၍ သိခီမြတ်စွာဘုရားအား နတ်ပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကောသလတိုင်း ကုန်သည်မျိုး၌ဖြစ်ပုံ၊ ဇေတဝန်ကျောင်းတော်ကို အလှူခံတော်မူသောနေ့တွင် (ရေစက်ချသော နေ့တွင်)ရဟန်းပြုခဲ့ပြီး ဝိပဿနာရှုပွားကာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥသဘတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဥသဘမထေရ်အလောင်းသည် သိခီဘုရားရှင်အား ကြို့သီးလှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဘဝအဆက်ဆက် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ဥသဘမင်းသား ဖြစ်လာခဲ့ပုံ၊ မြတ်စွာဘုရား၏ တန်ခိုးတော်ကို ဖူးမြင်ရ၍ ရဟန်းပြုခဲ့ပုံ၊ မိမိ မြင်မက်သော အိပ်မက်ကို အကြောင်းပြု၍ သံဝေဂရကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဥဠာရဝတ္ထု

ဤဝတ္ထု၌ အလှူပေးရန် ဆန္ဒပြင်းပြသော ရာဇဂြိုဟ်မြို့သူ တစ်ဦးသည် မိစ္ဆာဒိဋ္ဌိယောက္ခမကြီး၏ မုန့်ကို ယောက္ခမကြီးအား မပန်ကြားဘဲ အရှင်မောဂ္ဂလာန်အား လှူခဲ့မိပုံ၊ ထိုသို့လှူခဲ့မိသဖြင့် ယောက္ခမကြီးကကျည်ပွေ့ဖြင့် ရိုက်၍ သေဆုံးခဲ့ရပြီး နတ်သမီးဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကအဋ္ဋကာရကဝတ္ထု

ဤဝတ္ထု၌ လူတစ်ယောက်သည် တရားတွေ့ရန် ရွာမှ မြို့သို့ သွားရောက်စဉ် တရားရုံး၌ မိမိသည် မင်းနှင့်အမတ်တို့အား မည်သည့်စကားတို့ကို ပြောမည်ဟု ကြံစည်ကာသွားပုံ၊ မင်း၏ ရှေ့တော်တွင် ကြိုတင်ကြံဆထားသည့်အတိုင်း ပြောဆိုသဖြင့် တရားရုံး၌ သူသည် တရားကို အနိုင်ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၂၊၁၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကအနာဂါမိတ္ထေရဝတ္ထု

ဤဝတ္ထု၌ အနာဂါမ်မထေရ်တစ်ပါး ပျံလွန်ခါနီးတွင် တပည့်တို့က တရားထူးကို မေးကြပုံ၊ မထေရ်သည် ‘ရဟန္တာဖြစ်မှ ပြောမည်’ဟု နှလုံးပိုက်၍ ဆိတ်ဆိတ်နေလျက်ပင် ပျံလွန်တော်မူခဲ့ပုံ၊ ရဟန်းတို့က ဘုရားရှင်အား ဆက်လက်လျှောက်ထားကြရာ ဘုရားရှင်က သင်တို့ဆရာသည် သုဒ္ဓါဝါသဗြဟ္မာ့ဘုံသို့ ရောက်သွားပြီဟု မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကအမစ္စဝတ္ထု

ဤဝတ္ထု၌ အမတ်ကြီးတစ်ယောက်သည် မြတ်လေးပန်းများ အပြည့်ထည့်ထားသော အိုးဖြင့် မဟာစေတီတော်အား လှူဒါန်းပူဇော်ပြီးနောက် ယမမင်းအား ကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို အမျှအတန်းပေးဝေခဲ့ပုံ၊ အမတ်ကြီးသည် အခြားအကုသိုလ်ကံကြောင့် ငရဲရောက်သောအခါ ယမမင်းထံ အပို့ခံရပုံ၊ ယမမင်းက ‘‘သင်သည် မဟာစေတီတော်အား မြတ်လေးပန်းအိုးဖြင့် လှူဒါန်းပူဇော်စဉ် ငါးအား အမျှအတန်းပေးဝေခဲ့သည် မဟုတ်လော’’ဟု ကုသိုလ်ကောင်းမှုကို အမှတ်ရစေသဖြင့် နတ်ပြည်သို့ ရောက်သွားရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၁၆၆) (အံ၊ဋ္ဌ၊၂၊၁၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကအရိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရိယာမထေရ်တစ်ပါးသည် မဟာစေတီတော်ကို အင်္ဂတေလိမ်းကျံရန်အတွက် မဟာစေတီတော်သို့ တက်ရောက်လာပုံ၊ ထိုအခါ၌ ကိုယ်ခန္ဓာ ကြံ့ခိုင်သော ရဟန်းတစ်ပါးသည် ထိုအရိယာမထေရ်၏ အနီးသို့ရောက်လာခဲ့ပုံ၊ အရိယာမထေရ်က အခြားသူတစ်ဦးတစ်ယောက်ရှိလျှင် ကြန့်ကြာမည်ဖြစ်သောကြောင့် အခြားနေရာသို့ ရွှေ့သွားပုံ၊ အရိယာ မထေရ်တို့သည် မိမိပြုလုပ်ရမည့်ကိစ္စ၌ မပေါ့မဆ ထက်ထက်သန်သန် ပြင်းပြသော လုလ္လဝီရိယရှိကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၃၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကဥပါသကဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် အာဠဝီမြို့၌ ဆွမ်းခံကြွတော်မူစဉ် ဆင်းရဲသားတစ်ယောက်သည် နွားပျောက်ရှာရင်း အိမ်မပြန်သေးဘဲ ဘုရားရှင်ထံ တရားနာရန် လာခဲ့ပုံ၊ ဘုရားရှင်က ဆွမ်းဒကာတို့ကို ထိုသူဆင်းရဲအား ထမင်းကျွေးရန် မိန့်တော်မူခဲ့ပုံ၊ ထိုသူဆင်းရဲထမင်းဝသောအခါမှ တရားဟောတော်မူရာ သူဆင်းရဲ သောတာပန်ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကခီဏာသဝတ္ထေရဝတ္ထု

ဤဝတ္ထု၌ ရဟန္တာမထေရ်တစ်ပါးနှင့် ရဟန္တာသာမဏေတစ်ပါးတို့သည် ဝါတွင်းသုံးလ တောရ ဆောက်တည် နေထိုင်ကြသည့်အခါ ရဟန္တာမထေရ်အတွက်သာ ကျောင်းရှိပြီး ရဟန္တာသာမဏေအတွက် ကျောင်းမရှိဘဲ နေထိုင်ကြရပုံ၊ ထိုအခြင်းအရာကို ကြံစည်တွေးတောလျက် ရဟန္တာမထေရ်သည် တစ်ရက်တလေမျှ ဖလသမာပတ်မဝင်စားနိုင်ဘဲ ရဟန္တာသာမဏေက ဖလသမာပတ်ဝင်စားကာ ဝါတွင်းသုံးလကို ကျော်လွန်စေခဲ့ပုံ၊ ရဟန္တာသာမဏေက မထေရ်ကြီးအား ‘‘တောရဆောက်တည် နေထိုင်ရမှု အဆင်ပြေပါရဲ့လား ဘုရား’’ဟု လျှောက်ထားသည့်အခါ အဆင်မပြေကြောင်း မိန့်ကြားပုံ၊ ဤကဲ့သို့ အသေးအဖွဲကိစ္စလေးများကလည်း ဖလသမာပတ်ကို အနှောင့်အယှက် ပေးတတ်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကစမ္ပကပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တောင်ကြား၌ သီတင်းသုံးတော်မူသော ပစ္စေကဗုဒ္ဓါအား စကားပန်းကို လှူဒါန်းခဲ့သော ကောင်းမှုကုသိုလ်ကြောင့် (၆၅)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကစာရိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပဒုမုတ္တရမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်သောအခါ တာဝတိံသာ နတ်တို့သည် ‘‘ငါတို့ကား ရာဂနှင့် တကွ ဖြစ်ကုန်သေး၏’’ဟု ကြွေးကြော်ခဲ့ကြပုံ၊ မထေရ်အလောင်း တာဝတိံသာနတ်သားသည် မန္ဒာရဝနတ်ပန်းများကို ယူ၍ ဘုရားရှင်၏ အလောင်းတော်ကို ကြဲဖြန့်ပူဇော်ခဲ့ပုံ၊ ဤကောင်းမှုကြောင့် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်မလားခဲ့ရဘဲ ကမ္ဘာခြောက်သောင်းအထက်၌ မဟာမလ္လဇနစကြဝတေးမင်း အကြိမ်များစွာ ဖြစ်ခဲ့ရပြီး ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကစိန္တိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ နတ်ပြည်၌ အသက်တမ်းကုန်ခြင်းကြောင့် စုတေခါနီးသောအခါ ‘‘လူ့ပြည် သွားပါ၊ သူတော်ကောင်းတရား ကျင့်ပါ၊ နတ်ပြည်သို့ ပြန်လာပါ’’ စသောအားပေးသောအသံများ ဖြစ်တတ်ပုံ၊ မထေရ်အလောင်း နတ်သားသည် စုတေခါနီး ထိတ်လန့်ခြင်းဖြစ်ခဲ့ရာ ပဒုမုတ္တရဘုရားရှင်၏ တပည့်သာဝက သုမနရဟန်း ရောက်လာပြီး ဆုံးမစကား ဆိုခဲ့ပုံ၊ ရဟန်းတော်၏ ဆုံးမစကားကို ကြားရ၍ ပဒုမုတ္တရဘုရားအား ကြည်ညိုလှသဖြင့် အာရုံပြု၍ ရှိခိုးခဲ့သော ကောင်းမှုကံကြောင့် ကွယ်လွန်သော် ထိုနတ်ပြည်၌ ပြန်ဖြစ် ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကဆတ္တိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဧကဆတ္တိယမထေရ်လောင်းလျာသည် လေပူနေပူတို့ကြောင့် ခြစ်ခြစ်တောက် ပူပြင်းနေသော အချိန်တွင် စင်္ကြံကြွနေတော်မူသော ပဒုမုတ္တရဘုရားရှင်အား ထီးတစ်လက် လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်၏ အကျိုးဆက်ကြောင့် ဘဝများစွာ လူချမ်းသာ နတ်ချမ်းသာကို ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ထီးဖြူတစ်လက် မိမိ၏ ဦးခေါင်းထက်တွင် အမြဲလိုက်ပါ ဆောင်းပေးလျက်ရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကဉ္ဇလိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား လက်အုပ်တစ်ကြိမ် ချီမိုးရှိခိုးခဲ့သော ကောင်းမှုကံကြောင့် (၉၁)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကဉ္ဇလိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တိဿဘုရားရှင်အား ပန်းအခင်းကို ခင်းလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၂)ကမ္ဘာ အပါယ်မလားဘဲ တစ်ဆယ့်လေးကမ္ဘာ အထက်၌ ဧကအဉ္ဇလိကမည်သော စကြဝတေးမင်းဖြစ်ခဲ့ရပြီး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကတ္ထမ္ဘိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ သိဒ္ဓတ္ထဘုရားရှင်အား ကိုးကွယ်သော အသင်းအဖွဲ့သားတို့သည် ဘုရားရှင်အတွက် တန်ဆောင်းဝန်းကို ဆောက်လုပ်ကြရာ တိုင်တစ်လုံး လိုနေသဖြင့် မထေရ်အလောင်းသည် တိုင်တစ်လုံးကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် (၉၄)ကမ္ဘာ အပါယ် မလားဘဲ ဖြစ်တိုင်းသောဘဝ၌ ဘုံခုနစ်ဆင့် ရှိသော ဗိမာန်ကို ရခဲ့ပုံ၊ ငါးဆယ့် ငါးကမ္ဘာအထက်၌ ယသောဓရ စကြဝတေးမင်း၊ နှစ်ဆယ့်တစ်ကမ္ဘာအထက်၌ ဥဒေန မည်သော စကြဝတေးမင်းဖြစ်၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၆၁) (အပ၊ဋ္ဌ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကဒဟရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းငယ်များသည် မဟာစေတီရင်ပြင်၌ စာပေကျမ်းဂန်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြသောအခါ ရဟန်းမငယ်များသည် ထိုရဟန်းတို့၏ နောက်ဖက်မှ ကြားနာနေကြပုံ၊ ထိုအခါ ရဟန်းငယ် တစ်ပါးသည် လက်ကို ဆန့်တန်းလိုက်စဉ် ရဟန်းမငယ်၏ ကိုယ်၌ ထိမိပုံ၊ သူမသည် လက်ကို ရင်ခွင်၌ ပွေ့ပိုက်ထားပြီး ကိုယ်လက်နှီးနှောမိကြသဖြင့် နှစ်ဦးစလုံး လူထွက်သွားခဲ့ကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကဒဟရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ သဒ္ဓါတိဿမင်းကြီးသည် မောင်းမအပေါင်း ခြံရံလျက် လောဟပါသာဒကျောင်းတိုက်ကြီးသို့ သွားစဉ် ရဟန်းငယ်တစ်ပါးသည် ကျောင်းတံခါးပေါက်၌ ရပ်ကာ မိန်းမတစ်ယောက်ကို ကြည့်ခဲ့ပုံ၊ ထိုမိန်းမကလည်း ရပ်လျက် ရဟန်းငယ်ကို ပြန်ကြည့်ကာ နှစ်ဦးလုံး ရာဂမီးတောက်လောင်ပြီး သေဆုံးခဲ့ကြပုံ၊ ကလျာဏီကျောင်းတိုက်၌ နေသော ရဟန်းငယ်တစ်ပါးသည်လည်း ကာလဒီဃဝါပိဂါမဒွါရကျောင်းသို့ သွား၍ စာပေပရိယတ်များကို သင်ယူပြီး ရွာတွင်းသို့ ဆွမ်းခံကြွခဲ့ပုံ၊ အဝါရောင် ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦးက ရဟန်းငယ်ကို ချစ်ခင်နှစ်သက်ကာ ယာဂုဆွမ်းလောင်းလှူလိုက်ပုံ၊ ထို့နောက် အမျိုးသမီးငယ်သည် မိဘတို့အား ရဟန်းငယ်ကို ရရန် ပူဆာသော်လည်း မရသဖြင့် သေဆုံးသွားခဲ့ပုံ၊ ရဟန်းငယ်သည်လည်း သေဆုံးသွားသော အမျိုးသမီးငယ်၏ အဝါရောင်အဝတ်ပိုင်းလေးကို မထေရ်ကြီးတစ်ပါးထံမှ တွေ့မြင်ပြီး အကြောင်းစုံကို မေးမြန်းသိရှိကာ ရာဂမီးတောက်လောင်၍ ပျံလွန်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၅၀) (အံ၊ဋ္ဌ၊၁၊၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကဒီပိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ ထင်းရူးဗောဓိပင်တွင် ဆီမီးတစ်တိုင်ကို ပေးလှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်မလားခဲ့ရဘဲ ကမ္ဘာတစ်သောင်း ခြောက်ထောင် အထက်၌ စန္ဒာဘစကြဝတေးမင်း ဖြစ်၍ ဤဘုရားရှင် သာသနာတော်တွင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၁၀) (အပ၊ဋ္ဌ၊၂၊၁၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကဒုဿဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ အဝတ်တစ်ထည်သာရှိသည့် မြက်ရိတ်သမားသည် ထိုတစ်ထည်တည်းသော အဝတ်ကို ဘုရားရှင်အား လှူခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဘဝများစွာ သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဖြစ်လေရာဘဝ၌ အဝတ်အစားပေါများကာ ရွှေရောင်အဆင်းကဲ့သို့လှပသူဖြစ်၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကဓမ္မသဝနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ မထေရ်လောင်းလျာသည် တောထဲ၌ လမ်းမှားနေသော ရဟန်းတော်တို့အား လမ်းမှန်ပြ၍ စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သေတဗျမြို့တွင် သူဌေးသားဖြစ်၍ သာသနာ့ဘောင်သို့ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကဓမ္မသဝနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဈာန်ရရသေ့ ဖြစ်ခဲ့ပုံ၊ ဘုရားရှင်ကို ဖူးမြင်ကာ တရားနာခဲ့ရသည့် ကုသိုလ်ကြောင့် ဘဝအဆက်ဆက် ဒုဂ္ဂတိဘဝတို့၌ ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ မဖြစ်ခဲ့ဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကပဏ္ဏဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းရသေ့သည် မင်းဥယျာဉ်၌ နေစဉ် မင်းကြီးသည် အလွန် ကြမ်းတမ်း၍ ဆုံးမရခက်သော မင်းသားကို အပ်နှံခဲ့ပုံ၊ ရသေ့ကြီးသည် မင်းသားကို တမာပင်ငယ်၏အရွက်ကို အဝါးခိုင်းပြီး ဤအပင်သည် ငယ်စဉ်ကပင် ဤမျှ ခါးေသောကြောင့် မည်သူမျှမကြိုက်သကဲ့သို့ သင်သည်လည်း ငယ်စဉ်ကပင် မိုက်မဲနေလျှင် မည်သူမျှ ချစ်ခင်ကြလိမ့်မည်မဟုတ်ကြောင်း ဆုံးမပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကပတ္တဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် (၉၁)ကမ္ဘာထက်၌ ပွင့်တော်မူခဲ့သော ဘုရားရှင်အား သပိတ်လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကပဒဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်တွင် သူဌေးမျိုး၌ ဖြစ်ပြီး ဖခင်သူဌေးကြီး ကွယ်လွန်သွားသောအခါ သူဌေးရာထူး လက်ခံရရှိခဲ့ပုံ၊ ဘုရားအလောင်းသူဌေး၏ သားငယ်က အကြောင်းအရာတစ်ခုတည်းဖြင့် များစွာသော အကျိုးကို ပြီးစေနိုင်သော အရာဝတ္ထုဟူသည် အဘယ်ပါနည်းဟု မေးမြန်းခဲ့ပုံ၊ ဖခင် ဘုရားအလောင်းသူဌေးက ဉာဏ်နှင့်ယှဉ်သော ဝီရိယတစ်ခုတည်းဖြင့် များစွာသော အကျိုးကို ပြီးစေနိုင်ကြောင်း ဖြေကြားခဲ့ပုံ၊ သားငယ်သည် ဖခင်ပြောကြားသည့်အတိုင်း ကြိုးစားအားထုတ် လုပ်ကိုင်သဖြင့် ကြီးပွားချမ်းသာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကပဒုမိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဇာတဿရအိုင်၌ နေသော ဟင်္သာမင်း ဖြစ်ခဲ့ပုံ၊ ပဒုမုတ္တရဘုရားရှင်က ကောင်းကင်ခရီးဖြင့် အိုင်ပေါ်သို့ ကြွလာသောအခါ ပွင့်ချပ်တစ်ရာရှိသော ပဒုမ္မာကြာပန်းကို နှုတ်သီးဖြင့် ကိုက်ချီလျက် ဘုရားရှင်အား ပူဇော်ခဲ့ပုံ၊ ဤကောင်းမှုကံကြောင့် ကမ္ဘာတစ်သိန်း ပတ်လုံး အပါယ်မလားဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကပသာဒနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ နာရဒဟုလည်းကောင်း၊ ကေသဝဟုလည်းကောင်း ထင်ရှားသော ရသေ့သည် အတ္ထဒဿီမြတ်စွာဘုရားထံချဉ်းကပ်၍ ကြည်ညိုစိတ်ဖြင့် ရှိခိုးခဲ့သော ကောင်းမှုကံကြောင့် ကမ္ဘာတစ်ထောင့် ခုနစ်ရာအထက်၌ အမိတ္တတာပန စကြဝတေးမင်း ဖြစ်၍ ဤဘုရားရှင် သာသနာတော်၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကပိဏ္ဍပါတဒါယိကာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျာသည် ဝိပဿီဘုရားရှင်ပွင့်တော်မူသောအခါ ဗန္ဓုမတီမြို့ ဗန္ဓုမာမင်းကြီး၏ မိဖုရား ဖြစ်ခဲ့ပုံ၊ ရဟန္တာမထေရ်တစ်ပါးအား ဆွမ်းကပ်၍ သင်္ကန်းလှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံဘဝတို့၌သာ ဖြစ်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကပိလဝတ္ထုပြည်၌ သာကီဝင်မင်းသမီးဖြစ်၍၊ မဟာပဇာပတိဂေါတမီထံ ရဟန်းပြုကာ ရဟန္တာထေရီတစ်ပါးဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၉၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကပုဂ္ဂလဝတ္ထု

ဤဝတ္ထု၌ လူတစ်ယောက်သည် သားဖြစ်သူ ရဟန်းငယ်အား ကော်တင်ထားသော အဝတ်သစ်ကို ရိုသေစွာ လှူဒါန်းခဲ့ပုံ၊ ကွယ်လွန်သောအခါ ဥဿဒငရဲအနီးသို့ ရောက်လျှင် ထိုလှူခဲ့ဖူးသော အဝတ်သစ်၏ ‘‘တရှပ်ရှပ်’’ မြည်သံကို အာရုံပြု သတိရသဖြင့် နတ်ပြည်၌ ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၂၊၁၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ပုဏ္ဏားတစ်ယောက်က မြတ်စွာဘုရားအား ဗြာဟ္မဏမည်ခြင်း၏ အကြောင်းကို လျှောက်ထား၍ မြတ်စွာဘုရားက ဗြဟ္မာမည်ခြင်း၏ အကြောင်းကို ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကရာဇဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းသည် ဧကရာဇမည်သော ဗာရာဏသီမင်း ဖြစ်ခဲ့ပုံ၊ ကောသလမင်းသည် ဘုရားအလောင်းကို ဖမ်းဆီးတုပ်နှောင်ကာ နန်းတော်ခေါင်မိုးတွင် ဇောက်ထိုးဆွဲထားပုံ၊ ဘုရားအလောင်းသည် မေတ္တာပွား၍ ကသိုဏ်းအားထုတ်ရာ ဈာန်အဘိညာဉ်ရခဲ့ပုံ၊ ဘုရားလောင်း၏ မေတ္တာကို မခံယူနိုင်သော ရန်ပြုသူ ကောသလမင်း၏ ခန္ဓာကိုယ်၌ ပူလောင်ပြင်းပြသော ဝေဒနာခံစားခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၂၅၄) (ဇာ၊ဋ္ဌ၊၃၊၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကဝိဟာရိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကဿပဘုရားရှင်ထံ၌ ရဟန်းဝတ်ခဲ့ပုံ၊ တောထဲတွင် တစ်ပါးတည်း တရားအားထုတ်ခဲ့သော ကုသိုလ်ကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် သာသနာတော်၌ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကဝိဟာရိတ္ထေရဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် အမြဲတမ်း တစ်ပါးတည်းနေခြင်း၊ အိပ်ခြင်း၊ စင်္ကြံလျှောက် ခြင်းစသည်တို့ကို ပြုလုပ်လေ့ရှိပုံ၊ ထိုအကြောင်းအရာကို ရဟန်းတို့က ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က သာဓုအနုမောဒနာ ခေါ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကဝိဟာရိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့လက်ထက်တော်၌ ကုသိုလ်များကို ဆည်းပူးခဲ့ပြီး ကဿပဘုရားရှင်လက်ထက်တော်၌ ရဟန်းပြု၍ တရားအားထုတ်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝဝယ် ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် အသောကမင်းတရားကြီး၏ ညီ တိဿမင်းသား ဖြစ်လာပြီး ယောနကတိုင်းသား အရှင်ဓမ္မရက္ခိတမထေရ်ထံ၌ ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကသင်္ခိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်လက်ထက်တွင် ဗောဓိပင်ကို ခရုသင်းမှုတ်၍ ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကာယက္ခိနီဝတ္ထု

ဤဝတ္ထု၌ ဘီလူးမတစ်ကောင်သည် ကလေးနှစ်ကောင်တို့ကို ထူပါရုံစေတီတံခါးဝ၌ ထားခဲ့ပြီး မြို့ထဲသို့ အစာရှာရန် သွားခဲ့ပုံ၊ ထိုဘီလူးမ၏ ကလေးများက ဆွမ်းခံကြွသော မထေရ်အား သူတို့၏ မိခင်ကို အစာအမြန်လာပို့ဖို့ ပြောရန်လျှောက်ထားကြပုံ၊ မထေရ်သည် သူတို့ပေးလိုက်သော နာနာဘာဝတို့ကို မြင်နိုင်သော ဆေးမြစ်ကို ယူ၍ ဘီလူးမထံ သွား၍ ထိုအကြောင်းကို ပြောသောအခါ ဘီလူးမက ထိုဆေးမြစ်ကို ပြန်၍ လုယူသွားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၁၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကာသနဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်ပွင့်တော်မူချိန်၌ နာရဒရသေ့ ဖြစ်ခဲ့ပုံ၊ ဘုရားရှင်အား ညောင်စောင်းငယ် ခင်း၍ နေရာလှူရသော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဖြစ်လေရာ ဘဝတို့၌ ပလ္လင်နေရာတို့သည် အဆင်သင့် ပေါ်ပေါက်ခဲ့ပြီး ဤသာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကာသနဒါယိကာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျာသည် ပဒုမုတ္တရဘုရားရှင် ပွင့်တော်မူစဉ် ဟံသာဝတီမြို့၌ ကလေးသူငယ်မ ဖြစ်ခဲ့ပြီး ရဟန္တာမထေရ်တစ်ပါးအား လှပဆန်းကြယ်သော အမွေးရှည် ကော်ဇောကို ခင်းပေးပြီး ဆွမ်းလှူဒါန်းခဲ့ရသော ကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိပြည် ကောသလမင်း၏ မိဖုရားဥဗ္ဗိရီ ဖြစ်ခဲ့ပုံ၊ ဘုရားရှင်၏ တရားတော်ကို နာရသဖြင့် သာသနာသို့ဝင်ကာ ရဟန္တာထေရီ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကုဒါနတ္ထေရခီဏာသဝဝတ္ထု

ဤဝတ္ထု၌ ဧကုဒါနရဟန္တာမထေရ်မြတ်ကြီးသည် တောအုပ်တစ်ခုတွင် တစ်ပါးတည်း ဥဒါန်းဂါထာတစ်ခုကိုသာ အမြဲတမ်း ရွတ်ဆိုလေ့ရှိရာ တောစောင့်နတ်တို့က အမြဲတမ်း သာဓု ခေါ်ကြပုံ၊ တိပိဋကမထေရ်ကြီးတို့ တရားဟောသော်လည်း နတ်တို့ သာဓုမခေါ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကုဒါနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းအလျာသည် အတ္ထဒဿီဘုရားရှင်လက်ထက်တော်၌ ဘီလူးစစ်သူကြီး ဖြစ်ခဲ့ပုံ၊ ဘုရားရှင် ပရိနိဗ္ဗာန်စံသောအခါ ဘုရားရှင်၏ သရီရဓာတုစေတီတော်ကို (၅)နှစ်တိုင် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ စည်းစိမ်နှင့် ပြည့်စုံသော ပုဏ္ဏားမျိုး၌ ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧကူပေါသထိကာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျာသည် ဝိပဿီဘုရားရှင် ပွင့်တော်မူသောအခါ ကျွန်မတစ်ဦးဖြစ်ခဲ့ပြီး တစ်ရက်မျှ ဥပုသ်စောင့်ခဲ့ရသော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့၌ သူဌေးသမီးဖြစ်ခဲ့ကာ (၇)နှစ်အရွယ်မှာပင် ရဟန္တာထေရီဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧရကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထမြတ်စွာဘုရားရှင် ကြွရောက်တော်မူမည့် လမ်းကို ရှင်းလင်းသုတ်သင် ခင်းကျင်း၍ အညီအညွတ် ပြုလုပ်ထားပုံ၊ ဘုရားရှင် နင်းကြွတော်မူသည်ကို တွေ့မြင်ပြီး ဝမ်းမြောက်ဝမ်းသာ လက်အုပ်ချီမိုး ရှိခိုးခဲ့သော ကုသိုလ်ကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်ဝယ် သာဝတ္ထိမြို့သား သူကြွယ်ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧရကပတ္တနာဂရာဇဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင့်လက်ထက်တော်၌ ရဟန်းငယ်တစ်ပါးသည် ပြိတ်မြက်ပင်အရွက်ကို ဆွဲကိုင်၍ ဂင်္ဂါမြစ်အတွင်းရှိ လှေပေါ်သို့ အဆောတလျင် တက်လိုက်စဉ် ပြိတ်မြက်ပင် အရွက်ပြတ်သွားခဲ့ပုံ၊ သေးငယ်သော အာပတ်(အပြစ်)ဟု သဘောထားပြီး ဒေသနာမကြားဘဲ နေခဲ့သဖြင့် အနှစ်နှစ်သောင်းတိုင်တိုင် တောထဲ၌ ရဟန်းတရား အားထုတ်သော်လည်း တရားထူး မရခဲ့ပုံ၊ ပျံလွန်တော်မူခါနီးအချိန်၌ ထိုအပြစ်ကို သတိရ၍ ဒေသနာပြောကြားလိုသော်လည်း သီတင်းသုံးဖေါ် အခြားရဟန်းတစ်ပါးမျှ မရှိသဖြင့် မိမိကိုယ်ကို သီလမစင်ကြယ်-ဟု နှလုံးမသာမယာဖြင့် ပျံလွန်တော်မူသွားခဲ့ပုံ၊ ထိုနှလုံးမသာယာမှုကြောင့် နောက်ဘဝတွင် ဧရကပတ္တမည်သော နဂါးကြီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧရာဝဏဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့နေ ဓမ္မိကဥပါသကာသည် ပိဋကတ်သုံးပုံဆောင် အနာဂါမ်ပုဂ္ဂိုလ် ဖြစ်ပုံ၊ တစ်နေ့ တစ်ထပ်သာ စားပြီး ရှစ်ပါးသီလစောင့်၍ အဖော်ဥပါသကာတို့နှင့်အတူ သမာပတ်ဝင်စားလေ့ရှိပုံ၊ မြတ်စွာဘုရားထံ သိလိုသော ပြဿနာများကို မေးလျှောက်လေ့ရှိပုံ၊ မေးလျှောက်သော အကြောင်းအရာများတွင် သိကြားမင်းထံ စီးတော်ဆင်အဖြစ် အမှုထမ်းလေ့ရှိသော ဧရာဝဏ်နတ်သားအကြောင်း ပါရှိပုံ၊ ထိုနတ်သားသည် သိကြားမင်း ဥယျာဉ်ကစားထွက်သောအခါ ယူဇနာ(၁၅၀)ရှိသော ကိုယ်ကို ဖန်ဆင်း၍ ဦးကင်းပေါင်း(၃၃)ခု၊ အစွယ်ပေါင်း(၆၆)ချောင်း၊ အစွယ်တစ်ခု၌ ရေကန်(၇)ခုစီ၊ ရေကန်တစ်ခု၌ ပဒုမ္မာကြာရုံ(၇)ပွင့်စီ၊ တစ်ပွင့်၌ ကြာပတ် (၇)ပတ်စီ စသည်ဖန်ဆင်း၍ အမှုထမ်းလေ့ရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၁၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဧဠိကကုမာရဇာတက

ဤဇာတ်တော်၌ ဗြဟ္မဒတ်မင်းသည် ကောသလနိုင်ငံကို သိမ်းယူပြီး ကောသလမင်းကို သတ်ကာ ကိုယ်ဝန်ရှိနေသော ထိုမင်း၏ မိဖုရားကြီးကို သိမ်းပိုက်ခဲ့ပုံ၊ မိဖုရားကြီးသည် သားတော်ကို မွေးလျှင် ရန်သူ့သား ဖြစ်၍ သတ်ရန် နို့ထိန်းလက် အပ်နှံ့ခဲ့ပုံ၊ ကောသလမင်းသည် နတ်ရွာစံသောအခါ နတ်ဖြစ်ပြီး သားတော်လေးကို စောင့်ရှောက်လျက် သိုးထိန်းအိမ်ဝ၌ ပစ်ထားရန် တန်ခိုးဖြင့် စီစဉ်ခဲ့ပုံ၊ ထိုသားတော်သည် သိုးထိန်းကြီး၏ မွေးမြူမှုကို ခံရ၍ အသက်ရှည်ခဲ့ရပုံ၊ ၁၆-နှစ်သားတွင် ဘုရင့်သမီးတော် ကုရုင်္ဂနှင့် ချစ်ကြိုက်ပြီး နောင်အခါ မင်းဖြစ်လာပုံ၊ ကုရုင်္ဂဒေဝီသည် ဘုရားအလောင်းစစ်သူကြီး ဆဠင်္ဂကုမာရနှင့် ဖေါက်ပြားပြီး စစ်သူကြီး၏တပည့် ဓနန္တေဝါသီနှင့်လည်း ဖောက်ပြားခဲ့ပုံ၊ မိန်းမဟူသည် အကျင့်စာရိတ္တပျက်ပြား၊ သီလတရားကင်းမဲ့ ဖောက်ပြန်ယုတ်မာသော အကျင့်ရှိသူများ ဖြစ်ကြောင်း ကုဏာလငှက်မင်းက ဟောပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၄၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဩက္ကာကရာဇဝံသဝတ္ထု

ဤဝတ္ထု၌ ကမ္ဘာဦးကာလ သမ္မတမင်းမှ စ၍ ဩက္ကာကမင်းမျိုးတိုင်အောင် မင်းဆက်များကို ပြဆိုထားပုံ၊ တတိယမြောက် ဩက္ကာကမင်း၌ မိဖုရားငါးယောက် ရှိပြီး မိဖုရားတစ်ယောက်စီတွင် အခြံအရံငါးရာစီထားပုံ၊ အကြီးဆုံးမိဖုရား၌ သားလေးယောက်၊ သမီးငါးယောက် မွေးဖွားပုံ၊ ဩက္ကာကမင်းကြီးသည် ချောမောလှပသော အခြားမင်းတစ်ပါး၏ သမီးတော်ကို အဂ္ဂမဟေသီအရာ၌ ထားသောအခါ ဇန္တုမည်သော သားတော်လေး မွေးဖွားပုံ၊ သားတော်လေးကို မင်းကြီးအား ပြသသောအခါ လိုရာဆုတောင်းပါဟု ဆိုသဖြင့် မင်းအဖြစ်ကို တောင်းပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၂၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဩဒ္ဓဋ္ဌလိစ္ဆဝီဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဝေသာလီပြည် မဟာဝုန်တော၌ သီတင်းသုံးနေတော်မူစဉ် ဩဒ္ဓဋ္ဌလိစ္ဆဝီသည် ပရိသတ်များနှင့်အတူ ရောက်ရှိလာပြီး အရှင်နာဂိတထေရ်ထံ ချဉ်းကပ်ကာ မြတ်စွာဘုရား အဘယ်မှာပါနည်းဟု မေးမြန်းလျှောက်ထားပုံ၊ ထိုအချိန်၌ သီဟသာမဏေရောက်ရှိလာပြီး ကောသလတိုင်း၊ မဂဓတိုင်းတို့မှ ပုဏ္ဏားတမန်များလည်း ရောက်နေကြောင်း ပြောကြားကာ ဘုရားရှင်ထံ အကျိုးအကြောင်းလျှောက်ထားကြပုံ၊ ဩဒ္ဓဋ္ဌလိစ္ဆဝီက သုနက္ခတ္တရဟန်း၏ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတအဘိညာဉ်နှင့် ပတ်သက်၍ မေးမြန်းလျှောက်ထားသဖြင့် ဘုရားရှင်က ရှင်းလင်းဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၁၊၁၄၄) (ဒီ၊ဋ္ဌ၊၁၊၂၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကကဏ္ဋဇာတက

ဤဇာတ်တော်သည် မဟာဥမင်္ဂဇာတ်၌ ပါပြီးဖြစ်သည်။ (ဇာ၊ဋ္ဌ၊၂၊၅၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကကုသန္ဓဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ ကကုသန္ဓမြတ်စွာဘုရားသည် ခေမာနေပြည်တော်၌ ခမည်းတော်အဂ္ဂိဒတ္တပုဏ္ဏားနှင့် မယ်တော်ဝိသာခါပုဏ္ဏေးမတို့မှ မွေးဖွားခဲ့ပုံ၊ ရောစိနီမည်သော ပုဏ္ဏားအမျိုးသမီးနှင့် လက်ထပ်ကာ ဥတ္တရမည်သော သားတော် မွေးဖွားပြီးနောက် အာဇာနည်မြင်းရထားဖြင့် တောထွက်တော်မူခဲ့ပုံ၊ ဗောဓိပင်မှာ ကုက္ကိုပင်၊ အဂ္ဂသာဝကနှစ်ပါးမှာ ဝိဇရမထေရ်နှင့် သဉ္ဇီဝမထေရ် အလုပ်အကျွေးမှာ ဗုဒ္ဓိဇမထေရ် ဖြစ်ခဲ့ပုံ၊ ထိုစဉ်က ဂေါတမဗုဒ္ဓလောင်းလျာသည် ခေမမည်သောမင်း ဖြစ်လျက် နိယတဗျာဒိတ် ခံယူတော်မူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၇၀) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကက္ကဋကရသဒါယကဝတ္ထု

ဤဝတ္ထု၌ တရားအားထုတ်နေသော ရဟန်းတော်တစ်ပါးသည် နားရောဂါရသဖြင့် တရားအားမထုတ်နိုင်ဘဲ ဖြစ်နေစဉ် ဘုရားရှင်အား လျှောက်ထားရာ ပုဇွန်လုံးဖြင့် ချက်ပြုတ်ထားသော အစားအစာနှင့် သင့်လျော်သည်ကို မြင်တော်မူသဖြင့် မဂဓလယ်ကွင်းထဲသို့ ဆွမ်းခံ လွှတ်ပုံ၊ လယ်လုပ်သားတစ်ဦးက ပုဇွန်လုံးချက်ကို လှူသဖြင့် နားရောဂါပျောက်ကာ ရဟန္တာ ဖြစ်သွားခဲ့ပုံ၊ လယ်လုပ်သားသည် ထိုကုသိုလ်ကြောင့် နတ်ပြည်၌ နတ်သား ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကက္ကာရုဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် တာဝတိံသာနတ်ပြည်၌ နတ်သားတစ်ယောက် ဖြစ်စဉ် အခြားနတ်သားသုံးယောက်တို့နှင့် အတူ ကက္ကာရုမည်သောနတ်ပန်းကို (နတ်ပြည်၌ဖြစ်သော ကျောက်ဖရုံပန်းကို) ပန်ဆင်၍ ဗာရာဏသီပြည်၌ ကျင်းပသည့် ကြီးကျယ်သော ပွဲလမ်းသဘင်ကို လာရောက်ကြည့်ရှုကြပုံ၊ ကျောက်ဖရုံပန်းနံ့သည် ဗာရာဏသီ တစ်မြို့လုံး မွှေးကြိုင်နေသဖြင့် လူအများက ရှာဖွေကြပုံ၊ နတ်သားလေးယောက်တို့က ကိုယ်ထင်ပြ၍ မိမိတို့ ပန်ဆင်ထားသော ကျောက်ဖရုံပန်းများ၏ အနံ့ဖြစ်ကြောင်း ပြောကြားကြပုံ၊ လူအများက ထိုပန်းကို တောင်းကြသည့်အခါ နတ်သားများက ‘‘ဤပန်းများသည် မလိမ်ညာတတ်သူ, သမ္မာအာဇီဝဖြင့် အသက်မွေးသူ, ပေးကမ်းလှူဒါန်းလေ့ရှိသူ, ပညာရှိသူတော်ကောင်းတို့အား မဆဲရေးတတ်သူတို့နှင့်သာ ထိုက်တန်ကြောင်း’’ ပြောကြားကြပုံ၊ ထိုအခါ ကောက်ကျစ်သော ပုရောဟိတ်ပုဏ္ဏားက လူအများအထင်ကြီးစေရန် ‘‘မိမိသည် အဆိုပါ အင်္ဂါရပ်များနှင့် ညီညွတ်သူ ဖြစ်ကြောင်း’’ ပရိသတ်အလယ်၌ လိမ်ညာပြောဆို၍ တောင်းခဲ့ပုံ၊ နတ်သားလေးယောက်တို့က ထိုပန်းလေးပွင့်တို့ကို ပန်ဆင်ပေးပြီး နတ်ပြည်ပြန်သွားသောအခါ ပုရောဟိတ်ပုဏ္ဏားအား ခေါင်းကိုက်ဝေဒနာ သေလုမျောပါး ခံစားခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကက္ကာရုပုပ္ဖပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်း နတ်သားသည် နတ်ပြည်မှ ကက္ကာရုပန်းကို ယူဆောင်ခဲ့၍ သိခီဘုရားရှင်အား လှူဒါန်းပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်သို့ လားရောက်ခြင်း မရှိခဲ့ဘဲ ကိုးကမ္ဘာအထက်၌ သတ္တုတ္တမ စကြဝတေးမင်း ဖြစ်၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၆) (အပ၊ဋ္ဌ၊၂၊၁၆၄) (အပ၊၁၊၃၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကင်္ခါရေဝတတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကင်္ခါရေဝတမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်် အခါက ဈာနလာဘီ ဧတဒဂ်ရသော (ဈာန်ရ ရဟန်းတို့တွင် အမြတ်ဆုံးဖြစ်သော) ရဟန်းတစ်ပါးကို အားကျကာ ခုနစ်ရက်ပတ်လုံး ကောင်းမှုပြု၍ ဈာနလာဘီဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ဤဂေါတမဘုရားရှင်လက်ထက် ရောက်သောအခါ ကင်္ခါရေဝတထေရ်ဖြစ်၍ ဈာနလာဘီ ဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၁၄၅) (အံ၊ဋ္ဌ၊၁၊၁၈၀) (ထေရ၊ဋ္ဌ၊၁၊၃၉) (အပ၊ဋ္ဌ၊၂၊၂၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကင်္ခါရေဝတတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်ကင်္ခါရေဝတသည် ခရီးသွားစဉ် ထန်းလျက်လုပ်ရာ၌ ဖွဲမုန့်ညက်ရော၍ လုပ်သည်ကို တွေ့ရသဖြင့် မအပ်ဟု သံသယရှိရာ ဘုရားရှင်က မာစေရန်သာ သုံးခြင်းဖြစ်၍ ထန်းလျက်ဟုပင် ခေါ်ဆိုရသောကြောင့် ခွင့်ပြုတော်မူကြောင်း မိန့်တော်မူပုံ၊ မစင်ထဲတွင် ကုလားပဲပင် ပေါက်သည်ကို တွေ့ရသဖြင့် မအပ်ဟု သံသယဖြစ်ရာ ဘုရားရှင်က အလိုရှိသလို သုံးဆောင်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကင်္ခါဝတ္ထု

ဤဝတ္ထု၌ စူဠမာတာ၏ သားငယ်ကို ရှေးဦးစွာ ဦးခေါင်းတုံးထားပြီး မဟာမာတာ၏ သားကို ဦးခေါင်းမတုံးဘဲ ထားပုံ၊ တစ်နေ့သောအခါ အမျိုးတို့၏ ထုံးစံဓမ္မတာအရ မဟာမာတာ၏သား အိပ်ပျော်နေစဉ် ဦးခေါင်းတုံးထားပုံ၊ မဟာမာတာ၏သား အိပ်ရာမှ နိုးလာသောအခါ မိမိသည် စူဠမာတာ၏သား ဖြစ်လေသလောဟု ယုံမှားသံသယဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၇၂) (မ၊ဋီ၊၁၊၁၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကင်္ခါဝတ္ထု

ဤဝတ္ထု၌ တံငါသည်တစ်ယောက်သည် ရေထဲ၌ ကြာမြင့်စွာ ရပ်နေလျက် ငါးဖမ်းစဉ် အလွန်အေးပြီး ထုံကျင်လာသောအခါ မိမိ၏ပေါင်ကို ငါးဟု မှတ်ထင်ပြီး ပုတ်ခတ်ပုံ၊ အခြားသော ယောကျ်ားတစ်ယောက်သည်လည်း သုသာန်နံဘေး၌ ရှိသော မိမိ၏ လယ်ကို စောင့်နေစဉ် ကြောက်ကြောက်လန့်လန့်ဖြင့် ဒူးနှစ်ဖက်ကွေးလျက် အိပ်ပျော်သွားပုံ၊ ထိုယောကျ်ား အိပ်ရာမှ နိုးလာသောအခါ ဒူးနှစ်ဖက်ကို ဘီလူးဟု မှတ်ထင်ပြီး ပုတ်ခတ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကစ္စာနိဇာတက

ဤဇာတ်တော်၌ အမျိုးသားတစ်ဦးသည် ဖခင်ကွယ်လွန်သော် မိခင်ကို နတ်ကဲ့သို့ ရိုသေစွာ ပြုစုလုပ်ကျွေးပုံ၊ အိမ်ထောင်ကျသောအခါ သားတစ်ယောက်ရလျှင် ထိုသူ၏ မယားသည် မိခင်အိုကြီးကို အိမ်မှ နှင်ထုတ်စေရန် အမျိုးမျိုးကြိုးစားသဖြင့် အိမ်မှ နှင်ထုတ်ခဲ့ပုံ၊ မိခင်အိုကြီးသည် ဆင်းရဲငြိုငြင်စွာ တောင်းရမ်းစားသောက်ရပြီး သုသာန်၌ နေခဲ့ရပုံ၊ သိကြားမင်းက ထိုအကြောင်းကို သိပြီး မိခင်အိုကြီး၏ ဂုဏ်ကို ပြောပြသဖြင့် သားနှင့် ချွေးမတို့က မိခင်အိုကြီးကို တစ်ဖန်ပြုစုလုပ်ကျွေးကြပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကစ္ဆပဇာတက

ဤဇာတ်တော်၌ အလွန် စကားများသော ဗြဟ္မဒတ်မင်းကြီးအား နှုတ်ကို မစောင့်ထိန်းသဖြင့် ကောင်းကင်မှ ပြုတ်ကျကာ သေဆုံးသော လိပ်ကို ဘုရားလောင်းအမတ်သည် ညွှန်ပြလျက် ဆုံးမဩဝါဒပေးပုံ၊ ဗြဟ္မဒတ်မင်းကြီး အသိတရားရကာ လိုက်နာကျင့်ကြံပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကစ္ဆပဇာတက

ဤဇာတ်တော်၌ ရှေးအခါက ဘုရားအလောင်း ဈာန်ရရသေ့သည် ဟိမဝန္တာအရပ် ဂင်္ဂါမြစ်ကမ်းရှိ သင်္ခမ်းကျောင်း၌ နေစဉ် လျှပ်ပေါ်သော မျောက်တစ်ကောင်သည် ထိုရသေ့ကို ကိုယ်အမူအရာဖြင့် စော်ကားပုံ၊ တစ်နေ့တွင် ထိုမျောက်သည် မြစ်ကမ်းနား၌ ခံတွင်းဖွင့်၍ အိပ်နေသော လိပ်၏ခံ တွင်းသို့ မိမိ၏ အင်္ဂါဇာတ်ကို သွင်းသဖြင့် လိပ်ကိုက်ခံရပုံ၊ ဘုရားလောင်းရသေ့က ကူညီသဖြင့် မျောက်မှာ ချမ်းသာရာရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကစ္ဆပဇာတက

ဤဇာတ်တော်၌ ရှေးအခါက ဘုရားအလောင်းသည် အိုးထိန်းသည်မျိုး၌ ဖြစ်စဉ် အိုင်ကြီး တစ်အိုင်၌ နေသော ငါးတို့သည် မိုးရေ နည်းလာသဖြင့် မြစ်တွင်းသို့ ပြောင်းရွှေ့ခဲ့ကြပုံ၊ လိပ်တစ်ကောင်မှာမူ မိမိမွေးရာဇာတိမြေဖြစ်သော အိုင်ကြီးကို တွယ်တာနေသောကြောင့် အသက်ဆုံးရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဉ္စနက္ခန္ဓဇာတက

ဤဇာတ်တော်၌ သဒ္ဓါတရားဖြင့် သာသနာ့ဘောင် ဝင်ရောက်လာသော ရဟန်းသစ်ကလေးသည် ဘုရားရှင်ပညတ်တော်မူသော သိက္ခာပုဒ်များ အလွန်များသဖြင့် ငြီးငွေ့ကာ လူထွက်ရန် ကြံစည်ခဲ့ပုံ၊ ဘုရားရှင်ထံ ရောက်ရှိသောအခါ ဘုရားရှင်က သိက္ခာပုဒ်အားလုံးကို ထိန်းသိမ်းရန် မလိုဘဲ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးကိုသာ လုံခြုံအောင် စောင့်ထိန်းရန် မိန့်တော်မူပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဉ္ဇိကဒါယိကာဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် အန္ဓကဝိန္ဒတော၌ နေစဉ် လေနာရောဂါဖြစ်သဖြင့် အရှင်အာနန္ဒာသည် ဆေးအတွက် ပအုံးရည်အလှူခံထွက်ပုံ၊ သမားတော်ကြီးတစ်ဦး၏ နေအိမ်၌ ရပ်လျှင် သမားတော်ကြီး၏ ဇနီးသည် ဇီးဖျော်ရည်၊ ယာဂုကို အခြားသော သုံးဆောင်ဖွယ်ဘောဇဉ်တို့နှင့်အတူ စီစဉ်၍ လှူလိုက်ရာ သုံးဆောင်တော်မူသဖြင့် ဘုရားရှင် လေနာရောဂါ ပျောက်တော်မူပုံ၊ ထိုကုသိုလ်ကံကြောင့် သမားတော်ကြီး၏ ဇနီးသည် ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဋစ္ဆုဘိက္ခာ ဒါယိကာထေရီဝတ္ထု

ဤဝတ္ထုသည် အဘယမာတုထေရီဝတ္ထုနှင့် တူသည်။ (အပ၊၂၊၁၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဋာဟကဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ဗာရာဏသီပြည်၌ စည်းစိမ်ဥစ္စာ လွန်စွာ ချမ်းသာကြွယ်ဝသော သူဌေးကြီးတစ်ဦး ဖြစ်စဉ် သူဌေးကြီး၏ မယားသည် သားယောကျ်ားလေး မွေးဖွားလာသောအခါ သူဌေးကြီး၏ ကျွန်မသည်လည်း ထိုနေ့၌ပင် သားယောကျ်ားလေးတစ်ယောက် မွေးဖွားခဲ့ပုံ၊ သူဌေးကြီး၏သားနှင့် ကျွန်မ၏သားတို့သည် အတူတကွ အတတ်ပညာသင်ယူကာ ကြီးပြင်းလာခဲ့ကြပုံ၊ ကျွန်မ၏သားကို ကဋာဟကဟု အမည်ပေးထားပုံ၊ ကဋာဟကသည် သူဌေးကြီးအိမ်၌ ဘဏ္ဍာစိုးရာထူး ရသော်လည်း မကျေနပ်သေးဘဲ သူဌေးသား ဟန်ဆောင်ကာ ဗာရာဏသီပြည် အစွန်အဖျားအရပ်ရှိ သူဌေးကြီး၏ သူငယ်ချင်းထံ သွားပြီး လိမ်ညာလှည့်ပတ်၍ သမီးကို ရယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဋ္ဌဝါဟနဇာတက

ဤဇာတ်တော်၌ ဗာရာဏသီမင်းသည် ထင်းခွေသူနှင့် ပျော်ပါးပြီး သားတော်တစ်ပါး ရရှိခဲ့ပုံ၊ မိမိ၏ သားကို ပရိသတ်အလယ်၌ သားအဖြစ် အသိအမှတ် မပြုခဲ့ပုံ၊ မိခင်ဖြစ်သူ ထင်းခွေသူမက သစ္စာဓိဋ္ဌာန်ပြုပြီး သားငယ်ကို ကောင်းကင်သို့ ပစ်တင်ခဲ့ပုံ စသော အကြောင်း အရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဋ္ဌဝါဟနရာဇဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီပြည်မှ လက်သမားဆရာကြီးတစ်ယောက်သည် တပည့်ကြီးတစ်ဆယ့်ခြောက်ယောက်၊ အခြံအရံတပည့်တို့နှင့်အတူ မင်းနှင့် ပြည်သူတို့အတွက် ပြာသာဒ်မျိုးစုံတို့ကို ဆောက်လုပ်၍ အသက်မွေးခဲ့ကြပုံ၊ သူတို့သည် တစ်နေ့သ၌ သစ်သားငှက်ရုပ်ကြီး၏ အတွင်း၌ စက်ယန္တရားတပ်ဆင်ကာ ကောင်းကင်ပျံခဲ့ကြပုံ၊ သူတို့သည် ငှက်ရုပ်အတွင်း သားသမီးမယားစသည်တို့နှင့် အတူ ဝင်ရောက်ကြ၍ ဟိမဝန္တာတောသို့ သွားပြီး မြို့သစ်တစ်ခုကို တည်ထောင်ကာ လက်သမားဆရာကြီးကို မင်းမြှောက်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋီ၊၁၊၁၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဏဝေရဇာတက

ဤဇာတ်တော်၌ ဗာရာဏသီ သူဋ္ဌေးသားတစ်ယောက်သည် သာမာပြည့်တန်ဆာမထံ ပျော်ပါးရန် သွားပုံ၊ သာမာသည် သူသတ်ကုန်းမှ ဘုရားလောင်းခိုးသူကြီးကို စွဲလမ်းနေသဖြင့် မိမိလင်ဖြစ်စေရန် မြို့ဝန်နှင့် ညှိနှိုင်းနေပုံ၊ ကာမဂုဏ်နှင့် ပတ်သက်လာလျှင် မိန်းမများသည် စဉ်းစားအဆင်အခြင်ဉာဏ် ကင်းမဲ့ပုံ၊ သူဋ္ဌေးသားကို မြို့ဝန်ထံ လွှတ်၍ လူစားထိုးသဖြင့် သူဋ္ဌေးသား အသတ်ခံရပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဏဝေရပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်း အဘိသမ္မတမည်သော နန်းတော်စောင့်သည် ရဟန်းသံဃာ တပည့်အပေါင်း ခြံရံလျက် ဆွမ်းခံကြွလာသော သိဒ္ဓတ္ထဘုရားရှင်အား ကုလားဇလပ်ပန်းတို့ဖြင့် ကြဲဖြန့်ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်မလားခဲ့ရတော့ဘဲ ရှစ်ဆယ့်ခုနစ်ကမ္ဘာအထက်၌ စကြဝတေးမင်း လေးကြိမ်တိုင်တိုင် ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၁) (အပ၊ဋ္ဌ၊၂၊၁၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဏိကာရဆတ္တိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝေဿဘူ ဘုရားရှင်သည် နေ့သန့်စင်ခြင်းငှာ မဟာဝုန်တောသို့ ဝင်တော်မူသော် မထေရ်အလောင်းသည် မဟာလှေကားပန်းကို ဆွတ်ခူး၍ ထီးပြုလျက် ဆောင်းမိုးပူဇော်ခဲ့သော ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်မလားခဲ့ရတော့ဘဲ ကမ္ဘာနှစ်ဆယ်အထက်၌ သောဏ္ဏာဘစကြဝတေးမင်း ရှစ်ကြိမ် ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၃) (အပ၊ဋ္ဌ၊၂၊၁၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဏိကာရပဓာနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပဓာနိယမထေရ်သည် အရိယဝံသတရားဒေသနာတော်ကို နာယူနေစဉ် အဆိပ်ပြင်းသည့် မြွေတစ်ကောင် အကိုက်ခံရပုံ၊ တရားတော်ကို ကြည်ညိုစိတ်ရှိသဖြင့် ဆက်လက်၍ နာကြားနေပုံ၊ မြွေဆိပ်ပြင်းထန်စွာ တက်သောအခါ မိမိ၏ သီလစင်ကြယ်မှုကို ဆင်ခြင်ပြီး နှစ်သက်ဝမ်းမြောက်မှုပီတိ ဖြစ်သည်နှင့် တစ်ပြိုင်နက် မြွေဆိပ်များ ခန္ဓာကိုယ်မှ လျှောကျသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋီ၊၃၊၁၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဏိကာရပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တိဿဘုရားရှင်အား မဟာလှေကားပန်းတို့ကို လှူဒါန်းပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်သို့ မလားခဲ့ရဘဲ သုံးဆယ့်ငါးကမ္ဘာအထက်၌ အရုဏပါဏိစကြဝတေးမင်း ဖြစ်ခဲ့ရကာ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၇) (အပ၊ဋ္ဌ၊၂၊၁၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဏ္ဋကဝတ္ထု

ဤဝတ္ထု၌ သာကီဝင်မင်းသား အရှင်ဥပနန္ဒ၏ တပည့်သာမဏေများဖြစ်ကြသော ကဏ္ဋကနှင့် မဟကတို့သည် အချင်းချင်း ဖောက်ပြန်လွန်ကျူးကြသဖြင့် ရဟန်းတော်တို့က ကဲ့ရဲ့ရှုတ်ချကြပုံ၊ ထို့ကြောင့် ဘုရားရှင်က ‘‘ရဟန်းတစ်ပါးတည်းက အလုပ်အကျွေးသာမဏေ နှစ်ပါး မထားရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဏ္ဋကသာမဏေရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်က အန္တရာယ်ရှိသည်ဟု ဟောသော တရားတို့ကို အန္တရာယ်ကင်းအောင် သုံးစွဲနည်းကို ငါသိပြီဟု ကဏ္ဋကသာမဏေအား မှားသောအယူဝါဒဖြစ်ပေါ်နေပုံ၊ ရဟန်းတို့က ဘုရားရှင်ကို မစွပ်စွဲပါနှင့်၊ ဘုရားရှင်ဟောသည့်အတိုင်း အမှန်ပင် အန္တရာယ်ရှိပါသည်ဟု ပြောဆိုကြသော်လည်း မနာယူပုံ၊ ဘုရားရှင်က ကဏ္ဍကသာမဏေကို ဖျက်ဆီးပြီး အပေါင်းအသင်းမလုပ်ရန် မိန့်တော်မူပုံ၊ ဆဗ္ဗဂ္ဂီရဟန်းတို့က ကဏ္ဋကသာမဏေကို ဆက်ဆံပေါင်းသင်း အတူအိပ် အတူစား ပြုနေသဖြင့် ‘‘ထိုသာမဏေမျိုးနှင့် ဆက်ဆံသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ကဏ္ဋက သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဏ္ဋကသာမဏေရဝတ္ထု

ဤဝတ္ထု၌ အရှင်ဥပနန္ဒ၏ တပည့်ဖြစ်သော ကဏ္ဋကသာမဏေသည် ကဏ္ဋကီမည်သော ဘိက္ခုနီနှင့် ဖောက်ပြားကျူးလွန်မှု ပြုလုပ်ခဲ့သဖြင့် ရဟန်းတို့က ကဲ့ရဲ့ရှုတ်ချကြပုံ၊ ထို့ကြောင့် ဘုရားရှင်က ပြစ်မှုဆယ်မျိုး ကျူးလွန်သူ သာမဏေများအား လူထွက်ခိုင်းရန် မိန့်ကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဏ္ဍကဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ ကဏ္ဍကနတ်သားသည် ရှေးဘဝက ကပိလဝတ်ပြည် သုဒ္ဓေါဒနမင်းကြီး၏ သားဖြစ်သော ဘုရားအလောင်း၏ စီးတော်မြင်း ဖြစ်၍ သန်းခေါင်ယံအခါဝယ် တောထွက်တော်မူချိန်၌ ဘုရားအလောင်းကို တင်ဆောင်ပြီး ဝမ်းမြောက်ဝမ်းသာ ပို့ဆောင်ခဲ့ပုံ၊ အနော်မာသောင်ကမ်းဝယ် ဘုရားလောင်းနှင့် ခွဲခွါရသဖြင့် ဝမ်းနည်းကြေကွဲ သေဆုံးခဲ့ပြီးနောက် တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်ခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၁၀၉) (ဝိမာန၊ဋ္ဌ၊၂၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဏ္ဍရီဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်ဝယ် ကဏ္ဍရီမင်းသည် အလွန်ချောမောသူ ဖြစ်၍ အလွန်ချောမောလှပသော ကိန္နရာမည်သော မိဖုရားကြီးနှင့် နန်းစံနေခဲ့ပုံ၊ နန်းတော်ပြင်ပတွင် ရုပ်ရည်သဏ္ဌာန် ဆိုးဝါးပြီး ဆွံ့အသူတစ်ဦး နေထိုင်ခဲ့ပုံ၊ တစ်နေ့တွင် ကိန္နရာဒေဝီသည် သူဆွံ့ကြီးကို မြင်တွေ့ချစ်ကြိုက်ကာ ညအခါ တံတိုင်းကို ကျော်တက်ပြီး ထိုသူနှင့် ပျော်မြူးခဲ့ပုံ၊ တစ်နေ့တွင် မင်းကြီးသည် ထိုသူဆွံ့ကို တွေ့ပြီး ‘‘ဤကဲ့သို့သော လူကို ဘယ်မိန်းမက နှစ်သက်ပါ့မလဲ’’ဟု ဆိုရာ သူဆွံ့ကပြက်ရယ်ပြုသဖြင့် စူးစမ်းရာမှ မိဖုရားကြီး၏ ဖောက်ပြားမှုကို တွေ့ခဲ့ရပုံ၊ မိန်းမတို့သည် ဤမျှပြည့်စုံပါသော်လည်း ယုတ်ညံ့သော စိတ်ထားဖြင့် ဖောက်ပြန်တတ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၂၁) (ဇာ၊ဋ္ဌ၊၅၊၄၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဏ္ဍိဇာတက

ဤဇာတ်တော်၌ တောနေသမင်ဖိုသည် ရွာအနီးတွင် ကျက်စားလေ့ရှိသော သမင်မငယ်အပေါ်၌ စွဲလမ်းတပ်မက်၍ မုဆိုး၏လက်ချက်ဖြင့် အသက်ဆုံးခဲ့ရပုံ၊ဝတ္ထုအာရုံ ကာမဂုဏ်နောက်သို့ တစ်ကောက်ကောက် မလိုက်ပါသင့်ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဏ္ဏမုဏ္ဍပေတိဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင် လက်ထက်တွင် သောတာပန် ဥပါသကာတစ်ဦးသည် ငါးရာသော ဥပါသကာတို့နှင့် ကောင်းမှုပြုကြပုံ၊ ဇနီးမယားတို့သည် လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် နေ့စဉ်နေ့တိုင်း ကျောင်းတိုက်သို့ သွားလေ့ရှိပုံ၊ အရက်သမားများသည် ဥပါသိကာမ၏ အကျင့်သီလကို ဖျက်ဆီးခဲ့ပုံ၊ သောတာပန် ဥပါသကာက ‘‘သင်တို့ အကျင့်သီလ ပျက်စီးကြသလော’’ ဟု ငါးရာသော မိန်းမတို့ကို မေးသည့်အခါ ထိုဇနီးသည်က ‘‘ကိုယ်ကျင့်သီလ မပျက်ကြောင်း အကယ်၍ ကိုယ်ကျင့်သီလ ဖောက်ပြန်ပျက်စီးခဲ့လျှင် နားရွက်ပြတ်သော ခွေးနက်ကြီးသည် ဖြစ်လေရာဘဝတိုင်း ကိုက်ပါစေသား’’ ဟု ကျိန်ဆိုခဲ့ပုံ၊ သေသည့်အခါ ပြိတ္တာဘဝ ရောက်ရှိ၍ ဟိမဝန္တာတောင်ရှိ ကဏ္ဏမုဏ္ဍအိုင်၌ ခွေးစားခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၆၃) (ပေတ၊ဋ္ဌ၊၁၄၀) (အံ၊ဋီ၊၃၊၁၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဏှဇာတက

ဤဝတ္ထု၌ အဖွားအိုတစ်ဦး၏ အိမ်၌ တည်းခိုနေထိုင်သော လှည်းကုန်သည်မှူး၏ နွားမတစ်ကောင်မှ နွားကလေးတစ်ကောင်ကို မွေးဖွားရာ ကာဠကဟု အမည်မှည့်ခဲ့ပုံ၊ ထိုနွားကလေးကို အဖွားအိုက သားကဲ့သို့ ချစ်ခင်သဖြင့် ကောင်းစွာ ကျွေးမွေး၍ ကြီးပြင်းလာခဲ့ပုံ၊ လှည်းကုန်သည်မှူး၏ လှည်းငါးရာတို့ ရွှံ့ဗွက်ထဲ၌ နစ်မြုပ်နေသည်ကို ကာဠကနွားတစ်ကောင်တည်းကပင် ကြိုးဖြင့် ရုန်းကန် ဆွဲယူပေးခဲ့ပုံ၊ ထို့ကြောင့် လှည်းကုန်သည်တို့က လှည်းတစ်စီးလျှင် အသပြာတစ်ကျပ်နှုန်းဖြင့် အသပြာငွေငါးရာကို အထုပ်ပြု၍ နွားလား၏ လည်ပင်း၌ ဆွဲပေးရာ ထိုနွားလားသည် မွေးစားမိခင် အဖွားအိုထံသို့ ယူဆောင်ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၂၊၁၇၇) (ဇာ၊ဋ္ဌ၊၁၊၂၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဏှဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း ကဏှရသေ့သည် ဣန္ဒဝါရုဏီ သစ်ပင်ကြီးအောက်၌သာ နေ၍ ထိုအပင်၏ အသီး၊ အပွင့်၊ အခေါက်တို့ကိုသာ စားပြီး ခြိုးခြံစွာ ကျင့်သောကြောင့် သိကြားမင်းကိုယ်တိုင် ဆုပေးခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဏှဒိန္နတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကဏှဒိန္နမထေရ်လောင်းလျာသည် အတိတ်ဘဝတစ်ခုတွင် သောဘိတပစ္စေက ဗုဒ္ဓါအား ပုန်းညက်ပန်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ဘဝနတ်ဘဝတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဂေါတမဘုရားရှင် လက်ထက်တော်၌ အရှင်သာရိပုတ္တရာထံ ချဉ်းကပ်ကာ ရဟန်းပြုခဲ့ရပုံ၊ သမ္ပတ္တိစက်လေးပါးတို့နှင့် ပြည့်စုံသဖြင့် ရဟန္တာဖြစ်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဏှဒီပါယနဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းသည် ကဏှဒီပါယနရသေ့ ဖြစ်၍ သူ၏ သူငယ်ချင်း မဏ္ဍဗျသည် သားငယ်ယညဒတ္တကို ခေါ်၍ မယားနှင့်အတူ ရသေ့ထံ လာစဉ် မြွေကိုက်ခံရသောကြောင့် သစ္စာဆိုကြရာ ရသေ့ကြီးက ရသေ့ဘဝနှင့် မပျော်ဘဲ နေခဲ့ရပုံ၊ ဖခင်က စေတနာ မပါဘဲ ရသေ့အား လှူခဲ့ရပုံ၊ မိခင်က မချစ်ဘဲ မဏ္ဍဗျနှင့် ပေါင်းသင်းနေရပုံတို့ကို ရင်ထဲရှိသမျှ အမှန်အတိုင်း သစ္စာဆိုသဖြင့် မြွေဆိပ်လျှောကျပုံ၊ ထိုအချိန်မှစ၍ မိမိတို့၏ချွတ်ယွင်းချက်များကို ပြုပြင်ကြပြီး ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ခဲ့ကြပုံစသော အကြောင်းအရာများပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၂၃၃) (ဇာ၊ဋ္ဌ၊၄၊၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဏှပေတဝတ္ထု

ဤဝတ္ထု၌ ဝါသုဒေဝသည် သူ၏ သားတော်လေး သေဆုံးသဖြင့် လေးလတိုင်တိုင် ပူဆွေးသောက ရောက်နေပုံ၊ သူ၏ ညီငယ်ဃဋပဏ္ဍိတက လဗိမာန်ရှိ ယုန်ကို တောင့်တလျက် ရူးသွပ်ဟန် ဆောင်ကာ အစ်ကိုကြီးအား တရားဟောပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၄၉) (ပေတ၊ဋ္ဌ၊၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဒမ္ဗပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဟိမဝန္တာတောင်အနီး ကုက္ကုဋတောင်ခြေရင်း၌ နေတော်မူကြကုန်သော ပစ္စေကဗုဒ္ဓါခုနစ်ပါးတို့အား ထိန်ပန်းလှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ မလားခဲ့ရတော့ဘဲ ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ပုပ္ဖအမည်ရှိ စကြဝတေးမင်း ခုနစ်ကြိမ် ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၇) (အပ၊ဋ္ဌ၊၂၊၁၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဒလိဖလဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုံးဆယ့်တစ်ကမ္ဘာအထက်က ဘုရားရှင်အား ငှက်ပျောသီးလှူဒါန်းခဲ့သော ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်မလားခဲ့ရတော့ဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကန္ဒဂလကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဟိမဝန္တာတောဝယ် ရှားတော၌ သစ်တောက်ငှက် ဖြစ်ခဲ့ရပုံ၊ လက်ပံတောငှက်နှင့် မိတ်ဆွေဖြစ်၍ လက်ပံတောငှက် လာရောက် လည်ပတ်သည့်အခါ ရှားပိုးများကို နှုတ်သီးဖြင့် ပေါက်လျက် ထုတ်ယူ ကျွေးမွေးခဲ့ပုံ၊ လက်ပံတောငှက်က အတုလိုက်၍ ရှားပင်ကို နှုတ်သီးဖြင့် ပေါက်သောအခါ သေပွဲဝင်ခဲ့ရပုံ စသော အကြောင်းအရာ များပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကန္ဒလိပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ သိန္ဓုမြစ်ကမ်း၌ နေသော မထေရ်လောင်း လယ်သမားသည် သိဒ္ဓတ္ထဘုရားရှင်အား ကန္ဒလိပန်း (သစ္စာပန်း) ခုနစ်ပွင့်တို့ကို လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်မလားရတော့ဘဲ ဤဘုရားရှင်၏ သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကပိဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းရသေ့သည် သားငယ်ရသေ့လေးနှင့်အတူ တော၌ နေစဉ် အဆက်မပြတ် မိုးကြီးရွာ၍ မျောက်တစ်ကောင်သည် မီးလှုံရန် ရောက်လာပုံ၊ ထိုမျောက်သည် ရသေ့အဝတ်များကို ဝတ်ဆင်ကာ ရသေ့ဟန်ဆောင်လာသဖြင့် ဟန်ဆောင်ဝါကြွားမှုကို မလိုလားသော ရသေ့ကြီးက မောင်းထုတ်လိုက်ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကပိဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းမျောက်မင်းနှင့် ဒေဝဒတ်လောင်းမျောက်တို့သည် အခြွေအရံ မျောက်ပရိသတ်ငါးရာစီဖြင့် ဗာရာဏသီမင်းဥယျာဉ်တွင်း၌ နေထိုင်ခဲ့ကြပုံ၊ တစ်နေ့သောအခါ ပုရောဟိတ်ပုဏ္ဏားတစ်ယောက်သည် ဥယျာဉ်သို့ သွားကာ ရေချိုး၊ အဝတ်စားလဲပြီး ပြန်လာစဉ် လျှပ်ပေါ်လော်လည်သော မျောက်တစ်ကောင်က ပုရောဟိတ်ခေါင်းပေါ်သို့ မစင်စွန့်ချခဲ့ပုံ၊ ပုရောဟိတ်က မော့ကြည့်သောအခါ မျက်နှာပေါ်သို့ ထပ်မံ၍ စွန့်ချခဲ့ပုံ၊ ပုရောဟိတ်က မျောက်တွေကို ခြိမ်းခြောက်သွားကြောင်း ဘုရားလောင်းမျောက်မင်း အကြောင်းစုံ ကြားသိသောအခါ ဥယျာဉ်အတွင်းရှိ မျောက်တစ်ထောင်တို့အား အရပ်တစ်ပါးသို့ ပြောင်းရွှေ့စေပုံ၊ ဒေဝဒတ်လောင်းမျောက်နှင့် ၎င်း၏ ပရိသတ်ငါးရာတို့ မရွှေ့ပြောင်းသဖြင့် နောင်အခါ ပုရောဟိတ်၏ လက်ချက်ကြောင့် အသတ်ခံရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကပိတ္ထဖလဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်း အမျိုးကောင်းသားသည် ဝိပဿီမြတ်စွာဘုရားရှင်အား သီးသီး လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည် နတ်ပြည်တို့၌သာဖြစ်ခဲ့ရပြီး ဂေါတမဘုရားရှင်သာသနာဝယ် ရဟန္တာဖြစ်ခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကပိရာဇဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းသည် ခွန်အားကြီးသော မျောက်မင်း ဖြစ်၍ မြစ်၏တစ်ဖက်ကမ်းသို့ ကူးသောအခါ မြစ်လယ်ရှိ ကျွန်းတွင် တစ်ထောက်နားပြီးမှ ခုန်ကူးလေ့ရှိပုံ၊ တစ်နေ့တွင် ကျွန်းငယ်၌ မိမိကိုစားရန် စောင့်နေသော မိကျောင်းအား ပါးစပ်ဟခိုင်းပြီး ခုန်ပျံကျော်လွှားကာ တစ်ဖက်ကမ်းသို့ ကူးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၂၂၀) (ဇာ၊ဋ္ဌ၊၂၊၁၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကပိလဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ကပိလရဟန်းသည် ကဿပဘုရားရှင်၏ သာသနာတော်နောက်ပိုင်း၌ စာပေပရိယတ် တတ်ကျွမ်းသည့် ပိဋကတ်သုံးပုံဆောင် ရဟန်းတစ်ပါး ဖြစ်ခဲ့ပုံ၊ ပညာမာန်ယစ်ပြီး ‘‘အပ်သည်ကို မအပ်၊ မအပ်သည်ကို အပ်၊ အပြစ်ရှိသည်ကို မရှိ၊ မရှိသည်ကို အရှိ’’ ပြုလုပ်ပြောဆိုကာ သာသနာတော်ကို ဆုတ်ယုတ်ညှိုးနွမ်းစေခဲ့သဖြင့် ကွယ်လွန်သောအခါ အဝီစိငရဲ၌ ကျရောက်ခဲ့ပုံ၊ ငရဲမှ လွတ်လာပြီးနောက် ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ အစိရဝတီမြစ်အတွင်း၌ ပါးစပ်မှ အပုပ်နံ့ထွက်သည့် ရွှေငါးကြီးဘဝသို့ ရောက်ရှိခဲ့ပုံ၊ ငါးကြီးကို တံငါသည်များက ဖမ်းမိပြီး မင်းကြီးထံ ဆက်သသည့်အခါ မင်းကြီးက ရွှေငါးကြီး၏ ပါးစပ်မှ အပုပ်နံ့ထွက်ရခြင်းအကြောင်းကို ဘုရားရှင်ထံလျှောက်ထားပုံ၊ ဘုရားရှင်က ရွှေငါးကြီးဘဝသို့ ရောက်ရှိလာသော ကပိလရဟန်း၏ အကြောင်းစုံကို ဟောကြားသဖြင့် တံငါသည်ငါးရာတို့ သံဝေဂရပြီး ရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၂၇) (သုတ္တနိ၊ဋ္ဌ၊၂၊၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကပိလမစ္ဆဝတ္ထု

ဤဝတ္ထုသည် ကပိလဘိက္ခုဝတ္ထု၌ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကပိလဝတ္ထုနဂရဂမနဝတ္ထု

ဤဝတ္ထု၌ သုဒ္ဓေါဒနမင်းကြီးသည် ဘုရားအလောင်း တောထွက်သွားသည့်အချိန်မှ စ၍ မိမိ၏သားသည် ဘုရားဧကန်ဖြစ်မဖြစ် သတင်းစကားကို နားစွင့်နေပုံ၊ ဒုက္ကရစရိယာ ကျင့်နေကြောင်း၊ ဘုရားဖြစ်တော်မူကြောင်း၊ ဓမ္မစကြာတရား ဟောတော်မူကြောင်း စသည့် သတင်းကို ကြားသိရသည့်အခါ မင်းချင်းယောကျ်ားတစ်ထောင် ခြံရံလျက် အမတ်တစ်ဦးအား ဘုရားရှင်ကို ကပိလဝတ်နေပြည်တော်သို့ ကြွရန် အပင့်ခိုင်းပုံ၊ အမတ်နှင့်တကွသော မင်းချင်းယောကျ်ားတစ်ထောင်တို့ ဘုရားရှင့်ထံ ရောက်သည့်အခါ တရားတော်ကို နာကြားရပြီး ရဟန်းပြုကာ ရဟန္တာဖြစ်ကြပုံ၊ သုဒ္ဓေါဒနမင်းကြီးသည် ပထမအဖွဲ့ ပြန်မလာသဖြင့် တစ်ဖန် ဒုတိယအဖွဲ့ စသည်ကို စေလွှတ်သောအခါတို့၌လည်း ရှေ့နည်းအတူ ရဟန္တာဖြစ်သွားကြသဖြင့် ပြန်မလာကြပုံ၊ နောက်ဆုံး ကာဠုဒါယီအမတ်ကို လွှတ်သောအခါမှ ကပိလဝတ်နေပြည်တော်သို့ သံဃာနှစ်သောင်း ခြံရံလျက် ဘုရားရှင် ကြွတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၃၊၂၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကပိဝတ္ထု

ဤဝတ္ထု၌ ဘုရားလောင်းမျောက်မင်းသည် ဘီလူးသိမ်းပိုက်ထားသော ရေကန်အတွင်းမှ ရေကို ကျူရိုးဖြင့် စုပ်သောက်စေကာ မျောက်များကို အန္တရာယ်ကင်းအောင် ကာကွယ်ပေးခဲ့ပုံ၊ ကမ္ဘာဆုံးအောင် တည်နိုင်သော အရာလေးမျိုးတွင် ဤကျူရိုးသည်လည်း ပါဝင်ကြောင်း ပြဆိုထားပုံစသော အကြောင်း အရာများ ပါဝင်သည်။ (အံ၊ဋီ၊၃၊၃၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကပေါတဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ခိုမျိုး၌ ဖြစ်စဉ် ဗာရာဏသီသူဌေး၏ စားဖိုအိမ်၌ နေထိုင်ပုံ၊ ကျီးတစ်ကောင်သည် အမဲသား,ငါးတို့ကို စားလိုသဖြင့် ဘုရားအလောင်းခိုနှင့် မိတ်ဆွေဖွဲ့ပြီး စားဖိုအိမ်၌ အတူလာနေပုံ၊ တစ်နေ့သောအခါ ကျီးသည် စားဖိုအိမ်တွင်း၌ များစွာသော အမဲသား,ငါးတို့ကို တွေ့မြင်ရသဖြင့် ဘုရားအလောင်းခိုအား ‘‘မိမိသည် အစာမကြေ ရောဂါဖြစ်နေသည့်အတွက် အစာရှာမထွက်နိုင်ကြောင်း’’ လိမ်ညာပြောပြီး အသိုက်တောင်း၌ နေခဲ့ပုံ၊ စားဖိုမှူး အပြင်ထွက်သွားသောအခါ စားဖိုအိမ်အတွင်းသို့ ဝင်၍ ‘‘ကိရိ၊ ကိရိ’’ဟု အသံပြုပုံ၊ စားဖိုမှူးက ချက်ချင်း ပြန်ဝင်လာပြီး ကျီးကို ဖမ်းကာ အမွေးအတောင်များကို နုတ်လျက် ဆားနနွင်းစသည်တို့ဖြင့် လိမ်းကျံ၍ အသိုက်တောင်း၌ ပစ်ထည့်ထားပုံ၊ စည်းမစောင့်သော ကျီးမိုက်သည် ကြီးစွာသော ဆင်းရဲဒုက္ခကို ခံစားရပြီး သေဆုံးသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၅၉) (ဇာ၊ဋ္ဌ၊၃၊၂၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကပ္ပဋကုရတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကပ္ပဋကုရမထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ဆပ်သွားပန်းများကို သဒ္ဓါရွှင်လန်းစွာ လှူဒါန်းခဲ့ပုံ၊ ဤကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် လူ့ပြည် နတ်ပြည်တို့၌သာ ချမ်းသာစွာ ကျင်လည်ခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ပုဆိုးပိုင်းလေးတစ်ခုကို စွဲလမ်းပြီး ခုနစ်ကြိမ်တိုင်တိုင် ရဟန်းဝတ်လိုက်၊ လူထွက်လိုက်နှင့် သံယောဇဉ်အမျှင် မပြတ်ဘဲရှိနေခဲ့ပုံ၊ နောင်အခါ စွဲလမ်းမှုကို ဖြတ်တောက်နိုင်ခဲ့ပြီး ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကပ္ပတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်လက်ထက် ကုသိုလ်ပြုဆုတောင်းခဲ့သောကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်၌ နယ်စားမင်း ဖြစ်၍ ဘုရားရှင်ဟောကြားတော်မူသော အသုဘကမ္မဋ္ဌာန်းကို နာကြားရသဖြင့် ရဟန်းပြုပုံ၊ ခေါင်းတုံးရိတ်သည့်အဆုံး၌ပင် ရဟန္တာဖြစ်ခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကပ္ပရုက္ခိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်၏ စေတီပုထိုးရှေ့မှောက်၌ ဆန်းကြယ်သော ပုဆိုးတို့ကို ဆွဲချိတ်၍ ပဒေသာပင်ကို လှူဒါန်းခဲ့သော ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်သို့ မလားခဲ့ရဘဲ ဖြစ်တိုင်းသော ဘဝ၌ ပဒေသာပင်သည် အိမ်တံခါး၌ ပေါက်ခဲ့ပုံ၊ ခုနစ်ကမ္ဘာအထက်၌ သုစေဠ စကြဝတေးမင်း ရှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၀၀) (အပ၊ဋ္ဌ၊၂၊၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကမ္မသမယဝတ္ထု

ဤဝတ္ထု၌ ၁၅-ရက်တစ်ကြိမ်သာ ရေချိုးရန် သိက္ခာပုဒ်ပညတ်တော်မူပြီးသောအခါ ကျောင်းကိစ္စများကို ဆောင်ရွက်နေကြသော ရဟန်းတို့အတွက် ရေချိုးရန် လိုအပ်လာသဖြင့် ဘုရားရှင်က ထိုအခါမျိုး၌ ရေချိုးနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကမ္မာရပုတ္တစုန္ဒဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် မလ္လတိုင်း ပါဝါမြို့သို့ သံဃာတော်များစွာနှင့်အတူ ကြွရောက်တော်မူလာပြီး ရွှေပန်းထိမ်သည်သား စုန္ဒ၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူပုံ၊ ဘုရားရှင်နှင့် သံဃာတော်တို့အား စုန္ဒသည် အိမ်သို့ ပင့်ဖိတ်၍ ဆွမ်းကပ်ရာတွင် ဟင်းလျာများကို ရွှေခွက်များ၌ ထည့်၍ ရဟန်းတစ်ပါးသည် အသပြာတစ်ထောင်တန် ရွှေခွက်တစ်ခွက်ကို သပိတ်အိတ်ထဲသို့ ထည့်၍ ကပ်ပုံ၊ ခိုးယူသွားခဲ့ပုံ၊ စုန္ဒက မြင်တွေ့သော်လည်း ဘုရားရှင်အား လေးစားသောအားဖြင့် မမြင်တွေ့ဟန် ဆောင်ခဲ့ပုံ၊ ညချမ်းအခါ၌ ဘုရားရှင်သိစေရန် ရဟန်းအမျိုးအစား မည်မျှရှိပါသနည်းဟု မေးလျှောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကမ္မာရဘဏ္ဍုဝတ္ထု

ဤဝတ္ထု၌ ရွှေပန်းထိမ်သည်၏ သားငယ်လေးတစ်ယောက်သည် မိဘတို့နှင့် စိတ်ဆိုးကာ ရဟန်းဝတ်လာပုံ၊ မိဘတို့က ကျောင်းသို့ လာ၍ မေးသော် အမှန်တကယ်ပင် မသိကြ၍ ‘‘မရှိပါ၊ မသိပါ’’ဟု ရဟန်းတို့က ပြောဆိုကြပုံ၊ ရှာသောအခါ ကျောင်း၌ပင် တွေ့သဖြင့် မိဘတို့က ရဟန်းတို့ကို ရှုတ်ချကြပုံ၊ ဘုရားရှင် သိတော်မူ၍ ရဟန်းခံရန် ဆံချသောအခါ သံဃာတော်အား ပန်ကြားပြီးမှ ဆံချရဟန်းခံပေးရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကရဏီယဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သား ဥပါသကာတစ်ဦးသည် အစိရဝတီမြစ်၌ ရေချိုးပြီး ပြန်လာသောအခါ ဘုရားရှင်ကို ဖူးမြင်ရပုံ၊ ဘုရားရှင်ကို အိမ်သို့ ပင့်ဖိတ်၍ ဆွမ်းကပ်ပြီးတရားနာခဲ့သော ကုသိုလ်ကောင်းမှုကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကရဏီယဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သား ဥပါသကာတစ်ဦးသည် အစိရဝတီမြစ်၌ ရေချိုးပြီး၍ ပြန်တက် လာသောအခါ ဆွမ်းခံဝင်လာသော မထေရ်တစ်ပါးကို မြင်တွေ့ရသဖြင့် အိမ်သို့ ပင့်ဖိတ်၍ ဆွမ်းကပ်ပြီး တရားနာခဲ့သော ကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်ခဲ့ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကရဝိကတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝိနည်းဓိုရ်ပါမောက္ခဖြစ်သော ကရဝိကတိဿမထေရ်သည် မဟာသိဝမထေရ့်ထံ ကြွသွားစဉ် ဆီမီးရောင်ဖြင့် ထောပတ်အိုးကို တွေ့သဖြင့် မိမိနေထိုင်ရာ တစ်မိုးတစ်ရံအောက်၌ မထားသင့်ကြောင်း ပြောကြားပုံ၊ ထိုအခါ မဟာသိဝမထေရ်သည် ထောပတ်အိုးကို ကျောင်းအပြင်သို့ ထုတ်ထားရာ ခိုးသူများက ခိုးယူသွားပုံ၊ နောက်တစ်နေ့ မထေရ်နှစ်ပါး တွေ့ဆုံကြရာ မဟာသိဝမထေရ်က ထိုအကြောင်းကို လျှောက်ထားသဖြင့် ကရဝိကတိဿမထေရ်က လူသာမဏေများထံ အပ်နှံထား၍ အကပ်ခံပြီးမှ စားသင့်ကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၃၊၃၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကလဏ္ဍုကဇာတက

ဤဇာတ်တော်၌ ဗာရာဏသီသူဌေးကြီးအား ကလဏ္ဍုကမည်သော ကျွန်တစ်ယောက် ရှိပုံ၊ ကလဏ္ဍုကသည် သူဌေးသားဟန် ဆောင်လျက် ထွက်ပြေးကာ ဗာရာဏသီအစွန်အဖျားအရပ်ရှိ သူဌေးသမီးတစ်ယောက်ကို ယူခဲ့ပုံ၊ ဗာရာဏသီသူဌေးကြီးသည် သုကပေါတကအား ကလဏ္ဍုကကို အရှာခိုင်းခဲ့ပုံ၊ တစ်နေ့သောအခါ ကလဏ္ဍုကသည် သူဌေးသမီးနှင့် အတူ ရေကစားနေစဉ် သုကပေါတက-က တွေ့မြင်သွားပြီး ဗာရာဏသီသူဌေးကြီးအား အကျိုးအကြောင်း ပြန်ပြောပုံ၊ သူဌေးကြီးသည် ကလဏ္ဍုကကို ပြန်ခေါ်၍ ကျွန်နေရာ၌ပင် ပြန်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကလန္ဒကနိဝါပဝတ္ထု

ဤဝတ္ထု၌ ရှင်ဘုရင်တစ်ပါးသည် ဥယျာဉ်တော်သို့ သွားပြီး သေရည်အရက် သောက်စားမူးယစ်ကာ နေ့အခါ၌ပင် အိပ်ပျော်သွားခဲ့ပုံ၊ ကိုယ်ရံတော်များသည် မင်းကြီးအပါးမှ ဖဲခွါ၍ ဥယျာဉ်အတွင်း လှည့်လည်သွားလာနေကြစဉ် သေရည်အရက်အနံ့ကြောင့် မြွေဟောက်တစ်ကောင် သစ်ခေါင်းအတွင်းမှ ထွက်လာပုံ၊ ရုက္ခစိုးနတ်က ထိုမြွေဟောက်ကို တွေ့၍ ရှဉ့်နက်အသွင် ဖန်ဆင်းကာ မင်းကြီးနားရင်း၌ အော်သဖြင့် မင်းကြီး နိုးလာပုံ၊ မြွေဟောက်လည်း ပြန်ဆုတ်သွားပုံ၊ ထိုအချိန်မှစ၍ မိမိအသက်ကို ကယ်တင်ခဲ့သော ရှဉ့်နက်တို့အား အစာကျွေး၍ မွေးမြူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၂၊၁၆၁) (ဒီ၊ဋ္ဌ၊၃၊၁၂၄) (မ၊ဋ္ဌ၊၂၊၄၀) (ဥဒါန၊ဋ္ဌ၊၅၄) (သုတ္တနိ၊ဋ္ဌ၊၂၊၁၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကလန္ဒကဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းသည် ရှဉ့်မျိုး၌ ဖြစ်၍ မိုးသည်းထန်စွာ ရွာချသည်ရှိသော် ရှဉ့်သိုက်သည် ရေ၌ မျောပါသဖြင့် သားငယ်များ ပါသွားပုံ၊ ဘုရားအလောင်းသည် သမုဒ္ဒရာရေ ခန်းစေရန် အမြီးဖြင့် ဆွတ်၍ တစ်နေရာ၌ ခါချပုံ၊ သိကြားမင်း ဆင်းလာပြီး မည်သည့်အခါ ရေကုန်ပါမည်နည်းဟု မေးလေသော် ဘုရားလောင်းရှဉ့်သည် ‘‘လူပျင်းတို့နှင့် ငါ စကားမပြောလို၊ လာမနှောင့်ယှက်နှင့်၊ ထွက်သွား’’ ဟု နှင်ထုတ်ခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၁၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကလမ္ဗတိတ္ထပညာသဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော်အပါး (၅၀)တို့သည် ရဟန္တာ မဖြစ်သ၍ ‘‘အချင်းချင်း စကား မပြောကြစတမ်း’’ ဟု ကတိကဝတ် ထားကြပုံ၊ တစ်နေရာတည်း၌ နှစ်ပါးအတူ မနေကြပုံ၊ တစ်ပါးစီသာ နေပြီး ဆွမ်းခံ အသွားအပြန်၌ တရားနှလုံးသွင်းသော ကျင့်ဝတ် (ဂတပစ္စာဂတဝတ်)ကို ဖြည့်ကျင့်ခဲ့ကြရာ ဝါတွင်း ၃-လအတွင်း၌ပင် ရဟန္တာများဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၁၇၁) (မ၊ဋ္ဌ၊၁၊၂၆၃) (သံ၊ဋ္ဌ၊၃၊၂၂၃) (အဘိ၊ဋ္ဌ၊၂၊၃၃၇) (သုတ္တနိ၊ဋ္ဌ၊၁၊၅၁) (အပ၊ဋ္ဌ၊၁၊၁၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကလျာဏဓမ္မဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသူဌေးသည် ဘုရင့်ထံသို့ အခစားဝင်စဉ် ‘‘သူဌေး တောထွက်၍ ရသေ့ဝတ်သွားပြီ’’ ဟု လူတို့ ပြောဆိုနေကြပုံ၊ သူဌေးသည် ထိုမင်္ဂလာအသံအတိုင်း ပြုလုပ်သင့်ကြောင်း ဆုံးဖြတ်ကာ ရသေ့ဝတ်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၅၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကလျာဏမိတ္တဝတ္ထု

ဤဝတ္ထု၌ အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ မဂ်ဖိုလ်နိဗ္ဗာန် ရရန်အတွက် ကလျာဏမိတ္တ (မိတ်ကောင်းဆွေကောင်း ဆရာသမားကောင်းများ) ရှိမှုသည် ကိစ္စတစ်ဝက်ပြီးသည်ဟု ထင်ကြောင်း လျှောက်ထားပုံ၊ ဘုရားရှင်က ‘‘အာနန္ဒာ-ဤကဲ့သို့ မပြောနှင့်’’ ဟု တားမြစ်ပြီး ကလျာဏမိတ္တသည် မဂ်ဖိုလ်နိဗ္ဗာန်ရရန် ကိစ္စအားလုံးကို ပြီးစေနိုင်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၈၇) (သံ၊ဋ္ဌ၊၁၊၁၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကသာဟတဝတ္ထု

ဤဝတ္ထု၌ ယောကျ်ားတစ်ယောက်သည် ကြိမ်ဒဏ်ပေးခံရပြီးနောက် ရဟန်းဝတ်လာရာ လူတို့က ကဲ့ရဲ့ရှုတ်ချကြသောကြောင့် ဘုရားရှင်က ‘‘ကြိမ်ဒဏ်ပေးခံရသူအား ရဟန်းခံမပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကသိဘာရဒွါဇဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ လယ်ယာလုပ်ငန်းဖြင့် အလွန်ကြီးပွားနေသော ကသိဘာရဒွါဇပုဏ္ဏားကြီးသည် ခမ်းခမ်းနားနား စီစဉ်လျက် လယ်ထွန်ပွဲတော်ကို ကျင်းပနေစဉ် ဘုရားရှင် ကြွလာတော်မူပုံ၊ ပုဏ္ဏားက ဆွမ်းအာဟာရအတွက် ကိုယ်တိုင် စိုက်ပျိုးစားသုံးသင့်ကြောင်း၊ အလှူခံမစားသင့်ကြောင်း၊ ပြောဆိုပုံ၊ ပုဏ္ဏားကြီးအား ဘုရားရှင်က မိမိသည်လည်း လယ်ယာစိုက်ပျိုးသူဖြစ်ကြောင်း၊ သဒ္ဓါတရား တည်းဟူသော မျိုးစေ့၊ ဣန္ဒြေစောင့်စည်းမှုဟူသော မိုးရွာခြင်း၊ ပညာတည်းဟူသော ထမ်းပိုး ထွန်တုံးစသည်တို့နှင့် ပြည့်စုံကြောင်း မိန့်တော်မူကာ တရားဟောတော်မူပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (သံ၊၁၊၁၇၄) (သံ၊ဋ္ဌ၊၁၊၂၂၂) (သုတ္တနိ၊ဋ္ဌ၊၁၊၁၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဿကဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့မှ လယ်သမားတစ်ဦးသည် နံနက်စောစော လယ်ထွန်နေစဉ် ဘုရားရှင်နှင့် အရှင်အာနန္ဒာမထေရ်တို့ ကြွတော်မူလာကြပုံ၊ ဘုရားရှင်က ခိုးသူများ ကျကျန်ရစ်ခဲ့သော အသပြာ တစ်ထောင်ထုပ်ကို တွေ့မြင်သဖြင့် အရှင်အာနန္ဒာအား ‘‘မြွေကို မြင်ရဲ့လား’’ဟု မိန့်တော်မူခဲ့ပုံ၊ အရှင်အာနန္ဒာမထေရ်ကလည်း ‘‘မြွေကို မြင်ပါသည်ဘုရား’’ဟု လျှောက်ထားခဲ့ပုံ၊ လယ်သမားက ထိုအသံကို ကြား၍ မြွေကို သတ်ရန် သွားကြည့်သည့်အခါ အသပြာတစ်ထောင်ထုပ်ကို တွေ့မြင်ရသဖြင့် မြေကြီးထဲ တူးမြှုပ် ဖုံးဝှက်ထားပြီး လယ်ပြန်ထွန်နေပုံ၊ မင်းချင်းယောကျ်ားများက အသပြာထုပ်ကို တွေ့ရှိသွားပြီး လယ်သမားအား ဖမ်းဆီးချုပ်နှောင်၍ ကောသလမင်းကြီးထံ ပို့ခဲ့ကြပုံ၊ မင်းကြီးက သတ်မိန့်ချမှတ်သည့်အခါ လယ်သမားက ဘုရားရှင်နှင့် အရှင်အာနန္ဒာမထေရ်တို့ ပြောဆိုသည့်စကားကိုပင် ထပ်ခါ ထပ်ခါ ပြောကြားနေပုံ၊ ကောသလမင်းကြီးက ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားသည့်အခါ ဘုရားရှင်က အဖြစ်မှန်ကို ရှင်းလင်းမိန့်ကြားတော်မူပြီး တရားဟောသဖြင့် လယ်သမား အပြစ်မှ ကင်းလွတ်ကာ သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဿပဂေါတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကဿပဂေါတ္တမထေရ်သည် မုဆိုးအား အကုသိုလ်မပြုရန် ဆုံးမပုံ၊ သို့သော်လည်း မုဆိုးသည်ကား မိမိပြုမြဲ မုဆိုးအလုပ်ကိုသာ ဆက်လုပ်နေပုံ၊ မိမိက ပညာရှိဖြစ်ပါသော်လည်း ဒုစရိုက်၌ နှစ်ခြိုက်နေသူတို့ကို ကယ်ချွတ်၍ မရတတ်ပုံ၊ လူမိုက်တို့သည်ကား နားနှင့် မျက်စိရှိသော်လည်း ဉာဏ်မျက်စိမရှိပုံ၊ အခါအခွင့် မဟုတ်ဘဲ မုဆိုးမိုက်ကို ဆုံးမသော ကဿပဂေါတ္တမထေရ်ကို တောင်စောင့်နတ်က သတိပေးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၀၀) (သံ၊ဋ္ဌ၊၁၊၂၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဿပဂေါတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကဿပဂေါတ္တမထေရ်သည် ကာသိတိုင်း ဝါသဘရွာ၏ ကျောင်းထိုင်ရဟန်း ဖြစ်၍ အာဂန္တုရဟန်းတော်တို့အတွက် အစစအရာရာ အဆင်ပြေအောင် ဖန်တီးလေ့ရှိပုံ၊ တစ်နေ့တွင် ထိုကျောင်းသို့ အာဂန္တုရဟန်းများ ရောက်လာပြီး ကျောင်းထိုင်ပုဂ္ဂိုလ်အား နှင်ထုတ်ကြပုံ၊ ထိုအာဂန္တု-ရဟန်းတို့အား ဒုက္ကဋ်အာပတ် သင့်ကြောင်း ဘုရားရှင်က မိန့်ကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဿပတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကဿပမထေရ်လောင်းသည် ဘုရားရှင်၏ တရားတော်ကို နာကြားရပြီး သောတာပန် တည်ကာ ရဟန်းပြုခဲ့ပုံ၊ သီတင်းဝါလကျွတ်၍ ဒေသစာရီကြွခါနီးအချိန်တွင် ခရီးထွက်မည့်အကြောင်း မိခင်ကြီးထံ ပန်ကြားခဲ့ပုံ၊ မိခင်ကြီးက သားရဟန်းအား ခိုးသူဘေး၊ အနာရောဂါဘေး စသည်ကင်းဝေးရာ အရပ်တို့၌သာ ကြွရောက်သီတင်းသုံးရန် မှာကြားပုံ၊ သားရဟန်းတော်က မိခင်ကြီး၏ မှာတမ်းစကားကို ဆင်ခြင်နှလုံးသွင်းလျက် ဘေးဒုက္ခအားလုံး ကင်းဝေးရာဖြစ်သည့် နိဗ္ဗာန်တည်းဟူသော အရပ်ကို ရှာဖွေခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဿပဒသဗလဿသုဝဏ္ဏစေတိယဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ရဟန်းသံဃာတော်များ ခြံရံလျက် ဒေသစာရီ ကြွချီတော်မူလာစဉ် တောဒေယျရွာအနီးရှိ နတ်ကွန်းတစ်ခုသို့ ရောက်တော်မူပုံ၊ ထိုနတ်ကွန်း၌ ခေတ္တခဏ နားနေတော်မူစဉ် အရှင်အာနန္ဒာအား အနီးနားတွင် လယ်ထွန်နေသော ပုဏ္ဏားတစ်ယောက်ကို အခေါ်ခိုင်းတော်မူပုံ၊ လယ်သမား ပုဏ္ဏား ရောက်လာသောအခါ နတ်ကွန်းကိုသာ ရှိခိုးပြီး ဘုရားရှင်အား ရှိမခိုးဘဲ ရပ်နေပုံ၊ ဘုရားရှင်က ပုဏ္ဏားအား နတ်ကွန်း၏ တည်နေရာသည် ကဿပဘုရားရှင်၏ ရွှေစေတီတော် တည်ခဲ့ရာ ဖြစ်ကြောင်း ဟောပြတော်မူ၍ ထိုပုဏ္ဏား သောတာပန် တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဿပဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ ကဿပဘုရားရှင်သည် ဗာရာဏသီနေပြည်တော်မှ ခမည်းတော် ဗြဟ္မဒတ္တ ပုဏ္ဏားကြီးနှင့် မယ်တော် ဓနဝတီမည်သော ပုဏ္ဏေးမကြီးတို့မှ မွေးဖွားခဲ့ပုံ၊ သုနန္ဒာမည်သော ပုဏ္ဏေးမနှင့်အတူ စည်းစိမ်ခံစားကာ ဝိဇိတသေနမည်သော သားတော်ကို မွေးဖွားပြီးနောက် ပြာသာဒ်ယာဉ်ဖြင့် တောထွက်ကာ ဗောဓိညောင်ပင်အောက်၌ ဘုရားဖြစ်တော်မူခဲ့ပုံ၊ အဂ္ဂသာဝကနှစ်ပါးမှာ တိဿမထေရ်နှင့် ဘာရဒွါဇမထေရ်တို့ ဖြစ်ခဲ့ကြပုံ၊ သဗ္ဗမိတ္တမထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ၊ ဂေါတမဗုဒ္ဓလောင်းလျာသည် ဇောတိပါလလုလင်အဖြစ်ဖြင့် နိယတဗျာဒိတ်ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၇၁) (ဗုဒ္ဓဝံ၊ဋ္ဌ၊၃၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဿပဘာတိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ လွန်ခဲ့သော ၉၂-ကမ္ဘာထက်၌ ထိုဘုရားရှင်ကို ခမည်းတော်မင်းကြီးကသာ လုပ်ကျွေးနေသဖြင့် အခြားသူတို့ လုပ်ကျွေးခွင့်မရှိဖြစ်နေပုံ၊ ဘုရင်၏သားတော်သုံးယောက်တို့သည် ပစ္စန္တရာဇ်တွင် သူပုန်ရန်ကို နှိမ်နင်းပြီးနောက် ဘုရားရှင်အား လုပ်ကျွေးခွင့်ရအောင် တောင်းဆိုကြပုံ၊ အလှူဒါနကို ကြီးမှူးရန် အမတ်တစ်ယောက်အားလွှဲအပ်၍ ကုသိုလ်ပြုလုပ်ခဲ့ကြပုံ၊ နောက်ဆုံးဘဝတွင် ထိုအမတ်က ဗိမ္ဗိသာရမင်းဖြစ်ကာ မင်းသားညီနောင်သုံးယောက်တို့က ဥရုဝေလကဿပရသေ့ညီနောင်တို့ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဿပမန္ဒိယဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းရသေ့သည် မိခင်ကြီးမရှိတော့သဖြင့် ဘခင်နှင့် ညီကို ခေါ်ဆောင်၍ ရသေဝတ်ပေးခဲ့ပုံ၊ မိုးလလွန်၍ ဟိမဝန္တာသို့ သွားကြစဉ် ညီရသေ့အား အဘရသေ့ကို အပ်နှံ၍ မိမိက သင်္ခမ်းကျောင်းသို့ သွားနှင့်ပုံ၊ ညီငယ်သည် အဘရသေ့၏ ခါးကိုခေါင်းဖြင့် ဝှေ့၍ မြန်မြန် သွားရန် တိုက်တွန်းခဲ့ပုံ၊ ရသေ့ကြီးမှာ စိတ်ဆိုးပြီးနေသဖြင့် သင်္ခမ်းကျောင်းသို့ မိုးချုပ်မှ ရောက်လာကြပုံ၊ ငယ်ရွယ်သူ အသိဉာဏ်နည်းသူတို့၏ အမနာပပြောဆိုမှု၊ ဆဲရေး တိုင်းထွာမှုစသည်တို့ကို အသက်အရွယ်ကြီးပြီး အတွေ့အကြုံ ရင့်ကျက် အသိအလိမ္မာဉာဏ် ပညာရှိသူတို့က သည်းခံခွင့်လွှတ်သင့်ပုံ၊ သည်းခံခွင့်လွှတ်လိုက်သည့်အတွက် မိမိထံ၌ မိတ်ကောင်းဆွေကောင်းများ တိုးပွားလာနိုင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဿပမာဏဝဝတ္ထု

ဤဝတ္ထုသည် ပိယဒဿီဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဠမ္ဗဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ၉၄-ကမ္ဘာထက်ဝယ် ရောမသအမည်ရှိ ပစ္စေကဗုဒ္ဓါသည် တောင်ကြားအရပ်၌ သီတင်းသုံးနေခဲ့ပုံ၊ မထေရ်လောင်းသည် ထန်းမြစ်တို့ကို ပစ္စေကဗုဒ္ဓါအား လှူခဲ့သည့် ကုသိုလ်ကြောင့် ဒုဂ္ဂတိဘဝတို့၌ မကျရောက်ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကဠာယမုဋ္ဌိဇာတက

ဤဇာတ်တော်၌ မျောက်တစ်ကောင်သည် မြင်းစားခွက်ထဲမှ ပဲစေ့များကို လက်နှစ်ဖက်ဖြင့် ဆုပ်၍ သစ်ပင်ပေါ်သို့ တက်ပြေးခဲ့ပုံ၊ ပဲစေ့တစ်စေ့ ပြုတ်ကျသွားသည်ကို လိုက်ဖမ်းရာ လက်ထဲမှ ပဲစေ့အားလုံး ဆုံးရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာကဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ကျီးမျိုး၌ ဖြစ်စဉ် ကျီးပေါင်းရှစ်သောင်း ခြံရံလျက် ဗာရာဏသီပြည်ရှိ သုသာန်ကြီးတစ်ခုတွင် နေထိုင်ခဲ့ကြပုံ၊ တစ်နေ့သောအခါ ကျီးတစ်ကောင်သည် ကောင်းစွာ ဖြီးလိမ်းပြင်ဆင် ဝတ်ရုံလာသော ပုရောဟိတ်တစ်ယောက်အပေါ်သို့ မစင်စွန့်ချသဖြင့် ပုရောဟိတ်က ကျီးတို့အပေါ် ရန်ငြိုးထားခဲ့ပုံ၊ ဗာရာဏသီမင်း၏ ဆင်တင်းကုပ် မီးလောင်သောအခါ ဆင်များ၏ မီးလောင်ဒဏ်ရာများကို ကျီးအဆီဖြင့် သုတ်လိမ်းလျှင် ပျောက်ကြောင်း ပုရောဟိတ်က မင်းကြီးအား လျှောက်ထားသဖြင့် မင်းကြီးက ကျီးများကို သတ်၍ အဆီထုတ်ခိုင်းခဲ့ပုံ၊ ဘုရားလောင်း ကျီးမင်းက ဗာရာဏသီမင်းထံ အသက်စွန့်၍ ဝင်ရောက်ကာ ကျီး၌ အဆီမရှိကြောင်း ပြောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာကပေတဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တော်၌ သံဃာတော်တို့အတွက် ယူဆောင်လာသော ဆွမ်းများကို ကျီးတစ်ကောင်သည် ထိုးသုတ််နှိုက်စားခဲ့ပုံ၊ ယင်းအကုသိုလ်ကြောင့် ထိုကျီးသည်ငရဲ၌ ခံခဲ့ရပုံ၊ ရေမှ လွတ်လာသောအခါ ဂိဇ္ဈကုဋ်တောင်၌ ၂၅-ယူဇနာ ခန္ဓာကိုယ်ကြီးမားသည့် ကျီးပြိတ္တာကြီး ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာကဝတီဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ဗာရာဏသီမင်း ဖြစ်စဉ် လူယောင် ဖန်ဆင်းထားသော ဂဠုန်မင်းနှင့် ကြွေအန်ကစားလေ့ရှိပုံ၊ ဂဠုန်မင်းသည် ဗာရာဏသီမင်း၏ မိဖုရားကြီး ကာကဝတီကို နှစ်သက်သဘောကျသဖြင့် ဂဠုန်ပြည်သို့ ခိုးယူသွားပြီး ပျော်ပါးခဲ့ပုံ၊ မင်းကြီးက နဋကုဝေရမည်သော စောင်းသမားကို စုံစမ်းခိုင်းခဲ့ပုံ၊ နဋကုဝေရစောင်းသမားက ဂဠုန်မင်း၏ အတောင်ပံကြား၌ ထိုင်လျက် ဂဠုန်ပြည်သို့ လိုက်ပါသွားပြီး မိဖုရားကြီးနှင့် ဖောက်ပြန်ကျူးလွန်ကာ ဂဠုန်မင်း၏ အတောင်ပံကြား၌ ထိုင်လျက်ပင် ဗာရာဏသီပြည်သို့ ပြန်လာခဲ့ပုံ၊ ထိုအကြောင်းအရာကို ဂဠုန်မင်းသိရှိသွားပြီး မိဖုရားကြီးကို ဗာရာဏသီမင်းထံ ပြန်ပို့ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာဏမာတုဝတ္ထု

ဤဝတ္ထု၌ ကာဏာအမည်ရှိသော အမျိုးသမီးသည် တောရွာတစ်ရွာ၌ အိမ်ထောင်ကျပြီး သာဝတ္ထိမြို့၌ နေသော မိခင်ထံ အလည်လာပုံ၊ သူမ၏ခင်ပွန်းက ပြန်လာရန် မှာကြားသဖြင့် ပြန်ရန် စီစဉ်သောအခါ လက်ဆောင်အဖြစ် ယူသွားမည့် မုန့်များကို ရဟန်းတို့သည် အတိုင်းအဆမသိ အလှူခံကြပုံ၊ ဘုရားရှင် ကြားသိတော်မူသောအခါ နှစ်သပိတ်, သုံးသပိတ်ပြည့်ထက် ပို၍ အလှူခံသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ကာဏမာတု သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၀၆) (ဝိ၊ဋ္ဌ၊၃၊၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာဏမာတုဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့တွင် ကာဏာအမည်ရှိသော အမျိုးသမီးသည် ရဟန်းတို့ကြောင့် မိမိ၏ အိမ်ထောင်ရေး ပျက်စီးသွားရသည်ဟု ဆိုကာ မြင်မြင်သမျှ ရဟန်းတို့အား ဆဲရေးလေ့ရှိသဖြင့် ထိုအမျိုးသမီးနေထိုင်ရာ လမ်းသို့ မည်သည့်ရဟန်းမျှ မကြွဝံ့ကြပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် သိတော်မူသဖြင့် ထိုလမ်းသို့ တစ်ပါးတည်း ဆွမ်းခံကြွတော်မူခဲ့ပုံ၊ ကာဏာ၏ မိခင်က ဘုရားရှင်အား ယာဂုဆွမ်း လှူဒါန်းနေစဉ် ကာဏာသည် မျက်နှာ မသာမယာဖြင့် ငိုကြွေးနေပုံ၊ ဘုရားရှင်က ကာဏာအား အကြောင်းစုံကို မေးမြန်း၍ တရားဟောတော်မူသဖြင့် ကာဏာသတို့သမီး သောတာပန်တည်၍ အမတ်ချုပ်ကြီး၏ သမီးရာထူးကို ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာတိယာနထေရဝတ္ထု

ဤဝတ္ထု၌ ကာတိယာနမထေရ်လောင်း အမျိုးကောင်းသားသည် ရှေးရှေးဘုရားရှင်များလက်ထက်တော်၌ ပါရမီကုသိုလ်ထူးကို ဆည်းပူးပြုလုပ်ခဲ့ပြီး ဤဘုရားရှင့်လက်ထက်တော်၌ ကောသိယပုဏ္ဏားမျိုး၌ ဖြစ်ခဲ့ပုံ၊ အရွယ်ရောက်သောအခါ ရဟန်းပြု၍ တရားအားထုတ်စဉ် ထိနမိဒ္ဓနှိပ်စက်ခံရသဖြင့် စင်္ကြံလျှောက်၍ တရားအားထုတ်ခဲ့ပုံ၊ စင်္ကြံလျှောက်နေစဉ်၌ပင် အိပ်ငိုက်လာသဖြင့် မြေကြီးပေါ်၌ လှဲ၍ အိပ်နေပုံ၊ ထိုဖြစ်ပုံအခြင်းအရာကို ဘုရားရှင် သိတော်မူ၍ ကြွရောက်တော်မူလာပြီး တရားဟောတော်မူသဖြင့် ကာတိယာနမထေရ် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာတိယာနီဝတ္ထု

ဤဝတ္ထု၌ ကာတိယာနီအလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက် ရတနာသုံးပါးကို စွဲစွဲမြဲမြဲကြည်ညိုသောအရာ၌ ဧတဒဂ်ရ ဥပါသိကာမတစ်ဦးကို အားကျ၍ ကုသိုလ်ပြုကာ ဆုတောင်းခဲ့သောကြောင့် ကမ္ဘာတစ်သိန်းပတ်လုံးသုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကုရရဃရမြို့ဝယ် ကာဠီ၏ မိတ်ဆွေ ဖြစ်ခဲ့ပုံ၊ အရှင်ကုဋိကဏ္ဏသောဏမထေရ်၏ တရားစကားကို နာကြားရသောကြောင့် သောတာပန် ဖြစ်ခဲ့ပုံ၊ ဘုရားရှင်ထံ၌ တရားနာကြားနေစဉ် အိမ်ကို ဖောက်၍ သူခိုးခိုးနေကြောင်း သိသော်လည်း တရားပွဲ၌သာ ဆက်လက် နာယူနိုင်သဖြင့် ရတနာသုံးပါးကို စွဲစွဲမြဲမြဲ ကြည်ညိုသော အရာ၌ ဧတဒဂ်ဘွဲ့ထူး ရရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာမဇာတက

ဤဇာတ်တော်၌ ဗာရာဏသီမင်းကြီးတွင် သားတော်နှစ်ပါး ထွန်းကားပုံ၊ သားတော်များ အရွယ်ရောက်သောအခါ မင်းကြီးက အစ်ကိုကြီးဖြစ်သူအား အိမ်ရှေ့မင်းရာထူး ပေး၍ ညီငယ်ဖြစ်သူအား စစ်သူကြီးရာထူး ပေးအပ်ခဲ့ပုံ၊ မင်းကြီး နတ်ရွာစံသွားသောအခါ အမတ်များက အိမ်ရှေ့မင်းသားကို မင်းအဖြစ် တင်မြှောက်သော်လည်း မင်းသားက လက်မခံသဖြင့် ညီငယ်ဖြစ်သူ စစ်သူကြီးအား မင်းအဖြစ် တင်မြှောက်ကြပုံ၊ အိမ်ရှေ့မင်းသားသည် ‘‘မင်းစည်းစိမ်ကို အလိုမရှိ’’ဟု ဆိုကာ ဇနပုဒ်အရပ်၌ သွားရောက် နေထိုင်ခဲ့ပုံ၊ ဇနပုဒ်သားတို့က မင်း၏ ခွင့်ပြုချက်ဖြင့် အိမ်ရှေ့မင်းသားထံ၌သာ အခွန်အတုပ်များကို ဆက်သကြပုံ၊ အိမ်ရှေ့မင်းသားသည် အခွန်အတုပ်များစွာ ရရှိလာသောအခါ အလိုရမ္မက်ကြီးလာပြီး ညီငယ်မင်းထံမှ တိုင်းပြည်ကို ပြန်တောင်းခဲ့ပုံ၊ မင်းဖြစ်လာသောအခါ၌လည်း ဗာရာဏသီတစ်ပြည်တည်းဖြင့် အားမရဘဲ နှစ်နိုင်ငံ သုံးနိုင်ငံတို့ကို တောင့်တသဖြင့် သိကြားမင်းက လာရောက်ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာမနီတဇာတက

ဤဇာတ်တော်၌ ဗာရာဏသီမင်းသည်ဝတ္ထုကာမ ကိလေသာကာမတို့၌ ရောင့်ရဲမှုမရှိဘဲ အလွန်လောဘကြီးသော မင်းတစ်ပါး ဖြစ်ပုံ၊ ဘုရားအလောင်းသိကြားမင်းက ဗာရာဏသီမင်း၏ လောဘကြီးမှုကို သိရှိပြီး နှိပ်ကွပ်ဆုံးမရန် ပုဏ္ဏားလုလင်ယောင်ဆောင်၍ မင်းကြီးထံ လာခဲ့ပုံ၊ ပုဏ္ဏားလုလင်က ‘‘အလွန်ချမ်းသာကြွယ်ဝပြီး အလွယ်တကူဖြင့် တိုက်ယူသိမ်းပိုက်နိုင်သည့် နိုင်ငံ သုံးနိုင်ငံကို မိမိတွေ့မြင်ထားကြောင်း၊ မနက်ဖြန်၌ပင် သွားရောက်သိမ်းပိုက်နိုင်ရန် စစ်ပြင် ဆင်ထားသင့်ကြောင်း’’ မင်းကြီးအား သံတော်ဦးတင်၍ ထွက်ခွာသွားခဲ့ပုံ၊ မင်းကြီးသည် စစ်ပြင်ဆင်ပြီးနောက် ပုဏ္ဏားလုလင်ကို ရှာမတွေ့တော့သဖြင့် စိတ်နှလုံးထိခိုက်ကာ သွေးအန်ရောဂါ ဖြစ်ပုံ၊ တစ်ဖန် ဘုရားအလောင်း သိကြားမင်းက ဆေးဆရာယောင်ဆောင်၍ လာရောက်ကုသပေးပြီး တရားဟောသဖြင့် လောဘကြီးသော ဗာရာဏသီမင်းကြီး အသက်ဘေးမှ ချမ်းသာရာ ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာမဝိလာပဇာတက

ဤဇာတ်တော်၌ ယောက်ျားတစ်ယောက်သည် မိန်းမ၏ တိုက်တွန်းမှုဖြင့် ကြတ္တိကာနက္ခတ်ပွဲသဘင်တွင် အတူယှဉ်နွှဲ၍ ဝတ်ဆင်ပျော်မြူးရန် ဘုရင်၏ ဝတ်လဲတော်ပန်းပုဆိုးကို ဝင်ရောက် ခိုးယူခဲ့ပုံ၊ ထိုယောက်ျားကို မင်းမှုထမ်းများ ဖမ်ူမိ၍ အသက်ရှင်စဉ်ပင် တံကျင်လျှို၍ ကားစင်တင်ထားခဲ့ပုံ၊ မိမိ၏ ပြင်းထန်သော ဝေဒနာကို အမှတ်မရနိုင်ဘဲ မိမိ၏ဇနီးအတွက် အဝတ်မရခဲ့သည်ကို ပူပန်ပါကြောင်း ဇနီးထံ သတင်းပို့ရန် ကျီးတစ်ကောင်အား မှာကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၄၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာယနိဗ္ဗိန္ဒဇာတက

ဤဇာတ်တော်၌ သာဝတ္ထိပြည်သား ယောက်ျားတစ်ယောက်ကို ဖျော့တော့အားနည်းသော ရောဂါနှိပ်စက်သဖြင့် သားသမီးတို့က စွန့်ပယ်ထားခဲ့ပုံ၊ ထိုယောက်ျားသည် တစ်နေ့တွင် သင့်တင့်မျှတသော အစာအာဟာရတို့ကို ရရှိသဖြင့် ကျန်းမာလာသောအခါ တောထွက်၍ ရသေ့ဝတ်ပြီး ဈာန်အဘိညာဉ်ရအောင် အားထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာယဗန္ဓနဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ခါးပန်းကြိုး မပတ်ဘဲ မြို့တွင်း ရွာတွင်းသို့ ဝင်ခဲ့ရာ သင်းပိုင် ကျွတ်ကျသဖြင့် လူတို့၏ ပြောင်လှောင်မှုကို ခံရပုံ၊ ထို့ကြောင့် ဘုရားရှင်က ခါးပန်းကြိုးကို ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာယသံသဂ္ဂဝတ္ထု

ဤဝတ္ထု၌ သီဟိုဠ်ကျွန်း မဟာဝိဟာရကျောင်းတိုက်နေ ရဟန်းငယ်တစ်ပါးသည် ပရိသတ်တို့အား တရားဓမ္မ ဟောကြားနေခဲ့ပုံ၊ သီဟိုဠ်မင်းကလည်း နန်းတွင်းသူ နန်းတွင်းသားများနှင့် အတူတကွ လာရောက် တရားနာယူခဲ့ပုံ၊ မင်းကြီး၏ သမီးတော်သည် ရဟန်းငယ်၏ ရုပ်နှင့် အသံကို တပ်မက်စွဲလမ်းသွားပြီး ပြင်းထန်အားကြီးသော တဏှာရာဂ ဖြစ်ပေါ်လာခဲ့ပုံ၊ ရဟန်းငယ်ကလည်း မင်းသမီးအပေါ် တပ်မက်စွဲလမ်းသွားခဲ့ပုံ၊ မင်းကြီးက ကန့်လန့်ကာကို ကာရံစေပြီး တရားနာခိုင်းခဲ့ပုံ၊ ကန့်လန့်ကာအတွင်း၌ ရဟန်းငယ်နှင့် ဘုရင့်သမီးတော် အချင်းချင်း ပွေ့ဖက်၍ သေဆုံးနေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စူဠနိ၊ဋ္ဌ၊၁၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာယသံသဂ္ဂသိက္ခာပဒ ဝိနီတဝတ္ထူနိ

ဤဝတ္ထု၌ မာတုဂါမ၌ ကာယသံသဂ္ဂပြုမှုများနှင့် ပတ်သက်၍ သံဃာဒိသေသ်အာပတ် သင့်/မသင့် ဆုံးဖြတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာရဏပါလီဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ကာရဏပါလီပုဏ္ဏားသည် အနာဂါမ်ဖြစ်ပြီးသော ပိင်္ဂိယာနီပုဏ္ဏားကို တွေ့မြင်၍ ‘‘သင်သည် အဘယ့်ကြောင့် မြတ်စွာဘုရားကို အလွန်တရာ ကြည်ညိုပါသနည်း’’ဟု မေးခဲ့ပုံ၊ ပိင်္ဂိယာနီပုဏ္ဏားက အကြောင်းဥပမာငါးရပ်တို့ဖြင့် ရှင်းလင်းဟောပြခဲ့ပုံ၊ ထို့ကြောင့် ကာရဏပါလီပုဏ္ဏားသည် မြတ်စွာဘုရားရှိရာဘက်သို့ နမော တဿ-ဟု သုံးကြိမ် ဥဒါန်းကျူးရင့်ကာ သရဏဂုံဆောက်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၂၀၆) (အံ၊ဋ္ဌ၊၃၊၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာရဘေဒကဝတ္ထု

ဤဝတ္ထု၌ ဗိမ္ဗိသာရမင်းကြီးက ‘‘သာသနာတော်သို့ ဝင်ရောက်၍ ရဟန်းပြုနေသူကို မည်သို့မှ ပြစ်ဒဏ်မပေးရ၊ လွတ်လပ်စွာ သာသနာ့ဝန်ကို ထမ်းပါစေ’’ဟု အမိန့်ထုတ်ထားပုံ၊ ခိုးသူတစ်ယောက်သည် ခိုးမှုကြောင့် ထောင်ကျနေစဉ် ထောင်ဖောက်၍ ပြေးကာ ရဟန်းဝတ်သွားပုံ၊ ထိုသူကို လူတို့က ပြန်၍ ဖမ်းရန် ပြောကြရာ မင်းတရားကြီးအမိန့်ကြောင့် ဘာမှ လုပ်၍ မရကြောင်း ပြောဆိုကြသဖြင့် လူတို့က ကဲ့ရဲ့ကြပုံ၊ ထို့ကြောင့် ဘုရားရှင်က ‘‘ထောင်ကျပြီး ထောင်ဖောက်ပြေးသော သူခိုးကို ရဟန်းခံမပေးရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာလကဉ္စိကအသုရဝတ္ထု

ဤဝတ္ထု၌ ကာလကဉ္စိကာပြိတ္တာအသုရာတို့သည် ဘုရားနှစ်ဆူသုံးဆူတို့အကြား အာစွတ်ရုံမျှလောက် သောက်ရေကို ရဖို့ရန် ခဲယဉ်းပုံ၊ သမုဒ္ဒရာအတွင်းသို့ ပြေးဝင်သွားသော အခါ၌လည်း အကုသိုလ်ကံကြောင့် မဟာသမုဒ္ဒရာသည် ကျောက်ဖျာကြီး ဖြစ်သွားခဲ့ပုံ၊ ထိုထိုအရပ်သို့ လှည့်လည်၍ ရေရှာစဉ် ရဟန်းတော်သုံးကျိပ်နှင့် တွေ့ဆုံခဲ့ပုံ၊ ရဟန်းတော်တို့က သပိတ်ကိုယ်စီဖြင့် ပြိတ္တာ၏ ခံတွင်းသို့ ရေလောင်းထည့်သော်လည်း လက်တစ်ဆုပ်စာမျှပင် ရေမဝင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာလတ္ထေရဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သူ အမျိုးသမီးကြီးတစ်ယောက်သည် ကာလမထေရ်ကို သားအရင်းသဖွယ် ပစ္စည်းလေးပါးတို့ဖြင့် လှူဒါန်းထောက်ပံ့ခဲ့ပုံ၊ ကာလရဟန်းသည် အမျိုးသမီးကို မိမိအား အကြည်ညိုလျော့သွားမည် စိုးသဖြင့် ဘုရားရှင်ထံ တရားနာမသွားရန် အမြဲတမ်း တားမြစ်ခဲ့ပုံ၊ တစ်နေ့သောအခါ အမျိုးသမီးကြီး ဘုရားရှင်ထံ တရားနာသွားကြောင်း ကြားသိသဖြင့် နောက်ကလိုက်သွားပြီး ဘုရားရှင်အား ထိုအမျိုးသမီးကို နက်နဲသော ဝိပဿနာတရားကို မဟောဘဲ ဒါနကထာ၊ သီလကထာလောက်မျှသာ ဟောရန် လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာလိင်္ဂဗောဓိဇာတက

ဤဇာတ်တော်၌ ကာလိင်္ဂစကြာမင်းသည် ခမည်းတော် မယ်တော်တို့ကို ပူဇော်ရန် ဆင်ဖြူရတနာကို စီး၍ မဟာဗောဓိမဏ္ဍိုင်၏ အထက်အရပ်မှ သွားမည်ပြုခဲ့ပုံ၊ မသွားနိုင်ဘဲ လက်လျှော့ခဲ့ရပုံ၊ ဗောဓိမဏ္ဍိုင်၏အထက်၌ သိကြားမင်းစသူတို့ပင် မသွားနိုင်ပုံ၊ ကာလိင်္ဂစကြာမင်းသည် ဗောဓိမဏ္ဍိုင်၏ တန်ခိုးပြာဋိဟာတို့ကို မြင်၍ ကြည်ညိုပြီး ခုနစ်ရက်ပတ်လုံး ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်တွင် ဖြစ်ခဲ့ရပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာသာဝဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဆင်မျိုး၌ ဖြစ်၍ ဆင်ပေါင်းရှစ်သောင်း ခြံရံလျက် ဟိမဝန္တာတော၌ နေခဲ့ပုံ၊ ဆင်းရဲသားတစ်ယောက်သည် ဆင်စွယ်သမားတို့ ဆင်စွယ်အရောင်းအဝယ်ပြုနေသည်ကို မြင်ရပြီး ဆင်စွယ်ရောင်းရန် ကတိပြုခဲ့ပုံ၊ ဆင်တို့သည် ပစ္စေကဗုဒ္ဓါတို့အား ကြည်ညိုသည်ကို တွေ့မြင်သောအခါ မိမိကိုယ်ကို သင်္ကန်းပတ်၍ ပစ္စေကဗုဒ္ဓါအသွင် ဆောင်ပြီးလျှင် ဆင်တစ်ကောင်ပြီးတစ်ကောင် သတ်၍ ဆင်စွယ်ရောင်းစားခဲ့ပုံ၊ တစ်နေ့တွင် ဘုရားလောင်းသည် ထိုသူကို ဖမ်းမိ၍ သတ်မည်ဟု ကြံစည်သောအခါ ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော သင်္ကန်းကို တွေ့ရ၍ လေးစားသောအားဖြင့် မသတ်ဘဲ လွှတ်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာသုမာရိဖလ ဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုံးဆယ့်တစ်ကမ္ဘာအထက်ဝယ် တောင်ကြား၌ ထိုင်နေတော်မူသော ဘုရားရှင်အား သရက်ဖြူသီးကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်သို့ မလားခဲ့ရတော့ဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာသုမာရိဖလိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ၃၁-ကမ္ဘာထက်တွင် ပွင့်တော်မူသော ဘုရားရှင်အား သရက်ဖြူသီးလှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာဠကဏ္ဏိဇာတက

ဤဇာတ်တော်၌ အနာထပိဏ်သူဌေးကြီးသည် မိမိ၏ သူငယ်ချင်းဖြစ်သူ ကာဠကဏ္ဏီအား မိမိအိမ်သို့ ခေါ်ယူကာ အလုပ်အကျွေးအဖြစ် တာဝန်ပေးလျက် စောင့်ရှောက်ထားခဲ့ပုံ၊ အနာထပိဏ်သူဌေး၏ သူငယ်ချင်းများက ကာဠကဏ္ဏီကို အိမ်၌ မထားသင့်ကြောင်း၊ မင်္ဂလာမရှိကြောင်း စသည်ဖြင့် ပြောကြားခဲ့ပုံ၊ အနာထပိဏ် သူဌေးကြီး မရှိခိုက် ခိုးသူလုယက်မည့်ဘေးမှ ကာဠကဏ္ဏီက စောင့်ရှောက်တားမြစ်ခဲ့ပုံ၊ ရုပ်ရည်ထက်စိတ်ထားသာ အဓိကဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာဠဇုဏှအမစ္စဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိ ရာဇဂြိုဟ်စသော တိုင်းပြည်တို့တွင် မင်းနှင့်ပြည်သူတို့ သူနိုင် ငါနိုင် အပြိုင်ကြဲကာ အလှူဒါနပွဲကြီးများ ဆင်နွှဲနေကြပုံ၊ ကောသလမင်းကြီးသည် မလ္လိကာမိဖုရားကြီး၏ အစီအမံအတိုင်း အလှူပွဲကြီး ပြုလုပ်သဖြင့် တိုင်းသူပြည်သားတို့အပေါ် အနိုင်ရခဲ့ပုံ၊ ကာဠအမတ်ကြီးက မင်းဘဏ္ဍာများ အလဟဿ အချည်းနှီး ပျက်စီးဆုံးရှုံးသည်ဟု ကြံစည်ခဲ့ပုံ၊ ဇုဏှအမတ်ကြီးက မင်းကြီး၏ အသဒိသအလှူဒါနကို အားရဝမ်းသာဖြစ်ခဲ့ပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်ထံတော်မှ တစ်ဆင့် ကောသလမင်းကြီး သိရှိသွားပြီး ကာဠအမတ်ကို တိုင်းပြည်မှ နှင်ထုတ်ကာ ဇုဏှအမတ်ကို ခုနစ်ရက်တိုင်တိုင် အလှူဒါနကြီး ပြုလုပ်ခွင့် ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၂၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာဠဒေဝတ္ထေရဝတ္ထု

ဤဝတ္ထု၌ အဇဂရကျောင်းနေ ကာဠဒေဝမထေရ်သည် ဝါတွင်း၌ ညဉ့်အချိန်ပြခေါင်းလောင်း ကျောက်စည်ကို အချိန်မှန်မှန် ထိုးလေ့ရှိပုံ၊ ဆွမ်းခံခြင်း၊ ဆွမ်းစားခြင်း၊ နေ့သန့်ခြင်း၊ တရားအားထုတ်ခြင်းကိစ္စများ၌လည်း ထိုမထေရ်သည် အချိန်မှန်မှန် ကျင့်ဆောင်လေ့ရှိပုံ၊ အောက်မဂ်ဖိုလ်တရားထူး (ပဒေသဉာဏ်)ရရန် ကြိုးစားသော သာဝကများသည်ပင်လျှင် နေ့ညဉ့်အပိုင်းအခြားကို ထင်ရှားစွာ သိလေ့ရှိပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၁၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာဠဗာဟုဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ရာဓကျေးမင်း ဖြစ်စဉ် မုဆိုးတစ်ယောက်က ရာဓကျေးမင်းနှင့် ညီငယ်ပေါဋ္ဌပါဒဟူသော ကျေးညီနောင်ကို ဖမ်းယူ၍ ဗာရာဏသီမင်းထံ ဆက်သခဲ့ပုံ၊ ဗာရာဏသီမင်းက ကျေးညီနောင်တို့အား ရွှေလှောင်ချိုင့်၌ ထားကာ ကောင်းမွန်စွာ ပြုစုထားပုံ၊ တစ်နေ့သောအခါ တောမုဆိုးတစ်ယောက်က မျောက်ကြီးတစ်ကောင်ကို ဖမ်းလာပြီး မင်းကြီးထံ ဆက်သပုံ၊ မင်းကြီးနှင့်တကွ ပရိသတ်များက မျောက်ကြီးကိုသာ ဦးစားပေး ကျွေးမွေးနေသဖြင့် ကျေးညီနောင်တို့ လာဘ်လာဘများ ဆုတ်ယုတ်သွားခဲ့ပုံ၊ ညီငယ်ပေါဋ္ဌပါဒက အစားအသောက်များ ရှားပါးသဖြင့် တောထဲ ပြန်ရန် ရာဓကျေးမင်းအား တိုင်ပင်ခဲ့ပုံ၊ လောကဓံကို သည်းခံနိုင်ရန် ရာဓကျေးမင်းက ညီငယ်ပေါဋ္ဌပါဒအား ဆုံးမပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာဠဗုဒ္ဓရက္ခိတတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သစ္စကပရိဗိုဇ်အား ‘‘မိမိ ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် နှစ်ပေါင်းနှစ်ရာ ကြာသောအခါ သီဟိုဠ်ကျွန်း၌ ကာဠဗုဒ္ဓရက္ခိတအမည်ဖြင့် ရဟန္တာဖြစ်မည်ကို မြင်တော်မူသဖြင့် မဟာသစ္စကသုတ်ကို ဟောတော်မူခဲ့ပုံ၊ ကာဠဗုဒ္ဓရက္ခိတထေရ်လောင်း သစ္စကပရိဗိုဇ်သည် သီဟိုဠ်ကျွန်း၌ သာသနာထွန်းလင်းသောအခါ နတ်ပြည်မှ စုတေလျက် အမတ်မျိုး၌ဖြစ်ခဲ့ပုံ၊ သာသနာတွင်းသို့ ဝင်ရောက်ရဟန်းပြုပြီး ပိဋကသုံးပုံကို သင်ယူ တတ်မြောက်ပုံ၊ ဥပဇ္ဈာယ်ဆရာ၏ တိုက်တွန်းမှုကြောင့် ဝိပဿနာတရား ရှုမှတ် ပွားများသောအခါ ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၁၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာဠယက္ခိနီဝတ္ထု

ဤဝတ္ထု၌ အမျိုးသမီးတစ်ယောက်သည် အမြုံမ ဖြစ်နေသဖြင့် လင်ယောကျ်ားအတွက် မယားငယ်တစ်ယောက် ရှာပေးခဲ့ပုံ၊ မယားငယ် ကိုယ်ဝန်တည်သည့်အခါ ဝန်တိုစိတ်ဖြင့် အစာအာဟာရနှင့် ရောလျက် ကိုယ်ဝန်ဖျက်ဆေး ကျွေးခဲ့ပုံ၊ သုံးယောက်မြောက်ကိုယ်ဝန် ပျက်ကျသောအခါ၌ မယားငယ်ဖြစ်သူက အကြောင်းစုံ သိရှိသွားပြီး ‘‘နောက်ဘဝတွင် ဘီလူးမဖြစ်ကာ သင့်သားသမီးများကို သတ်စားနိုင်သော ပုဂ္ဂိုလ် ဖြစ်ရပါစေသား’’ ဟု ဆုတောင်းလျက် ထိုကိုယ်ဝန်ပျက်စီးခြင်းကြောင့် ကွယ်လွန်ခဲ့ပုံ၊ နောက်ဘဝတွင် ထိုအိမ်၌ပင် မယားကြီးဖြစ်သူက ကြက်မကြီး ဖြစ်ပြီး မယားငယ်ဖြစ်သူက ကြောင်မကြီးဖြစ်ကာ ကြက်မကြီး ဥတိုင်း ဥတိုင်း လာရောက် စားသောက်ခဲ့ပုံ၊ ဤသို့အားဖြင့် ဘဝဆက်တိုင်း ဘတစ်ပြန် ကျားတစ်ပြန် ရန်တုံ့ပြန်ခဲ့ကြရာ ဘုရားရှင်လက်ထက် ရောက်သောအခါ တစ်ယောက်က ဘီလူးမဖြစ်ပြီး ကျန်တစ်ယောက်က လူအမျိုးသမီး ဖြစ်ခဲ့ပုံ၊ ထိုအမျိုးသမီး ကလေးမွေးတိုင်း မွေးတိုင်း ဘီလူးမက လာရောက် စားသောက်ခဲ့ပုံ၊ ဘုရားရှင်က ရန်ကို ရန်ချင်း မတုံ့နှင်းရန် တရားဟောသဖြင့် ဘီလူးမ သောတာပန်တည်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာဠဝဠိယဝတ္ထု

ဤဝတ္ထု၌ ကာဠဝဠိယ၏ ဇနီး သူဆင်းရဲမသည် နိရောဓသမာပတ်မှ ထလာသော အရှင်မဟာကဿပထေရ်အား ယာဂုချဉ်ကို ဆက်ကပ် လှူဒါန်းခဲ့ပုံ၊ အရှင်မဟာကဿပထေရ်သည် ဝေဠုဝန်ကျောင်းသို့ ကြွ၍ ဘုရားရှင်နှင့်တကွ သံဃာတော်တို့အား ထိုယာဂုချဉ်ကို ဆက်ကပ် လှူဒါန်းခဲ့ပုံ၊ အရှင်မဟာကဿပထေရ်က ဘုရားရှင်အား ကာဠဝဠိယသူဆင်းရဲ၏ အကျိုးဝိပါက်ကို မေးမြန်းသောအခါ ‘‘ဤနေ့မှ နောက် ခုနစ်ရက်မြောက်သောနေ့၌ ထီးဖြူကို ဆောင်းရလိမ့်မည်’’ ဟု ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာဠီကုရရဃရိကာဝတ္ထု

ဤဝတ္ထု၌ ဥပါသိကာမအလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ တစ်ဆင့်စကား ကြားရုံမျှဖြင့် ကြည်ညိုသောအရာ၌ ဧတဒဂ်ထားခြင်းခံရသော အမျိုးသမီးကို အားကျ၍ ကုသိုလ်ပြုဆုတောင်းခဲ့သောကြောင့်၊ သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် လက်ထက်တော်၌ ကုရရဃရမြို့ရှိ အိမ်အထက်ထပ်တွင် အနားယူနေစဉ် သာတာဂိရိနှင့် ဟေမဝတနတ်ဘီလူးနှစ်ဦးတို့၏ တရားစကားကို ကြားနာရ၍ သောတာပန်ဖြစ်ကာ တဆင့်စကား ကြားရုံမျှဖြင့် ကြည်ညိုသော အရာ၌တဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကာဠုဒါယိတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက် ကုလပ္ပသာဒက ဧတဒဂ်ရသော မထေရ်တစ်ပါးကို အားကျ၍ ကုသိုလ်ပြု ဆုတောင်းခဲ့သောကြောင့်၊ သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝဝယ် ကပိလဝတ္ထုမြို့၌ ဘုရားအလောင်းနှင့် တစ်နေ့တည်း မွေးဖွားသော ဖွားဖက်တော် ဖြစ်ခဲ့ပုံ၊ ဘုရားရှင်အား ခမည်းတော်ထံ ပင့်ဆောင်ရန် လာသောအခါတွင် တရားနာရ၍ ဧဟိဘိက္ခုရဟန္တာဖြစ်ပြီး ကုလပ္ပသာဒက ဧတဒဂ်ရရှိပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၁၅၆) (အံ၊ဋ္ဌ၊၁၊၂၃၃) (ထေရ၊ဋ္ဌ၊၂၊၁၆၅) (အပ၊ဋ္ဌ၊၂၊၂၅၇) (သာရတ္ထ၊ဋီ၊၃၊၂၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကိင်္ကဏိပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရေအိုင်တွင် ရေသပ္ပါယ်တော်မူသော ဝိပဿီဘုရားရှင်အား ဆည်းလည်းပန်းဖြင့် ပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားခဲ့ရဘဲ နှစ်ဆယ့်ခုနစ်ကမ္ဘာအထက်၌ ဘီမရထ စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ကျွတ်တမ်းဝင်ခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကိမိလတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကိမိလထေရ်လောင်းလျာသည် မဏ္ဍပ်ဆောက်ကာ ကကုသန်ဘုရားရှင်၏ ဓာတ်တော်များကို ထင်းရှူးပန်းများဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကြောင့် ကိမလ မထေရ်အား နေ့ရောညပါ ထင်းရှူးပန်းများမိုးလျက် လိုက်ပါနေပုံ၊ ကိမိလ မထေရ်အား ဘုရားရှင်က ပျိုရာမှ အို၊ အိုရာမှ နာ၊ နာရာမှ သေသွားသော အမျိုးသမီးရုပ်ပုံလွှာကို ဖန်ဆင်းပြသ၍ တရားဟောတော်မူသဖြင့် ကိမိလမထေရ် ရဟန္တဖြစ်ခဲ့ပုံ စသောအကြောင်း အရာများပါဝင်သည်။ (အပ၊၂၊၁၇၂) (ထေရ၊ဋ္ဌ၊၁၊၂၉၈) (အပ၊ဋ္ဌ၊၂၊၂၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကိလဉ္ဇဒိယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းသည် ကိုးဆယ့်လေးကမ္ဘာအထက်က တိဝရပြည်၌ ကျူထရံသည် ဖြစ်ခဲ့ပုံ၊ သိဒ္ဓတ္ထဘုရားရှင်ကို လာရောက်ပူဇော်ကုန်သော သူတို့အား ဖျာလှူခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ မလားရောက်ခဲ့ဘဲ ခုနစ်ဆယ့်ခုနစ်ကမ္ဘာအထက်၌ ဇလဒ္ဓရစကြာမင်း ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကိသလယပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းသည် ကောင်းကင်၌ ကြွသွားတော်မူသော သိဒ္ဓတ္ထဘုရားရှင်ကို ဖူးတွေ့ရ၍ မိမိစိုက်ပျိုးထားသော သော်ကပင်မှ သော်ကညွန့်တို့ကို ဆွတ်ခူးကာ ကောင်းကင်၌ ကြဲမြှောက်ပူဇော်ခဲ့ပုံ၊ သော်ကညွန့်တို့ ဘုရားရှင်၏ နောက်တော်မှ လိုက်ပါသွားကြပုံ၊ ထိုကုသိုလ်ကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိဘဲ သုံးဆယ့်ခုနစ်ကမ္ဘာအထက်၌ ဧကိဿရစကြာမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကိသာဂေါတမီထေရီဝတ္ထု

ဤဝတ္ထု၌ သိကြားမင်းသည် ညဉ့်ဦးယံအဆုံးတွင် ဘုရားရှင်ထံ နတ်ပရိသတ်နှင့်အတူ လာရောက်ဖူးမြော်ပြီး သာရဏီယတရားကို နာကြားခဲ့ပုံ၊ ကိသာဂေါတမီထေရီသည်လည်း ဘုရားရှင်ကို ဖူးမြော်ရန် ကောင်းကင်ခရီးဖြင့် ကြွလာခဲ့ပုံ၊ သိကြားမင်းကို မြင်သဖြင့် ပြန်လှည့်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကိသာဂေါတမီထေရီဝတ္ထု

ဤဝတ္ထု၌ ကိသာဂေါတမီထေရီအလောင်းသည် ပဒုမုတ္တရဘုရားရှင်ထံ၌ နွမ်းပါးသော သင်္ကန်းသုံးဆောင်မှု၌ ဧတဒဂ်ရသူ ရဟန်းမတစ်ဦးကို အားကျလျက် ကောင်းမှုပြု၍ တောင်းဆုပြုခဲ့ပုံ၊ ကဿပ ဘုရားရှင်လက်ထက် ကိကီမင်း၏ ပဉ္စမမြောက်သမီးတော် ဖြစ်ခဲ့ရပုံ၊ နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက်တွင် ပစ္စည်းဥစ္စာများ ဆုံးရှုံးပျက်စီးပြီး ရွှေငွေစိန်ကျောက်များ မီးသွေးခဲ ဖြစ်သွားသော သူဌေးကြီးအား ရတနာအစစ် မူလအတိုင်း ပြန်ဖြစ်အောင် ပြနိုင်သဖြင့် သူဌေးသားနှင့် လက်ထပ်ခဲ့ပြီး သားတစ်ယောက် ရခဲ့ပုံ၊ ထိုသား သေသဖြင့် အသက်ရှင်အောင် ကုနိုင်သော ဆရာကို ရှာခဲ့ပုံ၊ မြတ်စွာဘုရားရှင်နှင့် တွေ့၍ ရဟန္တာ ဖြစ်ကာ နှမ်းပါးသော သင်္ကန်းသုံးဆောင်မှု၌ ဧတဒဂ်ရခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၄၄) (အံ၊ဋ္ဌ၊၁၊၂၉၀) (ထေရီ၊ဋ္ဌ၊၁၈၁) (ထေရီ၊၁၃၀) (သံ၊ဋ္ဌ၊၁၊၁၇၄) (သံ၊ဋီ၊၁၊၂၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကိသာဂေါတမီထေရီဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိပြည် သူဌေးကြီးတစ်ဦး၏ အိမ်တွင် ကုဋေလေးဆယ်သော ရွှေငွေရတနာများ မီးသွေးခဲဖြစ်သွားသဖြင့် စိတ်သောကရောက်နေစဉ် သူငယ်ချင်းဖြစ်သူက ‘‘ဤပစ္စည်းဥစ္စာရတနာများနှင့် ထိုက်တန်သူသည် ရွှေငွေအဖြစ် အမှန်အတိုင်း တွေ့မြင်ပါလိမ့်မည်၊ မီးသွေးခဲများကို ဈေးထဲ၌ ထိုင်၍ ရောင်းပါ’’ ဟု အကြံပေးခဲ့ပုံ၊ မီးသွေးခဲများကို ဈေးထဲ၌ ရောင်းစဉ် အခြားသူများက မီသွေးခဲအဖြစ် မြင်သော်လည်း ကိသာဂေါတမီက ‘‘ရွှေငွေများကို အဘယ့်ကြောင့် ထိုင်ရောင်းနေပါသနည်း’’ဟု မေးသဖြင့် အိမ်သို့ ခေါ်သွားကာ သူဌေးကြီးက သားဖြစ်သူနှင့် ထိမ်းမြားပေးခဲ့ပုံ၊ ကိသာဂေါတမီသည် သားလေး တစ်ယောက် ဖွားမြင်ပြီးနောက် သုံးနှစ်သားခန့်အရွယ်တွင် သားလေးသေဆုံးသွားသဖြင့် ယူကျုံးမရဖြစ်ကာ သားသေကို ဆေးကုပေးနိုင်မည့် ဆေးဆရာကို တစ်အိမ်တက်ဆင်း ရှာဖွေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကိသာဂေါတမီထေရီဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်က ကိသာဂေါတမီအား သားသေကို ဆေးကုရန် လူမသေဖူးသော အိမ်မှ မုန်ညင်းစေ့ လက်တစ်ဆုပ်ကို ရှာခိုင်းခဲ့ပုံ၊ ကိသာဂေါတမီက တစ်ရွာလုံး လှည့်ပတ်ရှာဖွေသော်လည်း မရခဲ့ကြောင်း လျှောက်ထားသောအခါ ဘုရားရှင်က ‘‘သတ္တဝါအားလုံးတို့၌ သေခြင်းတရားသည် မြဲကြောင်း၊ သတ္တဝါများကသာ မမြဲကြောင်း’’ စသည်ဖြင့် တရားဟောသောကြောင့် ကိသာဂေါတမီ သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကီဋာဂီရိဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ကာသိတိုင်းသို့ ဒေသစာရီ ကြွချီတော်မူစဉ် ရဟန်းတော်တို့အား ညစာစားခြင်းမှ ရှောင်ကြဉ်ကြသဖြင့် ရရှိအပ်သော အကျိုးများကို ဟောကြားလျက် ညစာစားမှုမှ ရှောင်ကြဉ်ရန် မိန့်တော်မူပုံ၊ ကိဋာဂီရိဇနပုဒ်သို့ ရောက်သောအခါ အဿဇိနှင့် ပုနဗ္ဗသုကတို့အား ညစာမစားရန် ရဟန်းများက ပြောကြားသောအခါ အဿဇိနှင့် ပုနဗ္ဗသုကတို့က မလိုက်နာကြပုံ၊ ထိုအကြောင်းအရာကို ရဟန်းများက ဘုရားရှင်ထံ လျှောက်ထားသောအခါ ဘုရားရှင်က အဿဇိနှင့် ပုနဗ္ဗသုကရဟန်းနှစ်ပါးကို ခေါ်၍ ဩဝါဒပေးတော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၁၃၈) (မ၊ဋ္ဌ၊၃၊၁၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုက္ကုဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မင်းဆရာ ဖြစ်ခဲ့ပုံ၊ မင်းကြီးသည် တရားမဲ့စွာ အုပ်ချုပ်နေ၍၊ ဘုရားအလောင်းက အိမ်အိုကြီးကို ပြ၍ အခြင်၊ ဒိုင်း၊ မြား၊ တန်းတို့သည် တစ်ခုကို တစ်ခု မှီခိုတည်ရှိရသကဲ့သို့ ဘုရင်သည် အမတ်၊ စစ်သား၊ မင်းမှုထမ်း၊ ပြည်သူတို့ကို မှီ၍ တည်ရသဖြင့် တရားနှင့်အညီ အုပ်ချုပ်မှသာ အရှည် တည်တံ့နိုင်ကြောင်း ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုက္ကုဋအဏ္ဍခါဒိကာဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိပြည်နှင့် မနီးမဝေးအရပ်တွင် ပဏ္ဍုရမည်သော တံငါရွာတစ်ရွာ ရှိခဲ့ပုံ၊ ထိုရွာမှ တံငါသည်တစ်ယောက်သည် လိပ်ဥများကို ယူကာ သာဝတ္ထိပြည်သို့ သွားပြီး အိမ်တစ်အိမ်၌ ပြုတ်စားခဲ့ပုံ၊ ထိုအိမ်ရှိ အမျိုးသမီးငယ်အားလည်း ကျွေးမွေးခဲ့ပုံ၊ ထိုအချိန်မှ စ၍ အမျိုးသမီးငယ်သည် အခြားသော စားစရာများကို မစားတော့သဖြင့် မိခင်က ကြက်ဥများကို ယူ၍ ကျွေးခဲ့ရပုံ၊ နောင်အခါ အမျိုးသမီးငယ်သည် မိမိကိုယ်တိုင် ကြက်ဥများကို ယူ၍ စားသောက်ခဲ့ပုံ၊ ကြက်မကြီးက အမျိုးသမီးငယ်အား ရန်ငြိုးဖွဲ့ကာ ‘‘ဤဘဝမှ ကွယ်လွန်ပြီးနောက် ဘီလူးမဖြစ်ပြီး သင်အမျိုးသမီးငယ်၏ သားသမီးများကို စားသောက်နိုင်ရပါလို၏’’ဟု ဆုတောင်းပြီး ကွယ်လွန်သွားခဲ့ပုံ၊ နောင်ဘဝ၌ တစ်ဦးက ကြောင်မကြီးဖြစ်ပြီး၊ ကျန်တစ်ဦးက ထိုအိမ်၌ပင် ကြက်မကြီးဖြစ်ကာ ကလဲ့စားချေကြပုံ၊ ဤသို့အားဖြင့် ဘဝငါးရာတိုင်တိုင် အပြန်ပြန် အလှန်လှန် ကလဲ့စားချေကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုက္ကုဋဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် တောအုပ်တစ်ခုတွင် ရုက္ခစိုးနတ် ဖြစ်ခဲ့ပုံ၊ ငှက်မုဆိုးတစ်ယောက်သည် တည်ကြက်ဖြင့် ကျော့ကွင်းထောင်၍ တောကြက်တို့ကို ဖမ်းယူလေ့ရှိပုံ၊ တစ်နေ့သောအခါ ကျော့ကွင်းမှ လွတ်ထွက်သွားသော တောကြက်ကို ဖမ်းယူရန် မိမိကိုယ်၌ သစ်ရွက်သစ်ခက်တို့ကို ဖွဲ့ချည်၍ ကျော့ကွင်းထောင်ပုံ၊ ကျော့ကွင်းအမိခံရဖူးသော တောကြက်က ငှက်မုဆိုးအား ‘‘ငါသည် ဤတောအုပ်၌ ကြီးပြင်းလာသဖြင့် တောချုံသစ်ပင်များစွာတို့ကို တွေ့ဖူးကြောင်း၊ သို့သော် သင်ငှက်မုဆိုးကဲ့သို့ ရွှေ့ရှားသွားလာနေသော သစ်ပင်ကို မတွေ့မြင်ဖူးကြောင်း’’ ပြောဆိုကာ အခြားတောအုပ်တစ်ခုသို့ ထွက်ခွာသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုက္ကုဋဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း ကြက်မင်း၏ အသားကို စားလိုသော စွန်တစ်ကောင်သည် သစ်ကိုင်းတွင် နား၍ ကြက်မင်းနှင့် မိတ်ဆွေဖွဲ့ခဲ့ပုံ၊ ကြက်မင်းက ပရိယာယ်မာယာများပြီး အန္တရာယ်ပေးတတ်သော သင်လိုလူမိုက်နှင့် မပေါင်းသင်းခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ပြောဆိုပုံစသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုက္ကုဋဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကြက်ရာပေါင်းများစွာ ခြံရံသော ကြက်မင်းဖြစ်၍ တော၌ နေစဉ် ကြောင်မတစ်ကောင်သည် ကြက်တို့ကို လှည့်ပတ်ဖမ်းစားပုံ၊ ဘုရားအလောင်း ကြက်မင်းကိုလည်း လှည့်ပတ် ဖမ်းစားလိုသဖြင့် လင်အဖြစ် ပေါင်းသင်းပါမည်၊ သစ်ပင်ထက်မှ ဆင်းခဲ့ပါဟု ချော့မြှူပုံ၊ ဘုရားအလောင်းက အမျိုးမတူ အကျင့်မကောင်းသည့် သင့်ကို မပေါင်းလိုကြောင်း ပြော၍ နှင်ထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုက္ကုဋမိတ္တနေသာဒဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်သူဌေးသမီး တစ်ဦးသည် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်အပေါ်ထပ်၌ နေစဉ် အသား လှည့်လည်ရောင်းချနေသော ကုက္ကုဋမိတ္တ သားမုဆိုးကို တွေ့မြင်ပြီး ရှေးဘဝ ရေစက်ကြောင့် မုဆိုးနောက်သို့ ထွက်ပြေးလိုက်ပါသွားပုံ၊ သားခုနစ်ယောက် မွေးဖွားပြီးနောက် အရွယ်ရောက်လာသော သားတို့အား အိမ်ထောင်ချပေးပုံ၊ တစ်နေ့သောအခါ ကုက္ကုဋမိတ္တမုဆိုးကြီး တောလိုက်သွားစဉ် သားကောင်တစ်ကောင်မျှ မမိဘဲ ကျော့ကွင်းအနီး၌ ဘုရားရှင်၏ ခြေတော်ရာကို တွေ့မြင်ရပုံ၊ သားကောင်များကို ဘုရားရှင်က လွှတ်ပေးလိုက်သည်ဟု မှတ်ထင်ကာ သစ်ပင်ရင်း၌ ထိုင်နေတော်မူသော ဘုရားရှင်အား မြားဖြင့် ပစ်ရန် ချိန်ရွယ်ခဲ့ပုံ၊ ဘုရားရှင်၏ တန်ခိုးတော်ကြောင့် ပစ်မရဘဲ ဆင်းရဲပင်ပန်းစွာ ရပ်နေရပုံ၊ ထိုအချိန်၌ မုဆိုးကြီး၏ သားခုနစ်ယောက်တို့ ရောက်လာပြီး ဘုရားရှင်အား မိမိတို့ဖခင်၏ ရန်သူဟု ထင်မှတ်ကာ အသီးအသီး မြားဖြင့်ပစ်ရန် ချိန်ရွယ်ကြပုံ၊ ထိုသား ခုနစ်ယောက်တို့လည်း လှုပ်ရှား၍ မရဘဲ ထိုနေရာ၌ပင် ရပ်နေကြရပုံ၊ အချိန်ကြာမြင့်သဖြင့် မုဆိုးကြီး၏ ဇနီးနှင့် ချွေးမခုနစ်ယောက်တို့ တောထဲသို့ လိုက်လာသောအခါ မုဆိုးကြီး၏ ဇနီးက ဘုရားရှင်ဟု သိပြီး ရှိခိုးကန်တော့၍ အားလုံးကို ဝန်ချတောင်းပန်စေပုံ၊ ဘုရားရှင်က တရားဟောတော်မူသဖြင့် မုဆိုးကြီးနှင့် တကွ သားခုနစ်ယောက်၊ ချွေးမခုနစ်ယောက်တို့ သောတာပန် တည်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုက္ကုရဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ခွေးမျိုး၌ ဖြစ်စဉ် ဗာရာဏသီပြည်ရှိ သုသာန်ကြီး တစ်ခု၌ ခွေးအပေါင်းခြံရံလျက် နေခဲ့ပုံ၊ တစ်နေ့သောအခါ ဗာရာဏသီမင်းကြီး၏ ရထားမှ သားရေလွန်ကြိုးများကို ခွေးစားခံရသဖြင့် မင်းကြီးက ခွေးအားလုံးကို သတ်မိန့်ပေးခဲ့ပုံ၊ မြို့တွင်းရှိ ခွေးများက ဘုရားအလောင်း ခွေးမင်းထံ လာရောက်၍ ‘‘နန်းတော်တွင်းရှိ သားရေလွန်ကြိုး ခိုးစားသော ခွေးများ အသတ်မခံရဘဲ မြို့တွင်းရှိ ခွေးများသာ အသတ်ခံနေရကြောင်း’’ ပြောကြားကြပုံ၊ ဘုရားအလောင်းခွေးမင်းက မင်းကြီးထံ သွား၍ သားရေလွန်ကြိုး ခိုးစားသည့် နန်းတွင်း ခွေးများကို ဖေါ်ထုတ် ပြသဖြင့် မြို့တွင်းနေ ခွေးများ အသက်ချမ်းသာရာ ရခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုက္ကုရဝတိကဝတ္ထု

ဤဝတ္ထု၌ နွားအကျင့်ကျင့်သူ ပုဏ္ဏနှင့် ခွေးအကျင့်ကျင့်သူ သေနိယတို့ ဘုရားထံ ရောက်လာပြီး ‘‘ထိုအကျင့်မျိုးကို ကျင့်သူတို့ သေဆုံးလျှင် မည်သည့်ဘုံသို့ ရောက်ပါမည်နည်း’’ဟု မေးလျှောက်ပုံ၊ ဘုရားရှင်က ‘‘ခွေးအကျင့်ကျင့်သူ သေလျှင် ခွေးဖြစ်မည်၊ နွားအကျင့်ကျင့်သူ သေလျှင် နွားဖြစ်မည်’’ဟု မိန့်တော်မူကာဆုံးမသဖြင့် မိစ္ဆာအယူဝါဒကို စွန့်ကာ ရဟန်းပြုခဲ့ကြပုံ စသောအကြောင်း အရာများပါဝင်သည်။ (မ၊၂၊၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုဉ္ဇရဝတ္ထု

ဤဝတ္ထု၌ အမျိုးသမီးတစ်ဦးသည် အရှင်သာရိပုတ္တရာအား ပန်းအခင်း ကြာပန်းဝတ်မှုန်တို့ဖြင့် ပြင်ဆင်ထားသည့် ညောင်စောင်းခုတင်နှင့် နို့ဃနာဆွမ်းတို့ကို လှူဒါန်းခဲ့ပုံ၊ ယင်းကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုဋဇပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းသည် ၃၁-ကမ္ဘာအထက်၌ ပွင့်တော်မူသော ပစ္စေကဗုဒ္ဓါအရှင်မြတ်အား လက်ထုပ်ကြီးပန်းဖြင့် ပူဇော်ခဲ့ပုံ၊ ယင်းကုသိုလ်ကြောင့် အပါယ်လေးပါးသို့ မကျရောက်ခဲ့ရဘဲ ဂေါတမ ဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုဋိဒူသကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဟိမဝန္တာအရပ်၌ စာဘူးတောင်းငှက်မျိုး၌ ဖြစ်၍ မိမိ၏ အသိုက်ကို မိုးမစိုအောင် သေချာကျနစွာ ပြုလုပ်ခဲ့ပုံ၊ မျောက်တစ်ကောင်သည် မိုးမိသဖြင့် ခိုက်ခိုက်တုန်လျက် ဘုရားလောင်း စာဘူးတောင်းငှက်သိုက်အနီး၌ ထိုင်နေစဉ် စာဘူးတောင်းငှက်က မျောက်အား ‘‘လက်ခြေ အပြည့်အစုံရှိပါလျက် အဘယ့်ကြောင့် နေထိုင်စရာအိမ် မရှိရသနည်း’’ဟု မေးပုံ၊ မျောက်က မိမိ၌ ဝိစာရဏဉာဏ်မရှိသောကြောင့် နေစရာအိမ်မရှိကြောင်း ပြောဆိုကာ စာဘူးတောင်းငှက်သိုက်ကို မှုန့်မှုန့်ညက်ညက် ဖြစ်သွားအောင် ဖျက်ဆီးပစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုဋိဝိဟာရိတ္ထေရဝတ္ထု

ဤဝတ္ထု၌ လယ်သမားတစ်ဦးသည် မည်သူမဆို နားခိုနိုင်ရန် သစ်ရွက် သစ်ခက်တို့ဖြင့် မိုးကာလျက် လယ်တဲကလေးတစ်လုံး ဆောက်လုပ် လှူဒါန်းထားခဲ့ပုံ၊ ကုဋိဝိဟာရီထေရ်သည် မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် သစ်ရွက်တဲကလေးထဲသို့ ဝင်ကာ တရားအားထုတ်စဉ် ရဟန္တာဖြစ်သွားခဲ့ပုံ၊ အလှူရှင်လယ်သမားသည် ငါ့အား အရတော်လေစွ ဟု ဝမ်းမြောက်ဝမ်းသာဖြစ်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုဋိဝိဟာရိတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဒုတိယကုဋိဝိဟာရီထေရ်သည် မိမိ၏ သစ်ရွက်မိုးကျောင်းလေး ဟောင်းနွမ်း ဆွေးမြေ့နေသဖြင့် အသစ်ဆောက်လုပ်ရန် စိတ်အားထက်သန်နေပြီး တရားအားမထုတ်ဖြစ်ဘဲ ရှိနေခဲ့ပုံ၊ ကျောင်းစောင့်နတ်က ဟောင်းတိုင်းသာ အသစ်ဆောက်နေလျှင် ဆုံးနိုင်တော့မည် မဟုတ်ကြောင်း၊ သစ်ရွက်မိုးကျောင်း အသစ်ဆောက်လုပ်ခြင်းသည် ခန္ဓာကိုယ်အသစ်တစ်ဖန် ပြုလုပ်သည်နှင့်တူကြောင်း စသည်ဖြင့် သံဝေဂကိုဖြစ်စေခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုဋုမ္ဗရိယဝိဟာရဝါသီဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရောဟဏဇနပုဒ် ကုဋုမ္ဗရိယကျောင်းနေ ရဟန်းငယ်တစ်ပါးသည် အလုပ်သမားတစ်ယောက်၏ အိမ်မှ တစ်ယောက်စာမျှ လောက်သော ဆွမ်းကိုသာ ခံယူလေ့ရှိပုံ၊ ထိုအလုပ်သမားက ထိုအကြောင်းကို သိရှိရပြီး မင်း၏ အမတ်တို့အား ပြောကြားရာ သူတို့က ထိုရဟန်း၏ အလိုနည်းခြင်းကို ကြည်ညိုလွန်းသောကြောင့် နေ့စဉ် အမြဲ ဆွမ်းဝတ်ခြောက်ဆယ် ပေးလှူခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုဋုမ္ဗိကဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိပြည်တွင် သဒ္ဓါတရားနှင့် ပြည့်စုံသော သူကြွယ်တစ်ယောက် ရှိခဲ့ပုံ၊ တစ်နေ့သောအခါ သူကြွယ်သည် ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းကပ် လှူဒါန်းနေစဉ် မင်းချင်းယောကျ်ားတစ်ယောက် ရောက်ရှိလာပြီး သူကြွယ်အား မင်းကြီးက ခေါ်နေကြောင်း ပြောကြားခဲ့ပုံ၊ သူကြွယ်က မင်းချင်းယောကျ်ားအား ယခု ရွှေအိုး မြှုပ်နှံနေကြောင်း၊ နောက်မှ လိုက်လာမည်ဖြစ်ကြောင်း မင်းကြီးအား လျှောက်ထားရန် ပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ခုဒ္ဒက၊ဋ္ဌ၊၁၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုဏာလဇာတက

ဤဇာတ်တော်၌ သာကီဝင်မင်းနှင့် ကောလိယမင်းတို့သည် ရောဟိဏီမြစ်ကို အကြောင်းပြု၍ စစ်ချီလာကြပုံ၊ ဘုရားရှင်သည် ဖန္ဒန၊ ဒဒ္ဒရ၊ လဋုကိကစသော ဇာတ်တော်ငါးခုကို ဟောကြားလျက် ခိုက်ရန်ငြိမ်းအောင် ပြုတော်မူပုံ၊ မင်းသားငါးရာတို့ ဘုရားရှင်ထံ ရဟန်းပြုခဲ့ကြပုံ၊ မင်းသားရဟန်းငါးရာတို့ သာသနာတော်၌ ငြီးငွေ့သဖြင့် ဘုရားရှင်က ဟိမဝန္တာတောင်သို့ ခေါ်ဆောင်သွားကာ အတိတ်ဖြစ်ရပ်ကို ဟောပြဆုံးမတော်မူခဲ့ပုံ၊ အတိတ်ဘဝက ဘုရားရှင်သည် ဤဟိမဝန္တာတောင်၌ ဥဩငှက်မပေါင်း သုံးထောင်ကျော် ခြံရံလျက် မွေ့လျော်ခဲ့သည့် ကုဏာလငှက်မင်းဖြစ်ခဲ့ပုံ၊ ထိုငှက်မင်းသည်ပင် မိန်းမတို့နှင့် အကျွမ်းမဝင်သင့်ကြောင်း၊ မိန်းမတို့၏ အပြစ်များနှင့် မိန်းမတို့၏ ဖောက်ပြန်တတ်ကြောင်းကို ဟောကြားပုံ စသော အကြောင်း အရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၄၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုဏ္ဍကကုစ္ဆိသိန္ဓဝဇာတက

ဤဇာတ်တော်၌ အဖွားအိုတစ်ဦးသည် အရှင်သာရိပုတ္တရာမထေရ်အား ဆွမ်းကပ်ရန် စာရေးတံမဲ မဲပေါက်ပုံ၊ အဖွားအို အရှင်သာရိပုတ္တရာမထေရ်အာ ဆွမ်းကပ်နိုင်ရန် ကောသလမင်း အနာထပိဏ်စသည်တို့က မိမိတို့တတ်အားသမျှ အသပြာများ အဖွားအိုအထံသို့ ပေးပို့ခဲ့ကြပုံ၊ အရှင်သာရိပုတ္တရာထေရ်သည် အဖွားအိုလှူဒါန်းသော ယာဂုဆွမ်း စသည်ကိုသာ ဘုဉ်းပေးတော်မူပုံ၊ ထိုအကြောင်းကို ရဟန်းတို့က မြတ်စွာဘုရားအား လျှောက်ထားခဲ့ကြပုံ၊ မြတ်စွာဘုရားက ‘‘သာရိပုတ္တရာသည် အတိတ်ဘဝ သိန္ဓောမြင်းဖြစ်စဉ်ကလည်း အဖွားအို၏ အစာကို စားကာ အဖွားအိုကို ချီးမြှောက်ခဲ့ကြောင်း’’ ဟောပြပုံစသော အကြောင်း အရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုဏ္ဍကပူဝဇာကတ

ဤဇာတ်တော်၌ ဆင်းရဲသား မဟာဒုဂ္ဂတသည် ဘုရားရှင်အား ဆန်ကွဲမုန့် လှူခွင့်ရပုံ၊ ထိုကုသိုလ်ကို အမျှဝေရန် မင်းအမတ်ကြီးစသူတို့က လက်ဆောင်ပေး၍ တောင်းခဲ့ကြပုံ၊ ထိုလက်ဆောင်ဖြင့်ပင် ရွှေကိုးကုဋေတိုင်အောင် ချမ်းသာပြီး သူဌေးရာထူး ရရှိခဲ့ပုံ၊ ရှေးဘဝကလည်း ဘုရားအလောင်း ရုက္ခစိုးနတ်မင်းအား မုန့်ဖြင့် ဗလိနတ်စာကျွေးသဖြင့် ချမ်းသာဖူးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုဏ္ဍဓာနတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကုဏ္ဍဓာနထေရ်လောင်း ဘုမ္မစိုးနတ်သည် သူငယ်ချင်းရဟန်းနှစ်ပါး၏ ခင်မင်မှုကို စမ်းသပ်လိုသဖြင့် မိန်းမပျိုအသွင်ဖြင့် ရဟန်းတစ်ပါးနှင့် ခြုံကွယ်တစ်ခုတွင် နှီးနှောဟန်ဆောင်၍ ပြခဲ့ပုံ၊ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဘဝများစွာ အပါယ်ငရဲ ကျရောက်ခဲ့ရပုံ၊ နောက်ဆုံးဘဝ၌ ကုဏ္ဍဓာနရဟန်း၏ နောက်သို့ မိန်းမတစ်ယောက် တစ်ကောက်ကောက် လိုက်ပါနေဟန်ကို လူတို့ မြင်တွေ့ကြ၍ ကဲ့ရဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၀၃) (ထေရ၊ဋ္ဌ၊၁၊၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုဏ္ဍလကေသာထေရီဝတ္ထု

ဤဝတ္ထု၌ နားတောင်းပုံ ဆံပင်ရှိသော ဘဒ္ဒါထေရီမအလောင်းသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ စိပ္ပါဘိည ဧတဒဂ်ရသောလျင်မြန်စွာ အဘိညာဉ်ဝင်စားနိုင်ရဟန်းမတို့တွင် အမြတ်ဆုံးအရာ ထားတော်မူခြင်းခံရသော ရဟန်းမတစ်ပါးကို အားကျ၍ ကောင်းမှုတို့ကို ထူးကဲစွာ ပြုကာ ဆုပန်ခဲ့ပုံ၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ ဖူးစာဖက်ဖြစ်သော လူဆိုးသူခိုးသတ္တုကနှင့် ကြင်ဖက်ဖြစ်ပြီးနောက် စိတ်ပြောင်းလဲသော သတ္တုကကို ပရိယာယ်ဖြင့် အနိုင်ယူခဲ့ပုံ၊ နောက်ဆုံး၌ ရဟန္တာဖြစ်၍ ခိပ္ပါဘိညဧတဒဂ်ဘွဲ့ထူး ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၄၀) (အံ၊ဋ္ဌ၊၁၊၂၈၃) (ထေရီ၊၄၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုဏ္ဍလီဝတ္ထု

ဤဝတ္ထု၌ အဂ္ဂသာဝကမထေရ်နှစ်ပါးတို့သည် သံဃာ့ပရိသတ်နှင့် အတူတကွ ကာသိတိုင်းတို့၌ ဒေသစာရီ လှည့်လည်စဉ် ဒါယကာတစ်ဦးသည် မထေရ်တို့ထံ ချဉ်းကပ်၍ ရှိခိုးခြင်း၊ ခြေဆေးပေးခြင်း စသည်ကိုပြု၍ ခြေနယ်ဆီ၊ ခုတင်၊ ညောင်စောင်း၊ အခင်း၊ ဆီမီးစသည်တို့ကို လှူဒါန်းခဲ့ပုံ၊ နောက်တစ်နေ့နံနက်တွင် ကြီးစွာသော အလှူကြီးပေခဲ့ပုံ၊ ယင်းကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုဏ္ဍလီဝတ္ထု

ဤဝတ္ထု၌ အဂ္ဂသာဝကမထေရ်ကြီးနှစ်ပါး အခြွေအရံများနှင့် တကွ ကာသိတိုင်းသို့ ဒေသစာရီ ကြွတော်မူစဉ် နေဝင်ခါနီးအချိန်တွင် ကျောင်းတစ်ကျောင်းသို့ ရောက်ခဲ့ကြပုံ၊ ဒကာတစ်ယောက်က ရဟန်းတော်များအတွက် ခြေနယ်ဆီ၊ ညောင်စောင်း၊ အင်းပျဉ်၊ အိပ်ရာခင်း ဆီမီးစသည်တို့ကို လာရောက်လှူဒါန်းပြီး နောက်တစ်နေ့အတွက် ဆွမ်းဖြင့်ဖိတ်မန်ကာ အလှူကြီး ပေးလှူခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဒကာ ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်တွင် (၁၂)ယူဇနာရှိသော ရွှေဗိမာန်၌ ဖြစ်ခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၁၀၁) (ဝိမာန၊ဋ္ဌ၊၂၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုဒ္ဒါလဇာတက

ဤဇာတ်တော်၌ ပေါက်တူးတစ်လက်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသော ကုဒ္ဒါလပဏ္ဍိတသည် ပေါက်တူးကို ချုံပုတ်တစ်ခုထဲသို့ ပစ်ချကာ ရသေ့ဝတ်လာခဲ့ပုံ၊ ပေါက်တူးအားကိုးလျက် လူထွက်လိုက် ရသေ့ဝတ်လိုက် ခြောက်ကြိမ်တိုင်အောင် ပြုခဲ့ပုံ၊ နောက်ဆုံးအချိန်၌ ပေါက်တူးကို မြစ်ထဲ ပစ်ချကာ အာလယပြတ် စွန့်လွှတ်ခဲ့ပုံ၊ ထို့နောက် ရသေ့ဘဝ၌ မြဲကာ ဈာန်သမာပတ်ကို ရရှိသွားခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုန္တိနီဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်း ဖြစ်စဉ် နန်းတော်တွင်း၌ စာပို့စာယူ တမန်အလုပ်ကို စွမ်းဆောင်နိုင်သည့် ကြိုးကြာငှက်မတစ်ကောင်ကို မွေးမြူထားပုံ၊ ကြိုးကြာငှက်မမှ သားငယ်နှစ်ကောင် မွေးဖွားပုံ၊ တစ်နေ့သောအခါ မင်းကြီးက ကြိုးကြာငှက်မအား အခြားမင်းတစ်ပါးထံသို့ စာပို့ခိုင်းစဉ် ဗာရာဏသီမင်း၏ သားငယ်နှစ်ယောက်တို့က ကြိုးကြာငှက်ငယ် နှစ်ကောင်ကို လက်ဖြင့် ဖျစ်ညှစ်၍ သတ်ကြပုံ၊ ကြိုးကြာငှက်မ ပြန်လာသည့်အခါ အကြောင်းစုံကို သိရှိသွားသဖြင့် မင်းသားငယ် နှစ်ယောက်တို့ကို ကျားလှောင်အိမ်အတွင်းသို့ ပို့ပုံ၊ မင်းသားငယ်နှစ်ယောက် ကျားစားခံရပြီးနောက် ကြိုးကြာငှက်မက ‘‘မိမိက လက်စားချေခြင်း ဖြစ်ကြောင်း’’ ဗာရာဏသီမင်းကြီးအား လျှောက်ထားကာ ဟိမဝန္တာတောသို့ ပြန်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုမာပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကုမာပုတ္တမထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ခြေနယ်ဆီကို ကြည်ညိုသဒ္ဓါ ထက်သန်စွာဖြင့် ပေးလှူခဲ့ပုံ၊ ဤကောင်းမှုကံ၏ အကျိုးဆက်ကြောင့် လူချမ်းသာ နတ်ချမ်းသာတို့ကို စဉ်ဆက်မပြတ် ခံစားရပုံ၊ ဤဂေါတမဘုရားရှင် လက်ထက်တော်၌ အာသဝေါကုန်ခန်း ရဟန္တာဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုမာပုတ္တသဟာယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကုမာပုတ္တနှင့် သူငယ်ချင်းသုဒန္တမထေရ်သည် လူသူကင်းရာတောင်စောင်း၌ တရားအားထုတ်နေခဲ့ပုံ၊ ခရီးသွားရဟန်းများ ဝင်လိုက်ထွက်လိုက်နှင့် အနှောင့်အယှက် ဖြစ်၍ သံဝေဂရခဲ့ပုံ၊ သိဒ္ဓတ္ထဘုရားရှင်လက်ထက်တော်၌ တောထဲဝင်ကာ တောင်ဝှေးများ ပြုလုပ်လျက် ရဟန်းတော်တို့အား လှုဒါန်းခဲ့ပုံ၊ သံဝေဂကို တောင်ဝှေးသဖွယ် အားကိုးအားထားပြု၍ ဝိပဿနာတရား ပွားများသောအခါ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုမာရကဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သား ကလေးသူငယ်တို့သည် ရေခန်းနေသော ရေကန်ထဲရှိ ငါးများကို ဖမ်းနေကြစဉ် ဘုရားရှင်ကြွလာပြီး ဆင်းရဲဒုက္ခကို ကြောက်လန့်ကြပါမူ အကုသိုလ်မကောင်းမှုကို မပြုသင့်ကြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများပါဝင် သည်။ (ဥဒါန၊၁၃၇) (ဥဒါန၊ဋ္ဌ၊၂၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုမာရကဿပတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကုမာရကဿပထေရ်လောင်းလျာသည် ပဒုမုတ္တရမြတ်စွာဘုရားရှင်အား ဆန်းကြယ်သော ပန်းပုဆိုးများ လှူဒါန်းခဲ့ပုံ၊ ဝိစိတ္တဓမ္မကထိက(ဆန်းကြယ်စွာ တရားစကားဟောပြောရာ၌) ဧတဒဂ်ဘွဲ့ထူးရသော ရဟန်းတော်တစ်ပါးကို အားကျကာ ဝိစိတ္တဓမ္မကထိက ဧတဒဂ်ဆု တောင်းခဲ့ပုံ၊ ဤဘုရားရှင်သာသနာတော်၌ ကုမာရကဿပအမည်တွင်၍ ဝိစိတ္တဓမ္မကထိက ဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (မ၊၁၊၁၉၅) (အပ၊၂၊၁၂၅) (ဒီ၊ဋ္ဌ၊၂၊၃၉၆) (မ၊ဋ္ဌ၊၂၊၂၆) (အံ၊ဋ္ဌ၊၁၊၂၂၀) (ထေရ၊ဋ္ဌ၊၁၊၄၁၂) (အပ၊ဋ္ဌ၊၂၊၂၃၀၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုမာရကဿပမာတုထေရီဝတ္ထု

ဤဝတ္ထု၌ ကုမာရကဿပမထေရ်၏မယ်တော် ထေရီသည် ရာဇဂြိုဟ်သူဌေးသမီး ဖြစ်ပြီး ဒေဝဒတ်အုပ်စုတွင် ဘိက္ခုနီပြုခဲ့ရာ လူ့ဘဝမှ ပါလာသောကိုယ်ဝန် ပေါ်လာသဖြင့် နှင်ထုတ်ခံခဲ့ရပုံ၊ ပညာမဲ့သော ဒေဝဒတ်ကြောင့် အရဟတ္တမဂ်မှ လွဲရတော့မည်ဆဲဆဲ ဘုရားရှင် ကယ်တင်ခဲ့ပုံ၊ ဝိသာခါစသော သူတို့ထံ အပ်နှံ၍ စစ်ဆေးစေရာ အဖြစ်မှန် သိသဖြင့် ဥပါလိမထေရ်က ဝိနည်းနှင့်အညီ ဆုံးဖြတ်ခဲ့ပုံ၊ မွေးဖွားလာသော သားတော် ရဟန္တာဖြစ်သည်အထိ တွယ်တာနေခဲ့ပုံ၊ သားရဟန္တာက ဥပါယ်တံမျဉ်ဖြင့် ဆက်ဆံ၍ သံဝေဂရပြီးနောက် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုမာရပေတဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့ရှိ ဥပါသကာများသည် အသင်းအဖွဲ့ပြု၍ မဏ္ဍပ်ဆောက်ကာ ဘုရားအမှူးရှိသော သံဃာတော်တို့အား အလှူကြီးပေးခဲ့ပုံ၊ နှမြောတွန့်တိုသော ယောက်ျားတစ်ယောက်သည် ‘‘ဤဝတ္ထုပစ္စည်းများကို အမှိုက်ပုံ၌ သွား၍ စွန့်ပစ်သည်က မြတ်သေး၏၊ ဤဦးပြည်းခေါင်းတုံးရဟန်းတို့အား ပေးလှူခြင်းသည် ဘာမျှအကျိုးရှိမည် မဟုတ်’’ဟု ပြောဆိုခဲ့ပုံ၊ မိခင်ဖြစ်သူက ထိုယောက်ျားကို ခေါ်၍ ဘုရားရှင်ထံ သွားရောက် တောင်းပန်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၇၃) (ပေတ၊ဋ္ဌ၊၁၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုမာရပေတဝတ္ထု

ဤဝတ္ထု၌ ကောသလမင်း၏ သားတော်နှစ်ပါးတို့သည် သူတစ်ပါးတို့၏ သားမယားတို့ကို ပြစ်မှား၍ သေလွန်သောအခါ မြို့ရိုးကျုံးအပြင်၌ ပြိတ္တာများ ဖြစ်ကြခဲ့ပုံ၊ ထိုပြိတ္တာတို့သည် ညအခါ၌ ကြောက်မက်ဖွယ် အသံတို့ဖြင့် ငိုကြွေးမြည်တမ်းခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၂၁၀) (ပေတ၊ဋ္ဌ၊၂၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုမုဒဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကမ္ဘာတစ်သိန်းအထက်၌ ဟိမဝန္တာတောင်အနီး ကြာမျိုးစုံတို့ဖြင့် ဖုံးလွှမ်းသော ဇာတဿရအိုင်ကြီးတွင် ကုကုတ္တအမည်ရှိသောငှက် ဖြစ်ခဲ့ပုံ၊ အိုင်အနီးသို့ ကြွလာတော်မူသော ပဒုမုတ္တရဘုရားရှင်အား ကုမုဒြာကြာကို ဖြတ်ယူ၍ လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိဘဲ ကမ္ဘာတစ်ထောင့်ခြောက်ရာအထက်၌ ဝရုဏစကြာမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၉) (အပ၊ဋ္ဌ၊၂၊၁၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုမုဒမာလိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကမ္ဘာတစ်ထောင့်ရှစ်ရာအထက်၌ ဟိမဝန္တာရှိ ကုမုဒြာကြာတို့ဖြင့် ဖုံးလွှမ်းနေသော အိုင်ကြီးတစ်အိုင်ကို အစိုးရသည့် ကြမ်းကြုတ်ခက်ထန်သော ရေစောင့်ဘီလူး ဖြစ်ခဲ့ပုံ၊ ထိုအိုင်ရှိ ကုမုဒြာကြာပွင့်တို့သည် လှည်းဘီးပမာဏ ရှိပုံ၊ မထေရ်အလောင်း ရေစောင့်ဘီလူးသည် ကုမုဒြာကြာပန်းကို ဆွတ်ခူး၍ အတ္ထဒဿီဘုရားရှင်အား လှူဒါန်းခဲ့သောကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ရခြင်းမရှိဘဲ တစ်ဆယ့်ငါးကမ္ဘာအထက်၌ သဟဿရထမည်သော စကြဝတေးမင်း ခုနစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၇) (အပ၊ဋ္ဌ၊၂၊၁၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုမ္ဘကာရဇာတက

ဤဇာတ်တော်၌ ရဟန်းတော်တို့ ကာမဝိတက် ကြံစည်နေကြသည်ကို ဘုရားရှင် သိတော်မူ၍ ကိလေသာအလိုသို့ မလိုက်ရန် ဟောတော်မူပုံ၊ ရှေးအခါက ကလိင်္ဂဘုရင် ကရဏ္ဍကသည် ဥယျာဉ်ကစားထွက်စဉ် အသီးသီးသော သရက်ပင်မှ သရက်သီးကို ခူးစားလေရာ ပြည်သူတို့ကပါ ထိုအပင်မှ အသီးခူး အခက်ချိုးသည်ကို တွေ့ရပြီး သံဝေဂရကာ ပစ္စေကဗောဓိဉာဏ်ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုမ္ဘဃောသကသေဋ္ဌိဝတ္ထု

ဤဝတ္ထု၌ ကုမ္ဘဃောသက၏ မိဘများသည် အဟိဝါတရောဂါ (ကူးစက်မြန်ရောဂါ) ဖြစ်ပွားလာသဖြင့် ကုဋေလေးဆယ် မြှုပ်နှံထားသောနေရာကို သားအား ပြသပြီး အရပ်တစ်ပါးသို့ ထွက်ပြေးစေခဲ့ပုံ၊ ထိုသူသည် ဆင်းရဲသားအသွင်ဖြင့် လျှို့ဝှက်ဖုံးကွယ်၍ နေသော်လည်း သူ၏အသံမှာ သူဌေးတို့၏အသံဖြစ််ကြောင်း ဗိမ္ဗိသာရမင်းကြီးက နားလည်ပုံ၊ စုံစမ်းခိုင်း၍ ဥစ္စာများကို ဖော်ထုတ်စေကာ သူဌေးဘွဲ့ပေးခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုမ္ဘဇာတက

ဤဇာတ်တော်၌ မုဆိုးတစ်ယောက်သည် တောထဲရှိ သစ်ခေါင်းကြီးထဲမှ စိမ်ရည်များကို သောက်သုံးမိပုံ၊ သောက်လိုက်မိသော စိမ်ရည်ကြောင့် မူးယစ်ရီဝေမှုကို ခံစားရကာ စွဲလမ်းခဲ့ပုံ၊ ထိုစိမ်ရည်ကို အတုယူကာ သေရည်ချက်လုပ်၍ ရသေ့များ၊ ဘုရင်များ၊ တိုင်းသူပြည်သားများပါ သေရည်ကို သောက်သုံးခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုမ္မာသဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကုမ္မာသဒါယကထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင် ဆွမ်းခံကြွစဉ် ခဲဖွယ်ဘောဇဉ်မပါ ဗလာချည်းသက်သက်ဖြစ်နေသော သပိတ်ထဲ၌ မုယောမုန့်အပြည့် ထည့်၍ လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံ၏ အကျိုးဆက်ကြောင့် (၉၁)ကမ္ဘာ အပါယ်မလားဘဲ လူ့စည်းစိမ် နတ်စည်းစိမ်ကို ခံစားခဲ့ရပုံ၊ နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာ များပါဝင်သည်။ (အပ၊၂၊၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုမ္မာသပိဏ္ဍိဇာတက

ဤဇာတ်တော်၌ မြတ်စွာဘုရား၏ သာသနာတော်တွင်း၌ ကုသိုလ်ကောင်းမှုကို သေးငယ်သည်၊ နည်းသည်ဟူ၍ အထင်မသေးသင့်ပုံ၊ မလ္လိကာပန်းသည်မသည် ဘုရားရှင်အား မုယောမုန့်ကို လှူဒါန်းလိုက်သဖြင့် နေ့တွင်းချင်း ကောသလမင်းကြီး၏ မိဖုရားခေါင်ကြီး ဖြစ်သွားခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုမ္မောပမဝတ္ထု

ဤဝတ္ထု၌ လိပ်တစ်ကောင်သည် ညနေချမ်းအချိန် မြစ်ကမ်းပါးတစ်လျှောက် အစာရှာ ထွက်စဉ် အစာရှာထွက်လာသော မြေခွေးတစ်ကောင် အဝေးက လာနေသည်ကို မြင်သဖြင့် ခေါင်းနှင့်ခြေလက်တို့ကို လိပ်ခွံတွင်းသွင်းကာ မတုန်မလှုပ် ဝပ်နေပုံ၊ မြေခွေးသည် ထိုလိပ်ကို ကိုက်ဝါးစားသောက်ခြင်းငှာ မတတ်နိုင်ပုံ၊ ထို့အတူ ရဟန်းတော်တို့သည်လည်း စက္ခုစသော ဣန္ဒြေတို့ကို လုံခြုံစွာ ထိန်းသိမ်း စောင့်ရှောက်ထားပါက မာရ်နတ်မင်း မနှိပ်စက်နိုင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၃၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုရဉ္စိယဖလဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေလောင်းလျာသည် ၃၁-ကမ္ဘာထက်တွင် ပွင့်တော်မူသော သိခီမြတ်စွာဘုရားအား ကုရဉ္စိယမည်သော အသီးကို လှူဒါန်းခဲ့သည့်ကုသိုလ်ကြောင့် လူ့ဘုံနတ်ဘုံတို့၌သာ ကျင်လည်ခဲ့ရပြီး ဤ ဘုရားရှင်သာသနာဝယ် ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုရုင်္ဂမိဂဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းဆတ်မင်းသည် မိမိအမြဲတမ်း စားသောက်နေကျ ယမနေ ပင်ကိုပင် အဆောတလျင် သစ်ပင်ရင်းသို့ မဝင်သေးဘဲ စူးစမ်းဆင်ခြင်ခဲ့ပုံ၊ ဒေဝဒတ်လောင်း မုဆိုးသည် ယမနေသီးများကို ဆတ်မင်း၏ရှေ့သို့ ပစ်ချပေးပုံ၊ ယင်းသို့ စူးစမ်းသတိဖြင့် ဆင်ခြင်မိသောကြောင့် အသက်ဘေးမှ ကင်းဝေးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုရုင်္ဂမိဂဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကုရုင်္ဂမည်သော သမင််မျိုး၌ ဖြစ်ခဲ့ပုံ၊ ခေါက်ရှာငှက်, လိပ်တို့နှင့် မိတ်ဆွေဖြစ်ခဲ့ပုံ၊ ကုရုင်္ဂသမင် ကျော့ကွင်းမိသောအခါ လိပ်နှင့် ခေါက်ရှာငှက်တို့က လွတ်အောင် ကူညီခဲ့ကြပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုရုဓမ္မဇာတက

ဤဇာတ်တော်၌ ဓနဉ္စယကောရဗျမင်းသည် ဂရုဓမ္မဟုခေါ်သော ငါးပါးသီလကို စောင့်ထိန်းပြီး အလှူပေးခြင်းကြောင့် တိုင်းပြည်သာယာ ဝပြောပုံ၊ မယ်တော်မိဖုရားကြီး၊ ကြိုးတိုင်းအမတ်၊ ရထားထိန်း၊ သူဌေး၊ ပုရောဟိတ်ပုဏ္ဏား၊ အိမ်ရှေ့မင်း၊ တင်းခြင်အမတ်၊ တံခါးစောင့်၊ ပြည့်တန်ဆာမတို့သည်လည်း တရားစောင့်ကြပုံ၊ ကလိင်္ဂတိုင်းပြည်၌ မိုးခေါင်သဖြင့် ပုဏ္ဏားတို့ လာရောက်ပြီး အထက်ပါပုဂ္ဂိုလ်တို့ထံ စုံစမ်း၍ ဂရုဓမ္မကို ရွှေပြားဖြင့် ရေးမှတ်ကာ မိမိတို့တိုင်းပြည်သို့ ယူပြီး ပြည်သူတို့ကို ကျင့်သုံးစေကြရာ ကလိင်္ဂတစ်တိုင်းလုံး မိုးရွာ၍ ဘေးသုံးပါးတို့မှ လွတ်ကင်းချမ်းသာကြပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၆၀) (စရိယာ၊ဋ္ဌ၊၃၆) (ဇာ၊ဋ္ဌ၊၂၊၃၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုလဃရဏီဝတ္ထု

ဤဝတ္ထု၌ မထေရ်တစ်ပါးသည် မြတ်စွာဘုရားထံတော်မှ ကမ္မဋ္ဌာန်းကို သင်ယူ၍ တောထဲသို့ ကြွကာ ရွာတစ်ရွာကို အမှီပြုလျက် ကမ္မဋ္ဌာန်းတရား ကြိုးစားအားထုတ်ခဲ့ပုံ၊ ဒါယကာတစ်ဦးသည် ကြည်ညိုသဖြင့် နေ့စဉ် ဆွမ်းဘုဉ်းပေးရန် ပင့်ခဲ့ပုံ၊ မထေရ်သည် မကြာမီမှာပင် ရဟန္တာဖြစ်ပြီး မိမိအပေါ် ကျေးဇူးများလှသည့် ထိုဒေသ၌သာ စွဲမြဲစွာ နေထိုင်ခဲ့ပုံ စသော အကြောင်းအရာများပါဝင် သည်။ (သံ၊၁၊၂၀၃) (သံ၊ဋ္ဌ၊၁၊၂၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုလတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကုလမထေရ်သည် လေးသမားတို့ မြားများ ပြုလုပ်နေကြပုံနှင့် ရေသမားတို့ မြောင်းများ တူး၍ လယ်ကွင်းသို့ ရေသွယ်ယူနေကြပုံ စသည်တို့ကို အတုယူလျက် မိမိစိတ်ကို လိုရာ ကမ္မဋ္ဌာန်းအာရုံသို့ ညွတ်စေပြီး အရဟတ္တဖိုလ်ကို ရယူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုလဒါသပုတ္တဝတ္ထု

ဤဝတ္ထု၌ အနုရာဓမြို့မှ ကျွန်မတစ်ယောက်သည် ထွက်ပြေးလာပြီး ရောဟဏအရပ်၌ သားတစ်ယောက်ကို မွေးဖွားခဲ့ပုံ၊ ထိုသားသည် အရွယ်ရောက်၍ ရဟန်းပြုပြီး ကျွန်မသားဖြစ်သော မိမိသည် ရဟန်းဖြစ်၊ မဖြစ် သံသယရှိသဖြင့် အနုရာဓမြို့ရှိ မူလအိမ်ရှင့်ထံ သွားရောက်မေးမြန်းပုံ၊ ထိုအိမ်ရှင်တို့က ကျွန်အဖြစ်မှ ကင်းလွတ်ကြောင်း ပြောကြား၍ ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့ကြပုံ၊ ထိုမထေရ်သည် ထိုအမျိုး၏ ထောက်ပံ့မှုကို ရ၍ ကျင့်ကြံအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၃၊၂၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုလာဝကဇာတက

ဤဇာတ်တော်၌ မဃလုလင်နှင့်တကွ သူငယ်ချင်း သုံးဆယ့်သုံးယောက်တို့သည် လမ်းခင်းခြင်း၊ တံတားဆောက်ခြင်း၊ ဇရပ်ဆောက်ခြင်း၊ ရေတွင်းရေကန်တူးခြင်း စသော ကုသိုလ်ကောင်းမှုများကို စုပေါင်း ပြုလုပ်ခဲ့ပုံ၊ ရွာသူကြီးက မနာလိုဖြစ်ကာ သူပုန်များ ဖြစ်ကြောင်း မင်းကြီးထံ သံတော်ဦးတင်ခဲ့ပုံ၊ မင်းကြီးက ဆင်ဖြင့် နင်းသတ်ခိုင်းသော်လည်း မဃလုလင်တို့ သစ္စာပြုသဖြင့် ဆင်များ ထွက်ပြေးခဲ့ကြပုံ၊ မင်းကြီးက အဖြစ်မှန်ကို သိ၍ ချောပစ်ကုန်းတိုက်သော ရွာသူကြီးအား ရာထူးချကာ မဃလုလင်နှင့် အပေါင်းပါတို့အား စိတ်တိုင်းကျ ကုသိုလ်ကောင်းမှု ပြုစေခဲ့ပုံ၊ မဃလုလင်ကွယ်လွန်သော အခါ တာဝတိံသာနတ်ပြည်၌ သိကြားမင်း ဖြစ်ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုလာဝကဝတ္ထု

ဤဝတ္ထု၌ အသုရာတို့ကို ရှုံးနိမ့်၍ နတ်ရထားဖြင့် ထွက်ပြေးလာသော သိကြားမင်းသည် ရထားဘီးဒဏ်ကြောင့် အော်မြည်နေသော ဂဠုန်ငှက်ကလေးများအသံကြောင့် နောက်သို့ ပြန်လှည့်စေခဲ့ပုံ၊ အမှတ်မထင် စေတနာ မေတ္တာ ရှေ့ထားလိုက်ခြင်းသည် မိမိကို တရားမျှတစွာ အကျိုးပေးတတ်ပုံ၊ စစ်ရှုံးသော သိကြားမင်း၏ ဂဠုန်ငှက်ကလေးများအပေါ် ကြင်နာစိတ်ထား၍ ရှောင်လွှဲမှုကြောင့် သိကြားမင်းသည် အသုရာတို့ကို တရားသဖြင့် အောင်မြင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၂၆) (သံ၊ဋ္ဌ၊၁၊၃၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုလူပကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မိမိအိမ်သို့ အလှူခံရောက်လာသော ရဟန်းတစ်ပါးကို လှူဒါန်းလိုစိတ်မရှိသော အမျိုးသမီးက အိမ်တွင် လှူဖွယ်ဝတ္ထု မရှိကြောင်း၊ ဆွမ်းချက်ရန် ဆန်ရှာသွားဦးမည် ဖြစ်ကြောင်း ပြောဆို၍ ထွက်သွားပုံ၊ ရဟန်းသည် အိမ်ထဲတွင် ရှာဖွေကြည့်ရာ ဆန်, ထောပတ်, ကြံ စသည်တို့ကို တွေ့သဖြင့် ထိုအမျိုးသမီး ပြန်လာသောအခါ မလှူဘဲ မနေနိုင်အောင် သွယ်ဝိုက်ပြောဆိုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၆၅) (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုလ္လတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့ထံ၌ ကုသိုလ်ပြုကာ ပါရမီဖြည့်ခဲ့သောကြောင့် ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့တွင် သူဌေးသား ဖြစ်ခဲ့ပုံ၊ သူဌေးသားသည် ရဟန်းပြုလာပါသော်လည်း ရာဂစရိုက်အားကြီးသဖြင့် တရားမရနိုင်ပုံ၊ ဘုရားရှင်က တန်ခိုးတော်ဖြင့် အသုဘကမ္မဋ္ဌာန်းကို ပြသကာ တရားဟောတော်မူသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၉၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုဝေရဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ ဘုရားမပွင့်မီအချိန်က ကုဝေရမည်သော ပုဏ္ဏားတစ်ယောက်သည် ကြံစိုက်ပြီး ယန္တရားစက်(၇)လုံးတို့ဖြင့် ကြံကြိတ်ကာ လာလာသမျှသော လူတို့အား ကြံရည် ပေးလှူခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ကုဝေရမည်သော စာတုမဟာရာဇ်နတ်မင်းကြီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၁၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုသစီရာဒိပဋိက္ခေပဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် သမန်းမြက်သင်္ကန်း၊ လျှော်သင်္ကန်း၊ ပျဉ်ချပ်သင်္ကန်း၊ ဆံခြည်ကမ္ဗလာ၊ သားမြီးကမ္ဗလာ၊ ခင်ပုပ်တောင်သင်္ကန်း၊ သစ်နက်ရေသင်္ကန်းတို့ကို ဝတ်၍ ဘုရားရှင်ထံ သွားရောက်ကာ အလိုနည်းရန် သမန်းမြက်သင်္ကန်း စသည်ကို ခွင့်ပြုရန် လျှောက်ထားပုံ၊ ဘုရားရှင်က ကဲ့ရဲ့တော်မူပြီး ‘‘တိတ္ထိတို့၏ တံခွန်ဖြစ်သော သမန်းမြက်သင်္ကန်း စသည်ကို မဝတ်ရ၊ မဆောင်ရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုသဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် မလ္လတိုင်း၊ ကုသဝတီနေပြည်တော်ရှိ ဩက္ကာက မင်းကြီးနှင့် သီလဝတီမိဖုရားကြီးတို့ဝမ်း၌ ပဋိသန္ဓေ ယူခဲ့ပုံ၊ ရှေးဘဝက ပစ္စေကဗုဒ္ဓါအား လောင်းလှူထားသော မုန့်ကို ပြန်ယူခဲ့သော အကုသိုလ်ကြောင့် အလွန်ရုပ်ဆိုးပုံ၊ မဒ္ဒတိုင်း သာဂလမြို့နေ မဒ္ဒရာဇ်မင်းကြီး၏ သမီးရှစ်ယောက်အနက် အကြီးဆုံးသမီးတော် ပဘာဝတီမှာ ရုပ်ရေအဆင်း ပြိုင်ဘက်ကင်းအောင် လှပပြီး ကိုယ်ရောင်ဖြာထွက်နေပုံ၊ ကုသမင်းသားနှင့် ပဘာဝတီတို့ လက်ထပ်ပြီး ကုသမင်းသား အရုပ်ဆိုးအကျည်းတန်ကြောင်း သိမြင်ရသဖြင့် ပဘာဝတီ မဒ္ဒတိုင်းပြည်သို့ ပြန်ခဲ့ပုံ၊ ကုသဝတီနေပြည်တော်မှ အလွန်ရုပ်ဆိုးသည့် ဘုရားအလောင်း ကုသ မင်းကြီးသည် မဒ္ဒတိုင်း၊ သာဂလမြို့မှ အလွန်လှပသည့် ပဘာဝတီမင်းသမီးနောက်သို့ လိုက်သောအခါ အတိတ်ဘဝ အကုသိုလ်ကံကြောင့် ဒုက္ခခံခဲ့ရပုံ၊ ကုသမင်းကြီးသည် မင်းအပေါင်းကို အနိုင်ရကာ ပဘာဝတီကို သိမ်းပိုက်နိုင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၂၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုသဋ္ဌကဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကုသဋ္ဌကဒါယကမထေရ်လောင်းလျာသည် ကဿပဘုရားရှင်အား စာရေးတံဆွမ်း ရှစ်ကြိမ် လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်၏ အကျိုးဆက်ကြောင့် အပါယ်မလားဘဲ လူ, နတ်, ချမ်းသာတို့ဖြင့်သာ ဘဝသံသရာ၌ ကျင်လည်ခဲ့၍ နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုသနာဠိဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဗာရာဏသီမင်း၏ ဥယျာဉ်တော်အတွင်း၌ အလေ့ကျပေါက်နေသော သမန်းမြက်ချုံ၌ ရုက္ခစိုးနတ် ဖြစ်ခဲ့ပုံ၊ ထိုဥယျာဉ်၌ပင် ရုစမည်သော မင်္ဂလာသစ်ပင်တွင် တန်ခိုးကြီးသော နတ်မင်းတစ်ပါး နေခဲ့ပုံ၊ သမန်းချုံစောင့်နတ်နှင့် မင်္ဂလာသစ်ပင်စောင့်နတ်တို့သည် အဆင့်အတန်း နိမ့်မြင့်ကွာခြားသော်လည်း အလွန် ချစ်ကျွမ်းဝင်ခဲ့ကြပုံ၊ တစ်နေ့တွင် ဗာရာဏသီမင်းသည် မိမိ၏ ပြာသာဒ်တိုင်တစ်ချောင်း လှုပ်နေသဖြင့် လက်သမားကို ခေါ်၍ တိုင်ရှာခိုင်းသောအခါ ဥယျာဉ်တော်အတွင်းရှိ ရုစမင်္ဂလာနတ်သစ်ပင်ကို ညွှန်ပြခဲ့ပုံ၊ မင်းကြီးက ထိုသစ်ကို ခုတ်လှဲရန် အမိန့်ပေးသောအခါ ရုစမင်္ဂလာသစ်ပင်စောင့်နတ်သည် ခိုကိုးရာမဲ့ဖြစ်ကာ သားသမီးငယ်များကို လည်ပင်းဖက်၍ ငိုကြွေးနေပုံ၊ ထိုအချိန်၌ သမန်းမြက်ချုံစောင့်နတ် ရောက်လာကာ အကြောင်းစုံ သိရှိပြီး လက်သမား ရောက်လာသောအခါ ပုတ်သင်ညိုယောင်ဆောင်လျက် ရုစမင်္ဂလာသစ်ပင်အခေါင်းထဲ ဝင်သွားဟန်ပြုပြီး သစ်ပင်အလယ်အပေါက် သစ်ခေါင်းထဲမှ ခေါင်းညိတ်ပြသဖြင့် လက်သမားများက ဤသစ်ပင် အနှစ်မရှိဟု မှတ်ထင်ကာ ပြန်လှည့်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုဟကဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည် ရွာငယ်တစ်ရွာ၌ သူကြွယ်တစ်ဦးသည် ကောက်ကျစ်စဉ်းလဲသော ရသေ့အား သီလရှိသူ-ဟု မှတ်ထင်၍ တော၌ သစ်ရွက်မိုးကျောင်း ဆောက်လုပ်လှူဒါန်းကာ ကိုးကွယ်ဆည်းကပ်နေခဲ့ပုံ၊ တစ်နေ့သောအခါ သူကြွယ်သည် ခိုးသူဘေးမှ စိုးရိမ်သဖြင့် ရွှေနိက္ခတစ်ရာကို ရသေ့၏ ကျောင်းဝင်းအတွင်း၌ မြှုပ်ပြီး ကြည့်ရှုစောင့်ရှောက်ပေးပါရန် အပ်နှံထားပုံ၊ ရသေ့စဉ်းလဲက ‘‘ရသေ့ရဟန်းတို့မည်သည် သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာများကို လိုချင်တပ်မက်စိတ် မရှိကြောင်း’’ ပြောကြားပုံ၊ ရက်အတန်ကြာသောအခါ ရသေ့စဉ်းလဲသည် ရွှေနိက္ခတစ်ရာကို တူးဖော်၍ အခြားတစ်နေရာ၌ ဝှက်ထားပြီးနောက် အခြားတောအုပ်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်တော့မည် ဖြစ်ကြောင်း ပြောကြားပုံ၊ သူကြွယ် ပြန်သွားပြီးနောက် ‘‘မိမိဆံကျစ်တွင် အိမ်တံစက်မြိတ်မှ မြက်တစ်ပင် ငြိပါလာသည်’’ဟု ဆိုကာ ဝှက်ယူလာသော မြက်တစ်ပင်ကို သူကြွယ်ထံ တစ်ဖန် လာပေးပုံ၊ ထိုစကားကို ဘုရားအလောင်းကုန်သည်က ကြားသိသောအခါ ရသေ့ထံ၌ အပ်နှံထားသောပစ္စည်း တစ်စုံတစ်ရာရှိပါသလောဟု မေး၍ သူကြွယ်က ရွှေနိက္ခတစ်ရာ အပ်နှံ့ထားကြောင်း ပြောပြသည့်အခါ ထိုရွှေနိက္ခတစ်ရာရှိ-မရှိ၊ သွားရောက်ကြည့်ရှုခိုင်းပုံ၊ ရွှေများမရှိတော့သဖြင့် သူကြွယ်က ရသေ့စဉ်းလဲနောက် လိုက်ကာ ဖမ်းဆီး ရိုက်နှက် ထောင်းထုလျက် ရွှေနိက္ခတစ်ရာကို ပြန်လည် ရယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကုဟကဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ လိမ်ညာလှည့်စား ကောက်ကျစ်တတ်သော ပုဏ္ဏားတစ်ယောက်သည် ဝေသာလီမြို့တံခါးအနီးရှိ ခတက်ပင်ပေါ်သို့ တက်ကာ လင်းနို့ကဲ့သို့ တွဲလွဲဆွဲနေပြီး ‘‘အကယ်၍ မိမိသည် အောက်သို့ ပြုတ်ကျပြီး သေဆုံးလျှင် ဤမြို့ ပျက်စီးလိမ့်မည်၊ ထို့ကြောင့် စည်းစိမ်ဥစ္စာရတနာများနှင့် အခြွေအရံများကို ပေးလှူရမည်’’ ဟု မြို့သူမြို့သားတို့အား လိမ်ညာလှည့်ပတ်၍ ပြောခဲ့ပုံ၊ အသိဉာဏ်နည်းသော လူများက မြို့ပျက်စီးမည် စိုးသဖြင့် ပုဏ္ဏားပြောသမျှ ပေးလှူခဲ့ကြပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် ကြားသိတော်မူသောအခါ ထိုပုဏ္ဏား၏ အတိတ်ဇာတ်ကြောင်းကို ဟောပြတော်မူပုံ၊ ဖွတ်သား စားမိသော ကောက်ကျစ်သော ရသေ့စဉ်းလဲသည် မိမိထံ ရှိခိုးရန်လာသော ဘုရားလောင်း ဖွတ်မင်းကို သတ်စားရန် ကြံစည်ခဲ့ဖူးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကူဋကဏ္ဏရာဇဝတ္ထု

ဤဝတ္ထု၌ ကူဋကဏ္ဏမင်းသည် စူဠသုဓမ္မထေရ်အား လွန်စွာ မြတ်နိုးကြည်ညိုခဲ့ပုံ၊ မင်းနှင့် မိဖုရားတို့သည် မထေရ်၏ မျက်နှာတော်ကို မော့၍ပင် မကြည့်ရခဲဲ့ကြပုံ၊ မင်းကြီးသည် တိပိဋကစူဠနာဂထေရ်ကိုလည်း လွန်စွာ မြတ်နိုးကြည်ညိုခဲ့ပုံ၊ တိပိဋကစူဠနာဂထေရ်၏ လက်ချောင်း၌ ပေါက်သော သွေးစုနာကို မင်းကြီးက ပါးစပ်ဖြင့် ငုံထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကူဋကဏ္ဏရာဇဝတ္ထု

ဤဝတ္ထု၌ ကူဋကဏ္ဏမင်းသည် ဂုဠဝဏ္ဏမြင်းတော်ကို စီး၍ စေတိယတောင်သို့ သွားစဉ် ကလမ္ဗမြစ်ဆိပ်သို့ ရောက်ပုံ၊ မြင်းသည် ရေထဲသို့ မဆင်းဘဲ နေသဖြင့် မြင်းဆရာ၏ အကြံပေးချက်အရ မင်းသည် မြင်းမြီးကို ကိုင်ပေးထားရာ မြင်းသည် အဟုန်ဖြင့် မြစ်တစ်ဖက်ကမ်းသို့ ကူးခတ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၁၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကူဋဒန္တဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် မဂဓတိုင်း ခါဏုမတရွာ အမ္ဗလဋ္ဌိကဥယျာဉ်၌ သီတင်းသုံးတော်မူစဉ် ခါဏုမတရွာသား ကူဋဒန္တပုဏ္ဏားသည် ယဇ်ပူဇော်ရန်အတွက် သိုး, ဆိတ်, နွားတို့ကို တစ်မျိုးလျှင် (၇၀၀)စီ စုဆောင်းလျက် ယဇ်ပူဇော်ရန် စီစဉ်နေပုံ၊ ယဇ်ကြီးပူဇော်ရန် နည်းစနစ်များကို သိလိုသဖြင့် ဘုရားရှင်ထံ သွားရောက် လျှောက်ထားရာ ဘုရားရှင်က မဟာဝိဇိတမင်းကြီး၏ ယဇ်ပူဇော်နည်းများကို ဟောပြတော်မူပုံ၊ ထိုယဇ်ပူဇော်နည်းထက် သာ၍ အကျိုးများသော အမြင့်မြတ်ဆုံး ယဇ်ပူဇော်နည်းတို့ကို ဟောပြတော်မူပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဒီ၊၁၊၁၂၀) (ဒီ၊ဋ္ဌ၊၁၊၂၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကူဋဝါဏိဇဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ပဏ္ဍိတ-ဟူသော အမည်ဖြင့် ကုန်သည်မျိုး၌ ဖြစ်ပုံ၊ အရွယ်ရောက်သောအခါ အတိပဏ္ဍိတ-အမည်ရှိသော ကုန်သည်တစ်ဦးနှင့် အတူ စပ်တူ ကုန်ဝယ်သွားကြပုံ၊ အမြတ်များကို ဝေစုခွဲသည့်အခါ အတိပဏ္ဍိတက ‘‘မိမိသည် အတိပဏ္ဍိတ ဖြစ်သောကြောင့် ဝေစု နှစ်ဆ ရသင့်ကြောင်း’’ ဘုရားအလောင်းပဏ္ဍိတကုန်သည်အား ပြောဆိုသဖြင့် အငြင်းပွားကြပုံ၊ အတိပဏ္ဍိတ, က သူ၏ ဖခင်အား သစ်ခေါင်းတွင်း၌ တိတ်တဆိတ် ဝှက်ထားပြီး ရုက္ခစိုးနတ်မင်း၏ အဆုံးအဖြတ်ကို ခံယူမည်ဟု ပဏ္ဍိတကုန်သည်အား ပြောကြားပုံ၊ အတိပဏ္ဍိတ၏ ဖခင် ပုန်းအောင်းနေသော သစ်ပင်ရင်း၌ အဆုံးအဖြတ်ကို မေးမြန်းသည့်အခါ ‘‘အတိပဏ္ဍိတသည် ဝေစုနှစ်ဆ ရသင့်ကြောင်း’’ သစ်ခေါင်းတွင်းမှ အတိပဏ္ဍိတ၏ ဖခင်က ရုက္ခစိုးနတ်ဟန် ဆောင်၍ ပြောပုံ၊ ဘုရားအလောင်း ပဏ္ဍိတကုန်သည်က ရုက္ခစိုးနတ် စစ်မစစ် သိရအောင် စမ်းသပ်မည်ဟု ဆိုပြီး သစ်ပင်ကို မီးနှင့်တိုက်သဖြင့် အတိပဏ္ဍိတ၏ ဖခင် သစ်ပင်ပေါ်မှ ခုန်ချ ထွက်ပြေးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကူဋဝါဏိဇဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ ဝိနိစ္ဆယအမတ်ကြီးတစ်ဦး ဖြစ်စဉ် ရွာသားကုန်သည်နှင့် မြို့သားကုန်သည် နှစ်ဦးတို့သည် အချင်းချင်း မိတ်ဆွေများဖြစ်ကြသဖြင့် ရွာသားကုန်သည်က မြို့သားကုန်သည်ထံ သံထွန်သွား ငါးရာ အပ်နှံထားပုံ၊ မြို့သားကုန်သည်က သံထွန်သွား ငါးရာကို ရောင်းစားပြီး ထွန်သွားထားသည့် နေရာ၌ ကြွက်ချေးများကို ဖြန့်ကြဲထားပုံ၊ ရွာသားကုန်သည်က သံထွန်သွားများကို လာတောင်းသောအခါ မြို့သားကုန်သည်က ကြွက်ချေးများကို ညွှန်ပြလျက် သံထွန်သွားများကို ကြွက်စား၍ ကုန်ပြီဖြစ်ကြောင်း ပြောကြားပုံ၊ ရွာသားကုန်သည်က ‘‘သံထွန်သွားတွေကို ကြွက်စားသွားလဲ ဘယ်တတ်နိုင်မလဲ’’ဟု ပြောဆိုကာ မြို့သားကုန်သည်၏ သားကို ခေါ်၍ ရေချိုးဆိပ်သို့ သွားပုံ၊ ရွာသားကုန်သည်က ထိုသားငယ်ကို အခြားသူငယ်ချင်းတစ်ယောက်၏ အိမ်၌ ဝှက်ထားခဲ့ပြီး မြို့သားကုန်သည်အား ‘‘မိမိရေချိုးနေစဉ် သင်၏ သားငယ်ကို စွန်တစ်ကောင် ချီသွားကြောင်း’’ ပြောကြားခဲ့ပုံ၊ အချင်းချင်း အငြင်းအခုံ ဖြစ်ပွား၍ ဘုရားအလောင်းအမတ်ကြီးထံ ရောက်၍ အမတ်ကြီးက မေးမြန်း စိစစ်သောအခါ တောသားကုန်သည်က‘‘ကျွနု်ပ်၏ သံထွန်သွားများကို ကြွက်စားနိုင်ပါက သူ၏ ကလေးကိုလည်း စွန် ချီနိုင်ပါသည်’’ဟု ထွက်ဆိုသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကူဋဝိနိစ္ဆယိကပေတဝတ္ထု

ဤဝတ္ထု၌ ဗိမ္ဗိသာရမင်းကြီးသည် တစ်လလျှင် ခြောက်ကြိမ် ဥပုသ်စောင့်လေ့ရှိပုံ၊ မိမိထံ ရောက်လာသော လူများကိုလည်း သင်တို့ ဥပုသ်စောင့်နိုင်ကြရဲ့လားဟု မေးမြန်းလေ့ရှိပုံ၊ တရားစီရင်သည့် ကောက်ကျစ်သော အမတ်ကြီးသည် မင်းကြီးအား ကြောက်သဖြင့် ဥပုသ်မစောင့်ဘဲ ‘‘စောင့်သည်’’ဟု လိမ်ညာပြောဆိုခဲ့ပုံ၊ လာဘ်စား၍ တရားဆုံးဖြတ်လေ့ရှိပုံ၊ ထိုအကုသိုလ်ကံကြောင့် ထိုအမတ် ကွယ်လွန်သောအခါ ကျောက်ကုန်းသားကို ခွာခြစ်ကုတ်ဖဲ့စားသောက်ရသည့် ပြိတ္တာဘဝ ရောက်ရှိခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ပေတ၊၁၇၉) (ပေတ၊ဋ္ဌ၊၁၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကေဏိယဇဋိလဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် အာပဏနိဂုံးသို့ ကြွရောက်တော်မူစဉ် ကေဏိယရသေ့သည် ဘုရားရှင်ထံ အဖူးအမြော်ရောက်လာပြီး ဖျော်ရည်များကို အများအပြား စီရင်၍ ဆက်ကပ်ရာ ရဟန်းတို့က အပ်မအပ် သံသယဖြစ်နေပုံ၊ ဘုရားရှင်က သပြေ သရက် မုဒရက်စသော သစ်သီး (၈)မျိုး၏ ဖျော်ရည်များကို ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၄၂) (သာရတ္ထ၊ဋီ၊၃၊၃၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကေတကပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ဆပ်သွားဖူးပန်းတို့ဖြင့် ပူဇော်ခဲ့သည့် ကုသိုလ်ကြောင့် အပါယ်သို့ မကျရောက်ခဲ့ရဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကေသကာရီဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် မိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတော်များ ဗာရာဏသီမြို့တွင်းသို့ ဆွမ်းခံကြွတော်မူကြပုံ၊ ကေသကာရီအမျိုးသမီးက ဆွမ်းခံကြွလာသော ရဟန်းငယ်များကို ဖူးမြင်ရသဖြင့် ‘‘အဘယ့်ကြောင့် ငယ်ငယ်ရွယ်ရွယ်ဖြင့် ရဟန်းဝတ်ကြပါသနည်း’’ဟု သူမ၏ မိခင်အား မေးပုံ၊ ထိုအချိန်၌ ဥပါသကာတစ်ဦး ရောက်လာပြီး ရဟန်းပြုရခြင်း၏ အကျိုးအာနိသင်များကို အကျယ်ရှင်းပြပုံ၊ ကေသကာရီအမျိုးသမီးသည် ဘုရားရှင့်သာသနာတော်ကို သက်ဝင်ယုံကြည်သွားပြီး သရဏဂုံသီလ ဆောက်တည်၍ ဝိပဿနာပွားသဖြင့် သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကေသရပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းသည် သုံးဆယ့်တစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်ဝယ် ဝိဇ္ဇာဓိုရ်ဖြစ်ခဲ့ပုံ၊ ဆပ်သွားပန်းသုံးပွင့်တို့ကို ဦးခေါင်း၌ တင်ပြီး ဝေဿဘူဘုရားရှင်အား ချဉ်းကပ် ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကေသဝဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကာသိတိုင်း ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်၌ အတတ်ပညာများကို သင်ယူပြီး ရသေ့ဝတ်ခဲ့ပုံ၊ ထိုအချိန်၌ ကေသဝရသေ့သည် တပည့်ငါးရာ ခြံရံ၍ ဟိမဝန္တာတော၌ နေခဲ့ပုံ၊ ဘုရားအလောင်း ရသေ့သည် ကေသဝရသေ့ကြီးထံ သွား၍ တပည့်ကြီးအဖြစ်ဖြင့် အလွန်ခင်မင်ရင်းနှီးစွာ အတူတကွ နေထိုင်ကြပုံ၊ ရသေ့ငါးရာတို့ ချဉ်ဆားမှီဝဲရန် ဗာရာဏသီမြို့သို့ ကြွသောအခါ ဗာရာဏသီမင်းကြီးက ဆွမ်းဖိတ်၍ ဥယျာဉ်တွင်း၌ ကိုးကွယ်ထားပုံ၊ မိုးလေးလ ကုန်လွန်သောအခါ မင်းကြီးက ကေသဝရသေ့တစ်ပါးကိုသာ ပင့်ထားပြီး ကျန်ရသေ့များကို ဟိမဝန္တာသို့ ပြန်ပို့ခဲ့ပုံ၊ ကေသဝရသေ့ကြီးသည် ဘုရားအလောင်းရသေ့နှင့် ကွေကွင်းနေရသဖြင့် အိပ်မပျော် စားမဝင်ဖြစ်ပြီး ရောဂါဝေဒနာ ခံစားခဲ့ရပုံ၊ မင်းကြီးအား ကေသဝရသေ့က ‘‘မိမိကို အသက်ရှည်စေလိုလျှင် ဟိမဝန္တာတောသို့ ပြန်ပို့ပါ’’ဟု ဆိုသဖြင့် ကေသဝရသေ့အား ဟိမဝန္တာတောသို့ ပြန်ပို့ရပုံ၊ ဟိမဝန္တာတောသို့ ရောက်သောအခါ ဘုရားလောင်းရသေ့နှင့် တွေ့ဆုံရပြီး ချက်ချင်း ရောဂါဝေဒနာ ပျောက်ကင်းသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကေသဝဝတ္ထု

ဤဝတ္ထု၌ ဗကဗြဟ္မာလောင်းလျာသည် ကေသဝမည်သော ရသေ့ကြီး ဖြစ်ခဲ့ပုံ၊ ဘုရားအလောင်းသည် ကပ္ပလုလင်ဖြစ်ပြီးလျှင် ကေသဝရသေ့ကြီးသည် ကပ္ပလုလင်ကို အမြဲ မှီခို၍ အသက်မွေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၁၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကေဠိသီလဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သိကြားမင်း ဖြစ်စဉ် လကုဏ္ဍကဘဒ္ဒိယမထေရ်လောင်း အမျိုးကောင်းသားသည် ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း ဖြစ်ခဲ့ပုံ၊ ဗြဟ္မဒတ်မင်းသည် အဖိုးအို အဖွားအိုစသူတို့အား ကျွမ်းထိုးခိုင်းခြင်းစသည်ဖြင့် ကစားလေ့ရှိပုံ၊ တိုင်းသူပြည်သားများက ရှက်ကြောက်၍ မိမိတို့၏ မိခင်ဖခင်အိုတို့အား တိုင်းတစ်ပါးသို့ ပို့ထားကြရပုံ၊ ထိုအခါ သိကြားမင်းက အဖိုးအိုယောင် ဆောင်လျက် ဗြဟ္မဒတ်မင်း၏ ခန္ဓာကိုယ်ပေါ်သို့ ရက်တက်ရည်များဖြင့် လောင်းချပြီး မင်းကြီးအား အရှက်ရစေခဲ့ပုံ၊ ထို့နောက် သိကြားမင်းက အဖိုးအိုအသွင်ကို ပယ်ဖျောက်၍ သိကြားမင်းအသွင်ဖြင့် ဝရဇိန်လက်နက်ကို ကိုင်လျက် နောင်အခါ ဤကဲ့သို့သော အမှုမျိုးကို မပြုလုပ်ရန် ခြိမ်းခြောက်ပြီး မိဘတို့၏ ဂုဏ်ကျေးဇူးနှင့် ကြီးသူတို့အား ရိုသေခြင်း၏ အကျိုးအာနိသင်များကို ဟောကြားပုံ၊ ဗြဟ္မဒတ်မင်းသည် ထိုအချိန်မှစ၍ အဖိုးအိုအဖွားအိုတို့အား ပြောင်လှောင်ကစားခြင်းမှ ရှောင်ကြဉ်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောကနုဒပရိဗ္ဗာဇကဝတ္ထု

ဤဝတ္ထု၌ ရေချိုးလာသော အရှင်အာနန္ဒာကို ကောကနုဒပရိဗိုဇ်က လောကနှင့် ပတ်သက်၍ မေးမြန်းသဖြင့် အရှင်အာနန္ဒာ ဖြေကြားပုံ၊ ကောကနုဒပရိဗိုဇ်က အရှင်အာနန္ဒာမထေရ် ဖြစ်ကြောင်း နောက်မှ သိရ၍ အံ့ဩနေပုံ စသော အကြောင်းအရာများပါဝင်သည်။ (အံ၊၃၊၄၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောကသုနခလုဒ္ဒကဝတ္ထု

ဤဝတ္ထု၌ ကောကမည်သော မုဆိုးတစ်ယောက်သည် ခွေးများခြံရံလျက် တောလိုက်သွားစဉ် ဆွမ်းခံကြွလာသော ရဟန်းတစ်ပါးကို တွေ့မြင်ရသဖြင့် အမျက်ထွက်ပြီး ‘‘ဒီနေ့ လာဘ်မကောင်း’’ဟု ဆိုကာ ထွက်ခွာသွားပုံ၊ မုဆိုးသည် တစ်နေ့တာလုံး တစ်စုံတစ်ခုမျှ မရခဲ့ဘဲ တောထဲမှ ပြန်လာစဉ် ရဟန်းတစ်ပါးကို တွေ့မြင်ရပြန်သဖြင့် အမျက်ထွက်ကာ ခွေးများဖြင့် ရှူးတိုက်ပုံ၊ ရဟန်းက တောင်းပန်သော်လည်း မရသဖြင့် သစ်ပင်ပေါ်သို့ တက်ပြေးပုံ၊ မုဆိုးက ‘‘သင်သည် ခွေးများလက်မှ လွတ်သော်လည်း ငါ့လက်မှ မလွတ်’’ဟု ဆိုပြီး သစ်ပင်ပေါ်ရှိ ရဟန်း၏ ခြေထောက်တို့ကို မြားဖြင့် ထိုးဆွပုံ၊ ထိုအချိန်၌ ရဟန်း၏ ခန္ဓာကိုယ်မှ သင်္ကန်းလျောကျသွားပြီး မုဆိုး၏ ခန္ဓာကိုယ်ပေါ်သို့ ဖုံးအုပ်မိပုံ၊ ခွေးများက ရဟန်းသစ်ပင်ပေါ်မှ ကျလာသည်ဟု မှတ်ထင်ပြီး မုဆိုးကြီးကို ဝိုင်း၍ကိုက်ကြသဖြင့် မုဆိုး သေဆုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောကာလိကဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ဗာရာဏသီမင်းကြီး၏ အမတ်ချုပ်ကြီး ဖြစ်ခဲ့ပုံ၊ မင်းကြီးသည် အလွန်စကားများသဖြင့် အမတ်ချုပ်ကြီးက တားမြစ်ဆုံးမရန် ကြံစည်ပုံ၊ တစ်နေ့သောအခါ မင်းကြီးဥယျာဉ်တော်သို့သွားပြီး မင်္ဂလာကျောက်ဖျာပေါ်၌ ထိုင်နေစဉ် ကျီးတစ်ကောင်က ဥဩငှက်ငယ်အား နှုတ်သီးဖြင့် ထိုးဆွ သတ်ဖြတ်လျက် မင်းကြီး၏ ခြေရင်း၌ ကျလာသည်ကို တွေ့မြင်ရပုံ၊ ထိုအကြောင်းအရာကို အမတ်ကြီးအား မေးမြန်းသည့်အခါ အမတ်ကြီးက ‘‘ဤဥဩငှက်ငယ်သည် အတောင်အလက်မစုံ၊ အချိန်အခါ မရောက်မီ အသံမြည်တွန်မိသဖြင့် ဤကဲ့သို့ အသက်သေဆုံးရခြင်းဖြစ်ကြောင်း’’ လျှောက်ထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောကာလိကဝတ္ထု

ဤတ္ထု၌ ကောကာလိကရဟန်းသည် မိမိနှုတ်ကို မစောင့်စည်းဘဲ အဂ္ဂသာဝကနှစ်ပါးကို ဆဲရေးသဖြင့် မြေမျိုခံရကြောင်း၊ ပဒုမငရဲ၌ ကျရောက်နေကြောင်း ဓမ္မသဘင်၌ ရဟန်းတော်များ အချင်းချင်း ပြောကြားနေစဉ် ဘုရားရှင် ရောက်ရှိလာပြီး ကောကာလိကရဟန်း၏ အတိတ်ဇာတ်ကြောင်းကို ဟောကြားပုံ၊ ကောကာလိကလောင်းဖြစ်သော လိပ်ကို သူငယ်ချင်းဖြစ်သူ ဟင်္သာငှက်နှစ်ကောင်တို့က စိတ္တကုဋ်တောင်သို့ ဆောင်ယူသွားစဉ် မိမိနှုတ်ကို မစောင့်စည်းနိုင်သဖြင့် လိပ်သည် ဗာရာဏသီမင်းရင်ပြင်သို့ ပြုတ်ကျကာ သေဆုံးရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောကာလိကဝတ္ထု

ဤဝတ္ထု၌ ကောကာလိကရဟန်းသည် ဘုရားရှင်ထံ ချဉ်းကပ်၍ ‘‘အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့သည် ယုတ်မာသောအလိုဆိုး ရှိကြောင်း’’ လျှောက်ထားသောအခါ ဘုရားရှင်က အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့အား မပုတ်ခတ်၊ မစွပ်စွဲပါနှင့်ဟု သုံးကြိမ်တိုင်တိုင် တားမြစ်တော်မူခဲ့ပုံ၊ ကောကာလိကရဟန်းသည် ဘုရားရှင်ထံမှ ဖဲခွာသွားပြီးနောက် ခန္ဓာကိုယ်၌ မုန်ညင်းစေ့၊ ပဲနောက်စေ့၊ ပဲစင်းငုံစေ့၊ ဇီးစေ့၊ ဇီးသီးခန့် စသော အနာကြီးများ ပေါက်လာပြီး သွေးပြည်များ ယိုစီးကာ ထိုရောဂါဖြင့်ပင် သေဆုံးခဲ့ရပုံ၊ သေဆုံးပြီးနောက် ပဒုမငရဲ၌ ကျရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၅၂) (အံ၊၃၊၃၉၃) (သံ၊ဋ္ဌ၊၁၊၁၉၇) (အံ၊ဋ္ဌ၊၃၊၃၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောဋသိမ္ဗလိဇာတက

ဤဇာတ်တော်၌ ဂဠုန်တစ်ကောင်သည် အလံတစ်ထောင်ရှည်သော နဂါးတစ်ကောင်ကို ဖမ်းယူရာ နဂါးက ညောင်ပင်ကြီးကို ရစ်ပတ်ထားသဖြင့် အားကြီးသော ဂဠုန်က ညောင်ပင်နှင့်အတူ နဂါးကို သယ်ဆောင်ပြီး လက်ပံပင်ကြီး၌ နားကာ နဂါးအဆီကို သောက်၍ နဂါးသေနှင့် ညောင်ပင်ကို သမုဒ္ဒရာ၌ ပစ်ချခဲ့ပုံ၊ ထိုညောင်ပင်မှ ငှက်ငယ်တစ်ကောင် ပျံတက်၍ လက်ပံပင်၌ လာနားရာ လက်ပံပင်စောင့်နတ်က နှင်ထုတ်ခဲ့ပုံ၊ ငှက်သည် ညောင်သီးစား၍ မစင်စွန့်ပါက ညောင်ပင်ပေါက်ကာ လက်ပံပင်ကို မျိုနိုင်သဖြင့် ဘေးရန်ကို ကြိုတင် ကာကွယ်သောအားဖြင့် ဟန့်တားရကြောင်း ဂဠုန်ကို ရှင်းပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောဋုမ္ဗရိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုံးဆယ့်တစ်ကမ္ဘာအထက်၌ သိခီဘုရားရှင်ကို တောင်ကြားတစ်ခု၌ ဖူးတွေ့ခဲ့ရပုံ၊ ဘုရားရှင်အား ဖူးတွေ့ရသည့်အခါ ရွှင်လန်းသောစိတ်ဖြင့် ကောဋုမ္ဗရပန်းဖြင့် ရောပြွမ်းသော ပန်းခုနစ်ပွင့်တို့ကို ကပ်လှူပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ရခြင်း မရှိဘဲ ကမ္ဘာနှစ်ဆယ်အထက်၌ မဟာနေလသစကြဝတေးမင်း ဖြစ်ခဲ့၍၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောဏာဂမနဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ ကောဏာဂမနမြတ်စွာဘုရားသည် ပပဝတီမြို့တော်မှ ခမည်းတော် ယညဒတ္တပုဏ္ဏားနှင့် မယ်တော်ဥတ္တရာပုဏ္ဏေးမတို့မှ မွေးဖွားခဲ့ပုံ၊ ရုစိဂတ္တာမည်သော ပုဏ္ဏေးမနှင့်အတူ စည်းစိမ်ခံစားကာ သတ္ထဝါဟမည်သော သားတော် မွေးဖွားပြီးနောက် ဆင်ယာဉ်ဖြင့် တောထွက်တော်မူခဲ့ပုံ၊ ရေသဖန်းပင်ဟူသော ဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူခဲ့ပုံ၊ အဂ္ဂသာဝက နှစ်ပါးမှာ ဘိယျောသမထေရ်နှင့် ဥတ္တရမထေရ်တို့ ဖြစ်ခဲ့ကြပုံ။ သောတ္ထိဇမထေရ်က ပြုစုလုပ်ကျွေးပုံ၊ ဂေါတမဘုရား အလောင်းလျာသည် ပဗ္ဗတမည်သော ဘုရင်ဖြစ်၍ နိယတဗျာဒိတ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (အဘိ၊ဋ္ဌ၊၁၊၇၀) (ဗုဒ္ဓဝံ၊ဋ္ဌ၊၃၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောဏ္ဍညတ္ထေရ ပရိနိဗ္ဗာနဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အရှင်ကောဏ္ဍညမထေရ် ရောက်ရှိလာပြီး ‘‘မိမိသည် အညာသိကောဏ္ဍမထေရ် ဖြစ်ကြောင်း’’ လျှောက်ထားပုံ၊ ထိုအချိန်၌ ဘုရားရှင်၏ အနီးတွင် ရှိနေသော အရှင်ဝင်္ဂီသမထေရ်က အရှင်ကောဏ္ဍညမထေရ်အား ဂါထာတို့ဖြင့် ချီးကျူးပူဇော်ခဲ့ပုံ၊ အရှင်ကောဏ္ဍညမထေရ်က မြတ်စွာဘုရားအား လက်ယာရစ်ပူဇော်၍ ‘‘မိမိသည် ဘုရားရှင်အား ပဌမဦးဆုံး ဖူးမြင်ရသူဖြစ်ကြောင်း၊ ယခုအခါ နောက်ဆုံး ဖူးမြင်ခြင်းဖြစ်ကြောင်း၊ ပရိနိဗ္ဗာန်ပြုတော့မည် ဖြစ်ကြောင်း’’ လျှောက်ထားပုံ၊ ‘‘မည်သည့်အရပ်၌ ပရိနိဗ္ဗာန်ပြုမည်နည်း’’ဟု ဘုရားရှင်က မေးတော်မူသောအခါ ဟိဝမန္တာတောရှိ ဆဒ္ဒန္တအိုင်၌ ပရိနိဗ္ဗာန်ပြုမည်ဖြစ်ကြောင်း လျှောက်ထားပုံ၊ ထို့နောက် ဟိမဝန္တာတောရှိ ဆဒ္ဒန္တအိုင်၌ ပရိနိဗ္ဗာန်ပြုသောအခါ နတ်ဗြဟ္မာများက သာဓုကီဠနသဘင် ဆင်ယင်ကျင်းပခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၉၅) (သံ၊ဋ္ဌ၊၁၊၂၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောဏ္ဍညဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ ကောဏ္ဍညမြတ်စွာဘုရားသည် သာမာဝတီမြို့တော်၌ သုနန္ဒမင်းကြီးနှင့် သုဇာတာဒေဝီတို့မှ ဖွားမြင်ခဲ့ပုံ၊ ဘဒ္ဒနှင့် သုဘဒ္ဒအဂ္ဂသာဝက မထေရ်နှစ်ပါး ရှိခဲ့ပုံ၊ အင်ကြင်းဗောဓိပင်အောက်၌ ပွင့်တော်မူခဲ့ပုံ၊ အနုရုဒ္ဓမထေရ်က လုပ်ကျွေးခဲ့ပုံ၊ ဂေါတမ ဗုဒ္ဓလောင်းလျာသည် ဝိဇိတာဝီမည်သော စကြဝတေးမင်းဖြစ်၍ နိယတဗျာဒိတ်ခံယူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၅၆) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောန္တပုတ္တတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်မြတ်ကို ကိန္နရာမနှင့် လူသားတို့ ပေါင်းဖေါ်၍ မွေးဖွားလာရာ ဘုရင်က မွေးမြူပြီး ကောန္တပုတ္တတိဿဟု အမည်မှည့်ပုံ၊ အရွယ်ရောက်သောအခါ မဟာဝရုဏမထေရ့်ထံ ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ၊ တစ်နေ့တွင် ထိုကောန္တပုတ္တတိဿမထေရ်တွင် လေနာရောဂါ ပြင်းထန်စွာ ခံစားရ၍ ညီဖြစ်သူ သုမိတ္တမထေရ်က ထောပတ်အလှူခံသွားသော်လည်း မရရှိခဲ့ပုံ၊ ထိုမထေရ်မှာ လေနာရောဂါကြောင့် ပရိနိဗ္ဗာန်စံတော်မူခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၃၉) (သာရတ္ထ၊ဋီ၊၁၊၁၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောမာရပုတ္တဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကောမာရပုတ္တအမည်ဖြင့် ဗာရာဏသီပြည် ပုဏ္ဏားမျိုး၌ ဖြစ်ပြီး အရွယ်ရောက်သောအခါ ရသေ့ဝတ်၍ ဟိမဝန္တာတော၌ နေခဲ့ပုံ၊ ကသိုဏ်း ပရိကမ် အလုပ်ကို အားမထုတ်ဘဲ အပျော်ကြူးသည့် ရသေ့များလည်း ထိုဟိမဝန္တာ အရပ်၌ပင် နေထိုင်ကြပုံ၊ မျောက်တစ်ကောင်သည် ထိုရသေ့တို့နှင့် အတူ အမြဲ မြူးတူးပျော်ပါး ဆော့ကစား၍ နေခဲ့ပုံ၊ တစ်နေ့သောအခါ အပျော်ကြူးသည့် ရသေ့များ ချဉ်ဆားမှီဝဲရန် ဗာရာဏီပြည်သို့ ထွက်ခွာသည့်အခါ ထိုမျောက်က ဆော့ကစားရန် ဘုရားအလောင်း ရသေ့ထံ လာခဲ့ပုံ၊ ဘုရားအလောင်း ရသေ့က ထိုမျောက်အား ‘‘သူတော်ကောင်းတို့ အထံ၌ နေသောသူသည် ကိုယ်ကျင့်သီလနှင့် ပြည့်စုံလျက် ဣန္ဒြေတို့ကို စောင့်ထိန်းသင့်ကြောင်း’’ ဆုံးမဩဝါဒပေးသဖြင့် ထိုမျောက် ယဉ်ကျေးလိမ္မာသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၄၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောရက္ခတ္တိယဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် အလုပ်အကျွေးဖြစ်သော သုနက္ခတ္တရဟန်းနှင့်အတူ ဥတ္တရကမည်သော နိဂုံးရွာကြီးတစ်ခုသို့ ကြွရောက်တော်မူစဉ် ခွေးအကျင့်ကျင့်ကာ ခွေးကဲ့သို့ စား, အိပ်, သွားလာနေထိုင်သော ကောရက္ခတ္တိယတက္ကတွန်းကို တွေ့မြင်တော်မူပုံ၊ ထိုတက္ကတွန်းကို အလိုနည်းပါးစွာကျင့်သော ရဟန္တာပုဂ္ဂိုလ်ကြီးဟု သုနက္ခတ္တစိတ်ထဲ၌ အထင်ကြီးနေပုံ၊ သုနက္ခတ္တရဟန်း၏ စိတ်အကြံကို သိပြီး ဘုရားရှင်က ထိုအယူကို စွန့်ပယ်ရန် မိန့်ကြားတော်မူပုံ၊ သင်အထင်ကြီးနေသော ကောရက္ခတ္တိယတက္ကတွန်းကြီးသည် ခုနစ်ရက်မြောက်သောနေ့၌ စားပိုးနင့်သေပြီး ပြိန်းမြက်ချုံသုသာန်၌ စွန့်ပစ်ခံရမည်ဖြစ်ကြောင်း ဘုရားရှင် မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၃၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောရဏ္ဍပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကောရဏ္ဍပုပ္ဖိယမထေရ်လောင်းလျာသည် တောလည်မုဆိုးဘဝဖြင့် တိဿဘုရားရှင်၏ ခြေတော်ရာသုံးဆူကို လိပ်ဆူးရွှေပန်းတို့ဖြင့် လှူဒါန်းပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံ၏ အကျိုးဆက်ကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ကျက်စားခဲ့ရပုံ၊ နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောရဏ္ဍိယဇာတက

ဤဇာတ်တော်၌ ရှေးအခါက ဒိသာပါမောက္ခဆရာကြီးသည် လူတိုင်းကို သီလစောင့်ခိုင်းပုံ၊ ဘုရားအလောင်း တပည့်ကြီး ကောရဏ္ဍိယ၏ ဥပါယ်တံမျဉ်ကြောင့် ဆရာကြီးသည် လူတိုင်းကို သီလမစောင့်ခိုင်းတော့ပုံ၊ ပညာရှိ သူတော်ကောင်း တို့သာ သီလစောင့်ကြသဖြင့် လူမိုက်တို့ သီလမစောင့်နိုင်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောလဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကောလဒါယကမထေရ်လောင်းလျာသည် သိခီဘုရားရှင်လက်ထက်တော်၌ ရသေ့ ဖြစ်ခဲ့ပုံ၊ ဘုရားရှင်အား ဆီးသီးများ ပေးလှုခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကံ၏ အကျိုးဆက်ကြောင့် (၃၁)ကမ္ဘာ အပါယ်မလားရဘဲ လူ့ဘဝနတ်ဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၂၄၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောသမ္ဗကဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းသည် ဒီဃီတိကောသလမင်းကို တံကျင်လျှို သတ်ခဲ့ပုံ၊ ထိုကောသလမင်း၏သားတော် ဒီဃာဝုသတို့သားသည် ဗြဟ္မဒတ်မင်းကြီးထံ ခစားရာမှ လက်စားချေသတ်ဖြတ်ခွင့် ကြုံလာသော်လည်း ရန်ကို ရန်ချင်း မတုန့်နှင်းဘဲ ငြိမ်းအေးစွာ ခွင့်လွှတ်ကျေအေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောသမ္ဗဖလိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ၃၁-ကမ္ဘာထက်အထက်၌ ပွင့်တော်မူသော မြတ်စွာဘုရားရှင်အား ကြို့သီးကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ချမ်းသာစွာ ကျင်လည်ခဲ့ရပုံ၊ ဂေါတမ ဘုရားရှင် ပွင့်တော်မူသောအခါ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောသမ္ဗိယဇာတက

ဤဇာတ်တော်၌ ဘုရားရှင်သည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် ဝိနည်းဆောင်းရဟန်းနှင့် သုတ္တန်ဆောင်ရဟန်းတို့ အာပတ်သင့်မှုနှင့် ပတ်သက်၍ အချင်းချင်း ငြင်းခုံကြပုံ၊ ဆွမ်းစား ကျောင်း၌လည်းကောင်း၊ မြို့တွင်းရွာတွင်း၌လည်းကောင်း၊ သံဃာ့အလယ်၌လည်းကောင်း ခိုက်ရန်ဖြစ်ပွားကြပုံ၊ ဘုရားရှင် ဆုံးမသည်ကို မနာယူကြဘဲ သံဃာသင်းကွဲကြပုံ၊ ဒါယကာ ဒါယိကာမတို့က သပိတ်မှောက်ကံ ပြုလျက် ရဟန်းများကို သံဝေဂရစေခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၈၀) (ဝိ၊ဋ္ဌ၊၃၊၄၃၂) (မ၊ဋ္ဌ၊၂၊၂၉(ဇာ၊ဋ္ဌ၊၃၊၄၆၂)၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောသမ္ဗီဝါသီတိဿတ္ထေရသာမဏေရဝတ္ထု

ဤဝတ္ထု၌ ကောသမ္ဗီဝါသီတိဿထေရ်ထံ ကျောင်းဒကာ၏သား ၇-နှစ်အရွယ် ကလေးငယ်သည် ရှင်သာမဏေ ဝတ်သောအခါ ခေါင်းရိတ်အပြီးမှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ဘုရားဖူးရန် သွားစဉ် မထေရ်၏ ခြေရင်း၌ အိပ်စက်ရာ မထေရ်၏ ပေါ့ဆမှုကြောင့် ယပ်ရိုးနှင့် ထိုးမိပြီး မျက်စိတစ်လုံး ကွယ်ခဲ့ပုံ၊ မထေရ်က သံဝေဂရပြီး တောင်းပန်ရာ မိမိ၏ အတိတ်ဝဋ်ကျွေးကြောင့် ဖြစ်ရသည်ဟု လျှောက်ထားပုံ၊ ထိုအကြောင်း ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က ရဟန္တာတို့သည် မည်သူ့ကိုမဆို အပြစ်မတင် စိတ်မဆိုးကြဟု မိန့်တော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောသလမဟာရာဇဝတ္ထု

ဤဝတ္ထု၌ ကောသလမင်းကြီးသည် မြတ်စွာဘုရားရှင်၏ အထံတော်သို့ အဖူးအမြော် ရောက်ရှိနေခိုက် မင်းချင်းယောကျ်ားတစ်ယောက်က မင်းကြီးထံ လိုက်လာပြီး မလ္လိကာမိဖုရားကြီး နတ်ရွာစံသွားကြောင်း လျှောက်ထားပုံ၊ ထိုသတင်း ကြားရ၍ကိုယ်စိတ်ဆင်းရဲစွာ ကြံမှိုှုင်နေသော ကောသလမင်းကြီးအား မြတ်စွာဘုရားက လောကတွင် မရှောင်လွှဲနိုင်သော တရားငါးမျိုးတို့ကို ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောသလမဟာရာဇဝတ္ထု

ဤဝတ္ထု၌ ကောသလမင်းကြီးသည် နေ့စဉ်နေ့တိုင်း ဆန်တစ်စိတ်ချက်ထမင်းနှင့် လိုက်ဖက်ညီသော ဟင်းလျာတို့ကို ပွဲတော်တည်လေ့ရှိပုံ၊ တစ်နေ့သောအခါ ကောသလမင်းကြီး ပွဲတော်တည်ပြီးစအချိန်တွင် ဘုရားရှင်ထံ ချဉ်းကပ်ခဲ့ပုံ၊ ထမင်းအဆီယစ်မှုကြောင့် ဘုရားရှင် ရှေ့မှောက်၌ အနေရအထိုင်ရခက်ပုံ၊ ဘုရားရှင်က ခဲဖွယ်ဘောဇဉ်တို့ကို အတိုင်းအရှည်ပမာဏဖြင့် စားသုံးသင့်ကြောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၈၂) (သံ၊ဋ္ဌ၊၁၊၁၄၀) (အံ၊ဋီ၊၃၊၃၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောသလရညော ပရာဇယဝတ္ထု

ဤဝတ္ထု၌ ကောသလမင်းကြီးသည် ကာသိကရွာကို အကြောင်းပြု၍ တူတော်အဇာတသတ်မင်းနှင့် စစ်ထိုးရာ (၃)ကြိမ်တိုင်တိုင်စစ်ရှုံးပုံ၊ အမိနို့နံ့ မစင်သေးသော သူငယ်လေးကိုပင် နိုင်အောင် မတိုက်နိုင်၍ အသက်ရှင်နေသဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု စဉ်းစားကာ အစာဖြတ်၍ အိပ်စက်နေပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောသလရဋ္ဌဝတ္ထု

ဤဝတ္ထု၌ မဟာပနာဒမင်းသားသည် အမျိုးမျိုးသော ကချေသည်တို့ကို တွေ့မြင်နေရသော်လည်း ပြုံးရုံမျှကိုပင် မပြုသဖြင့် ခမည်းတော်မင်းကြီးက မိမိ၏ သားတော်ကို ရယ်အောင် ပြုလုပ်နိုင်သောသူအား အဆင်တန်ဆာအားလုံးဖြင့် တန်ဆာဆင်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပုံ၊ တိုင်းသူပြည်သားတို့သည် ခုနစ်နှစ်တိုင်တိုင် အမျိုးမျိုးသော ကခုန်မှုတို့ဖြင့် ဖျော်ဖြေသော်လည်း မင်းသားကို ပြုံးရယ်အောင် မစွမ်းဆောင်နိုင်ကြပုံ၊ သိကြားမင်းက နတ်ကချေသည်ကို စေလွှတ်၍ ကခိုင်းသောအခါကျမှ ပြုံးရယ်ခဲ့ပုံ၊ ကုသလံဟူသော စကားကို အစပြု၍ ကောသလတိုင်းမည်တွင်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၂၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောသလရာဇအယျိကာဝတ္ထု

ဤဝတ္ထု၌ ကောသလမင်းကြီး၏အဖွား ကွယ်လွန်သောအခါ ကျန်ရစ်သော အကပ္ပိယဘဏ္ဍာများဖြစ်သည့် ပလ္လင်၊ ဘုံလျှို၊ အခင်းမျိုးစုံတို့ကို သံဃာအား လှူဒါန်းပုံ၊ သံဃာတော်တို့နှင့် အပ်စပ်အောင် ခြေဖြတ်ခြင်း၊ သားရဲရုပ်ဖြတ်ခြင်း စသည် ပြုပြင်၍ သုံးဆောင်နိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောသလဝိဟာရိတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကောသလဝိဟာရီမထေရ်သည် မိမိ၏ ကမ္မဋ္ဌာန်းကျောင်းငယ်လေး၌ စိတ်ချမ်းသာစွာ နေထိုင်သီတင်းသုံးရမှု အာဝါသသပ္ပါယကို အကြောင်းပြု၍ ဝိပဿနာတရားများ ရှုမှတ်ပွားများသည်ရှိသော် ဉာဏ်စဉ်အဆင့်ဆင့်တက်ကာ ရဟန္တာဖြစ်သွားခဲ့ပုံ၊ ဂန္ထဓုရကို အားထုတ်ရာ၌ ဖြစ်စေ၊ ဝိပဿနာကို အားထုတ်ရာ၌ ဖြစ်စေ၊ ပုဂ္ဂလ, အာဝါသ, ဘောဇန, ဥတုဟူသော ဤသပ္ပါယလေးမျိုးတို့ မရှိမဖြစ် လိုအပ်ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ထေရ၊ဋ္ဌ၊၁၊၁၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောသိယဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားလောင်းသည် ပညာရှိအမတ် ဖြစ်ခဲ့ပုံ၊ တစ်နေ့တွင် မင်းကြီးသည် အချိန်အခါမသင့်ဘဲ စစ်တိုက်ထွက်လာခဲ့ပုံ၊ ခင်ပုပ်ငှက်တစ်ကောင်သည် ဝါးချုံထဲ ဝင်ပုန်းနေပြီး အချိန်မတော် ထွက်လာသောကြောင့် ကျီးကန်းတို့၏ တိုက်ခိုက်မှုကို ခံရကာ အသက်ဆုံးရှုံးရသည့်အဖြစ်ကို တွေ့မြင်ရပုံကို သက်သေပြ၍ အချိန်မတော်စစ်မတိုက်သင့်ကြောင်း ဘုရားလောင်းက လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောသိယဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်တွင် ဗြာဟ္မဏမဟာသာလမျိုး၌ ဖြစ်ပြီး ဒိသာပါမောက္ခဆရာကြီး ဖြစ်ခဲ့ပုံ၊ ဇနပုဒ်သား ပုဏ္ဏားလုလင်တစ်ယောက်သည် ဆရာကြီးထံ၌ ပညာရပ်များကို သင်ယူကာ ဗာရာဏသီပြည်တွင် စည်းစိမ်ဥစ္စာများကို ဖြစ်စေလျက် ဒိသာပါမောက္ခဆရာကြီးထံ တစ်နေ့ နှစ်ကြိမ် သုံးကြိမ် ဆည်းကပ်လေ့ရှိပုံ၊ တပည့်ပုဏ္ဏား၏ ဇနီးမယားသည် ယောကျ်ားတစ်ယောက်နှင့် ဖောက်ပြန်နေသဖြင့် နေမကောင်းဟု ဆိုကာ အိပ်နေလေ့ရှိပုံ၊ ထိုအကြောင်းအရာကို ဆရာကြီး သိရှိသွားပြီး ရောဂါနှင့် သင့်လျော်သော ဆေးများ ဖေါ်စပ်ပြီး တိုက်ခိုင်းပုံ၊ ထိုဆေးကို မသောက်လျှင် ပုဏ္ဏေးမအား ရိုက်နှက်ထောင်းထုရန် စေခိုင်းပုံ၊ ပုဏ္ဏေးမက ဆရာကြီးသည် မိမိ၏ အကျင့်ဆိုးများကို သိရှိသွားကြောင်း ရိပ်မိကာ ထိုမကောင်းမှုမှ ရှောင်ကြဉ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောသိယဇာတက

ဤဇာတ်တော်သည် သုဓာဘောဇနဇာတက၌ ပါဝင်သည်။ (သီ၊ဋီ၊သစ်၊၃၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကောသိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်ထံ ကြံပိုင်းကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌ ဖြစ်ခဲ့ရပြီး ဤဘုရားရှင်လက်ထက်တော်၌ မဂဓတိုင်း၌ ကောသိယပုဏ္ဏား ဖြစ်ခဲ့ပုံ၊ သူသည် အရှင်သာရိပုတ္တရာထံတွင် တရားနာရ၍ ရဟန်းပြုပြီး ဝိပဿနာပွားကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကံသကူဋဝတ္ထု

ဤဝတ္ထု၌ ကုန်သည်တစ်ယောက်သည် ရွှေဖလားတစ်လုံးကို ရွှေအစစ်ဖြင့် ပြုခဲ့လုပ်ပြီး ကျန်ဖလားနှစ်လုံး၊ သုံးလုံးတို့ကို ရွှေရောင်တောက်နေသည့် ကြေးဖြင့် ပြုလုပ်လျက် ဇနပုဒ်တစ်ခုသို့ သွားရောင်းပုံ၊ တန်ဖိုးကိုမေးသည့်အခါ ရွှေဖလား၏ တန်ဖိုးအတိုင်း ဖလားအားလုံး၏ တန်ဖိုးကို ပြောခဲ့ပုံ၊ ‘‘ရွှေဖလားစစ် မစစ် မည်သို့ သိရမလဲ’’ဟု ဇနပုဒ်သားတို့က မေးသောအခါ ရွှေဖလားအစစ်ကို ကျောက်၌ ပွတ်တိုက်ပြပြီး ဖလားအားလုံးကို ရောင်းချသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၃၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကိံကဏိက ပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တော၌ သီတင်းသုံးနေတော်မူသော သုမင်္ဂလဘုရားရှင်အား ဆည်းလည်းပန်းတို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်သို့ မလားခဲ့ရဘဲ ရှစ်ဆယ့်ခြောက်ကမ္ဘာအထက်၌ အပိလာသိစကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ၊ ကျွတ်တမ်းဝင်ခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကိံဆန္ဒဇာတက

ဤဇာတ်တော်၌ ရှေးအခါက ပုရောဟိတ်အမတ်သည် တံစိုးလက်ဆောင်စားတတ်သော ကောက်ကျစ်စဉ်းလဲသည့် တရားသူကြီး ဖြစ်ပုံ၊ သူသည် နေ့ဝက် ဥပုသ်စောင့်ထိန်းခဲ့သောကြောင့် နောက်ဘဝတွင် သရက်ဥယျာဉ်တစ်ခု၌ ညအခါတွင် နတ်စည်းစိမ် ခံစားရပြီး နေ့အခါတွင် တစ်ကိုယ်လုံး မီးလောင်ခံခဲ့ရပုံ မိမိလက်သည်းတို့ဖြင့် မိမိအသားကို ကုတ်ဖြတ်စားသောက်ရသော ဒုက္ခကြီးကို ခံစားခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဇာ၊ဋ္ဌ၊၅၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကိံပက္ကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် လှည်းကုန်သည် မှူးကြီးဖြစ်၍ လှည်းတို့ဖြင့် ကုန်ရောင်းသွားစဉ် တောအုပ်ဝ၌ သရက်ပင်နှင့်တူသော အဆိပ်ပင်ကို တွေ့၍ ကုန်သည်တို့ ခူးယူစားသောက်ကြပုံ၊ ထိုသူတို့ အဆိပ်သင့်ကြ၍ အန်ဆေးကျွေးရပုံ၊ ထိုအပင်သည် ရွာနှင့် နီးသဖြင့် သရက်ပင်သာ အစစ်အမှန် ဖြစ်ပါက အသီးမရှိနိုင်၊ ယခုမူ အသီးအရွက်ပြည့်စုံသောကြောင့် အဆိပ်ပင်သာ ဖြစ်ကြောင်း သိနိုင်ပါသည်ဟု ဘုရားလောင်း ကြံတွေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကိံဖလဇာတက

ဤဇာတ်တော်၌ ဘုရားလောင်း လှည်းမှူးသည် တောအုပ်အတွင်း ဝင်ခါနီးတွင် မိမိ၏ လှည်းသား ငါးရာတို့အား မိမိကို အသိမပေးဘဲ မည်သည့်အသီးအရွက်ကိုမျှ မစားကြရန် ကြိုတင် အသိပေး အကြောင်းကြားခဲ့ပုံ၊ တောအုပ်အဝင်ဝ တစ်နေရာ၌ သရက်ပင်နှင့် အစစ အရာရာတူသော ကိံဖလအဆိပ်ပင်ကို တွေ့မြင်ခဲ့ရပုံ၊ တစ်ချို့က အငမ်းမရ စားသောက် ကြ၍ အဆိပ်သင့်ခဲ့ကြပုံ၊ တစ်ချို့က ဘုရားလောင်းလှည်းမှူးအား မေး၍ အဆိပ်ဘေးမှ ကင်းဝေးခဲ့ကြပုံ စသော အကြောင်းအရာများပါဝင် သည်။ (ဇာ၊ဋ္ဌ၊၁၊၂၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကိံသုကပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်း အမျိုးကောင်းသားသည် လွန်ခဲ့သော ၃၁-ကမ္ဘာအချိန်က ဘုရားရှင်အား ပေါက်ပွင့်တို့ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဒုဂ္ဂတိဘဝမှ ကင်းဝေး၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အပ၊၂၊၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကိံသုကပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား ပေါက်ပန်းပွင့်ကို ကြဲမြှောက်ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်သို့ မလားခဲ့ရဘဲ ဤဘုရားရှင် သာသနာတော်တွင် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ကိံသုကောပမဇာတက

ဤဇာတ်တော်၌ ဗာရာဏသီမင်း၏ သားတော် (၄)ပါးတို့သည် ရထားထိန်းအား ခေါ်၍ ပေါက်ပင်ကို ပြခိုင်းကြပုံ၊ ရထားထိန်းက အချိန်ခွဲပြီး တစ်ဦးကို ချိုင်ထားချိန်၌ ပြသဖြင့် မီးလောင်ငုတ်နှင့် တူသည်ဟု မှတ်ယူပုံ၊ တစ်ဦးကို ရွက်သစ်ဝေချိန်၌ ပြသဖြင့် ညောင်ပင်နှင့် တူသည်ဟု မှတ်ယူပုံ၊ တစ်ဦးကို ပွင့်ချိန်၌ ပြသဖြင့် သားတစ်နှင့်တူသည်ဟု မှတ်ယူပုံ၊ တစ်ဦးကို သီးချိန်၌ ပြသဖြင့် ကုက္ကိုပင်နှင့် တူသည်ဟု မှတ်ယူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခဇ္ဇကဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော(၉၂)ကမ္ဘာမြောက်၌ တိဿဘုရားရှင်အား သစ်သီး ခဲဖွယ်အလုံးစုံကို ပေးလှူခဲ့သော ကောင်းမှုကံကြောင့် အလိုရှိတိုင်းသော ကာမဂုဏ်ကို ရ၍ ဝမ်းမြောက်ခဲ့ရပုံ၊ အလိုရှိတိုင်း ပြည့်စုံပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိဘဲ တစ်ဆယ့်သုံးကမ္ဘာအထက်၌ ဣန္ဒသမစကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၁၊၂၀၂) (အပ၊ဋ္ဌ၊၂၊၁၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခဇ္ဇောပနကဇာတက

ဤဇာတ်တော်သည် မဟာဥမင်္ဂဇာတ်၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခဏ္ဍဖုလ္လိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းသည် လွန်ခဲ့သော (၉၂)ကမ္ဘာမြောက်၌ ဆင်တို့ဖျက်ဆီးထားသည့် မဟာဝုန်တောရှိ ဖုဿဘုရားရှင်၏ ပုထိုးတော်ကို အင်္ဂတေတို့ဖြင့် ပြုပြင်လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားရောက်ခဲ့ရဘဲ ခုနစ်ဆယ့်ခုနစ်ကမ္ဘာအထက်၌ ဇိတသေန စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ်ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၁) (အပ၊ဋ္ဌ၊၂၊၁၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခဏ္ဍသုမနတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသဖြင့် သရီရဓာတ်တော်တို့ကို စေတီတည်ထား ကိုးကွယ်သောအခါ၌ စေတီပတ်ပတ်လည်တွင် စန္ဒကူးပင်များကို တံတိုင်းအဖြစ် ကာရံ စိုက်ပျိုးလှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ပါဝါမြို့ဝယ် မလ္လာမင်းမျိုးတွင် ဖြစ်ပုံ၊ သာသနဘောင်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခဒိရင်္ဂါရဇာတက

ဤဇာတ်တော်၌ ဘုရားရှင် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေထိုင်တော်မူစဉ် စည်းစိမ်ဥစ္စာများ ကုန်ခန်းသွားသော်လည်း အလှူဒါနပြုရာ၌ နောက်မဆုတ်သော အနာထပိဏ်သူဌေးကို အကြောင်းပြု၍ ဟောတော်မူပုံ၊ ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ သူဌေးတစ်ယောက်ဖြစ်စဉ် အလှူဇရပ် ခြောက်ခု ဆောက်လုပ်၍ နေ့စဉ်နေ့တိုင်း အလှူပေးလေ့ ရှိပုံ၊ တစ်နေ့သောအခါ ပစ္စေကဗုဒ္ဓါတစ်ပါးသည် နိရောဓသမာပတ်မှ ထကာ ဗာရာဏသီသူဌေးအိမ်သို့ ဆွမ်းခံကြွစဉ် မာရ်နတ်က သူဌေးနှင့် ပစ္စေကဗုဒ္ဓါအကြား၌ အတောင်ရှစ်ဆယ်မျှရှိသော မီးကျီးခဲတွင်းကို ဖန်ဆင်းထားပုံ၊ သူဌေးက မာရ်နတ် နှောင့်ယှက်ထားကြောင်း သိရှိသွားပြီး မီးကျီးတွင်းဆင်းကာ ပစ္စေကဗုဒ္ဓါအား ဆွမ်းလောင်းလှူသောအခါ မီးကျီးခဲတွင်းမှ ပဒုမ္မာကြာပန်းများ ပေါ်ထွက်လျက် သူဌေး၏ ခြေဖဝါးအောက် တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခဒိရဝနိယရေဝတတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမတ္တရဘုရားရှင်လက်ထက် အာရညကဧတဒဂ်ရသော ရဟန်းတော်တစ်ပါးကို အားကျ၍ ပဒုမုတ္တရဘုရားရှင်နှင့် သံဃာတော်တို့အား ဂင်္ဂါမြစ်၏ တစ်ဖက်ကမ်းသို့ တင်ပို့ပြီး အလှူကြီးပြုလုပ်ကာ ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရူပသာရီပုဏ္ဏေးမကြီး၏သား အရှင်သာရိပုတ္တရာ၏ ညီအငယ်ဆုံး ဖြစ်၍ သာသနာ့ဘောင်သို့ ဝင်ရောက်လာကာ ရှားတော၌ သီတင်းသုံးပြီး တရားအားထုတ်သောကြောင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်း အရာများပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၇၅) (ထေရ၊ဋ္ဌ၊၁၊၁၃၅) (အပ၊ဋ္ဌ၊၁၊၃၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခဒိရဝနိယရေဝတတ္ထေရဝတ္ထု

ဤဝတ္ထု၌ ခဒိရဝနိယရေဝတမထေရ်သည် ရှားတောထဲ၌ တစ်ပါးတည်းနေကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ၊ တစ်နေ့သ၌ မထေရ်သည် မြတ်စွာဘုရားရှင်ထံ အဖူးအမြော်ကြွရောက်စဉ်၊ မင်းချင်းများက သူခိုးဟု စွပ်စွဲ ဖမ်းဆီး၍ မင်းကြီးထံပို့ခဲ့ကြပုံ၊ မထေရ်က မင်းနှင့်တကွသော ပရိသတ်တို့အား တရားဟောပြဆုံးမတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခဒိရဝနိယရေဝတတ္ထေရဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် ခဒိရဝနိယရေဝတမထေရ်၏ ကျောင်းမှ ပြန်ကြွတော်မူစဉ် သာဝတ္ထိပြည်သို့ ရောက်တော်မူသောအခါ မြတ်စွာဘုရားနှင့် အတူပါလာသော ရဟန်းအိုကြီးကို ဝိသာခါဥပါသိကာမကြီးက အရှင်ရေဝတ၏ နေရာအရပ်သည် ပျော်မွေ့ဖွယ်ရာ ကောင်းပါသလောဟု မေးခဲ့ပုံ၊ ထိုရဟန်းအိုကြီးက ပျော်မွေ့ဖွယ်ရာ မကောင်းကြောင်း ကဲ့ရဲ့ ပြစ်တင်စကား ပြောကြားပုံ၊ သံဃာ့အစည်းအဝေးသဘင်၌လည်း ထပ်မံ၍ ရှုတ်ချပြောဆိုနေသည်ကို မြတ်စွာဘုရားသိရှိတော်မူ၍ တန်ခိုးတော်ဖြင့် ကြွလာပြီးလျှင် ရေဝတသည် ပစ္စည်းပေါများခြင်းကို အလိုမရှိ၊ ရဟန္တာဖြစ်ကြောင်း တောကြိုတောင်ကြား ချောက်ကမ်းပါး ဖြစ်သော်လည်း ရဟန္တာပုဂ္ဂိုလ်တို့ နေရာအရပ်သည် နှစ်သက်စရာကောင်းသည်သာဟု မိန့်တော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခဒိရဝနိယရေဝတတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာ၏ ညီအငယ်ဆုံးဖြစ်သူ ရေဝတသည် အမျိုးသမီးတစ်ဦးနှင့် စေ့စပ်ပြီးခါမှ ဆံဖြူသွားကြိုး အရေတွန့်နေသော အဖွားအိုကို တွေ့မြင်ရသဖြင့် သံဝေဂရကာ တောရဆောက်တည်နေသည့် ရဟန်းတော် အပါးသုံးဆယ်ထံသို့ ထွက်ပြေးခဲ့ပုံ၊ ရဟန်းတော်တို့အထံ၌ ကမ္မဋ္ဌာန်းတရားများ သင်ယူပြီးနောက် ရှားတောသို့ သွားကာ တရားအားထုတ်စဉ် ဝါတွင်း၌ပင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်ခဲ့ပုံ၊ ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာမထေရ်တို့သည် ရဟန်းတော်အပါးငါးရာနှင့်အတူ ခဒိရဝနိယရေဝတထေရ်ထံ ကြွရောက်ကြ၍ တောလမ်းခရီးအကြား၌ အရှင်သီဝလိမထေရ်၏ ဘုန်းတန်ခိုးလာဘ်လာဘကို အမှီပြု၍ ဘုဉ်းပေးသုံးဆောင်ကြရပုံ၊ ခဒိရဝနိယရေဝတထေရ်သည် ရဟန်းတော်အပါး ငါးရာတို့အတွက် ကျောင်းအိပ်ရာနေရာစသည်တို့ကို ဖန်ဆင်းထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခန္တိဝဏ္ဏဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းဖြစ်သောအခါ အမတ်တစ်ယောက်သည် နန်းတွင်းသူတို့နှင့် လွန်ကျူးဖောက်ပြားနေပုံ ထိုအမတ်၏ အိမ်၌လည်း လူယုံတစ်ဦးသည် အမတ်၏ အိမ်သူတို့နှင့် ဖောက်ပြားနေပုံ၊ ထို့အကြောင်းကို အမတ်က ဘုရင်မင်းထံ လျှောက်ထားရာ ဘုရင်မင်းမြတ်၏ သည်းခံရန် ဥပါယ်တံမျဉ်ဖြင့် ဆုံးမမှုကြောင့် ဖောက်ပြားသူနှစ်ဦးတို့ ပြုပြင်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခန္တိဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းသည် ခန္တီဝါဒီရသေ့ဘဝတွင် သည်းခံခဲ့ပုံ၊ စူဠဓမ္မပါလဘဝ၌ ဖခင်၏ ရက်စက်ကြမ်းကြုတ်မှုအပေါ် သည်းခံခဲ့ပုံ၊ ဆင်ဘဝ၌လည်း မုဆိုး၏ မြားချက်ကို သည်းခံ၍ အသက်စွန့်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခန္တီဝါဒီဲဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်တွင် ကလာဗုမင်း အုပ်ချုပ်စဉ် ဘုရားအလောင်းသည် ကုဋေရှစ်ဆယ်ကြွယ်ဝသော ပုဏ္ဏားမျိုး၌ ဖြစ်ပြီး မိဘများ ကွယ်လွန်သောအခါ စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်လှူဒါန်း၍ ဟိမဝန္တာတော၌ ခန္တီဝါဒီအမည်ဖြင့် ရသေ့ရဟန်းပြုခဲ့ပုံ၊ ခန္တီဝါဒီသည် ချဉ်ဆားမှီဝဲရန် ဗာရာဏသီမြို့သို့ သွားသောအခါ စစ်သူကြီးက ကြည်ညိုသွားသဖြင့် ရသေ့ကို ဆွမ်းလုပ်ကျွေး၍ မင်းဥယျာဉ်အတွင်း၌ ကိုးကွယ်ထားခဲ့ပုံ၊ တစ်နေ့သောအခါ ကလာဗုမင်းသည် မောင်းမအခြွေအရံများနှင့်အတူ ဥယျာဉ်ကစားထွက်ခဲ့ပုံ၊ မင်းကြီး အိပ်ပျော်နေစဉ် အခြွေအရံများက ခန္တီဝါဒီရသေ့ထံ သွား၍ တရားနာယူနေကြပုံ၊ မင်းကြီး နိုးလာသောအခါ မောင်းမ အခြွေအရံများကို မတွေ့သဖြင့် ဒေါသထွက်ပြီး လိုက်ရှာသည့်အခါ ရသေ့ထံ၌ တရားနာနေသည်ကို တွေ့မြင်ရပုံ၊ ကလာဗုမင်းကြီးက ဘုရားအလောင်း ရသေ့အား ‘‘သင်သည် အဘယ်ဝါဒရှိသနည်း’’ဟု မေးသောအခါ ခန္တီဝါဒရှိကြောင်း ပြောကြားပုံ၊ ကလာဗုမင်းသည် သူသတ်ယောကျ်ားကို ခေါ်၍ ခန္တီဝါဒရှိ မရှိ စမ်းသပ်မည်ဟု ဆိုကာ ဘုရားလောင်းရသေ့၏ လက်, ခြေ, အသား, အရေ, နားရွက်, နှာခေါင်းတို့ကို ဖြတ်စေလျက် ခြေဖြင့် ကန်ပြီး ထွက်ခွာသွားခဲ့ပုံ၊ ကလာဗုမင်း ဥယျာဉ်တံခါးသို့ ရောက်သောအခါ မြေမျိုခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခန္ဓဇာတက

ဤဇာတ်တော်၌ ရဟန်းတော်တစ်ပါးအား မြွေအကိုက်ခံရသဖြင့် ပျံလွန်တော်မူသွားခဲ့ပုံ၊ ဘုရားရှင်က မြွေအကိုက်မခံရရန် မြွေမင်းလေးမျိုးတို့အား မေတ္တာပွားရန် မိန့်ကြားတော်မူပုံ၊ ဘုရားလောင်း ပုဏ္ဏားမျိုး၌ ဖြစ်စဉ် ရသေ့ရဟန်းဝတ်ကာ ဟိမဝန္တာတော၌ နေပြီး မြွေမင်း လေးမျိုးတို့အား မေတ္တာပွားခဲ့ပုံ စသော အကြောင်း အရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခရပုတ္တဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် သိကြားမင်းဖြစ်စဉ် သေနကမင်းကြီးသည် နဂါးတစ်ကောင်၏ အသက်ကို ကယ်ဆယ်ခဲ့သဖြင့် ထိုနဂါးက သဗ္ဗရုတဇာနနမန္တန်ခေါ် သတ္တဝါမျိုးစုံတို့၏ အသံကို ကြားသိနိုင်သော အဖိုးတန်မန္တန်ကို မင်းကြီးအားပေးပြီး အခြားသူတို့ကို ပေးပါက မီးပုံထဲဲ ဝင်၍ သေရမည်ဟု မှာကြားခဲ့ပုံ၊ မင်းကြီးသည် ခြတို့၏ အသံ၊ ပရွက်ဆိတ်တို့၏ အသံ၊ ယင်တို့၏ အသံကို ကြား၍ ရယ်သည်ရှိသော် မိဖုရားက သိ၍ ထိုမန္တန်ကို တောင်းသဖြင့် အသက်စွန့်၍ ပေးရန် စီစဉ်ခဲ့ပုံ၊ ထိုအခါ ဘုရားအလောင်းသိကြားမင်းက ကယ်တင်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခရလောမဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တော်၌ ဥပါသကာတစ်ဦးသည် သံဃိကအခင်းပေါ်တွင် မလေးမစား ညစ်ပေစွာ ထိုင်ခဲ့သောကြောင့် မိကျောင်းကျောပြင်ကဲ့သို့ ကြမ်းတမ်းသော အမွေးရှိသည့် ခရလောမ ဘီလူး ဖြစ်ခဲ့ရပုံ၊ ဂယာရွာတံခါးဝ အမှိုက်ပုံ၌ နေရစဉ် ဘုရားရှင် ကြွရောက်၍ တရားဟောတော်မူသဖြင့် သောတာပန်တည်ခဲ့ပုံ စသော အကြောင်း အရာများပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၂၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခရသူစိလောမယက္ခဝတ္ထု

ဤဝတ္ထု၌ ယောကျ်ားတစ်ယောက်သည် အတိတ်ဘဝတစ်ခု၌ သံဃာတော်များအတွက် လှူဒါန်းထားသော ဆီများကို သံဃာတော်တို့အား မပန်ကြားဘဲ မိမိခန္ဓာကိုယ်ကို လိမ်းကျံခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် အပါယ်ငရဲ၌ ကျရောက်ခဲ့ပုံ၊ ငရဲမှ လွတ်သောအခါ ထိုအကုသိုလ်ကံ၏ အကျိုးဆက်အဖြစ်ဖြင့် ခရဘီလူးဘဝ ရောက်ရှိခဲ့ပုံ၊ အခြားယောကျ်ားတစ်ယောက်သည်လည်း ကဿပဘုရားရှင့်လက်ထက်တော်၌ ညစ်နွမ်းပေတေနေသော ခန္ဓာကိုယ်ဖြင့် ဥပုသ်သိမ်အတွင်းသို့ ဝင်၍အိပ်ခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် ငရဲ၌ ကျပြီးနောက် ငရဲမှ လွတ်မြောက်လာသောအခါ အပ်နှင့်တူသော အမွေးများပေါက်သည့် သူစိလောမဘီလူးဘဝ ရောက်ခဲ့ပုံ၊ ဘုရားရှင်နှင့် တွေ့သောအခါ ဘုရားရှင်က သစ္စာလေးပါးတရားကို ဟောကြားသဖြင့် ဘီလူးနှစ်ယောက်လုံး သောတာပန်တည်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခရဿရဇာတက

ဤဇာတ်တော်၌ ဗာရာဏသီမင်း၏ အမတ်တစ်ယောက်သည် အစွန်အဖျားဖြစ်သော ရွာကို အပိုင်စားရသောအခါ ခိုးသူများနှင့် တိုင်ပင်ပြီး ရွာမှ ရှောင်ပေးပုံ၊ ခိုးသူများက လုယက်ပြီး ရွာမှ ထွက်ခွာသွားသောအခါ၌ ရွာထဲသို့ ပြန်ဝင်လာပုံ၊ ခိုးသူများ လုယက်ယူသွားသော ပစ္စည်းဥစ္စာများကို အမတ်ကြီးက တစ်ဝက်ခွဲယူပုံ၊ နောင်သောအခါ အမတ်ယုတ်၏အကျင့် ပေါ်သွားသဖြင့် မင်းကြီးက အပြစ်ဒဏ်ပေးကာ အခြားပုဂ္ဂိုလ်တစ်ယောက်ကို ရွာစားခန့်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခရာဒိယဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် သမင်မျိုး၌ ဖြစ်ကာ သမင်အပေါင်းခြံရံလျက် တော၌ နေစဉ် ညီမဖြစ်သူ သမင်မက သူ၏ သားငယ်ကို မိဂမာယာသင်ကြားပေးရန် လာရောက်အပ်နှံပုံ၊ သမင်ကြီးက တူတော်မောင် သမင်လေးကို ‘‘ဤမည်သော အချိန်၌ လာရောက်သင်ယူပါ’’ ဟု ပြောကြားသော်လည်း တူတော်မောင် သမင်လေးသည် လာရောက်မသင်ယူဘဲ လှည့်လည်သွားလာ၍ နေပုံ၊ ခုနစ်ရက် ကျော်လွန်သောအခါ အပြောခက်သော သမင်ငယ်သည် ကျော့ကွင်း၌ ဖမ်းမိကာ သေဆုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခလ္လာတိယပေတိဝတ္ထု

ဤဝတ္ထု၌ ဆံပင်အလွန်လှပသော ပြည့်တန်ဆာမ တစ်ဦးအား မနာလိုသော အမျိုးသမီးတို့သည် အိမ်ဖော်ကျွန်မကို လာဘ်ထိုးပြီး ဆံပင်ကျွတ်ဆေးဖြင့် ခေါင်းလျှော်ပေးစေသဖြင့် ဆံပင်အားလုံး ကျွတ်ကျပုံ၊ ထိုအမျိုးသမီးသည် ရှက်လှသဖြင့် မြို့ပြင်တွင် နေ၍ ဆီနှင့်အရက် ရောင်း၍ အသက်မွေးရပုံ၊ ရှေးဘဝတစ်ခုတွင် အရက်မူးသမားတို့၏ ပုဆိုးများကို ချွတ်၍ ခိုးယူခဲ့သော အကုသိုလ်ကံနှင့် ရဟန္တာမထေရ်တစ်ပါးကို ဆွမ်းလှူခဲ့သော ကုသိုလ်ကံတို့ကြောင့် သမုဒ္ဒရာအလယ် ရွှေဗိမာန်ဝယ် အဝတ်မပါ ကိုယ်လုံးတီး နတ်သမီးဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၃၃) (ပေတ၊ဋ္ဌ၊၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခါဏုကောဏ္ဍညတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဈာန်ဝင်စားနေသော ခါဏုကောဏ္ဍညမထေရ်၏ ဦးထိပ်ပေါ်သို့ ခိုးသားငါးရာတို့သည် ခိုးရာပါ ပစ္စည်းထုပ်များကို စုပုံထားကြပုံ၊ မထေရ် ဈာန်မှ ထသောအခါ ခိုးသားငါးရာတို့က မထေရ်မှန်း သိ၍ အံ့ဩကြည်ညိုပြီး ရဟန်းပြုခဲ့ကြပုံ၊ မြတ်စွာဘုရား၏ တရားတော်များကို နာကြားရသောအခါ ရဟန္တာဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ပဋိသံ၊ဋ္ဌ၊၂၊၂၈၆) (ဓမ္မ၊ဋ္ဌ၊၁၊၄၃၃) (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခိတကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဘီလူးစစ်သူကြီး ဖြစ်၍ ပဒုမုတ္တရဘုရားရှင်အား ရှိခိုးဦးချ တရားနာပြီး အရိုအသေပြုခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိပြည် ပုဏ္ဏားမျိုး၌ ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခိပိတဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ပရိသတ်များစွာအား တရားဟောတော်မူနေစဉ် ချေဆတ်တော်မူရာ ရဟန်းတို့က ဇီဝတု (အသက်ရှည်ပါစေ)ဟု ဆိုကြပုံ၊ ထိုအသံကြောင့် တရားဟောပွဲ အနှောင့်အယှက် ဖြစ်ပုံ၊ ဇီဝတုဟု ဆိုရုံနှင့် အသက်ရှည်စရာအကြောင်း မရှိသဖြင့် ဇီဝတုဟု မဆိုရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခီဏာသဝတ္ထေရဝတ္ထု

ဤဝတ္ထု၌ စန္ဒမုခတိဿမင်းလက်ထက်၌ မဟာဝိဟာရကျောင်းနေ သံဃာ့မထေရ်ကြီးသည် မျက်စိမှုန်သဖြင့် ကျောင်းထဲ၌သာ နေပုံ၊ မင်းကြီးသည် ထိုမထေရ်ကို ရဟန္တာဖြစ် မဖြစ် သိလိုသဖြင့် အခြားရဟန်းများ ဆွမ်းခံကြွခိုက် မထေရ်ထံသို့ လာ၍ မြွေယောင်ဆောင်ကာ ခြေတို့ကို ကိုင်ဆွဲပုံ၊ မထေရ်သည် မကြောက်ရွံ့ မတုန်လှုပ်ဘဲ ကျောက်တိုင်ကဲ့သို့ တည်နေခဲ့ပုံ၊ သို့ဖြစ်၍ မထရ်ကို ရဟန္တာဟု သိရှိနိုင်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၂၊၂၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခီဏာသဝထေရီဝတ္ထု

ဤဝတ္ထု၌ ဂုတ္တသာလ မည်သော ရွာကို ခိုးသူတို့ လုယက်ကြစဉ် ရဟန္တာထေရီမ တစ်ပါးသည် ထိုရွာမှ ထွက်ခဲ့ပုံ၊ မဟာနာဂမထေရ်သည် ထိုဘိက္ခုနီမကို ဆွမ်းလှူခဲ့သဖြင့် ဆွမ်းအာဟာရ ထာဝရ ပြည့်စုံခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၄၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခုဇ္ဇသောဘိတတ္ထေရဝတ္ထု

ဤဝတ္ထု၌ ခုဇ္ဇသောဘိတမထေရ်အလောင်းသည် ပဒုမုတ္တရဘုရားရှင်အား ဂါထာတို့ဖြင့် ချီးကျူးပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဂေါတမဘုရားရှင်လက်ထက်တော်၌ အရှင်အာနန္ဒာမထေရ်ထံတွင် ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်၍ အဘိညာဉ်ခြောက်ပါးရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခုဇ္ဇုတ္တရာဝတ္ထု

ဤဝတ္ထု၌ ခုဇ္ဇုတ္တရာ ဥပါသိကာလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရဘုရားရှင့်လက်ထက်တော်၌ ဗဟုဿုတအရာတွင် ဧတဒဂ်ရရှိသော ဥပါသိကာ အမျိုးသမီးတစ်ဦးကို အားကျ၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကာ ထိုဗဟုဿုတဧတဒဂ်ရရန် ဆုတောင်းခဲ့ပုံ၊ ကဿပဘုရားရှင့်လက်ထက်တော်၌ ရဟန္တာထေရီမတစ်ဦးအား အလုပ်ကိစ္စတစ်ခုကို စေခိုင်းခဲ့မိသဖြင့် ကျွန်မဘဝ အကြိမ်ငါးရာ ဖြစ်ခဲ့ရပုံ၊ တစ်ခုသော အတိတ်ဘဝ၌လည်း ခါးကုန်းသော ပစ္စေကဗုဒ္ဓါတစ်ပါးအား ပြောင်လှောင်ပြက်ရယ်ပြုခဲ့ပုံ၊ ထိုအကုသိုလ်ကံတို့၏ အကျိုးဆက်ကြောင့် ဤဘုရားရှင် လက်ထက်တော်၌ ဃောသကသူဌေးအိမ်တွင် ခါးကုန်းပုကွသော ကျွန်မတစ်ဦး ဖြစ်ခဲ့ရပုံ၊ နေစဉ်နေ့တိုင်း သာမာဝတီမိဖုရားက မိမိအား ပန်းဆက်သရန် ခုဇ္ဇုတ္တရာကို အသပြာရှစ်ကျပ် ပေးခဲ့ပုံ၊ ခုဇ္ဇုတ္တရာကျွန်မက လေးကျပ်ဖိုးသာ ဝယ်၍ လေးကျပ်ကို ခိုးယူထားလေ့ရှိပုံ၊ တစ်နေ့သောအခါ ပန်းဝယ်သွားစဉ် ဘုရားရှင်၏ တရားတော်ကို နာကြားရသဖြင့် သောတာပန်တည်သွားပြီး အသပြာလေးကျပ်ကို မခိုးယူတော့ပုံ၊ ထိုအကြောင်းစုံကို သာမာဝတီမိဖုရားအား အမှန်အတိုင်း ပြောပြသဖြင့် ခုဇ္ဇုတ္တရာကို ကျွန်မအဖြစ်မှ ကင်းလွတ်ခွင့် ပေးခဲ့ပုံ၊ ခုဇ္ဇုတ္တရာထံမှ တစ်ဆင့် ဘုရားရှင်၏ တရားတော်ကို နာကြားရသဖြင့် သာမာဝတီနှင့်တကွ အပေါင်းပါများ သောတာပန်တည်ခဲ့ကြပုံ၊ နောက်သောအခါ ခုဇ္ဇုတ္တရာသည် တိပိဋကဓရ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်၍ ဗဟုဿုတဧတဒဂ်ဘွဲ့ ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဣတိဝုတ်၊ဋ္ဌ၊၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခုဇ္ဇုတ္တရာသာမာဝတီဝတ္ထု

ဤဝတ္ထု၌ ခုဇ္ဇုတ္တရာနှင့် သာမာဝတီအလောင်းအလျာတို့သည် ပဒုမုတ္တရဘုရားရှင်လက်ထက်တွင် ဗဟုဿုတအရာနှင့် မေတ္တာဈာန် အရာတို့၌ ဧတဒဂ်ရသော ဥပါသိကာမများကို အားကျ၍ ကုသိုလ်ပြုဆုတောင်းခဲ့ကြပုံ၊ ထိုကုသိုလ်တို့ကြောင့် သုဂတိဘဝတို့၌ ကျင်လည်ခဲ့ကြပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာမာဝတီက ဥတေနမင်း၏ မင်းမိဖုရားကြီး ဖြစ်ပြီး ခုဇ္ဇုတ္တရာက သာမာဝတီ၏ကျွန်မ ဖြစ်လာပုံ၊ ခုဇ္ဇုတ္တရာသည် ဘုရားရှင်ထံမှ တရားတော်ကို နာကြားရ၍ သောတာပန်ဖြစ်ပုံ၊ ခုဇ္ဇုတ္တရာက ဗဟုဿုတအရာ၌ ဧတဒဂ်၊ သာမာဝတီက မေတ္တာဈာန်အရာ၌ ဧတဒဂ်ရရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခုဒ္ဒါနုခုဒ္ဒကဝိနိစ္ဆယဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ပရိနိဗ္ဗာန်စံတော်မူခါနီးအချိန်တွင် အရှင်အာနန္ဒာအား ‘‘သံဃာတော်က လိုလားလျှင် ခုဒ္ဒါနုခုဒ္ဒကသိက္ခာပုဒ်တို့ကို ပယ်လိုက ပယ်နိုင်သည်’’ဟု မိန့်တော်မူခဲ့ပုံ၊ အရှင်အာနန္ဒာက သံဂါယနာတင် မထေရ်ကြီးတို့အား လျှောက်ထားရာ မထေရ်ကြီးတို့က ဘုရားရှင် မပညတ်သည်ကို အသစ် မပညတ်ရန်၊ ပညတ်ပြီး သိက္ခာပုဒ်များကို မပယ်ရန်၊ ပညတ်သည့် သိက္ခာပုဒ်များကို ကောင်းစွာ ကျင့်သုံးရန် ဆုံးဖြတ်တော်မူခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခုရပ္ပဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် တောအုပ်ကြီးကို စောင့်ရှောက်ရသော အမျိုး၌ ဖြစ်ခဲ့ပုံ၊ အစောင့်(၅၀၀)တို့၏ အကြီးအကဲ ဖြစ်၍ အခကြေးငွေယူကာ လူတို့ကို တောအုပ်သို့ ဖြတ်ကျော်ရန် ကူညီပေးရပုံ၊ တစ်နေ့တွင် လှည်းကုန်သည်အား ပို့ဆောင်နေစဉ် ခိုးသားငါးရာတို့နှင့် တွေ့၍ ဝီရိယကို မလျှော့ဘဲ သက်စွန့်ဆံဖျား တိုက်ခိုက် အနိုင်ယူပြီး ပို့ဆောင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခေတ္တူပမပေတဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့၌ ကုဋေများစွာ ကြွယ်ဝသော သူဌေးကြီးသည် မိမိ၏ ချစ်လှစွာသော တစ်ဦးတည်းသော သားကို ပင်ပန်းမည်စိုး၍ ပညာသင်မပေးခဲ့ပုံ၊ မိဘတို့ ကွယ်လွန်သောအခါ သားဖြစ်သူသည် အရက်သမားများနှင့် ပေါင်းသင်းမိပြီး ပစ္စည်းများကို ဖြုန်းသုံးပစ်သောကြောင့် သူတောင်းစားဘဝသို့ ရောက်ခဲ့ရပုံ၊ ခိုးသူတို့နှင့် ဆက်သွယ်မိကာ ဓါးပြတိုက်၍ အဖမ်းခံရပြီး လူသတ်ကုန်းသို့ ထုတ်စဉ် သုလသာအမျိုးသမီးက သနားသဖြင့် ကတွတ်မုန့်များနှင့် ရေကို ပေးပို့ပုံ၊ ထိုမုန့်တို့ကို အရှင်မောဂ္ဂလာန်မထေရ်အား တစ်ဆင့် လှူဒါန်းလိုက်ပုံ၊ ထိုကုသိုလ်ကံကြောင့် ရုက္ခစိုးနတ် ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၂၇) (ပေတ၊ဋ္ဌ၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခေတ္တူပမဝတ္ထု

ဤဝတ္ထု၌ အသိဗန္ဓက၏သား ရွာသူကြီးက ‘‘ဘုရားရှင်သည် သတ္တဝါအားလုံးတို့ အကျိုးစီးပွားကို လိုလားသည် ဖြစ်ပါလျက် တန်းတူထား၍ အဘယ့်ကြောင့် တရားမဟောပါသနည်း’’ဟု လျှောက်ထားရာ ဘုရားရှင်က အကောင်း၊ အလတ်၊ အညံ့ လယ်သုံးမျိုးပိုင်သူသည် အကောင်းဆုံး လယ်မြေ၌ အကောင်းဆုံးမျိုးစေ့ကို စိုက်ပျိုးသကဲ့သို့ အကောင်းဆုံး ရဟန်းပရိသတ်၌ အကောင်းဆုံးတရားကို ဟောရပုံ၊ အလယ်အလတ် ဥပါသကာ ပရိသတ်၌ အလယ် အလတ်တရားကို ဟောရပုံ၊ အညံ့စား ပရိသတ်၌ သူတို့နှင့် တန်သော တရားကို ဟောရပုံ ဥပမာပေး၍ မိန့်ဆိုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၅၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခေမကသေဋ္ဌိပုတ္တဝတ္ထု

ဤဝတ္ထု၌ အနာထပိဏ်သူဌေး၏ တူဖြစ်သူ ခေမကသူဌေးသားသည် အလွန်လှပဖြင့် တွေ့မြင့်သမျှသော အမျိုးသမီးတိုင်းက စိတ်ဝင်စား၍ တိမ်းညွတ်ကြပုံ၊ ခေမကသူဌေးသားသည် မိမိအား တိမ်းညွတ်လာသမျှသော အမျိုးသမီးတိုင်းကို လွန်ကျူးဖေါက်ပြန်ပုံ၊ ထိုအကြောင်းအရာကို အနာထပိဏ်သူဌေးကြီး သိရှိသွားသဖြင့် ခေမကကို ဘုရားရှင့်ထံ ခေါ်သွားပြီး ခေမက၏ အကြောင်းစုံကို လျှောက်ထားပုံ၊ ဘုရားရှင်က သူတစ်တပါးတို့၏ သားမယားကို လွန်ကျူးဖေါက်ပြန်သော သူတို့၏ အပြစ်ကြီးမားပုံကို ဟောကြားသဖြင့် ခေမကသူဌေးသား သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခေမရာဇဝတ္ထု

ဤဝတ္ထုသည် ကကုသန္ဓဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခေမာထေရီဝတ္ထု

ဤဝတ္ထု၌ ဗိမ္ဗိသာရမင်းကြီး၏ မိဖုရားခေါင်ကြီးဖြစ်သော ခေမာမိဖုရားကြီးသည် အဆင်းအလွန်လှသူ ဖြစ်သဖြင့် ရုပ်ရေအဆင်း၏ အပြစ်ကို ဟောပြတော်မူသော မြတ်စွာဘုရားထံ မသွားဘဲ ရှောင်နေခဲ့ပုံ၊ ဝေဠုဝန်ကျောင်းကြီးသည် နန္ဒဝန်ဥယျာဉ်ကြီးတမျှ သာယာလှပတင့်တယ်ကြောင်း စပ်ဆိုထားသော သီချင်းများကိုကြားရသောကြောင့် ဝေဠုဝန်သို့သွားခဲ့ပုံ၊ ဘုရားရှင်က လှပသော မိန်းမပျိုတစ်ဦးကို ဖန်ဆင်း၍ တဖြည်းဖြည်း အို၊ နာ၊ သေ အဆင့်ဆင့် ပြောင်းလဲသွားပုံကို ပြတော်မူရာ တရားထူးရ၍ ဘိက္ခုနီပြုသွားပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခေမာထေရီဝတ္ထု

ဤဝတ္ထု၌ ခေမာထေရီလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်တွင် သူတစ်ပါးတို့၏ အခိုင်းအစေကျွန်မဘဝဖြင့် အသက်မွေးရစဉ် ပဒုမုတ္တရဘုရားရှင်၏ အဂ္ဂသာဝကဖြစ်သော အရှင်သုဇာတမထေရ်အား ကတွတ်မုန့်သုံးခုကို လှူ၍ ‘‘ပညာအရာ၌ ကြီးကျယ်ထက်မြက်သောပုဂ္ဂိုလ် ဖြစ်ရလိုကြောင်း’’ ဆုတောင်းခဲ့ပုံ၊ ဝိပဿီဘုရားရှင်လက်ထက်၌ သံဝေဂရပြီး သာသနာ့ဘောင် ဝင်ရောက်ကာ အနှစ်တစ်သောင်း ဗြဟ္မစရိယအကျင့် ကျင့်လျက် တရားဟောပုဂ္ဂိုလ် ဖြစ်ခဲ့ပုံ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပဘုရားရှင်တို့ လက်ထက်၌လည်း ကုသိုလ်ကောင်းမှု များစွာ ပြုလုပ်ခဲ့ပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရွှေရုပ်တမျှလှပပြီး ဗိမ္ဗိသာရမင်းကြီး၏ မိဖုရားဖြစ်လာစဉ် ဘုရားရှင်က ခန္ဓာကိုယ်၏ အပြစ်ဒေါသများကို ဟောပြောလေ့ရှိသဖြင့် ဘုရားရှင်ထံ ချဉ်းကပ်လေ့မရှိပုံ၊ ဗိမ္ဗိသာရမင်းကြီးက ခေမာမိဖုရားကို ဘုရားရှင်ထံ ဖူးမြော်ရန် စေလွှတ်ခဲ့ပုံ၊ ခေမာမိဖုရား ဘုရားရှင့်ထံ ရောက်သောအခါ ဘုရားရှင်က နတ်သမီးလေးလို ချောမောလှပသည့် အမျိုးသမီးတစ်ယောက် ယပ်ခတ်နေပုံ၊ အရွယ်သုံးပါး ပြောင်းလဲသွားပုံတို့ကို ဖန်ဆင်းပြပြီး တရားဟောသဖြင့် ခေမာမိဖုရား ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၂၁) (အံ၊ဋ္ဌ၊၁၊၂၆၄) (ထေရီ၊ဋ္ဌ၊၁၃၀) (ထေရီ၊၁၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခေမာဘိက္ခုနီဝတ္ထု

ဤဝတ္ထု၌ သိကြားမင်းသည် ညဉ်ဦးယံ၌ နတ်ပရိသတ်နှင့်အတူ ဘုရားထံ လာရောက်ပြီး သာရဏီယတရားတော်များကို နာယူနေစဉ် ခေမာဘိက္ခုနီသည် ဘုရားဖူးရန် ကောင်းကင်ခရီးဖြင့် လာသောအခါ သိကြားမင်းကို မြင်၍ ပြန်လှည့်သွားခဲ့ပုံ၊ ထိုအကြောင်းကို သိကြားမင်းက မြတ်စွာဘုရားအားမေး၍ မြတ်စွာဘုရားက ပညာဉာဏ်အလွန်ကြီးသော ခေမာအမည်ရှိသော ထေရီမတစ်ပါး ဖြစ်ကြောင်း မိန့်တော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ခေါမဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာမြောက်၌ ဗန္ဓုမတီမြို့၌ ကုန်သည် ဖြစ်ခဲ့စဉ် ခရီးလမ်းမ၌ ကြွတော်မူသော ဝိပဿီဘုရားရှင်အား ခေါမတိုင်းဖြစ် အဝတ်အထည်ကို လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခဲ့ခြင်း မရှိဘဲ တစ်ဆယ့်ခုနစ်ကမ္ဘာအထက်၌ လေးကျွန်းလုံးကို အစိုးရသော သိန္ဓဝသန္ဓန စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်ဝယ် ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂဂ္ဂဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဂဂ္ဂရဟန်းသည် ရူးနေသူ ဖြစ်ရာ ရဟန်းတို့နှင့် မသင့်လျော်သော စကားများ ပြောမိပုံ၊ ရဟန်းတို့က အာပတ်ကို သတိရရန် မိန့်ကြပုံ၊ စိတ်ဖောက်နေချိန် ပြောမိခြင်း ဖြစ်ပါသည်ဟု ပြန်ပြောရာ ဘုရားရှင်က အမူဠှဝိနယပေးရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၁၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂဂ္ဂဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဥပုသ်ပြုရန် စုဝေးကြသောအခါ ဂဂ္ဂမည်သော ရူးသွပ်သည့် ရဟန်းတစ်ပါး မလာရောက်နိုင်ကြောင်း ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က ထိုရဟန်းကို ဥမ္မတ္တကသမ္မုတိပေးရန် ခွင့်ပြုတော်မူပုံ၊ ထိုရဟန်း ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ ဥပုသ်ကံများ ပြုလုပ်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂင်္ဂါတီရိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်၌ ရဟန်းသံဃာတို့အား သောက်ရေသုံးရေ လှူဒါန်းခဲ့သော ကုသိုလ်ကြောင့် နတ်ပြည် လူ့ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် လက်ထက်တော်၌ သာဝတ္ထိပြည်သား သူကြွယ်တစ်ဦး ဖြစ်ပြီး သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂင်္ဂါမာလဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည် သုစိပရိဝါရ သူဌေးအိမ်၌ ကျွန်အမှုလုပ်သမားဖြစ်စဉ် နေ့ဝက်မျှ ဥပုသ်စောင့်ခဲ့ရသော ကုသိုလ်ကြောင့် ကွယ်လွန်သောအခါ ‘‘ဥဒယ’’ဟူသော အမည်ဖြင့် ဗာရာဏသီမင်းအဖြစ်ကို ရရှိခဲ့ပုံ၊ ထိုအချိန်၌ အရှင်အာနန္ဒာမထေရ်လောင်း ရေသည်ယောကျ်ားသည် ရေသည်မိန်းမနှင့် အတူ ပွဲလမ်းသဘင် ကြည့်ရှုရန် မိမိသိမ်းဆည်းထားသော အသပြာပဲဝက်ကို နေပူကျဲကျဲတွင် သီချင်းဆို၍ ရွှင်လန်းတက်ကြွစွာ သွားယူပုံ၊ ထိုအခြင်းအရာကို ဥဒယမင်းက တွေ့မြင်ရသဖြင့် ရေသည်ယောကျ်ားကို ခေါ်၍ အကြောင်းစုံကို မေးမြန်းခဲ့ပုံ၊ ရေသည်ယောကျ်ားက ဇနီးသည်နှင့်အတူ ပွဲလမ်းသဘင် ပျော်ပွဲဆင်ရမည်ဖြစ်သည့်အတွက် နေပူ, မြေပူဒဏ်ကို မမှုဘဲ မြို့မြောက်ဘက်တံခါးမုခ်၌ သိမ်းထားသည့် အသပြာပဲဝက်ကို သွားယူခြင်းဖြစ်ကြောင်း ပြောကြားပုံ၊ မင်းကြီးက ရေသည်ယောကျ်ားကို ‘‘နေပူလှသဖြင့် သွားမယူပါနှင့်၊ မိမိ ပေးမည်’’ဟု ဆိုသော်လည်း ဥစ္စာလောဘကြောင့် သွားယူမည်ဟုသာ သံတော်ဦးတင်ခဲ့ပုံ၊ မင်းကြီးက အသပြာရာ-ထောင်-သောင်း-သိန်း စသည်ဖြင့် တိုးပေးလျက် နောက်ဆုံး တိုင်းပြည်ကို တစ်ဝက် ခွဲပေးပြီး အိမ်ရှေ့မင်းရာထူးကို ပေးမှ အသပြာပဲဝက်ကို မယူတော့ပုံ၊ တစ်နေ့သောအခါ ဥဒယမင်းနှင့်အတူ ဥယျာဉ်ကစားထွက်စဉ် ဥဒယမင်းကို လုပ်ကြံရန် သုံးကြိမ်တိုင်တိုင် ကြံစည်ပြီးမှ သတိသံဝေဂ ရကာ မင်းကြီးအား ဝန်ချတောင်းပန်ပြီး ရေသည်အိမ်ရှေ့မင်း တောထွက်၍ ရသေ့ရဟန်း ပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂင်္ဂေယျကဝတ္ထု

ဤဝတ္ထု၌ ဂင်္ဂါမြစ်၏ အထက်ပိုင်း၌ နေသူတို့နှင့် အောက်ပိုင်း၌နေသူတို့သည် လှေဖောင်များဖွဲ့၍ အစားအသောက်များကို တင်ဆောင်ကာ ပန်းနံ့သာလိမ်းကျံ၍ တီးမှုတ်ကခုန်ပျော်ရွှင်စွာ သွားလာနေကြပုံ၊ မနာလိုသော ဂင်္ဂေယျကနဂါးကြီးသည် ထိုသူတို့ကို သတ်ရန် ကြိုးစားသည်ကို ဗကဗြဟ္မာလောင်းရှင်ရသေ့က ဂဠုန်ငှက်အသွင် ဖန်ဆင်း၍ ကယ်တင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၁၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂင်္ဂေယျဇာတက

ဤဇာတ်တော်၌ ဂင်္ဂါငါးနှင့် ယမုန်နာငါးတို့ မည်သူက လှကြောင်း လိပ်ထံ အဆုံးအဖြတ်ခံယူကြရာ လိပ်က မိမိသာလျှင် အလှဆုံး ဖြစ်ကြောင်း ပြောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂဏကမောဂ္ဂလာန ဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ဂဏကမောဂ္ဂလာန် ပုဏ္ဏား ရောက်ရှိလာပြီး မိမိတို့ ပုဏ္ဏားများ ဗေဒင်သင်ယူသည့်အခါ အစဉ်အတိုင်း တစ်ခုပြီးမှတစ်ခု သင်ယူရကြောင်း၊ ဂဏန်းသချင်္ာ သင်ယူသည့်အခါ၌လည်း တစ်အလီပြီးမှ နှစ်အလီ စသည်ဖြင့် အစဉ်အတိုင်း သင်ယူရကြောင်း’’ ဘုရားရှင်အား လျှောက်ထား၍ ‘‘သာသနာတော်၌လည်း အစဉ်အတိုင်း ကျင့်ရသည့် အကျင့်သိက္ခာများ ရှိပါသလား’’ဟု မေးမြန်းခဲ့ပုံ၊ ဘုရားရှင်က သာသနာတော်၌ ရှေးဦးစွာ သီလအကျင့်၊ ထို့နောက် သမာဓိအကျင့်၊ ထို့နောက် ဝိပဿနာ ပညာအကျင့်တို့ကို တစ်ခုပြီးမှတစ်ခု အစဉ်အတိုင်း ဖြည့်ကျင့်ရကြောင်း အကျယ် ဟောကြားတော်မူသဖြင့် ဂဏကမောဂ္ဂလာန်ပုဏ္ဏား ဥပါသကာအဖြစ်ခံယူပြီး သရဏဂုံတည်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၃၊၅၂) (မ၊ဌ၊၄၊၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂဏပေတဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့၌ နေသော သူတို့သည် ဂိုဏ်းဖွဲ့၍ တွန့်တိုသောစိတ်ဖြင့် ရတနာသုံးပါးကို မကြည်ညိုဘဲ ကုသိုလ်ကောင်းမှုများကို မျက်နှာလွှဲ၍ နေခဲ့ကြပုံ၊ သေလွန်သောအခါ စုပြုံ၍ ပြိတ္တာဘုံ၌ ဖြစ်ကြပုံ၊ ဆာလောင်မွတ်သိပ်လျက် ယူဇနာများစွာ သွွားလာကာ အစာရှာဖွေသော်လည်း တစ်စုံတစ်ရာမျှ မရရှိကြပုံ စသော အကြောင်း အရာများပါဝင်သည်။ (ပေတ၊၂၁၄) (ပေတ၊ဋ္ဌ၊၂၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂဏိကာဝတ္ထု

ဤဝတ္ထု၌ နက္ခတ်ပွဲသဘင်၌ ရာဇဂြိုဟ်မြို့သား အပျော်ကြူးသူများသည် ပြည့်တန်ဆာမတစ်ဦးကို အပြိုင်ခေါ်ကြရာမှ သတ်ပုတ်ရိုက်နှက်မှု ဖြစ်ပုံ၊ ဘုရားရှင်က ကာမဂုဏ်သည် ငြင်းခုံခိုက်ရန်ဖြစ်ခြင်းနှင့် အကျိုးမဲ့ခြင်း အားလုံးတို့၏ အရင်းခံအကြောင်းရင်း ဖြစ်ကြောင်း ဟောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၃၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂဏ္ဌိကဝတ္ထု

ဤဝတ္ထု၌ အရှင်အာနန္ဒာသည် ပေါ့ပါးသော သင်္ကန်းကြီးကို ရုံ၍ ဆွမ်းခံဝင်ရာ လေပွေမွှေ့သဖြင့် သင်္ကန်းကြီး အထက်သို့ လွင့်တက်သွားသောကြောင့် ဘုရားရှင်က အနားပတ်ကြိုး အနားပတ်သီးကို ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂဏ္ဌိဘေဒကစောရဝတ္ထု

ဤဝတ္ထု၌ သူငယ်ချင်းနှစ်ယောက်တို့သည် ပရိသတ်များနှင့်အတူ ဇေတဝန်ကျောင်းတော်သို့ သွားပြီး တရားနာကြစဉ် တစ်ယောက်သောသူသည် သောတာပတ္တိဖိုလ်၌ တည်ပြီး တစ်ယောက်က ပိုက်ဆံငါးပဲ ခိုးယူခဲ့ပုံ၊ သူခိုး သူငယ်ချင်းက သောတာပန်သူငယ်ချင်းအား ‘‘ပညာရှိကြီး သင့်အား ထမင်းဖိုးလေးတောင် မရှိဘူး’’ စသည်ဖြင့် ပြောင်လှောင်ပြက်ရယ်ပြု၍ ပြောဆိုပုံ၊ ထိုအကြောင်းအရာကို သောတာပန် သူငယ်ချင်းက ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က ‘‘မိုက်မဲမလိမ္မာသော လူတစ်ယောက်သည် မိမိ မိုက်မှန်း၊ မလိမ္မာမှန်း သိလျှင် ပညာရှိ ဖြစ်ကြောင်း၊ မိမိသည် လူမိုက်ဖြစ်နေပါလျက် ပညာရှိဟု မိမိကိုယ်ကို မှတ်ထင်နေလျှင်ကား လူမိုက်စစ်စစ်သာ ဖြစ်ကြောင်း’’ မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂဏ္ဍိပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သောကိုးဆယ့်တစ်ကမ္ဘာမြောက်၌ ဝိပဿီဘုရားရှင် တပည့်များ ခြံရံလျက် ကျောင်းတော်မှ ထွက်သည်ကို မြင်ရသောအခါ ကြည်ညိုသဒ္ဓါ ဖြစ်၍ ညမွေးပန်းတို့ဖြင့် ကြဲဖြန့် ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ရခြင်း မရှိဘဲ လေးဆယ့်တစ်ကမ္ဘာအထက်၌ စရဏမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂတသညကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သောကိုးဆယ့်လေးကမ္ဘာမြောက်၌ ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူသော သိဒ္ဓတ္ထဘုရားကို ဖူးမြင်လိုက်ရသဖြင့် ၎င်း၏စိတ်၌ ကြည်ညိုမှု ဖြစ်ပေါ်ခဲ့ပုံ၊ ဘုရားဟူသော အမှတ်သညာကို ရခဲ့သော ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ရခြင်း မရှိဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂဒြဘပဥှဇာတက

ဤဇာတ်တော်သည် မဟာဥမင်္ဂဇာတ်၌ အားလုံးပါဝင်ပြီး ဖြစ်၏။ (ဇာ၊ဋ္ဌ၊၁၊၄၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂန္ဓတိန္ဒုကဇာတက

ဤဇာတ်တော်၌ ပဉ္စာလမင်းသည် ကပိလတိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်စဉ် မင်းကြီးကိုယ်တိုင်က အဂတိလိုက်စားပြီး တရားမစောင့်သဖြင့် အမတ်ကြီး၊ စစ်သူကြီး စသူတို့ကလည်း အဂတိလိုက်စား၍ တရားမစောင့်ကြပုံ၊ မင်းချင်းယောက်ျားများက အခွန်အတုပ်ကို မတရားကောက်ယူကြသဖြင့် တိုင်းသူပြည်သားများသည် နေ့အခါ၌ တောထဲတွင် နေပြီး ညအခါ၌သာ မိမိအိမ်သို့ ပြန်လာကြရပုံ၊ ညအခါ၌လည်း ခိုးသူများက လုယက်ကြပြန်သဖြင့် တစ်နိုင်ငံလုံး အုတ်အုတ်ကျက်ကျက် ဖြစ်နေပုံ၊ ထိုအချိန်၌ ဘုရားအလောင်းသည် ဂန္ဓတိန္ဒုကရုက္ခစိုးနတ်မင်းဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ပဉ္စာလမင်းထံမှ အသပြာတစ်သိန်းတန် ဗလိနတ်စာကို ရပုံ၊ တစ်နေ့သော ညချမ်းအချိန်၌ ရုက္ခစိုးနတ်မင်းက ပဉ္စာလမင်းကြီး၏ ကျက်သရေတိုက်ခန်းသို့ ဝင်၍ မင်းကျင့်တရားနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်ရန် ဆုံးမဩဝါဒ ပေးသဖြင့် မင်းကြီး သတိသံဝေဂရကာ အဂတိတရားများကို ရှောင်ကြဉ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၁၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂန္ဓတ္ထေနဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ကောသလတိုင်းအတွင်းရှိ တစ်ခုသော တောအုပ်၌ သီတင်းသုံးနေထိုင်ပုံ၊ တစ်နေ့သောအခါ ရဟန်းသည် ဆွမ်းခံရာမှ ပြန်လာပြီး တောအုပ်အတွင်းရှိ ရေကန်ထဲသို့ ဆင်း၍ ပဒုမ္မာကြာပန်းကို နမ်းရှူပုံ၊ ထိုအခါ တောစောင့်နတ်က ရဟန်းအား ‘အနံ့သူခိုး’ဟု စွပ်စွဲပြောဆိုလျက် သီလ မညစ်နွမ်းစေရန် လျှောက်ထားခဲ့ပုံ၊ ရဟန်းတော်က သတိသံဝေဂရ၍ ထိုအမှုမျိုးကို ရှောင်ကြဉ်ပြီး သီလကို လုံခြုံအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၀၆) (သံ၊ဋ္ဌ၊၁၊၂၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂန္ဓဓူပိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာမြောက်၌ သိဒ္ဓတ္ထဘုရားရှင်အား မုလေးပန်းတို့ဖြင့် ဖုံးလွှမ်းလျက် နံ့သာအခိုးအထုံကို ပေးလှူခဲ့သော ကုသိုလ်ကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ မလားရောက်ခဲ့ရဘဲ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ် စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂန္ဓပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဂန္ဓပူဇကမထေရ်အလောင်းလျာသည် ပရိနိဗ္ဗာန်စံဝင်တော်မူသွားသော ပဒုမုတ္တရဘုရားရှင်၏ ဥတုဇရုပ်ကလပ်တော်အား နံ့သာမျိုးစုံ စုပုံလျက် မီးပူဇော်ခဲ့ပုံ၊ ဤကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဘဝများစွာ သံသရာပတ်လုံး အပါယ်ငရဲမှ ကင်းဝေးခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂန္ဓမာလိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာမြောက်၌ မြတ်လေးပန်းတို့ဖြင့် ဖုံးလွှမ်း၍ သိဒ္ဓတ္ထဘုရားရှင်၏ နံ့သာပုထိုးတော်ကို ပူဇော်ခဲ့ပုံ၊ ရဟန်းအပေါင်းခြံရံလျက် သီတင်းသုံးနေတော်မူသော သိဒ္ဓတ္ထဘုရားရှင်ကို ဖူးမြင်ရ၍ ဘုရားရှင်ထံ ချဉ်းကပ်ကာ ခြေတော်အစုံကို ရှိခိုးခဲ့ပုံ၊ ထိုကောင်းမှုကံတို့ကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခဲ့ခြင်း မရှိဘဲ သုံးဆယ့်ကိုးကမ္ဘာအထက်၌ ဒေဝဂန္ဓစကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ်တိတိ ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်၍ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂန္ဓမုဋ္ဌိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ ပဒုမုတ္တရဘုရားရှင်၏ အလောင်းတော်ကို မီးသင်္ဂြိုဟ်ရန် ထင်းပုံကို ပြုလုပ်နေကြစဉ် နံ့သာဆုပ်ကို ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ရခြင်း မရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂန္ဓာရဇာတက

ဤဇာတ်တော်၌ ဂန္ဓာရမင်းသည် လ-ငပုတ်ဖမ်းသည်ကို မြင်၍ သံဝေဂရကာ တိုင်းပြည်ကို စွန့်ပြီး ရသေ့ရဟန်းပြုခဲ့ပုံ၊ မိတ်ဆွေဖြစ်သော ဝိဒေဟမင်းသည်လည်း ဂန္ဓာရမင်း၏ အကြောင်းကို ကြားသိရပြီး ဝိဒေဟပြည်ကို စွန့်လွှတ်ကာ ရသေ့ရဟန်း ပြုခဲ့ပုံ၊ ဟိမဝန္တာ၌ ရသေ့နှစ်ပါး ဆုံကြသော်လည်း တစ်ပါးနှင့် တစ်ပါး အကြောင်းစုံ မသိသေးဘဲ လ-ငပုတ်ဖမ်းသောနေ့၌ အကြောင်းစုံ သိကြရပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂန္ဓောဒကိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ ထင်းရှူးဗောဓိပင်ပူဇော်ပွဲတွင် ရတနာခြူးပန်းခြူးနွယ်တို့ဖြင့် ဆန်းကြယ်သော အိုးကို ယူ၍ နံ့သာရေကို သွန်းလောင်းခဲ့ပုံ၊ ရေသွန်းလောင်းပွဲ ကျင်းပနေစဉ် မိုးကြီးသည်းထန်စွာ ရွာ၍ မိုးကြိုးများ ထစ်ချုန်းပေါက်ကွဲခဲ့ပုံ၊ ထိုမိုးကြိုးစက်အဟုန်ကြောင့် မထေရ်အလောင်း စုတိစိတ်ကျကာ နတ်ပြည်၌ ဖြစ်၍ ဘုံဆင့်တစ်ရာရှိသော ဗိမာန်နှင့်တကွ တစ်သိန်းသော နတ်သမီးတို့၏ ခယလုပ်ကျွေးခြင်းကို ခံစားခဲ့ရပုံ၊ နှစ်ထောင့်ရှစ်ရာ ကမ္ဘာအထက်၌ သံဝသိတစကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂဗ္ဘဝီသူပသမ္ပဒါဝတ္ထု

ဤဝတ္ထု၌ အရှင်ကုမာရကဿပသည် ပဋိသန္ဓေနေသည့်ရက်ပါ ထည့်သွင်းရေတွက်မှ အသက်နှစ်ဆယ်ပြည့်သူ ဖြစ်ပြီး ပဋိသန္ဓေသက်နှင့် အသက် ၂၀-တွင် ရဟန်းခံခဲ့ရသူ ဖြစ်သောကြောင့် အသက် ၂၀-မပြည့်လျှင် ရဟန်းမခံရဟူသော ပညတ်ချက်အရ ရဟန်းဖြစ် မဖြစ် သံသယရှိနေပုံ၊ ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က အမိဝမ်းတွင်း၌ ပဋိသန္ဓေယူသောအခါ ပဌမဆုံး ပဋိသန္ဓေစိတ် ဖြစ်ချိန်မှစ၍ ဝိညာဉ်စိတ် ဖြစ်ပေါ်လာပြီး ဘဝတစ်ခု စတင်ပြီဖြစ်၍ ရဟန်းလောင်း၏ အသက်ကို ပဌမပဋိသန္ဓေစိတ်မှ စတင် ရေတွက်ရမည်၊ ထို့ကြောင့်‘ ‘‘အမိဝမ်းတွင်း ပဋိသန္ဓေနေချိန်အပါအဝင် အသက် ၂၀-ပြည့်လျှင် ရဟန်းခံနိုင်သည်’’ဟု မိန့်ကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂမိကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ခရီးသွားကြသည့် ရဟန်းတို့သည် သစ်ဘဏ္ဍာ မြေဘဏ္ဍာများကို မသိမ်းဆည်း၊ ကျောင်းများကို အပ်နှံခြင်း မပြုဘဲ ခရီးထွက်သွားကြသဖြင့် ဘုရားရှင်က ဂမိကဝတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂယာကဿပတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဂယာကဿပမထေရ် လောင်းလျာသည် သိခီဘုရားရှင်အား တောတွင်း၌ နှစ်သက်ဖွယ်သော ဆီးသီးများ လောင်းလှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ လူချမ်းသာ နတ်ချမ်းသာတို့ကိုသာ ခံစားခဲ့ရပုံ၊ ဤဘုရားရှင့် သာသနာတော်၌ ဂယာဆိပ်ကမ်း၌ တပည့်နှစ်ရာနှင့် အတူနေသဖြင့် ‘ဂယာကဿပမထေရ်’ဟု အမည်တွင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၇၂) (ထေရ၊ဋ္ဌ၊၂၊၅၄) (အပ၊ဋ္ဌ၊၂၊၂၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂရဟဒိန္နဝတ္ထု

ဤဝတ္ထု၌ ဂရဟဒိန္နနှင့် သိရိဂုတ္တသူဌေးတို့သည် သူငယ်ချင်းများ ဖြစ်ကြပုံ၊ သိရိဂုတ္တသူဌေးသည် တိတ္ထိတို့ကို ပင့်၍ မစင်တွင်းကျအောင် ပြုလုပ်ခဲ့ပုံ၊ ဂရဟဒိန္နကလည်း ဘုရားရှင်နှင့် သံဃာတော်များကို ပင့်၍ မီးပုံတွင်းကျအောင် ဆောင်ရွက်သော်လည်း ဘုရားတန်ခိုးတော်ကြောင့် မီးကျီးတွင်ပေါ်မှ ပဒုမ္မာကြာပွင့်ကြီးများ ပေါက်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂရဟိတဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဟိမဝန္တာတော၌ မျောက်ဖြစ်ခဲ့ပုံ၊ မျောက်မင်းကို မုဆိုးတစ်ယောက်က ဖမ်းမိသွားပြီး ဗြဟ္မဒတ်မင်းထံ ဆက်သပုံ၊ အလောင်းတော်မျောက်မင်းသည် လူတို့၏ အပြုအမူ ကျင့်ဝတ်များကို အတုလိုက်၍ ပြုလုပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂဝမ္ပတိတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိခီမြတ်စွာဘုရားရှင်အား ပန်းတို့ဖြင့် ပူဇော်ခဲ့သည့် ကုသိုလ်ကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ယသထေရ်၏ သူငယ်ချင်းဖြစ်၍ ယသရဟန်းပြုသော သတင်းကို ကြားရသဖြင့် ရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်း အရာများပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂဝေသီ ဥပါသကဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ရဟန်းသံဃာတော်ပေါင်းများစွာ ခြံရံလျက် ကောသလတိုင်းအတွင်း ဒေသစာရီ ခရီးရှည်ကြီး ကြွချီတော်မူခဲ့ပုံ၊ တစ်ခုသောအရပ်သို့ ရောက်လာသောအခါ ကြီးမားသော အင်ကြင်းတောကြီးကို တွေ့မြင်ရ၍ ပြုံးတော်မူပုံ၊ အရှင်အာနန္ဒာထေရ်က ပြုံးတော်မူရခြင်းအကြောင်း မေးမြန်း လျှောက်ထားသဖြင့် ဘုရားရှင်က အင်ကြင်းတောအုပ်အတွင်း ကြွတော်မူလျက် ပြုံးတော်မူခြင်း၏အကြောင်းများကို မိန့်ကြားတော်မူပုံ၊ ကဿပဘုရားရှင်လက်ထက်က ဤအင်ကြင်းတောသည် ကြက်ပျံမကျ စည်ကားသော မြို့ကြီးတစ်မြို့ ဖြစ်ခဲ့ပုံ၊ ကဿပဘုရားရှင်၏တပည့် ဂဝေသီဥပါသကာနှင့် ၎င်း၏နောက်လိုက် ဥပါသကာငါးရာတို့ တစ်ဆင့်ထက် တစ်ဆင့် မြင့်မြတ်သော တရားတို့ကို ကျင့်ကြံအားထုတ်ကာ အရဟတ္တဖိုလ် နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုသွားကြပုံစသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၁၈၉) (အံ၊ဋ္ဌ၊၃၊၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂဟဋ္ဌဝန္ဒနာဝတ္ထု

ဤဝတ္ထု၌ ပုဏ္ဏားမျိုး မင်းမျိုးနှင့် လူအားလုံး၊ စတုမဟာရာဇ်နတ်ပြည်ရှိ နတ်အားလုံး၊ နတ်မင်းကြီးလေးယောက်၊ တာဝတိံသာနတ်ပြည်ရှိနတ်များ ဤသူတို့သည် သိကြားမင်းကို ရှိခိုးကြပုံ၊ ထိုသို့ လူနတ်တို့၏ ရှိခိုးခံ သိကြားမင်းက သီလစသည် စင်ကြယ်သော လူပုဂ္ဂိုလ်ကို ရှိခိုးရပုံ၊ ရှိခိုးသင့်သည့်အကြောင်းကို မာတလိနတ်သားအား ရှင်းပြပုံ စသော အကြောင်းအရာ များပါဝင်သည်။ (သံ၊၁၊၂၃၅) (သံ၊ဋ္ဌ၊၁၊၃၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂဟပတိဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကာသိတိုင်း သူကြွယ်မျိုး၌ ဖြစ်စဉ် အရွယ်ရောက်သောအခါ အမျိုးသမီးတစ်ယောက်နှင့် အိမ်ထောင်ပြုခဲ့ပုံ၊ မိမိ၏ ဇနီးသည် ရွာသူကြီးနှင့် ဖောက်ပြန်နေသည်ကို သိသဖြင့် ဘုရားအလောင်းက ချောင်းမြောင်းနေပုံ၊ တစ်နေ့သောအခါ ဘုရားအလောင်း လယ်တောသို့ သွားသည့်အချိန်ကို မှတ်သား၍ ရွာသူကြီးသည် ဘုရားအလောင်း၏ ဇနီးထံ လာခဲ့ပုံ၊ ဘုရားအလောင်းက လယ်တောသို့ မသွားဘဲ ရွာတံခါးမှ ပြန်လှည့်လာသောအခါ အိမ်၌ ရွာသူကြီးနှင့် မိမိ၏ ဇနီးသည်တို့ကို တွေ့မြင်ရပုံ၊ ဇနီးသည်က လှည့်ပတ်ပြောဆိုသော်လည်း ဘုရားအလောင်းက မယုံကြည်ဘဲ ရွာသူကြီးအား ရိုက်နှက် ထောင်းထု လွှတ်လိုက်ပုံ၊ ဇနီးသည်အားလည်း ဆံပင်ဆွဲ၍ ရိုက်နှက်ထောင်းထုကာ နောင် ဤကဲ့သို့ မပြုလုပ်ရန် ပြောဆိုဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂဟွရတီရိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဂဟွရတီရိယထေရ်အလောင်း သူတော်ကောင်းသည် သိခီဘုရားရှင်လက်ထက်တော်၌ သားလိုက် မုဆိုးတစ်ဦး ဖြစ်ခဲ့စဉ် တောတွင်းတစ်နေရာ၌ နတ်နဂါး ဘီလူးတို့အား တရားဟောကြားနေသော သိခီဘုရားရှင်ကို ဖူးတွေ့ခဲ့ရပုံ၊ ဘုရားရှင်၏ အသံတော်ကို အာရုံစိုက်ကာ ကြားနာခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ကျက်စားခဲ့ရပုံ၊ နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက်တော်၌ ပုဏ္ဏားမျိုး၌ ဖြစ်ခဲ့ပုံ ဘုရားရှင်၏ ရေမီးအစုံ တန်ခိုးပြာဋိဟာများကို မြင်၍ ကြည်ညိုသဒ္ဓါပွားကာ ရဟန်းပြု၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂါမဂါမူပစာရဝတ္ထု

ဤဝတ္ထု၌ အဝိပ္ပဝါသသိမ်အဖြစ် ခွင့်ပြုတော်မူပြီးဖြစ်၍ သင်္ကန်းတို့ကို မြို့ထဲရွာထဲ၌ ထားကြကုန်သဖြင့် သင်္ကန်းများ ပျောက်ပျက်၊ မီးလောင်၊ ကြွက်ကိုက်ခံကြရပုံ၊ သင်္ကန်းနည်းပါးဆင်းရဲကြပုံ၊ ဘုရားရှင် သိတော်မူသောအခါ ရွာနှင့် ရွာဥပစာ၌ သင်္ကန်းနှင့် ကင်းကွာခွင့် မရှိကြောင်း ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂါမဏိစန္ဒဇာတက

ဤဇာတ်တော်၌ ဇနသန္ဓမင်းကြီး၏ အဂ္ဂမဟေသီမိဖုရားကြီး၌ ရွှေကြေးမုံပြင်ကဲ့သို့ အလွန်တင့်တယ် စင်ကြယ်သော အာဒါသမုခမည်သော သားတော်လေး ဖွားမြင်ခဲ့ပုံ၊ ခုနစ်နှစ်သား အရွယ်၌ပင် ဗေဒင်သုံးပုံ အတတ်ပညာအားလုံးကို သင်ကြားတတ်မြောက်ပုံ၊ ထိုခုနစ်နှစ်သားအရွယ်၌ ခမည်းတော် နတ်ရွာစံသောအခါ အာဒါသမုခသားတော်လေးအား နန်းတင်သင့် မတင်သင့်၊ တိုင်းပြည်အုပ်ချုပ်နိုင်စွမ်းရှိ မရှိ အမတ်ကြီးများက ပညာစမ်းပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂါမဏိဇာတက

ဤဇာတ်တော်၌ ဂါမဏိမင်းသားသည် ညီအစ်ကိုတစ်ရာတို့တွင် အငယ်ဆုံးဖြစ်သော်လည်း ဆရာဖြစ်သူ ဘုရားအလောင်း၏ ဆုံးမဩဝါဒကို လိုက်နာသဖြင့် ထီးနန်းကို ရရှိပုံ၊ ပညာရှိတို့၏ အဆုံးအမစကားကို လိုက်နာပါက အကျိုးများပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂါမန္တပဗ္ဘာရဝါသီမဟာသိဝတ္ထေရဝတ္ထု

ဤဝတ္ထု၌ မဟာသီဝထေရ်သည် ဂိုဏ်းကြီးတစ်ဆယ့်ရှစ်ဂိုဏ်းတို့အား ပိဋကသုံးပုံပါဠိ၊ အဋ္ဌကထာ၊ ဋီကာများကို သင်ကြားပို့ချပေးလေ့ ရှိပုံ၊ မထေရ်၏ အဆုံးအမဩဝါဒ၌ တည်လျက် တပည့်ရဟန်းပေါင်း ခြောက်သောင်း အရဟတ္တဖိုလ်သို့ ရောက်ရှိခဲ့ကြပုံ၊ မဟာသီဝထေရ်၏ တပည့်ရဟန္တာတစ်ပါးက မိမိ၏ဆရာ တရားထူးရ မရ ကြံစည်ဆင်ခြင်ကြည့်ပုံ၊ မိမိ၏ဆရာသည် ပုထုဇဉ်ဘဝမျှသာ ရှိသေးကြောင်း သိမြင်ရ၍ ဆရာ့ထံ ကြွရောက်ကာ သံဝေဂ ရစေခဲ့ပုံ၊ ထိုအခါကျမှ မထေရ်သည် သံဝေဂရ၍ တရားအားထုတ်ခဲ့ရာ နှစ်ပေါင်းသုံးဆယ်ကြာမှ ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂါမဝါသီမဟလ္လကဝတ္ထု

ဤဝတ္ထု၌ ရွာသားအဖိုးအိုတစ်ယောက်သည် မြို့သို့လာ၍ အရက်ဆိုင်၌ အရက်သောက်နေစဉ် သေသောက်ကြူးတို့က လှည့်စားရန် ကြံစည်ပုံ၊ အဖိုးအိုနှင့် သေသောက်ကြူးတို့သည် မိမိတို့ ရှေ့မှောက်မှာပင် ယုံတမ်းစကား ပြောဆိုကြ၍ မယုံ၊ မမှန်ဟု ပြောဆိုသူသည် ကျွန်ခံစတမ်းဟု ကတိထားကြပုံ၊ သေသောက်ကြူးတစ်ယောက်က မိမိသည် အမိဝမ်း၌ ရှိစဉ်ကပင် မိခင်အတွက် အိုးစရည်းပမာဏရှိ သီးသီးများကို ခူးယူလာခဲ့ရာ ကျွေးမွေးပေးကမ်းပြီးသည့်နောက် အတောင်(၈၀)ခန့်ရှိသော သီးသီးအပုံကြီး ဖြစ်လာသည်ဟု ပြောပုံ၊ အဖိုးအိုကမူ မိမိတွင် ပယ်တစ်သိန်းခန့်ရှိသော ဝါခင်းထဲမှ ဝါပင်တစ်ပင်တွင် အိုးစရည်းကြီးခန့် ဝါသီးကြီးကို ခူးယူခဲ့ပုံ၊ ထိုဝါသီးမှ ဝါဂွမ်းလုံး(၆)ခုတို့သည် ကျွန်(၆)ယောက်ဖြစ်လာကြ၍ ယင်းတို့မှာ သင်တို့(၆)ယောက် ဖြစ်ကြောင်း ပြောသဖြင့် သေသောက်ကြူးတို့ ကျွန်ခံကြရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂါမသီမာဒိဝတ္ထု

ဤဝတ္ထု၌ သိမ်မသမုတ်ဘဲ ရွာနိဂုံးကို အမှီပြုနေသော ရဟန်းအဖို့ ထိုရွာနိဂုံး၏ အပိုင်းအခြားသည် သမာနသံဝါသသိမ် ဖြစ်ပုံ၊ ရွာမဟုတ်သည့် တောကြီးထဲ၌ ဖြစ်မူ ထက်ဝန်းကျင် ပတ်ပတ်လည် (၇) အဗ္ဘန္တရ (တစ်အဗ္ဘန္တရလျှင် နှစ်ဆယ့်ရှစ်တောင်ပမာဏ ရှိသည်) အပိုင်းအခြားရှိသော အရပ်သည် သမာနသံဝါသသိမ် ဖြစ်ပုံ၊ မြစ်တစ်ခုလုံး၊ သမုဒ္ဒရာတစ်ခုလုံး၊ ထုံးအိုင် တစ်အိုင်လုံး သိမ်မဟုတ်၊ ထိုမြစ်အိုင်သမုဒ္ဒရာတို့၌ အားအလယ်အလတ်ရှိသော ယောကျ်ားတစ်ယောက်၏ အားကုန်ပက်ကြဲလိုက်သော ရေတစ်ကျ အရပ်သည် သမာနသံဝါသသိမ်မည်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂါရဝဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် အဇပါလညောင်ပင်ရင်း၌ သီတင်းသုံးနေထိုင်တော်မူစဉ် ‘‘အဘယ်မည်သော သမဏဗြာဟ္မဏကို အရိုအသေ အလေးအမြတ်ပြု၍ နေရပါမည်နည်း’’ ဟု စိတ်အကြံ ဖြစ်ပုံ၊ တစ်လောကလုံး၌ သီလ သမာဓိ ပညာအရာတွင် ဘုရားရှင် အရိုအသေပြု၍ နေရမည့်သူကို တွေ့မြင်တော်မမူပုံ၊ တရားတော်ကို ထိုးထွင်း၍ သိမြင်ထားသဖြင့် တရားတော်ကိုသာ အရိုအသေပြု၍ နေလျှင် ကောင်းမည်ဟု စိတ်အကြံ ဖြစ်ပုံ၊ ထိုအချိန်၌ သဟမ္ပတိဗြဟ္မာ ရောက်လာပြီး ရှေးရှေးဘုရားရှင်များလည်း တရားတော်ကိုသာ အရိုအသေ အလေးအမြတ်ပြု၍ နေကြောင်း လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၄၀) (သံ၊ဋ္ဌ၊၁၊၁၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂိဇ္ဈဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် လင်းတမျိုး၌ ဖြစ်စဉ် မိုးလေပြင်းထန်သဖြင့် နေပြည်တော်သို့ ခိုဝင်လာခဲ့ကြပုံ၊ ဗာရာဏသီသူဌေးတစ်ဦးက အား နေရာပေး၊ အစားအစာများ ကျွေးသဖြင့် လင်းတတို့က ကျေးဇူးဆပ်သည့် အနေဖြင့် အဝတ်တို့ကို ချီယူပေးပုံ စသော အကြောင်းအရာ များပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂိဇ္ဈဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် လင်းတမျိုး၌ ဖြစ်စဉ် ခွန်အားဗလနှင့် ပြည်စုံသည့် သုပတ္တမည်သော လင်းတသားငယ်ကို မွေးဖွားခဲ့ပုံ၊ သုပတ္တသည် ခွန်အားဗလနှင့် ပြည့်စုံသည့်အတွက် လင်းတထောင်ပေါင်း များစွာ ခြံရံ၍ မိဘတို့ကို လုပ်ကျွေးမွေးမြူခဲ့ပုံ၊ သုပတ္တအား ဤမည် ဤမည်သော နေရာဌာနကို ကျော်လွန်၍ မပျံသန်းရန် ဘုရားအလောင်းဖခင်က ဆုံးမခဲ့ပုံ၊ တစ်နေ့သောအခါ သုပတ္တသည် လင်းတအပေါင်းနှင့် ကောင်းကင်၌ ပျံသန်းစဉ် အခြားလင်းတများကို ချန်ထားခဲ့ပြီး မိမိတစ်ကောင်တည်း အလွန်မြင့်မားသည့် ကောင်းကင်အထက်သို့ ပျံတက်ခဲ့ပုံ၊ ထိုအခါ ဝေရမ္ဘလေမုန်တိုင်းဒဏ် မိပြီး မှုန့်မှုန့်ညက်ညက် ဖြစ်ကာ သေကြေပျက်စီးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂိရိဒတ္တဇာတက

ဤဇာတ်တော်၌ သာမမည်သော ဗာရာဏသီမင်းတွင် ပဏ္ဍဝဟုခေါ်သော မင်္ဂလာမြင်းတစ်စီး ရှိပုံ၊ ထိုမြင်းသည် ဂိရိဒတ္တခေါ်သော ခြေခွင်သည့် မြင်းဆရာကို အတုလိုက်၍ ပြုကျင့်သောကြောင့် ခြေခွင်လျက် သွားလာပုံ၊ ဘုရားအလောင်းအမတ်သည် မင်းကြီး၏ ခိုင်းစေချက်အရ ခြေခွင်သောမြင်းဆရာကို ပယ်ရှား၍ အကျင့် စသည် ကောင်းမွန်ပြည့်စုံသော အခြားမြင်းဆရာတစ်ဦးအတိုင်း အစားထိုး ခန့်အပ်ပုံ၊ ထိုအခါ မင်္ဂလာမြင်းသည် အလျင်အမြန်ပင် ခြေခွင်ခြင်း ကင်းပျောက်ကာ အကောင်းပကတိသွားလာနိုင်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာဋ္ဌ၊၂၊၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂိရိနေလပူဇကထ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော (၃၁)ကမ္ဘာမြောက်၌ မြတ်စွာဘုရားအား အောင်မဲညိုပွင့် လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင့် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂိရိပုန္နာဂိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဂိရိပုန္နာဂိယမထေရ်လောင်းလျာသည် သောဘိတဘုရားရှင် ဟိမဝန္တာအတွင်းရှိ စိတ္တကုဋ်တောင်၌ သီတင်းသုံးနေထိုင်စဉ် ထိုတောင်၌ ပွင့်နေသော ပုန်းညက်ပန်းကို ကပ်လှူပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဘဝများစွာ သံသရာ၌ အပါယ်မလားဘဲ ဂေါတမဘုရားရှင်လက်ထက်တွင် ရဟန္တာဖြစ်ကာ ကျွတ်တန်းဝင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂိရိမာနန္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဂိရိမာနန္ဒမထေရ်အလောင်းလျာသည် သုမေဓာဘုရားရှင်ထံ ပန်းမျိုးစုံ လှူဒါန်း၍ ဘုရားဂုဏ်တော်ကို ချီးကျူးခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပြီး ဂေါတမဘုရားရှင် လက်ထက်တော်၌ ပုရောဟိတ်၏သား ဂိရိမာနန္ဒလုလင် ဖြစ်လာပုံ၊ မြတ်စွာဘုရားရှင်ထံ ရဟန်းပြုပြီး ဗိမ္ဗိသာရမင်းကြီး လှူသော ကျောင်း၌ နေ၍ ဝိပဿနာ ပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂိလာနဘိက္ခုဝတ္ထု

ဤဝတ္ထု၌ အရှင်ဒေဝဒတ်သည် ပရိသတ်ရဟန်းများနှင့်အတူ ဆွမ်းကောင်းဟင်းကောင်းများကို တောင်းရမ်းစားသောက်သဖြင့် ဂဏဘောဇဉ်ခေါ် ရဟန်းလေးပါးဂိုဏ်းသံဃာအတွက် ဆက်ကပ်သော ဆွမ်းကို လက်မခံရဟု ဘုရားရှင်က သိက္ခာပုဒ်ပညတ်တော်မူပြီး၍ တစ်နေ့တွင် ဂိလာနရဟန်းများစွာအတွက် လူတို့က ဆွမ်းကပ်ကြရာ လက်မခံကြသဖြင့် ဖျားနာနေသော ရဟန်းတို့အတွက် ဂဏဘောဇဉ်ကို ခွင့်ပြုတော်မူကြောင်း ဘုရားရှင်က မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂိလာနဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် ဖျားနာကြသည်ရှိသော် လူမမာမေးလာကြသော ရဟန်းတို့က ရှေးယခင်က ဤအနာရောဂါများ မည်သို့ ပျောက်ခဲ့ပါသနည်းဟု မေးရာ အစားကောင်းများကို ကိုယ်တိုင် တောင်းရမ်းစားသောက်၍ ပျောက်ခဲ့ကြောင်း၊ ယခုမူ ဘုရားရှင်က အစားကောင်းအသောက်ကောင်းများကို ကိုယ်တိုင် တောင်းရမ်း အလှူခံ မစားရဟု သိက္ခာပုဒ်ပညတ်ထားကြောင်း ပြန်ပြောကြသဖြင့် ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ဂိလာနဖြစ်မူ တောင်းရမ်းအလှူခံ၍ ဘုဉ်းပေးနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂိလာနဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် ဖျားနာကြသဖြင့် ဆေးဝါးပစ္စည်းများ အလိုရှိကြသောကြောင့် ဒကာများအိမ် သွားလိုသော်လည်း သိက္ခာပုဒ်ပညတ်ထားပြီးဖြစ်သဖြင့် မသွားကြပုံကို အကြောင်းပြု၍ ‘‘အနီးအပါးရှိ ရဟန်းတစ်ပါးပါးကို ပန်ကြား၍ သွားနိုင်သည်’’ဟု ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂိလာနဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် နေထိုင်မကောင်းကြသောအခါ လူနာမေးလာသော ရဟန်းတို့က ယခင်အခါတုန်းက ဤရောဂါမျိုး မည်သို့ ပျောက်ကင်းခဲ့ပါသနည်းဟု မေးကြပုံ၊ မီးလှုံ၍ ပျောက်ကင်းခဲ့ကြောင်း၊ ယခု ဇောတိက သိက္ခာပုဒ် ပညတ်ပြီးဖြစ်၍ မီးမလှုံရကြောင်း ပြောဆိုကြပုံ၊ ဘုရားရှင် သိတော်မူ၍ ဂိလာနရဟန်းတို့အား မီးလှုံခွင့်ပြုတော်မူကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂိလာနဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့အား ၁၅-ရက်တစ်ကြိမ်သာ ရေချိုးရန် သိက္ခာပုဒ်ပညတ်ပြီးဖြစ်သဖြင့် ဖျားနာသော ရဟန်းတို့အတွက် ရေချိုးရန် လိုအပ်လာရာ လိုအပ်ပါက ရေချိုးနိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂိလာနဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်က ပဝါရဏာပြုရန် ရဟန်းတို့ကို စည်းဝေးစေသောအခါ ရဟန်းတစ်ပါး နေမကောင်း၍ မလာနိုင်ကြောင်း လျှောက်ထားလျှင် ဘုရားရှင်က ရဟန်းတစ်ပါးအား ပဝါရဏာပြုရန် ဆန္ဒပေးနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂိလာနဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် ဝေသာလီပြည်အနီး မဟာဝုန်တောကြီး အတွင်း၌ ဖလသမာပတ် ဝင်စား၍ နေတော်မူပုံ၊ သမာပတ်မှ ထပြီးနောက် ဂိလာနရဟန်းများရှိရာ ကျောင်းဆောင်သို့ ချဉ်းကပ်တော်မူပုံ၊ ဂိလာန ရဟန်းတို့ နှလုံးသွင်းပွားများရမည့် တရားငါးမျိုးကို ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၁၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂိလာနဝတ္ထု

ဤဝတ္ထု၌ နေမကောင်းသဖြင့် ထီးဆောင်းထားရသူက ရဟန်းတော်တို့အား တရားဟောပြပါရန် တောင်းပန်သောအခါ ထီးဆောင်းထားသူအား တရားမဟောရန် သိက္ခာပုဒ် ပညတ်ထားပြီးဖြစ်၍ ရဟန်းတို့က တရားမဟောကြပုံ၊ ဘုရားရှင် သိတော်မူသောအခါ ‘‘ဖျားနာနေ၍ ထီးဆောင်းနေသူအား တရားဟောနိုင်ကြောင်း’’ ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂိလာနဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် နေမကောင်းသဖြင့် ဝမ်းလျှော၍ မိမိကျင်ကြီးကျင်ငယ်ထဲ လူးလှိမ့်နေရာ ဘုရားရှင်နှင့် အရှင်အာနန္ဒာတို့ ကြွရောက်တော်မူလာပြီး ပြုစုသူ ကင်းမဲ့နေသော ထိုရဟန်းအား ပြုစုတော်မူကြပုံ၊ ဘုရားရှင်က ရေလောင်းပေးပြီး အရှင်အာနန္ဒာက ပွတ်သပ် ဆေးကြောပေးပုံ၊ ဘုရားရှင်က သံဃာတော်တို့အား စုဝေးစေပြီး ‘‘ရဟန်းတို့...သင်တို့မှာ မိဝေးဖဝေး ဆွေမျိုးဝေးကွာ နေရသည်ဖြစ်၍ အချင်းချင်း ပြုစုရမည်၊ ငါဘုရားကို ပြုစုမည့်အစား ဂိလာနကို ပြုစုကြ၊ မပြုစုက ဒုက္ကဋ် အာပတ်သင့်စေ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂုဏဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း ခြင်္သေ့မင်းသည် ရွှံ့ညွန်ထဲ၌နစ်နေစဉ် မြေခွေးတစ်ကောင်၏ အကူအညီကြောင့် အသက်ရှင်ခဲ့ရပုံ၊ ဘုရားအလောင်း ခြင်္သေ့မင်းသည် ထိုမြေခွေးကို ကျေးဇူးဆပ်သည့်အနေအားဖြင့် မိမိနှင့် တန်းတူထားကာ ဆက်ဆံခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂုတ္တာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျာသည် ရှေးဘုရားရှင်တို့ထံ၌ ဆုတောင်းခဲ့ပြီး ပါရမီ ဖြည့်ကျင့်ခဲ့ပုံ၊ ဤဘုရားရှင် လက်ထက်တော်၌ သာဝတ္ထိပြည် ဗြာဟ္မဏအမျိုး၌ ဖြစ်ခဲ့၍ ဘိက္ခုနီဝတ်ခဲ့ပုံ၊ ဘုရားရှင် ဂန္ဓကုဋိတိုက်၌ ထိုင်တော်မူ၍ တရားဟောတော်မူသည့် အဆုံး၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂုတ္တိလဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်သား ဂုတ္တိလစောင်းသမား ဖြစ်၍ ဒေဝဒတ်အလောင်းသည် ဥဇ္ဇေနီပြည်သား မုသိလစောင်းသမား ဖြစ်ခဲ့ပုံ၊ မုသိလသည် ဘုရားလောင်းထံမှ စောင်းပညာ သင်ယူခဲ့ပြီး ဆရာဖြစ်သူနှင့် စောင်းတီးပြိုင်ပွဲ ကျင်းပရာ ဂုတ္တိလသည် သိကြားမင်း၏ အကူအညီကြောင့် အနိုင်ရရှိပြီး မုသိလ အသတ်ခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၂၅) (ဇာ၊ဋ္ဌ၊၂၊၂၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂုမ္ဗိယဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း လှည်းကုန်သည်မှူးသည် လှည်းသားငါးရာတို့နှင့်အတူ ကုန်ရောင်းသွားစဉ် တောအုပ်ကြီးတစ်ခုသို့ ရောက်သော် မိမိလှည်းသားတို့အား မစားဖူး မသိဖူးသော အသီးအရွက်တို့ကို မိမိအား အသိမပေးဘဲ မစားရန် ဆုံးမထားပုံ၊ ဂုမ္ဗိယမည်သော ဘီလူးတစ်ကောင်သည် တောအုပ်အလယ်၌ ချက်ချင်းသေစေနိုင်သည့် အဆိပ်ဖြင့် ရောထားသည့် ပျားမုန့်ဆုပ်တို့ကို ချထားပြီး လှည်းသားတို့ စားစေရန် လှည့်စားပုံ၊ ဘုရားအလောင်း၏ လှည်းသားတို့ တွေ့မြင်သော် အချို့က သည်းခံ စောင့်စည်းမှုမရှိဘဲ စား၍ ဉာဏ်ရှိသူတို့က ချက်ချင်းမစားဘဲ ဘုရားအလောင်းအား မေးမြန်းကြပုံ၊ ရှေးဦးစွာ စားသူတို့ အသက်ဆုံးရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂုဠဝဏ္ဏအဿရာဇဝတ္ထု

ဤဝတ္ထုသည် ကူဋကဏ္ဏရာဇဝတ္ထု၌ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၃၂) (သံ၊ဋီ၊၁၊၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂုဠဝါဏိဇ္ဇဝတ္ထု

ဤဝတ္ထု၌ ထန်းလျက်၊ သကြား ရောင်းချသော ကုန်သည်တစ်ဦးသည် တောရွာတစ်ရွာသို့ သွားရောက်ပြီးနောက် ပါဠိဘာသာဖြင့် ဂုဠခေါ်သော ထန်းလျက်များကို ထိုအရပ်သုံး မဟုတ်သည့် ဝိသကဏ္ဋက=(အဆိပ်) ဟူသော စကားဖြင့် ရောင်းချသောအခါ ‘‘အဆိပ်ကို ရောင်းနေသည် စားလျှင်သေနိုင်သည်၊ ဆူးတွေကို ရောင်းနေသည် ထိုးမိလျှင် သေနိုင်သည်’’ဟု ကြောက်ရွံ့ကာ ရှောင်ရှားနေကြပုံ၊ ထိုအခါ ကုန်သည်က ထိုရွာသူရွာသားတို့၏ အရပ်သုံးဖြစ်သော ဂုဠ (ထန်းလျက်) ဖာဏိတ(တင်လဲ)၊ သက္ကရ (သကြား)ဟူသော စကားဖြင့် ပြောဆိုရောင်းချမှ ရောင်းခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၁၆၀) (အဘိ၊ဋ္ဌ၊၁၊၂၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂူထခါဒကပေတဝတ္ထု

ဤဝတ္ထု၌ ကျောင်းထိုင်ရဟန်းသည် အာဂန္တုရဟန်းတို့အား ငြူစူစောင်းမြောင်းခဲ့ပုံ၊ သူကြွယ် ကျောင်းဒါယကာကလည်း ‘‘ရဟန်းတော်တို့အား မတော်မလျော် စားသောက်နေခြင်းထက် မစင်ကို စားရသည်က မြတ်သေး၏’’ဟု ပြောဆိုခဲ့ပုံ၊ သေလွန်ကြသော အခါ ထိုကျောင်းထိုင်ရဟန်းနှင့် ဒါယကာတို့ မစင်စားသော ပြိတ္တာများ ဖြစ်ကြရပုံစသော အကြောင်းအရာ များပါဝင်သည်။ (ပေတ၊၂၁၂) (ပေတ၊ဋ္ဌ၊၂၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂူထပါဏဇာတက

ဤဇာတ်တော်၌ အင်္ဂတိုင်း မဂဓတိုင်းသားတို့သည် နယ်စပ်ဒေသရှိ ရေကန်ကြီး၌ ပျော်ပါးသောက်စားကြပြီး ထွက်ခွာသွားကြပုံ၊ မစင်ပိုးတစ်ကောင်သည် ကုန်သည်တို့ စွန့်ပစ်ထားသော အရက်ကို သောက်၍ ယစ်မူးနေခဲ့ပုံ၊ မစင်ပိုးကောင်သည် မစင်ပုံသို့ တက်လေလျှင် အနည်းငယ် နိမ့်ကျသွားသည်ကို မြေကြီးက သူ့ကို မထမ်းဆောင်နိုင်တော့ဟု အထင်ရောက်နေပုံ၊ ထိုနေရာသို့ ရောက်လာသော ဆင်ပြောင်ကြီးအား စိန်ခေါ်သဖြင့် ဆင်ကြီးက ဆင်ချေးဖြင့် ဖုံးသတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါဃာတကပုတ္တဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိပြည်ရှိ နွားသတ်သမားတစ်ဦးသည် နေ့စဉ်နေ့တိုင်း နွားများကို သတ်ကာ အမဲသားရောင်းချခြင်းဖြင့် အသက်မွေးမှု ပြုခဲ့ပုံ၊ နွားသတ်သမားသည် အမဲသားဟင်း မပါဘဲ ထမင်းစားလေ့ မရှိပုံ၊ တစ်နေ့သောအခါ ထမင်းစားမည် ပြုစဉ် အမဲသားမရှိတော့သဖြင့် အရှင်လတ်လတ် နွားတစ်ကောင်၏လျှာကို ဖြတ်ကာ မီးကင်၍ စားခဲ့ပုံ၊ နွား၏လျှာသားပူပူဖြင့် ထမင်းစားနေစဉ် နွားသတ်သမား၏လျှာ ပြတ်ကျသွားကာ နွားကဲ့သို့ပင် အော်မြည်လျက် သေဆုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါစရသမ္ပဇညဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် စေတီယင်္ဂဏဝတ်၊ ဗောဓိယင်္ဂဏဝတ်တို့ကို ပြုလုပ်ပြီး ကမ္မဋ္ဌာန်းသတိဖြင့် ဆွမ်းခံဝင်ကာ တရားဟောပြီးနောက် အပြန်တွင် စကားပြောလျက် ပြန်လာခဲ့ပုံ၊ အသွားတွင် ကမ္မဋ္ဌာန်းနှင့်သွားပြီး အပြန်တွင် ကမ္မဋ္ဌာန်းဝတ်ဖျက်၍ ကျင့်သူမည်ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၂၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါဏပေတိဝတ္ထု

ဤဝတ္ထု၌ ဖခင်ကွယ်လွန်သဖြင့် သောကရောက်နေသော သာဝတ္ထိပြည်သား သူကြွယ်တစ်ဦးအား ဘုရားရှင်က သောကကင်းဝေးအောင် ဟောပြနိုင်သည်ကို ချီးမွမ်းကြပုံ၊ ရှေးအတိတ်ကာလက ဘုရားအလောင်း သုဇာတသည် အဘိုးကွယ်လွန်သဖြင့် သောကရောက်နေသော မိမိဖခင်အား ဆုံးမရန် နွားသေတစ်ကောင်အား မြက်အစာကျွေးပုံ၊ လူတို့က ရူးသွားပြီဟု ဆိုလာသဖြင့် ဖခင်ကြီးသည် သားအတွက် စိတ်ပူ၍ မေးမြန်းပုံ၊ သေနေသော နွားသည် အစာမစားနိုင်လျှင် ကွယ်လွန်သွား၍ မမြင်မတွေ့ရသည့် ဖခင်အား မှန်းဆပူဆွေးခြင်းသည်လည်း ရူးခြင်းပင် ဖြစ်သည်ဟု တရားပြမှ ဖခင်ကြီး သောကကင်းကွာ ချမ်းသာရာရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၃၂) (ပေတ၊ဋ္ဌ၊၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါတမတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဂေါတမ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားရှင်အား ချိုမြိန် မွှေးကြိုင်သော အာမောဒအသီးမျာကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရာဇဂြိုဟ်မြို့ ပုဏ္ဏားမျိုး၌ ဖြစ်ပြီး သာသနာ့ဘောင်သို့ ဝင်ရောက်သောအခါ ခေါင်းရိတ်ပြီးသည်၏ အဆုံး၌ပင် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါတမတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဂေါတမမထေရ်လောင်းလျာသည် သိခီဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီးနောက် အန္တိမဈာပန မီးပုံကို စကားဝါပန်းတို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ဂေါတမမင်းသား ဖြစ်လာပုံ၊ မြတ်စွာဘုရားရှင်ထံ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါတမတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့ သာသနာတော်၌ ကုသိုလ် ကောင်းမှု ပြု၍ ပါရမီများကို ဖြည့်ကျင့်ခဲ့ပုံ၊ ဤဘုရားရှင် လက်ထက်တော်၌ သာဝတ္ထိမြို့ ဥဒိစ္စဗြာဟ္မဏမျိုး၌ ဖြစ်ပြီး ရဟန်းပြုကာ ခေါင်းတုံး၍ ပြီးဆုံးချိန်မှာပင် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါတမဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ အလောင်းတော်သည် လွန်ခဲ့သော လေးသချေင်္နှင့် ကမ္ဘာတစ်သိန်းကာလတွင် ပွင့်တော်မူသော ဒီပင်္ကရာဘုရားရှင် အထံတော်မှ သုမေဓာရှင်ရသေ့ဘဝဖြင့် နိယတဗျာဒိတ် ခံယူတော်မူခဲ့ပုံ၊ ဘုရားအလောင်းတို့ ဖြည့်ကျင့်မြဲဖြစ်သော ဘုရားဖြစ်ကြောင်း တရားကောင်းများဖြစ်သည့် ပါရမီဆယ်ပါးတို့ကို ဆင်ခြင်တော်မူကာ နောက်မဆုတ်တမ်းခဲ့ဖြည့်ကျင့်ရန် ဆုံးဖြတ်တော်မူခဲ့ပုံ၊ ဒါန, သီလ, နေက္ခမ္မ, အဓိဋ္ဌာန, သစ္စာ, မေတ္တာ, ပညာ, ဝိရိယ, ခန္တီ, ဥပေက္ခာ ပါရမီဆယ်ပါး အပြားအားဖြင့် သုံးဆယ်၊ စရိယာသုံးပါး၊ မဟာပရိစ္စာဂ စွန့်ခြင်းကြီးငါးပါးတို့ကို ဘဝပေါင်းများစွာ စုဆောင်း ဖြည့်ကျင့်ခဲ့ပုံ၊ နှစ်ကျိပ်သုံးဆူကုန်သော ဘုရားရှင်တို့အထံ၌ နိယတဗျာဒိတ်ပန်းကို ထပ်မံပန်ဆင်ကာ ဝေဿန္တရာမင်းဘဝတွင် ပါရမီတို့ကို အပြည့်အဝ ဖြည့်ကျင့်ခဲ့ပုံ၊ ထိုနောက် တုသိတာနတ်ပြည်၌ သေတကေတုနတ်သားအဖြစ် နတ်စည်းစိမ်ကို ခံစားခဲ့ရပုံ၊ လူ့လောကတွင် ဘုရားပွင့်တော်မူမည့်အကြောင်း ဗုဒ္ဓကောလာဟလ ဖြစ်ပေါ်လာသဖြင့် စကြဝဠာတစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့ စုဝေးရာက်လာကြပြီး လူ့ပြည်၌ ဘုရားဖြစ်ရန် ပဋိသန္ဓေယူတော်မူပါဟု တောင်းပန်ခဲ့ကြပုံ၊ ဘုရားအလောင်းတော်တိုင်း ကြည့်ရှုမြဲဖြစ်သော ကြည့်ခြင်းကြီးငါးပါးကို ကြည့်တော်မူပုံ၊ နတ်ပြည်မှ စုတေကာ သက္ကတိုင်း, ကပိလဝတ္ထုနေပြည်တော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီ၏ အဂ္ဂမဟေသီမိဖုရားခေါင်ကြီး ဖြစ်သော မယ်တော် မဟာမာယာဒေဝီ၏ ဝမ်းကြာတိုက်၌ မဟာသက္ကရာဇ် ၆၇-ခုနှစ်၊ အာသဠှီနက္ခတ်နှင့် စန်းယှဉ်သော ဝါဆိုလပြည့်နေ့ဝယ် ပဋိသန္ဓေယူတော်မူပြီး မဟာ သက္ကရာဇ် ၆၈-ခု ကဆုန်လပြည့် သောကြာနေ့ဝယ် လုမ္ဗိနီသာမော အင်ကြင်းတော၌ ဖွားတော်မူပုံ၊ ထို့နောက် နှမတော်ယသောဓရာနှင့် လက်ထပ်ထိမ်းမြားပြီး နန်းစည်းစိမ်ကို ခံစားတော်မူပုံ၊ သက်တော် (၂၉)နှစ်၊ သားတော်ရာဟုလာ ဖွားမြင်သည့်နေ့၌် ကဏ္ဍကမြင်းယာဉ် စီး၍ တောထွက်တော်မူကာ အနော်မာသောင်ကမ်းဝယ် ဆံတော်ပယ်ပြီး ဃဋိကာရဗြဟ္မာ လှူဒါန်းသော ကြာသင်္ကန်းတော်ကို ဝတ်ရုံ၍ ရဟန်းအဖြစ်သို့ ရောက်တော်မူပုံ၊ ထို့နောက် ဥရုဝေလတော၌ ဒုက္ကရစရိယာ (၆)နှစ်ကျင့်ပုံ၊ ထိုနောက် မဇ္ဈိမပဋိပဒါကျင့်စဉ်သို့ ပြောင်းကာ ကျင့်တော်မူသောကြောင့် မဟာသက္ကရာဇ် ၁၀၃ ခုနစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ ဗုဒ္ဓဂယာရှိ ဗောဓိမဏ္ဍိုင်၌ သဗ္ဗညုတဘုရားရှင်အဖြစ်သို့ ရောက်တော်မူပုံ၊ ထိုနှစ် ဝါဆိုလပြည့်နေ့တွင် ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစက္ကပဝတ္တနသုတ်တော်ကို စတင် ဟောပြတော်မူပုံ၊ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးတို့ လောက၌ စတင်ပေါ်ပေါက်လာပုံ၊ ထိုနှစ် ဝါကျွတ်သောအခါ ရဟန္တာမထေရ်ကြီးခြောက်ကျိပ်တို့ မဇ္ဈိမဒေသအနှံ့ သာသနာပြုခရီး စတင် ကြွချီတော်မူကြပုံ၊ ဘုရားရှင်ဦးဆောင်သော သံဃာတော်တို့သည် နေရာအနှံ့ လူတန်းစားမျိုးစုံတို့ထံ ကြွရောက်တော်မူကြပြီး ဟောပြောပြသ ဆုံးမမှုကြောင့် ကောသလ၊ သုဒ္ဓေါဒန၊ ဗိမ္ဗိသာရ၊ အဇာတသတ်၊ ပုက္ကုသာတိ၊ မဟာကပ္ပိန၊ ဥတေန၊ စဏ္ဍပဇ္ဇောတစသော မင်းဧကရာဇ်များ၊ သီဟ၊ ဗန္ဓုလစသော စစ်သေနာပတိကြီးများ၊ အနာထပိဏ်၊ စိတ္တ စသော သူဌေးသူကြွယ်ကြီးများ၊ ဝိသာခါ၊ ခေမာ၊ ဓမ္မဒိန္နာ၊ မဟာပဇာပတိ ဂေါတမီစသော ပညာတတ်အမျိုးသမီးကြီးများ၊ သီရိမာ၊ အမ္ဗပါလီ စသော ပြည့်တန်ဆာမများ၊ သောပါက စသော နိမ့်ကျသော အမျိုးသားများ၊ လူတန်းစားအားလုံး သစ္စာလေးပါး တရားတော်များကို သိခဲကြရပုံ၊ ဗုဒ္ဓသာသနာတော်သည် လူ့ပြည်၊ နတ်ပြည်ကို ကျော်၍ ဗြဟ္မာ့ပြည်အထိ ထွန်းတောက်ခဲ့ပြီးနောက် ဘုရားရှင်သည် သက်တော်ရှစ်ဆယ်၊ ဝါတော် လေးဆယ့်ငါးဝါရှိသောအခါ မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့ဝယ် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ပုံ၊ တပည့်သာဝက အဆက်ဆက်တို့က ဘုရားရှင်၏ဒေသနာတော်များ၊ မပျောက်ကွယ်ရအောင် သံဂါယနာတင်၍ ဆရာနှင့်ဒကာ စောင့်ရှောက်လာခဲ့ရာ ယနေ့ထက်တိုင် ကမ္ဘာအနှံ့ ပျံ့နှံ့ထွန်းလင်းနေပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊) (ဗုဒ္ဓဝံ၊၃၇၉) (ဒီ၊ဋ္ဌ၊၂၊) (မ၊ဋ္ဌ၊၂၊၆၉) (အပ၊ဋ္ဌ၊၁၊) (ဗုဒ္ဓဝံ၊ဋ္ဌ၊၃၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါတ္တဝတ္ထု

ဤဝတ္ထု၌ အရှင်မဟာကဿပသည် ရဟန်းခံရန် ကိစ္စတစ်ခု ပေါ်ပေါက်လာသဖြင့် အရှင်အာနန္ဒာထံ ရဟန်းခံကိစ္စ ဆောင်ရွက်ရန် ပင့်ခေါ်ခဲ့ပုံ၊ အရှင်အာနန္ဒာက မထေရ်ကြီး၏ အမည်ကို သုံးရန် ဝန်လေးနေကြောင်း ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က အမည်နေရာတွင် ဂေါတ္တခေါ် အနွယ်အမည်ဖြင့်လည်း ရဟန်းခံကိစ္စ ဆောင်ရွက်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါဒတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဂေါဒတ္တမထေရ်လောင်းလျာသည် ရှေးဘုရားရှင်များထံ နိဗ္ဗာန်ရည်မှန်း၍ ကုသိုလ်များစွာ ပြုခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ဂေါဒတ္တကုန်သည် ဖြစ်လာပုံ၊ ဝန်ရုန်းစဉ် လဲကျသော နွား၏ ကျိန်ဆဲခြင်းကို သံဝေဂယူ၍ မထေရ်တစ်ပါးထံ ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါဒတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကလျာဏီ ကျောင်းတိုက်ကြီး၌ နေသော ဂေါဒတ္တမထေရ်သည် နေရိပ်လက်နှစ်သစ်ရှိချိန်၌ ဆွမ်းခံပြီး နေရိပ်လက်တစ်သစ်ရှိသော အချိန်၌ ဆွမ်းဘုဉ်းပေးပုံ၊ နေကို မမြင်ရသော်လည်း ထိုအချိန်၌ပင် ဆွမ်းခံကြွ၍ ဆွမ်းဘုဉ််းပေးပုံ၊ ထိုအခါမှစ၍ အလှူရှင်တို့သည် မထေရ်၏ ထွက်ချိန် ဝန်ချိန် အမှတ်အသားဖြင့် စည်တီးကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၁၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါဓဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် အဘိညာဉ်သမာပတ်နှင့် ပြည့်စုံသော တောနေရသေ့တစ်ပါး၏ သစ်ရွက်မိုးကျောင်းအနီး တောင်ပို့တစ်ခုတွင် ဖွတ်မင်းဖြစ်ခဲ့ပုံ၊ ဖွတ်မင်းသည် တစ်နေ့လျှင် နှစ်ကြိမ် သုံးကြိမ် ရသေ့ထံသွား၍ တရားနာလေ့ရှိပုံ၊ အကျင့်သီလနှင့် ပြည့်စုံသော ရသေ့ကြီး အရပ်တစ်ပါးသို့ ကြွသွားသောအခါ ကောက်ကျစ်သော ရသေ့တစ်ပါး ရောက်လာပြီး ထိုနေရာ၌ နေပုံ၊ ဖွတ်မင်းသည် သီလရှိသော ရသေ့ဟုပင် မှတ်ထင်ကာ ထုံးစံအတိုင်း သွားလေ့ရှိပုံ၊ တစ်နေ့သောအခါ ရသေ့စဉ်းလဲသည် ရွာသားတို့ လာလှူသည့် ဖွတ်သားကို စားမိပြီး ဘုရားလောင်း ဖွတ်မင်းကို သတ်ရန် ကြိုးစားအားထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါဓဇာတက

ဤဇာတ်တော်၌ ဘုရားလောင်း ဖွတ်မင်းသည် ဖွတ်အပေါင်း ခြံရံလျက် မြစ်ကမ်းနားရှိ တွင်းကြီးတစ်တွင်း၌ နေစဉ် သားငယ်ဖွတ်တစ်ကောင်သည် ပုတ်သင်ညိုတစ်ကောင်နှင့် ခင်မင်ရင်းနှီးသဖြင့် မကြာခဏ ပုတ်သင်ညိုအပေါ်သို့ တက်ဖိလေ့ရှိပုံ၊ ထိုအကြောင်းအရာကို ဖွတ်မင်း သိရှိသွားပြီး သားငယ်ကို အမျိုးဇာတ်မတူသဖြင့် ရင်းနှီးကျွမ်းဝင်စွာ မနေရန် ဆုံးမသော်လည်း နားမထောင်ပုံ၊ ဖွတ်ငယ်သည် တဖြည်းဖြည်း အရွယ်ကြီးလာသောအခါ ပုတ်သင်ညိုသည် ဖွတ်၏ ကျီစယ်မှုကို မခံနိုင်သောကြောင့် မုဆိုးတစ်ယောက်ကို နေရာညွှန်ပြသဖြင့် ဖွတ်အများ သေကြေပျက်စီးရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါဓရာဇဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဖွတ်မျိုး၌ ဖြစ်ပြီး မိမိနေရာ တောင်ပို့အနီး၌ ရှိသော ကျောင်းသင်္ခမ်းရှိ ရသေ့တစ်ပါးနှင့် ခင်မင်စွာနေပုံ၊ ဖွတ်သားကို စားခဲ့ရသော ရသေ့စဉ်းလဲသည် ဘုရားအလောင်း ဖွတ်မင်းအား ဆောက်ပုတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရန် ကြိုးစားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါဓလက္ခဏဝတ္ထု

ဤဝတ္ထု၌ ကျောင်းတစ်ကျောင်းတွင် နံရံ၌ ဖွတ်ကြီးတစ်ကောင် မီးမှုတ်နေသည့် ပုံသဏ္ဌာန် ပန်းချီဆေးရေးရုပ် ရေးဆွဲထားပုံ၊ ထိုအချိန်မှစ၍ ကျောင်းတိုက်အတွင်းရှိ ရဟန်းတော်များ အချင်းချင်း ခိုက်ရန်ဖြစ်ကြပုံ၊ အာဂန္တုရဟန်းတော်တစ်ပါးက ထိုအရုပ်ကို ဖျက်ဆီးပစ်သောအခါ ခိုက်ရန်ဖြစ်မှု ငြိမ်းအေးသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါဓသက္ကဝတ္ထု

ဤဝတ္ထု၌ မဟာနာမ် သာကီဝင်မင်းသည် ဂေါဓသာကီဝင်မင်းထံသို့ ချဉ်းကပ်ခဲ့ပုံ၊ ဂေါဓသာကီဝင်မင်းအား သောတာပန်ပုဂ္ဂိုလ်တို့၌ ရှိသင့်ရှိထိုက်သော အင်္ဂါရပ်များကို မေးမြန်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၃၂၄) (သံ၊ဋ္ဌ၊၃၊၃၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါဓိကတ္ထေရပရိနိဗ္ဗာနဝတ္ထု

ဤဝတ္ထု၌ ဣသိဂိလိတောင်နံပါး၊ ကာဠသိလာကျောက်ဖျာ၌ သီတင်းသုံးနေသော အရှင်ဂေါဓိကမထေရ်သည် ဈာန်ဝင်စားနေစဉ် ဝေဒနာပြင်းထန်စွာ ဖြစ်ပေါ်လာသောကြောင့် ၆-ကြိမ်တိုင် ဈာန်လျှောကျခဲ့ပုံ၊ (၇)ကြိမ်မြောက်ဝယ် ဈာန်မလျှောမီ လည်ပင်းကြောကို ဓားနှင့်ဖြတ်ရန် ကြံစည်ခဲ့ပုံ၊ ထိုအဖြစ်ကို မာရ်နတ် သိ၍ ဂေါဓိကမထေရ် ရဟန္တာမဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် ဘုရာရှင်ထံ တိုင်ကြားခဲ့ပုံ၊ မထေရ်ကား လည်ပင်းကို ဓားဖြင့်ဖြတ်၍ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၂၁) (သံ၊ဋ္ဌ၊၁၊၁၆၈) (ဓမ္မ၊ဋ္ဌ၊၁၊၂၇၂) (သံ၊ဋီ၊၁၊၂၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါဓိကာဒိစတုတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်(၄)ပါးတို့၏ အလောင်းအလျာများသည် သိဒ္ဓတ္ထဘုရားရှင်လက်ထက်၌ သူငယ်ချင်းများ ဖြစ်ကြ၍ ဆွမ်းခံကြွလာသော ဘုရားရှင်အား တစ်ဦးက ဆွမ်းတစ်ဇွန်း လောင်းလှူခြင်း၊ တစ်ဦးက တည်ခြင်းငါးပါးဖြင့် ရှိခိုးခြင်း၊ အခြားတစ်ဦးက ပန်းဆုပ်ဖြင့် ပူဇော်ခြင်း၊ နောက်တစ်ဦးက မြတ်လေးပန်းတို့ဖြင့် ပူဇော်ခြင်းကိုပြုခဲ့ကြသည့်အတွက် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်၌ ပါဝါပြည်သား မလ္လမင်းသား (၄)ဦး ဖြစ်ကြပုံ၊ ဂေါဓိက၊ သုဗာဟု၊ ဝလ္လိယ၊ ဥတ္တိယဟု အမည်ရှိကြပုံ၊ ဘုရားရှင်ထံ ရဟန်းပြုကာ ဝိပဿနာ ပွားများကြသဖြင့် မကြာမီ ရဟန္တာ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါပကမောဂ္ဂလာနဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ အရှင်အာနန္ဒာမထေရ်သည် ဆွမ်းခံကြွရန် အချိန်စောသေးသဖြင့် ဂေါပကမောဂ္ဂလာန်ပုဏ္ဏားကြီး၏ အလုပ်ရုံသို့ ကြွတော်မူခဲ့ပုံ၊ ဂေါပကမောဂ္ဂလာန်ပုဏ္ဏားကြီးက ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသွားပြီးနောက် ဘုရားရှင်နှင့် အရာအားလုံးတူညီသော ရဟန်းတစ်ပါးတလေ ရှိပါသလောဟု အရှင်အာနန္ဒာအား မေးမြန်းလျှောက်သောအခါ အရှင်အာနန္ဒာမထေရ်က ဘုရားရှင်နှင့်တူသော ပုဂ္ဂိုလ်မရှိကြောင်း မိန့်ကြားတော်မူပုံ၊ ဘုရားရှင် မရှိတော့သော်လည်း ဘုရား၏ တရားတော်များကို အားထားကိုးကွယ်၍ နေထိုင်ကြကြောင်း၊ ထို့ပြင် ပသာဒနီယ(ကြည်ညိုဖွယ်)တရားဆယ်ပါးနှင့် ပြည့်စုံသော ရဟန်းတော်များကို အရိုအသေ အလေးအမြတ်ပြု၍ နေထိုင်ကြကြောင်း ဂေါပကမောဂ္ဂလာန်ပုဏ္ဏားအား မိန့်ကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၃၊၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါပကသီဝလိဝတ္ထု

ဤဝတ္ထု၌ ဂေါပကသီဝလိသည် တာလပိဋ္ဌိကကျောင်း၌ စေတီတည်ခဲ့ပုံ၊ သေခါနီးကာလ၌ ထိုစေတီ ကမ္မနိမိတ်ထင်လာ၍ နတ်ပြည်သို့ ရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၁၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါပါလဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သား နွားကျောင်းသားတစ်ယောက်သည် နံနက်စာအတွက် ပုဆိုးခါးပုံစတွင် မုယောမုန့်ကို ထည့်၍ နွားကျောင်းရန် သွားခဲ့ပုံ၊ အရှင်မောဂ္ဂလာန်သည် ထိုနွားကျောင်းသား သေမည့်ဘေးကို မြင်သဖြင့် သူ၏ အနီးသို့ ကြွသွားတော်မူပုံ၊ နွားကျောင်းသားသည် မထေရ်အား မုယောမုန့် လှူဒါန်းပြီးနောက် မြွေကိုက်ခံရပုံ၊ သေဆုံးသောအခါ တာဝတိံသာ၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၁၀၇) (ဝိမာန၊ဋ္ဌ၊၂၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါပိကာဝတ္ထု

ဤဝတ္ထု၌ သာကီဝင်မင်းသမီးဂေါပိကာသည် ရဟန်းတော်တို့အား ဆွမ်းကွမ်းလှူဒါန်းပြီး သီလ ဆောက်တည် ဝတ်ကြီးဝတ်ငယ်ပြုကာ ယောင်္ကျားဘဝ တောင့်တခဲ့သဖြင့် တာဝတိံသာနတ်ပြည် သိကြားမင်း၏ သားတော် ဂေါပကနတ်သား ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၂၁၆) (ဒီ၊ဋ္ဌ၊၂၊၂၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါမယပိဏ္ဍဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ဘုရားရှင်ထံ ချဉ်းကပ်၍ ‘‘ရုပ်, ဝေဒနာ, သညာ, သင်္ခါရတို့သည် ခိုင်မြဲမှု ရှိပါသလော’’ ဟု မေးပုံ၊ ဘုရားရှင်က ကုသဝတီနေပြည်တော်ကြီးဝယ် မြို့ပေါင်း ၈၄၀၀၀, ပြာသာဒ်ပေါင်း ၈၄၀၀၀-စသည်ဖြင့် အံ့မခန်း အထင်အရှား တည်ရှိ ခဲ့သော်လည်း ယခုအခါဝယ် အားလုံး ပျက်စီးပျောက်ကွယ်သွားကြပြီဖြစ်၍ သင်္ခါရဟူသမျှ မမြဲကြောင်း ဟောကြားပုံ စသော အကြောင်းအရာများပါဝင်သည်။ (သံ၊၂၊၁၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါရဝိန္ဒဇာတက

ဤဝတ္ထု၌ ဂေါရဝိန္ဒသူဌေးကြီးသည် ဝိဒေဟတိုင်း မိထိလာမြို့၌ ကုဋေရှစ်ဆယ်ကြွယ်ဝသော သူဌေးကြီး ဖြစ်ခဲ့ပုံ၊ ရှေးကုသိုလ်ကံကြောင့် ဥစ္စာရှင်ဖြစ်သော်လည်း ရုပ်ရည် လွန်စွာ ဆိုးဝါးပုံ၊ သားသမီးလည်း မရှိ၊ မည်သည့် အတတ်ပညာကိုမျှလည်း မတတ်ပုံ၊ ထိုသူဌေးကြီး စကားပြောရန် ပါးစပ်ဟလိုက်လျှင် အာပုပ်ရည်တို့သည် ပါးစပ်မှ ထွက်ကျလာပြီး မေးစေ့တလျှောက် စီးကျလာပုံ၊ ထိုအာပုပ်ရည်များကို နတ်သမီးတမျှ လှပလှသည့် အပျိုလေးနှစ်ဦးက ဝတ်စားတန်ဆာ ပြည့်စုံစွာ ဆင်ယင်လျက် ကြာညိုပန်းများဖြင့် ခံယူကာ ပြတင်းပေါက်မှ စွန့်ပစ်ရပုံ၊ အရက်သမား သေသောက်ကြူးတို့သည် ကြာပန်းကို လိုချင်ကြသဖြင့် သူဌေးကြီး-ဟု အိမ်အောက်ကခေါ်လျှင် အမောင်တို့-ဟု ထူးသောအခါ ပါးစပ်မှ အရည်များ ကျလာပြီး ကြာပန်းနှင့် ခံကာ စွန့်ပစ်ကြပုံ၊ ထိုကြာပန်းကို အရက်သမားတို့ ကောက်ယူဆေးကြော သုံးစွဲကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၆၊၁၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါသာလတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဂေါသာလမထေရ်လောင်း အမျိုးကောင်းသားသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ပစ္စေကဗုဒ္ဓါတစ်ပါး၏ ပံ့သကူသင်္ကန်းကို ပန်းများဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကောင်းမူကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပြီး ဤဘုရားရှင့်လက်ထက်တော်၌ ‘‘ဂေါသာလ’’ဟူသော အမည်ဖြင့် မဂဓတိုင်း သူကြွယ်မျိုး၌ ဖြစ်ခဲ့ပုံ၊ သူငယ်ချင်းဖြစ်သူ သောဏကုဋိကဏ္ဏ ရဟန်းပြုသွားကြောင်း ကြားသိရသဖြင့် သံဝေဂရပြီး ဘုရားရှင်ထံ သွား၍ ရဟန်းပြုခဲ့ပုံ၊ မိခင်ကြီးလှူဒါန်းသော နို့ဆွမ်းကို ဘုဉ်းပေးပြီး ဝိပဿနာရှုမှတ် ပွားများသဖြင့် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဂေါသီသနိက္ခေပကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာမြောက်၌ ကျောင်းတံခါးအနီး ရဟန်း သံဃာနှင့် လူအများသွားရာ လမ်းမ၌ နွားဦးခေါင်းရိုးကို ခင်းခဲ့သော ကုသိုလ်ကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဖြစ်တိုင်းသောဘဝ၌ ယာဉ်ရထားများကို အလိုရှိတိုင်း ရရှိခံစားရပုံ၊ သာသနာပ၌ ပြုသော ကုသိုလ်ကံသည် သာသနာတော်တွင်း ရဟန်းသံဃာတို့၌ ပြုသောကံ၏ တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ပုံ၊ ခုနစ်ဆယ့်ငါးကမ္ဘာအထက်၌ သုပ္ပတိဋ္ဌိတစကြဝတေးမင်း ဖြစ်ခဲ့ရ၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဃဋဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း ဖြစ်စဉ် နန်းတွင်း၌ ဖောက်ပြန်သော အမတ်အား နိုင်ငံမှ နှင်ထုတ်လိုက်ပုံ၊ ထိုအမတ်က သာဝတ္ထိပြည် ဓင်္ကမင်းထံ ခိုလှုံပြီး ဗာရာဏသီပြည်ကို သိမ်းယူခဲ့ပုံ၊ ဘုရားအလောင်းသည် ဖမ်းဆီးချုပ်နှောင်ခံနေရစဉ် ဈာန်ရအောင် အားထုတ်နိုင်ခဲ့ပုံ၊ ရန်သူမင်း ပူလောင်ပြီး ဝန်ခံတောင်းပန်ခဲ့ပုံ၊ ဘုရားအလောင်းသည် နိုင်ငံကို အမတ်တို့အား အပ်နှင်း၍ တောထွက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဃဋပဏ္ဍိတဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဃဋပဏ္ဍိတမင်းသား ဖြစ်ပုံ၊ နောင်တော် ဝါသုဒေဝမင်းသည် သားသေ၍ သောကစိတ် ပြင်းထန်နေရာ ဘုရားအလောင်းက ဆုံးမသဖြင့် သောကကင်းဝေးသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဃဋာသနဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ငှက်မင်းဖြစ်စဉ် ငှက်အပေါင်းခြံရံလျက် ဇာတဿရအိုင်ကမ်းစပ်ရှိ သစ်ပင်ကြီးတစ်ပင်ကို အမှီပြု၍ နေပုံ၊ ထိုရေအိုင်ထဲ၌ အလွန်ကြမ်းတမ်း ခက်ထန်သော နဂါးကြီးတစ်ကောင်လည်း နေထိုင်ပုံ၊ ငှက်များက စားကြွင်းစားကျန်များနှင့် မစင်အညစ်အကြေးများကို ရေအိုင်ထဲသို့ စွန့်ပစ်ကြပုံ၊ နဂါးကြီးက ဒေါသထွက်၍ ရေများကို ပွက်ပွက်ဆူစေလျက် သစ်ပင်နှင့်တကွ ငှက်များပါ သေစေရန် အခိုးလွှတ်ခဲ့ပုံ၊ ဘုရားအလောင်းငှက်မင်းက ရေအိုင်အတွင်းမှ ရေများ ပွက်ပွက်ဆူပြီး နီရဲလာသည်ကို တွေ့မြင်ရသဖြင့် ငှက်များကို ခေါ်ယူ၍ အခြားအရပ်တစ်ပါးသို့ ပြောင်းရွှေ့သွားခဲ့ပုံ၊ ဘုရားအလောင်းငှက်မင်း၏ စကားကို နားမထောင်သော ငှက်များသည် နဂါးကြီး၏ ဘေးရန်ကြောင့် သေကျေပျက်စီးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဃဋိကာရဝတ္ထု

ဤဝတ္ထု၌ အိုးထိန်းသည် ဃဋိကာရသည် ဇာတိမာန်တက်နေသော ဘုရားအလောင်း ဇောတိပါလ လုလင်အား ကဿပဘုရားရှင်ထံ ခေါ်သွား၍ ရဟန်းပြုစေပုံ၊ ဃဋိကာရသည် မြတ်စွာဘုရား၏ အမြတ်ဆုံး အလုပ်အကျွေးဖြစ်ကာ မြတ်စွာဘုရားနှင့် ရင်းနှီးကျွမ်းဝင်ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (မ၊၂၊၂၃၆) (မ၊ဋ္ဌ၊၃၊၁၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဃတမဏ္ဍဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဃတမဏ္ဍဒါယကထေရ်လောင်း အမျိုးကောင်းသားသည် လွန်ခဲ့သော ၉၄-ကမ္ဘာမြောက်၌ ပွင့်တော်မူသော သုစိန္တိတ ပစ္စေကဗုဒ္ဓါအရှင်မြတ် လေနာရောဂါ ခံစားနေရသည်ကို တွေ့၍ ထောပတ်ကြည်ကို လှူခဲ့ပုံ၊ ယင်းကုသိုလ်ကြောင့် သုဂတိဘုံဘဝတို့၌သာ ဖြစ်ခဲ့ရပြီး အရသာထူးများကို သုံးဆောင်ခဲ့ရ၍၊ ဤသာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဃောဋမုခဝတ္ထု

ဤဝတ္ထု၌ အရှင်ဥဒေနထံ ဃောဋမုခပုဏ္ဏား ရောက်လာပြီး တရားနှင့်အညီ နေသော ရဟန်းများ မရှိဟု သူ၏အကြံအစည်ကို လျှောက်ထားရာ အရှင်ဥဒေနက ပုဂ္ဂိုလ်လေးယောက် ရှိပုံကိုလည်းကောင်း၊ ပရိသတ်နှစ်မျိုး ရှိပုံကိုလည်းကောင်း၊ တရားနှင့် ညီသော ရဟန်းတို့ ရှိပုံကိုလည်းကောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၃၆၄) (မ၊ဋ္ဌ၊၃၊၂၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဃောသသညကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းသည် သိခီဘုရားရှင်ထံမှ တရားတော်ကို နာကြားခဲ့ရသော ကုသိုလ်ကောင်းမှုကြောင့် အပါယ်လေးပါးသို့ မလာရောက်ခဲ့ရဘဲ၊ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဃောသိတသေဋ္ဌိဝတ္ထု

ဤဝတ္ထု၌ ဃောသိတသူဋ္ဌေးသည် ပစ္စေကဗုဒ္ဓါတစ်ပါးထံတွင် ပြုလုပ်ခဲ့ဖူးသော ကောင်းမှုကြောင့် ဤဂေါတမဘုရားရှင် ပွင့်တော်မူသောအခါ၌ ကောသမ္ဗီမြို့၌ သူဌေးဖြစ်ခဲ့ပုံ၊ မွေးဖွားပြီးစဖြစ်သော ဃောသိတသူဌေးအလောင်းကို အမှိုက်ပုံ၌ လွှင့်ပစ်ထားရာ ကောသမ္ဗီသူဌေးက ကောက်ယူ မွေးစားထားပုံ၊ မွေးစားပြီးနောက်မှ မွေးဖွားသော မိမိရင်သွေးကို အမွေပေးလိုသဖြင့် ဃောသိတကို ခုနစ်ကြိမ်တိုင်အောင် သေကြောင်းကြံသော်လည်း မအောင်မြင်ခဲ့ပုံ၊ သူဌေး၏ သားအရင်းသည် အစ်ကိုဖြစ်သူ ဃောသိတ၏ အမှုကိစ္စကို ကိုယ်စား ဆောင်ရွက်ပေးရာ အသက်ဆုံးရှုံးခဲ့ရပုံ၊ ဃောသိတသူဌေးလောင်းသည် ရွာသူဌေး၏ သမီးနှင့် လက်ဆက်ခဲ့ရပုံ၊ ကောသမ္ဗီသူဌေးကြီး သေဆုံးသော် ဃောသိတသူဌေး ဖြစ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပဋိသံ၊ဋ္ဌ၊၂၊၂၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဃောသိတသေဋ္ဌိဝတ္ထု

ဤဝတ္ထု၌ ဃောသိတသူဌေးလောင်းသည် သားမယားနှင့်တကွ အငတ်ဘေးကြောင့် အစာရလွယ်သော အရပ်သို့ ခရီးသွားစဉ် မိမိသားအရင်းကို မသယ်ဆောင်နိုင်သဖြင့် စွန့်ပစ်ခဲ့ရပုံ၊ သေလွန်သော် ခွေးဖြစ်၍ မိမိသခင် နွားကျောင်းသား၏ ကိုးကွယ်ရာဖြစ်သော အရှင်ပစ္စေကဗုဒ္ဓါအား နူးညံ့သော စိတ်ဖြင့် စောင့်ရှောက်ခဲ့ပုံ၊ ပစ္စေကဗုဒ္ဓါအရှင်မြတ်အား ဆွမ်းစားပင့်ခြင်း၊ လမ်းခရီး၌ ကြမ်းတမ်းသော သားကောင်တို့ကို ပြေးစေရန် အသံပေးခြင်းတို့ကို ပြုခဲ့ပုံ၊ ထိုကောင်းမှုတို့ကြောင့် သေလွန်သော် နတ်ပြည်၌ ဖြစ်ရပုံ၊ ဃောသကနတ်သားဟု အမည်တွင်လျက် နတ်ပြည်မှ စုတေသော် ကောသမ္ဗီမြို့၌ ဖြစ်ရပုံ၊ သားသမီးမရှိသော သူဌေးကြီးက သားအဖြစ် မွေးစားပုံ၊ ထိုဃောသိတသူဌေးအလောင်းသည် ဘုန်းကံရှိသူ ဖြစ်သောကြောင့် ခုနစ်ကြိမ်တိုင်အောင် သေကြောင်းကြံခံရပါလျက် အသက်မသေဘဲ နောက်ဆုံး၌ သူဌေးသမီးတစ်ဦး၏ ထက်မြက်သော ဉာဏ်စွမ်းကြောင့် အသက်ရှည်ခဲ့ရပုံ၊ နောင်၌ မွေးစားဖခင် သူဌေးကြီး ကွယ်လွန်ပြီးနောက် ဃောသိတသူဌေး ဖြစ်ခဲ့ပုံ၊ ဟိမဝန္တာမှ ကြွလာသော ရသေ့ငါးရာတို့သည် အနာထပိဏ်သူဌေး၏ အလုပ်အကျွေးဖြစ်ခဲ့ဖူးသော ရုက္ခစိုးနတ်၏ ပြောဆိုချက်ကြောင့် ဘုရားပွင့်တော်မူကြောင်း သိရှိကာ ဒါယကာသူဌေးတို့အား ပြောကြားပုံ၊ ကောသမ္ဗီရှိ သူဌေးသုံးဦးတို့ မြတ်စွာဘုရားအား ကျောင်းဆောက်၍ လှူဒါန်းခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၂၈၃) (မ၊ဋ္ဌ၊၂၊၂၈၈) (သာရတ္ထ၊ဋီ၊၂၊၃၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စက္ကနဥပါသကဝတ္ထု

ဤဝတ္ထု၌ သီဟိုဠ်ကျွန်းသား စက္ကနဥပါသကာ သည် ရောဂါဖြစ်နေသော မိခင်အတွက် ယုန်သားရှာရန် ထွက်ခဲ့ရာ ယုန်ကို ရခဲ့ပုံ၊ ကြောက်ရွံ့ထိတ်လန့်နေရှာသော ယုန်ကို စာနာသနားစိတ် ဝင်လာ၍ ပြန်လွှတ်လိုက်ပုံ၊ အိမ်သို့ ပြန်ရောက်သောအခါ သစ္စာစကားမြွက်ကြား၍ မိခင်၏ရောဂါ ပျောက်ကင်းချမ်းသာစေပုံ စသော အကြောင်းအရာများပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၂၀၇) (သံ၊ဋ္ဌ၊၂၊၁၃၈) (အဘိ၊ဋ္ဌ၊၁၊၁၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စက္ကဝတ္တိရာဇဝတ္ထု

ဤဝတ္ထုသည် သုဇာတဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စက္ကဝါကဇာတက

ဤဇာတ်တော်၌ အစားအသောက်၌ လော်လီသော ကျီးကန်းတစ်ကောင်သည် ဆင်သေကောင်ကို စားရသော်လည်း မတင်းတိမ်ဘဲ ဂင်္ဂါမြစ်ကမ်းသို့ ပြန်ကာ ငါးသေများကို စားခဲ့ပုံ၊ ဟိမဝန္တာသို့ ဝင်ရောက်ကာ သစ်သီးမျိုးစုံကို စားသုံးခဲ့ပုံ၊ ရေအိုင်ကြီးတစ်အိုင်သို့ အရောက်တွင် မှော်များကိုသာ စား၍ ရွှေရောင်အဆင်းတို့ဖြင့် လှပနေသော စက္ကဝါက်ငှက်များအား ကြည့်ပြီးလျှင် လှပခြင်း၏ အကြောင်းရင်းကို မေးခဲ့ပုံ၊ စက္ကဝါက်ငှက်များသည် အသားကို မစား၊ သူတစ်ပါးကို မညှဉ်းဆဲသောကြောင့် လှပနေကြောင်း ဖြေကြားခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၉၃) (ဇာ၊ဋ္ဌ၊၄၊၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စက္ခုပါလတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင် ပရိနိဗ္ဗာန်စံသည်ရှိသော် သရီရဓာတ်တော်များကို စေတီတည်ပူဇော်သောအခါ၌ နှမ်းကြတ်ပန်းများကို ပူဇော်ခဲ့သော ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်တွင် သာဝတ္ထိမြို့၌ မဟာသုဝဏ္ဏသူကြွယ်၏သား ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ရဟန်းတရားအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စက္ခုပါလတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပါလညီနောင်တို့ မွေးဖွားပုံ၊ မဟာပါလသတို့သား ရဟန်းဖြစ်ပြီးနောက် ပြင်းပြင်းထန်ထန် တရားအားထုတ်ခဲ့ပုံ၊ နေသဇ္ဇိကဓုတင် ပျက်မည်စိုး၍ မျက်စိရောဂါကို ဂရုမထားဘဲ မျက်စိအကွယ်ခံသည်အထိ ဆင်းရဲခဲ့ကာ တရားအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ရှေးက မကောင်းမှုပြုမိခဲ့သောကြောင့် မထေရ် မျက်စိ ကွယ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စင်္ကမနဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲသော တစ်ထောင့်ရှစ်ရာကမ္ဘာအထက်၌ အတ္ထဒဿီဘုရားရှင်အား အစောက်အားဖြင့် ငါးတောင် အလျားအားဖြင့် အတောင်တစ်ရာရှည်သော စင်္ကြံကို အုတ်တို့ဖြင့် စီ၍ ပြုလုပ် လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် သုံးကမ္ဘာတို့ပတ်လုံး နတ်မင်းဖြစ်၍ နတ်သမီးတို့ ခြံရံလျက် နတ်စည်းစိမ်ကို ခံစားခဲ့ရပုံ၊ လူ့ပြည်၌ စကြဝတေးမင်း သုံးကြိမ် ဖြစ်ခဲ့ရပုံ၊ စင်္ကြံလှူဒါန်းခဲ့သော ဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စင်္ကီဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် ကောသလတိုင်း ဩပါသာဒမည်သော ဗြာဟ္မဏရွာသို့ ကြွရောက်တော်မူပုံ၊ စင်္ကီပုဏ္ဏားကြီးနှင့် ပရိသတ်တို့အား ဗြာဟ္မဏဝါဒသည် မျက်ကန်းများ လမ်းလျှောက်ထွက်သည်နှင့် တူကြောင်း ဘုရားရှင်ဟောပြတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၃၇၅) (မ၊ဋ္ဌ၊၃၊၂၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စင်္ကောဋကိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထဘုရားရှင်အား ပန်း ကလာပ်ကို ပြုလုပ်၍ လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် နတ်ပြည်၌ တစ်ကမ္ဘာပတ်လုံး ပျော်မွေ့ခဲ့ရပုံ၊ ပန်းကလာပ်ကို လှူခဲ့သော ဘဝမှစ၍ အပါယ်လေးပါး လားရောက်ခဲ့ခြင်းမရှိဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စဏ္ဍမဟိံသီဝတ္ထု

ဤဝတ္ထု၌ သူငယ်တစ်ဦးသည် မိခင်၏ စကားကို နားမထောင်ဘဲ တောထဲသို့ သွားသောအခါ မိခင်က တား၍ မရသဖြင့် ‘‘နင့်ကို ကျွဲရိုင်းမကြီး လိုက်ခတ်ပါစေ’’ဟု ကျိန်ဆိုခဲ့ပုံ၊ တောထဲရောက်သောအခါ အမှန်တကယ်ပင် ကျွဲရိုင်းမကြီး လိုက်သဖြင့် သူငယ်က ‘‘ငါ၏မိခင် နှုတ်က ပြောသည့်စကားအတိုင်း မဖြစ်ဘဲ စိတ်ထဲက ကြံစည်သည့်အတိုင်းသာ ဖြစ်ပါစေ’’ဟု သစ္စာဆိုခဲ့ပုံ၊ ထိုအခါ ကျွဲရိုင်းမကြီးသည် ချည်တိုင်၌ ချည်ထားသကဲ့သို့ ရပ်နေပြီး ရှေ့ဆက် မလိုက်တော့ပုံ၊ မိဘဆရာသမားတို့သည် နှုတ်ထွက်ကြမ်းသော်လည်း စိတ်စေတနာ နူးညံ့ သိမ်မွေ့သဖြင့် ဖရုသဝါစာ မဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၇၃) (မ၊ဋ္ဌ၊၁၊၂၀၄) (သံ၊ဋ္ဌ၊၂၊၁၃၆) (အဘိ၊ဋ္ဌ၊၁၊၁၄၃) (သာရတ္ထ၊၁၊၃၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စဏ္ဍာလိဝတ္ထု

ဤဝတ္ထု၌ စဏ္ဍာလိသူတောင်းစားမကြီးသည် အရှင်မောဂ္ဂလာန်၏ တိုက်တွန်းချက်အရ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စတုအကရဏီယဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော်တို့သည် ရဟန်းတစ်ပါးကို ရဟန်းခံပေးပြီးနောက် တစ်ပါးတည်း ထားရစ်ခဲ့ရာ မယားဟောင်းက တွေ့ပြီး ‘‘ရဟန်းဖြစ်လျှင် မေထုန်မှုပြုရန် မလွယ်တော့၊ လာပါ၊ မေထုန်မှီဝဲသွားပါ’’ဟု ဆိုခဲ့ပုံ၊ ထိုရဟန်းသစ်ကလည်း မှီဝဲခဲ့ပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ အဖော်မပါဘဲ မထားခဲ့ရ၊ ရဟန်းဖြစ်သူတို့ ဧကန်ရှောင်ကြဉ်ရမည့် တရားလေးပါးဖြစ်သည့် မေထုန်မှီဝဲမှု၊ ခိုးမှု၊ လူသတ်မှု၊ ဈာန်မဂ်ဖိုလ်ရပြီးဖြစ်သည်ဟု ကြွားဝါပြောဆိုမှုတို့ကို ထာဝရ ရှောင်ကြဉ်ရန် သွန်သင်ပြသထားရမည်ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စတုဂိဟိသဟာယကဝတ္ထု

ဤဝတ္ထု၌ ယသသတို့သား၏ ငယ်သူငယ်ချင်းများ ဖြစ်ကြသော ဝိမလ, သုဗာဟု, ပုဏ္ဏဇိ, ဂဝံပတိ သူဌေးသားတို့သည် ‘‘ယသ ရဟန်းပြုသော သာသနာတော်သည် မြင့်မြတ်သော သာသနာတော် ဖြစ်ရမည်’’ဟု ဆုံးဖြတ်ကာ ရဟန်းပြုလာကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စတုတ္ထပါရာဇိက ဝိနီတဝတ္ထူနိ

ဤဝတ္ထု၌ ဈာန်မဂ်ဖိုလ်ကို ပြောကြားမှုနှင့် ပတ်သက်၍ စတုတ္ထပါရာဇိက အာပတ် သင့်/မသင့် ဆုံးဖြတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စတုဒွါရဇာတက

ဤဝတ္ထုသည် မိတ္တဝိန္ဒကဇာတကနှင့် တူသည်။ (ဇာ၊ဋ္ဌ၊၄၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စတုနိဿယဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်က ရဟန်းတော်တို့အား ရဟန်းခံကိစ္စဆောင်ရွက်ပြီးလျှင် ပြီးချင်း ထိုခဏ၌ပင် အရိပ်ဖဝါးတိုင်းခြင်း၊ ဥတုအချိန်အခါ ပြောဆိုမှတ်တမ်းတင်ခြင်း၊ နေ့ရက် မှတ်တမ်းတင်ခြင်း၊ ရဟန်းခံသည့် ကိစ္စတွင် ပါဝင်သော သံဃာတို့ကို မှတ်တမ်းတင်ခြင်း၊ မှီရာလေးပါး ပြောပြခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရဟန်းဟူသည် ဆွမ်းခံစားခြင်း၊ ပံ့သကူသင်္ကန်း ဝတ်ရုံခြင်း၊ သစ်ပင်ရင်းဟူသော နေရာကျောင်း၌ အားပြုနေထိုင်ခြင်း၊ နွားကျင်ငယ်ပုပ်ရည်၌ ဖန်ခါးသီးစိမ်ထားသော ဆေးကို သုံးဆောင်ခြင်းတို့ကို အားပြု၍ အသက်ထက်ဆုံး ရဟန်းပီပီ သီလစင်ကြယ်စွာ ကျင်သုံးရမည်ဖြစ်ကြောင်း ဆုံးမရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စတုပေါသထိကဇာတက

ဤဇာတ်တော်သည် ဝိဓုရဇာတက၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စတုမဋ္ဌဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားအလောင်းသည် ရုက္ခစိုးနတ်ဖြစ်၍ ရွှေဟင်္သာငှက်နှစ်ကောင်နှင့် ခင်မင်ရင်းနှီးစွာ တရားစကား ပြောလေ့ရှိပုံ၊ တစ်နေ့တွင် ဘုရားအလောင်းနှင့် ရွှေဟင်္သာတို့ စကားပြောနေစဉ် မြေခွေးအိုတစ်ကောင် ရောက်လာပြီး ‘‘သစ်ပင်အောက်သို့ ဆင်း၍ စကားပြောကြပါ၊ သားတို့သနင်း ငါမြေခွေးမင်းကလည်း နားထောင်လိုပါသည်၊ ဆွေးနွေးလိုပါသည်’’ဟု ဝင်ရောက် ပြောဆိုသဖြင့် ရွှေဟင်္သာတို့မှာ မြေခွေးကို စက်ဆုပ်ရွံရှာပြီး စိတ္တကုဋ်တောင်သို့ ထွက်ခွာသွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စန္ဒကိန္နရီဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကိန္နရာမျိုး၌ ဖြစ်စဉ် စန္ဒာမည်သော ကိန္နရီမနှင့် ညားပြီး ဟိမဝန္တာရှိ ငွေတောင်၌ နေထိုင်ကြပုံ၊ မိုးလေးလ လွန်မြောက်သောအခါ စန္ဒကိန္နရီ ဇနီးမောင်နှံတို့ မြစ်ငယ်တစ်ခု၌ လာရောက် ပျော်မြူးနေကြပုံ၊ ထိုအချိန်၌ တောကစားထွက်လာသော ဗာရာဏသီမင်းကြီး ရောက်ရှိလာပြီး ကိန္နရီမကို နှစ်သက်သဘောကျသဖြင့် ဘုရားအလောင်းကိန္နရာကို ချောင်းမြောင်း၍ မြားဖြင့် ပစ်ခဲ့ပုံ၊ ကိန္နရာ လဲကျသွားသဖြင့် စန္ဒကိန္နရီက ပွေ့ဖက်၍ ငိုကြွေးနေပုံ၊ ထိုအခါ ဗာရာဏသီမင်းကြီးက စန္ဒကိန္နရီကို အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး တင်မြှောက်မည်ဖြစ်ကြောင်း၊ အခြွေအရံပေါင်း တစ်သောင်းခြောက်ထောင် ပေးထားမည်ဖြစ်ကြောင်း ပြောကြားပုံ၊ စန္ဒကိန္နရီက လက်မခံဘဲ မိမိပါ ဘုရားအလောင်းကိန္နရာနှင့် အတူ လိုက်သေမည်ဖြစ်ကြောင်း မင်းကြီးအား ပြောကြားသဖြင့် ဗာရာဏသီမင်းကြီး လက်လျှော့၍ ထွက်ခွာသွားခဲ့ရပုံ၊ စန္ဒကိန္နရီက ဘုရားအလောင်းကိန္နရာကို ပွေ့ဖက်ငိုကြွေး မြည်တမ်းနေစဉ် သိကြားမင်း လာရောက်ကယ်မသဖြင့် ဘုရားအလောင်းကိန္နရာ အသက်ချမ်းသာရပြီး ငွေတောင်၌ ကိန္နရီမောင်နှံ ပျော်ရွှင်စွာ နေထိုင်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စန္ဒကုမာရဇာတက

ဤဇာတ်တော်၌ ခဏ္ဍဟာလပုဏ္ဏားကြီးသည် ယုတ်မာသော စိတ်ထားဖြင့် ဘုရားလောင်းစန္ဒကုမာရကို သတ်ဖြတ် ယဇ်ပူဇော်ရန် ကြံစည်ပုံ၊ ဘုရားအလောင်း စန္ဒကုမာရအတွက် စန္ဒာဒေဝီမိဖုရားက သစ္စာအဓိဋ္ဌာန်ပြုသဖြင့် သူတော်ကောင်း နတ်ကောင်းမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၅၉) (ဇာ၊ဋ္ဌ၊၇၊၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စန္ဒနတ္ထေရဝတ္ထု

ဤဝတ္ထု၌ စန္ဒနမထေရ်လောင်းလျာသည် ရုက္ခစိုးနတ်ဘဝက သုဒဿနပစ္စေကဗုဒ္ဓါအား လက်ထုတ်ပန်းများကို လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမ ဘုရားရှင်လက်ထက်တွင် သူဌေးသား စန္ဒနလုလင် ဖြစ်လာပုံ၊ အိမ်ထောင်ပြုပြီး ဘုရားရှင်ထံမှ တရားတော်ကို နာကြားရသဖြင့် လူ့ဘဝဖြင့် သောတာပန်ဖြစ်ပုံ၊ ရဟန်းပြုပြီးနောက် ဆက်လက်၍ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စန္ဒနမာလိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ စန္ဒနမာလိယမထေရ် လောင်းလျာရသေ့သည် ဥစ္စာကုဋေရှစ်ဆယ်ကို စွန့်လွှတ်ကာ ရသေ့ ရဟန်းပြုခဲ့ပုံ၊ ကာယဒုစရိုက်စသော မကောင်းမှုများကို ရှောင်ကြဉ်ကာ တရားဓမ္မများကို ကြိုးစားအားထုတ်နေခဲ့ပုံ၊ ထိုအချိန်၌ သုမေဓာဘုရားရှင် ကြွရောက်တော်မူလာပုံ၊ တောင်ပေါ်သို့တက်ကာ သရက်သီး စန္ဒကူးနံ့သာ စသည်တို့ကို ခူးယူပြီး ဘုရားရှင်အား ဆက်ကပ် လှူဒါန်းခဲ့ပုံ၊ ဘုရားရှင်အား ကြည်ညိုသဒ္ဓါစိတ်ဖြင့် စန္ဒကူးနံ့သာတို့ဖြင့် လိမ်းကျံခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် လူ့ပြည်နတ်ပြည်တို့၌ လူချမ်းသာ နတ်ချမ်းသာတို့ကို ကမ္ဘာပေါင်းများစွာ ခံစားခဲ့ရပုံ၊ လူ့ပြည်တွင် မိခင်ဝမ်း၌ ကိန်းအောင်းစဉ် သန္ဓေသား၏ ဘုန်းကံကြောင့် မိခင်အား လိုရာဆန္ဒဟူသမျှ ပြည့်ဝခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တွင် ငါးနှစ်သားအရွယ်၌ ရဟန်းပြုကာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စန္ဒပူဇနကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းသည် လွန်ခဲ့သော တစ်ထောင့်ရှစ်ရာကမ္ဘာအထက်၌ စန္ဒဘာဂါမြစ်ကမ်းနား၌ ကိန္နရာ ဖြစ်ခဲ့ပုံ၊ ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူသော ဘုရားရှင်ကို ဖူးတွေ့ရ၍ ရွှင်လန်းဝမ်းမြောက်ခဲ့ပုံ၊ ဘုရားရှင်သည် ကိန္နရာကို ချီးမြှောက်လိုသဖြင့် ကောင်းကင်မှ ဆင်းသက်တော်မူ၍ ဒုကုဋ်သင်္ကန်းတော်ကို ဖြန့်ခင်းကာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူစဉ် ကိန္နရာက စန္ဒကူးဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိဘဲ လွန်ခဲ့သော တစ်ထောင့်လေးရာကမ္ဘာအထက်၌ ရောဟဏီအမည်ရှိသော စကြဝတေးမင်း သုံးကြိမ် ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စန္ဒာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျာသည် ရှေးဘုရားရှင်တို့ထံ၌ ကောင်းမှုပြု၍ ရဟန္တာဖြစ်ရန် ဆုပန်ခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်၌ ဗြာဟ္မဏရွာတစ်ရွာတွင် မွေးဖွားခဲ့၍ ဆင်းရဲငြိုငြင်စွာ အသက်ရှင်ခဲ့ရပုံ၊ ပဋာစာရာထေရီမထံ ဘိက္ခုနီပြုကာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စန္ဒာဘဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း ဆရာရသေ့နှင့် အရှင်သာရိပုတ္တရာအလောင်း တပည့်ရသေ့ကြီးတို့သည် ရသေ့များ ခြံရံလျက် တောတွင်း၌ နေထိုင်ခဲ့ကြပုံ၊ ဆရာရသေ့ ကွယ်လွန်သွားသောအခါ တပည့်ငယ်များက ‘‘ဆရာရသေ့ ဘယ်ဘုံရောက်နေပါသလဲ’’ဟု မေးသဖြင့် တပည့်ကြီးဖြစ်သူ အရှင်သာရိပုတ္တရာလောင်း ရသေ့က အာဘဿရဘုံရောက်နေကြောင်း ဖြေကြားခဲ့ပုံ၊ တပည့်ငယ် ရသေ့များက တပည့်ကြီးဖြစ်သူ အရှင်သာရိပုတ္တရာလောင်း ရသေ့၏စကားကို လက်မခံ မယုံကြည်ဘဲ ရှိနေသဖြင့် ဘုရားလောင်းသည် အာဘဿရဘုံမှ ဆင်းလာပြီး ကောင်းကင်၌ ရပ်ကာ တပည့်ကြီး၏ ဂုဏ်ကို ပြောကြားလျက် ဖြေရှင်းပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စန္ဒာဘတ္ထေရဝတ္ထု

ဤဝတ္ထု၌ စန္ဒာဘထေရ်အလောင်း အမျိုးကောင်းသားသည် ကဿပဘုရားရှင်၏ ရွှေစေတီတော် ဌာပနာတိုက်အတွင်းပိုင်းကို စန္ဒကူးနံ့သာတို့ဖြင့် လိမ်းကျံပူဇော်ခဲ့ပုံ၊ ယင်းကုသိုလ်ကောင်းမှု၏ အကျိုးဆက်ကြောင့် ဤဂေါတမဘုရားရှင်လက်ထက်တွင် ဗြာဟ္မဏမဟာသာလပုဏ္ဏားမျိုး၌ ဖြစ်ပြီး ချက်ဝန်းမှ လရောင်နှင့်တူသော အရောင်များ ထွက်ပေါ်လာကာ စန္ဒာဘသတို့သားဟု အမည်တွင်ပုံ၊ အသပြာငွေတစ်ရာ၊ တစ်ထောင်စသည်ပေးမှ စန္ဒာဘသတို့သားက မိမိချက်ကို ကိုင်ခွင့်ပြုပုံ၊ ဘုရားရှင်နှင့် တွေ့ဆုံသောအခါ စန္ဒာဘပုဏ္ဏား၏ ချက်မှ အရောင်များ ပျောက်ကွယ်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၂၃) (သုတ္တနိ၊ဋ္ဌ၊၂၊၂၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စမ္ပကပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ ရသေ့ဖြစ်ခဲ့ပြီး တောင်ကြား၌ သီတင်းသုံးနေတော်မူသော ဝေဿဘူဘုရားရှင်အား ဉာဏ်တော်ကို ရည်မှန်း၍ စကားပန်းပွင့်ခုနစ်ပွင့်ကို လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိဘဲ လွန်ခဲ့သော နှစ်ဆယ့်ကိုးကမ္ဘာအထက်၌ ဝိပုလာဘအမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စမ္ပေယျဇာတက

ဤဇာတ်တော်၌ အင်္ဂတိုင်းနှင့် မဂဓတိုင်းတို့သည် မကြာမကြာ စစ်ဖြစ်လေ့ရှိပုံ၊ နဂါးမင်း၏ အကူအညီကြောင့် မဂဓမင်းသည် အင်္ဂတိုင်းကို အနိုင်ရပုံ၊ ဘုရားအလောင်းသည် သူဆင်းရဲမျိုး၌ ဖြစ်စဉ် စမ္ပေယျနဂါးမင်း၏ စည်းစိမ်ကို တောင့်တလျက် ကုသိုလ်ကောင်းမှုပြုလုပ်ပြီး ကွယ်လွန်သောအခါ စမ္ပေယျနဂါးမင်း၏ နေရာတွင် ဖြစ်ပုံ၊ နဂါးပြည်၌ နဂါးမတို့ နှောင့်ယှက်သဖြင့် တစ်ဆယ့်ငါးရက်တစ်ကြိမ် ဥပုသ်ဆောက်တည်ရန် လူ့ပြည်သို့ သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၅၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စမ္ပေယျနာဂရာဇဝတ္ထု

ဤဝတ္ထု၌ တန်ခိုးကြီးမားသော စမ္ပေယျနဂါးမင်းသည် ကာမဂုဏ်စည်းစိမ် မခံစားဘဲ လူ့ဘုံသို့ လာ၍ သီလပါရမီ ဖြည့်ကျင့်ခဲ့ရာ အလမ္ပာယ်ဆရာနှင့် တွေ့၍ မိမိတန်ခိုးကို အသုံးမပြုဘဲ သည်းခံ၍ သီလပါရမီဖြည့်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၂၅) (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စမ္မသာဋကဇာတက

ဤဇာတ်တော်၌ ဆိတ်တစ်ကောင်သည် ပရိဗိုဇ်တစ်ယောက်ကို ဝှေ့ရန် နောက်သို့ ဆုတ်၍ အရှိန် ယူသည်ကို ပရိဗိုရ်က မသိဘဲ ‘‘ငါ့ကို ပူဇော်ရန် ပြုလုပ်သည်၊ အလွန်လိမ္မာသည်’’ဟု သဘောကျကာ ရပ်၍ အပူဇော်ခံနေပုံ၊ ဆိတ်သည် ပြေးလာပြီး ပရိဗိုဇ်ပေါင်ကို ချိုဖြင့် ဝှေ့သဖြင့် ပရိဖိုဇ်သည် လဲကျ၍ ဒုက္ခရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စာဋိအရဟန္တဝတ္ထု

ဤဝတ္ထု၌ အံ့ဖွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းတစ်ပါးသည် မိမိနေထိုင်သီတင်းသုံးရာ တိုက်ခန်းအတွင်း၌ အိုးစရည်းကြီးတစ်လုံးကို မြှုပ်၍ ထားပုံ၊ လူများ လာသောအခါ အိုးစရည်းကြီးထဲ ဝင်၍ ပုန်းနေပုံ၊ လူအများက မထေရ် မရှိပါဟု ပြောဆိုပြီး ထွက်သွားသောအခါ မထေရ်သည် တိုက်ခန်းအတွင်း၌သာ နေ၏ဟု အသံပြုလျက် ထိုအိုးစရည်းမှ ထွက်ကာ အင်းပျဉ်၌ ထိုင်နေပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စာတုမဝတ္ထု

ဤဝတ္ထု၌ စာတုမရွာ ဆီးဖြူတော၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားထံသို့ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ အမှူးပြုသော ရဟန်းငါးရာတို့ အဖူးအမြော် လာရောက်ကြပုံ၊ ထိုရဟန်းတို့ ဆူညံကျယ်လောင်စွာ စကားပြောဆိုခြင်းကြောင့် မြတ်စွာဘုရားက နှင်ထုတ်ပုံ၊ သာကီဝင်မင်းများနှင့် သဟမ္ပတိဗြဟ္မာတို့က မြတ်စွာဘုရားထံ တောင်းပန် လျှောက်ထားသဖြင့် ထိုရဟန်းတို့ကို မြတ်စွာဘုရားက ပြန်လည်လက်ခံခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၁၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စာတုရိတ္ထိဒေဝဓီတုဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက် ဧသိကာတိုင်း ပဏ္ဏကတမြို့ အိမ်တစ်အိမ်၌ ဖြစ်ကြသော အမျိုးသမီးလေးယောက်တို့သည် ဆွမ်းခံကြွလာသော ရဟန်းတော်တစ်ပါးကို ကြည်ညိုသော စိတ်ဖြင့် အမျိုးသမီးတစ်ယောက်က ငုရွှေပန်းစည်းကို လှူပြီး တစ်ယောက်က ကြာညိုပန်း၊ အခြားတစ်ယောက်က ပဒုမ္မာကြာပန်း၊ နောက်တစ်ယောက်က မြတ်လေးငုံပန်းကုံးတို့ကို လှူခဲ့သော ကုသိုလ်ကြောင့် ကွယ်လွန်သောအခါ တာဝတိံသာဘုံ၌ လေးယောက်စလုံး နတ်သမီး ဖြစ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စာပါထေရီဝတ္ထု

ဤဝတ္ထု၌ ဝင်္ဂဟာရဇနပုဒ်သူ စာပါနှင့် ဥပကတက္ကတွန်းတို့ ဖူးစာဆုံခဲ့ပုံ၊ ဥပကတက္ကတွန်း ဘုရားထံ ရောက်ရှိခဲ့ပုံ၊ အကျီစားသန်၍ လင်ပစ်ခံရသော စာပါသည် ဘုရားရှင်ထံသို့ ရောက်ရှိပြီး ရဟန်းမ ဝတ်လျက် တရားထူးရကာ ဥဒါန်းကျူးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၂၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စာလာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျာသည် ရှေးဘုရားတို့ထံ ဆုပန်ခဲ့ပြီး ပါရမီ ဖြည့်ကျင့်ခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ မဂဓတိုင်း နာလကရွာ ရူပသာရီပုဏ္ဏေးမကြီး၏သမီး၊ အရှင်သာရိပုတ္တရာ၏ ညီမငယ် ဖြစ်ခဲ့ပုံ၊ သာသနာ့ဘောင်သို့ ဝင်ရောက်၍ ဘိက္ခုနီမ ပြုခဲ့ပြီး ရဟန္တာထေရီ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စိဉ္စမာဏဝိကာဝတ္ထု

ဤဝတ္ထု၌ စိဉ္စမာဏဝိကာမိန်းမယုတ်သည် တစ်လောကလုံး၏ အမြတ်ဆုံးဖြစ်သော ဘုရားရှင်ကို မိမိနှင့် ဖေါက်ပြန်ခဲ့ဟန် ပရိသတ်အလယ်၌ စွပ်စွဲခဲ့ပုံ၊ စိဉ္စမာဏမိန်းမယုတ်သည် ဇေတဝန်ကျောင်းတော်မှ ပြန်အထွက် မြေမြိုခံရကာ အဝီစိငရဲသို့ ကျရောက်ပုံ၊ နောက်ဘဝမရှိဟု လက်ခံယုံကြည်ထားသူတို့အတွက် မည်သည့် မကောင်းမှုမျိုးကိုမဆို ပြုလုပ်ရဲပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁၆) (ဣတိဝုတ်၊ဋ္ဌ၊၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စိတကနိဗ္ဗာပကတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်စိတကနိဗ္ဗာပက မထေရ်လောင်းလျာသည် ဝေဿဘူမြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်အလောင်းတော်ကို မီးသင်္ဂြိုဟ်သောအခါ နံ့သာရေမွှေးတို့ဖြင့် မီးငြိှသတ်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ ဤဂေါတမဘုရားရှင်၏ သာသနာတော်၌ အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စိတကပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ စိတကပူဇက မထေရ်လောင်းလျာသည် ပရိနိဗ္ဗာန်စံဝင်တော်မူသွားသော သိခီဘုရားရှင်၏ ဥတုဇရုပ်ကလာပ်အလောင်းပေါ်ရှိ နံ့သာထင်းပုံပေါ်သို့ စကားဝါပန်းရှစ်ပွင့်ကို ကြဲ၍ လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဘဝများစွာ အပါယ်ငရဲမှ ကင်းဝေးခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်သာသနာတော် အာသဝေါကုန်ခန်းကာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စိတကပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲသော သုံးဆယ့်တစ်ကမ္ဘာအထက်၌ လင်းလွန်းပင်စောင့်နတ် ဖြစ်၍ အခြံအရံပရိသတ်နှင့်တကွ လင်းလွန်းပင်၌ နေခဲ့ပုံ၊ သိခီဘုရားရှင်၏ လောင်တိုက်တော်ထင်းပုံ၌ နံ့သာပန်းတို့ကို ကြဲမြှောက် ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ရခြင်းမရှိဘဲ လွန်ခဲ့သော နှစ်ဆယ့်ကိုးကမ္ဘာအထက်၌ ဥဂ္ဂတမည်သော စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စိတ္တကတ္ထေရဝတ္ထု

ဤဝတ္ထု၌ စိတ္တကမထေရ်လောင်းလျာ ဒါယကာသည် ဝိပဿီဘုရားရှင်လက်ထက်တော်၌ သင်းပျံ့မွှေးကြိုင် ရနံ့လှိုင်သော ပန်းမျိုးစုံဖြင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်၊ နတ်ပြည်တို့၌သာ လူ့စည်းစိမ် နတ်စည်းစိမ်တို့ကို ခံစားခဲ့ရပုံ၊ နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက်တော်၌ ပုဏ္ဏားသူကြွယ်မျိုး၌ ဖြစ်ပုံ၊ ဘုရားရှင်ထံ ရဟန်းပြုကာ တောအရပ်၌ တရားအားထုတ်ပြီး ရဟန္တာဖြစ်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စိတ္တဂဟပတိဝတ္ထု

ဤဝတ္ထု၌ အရှင်အာနန္ဒာက ‘‘စိတ္တသူကြွယ်အား ဘုရားရှင်ထံ လာရောက်စဉ် အခါ၌သာ လာဘ်ပူဇော်သက္ကာရ ဖြစ်သလော သို့မဟုတ် အခြားသူများထံသို့ သွားသောအခါများ၌လည်း လာဘ်ပူဇော်သက္ကာရ ဖြစ်သလော’’ဟု ဘုရားရှင်အား မေးမြန်းလျှောက်ထားပုံ၊ ဘုရားရှင်က သဒ္ဓါသီလနှင့် ပြည့်စုံသော သူအား သွားလေရာရာ ရောက်လေရာရာ အရပ်၌ လာဘ်ပူဇော် သက္ကာရဖြစ်ကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စိတ္တဂဟပတိဝတ္ထု

ဤဝတ္ထု၌ သူကြွယ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ဓမ္မကထိကအရာ ဧတဒဂ်ရသူတစ်ဦးကို အားကျပြီး ကုသိုလ်ပြု၍ဆုတောင်းခဲ့ပုံ၊ သူသည် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်လက်ထက်တော်၌ မဂဓတိုင်း၊ မစ္ဆိကာသဏ္ဍမြို့၌ သူကြွယ်ဖြစ်ခဲ့ပုံ၊ မဟာနာမ်မထေရ်ထံမှ တရားနာရ၍ အနာဂါမ် ဖြစ်ကာ ဓမ္မကထိကအရာ ဧတဒဂ်ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စိတ္တဂဟပတိဝတ္ထု

ဤဝတ္ထု၌ အရှင်သုဓမ္မသည် မစ္ဆိကာသဏ္ဍအရပ်၌ စိတ္တသူကြွယ် ဆောက်လုပ်သော ကျောင်း၌ ကျောင်းထိုင်ပုဂ္ဂိုလ် ဖြစ်ပုံ၊ အရှင်သာရိပုတ္တရာအစရှိသော မထေရ်ကြီးတို့ ထိုကျောင်းသို့ ရောက်သောအခါ စိတ္တသူကြွယ် လာရောက် တရားနာယူပြီး ဆွမ်းစားပင့်ပုံ၊ အရှင်သုဓမ္မက သူ့ကို ဂရုမစိုက်ဟု အထင်လွဲကာ သူကိုယ်တိုင် ဆွမ်းစားမကြွဘဲ နေပုံ၊ ဆွမ်းပြင်ထားသော ဆွမ်းပွဲသို့ လာရောက်ကြည့်၍ နှမ်းပျစ်သည်သားဖြစ်သော စိတ္တသူကြွယ်ကို နှိမ်လိုသဖြင့် ‘‘နှမ်းပျစ်မပါပါလား’’ဟု ဆိုခဲ့ပုံ၊ နောင်အခါ ဘုရားရှင် သိတော်မူ၍ သုဓမ္မမထေရ်အား ဝန်ချတောင်းပန်စေတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၇) (ဓမ္မ၊ဋ္ဌ၊၁၊၃၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စိတ္တဂုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ စိတ္တဂုတ္တမထေရ်မြတ်သည် မျက်လွှာအောက်ချ၍ စက္ခုန္ဒြေကို စောင့်စည်းခဲ့ပုံ၊ မထေရ်သီတင်းသုံးရာ ကုရဏ္ဍက လိုဏ်ဂူကြီး၌ ဘုရား(၇)ဆူတို့ တောထွက်ပုံပန်းချီကားရှိသော်လည်း မထေရ်ကြီးသည် တစ်ခါမှ မော့မကြည့်ပုံ၊ တစ်နေ့တွင် လိုဏ်ဂူသို့ အလည်ရောက်လာသော ရဟန်းတို့ ပြောပြမှ သိရပုံ၊ အနှစ်(၆၀)နေလာခဲ့သော်လည်း တစ်ခါမှ မော်မကြည့်ဖူးပုံ၊ မထေရ်၏ ဂုဏ်သတင်းကို ဘုရင်က ကြား၍ ပင့်သော်လည်း တရားအလုပ် ပျက်မည်စိုး၍ မသွားခဲ့ပုံ၊ ဘုရင်က ‘‘မထေရ်မကြွလျှင် ကလေးများ နို့မစို့စေရ’’ဟု အမိန့်ထုတ်ထား၍ ကြွသွားတော်မူပုံ၊ မိမိထံ လာရောက်ရှိခိုးသူတို့ကိုလည်း ဣန္ဒြေဖျက်၍ မကြည့်ဘဲ ကျားမ မခွဲခြား တစ်သားတည်း ဆုပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စိတ္တလတာဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သား ဥပါသကာတစ်ဦးသည် ဆင်းရဲသဖြင့် သူတစ်ပါးတို့၏ အလုပ်ကို အခစားလုပ်၍ အသက်မွေးရသော်လည်း မိအိုဖအိုကြီးတို့ကို ပြုစုလုပ်ကျွေးပုံ၊ ငါးပါးသီလစောင့်ကာ ဥပုသ်သီလကျင့်သုံးပြီး တတ်နိုင်သလောက် ဒါနမှု ပြုပုံ၊ ကွယ်လွန်သည်ရှိသော် တာဝတိံသာနတ်ပြည် စိတ္တလတာဗိမာန်၌ နတ်သားဖြစ်ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိမာန၊၁၀၃) (ဝိမာန၊ဋ္ဌ၊၂၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စိတ္တလပဗ္ဗတဝါသိတ္ထေရဝတ္ထု

ဤဝတ္ထု၌ စိတ္တလတောင်တွင် သီတင်းသုံးတော်မူသော ရဟန္တာမထေရ်ကြီးတစ်ပါးသည် အလုပ်အကျွေး တောထွက်ရဟန်းကြီးနှင့်အတူ ဆွမ်းခံကြွတော်မူပုံ၊ သပိတ်သင်္ကန်းကိုယူလျက် နောက်ကလိုက်နေသော တောထွက်ကြီးက မထေရ်ကို ‘‘အရိယာဆိုတာ ဘယ်လိုသူပါလဲ’’ဟုမေးလျှောက်ပုံ၊ မထေရ်က ‘‘တစ်ချို့ပုဂ္ဂိုလ်များသည် အရိယာနှင့်အတူနေ အရိယာတို့၏ ဝတ်ကြီး ဝတ်ငယ်ကိုပြုနေပါလျက် အရိယာမှန်းမသိလောက်အောင် အရိယာ အသိခက်ပေ၏’’ဟု မိန့်တော်မူပုံ စသော အကြောင်းအရာ များပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၃၆၄) (မ၊ဋ္ဌ၊၁၊၂၃) (သံ၊ဋ္ဌ၊၂၊၂၃၂) (အဘိ၊ဋ္ဌ၊၁၊၃၈၅) (စူဠနိ၊ဋ္ဌ၊၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စိတ္တလပဗ္ဗတဝါသီတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ စိတ္တလပဗ္ဗတဝါသီ တိဿထေရ်သည် ရှစ်ဝါရသောအခါ သာသနာတော်၌ ပျင်းရိ ငြီးငွေ့မှုကို မပယ်ဖျောက်နိုင်ကြောင်း မိမိ၏ ဥပဇ္ဈာယ်မထေရ်အား လျှောက်ထားခဲ့ပုံ၊ ဥပဇ္ဈာယ်ထေရ်သည် တိဿရဟန်း အရဟတ္တမဂ် အရဟတ္တဖိုလ် ရမည့်အကြောင်းကို တွေ့မြင်သဖြင့် မိမိအတွက် ကမ္မဋ္ဌာန်းကျောင်းသစ်တစ်လုံးကို ဆောက်လုပ်စေပုံ၊ ကျောင်းသစ် ဆောက်လုပ်ပြီးသွားသောအခါ ဥပဇ္ဈာယ်မထေရ်က တိဿရဟန်းကိုသာလျှင် ထိုကျောင်း၌ နေစေခဲ့ပုံ၊ တိဿရဟန်းသည် မိမိနှင့် သပ္ပါယဖြစ်သော ထိုကျောင်းသစ်၌ နေကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စိတ္တလပဗ္ဗတဝါသီတ္ထေရဝတ္ထု

ဤဝတ္ထု၌ သီဟိုဠ်ကျွန်း စိတ္တလတောင်၌ နေသော မထင်ရှားသော မထေရ်တစ်ပါးသည် ဝေဒနာပြင်းထန်စွာ ခံစားရသဖြင့် ညည်းညူလျက် လူးလှိမ့်နေစဉ် ရဟန်းငယ်တစ်ပါးက သည်းခံ၍ ဝေဒနာရှုရန် လျှောက်ထားခဲ့ပုံ၊ မထေရ်ကြီးသည် သတိရသဖြင့် ဝေဒနာဒဏ်ကို ကြံ့ကြံ့ခံ၍ ရှုမှတ်ခဲ့ပုံ၊ ဝမ်းတွင်းရှိ လေတို့သည် နှလုံးသားကို ဖောက်ထွင်းကာ ဝမ်းဗိုက်ကို ခွဲဖြတ်၍ အူအခွေတို့သည် ခုတင်ပေါ်သို့ စုပြုံကျလာပုံ၊ မထေရ်ကြီးသည် ဝေဒနာဒဏ်ကို ကြိုးစားရှုမှတ်သဖြင့် ပဋိသမ္ဘိဒါပတ္တရဟန္တာအဖြစ်သို့ ရောက်ကာ သမသီသီရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၂၇၉) (အဘိ၊ဋ္ဌ၊၂၊၂၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စိတ္တလပဗ္ဗတဝါသီပဓာနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ စိတ္တလတောင်၌ နေသော ပဓာနိယမထေရ်သည် ညဉ့်အခါ ကမ္မဋ္ဌာန်းတရား အားထုတ်စဉ် လေထိုးလေအောင့်ရောဂါ ဖြစ်ပေါ်သဖြင့် တပြောင်းပြန်ပြန် လူးလှိမ့်၍ နေပုံ၊ ပိဏ္ဍပါတိယထေရ်က ရဟန်းမည်သည် သည်းခံအပ်သော အလေ့အကျင့် ရှိအပ်သည်မဟုတ်လောဟု ဆုံးမသောအခါ တုန်လှုပ်ခြင်းမရှိဘဲ သည်းခံခဲ့ပုံ၊ ထိုမထေရ်သည် ထိုဝေဒနာကို သည်းခံ၍ ဝိပဿနာရှုပွားသဖြင့် မကြာမီ အနာဂါမ်ဖြစ်ကာ နောင်တွင် ပရိနိဗ္ဗာန်ပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၈၂) (မ၊ဋီ၊၁၊၁၇၀) (အံ၊ဋီ၊၃၊၁၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စိတ္တလပဗ္ဗတဝါသီဘိက္ခုဝတ္ထု

ဤဝတ္ထု၌ စိတ္တလပဗ္ဗတတောင်နေ ရဟန်းတစ်ပါးသည် မုခ်လေးခုရှိ ဇရပ်အနီး၌ သံဃာတော်များအတွက် မုန့်ကြော်ရန် နေရာကို အလှူရှင်တို့ ကြိုတင်သိစေရန် ပြုလုပ်ထားပုံ၊ နောက်တစ်နေ့တွင် သံဃာတော်များ မုန့်ဆွမ်းဘုဉ်းပေးရန် စုဝေး ကြွရောက်လာသောအခါ လိမ္မာပါးနပ်သော ဒကာတစ်ယောက်က သံဃာ့မထေရ်ကြီးအား ရှေးက ဤကဲ့သို့ ကြိုတင်သိစေမှု မရှိခဲ့ကြောင်း လျှောက်ထားပုံ၊ မထေရ်ကြီးနှင့် တကွ သံဃာအားလုံးသည် ထိုမုန့်ကို ကြိုတင်သိစေ၍ ရခြင်းဖြစ်သောကြောင့် အလှူမခံကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၂၊၂၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စိတ္တသမ္ဘူတဇာတက

ဤဇာတ်တော်၌ ဒွန်းစဏ္ဍားအမျိုးဖြစ်သော စိတ္တနှင့် သမ္ဘူတတို့ ပုဏ္ဏားယောင် ဆောင်ထားသော်လည်း သတိမထားသဖြင့် အမျိုးမှန် ပေါ်ပေါက်ခဲ့ပုံ၊ ထိုညီနောင် နှစ်ယောက်တို့ ရသေ့ဘဝဖြင့် ကွယ်လွန်ပြီးနောက် သမင်မျိုး၊ ဝံလိုငှက်မျိုးတို့၌ ဖြစ်၍ ချစ်ခင်ရင်းနှီးခဲ့ကြပုံ၊ လူဘဝသို့ ရောက်သော် တစ်ယောက်က ပုရောဟိတ်သားဖြစ်၍ တစ်ယောက်က မင်းသားဖြစ်ခဲ့ကြပုံ၊ ပုရောဟိတ်သား ရသေ့က မင်းအား ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၃၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စိတ္တဟတ္ထတ္ထေရဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သား အမျိုးသားတစ်ဦးသည် နွားပျောက်ကို ရှာရာမှ ကျောင်းတော်သို့ ရောက်ပြီး အစားအသောက် ပိုလျှံပေါများမှုကို သဘောကျကာ ရဟန်းဝတ်ခဲ့ပုံ၊ ငြီးငွေ့သဖြင့် လူထွက်ပြန်ပြီးလျှင် လူ့ဘဝ၌ အစာရှားသဖြင့် ရဟန်းပြန်ဝတ်ပုံ၊ ထိုသို့ (၆)ကြိမ်တိုင် ဝတ်လိုက် ထွက်လိုက် နေပုံ၊ (၇)ကြိမ်မြောက်၌ အိပ်ပျော်နေသော သူ့ဇနီးသည်၏ ရွံရှာဖွယ်အသွင်ကို တွေ့ရသဖြင့် အပြီးတိုင် ရဟန်းဝတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၃၁၂) (ဓမ္မ၊ဋ္ဌ၊၁၊၁၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စိတ္တာထေရီဝတ္ထု

ဤဝတ္ထု၌ လွန်ခဲ့သော ၉၄-ကမ္ဘာထက်၌ ပွင့်တော်မူသော ပစ္စေကဗုဒ္ဓါတစ်ပါးအား ထေရီမလောင်းလျာ ကိန္နရီမလေးသည် ကျူပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်သာသနာတော်၌ မဟာပဇာပတိဂေါတမီထေရီထံ၌ ဘိက္ခုနီပြု၍ ရဟန္တာထေရီ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စီဝရကမ္မဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော်တို့သည် သင်္ကန်းချုပ်လုပ်မှု၊ ဆေးဆိုးမှုများကို ပြုလုပ်ကြစဉ် အပ်၊ အပ်ချည်၊ ချည်၊ ဓါးငယ်စသည်တို့ကို လိုချင်ကြသော်လည်း ဘုရားရှင်၏ ပညတ်ချက်အရ မြို့ရွာတွင်းရှိ အိမ်များသို့ ကြွရန် သံသယရှိကြသောကြောင့် မကြွကြပုံ၊ ဘုရားရှင် သိတော်မူ၍ သင်္ကန်းချုပ်လုပ်ရာအခါ၌ အိမ်များသို့ ကြွခွင့်ပြုကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စီဝရကာရကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဂဏဘောဇဉ်ကို တားမြစ်တော်မူပြီးဖြစ်၍ သင်္ကန်းချုပ်လုပ် ဆေးဆိုးပြုပြင်ချိန်၌ သံဃာတော်တို့အား ဆွမ်းဖြင့် ဖိတ်မန်ရာ ရဟန်းများက လက်မခံဘဲ ငြင်းပယ်ကြပုံ၊ ဘုရားရှင် သိတော်မူ၍ သင်္ကန်းပြုလုပ်ရာ အချိန်၌ ဂဏဘောဇဉ်ကို ခံယူနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စီဝရကာရကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်က ပရမ္ပရဘောဇဉ်ကို ပယ်တော်မူပြီးဖြစ်သဖြင့် သင်္ကန်းချုပ်လုပ် ဆေးဆိုးနေသော ရဟန်းတို့အား ဆွမ်းစားပင့်ကြရာ ရဟန်းများက လက်မခံကြပုံ၊ ဘုရားရှင် သိတော်မူ၍ သင်္ကန်းချုပ်ရာအချိန်၌ ပရမ္ပရဘောဇဉ်ကို ခံယူခွင့်ပြုကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စီဝရဒါနသမယဝတ္ထု

ဤဝတ္ထု၌ ဒကာတစ်ဦး ပင့်ဖိတ်ထားသော ဆွမ်းအပြင် အခြားဆွမ်းများကို မဘုဉ်းပေးရဟု ဘုရားရှင်သည် ပရမ္ပရဘောဇဉ်ကို တားမြစ်တော်မူပြီးချိန်၌ လူတို့က သင်္ကန်းကပ်ဆွမ်းကျွေး စီစဉ်ပြီး ဆွမ်းစားပင့်သော်လည်း ရဟန်းတို့က သံသယရှိကာ ငြင်းပယ်ကြပုံ၊ ဘုရားရှင် သိတော်မူသောအခါ သင်္ကန်းလှူရာအခါ၌ လက်ခံ ဘုဉ်းပေးနိုင်ကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စီဝရဒါနသမယဝတ္ထု

ဤဝတ္ထု၌ ဂဏဘောဇဉ်ကို ဘုရားရှင်က တားမြစ်တော်မူပြီးဖြစ်၍ လူတို့က သင်္ကန်းလှူလိုသဖြင့် သံဃာတော်တို့အား သင်္ကန်လှူ၍ ဆွမ်းကပ်ကြရာ ရဟန်းများက သံသယရှိ၍ ငြင်းပယ်ခဲ့ကြပုံ၊ ဘုရားရှင် သိတော်မူ၍ သင်္ကန်းကို လှူရာအခါမျိုး၌ ဂဏဘောဇဉ်ကို ခံယူခွင့်ပြုကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စီဝရဒါနသမယဝတ္ထု

ဤဝတ္ထု၌ သင်္ကန်းလှူမည့်အချိန်အခါ၌ ရဟန်းတို့သည် စာရိတ္တသိက္ခာပုဒ်ကြောင့် သံသယရှိကြပြီး အိမ်များသို့ မကြွကြသဖြင့် သင်္ကန်းမရကြပုံ၊ သင်္ကန်းလှူသည့်ကာလ၌ ကြွခွင့်ပြုကြောင်း ဘုရားရှင်က မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စုန္ဒကမ္မာရပုတ္တဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် ပါဝါမြို့ ရွှေပန်းထိမ်သည် စုန္ဒ၏ အိမ်၌ ဝက်ပျိုသားကို နောက်ဆုံးဆွမ်းအဖြစ် ဘုဉ်းပေးတော်မူရာ နတ်တို့က နတ်ဩဇာ ထည့်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၁၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စုန္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ စုန္ဒထေရ်သည် အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး ပရိနိဗ္ဗာန် စံဝင်တော်မူသွားပြီဖြစ်ကြောင်း အရှင်အာနန္ဒာအား ရှေးဦးစွာ ပြောကြားခဲ့ပုံ၊ အရှင်အာနန္ဒာထေရ်နှင့်အတူ ဘုရားရှင်ထံ ဝင်ရောက်လျှောက်ထားကြပုံ၊ ဘုရားရှင်က ချစ်ရခင်ရ ကြင်နာရသူတို့နှင့် သေကွဲ ရှင်ကွဲ ကွဲကြရခြင်းသည် သင်္ခါရတရားတို့၏ သဘော ဓမ္မတာသာ ဖြစ်ကြောင်း စသည်ဖြင့် တရားဟောပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၁၃၉) (သံ၊ဋ္ဌ၊၃၊၂၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စုန္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆိပ်လေကို ရှူမိ၍ ဖျားနာတော်မူရာ အရှင်စုန္ဒမထေရ်၏ ဗောဇ္ဈင်တရားကို နာရ၍ ရောဂါပျောက်ကင်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စုန္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက် သိဒ္ဓတ္ထဘုရားရှင်အား မုလေးပန်းတို့ဖြင့် ပန်းစေတီ ပြုလုပ်ပူဇော်ခဲ့ပုံ၊ သိဒ္ဓတ္ထဘုရားရှင်က မထေရ်လောင်းအား ‘‘သင်သည် ဤကောင်းမှုကံကြောင့် မုလေးပန်းတို့ဖြင့် ပြွမ်းသော နတ်ပြည်သို့ ရောက်လတ္တံ့၊ ရွှေဗိမာန် ထင်ရှားဖြစ်လတ္တံ့၊ ခုနစ်ဆယ်လေးကြိမ် နတ်မင်း ဖြစ်လတ္တံ့၊ ဧကရာဇ်မင်း အကြိမ်သုံးရာ၊ စကြဝတေးမင်း ခုနစ်ဆယ့်ငါးကြိမ် ဖြစ်လတ္တံ့’’ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့ပုံ၊ ထိုဘုရားရှင်၏ ဗျာဒိတ်တော်အတိုင်း ဖြစ်၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ ကျွတ်တမ်းဝင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စုန္ဒဝတ္ထု

ဤဝတ္ထု၌ ရွှေပန်းထိမ်သည်သား စုန္ဒသည် ဝက်ပျိုသားဟင်းဖြင့် မြတ်စွာဘုရားအား ဆွမ်းဆက်ကပ်ခဲ့ပုံ၊ မြတ်စွာဘုရား ဝမ်းသွေးသွန်ခြင်း၏ အဓိကအကြောင်းသည် ဝက်သားဟင်းကြောင့် မဟုတ်၊ အတိတ်ဝိပါက်တော်ကြောင့်ဖြစ်ပုံ၊ ဝက်သားဟင်း၏ စွမ်းရည် ထက်မြက်ပုံ၊ မြတ်ဗုဒ္ဓ၏အာနုဘော် ကြီးမားပုံနှင့် ဆွမ်းဒါယကာ စုန္ဒအပေါ် လူအများ၏ အပြစ်တင်ကဲ့ရဲ့မှုကို မြတ်စွာဘုရား တားမြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၃၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စုန္ဒသူကရိကဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့တွင် ဝက်သတ်သမား စုန္ဒသည် ဝက်တို့ကို ရက်ရက်စက်စက် သတ်ဖြတ် စားသောက်ခဲ့ပုံ၊ မသေမီ (၇)ရက်လုံးလုံး လူးလှိမ့်ပူလောင် အော်ဟစ်ကာ ဝေဒနာပြင်းစွာ ခံစားရပြီး ကွယ်လွန်သော အခါ၌ အဝီစိငရဲသို့ ရောက်ခဲ့ရပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠကတ္ထေရဝတ္ထု

ဤဝတ္ထု၌ စူဠကမထေရ်လောင်းလျာသည် သိခီဘုရားရှင်အား စရည်းသီးများကို လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပြီး ဂေါတမဘုရားရှင်လက်ထက်တော်၌ စူဠကပုဏ္ဏား ဖြစ်လာပုံ၊ မြတ်စွာဘုရားရှင်ထံ ရဟန်းပြုပြီး နပဲပင်လိုဏ်ဂူ၌ ဝိပဿနာပွားကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠကာလဥပါသကဝတ္ထု

ဤဝတ္ထု၌ စူဠကာလဥပါသကာသည် ညဘက်တွင် ဇေတဝန်ကျောင်းတော်၌ တရားနာပြီး နံနက်စောစော ထပြန်လာစဉ် သူခိုးတို့သည် ဥစ္စာထုပ်ကို ထမ်း၍ ပြေးလာရာ နောက်က လူတို့ လိုက်လာသဖြင့် ဥပါသကာ၏ ရှေ့၌ အထုပ်ကိုချကာ ထွက်ပြေးကြပုံ၊ လူတို့က ဥပသကာကို ဝိုင်းဝန်းရိုက်နှက်ကြရာ ကျွန်မတို့က သူခိုးမဟုတ်ကြောင်း ဝိုင်းဝန်းပြောဆို၍ လွတ်လာပုံ၊ ဘုရားရှင် သိတော်မူလျှင် ကျွန်မတို့ကလည်း ပြော၊ ကိုယ်ကိုယ်တိုင်ကလည်း စင်ကြယ်၍သာ လွတ်ခြင်း ဖြစ်ကြောင်း၊ ကိုယ်ကောင်းမှသာ အပြစ်ကင်းနိုင်ကြောင်း မိန့်တော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠကာလိင်္ဂဇာတက

ဤဇာတ်တော်၌ ကလိင်္ဂတိုင်း ဒန္တပုရမြို့၌ ကာလိင်္ဂမင်းသည် စစ်အင်အားကြီးသူ ဖြစ်ပြီး တစ်ပါးနိုင်ငံများကို သိမ်းလိုသဖြင့် သမီးလေးယောက်ကို နိုင်ငံများသို့ စေလွှတ်ပုံ၊ အဿကတိုင်းဘုရင်သည် အမတ်နန္ဒိသေန၏ အစီအစဉ်အရ မင်းသမီးများကို သိမ်းယူပုံ၊ ကာလိင်္ဂဘုရင် စစ်တပ်ကြီးနှင့် ချီလာပုံ၊ နယ်စပ်တွင် စစ်ထိုးရန် ပြင်ရာ ဘုရားအလောင်းရသေ့ထံ အနိုင်အရှုံး မေးကြပုံ၊ ရသေ့က သိကြားမင်းကို မေးရာ သိကြားမင်းက ကာလိင်္ဂမင်း နိုင်မည်ဟု ဆိုပုံ၊ နန္ဒိသေနအမတ်သည် ရသေ့ကို ထပ်မံ မေးရာ မင်းနှစ်ပါး၏ ကိုယ်စောင့်နတ်တို့ တိုက်ပွဲ ဝင်ကြမည့်အကြောင်းကို သိရပုံ၊ နန္ဒိသေနအမတ်၏ အစီအစဉ်အရ ကာလိင်္ဂမင်း၏ ကိုယ်စောင့်နတ်ကို ရဲဝံ့စွာ ထိုးသတ်ပြီး ကာလိင်္ဂမင်းကို အနိုင်ယူလိုက်ပုံ၊ သိကြားမင်းကို ရသေ့ကြီးက မမှန်မကန် ပြောသည်ဟု အပြစ်တင်ရာ သိကြားမင်းက လူတို့၏ ကြိုးစားအားထုတ်မှုကို နတ်တို့ပင် မတားဆီးနိုင်ကြောင်း ပြောကြားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠကုဏာလဇာတက

ဤဇာတ်တော်သည် ကုဏာလဇာတ်၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠကောကာလိကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ အဂ္ဂသာဝကနှစ်ပါးအပေါ် အထင်လွဲကာ ပြစ်မှားသော ကောကာလိကရဟန်းသည် မြတ်စွာဘုရားရှင်က ‘‘မဟုတ်နိုင်ပါ’’ဟု တားမြစ်ရှင်းပြပါလျက် မနာယူဘဲ အထင်လွဲမြဲ လွဲကာ ပြစ်မှားပုံ၊ အရိယူပဝါဒကံ၏ ဆိုးကျိုးကို မျက်မှောက်ဘဝ၌ပင် ကိုယ်လုံးအနှံ့အိုင်းအမာအနာဆိုးကြီးများ ပြင်းထန်စွာဖြစ်ပွားကွဲကျ ခံစားရ၍ သေဆုံးသော် ပဒုမငရဲသို့ ရောက်ရပုံ၊ ပဒုမငရဲ၏ နှစ်ပရိစ္ဆေဒအသချေင်္ အသချေင်္ာ ကြာညောင်းလှသည့် သက်တမ်းကို မြတ်စွာဘုရား ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊၃၇၉) (သုတ္တနိ၊ဋ္ဌ၊၂၊၁၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠဂေါသိင်္ဂဝတ္ထု

ဤဝတ္ထု၌ ဆိတ်ငြိမ်အေးချမ်းမှုကို မြတ်နိုးတော်မူကြသော အရှင်အနုရုဒ္ဓါ၊ အရှင်နန္ဒိယ၊ အရှင်ကိမိလ မထေရ်သုံးပါးတို့သည် ဂေါသိင်္ဂအင်ကြင်းတော၌ ညီညွတ်စွာ တရားကျင့်နေကြပုံ၊ မြတ်စွာဘုရားသည် ထိုမထေရ်တို့ကို ချီးမြှင့်လိုသဖြင့် ထိုမထေရ်တို့ထံသို့ တစ်ပါးတည်း ကြွတော်မူခဲ့ပုံ၊ မြတ်စွာဘုရားကို ထိုမထေရ်တို့က ခရီးဦး ကြိုဆိုကြပုံ၊ မြတ်စွာဘုရားက ထိုမထေရ်တို့၏ နေကြပုံကို မေးတော်မူရာ မထေရ်တို့က မိမိတို့သည် မေတ္တာဖြင့် ညီညွတ်စွာ နေကြပါကြောင်း လျှောက်ထားရာ မြတ်စွာဘုရားက သာဓုခေါ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၉၇) (မ၊၁၊၂၆၆) (မ၊၃၊၁၉၉) (မ၊ဋ္ဌ၊၂၊၁၃၈) (မ၊ဋ္ဌ၊၃၊၁၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠဇနကဇာတက

ဤဇာတ်တော်သည် မဟာဇနကဇာတ်၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠဓနုဂ္ဂဟဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်သား ဗြာဟ္မဏလူငယ်တစ်ဦးသည် ဒိသာပါမောက္ခဆရာကြီးထံတွင် လေးအတတ်ပညာကို သင်ရာ ထူးချွန်လှသဖြင့် ဆရာကြီးက သူ၏ သမီးနှင့် လက်ထပ်ပေးလိုက်ပုံ၊ ခိုးသားငါးဆယ်ရှိသော တောအုပ်ကို ဖြတ်ကျော်ရာတွင် လေးဆယ့်ကိုးယောက်ကို မြားဖြင့် ပစ်သတ်ပြီး ခိုးသူကြီးနှင့် နပန်းလုံးရာ ခိုးသူကြီးကို ရင်ဘတ်ပေါ် ခွစီးပြီး မယားထံ ဓားတောင်းပုံ၊ မယားက ခိုးသူကြီးကို စွဲမက်ပြီး လုလင်ကို ဓားသွားဘက်၊ ခိုးသူကြီးကို ဓားရိုးဘက် ပေးသဖြင့် လုလင် အသတ်ခံရပုံ၊ မိန်းမတို့မည်သည် သစ္စာမရှိကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠဓနုဂ္ဂဟပဏ္ဍိတဝတ္ထု

ဤဝတ္ထု၌ စူဠဓနုဂ္ဂဟပဏ္ဍိတသည် တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးအထံ၌ ပညာသင်ကြားစဉ် ဒိသာပါမောက္ခဆရာကြီးက အလွန်နှစ်သက် သဘောကျသဖြင့် စူဠဓနုဂ္ဂဟပဏ္ဍိတအား မိမိ၏ သမီးနှင့် ထိမ်းမြားလက်ထပ်ပေးခဲ့ပုံ၊ စူဠဓနုဂ္ဂဟပဏ္ဍိတ, က ဒိသာပါမောက္ခဆရာကြီး၏ သမီးကို ခေါ်၍ ဗာရာဏသီပြည်သို့ ပြန်စဉ် တောအုပ်တစ်ခုသို့ ရောက်သောအခါ ခိုးသားငါးဆယ်တို့က ဝိုင်းဝန်းတိုက်ခိုက်ကြပုံ၊ စူဠဓနုဂ္ဂဟပဏ္ဍိတ, က ခိုးသားလေးဆယ့်ကိုးယောက်တို့ကို တိုက်ခိုက်သတ်ဖြတ်ပြီး နောက်ဆုံး ခိုးသား ဓါးပြဗိုလ်ကြီးကို မြေ၌ လှဲဖိထားစဉ် မိမိ၏ ဇနီးသည်ထံမှ ဓါးသန်လျက်ကို တောင်းခဲ့ပုံ၊ ဇနီးသည်က ခိုးသားဓါးပြဗိုလ်ကြီးကို မြင်မြင်ချင်း ချစ်ကြိုက် နှစ်သက်သဖြင့် ခိုးသားဗိုလ်ကြီး၏ လက်သို့ ဓားရိုးကမ်းပေးပုံ၊ ခိုးသားဓါးပြဗိုလ်ကြီးက စူဠဓနုဂ္ဂဟပဏ္ဍိတကို သတ်ဖြတ်ပြီး စူဠဓနုဂ္ဂဟပဏ္ဍိတ၏ ဇနီးသည်အား ခေါ်ဆောင်သွားခဲ့ပုံ၊ မြစ်တစ်စင်းသို့ ရောက်သောအခါ ခိုးသူဗိုလ်ကြီးက ဤမိန်းမသည် နောက်တစ်ယောက်တွေ့လျှင်လည်း မိမိအား သတ်လိမ့်မည်ဟု ယူဆပြီး ဇနီးသည်ထံမှ ပစ္စည်းဥစ္စာများကို သိမ်းယူကာ မြစ်တစ်ဘက်ကမ်း၌ စွန့်ပစ်ထားခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠဓမ္မပါလဇာတက

ဤဇာတ်တော်၌ ဒေဝဒတ်လောင်း ဗာရာဏသီဘုရင်၏ မိဖုရား စန္ဒာဒေဝီသည် ရင်ခွင်မှ ခုနစ်လသားအရွယ် ဘုရားအလောင်း ဓမ္မပါလမင်းသားကို ချော့မြှူလျက် နေပုံ၊ မင်းကြီးက ‘‘မိဖုရားသည် ဒီကလေးကြောင့် ငါ့ကိုကို ဂရုမစိုက်’’ဟု မိုက်လုံးကြီးစွာ တွေးပြီး ရန်သူထက်ပင် ဆိုးဝါးစွာ ဓမ္မပါလမင်းသားကို လက်ဖြတ် ခြေဖြတ် ခေါင်းဖြတ် သတ်ပြီး အလောင်းကောင်ကို မိုးပေါ်မြှောက် အောက်က သန်လျက်နှင့် ခံကာ အသားများ တစ်စစီ ပြန့်ကျဲအောင် ရက်ရက်စက်စက် အသိမာလကခေါ် သန်လျက်ပန်းကစားခဲ့ပုံ၊ ဓမ္မပါလမင်းသားက ငိုယိုမှုမရှိ သည်းခံခဲ့ပုံ၊ ဘုရင် မြေမျို၍ အသေဆိုး သေခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠနန္ဒိယဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် မျောက်မျိုး၌ ဖြစ်စဉ် မဟာနန္ဒိယအမည်ရှိ၍ ညီငယ် စူဠနန္ဒိယနှင့်အတူ မျောက်အပေါင်းရှစ်သောင်း ခြံရံလျက် ဟိမဝန္တာ၌ နေခဲ့ပုံ၊ မျက်မမြင်မိခင်အိုကြီးကို လွတ်လပ်စွာ လုပ်ကျွေးနိုင်ရန် မျောက်အုပ်ကို စွန့်၍ ညောင်ပင်ကြီးတစ်ပင်၌ သုံးယောက်သား နေကြပုံ၊ ပုဏ္ဏားတစ်ယောက်သည် မိခင်မျောက်မကြီးကို လေးဖြင့် ပစ်ရန် ချိန်ရွယ်သဖြင့် မဟာနန္ဒိယက မိခင်အစား အပစ်ခံပုံ၊ ထို့နောက် စူဠနန္ဒိယကို ပစ်၍ နောက်ဆုံးတွင် မျောက်အိုမကြီးကိုပါ သတ်၍ သယ်ယူသွားပုံ၊ ပုဏ္ဏားသည် မြေမျို၍ အဝီစိသို့ ရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠနာဂတ္ထေရဝတ္ထု

ဤဝတ္ထု၌ သတိပဋ္ဌာန်သုတ်ရှိ ‘‘ဧကာယနော အယံ မဂ္ဂေါ’’ဟူသောပုဒ်တွင် မဂ်အရကောက်ပုံ၌ ပိဋကတ်ကျွမ်းကျင်သူတို့ပင် လွဲမှားတတ်ပုံ၊ ဆရာ၏ မှားယွင်းမှုကို တပည့်ဖြစ်သူ စူဠနာဂထေရ်က ထောက်ပြရာ၌ ဆရာဖြစ်သူ စူဠသုမ-မထေရ်က လက်ခံခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၂၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠနာရဒဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကာသိတိုင်း၌ ချမ်းသာကြွယ်ဝသော ပုဏ္ဏားဖြစ်၍ ပုဏ္ဏေးမ တစ်ယောက်နှင့် အိမ်ထောင်ပြုပြီး သားတစ်ယောက် ရရှိခဲ့ပုံ၊ ထိုအချိန်၌ ဇနီးဖြစ်သူ ပုဏ္ဏေးမ ကွယ်လွန်သွားသဖြင့် သံဝေဂရပြီး သားငယ်ကို ခေါ်၍ ဟိမဝန္တာတော၌ ရသေ့ရဟန်းပြုကာ အဘိညာဉ် ဈာန်သမာပတ်တို့ကို ဖြစ်စေခဲ့ပုံ၊ တစ်နေ့သောအခါ ပစ္စန္တရာဇ်သူခိုးများက ရွာတစ်ရွာကို ဖျက်စီးလုယက်၍ သုံ့ပန်းများကို ခေါ်ဆောင်လာကြပုံ၊ ထိုသုံ့ပန်းများထဲမှ အလွန်ချောမောလှပပြီး လှည့်ပတ်တတ်သောမာယာနှင့် ပြည့်စုံသော အမျိုးသမီးတစ်ယောက်က ခိုးသူကြီးကို လှည့်ပတ်ပြောဆို၍ ထွက်ပြေးလွတ်မြောက်သွားပုံ၊ သုံ့ပန်းအမျိုးသမီးသည် ဘုရားအလောင်းရသေ့ သားအဖနေထိုင်သည့် ကျောင်းသင်္ခမ်းသို့ ရောက်ရှိလာပြီး ဘုရားအလောင်းရသေ့ကြီး မရှိခိုက် ရသေ့ငယ်အား ကာမဂုဏ်ဖြင့် ဖြားယောင်းဖျက်စီးကာ မြို့သို့ ခေါ်ဆောင်နေပုံ၊ ထိုအချိန်၌ ဘုရားအလောင်းရသေ့ကြီး ရောက်ရှိလာပြီး အကြောင်းစုံကို သိရှိသွားကာ တရားဟောသဖြင့် ရသေ့ငယ် သတိသံဝေဂ ရရှိလျက် မြို့သို့ မလိုက်တော့ဘဲ မိမိ၏ ကျောင်းသင်္ခမ်း၌သာ ဈာန်အဘိညာဉ် သမာပတ်တို့ကို ပြန်လည်ဖြစ်စေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠပဒုမဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ပဒုမအမည်ဖြင့် ဗာရာဏသီမင်း၏ သားတော်ခုနစ်ယောက်တို့တွင် အကြီးဆုံး သားတော်တစ်ယောက် ဖြစ်ခဲ့ပုံ၊ မင်းကြီးသည် သားတော်များ အရွယ်ရောက်လာသောအခါ ထီးနန်းလုယူမည်စိုးသဖြင့် မိမိကွယ်လွန်သောအခါကျမှ တိုင်းပြည်သို့ ပြန်လာကြရန် ပြောကြားပြီး မယားများနှင့် တကွ တိုင်းပြည်မှ နှင်ထုတ်ခဲ့ပုံ၊ တိုင်းပြည်မှ ထွက်ခွာလာပြီး သဲကန္တာရရောက်သောအခါ အစာရေစာပြတ်သဖြင့် ညီအငယ်ဆုံး မယားမှစ၍ အလှည့်ကျ သတ်စားကြပုံ၊ ပဒုမမင်းသား၏ မယားအလှည့်ရောက်သောအခါ ညီငယ်များ ညအိပ်နေစဉ် လင်မယားနှစ်ယောက် ထွက်ပြေးလွတ်မြောက်သွားပြီး ဂင်္ဂါမြစ်ကမ်းနား၌ နေကြပုံ၊ တစ်နေ့သောအခါ မင်းပြစ်မင်းဒဏ်သင့်သဖြင့် ခြေ-လက် အဖြတ်ခံရကာ ဂင်္ဂါမြစ်အတွင်း မျောပါလာသော ရာဇဝတ်သား ခိုးသားတစ်ယောက်ကို ကယ်တင်ပြီး ပြုစုစောင့်ရှောက်ထားပုံ၊ ပဒုမမင်းသား၏ မယားသည် ထိုရာဇဝတ်သား လက်တိုပေါင်တိုကို ချစ်ကြိုက်သွားပြီး ဘုရားလောင်း ပဒုမမင်းသားအား သေကြောင်းကြံခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠပန္ထကတ္ထေရဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိသူဌေးကြီး၏ သမီးတစ်ဦးသည် ကျွန်တစ်ယောက်နှင့် ဖောက်ပြားပြီး တောရွာသို့ ထွက်ပြေး၍ သား(၂)ယောက်မွေးဖွားခဲ့ပုံ၊ သူဋ္ဌေးကြီးသည် သမီးကို လက်မခံဘဲ သားငယ်နှစ်ယောက်ကိုမူ လက်ခံသဖြင့် သားငယ်နှစ်ယောက် သာဝတ္ထိမြို့ရှိ အဘိုးဖြစ်သော သူဌေးကြီးထံ ရောက်ရှိပြီးနောက် ဘုရားသာသနာတော်၌ ရဟန်းပြုကြသဖြင့် ရဟန္တာ အရှင်မဟာပန္ထကနှင့် စူဠပန္ထကမထေရ်တို့ ဖြစ်လာကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၃၊၆၈) (ဓမ္မ၊ဋ္ဌ၊၁၊၁၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠပန္ထကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘိက္ခုနီများကို ဆုံးမရန် အရှင်စူဠပန္ထကမထေရ်၏ အလှည့် ကျရောက်လာပုံ၊ ‘‘အရှင်စူဠပန္တကသည် ဥဒါန်းစကားတစ်ခုကိုသာ ထပ်ကာထပ်ကာ ဟောတတ်သည်’’ဟု ဘိက္ခုနီတို့က ဝေဖန်ကြပုံ၊ ထိုအခါ အရှင်စူဠပန္တကသည် တန်ခိုးများစွာ ပြ၍ နေဝင်သည်အထိ တရားများစွာ ဟောကြားခဲ့ပုံ၊ ထိုအခါ မြို့တံခါး ပိတ်သွားသည်ကို အကြောင်းပြု၍ နေဝင်သည့်တိုင်အောင် ရဟန်းမတို့ကို မဆုံးမရန် အတ္ထင်္ဂတ သိက္ခာပုဒ်ကို မြတ်စွာဘုရားက ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠပန္ထကတ္ထေရဝတ္ထု

ဤဝတ္ထု၌ စူဠပန္ထကအလောင်း၊ မဟာပန္ထကအလောင်း သူကြွယ်ညီနောင် နှစ်ယောက်တို့ကို ပဒုမုတ္တရမြတ်စွာဘုရား ဗျာဒိတ်ကြားပုံ၊ ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တော်၌ ဓနသေဋ္ဌိ သူဌေးကြီး၏ မြေးများဖြစ်ခဲ့ကြပုံ၊ သူဌေးကြီးကြောင့် သာသနာ့ဘောင်သို့ ရောက်ခဲ့ကြပုံ၊ စူဠပန္ထကထေရ်သည် ဉာဏ်ထိုင်းသော်လည်း မြတ်စွာဘုရား၏ ဥပါယ်တံမျဉ်ဖြင့် နည်းပေးသောကြောင့် ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်ပုံ၊ ဖန်ဆင်းတတ်သော ပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးနှင့် ရူပဈာန်ကို ဝင်စားခြင်း၌ အမြတ်ဆုံးဖြစ်ခဲ့ကြပုံစသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၆၄) (ပဋိသံ၊ဋ္ဌ၊၂၊၂၆၈) (ထေရ၊ဋ္ဌ၊၂၊၁၈၉) (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠပလောဘနဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗြဟ္မဒတ်မင်း၏ မိဖုရားဝမ်း၌ ဖြစ်လေရာ မိန်းမများ ထိတွေ့၊ ကိုင်တွယ်၊ နို့တိုက်မရသဖြင့် အနိတ္ထိဂန္ဓကုမာရဟု အမှည်မှည့်ခံရပုံ၊ ကချေသည်မတစ်ဦး၏ ဖြားယောင်းမှုကြောင့် ယောက်ျားဟူသမျှကို လိုက်လံနှောင့်ယှက်သဖြင့် ကချေသည်မနှင့်အတူ တိုင်းပြည်မှ နှင်ထုတ်ခံခဲ့ရပုံ၊ တောထဲတွင် ကချေသည်မသည် ဈာန်ရ ရသေ့တစ်ပါးကို ဖြားယောင်း၍ ကာမဂုဏ်ပျော်မြူးခဲ့ပုံ၊ ဘုရားလောင်းက မိန်းမနှင့် ပတ်သက်၍ သံဝေဂရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠပိဏ္ဍပါတိယတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ စူဠပိဏ္ဍပါတိယတိဿမထေရ်သည် မိမိဆွမ်းခံရွာ မီးလောင်သောအခါ အခြားသော ကုလူပက ရဟန်းတို့ကဲ့သို့ သွားရောက် မေးမြန်းခြင်း မရှိပုံ၊ ထိုမထေရ်သည် ဝိနည်းတော်နှင့် လျော်ညီစွာ စင်ကြယ်သော လှူဖွယ်ပစ္စည်းတို့ကိုသာ ခံယူတတ်သော မြတ်သော အလှူခံပုဂ္ဂိုလ် ဖြစ်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠဗောဓိဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကာသိတိုင်း သူကြွယ်ပုဏ္ဏားမျိုး၌ ဖြစ်ပြီး အိမ်ထောင်ပြုလိုစိတ် မရှိပုံ၊ မိဘတို့ ဆန္ဒအရ အမျိုးတူ အမျိုးသမီးနှင့် ထိမ်းမြားခဲ့သော်လည်း မေထုန်မှု ကင်းစင်ကြပုံ၊ မိဘတို့ ကွယ်လွန်သောအခါ ရသေ့ဝတ်ကြပုံ၊ ဘုရင်သည် ရသေ့မလေး၏ အလှကို မက်မောပြီး အတင်း သိမ်းယူပုံ၊ ရသေ့ကြီး စိတ်မဆိုးဘဲ သည်းခံခွင့်လွှတ်ပုံ၊ ရသေ့မလေးကို မည်သို့မျှ ဖြားယောင်းမရသဖြင့် ရသေ့ကြီးထံ လာရောက် စုံစမ်းရာ အမျက်ဒေါသမထွက်ကြောင်း တရားနာရသဖြင့် ဘုရင် သတိသံဝေဂရပုံ၊ ရသေ့နှစ်ပါး ချမ်းသာစွာ နေရပုံ၊ ဒေါသအမျက်သည် အကျိုးမဲ့ကို ဖြစ်စေတတ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠရထဝတ္ထု

ဤဝတ္ထု၌ အဿကတိုင်း ပေါတလိမြို့နေ အဿကမင်း၏သား သုဇာတမင်းသားသည် သမင်လိုက်သွားစဉ် အရှင်မဟာကစ္စည်း၏ ကျောင်းသို့ ရောက်ရှိခဲ့ပုံ၊ မထေရ်က မင်းသား၏ သက်တမ်း အလွန်တိုလျှနေကြောင်း၊ ငါးလမျှသာ ကျန်ရှိတော့ကြောင်း သတိပေးတော်မူသဖြင့် မင်းအဖြစ်ကို ပယ်စွန့်ကာ ကျောင်းဆောက်လုပ်ပြီး သရဏဂုံဆောက်တည်၊ သီလတို့ကို ဖြည့်ကျင့်သဖြင့် ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠဝစ္ဆတ္ထေရဝတ္ထု

ဤဝတ္ထု၌ စူဠဝစ္ဆမထေရ်လောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင် လက်ထက်တော်၌ သူဆင်းရဲမျိုး၌ ဖြစ်၍ ကူလီထမ်းကာ အလုပ်ကြမ်းသမားဘဝဖြင့် ဆင်းရဲပင်ပန်းစွာ အသက်မွေးခဲ့ရပုံ၊ ပံ့သကူသင်္ကန်းရှာဖွေနေသည့် အရှင်သုဇာတမထေရ်မြတ်ကို ဖူးတွေ့ရပြီး ကြည်ညိုသဒ္ဓါစိတ်များ တဖွားဖွားဖြစ်ကာ အဝတ်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပုံ၊ ဤကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် သိကြားမင်း၊ စကြာမင်း၊ ပဒေသရာဇ် မင်းစည်းစိမ် ချမ်းသာကို ကြိမ်ဖန်များစွာ ခံစားခဲ့ရပုံ၊ နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက်တော်၌ ပုဏ္ဏားမျိုး၌ ဖြစ်၍ ရဟန်းပြုခဲ့ပုံ၊ ကောသမ္ဗီပြည်သား ရဟန်းတော်များ ခိုက်ရန်ဖြစ်ပွားနေချိန်၌ မိမိ၏ ဝိပဿနာကမ္မဋ္ဌာန်း အလုပ်ကိုသာ ကြိုးစားအားထုတ်ပြီး ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠသကုလုဒါယီဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် တစ်နေ့၌ ဘုရားရှင်သည် စူဠသကုလုဒါယီပရိဗိုဇ်၏ မောရနိဝါပပရိဗိုဇ်အရာမ်သို့ ကြွတော်မူပြီး တရားဟောတော်မူပုံ၊ သကုလုဒါယီပရိဗိုဇ်သည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်သက်၍ ရဟန်းပြုခွင့် တောင်းပန်သော်လည်း တပည့်ပရိဗိုဇ်တို့က ဝိုင်းဝန်း ကန့်ကွက်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၁၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠသမုဒ္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ သီဟိုဠ်ကျွန်းမှနေ၍ ပါဋလိပုတ်မြို့သို့ဆွမ်းခံကြွတော်မူသော စူဠသမုဒ္ဒမထေရ်မြတ်ကြီး၏ အာနုဘော်ကြီးမားပုံ၊ နောက်မှလိုက်ပါကြသော ရဟန်းများ မဟာသမုဒ္ဒရာကို မြောင်းငယ်အဖြစ် ထင်မှတ်၍ ကူးဖြတ်ခဲ့ကြသော်လည်း မဟာသမုဒ္ဒရာမှန်း မသိကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠသာရိဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာထေရ်၏ တပည့်ဖြစ်သူ စူဠသာရိရဟန်းသည် လူအများအား ဆေးကုပေးသဖြင့် ရရှိလာသော မွန်မြတ်သော ဆွမ်းဘောဇဉ်များကို အရှင်သာရိပုတ္တရာထေရ်အား လှူဒါန်းလိုပါကြောင်း လျှောက်ထားပုံ၊ အရှင်သာရိပုတ္တရာမထေရ်က လက်မခံဘဲ ဆွမ်းခံကြွသွားပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် သိတော်မူပြီး ‘‘အနေသနအမှုဖြင့် အသက်မွေးမှုပြုသော ရဟန်းသည် အရှက်မရှိသော ကျီးနှင့် တူကြောင်း’’ စသည်ဖြင့် ကဲ့ရဲ့ရှုတ်ချကာ တရားဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠသုဂန္ဓတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကဿပဘုရားရှင်လက်ထက်တော်၌ ဂန္ဓကုဋိကျောင်းတော်အား နံ့သာလိမ်းကျံ လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌ ဖြစ်ခဲ့ပုံ၊ ဖြစ်လေရာဘဝတို့၌ ကိုယ်အနံ့ မွှေးကြိုင်ပုံ၊ ဤဘုရားရှင်သာသနာတော်၌ ဇေတဝန်ကျောင်းတော်တင်လှူပွဲဝယ် ရဟန်းပြုခဲ့ပြီး ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၂၊၂၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠသုတသောမဇာတက

ဤဇာတ်တော်၌ စူဠသုတသောမမင်းကြီးသည် ဆံဖြူတစ်ပင်မြင်ရုံမျှဖြင့် သံဝေဂယူကာ တောထွက်ရန် စီမံခဲ့ပုံ၊ နန်းတွင်းရှိလူအပေါင်းက အမျိုးမျိုး တားမြစ်ခဲ့ကြပုံ၊ လူများစွာတို့သည် ဘုရားအလောင်းတော်ကို အတုလိုက်၍ ရသေ့ဝတ်ခဲ့ကြပုံ၊ စူဠသုတသောမက တရားစကား ဟောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၁၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠသုဘဒ္ဒါဝတ္ထု

ဤဝတ္ထု၌ အနာထပိဏ်သူဌေးနှင့် ဥဂ္ဂသူဌေးတို့ ကတိကဝတ် ထားခဲ့ကြသည့်အတိုင်း ဥဂ္ဂသူဌေး၏သားနှင့် အနာထပိဏ်သူဌေးသမီး စူဠသုဘဒ္ဒါကို လက်ထပ်ပေးကြပုံ၊ ယောက္ခမအိမ် ရောက်သောအခါ အစေလကတက္ကတွန်းတို့ကို ရှိခိုးစေရာ ရှိမခိုးသောကြောင့် စူဠသုဘဒ္ဒါကို နှင်ထုတ်ခဲ့ပုံ၊ စူဠသုဘဒ္ဒါက လွယ်လွယ်နှင့် မဆင်းဘဲ အပြစ်ဖော်ပြခိုင်းပြီးနောက် အပြစ်ကင်းကြောင်း လူသိထင်ရှား ဖြစ်စေလျက် ဘုရားရှင်နှင့် သာဝကတို့၏ ဂုဏ်ကို ထုတ်ဖော်ကာ အဝေးမှ ပင့်ဖိတ်ခဲ့ပုံ၊ မြတ်စွာဘုရား ကြွရောက်တော်မူလာပြီး တရားဓမ္မ ဟောပြတော်မူသောကြောင့် လူအများ သောတာပန်တည်ကာ ဥဂ္ဂမြို့၌ သာသနာစတင်ထွန်းကားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠသုဝဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကျေးမင်း ဖြစ်စဉ် ဟိမဝန္တာတောရှိ ဂင်္ဂါမြစ်ကမ်းအနီး ရေသဖန်းပင်ကြီး၌ ကျေးပေါင်းများစွာ ခြံရံလျက် နေထိုင်ခဲ့ပုံ၊ သဖန်းသီးများ ကုန်သွားသောအခါ အခြားအခြား ကျေးငှက်များက သဖန်းပင်ကို စွန့်ပစ်ထွက်ခွာ သွားကြသော်လည်း ဘုရားအလောင်းကျေးမင်းက မစွန့်ခွာဘဲ အညွန့်အရွက် အခေါက်အပွေးတို့ကိုသာ စား၍ တစ်ကောင်တည်း ရောင့်ရဲတင်းတိမ်၍ နေပုံ၊ ဘုရားလောင်းကျေးမင်း၏ အပိစ္ဆတာဂုဏ်၊ သန္တုဋ္ဌိဂုဏ်တို့ကြောင့် သိကြားမင်း၏ ဘုံဗိမာန် တုန်လှုပ်လာသဖြင့် သိကြားမင်းက ဟင်္သာငှက်ယောင် ဆောင်၍ အသီးအရွက်တို့ဖြင့် ဝေဆာနေသော အခြားတောအုပ်ရှိ ရေသဖန်းပင်သို့ ပြောင်းရွှေ့ရန် လာရောက် ပြောကြားပုံ၊ ဘုရားလောင်းကျေးမင်းက ဤသဖန်းပင်သည် မိမိ၏ ကျေးဇူးရှင် ဖြစ်သည့်အတွက် ရိုးတံချည်းသာ ကျန်သော်လည်း မစွန့်ခွာနိုင်ကြောင်း ပြောကြားပုံ၊ ထိုအခါ သိကြားမင်းက ကိုယ်ထင်ပြ၍ ရိုးတံချည်းသာ ရှိသော ရေသဖန်းပင်ကို အသီးအပွင့် အရွက်တို့ဖြင့် ဝေဝေဆာဆာ ဖြစ်အောင် ပြုလုပ်ဖန်ဆင်းပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠသေဋ္ဌိဇာတက

ဤဇာတ်တော်၌ ပညာရှိ စူဠသေဋ္ဌိသူဌေးသည် ဗြဟ္မဒတ်မင်းကြီးထံ အခစားဝင်ရန် နန်းတော်သို့ သွားစဉ် လမ်းခရီး၌ ကြွက်သေတစ်ကောင်ကို တွေ့သဖြင့် နက္ခတ်ကို ရေတွက်လျက် ‘‘မျက်စိ အမြင်ကျယ်သော ယောကျ်ားသည် ဤကြွက်သေကို အရင်းပြု၍ ကြီးပွားချမ်းသာနိုင်ကြောင်း’’ ပြောကြားပုံ၊ စူဠသေဋ္ဌိသူဌေး၏ စကားကို သူဆင်းရဲ ယောကျ်ားတစ်ယောက်က ကြားသိသွားပြီး ကြွက်သေကို ကြောင်စာအဖြစ် ဈေး၌ ရောင်းရာ အသပြာတစ်ချင်ရွေးရ ရှိပုံ၊ ထိုအသပြာတစ်ချင်ရွေးကို အရင်းအနှီးပြု၍ စီးပွားရှာရာ လေးလအတွင်း၌ပင် အသပြာနှစ်သိန်းကို ရရှိခဲ့ပုံ၊ အသပြာတစ်သိန်းကို ကျေးဇူးဆပ်သည့်အနေဖြင့် စူဠသေဋ္ဌိသူဌေးအား ဖြစ်ကြောင်းကုန်စင် ပြောပြလျက် သွားရောက် ပေးအပ်သောအခါ စူဠသေဋ္ဌိသူဌေးကြီးက သမီးဖြစ်သူနှင့် ထိမ်းမြားပေးခဲ့ပုံ၊ ထိုယောကျ်ားသည် စူဠသေဋ္ဌိသူဋ္ဌေးကြီး ကွယ်လွန်ပြီးနောက် သူဌေးရာထူး ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠသေဋ္ဌိပေတဝတ္ထု

ဤဝတ္ထု၌ စူဠသူဌေးသည် သဒ္ဓါတရားမရှိ နှမြောဝန်တိုသဖြင့် သေလွန်သောအခါ အရိုးအကြော အရေမျှသာရှိသည့် ပြိတ္တာဘဝသို့ ရောက်ပုံ၊ သမီးဖြစ်သူက မိခင်ဖခင်တို့အား ရည်စူး၍ ဒုဿီလပုဏ္ဏားတို့အား ပေးလှူသဖြင့် ကုသိုလ်ကောင်းမှုအဖို့ဘာဂကို မရရှိပုံ၊ အဇာတသတ်မင်းနှင့် တွေ့ပြီး ဘုရားအမှူးရှိသော သံဃာတော်တို့အား အလှူဒါန ပေးလှူကာ အမျှပေးဝေစေသဖြင့် ပြိတ္တာဘဝမှ ကျွတ်လွတ်လျက် နတ်စည်းစိမ် စသော ကောင်းမှုအကျိုးကို ခံစားရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၅၂) (ပေတ၊ဋ္ဌ၊၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠဟံသဇာတက

ဤဇာတ်တော်၌ ဒေဝဒတ်သည် ဘုရားရှင်အား သတ်ရန် အမျိုးမျိုး ကြံစည်ပုံ၊ နာဠာဂီရိဆင်ဖြင့် လွှတ်၍ တိုက်သောအခါ အရှင်အာနန္ဒာမထေရ် အသက်စွန့်၍ ဘုရားရှင်၏ ရှေ့မှ ကာကွယ်ပုံ၊ အတိတ်ဘဝ ဟင်္သာမျိုး၌ ဖြစ်စဉ် ဘုရားအလောင်း ဓတရဋ္ဌဟင်္သာမင်း ကျော့ကွင်း၌ မိစဉ်ကလည်း အာနန္ဒာလောင်း သုမုခဟင်္သာစစ်သူကြီးက မုဆိုးလက်မှ အသက်စွန့်၍ ကယ်တင်ခဲ့ပုံ၊ သုမုခက ဘေးရန်နှင့် ကြုံတွေ့သောအခါ မစွန့်သော သူသည် မိတ်ဆွေစစ် မည်ကြောင်း ပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၃၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠဟံသဇာတက

ဤဇာတ်တော်၌ ဗဟုပုတ္တကမင်း၏မိဖုရားကြီး ခေမာသည် ရွှေဟင်္သာမင်း၏တရားကို နာယူလိုမှု ချင်ခြင်း ဖြစ်ပေါ်ပုံ၊ မင်းကြီးက ခေမာမည်သော ရေကန်ကို တူးစေပြီး စပါးအမျိုးမျိုးတို့ စိုက်ပျိုးကာ ဘေးမဲ့ ကြွေးကြော်စေပုံ၊ မုဆိုးတစ်ယောက်အား ရွှေဟင်္သာမင်းကို ဖမ်းရန် စေခိုင်းခဲ့ပုံ၊ ရွှေဟင်္သာမင်း ညွှတ်ကွင်းမိသောအခါ သုမုခရွှေဟင်္သာစစ်သူကြီးကလည်း ဟင်္သာမင်းနှင့် သေအတူရှင်မကွာ နေထိုင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စူဠေကသာဋကဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ အဝတ်တစ်ထည်သာရှိသော ပုဏ္ဏားကြီးသည် ဘုရားရှင်၏ တရားတော်ကို ကြားနာရ၍ ထိုတစ်ထည်တည်းသော အဝတ်ကိုပင် လှူဒါန်းခဲ့သောကြောင့် ချက်ချင်း အကျိုးပေး၍ ချမ်းသာသွားပုံ၊ ကုသိုလ်စိတ် ဖြစ်ပေါ်လာလျှင် ချက်ချင်း ကုသိုလ်ပြုသင့်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စေတိကဇာတက

ဤဇာတ်တော်၌ ဒေဝဒတ်အလောင်း စေတိယမင်းသည် စေတိယတိုင်း သောတ္ထိယမြို့၌ မင်းပြုစဉ် ဘုရားအလောင်းသည် ကပိလမည်သော ပုရောဟိတ်ပုဏ္ဏားကြီး ဖြစ်ခဲ့ပုံ၊ ကပိလပုရောဟိတ်သည် အသက်အရွယ်ကြီးရင့်လာသောအခါ ညီငယ်ကောရကလမ္ဗအား ပုရောဟိတ်ရာထူး မပေးဘဲ သားဖြစ်သူကိုသာ ထုံးတမ်းစဉ်လာအရ ပုရောဟိတ်ရာထူး လွှဲအပ်ပေးပြီး ရသေ့ဝတ်သွားပုံ၊ စေတိယမင်းသည် ကောရကလမ္ဗနှင့် အကျွမ်းဝင်ပြီး ကောရကလမ္ဗကိုသာ ပုရောဟိတ်ရာထူး ပေးလိုသဖြင့် ‘‘ဘုရားအလောင်း ကပိလပုရောဟိတ်သည် ညီငယ်၊ ကောရကလမ္ဗသည် အစ်ကို ဖြစ်သည်’’ဟု တိုင်းသူပြည်သားတို့အား လိမ်ညာ၍ ပြောပုံ၊ စေတိယမင်းသည် ပထမဆုံးအကြိမ် မုသာဝါဒပြောဆိုလိုက်သည်နှင့် တပြိုင်နက် ကောင်းကင်၌ ရပ်တည်နိုင်ခြင်းစသော တန်ခိုးများ ကွယ်ပျောက်သွားပြီး နောက်ဆုံးအကြိမ်၌ မြေမျိုခံရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စေလပ္ပဋိကဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်က အဝတ်အခင်းကို မနင်းရန် သိက္ခာပုဒ် ပညတ်ပြီးနောက် အမျိုးသမီးတစ်ဦးသည် အဝတ်ကို ခင်းပြီး ‘‘မင်္ဂလာကျက်သရေရှိရန် နင်းပါ’’ဟု သံဃာတော်တို့အား လျှောက်ထားပုံ၊ သံဃာတော်တို့က မနင်းဘဲ နေကြရာ ကဲ့ရဲ့သဖြင့် ဘုရားရှင်က မင်္ဂလာရှိရန်အတွက် လျှောက်ထားလျှင် နင်းခွင့်ပြုကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

စောဒနာဝတ္ထု

ဤဝတ္ထု၌ သီလကို မြတ်နိုးကြ၊ ဝိနည်းကို လေးစားကြကုန်သော ရဟန်းတော်တို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့အား ခွင့်တောင်း၍ အာပတ်ဖြင့် စောဒနာကြကုန်သည်ရှိသော် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဝိနည်း နည်းလမ်းအတိုင်း ဒေသနာမကြား မကုစားကြဘဲ ရန်ငြိုးဖွဲ့ကြပုံ၊ ရဟန်းတော်တို့ကို မကြည်ဖြူကြဘဲ သတ်ပစ်မည်ဟုပင် ခြိမ်းခြောက်ကြပုံ၊ ဘုရားရှင် သိတော်မူ၍ ခွင့်ပြုချက်ရသော်လည်း ပုဂ္ဂိုလ်ကို ချိန်ဆ၍ စောဒနာကြရန် မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆတ္တဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ မထေရ်လောင်းလျာသည် ရဟန်းပြုသွားသော သားတော်ကို လိုက်လံရှာဖွေရာ သားတော်ရဟန်းသည် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံယူတော်မူပုံ၊ သားတော် မီးသင်္ဂြိုဟ်ရာထင်းပုံကိုသာ ဖူးမြင်ရ၍ ရှိခိုးကန်တော့ပြီး ထီးဖြူကို ထင်းပုံပေါ်တွင် စိုက်ထူပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် အပါယ်လေးပါးလားရောက်ရခြင်း မရှိဘဲ လွန်ခဲ့သော နှစ်ဆယ့်ငါးကမ္ဘာအထက်၌ ‘‘မဟာရဟ’’ဟု အမည်တူ စကြဝတေးမင်း ခုနစ်ကြိမ် ဖြစ်ခဲ့ဖူးပုံ၊ ဤဘုရားရှင်သာသနာတော် ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆတ္တပါဏိဥပါသကဝတ္ထု

ဤဝတ္ထု၌ အနာဂါမ်တိပိဋကဓရ ဆတ္တပါဏိဥပါသကာသည် ဘုရားရှင်ထံ ချဉ်းကပ်၍ တရားနာယူနေစဉ် ကောသလမင်းကြီး ရောက်ရှိလာပုံ၊ ဘုရားရှင်က ဆတ္တပါဏိ၏ ဂုဏ်ပုဒ်တို့ကို ကောသလမင်းကြီးအား မိန့်ကြားသဖြင့် မင်းကြီးက ဆတ္တပါဏိဥပါသကာအား နန်းတွင်း၌ စာပေပရိယတ်များ သင်ကြားပို့ချပေးရန် ပြောကြားပုံ၊ ဆတ္တပါဏိဥပါသကာက ‘‘ထိုကိစ္စသည် ရဟန််းတော်များနှင့်သာ သင့်လျော်ပါကြောင်း’’ မင်းကြီးအား လျှောက်ထားပုံ၊ မင်းကြီးက တစ်ဖန် ဘုရားရှင်ထံ လျှောက်ထားသည့်အခါ ဘုရားရှင်က အရှင်အာနန္ဒာမထေရ်အား နန်းတွင်းသူ နန်းတွင်းသားများကို စာပေပို့ချရန် တာဝန်ပေးတော်မူပုံ၊ အရှင်အာနန္ဒာမထေရ်က နန်းတွင်း၌ စာပေသင်ကြားပို့ချသည့်အခါ ဝါသဘခတ္တိယာမိဖုရားက ရိုရိုသေသေ လေးလေးစားစား သင်ယူလေ့ မရှိပုံ၊ ထိုအကြောင်းအရာကို အရှင်အာနန္ဒာမထေရ်က ပရိသတ်အလယ်၌ ဘုရားရှင်ထံ လျှောက်ထားသည့်အခါ ဘုရားရှင်က တရားတော်ကို ရိုရိုသေသေ မနာယူ မမှတ်သားသော သူသည် အဆင်းသာရှိ၍ အနံ့မရှိသော ပန်းနှင့်တူကြောင်း၊ ရိုသေလေးစားစွာ နာယူမှတ်သားသော သူသည်သာ အဆင်းအနံ့နှင့် ပြည့်စုံသော ပန်းနှင့်တူကြောင်း တရားဟောကြားတော်မူသောအခါ ပရိသတ်များ သောတာပန်တည်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆတ္တမာဏဝကဝတ္ထု

ဤဝတ္ထု၌ သေတဗျမြို့သား ပုဏ္ဏားတစ်ဦး၏သား ဆတ္တမာဏဝကသည် ဥက္ကဋ္ဌမြို့နေ ပေါက္ခရသာတိပုဏ္ဏားကြီးထံ၌ ပညာသင်ပြီးပုံ၊ ပညာသင်ပြီး၍ ဆရာကန်တော့ရန် ငွေကြေး တစ်ထောင်ကို ယူပြီး ဆရာ့ထံ အပြန်တွင် ဘုရားရှင် ကြွရောက်ပြီး သရဏဂုံနှင့် ငါးပါးသီလတို့ကို ခံယူစေပုံ၊ ဆက်လက်သွားစေရာ ခိုးသူတို့ သတ်ဖြတ်သဖြင့် သေဆုံးပြီး တာဝတိံသာ၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဒ္ဒန္တဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဟိမန္တာတောရှိ ဆဒ္ဒန္တအိုင်ကြီးအနီး၌ ဆဒ္ဒန္တဆင်မင်း ဖြစ်စဉ် စူဠသုဘဒ္ဒါ၊ မဟာသုဘဒ္ဒါ ဆင်မိဖုရားနှစ်စီး ခြံရံလျက် စံစားနေပုံ၊ စူဠသုဘဒ္ဒါသည် မိမိအပေါ် ကြဲချသော အင်ကြင်းပန်းတွင် ခါချဉ်ကောင် ပါလာသဖြင့် အလွန်သေးငယ်သည့် အပြစ်ကလေးကြောင့် ဆဒ္ဒန်ဆင်မင်းအပေါ် ရန်ငြိုးဖွဲ့ပုံ၊ မကြာမီ စူဠသုဘဒ္ဒါ သေဆုံး၍ နောက်ဘဝ၌ ကာသိမင်း၏ မိဖုရားကြီးဖြစ်ကာ အတောင်တစ်ရာ့နှစ်ဆယ်ရှိသည့် ဆင်မင်း၏ အစွယ်တော်ကို ဖြတ်ပေးရန် မိမိလင်တော်မောင် ကာသိမင်းအား တောင်းဆိုခဲ့ပုံ၊ မင်းကြီးက သောနုတ္တိုရ်မုဆိုးအား ဖြတ်ခိုင်းပုံ၊ ဆင်မင်းကို မြေတွင်းလိုဏ်ခေါင်းတူး၍ မြားဖြင့် ပစ်ပုံ၊ မြားဒဏ်ရာ အလူးအလဲ ခံစားရင်း စွယ်တော်ကို ဖြတ်၍လှူကာ သဗ္ဗညုတဉာဏ်ရရေး ဆုပန်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆန္နတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဆန္နမထေရ်သည် အာပတ်သင့်စေမည့် အလုပ်များကို ပြုလုပ်သဖြင့် ရဟန်းတော်တို့က အာပတ်ဖြင့် စိစစ်ကြသောအခါ ဘယ်သူ အာပတ်သင့်သလဲ၊ ဘယ်အာပတ် သင့်သလဲ၊ ဘာ့ကြောင့် သင့်သလဲစသဖြင့် လှီးလွှဲပြောဆိုနေသောကြောင့် ‘‘ထိုသို့ လှီးလွှဲ ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဘုရားရှင်က အညဝါဒက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆန္နတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဖွားဖက်တော် ဆန္နမထေရ်သည် အဂ္ဂသာဝကမထေရ်ကြီးတို့ကို မရှုစိမ့်နိုင်ဘဲ ‘‘နောက်မှ ရောက်လာသည့် ရွှေကြာပင်များ’’ဟု ဆဲရေးခဲ့ပုံ၊ ဘုရားရှင် တားမြစ်သော်လည်း မရခဲ့ပုံ၊ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် ဗြဟ္မဒဏ်ပေးခံရသောအခါမှ သတိရ၍ တရားအားထုတ်ရာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၈၇) (ဓမ္မ၊ဋ္ဌ၊၁၊၃၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆန္နတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်ဆန္နမထေရ်၏ ဒါယကာတစ်ဦးက ကျောင်းဆောက်လှူဒါန်းလိုသဖြင့် အရှင်ဆန္နသည် ကျောင်းနေရာကို ရှင်းလင်းခဲ့ပုံ၊ တိုင်းသူပြည်သားတို့ စေတီအဖြစ် ကိုးကွယ်ထားသော သစ်ပင်ကြီးတစ်ပင်ကို ခုတ်လှဲမှုကြောင့် လူတို့က ကဲ့ရဲ့ကြပုံ၊ ဘုရားရှင်က ကျောင်းဆောက်ရန် မြေနေရာကို ရဟန်းတို့အား ပင့်ဖိတ်၍ ပြောကြားပြသရန်၊ ကျောင်းမြေနေရာအဖြစ် သမုတ်ထိုက်သော နေရာကိုသာ ရွေးချယ်ရန် ဝိဟာရကာရသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆန္နတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်ဆန္နသည် ဝိနည်းနှင့် မလျော်သော အပြုအမူတို့ကို ပြုကျင့်သဖြင့် ရဟန်းတို့က ရဟန်းတော်တို့နှင့် မအပ်စပ်ကြောင်း ပြောကြားကြပုံ၊ အရှင်ဆန္နက ‘‘သင်တို့က ငါ့ကို ပြောရမည့်သူ ထင်နေသလား ငါကသာ သင်တို့ကို ပြောရမည်၊ ဘုရားရှင်သည် ငါ၏ အရှင့်သား ဖြစ်သည်၊ သင်တို့သည် အမျိုးအနွယ်မျိုးစုံမှ ဝင်ရောက်လာသည့် ရဟန်းများသာ ဖြစ်သည်’’ စသည်ဖြင့် ပြန်လည် ပြောဆိုခဲ့ပုံ၊ ဘုရားရှင်သည် အရှင်ဆန္နအား ကဲ့ရဲ့တော်မူ၍ ဒုဗ္ဗစသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆန္နတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်ဆန္နမထေရ်၏ အလုပ်အကျွေး အမတ်ကြီးတစ်ဦးသည် အရှင်ဆန္နမထေရ်အတွက် ဆောက်လုပ်ပေးထားသော ကျောင်းကြီးကို အထပ်ထပ်မိုး၊ အထပ်ထပ်လိမ်းကျံသဖြင့် ကျောင်းပြိုကျခဲ့ပုံ၊ ပုဏ္ဏားတစ်ဦး၏ လယ်တွင် မြက်များ, သစ်သားများကို စွန့်ပစ်သောကြောင့် ထိုပုဏ္ဏားက ကဲ့ရဲ့ရှုတ်ချခဲ့ပုံ၊ ထိုသို့ကဲ့ရဲ့ရှုတ်ချမှုကို အကြောင်းပြု၍ ကျောင်းကြီးဆောက်လုပ်ရာ၌ အထပ်ထပ်မိုးခြင်း စသည် မပြုလုပ်ရန် မဟလ္လကဝိဟာရ သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆန္နတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား နူးညံ့သော အတွေ့အထိရှိသည့် သစ်ရွက်အခင်းကို ခင်းပေးပြီး ပတ်ဝန်းကျင်မှ ပန်းတို့ဖြင့် ကြဲဖြန့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် လက်ထက်၌ သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်တွင် ကျွန်မ၏သား ဘုရားအလောင်း၏ ဖွားဖက်တော် ဆန္န ဖြစ်ပုံ၊ သာသနာတော်သို့ ဝင်ရောက်ကာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆန္နတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်ဆန္နမထေရ်သည် ရဟန်းတော်တို့နှင့် မသင့်လျော်သော အမှုကိစ္စများကို ပြုလုပ်နေသဖြင့် ရဟန်းတို့က မအပ်စပ်ကြောင်း ပြောပြရာ မလေးမစား ပြုမူသဖြင့် ‘‘မလေးမစား ပြုမူသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု အနာဒရိယ သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆန္နတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်ဆန္နသည် ရဟန်းတို့နှင့် မအပ်စပ်သော အပြုအမူတို့ကို ပြုကျင့်သဖြင့် ရဟန်းတို့က ဆုံးမရာ အခြားဝိနည်းဓိုရ်တို့ကို မေးပြီးမှ လက်ခံမည်စသည်ဖြင့် ပြောဆိုလွှတ်သောကြောင့် ဘုရားရှင်က ‘‘တရားနည်းလမ်းတကျ ဆုံးမလျက် မနာခံသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သဟဓမ္မိက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆန္နတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကောသမ္ဗီပြည်၌ နေသော အရှင်ဆန္နသည် အာပတ်သင့်သော်လည်း ထိုအာပတ်ကို မရှုလိုသောကြောင့် သံဃာတော်တို့က ကဲ့ရဲ့သဖြင့် ဘုရားရှင်က ဥက္ခေပနီယကံ ပြုရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆန္နတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်ဆန္နသည် အာပတ်သင့်သည်ရှိသော် ထိုအာပတ်ကို ကုစားဖို့ရန် မလိုလားသောကြောင့် ရဟန်းတို့က ကဲ့ရဲ့ရာ ဘုရားရှင် သိတော်မူ၍ ဥက္ခေပနီယကံ ပြုရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုနီဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီဘိက္ခုနီများ၏ စီစဉ်မှုကို ဆဗ္ဗဂ္ဂီရဟန်းများ လက်ခံသာယာခြင်းနှင့် စပ်လျဉ်း၍ ဘုရားရှင်က ထိုသို့စီမံသော ဘိက္ခုနီကို နှင်ထုတ်စေတော်မူပုံ၊ ‘‘ထိုသို့စီမံမှုမျိုးကို သာယာသော ရဟန်းများအား ပါဋိဒေသနီယ အာပတ်သင့်၏’’ဟု ဒုတိယ ပါဋိဒေသနီယ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုနီဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် ရဟန်းတို့အား ကိုယ်ကို လှန်ပြ၊ ရင်သားကို လှန်ပြ၊ ပေါင်၊ အင်္ဂါဇာတ်တို့ကို လှန်ပြ၊ ရိပ်၍ ချိတ်၍ ပြောဆိုကြသဖြင့် ဘုရားရှင်က ထိုကဲ့သို့ မပြရန် မပြောရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆရာဥပဇ္ဈာယ်တို့ကို မပန်ကြားဘဲ သာမဏေတို့အား ကျောင်းထဲ မလာရန် ဒဏ်ပေးကြပုံ၊ သာမဏေများကို မတွေ့၍ ဆရာတို့က ရှာသောအခါ ဒဏ်ထားခံရကြောင်း သိရပုံ၊ ဘုရားရှင်က ‘‘ဆရာဥပဇ္ဈာယ်များကို မပန်ကြားဘဲ ကိုရင်များကို ဒဏ်မပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မထေရ်ကြီးများ၏ တပည့်ကိုရင်များကို လှည့်ပတ်သိမ်းသွင်း စည်းရုံးထားကြသောကြောင့် မထေရ်ကြီးတို့သည် ကိုယ်တိုင်ပင် ဒန်ပူ၊ မျက်နှာသစ်ရေတို့ကို ခပ်ယူကြရသဖြင့် ပင်ပန်းကြကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘အခြားသူ၏ တပည့်ပရိသတ်များကို လှည့်ပတ်စည်းရုံးခြင်း မပြုရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့၌ အသင်းတစ်သင်းသည် သံဃာတော်အား ဆွမ်းကပ် သင်္ကန်းပါ လှူရန် စီစဉ်ထားပုံ၊ ‘‘ဆဗ္ဗဂ္ဂီရဟန်းတို့က သံဃာတော်မှာ ပေါများပါသည်၊ ငါတို့အားသာ လှူပါ’’ဟု ဖိအားပေးကြသဖြင့် သံဃာတော်တို့အား လှူမည့်သင်္ကန်းကို ဆဗ္ဗဂ္ဂီတို့အား လှူလိုက်ရသဖြင့် ကဲ့ရဲ့ရှုတ်ချကြပုံ၊ ဘုရားရှင်က ‘‘သံဃိကလာဘ်ကို မိမိသို့ ညွှတ်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ် အာပတ် သင့်၏’’ဟု ပရိဏတသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ငွေအဖြစ် သုံးစွဲရန် သတ်မှတ်ထားသော ရွှေတုံးရွှေခဲများ၊ ငွေစက္ကူများ၊ ကြေးပိုက်ဆံများ၊ သစ်သားပိုက်ဆံများ၊ ချိပ်ဖြင့် ပြုလုပ်ထားသော ပိုက်ဆံများကို နည်းမျိုးစုံဖြင့် ကိုင်တွယ်၍ ပစ္စည်းဖြင့် လဲလှယ်မှု ပြုကြသဖြင့် လူတို့ ကဲ့ရဲ့ကြသောကြောင့် ဘုရားရှင်က ‘‘ရွှေ,ငွေဖြင့် ဝယ်ယူလဲလှယ်ခြင်း မပြုရ’’ဟု ရူပိယသံဝေါဟာရသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ သာဝတ္တိမြို့တော်ရှိ ဘာသာရေးအသင်းအဖွဲ့တစ်ခုသည် သံဃာတော်များအတွက် သင်္ကန်းကပ်လှူရန် စီစဉ်နေပုံ၊ ဆဗ္ဗဂ္ဂီရဟန်းများ ရှေးဦးစွာ ရောက်ရှိလာပြီး အလှူခံကြပုံ၊ အသင်းဒကာများက သံဃာတော်များကို ရှေးဦးစွာ ကပ်လှူပြီးမှ လှူဒါန်းမည်ဖြစ်ကြောင်း လျှောက်ထားကြပုံ၊ ဆဗ္ဗဂ္ဂီရဟန်းများက အတင်းအကျပ် အလှူခံသဖြင့် ၎င်းတို့ကို ရှေးဦးစွာ လှူဒါန်းလိုက်ရပုံ၊ ဘုရားရှင်က ‘‘သံဃာအတွက် ရည်မှန်းထားသော လာဘ်လာဘကို ပုဂ္ဂိုလ်ကို လွှဲပြောင်းလှူစေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ပရိဏာမန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် တောထဲ၌ ရှိသော ခဝါသည်တို့ ဆေးဆိုးရာနေရာမှ ခဝါထုပ်ကို ခိုးယူ၍ ဝေခြမ်း သုံးစွဲကြပုံ၊ ဘုရားရှင် သိတော်မူသောအခါ ‘‘ရဟန်းဟူသည် တောမှဖြစ်စေ၊ မြို့မှဖြစ်စေ မည်သည့်နေရာမှမဆို ပစ္စည်းများကို ပိုင်ရှင်မပေးက ခိုးမယူရ’’ဟု ဒုတိယပါရာဇိကသိက္ဓာပုဒ်၏ အနုပညတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဖျားနာနေသော ဥပါသကာတစ်ဦး၏ လှပသော မိန်းမကို နှစ်သက်ကြသောကြောင့် သူ၏ ယောက်ျား သေချင်လာအောင် နည်းမျိုးစုံဖြင့် သေခြင်း၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းကြပုံ၊ ထိုသူသည် မသင့်သော အစားအစာများကို စားသဖြင့် သေဆုံးရပုံ၊ ထိုအကြောင်းစုံကို ဘုရားရှင် သိတော်မူသောအခါ ‘‘သေခြင်း၏ ဂုဏ်ကျေးဇူးကို မချီးမွမ်းရ’’ဟု တတိယပါရာဇိကသိက္ခာပုဒ်၏ အနုပညတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မိမိအတွက် ထောပတ်ဆီဦး၊ ပျားရည်၊ ငါး၊ အသား၊ နို့၊ နို့ဓမ်း စသည်တို့ကို တောင်းရမ်းအလှူခံ၍ စားသုံးကြပုံ၊‘‘ အကောင်းကို မည်သူ မကြိုက်ဘဲ ရှိမည်နည်း၊ အားလုံး အကောင်းကြိုက်ကြသည်’’စသည်ဖြင့် လူတို့က ကဲ့ရဲ့ကြပုံ၊ ထိုအကြောင်းကြောင့်‘‘ ထောပတ် စသော မွန်မြတ်သော ဘောဇဉ်ကို တောင်း၍ စားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ပဏီတဘောဇန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် တရားစာပေများကို ပြိုင်တူ လူတို့နှင့် ရွတ်ဆိုကြပုံ၊ လူတို့သည် ရဟန်းတို့အပေါ် ကြည်ညိုလေးစားမှု လျော့နည်းကာ သူငယ်ချင်းပေါင်း ပေါင်းလာကြပုံ၊ ထိုအကြောင်းကြောင့် ‘‘လူတို့နှင့် တရားကို ပြိုင်တူ ရွတ်ဆိုသော ရဟန်းအား ပါစိတ် အာပတ် သင့်၏’’ဟု ပဒသောဓမ္မ သိက္ခာပုဒ်ကို ပညတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီတို့ကို ဆုံးမဩဝါဒပေးသော မထေရ်ကြီးတို့ လာဘ်လာဘပေါများသည်ကို မြင်တွေ့၍ မိမိတို့အထံသို့လည်း ဩဝါဒခံရန် လာရောက်ဖို့ ဘိက္ခုနီတို့အား ပြောဆိုကြပုံ၊ ဘိက္ခူနီများ ဩဝါဒခံရန် လာရောက်ခဲ့ရာ တရားစကား အနည်းငယ်သာ ပြောကြားပြီး တစ်နေ့လုံး တိရစ္ဆာနကထာများကိုသာ ပြောနေကြပုံ၊ ထို့ကြောင့် ဘုရားရှင်က ‘‘သမုတ်မထားဘဲ ဘိက္ခုနီတို့အား မဆုံးမရ’’ဟု ဩဝါဒ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘိက္ခုနီတို့ကို ဆုံးမဩဝါဒပေးသော မထေရ်ကြီးတို့သည် သင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်း(၄)ပါး များစွာ ရကြသည်ကို ဆဗ္ဗဂ္ဂီရဟန်းများက မနာလိုသဖြင့် ‘‘မထေရ်တို့သည် ပစ္စည်းများများ ရရန်် ဘိက္ခုနီများကို ဆုံးမကြကုန်၏’’ဟု ပုတ်ခတ် စွပ်စွဲကြပုံ၊ ထိုအကြောင်းကြောင့် ဘုရားရှင်က ‘‘ထိုသို့ ပုတ်ခတ်စွပ်စွဲသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု အာမိသသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီတို့နှင့် ချိန်းချက်စီရင်၍ လှေစီးပြီး ခရီးသွားကြပုံ၊ လူတို့က‘‘ငါတို့သည် သားမယားတို့နှင့်အတူ လှေစီး၍ ခရီးသွားကြသကဲ့သို့ ရဟန်းတို့သည် ဘိက္ခုနီတို့နှင့်အတူ လှေစီး၍ မသွားသင့်ပါ’’ဟု ကဲ့ရဲ့ကြသောကြောင့် ဘုရားရှင်က ‘‘ဘိက္ခုနီတို့နှင့်အတူ လှှှေှစီး၍ သွားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု နာဝါဘိရုဟန သိက္ခာပုဒ်ကို ပညတ်တော်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၂၊၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီတို့နှင့်အတူ ချိန်းချက်စီရင်၍ ခရီးရှည် ထွက်ကြသောကြောင့် ‘‘ငါတို့သည် သားမယားနှင့်အတူ ခရီးလှည့်လည်ကုန်ကြသကဲ့သို့ ရဟန်းတို့သည် ဘိက္ခုနီတို့နှင့်အတူ စီစဉ်ချိန်းချက်၍ ခရီးမထွက်သင့်ပါ’’ဟု လူတို့က ကဲ့ရဲ့ကြပုံ၊ ဘုရားရှင်က ‘‘ဘိက္ခုနီတို့နှင့် ချိန်းချက်၍ သွားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သံဝိဓာန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းချုပ်ရာ အချိန်အခါ၌ ချည်များကို များစွာ တောင်းကြပြီး သင်္ကန်းချုပ်ပြီးသော်လည်း ချည်များစွာ ကျန်နေသေးပုံ၊ ရက္ကန်းသည်တို့နှင့် ပေါင်းကာ ချည်များကို ထပ်မံတောင်းကြပြီး သင်္ကန်းရက်ကြသဖြင့် လူတို့က ကဲ့ရဲ့ကြပုံ၊ ဘုရားရှင်က ကိုယ်တိုင် ချည်ကို အလှူမခံရန် သုတ္တဝိညတ္တိ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် ရဟန်းတို့အား တိစီဝရိတ်သင်္ကန်း ခွင့်ပြုလိုက်သဖြင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အခြားတိစီဝရိတ်သင်္ကန်းဖြင့် ရွာထဲသို့ ဝင်၍ အခြား တိစီဝရိတ် သင်္ကန်းဖြင့် ကျောင်း၌ နေကြပုံ၊ အခြားတိစီဝရိတ်သင်္ကန်းဖြင့် ရေချိုးကြပုံ၊ ‘‘ပိုလွန်သော သင်္ကန်းကို ဆောင်သော ရဟန်းအား နိဿဂ္ဂိပါစိတ် အာပတ်သင့်၏’’ဟု ပထမ ကထိနသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းလုယက်ခံရသော ရဟန်းတို့အတွက် သင်္ကန်းများစွာကို တောင်းယူကြပုံ၊ လူတို့က ကဲ့ရဲ့ကြပုံ၊ ထိုအကြောင်းကြောင့် ဘုရားရှင်က ‘‘အတိုင်းအရှည် မသိဘဲ နှစ်ထည်ထက် ပို၍ သင်္ကန်းတောင်းသော ရဟန်းအား နိဿဂ္ဂိပါစိတ် အာပတ် သင့်၏’’ဟု တတုတ္တရိသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပိုးထည်ရက်လုပ်သော သူတို့ထံ သွား၍ ‘‘ပိုးချည် ထုတ်လုပ်ပေးသော ပိုးဥ၊ ပိုးကောင်၊ ပိုးအိမ်များကို များများ ပြုတ်ကြပြီး ငါတို့အတွက်လည်း ပိုးချည်နှင့် ရောနှောရက်ထားသော အခင်းများကို လှူကြပါ’’ဟု ပြောဆိုသည်ကို ပိုးချည်ရက်သမားတို့က ကဲ့ရဲ့ကြသဖြင့် ဘုရားရှင်က ပိုးချည်ရောသော အခင်းကို မပြုလုပ်ရန် ကောသိယသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အနက်ရောင်သက်သက်ဖြင့် ရက်ထားသော သိုးမွေးအခင်းတို့ကို သုံးဆောင်ကြပုံ၊ ‘‘ကာမဂုဏ်ခံစားသည့် လူများကဲ့သို့ အနက်ရောင် သိုးမွေးအခင်းများကို သုံးကြသည်’’ဟု ရဟန်းတို့အား လူတို့က ကဲ့ရဲ့ကြပုံ၊ ထိုအကြောင်းကြောင့် ‘‘အနက်ရောင်သက်သက် သိုးမွေးအခင်းကို မပြုလုပ်ရ’’ ဟု ဘုရားရှင်က သုဒ္ဓကာဠကသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ‘‘သိုးမွေးအနက်ထည် သက်သက်ကို မသုံးစွဲရ’’ဟု ပညတ်တော်မူ သဖြင့် အဖြူရောင်အနည်းငယ်ရောကာ ရက်လုပ်ကြပုံ၊ ဘုရားရှင် သိတော်မူ၍ အနက်နှစ်ဆ၊ အဖြူတစ်ဆ၊ အခြားအရောင်တစ်ဆ ရောနှော ရက်လုပ်ကြရန် ဒွေဘာဂသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခူနီတို့အား သိုးမွေးများကို အဖွပ်ခိုင်း၊ ဆေးဆိုးခိုင်း၊ ရှင်းလင်းခိုင်းကြပုံ၊ ဘိက္ခူနီတို့သည် ထိုအမှုဖြင့် စာပေ မသင်ရ၊ ဝိပဿနာ အားမထုတ်ရ ဖြစ်ကြရပုံ၊ ထိုအကြောင်းကို မဟာပဇာပတိ ဂေါတမီထေရီက ဘုရားရှင်အား လျှောက်ထားပုံ၊ ဘုရားရှင်က ရဟန်းမတို့အား ထိုသို့ မခိုင်းရန် ဧဠကလောမဓောဝါပန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သပိတ်ပေါင်းများစွာ သိုမှီးသိမ်းဆည်းထားကြပုံ၊ လူတို့က သပိတ်ကုန်သည်ကြီးများဟု ပြောင်လှောင်ရှုတ်ချကြသောကြောင့် သပိတ်များစွာ မထားရန် ပတ္တသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အချင်းချင်း ခိုက်ရန်ဖြစ်ကာ မတည့်ကြပုံ၊ ရဟန်းတို့ ကွဲပြားစေရန် ရည်ရွယ်၍ တစ်ဦးထံမှ စကားကို တစ်ဦးထံသို့ ပို့ဆောင်ကြပုံ၊ ထိုအကြောင်းကြောင့် ပို၍ အငြင်းအခုံ ဖြစ်လာပုံ၊ ‘‘ကုန်းတိုက်စကား ပြောသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ပေသုည သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အကျင့်သီလရှိကုန်သော ရဟန်းတော်တို့နှင့်အတူ ခိုက်ရန်ဖြစ်ကြပုံ၊ ဆဗ္ဗဂ္ဂီတို့က ယုတ်ညံ့စွာ အမျိုးမျိုး ဆဲရေးကြပုံ၊ ထိုအကြောင်းကြောင့် နန္ဒိဝိသာလဇာတ်တော်ကို ဟောပြတော်မူကာ ‘‘ဆဲရေးသော ရဟ်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဩမသဝါဒ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သက္ကတိုင်း ကပိလဝတ္ထုမြို့ နိဂြောဓာရုံကျောင်းတိုက်၌ သီတင်းသုံးတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆဗ္ဗဂ္ဂီဘိက္ခူနီတို့ရှိရာ ဘိက္ခူနီကျောင်းသို့ သွား၍ ဆုံးမကြပုံ၊ နောင်တွင် ဆဗ္ဗဂ္ဂီဘိက္ခူနီတို့သည် အခြားရဟန်းတို့အထံသို့ အဆုံးအမခံ သွားရန် မလိုက်ကြသည်ကို အကြောင်းပြု၍ ဘုရားရှင်က ‘‘ဘိက္ခူနီကျောင်းသို့ သွား၍ ဆုံးမသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဘိက္ခုနုပဿယ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မြို့နှင့် မနီးမဝေးအရပ်၌ အသင်းတစ်သင်းသည် ဧည့်သည်တို့ တည်းခိုရန် ဇရပ်တစ်ဆောင် ဆောက်ထားပြီး ဆွမ်းကျွေးသော ဝတ်ကို တည်ထောင်ထားပုံ၊ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုနေရာ၌ တည်းခိုပြီး ထိုဆွမ်းကိုသာ စားသုံးနေကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် ကြားသိတော်မူသောအခါ ‘‘ခွင့်ပြုထားသော အချိန်မှအပ ထိုဆွမ်းမျိုးကို စားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု အာဝသထပိဏ္ဍ သိက္ခာပုဒ်ကို ပညတ်တော််မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မိုးတွင်းကာလ၌ ဝတ်ရန် ခွင့်ပြုတော်မူခဲ့သော မိုးရေခံသင်္ကန်းကို မိုးမကျမီ အချိန်ကပင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကြိုတင် ချုပ်လုပ်ကြပြီး ဝတ်ဆင်ကြပုံ၊ မိုးကာလ ရောက်လာသောအခါ သင်္ကန်းစုတ်ပြတ်နေကြသဖြင့် ကိုယ်တုံးလုံး ရေချိုးကြသည်ကို လူတို့ ကဲ့ရဲ့ကြပုံ၊ ဘုရားရှင်က ‘‘မိုးရေခံသင်္ကန်းကို အချိန်မကျရောက်ဘဲ မရှာမှီးရ၊ မဝတ်ရုံရ’’ဟု ဝဿိကသာဋိက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စစ်တိုက်ရန် ထွက်လာသော ပသေနဒီကောသလမင်း၏ စစ်တပ်သို့ သွားရောက်ကြည့်ရှုပုံ၊ ကောသလမင်းကြီးက‘‘စစ်တပ်ကို ကြည့်ရှု၍ အဘယ်အကျိုးရှိအံ့နည်း’’ဟု လျှောက်ထားပုံ၊ လူအများကလည်း ကဲ့ရဲ့ရှုတ်ချကြပုံ၊ ဘုရားရှင်က ‘‘စစ်တပ်သို့ ကြည့်ရှုရန် သွားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဥယျုတ္တသေနာ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စစ်တပ်အတွင်း၌ သုံးညထက် ပိုလွန်၍ ညဉ့်အိပ်ညဉ့်နေ တည်းခိုကြပုံ၊ လူများက ကဲ့ရဲ့ရှုတ်ချကြပုံ၊ မြတ်စွာဘုရား ကြားသိတော်မူသောအခါ ‘‘စစ်တပ်၌ သုံးညဉ့်ထက် ပို၍ နေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သေနာဝါသ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းများသည် စစ်တိုက်ရာသို့လည်းကောင်း၊ ဆင်တပ်, မြင်းတပ်ရှိရာသို့လည်းကောင်း သွားရောက်ကြည့်ရှုကြပုံ၊ စစ်တိုက်ရာသို့ သွားရောက်ကြည့်ရှုစဉ် ရဟန်းတစ်ပါး မြားပစ်ခံရပုံ၊ ဘုရားရှင်က ‘‘စစ်ဆင်ရာ စသည့်အရပ်သို့ သွားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဥယျောဓိက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းများသည် သတ္တရသဝဂ္ဂီအုပ်စုဝင် ရဟန်းငယ်တစ်ပါးကို ‘ကလိ’ထိုး ကစားကာ ရယ်မောအောင် ပြုလုပ်ကြပုံ၊ ရဟန်းငယ်တစ်ပါး အရယ်လွန်ကာ အသက်သေဆုံးခဲ့ရပုံ၊ ရဟန်းကောင်းများက ကဲ့ရဲ့ရှုတ်ချကြပုံ၊ ဘုရားရှင်က ‘‘ကလိထိုးသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု အင်္ဂုလိပတောဒက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ တရားနှင့် အညီ ငြိမ်းအေးပြီးသော အဓိကရုဏ်းကို ဆဗ္ဗဂ္ဂီရဟန်းတို့သည် နောက်ထပ် ဖြစ်ပေါ်စေရန် လှုံ့ဆော်တိုက်တွန်းကြပုံ၊ ထိုအကြောင်းကြောင့် ဘုရားရှင်က ‘‘ငြိမ်းအေးပြီးသော အဓိကရုဏ်းကို ပြန်လည်ဖြစ်ပေါ်စေရန် လှုံ့ဆော်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဥက္ကောဋန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်က ဥပါလိမထေရ်အား ဝိနည်းအကြောင်းအရာနှင့် ပတ်သက်၍ ချီးကျူးတော်မူခဲ့ပုံ၊ မထေရ်ကြီး, မထေရ်လတ်, မထေရ်ငယ်များက ဥပါလိမထေရ်ထံတွင် ဝိနည်းသင်ယူကြပုံ၊ ဆဗ္ဗဂ္ဂီရဟန်းများက ဝိနည်းသင်ယူနေကြသည့် ရဟန်းတော်များအား သိက္ခာပုဒ်သေးသေးငယ်ငယ်များကို သင်ယူခြင်းဖြင့် အကျိုးမရှိကြောင်း ပြောကြားကြပုံ၊ ဘုရားရှင်က ‘‘သိက္ခာပုဒ်များကို ရှုတ်ချသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဝိလေခန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၂၊၁၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းတစ်ပါးကို အခြေအမြစ်မရှိဘဲ သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲကြပုံ၊ ရဟန်းကောင်းများက ဆဗ္ဗဂ္ဂီရဟန်းများကို ကဲ့ရဲ့ရှုတ်ချပြီး ဘုရားရှင်အား လျှောက်ထားကြပုံ၊ ဘုရားရှင်က အခြေအမြစ်မရှိဘဲ ထိုသို့ စွပ်စွဲသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု အမူလက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် တရားနှင့်ညီသော သံဃာ့ကံများကို တရားနှင့်ညီကြောင်း၊ သဘောတူကြောင်း အသိအမှတ်ပြုပြီးနောက်မှ ရှုတ်ချကဲ့ရဲ့ကြပုံ၊ ထိုအကြောင်းကြောင့် ဘုရားရှင်က ‘‘သဘောတူကြောင်း ဆန္ဒပေးပြီးနောက်မှ ကဲ့ရဲ့ ရှုတ်ချသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ကမ္မပဋိဗာန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၂၊၁၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဝိနည်းကံ အမှုကိစ္စပြုနေစဉ် ဆန္ဒမပေးဘဲ နေရာမှ ထပြန်သွားကြပုံ၊ ဘုရားရှင်က ‘‘ဆန္ဒမပေးဘဲ ထပြန်သွားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဆန္ဒံ အဒတွာ ဂမန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့၏ နေလွဲအခါ၌ ရွာထဲ ဝင်ခြင်းကို အကြောင်းပြု၍ ‘‘နေလွဲအခါ၌ ရွာထဲ ဝင်သော ရဟန်းအား ပါစိတ်အာပတ်သင့်၏’’ဟု ဝိကာလ ဂါမပ္ပဝိသန သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ၊ နောင်အခါ ရွာထဲသို့ မဝင်ရောက်ကြဘဲ ရွာအပြင်၌ နေကြသော ရဟန်းများ ဓားပြတိုက်ခံကြရခြင်းကို အကြောင်းပြု၍ နေလွဲအချိန်၌ ရွာထဲ ဝင်ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လဲမှို့သွတ်ထားသော အင်းပျဉ် ညောင်စောင်းစသည်ကို ပြုလုပ်အသုံးပြုကြပုံ၊ မြတ်စွာဘုရားရှင်က ‘‘လဲမှို့သွတ်ထားသော အင်းပျဉ် ညောင်စောင်းတို့ကို ပြုစေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု တူလောနဒ္ဓ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းများသည် ဘုရားရှင်က ‘‘နိသီဒိုင်အခင်းများ ခွင့်ပြုထားသည်’’ ဟု ဆိုကာ အတိုင်းအရှည်မရှိသော နိသီဒိုင်အခင်းများကို ပြုလုပ်ကြပုံ၊ အဆိုပါ ရှည်လျား ကြီးမားသော နိသီဒိုင်အခင်းများကို ညောင်စောင်း အင်းပျဉ်စသည်တို့၏ ရှေ့နောက်တို့၌ တွဲလျားချကာ ခင်းထားကြပုံ၊ ဘုရားရှင်က နိသီဒိုင်၏ အတိုင်းအရှည် ပမာဏကို သတ်မှတ်၍ ‘‘ထိုပမာဏကို မကျော်လွန်စေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု နိသီဒန သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အနာလွှမ်းအဝတ်ကို အတိုင်းအတာမသိ ပြုလုပ်ကြပုံ၊ မြတ်စွာဘုရားက အတိုင်းအတာနှင့် ညီညွတ်သော အနာလွှမ်းအဝတ်ကို သုံးစွဲရန် ကဏ္ဍုပ္ပဋိစ္ဆာဒိ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းများသည် သီလကို မြတ်နိုးသော ရဟန်းကောင်းများနှင့် ငြင်းခုံခိုက်ရန် ဖြစ်ကြပုံ၊ ရဟန်းကောင်းများ တိုင်ပင်နှီးနှောရာ ဌာနသို့ ဆဗ္ဗဂ္ဂီရဟန်းများ ချောင်းမြောင်း နားထောင်ကြပုံ၊ ဘုရားရှင်က ထိုသို့ ‘‘ချောင်း၍ နားမထောင်ရ’’ဟု ဥပဿုတိ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းများသည် သံဃာတော်များ ဆွမ်းကွမ်းဆိုင်ရာ စီမံရာဖြစ်သော ဆွမ်းစားကျောင်း၌ အသံကျယ်ကျယ် စကားများများ ပြောဆို၍ ဆူညံနှောင့်ယှက်နေပုံ၊ ဘုရားရှင်အား လျှောက်ထားသောအခါ ‘‘စကားများခြင်းဖြင့် သူတစ်ပါးကို နှိပ်စက်သူသည် ပညာရှိ မဟုတ်’’ ဟု ဟောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဇေတဝန်ကျောင်းတော်ရှိ နေရာကောင်း နေရာသန့် မှန်သမျှကို ဦးယူထားကြပုံ၊ မထေရ်ကြီးများက နေရာကောင်းများမှ ဖယ်ခိုင်းကြသောအခါ မထေရ်ကြီးများ၏ အကြားတွင် တိုးဝှေ့အိပ်ကြပုံ၊ ဘုရားရှင်က ‘‘ရှေးဦးစွာ ရောက်နှင့်သော ရဟန်းကို အလိုဆန္ဒဆိုးဖြင့် တိုးဝှေ့အိပ်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု အနုပခဇ္ဇသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းများသည် သတ္တရသဝဂ္ဂီရဟန်းငယ်တို့အား ‘‘သင်တို့သည် အသက် နှစ်ဆယ် မပြည့်သော ရဟန်းငယ်များ ဖြစ်ကြ၏၊ ရဟန်းစစ်စစ် ဖြစ်ကြပါ၏လော’’-စသည်ဖြင့် စိတ်ပူပန်အောင် ပြောဆိုကြပုံ၊ သတ္တရသဝဂ္ဂီရဟန်းငယ်များ စိတ်ပူပန်လျက် ငိုကြွေးမြည်တမ်းကြပုံ၊ ဘုရားရှင်က ‘‘အလိုဆန္ဒဆိုးဖြင့် အခြားရဟန်းတစ်ပါးအား သို့လော သို့လော တွေးတောမှုဖြစ်စေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သဉ္စိစ္စ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၂၊၁၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ သပိတ်ကွဲ, သပိတ်ပျောက်လျှင် သပိတ်သစ်အလှူခံနိုင်ကြောင်း ခွင့်ပြုချက်ရသဖြင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အနည်းငယ် သပိတ်ကွဲရုံမျှဖြင့် သပိတ်အသစ်များကို တောင်းပြန်ကြသောကြောင့် ကွဲရာကို ၅-ချက်ချုပ်ပြီး သုံးမရမှသာလျှင် အသစ်တောင်းရမည်ဟု ဦးနပဉ္စဗန္ဓန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် မာတုဂါမတို့အား ငါးခွန်းခြောက်ခွန်း တရားဟောခွင့် ပြုပြီဟု သိလျှင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိနားလည်သော ယောကျ်ားတစ်ဦးတစ်လေ အနားမှာ မထားဘဲ မာတုဂါမတို့အား တရားဟောကြပြန်သဖြင့် သိနားလည်သော ယောကျ်ားတစ်ယောက် အနားမှာ မထားဘဲ မာတုဂါမများကို ငါးခွန်းခြောက်ခွန်းမျှ တရားကိုပင် မဟောရဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘိက္ခုနီတို့အား ဆုံးမရန် သမ္မုတိရသော မထေရ်ကြီးတို့သည် လာဘ်လာဘပေါများကြသည်ကို တွေ့ရသဖြင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိမ်တွင်မဟုတ်ဘဲ အခြားနေရာတွင် မိမိတို့ကိုယ်ကို ဩဝါဒသမ္မုတိအဖြစ် သမုတ်ကြပြီး ဘိက္ခုနီတို့ကို ဆုံးမကြပုံ၊ တရားစကား နည်းနည်းပြောပြီး တိရစ္ဆာနကထာများကိုသာ ပြောဆိုကြသဖြင့် ဘုရားရှင်က အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ရဟန်းကိုသာ ဘိက္ခုနောဝါဒက သမ္မုတိ ပေးရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီရဟန်းတို့အား ခြောက်လှန့်ကြသဖြင့် ‘‘ရဟန်းတစ်ပါးကို ခြောက်လှန့်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု အနာဒရိယသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပိုးမွှားများပါသော ရေကို သုံးစွဲကြသဖြင့် ‘‘ပိုးမွှားပါသော ရေကို သုံးစွဲသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သပ္ပါဏက သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘုရားရှင်၏ အယူတော်ကို ဆန့်ကျင်နေသော အရိဋ္ဌရဟန်းအား ပေါင်းသင်းဆက်ဆံ၍ အားပေးအားမြှောက် ပြုနေသဖြင့် ‘‘ထိုကဲ့သို့သော ရဟန်းနှင့် ပေါင်းသင်းဆက်ဆံသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဥက္ခိတ္တသံမ္ဘောဂ သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မအပ်စပ်သော အမှုတို့ကို ပြုကျင့်ကြသဖြင့် ရဟန်းတို့က ဆုံးမပြောဆိုကြသောအခါ သိက္ခာပုဒ်ပညတ်ထားကြောင်း၊ ပါတိမောက်ထဲပါဝင်ကြောင်း ယခုမှ သိရပါသည်ဟု ပြောဆိုကြပုံ၊ ထို့ကြောင့် ဘုရားရှင်က ‘‘ထို့သို့ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု မောဟန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်က မိုးရေခံသင်္ကန်း သုံးစွဲခွင့်ကို ခွင့်ပြုတော်မူလျှင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အတိုင်းအတာမရှိ ချုပ်ကြပုံ၊ သင်္ကန်းကြီးများကို ရှေ့မှနောက်မှ ဒရွတ်ဆွဲပြီး ကြည်ညိုဖွယ်မရှိ သွားလာနေကြပုံ၊ ဘုရားရှင် သိတော်မူ၍ မိုးရေခံသင်္ကန်းကို အတိုင်းအတာ ပမာဏအတိုင်းသာ ချုပ်ရမည်ဟု ဝဿိကသာဋိက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်းပိုင်ကိုဝတ်သောအခါ ရှေ့တွဲလွဲ နောက်တွဲလွဲ မညီမညာ ဖရိုဖရဲ ဝတ်ကြသဖြင့် လူတို့က ကဲ့ရဲ့ကြသောကြောင့် ‘‘ဒူးဆစ်နှင့်ချက် ဖုံးလွှမ်းပြီး သင်းပိုင်ကို အဝန်းညီစွာ ဝတ်ရမည်’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဧကသီကို မညီမညာ ရုံကြသဖြင့် ‘‘ဧကသီကို ညီညာစွာ ရုံရမည်’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခန္ဓာကိုယ်ကိုဖေါ်၍ မြို့ရွာတွင်း၌ သွားလာနေကြသောကြောင့် ‘‘မြို့ရွာတွင်း၌ ခန္ဓာကိုယ်ကို ကောင်းစွာဖုံးလျက် သွားရမည်’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခန္ဓာကိုယ်ကို ဖေါ်၍ မြို့ရွာတွင်း၌ ထိုင်ကြသောကြောင့် ‘‘မြို့ရွာတွင်း၌ ခန္ဓာကိုယ်ကို ကောင်းစွာ ဖုံးလွှမ်းလျက် ထိုင်ရမည်’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာတွင်း၌ လက်ခြေတို့ကို လှုပ်ရမ်းလျက် သွားကြသောကြောင့် ‘‘မြို့ရွာတွင်း၌ လက်ခြေတို့ကို လှုပ်ရမ်းလျက် မသွားရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာတွင်း၌ လက်ခြေတို့ကို လှုပ်ရမ်းလျက် ထိုင်နေကြသောကြောင့် ‘‘မြို့ရွာတွင်း၌ လက်ခြေတို့ကို လှုပ်ရမ်းလျက် မထိုင်ရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့တွင်းရွာတွင်း၌ ဟိုဟိုသည်သည် ငေးမောကြည့်ရှုလျက် သွားကြသောကြောင့် ‘‘မြို့ရွာတွင်း၌ မျက်လွှာချ၍ သွားရမည်’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတိုသည် မြို့တွင်းရွာတွင်း၌ ဟိုဟိုသည်သည် ငေးမော ကြည့်ရှုလျက် ထိုင်နေကြသောကြောင့် ‘‘မြို့ရွာတွင်း၌ မျက်လွှာချ၍ ထိုင်နေရမည်’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းကို မလျက် သင်းပိုင်ဧကသီများကို အထက်သို့ ပင့်ကာ, ပင့်ကာ စွန်တောင်ဆွဲကာ မြို့ရွာတွင်း၌ သွားလာနေထိုင်ကြသဖြင့် ‘‘မြို့ရွာတွင်း၌ သင်္ကန်းကို မ,လျက် မသွားရ၊ မထိုင်ရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့တွင်းရွာတွင်း၌ ကျယ်ကျယ်လောင်လောင် တဝါးဝါး တဟားဟား ရယ်မောပြောဆိုလျက် သွားကြ, နေထိုင်ကြသောကြောင့် ‘‘မြို့ရွာတွင်း၌ ပြင်းထန်စွာ ရယ်မောလျက် မသွားရ၊ မနေထိုင်ရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့တွင်းရွာတွင်း၌ ကျယ်ကျယ်လောင်လောင် စူးစူးဝါးဝါး အော်ဟစ်ပြောဆိုကြသောကြောင့် ‘‘မြို့ရွာတွင်း၌ တိုးတိုးညင်သာ စကားပြောဆိုလျက် သွားလာနေထိုင်ရမည်’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့တွင်းရွာတွင်း၌ ခန္ဓာကိုယ်ကို လှုပ်ရမ်း၍ သွားလာနေကြသောကြောင့် ‘‘မြို့ရွာတွင်း၌ ခန္ဓာကိုယ်ကို လှုပ်ရမ်း၍ မသွားရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာတွင်း၌ လက်ရုံးကို လှုပ်ရမ်း၍ သွားလာနေထိုင်ကြသောကြောင့် ‘‘မြို့ရွာတွင်း၌ လက်ရုံးကို လှုပ်ရမ်း၍ မသွားရ၊ မနေထိုင်ရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ ဦးခေါင်းကို လှုပ်ရမ်း၍ သွားလာ နေထိုင်ကြသောကြောင့် ‘‘မြို့ရွာတွင်း၌ ဦးခေါင်းကို လှုပ်ရမ်းလျက် မသွားရ၊ မနေထိုင်ရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာတွင်း၌ လက်တစ်ဖက် ခါးထောက်၍လည်းကောင်း၊ လက်နှစ်ဖက်လုံး ခါးထောက်၍လည်းကောင်း မလေးစားသောအမူအရာဖြင့် မြို့ရွာတွင်း၌ သွားလာ နေထိုင်ကြသောကြောင့် ‘‘မြို့ရွာတွင်း၌ ခါးထောက်၍ မသွားရ၊ မနေထိုင်ရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာတွင်း၌ ဦးခေါင်းကို ခြုံလျက် သွားလာနေထိုင်ကြသောကြောင့် ‘‘မြို့ရွာတွင်း၌ ခေါင်းမြီးခြုံလျက် မသွားရ၊ မနေထိုင်ရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာတွင်း၌ ဖဝါးစွန်းနင်းလျက် သွားလာကြသောကြောင့် ‘‘မြို့ရွာတွင်း၌ ဖဝါးစွန်းနင်းလျက် မသွားရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာတွင်း၌ ဒူးနှစ်ဖက်ကို ထောင်၍ လက်အဝတ်တို့ဖြင့် ပတ်ဖွဲ့လျက် ထိုင်ကြသောကြောင့် ‘‘မြို့ရွာတွင်း၌ လက်အဝတ်တို့ဖြင့် ပတ်ဖွဲ့လျက် မထိုင်ရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းကို ခံယူသောအခါ မရိုမသေ မလေးမစား ခံယူကြပုံ၊ စွန့်ပစ်မည့်ပုံမျိုး ခံယူကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘ဆွမ်းကို တရိုတသေ တလေးတစား ခံယူရမည်’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဟိုဟိုသည်သည် ငေးမောလျက် ဆွမ်းကို ခံယူကြပုံ၊ ဆွမ်းလောင်းပြီး၊ မပြီးကိုပင် မသိလိုက်ကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘သပိတ်၌သာ အာရုံစိုက် သတိထား၍ ဆွမ်းကို ခံယူရမည်’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းခံသောအခါ ဟင်းကို များစွာ ခံယူကြသဖြင့် ဘုရားရှင်က ‘‘ဆွမ်းနှင့်ဟင်း မျှတစွာ ခံယူရမည်’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းကို ခံယူသောအခါ ပြည့်မောက် ပိုလျှံနေအောင် ခံယူကြသဖြင့် ဘုရားရှင်က ‘‘သပိတ်အတွင်း အနားရေးနှင့် အညီသာ ဆွမ်းကို ခံယူရမည်’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ မစားချင်သည့်ပုံမျိုးနှင့် မလေးမစား စားကြသောကြောင့် ဘုရားရှင်က ‘‘ဆွမ်းကို လေးလေးစားစား သတိနှင့် စားရမည်’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ဟိုဟိုသည် ငေးမောကြည့်ရှုလျက် စားကြပုံ၊ ထို့ကြောင့် ဘုရားရှင်က ‘‘မိမိသပိတ်၌သာ စိတ်ရော မျက်စိပါ ထားပြီး သတိရှိရှိ ဣန္ဒြေသိက္ခာပြည့်ဝစွာ သုံးဆောင်ရမည်’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ သပိတ်ထဲရှိ ဆွမ်းများကို ဟိုနေရာ သည်နေရာမှ ဆွမ်းနှင့်ဟင်းကို ဖောက်နှိုက်၍ ဖရိုဖရဲ စားသောက်ကြသောကြောင့် ဘုရားရှင်က ‘‘ဆွမ်းစားလျှင် မိမိဘက် အခြမ်းမှစ၍ အစဉ်အတိုင်း စားသောက်ရမည်၊ သပ်ရပ်စွာ စားရမည်’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ဟင်းကိုသာ အများအပြား စားသုံးကြသဖြင့် ဘုရားရှင်က ‘‘ဆွမ်းနှင့်ဟင်း မျှတစွာ စားသုံးရမည်’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ အလယ်တည့်တည့်မှ နှိုက်၍ စားကြသောကြောင့် ဘုရားရှင်က ‘‘ဆွမ်းစားသောအခါ အလယ်တည့်တည့်မှ ဖောက်၍ နှိုက်၍ မစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ဟင်းများများ ရယူလိုသဖြင့် ပဲဟင်းနှင့် အခြားဟင်းများကို ဆွမ်းနှင့် ဖုံးဖိ၍ ထားကြသောကြောင့် ဘုရားရှင်က ‘‘ဟင်းများကို ဆွမ်းနှင့် ဖုံးဖိ၍ မထားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မိမိအတွက် ဆွမ်းနှင့် ဟင်းကို တောင်း၍ စားသောက်ကြသောကြောင့် ဘုရားရှင်က ‘‘မိမိအတွက် ဆွမ်းနှင့် ဟင်းကို တောင်း၍ မစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ တောင်းရမ်း၍ မစားသောက်ရန် သိက္ခာပုဒ် ပညတ်ပြီးဖြစ်၍ ဂိလာနရဟန်းတို့သည် မတောင်းဘဲ စားကြသဖြင့် အာဟာရ မပြည့်ဝကြသောကြောင့် ဘုရားရှင်က ဂိလာနရဟန်းတော်များ တောင်း၍ စားသောက်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကဲ့ရဲ့ရှုတ်ချလိုသော စိတ်ထားဖြင့် ဆွမ်းစားနေသော အခြားရဟန်းများ၏ သပိတ်များကို ကြည့်ကြသောကြောင့် ဘုရားရှင်က ‘‘ကဲ့ရဲ့လိုစိတ်ဖြင့် သူတစ်ပါးသပိတ်ကို မကြည့်ရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အလွန်ကြီးသည့် ဆွမ်းလုတ်ကြီးများကို လုပ်၍ စားသုံးကြသောကြောင့် ဘုရားရှင်က ‘‘အလွန်ကြီးသည့် ဆွမ်းလုတ်ကြီးများကို လုပ်၍ မစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုတ်ရှည်ကြီးများကို စားကြသောကြောင့် ဘုရားရှင်က ‘‘ဆွမ်းလုတ်ကို ခပ်ဝိုင်းဝိုင်း ပြုပြင်၍ စားရမည်’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုတ် မရောက်လာမီ ကြိုတင်၍ ပါးစပ်ကို ဖွင့်ထားကြသောကြောင့် ဘုရားရှင်က ‘‘ဆွမ်းလုတ် မရောက်မီ ပါးစပ်ပေါက်ကို ဖွင့်မထားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ လက်ငါးချောင်းလုံးကို ပါးစပ်ထဲ ထည့်၍ စားကြသောကြောင့် ဘုရားရှင်က ‘‘လက်ငါးချောင်းလုံးကို ပါးစပ်ထဲ ထည့်၍ ဆွမ်းမစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပါစပ်ထဲ၌ ဆွမ်းလုတ်ရှိစဉ် စကားပြောကြသောကြောင့် ဘုရားရှင်က ‘‘ပါးစပ်ထဲ၌ ဆွမ်းလုတ်ရှိစဉ် စကားမပြောရဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုတ်ကို မြှောက်၍ မြှောက်၍ ပါးစပ်ထဲသို့ သွင်းကြ စားကြသောကြောင့် ဘုရားရှင်က ‘‘ဆွမ်းလုတ်ကို မြှောက်၍ မြှောက်၍ ပါစပ်ထဲသို့ မသွင်းရ၊ မစားရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုတ်ကို ကိုက်ဖြတ်၍ စားကြသောကြောင့် ဘုရားရှင်က ‘‘ဆွမ်းလုတ်ကို ကိုက်ဖြတ်၍ မစားရ’’ဟု သိက္ခာပုဒ်ပ ညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မျောက်ကဲ့သို့ ပါးစောင်း၌ ထား၍ စားသောက်ကြသဖြင့် ဘုရားရှင်က မျောက်ကဲ့သို့ ပါးစောင်၌ ထား၍ မစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ လက်တွင် ပေကျံနေသော ဆွမ်းလုံးများကို ခါ၍ခါ၍ စားကြသောကြောင့် ဘုရားရှင်က ‘‘လက်ကို ခါ၍ ဆွမ်း မစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုံးများ ပြန့်ကျဲဖိတ်စင်အောင် စားကြသောကြောင့် ဘုရားရှင်က ‘‘ဆွမ်းလုံးများ ပြန့်ကျဲဖိတ်စင်အောင် မစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ လျှာကို ထုတ်၍ စားကြသောကြောင့် ဘုရားရှင်က ‘‘လျှာထုတ်၍ ဆွမ်း မစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ပျတ်ပျတ်စပ်စပ်အသံမြည်အောင် စားကြသောကြောင့် ဘုရားရှင်က ‘‘ပျတ်ပျတ် စပ်စပ် အသံမြည်အောင် ဆွမ်းမစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ဟင်းများပေကျံနေသော လက်ချောင်းများကို လျှာဖြင့် လျက်၍ စားကြသောကြောင့် ဘုရားရှင်က ‘‘လက်ကို လျက်၍ မစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားပြီးသောအခါ သပိတ်ကို ခြစ်၍ စားသောက်ကြသောကြောင့် ဘုရားရှင်က ‘‘သပိတ်ကို ခြစ်၍ မစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ နှုတ်ခမ်းကို လျက်၍ စားကြသောကြောင့် ဘုရားရှင်က ‘‘နှုတ်ခမ်းကို လျက်၍ မစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထီးဆောင်းထားသောသူအား တရားဟောပြကြသဖြင့် ဘုရားရှင်က ‘‘ထီးဆောင်းထားသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မဖျားမနာဘဲ တုတ်ကိုင်ထားသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ တရားဟောကြသဖြင့် ဘုရားရှင်က ‘‘မဖျားမနာဘဲ တုတ်ကိုင်ထားသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မဖျားမနာဘဲလျက် ဓားလက်နက် ကိုင်ထားသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ တရားဟောကြသဖြင့် ဘုရားရှင်က ‘‘မဖျားမနာဘဲ ဓားလက်နက်ကိုင်ထားသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မဖျားမနာဘဲ လက်နက် ကိုင်ထားသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ တရားဟောကြသဖြင့် ဘုရားရှင်က ‘‘မဖျားမနာဘဲ လက်နက်ကိုင်ထားသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မဖျားမနာဘဲ ခြေနင်းစီးထားသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ တရားဟောကြသဖြင့် ‘‘မဖျားမနာဘဲ ခြေနင်းစီးထားသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မဖျားမနာဘဲ ဖိနပ်စီးထားသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ တရားဟောကြသဖြင့် ဘုရားရှင်က‘‘မဖျားမနာဘဲ ဖိနပ်စီးထားသူအား တရားမဟောရ’’ဟု သိက္ခာပုဒ်ပညတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မဖျားမနာဘဲ ယဉ်စီးထားသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ တရားဟောကြသဖြင့် ဘုရားရှင်က ‘‘ယာဉ်စီးနေသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မဖျားမနာဘဲ အိပ်ရာ၌ နေသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ တရားဟောကြသဖြင့် ဘုရားရှင်က ‘‘မဖျားမနာဘဲ အိပ်ရာ၌ နေသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်ခူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မဖျားမနာဘဲ လက်အာယောဂပတ် ပုဆိုးအဝတ်အာယောဂပတ်ဖွဲ့၍ ထိုင်နေသောသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ တရားဟောကြသဖြင့် ဘုရားရှင်က ‘‘မဖျားမနာဘဲ လက်အာယောဂပတ် ပုဆိုးအာယောဂပတ် ဖွဲ့၍ ထိုင်နေသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မဖျားမနာဘဲ ခေါင်းပေါင်းထားသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ တရားဟောကြသဖြင့် ဘုရားရှင်က ‘‘မဖျားမနာဘဲ ဦးပေါင်းပေါင်းထားသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မဖျားမနာဘဲ ခေါင်းမြီးခြုံထားသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ တရားဟောကြသဖြင့် ဘုရားရှင်က ‘‘မဖျားမနာဘဲ ခေါင်းမြီးခြုံထားသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မိမိတို့ကိုယ်တိုင် မြေကြီးမှာ ထိုင်ကြပြီး မဖျားမနာဘဲ နေရာ၌ ထိုင်နေကြသူအား တရားဟောကြသဖြင့် ဘုရားရှင်က ‘‘မြေကြီးမှာ ထိုင်ပြီး မဖျားမနာဘဲ နေရာမှာ ထိုင်နေသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မိမိတို့ကိုယ်တိုင် နိမ့်ကျသောနေရာမှာ ထိုင်နေကြပြီး မဖျားမနာဘဲ မြင့်သောနေရာမှာ ထိုင်နေကြသူများအား တရားဟောကြသဖြင့် ဘုရားရှင်က ‘‘နိမ့်သောနေရာ၌ ထိုင်၍ မဖျားမနာဘဲ မြင့်သောနေရာ၌ ထိုင်နေသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မိမိကိုယ်တိုင်က ရပ်လျက် မဖျားမနာဘဲ ထိုင်နေသော သူအား တရားဟောကြသဖြင့် ဘုရားရှင်က ‘‘ရပ်လျက် မဖျားမနာဘဲ ထိုင်နေသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မဖျားမနာဘဲ ရှေ့က သွားနေသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ နောက်က လိုက်၍ တရားဟောကြသဖြင့် ဘုရားရှင်က ‘‘နောက်ကသွားသူသည် မဖျားမနာဘဲ ရှေ့ကသွားနေသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မဖျားမနာဘဲ လမ်းပေါ်၌ သွားနေသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ လမ်းဘေးမှ လိုက်၍ တရားဟောကြသဖြင့် ဘုရားရှင်က ‘‘လမ်းဘေးမှ လိုက်နေသော ရဟန်းသည် မဖျားမနာဘဲ လမ်းပေါ်၌ သွားနေသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မဖျားမနာဘဲ မတ်တတ်ရပ်လျက် ကျင်ကြီးကျင်ငယ် စွန့်ကြသဖြင့် ဘုရားရှင်က ‘‘မဖျားမနာဘဲ မတ်တတ်ရပ်လျက် ကျင်ကြီးကျင်ငယ် မစွန့်ရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မဖျားမနာဘဲ စိမ်းစိုရှင်သန်နေသော မြက်သစ်ပင်တို့ ရှိရာအရပ်၌ ကျင်ကြီးကျင်ငယ် စွန့်ကြသဖြင့် ဘုရားရှင်က ‘‘မဖျားမနာဘဲ စိမ်းသောမြက်သစ်ပင်ရှိရာ နေရာ၌ ကျင်ကြီးကျင်ငယ် မစွန့်ရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မဖျားမနာဘဲ ရေထဲ၌ ကျင်ကြီးကျင်ငယ် တံတွေးများကို စွန့်ပစ်ကြသဖြင့် ဘုရားရှင်က ‘‘မဖျားမနာဘဲ ရေထဲ၌ ကျင်ကြီးကျင်ငယ် တံတွေး မစွန့်ရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အညို၊ အဝါ၊ အနီ၊ အမောင်း၊ အမည်း၊ လိမ္မော်၊ ဖက်ရွက်ရော်ရောင် ဖိနပ်တို့ကို စီးကြပုံ၊ သဲကြိုးအရောင်စုံတပ်သော ဖိနပ်၊ ဖနောင့်အဖုံးတပ်သော ဖိနပ်၊ ခြေသလုံးဖုံးသော ဖိနပ်၊ ဖမိုးဖနောင့်ဖုံးသော ဖိနပ်၊ လဲမှို့သွပ်သော ဖိနပ်၊ ခါတောင်ကဲ့သို့ သဲကြိုးပြောက်ကျားတပ်သော ဖိနပ်၊ ဆိတ်ချိုကဲ့သို့ သဲကြိုးတပ်သော ဖိနပ်၊ ကင်းမြီးကောက်လက်မကဲ့သို့ သဲကြိုးတပ်သော ဖိနပ်၊ ဥဒေါင်းမွေးတို့ဖြင့် ချုပ်သော ဖိနပ်၊ ဆန်းကြယ်သော ဖိနပ်တို့ကို စီးကြပုံ၊ ကာမဂုဏ်ခံစားသော လူတို့နှင့် တူကုန်၏ဟု လူတို့က ကဲ့ရဲ့ကြသဖြင့် ဘုရားရှင်က ထိုဖိနပ်မျိုးတို့ကို မစီးရန် သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခြင်္သေ့ရေအနားပတ်သော ဖိနပ်၊ ကျားရေ၊ သစ်ရေ၊ သစ်နက်ရေ၊ ဖျံရေ၊ ကြောင်ရေ၊ ရှဉ့်နက်ရေ၊ ရှူးပျံရေအနားပတ်သော ဖိနပ်တို့ကို စီးကြပုံ၊ လူတို့က ‘‘ကာမဂုဏ်ခံစားသည့် လူတို့နှင့် မခြား တူလှသည်’’ဟု ကဲ့ရဲ့ကြသဖြင့် ဘုရားရှင်က ထိုဖိနပ်မျိုးကို မစီးရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် လွင်တီးခေါင်၌ ဖိနပ်မစီးဘဲ လမ်းလျှောက်နေပုံ၊ မထေရ်ကြီးတို့ကလည်း ဖိနပ်မစီးဘဲ လျှောက်နေကြပုံ၊ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘုရားရှင်နှင့် မထေရ်ကြီးတို့ ဖိနပ်မပါဘဲ လမ်းလျှောက်နေပါလျက် ဖိနပ်စီးလျက် လမ်းလျှောက်ကြပုံ၊ ဘုရားရှင် သိတော်မူ၍ လူတို့သည်ပင် အသက်မွေးဝမ်းကျောင်းသင်ပေးသော မိမိတို့၏ ဆရာကို လေးစားသမှု ပြုကြပါလျက် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့က ဆရာသမား ဆရာသမားအရွယ် မထေရ်ကြီးတို့ကို မရိုမသေ ပြုခြင်းသည် မသင့်လျော်ပေဟု မိန့်တော်မူကာ ကျောင်းတွင်း၌ ဖိနပ်မစီးရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဗာရာဏသီပြည် ဣသိပတနမိဂဒါဝုန်တော၌ သီတင်းသုံးတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထန်းပင်ပေါက်များကို ဖြတ်၍ ထန်းပပ်ဖိနပ်၊ ဝါးပင်ငယ်တို့ကို ဖြတ်၍ ဝါးပပ်ဖိနပ်များကို ပြုလုပ် စီးနင်းကြသောကြောင့် ထန်းပင်ငယ် ဝါးပင်ငယ်တို့ ညှိုးနွမ်းသေကျေ ပျက်စီးကြပုံ၊ လူတို့က သစ်ပင်၌ အသက်ရှိ၏ဟု မှတ်ထင်ကာ ကဲ့ရဲ့ကြသောကြောင့် ထိုဖိနပ်မျိုး မစီးရန် ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အစိရဝတီမြစ်၌ မြစ်ကို ဖြတ်ကူးကြကုန်သော နွားမတို့၏ ဦးချို၊ နားရွက်၊ လည်ပင်း၊ မြီးထူးတို့ကို ကိုင်ကြပြီး ကျောက်ကုန်းထက်၌ တက်စီးကြ၊ တပ်မက်သောစိတ်ဖြင့် နွားမတို့၏ ယောနိမဂ်ကို မိမိတို့၏ အင်္ဂါဇာတ်ဖြင့် တို့ထိကြ၊ နွားငယ်တို့ကို ရေနှစ်သတ်ကြသောကြောင့် ဘုရားရှင်က ‘‘ဦးချိုစသည်ကို မကိုင်ရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ယောကျ်ားမောင်းသော ယာဉ်၊ မိန်းမမောင်းသော ယာဉ်တို့ကို စီးကြသဖြင့် လူတို့က ကဲ့ရဲ့ကြသောကြောင့် ဘုရားရှင်က ‘‘ယာဉ်မစီးရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြင့်လွန်းသော ညောင်စောင်းအင်းပျဉ်၊ ခြေထောက်၌ သားရဲရုပ်ရှိသော ပလ္လင်၊ မွေးရှည်ကော်ဇောကြီး၊ ဆန်းကြယ်သော သားမွေးအခင်း၊ ဖြူသော သားမွေးအခင်း၊ ပန်းပြောက်ခြယ် သားမွေးအခင်း၊ လဲသွတ်အခင်း၊ ရုပ်ပုံခြယ် သားမွေးအခင်း၊ တစ်ဖက်မွေးရှိအခင်း၊ နှစ်ဖက်မွေးရှိအခင်း၊ ရွှေချည်ထိုးအခင်း၊ ပိုးချည်အခင်း၊ သားမွေးအခင်းကြီး၊ ဆင်ကုန်းနှီး၊ မြင်းကုန်းနှီး၊ ရထားခင်းနှီး၊ သစ်နက်ရေအခင်း၊ ဝံပိုင့်ရေအခင်း၊ နီသော မျက်နှာကြက်ရှိ၍ အုံးနီနှစ်ဖက်ရှိ မြင့်သောနေရာ မြတ်သောနေရာတို့ကို သုံးစွဲကြသောကြောင့် လူတို့က ကဲ့ရဲ့ကြသဖြင့် ဘုရားရှင်က ထိုအရာများကို မသုံးစွဲရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရေချိုးကြသောအခါ ကျောင်းတိုင်များ သစ်ပင်များ၌ ကိုယ်ကို ပွတ်တိုက်ကြ၊ ပေါင်၊ လက်မောင်း၊ ရင်ဘတ်၊ ကျောက်ကုန်းတို့ကို ပွတ်တိုက်ကြသဖြင့် လူတို့က ကဲ့ရဲ့ကြသောကြောင့် ဘုရားရှင်က ထိုသို့ မပွတ်တိုက်ရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆံပင်ရှည် ထားကြရာ လူတို့က ကဲ့ရဲ့ကြသဖြင့် ဆံပင်ရှည် မထားဘဲ နှစ်လကြာ၊ သို့မဟုတ် လက်နှစ်သစ်ရှည်ရှည် ထားနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မှန်ထဲ ရေပြည့်ခွက်ထဲ၌ မိမိမျက်နှာပုံသဏ္ဌာန်ကို ကြည့်ကြရာ လူတို့က ကဲ့ရဲ့ကြသဖြင့် ဘုရားရှင်က မှန်မကြည့်ရန် ပညတ်တော်မူခဲ့ပုံ၊ အနာပေါက်လျှင် ကြည့်ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရာဇဂြိုဟ်မြို့ တောင်ထိပ်ပွဲသို့ သွားရောက်ကြည့်ရှုကြရာ လူတို့က ကဲ့ရဲ့ကြသဖြင့် ကပွဲများသို့ မသွားရန် ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အသံဆွဲ၍ ဂီတသံဖြင့် တရားဟောကြရာ လူတို့က ကဲ့ရဲ့ကြသောကြောင့် ဘုရားရှင်က အသံဆွဲ၍ တရားဟောခြင်းအပြစ်ကို ဟောပြတော်မူကာ ‘‘သံရှည်ဆွဲ၍ ဂီတသံဖြင့် တရားမဟောရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထီးဆောင်းလျက် ခရီးသွားနေရာ ဥပါသကာတစ်ယောက်နှင့် အာဇီဝကတို့ အဝေးက ထီးဆောင်းလာသူသည် ရဟန်း သို့မဟုတ် ပရိဗိုဇ်ဟု အလောင်းအစားပြု၍ စောင့်ကြည့်ကြပုံ၊ ရဟန်းများ ဖြစ်နေသဖြင့် ဥပါသကာက ကဲ့ရဲ့သောကြောင့် ‘‘မဖျားမနာဘဲ ထီးမဆောင်းရ’’ဟု ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ၊ ကျောင်းတွင်း၌ကား ထီးဆောင်းခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သစ်ပင်တက်ကြပြီး တစ်ပင်မှတစ်ပင် ကူးနေကြရာ မျောက်များနှင့် တူသည်ဟု လူတို့က ကဲ့ရဲ့ကြပုံ၊ ဘုရားရှင်က ရဟန်းတို့ သစ်ပင်မတက်ရဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းမတို့အား တပ်မက်သောစိတ်ဖြင့် ရွှံ့ရေဖြင့် လောင်းကြရာ ဘုရားရှင် သိတော်မူသောကြောင့် ‘‘ရဟန်းသည် ရဟန်းမအား၊ ရဟန်းမသည် ရဟန်းအား ရွှံ့ရေဖြင့် မလောင်းရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီတို့အား ခန္ဓာကိုယ်ကို ဖေါ်၍ ပြကြပုံ၊ ပေါင်၊ အင်္ဂါဇာတ်တို့ကို ပြကြပုံ၊ ရိပ်၍ ချိတ်၍ ပြောဆိုကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ထိုသို့ မဖော်ပြရ၊ မပြောရ၊ ပြသော ပြောသောရဟန်းအား ဘိက္ခုနီတို့က ရှိမခိုးရဟူသော ဒဏ်ခတ်မှု ပြုလုပ်နိုင်ကြောင်း ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်က သိမ်သမုတ်ရန် ခွင့်ပြုတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အလွန်ကြီးမားသော သိမ်ကြီးများကို သမုတ်ကြပုံ၊ (၄) (၅) (၆) ယူဇနာထိ ကြီးမားကြသဖြင့် ရဟန်းတို့ ဥပုသ်ပြုရန် လာကြသည်ရှိသော် ပါတိမောက်ရွတ်နေဆဲ ရွတ်ဆိုပြီးမှ ရောက်လာကြပုံ၊ ဘုရားရှင်အား ထိုအကြောင်းကို လျှောက်ထားရာ ဘုရားရှင်က ‘‘အလွန်ဆုံး အကြီးဆုံး သိမ်သည် (၃) ယူဇနာထက် ပို၍ မကြီးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိမ်အချင်းချင်း ယှဉ်စပ်၍ ဖွဲ့ကြသမုတ်ကြပြန်သဖြင့် ဘုရားရှင်အား လျှောက်ထားကြပုံ ဘုရားရှင်က ‘‘ပဌမ သမုတ်သော သိမ်သည် အောင်မြင်ပြီး နောက်သမုတ်သော သိမ်သည် မအောင်မြင်သောကြောင့် သိမ်ချင်းစပ်၍ မသမုတ်ရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိမ်အချင်းချင်း လွှမ်းမိုး၍ သမုတ်ကြပြန်သဖြင့် ဘုရားရှင် သိတော်မူ၍ ‘‘သိမ်ချင်း ထိစပ်လွှမ်းမိုး၍ မသမုတ်ရ။ သိမ်တစ်ခုနှင့် တစ်ခုကြား၌ အပိုင်းအခြားထားပြီး သိမ်သမုတ်ရမည်’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဝါတွင်းကာလ၌ ဝါဆိုကြသော်လည်း ဝါတွင်းကာလမှာပင် ခရီးထွက်ကြပြန်သဖြင့် လူတို့က ကဲ့ရဲ့သောကြောင့် ဘုရားရှင်က ‘‘ဝါကပ်ပြီးနောက် ဝါတွင်းသုံးလလုံး မနေဘဲ ခရီးမထွက်ရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းများသည် သတ္တရသဝဂ္ဂီရဟန်းများကို အိပ်ရာနေရာ ဖယ်မပေးသဖြင့် ရိုက်နှက်ကြပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် ကြားသိတော်မူ၍ ‘‘ရဟန်းကို ရိုက်နှက်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ပဟာရဒါနသိက္ခာပုဒ်ကို ပညတ်တော်မူပုံ၊ သတ္တဝါတို့သည် ကိုယ်နှင့်အသက်ကို ချစ်ခင်မြတ်နိုးကြသဖြင့် ကိုယ်ချင်းစာတရားထားကာ သူတစ်ပါးကို မနှိပ်စက်သင့်ကြောင်း ဘုရားရှင် တရားဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၉၂) (ဓမ္မ၊ဋ္ဌ၊၂၊၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းများသည် သတ္တရသဝဂ္ဂီရဟန်းများကို ‘‘ငါတို့က သိက္ခာဝါကြီးသည် နေရာဖယ်ပေးကြ’’ ဟု ဆိုကာ လက်ဝါးပြင်ဖြင့် ရိုက်နှက်ရန် ရွယ်ကြပုံ၊ သတ္တရသဝဂ္ဂီရဟန်းငယ်များ အောင်ဟစ်ငိုကြွေးကြသဖြင့် ဘုရားရှင် ကြားသိတော်မူ၍ ‘‘ထိုသို့ ရွယ်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု တလသတ္တိကသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၉၃) (ဓမ္မ၊ဋ္ဌ၊၂၊၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရား ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းများသည် သစ်သားခြေနင်းများကိုစီးလျက် တခွပ်ခွပ်ဖြင့် ကျောက်ပြားပေါ်၌ စင်္ကြံလျှောက်နေကြပုံ၊ ထိုအသံကို ဘုရားရှင် ကြားတော်မူပြီး ထိုသို့ မပြုလုပ်ရန် သိက္ခာပုဒ် ပညတ်ကာ ‘‘ရဟန်းမည်သည် ကာယိန္ဒြေစသည်တို့ကို စောင့်ထိန်းသင့်ကြောင်း’’ တရားဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၇၆) (ဓမ္မ၊ဋ္ဌ၊၂၊၂၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မျက်မှောက်တွင် မရှိကြသော ရဟန်းတို့အား တဇ္ဇနီယကံ ပဗ္ဗာဇနီယကံစသည်တို့ကို ပြုကြရာ ရဟန်းတို့က ကဲ့ရဲ့ကြသဖြင့် ဘုရားရှင်က ‘‘မျက်ကွယ်ရဟန်းတို့အား တဇ္ဇနီယကံစသည်ကို မပြုရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၁၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အာပတ်ကို ဝန်မခံကြသော ရဟန်းတို့အား တဇ္ဇနီယကံစသည်ကို ပြုကြရာ ဘုရားရှင်က အာပတ်ကို ဝန်မခံသူအား တဇ္ဇနီယကံ စသည် မပြုရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဝေသာလီမှ သာဝတ္ထိသို့ ကြွတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့သည် နေရာကောင်းများကို ဦးထားကြသဖြင့် နေရာမရှိသောကြောင့် အရှင်သာရိပုတ္တရာမထေရ် သစ်ပင်အောက်၌ တစ်ညလုံး နေရပုံ၊ နံနက်စောစော ဘုရားရှင် ကျိန်းစက်ရာမှ ထတော်သောအခါ ထိုအကြောင်းကို သိတော်မူ၍ သိက္ခာဝါ ကြီးငယ်အလိုက် နေရာယူကြရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ သတ္တရသဝဂ္ဂီရဟန်းတို့သည် ကျောင်းတိုက်ကြီး၏ အစွန်တစ်နေရာရှိ ကျောင်းတစ်ကျောင်းကို ပြင်ဆင်သန့်ရှင်းပြီးကာမှ ဆဗ္ဗဂ္ဂီရဟန်းတို့ ရောက်လာပြီး သူတို့အတွက် ဖြစ်သည်ဟု ဆိုကာ ယူငင်သိမ်းပိုက်ကြပုံ၊ သတ္တရသဝဂ္ဂီတို့၏ လည်ကုပ်ကို ကိုင်ဆောင်၍ နှင်ထုတ်ကြသောကြောင့် သတ္တရသဝဂ္ဂီ ရဟန်းတို့ ငိုယိုနေကြပုံ၊ ဘုရားရှင်က ‘‘သံဃိကကျောင်းမှ ရဟန်းတို့ကို နှင်မထုတ်ရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မိမိတို့အတွက် ကောင်းသောဆွမ်းလှည့်တို့ကို ယူ၍ အခြားရဟန်းတို့အတွက် မကောင်းသော ညံ့သော ဆွမ်းတို့ကို အလှည့်ချကြသောကြောင့် ဘုရားရှင်က ဘတ္တုဒ္ဒေသက=ဆွမ်းလှည့်ချရဟန်းတစ်ပါး သမုတ်ထားရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ချွေးဇရုံးအိမ်၌ မထေရ်ကြီးတို့က တားမြစ်ကြပါသော်လည်း ပမာမခန့် ပြုကြပြီး ထင်းများစွာ ထည့်၍ မီးတောက်အောင် ပြုကြပုံ၊ တံခါးကို ပိတ်၍ တံခါး၌ စုပြုံထိုင်နေကြပုံ၊ မထေရ်တို့ အပူဒဏ် ပြင်းစွာ ခံရသဖြင့် မူးဝေလဲကျကြသောကြောင့် ဘုရားရှင်က ဇန္တာဃရဝတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်း တို့သည် ဟင်းနှင့် ဆွမ်းများကို မိမိအတွက် တောင်းရမ်း၍ စားသုံးကြသဖြင့် လူတို့က ကဲ့ရဲ့ကြသောကြောင့် ရဟန်းသည် မိမိအတွက် ဆွမ်းနှင့် ဟင်းများကို တောင်းရမ်း မစားသောက်ရဟု သိက္ခာပုဒ် ပညတ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဗ္ဗဂ္ဂီယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လောကာယတကျမ်းတို့ကို သင်ယူကြပုံ၊ လူတို့က ကဲ့ရဲ့ကြပုံ၊ ဘုရားရှင်က လောကာယတကျမ်းတွေကို တန်ဖိုးထား အနှစ်အသားပါလှသည်ဟု ထင်နေကြသူတို့သည် သာသနာတော်၌ မကြီးပွားနိုင်ကြောင်း၊ ဓမ္မဝိနယဗုဒ္ဓစာပေကို ရတန်ဖိုးထားသူတို့သည် လောကာယတကျမ်းတို့ကို မသင်ယူကြကြောင်း၊ ထို့ကြောင့် ရဟန်းတို့သည် လောကီလောကုတ္တရာ နှစ်ဖြာအကျိုးမရှိသည့် မိစ္ဆာဒိဋ္ဌိကျမ်းများကို မသင်ရဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆဝဇာတက

ဤဇာတ်တော်၌ ပုရောဟိတ်ထံမှ မန္တန်ကို သင်ယူသော ဘုရင်က မြင့်ရာမှနေ၍ သင်ယူ နေသည်ကို ပေါက်ပင်ခွကြား၌ ပုန်းနေသော ဘုရားအလောင်းဒွန်းစဏ္ဍား တွေ့ရသဖြင့် ကဲ့ရဲ့ပုံ၊ ဆက်လက်၍ လောကီ၊ လောကုတ္တရာ စာပေပညာများကို မည်သူ့ထံမှ သင်ယူသည် ဖြစ်စေ၊ အမျိုးဇာတ် အဆင့်အတန်း၊ ရာထူးနိမ့်မြင့်ကို မကြည့်ဘဲ ဆရာက မြင့်ရာမှသာ နေ၍ သင်ရမည်ဖြစ်ကြောင်း ဟောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဆသကျပဗ္ဗဇိတဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် မလ္လတိုင်း အနုပိယနိဂုံး၌ သီတင်းသုံးနေတော်မူစဉ် မဟာနာမ် သာကီဝင်မင်းနှင့် ညီတော်အနုရုဒ္ဓါမင်းသားတို့ သာသနာ့ဘောင် ဝင်ရောက်ရန် တိုင်ပင်ကြပုံ၊ အနုရုဒ္ဓါမင်းသား၏ မိခင်ကြီးက ဘဒ္ဒိယမင်းသားနှင့်အတူ ရဟန်းဝတ်ခွင့် ပြုခဲ့ပုံ၊ သာကီဝင်မင်းသားများဖြစ်သော အနုရုဒ္ဓါ၊ အာနန္ဒာ၊ ဘဒ္ဒိယ၊ ဘဂု၊ ကိမိလ၊ ဒေဝဒတ်နှင့် ဥပါလိဆတ္တာသည် ပေါင်းခုနစ်ယောက်တို့သည် ရဟန်းဝတ်ရန် ဘုရားရှင်အထံတော်သို့ ချဉ်းကပ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇဂတိကာရကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော တစ်ထောင့်ရှစ်ရာကမ္ဘာအထက်၌ အတ္ထဒဿီဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူ၍ ထိုဘုရားရှင်၏ စေတီတော်မြတ်၌ ပန်းတင်ခုံကို ပြင်ဆင်ပြုလုပ်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇဂတိဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဇဂတိဒါယကမထေရ်လောင်းလျာသည် ဓမ္မဒဿီဘုရားရှင်၏ ဗောဓိပင်ဖြစ်သော ရေခံတက်ပင်ခြေရင်း၌ အကျည်(ပန်းတင်ခုံ) ပြုလုပ်လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဒုဂ္ဂတိဘဝ မရောက်ခဲ့ရဘဲ ဘဝတိုင်း၌ အပူဇော်ခံရပုံ၊ သူခိုးဓားပြတို့ မနှိပ်စက်နိုင်သူဖြစ်ပြီး ဤသာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇစ္စန္ဓပီဌသပ္ပိဝတ္ထု

ဤဝတ္ထု၌ အကျိုးနှင့်အကန်းတို့သည် မြို့တံခါးဝဇရပ်တစ်ခု၌ ထိုင်နေကြစဉ် အကျိုးက အကန်းကို စားနပ်ရိက္ခာပေါများသော အရပ်တစ်ခုသို့ သွားရန် ပြောဆိုရာ ငါ့မှာ မျက်စိမမြင်ဟု ဆိုပုံ၊ အကန်းက အကျိုးကိုလည်း ထိုသို့ပြောသောအခါ အကျိုးကလည်း ငါ့မှာခြေမကောင်းဟု ဆိုလေလျှင် အကျိုးနှင့်အကန်း ပေါင်း၍ ထိုအရပ်သို့ သွားကာ ချမ်းသာစွာ နေရပုံကဲ့သို့ ရုပ်နှင့်နာမ်ပေါင်းကာ ခန္ဓာဖြစ်ပေါ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၃၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇဋိလဂဟပတိဝတ္ထု

ဤဝတ္ထု၌ ဇဋိလသူကြွယ်လောင်းသည် ကဿပဘုရားရှင်၏ ဓာတုစေတီတော်၌ ကုသိုလ်ပြုခဲ့သဖြင့် ဇဋိလသူဌေး ဖြစ်လာပုံ၊ တက္ကသိုလ်ပြည်မှ သူဌေးသမီးနှင့် လက်ထပ်ကာ အိမ်ဆောက်ပုံ၊ အိမ်သစ်သို့ တက်ရန် တံခါးခုံကို ကျော်မိလျှင်ပင် အတောင်(၈၀)ဆယ်ရှိ ရွှေတောင်ကြီး ပေါ်ပေါက်လာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပဋိသံ၊ဋ္ဌ၊၂၊၂၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇဋိလတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီသူဌေးသမီးသည် အလွန်ချောမောလှပပြီး ဘုံစဉ်ခုနစ်ထပ်ရှိသော ပြာသာဒ်၏ အပေါ်ဆုံး ကျက်သရေတိုက်ခန်း၌ အစောင့်အရှောက် ဆွေမျိုးကျွန်မတစ်ယောက်နှင့် အတူနေပုံ၊ တစ်နေ့သောအခါ ကောင်းကင်ခရီးဖြင့် လှည့်လည်သွားလာနေသော ဝိဇ္ဇာဓိုရ်တစ်ဦးက သူဌေးသမီးကို တွေ့မြင်ချစ်ကြိုက်ပြီး ပေါင်းဖော်မှီဝဲသဖြင့် ဇဋိလသတို့သားကို ဖွွားမြင်ခဲ့ပုံ၊ သူဌေးသမီးက လူသိမခံလိုသဖြင့် ဇဋိလသူငယ်အား ရေအိုးထဲ ထည့်၍ ဂင်္ဂါမြစ်အတွင်း မျှောပစ်သည့်အခါ တက္ကသိုလ်ပြည်မှ အရှင်ကစ္စည်းမထေရ်၏ ဒကာတစ်ဦးအိမ်သို့ ရောက်ရှိသွားခဲ့ပုံ၊ အရှင်ကစ္စည်းမထေရ်က ဒကာအား ဇဋိလသူငယ်ကို စောင့်ရှောက်မွေးမြူထားရန် မိန့်ကြားခဲ့ပုံ၊ ဇဋိလသူငယ် အရွယ်ရောက်သောအခါ ဒကာက သူ၏သမီးနှင့် ထိမ်းမြား လက်ထပ်ပေးပြီး ဇဋိလတို့ ဇနီးမောင်နှံ နေထိုင်ရန် သီးသန့်အိမ်သစ်တစ်လုံး ဆောက်လုပ်ပေးခဲ့ပုံ၊ ဇဋိလတို့ဇနီးမောင်နှံ အိမ်သစ်တက်ပွဲ မင်္ဂလာ ကျင်းပသောနေ့၌ အိမ်နောက်ဘက်တွင် အတောင်ရှစ်ဆယ်ရှိသော ရွှေတောင်ကြီး ပေါ်ပေါက်လာသဖြင့် မင်းကြီးက ဇဋိလကို သူဌေးရာထူး ချီးမြှင့်ခဲ့ပုံ၊ ဇဋိလသူဌေးကြီး သားသုံးယောက်ရသောအခါ ရွှေတောင်ကြီးနှင့် စည်းစိမ်ဥစ္စာများကို သားသုံးယောက်တို့အား ခွဲဝေပေးခဲ့ပြီး မိမိက ဘုရားရှင်ထံ သွား၍ ရဟန်းပြုခဲ့ပုံ၊ ဇဋိလသူဌေးကြီးသည် ရဟန်းပြုပြီး နှစ်ရက်သုံးရက် အတွင်း၌ပင် အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇဋိလဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဇဋိလပုဏ္ဏားကြီး ရောက်ရှိလာပြီး မိမိသည် အမိဘက်အဖဘက်နှစ်မျိုးလုံး ပုဏ္ဏားမျိုးဖြစ်ကြောင်း၊ ရဟန်းဂေါတမသည် တပည့် သာဝကများကို အကယ်၍ ဗြာဟ္မဏဟု ခေါ်လျှင် မိမိကိုလည်း ဗြာဟ္မဏ ဟုပင် ခေါ်ဆိုသင့်ကြောင်း ဘုရားရှင်အား လျှောက်ထားပုံ၊ ထိုအခါ ဘုရားရှင်က ‘‘ဆံကျစ်ထုံးထားရုံမျှ၊ အမျိူးဇာတ် အနွယ်အားဖြင့် ပုဏ္ဏားဖြစ်ရုံမျှဖြင့် ဗြာဟ္မဏဟု မခေါ်ကြောင်း၊ သစ္စာလေးပါး မြတ်တရားကို ထိုးထွင်းသိမြင်သူကိုသာလျှင် ဗြာဟ္မဏဟု ခေါ်ကြောင်း တရားဟောသဖြင့် ဇဋိလပုဏ္ဏားကြီးနှင့် တကွ ပရိသတ်များ သောတာပန်တည်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇဋိလမဟာရာဇဝတ္ထု

ဤဝတ္ထုသည် ပဒုမုတ္တရဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇဋိလဝတ္ထု

ဤဝတ္ထု၌ အယူလွဲမှားသူတို့သည် ဂယာဆိပ်ကမ်း၌ ရေငုပ်ကြပုံ၊ ရေငုပ်ယင်း အသက်ဆုံး ကြရပုံ၊ ရေဖြင့် မကောင်းမှု အကုသိုလ်ကို မပယ်နိုင်ကြောင်း ဘုရားရှင်က ဟောပြတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇတုကဏ္ဏိတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဇတုကဏ္ဏိမထေရ်အလောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင်လက်ထက် ဟံသာဝတီမင်းနေပြည်၌ သူဌေးသားတစ်ဦးဖြစ်စဉ် ကာမဂုဏ်စည်းစိမ်ချမ်းသာကို အပြည့်အစုံ ခံစား၍ နေပုံ၊ ချဉ်းကပ်လာသူ သမဏဗြာဟ္မဏခရီးသွား၊ သူတောင်းစား၊ တက္ကတွန်းစသည်တို့အားလည်း ပေးကမ်းလှူဒါန်းထောက်ပံ့ပုံ၊ တိုင်းပြည်အတွက် လိုအပ်သော ပစ္စည်းဥစ္စာစပါးစသည်တို့ကိုလည်း အာနန္ဒာမင်းကြီးအား ထောက်ပံ့လှူဒါန်းပုံ၊ တစ်နေ့သောအခါ ရဟန္တာတစ်သိန်းခြံရံလျက် ကြွရောက်လာသော ပဒုမုတ္တရဘုရားရှင်အား မိမိအိမ်သို့ ပင့်ဆောင်ကာ ဆွမ်းဘောဇဉ် စသည်တို့ကို ဆက်ကပ်လှူဒါန်းလျက် တူရိယာတို့ဖြင့် တီးမှုတ်ပူဇော်ခဲ့ပုံ၊ ဤကုသိုလ်ကောင်းမှု၏ အကျိုးဆက်ကြောင့် အပါယ်ဒုဂ္ဂတိနှင့် ဆင်းရဲသော အမျိုးတို့၌ တစ်ရံတစ်ခါမျှ မဖြစ်ခဲ့ရဘဲ လူချမ်းသာ နတ်ချမ်းသာဘဝတို့ဖြင့်သာ ကျင်လည်ခဲ့ရကာ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇနပဒကလျာဏီရူပနန္ဒာထေရီဝတ္ထု

ဤဝတ္ထု၌ ဇနပဒကလျာဏီရူပနန္ဒာထေရီသည် သာသနာတော်သို့ ဝင်ရောက်ခဲ့သော်လည်း ရုပ်အလှကို အပြစ်ပြောလေ့ရှိသော အစ်ကိုတော်ဘုရားထံ မသွားဘဲ နေခဲ့ပုံ၊ အများသူငါ ဘုရားဂုဏ်ကို ချီးမွမ်းကြသဖြင့် တိုးတိုးတိတ်တိတ် သွားပြီး အများနောက်က တရားနာခဲ့ပုံ၊ ဘုရားရှင်က မိန်းမလှတစ်ဦး ဖန်ဆင်းကာ ယပ်ခတ်စေပြီး ပျိုရာမှ အို၊ အိုရာမှ နာ၊ နာရာမှ သေ ပိုးလောက်တဖွားဖွား ဒွါရကိုးပေါက်မှ ယိုစီးကျဟန် ဖန်ဆင်းပြပုံ၊ ခန္ဓာကိုယ်အပြစ်ကို မြင်သိပြီးဖြစ်သော ဇနပဒကလျာဏီအား ခန္ဓာကောင်ပုပ်မှ ရွံရှာဖွယ်အရည်တို့ ယိုထွက်အံကျနေကြောင်း၊ လူမိုက်တို့ကသာ တွယ်တာနေကြောင်း ဘုရားရှင် ဟောပြတော်မူရာ ဇနပဒကလျာဏီ ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇနဝသဘဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ နာတိကရွာသားတို့က ကွယ်လွန်သွားကြပြီးသော ရွာသားတို့၏ လားရာဂတိကို မြတ်စွာဘုရားအား မေးလျှောက်ကြပုံ၊ အရှင်အာနန္ဒာက အခြားအင်္ဂတိုင်း မဂဓတိုင်းစသည့် အရပ်ဒေသရှိ သူများ၏ လားရာဂတိကိုလည်း မိန့်ကြားရန် လျှောက်ထားပုံ၊ ဗိမ္ဗိသာရမင်း၏ လားရာဂတိကို ဘုရားရှင်အား လျှောက်ထားရာ စတုမဟာရာဇ်နတ်ပြည်၌ ဇနဝသဘနတ်သား ဖြစ်နေကြောင်း ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၁၆၂) (ဒီ၊ဋ္ဌ၊၂၊၂၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇနသန္ဓဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ဗာရာဏသီပြည်၌ ဇနသန္ဓမင်းဖြစ်ပြီး တိုင်းသူ ပြည်သားတို့အား တရားနှင့်အညီ အုပ်ချုပ်သဖြင့် တိုင်းပြည် သာယာဝပြောခဲ့ပုံ၊ တိုင်းပြည်အုပ်ချုပ်သူသည် ပြည်သူပြည်သားတို့၏ မိဘသဖွယ်ဖြစ်သဖြင့် အဂတိကင်းရှင်းသင့်ပုံ၊ တိုင်းပြည်ခေါင်းဆောင်မင်းတို့ တရားနှင့်အညီ အုပ်ချုပ်လျှင် တိုင်းသူပြည်သားတို့လည်း တရားနှင့်အညီ လုပ်ဆောင်ကြသဖြင့် ပစ္စက္ခ တမလွန်ချမ်းသာပြည့်ဝကြပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇန္တုဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ ရဟန်းဟူသည် အမည်ခံရဟန်းသာ မဖြစ်သင့်ဘဲ စိတ်ရောကိုယ်ပါ ရဟန်းဖြစ်ပါမှ လူနတ်တို့ ကြည်ညိုကြပုံ၊ စိတ်မတည်ကြည် လော်လည်ဖောက်ပြန်သော ရဟန်းတို့ကို သတိပေးလို၍ ဇန္တုနတ်သားက ဥပုသ်နေ့သံဃာစည်းဝေးနေစဉ် လျှောက်ထားပုံ၊ ထိုနတ်သားက ချီးမွမ်းခံရသော ရဟန်းအမျိုးအစားနှင့် ကဲ့ရဲ့ရှုတ်ချခံရသော ရဟန်းအမျိုးအစားတို့ကို ခွဲခြားလျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၆၀) (သံ၊ဋ္ဌ၊၁၊၁၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇမ္ဗုကဇာတက

ဤဝတ္ထု၌ ဘုရားအလောင်းသည် ခြင်္သေ့ဖြစ်စဉ် ခြသေ့င်္စားကြွင်းကို စားရသဖြင့် ဝဖြိုးနေသော မြေခွေးတစ်ကောင်သည် မိမိကိုယ်ကို အထင်ကြီးလာပုံ၊ ခြင်္သေ့ကို အတုလိုက်၍ ဆင်တစ်ကောင်ကို ခုန်အုပ်ရာမှ ဆင်နင်း၍ အသက်ဆုံးရှုံးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇမ္ဗုကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဇမ္ဗုကမထေရ်လောင်းလျာသည် ကဿပမြတ်စွာဘုရားရှင်လက်ထက်တော်၌ ရဟန္တာပုဂ္ဂိုလ်အား ဆဲရေး စွပ်စွဲမိခဲ့သော အကုသိုလ်ကံကြောင့် အဝီစိငရဲ၌ ကျရောက်ခဲ့ပုံ၊ ငရဲမှ လွတ်လာသောအခါ၌လည်း တက္ကတွန်းဘဝဖြင့် မစင်များကို ခိုးစားလေ့ရှိပုံ၊ ဇမ္ဗုကမထေရ်ကဲ့သို့ ဧဟိဘိက္ခုဖြစ်မည့် ပုဂ္ဂိုလ်သော်မှ ဝစီဘေဒ, အရိယူပဝါဒကံ၏ အကျိုးပေးကို ခါးသီးစွာ ခံစားခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇမ္ဗုကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဇမ္ဗုကမထေရ်လောင်းလျာသည် တိဿဘုရားရှင်ကို ရည်မှန်းလျက် ဗောဓိပင်ကို ယပ်ခတ်ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဂေါတမဘုရားရှင်လက်ထက်တော်၌ ဇမ္ဗုကပရိဗိုဇ် ဖြစ်လာပုံ၊ သူသည် မြတ်စွာဘုရား၏ တရားတော်ကို နာကြားရရန် သောတာပန် ဖြစ်ခဲ့ပုံ၊ ရဟန်းပြုပြီးနောက် ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇမ္ဗုခါဒကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သပြေပင်တော၌ ရုက္ခစိုးနတ် ဖြစ်စဉ် ကျီးတစ်ကောင်က သပြေသီးစားနေသည်ကို မြင်သဖြင့် မြေခွေးက ကျီးကို ‘‘ဥဒေါင်းငှက်ကဲ့သို့ လှပသော ငှက်ငယ်’’ ဟု ခေါ်ပြီး ကျီးကန်းက မြေခွေးကို ‘‘ကျားပေါက်ကလေး နှင့်တူသော ခွေးမင်း’’ ဟု မမှန်မကန် မြှောက်ပင့်နေကြပုံ၊ ထိုအခါ ရုက္ခစိုးနတ်က ၎င်းတို့ကို မောင်းထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇမ္ဗုဂါမိယပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ ပွင့်တော်မူသော ဝေဿဘူဘုရားရှင်လက်ထက်တော်၌ ဇမ္ဗုဂါမိယပုတ္တမထေရ်လောင်းလျာသည် နီရဲစွာ ပွင့်နေသော ပေါက်ပန်းများစွာကို ခူးဆွတ်လျက် ဘုရားရှင်အား ရည်မှန်းကာ ကောင်းကင်ထက်သို့ ပစ်လွှတ်ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ဘဝ နတ်ဘဝတို့၌ ကျင်လည်ခဲ့ရပုံ၊ ဤနောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက်တော်၌ စမ္ပာမြို့နေ ဇမ္ဗုဂါမိယ ဥပါသကာ၏ သားဖြစ်လာပြီး ရဟန်းဝတ်ခဲ့ပုံ၊ ဖခင်ကြီးက သာသနာတော်၌ ပျော်မပျော် သားတော်ကို စုံစမ်းလေ့လာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇယဒ္ဒိသဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကပိလတိုင်း ဥတ္တရပဉ္စာလမြို့၌ ဇယဒ္ဒိသမင်းကြီး၏ သားတော် အလီနသတ္တုမင်းသား ဖြစ်ခဲ့ပုံ၊ ဇယဒ္ဒိသမင်းကြီးသည် တောကစားထွက်သောအခါ မြို့တံခါးဝ၌ နန္ဒပုဏ္ဏားနှင့် တွေ့သဖြင့် နန္ဒပုဏ္ဏားက မင်းကြီးအား သဟဿာရဟလေးဂါထာကို နာယူရန် လျှောက်ထားပုံ၊ မင်းကြီးက တောကစားထွက်ပြီး ပြန်လာသောအခါ နာယူပါမည်ဟု ပြောပြီး တောကစားထွက်စဉ် ပေါရိသာဒ၏ ဖမ်းဆီးခြင်းကို ခံရပုံ၊ မင်းကြီးက သဟဿာရဟလေးဂါထာကို နာယူပြီးနောက် ပေါရိသာဒထံ ပြန်လာပါမည်ဟူသော ဝန်ခံကတိစကားဖြင့် တိုင်းပြည်သို့ ပြန်လာခဲ့ပုံ၊ တိုင်းပြည် ပြန်ရောက်သောအခါ သားတော်အလီနဝတ္တုမင်းသားက အကြောင်းစုံ သိရှိသွားပြီး ခမည်းတော်၏ ကိုယ်စား ဘီလူးစားခံရန် ပေါရိသာဒထံ သွားပုံ၊ ပေါရိသာဒနှင့် တွေ့သောအခါ ဘုရားအလောင်း အလီနသတ္တုမင်းသားက ပေါရိသာဒကို တရားဟောဆုံးမသဖြင့် ပေါရိသာဒ သံဝေဂရ၍ ရသေ့ရဟန်းပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇရသိင်္ဂါလဝတ္ထု

ဤဝတ္ထု၌ ညီနောင်(၇)ယောက်တို့သည် လယ်ထွန်နေကြပုံ၊ ညီအငယ်ဆုံးသည် နွားကျောင်းနေသောအခါ မြေခွေးအိုကြီးတစ်ကောင်ကို ဖမ်းယူထားသော စပါးကြီးမြွေကို မြင်၍ ကြိမ်လုံးဖြင့် စပါးကြီးမြွေကို ရိုက်ခဲ့ပုံ၊ ထိုအခါ စပါးကြီးမြွေက မြေခွေးကို လွှတ်၍ သူငယ်ကို ဖမ်းယူပုံ၊ ကျေးဇူးသိသော မြေခွေးက လယ်ထဲမှ ပဲခွပ်ကို ပါးစပ်ဖြင့် ကိုက်ချီ၍ သူငယ်ထံ ပြေးလာ၍ ကူညီပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇရသိင်္ဂါလဝတ္ထု

ဤဝတ္ထု၌ ခြင်္သေ့မင်းသည် ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေးသွားသော မြေခွေးအိုကို သနားသဖြင့် မိမိ၏အနီးအပါး၌ ခစားရန် ပြောကြားပြီး အမဲသားငါးစသည့် စားကြွင်းစားကျန်များကို ယူဆောင်လာကာ ကျွေးမွေးထားပုံ၊ မြေခွေးအိုသည် တစ်ပတ် နှစ်ပတ်အတွင်း၌ပင် ဆူဖြိုးလာပြီး မိမိကိုယ်ကို ခြင်္သေ့ဟု ထင်မှတ်ကာ ခြင်္သေ့မင်းကဲ့သို့ ဟိန်းဟောက်သောအခါ မြေခွေးအသံသာ ထွက်ပေါ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၃၊၁၉) (ဒီ၊ဋ္ဌ၊၃၊၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇရာဓမ္မဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ပုဗ္ဗာရုံကျောင်းတိုက် ဝိသာခါပြာသာဒ်ဆောင်၏ အနောက်ဘက်၌ နေပူစာလှုံတော်မူပုံ၊ အရှင်အာနန္ဒာက မြတ်စွာဘုရား၏ အရေအဆင်းတော်သည် စင်ကြယ်မှုမရှိ၊ အရေတွန့်ပြီး ရှေ့သို့ အနည်းငယ် ကိုင်းညွတ်နေကြောင်း လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က နုပျိုခြင်း သဘောရှိလျှင် အိုမင်းခြင်းသဘောရှိကြောင်း မိန့်ကြားတောမူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၁၉၀) (သံ၊ဋ္ဌ၊၃၊၂၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇရူဒပါနဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည် ကုန်သည်မျိုး၌ ဖြစ်စဉ် အခြား ခြားသော ကုန်သည်များကို ခေါ်၍ လှည်းများဖြင့် ကုန်ရောင်းဝယ်သွားကြပုံ၊ ကန္တာရခရီးခဲတစ်ခုသို့ ရောက်သောအခါ ရေခန်းနေသော နဂါးနေထိုင်ရာ ရေတွင်းပျက်ကြီးတစ်ခုကို တွေ့မြင်ရပုံ၊ ခရီးသွားကုန်သည်များသည် ရေဆာလွန်းသဖြင့် စုပေါင်း၍ ရေတွင်းပျက်ကြီးကို တူးဖော်ကြသောအခါ များစွာသော ရတနာများကို ရရှိကြပုံ၊ ထိုအခါ ဘုရားလောင်းကုန်သည်က ဆက်လက်၍ မတူးဖေါ်ကြရန်၊ ဤမျှလောက်ဖြင့် ရောင့်ရဲတင်းတိမ်ကြရန်၊ အခြားကုန်သည်များအား ပြောကြားခဲ့ပုံ၊ အခြားကုန်သည်များက ဘုရားလောင်း၏ စကားကို နားမထောင်ဘဲ လောဘတကြီး အလွန်အကဲ တူးကြသောအခါ နဂါး၏ဗိမာန် ပျက်စီးသွားပုံ၊ ထိုအခါ နဂါးမင်းက ဒေါသထွက်ပြီး အဆိပ်ငွေ့ဖြင့် မှုတ်သဖြင့် ဘုရားအလောင်းကုန်သည်မှတစ်ပါး အခြားကုန်သည်များအားလုံး သေကြေပျက်စီးကြပုံ၊ ဘုရားအလောင်းကုန်သည်က ရတနာအားလုံးကို ယူဆောင်၍ တစ်ဦးတည်း ဗာရာဏသီပြည်သို့ ပြန်လာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇဝနဟံသဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဇဝနဟင်္သာမင်းဖြစ်ပြီး အလွန်လျင်မြန်စွာ ပျံသန်းနိုင်ပုံ၊ ညီငယ်နှစ်ဦးတို့ နေနှင့်အပြိုင် ပျံကြစဉ် ခြေကုန်လက်ပန်းကျ၍ နေသည်ကို ကယ်တင်ခဲ့ပြီး သူငယ်ချင်း ဗာရာဏသီမင်းထံ လာရောက်လည်ပတ်ပုံ၊ မင်းပရိသတ်အား မိမိ၏ ပျံသန်းနိုင်မှုအစွမ်းကို လက်တွေ့ပျံသန်း၍ ပြပုံ၊ လောကတွင် လျင်မြန်သောအရာ အားလုံးထက် အဆရာထောင်မက လျင်မြန်သောအရာမှာ သေခြင်းဖြစ်ကြောင်း၊ ထိုမျှမြန်သော သေခြင်းတရား မရောက်လာမီ ကြိုတင်၍ ဒါနသီလစသော ကုသိုလ်ဓမ္မကို အမြဲပြုကျင့်မှသာ အကျိုး ရှိမည်ဖြစ်ကြောင်း မင်းကြီးအား ဆုံးမခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၀၇) (ဇာ၊ဋ္ဌ၊၄၊၂၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇဝဟံသကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ်လေးကမ္ဘာအထက်၌ စန္ဒဘာဂါမြစ်ကမ်းအနီး၌ တောမုဆိုး ဖြစ်ခဲ့ပုံ၊ သိဒ္ဓတ္ထဘုရားရှင်ကို ကောင်းကင်၌ ကြွတော်မူစဉ် ဖူးမြင်ရ၍ လက်အုပ်ချီပြီး ရှိခိုးပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးလားခြင်း မရှိဘဲ နောက်ဆုံးဘဝ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇာဂရဇာတက

ဤဇာတ်တော်၌ သောတာပန်အရိယာဥပါသကာတစ်ဦးသည် ကုန်သည်တစ်ဦးနှင့်အတူ ခရီးအတူသွားစဉ် တစ်ညလုံး မအိပ်ဘဲ နေခဲ့ပုံ၊ လုယက်လိုသော ဓားပြတို့ လုယက်ရန် အခွင့်မရနိုင်၍ ကုန်သည်တို့ ချမ်းသာရာ ရခဲ့ပုံ၊ ရှေးအခါကလည်း ဘုရားအလောင်းရသေ့ကြီးသည် အိပ်စက်မှုမရှိဘဲ နေခဲ့သဖြင့် ရွာသားတို့ ချမ်းသာခဲ့ပုံ၊ နိုးနိုးကြားကြားနေခြင်းသည် အကျိုးရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇာဏုေဿာဏိဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့၌ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ် ဇာဏုေဿာဏိပုဏ္ဏားသည် (၆)လတစ်ကြိမ် မြို့ကို လှည့်ပတ်ကြည့်ရှုတတ်ပုံ၊ သူစီးမည့် မြင်းရထားကို ထီးဖြူမိုး၍ အဖြူရောင်အဝတ်တန်ဆာ ပန်းနံ့သာများ ပြင်ဆင်ပြီး ဗြဟ္မယာနဟု ခေါ်ဝေါ်ပုံ၊ ထိုအကြောင်းကို အရှင်အာနန္ဒာ သိ၍ မြတ်စွာဘုရားကို လျှောက်ထားရာ မြတ်စွာဘုရားက အရိယာမဂ်သည်သာလျှင် ဗြဟ္မယာဉ်အစစ် ဖြစ်ကြောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊) (သံ၊ဋ္ဌ၊၃၊၁၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇာဏုေဿာဏိဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ဇာဏုေဿာဏိပုဏ္ဏားကြီးက မေထုန်ရှောင်ကြဉ်သော အကျင့်နှင့် ပတ်သက်၍ မြတ်စွာဘုရားကို မေးမြန်းပုံ၊ ဤတစ်လောကလုံး၌ မေထုန်ရှောင်ကြဉ်မှု၌ မကျိုးပေါက်သော ပုဂ္ဂိုလ်ကို ညွှွှန်ပြသော် မြတ်စွာဘုရားရှင်ကို ညွှန်ပြပါမှ မှန်ကန်ကြောင်း ဘုရားရှင်က မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၄၃၈) (အံ၊ဋ္ဌ၊၃၊၁၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇာဏုေဿာဏိဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ဇာဏုေဿာဏိပုဏ္ဏားသည် ဗြာဟ္မဏတို့၏ ပစ္စောရောဟဏီခေါ် မကောင်းမှု နှင်ထုတ်ပွဲကို ကျင်းပရန် ဦးထိပ်မှစ၍ တစ်ကိုယ်လုံး ရေရွှဲရွှဲစိုအောင် ရေချိုးပြီး၊ ခေါမတိုင်း အဝတ်သစ်ဝတ်ကာ သမန်းမြက်စိမ်းများ ကိုင်၍ ဘုရားရှင်ထံ ရောက်လာပုံ၊ ဘုရားရှင်က အရိယာသာသနာတော်တွင် ပစ္စောရောဟဏီမှာ ခုရောနောင်ပါယုတ်ညံ့သော အကျိုးပေးတတ်သည် မိစ္ဆာဒိဋ္ဌိကို ပယ်ခြင်း၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊ မိစ္ဆာအာဇီဝ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသတိ၊ မိစ္ဆာသမာဓိ၊ မိစ္ဆာဉာဏ်၊ မိစ္ဆာဝိမုတ္တိကို ပယ်ခြင်း စသည်တို့ ဖြစ်ကြောင်း ဟောတော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၄၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇာတိပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဇာတိပုပ္ဖိယမထေရ်လောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူသောအခါ ဘုရားရှင်၏ ခန္ဓာကိုယ်ပေါ်၌ ဦးဆောက်ပန်းများကို တင်လှူပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှု၏ အကျိုးဆက်ကြောင့် နိမ္မာနရတိနတ်ပြည်၌ ဖြစ်စဉ် အမြဲ ပန်းမိုးများ ရွာသွန်းနေပုံ၊ လူ့ပြည်၌ မင်းအဖြစ်ကို ရသောအခါ၌လည်း အခြံအရံများ လွန်စွာ ပေါများလျက် မိုးကောင်းကင်မှ ပန်းမိုးများ အမြဲ ရွာသွန်းနေပုံ၊ နောက်ဆုံးဘဝ ဤဂေါတမဘုရားရှင် သာသနာတော်၌ ရဟန်းပြု၍ တရားရှုမှတ်သဖြင့် ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇာတိပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဇာတိပူဇကမထေရ်လောင်း အမျိုးကောင်းသားသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဖွားမြင်စ ဝိပဿီဘုရားလောင်းအား နိမိတ်ဖတ်သူ ပုဏ္ဏားတို့က ‘‘ဘုရားစင်စစ် ဧကန်ဖြစ်မည်’’ဟု ပြောကြားသဖြင့် ဝိပဿီဘုရားလောင်းကို ကလေးသူငယ်ဘဝ၌ပင် သဗ္ဗညုဘုရားရှင်ကဲ့သို့ ကြီးစွာသော ပူဇော်မှုကို ပြုခဲ့ပုံ၊ ဝိပဿီသတို့သား မင်းသားအရွယ်နှင့် ဘုရားဖြစ်သော အချိန်အခါတို့၌လည်း ကြီးစွာသော ပူဇော်မှုတို့ကို ပြုလုပ်ခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် အပါယ်ဒုဂ္ဂတိဘေးမှ ကင်းဝေးကာ စကြာမင်းအဖြစ်ကို အကြိမ်သုံးဆယ်ကျော် ရရှိခဲ့၍ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇာလိနီဒေဝဓီတုဝတ္ထု

ဤဝတ္ထု၌ အရှင်အနုရုဒ္ဓါ၏ လွန်ခဲ့သော ဘဝက မိဖုရားဟောင်း ဇာလိနီသည် မထေရ်ထံ လာရောက်၍ တံမြက်လှည်းခြင်း၊ ဆွမ်းလှူဒါန်းခြင်း၊ ပံ့သကူသင်္ကန်းစွန့်လှူခြင်း စသည်တို့ကို ပြုလုပ်၍ သွေးဆောင်ပုံ၊ မထေရ်က ရဟန္တာဖြစ်ပြီးဖြစ်၍ တဏှာကို ပယ်သတ်ပြီး ဖြစ်ကြောင်း စသည် တို့ကို ဟောပြတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၂၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇီဝကပဥှဝတ္ထု

ဤဝတ္ထု၌ ဒေဝဒတ်သည် ဘုရားရှင်အား ဂိဇ္ဈကုဋ်တောင်မှ ကျောက်တုံးဖြင့် လှိမ့်ချသဖြင့် ဘုရားရှင်၏ ခြေမတော်၌ ကျောက်ချပ်လွှာ ထိမှန်ပြီး သွေးခြေဥပုံ၊ သမားတော်ကြီး ဇီဝက-က ဆေးပတ်တီး စည်းပေးပြီး မိမိပြန်ရောက်မှ ပတ်တီးဖြေမည်ဟု လျှောက်ထားကာ မြို့တွင်းသို့ သွားခဲ့ပုံ၊ ညနေချမ်းအချိန်၌ မြို့တံခါး ပိတ်ထားသဖြင့် ပတ်တီးဖြေရမည့်အချိန်၌ ဇီဝက မရောက်လာနိုင်ကြောင်း သိသဖြင့် ဘုရားရှင်က ဖြေခိုင်းတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇီဝကဝတ္ထု

ဤဝတ္ထု၌ ဝေသာလီပြည်တွင် အမ္ဗပါလီပြည့်တန်ဆာမ ရှိသကဲ့သို့ ရာဇဂြိုဟ်ပြည်တွင်လည်း သာလဝတီပြည့်တန်ဆာမကို ထားရှိခဲ့ပုံ၊ မကြာမြင့်မီမှာပင် သားကလေး မွေးဖွားသည့်အတွက် အမှိုက်ပုံတွင် စွန့်ပစ်ခဲ့ပုံ၊ အဘယမင်းသား ကောက်ယူမွေးထားသောကြောင့် ကောမာရဘစ္စဟု အမည်ရပုံ၊ တက္ကသိုလ်တွင် ပညာသင်၍ နောင်သော် ဆေးဆရာဇီဝက ဖြစ်လာခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၃၊၃၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇီဝကဝတ္ထု

ဤဝတ္ထု၌ ဇီဝက-က မြတ်စွာဘုရားသည် ‘‘မိမိအတွက် ရည်ရွယ်၍ သတ်သော အသားကို ဘုဉ်းပေးသုံးဆောင်၏’’ဟု မဟုတ်မမှန် စွပ်စွဲပြောဆိုသော စကားကို ကြားရကြောင်း လျှောက်ထားပုံ၊ မိမိကို ရည်မှန်းလျက် သတ်ဖြတ်အပ်သည်ကို မြင် ကြား ယုံမှားလျှင် ထိုအသားတို့ကို မစားအပ်ကြောင်း မြတ်စွာဘုရားက မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇီဝကဝတ္ထု

ဤဝတ္ထု၌ သမားတော်ကြီး ဇီဝကလောင်းလျာသည် ပုဂ္ဂလပ္ပသန္နအရာ ဧတဒဂ် ထားခြင်းခံရသော ဒါယကာတစ်ဦးကို အားကျ၍ ကုသိုလ်ပြုဆုတောင်းခဲ့ပုံ၊ ယင်းကုသိုလ် အကျိုးဆက်ကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့ အဘယမင်းသားနှင့် သာလဝတီပြည့်တန်ဆာမတို့မှ ဖွားမြင်ခဲ့ပြီး ဘုရားရှင်၏ တရားတော်ကို နာရသောအခါ အရိယာသာဝကဖြစ်၍ ကုလပ္ပသန္နအရာ ဧတဒဂ်ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇီဝကဝတ္ထု

ဤဝတ္ထု၌ ပဇ္ဇောတမင်းသည် အရေအဆင်း ဖျော့တော့သော ရောဂါ ပြင်းထန်စွာ ခံစားရသဖြင့် ဆရာ ဇီဝကကို ပြသခဲ့ပုံ၊ ဇီဝကသည် ထောပတ်ကို မနှစ်သက်သော မင်းကြီးအား ထောပတ်နံ့မထွက်အောင် ဆေးကျိုချက်၍ ဆက်ကပ်ခဲ့ပုံ၊ မင်းကြီးသည် လေချဉ်တက်သောအခါ ထောပတ်ဆေးမှန်း သိ၍ ဆရာဇီဝကအား သတ်မိန့်ပေးခဲ့ပုံ၊ ဆရာဇီဝကလည်း မင်းကြီးမသိမီပင် ရာဇဂြိုဟ်သို့ ဆင်ဖြင့် ထွက်ပြေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇီဝကဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်အား အထိုင်များတော်မူသဖြင့် ဝမ်းချုပ်တော်မူပုံ၊ ဆရာဇီဝကသည် ကြာပွင့်သုံးပွင့်တွင် ဆေးမျိုးစုံ ထည့်၍ ဘုရားရှင်အား ရှူတော်မူရန် ဆက်ကပ်ခဲ့ပုံ၊ ထိုသို့ရှူလျှင် အကြိမ်သုံးဆယ် ဝမ်းသွားမည့်အကြောင်း လျှောက်ထား၍ ပြန်သွားခဲ့ပုံ၊ နောက်နေ့တွင် ဘုရားရှင်ထံ ရောက်လာပြီး ပံ့သကူသင်္ကန်းသာ သုံးဆောင်ရသော ရဟန်းတော်တို့အား လူတို့လှူဒါန်းသော သင်္ကန်းဖြစ်သည့် ဂဟပတိစီဝရကို ခွင့်ပြုတော်မူရန် လျှောက်ထားတောင်းပန်ခဲ့ပုံ၊ ထိုနောက် ဆရာဇီဝကသည် မိမိအား စန္ဒပဇ္ဇောတမင်းက လက်ဆောင်ပေးသော သိဝေယျကတိုင်းဖြစ် သင်္ကန်းတော်ကို ဘုရားရှင်အား ဆက်ကပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇုဏှဇာတက

ဤဇာတ်တော်၌ အရှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြုစုရန်အတွက် ပယ်လိုသော ဆုလေးပါး၊ ရယူလိုသော ဆုလေးပါးတောင်းဆိုခဲ့ပုံ၊ သမ္ပဒါတရား(၇)ပါးတို့နှင့် ပြည့်စုံပုံ၊ အရှင်အာနန္ဒာသည် ရှေးဘဝ ဇုဏှမင်းသားဖြစ်စဉ် ကလည်း မိမိ၏ ရယူလိုသော ဆုကို တောင်းဆိုခဲ့ဖူးပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇေန္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် နတ်သားဖြစ်၍ သိခီမြတ်စွာဘုရားအား လိပ်ဆူးရွှေပန်းဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ဖြစ်ခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ မဂဓတိုင်း ဇေန္တရွာ ဘုရင်ငယ်တစ်ပါး၏သား ဖြစ်ပြီး သာသနာတော်သို့ ဝင်ရောက်ခဲ့ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇေန္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့အထံ၌ ကုသိုလ်ပြုခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့ ကောသလမင်းကြီး၏ ပုရောဟိတ်သား ဖြစ်ခဲ့ပုံ၊ တရားပွဲတစ်ပွဲ၌ ‘‘မည်သူ့အပေါ် မာန်မာန မထားသင့်ပါသနည်း’’ဟု မေးလာသည်ကို ဘုရားရှင် ဖြေကြားတော်မူခဲ့ပုံ၊ တရားအဆုံး၌ သောတာပန်ဖြစ်ပြီး ရဟန်းဝတ်ကာ ဝိပဿနာပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇောတိကဂဟပတိဝတ္ထု

ဤဝတ္ထု၌ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ထံ၌ ပြုလုပ်ခဲ့သော ကုသိုလ်ကံကြောင့် ဇောတိက သူဌေးဖြစ်လာပြီး ဘုံ(၇)ဆင့်ရှိ ပြာသာဒ်ကြီးနှင့်အတူ ပဒေသာပင် (၆၄)ပင်၊ ရွှေအိုးကြီး (၄)လုံး၊ မြောက်ကျွန်းသူ ဇနီးသည်အတုလကာရီတို့ ပေါ်ပေါက်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပဋိသံ၊ဋ္ဌ၊၂၊၂၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇောတိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဇောတိကသူဌေး၏ ရှေးဘဝ သူဌေးဖြစ်ကြောင်း ကောင်းမှုနှင့် တောင်းဆုပြုခဲ့ပုံ၊ ဝိပဿီဘုရားရှင်လက်ထက်တော်၌ မေဏ္ဍကသူဌေးလောင်းနှင့် ဇောတိကသူဌေးအလောင်းတို့ ကောင်းမှုများ ပြုခဲ့ပုံ၊ မိမိဥစ္စာကို သူတစ်ပါး မယူနိုင်အောင် မီးမလောင်နိုင်အောင် ဆုတောင်းခဲ့သဖြင့် ဂေါတမဘုရားရှင်လက်ထက် ဇောတိကသူဌေးဘဝ၌ အဇာတသတ်၏ အကြံဆိုးကို ကာကွယ်နိုင်ခဲ့ပုံ၊ ကံ၏အကျိုး စွမ်းအင်ကြီးမားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇောတိဒါသတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိခီမြတ်စွာဘုရားအား သရက်ဖြူသီးများကို ပေးလှူခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဘဝအဆက်ဆက် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ပါဒိယတ္ထဇနပုဒ်၌ ပစ္စည်းဥစ္စာကြွယ်ဝသော ပုဏ္ဏား၏သား ဖြစ်ပုံ၊ သာသနာ့ဘောင်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇောတိပါလမာဏဝဝတ္ထု

ဤဝတ္ထုသည် ကဿပဗုဒ္ဓဝံသ၌ ဝါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇောတိပါလဝတ္ထု

ဤဝတ္ထု၌ ဂေါဝိန္ဒပုဏ္ဏား၏သား ဇောတိပါလလုလင် မွေးဖွားသောနေ့၌ တစ်နိုင်ငံလုံးရှိ လက်နက်အားလုံး ထွန်းလင်းတောက်ပလျက် အရောင်များ ထွက်ပေါ်လာပုံ၊ ဒိသမ္ပတိမင်းကြီးသည် မိမိ၏ မင်္ဂလာလက်နက် (သံလျက်)တော် အရောင်ထွက်သဖြင့် ကြောက်လန့်ကာ အိပ်မပျော်ဘဲနေပုံ၊ ဂေါဝိန္ဒပုဏ္ဏားက ‘‘မင်းကြီးအတွက် အန္တရာယ်တစ်စုံတစ်ရာ မရှိကြောင်း၊ ဤဇမ္ဗူဒိပ်ကျွန်း၌ ပညာအရာတွင် တူသူမရှိနိုင်သည့် မိမိ၏သားတော်လေး မွေးဖွားကြောင်း’’ လျှောက်ထားသောအခါ မင်းကြီးက နို့ဖိုးအသပြာတစ်ထောင် ဆုချပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၂၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇောတိပါလဝတ္ထု

ဤဝတ္ထု၌ ဘုရားလောင်းသည် ကဿပဘုရားရှင်လက်ထက်၌ ဇောတိပါလပုဏ္ဏားလုလင် ဖြစ်စဉ် သာသနာတော်ကို မကြည်ညိုပုံ၊ ကဿပဘုရားရှင်ကို ‘‘ဤဦးပြည်းရဟန်းအား ဘယ်လိုလုပ်ပြီး ဗောဓိဉာဏ် ရနိုင်မလဲ၊ သဗ္ဗညုတဗောဓိဉာဏ်ဆိုတာ အလွန့်အလွန် ရနိုင်ခဲဘိ၏’’ဟု ကဲ့ရဲ့ပြစ်တင် ရှုတ်ချ ပြောဆိုခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် ဘဝများစွာ ဆင်းရဲဒုက္ခ ခံစားခဲ့ရပုံ၊ ထို့နောက် ဂေါတမဗုဒ္ဓဖြစ်မည့် ဤနောက်ဆုံးဘဝ၌လည်း သဗ္ဗညုတဗောဓိဉာဏ် ရရန်အတွက် ခြောက်နှစ်ကြာအောင် ဒုက္ကရစရိယာအကျင့်ကို ခက်ခက်ခဲခဲ သေလုနီးပါး ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဇောတိဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် မီးထွန်းရာ မီးမွှေးရာ ချွေးဇရုံးအိမ်စသည်တို့၌ အပ် မအပ် သံသယရှိကြသဖြင့် ဘုရားရှင်အား လျှောက်ထားရာ အကြောင်းရှိလျှင် မီးမွှေးနိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဈာနသောဓနဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် တောထဲ၌ ရသေ့ဝတ်ကာ တပည့်များနှင့်အတူ ဈာန်သမာပတ်များကို ဖြစ်စေလျက် နေထိုင်ခဲ့ပုံ၊ ဘုရားလောင်းရသေ့ စုတေသွားသောအခါ တပည့်ကြီးဖြစ်သူ အရှင်သာရိပုတ္တရာလောင်းရသေ့၏ ‘‘ဆရာရသေ့ကြီး အာဘဿရဘုံသို့ ရောက်ကြောင်း’’ ပြောစကားကို တပည့်ရသေ့များက လက်မခံ မယုံကြည်ကြပုံ၊ ထိုအခါ ဘုရားလောင်းသည် အာဘဿရဘုံမှ ဆင်းသက်လာပြီး တပည့်ရသေ့ငယ်များကို တရားဟောပုံ၊ ဘုရားအလောင်းသည် တပည့်ကြီး၏ ဂုဏ်ကို ထုတ်ဖော်ချီးကျူးလျက် ဗြဟ္မာ့ပြည်သို့ ပြန်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဉာဏတ္ထဝိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဉာဏထဝိကမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင် ပွင့်တော်မူချိန်၌ ရသေ့ ဖြစ်ခဲ့ပုံ၊ ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကို ချီးကျူးပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဘဝအဆက်ဆက် ဒုဂ္ဂတိဘဝတို့၌ မဖြစ်ရဘဲ ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဉာဏထဝိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဉာဏထဝိကမထေလောင်းရသေ့သည် ဟိမဝန္တာတောထဲ၌ တရားအား ထုတ်ကာ ဆရာကောင်းဆရာမြတ်ကို ရှာဖွေ နေထိုင်ခဲ့ပုံ၊ ထိုအချိန်၌ သုမေဓာဘုရားရှင် ပွင့်တော်မူခဲ့ပုံ၊ ဘုရားရှင်ထံ သွားရောက် ဖူးမြော်ကာ ဂါထာတို့ဖြင့် သုမေဓာဘုရားရှင်၏ ဂုဏ်တော်တို့ကို ပရိသတ်အလယ်၌ ချီးမွမ်းလျှောက်ထားခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ခုနစ်ဆယ့်ခုနစ်ကမ္ဘာတိုင်တိုင် လူချမ်းသာ နတ်ချမ်းသာတို့ဖြင့် ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက်တော်၌ ခုနစ်နှစ်သားအရွယ်၌ပင် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဉာဏသညိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထဘုရားရှင် ခရီးလမ်းမ၌ ကြွသွားတော်မူစဉ် ဖူးမြင်ခဲ့ရ၍ ကြည်ညိုမှုအမှတ်သညာ ပြုခဲ့သော ဘဝမှစပြီး အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့သည့်အပြင် ခုနစ်ဆယ့်သုံးကမ္ဘာအထက်၌ နရုတ္တမမည်သော စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဉာတိကလဟဝူပသမနဝတ္ထု

ဤဝတ္ထု၌ ကပိလဝတ်နှင့် ကောလိယနှစ်ပြည်ထောင်တို့သည် ရောဟိဏီမြစ်ရေကို ခွဲဝေယူရေးနှင့် ပတ်သက်၍ အချင်းများကြပြီး စစ်ပွဲဖြစ်မည်ကဲ့သို့ ရှိနေပုံ၊ မြတ်စွာဘုရားသည် ဆွေတော်မျိုးတော်များ ခိုက်ရန်ဖြစ်မှုကို အေးငြိမ်းစေခဲ့ပုံ၊ နှစ်ပြည်ထောင်ဖက်မှ သာကီဝင် မင်းသား(၅၀၀)တို့ကို ရဟန်းပြုပေးပြီး တရားထူးရစေတော်မူခဲ့ပုံ၊ မဟာဝုန်တော၌ ရဟန္တာ (၅၀၀)နှင့် စုဝေးရောက်လာသော နတ်ဗြဟ္မာတို့အား မဟာသမယသုတ်ကို ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၂၆၆) (သံ၊ဋ္ဌ၊၁၊၆၄) (ဓမ္မ၊ဋ္ဌ၊၂၊၁၆၅) (သုတ္တနိ၊ဋ္ဌ၊၂၊၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဌိတဉ္ဇလိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ မုဆိုးဖြစ်ခဲ့၍ တောအရပ်၌ တိဿဘုရားရှင်ကို ဖူးမြင်ခဲ့ရပုံ၊ မိုးကြိုးကျ၍ သေအံ့ဆဲဆဲအချိန်၌ ဘုရားရှင်ကို မှန်းကာ လက်အုပ်ချီခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားခဲ့ရခြင်း မရှိဘဲ ငါးဆယ့်လေးကမ္ဘာအထက်၌ မိဂကေတုမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တက္ကပဏ္ဍိတဇာတက

ဤဇာတ်တော်၌ ဘုရားလောင်း တက္ကပဏ္ဍိတရသေ့သည် လူတို့နှင့်ဝေးရာ ဂင်္ဂါမြစ်ကမ်းတစ်နေရာ၌ တရားဓမ္မများ ရှုမှတ်ပွားများ၍ ဈာန်အဘိညာဉ် ရရှိနေသူတစ်ဦး ဖြစ်ခဲ့ပုံ၊ ညဉ့်တစ်ညဉ့်၌ အမျိုးသမီးတစ်ယောက် ရေထဲ မျောပါလာသဖြင့် ဆယ်ယူကယ်တင်ပြီး ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့ပုံ၊ အမျိုးသမီးက ရသေ့၏ အစွမ်းထက်သော ဈာန်အဘိညာဉ်တန်ခိုးများကို ဖျက်ဆီးကာ အစွန်အဖျားကျသော ရွာတစ်ရွာသို့ ခေါ်ဆောင်သွားခဲ့ပုံ၊ တစ်နေ့သောအခါ ခိုးသူဓါးပြများ ဝင်ရောက်လုယက်လျက် တက္ကပဏ္ဍိတ၏ဇနီးကို ခေါ်ဆောင်သွားခဲ့ပုံ၊ ခိုးသူကြီးကို တက္ကပဏ္ဍိတ၏ ဇနီးသည်က ကြိုက်နှစ်သက်သဖြင့် တက္ကပဏ္ဍိတအား သတ်ရန် ပရိယာယ်ဆင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တက္ကလဇာတက

ဤဇာတ်တော်၌ ပဝိဋ္ဌကအမည်ရှိသူတစ်ဦးသည် မိဘကို လုပ်ကျွေးနေပုံ၊ အိမ်ထောင်ပြုပြီး သောအခါ မိန်းမစကားနားယောင်၍ ဖခင်အိုကြီးကို သုသာန်ထုတ် မြေမြှုပ်သတ်ရန် သွားပြီး ကျင်းတူနေပုံ၊ ထိုအခါ အတူလိုက်ပါလာသော (၇)နှစ်သားအရွယ် သားငယ်ကလည်း ကျင်းတစ်ခု အသစ်တူးနေပုံ၊ သားငယ်ကို မေးသောအခါ အဖေ့ကို ကြီးသောအခါ မြှုပ်သတ်ရန် ဖြစ်ကြောင်း ပြန်ပြောသဖြင့် သတိရသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တက္ကာရိယဇာတက

ဤဇာတ်တော်၌ အစွယ်ခေါခေါ မျက်စေ့ကြောင်ကြောင် ပုရောဟိတ်ပုဏ္ဏားသည် မိမိဇနီးနှင့် ဖောက်ပြားသူ အခြားပုဏ္ဏားတစ်ယောက်ကို ပရိယာယ်ဖြင့် သတ်ရန် ကြံစည်ခဲ့ပုံ၊ နှုတ်မစောင့်ဘဲ ဇနီးအား ကြိုတင်ပြောမိသဖြင့် မိမိသာ အသတ်ခံရမည်ကဲ့သို့ ကြုံလာခဲ့ပုံ၊ သူ၏တပည့် တက္ကာရိယလုလင်က ပြောဆိုချိန် မရောက်ဘဲ စကားပြောခြင်း၏ အပြစ်တို့ကို ပြ၍ ဆုံးမခဲ့ပုံ၊ လိမ္မာသော တပည့်က ဆရာ၏ အသက်ကို ကယ်ဆယ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တစသာရဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည် ရွာတစ်ရွာမှ သူကြွယ်သားဖြစ်၍ ဆေးဆရာကို မြွေဟောက်ဖြင့် သတ်မှုအတွက် လူငယ်စုနှင့်အတူ အဖမ်းခံရပြီး ဘုရင့်ထံအပို့ခံရပုံ၊ ဘုရားအလောင်းသူငယ်က ရဲရင့်တည်ကြည်စွာ ဣန္ဒြေမပျက် အမှန်ထွက်ဆိုသောကြောင့် ဘုရင်က လေးစားကာ အမှုမှ လွှတ်ပြီး ဘုရင့်အတိုင်ပင်ခံ အမတ်အဖြစ် ခန့်အပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တစ္ဆသူကရဇာတက

ဤဇာတ်တော်သည် ဝဍ္ဎကီသူကရဇာတ်နှင့် အကြောင်းအရာအားလုံး တူ၏။ (ဇာ၊ဋ္ဌ၊၄၊၃၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တဏ္ဍုလနာဠိဇာတက

ဤဇာတ်တော်ကို ဗာရာဏသီပြည်၌ အလိုလောဘကြီးသော ဗြဟ္မဒတ်မင်းတစ်ပါး အုပ်စိုးစဉ် ဘုရားလောင်းသည် မင်း၏ ရာပြတ်ဘဝဖြင့် တိကျမှန်ကန်စွာ တာဝန်ထမ်းဆောင်ခဲ့ပုံ၊ မင်းကြီးသည် အလိုလောဘကြီးသဖြင့် ဘုရားလောင်း ရာပြတ်နေရာ၌ ဘာမှနားမလည်သည့် ရွာသားတစ်ယောက်ကို ရာပြတ်ခန့်ထားပုံ၊ ရွာသား ရာပြတ်သည် မင်းကြီးအလိုကျအတိုင်း ပစ္စည်းဥစ္စာများကို ဆုံးဖြတ်လေ့ရှိသဖြင့် ဥတ္တရာပထတိုင်းမှလာသော မြင်းကုန်သည်တို့၏ မြင်းအကောင်ငါးရာကို ဆန်တစ်ကွမ်းစားမျှသာ ထိုက်တန်ကြောင်း ဆုံးဖြတ်ပုံ၊ မြင်းကုန်သည်များက ဘုရားလောင်း ရာဖြတ်ထံသွားကာ အကြံဉာဏ်တောင်း၍ ရွာသား ရာပြတ်ကို တံစိုးလက်ဆောင်ပေးပြီး ဆန်တစ်ကွမ်းစားကို တန်ဖိုးဖြတ်ခိုင်းပုံ၊ ရွာသား ရာပြတ်သည် ကုန်သည်တို့ထံမှ လက်ဆောင်များ ရရှိထားသဖြင့် မင်းကြီးထံ၌ ဆန်တစ်ကွမ်းစားကို ဗာရာဏသီတစ်ပြည်လုံး ထိုက်တန်ကြောင်း တန်ဖိုးဖြတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တတိယပါရာဇိက ဝိနီကဝတ္ထူနိ

ဤဝတ္ထု၌ သတ်မှုနှင့် ပတ်သက်၍ ပါရာဇိအာပတ် သင့်/မသင့် ဆုံးဖြတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တတိယသင်္ဂါယနာဝတ္ထု

ဤဝတ္ထု၌ ဗြာဟ္မဏအယူကို ယူခဲ့သော အသောကမင်းကြီးသည် တူတော်သူ နိဂြောဓ သာမဏေကို ဖူးတွေ့ရပြီး တရားနာယူသဖြင့် ဗုဒ္ဓသာသနာတော်ကို ကြည်ညိုလာပုံ၊ အသောကာရုံကျောင်းတိုက်ကြီးကို လှူဒါန်းပြီး ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို ရည်ရွယ်၍ စေတီ၊ ကျောင်း၊ ရေတွင်းရေကန်ပေါင်း (၈၄၀၀၀)စီ စသည်ဖြင့် အလှူကြီးပေးခဲ့ပုံ၊ မောဂ္ဂလိပုတ္တတိဿမထေရ်ထံမှ ဩဝါဒကို ခံယူ၍ သားတော်မဟိန္ဒနှင့် သမီးတော် သံဃမိတ္တာတို့ကို သာသနာတော်တွင် ရှင်ရဟန်း ပြုပေးခဲ့ပုံ၊ မိစ္ဆာဒိဋ္ဌိတို့ကို နှိမ်နင်းကာ သံဃာတော် ခြောက်သန်းတို့ အစည်းအဝေးကျင်းပ၍ အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်က ကထာဝတ္ထုကျမ်းကို ဟောတော်မူခဲ့ပုံ၊ ထိုမထေရ်ဦးစီးသော ပိဋကတ်သုံးပုံဆောင် ပဋိသမ္ဘိဒါပတ္တ ရဟန္တာတစ်ထောင်တို့ တတိယသင်္ဂါယနာတင်ပွဲကို ကိုးလကြာ ကျင်းပတော်မူခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တပုဿဘလ္လိကဝတ္ထု

ဤဝတ္ထု၌ ကုန်သည်ညီနောင်တို့သည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ပထမဦးဆုံး သရဏဂုံတည်သူတို့တွင် ဧတဒဂ်ရရန် ကုသိုလ်ပြု ဆုတောင်းခဲ့ သောကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်ဝယ် အသိတဉ္ဇနမြို့၌ ဖြစ်ကြပုံ၊ လှည်းငါးရာတို့ဖြင့် ကုန်ကူးထွက်ပုံ၊ လင်းလွန်းပင်အောက်၌ စံနေတော်မူသော ဘုရားရှင်အား မုန့်ဆွမ်းဆက်ကပ်ရပြီး ဆံတော်ရှစ်ဆူ ပူဇော်ရန်ရရှိပုံ၊ ဘုရားရှင်ထံ၌ အစဦးဆုံး ဒွေဝါစိကသရဏဂုံ ဆောက်တည်ခဲ့သဖြင့် နောင်သောအခါ ပထမဦးဆုံးသရဏဂုံ တည်သူတို့တွင် ဧတဒဂ်ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တပေါကမ္မဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားအား အကျိုးမဲ့ကို ဖြစ်စေတတ်သော ဒုက္ကရစရိယာကျင့်ခြင်းမှ လွန်မြောက်၍ သဗ္ဗညုတဉာဏ်ရခြင်းသည် ကောင်းလေစွဟု စိတ်အကြံဖြစ်ပုံ၊ အတ္တကိလမထအကျင့်ကို မာရ်နတ်က ချီးကျူးပုံ၊ ‘‘ကုန်းမြေထက်၌ လှော်တက်သည် အချည်းနှီးတည်း’’ဟု ဘုရားရှင်က မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၀၄) (သံ၊ဋ္ဌ၊၁၊၁၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တမာလပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ သိခီဘုရားရှင်အား ပန်းညိုပန်း လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိဘဲ လွန်ခဲ့သော ကမ္ဘာနှစ်ဆယ်အထက်၌ စန္ဒတိတ္ထမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တမ္ဗဒါဌိကစောရဃာတကဝတ္ထု

ဤဝတ္ထု၌ တမ္ဗဒါဌိကသည် ဘုရင်၏ လူသတ်သမားကြီးအဖြင့် ၅၅-နှစ်တိုင်တိုင် အသက်ပေါင်းများစွာ သတ်ခဲ့ပုံ၊ အရှင်သာရိပုတ္တရာမထေရ်အား ဆွမ်းကပ်၍ တရားနာခဲ့သော အာသန္နကံ ကုသိုလ်၏ အစွမ်းကြောင့် ကွယ်လွန်သောအခါ တုသိတာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တမ္ဗပဏ္ဏိဒီပမဟာဗောဓိရုက္ခဝတ္ထု

ဤဝတ္ထု၌ အသောကမင်းကြီးသည် သီဟိုဠ်ကျွန်းသို့ မဟာဗောဓိပင်တစ်ပင် တင်ပို့လိုသဖြင့် မခုတ်ဖြတ်ထိုက်သော ဗောဓိပင်မှ လက်ယာကိုင်းကို ရရန် ရဟန်းတော်တို့၏ စီမံချက်ဖြင့် အဓိဋ္ဌာန်ပြုခဲ့ပုံ၊ ဗောဓိပင်ကြီး၏ ပင်စည်မှ လက်ယာဘက်အကိုင်းသည် လေးတောင်လောက်သာ ကျန်၍ အားလုံး ပျောက်ကွယ်သွားပုံ၊ ဒက္ခိဏသာခါသည် ရတနာရွှေခွက်၌ တည်ရှိလာပုံ၊ ဒက္ခိဏသာခါကို မင်းစည်းစိမ်ဖြင့် ခမ်းနားစွာ ပူဇော်ပြီး သီဟိုဠ်ကျွန်းသို့ ပင့်၍ သီဟိုဠ်ကျွန်း၌ စိုက်ပျိုးပူဇော်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တမ္ဗပဏ္ဏိဒီပဝါသိတ္ထေရဝတ္ထု

ဤဝတ္ထု၌ တမ္ဗပဏ္ဏိကျွန်းနေ မထေရ်တစ်ပါးကို ခိုးသူတို့က ဆင်သမနွယ်ဖြင့် တုပ်နှောင်၍ လှဲချထားခဲ့ကြပုံ၊ ထိုမထေရ်သည် တောမီးလောင်လာသောအခါ နွယ်ကြိုးတို့ကို မဖြတ်တောက်ဘဲ ဘူတဂါမသိက္ခာပုဒ်တော်ကို အသက်စွန့်၍ ထိန်းသိမ်းစောင့်ရှောက်ပြီး ဝိပဿနာပွားသဖြင့် အာသဝေါကုန်ခန်း ရဟန္တာဖြစ်သည်နှင့် တစ်ပြိုင်နက် ပရိနိဗ္ဗာန်ပြုပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တမ္ဗပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ သူတစ်ပါး၏ အမှုလုပ်ဖြစ်ခဲ့ပြီး မှားယွင်းစွာ ဆောင်ရွက်မှုကြောင့် တောသို့ ထွက်ပြေးခဲ့ရပုံ၊ နီသောပန်းတို့ကို ဆွတ်ခူး၍ ဝိပဿီဘုရားရှင်၏ သခွတ်ဗောဓိပင်၌ ကြဲဖြန့်ပူဇော်ခဲ့ပုံ၊ မထေရ်အလောင်း သွားရာလမ်းကို ရှာကုန်သော သူတို့ မထေရ်အလောင်းထံ ရောက်သောအခါ မထေရ်အလောင်းသည် ဘုရားရှင်၏ဗောဓိပင်ကို အောက်မေ့ဆင်ခြင်ခဲ့ပုံ၊ ထိုနောက် တောင်ချောက်ကြားမှ လိမ့်ကျသေဆုံးခဲ့ပုံ၊ နီသောပန်းကို လှူခဲ့သောကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ရခြင်းမရှိခဲ့ဘဲ လွန်ခဲ့သော သုံးကမ္ဘာအထက်၌ သုသညတမည်သော စကြဝတေးမင်းဖြစ်ခဲ့၍၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တယောဇနပဗ္ဗဇိတဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိပြည်ဝယ် သားတစ်ဦးတည်းသာရှိသော မိသားစုသုံးယောက်တို့သည် အလွန်ချစ်ခင်ကြသဖြင့် မခွဲမခွာနေလေ့ရှိပုံ၊ တစ်နေ့တွင် သားသည် တရားနာရသဖြင့် ရဟန်းပြုသွားရာ မိခင်ရော ဖခင်ပါ ရဟန်းပြုပြီး ရဟန်းဝတ်နှင့် သုံးဦးစလုံးမခွဲမခွာ နေကြပြန် သောကြောင့် ထိုသို့ မနေကြရန် ဘုရားရှင် တရား ဟောတော်မူရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တယောဇနဝတ္ထု

ဤဝတ္ထု၌ နွားကို မီးရှို့သတ်ခဲ့၍ ကျီးကန်းလည်ပင်း မီးကွင်းစွပ်ပုံ၊ ခွေးကို သဲအိုးဆွဲ ရေနှစ် သတ်ခဲ့၍ လှေသူကြီးကတော် သမုဒ္ဒရာထဲ ပစ်ချခံရပုံ၊ ဖွတ်တွင်းကို ပိတ်ခဲ့၍ ရဟန်းတို့ လိုဏ်ခေါင်း အတွင်း၌ အပိတ်ခံရပုံ၊ မည်သည့်နေရာ၌ပင်နေနေ အကုသိုလ်ဝဋ်ဘေးမှ ပြေးမလွတ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တယောဓမ္မဇာတက

ဤဇာတ်တော်၌ ဒေဝဒတ်အလောင်းမျောက်သည် ဟိမဝန္တာတောင်၌ မျောက်အပေါင်းကို အုပ်ချုပ်လျက် ခေါင်းဆောင်မျောက်မင်းအဖြစ်ဖြင့် နေထိုင်ခဲ့ပုံ၊ မိမိအုပ်စုတွင်း၌ မွေးလာသမျှသော မျောက်လေးများ ကြီးလာလျှင် ရာထူးလုမည်စိုးသဖြင့် ဝှေးစေ့ကို ကိုက်ဖောက်ပစ်ပုံ၊ ဘုရားလောင်းမျောက်ငယ်၏ မိခင်သည် မိမိ၏ သားငယ်အား အခြားတောအုပ်၌ မွေးဖွားကာ အရွယ်ရောက်သည်အထိ ကြီးပြင်းစေခဲ့ပုံ၊ ဘုရားလောင်းမျောက်မင်း အရွယ်ရောက်လာသောအခါ ဒေဝဒတ်မျောက်မင်းက သတ်ရန် အမျိုးမျိုးကြံစည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဇာ၊ဋ္ဌ၊၁၊၂၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တယောမဓုဝါဏိဇကာဝတ္ထု

ဤဝတ္ထုသည် အသောကရာဇဝတ္ထု၌ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၁၊၁၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တရဏိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ တရဏိယမထေရ်လောင်းလျာသည် အတ္ထဒဿီဘုရားရှင်လက်ထက်တော်၌ ဝိနတာမြစ်ထဲတွင် ကြီးမားသော လိပ်မင်းကြီးဖြစ်ခဲ့ပုံ၊ တစ်နေ့သောအခါ အတ္ထဒဿီဘုရားရှင် ကမ်းတစ်ဖက်သို့ ကူးမည်ကြံစဉ် အားရရွှင်လန်းနှစ်သက်စွာဖြင့် ဘုရားရှင်အား မိမိကျောက်ကုန်းထက်သို့ တင်ကာ တစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးခဲ့ပုံ၊ ဤကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဘဝများစွာ သံသရာပတ်လုံး အပါယ်ဒုဂ္ဂတိဘေးမှ ကင်းဝေးခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်၌ တစ်ထိုင်တည်းဖြင့် ရဟန္တာဖြစ်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တရဏိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ အများပြည်သူအသုံးပြုရန် တံတားပြုလုပ် လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့သည့်အပြင် ငါးဆယ့်ငါးကမ္ဘာအထက်၌ သမောဂဓ စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တရုဏပသန္နမဟာမတ္တဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ယာဂုကို ခွင့်ပြုတော်မူပြီဟု ကြားရ၍ လူများစွာတို့သည် ယာဂုနှင့် ပျားရည်ထည့်ထားသည့် မုန့်ချိုတို့ကို စောစောစီးစီး ကပ်ကြပုံ၊ တစ်နေ့တွင် သာသနာတော်ကို ကြည်ညိုခါစ အမတ်ကြီးတစ်ဦးသည် ဘုရားအမှူးရှိသော သံဃာတော်တို့အတွက် ဆွမ်းစားပင့်ထားပုံ၊ ရဟန်းတစ်ပါးလျှင် အသားဟင်းတစ်ခွက် အပြည့်အစုံ ဘုဉ်းပေးရန် စီစဉ်ထားပုံ၊ ဆွမ်းကပ်ရာ၌ ရဟန်းတို့က နည်းနည်းသာ ခံယူသဖြင့် အများအပြား ခံယူရန် လျှောက်ထားပုံ၊ ရဟန်းတို့က ယာဂုသောက်ထားသောကြောင့် မဆာ၍ အလှူမခံကြောင်း ပြောရာ ‘‘တပည့်တော် ပင့်ထားပါလျက် အခြားသူ၏ ဆွမ်းကို စားရမည်လော’’ဟု စိတ်ဆိုးကာ သပိတ်ထဲ လောင်းထည့်ခဲ့ပုံ၊ ဘုရားရှင်က တစ်ဦးပင့်ဖိတ်ထားလျှင် နောက်ပင့်သူ၏ ယာဂုစသည်ကို မသောက်ရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တလင်္ဂရဝါသီဓမ္မဒိန္နတ္ထေရဝတ္ထု

ဤဝတ္ထု၌ တလင်္ဂရအရပ်တွင် သီတင်းသုံးနေထိုင်သော ဓမ္မဒိန္နရဟန္တာမထေရ်သည် ‘‘မိမိ၏ ဆရာသမားဖြစ်သော မဟာနာဂထေရ်သည် ရဟန်းကိစ္စ ပြီး၊ မပြီး ဆင်ခြင်ကြည့်သောအခါ ပုထုဇဉ်အဖြစ်၌သာ တည်ရှိသေးကြောင်း’’ တွေ့မြင်ရပုံ၊ အကယ်၍ မိမိသာ မကယ်လျှင် ပုထုဇဉ်အဖြစ်ဖြင့်သာ ပျံလွန်တော်မူမည်ကို တွေ့မြင်သဖြင့် ကောင်းကင်ခရီးဖြင့် မဟာနာဂထေရ်ထံသို့ သွားခဲ့ပုံ၊ မိမိကိုယ်ကို ရဟန္တာဖြစ်ပြီးပြီဟု ထင်နေသော မဟာနာဂထေရ်အား ကြောက်မက်ဖွယ်ရာ ဆင်ဖြူကြီးတစ်ကောင် ဖန်ဆင်းရန် လျှောက်ထားခဲ့ပုံ၊ ထို့နောက် ဆင်ဖြူကြီးက မဟာနာဂထေရ်ကို ထိုးသတ်ရန် ရှေးရှုပြေးဝင်လာဟန်ကို ဖန်ဆင်းခိုင်းသောအခါ မဟာနာဂထေရ် ကြောက်လန့်ပြီး ပြေးမည်ပြုသောကြောင့် ဓမ္မဒိန္နထေရ်က တားမြစ်ပုံ၊ ထိုအခါ မဟာနာဂထေရ်သည် မိမိကိုယ်ကို ပုထုဇဉ်ဘဝသာ ရှိသေးကြောင်း သိရှိသွားကာ တရားရှုမှတ်သဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၁၈၈) (အဘိ၊ဋ္ဌ၊၂၊၄၇၀) (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တဠင်္ဂရဝါသီ ဓမ္မဒိန္နတ္ထေရဝတ္ထု

ဤဝတ္ထု၌ တဠင်္ဂရအရပ်၌ နေသော ဓမ္မဒိန္နမထေရ်သည် တိဿကျောင်းတိုက်ကြီးရှိ စေတီရင်ပြင်၌ လူတို့အား အပဏ္ဏကသုတ်တော်ကို ဟောပြစဉ် လောကဝိဝရဏတန်ခိုးတော်ဖြင့် ကြောက်ရွံ့ထိတ်လန့်အောင် ငရဲဘုံများကို ပြပုံ၊ ရွှင်လန်းအားတက်အောင် နတ်ဘုံများကို ပြ၍ တရားဟောပြတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၁) (သာရတ္ထ၊ဋီ၊၁၊၁၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တာယနဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ တာယနနတ်သားသည် မိစ္ဆာဒိဋ္ဌိအယူရှိသူ၊ မိစ္ဆာအယူဝါဒကို တည်ထောင်ခဲ့သူ တစ်ဦးပင်ဖြစ်သော်လည်း ကမ္မဝါဒီဖြစ်သဖြင့် အများကောင်းကျိုးအတွက် ရေတွင်းရေကန်များတူးဖော်ခြင်း၊ အပန်းဖြေနားနေရန် ဇရပ်စသည့် အဆောက်အဦများ ဆောက်လုပ်ခြင်း၊ ဆင်းရဲဒုက္ခရောက်နေသူတို့အား ကူညီစောင့်ရှောက်ခြင်း စသည်ဖြင့် ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့ပုံ၊ ထိုကုသိုလ်၏အကျိုးဆက်ကြောင့် သေလွန်သောအခါ နတ်ပြည်သို့ရောက်ရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၄၆) (သံ၊ဋ္ဌ၊၁၊၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တာလပုဋတ္ထေရဝတ္ထု

ဤဝတ္ထု၌ တာလပုဋမထေရ်လောင်းသည် ရှေးဘုရားရှင်များလက်ထက်၌ နိဗ္ဗာန် ရည်မှန်း၍ ကုသိုလ်များစွာပြုခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်တွင် ထင်ရှားသော ဇာတ်ဆရာကြီး ဖြစ်ခဲ့ပုံ၊ မြတ်စွာဘုရားရှင်ထံမှ သူ၏ရှေးဆရာများ၏ မိစ္ဆာအယများမှားယွင်းကြောင်း သိရှိရ၍ နောင်တရကာ ရဟန်းပြု၍ ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၄၉၄) (ထေရ၊ဋ္ဌ၊၂၊၄၅၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တာလဖလဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ၉၄-ကမ္ဘာထက်အထက်၌ ပွင့်တော်မူသော သတရံသီမည်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား ထန်းသီးလှူခဲ့ဖူးသော ကုသိုလ်ကြောင့် ဘဝအဆက်ဆက် အပါယ်မကျရောက်ခဲ့ဘဲ ဤဘုရား သာသနာတော်ဝယ် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တာလဝဏ္ဋဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲသော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ တိဿဘုရားရှင်အား ထန်းရွက် ယပ်ဝန်းကို လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ပုံ၊ ခြောက်ဆယ့်သုံးကမ္ဘာအထက်၌ မဟာနာမ်မည်သော စကြဝတေးမင်းဖြစ်ခဲ့ပြီး ဤဘုရားရှင် သာသနာတော်ဝယ် ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိကဏိကာရပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာ ဝိဇ္ဇာဓိုရ်သည် သုမေဓဘုရားရှင်အား မဟာလှေ၌ကားပန်း သုံးပွင့်တို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် သာသနာတော်ဝယ် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိကဏ္ဏိပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ နတ်သားဖြစ်ခဲ့၍ နတ်သမီးအပေါင်း ခြံရံသည့် ရှေးကောင်းမှုကံကို အောက်မေ့ပြီး ဘုရားရှင်ကို အမှတ်ရခဲ့ပုံ၊ ဆည်းလည်းပန်းကို ယူ၍ ဝိပဿီဘုရားရှင်ထံ သွားရောက်ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ဘဲ ခုနစ်ဆယ့်သုံးကမ္ဘာအထက်၌ ရမုတ္တမမည်သော စကြဝတေးမင်း လေးကြိမ် တိုင်တိုင်ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အပ၊၁၊၂၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိကိင်္ကဏိပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ဆည်းလည်းပန်းသုံးပွင့် လှူခဲ့သော ကုသိုလ်ကြောင့် ဒုဂ္ဂတိဘဝတို့၌ မဖြစ်ခဲ့ဘဲ၊ ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိကိင်္ကဏိပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်အနီး ဘူတဂဏတောင်ထိပ်ရှိ သစ်ပင်ဖျား၌ ကပ်ငြိနေသော ပံ့သကူသင်္ကန်းကို ဖူးမြင်ရပုံ၊ ဆည်းလည်းပန်း သုံးပွင့်ကို ခူးကာ ထိုသင်္ကန်းတော်အား ပူဇော်ခဲ့သော ကောင်းမှုကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ လားရောက်ခဲ့ခြင်းမရှိဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိကိစ္ဆကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဗန္ဓုမတီမြို့၌ ဆေးအတတ်ကို ကောင်းစွာတတ်ကျွမ်းသော ဆေးဆရာ ဖြစ်ခဲ့၍ ဝိပဿီဘုရားရှင်၏ အလုပ်အကျွေးဖြစ်ခဲ့ပုံ၊ အသောကအမည်ဖြင့် ထင်ရှားသော ရဟန်းတော်တစ်ပါးသည် မကျန်းမမာ ရောဂါနှိပ်စက်ခြင်းကို ခံနေရ၍ မထေရ်အလောင်း ဆေးဆရာ၏ ကုသပေးမှုကြောင့် ရောဂါပျောက်ကင်းခဲ့ရပုံ၊ မထေရ်လောင်းဆေးဆရာသည် ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့တော့ဘဲ့ လွန်ခဲ့သော ရှစ်ကမ္ဘာအထက်၌ သဗ္ဗောသဓမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၁၊၂၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိစမ္ပကပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်အနီး ဝိကတမည်သော တောင်၌ သီတင်းသုံးတော်မူသော ရဟန်းတော်အား စကားဝါပန်းသုံးပွင့်ကို ယူ၍ ကြဲမြှောက်ပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခဲ့ရခြင်းမရှိဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိစီဝရဏာနုဇာနနဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဂဟပတိစီဝရကို ခွင့်ပြုတော်မူလျှင် လူတို့သည် သင်္ကန်းများစွာ လှူကြပုံ၊ ရဟန်းတို့သည် ရာဇဂြိုဟ်နှင့် ဝေသာလီကြား ခရီးထွက်ကြစဉ် သင်္ကန်းထုပ်ကြီးများကို ထမ်း၍လည်းကောင်း၊ ရွက်၍လည်းကောင်း၊ ပိုး၍လည်းကောင်း မြင်မကောင်းအောင် သယ်ပိုးကြသဖြင့် လူတို့က အထည်ကုန်သည်ကြီးများဟု ပြောင်လှောင်ကြပုံ၊ တစ်ပါးစာ လုံလောက်သော သင်္ကန်း သတ်မှတ်ရန် ဘုရားရှင် စဉ်းစားတော်မူပုံ၊ ဝေသာလီမြို့ ဂေါတမကစေတီ၌ သီတင်းသုံးတော်မူစဉ် ဆောင်းတွင်းကာလ အအေးဆုံး ရှစ်ရက်အတွင်း နှင်းကျလျက် အေးမြသည့် ညတစ်ညတွင် ပထမယံ၌ သင်္ကန်းတစ်ထည်၊ မဇ္ဈိမယံ၌ နှစ်ထည်၊ ပစ္ဆိမယံ၌ သုံးထည်၊ မိုးလင်းခါနီးအချိန်၌ လေးထည် ဝတ်ရုံစမ်းသပ်တော်မူပြီး အလွန်းအအေးကြောက်သူပင် သင်္ကန်းလေးထည်ဆိုလျှင် လုံလောက်ပြီဟု တိစီဝရိတ်သင်္ကန်းကို ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဏကုဋိဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဗန္ဓုမတီမြို့၌ သူတစ်ပါး၏ အမှုလုပ် အစေအပါးဖြစ်ခဲ့ပုံ၊ ‘‘လောက၌ ဘုရားရှင်ပွင့်တော်မူခဲ့၏၊ ငါ့အား ကုသိုလ်ကောင်းမှုမရှိချေ၊ ငရဲနှင့်တွေ့ရခြင်းသည် ဆင်းရဲလှ၏’’ဟု ကြံစည်ခဲ့ပုံ၊ အလုပ်ရှင်ထံ တစ်ရက် ခွင့်တောင်း၍ တောသို့ သွားကာ သစ်ဝါးတို့ကိုရှာဖွေ၍ သစ်ရွက်မိုးကျောင်းဆောက်လုပ်ပြီး သံဃာတော်အား လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားရောက်ခဲ့ရဘဲ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ရပုံ၊ ဘုံဆင့်တစ်ရာ၊ နန်းဦးပြာသာဒ်တစ်သိန်းရှိသော ဗိမာန်ထင်ရှားဖြစ်ပေါ်လာခဲ့ပုံ၊ ခြင်္သေ့၊ ကျားစသော သားရဲများ၊ ဘုတ် ပြိတ္တာ၊ နဂါး၊ ဂဠုန်စသော သတ္တဝါများ ရှောင်ကွင်းခဲ့ကြပုံ၊ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဏမုဋ္ဌိဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် မုဆိုးတစ်ဦးဖြစ်စဉ် စင်္ကြံကြွနေတော်မူသော တိဿဘုရားရှင် ထိုင်တော်မူရန်အတွက် မြက်ဆုပ်များကို ရိတ်ဖြတ်လှူဒါန်းခဲ့သည့် ကုသိုလ်ကြောင့် သုဂတိဘုံဘဝတို့၌သာ ဖြစ်ခဲ့ရပြီး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဏသန္ထရကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထဘုရာရှင်အား ထန်းရွက် မိုးကျောင်းငယ်ကို ဆောက်လုပ်လှူဒါန်းခဲ့သော ကုသိုလ်ကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခဲ့ရခြင်းမရှိခဲ့ဘဲ လွန်ခဲ့သော ခြောက်ဆယ့်ငါးကမ္ဘာအထက်၌ စကြဝတေးမင်း လေးကြိမ်ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဏသန္ထရဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းရသေ့သည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်အနီး ကြာပန်းတို့ဖြင့် ဖုံးလွှမ်း၍ ငှက်အမျိုးမျိုးတို့ ပျော်မွေ့ဖွယ်ရာရေအိုင်ကြီး၌ နေခဲ့ပုံ၊ တိဿဘုရားရှင်သည် ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူစဉ် ကောင်းကင်မှ ဆင်းသက်တော်မူ၍ မထေရ်အလောင်းလှူဒါန်းသော နေထိုင်ရာမြက်အခင်းကို အလှူခံတော်မူပုံ၊ ထိုကောင်းမှုကံကြောင့် နိမ္မာနရတိဘုံသို့ ရောက်ခဲ့ရပုံ၊ ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ရဘဲ ဒုတိယမြောက်ကမ္ဘာ၌ မိဂသမ္မတစကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ်ခဲ့ပုံုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဏသူလကဆာဒနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းဆင်းရဲတို့ကို ဆင်ခြင်မိ၍ တောထွက်ကာ ရသေ့ရဟန်းပြုခဲ့ပုံ၊ ဂင်္ဂါမြစ်ကမ်း၌ သင်္ခမ်းကျောင်းဆောက်၍ နေပုံ၊ တစ်နေ့သောအခါ ခြင်္သေ့ဟောက်သံကြား၍ ခြင်္သေ့ကိုရှာဖွေသော် တိဿဘုရားရှင်ကို ဖူးတွေ့ရပုံ၊ တိဿဘုရားရှင်၏ ဂုဏ်ကျေးဇူးတို့ကို ချီးကျူးပူဇော်၍ ကြက်ရုံးပန်းတို့ဖြင့် ဖုံးလွှမ်းပူဇော်ခဲ့ပုံ၊ တိဿဘုရားရှင်က ‘‘ဤရသေ့သည် နှစ်ဆယ့်ငါးကြိမ်တိုင်တိုင် နတ်မင်း၊ ခုနစ်ဆယ့်ငါးကြိမ်တိုင်တိုင် စကြဝတေးမင်း၊ ပဒေသရာဇ်မင်းအဖြစ်ကား မရေမတွက်နိုင်အောင် ဖြစ်လတ္တံ့’’ဟု ဗျာဒိတ်စကား မိန့်ကြားခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ဘဲ ဤဘုရားရှင် လက်ထက်တော် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဏသူလကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းရှင်ရသေ့သည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်အနီး ဘူတဂဏမည်သော တောင်၌ သီတင်းသုံးနေတော်မူသည့် သိခီဘုရားရှင်အား စပယ်ပန်းကို လှူခဲ့သော ကောင်းမှုကံကြောင့် အပါယ်လေးပါးသို့ လားရောက်ခဲ့ရခြင်းမရှိဘဲ တစ်ဆယ့်တစ်ကမ္ဘာအထက်၌ ဓရဏီရုဟ အမည်ရှိသော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဏုက္ကဓာရိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ခြေရင်း၌ မီးရှူးတိုင် သုံးတိုင် ထွန်းညှိလှူဒါန်းခဲ့သော ကုသိုလ်ကြောင့် ဒုဂ္ဂတိဘဝတို့၌ မကျင်လည်ခဲ့ရဘဲ ဤဘုရား သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိတ္တိရဇာတက

ဤဇာတ်တော်၌ ရှေးအခါက ဟိမဝန္တာတော၌ ဆင်, မျောက်, ခါ သတ္တဝါ(၃)ဦးတို့သည် အသက်ကြီးသူကို အရိုအသေပြုကြပုံ၊ အသက်သိက္ခာကြီးသူတို့အား အလေးအမြတ်ပြုလျှင် ယခုဘဝလည်း ချီးမွမ်းခံရ၍ နောင်ဘဝတို့၌လည်း သုဂတိဘုံသို့ ရောက်နိုင်ကြောင်း ဘုရားရှင်က ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၁၀) (ဇာ၊ဋ္ဌ၊၁၊၂၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိတ္တိရဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရသေ့ဖြစ်စဉ် မုဆိုး၏ တည်ခါတစ်ကောင်သည် မိမိကိုယ်တိုင် စိတ်မပါဘဲ မိမိအမျိုးများ ပျက်စီးအောင် လုပ်ဆောင်နေရသဖြင့် အပြစ်ရှိ မရှိ ဘုရားအလောင်းအား မေးခဲ့ပုံ၊ သင်၏စိတ်သည် ထိုမကောင်းမှု၌ မညွတ်၍ စိတ်မပါလျှင် အပြစ်မရှိဟု ဘုရားအလောင်းက ဖြေကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၅၉) (သာရတ္ထ၊ဋီ၊၁၊၁၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိတ္တိရဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် အဘိညာဉ်ရ ရသေ့ကြီးဖြစ်၍ ရသေ့တပည့်ငါးရာနှင့်အတူ ဈာန်ကစား၍ နေပုံ၊ စကားများ၍ ဆရာလုပ်လိုသော ရသေ့တစ်ပါးသည် အခြားရသေ့တစ်ပါး ထင်းခွဲနေစဉ် ဆရာသွားလုပ်ပုံ၊ ထိုရသေ့က ဆရာလုပ်သော ရသေ့ကို စိတ်ဆိုးကာ ပုဆိန်ဖြင့် ခုတ်သတ်သဖြင့် အသက်ဆုံးရှုံးခဲ့ရပုံ၊ ထိုကျောင်းအနီး တောင်ပို့၌နေသော ခါတစ်ကောင်သည်လည်း တွန်သံပေးသဖြင့် မုဆိုး၏အသတ်ခံရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိတ္ထဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗြဟ္မဒတ်မင်း၏ အမတ်ကြီးဖြစ်စဉ် မင်္ဂလာမြင်းတော်ကို ရေချိုးရန် ရေချိုးဆိပ်သို့ ဆောင်ယူပြီး မြစ်တွင်းသို့ မောင်းချသော်လည်း ရေချိုးမဆင်းဘဲ နေသဖြင့် ဘုရားလောင်း စုံစမ်းပုံ၊ ထိုဆိပ်တွင် အခြားမြည်းတစ်ကောင် ရေချိုးသွားခဲ့သဖြင့် သိန္ဓောမြင်း ရွံရှာ၍ ရေချိုးမဆင်းကြောင်း မိမိပညာဖြင့် ဖေါ်ထုတ်နိုင်ပုံ၊ သိန္ဓောမြင်းကို အခြားဆိပ်သို့ ပြောင်း၍ ရေချိုးပေးမှ ရေချိုးရန် ဆင်းပုံ၊ ပညာရှိသည် တိရစ္ဆာန်များ၏ ဆန္ဒကိုပင် သိနိုင်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိတ္ထိယဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်က ဆွမ်းစားပြီးလျှင် ဆွမ်းအနုမောဒနာတရားဟောပြရန် ခွင့်ပြုသဖြင့် ရဟန်းတို့ တရားဟောကြပုံ၊ တိတ္ထိတို့က ရဟန်းကောင်းဟူသည် စကားမပြော တုဏှိဘော ဆိတ်ဆိတ်နေရသည်ဟု ရှုတ်ချသောကြောင့် ဘုရားရှင်က စကားမပြော တုဏှိဘောနေရုံဖြင့် မုနိမဖြစ်သေး၊ ပြောဟောသင့်သော တရားစကားများကို ပြောပြရသေး၏၊ မိမိသန္တာန်၌ အကုသိုလ်ကင်းငြိမ်းမှသာ မုနိမည်၏ဟု မိန့်တော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိတ္ထိယသာဝကဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိပြည် ဇေတဝန်ကျောင်းအနီးတွင် တိတ္ထိတို့၏ သားသမီးငယ်များနှင့် ဗုဒ္ဓဘာသာဝင် ဥပါသကာတို့၏ သားသမီးငယ်များ အတူတကွ ကစားလေ့ရှိကြပုံ၊ တိတ္ထိများက မိမိတို့၏ သားငယ်သမီးငယ်တို့ ရဟန်းများအား ရှိမခိုးရန်၊ ဇေတဝန်ကျောင်းအတွင်း ရေဝင်မသောက်ရန် ပြောဆိုတားမြစ်ထားကြပုံ၊ တစ်နေ့သောအခါ ကလေးသူငယ်များ အတူတကွ ကစားနေကြစဉ် ရေဆာကြသဖြင့် ဗုဒ္ဓဘာသာဝင်ကလေးများက ဇေတဝန်ကျောင်းအတွင်းသို့ ဝင်၍ ဘုရားရှင်အား ရှိခိုးပြီး ရေသောက်ကြပုံ၊ ထို့နောက် သူငယ်ချင်းဖြစ်သူ တိတ္ထိတို့၏ သားသမီးငယ်များက ရေယူခဲ့ရန် မှာကြားလိုက်သဖြင့် ‘‘သောက်ရေ ခပ်ယူသွားလိုကြောင်း’’ ဘုရားရှင်အား ခွင့်ပန်လျှောက်ထားကြပုံ၊ ဘုရားရှင်က တိတ္ထိတို့၏ သားသမီးငယ်များကို ကိုယ်တိုင်လာသောက်ခိုင်းရန် မိန့်ကြားပုံ၊ တိတ္ထိတို့၏ ကလေးငယ်များ ရေသောက်ပြီးသောအခါ ဘုရားရှင်က တရားစကား ပြောကြားတော်မူသဖြင့် တိတ္ထိငယ်လေးများ သရဏဂုံတည်သွားကြပုံ၊ နောင်သောအခါ ဘုရားရှင်၏ တရားတော်ကို ထပ်ခါထပ်ခါ နာကြားရသဖြင့် သောတာပန်တည်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိန္ဒုကဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် မျောက်မျိုး၌ ဖြစ်စဉ် မျောက်အပေါင်းရှစ်သောင်း ခြံရံလျက် ဟိမဝန္တာအရပ်၌ နေပုံ၊ ဟိမဝန္တာအနီးရှိ ရွာငယ်လေး၏ အလယ်၌ ချိုမြိန်ကောင်းမြတ်သော အသီးတို့ဖြင့် ဝေဆာနေသော တည်ပင်တစ်ပင် ရှိပုံ၊ မျောက်အပေါင်းက တည်သီးစားရန်အတွက် ဘုရားလောင်းမျောက်မင်းထံ ပြောကြားသောအခါ လူများနေထိုင်ရာအရပ် ဖြစ်နေသဖြင့် မသွားသင့်ကြောင်း၊ လူတို့သည် အလွန်မာယာများကြောင်း ပြောကြားပုံ၊ ညအခါ လူခြေတိတ်လျက် လူတွေအိပ်သောအခါ သွားစားမည်ဟု မျောက်များက ပြောပုံ၊ ညအချိန် သွားရောက်စားသောက်ကြသောအခါ ယောကျ်ားတစ်ယောက်က တွေ့မြင်သွားပြီး ရွာသားများနှင့်အတူ မျောက်များကို ဖမ်းဆီးသတ်ဖြတ်ရန် ကြံစည်ပုံ၊ ဟိမဝန္တာတော၌ ကျန်ရစ်ခဲ့သော တူဖြစ်သူ သေနကမျောက်က ကယ်တင်သဖြင့် မျောက်အားလုံး အသက်ချမ်းသာရာ ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိန္ဒုကဖလဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ တောင်ကြား၌ ထိုင်နေတော်မူသော ဝိပဿီဘုရားရှင်ကို ဖူးမြင်ရ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ကာ တည်သီးကို အခိုင်လိုက်ချိုး၍ လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခဲ့ခြင်းမရှိဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိပဒုမိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ ဟံသာဝတီမြို့တော်၌ အာနန္ဒာမင်းကြီး၏ ပန်းတော်ဆက်ဖြစ်ခဲ့ရပုံ၊ အာနန္ဒာမင်းကြီးအား ဆက်သရန် ပဒုမ္မာကြာပန်းသုံးပွင့်ကို ယူဆောင်လာစဉ် လမ်းခရီး၌ ပဒုမုတ္တရဘုရားရှင်ကို ဖူးတွေ့ရ၍ ‘‘ငါသည် ဤပန်းကို အာနန္ဒာမင်းကြီးအား ဆက်သလျှင် ရွာကိုသော်လည်းကောင်း၊ ဆုတော်ငွေတစ်ထောင်ကိုသော်လည်းကောင်း ရနိုင်၏၊ ထိုဆုတော်ငွေဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဘုရားရှင်အား လှူဒါန်းပူဇော်ပါက အမြိုက်နိဗ္ဗာန်တည်းဟူသော ဥစ္စာကို ရလတ္တံ့’’ဟု ကြံစည်ပြီးလျှင် ဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ထိုအခါ ဘုရားရှင်က ‘‘ဤပန်းတော်ဆက်သည် ဤကောင်းမှုကံကြောင့် ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ အာယုကပ်သုံးဆယ်တို့ကာလပတ်လုံး သိကြားမင်းဖြစ်လတ္တံ့၊ နတ်၌ဖြစ်သော ပန်းမိုး အခါခပ်သိမ်းရွာသွန်းလတ္တံ့၊ ပဒုမ္မာကြာပန်းတို့ ဘုံဗိမာန်ကို ဝန်းရံကုန်၍ နတ်ပန်းရနံ့တို့ လှိုင်လတ္တံ့၊ ခုနစ်ဆယ့်ငါးကြိမ် စကြဝတေးမင်းဖြစ်လတ္တံ့’’ဟု ဗျာဒိတ်စကား မိန့်ကြားပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိပလ္လတ္ထမိဂဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သမင်မျိုး၌ ဖြစ်ပြီး၍ သမင်အပေါင်း ခြံရံလျက် တော၌နေစဉ် နှမဖြစ်သူ သမင်မသည် သူ၏သားငယ်ကို ခေါ်ဆောင်၍ အစ်ကိုတော်သူ သမင်ကြီးထံ မိဂမာယာအတတ်ကို သင်ကြားပေးရန် အပ်နှံပုံ၊ ဦးရီးတော် သမင်ကြီးက ‘‘ဤမည်သော အချိန်၌ လာရောက်သင်ယူပါ’’ ဟု မှာကြားသောအခါ တူတော်မောင်သမင်လေးသည် အချိန်အပိုင်းအခြားကို မကျော်လွန်ဘဲ သေချာကျနစွာ သင်ယူပုံ၊ တစ်နေ့သောအခါ မိခင်သမင်မက မိမိသားငယ် ကျော့ကွင်းမိနေကြောင်း အစ်ကိုဖြစ်သူ သမင်ကြီးထံ သွားရောက်ပြောကြားသောအခါ သမင်ကြီးက ‘‘သင်၏ သားငယ်ကို မိဂမာယာ အတတ်ပညာ ကောင်းစွာ သင်ပေးထားပြီးဖြစ်ကြောင်း၊ မကြာမီပင် မြူးတူးခုန်ပေါက်လျက် ပြန်ရောက်လာမည်ဖြစ်ကြောင်း ပြောကြားပုံ၊ ပြောသည့်အတိုင်း မကြာမီ အချိန်၌ပင် ကျော့ကွင်းမှ လွတ်ကာ မြူးတူးခုန်ပေါက် ပြေးလွှားကာ ပြန်ရောက်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၇၇) (အံ၊ဋီ၊၁၊၁၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိပိဋကစူဠာဘယတ္ထေရဝတ္ထု

ဤဝတ္ထု၌ သီဟိုဠ်ကျွန်း မဟာဝိဟာရကျောင်းတိုက်၌ သီတင်းသုံးနေထိုင်သော သောတာပန် တိပိဋကစူဠာဘယမထေရ်သည် အဋ္ဌကထာကျမ်းများကို မသင်ယူဘဲ ပိဋကတ်သုံးပုံကို သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း စည်တီး၍ ကြေညာစေပုံ၊ ထိုအခါ အဘယမထေရ်၏ ဥပဇ္စßာယ်ဆရာများက ပါဠိတော်၏ ပုဒ်ပါဌ်အနက်အဓိပ္ပါယ် အဆုံးအဖြတ်များကို အဘယမထေရ်အား မေးမြန်းသည့်အခါ မှန်ကန်စွာ မဖြေနိုင်သဖြင့် ရောဟဏဇနပုဒ်ရှိ မဟာဓမ္မရက္ခိတမထေရ်ထံ အဋ္ဌကထာ သင်ယူရန် အဘယမထေရ်အား စေလွှတ်ခဲ့ပုံ၊ မဟာဓမ္မရက္ခိတမထေရ်က အဘယမထေရ်အား ပါဠိတော်များကို ညအခါ၌ ရွတ်ဆို၍ နေ့အခါ၌ အဋ္ဌကထာအဖွင့်ကို ပို့ချခဲ့ပုံ၊ မဟာဓမ္မရက္ခိတမထေရ်က အဘယမထေရ်အား အဋ္ဌကထာများကို သင်ကြားပေးပြီးသောအခါ အဘယမထေရ်ထံ၌ပင် ကမ္မဋ္ဌာန်းတောင်း၍ တရားအားထုတ်သဖြင့် ရဟန္တာဖြစ်ခဲ့ပုံ၊ ဤကဲ့သို့သော မထေရ်မြတ်များအတွက် စာပေကျမ်းဂန်သည် ပလိဗောဓ မဖြစ်ကြောင်း ရှင်းလင်းပြဆိုထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိပိဋကစူဠာဘယတ္ထေရဝတ္ထု

ဤဝတ္ထု၌ တိပိဋကစူဠာဘယမထေရ်သည် ကြေးပြာသာဒ်၏ အောက်ထပ်၌ ရဟန်းတို့အား ဝိနည်းကို ပို့ချပြီးနောက် ညနေချမ်းအချိန်၌ ထွက်ခွာခဲ့ရာ ဆန့်ကျင်ဘက် ရဟန်းနှစ်ပါးတို့ ငြင်းခုံနေသည်ကို တွေ့တော်မူပုံ၊ အပြစ်ရှိသူ ရဟန်းသည် အပြစ်ကို ဝန်မခံဘဲ ငြင်းဆန်နေပုံ၊ ဝိနည်းဓိုရ်မထေရ်က ယပ်ရိုးဖြင့် ခေါက်၍ သတိပေးပြီး ထိုအမှုကိစ္စကို မဆုံးဖြတ်ဘဲ အခြားဝိနည်းဓိုရ်ပုဂ္ဂိုလ်အား ဆုံးဖြတ်ရန် ပြောကြားပုံ၊ ထိုအခါ အပြစ်ရှိသူ ရဟန်း၏ ခန္ဓာကိုယ်မှာ ပူလောင်လာသောကြောင့် ထိုရဟန်းက ‘‘အရှင်ဘုရားသည် ဝိနည်းဓိုရ်ပုဂ္ဂိုလ် အမှန်ဖြစ်ပါ၏၊ အရှင်ဘုရားကို ညှင်းဆဲမိသည့် အတွက် ခွင့်လွှတ်ရန် တောင်းပန်ပါ၏’’ဟု လျှောက်ထား၍ အဝတ်ဖြူကို ဝတ်ကာ ထွက်ခွာသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၂၊၁၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိပိဋကစူဠာဘယတ္ထေရဝတ္ထု

ဤဝတ္ထု၌ တိပိဋကစူဠာဘယထေရ်သည် အနုရာဓမြို့၏ တံခါးမုခ်ဦး လေးပေါက်တို့တွင် သုံးပေါက်ကို ပိတ်ထားစေလျက် နံနက်အခါ မြို့တွင်းမှ ထွက်သွားကုန်သော လူတို့၏ အမည်ကို မေးမြန်းမှတ်သားထားပုံ၊ ညနေအချိန်တွင် မြို့တွင်း ပြန်ဝင်လာသောအခါ ထိုလူအပေါင်း၏ အမည်ကို မမေးဘဲ မှန်ကန်စွာ ပြောဆိုနိုင်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၁၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိပိဋကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ သီဟိုဠ်ကျွန်းတွင် စဏ္ဍာလတိဿခိုးသူဘေးကြီး ကျရောက်သောအခါ ရဟန်းတော်(၆၀)တို့သည် ဤသီဟိုဠ်ကျွန်း ဒက္ခိဏမလယဇနပုဒ်မှာပင် နေ၍ ပိဋကသုံးပုံကို စောင့်ရှောက်ကြမည်ဟု ကတိကဝတ်ပြုကြပုံ၊ ထိုရဟန်းတို့သည် သစ်ဥ၊ သစ်မြစ်၊ သစ်ရွက်တို့ကိုသာ သုံးဆောင်ကြ၍ သဲများကို စုပုံခေါင်းအုံးပြီးလျှင် အဋ္ဌကထာနှင့်တကွ ပိဋကသုံးပုံကို (၁၂)နှစ်တိုင်တိုင် မပျောက်ပျက်အောင် ဆောင်ထားကြပုံ၊ တစ်ဖန် ကလ္လဂါမဇနပုဒ် မဏ္ဍလာရာမကျောင်းမှ ပိဋကသုံးပုံဆောင် ရဟန်း(၇၀၀)ထံသို့ ထိုပိဋကသုံးပုံဆောင် ရဟန်း(၆၀)တို့လာရောက် ညှိနှိင်းကြရာ အက္ခရာ ပုဒ်ဗျည်းတစ်စုံတရာ ကွဲလွဲမှုမရှိ မှန်ကန်နေပုံ၊ ထိုအရပ်မှာပင် ပရိယတ္တိနှင့် ပဋိပတ္တိသည် မည်သည်က သာသနာတော်၏ အရင်းမူလဖြစ်ကြောင်း စိစစ်တော်မူကြရာ ပရိယတ္တိကသာ အရင်းမူလဖြစ်ကြောင်း မိန့်တော်မူကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၃၊၉၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ သားမုဆိုးဖြစ်ခဲ့ပုံ၊ သခွတ် ဗောဓိပင်ကို ဖူးမြင်ရ၍ ပန်းသုံးပွင့်ကို ကြဲမြှောက်ပူဇော်ခဲ့သော ကောင်းမှုကံကြောင့်လည်းကောင်း၊ ကြွေကျသော ဗောဓိရွက်တို့ကို အပြင်အပ၌ စွန့်ပစ်ခဲ့သော ကောင်းမှုကံကြောင့်လည်းကောင်း၊ ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိဘဲ သုံးဆယ့်သုံးကမ္ဘာအထက်၌ သမန္တပါသာဒိက စကြဝတေးမင်း တစ်ဆယ့်သုံးကြိမ်ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၀) (အပ၊ဋ္ဌ၊၂၊၁၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိမိရပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ စန္ဒဘာဂါမြစ်ကမ်း အောက်အခြေ၌ သိဒ္ဓတ္ထဘုရားရှင်ကို ဖူးတွေ့ရလေလျှင် ကျည်းပန်းကို ယူ၍ ဘုရားရှင်အား ကြဲဖြန့် ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိဘဲ ငါးဆယ့်ခြောက်ကမ္ဘာအထက်၌ စကြဝတေးမင်းခုနစ်ကြိမ် ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၀) (အပ၊ဋ္ဌ၊၂၊၁၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိရီဋဝစ္ဆဇာတက

ဤဇာတ်တော်၌ တိရိဋဝစ္ဆသတို့သားသည် မိခင်ဖခင်များ ကွယ်လွန်သောအခါ တောထွက်၍ ရသေ့ရဟန်းပြုပုံ၊ ဗာရာဏသီမင်းသည် စစ်ရှုံးသဖြင့် ထွက်ပြေးလာရာ ရေငတ်သဖြင့် ရသေ့၏ ကျောင်းသင်္ခမ်းအနီးရှိ ရေတွင်းသို့ ဆင်းပုံ၊ ရေတွင်းမှ ပြန်မတက်နိုင်ဘဲ ရှိစဉ် တိရိဋဝစ္ဆရသေ့ ရောက်လာပြီး ကယ်တင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိရောကုဋ္ဋပေတဝတ္ထု

ဤဝတ္ထု၌ လွန်ခဲ့သော ၉၂-ကမ္ဘာအထက်၌ ဖုဿဘုရားရှင် ပွင့်တော်မူရာ ညီနောင်သုံးဦးတို့သည် ပစ္စန္တရစ်ကို ငြိမ်းအေးအောင် ပြုလုပ်ခဲ့သည့်အတွက် ဆုလာဘ်အဖြစ် ဘုရားရှင်အား ဝါတွင်းသုံးလ လုပ်ကျွေးခွင့်ရပုံ၊ မိမိတို့၏ ဇနပုဒ်ခေါင်းဆောင်ကို အလှူအတန်းအတွက် တာဝန်ပေးပုံ၊ အချို့သူတို့က သံဃာ့ပစ္စည်းများကို ယူငင်သုံးဆောင်ပြီး တချို့လူမိုက်တို့မှာ ဆွမ်းစားကျောင်းပစ္စည်းသိုလှောင်ရာ ဂိုဒေါင်များကို မီးရှို့ဖျက်ဆီးကြသဖြင့် ထိုလူတို့သေလွန်ကြသော် ငရဲ၌ ခံရပုံ၊ ထိုမှ လွတ်သော် ဤဘုရားရှင်လက်ထက်တော်အထိ ပြိတ္တာဖြစ်နေကြပြီး ၎င်းတို့၏ဆွေမျိုး ဗိမ္ဗိသာရမင်းကြီး အလှူအတန်းပြု အမျှအတန်းဝေမှ ကျွတ်လွတ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၂၉) (ပေတ၊ဋ္ဌ၊၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိရံသိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းရသေ့သည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ တောင်ကြား၌ သီတင်းသုံးနေတော်မူသော သိဒ္ဓတ္ထဘုရားရှင်ကို ဖူးတွေ့ခဲ့ရပုံ၊ ရှင်ရသေ့သည် သစ်နက်ရေကို ပခုံး တစ်ဖက်၌တင်၍ ‘‘လောက၌ အမိုက်မှောင်ကို ပယ်ဖျောက်၍ အလင်းရောင်ကို ပြုတတ်ကုန်သော အရာတို့သည် လမင်း၊ နေမင်းနှင့် လူတို့၏ ရှေ့သွားဖြစ်တော်မူသော မြတ်စွာဘုရား ဤသုံးမျိုးတို့သာတည်း’’ဟု ဥပမာပြ၍ ဘုရားရှင်ကို ချီးကျူးခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ခြောက်ဆယ့်တစ်ကမ္ဘာအထက်၌ ဉာဏဓရစကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်၍ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိလဒက္ခိဏဝတ္ထု

ဤဝတ္ထု၌ အမျိုးသမီးတစ်ယောက် သေလျှင် ငရဲသို့ ကျတော့မည်ကို ဘုရားရှင် ဉာဏ်တော်ဖြင့် မြင်တော်မူ၍ ထိုအမျိုးသမီးအထံ ကြွရောက်ကာ ဆွမ်းရပ်တော်မူပုံ၊ ထိုအမျိုးသမီးသည် နှမ်းတစ်လက်ခုပ် လှူဒါန်းလိုက်သောကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိလမုဋ္ဌိဇာတက

ဤဇာတ်တော်၌ ဗြဟ္မဒတ်မင်းသည် သားတော်လေးကို ဒိသာပါမောက္ခဆရာကြီးထံ အတတ်ပညာသင်ယူရန်စေလွှတ်ပုံ၊ မင်းသားငယ်သည် ရေချိုးသွားစဉ် အဖွားအို လှန်းထားသော နှမ်းများကို တစ်နေ့ လက်တစ်ဆုပ် ယူစားပုံ၊ အဖွားအိုက ဒိသာပါမောက္ခ ဆရာကြီးအား တိုင်ကြားသောကြောင့် ဝါးခြမ်းစိတ်ဖြင့် သုံးချက်ရိုက်၍ ဆုံးမပုံ၊ ရှင်ဘုရင် ဖြစ်သောအခါ ထိုအငြိုးကြောင့် ဆရာအား သတ်ရန် ကြိုးစားသဖြင့် ဆရာက ပြုပြင် ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိလမုဋ္ဌိဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ လွန်ခဲ့ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ပွင့်တော်မူခဲ့သော ဝိပဿီဘုရားရှင်သည် မထေရ်အလောင်းကို ချီးမြှောက်တော်မူလို၍ မထေရ်အလောင်းထံ ကြွလာတော်မူခဲ့ပုံ၊ မထေရ်အလောင်းသည် အားရဝမ်းသာစွာဖြင့် ဘုရားရှင်အား နှမ်းဆုပ်ကို ပေးလှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးလားရခြင်း မရှိခဲ့ဘဲ တစ်ဆယ့်ခြောက်ကမ္ဘာအထက်၌ တန္တိသစကြဝတေးမင်း ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဝဏ္ဋိပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်ထောင့်ရှစ်ရာအထက်၌ အနာနှိပ်စက်ခြင်းခံရ၍ အနီးနေတပည့်တို့သည် မထေရ်အလောင်းထံ လာရောက်ကြည့်ရှုကုန်စဉ် ပူလောင်ခြင်းပြင်းစွာ နှိပ်စက်ခံခဲ့ရပုံ၊ ထိုအချိန်၌ ဓမ္မဒဿီဘုရားရှင်၏ တပည့်သာဝက သုနန္ဒရဟန်းသည် မထေရ်လောင်းထံ ကြွလာတော်မူ၍ ချီးမြှောက်တော်မူပုံ၊ ထိုသုနန္ဒရဟန်းတော်အား ပန်းများကို လှူဒါန်းပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စုတေသော် နတ်ပြည်သို့ ရောက်ခဲ့ပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိဘဲ ကမ္ဘာတစ်ထောင့်သုံးရာအထက်၌ ဓူမကေတုစကြဝတေးမင်း ရှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့၍၊ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ်၍ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိသရဏဂမနီယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းသည် လွန်ခဲ့သော တစ်သချေင်္နှင့် ကမ္ဘာတစ်သိန်းအထက်၌ မျက်မမြင် အမိနှင့်အဖကို လုပ်ကျွေးနေသော သားကောင်းတစ်ယောက် ဖြစ်ခဲ့ပုံ၊ မိဘကို လုပ်ကျွေးနေရသဖြင့် ရဟန်းပြုခွင့် မရ၍ အနောမဒဿီဘုရားရှင်၏ လက်ယာတော်ရံအဂ္ဂသာဝက နိသဘမထေရ်အထံ၌ သရဏဂုံကို ဆောက်တည်ခံယူခဲ့ပုံ၊ ထိုဘဝမှ စုတေသော် တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့၍ သိကြားမင်းအဖြစ် အကြိမ်ရှစ်ဆယ်၊ စကြဝတေးမင်းအဖြစ် ခုနစ်ဆယ့်ငါးကြိမ်၊ ပဒေသရာဇ်မင်းအဖြစ် မရေမတွက်နိုင်အောင် ဖြစ်ခဲ့ပုံ၊ ထိုဘဝမှ စ၍ အပါယ်လေးပါးလားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ခုနစ်နှစ်သားအရွယ်ဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၈၂) (အပ၊ဋ္ဌ၊၂၊၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ တိဿသာမဏေ၏ ဥပဇ္ဈာယ်ဆရာသည် တိဿကျောင်းတိုက်ကြီး၌ သီတင်းသုံးနေတော်မူစဉ် စိတ္တလတောင်သို့ တိဿသာမဏေနှင့် အတူကြွကာ ထိုစိတ္တလဘောင်၌ လိုဏ်ကျောင်း ပြုလုပ်စေပုံ၊ တိဿသာမဏေသည် သံယုတ္တနိကာယ် ကျက်မှတ်မှု, တောင်လိုဏ်ခေါင်းသုတ်သင်မှု, တေဇောကသိုဏ်း အားထုတ်မှုတို့ကို ပြုလုပ်ခဲ့ပုံ၊ ထို့နောက်် တိဿသာမဏေသည် ဥတုသပ္ပာယမျှတမှုကို ရ၍ ထိုလိုဏ်ဂူ၌ပင် ရဟန္တာဖြစ်ခဲ့ပုံ၊ ပရိနိဗ္ဗာန်ပြုသောအခါ သူ၏ ဓာတ်တော်များကို စေတီအဖြစ် တည်ထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၃၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဤနေ့မှ (၄)ရက်လွန်လျှင် ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော့မည်ဟု သိရသဖြင့် အခြားရဟန်းတို့ ငိုယိုပူဆွေး နေကြသော်လည်း တိဿရဟန်းမှာမူ ဘုရားရှင်အား ပူဇော်ရန် အပြင်းအထန် ကမ္မဋ္ဌာန်းတရား အားထုတ်နေသောကြောင့် ဘုရားရှင်က သာဓုခေါ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တိဿဘုရားရှင်၏ ဗောဓိပင်အောက်၌ အရွက်ဟောင်းတို့ကို သယ်ထုတ်၍ သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ခဲ့သော ကုသိုလ်ကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကပိလဝတ္ထုမြို့၌ ဘုရားဘထွေးတော်၏သား တိဿ ဖြစ်လာ၍၊ ရဟန်းပြုပြီးနောက် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားအား စန္ဒကူးသားဖြင့် အင်းပျဉ်ပြုလုပ်၍ လှူဒါန်းခဲ့သော ကုသိုလ်ကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် သာသနာတော်၌ ရောရုဝမြို့တွင် မင်းမျိုး၌ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ကမ္မဋ္ဌာန်းအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ တိဿမထေရ်အလောင်းသည် နိရောဓသမာပတ်ဝင်စားတော်မူသော ပိယဒဿီဘုရားရှင်အား အင်ကြင်းပန်းခိုင်တို့ဖြင့် ခုနစ်ရက်ပူဇော်ခဲ့သော ကုသိုလ်ကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ တိဿအမည်ဖြင့် ပုဏ္ဏားဆရာကြီးဖြစ်၍ အခြံအရံလာဘ်ပေါများပုံ၊ မြတ်စွာဘုရားကို ဖူးမြော်ရသဖြင့် ကြည်ညိုကာ ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ သီဟိုဠ်ကျွန််းတွင် ဗြဟ္မဏတိဿခိုးသူဘေးကြီး ဆိုက်ရောက်နေစဉ် မဟာတိပိဋကမထေရ်က မဟာရက္ခိတမထေရ်အား စတုနိကာယိကတိဿမထေရ်ထံ၌ မဟာနိဒ္ဒေသကျမ်းကို သင်ယူရန် ပြောဆိုတိုက်တွန်းပုံ၊ မဟာရက္ခိတမထေရ်က ‘‘တိဿမထေရ်သည် သီလမစင်ကြယ်သဖြင့် မသင်ယူလိုကြောင်း’’ ပြန်လည် လျှောက်ထားပုံ၊ မဟာတိပိဋကမထေရ်က ‘‘ငါသည် သင်၏ အနီး၌ ထိုင်နေပြီး စောင့်ရှောက်ပေးပါမည်၊ သင်ယူပါ’’ဟု ဆိုသဖြင့် တိဿမထေရ်ထံ၌ မဟာနိဒ္ဒေသကို သင်ယူပုံ၊ သင်ယူမှုပြီးဆုံးသောနေ့၌ တိဿမထေရ်၏ ညောင်းစောင်းအောက်၌ မိန်းမတစ်ယောက်ကို တွေ့မြင်ရပုံ၊ ထိုသို့ပင် ဖြစ်သော်လည်း တရားတော်ကို ချီးမြှောက်သည့်အနေဖြင့် သင်ယူသင့်ကြောင်း ဖွင့်ဆိုထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၂၊၂၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အသောကမင်းကြီး၏ညီ အိမ်ရှေ့မင်း ဖြစ်ခဲ့ပုံ၊ သူသည် တစ်နေ့တွင် တော၌ သားသမင်များ ပျော်မြူးနေသည်ကို တွေ့ရ၍ စားကောင်းသောက်ဖွယ်များကို သုံးဆောင်နေရသော ရဟန်းတော်များသည်လည်း အလားတူ ဖြစ်မည်ဟု မိမိ၏ အကြံကို မင်းကြီးအား လျှောက်ထားပုံ၊ မင်းကြီးက ၎င်းအား ထီးနန်း(၇)ရက်အပ်၍ ထိုရက်ကျော်လျှင် သတ်မည်ဟု ဆုံးမသည်ကို အကြောင်းပြု၍ သာသနာတော်ကို ကြည်ညိုလာပုံ၊ ယောနက မဟာဓမ္မရက္ခိတ မထေရ်ထံတွင် ရဟန်းပြုခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဒေဝီလရသေ့နှင့် နာရဒရသေ့တို့ ဇရပ်တစ်ခုတွင် တည်းခိုရာ ညအခါ တံခါးပေါက်အလယ်၌ အိပ်နေသော ဒေဝီလရသေ့၏ ဆံကျစ်ကို နာရဒရသေ့က မတော်တဆ နင်းမိပုံ၊ နာရဒရသေ့က တောင်းပန်သော်လည်း ဒေဝီလရသေ့ မကျေအေးနိုင်ဘဲ ကျိန်ဆိုပုံ၊ မင်းနှင့်တကွ တိုင်းသူပြည်သားတို့က ဒေဝီလရသေ့ကို ဝိုင်းဝန်းတောင်းပန်ခိုင်းသော်လည်း မရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ တိဿရဟန်းသည် သင်္ကန်းသစ်ကို ရရှိသဖြင့် လွန်စွာ နှစ်သက်အားရ ကျေနပ်လျက် ထိုသင်္ကန်းအသစ်ကို သင်္ကန်းတန်းပေါ်၌ တင်ထားစဉ် အစာမကြေရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး သင်္ကန်းအသစ်အပေါ် စွဲလမ်းမှုတဏှာကြောင့် သင်္ကန်းခေါက်အတွင်း၌ သန်းကြီးတစ်ကောင် ဖြစ်ခဲ့ပုံ၊ ရဟန်းတော်များ သင်္ကန်းဝေဖန်မှု ပြုသောအခါ ‘မိမိသင်္ကန်းကို ရဟန်းတော်များ လာရောက်လုယက်နေကြသည်’ဟု အော်ဟစ်မြည်တမ်းလျက် ဟိုဟိုသည်သည် ပြေးသွားနေပုံ၊ သန်း၏ အော်မြည်သံကို ဘုရားရှင် ဒိဗ္ဗသောတဖြင့် ကြားရပြီး တိဿရဟန်း၏ သင်္ကန်းကို ခုနစ်ရက်တိုင်တိုင် မကိုင်ဘဲ ထားရန် မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သား တိဿသူကြွယ်သည် ငွေကုဋေလေးဆယ်ကို စွန့်၍ ရဟန်းပြုခဲ့ပုံ၊ ခယ်မက ခိုးသားငါးရာတို့အား ငွေပေး၍ မထေရ်ကို အသတ်ခိုင်းခဲ့ပုံ၊ ခိုးသူတို့ထံ တစ်ညတာ ခွင့်ပေးပါရန် တောင်းပန်ပြီး ခိုးသူတို့ ယုံကြည်စေရန် ပေါင်နှစ်ဖက်ကို ကျောက်ခဲကြီးဖြင့် ထုချိုးပုံ၊ တစ်ညလုံး ပြင်းထန်သော ဝေဒနာကို ဝိပဿနာရှုပွားရာ အရုဏ်တက်ချိန်၌ ရဟန္တာဖြစ်ခဲ့ပုံ၊ ရာဂတန်းလန်းနှင့် သေရမည်ကို ကြောက်ရွံ့စက်ဆုပ်ပါကြောင်း ဥဒါန်းကျူးရင့်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၃၃၉) (မ၊ဋ္ဌ၊၁၊၂၃၈) (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၄၆) (အံ၊ဋီ၊၁၊၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ လေဏဂိရိတောင်နေ တိဿမထေရ်သည် သာရဏီယကျင့်ဝတ် ဖြည့်ကျင့်ခဲ့ပုံ၊ အမြတ်ဆုံးဘဏ္ဍာပူဇော်ပွဲကို ဘုရင်မင်းမြတ် ဦးစီး၍ ကျင်းပရာ အမွန်မြတ်ဆုံး အဝတ်အထည်နှစ်ခုကို သက်ကြီးဝါကြီး မထေရ်များအား လှူဒါန်းရန် ရည်မှန်းထားပုံ၊ ထေရ်စဉ်ဝါလိုက် ပေးလှူသောအခါ ထိုအထည်နှစ်ခုတို့သည် မထေရ်ကြီးများ လက်ထဲသို့ မရောက်လာဘဲ မထေရ်ငယ်ဖြစ်သော တိဿမထေရ်သာ ရရှိပုံ၊ ဤကဲ့သို့ ရရှိခြင်းမှာ လောကုတ္တရာတရားထူး ရရှိခဲ့ခြင်းကြောင့် မဟုတ်ဘဲ သာရဏီယကျင့်ဝတ်ကို (၁၂)နှစ် ဖြည့်ကျင့်ခဲ့ခြင်းကြောင့် ဖြစ်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၂၉၅) (သာရတ္ထ၊ဋီ၊၃၊၄၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿဒတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်တိဿဒတ္တမထေရ်သည် မဟာဗောဓိမဏ္ဍိုင်၌ ရွှေစာရေးတန်မဲကို ကိုင်ကာ ဘာသာရပ်တစ်ဆဲ့ရှစ်ခုတို့တွင် မည်သည့်ဘာသာဖြင့် ဟောပြောရပါမည်နည်းဟု ပရိသတ်တို့အား ဖိတ်မန္တကပြုပုံ၊ ထိုသို့ဖိတ်မန္တကပြုရာ၌ ရဟန္တာဖြစ်သောကြောင့် ပဋိသမ္ဘိဒါဉာဏ်ဖြင့် ဖိတ်ခြင်းမျိုး မဟုတ်ဘဲ၊ မိမိသင်ယူတတ်မြောက်ထားသည့်အတွက်ကြောင့်သာ ထိုသို့ဖိတ်မန်ခြင်းဖြစ်ကြောင်း အမိန့်ရှိပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၃၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿဒတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်မြတ်သည် မဟာဗောဓိပင်ကို ဖူးမြော်ရန် မဇ္ဈိမဒေသသို့ သွားစဉ် သင်္ဘောအထက်၌ သီတင်းသုံးလျက် အဆုံးအပိုင်းအခြားမရှိသော သမုဒ္ဒရာကြီးကို ကြည့်၍ ပဋ္ဌာန်းကျမ်းနှင့် မဟာသမုဒ္ဒရာ မည်သည့်အရာက ပိုမိုကျယ်ဝန်းပါသနည်းဟု တွေးခေါ်ပုံ၊ သမုဒ္ဒရာမှာ အပိုင်းအခြားရှိပြီး ‘‘ပဋ္ဌာန်းကျမ်းမှာ အပိုင်းအခြားမရှိ ကျယ်ဝန်းကြောင်း စဉ်းစားတွေးခေါ်လျက် အဆင့်ဆင့် ဝိပဿနာကို ရှုပွား၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿဒဟရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ တိဿရဟန်းငယ်သည် ဇမ္ဗုကောလစေတီရင်ပြင်ကို တံမြက်လှည်း၍ အမှိုက်ကျုံးနေပုံ၊ ထိုခဏ၌ တိဿဒတ္တမထေရ်သည် လှေမှ ဆင်းသက်၍ လာရောက်ရာ စေတီရင်ပြင်ကို တံမြက်လှည်းထားသည်ကို တွေ့ရ၍ ဘာဝနာစိတ်ဖြင့် အမေးပုစ္ဆာတစ်ထောင်ကို မေးခဲ့ပုံ၊ တိဿရဟန်းငယ်က အားလုံး ဖြေကြားနိုင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၄၊၁၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿဒဟရဝတ္ထု

ဤဝတ္ထု၌ တိဿဒဟရမည်သောရဟန်းသည် အရာရာကို ကဲ့ရဲ့ရှုတ်ချတတ်ပြီး အနာထပိဏ် ဝိသာခါတို့၏ ဒါနကိုလည်း ကဲ့ရဲ့ပုံ၊ ကောသလမင်း၏ အသဒိသဒါနကိုပင် ကဲ့ရဲ့ကာ မိမိ၏ မင်းမျိုးများကိုမူ မဟုတ်မမှန် ချီးမွမ်းလေ့ရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ တိဿဘုရားရှင်သည် ခေမနေပြည်တော်၌ ခမည်းတော်ဇနသန္ဓမင်းကြီးနှင့် မယ်တော်ပဒုမာဒေဝီမိဖုရားကြီးတို့မှ မွေးဖွားခဲ့ပြီး သုဘဒ္ဒါမင်းသမီးနှင့်အတူ နန်းစည်းစိမ် ခံစားပုံ၊ အာနန္ဒမည်သော သားတော မွေးဖွားပြီးနောက် မြင်းယာဉ်ဖြင့် တောထွက်၍ ပိတောက်ဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူပုံ၊ အဂ္ဂသာဝက နှစ်ပါးမှာ ဗြဟ္မဒေဝမထေရ်နှင့် ဥဒယမထေရ်တို့ ဖြစ်ခဲ့ကြပုံ၊ အလုပ်အကျွေးမထေရ်မှာ သမဂ်မထေရ် ဖြစ်ခဲ့ပုံ၊ ထိုအချိန်၌ ဂေါတမဗုဒ္ဓလောင်းလျာသည် သုဇာတမင်းအဖြစ်ဖြင့် နိယတဗျာဒိတ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၈) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿဗြဟ္မဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူစဉ် ညဉ့်အခါ၌ နတ်သားတစ်ယောက်နှင့် တိဿဗြဟ္မာ ရောက်ရှိလာပြီး မဟာပဇာပတိဂေါတမီ၏ အခြံအရံဖြစ်သော ရဟန်းမငါးရာတို့ ကိလေသာမှ ကောင်းစွာ လွတ်မြောက်သွားပြီဖြစ်ကြောင်း ဘုရားရှင်အား လျှောက်ထားပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်က ရဟန်းတို့အား မိန့်ကြားသည့်အခါ အရှင်မောဂ္ဂလာန်ထေရ်သည် တိဿဗြာဟ္မာထံ သွား၍ သဥပါဒိသေသ အနုပါဒိသေသနှင့် ပတ်သက်သော အကြောင်းအရာများကို မေးမြန်းပုံ၊ တိဿဗြဟ္မာက ပညာဝိမုတ္တ ကာယသက္ခီ စသောပုဂ္ဂိုလ်တို့နှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၄၅၃) (အံ၊ဋ္ဌ၊၃၊၁၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿဘူတိတ္ထေရဝတ္ထု

ဤဝတ္ထု၌ တိဿဘူတိမထေရ်သည် ရွာတွင်းသို့ ဆွမ်းခံကြွစဉ် ဝိသဘာဂအာရုံကို ကြည့်မိပြီး ကိလေသာ ရာဂဖြစ်မိသဖြင့် ရပ်တည်ဆဲခြေထောက်ကို မကြွဘဲ အလုပ်အကျွေးသာမဏေ၏ သပိတ်အတွင်းသို့ ယာဂုဆွမ်းကို လောင်းထည့်ကာ ထိုနေရာမှ ပြန်လှည့်ခဲ့ပုံ၊ ဆရာသမားထံသို့ ရောက်သောအခါ မိမိ၏အနာရောဂါကို ဆေးကုလိုကြောင်း လျှောက်ထားသဖြင့် မလယဇနပုဒ်၌ နေသော မဟာသံဃရက္ခိတထေရ်ထံသို့ စေလွှတ်ခဲ့ပုံ၊ မထေရ်ကြီးက အသုဘကမ္မဋ္ဌာန်းကို ပေးတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿမဟာရာဇဝတ္ထု

ဤဝတ္ထု၌ တိဿမင်းကြီးသည် စေတိယတောင်၌ သီတင်းသုံးနေထိုင်သော ရဟန်းတော်တို့အား နေ့စဉ်နေ့တိုင်း လှူဒါန်းမှုပြုလုပ်ပုံ၊ ဇနပုဒ်သားတို့က အနုရာဓမြို့၌နေသော ရဟန်း တို့အားလည်း ပေးလှူသင့်ကြောင်း လျှောက်ထားကြပုံ၊ အနုရာဓမြို့နေ ရဟန်းတော်များသည် အတိုင်းအရှည်ကို မသိဘဲ အလှူခံခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿမေတ္တယျဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သား တိဿနှင့်မေတ္တေယျ သူငယ်ချင်းနှစ်ယောက်တို့ တရားတော်ကို နာရသဖြင့် ရဟန်းပြုလာကြပုံ၊ ဥပဇ္ဈာယ်ဆရာက တရားအားထုတ်ရန် တောအရပ်သို့ ကြွသောအခါ မေတ္တေယျလည်း လိုက်သွားပြီး အားထုတ်သဖြင့် ဆရာနှင့်အတူ ရဟန္တာဖြစ်ပုံ၊ တိဿမှာမူ ဆွေမျိုးများ၏ သွေးဆောင်မှုကြောင့် လူထွက်ခဲ့ပုံ၊ ထိုသူနေသော ရွာသို့ ဘုရားရှင်နှင့် သံဃာတော်တို့ ကြွရောက်တော်မူလာကြသောအခါ မေတ္တေယျမထေရ်၏ ခေါ်ယူမှုကြောင့် တိဿသည် ဘုရားရှင်ထံ ရောက်လာပြီး တရားနာ၍ သောတာပန်ဖြစ်ခဲ့ပုံ၊ နောင်အခါ ရဟန်းပြုကာ တရားအားထုတ်၍ ရဟန္တာဖြစ်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၂၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿမေတ္တေယျတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန််ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ သောဘိတမည်သော ရသေ့ဖြစ်၍ တောင်ကြား၌ နေကာ အလိုလို ကြွေကျသော သစ်သီးကိုသာ စားပြီး မီးကို လုပ်ကျွေးပူဇော်ခဲ့ပုံ၊ ပဒုမုတ္တရဘုရားရှင်သည် ရသေ့ထံ ကြွလာပြီး ချီးမြှောက်ပုံ၊ ရသေ့က ဘုရားရှင်အား မီးပူဇော်ရန် ထင်းယူခိုင်းရာ ဘုရားရှင်က ယူပေးခဲ့ပုံ၊ သို့သော် တန်ခိုးတော်ဖြင့် ရသေ့ကြီး မီးညှိမရအောင် တားမြစ်ထားပြီး ‘‘ရှင်ရသေ့ သင့်မီးသည် မတောက်ပါ၊ မီးပူဇော်ရာ မမည်ပါ၊ မီးပူဇော်ခြင်းဖြင့် အကျိုးမရှိပါ၊ ငါ၏ မီးကို လုပ်ကျွေးပါဦးလော့၊ ငါ၏ မီးပူဇော်ခြင်းကား အကြောင်းတရား ချုပ်ငြိမ်းခြင်းငှာ၊ ကိလေသာငြိမ်းအေးခြင်းငှာ၊ ငြူစူမှု-ဣဿာ၊ ဝန်တိုမှု-မစ္ဆရိယတို့ကို ပယ်စွန့်ခြင်းငှာ ဖြစ်ပါသည်’’ဟု ဘုရားရှင်က အမိန့်ရှိခဲ့ပုံ၊ ရသေ့ကြီး သဘောကျသွားပြီး သစ်နက်ရေကို ဖြန့်ခင်း၍ ဘုရားရှင်အား နေရာထိုင်ခင်းပေးကာ သစ်သီးကို ပျားရည်နှင့် ရောစပ်၍ လှူဒါန်းခဲ့ပုံ၊ ဘုရားရှင်က ရသေ့ကြီးအား ‘‘နတ်မင်းအဖြစ် နှစ်ဆယ့်ငါးကြိမ်၊ စကြဝတေးမင်းအဖြစ် အကြိမ်တစ်ထောင်ဖြစ်လတံ့’’ဟု ဗျာဒိတ်စကား မြွက်ကြားတော်မူပုံ၊ ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ နောက်ဆုံး ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿဝတ္ထု

ဤဝတ္ထု၌ ဓမ္မိကတိဿမင်းကြီးသည် ခါသားကို စားလိုသဖြင့် လူတို့ကို ပြောဆိုပါက ခါမျိုးတုံးအောင် ဖမ်းယူကြမည်ကို စိုးရိမ်သောကြောင့် (၃)နှစ်လုံးလုံး မပြောဆိုဘဲ ထိန်းသိမ်းခဲ့ပုံ၊ နောက်ဆုံးတွင် တိဿအမည်ရှိသော ပြုစုလုပ်ကျွေးသူကို စေခိုင်းသောအခါမှ အစွန်းသုံးပါး လွတ်သော ခါသားကို စားခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိဿာထေရီဝတ္ထု

ဤဝတ္ထု၌ တိဿာထေရီလောင်းလျာသည် ရှေးရှေးဘုရားရှင်များအထံ၌ ကောင်းမှုကုသိုလ်များကို ဆည်းပူးပြုလုပ် အားထုတ်ခဲ့ပြီးနောက် ဤဘုရားရှင် လက်ထက်တော်၌ ကပိလဝတ်ပြည် သာကီဝင် မင်းမျိုး၌ ဖြစ်ခဲ့ပုံ၊ မဟာပဇာပတိ ဂေါတမီနှင့် အတူ တောထွက်ပြီး ဘိက္ခုနီဝတ်ကာ ဝိပဿနာတရား ကြိုးစားအားထုတ်စဉ် ‘‘ချစ်သမီး တိဿာ...သိက္ခာသုံးပါးအကျင့်မြတ်တရားကို ကောင်းစွာ ကျင့်ကြံကြိုးကုတ် အားထုတ်လော့’’စသော ဘုရားရှင်၏ တရားစကားတော်ကို ကြားနာရပြီး ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊၃၇၇) (ထေရီ၊ဋ္ဌ၊၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တီဏုပ္ပလမာလိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ စန္ဒဘာဂါမြစ်ကမ်း၌ မျောက်ဖြစ်ခဲ့ပုံ၊ တောင်ကြား၌ သီတင်းသုံးနေတော်မူသော ဖုဿဘုရားရှင်ကို ဖူးတွေ့ရ၍ ဝမ်းမြောက်ဝမ်းသာဖြင့် ကြာပန်းသုံးပွင့်တို့ကို ပေးလှူပူဇော်ခဲ့ပုံ၊ ပန်းတို့ကို ပူဇော်ပြီးနောက် တောင်ကြားသို့ ကျ၍ ကွယ်လွန်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့ရပုံ၊ သံသရာကျင်လည်ရာ၌ အပါယ်လေးပါးသို့ မရောက်ခဲ့ပုံ၊ နတ်မင်းအဖြစ် အကြိမ်သုံးရာ၊ စကြဝတေးမင်းအဖြစ် အကြိမ်ငါးရာ ဖြစ်ခဲ့ရပြီးနောက် ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တီဏုပ္ပလမာလိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် စန္ဒဘာဂါမြစ်ကမ်း၌ မျောက် ဖြစ်ခဲ့ပုံ၊ တောင်ကြား၌ သီတင်းသုံးနေတော်မူသော ဝိပဿီဘုရားရှင်ကို ဖူးတွေ့ရ၍ ဝမ်းမြောက်ဝမ်းသာဖြင့် ကြာပန်းသုံးပွင့်တို့ကို ပေးလှူပူဇော်ခဲ့ပုံ၊ ပန်းတို့ကို ပူဇော်ပြီးနောက် တောင်ကြားသို့ကျ၍ ကွယ်လွန်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့ရပုံ၊ သံသရာကျင်လည်ရာ၌ အပါယ်လေးပါးသို့ မရောက်ခဲ့ရဘဲ နတ်မင်းအကြိမ်သုံးရာ၊ စကြဝတေးမင်း အကြိမ်ငါးရာဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တုဏ္ဍိလဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ဝက်မျိုး၌ဖြစ်၍ မဟာတုဏ္ဍိလ အမည်ရပုံ၊ စူဠတုဏ္ဍိလ ဝက်ညီအစ်ကို(၂)ဦးကို ၎င်း၏ ညီငယ်မှာ စူဠတုဏ္ဍိလ ဖြစ်၍ ၎င်းတို့ညီနောင်ကို အဖွားကြီးတစ်ဦးက သားအဖြစ်မွေးထားပုံ၊ တစ်နေ့တွင် အရက်သမားတို့က အရက်တိုက် ငွေပေးပြီး ချော့မော့ဝယ်ယူသဖြင့် စူဠတုဏ္ဍိလကို ရောင်းရန်အတွက် အဖွားကြီးက ခေါ်သည်ရှိသော် စူဠတုဏ္ဍိလသည် သေမည့်ဘေးကြောင့် တုန်လှုပ်ကြောက်ရွံ့ပုံ၊ ဘုရားလောင်း မဟာတုဏ္ဍိလက တရားဟောပြပုံ၊ ဘုရင်အပါအဝင် ပြည်သူတို့ရောက်ရှိလာပြီး ဘုရားအလောင်း၏ တရားကို နာယူကာ ဝက်ညီအစ်ကိုတို့အား ဘေးမဲ့ပေး၍ စောင့်ရှောက် မွေးမြူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တုရိတစာရိကာဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ရဟန္တာပေါင်းနှစ်သောင်း ခြံရံလျက် ဝနဝါသီတိဿသာမဏေထံသို့ ခရီးရှည်ကြွတော်မူပုံ၊ ဒကာ ဒကာမများက ဝနဝါသီတိဿသာမဏေထံ ဘုရားရှင်ကြွလာတော်မူသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ကြပုံ၊ တိဿသာမဏေက ဘုရားရှင်အား ဝတ်ကြီးဝတ်ငယ်ပြုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၂၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တုဝရဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ တော၌သားမုဆိုးဖြစ်ခဲ့ပုံ၊ ကတုံကနက်စေ့ (ပဲနောက်၊ ကုလားပဲတို့နှင့်တူသော ပဲစေ့တစ်မျိုး)ကို လှော်၍ သံဃာတော်များအား ပေးလှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၀) (အပ၊ဋ္ဌ၊၂၊၁၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တေကိစ္ဆကာရိတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်လက်ထက်တော်၌ ဆေးဆရာဖြစ်၍ ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့သောကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင် လက်ထက်ဝယ် သုဗုဒ္ဓ ပုဏ္ဏား၏သား ဖြစ်၍ သာဏဝါသီမထေရ်ထံ ရှင်ရဟန်းပြုကာ ဝိပဿနာပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တေမိယဝတ္ထု

ဤဝတ္ထုသည် မူဂပက္ခဇာတကနှင့် တူသည်။ (စရိယာ၊ဋ္ဌ၊၂၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တေလကန္ဒရိကဝတ္ထု

ဤဝတ္ထု၌ ရဟန်းနှစ်ပါးတို့သည် ကျေးရွာတစ်ရွာရှိ နားနေရာ ဇရပ်၌ ထိုင်နေစဉ် မိန်းမငယ်တစ်ယောက်ကို တွေ့မြင်ပုံ၊ ထိုရဟန်းတို့က ဤမိန်းမငယ်သည် သူ့မိခင်ကဲ့သို့ပင် သဒ္ဓါတရား ထက်သန်သူ ဖြစ်ပြီး ထောပတ်ကို အိုးလိုက်လှူလေ့ရှိကြောင်း မြှောက်ပင့် ပြောကြားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တေလကာနိတ္ထေရဝတ္ထု

ဤဝတ္ထု၌ တေလကာနိမထေရ်လောင်းလျာသည် ဘဝများစွာ၌ ကောင်းမှုများစွာ ပြုခဲ့ပုံ၊ ဤဂေါတမဘုရားရှင် လက်ထက်တော်၌ ပရိဗိုဇ်ဝတ်၍ နိဗ္ဗာန်နှင့်ပတ်သက်သော မေးခွန်းကို ပညာရှိအမည်ခံ မြတ်သော ပုဂ္ဂိုလ်တို့အား မေးမြန်းရသော်လည်း သဘောမကျ ဖြစ်နေရပုံ၊ ထို့နောက် ဘုရားရှင်နှင့် တွေ့ဆုံပြီးနောက် တရားနာကြားကာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တေလပတ္တဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်း၏ သားတော်တစ်ရာအနက် အငယ်ဆုံးသား ဖြစ်ပြီး ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့၏ မိန့်ဆိုချက်အရ ယူဇနာ ၁၂၀-ဝေးသော တက္ကသိုလ်ပြည်၌ မင်းအဖြစ်ကို ရယူရန် ဘီလူးမများပေါသော တောအုပ်ကြီးကို ဖြတ်ကျော်စဉ် မင်းသား၏ လူများကို ဘီလူးမတို့က ဖမ်းစားပုံ၊ ဘုရားအလောင်းတစ်ဦးသာလျှင် လွတ်မြောက်ပြီး မင်းဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တေလမက္ခိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းသည် သိဒ္ဓတ္ထဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူသည်ရှိသော် မဟာလှေကားဗောဓိပင်၏ ဝရံတာ(ပွတ်တိုင်)၌ ဆီကို လိမ်းကျံပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားရောက်ခဲ့ရဘဲ သုစ္ဆဝိမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တေသကုဏဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးသည် သားသမီး မထွန်းကားသဖြင့် မင်္ဂလာဥယျာဉ်ထဲရှိ ငှက်သိုက်ထဲမှ ငှက်ဥသုံးလုံးကို ယူ၍ မွေးမြူခဲ့ပုံ၊ ထိုဥတို့မှ ခင်ပုပ်ငှက်၊ ဆက်ရက်ငှက်၊ ကျေးငှက်တို့ ပေါက်ပွားလာပုံ၊ ထိုငှက်တို့ကို မင်းကြီးက သားသမီးကဲ့သို့ မွေးစားပုံ၊ ထိုငှက်တို့က ဘုရင်ကြီးအား မုသားစကားပြောဆိုခြင်း၊ အမျက်ထွက်ခြင်း၊ အပျော်ကျူးခြင်းစသော မကောင်းမှုတို့ကို ရှောင်ကြဉ်ပြီး မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်ရန် ဆုံးမပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၁၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တောဒေယျတ္ထေရဝတ္ထု

ဤဝတ္ထု၌ တောဒေယျမထေရ်လောင်း အမျိုးကောင်းသားသည် အဇိကသဉ္ဇယမင်းက သူပုန်ခြောက်သောင်းတို့အား တံကျင်လျှို၍ သတ်သည်ကို တွေ့မြင်ပြီး ထိတ်လန့်သံဝေဂရကာ ရသေ့ဝတ်ခဲ့ပုံ၊ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေပြီးနောက် ကျောင်းသင်္ခမ်းအနီးရှိ ရုက္ခစိုးနတ်မင်းက လောက၌ သုမေဓာဘုရားရှင် ပွင့်တော်မူနေကြောင်း ပြောကြားသဖြင့် ဘုရားရှင်ထံ သွားရောက်ချဉ်းကပ်ကာ စန္ဒကူးနံ့သာများဖြင့် ပူဇော်ပုံ၊ ဤကုသိုလ်ကောင်းမှု၏ အကျိုးဆက်ကြောင့် စကြာမင်း၊ နတ်မင်း၊ ပဒေသရာဇ်မင်း အဖြစ်တို့ကို အကြိမ်များစွာ ရရှိခဲ့ပြီး ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိံသဘိက္ခုဝတ္ထု

ဤဝတ္ထု၌ အရပ်ဒေသအသီးသီးမှ ကြွရောက်တော်မူလာကြသော ရဟန်းတော် အပါးသုံးဆယ်တို့သည် ဘုရားရှင်ထံ ရောက်သောအခါ တရားတော်ကို နာကြားရပြီး ရဟန္တာအဖြစ် ရောက်ရှိသွားကြပုံ၊ အရှင်အာနန္ဒာမထေရ်က ရဟန်းတော်များ ဘုရားရှင်ထံ ဝင်ရောက်သွားသည်ကိုသာ မြင်ရပြီး ပြန်ကြွသွားသည်ကို မမြင်လိုက်ရသဖြင့် ရဟန်းတော်အပါးသုံးဆယ်တို့ ဘယ်ပုံ ဘယ်နည်း ဘယ်ခရီးဖြင့် ပြန်ကြွသွားကြပါသနည်းဟု မေးမြန်းလျှောက်ထားပုံ၊ ဘုရားရှင်က ဣဒ္ဓိပါဒ်လေးပါး ပွားများပြီးသော ရဟန္တာပုဂ္ဂိုလ်များသည် ကောင်းကင်ခရီးဖြင့်လည်း သွားလာနိုင်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိံသဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော်အပါး သုံးဆယ်တို့ ကမ္မဋ္ဌာန်းတရားကို ကြိုးစားပမ်းစား အားထုတ်ကြပုံ၊ ရဟန်းတို့ကို ကျားလာဆွဲပုံ၊ ထိုရဟန်းတို့အထဲမှ ရဟန်းငယ်တစ်ပါး ကျားဆွဲခံရစဉ် ဝေဒနာနုပဿနာရှုမှတ်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာတို့ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၃၃၉) (မ၊ဋ္ဌ၊၁၊၂၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိံသဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ကလျာဏီမဟာစေတီကို ဖူးမြော်ပြီး တောလမ်းဖြင့် ပြန်ကြသော ရဟန်း(၃၀)တို့သည် မီးလောင်ပြင် လယ်ကွင်း၌ မီးသွေးများ ပေကျံကာ ထင်းခွေနေသော ယောကျ်ားတစ်ယောက်ကို တွေ့ရ၍ ရဟန်းငယ်များက ထိုသူကို ပြောင်လှောင်ကြပုံ၊ ထိုလူသည် ထင်းစည်းကို ချ၍ ရဟန်းငယ် တို့ကို ရှိခိုးပုံ၊ ထိုသူက မိမိသည် ဈာန်တန်ခိုးကြီးမားသော ရဟန်းတစ်ပါး ဖြစ်ခဲ့စဉ် မေ့လျော့ခဲ့သောကြောင့် ဈာန်များလျှောကျခဲ့ရပုံ၊ ရဟန်းတော်တို့အား ထင်းခွေသမား ယောကျ်ားက မမေ့မလျော့ကြရန် ဆုံးမသဖြင့် ထိုရဟန်းတော်တို့သည် သံဝေဂရ၍ ဝိပဿနာပွားသဖြင့် ထိုနေရာမှာပင် ရဟန္တာ ဖြစ်ကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၁၇၂) (အဘိ၊ဋ္ဌ၊၂၊၂၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိံသမတ္တပါဝေယျကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ကပ္ပါသိကတောအုပ်၌ ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်တို့သည် ဘုရားရှင်နှင့်တွေ့ခဲ့ပြီး ရဟန်းဝတ်ကာ မကြာမြင့်မီမှာပင် ရဟန္တာဖြစ်ခဲ့ကြပုံ၊ တရားထူးရမြန်ပုံကို ချီးမွမ်းကြ သောကြောင့် မဟာတုဏ္ဍိလဝက်မင်းဘဝက အရက်သမားတို့အား တရားဟောခဲ့ရာ တစ်ထိုင်တည်း၌ပင် ငါးပါးသီလမြဲသွားခဲ့ဖူးကြောင်း ဘုရားရှင် မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

တိံသမတ္တာထေရီဝတ္ထု

ဤဝတ္ထု၌ သုံးဆယ်သော ထေရီလောင်းလျာတို့သည် ရှေးရှေး ဘုရားရှင်တို့အထံ၌ ကောင်းမှုကုသိုလ်များကို ဆည်းပူးပြုလုပ် အားထုတ်ခဲ့ကြပုံ၊ ယင်းကုသိုလ်ကံကြောင့် လူ့ချမ်းသာ၊ နတ်ချမ်းသာတို့ဖြင့် ကျင်လည်ခဲ့ပြီးနောက် ဤဘုရားရှင်လက်ထတ်တော်၌ ပဋာစာရာထေရီထံ၌ ဘိက္ခုနီဝတ်ကာ ကျင့်ဝတ်ပဋိပတ်များကို ဖြည့်ကျင့်ကြပုံ၊ တစ်နေ့သောအခါတွင် ပဋာစာရာထေရီ၏ ဩဝါဒ၌ တည်လျက် ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊၃၉၂) (ထေရီ၊ဋ္ဌ၊၁၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ထမ္ဘာရောပကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဓမ္မဒဿီ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသည်ရှိသော် ထိုဘုရား၏ စေတီတော်၌ တံခွန်တိုင်စိုက်ထူ၍ လှေကားပြုလုပ်ကာ မြတ်လေးပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ကိုးဆယ့်လေးကမ္ဘာအထက်၌ ထူပသီခအမည်ရှိသော စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၈) (အပ၊ဋ္ဌ၊၂၊၁၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ထုလ္လနန္ဒာဘိက္ခုနီဝတ္ထု

ဤဝတ္ထု၌ ထုလ္လနန္ဒာဘိက္ခုနီသည် မိမိဆွမ်းခံအိမ်မှ ဒါယကာတစ်ဦးထံ သွား၍ ‘‘အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလ္လာန်, အရှင်မဟာကစ္စည်း, အရှင်ကောဋ္ဌိက, အရှင်မဟာကပ္ပိန, အရှင်မဟာစုန္ဒ, အရှင်အနုရုဒ္ဓါ, အရှင်ရေဝတ, အရှင်ဥပါလိ, အရှင်အာနန္ဒာ, အရှင်ရာဟုလာ စသော မထေရ်ကြီးတို့အစား အရှင်ဒေဝဒတ်, အရှင်ကောကာလိက, အရှင်ကဋမောဒကတိဿ, အရှင်ခဏ္ဍဒေဝိယာပုတ္တ, အရှင်သမုဒ္ဒဒတ္တတို့အား လှူသင့်သည်’’ဟု ဆွမ်းကွမ်းအတွက် စီစဉ်ပုံကို အကြောင်းပြု၍ ‘‘ဘိက္ခုနီ စီစဉ်သော ဆွမ်းကို စားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ပရိပါစိတ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ထုသဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခဆရာကြီး ဖြစ်ပုံ၊ ဗာရာဏသီမင်းသား မင်းအဖြစ်ကို ရသောအခါတွင် အန္တရာယ်ကြုံမည်ကို မြင်သဖြင့် နေရာဌာနသတ်မှတ်၍ ဂါထာလေးပုဒ် ရွတ်ဆိုရန် သင်ပေးလိုက်ပုံ၊ ဗာရာဏသီမင်းသား မင်းအဖြစ်ကို ရရှိပြီးနောက် သူ၏သားက သတ်ဖြတ်ရန် လေးကြိမ်တိတိ ကြံစည်ပုံ၊ ဒိသာပါမောက္ခဆရာကြီး သင်ပေးလိုက်သော ဂါထာကို ရွတ်ဆိုခြင်းကြောင့် လေးကြိမ်လုံးလုံး အသက်ဘေးမှ လွတ်ကင်းခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ထူဏေယျကဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် မလ္လတိုင်း ထူဏပုဏ္ဏားရွာသို့ ကြွရောက်တော်မူစဉ် ဘုရားကို မကြည်ညိုကြသော ရွာသားတို့သည် ရေတွင်းကို ပိတ်၍ ထားကြပုံ၊ ဘုရားရှင် သောက်သုံးရန် ရေခပ်သွားသောအခါ ပိတ်ထားသောရေတွင်းမှ ရေစင်ရေကောင်းတို့ လျှံထွက်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊၁၇၄) (ဥဒါန၊ဋ္ဌ၊၃၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ထေယျသံဝါသကဝတ္ထု

ဤဝတ္ထု၌ ဆွေကြီးမျိုးကြီးမှ တိမ်ကောလာပြီး တစ်ကောင်ကြွက်ဖြစ်နေသော နုနယ်သူ အမျိုးသားတစ်ယောက်သည် မပင်မပန်း သက်တောင့်သက်သာ အသက်မွေးဝမ်းကျောင်းပြုရန် ရည်ရွယ်ချက်ဖြင့် သာသနာတော်သို့ ဝင်ရန် ဆုံးဖြတ်၍ ကိုယ်တိုင် သင်္ကန်းရှာ ဝတ်ရုံနေခဲ့ပုံ၊ ရဟန်းတော်တို့နှင့်အတူ ရောနှောနေထိုင်သော်လည်း ဘွဲ့မရှိ၊ မိမိဝါကိုပင် မသိပုံ၊ ရဟန်းကောင်းတို့၏ တိုက်တွန်းချက်အရ အရှင်ဥပါလိက မေးစိစစ်သောအခါ ကိုယ့်ဘာသာ ကိုယ် သင်္ကန်းဝတ်လာကြောင်း သိရပုံ၊ ဘုရားရှင်က ‘‘သာသနာတော်သို့ ခိုးဝင်ပြီး ရဟန်းကောင်းတို့နှင့် ပေါင်းသင်းနေထိုင်သူကို ရဟန်းခံမပေးရ၊ တိတ္ထိဘောင်မှ ခိုးဝင်ပြောင်းရွှေ့လာသူကို ရဟန်းခံမပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ထေရနာမကဝတ္ထု

ဤဝတ္ထု၌ ထေရနာမကအမည်ရသော ရဟန်းတစ်ပါးသည် တစ်ပါးတည်း နေထိုင်ကာ တစ်ပါးတည်း နေခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုပုံ၊ တစ်ပါးတည်းသာ ဆွမ်းခံဝင် နေထိုင် စင်္ကြံသွားလျက်ရှိသည်ကို ရဟန်းတို့က ဘုရားရှင်ထံ လျှောက်ကြားပုံ၊ ဘုရားရှင်က ထိုရဟန်းတော်အား အတိတ်အနာဂတ်ကို မစွဲယူမူ၍ ပစ္စုပ္ပန်ဘဝတွင် ဆန္ဒရာဂ ပယ်စွန့်နိုင်မှသာ ဧကဝိဟာရီအဖြစ် အပြည့်အစုံ ကျင့်နိုင်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၄၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ထောမကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် နတ်ပြည်၌ တည်ရှိစဉ် ဝိပဿီဘုရားရှင်၏ တရားတော်ကို နာယူခဲ့ရ၍ ‘‘ယောကျ်ားဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား... အရှင်ဘုရားအား ရှိခိုးပါ၏၊ အရှင်ဘုရားသည် သေခြင်းကင်းသော နိဗ္ဗာန်ကို ဟောတော်မူလျက် လူအပေါင်းကို ကယ်တင်တော်မူခဲ့ပါပေ၏’’ဟု ချီးကျူးစကား မြွက်ဆိုခဲ့ပုံ၊ ထိုချီးကျူးခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးလားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၅) (အပ ၊ဋ္ဌ၊၂၊၁၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒကရက္ခသဇာတက

ဤဇာတ်တော်သည် မဟာဥမင်္ဂဇာတ်၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၇၈) (ဇာ၊ဋ္ဌ၊၆၊၃၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒဏ္ဍကမ္မဝတ္ထု

ဤဝတ္ထု၌ သာမဏေတို့သည် ရဟန်းတော်တို့အပေါ် မရိုမသေ မလေးမစား ပြုမူဆက်ဆံကြသဖြင့် ဘုရားရှင်က အင်္ဂါငါးပါးနှင့် ပြည့်စုံသော သာမဏေအား သဲဒဏ်၊ ရေဒဏ် ပေးရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒဏ္ဍကီရာဇဝတ္ထု

ဤဝတ္ထုသည် သရဘင်္ဂဇာတက၌ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒဏ္ဍဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဒဏ္ဍဒါယကမထေရ်လောင်း အမျိုးကောင်းသားသည် သစ်ခုတ်သမားဖြစ်စဉ် တောထဲသို့ သွားကာ ဝါးလုံးများကို ဖြတ်တောက်လျက် တုတ်တောင်ဝှေးများ ပြုလုပ်ပြီး သံဃာတော်များအား ဆက်ကပ်လှူဒါန်းခဲ့ပုံ၊ ဤကုသိုလ်ကောင်းမှု၏ အကျိုးဆက်ကြောင့် ကိုးဆယ့်လေးကမ္ဘာတိုင်တိုင် အပါယ်မလားဘဲ သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာသနာတော်တွင်း ဝင်ရောက်ကာ ဒဏ္ဍဒါယကမထေရ်ဟူသောအမည်ဖြင့် ရဟန္တာဖြစ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒတ္တဒဟရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဒတ္တမည်သော ရဟန်းငယ်တစ်ပါးသည် လောကန္တရိက်ကျောင်း၌ နေလျက် စေတီရင်ပြင်ကို တံမြက်စည်းလှည်းပုံ၊ မိမိတံမြက်လှည်းထားသော နေရာကို ကြည့်၍ ဩဒါတကသိုဏ်းကို ရရှိပုံ၊ ထို့နောက် သမာပတ်ရှစ်ပါးကို ဖြစ်စေလျက် ဝိပဿနာပွားများသောအခါ အနာဂါမိဖိုလ်သို့ ရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၄၊၁၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒဒ္ဒရဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း ခါမင်းသည် ဗေဒင်သုံးပုံတို့ကို နားဖြင့် ကြား၍ တတ်မြောက်ထားပုံ၊ ဒိသာပါမောက္ခဆရာကြီး ကွယ်လွန်သော် ဘုရားအလောင်း ခါမင်းက တပည့်တို့ကို ဆက်လက်ပို့ချနေပုံ၊ တောသတ္တဝါ အားလုံးကလည်း ခါမင်းကို ကြည်ညိုကြပုံ၊ တစ်နေ့တွင် ရသေ့စဉ်းလဲတစ်ပါး ရောက်လာပြီး ခါမင်းကို သတ်၍ စားသဖြင့် ကျားတစ်ကောင်က ထိုရသေ့စဉ်းလဲကို ကိုက်သတ်ပစ်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၅၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒဒ္ဒရဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဟိမဝန္တာအရပ်ရှိ ဒဒ္ဒရတောင်ခြေတွင် မဟာဒဒ္ဒရအမည်ဖြင့် ဒဒ္ဒရနဂါးမင်း၏သားတော် ဖြစ်ခဲ့ပုံ၊ ညီငယ်စူဠဒဒ္ဒရသည် အမျက်ထွက်လွယ်ပြီး နဂါးလုလင်တို့အား နှိပ်စက်ညှဉ်းပန်းသဖြင့် ဒဒ္ဒရနဂါးမင်းက စူဠဒဒ္ဒရကို တိုင်းပြည်မှ နှင်ထုတ်သည့်အခါ အစ်ကိုဖြစ်သူ မဟာဒဒ္ဒရက နှစ်ကြိမ်တိုင်တိုင် တောင်းပန်ခဲ့ပုံ၊ သုံးကြိမ်မြောက်၌ ညီအစ်ကိုနှစ်ကောင်လုံး နဂါးပြည်မှ သုံးနှစ်တိုင်တိုင် နှင်ထုတ်ခံရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒဒ္ဒရဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ခြင်္သေ့မျိုး၌ ဖြစ်စဉ် ဟိမဝန္တာတော၌ ခြင်္သေ့အပေါင်း ခြံရံလျက် ရတနာကျောက်ဂူ၌ နေပုံ၊ ထိုရတနာကျောက်ဂူနှင့် မနီးမဝေးအရပ်၌ မြေခွေးတစ်ကောင်လည်း နေထိုင်ပုံ၊ ခြင်္သေ့ငယ်များက မြူးတူးပျော်ပါးလျက် ဟိန်းဟောက်သောအခါ မြေခွေးကလည်း အတုလိုက်၍ ဟောက်ပုံ၊ ထိုအခါ မြေခွေးမှာ ဟောက်သံမထွက်ဘဲ ခွေးအူသံသာ ထွက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒဒ္ဒလ္လဝတ္ထု

ဤဝတ္ထု၌ နာဠကရွာသား အရှင်ရေဝတ၏အလုပ်အကျွေး ဒါယကာသူကြွယ်တစ်ဦးတွင် ဘဒ္ဒါနှင့် သုဘဒ္ဒါ ညီအမနှစ်ဦး ရှိပုံ၊ ရတနာသုံးပါးနှင့် သံဃာတော်တို့အား ဆွမ်းလုပ်ကျွေးခဲ့သည့် ကုသိုလ်ကြောင့် ကွယ်လွန်သောအခါ ဘဒ္ဒါက တာဝတိံသာ၌ ဖြစ်၍ သုဘဒ္ဒါက နိမ္မာနရတိနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒဓိဝါဟနဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဒဓိဝါဟနမင်းကြီး၏ ပညာရှိအမတ်တစ်ဦး ဖြစ်ခဲ့ပုံ၊ မင်းကြီးသည် ကဏ္ဏမုဏ္ဍအိုင်မှ နတ်တို့သုံးဆောင်သော သရက်သီးတစ်လုံးကို ရရှိသဖြင့် ဥယျာဉ်တော်အတွင်း၌ စိုက်ပျိုးစေကာ အသီးသီးသောအခါ အခြားသောမင်းတို့အား သရက်သီးလက်ဆောင် ပေးပုံ၊ သရက်သီး၏ အစေ့များကိုမူ စူးဖြင့် ထိုးဖောက်ထားသဖြင့် အခြားမင်းများ ထိုသရက်မျိုးစေ့ကို စိုက်ပျိုး၍ မရပုံ၊ ထိုအခါ မင်းတစ်ပါးက ဥယျာဉ်စောင့်ကို ခေါ်၍ ဒဓိဝါဟနမင်း၏ သရက်ပင်ကို အရသာပျက်အောင် တမာ, ခွေးတောက်စသော အပင်များနှင့် ရောလျက် စိုက်ပျိုးစေပုံ၊ သရက်သီးအရသာ ပျက်၍ အခါးအရသာများ ပေါ်ထွက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒန္တိကာထေရီဝတ္ထု

ဤဝတ္ထု၌ ဒန္တိကာထေရီလောင်းလျာသည် ကိန္နရီဖြစ်စဉ်က ပစ္စေကဗုဒ္ဓါတစ်ဆူထံတွင် အင်ကြင်းပန်းလှူခဲ့ဖူးပုံ၊ ထိုကုသိုလ်ကံကြောင့် ဂေါတမဘုရားရှင်လက်ထက်၌ ဘိက္ခုနီပြုကာ ရဟန္တာထေရီဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒဗ္ဗတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဒဗ္ဗထေရ်လောင်းလျာသည် ပဒုမုတ္တရ ဘုရားရှင်ထံပါးဝယ် ကုသိုလ်ပြု ဆုတောင်းခဲ့ပြီး ကဿပဘုရားရှင် သာသနာနောက်ပိုင်း၌ တောင်ထိပ်သို့ တက်ကာ ရဟန်းခုနစ်ပါး တရားအားထုတ်ရာတွင် တစ်ပါးအပါအဝင် ဖြစ်ခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ မလ္လမင်းသား ဒဗ္ဗမထေရ်ဖြစ်လာကာ သေနာသနပညာပကဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၁၃) (ဥဒါန၊ဋ္ဌ၊၃၈၇) (ထေရ၊ဋ္ဌ၊၁၊၄၈) (အပ၊ဋ္ဌ၊၂၊၂၂၇) (အပ၊၂၊၁၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒဗ္ဗမလ္လပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ သံဃာတော်များသည် သံဃိကသင်္ကန်းကို မလ္လမင်းသား အရှင်ဒဗ္ဗအား ပေးလှူကြပုံ၊ မျက်နှာလိုက်ကြောင်း ဆဗ္ဗဂ္ဂီရဟန်းတို့က ပြောဆိုကဲ့ရဲ့ကြပုံ၊ ‘‘ထိုသို့ ပြောဆိုကဲ့ရဲ့သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဒုဗ္ဗလသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒဗ္ဗမလ္လပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်ဒဗ္ဗမလ္လပုတ္တသည် (၇)နှစ်သားအရွယ်မှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ၊ သံဃာတော်တို့အတွက် နေရာချခြင်းနှင့် ဆွမ်းစားထည့်ခြင်းတာဝန်ကို ယူရပုံ၊ ကလျာဏဘတ္တိကမည်သော သူကြွယ်သည် ကျောင်းသို့ ရောက်လာပြီး အရှင်ဒဗ္ဗနှင့် တွေ့၍ ဆဗ္ဗဂ္ဂီရဟန်းတို့ နက်ဖြန်ခါ သူ့အိမ်၌ ဆွမ်းလှည့်ကျကြောင်း ကြားရသောအခါ ဆဗ္ဗဂ္ဂီတို့ကို မကြည်ညိုသဖြင့် ဆန်ကွဲဆွမ်းနှင့် ပုံးရည်ဟင်းကိုသာ ကပ်ခဲ့ပုံ၊ ဆဗ္ဗဂ္ဂီတို့က ဒဗ္ဗမထေရ် ပြော၍ ဤသို့ ဖြစ်ရသည်ဟု မထေရ်အား ရန်ငြိုးဖွဲ့ပြီး ပါရာဇိကအာပတ်ဖြင့် စွပ်စွဲကြပုံ၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ‘‘ရဟန်းတစ်ပါးကို ပါရာဇိကအာပတ်ဖြင့် စွပ်စွဲသော ရဟန်းအား သံဃာဒိသေသ်အာပတ် သင့်၏’’ဟု ဒုဋ္ဌဒေါသသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒဗ္ဗမလ္လပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မလ္လမင်းသား ဒဗ္ဗမထေရ်သည် သံဃာတော်တို့အတွက် ကျောင်းအိပ်ရာနေရာ စီစဉ်ပေးရပြီး ဆွမ်းလှည့်ချရသော တာဝန်ကျမထေရ် ဖြစ်ပုံ၊ ဆွမ်းလှည့်ချရာတွင် ဘုန်းကံနည်းပါး၍ သိက္ခာ ဝါငယ်ကြကုန်သော မေတ္တိယဘူမဇကရဟန်းတို့အတွက် နေရာချ စီစဉ်သောအခါ မကောင်းသော ဆွမ်းများ, ကျောင်းများကိုသာ ကျသဖြင့် မတရားလုပ်သည်ဟု ပုတ်ခတ်စွပ်စွဲကြပုံ၊ ထိုအကြောင်းကြောင့် မြတ်စွာဘုရားက ‘‘ထိုသို့ စွပ်စွဲသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဥဇ္ဈာပနက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒဗ္ဗမလ္လပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မလ္လမင်းသား ဒဗ္ဗမထေရ်သည် (၇)နှစ်သားအရွယ်ကပင် ရဟန္တာ ဖြစ်ခဲ့ပုံ၊ မိမိအတွက် ပြုလုပ်ဖွယ်ကိစ္စမရှိသောကြောင့် သံဃာတော်တို့ အကျိုးရှိစေရန် သံဃာတော်တို့အား ကျောင်းအိပ်ရာ နေရာချထားသည့် တာဝန်နှင့် သံဃာတော်တို့အား အလှည့်ကျ ဆွမ်းလှည့်ချသည့်တာဝန်ကို ယူထားပုံ၊ အကာလ ညအခါ ရောက်လာသော အာဂန္တုကတို့အတွက် နေရာချထားမှုကို တေဇောကသိုဏ်း ဝင်စား၍ အရောင်အဝါဖြစ်စေလျက် ဆောင်ရွက်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၁၉၁) (သာရတ္ထ၊ဋီ၊၂၊၃၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒဗ္ဘပုပ္ဖဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သစ်ပင်စောင့်နတ် ဖြစ်ပုံ၊ မြေခွေးတစ်ကောင်သည် မာယာဝီအမည်ရှိသော မိမိမယားနှင့် ထိုမြစ်ကမ်းပါးတွင် အတူနေစဉ် တစ်နေ့တွင် ဂဗ္ဘီရစာရီနှင့် အနုတီရစာရီအမည်ရှိသော ဖျံနှစ်ကောင်တို့သည် ငါးကြင်းကြီးတစ်ကောင်ကို အတူဖမ်းမိကြပြီး အဝေမတဲ့ဖြစ်နေကြသဖြင့် မြေခွေးအား အဝေခိုင်းပုံ၊ အနုတီရစာရီကို အမြီးပိုင်း ဂဗ္ဘီရစာရီကို ခေါင်းပိုင်းပေးပြီး ဝေပေးရသူ ဝေစုအဖြစ် မြေခွေးက အလယ်ပိုင်းကို ယူပုံ၊ အချင်းချင်း မညီညွတ်သဖြင့် အခြားသူက အမြတ်ထုတ်သွားတတ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒမိဠဒေါဝါရိကဝတ္ထု

ဤဝတ္ထု၌ မဓုအင်္ဂဏရွာသား ဒမိဠလူမျိုး တံခါးစောင့်တစ်ယောက်သည် ငါးမျှားချိတ်ဖြင့် ငါးတို့ကို သတ်ဖြတ်ရောင်းချအသက်မွေး၍ နှစ်ပေါင်းငါးဆယ်အထိ နေခဲ့ပုံ၊ အသက်အရွယ်ကြီးရင့်၍ သေခါနီး အိပ်ရာထဲတွင် ရောဂါဒဏ်ကို ခံစားနေစဉ် ဂိရိကျောင်းနေ စူဠပိဏ္ဍပါတိကတိဿမထေရ်သည် သူ၏အိမ်အတွင်းသို့ ကြွရောက်လာပြီး သရဏဂုံသုံးပါးနှင့် ငါးပါးသီလကို ရှေ့မှချပေးပုံ၊ ငါးပါးသီလရွတ်ဆိုဆဲမှာပင် သူသည် ကွယ်လွန်သဖြင့် စာတုမဟာရာဇ်နတ်ဘုံသို့ ရောက်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၂၊၁၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒရီမုခဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗြဟ္မဒတ်မင်းသားဖြစ်၍ ပုရောဟိတ်သား ဒရီမုခနှင့် ငယ်သူငယ်ချင်းဖြစ်ကာ တက္ကသိုလ်ပြည်မှ အပြန်တွင် ဖုတ်သွင်းရထားဆိုက်သဖြင့် ဘုရင်ဖြစ်ခဲ့ပုံ၊ ဒရီမုခမှာ စစ်သူကြီးအရာကို စွန့်၍ ရသေ့ပြုခဲ့ပုံ၊ နောင်အခါတွင် ဘုရားအလောင်းအား တောထွက်ရန် ဟောပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒလိဒ္ဒကမ္မကာရကဝတ္ထု

ဤဝတ္ထု၌ ဝေသာလီပြည်သားတို့ သံဃာတော်တို့အား အလှည့်ကျ ဆွမ်းကပ်နေသည်ကို သူဆင်းရဲတစ်ယောက်သည် တွေ့ရသဖြင့် အလုပ်ရှင်ထံမှ လုပ်ခကို ထုတ်ယူခဲ့ပြီး ဘုရားအမှူးရှိသော သံဃာတော်တို့အား ဆွမ်းကပ်ခဲ့ပုံ၊ သံဃာတော်တို့က ဆွမ်းခံစားပြီးဖြစ်၍ အနည်းငယ်သာ ခံယူကြသောကြောင့် သူဆင်းရဲက ကဲ့ရဲ့သဖြင့် ‘‘အခြားသူက ဆွမ်းစားပင့်ထားပါလျင် ဆွမ်းစားပင့်သူမှ တစ်ပါး အခြားနေရာ၌ ဆွမ်းစားခဲ့သော ရဟန်းအား ပါစိတ်အာပတ်သင့်၏’’ဟု ပရမ္ပရဘောဇန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒလိဒ္ဒဝတ္ထု

ဤဝတ္ထု၌ လူဆင်းရဲတစ်ယောက်သည် သဒ္ဓါ,သီလ,သုတ,စာဂ,ပညာ စသော သူတော်ကောင်းတရားများ ရှိခဲ့ပုံ၊ လူ့ဘဝမှ သေလွန်လျှင် တာဝတိံသာနတ်ပြည်တွင် ဖြစ်ရပြီး အခြားသော နတ်တို့ထက် အဖက်ဖက်မှ သာလွန်ပုံ၊ သူတော်ကောင်းတရားတို့ကို အားထုတ်သင့်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၃၃) (သံ၊ဋ္ဌ၊၁၊၃၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒသဗြာဟ္မဏဇာတက

ဤဇာတ်တော်၌ ကောသလမင်းကြီးသည် အလှူခံပုဂ္ဂိုလ်ဖြစ်သော ဘုရား ရဟန္တာအရှင်မြတ်တို့ကို ရွေးချယ်၍ အသဒိသဒါနပြုသကဲ့သို့ ရှေးအခါကာလ ကုရုတိုင်း ဣန္ဒပတ္တနဂိုရ်မြို့ ယုဓိဋ္ဌိလအနွယ် ကောရဗျဘုရင်သည် ဘုရားလောင်း ဝိဓုရ ပညာရှိနှင့် တိုင်ပင်၍ အလှူကြီးပေးပုံ၊ အလှူခံပုဂ္ဂိုလ်များထဲတွင် ငါးပါးသီလရှိသူပင် တစ်ဦးမျှ မပါဝင်သဖြင့် မြတ်သော အလှူခံပုဂ္ဂိုလ်ကို ရှာဖွေကြပုံ၊ ဗြာဟ္မဏများသည် အမည်အားဖြင့်သာ ဗြာဟ္မဏခေါ်နေရသော်လည်း တကယ်မှာမူ သီလစင်ကြယ်သော အလှူခံပုဂ္ဂိုလ်များ မဟုတ်ကြပုံ၊ မင်းနှင့်တကွ ပြည်သူများ ဥပုသ်စောင့်ကာ ပင့်ဖိတ်သဖြင့် ပစ္စေကဗုဒ္ဓါအပါး ၅၀၀-ကြွ၍ အလှူခံကြပုံ၊ သီလစင်ကြယ်သူကိုသာ ရွေးချယ်လှူဒါန်းသင့်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၃၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒသမဂဟပတိဝတ္ထု

ဤဝတ္ထု၌ အရှင်အာနန္ဒာသည် ဗေလုဝရွာ၌ နေစဉ် အဋ္ဌကမြို့သား ဒသမသူကြွယ်သည် အရှင်အာနန္ဒာထံ လာရောက်၍ နိဗ္ဗာန်သို့ ရောက်စေနိုင်သော တစ်ခုတည်းသော တရားကို မေးမြန်းခဲ့ပုံ၊ အရှင်အာနန္ဒာက ထိုတရားကို ရှင်းလင်းဟောပြခဲ့ပုံ၊ ထို့ကြောင့် အရှင်အာနန္ဒာအမှူးပြုသော ရဟန်းသံဃာအပေါင်းကို ပင့်ဖိတ်၍ ဆွမ်းသင်္ကန်းတို့ကို လှူဒါန်းပြီးလျှင် အရှင်အာနန္ဒာအတွက် ကျောင်းပေါင်းငါးရာတို့ကို ဆောက်လုပ်လှူဒါန်းပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၁၂) (အံ၊၃၊၅၄၂) (မ၊ဋ္ဌ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒသရထဇာတက

ဤဝတ္ထု၌ ဗာရာဏသီပြည် ဒသရထမင်းကြီးတွင် ရာမ၊ လက္ခဏ၊ သီတာဒေဝီနှင့် ဖအေတူမအေကွဲ ဘာရတမင်းသားတို့ ရှိကြပုံ၊ ဘာရတ၏မိခင် အကောက်ကြံသဖြင့် မင်းသားမင်းသမီးတို့ တောသို့ ထွက်သွားရပုံ၊ ခမည်းတော်ကွယ်လွန်ကာမှ အလောင်းတော် ရာမမင်းသားသည် ဗာရာဏသီပြည်၌ မင်းပြုရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒသဝဂ္ဂဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် နှစ်ပါးတစ်စု၊ သုံးပါးတစ်စုဖြင့် စုဝေး၍ ရဟန်းခံပေးကြကြောင်း ဘုရားရှင် သိတော်မူ၍ ဆယ်ပါး၊ ဆယ်ပါးထက်ပိုသော သံဃာအစုအဝေးဖြင့်သာလျှင် ရဟန်းခံကိစ္စ ဆောင်ရွက်ရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒသဝဿဝတ္ထု

ဤဝတ္ထု၌ ၁၀-ဝါရမှသာ ရဟန်းခံမှုကိစ္စ ဆောင်ရွက်နိုင်ကြောင်း ခွင့်ပြုတော်မူချက်ကို အကြောင်းပြု၍ အချို့ရဟန်းများသည် ၁၀-ဝါရပြီး ဝိနည်းအရာ မလိမ္မာမကျွမ်းကျင်ကြဘဲ ရဟန်းခံပေးကြပုံ၊ ဥပဇ္ဈာယ်ဆရာတို့က မလိမ္မာမကျွမ်းကျင်ဘဲ တပည့်တို့က ကျွမ်းကျင်လိမ္မာကြပုံ၊ ယခင်က တိတ္ထိဖြစ်ဖူးသူတစ်ဦးသည် ဆရာဖြစ်သူနှင့် တရားဆွေးနွေးရာ ဆရာက ကျေနပ်အောင် မပြောပြနိုင်၍ တိတ္ထိဘောင်သို့ ပြန်သွားခဲ့ပုံ၊ ထို့ကြောင့် ဘုရားရှင်က ‘‘၁၀-ဝါရပြီး ဝိနည်းအရာ လိမ္မာကျွမ်းကျင်မှသာ ရဟန်းခံမှုကိစ္စ ဆောင်ရွက်ရမည်’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒသသဟဿတာပသဝတ္ထု

ဤဝတ္ထု၌ ဘုရားမပွင့်မီ ရှေးအခါက တစ်ထောင်သော အမျိုးကောင်းသားတို့သည် ရသေ့ဝတ်၍ ဥရုဝေလအရပ်၌ နေကြပုံ၊ တစ်နေ့တွင် သူတို့သည် စုဝေးတိုင်ပင်ကြ၍ ကာမဂုဏ်ခံစားရန်, သူတစ်ပါးတို့ကို ဖျက်ဆီးရန်, ညှဉ်းဆဲရန် ကြံစည်ပါက မိမိကိုယ်ကို အပြစ်ဒဏ်ပေးသည့်အနေဖြင့် သစ်ရွက်ခွက်ဖြင့် သဲပုံ, ပုံကြရန် ကတိပြုကြပုံ၊ အချိန်ကြာလာသောအခါ ထိုနေရာ၌ သဲပုံကြီး ဖြစ်လာသဖြင့် နောက်ခေတ်လူတို့က ထိုနေရာ၌ စေတီတည်ထားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၃၊၂၃၄) (အံ၊ဋ္ဌ၊၂၊၂၆၃) (ဥဒါန၊ဋ္ဌ၊၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒဟရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ခေါင်းရိတ်ပြီးစ ရဟန်းငယ်အား ဝိသာခါ၏မြေးမငယ်က ခေါင်းတုံးဟု ပြောကြားပုံ၊ ရဟန်းငယ်နှင့် ဝိသာခါ၏မြေးမငယ်တို့ အချင်းချင်း စကားများကြပုံ၊ ဘုရားရှင်ကိုယ်တိုင် တရားပြကာ ဖြေရှင်းပေးသဖြင့် ရဟန်းငယ် သောတာပန်တည်ပုံ၊ သူတစ်ပါးတို့၏ အားနည်းချက် ပျော့ညံ့ချက်များကို မပြောကြားသင့်ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒဟရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းငယ်တစ်ပါးသည် မိမိဆရာကို ရည်မှန်း၍ မေတ္တာပွားသော်လည်း ပွာ၍မရသဖြင့် မထေရ်ကြီးအား မေးလျှောက်သောအခါ မထေရ်ကြီးက နိမိတ်ကို ရှာလော့ဟု မိန့်ဆိုတော်မူပုံ၊ နိမိတ်ကို ရှာသောအခါ ရဟန်းငယ်သည် ဆရာသမားပျံလွန်တော်မူခြင်းကို သိရ၍ အခြားပုဂ္ဂိုလ်ကို ရည်မှန်း၍ မေတ္တာပွားသော် မေတ္တာဈာန်သမာပတ်ရပုံ၊ သေသူကို မေတ္တာပွားများ၍ ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒဟရဝတ္ထု

ဤဝတ္ထု၌ ကောသလမင်းကြီးက မြတ်စွာဘုရားအား တရားအားလုံးကို ထိုးထွင်းသိမြင်တော်မူသော သဗ္ဗညူဟု ဝန်ခံပါသလောဟု လျှောက်ထားပုံ၊ ဘုရားရှင်က မိမိအား သဗ္ဗညူဗုဒ္ဓဟု ပြောဆိုမှသာလျှင် စစ်မှန်စွာ ပြောဆိုရာရောက်ကြောင်း ရှင်းလင်းဟောကြားပုံ၊ တိတ္ထိဆရာကြီးခြောက်ယောက်တို့သည် သဗ္ဗညူဗုဒ္ဓဟု ဝန်မခံရဲကြပုံ၊ ငယ်ပင်ငယ်သော်လည်း မထီမဲ့မြင် မပြုသင့်သောအရာ ၆-မျိုးတို့ကို ဘုရားရှင်က အကျယ်တဝင့် ရှင်းလင်းဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၆၈) (သံ၊ဋ္ဌ၊၁၊၁၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒဟရသာမဏေရဝတ္ထု

ဤဝတ္ထု၌ ရဟန္တာမထေရ်ကြီးတစ်ပါးသည် မဟာစေတီ မဟာဗောဓိကို ဖူးမြော်ရန် တစ်ပါးတည်း ကြွလာတော်မူပုံ၊ သာမဏေငယ်က နောက်မှလိုက်လာပြီး အလွန်ကြည်ညိုစွာ စေတီတော်ကို ဖူးမြော်နေသော မထေရ်ကြီးကို တွေ့မြင်ရသဖြင့် ဟိမဝန္တာတောသို့ တန်ခိုးဖြင့် ချက်ချင်း သွားကာ ပန်းများယူဆောင်ပေးပုံ၊ မထေရ်ကြီးသည် စေတီတော် ရင်ပြင်ပတ်ပတ်လည် ပန်းများဖြင့် ပူဇော်သော်လည်း ပန်းများ မကုန်သေးပုံ၊ မထေရ်ကြီးက သာမဏေငယ်၏ ဈာန်တန်ခိုးများ ကြာရှည်တည် မတည် ဆင်ခြင်သောအခါ ဈာန်တန်ခိုးပျက်မည်ကို မြင်သဖြင့် သတိပေး ဆုံးမသော်လည်း သာမဏေငယ်က ‘‘ငါ၏ ဆရာသည် ဘာတွေလာပြောနေမှန်းမသိ’’ ဟု ဆိုကာ နားမထောင်ပုံ၊ နောင်သောအခါ ဈာန်လျှောကာ ရက်ကန်းသည်မနှင့် ညားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၁၆၉) (အဘိ၊ဋ္ဌ၊၂၊၂၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒဠှဓမ္မဇာတက

ဤဇာတ်တော်၌ ဥတေနမင်းသည် ဘဒ္ဒဝတိကာဆင်မကို နုပျိုစဉ်အခါ၌ များစွာသော စည်းစိမ်အခြံအရံ ပေးလျက် အိုမင်းမစွမ်းရှိလာသောအခါ၌မူ အဆောင်အယောင်အားလုံးကို ဖြတ်တောက်ကာ တော၌ စွန့်ပစ်ပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားသောအခါ ဥတေနမင်းကို ဘုရားရှင်က ဆုံးမဩဝါဒပေးသဖြင့် ဆင်မအား မူလစည်းစိမ်များကို ပြန်လည်ပေးအပ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒဠှနေမိစက္ကဝတ္တိရာဇဝတ္ထု

ဤဝတ္ထု၌ ဒဠှနေမိစကြဝတေးမင်းကြီးသည် သားတော်ကြီးအား ထီးနန်းလွှဲအပ်၍ ရသေ့ဝတ်သွားသောအခါ စကြာရတနာ ပျောက်ကွယ်သွားပုံ၊ စကြာရတနာ ပေါ်ထွက်လာရေးအတွက် စကြဝတေးမင်းတို့ ကျင့်ဆောင်ရမည့် ကျင့်ဝတ်သီလတို့ကို သားတော်မင်းက ခမည်းတော်ရသေ့မြတ်အား မေးမြန်းပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၃၊၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒါရုသာကဋိကပုတ္တဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့တွင် သမ္မာဒိဋ္ဌိအယူရှိသောသူနှင့် မိစ္ဆာဒိဋ္ဌိအယူရှိသူတို့၏ သားနှစ်ယောက်တို့သည် အမြဲတမ်း ဂုံညင်းထိုး ကစားလေ့ရှိကြပုံ၊ သမ္မာဒိဋ္ဌိအယူရှိသူ၏သားသည် နမော ဗုဒ္ဓဿဟု ရွတ်ဆို၍ ဒိုးကစားသောအခါ အမြဲတမ်းနိုင်လေ့ရှိသဖြင့် အားကျကာ မိစ္ဆာဒိဋ္ဌိကလေးကပါ နမောဗုဒ္ဓဿကို ရွတ်ဆိုလေ့ရှိပုံ၊ တစ်နေ့သောအခါ မိစ္ဆာဒိဋ္ဌိအယူရှိကြသူ သားအဖနှစ်ယောက်တို့ တောအုပ်အတွင်းသို့ ထင်းခွေသွားကြရာ နွားများ မြို့တွင်းဝင်သွားသဖြင့် သားတစ်ယောက်တည်း မြို့ပြင်၌ ကျန်နေခဲ့ပုံ၊ ညအခါ မိစ္ဆာဒိဋ္ဌိ ဘီလူးက သူငယ်ကိုစားရန် ခြေထောက်လာဆွဲပုံ၊ ကလေးငယ်က ‘‘နမော ဗုဒ္ဓဿ’’ဟု ရွတ်ဆိုသဖြင့် ဘီလူးသည် ကြောက်ရွံ့ထိတ်လန့်ပြီး လွှတ်လိုက်ပုံ၊ သမ္မာဒိဋ္ဌိဘီလူး၏ စေခိုင်းချက်အရ ထိုဘီလူးက မင်း၏ ပွဲတော်ရွှေခွက်ကို ကလေးငယ်အတွက် ယူပေးရပုံ၊ သူငယ်သည် မြတ်စွာဘုရား၏တရားကို နာရ၍ မိဘများနှင့်အတူ ဝိပဿနာပွားကာ ရဟန္တာဖြစ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒါသကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဒါသကမထေရ်အလောင်း အမျိုးကောင်းသားသည် အဇိတပစ္စေကဗုဒ္ဓါအား စားချင်စဖွယ်ရှိသော သရက်သီးများကို လှူဒါန်းခဲ့ပုံ၊ ကဿပဘုရားရှင်လက်ထက်တော်၌ ရဟန္တာမထေရ်တစ်ပါးအား မထေရ်လောင်းကလူမှု လုပ်ငန်းကိစ္စတစ်ခု ခိုင်းစေခဲ့ဖူးသဖြင့် ဂေါတမဘုရားရှင်လက်ထက်တော်၌ အနာထပိဏ်သူဌေး၏ ကျွန်မဝမ်း၌ ပဋိသန္ဓေတည်ခဲ့ရပုံ၊ အရွယ်ရောက်လာသောအခါ ဇေတဝန်ကျောင်းတော် စောင့်ရှောက်ရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ခဲ့ရပုံ၊ သူဌေးကြီးက ကျွန်အဖြစ်မှ လွှတ်ပေးသောအခါ ရဟန်းပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒါသကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝေသာလီမြို့၌ ဒါသကမည်သော ပုဏ္ဏားလုလင်သည် အသက်တစ်ဆယ့်နှစ်နှစ်အရွယ်ကပင် ဗေဒင်သုံးပုံ၌ ပါရဂူဖြစ်ပုံ၊ သူသည် တပည့်တို့နှင့်အတူ အရှင်ဥပါလိမထေရ်ထံ၌ ဗေဒင်ဆိုင်ရာ ပြဿနာများကို မေးရာ မထေရ်က ကောင်းစွာ ဖြေဆိုတော်မူပုံ၊ ဗုဒ္ဓမန္တန်ကို သင်ယူလိုသဖြင့် မထေရ်ထံ၌ နောက်လိုက်တပည့်သုံးရာတို့နှင့်အတူ ရဟန်းပြုသဖြင့် ရဟန္တာဖြစ်ပြီး ရဟန္တာတစ်ထောင်တို့အား ပိဋကသုံးပုံကို ပို့ချခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၁၊၁၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒါသဝတ္ထု

ဤဝတ္ထု၌ ကျွန်တစ်ယောက်သည် အိမ်မှ ထွက်ပြေး၍ ရဟန်းဝတ်နေသည်ကို သခင်တို့က တွေ့သောအခါ ဖမ်းခေါ်မည် ပြုကြပုံ၊ ‘‘ရဟန်းတို့အား မည်သူမျှ မထိပါးရန် ဘုရင်က အမိန့်ထုတ်ပြီးဖြစ်၍ ဖမ်းခွင့်မရှိ’’ဟု ငြင်းဆိုကြပုံ၊ လူတို့က ကဲ့ရဲ့သဖြင့် ‘‘ကျွန်တို့ကို ရဟန်းခံမပေးရ’’ဟု ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဝိ၊၃၊၁၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒါသီဝတ္ထု

ဤဝတ္ထု၌ အမျိုးသမီးတစ်ယောက်သည် လူ့ဘဝတုန်းက ကျွန်မ ဖြစ်ခဲ့ရသော်လည်း သံဃာတော်တို့အား ကောင်းစွာ ချက်ပြုတ်၍ ဆွမ်းလှူခဲ့ခြင်း၊ သီလစောင့်ခဲ့ခြင်း၊ သရဏဂုံခံယူခဲ့ခြင်းကြောင့် ကွယ်လွန်သောအခါ တာဝတိံသာဘုံ၌ နတ်သမီးဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒီဃဇယန္တဒမိဠဝတ္ထု

ဤဝတ္ထု၌ ဒီဃဇယန္တမည်သော ကျေးတောသားလေးတစ်ယောက်သည် သုမနဂိရိကျောင်းအတွင်းရှိ အာကာသစေတီ၌ အနီရောင်ပုဆိုးကို လှူဒါန်းပူဇော်ခဲ့ပုံ၊ ကွယ်လွန်သောအခါ ဥဿဒငရဲအနီး၌ ဖြစ်၍၊ ငရဲမီးအရောင်နှင့် မီးတောက်အသံကို မြင်ရကြားရ၍ မိမိလှူဒါန်းခဲ့သော အနီရောင်ပုဆိုးကို သတိရသဖြင့် နတ်ပြည်သို့ ရောက်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၁၆၆) (အံ၊ဋ္ဌ၊၂၊၁၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒီဃနခဘိက္ခုဝတ္ထု

ဤဝတ္ထု၌ လက်သည်းရှည်ထားသော ရဟန်းတော်တစ်ပါး ဆွမ်းခံကြွစဉ် အမျိုးသမီးတစ်ယောက်က မေထုန်မှီဝဲရန် ဖိတ်ခေါ်ပုံ၊ ထိုရဟန်းက ဤအမှုကိစ္စမျိုးသည် ရဟန်းတော်များနှင့် မအပ်စပ်ကြောင်း ပြောကြားပုံ၊ အမျိုးသမီးက မိမိ၏အလိုဆန္ဒကို မလိုက်လျောလျှင် မိမိကိုယ်ကို လက်သည်းဖြင့် ကုတ်ဖဲ့၍ ‘‘ဤရဟန်းသည် မိမိကို အလိုမတူဘဲ ဖောက်ပြန်စွာ ပြုကျင့်၏’’ဟု တိုင်ပြောမည်ဖြစ်ကြောင်း ပြောကြားပုံ၊ ရဟန်းတော်ကလည်း အော်ချင်အော်, ပြောချင်ပြော မလိုက်လျောနိုင်’’ဟု ပြောကြားပုံ၊ ဤအကြောင်းအရာကို ဘုရားရှင် သိတော်မူ၍ ရဟန်းများ လက်သည်းရှည် မထားရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒီဃဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ဒီဃပုဏ္ဏားသည် ပုဏ္ဏားတို့ကို ထမင်းငါးခွက် ငါးခွက်စီ ပေးလှူသော်လည်း အလှူခံပုဏ္ဏားတို့မှာ ရောင့်ရဲမှုမရှိပုံ၊ တစ်နေ့သောအခါ ရဟန်းတော်များသည် အလိုနည်း၏ ဟူသော စကားကို စုံစမ်းရန် ရဟန်းအပါးသုံးဆယ် ဆွမ်းစားနေစဉ် ဆွမ်းတစ်ချိုင့်ကို ယူ၍ သံဃာ့ထေရ်ကြီးအား ဆက်ကပ်ပုံ၊ မထေရ်ကြီးသည် အနည်းငယ်ကိုသာ ယူပုံ၊ အခြား အခြားသော ရဟန်းတော်များကလည်း အနည်းငယ်မျှစီကိုသာ ယူသဖြင့် အပါးသုံးဆယ် ဆွမ်းတစ်ချိုင့်ဖြင့် ကပ်လှူရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒီဃဘာဏကအဘယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဒီဃဘာဏကအဘယမထေရ်သည် ပစ္စည်းလေးပါးတို့ကို ရောင့်ရဲခြင်း၌ မွေ့လျော်ပုံ၊ မဟာအရိယဝံသအကျင့်ကို ဟောကြားသောအခါ ကြီးစွာသော လာဘ်ပူဇော်သက္ကာရ ဖြစ်ပုံ၊ အခြားမထေရ်တစ်ပါးသည် သည်းမခံနိုင်သဖြင့် ဆဲရေးပုံ၊ မထေရ်နှစ်ပါးတို့သည် တစ်ဂါဝုတ်မျှသော အရပ်သို့ ခရီးတစ်ခုတည်း အတူ ကြွသောအခါ၌လည်း အခြားမထေရ်တစ်ပါးသည် ဆဲရေးလျက်သာ လိုက်ပါခဲ့ပုံ၊ လမ်းခွဲရောက်သောအခါ၌ ဒီဃဘာဏက မထေရ်က ဆဲရေးလျက် လိုက်ပါလာသော မထေရ်အား ရှိခိုးကန်တော့ကာ လမ်းခရီးကို ညွှန်ပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၈၂) (အံ၊ဋီ၊၃၊၁၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒီဃဘာဏကအဘယတ္ထေရဝတ္ထု

ဤဝတ္ထု၌ အဘယခိုးသူကြီးသည် နောက်လိုက်နောက်ပါ ငါးရာတို့နှင့် အတူ သစ်တုံးခံတပ် ဖွဲ့၍ ပတ်ဝန်းကျင်သုံးယူဇနာအတွင်း အသွားအလာမရှိအောင် ဆောင်ရွက်ထားကြပုံ၊ အနုရာဓမြို့သူမြို့သားတို့သည် ဒီဃဘာဏကအဘယမထေရ့်ထံ ခိုးသူကြီး၏ အကြောင်းကို လျှောက်ထားကြရာ မထေရ်က သံဃာအတွက် ယူဆောင်လာသော ထောပတ်၊ တင်လဲ၊ ဆန် စသည်တို့ကို ခိုးသူတို့ထံ အပို့ခိုင်းပုံ၊ ခိုးသူတို့သည် မထေရ့်အပေါ်၌ ကြည်ညိုကြသဖြင့် ထိုအချိန်မှ စ၍ အလှူရှင်တို့ထံမှ မလုယက်တော့ဘဲ ရဟန်းတော်တို့ကျောင်းသို့ အသွားအပြန် လိုက်လံပို့ဆောင်ကြပုံ၊ လူတို့က ရဟန်းတို့၏ ဆွမ်းကျန်၊ ဟင်းကျန်များကို ခိုးသူတို့အား ကျွေးမွေးကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၂၊၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒီဃဘာဏက အဘယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဒီဃဘာဏကအဘယထေရ်သည် မှတ်ဉာဏ်အလွန်ကောင်းပုံ၊ မိမိမွေးဖွားပြီး (၉)ရက်မြောက်နေ့၌ မိခင်ဖြစ်သူက နမ်းရှုတ်ရန် ခေါင်းငုံ့လိုက်စဉ် ဆံထုံးပြေသွားကြောင်းကို သတိရပုံ၊ ထိုဆံထုံးပေါ်မှ မြတ်လေးပန်းများ မိမိရင်ဘတ်ပေါ်သို့ ကျသဖြင့် ဆင်းရဲဒုက္ခရောက်ရကြောင်းကို သတိရပုံ၊ ထိုအချိန်မှစ၍ မိမိအသက် ထင်ရှားရှိနေချိန်အထိ အမှတ်သတိရနေကြောင်း အဘယထေရ်က အမိန့်ရှိပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၁၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒီဃဘာဏက အဘယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဒီဃဘာဏကအဘယထေရ်သည် ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းတစ်ပါးကို ရဟန္တာလော ပုထုဇဉ်လောဟု မခွဲခြား မဆုံးဖြတ်နိုင်သဖြင့် သူငယ်တစ်ယောက်အား ပိဏ္ဍပါတိကမထေရ် မြစ်ဆိပ်၌ ရေဆင်းချိုးသည့်အခါ ရေငုပ်သွားပြီး ခြေထောက်ကို ဆွဲရန် စေခိုင်းပုံ၊ သူငယ်သည် ညနေချမ်းအခါ၌ ပိဏ္ဍပါတိကမထေရ် မြစ်ဆိပ်သို့ ရေချိုးဆင်းလာသည်ကို မြင်သဖြင့် ရေငုပ်သွားကာ မထေရ်၏ ခြေထောက်ကို ဆွဲပုံ၊ မထေရ်က မိချောင်းဆွဲသည်ဟု မှတ်ထင်ကာ ကြောက်လန့်ပြီး ကျယ်လောင်စွာ အော်ဟစ်ပုံ၊ ထိုအခါ ဒီဃဘာဏကမထေရ်က ပိဏ္ဍပါတိကမထေရ်ကို ပုထုဇဉ်မျှသာ ရှိသေးကြောင်း ဆုံးဖြတ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒီဃာဝုဥပါသကဝတ္ထု

ဤဝတ္ထု၌ ဒီဃာဝုဥပါသကာသည် မကျန်းမမာ ဖျားနာနေစဉ် ဖခင်ဖြစ်သူ ဇောတိကသူဌေးကြီးအား ဘုရားရှင်ထံ စေလွှတ်၍ ပင့်လျှောက်ခိုင်းပုံ၊ ဘုရားရှင် ကြွရောက်တော်မူလာပြီး သောတာပတ္တိမဂ်အင်္ဂါ တရားလေးပါးနှင့် ခြောက်ပါးသော ဝိဇ္ဇာဘာဂီယတရားတို့ကို ပွားများရန် ဟောကြားပြီး ပြန်ကြွသွားပုံ၊ ဒီဃာဝုဥပါသကာသည် ဘုရားရှင် ပြန်ကြွသွားပြီးနောက် ဝိဇ္ဇာဘာဂီယတရားခြောက်ပါးကို ပွားများလျက် ဩရမ္ဘာဂိယသံယောဇဉ်ငါးပါးကို ပယ်ကာ ကွယ်လွန်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၂၉၉) (သံ၊ဋ္ဌ၊၃၊၃၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒီဃီတိကောသလဇာတက

ဤဇာတ်တော်၌ စစ်အင်အားကောင်းသော ဗြဟ္မဒတ်မင်းကြီးသည် စစ်အင်အားနည်းသော ဒီဃီတိမင်းကြီးအား တိုက်ခိုက်ရာ ဒီဃီတိမင်းသည် မိဖုရားနှင့်အတူ မထင်မရှား ထွက်သွား၍ ပုန်းရှောင်နေရပုံ၊ ဒီဃာဝုမင်းသားကို မွေးဖွားပြီးနောက် တစ်နေ့သောအခါတွင် ဗြဟ္မဒတ်မင်းသည် ဒီဃီတိမင်းနှင့် မိဖုရားတို့အား ဖမ်းဆီးမိ၍ သတ်ရန် ကားစင်တင်ထားစဉ် ဒီဃီတိမင်းကြီးသည် ရန်ကို ရန်ချင်း မတုံ့လျှင်းရန် ဒီဃာဝုအား မှာထားခဲ့ပုံ၊ မယ်တော်ခမည်းတော်တို့ ကွပ်မျက်ခံရပြီးသောအခါ လက်စားချေခွင့် ဒီဃာဝုမင်းသားသည် ဗြဟ္မဒတ်မင်းထံ လူယုံအဖြစ် ဝင်ရောက်ခစားပုံ၊ နောင်တွင် သတ်ခွင့်ကြုံသော်လည်း လက်စားမချေသဖြင့် နောက်ဆုံးတွင် မင်းအဖြစ်ကို ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၈၇) (ဇာ၊ဋ္ဌ၊၃၊၁၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒီပင်္ကရဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ ဒီပင်္ကရာမင်းသားသည် မင်းစည်းစိမ်ခံစားခဲ့ပုံ၊ နိမိတ်ကြီးလေးပါးကို မြင်၍ ဆင်ယာဉ်စီးကာ တောထွက်တော်မူခဲ့ပုံ၊ (၁၀)လတိုင်တိုင် ဒုက္ကရစရိယာကျင့်ပြီးနောက် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပုံ၊ သုမေဓာရှင်ရသေ့အား ဂေါတမဗုဒ္ဓဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်ပေးတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒီပရာဇဝတ္ထု

ဤဝတ္ထု၌ သီဟဠမင်းသည် သားတော်လေး ဖွားမြင်သော မိဖုရားအား သဘောကျနှစ်သက်သောကြောင့် ဆုပေးမည်ဟု ပြောဆိုခဲ့ပုံ၊ သားတော်လေးမှာ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်၌ ကြက်တိုက်ရင်း မျက်စိတစ်ဖက် ကွယ်ခဲ့ပုံ၊ မိဖုရားက သားတော်လေးအတွက် ရှင်ဘုရင်ဆုကို တောင်းခဲ့ပုံ၊ ကိုယ်အင်္ဂါချို့တဲ့သောကြောင့် နဂါးကျွန်းကိုသာ ထီးနန်းအုပ်ချုပ်ခွင့်ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒီပဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သားတို့ ဥပုသ်စောင့် တရားနာကြစဉ် မိုးချုပ်သွားခဲ့ပုံ၊ အမျိုးသမီးတစ်ဦးသည် ဆီမီးထွန်းညှိ လှူဒါန်းခဲ့ပုံ၊ ထိုအမျိုးသမီး ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည် ဇောတိရသဗိမာန်၌ အရောင်တောက်ပသော နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒီပိဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရသေ့ဖြစ်၍ ရာဇဂြိုဟ်မြို့အနီး တောင်နံရံ၌ သစ်ခက်တဲ ဆောက်လုပ်၍ နေထိုင်ခဲ့ပုံ၊ သိုးအုပ်ထဲမှ သိုးတစ်ကောင်သည် နောက်ကျ ကျန်ရစ်ခဲ့ပြီး ကျားသစ်တစ်ကောင်နှင့် တွေ့ပုံ၊ သိုးသည် ချိုသာစွာ ပြောဆိုပါသော်လည်း အသက်ဆုံးရှုံးခဲ့ရပုံ၊ သူယုတ်မာနှင့် တွေ့သောအခါ သာယာချေငံ ဆက်ဆံ၍ မရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒုက္ခလက္ခဏဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် အတိတ်ဘဝက ဒုက္ခလက္ခဏာရှုမှတ်ခဲ့ဖူးသော ရဟန်းတို့အား ခန္ဓာငါးပါးတို့သည် အနီးကပ်နှိပ်စက်တတ်သော သဘောရှှိသောကြောင့် ဒုက္ခမည်ကုန်၏- ဟု ဒုက္ခလက္ခဏာကို အထူးပြု၍ ဟောကြားတော်မူသဖြင့် ထိုရဟန်းတို့ ရဟန္တာ ဖြစ်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒုစ္စရိတဖလပီဠိတဝတ္ထု

ဤဝတ္ထု၌ အရှင်မောဂ္ဂလ္လာန်နှင့် အရှင်လက္ခဏ မထေရ်နှစ်ပါးတို့သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လာစဉ် အရှင်မောဂ္ဂလာန်မထေရ်က အရိုးစုပြိတ္တာကို မြင်တော်မူပုံ၊ ထိုအကြောင်းအရာကို မြတ်စွာဘုရားအား လျှောက်ထားသောအခါ မြတ်စွာဘုရားက ‘‘ထိုပြိတ္တာသည် ရာဇဂြိုလ်မြို့၌ နွားသတ်သမား ဖြစ်ခဲ့၏’’ဟု မိန့်ကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၄၄) (ဝိ၊ဋ္ဌ၊၂၊၉၆) (ဓမ္မ၊ဋ္ဌ၊၂၊၂၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒုဋ္ဌဂါမဏိအဘယရာဇဝတ္ထု

ဤဝတ္ထု၌ ဒုဋ္ဌဂါမဏိမင်းသည် စစ်ပွဲတွင် ရှုံးနိမ့်သဖြင့် မြင်းမတစ်ကောင်ကို စီး၍ နောက်လိုက်တိဿအမတ်နှင့်အတူ တောအုပ်တစ်ခုထဲသို့ ထွက်ပြေးခဲ့ပုံ၊ ဆာလောင်သဖြင့် တိဿအမတ်ယူလာသော ထမင်းထုပ်မှ ထမင်းကို လေးပုံခွဲ၍ အလှူခံပုဂ္ဂိုလ်ကို သုံးကြိမ်ကြွေးကြော်၍ ပင့်ဖိတ်ခဲ့ပုံ၊ ထိုပင့်ဖိတ်သံကို ဗောဓိမာတုမဟာတိဿမထေရ်က ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ကြားသိရ၍ ကြွရောက်အလှူခံခဲ့ပုံ၊ မင်းကြီး, တိဿအမတ်, မြင်းမအားလုံးတို့က မိမိတို့၏ ဝေစုအားလုံးကို ‘‘ဘယ်တော့မှ အစားအစာ အခက်အခဲ မတွေ့ရပါစေနှင့်’’ဟု ဆုတောင်း၍ မထေရ်အား လှူလိုက်ကြပုံ၊ ထိုမထေရ်က သံဃာတော်အား လှူပြီး ဆွမ်းကျန်ဟင်းကျန်တို့ကို မိမိတန်ခိုးဖြင့် မင်းကြီးနှင့် အဖော်(၂)ဦးတို့ကို ကျွေးမွေးပုံ၊ ဒုဋ္ဌဂါမဏိမင်းကြီး နတ်ရွာစံခါနီးတွင် ကောင်းမှုစာရင်းကို ဖတ်ကြားစေရာ ထိုဆွမ်းအလှူအကြောင်းကို သတိရပြီး နတ်ရွာစံသော် တုသိတာနတ်ဘုံ၌ ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၂၊၁၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒုဋ္ဌုလ္လဝါစာသိက္ခာပဒ ဝိနီတဝတ္ထူနိ

ဤဝတ္ထု၌ ဒုဋ္ဌုလ္လဝါစာနှင့် ပတ်သက်၍ သံဃာဒိသေသ်အာပတ် သင့်/မသင့် ဆုံးဖြတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒုတိယပါရာဇိက ဝိနီတဝတ္ထူနိ

ဤဝတ္ထု၌ ခိုးမှုနှင့် ပတ်သတ်၍ ပါရာဇိကအာပတ် သင့်/မသင့် ဆုံးဖြတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒုတိယရံသိသညကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းသည် ဟိမဝန္တာတောင်၌ ရသေ့ဖြစ်ခဲ့ပုံ၊ ထိုအခါ ဟိမဝန္တာတောင်၌ ဈာန်ဝင်စားတော်မူသော ဘုရားရှင်ကို ဖူးမြင်ရ၍ ထိုဘုရားရှင်၏ ရောင်ခြည်တော်ကို ကြည့်ညိုခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးလားရောက်ခြင်း မရှိခဲ့ဘဲ နောက်ဆုံးဘဝ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၃) (အပ၊ဋ္ဌ၊၂၊၁၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒုတိယသင်္ဂါယနာဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် အနှစ်(၁၀၀)ကြာသောအခါ ဝေသာလီပြည်သား ဝဇ္ဇီရဟန်းတို့သည် အကပ္ပိယဝတ္ထု (၁၀)ပါးတို့ကို အပ်စပ်၏ဟု ဟောပြောလျက် သံဃာတော်တို့အတွက် ရွှေငွေအလှူခံကြပုံ၊ အရှင်ယသမထေရ်က ဝိနည်းတော်နှင့် မညီကြောင်း ဟောပြောသဖြင့် အဓမ္မဝါဒီများက အရှင်ယသမထေရ်ကို ဥက္ခေပနီယကံပြုရန် စုဝေးလာကြစဉ် အရှင်ယသမထေရ်သည် ကောင်းကင်မှ ပြန်ကြွ၍ အရှင်သမ္ဘူတ, အရှင်ရေဝတ အစရှိသော မထေရ်ကြီးတို့ထံ ကြွသွားကာ ဓမ္မဝါဒီတို့ အားရှိရန် စုရုံးခဲ့ပုံ၊ ဝါလိကာရုံကျောင်း သံဃာ့စည်းဝေးပွဲကြီး၌ အရှင်အာနန္ဒာ၏ တပည့် ဝါတော်၁၂၀-ရှိ အရှင်သဗ္ဗကာမီမထေရ်ကြီးအား အကပ္ပိယဝတ္ထုဆယ်ပါးကို အပ် မအပ် မေး၍ ဆုံးဖြတ်ချက်ခံယူကာ ရဟန္တာအပါး(၇၀၀)တို့ စုပေါင်းညီညာ သံဂါယနာတင်တော်မူခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၉၁) (ဝိ၊ဋ္ဌ၊၁၊၂၅) (သာရတ္ထ၊ဋီ၊၃၊၄၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒုဒ္ဒဒဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ကာသိတိုင်း ပုဏ္ဏားမျိုး၌ ဖြစ်စဉ် အရွယ်ရောက်လာသောအခါ တက္ကသိုလ်ပြည်သို့ သွားပြီး အတတ်ပညာများကို သင်ယူလျက် လူ့ဘောင်ကိုစွန့်၍ ရသေ့ဝတ်ခဲ့ပုံ၊ ရသေ့အပေါင်း ခြံရံလျက် ဟိမဝန္တာ၌ ကြာမြင့်စွာ နေထိုင်ပြီးနောက် ချဉ်ဆားမှီဝဲရန် ဗာရာဏသီမင်း၏ ဥယျာဉ်တော်သို့ ကြွလာခဲ့ကြပုံ၊ မြို့တွင်းသို့ ရသေ့အပေါင်း ဆွမ်းခံကြွသောအခါ လူအများက မြတ်နိုးကြည်ညိုစွာဖြင့် လောင်းလှူကြသဖြင့် ဘုရားလောင်း ရသေ့ကြီးက လူအပေါင်းအား ‘‘ဒုဒ္ဒဒံ ဒဒမာနာနံ’’ စသော ဂါထာများကို ဟောခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒုဒ္ဒုဘဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ခြင်္သေ့ဖြစ်၍ ယုန်ကလေးတစ်ကောင်သည် ဥသျှစ်ပင်အောက်ရှိ ထန်းရွက်အောက်၌ အိပ်နေစဉ် ထန်းရွက်ပေါ်သို့ ဥသျှစ်သီး ကြွေကျသည်ကို မြေပြိုသည်ဟု တွေးထင်၍ ထွက်ပြေးခဲ့ပုံ၊ တောသတ္တဝါအားလုံးလည်း ယုန်လေး၏စကားကြောင့် ထွက်ပြေးကြပုံ၊ ဘုရားအလောင်းခြင်္သေ့မင်း၏ စူးစမ်းမှုကြောင့် တောသတ္တဝါ အသက်ချမ်းသာရာ ရခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၃၉၆) (ဇာ၊ဋ္ဌ၊၃၊၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒုဗ္ဗစဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် လှံခုန်ကစားသော အမျိုး၌ ဖြစ်ခဲ့ပုံ၊ တစ်နေ့တွင် သူ၏ ဆရာသည် အရက်သေစာသောက်စားပြီး လှံ၄-ချောင်းသာ ခုန်နိုင်ပါလျက် ၅-ချောင်းခုန်ပြမည်ဟု ပရိသတ်တို့အား ကြေညာပုံ၊ ဘုရားအလောင်းက ၅-ချောင်းမခုန်ရန် ပြောသော်လည်း မရဘဲ ခုန်ပြသဖြင့် ရင်ဝလှံစူး၍ သေရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒုဗ္ဗစဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော်တစ်ပါးသည် စေတနာမပါဘဲ မြက်ပင်တစ်ပင်ကို ဖြတ်မိပုံ၊ အခြားရဟန်း တစ်ပါးထံသို့ ချဉ်းကပ်၍ ‘‘ ငါ့အား အဘယ်အပြစ် ရောက်ပါသနည်း’’ ဟု မေးမြန်းပုံ၊ အခြားရဟန်းက‘‘ မြက်ကို ဖြတ်ရာ၌ တစ်စုံတစ်ရာ ကြီးမားသော အပြစ်မရှိ၊ ဒေသနာကြားလျှင် အပြစ်မှ လွတ်၏’’ ဟုဆိုကာ လက်နှစ်ဘက်ဖြင့် မြက်ကို နှုတ်ပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒုဗ္ဗဏ္ဏိယဝတ္ထု

ဤဝတ္ထု၌ ရုပ်ဆိုးဆိုး ဗိုက်ပူပူ ပုကွကွ နတ်သားတစ်ယောက် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာပေါ်၌ လာရောက်ထိုင်နေခဲ့ပုံ၊ တာဝတိံသာနတ်တို့က ကဲ့ရဲ့ရှုတ်ချကြလေ, ပိုမို၍ အဆင်းလှလာလေ ဖြစ်ပုံ၊ ထိုအကြောင်းကို တာဝတိံသာနတ်သားများက သိကြားမင်းထံ သွားရောက် လျှောက်ထားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၃၉) (သံ၊ဋ္ဌ၊၁၊၃၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒုဗ္ဗလကဋ္ဌဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဟိမဝန္တာ၌ ရုက္ခစိုးနတ် ဖြစ်နေစဉ် ဗာရာဏသီမင်းသည် မိမိ၏ မင်္ဂလာဆင်တော်ကို ကြိုးတုပ်၍ လှံတို့ဖြင့် ထိုးသတ်ဟန်၊ ဓါးဖြင့်ခုတ်ဟန် စသည်ဖြင့် စစ်မြေပြင်၌ ကြောက်ရွံ့တုန်လှုပ်မှု မရှိစေရန် လေ့ကျင့်ပေးပုံ၊ တစ်နေ့တွင် ဆင်တော်သည် လေ့ကျင့်ရင်း လွတ်သွားပြီး တောထဲတွင် အစစအရာရာကို ကြောက်ရွံ့၍တုန်လှုပ်နေပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒုဗ္ဘိယမက္ကဋဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ ဗာရာဏသီပြည် ကာသိရွာငယ်လေးတစ်ရွာ၌ အိမ်ထောင်ကျကာ နေထိုင်ခဲ့ပုံ၊ တစ်နေ့သောအခါ အကြောင်းကိစ္စတစ်ခုဖြင့် ခရီးသွားစဉ် မျောက်တစ်ကောင် ရေဆာလွန်းသဖြင့် ရေတွင်းအနီးတွင် ရေရှာဖွေနေသည်ကို တွေ့မြင်ရပုံ၊ ဘုရားလောင်းပုဏ္ဏားသည် ရေတွင်းမှ ရေများကို ခပ်ယူကာ မျောက်သောက်ရန် အိုးစကျင်းထဲသို့ လောင်းထည့်ပေးလိုက်ပုံ၊ မျောက်သည် အားရပါးရ ရေသောက်ပြီးနောက် အမောဖြေနေသော ဘုရားလောင်း ပုဏ္ဏားကြီးပေါ်သို့ မစင်စွန့်ချကာ တောထဲသို့ ဝင်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒုမ္မုခပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထုသည် ကုမ္ဘကာရဇာတက၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၅၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒုမ္မေဓဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကြန်အင်လက္ခဏာနှင့် ပြည့်စုံသော မင်္ဂလာဆင်တော် ဖြစ်ခဲ့ပုံ၊ ဆင်ပွဲတွင် ပြည်သူတို့သည် ဆင်ဖြူတော်၏ တင့်တယ်ပုံကို ချီးကျူးကြသဖြင့် ဘုရင်သည် မနာလိုဖြစ်ကာ ဝေပုလ္လတောင်ထိပ်သို့ တက်၍ လိမ့်ကျသေစေရန် ခြေတစ်ချောင်းထောက် ရပ်ခိုင်းပုံ၊ ထိုအခါ ဆင်ဖြူတော်သည် ဗာရာဏသီပြည်သို့ ကောင်းကင်မှ ပျံသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒုမ္မေဓဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းဗြဟ္မဒတ္တမင်းသားသည် ဆိတ်၊ သိုးစသော သတ္တဝါများကို သတ်၍ နတ်သစ်ပင်၌ ယဇ်ပူဇော်နေကြသော တိုင်းသူပြည်သားများကို တားမြစ်လိုသည့်အတွက် ပန်းနံ့သာတို့ဖြင့် နတ်သစ်ပင်၌ ပူဇော်ပုံ၊ ဖခင်ဗြဟ္မဒတ်မင်းကြီး နတ်ရွာစံ သွားသဖြင့် ဘုရားလောင်းဗြဟ္မဒတ္တမင်းသား မင်းအဖြစ်ကို ရရှိသောအခါ ပြည်သူတို့အား ‘‘မိမိသည် မင်းသားဘဝက နတ်မင်းကြီးအား ဘုရင်ဖြစ်အောင် မစရန် ဆုတောင်းခဲ့သည်။ ဆုတောင်းပြည့်လျှင် ငါးပါးသီလမလုံခြုံသူတို့ကို သတ်၍ ပူဇော်ပါမည်ဟု ကတိပြုခဲ့သည်။ ယခု ဘုရင်ဖြစ်ပြီ, ဆုတောင်းပြည့်ပြီဖြစ်၍ မ စ သောနတ်မင်းကို ကတိအတိုင်း သီလမရှိသော သူတို့အား နတ်သစ်ပင်၌ ယဇ်ပူဇော်မည် ဖြစ်ကြောင်း ကြေညာမောင်းခတ်ပုံ၊ ထိုအချိန်မှစ၍ တိုင်းသူပြည်သားများသည် ဒုဿီလအမှုမှ ရှောင်ကြဉ်ပြီး ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြသဖြင့် ကွယ်လွန်ကြသောအခါ နတ်ပြည်သို့ ရောက်ခဲ့ကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒုရာဇာနဇာတက

ဤဇာတ်တော်၌ ရတနာသုံးပါးကို ဆည်းကပ်လေ့ရှိသော သူတော်ကောင်း ဥပါသကာသည် မိမိမိန်းမ၏ စိတ်အလိုသဘောကို မသိသဖြင့် စိတ်ဆင်းရဲပြီး ဘုရားရှင်ထံ မချဉ်းကပ်နိုင်ခဲ့ပုံ၊ တစ်နေ့တွင် ဘုရားရှင်ထံ ရောက်သောအခါ အကျိုးအကြောင်း လျှောက်ထားပြသဖြင့် ဘုရားရှင်က အတိတ်ဇာတ်ကြောင်း ဆောင်ကာ တရားဟောသောကြောင့် သောတာပန် တည်သွားခဲ့ပုံ၊ ရေ၌ သွားသောငါး, လေ၌ ပျံသောငှက်တို့၏ လမ်းကြောင်းကို သိနိုင်ခဲသကဲ့သို့ မိန်းမတို့၏ အတွင်းသဘောနှင့် အလိုဆန္ဒကို သိနိုင်ခဲပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဇာ၊ဋ္ဌ၊၁၊၃၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒု-သ-န-သောဝတ္ထု

ဤဝတ္ထု၌ ကောသလမင်းကြီးသည် မြို့တော်ကို လှည့်လည်စဉ် လှပသော အမျိုးသမီးတစ်ဦးကို တွေ့မြင်ခဲ့ပြီး ထိုအမျိုးသမီးကို သိမ်းပိုက်လိုသဖြင့် သူမ၏ယောက်ျားအား သတ်ရန် စီစဉ်ထားသော ညတွင် ဒု၊ သ၊ န၊ သော ဟူသော အသံကြီးလေးသံကို ကြား၍ ကြောက်လန့်ပုံ၊ ပုရောဟိတ်ပုဏ္ဏား၏ အကြံပေးချက်အရ သဗ္ဗသတ (သတ္တဝါတစ်ရာစီ) ယဇ်ပူဇော်ရန် သတ္တဝါများကို ဖမ်းထားစဉ် ဘုရားရှင်ထံ အကျိုးအကြောင်းလျှောက်ထားရန် မလ္လိကာဒေဝီ၏ အကြံပေးမှုကြောင့် ဘုရားရှင်ထံလျှောက်ထားရာ ဘုရားရှင်၏ တရားဟောပြအမှုကြောင့် သတ္တဝါများ အသက်ချမ်းသာရာ ရခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၇၅) (ပေတ၊၂၁၆) (သံ၊ဋ္ဌ၊၁၊၁၃၀) (ပေတ၊ဋ္ဌ၊၂၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒုဿီလဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိမြို့ ဝိသာခါ၏ ပုဗ္ဗာရုံကျောင်းတော်၌ ဥပုသ်နေ့တွင် ရဟန်း သံဃာအပေါင်း ခြံရံလျက် ထိုင်နေတော်မူပုံ၊ ပထမယာမ် မဇ္ဈိမယာမ် ပစ္ဆိမယာမ် ကုန်ခါနီး အရုဏ်တက်သည်အထိ ဘုရားရှင်သည် ဩဝါဒပါတိမောက် ပြတော်မမူဘဲ ဆိတ်ဆိတ်နေတော်မူသောကြောင့် အရှင်အာနန္ဒာက တောင်းပန်ရာ ပရိသတ်မသန့်ရှင်းကြောင်း မိန့်တော်မူပုံ၊ အရှင်မောဂ္ဂလ္လာန်သည် စေတောပရိယအဘိညာဉ်ဖြင့် ကြည့်တော်မူ၍ ဒုဿီလရဟန်းအား နှင်ထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၁၈) (အံ၊၃၊၄၄) (ဥဒါန၊ဋ္ဌ၊၂၆၈) (ဥဒါန၊၁၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒူတဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဗာရာဏသီပြည်တွင် ဘောဇနသုဒ္ဓိကမင်း ဖြစ်စဉ် ပွဲတော်တည်သည့်အခါ လူအများကို ကြည့်ရှုစေလျက် အသပြာတစ်သိန်း ထိုက်တန်သော ရွှေခွက်၌ ရသာမျိုးစုံထည့်ကာ စားလေ့ရှိပုံ၊ တစ်နေ့သောအခါ ယောကျ်ားတစ်ယောက်သည် မွတ်သိပ်ဆာလောင်မှုကို မတားဆီး မမျိုသိပ်နိုင်သဖြင့် ‘‘တမန်တော် တမန်တော်’’ ဟု အော်ဟစ်ကာ မင်းကြီးထံ သွား၍ ပွဲတော်အုပ်ထဲမှ ထမင်းကို နှိုက်စားပုံ၊ မင်းကြီးက တမန်တော်အကြောင်း မေးသည့်အခါ တဏှာ၏ တမန် ဖြစ်ကြောင်း လျှောက်ထားသဖြင့် မင်းကြီးက နှစ်ခြိုက်သဘောကျကာ အခြွေအရံဆုလာဘ်များ ပေးသနားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒူတဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကာသိတိုင်း ပုဏ္ဏားမျိုး၌ ဖြစ်၍ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံ ပညာသင်ကြားပြီး ဆရာကို ကန်တော့ရန်် ရွာစဉ်လှည့်၍ အလှူခံရာ ရွှေခုနစ်နိက္ခ ရှိခဲ့ပုံ၊ ဆရာ့ထံ ပူဇော်ရန် လာစဉ် လှေပေါ်အတက်တွင် လှေစောင်း၍ ရွှေအားလုံး ရေထဲ ကျသွားခဲ့ပုံ၊ ဘုရားအလောင်းသည် သောင်ပြင်ဝယ် စကားလည်း မပြော ၇-ရက်လုံးလုံး အစာလည်း မစားဘဲ နေခဲ့ပုံ၊ လူတို့က မေးသော်လည်း စကားမပြောသဖြင့် နောက်ဆုံးတွင် ဘုရင်ကိုယ်တိုင် လာ၍ မေးရပုံ၊ မိမိဒုက္ခကို မကူညီနိုင်သူတို့ထံ ပြောပြအကူအညီတောင်း၍ အကျိုးမရှိနိုင်၊ ယခု ဘုရင်ကြီးမှာမူ ဒုက္ခကို ကူညီနိုင်သူ ဖြစ်၍ ပြောပါမည်ဟု ဆိုကာ အကူအညီတောင်းပုံ၊ ရွှေများ ရသောအခါ ဆရာကို ပူဇော်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝတာပဥှဇာတက

ဤဇာတ်တော်သည် မဟာဥမင်္ဂဇာတ်၌ ပါဝင်ပြီးဖြစ်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝတာပိယမနာပဝတ္ထု

ဤဝတ္ထု၌ တောင်ကြားကျောင်းနေ ရဟန်းတစ်ပါး မဟာသမယသုတ်ကို ရွတ်ဆိုသဖြင့် နတ်သမီးက ကောင်းချီးပေးခဲ့ပုံ၊ တန်ခိုးမှေးမှိန်သော နတ်များသည် တန်ခိုးကြီးသော နတ်များ လာရောက်သောအခါ နေရာဖယ်ရှားပေးရပုံ၊ ဘုရားရှင် မဟာသမယသုတ်ကို ဟောတော်မူသော နေ့၌ နတ်သမီးသည် သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၂၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဒေဝမထေရ်သည် မဇ္ဈိမနိကာယ်ကို ဆောင်ထားပြီး မလယအရပ်၌ သီတင်းသုံးသော မထေရ်ကြီးတစ်ပါးထံ ကမ္မဋ္ဌာန်းတောင်းပြီး အားထုတ်ခဲ့ပုံ၊ (၁၉)နှစ်အကြာတွင် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ကမ္မဋ္ဌာန်းထိုင်ခဲ့စဉ်အချိန်က ရွတ်ဆိုသရဇ္ဈာယ်မှု မပြုခဲ့သော မဇ္ဈိမနိကာယ်ကို ပြန်လည်ရွတ်ဆိုရာ တစ်လုံး တစ်ပါဒမျှ မှားယွင်းမှု မရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝဒတ္တဝတ္ထု

ဤဝတ္ထု၌ ဒေဝဒတ်နှင့် ပတ်သက်၍ မြတ်စွာဘုရား ကြိုတင်ဟောကြားထားခြင်းကို အတိအကျ သိလိုသော နတ်သားတစ်ယောက်သည် မြတ်စွာဘုရားထံ လာ၍ ‘‘ဘုရားရှင်သည် သိမြင်တော်မူ၍ မိန့်တော်မူခြင်း ဖြစ်ပါသလော၊ သို့မဟုတ် မသိမမြင်ဘဲ မှန်း၍ မိန့်ဆိုခြင်း ဖြစ်ပါသလော’’ဟု မေးလျှောက်ခဲ့ပုံ၊ မြတ်စွာဘုရားက ကြိုတင်မိန့်ကြားရခြင်း၏ အကြောင်းရင်းများကို ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၃၅၂) (အံ၊ဋ္ဌ၊၃၊၁၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝဒတ္တဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားရှင် ရဟန်းပြုသောအခါ ဆွေတော်မျိုးတော်တို့ လိုက်ပါရဟန်းပြုရန် ဆုံးဖြက်ချက်အရ ဘဂု၊ ကိမိလ၊ အာနန္ဒာ၊ အနုရုဒ္ဓ ဘဒ္ဒိယတို့နှင့်အတူ ဒေဝဒတ္တမင်းသားရဟန်းပြုလာခဲ့ပုံ၊ ဒေဝဒတ်သည် ဈာဉ်အဘိဉာဏ် ရရှိပြီးနောက် မနာလိုဣဿာစိတ်ကြောင့် သံဃာသင်းခွဲခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝဒတ္တဝတ္ထု

ဤဝတ္ထု၌ အလှူဒါနကို ကိုယ်တိုင်သာပြုပြီး သူတစ်ပါးကို မတိုက်တွန်းလျှင် ပစ္စည်းပေါပြီး အခြွေအရံနည်းတတ်ပုံ၊ သူတစ်ပါးကိုသာ တိုက်တွန်းပြီး မိမိကမူ မလှူဒါန်းလျှင် အခြွေအရံပေါပြီး ပစ္စည်းရှားတက်ပုံ၊ မိမိလည်းလှူ သူတစ်ပါးကိုလည်းတိုက်တွန်းလျှင် ပစ္စည်းလည်းပေါ အခြွေအရံလည်းများတတ်ပုံ၊ မိမိလည်း မလှူ သူတစ်ပါးကိုလည်း မတိုက်တွန်းလျှင် ပစ္စည်းမရှိ၊ အခြွေအရံမရှိ သူတောင်းစားဖြစ်တက်ပုံ၊ စသောဒါန၏ အကျိုးတရားများကို အရှင်သာရိပုတ္တရာ ဟောကြားထားပုံ၊ ထိုတရားတော်ကိုသဘောကျသော ဒါယကာတစ်ယောက်က ဒေဝဒတ်သည် အဖိုးတန်အဝတ်သင်္ကန်းကို ဝတ်ရုံသွားလာရာ၌ အကြောင်းရင်းမှန် သိသူများက ‘‘မတန်မလျော်’’ဟု ကဲ့ရဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝဒတ္တဝတ္ထု

ဤဝတ္ထု၌ အရှင်ဒေဝဒတ်သည် လာဘ်လာဘ ပူဇော်သက္ကာရ ဆုတ်ယုတ်နေသည်ဖြစ်၍ တပည့်ပရိသတ်များနှင့်အတူ ဒကာဒကာမအိမ်များသို့ ကပ်ရောက်၍ တောင်းရမ်း စားသောက် နေသောကြောင့် လူတို့က ကဲ့ရဲ့ရှုတ်ချကြပုံ၊ ထိုအကြောင်းကြောင့် ဘုရားရှင်က ဂဏဘောဇန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၇) (ဝိ၊ဋ္ဌ၊၃၊၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝဒတ္တဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ကောသမ္ဘီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်သည် အဇာတသတ်မင်းသားကို တန်ခိုးပြ၍ ဖြားယောင်းသိမ်းသွင်းခဲ့ပုံ၊ အရှင်ဒေဝဒတ်သည် လာဘ်ပူဇော်သက္ကာရ များပြားလာပြီး ဈာန်လျှောခဲ့ပုံ၊ အရှင်ဒေဝဒတ် ဈာန်လျှောသွားကြောင်း ကကုဓနတ်သားက အရှင်မောဂ္ဂလ္လာန်ကို လျှောက်ထားခဲ့ပုံ၊ အရှင်ဒေဝဒတ်က ဘုရားရှင့်ထံ သံဃာအုပ်ချုပ်ခွင့် တောင်းခဲ့ပုံ၊ သံဃာတော်များက အရှင်ဒေဝဒတ်အား ပကာသနိယကံပြုကြပုံ၊ အရှင်ဒေဝဒတ်က ဘုရားရှင်အား သတ်ရန် ကြံစည်ခဲ့ပုံ၊ အရှင်ဒေဝဒတ်သည် ဘုရားရှင်ထံဝတ္ထုငါးမျိုး တောင်းဆို၍ သံဃာသင်းခွဲခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝဒတ္တဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားရှင်အား ဒေဝဒတ်သည် လုပ်ကြံရန်အတွက် ဂိဇ္ဈကုဋ်တောင်ထွဋ်မှ ကျောက်တုံးဖြင့် လှိမ့်ချရာ ကျောက်လွှာငယ်တစ်ခုကြောင့် ဘုရားရှင်၏ ခြေမ,တော် သွေးစိမ်းတည်ခြင်းဝေဒနာ ဖြစ်ရပုံ၊ ထိုဝေဒနာကြောင့် မြတ်စွာဘုရား၏ စိတ်တော်ဖေါက်ပြန်မှု မရှိပုံ၊ ပိုမို၍ တင့်တယ်နေမှုကို နတ်သားတို့က အံ့ဩချီးကျူးခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝဒတ္တဝတ္ထု

ဤဝတ္ထု၌ ဒေဝဒတ်သည် သံဃာသင်းခွဲ၍ နောက်လိုက်သံဃာ(၅၀၀)ကို ခေါ်ဆောင်သွားခဲ့ပုံ၊ သဟမ္ပတိဗြဟ္မာက မြတ်စွာဘုရားထံ လာရောက်၍ လာဘ်ပူဇော်သက္ကာရသည် ဒေဝဒတ်ကဲ့သို့သော လူယုတ်မာကို ဖျက်ဆီးကြောင်း လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၅၅) (သံ၊ဋ္ဌ၊၁၊၂၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝဒတ္တဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် မင်းအပါအဝင် ပရိသတ်များစွာကို တရားဟောနေတော်မူစဉ် အရှင်ဒေဝဒတ်သည် သံဃာတော်များကို သူ့အား လွှဲအပ်ပါရန် လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ငြင်းပယ်တော်မူသဖြင့် ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့ခဲ့ပုံ၊ ဘုရားရှင်က ရာဇဂြိုဟ်မြို့သားတို့အား ဒေဝဒတ်နှင့် ဘုရားတရားသံဃာ မဆိုင်၊ ဒေဝဒတ်လုပ်ဆောင်မှုသည် သံဃာတို့နှင့် မပတ်သက်ကြောင်း ပကာသနီယကံ ပြုစေတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝဒတ္တဝတ္ထု

ဤဝတ္ထု၌ ဒေဝဒတ်သည် အဇာတသတ်မင်းထံ ကပ်ရောက်ပြီး လေးသမားတို့ကို ပေးအပ်ရန် တောင်းဆိုခဲ့ပုံ၊ လေးသမားတို့ကို အဆင့်ဆင့် စေလွှတ်၍ ဘုရားရှင်ကို လေးဖြင့် ပစ်သတ်ရန် စီမံထားပုံ၊ လေးသမားတို့ ဘုရားရှင်နှင့် တွေ့၍ သောတာပန်တည်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝဒတ္တဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဂိဇ္ဈကုဋ်တောင်ရိပ်တွင် စင်္ကြံကြွနေတော်မူစဉ် ဒေဝဒတ်သည် ဂိဇ္ဈကုဋ်တောင်သို့ တက်ပြီးလျှင် ရဟန်းဂေါတမကို သတ်အံ့ဟု ကြံစည်၍ ကျောက်တုံးကြီးတစ်တုံးကို လှိမ့်ချခဲ့ပုံ၊ တောင်ထွဋ်နှစ်ခုက ခံလိုက်၍ ကျောက်လွှာလေးတစ်ခု စင်ကျလာပြီး ဘုရားရှင်၏ ခြေမတော်ကို ထိကာ ခြေမတော်၌ သွေးစိမ်းတည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝဒတ္တဝတ္ထု

ဤဝတ္ထု၌ ဒေဝဒတ်သည် ဘုရင်၏ ဆင်တင်းကုပ်သို့ သွား၍ အလွန်ကြမ်းကြုတ်သော နာဠာဂိရိဆင်ကို ဘုရားကြွလာချိန်၌ လွှတ်လိုက်ရန် စီမံထားပုံ၊ ဆင်ကြီးသည် ဘုရားရှင်ထံ ပြေးလာပုံ၊ ဘုရားရှင်က ဘုရားရှင်၏အသက်ကို မည်သူမျှ မသတ်နိုင်ကြောင်း မိန့်တော်မူပုံ၊ ဘုရားရှင်၏ မေတ္တာစိတ်ကြောင့် ဆင်ကြီးသည် ဘုရားရှင့်ထံ ဦးတိုက်၍ ဝပ်တွားလာပြီး ယဉ်ကျေး လိမ္မာသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝဒတ္တဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်က ရဟန်းတို့အား ရှေးအခါက အိုင်ကြီးတစ်အိုင်ကို မှီ၍ ဆင်အပေါင်းတို့ နေကြပုံ၊ ဆင်ကြီးတို့သည် ရေအိုင်မှ ကြာစွယ်ကြာရင်းတို့ကို နုတ်၍ ရွှံ့ညွှန်စင်ကြယ်အောင် အထပ်ထပ် လှုပ်ခါဆေးပြီးမှ စားသုံးကြသဖြင့် အားရှိကြပုံ၊ ဆင်ပေါက်တို့သည် ဆင်ကြီးတို့ကို အတုလိုက်၍ စင်ကြယ်အောင် မဆေးဘဲ စားသုံးကြသဖြင့် သေကျေကြပုံ၊ ထို့အတူ ဒေဝဒတ်သည်လည်း ဘုရားရှင်ကို အတုလိုက်ပြီး ဘုရားတုပြုလုပ်သောကြောင့် အားကိုးရာမဲ့ သေရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝဒတ္တဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ ဓမ္မသဘင်၌ ရဟန်းတော်များက ‘‘ဒေဝဒတ်သည် သီလမရှိ၊ ယုတ်မာသော အလိုဆိုးဖြင့် အဇာတသတ်မင်းကို သိမ်းသွင်းပြီး လာဘ်လာဘပေါများအောင် ပြုလုပ်ကြောင်း၊ အဇာတသတ်မင်းအား ဖခင်ဗိမ္ဗိသာရမင်းကြီးကို သတ်ရန်စေခိုင်းကြောင်း၊ မိမိကိုယ်တိုင်ကမူ ဘုရားရှင်အား သတ်ဖြတ်ရန် အားထုတ်ကြောင်းစသည်ဖြင့် ပြောဆိုနေကြပုံ၊ ထိုအချိန်၌ ဘုရားရှင် ကြွရောက်တော်မူလာပြီး ဒေဝဒတ်သည် ရှေးရှေးအတိတ်ဘဝများ၌လည်း မိမိအားသတ်ရန် အားထုတ်ခဲ့ဖူးကြောင်း အတိတ်ဇာတ်ကြောင်း ဆောင်၍ ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝဒတ္တဝတ္ထု

ဤဝတ္ထု၌ အရှင်ဒေဝဒတ်သည် ကောကာလိကနှင့်အတူ မြတ်စွာဘုရားအထံတော်သို့ ချဉ်းကပ်၍ ရဟန်းတော်အားလုံး တောကျောင်း၌သာ နေရန်၊ ဆွမ်းခံ၍သာ စားရန်၊ ပံ့သကူသင်္ကန်းကိုသာ ဝတ်ရန်၊ သစ်ပင်အောက်၌သာ နေရန်၊ ငါး, အသား ရှောင်ကြဉ်ရန်ဟူသော အချက် (၅)ချက်ကို တောင်းဆိုခဲ့ပုံ၊ ဘုရားရှင်က ခွင့်ပြုတော်မမူသဖြင့် ဒေဝဒတ်က သံဃာသင်းခွဲရန် ကြိုးစားခဲ့ပုံ၊ သံဃာသင်းခွဲရန် ကြိုးစားမှုကို အကြောင်းပြု၍ ‘‘သံဃာသင်းခွဲရန် ကြိုးစားသော ရဟန်းအား သံဃာဒိသေသ် အာပတ် သင့်၏’’ဟု ဘုရားရှင်က သံဃဘေးဒသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၁၊၂၆၃) (ဣတိဝုတ်၊ဋ္ဌ၊၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝဓမ္မဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားအလောင်းသည် ထိုမင်း၏ သား မဟိသာသကုမာရ ဖြစ်ခဲ့ပုံ၊ စန္ဒကုမာရညီအရင်းနှင့် ညီဝမ်းကွဲ သူရိယကုမာရတို့ရှိကြပုံ၊ ညီအစ်ကိုသုံးယောက် တောထွက်ကြစဉ် ဘီလူးစောင့်သော ရေအိုင်သို့ ညီငယ်၂-ယောက်ဆင်းရာ ကန်စောင့်ဘီလူးက ဖမ်းထားပုံ၊ ထိုညီငယ်နှစ်ယောက်တို့ကို ဘီလူးက ဒေဝဓမ္မဟူသည် ဘယ်အရာနည်းဟု မေးရာ မဖြေနိုင်ကြပုံ၊ ဘုရားအလောင်း လိုက်သွားသောအခါ ထိုဘီလူးက ဒေဝဓမ္မကိုမေးရာ ဟိရီနှင့် ဩတ္တပ္ပတို့ဖြစ်ကြောင်း ဖြေပြမှ ဘီလူး သဘောကျ၍ အားလုံးကို လွှတ်လိုက်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝသဘတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ခိုငှက်မျိုး၌ ဖြစ်၍ သိခီမြတ်စွာဘုရားအား လွန်သီးကို ဆက်ကပ်လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ နယ်စားဘုရင်ဖြစ်၍ တိုင်းပြည်ကို ပယ်စွန့်ကာ ရဟန်းဝတ်လာပြီးလျှင် ဝိပဿနာပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝသဘတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိခီမြတ်စွာဘုရားအား မိုးစွေပန်း, ခေါင်ရန်းပန်းတို့ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကပိလဝတ်မြို့ သာကီဝင်မင်းမျိုး၌ ဖြစ်ကာ သာသနာတော်သို့ ဝင်ရောက်ခဲ့ပြီး ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝဟိတဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဇေတဝန်ကျောင်း၌ သီတင်းသုံး နေထိုင်တော်မူစဉ် လေနာရောဂါ ဖြစ်ပွားသဖြင့် ဥပဝါဏမထေရ်ကို ရေနွေးအလှူခံရန် ဒေဝဟိတပုဏ္ဏားကြီးထံ စေလွှတ်တော်မူခဲ့ပုံ၊ ပုဏ္ဏားကြီးက ရွှင်လန်းဝမ်းမြောက်စွာ ရေနွေးနှင့် တင်လဲများကို ဘုရားရှင်အတွက် ဥပဝါဏမထေရ်အား ဆက်ကပ်လှူဒါန်းလိုက်ပုံ၊ ဘုရားရှင်သည် ရေနွေးနှင့် တင်လဲများကို သုံးဆောင်ရသဖြင့် ဘုရားရှင်၏ လေနာရောဂါ ချက်ချင်း ပျောက်ကင်းခဲ့ပုံ၊ တစ်နေ့သောအခါ ဒေဝဟိတပုဏ္ဏားကြီးက အဘယ်ပုဂ္ဂိုလ်မျိုးအား ပေးလှူအပ်သော အလှူသည် အကျိုးကြီးမြတ်ပါသနည်းဟု ဘုရားရှင်အား မေးမြန်းလျှောက်ထားပုံ၊ ဘုရားရှင်က ကိလေသာကုန်ခန်းပြီးသော ဘုရား ရဟန္တာပုဂ္ဂိုလ်တို့အား ပေးလှူအပ်သော အလှူသည် အကျိုးကြီးမြတ်ကြောင်း ဟောကြားတော်မူသဖြင့် ဒေဝဟိတပုဏ္ဏားကြီး သရဏဂုံတည်ပြီး ဥပါသကာအဖြစ် ခံယူသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၂၃၇) (ဓမ္မ၊ဋ္ဌ၊၂၊၄၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝါသုရသင်္ဂါမဝတ္ထု

ဤဝတ္ထု၌ တာဝတိံသာနတ်တို့နှင့် အသူရာတို့ စစ်ဖြစ်ကြရာ တာဝတိံသာနတ်တို့သည် စစ်ရှုံးသော် မိမိတို့ နတ်မြို့ရှိရာ မြောက်အရပ်သို့ ပြေး၍ အသုရာတို့က စစ်ရှုံးသော် တောင်အရပ်သို့ ပြေးကြပုံ၊ အသုရာတို့သည် သခွတ်ပန်းများ ပွင့်ချိန်တွင် နတ်ပြည်၌ ရှိသော ပင်လယ်ကသစ်ပန်းတို့ကို အမှတ်ရကာ တာဝတိံသာနတ်တို့နှင့် စစ်တိုက်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၂၂၈) (အံ၊ဋ္ဌ၊၃၊၂၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေဝေါရောဟဏဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်သူဌေးသည် အတောင်ခြောက်ဆယ်မြင့်သော ဝါလုံးတိုင်ထိပ်၌ စန္ဒကူးသပိတ်ကို ချည်ထားကာ တန်ခိုးဣဒ္ဓိပါဒ်ဖြင့် ယူနိုင်သော ပုဂ္ဂိုလ်တို့အား ပေးမည်ဟု ကြေညာပုံ၊ နိဂဏ္ဌတို့သည် အမျိုးမျိုး ဟန်ရေးပြကာ လိမ်ညာ၍ စန္ဒကူးသပိတ်ကို တောင်းခဲ့ကြပုံ၊ အရှင်ပိဏ္ဍောလဘာရဒွါဇထေရ်က ရာဇဂြိုဟ်မြို့တစ်မြို့လုံး တန်ခိုးပြလျက် စန္ဒကူးသပိတ်ကို ယူခဲ့ပုံ၊ ဘုရားရှင် သိတော်မူသောအခါ တပည့်ရဟန်းတို့အား တန်ခိုးပြာဋိဟာများ မပြရန် သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ၊ ဘုရားရှင်သည် သာဝတ္ထိပြည် သရက်ဖြူပင်ရင်း၌ တန်ခိုးပြာဋိဟာအမျိုးမျိုး ပြသတော်မူပြီး တာဝတိံသာနတ်ပြည်သို့ ကြွတော်မူခဲ့ပုံ၊ ဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ ဝါကပ်တော်မူကာ အဘိဓမ္မာတရား ဟောတော်မူပြီး သင်္ကဿမြို့တံခါး၌ ဆင်းသက်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၃၀) (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေသကိတ္တကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းသည် ဥပသာလကမည်သော ပုဏ္ဏား ဖြစ်ခဲ့ပုံ၊ တောသို့ ဝင်တော်မူသော ဘုရားရှင်ကို ဖူးတွေ့ရ၍ ဘုရားရှင်၏ ခြေတော်တို့ကို ရှိခိုးခဲ့ပုံ၊ တောမှ ထွက်သည့်အခါ ဘုရားရှင်ကို အောက်မေ့သတိရ၍ ထိုအရပ်ကို ချီးကျူးခဲ့ပုံ၊ ထိုသို့ ချီးကျူးခဲ့သော ဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေသပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းသည် ကောင်းကင်သို့ တက်၍ ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူသော အတ္ထဒဿီဘုရားရှင်ကို ဖူးမြင်ခဲ့ရပုံ၊ ဘုရားရှင်ကောင်းကင်သို့ တက်ရာအရပ်ကို ကြည်ညိုသော စိတ်ဖြင့် ရှိခိုးပူဇော်ခဲ့သော အခါမှစ၍ အပါယ်လေးပါးသို့ မလားရောက်ခဲ့ရတော့ဘဲ တစ်ရာ့တစ်ဆယ်ကမ္ဘာအထက်၌ ဂေါသုဇာတမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၂) (အပ၊ဋ္ဌ၊၂၊၁၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေါဏဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ဒေါဏပုဏ္ဏားသည် မြတ်စွာဘုရားအား အသက်အရွယ်ကြီးရင့်နေပြီးသော ပုဏ္ဏားအိုကြီးများကို အရိုအသေပေးသင့်ကြောင်း လာရောက်လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ဒေါဏပုဏ္ဏားအား ‘‘သင့်ကိုယ်သင် ပုဏ္ဏားတစ်ဦးဖြစ်ကြောင်း ဝန်ခံသလော’’ဟု မေးမြန်းတော်မူခဲ့ပုံ၊ ဘုရားရှင်က ဗြဟ္မာနှင့် တူသောပုဏ္ဏား စသော ပုဏ္ဏားငါးမျိုးတို့ကို အကျယ်ချဲ့၍ ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၁၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေါဏဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသောအခါ ဒေါဏပုဏ္ဏားကြီးသည် ဓာတ်တော်ကို ယူရန် လာကြသည့် မင်းတို့၏ အဓိကရုဏ်းကို ဖြေရှင်းပေးခဲ့ပုံ၊ ဒေါဏပုဏ္ဏားကြီးသည် ဓာတ်တော်များကို ရှစ်စုခွဲဝေပြီး လက်ယာစွယ်တော်ကို မိမိခေါင်းပေါင်းထဲ၌ ဝှက်ထားခဲ့ပုံ၊ သိကြားမင်းက ဒေါဏပုဏ္ဏား၏ ခေါင်းပေါင်းထဲမှ စွယ်တော်ကို တစ်ဆင့် ယူ၍ နတ်ပြည်၌ စူဠာမဏိစေတီ တည်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၂၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒေါသဂ္ဂိဝတ္ထု

ဤဝတ္ထု၌ မနောပဒေါသိကာနတ်တို့သည် နက္ခတ်ကစား သွားကြစဉ် နတ်သားတစ်ယောက်က အခြားနတ်သားတစ်ယောက်ကို အထင်သေး၍ ရှုတ်ချပြောဆိုခဲ့ပုံ၊ အပြောခံရသော နတ်သားက စိတ်ဆိုးပြီး ပြန်ပြောခဲ့ပုံ၊ နတ်သားနှစ်ယောက် ဒေါသပြင်းထန်စွာ ထွက်ကြပြီး ပြောဆိုကြရာမှ ဒေါသမီးလောင်မြိုက်သဖြင့် အလွန်နုနယ်သော နတ်တို့၏ ခန္ဓာကိုယ် ပျက်စီးကာ နတ်သက်ကြွေကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၃၊၂၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒွါဒသဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော် ၁၂-ပါးတို့သည် တောအရပ်၌ ကမ္မဋ္ဌာန်းအားထုတ်နေစဉ် ရဟန်းတစ်ပါးသည် နေဝင်စအချိန် စင်္ကြံလျှောက်ရာ ခြေဖမိုး ပေါက်ထွက်သွားအောင် ဆူးစူးခဲ့ပုံ၊ အခြားရဟန်းတို့အား ကမ္မဋ္ဌာန်းအားထုတ်မှု အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်၍ အသိမပေး အကြောင်းမကြားဘဲ ကိုယ်တွင်းရှိ ကိလေသာဆူးကိုသာ နုတ်မည်ဟု ကြံစည်ကာ အပြင်းအထန် ဝေဒနာရှုပွားခဲ့ပုံ၊ မိုးလင်းမှ အခြားရဟန်းများကို အသိပေးခဲ့ပုံ၊ ထိုသို့ဝေဒနာရှုသဖြင့် အရိယာအဖြစ်သို့ ရောက်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒွါရပါလကဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်ပြည်သား ဥပါသကာတစ်ဦးသည် သံဃာတော်တို့အတွက် နိစ္စဘတ်(ထာဝရဆွမ်း) တည်ခင်းထားပုံ၊ သူ၏ အိမ်မှာ မြို့အစွန်၌ ရှိသဖြင့် သူခိုးရန် စိုးရိမ်ရသောကြောင့် တစ်ခါတစ်ရံ တံခါးပိတ်ထားလေ့ရှိပုံ၊ ရဟန်းတော်တို့ ဆွမ်းမရဘဲ ပြန်ရမည်ကို စိုးရိမ်သောကြောင့် တံခါးစောင့် တစ်ယောက် ငှားထားပုံ၊ ဥပါသကာ ကွယ်လွန်လျှင် ယာမာနတ်ပြည်၌ ဖြစ်ပြီး သံဃာတို့ ကြွလာသော် ဝေယျာဝစ္စပြုလုပ် ပေးရသည့် တံခါးစောင့်မှာ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒွေအဂ္ဂသာဝကဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်လောင်းလျာနှင့် အရှင်မောဂ္ဂလာန်လောင်းမထေရ်လျာ သူငယ်ချင်းနှစ်ဦးတို့သည် တစ်နေ့တည်း၌ မွေးဖွားလာကြပုံ၊ သူငယ်နှစ်ဦးတို့သည် ကစားဖော် ကစားဖက်ဖြစ်ခဲ့ကြပုံ၊ တစ်ယောက်လျှင် အခြံအရံ ငါးရာစီရှိကြပုံ၊ ပွဲလမ်းသဘင် ကြည့်ရှု ပြီးနောက် သံဝေဂရကာ အမြိုက်တရားကို ရှာမှီးခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒွေဣသိဝတ္ထု

ဤဝတ္ထု၌ ဂန္ဓာရမင်းနှင့် ဝိဒေဟမင်းတို့သည် ထီးနန်းကို စွန့်၍ ရသေ့ရဟန်းပြုကာ တော၌ နေကြပုံ၊ ဆားရှားပါးသော တောရွာမှ ဆားအလှူခံကြပြီး ဆားကို သိမ်းဆည်းထားခြင်းနှင့် ပတ်သက်၍ တစ်ဦးနှင့်တစ်ဦး အပြစ်တင်ငြင်းခုန်ကြပုံ၊ နောက်မှ အချင်းချင်း တောင်းပန်ကြကာ ချစ်ခင်စွာ နေထိုင်ပြီး ခြိုးခြံသော အကျင့်ကို ကျင့်ကြံကြ၍ ကွယ်လွန်ကြသောအခါ ဗြဟ္မာပြည်သို့ ရောက်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၂၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒွေဣသိဝတ္ထု

ဤဝတ္ထု၌ ဇာတိမာရသေ့နှင့် မာတင်္ဂရသေ့နှစ်ဦးတို့ အိုးထိန်းသည် ဇရပ်တွင် တစ်ညတာ တည်းခိုစဉ် ညအိပ်ရာဝင်သောအခါ မာတင်္ဂရသေ့သည် ဇာတိမာရသေ့၏ ရင်ဘတ်ကို နင်းမိပုံ၊ မာတင်္ဂရသေ့က တောင်းပန်သော်လည်း မရဘဲ ဇာတိမာရသေ့က နေထွက်လာလျှင် ဦးခေါင်းခုနစ်စိတ် ကွဲပါစေသားဟု ကျိန်ဆဲပုံ၊ မာတင်္ဂရသေ့သည် ဈာန်အဘိညာဉ်နှင့်ပြည့်စုံပြီး ဘုန်းတန်ခိုးကြီးသူဖြစ်သဖြင့် နေမထွက်အောင် တားထားပုံ၊ မင်းနှင့်တကွ တိုင်းသူပြည်သားများက ဇာတိမာရသေ့အား မာတင်္ဂရသေ့ထံ ဝန်ချတောင်းပန်ခိုင်းပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒွေဣသိဝတ္ထု

ဤဝတ္ထုသည် မဏိကဏ္ဌဇာတက၌ ပါဝင်သည်။ (ဝိ၊၁၊၂၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒွေဥပသမ္ပဒါပေက္ခဝတ္ထု

ဤဝတ္ထု၌ အရှင်မဟာကဿပမထေရ်ကြီးတွင် ရဟန်းလောင်းနှစ်ဦး ပြိုင်တူရဟန်းခံရန် ဖြစ်ပေါ်လာ၍ နှစ်ဦးစလုံးကို တစ်ကြိမ်တည်းဖြင့် ရဟန်းခံနိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ၊ ရဟန်းလောင်းနှစ်ဦး သုံးဦးကို ရဟန်းခံရာ၌ ဥပဇ္ဈာယ်ဆရာတစ်ဦးတည်း တူညီရမည် ဖြစ်ကြောင်း ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာျား ပါဝင်သည်။ (ဝိ၊၃၊၁၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒွေဥပေါသထာဂါရဝတ္ထု

ဤဝတ္ထု၌ ကျောင်းတိုက်ကြီး တစ်တိုက်တွင် ဥပုသ်ကျောင်းဆောင် နှစ်ဆောင် သမုတ်ထားကြပုံ၊ ရဟန်းတော်တို့သည် နှစ်ဆောင်လုံး၌ စုဝေးနေကြပုံ၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ကျောင်းတိုက်တစ်တိုက်တည်း ဥပုသ်ဆောင် နှစ်ဆောင် မသမုတ်ရ၊ တစ်ဆောင်ကို ပြန်နုတ်ပြီး တစ်ဆောင်တည်း၌သာ ဥပုသ်ပြုရမည်ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒွေထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်နှစ်ပါးတို့သည် မလယအရပ်၌ နေသော မဟာဒေဝမထေရ်ထံ၌ ကမ္မဋ္ဌာန်းတောင်းယူကြပုံ၊ မထေရ်ကြီးက သုံးဆယ့်နှစ်ကောဋ္ဌာသပါဠိကို သင်ပေးသောအခါ မထေရ်နှစ်ပါးတို့သည် လိမ္မာကျွမ်းကျင်စွာ ရွတ်ဖတ်သရဇ္ဈာယ်ကြသဖြင့် သောတာပန်တည်ခဲ့ကြပုံ၊ ကမ္မဋ္ဌာန်းဆရာက တပည့်တို့ကို နှုတ်ဖြင့် ရှေးဦးစွာ သရဇ္ဈာယ်ရန် ပြောကြားသင့်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒွေထေရဝတ္ထု

ဤဝတ္ထု၌ စိတ္တလတောင်တံတိုင်းနှစ်ထပ်ရှိ ကျောင်းတွင်း၌ မထေရ်နှစ်ပါးတို့ သီတင်းသုံးကြစဉ် လကွယ်ဥပုသ်နေ့ တစ်နေ့၌ မိုးတိမ်များ ထူထပ်ပြီး ညအချိန်၌ မဲမှောင်နေပုံ၊ မထေရ်တစ်ပါးက စေတီရင်ပြင်၌ ပန်းအရောင် ငါးမျိုးနိမိတ်ထင်လာကြောင်း၊ အခြားတစ်ပါးက သမုဒ္ဒရာ၌ ငါးလိပ်များ နိမိတ်ထင်လာကြောင်း အချင်းချင်းပြောကြားပုံ၊ ထိုအာရုံနိမိတ်မျာသည် မဂ်ဖိုလ်တရားအစစ်မဟုတ်ဘဲ ဝိပဿနာညစ်ညူကြောင်း တရားများသာဖြစ်ကြောင်း မိန့်ဆိုထားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒွေဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ပုဏ္ဏားနှစ်ယောက်တို့သည် ‘‘သူ့နွားက အားသန်သည်၊ ငါ့နွားက အားသန်သည်’’ စသည်ဖြင့် ငြင်းခုံကာ နွားနှစ်ကောင်ကို သဲများ အပြည့်တင်ထားသော လှည်းကို ယှဉ်ပြိုင်၍ ဆွဲစေပုံ၊ လှည်းက မလှုပ်ဘဲ သားရေလွန်ကြိုးများသာ ပြတ်ကုန်သည်ကို ရဟန်းတော်များ တွေ့မြင်ရသဖြင့် ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က အပြင်ကြိုးထက် မိမိ၏ ကိုယ်တွင်းသန္တာန်၌ဖြစ်သော (ကောဓ) အမျက်ဒေါသကြိုး၊ တဏှာလောဘကြိုးများကိုသာ ဖြတ်တောက်သင့်ကြောင်း စသည်ဖြင့် တရားဟောတောမူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒွေဘာတိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ စိတ္တလတောင်၌ သီတင်းသုံးနေထိုင်သော ရဟန္တာညီနောင် မထေရ်နှစ်ပါးတို့တွင် တစ်ပါးသော မထေရ်က လပြည့်ဥပုသ်နေ့တွင် ပါတိမောက်ပြပြီးနောက် လပြည့်ဝန်းကို ကြည့်ကာ မိမိအာယုသင်္ခါရ အသက်အပိုင်းအခြားကို ဆင်ခြင်ပုံ၊ ထို့နောက် ရဟန်းသံဃာတော်တို့အား ‘‘အဘယ်သို့သော ပုံစံမျိုးဖြင့် ပရိနိဗ္ဗာန်စံဝင်သော ရဟန်းတို့ကို မြင်ဖူးကြသနည်း’’ ဟု မေးမြန်းပုံ၊ အချို့ရဟန်းများက ထိုင်လျက် ပရိနိဗ္ဗာန်စံဝင်သည်ကို မြင်ဖူးကြောင်း၊ အချို့ရဟန်းများက လျောင်းလျက် ပရိနိဗ္ဗာန်ပြုသည်ကို မြင်ဖူးကြောင်း လျှောက်ထားကြပုံ၊ ထိုအခါ မထေရ်က ‘‘စင်္ကြံသွားလျက် ပရိနိဗ္ဗာန်စံဝင်ပြမည်’’ ဟု ဆိုကာ စင်္ကြံသွားစဉ် ပရိနိဗ္ဗာန်စံတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၈၄) (သာရတ္ထ၊ဋီ၊၂၊၂၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒွေဘာတိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ညီငယ်ဖြစ်သော အလုပ်အကျွေးရဟန်းက အစ်ကိုကြီးသုံးဆောင်ရန် ကြံပိုင်းများကို ဆွမ်းစားပြီးခါစ ပလုပ်ကျင်းချိန်၌ ဆက်ကပ်ပုံ၊ အစ်ကိုကြီးဖြစ်သူက တော်ပြီဟု တားမြစ်ပုံ၊ ထိုအခါ ညီငယ်က ‘‘ဧကာသနိက်ဓုတင် ဆောင်ပါသလား’’ဟု မေးမြန်းလျှောက်ထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၄၆) (အံ၊ဋ္ဌ၊၁၊၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒွေဘာတိကဝတ္ထု

ဤဝတ္ထု၌ နွားသတ်သမား ညီအစ်ကိုနှစ်ယောက်တို့သည် နွားသတ်ပြီးနောက် အမဲသားများကို ဝေစုနှစ်စုခွဲထားပုံ၊ ညီငယ်ဖြစ်သူက မိမိ၌ ကလေးတွေများသဖြင့် အသားအကြွင်းအကျန် အတိုအစများကို ပေးရန်တောင်းပုံ၊ အစ်ကိုဖြစ်သူက ဝေစုနှစ်စု အညီအမျှ ခွဲဝေပြီးဖြစ်သဖြင့် မပေးနိုင်ဟုဆိုကာ ညီငယ်အား ရိုက်နှက်သောကြောင့် ညီငယ်ဖြစ်သူ သေဆုံးပုံ၊ အစ်ကိုဖြစ်သူသည်လည်း စိတ်နှလုံး မသာမယာဖြစ်ကာ အရိုးပေါ် အရေဖုံးလျက် ပိန်ချုံးပြီး သေလွန်သောအခါ ငရဲသို့ ရောက်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၂၊) (ဣတိဝုတ်၊ဋ္ဌ၊၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒွေဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရွာတစ်ရွာတွင် အမျိုးသမီးနှစ်ယောက်တို့ ထိုင်၍ ချည်ငင်နေကြပုံ၊ ရဟန်းငယ် နှစ်ပါးတို့ ကြွလာစဉ် ရဟန်းတစ်ပါးက အမျိုးသမီးတစ်ယောက်ကို ကြည့်ပုံ၊ အခြားအမျိုးသမီး တစ်ယောက်က ‘‘ဤရဟန်းသည် အဘယ်ကြောင့် သင့်ကို ကြည့်ရှုဘိသနည်း’’ဟု ပြောသောအခါ ကြည့်သောရဟန်းငယ်က ငါသည် ဖောက်ပြန်သောစိတ်ဖြင့် ကြည့်ရှုသည်မဟုတ်၊ နှမငယ်ဟူသော အမှတ်သညာဖြင့် ကြည့်ခြင်းသာဖြစ်ကြောင်း ပြောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒွေဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ကျောင်းတစ်ကျောင်း၌ ရဟန်းနှစ်ပါးတို့သည် အထက်ထပ်တွင် တစ်ပါး၊ အောက်ထပ်တွင် တစ်ပါး နေထိုင်ကြပုံ၊ ကျောင်းအထက်ထပ်သည် ပျဉ်မခင်းရသေးသည့် အတွက် အပေါ်ထပ်နေ ရဟန်းက ခုတင်ကို ဖိ၍ တက်လိုက်ရာ ခုတင်ခြေထောက် ပြုတ်၍ အောက်ထပ်နေ ရဟန်းခေါင်းပေါ်သို့ ကျသွားခဲ့ပုံ၊ ထိုသို့သော ခုတင်ပေါ်၌ ထိုသို့ မထိုင်ရန် ဝေဟာသကုဋိသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒွေရတနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ တော၌ သားမုဆိုးဖြစ်ခဲ့ပုံ၊ ဝိပဿီဘုရားရှင်ကို တော၌ ဖူးမြင်ခဲ့ရ၍ အသားတစ်ကို ပေးလှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် သက်ရှိ၊ သက်မဲ့ ရတနာများဖြစ်ပေါ်လာခဲ့ပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိခဲ့ဘဲ လွန်ခဲ့သော လေးကမ္ဘာအထက်၌ မဟာရောဟိတအမည်ရှိသော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒွေသဟာယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ သူငယ်ချင်း အမျိုးကောင်းသားနှစ်ယောက်တို့သည် အနုရာဓမြို့ ထူပါရုံကျောင်း၌ ရဟန်းဝတ်ကြပြီး တစ်ပါးက ပါစီနခဏ္ဍရာဇိအရပ်သို့ ကြွကာ သီတင်းသုံးနေထိုင်ပုံ၊ ပါစီနခဏ္ဍရာဇိအရပ်၌ သီတင်းသုံးသော ရဟန်းသည် ကြာမြင့်စွာ နေထိုင်ပြီးနောက် ပစ္စည်းလေးပါး ပေါများပြည့်စုံသဖြင့် ထူပါရုံရှိ သူငယ်ချင်းရဟန်းထံ အကြောင်းကြားရန် လာခဲ့ပုံ၊ ထူပါရုံ ရဟန်းထံ ရောက်သောအခါ ယောက်ချိုတစ်ဇွန်းစာမျှသော ယာဂုကို နှစ်ပါး မျှတ၍ ဘုဉ်းပေးရပုံ၊ ထိုအခါ ပါစီနခဏ္ဍရာဇိအရပ်၌ သီတင်းသုံးနေသော ရဟန်းက ထူပါရုံရဟန်းကို မိမိနှင့်အတူ လိုက်ပါသီတင်းသုံးရန် ခေါ်ဆောင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒွေသဟာယကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သား (၂)ဦးတို့သည် ရဟန်းဝတ်လာကြပြီး တစ်ဦးက စာသင်ခဲ့ပုံ၊ တစ်ဦးက ကမ္မဋ္ဌာန်းအားထုတ်၍ ရဟန္တာဖြစ်ခဲ့ပုံ၊ ၂-ဦးသား ပြန်လည်ဆုံတွေ့ရာတွင် စာပေတတ်သည့် ရဟန်းက ပဋိပတ်ရဟန်းအား ကဲ့ရဲ့ပုံ၊ ဘုရားရှင်က ပရိယတ္တိရဟန်းသည် နွားအခစား ကျောင်းသူနှင့် တူ၍ ပဋိပတ္တိရဟန်းမှာမူ နွားပိုင်ရှင်နှင့်တူကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဒွေသဟာယကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တွင် အလှူဒါနပြု၍ သာရဏီယကျင့်ဝတ် ဖြည့်ကျင့်သော ရဟန်းနှင့် ဝေယျာဝစ္စပြုရန် ဘတ္တဂ္ဂကျင့်ဝတ် ဖြည့်ကျင့်သော သူငယ်ချင်း ရဟန်းနှစ်ပါးတို့ အတူတကွ နေထိုင်ကြစဉ် သာရဏီယ ရဟန်းက ဘတ္တဂ္ဂရဟန်းကို ‘‘မိမိကဲ့သို့ပင် သာရဏီယ ကျင့်ဝတ်ဖြည့်ကျင့်ရန် တိုက်တွန်းခဲ့ပုံ၊ ဘတ္တဂ္ဂရဟန်းက မိမိကျင့်ဝတ်ကိုသာ မိမိဖြည့်ကျင့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပုံ၊ ထိုသူငယ်ချင်းရဟန်းတော်နှစ်ပါး ပျံလွန်တော်မူပြီးနောက် နတ်ပြည်၌ ဖြစ်ကြသောအခါ သာရဏီယရဟန်းက ဘတ္တဂ္ဂရဟန်းထက် အာယု, ဝဏ္ဏ, သုခ, ယသ, အာဓိပစ္စ ဟူသော အကျိုးငါးပါးတို့ကို သာလွန်ခံစားရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ သာရဏီယရဟန်းသည် ကောသလမင်းကြီး၏ မိဖုရားခေါင်ကြီးထံ၌ ဖွားမြင်ခဲ့ပြီး ထိုနေ့၌ပင် ဘတ္တဂ္ဂရဟန်းသည် မိဖုရားကြီး၏ အလုပ်အကျွေးမိန်းမထံ၌ ဖွားမြင်ခဲ့ပုံ၊ နာမည်မှည့်သောနေ့၌ ကောသလမင်းကြီး၏ သားတော်ကို ထီးဖြူမိုး ကမ္ဗလာခြုံ၍ ပုခက်၌ ထားပြီး အလုပ်အကျွေး မိန်းမသားငယ်ကို စောင်ကြမ်းဖြင့် ပတ်၍ ကြမ်းပြင်၌ ထားပုံ၊ ကလေးငယ်နှစ်ယောက်တို့သည် ဇာတိဿရဉာဏ်ကို ရရှိကြသဖြင့် ကောသလမင်းကြီး၏ သားငယ်က အလုပ်အကျွေး မိန်းမသားငယ်ကို ‘‘သင်သည် ငါ့စကားကို နားမထောင်သည့်အတွက် ဤကဲ့သို့ ကြမ်းတမ်းသော အသုံးအဆောင်များကို ခံစားရ၏’’ဟု ပြစ်တင်နှိမ့်ချ ပြောဆိုပုံ၊ ထိုအခါ အလုပ်အကျွေးမိန်းမသားငယ်က ‘‘သင်သည် မင်းစည်းစိမ်ကို အမှီပြု၍ မာန်မာနမထောင်သင့်၊ သင်ခြုံထားသော ကမ္ဗလာခြုံထည်တို့သည်လည်းကောင်း၊ ငါ့ထံ၌ ရှိသော စောင်ကြမ်း စသည်တို့သည်လည်းကောင်း ပထဝီဓါတ်ချည်းသာ ဖြစ်ကြ၏’’ဟု ပြန်လည်ချေပခဲ့ပုံ၊ ထိုစကားကို သုမနာမင်းသမီး ကြားသိသောအခါ ဘုရားရှင်အား အကြောင်းစုံ လျှောက်ထားပုံ၊ ဘုရားရှင်က ‘‘လူ၌ ဖြစ်စေ၊ နတ်၌ ဖြစ်စေ၊ ဗြဟ္မာ၌ ဖြစ်စေ အလှူဒါန သာရဏီယဝတ် ဖြည့်ကျင့်သောသူသည် ဝေယျာဝစ္စ ဘတ္တဂ္ဂဝတ် ဖြည့်ကျင့်သောသူထက် အာယု ဝဏ္ဏ စသော အကျိုးငါးမျိုးတို့ဖြင့် သာလွန်၏၊ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုရာ၌ကား အတူတူပင် ဖြစ်၏‘‘ဟု တရားဒေသနာကို ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၃၊၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓဇဂ္ဂဝတ္ထု

ဤဝတ္ထု၌ တာဝတိံသာနတ်နှင့် အသုရာနတ်တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့ဖူးပုံ၊ ကြောက်ရွံ့ ထိတ်လန့်ကုန်သော တာဝတိံသာနတ်တို့အား သိကြားမင်းက မိမိအောင်လံတံခွန်ကို ကြည့်ရန် ပြောကြားခဲ့ပုံ၊ ဝေဇယန္တာရထား၏ အောင်လံတံခွန်သည် ယူဇနာနှစ်ရာ့ငါးဆယ်ရှည်လျားပုံ၊ အကယ်၍ သိကြားမင်း၏ အောင်လံတံခွန်ကို မကြည့်မိလျှင် ပဇာပတိနတ်မင်း, ဝရုဏ နတ်မင်းစသူတို့၏ အောင်လံတံခွန်များကို ကြည့်ရှုရန် ပြောကြားခဲ့ပုံ၊ မြတ်စွာဘုရားက ရဟန်းတို့အား ကြောက်ရွံ့ထိတ်လန့်မှုမဖြစ်ရန် ဘုရား, တရား, သံဃာဂုဏ်တော်များကို အစဉ်သတိရရန် ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၂၀) (သံ၊ဋ္ဌ၊၁၊၃၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓဇဂ္ဂသုတ္တဖလဝတ္ထု

ဤဝတ္ထု၌ ရဟန်းငယ်တစ်ပါး စေတီတော်ကို အင်္ဂတေသုတ်လိမ်းနေစဉ် အောက်သို့ ပြုတ်ကျခဲ့ပုံ၊ အခြား ရဟန်းတော်များက ဓဇဂ္ဂသုတ်ကို အောက်မေ့ဆင်ခြင်ရန် သတိပေးကြပုံ၊ ရဟန်းတော်က ဓဇဂ္ဂသုတ်ပရိတ်တော်သည် မိမိ၏ အသက်အန္တရာယ်ကို ကယ်မပါစေသတည်း’’ဟု အဓိဋ္ဌာန်ပြုပုံ၊ စေတီတော်လုံးပတ်မှ အုပ် ၂-ချပ် ထွက်ပေါ်လာပြီး ရဟန်းတော် အား ခံယူထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၃၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓဇဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ ပဒုမုတ္တရဘုရားရှင်၏ မြတ်သော ထင်းရှူးဗောဓိပင်၌ ရွှင်ပျသောစိတ်ဖြင့် တံခွန်ကို တင်လှူပူဇော်ခဲ့ပုံ၊ ဘုရားရှင်က မထေရ်လောင်း၏ တံခွန်လှူဒါန်းခြင်းနှင့် ဆည်းကပ်ခဲ့ခြင်းတို့ကြောင့် ‘‘ဤပုဂ္ဂိုလ်သည် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါးသို့ မလားရောက်ရ၊ နတ်ပြည်၌ နတ်၏ တင့်တယ်ခြင်းကို အတိုင်းမသိ ခံစားရလတ္တံ့’’ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့ပုံ၊ မထေရ်လောင်းသည် တစ်ထောင့်ငါးဆယ့်တစ်ကမ္ဘာအထက်၌ ဥဂ္ဂတအမည်ရှိသော စကြာမင်း၊ တစ်ထောင့်ငါးဆယ်သော ကမ္ဘာ၌ မေဃမည်သော စကြမင်းတို့ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၂၀) (အပ၊ဋ္ဌ၊၂၊၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓနဉ္ဇာနီဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် သစ်ပင်ရင်း နေ့သန့်ချိန်၌ ဓနဉ္ဇာနီပုဏ္ဏားသည် အရှင်သာရိပုတ္တရာထံသို့ လာရောက်၍ တရားစကားလျှောက်ထား ဆွေးနွေးခဲ့ပုံ၊ အရှင်သာရိပုတ္တရာက ထိုပုဏ္ဏားအား ‘‘မေ့မေ့လျော့လျော့ နေပါသလော’’ဟု မေးရာ ပုဏ္ဏားကြီးက မိဘသားမယားဆွေမျိုး စသည်တို့နှင့် မိမိအတွက် ပြုဖွယ်ကိစ္စများ လုပ်ကိုင်ဆောင်ရွက် နေရသော်လည်း မမေ့မလျော့ကြောင်း လျှောက်ထားခဲ့ပုံ၊ အရှင်သာရိပုတ္တရာက ယင်းကိစ္စတို့အတွက် ပြုမူဆောင်ရွက်ရာတွင် တရားနှင့်မညီပါက ငရဲသို့ ကျရောက်တတ်ကြောင်း အကျယ်ဟောပြတော်မူခဲ့ပုံ၊ ပုဏ္ဏားကြီးသည် မကြာမီ ရောဂါပြင်းထန်စွာ ခံစားရ၍ ကွယ်လွန်သွားရာ ဗြဟ္မာ့ပြည်သို့ ရောက်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၃၉၅) (မ၊ဋ္ဌ၊၃၊၂၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓနဉ္ဇာနီဝတ္ထု

ဤဝတ္ထု၌ ဓနဉ္ဇာနီ ပုဏ္ဏေးမကြီးသည် ဘုရားရှင်အား အလွန်ကြည်ညိုသည့် သောတာပန် ဒကာမတစ်ဦး ဖြစ်ပုံ၊ လင်ယောက်ျားဖြစ်သည့် ပုဏ္ဏားကြီးကမူ သာသနာတော်မှ အပဖြစ်သည့် ဗြာဟ္မဏများကိုသာ ကြည်ညိုဆည်းကပ်လေ့ရှိပုံ၊ ဓနဉ္ဇာနီပုဏ္ဏေးမကြီးသည် ချေဆတ်သည့် အခါ၌ဖြစ်စေ တစ်စုံတစ်ခုနှင့် တိုက်မိသည့် အခါ၌ဖြစ်စေ ‘‘နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ’’ဟု ဥဒါန်းကျူးလေ့ရှိပုံ၊ ပုဏ္ဏားကြီး အလှူလုပ်သည့်အခါ ဓနဉ္ဇာနီပုဏ္ဏေးမကြီးက ‘‘နမော တဿ’’ဟု ရွတ်ဆိုမိသဖြင့် ဗြဟ္မဏဆရာများ ချက်ချင်း ထပြန်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၆၂) (သံ၊ဋ္ဌ၊၁၊၂၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓနပါလသေဋ္ဌိပေတဝတ္ထု

ဤဝတ္ထု၌ ဓနပါလသူဌေးသည် မိစ္ဆာဒိဋ္ဌိအယူရှိ၍ သဒ္ဓါတရားကင်းမဲ့ခဲ့ပုံ၊ သူကွယ်လွန်သောအခါ သဲကန္တာရအတွင်း၌ ကျောက်မက်ဖွယ် အဆင်းရှိသော ပြိတ္တာကြီးဖြစ်ပုံ၊ ငါးဆယ့် ငါးနှစ်ပတ်လုံး ထမင်းတစ်လုံး ရေတစ်ပေါက်မျှ မစားသောက်ရပုံ၊ သာဝတ္ထိပြည်မှ လှည်းကုန်သည်များနှင့် တွေ့သောအခါ မိမိဘဝဇာတ်ကြောင်းကို ပြောပြ၍ သတိသံဝေဂ ရစေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၅၁) (ပေတ၊ဋ္ဌ၊၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓနိယကုမ္ဘကာရပုတ္တဝတ္ထု

ဤဝတ္ထု၌ အရှင်ဓနိယသည် ဂိဇ္ဈကုဋ်တောင် ဣသိဂိလိတောင်နံပါး၌ မြက်မိုးကျောင်းဖြင့် နေစဉ် ထင်းခွေသမားတို့က ကျောင်းကို ဖျက်၍ ယူသွားကြသဖြင့် မြေကို မီးဖုတ်၍ လှပသောကျောင်းကို ဆောက်ပုံ၊ ဘုရားရှင်က ရဟန်းတို့နှင့် မအပ်စပ်ဟု မိန့်တော်မူကာ ဖျက်ခိုင်းတော်မူပုံ၊ ထို့နောက် ဘုရင်၏ သစ်တို့ကိုယူ၍ ကျောင်းဆောက်ပုံ၊ သစ်တာဝန်ခံ သစ်ပျောက်မှုဖြင့် အဖမ်းခံရပုံ၊ အရှင်မပေးသော သစ်တို့ကို ယူ၍ အရှင်ဓနိယအား လူတို့က ကဲ့ရဲ့ကြပုံ၊ ဘုရားရှင်က ‘‘အရှင်မပေးသော ပစ္စည်းကို မယူရ’’ဟု ဒုတိယပါရာဇိက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဓနိယမထေရ်လောင်း အမျိုးကောင်းသားသည် သိခီဘုရားရှင်အား ကြည်ညိုသဒ္ဓါ ထက်သန်စွာဖြင့် ကျူပန်းများကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ဘဝနတ်ဘဝတို့၌သာ ကျင်ခဲ့ရပြီး ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ ရာဇဂြိုလ်ပြည် အိုးထိန်းသည်မျိုး၌ ဖြစ်ပုံ၊ မြတ်စွာဘုရား၏ ဓာတုဝိဘင်္ဂသုတ်ကို ကြားနာရပြီးနောက် သဒ္ဓါတရားဖြင့် သာသနာတွင်းသို့ ဝင်ရောက်ရဟန်းပြုကာ ဝိပဿနာ ရှုမှတ်ပွားများသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓနိယဝတ္ထု

ဤဝတ္ထု၌ မဟီမြစ်ကမ်းမှ နွားမွေးမြူရေးလုပ်ငန်းဖြင့် ချမ်းသာနေသော ဓနိယသူဌေးနှင့် မြတ်စွာဘုရားတို့ မိုးနှင့် ပတ်သက်၍ အပြန်အလှန် ပြောဆိုကြပုံ၊ ဓနိယနှင့် အတူ ဇနီးနှင့်သမီးနှစ်ယောက်တို့ သောတာပန်တည်ပြီး သာသနာ့ဘောင်တို့ ဝင်ရောက်လာကြပုံ၊ ထို့နောက် ဇနီးမောင်နှံတို့ ရဟန္တာ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မစက္ကိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထမြတ်စွာဘုရား၏ မျက်မှောက်တော်၌ ရတနာများစီခြယ်လျက် ခြင်္သေ့ရုပ်တပ်ဆင်သော တရားဟောပလ္လင်ကို ထားရှိလှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိတော့ဘဲ၊ တစ်ဆယ့်တစ်ကမ္ဘာအထက်၌ သဟဿရာဇမည်သော စကြဝတေးမင်း ရှစ်ကြိမ်တိုင်တိုင်ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၀၀) (အပ၊ဋ္ဌ၊၂၊၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မဒဿီဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ ဓမ္မဒဿီဘုရားလောင်း အမျိုးကောင်းသားသည် ဘုရားဖြစ်ရန် ပါရမီဆယ်ပါး အကျင့်မြတ်တရားတို့ကို ဖြည့်ကျင့်ပြီးနောက် သရဏမင်းကြီး၏ မိဖုရား သုနန္ဒာဒေဝီ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေယူကာ ဖွားမြင်ခဲ့ပုံ၊ ဘုရားလောင်း ဖွားမြင်သောနေ့၌ အဓမ္မိကဝေါဟာရများ အလိုလို ငြိမ်းပျောက်ပြီး ဓမ္မိကဝေါဟာရများသာ တည်ရှိသဖြင့် ဘုရားလောင်းအမည်တော်ကို ‘‘ဓမ္မဒဿီ’’ဟု အမည်မှည့်ပုံ၊ ဓမ္မဒဿီဘုရားလောင်းသည် အနှစ်ရှစ်ထောင် လူ့ဘောင်၌ နေပြီး သူအို သူနာ သူသေ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်ကာ ပြာသာဒ်ယာဉ်ဖြင့် တောထွက်၍ ရဟန်းပြုခဲ့ပုံ၊ ခုနစ်ရက်မျှ ဒုက္ကရစရိယာအကျင့်ကို ကျင့်ပြီး သဗ္ဗညုတဘုရားရှင်အဖြစ်သို့ ရောက်ရှိခဲ့ပုံ၊ ဂေါတမဗုဒ္ဓလောင်းလျာသည် ထိုအချိန်၌ သိကြားမင်း ဖြစ်၍ နိယတဗျာဒိတ် ခံယူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဗုဒ္ဓဝံ၊၃၅၅) (အဘိ၊ဋ္ဌ၊၁၊၆၇) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မဒိန္နာထေရီဝတ္ထု

ဤဝတ္ထု၌ ဝိသာခဥပါသကာသည် အနာဂါမ်ဖြစ်ပြီးနောက် ဇနီးသည် ဓမ္မဒိန္နာအား စည်းစိမ်ဥစ္စာကို လွှဲအပ်ခဲ့ပုံ၊ ဓမ္မဒိန္နာက လက်မခံတော့ဘဲ ဘိက္ခုနီပြုလိုကြောင်း ပြောသဖြင့် ဘိက္ခုနီမကျောင်းသို့ ပို့ဆောင်ခဲ့ပုံ၊ မကြာမီရဟန္တာဖြစ်၍ ရာဇဂြိုဟ်မြို့သို့ ကြွသော ထေရီမကို လင်ဖြစ်ဖူးသော ဝိသာခက မဂ်ဖိုလ်လေးပါး မေးစစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မဒိန္နာထေရီဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဝိသာခ မည်သော ဥပါသကာသည် ဓမ္မဒိန္နာထေရီ ရဟန္တာမကြီးထံ ချဉ်းကပ်၍ သက္ကာယ သက္ကာယသမုဒယ, သက္ကာယနိရောဓ, သက္ကာယနိရောဓဂါမိနီပဋိပဒါ ပြဿနာများကို မေးမြန်းပုံ၊ ဓမ္မဒိန္နာထေရီက မိမိဖြေဆိုလိုက်သော အဖြေများကို ဝိသာခဥပါသကာအား ဘုရားရှင်ထံ စေလွှတ်၍ အဆုံးအဖြတ် ခံစေပုံ၊ ဘုရားရှင်က သာဓုခေါ်အတည်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၁၊၃၇၃) (မ၊ဋ္ဌ၊၂၊၂၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မဒိန္နာထေရီဝတ္ထု

ဤဝတ္ထု၌ ဓမ္မဒိန္နာထေရီ အလောင်းသည် ပဒုမုတ္တရမြတ်စွာဘုရားရှင်လက်ထက်တော်၌ ကျွန်မဖြစ်ခဲ့ပုံ၊ ဓမ္မကထိကဧတဒဂ်ရရန် ကောင်းမှုပြု ဆုတောင်းခဲ့ပုံ၊ ဖုဿဘုရားရှင် လက်ထက်တော်၌ အလှူခံပုဂ္ဂိုလ်တို့အပေါ် စေတနာထားခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ လင်ယောကျ်ားဖြစ်သူ ဝိသာခသူဌေး အနာဂါမ်ဖြစ်သောနေ့၌ ပြောင်းလဲမှုကို တွေ့မြင်ကာ ရဟန်းပြုခဲ့ပုံ၊ ရဟန္တာဖြစ်ပြီးနောက် ရာဇဂြိုဟ်သို့ ရောက်သော် ခင်ပွန်းဟောင်း ဝိသာခကို ဝေဒလ္လသုတ်ကို ဟောကြားခဲ့ပုံ၊ ဓမ္မကထိက ဧတဒဂ်ဘွဲ့ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၄၇) (အံ၊ဋ္ဌ၊၁၊၂၇၈) (ထေရီ၊ဋ္ဌ၊၁၆) (ထေရီ၊၁၅၇) (ဇာ၊ဋ္ဌ၊၄၊၁၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မဓဇဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ယသပါဏိအမည်ရှိသောမင်း မင်းပြုစဉ် ဘုရားအလောင်းသည် ဓမ္မဓဇမည်သော ပုရောဟိတ် ဖြစ်ခဲ့ပုံ၊ ကာဠစစ်သူကြီးသည် တံစိုးလာဘ်စား၍ မတရားဆုံးဖြတ်ထားသော အမှုများကို ဘုရားလောင်းက အမှန်အတိုင်းဖြစ်အောင် စီရင်ပေးပုံ၊ စစ်သူကြီးသည် ရန်ငြိုးဖွဲ့ ကုန်းတိုက်ပြီး ဓမ္မဓဇကို သတ်ရန် ကြိုးပမ်းသော်လည်း နတ်သိကြားတို့ ကူညီကြသဖြင့် မသေဆုံးပုံ၊ နောက်ဆုံးတွင် ကာဠစစ်သူကြီးကို ပြည်သူတို့က ရိုက်နှက်သတ်ဖြတ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မဓဇဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ငှက်မျိုး၌ ဖြစ်၍ သမုဒ္ဒရာအလယ် ကျွန်းတစ်ကျွန်း၌ နေထိုင်ပုံ၊ သမုဒ္ဒရာသွားသော လှေမှ အရပ်မျက်နှာကို ပျံသန်းကြည့်သည့် ကျီးတစ်ကောင်သည် လှေပျက်သောအခါ ထိုကျွန်းသို့ ရောက်လာပုံ၊ ထိုကျီးသည် ငှက်ဥများနှင့် ငှက်ပေါက်ကလေးကို စားရန်အတွက် သူတော်ကောင်းယောင်ဆောင်ပုံ၊ ဘုရားလောင်းငှက်မင်း သိရှိ၍ ထိုကျီးကို ငှက်အပေါင်းကဝိုင်းကာ ထိုးနှက်တိုက်ခိုက် သတ်ဖြတ်လိုက်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မပါလတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဓမ္မပါလမထေရ်အလောင်းလျာသည် အတ္ထဒဿီဘုရားရှင်အား ညောင်ကြပ်သီးကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပြီး ဂေါတမ ဘုရားရှင် လက်ထက်တွင် ဓမ္မပါလပုဏ္ဏား ဖြစ်လာခဲ့ပုံ၊ တက္ကသိုလ်ပြည်မှ ပညာသင်ပြီး ပြန်လာစဉ် လမ်းခရီးအကြားရှိ ကျောင်းတစ်ကျောင်းနေ မထေရ်မြတ် တစ်ပါးထံမှ တရားတော်ကို နာကြားရ၍ ကြည်ညိုကာ ရဟန်းပြုခဲ့ပုံ၊ ဝိပဿနာပွားသဖြင့် အဘိညာဉ် (၆)ပါးနှင့် ပြည့်စုံသော ရဟန္တာ ဖြစ်ခဲ့ပုံ၊ သစ်ပင်ပေါ်မှ ကျသော သာမဏေ (၂)ပါး၏အသက်ကို တန်ခိုးဖြင့် ကယ်ဆယ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မဘာသနဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် ဘုရားရှင်က တစ်လ (၄) ဥပုသ် စည်းဝေးရန် ခွင့်ပြုတော်မူသဖြင့် စည်းဝေးကြသော်လည်း တရားမဟော စကားမပြော တုဏှီဘောနေကြပုံ၊ လူတို့က တရားနာရန် လာသောအခါ တရားမဟောကြသဖြင့် ဝက်အ, ကြီးတွေလိုဘဲ စကားမပြောကြ၊ တရားမဟောကြဟု ရှုတ်ချကြသောကြောင့် ဘုရားရှင်က ရောက်လာသော ပရိသတ်အား တရားဟောပြရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မရတနပူဇကဝတ္ထု

ဤဝတ္ထု၌ ပုဏ္ဏားတစ်ယောက်သည် ဘုရားရတနာနှင့် သံဃာရတနာတို့ကို လှူဒါန်းပူဇော်မှုသည် ထင်ရှားလွယ်ကူသော်လည်း တရားရတနာကို မည်ကဲ့သို့ လှူဒါန်းပူဇော်ရပါမည်နည်းဟု စိတ်အကြံဖြစ်ပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်ထံ သွားရောက် လျှောက်ထားပုံ၊ ဘုရားရှင်က စာပေပရိယတ္တိဗဟုသုတရှိသော ရဟန်းတစ်ပါးအား လှူဒါန်းပူဇော်ရန် မိန့်ကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၉၁) (မ၊ဋ္ဌ၊၂၊၁၅၃) (သာရတ္ထ၊ဋီ၊၂၊၃၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မရုစိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဓမ္မရုစိယမထေရ်လောင်းလျာသည် မိတ်ဆွေယုတ်နှင့် ပေါင်းဖေါ်မိပြီး အမိကိုပင် သတ်ခဲ့ပုံ၊ အာနန္တရိယကံကို ကျူးလွန်ခဲ့မိကာ အဝီစိငရဲ၌ ကျရောက်ခဲ့ရပုံ၊ မိတ်ဆွေ ယုတ်နှင့် မပေါင်းသင်းမီ ရှေးအဖို့၌ သုမေဓာ ရှင်ရသေ့နှင့် အလွန်အကျွမ်းဝင်ကာ အတူတကွ ရသေ့ရဟန်းပြုခဲ့ကြပုံ၊ ဤဘဒ္ဒကမ္ဘာ၌ မဟာသမုဒ္ဒရာ အတွင်း ယူဇနာ တစ်ထောင်မျှ ကြီးမားသော တိမင်္ဂလငါးကြီးဘဝ ရောက်ရှိစဉ် လှေသင်္ဘောတစ်စီးအား အစာအမှတ်ဖြင့် စားသောက်ရန် ချဉ်းကပ်သွားရောက်ခဲ့ပုံ၊ လှေသားများက ကြောက်လန့်ပြီး ‘‘ဂေါတမဘုရားရှင် ကယ်တော်မူပါ’’စသည်ဖြင့် အော်ဟစ်ပြောဆိုသံများကို ကြားခဲ့ရသဖြင့် ရှေးဘဝဖြစ်စဉ်များကို အောက်မေ့သတိရပြီး ဖဲရှောင်သွားခဲ့ပုံ၊ ထို့နောက် သာဝတ္ထိမြို့ ပုဏ္ဏားမျိုး၌ ဖြစ်၍ (၇)နှစ် သားမှာပင် ရဟန်းဝတ်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မသညကတ္ထေရဝတ္ထု

ဤဝတ္ထု၌ လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဝိပဿီဘုရားရှင်၏ သခွတ်ပင်မဟာဗောဓိ ပူဇော်ပွဲ ဖြစ်ခဲ့ပုံ၊ ထိုပူဇော်ပွဲ၌ ဘုရားရှင်သည် သံဃာတော်များခြံရံလျက် တရားဟောတော်မူခဲ့ရာ ဤထေရ်လောင်းသည် တရားနာခဲ့ရပုံ၊ ထိုတရားနာခဲ့ရသော ဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ဘဲ သုံးဆယ့်သုံးကမ္ဘာအထက်၌ သုတဝါ-ဟုထင်ရှားသော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော် ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မသဝတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်တော်၌ သုဝစ္ဆရသေ့ ဖြစ်၍ ဘုရားရှင်ကို ကံ့ကော်ပန်းတို့ဖြင့် ကြဲဖြန့်ပူဇော်ကာ လက်အုပ်မိုး၍ ရှိခိုးခဲ့ပုံ၊ ထိုကောင်းမှုကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် သာသနာတော်၌ မဂဓတိုင်း ပုဏ္ဏားမျိုး၌ ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံစသော အကြောင်း အရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မသဝနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဓမ္မသဝနိယထေရ်လောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင် လက်ထက်၌ ကောင်းကင်ခရီးဖြင့် ဈာန်ပျံကြွနိုင်သော ရသေ့တစ်ပါးဖြစ်ပုံ၊ တစ်နေ့သောအခါ ပဒုမုတ္တရဘုရားရှင် တရားဟောနေသဖြင့် အထက်ကောင်းကင်ခရီးမှ ဖြတ်ကျော်ကာ ဈာန်ပျံ၍ မရတော့ပုံ၊ ဘုရားရှင်ထံ ဝင်ရောက် တရားနာယူခဲ့ရသဖြင့် သေလွန်သောအခါ တာဝတိံသာနတ်ပြည်သို့ ရောက်ပုံ၊ ထိုဓမ္မသဝနကုသိုလ်၏ အကျိုးဆက်ကြောင့် အပါယ်ဒုဂ္ဂတိသို့ မလားရောက်ရဘဲ လူမင်းနတ်မင်း စည်းစိမ်တို့ကို အကြိမ်များစွာ ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တွင် ဘုရားရှင်၏ အနိစ္စနှင့် စပ်သော တရားတော်ကို နာကြားရပြီး ခုနစ်နှစ်သားအရွယ်ဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မသဝပိတုတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဘူတဂဏတောင်၌ သီတင်းသုံးတော်မူသော ပစ္စေကဗုဒ္ဓါတစ်ပါးကို ဖူးမြင်ရပြီး ကြည်ညိုစိတ်ဖြစ်ကာ စံပယ်ပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကုသိုလ်ကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် လက်ထက်တော်၌ မဂဓတိုင်း ပုဏ္ဏားမျိုး၌ ဖြစ်၍ သူ၏သား ဓမ္မသဝထေရ် ရဟန်းပြုသောအခါ သူပါလိုက်၍ ရဟန်းပြုခဲ့ပုံ၊ အသက် (၁၂၀) အရွယ်တွင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မဿဝနဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့တွင် တစ်လမ်းတည်း အတူနေ လူတို့သည် စုပေါင်း၍ အလှူဒါန ပြုလုပ်ကြပြီး ညတရားပွဲ၌ တရားဆုံးအောင် မနာယူနိုင်ကြဘဲ တစ်ချို့က ကာမဂုဏ်ကိစ္စအတွက် အိမ်ပြန်ကြပုံ၊ တစ်ချို့က အိပ်ငိုက်ကြပုံ၊ တစ်ချို့က ရန်ဖြစ်ကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ ဘုရားရှင်က ထိုတရားမနာယူကြသောသူတို့သည် ဘုံဘဝတို့၌ ကပ်ငြိသူတို့သာ ဖြစ်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မာထေရီဝတ္ထု

ဤဝတ္ထု၌ ဓမ္မာထေရီလောင်းလျာသည် ခင်ပွန်းဖြစ်သူထံတွင် ဘိက္ခုနီပြုခွင့်တောင်းရာ မရသဖြင့် ခင်ပွန်း ကွယ်လွန်မှ ဘိက္ခုနီပြုခွင့်ရပုံ၊ တစ်နေ့တွင် ဆွမ်းခံပြန်လာစဉ် လဲကျသွားပုံ၊ ထိုလဲကျသော အာရုံကို ဝိပဿနာပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မာရာမတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူတော့မည်ကို သိသော ရဟန်းများသည် ငိုယိုကြကာ ဝမ်းနည်းနေကြစဉ်မှာပင် ဓမ္မာရာမထေရ်သည် ကမ္မဋ္ဌာန်းတရားကို ပြင်းစွာအားထုတ်နေပုံ၊ ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ထားကြသောအခါ သာဓုခေါ်တော်မူပြီး ‘‘ငါဘုရားကို ချစ်ခင်မြတ်နိုး ပူဇော်လိုသူသည် ဓမ္မာရာမကဲ့သို့ ဓမ္မဖြင့် ပူဇော်မှသာ ပူဇော်ရာရောက်ပေ၏၊ ပစ္စည်းများဖြင့် ပူဇော်မှုသည် ငါဘုရားအား တလေးတစား ပူဇော်ရာ မရောက်ပေ’’ဟု ဘုရားရှင် ချီးကျူးတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မိကဥပါသကဝတ္ထု

ဤဝတ္ထု၌ ဓမ္မိကဥပါသကာသည် သား(၇)ယောက်၊ သမီး(၇)ယောက်တို့ဖြင့် ပျော်ပျော်ပါးပါး ဒါနသီလအမှုတို့ကို ဆောင်ရွက်ခဲ့ပုံ၊ သေခါနီးကာလ၌ နတ်ပြည် ၆-ထပ်မှ နတ်ရထား ၆-စင်းရောက်ရှိလာပုံ၊ မိမိနှစ်သက်သော တုသိတာနတ်ရထားတွင် ပန်းကုံး စွပ်ပေးလိုက်ပြီးနောက် တုသိတာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မိကဥပါသကဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရား လက်ထက်တော်အခါက ဓမ္မိက ဥပါသကာသည် သီလနှင့်ပြည့်စုံသူ, ပိဋကသုံးပုံဆောင်သူ, အနာဂါမ်တည်သူ, အဘိညာဉ်ရ၍ ကောင်းကင်ပျံနိုင်သူ ဖြစ်ခဲ့ပုံ၊ သူသည် နောက်လိုက်နောက်ပါ ဥပါသကာငါးရာတို့နှင့်အတူ မြတ်စွာဘုရားထံ ချဉ်းကပ်၍ လူ့ကျင့်ဝတ် ရဟန်းကျင့်ဝတ်တို့ကို မေးလျှောက်ရာ မြတ်စွာဘုရားက ကောင်းစွာ ဖြေကြားတော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဓမ္မိကဥပါသကာသည် တရားသဖြင့် စီးပွားရှာကာ အိမ်ထောင်ကို ထိန်းသိမ်း ပြီးနောက် မိမိသား အရွယ်ရောက်သောအခါ မိမိကိုယ်တိုင် ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ၊ သူ၏ ဇနီးဟောင်းနှင့် သားတို့ကိုပါ သာသနာတော်သို့ သွတ်သွင်းပြီး ဝဋ်ဆင်းရဲမှ ကင်းအောင် ကြံဆောင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဓမ္မိကမထေရ်လောင်းလျာသည် သားလိုက်မုဆိုးဘဝဖြင့် သိခီဘုရားရှင်၏ တရားသံကို နာကြားခဲ့ရသော ကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားလက်ထက်တွင် ဓမ္မိကပုဏ္ဏားဖြစ်လာပုံ၊ ရဟန်းဖြစ်သော်လည်း သည်းမခံနိုင်ပုံ၊ မြတ်စွာဘုရားရှင်က ဆုံးမတရား ဟောကြားတော်မူစဉ် ထိုင်လျက်တရားနာရင်း ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓမ္မိကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ကြမ်းတမ်းရုန့်ရင်းသော ကိုယ်နှုတ်စိတ်ရှိသည့် ဓမ္မိကရဟန်းကို ဒါယကာတို့က နှင်ထုတ်ကြပုံ၊ ကျောင်းသာ ပြောင်း၍ အမူအကျင့် မပြောင်းသဖြင့် အာဂန္တုရဟန်းများ စိတ်ဆင်းရဲကြရပုံ၊ မြတ်စွာဘုရားက ဥပမာအကြောင်းတို့ဖြင့် ဆုံးမတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၃၂၁) (အံ၊ဋ္ဌ၊၃၊၁၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓာတုပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဓာတုပူဇကထေရ်အလောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူသောအခါ ဆွေမျိုးအပေါင်းကို ခေါ်ယူလျက် ဓာတ်တော်ပူဇော်မှု ပြုခဲ့ပုံ၊ ဤကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ကိုးဆယ့်လေးကမ္ဘာတိုင်တိုင် အပါယ်မလားဘဲ သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓာတုပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူသောအခါ ထိုဘုရားရှင်၏ ဓာတ်တော်တစ်ဆူကို ပူဇော်ခွင့်ရခဲ့ပုံ၊ မထေရ်အလောင်းသည် ထိုဓာတ်တော်ကို သက်တော်ထင်ရှား ဘုရားရှင်အမှတ်ဖြင့် ငါးနှစ်တိုင်တိုင် ပူဇော်ခဲ့ပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ရခြင်း မရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓာတုဝိဝဏ္ဏပေတဝတ္ထု

ဤဝတ္ထု၌ အဇာတသတ်မင်းသည် မိမိအတွက် ဝေစုရသော ဓာတ်တော်များကို (၇) နှစ်၊ (၇) လ၊ (၇) ရက် ပူဇော်ပွဲ ကျင်းပသဖြင့် သာသနာတော်ကို ကြည်ညိုသော ပုဂ္ဂိုလ်များ နတ်ပြည်နတ်ရွာသို့ လားရောက်ကြပုံ၊ ရာဇဂြိုဟ်မြို့၌ သူဌေးကတော်တစ်ယောက်သည် ဓာတ်တော်များကို သွားရောက် ပူဇော်ရန်အတွက် ပန်းနံ့သာစသည်များကို စီစဉ်နေစဉ် သူဌေးကြီးက ‘‘အရိုးများကို ပူဇော်ခြင်းဖြင့် ဘာအကျိုးရှိမည်နည်း’’ဟု ပြစ်တင် ကြိမ်းမောင်းခဲ့ပုံ၊ သူဌေးကတော်က သူဌေးကြီး၏ စကားကို နားမထောင်ဘဲ ဓာတ်တော်များကို သွားရောက်ပူဇော်ခဲ့ပုံ၊ သူဌေးဇနီးမောင်နှံနှစ်ယောက်တို့ ကွယ်လွန်ကြသောအခါ သူဌေးကြီးမှာ အပုပ်နံ့လှိုင်နေသည့် ပြိတ္တာဘဝ ရောက်ရှိသွားပြီး၊ သူဌေးကတော်ကြီးမှာ နတ်ပြည်၌ ဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၇၉) (ပေတ၊ဋ္ဌ၊၁၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓီရာဒိထေရီဝတ္ထု

ဤဝတ္ထု၌ ဓီရာ, ဝီရာ, မိတ္တာ, ဘဒြာ, ဥပသမာ ဟူသော ထေရီငါးပါးတို့သည် ကပိလဝတ်ပြည် သာကီဝင်မင်းမျိုး၌ မွေးဖွားလာကြပြီး မဟာပဇာပတိဂေါတမီနှင့် အတူ တောထွက်၍ ဘိက္ခုနီပြုခဲ့ကြပုံ၊ ဘုရားရှင်အထံတော်မှ အဆုံးအမဩဝါဒများကို နာယူလျက် ဝိပဿနာပွားသဖြင့် အရဟတ္တဖိုလ်သို့ ရောက်ရှိခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊၃၇၈) (ထေရီ၊ဋ္ဌ၊၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓူပဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းသည် သိဒ္ဓတ္ထဘုရားရှင်အား ကြည်ညိုလှသဖြင့် ဘုရားရှင်၏ ဂန္ဓကုဋိ၌ မွှေးကြိုင်သော အခိုးအထုံတို့ကို ပေးလှူပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးလားရောက်ခြင်းမရှိခဲ့တော့ဘဲ ဖြစ်တိုင်းသော နတ်ဘဝ၊ လူဘဝတို့၌ လူခပ်သိမ်းတို့၏ ချစ်ခင်နှစ်သက်ခြင်းကို ခံခဲ့ရ၍ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓူမကာရီဇာတက

ဤဇာတ်တော်၌ ကုရုတိုင်း ဣ န္ဒပတ္တနဂိုရ်မြို့၌ ဓနဉ္စယမည်သော ကောရဗျမင်း မင်းပြုစဉ် ဘုရားအလောင်းသည် ဝိဓူရဟူသော အမည်ဖြင့် ပုရောဟိတ် ဖြစ်ခဲ့ပုံ၊ ထိုမင်းသည် စစ်သားဟောင်းကြီးများကို မချီးမြှောက်ဘဲ စစ်သားသစ်များကို ချီးမြှောက်သဖြင့် စစ်ပွဲ၌ ရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဓောတကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဓောတကမထေရ်လောင်း အမျိုးကောင်းသားသည် ဟံသာဝတီ မင်းနေပြည်၌ ဆဠင်္ဂပုဏ္ဏားဖြစ်စဉ် တပည့်အပေါင်း တစ်ထောင့်ရှစ်ရာ ခြံရံလျက် ဂင်္ဂါမြစ်ကမ်းနားသို့ သွားရောက်ခဲ့ပုံ၊ ဂင်္ဂါမြစ်ကို ဆင်းရဲပင်ပန်းစွာ ဖြတ်ကူးနေကြသော သံဃာတော်များကို တွေ့မြင်ရ၍ ဂင်္ဂါမြစ်ကို ဖြတ်ကျော်သော မြစ်ကူးတံတား ဆောက်လုပ်လှူဒါန်းခဲ့ပုံ၊ ဤကုသိုလ်၏ အကျိုးဆက်ကြောင့် ဘဝတိုင်း၌ ဆင်၊ မြင်း စသော ယာဉ်ရထားများကို အလိုရှိတိုင်း၊ တောင်းတတိုင်း ရရှိခဲ့၍၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နကုလဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရသေ့ဖြစ်စဉ် ကျောင်းအနီး တောင်ပို့တစ်ခု၌ မြွေပါတစ်ကောင်နှင့် မြွေတစ်ကောင်တို့ နေထိုင်ကြ၍ အမြဲ ရန်ဖြစ်နေကြပုံ၊ ဘုရားအလောင်း၏ မေတ္တာစကား နာကြားရပြီးနောက် အချင်းချင်း ချစ်ခင်စိတ်ဖြင့် ငြိမ်းချမ်းသွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နကုလပိတုဝတ္ထု

ဤဝတ္ထု၌ သူကြွယ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ ဝိဿာသကအရာ ဧတဒဂ် ချီးမြှင့်ခံရသော ဥပါသကာတစ်ယောက်ကို အားကျ၍ ကုသိုလ်ပြု ဆုတောင်းခဲ့ကြပုံ၊ ထိုကုသိုလ်ကံကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်လက်ထက်တော်၌ ဘဂ္ဂတိုင်း သုသုမာရဂိရိမြို့၌ သူဌေးဖြစ်ပုံ၊ လင်မယားနှစ်ဦးတို့သည် ဘုရားရှင်အား သားအမှတ်သညာဖြင့် ကိုးကွယ်ခဲ့ပြီး သောတာပန်အရိယာများ ဖြစ်ခဲ့ကြ၍ ဝိဿာသကဧတဒဂ် ရရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နကုလပိတာဝတ္ထု

ဤဝတ္ထု၌ နကုလပိတာ မကျန်းမမာဖြစ်နေရာ သမားတော်လက်လျော့သဖြင့် ဇနီးဖြစ်သူက မိမိကိုယ်နှင့် မြတ်စွာဘုရားရှင်ကို တိုင်တည်ကာ သစ္စာတရားဖြင့် ကာကွယ်စောင့်ရှောက်ပုံ၊ မြတ်စွာဘုရားရှင်က ချီးမွမ်း စကားပြောဆိုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၂၆၁) (အံ၊ဋ္ဌ၊၃၊၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နကုလပိတုဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သံသုမာရဂိရမြို့ ဘေသကဠာ မိဂဒါဝုန်တော၌ သီတင်းသုံးတော်မူပုံ၊ အိုမင်းပြီဖြစ်၍ ဘုရားရှင်နှင့် သံဃာတော်တို့ထံ အဖူးအမြော် မကြာခဏ မလာရောက်နိုင်သော နကုလပိတာ ဥပါသကာသည် နိဗ္ဗာန်အထိ ရောက်စေနိုင်သည့် တရားတို့ကို ဟောပါရန် ဘုရားရှင်ထံ လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ‘‘ခန္ဓာကိုယ်သည် အိုမင်း၍ နာကျင်ကိုက်ခဲသော်လည်း ငါ၏စိတ်မှာမူ နာကျင်မှု ကင်းအောင် ကျင့်ကြံမည်’’ ဟု အမြဲ နှလုံးသွင်းရန် ဆုံးမတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နကုလမာတာဝတ္ထု

ဤဝတ္ထု၌ နကုလမာတာမလောင်းလျာသည် ပဒုမုတ္တရ ဘုရားရှင်က ဥပါသိကာမ တစ်ဦးအား ဝိဿာသိက ဧတဒဂ်အရာထားသည်ကို အားကျလျက် ကုသိုလ်ပြုဆုတောင်းခဲ့ပုံ၊ ဤကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ နကုလပိတာနှင့် အိမ်ထောင်ကျပြီး သောတာပန်တည်၍ ဝိဿသိကဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နက္ခတ္တဇာတက

ဤဇာတ်တော်၌ ဗာရာဏသီမြို့သား မိဘနှစ်ပါးတို့သည် ဇနပုဒ်သား မိဘနှစ်ပါးတို့ထံ သမီးတောင်းရန် နေ့ရက်သတ်မှတ်ပြီးမှ မိမိတို့အိမ်ကြွနေကျဖြစ်သည့် အာဇီဝက တက္ကတွန်းထံ မင်္ဂလာကိစ္စအတွက် နေ့ရက်မေးမြန်းပုံ၊ အာဇီဝကသည် ဒေါသထွက်ကာ နက္ခတ်မကောင်းသေးကြောင်း၊ သင်တို့ သတ်မှတ်ထားသော နေ့ရက်၌ မင်္ဂလာကိစ္စအမှု ပြုလျှင် ကြီးစွာသော ပျက်စီးခြင်းနှင့် ကြုံတွေ့ရလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသဖြင့် ချိန်းထားသောနေ့၌ မသွားဘဲနေကြပုံ၊ ဇနပုဒ်သားတို့က ချိန်းထားသောနေ့၌ သမီးလာမတောင်းသဖြင့် အမျက်ထွက်ကာ အခြားသူတစ်ယောက်နှင့် ထိမ်းမြားလိုက်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နဂုင်္ဋ္ဌဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း ရသေ့သည် တစ်နေ့တွင် နွားတစ်ကောင်ကို အလှူခံရခဲ့ပုံ၊ မီးကို နွားသားလှူမည်၊ ဆားရှာဦးမည်ဟု စဉ်းစားကာ ရွာသို့သွားစဉ် မုဆိုးအုပ်စု ရောက်လာပြီး နွားကိုသတ်၍ အရိုးအရင်း အမြီး ခြေထောက်များကိုသာ ချန်ထားခဲ့ကြပုံ၊ ‘‘မီးသည် မိမိအား လှူဒါန်းထားသော ပစ္စည်းကိုပင် မကာကွယ်နိုင်ပါတကား၊ အခြားသူများကို ကာကွယ်မှုပေးနိုင်ရန်မှာမူ ဝေးစွတကား’’ဟု သံဝေဂရကာ မီးကိုပူဇော်သော ဒိဋ္ဌိဝါဒကို စွန့်လွှတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နဂ္ဂဇိပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထုသည် ကုမ္ဘကာရဇာတက၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နင်္ဂလကုလတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်မြတ်သည် လူ့ဘဝက ထွန်တုံးဖြင့် လယ်ထွန်ကာ ဆင်းရဲစွာ အသက်မွေးခဲ့ရပုံ၊ ရဟန်းတစ်ပါးက ရဟန်းပြုရန် တိုက်တွန်းသဖြင့် ထွန်တုံးကို ယူကာ သစ်ပင်၌ ထောင်ထားပြီး ရဟန်းပြုခဲ့ပုံ၊ လူထွက်လိုစိတ် ဖြစ်လာသောအခါ ထွန်တုံးရှိရာ သစ်ပင်သို့ သွား၍ ‘‘ဆင်းရဲတွင်းနက်လှသည့် လူ့ဘဝသို့ ပြန်သွားလျှင် ထွန်တုံးနှင့် မိတ်ဆွေဖွဲ့ရပြီး ပင်ပန်းဆင်းရဲပေဦးမည်’’ဟု မိမိကိုယ်ကို ဆုံးမခဲ့ပုံ၊ ထွန်တုံးရှိရာ သစ်ပင်သို့ အခါခါသွား၍ မိမိကိုယ်ကို ဆုံးမသည်ကို အခြားရဟန်းများက မြင်၍မေးသော် ဆရာ့အထံ သွားသည်ဟု ဖြေကြားပုံ၊ ‘‘မိမိသည်ပင် မိမိ၏ကိုးကွယ်ရာ အားထားရာဖြစ်ပေ၏’’ ဟု ဆုံးဖြတ်ကာ ဝိပဿနာပွား၍ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နင်္ဂလီသဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ဒိသာပါမောက္ခဆရာကြီးဖြစ်၍ တပည့်ငါးရာကို ပညာသင်ပေးပုံ၊ မိမိအပေါ် အလွန်ကျေးဇူးများသော်လည်း ဉာဏ်အလွန်ထိုင်းသော လာဠကလုလင် တပည့်တစ်ဦးအတွက် လက်လျှော့၍ ပြန်လွှတ်လိုက်ရပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဇာ၊ဋ္ဌ၊၁၊၄၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နစ္စဇာတက

ဤဇာတ်တော်၌ ဇေတဝန်ကျောင်း၌ ပစ္စည်းဥစ္စာများစွာ စုဆောင်းထားရှိသော ရဟန်းတော်တစ်ပါးကို ပရိသတ်အလယ်၌ ဘုရားရှင်က မေးမြန်းစိစစ်သောအခါ ရဟန်းက ဒေါသထွက်လျက် ကိုယ်ဝတ်သင်္ကန်းများကို အားလုံးချွတ်ချကာ ကိုယ်တုံးလုံးဖြင့် ရပ်နေပုံ၊ လူအများက စက်ဆုပ်သဖြင့် ထွီထွီ-ဟု တံတွေးဖြင့် ထွေးသောအခါကျမှ ဇေတဝန်ကျောင်းတော်မှ ထွက်ပြေးကာ လူထွက်ပုံ၊ ထိုအကြောင်းအရာကို ရဟန်းများ အချင်းချင်း ပြောဆိုနေစဉ် ဘုရားရှင်ကြွရောက်တော်မူလာပြီး ‘‘ထိုရဟန်းသည် ယခုမှသာ အရှက်အကြောက် ကင်းမဲ့သည်မဟုတ်၊ အတိတ်ဘဝကလည်း အရှက်အကြောက် ကင်းခဲ့သဖြင့် ဇနီးတစ်ယောက် ဆုံးရှုံးခဲ့ဖူးကြောင်း အတိတ်ဇာတ်ဆောင်၍ဟောပုံ၊ ဘုရားအလောင်းတော်သည် ဟိမဝန္တာတောင်၌ ဟင်္သာမင်းဖြစ်စဉ် သမီးတော် ဟင်္သာမငယ်ကို လင်ပေးစားရန်အတွက် ငှက်အပေါင်းကို စုဝေး၍ သမီးစိတ်ကြိုက် ရွေးချယ်စေသောအခါ ဒေါင်းငှက်ကို ရွေးချယ်သဖြင့် ဒေါင်းငှက်က အတောင်ဖြန့်၍ကပုံ၊ ဒေါင်းငှက်သည် အတောင်ဖြန့်၍ ကပြသောအခါ အင်္ဂါဇာတ်ကြီးငယ်ကို ဖော်ပြသကဲ့သို့ဖြစ်သဖြင့် ဟင်္သာမင်းက ‘‘ဤဒေါင်းငှက်သည် ဟိရီ ဩတ္တပ္ပ မရှိ’’ ဟု ဆိုကာ မပေးစားတော့ဘဲ တူတော် ဟင်္သာငယ်တစ်ကောင်နှင့် ပေးစားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နဋပုတ္တကတ္ထေရဝတ္ထု

ဤဝတ္ထု၌ လူ့ဘဝက ကချေသည် ဖြစ်ခဲ့ဖူးသော ရဟန်းသည် အခြားမြူးတူး ကခုန်နေသူတို့ကို တွေ့မြင်ပါသော်လည်း ‘‘စိတ်မဝင်စား’’ဟု ဆိုသည်ကို ရဟန်းတို့က မယုံကြည်ပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က ‘‘ဤရဟန်းသည် လူ၌ဖြစ်သော ကာမဂုဏ်နှင့် နတ်၌ဖြစ်သော ကာမဂုဏ်အာရုံ ဟူသမျှကို ပယ်စွန့်ပြီးသော ဗြာဟ္မဏ ဖြစ်ပေ၏’’ဟုမိန့်ဆိုပုံ၊ ‘‘ဗြာဟ္မဏ’’ဟု ခေါ်ထိုက်သော ဂုဏ်အရည်အချင်းကို ဟောကြားထားပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နဋပုတ္တကတ္ထေရဝတ္ထု

ဤဝတ္ထု၌ လူဘဝက သဘင်သည်ဖြစ်ခဲ့ဖူးသော နဋပုတ္တက မထေရ်သည် ‘‘ကခုန်မှုကို မနှစ်သက်’’ဟု ဖြေဆိုသဖြင့် ရဟန်းတို့က ဘုရားရှင်အား လျှောက်ထားပုံ၊ ဘုရားရှင်က ‘‘ဤရဟန်းသည် ကာမဂုဏ်တို့၌ ပျော်ပိုက်မှု တောတောင်ထဲ၌ ငြီးငွေ့မှု စသော လောကီအာရုံများကို လွှမ်းမိုးပယ်စွန့်၍ နေထိုင်သော ဗြာဟ္မဏ ဖြစ်ပေ၏’’ဟု မိန့်တော်မူပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နဒီကဿပတ္ထေရဝတ္ထု

ဤဝတ္ထု၌ နဒီကဿပ မထေရ်လောင်းလျာသည် ပဒုမုတ္တရ ဘုရားရှင်အား သရက်သီးမှည့် လှူခဲ့ဖူးပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ နဒီကဿပ ရသေ့ဖြစ်လာပုံ၊ မြတ်စွာဘုရားရှင်၏ ဧဟိဘိက္ခု အခေါ်ခံ ရဟန်းဖြစ်လာပုံ၊ တရားတော်ကိုနာကြားပြီး ဝိပဿနာ ပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာ များပါဝင်သည်။ (အပ၊၂၊၁၇၁) (ထေရ၊ဋ္ဌ၊၂၊၅၂) (အပ၊ဋ္ဌ၊၂၊၂၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နဒီပါရသီမဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြစ်တစ်ဘက်ကမ်း၌ သိမ်ကို သမုတ်ကြပုံ၊ ဥပုသ်ပြုရန် လာကြသော ရဟန်းတို့သည် ရေတွင် မျောပါ၍ သပိတ်များ ရေတွင် မျောကြ၊ သင်္ကန်းများ ရေမျောကြပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားရာ ထိုမြစ်ကို အမြဲ ကူးနိုင်သော တံတား၊ ကူးတို့လှေ ရှိမှသာ မြစ်ကူးသိမ်ကို ခွင့်ပြုတော်မူကြောင်း မိန့်ကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နဒုဗ္ဘိယဝတ္ထု

ဤဝတ္ထု၌ သိကြားမင်းသည် မိမိ၏ ရန်သူ ဝေပစိတ္တိအသုရာကို တန်ခိုးဖြင့် ချုပ်နှောင်ထား ပုံ၊ နောင်မပြစ်မှားနိုင်အောင် သိကြားမင်းက ကျိန်စာဆိုခိုင်းပုံ၊ ဝေပစိတ္တိအသုရာက ‘‘ရှေးခေတ် ဒေဝဒတ်စသော သူယုတ်မာလေးယောက်တို့ကဲ့သို့ မကောင်းမှုအကျိုး ထိရောက်ပါစေ’’ဟု ကျိန်ဆိုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၂၆) (သံ၊ဋ္ဌ၊၁၊၃၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒကတ္ထေရဝတ္ထု

ဤဝတ္ထု၌ နန္ဒကမထေရ်အလောင်းသည် သိခီဘုရားရှင်၏ စင်္ကြံလမ်းကို သဲများခင်းလှူခဲ့သောကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ သူကြွယ်သား နန္ဒကလုလင် ဖြစ်ခဲ့ပုံ၊ အစ်ကို ဘာရတနှင့်အတူ ရဟန်းပြုကြပြီးနောက် မိမိအရင် ရဟန္တာဖြစ်သော အစ်ကိုဘာရတ မထေရ်ထံမှ ဝန်တင်နွားဥပမာ တရားကို နာကြားရသဖြင့် ဝိပဿနာပွားကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒကတ္ထေရဝတ္ထု

ဤဝတ္ထု၌ နန္ဒကမထေရ်အလောင်းသည် ပဒုမုတ္တရဘုရားရှင်အား အဖိုးတစ်သိန်းတန် အဝတ်ကို လှူဒါန်း၍ ဘိက္ခုနောဝါဒက ဧတဒဂ်ဆုကို တောင်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပြီး ဂေါတမ ဘုရားရှင်လက်ထက်တော်၌ နန္ဒကလုလင် ဖြစ်လာပုံ၊ မြတ်စွာဘုရားထံတွင် ရဟန်းဝတ်ကာ ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်၍ ဘိက္ခုနောဝါဒက ဧတဒဂ် စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၅၄) (မ၊ဋ္ဌ၊၄၊၂၄၀) (အံ၊ဋ္ဌ၊၁၊၂၄၂) (ထေရ၊ဋ္ဌ၊၂၊၁၀) (အပ၊ဋ္ဌ၊၂၊၂၅၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒကတ္ထေရဝတ္ထု

ဤဝတ္ထု၌ နန္ဒကမထေရ်၏ တရားဟောကြားမှုကို သဘောကျတော်မူသဖြင့် မြတ်စွာဘုရားရှင်သည် စည်းဝေးရာဇရပ်တံခါးမုခ်၌ ရပ်တော်မူကာ နားတောင်မူခဲ့ပုံ၊ မြတ်စွာဘုရားက နန္ဒကမထေရ်၏ တရားတော်ကို ချီးမွမ်းတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၁၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒကပေတဝတ္ထု

ဤဝတ္ထု၌ ပိင်္ဂလမင်း၏ စစ်သူကြီးဖြစ်သူ နန္ဒကသည် မိစ္ဆာအယူရှိသဖြင့် ‘‘လှူဒါန်းမှုသည် အကျိုးမရှိ’’ စသည်ဖြင့် ပြောဆိုလေ့ရှိပုံ၊ စစ်သူကြီး၏ သမီးသည် ဥတ္တရအမည်ရှိသော ဥပါသကာနှင့် ထိမ်းမြားလက်ထပ်ခဲ့ပုံ၊ စစ်သူကြီးကွယ်လွန်သောအခါ ညောင်ပင်ကြီးတစ်ပင်၌ ဝေမာနိကပြိတ္တာ ဖြစ်ခဲ့ပုံ၊ သမီးဥတ္တရာသည် မုန့်၊ ဆွမ်း၊ ခဲဖွယ်တို့ဖြင့် ရဟန္တာတစ်ပါးအား ဖခင်ကြီးကို ရည်မှန်း၍ အလှူအတန်းပြု အမျှအတန်းပေးဝေခဲ့ပုံ၊ နန္ဒကပြိတ္တာသည် ကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို ရရှိပြီးနောက် ပိင်္ဂလမင်းအား မိစ္ဆာအယူမှ ကျွတ်လွတ်စေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၂၀၁) (ပေတ၊ဋ္ဌ၊၂၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒကောဝါဒဝတ္ထု

ဤဝတ္ထု၌ အရှင်နန္ဒကမထေရ်သည် ဘိက္ခုနီမများကို ဩဝါဒပေးရန် မိမိအလှည့် ရောက်နေသော်လည်း ဩဝါဒမပေးဘဲ နေခဲ့ပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်ကြားသိတော်မူပြီး အရှင်နန္ဒကကို ခေါ်ကာ ဘိက္ခုနီမများကို ဩဝါဒအပေးခိုင်းပုံ၊ အရှင်နန္ဒကမထေရ်က ဘိက္ခုနီမများထံ သွားကာ ယုံမှားသံသယရှိလျှင် မေးနိုင်ကြောင်း အမိန့်ရှိပုံ၊ ထို့နောက် ဘိက္ခုနီမတို့အား စက္ခုသောတ စသောအာယတနခြောက်ပါးတို့သည် မြဲသလော၊ မမြဲသလော၊ ချမ်းသာလော၊ ဆင်းရဲလော စသည်ဖြင့် မေးမြန်းကာ တရား ဟောခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊၃၊၃၁၄) (မ၊ဋ္ဌ၊၄၊၂၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒဂေါပါလကဝတ္ထု

ဤဝတ္ထု၌ အနာထပိဏ်သူဌေးကြီး၏ နွားထိန်းကြီး နန္ဒသည် ဘုရားရှင်အား ပင့်ဖိတ်၍ နို့ဆွမ်း ဆက်ကပ်ပြီး တရားနာခဲ့ရာ သောတာပန်ဖြစ်ခဲ့ပုံ၊ နွားဝှေ့ခံရ၍ သေဆုံးခဲ့ရပုံ၊ အတိတ်ကံကြောင့် အသတ်ခံရခြင်းဖြစ်ကြောင်း ဘုရားရှင်ဟောပြတော်မူပုံ စသော အကြောင်းအရာ များ ပါဝင်သည်။ (ဥဒါန၊၁၂၂) (ဥဒါန၊ဋ္ဌ၊၂၁၈) (ဓမ္မ၊ဋ္ဌ၊၁၊၂၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် သူကြွယ်တစ်ဦးဖြစ်ခဲ့ပုံ၊ သူ့သူငယ်ချင်းသည် အသက်ကြီးမှ အိမ်ထောင်ကျ၍ သားတစ်ယောက် မွေးဖွားပုံ၊ သူငယ်ချင်းသူကြွယ်သည် သားအတွက် ဥစ္စာများကို တော၌ မြှုပ်နှံထားပြီး ကျွန်နန္ဒကိုသာ အသိပေးထားပုံ၊ ဖခင်ကွယ်လွန်သောအခါ သားသည် နန္ဒကို ခေါ်၍ ဥစ္စာယူရန် တောသို့ သွားရာ နန္ဒသည် ဥစ္စာပုံပေါ်ရပ်၍ ဥစ္စာမာန်တက်ကာ သူဌေးသားကို ကြိမ်းမောင်းပုံ၊ ဘုရားအလောင်း၏ အကြံပေးချက်အရ နန္ဒရပ်နေသော နေရာကို တူးဖေါ်ယူရာ ဥစ္စာများကို ရခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်နန္ဒမထေရ်သည် ဘုရားရှင် အရပ်တော်အောက် လက်လေးသစ်ခန့်သာ နိမ့်သဖြင့် ဘုရားရှင် ဝတ်ရုံတော်မူသည့် သင်္ကန်းပမာဏကို ဝတ်ရုံနိုင်ပုံ၊ ဘုရားရှင်နှင့် ညီအစ်ကို တော်စပ်သဖြင့် ဘုရားရှင်နှင့် ဆင်ဆင်တူရကား အရှင်နန္ဒထေရ် ကြွလာသည့်အခါ ‘‘ဘုရားရှင် ကြွလာသည်’’ဟု မထေရ်ကြီးများက ထင်မှတ်လျက် နေရာမှ ထပေးကြပုံ၊ အရှင်နန္ဒ အနီးသို့ ရောက်လာသောအခါ ဘုရားရှင်၏ သင်္ကန်းပမာဏအတိုင်း ဝတ်ရုံသော အရှင်နန္ဒအား မထေရ်ကြီးများက ကဲ့ရဲ့ကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘ဘုရားရှင်၏ သင်္ကန်းပမာဏအတိုင်း သင်္ကန်းကို ချုပ်စေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု နန္ဒသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဝိ၊၂၊၂၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ နန္ဒမထေရ်အလောင်းသည် ပဒုမုတ္တရဘုရားရှင့်ထံတော်၌ ကောင်းမှုများပြုကာ ဣန္ဒြေစောင့်စည်းမှုအရာ ဧတဒဂ်ဆုကို တောင်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် သုဂတိဘဝတို့တွင်သာ ကျင်လည်ခဲ့ရ၍ ဂေါတမဘုရားရှင် လက်ထက်တော်၌ မြတ်စွာဘုရား၏ ညီတော်နန္ဒမင်းသားဖြစ်လာပုံ၊ လက်ထပ်မင်္ဂလာ ပြုမည့်နေ့တွင် မြတ်စွာဘုရားက ခေါ်ယူ ရဟန်းပြုပေးတောမူခဲ့ပုံ၊ သာသနာတော်တွင် မပျော်ပိုက်သည်ကို မြတ်စွာဘုရားက ဥပါယ်ဖြင့် တရားပြသဖြင့် ကြိုးစားအားထုတ်ပြီး ရဟန္တာဖြစ်ခဲ့ပုံ၊ ဣန္ဒြေစောင့် စည်းမှုအရာ၌ ဧတဒဂ်ဘွဲ့ ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၄၄) (ထေရ၊ဋ္ဌ၊၁၊၃၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ နန္ဒမထေရ်သည် မျက်နှာကို လိမ်းကျံခြယ်သ၍ သစ်လွင်တောက်ပြောင်သော အဝတ်သင်္ကန်း သပိတ်တို့ကို ဆောင်ခဲ့ပုံ၊ မြတ်စွာဘုရားရှင်က သဒ္ဓါတရားဖြင့် ရဟန်းပြုသူအတွက် ဤသို့ပြုလုပ်သုံးဆောင်ခြင်းမှာ မသင့်လျော်ကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (သံ၊၁၊၄၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရား ကပိလဝတ် နေပြည်တော်သို့ ကြွတော်မူပုံ၊ နန္ဒမင်းသား သာသနာ့ဘောင်သို့ ရောက်လာပုံ၊ လူထွက်လိုသော နန္ဒမင်းသားအား ဘုရားရှင်သည် တာဝတိံသာသို့ ခေါ်ဆောင်ပြီး နတ်သမီးတို့ကို ပြတော်မူရာ မိမိစွဲလမ်းနေသော ဇနပဒ-ကလျာဏီသည် နတ်သမီးတို့နှင့် နှိုင်းယှဉ်လျှင် မျောက်အိုမနှင့်သာ တူတော့ပေ၏ ပမာတူလှပါပေ၏ ဟု ရှုမြင်ပုံ၊ နန္ဒရဟန်းသည် နတ်သမီးများကို ရလိုမှုဖြင့် တရားအားထုတ်ခဲ့ပုံ၊ အခြားရဟန်းများက ပြောင်လျောင်ကဲ့ရဲ့သဖြင့် သံဝေဂရကာ တရားအားထုတ်သောအခါ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၇၃) (ဥဒါန၊ဋ္ဌ၊၁၅၀) (သုတ္တနိ၊ဋ္ဌ၊၁၊၂၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ ပဒုမုတ္တရဘုရားရှင်အား ခေါမတိုင်းဖြစ် အဝတ်အထည်တို့ကို လှူဒါန်းခဲ့ပုံ၊ ဘုရားရှင်က ‘‘သင်သည် ဤကုသိုလ်ကံကြောင့် လူနတ်စည်းစိမ်တို့ကို ခံစားပြီးလျှင် ဂေါတမဘုရားရှင်၏ ညီတော်ဖြစ်လတ္တံ့၊ ဂေါတမဘုရားရှင် တိုက်တွန်းနှိုးဆော်အပ်သည်ဖြစ်၍ ရဟန်းပြုလတ္တံ့’’ဟု ဗျာဒိတ်စကား မြွက်ကြားတော် မူခဲ့ပုံ စေဠအမည်ရှိသော စကြာမင်း လေးကြိမ်၊ ဥပစေဠမည်သော စကြာမင်း လေးကြိမ်၊ ဝေဠမည်သော စကြာမင်း လေးကြိမ် ဖြစ်ခဲ့ပုံ၊ ဤဘုရားရှင်သာသနာတော်၌ ဘုရားရှင်၏ ညီတော်ဖြစ်၍ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၆၂) (အပ၊ဋ္ဌ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒနဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သား ဥပါသကာတစ်ယောက်သည် ဆင်းရဲသားဖြစ်၍ သူတစ်ပါးတို့၏အလုပ်ကို လုပ်ကိုင် အသက်မွေးရသူ ဖြစ်ခဲ့ပုံ၊ သားမယားများနှင့်အတူ မိအိုဖအိုကြီးတို့ကို ပြုစုလုပ်ကျွေးခဲ့ပုံ၊ ငါးပါးသီလ၊ ရှစ်ပါးသီလတို့ကို စောင့်ထိန်းလျက် ဆွမ်းအဖျော်တို့ကို တတ်နိုင်သလောက် လှူဒါန်းခဲ့သော ကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည် နန္ဒနဗိမာန်၌ နတ်သားဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၁၀၃) (ဝိမာန၊ဋ္ဌ၊၂၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒနဝတ္ထု

ဤဝတ္ထု၌ တာဝတိံသာရှိ နန္ဒဝန်ဥယျာဉ်သည် အလွန်သာယာလှသဖြင့် သေဘေးကြုံ နေရသော နတ်တို့သည်ပင် သေဘေးကို မေ့ပျောက်ပုံ၊ ‘‘နန္ဒဝန်ဥယျာဉ်သည် အချမ်းသာဆုံး နေရာဖြစ်သည်’’ဟု ပုထုဇဉ်နတ်တို့က ပြောဆိုကြပုံ၊ ‘‘အရိယာနတ်သမီးတစ်ဦးက နိဗ္ဗာန်သည်သာ အချမ်းသာဆုံး’’ဟု ပြောဆိုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒမာတုဝတ္ထု

ဤဝတ္ထု၌ အနာဂါမ်အရိယာ နန္ဒမာတာသည် ဖလသမာပတ်ဝင်စား၍ ပါရာယနသုတ်ကို ရွတ်ဖတ်သရဇ္ဈာယ်ပုံ၊ ခရီးလှည့်လည်သွားကာနေသော ဝေဿဝဏ်နတ်မင်းကြား၍ ရိုသေစွာ နာယူကာ ကောင်းချီးပေးပုံ၊ ဝေဿဝဏ်နတ်မင်းက ဓမ္မကထိကပူဇာဖြင့် ပူဇော်၍ သတင်းထူးပေးခဲ့သဖြင့် အဂ္ဂသာဝကနှစ်ပါးတို့နှင့်တကွ နောက်ပါသံဃာတော်များအတွက် ကြိုတင်စီမံနိုင်ပုံ စသည်တို့ ပါဝင်သည်။ (အံ၊၂၊၄၄၄) (အံ၊ဋ္ဌ၊၃၊၁၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒရာဇဝတ္ထု

ဤဝတ္ထု၌ ရှေးအခါက ဗာရာဏသီပြည်သား သူကြွယ်တစ်ဦးသည် ပစ္စေကဗုဒ္ဓါအရှင်အား အဝတ်လှူခဲ့သည့် ကုသိုလ်ကြောင့် ဗာရာဏသီပြည်၌ အမတ်တစ်ယောက်၏ သား ဖြစ်လာပုံ၊ မင်္ဂလာကျောက်ဖျာထက်တွင် အိပ်နေစဉ် ဖုတ်သွင်းရထားဆိုက်၍ နန္ဒအမည်ရှိသော ဘုရင်ဖြစ်ကာ အရပ်လေးမျက်နှာသို့ ရွှေကရားဖြင့် ရေသွန်းလောင်းသည်ရှိသော် ပဒေသာပင် (၃၂)ပင် ပေါ်ပေါက်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊ဋ္ဌ၊၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒာထေရီဝတ္ထု

ဤဝတ္ထု၌ ဇနပဒကလျာဏီဘွဲ့ရ နန္ဒာထေရီအလောင်းသည် ပဒုမုတ္တရ ဘုရားရှင်လက်ထက်၌ ဈာန်ကစားခြင်းဖြင့် မွေ့လျော်မှု၌ ဧတဒဂ်ဘွဲ့ရသော ရဟန်းမကို အားကျကာ ဆုပန်ခဲ့ပုံ၊ ဘဝသံသရာကျင်လည်ခဲ့ပြီးနောက်၊ ဂေါတမမြတ်စွာဘုရားရှင် လက်ထက်ဝယ် ကပိလဝတ်၌ သုဒ္ဓေါဒနမင်းကြီး၏ သမီးတော်ဖြစ်ခဲ့ပုံ၊ ရဟန်းဝတ်ပြီးနောက် ရဟန်းမ ဘဝဖြင့် မာန်မချ၍ မြတ်စွာဘုရားက အလွန်လှပသော အမျိုးသမီးပုံ ဖန်ဆင်းကာ တဖြည်းဖြည်းနှင့် ရင့်ရော်အိုမင်း သေခြင်းသို့ ရောက်သည့်တိုင် ဖန်ဆင်း၍ တရားပြပုံ၊ မြတ်စွာဘုရားရှင်၏ တရားပြုမှုကြောင့် ရဟန္တာဖြစ်ခဲ့ကာ ဈာန်နှင့် ပျော်မွေ့သောအရာ၌ ဧတဒဂ်ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၅၃) (အံ၊ဋ္ဌ၊၁၊၂၈၀) (ထေရီ၊၁၄၄) (ပေတ၊ဋ္ဌ၊၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ နန္ဒိယမထေရ်လောင်း အမျိုးကောင်းသားသည် ပရိနိဗ္ဗာန် စံလွန်တော်မူသော ပဒုမုတ္တရဘုရားရှင်၏ စေတီတော်မြတ်အား စန္ဒကူးနှစ် ပွတ်လုံးပွတ်တိုင်များဖြင့် ဝရန်တာ ပြုလုပ်ကာ လှူဒါန်းပူဇော်ခဲ့ပုံ၊ ထိုဘဝမှစ၍ လိုရာဆန္ဒမှန်သမျှ အားလုံး ပြည့်စုံခဲ့ရပုံ၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ အနုရုဒ္ဓါမင်းသား အစရှိသော သာကီဝင် မင်းသားများ ဘုရားရှင်သာသနာသို့ ဝင်ရောက်သည်ကို အားကျပြီး ရဟန်းပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒိယမိဂရာဇဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် နန္ဒိယသမင် ဖြစ်၍ မိဘများကို လုပ်ကျွေးခဲ့ပုံ၊ သမင်သားကို နှစ်သက်သော ကောသလမင်းကြီးအတွက် တောထဲရှိ သမင်များကို ခြောက်လှန့် မောင်းနှင်ကြသောကြောင့် အခြံအရံများနှင့်တကွ မင်းဥယျာဉ်ထဲသို့ ပို့ဆောင်ခံရပုံ၊ မင်းကြီးက တစ်နေ့ တစ်ကောင် လေးဖြင့် ပစ်သတ်၍ အလှည့်ကျ စားသောက်နေခဲ့ပုံ၊ ဘုရားလောင်း အလှည့်တွင် မြားမထွက်သဖြင့် ဘုရားအလောင်း၏ ဂုဏ်ကို နားလည်ကာ အဆင့်ဆင့် သတ္တဝါများကို ဘေးမဲ့ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒိယဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီပြည်သား နန္ဒိယဥပါသကာသည် ဘုရားအမှူးရှိသော သံဃာတော်တို့အတွက် ကျောင်းတော်ကြီးနှင့် ခုတင်ညောင်စောင်း စသည်တို့ကို လှူဒါန်းခဲ့သော ကုသိုလ်ကြောင့် သူ မကွယ်လွန်မီမှာပင် သူ့အတွက် တာဝတိံသာနတ်ပြည်၌ ယူဇနာ (၁၂၀)ကျယ်ဝန်းပြီး ယူဇနာ (၁၀၀)မြင့်သော ရတနာခုနစ်ပါးဖြင့် ပြီးသည့် နတ်ဗိမာန်ကြီးပေါ်ပေါက်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒိဝိသာလဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် နန္ဒိဝိသာလနွားလား ဖြစ်စဉ် အရွယ်ရောက်သောအခါ သခင်ဖြစ်သူ ပုဏ္ဏားကြီးအား ‘‘အသပြာတစ်ထောင်ကြေးဖြင့် လှည်းတစ်ရာကို ဆွဲနိုင်၊ မဆွဲနိုင် အလောင်းအစား ပြုခိုင်းပုံ၊ သူဌေးတစ်ယောက်နှင့် အလောင်းအစား ပြုလုပ်သောအခါ ပုဏ္ဏားကြီးက နန္ဒိဝိသာလအား ‘‘ကောက်ကျစ်သော နွားလား... သွားလော့၊ ဝန်ကို ရုန်းလော့’’ ဟု မဟုတ်မမှန် ရုန့်ရင်းကြမ်းတမ်းသော စကားတို့ဖြင့် ပြောဆိုစေခိုင်းသောအခါ နန္ဒိဝိသာလနွားလားက ဝန်ကို မရုန်းဘဲ ရပ်နေသဖြင့် ပုဏ္ဏားကြီး အသပြာတစ်ထောင် ဆုံးရှုံးပုံ၊ နန္ဒိဝိသာလ နွားလားက မိမိအား ရုန့်ရင်းကြမ်းတမ်းသော စကားတို့ဖြင့် မဟုတ်မမှန် မပြောဆိုရန် ပုဏ္ဏားကြီးအား ပြောဆိုပြီး နောက်ထပ်တစ်ကြိမ် အသပြာနှစ်ထောင်ကြေး အလောင်းအစား ပြုခိုင်းပုံ၊ ပုဏ္ဏားကြီးက ‘‘ချစ်သား...ကောင်းသော နွားလား... သွားလော့၊ ဝန်ကို ဆောင်လော့’’ ဟု ပြောဆို စေခိုင်းသောအခါ တစ်ချီတည်းဖြင့် ဝန်တင်လှည်းတစ်ရာကို ဆွဲနိုင်သောကြောင့် အသပြာနှစ်ထောင် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊) (ဇာ၊ဋ္ဌ၊၁၊၂၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒုတ္တရာထေရီဝတ္ထု

ဤဝတ္ထု၌ နန္ဒုတ္တရာထေရီလောင်းလျာသည် သပြေခက်ကို ကိုင်ကာ ဝါဒပြိုင်သူကို ရှာခဲ့ပုံ၊ အရှင်မောဂ္ဂလာန်မထေရ်နှင့် တွေ့ရပြီး သာသနာ့ဘောင်သို့ ဝင်ရောက်ရာ ရဟန္တာထေရီဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နန္ဒောပနန္ဒဝတ္ထု

ဤဝတ္ထု၌ မိစ္ဆာဒိဋ္ဌိအယူရှိသော နန္ဒောပနန္ဒနဂါးမင်းကို ဆုံးမရန် အရှင်မောဂ္ဂလာန်မထေရ်အား ဘုရားရှင်က ရွေးချယ်ခွင့်ပြုပုံ၊ အရှင်မောဂ္ဂလာန်သည် ထိုနဂါးထက်ကြီးသော နဂါးကြီးအသွင် ဖန်ဆင်း၍ မြင်းမိုရ်တောင်နှင့် ဖိညှပ်ကာ တန်ခိုးပြပုံ၊ ထို့နောက် နဂါးမင်း၏ ဝမ်းတွင်းသို့ ဝင်၍ အပြန်ပြန် အလှန်လှန် လမ်းလျှောက်ပြပုံ၊ နဂါးမင်းက ကိုက်စားမည်ကြံလျှင် မထေရ်သည် အပြင်သို့ ထွက်လာပုံ၊ နဂါးမင်းက နှာခေါင်းလေဖြင့် မှုတ်သောအခါ မထေရ်သည် ဂဠုန်ယောင်ဖန်ဆင်း၍ လိုက်ပုံ၊ နဂါးမင်းသည် လုလင်ပျိုအသွင် ဖန်ဆင်းကာ အရှုံးပေးသဖြင့် မြတ်စွာဘုရားထံ အရှင်မောဂ္ဂလာန်က ခေါ်သွားရာ နဂါးမင်း သရဏဂုံတည်သွားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နဝကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် အာဠဝီပြည် အဂ္ဂါဠဝစေတီနတ်ကွန်း၌ သီတင်းသုံးတော်မူစဉ် တရားနာယူပြီး ကျောင်းမှာအိပ်ကြသော ဥပါသကာတို့နှင့်အတူ ရဟန်းငယ်တို့သည် သတိလက်လွတ် အိပ်ကြသဖြင့် ဥပါသကာတို့က ကဲ့ရဲ့သောကြောင့် လူသာမဏေတို့နှင့်အတူ မအိပ်ရဟု ဘုရားရှင်က သိက္ခာပုဒ်ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နဝကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ကျောင်းတိုက်တစ်တိုက်တွင် ဥပုသ်နေ့ရောက်သောအခါ ဝါငယ်သော ရဟန်းတော်တို့ ပဌမ ရောက်လာကြပြီး မထေရ်ကြီးများရောက်လာကြမည် မဟုတ်ဟု ထင်ကာ တစ်နေရာသို့ သွားနေကြပုံ၊ အချိန်မတော်မှ မထေရ်ကြီးများ ဥပုသ်ပြုကြရကြောင်း ဘုရားရှင် သိတော်မူလျှင် ဥပုသ်နေ့၌ မထေရ်ကြီးတို့က ရှေးဦးစွာ စုဝေးကြွရောက်ရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နဝရဋ္ဌသာသနပတိဋ္ဌာပနဝတ္ထု

ဤဝတ္ထု၌ တတိယသံဂါယနာတင်ပြီးနောက် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်သည် ရဟန်းတော်ငါးပါးတစ်စု ငါးပါးတစ်စုစီကို ကိုးတိုင်းကိုးဌာနသို့ သာသနာပြု စေလွှတ်တော်မူခဲ့ပုံ၊ မဇ္ဈန္တိကမထေရ်သည် ကသ္မီရ္ထ, ဂန္ဓာရတိုင်း၌ သာသနာထွန်းကားပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ပုံ၊ သောဏနှင့် ဥတ္တရမထေရ်တို့သည် သုဝဏ္ဏဘူမိအရပ်၌ သာသနာ ပြန့်ပွားစေတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နဠပါနဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် မျောက်မင်းဖြစ်၍ ထောင်ပေါင်းများစွာသော မျောက် အပေါင်းခြံရံလျက် တောင်ခြေတစ်ခု၌ နေပုံ၊ ဘီလူးသိမ်းပိုက်ထားသော ရေကန်မှ ရေကို ကန်တွင်းသို့ မဆင်းဘဲ သောက်နိုင်ရန် ကျူပင်ရှည်ကြီးများကို ယူပုံ၊ အဖျားတစ်ဖက်စွန်းမှ မှုတ်သည်ရှိသော် အားလုံးအဆစ်များ ပေါက်၍ ရေသောက်ရန် အဆင်သင့်ဖြစ်ပုံ၊ ဘုရားလောင်းမျောက်မင်းသည် ဘဝများစွာ သံသရာက ဖြည့်ကျင့်လာခဲ့သော ပါရမီကုသိုလ်တော်တို့ကို ဆင်ခြင်လျက် သစ္စာဓိဋ္ဌာန်ပြုသဖြင့် ကျူရိုးအားလုံး ဟောင်းလောင်းပေါက်ဖြစ်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၁၂၄) (ဇာ၊ဋ္ဌ၊၁၊၁၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နဠကုဋိဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် နာရဒဘုရားရှင်အား စင်္ကြံလမ်းနှင့် ကျူထရံကာ မြက်မိုးကျောင်း လှူခဲ့ရသော ကုသိုလ်ကြောင့် ဒုဂ္ဂတိဘဝသို့ မရောက်ခဲ့ဘဲ ဤသာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နဠမာလိကာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျာသည် လွန်ခဲ့သော ၉၄-ကမ္ဘာအထက်၌ ပွင့်တော်မူခဲ့သော ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးအား စန္ဒဘာဂါ မြစ်ကမ်း၌ ကိန္နရီဘဝဖြင့် လက်အုပ်ချီမိုး ရှိခိုးပြီးလျှင် ကျူပန်းကို လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ သုံးဆယ့်တစ်ကမ္ဘာ တိုင်တိုင် လူချမ်းသာ နတ်ချမ်းသာ စသော ကောင်းကျိုးများကိုသာ ခံစားခဲ့ရပုံ၊ နောက်ဆုံးဘဝ၌ ရာဇဂြိုဟ်မြို့၌ ပုဏ္ဏာအမည်ရှိသော သူဌေးသမီး ဖြစ်၍ မဟာပဇာပတိ ဂေါတမီထေရီမ,ကြီးထံ ဘိက္ခုနီ,ပြုပြီး ရဟန္တာဖြစ်ခဲ့ပုံစသော အကြောင်းအရာ များပါဝင်သည်။ (အပ၊၂၊၁၉၀) (ထေရီ၊၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နဠာဂါရိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဟိမဝန္တာတောင်၏အနီး ဟာရိတတောင်ပေါ် သစ်ပင်တစ်ပင်အရင်း၌ ထိုင်နေတော်မူသော နာရဒဘုရားရှင်အား သစ်ရွက်မိုးကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် တစ်ဆယ့်လေးကမ္ဘာတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ခဲ့ရပုံ၊ နတ်မင်း (၇၄) ကြိမ်၊ စကြာမင်း (၇၄) ကြိမ် ပဒေသရာဇ်မင်းအဖြစ်ကား မရေမတွက်နိုင်ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နဠိနကေသရိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဇာတဿရရေအိုင်၏ အလယ်၌ ရေကြက်ဖြစ်ခဲ့ပုံ၊ ကောင်းကင်၌ ကြွသွားတော်မူသော တိဿဘုရားရှင်ကို ဖူးမြင်ရ၍ နှုတ်သီးဖြင့် ကြာပန်းကို ယူပြီး ဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ရခြင်းမရှိခဲ့ဘဲ ခုနစ်ဆယ့်သုံးကမ္ဘာအထက်၌ ကေသရမည်သော စကြဝတေးမင်းဖြစ်ခဲ့ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဂကေသရိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကံ့ကော်ဝတ်ဆံကို လက်နှစ်ဖက်ဖြင့် ယူပြီး ဦးခေါင်းထက်၌ လက်အုပ်ချီလျက် တိဿဘုရားရှင်အား လှူဒါန်းပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ မကျရောက်ခဲ့ရဘဲ ခုနစ်ဆယ့်သုံးကမ္ဘာအထက်၌ စကြဝတေးမင်း ခုနစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ရ၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဂဒေဝဓီတုဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီမြို့သူ အမျိုးသမီးသည် ဘုရားရှင်အား ရည်မှန်း၍ အဝတ်အစုံကို ရက်လုပ်ဆေးဆိုးကာ ဘုရားရှင်အား လှူဒါန်းပုံ၊ မြတ်စွာဘုရားရှင် ဟောကြားသော တရားတော်ကို နာကြားရသဖြင့် သောတာပန်ဖြစ်ပြီး ကွယ်လွန်သောအခါ တာဝတိံသာ၌ နတ်သမီး ဖြစ်ခဲ့ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဂဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင်၏ တစ်ယူဇနာရှိသော သရီရဓာတုရွှေစေတီတော်ကို မင်းနှင့်တကွသော ပြည်သူတို့သည် တန်ဖိုးရှိသော ပန်းများကို ရွေး၍ လှူဒါန်းကြပုံ၊ ဥပါသကာတစ်ဦးသည် ပန်းရှစ်ပွင့်တို့ကို စေတီ၌လှူခဲ့သည့် ကုသိုလ်ကြောင့် တာဝတိံသာ နတ်ပြည်၌ ဖြစ်ခဲ့ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဂဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သား ဥပါသကာတစ်ဦးသည် ငါးပါးသီလမြဲ၍ ဥပုသ်နေ့တို့၌ ဥပုသ်သီလ ဆောက်တည်လေ့ရှိပုံ၊ ရဟန်းတော်တို့အား လှူဒါန်ပူဇော်၍ တရားနာယူခဲ့သော ကုသိုလ်အစုစုကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဂဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ ရဟန္တာမထေရ်ကြီးသုံးပါးတို့သည် ရွာငယ်တစ်ရွာ၌ ဝါဆိုခဲ့ကြ၍ ဝါကျွတ်သောအခါ ရာဇဂြိုဟ်သို့ ကြွလာကြပုံ၊ လမ်းခရီးအကြား၌ မိစ္ဆာဒိဋ္ဌိပုဏ္ဏား၏ ကြံခင်းကို စောင့်ရသော ကြံခင်းစောင့်ဒကာက တစ်ညတာ တည်းခိုရန် သစ်ခက်သစ်ကိုင်းများဖြင့် နေရာပြုလုပ် လှူဒါန်းခဲ့ပုံ၊ မိမိဝေစုကြံကိုလည်း လှူဒါန်းခဲ့ပုံ၊ ပိုင်ရှင်ပုဏ္ဏားက တူရွင်းဖြင့် ရိုက်သဖြင့် ကြံစောင့်ဒကာစုတေ၍ တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဂပလ္လဝတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဗန္ဓုမတီမြို့တော် မင်းဥယျာဉ်၌ နေသော ရသေ့ဖြစ်ခဲ့စဉ် ၎င်း၏သင်္ခမ်းကျောင်းအနီး ထိုင်နေတော်မူသော ဘုရားရှင်အား ကံ့ကော်ညွန့်ကို ပေးလှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခဲ့ရခြင်းမရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဂပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ကံ့ကော်ပန်းတို့ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘုံ တို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဂပေတဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီပြည်၌ မိစ္ဆာဒိဋ္ဌိပုဏ္ဏားလင်မယားအား သား(၂)ယောက်နှင့် သမီး(၁)ယောက် ရှိကြပုံ၊ သံကိစ္စမထေရ်၏ တရားစကားကြောင့် သားသမီးတို့မှာ ဗုဒ္ဓဘာသာ ဖြစ်လာကြပုံ၊ အသီးသီး ကွယ်လွန်ကြသောအခါ သားသမီးတို့မှာ ဘုမ္မစိုးနတ်များဖြစ်ကာ ဆင်ယာဉ် မြင်းယာဉ်စသည်တို့ဖြင့် လှည့်လည်ရပုံ၊ မိစ္ဆာဒိဋ္ဌိ ပုဏ္ဏားလင်မယားမှာမူ ကုသိုလ်မပြု သီလမစောင့် ရတနာသုံးပါးတို့အပေါ်၌ မကြည်ညိုကြသောကြောင့် ကွယ်လွန်သောအခါ ပြိတ္တာကြီးများ ဖြစ်နေကြပုံ၊ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို ရှုတ်ချ အပုပ်ချ ကဲ့ရဲ့ပြောဆိုခဲ့သောကြောင့် တစ်ဦးနှင့်တစ်ဦး သံတူကြီးများ ဖြင့် ထု၍ အနာဖုကြီးများမှ ကွဲကျယိုစီးလာသော သွေးပြည်ပုပ်တို့ကို သောက်၍ နေကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၃၅) (ပေတ၊ဋ္ဌ၊၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဂမဟာဝိဟာရိကမဟာထေရဝတ္ထု

ဤဝတ္ထု၌ ရောဟဏအရပ် နာဂမဟာဝိဟာရကျောင်းနေ မထေရ်ကြီးတစ်ပါးသည် ရဟန်းသံဃာကို မပန်ကြားဘဲ ကံ့ကော်ပင်တစ်ပင်ကို ခုတ်လှဲစေပုံ၊ ထိုအခါ သစ်ပင်စောင့်နတ်သည် ထိုမထေရ်အပေါ် စိတ်ဆိုး၍ (၇)ရက်မြောက်နေ့တွင် ဘုရင်မင်းမြတ် နတ်ရွာစံလိမ့်မည်ဟု မမှန်မကန် အိပ်မက်ကို မထေရ်အား ပေးပုံ၊ မထေရ်က ထိုအိပ်မက်အကြောင်းကို မောင်းမမိဿံတို့အား ပြောကြားရာ ယင်းတို့မှ တစ်ဆင့် မင်းကြီးကြားသိသဖြင့် မင်းကြီးသည် (၇)ရက်ပြည့်လျှင် မထေရ်၏ လက်ခြေတို့ကို ဖြတ်ခိုင်းပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၂၊၃၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဂဝတ္ထု

ဤဝတ္ထု၌ နဂါးတစ်ကောင်သည် နဂါးဘဝကို စက်ဆုပ်ရွံမုန်းပြီး ထိုဘဝမှ လွတ်မြောက်ရန်နှင့် လူ့ဘဝကို အမြန်ရရန် ရည်ရွယ်၍ လုလင်အသွင် ဖန်ဆင်းကာ ရဟန်းပြုခဲ့ပုံ၊ အစွန်ကျသောကျောင်း၌ ရဟန်းတစ်ပါးနှင့်အတူနေစဉ် စိတ်လွတ်ကိုယ်လွတ် အိပ်ပျော်သွားသောကြောင့် နဂါးအသွင်ဖြစ်ပေါ်လာပြီး နဂါးဖြစ်ကြောင်း သိကြရပုံ၊ ဘုရားရှင်က ‘‘တိရစ္ဆာန်ကို ရဟန်းခံ မပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဂဝတ္ထု

ဤဝတ္ထု၌ ကိုယ်ဝန်ရှိသော နဂါးမတို့သည် မြစ်ကြီး (၅) သွယ်တို့သို့ ဆန်တက်၍ ဂဠုန်ငှက်များ မရောက်နိုင်သော ရွှေ၊ ငွေ၊ ပတ္တမြား လိုဏ်ဂူတို့၌ ခိုအောင်းကြပြီးလျှင် နဂါးငယ်များကို မွေးဖွားကြပုံ၊ ရေတိမ်သော နေရာတို့၌ ရေကူးနည်းများကို သင်ကြားပေးကြပုံ၊ နဂါးငယ်တို့သည် ရေလှိုင်းအဟုန်၊ ဂဠုန်ငှက်အဟုန်တို့ကို ခံနိုင်သော အရွယ်သို့ ရောက်ကြသောအခါ ရွှေလှေ၊ ငွေလှေတို့ကို ဖန်ဆင်း၍ မြစ်ကြီးငါးသွယ်တို့မှ စုန်ဆင်းကာ မဟာသမုဒ္ဒရာသို့ ဆိုက်ရောက်လာကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၁၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဂဝတ္ထု

ဤဝတ္ထု၌ တောနက်ကြီးတစ်ခုရှိ ရေအိုင်ကြီးကို ဆင်များစွာ မှီခိုနေရာ ဆင်ကြီးတို့သည် ရေကန်ထဲဆင်းပြီး ကြာစွယ်ကြာရင်းကို နှုတ်၍ ရွှံ့ညွန်ကို စင်အောင် ဆေး၍ စားကြသဖြင့် အားအင်တိုးကာ အသက်ရှည်ကြပုံ၊ နည်းလမ်းစနစ်တကျ မရသော ဆင်ငယ်တို့မှာ ကြာစွယ်ကြာရင်းကို နှုတ်ပြီး စင်ကြယ်အောင် မဆေးဘဲ ရွှံ့ညွန်များနှင့်အတူ စားကြသဖြင့် အားအင်ဆုတ်ကာ သေကျေကြပုံ၊ ထို့အတူ ရဟန်းငယ်တို့သည်လည်း ပစ္စည်းလေးပါးကို ခံယူပြီး မထေရ်ကြီးတို့က ပစ္စဝေက္ခဏာဆင်ခြင်စားသဖြင့် ဝဋ်ဒုက္ခမှ လွတ်ကြသော်လည်း ရဟန်းငယ်တို့မှာမူ မဆင်ခြင်ဘဲ စားကြသဖြင့် ဆင်းရဲဒုက္ခရောက်ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၄၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဂသမာလတ္ထေရဝတ္ထု

ဤဝတ္ထု၌ နာဂသမာလမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား ထီးလှူခဲ့သော ကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ နာဂသမာလမင်းသား ဖြစ်လာပုံ၊ မြတ်စွာဘုရားရှင်၏ တန်ခိုးတော်များကို ဖူးမြင်ပြီး ကြည်ညိုကာ ရဟန်းပြုလာခဲ့ပုံ၊ ကချေသည်မ၏ ကပြမှု၌ ဝါယောဓာတ်ကို ဉာဏ်တင်ကာ ဝိပဿနာ ရှုသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဂသမာလတ္ထေရဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော နာဂသမာလသည် မိမိစိတ်အလိုအတိုင်း ကျင့်၍ မြတ်စွာဘုရား၏ စကားကို လိုက်နာခြင်းမရှိပုံ၊ မြတ်စွာဘုရား၏ သပိတ် သင်္ကန်းကိုပင် မြေ၌ ချထားကာ လမ်းခွဲသွားခဲ့ပုံ၊ ခိုးသူတို့၏ ရိုက်နှက်လုယက်မှုကို ခံရပုံ၊ မြတ်စွာဘုရားထံ ပြန်ရောက်လာသောအခါ ဘုရားရှင်က ဘုရားရှင်တို့သည် အဆိုးအကောင်းကို ခွဲခြားသိနိုင်ကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၃၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဂသမာလတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် မြို့လယ်လမ်းမကြီး၌ စွန့်ပစ်ထားသော သခွတ်ပန်းကို ယူ၍ သိခီဘုရားရှင်၏ စေတီတော်၌ ရိုသေစွာ တင်လှူ ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားခဲ့ရခြင်း မရှိသည့်အပြင် တစ်ဆယ့်ငါးကမ္ဘာအထက်၌ ဘူမိယမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၃၂) (အပ၊ဋ္ဌ၊၂၊၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဂိတတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင် သံဃာတော်အပေါင်း ခြံရံလျက် ကြွလာတော်မူသည်ကို မြင်ရသဖြင့် ကြည်ညိုသောစိတ်ဖြင့် သုံးဂါထာတို့ဖြင့် ချီးကျူးပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝ၌ ဤဘုရားရှင် သာသနာတော်သို့ ဝင်ရောက်၍ ဝိပဿနာပွားကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ထေရ၊ဋ္ဌ၊၁၊၂၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဂိတတ္ထေရဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် ကောသလတိုင်း ဣစ္ဆာနင်္ဂလပုဏ္ဏားရွာ၌ သီတင်းသုံးတော်မူစဉ် ဣစ္ဆာနင်္ဂလရွာသားတို့ စုပြုံရောက်ရှိလာကြပုံ၊ အလှူဒါနပြုရန် ကျောင်းတံခါးမုခ်အနီး၌ ဆူညံစွာ ပြောဆိုနေသံကို ဘုရားရှင် ကြားတော်မူ၍ ရွံ့ရှာဖွယ်ချမ်းသာ၊ ငိုက်မြည်းမှုချမ်းသာဖြစ်သော လာဘ်လာဘ ပူဇော်သက္ကာရတို့ကို ဘုရားရှင်တို့ အလိုမရှိကြောင်း၊ စားမျိုလိုက်သော အစားအစာသည် ကျင်ကြီးကျင်ငယ်သာ ဖြစ်သွားသဖြင့် စွဲလမ်းမှုကင်းစွာ ရှုမှတ်နေထိုင်ရမည့်အကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဂိတတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဣစ္ဆာနင်္ဂလ ရွာသားများသည် မြတ်စွာဘုရားကို ဖူးမြော်ခွင့် ရရန်အတွက် အရှင်နာဂိတမှ တစ်ဆင့်လျှောက်ထားသည်ကို အကြောင်းပြု၍ မြတ်စွာဘုရားက လူသူစသည်နှင့် မရောယှက် တစ်ဦးတည်း သက်သက် နေရခြင်းသည်သာ ချမ်းသာကြောင်း မိန့်ကြားတော်မူပုံ၊ မြူးတူးပျော်ပါး ဝလင်စွာ စား၍ တရားအားမထုတ်ဘဲ တော၌ နေကြသော တောကျောင်းနေ ရဟန်းတိုင်းကို မြတ်စွာဘုရားက မချီးမွမ်းပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၁၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဂိတဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် ကောသလတိုင်း ဣစ္ဆာနင်္ဂလရွာအနီးရှိ တောအုပ်၌ ရဟန်းသံဃာအပေါင်းနှင့်အတူ သီတင်းသုံးနေတော်မူပုံ၊ မြတ်စွာဘုရား၏ ဂုဏ်ကို ကြည်ညိုကြသော ထိုရွာသားတို့က မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို လှူဒါန်းရန် လာကြစဉ် ကျယ်လောင်ဆူညံနေသံကို မြတ်စွာဘုရားက ကဲ့ရဲ့တော်မူပုံ၊ အလုပ်အကျွေးရဟန်းဖြစ်သူ အရှင်နာဂိတက သည်းခံတော်မူရန် လျှောက်ထားသောအခါ မြတ်စွာဘုရားက အေးချမ်းစွာနေ၍ ကိလေသာငြိမ်းအေးရန် အားထုတ်သော ပုဂ္ဂိုလ်အတွက် အခြံအရံလာဘ်လာဘတို့ကို မနှစ်သက်သင့်ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၂၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာနာဆန္ဒဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ခမည်းတော်ဗြဟ္မဒတ်မင်းကြီး နတ်ရွာစံသွားသဖြင့် မင်းအဖြစ်ရရှိကာ တိုင်းပြည်အတွင်းသို့ လှည့်လည်စုံစမ်းပုံ၊ သေသောက်ကြူးများက မင်းကြီးကို ဖမ်းဆီး၍ အပေါ်ရုံကို ယူပြီးလျှင် ပြန်လွှတ်လိုက်ပုံ၊ ရာထူးမှ အချခံထားရသော ပညာရှိပုရောဟိတ်က နက္ခတ်ကို ကြည့်၍ မင်းကြီး ရန်သူ့လက်၌ အဖမ်းခံရမှုနှင့် လွတ်မြောက်မှုတို့ကို သိရှိပုံ၊ နန်းတော်ရှိ ပုရောဟိတ်များအား မင်းကြီးက ယမန်နေ့ည နက္ခတ် အကြောင်းမေးရာ နက္ခတ်ကို အမှန်တကယ် မကြည့်ခဲ့ကြဘဲ မဟုတ်မမှန်ပြောကြသဖြင့် တတ်ယောင်ကား ပုရောဟိတ်များကို နှင်ထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာနာတိတ္ထိယဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိမြို့၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီး၏ နန်းတော်၌ တိတ္ထိဆရာကြီးများ စုဝေးကြ၍ မိမိတို့၏ အယူဝါဒမျိုးစုံကို တင်ပြကြပုံ၊ ထိုအခါ မင်းကြီးသည် မျက်မမြင်များကို စုဝေးစေပြီး ဆင်ကြီးကို ပြသောအခါ နှာမောင်းကိုင်သူက ထွန်သံနှင့်တူသည်ဟုလည်းကောင်း၊ အစွယ်ကိုင်သူက တိုင်နှင့်တူသည် စသည်ဖြင့် လည်းကောင်း ပြောဆိုနေကြသည်ကို လက်ညှိုးညွှန်ပြကာ တိတ္ထိတို့သည်လည်း မျက်မမြင် များနှင့် တူပေ၏ဟု ပြောဆိုပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် ကြားသိတော်မူ၍ ‘‘မျက်မမြင်တို့သည် ဆင်ကို ပီပြင်စွာ မသိသကဲ့သို့ တိတ္ထိတို့သည်လည်း သံသရာမှ လွတ်မြောက်ရေးတရားကို မသိကြသဖြင့် မှားယွင်းစွာ ယူဆနေကြကုန်၏’’ဟု မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၃၀၇) (သုတ္တနိ၊ဋ္ဌ၊၂၊၂၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာနာဝေရဇ္ဇကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဒေသအသီးသီးတွင် ဝါဆိုကြပြီး ဝါကျွတ်သောအခါ ဘုရားရှင်အား ဖူးမြော်ရန် ရောက်လာကြသော အတိုင်းတိုင်းအပြည်ပြည်မှ သံဃာတော်တို့အား ဒကာတို့က ဆွမ်းစားဖိတ်ကြသော်လည်း ဂဏဘောဇဉ်ကို ဘုရားရှင် သိက္ခာပုဒ်ပညတ်ထားပြီး ဖြစ်သဖြင့် မခံယူဘဲနေကြပုံ၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူသောအခါ မဟာသမယခေါ် ရဟန်းများစွာ စုဝေးရာအချိန်၌ ဂဏဘောဇဉ်ကို ခံယူခွင့်ပြုကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာမသိဒ္ဓိဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဒိသာပါမောက္ခဆရာကြီးဖြစ်စဉ် တပည့်တစ်ဦးသည် မိမိ၏ အမည်မှာ ပါပက(မောင်ယုတ်မာ)ဖြစ်သဖြင့် နာမည်ပြောင်းရန် ဆရာကြီးထံ ပြောဆိုလာပုံ၊ဆရာကြီးက နာမည်ဟူသည် ပညတ်မျှသာဖြစ်၍ တကယ်အကျိုးပေးမှု မရှိကြောင်း မိန့်ဆိုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာရဒဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ နာရဒဘုရားရှင်သည် ဓညဝတီမြို့ရှိ ခမည်းတော် သုဒေဝမင်းကြီး၊ မယ်တော် အနောမာမိဖုရားကြီးတို့မှ မွေးဖွားခဲ့ပုံ၊ ဝိဇိတသေနာမည်သော မင်းသမီးနှင့် စည်းစိမ် ခံစားကာ နန္ဒုတ္တရမင်းသား မွေးဖွားပြီးနောက် ခြေလျင် တောထွက်တော်မူပုံ၊ ကြောင်လျှာဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူပုံ၊ ဘဒ္ဒသာလနှင့် ဇိတမိတ္တဟူသော အဂ္ဂသာဝက နှစ်ပါးရှိတော်မူပုံ၊ ဝါသေဋ္ဌ မထေရ်က လုပ်ကျွေးပြုစုခဲ့ပုံ၊ ထိုအချိန်၌ ဂေါတမဗုဒ္ဓအလောင်းအလျာသည် အဘိညာဉ်ရ ရသေ့ဖြစ်ကာ ဗျာဒိတ်ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၄) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာလကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ နာလကမထေရ်လောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင်၏ တပည့်သာဝကတစ်ပါး မောနေယျအကျင့် ဖြည့်ကျင့်သည်ကို တွေ့မြင်အားကျကာ ထိုအချိန်မှစ၍ ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီကောင်းမှုများကို ဖြည့်ကျင့်ခဲ့ပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ အမျိုးကောင်းသားသည် အသိတရသေ့၏တူ နာလကရသေ့ဖြစ်လာကာ ဘုရားရှင် ဓမ္မစက္ကပဝတ္တနသုတ်တော်ကို ဟောကြားပြီးနောက် ခုနစ်ရက်မြောက်နေ့တွင် မောနေယျအကျင့်အကြောင်းကို ဘုရားရှင်အား မေးမြန်းလျှောက်ထား၍ ကျင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၂၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဝါဘိရုဟနသမယဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော်တို့သည် လူတို့နှင့်အတူ လှေစီး၍ ခရီးသွားကြစဉ် ‘‘ဒကာတို့... ခဏလေးလောက် မြစ်ကမ်းသို့ ကပ်ပေးကြပါ၊ ဆွမ်းခံကြပါဦးမည်’’ဟု ဆိုသဖြင့် ဤလှေထဲမှာပဲ ဆွမ်းကပ်ပါမည်ဟု လျှောက်ကြပုံ၊ ဘုရားရှင်က ဂဏဘောဇဉ်ကို ပညတ်ပြီးဖြစ်သဖြင့် ရဟန်းတို့က မခံယူကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ လှေစီး၍ ခရီးသွားချိန်၌ ဂဏဘောဇဉ်ကို ခံယူနိုင်ကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဝါဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သူ ဒါယိကာမကြီးတစ်ဦးသည် ခရီးပင်ပန်းပြီး ရေငတ်သဖြင့် နွမ်းနယ်နေသော ရဟန်းတစ်ပါးအား နေရာပေး၊ ယပ်ခတ်ပေး၊ ခြေနယ်ဆီလူးပေးပြီး ချိုမြိန်အေးမြသည့် ဖျော်ရည်ကို လှူခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဝါဝတ္ထု

ဤဝတ္ထု၌ ထူဏရွာသား ပုဏ္ဏားတို့သည် ရေတွင်းရေကန်များကို ဖျက်ဆီးပြီး ဘုရားရှင်အား ဆွမ်း၊ ရေ၊ လှူဒါန်းရန် တားမြစ်ထားပုံ၊ ပုဏ္ဏားတစ်ဦး၏အစေခံ မိန်းကလေး တစ်ဦးသည် ဘုရားရှင်အား ရေလှူသဖြင့် အရိုက်ခံရ၍ သေဆုံးခဲ့၍ တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဝါဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော် ၁၆-ပါးတို့ ဘုရားရှင်အား ဖူးမြင်ရန် လာစဉ် ရေငတ်နွမ်းနယ်နေကြရာ အမျိုးသမီးတစ်ဦးက ရေလှူသဖြင့် ချမ်းသာစွာ ရေသောက်ကြရပုံ၊ ထိုကုသိုလ်ကြောင့် ထိုအမျိုးသမီးသည် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဠာဂီရိဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းသည် တစ်ခုသောဘဝ၌ ဆင်ဦးစီးတစ်ယောက် ဖြစ်ခဲ့ပုံ၊ ဆင်ဦးစီးသည် ဆင်စီး၍ သွားစဉ် လမ်းမကြီးတစ်ခု၌ ပစ္စေကဗုဒ္ဓါတစ်ပါးကို တွေ့မြင်ပုံ၊ ဆင်ဦးစီးက ‘‘ဤဦးပြည်းရဟန်းသည် ဘယ်သွားမှာလဲ’’ဟု ဒေါသထွက်ကာ ဆင်ဖြင့် တိုက်ပုံ၊ ဘုရားအလောင်းသည်ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် နှစ်ပေါင်းများစွာ အပါယ်ငရဲ၌ ဆင်းရဲဒုက္ခခံစားရပုံ၊ နောက်ဆုံးဘဝ ဘုရားဖြစ်သည့် အချိန်၌ နာဠာဂီရိဆင်ဖြင့် အတိုက်ခံရပုံ၊ ဘုရားရှင်၏ မေတ္တာတော်အစွမ်းသတ္တိကြောင့် နာဠာဂီရိ ဆင်ကြီး ဘုရားရှင်၏ ခြေတော်ရင်း၌ တုပ်ဝပ်စင်းရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဠိကိရရာဇဝတ္ထု

ဤဝတ္ထု၌ ရသေ့ငါးရာတို့သည် နာဠိကိရမင်း၏ ဥယျာဉ်ထဲ၌ ခေတ္တ သီတင်းသုံးနေကြစဉ် မင်းနှင့်တကွ ပြည်သူများသည် ထိုရသေ့တို့ထံ ချဉ်းကပ်၍ တရားနာယူကြပုံ၊ ရသေ့တို့က ငါးပါးသီလ၏ အကျိုးအပြစ်များကို ဟောပြသောအခါ မိမိကို ထိခိုက်၍ ဟောသည်ဟု မင်းကြီး စိတ်ဆိုးသွားပုံ၊ နောက်တစ်နေ့တွင် မင်းကြီးသည် ရသေ့တို့ကို နန်းတော်သို့ ပင့်ဖိတ်၍ အိုးကြီးများတွင် ထည့်ထားသော မစင်တို့ဖြင့် ရသေ့တို့အား သွန်လောင်းစေပုံ၊ လက်ပန်းသည်တို့ကို တင်းပုတ်တို့ဖြင့် ရိုက်နှက်စေပြီး ခွေးများဖြင့် ကိုက်သတ်စေသဖြင့် ရသေ့အားလုံး ကွယ်လွန်သွားကြပုံ၊ ထိုနောက် နာဠိကိရတိုင်းပြည်သည် ယူဇနာ(၆၀)ရှိသော သဲများ ဖုံးလွှမ်းသွားသဖြင့် ပျက်စီးသွားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နာဠိကေရဖလဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ကြည်ညိုသော စိတ်ဖြင့် အုန်းသီးကို လှူခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နိဂဏ္ဌနာဋပုတ္တဝတ္ထု

ဤဝတ္ထု၌ နိဂဏ္ဌ နာဋပုတ္တသည် စိတ္တသူကြွယ်အား ‘‘ဝိတက် ဝိစာရတို့၏ ချုပ်ခြင်းသည် ရှိ၏ဟု ယုံကြည်သလော’’ဟု မေးမြန်းပုံ၊ စိတ္တသူကြွယ်က ‘‘သာသနာတော်သို့ ဝိတက် ဝိစာရ ချုပ်ခြင်းသည် ရှိ၏ဟု ယုံကြည်ခြင်း သဒ္ဓါတရား သက်သက်ဖြင့်သာ ဆည်းကပ်သူ မဟုတ်ပါ၊ အမှန်မှာမူ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်းသိမြင်၍ ဆည်းကပ်သူ ဖြစ်ပါသည်’’ဟု ပြောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၄၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နိဂဏ္ဌနာဋပုတ္တဝတ္ထု

ဤဝတ္ထု၌ ဥပါလိသူကြွယ်က နိဂဏ္ဌနာဋပုတ္တတိတ္ထိဆရာကြီးအား ဆယ်ဂါထာတို့ဖြင့် ဘုရားရှင်၏ ဂုဏ်တော်များကို ချီးကျူးဟောပြောသောအခါ တိတ္ထိဆရာကြီးသွေးအန်ပြီး ကွယ်လွန်ခဲ့ပုံ၊ တိတ္ထိဆရာကြီးမကွယ်လွန်မီက တပည့်များကို တစ်ယောက်တစ်မျိုး မိမိ၏ အယူဝါ၏ အနှစ်သာရကို ပြောကြားခဲ့ပုံ၊ တိတ္ထိဆရာကြီး သေလွန်ပြီးနောက် တပည့်များ အချင်းချင်း ခိုက်ရန်ငြင်းခုံဖြစ်ကာ ကွဲပြားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နိဂဏ္ဌဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော်များက နိဂဏ္ဌတို့သည် အဝတ်မဝတ်သော အစေလကတက္ကတွန်းတို့ထက် သာလွန်ကောင်းမြတ်ကြောင်း ပြောကြားကြပုံ၊ နိဂဏ္ဌတို့က မြေမှုန်, မြူစသည်တို့သည် အသက်ရှိ၏ဟု ယူဆကြပုံ၊ ရဟန်းတော်များနှင့် နိဂဏ္ဌတို့ အချင်းချင်းငြင်းခုံကြပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားသောအခါ နိဂဏ္ဌတို့သည် မရှက်သင့်သည့်အရာ၌ ရှက်ပြီး ရှက်သင့်သည့်အရာ၌ မရှက်ကြသူများ ဖြစ်၍ ဒုဂ္ဂတိဘုံသို့သာ ရောက်ကြပေလိမ့်မည်ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နိဂမဝါသီတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ နိဂမဝါသီတိဿမထေရ်သည် အနာထပိဏ်သူဌေး၊ ကောသလမင်းစသော ပုဂ္ဂိုလ်များက အလှူကြီးပေးလှူပါသော်လည်း မကြွဘဲ မိမိ သီတင်းသုံးရာ ဆွေမျိုးရွာ၌သာ ဆွမ်းခံစားသဖြင့် အခြားရဟန်းများက ‘‘နိဂမဝါသီတိဿရဟန်းသည် ဆွေမျိုးများနှင့်သာ ရောနှော၍နေကြောင်း‘’ ဘုရားရှင်အား လျှောက်ထားကြပုံ၊ ဘုရားရှင်က နိဂမဝါသီတိဿရဟန်းအား ခေါ်ယူမေးမြန်းသည့်အခါ ‘‘ မိမိသည် မျှတရုံ အာဟာရ ရရှိပြီးဖြစ်သည့်အတွက် အစားအစာ ရှာမှီးရန် ကြောင့်ကြမစိုက်တော့ကြောင်း၊ ဆွေမျိုးများနှင့်လည်း နှီးနှောမှုမရှိကြောင်း’’ ဘုရားရှင်အား လျှောက်ထားပုံ၊ ဘုရားရှင်က သာဓုခေါ်ကာ နိဂမဝါသီတိဿရဟန်း၏ အလိုနည်းပုံကို အတိတ်ဇာတ်ကြောင်းဆောင်၍ ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နိဂ္ဂုဏ္ဍိပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဝိပဿီဘုရားရှင်၏ အရံစောင့်ဖြစ်ခဲ့ပုံ၊ ကြောင်ပန်းပွင့်ကို ယူ၍ ဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး မလားခဲ့ရတော့ဘဲ လွန်ခဲ့သော နှစ်ဆယ့်ငါးကမ္ဘာအထက်၌ မဟာပတာပအမည်ရှိသော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နိဂြောဓဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း နိဂြောဓမင်းသားသည် တက္ကသိုလ်မှ ပညာသင်၍ ပြန်လာစဉ် ‘‘သိဒ္ဓိရှိသော ကြက်သားကို စားရလျှင် ဘုရင် ဖြစ်မည်’’ဟု ကြက်အချင်းချင်း ပြောသံကို ကြားရပုံ၊ သူငယ်ချင်း ပေါတ္ထိကသည် အပင်ပေါ်တက်၍ ကြက်ကို ဖမ်းပြီး သတ်၍ အသားကို ကျွေးသဖြင့် ဘုရင် ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နိဂြောဓ ပရိဗ္ဗာဇကဝတ္ထု

ဤဝတ္ထု၌ နိဂြောဓပရိဗိုဇ်က ဘုရားရှင်သည် ပရိသတ်ထဲ မဝင်ရဲသဖြင့် တောကြို တောင်ကြား အစွန်အဖျား၌ ကျင်လည်ကျက်စားနေသူဖြစ်ကြောင်း, ဗောဓိပင်ရင်း၌ ရရှိခဲ့သော မဖြစ်စလောက် အသိဉာဏ်လေးသည်လည်း တောထဲ၌သာနေသဖြင့် ပျောက်ပျက်သွားပြီဖြစ်ကြောင်း, ဘုရားရှင်ကို မေးခွန်းတစ်ချက် ထုတ်ရုံမျှဖြင့် သွက်သွက်ခါ တုန်လှုပ် ချောက်ချားပြီး ပတ်ချာလည်သွားစေမည် ဖြစ်ကြောင်း, နှိမ်ချပြောဆိုပုံ၊ ဘုရားရှင်နှင့် ရင်ဆိုင်တွေ့ဆုံသောအခါ၌ကား နိဂြောဓပရိဗိုဇ်သည်သာ ကြက်ကြီး လည်လိမ်ခံထားရသကဲ့သို့ ဘာတစ်ခွန်းမျှ တုံ့ပြန်ဖြေဆိုနိုင်ခြင်းမရှိဘဲ ခေါင်းငိုက်စိုက်ချကာ ငေးမှိုင်နေခဲ့ရပုံ၊ ဘုရားရှင်က နိဂြောဓပရိဗိုဇ်၏ အယူဝါဒ, အကျင့်, စရိုက်များ၏ ပျော့ကွက်ဟာကွက်များကို ထောက်ပြတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၃၊၃၀) (ဒီ၊ဋ္ဌ၊၃၊၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နိဂြောဓမိဂဇာတက

ဤဇာတ်တော်ကို ဘုရားရှင် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကုမာရကဿပမထေရ်၏ မိခင် ဘိက္ခုနီဘဝဖြင့် ကိုယ်ဝန်တည်မှုကို အကြောင်းပြု၍ ဟောတော်မူပုံ၊ ဤဇာတ်တော်၌ ဘုရားလောင်း နိဂြောဓသမင်မင်းနှင့် ဒေဝဒတ်လောင်း သာခသမင်တို့သည် အခြွေအရံ ငါးရာစီဖြင့် တော၌နေစဉ် ဗာရာဏသီမင်းအတွက် နိဂုံးဇနပုဒ်သားတို့က ဥယျာဉ်ကြီးပြည့်အောင် သမင်များကို ဖမ်းထည့်ထားပေးပုံ၊ မင်းကြီးသည် သမင်များကို လာရောက်ကြည့်ရှုပြီး ရွှေရောင်အဆင်းရှိသည့် နိဂြောဓသမင်နှင့် သာခသမင်တို့ကို ဘေးမဲ့ပေးကာ ကျန်သမင်များကို တစ်နေ့တစ်ကောင် အလှည့်ကျ စားတော်တည်ပုံ၊ သာခသမင်အုပ်စုအလှည့်တွင် ကိုယ်ဝန်အရင့်အမာရှိနေသော သမင်မက မိမိအလှည့်ကို ကျော်၍ အခြားသမင်တစ်ကောင် အစားထိုးပေးရန် သာခသမင်ကို တောင်းပန်သော်လည်း မရသဖြင့် နိဂြောဓသမင်မင်းထံ လာရောက် အကူအညီတောင်းသောအခါ နိဂြောဓသမင်မင်းက မိမိကိုယ်တိုင် အသတ်ခံရန်သွားပုံ၊ ထို့နောက် မင်းကြီး ရောက်ရှိလာသောအခါ သတ္တဝါအားလုံးကို ဘေးမဲ့ပေးရန် နိဂြောဓသမင်မင်းက တရားဟောခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နိဂြောဓသာမဏေရဝတ္ထု

ဤဝတ္ထုသည် အသောကရာဇာဝတ္ထု၌ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၃၄) (သာရတ္ထ၊ဋီ၊၁၊၁၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နိတကတ္ထေရဝတ္ထု

ဤဝတ္ထု၌ နိတက မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား အုန်းသီးလှူခဲ့သော ထိုကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ နိတကပုဏ္ဏား ဖြစ်လာပုံ၊ ဘုရားရှင်၏ တရားတော်ကို နာကြားရသဖြင့် ရဟန်းပြုကာ ဝိပဿနာပွား၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နိဒ္ဒါဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သူ နိဒ္ဒါမည်သော ဥပါသိကာမသည် ရတနာသုံးပါးကို ကြည်ညိုသူ, ဒါနသီလနှင့်ပြည့်စုံသူ ဖြစ်၍ ဥပုသ်သီလအမြဲစောင့်သောကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နိပန္နဉ္ဇလိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သစ်ပင်ရင်း၌ ထိုင်နေစဉ် ပြင်းထန်သော အနာရောဂါ နှိပ်စက်ခံခဲ့ရ၍ သားရဲတိရစ္ဆာန်ပေါသော တော၌ အားကိုးရာမဲ့ဖြစ်ခဲ့ရပုံ၊ ထိုအခါ တိဿဘုရားရှင်က ကြွလာ၍ ကယ်မတော်မူပုံ၊ မထေရ်လောင်းလျာသည် လျောင်းလျက်သာလျှင် ဦးခေါင်း၌ လက်အုပ် တင်၍ ရှိခိုးခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခဲ့ရခြင်းမရှိဘဲ ငါးကမ္ဘာအထက်၌ မဟာသီခမည်သော စကြဝတေးမင်း ငါးကြိမ်ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၁) (အပ၊ဋ္ဌ၊၂၊၁၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နိမိဇာတက

ဤဇာတ်တော်၌ မဃဒေဝမင်းကြီးသည် မိမိဦးထိပ်၌ ဆံဖြူတစ်ပင်ကို တွေ့၍ တောထွက်တော်မူခဲ့ပုံ၊ နေမိမင်း ပဋိသန္ဓေနေတော်မူခဲ့ပုံ၊ ‘‘အလှူပေးခြင်းနှင့် ဥပုသ်သီလ ဆောက်တည်ခြင်းတို့တွင် မည်သည့်အရာက ပို၍အကျိုးကြီးသနည်း’’ဟု စိတ်အကြံဖြစ်တော်မူပုံ၊ ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်းက ပို၍အကျိုး ကြီးမြတ်ကြောင်း သိကြားမင်း လာရောက်ဖြေကြားပုံ၊ မာတလိနတ်သားက နေမိမင်းကြီးအား နတ်ပြည်သို့ ပင့်ဆောင်ပုံ၊ ‘‘တာဝတိံသာ နတ်ပြည်သို့ မည်သည့်လမ်းကြောင်းဖြင့် ကြွလိုတော်မူသနည်း’’ဟု မေးမြန်းလျှောက်ထားပုံ၊ ငရဲပြည်ကို ကြည့်ရှုပြီးမှ နတ်ပြည်သို့ သွားလိုကြောင်းကို ပြောကြားပုံ၊ မာတလိနတ်သားက ကြိမ်ပိုက်ချောင်းငရဲ၊ ခွေးနက်၊ ခွေးကျားကြီးများ ကိုက်စားခံရသောငရဲ၊ မီးကျီးတွင်းငရဲ၊ သံအိုးကင်းငရဲ စသည်တို့ကို ပြခဲ့ပုံ၊ ထို့နောက် ဗီရဏီနတ်သမီးဘုံဗိမာန် စသည်တို့ကိုပြပုံ၊ စတုမဟာရာဇ်နတ်ပြည်ကို ပြပုံ၊ တာဝတိံသာနတ်ပြည်သို့အဝင် စိတ္တကုဋ်တံခါးမုခ်သို့ ရောက်ရှိပုံ၊ သုဓမ္မာနတ်သဘင်ကို ပြပုံ၊ သိကြားမင်းက တာဝတိံသာ နတ်ချမ်းသာဖြင့် ဖိတ်မန်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၅၂) (ဇာ၊ဋ္ဌ၊၆၊၁၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နိမိတ္တဗျာကရဏိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ နိမိတ္တဗျာကရဏိယမထေရ်လောင်းသည် နက္ခတ် ဗေဒင်အရာ၌ ကျွမ်းကျင်သူ ဆရာကြီးတစ်ဆူ ဖြစ်ခဲ့ပုံ၊ တော်လဲသံကြီးများ ပြင်းထန်စွာ မြည်ဟီးလျက် မြေငလျင်ကြီး အပြင်းအထန် တုန်လှုပ်သည့်အခါ သုံးလောကထွဋ်ထား မြတ်စွာဘုရားသခင် ပွင့်တော်မည့် နိမိတ်ကောင်းများ ဖြစ်ကြောင်း ပြောကြားလျက် လူအပေါင်းအား ကိုယ်ကျင့်သီလများကို လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်စေခဲ့ပုံ၊ ဘုရားရှင်ပွင့်တော်မူမည့်အကြောင်း ဗေဒင်နိမိတ်ဟောကြားခြင်း ကုသိုလ်ကောင်းမှုကံ၏ အကျိုးအာနိသင်ကြောင့် ကမ္ဘာပေါင်းများစွာ အပါယ်ဒုဂ္ဂတိဘေးမှ ကင်းဝေးခဲ့ရပုံ၊ ဤဂေါတမဘုရားရှင် လက်ထက်တော်၌ အာသဝေါကုန်ခန်းကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နိမိတ္တသညကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် စန္ဒဘာဂါမြစ်ကမ်းရှိ သစ်ပင်ကျောင်း၌ နေခဲ့ပုံ၊ တော၌ ရွှေသမင်ကို မြင်ခဲ့ရ၍ ဘုရားရှင်ကို သတိရပုံ၊ ‘‘ပွင့်ပြီး၊ ပွင့်ဆဲ၊ ပွင့်လတ္တံ့သော ဘုရားရှင်တို့သည် ရွှေသမင်ကဲ့သို့ တင့်တယ်တော်မူကြပါကုန်၏’’ဟု အောက်မေ့ခဲ့ပုံ၊ ဘုရားဟူသော အမှတ်သညာကို ရသော ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိခဲ့ဘဲ နှစ်ဆယ့်ခုနစ်ကမ္ဘာ အထက်၌ အရညသတ္တမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နိမိပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထုသည် ကုမ္ဘကာရဇာတက၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၅၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နိသဘတ္ထေရဝတ္ထု

ဤဝတ္ထု၌ နိသဘမထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ‘‘သီးသီး’’ လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ နိသဘလုလင်ဖြစ်လာပုံ၊ မြတ်စွာဘုရားထံမှ တရားနာယူရ၍ ရဟန်းပြုကာ ဝိပဿနာ ပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နိသီဒနာဒိအနုဇာနနဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် အစားကောင်းများကို သုံးဆောင်ရပြီး သတိလက်လွတ် အိပ်စက်ကြသဖြင့် အိပ်မက်ထဲ၌ သုက်လွတ်ကြရာ ကျောင်းသည် သုက်တို့ဖြင့် ညစ်ပေနေပုံ၊ ဘုရားရှင် ကျောင်းလှည့်လည်စဉ် ထိုသို့သော အဖြစ်မျိုးကို မြင်ရသဖြင့် သုက်ကြောင့် ကျောင်းမညစ်ညမ်းစေရန် နိသီဒိုင်အခင်းကို ခင်းရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နိေဿဏိဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကောဏ္ဍည ဘုရားရှင်အား ပြာသာဒ်သို့ တက်ရန်အလို့ငှာ လှေကားကို ပြုလုပ်လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် စည်းစိမ်ချမ်းသာ၏ ပြည့်စုံခြင်းကို အစဉ်ခံစားခဲ့ရပုံ၊ လွန်ခဲ့သော ကမ္ဘာသုံးသောင်းအထက်၌ သမ္ဗဟုလမည်သော စကြဝတေးမင်း သုံးကြိမ်ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နိဠိနိကာဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် အဘိညာဉ်ရ ရသေ့ဖြစ်၍ ဣသိသိင်္ဂအမည်ရသော သားငယ်ရသေ့နှင့်အတူ ဟိမဝန္တာ၌ နေခဲ့ပုံ၊ ဣသိသိင်္ဂရသေ့၏ ပြင်းထန်သော ဈာန်တန်ခိုးကို ဖျက်ဆီးလိုသော သိကြားမင်းသည် ဗြဟ္မဒတ်မင်း၏ အကူအညီဖြင့် မင်း၏ သမီးတော် နိဠိနိကာကို စေလွှတ်ခဲ့ပုံ၊ ဝံကိုက်သော အနာကို ဆေးကုပေးရန် ပြောဆိုပြီး ဖြားယောင်း သွေးဆောင်၍ သီလပျက်စီးစေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၂၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နီတတ္ထတ္ထေရဝတ္ထု

ဤဝတ္ထု၌ နိတတ္ထထေရ်လောင်း အမျိုးကောင်းသားသည် အမျိုးဇာတ် ယုတ်နိမ့်သော ပန်းမှိုက်သွန်(မစင်ကျုံးသည့်) အမျိုးဖြစ်သော်လည်း ရဟန်းဘောင်သို့ ဝင်ရောက်၍ အရဟတ္တဖိုလ်၌ တည်ပုံ၊ အရိယဝံသအကျင့် ဓုတင်ကို ဖြည့်ကျင့်ရန် ကြံစည်နေသော အရှင်နီတတ္ထအား ဗြဟ္မာတို့က ရှိခိုးကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နီတတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုနန္ဒအမည်ရှိသော ပုဏ္ဏားဖြစ်၍ ယဇ်ပူဇော်ရန် စီစဉ်နေစဉ် ဘုရားရှင်ကောင်းကင်၌ စင်္ကြံကြွနေသည်ကို တွေ့မြင်ရသဖြင့် ပန်းတို့ဖြင့် ပစ်မြှောက်ပူဇော်ခဲ့ပုံ၊ ဤကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် သာသနာ တော်၌ သာဝတ္ထိမြို့၌ ပုဏ္ဏားအမျိုးသားဖြစ်၍ ရဟန်းပြုကာ ဝိပဿနာပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နေမိတ္တိကဝတ္ထု

ဤဝတ္ထု၌ မင်းတစ်ပါးသည် လက်ထဲတွင် ပုလဲသုံးလုံးကို ဝှက်ထားပြီး ပုရောဟိတ်အား ‘‘ဘယ်အရာရှိသနည်း’’ဟု မေးပုံ၊ ပုရောဟိတ်က ထိုအချိန်တွင် အိမ်မြှောင်တစ်ကောင်သည် ယင်ကောင်တစ်ကောင်ကို ဖမ်းရာ မမိဘဲ လွတ်သွားသဖြင့် မုတ္တဟူသော ပါဠိစကားမှာ ပုလဲ၊ လွတ်မြောက်ခြင်းဟု အဓိပ္ပါယ်ထွက်၍ ပုလဲဟု ဖြေပုံ၊ ‘‘ပုလဲ ဘယ်နှစ်လုံးလဲ’’ ဟု ထပ်မေးလျှင် ပုရောဟိတ်သည် မနီးမဝေးမှ ကြက်သုံးကြိမ်တွန်သံကို နိမိတ်ကောက်ယူ၍ သုံးလုံးဟု မှန်ကန်စွာ ဖြေဆိုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၇၀) (အံ၊ဋ္ဌ၊၂၊၁၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နေရုဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရွှေဟင်္သာမျိုး၌ ဖြစ်၍ ညီငယ်နှင့်အတူ စိတ္တကူဋ တောင်မှ နေရုမည်သော ရွှေတောင်သို့ ရောက်ကြသောအခါ ရွှေတောင်၏ အရောင်ကြောင့် သတ္တဝါအားလုံး ရွှေအဆင်းရှိနေပုံ၊ ဤဒေသသည် ‘‘အယုတ်၊ အလတ်၊ အမြတ်ခွဲခြားမှု မရှိ၊ ထို့ကြောင့် ဤအရပ်တွင် မနေသင့်’’ဟု ညီငယ်အား ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နေသဇ္ဇိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ညီအစ်ကို မထေရ်နှစ်ပါးတို့သည် တစ်ကျောင်းတည်း၌ နေကြစဉ် အစ်ကိုမထေရ်မှာ နေသဇ္ဇိက(မအိပ်ဘဲ နေသောအကျင့်) ဓုတင်ကို ဆောင်သော်လည်း အခြားသူများကို အသိမပေးလိုပုံ၊ တစ်ညတွင် နိသဇ်ဓုတင်ကျင့်နေခိုက် လျှပ်စီးအလင်းရောင်ဖြင့် ညီဖြစ်သူက တွေ့မြင်သွားသောအခါ ထိုမထေရ်သည် နောက်မှ ပြန်ဆောက်တည်မည်ဟု နှလုံးသွင်းကာ ချက်ချင်းပင် လှဲအိပ်လိုက်၍ ဓုတင်ဖျက်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋီ၊၁၊၉၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

နှာတကမုနိတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့ လက်ထက်၌ ပြုခဲ့သော ကုသိုလ် ကြောင့် နောက်ဆုံးဘဝ၌ ရာဇဂြိုဟ်မြို့ ပုဏ္ဏားမျိုး၌ ဖြစ်ခဲ့ပုံ၊ ရသေ့ပြုကာ ကြိတ်ဆန် (နတ်ကောက်ဆန်)တို့ကို စားပြီး မီးကို ပြုစုလုပ်ကျွေးခဲ့ပုံ၊ ဘုရားရှင် ကြွရောက်တော်မူ၍ တရားဟောတော်မူရာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပက္ကဂေါဓဇာတက

ဤဇာတ်တော်၌ မုဆိုးတစ်ယောက်သည် မီးကင်ပြီးသား ဖွတ်တစ်ကောင်ကို ခရီးပန်းလာသော မင်းသား ဇနီးမောင်နှံတို့အား ပေးခဲ့ပုံ၊ ရေအိုင်အနီးသို့ ရောက်သောအခါ မင်းသားက ညောင်ပင်ရင်း၌ ထိုင်နေလျက် မင်းသမီးကို ဖွတ်သား စားရန် ရေခပ်ခိုင်းပုံ၊ မင်းသမီး ရေသွားခပ်နေစဉ် မင်းသားက ဖွတ်တစ်ကောင်လုံး စားသောက်ပြီး အမြီးဖျားလေးကိုသာ ချန်ထားကာ မင်းသမီး ပြန်လာသောအခါ ဖွတ် တောင်ပို့ထဲသို့ ဝင်ပြေးသဖြင့် လိုက်ဖမ်းရာ အမြီးလေးသာ ဖမ်းမိကြောင်း ပြောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပက္ခဂဏနာဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် စောဒနာဝတ္ထုအရပ်မှ ရာဇဂြိုဟ်သို့ ကြွတော်မူသောအခါ ဆွမ်းခံဝင်သော ရဟန်းတို့ကို လူတို့က ရက်လ ပက္ခများကို မေးမြန်းကြပုံ၊ မသိပါဟု ဖြေကြားသံကို လူတို့ ကြားရသောအခါ နေ့ရက်ကိုမျှ မသိကြ၊ အခြားမြင့်မြတ်သည့် တရားများကိုအဘယ်မှာ သိနိုင်ကြမည်နည်းဟု ကဲ့ရဲ့ကြသဖြင့် နေ့ရက်၊ နှစ်၊ လ၊ ပက္ခများကို သင်ကြားထားကြရန် ဘုရားရှင်က မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပက္ခတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဘီလူးစစ်သူကြီး ဖြစ်စဉ် ဝိပဿီမြတ်စွာဘုရားအား နတ်အဝတ်အစား သင်္ကန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သက္ကတိုင်း ဒေဝဒဟမြို့ သာကီဝင်မင်းမျိုး၌ ဖြစ်ခဲ့ပုံ၊ ဘုရားရှင် ကပိလဝတ္ထုမြို့သို့ ပထမဆုံးအကြိမ် ကြွလာတော်မူသောအခါ သံဝေဂရကာ ရဟန်းပြုလာပြီးနောက် ဝိပဿနာရှုပွားကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပစ္စယမထေရ်အလောင်းသည် ဝိပဿီဘုရားရှင်ထံ ရေသဖန်းသီးခဲ့လှူခြင်း၊ ကဿပဘုရားရှင် လက်ထက်တော်၌ ဝိပဿနာရှုပွားခြင်း ကုသိုလ်တို့ကြောင့် ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ပစ္စယမင်း ဖြစ်လာပုံ၊ ဘုရားရှင်ထံမှ တရားတော် နာရ၍ ထီးနန်းစွန့်ရန် ဆုံးဖြတ်ချက်ချပြီး ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စာဂမနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိန္ဓုမြစ်ကမ်းနား၌ စက္ကဝါက်ငှက် ဖြစ်ခဲ့ပုံ၊ နှုတ်သီးဖြင့် အင်ကြင်းပန်းကို ချီ၍ ဝိပဿီဘုရားရှင်အား ကပ်လှူပူဇော်ခဲ့ပုံ၊ ငှက်တိရစ္ဆာန် ဖြစ်ပါလျက် ကုသိုလ်မျိုးစေ့ကို စိုက်ပျိုးခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိခဲ့ဘဲ လွန်ခဲ့သော တစ်ဆယ့်ခုနစ်ကမ္ဘာအထက်၌ သုစာရုဒဿနမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စုဂ္ဂမနီယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပစ္စုဂ္ဂမနီယထေရ်လောင်း အမျိုးကောင်းသားသည် တစ်လောကလုံး၏ မီးရှုးတန်ဆောင်သဖွယ် ဖြစ်တော်မူ၍ ခြင်္သေ့မင်း၏ တင့်တယ်ခြင်းမျိုးဖြင့် ကြွလာတော်မူသော သိဒ္ဓတ္ထဘုရားရှင်အား ကြည်ညိုလေးစားသော စိတ်ထားဖြင့် ခရီးဦးကြို ပြုခဲ့ပုံ၊ ဤကုသိုလ်ကောင်းမှု၏ အကျိုးဆက်ကြောင့် ဒုဂ္ဂတိဘုံဘဝများသို့ မရောက်ခဲ့ဘဲ လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤကမ္ဘာမှ ပြန်၍ ရေတွက်သော် (၃၇) ကမ္ဘာအထက်၌ သပရိဝါရဟူသော အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့ပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၁) (အပ၊ဋ္ဌ၊၂၊၁၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စုပဋ္ဌာနသညကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပစ္စုပဋ္ဌာနသညကမထေရ်လောင်း အမျိုးကောင်းသားသည် အတ္ထဒဿီဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသွားပြီးနောက် စည်းစိမ်အခြံအရံနှင့် ပြည့်စုံသော ဘီလူးမျိုး၌ ဖြစ်ခဲ့ပုံ၊ စည်းစိမ်အခြံအရံနှင့် ပြည့်စုံသော်လည်း ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်သွားပြီဖြစ်သဖြင့် အလှူဒါန မပြုရ၍ စိတ်သောကရောက်နေစဉ် သာဂရမထေရ် ရောက်ရှိလာပြီး ‘‘သက်တော်ထင်ရှား မြတ်စွာဘုရား၌လည်းကောင်း၊ မုန်ညင်းစေ့မျှရှိသော ဘုရားရှင်၏ ဓာတ်တော်၌လည်းကောင်း၊ စိတ်ထားတူညီစွာ ထား၍ ကုသိုလ်ကောင်းမှုပြုလျှင် အကျိုးပေး အတူတူပင် ဖြစ်ကြောင်း’’ တရားဟောပုံ၊ ထို့နောက် ဘီလူးသည် ဘုရားရှင်၏ ဓာတ်တော်များကို စေတီတည်ကာ ငါးနှစ်ပတ်လုံး ကုသိုလ်ကောင်းမှု ပြုခဲ့ပုံ၊ ထိုကုသိုလ်၏ အကျိုးဆက်ကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီမင်းတစ်ပါးသည် ပစ္စေကဗုဒ္ဓါအရှင်သူမြတ်တို့အား ‘‘အရှင်ဘုရားတို့သည် အဘယ်သူတို့ပါနည်း’’ဟု မေးမြန်းလျှောက်ထားသောအခါ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ရသမျှသော ဆွမ်းဘောဇဉ်တို့ကို ရွံရှာခြင်း ကင်းစွာ သုံးဆောင်တတ်သည့် အနဝဇ္ဇဘောဇီများ ဖြစ်ကြောင်း မိန့်ကြားတော်မူကြပုံ၊ မင်းကြီးက စမ်းသပ်လိုသဖြင့် ပဌမတစ်ရက် နှစ်ရက်တို့၌ မကောင်းသော ဆန်ကွဲထမင်း ပအုံးရည်ဟင်းတို့ဖြင့် ဆက်ကပ်ပြီး နောက်ရက်များ၌ အလွန်ဆန်းကြယ်ကောင်းမွန်သော ဆွမ်းခဲဖွယ်တို့ဖြင့် ဆက်ကပ်ပုံ၊ ပစ္စေကဗုဒ္ဓါအရှင်သူမြတ်များက ခဲဖွယ်ဘောဇဉ်ကောင်းသည့်နေ့၌ဖြစ်စေ၊ မကောင်းသည့်နေ့၌ဖြစ်စေ ရွံရှာခြင်းကင်းစွာ ဘုဉ်းပေးတော်မူကြပုံ၊ မင်းကြီးသည် ထိုအခြင်းအရာကို တွေ့မြင်ပြီး သံဝေဂရကာ ရဟန်းပြုပြီး ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၈၃) (အပ၊ဋ္ဌ၊၁၊၁၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဗြဟ္မာ့ပြည်မှ စုတေလာသူ ဗာရာဏသီမင်းသားသည် အိမ်ထောင်ပြုလိုစိတ်မရှိခဲ့ပုံ၊ ခမည်းတော် မယ်တော်တို့၏ တိုက်တွန်းမှုကြောင့် ရွှေရုပ်နှင့်တူသော အမျိုးသမီးကို ရှာခိုင်းခဲ့ပုံ၊ မဒ္ဒရာဇ်ပြည် သာဂလမြို့မှ မင်းသမီးလေးကို တွေ့၍ ဆောင်ယူလာစဉ် ကွယ်လွန်ခဲ့သည်ကို ဆင်ခြင်ရာ သံဝေဂရပြီး ပစ္စေကဗုဒ္ဓါ ဖြစ်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၆၀) (အပ၊ဋ္ဌ၊၁၊၁၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ပစ္စေကဗုဒ္ဓါလောင်း အမျိုးကောင်းသားနှစ်ယောက်တို့သည် ကဿပဘုရားရှင်လက်ထက်တော်၌ သာသနာတော်တွင်းသို့ ဝင်ရောက် ရဟန်းပြုပြီး အနှစ်နှစ်သောင်းကာလပတ်လုံး ဂတပစ္စာဂတဝတ် ဖြည့်ကျင့်ခဲ့သဖြင့် ကွယ်လွန်သောအခါ နတ်ပြည်၌ ဖြစ်ကြပုံ၊ နတ်ပြည်မှ စုတေသောအခါ အကြီးဖြစ်သူက ဗာရာဏသီမင်း၏ သားဖြစ်ပြီး အငယ်ဖြစ်သူက ပုရောဟိတ်၏ သားဖြစ်ကာ အတတ်ပညာ ရှာဖွေကြပုံ၊ တိုင်းပြည်၏ အစွန်အဖျား အရပ်သို့ ရောက်သောအခါ လူအများက ပစ္စေကဗုဒ္ဓါအရှင်မြတ်ငါးပါးတို့အား ရိုသေစွာ ဆွမ်းလုပ်ကျွေးသည်ကို တွေ့မြင်ရသဖြင့် ပစ္စေကဗုဒ္ဓါတို့ထံ ပညာသင်ရန် ရဟန်းပြုကြပုံ၊ ပုရောဟိတ်၏သားသည် ရဟန်းဝတ်ပြီး မကြာမီပင် ဈာန်ရသော်လည်း မင်းသားရဟန်းမှာမူ ပျင်းရိငြီးငွေ့သဖြင့် ပုရောဟိတ်သားရဟန်းထံ မကြာခဏ လာလေ့ရှိပုံ၊ တစ်နေ့သောအခါ ပုရောဟိတ်သားရဟန်းက အတွေ့မခံတော့ဘဲ တစ်ယောက်တည်း တောထဲသွားကာ တရားအားထုတ်သဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ခဲ့ပုံ၊ မင်းသားရဟန်းလည်း သံဝေဂရကာ တရားအားထုတ်သဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၈၁) (အပ၊ဋ္ဌ၊၁၊၁၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ပါဒလောလဗြဟ္မဒတ်မင်းကြီးသည် စောစောစီးစီး ယာဂုထမင်း စသည်တို့ကို စားသောက်ကာ ပြာသာဒ်သုံးဆောင်သို့ လှည့်လည်ကြည့်ရှုလေ့ရှိပုံ၊ တစ်နေ့သောအခါ မင်းကြီးသည် ကချေသည်အငယ်လေးများ ကပြအသုံးတော်ခံသည့် ပြာသာဒ်သို့ သွားရောက်ကြည့်ရှုစဉ် သဘောကျနှစ်ခြိုက်မှုမရှိသဖြင့် ကချေသည်သက်လတ်အရွယ်များ နေထိုင်သည့် ပြာသာဒ်သို့ သွားပုံ၊ ထိုပြာသာဒ်ရှိ ကချေသည်များက နတ်သမီးများကဲ့သို့ အစွမ်းကုန် ကပြသော်လည်း မင်းကြီးသည် ပျင်းရိငြီးငွေ့ကာ ကချေသည်ကြီးများ နေထိုင်သည့် ပြာသာဒ်သို့ တစ်ဖန်သွားပုံ၊ ထိုပြာသာဒ်၌လည်း ငြီးငွေ့မှုဖြစ်သဖြင့် မင်းအဖြစ်ကို စွန့်လွှတ်ပြီး ရဟန်းဝတ်ကာ ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၀၁) (အပ၊ဋ္ဌ၊၁၊၂၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီ၌ ပိုလျှံသော စပါးဟောင်းများကို လူတို့က သယ်ထုတ်စွန့်ပစ်နေကြပုံ၊ ဘုရင်က မေးသော် စပါးအသစ်ထည့်ရန်် အဟောင်းများကို စွန့်ပစ်ကြောင်း ဖြေကြားကြပုံ၊ ဘုရင်က မဏ္ဍပ်ထိုးပြီး အလှူပေးရန် အမိန့်ပေးသော်လည်း မိစ္ဆာဒိဋ္ဌိအမတ်က ‘‘လှူဒါန်းမှုသည် အကျိုးမရှိ’’ဟု ဆိုကာ ဘုရင့်အမိန့်ကို မလိုက်နာကြပုံ၊ ဘုရင်သည် ‘‘ယုတ်မာသောသူတို့နှင့် ပေါင်းသင်းဆက်ဆံနေသဖြင့် အကျိုးမရှိပေ’’ဟု ဆုံးဖြတ်ကာ တောထွက် ဝိပဿနာရှုပွား၍ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၉၇) (အပ၊ဋ္ဌ၊၁၊၂၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ အနိဝတ္တမင်းသည် ဥယျာဉ်သို့ သွားရာ တောမီးသည် မြက်အားလုံးကို နောက်မဆုတ်ဘဲ ရှေ့သို့သာ တိုး၍ လောင်ကျွမ်းသကဲ့သို့ သတ္တဝါတို့အား မီး(၁၁)ပါးတို့က လောင်ကျွမ်းခြင်းကို နိမိတ်ယူ၍ အရိယာမဂ်ဉာဏ်ဖြင့် ကိလေသာတို့ကို ပယ်ဖြတ်ရန် ဆန္ဒရှိပုံ၊ ထို့နောက် ပိုက်ကွန်ကို ဖောက်ထွက်သွားသော ငါးကို နိမိတ်ယူ၍ အရိယာမဂ်ဉာဏ်ဖြင့် တဏှာ ဒိဋ္ဌိပိုက်ကွန်ကို ဖျက်ခွဲမည်ဟု ကြံ၍ ရဟန်းပြုကာ ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၀၂) (အပ၊ဋ္ဌ၊၁၊၂၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဧကပုတ္တကဗြဟ္မဒတ်မည်သော ဗာရာဏသီမင်းအား အလွန်ချစ်ခင်အပ်သော သားတစ်ယောက်ရှိ၍ သွားရာနေရာတိုင်း ခေါ်သွားလေ့ရှိပုံ၊ သို့သော် တစ်နေ့တွင် ဥယျာဉ်သို့ သွားရာ၌ ထိုသားကို ထားခဲ့ရာ သားသည် ရုတ်တရက် သေဆုံးသွားသဖြင့် အမတ်များက မင်းအား အသိမပေးဘဲ သင်္ဂြိုဟ်လိုက်ကြပုံ၊ မင်းသည်ဥယျာဉ်၌ အရက်သေစာ မူးယစ်နေခြင်းကြောင့် မေ့လျော့နေရာ နောက်တစ်နေ့ရောက်မှ ထိုအကြောင်းကို သိရပုံ၊ မင်းသည် သောကကို ပြင်းစွာ ခံစားရပြီး နောက်ဆုံး၌ ဖြစ်လျှင်ပျက်ရမြဲဟူသော သဘောကို သုံးသပ်ရှုပွားသောကြောင့် ပစ္စေကဗုဒ္ဓါ ဖြစ်ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၇၅) (အပ၊ဋ္ဌ၊၁၊၁၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဧကဝဇ္ဇိကဗြဟ္မဒတ်မင်းသည် သိမ်မွေ့နူးညံ့သူ ဖြစ်၍ အမတ်များစွာတို့ကမူ အလွန်လောဘကြီးသူများ ဖြစ်ကြသောကြောင့် မိမိတို့ လိုရာကို အသီးသီး တောင်းဆိုကြသဖြင့် မင်းကြီးသည် ငြီးငွေ့ကာ ရဟန်းပြုခဲ့ပုံ၊ တစ်ဖန် အမတ်အချို့က နယ်မြေရရှိရေးနှင့် ပတ်သက်၍ ငြင်းခုံတိုင်တန်းကြသဖြင့် သူတို့၏ အလိုလောဘအပြစ်ကို မြင်ပြီး ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၇၄) (အပ၊ဋ္ဌ၊၁၊၁၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ စက္ခုလောလဗြာဟ္မဒတ်အမည်ရှိသော မင်းသည် ကချေသည်များကို ကြည့်ရှုရာ၌ အလွန်နှစ်သက်မြတ်နိုး၍ တဏှာရာဂ တိုးပွားလေ့ရှိပုံ၊ တစ်နေ့တွင် ကချေသည်များကို ကြည့်ရန် လာသော သူကြွယ်၏ မယားတစ်ယောက်ကို မြင်၍ တဏှာရာဂ တိုးပွားရာမှ နောင်တရပြီး ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၀၃) (အပ၊ဋ္ဌ၊၁၊၂၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ စာတုမာသိကဗြဟ္မဒတ်မင်းသည် ဥယျာဉ်တော်သို့ သွားသောအခါ နွေဦးရာသီ၌ စိမ်းစိုသော အရွက်များနှင့် လှပတင့်တယ်သော အပွင့်ရှိသော ပင်လယ်ကသစ်ပင်ကို တွေ့ရပုံ၊ နွေနှောင်းရာသီတွင် တစ်ဖန် သွားသောအခါတွင်မူ အရွက်များ ကြွေကျ၍ သစ်ခြောက်ပင်ကဲ့သို့ ဖြစ်နေသော ပင်လယ်ကသစ်ပင်ကို တွေ့ရသောအခါ သက်မဲ့ရုပ်တရားတို့သည်ပင် ရင့်ရော်ဆွေးမြေ့ခြင်းသဘော ရှိကြောင်းကို သံဝေဂယူပုံ၊ မင်းကြီးသည် ရဟန်းဘဝကို တောင့်တ၍ ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၈၀) (အပ၊ဋ္ဌ၊၁၊၁၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ မင်းတစ်ပါးသည် မေတ္တာဈာန် စသည်ကို ရခဲ့၍ မင်းအဖြစ်သည် ဈာန်ချမ်းသာခံစားခြင်း၏ အန္တရာယ် ဖြစ်သည်ဟု သိမြင်၍ ရဟန်းပြုကာ ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီမင်းတစ်ပါးသည် အမတ်တို့က မတရားသဖြင့် ဆုံးဖြတ်သောကြောင့် မိမိကိုယ်တိုင် တရားရုံးထိုင်သည်ရှိသော် လူတို့၏ ဆူဆူညံညံအသံကို ငြီးငွေ့ပုံ၊ မင်းအဖြစ်ကို စွန့်လွှတ်ကာ မြင့်မြတ်သော ရဟန်းဘဝကို ခံယူခဲ့ပုံ၊ တရား၌ စိတ်စိုက်သဖြင့် ပါရမီဉာဏ် ရင့်သန်သူ ဖြစ်သောကြောင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၆၄) (အပ၊ဋ္ဌ၊၁၊၁၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီမင်းတစ်ပါးသည် သူ၏ခန္ဓာကိုယ်တွင် အနာကြီးပေါက်ရာ ဤရုပ်ခန္ဓာကြီးကို အမှီပြု၍ ကာမဂုဏ်တို့သည် သတ္တဝါတို့အတွက် ဘေးရန်နှင့် အိုင်းအမာဖြစ်ကြောင်း ဆင်ခြင်ပုံ၊ ကာမဂုဏ်တို့၏ အပြစ်ကို ဆင်ခြင်၍ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာ များပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၈၉) (အပ၊ဋ္ဌ၊၁၊၁၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ သီတာလုကမည်သော ဗာရာဏသီမင်းတစ်ပါးသည် ရဟန်းပြု၍ တော၌ နေစဉ် ဆင်းရဲဒုက္ခမျိုးစုံတို့ကို တွေ့ရ၍ စိတ်အားလျော့ပုံ၊ နောင်အခါ၌ စိတ်၏ အလိုသို့ မလိုက်ဘဲ သည်းခံ၍ ကျင့်ကြံသောကြောင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၉၀) (အပ၊ဋ္ဌ၊၁၊၁၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီမင်းတစ်ပါးသည် အနှစ် (၂၀) မင်းပြုခဲ့ပြီး ကွယ်လွန်သောအခါ ငရဲကျ၍ ငရဲမှ လွတ်သော် ဟိမဝန္တာတော၌ ဆင် ဖြစ်ခဲ့ပုံ ၊ မင်းအဖြစ် ပြုရခြင်းသည် ပြုမူလုပ်ကိုင်ပုံ မှားယွင်းက ငရဲသို့ ယိမ်းတတ်ပုံ၊ ဆင်မင်းသည် တော၌ ဆင်အပေါင်းအဖော်ကို ငြီးငွေ့၍ တစ်ကောင်တည်းနေရန် ကြံစည်ပြီး မြေးဖြစ်သော ဗြဟ္မဒတ်မင်း၏ ဥယျာဉ်သို့ သွားခဲ့ပုံ၊ ဗြဟ္မဒတ်မင်းကြီးသည် ဆင်ကြီး၏ ပြောပြချက်အရ သတိရကာ တောထွက်ပြီး ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၉၁) (အပ၊ဋ္ဌ၊၁၊၁၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ပစ္စန္တရာဇ်မင်းတစ်ပါးသည် တိုင်းပြည်ငယ်တစ်ခု၌ မင်းပြုလုပ်သော်လည်း ပညာကြွယ်သောကြောင့် ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အုပ်ချုပ်နိုင်ပုံ၊ သူရဲကောင်းရွေးချယ်ရာ၌ နည်းပရိယာယ် ကြွယ်ဝပုံ၊ လောကီ၌သာကျက်စားရသော မိမိဉာဏ်ပညာကို အားမရငြီးငွေ့၍ ရဟန်းပြုကာ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၀၈) (အပ၊ဋ္ဌ၊၁၊၂၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ မင်းတစ်ပါးသည် တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေစဉ် မေတ္တာဈာန်ကို ရရှိပုံ၊ ထိုဈာန်မလျှောစေရန် မင်းအဖြစ်ကို စွန့်လွှတ်ကာ တောထွက်၍၊ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၂၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဂေါတမမြတ်ဗုဒ္ဓမတိုင်မီ နောက်ဆုံး ပစ္စေကဗုဒ္ဓါအဖြစ် ပွင့်တော်မူခဲ့သော မာတင်္ဂပစ္စေကဗုဒ္ဓါသည် သိဒ္ဓတ္ထမင်းသား ဖွားမြင်သောအခါ နတ်အပေါင်းတို့ ဘုရားလောင်းကို ပူဇော်ရန် သွားသည်ကို တွေ့မြင်ရပြီး ဘုရားပွင့်တော်မူတော့မည်ကို သိတော်မူသဖြင့် ဟိမဝန္တာတော၌ ပရိနိဗ္ဗာန် ပြုတောမူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၁၆) (အပ၊ဋ္ဌ၊၁၊၂၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ပစ္စေကဗုဒ္ဓါလောင်း အမျိုးကောင်းသားတစ်ယောက်သည် ကဿပဘုရားရှင်လက်ထက်တော်၌ သာသနာတော်သို့ ဝင်ရောက် ရဟန်းပြုကာ ဂတပစ္စာဂတကျင့်ဝတ်ကို နှစ်ပေါင်း နှစ်သောင်းတိုင်တိုင် ဖြည့်ကျင့်ခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် နတ်ပြည်တို့၌ ဖြစ်ကာ ထိုမှ စုတေသောအခါ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းအဖြစ်ကို ရရှိခဲ့ပုံ၊ မင်းကြီးသည် တိုင်းပြည်အုပ်ချုပ် မင်းလုပ်လျက်ရှိစဉ်ပင် အဘိညာဉ်သမာပတ်တို့ကို ရရှိခဲ့ပုံ၊ တစ်နေ့သောအခါ တရားစီရင်ဆုံးဖြတ်နေစဉ် ဆူညံသောအသံများကို ကြားရသဖြင့် အမတ်ကြီးတစ်ယောက်အား တရားနှင့်အညီ တိုင်းပြည်အုပ်ချုပ်ရန် မှာကြားပြီး မည်သူ့ကိုမျှ တွေ့ခွင့်မပေးဘဲ ပြာသာဒ်အပေါ်ဆုံးအထပ်သို့ တက်ကာ သမာပတ်ချမ်းသာဖြင့် နေခဲ့ပုံ၊ မိဖုရားကြီးက အမတ်ကြီးအား ‘‘တိုင်းပြည်ကို လက်ခံလျှင် မိမိကိုလည်း လက်ခံရမည်ဖြစ်ကြောင်း’’ ခြိမ်းခြောက်ပြောဆိုကာ မိဖုရားကြီးနှင့် အမတ်ကြီးတို့ ဖေါက်ပြန်ပျက်စီးကြပုံ၊ ထိုအကြောင်းအရာကို မင်းကြီး သိရှိသွားပြီး အမတ်ကြီးနှင့် မိဖုရားကြီးတို့ကို တိုင်းပြည်မှ နှင်ထုတ်ကာ မေတ္တာဈာန်ကို အခြေခံလျက် တရားရှုမှတ်သဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၅၂) (အပ၊ဋ္ဌ၊၁၊၁၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ပစ္စေကဗုဒ္ဓါလောင်း အမျိုးကောင်းသားတစ်ယောက်သည် ကဿပဘုရားရှင်လက်ထက်တော်၌ သာသနာတော်တွင်း ဝင်ရောက်ကာ ကမ္မဋ္ဌာန်းအားထုတ်လျက် ကွယ်လွန်သောအခါ သူဌေးမျိုး၌ ဖြစ်ခဲ့ပုံ၊ သူဌေးသားသည် သူတစ်ပါးသားမယားများကို ဖောက်ပြားလွန်ကျူးသဖြင့် သေလွန်သောအခါ ငရဲကျပြီး ငရဲမှ လွတ်လာသောအခါ သူဌေးသမီးတစ်ယောက်ဖြစ်လာခဲ့ပုံ၊ အရွယ်ရောက်သောအခါ မိဘများက အခြားသူဌေးသားတစ်ယောက်နှင့် ထိမ်းမြားပေးကြပုံ၊ လင်ယောကျ်ားနှင့်တကွ ယောက္ခမများ၏ မျက်မုန်းကျိုးခြင်း၊ မုန်းတီးခြင်း ခံရပုံ၊ နိရောဓသမာပတ်မှ ထလာသော ပစ္စေကဗုဒ္ဓါတစ်ပါးအား အနံ့အရသာနှင့် ပြည့်စုံသော ဆွမ်းဘောဇဉ်များ လှူဒါန်းပြီးနောက် အားလုံးတို့၏ ချစ်ခင်မှုကို ခံယူရကာ ကွယ်လွန်သောအခါ နတ်ပြည်၌ နတ်သား ဖြစ်ခဲ့ပုံ၊ နတ်ပြည်မှ စုတေသောအခါ ဗာရာဏသီမင်း၏ သားတော်ဖြစ်လျက် ပစ္စေကဗုဒ္ဓါတစ်ပါး၏ ချီးမြှောက်မှုကြောင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၆၈) (အပ၊ဋ္ဌ၊၁၊၁၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီမင်း၏ မိဖုရားကြီး နတ်ရွာစံသွားသဖြင့် အမတ်များက မိဖုရားတစ်ပါး တင်မြှောက်ရန် ရှာဖွေကြပုံ၊ ထိုအချိန်တွင် အနီးအပါး တိုင်းပြည်၌လည်း မင်းကြီးသေဆုံးသွားသဖြင့် ကိုယ်ဝန်နှင့်တကွ မိဖုရားကြီးတစ်ပါး ကျန်ရှိခဲ့ပုံ၊ ဗာရာဏသီမင်းနှင့် ထိုမိဖုရားကြီးကို အမတ်များက အဘိသိက်သွန်းကာ ထိမ်းမြားပေးပြီးနောက် သားတော်လေးတစ်ယောက် ဖွားမြင်ခဲ့ပုံ၊ မောင်းမ အခြွေအရံများက မင်းကြီးနှင့် သားတော်လေးကို သွေးထိုးမြှောက်ပင့် ပြုလုပ်သဖြင့် မင်းကြီး၏အထံသို့ သားတော်လေး မချဉ်းကပ်ပုံ၊ မင်းကြီး ငြီးငွေ့ကာ တိုင်းပြည်ကို စွန့်လွှတ်၍ ရဟန်းပြုခဲ့ပုံ၊ ရဟန်းဝတ်သောအခါ၌လည်း နန်းတွင်းမှ လိုက်ပါလာသော ပရိသတ်များ၏ တစ်ယောက်တစ်ပေါက် ငြူစူပြောဆိုမှုကြောင့် တစ်ပါးတည်း တောထဲသွားကာ တရားအားထုတ်သဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၇၈) (အပ၊ဋ္ဌ၊၁၊၁၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ စားဖိုသည်က ဆုတော်လာဘ်တော်များ ရလိမ့်မည် ဟူသော ရည်ရွယ်ချက်ဖြင့် ဗာရာဏသီမင်းအား အကောင်းဆုံးသော စားဖွယ်သောက်ဖွယ်များကို ချက်ပြုတ်ဆက်ကပ်သော်လည်း မင်းကြီးက သူတစ်ပါး ကဲ့ရဲ့မည်စိုးသဖြင့် စားဖိုသည်အား တစ်စုံတစ်ခုမျှ ချီးမြှောက်မှု မပြုပုံ၊ နောက်တစ်နေ့တွင် စားဖိုသည်က အရသာမရှိသော ထမင်းဟင်းများကို ဆက်ကပ်သောအခါ၌လည်း မင်းကြီးက တစ်စုံတစ်ရာပြောဆိုခြင်း မရှိသဖြင့် ‘‘စားဖိုသည်က မင်းကြီးသည် ကောင်း မကောင်း အရသာကို မသိ’’ ဟု မှတ်ထင်ကာ ဖြစ်သလိုသာ ချက်ပြုတ်ကျွေးပုံ၊ မင်းကြီးသည် သံဝေဂရကာ တိုင်းပြည်ကို စွန့်၍ ရဟန်းဝတ်ပြီး တရားအားထုတ်သဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၉၅) (အပ၊ဋ္ဌ၊၁၊၂၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီမင်းသည် ဥယျာဉ်သို့ တောကစားသွားစဉ် ခြင်္သေ့မတစ်ကောင်သည် ခြင်္သေ့ငယ်ကို ထားခဲ့ပြီး အစာရှာထွက်သွားသည်ကို မြင်ရပုံ၊ မင်းကြီးက ‘‘ခြင်္သေ့တို့သည် မည်သည့်အရာကိုမျှ မကြောက်လန့်’’ ဟူသောစကား မှန်၊ မမှန် စူးစမ်းရန် စည်တော်၊ မောင်း၊ ကြေးနင်းစသည်တို့ကို တီးခတ်စေသောအခါ ခြင်္သေ့ငယ်သည် ခေါင်းမျှပင် ထောင်မကြည့်ဘဲ အိပ်မြဲ အိပ်နေပုံ၊ သုံးကြိမ်တိုင်တိုင် တီးခတ်သောအခါ၌ကား ခေါင်းထောင်ကြည့်ကာ ပြန်၍ အိပ်နေသည်ကို တွေ့မြင်ရသဖြင့် ‘‘ငါလည်းပဲ ဘယ်သောအခါကျမှ တဏှာဒိဋ္ဌိတို့၏ ခြိမ်းခြောက်မှုကို မကြောက်မလန့်ဘဲ နေရပါအံ့နည်း’’ဟု သံဝေဂရပုံ၊ ထို့နောက် တံငါသည်တို့သည် သစ်ကိုင်း၌ ပိုက်ကွန်များကို ချိတ်လျက် ဖြန့်လှန်းထားပုံနှင့် ကြာရွက်၌ ရေမကပ်ငြိပုံတို့ကို တွေ့မြင်ကာ သံဝေဂရပြီး တိုင်းပြည်ကို စွန့်လွှတ်လျက် ရဟန်းဝတ်ကာ ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၁၂) (အပ၊ဋ္ဌ၊၁၊၂၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီမင်းတပါးသည် ဝေဒနာပြင်းထန်စွာ ခံစားနေရစဉ် အမတ်များက ‘‘ဤမင်းသည် အသက်ရှည်လိမ့်မည် မဟုတ်တော့၊ ကိုးကွယ်အားထားရာ အခြားမင်းတစ်ပါးကို ရှာမှီးအံ့’’ဟု ဆိုကာ ဗာရာဏသီမင်းထံမှ ဖဲခွာသွားကြပုံ၊ မင်းကြီးနေကောင်းလာသောအခါ အမတ်များကို မမြင်၍ မေးမြန်းစုံစမ်းပြီး အကျိုးအကြောင်း အားလုံးသိရှိကာ ဆိတ်ဆိတ်နေပုံ၊ ဗာရာဏသီမင်းထံမှ ထွက်ခွာသွားသော အမတ်များသည် အခြားမင်းတို့၏ ချီးမြှောက်ထောက်ပံ့မှုကို မရသဖြင့် ဗာရာဏသီမင်းထံ ပြန်၍ ချဉ်းကပ်ကြပုံ၊ မင်းကြီးက အမတ်များ၏ စိတ်ကို စမ်းသပ်လိုသဖြင့် ရှေးယခင်အတိုင်းပင် နေမကောင်းဟန်၊ ဝေဒနာပြင်းစွာ ခံစားနေရဟန် ဆောင်သောအခါတို့၌လည်း အမတ်များက ထွက်ခွာသွားလေ့ရှိပုံ၊ နောက်ဆုံးအကြိမ်၌ မင်းကြီးသည် သံဝေဂရကာ ငြီးငွေ့လျက် တောထွက်၍ ရဟန်းပြုပြီး ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၁၇) (အပ၊ဋ္ဌ၊၁၊၂၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ စာတုမာသိကဗြဟ္မဒတ်မည်သော မင်းသည် ဥယျာဉ်ကစားထွက်စဉ် အသီးသီးသော သစ်ပင်ကို လူတို့ ခူးယူချိုးဖဲ့ပြီး အသီးမသီးသော သစ်ပင်ကိုမူ အန္တရာယ် မပြုသည်ကို တွေ့ရသဖြင့် မင်းစည်းစိမ်သည် အပွင့်ဝေစည်သော သစ်ပင်ကြီးကဲ့သို့ လူတို့ မက်မောကြောင်း၊ ရဟန်းဘဝသည်ကား အရွက်သာဝေ၍ အပွင့်မရှိသော သစ်ပင်နှင့် တူကြောင်း၊ ဆင်ခြင်တတ်သောသူသည် တစ်ယောက်တည်းသာ တောထွက်၍ ကျင့်သင့်ကြောင်း ဆင်ခြင်မိ၍ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံစသော အကြောင်းအရာများပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ သုတဗြဟ္မဒတ်မင်းကြီးသည် ဗဟုသုတပစ္စေကဗုဒ္ဓါအရှင်မြတ်များကို ဆွမ်းစားပင့်လျှောက်ကာ ဆန်းကြယ်သော တရားစကားများ နာကြားရတော့မည်ဟု ဝမ်းမြောက်ဝမ်းသာဖြင့် မထေရ်ကြီးအား တရားဟောရန် လျှောက်ထားပုံ၊ သံဃာ့ထေရ်ကြီးက ‘‘သုခိတော ဟောတု မဟာရာဇ၊ ရာဂက္ခယော ဟောတု’’ ဟု နှစ်ပါဒမျှကိုသာ ဟောကာ ပြန်ကြွသွားပုံ၊ မင်းကြီးက ဤသံဃာ့ထေရ်သည် ဗဟုသုတရဟန်းမဟုတ်၊ ဒုတိယမြောက် ရဟန်းသည်သာ ဗဟုသုတရဟန်းဖြစ်လိမ့်မည်ဟု မှတ်ထင်ပုံ၊ ဒုတိယရဟန်းကလည်း ‘‘ဒေါသက္ခယော ဟောတု၊ မောဟက္ခယော ဟောတု’’ စသည်ဖြင့် အစဉ်အတိုင်း ရဟန်းတော်များက တစ်ပုဒ်တစ်ပါဒမျှစီကိုသာ ဟော၍ ပြန်ကြွသွားလေ့ရှိပုံ၊ ထို့နောက် သုတဗြဟ္မဒတ်မင်းကြီးသည် ပစ္စေကဗုဒ္ဓါများ ဟောကြားသည့် တရားများကို ဆင်ခြင်ကာ မင်းအဖြစ်ကို ပယ်စွန့်၍ ရဟန်းပြုပြီး ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၉၈) (အပ၊ဋ္ဌ၊၁၊၂၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီမင်းသည် ငယ်စဉ်ကပင် ရဟန်းပြုလိုသော်လည်း မိဖုရားနှင့် အမတ်များက သားတော်တစ်ပါးရသည်အထိ ဆိုင်းငံ့ပါရန် တောင်းပန်ကြပုံ၊ သားတော်မွေးဖွားသောအခါ သားတော်ကို ထီးနန်းအပ်ကာ တောထွက်၍ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၈၅) (အပ၊ဋ္ဌ၊၁၊၁၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီမင်းတစ်ပါးသည် ပထမဈာန်ကို ရခဲ့၍ ထိုဈာန်ကို ဆက်လက် စောင့်ရှောက်ရန် မင်းစည်းစိမ်ကို စွန့်လွှတ်ခဲ့ပုံ၊ ရဟန်းပြုကာ ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီမင်းတစ်ပါးသည် ရဟန်းပြုပြီး မင်းဥယျာဉ်၌ သီတင်းသုံးနေစဉ် ပရိသတ်များ ဆူညံနေပြီး တရားအားထုတ်၍မရ ဖြစ်နေပုံ၊ အာဒိစ္စဗန္ဓုအမည်ရှိသော ပစ္စေကဗုဒ္ဓါတစ်ပါး၏ ဆုံးမမှုကြောင့် တောသို့ ဝင်ပြီး တရားအားထုတ်သောအခါ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၉၂) (အပ၊ဋ္ဌ၊၁၊၂၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီမင်းသည် မြို့ကို လှည့်လည်စဉ် လင်ရှိမယားတစ်ယောက်ကို တွေ့၍ တဏှာရာဂ ဖြစ်ပေါ်ခဲ့ပုံ၊ မင်းသည် ‘‘ငါ့တွင် နတ်သမီးတမျှ လှပတင့်တယ်သော မိဖုရားနှစ်သောင်း ရှိပါလျက် သူတစ်ပါး မိန်းမကို တပ်မက်မိလေပြီ၊ ထိုတဏှာသည် အပါယ်သို့ ဆွဲချတတ်သဖြင့် ယခုပင် ပယ်သတ်အံ့’’ဟု ကြံကာ ဝိပဿနာရှုပွားဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၁၁) (အပ၊ဋ္ဌ၊၁၊၂၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီမင်းတစ်ပါးသည် စစ်ထွက်စဉ် ခြင်္သေ့နှင့်တွေ့၍ ခြင်္သေ့ဟောက်သံ ကြောင့် ဆင်၊ မြင်း၊ ရဲမက်ဗိုလ်ပါတို့ တောသို့ ဝင်ပြေးကြသည်ကို မြင်တွေ့ရပုံ၊ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့မှာမူ အကြောက်တရား မရှိသည်ကို အတုယူကာ ဝိပဿနာရှုပွားသဖြင့် အကြောက်တရားတို့မှ လွန်မြောက်ကာ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၁၄) (အပ၊ဋ္ဌ၊၁၊၂၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီပြည် သူဌေးသားတစ်ဦးသည် ရဟန်းပြုလို၍ မိဘတို့ကို ခွင့်တောင်းကာ ရဟန်းပြုပြီးနောက် အစားအစာ၊ အနေအထိုင် ဆင်းရဲဒုက္ခဒဏ် မခံနိုင်သဖြင့် လူထွက်ခဲ့ပုံ၊ ထို့နောက်တွင်လည်း ရဟန်းပြု၍ လူထွက်ပြန်ပုံ၊ တတိယအကြိမ်တွင်မူ ပျော်ရွှင်စွာ တရားအားထုတ်၍ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၈၇) (အပ၊ဋ္ဌ၊၁၊၁၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီမင်းသည် ထိတ်လန့်ကြောက်ရွံ့မှုရောဂါ ဖြစ်နေသဖြင့် အမတ်တို့က ထိုရောဂါပျောက်ကင်းစေရန် ယဇ်ပူဇော်ဖို့ တိုက်တွန်းကြပုံ၊ တစ်ချိန်က ပါရမီဖြည့်ဖက် ပစ္စေကဗုဒ္ဓါ(၄)ပါးတို့က မင်း၏ အကျိုးကို လိုလားကြသဖြင့် ယဇ်မပူဇော်မီ နန်းတော်သို့ ကြွရောက်လာကြပုံ၊ ပစ္စေကဗုဒ္ဓါတို့က ကြောက်ရွံ့မှု မရှိစေရန် အရပ်(၄)မျက်နှာတို့၌ မေတ္တာပွားရန် ဆုံးမကြပုံ၊ မင်းကြီးသည် မေတ္တာ စသောဗြဟ္မဝိဟာရတရား(၄)ပါးကို ကျင့်၍ ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၇၆) (အပ၊ဋ္ဌ၊၁၊၁၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီမင်းတစ်ပါးသည် ဝဋ်ဆင်းရဲကင်းပြတ်ကြောင့်ကို သိလို၍ အမတ်တို့အား မေးမြန်းရာ အမတ်တို့က မိစ္ဆာဒိဋ္ဌိအယူဝါဒအကြောင်းများကိုသာ ဖြေကြားကြပုံ၊ မင်းကြီးသည် ၎င်းတို့၏ အယူအဆ မမှန်ကန်ကြောင်းကို သိ၍ မိမိကိုယ်တိုင် ဝဋ်ကင်းပြတ်ကြောင့်ကို ရှာမည်ဟု ရည်ရွယ်၍ ရဟန်းပြုကာ ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၉၄) (အပ၊ဋ္ဌ၊၁၊၂၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီမင်းတစ်ပါးသည် စတုတ္ထဈာန်ကို ရခဲ့၍ ထိုဈာန်ကို ဆက်လက် စောင့်ရှောက်ရန် မင်းစည်းစိမ်ကို စွန့်၍ ရဟန်းပြုကာ ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီမင်းတစ်ပါးသည် အမတ်များ ခြံရံလျက် သိလာပဋ္ဋရေကန်၌ ရေကစားခဲ့ပုံ၊ စားဖိုသည်က မင်းကြီးအား အလွန်ကောင်းမွန်သော အစာအာဟာရများကို ချက်ပြုတ်လျက် ဆက်ကပ်ပုံ၊ မင်းကြီးသည် အရသာကောင်းလွန်းသဖြင့် စားသောက်ဖွယ်ရာများကို မည်သူ့ကိုမျှ မပေးဘဲ မိမိတစ်ပါးတည်းသာ သုံးဆောင်ခဲ့ပုံ၊ ထို့နောက် မင်းကြီးသည် ရသတဏှာ၏ လွှမ်းမိုးနှိပ်စက်မှုကို သံဝေဂရကာ ရဟန်းဝတ်ပြီး ဝိပဿနာရှုမှတ်ပွားများသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၀၅) (အပ၊ဋ္ဌ၊၁၊၂၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဝိဘူသကမည်သော ဗာရာဏသီမင်းသည် စားချိန် အိပ်ချိန်မှ လွဲလျှင် တစ်နေကုန် အဝတ်တန်ဆာ ဆင်ယင်ခြင်း၊ မှန်ကြည့်ခြင်း၊ လဲလှယ်ဝတ်ဆင်ခြင်းဖြင့်သာ အချိန်ကုန်နေပုံ၊ ထို့နောက် ကျောအောင့်သော ရောဂါရပြီး တဏှာလောဘသဘောကို ဆင်ခြင်၍ ရဟန်းပြုကာ တရားအားထုတ်သဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၀၀) (အပ၊ဋ္ဌ၊၁၊၂၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တွင် ရဟန်းတော်သုံးပါးသည် ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်ခဲ့ကြပြီး နောင်ဘဝတွင် မင်းဖြစ်ခဲ့ကြပုံ၊ ဗာရာဏသီမင်းသည် ပစ္စေကဗုဒ္ဓါတို့ကို ဖူးမြင်ရ၍ ဝိပဿနာတရား ကြားနာရှုပွားရာ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၆၆) (အပ၊ဋ္ဌ၊၁၊၁၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပစ္စေကဗုဒ္ဓဝတ္ထု

ဤဝတ္ထု၌ ဘယ်ဘက်တွင် လက်ကောက်တစ်ကွင်း၊ ညာဘက်တွင် လက်ကောက်နှစ်ကွင်း ဝတ်ဆင်ထားသော ကိုယ်လုပ်မောင်းမငယ်တစ်ဦးသည် ဗာရာဏသီမင်းကြီး၏ အနီး၌ စန္ဒကူးနံ့သာ သွေးနေပုံ၊ မင်းကြီးသည် မောင်းမငယ်၏ လက်ကောက်နှစ်ကွင်း အချင်းချင်း ရိုက်ခတ်နေသည်ကို ကြည့်၍ ‘‘တစ်ခုတည်း ရှိလျှင် အသံမထွက်၊ နှစ်ခုရှိလျှင် အသံထွက်၏’’ဟု သံဝေဂရပြီး တစ်ယောက်တည်းသာ နေထိုင်လိုစိတ် ဖြစ်ပေါ်လာပုံ၊ ထိုအချိန်၌ မိဖုရားကြီး ရောက်ရှိလာပြီး ကိုယ်တိုင် နံ့သာသွေးသည့်အခါ လက်ကောက်များ အချင်းချင်း ထိခိုက်သည့်အသံများ ဆူညံစွာ ထွက်ပေါ်လာပုံ၊ ဗာရာဏသီမင်းကြီးသည် ထိုအခြင်းအရာကို ကြည့်၍ လွန်စွာ ငြီးငွေ့သွားပြီး ဝိပဿနာ ရှုမှတ်ပွားများသဖြင့် ထိုနေရာ၌ပင် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၈၅) (အပ၊ဋ္ဌ၊၁၊၁၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဇ္ဇောတရာဇဝတ္ထု

ဤဝတ္ထု၌ ဘုရားမပွင့်မီကာလ၌ အမျိုးသားတစ်ယောက်သည် ထမင်းစားရန် ထိုင်နေစဉ် ပစ္စေကဗုဒ္ဓါတစ်ပါး ကြွလာသဖြင့် မိမိအတွက် စီစဉ်ထားသော ထမင်းအားလုံးကို လှူဒါန်းပြီး ဤကောင်းမှုကြောင့် ဖြစ်လေရာဘဝတိုင်း၌ လျင်မြန်သော ဝန်ဆောင်နိုင်သူ ဖြစ်ရပါလို၏ဟု ဆုတောင်းခဲ့ပုံ၊ ထိုအမျိုးသားသည် ဤဂေါတမဘုရားရှင်လက်ထက်တော်၌ လျှင်မြန်သော ဝန်ဆောင်နိုင်သူ ပဇ္ဇောတမင်း ဖြစ်လာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၃၊၃၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စဥပါသကဝတ္ထု

ဤဝတ္ထု၌ ဥပါသကာသီတင်းသည်ငါးယောက်တို့သည် ငါးပါးသီလကို တစ်ယောက်လျှင် တစ်ပါးစီ ခွဲဝေစောင့်ရှောက်ကြပုံ၊ မိမိဆောက်တည်သော သိက္ခာပုဒ်သည်သာ မွန်မြတ်သည်ဟု ငြင်းခုံကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စဥပါသကဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင် တရားဟောတော်မူနေစဉ် ပရိသတ်ထဲမှ ငိုက်နေသူ၊ မြေကြီးကို လက်ဖြင့် ခြစ်နေသူ၊ သစ်ပင်ကို လှုပ်နေသူ၊ ကောင်းကင်ကို မော်ကြည့်နေသူ (၄)ယောက်တို့ကို တွေ့မြင်ရပုံ၊ အရှင်အာနန္ဒာက ထိုသူတို့၏အကြောင်းကို မြတ်စွာဘုရားအား မေးလျှောက်ရာ မြတ်စွာဘုရားက ‘‘သူတို့သည် မြွေဘဝ၊ တီဘဝ၊ မျောက်ဘဝ၊ နက္ခတ်ဆရာဘဝမှ လာကြကြောင်း’’ ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စဂ္ဂဒါယက ဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ဦးဦးဖျားဖျား လှူဒါန်းမှုငါးမျိုးကို ပုဏ္ဏားကြီး လှူဒါန်းခဲ့ပုံ၊ တွန့်တိုသော ပုဏ္ဏေးမကြီးသည် မြတ်စွာဘုရားကို ပုဏ္ဏားကြီး မမြင်စေရန် ကွယ်ကာထားသော်လည်း ရောင်ခြည်တော်ကို ဖူးမြင်ရသဖြင့် ပုဏ္ဏားကြီး သိရှိကာ ကြည်ညိုသဒ္ဓါဖြစ်ပေါ်၍ လှူဒါန်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၆၇) (သုတ္တနိ၊ဋ္ဌ၊၁၊၂၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စဂ္ဂဠလေဏဝါသီတိဿဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ပဉ္စဂ္ဂဠလိုဏ်ဂူ၌ သီတင်းသုံးနေထိုင်သော တိဿရဟန်းငယ်သည် ကောင်းကင်၌ ဈာန်ပျံလာစဉ် ပဒုမ္မာကြာအိုင်၌ ရေချိုးရင်း ကြာပန်းတို့ကို ပန်၍ အသံသာယာစွာ သီချင်းဆိုနေကြသော ဂိရိဝါမရွာနေ ပန်းပဲသမား၏ သမီးနှင့်မိန်းမပျို (၅) ဦးတို့၏ အသံကို ကြားရသောကြောင့် ကာမရာဂဖြင့် တပ်မက်မောမိ၍ ထိုရဟန်းငယ်သည် ဈာန်လျှောခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စင်္ဂုလိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ရနံ့မွှေးကြိုင်သော ပန်းကို ယူ၍ တိဿဘုရားရှင်အား လှူဒါန်းခဲ့သည့်အပြင် ဘုရားရှင်၌ လက်ငါးချောင်းဖြင့် နံ့သာလိမ်းကျံပေးခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားရောက်ခဲ့ရဘဲ လွန်ခဲ့သော ခုနစ်ဆယ့်နှစ်ကမ္ဘာအထက်၌ သယမ္ပဘ မည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ နောက်ဆုံး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စဒီပကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်ပုံ၊ ဘုရားရှင်၏ တရားတော်ကို ယုံကြည်သော ဥပါသကာတစ်ဦး ဖြစ်ခဲ့ပုံ၊ ပဒုမုတ္တရဘုရားရှင်၏ ထင်းရှူးဗောဓိပင်ကို ခြံရံ၍ ဆီမီးအလှူကို ပေးလှူခဲ့သောကြောင့် လူ့ဘဝ နတ်ဘဝတို့၌ ကောင်းကင်၌ ဆီမီးအရောင်ကို ဆောင်ခဲ့ပုံ နံရံ၊ ကျောက်တောင်၊ မြေတောင်တို့ကို ကျော်လွန်၍ ထက်ဝန်းကျင် ယူဇနာ တစ်ရာတိုင်တိုင် မြင်နိုင်စွမ်းရှိပုံ၊ လွန်ခဲ့သော သုံးထောင့်လေးရာကမ္ဘာအထက်၌ သတစက္ခုအမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စဒီပဒါယိကာထေရီဝတ္ထု

ဤဝတ္ထု၌ ပဉ္စဒီပဒါယိကာထေရီလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ လကွယ်နေ့ည၌ ဗောဓိပင်ရင်း၌ ထိုင်ကာ ‘‘ဘုရားရှင်သည် အကယ်၍ မနှိုင်းယှဉ်အပ်သော ဂုဏ်များနှင့် ပြည့်စုံပြီး အတုမရှိသောပုဂ္ဂိုလ် ဖြစ်ပါက ဤဗောဓိပင်သည် တန်ခိုးပြာဋိဟာ ပြပါစေ’’ဟု အဓိဋ္ဌာန်ပုံ၊ အဓိဋ္ဌာန်ပြုသည်နှင့် တစ်ပြိုင်နက် ဗောဓိပင်သည် ထွန်းလင်းတောက်ပကာ တန်ခိုးပြသဖြင့် အမျိုးသမီးက ဆီမီးတိုင်ငါးတိုင်တို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် တာဝတိံသာနတ်ပြည်၌ ယူဇနာခြောက်ဆယ်မြင့်သော ပဉ္စဒီပဗိမာန်၌ ဖြစ်ခဲ့ပုံ၊ စကြာမင်း၏မိဖုရား အကြိမ်များစွာ ဖြစ်ခဲ့ရပြီး ဤဘုရားရှင်၏ လက်ထက်တော်၌ ခုနစ်နှစ်သမီးအရွယ်ဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စဒီပိကာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်မှ တန်ခိုးပြာဋိဟာ ပြသည်ကို ကြည်ညို၍ မီးတိုင်(၅)တိုင် ထွန်းညှိပူဇော်ကာ (၇)ရက်လုံးလုံး ပူဇော်ခဲ့သည့် ကုသိုလ်ကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပြီး၊ ဤဘုရားရှင်လက်ထက်တော်၌ အာဠဝီပြည် အာဠဝိကမင်းကြီး၏ သမီး သေလာအမည်ရှိသော မင်းသမီး ဖြစ်ခဲ့ပုံ၊ အာဠဝကဘီလူးကို ဆုံးမနှိမ်နင်းသည့် အောင်ပွဲအပြီးတွင် ဘုရားရှင်အား ကြည်ညို၍ ဘိက္ခုနီပြုကာ ဝိပဿနာရှုပွားသဖြင့် ခုနစ်နှစ်သမီးအရွယ်ကပင် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ရှေးဘဝက ဆီမီးတိုင် (၅)တိုင် လှူခဲ့သဖြင့် ပဉ္စဒီပဒါယိကာထေရီ ဟူ၍လည်းကောင်း (ထေရီ၊၆၄) ခေါ်ဝေါ်ကြပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၁၉၅) (ထေရီ၊၄၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စပတိကာကဏှာဒေဝီဇာတက

ဤဇာတ်တော်၌ ဗြဟ္မဒတ်မည်သော ကာသိမင်းတစ်ပါးသည် ကောသလနိုင်ငံကို တိုက်ခိုက်သိမ်းယူပြီး ဘုရင်ကို သတ်ကာ ကိုယ်ဝန်ရှိသော မိဖုရားကို သိမ်းယူခဲ့ပုံ၊ နောင်အခါ သမီးတော်တစ်ဦး မွေးဖွားခဲ့သဖြင့် ဘုရင်ကြီးက ဆုပေးခဲ့ပုံ၊ ထိုသမီးတော်ကို ကဏှာဒေဝီဟု အမည်ပေးခဲ့ပြီး ဆုအဖြစ် မိမိနှစ်သက်သူကို လက်ထပ်နိုင်ခွင့် ပေးခဲ့ပုံ၊ ၁၆ - နှစ်အရွယ် ရောက်သောအခါ နန်းရင်ပြင်၌ ပန်းကုံးစွပ်ပွဲ ဆင်နွှဲချိန်တွင် ပဏ္ဍုမင်းမျိုးမှ အဇ္ဇုန, နကုလ, ဘီမသေန, ယုဓိဋ္ဌိလ, သဟဒေဝိ မင်းသားညီနောင်ငါးဦးတို့ကို နှစ်သက်သဖြင့် ငါးဦးစလုံးကို ပန်းကုံးစွပ် ရွေးချယ်ခဲ့ပုံ၊ ကဏှာဒေဝီသည် ဘုံခုနစ်ဆင့်ပြာသာဒ်တွင် ထိုမင်းသားငါးဦးနှင့် ကာမဂုဏ်စည်းစိမ် ခံစားနေရသော်လည်း မတင်းတိမ်နိုင်ဘဲ မင်းသားတို့၏ အလုပ်အကျွေး ခါးကုန်းငဆွံ့နှင့်ပါ ဖောက်ပြားပုံ၊ ထိုအကြောင်းကို မင်းသားတို့ သိ၍ မိန်းမဟူသည် ယုတ်မာလှပေ၏ဟု ဆိုကာ တောထွက်၍ ရသေ့ရဟန်းပြုခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၄၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စပါပီဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဗကမည်သောမင်းကြီး မင်းပြုစဉ် အတိတ်ဘဝက ပစ္စေကဗုဒ္ဓါတစ်ပါးအား စိတ်ဆိုးပြီး နောက်မှ ကြည်ညိုစိတ်ဖြင့် မြေကြီးခဲများ လှူခဲ့သော ကုသိုလ်ကြောင့် ဤဘဝ၌ အဆင်းမလှ အရုပ်ဆိုးအကျည်းတန်သလောက် ခန္ဓာကိုယ်အတွေ့အထိ အလွန်ကောင်းမွန်သော ပဉ္စပါပီအမည်ရှိသော အမျိုးသမီး သူဆင်းရဲမတစ်ဦး ဖြစ်ခဲ့ပုံ၊ မင်းကြီးသည် မထင်ရှားသောအသွင်ဖြင့် တိုင်းခန်းလှည့်လည်စဉ် ပဉ္စပါပီ၏လက်ကို အမှတ်မထင် ကိုင်ဆွဲမိပုံ၊ အတွေ့အထိကောင်းလွန်းလှသဖြင့် မခွာရက်နိုင်ဖြစ်ကာ လက်ထပ်၍ ပေါင်းသင်းနေခဲ့ပုံ၊ ပဉ္စပါပီ ဖခင်အတွက် နို့ဃနာပို့ သွားရာ ဘုရင့်ပတ္တမြားဆံထိုးကို ထည့်ပေးပြီး ခိုးသူအဖြစ် ဖမ်းပုံ၊ ပဉ္စပါပီက သူ့ယောကျ်ားကို ညမှာသာ လာ၍ မမှတ်မိပါ၊ လက်ကို စမ်းကြည့်ကသိပါသည်ဟုဆို၍ နန်းရင်ပြင်ဝယ် ကန့်လန့်ကာတွင်းထား၍ ယောကျ်ားတိုင်း လက်ကို အစမ်းခံကြရာမှ နတ်သမီးတစ်မျှ ကောင်းမွန်လှသည့် အတွေ့အထိကို သိကြပုံ၊ ဘုရင်က မိဖုရားခေါင်ကြီးမြှောက်ပုံ၊ ဘုရင်ကြီးသည် ပဉ္စပါပီနှင့်သာ ပျော်မြူးနေသဖြင့် အခြားမိဖုရားတို့သည် မနာလိုကြပုံ၊ ပုဏ္ဏားတို့နှင့် တိုင်ပင်စီစဉ်ပြီး ကုန်းတိုက်သောကြောင့် ရေတွင်မျှောရာ အခြားမင်းတစ်ပါးက သိမ်းပိုက်ပုံ၊ မင်းနှစ်ပါးတို့ မခွဲနိုင် မခွာရက် (၇)ရက် တစ်လှည့်စီ ပေါင်းသင်းဆက်ဆံနေပုံ၊ မင်းနှစ်ပါးတို့ (၇)ရက်စေ့၍ အပြောင်းတွင် လှေတော်ပေါ်၌ လှေသမားခါးကုန်းအဖိုးအို တံငါသည်ကြီးနှင့် ပဉ္စပါပီတို့ ဖောက်ပြန်ပုံ၊ ဤမျှအထိ ကာမဂုဏ်ခံစားရသော်လည်း မိန်းမတို့သည် အားမရနိုင်ကြောင်း၊ အကျင့်ဖောက်ပြန် ယုတ်မာကြောင်းကို ကုဏာလငှက်မင်း ဟောပြခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၄၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စပုညဝန္တပုဂ္ဂလဝတ္ထု

ဤဝတ္ထု၌ မေဏ္ဍကသူဌေးစသော ဘုန်းကံကြီးမားသူငါးဦးတို့ ပေါ်ပေါက်ခဲ့ပုံ၊ မေဏ္ဍက သူဌေးကြီးသည် တစ်ထောင့်နှစ်ရာ့ငါးဆယ်သော ကျီတို့ကို သုတ်သင်ရှင်းလင်းစေပြီး ကောင်းကင်သို့ မော့ကြည့်ရုံဖြင့် သလေးစပါးတို့ဖြင့် ကျီများ ပြည့်သွားပုံ၊ မေဏ္ဍကသူဌေးကြီး၏ ဇနီး စန္ဒပဒုမာသည် တစ်ကွမ်းစားချက်မျှလောက်သော ထမင်းဟင်းလျာတို့ဖြင့် တစ်နေကုန် လှူဒါန်းသော်လည်း မကုန်ခန်းနိုင်ပုံ၊ မေဏ္ဍကသူဌေးကြီး၏သားသည် အသပြာတစ်ထောင်ဆံ့သော အိတ်ဖြင့် လာလာသမျှသောသူတို့အား တစ်နေကုန် လှူဒါန်းသော်လည်း မကုန်ခန်းနိုင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပဋိသံ၊ဋ္ဌ၊၂၊၃၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စပုတ္တခါဒကပေတိဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့အနီး ရွာတစ်ရွာရှိ သူကြွယ်တစ်ဦး၏ ဇနီးသည် အမြုံမဖြစ်သဖြင့် သူကြွယ်က အခြားအမျိုးသမီးတစ်ယောက်ကို ယူလေရာ ကိုယ်ဝန်ရှိလေလျှင် မနာလိုစိတ်ဖြင့် ကိုယ်ဝန်ပျက်အောင် ပြုလုပ်ခဲ့ပုံ၊ စစ်ဆေးမေးမြန်းသောအခါ ထိုသူကြွယ်၏ အမြုံမဇနီးက ကိုယ်ဝန်ပျက်အောင် မပြုလုပ်ရကြောင်း, အကယ်၍ ပြုလုပ်မိလျှင် ‘‘သားငါးယောက်မွေး၍ ကိုယ့်သားများကို ကိုယ်ပြန်စားရသူ ဖြစ်ပါစေ’’ဟု မဟုတ်မမှန် လုပ်ကြံလည်ဆယ်၍ ကျိန်ဆိုခဲ့ပုံ၊ အမြုံမ ကွယ်လွန်သောအခါ နေ့တိုင်းနေ့တိုင်း ကိုယ့်သားကိုယ်သတ်၍ စားရသော အပုပ်နံ့လှောင်နေသည့် ပြိတ္တာမ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၃၀) (ပေတ၊ဋ္ဌ၊၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်ငါးပါးတို့သည် စက္ခုစသော ဒွါရငါးပါးကို တစ်ခုစီ အသီးသီးထိန်းသိမ်းစောင့်ရှောက်ကြပုံ၊ အချင်းချင်းဆုံမိသောအခါ ‘‘ငါသည် စောင့်ရှောက်ရန် အခက်ဆုံးဒွါရကို စောင်ရှောက်၏’’ဟု ဆိုကာ ငြင်းခုံကြပုံ၊ ဘုရားရှင်ထံ အဆုံးအဖြတ်ခံရန် သွားကြရာ ဘုရားရှင်က ဒွါရငါးမျိုးလုံးကို မစောင့်စည်းသည့်အတွက် ရှေးကလည်း သင်တို့ငါးဦးစလုံး အသက်ဆုံးရကြောင်း ညွှန်ပြ၍ ဆုံးမပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စမဟလ္လကတ္ထေရဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိပြည်သား သူကြွယ်များသည် အသက်ကြီးသောအခါ လူ့ဘဝကို စွန့်၍ ရဟန်းပြုလာကြပြီး ဇေတဝန်ကျောင်းတိုက်၏ အစွန်တွင် စုပေါင်းနေထိုင်ကြကာ လူ့ဘဝတုန်းက မိမိတို့အိမ်များသို့ ဆွမ်းစားကြွလေ့ရှိပုံ၊ အချက်အပြုတ်ကောင်းသော ဒကာမကြီးတစ်ဦး ကွယ်လွန်သဖြင့် စုပေါင်းငိုကျွေးနေကြပုံ စသော အကြောင်းအရာများပါဝင် သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စရာဇဝတ္ထု

ဤဝတ္ထု၌ ပသေနဒီကောသလမင်း အမှူးပြုသော မင်းငါးပါးတို့သည် ငါးဖြာအာရုံ ကာမဂုဏ်တို့တွင် မည်သည့် အာရုံသည် အကောင်းမွန်ဆုံးဖြစ်ကြောင်း အချင်းချင်း ဆွေးနွေးနေကြပုံ၊ ဘုရားရှင်ထံ ထိုအကြောင်းကို သွားရောက်၍ တင်ပြလျှောက်ထားကြရာ ဘုရားရှင်က မိမိတို့၏ စိတ်အလိုအကြိုက်နှင့် ကိုက်ညီသော အာရုံသည်သာလျှင် မိမိအတွက် အသာဆုံး အမြတ်ဆုံးဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းဟောကြားပုံ၊ စန္ဒနင်္ဂလိက ဥပါသကာက မိမိ၏အယူအဆကို ဝင်ရောက်လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၇၉) (သံ၊ဋ္ဌ၊၁၊၁၃၈) (သံ၊ဋီ၊၁၊၁၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စဝဂ္ဂိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်း ဖွားမြင်သောအခါ မယ်တော်မာယာ အိပ်မက် မြင်မက်သောအခါ စသည်တို့၌ လက္ခဏာ ဖတ်တတ်သည့် ရာမ၊ ဓဇ၊ လက္ခဏ စသည့် ပုဏ္ဏားရှစ်ယောက် သုဒ္ဓေါဒနမင်းကြီးထံတွင် ရှိပုံ၊ ထိုရှစ်ယောက်တို့တွင် ပုဏ္ဏားသုံးယောက်တို့က ဘုရားလောင်းအား လူ့ဘောင်၌ နေလျှင် စကြာမင်းဖြစ်မည်၊ ရဟန်းဝတ်လျှင် ဘုရား ဖြစ်မည်ဟု နှစ်မျိုးဟောကြပုံ၊ ကောဏ္ဍညစသော ကျန်ပုဏ္ဏား ငါးယောက်တို့က ဘုရားလောင်းသည် လူ့ဘောင်၌ မနေဘဲ ဧကန်စင်စစ် ဘုရားဖြစ်မည်ဟု ဟောကြပုံ၊ ထိုပုဏ္ဏားငါးယောက်တို့သည် ‘‘အသက်အရွယ် ကြီးလာလျှင် သားသမီးဇနီးမယားသံယောဇဉ်ကို ဖြတ်ရန် ခဲယဉ်းသည်’’ဟု ကြံစည်ကာ ဘုရားရှင်ကို စောင့်မျှော်လျက် ငယ်ငယ်ရွယ်ရွယ်ဖြင့် ရဟန်းပြုခဲ့ကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၃၊၁၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စဝဂ္ဂိယဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သဟမ္ပတိဗြဟ္မာကြီးအား တရားဟောရန် ဝန်ခံတော်မူပြီးနောက် တရားထူးရနိုင်သူကို စူးစမ်းတော်မူသောအခါ ကာလာမအနွယ် အာဠာရရသေ့နှင့် ရာမ၏သား ဥဒကရသေ့တို့ကို ဟောရန် အကြံတော်ဖြစ်သော်လည်း ကွယ်လွန်ခဲ့ကြပြီးဖြစ်၍ ပဉ္စဝဂ္ဂီတို့ကို ဟောရန် တွေ့မြင်တော်မူပုံ၊ ပဉ္စဝဂ္ဂီတို့ရှိရာ ဗာရာဏသီမြို့ ဣသိပတနမိဂဒါဝုန်သို့ ကြွတော်မူရာ လမ်းခရီးတွင် ဥပကတက္ကတွန်းနှင့် တွေ့တော်မူခဲ့ပုံ၊ ပဉ္စဝဂ္ဂီတို့က ဘုရားရှင်ကို ‘‘ကမ္မဋ္ဌာန်းကို စွန့်ပြီး ပစ္စည်းလေးပါးပေါရန် လှည့်လည်နေသူ’’ဟု အထင်မှားကြပြီး မကြိုဆိုရန် ကတိကဝတ် ပြုထားကြသော်လည်း အနီးရောက်သောအခါ ဝတ်ပြုကြိုဆိုကြပုံ၊ ဘုရားရှင်၏ သာသနာတော်တွင် ပထမဆုံး တရားဦးဖြစ်သော ဓမ္မစကြာသုတ်တော်ကို ဟောပြရာ အရှင်ကောဏ္ဍည သောတာပန်အရိယာ ဖြစ်ပုံ၊ သဗ္ဗညုဘုရားဖြစ်ကြောင်း နတ်ဗြဟ္မာတို့အလယ်တွင် ဝန်ခံတော်မူခဲ့ပုံ၊ ပဉ္စဝဂ္ဂီ ငါးဦးလုံး သောတာပန်ဖြစ်ပြီးနောက် အနတ္တလက္ခဏသုတ်တော်ကို ဟောတော်မူရာ အားလုံး ရဟန္တာ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စသတအာဂန္တုကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ကောသလတိုင်းသား ရဟန်းငါးရာတို့သည် စရိုက်အမျိုးမျိုး ကွဲပြားနေကြသည်ကို မြတ်စွာဘုရားရှင် သိတော်မူ၍ အားလုံးလိုက်နာရန်် အကုသိုလ်ကို ပယ်၍ ကုသိုလ်ကို ပွားရမည်ဟု အတိုချုပ် ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စသတဒါရကဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် မထေရ်ကြီးအပါး (၈၀)အပါအဝင် ရဟန်းငါးရာနှင့်အတူ ရာဇဂြိုဟ်မြို့သို့ ဆွမ်းခံဝင်တော်မူစဉ် လူငယ်ငါးရာတို့သည် ပွဲလမ်းသဘင်ကျင်းပရန် မုန့်တောင်းကြီးများကို မ၍ ထွက်လာကြပုံ၊ ဘုရားရှင်နှင့် သံဃာတော်တို့အား တွေ့ပါသော်လည်း မလှူဒါန်းဘဲ အရှင်မဟာကဿပမထေရ်မြတ်ကိုသာ မုန့်အားလုံး လှူခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စသတဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားရှင်သည် ဝါတွင်း(၃)လပတ်လုံး တာဝတိံသာ၌ အဘိဓမ္မာတရား ဟောတော်မူစဉ် မြောက်ကျွန်းသို့ ဆွမ်းခံကြွ၍ ဆွမ်းအာဟာရ မျှတတော်မူပုံ၊ တရားစစ်သူကြီး အရှင်သာရိပုတ္တရာအား အကျဉ်းအားဖြင့် အဘိဓမ္မာတရား ဟောကြားတော်မူပုံ၊ ကဿပဘုရားရှင်လက်ထက်တော်၌ အဘိဓမ္မာရွတ်ပွားသံကို ကြားနာရင်း စုတေခဲ့ကြကုန်သော လင်းနို့ငါးရာတို့သည် ဤဂေါတမဘုရားရှင်လက်ထက်တော်၌ လူ့ဘဝကိုရလာပြီး ရဟန်းပြုလာကြပုံ၊ ထိုရဟန်းတို့အား အဘိဓမ္မာတရားကို အရှင်သာရိပုတ္တရာက ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စသတဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဟိမဝန္တာတောနှင့် တစပ်တည်းရှိသော တောအုပ်တစ်ခု၌ တရားအားထုတ်နေသော ရဟန်းတို့အား တောစောင့်နတ်တို့က ခြောက်လှန့်သဖြင့် ဘုရားရှင်က မေတ္တာသုတ်တော်ကို အရံအတားဖြစ်စေရန်နှင့် မဂ်ဖိုလ်ရစေရန် ဟောကြားတော်မူခဲ့ပုံစသော အကြောင်းအရာများ ပါဝင် သည်။ (ခုဒ္ဒက၊ဋ္ဌ၊၁၉၈) (ဓမ္မ၊ဋ္ဌ၊၁၊၁၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စသတဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်နှင့်အတူ ဒေသစာရီလှည့်လည်ရာမှ ပြန်ရောက်လာသော ရဟန်းတို့သည် မိမိတို့ သွားခဲ့သော လမ်းခရီးကြောင်း ကောင်းမကောင်း ပြောဆိုနေကြရာ ဘုရားရှင် ကြွလာတော်မူပြီး ရဟန်းဟူသည် ပြင်ပလမ်းကြောင်းထက် နိဗ္ဗာန်ရောက်ကြောင်း အရိယာမဂ်လမ်းကောင်းအောင်သာ ဆောင်ရွက်ရမည်ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စသတဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ငါးရာသောရဟန်းတို့သည် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းတရား သင်ယူပြီး တရားအားထုတ်နေကြစဉ် နံနက်စောစောပွင့်လာသော မုလေးပန်းတို့သည် ညနေချမ်းအခါ အညှာမှ ကျွတ်လွတ်ကြွေကျကုန်သည်ကို မြင်၍ မုလေးပန်းများ မကြွေမီ ရာဂစသော ကိလေသာတို့မှ လွတ်အောင် ကြိုးစားမည်ဟု ဆုံးဖြတ်ကြပုံ၊ မုလေးပန်းတို့၏ ဖြစ်ပျက်ပုံကို ရှုမြင်ဆင်ခြင်ကာ တရားအားထုတ်ကြသော ရဟန်းငါးရာကို မြတ်စွာဘုရား ချီးကျူးတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စသတဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဝေရဉ္ဇာပြည်၌ ဝါကပ်စဉ် ဒုဗ္ဘိက္ခန္တရကပ်နှင့် ကြုံနေသဖြင့် မြင်းကုန်သည်တို့ ဆက်ကပ်လှူဒါန်းသည့် တစ်ကွမ်းစားမျှသော မုယောဆန်ကြမ်းကို ဘုဉ်းပေးတော်မူရပုံ၊ ဘုရားရှင်နှင့် အတူလိုက်ပါလာသည့် ရဟန်းတော်ငါးရာတို့သည်လည်း ညည်းညူမှုမရှိဘဲ အလိုဆိုးကို စွန့်လွှတ်ကာ သီတင်းသုံးနေကြပုံ၊ သီတင်းဝါလ ကျွတ်သဖြင့် ဇေတဝန်ကျောင်းတော်သို့ ပြန်ရောက်သောအခါ မွန်မြတ်သော ဆွမ်းဘောဇဉ်များကို ဘုဉ်းပေးရသော်လည်း ဖောက်ပြန်မှုမရှိဘဲ ငြိမ်းအေးစွာ တရားအားထုတ်လျက် သီတင်းသုံးနေထိုင်ကြပုံ၊ ရဟန်းငါးရာတို့၏ စားကြွင်းစားကျန်များကို စားသောက်ကြသူ ငါးရာတို့သည်ကား အစားကောင်း အသောက်ကောင်းများကို စားသောက်ရသဖြင့် မြူးတူးပျော်ပါးကုန်လျက် ဖောက်ပြန်ပျက်စီးကြသောကြောင့် ဘုရားရှင်က အတိတ်ဇာတ်ကြောင်းဆောင်၍ ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စသတမတ္တာထေရီဝတ္ထု

ဤဝတ္ထု၌ အိမ်ထောင်ရှင် အမျိုးသမီးငါးရာတို့သည် သားယောက်ျားအသီးသီး မွေးဖွားကြ၍ ထိုသားတို့ ကွယ်လွန်သွားကြသဖြင့် ပူဆွေးသောကဖြစ်ကာ ပဋါစာရာထေရီထံ ရောက်လာကြပုံ၊ ပဋါစာရာထေရီက သောကငြိမ်းကြောင်း တရားဟောရာ အားလုံး ဘိက္ခုနီ ပြုကြပုံ၊ ဝိပဿနာတရား ပွားများကြသဖြင့် ရဟန္တာ ဖြစ်ခဲ့ကြပုံစသော အကြောင်း အရာများပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စသတမိဂလုဒ္ဒကဝတ္ထု

ဤဝတ္ထု၌ ရဟန်းငါးရာတို့သည် ရှေးဘဝက တောမုဆိုးငါးရာ ဖြစ်ကြ၍ တော၌ နေကာ သားငှက်များကို ပျော်ပျော်ပါးပါး သတ်ပြီး အသက်မွေးခဲ့သော အကုသိုလ်ကံကြောင့် ငရဲ၌ ဖြစ်ခဲ့ကြပြီး ဤဘုရားရှင့်လက်ထက်တော်၌ လူ့ဘဝကို ရလာကြပုံ၊ ရဟန်းဝတ်လာကြပြီးနောက် ဘုရားရှင်ထံမှ အသုဘကမ္မဋ္ဌာန်း နာရ၍ ခန္ဓာကိုယ်ကို စက်ဆုပ်သောကြောင့် မိဂလဏ္ဍိကကို အသတ်ခိုင်းကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စသတလိစ္ဆဝီရာဇပုတ္တဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဝေသာလီမြို့တွင်းသို့ ဆွမ်းခံကြွတော်မူစဉ် သာရန္ဒဒစေတီ နတ်ကွန်း၌ လိစ္ဆဝီမင်းသားငါးရာတို့ စုဝေး ရောက်ရှိနေကြပုံ၊ ဆင်ရတနာ မြင်းရတနာ စသည့် ရတနာငါးမျိုး ဖြစ်ပေါ်ရန် ခဲယဉ်းသကဲ့သို့ ရဖို့ရန်လည်း မလွယ်ကူကြောင်း အချင်းချင်း ပြောဆိုနေကြပုံ၊ ထိုအချိန်၌ ဘုရားရှင် ကြွရောက်တော်မူလာပြီး အမှန်တကယ်ဖြစ်ပေါ်ရန် ခဲယဉ်းသည့် ရတနာငါးမျိုးကို ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၁၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စသတဝိပဿကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ တောမှီရဟန်းငါးရာတို့သည် တောထဲ၌ တရားကျင့်ကြစဉ် ဖြစ်ပျက်တရားများကို မဆင်ခြင် မသုံးသပ်မိသဖြင့် တရားထူးမရရှိကြပုံ ဘုရားရှင်ထံသို့ သွားရောက်၍ ကမ္မဋ္ဌာန်းတရားထူးကို တစ်ဖန်တောင်းခံကြဦးမည်ဟု ကြံ၍ ပြန်လာကြပုံ၊ ဇေတဝန်ကျောင်းတိုက် အဝင်ဝ၌ မိုးကြီးရွာသွန်းမှုနှင့် ကြုံရပြီး မိုးရေကြောင့် ရေအိုင်ငယ်အတွင်း၌ ပလုံစီ၍ထလာသော ရေမြှုပ်ရေပွက်ငယ်လေးများကို ကြည့်၍ ဝိပဿနာရှုပွားကာ တရားထူး ရခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စသိခဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ ပဉ္စသီခနတ်သားသည် လူ့ပြည်၌ ဖြစ်စဉ်အခါက ကလေးငယ်အရွယ်တွင် ဦးစွန်းဖုတ်(ကြက်တောင်စီး) ငါးခုထားပြီး အခြားကလေးသူငယ်များကို ခေါ်ကာ ရွာအပြင်ဘက်ရှိ လမ်းလေးခွအရပ်တို့၌ ဇရပ်ဆောက်ခြင်း၊ ရေကန်တူးခြင်း၊ လမ်းပြင်ခြင်း၊ တံတားခင်းခြင်း စသော ကုသိုလ်များကို ဦးဆောင်၍ ပြုလုပ်ခဲ့ပုံ၊ ငယ်ငယ်ရွယ်ရွယ်အချိန်၌ပင် သေဆုံးသွားပြီး စာတုမဟာရာဇ်နတ်ပြည်၌ ဦးစွန်းဖုတ်ငါးခုပါရှိသော ပဉ္စသိခနတ်သား ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၂၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စသီလသမာဒနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော တစ်သချေင်္နှင့် ကမ္ဘာတစ်သိန်းအထက်၌ စန္ဒဝတီမြို့၌ သူခစား ဖြစ်ခဲ့ပုံ၊ ‘‘ဘုရားရှင်သာသနာနှင့် တွေ့သော်လည်း လှူဒါန်းစရာမရှိ၊ သီလစောင့်ရှောက်ရမူ ကောင်းလေစွ’’ဟု အကြံဖြစ်ပုံ၊ အနောမဒဿီဘုရားရှင်၏ တပည့်သာဝက နိသဘမထေရ်ထံ ချဉ်းကပ်၍ ငါးပါးသီလစောင့်ခဲ့ပုံ၊ သေခါနီးတွင် နတ်မြင်းတစ်ထောင်ကသော နတ်ရထားဆိုက်လာခဲ့ပုံ၊ သိကြားမင်းအဖြစ် အကြိမ်သုံးဆယ်၊ စကြဝတေးမင်းအဖြစ် ခုနစ်ဆယ့်ငါးကြိမ် ဖြစ်ခဲ့ရပုံ၊ ထိုဘဝမှ စ၍ အပါယ်လေးပါး မလားခဲ့ရတော့ဘဲ နောက်ဆုံး ဝေသာလီပြည်၌ အလွန်ကြွယ်ဝသော မဟာသာလမျိုး၌ ဖြစ်ကာ မွေးဖွားသည်မှ ငါးနှစ်သား အရွယ်တွင် အမိအဖတို့ ငါးပါးသီလ ဆောက်တည်ကြသောအခါ သီလကထာကို ကြားရသည်နှင့်တစ်ပြိုင်နက် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စသံသဂ္ဂဝတ္ထု

ဤဝတ္ထု၌ သီဟိုဠ်ကျွန်း ကာဠဒီဃဝါပီရွာ သူဌေးသမီးတစ်ဦးသည် ကလျာဏီကျောင်းတိုက်မှ ရဟန်းငယ်တစ်ပါးကို မြင်၍ စွဲလမ်းစိတ်ဖြစ်သဖြင့် မိဘတို့က သမီးကို ယူရန် ရဟန်းငယ်အား လျှောက်ထားကြပုံ၊ ရဟန်းငယ်က လက်မခံသောအခါ သူဌေးသမီးသည် စိတ်ထိခိုက်၍ ကွယ်လွန်ခဲ့ပုံ၊ သူမ၏အဝတ်ကို နိသီဒိုင်ချုပ်၍ လှူပုံ၊ ထိုအခါ ရဟန်းငယ်သည် ထိုနိသီဒိုင်ကို မြင်၍ စိတ်ထိခိုက်ပြီး ပျံလွန်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၇၃) (စူဠနိ၊ဋ္ဌ၊၁၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စဟတ္ထိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာသုံးသောင်းအထက်၌ ကြာငါးလက်တို့ကို သုမေဓာဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ကြာငါးလက်သည် ဘုရားရှင်၏ အထက်၌ အမိုးသဖွယ်ဖြစ်၍ တည်နေခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားခဲ့ရဘဲ လွန််ခဲ့သော ကမ္ဘာနှစ်ထောင်အထက်၌ ဟတ္ထိယမည်သော စကြဝတေးမင်း ငါးကြိမ် ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စာဗာဓဝတ္ထု

ဤဝတ္ထု၌ မဂဓတိုင်း၌ နူနာ၊ အိုင်းအမာနာ၊ ယားနာ၊ ချောင်းဆိုးသွေးပါနာ၊ ရူးသွပ်သောအနာဟူသော အနာကြီးငါးပါး အဖြစ်များနေရာ လူတို့သည် ဆရာဇီဝကထံ အကုသခံရန် သွားကြသော်လည်း ဘုရင်နှင့်ဘုရားအမှူးရှိသော သံဃာတော်တို့အား ကုသပေးနေရသဖြင့် မကုသနိုင်ကြောင်း ပြောသောကြောင့် အနာကြီးရောဂါသည်တို့ သာသနာတော်သို့ ဝင်ရောက်လာကြပုံ၊ အနာရောဂါပျောက်သော် လူပြန်ထွက်ကြသဖြင့် ဆရာဇီဝကက လျှောက်ထားသောကြောင့် ဘုရားရှင်က အနာကြီးငါးမျိုးရှိသူအား ရဟန်းခံမပေးရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်း အရာများပါဝင်သည်။ (ဝိ၊၃၊၁၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စာလစဏ္ဍဇာတက

ဤဇာတ်တော်၌ ကောသလမင်းသည် ဗာရာဏသီပြည်ကို တိုက်ခိုက်သိမ်းယူပြီး မင်းကို သတ်ကာ ကိုယ်ဝန်ရှိနေသော မိဖုရားကြီးကို မိဖုရားမြှောက်ပုံ၊ သားတော်လေး မွေးဖွားလာသောအခါ ထိုသားလေးကို ခမည်းတော်အမွေအဖြစ် ဗာရာဏသီပြည်ကို ပေးအပ်ပုံ၊ မယ်တော်မိဖုရားကြီးသည် သားတော်အထံ လာသောအခါ ပဉ္စာလစဏ္ဍပုဏ္ဏားလုလင်နှင့် တွေ့၍ ဖောက်ပြန်ပုံ၊ မကြာမကြာ ‘‘သားတော်ထံ လာသည်’’ဟု အကြောင်းပြကာ ထိုလုလင်နှင့် ဖောက်ပြန်သဖြင့် အားလုံးသိကာ အရှက်ရကြပုံ၊ မိန်းမဟူသည် အကျင့်စာရိတ္တမကောင်း၊ လိမ်ညာလှည့်လည်တတ်သူများ ဖြစ်ကြောင်း ကုဏာလငှက်မင်းက ဟောပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၄၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စာဝုဓဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းပဉ္စာဝုဓမင်းသားသည် အလွန်တရာကြီးမားသော ဘီလူးကြီးနှင့် ယှဉ်ပြိုင်ကာ ရင်ဆိုင်တိုက်ခိုက်ခဲ့ပုံ၊ လက်နက်များ ကုန်သွားပြီး မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံး ဘီလူးကြီးလက်ထဲ ရောက်ရှိနေသော်လည်း ရဲစွမ်းသတ္တိနှင့် လုံ့လဝီရိယကို မလျော့ဘဲ စကားဖြင့် တိုက်ပွဲဆင်ပုံ၊ ဘီလူးကြီးသည် ဘုရားလောင်း၏ ရဲရင့်သော တိုက်ခိုက်မှုနှင့် ရဲဝံ့စွာ ပြောကြားချက်များကို ယုံကြည်ကာ ပြန်လွှတ်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဉ္စုပေါသထဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ပုဏ္ဏားသူဌေးမျိုး၌ ဖြစ်ပြီး အရွယ်ရောက်သောအခါ တောထွက်၍ ရသေ့ရဟန်းပြုခဲ့ပုံ၊ ရသေ့၏ ကျောင်းသင်္ခမ်းအနီး၌ ခိုငှက်၊ မြေခွေး၊ မြွေ၊ ဝံ၊ သတ္တဝါလေးကောင်တို့ နေထိုင်ကြ၍ ဘုရားလောင်းရသေ့ထံ တရားနာယူလေ့ ရှိကြပုံ၊ ထိုသတ္တဝါလေးဦးတို့သည် ဘေးဒုက္ခအမျိုးမျိုး ကြုံတွေ့ရသဖြင့် ရာဂ၊ ဒေါသ စသည်တို့ကို နှိပ်ကွပ်ရန် ဥပုသ်လာစောင့်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၃၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပညာသဂိဟိသဟာယကဝတ္ထု

ဤဝတ္ထု၌ ယသသတို့သား ရဟန်းပြုသွားကြောင်း ကြားရသောအခါ ငယ်သူငယ်ချင်းငါးဆယ်တို့သည် ‘‘ယသ ရဟန်းပြုသွားသော သာသနာတော်သည် အမှန်ပင် မြင့်မြတ်ရမည်’’ဟု ဆုံးဖြတ်ကြပြီး သာသနာတော်သို့ ဝင်ရောက်ကာ ရဟန်းပြုကြသဖြင့် ရဟန္တာ ဖြစ်ကြပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဝိ၊၃၊၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဋင်္ဂပါဏကဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ မှောင်နေသော လွင်ပြင်တွင် ထိုင်နေတော်မူစဉ် ဆီမီးတိုင်တို့ကို ထွန်းညှိထားကြပုံ၊ ထိုမီးတိုင်များသို့ ပိုးဖလံကောင်လေးများ ရောက်လာကြပြီး မီးလျှံရောင်ကို ရွှေရောင်သဖွယ် မှတ်ထင်၍ ဝင်ရောက် တိုးဝင်ကြပုံ၊ ထိုပိုးဖလံတို့ သေပွဲဝင်ကြရပုံ၊ ဘုရားရှင်က ထိုအဖြစ်ကို ကြည့်တော်မူ၍ မိစ္ဆာဒိဋ္ဌိတို့သည်လည်း မီးဆယ့်တစ်မီး တောက်လောင်နေသော ဘဝသုံးပါး မီးပုံကြီးထဲသို့ အထင်လွဲ အယူလွဲ၍ ပြေးဝင်နေကြသည်ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၃၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဋာစာရာထေရီဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သူ သူဌေးသမီး ပဋာစာရာသည် ကျွန်တစ်ယောက်နှင့် ချစ်ကြိုက်လိုက်ပြေးပြီး သားနှစ်ယောက် မွေးဖွားပြီးနောက် မိဘအိမ် ပြန်လာပုံ၊ လမ်းခရီးတွင် သားငယ်စွန်ချီ၊ သားကြီး ရေနစ်၊ လင်ကို မြွေကိုက်ခြင်းနှင့် တွေ့ကြုံရပုံ၊ မိဘများရှိရာသို့ ရောက်သောအခါ မိဘနှင့်မောင်တို့ တိုက်ပိ၍ သေဆုံးကြောင်း ကြားသိသဖြင့် အရူးမဘဝ ရောက်ခဲ့ရပုံ၊ ဘုရားရှင်နှင့် တွေ့၍ ရဟန္တာဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၃၆) (အံ၊ဋ္ဌ၊၁၊၂၇၅) (ဓမ္မ၊ဋ္ဌ၊၁၊၄၃၇) (ထေရီ၊ဋ္ဌ၊၁၁၁) (ထေရီ၊၂၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဋိဂ္ဂဟဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် စားကြွင်းစားကျန် ဟင်းအရိုးများ၊ လက်ဆေးရေများကို သပိတ်နှင့် ဆောင်ယူကြရာ လူတို့က ဤရဟန်းတို့အတွက် မိမိတို့၏ စားရာခွက်သည်ပင် စွန့်စရာထည့်သည့် ထွေးခံခွက် ဖြစ်နေ၏ဟု ကဲ့ရဲ့ကြသဖြင့် ဘုရားရှင်က ထိုစားကြွင်းစားကျန်တို့ကို သပိတ်ထဲ ထည့်မထားရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဋ္ဋိပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင် ပရိနိဗ္ဗာန်စံဝင်၍ အလောင်းတော်ကို ပင့်ဆောင်လာစဉ် ကြပိုင်ပွင့်ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကြောင့် ဘဝအဆက်ဆက် ဒုဂ္ဂတိဘဝ မလားရောက်ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သြည်။ (အပ၊၂၊၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဏ္ဍကဝတ္ထု

ဤဝတ္ထု၌ ပဏ္ဍုက်တစ်ယောက်သည် ရဟန်းဝတ်လာပြီး ရဟန်းငယ်များကို သူနှင့် အကျင့်ဖောက်ပြား ပျော်ပါးရန် မြှူဆွယ်ခဲ့ပုံ၊ ရဟန်းငယ်တို့က မာန်မဲလွှတ်ပုံ၊ ထိုအခါ ပဏ္ဍုက်သည် ဆူဖြိုးသော သာမဏေကြီးများကို သွေးဆောင်ဖြားယောင်းပြီး ပျော်ပါးရန် မြှူဆွယ်သော်လည်း မာန်မဲခံရပြန်ပုံ၊ ထို့နောက် ပဏ္ဍုက်သည် ဆင်ထိန်းမြင်းထိန်းတို့နှင့် ဖောက်ပြားပျော်ပါးပုံ၊ ဘုရားရှင် သိတော်မူ၍ ‘‘ပဏ္ဍုက်ကို ရဟန်းခံမပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဏ္ဍရနာဂရာဇဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်သား ကုန်သည်ငါးရာတို့သည် လှေသင်္ဘောဖြင့် သမုဒ္ဒရာတစ်ဘက်ကမ်းသို့ ကုန်ရောင်းကုန်ဝယ်သွားကြစဉ် သင်္ဘောပျက်ပြီး ကုန်သည်တစ်ယောက်သာ အသက်ရှင်လျက် ကရမ္ပိယမည်သော သင်္ဘောဆိပ်သို့ ရောက်ခဲ့ပုံ၊ ကုန်သည်ယောကျ်ားသည် အဝတ်မပါဘဲ ထမင်းတောင်းစားစဉ် လူအများက ‘‘အလိုနည်းသော ရဟန်း’’ဟု ချီးမွမ်းကာ ပူဇော်သက္ကာရ ပြုကြသဖြင့် ‘‘ကရမ္ပိယ အစေလ’’ဟု ထင်ရှားကျော်ကြားပုံ၊ ကရမ္ပိယ အစေလ တက္ကတွန်းထံသို့ နဂါးမင်းနှင့် ဂဠုန်မင်းတို့ ချဉ်းကပ်ခစားစဉ် ဂဠုန်မင်းက နဂါးတို့၏ လျှို့ဝှက်ချက်ကို သိလိုသဖြင့် ကရမ္ပိယတက္ကတွန်းအား စုံစမ်းခိုင်းပုံ၊ တက္ကတွန်းက မည်သူ့ကိုမျှ မပြောပါဟု ဝန်ခံကတိပြုပြီး နဂါးတို့၏ လျှို့ဝှက်ချက်ကို မရမက မေးသဖြင့် နဂါးမင်းက ပြောပြသောအခါ ဂဠုန်မင်းအား တစ်ဖန်ပြန်ပြောပုံ၊ ထို့နောက် နဂါးမင်းကို ဂဠုန်မင်းက သုတ်ချီသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဏ္ဍိတသာမဏေရဝတ္ထု

ဤဝတ္ထု၌ ဆင်းရဲသား မဟာဒုက်သည် ကဿပဘုရားရှင်အား ငါးကြင်းသားဖြင့် ဆွမ်းကပ်ခဲ့ပုံ၊ ထိုကောင်း မှုကြောင့် ထိုဘဝမှာပင် ချက်ချင်း ချမ်းသာခဲ့ပုံ၊ ဤဘုရားရှင် သာသနာတော်၌ (၇)နှစ်သားမှာပင် ရဟန္တာဖြစ်ခဲ့သော ပဏ္ဍိတသာမဏေ ဖြစ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဏ္ဍုကလောဟိတကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ပဏ္ဍုကလောဟိတကရဟန်းတို့သည် မိမိတို့ကိုယ်တိုင် ခိုက်ရန်ဖြစ်ပွားကာ သံဃာတော်တို့၌ အဓိကရုဏ်း ပြုလုပ်တတ်ကြသူများ ဖြစ်၍ ထိုသို့ ပြုလုပ်တတ်သော အခြားရဟန်းတို့ကိုလည်း ‘‘မကြောက်ကြနှင့် ငါတို့သည် သင်တို့နှင့် တစ်ဖွဲ့တည်း တပေါင်းတည်း ဖြစ်ကြသည်’’ဟု မြှောက်ပင့် အားပေးကြသောကြောင့် ဘုရားရှင်က တဇ္ဇနီယကံ ပြုရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဏ္ဏကဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ မဒ္ဒဝမင်းကြီး မင်းပြုစဉ် ဘုရားအလောင်းသည် သေနကအမည်ရှိသော အမတ် ဖြစ်ခဲ့ပုံ၊ မင်းကြီးသည် မိမိမိဖုရားကြီးကို ပုရောဟိတ်သား စွဲလမ်းနေကြောင်း သိသဖြင့် (၇)ရက်ပေါင်းသင်းခွင့် ပေးခဲ့ပုံ၊ ထိုအခါ အခြားအရပ်သို့ ခိုးပြေးသွားသည့်အတွက် မင်းကြီးမှာ သောကဖြစ်ရပုံ၊ ပွဲသဘင်တစ်ခုပြုလုပ်ပြီး ‘‘လက်(၃၂)သစ် ရှည်သော သံလျက်ကို မျိုသူထက် မိမိမယား အခိုးခံရသူ၏ ဒုက္ခက ပို၍ ကြီးမားကြောင်း’’ ပြောကြားခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဏ္ဏဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ ဟိမဝန္တာတောင်၌ လျှော်တေသင်္ကန်းကို ဝတ်၍ ဆားမပါသော သစ်ရွက်ကို စားကာ မြတ်သောအကျင့်ကို ကျင့်သုံးသည့် ရသေ့ ဖြစ်ခဲ့ပုံ၊ သစ်ရွက်ကို စားနေစဉ် သိဒ္ဓတ္ထဘုရားရှင် ကြွလာတော်မူ၍ သစ်ရွက်ကို လှူဒါန်းခဲ့ပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော နှစ်ဆယ့်ခုနစ်ကမ္ဘာအထက်၌ သဒတ္ထိယမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဏ္ဏိကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဗာရာဏသီပြည်ရှိ တောအုပ်တစ်အုပ်၌ ရုက္ခစိုးနတ် ဖြစ်စဉ် ဗာရာဏသီပြည်သား ဥပါသကာတစ်ယောက်သည် ဟင်းသီးဟင်းရွက်များကို ရောင်း၍ အသက်မွေးလေ့ရှိပုံ၊ ဥပါသကာ၏ သမီးငယ်သည် အလွန်ချောမောလှပပြီး အကျင့်သီလနှင့် ပြည့်စုံ၍ အမြဲတမ်း ပြုံးလျက် နေပုံ၊ ဥပါသကာက တောထဲသို့ သမီးငယ်ကို ခေါ်သွားပြီး ‘‘အမျိုးများ စောင့်ထိန်းရမည့် ကျင့်ဝတ်သီလနှင့် ပြည့်စုံမှု ရှိ၊ မရှိ’’ စုံစမ်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပတိပူဇိကကုမာရီဝတ္ထု

ဤဝတ္ထု၌ မာလဘာရီနတ်သား၏ အခြွေအရံနတ်သမီးတစ်ယောက်သည် အခြားနတ်သမီးများနှင့်အတူ ပန်းခူးနေစဉ် စုတိစိတ်ကျကာ သာဝတ္ထိပြည်ရှိ အမျိုးတစ်မျိုး၌ ဖြစ်ခဲ့ပုံ၊ အမျိုးသမီးငယ်သည် ဇာတိဿရဉာဏ် ရသဖြင့် နတ်ပြည်ရှိ မာလဘာရီနတ်သားကို အမြဲတမ်း သတိရလျက် နတ်ပြည်ကို တောင့်တ၍သာ ကုသိုလ်ကောင်းမှု ပြုလေ့ရှိပုံ၊ အိမ်ထောင် ကျပြီးနောက် သားသမီးလေးယောက် ဖွားမြင်ပြီး သေလွန်သောအခါ မာလဘာရီနတ်သားအထံ၌ပင် နတ်သမီး ပြန်ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပတိဗ္ဗတာဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သူတစ်ယောက်သည် ရတနာသုံးပါးကို ကြည်ညို၍ ဒါနသီစသော ပြုလုပ်လေ့ရှိ၍ မယားဝတ္တရား ကျေပွန်သောကြောင့် သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပတိဗ္ဗတာဝတ္ထု

ဤဝတ္ထု၌ ဥပါသိကာမတစ်ဦးသည် ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းပြီး သံဃာတော်တို့ကို ဆွမ်းအဖျော်များကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ ကျောက်မျက်ရွဲတံတိုင်းတို့ဖြင့် ဆန်းကြယ်သည့် ဗိမာန်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပတ္တဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထဘုရားရှင်အား သပိတ်လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် အပါယ်လေးပါး မလားခဲ့ရဘဲ နောက်ဆုံး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ် ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပတ္တဓေါဝနဝတ္ထု

ဤဝတ္ထု၌ ကောကနဒပြာသာဒ်၌ ဆွမ်းဘုဉ်းပေးပြီး၍ ပြန်ကြွလာသော ရဟန်းတို့သည် ဆွမ်းလုံးများပါသော သပိတ်ဆေးရေကို မြို့တွင်းရွာတွင်း၌ စွန့်ပစ်ကြသောကြောင့် ဘုရားရှင်က ‘‘ဆွမ်းလုံးပါသော သပိတ်ဆေးရေကို မြို့တွင်းရွာတွင်း၌ မစွန့်ပစ်ရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပတ္တဝိညာပနဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ကပိလဝတ်မြို့သား အိုးထိန်းသည်တစ်ဦးသည် ရဟန်းတို့ကို သပိတ်အလှူခံရန် ဖိတ်မံထားသဖြင့် ရဟန်းတို့သည် အတိုင်းအရှည်မသိဘဲ သပိတ်အမျိုးမျိုးကို အလှူခံကြပုံ၊ ဘုရားရှင် ကြားသိတော်မူသဖြင့် ‘‘သပိတ်အလှူမခံရ’’ဟု တားမြစ်တော်မူခဲ့ပုံ၊ နောင်သော် ရဟန်းတို့ သပိတ်ကွဲပေါက်သောအခါ သပိတ်-ကွဲပေါက်လျှင် အလှူခံနိုင်သည်ဟု ပြင်ဆင် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၁၊၃၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပတ္တောဒနဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ တောလုပ်ငန်းပြုလုပ်သူ ဖြစ်ခဲ့ပုံ၊ တစ်ကွမ်းစားချက်ထမင်းကို ယူ၍ တောသို့ ဝင်ခဲ့ရာ ပစ္စေကဗုဒ္ဓါတစ်ဆူကို ဖူးတွေ့ရ၍ ၎င်းစားမည့်ထမင်းကို လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ကွယ်လွန်သော် တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့ရပုံ၊ သိကြားမင်းအဖြစ် သုံးဆယ့်ခြောက်ကြိမ်၊ စကြဝတေးမင်းအဖြစ် သုံးဆယ့်သုံးကြိမ်၊ ပဒေသရာဇ်မင်းအဖြစ် မရေမတွက်နိုင်အောင် ဖြစ်ခဲ့ရပုံ၊ တစ်ကွမ်းစားချက်ထမင်းကို လှူဒါန်းခဲ့သော ဘဝမှစ၍ အပါယ်လေးပါး လားရောက်ခဲ့ရခြင်း မရှိတော့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပထမပါရာဇိက ဝိနီတဝတ္ထူနိ

ဤဝတ္ထု၌ ကာမဂုဏ်နှင့် ပတ်သက်၍ ပါရာဇိကအာပတ် သင့်/မသင့် ဆုံးဖြတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပထမသင်္ဂါယနာဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် အစည်းအဝေး ရောက်လာကြကုန်သော ရဟန်း(၇)သိန်းတို့အား သံဃာ့ထေရ်ကြီးဖြစ်သော အရှင်မဟာကဿပက သုဘဒ္ဒ တောထွက်ရဟန်းကြီး၏ သာသနာ့အန္တရာယ်စကားရပ်ကို ပြန်လည်မိန့်ကြားတော်မူပုံ၊ ဘုရားရှင်၏ တရားတော်များကို စနစ်တကျ စုစည်းထားနိုင်ရန် သင်္ဂါယနာတင်ဖို့ အမိန့်ရှိတော်မူပြီး သံဃာ့ခေါင်းဆောင် ရဟန္တာ မထေရ်ကြီးအပါး(၅၀၀)ကို ရွေးချယ်တော်မူခဲ့ပုံ၊ အဇာတသတ်မင်း၏ အထောက်အပံ့ကို ရယူကာ ရာဇဂြိုဟ်မြို့တွင် သင်္ဂါယနာတင်သောအခါ အရှင်မဟာကဿပမထေရ်က ပုစ္ဆကတာဝန် ယူပြီး ဝိနည်းပိဋကတ်ကို အရှင်ဥပါလိကလည်းကောင်း၊ သုတ္တန္တပိဋကနှင့် အဘိဓမ္မပိဋကတို့ကို အရှင်အာနန္ဒာကလည်းကောင်း ဝိသဇ္ဇက တာဝန်ယူကြပြီး ရဟန္တာကြီးများက စုပေါင်းရွတ်ဆိုကာ သင်္ဂါယနာတင်တော်မူခဲ့ကြပုံ၊ ပိဋကတ်သုံးပုံ, နိကာယ်ငါးရပ်, ဗုဒ္ဓပါဝစနစသည်တို့ကို စနစ်တကျ စီစဉ်တော်မူပြီး (၇)လတိုင်တိုင် သင်္ဂါယနာတင်တော်မူခဲ့ကြပုံ၊ မဟာသက္ကရာဇ်ကို ဖျက်သိမ်း၍ သာသနာတော်သက္ကရာဇ် (၁)မှစ၍ ရေတွက်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၈၀) (ဝိ၊ဋ္ဌ၊၁၊) (ခုဒ္ဒက၊ဋ္ဌ၊၇၆) (သာရတ္ထ၊ဋီ၊၃၊၄၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပထဝိကထာပသုတပဉ္စသတဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော်တို့သည် သူတို့ရောက်ရှိရာ ဒေသများရှိ မြေကြီးနှင့် ပတ်သက်သော စကားတို့ကို ပြောဆိုနေကြပုံ၊ ဘုရားရှင် ကြွတော်မူလာပြီး ဗာဟိရပထဝီထက် ခန္ဓာကိုယ်တွင်းရှိ အဇ္ဈတ္တိကပထဝီကို လေ့လာပွားများသင့်ကြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဒကုသလမာဏဝဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘီလူးမတစ်ယောက်သည် လူတို့ကို ဖမ်းယူစားသောက်ပုံ၊ တစ်နေ့၌ ပုဏ္ဏားတစ်ယောက်ကို ဖမ်းယူပြီး ချစ်ခင်နှစ်သက်သဖြင့် လင်အဖြစ် ပေါင်းသင်းနေစဉ် ဘုရားအလောင်းကို မွေးဖွားခဲ့ပုံ၊ မိခင် ဘီလူးမ မရှိခိုက် သားအဖနှစ်ယောက် ထွက်ပြေးပုံ၊ မိခင်ဘီလူးမ၏ ပိုင်နက်ကို ကျော်လွန်သောအခါ မီလာပြီး ပြန်ခေါ်သော်လည်း မလိုက်ကြသဖြင့် ခိုးသူ၏ ခြေရာကို သိနိုင်သော ပဒကုသလမန္တန်ကို သင်ပေးလိုက်ပုံ၊ ထိုမန္တန်ဖြင့် ဘုရင့်ထံ ခစားနေရာ တစ်နေ့တွင် ဘုရင်နှင့် ပုရောဟိတ်တို့ ဝှက်ထားသော ရတနာထုပ်ကို ဖော်ထုတ်နိုင်ပုံ၊ ပြည်သူတို့က ဘုရားအလောင်းကို မင်းအဖြစ် တင်မြှောက်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဒပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထဘုရားရှင်အား မြတ်လေးပန်းကို ပေးလှူခဲ့ပြီး ဘုရားရှင်၏ ခြေတော်တို့၌ ပန်းခုနစ်ပွင့်ကို ကြဲမြှောက်ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သမန္တဂန္ဓမည်သော စကြာမင်းတစ်ဆယ့်သုံးကြိမ် ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဒသညကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ တိဿဘုရားရှင် နင်းသွားတော်မူသော ခြေတော်ရာကို ဖူးမြင်ရ၍ ခြေတော်ရာဟူသော အမှတ်ကို ရခဲ့သောဘဝမှ စပြီး အပါယ်လေးပါး လားရောက်ရခြင်း မရှိတော့ဘဲ ခုနစ်ကမ္ဘာအထက်၌ သုမေဓမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဒီပဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ နတ်သားဖြစ်ခဲ့၍ လူ့ပြည်သို့ ဆင်းသက်ကာ ဘုရားရှင်အား ဆီမီးငါးတိုင်တို့ကို ပေးလှူခဲ့သော ကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ငါးဆယ့်ငါးကမ္ဘာအထက်တွင် သမန္တစက္ခုမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဒုမကူဋာဂါရိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပဒုမကူဋာဂါရိယမထေရ်လောင်း အမျိုးကောင်းသားသည် သားလိုက်မုဆိုးတစ်ဦး ဖြစ်ခဲ့စဉ် ပဒုမုတ္တရဘုရားရှင်ကို ဖူးမြင်ရသဖြင့် ပဒုမ္မာကြာပန်းကြာရွက်များ မိုးကာ ကျောင်းငယ်ဆောက်လုပ်လှူဒါန်းပုံ၊ ဘုရားရှင်က ထိုကြာပန်းမိုးထားသော ကျောင်း၌ ခုနစ်ရက် နိရောဓသမာပတ် ဝင်စားပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် အပါယ်မလားဘဲ ဤဂေါတမဘုရားရှင်သာသနာ၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဒုမကေသရိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ်တစ်ကမ္ဘာအထက်၌ ပစ္စေကဗုဒ္ဓါတို့၏ အနီး၌ မာတင်္ဂဆင်ကြီး ဖြစ်ခဲ့ပုံ၊ ထိုဆင်ကြီးသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့အား ကြည်ညိုလှသဖြင့် ပဒုမ္မာကြာ ဝတ်ဆံတို့ကို ကြဲဖြန့်ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် မထေရ်လောင်း မာတင်္ဂဆင်သည် ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ မလားရောက်တော့ဘဲ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဒုမစ္ဆဒနီယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဝိပဿီဘုရားရှင် ပရိနိဗ္ဗာန် စံဝင်လေသော် ဘုရားရှင်ကို မီးသင်္ဂြိုဟ်ရာ ထင်းပုံ၌ ပဒုမ္မာကြာပန်းကို တင်လှူပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိတော့ဘဲ လွန်ခဲ့သော လေးဆယ့်ခုနစ်ကမ္ဘာအထက်၌ ပဒုမိဿရမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဒုမဇာတက

ဤဇာတ်တော်၌ သူဌေးသား(၃)ယောက်တို့သည် ပွဲလမ်းသဘင်၌ ကြာပန်းများ အသုံးပြုရန် ပဒုမ္မာကြာပန်းများရှိသော ရေကန်သို့ သွားကြ၍ နှာခေါင်းပြတ်နေသော ကန်စောင့်ကို ‘ဆံပင်၊ မုတ်ဆိတ်များ ပြတ်သွားလျှင် ပြန်ရှည်လာသကဲ့သို့ သင်၏ နှာခေါင်းသည်လည်း ပြန်ရှည် လာပါစေ’ စသည်ဖြင့် သူဌေးသား နှစ်ယောက်တို့က မဟုတ်မမှန် မြှောက်ပင့်တောင်းသဖြင့် ကန်စောင့်က ကြာပန်း မပေးပုံ၊ ချိုသာစွာ အမှန်အတိုင်း ပြောဆိုတောင်းသူ သူဌေးသားအား ကြာပန်း ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဒုမတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ ပဒုမုတ္တရဘုရားအား တစ်ကောသ ဝက်မျှဝေးသော နေရာမှ နေ၍ ပဒုမ္မာကြာပန်းတို့ကို ကြဲမြှောက်ပူဇော်ခဲ့ပုံ၊ ကြာပန်းတို့သည် ဘုရားရှင်၏ တန်ခိုးတော်ကြောင့် လေထဲ၌ ဝဲပျံပူဇော်နေပုံ၊ ဘုရားရှင်က လက်တော်ဖြန့်တန်း ခံယူခဲ့၍ ‘‘ကမ္ဘာသုံးဆယ်တို့ပတ်လုံး သိကြားမင်း အကြိမ်ခုနစ်ရာ ဧကရာဇ်မင်း ပဒုမ္မာချပ်အရေအတွက်မျှ စကြဝတေးမင်း ဖြစ်လတ္တံ့’’ဟု ဗျာဒိတ်စကား မိန့်ကြားခဲ့ပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါး မလားခဲ့ရတော့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဒုမဒေဝီဝတ္ထု

ဤဝတ္ထု၌ ပဒုမဒေဝီလောင်း အမျိုးကောင်းသမီးသည် လယ်တဲစောင့်နေစဉ် ပစ္စေကဗုဒ္ဓါတစ်ပါးအား ပေါက်ပေါက်ပွင့်ငါးရာနှင့် ပဒုမ္မာကြာပန်းတစ်ပွင့်ကို ဆက်ကပ်လှူဒါန်းပြီး သားယောကျ်ားလေးငါးရာ မွေးဖွားရလိုကြောင်း ဆုတောင်းခဲ့ပုံ၊ ထိုခဏ၌ပင် သားမုဆိုးငါးရာတို့ကလည်း နူးညံ့သော အမဲသားဟင်းများကို ပစ္စေကဗုဒ္ဓါအား လှူဒါန်းပြီး ပဒုမဒေဝီလောင်း အမျိုးသမီး၏ သားငါးရာ ဖြစ်ရလိုကြောင်း ဆုတောင်းကြပုံ၊ ဤကောင်းမှုကြောင့် နတ်ပြည်တို့၌ ဖြစ်ကာ စုတေပြီးနောက် ဇာတဿရအိုင်အတွင်းရှိ ပဒုမ္မာကြာပွင့်၌ မွေးဖွားခဲ့ပုံ၊ ရသေ့တစ်ပါးက တွေ့မြင်ပြီး ကျွေးမွေးပြုစု စောင့်ရှောက်ထားပုံ၊ ပဒုမဝတီအမျိုးသမီးငယ်သည် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ပဒုမ္မာကြာပန်းများ ပေါ်ပေါက်လာကြောင်း ဗာရာဏသီမင်းကြီး ကြားသိပြီး မိဖုရားအရာ တင်မြှောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၉၀) (ဥဒါန၊ဋ္ဌ၊၂၆၃) (သာရတ္ထ၊ဋီ၊၂၊၁၁၃) (သံ၊ဋီ၊၁၊၃၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဒုမဓာရိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်း အမျိုးကောင်းသားသည် ၃၁-ကမ္ဘာထက်၌ပွင့်တော်မူခဲ့သော သမ္ဘဝပစ္စေကဗုဒ္ဓါအရှင်မြတ်အား ပဒုမ္မာကြာကို ယူ၍ ဆောင်းမိုးပေးခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘုံတို့၌ ချမ်းသာစွာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (အပ၊၂၊၁၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဒုမပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ကြာတောသို့ ဝင်၍ ပဒုမ္မာကြာကို ချိုးစဉ် ဖုဿဘုရားရှင်ကို ဖူးမြင်ရ၍ ကြာပန်းတို့ကို ကောင်းကင်၌ မြှောက်၍ ပူဇော်ခဲ့ပုံ၊ ထိုဘုရားရှင်သာသနာတော်၌ ရဟန်းပြု၍ ဝစီဒုစရိုက်ကို စွန့်လွှတ်ကာ အာဇီဝပါရိသုဒ္ဓိသီလကို စင်ကြယ်စေခဲ့ပုံ၊ ပန်းလှူခဲ့သော ဘဝမှ စ၍ အပါယ်လေးပါး မလားခဲ့ရတော့ဘဲ တစ်ဆယ့်ရှစ်ကမ္ဘာတို့၌ ပဒုမာဘာသမည်သော စကြဝတေးမင်း တစ်ဆယ့်ရှစ်ကြိမ် ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဒုမပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်အနီး နဂါးအပေါင်းတို့၏ နေရာဖြစ်သော ဂေါတမမည်သော တောင်၌ ကျောင်းသင်္ခမ်း ဆောက်လုပ်၍ တပည့်ရသေ့များနှင့် နေခဲ့ပုံ၊ တပည့်ရသေ့တို့ ဆောင်ယူလာသော ကြာပန်းတို့ကို လက်ခံရယူ၍ ဘုရားရှင်အား လှူဒါန်းပူဇော်ခဲ့ပုံ၊ ကြာပန်းလှူခဲ့သော ဘဝမှစ၍ အပါယ်လေးပါး လားရောက်ခဲ့ခြင်း မရှိတော့ဘဲ လွန်ခဲ့သော ငါးဆယ့်တစ်ကမ္ဘာအထက်၌ ဇလုတ္တမမည်သော စကြဝတေးမင်း ဖြစ်ခဲ့ပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဒုမဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ ပဒုမဘုရားရှင်သည် စမ္ပကနေပြည်တော်၌ ခမည်းတော် အသမမင်းကြီးနှင့် မယ်တော် အသမာဒေဝီမှ မွေးဖွားခဲ့ပြီး ဥတ္တရာမင်းသမီးနှင့် အတူ နန်းစည်းစိမ် ခံစားခဲ့ပုံ၊ ရမ္မမင်းသား မွေးဖွားပြီးနောက် တောထွက်တော်မူခဲ့ပုံ၊ ကြောင်လျှာဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူ၍ သာလ, ဥပသာလ အဂ္ဂသာဝကနှစ်ပါး ရှိတော်မူခဲ့ပုံ၊ ဝရုဏမထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ၊ ထိုစဉ်က ဂေါတမဗုဒ္ဓလောင်းလျာသည် ခြင်္သေ့မင်းဖြစ်ပြီး နိယတဗျာဒိတ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၃) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဒုမုတ္တရဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ ပဒုမုတ္တရဘုရားရှင်သည် ဟံသာဝတီနေပြည်တော်ရှိ ခမည်းတော် အာနန္ဒာမင်းကြီးနှင့် မယ်တော် သုဇာတာဒေဝီတို့မှ မွေးဖွားခဲ့ပုံ၊ ဝိသုဒတ္တာမင်းသမီးနှင့် နန်းစည်းစိမ် ခံစားကာ ဥတ္တရမည်သော သားတော် မွေးဖွားပြီးနောက် တောထွက်တော်မူခဲ့ပုံ၊ ထင်းရှူးဗောဓိပင်ရင်း၌ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပုံ၊ ဒေဝလနှင့် သုဇာတ အဂ္ဂသာဝကနှစ်ပါး ရှိတော်မူခဲ့ပုံ၊ သုမနထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ ဂေါတမဗုဒ္ဓလောင်းလျာသည် ထိုစဉ်က ဇဋိလ အမည်ရှိသော မင်းဖြစ်၍ နိယတဗျာဒိတ် ခံယူတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၄) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဓာနကမ္မိကတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိပြည်သား အမျိုးသားငါးရာတို့သည် မြတ်စွာဘုရားထံ၌ ရဟန်းပြုကြပြီး ကမ္မဋ္ဌာန်းယူကာ တောအရပ်သို့ ကြွကြစဉ် ရဟန်းတစ်ပါးသည် ပျင်းရိသဖြင့် ကျန်ရစ်ခဲ့ပုံ၊ ထိုရဟန်းတို့ ရဟန္တာဖြစ်သောအခါမှ ညတွင်းချင်း ရဟန္တာဖြစ်ရန် ကြိုးစားရာ စင်္ကြံလမ်းမှ ချော်ကျ၍ ပေါင်ကျိုးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဓာနိကတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပဓာနိကတိဿမထေရ်သည် မိမိကိုယ်တိုင်က တရားအားမထုတ်ဘဲ အခြားသော ရဟန်းတို့အား ညလုံးပေါက် တရားအားထုတ်ခိုင်းပုံ၊ ဝါတွင်းသုံးလ ကုန်ဆုံးသွားသော်လည်း အအိပ်အစားမမှန်၊ ဣရိယာပုတ်များ ပျက်ယွင်းသဖြင့် ရဟန်းတော်များ တရားထူး မရကြပုံ၊ သူတစ်ပါးကို ဆုံးမသည့်နည်းအတိုင်း မိမိကိုယ်တိုင် ရှေးဦးစွာ စံပြအဖြစ် လိုက်နာကျင့်သုံးအပ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဓာနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပဓာနိယမထေရ်သည် ခဏ္ဍစေလကျောင်း၌ အရိယဝံသတရားတော်ကို နာယူနေစဉ် အဆိပ်ပြင်းသော မြွေအကိုက်ခံရပုံ၊ ပဓာနိယထေရ်သည် မြွေကိုက်ခံရမှန်း သိသော်လည်း စိတ်ကြည်ကြည်လင်လင်ဖြင့်ပင် တရားတော်ကို နာကြားနေပုံ၊ ရဟန်းဖြစ်သည့် အချိန်မှ စ၍ မိမိ၏ ကိုယ်ကျင့်သီလကို ဆင်ခြင်သောအခါ စင်ကြယ်သော သီလရှိကြောင်း သိမြင်ရပြီး နှစ်သက်အားရမှုပီတိ ဖြစ်ရပုံ၊ ပီတိ၏အစွမ်းကြောင့် မြွေဆိပ်များ အပြင်သို့ ပြန်ထွက်ပြီး မြေကြီးပေါ်သို့ ထွက်ကျခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၈၂) (မ၊ဋီ၊၁၊၁၇၀) (အံ၊ဋီ၊၃၊၁၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပနသဖလဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ်တစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်၌ သီတင်းသုံးနေတော်မူသော အဇ္ဇုနအမည်ရှိသော ပစ္စေကဗုဒ္ဓါအား အိုးမျှလောက်ရှိသော ပိန္နဲသီးကို ကပ်လှူပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားရောက်ခဲ့ရဘဲ နောက်ဆုံး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဗ္ဗတရာဇဝတ္ထု

ဤဝတ္ထုသည် ကောဏာဂမနဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဗ္ဗတူပတ္ထရဇာတက

ဤဇာတ်တော်၌ ကောသလမင်း၏ အမတ်တစ်ယောက်နှင့် နန်းတွင်းသူတစ်ယောက်တို့ ဖောက်ပြန်မှုကို အကြောင်းပြု၍ ဤပဗ္ဗတူပတ္ထရဇာတ် ဖြစ်ပေါ်လာပုံ၊ အတိတ်ဘဝတစ်ခုတွင် ဘုရားအလောင်းတော်သည် အမတ်မျိုး၌ ဖြစ်ခဲ့ပုံ၊ ဗြဟ္မဒတ်မင်း၏ အမတ်တစ်ယောက်သည် နန်းတွင်းသူတစ်ယောက်နှင့် ဖေါက်ပြန်သဖြင့် ဘုရားလောင်းအမတ်ထံ မင်းကြီးက အကြံဉာဏ်တောင်းခံပုံ၊ ကျေးဇူးများသောသူ ချစ်ခင်နှစ်သက်သူတို့အပေါ်၌ ခွင့်လွှတ်သင့်ကြောင်း ဘုရားအလောင်းက အကြံဉာဏ်ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဗ္ဘာရဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော တစ်ထောင့်ရှစ်ရာ ကမ္ဘာအထက်၌ ပိယဒဿီဘုရားရှင်၏ လိုဏ်ဂူကို သုတ်သင်ပြီး ဘုရားရှင်အတွက် ရေအိုးကို တည်ထားခဲ့သော ကောင်းမှုကြောင့် ဘုံဆင့်တစ်ရာရှိ၍ ရွှေဖြင့်ပြီးသော ပြာသာဒ်ကို ရရှိခဲ့ပြီး တစ်ကမ္ဘာလုံး နတ်ပြည်၌ ပျော်မွေ့ခဲ့ရပုံ၊ လွန်ခဲ့သော သုံးဆယ်နှစ်ကမ္ဘာအထက်၌ သုသုဒ္ဓမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဗ္ဘာရဝါသီတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ တိဿမထေရ်သည် နတ်သားအမိ စောင့်သော လိုဏ်ခေါင်းသို့ ရောက်လာပြီး နှစ်သက်၍ ဘာဝနာအားထုတ်ရန် နေရာသတ်မှတ်ပုံ၊ သီလရှိသော ရဟန်းနှင့် တစ်နေရာတည်း၌ မနေနိုင်သော နတ်သားအမိတို့က နေရာကို ဖယ်ပေးရပုံ၊ တိဿရဟန်း ကြာရှည်နေမည်ကို မှန်းဆမိ၍ မထေရ်၏ အရှိန်အစော်မဲ့အောင် နတ်သမီး ကြံဆပုံ၊ နတ်သမီးက မထေရ်ကို ကဲ့ရဲ့၍ ဆေးကုသော ရဟန်းဟု စွပ်စွဲသောအခါ မထေရ်သည် မိမိ၏သီလကို ဆင်ခြင်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဘင်္ကရတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ တောလုပ်ငန်းလုပ်ကိုင်သူ ဖြစ်ခဲ့၍ သားရဲတိရစ္ဆာန်တို့ ပေါများသော တောအတွင်း၌ ခြုံနွယ်တို့ ဖုံးအုပ်ကာ ပျက်စီးနေသော ပဒုမုတ္တရဘုရားရှင့် စေတီတော်ကို ဖူးတွေ့ခဲ့ရပုံ၊ ထိုစေတီတော်၌ ခြုံနွယ်တို့ကို သုတ်သင်ရှင်းလင်း၍ ရှစ်ကြိမ်တိုင်တိုင် ရှိခိုးပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စုတေသော် တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့ပြီး ရွှေဖြင့်ပြီး၍ ပြိုးပြိုးပြက်ပြက် အရောင်ထွက်ကာ အမြင့်ယူဇနာခြောက်ဆယ်၊ အကျယ်ယူဇနာသုံးဆယ်ရှိသော ဗိမာန်၌ နေခဲ့ရပုံ၊ ဖြစ်တိုင်းသော ဘဝတို့၌ ဆူးငြောင့်ခလုတ်ကင်း၍ အိုင်းအမာပွေးညှင်း စသော နူနာများ မဖြစ်ခဲ့ရပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါး မလားခဲ့ရဘဲ ဤဘုရားရှင်သာသနာတော်၌ တစ်ထိုင်တည်းဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဘဿရဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သား ဥပါသကာတစ်ဦးနှင့် သူ၏ သမီးတို့သည် အရှင်မောဂ္ဂလာန်ကို အလွန်ကြည်ညိုကြပြီး ဆွမ်းခံကြွလာသော အရှင်မောဂ္ဂလ္လာန်မထေရ်အား မြတ်လေးပန်းဖြင့် ပူဇော်၍ ထန်းလျက်ခဲတို့ဖြင့် သပိတ်အပြည့် လှူဒါန်းခဲ့သော ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပမတ္တာပမတ္တဒွေသဟာယကဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိပြည်သား ရဟန်းနှစ်ပါးတို့သည် ဘုရားရှင်ထံ ကမ္မဋ္ဌာန်းတောင်း၍အားထုတ်ကြပုံ၊ တစ်ပါးက အမှန်တကယ် အားထုတ်၍ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ရဟန္တာဖြစ်ကြောင်း ကြားသိမှ အခြားတစ်ပါးသည် ကမ္မဋ္ဌာန်းတရား ကြိုးစားအားထုတ်ခဲ့ပုံ၊ ဘုရားရှင်သိတော်မူသောကြောင့် ‘‘အားနှင့်ပြည့်စုံသော အာဇာနည်မြင်းသည် အားကုန်ချည့်နဲ့သည့် မြင်းအိုကြီးကို ပယ်စွန့်၍ သွားသည်နှင့် တူသည်’’ ဟု မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပရန္တပဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားအလောင်းသည် ထိုမင်း၏ သားတော် ဖြစ်၍ တက္ကသိုလ်ပြည်မှ သဗ္ဗရုတဇာနနမန္တန်ကို သင်ယူခဲ့သဖြင့် သတ္တဝါတို့၏ ပြောစကားကို နားလည်ခဲ့ပုံ၊ နိုင်ငံတော်သို့ ပြန်ရောက်ပြီး ဖခင်မင်းကြီးသည် သားတော်ကို သေစေရန် ရန်သူမင်းကို စစ်တိုက်ထွက်ခိုင်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပရပ္ပသာဒကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပရပ္ပသာဒကထေရ်လောင်း အမျိုးကောင်းသားသည် သိဒ္ဓတ္ထဘုရားရှင်လက်ထက်၌ သေနမည်သော ပုဏ္ဏားတစ်ဦး ဖြစ်ခဲ့ပုံ၊ သိဒ္ဓတ္ထဘုရားရှင်အား ဂါထာလေးပုဒ်တို့ဖြင့် ချီးကျူးပူဇော်ခဲ့ပုံ၊ ဤကောင်းမှုကြောင့် အပါယ်ဘေးမှ ကင်းဝေးခဲ့ကာ ဤဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပရမန္နဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဝိပဿီဘုရားရှင်အား မွန်မြတ်သော ဆွမ်းကို ပေးလှူခဲ့ပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပရာဘဝပဥှဝတ္ထု

ဤဝတ္ထု၌ နတ်ဗြဟ္မာများသည် သတ္တဝါတို့ ကြီးပွားချမ်းသာကြောင်း မင်္ဂလသုတ်တော်ကို ထောက်ဆ၍ သတ္တဝါတို့ ပျက်စီးဆုတ်ယုတ်ကြောင်း တရားများကို ဟောပြပါရန် တောင်းပန်လျှောက်ထားသောကြောင့် ဘုရားရှင်သည် ဤသုတ်တော်ကို ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပရိဇိဏ္ဏဗြာဟ္မဏပုတ္တဝတ္ထု

ဤဝတ္ထု၌ အသပြာရှစ်သိန်းချမ်းသာသော ပုဏ္ဏားကြီးသည် သားသမီးလေးယောက်တို့အား ထိမ်းမြားလက်ထပ်ပေးပြီး တစ်သိန်းစီ ခွဲဝေပေးကာ သားလေးယောက်တို့အိမ်၌ အလှည့်ကျ လှည့်လည်နေထိုင်ခဲ့ပုံ၊ သားသမီးများက အသက်ထက်ဆုံး ပြုစုလုပ်ကျွေးပါမည်ဟု ပြောကာ ကျန်အသပြာလေးသိန်းကို ခွဲဝေယူကြပုံ၊ နှစ်ရက်သုံးရက်ခန့်စီသာ ပြုစုလုပ်ကျွေးကြပြီး ပုဏ္ဏားကြီးအား လက်မခံကြတော့ပုံ၊ ပုဏ္ဏားအိုကြီးသည် ဘုရားထံသို့ ချဉ်းကပ်ပြီး အကျိုးအကြောင်း လျှောက်ထားသောအခါ ဘုရားရှင်က ဂါထာတော်များကို သင်ကြားပေးလိုက်သဖြင့် သားသမီးများက ပုဏ္ဏားအိုကြီးအား တစ်ဖန်ပြုစုကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပရိပုဏ္ဏကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဓမ္မဒဿီဘုရားရှင်၏ သရီရစေတီတော်ကို ပန်းမျိုးစုံတို့ဖြင့် အလေးအမြတ် ပူဇော်ခဲ့သောကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ကပိလဝတ္ထုမြို့ သာကီဝင်မင်းမျိုး၌ ဖြစ်၍ ဟင်းခွက်တစ်ရာ စားသောက်နေထိုင်သည့်ဘဝကို စွန့်လွှတ်ကာ သာသနာတော်သို့ ဝင်ရောက်ပြီး ဝိပဿနာပွားကာ ရဟန္တာ ဖြစ်ခဲ့ပုံ၊ မြတ်စွာဘုရားထံ၌ တရားတော်ကိုနာကြားရသဖြင့် ပုဏ္ဏားအိုကြီးသားလေးယောက်နှင့် ချွေးမလေးယောက်တို့ သောတာပန်တည်ကြပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပရိဿာဝနဝတ္ထု

ဤဝတ္ထု၌ ရဟန်းနှစ်ပါး ကောသလတိုင်း၌ ခရီးသွားနေစဉ် တစ်ပါးက မအပ်စပ်သည်ကို ပြုသဖြင့် ကျန်တစ်ပါးက တားမြစ်ရာ မအပ်စပ်သည်ကို ပြုသော ရဟန်းက တားမြစ်သော ရဟန်းအား ရန်ငြိုးဖွဲ့ခဲ့ပုံ၊ ထိုတားမြစ်ဖူးသော ရဟန်းက ရေစစ်တောင်းသောအခါ ရန်ငြိုးဖွဲ့သော ရဟန်းက မပေးဘဲနေသောကြောင့် ရေငတ်၍ ပျံတော်မူပုံ၊ ဘုရားရှင် သိတော်မူ၍ ‘‘ရေစစ်တောင်းသော် မပေးဘဲ မနေရ၊ ရေစစ်မပါဘဲ ခရီးမသွားရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပရောသတဇာတက

ဤဇာတ်တော်သည် သာရိပုတ္တထေရဝတ္ထု၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပရောသဟဿဇာတက

ဤဇာတ်တော်သည် သာရိပုတ္တထေရဝတ္ထု၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပလာယိတဇာတက

ဤဇာတ်တော်၌ ပလာယိတပရိဗိုဇ်သည် ဝါဒပြိုင်ရန် ဇမ္ဗူဒိပ်တစ်ကျွန်းလုံး လှည့်လှည်ခဲ့သော်လည်း ပြိုင်ဘက်ကို မရသဖြင့် သာဝတ္ထိပြည်သို့ ရောက်သောအခါ ဘုရားရှင်သတင်းကို ကြားရ၍ ဝါဒပြိုင်ရန် ဇေတဝန်သို့ လာခဲ့ပုံ၊ ထိုစဉ် ဇေတမင်းသားသည် ကိုးကုဋေအကုန်အကျခံ၍ ဆောက်လုပ်ထားသော ဇေတဝန်ကျောင်းမုခ်ဝကို တွေ့မြင်လျှင်ပင် တုန်လှုပ်၍ နောက်ပြန်ဆုတ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပလာယိတဇာတက

ဤဇာတ်တော်၌ ပလာယိတပရိဗိုဇ်သည် ဝါဒပြိုင်ရန် ဇေတဝန်ကျောင်းတိုက်သို့ ဝင်လာသည်ရှိသော် လူအများခြံရံလျက် တန်ဆာဆင်အပ်သော တရားပလ္လင်၌ တရားဟောနေသော လပြည့်ဝန်းကြီးသဖွယ် တင့်တယ်သောမျက်နှာတော်ရှိသည့် ဘုရားရှင်ကို မြင်တွေ့ရသဖြင့် ဤကဲ့သို့သော ယောက်ျားမြတ်ကို မည်သူသည် အနိုင်ရနိုင်ပါမည်နည်းဟု ပြောဆိုကာ နောက်ပြန်ဆုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပလာသဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ပေါက်ပင်စောင့်နတ် ဖြစ်ပြီး မိမိကို ဗလိနတ်စာ ပူဇော်သောသူအား ရွှေအိုးကြီးများ မ,စကျေးဇူးပြုခဲ့ပုံ၊ သူ့ကျေးဇူးကို ပြန်လည်ဆပ်သင့်ကြောင်း ဟောကြားခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပလာသဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရွှေဟင်္သာငှက်မျိုး၌ ဖြစ်စဉ် စိတ္တကုဋ်တောင် ရွှေလိုဏ်ဂူ၌ နေထိုင်လျက် ဟိမဝန္တာသို့ သွား၍ အလိုအလျောက် ပေါက်နေသော သလေးစပါးများကို စားလေ့ရှိပုံ၊ ရွှေဟင်္သာမင်းသည် စိတ္တကုဋ်တောင်နှင့် ဟိမဝန္တာလမ်းခရီး အကြားရှိ ပေါက်ပင်ကြီးတစ်ပင်၌ အသွားအပြန် အပန်းဖြေ နားလေ့ရှိသဖြင့် ပေါက်ပင်စောင့်နတ်နှင့် ခင်မင်ရင်းနှီးကြပုံ၊ အခြားငှက်များက ညောင်သီးစားပြီး ပေါက်ပင်ခွကြား၌ မစင်စွန့်ထားသဖြင့် ထိုပေါက်ပင်ခွကြားတွင် ညောင်ပင်ငယ်လေးများ ပေါက်လာပုံ၊ ဘုရားအလောင်း ရွှေဟင်္သာမင်းက ညောင်ပင်ငယ်လေးများကို တွေ့မြင်သဖြင့် ပေါက်ပင်စောင့်နတ်အား ‘‘ဤညောင်ပင်ငယ်လေးများသည် သင်၏ ဗိမာန်အတွက် အန္တရာယ်ကြီး၏၊ ယခုကတည်းက ဖယ်ရှားနုတ်ပစ်သင့်၏’’ဟု ပြောကြားခဲ့ပုံ၊ ဘုရားအလောင်း ရွှေဟင်္သာငှက်မင်း၏ စကားကို ပေါက်ပင်စောင့်နတ်က နားမထောင်ခဲ့ပုံ၊ နောင်သောအခါ ပေါက်ပင်ကို ညောင်ပင်က မျိုသဖြင့် ပေါက်ပင်နှင့်တကွ ဗိမာန်ပါ ပျက်စီး ဆုံးရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပလ္လင်္ကဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာသုံးသောင်းအထက်၌ သုမေဓာဘုရားရှင်အား ဗိတာန်မျက်နှာကြက်၊ အိပ်ရာလွှမ်းနှင့်တစ်ကွသော ပလ္လင်ကို ပေးလှူပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိတော့ဘဲ ဖြစ်တိုင်းသော လူ့ဘဝ၊ နတ်ဘဝတို့၌ ရတနာဖြင့်ပြီးသော ပလ္လင် ဖြစ်ပေါ်ခဲ့ပုံ၊ လွန်ခဲ့သော ကမ္ဘာနှစ်သောင်းအထက်၌ သုဝဏ္ဏာဘာမည်သော စကြဝတေးမင်း သုံးကြိမ် ဖြစ်ခဲ့၍ နောက်ဆုံး ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပလ္လင်္ကဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိပြည်သား ဥပါသကာတစ်ဦး၏ သမီးသည် အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ကျပြီးနောက် ငါးပါးသီလမြဲ၍ ဥပုသ်သီလကို ရိုရိုသေသေ ဆောက်တည်သောကြောင့် တာဝတိံသာနတ်ပြည်၌ ရွှေပလ္လင်ပိုင်နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဝါရဏာဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးကို ပဝါရဏာပြုမည့်အချိန်၌ ဆွေမျိုးများ၊ မင်းများ၊ သူခိုးများ၊ အရက်သမားများ၊ ရန်သူများက ဖမ်းလျှင် ထိုရဟန်း ပဝါရဏာပြုပြီးသည်အထိ ဆိုင်းငံ့ရန်၊ သို့မဟုတ် ထိုသူတို့ကို သိမ်ပြင်ပ ထွက်နေရန်၊ သို့မဟုတ် ထိုရဟန်းကို သိမြ်ပင်ခေါ်သွားရန် ပြောဆိုရပုံ၊ ထိုသို့ပြော၍ မရလျှင် သံဃာအုပ်စုကွဲသော (ဝဂ်ဖြစ်နေသော) သံဃာတော်တို့က ပဝါရဏာမပြုရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဝါရိတဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ပုဏ္ဏားတစ်ယောက်သည် ရဟန်းတော်များကို ပင့်ဖိတ်၍ ဆွမ်းကပ်ပုံ၊ ရဟန်းတို့သည် ပုဏ္ဏားအိမ်၌ ဆွမ်းစားပြီးသော်လည်း မိမိဆွေမျိုးများအိမ်သို့ ရောက်သောအခါ ဆွမ်းစားကြပြန်သဖြင့် ပုဏ္ဏားကြီးက ကဲ့ရဲ့ပုံ၊ ထိုအကြောင်းကြောင့် ‘တော်ပြီ တန်ပြီ’ဟု တားမြစ်ပြီးနောက် အခြားနေရာ၌ ဆွမ်းစားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ပထမ-ပဝါရဏာ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၂၊၁၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဝါရိတဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ပဝါရိတ်သင့်ပြီးသော ရဟန်းအား အခြား ရဟန်းတစ်ပါးက ဘောဇဉ် ကျွေးခြင်းကို အကြောင်းပြု၍ ‘‘ထိုသို့ ကျွေးသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဒုတိယ ပဝါရဏာ သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပဝိဋ္ဌတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကေသာမည်သောရသေ့ ဖြစ်စဉ် အတ္ထဒဿီဘုရားရှင်ထံ ချဉ်းကပ်ပြီး ဝမ်းမြောက်ဝမ်းသာ တရားနာ၍ လက်အုပ်ချီမိုး ရှိခိုးအရိုအသေ ပြုခဲ့ပုံ၊ ထိုကုသိုလ်ထူးကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ မဂဓတိုင်းပုဏ္ဏားမျိုး၌ ဖြစ်ကာ ပရိဗိုဇ်ဘဝဖြင့် နေစဉ် ဥပတိဿ ကောလိတတို့ ဗုဒ္ဓသာသနာတော်သို့ ဝင်ရောက်သည်ကို ကြားရသဖြင့် အားကျ၍ သာသနာတော်သို့ ဝင်ရောက်ကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပသာဒဗဟုလဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ အကြည်ညိုလွန်ကဲသော ပုဏ္ဏားကြီးက မိမိအိမ်သို့ ကြွရောက်သော ရဟန်းတို့ကို ရဟန္တာဟု ခေါ်ဝေါ်သုံးနှုန်းပုံ၊ ပုထုဇဉ်ရဟန်းနှင့် ရဟန္တာအရှင်မြတ်တို့က ဝိနယကုက္ကုစ္စဖြစ်၍ ထိုပုဏ္ဏားအိမ်သို့ မကြပုံ၊ မြတ်စွာဘုရား သိတော်မူ၍ ‘‘ရဟန္တာဟု ခေါ်ဝေါ်မှုကို ရရှိသော ရဟန်းတို့အား အာပတ်မသင့်’’ဟု မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပသူရပရိဗ္ဗာဇကဝတ္ထု

ဤဝတ္ထု၌ ပသူရပရိဗိုဇ်သည် အရှင်သာရိပုတ္တရာအား ဝါဒယှဉ်ပြိုင်ပြီးနောက် လာဠုဒါယီထံ၌ ရဟန်းဝတ်၍ ဗုဒ္ဓကို ဝါဒပြိုင်ရန် သွားရောက်ခဲ့ပုံ၊ သင်္ကပ္ပရာဂနှင့် ပတ်သက်၍ ဘုရားရှင်အား ဝါဒတင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၂၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပသေနဒိကောသလရာဇဝတ္ထု

ဤဝတ္ထု၌ ပသေနဒီကောသလမင်းကြီးသည် ဥယျာဉ်စောင့်ယောက်ျားတစ်ယောက်အား ဥယျာဉ်တော်ကို ရှင်းလင်းခိုင်းရာ ထိုဥယျာဉ်အတွင်း၌ ဘုရားရှင် သီတင်းသုံးနေတော်မူသည်ကို ဥယျာဉ်စောင့်က တွေ့မြင်ပုံ၊ ကောသလမင်းကြီး ရောက်လာသောအခါ ဥပါသကာတစ်ယောက်နှင့် တရားဆွေးနွေးတော်မူနေသော ဘုရားရှင်က ကောသလမင်းကြီးအား ဤဥပါသကာသည် စာပေပရိယတ်၌ ကျွမ်းကျင်တတ်မြောက်သူဖြစ်ကြောင်း မိန့်တော်မူပုံ၊ ကောသလမင်းကြီးက နန်းတွင်းသူ နန်းတွင်းသားများကို စာပေပရိယတ်သင်ကြားစေရန် ပြောဆိုသောအခါ ရဟန်းတော်တို့နှင့်သာ သင့်လျော်ပါကြောင်း ဥပါသကာက ပြန်လည်သံတော်ဦးတင်ခဲ့ပုံ၊ မင်းကြီးက ဘုရားရှင်အား လျှောက်ထား၍ ဘုရားရှင်က အရှင်အာနန္ဒာအား သင်ကြားစေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပသေနဒိကောသလရာဇဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သကျတို့၏ နိဂုံးရွာ မေဓာဠုပ၌ သီတင်းသုံးတော်မူစဉ် နဂရကမြို့သို့ ရောက်နေသော ကောသလမင်းကြီးသည် မြတ်စွာဘုရားထံ ရောက်လာပြီး မြတ်စွာဘုရား၏ ခြေတော်တို့ကို ပါးစပ်ဖြင့် စုပ် လက်တို့ဖြင့် ဆုပ်နယ်ပြီး မြတ်စွာဘုရားအပေါ် သူ၏ ကြည်ညိုမှုတို့ကို လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၃၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပသေနဒိကောသလရာဇဝတ္ထု

ဤဝတ္ထု၌ ကောသလမင်းကြီးက ဘုရားရှင်အား အမျိုးလေးပါးခွဲခြားမှုသည် နောင်တမလွန်ဘဝ၌ ထူးခြားမှု ရှိ၊ မရှိ မေးလျှောက်ရာ ဘုရားရှင်က ကျွန်းသားထင်း၊ အင်ကြင်းသားထင်း၊ သရက်သားထင်း၊ ရေသဖန်းသားထင်းတို့သည် အပင်ဘဝ၊ ထင်းရှူးဘဝတုန်းက အမည်အမျိုးမျိုး ကွဲပြားသော်လည်း မီးမွှေး၍ မီးတောက်သောအခါ အခိုး၊ အလျှံ အပူရှိန် ကွဲပြားမှု မရှိသကဲ့သို့ မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ ဆင်းရဲသား၊ အမျိုးလေးပါးတို့သည်လည်း အင်္ဂါငါးပါးနှင့်အညီ တရားအားထုတ်သည်ရှိသော် ရရှိမည့်အကျိုးထူးသည် အတူတူပင် ဖြစ်၍ လူမျိုးကွဲပြားမှု မရှိကြောင်း ဖြေကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (မ၊၂၊၃၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပသေနဒိကောသလရာဇဝတ္ထု

ဤဝတ္ထု၌ ကောသလမင်းကြီး အဇာတသတ်ကို စစ်နိုင်ခြင်းအကြောင်းနှင့် ကောသလ မင်းကြီး အစားလျှော့စားပုံ၊ ကောသလမင်းကြီးက မြတ်စွာဘုရားကို ကျေးဇူးဥပကာရတင်ရှိကြောင်း လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၃၊၃၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပသေနဒိကောသလဝတ္ထု

ဤဝတ္ထု၌ ပသေနဒီကောသလမင်းကြီးသည် ဆန်တစ်စိတ်ချက်ထမင်းနှင့် ထိုထမင်းအား လျော်သော ဟင်းလျာများကို သုံးဆောင်ပြီး ဘုရားရှင်ထံ ချဉ်းကပ်ခဲ့ပုံ၊ ဘုရားရှင်ထံ ရောက်သောအခါ ထမင်းဆီယစ်သဖြင့် မသက်မသာ နေထိုင်ခဲ့ရပုံ၊ ဘုရားရှင်က အစားလွန်ခြင်း၌ အပြစ်ကို ဟောကြားပုံ၊ အတိုင်းအရှည်ကို သိ၍ စားသောက်သူအား ဝေဒနာနည်းပါးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၇၁) (ဓမ္မ၊ဋ္ဌ၊၂၊၃၁၅) (သီ၊ဋီ၊သစ်၊၂၊၂၁၃) (အံ၊ဋီ၊၃၊၃၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါဋလိဂါမဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့မှ ပါဋလိရွာသို့ ကြွလာတော်မူသောအခါ ရွာသားတို့သည် မိမိတို့၏ ရွာဦးဓမ္မာရုံကို အခင်းအပြည့်ခင်း၍ ဆီမီးညှိထွန်းကာ တရားဟောပင့်ကြပုံ၊ မြတ်စွာဘုရားသည် သီလမရှိသူ၏ အပြစ်ငါးမျိုးနှင့် သီလနှင့်ပြည့်စုံသူ၏ အကျိုးငါးမျိုးကို ဟောပြတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၂၁) (ဒီ၊၂၊၇၁) (ဥဒါန၊ဋ္ဌ၊၃၆၇) (ဒီ၊၂၊၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါဋလိပုတ္တနဂရမာပနဝတ္ထု

ဤဝတ္ထု၌ သုနိဓနှင့် ဝဿကာရအမတ်ကြီးနှစ်ယောက်တို့သည် ဝဇ္ဇီမင်းတို့၏ ဘေးရန်ကို ကာကွယ်ရန်အတွက် ပါဋလိပုတ်မြို့သစ် တည်ဆောက်ရန် စီမံကြပုံ၊ နတ်များက မိမိတို့ အဆင့်အတန်းအလိုက် ရှေးဦးစွာ နေရာသတ်မှတ်ကြပုံ၊ နတ်တို့ သတ်မှတ်ထားသည့် နေရာအတိုင်းပင် အမတ်ကြီးနှစ်ယောက်တို့က နေရာချထားပုံ၊ မြို့သစ် တည်ဆောက်ပြီးနောက် ဘုရားရှင်အား ဆွမ်းစားပင့်ဖိတ်သောအခါ ဘုရားရှင်က မြို့သစ်၊ ရွာသစ်၊ အိမ်သစ်၊ ရာသစ်တည်ဆောက်ရာ၌ ပြုလုပ်ရမည့် အစီအစဉ်ကို ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၂၃) (ဒီ၊၂၊၇၄) (သရတ္ထ၊ဋီ၊၃၊၃၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါဋလိပုတ္တပေတဝတ္ထု

ဤဝတ္ထု၌ ပါဋလိပုတ္တမြို့သား ကုန်သည်တစ်ဦးသည် သုဝဏ္ဏဘူမိသို့ လှေဖြင့် ကုန်ရောင်းသွားစဉ် မိန်းမအပေါ်၌ စွဲလမ်းသောစိတ်ဖြင့် သေဆုံးခဲ့ရပုံ၊ သမုဒ္ဒရာအလယ်၌ ဗိမာန်ရှင်ပြိတ္တာ ဖြစ်ရ၍ ထိုအမျိုးသမီး ပင်လယ်ခရီးဖြင့် လာသောအခါ လှေကို တားထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၂၁၅) (ပေတ၊ဋ္ဌ၊၂၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါဋလိပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ချမ်းသာကြွယ်ဝသော သူဌေးသား ဖြစ်ခဲ့ရပုံ၊ တိဿဘုရားရှင်အား သခွတ်ပန်းကို လှူခဲ့သော ဘဝမှ စ၍ အပါယ်လေးပါး လားရောက်ရခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ခြောက်ဆယ့်သုံးကမ္ဘာအထက်၌ အဘိသမ္မတမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါဋိဟီရသညကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင် ဆွမ်းခံဝင်တော်မူစဉ် တူရိယာတို့သည် မတီးမမှုတ်ဘဲ သာယာစွာ မြည်၍ ပူဇော်သည်ကို တွေ့သဖြင့် ‘‘ဘုရားရှင်သည် လွန်စွာ အံ့ဩဖွယ် ရှိပေစွ’’ဟု အမှတ်သညာပြု ပူဇော်ခဲ့သည့် ကုသိုလ်ကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါတိမောက္ခပရိယာပုဏနဝတ္ထု

ဤဝတ္ထု၌ ကျောင်းတစ်ကျောင်းရှိ ရဟန်းတို့သည် ဥပုသ်ကံ၌ မကျွမ်းကျင်ကြပုံ၊ ပါတိမောက်ပြနိုင်သူ တစ်ပါးမှ မရှိပုံ၊ ထိုရဟန်းတို့သည် ရဟန်းတစ်ပါးပါးကို အနီးအပါးသို့ ပါတိမောက်အကျဉ်းပြ၊ အကျယ်ပြနည်းများ သင်ယူရန် စေလွှတ်ရမည်ဟု ဘုရားရှင်က မိန့်တော်မူပုံ၊ ထိုသို့ စေလွှတ်သောအခါ မထေရ်ကြီးက စေခိုင်းလျှင် ဂိလာနမှ တစ်ပါး သွားရမည်ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါဒဉ္ဇလိဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်း၏ ပညာရှိအမတ်ကြီး ဖြစ်စဉ် မင်းကြီးနတ််ရွာစံသောအခါ ပါဒဉ္ဇလီမည်သော အသိဉာဏ်ကင်းမဲ့သည့် မင်းသားကို မင်းမြှောက်ရန် စူးစမ်းပုံ၊ မင်းသားသည် မှားသည် မှန်သည်ကို မသိ၊ အမြဲတမ်း နှုတ်ခမ်းကိုက်လျက် နေပုံ၊ ထို့ကြောင့် အမတ်ကြီးတို့က ဘုရားလောင်းအား မင်းမြှောက်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါဒပိဋ္ဌိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုမေဓာဘုရားရှင်အား ခြေဆေးအင်းပျဉ် လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံဘဝတို့၌သာ လားရောက်ခဲ့ရပုံ၊ ဖြစ်လေရာဘဝတိုင်းတို့၌ ခြေချတိုင်း ရွှေအင်းပျဉ် ခံလာပြီး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါဒပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်၌ ကိန္နရာဖြစ်ခဲ့၍ ဝိပဿီဘုရားရှင်၏ ခြေတော်ရင်း၌ စန္ဒကူးနှင့် တောင်ဇလပ်ပန်းတို့ကို ကြဲဖြန့်ပူဇော်ခဲ့ပုံ၊ ခြေတော်တို့ကို ပူဇော်ခဲ့သော ဘဝမှစ၍ အပါယ်လေးပါး လားရောက်ခဲ့ရခြင်း မရှိဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါဒဖလိယထ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည်ဝိပဿီမြတ်စွာဘုရားရှင်အား ပါဒဖလခေါ် ခြေရာသီးများကို လှူဒါန်းခဲ့သော ကုသိုလ်ကြောင့် ဒုဂ္ဂတိဘဝ မရောက်ခဲ့ရဘဲ ဤဘုရားသာသနာ၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါနဓိဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ လိုအပ်နေသော အချိန်အခါမျိုး၌ လိုအပ်ချက်ကို ဖြည့်စွက်လှူဒါန်းခြင်းသည် အလွန်အကျိုးရှိလှပုံ၊ အခြေအနေနှင့် အချိန်အခါလိုက် ထိုက်သင့်သလို ပေးလှူခြင်းကိုသာ ကာလဒါနဟု ခေါ်ပုံ၊ ပါနဓိထေရ်လောင်းလျာသည် လမ်းခရီး၌ ဖိနပ်မပါဘဲ ဒေသစာရီ ကြွချီ တော်မူလာသော အနောမဒဿီဘုရားရှင်ကို ဖူးတွေ့လိုက်ရသောအခါ သဒ္ဓါတရားများ ဖြစ်ပေါ်လာပြီး မိမိတွင် အပိုပါသော ဖိနပ်အသစ်တစ်ရံကို လှူဒါန်းခဲ့ပုံ၊ ဤကုသိုလ်၏ အကျိုးဆက်ကြောင့် သိကြားမင်းဘဝ အကြိမ်ငါးဆယ်၊ စကြာမင်းဘဝ အကြိမ်တစ်ထောင်၊ ပဒေသရာဇ်မင်းအဖြစ် မရေမတွက်နိုင်အောင် ရရှိခဲ့ပုံ၊ ယာဉ်အမျိုးမျိုးကို ပိုင်ဆိုင်ပြီး သွားလေရာရာ ယာဉ်ဖြင့်သာ သွားလာခဲ့၍ ဤဘုရားရှင် လက်ထက်တော်၌ ရဟန္တာ ဖြစ်ကာ ကျွတ်တမ်းဝင်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါနီယဇာတက

ဤဇာတ်တော်၌ ကာသိတိုင်း ကာသိရွာသား (၅)ဦးတို့သည် မိမိတို့၏ အလုပ်ကိစ္စ အသီးသီးကို လုပ်ကိုင်ကြရင်း လောဘဒေါသစသော ကိလေသာတို့၏ အပြစ်ကို ကိုယ်တွေ့ သိရှိကြပုံ၊ သံဝေဂယူကာ ဝိပဿနာရှုပွားကြသဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ကြပုံ၊ ထိုပစ္စေကဗုဒ္ဓါ(၅)ပါးတို့သည် ဗာရာဏသီမင်း၏ နန်းတော်သို့ ကြွရောက်၍ မင်းကြီးအား တရားဟောရာ မင်းကြီးလည်း ထီးနန်းစွန့်၍ ရသေ့ပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါနီယထာလကဝတ္ထု

ဤဝတ္ထု၌ ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ ဘေသကဠာမိဂဒါဝုန်တော၌ ဘုရားရှင် သီတင်းသုံးနေထိုင်တော်မူစဉ် ကောကနဒပြာသာဒ်၌ ဆွမ်းစားကြသော ရဟန်းတို့သည် ထမင်းဟင်းပေကျံနေသော လက်ဖြင့် သောက်ရေခွက်များကို ကိုင်ကြသောကြောင့် ဘုရားရှင်က ‘‘ပေကျံနေသော လက်ဖြင့် သောက်ရေခွက်ကို မကိုင်ရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါပနိဝါရိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ တိဿဘုရားရှင်အား ထီးတစ်လက်ကို လှူဒါန်းခဲ့ပုံ၊ ကုသိုလ်၏ ပြည့်စုံခြင်းကြောင့် မကောင်းမှုကို ပိတ်ဆို့ရာရောက်ခဲ့ပုံ၊ ထီးလှူခဲ့သော ဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ဘဲ လွန်ခဲ့သော ခုနစ်ဆယ့်နှစ်ကမ္ဘာအထက်၌ မဟာနိဒါနမည်ရှိသော စကြဝတေးမင်း ရှစ်ကြိမ်တိုင်တိုင်ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါယသဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ယဇ်ကြီးကို ပူဇော်လို၍ ကြီးစွာသော ရွှေလင်ပန်း၌ နို့ဃနာဆွမ်းကို ထည့်ပြီး ယူဆောင်လာခဲ့ရာ ဝိပဿီဘုရားရှင်သည် အကာအကွယ်မရှိသော ကောင်းကင်၌ စင်္ကြံကြွနေသည်ကို မြင်ခဲ့ရပုံ၊ ကြက်သီးမွေးညင်းထလောက်အောင် မဖြစ်စဘူး ထူးကဲသော အံ့ဩဖွယ်ရာကို ဖူးမြင်ရသောကြောင့် ရွှေခွက်ကို ချထားပြီး ဘုရားရှင်ကို ရှိခိုးခဲ့ပုံ၊ ဘုရားရှင်သည် မထေရ်အလောင်း၏ အကြံကို သိ၍ အလှူခံခဲ့ပုံ၊ နို့ဃနာဆွမ်းကို လှူဒါန်းခဲ့သော ဘဝမှ စ၍ အပါယ်လေးပါးလားရောက်ခဲ့ရခြင်း မရှိဘဲ လွန်ခဲ့သော လေးဆယ့်တစ်ကမ္ဘာအထက်၌ ဗုဒ္ဓမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါယာသိဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ အရှင်ဂဝမ္ပတိမထေရ်သည် သေရီသကဗိမာန်၌ သီတင်းသုံးနေထိုင်စဉ် ပါယာသိမင်းဘဝမှ နတ်ရွာစံပြီး စတုမဟာရာဇ်နတ်ပြည်၌ ဖြစ်နေသော ပါယာသိနတ်သားက လာရောက်ရှိခိုးပုံ၊ မထေရ်က အသင် ဘယ်သူလဲဟု မေးသောအခါ ပါယာသိနတ်သား ဖြစ်ကြောင်း လျှောက်ထားခဲ့ပုံ၊ အရှင်ဂဝမ္ပတိမထေရ်က ‘‘သင်သည် လူ့ပြည်၌ ဖြစ်စဉ်အခါက တမလွန်လောက မရှိကြောင်း၊ ကောင်းမှု၊ မကောင်းမှုတို့၏ အကျိုးပေးမှုမရှိကြောင်း အယူရှိခဲ့သည် မဟုတ်လော’’ဟု မေးခဲ့ပုံ၊ ထိုအယူကို အရှင်ကုမာရကဿပထေရ်က ဖြေရှင်းပေးခဲ့သည့်အတွက် စွန့်လွှတ်ခဲ့ကြောင်း လျှောက်ထားခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၂၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါယာသိရာဇညဝတ္ထု

ဤဝတ္ထု၌ အရှင်ကုမာရကဿပမထေရ်သည် သေတဗျမြို့၌ သီတင်းသုံးနေတော်မူစဉ် ပါယာသိ မြို့စားသည် မထေရ်ထံ လာ၍ တမလွန်လောက မရှိ၊ ကံကံ၏အကျိုး မရှိ ဟူသော အယူကို တင်ပြသောအခါ မထေရ်က နေနှင့်လကို ဥပမာပေး၍ တမလွန်လောကရှိကြောင်း နည်းမျိုးစုံဖြင့်ရှင်းပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၂၅၃) (ဝိမာန၊၁၁၆) (ပေတ၊၁၉၃) (ဒီ၊ဋ္ဌ၊၂၊၃၉၆) (ဝိမာန၊ဋ္ဌ၊၃၁၁) (ပေတ၊ဋ္ဌ၊၂၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါရာပရိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် မုဆိုးဖြစ်၍ တော၌ လှည့်လည်စဉ် သမာပတ်ဝင်စားနေသော ပိယဒဿီမြတ်စွာဘုရားအား အလွန်ကြည်ညိုစွာဖြင့် သက်ကယ်မဏ္ဍပ် ဆောက်၍ ပဒုမ္မာကြာပန်းတို့ဖြင့် အထွဋ်တင်ကာ ညှိုးနွမ်းသော ပန်းတို့ကို ပန်းသစ်တို့ဖြင့် လဲလှယ်လျက် ခုနစ်ရက်တိုင်တိုင် ပူဇော်ခဲ့ပြီး တရားနာခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ပုဏ္ဏားမျိုး၌ ဖြစ်ကာ သာသနာတော်သို့ ဝင်ရောက်ခဲ့ပြီး ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံစသော အကြောင်းအရာများပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၉၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါရာပရိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပါရာပရိယအရှင်မြတ်သည် ရှေးဘုရားတို့အထံ၌ ကုသိုလ်ကောင်းမှု ပြုခဲ့သောကြောင့် သုဂတိဘုံဘဝတို့၌သာကျင်လည်ခဲ့ရပြီး ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့ ဗြဟ္မာဏမဟာသာလမျိုး၌ဖြစ်ခဲ့ပုံ၊ ဣန္ဒြိယဘာဝနာသုတ်ကို နာကြားရသောအခါ လူ့ဘဝကို စွန့်၍ ရဟန်းပြုလာပြီး ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၃၄၈) (ထေရ၊ဋ္ဌ၊၂၊၂၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါရာယနဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင် လက်ထက်တော်၌ ဗာရာဏသီမင်းနှင့် ကဋ္ဌဝါဟနမင်း နှစ်ပါးတို့ ချစ်ခင်စွာ အပြန်အလှန် လက်ဆောင်ပို့ကြပုံ၊ ဗာရာဏသီမင်းထံမှ လောကတွင် ဘုရားပွင့်ကြောင်း သတင်းစကားကို ကဋ္ဌဝါဟနမင်းကြီး ကြားသိရ၍ တမန်များ စေလွှတ်ပြီး စုံစမ်းစေပုံ၊ ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီဖြစ်၍ ပရိဘောဂများနှင့် ရဟန်းတစ်ပါးကို ပင့်ခဲ့ကြပြီး ကိုးကွယ်ခဲ့ကြပုံ၊ ကဋ္ဌဝါဟနမင်းသည် ဂေါတမဘုရားရှင် လက်ထက်တော်၌ ဗာဝရီ ပုဏ္ဏားကြီး ဖြစ်လာပြီး တောထွက်၍ ရသေ့ပြုခဲ့ပုံ၊ သူ၏ တပည့်တို့ကို မြတ်စွာဘုရားထံ မေးခွန်းများကို အမေးခိုင်းခဲ့ပုံ တပည့်ရသေ့တို့တွင် ပိင်္ဂိယရသေ့သည် မြတ်စွာဘုရားဟောသော ပါရာယနသုတ်ကို ကြားနာရသဖြင့် အနာဂါမ် တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၂၉၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါရာဝတဇာတက

ဤဇာတ်တော်သည် ကပေါတဇာတကနှင့် တူသည်။ (ဇာ၊ဋ္ဌ၊၃၊၂၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါရိစ္ဆတ္တကဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သား ဥပါသကာတစ်ဦးသည် ဘုရားအမှူးရှိသော သံဃာတော်တို့အားပင့်ဖိတ်၍ မိမိအိမ်ရှေ့တွင် အလှူမဏ္ဍပ်ထိုးကာ တင်းတိမ်ကန့်လန့်ကာ ကာရံ၍ မျက်နှာကျက်များ၊ အလံတံခွန်များ၊ ပန်းဆိုင်းပန်းကုံးများ ချိတ်ဆွဲ၍ နေရာခင်းပြီး ဆွမ်းကပ်ခဲ့ပုံ၊ ထိုစဉ် ထင်းခွေသူမတစ်ဦး ရောက်လာပြီး သော်ကပန်းခိုင်တို့ဖြင့် ပန်းနေရာခင်းကာ ဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုတို့ကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ကြပုံစသော အကြောင်း အရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၅၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါရိဝတ္တကစီဝရဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် ဘိက္ခုနီတို့ လဲလှယ်သော သင်္ကန်းကို လက်မခံကြသဖြင့် ဘုရားရှင်က ဘိက္ခုနီတို့ လဲလှယ်သော သင်္ကန်းကို လက်ခံနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါရိဝတ္တကစီဝရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းမပေးရဟု သိက္ခာပုဒ်ပညတ်ပြီး ဖြစ်၍ ဘိက္ခုနီတို့နှင့် သင်္ကန်းလဲလှယ်မှု မပြုကြသောကြောင့် ဘုရားရှင်က လဲလှယ်ခွင့် ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါရိဝါသိကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ပရိဝါသ်ဆောက်တည်နေကြသော ရဟန်းတို့သည် ပကတတ်ရဟန်းတို့၏ ရှိခိုးမှု၊ ခရီးဦးကြိုဆိုမှု၊ လက်အုပ်ချီမှုစသည့်တို့ကို လက်ခံသာယာကြသဖြင့် ဘုရားရှင်က ပရိဝါသ် ဆောက်တည်နေသော ရဟန်းတို့သည် ထိုသို့မသာယာကြရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါရိသုဒ္ဓိဒါနကထာဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့ ဥပုသ်ပြုရန် စုဝေးကြသည်ရှိသော် ဖျားနာနေသော ရဟန်းတစ်ပါး မလာရောက်နိုင်၍ ပါရိသုဒ္ဓိပေးရန် ဘုရားရှင်က ခွင့်ပြုတော်မူပုံ၊ ပါရိသုဒ္ဓိမပေးလျှင် ဂိလာနရဟန်းကို ခုတင်နှင့် တကွ ယူဆောင်၍ ဥပုသ်ပြုရန် ခေါ်ဆောင်ရမည်၊ ရောဂါပြင်းထန်၍ မသယ်ဆောင်နိုင်လျှင် သံဃာတော်တို့သည် ထိုဂိလာနရှိရာသို့ သွား၍ ဥပုသ်ပြုရမည်။ ဝဂ်ဖြစ်သော သံဃာတော်သည် မည်သို့မျှ ဥပုသ်မပြုရဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါရောဟအရဟန္တဝတ္ထု

ဤဝတ္ထု၌ အံ့ဖွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းတစ်ပါးသည် တောင်ထိပ်တွင် သစ်ရွက်မိုးကျောင်းလေးတစ်ကျောင်းကို ဆောက်၍ သီတင်းသုံးနေထိုင်ခဲ့ပုံ၊ ဒကာဒကာမများ ဆွမ်းပင့်ဖိတ်သည့်အခါ လမ်းရိုးဖြင့် မကြွဘဲ ညောင်ကြပ်ပင်၏ မြစ်ပျဉ်းဖြင့် တောင်ထိပ်မှ သက်ဆင်း၍ ရွာတံခါးအနီး၌ တည်နေခဲ့ပုံ၊ ဒကာ ဒကာမများက ဘယ်လမ်းဖြင့် ကြွလာပါသနည်းဟု မေးသောအခါ ‘‘ရဟန်းတို့သွားလာသော လမ်းကို မေးခြင်းငှာ မသင့်’’ဟု မိမိကိုယ်ကို ရဟန္တာယောင် ဟန်ဆောင်ကာ ပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါလိလေယျကဝတ္ထု

ဤဝတ္ထု၌ ကောသမ္ဗီပြည်သား ရဟန်းများသည် အချင်းချင်း ခိုက်ရန်ဖြစ်ပွား ကြသဖြင့် ဘုရားရှင်တရားဟောသော်လည်း မရသောကြောင့် ဘုရားရှင်တစ်ပါးတည်း သီတင်းသုံးရန် ပါလိလေယျကတောသို့ ကြွတော်မူသောအခါ ပလလဲဆင်မင်းသည် ဘုရားရှင်၏ ဝတ်ကြီးဝတ်ငယ်ကို ပြုစုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၈၀) (ဥဒါန၊ဋ္ဌ၊၂၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါဝေယျကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ပါဝေယျကတိုင်းသား ရဟန်းသုံးဆယ်တို့သည် အာရညကင်ဓုတင်၊ ပိဏ္ဍပါတ်ဓုတင်၊ ပံသကူဓုတင်၊ တိစီဝရိက်ဓုတင် ဆောင်ကြကုန်လျက် သာဝတ္ထိမြို့သို့ ဘုရားရှင်ကို ဖူးရန် လာကြပုံ၊ ဝါလနီးကာမှ လာခဲ့ကြသောကြောင့် အချိန်မမီသဖြင့် သာကေတတွင် ဝါဆိုရပုံ၊ ဝါကျွတ်လျှင်ကျွတ်ချင်း မိုးရေ ရွှံ့ညွန် ပေကျံလျက် ဆင်းဆင်းရဲရဲဖြင့် ဘုရားရှင့်ထံ ရောက်လာကြသောကြောင့် ဘုရားရှင်က ကထိန်သင်္ကန်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဝိ၊၃၊၃၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါဝေယျကဟတ္ထိဝတ္ထု

ဤဝတ္ထု၌ ပါဝေယျကဆင်သည် ငယ်ရွယ်နုပျိုစဉ်အခါက ခွန်အားဗလနှင့် ပြည့်စုံလျက် ရဲစွမ်းသတ္တိ အပြည့်အဝရှိခဲ့ပုံ၊ အိုမင်းလာသောအခါ၌ ညွန်နစ်စဉ် မရုန်းနိုင်ဘဲရှိပုံ၊ ဆင်ဆရာက စစ်မြေပြင်၌ တီးသော စည်ကို တီးစေလျက် ညွန်မှ ရုန်းထစေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပါဝေယျကာဇီဝကဝတ္ထု

ဤဝတ္ထု၌ ပါဝေယျက တက္ကတွန်းတစ်ယောက်ကို အိမ်ပိုင်ရှင် အမျိုးသမီးကြီးတစ်ဦးက သားအဖြစ် မွေးစားကိုးကွယ်ထားပုံ၊ ဘုရားရှင်ဂုဏ်တော်ကို ကြားရ၍ ဆွမ်းစားပင့်လိုသော စိတ်ဖြစ်ပေါ်လာသောအခါ ထိုတက္ကတွန်းကို တိုင်ပင်လျှင် ထိုတက္ကတွန်းသည် မနာလိုစိတ်ဖြင့် တားမြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိင်္ဂိယာနီဇာတက

ဤဇာတ်တော်၌ ဗြဟ္မဒတ်မင်းကြီး၏ မိဖုရားခေါင်ကြီး ပိင်္ဂိယာနီသည် ပြတင်းပေါက်မှ ကြည့်သည်ရှိသော် မင်္ဂလာမြင်းမြတ်ကို ထိန်းသိမ်းရသည့် မြင်းထိန်းကြီးအား တွေ့ပြီး စွဲမက်ခဲ့ပုံ၊ ညအခါ ဘုရင်ကြီး စက်တော်ခေါ်ချိန်တွင် တိတ်တဆိတ် သွား၍ မြင်းထိန်းနှင့် ဖောက်ပြားကာ ပြန်လာပြီး ရေချိုး အမွှေးနံ့သာလူးပြီး ဘုရင်နှင့်အတူ မွေ့လျော်ခဲ့ပုံ၊ ညသန်းခေါင်အချိန်တွင် မိဖုရားကြီး၏ ကိုယ်ခန္ဓာ အေးစက်နေပုံကို သတိထားမိရာမှ စူးစမ်းသည်ရှိသော် မြင်းထိန်းနှင့် ဖောက်ပြားမှုကို လက်ပူးလက်ကြပ် ဖမ်းမိပြီး မိဖုရားကြီးအဖြစ်မှ ပယ်ကာ နှင်ထုတ်လိုက်ပုံ၊ မိန်းမဟူသည် အကျင့်စာရိတ္တ နိမ့်ကျယုတ်မာသူများဖြစ်ကြောင်း ကုဏာလငှက်မင်းက ဟောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၄၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိင်္ဂိယာနီ ဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရား ဝေသာလီပြည်အနီး မဟာဝုန်တောအုပ်ကြီး၌ သီတင်းသုံးနေထိုင်တော်မူစဉ်၊ လိစ္ဆဝီမင်းသား ငါးရာတို့ အဝါရောင်၊ အဖြူရောင်၊ အနီရောင်၊ အညိုရောင်စသည်ဖြင့် အရောင်မျိုးစုံ အရောင်တူ ဝတ်ဆင်လျက် ဘုရားရှင့်ထံ ချဉ်းကပ်လာကြပုံ၊ ထိုပရိသတ်ထဲမှ ပိင်္ဂိယာနီမည်သော ပုဏ္ဏားသည် ရုတ်တရက် ထလျက် ဘုရားရှင်၏ ဂုဏ်တော်တို့ကို ဂါထာပါဠိတို့ဖြင့် ချီးကျူးလျှောက်ထားခဲ့ပုံ၊ လိစ္ဆဝီမင်းသား ငါးရာတို့က ပိင်္ဂိယာနီအား အပေါ်ရုံခြုံထည်ငါးရာတို့ဖြင့် ချီးမြှောက်ဂုဏ်ပြုကြပုံ၊ ဘုရားရှင်က လောက၌ အလွန်ရခဲသော ရဟန်းငါးမျိုးရှိကြောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၂၀၈) (အံ၊ဋ္ဌ၊၃၊၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိဋ္ဌဓီတလိကပေတဝတ္ထု

ဤဝတ္ထု၌ အနာထပိဏ်သူဌေးကြီး၏မြေးသည် သမီးအဖြစ်မှတ်ယူထားသော မုန့်ညက် အရုပ်မလေး ကျကွဲသွားသည်ကို မိမိ၏ သမီး သေပြီ-ဟု စွဲလန်းယုံကြည်ကာ အငိုမတိတ်ဘဲဖြစ်နေပုံ၊ အနာထပိဏ်သူဌေးကြီးသည် သူ့မြေးမလေးအား ရင်ခွင်၌ထား၍ ကျကွဲ သေဆုံးသွားသော အရုပ်ကို ရည်စူးလျက် ဆွမ်းကျွေးခဲ့ပုံ၊ ကွယ်လွန်လေပြီးသော မိဘဘိုးဘွားများ အိမ်စောင့်နတ်၊ ခြံစောင့်နတ်များ၊ လောကပါလနတ်ကောင်း နတ်မြတ်များကို အမျှအတမ်းဝေလျှင် အကျိုးရှိနိုင်ကြောင်း ဘုရားရှင် ဟောတော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ပေတ၊၁၂၈) (ပေတ၊ဋ္ဌ၊၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိဋ္ဌိဒုက္ခဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းသည် သူကြွယ်မျိုး၌ ဖြစ်စဉ် အရပ်ပုသော်လည်း ခွန်အားဗလနှင့် ပြည့်စုံသူတစ်ဦး ဖြစ်ခဲ့ပုံ၊ နပန်းသတ်သမားတစ်ယောက်သည် ဘုရားလောင်း နေထိုင်ရာမြို့သို့ ရောက်ရှိလာပြီး နပန်းသတ်ရန် ကြွေးကြော်ခဲ့ပုံ၊ ဘုရားလောင်းက မိမိနှင့် နပန်းသတ်ရန် ပြောဆိုသောအခါ နပန်းသမားကြီးက ‘‘သင်ကဲ့သို့သော လူပုလေးကို တစ်ချက်စာမျှ ကိုင်ပေါက်စရာမရှိ’’ဟု ပြက်ရယ်ပြောင်လှောင်ပြောဆိုခဲ့ပုံ၊ ထို့နောက် ဘုရားလောင်းနှင့် နပန်းယှဉ်သတ်သောအခါ ဘုရားလောင်းက နပန်းသမားကြီးကို ကောင်းကင်သို့ မြှောက်တင်ကာ ခါးရိုးကို ရိုက်ချိုးခဲ့ပုံ၊ ဤအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဖြစ်လေရာဘဝတိုင်း၌ ခါး ဦးခေါင်းစသော ခန္ဓာကိုယ် နာကျင်သည့် ဆင်းရဲဝေဒနာ ခံစားရပုံ၊ နောက်ဆုံးဘဝ ဘုရားဖြစ်တော်မူသည့် အချိန်၌လည်း ခါး(ကျောက်ကုန်း) နာကျင်သည့် ဝေဒနာခံစားတော်မူရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိဏ္ဍစာရိကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားရှင် ကပိလဝတ္ထုနေပြည်တော်၌ သီတင်းသုံးနေတော်မူစဉ် ‘‘ရှေးဦးစွာသောတာပန်ဖြစ်သူ လူပုဂ္ဂိုလ်အား နောက်မှ သောတာပန်ဖြစ်သူ ရဟန်းက ရှိခိုးထိုက်သည်’’ဟူသောစကားကို ဆွမ်းခံကြွသော ရဟန်းတစ်ပါး ကြား၍ ဘုရားရှင်အား မေးလျှောက်ပုံ၊ သာမဏေ ရဟန်း စသော ပုဂ္ဂိုလ်တို့သည် ကိုးကွယ်ထိုက်သော အသွင်အပြင် သင်္ကန်းများကို ဝတ်ရုံထားသဖြင့် လူဝတ်ကြောင်အရိယာ ပုဂ္ဂိုလ်က ထိုနေ့၌ ရှင်ဖြစ်သော သာမဏေငယ်ကိုပင် ရှိခိုးသင့်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိဏ္ဍစာရိကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆွမ်းခံဝင်သော ရဟန်းတစ်ပါးသည် မှတ်သားမထားဘဲ အိမ်တစ်အိမ်သို့ ဆွမ်းခံဝင်သောအခါ အိပ်ခန်းတစ်ခုထဲသို့ ရောက်သွားပုံ၊ ထိုအချိန်တွင် အမျိုးသမီးတစ်ယောက် အဝတ်မရှိ၊ ကိုယ်လုံးတီး အိပ်ပျော်နေသည်ကို တွေ့၍ ပြန်လှည့်ခဲ့ပုံ၊ ယောကျ်ားဖြစ်သူက သူ၏ဇနီးနှင့် ဖောက်ပြားသည်ဟု ထင်ကာ ထိုးကြိတ်ခဲ့ပုံ၊ ထိုအမျိုးသမီး နိုးလာပြီး အပြစ်မရှိကြောင်း ပြောပြမှ ရဟန်းကို လွှတ်လိုက်ပုံ၊ ဘုရားရှင် သိတော်မူ၍ ဆွမ်းခံရဟန်းတို့ လိုက်နာရမည့် ကျင့်ဝတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိဏ္ဍပါတိကတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ သူဆင်းရဲ ဇနီးမောင်နှံနှစ်ယောက်တို့သည် ထင်းခုတ်ရောင်း၍ အသက်မွေးရသဖြင့် နိစ္စဘတ်ဆွမ်း(ထာဝရဆွမ်း) မလှူနိုင်သောကြောင့် ပက္ခိကဆွမ်း(ဆယ်ငါးရက် တစ်ကြိမ်လှူသောဆွမ်း) လှူရန် တိုင်ပင်ကြပုံ၊ ပက္ခိကဆွမ်း လောင်းလှူစဉ် သာမဏေငယ်များသည် ‘‘ဟင်းမကောင်း’’ဟု ဆိုကာ ရှေ့၌ သွန်ပစ်ကြသောကြောင့် ဆွမ်းဟင်းကောင်းများ လောင်းလှူနိုင်ရန် သူဌေးထံတွင် သမီးငယ်ကို အသပြာတစ်ဆယ့်နှစ်ကျပ်ဖြင့် အိမ်စေအဖြစ် အပ်နှံပုံ၊ သူဆင်းရဲယောက်ျားသည် ကြံကြိတ်စက်၌ ခြောက်လတိုင်တိုင် အလုပ်လုပ်၍ အသပြာ တစ်ဆယ့်နှစ်ကျပ် ရရှိခဲ့ပုံ၊ သမီးကို ရွေးရန်သွားစဉ် လမ်းခရီး၌ ပိဏ္ဍပါတိကတိဿမထေရ်နှင့် တွေ့၍ ဆွမ်းစားချိန်ရောက်နေသဖြင့် တစ်ပဲမျှပင် မတန်သော ဆွမ်းကို တစ်ဆယ့်နှစ်ကျပ်ပေး၍ ဝယ်ယူကာ မထေရ်အား ဆွမ်းကပ်လှူဒါန်းခဲ့ပုံ၊ ထိုဆွမ်းကို မထေရ်မြတ်က အကျိုးရှိစေရန် ရဟန္တာဖြစ်အောင် အားထုတ်ပြီး ပရိနိဗ္ဗာန်စံဝင်သောအခါ ထိုဒါယကာ၏ လက်နှင့်ပင့်သောအခါမှ ကြွမြောက်စေရန်အဓိဋ္ဌာန်ခဲ့ပုံ၊ ကာကဝဏ္ဏတိဿမင်းကြီးသည် ထိုအကြောင်းကို သိသဖြင့် ထိုဒါယကာအား ကြီးကျယ်ခမ်းနားစွာ ချီးမြှောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိဏ္ဍပါတိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ မထေရ်အလောင်းနတ်သားသည် တုသိတာနတ်ပြည်မှ လူ့ပြည်သို့ လာ၍ တိဿဘုရားရှင်အား ဆွမ်းလှူခဲ့သော ဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိဏ္ဍောလဘာရဒွါဇတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကောသမ္ဘီပြည့်ရှင် ဥတေနသည် ဥယျာဉ်ကစားထွက်ပြီး အရက်သေစာ သောက်စားမူးယစ်ကာ အမျိုးသမီးတစ်ဦး၏ ပေါင်ပေါ်တွင် အိပ်ပျော်နေစဉ် အခြားအမျိုးသမီးတို့သည် ဥယျာဉ်ထဲ၌ သီတင်းသုံးနေသော ပိဏ္ဍေလဘာရဒွါဇမထေရ်မြတ်ထံ သွားရောက်၍ တရားနာနေကြပုံ၊ ဘုရင်အိပ်ရာမှနိုးလာသောအခါ မထေရ်ထံသွား၍ ဝိဝေကအကြောင်းကိုမေးလျှင် ကာမဂုဏ် အပျော်ကြူးသော ဥတေနမင်းအား တရားကိုမဟောကြားဘဲ ဆိတ်ဆိတ်နေသဖြင့် ဥတေနမင်း စိတ်ဆိုးပြီး မထေရ်အပေါ် ခါချဉ်ထုပ်နှင့်ပစ်ချရာ မထေရ်ကို ခါချဉ်မကိုက်ဘဲ ဘုရင်ကိုသာ ကိုက်ပုံ၊ ထိုအခါမှ သတိရပြီး ဥပါသကာအဖြစ် ခံယူခဲ့ပုံ၊ ထို့နောက် မထေရ်သည် ကောင်းကင် ခရီးဖြင့် မြတ်စွာဘုရား၏ ဂန္ဓကုဋိအရောက် ပြန်ကြွခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (အံ၊ဋ္ဌ၊၁၊၁၅၃) (သံ၊ဋ္ဌ၊၃၊၃၈) (သုတ္တနိ၊ဋ္ဌ၊၂၊၂၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိဏ္ဍောလဘာရဒွါဇတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပိဏ္ဍောလဘာရဒွါဇထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ခြင်္သေ့မျိုး၌ ဖြစ်၍ ဘုရားရှင် ခုနစ်ရက်တိုင်တိုင် နိရောဓသမာပတ် ဝင်စားနေစဉ် အခြားသော သားရဲတိရစ္ဆာန်များ မလာစေရန် တစ်နေ့လျှင် သုံးကြိမ် စောင့်ရှောက်ခဲ့ပုံ၊ ဤ ဂေါတမဘုရားရှင်လက်ထက် ရဟန္တာဖြစ်သောအခါ၌ မည်သူမဆို မဂ်ဖိုလ်အရာ၌ ယုံမှားသံသယတစ်စုံတစ်ရာ ရှိခဲ့လျင် မေးနိုင်ကြောင်း မိန့်ကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၅၄) (ထေရ၊ဋ္ဌ၊၁၊၃၁၀) (အပ၊ဋ္ဌ၊၁၊၃၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိဏ္ဍောလဘာရဒွါဇတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်ပိဏ္ဍောလဘာရဒွါဇသည် စီးပွားရေးပျက်စီးကုန်ဆုံးချိန်မှ ရဟန်းတော်တို့၏ လာဘ်လာဘပေါများမှုကို အားကျကာ ရဟန်းဝတ်လာခဲ့ပုံ၊ ခွက်ကြီးတစ်ခုကို သပိတ်အဖြစ် သတ်မှတ်ကာ ထိုခွက်အပြည့် ယာဂုသောက် ဆွမ်းစား ပြုလုပ်ခဲ့ပုံ၊ ဘုရားရှင်၏ စီစဉ်ပေးမှုကြောင့် ထိုခွက်ကြီးကို ခုတင်အောက်တွင် ထားပြီး အထုတ်အသွင်း ပြုလုပ်ရာ နခမ်းကို တိုက်စားသဖြင့် တစ်ကွမ်းစားဆွမ်းဆံ့သော သပိတ် ဖြစ်လာပုံ၊ နောင်အခါဝယ် ဣန္ဒြေတို့ကိုစောင့်ထိန်းပြီး ဓုတင်တို့ကိုဆောင်ကာ ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၂၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိဏ္ဍောလဘာရဒွါဇဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်သူဌေးသည် အဖိုးများစွာ ထိုက်တန်သော စန္ဒကူးတုံးကို ရရှိသဖြင့် ထိုစန္ဒကူးတုံးကို သပိတ်ထုကာ ဆိုင်းဖြင့်ချိတ်ပြီး ဝါးလုံးများနှင့် ဆက်ကာ ကောင်းကင်တွင် ထောင်၍ တန်ခိုးရှိသော ရဟန္တာပုဂ္ဂိုလ်တို့ လာရောက်အလှူခံပါရန် ကြေညာပုံ၊ မက္ခလိဂေါသာလစသော တိတ္ထိတို့က လာရောက် အလှူခံကြပုံ၊ အရှင်ပိဏ္ဍောလဘာရဒွါဇက ကောင်းကင် မှကြွရောက် အလှူခံသောအခါ ပြည်သူအားလုံးတို့ အုတ်အုတ်ကျက်ကျက် ကြည်ညိုကြပုံ၊ ဘုရားရှင် သိတော်မူလျှင် သိက္ခာပုဒ်ပညတ်၍ သစ်သားသပိတ်မသုံးရန် တားမြစ်တော်မူပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဝိ၊၄၊၂၄၆) (သာရတ္ထ၊ဋီ၊၃၊၃၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိဏ္ဍောလဘာရဒွါဇဝတ္ထု

ဤဝတ္ထု၌ အရှင်ပိဏ္ဍောလဘာရဒွါဇသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် ဥဒေနမင်းကြီးရောက်လာ၍ အသက်ငယ်ငယ် အရွယ်ကောင်းကောင်း အားအစွမ်းရှိချိန်၌ ရဟန်းဝတ်လာကြပြီး ဗြဟ္မစရိယ သိက္ခာပုဒ်ကို ဖြူစင်သန့်ရှင်းစွာ ထိန်းသိမ်းနိုင်ရခြင်း၏အကြောင်းကို လျှောက်ထားပုံ၊ မထေရ်မြတ်က ရဟန်းတော်တို့သည် အမိအရွယ်တို့၌ အမိစိတ်ထား၍ နှမအရွယ် သမီးအရွယ်တို့၌ နှမစိတ် သမီးစိတ်ထားပြီး ၃၂-ကောဋ္ဌာသပွားများကာ စက္ခုန္ဒြေ-စသော ဣန္ဒြေတို့ကို စောင့်ထိန်းနေသောကြောင့် ထိုကဲ့သို့ ဖြူစင်သန့်ရှင်းစွာ နေနိုင်ခြင်း ဖြစ်ကြောင်း မိန့်ကြားခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (သံ၊၂၊၃၂၈) (သံ၊ဋ္ဌ၊၃၊၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိယဂါမိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပိယဂါမိကအမည်ရှိသော ရဟန်းတစ်ပါးသည် ဓုတင်ဆောင်ရဟန်းတို့ လာဘ်လာဘပေါများသည်ကို အားကျ၍ သုသာန်ဓုတင်ဆောင်ပြီး သုသာန်၌နေခဲ့ပုံ၊ တစ်နေ့တွင် နွားအိုကြီးတစ်ကောင်သည် ညအခါ ထိုသုသာန်ရှိ ပန်းချုံကို ခေါင်းတင်၍ ညဉ်းတွားလျက် ရှိနေပုံ၊ ပိယဂါမိကမထေရ်က တောစောင့်နတ်တို့ ခြောက်လှန့်သည် ထင်ပြီး လက်အုပ်ချီမိုး ရှိခိုးကာ တစ်ညလုံး တောင်းပန်ခယခဲ့ပုံ၊ နံနက်လင်း၍ နေထွက်သောအခါမှ နွားအိုကြီးကို မြင်တွေ့ရပြီး တောင်ဝှေးဖြင့် ရိုက်ထုတ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၁၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိယင်္ကရဝတ္ထု

ဤဝတ္ထု၌ အရှင်အနုရုဒ္ဓါသည် ဇေတဝန်ကျောင်းအစွန် ကောသမ္ဗကကုဋိကျောင်း၌ နေတော်မူ၍ ဓမ္မပဒ အပ္ပမာဒဝဂ်ကို သံနေသံထားဖြင့် ရွတ်ဆိုနေစဉ် ပိယင်္ကရဘီလူးမသည် သားငယ်ကို ရင်ခွင်ပိုက်၍ အစာရှာထွက်လာခိုက် မထေရ်၏ တရားသံကို ကြားသဖြင့် ရပ်၍ တရားနာယူခဲ့ပုံ၊ သားငယ်က ဗိုက်ဆာသဖြင့် ရပ်မနေရန် ပြောခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၂၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိယဉ္ဇဟတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဟိမဝန္တာ၌ ရုက္ခစိုးနတ် ဖြစ်ခဲ့ပုံ၊ ဝိပဿီဘုရားရှင် တရားဟောတော်မူစဉ် ဘုန်းတန်ခိုးနည်းသည့်အတွက်ကြောင့် ပရိသတ်အစွန်မှထိုင်ကာ တရားနာခဲ့ရပုံ၊ ဘုရားဂုဏ်တော်ကို ပွားများခဲ့သည့် ကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဝေသာလီပြည် လိစ္ဆဝီမင်းမျိုး၌ဖြစ်ကာ သာသနာတော်သို့ ဝင်ရောက်ခဲ့ပြီး ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိယဒဿီဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ ပိယဒဿီဘုရားရှင်သည် သုဓညမည်သော နေပြည်တော်မှ ခမည်းတော် သုဒတ္တမင်းကြီးနှင့် မယ်တော်သုစန္ဒာဒေဝီတို့မှ မွေးဖွားကာ ဝိမလာဒေဝီမင်းသမီးနှင့် နန်းစည်းစိမ်ခံစားပြီး ကဉ္စနဝေဋသားတော် တစ်ပါးမွေးဖွားပြီးနောက် အာဇာနည်မြင်းရထားဖြင့် တောထွက်တော်မူခဲ့ပုံ၊ ရေခံတက်ဗောဓိပင်ရင်း၌ ပွင့်တော်မူပြီး ပါလိတနှင့် သဗ္ဗဒဿီ အဂ္ဂသာဝကနှစ်ပါးရှိတော်မူခဲ့ပုံ၊ သောဘိတမထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ၊ ဂေါတမဗုဒ္ဓလောင်းလျာသည် ကဿပမည်သော ပုဏ္ဏားဘဝဖြင့် နိယတဗျာဒိတ်ခံယူခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၆) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိယာလပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ တော၌ သားလိုက်မုဆိုးဖြစ်ခဲ့ပုံ၊ ဘုရားရှင်ကြွတော်မူရာလမ်း၌ လွန်ပွင့်ကို ပစ်ချပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားခဲ့ရတော့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိယာလဖလဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ လွန်ခဲ့သော ၃၁-ကမ္ဘာထက်၌ ပွင့်တော်မူသည့် သိခီဘုရားရှင်အား ကြည်ညိုသော စိတ်ဖြင့် လွန်သီးကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် သုဂတိဘုံတို့၌ ကျင်လည်ရပြီး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိလက္ခဖလဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဤပိလက္ခဖလဒါယကထေရ်လောင်းလျာသည် အတိတ်ဘဝတစ်ခု၌ တောတွင်းတစ်နေရာ၌ ရောက်ရှိနေစဉ် အခြံအရံများစွာဖြင့် ကြွလာတော်မူသော အတ္ထဒဿီ ဘုရားရှင်ကို ဖူးမြင်လိုက်ရသောအခါ ညောင်ကြတ်သီးကို လှူဒါန်းခဲ့ပုံ၊ ဤကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ကမ္ဘာပေါင်းများစွာ အပါယ်မလားခဲ့ရဘဲ ဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိလိန္ဒဝစ္ဆတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ နတ်တို့ချစ်သည့်အရာ၌ ဧတဒဂ်ရသည့်ရဟန်းတစ်ပါးကို အားကျပြီး ကုသိုလ်ပြု၍ ဆုတောင်းခဲ့ပုံ၊ သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိပြည်သား ပုဏ္ဏားတစ်ဦး ဖြစ်၍ ဘုရားရှင်ထံ ရဟန်းပြုခဲ့ပုံ၊ ရှေးဘဝ စကြဝတေမင်းဖြစ်စဉ် လူတို့အား သီလစောင့်ထိန်းရန် တိုက်တွန်းအားပေးခဲ့ဖူးပုံ၊ ထိုသူတို့ ကွယ်လွန်သောအခါ နတ်ပြည်သို့ ရောက်ကြပုံ၊ မထေရ်၏ ကျေးဇူးကို အောက်မေ့သဖြင့် မထေရ်ကို ချစ်ကြည်ညိုကြပုံ၊ ထို့ကြောင့် ဒေဝါနံ ပိယမနာပဧတဒဂ် ရရှိခဲ့ပုံ စသောအကြောင်းအရာများပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၁၅) (ထေရ၊ဋ္ဌ၊၁၊၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိလိန္ဒဝစ္ဆတ္ထေရဝတ္ထု

ဤဝတ္ထု၌ ရဟန္တာဖြစ်သော်လည်း ဝါသနာကို မပယ်နိုင်ပုံ၊ နှုတ်ထွက်ကြမ်းတမ်းတတ်ပုံ၊ ပိလိန္ဒမထေရ်သည် အတိတ်ဘဝ ငါးရာတို့၌ ပုဏ္ဏားမျိုးတွင် ဖြစ်ခဲ့ပြီး ဇာတိမာန်ဖြင့် နှုတ်ကြမ်းစွာ ပြောဆိုခဲ့ဖူးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၁၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိလိန္ဒဝစ္ဆတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပိလိန္ဒဝစ္ဆမထေရ်သည် စကားပြောကြမ်းတမ်း၍ ရဟန်းတို့က မြတ်စွာဘုရားအား လျှောက်ထားကြပုံ၊ အလေ့အကျင့် အထုံဝါသနာသည် ကာလရှည်စွာ စွဲမြဲတတ်ကြောင်း ရဟန္တာ ပုဂ္ဂိုလ်ဖြစ်သော်လည်း အလေ့အကျင့်အထုံဝါသနာ၏ အစွမ်းဖြင့် ဤသို့ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတတ်ကြောင်း ဘုရားရှင် ဟောပြတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိလိန္ဒဝစ္ဆတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာသုံးသောင်းအထက်၌ သုမေဓာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသောအခါ စေတီတော်အား အမွှေးနံ့သာတို့ဖြင့် ပူဇော်ခဲ့သည့်အပြင် ပရိနိဗ္ဗာန်စံဝင်ရာ ထိုအရပ်သို့ ရဟန္တာထေရ်ဟူသမျှတို့ကို ပင့်ဖိတ်၍ သံဃာတော်တို့အား ဆွမ်းလှူခြင်းသံဃဘတ်ကို ပြုခဲ့ပုံ၊ ထိုအခါ သုမေဓာဘုရားရှင်၏ အလုပ်အကျွေး သုမေဓာဟု ထင်ရှားသည့် မထေရ်က အနုမောဒနာပြုခဲ့ပုံ၊ ထိုဆွမ်းလှူသော ကောင်းမှုကံကြောင့် ရှစ်သောင်းခြောက်ထောင်သော နတ်သမီးတို့ခြံရံလျက် နတ်ဗိမာန်၌ နေထိုင်ခံစားခဲ့ရပုံ၊ အခြားနတ်တို့ထက် အသက် အဆင်းစသည်အားဖြင့် လွန်ကဲတင့်တယ်ခဲ့ပုံ၊ နှစ်ဆယ့်ငါးကမ္ဘာအထက်၌ ဝရုဏမည်သော စကြဝတေးမင်းဖြစ်ခဲ့ပုံ၊ အမွှေးနံ့သာဖြင့် ဘုရားရှင်ကို ပူဇော်ခဲ့သော အချိန်မှစ၍ အပါယ်လေးပါးလားရောက်ခြင်း မရှိခဲ့ရဘဲ ဤဘဒ္ဒကမ္ဘာ၌ တန်ခိုးအားနုဘော်ကြီးမားသော စကြဝတေးမင်းဖြစ်ခဲ့ပုံ၊ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိလိန္ဒဝစ္ဆတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်ပိလိန္ဒဝစ္ဆမထေရ်သည် ရာဇဂြိုဟ်မြို့၌ လိုဏ်ဂူတစ်ခု ပြုလုပ်လိုသဖြင့် ရှင်းလင်းနေစဉ် ဗိမ္ဗိသာရမင်းကြီး ရောက်လာပြီး အာရာမ်စောင့် အလိုရှိလိုပါသလား-ဟု မေးရာ ဘုရားရှင်က ခွင့်ပြု၊ မပြု မသိကြောင်း မိန့်လျှင် ဘုရားရှင် ခွင့်ပြုက အမိန့်ရှိပါဟု လျှောက်ထားသွားပုံ၊ ဘုရားရှင်က ခွင့်ပြုကြောင်း မထေရ်က ဘုရင်ကြီးကို မိန့်ဆိုတော်မူပုံ၊ ဘုရင်ကြီး ထိုစကားကို အမှတ်မရဘဲ နေရာ ကြာမြင့်မှ သတိရသဖြင့် အမတ်ကြီးကို မေးရာ ရက်ငါးရာ ကြာခဲ့ကြောင်း သိရပုံ၊ ထို့ကြောင့် လူငါးရာ လှူသဖြင့် ရွာကြီးတစ်ရွာ ဖြစ်လာပုံ၊ မထေရ် ဆွမ်းခံကြွစဉ် ကလေးမတစ်ဦး ပူဆာနေသဖြင့် ကရွတ်ခွေကို ရွှေပန်းကုံး ဖန်ဆင်းပေးခဲ့ပုံ၊ မင်းကြီးက ကလေးမကို ဖမ်းသောအခါ မထေရ်က နန်းတော်တစ်ခုလုံးကို ရွှေနန်းတော် ဖန်ဆင်းပြမှ သဘောကျ၍ ပြန်လွှတ်ခဲ့ပုံ၊ ထို့ကြောင့် လူတို့က ထောပတ်၊ ဆီဦး၊ ဆီ၊ ပျားရည်၊ တင်လဲတို့ကို လှူကြပုံ၊ များလွန်းသဖြင့် ပြန့်ကျဲနေပုံ၊ ဘုရားရှင် သိတော်မူ၍ ‘‘ဆေးပစ္စည်းကို ခုနစ်ရက်သာ သိမ်းဆည်းရမည်’’ဟု ဘေသဇ္ဇသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၆၀) (ဝိ၊၃၊၂၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပိလောတိကတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပိလောတိကဿတိမထေရ်သည် မိမိစွန့်ပစ်ခဲ့သော ပုဆိုးပိုင်း အစုတ်နှင့် အိုးကင်းခွက်ငယ်ကို စွဲနေမိ၍ မိမိကိုယ်ကိုဆုံးမကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပီဌဇာတက

ဤဇာတ်တော်၌ ဇနပုဒ်သားရဟန်းတစ်ပါးသည် ဇေတဝန်ကျောင်းတော်သို့ ရောက်ရှိလာပြီး အနာထပိဏ်သူဌေးနှင့် ဝိသာခါတို့အိမ်သို့ အခြားရဟန်းများ ဆွမ်းခံမဝင်မီ အလွန် စောစီးစွာ ဆွမ်းခံကြွသဖြင့် ဆွမ်းမကျက်သေးသောကြောင့် ဆွမ်းမရခဲ့ပုံ၊ နောက်တစ်ဖန် တစ်ကြော့ပြန်၍ ထိုအိမ်များသို့ ဆွမ်းခံဝင်သောအခါ အလွန် နောက်ကျနေပြီဖြစ်၍ ဆွမ်းမရ ဖြစ်ခဲ့ရပုံ၊ ထိုရဟန်းက ကျောင်းသို့ ရောက်သောအခါ ကျောင်းဒကာ ဒကာမတို့ သဒ္ဓါတရား နည်းပုံကို ပြောဆိုနေသဖြင့် ဘုရားရှင်က ထိုရဟန်း၏ အတိတ်အကြောင်းကို ပြန်ပြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပီဌဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သူ အမျိုးသမီးတစ်ဦးသည် မထေရ်တစ်ပါးအား ညောင်စောင်းခုတင်ခင်းကို အဝါရောင်အဝတ်သစ်ဖြင့် ပြင်ဆင်ကာ လှူဒါန်းပြီး ဆွမ်းကပ်၍ တရားနာခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် ထိုဘဝမှ စုတေသောအခါ တာဝတိံသာနတ်ပြည် ၁၂-ယူဇနာရှိသော ရွှေဗိမာန်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပီဌဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သူ ဥပါသိကာမတစ်ဦးသည် ရဟန်းတော်တစ်ပါးအား အဝတ်ညို ဖြင့်ခင်းထားသော အင်းပျဉ်ညောင်စောင်းကို လှူဒါန်းပြီး ရိုသေစွာ ဆွမ်းကပ်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာ နတ်ပြည်၌ သွားလိုရာ သွားနိုင်သော ကျောက်မျက်ရွဲပလ္လင်ပျံပိုင်ရှင် နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပီဌဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့နေ ဒါယိကာမကြီးတစ်ဦးသည် မထေရ်တစ်ပါးအား အင်းပျဉ် တစ်ခုကို အဝါရောင်အဝတ်ခင်း၍ လှူဒါန်းခဲ့ပုံ၊ ထိုဘဝမှ ကွယ်လွန်သော်တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပီဌဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သူ အမျိုးသမီးတစ်ယောက်သည် ရဟန်းတစ်ပါးအား အညိုရောင် အဝတ်သစ်တို့ဖြင့် ခင်းထားသော ညောင်စောင်းတစ်ခုကို လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် တာဝတိံသာ နတ်ပြည်၌ ကျောက်မျက်ရွဲဗိမာန်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပီတဒေဝဓီတုဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ သည်ရှိသော် အဇာတသတ်မင်းသည် မိမိဝေစု သရီရဓာတ်တော်တို့ကို ယူဆောင်၍ ပူဇော်ပွဲကျင်းပလျက် စေတီ တည်ခဲ့ပုံ၊ အမျိုးသမီးတစ်ဦးသည် ‘‘စေတီတော်ကို ပူဇော်အံ့’’ဟု ပန်းတို့ကို ယူဆောင်၍လာစဉ် သားရှိသော နွားမကြီး ဝှေ့၍ ကွယ်လွန်ကာ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပီတမလ္လတ္ထေရဝတ္ထု

ဤဝတ္ထု၌ နပန်းသတ်သမားတစ်ယောက်သည် တိုင်းပြည်သုံးခုတို့၌ အလံတံခွန် ရယူ၍ လှည့်လည်လာရာ သီဟိုဠ်ကျွန်းသို့ ရောက်ရှိ၍ မင်း၏ ချီးမြှောက်မှုကို ခံရပုံ၊ တစ်နေ့တွင် သူသည် ‘‘ရုပ်ဝေဒနာစသည်တို့သည် အနတ္တ- ငါပိုင်မဟုတ်’’ စသော မြတ်စွာဘုရား၏ တရားစကားကို သိရှိရ၍ မဟာဝိဟာရကျောင်း၌ ရဟန်းပြုပြီး အဖေါ်ရဟန်းသုံးဆယ်တို့ကို ခေါ်၍ သဲသောင်ပြင်၌ ရဟန်းတရား ကျင့်ခဲ့ပုံ၊ ညဉ့်အချိန်၌ မုဆိုးက သားသမင်ဟု ထင်မှတ်ကာ လှံဖြင့် ထိုးသဖြင့် ပေါက်သွားသောဒဏ်ရာကို မြက်ထုံးဖြင့် ပိတ်ဆို့ကာ ဝိပဿနာပွားသဖြင့် ပဋိသမ္ဘိဒါလေးပါးရ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၃၄၀) (မ၊ဋ္ဌ၊၁၊၂၃၉) (အံ၊ဋီ၊၁၊၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုက္ကုသမလ္လဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် ကုသိနာရုံမြို့ ကကုဓာမြစ်၌ ရေသပ္ပါယ်တော်မူပုံ၊ မလ္လမင်းသား ပုက္ကုသသည် ရွှေအရောင်အဆင်း တောက်ပဝါဝင်းသော ကမ္ဗလာထည်ကို မြတ်စွာဘုရားအား လှူဒါန်းခဲ့ပုံ၊ အလွန် စင်ကြယ်သော ခန္ဓာကိုယ်တော်နှင့် ကမ္ဗလာထည် လိုက်ဖက်လှပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၁၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုက္ကုသာတိရာဇဝတ္ထု

ဤဝတ္ထု၌ တက္ကသိုလ်ပြည့်ရှင် ဘုရင်ပုက္ကုသာတိမင်းကြီးသည် အဆွေတော် ဗိမ္ဗိသာရ မင်းကြီး ရေးသားပေးပို့သော စာအရ ကသိုဏ်းရှုရာ ဈာန်ရခဲ့ပုံ၊ ဘုရားရှင်ရှိရာ ၁၉၂-ယူဇနာ ဝေးကွာသည့် သာဝတ္ထိသို့ လာခဲ့စဉ် ဘဂ္ဂဝအိုးထိန်းသည်၏ တဲ၌ ဘုရားရှင်နှင့် တွေ့ပြီး အနာဂါမ် ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၁၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုစိမန္ဒဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ဗာရာဏသီမြို့၏ သုသာန်တစ်ခုတွင် ပေါက်နေသော တမာပင်၌ ရုက္ခစိုးနတ် ဖြစ်ခဲ့ပုံ၊ သူခိုးတစ်ယောက်သည် မြို့တွင်းမှ ပစ္စည်းများ ခိုးယူလာပြီး တမာပင်ရင်း၌ အထုပ်ချကာ အိပ်နေပုံ၊ တမာပင်စောင့် ရုက္ခစိုးက သူခိုးမှန်း သိသဖြင့် ခြောက်လှန့်လျက် ထွက်ပြေးစေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုဋဒူသကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည် ပုဏ္ဏားမျိုး၌ ဖြစ်စဉ် ကိစ္စတစ်ခုဖြင့် မျောက်များ နေထိုင်ရာ ဥယျာဉ်သို့ ရောက်ရှိသွားပုံ၊ ဥယျာဉ်စောင့်က အရွက်ကြီးကြီးရှိသော သစ်ပင်သို့ တက်၍ အသီးအပွင့်တို့ကို ထည့်ရန်အတွက် ဖက်ခွက်များ ပြုလုပ်ပြီး သစ်ပင်အောက်သို့ ပစ်ချပုံ၊ ဥယျာဉ်စောင့် ပစ်ချသမျှသော ဖက်ခွက်တို့ကို မျောက်ကြီးက ဖျက်စီးပစ်ပုံ၊ ထိုအခြင်းအရာကို ဘုရားအလောင်းပုဏ္ဏားကြီးက တွေ့မြင်ပြီး မျောက်အပေါင်းကို ကဲ့ရဲ့ကာ ဥယျာဉ်တွင်းမှ ထွက်ခွာသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုဋဘတ္တဇာတက

ဤဇာတ်တော်၌ ဘုရင်တစ်ပါးသည် နန်းလုမည် စိုးသောကြောင့် မိမိ၏သားတော်ကိုအဝေးသို့ ပို့ထားပုံ၊ ဘုရင်ကြီး နတ်ရွာစံသောအခါ ထိုမင်းသားသည် မင်းအဖြစ်ကို ရယူရန် သူ၏ ဇနီးနှင့်အတူ လာရောက်ခဲ့ပုံ၊ လမ်းခုလတ်၌ ထမင်းထုပ်ကို မိမိတစ်ယောက်တည်းသာ စားခဲ့ပုံ၊ မင်းဖြစ်သော အခါ၌လည်း သူ၏ ဇနီးကို မိဖုရားကြီးအရာသာ ပေးပြီး ချီးမြှောက်မှု မပြုခဲ့ပုံ၊ ထိုအကြောင်းကို ဘုရားအလောင်းအမတ်ကြားသိ၍ ထိုမင်းအား ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုဏ္ဏကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သောကိုးဆယ့်တစ်ကမ္ဘာအထက်၌ ရသေ့ဖြစ်ခဲ့၍ ၎င်း၏ သင်္ခမ်းကျောင်းအနီး တောင်ဝှမ်းကို အမှီပြု၍ တောင်ကြား၌ နေတော်မူသော ပစ္စေကဗုဒ္ဓါတစ်ပါးသည် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သဖြင့် မီးသင်္ဂြိုဟ်ခြင်း ပြုခဲ့ပုံ၊ အလောင်းတော်ကို မီးသင်္ဂြိုဟ်ပြီး၍ နံ့သာရေကို ဖျန်းသောအခါ နတ်သားတစ်ပါးသည် ကောင်းကင်၌ တည်လျက် ‘‘ရသေ့...သင်သည် ပစ္စေကဗုဒ္ဓါအား မီးသင်္ဂြိုဟ်ခြင်းကို ပြုဘိ၏၊ ထိုနေ့မှ စ၍ သင်သည် ပုဏ္ဏကဟူသော အမည်ဖြင့် အခါခပ်သိမ်း ထင်ရှားပေလိမ့်မည်’’ဟု ပြောကြားခဲ့ပုံ၊ ထိုဘဝမှ စုတေ၍ နတ်ပြည်ရောက်သော် ပုဏ္ဏကနတ်သားဟူသော အမည်ဖြင့် ထင်ရှားခဲ့ပုံ၊ လူ့ဘဝ၊ နတ်ဘဝတို့၌ လည်းကောင်း၊ ဤနောက်ဆုံးဘဝ၌လည်းကောင်း၊ ပုဏ္ဏကဟုသာ ထင်ရှားခဲ့ပုံ၊ ပစ္စေကဗုဒ္ဓါကို မီးသင်္ဂြိုဟ်ခဲ့သော ဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဂေါတမဘုရားရှင် သာသနာတော်၌ ပုဏ္ဏကထေရ်ဟူသော အမည်ဖြင့်ပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုဏ္ဏတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်အညာသိကောဏ္ဍည၏တူ မန္တာနီပုဏ္ဏေးမကြီး၏သား ထူနရွာသား အရှင်ပုဏ္ဏသည် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ဝိသုဒ္ဓိခုနစ်ပါးနှင့် ပတ်သက်၍ ဟောပြောပုံ ကောင်းလှသဖြင့် ဓမ္မကထိကဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၄) (အပ၊ဋ္ဌ၊၁၊၃၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုဏ္ဏတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ၉၁-ကမ္ဘာထက်၌ ရသေ့ပြု၍နေစဉ် ပရိနိဗ္ဗာန်စံဝင်သွားသော ပစ္စေကဗုဒ္ဓါတစ်ပါး၏ ကိုယ်ခန္ဓာအလောင်းတော်ကို ကောင်းမွန်စွာ ဖုတ်ကျည်းသင်္ဂြိုဟ်ခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာလျှင်ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သုနာပရန္တတိုင်း သုပ္ပါရကဆိပ်ကမ်းရွာ၌ ကုန်သည် ဖြစ်ခဲ့ပုံ၊ သာသနာတော်သို့ ဝင်ရောက်ခဲ့ကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုဏ္ဏဒါသီဝတ္ထု

ဤဝတ္ထု၌ ဝါကျွတ်၍ ပဝါရဏာပြုပြီးနောက် ဒက္ခိဏဂီရိအရပ်သို့ ဒေသစာရီကြွချီမည်ပြုတော်မူသော မြတ်စွာဘုရားကို အနာထပိဏ်သူဌေး စသည်တို့က မကြွတော်မမူရန် လျှောက်ထား၍ မရသော်လည်း ပုဏ္ဏာမည်သောကျွန်မက မိမိသည် သရဏဂုံဆောက်တည်ပြီး ငါးပါးသီလခံယူလိုပါ၍ မကြွတော်မမူရန် လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်သည် မကြွတော့ဘဲ ဇေတဝန်ကျောင်းတော်သို့ ပြန်ကြွတော်မူလာပုံ၊ ပုဏ္ဏာသည် ကျွန်မအပြစ်မှ လွတ််၍ ရဟန်းမ ပြုခွင့်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၃၊၁၆၉) (အံ၊ဋီ၊၃၊၁၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုဏ္ဏဒါသီဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်သူဌေး၏ ကျွန်မပုဏ္ဏာသည် အလုပ်ကိစ္စကြောင့် အိပ်မရသေးဘဲ ဖြစ်နေချိန်တွင် အရှင်ဒဗ္ဗမလ္လပုတ္တသည် သံဃာတော်တို့အတွက် နေရာချရန် မိမိ၏ လက်ညိုးကို အရောင်လင်းစေပြီး ကြွချီနေသည်ကို တွေ့ရပုံ၊ မိုးလင်းသောအခါ မြတ်စွာဘုရားအား မုန့်လှူဒါန်း၍ ရဟန်းများ ညက မကျိန်းကြခြင်း၏ အကြောင်းကို လျှောက်ထားခဲ့ပုံ၊ မြတ်စွာဘုရားထံမှ တရားတော်ကို နာကြားရသဖြင့် ကျွန်မပုဏ္ဏား သောတာပန်တည်ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုဏ္ဏနဒီဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဖခင်ပုရောဟိတ်ပုဏ္ဏားကြီး ကွယ်လွန်သွားသဖြင့် ပုရောဟိတ်ရာထူးကို ဆက်ခံရရှိပုံ၊ ဗြဟ္မဒတ်မင်းကြီးအား ကုန်းတိုက်ကြသဖြင့် ပုရောဟိတ်အမတ်ကို အထင်လွဲကာ တိုင်းပြည်မှ နှင်ထုတ်ပုံ၊ မင်းကြီးက သတိရသဖြင့် ကျီးကန်းသားကို ပေးပို့စေကာ ပြန်ခေါ်စေခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုဏ္ဏပါတိဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီသူဌေးဖြစ်၍ မင်းကြီးထံ ခစားရန် နန်းတော်သို့ သွားခဲ့ပုံ၊ သေသောက်ကြူးများက မေ့ဆေးခပ်ထားသော အရက်ကို ဗာရာဏသီသူဌေးကြီးအား အလွန်ကောင်းသော အရက်ဖြစ်ကြောင်း လိမ်ညာပြောဆိုလျက် တိုက်ရန် ကြံစည်ခဲ့ကြပုံ၊ သူဌေးကြီးက သေသောက်ကြူးများ၏ အကြံအစည်ကို ရိပ်မိပြီး နန်းတော်မှ ပြန်လာသောအခါ၌ သောက်မည်ဟု ပြောကြားပုံ၊ နန်းတော်မှ ပြန်လာသောအခါ သူဌေးကြီးက အရက်ခွက်၊ အရက်ပုလင်းများ လက်ရာမပျက် တည်ရှိနေသည်ကို ညွှန်ပြ၍ ‘‘ဤအရက်ခွက်များ၌ မေ့ဆေးအဆိပ်များ ခပ်ထည့်ထားကြောင်း ’’ပြောကြားပြီး သေသောက်ကြူးတို့အား ခြိမ်းခြောက်မောင်းလွှတ်သဖြင့် သေသောက်ကြူးများ ထွက်ပြေးကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုဏ္ဏမာသတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပုဏ္ဏမာသမထေရ်လောင်း အမျိုးကောင်းသားသည် ဝိပဿီဘုရားရှင် လက်ထက်တော်၌တွင် စက္ကဝက်ငှက်မျိုး၌ ဖြစ်ခဲ့ရပုံ၊ ဘုရားရှင် ဒေသစာရီ ကြွချီတော်မူလာစဉ် အင်ကြင်းပန်းတို့ကို နှုတ်သီးဖြင့် ကိုက်ချီ၍ လှူဒါန်းခဲ့ပုံ၊ ဤကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌ လူ့ချမ်းသာ နတ်ချမ်းသာတို့ကို ခံစားရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ သမိဒ္ဓိပုဏ္ဏား၏ သား ဖြစ်ခဲ့ပုံ၊ ဖွားမြင်သောနေ့၌ပင် ဟာလာဟင်းလင်းဖြစ်နေသော အိုးများ၌ ရွှေပဲစေ့များ ပြည့်နေပုံ၊ အချိန်တန် အရွယ်ရောက်သောအခါ အိမ်ထောင်ပြု၍ သားတစ်ယောက် ထွန်းကားလာပြီးနောက် သာသနာ့ဘောင်ဝင်ရောက်ခဲ့ပုံ၊ မဟားဟောင်းက သားငယ်ကိုလက်ဆွဲကာ ဖြားယောင်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုဏ္ဏမာသတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပုဏ္ဏမာသမထေရ်လောင်းလျာသည် တောအရပ်၌ တိဿဘုရားရှင်၏ ‘ပံ့သကူ သင်္ကန်းတော်’ကို ဂုဏ်တော်မှန်းကာ ဦးချခဲ့၍ လူနတ်ချမ်းသာကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ‘ရွှေပဲစေ့’များရသူ ပုဏ္ဏမာသသူဌေးသား ဖြစ်ခဲ့ပုံ၊ အိမ်ထောင်ပြု၍ သား တစ်ယောက်ရသောအခါ ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုဏ္ဏသေဋ္ဌိဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့၌ ပုဏ္ဏအမည်ရှိသော ဆင်းရဲသားတစ်ဦးသည် သုမနသူဌေးကြီး အိမ်၌ လယ်ယာ လုပ်ကိုင်ခဲ့ပုံ၊ အရှင်သာရိပုတ္တရာအား မျက်နှာသစ်ရေနှင့် ဒန်ပူ လှူဒါန်းခဲ့ပုံ၊ ပုဏ္ဏ၏ ဇနီးသည်ကလည်း မထေရ်မြတ်အား ဆွမ်းလောင်းလှူခဲ့ပုံ၊ ထိုနေ့၌ပင် မိမိထွန်ခဲ့သော ထွန်စာခဲအားလုံး ရွှေတုံးကြီးများ ဖြစ်နေ၍ သူဌေး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုဏ္ဏာထေရီဝတ္ထု

ဤဝတ္ထု၌ ပုဏ္ဏာထေရီလောင်းလျာသည် ကိန္နရာမဖြစ်စဉ်က ပစ္စေကဗုဒ္ဓါတစ်ဆူအား ကျူပန်းလှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုဏ္ဏာထေရီဝတ္ထု

ဤဝတ္ထု၌ ပုဏ္ဏာထေရီလောင်းလျာသည် ရှေးဘုရားရှင်များလက်ထက်တော်၌ သီလရှိ၍ ဗဟုသုတကြွယ်ဝသော ဓမ္မကထိကဖြစ်ခဲ့သော်လည်း မာနထောင်လွှားခဲ့သဖြင့် မဂ်ဖိုလ် တရားထူးမရပုံ၊ ဂေါတမမြတ်စွာဘုရားလက်ထက်တော်၌ အနာထပိဏ်သူဌေး၏ အိမ်၌ ကျွန်မ ဖြစ်၍ မြတ်စွာဘုရားထံမှ သီဟနာဒသုတ်ကို ကြားနာရသဖြင့် သောတာပန် တည်ခဲ့ပုံ၊ မိစ္ဆာဒိဋ္ဌိအယူရှိသော ပုဏ္ဏားတစ်ယောက်ကို အယူမှန်ရောက်အောင် တရားဟောပြနိုင်ခြင်းကြောင့် ကျွန်မအဖြစ်မှ ကင်းလွတ်ကာ ဘိက္ခုနီဖြစ်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အပ၊၂၊၂၉၃) (ထေရီ၊ဋ္ဌ၊၂၀၇) (ထေရီ၊၃၂၂) (မ၊ဋ္ဌ၊၁၊၂၁၅) (သံ၊ဋ္ဌ၊၂၊၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုနဗ္ဗသုကုဋုမ္ဗိကတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပုနဗ္ဗသုသူကြွယ်သား တိဿမထေရ်သည် သီဟိုဠ်ကျွန်းမှ မဇ္ဈိမဒေသသို့ ကြွ၍ ယောနကဓမ္မရက္ခိတမထေရ့်ထံ ဗုဒ္ဓစာပေများကို သင်ယူ၍ ပြန်လာပုံ၊ သင်္ဘောဆိပ် တစ်နေရာသို့ရောက်လျှင် ယုံမှားခြင်းဖြစ်၍ ဆရာမထေရ်ထံပြန်လာစဉ် သူကြွယ်တစ်ဦးက တစ်သိန်းတန်ကမ္ဗလာကို လှူဒါန်းခဲ့ပုံ၊ ထိုကမ္ဗလာကို ဆရာမထေရာအား ထပ်ဆင့်လှူဒါန်းခဲ့ပုံ၊ ထိုမထေရ် သည် ဆရာ့ထံမှ ထွက်ခွာလာပြီး စေတီရင်ပြင်၌ တံမြက်လှည်းနေရင်း ရဟန္တာ ဖြစ်ခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၃၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုနဗ္ဗသုဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ တရားဟောတော်မူစဉ် ပုနဗ္ဗသုမာတာမည်သော ဘီလူးမသည် ပုနဗ္ဗသုမည်သောသားနှင့် ဥတ္တရာမည်သော သမီးတို့ကို ရင်ဝယ်ပွေ့ချီ၍ အစာရှာထွက်လာပုံ၊ ဘုရားရှင်တရားဟောနေသံကို နာကြားရသဖြင့် တရားနာခဲ့ရာ သားနှင့်မိခင်တို့ သောတာပန်ဖြစ်ပုံ၊ သားအမိသုံးဦးစလုံး နတ်စည်းစိမ် ခံစားရကာ ဂန္ဓကုဋိတိုက်၏ အနီး သစ်ပင်၌ အမြဲနေထိုင်စရာ ရရှိခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၂၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုန္နာဂပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ တောမုဆိုးဖြစ်၍ တောသို့ ဝင်သောအခါ ပုန်းညက်ပန်းကို မြင်သဖြင့် ဘုရားရှင်ကိုအောက်မေ့ခဲ့ပုံ၊ သဲပုံစေတီပြုလုပ်၍ ဘုရားရှင်ကို ရည်မှန်းကာ ပုန်းညက်ပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားရောက်ခဲ့ရတော့ဘဲ လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ တမောနုဒမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုပ္ဖစင်္ကောဋိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ်တစ်ကမ္ဘာအထက်၌ သိခီဘုရားရှင်ကို ဖူးမြင်ရ၍ ကြည်ညိုသော စိတ်ဖြင့် လိပ်ဆူးရွှေပန်းတို့ကို ကြဲမြှောက်၍ ဘုရားရှင်အားပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကုသိုလ်ကြောင့် အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ဘဲ ကမ္ဘာသုံးဆယ်ပြည့်သောအခါ ဒေဝဘူတိဟုထင်ရှားသော စကြဝတေးမင်း ငါးကြိမ် ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၁၊၁၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုပ္ဖစ္ဆတ္တိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထဘုရားရှင်အား ပွင့်ချပ် တစ်ရာရှိသော ပဒုမ္မာကြာပန်းကို ဆောင်ယူ၍ ပန်းထီးပြုလုပ် လှူဒါန်းပူဇော်ခဲ့ပုံ၊ ဘုရားရှင်က အနုမောဒနာပြုတော်မူ၍ ရဟန်းသံဃာတို့ခြံရံလျက် ကောင်းကင်သို့ တက်ကြွတော်မူသောအခါ ပန်းထီးကလည်း မြင့်တက်ကာ ဘုရားရှင်အား ဆောင်းမိုး၍ လိုက်ပါသွားခဲ့ပုံ၊ ပန်းထီးလှူခဲ့သော ဘဝမှစ၍ အပါယ်လေးပါးလားရောက်ခဲ့ခြင်း မရှိခဲ့ဘဲ ခုနစ်ဆယ့်လေးကမ္ဘာအထက်၌ ဇလသိခမည်သော စကြဝတေးမင်း ရှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုပ္ဖစ္ဆဒနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သောကမ္ဘာတစ်သိန်းအထက်၌ ဗေဒင်သုံးပုံကို တစ်ဖက်ကမ်းရောက် တတ်မြောက်၍ သုနန္ဒဟု ထင်ရှားသော ပုဏ္ဏားဖြစ်ခဲ့ပုံ၊ တပည့်အခြံအရံနှင့်တကွ ဝါဇပေယျယဇ်ကို ပူဇော်နေခဲ့ပုံ၊ ထိုအချိန်၌ ပဒုမုတ္တရဘုရားရှင်သည် ကောင်းကင်၌ စင်္ကြံကြွတော်မူ၍ သတ္တဝါတို့အား မေတ္တာဖြန့်တော်မူခဲ့ပုံ၊ ပုဏ္ဏားသည် ဘုရားရှင်ကို စင်္ကြံကြွနေစဉ် ဖူးမြင်ရသည့်အခါ တပည့်အားလုံးတို့ကို တစ်ပေါင်းတည်း စုရုံးစေ၍ ပန်းတို့ကို ကောင်းကင်သို့ ကြဲမြှောက် ပူဇော်စေခဲ့ပုံ၊ မြို့ကျယ်သလောက် ပန်းအတိပြီးသော ပန်းအမိုးဖြစ်၍ ခုနစ်ရက်ပတ်လုံး မညှိုးနွမ်း မပျက်စီးခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် စည်းစိမ်ချမ်းသာတို့ကို ဘဝဆက်တိုင်း ခံစားရပြီး တစ်ရာ့တစ်ဆယ်ကမ္ဘာအထက်၌ အမ္ဗရံသမည်သော စကြဝတေးမင်း သုံးဆယ့်ငါးကြိမ်ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ်၍ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုပ္ဖထူပိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ ဟိမဝန္တာတောင်အနီး ကုက္ကုရမည်သော တောင်၌ ငါးထောင်သော တပည့်တို့ ခြံရံလျက် နေခဲ့ပုံ၊ တပည့်ပုဏ္ဏားတို့သည် ဆရာပုဏ္ဏားကြီးအား ဘုရားရှင်ပွင့်တော်မူကြောင်း၊ ထိုဘုရားရှင်တွင် လက္ခဏာတော်ကြီးသုံးဆယ့်နှစ်ပါး၊ လက္ခဏာတော်ငယ် ရှစ်ဆယ်တို့ရှိကြောင်း ပြောလေလျှင် မထေရ်အလောင်း ဆရာပုဏ္ဏားကြီးသည် ဗေဒင်သုံးပုံကို တစ်ဖက်ကမ်းရောက် တတ်မြောက်သူ ဖြစ်၍ ဘုရားရှင်ရှိရာသို့ ရည်မှန်းရှိခိုးခဲ့ပုံ၊ တပည့်များနှင့် အတူ ဘုရားရှင်ထံ သွားခဲ့ကြရာ လမ်းတွင် ဖျားနာ၍ ထိုအရပ်၌ပင် ကွယ်လွန်ခဲ့ရာ ပန်းတို့ဖြင့် စေတီတည်၍ ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိခဲ့ဘဲ လွန််ခဲ့သော ကမ္ဘာလေးသောင်းအထက်၌ အဂ္ဂိသမဟု ထင်ရှားသော စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ်ဖြစ်ခဲ့ရပုံ၊ နောက်ဆုံး ဤဘုရားရှင် သာသနာတော်ဝယ် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုပ္ဖဓာရကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ လျှော်တေသင်္ကန်းကို ဆောင်၍ သစ်နက်ရေကို ဝတ်ရုံပြီး အဘိညာဉ်ငါးပါးနှင့် ပြည့်စုံသည့် ရှင်ရသေ့ ဖြစ်ခဲ့ပုံ၊ ကြွလာတော်မူသော ဝိပဿီဘုရားရှင်အား ပင်လယ်ကသစ်ပန်းကို ထီးသဖွယ် ဆောင်းမိုး ကပ်လှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားခဲ့ရခြင်းမရှိဘဲ လွန်ခဲ့သော ရှစ်ဆယ့်ခုနစ်ကမ္ဘာအထက်၌ သမန္တဓာရဏမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုပ္ဖရတ္တဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် အာကာသစိုးနတ် ဖြစ်စဉ် တစ်နေ့တွင် ဆင်းရဲသားတစ်ယောက်သည်် ကြတ္တိကာနက္ခတ်ပွဲတွင် ဝတ်ဆင်ရန် သူ၏ မိန်းမက ပူဆာလွန်းသဖြင့် ဘုရင်၏ အဝတ်ကောင်းများကို ခိုးခဲ့ပုံ၊ အစောင့်တို့က ဖမ်းမိပြီး ကားစင် တင်ထားစဉ် မိမိဆင်းရဲကို ထည့်မတွက်ဘဲ မယားအတွက် အဝတ်မရ၍ ငိုကြွေး ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဇာ၊ဋ္ဌ၊၁၊၅၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုပ္ဖါသနဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ ရသေ့ ဖြစ်ခဲ့၍ မနီးမဝေး၌ သိဒ္ဓတ္ထဘုရားရှင် ကြွသွားတော်မူသည်ကို ဖူးမြင်ရသောအခါ ၎င်း၏ သင်္ခမ်းကျောင်းသို့ ပင့်ဆောင်၍ ပန်းမွေ့ရာကို လှူဒါန်းခဲ့ပုံ၊ ‘‘ဤကောင်းမှုကံကြောင့် သာသနာတော်၌ ကိလေသာအညစ်အကြေး ကင်းသူ ဖြစ်ရပါလို၏’’ဟု ဆုတောင်းခဲ့ပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခဲ့ခြင်း မရှိဘဲ ဤဘုရားရှင့်သာသနာတော်ဝယ် ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုဗ္ဗင်္ဂမိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကြောင့်ကြမရှိကုန်ဘဲ ရဟန်းပြုကြသည့် ရှစ်သောင်းလေးထောင်ကုန်သော အမျိုးသားတို့၏ ရှေ့သွားခေါင်းဆောင်ဖြစ်ပုံ၊ သစ္စာလေးပါးတရားတို့ကို သိတော်မူကြကုန်သော ရဟန္တာနှင့် မြတ်စွာဘုရားတို့အား လုပ်ကျွေးခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စုတေသော် နတ်ပြည်သို့ ရောက်ခဲ့ကြပုံ၊ ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုလိနစင်္ကမိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဤပုလိနစင်္ကမိယမထေရ်လောင်း အမျိုးကောင်းသားသည် အတိတ်ဘဝ တစ်ခုတွင် သားလိုက်မုဆိုး ဖြစ်ခဲ့ပုံ၊ တောကျောင်း၌ မညီမညွတ်သော စင်္ကြံလမ်း၌ စင်္ကြံကြွနေသော ဘုရားရှင်ကို တွေ့မြင်သောအခါ သဲများကို ကျူံးယူပြီး စင်္ကြံလမ်းကို ချောမောညီညာ ပြေပြစ်အောင် ပြုလုပ်ပေးခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးအာနိသင်ကြောင့် သုံးဆယ့် တစ်ကမ္ဘာ အပါယ်မလားခဲ့ပုံ၊ လူချမ်းသာ နတ်ချမ်းသာတို့ဖြင့်သာ ကျင်လည်ခဲ့ရ ဤဂေါတမဘုရားရှင် လက်ထက်တော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုလိနထူပိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် နာရဒမည်သော ရသေ့ဖြစ်၍ ပွင့်တော်မူပြီးသော ဘုရားရှင်တို့ကို အာရုံပြုကာ သဲပုံစေတီတည်ပြီး ရွှေချကာ ပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ပုံ၊ ဖြစ်လေရာဘဝတိုင်း၌ မြူမှုန်မကပ်၊ ချွေးမထွက်ဘဲ ကောင်းကျိုးခံစားခဲ့ရပုံ၊ ဤဘုရားရှင် သာသနာတော်၌ (၇)နှစ်သားဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုလိနပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သောကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဝိပဿီဘုရားရှင်၏ သခွတ်ဗောဓိပင်၌ သဲဟောင်းကို စွန့်ပယ်၍ သဲသစ်ကို ဖြန့်ခင်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ကမ္ဘာသုံးဆယ်အထက်၌ မဟာပုလိနမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင့် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပုလိနုပ္ပါဒကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပုလိနုပ္ပါကမထေရ်လောင်းလျာ ရသေ့သည် သဲပုံစေတီတည်ပြီး ပန်းအမျိုးမျိုးဖြင့် ပူဇော်ခဲ့ပုံ၊ တပည့်အပေါင်းတို့က ‘‘သဲပုံကို ရှိခိုးခြင်းဖြင့် အဘယ်သို့သော အကျိုးကျေးဇူး အထူးကို ရရှိစေနိုင်သနည်း’’စသည်ဖြင့် မေးမြန်းပုံ၊ ဘုရားရှင်အား စိတ်ညွတ်ထားလျက် ရှိခိုးပူဇော်မှုပြုလျှင် သက်တော်ထင်ရှား မြတ်စွာဘုရားကို ရှိခိုးပူဇော်သည်မည်ကြောင်း၊ ညီတူ ညီမျှ အကျိုးပေးကြောင်း စသည်ဖြင့် ရှင်းပြခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပူတိဂတ္တတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘဝ ငှက်မုဆိုးဖြစ်စဉ် ဖမ်းမိလာသော ငှက်တို့ကို ရောင်းစားပြီး ကျန်ငှက်တို့ကို ကြာကြာခံစေရန် အတောင်ချိုး၊ ခြေချိုးခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် ဤဘုရားရှင်လက်ထက်၌ မထေရ်၏ ခန္ဓာကိုယ်၌ အနာကြီးငယ်တို့ ပေါ်ပေါက်လာပုံ၊ သွေးပြည်များ ယိုစီးကျပြီး အရိုးအဆစ်တို့ ကျိုးကြေကွဲအက်သော ဝေဒနာကို ခံစားခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပူတိမုခပေတဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တော်၌ ရဟန်းတော်နှစ်ပါးတို့သည် အကျင့်သီလနှင့် ပြည်စုံကြ၍ အလွန်ချစ်ခင်ရင်းနှီးစွာနေကြပုံ၊ ရဟန်းတစ်ပါး ရောက်လာပြီး ထိုရွာနှင့် ထိုကျောင်းကို သဘောကျကာ မထေရ်နှစ်ပါး ကွဲပြားအောင် ကုန်းတိုက်ခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် ငရဲ၌ ခံခဲ့ရပုံ၊ ငရဲမှ လွတ်သော်လည်း ဤဘုရားရှင့်လက်ထက်အထိ ရာဇဂြိုဟ်မြို့အနီး၌ ပါးစပ်ပုပ်ပြီး လောက်တဖွားဖွားကျနေသည့် အနံ့ အလွန်ဆိုးဝါးသော ငတ်ပြတ်နေသည့် ပြိတ္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ပေတ၊၁၂၈) (ပေတ၊ဋ္ဌ၊၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပူတိမံသဇာတက

ဤဇာတ်တော်၌ ပူတိမံသမည်သော မြေခွေးသည် မိမိမယားနှင့်အတူတကွ သိုးများကို ဖမ်းယူ စားသောက်ခဲ့ပုံ၊ သိုးများနည်းလာသဖြင့် မြေခွေးမကို သိုးများထံ စေလွှတ်ပြီး သိုးမ တစ်ကောင်ကို မိမိလင်မြေခွေး သေဆုံးသဖြင့် အကူအညီပေးရန် ခေါ်လာပြီး လှည့်ပတ်ကိုက်သတ်ရန် စီစဉ်ထားပုံ၊ သေဟန်ဆောင်နေသော မြေခွေးသည် အနီးသို့ရောက်လာသော သိုးမအား အချိန်မတန်မီ ကြည့်မိသဖြင့် ခေါ်လာသောသိုးမ ထွက်ပြေးသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၅၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပူရဏကဿပဝတ္ထု

ဤဝတ္ထု၌ ပူရဏကဿပသည် သူဌေးတစ်ယောက်အိမ်တွင် ကျွန်တစ်ရာမြောက်တို့၏ ပြည့်ကြောင်းဖြစ်သဖြင့် ပူရဏအမည်ရပြီး မင်္ဂလာကျွန်အဖြစ်ထားခြင်းခံရပုံ၊ သူဌေးအိမ်မှ ထွက်ပြေးသောအခါ ခိုးသူတို့က အဝတ်အစားများကို လုယူလိုက်သဖြင့် မြက်, သစ်ရွက်, အဝတ်မျှကိုပင် မဝတ်ဘဲ မိမွေးတိုင်း၊ ဖမွေးတိုင်း ကိုယ်တုံးလုံးသာနေသည်ကို လူအများက ခေါင်းပါးစွာ ကျင့်သော ပုဂ္ဂိုလ်တို့တွင် ဤပုဂ္ဂိုလ်နှင့် တူသူ မရှိ၊ ရဟန္တာ ဖြစ်၏ဟု မှတ်ယူကာ လှူဒါန်းကိုးကွယ် ဆည်းကပ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၁၃၀) (မ၊ဋ္ဌ၊၂၊၁၃၆) (သာရတ္ထ၊ဋီ၊၃၊၃၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပေသကာရဓီတာဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် အာဠဝီပြည်၌ တရားဟောတော်မူစဉ် ရက်ကန်းသည်မလေးတစ်ဦးအား ဘယ်ကလာသနည်း၊ ဘယ်သို့သွားမည်နည်း၊ သိသလော၊ မသိသလောဟူသော ပြဿနာလေးချက်ကို မေးမြန်းပုံ၊ ရက်ကန်းသည်မလေး၏ အဖြေကို ပရိသတ်ကသဘောမပေါက်သဖြင့် ဘုရားရှင်က ရှင်းလင်းဟောကြားသောအခါ ရက်ကန်းသည်မလေး သောတာပန်တည်၍ တရားနာပရိသတ်များ တရားထူးရရှိကြပုံ၊ တရားနာပြီး အိမ်ပြန်သွားသော ရက်ကန်းသည်မလေးအား ဖခင်ဖြစ်သူက အလွန်ကြာမြင့်စွာ နေသဖြင့် အမျက်ထွက်ကာ လွန်းဖြင့် ပစ်ပေါက်လိုက်ရာ ရက်ကန်းသည်မလေးဝမ်းဗိုက်ပေါက်၍ ကွယ်လွန်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁၁) (သုတ္တနိ၊ဋ္ဌ၊၁၊၂၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပေသလာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျှာသည် ကဿပဘုရားရှင်လက်ထက်တော်၌ ပြုခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဂေါတမ ဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိသူဌေးသမီးဖြစ်၍ ရဟန်းမပြုကာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၉၆) (ထေရီ၊၁၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပေါက္ခရသာတိဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားရှင်သည် ကောသလတိုင်း ဥက္ကဋ္ဌမြို့ ဣစ္ဆာနင်္ဂလအရပ်၌ သီတင်းသုံးတော်မူစဉ် ဥက္ကဋ္ဌမြို့စား ပေါက္ခရသာတိပုဏ္ဏားကြီးသည် မိမိတပည့် အမ္ဗဋ္ဌ လုလင်အား မြတ်စွာဘုရား၏ လက္ခဏာတော်ကြီး ၃၂-ပါးကို လေ့လာရန် စေလွှတ်ခဲ့ပုံ၊ အမ္ဗဋ္ဌ၏ ကိုယ်တွေ့လေ့လာတွေ့ရှိချက်များကို ကြားသိရပြီးနောက် မိမိကိုယ်တိုင် ဘုရားရှင်ထံ ရောက်ရှိကာ ကောသောဟိတဝတ္ထဂုယှ လက္ခဏာတော်နှင့် ပဟူတဇိဝှါလက္ခဏာတော်ကြီးနှစ်ပါးကို လေ့လာခွင့်ရပြီး ဥပါသကာ ဖြစ်လာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၂၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပေါဋ္ဌိလဝတ္ထု

ဤဝတ္ထု၌ ပေါဋ္ဌိလရဟန်းကြီးသည် ဘုရားရှင် ခုနစ်ဆူတို့၏ အထံ၌ ပိဋကသုံးပုံဆောင်ကာ ရဟန်းငါးရာတို့အား စာပေပရိယတ် ပဋိပတ်တရားများကို သင်ကြားပို့ချခဲ့ပုံ၊ ဘုရားရှင်က ပေါဋ္ဌိလရဟန်းကြီး ရဟန္တာ မဖြစ်သေးသဖြင့် သံဝေဂ ရစေရန် ပေါဋ္ဌိလရဟန်းကြီးအား ‘‘မောဃပေါဋ္ဌိလ၊ တုစ္ဆပေါဋ္ဌိလ’’ဟု ခေါ်ဝေါ်ပြောဆိုပုံ၊ ပေါဋ္ဌိလရဟန်းကြီးက ‘‘မိမိသည် ရဟန်းငါးရာနှင့် ဂိုဏ်းကြီး ဆယ့်ရှစ်ဂိုဏ်းတို့အား စာပေပရိယတ် ပဋိပတ်တရားများ သင်ကြားပို့ချနေပါလျက် ဘုရားရှင်က ‘‘မောဃပေါဋ္ဌိလ၊ တုစ္ဆပေါဋ္ဌိလ-အလကား ဘာမှအသုံးမကျသည့် ပေါဋ္ဌိလကြီး’’ဟု ပြောဆိုခြင်းသည် ဈာန်မဂ်ဖိုလ်တရားများ မရရှိသေးသဖြင့် ပြောခြင်းဖြစ်သည်’’ဟု သံဝေဂရကာ သံဃာ့ပရိသတ်မှ ဖဲခွာပြီး ယူဇနာ ၁၂၀-ဝေးကွာသော တောအုပ်အရပ်သို့ သွား၍ တရားအားထုတ်ခဲ့ပုံ၊ ထိုတောအုပ်ရှိ ရဟန္တာ အပါး(၃၀)တို့တွင် အငယ်ဆုံး ခုနစ်နှစ်သား သာမဏေငယ်ထံ၌ မာနကို နှိမ့်ချကာ တရားတောင်း၍ အားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပေါတလိပုတ္တပရိဗ္ဗာဇကဝတ္ထု

ဤဝတ္ထု၌ အရှင်သမိဒ္ဓိသည် တောကျောင်း၌ သီတင်းသုံးနေသော အရှင်သမိဒ္ဓိအထံသို့ ပေါတလိပုတ္တပရိဗိုဇ် ရောက်လာပြီး ကံနှင့်ပတ်သက်သော မေးခွန်းကိုမေးမြန်းခဲ့ပုံ၊ အရှင်သမိဒ္ဓိသည် ခွဲခြမ်းစိတ်ဖြာ၍ မဖြေကြား လိုက်ဘဲ အတိုချုပ်သာ ဖြေကြားလိုက်ပုံ၊ အရှင်သမိဒ္ဓိသည် အရှင်အာနန္ဒာနှင့်အတူ ဘုရားရှင်ထံ ကြွရောက်၍ သွားပြီး နှစ်ပါးအတူ ဘုရားရှင်ကို လျှောက်ထားသောအခါ ဘုရားရှင်က ကံနှင့်ပတ်သက်၍ အကျယ်ဝေဖန်ဟောပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၃၊၂၅၀) (မ၊ဋ္ဌ၊၄၊၁၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပေါတလိယဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် မဟီမြစ်အနီးအင်္ဂတိုင်း အာပဏနိဂုံးနှင့် မနီးမဝေးရှိ တော၌ သီတင်းသုးနေတော်မူစဉ် ပေါတလိသူကြွယ်ကို သူကြွယ်ဟူသော ဝေါဟာရဖြင့် ပြောတော်မူပုံ၊ သူကြွယ်က မကျေနပ်သဖြင့် သူသည် လူမှုရေးအားလုံးကို ပယ်စွန့်ထားပြီးဖြစ်၍ ဗြာဟ္မဏမည်ကြောင်း ရှောက်ထားပုံ၊ မြတ်စွာဘုရားက သာသနာတော်၌ သမဏဗြာဟ္မဏမည်ကြောင်း ရှစ်ပါးကို အကျယ်ရှင်းလင်း ဟောပြတော်မူပုံ စသော အကြောင်းအရာများပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပေါတ္ထကဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အာရုံပြု၍ အလှူခံပုဂ္ဂိုလ်အား လျှော်တေအဝတ်ကို ပေးလှူခဲ့သော ကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင့်သာသနာတော်ဝယ် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပေါသိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တိဿဘုရားရှင်လက်ထက်တော်၌ တောမုဆိုးဖြစ်၍ ဘုရားရှင်ထိုင်ရန် မြက်ဆုပ်များကို ယူဆောင်၍ အခင်းပြုလုပ် လှုဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့ သင်္ဂါမဇိတမထေရ်၏ ညီငယ်သူဌေးသား ဖြစ်၍ ရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပံသုကူလပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ၉၁-ကမ္ဘာအထက်၌ ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော ပံ့သကူသင်္ကန်းကို တွေ့မြင်ရသဖြင့် ဆည်းလည်းပန်း သုံးပွင့်တို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပံသုကူလသညကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပံသုကူလသညကမထေရ်လောင်းလျာသည် တိဿဘုရားရှင့်လက်ထက်တော်၌ တောလိုက်မုဆိုးတစ်ယောက် ဖြစ်ခဲ့ပုံ၊ တောထဲ၌ သစ်ပင်ဖျားတွင် ချိတ်ထားသော ပံ့သကူသင်္ကန်း တစ်ထည်ကို တွေ့မြင်ပြီး ဘုရားရှင်ကို အာရုံပြုကာ ရိုသေလေးမြတ်စွာ ရှိခိုးကန်တော့ခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ကိုးဆယ့်နှစ်ကမ္ဘာတိုင် အပါယ်မလားဘဲ သုဂတိဘုံဘဝတို့၌သာ ကျက်စားခဲ့၍ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ အရဟတ္တဖိုလ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ပံသုကူလိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပံသုကူလိကမထေရ်သည် စေတီတော်ကို ရှိခိုးပြီးနောက် ‘‘လူအများနေရာ ဌာန၌ ပံ့သကူသင်္ကန်း ရနိုင်သည်’’ဟု စိတ်အကြံ ဖြစ်ခဲ့ပုံ၊ မဟာဝိဟာရသို့ သွား၍ မထေရ်ကြီးအား ရှိခိုးပြီး ရွာတံခါးသို့ အတူ သွားခဲ့ကြပုံ၊ မဟာဗောဓိတံခါးမုခ်ဦး၌ ရပ်လျက် လူချမ်းသာတို့ နေရာအရပ်၌ ပံ့သကူသင်္ကန်းကောင်းများ ရလိမ့်မည်ဟု ကြံစည်ခဲ့ပုံ၊ မိမိ၏စိတ်အကြံသည် မစင်ကြယ်သဖြင့် ထိုနေရာမှပင် ပြန်လှည့်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၁၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဖဂ္ဂုနဝတ္ထု

ဤဝတ္ထု၌ မကျန်းမာသော အရှင်ဖဂ္ဂုနမထေရ်အထံ မြတ်စွာဘုရားရှင် ကြွတော်မူခဲ့ပုံ၊ အရှင်ဖဂ္ဂုနသည် ဝေဒနာကို ပြင်းထန်စွာ ခံစားနေရပုံ၊ မြတ်စွာဘုရားရှင်၏ တရားစကားကို နာကြားရသောကြောင့် အရိယာ ဖြစ်သွားခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အံ၊၂၊၃၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဖန္ဒနဇာတက

ဤဇာတ်တော်၌ ရောဟိဏီမြစ်ရေလုကြသော ဆွေတော်မျိုးတော်တို့၏ ရန်ပွဲကို အကြောင်းပြု၍ ကြို့ပင်စောင့်နတ်နှင့် ဝက်ဝံတို့ ရန်ငြိုးထားခဲ့ကြပုံ ရန်ကို ရန်ချင်းတုံ့ပြန်သဖြင့် ပျက်စီးရပုံတို့ကို ဘုရားရှင် ဟောကြားတော်မူပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဖလဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ကြမ်းတမ်းသော သစ်နက်ရေကို ဆောင်သော ရသေ့ဘဝဖြင့် ဖုဿဘုရားရှင်အား သစ်သီးပေးလှူခဲ့သော ကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ နောက်ဆုံးဘဝ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဖလဒါယကဝတ္ထု

ဤဝတ္ထု၌ ဗိမ္ဗိသာရမင်းကြီး၏ ဥယျာဉ်စောင့်တစ်ဦးသည် အချိန်မတိုင်မီ သရက်သီး သီးစေရန် ကြိုးပမ်းစီစဉ်ခဲ့ပုံ၊ သရက်သီးမှည့် လေးလုံးရရှိပြီး မင်းကြီးအား ဆက်သရန် ယူလာစဉ် အရှင်မောဂ္ဂလာန်မထေရ်အား တွေ့သဖြင့် လှူဒါန်းလိုက်ပုံ၊ မထေရ်က ဘုရားရှင်ကို ထပ်ဆင့်လှူဒါန်းခဲ့ပုံ၊ ဥယျာဉ်စောင့်သည် ထိုကုသိုလ်ကံကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဖါရုသဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ခရီးလမ်းမ၌ ကြွသွားတော်မူသော ဘုရားရှင်အား ဖက်သက်သီးကို ပေးလှူခဲ့သော ကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ နောက်ဆုံးဘဝ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဖုသိတ ကမ္ပိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ သစ်နက်ရေကို ဝတ်လျက် လျှော်တေသင်္ကန်းကို ဆောင်သော ရသေ့ဖြစ်ခဲ့ပုံ၊ ဘုရားရှင်အား ပန်းနံ့သာရေတို့ဖြင့် သွန်းဖျန်းခဲ့သော ကောင်းမှုကံကြောင့် နံ့သာရေပေါက် ငါးထောင်နှင့်အမျှ နှစ်ထောင့်ငါးရာသော ဘဝ၌ နတ်မင်းအဖြစ်၊ နှစ်ထောင့်ငါးရာသော ဘဝ၌ စကြဝတေးမင်းအဖြစ်ခံစားခဲ့ရပုံ၊ ဖြစ်တိုင်းသော ဘဝ၌ စန္ဒကူးအနံ့ ကိုယ်မှ တစ်ကောသခွဲ တိုင်တိုင်လှိုင်ပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဖုဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဖုဿမထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့ထံ၌ နိဗ္ဗာန်ကိုရည်မှန်း၍ ကုသိုလ်ပြုခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ဖုဿမင်းသား ဖြစ်လာပုံ၊ မဟာထေရ်မြတ်တစ်ပါးထံ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၃၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဖုဿဒေဝတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကဋအန္ဓကာရအရပ်နေ ဖုဿဒေဝမထေရ်သည် စေတီရင်ပြင်ကို တံမြက်လှည်းရင်း ဘုရားအာရုံ၌ နှစ်သက်ဝမ်းမြောက်နေပုံ၊ မာရ်နတ်သည် မျောက်ညိုကြီးယောင် ဆောင်၍လည်းကောင်း၊ နွားအိုကြီးယောင် ဆောင်၍လည်းကောင်း နွားချေးများကို ဖြန့်ကြဲနှောင့်ယှက်ပုံ၊ တစ်ဖန် ခြေကောက်သူအသွင် ဖန်ဆင်း၍ အမှိုက်များကို ဖရိုဖရဲဖြစ်အောင် ပြုလုပ် နှောင့်ယှက်ပုံ၊ ထိုမထေရ်က နှောင့်ယှက်သူမှာ မာရ်နတ်ဟု သိ၍ မြတ်စွာဘုရား ရုပ်ပုံတော်ကို ဖန်ဆင်းခိုင်းပုံ၊ မာရ်နတ်က ထိုကဲ့သို့ ဖန်ဆင်းပြသောအခါ ‘‘ရာဂစသည် မကင်းသော မာရ်နတ်ဖန်ဆင်းပြသော ရုပ်ပုံတော်သည် ဤမျှတင့်တယ်သေးလျှင် ရာဂစသည်ကင်းပြီးသော မြတ်စွာဘုရားသည်ကား ထိုထက်ပို၍ တင့်တယ်ပေမည်’’ဟု ဘုရားအာရုံရှိသော နှစ်သက်ခြင်းပီတိကို ရ၍ ဆက်လက်ပြီး ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၄၊၁၇၄) (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဖုဿဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ ဖုဿဘုရားရှင်သည် ကာသိကနေပြည်တော်မှ ခမည်းတော် ဇယသေနမင်းကြီးနှင့် မယ်တော်သိရိမာတို့မှ ဖွားမြင်ခဲ့ပုံ၊ ကိသာဂေါတမီမင်းသမီးနှင့် နန်းစည်းစိမ်ခံစားခဲ့ပုံ၊ အနူပမမည်သော သားတော်မွေးဖွားပြီးနောက် ဆင်ယာဉ်ဖြင့်တောထွက်တော်မူခဲ့ပုံ၊ သျှစ်သျှားဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူခဲ့ပုံ၊ သုရက္ခိတနှင့် ဓမ္မသေန အဂ္ဂသာဝက နှစ်ပါးရှိတော်မူခဲ့ပုံ၊ အဘိဃမထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ၊ ဂေါတမဗုဒ္ဓလောင်းလျာသည် ဝိဇိတာဝီ မည်သော မင်းဖြစ်လျက် နိယတဗျာဒိတ် ခံယူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၈) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် အိုင်ကြီးတစ်အိုင်၌ ငါးမင်း ဖြစ်ခဲ့ပုံ၊ မတုန်မလှုပ် ငြိမ်သက်စွာ ချောင်းနေသော ဗျိုင်းတစ်ကောင်ကို ငါးတို့က ဗျိုင်းသူတော် ထင်၍ သွားရန် ပြင်ဆင်ကြပုံ၊ ဘုရားအလောင်းက တားမြစ်သဖြင့် မသွားဘဲနေခဲ့ကြပုံစသော အကြောင်းအရာ များပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗကဇာတက

ဤဇာတ်တော်၌ ဗကဗြဟ္မာက ‘‘ဗြဟ္မာ့ဘုံများသည် နိစ္စ ဓုဝ သဿတ ဖြစ်၏၊ အို, နာ, သေမှုမှ လွန်မြောက်၏’’ဟု ဆိုပုံ၊ ဘုရားရှင်သည် ဗကဗြဟ္မာအား အဝိဇ္ဇာ ဖုံးအုပ်ထား၏ဟု မိန့်တော်မူပုံ၊ ဗကဗြဟ္မာက မိမိ(ဗကဗြဟ္မာ)၏ အကျင့်သီလကို မေးသဖြင့် ဘုရားရှင်က ဖြေကြားတော်မူခဲ့ပုံ၊ ဗကဗြဟ္မာသည် တစ်ခုသောကမ္ဘာ၌ ရသေ့ဖြစ်စဉ် သဲကန္တာရ၌ မျက်စိလည်သော လှည်းသား ငါးရာတို့အား သောက်သုံးရေစသည်တို့ကိုဆောင်ယူ၍ ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် တောအုပ်ကြီးအတွင်းရှိ ရေခတက်ပင်၌ ရုက္ခစိုးနတ် ဖြစ်စဉ် ဗျိုင်းတစ်ကောင်သည် ရေခန်းသော အိုင်မှငါးများကို အခြားရေအိုင်တစ်အိုင်သို့ ပို့ပေးမည်ဟု လိမ်ညာပြောဆိုကာ ရေခတက်ပင်ပေါ်သို့ ချီလာပြီး စားသောက်လေ့ရှိပုံ၊ ငါးများ ကုန်သွားသောအခါ လယ်ပုဇွန် (ဂဏန်း) တစ်ကောင်ကို ရှေးနည်းအတိုင်းပင် ပဒုမ္မာကြာပန်းများဖြင့် အလွန်တင့်တယ် ကောင်းမွန်သော ရေအိုင်ကြီးသို့ ပို့ပေးမည်ဖြစ်ကြောင်း ပြောဆိုပုံ၊ ပုဇွန်လုံးက မယုံကြည်သဖြင့် ဗျိုင်း၏ လည်ပင်းကို လက်မဖြင့် ညှပ်၍ လိုက်ပါစဉ် ရေခတက်ပင်ပေါ် ရောက်သောအခါ ‘‘ဘာ့ကြောင့် ရေအိုင်သို့ မပို့ဘဲ ရေခတက်ပင်ပေါ် ခေါ်လာရသနည်း’’ ဟု ပုဇွန်လုံးက မေးပုံ၊ ဗျိုင်းက လိမ်ညာ၍ ခေါ်ယူလာခြင်းသာဖြစ်ကြောင်း၊ သင့်ကိုလည်း စားမည်ဖြစ်ကြောင်း ပြောဆိုသောအခါ ပုဇွန်လုံးက ‘‘ယခင်ငါးများသည် အ၍သာ ခံရသည်။ ယခု ကျွန်ုပ်ကိုမူ သင်စား၍မရ၊ သင်သာ သေပေတော့’’ ဟု ဆိုကာ လည်ပင်းကို လက်မဖြင့် ပြင်းထန်စွာ ညှပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗကဗြဟ္မာဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားရှင်သည် ဥက္ကဋ္ဌမြို့သုဘဂတောရှိ အင်ကြင်းပင်အရင်း၌ သီတင်းသုံးနေတော်မူစဉ် မိစ္ဆာအယူရှိသော ဗကဗြဟ္မာကြီးကို ချေချွတ်ရန် ဗြဟ္မာ့ပြည်သို့ ကြွရောက်တော်မူခဲ့ပုံ၊ နှစ်ပရိစ္ဆေဒ များပြားကြာညောင်းလှသဖြင့် မိမိဘုံနှင့် ဘဝကို ထာဝရ မြဲသည်ဟု အယူမှားနေသော ဗကဗြဟ္မာကြီးအား ဤဘုံနှင့် ဤဘဝသည် မမြဲကြောင်း ဟောတော်မူပုံ၊ ဗကဗြဟ္မာက ကိုယ်ဖျောက်ပြသော်လည်း မပျောက်ဘဲ ဘုရားရှင်က ကိုယ်တော်ကို ဖျောက်၍ အသံဖြင့်သာ တရားဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (မ၊၁၊၄၀၃) (မ၊ဋ္ဌ၊၂၊၃၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗကဗြဟ္မာဝတ္ထု

ဤဝတ္ထု၌ မိမိဘုံသည် မြဲ၏၊ မိမိအသက်သည် မြဲ၏ဟု အယူရှိသော ဗကဗြဟ္မာကြီးထံ ဘုရားရှင် ကြွတော်မူ၍ ဤဘုံသည်မမြဲ၊ သင်၏အ သက်သည် နိရဗ္ဗုဒသက်တမ်းမျှသာ ရှည်၏။ သင်သည် သတ္တဝါတို့ကို ရေတိုက် အသက်ကယ်ခဲ့သောကြောင့်လည်းကောင်း၊ ဓားပြတိုက်သူတို့ကို အဘိညာဉ်တန်ခိုးဖြင့် ကယ်တင်ခဲ့သော ကြောင့်လည်းကောင်း၊ သက်တမ်းရှည်၏ဟု အတိတ်ဘဝအကြောင်းကို ဟောပြနိုင်သဖြင့် ဘုရားရှင်အား ယုံကြည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၄၄) (သံ၊ဋ္ဌ၊၁၊၁၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗကုလာထေရီဝတ္ထု

ဤဝတ္ထု၌ ဗကုလာထေရီလောင်းလျာသည် ပဒုမတ္တရဘုရားရှင်လက်ထက်တော် ဒိဗ္ဗစက္ခုအဘိညာဉ်နှင့် ပြည့်စုံသော ရဟန်းမတစ်ပါးအား ဧတဒဂ်ထားသည်ကို မြင်၍ အားကျ ဆုပန်ခဲ့ပုံ၊ နောင်အခါ ဂေါတမဘုရားရှင် လက်ထက်တော်၌ ရဟန္တာထေရီဖြစ်ကာ ဒိဖ္ဗစကူဧတဒဂ် ဘွဲ့ထူး ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗန္ဓနမောက္ခဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဗြဟ္မဒတ်မင်းကြီး၏ ပုရောဟိတ် ဖြစ်ခဲ့ပုံ၊ တစ်နေ့တွင် မင်းကြီးသည် ပစ္စန္တရာဇ်အရပ်၌ ပုန်ကန်ထကြွနေသဖြင့် စစ်တိုက်ထွက်သွားရာ မိဖုရားကြီးသည် စစ်မှုထမ်းတို့နှင့် ဖောက်ပြန်ပုံ၊ ဘုရားအလောင်းကိုလည်း လွန်ကျူးရန် ပြောဆိုသည်ကို ငြင်းဆိုသဖြင့် ဘုရင်ကြီးအား မာယာဖြင့် ပြောပြ၍ ဘုရားလောင်း အဖမ်းခံခဲ့ရပုံ၊ ဘုရားအလောင်းက အမှန်အတိုင်း ရှင်းပြသဖြင့် အချုပ်အနှောင်မှ လွတ်မြောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗန္ဓနဝတ္ထု

ဤဝတ္ထု၌ ကောသလမင်းကြီးထံ၌ ရှစ်ထောင့်ရှစ်မြှောင့်ပါရှိသော နန်းစဉ်ပတ္တမြားကြီး တစ်လုံးရှိခဲ့ပုံ၊ တစ်နေ့သောအခါ ပတ္တမြားရတနာကြီး အခိုးခံရပုံ၊ အရှင်အာနန္ဒာထေရ်၏ အကြံပေးချက်အတိုင်း ပြုလုပ်ရာ ပတ္တမြားရတနာကို ရှာဖွေတွေ့ရှိခဲ့ပုံစသော အကြောင်းအရာ များ ပါဝင်သည်။ (သံ၊၁၊၇၆) (သံ၊ဋ္ဌ၊၁၊၁၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗန္ဓနာဂါရဇာတက

ဤဇာတ်တော်၌ ကောသလမင်းကြီးသည် ခိုးသူများအား အချုပ်ထောင်ချခြင်း၊ ကြိုးဖြင့် ချည်နှောင်တုပ်ဖွဲ့ထားခြင်း၊ သံခြေချင်းခတ်ခြင်း စသည်ဖြင့် ချည်နှောင်ထားပုံ၊ ရဟန်းတော် များက အနှောင်အဖွဲ့တို့တွင် မည်သည့်အနှောင်အဖွဲ့သည် အခိုင်ခံ့ဆုံးဖြစ်ပါသနည်းဟု မေးမြန်းလျှောက်ထားကြရာ ဘုရားရှင်က ကိလေသာအနှောင်အဖွဲ့သည်သာလျှင် အခိုင်အမာ ဆုံးဖြစ်ကြောင်း အတိတ်ဝတ္ထုကိုဆောင်၍ ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၃၇) (ဇာ၊ဋ္ဌ၊၂၊၁၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗန္ဓုဇီဝကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ ခေါင်ရန်းပန်းတို့ကို ချည်ဖြင့် သီကုံး၍ သိခီဘုရားရှင်အား တင်လှူပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ခုနစ်ကမ္ဘာအထက်၌ သမန္တစက္ခု မည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗန္ဓုရတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် နန်းတွင်းအစောင့်ဖြစ်၍ ရဟန်းသံဃာအပေါင်း ခြံရံလျက် မင်းရင်ပြင်၌ ကြွသွားတော်မူသော သိဒ္ဓတ္ထဘုရားရှင်အား ကုလားဆလပ်ပန်းတို့ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သီလဝတီမြို့၌ သူဌေးသားဖြစ်၍ သာသနာတော်သို့ ဝင်ရောက်လာသောအခါ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗဗ္ဗုဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကျောက်ဆစ်သမားမျိုး၌ ဖြစ်ပုံ၊ ထိုရွာရှိ သူဌေးကြီးတစ်ဦး၏ ဇနီး ကွယ်လွန်သောအခါ ငွေကို စွဲလမ်းသဖြင့် ကြွက်မ ဖြစ်နေပုံ၊ ကြွက်မသည် ဘုရားလောင်းကို နေ့စဉ် ငွေတစ်ကျပ်ပေး၍ အမဲသားဝယ်စားနေရာမှ ကြောင်ဖမ်းခံရသဖြင့် အမဲသားကို ဝေစုခွဲဝေပေးရပုံ၊ ဘုရားလောင်း၏ အကြံပြုချက်အရ ဖန်အုပ်ဆောင်းအတွင်း ဝင်နေသော ကြွက်မကို ဝေစုမရသော ကြောင်တို့က ခုန်ဖမ်းသဖြင့် ကြောင်တို့ရင်ကွဲ၍ သေခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗဟုပုတ္တိကတ္ထေရီဝတ္ထု

ဤဝတ္ထု၌ သား(၇)ယောက်၊ သမီး(၇)ယောက်ရှိ မိခင်ကြီးသည် ဖခင်ကွယ်လွန်သောအခါ အမွေ ဝေပေးလိုက်သဖြင့် ခိုကိုးရာမဲ့ဖြစ်သွားသောကြောင့် ဘိက္ခုနီမပြု၍ ဝိပဿနာတရား ကြိုးစားအားထုတ်ရာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗဟုဘဏ္ဍိကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိပြည်သား သူဌေးတစ်ယောက်သည် မယားကွယ်လွန်သွားသဖြင့် သာသနာတော်တွင်းသို့ ဝင်ရောက်ရဟန်းပြုခဲ့ပုံ၊ ထိုရဟန်းသည် မိမိသုံးဆောင်ရန်အတွက် တိုက်ခန်း၊ ရေချိုးခန်း၊ စားဖိုဆောင်၊ ဘဏ္ဍာတိုက်စသည်တို့ကို ဆောက်လုပ်လျက် မိမိ၏ အခိုင်းအစေများကို ခေါ်ကာ စိတ်ကြိုက်ချက်ပြုတ်စေလျက် သုံးဆောင်ခံစား၍နေပုံ၊ သင်္ကန်းများကိုလည်း နေ့တစ်ထည် ညတစ်ထည် လဲလှယ်ဝတ်ရုံလေ့ရှိပုံ၊ တစ်နေ့တွင် ထိုရဟန်း၏ ပစ္စည်းအသုံးအဆောင်များလွန်းသည်ကို ဘုရားရှင် သိတော်မူပြီး ဆုံးမသည့်အခါ စိတ်ဆိုးပြီး အပေါ်ရုံ ဧကသီသင်္ကန်းကို စွန့်ပစ်လျက် သင်းပိုင်တစ်ထည်တည်းဖြင့် ပရိသတ်အလယ်၌ ထိုင်နေပုံ၊ ဘုရားရှင်က ‘‘သင်သည် ရေစောင့်ဘီလူးဘဝဖြစ်စဉ်အခါက တစ်ဆယ့်နှစ်နှစ်ကာလပတ်လုံး ဟိရီဩတ္တပ္ပတရားများကို ရှာမှီးနေပါလျက် ယခုအခါ အရှက်အကြောက် ကင်းမဲ့စွာဖြင့် ပရိသတ်အလယ်၌ အဘယ့်ကြောင့် ထိုင်နေဘိသနည်း’’ ဟု ဆုံးမတော်မူကာ အတိတ်ဇာတ်ကြောင်း ဆောင်၍ တရားဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗဟုယာစကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် နှစ်စဉ် နှစ်တိုင်း အခင်းများ ပြုလုပ်လိုသဖြင့် ဒါယကာတို့ထံ ချဉ်းကပ်ကာ သိုးမွေးများကို တောင်းခံကြပုံ၊ အတောင်းအရမ်း များလာသောကြောင့် လူတို့က ‘ငါတို့သည် အခင်းတစ်ခုကို ကြွက်များကိုက်ပြီး သားသမီးများက ဖျက်ဆီးကြသော်လည်း ၅-နှစ်၊ ၆-နှစ် အသုံးပြုကြရသေး၏။ သားသမီးမရှိသော ရဟန်းတို့ကမူ နှစ်စဉ် ချုပ်စရာ လိုမည်မထင်ပါ’ဟု ဝေဖန်ကဲ့ရဲ့ကြပုံ၊ ထိုအခါ ဘုရားရှင်က ‘‘ရဟန်းသည် အခင်းသစ်ကို (၆)နှစ် အသုံးပြုရ မည်’’ဟု ဆဗ္ဗဿသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗာကုလတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်၌ ပွင့်တော်မူသော အနောမဒဿီမြတ်စွာဘုရားရှင် လေနာရောဂါခံစားနေရသည်ကို သိ၍ ဆေးများကို ရှာဖွေစုဆောင်း လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကောသမ္ဗီသူဌေးမဝမ်း၌ သန္ဓေယူ မွေးဖွားခဲ့ပြီး ကလေးငယ်ဘဝ၌ ရေချိုးပေးနေစဉ် ငါးတစ်ကောင်က မျိုလိုက်ပုံ၊ ငါးမိသူသည် ဗာရာဏသီသူဌေးမထံ သွားရောက်ရောင်းချရာ ထိုငါးကို ဝယ်ယူခဲ့ပြီး အသက်ရှင်လျက်သားကလေးကို တွေ့ရသဖြင့် မွေးမြူခဲ့သောကြောင့် အမျိုးနှစ်မျိုးအိမ်တွင် ချမ်းသာစွာ ကြီးပြင်းရပုံ၊ အသက်(၈၀)အရွယ်တွင် ဘုရားရှင်ထံ ရဟန်းပြုခဲ့ပုံ၊ ရဟန္တာဖြစ်ခဲ့ပြီးနောက် အသက် (၁၆၀)တိုင်တိုင် အနာရောဂါ ကင်းရှင်းစွာဖြင့် နေထိုင်ခဲ့ရ၍ အပ္ပာဗာဓဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၈၅) (မ၊ဋ္ဌ၊၄၊၁၃၅) (အံ၊ဋ္ဌ၊၁၊၂၃၆) (ပဋိသံ၊ဋ္ဌ၊၂၊၂၇၉) (ထေရ၊ဋ္ဌ၊၁၊၄၃၉) (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗာရာဏသီရာဇဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီမင်းသည် ‘‘မီးကင်အပ်သော အသားကို စားအံ့’’ဟု ကြံ၍ မိဖုရားကို ခေါ်ပြီး တောသို့ ဝင်သွားပုံ၊ မင်းကြီးသည် ကိန္နရီမကို မြင်သဖြင့် မိဖုရားကို ထားခဲ့ကာ ကိန္နရီမနောက်သို့ ခြေရာခံ၍ လိုက်သွားပုံ၊ မိဖုရားကြီးသည် ကျောင်းသင်္ခမ်းတစ်ခုသို့ ဝင်၍ ကသိုဏ်း ပရိကမ်ကိုပြုကာ အဘိညာဉ်သမာပတ်ကို ဖြစ်စေလျက် ဗာရာဏသီမင်း မိမိထံသို့ ပြန်လာစဉ် ကောင်းကင်သို့ ပျံတက်သွားပုံ စသော အကြောင်းအရာများပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗာရာဏသီသေဋ္ဌိဝတ္ထု

ဤဝတ္ထု၌ ဇမ္ဗူဒိပ်တစ်ကျွန်းလုံး ငတ်မွတ်ခေါင်းပါးသည့် ကပ်ဘေးကြီး ဆိုက်ရောက်စဉ် ဗာရာဏသီသူဌေးထံ၌လည်း စားနပ်ရိက္ခာများ ပြတ်တောက်လျက် နောက်ဆုံးပိတ် ထမင်း တစ်နပ်စာမျှလောက်သာ ရှိတော့ပုံ၊ ထိုအချိန်၌ ဆွမ်းခံကြွလာသော ပစ္စေကဗုဒ္ဓါအား အသက် စွန့်၍ ဆွမ်းလှူဒါန်းပုံ၊ ယင်းကုသိုလ်ကြောင့် ချက်ချင်းလက်ငင်း စပါးကျီများ ပြည့်လျှံသွား ပြီး တစ်တိုင်းပြည်လုံး ချမ်းသာခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၂၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗာလနက္ခတ္တသင်္ဃုဋ္ဌဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့၌ ဗာလနက္ခတ်ပွဲ(၇)ရက်လုံးလုံး ကျင်းပလေ့ရှိပုံ၊ ညစ်ညမ်း မိုက်ရိုင်းသော စကားများကို အရှက်မရှိ ပြောဆိုကာ လှည့်လည်နေလေ့ရှိကြပုံ၊ ဘုရားရှင်က မေ့လျော့သူတို့သည် ပညာမဲ့ လူမိုက် လူအန္ဓများဖြစ်ကြောင်း ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗာလိသိကဝတ္ထု

ဤဝတ္ထု၌ အရိယာဟု ခေါ်သော ငါးမျှားသူတစ်ဦးအား ဘုရားရှင်က သူ့အသက်သတ်မှု အစရှိသည်တို့ကို ပြုလုပ်နေသူသည် အရိယာမဟုတ် သတ္တဝါအားလုံးတို့ကို မညှဉ်းဆဲ မသတ်ဖြတ်သူသာ အရိယာမည်ကြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗာလောဝါဒဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားအလောင်းသည် ရသေ့ဖြစ်၍ ချဉ်, ဆား, မှီဝဲရန် ဗာရာဏသီပြည်သို့ ကြွလာခဲ့ပုံ၊ သူကြွယ်တစ်ဦးသည် ဆွမ်းပင့်ကပ်၍ ‘‘ဤအသားဟင်းသည် အရှင့်အတွက် ရည်ရွယ်သတ်ဖြတ် ချက်ပြုတ်ခြင်းဖြစ်၍ အရှင်လည်း အကုသိုလ်ဖြစ်နိုင်သည်’’ဟု ပြောဆိုလျှောက်ထားပုံ၊ ဘုရားအလောင်းက ‘‘သင်၏ သားကို သတ်ပြီး ချက်ပြုတ်လှူဒါန်းသော်လည်း တဏှာစွဲကင်းပြီး ခန္တီ, မေတ္တာနှင့် ယှဉ်ကာ စားသုံးလျှင် စားသုံးသူ၌ အကုသိုလ်မဖြစ်’’ဟု ဖြေကြားခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗာဝေရုဇာတက

ဤဇာတ်တော်၌ တိတ္ထိတို့သည် ဘုရားရှင် ပွင့်တော်မမူမီ အချိန်ကသာလျှင် လာဘ်လာဘပေါများပြီး ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာသောအခါ လာဘ်လာဘများ ဆုတ်ယုတ်ပျက်စီးသွားပုံကို အကြောင်းပြု၍ အတိတ်ဇာတ်ကို ဟောတော်မူပုံ၊ အတိတ်ဘဝတစ်ခု၌ ဘုရားလောင်းသည် ဥဒေါင်းငှက်မျိုး၌ ဖြစ်ပုံ၊ ကုန်သည်တို့သည် အရပ်မျက်နှာကို ညွှန်ပြတတ်သည့် ကျီးငှက်ကို ဖမ်းယူကာ လှေသင်္ဘောဖြင့် ဗာဝေရုတိုင်းသို့ ကုန်ရောင်းကုန်ဝယ် သွားကြပုံ၊ ဗာဝေရုတိုင်း၌ ငှက်များမရှိသဖြင့် အထူးအဆန်းဖြစ်ကာ တိုင်းသူပြည်သားများက ကျီးငှက်ကို အသပြာတစ်ရာပေး၍ ဝယ်ယူကြပုံ၊ အသားငါးနှင့် သစ်သီးကြီးငယ်များကို ကျွေးပြီး ကျီးငှက်ကို အမြတ်တနိုး မွေးမြူထားပုံ၊ ကုန်သည်များသည် နောက်တစ်ကြိမ်တွင် ဥဒေါင်းငှက်မင်းကို ယူဆောင်သွားသောအခါ ဗာဝေရုတိုင်းသားများက အသပြာတစ်ထောင်ဖြင့် တောင်းပန်၍ ဝယ်ယူကြပုံ၊ ဥဒေါင်းမင်း ရောက်လာသည့်အချိန်မှစ၍ ကျီးငှက်ကို အစာကျွေးမည့်သူ မရှိတော့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗာဟိတိကဝတ္ထု

ဤဝတ္ထု၌ ကောသလမင်းကြီးသည် အစိရဝတီမြစ်ကမ်းသို့ အရှင်အာနန္ဒာအား ပင့်ဖိတ်၍ သမဏဗြာဟ္မဏတို့ အပြစ်တင်အပ်သော ကိုယ်နှုတ်စိတ်အကျင့်တရားများနှင့် သမဏဗြာဟ္မဏတို့ ချီးမွမ်းအပ်သော ကိုယ်နှုတ်စိတ် အကျင့်တရားများကို မေးလျှောက်ပုံ၍ အရှင်အာနနန္ဒာက ဖြေကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၃၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗာဟိယဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း၏ အမတ်ဖြစ်စဉ် ကျေးတောသူ တစ်ဦးသည် မင်းရင်ပြင်အနီး၌ ခရီးသွားသည်ရှိသော် ကျင်ကြီးစွန့်လို သဖြင့် ဝတ်သောအဝတ်ဖြင့် ကိုယ်ကိုခြုံလျက် ကျင်ကြီးစွန့်ရန် ထိုင်သည်ကို မင်းကြီးမြင်၍ အရှက်အကြောက်ရှိပေသည်ဟု တွေးတောကာ မိဖုရားမြှောက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗာဟိယဒါရုစိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဗာဟိယမထေရ်လောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင် လက်ထက်တော်၌ ခိပ္ပါဘိညဧတဒဂ်ဘွဲ့ရရှိသော ရဟန်းတော်တစ်ပါးကို အားကျ၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကာ ထိုဧတဒဂ်ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှု၏ အကျိုးဆက်ကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပြီး ကဿပဘုရားရှင်၏ သာသနာတော်နောက်ပိုင်း၌ သီတင်းသုံးဖော် ရဟန်းတော်ခြောက်ပါးနှင့်အတူ တောင်ထိပ်ပေါ် တက်၍ လှေကားကို ဖြုတ်ချပြီး တရားအားထုတ်ခဲ့ကြပုံ၊ ရဟန်းတော်ခုနစ်ပါးတို့တွင် မထေရ်ကြီးသည် ရဟန္တာဖြစ်၍ ဒုတိယမထေရ်သည် အနာဂါမ်ဖြစ်ကာ ဗြဟ္မာ့ပြည်သို့ ရောက်ရှိသွားပြီး ကျန်မထေရ်ငါးပါးတို့သည် နတ်ပြည်၌ ဖြစ်ခဲ့ကြပုံ၊ ဤဘုရားရှင့်လက်ထက်တော်၌ ဗာဟိယသည် ကုန်သည်မျိုး၌ ဖြစ်စဉ် သင်္ဘောဖြင့် ကုန်ကူးသွားသောအခါ သင်္ဘောပျက်၍ သီဟိုဠ်ကျွန်း သုပ္ပါရကဆိပ်ကမ််းသို့ ရောက်ရှိသွားပုံ၊ ဝတ်စရာ မရှိသဖြင့် သစ်ရွက်သစ်သား ပျဉ်ချပ်တို့ဖြင့် မိမိကိုယ်ကို ဖုံးလွှမ်းဝတ်ဆင်ထားသည်ကို လူအများက ‘‘ရဟန္တာ’’ဟု ထင်မှတ်ပြီး အစားအသောက် အဝတ်အထည်များကို လှူဒါန်းကြပုံ၊ လူအများက ရဟန္တာဟု သမုတ်သဖြင့် ဗာဟိယသည် မည်သည့်တရားထူးမျှ မရှိဘဲ မိမိကိုယ်ကို ရဟန္တာဟု ထင်မှတ်နေပုံ၊ ထိုအချိန်၌ ကဿပဘုရားရှင့်လက်ထက်တော်၌ အတူတရားအားထုတ်ခဲ့ဖူးသော အနာဂါမ်ဗြဟ္မာကြီး ရောက်ရှိလာပြီး သံဝေဂရစေလျက် ဘုရားရှင်ထံ သွားရန် ညွှန်ပြခဲ့ပုံ၊ ဗာဟိယသည် တစ်ညဉ့်တည်းဖြင့် ဘုရားရှင်ထံ အရောက်သွား၍ ဘုရားရှင်ထံမှ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ-စသော တရားတိုလေးကို နာကြားရသဖြင့် ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံဝင်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၂၇) (အံ၊ဋ္ဌ၊၁၊၂၁၇) (ဓမ္မ၊ဋ္ဌ၊၁၊၄၀၈) (ဥဒါန၊ဋ္ဌ၊၇၀) (အပ၊ဋ္ဌ၊၂၊၂၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗာဠှဂိလာနမဟာထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်ကြီး တစ်ပါးသည် ပြင်းထန်စွာ နာမကျန်းဖြစ်သဖြင့် မိမိလက်ဖြင့် အစားအစာကို မသုံးဆောင်နိုင်ဘဲ ကျင်ကြီးကျင်ငယ်ထဲတွင် လိမ်းကျံညစ်ပေစွာ လဲနေရှာပုံ၊ ရဟန်းငယ် တစ်ပါးက အသက်မွေးရခြင်းသည်ကား ဆင်းရဲလှကြောင်း ပြောဆိုသောအခါ မထေရ်ကြီးသည် သံဝေဂရကာ မိမိရောဂါကို ရှုဆင်ခြင်လျက် ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်သွားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗိမ္ဗိဇာလိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်း အထက်၌ ပဒုမုတ္တရဘုရားရှင်အား လိပ်ဆူးရွှေပွင့်တို့ကို အမျိုးမျိုးပြုလုပ်၍ လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့ဘဲ ခြောက်ဆယ့်ရှစ်ကမ္ဘာအထက်၌ ကိဉ္ဇကေသရ မည်သော စကြဝတေးမင်း လေးကြိမ်တိုင်တိုင် ဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗိမ္ဗိသာရဉာတိပေတဝတ္ထု

ဤဝတ္ထု၌ လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ကာသိနေပြည်တော်၌ ဖုဿဘုရားရှင် ပွင့်တော်မူသောအခါ ဘုရားရှင်၏ ခမည်းတော် ဇယသေနမင်းကြီးနှင့်တကွ သားတော်များက ဘုရားအမှူးရှိသော သံဃာတော်တို့အား နေ့စဉ်နေ့တိုင်း အလှူကြီးပေးလှူကြပုံ၊ ထိုအလှူပွဲကြီး၌ ဝေယျာဝစ္စဆောင်ရွက်ကြသော ဇနပုဒ်သားတို့သည် သံဃာတော်များအတွက် လှူဒါန်းထားသော ပစ္စည်းများကို ကိုယ်ကျိုးအတွက် သုံးစွဲကြပြီး အလှူဒါနဝတ်ကို မရိုမသေ ပြုလုပ်ခဲ့ကြသဖြင့် သေလွန်သောအခါ ငရဲ၌ တစ်ဘုံပြီးတစ်ဘုံ ဆင်းရဲမျိုးစုံ ခံစားကြရပုံ၊ ကဿပဘုရားရှင်လက်ထက် ရောက်သောအခါ ငရဲမှ လွတ်မြောက်ပြီးနောက် ပြိတ္တာဘဝ ရောက်ရှိခဲ့ကြပုံ၊ ကဿပဘုရားရှင်က ဇနပုဒ်သား ပြိတ္တာများအား ‘‘သင်တို့သည် ဂေါတမဘုရားရှင်လက်ထက်တော်၌ သင်တို့၏ ဆွေမျိုး ဗိမ္ဗိသာရမင်းကြီး အလှူဒါနပြုလုပ်သောအခါ သင်တို့အား အမျှအတန်း ဝေသဖြင့် ကျွတ်လွတ်ကြလိမ့်မည်’’ဟု မိန့်တော်မူခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဗိမ္ဗိသာရမင်းကြီးက အလှူဒါနပြုလုပ်သောအခါ ဆွေမျိုးပြိတ္တာတို့အား အမျှမပေးဝေမိသဖြင့် ညအချိန်တွင် မင်းကြီးအား အမျိုးမျိုး ခြောက်လှန့်ပြကြပုံ၊ နံနက်လင်းသောအခါ မင်းကြီးက ဘုရားရှင်ထံ ထိုအကြောင်းအရာကို လျှောက်ထားပုံ၊ ဘုရားရှင်က ဗိမ္ဗိသာရမင်းကြီးအား ဇနပုဒ်သား ပြိတ္တာများ၏ ဖြစ်ပျက်ခဲ့ပုံ အကြောင်းစုံကို ရှင်းလင်းဟောကြားပုံ၊ ထိုအခါ ဗိမ္ဗိသာရမင်းကြီးက အလှူဒါန နောက်ထပ်တစ်ကြိမ် ပြုလုပ်ပြီး ဆွေမျိုးပြိတ္တာတို့အား အမျှအတန်း ပေးဝေသဖြင့် ပြိတ္တာဘဝမှ ကျွတ်လွတ်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ခုဒ္ဒက၊ဋ္ဌ၊၁၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗိမ္ဗိသာရရာဇဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော်များ တပေါဒါမြစ်အတွင်း၌ ရေချိုးကြပုံ၊ ဗိမ္ဗိသာရမင်းကြီး ခေါင်းဆေး မင်္ဂလာပြုရန် တပေါဒါမြစ်ဆိပ်သို့ သွားရောက်သည့်အခါ ရဟန်းတော်များ ရေချိုးနေသည်ကို တွေ့ရသဖြင့် စောင့်ဆိုင်းနေရပုံ၊ အချိန်လင့်မှ မင်းကြီး ခေါင်းဆေးရသဖြင့် မြို့တံခါးပိတ်သွားသောကြောင့် မြို့ပြင်မှာ နေထိုင်ရပုံ၊ ထိုအကြောင်းကြောင့် နဟာနသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗိမ္ဗိသာရရာဇဝတ္ထု

ဤဝတ္ထု၌ ဆရာဇီဝကသည် ဗိမ္ဗိသာရမင်းကြီးတွင် ဖြစ်နေသော သွေးတစိုစိုထွက်နေသည့် (ဘရင်ဂျီ)နာကို ဆေးတစ်ခါလိမ်းရုံမျှဖြင့် ပျောက်ကင်းစေခဲ့ပုံ၊ မင်းကြီးသည် ဝမ်းမြောက်ဝမ်းသာဖြင့် ဆရာဇီဝကအား အမျိုးသမီး ငါးရာ ပေးအပ်ခဲ့ပုံ၊ နန်းတော်သုံး ဆေးဆရာကြီးရာထူးနှင့် ဘုရားရှင်နှင့် သံဃာတော်တို့အတွက် ဆေးကုသမှုတာဝန်ကို ပေးအပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗိမ္ဗိသာရဝတ္ထု

ဤဝတ္ထု၌ ဗိမ္ဗိသာရမင်းကြီးသည် ဝါကို ငင်လို၍ ရဟန်းတော်တို့ထံသို့ လာမည့်လကွယ်နေ့မှ ဝါကပ်လျှင် ပို၍ ကောင်းပါမည်ဘုရားဟု သတင်းပို့လျှောက်ထားလာရာ ဘုရားရှင်က မင်းတို့၏ အလိုအတိုင်း လိုက်လျောပြုကျင့်ရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗိမ္ဗိသာရသမာဂမဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဥရုဝေလကဿပခေါင်းဆောင်သည့် ရဟန္တာတစ်ထောင်တို့နှင့်အတူ ရာဇဂြိုဟ်ပြည် သုပ္ပတိဋ္ဌစေတီရှိရာ ထန်းတောဥယျာဉ်သို့ ကြွတော်မူပုံ၊ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရသည် ပုဏ္ဏားသူကြွယ် ပရိသတ် တစ်သိန်း နှစ်သောင်းနှင့် ကြိုဆိုခဲ့ပုံ အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗိလာရကောသိယဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီသူဌေးဖြစ်၍ အလှူဒါနများစွာ ပြုသဖြင့် သိကြားမင်း ဖြစ်ခဲ့ပုံ၊ မျိုးရိုးစဉ်လာအတိုင်း ကုသိုလ်ပြုကြသဖြင့် သားဖြစ်သူများလည်း စန္ဒနတ်သား စသည် ဖြစ်ကြပုံ၊ ပဉ္စသီခ၏ သားမှာမူ ဒါနဝတ်ကို ဖျက်၍ လှူဒါန်းမှုမပြုဘဲ နေခဲ့သောကြောင့် သိကြားမင်း၊ စန္ဒ၊ သူရိယ၊ ပဉ္စသီခတို့ လာရောက်ဆုံးမပုံ၊ ပဉ္စသိခ၏ သားမှာ ထိုအခါမှ စ၍ လှူဒါန်းမှု၌ ပြန်လည်ပျော်မွေ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗိလ္လိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာ ရှင်ရသေ့သည် ကကုသန္ဓမြတ်စွာဘုရားအား ဥသျှစ်သီးများ လှူဒါန်းခဲ့ခြင်းကြောင့် သုဂတိဘုံတို့၌သာ ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗီဠာရဝတဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကြွက်ရာပေါင်းများစွာတို့၏ ခေါင်းဆောင်ဖြစ်၍ ဝက်ပေါက်စ တစ်ကောင်မျှ အရွယ်ရှိပုံ၊ ထိုအကြွက်အပေါင်းတို့သည် ဘုရားလောင်းနှင့်တကွ မြေခွေးတစ်ကောင်ကို ညနေတိုင်းဝတ်ပြုသွားခဲပုံ၊ မိမိ၏ကြွက်များ အရေအတွက် လျော့ပါးလာသဖြင့် စူးစမ်းရာ ထိုသူတော်ယောင်ဆောင်သော မြေခွေးသည် ကြွက်တစ်ကောင်စီ ဖမ်းစားနေသည်ကို သိရပုံ၊ ဘုရားအလောင်းကြွက်သည် မြေခွေး၏ လည်ချောင်းကို ခုန်၍ ကိုက်သတ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗိဠာရဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော်တစ်ပါးသည် အမျိုးအိမ်တို့၌ အချိန်မတော် လှည့်လည်နေသဖြင့် အခြားရဟန်းများက ဘုရားရှင်ထံ လျှောက်ထားကြပုံ၊ ဘုရားရှင်က အစာရှာထွက်သော ကြွက်ကို ကြောင်က ဖမ်းယူစားသောက်သည့် ဥပမာကို ပြ၍ ကိုယ်နှုတ်စိတ် မစောင့်စည်းဘဲ ဆွမ်းခံကြွသောရဟန်းအား ရာဂမီး အဖျက်ဆီးခံရသဖြင့် သေလုမျောပါး ဆင်းရဲဒုက္ခရောက်တတ်ကြောင်း ရှင်းလင်းဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၄၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗိဠာလပါဒကသေဋ္ဌိဝတ္ထု

ဤဝတ္ထု၌ ပညာရှိယောကျ်ားတစ်ယောက်သည် ဘုရားရှင်၏ ဒါနနှင့်စပ်သော တရားတော်ကို ကြားနာရပြီး မိမိလည်းလှူ၍ သူတစ်ပါးတို့ကိုလည်း လှူစေရန် တစ်ရွာလုံး နှိုးဆော်တိုက်တွန်းပြီး အလှူခံကာ ဘုရားအမှူးရှိသော သံဃာတော်များကို ဆွမ်းပင့်ကပ်ပုံ၊ ဗိဠာလပါဒကသူဌေးသည် ပညာရှိယောကျ်ားအား မိမိကိုယ်တိုင် မလှူနိုင်ဘဲ သံဃာအများကြီး ပင့်ဖိတ်ရကောင်းလားဟု အမျက်ထွက်ကာ ဆန်၊ ပျားရည်၊ တင်လဲစသည်တို့ကို အနည်းငယ်စီမျှကိုသာ ထည့်ကာ အလှူဒါနပါဝင်ပုံ၊ ပညာရှိယောကျ်ားက အနည်းအများ အားလုံး စုပေါင်း၍ လှူဒါန်းခြင်းဖြစ်ကြောင်း ဘုရားရှင်အား လျှောက်ထားပုံ၊ ဘုရားရှင်က ကုသိုလ်ကောင်းမှုကို ‘‘သေးငယ်သည်၊ နည်းသည်’’ ဟု အထင်မသေးသင့်ကြောင့် ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗိဠာလိဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဟိမဝန္တာတောင်၏ အနီး သစ်ရွက်အခင်း၌ နေကာ အစားအသောက် အအိပ်အနေတို့ကို တပ်မက်ခဲ့၍ မျောက်ဥ၊ သင်းတောက်ဥ၊ ပိန်းဥ၊ အိမ်ဆီးသီး၊ စောင်းလျားသီး၊ ဥသျှစ်သီးတို့ကို စားဖို့ရန် ရှာဖွေရ ဆောင်း၍ ထားခဲ့ပုံ၊ ပဒုမုတ္တရဘုရားရှင်သည် မထေရ်လောင်း၏ စိတ်အကြံကို သိ၍ မထေရ်လောင်းထံ ချဉ်းကပ်ခဲ့ရာ မထေရ်လောင်းက ပိန်းဥကို ယူပြီး သပိတ်တော်၌ လောင်းလှူခဲ့ပုံ၊ ဘုရားရှင်က မထေရ်လောင်းအား ‘‘သင်သည် ပိန်းဥကို ပေးလှူခဲ့သော ကောင်းမှုကံကြောင့် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါးသို့ မလားရောက်ရလတ္တံ့’’ဟု မိန့်တော်မူခဲ့ပုံ၊ ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ငါးဆယ့်လေးကမ္ဘာအထက်၌ သုမေခလိယ စကြာမင်းဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗိဠာလိဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဟိမဝန္တာ တောင်အနီး ရောမသမည်သော တောင်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားအား ပိန်းဥတို့ကို လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘ ဤဘုရားရှင် သာသနာတော် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗုဒ္ဓပိတုဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် သာကေတမြို့သို့ ဒေသစာရီကြွ၍ ဆွမ်းခံတော်မူစဉ် သာကေတမြို့သား ပုဏ္ဏားအိုကြီး တစ်ယောက်သည် မြတ်စွာဘုရားကို တွေ့လျှင်တွေ့ချင်း သားကဲ့သို့ အလွန်ချစ်ခင်၍ မြတ်စွာဘုရားနောက်မှ အစဉ်တစိုက် လိုက်နေပုံ၊ အိမ်သို့ ပင့်ဖိတ်သောအခါတွင်လည်း ပုဏ္ဏေးမကြီးက အလားတူ ချစ်ခင်၍ ဆွမ်းဆက်ကပ်ကြပုံ၊ မြတ်စွာဘုရားက တရားဟောသောအခါ နှစ်ဦးစလုံး သောတာပန်တည်ကြ၍ မြို့သူမြို့သားတို့က ဘုရားခမည်းတော် မယ်တော်ဟု ခေါ်ကြပုံ၊ ထို့နောက် ၎င်းတို့သည် ရဟန်းတော်တို့ထံမှ တရားနာရ၍ ရဟန္တာများ ဖြစ်ကြကာ ပရိနိဗ္ဗာန် စံခဲ့ကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၀၄) (သုတ္တနိ၊ဋ္ဌ၊၂၊၂၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗုဒ္ဓရက္ခိတတ္ထေရဝတ္ထု

ဤဝတ္ထု၌ ရဟန်း(၈)ဝါမျှရှိသော ဗုဒ္ဓရက္ခိတမထေရ်သည် နာမကျန်းဖြစ်နေသော မဟာရောဟနဂုတ္တမထေရ်ကြီးအား အလုပ်အကျွေးပြုစုနေကြသော ရဟန်းတော်များ အလယ်တွင် ထိုင်နေစဉ် နဂါးမင်းသည် ထိုမထေရ်ကြီးအတွက် ယာဂုဆွမ်းကပ်ရန် လာရောက်ခဲ့ပုံ၊ ကောင်းကင်မှ ဂဠုန်မင်းက နဂါးမင်းကို ဖမ်းမည်လာစဉ် ဗုဒ္ဓရက္ခိတမထေရ်သည် တစ်ခဏချင်းပင် တောင်ကို ဖန်ဆင်း၍ နဂါးမင်းကို တောင်ထဲသို့ သွင်း၍ ကယ်ဆယ်လိုက်ပုံ၊ မထေရ်ကြီးက ဗုဒ္ဓရက္ခိတမထေရ်ကို ချီးမွမ်းတော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၁၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗုဒ္ဓဝစနဝတ္ထု

ဤဝတ္ထု၌ ယမေဠနှင့် ကေကုဋ အမည်ရှိကြသော ဗြာဟ္မဏအမျိုးဇာတ်ရှိသူ ရဟန်းညီနောင်တို့သည် ဘုရားဟောတရားတော်များကို သက္ကတဘာသာဖြင့် တင်ထားရန် လျှောက်ထားရာ ဘုရားရှင်က ကဲ့ရဲ့ရှုတ်ချတော်မူပြီး ဘုရားတရားတော်ကို သက္ကတဘာသာဖြင့် မတင်ထားရ၊ မိမိတို့ လူမျိုးအလိုက် ဘာသာစကားများဖြင့် တရားတော်ကို သင်ယူနိုင်ကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗုဒ္ဓသညကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဗုဒ္ဓသညကမထေရ်အလောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်လက်ထက်တော်၌ ဗေဒင်သုံးပုံနှင့်လက္ခဏာကျမ်း စသည်တို့၌ တစ်ဖက်ကမ်းခတ် တတ်မြောက်ကျွမ်းကျင်ပုံ၊ ရသေ့ဝတ်ကာ တပည့်အပေါင်းကို နေ့ညမပြတ် သင်ကြားပို့ချပေးပုံ၊ တစ်နေ့သောအခါတွင် တပည့်တစ်ယောက် ပြောပြချက်အရ ဘုရားရှင်ပွင့်တော်မူကြောင်း ကြားသိခဲ့ရပုံ၊ သိဒ္ဓတ္ထဘုရားရှင်အား ဖူးမြော်ရန် တပည့်အပေါင်းကို ခေါ်ယူလျက် ခရီးရှည်ထွက်ခဲ့ပုံ၊ ဘုရားရှင်ထံ မရောက်မီ တစ်ယူဇနာခွဲအလိုတွင် ဖျားနာပြီး၊ ဘုရားဟူသော အမှတ်သညာဖြင့် ကွယ်လွန်ခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ကိုးဆယ့်လေးကမ္ဘာတိုင်တိုင် အပါယ်မလားခဲ့ဘဲ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ဗုဒ္ဓသညကထေရ်ဟူသောအမည်ဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗုဒ္ဓုပဋ္ဌာကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီ ဘုရားရှင်၏ အထံတော်၌ခရုသင်းမှုတ်သူ၊ ဘုရားရှင်အား အမြဲဆည်းကပ်ခစားသူ ဖြစ်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော နှစ်ဆယ့်လေးကမ္ဘာအထက်၌ မဟာနိဂ္ဃေါသ မည်သော စကြဝတေးမင်း တစ်ဆယ့် ခြောက်ကြိမ်တိုင်တိုင် ဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗုဒ္ဓုပဋ္ဌာယိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ ဝေဋဗ္ဘိနီ မည်သော သူငယ်ဖြစ်ခဲ့ပုံ၊ ဖခင်က ဝေဋမ္ဘိနီကို လက်ဆွဲ၍ ဘုရားရှင်ထံ ခေါ်ဆောင်ခဲ့ပုံ၊ ဝေဋဗ္ဘိနီသည် ကြည်လင်ဝမ်းမြောက်သော စိတ်ဖြင့် ဘုရားရှင်အား ကိုယ်ထိလက်ရောက် ပြုစုလုပ်ကျွေးခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားရောက်ရတော့ဘဲ လွန်ခဲ့သော နှစ်ဆယ့်သုံးကမ္ဘာအထက်၌ သမဏုပဋ္ဌာကအမည်ဖြင့် စကြဝတေးမင်း လေးကြိမ်တိုင်တိုင် ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗေလဋ္ဌကစ္စာနဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်နှင့် အန္ဓကဝိန္ဒကြား၌ တင်လဲကုန်သည်ကြီး ဗေလဋ္ဌကစ္စာနသည် တင်လဲအိုးတို့ဖြင့် ပြည့်နေသော လှည်းငါးရာတို့နှင့်လာစဉ် နောက်လိုက်ရဟန်းတစ်ထောင့်နှစ်ရာ့ငါးဆယ်နှင့် တကွ ဒေသစာရီကြွတော်မူသော ဘုရားရှင်ကို ဖူးတွေ့ပြီး ရဟန်းတို့အား တင်လဲအလိုရှိသလောက် လှူဒါန်းပုံ၊ သူတောင်းစား ငါးရာတို့အားလည်း ပေးခဲ့ပုံ၊ လှူ၍ မကုန်သဖြင့် ထိုတင်လဲတို့ကို ရေထဲသွန်ခိုင်းပုံ၊ ထိုတင်လဲထဲ၌ နတ်ဩဇာသွင်းထားသဖြင့် အခြားသူတို့စားလျှင် အစာမကြေနိုင်ပုံ၊ တင်လဲတို့သည် ရေနှင့်တွေ့သောအခါ အခိုးအငွေ့ ထွက်ကြပုံ၊ ဘုရားရှင်၏ တရားအနုမောဒနာတရားအဆုံး၌ ဗေလဋ္ဌကစ္စာန သောတာပန်တည်ခဲ့ပုံ၊ ရဟန်းတော်တို့အား တင်လဲသုံးဆောင်ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၁၈) (ဝိ၊ဋ္ဌ၊၃၊၃၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗေလဋ္ဌသီသတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်ဗေလဋ္ဌသီသမှာ ဈာန်သမာပတ် ချမ်းသာဖြင့် အချိန်များစွာ နေလိုသောကြောင့် ဆွမ်းတစ်ခါခံပြီးလျှင် ထိုဆွမ်းကို အခြောက်လှန်း၍ သိုမှီးသိမ်းဆည်းကာ ဘုဉ်းပေးလေ့ရှိပုံ၊ နောက်တစ်ခါ ဈာန်ပြန်ဝင်စားပြီး ချမ်းသာစွာ နေလေ့ရှိပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘ခဲဖွယ် ဘောဇဉ်ကို သိုမှီးသိမ်းဆည်း၍ စားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သန္နိဓိကာရက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၁၆) (ဓမ္မ၊ဋ္ဌ၊၁၊၃၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗေလဋ္ဌသီသတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဗေလဋ္ဌသီသ ထေရ်လောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင်ထံ ရဟန်းပြုခဲ့သော်လည်း တရားထူး မရခဲ့ပုံ၊ ဝေဿဘူဘုရားရှင််အား သံပုရာသီး လှူဒါန်းခဲ့ပုံ၊ ဂေါတမဘုရားရှင့်သာသနာတော်၌ ပုဏ္ဏားမျိုး၌ ဖြစ်၍ ဥရုဝေလကဿပထံ၌ ရသေ့ဝတ်ခဲ့ပုံ၊ ဘုရားရှင် ဟောကြားတော်မူသော အာဒိတ္တပရိယာယသုတ် အဆုံး၌ ရသေ့ညီနောင် ရှင်တစ်ထောင်နှင့်အတူ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗေလဋ္ဌသီသတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်အာနန္ဒာ၏ ဥပဇ္ဈာယ်ဆရာ အရှင်ဗေလဋ္ဌသီသအား ဝဲကြီးနာ စွဲကပ်နေသဖြင့် သင်္ကန်းတို့သည် အနာစေးများဖြင့် ကိုယ်၌ ကပ်နေပုံ၊ ရဟန်းတို့က ရေဆွတ်၍ ခွာကြရသည်ကို ဘုရားရှင် မြင်တော်မူ၍ လည်ပင်းကြီးနာ၊ ထွတ်မြင်းနာ၊ အရည်တရွှဲရွှဲ ယိုနေသော အနာ၊ ဝဲကြီးနာရှိနေလျှင် အမာလွှမ်းသင်္ကန်းကို အသုံးပြုနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗေလဋ္ဌာနိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝေဿဘူမြတ်စွာဘုရားအား ရသေ့ဘဝဖြင့် ဖူးမြင်ရပြီး မြတ်စွာဘုရား၏ ဉာဏ်တော်တို့ကို ရည်မှန်း၍ ပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင်လက်ထက်တော်၌ တရားအားထုတ်ကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗောဓိဥပဋ္ဌာကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရမ္မာဝတီမြို့၌ မုရိုးစည်တီးတတ်သူ ဖြစ်ခဲ့ပုံ၊ ဘုရားရှင်၏ ဗောဓိပင်သို့ သွားလျက် အမြဲမပြတ် ဆည်းကပ်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ကမ္ဘာတစ်ထောင့်ငါးရာ အထက်၌ မုရဇမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗောဓိဃရဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်၏ ဗောဓိပင်၌ အဆောက်အအုံ ဆောက်လုပ် လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် ဘဝအဆက်ဆက် အပူအအေးဒဏ်နှင့် မတွေ့ကြုံခဲ့ဘဲ ဤသာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗောဓိရာဇကုမာရဝတ္ထု

ဤဝတ္ထု၌ ဘဂ္ဂတိုင်း၊ သုသုမာရဂိရမြို့၊ သမင်တို့ကို ဘေးမဲ့ပေးရာဖြစ်သော ဘေသကဠာ တော၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် ဗောဓိမင်းသားသည် ကောကနဒမည်သော မည်သူမျှ အသုံး မပြုရသေးသည့် ပြာသာဒ်သစ်သို့ ဘုရားရှင်အား ဆွမ်းစားပင့်ခဲ့ပုံ၊ ဘုရားရှင် နင်းရန်အတွက် အဝတ်ဖြူအခင်းတို့ကို ခင်းထားသည်ကို ဘုရားရှင်က နင်းတော်မမူပုံ၊ ရဟန်းတို့အားလည်း နင်းခွင့်ပြုတော်မမူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၆၅) (သာရတ္ထ၊ဋီ၊၃၊၃၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗောဓိရာဇကုမာရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ ဘေသကဠာတောအုပ်၌ သီတင်းသုံးတော်မူစဉ် ဗောဓိမင်းသား၏ ပြာသာဒ်သို့ကြွတော်မူပုံ၊ ဘုရားမဖြစ်မီ အာဠာရနှင့် ဥဒကရသေ့ကြီးတို့ထံ လောကီဈာန် အဘိညာဉ်များ လေ့လာခဲ့ ကြောင်း ဟောပြတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၂၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗောဓိရာဇကုမာရဝတ္ထု

ဤဝတ္ထု၌ ဗောဓိရာဇကုမာရသည် သားသမီး ရလိုသဖြင့် ဘုရားရှင်ထံ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကာ အဓိဋ္ဌာန်ပုံ၊ ဇနီးမောင်နှံနှစ်ယောက်လုံး တစ်ခုသော အတိတ်ဘဝ၌ ငှက်ဥများ စားသောက်ခဲ့ကြပုံ၊ ဘုရားရှင်က ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကို မြင်သဖြင့် သားသမီး ဆုပန်ကာ အဓိဋ္ဌာန်ဖြင့် ခင်းထားသောပုဆိုးခင်းကို နင်းတော်မမူပုံ၊ ဘုရားရှင်သော်မှ အကုသိုလ်ကံ၏ အကျိုးဝိပါက်ကို မဖယ်ရှား မတားမြစ်နိုင်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗောဓိဝန္ဒကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာ အထက်၌ သခွတ် ဗောဓိပင်ကို မြင်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ရုံကို တင်၍ လက်အုပ်ချီပြီး ရှိခိုးခဲ့ပုံ၊ ဝိပဿီဘုရားရှင်ကို မျက်မှောက်၌ ရှိခိုးရသကဲ့သို့ စိတ်ထဲတွင် ခံစားရပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗောဓိသတ္တဣသိဝတ္ထု

ဤဝတ္ထု၌ ဂေါတမဘုရားအလောင်းသည် နာရဒဘုရားရှင်လက်ထက်၌ အဘိညာဉ်သမာပတ်ရသော ရသေ့ဖြစ်ခဲ့၍ ဘုရားအမှူးရှိသော သံဃာအား စန္ဒကူးနီဖြင့် ပူဇော်ခဲ့ပုံ၊ ထိုဘုရားရှင်ထံမှ ဗျာဒိတ် ခံယူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗောဓိသတ္တဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းသည် တရားကို ပြင်းထန်စွာ အားထုတ်သဖြင့် စင်္ကြံ၌ လဲကျသွားပုံ၊ ထိုစင်္ကြံအနီး၌ နေသော နတ်သားက သုဒ္ဓေါဒနမင်းကြီးထံ သွားရောက်၍ ‘‘သင်၏သား သေဆုံးသွားပြီ’’ဟု ပြောသောအခါ မင်းကြီးက မိမိ၏သားသည် ဘုရားမဖြစ်ဘဲ မသေနိုင်ဟု ပြန်ပြောပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၁၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗောဓိသမ္မဇ္ဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဗောဓိသမ္မဇ္ဇကမထေရ်လောင်း အမျိုးကောင်းသားသည် စေတီရင်ပြင်၌ စွန့်ပစ်ထားသော ဗောဓိရွက်များကို ကောက်ယူ၍ အပသို့ စွန့်ပစ်ခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးအာနိသင်ကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ လူ့ပြည်၌ ဖြစ်စဉ် ရွှေအဆင်းကဲ့သို့ ဝါဝင်းလှပခဲ့ပုံ၊ ခန္ဓာကိုယ်၌ ဖြစ်သော အညစ်အကြေးများ မငြိကပ်မလိမ်းကျံပုံ စသောအကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၁၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗောဓိသိဉ္စကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ရဟန်းဘဝဖြင့် ဝိပဿီဘုရားရှင်၏ ဗောဓိပင်မြတ်ပူဇော်ပွဲသို့ သွားရောက်ခဲ့ပုံ၊ ပန်းဖြင့် ထုံထားသော ရေကို ယူ၍ ဗောဓိပင်၌ သွန်းလောင်းပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိဘဲ သုံးဆယ့်သုံးကမ္ဘာအထက်၌ ဥဒကသိဉ္စနမည်သော စကြဝတေးမင်း ရှစ်ကြိမ်ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၄) (အပ၊ဋ္ဌ၊၂၊၁၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗျဂ္ဃဇာတက

ဤဇာတ်တော်၌ ရှေးအခါက ဘုရားလောင်း ရုက္ခစိုးနတ်၏ မိတ်ဆွေရုက္ခစိုးနတ် နေသော တောအုပ်၌ ခြင်္သေ့ကျားတို့နေသဖြင့် လူတို့က ထိုတောအုပ်ကို မဖျက်ဆီးရဲကြပုံ၊ ထိုရုက္ခစိုးက ‘‘ခြင်္သေ့၊ ကျားတို့၏ စားကြွင်းကြောင့် အပုပ်နံ့နံသည်’’ဟု ခြင်္သေ့ကျားတို့ကို ခြောက်လှန့်နှင်ထုတ်ပုံ၊ ထိုအခါ လူတို့ကထိုတောအုပ်ကို ဖျက်ဆီးကြ၍ ထွန်ယက်စိုက်ပျိုးကြ သဖြင့် ရုက္ခစိုးနတ်မှာ နေစရာမရှိ ဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗျတ္တပဋိဗလဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ရာဇဂြိုဟ်မြို့မှ စောဒနာဝတ္ထုဒေသသို့ ကြွတော်မူသည်ရှိသော် ထိုဒေသရှိ ကျောင်းကြီးတစ်ကျောင်း၌ သံဃာများစွာ သီတင်းသုံးနေထိုင်ကြပုံ၊ သံဃာ့မထေရ်ကြီးမှာ ဝိနည်းအရာ မကျွမ်းကျင် ဥပုသ်ကံအကြောင်း နားမလည်ဖြစ်နေရာ ဘုရားရှင် သိတော်မူ၍ ထေရာဓိကံ ပါတိမောက္ခံ (ပါတိမောက်၌ မထေရ်ကြီး အဓိကဖြစ်သည်)ဟု ပညတ်တော်မူထားသော်လည်း မထေရ်ကြီး မကျွမ်းကျင်လျှင် ရဟန်းငယ်တို့သာ ဦးဆောင်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗြဟာဆတ္တဇာတက

ဤဇာတ်တော်၌ ဗြဟ္မဒတ်မင်းကြီးသည် ကောသလတိုင်းကို မတရားသဖြင့် သိမ်းယူပြီး ရရှိသော ဥစ္စာဘဏ္ဍာတို့ကို အိုးကြီးတွေထဲ၌ သိမ်းထားပုံ၊ ထိုဥစ္စာများကို ကောသလမင်း၏သားက ပြန်လည် ယူဆောင်သွားသောအခါ ဗြဟ္မဒတ်မင်းကြီး ဥစ္စာရူး ရူးသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဇာ၊ဋ္ဌ၊၃၊၁၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗြဟ္မဒတ္တဇာတက

ဤဝတ္ထု၌ ဘုရားအလောင်းသည် ရသေ့ဖြစ်၍ ဥတ္တရပဉ္စာလမင်းကြီး၏ ဥယျာဉ်၌ သီတင်းသုံးခဲ့ပုံ၊ မိုးလကုန်၍ ဟိမဝန္တာသို့ ပြန်လိုသောအခါ လွှာချင်းဖိနပ်တစ်ရံနှင့် ထီးတစ်ချောင်းကို ဘုရင်ထံ အလှူခံလိုသော်လည်း တောင်းခြင်းသည် ငိုခြင်းမည်သဖြင့် တောင်းရမ်းမှုကို ဝန်လေးနေကာ ၁၂-နှစ်ကြာခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗြဟ္မဒတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်များအထံ၌ သံသရာမှ ထွက်မြောက်ကြောင်း ကုသိုလ်များကို ပြုခဲ့၍ နောက်ဆုံးဘဝ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့ ကောသလမင်း၏ သား ဖြစ်၍ ဇေတဝန်ကျောင်း လှူဒါန်းပွဲတွင် ဘုရားရှင်၏တန်ခိုးအာနုဘော်ကို ကြည်ညိုသဖြင့် ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗြဟ္မဒေဝတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဗြဟ္မဒေဝအမည်ရှိသော ရဟန္တာမထေရ်ကြီးသည် မိမိ၏ မိခင်ပုဏ္ဏေးမကြီးထံ ဆွမ်းခံကြွခဲ့ပုံ၊ မိခင်သည် သားဖြစ်သူ မထေရ်အား ဆွမ်းတစ်ဇွန်းမျှ မလောင်းသေးဘဲ သူတို့ကိုးကွယ်သည့် ဗြဟ္မာကြီးကို ပူဇော်သည့်အနေဖြင့် နို့ဃနာထမင်းကို မီး၌ထည့်ပြီး ဗလိနတ်စာကျွေးနေပုံ၊ ထိုအခါ သဟမ္ပတိဗြဟ္မာကြီးကိုယ်တိုင်ဆင်းလာပြီး အလွန်ဝေးကွာသည့် ဗြဟ္မာ့ပြည်မှ ဗြဟ္မာတို့သည် အစားအစာအတွက် လူပြည်သို့ မလာကြကြောင်း၊ ဗြဟ္မာတို့သည် ဈာန်ပီတိကိုသာ စားသုံးကြကြောင်း၊ လူတို့ကျွေးသော ဗလိနတ်စာကို မနှစ်သက်ကြကြောင်း ပြောပြ၍ ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၄၂) (သံ၊ဋ္ဌ၊၁၊၁၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗြဟ္မယာစနဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် စတုတ္ထသတ္တာဟ လွန်ပြီးနောက် လင်းလွန်းပင်ရင်းမှ အဇပါလဆိတ်ကျောင်း ညောင်ပင်သို့ ကပ်ရောက်တော်မူ၍ ‘‘ငါဘုရား ခဲရင်းစွာ ရရှိခဲ့သော တရားတော်က ခက်ခဲနက်နဲလှသည်။ သတ္တဝါတွေက ရာဂ ဒေါသများပြားလှသည်။ တရားဟောလျှင်လည်း ငါ ပင်ပန်းရုံသာ ရှိမည်’’ဟု ကြံစည်တော်မူပုံ၊ သဟမ္ပတိဗြဟ္မာသည် ဘုရားရှင်၏ အကြံကို သိ၍ ဘုရားရှင်ထံတော်မှောက် လာရောက်ကာ ‘‘ကိလေသာမြူ နည်းပါးသော သူများ ရှိပါသေးသည်။ တရားတော်ကို မနာကြားရလျှင် နစ်နာပါလိမ့်မည်။ တရားထူးကို သိသူများ ပေါ်လာနိုင်ပါသည်။ ဘုရားရှင် တရားဟောတော်မူပါ’’ဟု တောင်းပန်သဖြင့် သတ္တဝါများကို ငဲ့ညှာသနားသောအားဖြင့် တရားဟောရန် ဆုံးဖြတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊) (သံ၊၁၊၁၃၈) (သံဋ္ဌ၊၁၊၁၇၉) (သာရတ္ထ၊ဋီ၊၃၊၁၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗြဟ္မလောကဝတ္ထု

ဤဝတ္ထု၌ သုဗြဟ္မာနှင့် ပစ္စေကဗြဟ္မာတို့သည် မေ့လျော့၍နေသော ဗြဟ္မာတစ်ဦးထံ ချဉ်းကပ်၍ မြတ်စွာဘုရားထံ ဆည်းကပ်ဖို့ သွားရန် တိုက်တွန်းကြပုံ၊ ထိုဗြဟ္မာက ဗြဟ္မာတစ်ထောင် ဖန်ဆင်း၍ သူ့လိုတန်ခိုးကြီးသော ဗြဟ္မာက လူသားဘုရားထံ သွားဖို့မလိုကြောင်းပြောဆိုပုံ၊ သုဗြဟ္မာဗြဟ္မာကြီးက ဗြဟ္မာနှစ်ထောင်ဖန်ဆင်းပြပြီး ဘုရားရှင်သည် ဗြဟ္မာအားလုံးတို့ထက်ပို၍ တန်ခိုးကြီးသဖြင့် ဆည်းကပ်သင့်ကြောင်း ပြောပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၄၈) (သံ၊ဋ္ဌ၊၁၊၁၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗြဟ္မာယုဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားရှင်သည် ဝိဒေဟတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူစဉ် မိထိလာမြို့၌နေသော အသက် (၁၂၀)ရှိ ဗြဟ္မာယုပုဏ္ဏားကြီးသည် မိမိတပည့် ဥတ္တရလုလင်ကို စေလွှတ်ကာ (၃၂)ပါးသော ယောက်ျားမြတ် လက္ခဏာများနှင့် ညီညွတ်မှုရှိမရှိ စူးစမ်းရန် စေလွှတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၃၃၄) (မ၊ဋ္ဌ၊၃၊၂၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗြဟ္မာလိတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဗြဟ္မာလိမထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား သစ်မြစ်သစ်သီးတို့ကို ကြည်ညိုစွာ လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် လူနတ်စည်းစိမ်တို့ကို ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ဗြဟ္မာလိပုဏ္ဏားဖြစ်လာပုံ၊ မိတ်ဆွေကောင်းကို မှီ၍ သာသနာတော်၌ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗြာဟ္မဏဓမ္မိကဝတ္ထု

ဤဝတ္ထု၌ ပုဏ္ဏားမျိုးတို့၏ ရှေးဦးပုဏ္ဏားတို့သည် (၄၈)နှစ်တိုင်တိုင် ငါးပါးသီလကို လုံခြုံစွာ ထိန်းသိမ်းကြပြီး အဗြဟ္မစရိယသိက္ခာပုဒ်ကို လုံခြုံစွာ စောင့်ရှောက်ကြပုံ၊ ထို့နောက်မှ အမျိုးအနွယ် မပြတ်စေရန် အိမ်ထောင်ပြုကြပုံ၊ နောင်အခါ တဖြည်းဖြည်းနှင့် ကောင်းသော ပုဏ္ဏားအကျင့်တို့ တိမ်ကော ပျက်စီးရပုံ၊ မကောင်းသော အကြံ, အမှု, အပြောတို့ ထွန်းကား လာ၍ ဗေဒင်ဝေဒကျမ်းဟောင်းများ ပျက်စီးကွယ်ပျောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဗြာဟ္မဏမဟာသာလဝတ္ထု

ဤဝတ္ထု၌ တိဿလုလင်သည် မိခင်ဖခင်တို့ ကွယ်လွန်သောအခါ ကုဋေရှစ်ဆယ်သော ဥစ္စာတို့ကို စွန့်လွှတ်၍ ဟိမဝန္တာသို့ ဝင်ကာ ရသေ့ပြုခဲ့ပုံ၊ ထိုအချိန်၌ ဘုရားရှင် ပွင့်တော်မူနေပြီဖြစ်၍ တိဿလုလင်သည် ဘုရားရှင်ထံ လာရောက်ကာ ပြဿနာ (၄)ရပ်ကို မေးမြန်းလျှောက်ထားခဲ့ပုံ၊ ဘုရားရှင် ဖြေဆိုပြီးချိန်၌ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၃၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘဂုတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘဂုမထေရ်လောင်းလျာသည် ပရိနိဗ္ဗာန်စံဝင်တော်မူသော ပဒုမုတ္တရဘုရားရှင်၏ ဓာတ်တော်များကို ပန်းမျိုးစုံတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ဘဂုမင်းသား ဖြစ်လာ၍ သာသနာတော်၌ ရဟန်းပြုပြီး စင်္ကြံသွားစဉ် ချော်လဲခြင်းကို သတိဖြင့် ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘဂ္ဂဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကာသိတိုင်း ပုဏ္ဏားမျိုး၌ ဖြစ်ခဲ့ပုံ၊ ဖခင်နှင့်အတူ ကုန်ရောင်းကုန်ဝယ်သွားစဉ် ဗာရာဏသီမြို့ပြင်ရှိ ဘီလူးစောင့်သော ဇရပ်တစ်ခု၌ တည်းခိုမိကြပုံ၊ ထိုဘီလူးသည် ဝေဿဝဏ်နတ်မင်းထံမှ နှာချေသူတို့ ‘‘အသက်ရှည်ပါစေ’’ဟု အပြန်အလှန် ဆုမတောင်းသူတို့အား စားခွင့်ရထားပုံ၊ ဖခင်ပုဏ္ဏားသည် နှာချေသောအခါ သားဖြစ်သူက အသက်ရှည်ပါစေဟု မဆိုသဖြင့့် ဘီလူး စားမည်ကြံ၍ ဆင်းလာစဉ် သားဖြစ်သူက ‘‘နှစ် (၁၂၀) အသက်ရှည်ပါစေ’’ဟု ဆိုသဖြင့် ဘီလူး မဖမ်းစားနိုင်ပုံ၊ ဖခင်ကလည်း ထိုသို့ ‘‘အသက် ၁၂၀-ရှည်ပါစေ’’ဟု ဆိုသဖြင့် ဘီလူးစားခွင့် မရခဲ့ပုံ၊ နှာချေသည့်အခါ ထိုသို့ အပြန်အလှန် ပြောဆိုမှု ဓလေ့ စတင် ပေါ်ပေါက်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘဒ္ဒကစ္စာနာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျာသည် ပဒုမုတ္တရ ဘုရားရှင်လက်ထက်တော်၌ အဘိညာဉ်အရာ ဧတဒဂ်ရသော ထေရီတစ်ပါးကို အားကျ၍ ကုသိုလ်ပြု၍ ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော် သုပ္ပဗုဒ္ဓသာကီဝင်မင်း၏ သမီး, ဘုရားအလောင်း၏ ကြင်ယာတော်, အရှင်ရာဟုလာ၏ မယ်တော် ဖြစ်ခဲ့ပုံ၊ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ပြီး အဘိညာဉ်တရား ဧတဒဂ် ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘဒ္ဒကာပိလာနီထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ပုဗ္ဗေနိဝါသ အဘိညာဉ်အရာ ဧတဒဂ်ရဘိက္ခုနီ တစ်ပါးကို အားကျသဖြင့် ကုသိုလ်ပြုဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက် ပိပ္ပလိလုလင်နှင့် လက်ထပ်ကာ နှစ်ဦးသဘောတူ တောထွက်ကြ၍ ဘိက္ခုနီဘဝသို့ ဝင်ရောက်ခဲ့ပြီး ရဟန္တာထေရီဖြစ်၍ ပုဗ္ဗေနိပါသအဘိညာဉ်အရာ ဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာ များပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘဒ္ဒကာပိလာနီထေရီဝတ္ထု

ဤဝတ္ထု၌ ဘဒ္ဒါကာပိလာနိထေရီလောင်းလျာသည် မိဘတို့၏စီစဉ်ပေးချက်အရ အရှင်မဟာကဿပအလောင်း ပိပ္ပလိလုလင်နှင့် ထိမ်းမြားလက်ထပ်ခဲ့ရပုံ၊ လင်ဖြစ်သူ ပိပ္ပလိလုလင်သည် မြတ်စွာဘုရား ထံတော်တွင် ရဟန်းပြုသောအခါ ဘဒ္ဒါကာပိလာနီလည်း မဟာပဇာပတိဂေါတမီထေရီထံတွင် ဘိက္ခုနီပြု၍ ရဟန္တာဖြစ်ခဲ့ပုံ၊ မြတ်စွာဘုရားက ရှေးဘဝအစဉ်ကို အောက်မေ့သိရှိနိုင်သော အရာ၌ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘဒ္ဒကာပိလာနီဝတ္ထု

ဤဝတ္ထု၌ ဘဒ္ဒကာပိလာနီထေရီလောင်း အမျိုးသမီးသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ပုဗ္ဗေနိဝါသာနုဿတိဧတဒဂ်ရသော ဘိက္ခုနီတစ်ပါးကို အားကျ၍ ကောင်းမှုများ ပြုလုပ်ကာ ထိုဧတဒဂ်ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် နတ်ပြည်လူ့ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ တစ်ခုသောဘဝ၌ ဗာရာဏသီမင်းကြီး၏ သမီးတော်ဖြစ်စဉ် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့အား ပစ္စည်းလေးပါးတို့ဖြင့် ကြာမြင့်စွာ ပြုစုလုပ်ကျွေးခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဂလမြို့ ကောသိယပုဏ္ဏားမျိုး၌ ဖြစ်ပြီး မဟာပဇာပတိဂေါတမီထေရီထံ၌ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၅၉) (ထေရီ၊၃၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘဒ္ဒဇိတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရ မြတ်စွာဘုရားအား ပျားရည်၊ ကြာစွယ် ကြာရင်းနှင့် ထောပတ်တို့ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင့်သာသနာတော်၌ ဘဒ္ဒိယမြို့သားဖြစ်ပြီး မြတ်စွာဘုရား၏ တရားတော်ကို နာရ၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၂၊၂၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘဒ္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်နှင့် သံဃာတော်တို့အား သင်္ကန်းစသော ပစ္စည်းလေးပါး လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံး ဘဝဝယ် သာဝတ္ထိမြို့၌ သူဌေးသား ဖြစ်ပြီး (၇)နှစ်သားမှာပင် ရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘဒ္ဒဝဂ္ဂိယဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဗာရာဏသီမှ ဥရုဝေလသို့ ကြွတော်မူစဉ် ပျောက်သောမိန်းမကို ရှာဖွေနေကြသော ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့အား တရားဟောတော်မူရာ ထိုဘန္ဒဝဂ္ဂီညီနောင် သုံးကျိပတို့ ဧဟိဘိက္ခု ရဟန်းများ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘဒ္ဒသာလဝတ္ထု

ဤဝတ္ထု၌ ကောသလနန်းတော်၌ သံဃာများအတွက် အဆင်သင့် ဆွမ်းပြင်ထားသော်လည်း ရဟန်းများ ကောသလမင်းကြီး၏ နန်းတော်သို့ ဆွမ်းခံကြွရုံသာ ကြွ၍ ဆွမ်းကိုယူကာ အခြားနေရာသို့ သွား၍ ဘုန်းပေးကြပုံ၊ ကောသလမင်းကြီး ထိုအကြောင်းကို ကြားသိရ၍ သာကီဝင်ရဟန်းများနှင့် ရင်းနှီးစေရန်အတွက် ဘုရားရှင်နှင့် ဆွေမျိုးတော်စပ်လိုပုံ၊ သာကီဝင်မင်းတို့၏ သဘောထားအမျိုးမာန်မှာ အခြားလူမျိုးကွဲများနှင့် လက်ထပ်ရန် မလိုလားပုံ၊ ဝိဋဋူဘက မိမိနှင့် သာကီဝင်တို့ ဆက်ဆံရေးကို သိရှိပုံ၊ ကောသလမင်းကြီးကို မဆန့်ကျင်လိုသဖြင့် ကျွန်မသမီး ဝါသဘခတ္တိဟာကို မင်းကြီးအတွက် ပေးလိုက်ပုံ၊ မင်းကြီးက မိဖုရားကြီး မြှောက်သဖြင့် သားတော် ဝိဋဋူဘကို မွေးဖွားခဲ့ပုံ၊ ဝိဋဋူဘအရွယ်ရောက်၍ ကပိလသို့ သွားသောအခါ ကောင်းစွာပြုစုသော်လည်း ကျွန်မသားဖြစ်ကြောင်း သိရှိရ၍ သာကီဝင်တို့ကို စစ်တိုက်၍ သတ်ဖြတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာဋ္ဌ၊၄၊၁၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘဒ္ဒါကုဏ္ဍလကေသာထေရီဝတ္ထု

ဤဝတ္ထု၌ သူဌေးသမီးဘဒ္ဒါသည် မင်းအာဏာအရ သတ်ရန် သုသာန်သို့ခေါ်ယူလာသော ခိုးသူသတ္တုကကို တပ်နှစ်သက်သဖြင့် လူသတ်သမားတို့ထံမှ ငွေတစ်ထောင်ပေး၍ ခေါ်ယူပေါင်းသင်းခဲ့ပုံ၊ သတ္တုကသည် သူမထံမှ ရတနာတို့ကို ရယူလိုသဖြင့် လှည့်စားကာ သတ်ဖြတ်ရန် ကြံစည်ခဲ့ပုံ၊ သူမသည် မိန်းမမာယာဖြင့် သတ္တုကကို တောင်ပေါ်မှ တွန်းချခဲ့ပုံ၊ နိဂဏ္ဌတက္ကတွန်းတို့ထံ ရဟန်းပြု၍ ဘဒ္ဒါကုဏ္ဍလကေသာ အမည်ရ၍ အရှင်သာရိပုတ္တရာနှင့် ဝါဒယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့ပုံ၊ မြတ်စွာဘုရားအထံတော်မှ တရားနာရ၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘဒ္ဒါလိတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘဒ္ဒါလိမထေရ်လောင်း အမျိုးကောင်းသားသည် သုမေဓာဘုရားရှင်လက်ထက်တော်၌ ရသေ့ဖြစ်စဉ် ဟိမဝန္တာတော၌ နိရောဓသမာပတ်ဝင်စားနေသော သုမေဓာဘုရားရှင်ကို ဖူးတွေ့ရသဖြင့် မဏ္ဍပ်ဆောက်လုပ်ပြီး အင်ကြင်းပန်းများ မိုးကာလျက် လှူဒါန်းခဲ့ပုံ၊ ဘုရားရှင်နိရောဓသမာပတ်မှ ထတော်မူသည့်နေ့၌ ဘုရားရှင်ထံ ရဟန်းသံဃာတော်များ စုဝေးရောက်ရှိလာသောအခါ ဘဒ္ဒါလိထေရ်လောင်း ရသေ့အား ‘‘ဘဝများစွာတို့၌ စည်းစိမ်အခြံအရံ လွန်စွာ ပေါများကြွယ်ဝသူ တစ်ဦး၊ ဆင်၊ မြင်း၊ ရထား စသည်တို့ ခြောက်သောင်းစီ အမြဲတမ်း ခြံရံလျက်ရှိသူတစ်ဦးဖြစ်မည့် အကြောင်း’’ စသည်ဖြင့် ဗျာဒိတ်စကား မိန့်ကြားပုံ၊ ရသေ့သည် ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် အပါယ်ဒုဂ္ဂတိသို့ မလားရောက်တော့ဘဲ ဤဂေါတမဘုရားရှင်၏ သာသနာ၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘဒ္ဒိတ္ထိဝတ္ထု

ဤဝတ္ထု၌ ကိမိလမြို့ ရောဟကသူဌေးသား၏ဇနီးဖြစ်သူ ဘဒ္ဒါအမျိုးသမီးသည် သဒ္ဓါသီလတို့နှင့် ပြည့်စုံ၍ ဥပုသ်သီလ စောင့်ထိန်းသဖြင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ၊ ရောင်စုံ ရတနာပန်းထီးကြီး ထိုအမျိုးသမီးအား အမြဲဆောင်းမိုးနေပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘဒ္ဒိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ သူဌေးတစ်ဦး ဖြစ်ခဲ့ပုံ၊ အမျိုးမြတ်သော အရာ၌ ဧတဒဂ်ထားခံရသော ရဟန်းတော်တစ်ပါးကို အားကျ၍ (၇)ရက်တိုင် အလှူကြီးပေးလှူကာ ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝဝယ် သာကီဝင်မင်းမျိုး၌ ဖြစ်၍ မင်းအဖြစ်ကိုစွန့်လွှတ်ကာ ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘဒ္ဒိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကာဠီဂေါဓာသာကီဝင်မင်းသမီး၏သား ကပိလဝတ္ထုတိုင်းပြည်၏ ဘုရင်ဖြစ်သော ဘဒ္ဒိယမင်းသည် အနုရုဒ္ဓါ မင်းသား၏ တိုက်တွန်းမှုအရ ရဟန်းပြုလာပြီးနောက် မကြာမီမှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ဓုတင်(၁၃)ပါး ဆောင်၍ နေတော်မူသည်ရှိသော် လွန်စွာချမ်းသာလှသဖြင့် ဘုရင်ဘဝက ကိုယ်ရံတော်တို့ဖြင့် အမြဲမပြတ် ခြံရံထားရသော မင်းချမ်းသာနှင့် နှိုင်းယှဉ် ကြည့်ကာ ‘‘ချမ်းသာလှပေစွ၊ ချမ်းသာလှပေစွ’’ဟု ဥဒါန်းကျူးရင့်တော်မူပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၁၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘဒ္ဒိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရမြတ်စွာဘုရားနှင့် သံဃာတော်တို့အား ပင့်ဖိတ်၍ လှူဒါန်းရန် သူတပါးတို့အား တိုက်တွန်းခဲ့ပုံ၊ ၎င်းကိုယ်တိုင်လည်း ကော်ဇောကြီးဖြင့် ခင်းအပ်သော တစ်သိန်းသော ရွှေပလ္လင်၊ လဲအခင်း၊ သားမွေးအခင်း၊ ခေါမပုဆိုး၊ ဝါချည်ပုဆိုးတို့ဖြင့် စီမံထားအပ်သော နေရာ၊ ဆွမ်းခဲဖွယ်တို့ကို ပေးလှူခဲ့ပုံ၊ ထိုကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်သို့ မလားခဲ့ပုံ၊ ခုနှစ်ဆယ့်လေးကြိမ် သိကြားမင်း၊ အကြိမ်တစ်ထောင် ပဒေသရာဇ် မင်း၊ ငါးဆယ့်တစ်ကြိမ် စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ဘဒ္ဒိယဟူသော အမည်ဖြင့် ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၀၆) (ထေရ၊ဋ္ဌ၊၂၊၃၂၀) (အပ၊ဋ္ဌ၊၂၊၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘဒ္ဒိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဘဒ္ဒိယမြို့ မုလေးတော၌ သီတင်းသုံးတော်မူစဉ် ဘဒ္ဒိယမြို့သား ရဟန်းတို့သည် ခြေနင်းမျိုးစုံတို့ကို တန်ဆာဆင်လျက် စီးကြပုံ၊ ဖြူဆံမြက်ခြေနင်း၊ ပြိတ်မြက်ခြေနင်း၊ သင်ပေါင်းရွက်ခြေနင်း၊ ကမလမြက်ခြေနင်း၊ ကမ္ဗလာခြေနင်းတို့ကို တန်ဆာဆင်စီးနင်းလျက် ရဟန်းတရား အားမထုတ်ဘဲ နေကြသောကြောင့် ဘုရားရှင် သိတော်မူ၍ ထိုသို့သော ခြေနင်းတို့ကို မစီးရဟု သိက္ခာပုဒ် ပညတ်တော်မူပြီး၊ ရွှေ၊ ငွေ၊ ပတ္တမြား၊ ကြောက်မျက်ရွဲ၊ ဖန်၊ ကြေးဖြူ၊ ကြေးနီ၊ စဉ့်၊ သလွဲစင်၊ ခဲမဖြူ၊ သလွဲမည်း၊ ခဲပုပ်၊ ကြေးနီခြေနင်းတို့ကိုပါ မစီးရဟု သိက္ခာပုဒ်ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘဒ္ဒိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘဒ္ဒိယမြို့နေ ရဟန်းတို့သည် ပရိယတ် ပဋိပတ်ကို အားမထုတ်ကြဘဲ ခြေနင်းကို တန်ဆာဆင်ခြင်း အလုပ်ကိုသာ မပြတ်အားထုတ်နေကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ ‘‘သင်တို့သည် မိမိ၏ ပဓာနအလုပ်ကို အားမထုတ်ကြဘဲ အရေးမပါ အကျိုးမရှိသည့် အလုပ်ဖြင့် အချိန်ဖြုန်းနေကြပေ၏’’ဟု ကဲ့ရဲ့ရှုတ်ချ၍ တရားဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘဒြကဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် မလ္လတိုင်း၊ ဥရုဝေလကပ္ပမည်သော နိဂုံးရွာကြီး၌ သီတင်း သုံးတော်မူစဉ် ဘဒြမည်သော ရွာသူကြီးသည် ဘုရားရှင်ထံ ရောက်လာပြီး ‘‘အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် အမြဲထာဝရ ဒုက္ခရောက်နေရသည်မှာ အဘယ့်ကြောင့်ပါသနည်း’’ဟု မေးလျှောက်ရာ ဘုရားရှင်က ‘‘အလိုဆန္ဒကြောင့် ဒုက္ခ ဖြစ်နေသည်’’ဟု ဟောပြတော်မူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (သံ၊၂၊၅၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘရတတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘရတမထေရ်လောင်းလျာသည် အနောမဒဿီဘုရားရှင်အား နူးညံ့ ကောင်းမွန်သော ဖိနပ်တစ်ရံကို လှူခဲ့သော ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ဘရတမထေရ် ဖြစ်လာခဲ့ပုံ၊ အရှင်အာနန္ဒာသည် ထိုမထေရ်အား ‘‘ခရီးပန်းသဖြင့် ချော်လဲကျသွားသည့် ဝန်ဆောင်နွားလား’’ကို သာဓက ဆောင် ဆုံးမတော်မူ၍ ရဟန္တာဖြစ်အောင် ကူညီစွမ်းဆောင် ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘရုဇာတက

ဤဇာတ်တော်၌ တိတ္ထိတို့သည် ကောသလမင်းကြီးအား အသပြာတစ်သိန်း လာဘ်ထိုး၍ ဇေတဝန်ကျောင်းအနီး၌ ကျောင်းဆောက်ကြပုံ၊ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ နန်းတော်သို့ ကြွသွားသော်လည်း အတွေ့မခံပုံ၊ နောက်ဆုံး ဘုရားရှင်ကိုယ်တော်တိုင် ကြွ၍ အတိတ်ဇာတ်ကြောင်းဆောင်ကာ တရားဟောတော်မူပုံ၊ တန်ခိုးကြီး ရသေ့နှစ်ပါးတို့ အငြင်း ပွားကာ ပညောင်ပင်ကို လုကြပုံ၊ စကြာမင်းများသာ စီးထိုက်သော ရထား၏ ရထားအိမ်ကို ရသေ့အုပ်စုတစ်စုက လက်ဆောင်ပေးသကဲ့သို့ အခြားရသေ့အုပ်စုတစ်စုကလည်း ရထားဘီးများကို လက်ဆောင်ပေးသဖြင့် ထိုတံစိုးလက်ဆောင်ကို ယူကာ မတရားဆုံးဖြတ်သော ဘရုနိုင်ငံမင်းကြီးအား နတ်တို့က စိတ်ဆိုးပြီး သီလရှိသူတို့ အချင်းချင်း ခိုက်ရန်ဖြစ်အောင် ပြုလုပ်မှုအတွက် ယူဇနာသုံးရာရှိသော နိုင်ငံတစ်ခုလုံးကို ရေနှစ်မြှုပ်ပစ်လိုက်ကြသဖြင့် ဘုရင်ကို အမှီပြု၍ တစ်တိုင်းပြည်လုံး ပျက်စီးခဲ့ရဖူးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၅၅) (သံ၊ဋ္ဌ၊၃၊၃၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘလ္လာတဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာ ရှင်ရသေ့သည် အတ္ထဒဿီဘုရားရှင်အား မိမိကျောင်း သင်္ခမ်းသို့ ပင့်၍ မြက်အခင်းလှူကာ ဆွမ်း၊ ချေးသီးတို့ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဘဝအဆက်ဆက် ဒုဂ္ဂတိဘဝတို့သို့ မရောက်ခဲ့ရဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများပါဝင်သည်။ (အပ၊၂၊၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘလ္လာတိယဇာတက

ဤဇာတ်တော်၌ ကောသလမင်းကြီးနှင့် မလ္လိကာမိဖုရားတို့ အငြင်းအခုံဖြစ်ပြီး ကောသလမင်းကြီးက မလ္လိကာမိဖုရားကြီးကို စကားမပြောပုံ၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ နန်းတော်သို့ ကြွတော်မူကာ ဘလ္လာတိယဇာတ်ကို ဟောတော်မူခဲ့ပုံ၊ ဘလ္လာတိယမင်းသည် တိုင်းပြည်ကို လွှဲအပ်ကာ ဟိမဝန္တာတောသို့ တောကစားသွားစဉ် ကိန္နရီ ကိန္နရာ ဖိုမနှစ်ကောင်တို့ အချင်းချင်း လည်ဖက်လျက် နမ်းရှုပ်ငိုကြွေး မြည်တမ်းနေကြသည်ကို မြင်တွေ့ရ၍ မေးကြည့်ရာ ချောင်းရေကျသဖြင့် တစ်ဦးနှင့် တစ်ဦး တစ်ညကွဲသွားသည်ကို သတိရတိုင်း နှစ်ပေါင်း (၇၀၀)တိုင်တိုင် ဆွေးနေရကြောင်း ပြောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘလ္လိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုမနပစ္စေကဗုဒ္ဓါအား သစ်သီးများ လှူဒါန်းခဲ့ပုံ၊ သိခီ မြတ်စွာဘုရားအား ဥဇိတနှင့် ဩဇိတကုန်သည်ညီနောင်တို့က ဆွမ်းဦးလှူသည်ကို အားကျ၍ ကုသိုလ်ပြု ဆုတောင်းခဲ့ပုံ၊ ဤဘုရားရှင် သာသနာတော်၌ တပုဿနှင့် ဘလ္လိကကုန်သည် ညီနောင်တို့တွင် ညီငယ်ဘလ္လိယ ဖြစ်၍ မြတ်စွာဘုရားအား ပဌမဦးဆုံးဆွမ်းအဖြစ်ဆွမ်းဦးလှူခဲ့ပုံ၊ နောင်အခါ ဘလ္လိယမထေရ် ဖြစ်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘာဂိနေယျဒဟရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ကောရဏ္ဍကဝိဟာရဝါသီမထေရ်၏ တူဖြစ်သော ရဟန်းငယ်တစ်ပါးသည် စာပေပရိယတ်သင်ယူရန် ရောဟနဇနပုဒ်သို့ ကြွသွားခဲ့ပုံ၊ ကာလကြာမြင့်သောအခါ မထေရ်ကြီးက ရဟန်းငယ်ကို ခေါ်ရန် ရောဟနဇနပုဒ်သို့ ကြွလာစဉ် ရဟန်းငယ်ကလည်း မရောက်တာ ကြာပြီဖြစ်သဖြင့် မိဘဆရာသမားများထံ ပြန်ကြွလာသောအခါ ဂင်္ဂါမြစ်ကမ်း၌ ဆုံမိကြပုံ၊ မထေရ်ကြီးက နောက်မှ လိုက်ကြွလာတော့မည်-ဟု ဆိုကာ ရဟန်းငယ်ကို အရင် စေလွှတ်လိုက်ပုံ၊ ရဟန်းငယ်သည် ဝါတွင်းသုံးလပတ်လုံးမိဘတို့အိမ်၌ ဆွမ်းခံကြွသော်လည်း သားရဟန်းဖြစ်ကြောင်း မပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘာဂိနေယျသံဃရက္ခိတသာမဏေရဝတ္ထု

ဤဝတ္ထု၌ သံဃရက္ခိတသာမဏေသည် ‘‘ပစ္စည်းလေးပါးကို သုံးဆောင်သောအခါ ပစ္စဝေက္ခဏာမဆင်ခြင်ဘဲ မသုံးစွဲနှင့်၊ လျှာကို အပူမလောင်စေနှင့်’’ ဟူသော စကား၏ အတိမ် အနက်ကို ဆင်ခြင်ခဲ့ပုံ၊ သံဝေဂဖြစ်ပေါ်၍ ကြိုးစားအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ အရဟတ္တဖိုလ်ကိုလိုလားသော် သင့်တင့်မျှတစွာ ဆင်ခြင်၍ ပစ္စည်းလေးပါး သုံးဆောင်သင့်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘာဂိနေယျုပါလိတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘာဂိနေယျုပါလိမထေရ်လောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ရသေ့ ဖြစ်ခဲ့ပုံ၊ တစ်ပါးတည်း ကိန်းအောင်းရန်အတွက် တောထဲသို့ ကြွလာသော ပဒုမုတ္တရဘုရားရှင်အား ဖူးတွေ့ရသောအခါ ဘုရားရှင်၏ ဉာဏ်တော်ကို ဥပမာအမျိုးမျိုးဖြင့် ချီးမွမ်းပူဇော်ခဲ့ပုံ၊ ဘုရားရှင်က ရသေ့အား ‘‘ဂေါတမ ဘုရားရှင်လက်ထက်တော်၌ ဝိနယဓရ ဧတဒဂ်ဘွဲ့ထူး ရရှိမည်ဖြစ်ကြောင်း’’ စသည်ဖြင့် ဗျာဒိတ်ပေးတော်မူပုံ၊ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်၍ ဝိနယဓရဧတဒဂ်ဘွဲ့ထူး ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘာဇနပါလကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ ဗန္ဓုမတီမြို့၌ အိုးထိန်းသည်ဖြစ်ခဲ့၍ ရဟန်းသံဃာတို့၏ သပိတ်တို့ကို စောင့်ရှောက်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခဲ့ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ငါးဆယ့်သုံးကမ္ဘာအထက်၌ အနန္တဇာလိအမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်၏ သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘာတရဂါမဝါသီ နာဂတ္ထေရီဝတ္ထု

ဤဝတ္ထု၌ ဗြဟ္မဏတိဿသူပုန်ဘေးကြောင့် သီဟိုဠ်ကျွန်း ဘာတရရွာ၌ နေထိုင်ကြသော ရွာသူရွာသားများသည် နာဂထေရီမကြီးအား မပြောကြားနိုင်ဘဲ ရွာမှ ထွက်ပြေးတိမ်ရှောင်သွားကြပုံ၊ ရွာ၌ အသံများ တိတ်ဆိတ်နေသဖြင့် တပည့်များအား စုံစမ်းကြည့်ရှုခိုင်းသောအခါ သူပုန်ဘေးကြောင့် ထွက်ပြေးကုန်သဖြင့် ရွာထဲ၌ တစ်ဦးတစ်ယောက်မျှ မကျန်တော့ကြောင်း သိရှိရပုံ၊ နာဂထေရီမကြီးက မိမိတပည့်များအား မိမိတို့၏ ပရိယတ်, ပဋိပတ် အလုပ်များကိုသာ ပုံမှန်အားထုတ်ကြရန် ပြောကြားပြီး ဆွမ်းချိန်ရောက်သောအခါ ဘာတရရွာတံခါးရှိ ညောင်ပင်စောင့်နတ်ထံ သွား၍ တပည့်ဘိက္ခုနီ ဆယ့်နှစ်ပါးအတွက် ဆွမ်းခံကျွေးမွေးခဲ့ပုံ၊ သူပုန်ဘေးကို တိမ်းရှောင်ရန် မောင်ငယ်ဖြစ်သူ နာဂထေရ်နှင့်အတူ ရဟန်းဆယ့်နှစ်ပါးတို့ ကြွရောက်လာသော အခါ၌လည်း ရှေးနည်းအတိုင်းပင် ညောင်ပင်စောင့်နတ်ထံမှ ဆွမ်းခံ၍ ကျွေးခဲ့ပုံ၊ ထေရီမကြီးသည် သာရဏီယကျင့်ဝတ် ဖြည့်ကျင့်ထားသဖြင့် ခုနစ်နှစ်ပတ်လုံး ရဟန်းဆယ့်နှစ်ပါးနှင့် ဘိက္ခုနီဆယ့်နှစ်ပါးတို့ကို ပြုစုစောင့်ရှောက်နိုင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၁၂၅) (မ၊ဋ္ဌ၊၂၊၂၉၆) (အံ၊ဋ္ဌ၊၃၊၉၃) (သာရတ္ထ၊၃၊၄၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘာတိယမဟာရာဇဝတ္ထု

ဤဝတ္ထု၌ ဘာတိယမင်းသည် ‘‘ပန်းတို့တွင် မြတ်လေးပန်းမြတ်၏’’ ဟူသော မြတ်စွာဘုရားရှင်၏ စကားကို စူးစမ်းလိုသဖြင့် တိုက်ခန်းတစ်ခုထဲတွင် နံ့သာလေးမျိုးတို့နှင့် မွှေးကြိုင်သော ပန်းတို့ ဝန်းရံထားစေ၍ သေတ္တာတစ်ခု၏ အလယ်၌ မြတ်လေးပန်းဆုပ်ကို ထားစေပုံ၊ တံခါးပိတ်၍ အပြင်သို့ ခဏထွက်ပြီး တံခါးပြန်ဖွင့်လျှင် မြတ်လေးပန်းရနံ့သာ ပထမဦးဆုံး မွှေးကြိုင်ပုံ၊ မြတ်စွာဘုရား၏ စကားမှန်သဖြင့် ကြည်ညိုကာ မြတ်စွာဘုရားကို ရည်မှန်း၍ စေတီတော်ကို ရှိခိုးပူဇော်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၃၊၂၉၀) (သံ၊ဋ္ဌ၊၃၊၁၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘာတုဇာယာယမိစ္ဆာစာရဝတ္ထု

ဤဝတ္ထု၌ ညီအစ်ကိုနှစ်ယောက်ရှိရာ ညီဖြစ်သူနှင့် အစ်ကို၏ မယားတို့ ဖောက်ပြန် နေကြပုံ၊ မရီးက မတ်ဖြစ်သူအား သူ၏ အစ်ကိုကို သတ်ရန် တိုက်တွန်းသောကြောင့် ညီက ရေဆိပ်၌ ရေချိုးနေသော အစ်ကိုကို ပုန်းအောင်းရာမှ ထွက်လာကာ သတ်ဖြတ်လိုက်ပုံ၊ သေဆုံးသွားသော အစ်ကိုသည် အစွဲတဏှာကြောင့် သူ့မယား၏ အိမ်မှာပင် ထန်းမြွေကြီးဖြစ်၍ အသတ်ခံရပုံ၊ နောက်ခွေးဖြစ်လည်း အသတ်ခံရ၊ နွားကလေးဖြစ်လည်း အသတ်ခံရပြီး နောက်ဆုံး မယား၏ဝမ်းတွင် ဇာတိဿရဉာဏ်ရသော ကလေးဖြစ်၍ မွေးဖွားလာပုံ၊ မိခင်ရင်းအပေါ်တွင် အပြစ်မြင်ကာ အရွယ်ရောက်လျှင် အဘိုးဖြစ်သူနှင့်အတူ ရဟန်းပြုကြ၍ ရဟန္တာ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၂၊၁၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘာရဒွါဇတ္ထေရဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် ဘာရဒွါဇပုဏ္ဏား၏ လူမှုရေးအခက်အခဲကို ဖြေရှင်းပေးမှ ထိုပုဏ္ဏားအနေဖြင့် စိတ်အေးချမ်းသာ၍ တရားထူးရမည်ဟု သိတော်မူသဖြင့် ကောသလမင်း၏ အကူအညီဖြင့် ဖြေရှင်းပေးတော်မူပုံ၊ ထိုကြောင့် ထိုပုဏ္ဏားသည် တရားထူးရကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၇၂) (သံ၊ဋ္ဌ၊၁၊၂၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘာရဒွါဇတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘာရဒွါဇမထေရ်လောင်းလျာသည် သုမနပစ္စေကဗုဒ္ဓါအား နွယ်သီးမှည့်များကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပြီး ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ဘာရဒွါဇပုဏ္ဏား ဖြစ်လာခဲ့ပုံ၊ သားဖြစ်သူ ကဏှဒိန္နအား တက္ကသိုလ်သို့ ပညာသင်စေလွှတ်လိုက်ရာ ကဏှဒိန္နသည် လမ်းခုလတ်တွင် ဖူးတွေ့ရသည့် မထေရ်မြတ်တစ်ပါးထံ ရဟန်းပြု ဝိပဿနာရှုကာ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ဖခင်ဖြစ်သူ ဘာရဒွါဇပုဏ္ဏားသည်လည်း မြတ်စွာဘုရားအထံတော်မှ တရားနာရ၍ ဝိပဿနာရှုပွားကာ ရဟန္တာ ဖြစ်ခဲ့ပုံ၊ သားအဖနှစ်ဦး ဘုရားရှင်၏ ရှေ့မှောက်တွင် ရဟန္တာ အဖြစ်ဖြင့် ဝမ်းမြောက်ဝမ်းသာ တွေ့ဆုံကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘာရဒွါဇဝတ္ထု

ဤဝတ္ထု၌ ဗုဒ္ဓဘုရားရှင်သည် နေ့စဉ် မဟာကရုဏာတော်ဖြင့် အကျွတ်တရားရထိုက်သူထံသို့ ကြွရောက် ချေချွတ်လေ့ရှိပုံ၊ ဘာရဒွါဇပုဏ္ဏားသည် ကိုယ်စိတ်အေးချမ်းစွာ ရှိတော်မူ သော မြတ်စွာဘုရားထံ ချဉ်းကပ်ကာ မိမိ၏ဒုက္ခကို လျှောက်ထားပုံ၊ မြတ်စွာဘုရားက သူနှင့် သင့်တော်သောတရားကို ဟောကြား၍ ချေချွတ်တော်မူလေရာ ဘာရဒွါဇပုဏ္ဏား ရဟန်းပြုလာပုံ၊ သူ့ထံ၌ တင်ရှိနေသော ကြွေးမြီးများကို ကောသလမင်းကြီးက ဆပ်ပေးသဖြင့် ကြွေးကင်းသောအခါမှ တည်ငြိမ်စွာ တရားအားထုတ်နိုင်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (သံ၊၁၊၁၇၂) (သံ၊ဋ္ဌ၊၁၊၂၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘိက္ခာဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထဘုရားရှင်အား တစ်ယောက်မမျှသော ဆွမ်းကို လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ရှစ်ဆယ့်ခုနစ်ကမ္ဘာအထက်၌ မဟာရေဏုဟူသော အမည်ဖြင့် စကြဝတေးမင်း ခုနစ်ကြိမ်ဖြစ်ခဲ့၍၊ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၄) (အပ၊ဋ္ဌ၊၂၊၁၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘိက္ခာဒါယကဝတ္ထု

ဤဝတ္ထု၌ ခရီးသွားရဟန်းတစ်ပါးသည် ရွာတစ်ရွာသို့ ဆွမ်းခံဝင်စဉ် လူတစ်ယောက်သည် ထမင်းစားရန် လက်ဆေးပြီး ပန်းကန်ထဲသို့ ထမင်းတို့ကို ထည့်နေစဉ် ထိုခရီးသွားရဟန်းကို တွေ့၍ ဆွမ်းအားလုံးကို လောင်းလှူခဲ့ပုံ၊ ထိုသူသည် မိမိလှူဒါန်းမှုအပေါ် ဝမ်းမြောက်သောစိတ်ဖြင့် ကွယ်လွန်သောအခါ တာဝတိံသာ နတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘိက္ခာဒါယိကာဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သူ အမျိုးသမီးတစ်ဦးသည် ရဟန္တာမထေရ်တစ်ပါးအား ရိုသေစွာ ဆွမ်းကပ်ခဲ့သည့် ကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘိက္ခာဒါယိကာဝတ္ထု

ဤဝတ္ထု၌ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးသမီးတစ်ယောက်သည် ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံကြွလာသော ရဟန္တာထေရ်တစ်ပါးကို မိမိအိမ်သို့ ပင့်ကာ ဆွမ်းလှူဒါန်းခဲ့သော ကုသိုလ်ကံကြောင့် ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၃၂) (ဝိမာန၊ဋ္ဌ၊၁၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘိက္ခာဒါယိကာဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ဥတ္တရမဓုရာမြို့၌ အသက်တမ်းကုန်ပြီး ကွယ်လွန်သောအခါ အပါယ်ငရဲကျရောက်မည့် အမျိုးသမီးတစ်ယောက်ကို ဒိဗ္ဗစက္ခုဉာဏ်ဖြင့် မြင်တော်မူသဖြင့် ကယ်တင်တော်မူရန် တစ်ပါးတည်း ထိုအရပ်သို့ ဆွမ်းခံကြွတော်မူပုံ၊ ထိုအမျိုးသမီးသည် ထမင်းချက်ပြီးနောက် မြစ်ဆိပ်သို့ သွားကာ ရေချိုးပြီး ပြန်လာစဉ် လမ်း၌ ဘုရားရှင်နှင့် တွေ့သောအခါ ‘‘ဆွမ်းရခဲ့ပြီလား ဘုရား’’ဟု လျှောက်ထားခဲ့ပုံ၊ ဆွမ်းမရသေးကြောင်း သိသဖြင့် မိမိအိမ်သို့ ပင့်ကာ ဆွမ်းလှူဒါန်းပြီး တရားနာယူကာ ဘုရားရှင်ပြန်ကြွသွားသောအခါ မျက်စိတစ်ဆုံး ဖူးမြော်ကြည်ညိုလျက် ရပ်တည်နေပုံ၊ ထို့နောက် နှစ်ရက်သုံးရက် လွန်၍ ကွယ်လွန်သောအခါ နတ်သမီးတစ်ထောင် အခြံအရံဖြင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၃၁) (ဝိမာန၊ဋ္ဌ၊၁၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘိက္ခာပရမ္ပရဇာတက

ဤဇာတ်တော်၌ သူကြွယ်တစ်ယောက်သည် တရားရတနာကို ပူဇော်သက္ကာရပြုရန် ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က တရားဘဏ္ဍာစိုးဖြစ်သော အရှင်အာနန္ဒာအား ပူဇော်သက္ကာရ အမှုကို ပြုလော့ဟု မိန့်တော်မူပုံ၊ အရှင်အာနန္ဒာထေရ်က မိမိကိုယ်တိုင် မသုံးဆောင်ဘဲ တရားစစ်သူကြီး အရှင်သာရိပုတ္တရာအား တစ်ဆင့် လှူဒါန်းပုံ၊ အရှင်သာရိပုတ္တရာကလည်း မိမိကိုယ်တိုင် မသုံးဆောင်ဘဲ တရားပိုင်ရှင်ဖြစ်တော်မူသော ဘုရားရှင်အား လှူဒါန်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၃၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘိက္ခုနီဒူသကဝတ္ထု

ဤဝတ္ထု၌ ဘိက္ခုနီတို့သည် သာကေတမြို့မှ သာဝတ္ထိမြို့သို့ လာကြစဉ် လမ်းခရီးအကြား၌ ခိုးသူတို့နှင့် တွေ့ပြီး အဖျက်ဆီးခံကြရ၊ လုယက်ခံကြရပုံ၊ မင်းမှုထမ်းတို့က ခိုးသူတို့ကို ဖမ်းဆီးကြသောအခါ တစ်ချို့က ထွက်ပြေးလွတ်မြောက်သွားကြပြီး တစ်ချို့အဖမ်းခံကြရပုံ၊ ထွက်ပြေးသူတို့သည် ရဟန်းတို့ထံ ချဉ်းကပ်ပြီး ရဟန်းဝတ်ပေးပါရန် တောင်းပန်၍ ရဟန်းဝတ်ခဲ့ကြပုံ၊ ဖမ်းမိသူတို့ကို သတ်ရန် ထုတ်ဆောင်လာသောအခါ ထွက်ပြေးသူရဟန်းတို့က ‘‘ငါတို့ မိလျှင်လည်း ဤကဲ့သို့ပင် အသတ်ခံရပေမည်၊ ငါတို့ ထွက်ပြေးသည်မှာ မှန်ပေ၏’’ဟု ပြောသံကို အခြားရဟန်းတို့က ကြားသဖြင့် ဘုရားရှင်ထံ လျှောက်ထားရာ ဘုရားရှင်က ‘‘ဘိက္ခုနီကို ကျူးလွန်ဖျက်ဆီးသူ၊ သံဃာကိုသင်းခွဲသူ၊ ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုမူသူတို့အား ရဟန်းခံမပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘိက္ခုနီဝိဘင်္ဂဝတ္ထူနိ

ဤဝတ္ထုများ၌ အကြောင်းအမျိုးမျိုးကြောင့် ဘိက္ခုနီပါတိမောက် သိက္ခာပုဒ်များကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘိသဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ကုဋေရှစ်ဆယ်ကြွယ်ဝသော ဗြာဟ္မဏမဟာ သာလအမျိုး၌ ဖြစ်၍ မဟာကဉ္စနသတိုးသားအမည်ရှိခဲ့ပုံ၊ အရွယ်ရောက်သောအခါ မိဘတို့ အိမ်ထောင်ပြုပေးမှုကို ငြင်းပယ်ခဲ့ပုံ၊ မိခင် ဖခင်တို့ ကွယ်လွန်သည့်အခါ သူဆင်းရဲတို့အား ကုဋေရှစ်ဆယ် စွန့်လွှတ် လှူဒါန်း၍ ညီငယ်ခြောက်ဦး၊ နှမငယ်တစ်ယောက်၊ ကျွန်တစ်ယောက်၊ ကျွန်မ တစ်ယောက်တို့နှင့်အတူ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြုကြပုံ၊ သိကြားမင်းက ၎င်းတို့၏ အကျင့်ကို လာရောက် စမ်းသပ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊၄၁၀) (စရိယာ၊ဋ္ဌ၊၁၉၃) (ဇာ၊ဋ္ဌ၊၄၊၃၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘိသဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘိသဒါယကမထေရ်အလောင်း ရသေ့သည် ရေကန်ထဲ ဆင်းပြီး ကြာစွယ်များ နှုတ်ယူနေစဉ် ကောင်းကင်ခရီးဖြင့် ကြွလာသော ပဒုမုတ္တရဘုရားရှင်ကို တွေ့မြင်လိုက်သဖြင့် ကြာစွယ်ဆွမ်းကို အလှူခံပါရန် လျှောက်ထား တောင်းပန်ခဲ့ပုံ၊ ဘုရားရှင်က ချီးမြှောက်သည့် အနေဖြင့် အလှူခံတော်မူပြီး အနုမောဒနာပြုတော်မူပုံ၊ ရသေ့သည် မိမိ၏ အလှူဒါနကို အားရ နှစ်သက် ကျေနပ်ဝမ်းမြောက်လျက် ကြာစွယ်များကို တစိမ့်စိမ့်ကြည့်ရင်း ကုသိုလ်များတိုးပွားနေစဉ် လေပြင်းမုန်တိုင်းကျကာ မိုးကြိုးထိမှန်ပြီး ကွယ်လွန်သွားခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် တုသိတာနတ်ပြည်၌ နတ်သမီးပေါင်း ရှစ်သောင်းခြံရံလျက် နတ်စည်းစိမ်ကို ခံစားခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၅၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘိသမုဠာလဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ဖုဿဘုရားရှင်အား ကြာစွယ်ကြာရင်းကို လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိခဲ့ဘဲ ဤဘုရားရှင့်သာသနာတော်ဝယ် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘိသာလုဝဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဝိပဿီဘုရားရှင်အား ကြာစွယ်၊ ပိန်းဥကိုလည်းကောင်း၊ လက်ဆေးတော်ရေကိုလည်းကောင်း ပေးလှူ၍ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးပူဇော်ခဲ့သော ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဘိသအမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၃၃) (အပ၊ဋ္ဌ၊၂၊၁၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘီမသေနဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် လေးအတတ်ပညာ တစ်ဖက်ကမ်းခတ် တတ်မြောက် သော်လည်း ကိုယ်ခန္ဓာမှာ ပုကွကွ ဖြစ်ခဲ့ ဘီမသေနခေါ် လှပတင့်တယ်သူ တစ်ဦးနှင့် တွဲ၍ ဘုရင့်လေးသမားတော် ရာထူးကို ဆောင်ရွက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘီရုကဇာတက

ဤဇာတ်တော်သည် တေလပတ္တဇာတကနှင့် တူသည်။ (ဇာ၊ဋ္ဌ၊၁၊၄၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘုသပေတဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့အနီး ရွာတစ်ရွာ၌ ကောက်ကျစ်စဉ်းလဲသော ကုန်သည်တစ်ဦးသည် ချိန်စဉ်းလဲ တောင်းစဉ်းလဲတို့ဖြင့် ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုခဲ့ပုံ၊ ကုန်သည်၏ ချွေးမသည် အိမ်သားအားလုံးအတွက် ထားသော အသားများကို ခိုးဝှက်စားခဲ့ပုံ၊ ကုန်သည်၏ မယားသည် မမှန်သောစကားဖြင့် ကျိန်ဆိုလေ့ရှိပုံ၊ ကုန်သည်၏ သားသည် မိခင်ဦးခေါင်းကို သားရေကြိုးဖြင့် ရိုက်ခဲ့ပုံ၊ ကွယ်လွန်ကြသောအခါ လေးဦးစလုံး ပြိတ္တာဖြစ်ပြီး အလွန်ပြင်းထန် ခါးသီးသော ဆိုးဝါးလှသည့် အကျိုးကို ခံစားရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၇၂) (ပေတ၊ဋ္ဌ၊၁၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘူတတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်လက်ထက်တော်၌ ပုဏ္ဏား ဖြစ်၍ ကြည်ညိုသော စိတ်ဖြင့် ဘုရားရှင်ကို ချီးမွမ်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် လူ့ပြည်နတ်ပြည်တို့သာ ကျင်လည်ခဲ့၍ ဤဘုရားရှင့်လက်ထက်တော်၌ သာကေတမြို့၏ အနီး ရွာတစ်ရွာ၌ သူဌေးသား ဖြစ်ခဲ့ပုံ၊ မြတ်စွာဘုရားထံမှ တရားတော်ကို နာယူရသဖြင့် ရှင်ရဟန်းပြုလျက် အဇကရဏီမည်သော မြစ်ကမ်းပါးလိုဏ်ငယ်၌ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘူတနိရောဓေသကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မဟာဘုတ်လေးပါး၏ ချုပ်ငြိမ်းရာကို စူးစမ်းမေးမြန်းသော ရဟန်းတစ်ပါးသည် စတုမဟာရာဇ်နတ်တို့မှ စ၍ မဟာဗြဟ္မာတိုင်အောင် မေးမြန်းတွေ့ဆုံခဲ့သော်လည်း နတ်ဗြဟ္မာတို့ မဖြေနိုင်သဖြင့် ပင်လယ်ကူးသင်္ဘောသားတို့၏ ကမ်းကြည့်ငှက် ကမ်းမတွေ့၍ ပြန်ခဲ့ရသည့်ပမာ မြတ်စွာဘုရားထံသို့သာ ပြန်ရောက်ရှိခဲ့ပုံ၊ ဤလောက၌ မြတ်စွာဘုရားထက် သာလွန်သော ပညာရှိပုဂ္ဂိုလ်မရှိနိုင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၁၊၂၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘူတပါလတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘူတပါလသတို့သားသည် ဖခင်နှင့်အတူ တောထဲသို့ ထင်းခုတ်လိုက်သွားပြီး ညနေချမ်းအခါ မြို့တံခါးအနီး၌ နွားများကို ခေတ္တလွှတ်ထားပုံ၊ နွားများ မြို့တွင်းသို့ ဝင်သွားသဖြင့် ဖခင်ဖြစ်သူက နွားများ၏ နောက်သို့ လိုက်သွားစဉ် မြို့တံခါးပိတ်သွားခဲ့ပုံ၊ ဘူတပါလသတို့သားသည် တစ်ယောက်တည်းသာ လှည်းအောက်၌ အိပ်ခဲ့ပုံ၊ ထိုနေရာသည် သုသာန်နှင့် နီးကပ်ပြီး ဘီလူးများ အလွန်ပေါသောနေရာ ဖြစ်သော်လည်း ပစ္ဆိမဘဝိကပုဂ္ဂိုလ်ဖြစ်သောကြောင့် ဘီလူးများအနှောင့်အယှက် မပေးနိုင်ကြပုံ၊ နောင်အခါ ရဟန်းဝတ်၍ ဘူတပါလမထေရ် ဟူသော အမည်ဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ပဋိသံ၊ဋ္ဌ၊၂၊၂၈၁) (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘူတဝေဇ္ဇကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ပယောဂကုသော ရဟန်းတစ်ပါးသည် မြေဘုတ်ဘီလူးကို အသက်သေအောင် ပြုလုပ်ခဲ့သဖြင့် ထုလ္လစ္စဉ်းအာပတ်သင့်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘူမိစာလဝတ္ထု

ဤဝတ္ထုသည် အာယုသင်္ခါရဝတ္ထုနှင့်တူသည်။ (အံ၊၃၊၁၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘူရိဒတ္တဇာတက

ဤဇာတ်တော်၌ ဗာရာဏသီမင်း၏ သားတော် ဗြဟ္မဒတ္တမင်းသားသည် နဂါးမနှင့်ညား၍ သာဂရဗြဟ္မဒတ္တသားတော်နှင့် သမုဒ္ဒဇာသမီးတော်တို့ကို ဖွားမြင်ပုံ၊ ဖခင် ဗာရာဏသီမင်း နတ်ရွာစံသောအခါ ဗြဟ္မဒတ္တမင်းသား ဗာရာဏသီမင်းအဖြစ်ကို ရရှိခဲ့ပုံ၊ သမီးတော် သမုဒ္ဒဇာကို ဓတရဋ္ဌနဂါးမင်းနှင့် ထိမ်းမြားလက်ထပ်ပေးသောအခါ သုဒဿန, ဒတ္တ, သုဘောဂ, အရိဋ္ဌဟူသော နဂါးသားတော် လေးယောက် ဖွားမြင်ခဲ့ပုံ၊ ဓတရဋ္ဌနဂါးမင်းက သားတော်လေးယောက်တို့အား ယူဇနာတစ်ရာစီ နယ်မြေပိုင်းခြားကာ အခြွေအရံများနှင့်တကွ မင်းအဖြစ်ကို ပေးခဲ့ပုံ၊ ထိုလေးယောက်တို့တွင် ဘုရားလောင်း ဒတ္တနဂါးမင်းသည် မဟာပထဝီမြေကြီးနှင့်တူစွာ ကြီးကျယ်ပြန့်ပြောသော ဉာဏ်ပညာရှိသောကြောင့် ‘‘ဘူရိဒတ္တ’’ အမည်ရခဲ့ပုံ၊ ဘုရားလောင်း ဘူရိဒတ္တနဂါးမင်းသည် လူ့ပြည်သို့ လာ၍ ဥပုသ်သီလ စောင့်ထိန်းစဉ် မြွေအလမ္ပာယ်ဆရာတစ်ယောက်၏ ဖမ်းဆီးခြင်းကို ခံရပြီး ထိုထို မြို့ဇနပုဒ်များသို့ လှည့်လည် ကပြရပုံ၊ အစ်ကိုဖြစ်သူ သုဒဿနနဂါးမင်းက ညီငယ်ဘူရိဒတ္တကို ကယ်ဆယ်၍ နဂါးပြည်သို့ ခေါ်ဆောင်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၁၆) (ဇာ၊ဋ္ဌ၊၇၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘေဒါနုဝတ္တကဝတ္ထု

ဤဝတ္ထု၌ အရှင်ဒေဝဒတ်သည် သံဃာသင်းခွဲရန် အားထုတ်နေသဖြင့် ဒေဝဒတ်ကို အဓမ္မဝါဒီဖြစ်ကြောင်း သံဃာများက ကဲ့ရဲ့ရှုတ်ချကြပုံ၊ ကောကာလိက စသော ဒေဝဒတ်၏တပည့်များက ဒေဝဒတ်သည် မိမိတို့နှင့် ဆန္ဒတူ ပြုလုပ်သဖြင့် ဓမ္မဝါဒီသာ ဖြစ်ကြောင်း ပြောကြားကြပုံ၊ ဘုရားရှင်က သံဃာသင်းခွဲသူ၏ နောက်သို့ မလိုက်ရန် ဘေဒါနုဝတ္တကသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘေရိဝါဒကဇာတက

ဤဇာတ်တော်၌ သားအဖနှစ်ယောက် ခိုးသူဓါးပြပေါများသော တောအုပ်အတွင်းသို့ ရောက်ရှိသွားခဲ့စဉ် ဖခင်က တားမြစ်သော်လည်း သားဖြစ်သူက စည်ကြီးကို အဆက်မပြတ် တီးခတ်ပုံ၊ ခိုးသူများက စည်ကြီးသံ ကြားရသဖြင့် လာရောက်တိုက်ခိုက် ဖျက်ဆီး၍ ပစ္စည်းဥစ္စာများကို လုယက်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘောဂသံဟရဏပေတိဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့နေ အမျိုးသမီးလေးယောက်တို့သည် မမှန်မကန် ပြုလုပ်ထားသော ချိန်ခွင်တင်းတောင်းတို့ဖြင့် ရောင်းဝယ်ဖောက်ကား ပြုလုပ်ပြီး အသက်မွေးကြ၍ ကွယ်လွန်ကြသောအခါ မြို့တံခါး ကျုံးအပြင်၌ ပြိတ္တာမများ ဖြစ်ကြပုံ၊ ထိုပြိတ္တာမတို့သည် ညအခါ ဆင်းရဲနှိပ်စက်ခံကြရသဖြင့် ကြောက်မက်ဖွယ်အသံတို့ဖြင့် ငိုကြွေးမြည်တမ်းကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၂၁၆) (ပေတ၊ဋ္ဌ၊၂၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘောဇနဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ ဝေဿဘူဘုရားရှင်အား အထူးကြည်လင်သော စေတနာဖြင့် ဆွမ်းဘောဇဉ်ကို ပေးလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော နှစ်ဆယ့်ငါးကမ္ဘာအထက်၌ အမိတ္တကမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဘောဇာဇာနိယဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဘောဇာဇာနိယသိန္ဓောမြင်းမျိုး၌ ဖြစ်စဉ် ဗာရာဏသီမင်းထံ၌ မင်္ဂလာမြင်းအဖြစ်ဖြင့် အသပြာတစ်သိန်းထိုက်တန်သော ရွှေခွက်ဖြင့် စားခဲ့ရပုံ၊ နံ့သာလိမ်းကျံထားသော မြေ၌ အိပ်ရ၍ အမြဲထွန်းညှိထားသော နံ့သာဆီမီးတိုင်များဖြင့် နေထိုင်ခဲ့ရပုံ၊ တစ်နေ့သောအခါ ခုနစ်ပြည်ထောင်မင်းများက စစ်တိုက်ရန် ကြေညာသဖြင့် မြင်းစီးသူရဲက ဘောဇာဇာနိယသိန္ဓောမြင်းကို စီး၍ ခုနစ်ပြည်ထောင်မင်းတို့အား တစ်ယောက်ပြီး တစ်ယောက် အရှင်ဖမ်းဆီးကာ ဗာရာဏသီမင်းကြီးထံ ပေးအပ်ခဲ့ပုံ၊ ခြောက်ယောက်မြောက် မင်းကို ဖမ်းယူသောအခါ၌ သိန္ဓောမြင်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သော်လည်း အသက်အသေခံ၍ ခုနစ်ယောက်မြောက်မင်းကို ရအောင် ဖမ်းယူစေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မကသဇာတက

ဤဝတ္ထု၌ ဖခင်ဖြစ်သူ လက်သမားဆရာကြီး၏ နဖူး၌ ကိုက်နေသော မှက် ခြင်ကို သားဖြစ်သူက ပုဆိန်ဖြင့် ထုသတ်ပုံ၊ သားလက်ချက်ကြောင့် မှက်ခြင်သာမက ဖခင်ဖြစ်သူပါ သေဆုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မက္ကဋဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်စဉ် အရွယ်ရောက်သောအခါ ဗာရာဏသီပြည် ကာသိရွာငယ်လေး၌ အိမ်ထောင်ကျခဲ့ပုံ၊ သားယောကျ်ားလေးတစ်ယောက် မွေးဖွားပြီး သူငယ်ပြေးလွှား ဆော့ကစားနိုင်သော အရွယ်တွင် မိခင်သေဆုံးသွားသဖြင့် သားငယ်ကိုခေါ်ကာ ဟိမဝန္တာတောသို့ သွား၍ ရသေ့ဝတ်ကြပုံ၊ မိုးဥတုအချိန်၌ မျောက်တစ်ကောင်သည် ချမ်းအေးလွန်းသည့်အတွက် ရသေ့အဝတ်အစားများကို ဝတ်ကာ မီးလှုံရန် ရသေ့ငယ်ထံသို့ ချဉ်းကပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မက္ကဋီဝတ္ထု

ဤဝတ္ထု၌ ဝေသာလီပြည်သား ရဟန်းတစ်ပါးသည် အစားအစာဖြင့် ဖြားယောင်း၍ မျောက်မတစ်ကောင်အား ကာမဂုဏ် မှီဝဲနေလေ့ရှိပုံ၊ ထိုအဖြစ်ကို ကျောင်းစဉ် လှည့်လည် ကြည့်ကြသော ရဟန်းတို့က သိမြင်သွားကြသောအခါ ကဲ့ရဲ့ရှုတ်ချပြီး ဘုရားရှင်အား လျှောက်ထားကြပုံ၊ ‘‘ရဟန်းသည် တိရစ္ဆာန်အပါအဝင် မည်သည့်အမသတ္တဝါအားမဆို ကာမဂုဏ် မမှီဝဲရ’’ဟု ပထမပါရာ ဇိကသိက္ခာပုဒ်၏ အနုပညတ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မက္ခလိဂေါသာလဝတ္ထု

ဤဝတ္ထု၌ သူဌေးတစ်ဦး၏ နွားခြံမှာမွေးသဖြင့် ဂေါသာလအမည်ရှိသော ကျွန်သည် ဆီခွက်ကိုယူလာစဉ် ရွှံ့ညွန်ရှိသဖြင့် မာခလိ မချော်စေနှင့်ဟု ပြောနေစဉ်၌ပင် ချော်လဲ၍ အိုးလည်း ကွဲခဲ့ရပုံ၊ ထွက်ပြေးရန် ပြင်ဆင်ရာ လိုက်ဖမ်းသူတို့က အဝတ်ပုဆိုးကို ဆွဲမိသဖြင့် ကိုယ်တုံးလုံးထွက်ပြေးခဲ့ပုံ၊ လူတို့က ‘‘ရဟန္တာ အလိုနည်း သူ’’ဟု ထင်မှတ်၍ ပူဇော်ကိုးကွယ်ခဲ့ကြပုံ၊ ကြားသောအခါ မက္ခလိဂေါသာလ ဂိုဏ်းဆရာကြီး ဖြစ်လာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၁၃၁) (မ၊ဋ္ဌ၊၂၊၁၃၆) (အံ၊ဋီ၊၂၊၂၁၈) (သာရတ္ထ၊ဋီ၊၃၊၃၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဂ္ဂဒတ္တိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း အထက်၌ လွင်ပြင်၌ စင်္ကြံကြွနေတော်မူသော အနောမဒဿီဘုရားရှင်အား ပန်းကို ကြဲဖြန့်ပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ကမ္ဘာနှစ်သောင်းအထက်၌ ပုပ္ဖစ္ဆဒနိယမည်သော စကြဝတေးမင်း ငါးကြိမ်တိုင်တိုင် ဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၉) (အပ၊ဋ္ဌ၊၂၊၁၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဂ္ဂဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထ ဘုရားရှင် ကြွလာသည်ကို ဖူးမြင်ရ၍ ပေါက်တူး၊ ခြင်းတောင်းတို့ကို ယူပြီး ဘုရားကြွတော်မူရာ လမ်းခရီးကို ညီညွတ်အောင် ပြုခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ငါးဆယ့်ခုနစ်ကမ္ဘာ အထက်၌ သုပ္ပဗုဒ္ဓမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၁) (အပ၊ဋ္ဌ၊၂၊၁၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဂ္ဂသညကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်း အထက်၌ နတ်သားဖြစ်ခဲ့၍ ပဒုမုတ္တရဘုရားရှင်၏ တပည့်သာဝကများသည် တောကြီးအတွင်း၌ မျက်စိလည် လမ်းမှား၍ သူကန်းတို့ကဲ့သို့ ကြွေးကြော်နေကြစဉ် မထေရ်အလောင်း နတ်သားသည် ထိုရဟန်းတို့အား လမ်းမှန်ကို ညွှန်ကြားခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိတော့ဘဲ လွန်ခဲ့သော ကမ္ဘာငါးရာအထက်၌ သစက္ခုအမည်ဖြင့် စကြဝတေးမင်း တစ်ဆယ့်နှစ်ကြိမ်ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ခုနစ်နှစ်သား အရွယ်ဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဃဒေဝဇာတက

ဤဇာတ်တော်၌ လူ့တို့သက်တမ်း ရှည်လွန်းသောကာလ၌ မင်းပြုခဲ့သော ဘုရားလောင်း မဃဒေဝမင်းကြီးသည် ဆံဖြူတစ်ပင် ဦးခေါင်း၌ ပေါက်သည်ကို မြင်သဖြင့် သေမင်းတမန်သည် ငါ့ဦးခေါင်း၌ အလံစိုက်လာပြီဟု သတိသံဝေဂရကာ တောထွက်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၂၆၂) (မ၊ဋ္ဌ၊၃၊၂၁၃) (ဇာ၊ဋ္ဌ၊၁၊၁၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဃဝတ္ထု

ဤဝတ္ထုသည် ကုလာဝကဇာတကနှင့် တူသည်။ (ဒီ၊ဋ္ဌ၊၂၊၃၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဃဝတ္ထု

ဤဝတ္ထု၌ ဝေသာလီပြည်သား မဟာလိလိစ္ဆဝီသည် ဘုရားရှင်အား ‘‘သိကြားမင်းကို မြင်တွေ့ ဖူးပါ၏လော’’ ဟု မေးလျှောက်ခဲ့ပုံ၊ မြတ်စွာဘုရားရှင်က သိကြားမင်းကို မြင်တွေ့ဖူးရုံသာမက မိမိကိုယ်တိုင်ပင် မဃလုလင်ဘဝ၌ သိကြားဖြစ်ရန် အကျင့်များကို ကျင့်၍ သိကြားမင်း ဖြစ်ခဲ့ဖူးကြောင်း မိန့်ကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဃဝပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ နမ္မဒါမြစ်ကမ်းအနီး၌ နိရောဓသမာပတ် ဝင်စားနေတော်မူသော မြတ်စွာဘုရားကို ဖူးတွေ့ခဲ့ရ၍ ဖက်ထုပ်ပန်း(မဃဝပန်း)ဖြင့် ပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မင်္ဂလဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် မဂဓတိုင်း ပုဏ္ဏားမျိုး၌ ဖြစ်စဉ် အရွယ်ရောက်သောအခါ ရသေ့ဝတ်၍ အဘိညာဉ်သမာပတ်တို့ကို ဖြစ်စေပြီး ဟိမဝန္တာ၌ နေခဲ့ပုံ၊ တစ်နေ့သောအခါ မြို့တွင်းသို့ ဆွမ်းခံကြွစဉ် မဂဓမင်းကြီးက ကြည်ညိုသွားပြီး မင်းဥယျာဉ်အတွင်း၌ သီတင်းသုံးနေထိုင်ရန် ပင့်ဖိတ်ခဲ့ပုံ၊ ကောတူဟလ မင်္ဂလာအယူရှိသော မိစ္ဆာဒိဋ္ဌိ ဒုဿလက္ခဏပုဏ္ဏားသည် သေတ္တာထဲ၌ ထည့်ထားသော မိမိ၏ ပုဆိုးတစ်စုံကို ကြွက်ကိုက်သွားသဖြင့် သားဖြစ်သူအား သုသာန်၌ စွန့်ပစ်ခိုင်းပုံ၊ ဘုရားအလောင်းရသေ့က ပံ့သကူသင်္ကန်းအဖြစ် ကောက်ယူသုံးဆောင်သဖြင့် ဒုဿလက္ခဏပုဏ္ဏားက ဘုရားအလောင်း ရသေ့ထံသွား၍ ‘‘ထိုကြွက်ကိုက်ထားသော အဝတ်အစားများကို မသုံးဆောင်သင့်ကြောင်း၊ သုံးဆောင်သောသူသည် အစစအရာရာ ဆုတ်ယုတ်ပျက်စီးတတ်ကြောင်း’’ ပြောဆိုတားမြစ်ပုံ၊ ဘုရားအလောင်းရသေ့က ပုဏ္ဏားကြီးအား ‘‘ဘုရားပစ္စေကဗုဒ္ဓါ အရိယာသူတော်ကောင်းများသည် ကောတူဟလမင်္ဂလာကို မယုံကြည်ကြကြောင်း၊ သင်ပုဏ္ဏားကြီးလည်း ပညာရှိတစ်ဦးဖြစ်သဖြင့် ထိုအယူကို မယုံကြည်သင့်ကြောင်း’’ တရားဟောသဖြင့် ဒုဿလက္ခဏပုဏ္ဏားကြီး ကောတူဟလ မင်္ဂလာအယူကို စွန့်လွှတ်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မင်္ဂလတာပသဝတ္ထု

ဤဝတ္ထုသည် သိဒ္ဓတ္ထဗုဒ္ဓဝံ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မင်္ဂလဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ မင်္ဂလဘုရားအလောင်းသည် ဥတ္တရမင်းကြီးနှင့် ဥတ္တရာဒေဝီမိဖုရားတို့မှ ဖွားမြင်တော်မူလာပြီး အရွယ်ရောက်သောအခါ ယသဝတီဒေဝီနှင့် ထိမ်းမြားခဲ့ပုံ၊ သီဝလမည်သော သားတော်လေးကို ရရှိသောအခါ သံဝေဂရ၍ တောထွက်ပြီး တရားကျင့်သဖြင့် မင်္ဂလဘုရားရှင်အဖြစ်သို့ ရောက်ရှိခဲ့ပုံ၊ မင်္ဂလဘုရားရှင်သည် ဘုရားလောင်းဘဝဖြင့် ပါရမီဖြည့်ခဲ့စဉ် သားနှင့်သမီးတို့ကို ခရဒါဌိကဘီလူးအား လှူဒါန်းသည့်အခါ ဘီလူးက မိမိရှေ့၌ပင် ချိုးဖဲ့ကိုက်စား ဝါးမျိုသဖြင့် ဘီလူး၏ ပါးစပ်မှ မီးတောက်မီးလျှံကဲ့သို့ သွေးသံရဲရဲ ထွက်ကျသည်ကို တွေ့မြင်ခဲ့ရပုံ၊ထိုအခါ ဘုရားလောင်းသည် ဒေါသထွက်ခြင်းမရှိဘဲ ဤကောင်းမှုကြောင့် ဘုရားအဖြစ်ကို ရရှိသည့်အခါ ရောင်ခြည်တော်များ အမြဲထွက်ပါစေသားဟု တောင်းဆုပြုခဲ့ပုံ၊ တစ်ဖန် ဘုရားရှင်တစ်ဆူ၏ စေတီတော်ကို ဖူးမြင်ရသည့်အခါ ကြည်ညိုလွန်းသဖြင့် မိမိခန္ဓာကိုယ်ကို မီးစာဖြင့် ပတ်၍ မီးရှို့ပြီး ဆီမီးခွက်များကိုလည်း ခေါင်းဖြင့် ရွက်ကာ စေတီတော်မြတ်အား တစ်ညဉ့်လုံး လှည့်ပတ်ပူဇော်ခဲ့ပုံ၊ ဤကောင်းမှုများ၏ အကျိူးဆက််ကြောင့် သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်သောအခါ မင်္ဂလဘုရားရှင်၏ ခန္ဓာကိုယ်မှ ရောင်ခြည်တော်များသည် လရောင်နေရောင်တို့ကို ဖုံးလွှမ်း၍ လောကဓါတ်တစ်သောင်း ပျံ့နှံ့၍ အမြဲတည်နေပုံ၊ မင်္ဂလဘုရားရှင် ပွင့်တော်မူရာ ခေတ်အခါ၌ ဘိက္ခု ဘိက္ခုနီ စသော တပည့်သာဝကများ အားလုံး ရဟန္တာချည်းသာ ဖြစ်ကြပုံ၊ မင်္ဂလဘုရားရှင်သည် အနှစ်၉-သောင်း ကာလပတ်လုံး လူနတ်ဗြဟ္မာ သတ္တဝါတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးလျက် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၁) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မစ္ဆဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရေအိုင်ကြီးတစ်အိုင်၌ ငါးမင်း ဖြစ်ခဲ့ပုံ၊ မိုးခေါင်သဖြင့် ရေအိုင် ခန်းခြောက်၍ ငါးအပေါင်းတို့ သေကြေပျက်စီးကြရပုံ၊ ဘုရားအလောင်းငါးမင်းသည် ဆွေမျိုးတို့အား ကယ်တင်ရန် သစ္စာပြုသောကြောင့် သည်းထန်စွာ မိုးရွာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၂၂၉) (ဇာ၊ဋ္ဌ၊၁၊၃၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မစ္ဆဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ဆရာကြီး ဖြစ်ခဲ့ပုံ၊ မြစ်အတွင်း၌ ငါးကြီးတစ်ကောင်သည် ကိလေသာစိတ်မွှန်ကာ ငါးမနောက်သို့ လိုက်စဉ် တံငါသည်တို့၏ ပိုက်ကွန်အတွင်း၌ အဖမ်းခံရပုံ၊ တံငါသည်တို့က ငါးကြီးကို မသတ်သေးဘဲ သဲသောင်ပြင်အပေါ်၌ ပစ်ထားစဉ် ငါးကြီးက ‘‘မိမိအား တံငါသည်တို့သည် တံကျင်ဖြင့် ထိုးမည့်ဒုက္ခ၊ မီးကျီးခဲ၌ ကင်မည့်ဒုက္ခကို မစိုးရိမ်မပူပန်ကြောင်း၊ ငါးမသည် မိမိကို မတွေ့တော့သဖြင့် အခြား ငါးမနောက်သို့ လိုက်ပါသွားပြီလား-ဟုသာ တွေး၍ စိုးရိမ်ပူပန်ကြောင်း’’ ပြောဆိုလျက် ငိုကြွေးနေပုံ၊ ထိုအချိန်၌ ဘုရားလောင်း ပုရောဟိတ်ပုဏ္ဏား ရောက်ရှိလာပြီး တံငါသည်တို့ထံမှ ငါးကြီးကို တောင်းခံကာ မြစ်အတွင်းသို့ ပြန်လွှတ်ပေးခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၂၆) (ဇာ၊ဋ္ဌ၊၂၊၁၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မစ္ဆဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ စန္ဒဘာဂါမြစ်ကမ်းအနီး၌ ဝံလိုငှက် ဖြစ်ခဲ့ပုံ၊ ကြီးမားသော ငါးတစ်ကောင်ကို ရ၍ သိဒ္ဓတ္ထဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မစ္ဆရိယကောသိယသေဋ္ဌိဝတ္ထု

ဤဝတ္ထု၌ မစ္ဆရိယကောသိယသူဌေးသည် ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာသော်လည်း မည်သူအားမျှ မပေးလှူဘဲ နှမြောတွန့်တိုလှပုံ၊ တစ်နေ့တွင် မုန့်အိုးကင်းကို စားလိုသဖြင့် ဘုံခုနစ်ဆင့်သို့တက်ကာ တံခါးကို အလုံပိတ်၍ မယားကို အကြော်ခိုင်းပုံ၊ အရှင်မောဂ္ဂလာန်သည် တန်ခိုးဖြင့်ကြွရောက်လာပြီး အလှူခံရာမှစ၍ သာသနာတော်၌ ကြည်ညိုလာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မစ္ဆုဒ္ဒါနဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သူကြွယ်မျိုး၌ ဖြစ်၍ ကုန်ရောင်းကုန်ဝယ် သွားသည့်အခါ ဂင်္ဂါမြစ်အတွင်းရှိ ငါးများကို အစာကျွေး၍ မြစ်စောင့်နတ်အား အမျှအတန်း ပေးဝေပုံ၊ ညီငယ်ဖြစ်သူက အကောက်ကြံ၍ အသပြာထောင်ထုပ်ကို ကျောက်စရစ်ခဲထုပ်ဖြင့် လဲထားပြီး ကျောက်စရစ်ခဲထုပ်ဟု ထင်မှတ်ကာ အသပြာထုပ်ကို ဂင်္ဂါမြစ်အတွင်းသို့ ပစ်ချပုံ၊ မြစ်စောင့်နတ်၏ ကူညီစောင့်ရှောက်မှုကြောင့် ငါးကြီးတစ်ကောင်၏ ဝမ်းဗိုက်မှတစ်ဆင့် အသပြာတစ်ထောင် ပြန်လည်ရရှိသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဇ္ဈန္တိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မဇ္ဈန္တိကရဟန္တာမထေရ်ကြီးသည် အဖိုးတစ်မတ်မျှသာ ထိုက်တန်သည့် သပိတ် သင်္ကန်းတို့ကို သုံးဆောင်လေ့ရှိပုံ၊ အသောကမင်းကြီး၏ ကျောင်းလှူပွဲ၌ သံဃထေရ်ဖြစ်ခဲ့ပုံ၊ အလွန်ဆင်းရဲ နွမ်းပါးသည်ကို တွေ့မြင်ပြီး လူအများက အထင်အမြင်သေးကာ အပြင်အပ၌ ခဏစောင့်ခိုင်းကြပုံ၊ ရဟန္တာမထေရ်ကြီးက မြေလျှိုးလျက် ဆွမ်းကို အလှူခံပြီး တစ်ဖန်မြေပြင်၌ ရပ်၍ကြွသွားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဉ္စဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ညောင်စောင်းတစ်ခု ပြုလုပ်လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဉ္ဇရိပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ဖုဿဘုရား ရှင်ကို ဖူးမြင်ရသောအခါ ပန်းခိုင်ကို ပြုလုပ်၍ လက်နှစ်ဖက်ဖြင့် ကိုယ်ထိလက်ရောက် ဘုရားရှင်အား လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ဘဲ လွန်ခဲ့သော ခုနစ်ဆယ့်သုံးကမ္ဘာအထက်၌ ဇောတိယမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဉ္ဇိဋ္ဌကဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သား ဥပါသကာတစ်ဦးသည် ဘုရားအမှူးရှိသော သံဃာတော်တို့အား မိမိအိမ်သို့ ပင့်ဖိတ်၍ ခမ်းနားသော မဏ္ဍပ်ကြီးထိုးကာ ဆွမ်းကပ်ခဲ့ပုံ၊ ကျွန်မတစ်ဦးသည် အန္ဓဝန်တောထဲမှ အင်ကြင်းပန်းများ ခူးလာပြီး ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့် တင့်တယ်လှသော ဘုရားရှင်အား ကြည်ညိုလှသဖြင့် ပန်းများကို ဖြန့်ကျဲပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ထိုကျွန်မ ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဋ္ဌကုဏ္ဍလီဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ အဒိန္နပုဗ္ဗက အမည်ရှိသော ပစ္စည်းဥစ္စာပေါများပြီး သဒ္ဓါတရားခေါင်းပါးသော မိစ္ဆာဒိဋ္ဌိပုဏ္ဏားကြီးသည် ရောဂါကျွမ်းနေသောကြောင့် သေငယ်ဇောဖြင့် မျောနေသည့် မဋ္ဌကုဏ္ဍလီ အမည်ရှိသော သားအား အိမ်ပြင်သို့ ထုတ်ထားခဲ့ပုံ၊ ထိုအခါ မိမိအနီးသို့ ကြွရောက်တော်မူလာသော ဘုရားရှင်အား လက်အုပ်ချီ ရှိခိုးရသော ကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ပြီး မိမိဖခင်အား ရတနာသုံးပါးကို ကိုးကွယ်ရန်တိုက်တွန်းသဖြင့် ဖခင် ပုဏ္ဏားကြီး ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိမာန၊၁၁၃) (ဓမ္မ၊ဋ္ဌ၊၁၊၁၆) (ဝိမာန၊ဋ္ဌ၊၃၀၃) (ပေတ၊ဋ္ဌ၊၈၇) (ဇာ၊ဋ္ဌ၊၄၊၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဏိကဏ္ဌဇာတက

ဤဇာတ်တော်၌ အာဠဝီတိုင်းသား ရဟန်းတော်များသည် ကိုယ်တိုင်ကျောင်းငယ်များ ဆောက်လုပ်ရန်အတွက် လူဒါယကာများထံမှ သစ်ဝါးစသည်များကို ကြိမ်ဖန်များစွာ တောင်းခံလေ့ရှိကြပုံ၊ လူဒါယကာများသည် ရဟန်းများကိုမြင်သည်နှင့် ကြောက်လန့်၍ ပြေးလွှားပုန်းအောင်းကြပုံ၊ ဘုရားရှင်က အတိတ်ဇာတ်ကြောင်းကိုဆောင်၍ သိက္ခာပုဒ်ပညတ် တော်မူပုံ၊ တောင်းရမ်းမှုကို လူမဆိုထားနှင့် တိရစ္ဆာန်များပင် မနှစ်သက်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၂၀) (ဇာ၊ဋ္ဌ၊၂၊၂၅၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဏိကာရကုလူပကတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ တိဿမထေရ်သည် ကျောက်သွေးသမား ဒကာ၏ အိမ်ထဲသို့ ဆွမ်းခံကြွစဉ် ဒကာသည် ဘုရင့်ပတ္တမြားကို သွေးနေရာမှ ထသွားသောအခါ ကြိုးကြာက ပတ္တမြားကိုမျိုခဲ့ပုံ၊ ဒကာသည် မထေရ်ကို ‘‘ပတ္တမြားခိုးသူ’’ဟု စွပ်စွဲ၍ ရိုက်နှက်စစ်မေးပုံ၊ မထေရ်ထံမှ ယိုစီးလာသော သွေးကို သောက်ရန်လာသော ကြိုးကြာအား ဒါယကာက ကန်လိုက်၍ သေသောအခါမှ ပတ္တမြားကိုပြန်ရပုံ၊ မထေရ်သည် ပတ္တမြားကို ကြိုးကြာမျိုလိုက်ကြောင်း မပြောခဲ့သည်မှာ ကြိုးကြာအသက်ခံရမှာစိုး၍ ဖြစ်ပုံ၊ အိမ်သို့ ဝင်၍ ဆွမ်းခံရပ်သည်ထက် သလုံးမြင်းခေါင်း ကိုသာ အားပြု၍ ဆွမ်းခံရပ်သည်က အန္တရာယ်ကင်းကြောင်း မှတ်သားသင့်ပုံ စသော အကြောင်း အရာများပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဏိကုဏ္ဍလဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်းဖြစ်စဉ် နန်းတွင်း၌ ပျက်စီးနေသော အမတ်တစ်ယောက်သည် ကောသလမင်းကို ခေါ်ဆောင်ကာ ကာသိတိုင်းကို သိမ်းစေ၍ ဘုရားအလောင်း ဗာရာဏသီမင်းကို ဖမ်း၍ အကျဉ်းချစေခဲ့ပုံ၊ ဘုရားအလောင်း ဗာရာဏသီမင်းက ဈာန်ရအောင် အားထုတ် ၍ကောင်းကင်၌ ထိုင်နေသောအခါ ခိုးသူမင်း တစ်ကိုယ်လုံး ပူလောင်ပြင်းပြ ခံစားရပုံ၊ ဘုရားအလောင်းက တရားဟောပြသောအခါ ခိုးသူမင်းက ဝန်ချတောင်းပန်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဏိစူဠကဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ‘‘ရဟန်းတို့အား ရွှေငွေသည် အပ်စပ်သည်’’ဟု နန်းတွင်းပရိသတ်တို့က ပြောဆိုနေကြသဖြင့် မဏိစူဠကရွာသူကြီးက မအပ်စပ်ကြောင်း ငြင်းဆိုပုံ၊ ဘုရားရှင်ထံရောက်လာပြီး လျှောက်ထား သောအခါ ဘုရားရှင်က ‘‘ရွှေငွေသည် ရဟန်းတို့အား မအပ်၊ ရွှေငွေအပ်လျှင် ကာမဂုဏ် ငါးပါးလည်း အပ်သည်သာ၊ မည်သည့်ပရိယာယ်နှင့်မျှ ရွှေငွေကို မသာယာအပ်’’ဟု ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၅၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဏိစောရဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သူကြွယ်မျိုး၌ဖြစ်၍ နတ်သမီးတမျှ ချောမောလှပသည့် သုဇာတာ အမျိုးသမီးနှင့် ထိမ်းမြားလက်ထပ်ခဲ့ပုံ၊ တစ်နေ့သောအခါ မိဘထံသို့သွားစဉ် ဗာရာဏသီမင်းနှင့် တွေ့ဆုံခဲ့ပုံ၊ မင်းကြီးက သုဇာတာကို စွဲလန်းနှစ်သက်သဖြင့် ဘုရားအလောင်းအား ပတ္တမြားဥသျှောင်သူခိုးဟု စွပ်စွဲလျက် သတ်မိန့်ပေးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဏိထူဏဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော်တို့သည် တောကျောင်း၌ သီတင်းသုံးကြစဉ် ဆွမ်းခံဝင်ရာ ရွာလမ်းကို ဥပါသကာတစ်ယောက်သည် ညီညာအောင် ဆူးများ ခြုံပုတ်များ မရှိအောင် ရှင်းလင်း ပြုပြင်ခဲ့ပုံ၊ ရေကြီးချိန်၌ မြောင်းကျော်တံတားထိုးပြီးလျှင် အပင်မရှိသော နေရာ၌ အရိပ်ရပင်များကို စိုက်ပျိုးကာ ဆိပ်ကမ်းများကို ပြုပြင်ခဲ့ပုံ၊ ထိုကုသိုလ် ကောင်းမှုတို့ကြောင့် တာဝတိံသာနတ်ပြည် ရွှေဗိမာန်ကြီး၌ နတ်သား ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဝိမာန၊၁၀၄) (ဝိမာန၊ဋ္ဌ၊၂၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဏိပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဤမဏိပူဇကမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား မိမိဦးခေါင်း၌ ပန်ဆင်ထားသော ပတ္တမြားရတနာကို ဖြုတ်၍ လှူဒါန်းခဲ့ပုံ၊ မြတ်နိုးဖွယ်ရာဝတ္ထုကို လှူဒါန်းလျှင် မြတ်နိုးဖွယ်ရာ အကျိုးထူးကို ခံစားရပုံ၊ ထိုကုသိုလ်၏ အကျိုးဆက်ကြောင့် သိကြားမင်း ဘဝ ကမ္ဘာခြောက်ဆယ်, စကြာမင်းဘဝ မရေတွက်နိုင်အောင် ရရှိခဲ့ပုံ၊ ဖြစ်လေရာ ဘဝတိုင်း၌ မိမိခန္ခာကိုယ်၌ ပတ္တမြားရောင်လွှမ်းနေခဲ့ပုံ၊ ကမ္ဘာတစ်သိန်း အပါယ်မလားဘဲ လူချမ်းသာ တစ်လှည့် နတ်ချမ်းသာတစ်လှည့် ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော် ရောက်သောအခါ၌ အာသဝေါကုန်ခန်း၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဏိသူကရဇာတက

ဤဇာတ်တော်၌ တိတ္ထိများသည် လာဘ်လာဘရှားပါးလာသဖြင့် သုန္ဒရီပရိဗိုဇ်မနှင့် ပေါင်းကာ ဘုရားရှင်၏ အကျော်အစောမဲ့ကို ကြံစည်ပြုလုပ် အားထုတ်ကြပုံ၊ သုန္ဒရီပရိဗိုဇ်မ အသတ်ခံရသဖြင့် ကောသလမင်းကြီး စုံစမ်းစစ်ဆေးခဲ့ပုံ၊ ကောသလမင်းကြီး အဖြစ်မှန်ကို သိသွားသဖြင့် တိတ္ထိများအား သတ်မိန့်ပေးခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဏ္ဍပဒါယိကာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျာသည် ကောဏာဂုံဘုရားရှင်အား ဆွမ်းနှင့် တိစိဝရိတ်သင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဝေသာလီပြည် လိစ္ဆဝီ မင်းသမီး ဖြစ်၍ ဘိက္ခုနီပြုကာ ရဟန္တာထေရီ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (အပ၊၂၊၁၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဏ္ဍူကဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ ဂဂ္ဂရာရေကန် အနီး၌ ဘုရားရှင် တရားဟောတော်မူသောအခါ ဖားငယ်တစ်ကောင်သည် ဘုရားရှင်၏ သာယာသော အသံတော်ကို နာကြားနေပုံ၊ နွားကျောင်းသားက တုတ်နှင့်ထောက်သဖြင့် ဖားငယ်သေဆုံးခဲ့ပုံ၊ တိရစ္ဆာန်ပင်ဖြစ်သော်လည်း တရားတော်ကို ရိုသေစွာ နာကြားရခြင်းကြောင့် နတ်ပြည်သို့ ရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၉၄) (ဝိမာန၊ဋ္ဌ၊၂၀၁) (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မတကဘတ္တဇာတက

ဤဇာတ်တော်၌ ဒိသာပါမောက္ခပုဏ္ဏား ဆရာကြီးသည် သိုးတစ်ကောင်ကို ခေါင်းဖြတ်၍ မတကဘတ် (ကွယ်လွန်သူကို ရည်မှန်၍ ဆွမ်းလှူခြင်း) ပြုလုပ်ခဲ့သဖြင့် ဘဝငါးရာပတ်လုံး ခေါင်းဖြတ်အသတ်ခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မတရောဒနဇာတက

ဤဇာတ်တော်၌ သူဌေးမျိုး၌ဖြစ်သော ဘုရားအလောင်း၏ အစ်ကိုကြီး ကွယ်လွန်သဖြင့် မိသာစုအားလုံး ငိုကြသော်လည်း ဘုရားအလောင်းက မငိုခဲ့ပုံ၊ သို့ဖြစ်၍ လူအများက မေးမြန်းကြသောအခါ ဘုရားလောင်းက သင်္ခါရတရားများသည် အမြဲမရှိကြ ချုပ်ပျက်တတ်ကြ၏ ငိုကြွေးခြင်းသည် အပိုသာ ဖြစ်၏၊ မသေမီ ကုသိုလ်တရားများကို ပြုလုပ်ထားသင့်၏-ဟု ဟောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မတသန္တကဝတ္ထု

ဤဝတ္ထု၌ ရဟန်းနှစ်ပါးသည် ကောသလတိုင်း၌ လှည့်လည်နေစဉ် ကျောင်းတစ်ကျောင်း၌ ဖျားနာနေသော ရဟန်းကို တွေ့၍ ပြုစုကြပုံ၊ ထိုရဟန်း ပျံတော်မူသောအခါ ထိုရဟန်း၏ သပိတ်သင်္ကန်းကို သံဃာပိုင်သော်လည်း ကျေးဇူးများသည့် ပြုစုသူတို့အား တိစီဝရိက်နှင့် သပိတ်ကို ပေးနိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မတ္တာပေတိဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သား သူကြွယ်တစ်ဦးသည် သဒ္ဓါတရားနှင့် ပြည့်စုံ၍ သူ၏ မိန်းမမှာမူ သဒ္ဓါတရားနည်းပါးသူ ဖြစ်ခဲ့ပုံ၊ အမည်မှာ မတ္တာဖြစ်၍ မာယာပရိယာယ်များသူ ဖြစ်ခဲ့ပုံ၊ သူကြွယ်သည် သားသမီးမရသဖြင့် တိဿာအမည်ရှိသော အမျိုးသမီးကို ထပ်မံယူခဲ့ရာ တိဿာသည် သဒ္ဓါတရားရှိပြီး သံဃာတော်တို့ကို အမြဲဆွမ်းကပ်လေ့ရှိပုံ၊ မယားဟောင်းသည် မနာလို၍ တိဿာ၏ ဦးခေါင်းပေါ်သို့ အမိုက်များကို သွန်ချခဲ့ပုံ၊ ထိုအကုသိုလ်ကြောင့် ကွယ်လွန်သောအခါ ပြိတ္တာ ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ပေတ၊၁၄၁) (ပေတ၊ဋ္ဌ၊၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဓုဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိန္ဓုမြစ်ကမ်းအနီး သင်္ခမ်းကျောင်း၌ တပည့်ရသေ့တို့အား ဝေဒကျမ်းများ ပို့ချသော ဆရာရသေ့ကြီး ဖြစ်ခဲ့ပုံ၊ လောက၌ သုမေဓဘုရားရှင် ပွင့်တော်မူလာပြီး ထိုရသေ့တို့ထံ ကြွလာတော်မူပုံ၊ ဆရာရသေ့ကြီးသည် ဘုရားရှင်အား မြက်အခင်း လှူဒါန်းပြီး ပျားရည်ကိုပါ လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် အပါယ်လေးပါး မလားခဲ့ရဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဓုပိဏ္ဍိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထဘုရားရှင်အား ပျားရည်ကို လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော သုံးဆယ့်လေးကမ္ဘာအထက်၌ သုဒဿနမည်သော စကြဝတေးမင်းလေးကြိမ် ဖြစ်ခဲ့ပုံ၊ ထိုသို့ သုဒဿနမင်းဖြစ်သောအခါ ထိုမင်းအတွက် ပျားရည်သည် ကြာစွယ်တို့မှ ယိုစီးခဲ့ပုံ၊ စားသုံးသောအခါ၌လည်း ပျားရည်မိုးရွာသကဲ့သို့ ပျားရည်များ ယိုထွက်လာခဲ့ပုံ၊ သံသရာ၌ ထိုသို့ ကောင်းကျိုးများ ခံစားပြီးနောက် ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဓုမံသဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဗန္ဓုမတီမြို့တွင် ဝက်သားသည် ဖြစ်ခဲ့ပုံ၊ သံဃာ့အစည်းအဝေးသို့ သွား၍ သပိတ်တစ်လုံးယူခဲ့ပြီး ကောင်းမြတ်သော အသားတို့ကို ထည့်ကာ ရဟန်းသံဃာတို့အား ပေးလှူခဲ့ပုံ၊ ထိုအစည်းအဝေးမှ မထေရ်ကြီးသည် ‘‘ဤကောင်းမြတ်သော အသားဖြင့် ပြည့်သော သပိတ်တော်ကို လှူရခြင်းကြောင့် ပြန့်ပြောသော ချမ်းသာကို ရစေသော’’ဟု ဆုပေးခဲ့ပုံ၊ ထိုဘဝမှ စုတေသောအခါ တာဝတိံသာနတ်ပြည်သို့ ရောက်၍ ပြန့်ပြောသော ချမ်းသာကို ခံစားခဲ့ရပုံ၊ ထိုဝက်သားလှူခဲ့သော ဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဓုရဝတ္ထု

ဤဝတ္ထု၌ အရှင်မဟာကစ္စည်းအထံ အဝန္တီမင်းသမီး၏သား မဓုရာမင်း ရောက်ရှိလာပြီး ‘‘အမျိုးလေးပါးတို့တွင် ဗြာဟ္မဏမျိုး အမြတ်ဆုံး ဖြစ်သည်ဟူသော စကားကို လက်ခံပါသလော’’ဟု မေးလျှောက်ခဲ့ပုံ၊ မထေရ်က ရာထူး၊ အာဏာ၊ ရွှေ၊ ငွေရှိသူသာ မြတ်၏-ဟု တစ်လောကလုံးက ယူဆကြကြောင်း ဥပမာပြ၍ ဟောတော်မူပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (မ၊၂၊၂၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဓုဝါဏိဇကဝတ္ထု

ဤဝတ္ထု၌ ပျားရည်ကုန်သည် ညီနောင်သုံးဦးတို့သည် ညီအငယ်ဆုံးက ပျားရည်ရောင်းပြီး အစ်ကိုလတ်နှင့် အစ်ကိုကြီးက တောထဲ၌ ပျားရည်ရှာကြပုံ၊ အားနည်းသော အနာရောဂါအတွက် ပျားရည်အလှူခံကြွလာသော ပစ္စေကဗုဒ္ဓါတစ်ပါးအား ရေခပ်လာသောကျွန်မက ပျားရည် ရနိုင်သည့်ဌာနကို လမ်းညွှန်ပြခဲ့ပုံ၊ ညီအငယ်ဆုံးသည် ပျားရည်များကို သပိတ်အပြည့် လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် ညီအငယ်မှာ သိရိဓမ္မာသောကမင်းဖြစ်၍ အကိုလတ်သည် သီဟိုဠ်ကျွန်းဒေဝါနံပိယတိဿမင်း၊ နောင်တော်ကြီးမှာ နိဂြောဓသာမဏေဖြစ်ခဲ့ကြ၍၊ ရေခပ်သည့် ကျွန်မမှာ အသန္ဓိမိတ္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၁၊၁၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မနောဇဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း ခြင်္သေ့၏သား မနောဇသည် အရွယ်ရောက်သောအခါ မိဘနှင့် နှမတို့အား အစာရှာ၍ကျွေးမွေးခဲ့ပုံ၊ တစ်နေ့တွင် မနောဇသည် မြေခွေးတစ်ကောင်နှင့်ပေါင်းသင်းမိပုံ၊ အောက်ကျသော မြေခွေးနှင့် အပေါင်းအသင်း မလုပ်ရန် ဖခင်က တားမြစ်သည်ကို မနာယူခဲ့ပုံ၊ တစ်နေ့မှာ မြင်းသား စားရန် မြေခွေးက တိုက်တွန်းသဖြင့် ဘုရင်၏ မြင်းများကို နန်းတော်တွင်းသို့ဝင်၍ ကိုက်ချီ သတ်စားရာ ဆိပ်လူးမြား အပစ်ခံရ၍ သေဆုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မန္တာဏီပုတ္တပုဏ္ဏတ္ထေရဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရား ဖွားတော်မူရာ ဇာတိဘူမကအရပ်၌ သီတင်းသုံးနေသော မန္တာဏီပုဏ္ဏေးမ၏သား အရှင်ပုဏ္ဏမထေရ်သည် အမေးပုစ္ဆာပြဿနာများကို ဆန်းကြယ်စွာ ဟောပြောတတ်ကြောင်း ကြားသိရသဖြင့် အရှင်သာရိပုတ္တရာမထေရ်သည် အရှင်ပုဏ္ဏမထေရ်ထံ သွားရောက်တွေ့ဆုံပြီး ဝိသုဒ္ဓိ (၇)ပါးအကြောင်း မေးမြန်းတော်မူခဲ့ပုံ၊ အရှင်ပုဏ္ဏမထေရ်က ရထာ ခုနစ်စီးဥပမာဖြင့် လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၁၊၁၉၉) (မ၊ဋ္ဌ၊၂၊၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မန္တာဏီပုတ္တပုဏ္ဏတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်ပုဏ္ဏမထေရ်သည် ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်တော်အခါ၌ ဂေါတမ ရသေ့ဖြစ်၍ ဘုရားရှင်ကို ဆည်းကပ်ကာ ကောင်းမှုပြု၍ တောင်းဆုပြုခဲ့ပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ အညာသိကောဏ္ဍည မထေရ်၏တူဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ခဲ့ပုံ၊ ဓမ္မကထိက ဧတဒဂ်ရ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မန္ဒာရဝပုပ္ဖပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ နတ်သားဖြစ်၍ သိခီဘုရားရှင်အား မန္ဒာရဝနတ်ပန်းဖြင့် လှူဒါန်းပူဇော်ခဲ့ပုံ၊ နတ်ပန်းသည် ခုနစ်ရက်ပတ်လုံး ဘုရားရှင်၌ အမိုးဖြစ်ခဲ့ပုံ၊ မန္ဒာရဝနတ်ပန်းလှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်သို့ လားရောက်ခြင်းမရှိခဲ့ဘဲ လွန်ခဲ့သော ဆယ်ကမ္ဘာအထက်၌ ဇုတိန္ဓရအမည်ရှိသော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မန္ဒာရဝပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာ နတ်သားသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ တာဝတိံသာနတ်ပြည်မှ မန္ဒာရဝနတ်ပန်းကို ယူ၍ လူ့ပြည်သို့ ဆင်းလာပြီး သမာပတ်ဖြင့် နေတော်မူသော ဝိပဿီဘုရားရှင်၏ ဦးခေါင်းတောကို ဆောင်းမိုးလှူဒါန်းခဲ့ပုံ၊ ခုနစ်ရက်ပတ်လုံး ဆောင်းမိုးပေးခဲ့ပြီး နတ်ပြည်သို့ ပြန်လာခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိတော့ဘဲ ဤဘုရားရှင့် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မန္ဓာတုဇာတက

ဤဇာတ်တော်၌ ကမ္ဘာဦးကာလက မဟာသမ္မတမင်း၏ သားတော်အစဉ်အဆက်တို့ ရှိခဲ့ကြပုံ၊ ဥပေါသထမင်း၏ သားတော်သည် မန္ဓာတုမင်းမည်ပုံ၊ မန္ဓာတုမင်းသည် လူ့ပြည်၌ ကာမဂုဏ်အလိုဆန္ဒ မပြည့်ဝသဖြင့် စတုမဟာရာဇ် နတ်ပြည်သို့ တက်သွားခဲ့ပုံ၊ စတုမဟာရာဇ် နတ်ပြည်၌လည်း အားရတင်းတိမ်းမှုမရှိသဖြင့် တာဝတိံသာနတ်ပြည်သို့တက်သွားခဲ့ပုံ၊ သိကြားမင်းကိုပင် သတ်လျက် တာဝတိံသာနတ်ပြည် တစ်ခုလုံးကို အုပ်ချုပ် မင်းလုပ်မည်ဟု ကြံစည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၇၂) (မ၊ဋ္ဌ၊၁၊၂၃၀) (ဓမ္မ၊ဋ္ဌ၊၂၊၁၅၅) (ဇာ၊ဋ္ဌ၊၂၊၂၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မယှကဇာတက

ဤဇာတ်တော်၌ သာဝတ္ထိပြည်သား အာဂန္တုကသူဌေးသည် ဥစ္စာများစွာ ကြွယ်ဝသော်လည်း ကောင်းသော အာဟာရကို မစားသောက်ဘဲ ပုန်းရည်ဟင်းနှင့် ဆန်ကွဲထမင်းကိုသာ စားလေ့ရှိပုံ၊ အဝတ်ကောင်း၊ ရထားကောင်း၊ ထီးကောင်း၊ ပစ္စည်းကောင်းကိုလည်း မသုံးဆောင်နိုင်ပုံ၊ ကုသိုလ်ကောင်းမှု တစ်စုံတစ်ခုမျှ မပြုဘဲ ကွယ်လွန်သောအခါ ရောရုဝငရဲ၌ ဖြစ်ခဲ့ပုံ၊ ပစ္စည်းအားလုံး မင်းဘဏ္ဍာ ဖြစ်ခဲ့ရပုံ၊ ထို့အကြောင်းကို ကောသလမင်းက ဘုရားရှင်အား မေးမြန်းလျှောက်ထားသောအခါ၊ ရှေးဘဝ ဗာရာဏသီသူဌေးဖြစ်စဉ်က တဂရသိခီပစ္စေကဗုဒ္ဓါအား ဆွမ်းလှူဒါန်းခဲ့သည့် ကုသိုလ်ကြောင့် ဥစ္စာပေါများသော်လည်း လှူပြီးသောဆွမ်းကို ကြည့်၍ အပရစေတနာ ချိုးတဲ့ခဲ့သောကြောင့် မသုံးဆောင်ရက်ကြောင်း ဘုရားရှင်က ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မရီစိကမ္မဋ္ဌာနိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ခန္ဓာကိုယ်အတ္တဘောကို တံလျှပ်၊ ရေမြှုပ်တို့နှင့် နှိုင်းယှဉ်၍ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မရုကန္တာရဝတ္ထု

ဤဝတ္ထု၌ ဗကဗြဟ္မာလောင်းလျာ ရသေ့ကြီးသည် ဂင်္ဂါမြစ်ကမ်း၌ နေတော်မူစဉ် လှည်းကုန်သည်တစ်ဦးသည် လှည်းပေါင်းငါးရာဖြင့် သဲကန္တာရကို ဖြတ်သွားပုံ၊ ကုန်သည်များ လမ်းမှားပြီး အစာရေစာငတ်မွတ်နေချိန်၌ ရသေ့ကြီးက အစာရေစာများ ဖန်ဆင်းပေးပြီး ကယ်တင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၁၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မရုကန္တာရဝတ္ထု

ဤဝတ္ထု၌ အမျိုးသမီးတစ်ဦးသည် သဲကန္တာရခရီးထွက်ခွာစဉ် အတူလာသော လှည်းကုန်သည်တို့နှင့် ကွဲကွာ၍ ကျန်ရစ်ခဲ့ပုံ၊ နေ့အခါရောက်သောအခါ နေမင်းကြီးပေါ်ထွက်လာချိန်၌ သဲတို့ တဖြည်းဖြည်း ခြစ်ခြစ်တောက်ပူလာ၍ ခြေမချနိုင်တော့ဘဲ ခေါင်းမှ တောင်းကို ချ၍ နင်းထားရပုံ၊ အပူပြင်းထန်လာသဖြင့် အဝတ်အစားများနှင့် ရင်ခွင်မှ သားငယ်ကို ဝမ်းလျားမှောက် ချကာ တက်နင်းပြီးနေရပုံ၊ အပူပြင်းလွန်းသဖြင့် ထိုနေရာမှာပင် နောက်ဆုံးတွင် သေဆုံးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မလိတဝမ္ဘတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဟိမဝန္တာတော ဇာတဿရအိုင်ကြီး၌ ငှက် ဖြစ်ခဲ့ပုံ၊ ထိုစဉ်က ပဒုမုတ္တရဘုရားရှင်အား ကုမုဒြာကြာတို့ဖြင့် လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကုရုကစ္ဆမြို့ ပုဏ္ဏားမျိုး၌ ဖြစ်ခဲ့ပုံ၊ ပစ္ဆာဘူမထေရ်ကြီးထံ ကပ်ရောက်၍ ရဟန်းဖြစ်လာခဲ့ပြီးနောက် ဝိပဿနာတရား ရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မလိယဒေဝတ္ထေရဝတ္ထု

ဤဝတ္ထု၌ မလိယဒေဝမထေရ်သည် ရဟန်းသုံးဝါအရတွင် ကလ္လရွာငယ်ရှိ မဏ္ဍလာရာမ ကျောင်းတိုက်ကြီး၌ စာပေသင်ယူခြင်း, ဝိပဿနာပွားများခြင်းတို့ကို အားထုတ်လေ့ရှိပုံ၊ ကလ္လရွာသူ ဥပါသိကာမကြီးက စာပေကျမ်းဂန် သင်ယူနေသမျှ ကာလ ပတ်လုံး အမြဲတမ်း ဆွမ်းခံကြွရန် ပင့်ဖိတ်ခဲ့ပုံ၊ ဆွမ်းအနုမောဒနာ ပြုတိုင်း‘‘သုခံ ဟောတု ဒုက္ခာ မုစ္စတု ချမ်းသာပါစေ- ဆင်းရဲမှ လွတ်ကင်းပါစေ’’ဟူသော စကားနှစ်ခွန်းကိုသာ ဟောပြောလေ့ရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မလ္လိကာဒေဝီဝတ္ထု

ဤဝတ္ထု၌ မလ္လိကာမိဖုရားကြီးသည် ရေချိုးအိမ်အတွင်း၌ အကျွမ်းတဝင် မွေးထားသော ခွေးတစ်ကောင်နှင့် ပြစ်မှားကျူးလွန်နေစဉ် ကောသလမင်းကြီး တွေ့မြင်သဖြင့် အဘယ့်ကြောင့် ဤမျှလောက် ယုတ်မာသောအမှုကို ပြုရသနည်းဟု ပြောကြားခဲ့ပုံ၊ မလ္လိကာမိဖုရားကြီးက မဟုတ်ရပါကြောင်း ငြင်းဆိုပြီး ကောသလမင်းကြီးကို ရေချိုးအိမ်အတွင်း ဝင်စေကာ ဆိတ်မတစ်ကောင်နှင့် လွန်ကျူးနေကြောင်း လိမ်ညာ၍ စွပ်စွဲပြောဆိုခဲ့ပုံ၊ ကွယ်လွန်သောအခါ ထိုမကောင်းမှုကို သတိရနေသဖြင့် အဝီစိငရဲ၌ ခုနစ်ရက် ခံစားခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မလ္လိကာဝတ္ထု

ဤဝတ္ထု၌ မလ္လလိကာမိဖုရားကြီးသည် မိဖုရားမဖြစ်မီ ရှေးအဖို့က ပန်းသည်မလေးဘဝဖြင့် ကျင်လည်ကျက်စားခဲ့ပုံ၊ တစ်နေ့သောအခါ ဘုရားရှင် ဆွမ်းခံကြွလာစဉ် မိမိစားရန် ယူလာသောမုန့်ကို ဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ထိုနေ့၌ပင် ကောသလမင်းကြီးနှင့် တွေ့ပြီး မိဖုရားမြောက်ခြင်း ခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၇၄) (သံ၊ဋ္ဌ၊၁၊၁၂၉) (သံ၊ဋီ၊၁၊၁၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မလ္လိကာဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သူကြွယ်တစ်ယောက်သည် မိမိ၏ တစ်ဦးတည်းသောသား ကွယ်လွန်သွားသဖြင့် စားမဝင် အိပ်မပျော်ဖြစ်ကာ သုသာန်သို့သွားလျက် ငိုကြွေးလေ့ရှိပုံ၊ ဘုရားရှင်က သူကြွယ်ကို ‘‘သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ’’ တရားတို့သည် အချစ်ကြောင့် ဖြစ်ပေါ်လာကြောင်း မိန့်ကြားတော်မူပုံ၊ သူကြွယ်က အချစ်ကြောင့် နှစ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းတို့ ဖြစ်ပေါ်လာကြောင်း ပြန်လည်လျှောက်ထားပုံ၊ ထိုအကြောင်းအရာကို ကောသလမင်းကြီး သိရှိသွားပြီး မလ္လိကာအား တစ်ဆင့်ပြောကြားခဲ့ပုံ၊ မိလ္လိကာမိဖုရားကြီးက ဘုရားရှင်ဟောကြားလျှင် ဟောကြားသည့်အတိုင်းသာ မှန်ကန်ကြောင်း ကောသလမင်းကြီးအား ဥပမာအမျိုးမျိုးတို့ဖြင့် ရှင်းပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၃၀၉) (မ၊ဋ္ဌ၊၃၊၂၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မလ္လိကာဝတ္ထု

ဤဝတ္ထု၌ မလ္လိကာမိဖုရားကြီး သမီးရတနာလေး ဖွားမြင်၍ ကောသလမင်းကြီး စိတ် မချမ်းမသာ ဖြစ်ခဲ့ရပုံ၊ ဘုရားရှင်က အသိအလိမ္မာ ဉာဏ်ပညာရှိပြီး မိဘယောက္ခမကို နတ်ကဲ့သို့ ရိုသေလေးစားကာ လင်ယောက်ျားကို ချစ်ခင်ယုယစွာ ပြုစုလုပ်ကျွေးသော သမီးမိန်းကလေးသည် အသိအလိမ္မာ ဉာဏ်ပညာ မဖွံ့ဖြိုးသော သားယောက်ျားလေးထက် သာလွန်မွန်မြတ်ကြောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၈၆) (သံ၊ဋ္ဌ၊၁၊၁၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မလ္လိကာဝတ္ထု

ဤဝတ္ထု၌ ဗန္ဓုလ စစ်သူကြီး၏ကတော် မလ္လမင်းသမီး မလ္လိကာဒေဝီသည် မဟလ္လတာတန်းဆာကို ပရိနိဗ္ဗာန်စံဝင်တော်မူသော ဘုရားရှင်၏ ကိုယ်တော်ပေါ်၌ ဖုံးလွှမ်းလှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မလ္လိကာဝတ္ထု

ဤဝတ္ထု၌ မလ္လိကာသည် မိဖုရားမဖြစ်မီ သာဝတ္ထိမြို့တွင် ဆင်းရဲနွမ်းပါးသော ပန်းသည်မတစ်ဦး ဖြစ်ခဲ့ပုံ၊ တစ်နေ့သောအခါ ဈေးထဲမှ မုန့်များကို ဝယ်ယူလာပြီး ပန်းခင်းထဲရောက်မှ စားမည်ဟုကြံကာ ပန်းခင်းသို့သွားစဉ် ရဟန်းသံဃာတော်များ ခြံရံလျက် ဆွမ်းခံကြွလာသော ဘုရားရှင်အား ဖူးမြင်ရပုံ၊ မလ္လိကာသည် သဒ္ဓါကြည််ညိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာပြီး မုန့်များကို ဘုရားရှင်အား ပေးလှူလိုက်ပုံ၊ ဘုရားရှင်က ‘‘မလ္လိကာသည် ဤကောင်းမှုကြောင့် ယနေ့ပင် ကောသလမင်းကြီး၏ မိဖုရားကြီး ဖြစ်လိမ့်မည်’’ဟု အရှင်အာနန္ဒာအား မိန့်ကြားတော်မူပုံ၊ ထိုနေ့၌ပင် ကောသလမင်းကြီးသည် စစ်ရှုံးသဖြင့် စစ်သည်ဗိုလ်ပါများနှှင့် ကွဲပြီး မလ္လိကာ၏ ပန်းခင်းထဲသို့ ရောက်ရှိလာပုံ၊ မလ္လိကာက ခရီးဦးကြိုပြုပြီး ချစ်ဖွယ်သော စကားတို့ဖြင့် ပြောဆို၍ ဧည့်ဝတ်ပြုသဖြင့် မင်းကြီးက မလ္လိကာအား နှစ်သက်သဘောကျကာ နန်းတော်တွင်းသို့ ခေါ်ဆောင်သွားပြီး အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး အရာ၌ ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၂၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာအရိဋ္ဌတ္ထေရဝတ္ထု

ဤဝတ္ထု၌ ထူပါရုံကျောင်းတိုက်ကြီး၌ ရဟန္တာ သံဃာတော်ပေါင်း ခြောက်သောင်းရှစ်ထောင်တို့ စုဝေးကြပုံ၊ အရှင်မဟိန္ဒမထေရ်၏ တိုက်တွန်းချက်အရ အရှင်အရိဋ္ဌမထေရ်သည် တရားဟောပလ္လင်၌ ထိုင်တော်မူပုံ၊ မဟိန္ဒမထေရ် အမှူးရှိသော သံဃာတော်ပေါင်း ခြောက်သောင်းရှစ်ထောင်တို့ တရားဟောပလ္လင်ကို ဝန်းရံ၍ ထိုင်နေကြပုံ၊ မတ္တာဘယမထေရ်နှင့် အခြားသံဃာ ငါးရာတို့ကလည်း ဝိနည်းကို သင်ယူရန် ဝန်းရံကြပုံ၊ ထိုအချိန်၌ အရှင်မဟာအရိဋ္ဌမထေရ်သည် ‘‘တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဝေရဉ္ဇာယံ ဝိဟရတိ’’ စသည်ဖြင့် ဝိနည်း၏ နိဒါန်းကို စတင် ရွတ်ဆိုတော်မူပုံ၊ ဝိနည်းနိဒါန်းကို စတင် ရွတ်ဆိုသည်နှင့် တစ်ပြိုင်နက် မြေငလျင် တုန်လှုပ်ပုံ၊ အရိဋ္ဌမထေရ်မှ စ၍ ဝိနည်းပိဋကကို ဆရာတပည့်အစဉ်အဆက် ယနေ့တိုင်အောင် ဆောင်တော်မူခဲ့ကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာအဿာရောဟဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်းဖြစ်စဉ် တရားနှင့်အညီ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့ပုံ၊ တစ်နေ့သောအခါ တိုင်းစွန်ပြည်ဖျားအရပ်၌ ပုန်ကန်ထကြွသောကြောင့် သွားရောက်နှိမ်နင်းစဉ် စစ်ရှုံးသဖြင့် တောရွာတစ်ရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပုံ၊ ရွာသားယောကျ်ားက မင်းကြီးအား မင်းကြီးမှန်း မသိဘဲ အစစအရာရာ လိုလေသေးမရှိရအောင် ကူညီစောင့်ရှောက်ပေးခဲ့ပုံ၊ ကျေးရွာ၌ အခွန်အတုပ်များ နှိပ်စက်သဖြင့် ရွာသားယောကျ်ား မြို့တက်ပြီး မင်းကြီးနှင့်တွေ့ကာ ကျေးရွာအခွန်အတုပ်များ လျော့ပါးသွားအောင် ဆောင်ရွက်ခဲ့ပုံ၊ မင်းကြီးထံ ရောက်သောအခါ မင်းကြီးက မင်းစည်းစိမ်တစ်ဝက် ခွဲဝေပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာဥက္ကုသဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ခြင်္သေ့မင်းဖြစ်စဉ် တောအုပ်တစ်ခုအတွင်းရှိ ဇာတဿရရေအိုင်ကြီးအနီး၌ နေထိုင်ပုံ၊ ထိုရေအိုင်၏ ဘေးပတ်ပတ်လည်၌ ဝံလိုငှက်၊ သိမ်းစွန်ငှက်၊ လိပ်တို့လည်း နေထိုင်ကြလျက် ဘေးရန်ကြုံတွေ့သည့်အခါ အချင်းချင်း ကူညီနိုင်ရန် မိတ်ဆွေဖွဲ့ထားကြပုံ၊ တစ်နေ့သောအခါ မုဆိုးတို့သည် တောထဲမှ မည်သည့်သားကောင်ကိုမျှ မရခဲ့ကြသဖြင့် ရေအိုင်ထဲမှ ငါး၊ လိပ်တို့ကို ဖမ်းမည်ဟု ကြံကာ ရေအိုင်ကြီးအနီးသို့ ရောက်ရှိလာကြပုံ၊ မုဆိုးများသည် သိမ်းစွန်ငှက်မိသားစု နေထိုင်သည့် သစ််ပင်အောက်၌ ခေတ္တခဏ လှဲအိပ် အပန်းဖြေနေကြစဉ် ခြင်များကိုက်သဖြင့် သစ်ရွက်များကို စု၍ မီးခိုးမှိုင်းတိုက်ကြပုံ၊ မီးခိုးမှိုင်းဒဏ်ကြောင့် သစ်ပင်ပေါ်ရှိ ငှက်ပေါက်လေးများ အော်သံကို ကြားရသဖြင့် မုဆိုးများက ငှက်ပေါက်လေးများကို တက်ဖမ်း၍မီးကင်စားရန် တိုင်ပင်ကြပုံ၊ မုဆိုးတို့၏ ပြောဆိုသံကို သိမ်းစွန်ငှက် ဇနီးမောင်နှံ ကြားသိရသဖြင့် ခြင်္သေ့မင်းနှင့် တကွသော မိတ်ဆွေများထံ အကူအညီတောင်းခံပုံ၊ ခြင်္သေ့မင်း၊ ဝံလိုငှက်၊ လိပ်တို့က စုပေါင်းတိုက်ခိုက်သဖြင့် မုဆိုးများထွက်ပြေးသွားကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာကစ္စာယနတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်ကစ္စည်းမထေရ်အလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်၌ ကောင်းမှုပြု၍ အကျဉ်းတရားကို အကျယ်ဟောရာ၌ ဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ကဿပဘုရားရှင်လက်ထက် ပရိနိဗ္ဗာန်စံတော်မူသော ဘုရားရှင်၏စေတီကို ရွှေအုတ်ဖြင့် ပူဇော်ခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ကစ္စာယနပုဏ္ဏား ဖြစ်၍ စန္ဒပဇ္ဇောတမင်းထံ ခွင့်ပန််ကာ ရဟန်းပြုခဲ့၍ အကျဉ်းတရားကို အကျယ်ဟောရာ၌ ဧတဒဂ် ရခဲ့ပုံ စသော အကြောင်းအရာတို့ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာကစ္စာယနတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း၌ မဟာသာဝကကြီးများ ခြံရံလျက် သီတင်းသုံး ထိုင်နေတော်မူစဉ် မဟာသာဝကကြီးများက အရှင်မဟာကစ္စာယနထေရ်အတွက် နေရာချန်လှပ်၍ ထားကြပုံ၊ ထိုအချိန်၌ သိကြားမင်းသည် နတ်ပရိသတ်နှင့် အတူလာရောက်၍ မြတ်စွာဘုရားအား ပန်းနံ့သာစသည်တို့ဖြင့် ပူဇော်ပြီးလျှင် အရှင်မဟာကစ္စာယနမထေရ်ကို မတွေ့ရသဖြင့် အရှင်မဟာကစ္စာယနမထေရ် ကြွလာလျှင် ကောင်းမှာပဲဟု စိတ်အကြံဖြစ်ပုံ၊ ထိုခဏ၌ပင်လျှင် အရှင်မဟာကစ္စာယနမထေရ် ကြွလာပြီး မိမိအတွက် ချန်ထားသောနေရာ၌ ထိုင်နေစဉ် သိကြားမင်းက မထေရ်၏ ခြေထောက်နှစ်ဖက်ကို လက်ဖြင့် ဆုပ်နယ်လျက် နတ်ပန်းစသည်တို့ဖြင့် ပူဇော်ခဲ့ပုံ၊ ရဟန်းတော်များက သိကြားမင်းသည် မျက်နှာလိုက်ပြီး ပူဇော်မှုပြုကြောင်း ကဲ့ရဲ့ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၉) (ထေရ၊ဋ္ဌ၊၂၊၁၄၄) (အပ၊ဋ္ဌ၊၂၊၂၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာကဏှဇာတက

ဤဇာတ်တော်၌ ကဿပဘုရားရှင်၏ သာသနာနောက်ပိုင်းကာလ ဗာရာဏသီပြည်၌ ဥသီနကမင်း မင်းပြုသည်ရှိသော် ရဟန်းတို့သည် မသင့်လျော်သော ရှာမှီးခြင်း (၂၁) မျိုးဖြင့် ယုတ်ညံ့စွာ အသက်မွေးခဲ့ကြပုံ၊ ရဟန်းတို့သည် လူတို့နှင့် ရောနှောကာ နေကြသကဲ့သို့ လူတို့သည်လည်း ဒုစရိုက်တရား (၁၀)ပါးဖြင့် အသက်မွေးနေကြပုံ၊ ငရဲပြည်၌ ပြည့်ကြပ်ကာ နတ်ပြည်တို့ ခြောက်ကပ်နေပုံကို တွေ့ရသဖြင့် ဘုရားအလောင်းသိကြားမင်းသည် မာတလိနတ်သားကို ခွေးနက်ကြီးယောင် ဆောင်စေခဲ့ပုံ၊ သိကြားမင်းက မုဆိုးကြီးယောင် ဆောင်ခဲပုံ၊ ခွေးနက်ကြီးသည် နန်းတော်သို့ ရောက်လာပြီး ကြောက်မက်စဖွယ် ဟောင်ခဲ့ပုံ၊ မင်းကြီးက သိကြားမင်းမုဆိုးအား ခွေးနက်ကြီးဟောင်ခြင်း၏ အကြောင်းကို မေး၍ သိကြားမင်း မုဆိုးက အကုသိုလ်ဒုစရိုက်သမားများကို ကိုက်ဝါးလိုသောကြောင့် ခွေးနက်ကြီး ဟောင်နေကြောင်း ပြောပြသဖြင့် မင်းနှင့်ပြည်သူတို့ ကြောက်လန့်ကာ သုစရိုက်တရားများကို ပြုကျင့်ခဲ့ကြပုံ စသောအကြောင်း အရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာကပိဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းမျောက်မင်းသည် မျောက်ရှစ်သောင်း အခြံအရံဖြင့် ဟိမဝန္တာတော၌ နေခဲ့ပုံ၊ ဂင်္ဂါမြစ်ကမ်းနားရှိ အိုးစရည်းပမာဏခန့် အသီးသီးသော သရက်ပင်ကြီးကို အမှီပြု၍ မျောက်တို့ နေထိုင်ခဲ့ကြပုံ၊ ဂင်္ဂါမြစ်အတွင်း မျောလာသော သရက်သီးကို ဗာရာဏသီမင်း စားသောက်ရပြီး မင်းပရိသတ်နှင့်တကွ ဟိမဝန္တာတောသို့ လာခဲ့ပုံ၊ သရက်သီးစားရန် ရောက်လာကြသော မျောက်တို့ကို စစ်သည်တော်များ ဝိုင်းရံထားသဖြင့် နောက်လိုက်မျောက်များ လွတ်မြောက်စေရန် ဘုရားအလောင်းက အသက်စွန့်၍ ကြိုးစားအားထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာကပိဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် မျောက်မင်းဖြစ်၍ နွားပျောက်ရှာရင်း အတောင် (၆၀)ရှိသော ချောက်ထဲသို့ ကျနေသော ပုဏ္ဏားတစ်ဦးအား ကယ်တင်ခဲ့ပုံ၊ မျောက်မင်းမှေးစက် နေစဉ် ပုဏ္ဏားသည် ကျောက်ခဲဖြင့် မျောက်မင်း၏ ခေါင်းကို ထုခဲပုံ မိတ်ဆွေစစ်အား ပြစ်မှားသော ပုဏ္ဏားယုတ်ကိုပင် မျောက်မင်းက စိတ်မဆိုးဘဲ မိမိဦးခေါင်းမှ စီးကျလာသော သွေးစက်များဖြင့် လမ်းပြ၍ ကူညီခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာကပ္ပိနတ္ထေရဝတ္ထု

ဤဝတ္ထု၌ မဟာကပ္ပိနမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်ထံတော်၌ ကောင်းမှု ပြုခဲ့ပုံ ဘဝတစ်ခု၌ ဗာရာဏသီပြည် ယက္ကန်းသည်ရွာ၌ ဖြစ်စဉ် ပစ္စေကဗုဒ္ဓါ တစ်ထောင်တို့အား တစ်အိမ်တစ်ပါးစီ သစ်ရွက်မိုးကျောင်းငယ်များ ဆောက်လုပ်စေကာ ဆွမ်းသင်္ကန်းများကိုပါ လှူဒါန်းစေခဲ့ပုံ၊ ကဿပဘုရားရှင် လက်ထက်၌လည်း အထွဋ်တစ်ထောင်ရှိသော မဟာပရိဝုဏ်ဆောက်လုပ်လှူဒါန်းခဲ့ပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ မဟာကပ္ပိနမင်း ဖြစ်၍ ဘုရားရှင် ပွင့်တော်မူကြောင်း ကြားသိရသည်နှင့် တစ်ပြိုင်နက် ထီးနန်းနှင့် တိုင်းပြည်ကို စွန့်လွှတ်ကာ မြစ်ချောင်းများကို ကျော်ဖြတ်ပြီး ယူဇနာများစွာ ဝေးကွာသောအရပ်မှ ဘုရားရှင်ထံ အရောက် လာခဲ့ပုံ၊ ဘုရားရှင်၏ တရားတော်ကို နာယူပြီး မိမိပရိသတ်နှင့် အတူတကွ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများပါဝင်သည်။ (အပ၊၂၊၁၁၈) (သံ၊ဋ္ဌ၊၂၊၂၂၃) (အံ၊ဋ္ဌ၊၁၊၂၄၆) (ဓမ္မ၊ဋ္ဌ၊၁၊၃၅၁) (ထေရ၊ဋ္ဌ၊၂၊၁၇၉) (အပ၊ဋ္ဌ၊၂၊၂၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာကပ္ပိနတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်မဟာကပ္ပိနမထေရ်သည် ‘‘မိမိမှာ ရဟန္တာဖြစ်ကာ အလွန်စင်ကြယ်ပြီး ဖြစ်၍ ဥပုသ်ပြုဖို့ သံဃာကံဆောင်ဖို့ သွားရန် မလိုတော့’’ဟု အကြံဖြစ်ပုံ၊ ဘုရားရှင် ကြွလာတော်မူ၍ ‘‘သင်တို့ကဲ့သို့သော ရဟန္တာပုဂ္ဂိုလ်ကြီးများကမှ အလေးဂရုမပြုလျှင် မည်သူတို့က အလေးဂရု ပြုမည်နည်း၊ ဥပုသ်ပြု သွားပါ’’ဟု တိုက်တွန်းတော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာကဿပတ္ထေရပိဏ္ဍပါတဒိန္နဝတ္ထု

ဤဝတ္ထု၌ သိကြားမင်းသည် သာသနာပတွင် ကုသိုလ်ပြုခဲ့သဖြင့် သိကြားမင်းဖြစ်ရသော်လည်း သာသနာ တွင်း ကုသိုလ်ရှင်ဘဝမှလာသော နတ်တို့ထက် တန်ခိုးနည်းပုံ၊ သိကြားမင်းနှင့် သုဇာမိဖုရားတို့သည် အဖိုးအို၊ အဖွားအိုဟန်ဆောင်၍ အရှင်မဟာကဿပ မထေရ်ကြီးအား ဆွမ်းလောင်းလှူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊၁၁၀) (ဓမ္မ၊ဋ္ဌ၊၁၊၂၆၈) (ဥဒါန၊ဋ္ဌ၊၁၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာကဿပတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဂိဇ္ဈကုဋ်တောင်ခြေရှိ အဆိပ်ပန်းတို့မှ အဆိပ်လေကို ရှူမိသဖြင့် အရှင်မဟာ ကဿပမထေရ်ကြီးအား ရောဂါ ရခဲ့ပုံ၊ ဘုရားရှင်၏ ဗောဇ္ဈင်တရားကို နာရ၍ ရောဂါ ပျောက်ကင်းပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (သံ၊၃၊၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာကဿပတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်မဟာကဿပမထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ ပဒုမုတ္တရဘုရားရှင်လက်ထက်တွင် နိသဘမထေရ် ဓုတင်္ဂဝါဒအရာ ဧတဒဂ်ရသည်ကို အားကျ၍ ယာဂုဆွမ်းသင်္ကန်းတို့ကို လှူဒါန်းပြီး ဆုတောင်းခဲ့ပုံ၊ ၉၁ ကမ္ဘာအထက် ဝိပဿီဘုရားရှင်အား အပေါ်ရုံကိုယ်ဝတ်ကို လှူဒါန်းခဲ့ပုံ၊ ကောဏာဂုံနှင့် ကဿပဘုရားရှင် နှစ်ဆူအကြားတွင် ပစ္စေကဗုဒ္ဓါတို့အား ဆွမ်းလှူခဲ့ပုံ၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ မဟာတိဿရွာ၍ ကပိလပုဏ္ဏား၏သား ပိပ္ပလိလုလင်ဖြစ်၍ ဘဒ္ဒါကာပိလာနီ အမျိုးသမီးနှင့် လက်ထပ်ခဲ့ပုံ၊ နောင်အခါ စည်းစိမ်ကို စွန့်၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပုံ၊ အရှင်မဟာကဿပဟူသော ဘွဲတော်ဖြင့် ရဟန္တာ ဖြစ်၍ ဓုတင်္ဂဝါဒဧတဒဂ်ဘွဲ့ ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၁၆၇) (အံ၊ဋ္ဌ၊၁၊၁၂၆) (ထေရ၊ဋ္ဌ၊၂၊၄၂၉) (အပ၊ဋ္ဌ၊၁၊၂၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာကဿပတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်မဟာကဿပမထေရ်သည် ဒိဗ္ဗစက္ခုအဘိဉာဏ်ဖြင့် စုတေသူ၊ ပဋိသန္ဓေ နေသူစသည်တို့ကို ကြည့်ရှုတော်မူပုံ၊ ဘုရားရှင်က ‘‘ဤသို့ ကြည့်ရှုခြင်းသည် ဘုရားရှင်တို့ အရာသာဖြစ်သည်၊ မမေ့မလျော့ ကျင့်ကြံနေရန်သာ လိုအပ်သည်’’ဟု ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာကဿပတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကောင်းကင်အလယ်ရှိ လမင်းကြီးသည် တွယ်တာကပ်ငြိမှုမရှိဘဲ တည်ရှိသကဲ့သို့ အရှင်မဟာကဿပမထေရ်သည် ပစ္စည်း(၄)ပါးတို့၌ ငြိကပ်တွယ်တာမှုမရှိပုံ၊ မြေ၌ နေသည့် ငှက်သည် မြေကိုမတွယ်တာဘဲ ကောင်းကင်သို့သာ လွတ်လပ်စွာပျံသွားသကဲ့သို့ ကျင့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာကဿပတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်မဟာကဿပမထေရ်သည် ပါဝါမြို့မှ ကုသိနာရုံပြည်သို့ တပည့် သံဃာအပါးငါးရာတို့နှင့်အတူ ခရီးရှည်ကြွစဉ် မန္ဒာရဝပန်းကို ယူဆောင်လာသည့် အာဇီဝကတက္ကတွန်းတစ်ယောက်နှင့် တွေ့ဆုံသောအခါ ထိုတက္ကတွန်းအား ‘‘ဘုရားရှင်ကို သိပါသလား’’ဟု မေးမြန်းခဲ့ပုံ၊ အာဇီဝကတက္ကတွန်းက ကောင်းစွာသိကြောင်း၊ ယနေ့သည် ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်သည့်နေ့မှစ၍ ခုနစ်ရက်မြောက်နေ့ဖြစ်ကြောင်း၊ ဤမန္ဒာရဝပန်းကို ထိုဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူရာ ကုသိနာရုံမှ ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း လျှောက်ထားခဲ့ပုံ၊ ထိုအကြောင်းအရာကို တပည့်ရဟန်းတော်များ ကြားသိရပြီး ပုထုဇဉ်ရဟန်းတော်များ ငိုကြွေးခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၁၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာကဿပတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်မဟာကဿပမထေရ်ကြီးသည် ပိပ္ပလိဂူ၌ သီတင်းသုံးတော်မူစဉ် အပြင်းအထန်ရောဂါဝေဒနာ ခံစားခဲ့ရပုံ၊ ဗောဇ္ဈင်သုတ်ကို ဘုရားရှင်ထံမှ နာရ၍ ရောဂါပျောက်ကင်းခဲ့ပုံ၊ တာဝတိံသာမှ နတ်သမီးငါးရာတို့သည် ဆွမ်းအုပ်ငါးရာဖြင့် လာရောက်ဆက်ကပ်သော်လည်း ပယ်ခဲ့ပြီး ဆင်းရဲသားတို့ကို စောင့်ရှောက်ကယ်မရန် ဖျာရက်သူတို့နေရာ ဆင်းရဲသားရပ်ကွက်သို့ ဒုက္ခခံကာ ဆွမ်းခံဝင်ပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် သိမြင်တော်မူပြီး ချီးမွမ်းတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာကဿပတ္ထေရသဒ္ဓိဝိဟာရိကဝတ္ထု

ဤဝတ္ထု၌ အရှင်မဟာကဿပမထေရ်ကြီး၏ တပည့်နှစ်ပါးတို့တွင် တစ်ပါးသည် ဝတ်ကြီးဝတ်ငယ်များကို နေ့စဉ်နေ့တိုင်း ပြုလုပ်လေ့ရှိပုံ၊ အခြားတစ်ပါးသည် သူများ ဖြည့်ကျင့်ထားသော ဝတ်များကို မိမိပြုလုပ်ထားသယောင် ဟန်ဆောင်ကာ ပြုကျင့်လေ့ရှိပုံ၊ ဟန်ဆောင်ကာ လိမ်ညာတတ်သော တပည့်၏ အကျင့်စရိုက်များကို အရှင်မဟာကဿပမထေရ်ကြီး သိရှိသွားသောအခါ ထိုသို့မပြုလုပ်ရန် ဆုံးမဩဝါဒပေးခဲ့ပုံ၊ ဆုံးမဩဝါဒ အပေးခံရသော ဟန်ဆောင်တပည့်သည် အမျက်ထွက်ကာ အရှင်မဟာကဿပမထေရ်နှင့် လိမ္မာသောတပည့်တို့ ဆွမ်းခံကြွနေစဉ် သစ်ရွက်မိုးကျောင်းငယ်ကို မီးရှို့လျက် ကျောင်းအသုံးဆောင်ပစ္စည်းများကိုပါ ရိုက်ခွဲဖျက်ဆီးပြီး ထွက်ပြေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာကာလဥပါသကဝတ္ထု

ဤဝတ္ထု၌ မဟာကာလဥပါသကာသည် မျက်မှောက်ဘဝ၌ တကယ့်သူတော်ကောင်း စစ်ကြီးဖြစ်ပြီး သောတာပန်အဆင့်သို့ ရောက်ရှိနေသူဖြစ်ပုံ၊ ဥပုသ်သီတင်း စောင့်သုံးလျက် ညလုံးပေါက် တရားနာ တရားမှတ်ကာ သူတော်ကောင်းတရားကိုသာ အားထုတ်နေပုံ၊ တစ်ခုသောအတိတ်ဘဝ၌ သူ့မယားလိုချင်သဖြင့် သူ့လင်အား ‘ပတ္တမြားသူခိုး’ဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့ပုံ၊ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ယခုဘဝ၌ သူ့အား မြို့သူမြို့သားများက ‘သူခိုး’ဟု စွပ်စွဲကာ ရိုက်သတ်ခဲ့ကြပုံ၊ မိမိပြုအပ်သော မကောင်းမှုသည် မိမိနောက်သို့ အရိပ်ပမာ လိုက်ပါလေ့ရှိပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာကာဠတ္ထေရဝတ္ထု

ဤဝတ္ထု၌ မဟာကာဠမထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာထက်၌ သစ်ပင်ပေါ်တွင်ရှိသော ပံသကူသင်္ကန်းကို ဆွဲလဲပန်းတို့ဖြင့် ပူဇော်ခဲ့၍ လူနတ်စည်းစိမ်တို့ကို ခံစားရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ လှည်းကုန်သည်ဖြစ်၍ မြတ်စွာဘုရားထံမှ တရားနာရသဖြင့် ရဟန်းပြုခဲ့ပုံ၊ သုသာန်ဓုတင်ဆောင်၍ အပိုင်းပိုင်းပြတ်နေသော လူသေကောင်ကို မြင်သောအခါ ဝိပဿနာရှုကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာကာဠတ္ထေရဝတ္ထု

ဤဝတ္ထု၌ မဟာကာဠသည် ဘုရားရှင်၏ တရားတော်ကို ကြားနာရပြီး ရဟန်းပြုခဲ့ပုံ၊ ညီငယ်စူဠကာဠက အစ်ကိုကြီး မဟာကာဠကို လူထွက်ဖို့ နားချရန်အတွက် ရဟန်းဝတ်ခဲ့ပုံ၊ မဟာကာဠသည် သုသာန်ဓုတင်ဆောက်တည်လျက် ရဟန်းတရား ကြိုးစား အားထုတ်ရာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ညီငယ်စူဠကာဠကို မယားဟောင်းတို့က ဖြားယောင်းသွေးဆောင်ကာ လူဝတ် လဲစေ သဖြင့် လူ့ဘဝသို့ ရောက်ရှိသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာကောဋ္ဌိတတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်က ပဋိသဗ္ဘိဒါပတ္တဧတဒဂ် ထားတော်မူသော ရဟန်းတစ်ပါးကို အားကျကာ ကောင်းမှု ပြု၍ ထိုဧတဒရရန် တောင်းဆု ပြုခဲ့ပုံ၊ ထိုကိုသိုလ်ကောင်းမှုကြောင့် ဘဝများစွာ လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့၌ ပုဏ္ဏားတစ်ဦး ဖြစ်ပြီး ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်၍ ပဋိသမ္ဘိဒါပတ္တ ဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၃၁) (အံ၊ဋ္ဌ၊၁၊၂၂၂) (ထေရ၊ဋ္ဌ၊၁၊၃၄) (အပ၊ဋ္ဌ၊၂၊၂၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာဂတိမ္ဗယအဘယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်သုံးပါးတို့ အမှတ်သညာကောင်းပုံကို ပြဆိုထားပုံ၊ မဟာဂတိမ္ဗယ အဘယထေရ်သည် မွေးဖွားပြီး ငါးရက်မြောက်နေ့တွင် ‘‘ဟုံဟုံ’’ဟု ကျီးကန်းချောက်သည့်အသံမှစ၍ တစ်သက်တာ အကြောင်းအရာ အားလုံးကို သတိရနေကြောင်း ပြောကြားပုံ၊ ဒီဃဘာဏကအဘယထေရ်သည် မွေးပြီး ကိုးရက်မြောက်နေ့မှစ၍ တသက်တာ အကြောင်းအရာ အားလုံးကို သတိရနေကြောင်း ပြောကြားပြီး တိပိဋကစူဠာဘယထေရ်သည် အနုရာဓမြို့တံခါး သုံးပေါက်ကို ပိတ်စေပြီး ကျန်တံခါးပေါက်မှ ထွက်လာသမျှသော လူတို့၏ အမည်ကို နံနက်အခါ၌ မေးမြန်းထားပြီး ညနေ မြို့တွင်းပြန်ဝင်လာသောအခါ မည်သူမည်ဝါဖြစ်ကြောင်း မှန်ကန်စွာ ပြောဆိုနိုင်သည့်အထိ အမှတ်အသားကောင်းကြောင်း ပြောဆိုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၁၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာဂေါဝိန္ဒဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းသည် မဟာဂေါဝိန္ဒ အမည်ရှိသော ပုရောဟိတ်ပုဏ္ဏားကြီး ဖြစ်ခဲ့ပုံ၊ ရေဏုမင်းသား မင်းဖြစ်သောအခါ နိုင်ငံတော်ကို ခုနစ်ပုံ ပုံ၍ မင်းခုနစ်ဦး အုပ်ချုပ်ပုံ၊ မဟာဂေါဝိန္ဒ ပုရောဟိတ်၏ အဆုံးအမ၌ တည်ကြသဖြင့် နိုင်ငံတိုင်း ကြီးပွား တိုးတက်ပုံ၊ မဟာဂေါဝိန္ဒသည် ကသိုဏ်းကို အားထုတ်သဖြင့် ဈာန်ရခဲ့ပုံ၊ မဟာဂေါဝိန္ဒ၏ ဟောပြောမှုကြောင့် မင်းပရိသတ်အားလုံးတို့ တောထွက်ခဲ့ကြပုံ၊ မဟာဂေါဝိန္ဒ၏ အဆုံးအမ၌ တည်သဖြင့် ဗြဟ္မာ့ပြည်, နတ်ပြည်များသို့ ရောက်ရှိခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၁၈၆) (ဒီ၊ဋ္ဌ၊၂၊၂၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာဂေါဝိန္ဒဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းတော်သည် (ရ)ပြည်ထောင် မင်းတို့ကို ဆုံးမရသော မဟာဂေါဝိန္ဒ အမည်ရှိသော မင်းဆရာ ပုရောဟိတ် ဖြစ်ခဲ့ပုံ၊ တိုင်းသူပြည်သားတို့အား ဒါန သီလ စသောကောင်းမှု ပြုရန် လှည့်လည်ဟောကြားပြီး မိမိကိုယ်တိုင် များစွာသော စည်းစိမ် ဥစ္စာတို့ကို စွန့်၍ ရဟန်းပြုကာ ပါရမီဖြည့်ကျင့်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၁၈၆) (စရိယာ၊ဋ္ဌ၊၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာစုန္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အိုးထိန်းသည်မျိုး၌ဖြစ်၍ ဝိပဿီမြတ်စွာဘုရားအား မြေသပိတ်တစ်လုံး ပြုလုပ်လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင့်သာသနာတော်၌ မဂဓတိုင်း နာလကရွာ ရူပသာရီပုဏ္ဏေးမကြီး၏သား အရှင်သာရိပုတ္တရာ၏ ညီအငယ် ဖြစ်၍ သာသနာဘောင်သို့ ဝင်ရောက်ခဲ့ကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာဇနကဇာတက

ဤဇာတ်တော်၌ မိထိလာနိုင်ငံ၌ အရိဋ္ဌဇနကမင်းကြီး မင်းပြုစဉ် ညီတော် ပေါလဇနကမင်းသားက အိမ်ရှေ့အရာ ရရှိခဲ့ပုံ၊ အမတ်တစ်ဦး၏ ကုန်းတိုက်မှုကြောင့် ညီနောင်နှစ်ပါး စိတ်ဝမ်းကွဲ၍ စီးချင်းတိုက်ကြရာ အရိဋ္ဌဇနကမင်း ကျဆုံးခဲ့ပုံ၊ မိဖုရားကြီးသည် ကိုယ်ဝန် အရင့်အမာကြီးဖြင့် ကာလစမ္ပါမြို့သို့ထွက်ပြေးစဉ် ဒိသာပါမောက္ခဆရာကြီးတစ်ဦးက နှမရင်းကဲ့သို့ ပြုစုစောင့်ရှောက်ထားခဲ့ပုံ၊ မကြာမီမှာပင် သားတော်မွေးဖွားပြီး မဟာဇနကဟု အမည်မှည့်ကာ စောင့်ရှောက်မွေးမြူခဲ့ပြီး (၁၆)နှစ်သားတွင် ကုန်ကူးထွက်ခဲ့ရာ သင်္ဘောပျက်၍ သမုဒ္ဒရာထဲ၌ လက်ပစ်ကူးနေစဉ် မဏိမေခလာနတ်သမီးက ကယ်တင်ခဲ့ပုံ၊ မင်္ဂလာကျောက်ဖြာ၌ အိပ်စက်စေပြီးနောက် ဖုတ်သွင်းရထားဆိုက်ရောက်၍ မိထိလာနိုင်ငံ၌ မင်းအဖြစ်ရရှိပုံ၊ နှမတော် သီဝလိဒေဝီနှင့် နန်းစည်းစိမ်ခံစားပြီး တောထွက်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၆၊၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ မဟလ္လကတိဿမထေရ်သည် လဲလျောင်းအိပ်စက်မှု လုံးဝမပြုဘဲ တရား အားထုတ်သဖြင့် ဆယ်နှစ်ကြာသောအခါ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၃၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ မဟာတိဿမထေရ်သည် တစ်ဝါမျှမရသေးမီ အချိန်ကပင်လျှင် သမာပတ််ရှစ်ပါး ရရှိခဲ့ပုံ၊ သမာပတ်ကို ခွာထားသောအခါတွင်လည်း ကိလေသာစိတ်များ မဖြစ်သဖြင့် နှစ်ပေါင်း ခြောက်ဆယ်လုံးလုံး မိမိ၏ ပုထုဇဉ်အဖြစ်ကို မသိခဲ့ပုံ၊ ဓမ္မဒိန္နမထေရ်က တစ်ဆယ့်ခြောက် နှစ်အရွယ် မိန်းမငယ်ကို ဖန်ဆင်းခိုင်းပြီး သုဘအားဖြင့် နှလုံးသွင်းခိုင်းသောအခါ ကိလေသာ စိတ်ဖြစ်ပေါ်လာသဖြင့် မိမိ၏ ပုထုဇဉ်အဖြစ်မျှသာ ရှိသေးကြောင်း သိမြင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပုဏ္ဏဝလ္လိက အရပ်နေ မဟာတိဿမထေရ်သည် လပြည့်နေ့တစ်နေ့ညနေချမ်းတွင် မဟာစေတီသို့ ကြွရောက်စဉ် လရောင်အောက်တွင် စေတီတော်ကို ကြည်ညိုဖွယ် ဖူးမြင်ရ၍ ဘုရားအာရုံနှင့်ယှဉ်သော နှစ်သက်မှုပီတိဖြစ်ပေါ်လာပုံ၊ ထိုမထေရ်သည် လေဗူဗောင်းကဲ့သို့ ကောင်းကင်သို့ ပျံတက်၍ စေတီရင်ပြင်ပေါ်သို့ ရောက်ရှိလာခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၁၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်ရောက်နေစဉ် မဟာတိဿမထေရ်သည် ခရီးထွက်သောအခါ ဆွမ်းမစားရဘဲ ခရီးပင်ပန်းလွန်းသဖြင့် သရက်သီးများမှည့်နေသော သစ်ပင်ရင်း၌ လဲလျောင်း၍ နေခဲ့ပုံ၊ သရက်သီးမှည့်များ တဖြုတ်ဖြုတ် ကြွေကျနေသော်လည်း ဝိနည်းလေးစားသဖြင့် ကောက်ယူဘုဉ်းပေးခြင်း မပြုခဲ့ပုံ၊ ထိုနေရာသို့ ဥပါသကာကြီး တစ်ယောက် ရောက်လာပြီး မဟာတိဿမထေရ် ပင်ပန်းနေကြောင်း သိသဖြင့် သရက်သီးဖျော်ရည် ဆက်ကပ်ကာ မဟာတိဿမထေရ်ကို ကျောပိုးလျက် သွားစဉ် မဟာတိဿမထေရ်က ‘‘အမေအဖေလည်း မဟုတ်၊ ဆွေမျိုးလည်း မတော်စပ်ဘဲ ဤကဲ့သို့ ပြုစုခြင်းသည် သီလ စောင့်ထိန်းခြင်းကြောင့် ဖြစ်၏’’ဟု မိမိကိုယ်ကို ဆုံးမ၍ တရားရှုမှတ်သောအခါ ပခုံးပေါ်၌ပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၄၄) (ဝိသုဒ္ဓိ၊ဋီ၊၁၊၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ မဟာတိဿမထေရ်သည် စေတိယတောင်မှ အနုရာဓမြို့သို့ ဆွမ်းခံကြွစဉ် လင်ယောကျ်ားနှင့် ခိုက်ရန်ဖြစ်ပြီး မိမိဆွေမျိုးများအိမ်သို့ ထွက်ခွာလာသော အလွန်ချောမောလှပသည့် အမျိုးသမီးတစ်ယောက်နှင့် လမ်းခရီးအကြား၌ တွေ့ဆုံပုံ၊ အမျိုးသမီးက မဟာတိဿထေရ်အပေါ် စိတ်ဝင်စားပြီး သွားပေါ်အောင် ပြုံးပြခဲ့ပုံ၊ မထေရ်က သွားအရိုးတို့ကို အသုဘသညာပွားသဖြင့် အရဟတ္တဖိုလ်သို့ ရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာတိဿဘူတတ္ထေရဝတ္ထု

ဤဝတ္ထု၌ မဟာတိဿဘူတမထေရ်သည် မဏ္ဍလာရာမကျောင်း၌ ပါဠိသင်ယူနေပုံ၊ ရွာထဲသို့ ဆွမ်းခံဝင်သောအခါ ဆန့်ကျင်ဘက်အာရုံကြောင့် ဖြစ်ပေါ်လာသော ကိလေသာကို ဝိပဿနာပွား၍ သံဝေဂယူကာ ပယ်ဖျောက်ခဲ့ပုံ၊ မိမိနေရာကျောင်းမှ ထွက်ခွာ၍ မဟာသံဃရက္ခိတမထေရ်ထံ၌ ရာဂ၏ ဆန့်ကျင်ဘက် အသုဘကမ္မဋ္ဌာန်းကို သင်ယူပြီး ကြိုးစားအားထုတ်ရာ အနာဂါမ်တည်ခဲ့ပုံ၊ နောက်တစ်နေ့တွင် မိမိဆရာ့ထံ ပြန်လာ၍ ပါဠိကို ဆက်လက်သင်ယူနိုင်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၆၈) (မ၊ဋီ၊၁၊၁၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာထေရဝတ္ထု

ဤဝတ္ထု၌ သီဟိုဠ်ကျွန်း၌ သီတင်းသုံးသော မထေရ်တစ်ပါးသည် တပည့်များနှင့် စကား ပြောနေစဉ် ရုတ်တရက် လက်ကိုကွေးမိပုံ၊ သတိရသောအခါ ထိုလက်ကို မူလနေရာ ပြန်ထားပြီးမှ တဖြည်းဖြည်း အမှတ်ဖြင့် ကွေးပုံခဲ့ပုံ၊ တပည့်တို့က အကျိုးအကြောင်းမေးမြန်းကြသောအခါ ကမ္မဋ္ဌာန်းတရား စတင်အားထုတ်သည့်နေ့မှစ၍ ကမ္မဋ္ဌာန်းသတိလွတ်ကာ အကွေးအဆန့် မလုပ်ခဲ့ဖူးကြောင်း၊ ယခုအချိန်မှာမူ စကားပြောနေစဉ်ဖြစ်၍ သတိလက်လွတ်ဖြစ်ကာ ကွေးမိသွားကြောင်း မိန့်ဆိုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၂၆၉) (သံ၊ဋ္ဌ၊၃၊၂၂၈) (အဘိ၊ဋ္ဌ၊၂၊၃၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာဒတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မဟာဒတ္တမထေရ်ကြီး၏ သီလတန်ခိုးကြောင့် မထေရ်ထိုင်သော သစ်ပင်ရှိ ရုက္ခစိုးနတ်သမီး၏ သားသမီးငယ်တို့ ကြောက်လန့်ကြပုံ၊ ရုက္ခစိုးနတ်သမီးက မထေရ်ကို ခြောက်လှန့်ခဲ့ပုံ၊ မထေရ်ရုက္ခစိုးနတ်သမီးက ဒါယကာ အသွင်ဖန်ဆင်း၍ တောင်းပန်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၁၆၅) (အံ၊ဋီ၊၃၊၃၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာဓနဝါဏိဇဝတ္ထု

ဤဝတ္ထု၌ မဟာဓနသူဌေးကုန်သည်သည် ကုန်ရောင်းသွားရာတွင် ခိုးသူဓားပြတို့သည် အသွားလမ်း အပြန်လမ်းနှစ်ဖက်တို့ကို စောင့်နေသည့်သတင်းကို ကြားရသောအခါ ကုန်သည်သည် အန္တရာယ်ရှိသော ထိုလမ်းကို ရှောင်လွှဲသွားပုံ၊ မြတ်စွာဘုရားက ကုန်သည်သည် အန္တရာယ်ရှိသောလမ်းကို ရှောင်ကြဉ်သကဲ့သို့၎င်း၊ အသက်ရှည်လိုသူသည် အဆိပ်ကို ရှောင်ကြဉ်သကဲ့သို့၎င်း၊ ပညာရှိသူသည် မကောင်းမှုများကို ရှောင်ကြဉ်ရမည်ဟု ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာဓနဝါဏိဇဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီပြည်မှ ပိုးကုန်သည်တစ်ဦးသည် အဝတ်များကို ရောင်းချရန် ဗာရာဏသီမှ သာဝတ္ထိသို့ လာ၍ နှစ်ပတ်လည် နေထိုင်ရောင်းချရန် စီစဉ်နေပုံ၊ ဘုရားရှင်က ‘‘တရားအလုပ်ကို အချိန်ဆွဲမနေဘဲ ယနေ့ပင် လုပ်ပါ၊ နက်ဖြန်ခါ သေနိုင်သည်ဟု မည်သူမျှ မသိနိုင်ပါ၊ မည်သူမျှ သေမင်းနှင့် နေ့ရက်ချိန်းချက်မှုမရှိပါ’’ဟု ဟောတော်မူပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာဓနသေဋ္ဌိပုတ္တဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီပြည်တွင် သူဌေးသားတစ်ယောက်သည် မိဘများက ကုဋေရှစ်ဆယ် ချမ်းသာကြွယ်ဝသဖြင့် မည်သည့်အလုပ်အကိုင်မျှမလုပ်ဘဲ သီဆို, ကခုန်မှုတို့ကိုသာ ပြုလုပ်လေ့ရှိပုံ၊ အခြားသော သူဌေးသမီး တစ်ယောက်သည်လည်း ကုဋေရှစ်ဆယ် ချမ်းသာသဖြင့် မည်သည့်အလုပ်မျှမလုပ်ဘဲ သီဆို, ကခုန်မှုတို့ဖြင့်သာ အချိန်ကုန်နေခဲ့ပုံ၊ အရွယ်ရောက်သောအခါ မိဘများက ထိုသားသမီးနှစ်ယောက်တို့ကို ထိမ်းမြားလက်ထပ်ပေးပြီး ကွယ်လွန်သွားကြပုံ၊ တစ်နေ့သောအခါ သေသောက်ကြူးများက သူဌေးသားကို အရက် အနည်းငယ်တိုက်၍ မြှူဆွယ်ကြပုံ၊ သူဌေးသား အရက် ကြိုက်သွားသောအခါ အခြားအခြားသော သေသောက်ကြူးများကိုပါ ခေါ်၍ နေ့စဉ်နေ့တိုင်း အရက်ဝိုင်းဖြင့်သာ အချိန်ကုန်လျက် ကုဋေတစ်ရာ့ခြောက်ဆယ်တို့ကို သုံးဖြုန်းပစ်ပုံ၊ ထိုသူဌေးဇနီးမောင်နှံတို့သည် အသက်အရွယ် ကြီးရင့်လာသောအခါ ပစ္စည်းဥစ္စာများလည်း အားလုံး ကုန်ဆုံးသွားပြီဖြစ်သဖြင့် အိုးခြမ်းကွဲကို ကိုင်၍ သူတစ်ပါးတို့ထံ ထမင်းကျန် ဟင်းကျန်များကို တောင်းစားရသော သူတောင်းစားဘဝဖြင့် သေဆုံးသွွားကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာဓမ္မပါလဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကာသိတိုင်း ဓမ္မပါလရွာ ဓမ္မပါလအမျိုး၌ ဖြစ်စဉ် အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်သို့ သွား၍ အတတ်ပညာများကို သင်ယူခဲ့ပုံ၊ တစ်နေ့သောအခါ ဒိသာပါမောက္ခဆရာကြီး၏သား သေဆုံးသွားသဖြင့် တပည့်များနှင့် ဆွေမျိုးများက ဝိုင်းအုံငိုကြွေးကြသော်လည်း ဘုရားအလောင်း ဓမ္မပါလလုလင် တစ်ဦးတည်းသာ မငိုကြွေးဘဲနေပုံ၊ ထိုအကြောင်းအရာကို ဆရာကြီးသိရှိသွားပြီး ဓမ္မပါလလုလင်ကို ခေါ်ယူမေးမြန်းသည့်အခါ ဓမ္မပါလလုလင်က ‘‘မိမိတို့အရပ်ဒေသ၌ ဆွေစဉ်မျိုးဆက် အသက်အရွယ် ငယ်ငယ်ဖြင့် သေဆုံးလေ့မရှိကြောင်း၊ ထို့ကြောင့် မငိုကြွေးကြောင်း’’ ဒိသာပါမောက္ခ ဆရာကြီးအား ပြောကြားပုံ၊ ဆရာကြီးက ထိုအကြောင်းအရာ မှန်မမှန် စုံစမ်းရန်အတွက် ဆိတ်ရိုးများကို ယူ၍ ဓမ္မပါလလုလင်၏ မိဘများထံသွားပြီး ဆိတ်ရိုးများကို ပြသလျက် ဓမ္မပါလသေဆုံးကြောင်း ပြောကြားပုံ၊ ဓမ္မပါလ၏ မိဘများက ပြက်ရယ်ပြုလျက် ‘‘မိမိတို့ ဓမ္မပါလမျိုးရိုးသည် ငါးပါးသီလ လုံခြုံကြပြီး ကုသလကမ္မပထတရား(၁၀)ပါးကို ကျင့်သုံးကြသည့်အတွက် ဆွေမျိုးခုနစ်ဆက်တိုင်တိုင် ငယ်ငယ်ရွယ်ရွယ်ဖြင့် မသေဆုံးဖူးကြောင်း၊ ဤအရိုးသည် အခြားသူငယ်၏ အရိုးသာဖြစ်ကြောင်း’’ ဆရာကြီးအား ပြောကြားပုံ၊ ဒိသာပါမောက္ခ ဆရာကြီးက ဓမ္မပါလ၏ မိဘများအား ဝန်ချတောင်းပန်ပြီး ဖြစ်ရပ်မှန်ကို ပြောပြကာ တက္ကသိုလ်ပြည်သို့ ပြန်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာနာဂတ္ထေရဝတ္ထု

ဤဝတ္ထု၌ မဟာနာဂထေရ်သည် တစ်ဆယ့်ခြောက်နှစ်တို့ပတ်လုံး ကမ္မဋ္ဌာန်းဖြင့် ဆွမ်းခံဝတ် ဖြည့်ကျင့်ခဲ့ပုံ၊ ကမ္မဋ္ဌာန်းအာရုံ မပျံ့လွင့်စေရန်နှင့် စကားမပြောမိစေရန် ရေကိုအမြဲတမ်း ငုံထားခဲ့ပုံ၊ ပြဿနာကို မေးသောအခါ၌သာလျှင် ရေငုံကို မျိုချ၍သော်လည်းကောင်း၊ ထွေးအန်၍သော်လည်းကောင်း ပြောကြားခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၁၇၀) (မ၊ဋ္ဌ၊၁၊၂၆၃) (သံ၊ဋ္ဌ၊၃၊၂၂၂) (အဘိ၊ဋ္ဌ၊၂၊၃၃၇) (သုတ္တနိ၊ဋ္ဌ၊၁၊၅၁) (အပ၊ဋ္ဌ၊၁၊၁၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာနာဂတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကကုသန္ဓမြတ်စွာဘုရားအား သလဲသီး လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဘဝပေါင်းများစွာ သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝ၌ သာကေတမြို့ မဓုဝါသေဋ္ဌမည်သော ပုဏ္ဏား၏သား ဖြစ်ပြီး အရှင်ဂဝမ္ပတိမထေရ်ထံ ရဟန်းပြုကာ ဝိပဿနာပွား၍ ရဟန္တာ ဖြစ်ခဲ့ ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၈၉) (အပ၊ဋ္ဌ၊၁၊၁၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာနာဂတ္ထေရဝတ္ထု

ဤဝတ္ထု၌ မဟာနာဂမထေရ် နိရောဓသမာပတ် ဝင်စားနေစဉ် မထေရ်၏ကျောင် မီးလောင်ခဲ့ပုံ၊ မိမိအဓိဋ္ဌာန်ပြုမထားသော ကျောင်းစသော ပစ္စည်းများ မီးလောင်ပျက်စီးသော်လည်း မထေရ်အား အန္တရာယ် တစ်စုံတစ်ခုမျှ မဖြစ်ခဲ့ပုံ၊ မီးငြှိမ်းသတ်သူများက မထေရ်ကို ကြည်ညိုနေစဉ် သမာပတ်မှ ထပြီးနောက် ကျော်စောမှုကို မလိုလားသဖြင့် ပိယင်္ဂုကျွန်းသို့ ကြွသွားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၃၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာနာဂဝိဟာရဝါသီထေရဝတ္ထု

ဤဝတ္ထု၌ ရောဟနဇနပုဒ် မဟာနာဂကျောင်းတိုက်ကြီး၌ မထေရ်ကြီးတစ်ပါးသည် ရဟန်းအပေါင်းကို မပန်ကြားဘဲ ကန့်ကော်ပင်တစ်ပင်ကို ခုတ်ဖြတ်ခိုင်းပုံ၊ သစ်ပင်စောင့် ရုက္ခစိုးနတ်သည် အမျက်ထွက်ကာ ရှေးဦးစွာ မှန်ကန်သော အိပ်မက်တို့ဖြင့် မထေရ်ကြီးအား ထင်ရှားကျော်စောစေပုံ၊ နောက်ဆုံးအကြိမ်၌ မင်းကြီး ခုနစ်ရက်အတွင်း နတ်ရွာစံလိမ့်မည်ဟု မဟုတ်မမှန် အိပ်မက်ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၃၉၀) (အံ၊ဋီ၊၃၊၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာနာမတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုမေဓာဘုရားရှင်၏ လက်ထက်တော်၌ ရသေ့ဖြစ်၍ ဘုရားရှင်အား ပျားရည် ဆက်ကပ်လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဘဝအဆက်ဆက် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ပုဏ္ဏားမျိုး၌ ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ရဟန်းတရားအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာနာမဝတ္ထု

ဤဝတ္ထု၌ မဟာနာမ်သာကီဝင်မင်းသားသည် ရဟန်းတော်တို့အား ဆေးပစ္စည်းဖြင့် ဝါတွင်းသုံးလ ဖိတ်မန်ထားပုံ၊ ရဟန်းတော်များက အနည်းငယ်မျှသာ အလှူခံကြပုံ၊ နောက်ထပ် တစ်ဖန် လေးလဆေးပစ္စည်းဖြင့် ဖိတ်မန်သောအခါ၌လည်း ရဟန်းတော်များက အနည်းငယ်မျှကိုသာ အလှူခံကြပုံ၊ နောက်တပ်တစ်ဖန် တစ်သက်တာပတ်လုံး ဆေးပစ္စည်းဖြင့် ဖိတ်မန်ပုံ၊ မဟာနာမ်အပေါ်ရန်ငြိုးဖွဲ့ထားသော ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထောပတ်ကုန်နေသည်ကို သိ၍ မဟာနာမ်ထံ ထောပတ်အလှူခံကြပုံ၊ မဟာနာမ်သာကီဝင်မင်းသားက တစ်ရက်မျှ သည်းခံစောင့်ဆိုင်းရန် လျှောက်ထားသည်ကို လက်မခံကြ၍ မဟာနာမ်က ကဲ့ရဲ့ပုံ၊ ဘုရားရှင် သိတော်မူ၍ ‘‘မနာမဖျားသူသည် လေးလတစ်ကြိမ် ဖိတ်မန်ထားသော ဒါယကာထံမှ အဆင်သင့်မရှိသော ဆေးပစ္စည်းကို အလှူမခံရ၊ စောင့်ဆိုင်းရမည်၊ မစောင့်ဆိုင်းသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု မဟာနာမ သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာနာမဝတ္ထု

ဤဝတ္ထု၌ ပဒုမုတ္တရဘုရားရှင် လက်ထက်တော်၌ မဟာနာမ်လောင်းလျာသည် ဒါယကာ တစ်ဦး ပဏီတဒါယက ဧတဒဂ်ရသည်ကို အားကျ၍ ကုသိုလ်ပြု၍ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဘဝများစွာ သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကပိလဝတ္ထုမြို့ သာကီဝင်မင်းမျိုး၌ ဖြစ်ခဲ့ပုံ၊ ဘုရားရှင်ကို ပထမအကြိမ်ဖူးတွေ့ရသောအခါမှာပင်၊ သောတာပန်တည်၍ ပဏီတဒါယကဧတဒဂ် ရရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာနာရဒကဿပဇာတက

ဤဇာတ်တော်၌ ဝိဒေဟတိုင်း မိထိလာမြို့ကို အုပ်ချုပ်သော အင်္ဂတိမင်းကြီးသည် ကုသိုလ်ကောင်းမှုများကို အားသွန်ခွန်စိုက် ပြုလုပ်ခဲ့၍၊ ဂုဏတက္ကတွန်းထံရောက်ကာ မိစ္ဆာဒိဋ္ဌိ အယူကို ယူခဲ့၍၊ အကုသိုလ်အားလုံးကို ပြုလုပ်ခဲ့ပုံ၊ သမီးတော် ရုစာမင်းသမီး၏ အဓိဋ္ဌာန် တောင်းပန်ချက်ကြောင့် ဘုရားအလောင်း နာရဒဗြဟ္မာ ဆင်းသက်လာကာ မိစ္ဆာဝါဒကို ချေဖျက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၇၊၁၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာပဇာပတိဂေါတမီထေရီဝတ္ထု

ဤဝတ္ထု၌ မဟာပဇာပတိဂေါတမီထေရီလောင်းလျာသည် ပဒုမုတ္တရဘုရားရှင့်လက်ထက်တော်၌ ရတ္တညူဧတဒဂ်ရသော ဘိက္ခုနီတစ်ပါးကို အားကျ၍ ကုသိုလ်ကောင်းမှု ပြုကာ ဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ သာသနာပကာလတို့၌ ပစ္စေကဗုဒ္ဓါတို့အား ကျောင်းအိပ်ရာနေရာ သင်္ကန်း၊ ဆွမ်း စသည်တို့ကို ထက်သန်စွာ လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုတို့ကြောင့် ဘဝများစွာ လူနတ်ချမ်းသာမျိုးစုံတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရား၏ မိထွေးတော်အဖြစ်ဖြင့် ပထမဆုံး ဘိက္ခုနီပြုခွင့်ရ၍ ရဟန္တာ ဖြစ်ကာ ရတ္တဥဥုဧတဒဂ်ရရှိခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၂၀၆) (အံ၊ဋ္ဌ၊၁၊၂၆၁) (ထေရီ၊ဋ္ဌ၊၁၄၄) (ထေရီ၊၄၄၂) (အံ၊၃၊၁၀၁) (သာရတ္ထ၊ဋီ၊၃၊၄၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာပဇာပတိဂေါတမီဝတ္ထု

ဤဝတ္ထု၌ မိထွေးတော် မဟာပဇာတိဂေါတမီသည် မိမိကိုယ်တိုင် ဝါချည်ကို ဝယ်၍ ရက်လုပ်အပ်သော သင်္ကန်းကို ဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ဘုရားရှင်က သံဃာတော်ကို လှူဒါန်းရန် မိန့်တော်မူခဲ့ပုံ၊ အလှူခံ တစ်ကျိပ်လေးယောက် ရှိပုံ၊ ထိုအလှူခံအလိုက် အကျိုးပေးပုံ စသော အကြောင်းအရာများပါဝင်သည်။ (မ၊၃၊၂၉၅) (မ၊ဋ္ဌ၊၄၊၂၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာပဇာပတိဂေါတမီဝတ္ထု

ဤဝတ္ထု၌ မဟာပဇာပတိ ဂေါတမီသည် ဂရုဓမ်ရှစ်ပါးကို ခံယူ၍ ရဟန်းဖြစ်ခဲ့သော်လည်း ဥပဇ္ဈာယ်ဆရာ မထင်ရှားပုံ၊ အခြားရဟန်းမတို့က ဥပုသ်၊ ပဝါရဏာကံ အတူမပြုပုံ၊ မြတ်စွာဘုရားရှင် သိတော်မူ၍ မဟာပဇာပတိ ဂေါတမီ၏ ဥပဇ္ဈာယ်ဆရာကို ဖော်ပြကာ ရဟန္တာပုဂ္ဂိုလ်၌ သံသယမရှိသင့်ကြောင်း မိန့်တော်မူပုံ၊ ဗြာဟ္မဏဟု ခေါ်ဆိုရခြင်း အကြောင်းရင်းတို့ကို ဖော်ပြထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာပဇာပတိဂေါတမီဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ရဟန်းတို့အား ဘိက္ခုနီကျောင်းသို့သွား၍ တရားမဟောရဟု သိက္ခာပုဒ် ပညတ်တော်မူထားပြီး ဖြစ်၍ မဟာပဇာပတိဂေါတမီ နေမကောင်း၍ သတင်းသွားမေးကြသော ရဟန်းတို့အား ‘‘တရားနာလိုပါသည်၊ တရားဟောပြပါ’’ဟု တောင်းပန်သော်လည်း ရဟန်းတို့က ငြင်းပယ်ကြသောကြောင့် ဖျားနာနေသော ဘိက္ခုနီတို့အား တရားဟောရန် ခွင့်ပြုကြောင်း ဘုရားရှင်က မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာပဇာပတိဂေါတမီဝတ္ထု

ဤဝတ္ထု၌ မဟာပဇာပတိဂေါတမီထေရီသည် အရှင်အာနန္ဒာထံ ချဉ်းကပ်၍ ဘိက္ခု ဘိက္ခုနီတို့ အချင်းချင်း ဝါစဉ်အလိုက် ရှိခိုးမှုကို ပညတ်ပေးပါရန် ဘုရားရှင်ထံ လျှောက်ထားခိုင်းရာ ဘုရားရှင်က ‘‘တိတ္ထိတွေသော်မှ မာတုဂါမကို ရှိမခိုးကြ၊ သာသနာ့ဝန်ထမ်း ရဟန်းတို့မှာ ဘိက္ခုနီတို့ကို ရှိမခိုးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာပဒုမဇာတက

ဤဇာတ်တော်၌ ဗြဟ္မဒတ်မင်းကြီးသည် မိဖုရားကြီး နတ်ရွာခံသွားသောအခါ ပဒုမမင်းသားကို အိမ်ရှေ့မင်းအရာ ပေး၍ အခြားမိဖုရားငယ် တစ်ယောက်ကို မိဖုရားခေါင်ကြီး မြှောက်ထားပုံ၊ တစ်နေ့သောအခါ ပစ္စန္တရာဇ်အရပ်၌ ပုန်ကန်ထကြွသောင်းကျန်းသဖြင့် သားတော်မဟာပဒုမမင်းသားကို နန်းတွင်းရေးရာ အပ်နှင်းကာ ဗြဟ္မဒတ်မင်းကြီးကိုယ်တိုင် သွားရောက်နှိမ်နှင်းခဲ့ပုံ၊ ဖခင်ဗြဟ္မဒတ်မင်းကြီး မရှိခိုက် ပဒုမမင်းသားက မိဖုရားကြီးထံ သွား၍ မည်သည့်အမှုကိစ္စများ ဆောင်ရွက်ပေးရပါမည်နည်းဟု မေးမြန်းခဲ့ပုံ၊ မိဖုရားကြီးက ပဒုမမင်းသားကို တပ်မက်စိတ်ဖြစ်ကာ အတူမွေ့လျော်ပျော်ပါးရန် အိပ်ရာပေါ်သို့ တက်ခိုင်းခဲ့ပုံ၊ မဟာပဒုမမင်းသားက မသင့်လျော်ကြောင်း ပြောဆိုလျက် ငြင်းဆန်ခဲ့ပုံ၊ ဗြဟ္မဒတ်မင်းကြီး ပြန်လာသောအခါ မင်းသားက မိမိအား ဗလက္ကာရပြုကြောင်း လိမ်ညာ၍ တိုင်တမ်းခဲ့ပုံ၊ မင်းကြီးက မစုံစမ်းဘဲ မင်းသားကို တောင်ထိပ်မှ ပစ်ချရန် အမိန့်ပေးခဲ့ပုံ၊ မင်းသား၏ ကံကြောင့် မကွယ်လွန်ဘဲ နောင်အခါ၌ ရသေ့ဝတ်ပုံ၊ စုံစမ်းသောအခါ မိဖုရား၏ ဖေါက်ပြန်မှုကို သိရသဖြင့် မင်းကြီးသည် မိဖုရားကို တောင်ထိပ်မှ ပစ်ချကွပ်မျက်လိုက်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာပနာဒဇာတက

ဤဇာတ်တော်၌ ဘုရားရှင်သည် ဘဒ္ဒဇိသတို့သားကို ချီးမြှောက်ရန် ဘဒ္ဒိယမြို့၌ ဝါတွင်းသုံးလ သီတင်းသုံးတော်မူလျက် ဘဒ္ဒဇိသတို့သား၏ ဉာဏ်ရင့်သန်မှုကို စောင့်ဆိုင်းတော်မူပုံ၊ သီတင်းဝါလကျွတ်သောအခါ ဘဒ္ဒိယသူဌေးသား ဘဒ္ဒဇိသည် ဘုရားရှင်၏ တရားတော်ကို ကြားနာရပြီး တရားပွဲအဆုံး၌ ရဟန္တာ ဖြစ်ခဲ့ပုံ၊ မိဘများက ဘဒ္ဒဇိသတို့သားကို ရဟန်းပြုစေလျက် ခုနစ်ရက်တိုင်တိုင် အလှူကြီး ပေးပုံ၊ ဘုရားရှင်က ဘဒ္ဒဇိရဟန်းကို ခေါ်၍ ကောဋိရွာသို့ ကြွတော်မူခဲ့ပုံ၊ ဂင်္ဂါမြစ်အတွင်း၌ ဘုရားရှင်နှင့် အတူ တစ်လှေတည်း စီးစဉ် ဘုရားရှင်၏ တိုက်တွန်းချက်အရ ဘဒ္ဒဇိရဟန်း မဟာပနာဒမင်း ဖြစ်စဉ်အခါက ဂင်္ဂါမြစ်အတွင်း၌ နစ်မြုပ်နေသော (၂၅)ယူဇနာရှိသော ပြာသာဒ်ကြီးကို ဘဒ္ဒဇိရဟန်းက တန်ခိုးဖြင့် ဖော်ထုတ်ပြသခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာပနာဒရာဇဝတ္ထု

ဤဝတ္ထု၌ ကျူထရံသည်၊ သားအဖနှစ်ယောက်တို့သည် ပစ္စေကဗုဒ္ဓါတစ်ပါးအား ကျူရွက်ကို မိုးကာ ရေသဖန်းသားတို့ဖြင့် သစ်ရွက်မိုးကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းပြီး ပစ္စည်းလေးပါးတို့ဖြင့် ပြုစုလုပ်ကျွေးခဲ့ပုံ၊ သားအဖနှစ်ယောက် ကွယ်လွန်သောအခါ နတ်ပြည်၌ ဖြစ်ခဲ့ကြပုံ၊ သားဖြစ်သူသည် ထိုနတ်ပြည်မှ စုတေကာ သုမေဓာမိဖုရားကြီး၏ ဝမ်း၌ ပဋိသန္ဓေနေ၍ ဖွားမြင်လာသောအခါ မဟာပနာဒမင်းသားဟု အမည်တွင်ခဲ့ပုံ၊ အရွယ်ရောက်သောအခါ မင်းအဖြစ်ကို ရရှိပြီး သူ၏ ဘုန်းကံကြောင့် သိကြားမင်းက ဝိသကြုံနတ်သားကို စေလွှတ်ကာ ရတနာခုနစ်ပါးဖြင့်ပြီးသော အထပ်တစ်ရာရှိသည့် ပြာသာဒ်ကြီးကို ဆောက်လုပ်စေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာပန္ထကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ သညာဝိဝဋ္ဋ ကုသလ ဧတဒဂ် ချီးမြှင့်ခံရသော ရဟန်းတစ်ပါးကို အားကျပြီး ကုသိုလ်ပြု၍ ထိုဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်ပြည် ဓနသေဋ္ဌိ၏ သမီးနှင့် ကျွန်တို့မှ မွေးဖွားခဲ့၍ သာသနာတော်သို့ ဝင်ရောက်ခဲ့ကာ ဝိပဿနာ အားထုတ်သဖြင့် ရဟန္တာဖြစ်၍ သညာဝိဝဋ္ဋကုသလဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာပန္ထကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မဟာပန္ထကမထေရ်သည် ညီငယ် စူဠပန္ထကအား ဂါထာတစ်ပုဒ်ကို လေးလတိုင်တိုင် အာဂုံရအောင် ကျက်ခိုင်းသည်ကို မရသဖြင့် ကျောင်းပေါ်မှ နှင်ချပြီး တံခါးပိတ်ထားပုံ၊ ရဟန်းများက မဟာပန္ထကထေရ်သည် ရဟန္တာ ဖြစ်ပါလျက် အမျက်ဒေါသထွက်သေးကြောင်း ပြောဆိုနေသံကို ဘုရားရှင် ကြားသိတော်မူသောအခါ ‘‘မဟာပန္ထကမထေရ်သည် အမျက်ဒေါသ ထွက်ခြင်းကြောင့် နှင်ထုတ်သည်မဟုတ်၊ စူဠပန္ထကထေရ်၏ အကျိုးကို လိုလားသောကြောင့်သာ နှင်ထုတ်ခြင်းဖြစ်ကြောင်း’’ ဘုရားရှင် မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာပရိဝါရကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဘီလူးခေါင်းရှစ်သောင်းလေးထောင် အခြံအရံရှိသည့် ဘီလူးမင်းဖြစ်ခဲ့ပုံ၊ ရဟန်းတော်ပေါင်းခြောက်သောင်းရှစ်ထောင်နှင့်တကွ ဝိပဿီဘုရားရှင် ဗန္ဓုမတီပြည်သို့ ဝင်တော်မူသည်ကို ဖူးတွေ့ခဲ့ရပုံ၊ ဘီလူးမင်းသည် ဘုံဗိမာန်မှ ထွက်၍ အပေါ်ရုံပုဆိုးကို မြှောက်ချီကာ ဦးခေါင်းဖြင့် ဘုရားရှင်ကို ရှိခိုးခဲ့ပုံ၊ ထိုအပေါ်ရုံပုဆိုးကိုလည်း လှူခဲ့ပုံ၊ ကြက်သီးမွေးညင်းထလောက်အောင် မမြင်စဖူးထူးကဲသော ဘုရားရှင်၏ အံဖွယ်တို့ကို တွေ့မြင်ရ၍ ကြည်ညို၍ အခြံအရံ ဘီလူးပရိသတ်နှင့် တကွ ဘုရားရှင်ကို ဆည်းကပ်ခဲ့ကြပုံ၊ ပူဇော်မှုကို ပြုခဲ့သော ဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခဲ့ခြင်း မရှိတော့ဘဲ လွန်ခဲ့သော တစ်ဆယ့်ငါးကမ္ဘာအထက်၌ သုဝါဟနမည်သော စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ်ဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်၍ ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာပလောဘနဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗြဟ္မာ့ပြည်မှ စုတေခဲ့ပြီး အနိတ္ထိဂန္ဓမည်သော သတို့သား ဖြစ်ခဲ့ပုံ၊ အနိတ္ထိဂန္ဓသတို့သားသည် မိန်းမတို့ကို အကပ်မခံပုံ၊ ကာသိမင်းကြီးက နန်းတွင်းသူ ကချေသည်သတို့သမီးငယ် တစ်ယောက်နှင့် ဖြားယောင်းသိမ်းသွင်းခဲ့ပုံ၊ အနိတ္ထိဂန္ဓသတို့သားသည် ကချေသည်၌ စွဲလမ်းတပ်မက်ပြီး ငါမှတစ်ပါး အခြားသော ယောက်ျားများသည် မိန်းမများကို မပိုင်ဆိုင်စေရဟု ဆိုကာ သတ်ဖြတ်ရန် ကြိုးစားသဖြင့် နိုင်ငံမှ နှင်ထုတ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာပိင်္ဂလဇာတက

ဤဇာတ်တော်၌ ဒေဝဒတ်လောင်းသည် မဟာပိင်္ဂလအမည်ရှိသော မင်းဖြစ်၍ တိုင်းပြည်ကို ကြမ်းတမ်းစွာ အုပ်ချုပ်ခဲ့ပုံ၊ သို့ဖြစ်ခဲ့ပုံ၊ သို့ဖြစ်၍ တစ်တိုင်းပြည်လုံး ကျိန်မီးအုံးသကဲ့သို့ ဒုက္ခခံစားခဲ့ကြရပုံ၊ ထိုမင်းသေဆုံး(နတ်ရွာစံ)ချိန်တွင် သားတော်ဖြစ်သူ ဘုရားအလောင်းအား မင်းမြှောက်၍ ပျော်ရွှင်နေကြပုံ၊ ထိုအခါတံခါးစောင့်က မဟာပိင်္ဂလမင်း သေရွာမှ ပြန်လာလျှင် အားလုံး ဒုက္ခရောက်ကြမည်ကို စိုးရိမ်၍ ငိုကြွေးနေသဖြင့် တံခါးစောင့်အား စိုးရိမ်မှု မရှိရန် ဘုရားလောင်းက တရားဟောခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာပုဏ္ဏတ္ထေရဝတ္ထု

ဤဝတ္ထု၌ သုနာပရန္တတိုင်း ဝါဏိဇဂါမရွာမှ ကုန်သည်ညီနောင်တို့သည် လှည်းအစီး ငါးရာတို့ဖြင့် ကုန်ကူးရင်း သာဝတ္ထိပြည် ဇေတဝန်ကျောင်းသို့ ရောက်ရှိကာ တရားနာခဲ့ကြပုံ၊ မဟာပုဏ္ဏသူကြွယ် သာသနာတော်သို့ ဝင်ရောက်ခဲ့ပြီး သုနာပရန္တတိုင်း၊ ဝါဏိဇဂါမ ရွာသို့ကြွရောက်ကာ ကမ္မဋ္ဌာန်းအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ထိုအရှင်ပုဏ္ဏမထေရ်ပင့်ဖိတ် မှုကြောင့် ဘုရားရှင် ဝါဏိဇဂါမရွာသို့ ကြွရောက်တော်မူခဲ့၍ စန္ဒကူးကျောင်းတော်ကို အလှူခံတော်မူခဲ့ပုံ၊ သစ္စဗန္ဓရသေ့ တောင်းပန်သောကြောင့် နမ္မဒါမြစ်ကမ်း၌ ခြေတော်ရာ ချတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၂၈၅) (မ၊ဋ္ဌ၊၄၊၂၃၄) (သံ၊ဋ္ဌ၊၃၊၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာပေသကာရပေတိဝတ္ထု

ဤဝတ္ထု၌ ရက်ကန်းသည်ရွာတစ်ရွာ၌ ရက်ကန်းသည်တို့သည် ဝါဆိုသံဃာတော်တို့အား ကောင်းမွန်စွာ လှူဒါန်းပူဇော်ကြပုံ၊ ရက်ကန်းသည်ခေါင်းဆောင်၏ မယားမှာမူ မိစ္ဆာဒိဋ္ဌိဖြစ်၍ ရဟန်းတို့အား အမြဲတမ်း ကျိန်ဆဲလေ့ရှိပုံ၊ ကွယ်လွန်ကြသောအခါ လင်ယောက်ျားက ရုက္ခစိုးနတ်မင်းဖြစ်၍ သူ့မယားက ပြိတ္တာမကြီးခဲ့ပုံ၊ ရုက္ခစိုးပေးသမျှ နတ်ဝတ်နတ်စားများသည် ပြိတ္တာမကြီးထံ ရောက်လျှင် ကျင်ကြီး၊ ကျင်ငယ်၊ သွေးပုပ်နှင့် မီးတောက်လောင်နေသော သံပြားကြီးများ ဖြစ်သွားကြပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ပေတ၊၁၃၃) (ပေတ၊ဋ္ဌ၊၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာဖုဿဒေဝတ္ထေရဝတ္ထု

ဤဝတ္ထု၌ မဟာဖုဿဒေဝမထေရ်သည် အနှစ်နှစ်ဆယ်ကာလပတ်လုံး ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်လျက် ကမ္မဋ္ဌာန်းတရားအားထုတ်ခဲ့ပုံ၊ လယ်သမား၊ ခရီးသွားစသည်တို့က မထေရ်အား ‘‘မျက်စိလည် လမ်းမှားနေသူ’’ဟု ထင်မှတ်ပြောဆိုလေ့ရှိပုံ၊ မဟာဖုဿဒေဝမထေရ်က ထိုသူတို့၏ စကားကို ဂရုမစိုက်ဘဲ ကမ္မဋ္ဌာန်းတရားကိုသာ ကြိုးစားအားထုတ်ခဲ့သဖြင့် အနှစ်နှစ်ဆယ်အတွင်း၌ ရဟန္တာ ဖြစ်ခဲ့ပုံ၊ မထေရ်ရဟန္တာဖြစ်သောနေ့၌ နတ်မင်းကြီးလေးယောက်၊ သိကြားမင်းနှင့် သဟမ္ပတိဗြဟ္မာစသည်တို့ လာရောက်ဆည်းကပ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၁၇၀) (မ၊ဋ္ဌ၊၁၊၂၆၂) (သံ၊ဋ္ဌ၊၃၊၂၂၂) (သုတ္တနိ။ဋ္ဌ၊၁၊၅၀) (အပ၊ဋ္ဌ၊၁၊၁၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာဗောဓိဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် မဟာဗောဓိမည်သော ပရိဗိုဇ်ဖြစ်၍ ဗာရာဏသီ မင်း၏ဥယျာဉ်သို့ ကြွလာစဉ် မင်းမိဖုရားနှစ်ဦးတို့သည် အလွန်ကြည်ညိုခဲ့ကြပုံ၊ အဟေတုကဝါဒ၊ ဣဿရနိမ္မာနဝါဒ၊ ပုဗ္ဗေကတဟေတုဝါဒ၊ ခေတ္တဝိဇ္ဇဝါဒ၊ ဥစ္ဆေဒဝါဒရှိကုန်သော အမတ်(၅)ယောက်တို့က ဘုရားအလောင်း ထွက်သွားအောင် မင်းကြီးအား ကုန်းတိုက်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၂၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာဗောဓိဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဥရုဝေလတော နေရဉ္ဇရာမြစ်နဖူးရှိ မဟာဗောဓိပင်ရင်း၌ သဗ္ဗညုတဘုရားရှင်အဖြစ်သို့ ရှေးဦး ပထမ ရောက်တော်မူပုံ၊ ဗောဓိပင်ရင်း၌ ခုနစ်ရက်ပတ်လုံး တင်ပလ္လင်ခွေလျက် အရဟတ္တဖိုလ်ချမ်းသာကို ခံစားတော်မူပုံ၊ ထိုည၌ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အနုလုံ ပဋိလုံ ဆင်ခြင်သုံးသပ်တော်မူပြီး ဥဒါန်းကျူးရင့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာဘိနိက္ခမနဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းတော်သည် ဓမ္မသံဝေဂရ၍ ကပိလဝတ်နေပြည်တော်မှ မြတ်သော တောထွက်တော်မူခြင်းဖြင့် တောထွက်တော်မူကာ ဥရုဝေလတော၌ ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ် ကျင့်ခဲ့ပုံ၊ ကဆုန်လပြည့်နေ့ နံနက်ပိုင်းတွင် သုဇာတာလှူသော ဃနာနို့ဆွမ်းကို ဘုဉ်းပေးပြီး ညနေပိုင်းတွင် မဟာဗောဓိပင်ရင်း၌ မာရ်နတ်ကို အောင်နိုင်ခဲ့ပုံ၊ သဗ္ဗညုဘုရားဖြစ်၍ ဗောဓိပင်အနီး (၇)ဌာနတို့၌ (၄၉)ရက် သီတင်းသုံးနေခဲ့ပုံ၊ လောကစောင့်နတ်တို့ လှူသောသပိတ်ဖြင့် တပုဿဘလ္လိကတို့ လှူသော မုန့်ဆွမ်းကို ဘုဉ်းပေးတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာမင်္ဂလဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဟိမဝန္တာတော၌ ဈာန်ရရသေ့ကြီးဖြစ်ပြီး တပည့်ရသေ့ငါးရာတို့နှင့်အတူနေစဉ် တပည့်တို့သည် ဗာရာဏသီမင်း၏ ဥယျာဉ်သို့ ကြွရောက် သီတင်းသုံးကြပုံ၊ ထိုအခါ မင်းပရိသတ်၌ မင်္ဂလာဟူသော စကားနှင့် ပတ်သက်၍ အငြင်းအခုံဖြစ်ကြရာ ရသေ့တို့ထံ အဆုံးအဖြတ်ခံရန် ရောက်လာကြပုံ၊ ဘုရားအလောင်း ရသေ့ကြီးက မင်္ဂလာတရားကို ဖြေဆိုဟောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာမိတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ နို့အိုင်းနာ ဖြစ်နေမယ်တော်ကြီးအား မဟာမိတ္တမထေရ်က ရဟန်း ဖြစ်သည့်နေ့မှစ၍ လောဘစိတ်ဖြင့် ဣန္ဒြေကိုဖျက်ကာ မာတုဂါမကို မကြည့်စဖူးပါ၊ ဤသစ္စာ စကားကြောင့် မိခင်ရောဂါပျောက်ပါစေဟု သစ္စာဆို၍ ကုသပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာမိတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မဟာမိတ္တမထေရ်သည် ကဿကလိုဏ်ဂူ၌ သီတင်းသုံးနေစဉ် ဂေါစရဂါမ်ရွာကို အမှီပြု၍ တရားအားထုတ်နေပုံ၊ တစ်နေ့သောအခါ မိမိကို အမြဲတမ်း ဆွမ်းဝတ်ပြုနေသော ဥပါသိကာမကြီးက တောထဲ မသွားမီ သမီးငယ်အား မဟာမိတ္တထေရ် ကြွလာသည့်အခါ ထောပတ်၊ ဆီဦး၊ နွားနို့စသည့် ကောင်းမွန်သော ဘောဇဉ်များကို လောင်းလှူရန် မှာကြားနေပုံ၊ မိမိတို့ကမူ မနေ့က ကျန်သော ထမင်းကြမ်းခဲနှင့် ပအုံးရည်ဟင်း၊ ကန်စွန်းရွက်ဟင်းဖြင့် စားသောက်ကြမည်-ဟု ပြောဆိုနေသည့် အသံကို မဟာမိတ္တထေရ် ကြားသိရပုံ၊ မထေရ်သည် မိမိကိုယ်ကို ဆုံးမကာ လိုဏ်ဂူသို့ ပြန်ပြီး တစ်မဂ်တစ်ဖိုလ် မရမချင်း ဆွမ်းခံမထွက်ဟု ဆုံးဖြတ်ချက်ချလျက် တရားအားထုတ်ခဲ့ပုံ၊ နေမွန်းမတည့်မီပင် ရဟန္တာဖြစ်ပြီး ဥပါသကာမကြီးအိမ်သို့ ဆွမ်းခံကြွတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၂၉၈) (သံ၊ဋ္ဌ၊၃၊၁၉၆) (အံ၊ဋ္ဌ၊၁၊၃၉၃) (အဘိ၊ဋ္ဌ၊၂၊၂၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာမောဂ္ဂလာနတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဂိဇ္ဈကုဋ်တောင်ခြေရှိ အဆိပ်ပန်းတို့မှ လေကိုရှူမိသဖြင့် မဟာမောဂ္ဂလ္လယန်မထေရ် မကျန်းမမာဖြစ်နေရာ ဘုရားရှင်ထံမှ ဗောဇ္ဈင်တရားကို နာရ၍ ရောဂါပျေက်ကင်းပုံစသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာမောဂ္ဂလာနတ္ထေရဝတ္ထု

ဤဝတ္ထု၌ တိတ္ထိများသည် ‘‘ဘုရားရှင်သာသနာတော်၌ လာဘ်လာဘများ ပေါများနေခြင်းသည် အရှင်မောဂ္ဂလာန်ထေရ်ကြောင့် ဖြစ်သည်’’ဟု ဆိုကာ ခိုးသားငါးရာတို့ကို အသပြာတစ်ထောင် ပေး၍ လုပ်ကြံစေခဲ့ပုံ၊ အရှင်မဟာမောဂ္ဂလ္လာန်ထေရ်ကြီးသည် ပထမလ၊ ဒုတိယလတို့၌ တန်ခိုးတော်ဖြင့် ရှောင်၍လွတ်မြောက်သော်လည်း တတိယမြောက်လ၌ကား မိမိ၏ အတိတ်ဘဝအကုသိုလ်ကံ ဝဋ်ကြွေးကြောင့် ရှောင်၍မရတော့ဘဲ လုပ်ကြံခံတော်မူခံရပုံ၊ အဇာတသတ်မင်းကြီးက လူသတ်တရားခံ တိတ္ထိငါးရာနှင့် ခိုးသားငါးရာတို့ကို တွင်းတူးပြီး မီးရှို့သတ်ရန် အမိန့်ပေးခဲ့ပုံ၊ အရှင်မဟာမောဂ္ဂလာန်မထေရ်ကြီးသည် အတိတ်ဘဝတစ်ခု၌ မိခင်ဖခင်တို့အား မယား၏ ကုန်းတိုက်စကားကြောင့် သတ်ခဲ့မိသဖြင့် ယခုနောက်ဆုံးဘဝ၌ ဤကဲ့သို့ လုပ်ကြံခံတော်မူရခြင်းဖြစ်ကြောင်း ဘုရားရှင်က ဟောပြတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာမောဂ္ဂလာနတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်မဟာမောဂ္ဂလ္လာန်မထေရ်သည် နတ်ပြည်သို့ကြွ၍ နတ်သမီးတို့အား ‘‘မည်သို့သော ကုသိုလ်ကောင်းမှုကြောင့် ဤကဲ့သို့သော နတ်စည်းစိမ်တို့ကို ရရှိသနည်း’’ ဟု မေးမြန်းတော်မူပုံ၊ တစ်ချို့သော နတ်သမီးများက မည်သည့်ကုသိုလ်ထူးမျှ မပြုလုပ်ခဲ့ဖူးဘဲ မှန်ကန်သော သစ္စာစကားမျှကိုသာ ဆိုခဲ့ဖူးကြောင်း၊ တစ်ချို့က မိမိလင်ယောကျ်ားအပေါ် အမျက်ဒေါသ မထွက်ရုံမျှ ထိန်းသိမ်းခဲ့ဖူးကြောင်း၊ တစ်ချို့က တည်သီးတစ်လုံး သခွားသီးတစ်လုံးမျှကိုသာ လှူခဲ့ဖူးကြောင်း စသည်ဖြင့် လျှောက်ထားခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် ရဟန္တာအပါး ငါးရာနှင့်အတူ ဣသိဂိလိတောင်နံပါး၌ သီတင်းသုံးနေတော်မူပုံ၊ အရှင်မဟာမောဂ္ဂလ္လာန်မထေရ်သည် ထိုရဟန္တာအပါးငါးရာတို့၏ ဥပဓိကင်းကွာ ကိလေသာမှ လွတ်မြောက်ပြီးသောစိတ်ကို မိမိ၏စိတ်ဖြင့် ဆင်ခြင်သုံးသပ်ခဲတော်မူပုံ၊ ထိုအကြောင်းအရာကို အရှင်ဝင်္ဂီသထေရ်က ဘုရားရှင်၏ ရှေ့တော်၌ အလွန်ကောင်းမွန်သော ဂါထာတို့ဖြင့် ချီးမွမ်းတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၉၆) (သံ၊ဋ္ဌ၊၁၊၂၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာမောဂ္ဂလ္လာနဝတ္ထု

ဤဝတ္ထု၌ အရှင်မောဂ္ဂလ္လာန်မထေရ်လောင်း အမျိုးကောင်းသားသည် အနောမဒဿီဘုရားရှင် လက်ထက်တော်၌ ဝရုဏနဂါးမင်းဖြစ်၍ ဘုရားရှင်နှင့်တကွ သံဃာတော်တို့အား အလှူကြီးပေးလှူ၍ ဒုတိယအဂ္ဂသာဝကဆုကို တောင်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် သိကြားမင်းအဖြစ် (၇၇)ကြိမ်၊ စကြာမင်းအဖြစ် (၅၅)ကြိမ်၊ ချမ်းသာသုခခံစားခဲ့ရပုံ၊ တစ်ခုသောဘဝ၌ ကာမဂုဏ်နောက်လိုက်ပြီး မယားမိုက်၏ ကုန်းတိုက်စကားကြောင့် မိခင်အို၊ ဖခင်အိုတို့အား သတ်ခဲ့မိပုံ၊ ထိုအကုသိုလ်ကံကြောင့် ငရဲ၌ နှစ်ပေါင်းများစွာ ကျရောက်ခဲ့ရပြီး ဤနောက်ဆုံးဘဝ ဒုတိယအဂ္ဂသာဝကမထေရ်ကြီးဖြစ်စဉ် ခိုးသားငါးရာတို့၏ ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခြင်းကို ခံရ၍ ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၄၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာမောရဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဥဒေါင်းငှက်မျိုး၌ဖြစ်၍ ရွှေရောင်အဆင်းရှိသဖြင့် အခြားသော ဥဒေါင်းငှက်တို့ထက် ချောမောလှပုံ၊ အပေါင်းအဖေါ်များနှင့်ခွဲခွာလျက် ဟိမဝန္တာတော၌ တစ်ကောင်တည်း နေကာ နေထွက် နေဝင်တို့၌ ပရိတ်ရွတ်လျက် အန္တရာယ်ကင်းရှင်းစွာ နေထိုင်ခဲ့ရပုံ၊ မင်းခုနစ် ဆက် မုဆိုးခုနစ်ဆက်တို့ဖမ်းဆီးကြသော်လည်း ဖမ်းဆီး၍ မရခဲ့ကြပုံ၊ ဥဒေါင်းငှက်မလေး၏ အသံကြောင့် ပရိတ်မရွတ်မိဘဲ ပြန်ဆင်းလာရာ ညွတ်ကွင်း၌ မိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၃၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာရထဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ရွှေပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ကဿပ ဘုရားရှင်လက်ထက်တော်၌ သိဝိမင်းကြီး၏ ဇနီး ဥရစ္ဆဇမာလာ၏ဆရာ ဂေါပါလပုဏ္ဏား ဖြစ်ခဲ့ပုံ၊ ကဿပဘုရားရှင် အမှူးရှိသော သံဃာတော်တို့အား အသဒိသဒါန လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်အစုစုကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာရာဟုလောဝါဒဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်၏သားတော် အရှင်ရာဟုလာသည် ဆရာသမားတို့၏ စကားကို လေးစားစွာ ကျင့်သုံးလိုက်နာသူဖြစ်ပုံ၊ ဘုရားရှင်သည် အရှင်ရာဟုလာ အသက်နှစ်ဆယ်ပြည့်၍ ရဟန်းဖြစ်လာသောအခါ ဣန္ဒြေရင့်သည်ကို သိတော်မူ၍ ကမ္မဋ္ဌာန်းအားထုတ်ရန် မဟာရာဟုလောဝါဒသုတ်ကို ဟောပြတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၉၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာလိလိစ္ဆဝီဝတ္ထု

ဤဝတ္ထု၌ မဟာလိလိစ္ဆဝီမင်းသည် ဘုရားရှင်အား သိကြားမင်းကို မြင်ဖူးပါသလောဟု မေးမြန်းလျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က မြင်ဖူးပါ၏ဟု မိန့်တော်မူသောအခါ သိကြားအစစ်ကို မြင်ဖို့ရန် ခဲယဉ်းကြောင်း၊ ဘုရားရှင်မြင်ဖူးသည့် သိကြားမင်းသည် အတုသာ ဖြစ်နိုင်ကြောင်း လျှောက်ထားပုံ၊ ဘုရားရှင်က သိကြားမည်ကြောင်းနှင့် သိကြားမင်းဖြစ်ကြောင်း အကျင့်များကို ရှင်လင်းဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၃၁) (သံ၊ဋ္ဌ၊၁၊၃၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာလိလိစ္ဆဝီဝတ္ထု

ဤဝတ္ထု၌ နာဂိတမထေရ်၏ တူတော်သူ သီဟသာမဏေသည် မဟာလိလိစ္ဆဝီနှင့် ကောသလတိုင်း၊ မဂဓတိုင်းတို့မှ ပုဏ္ဏားပရိသတ်များ ဘုရားရှင်အား ဖူးမြော်ကန်တော့ရန် ရောက်လာကြကြောင်း ဘုရားရှင်ထံ သွားရောက်လျှောက်ထားပုံ၊ မဟာလိလိစ္ဆဝီက သုနက္ခတ္တရဟန်းသည် ဒိဗ္ဗစက္ခုအဘိညာဉ်ကိုသာ ရ၍ ဒိဗ္ဗသောတအဘိညာဉ်ကို မရကြောင်း ဘုရားရှင်အား လျှောက်ထားပုံ၊ ဘုရားရှင်က ‘‘ရဟန်းတော်များသည် ဈာန်အဘိညာဉ်ထက် မြင့်မြတ်သာလွန်သော မဂ်ဖိုလ်နိဗ္ဗာန်တရားများကို မျက်မှောက်ပြုနိုင်ရေးအတွက်သာ ငါဘုရား၏ အထံ၌ မြတ်သောအကျင့်ကို ကျင့်ခြင်းဖြစ်ကြောင်း’’ မဟာလိအား မိန့်ကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၁၊၁၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာလောမဟံသဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်း မဟာလောမဟံသသည် စည်းစိမ်ဥစ္စာများစွာကို စွန့်လွှတ်၍ တောထွက်ခဲ့ပုံ၊ လူတို့၏ ပူဇော်သက္ကာရပြုမှုကို ရွံရှာပြီ ဥပေက္ခာပါရမီကို အစွမ်း ကုန်ဖြည့်ကျင့်လိုသဖြင့် အရှက်အကြောက်လုံရုံ အဝတ်စုတ်များကိုဝတ်ကာ ရွာစဉ်လှည့်လည်ပုံ၊ မိမိကို ပူဇော်သူတို့ကိုလည်း အလေးမထား၊ ရှုတ်ချကဲ့ရဲ့၊ နှပ်တံတွေးဖြင့် ထွေးသူတို့ကိုလည်း မုန်းစိတ်မဝင်၊ ချစ်မုန်းကင်းသည့် ဥပေက္ခာစိတ်ဖြင့် နေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၂၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာဝစ္ဆတ္ထေရဝတ္ထု

ဤဝတ္ထု၌ မဟာဝစ္ဆမထေရ်အလောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင် ရဟန်းသံဃာတော်တို့အား သောက်တော်ရေများ လှူဒါန်း ဆက်ကပ်ခဲ့ပုံ၊ သိခီဘုရားရှင်လက်ထက်တော်၌လည်း ရတနာသုံးပါးကို ဆည်းကပ်သော ဥပါသကာတစ်ဦး ဖြစ်ခဲ့ပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ မဂဓတိုင်း နာဠကရွာ၌ ဗြာဟ္မဏမဟာသာလတစ်ဦး ဖြစ်လာပြီး သာသနာတွင်း ဝင်ရောက်၍ ရဟန္တာ ဖြစ်ခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာဝတ္တနိအဋဝိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မဟာဝတ္တနိတောအုပ်နေ မထေရ်တစ်ပါးကို ခိုးသူများက နွယ်ကြိုးတို့ဖြင့် တုပ်နှောင်ပြီး လှဲချထားခဲ့ကြပုံ၊ ထိုမထေရ်သည် နွယ်ကြိုးကို ဖြတ်လျှင် အာပတ်သင့်မည် ဖြစ်သဖြင့် သိက္ခာပုဒ်တော်ကို အသက်နှင့်လဲ၍ စောင့်ထိန်းကာ လှဲအိပ်လျက် (၇)ရက်လုံးလုံး ဝိပဿနာပွား၍ အနာဂါမ်တည်ကာ ထိုနေရာမှာပင် ပျံလွန်တော်မူ၍ ဗြဟ္မာ့ပြည်၌ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာဝါစကာလဥပါသကဝတ္ထု

ဤဝတ္ထု၌ ဤဥပါသကာသည် သောတာပတ္တိမဂ်ကို ရလို၍ နှစ်ပေါင်းသုံးဆယ်တိုင်တိုင် သုံးဆယ့်နှစ်ပါးသော ကောဋ္ဌာသကမ္မဋ္ဌာန်းကို ရွတ်ဆိုခဲ့ပုံ၊ ထို့နောက် သူသည် ဤမျှလောက်ကြာအောင် ထိုကမ္မဋ္ဌာန်းကို ရွတ်ဆိုပါသော်လည်း တရားထူးရရန် အရိပ်အယောင်မျှပင် မဖြစ်စေနိုင်ခဲ့သဖြင့် ဗုဒ္ဓသာသနာတော်သည် သံသရာမှ ထွက်မြောက်ကြောင်း မဟုတ်နိုင်ဟု အယူဖောက် ပြန်ပျက်စီးကာ ကွယ်လွန်၍ ဂင်္ဂါမြစ်ထဲ၌ ခန္ဓာကိုယ် ကိုး ဥသဘအတိုင်းအရှည်ရှိသော မိကျောင်းပြိတ္တာကြီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၂၊၁၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာဝါဏိဇဇာတက

ဤဇာတ်တော်၌ လှည်းကုန်သည် ငါးရာတို့သည် သဲကန္တာရခရီး၌ မျက်စိလည် လမ်းပျောက်၍ နဂါးသိမ်းပိုက်ထားသော စိမ်းလန်းစိုပြေသည့် ပညောင်ပင်ကြီးတစ်ပင်ကို တွေ့ရှိကြပုံ၊ ကုန်သည်တို့သည် ပညောင်ပင်ရင်း၌ နားနေပြီး အပင်ပေါ်သို့ တက်ကာ သစ်ကိုင်းတို့ကို ဖြတ်ကြသောအခါ ရေနှင့်တကွ စားဖွယ်သောက်ဖွယ်များ၊ ပတ္တမြားနားတောင်းစသည့် ရတနာများ၊ ဝတ်စားဆင်ယဉ် အလှပြင်ထားသည့် မိန်းမငယ်များကို ရရှိခဲ့ကြပုံ၊ ရုက္ခစိုးနတ်မင်း၏ ရှေးကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာသော ထိုပစ္စည်းဥစ္စာများကို သယ်ဆောင်ကာ ပြန်သင့်သော်လည်း လောဘအတောမသတ် ကျေးဇူးကန်းသူများဖြစ်သဖြင့် ညောင်မြစ်ကိုပါ တူး၍ ညောင်ပင်ကြီးကို လှဲရန် စီစဉ်ကြပုံ၊ ထိုအခါ ဘုရားလောင်းလှည်းကုန်သည်မှူးက ကျေးဇူးရှင်ကို မပြစ်မှားရန် တားမြစ်ခဲ့ပုံ၊ ရုက္ခစိုးနတ်မင်း အမျက်ထွက်၍ ဘုရားလောင်းမှတစ်ပါး လှည်းသားအားလုံးကို သတ်ပစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၃၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာသကုဏသံဃဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ဟိမဝန္တာတောင်နံဘေးရှိ တောအုပ်တစ်အုပ်၌ သီတင်းသုံး နေထိုင်ပုံ၊ ငှက်ပေါင်းများစွာတို့သည် ကျောင်း၏အနီး အိုင်ကြီးထဲ၌ ကျက်စားပြီးလျှင် ထိုတောအုပ်သို့ လာရောက် အိပ်စက်ကြသဖြင့် ငှက်တို့၏ ဆူညံသံကြောင့် တရားအားမထုတ်နိုင်ကြောင်း ထိုရဟန်းက ဘုရားရှင်အား လျှောက်ထားပုံ၊ ဘုရားရှင်က ငှက်တို့ထံမှ ငှက်မွေးကို တောင်းခိုင်းသဖြင့် ထိုရဟန်းသည် နေ့စဉ် ငှက်မွှေးကို တောင်းသောကြောင် ငှက်တို့ ထိုတောအုပ်ကို စွန့်ခွာသွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာသကုလုဒါယီဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် မောရနိဝါပပရိဗိုဇ်၏ အရာမ်သို့ ကြွတော်မူပြီး ပရိဗိုဇ်တို့နှင့် တရား ဆွေးနွေးတော်မူပုံ၊ ပုရာဏကဿပအစရှိသော တိတ္ထိဆရာကြီး (၆)ဦးတို့သည် ထင်ရှားသော ဂိုဏ်းဆရာကြီးများဖြစ်ပြီး တပည့်ပရိသတ်များရှိကြသော်လည်း သူတို့၏ တပည့်တို့က လေးမြတ်မှု မရှိကြပုံ၊ ဘုရားရှင်၏ တပည့်ပရိသတ်က ဘုရားရှင်အပေါ် လေးမြတ်မှုရှိပုံ စသော အကြောင်းအရာများပါဝင်သည်။ (မ၊၂၊၁၉၄) (မ၊ဋ္ဌ၊၃၊၁၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာသဋ္ဌိဝဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ သီဟိုဠ်ကျွန်း ကန္ဒရသာလာကျောင်း၌ သီတင်းသုံးနေထိုင်သော ဝါတောခြောက်ဆယ်ရမထေရ်ကြီးသည် သေရာညောင်စောင်း၌ လဲလျောင်းနေစဉ် ဝေဒနာ ပြင်းထန်စွာ နှိပ်စက်ခံရသဖြင့် ညည်းညူ၍နေပုံ၊ ထိုအချိန်၌ တိဿမင်းကြီးသည် မထေရ်ကြီးကို ဖူးမြော်ရန် ရောက်ရှိလာစဉ် ညည်းညူသံကို ကြားရသဖြင့် ‘‘ဝါတော်ခြောက်ဆယ် ရနေပါလျက် ဝေဒနာ သိမ်းဆည်းမှုကိုမျှ မပြုလုပ်နိုင်သော မထေရ်ကို ရှိမခိုးတော့’’ ဟု ဆိုကာ ပြန်လှည့်သွားပုံ၊ ထိုအကြောင်းအရာကို မထေရ်ကြီး သိရှိသွားပြီး ချက်ချင်း ဝိပဿနာ ရှုမှတ်ပွားများရာ ရဟန္တာဖြစ်သွားပြီး တိဿမင်းကြီးအား ရှိခိုးစေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၂၆၀) (အံ၊ဋီ၊၃၊၃၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာသာရဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်း၏ အမတ်ဖြစ်စဉ် တစ်နေ့တွင် မင်းနှင့် မိဖုရားတို့ ဥယျာဉ်တော်သို့သွား၍ ရေချိုးကြစဉ် မိဖုရားကြီး၏ လည်ဆွဲပုလဲသွယ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဇနပုဒ်သား၊ သူဌေး၊ ပြည့်တန်ဆာမ၊ စောင်းသမား၊ ပုရောဟိတ် စသည်တို့ကို ဖမ်းဆီးထားရာ ဘုရားအလောင်း၏ ပညာစွမ်းကြောင့် ထိုသူတို့ အချုပ်မှ လွတ်မြောက်ပြီး လည်ဆွဲရတနာ ပြန်ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာသာလဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ မဟာသာလပုဏ္ဏားကို သူ၏သားများက အမွေအားလုံး မိမိတို့ချည်း ပိုင်ဆိုင်လိုကြသဖြင့် နောက်အိမ်ထောင် ပြုခွင့် မပေးဘဲ အလှည့်ကျ ပြုစုလုပ်ကျွေးခဲ့ကြပုံ၊ သားများကို အမွေ ပစ္စည်းအားလုံး ပေးလိုက်သဖြင့် တောင်းစားရသောအဖြစ်သို့ ရောက်ရှိခဲ့ပုံ၊ သို့သော် မြတ်စွာဘုရားရှင်၏ သွန်သင်လမ်းညွှန်ချက်ကြောင့် ချမ်းသာစွာ နေခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၇၈) (သံ၊ဋ္ဌ၊၁၊၂၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာသိဝတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဂိုဏ်းကြီး (၁၈)ဂိုဏ်းတို့၏ ဆရာဖြစ်သော မဟာသီဝမထေရ်သည် မိမိထံ၌ ဆည်းကပ်လာကြကုန်သော တပည့်ရဟန်းသံဃာသုံးသောင်းတို့ကို နံနက်မိုးလင်းသည့်အချိန်မှ စ၍ ညနေနေဝင်မိုးချုပ်သည့်အချိန်အထိ စာပေပရိယတ်များကို သင်ကြားပို့ချပေးပုံ၊ မဟာသီဝမထေရ်၏ အဆုံးအမဩဝါဒ၌ တည်လျက် ကျင့်ကြံအားထုတ်သော တပည့်ရဟန်းသုံးသောင်းတို့ ရဟန္တာ ဖြစ်ကြပုံ၊ တပည့်ရဟန္တာတစ်ပါးက မိမိဆရာ ပုထုဇဉ်အဖြစ်၌သာ ရှိသေးကြောင်း သိသဖြင့် တရားအားထုတ်ရန် သတိပေးခဲ့ပုံ၊ မဟာသီဝမထေရ်သည် ‘‘ငါကဲ့သို့သော စာတတ်ပေတတ် ပုဂ္ဂိုလ်မျိုးအတွက် နှစ်ရက်သုံးရက်မျှလောက် တရားအားထုတ်လိုက်လျှင် မဂ်ဖိုလ်ကိစ္စပြီးနိုင်သည်’’ ဟု မိမိကိုယ်ကို အထင်ကြီးကာ တရားအားထုတ်စဉ် နှစ်ပေါင်းသုံးဆယ် ကြာသွားသော်လည်း ရဟန္တာ မဖြစ်သေးသဖြင့် ဝမ်းနည်းကာ ငိုကြွေးနေပုံ၊ ထိုအချိန်၌ နတ်သမီးတစ်ယောက်သည် မထေရ်၏ အနီး၌ လာရောက်ငိုကြွေးနေသဖြင့် အဘယ့်ကြောင့် ငိုနေရသနည်းဟု မေးသောအခါ ‘‘ငိုလျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရမည်ထင်၍ ငိုကြွေးကြောင်း’’ လျှောက်ထားပုံ၊ မဟာသီဝမထေရ်သည် နတ်သမီး၏ အပြောင်အလှောင်ကို ခံရသဖြင့် သတိသံဝေဂ ရကာ တရားအားထုတ်သောအခါ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၃၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာသီလဝဇာတက

ဤဇာတ်တော်၌ မဟာသီလဝမင်းသည် အလှူမဏ္ဍပ်ကြီး ခြောက်ခု ဆောက်၍လုပ်ကာ အမြဲတမ်း အလှူအတန်းများ ပြုလုပ်ပုံ၊ ဥပုသ်သီတင်း စောင့်သုံး၍ တိုင်းပြည်ကို မေတ္တာကရုဏာဖြင့် သိမ်မွေ့ နူးညံ့စွာ အုပ်ချုပ်ပုံ၊ ကောသလမင်းက ဥပါယ်တံမျဉ်ဖြင့် မဟာသီလဝ မင်း၏ နိုင်ငံကို တိုက်ခိုက်သိမ်းယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာသုတသောမဇာတက

ဤဇာတ်တော်၌ ကောရဗျမင်း၏သား ဘုရားလောင်း သုတသောမမင်းသားသည် တက္ကသိုလ်ပြည်သို့ ပညာသင်သွားစဉ် လမ်းခရီးအကြား၌ ဗာရာဏသီမင်း၏သားတော် ဗြဟ္မဒတ္တမင်းသားနှင့် တွေ့ဆုံပြီး မိတ်ဆွေဖြစ်သွားကြပုံ၊ တစ်ရာ့တစ်ပါးသော မင်းသားတို့နှင့်အတူ ဒိသာပါမောက္ခဆရာကြီးထံ အတတ်ပညာများ သင်ယူသောအခါ သုတသောမမင်းသားသည် ဒိသာပါမောက္ခဆရာကြီး၏ တပည့်ကြီးအရာ၌ တည်လျက် ဗြဟ္မဒတ္တမင်းသားကို အတတ်ပညာများ သင်ပေးခဲ့ပုံ၊ တစ်ရာ့တစ်ပါးသော မင်းညီမင်းသားတို့ မိမိနိုင်ငံသို့ ပြန်ရောက်သောအခါ အသီးသီး မင်းအဖြစ်ကို ရရှိကြပုံ၊ ထို့နောက် ဗာရာဏသီမင်းသည် လူသားစားသဖြင့် ကာဠဟတ္ထိစစ်သူကြီးနှင့်တကွ တိုင်းသူပြည်သားများက မင်းကြီးကို တိုင်းပြည်မှ နှင်ထုတ်လိုက်ကြပုံ၊ ဗာရာဏသီမင်းသည် ပေါရိသာဒအမည်ခံလျက် တောထဲ၌နေကာ လူများကို ဖမ်းဆီးသတ်ဖြတ် စားသောက်နေပုံ၊ ပေါရိသာဒသည် တစ်ရာ့တစ်ပါးသော မင်းတို့ကို ဖမ်းဆီးလျက် ညောင်ပင်စောင့်နတ်အား ယဇ်ပူဇော်မည်ပြုစဉ် ဘုရားလောင်း မဟာသုတသောမမင်းက တရားဟော ဆုံးမပြီး တစ်ရာ့တစ်ပါးသော မင်းတို့ကို မိမိတို့နိုင်ငံသို့ အသီးသီး ပြန်လွှတ်စေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၄၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာသုဒဿနဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ပရိနိဗ္ဗာန်စံရန် ကုသိနာရုံမြို့သို့ ကြွတော်မူစဉ် အရှင်အာနန္ဒာက ကုသိနာရုံသည် မြို့ငယ်မြို့သိန်လေး-ဟု ပြောဆိုသည်ကို ဘုရားရှင်က တားမြစ်တော်မူပြီး ဤနေရာသည် မဟာသုဒဿနမင်းကြီး၏ တစ်ဆယ့်နှစ်ယူဇနာ ရတနာတံတိုင်း ကာအပ်သော မင်းနေပြည်တော်ကြီး ဖြစ်ခဲ့ဖူးကြောင်း၊ ထိုမင်းသည် ရှေ့ကရဟန်းတစ်ပါးကို ကျောင်းဆောက်လှူဒါန်းမှုပြုခဲ့သော ကောင်းမှုကြောင့် သုဒဿနမင်းဖြစ်သောအခါ ဤမျှခမ်းနားကြီးကျယ်သော နေပြည်တော်ကြီးကို ပိုင်ဆိုင်ခဲ့ကြောင်း ဟောတော်မူပုံ၊ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၁၃၉) (ဒီ၊ဋ္ဌ၊၂၊၂၀၈) (စရိယာ၊ဋ္ဌ၊၄၀) (ဇာ၊ဋ္ဌ၊၁၊၄၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာသုပိနဇာတက

ဤဇာတ်တော်၌ ကောသလမင်းကြီးသည် ၁၆-ချက်သော အိပ်မက်တို့ကို မြင်မက်ပုံ၊ အကျိုးအပြစ်ကို ပုဏ္ဏားတို့အား မေးရာ မင်းကြီးအတွက် အသက်အန္တရာယ်ရှိသည်။ အန္တရာယ်ကင်းလိုပါက သတ္တဝါများစွာ၏ အသက်ကို သတ်၍ ယဇ်ပူဇော် ရမည်ဟုဆိုကာ သတ္တဝါများကို ဖမ်းဆီးထားပုံ၊ မလ္လိကာဒေဝီ၏ တိုက်တွန်းချက်အရ ဘုရားရှင်ထံ သွားရောက် လျှောက်ထားရာ ဘုရားရှင်က နောင်အခါ မတရားမင်းတို့၏ လက်ထက်၌ ဖြစ်ပျက်မည့်နိမိတ်များဖြစ်ကြောင်း မိန့်ကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာသုဝဇာတက

ဤဇာတ်တော်၌ ဟိမဝန္တာတောင်ခြေ ဂင်္ဂါမြစ်ကမ်းပါးရှိ ရေသဖန်းတော၌ သိန်းပေါင်းများစွာသော ကျေးတို့ နေကြပုံ၊ ကျေးမင်းသည် အသီးတို့ကုန်သော်လည်း အညွန့်၊ အရွက်၊ အခွံ၊ အခေါက်တို့ကိုစားကာ အစားအသောက်လောဘမကြီးဘဲ အခြားကျေးတို့ စွန့်ခွာသော်လည်း မိမိနေရာသဖန်းပင်ကြီးကို မစွန့်ခွာဘဲ နေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာသောဏတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဗြာဟ္မဏတိဿသူပုန်ဘေးကြီး ဆိုက်ရောက်စဉ် စိတ္တလတောင်နှင့် တိဿကျောင်းတိုက်ကြီးတို့၌ ရဟန်းတော်ပေါင်း တစ်သောင်းနှစ်ထောင်စီ သီတင်းသုံးနေထိုင်ကြပုံ၊ ရဟန်းတော်တို့အတွက် သုံးနှစ်စာ သိုလှောင်ထားသော စပါးများကို ကြွက်ကြီးများ တစ်ညဉ့်တည်းဖြင့် စားသောက်ဖျက်ဆီးခဲ့ကြပုံ၊ ရဟန်းပေါင်းနှစ်သောင်း လေးထောင်တို့ တောနက်အတွင်းသို့ ဝင်၍ တရားအားထုတ်ရင်း ခန္ဓာချုပ်ငြိမ်းကြပုံ၊ သိကြားမင်းက သမုဒ္ဒရာတစ်ဖက်ကမ်းရှိ အိန္ဒိယဘက်သို့ ရဟန်းတော်များကို ပို့ဆောင်ခဲ့ပုံ၊ မဟာသောဏထေရ်မှာ သီဟိုဠ်ကျွန်း၌သာ နေရစ်ခဲ့ပုံ၊ ရုက္ခစိုးနတ်မင်းက လူယောင်ဆောင်၍ မထေရ်အား စောင့်ရှောက်ခဲ့ပုံ၊ သစ်မယ်ဇယ်သီး အခွံ ကြာရိုးကြာစွယ်စသည်တို့ကိုသာ ဘုဉ်းပေးသုံးဆောင်လျက် သာသနာပြုခဲ့ကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာသံဃရက္ခိတတ္ထေရဝတ္ထု

ဤဝတ္ထု၌ အကျင့်သီလနှင့် ပြည့်စုံသော မထေရ်ကြီးသည် အရိမေတ္တယျဘုရားရှင်အား ဖူးတွေ့လိုသော ဆန္ဒဖြင့် ဝိပဿနာတရား ကြိုးစားအားထုတ်မှု မပြုခဲ့ပုံ၊ အလုပ်အကျွေးမထေရ်၏ လျှောက်ထားချက်အရ ပျံလွန်တော်မူခါနီးအချိန်ကျမှ အားထုတ်လိုက်ရာ ချက်ခြင်းပင် ရဟန္တာ ဖြစ်သွားခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟာဟံသဇာတက

ဤဇာတ်တော်၌ ခေမာမိဖုရားကြီးသည် အိပ်မက်ထဲ၌ ရွှေဟင်္သာတို့၏ တရားကို နာယူရပုံ၊ ‘‘ရွှေဟင်္သာတို့၏ တရားကို နာယူလိုသော ချင်ခြင်း ဖြစ်သည်’’ဟု မင်းကြီးအား လျှောက်ထားပုံ၊ မင်းကြီးက ရွှေဟင်္သာတို့ လာရောက်စေရန် ဘေးမဲ့တော, ဘေးမဲ့ရေကန်စသည်တို့ကို စီရင်ပုံ၊ စိတ္တကုဋ်တောင်မှ ရွှေဟင်္သာတို့ လာရောက်ကြပုံ၊ ရွှေဟင်္သာမင်း ကျော့ကွင်းမိကာ မုဆိုးလက်သို့ ကျရောက်ခဲ့ပုံ၊ သုမုခဟင်္သာစစ်သူကြီးက တရားဟောသဖြင့် ရွှေဟင်္သာတို့ကို ပြန်လွှတ်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၃၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟိစ္ဆဒဟရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းငယ်၏ မယ်တော်သည် သားရဟန်း အလှူခံခြင်း၌ အတိုင်းအရှည်ကို သိမသိ စမ်းသပ်ပုံ၊ ရဟန်းငယ်သည် လှူသမျှမုန့်အားလုံးကို ခံယူခဲ့ပုံ၊ မိခင်ကြီးက ‘‘သားရဟန်း သည် ဝါတွင်းသုံးလစာကို တစ်နေ့တည်းဖြင့် ဘုဉ်းပေးသည်’’ဟု လျှောက်ထားခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟိန္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဤမထေရ်လောင်း မဟိန္ဒမင်းသားသည် အသောကမင်းကြီး၏ သားဖြစ်၍ အသက်(၂၀)တွင် မောဂ္ဂလိပုတ္တတိဿမထေရ်အထံ၌ ရဟန်းပြု၍ ထိုရဟန်းပြုသော သိမ်မှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ပိဋကသုံးပုံကို အဋ္ဌကထာနှင့်တကွ ကောင်းစွာ သင်ယူတတ်မြောက်ပြီး ရဟန်း(၁၀၀၀)တို့၏ အကြီးအကဲဖြစ်လာပုံ၊ တတိယသင်္ဂါယနာတင်ပွဲ အပြီးတွင် သီဟိုဠ်ကျွန်းသို့ သာသနာပြု ကြွရာတွင် ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟိဠာမုခဇာတက

ဤဇာတ်တော်၌ မဟိဠာမုခ မင်္ဂလာဆင်တော်သည် ယဉ်းကျေးလိမ္မာသော ဆင်ယဉ်တစ်စီးဖြစ်ခဲ့ပုံ၊ ညဘက်ဆင်တင်းကုပ်တွင် လာရောက်စုဝေးတိုင်ပင်ကြသော ခိုးသူတို့၏ ကြမ်းတမ်းသောစကားများကို ကြားဖန်များလာသောအခါ မြင်မြင်သမျှသူတို့ကို သတ်ဖြတ်တတ်သည့် ဆင်ရိုင်းကြီးအဖြစ်သို့ ရောက်ရှိသွားပုံ၊ တစ်ဖန် ရဟန်းတော်များ၏ တရားစကားများ တရားဆွေးနွေးပွဲများ နေ့စဉ်နေ့တိုင်း နာကြားရသဖြင့် ယဉ်ကျေးလိမ္မာ သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟောသဓဇာတက

ဤဇာတ်တော်၌ ဝိဒေဟတိုင်း မိထိလာမြို့၌ ဝေဒေဟ မည်သောမင်းကြီး မင်းပြုစဉ် သေနက၊ ပက္ကုသ၊ ကာမိန္ဒ၊ ဒေဝိန္ဒ၊ ပညာရှိအမတ်ကြီး(၄)ဦးရှိခဲ့ပုံ၊ (၅)ယောက်မြောက် ပညာရှိအဖြစ် အရှေ့ယဝမဇ္ဈဂုံးရွာ သီရိဝဍ္ဎုန သူဌေးကြီးနှင့် သုမနဒေဝီတို့မှ မဟော်သဓာသတို့သားသည် နတ်ဆေးကို ယူဆောင်၍ မွေးဖွားလာပုံ၊ သူငယ်ဖော် တစ်ထောင်နှင့် ပျော်ရွှင်စွာ ကစားရင်း ပညာစွမ်းပြနိုင်သဖြင့် ဘုရင်ထံမှောက်သို့ ရောက်ရှိကာ အမှုထမ်းခဲ့ပုံ၊ ထို့နောက် ဘုရင်မင်းထံပါးတွင် ခစားရင်း ပတ္တမြားထုတ်ယူခြင်းပြဿနာ၊ ဥဒုမ္ဗရဒေဝီနှင့်ပတ်သက်၍ ကျက်သရေရှိ ကျက်သရေမဲ့သူတို့၏ ပြဿနာစသည်တို့ကို ဖြေရှင်းနိုင်ခဲ့ပုံ၊ အမရာဒေဝီနှင့် လက်ထပ်ခဲ့ပုံ၊ စူဠနီဗြဟ္မဒတ်မင်းကြီးက မိမိနိုင်ငံကို သိမ်းသွင်းရန် ကေဝဋ်အမတ်အား စေလွှတ်သောအခါ စကားစစ်ထိုး၍ အနိုင်ယူခဲ့ပုံ၊ ဗြဟ္မဒတ်မင်းကြီး၏ သမီးတော်နှင့် ဝိဒေဟရာဇ်မင်းကြီး လက်ထပ်ရေးအတွက် အံ့ဩဆန်းကြယ် ရှုချင်စဖွယ် ဥမင်လိုဏ်ခေါင်းမြို့တော်ကြီး တည်ဆောက်ခဲ့ပုံ၊ နှစ်ဘက်နိုင်ငံမှ လူများ၏ အသက်မသေစေဘဲ အောင်မြင်စွာ အနိုင်ယူခဲ့ပုံ၊ မိမိ၏ ပညာစွမ်းဖြင့် တစ်ရာ့တစ်ပါးသောမင်းတို့ ငြိမ်းချမ်းစွာ အုပ်ချုပ်နိုင်စေရန် စီမံခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၆၊၁၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မဟိံသရာဇဇာတက

ဤဇာတ်တော်၌ ရှေးအခါက ဘုရားလောင်းသည် ကျွဲမျိုး၌ဖြစ်၍ ဟိမဝန္တာတောင်ခြေ တောအုပ်၌ နေခဲ့ပုံ၊ လျှပ်ပေါ်သော မျောက်တစ်ကောင်သည် ထိုကျွဲ၏ ကျောပေါ်တက်၍ ကျင်ကြီးကျင်ငယ်စွန့်ခြင်းစသည်ဖြင့် စော်ကားသော်လည်း ကျွဲမင်းက ရန်တုံ့မပြန်ဘဲ သည်းခံခဲ့ပုံ၊ ထိုကျွဲမင်းသည် အခြားအရပ်ဒေသသို့ ပြောင်းရွှေ့သောအခါ အခြားကြမ်းတမ်းသော ကျွဲတစ်ကောင် ရောက်လာပုံ၊ ကြမ်းတမ်းသော ကျွဲက ထိုမျောက်ပျက်ကို ချိုဖြင့်ခတ်၍ သတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၃၈) (ဇာ၊ဋ္ဌ၊၂၊၃၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာဂဏ္ဍိယဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် ကုရုတိုင်း ကမ္မာသဒမ္မနိဂုံး ဘာရဒွါဇအနွယ်ပုဏ္ဏား၏ မီးတင်းကုပ်ရှိ မြက်အခင်း၌ နေတော်မူ၍ မာဂဏ္ဍိယပရိဗိုဇ်အား တရားဟောတော်မူပုံ၊ မာဂဏ္ဍိယပရိဗိုဇ်သည် မြတ်စွာဘုရားထံ ရှင်ရဟန်းအဖြစ်ကို တောင်းပန်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (မ၊၂၊၁၆၉) (မ၊ဋ္ဌ၊၃၊၁၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာဂဏ္ဍီဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ရွှေအဆင်းကဲ့သို့ ဝါဝင်းလှပ တုမမျှသော အဆင်းရှိသော မိမိသမီးကို အကျင့်ကောင်းရှိသော ရသေ့ရဟန်းအား ပေးလှူလိုသောကြောင့် ဖခင်ပုဏ္ဏုားကြီးသည် ဘုရားရှင့်ထံ လာရောက်ပြီး မာဂဏ္ဍီကို ပေးအပ်ပုံ၊ ဘုရားရှင်က ငြင်းပယ်ပြီး ကာမဂုဏ်၏ အပြစ်ကို ဟောပြသဖြင့် ပုဏ္ဏားကြီးလင်မယား အရိယာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၂၅၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာဏဝတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လက္ခဏာဖတ်သော ပုဏ္ဏားဖြစ်၍ ဝိပဿီဘုရား အလောင်းအား နည်းမျိုးစုံဖြင့် ချီးမွမ်းသော ကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့ ဗြာဟ္မဏမဟာသာလမျိုး၌ ဖြစ်၍ သာသနာ တော်သို့ ဝင်ရောက်ကာ ရဟန်းတရားကြိုးစား အားထုတ်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာတင်္ဂဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမြို့ပြင်၌ မာတင်္ဂမည်သော ဒွန်းစဏ္ဍားတစ်ဦး ဖြစ်ခဲ့ပုံ၊ ဒိဋ္ဌမင်္ဂလိကာသတို့သမီး၏ မာနကို နှိမ်နင်းပြီး ဒွန်းစဏ္ဍားမယားအဖြစ် ခေါ်ဆောင်သွားပုံ၊ ဒိဋ္ဌမင်္ဂလိကာ၏ မာနကို ပယ်ရှားပြီးနောက် ရသေ့ဝတ်ကာ ဈာန်အဘိညာဉ်ရခဲ့ပုံ၊ မဟာဗြဟ္မာကြီးအဖြစ် ဖန်ဆင်း၍ ဒိဋ္ဌမင်္ဂလိကာကို လူတို့၏ ကိုးကွယ်ရာဖြစ်အောင် မ,စခဲ့ပုံ၊ သားတော် ပေးလို၍ ချက်ကို လက်ချောင်းဖြင့် သပ်၍ ကိုယ်ဝန်တည်စေခဲ့သဖြင့် မဏ္ဍဗျသတို့သား မွေးဖွားခဲ့ပုံ၊ ပုဏ္ဏားတို့အား ဆွမ်းဝတ်ပြုနေသဖြင့် သီလရှိသူတို့အားသာ အလှူပြုသင့်ကြောင်း ဆုံးမခဲ့ပုံ၊ ရသေ့တို့၏ မာန်မာနကို နှိမ်နင်းဆုံးမခဲ့ပုံ၊ နောက်ဆုံးတွင် ဆွမ်းစားနေခိုက် မဇ္ဈမင်း၏ မင်းချင်းယောက်ျားတို့က ချောင်းမြောင်း လုပ်ကြံသဖြင့် မာတင်္ဂ ကွယ်လွန်ခဲ့ရပုံ၊ နတ်တို့ စိတ်ဆိုးသဖြင့် မဇ္ဈနိုင်ငံ ပြာပူမိုးရွာချ၍ ဖျက်ဆီးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၄၉) (ဇာ၊ဋ္ဌ၊၄၊၃၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာတင်္ဂပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မာတင်္ဂပုတ္တမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား ပတ္တမြားလှူခဲ့သော ကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမ ဘုရားရှင်လက်ထက်တော်၌ မာတင်္ဂပုတ္တ သူဌေးသား ဖြစ်၍ မြတ်စွာဘုရားထံမှ တရား နာရသဖြင့် ရဟန်းပြုကာ ဝိပဿနာရှုပွားပြီး ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာတာပုတ္တဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့၌် သားဖြစ်သူ ရဟန်းနှင့် မိခင်ဖြစ်သူ ရဟန်းမတို့သည် အတူနေထိုင်ကြပုံ၊ တွေ့ဖန်မြင်ဖန် များသဖြင့် အကျွမ်းဝင်ကြရာမှ သိက္ခာမချပဲ မေထုန်မှီဝဲခဲ့ကြပုံ၊ ရဟန်းတော်များက မြတ်စွာဘုရားထံ လျှောက်ထားကြရာ မြတ်စွာဘုရားရှင်က မိန်းမတို့သည် ယောကျ်ားတို့၏ စိတ်ကို ယူကျုံးဆွဲဆောင်နိုင်ကြောင်း၊ မာရ်နတ်၏ ကျော့ကွင်း ဖြစ်ကြောင်း နိဗ္ဗာန်ရောက်ရန် အန္တရာယ်ဖြစ်ကြောင်း ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၅၉) (သုတ္တနိ၊၃၀၉) (သုတ္တနိ၊ဋ္ဌ၊၁၊၂၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာတုဃာတကဝတ္ထု

ဤဝတ္ထု၌ လူငယ်တစ်ယောက်သည် မိခင်ကို သတ်ပြီး ထိုအမှုကြီးကို ထိတ်လန့်ကြောက်ရွံ့ စက်ဆုပ်ကာ ရဟန်းဝတ်လိုသဖြင့် ရဟန်းတို့အား ရဟန်းခံပေးရန် တောင်းပန်လာပုံ၊ ရဟန်းတို့က အရှင်ဥပါလိအား စစ်ဆေးခိုင်း၍ အဖြစ်မှန်ကို သိလာရပုံ၊ ဘုရားရှင်အား လျှောက်ကြားရာ ‘‘မိခင်သတ်သူ၊ ဖခင်သတ်သူအား ရဟန်းခံမပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာတုပေါသကဂိဇ္ဈဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် လင်းတငှက်မျိုး၌ ဖြစ်ကာ မျက်မမြင်မိဘနှစ်ပါးတို့ကို အစာရှာဖွေ လုပ်ကျွေးနေပုံ၊ သုသာန်၌ မုဆိုးတစ်ယောက် ထောင်ထားသော ကျော့ကွင်း၌ မိသောအခါ မိမိအတွက် မပူပင်၊ မိခင်ဖခင်အိုတို့အတွက် ပူပင်၍ ငိုကြွေးနေပုံ၊ ငိုကြွေးသံကို မုဆိုးကြားသိသဖြင့် ကျော့ကွင်းမှ လွှတ်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာတုပေါသကဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ကြန်အင်လက္ခဏာနှင့် ပြည့်စုံသော ဆင်ဖြူတော်ဖြစ်၍ မျက်မမြင် မိခင်ဆင်မကြီးကို ပြုစုလုပ်ကျွေးနေစဉ် မျက်စိလည် လမ်းမှားပြီး တောထဲမှ ပြန်မထွက်နိုင်သော မုဆိုးတစ်ယောက်ကို ကျောက်ကုန်းပေါ်တင်လျက် လူသွားလမ်းသို့ ပို့ပေးခဲ့ပုံ၊ ထိုအချိန်၌ ဗာရာဏသီမင်း၏ မင်္ဂလာဆင်တော် ကံကုန်သွားသဖြင့် မင်းကြီးက မုဆိုး၏ ပြောပြချက်အရ ဆင်ဖြူတော်ကို ဖမ်းယူစေလျက် မင်္ဂလာဆင်တော်အဖြစ် ချီးမြှောက်ထားပုံ၊ ဆင်ဖြူတော်က မိမိသည် မျက်မမြင် မိခင်ဆင်မကြီးအား ပြုစုလုပ်ကျွေးနေကြောင်း၊ မိခင်ကြီးသည် အစာရှာမစားနိုင်ကြောင်း မင်းကြီးကို ပြောကြားလျက် တောထဲသို့ ပြန်ခွင့်ပြုရန် ပြောဆိုပုံ၊ မင်းကြီးက ဘုရားလောင်း ဆင်ဖြူတော်အား ကြည်ညိုကာ တောတွင်းသို့ ပြန်ပို့ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၁၁) (ဇာ၊ဋ္ဌ၊၄၊၉၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာတုလနဂရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် မာတုလမြို့သူမြို့သား ရှစ်သောင်းလေးထောင်တို့ တရားထူးရနိုင်သည်ကို သိမြင်တော်မူသဖြင့် ရဟန်းတော်နှစ်သောင်းခြံရံလျက် မာတုလမြို့သို့ ကြွတော်မူခဲ့ပုံ၊ ဘုရားရှင်သည် ဆွမ်းကိစ္စပြီးသောအခါ နေရာဌာန ကျဉ်းနေသဖြင့် တရားမဟောဘဲ မြို့ပြင်သို့ ကြွကာ မာတုလသစ်ပင်ရင်း၌ သီတင်းသုံးနေထိုင်တော်မူလျက် လိုက်ပါလာသော ပရိသတ်အား တရားဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာတုလုင်္ဂဖလဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ၃၁-ကမ္ဘာထက်တွင် ပွင့်တော်မူသော သိခီဘုရားရှင်အား ရှောက်သီးကို လှူဒါန်းပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် အပါယ်လေးပါးသို့ မကျရောက်ခဲ့ရဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာနထဒ္ဓဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ပုဏ္ဏားမျိုးမှ ရဟန်းပြုလာ၍ ပညာမာန်ယစ်နေကြသော ရဟန်းငါးရာတို့အား ပညာမာန်ကို ချိုးနှိမ်ရန်အတွက် မူလပရိယာယသုတ်ကို ဟောတော်မူပုံ၊ ပုဏ္ဏားမျိုးရဟန်းငါးရာတို့သည် မူလပရိယာယသုတ်၏ အနက်အဓိပ္ပါယ်ကို မသိကြသဖြင့် ဝမ်းမြောက်ဝမ်းသာမဖြစ်ဘဲ ဆိတ်ဆိတ်နေကြပုံ၊ ဘုရားရှင်သည် ရှေးလွန်လေပြီးသော အတိတ်ဘဝ ဒိသာပါမောက္ခဆရာကြီး ဖြစ်ခဲ့စဉ်ကလည်း ဆရာ့ခြေရာကို တိုင်းသော ဤတပည့်ငါးရာတို့အား ပညာမာန်ကို ချိုးနှိမ်ဆုံးမခဲ့ဖူးကြောင်း အတိတ်ဇာတ်ကြောင်းကို ဆောင်၍ ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာရတဇ္ဇနီယဝတ္ထု

ဤဝတ္ထု၌ မာရ်နတ်သည် ဘဂ္ဂတိုင်း သုသုမာရမြို့ ဘေသကဠတော၌ စင်္ကြံကြွနေတော်မူသော အရှင်မဟာမောဂ္ဂလာန်၏ ဝမ်းတွင်းသို့ ဝင်ရောက်နေပုံ၊ အရှင်မဟာမောဂ္ဂလာန်က မာရ်နတ်ကို အထွက်ခိုင်းသောအခါ မာရ်နတ်သည် သစ်ရွက်မိုးကျောင်း၏ အပြင်တံခါးရွက်ကို မှီ၍နေပုံ၊ အရှင်မဟာမောဂ္ဂလာန်က မြတ်စွာဘုရားနှင့် တပည့်သာဝကတို့ကို ညှဉ်းဆဲသော သူသည် ဆင်းရဲတာရှည်တတ်ကြောင်း၊ မဟာနိရယငရဲသို့ ကျရောက်၍ နှစ်ပေါင်းများစွာ ဆင်းရဲခံရကြောင်း ဟောပြတော်မူသဖြင့် မာရ်နတ်သည် စိတ်ပျက်၍ ထွက်ခွာသွားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊၁၊၄၀၇) (မ၊ဋ္ဌ၊၂၊၃၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာရဓီတရဝတ္ထု

ဤဝတ္ထု၌ မာဂဏ္ဍီပုဏ္ဏားကြီးသည် ကုရုတိုင်းတစ်တိုင်းလုံးတွင် သူ့သမီးနှင့်ထိုက်တန်သော ယောက်ျားကို ရှာမတွေ့ပုံ၊ ဘုရားရှင်နှင့် တွေ့သောအခါ ယောက်ျားမြတ်တို့၏ လက္ခဏာ ကြီးငယ်နှင့် ပြည့်စုံသည့်အဖြစ်ကို သိပြီး သမီးမာဂဏ္ဍီကို အပ်နှင်းခဲ့ပုံ၊ ဘုရားရှင်က ရွှေတုံး ရွှေခဲတမျှ ချောမောလှပသော မာန်နတ်သမီးတို့၌ပင် စိတ်ညွတ်တော်မမူခဲ့ကြောင်း ဘုရားရှင်တို့၏ သန္တာန်၌ တဏှာတည်းဟူသော ကိလေသာစိတ်ကင်းရှင်းပြီးဖြစ်ကြောင်း စသည်ဖြင့် တရား ဟောသောအခါ မာဂဏ္ဍီပုဏ္ဏားကြီး ဇနီးမောင်နှံ နှစ်ယောက်လုံး အနာဂါမ်တည်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာရဓီတရဝတ္ထု

ဤဝတ္ထု၌ မာရ်နတ်သည် ဘုရားရှင်ကို ယှဉ်ပြိုင်၍ အံတုခဲ့ရာ စစ်ရှုံးသဖြင့် ကြံရာမရဖြစ်ကာ စိတ်ပျက်လက်ပျက်ဖြင့် ထိုင်၍ မြေကြီးကို တုတ်ဖြင့် ခြစ််နေပုံ၊ ထိုအချိန်၌ မာရ်နတ်၏ သမီးသုံးယောက်တို့သည် ဖခင်ထံ ရောက်ရှိလာကြပုံ၊ ‘‘ဘုရားရှင်အား တဏှာကျော့ကွင်းဖြင့် မိမိတို့၏ အလိုဆန္ဒသို့ လိုက်ပါလာအောင် ဆွဲဆောင်မည်’’ဟု ပြောကြားကြပုံ၊ တစ်ယောက်လျှင် မိန်းမပျို-မိန်းမငယ်-မိန်းမလတ်-မိန်းမကြီး တစ်ရာစီ ဖန်ဆင်းကြပြီး ဘုရားရှင်အား ပြုစုလုပ်ကျွေးလိုကြောင်း လျှောက်ထားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၂၅) (သံ၊ဋ္ဌ၊၁၊၁၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းများစွာတို့ ဘုရားရှင်အား ဖူးမြော်ရန် ရောက်လာကြပုံ၊ ည ကျိန်းစက်ချိန် ရောက်သောအခါ အရှင်ရာဟုလာနေရာ၌ အခြားအာဂန္တုရဟန်းတော်များက ကျိန်းစက်နေကြပုံ၊ အရှင်ရာဟုလာထေရ်က အခြားအိပ်ရန်နေရာ ရှာမတွေ့သဖြင့် ဂန္ဓကုဋီမုခ်ဦး၌ သွားရောက်ကျိန်းစက်နေပုံ၊ မာရ်နတ်က ဆင်ကြီိးယောင်ဖန်ဆင်းပြီး အရှင်ရာဟုလာထေရ်၏ ဦးခေါင်းကို နှာမောင်းဖြင့်မ, ချီ၍ ကျယ်လောင်စွာ အော်ခဲ့ပုံ၊ မာရ်နတ်အော်သံကို ဂန္ဓကုဋီကျောင်းအတွင်းမှ ဘုရားရှင်က ကြားသိတော်မူ၍ ‘‘သင်ကဲ့သို့သော မာရ်နတ်ပေါင်း တစ်သိန်းဖြစ်သော်လည်း ရာဟုလာတစ်ပါးတည်းကိုပင် ခြောက်လှန့်ရန် မစွမ်းနိုင်ပေ၊ ရာဟုလာသည် အာသဝေါ ကုန်ခန်းသည့် ရဟန္တာတစ်ပါးဖြစ်ပေ၏’’ဟု မာရ်နတ်အား မိန့်ကြားတော်မူပုံ၊ မာရ်နတ်သည် ‘‘ငါ့အား ဘုရားရှင်က သိတော်မူ၏’’ဟု ကြံစည်၍ ထိုနေရာ၌ပင် ပျောက်ကွယ်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာရဝတ္ထု

ဤဝတ္ထု၌ မာရ်နတ်က ယောက်ျားတစ်ယောက်အသွင် ဖန်ဆင်းပြီး ဘုရားရှင်အား ဟိုဘက်ကမ်း အကြောင်းကို မေးလျှောက်ရာ ဘုရားရှင်က သံသရာ၏ ဟိုဘက်ကမ်းသို့ တဏှာကုန်ခန်း ရဟန္တာပုဂ္ဂိုလ်တို့သာ ရောက်နိုင်ကြောင်း မိန့်ကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် အမျိုးသမီးငယ်ငါးရာတို့ သောတာပန်ဖြစ်သည်ကို မြင်တော်မူသဖြင့် ပဉ္စသာလာမည်သော ပုဏ္ဏားရွာသို့ ဆွမ်းခံကြွတော်မူစဉ် မာရ်နတ်က ရွာသားများအား ပူးဝင်တားမြစ် နှောက်ယှက်ထားပုံ၊ ဘုရားရှင်သည် ဆွမ်းတစ်ဇွန်းမျှ မရခဲ့ဘဲ ရွာအပြင်တံခါးမုခ်သို့ ရောက်တော်မူခဲ့ပုံ၊ မာရ်နတ်က ဘုရားရှင်အား ‘‘ဆွမ်း ရခဲ့ပါသလား’’ဟု မေးလျှောက်သောအခါ ဘုရားရှင်က သင်မာရ်နတ် ဝင်ပူးတားမြစ် နှောက်ယှက်ထားသဖြင့် ဆွမ်းမရခဲ့ကြောင်း မိန့်တော်မူပုံ၊ မာရ်နတ်က ပြောင်လှောင်ပြက်ရယ်ပြုပြီး ‘‘နောက်တစ်ကြိမ် ဆွမ်းခံကြွဦးမည်လော၊ ဆွမ်းဆာလွန်းသဖြင့် ဒုက္ခရောက်နေပြီလော’’ဟု ဘုရားရှင်အား မေးခဲ့ပုံ၊ ထိုခဏ၌ပင် အမျိုးသမီးငယ် ငါးရာတို့ ရောက်ရှိလာပြီး ဘုရားရှင်အား ရှိခိုးကာ ထိုင်နေကြပုံ၊ ဘုရားရှင်က မာရ်နတ််အား ‘‘ငါသည် ဆွမ်းတစ်ဇွန်း တစ်ယောက်မမျှ မရသော်လည်း အာဘဿရာ မဟာဗြဟ္မာကြီးများကဲ့သို့ ဈာနပီတိသုခဖြင့် မျှတတော်မူနိုင်၏’’ စသည်ဖြင့် တရားဟောတော်မူသဖြင့် အမျိုးသမီးငါးရာတို့ သောတာပန်တည်ကြပုံ၊ မာရ်နတ်လည်း ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာရဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် ဟိမဝန္တာအရပ်ရှိ တောကျောင်းတစ်ကျောင်း၌ သီတင်းသုံးနေထိုင်တော်မူစဉ် တရားမစောင့်သော မင်းများက တိုင်းသူပြည်သားများကို ညှဉ်းပန်းနှိပ်စက်၍ အုပ်ချုပ်နေသည်ကို မြင်တော်မူသဖြင့် ‘‘ငါသည် မညှဉ်းပန်းမနှိပ်စက်ဘဲ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခြင်းငှါ စွမ်းနိုင်သလော’’ဟု ကြံစည်တော်မူပုံ၊ ထိုအခါ မာရ်နတ်က ဘုရားရှင်၏ စိတ်အကြံကို သိပြီး တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်ရန် ဘုရားရှင်အား လျှောက်ထားပုံ၊ ဘုရားရှင်က မာရ်နတ်အား ‘‘အဘယ်ကြောင့် မိမိကိုယ်ကို မင်းပြုစေလိုသနည်း’’ဟု မေးသောအခါ မာရ်နတ်က ‘‘ဘုရားရှင်သည် ဣဒ္ဓိပါဒ်လေးပါးကို ပွားများပြီးသူဖြစ်သဖြင့် ဤဟိမဝန္တာတောင်ကြီးကို ရွှေဖြစ်စေသတည်းဟု အဓိဋ္ဌာန်လျှင် တစ်တောင်လုံးရွှေဖြစ်နိုင်ကြောင်း၊ ထိုရွှေများဖြင့် တိုင်းသူပြည်သားများကို ချမ်းသာအောင် ပြုလုပ်နိုင်ကြောင်း’’ လျှောက်ထားပုံ၊ ထိုအခါ ဘုရားရှင်က ‘‘လောကအားလုံး၏ ချမ်းသာစစ်၊ ချမ်းသာမှန်သည် အရဟတ္တဖိုလ်နိဗ္ဗာန်သာ ဖြစ်ကြောင်း’’ တရားဟောတော်မူသဖြင့် ဒေသနာတော်အဆုံး၌ နတ်ဗြဟ္မာများ တရားထူးရရှိကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာရဝတ္ထု

ဤဝတ္ထု၌ မာရ်နတ်သည် ခုနစ်နှစ်ပတ်လုံး မြတ်စွာဘုရား၏ ချွတ်ယွင်းချက်တို့ကို ရှာဖွေ သော်လည်း မတွေ့ရပုံ၊ မြတ်စွာဘုရားရှင်ကို မေးခွန်းများစွာမေး၍ နှောင့်ယှက်ပုံ၊ မြတ်စွာဘုရားက သူ၏ အမေးဟူသမျှကို ရှင်းလင်းဖြေကြားပုံ၊ နောက်ဆုံးတွင် မာရ်နတ်မှာ အရှက်ရလျက် မာန်လျှော့၍ ထွက်ခွာသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၂၃) (သံ၊ဋ္ဌ၊၁၊၁၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာလုကျပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့အထံ ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့၌ ဖြစ်၍ ပရိဗိုဇ်ပြုလုပ်နေစဉ် ဘုရားရှင်၏ တရားတော်ကို နာကြားရသဖြင့် ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာလုကျပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မာလုကျပုတ္တမထေရ်သည် ဘုရားရှင်ထံ ချဉ်းကပ်၍ တရားအကျဉ်းဟောပါရန် လျှောက်ထားတောင်းပန်ခဲ့ပုံ၊ ဘုရားရှင်က အာရုံငါးပါးတို့၌ မြင်လျှင် မြင်ကာမတ္တ၊ ကြားလျှင် ကြားကာမျှမတ္တ၊ တွေ့ထိလျှင် တွေ့ထိကာမတ္တ၊ သိလျှင် သိကာမတ္တ ထား၍ ရှုမှတ်ရမည်၊ ထို မြင်, ကြား, တွေ့ထိ, သိမှုအပေါ်၌ ချစ်ခြင်း, မုန်းခြင်း, လိုချင်တပ်မက်ခြင်းစသည် မဖြစ်ရအောင် ရှုမှတ်ရမည်ဟု ဟောကြားတော်မူခဲ့ပုံ၊ ဘုရားရှင်ထံမှ တရားအကျဉ်းကို နာကြားရပြီး မကြာမီပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၃၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာလုတဇာတက

ဤဇာတ်တော်၌ တစ်ခုသော တောင်ခြေ၌ ခြင်္သေ့နှင့်ကျား သူငယ်ချင်းနှစ်ဖော်တို့ ဂူတစ်ခုတည်း၌ အတူတကွနေထိုင်ကြပုံ၊ တစ်နေ့တွင် ကျားက လဆုတ်ပက္ခ၌ အေးကြောင်း ပြောသောအခါ ခြင်္သေ့က လဆန်းပက္ခ၌သာ အေးကြောင်း အငြင်းအခုံဖြစ်ကြပုံ၊ မိမိတို့၏ အငြင်းပွားမှုပြဿနာကို မိမိတို့ကိုယ်တိုင် မဆုံးဖြတ်နိုင်သဖြင့် တောင်ခြေအနီး၌ သီတင်းသုံးနေထိုင်သော ဘုရားလောင်း ရသေ့ထံသို့ သွား၍ အဆုံးအဖြတ်ခံယူကြပုံ၊ ဘုရားလောင်းရသေ့က လဆုတ်၌ ဖြစ်စေ၊ လဆန်း၌ဖြစ်စေ၊ လေတိုက်သောအခါ၌သာ အေးကြောင်း အဆုံးအဖြတ် ပေးခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မာလေယျဒေဝတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဆဆက္ကသုတ်တော်ကို ဘုရားရှင်ဟောတော်မူရာ၌ ရဟန်းတော်ပေါင်း (၆၀) ရဟန္တာဖြစ်သကဲ့သို့၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အသီတိမဟာသာဝကကြီးများ ဟောကြားသောအခါ၌လည်း ရဟန်း(၆၀)စီ ရဟန္တာ ဖြစ်ခဲ့ကြပုံ၊ သီဟိုဠ်ကျွန်း၌ မာလေယျဒေဝထေရ်သည် လောဟပါသာဒ၌ ဤသုတ်ကို ဟောတော်မူသောအခါ၌လည်း ရဟန်း (၆၀)ရဟန္တာ ဖြစ်ခဲ့ပုံ၊ ထိုမထေရ်သည် မဟာမဏ္ဍပ၊ မဟာဝိဟာရ၊ စေတိယ ပဗ္ဗတစသော နေရာ (၆၀)၌ ဤသုတ်တော်ကို ဟောတော်မူသောအခါလည်း တစ်နေရာတွင် ရဟန္တာအပါး (၆၀)စီ ဖြစ်ခဲ့ပုံ၊ မြတ်စွာဘုရားရှင်သည် အရိယဝံသတရားတော်ကို ဂုဏ်ပုဒ် (၉)မျိုး၊ မဟာသတိပဌာနသုတ်တော်ကို ဂုဏ်ပုဒ်(၇)မျိုး၊ မဟာအဿပုရသုတ်တော်ကို ဂုဏ်ပုဒ် (၇)မျိုးတို့ဖြင့် ချီးမွမ်းသကဲ့သို့ ဤသုတ်တော်ကိုလည်း ဂုဏ်ပုဒ် (၉)မျိုးတို့ဖြင့် ချီးမွမ်းတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၂၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မိဂဇာလတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့အထံ၌ ပါရမီဖြည့်ခဲ့သောကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် လက်ထက်တော်၌ သာဝတ္ထိမြို့ ဝိသာခါကျောင်းအမကြီး၏သား ဖြစ်ခဲ့ပုံ၊ တရားနာရသဖြင့် သဒ္ဓါတရားပေါ်ပေါက်လာကာ ရှင်ရဟန်းပြုပြီး ဝိပဿနာပွားရှု၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မိဂပေါတကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သိကြားမင်းဖြစ်စဉ် ရသေ့တစ်ပါးသည် မိခင်သေသော သမင်ငယ်လေးတစ်ကောင်ကို ကျွေးမွေးထားရာ သမင်ငယ်လေး အစာမကြေ၍ သေဆုံးသွားခဲ့ပုံ၊ ထိုအခါ ရသေ့အကြီးအကျယ် ငိုကျွေးနေသောကြောင့် သိကြားမင်းက တရားပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မိဂလဏ္ဍိကဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရသာလာကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတို့အား အသုဘဘာဝနာကို အကျယ် ဟောပြတော်မူခဲ့ပုံ၊ ဘုရားရှင်သည် လဝက်ခန့် တစ်ပါးတည်း ကိန်းအောင်းတော်မူစဉ် ရဟန်းတို့သည် ခန္ဓာကိုယ်ကို စက်ဆုပ်ရွံရှာ ငြီးငွေ့ပြီး ကိုယ်တိုင်လည်း သတ်၍ သေကြပုံ၊ အချင်းချင်းလည်း သတ်သေကြပုံ၊ မိလဂဏ္ဍိက ရဟန်းယောင်ကိုလည်း အသတ်ခိုင်းကြပုံ၊ ဘုရားရှင် ကိန်းအောင်းရာမှ ထတော်မူသောအခါ ထိုအကြောင်းကို သိတော်မူပြီး ‘‘ရဟန်းသည် လူ့အသက်ကို မသတ်ရ’’ဟု တတိယပါရာဇိကသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၈၆) (သံ၊၃၊၂၇၈) (ဝိ၊ဋ္ဌ၊၂၊) (သံ၊ဋ္ဌ၊၃၊၂၉၆) (သံ၊၃၊၂၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မိဂလုဒ္ဒကဝတ္ထု

ဤဝတ္ထု၌ သားသတ်မုဆိုးတွင် မိတ်ဆွေဥပါသကာ တစ်ဦးရှိပုံ၊ မိတ်ဆွေဥပါသကာက မုဆိုးအား ညအခါ၌ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှုသီလကို ဆောက်တည်စေခဲ့ပုံ၊ ထိုမုဆိုး ကွယ်လွန်သောအခါ နေ့အခါ၌ ဆင်းရဲကြီးစွာ ခံစားရပြီး ည၌အာရုံငါးပါး ကာမဂုဏ်ချမ်းသာများကို ခံစားခဲ့ရပုံ စသော အကြောင်းအရာများပါဝင်သည်။ (ပေတ၊၁၇၆) (ပေတ၊ဋ္ဌ၊၁၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မိဂလုဒ္ဒကဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့တွင် သားသတ်မုဆိုးတစ်ဦးကို သူငယ်ချင်းဥပါသကာက သတိပေး ဆုံးမသော်လည်း နားမထောင်ဘဲနေပုံ၊ သူငယ်ချင်းဥပါသကာသည် ရဟန္တာတစ်ပါးကို အကျိုး အကြောင်း လျှောက်ထား၍ တရားဟောစေခဲ့ပုံ၊ မုဆိုးသည် ညအခါ၌ ပါဏာတိပါတစသည်မှ ရှောင်ကြဉ်ခဲ့သောကြောင့် နောက်ဘဝ၌ ညအခါ ကာမဂုဏ်ချမ်းသာ ခံစားခဲ့ရပုံ စသော အကြောင်းအရာများပါဝင်သည်။ (ပေတ၊၁၇၇) (ပေတ၊ဋ္ဌ၊၁၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မိဂလုဒ္ဒကဝတ္ထု

ဤဝတ္ထု၌ သမင်လိုက်မုဆိုးသည် သမင်တို့၏ နေထိုင်ကျက်စားရာ နေရာကို မှတ်သား၍ ထိုလမ်းကြောင်းကို ပိတ်ထားပြီးလျှင် လမ်းသစ်တစ်ခုကို ဖွင့်၍ တည်သမင်(၂)ကောင်ကို ထားပြီး မိမိကမူ ပုန်းကွယ်ရာ၌ လှံကိုင်၍ စောင့်နေပုံ၊ ညနေချမ်းတွင် သမင်အပေါင်းသည် ထိုအရပ်သို့ လာရောက်ကြရာ တည်သမင်(၂)ကောင်ကို တွေ့မြင်ကြသဖြင့် မကြောက်မရွံ့ကြဘဲ လမ်းသစ်ဖြင့်သာ ဝင်ရောက်လာကြပုံ၊ နောက်ဆုံး၌ ထွက်ပေါက်မရှိတော့သဖြင့် မုဆိုးသည် ထိုသမင်အားလုံးကို နောက်မှစောင့်၍ အားလုံးကို သတ်ဖြတ်လိုက်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၃၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မိဂသာလာဥပါသိကာဝတ္ထု

ဤဝတ္ထု၌ မိဂသာလာ ဒါယိကာမကြီးသည် အရှင်အာနန္ဒာမထေရ်အား ဗြဟ္မစရိယ သိက္ခာပုဒ်ကျင့်သုံးသူနှင့် မကျင့်သုံးသူတို့ နောက်ဘဝ၌ ဘုံတူ ဘဝတူ အဆင့်တူဖြစ်ရကြောင်းဟူသော စကားကို နားမလည်နိုင်ပုံ၊ သူမ၏ ဖခင်ပူရဏသည် မေထုန်မှရှောင်ကြဉ်သူဖြစ်ပြီး ကွယ်လွန်သောအခါ သကဒါဂါမ်ဖြစ်၍ တုသိတာနတ်ဘုံ၌ဖြစ်သည်ဟု ဘုရားဟောတော်မူခဲ့ပုံ၊ အဘိုးဖြစ်သူ ဣသိဒတ္တမှာ သားမယားအိမ်ထောင်သည်နှင့် အတူနေပြီး သကဒါဂါမ်ဖြစ်၍ တုသိတာနတ်ပြည်၌ဖြစ်သည်ဟု ဘုရားဟောတော်မူပုံ၊ ထိုသို့ ဗြဟ္မစရိယ အဗြဟ္မစရိယ ကွဲပြားပါလျက် ဘာ့ကြောင့်နတ်ဘုံခြင်း တူရကြောင်း သူမသိနိုင်အောင် ဖြစ်နေပါသည်ဟု လျှောက်ထားခဲ့ပုံ၊ အရှင်အာနန္ဒာက မြတ်စွာဘုရားကိုတစ်ဆင့် မေးလျှောက်သဖြင် မြတ်စွာဘုရားကပူရဏသည် သီလအားဖြင့် ထူးခြားမှုရှိ၍ ဣသိဒတ္တမှာ ပညာအားဖြင့် ထူးခြားမှုရှိသောကြောင့် ထိုနှစ်ဦးတို့သည် တရားဓမ္မအဆင့်အတန်း တူညီး ကြသဖြင့် ကွယ်လွန်ပြီးနောက် လားရာဂတိလည်း အညီအမျှ တုသိတာနတ်ဘုံ၌ ချည်း ဖြစ်ရကြောင်း ရှင်းပြတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၃၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မိဂသိရတ္ထေရဝတ္ထု

ဤဝတ္ထု၌ မိဂသိရမထေရ်အလောင်းသည် ကဿပဘုရားရှင်အား စာရေးတံဆွမ်းရှစ်ကြိမ် လှူခဲ့၍ လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပြီး ဂေါတမဘုရားရှင်လက်ထက်၌ မိဂသိရပုဏ္ဏားဖြစ်လာပုံ၊ ဆဝသီသမန္တန် တတ်သဖြင့် သူ့အား လာဘ်လာဘ ပေါများပုံ၊ မြတ်စွာဘုရားထံတွင် ရဟန်းပြု၊ သမထဝိပဿနာ ရှုပွားသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မိဂါလောပဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် အပနန္ဒမည်သော လင်းတငှက်မင်းဖြစ်စဉ် သူ၏သားဖြစ်သူ မိဂါလောပသည် ကောင်းကင်တွင် အလွန်မြင့်စွာ ပျံသန်းတတ်ပုံ၊ ထိုသို့မပျံရန် ဘုရားလောင်းက ဆုံးမသော်လည်း မနာယူဘဲ မြင့်မားစွာ ပျံသဖြင့် အသက်ဆုံးရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မိဉ္ဇဝဋံသကိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ ပရိနိဗ္ဗာန်စံဝင်တော်မူပြီးသော သိခီဘုရားရှင်၏ သရက်ဖြူမဟာဗောဓိပင်အား ဦးဆောက်ပန်းတို့ဖြင့် ရောပြွမ်းလျက် ပူဇော်ခြင်းကို ပြုခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ရဘဲ လွန်ခဲ့သော နှစ်ဆယ့်ခြောက်ကမ္ဘာအထက်၌ မေဃဗ္ဘမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မိတစိန္တီဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် မိတစိန္တီမည်သော ငါးဘဝ၌ဖြစ်စဉ် ဗဟုစိန္တီ၊ အပ္ပစိန္တီဟူသော ငါးနှစ်ကောင်နှင့်အတူ ဗာရာဏသီမြစ်အတွင်း၌ နေကြပုံ၊ တစ်နေ့သောအခါ ဘုရားအလောင်း မိတစိန္တီငါးက အခြားငါးနှစ်ကောင်တို့အား လူတို့နှင့် နီးသောအရပ်သည် ဘေးရန်များသဖြင့် လူတို့နှင့်ဝေးရာ အခြားအရပ်တစ်ပါးသို့ သွားရန် ပြောဆိုပုံ၊ ဗဟုစိန္တီနှင့် အပ္ပစိန္တီငါးတို့က ‘‘ဒီနေ့ သွားမည်၊ မနက်ဖြန် သွားမည်‘’ဟုဆိုပြီး နေ့ရွှေ့လရွှေ့ဖြင့် သုံးလကျော်ကြာမြင့်ခဲ့ပုံ၊ တစ်နေ့သောအခါ အစာရှာသွားစဉ် ဗဟုစိန္တီနှင့် အပ္ပစိန္တီငါးနှစ်ကောင်တို့ ပိုက်ကွန်အတွင်း၌ မိနေပုံ၊ တံငါသည် ရောက်လာသောအခါ ဘုရားအလောင်း မိတစိန္တီငါးက ပိုက်ကွန်အပြင်မှ နေ၍ ပိုက်ကွန် ကွဲထွက်ဟန်ဆောင်ပြီး ခုန်ထွက်ပြပုံ၊ တံငါသည်များက ပိုက်ကွန်ကွဲနေသည်ဟု မှတ်ထင်ပြီး ပိုက်ကွန်ကိုခါချသဖြင့် ဗဟုစိန္တီနှင့် အပ္ပစိန္တီငါးနှစ်ကောင်တို့ အသက်ဘေးမှ ချမ်းသာရာရခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မိတ္တဝိန္ဒကဇာတက

ဤဇာတ်တော်၌ ကဿပဘုရားရှင်လက်ထက်တွင် မိတ္တဝိန္ဒကသူဌေးသားသည် ရတနာသုံးပါးကို မကြည်ညိုသဖြင့် မိခင်ဖြစ်သူက အသပြာတစ်ထောင်ပေး၍ ကျောင်း၌ တရားနာယူစေခဲ့ပုံ၊ မိတ္တဝိန္ဒကသည် ကျောင်းသို့ သွားပြီး တရားဟောပလ္လင်အောက်တွင် အိပ်ကာ ပြန်လာလေ့ရှိပုံ၊ စီးပွားရှာရန်အတွက် သမုဒ္ဒရာတစ်ဖက်ကမ်းသို့ လှေသင်္ဘောဖြင့် ခရီးထွက်ရန် ကြံစည်သောအခါ မိခင်ကြီးက တားမြစ်သဖြင့် မိခင်ကြီးကို ခြေဖြင့် ကန်ကျောက်ကာ ပင်လယ်ခရီးထွက်ခဲ့ပုံ၊ ပင်လယ်ထဲ၌ လှေသင်္ဘော ရပ်နေသဖြင့် သူယုတ်မာမဲချရာ သုံးကြိမ်တိုင်တိုင် မဲကျသောကြောင့် မိတ္တဝိန္ဒကကို ပင်လယ်ထဲသို့ ပစ်ချခဲ့ကြပုံ၊ ထိုနောက် ကျွန်းငယ်တစ်ခုသို့ ရောက်ရှိသွားပြီး နတ်သမီး ပြိတ္တာမများနှင့် ပျော်ပါးပုံ၊ နောက်ဆုံးတွင် ငရဲသားတစ်ယောက်၏ ဦးခေါင်းတွင် ရွက်ထားသော သင်တုန်းဓားစက်ကို ပဒုမ္မာကြာပန်းမှတ်ထင်၍ မရမက တောင်းယူပန်ဆင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၁၇၇) (အဘိ၊ဋ္ဌ၊၂၊၄၅၃) (ဇာ၊ဋ္ဌ၊၁၊၃၈၄) (ဇာ၊ဋ္ဌ၊၁၊၄၃၈) (ဇာ၊ဋ္ဌ၊၃၊၁၉၂) (အံ၊ဋီ၊၃၊၁၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မိတ္တာကာဠီထေရီဝတ္ထု

ဤဝတ္ထု၌ ပုဏ္ဏေးမလေးတစ်ယောက်သည် သတိပဋ္ဌာန်တရားကို ကြားနာရ၍ ဘိက္ခုနီပြုခဲ့ပုံ၊ လာဘ်လာဘခုံမင်သဖြင့် ခုနစ်နှစ်ပတ်လုံး တရားမရဘဲ သွားလာခဲ့ပုံ၊ ခုနစ်နှစ် ကျော်လွန်သောအခါ သံသရာ၌ ထိတ်လန့်မှုဖြစ်၍ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်း အရာများပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မိတ္တာထေရီဝတ္ထု

ဤဝတ္ထု၌ မိတ္တာထေရီလောင်းလျာသည် ဝိပဿီဘုရားရှင်လက်ထက်တော်၌ ရဟန္တာထေရီတစ်ဦးအား ဆွမ်းခဲဖွယ်နှင့် အပေါ်ရုံတဘက်အစုံကို ကြည်ညိုစွာ လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် ဤဂေါတမဘုရားရှင်လက်ထက်တော် သာကီဝင်မင်းမျိုး ဥပါသိကာမ တစ်ယောက် ဖြစ်ရခဲ့ပုံ၊ မဟာပဇာပတိဂေါတမီထံ၌ ဘိက္ခုနီပြုကား ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မိတ္တာမိတ္တဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း ရသေ့သည် အဘိညာဉ်သမာပတ်ရသော ဂိုဏ်းဆရာကြီး တစ်ဦးဖြစ်ခဲ့ပုံ၊ တပည့်ရသေ့အား ဆင်ပေါက် ကလေးကို မမွေးမြူရန် တားမြစ်သော်လည်း တပည့်ရသေ့က မလိုက်နာခဲ့ပုံ၊ စကား နားမထောင်သည့် ရသေ့ ဆင်နင်းခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မိတ္တာမိတ္တဇာတက

ဤဇာတ်တော်၌ အတ္ထစရကအမတ်ကြီးသည် ကောသလမင်းကြီးနှင့် အလွန်အကျွမ်းတဝင်ရှိပုံ၊ တခြားအမတ်များက မနာလိုဝန်တိုဖြစ်ကာ မင်းကြီးနှင့် ကွဲအောင် ကုန်းတိုက်ကြပုံ၊ ကောသလမင်းကြီးသည် အတ္ထစရကအမတ်၏ အပြစ်ကို မမြင်သဖြင့် မိတ်ဆွေအစစ် အတုခွဲခြားနိုင်ရန် ဘုရားရှင်ထံ သွားရောက် လျှောက်ထားပုံ၊ ဘုရားရှင်က အတိတ်ဇာတ်ကြောင်း ဆောင်၍ တရားဟောတော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မိနေလပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ စင်္ကြံကြွနေတော်မူသော သိခီဘုရားရှင်အား မိနေလပန်းတို့ဖြင့် လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့တော့ဘဲ လွန်ခဲ့သော နှစ်ဆယ့်ကိုးကမ္ဘာအထက်၌ သုမေဃဿနမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မိလကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မိလကမထေရ်လောင်းလျာသည် ကျော့ကွင်းတစ်ရာ၊ ဘိတစ်ရာကို ထောင်လျက် သူ့အသက် သတ်ခြင်း မုဆိုးအလုပ်ဖြင့် အသက်မွေးပုံ၊ တစ်နေ့သောအခါ မီးကင်ပြီးသော အသားကို စားလျက် ရေဆာသဖြင့် တောကျောင်းသို့ ဝင်၍ ရေသောက်ပုံ၊ သောက်ရေအိုးများ၌ ရေအပြည့်ရှိနေသော်လည်း အကုသိုလ်ကံကြောင့် ရေကို မမြင်ရပုံ၊ တောကျောင်းနေရဟန်းများက ရေခပ်ပေးမှ ရေသောက်ရသဖြင့် မိမိဘဝကို ထိတ်လန့်ကာ ရဟန်းပြုခဲ့ပုံ၊ ရဟန်းပြုပြီးနောက် တရားအားထုတ်၍ မရသဖြင့် လူထွက်မည်ကြံသောအခါ အဝီစိငရဲမီး၏ ပြင်းထန်စွာ ပူလောင်မှုကို တွေ့မြင်ရပြီး မရပ်မနား တရားအားထုတ်သောကြောင့် အနာဂါမ်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မိလက္ခတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရောဟနဇနပုဒ်တွင် မုဆိုးမျိုး၌ ဖြစ်ခဲ့ပုံ၊ အရွယ်ရောက်လာသော အခါ အိမ်ထောင်ကျ၍ မုဆိုးအလုပ်ဖြင့်ပင် အသက်မွေးဝမ်းကျောင်းပြုလျက် များစွာသော အကုသိုလ်အမှုတို့ကို ပြုလုပ်ခဲ့ပုံ၊ တစ်နေ့သောအခါ ကျော့ကွင်း၌ မိနေသော သမင်ကို သတ်၍ မီးကင်စားပြီးလျှင် ရဟန်းတော်များ သီတင်းသုံးသည့် ကျောင်းတိုက်အတွင်းသို့ ရေဝင်သောက်ပုံ၊ သောက်ရေအိုး ဆယ်လုံး၌ ရေအပြည့်ရှိသော်လည်း ရေကို မတွေ့မြင်ရသဖြင့် ထိတ်လန့်ကာ ရဟန်းပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မိလိန္ဒဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင်၏ သာသနာတော်၌ ကျင့်ဝတ်ပဋိပတ်နှင့် ပြည့်စုံသော ရဟန်းတော်များ ဂင်္ဂါမြစ်အနီး ကျောင်းတိုက်ကြီးတစ်တိုက်အတွင်း၌ စုပေါင်းနေထိုင်ကြပုံ၊ ရဟန်းတော်တစ်ပါးက တံမြက်စည်းလှည်းပြီး စုပုံထားသော အမှိုက်ပုံကို သာမဏေငယ်တစ်ပါးအား စွန့်ပစ်ရန်ပြောသောအခါ သာမဏေငယ်က မကြားဟန်ပြု၍ နေသဖြင့် ရဟန်းက တံမြက်စည်းရိုးဖြင့် ရိုက်ကာ အမှိုက်သွန်ခိုင်းခဲ့ပုံ၊ သာမဏေငယ်က အမှိုက်သွန်နေစဉ် ‘‘ဤကုသိုလ် ကောင်းမှုကြောင့် နေမင်းကဲ့သို့ ဘုန်းတန်ခိုးကြီးပြီး လှိုင်းတံပိုးများကဲ့သို့ သူတစ်ပါးက မချေဖျက်နိုင်သော ဉာဏ်ပညာနှင့် ပြည့်စုံရပါစေသား’’ဟု ဆုတောင်းခဲ့ပုံ၊ တံမြက်စည်းလှည်းသော ရဟန်းက ရေချိုးရန် လာစဉ် သာမဏေငယ် ဆုတောင်းစကားကို ကြားပြီး ‘‘ဤသာမဏေငယ် မေးသမျှအရာအားလုံးကို ဖြေရှင်းနိုင်သော ပုဂ္ဂိုလ် ဖြစ်ရပါစေသား’’ ဟု ပြန်လည် ဆုတောင်းခဲ့ပုံ၊ ဤဂေါတမဘုရားရှင် သာသနာတော်၌ သာမဏေငယ်သည် ဘုန်းတန်ခိုး အာဏာကြီးမားပြီး ဉာဏ်ပညာထက်မြက်သော မိလိန္ဒမင်းကြီး ဖြစ်လာ၍ တံမြက်လှည်းသော ရဟန်းမှာ အရှင်နာဂသိန်ထေရ် ဖြစ်လာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မိလိန္ဒ၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မုခပုဉ္ဆနာနုဇာနနဝတ္ထု

ဤဝတ္ထု၌ ဝိသာခါကျောင်းအမကြီးသည် မျက်နှာသုတ်ပဝါကို ယူဆောင်ပြီး ဘုရားရှင်အား ဆက်ကပ်ရာ ဘုရားရှင်က လက်ခံတော်မူပြီး ရဟန်းတော်တို့အား မျက်နှာသုတ်ပဝါ ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မုစလိန္ဒဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဒုတိယသတ္တာဟ လွန်ပြီးနောက် အဇပါလညောင်ပင်ရင်းမှ မုစလိန္ဒရေအိုင်သို့ ချဉ်းကပ်တော်မူပုံ၊ မုစလိန္ဒအိုင်အနီး ကျည်းပင်ရင်း၌ ခုနစ်ရက်ပတ်လုံး အရဟတ္တဖိုလ်သမာပတ် ဝင်စားတော်မူပုံ၊ ခုနစ်ရက်ပတ်လုံး အခါမဲ့ မိုးကြီး ရွာပြီး လေအေးများ တိုက်ခတ်နေသဖြင့် မုစလိန္ဒနဂါးမင်းသည် ဘုရားရှင်၏ ကိုယ်တော်ကို ခုနစ်ခွေ ပတ်ကာလျက် ဦးထိပ်တော်ထက်၌ ပါးပျဉ်းကြီး ကာမိုး ပူဇော်ခဲ့ပုံ၊ ခုနစ်ရက် လွန်မြောက်ပြီးနောက် နဂါးအသွင် ဖျောက်၍ လုလင်အသွင် ဖန်ဆင်းကာ ရှိခိုးလျက် နေချိန်တွင် ဘုရားရှင်က ဥဒါန်းကျူးရင့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊) (ဥဒါန၊ဋ္ဌ၊၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မုဋ္ဌိပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ သုဒဿနမည်သော အမည်ဖြင့် ပန်းသည်ဖြစ်ခဲ့၍ မြတ်လေးပန်းကို ပဒုမုတ္တရဘုရားရှင်အား လှူဒါန်းခဲ့သောကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိတော့ဘဲ လွန်ခဲ့သော သုံးဆယ်ခြောက်ကမ္ဘာအထက်၌ ဒေဝုတ္တရမည်သော စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့၍ နောက်ဆုံး ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မုဋ္ဌိပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာသုံးသောင်းအထက်၌ စင်္ကြံကြွနေတော်မူသော သုမေဓာဘုရားရှင်အား ဂိရိနေလမည်သော ပန်းဆုပ်ကို လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော နှစ်ထောင့်သုံးရာ ကမ္ဘာအထက်၌ သုနေလမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မုဏ္ဍရာဇဝတ္ထု

ဤဝတ္ထု၌ မုဏ္ဍမင်းသည် ချစ်ခင်မြတ်နိုးလှသော ဘဒ္ဒါအမည်ရှိ မိဖုရားသေဆုံးသွားသဖြင့် မင်း၏ကိစ္စတို့ကို မဆောင်ရွက်ဘဲ စွဲလမ်းနေပုံ၊ မိဖုရား၏ အလောင်းကို ဆီထည့်ထားသော သံခေါင်းတွင် ထည့်စိမ်ကာ ကြာရှည်စွာ ထားစေခဲ့ပုံ၊ ဘဏ္ဍာစိုး ပိယက၏ အကြံပေးချက်အရ မုဏ္ဍမင်းသည် ကုက္ကုဋာရုံကျောင်းရှိ အရှင်နာရဒမထေရ်ထံ သွားရောက်သောအခါ အရှင်နာရဒက ထိုမင်းအား သောကငြိမ်းအေးကြောင်း တရားဟောတော်မူသဖြင့် စိတ်အေးချမ်းသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မုတ္တာထေရီဝတ္ထု

ဤဝတ္ထု၌ မုတ္တာထေရီအလောင်းလျာသည် ဝိပဿီဘုရားရှင်အား လှည်းရထားလမ်းပေါ်တွင် မိမိခန္ဓာကိုယ်ကို မှောက်အိပ်ကာ တံတားသဖွယ် ပူဖော်ခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် လူနတ်ချမ်းသာမျိုးစုံကို ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ မဟာပဇာပတိဂေါတမီ ထေရီမထံတွင် ဘိက္ခုနီပြု၍ မြတ်စွာဘုရား၏ တရားတော်ကို နာရသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရီ၊ဋ္ဌ၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မုတ္တာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျာသည် ရှေးဘုရားရှင်များအထံ၌ ဆုပန်ခဲ့ပြီး ဤဘုရားရှင့် လက်ထက်တော်၌ ကောသလဇနပုဒ်တွင် သူဆင်းရဲပုဏ္ဏား၏ သမီး ဖြစ်လာပုံ၊ အရွယ်ရောက်သော် မိဘများက ခါးကုန်းသော ပုဏ္ဏားတစ်ယောက်နှင့် ပေးစားခဲ့ပုံ၊ ထို့နောက် လင်ယောကျ်ားထံ ခွင့်ပန်၍ ရဟန်းပြုကာ ဝိပဿနာ ရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မုဒိတတ္ထေရဝတ္ထု

ဤဝတ္ထု၌ မုဒိတမထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ညောင်စောင်း လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပြီး ဤဂေါတမဘုရားရှင်လက်ထက်တော်၌ မုဒိတသူကြွယ် ဖြစ်လာပုံ၊ မင်းဘေးမှ တိမ်းရှောင်ထွက်ပြေးစဉ် တောနေ ရဟန္တာမထေရ် တစ်ပါးထံ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မုဒုပါဏိဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းဖြစ်စဉ် မိမိတို့အမျိုး ကျယ်ပြန့်ရန်ခဲ့ မိမိ၏တူတော်ကို သမီးတော်နှင့် မပေးစားဘဲ အခြားမင်းသမီး တစ်ဦးနှင့် ပေးစားရန် စီစဉ်ခဲ့ပုံ၊ တူနှင့်သမီးတို့မှာ အချင်းချင်း ချစ်ကြိုက်နေသဖြင့် ဘုရင်ကြီးကို လှည့်စား၍ ထွက်ပြေးကြပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မုဒုလက္ခဏဇာတက

ဤဇာတ်တော်၌ အလောင်းတော်ရသေ့သည် လူသူမနီတောကြီးအလယ်၌ ဈာန်ချမ်းသာဖြင့် သီတင်းသုံးနေထိုင်ခဲ့ပုံ၊ တစ်နေ့သောအခါ အလောင်းတော်ရသေ့သည် ချဉ်ဆားမှီဝဲရန် ဗာရာဏသီနန်းတော်တွင်းသို့ ချဉ်းကပ်ခဲ့ပုံ၊ မင်းကြီးက ဘုရင့်ဥယျာဉ်တော်အတွင်း၌သာ သီတင်းသုံးရန် လျှောက်ထားတောင်းပန်ခဲ့ပုံ၊ မင်းကြီးစစ်တိုက်သွားစဉ် အလောင်းတော်ရသေ့ကို ကောင်းမွန်စွာ ဆွမ်းပြုစုလုပ်ကျွေးရန် မုဒုလက္ခဏမိဖုရားကြီးအား မှာထားခဲ့ပုံ၊ တစ်နေ့တွင် မိဖုရားကြီး၏ ထမီစ လျှောကျသွားသည်ကို အလောင်းတော်ရသေ့ တွေ့မြင်ရသဖြင့် ဈာန်လျှောကျသွားခဲ့ပုံ၊ မင်းကြီးနှင့် မိဖုရားကြီးတို့က အလောင်းတော် ရသေ့အား ရသေ့ဘဝ ပြန်လည်သတိရစေရန် စီမံဆောင်ရွက်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မုနာဠိဓုတ္တဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းသည် သူဆင်းရဲမျိုး၌ မုနာဠိမည်သော သေသောက်ကြူးဖြစ်စဉ် မိမိအနီးသို့ ကြွရောက်လာသော သုရဘိမည်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား ‘‘ဤရဟန်းသည် သီလမရှိ၊ ယုတ်မာသော အကျင့်သာရှိ၏’’စသည်ဖြင့် စွပ်စွဲပြောဆိုခဲ့ပုံ၊ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် နှစ်ပေါင်းများစွာ ငရဲ၌ ဆင်းရဲဒုက္ခခံစားခဲ့ရပုံ၊ ဂေါတမဗုဒ္ဓဖြစ်တော်မူရာ ဤနောက်ဆုံးဘဝ၌လည်း ပရိသတ်အလယ်၌ တိတ္ထိတို့၏ တပည့်မဖြစ်သူ စိဉ္စမာဏဝိကာ အမျိုးသမီး၏ မဟုတ်မမှန် စွပ်စွဲ ပြောဆိုခြင်းကို ခံခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မုနာဠိဓုတ္တဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းသည် မထင်ရှားသော အမျိုးအနွယ်တစ်ခု၌ မုနာဠိမည်သော သေသောက်ကြူး ဖြစ်စဉ် အခြားသော လူမိုက်များနှင့် ပေါင်းပြီး သုရဘိပစ္စေကဗုဒ္ဓါအရှင်မြတ်အား ‘‘ဤရဟန်းသည် ကိုယ်ကျင့်သီလမရှိ၊ အကျင့်ယုတ်၏’’ စသည်ဖြင့် ဆဲရေးခဲ့ပုံ၊ ထိုအကုသိုလ်ဝစီကံကြောင့် နှစ်ပေါင်းများစွာ ငရဲ၌ ကျရောက်ခဲ့ရပုံ၊ ဂေါတမဗုဒ္ဓဖြစ်တော်မူရာ ဤနောက်ဆုံးဘဝ၌လည်း သုန္ဒရီပရိဗိုဇ်မ၏ စွပ်စွဲပြောဆိုခြင်း ဆဲရေးတိုင်းထွာခြင်း ခံခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မုနိကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ရွာတစ်ရွာရှိ သူဌေးအိမ်တစ်အိမ်တွင် မဟာလောဟိတအမည်ဖြင့် ဝန်ဆောင်နွားလားဖြစ်စဉ် ညီငယ်စူဠလောဟိတက ‘‘အိမ်ရှင်တို့သည် မုနိကမည်သောဝက်ကို ထမင်းယာဂုစသည်ဖြင့် အစားကောင်း အသောက်ကောင်းများ ကျွေးပြီး မိမိတို့အား မြက်ကောက်ရိုးမျှကိုသာ ကျွေးသဖြင့် ဘယ်သောအခါကျမှ ထိုကဲ့သို့သော အစားကောင်းများ စားရပါမည်နည်း’’ ဟု အစ်ကိုကြီး မဟာလောဟိတအား ပြောဆိုပုံ၊ မဟာလောဟိတက ဝက်သည် သေထမင်း သေဟင်းကို စားနေသဖြင့် ဝက်ကို အားမကျသင့်ကြောင်း၊ မကြာမီ ဝက်သည် လူတို့၏ စားသောက်ဖွယ် ဟင်းလျာအဖြစ် သေဆုံးရတော့မည်ဖြစ်ကြောင်း ပြောဆိုပုံ၊ နှစ်ရက် သုံးရက်လွန်သောအခါ၌ပင် မင်္ဂလာဆောင်အတွက် မုနိကမည်သော ဝက်ကို သတ်၍ လက်သုပ်ဟင်းလျာအဖြစ် စီမံကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မူဂပက္ခဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် တာဝတိံသာနတ်ပြည်မှ စုတေ၍ စန္ဒာဒေဝီ၏ ဝမ်းတိုက်၌ ပဋိသန္ဓေယူခဲ့ပုံ၊ ဘုရားအလောင်းမွေးဖွားသောအခါ တေမိယမင်းသားဟု နာမည်မှည့်ကြပုံ၊ ဖခင် ဘုရင်ကြီး၏ ရင်ခွင်၌ နေစဉ် တရားစီရင်ခန်းကို ကြားရသောအခါ ရှေးယခင် မိမိဘုရင်ဘဝက ငရဲကျခဲ့ရသည်ကို သတိရကာ ဘုရင်မလုပ်လိုသဖြင့် (၁၆)နှစ်တိုင်တိုင် ဆွံ့အဟန်ဆောင်ခဲ့ပုံ၊ နောက်ဆုံးတွင် တောထွက်ကာ နိက္ခမပါရမီဖြည့်ကျင့်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၆၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မူလပရိယာယဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားအလောင်းသည် ဒိသာပါမောက္ခ ဆရာကြီးဖြစ်၍ လုလင်(၅၀၀)တို့အား ပညာကုန် သင်ကြားပေးပုံ၊ လုလင်တို့သည် ဆရာတတ်သလောက် ငါတို့လည်း တတ်ပြီဟု မာနရောက်ကာ မလေးမစားနေကြပုံ၊ ထိုအခါ ဆရာကြီးသည် တပည့်တို့အား ပြဿနာတစ်ရပ်ကို မေးပြီး မာနကင်းအောင် ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မူလုပ္ပလဝါပီဝိဟာရဝါသိတ္ထေရဝတ္ထု

ဤဝတ္ထု၌ ရဟန္တာမထေရ်တစ်ပါးသည် အလုပ်အကျွေးဒါယကာအိမ်သို့ ကြွတော်မူစဉ် ဥပါသိကာမသည် အိပ်ရာခုတင်ကို မှီ၍ နေထိုင်ပုံ၊ တံခါးဝ၌ ဆွမ်းခံရပ်လာသော ရဟန်း တစ်ပါးသည် ထိုဥပါသိကာမနှင့် ရဟန္တာမထေရ်တို့ တစ်ခန်းတည်း၌ မစင်မကြယ်နေထိုင်၏ဟု ထင်မှတ်ပုံ၊ ကျောင်းသို့ ရောက်သောအခါ ဆွမ်းခံရဟန်းသည် ရဟန္တာမထေရ်ကို စွပ်စွဲအံ့ဟု လာသောအခါ ရဟန္တာမထေရ်က ကောင်းကင်သို့ ပျံကြွ၍ ကျောင်းထိပ်၌ ပလ္လင်နှင့်တကွ ထိုင်နေတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၂၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မူသိကဇာတကဝတ္ထု

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဒိသာပါမောက္ခဆရာကြီးဖြစ်စဉ် ဗာရာဏသီမင်း၏သား ယဝကုမာရသည် ပညာသင်ကိစ္စပြီး၍ ပြည်တော်သို့ ပြန်ရန် ကန်တော့စဉ် မင်းသား၏ သားက လုပ်ကြံမည့်အဖြစ်ကို သိမြင်၍ ဂါထာလေးပုဒ်ကို သင်ပေးလိုက်ပုံ၊ ယဝကုမာရ မင်းဖြစ်ပြီးနောက် သားတော်က သတ်ရန်စီစဉ်သောအခါ ရေချိုးကန်သို့ အသွားတွင် ပထမဂါထာဆို၍ အသက်ဘေးမှ လွတ်ခဲ့ပုံ၊ စောင်းတန်းခြေရင်း၌ တစ်ကြိမ်၊ စားတော်ဆောင်၌ တစ်ကြိမ် သားတော်က လုပ်ကြံရန် ကြိုးစားသော်လည်း ဂါထာရွတ်၍ လွတ်မြောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မေခလဒါယိကာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျာသည် သိဒ္ဓတ္ထမြတ်စွာဘုရားအား ရည်မှန်း၍ ပုထိုးစေတီတော် ပြုလုပ်ရန် ခါးကြိုးတန်ဆာကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာကျင်လည်ခဲ့ရပုံ၊ ဂေါတမဘုရားရှင် ပွင့့်တော်မူသောအခါ ရာဇဂြိုဟ်မြို့၌ ချမ်းသာသော ပုဏ္ဏားသူငယ်မ ဖြစ်ခဲ့ပုံ၊ မဟာပဇာပတိဂေါတမီထံ ဘိက္ခုနီပြုပြီးနောက် ရဟန္တာထေရီ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မေဃိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသောအခါ ကြည်ညို လေးမြတ်သော စိတ်ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာကီဝင်မင်းမျိုး၌ဖြစ်၍ ရဟန်းပြုကာ ဝိပဿနာ ရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မေဃိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်၏ အလုပ်အကျွေး မေဃိယမထေရ်သည် သာယာသော သရက်ဥယျာဉ်ကို မြင်တွေ့ရ၍ ‘တရားအားထုတ်ရန်’ဟု အကြောင်းပြကာ ဘုရားရှင်တားမြစ်ပါလျက် သရက်ဥယျာဉ်၌ နေရစ်ခဲ့ပုံ၊ မကြာမီမှာပင် အကုသိုလ်ဝိတက်သုံးပါး အကြံများသာ ဖြစ်ပေါ်လာသဖြင့် ဘုရားရှင်နောက်သို့ ပြန်လိုက်လာပုံ၊ ဘုရားရှင်က ဝိပဿနာဉာဏ် ရင့်သန်စေပြီး ကိလေသာမှလွတ်စေရန် ရင့်ကျက်စေကြောင်း နည်းလမ်းငါးမျိုး ဟောပြတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၁၆၆) (ဓမ္မ၊ဋ္ဌ၊၁၊၁၈၂) (ဥဒါန၊ဋ္ဌ၊၁၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မေဏ္ဍကဂဟပတိဝတ္ထု

ဤဝတ္ထု၌ ဘဒ္ဒိယမြို့သား မေဏ္ဍကသူဌေးကြီးသည် ခေါင်းလျော်ပြီး စပါးကျီကို တံမြက်စည်းလှည်းစေကာ စပါးကျီ၏ တံခါးအပြင်ဘက်၌ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်မှ စပါးများ စပါးကျီပြည့်အောင် ကျလာပုံ၊ မေဏ္ဍကသူဌေးကတော်ကလည်း ဆန်တစ်ပြည်ချက် ထမင်းအိုးအနီး၌ ထိုင်လျက် လာလာသမျှ ကျွန်အမှုလုပ်သမားစသည် တို့အား ထိုင်နေရာမှ မထမချင်း ထမင်းနှင့် ဟင်းများကို မကုန်နိုင် မခမ်းနိုင်အောင် ပေးဝေနိုင်ပုံ၊ သားကလည်း ရှေးကောင်းမှုကံကြောင့် တစ်ထောင်တန် အိပ်တစ်လုံး၌ ပေး၍ မကုန်အောင်ရှိပုံ၊ ထိုသူဌေးကြီးထံ ဗိမ္ဗိသာရမင်းကြီး ကိုယ်တိုင် လာရောက်စုံစမ်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မေဏ္ဍကပဥှဇာတက

ဤဇာတ်တော်သည် မဟာဥမင်္ဂဇာတက၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မေဏ္ဍကသေဋ္ဌိဝတ္ထု

ဤဝတ္ထု၌ မေဏ္ဍကသူဌေးကြီး၏ ရှေးဘဝကုသိုလ်ကံကြောင့် အိမ်နောက်ဘက် ရှစ်ပယ်မျှသော နေရာတွင် ရွှေဆိတ်ရုပ်များ ပေါ်ပေါက်လာပြီး ထိုဆိတ်များ၏ ပါးစပ်ထဲမှ မိမိလိုသော ပစ္စည်းအားလုံး ထွက်ပေါ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပဋိသံ၊ဋ္ဌ၊၂၊၂၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မေဏ္ဍကသေဋ္ဌိဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားရှင်သည် မေဏ္ဍကသူဌေး၊ သူဌေးကတော် စန္ဒပဒုမ၊ သား ဓနဉ္စယ၊ ချွေးမ သုမနဒေဝီ၊ မြေး ဝိသာခါ၊ ကျွန် ပုဏ္ဏတို့၏ သောတာပန်ဖြစ်မည့် အကြောင်းကို မြင်တော်မူ၍ ဘဒ္ဒိယမြို့နေ မေဏ္ဍကသူဌေးကြီးထံ ကြွရောက်ပြီး တရားဟောတော်မူခဲ့ပုံ စသောအကြောင်းအရာများပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မေဏ္ဍသိရတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ၉၁-ကမ္ဘာထက်၌ ပွင့်တော်မူသော ဘုရားရှင်အား ပန်းတို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင် လက်ထက်တော်၌ သာကေတမြို့သူကြွယ်မျိုး၌ ဖြစ်ပြီး ဘုရားရှင်ထံ ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မေတ္တဂုတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဟိမဝန္တာတောင်အနီး အသောကတောင်၌ ရသေ့အဖြစ်ဖြင့်နေထိုင်ခဲ့ပုံ၊ ထိုအချိန်တွင် လောက၌ သုမေဓာဘုရားရှင် ပွင့်တော်မူလာသဖြင့် ဘုရားရှင်သည် ရသေ့ထံ ကြွရောက်တော်မူလာပုံ၊ ရသေ့သည် ဘုရားရှင်အား ထောပတ်များ လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌သာ ချမ်းသာစွာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန် စံဝင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မေတ္တဇိတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အနောမဒဿီမြတ်စွာဘုရား၏ ဗောဓိပင်ကို အုတ်တို့ဖြင့် တံတိုင်းပြုလုပ်၍ အင်္ဂတေဖြင့် အချောကိုင်လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ မဂဓတိုင်း ပုဏ္ဏားမျိုး၌ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ပြီး ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မေတ္တာဘာဝနာဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် မိမိတို့၏ စရိုက်အလိုက် ကမ္မဋ္ဌာန်းများကို သင်ယူပြီး ဟိမဝန္တာတောနှင့် တစ်ဆက်တည်းဖြစ်သော တောကျောင်းတစ်ကျောင်း၌ ကမ္မဋ္ဌာန်းအားထုတ်နေကြပုံ၊ ရဟန်းတို့၏ သီလတန်ခိုးကြောင့် သစ်ပင်ပေါ်မှ ဆင်းပေးရသော နတ်တို့က ခြောက်လှန့်ကြပုံ၊ ရဟန်းတို့ မြတ်စွာဘုရားထံ သွားရောက် လျှောက်ထားကြသောအခါ မြတ်စွာဘုရားက မေတ္တသုတ်ကို ဟောတော်မူပြီး သတ္တဝါများကို အထူးသဖြင့် ရုက္ခစိုးနတ်များကို မေတ္တာပို့ရန် ညွှန်ပြတော်မူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ခုဒ္ဒက၊ဋ္ဌ၊၁၉၇) (သုတ္တနိ၊ဋ္ဌ၊၁၊၁၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မေတ္တိကာထေရီဝတ္ထု

ဤဝတ္ထု၌ မေတ္တိကာထေရီလောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား ရတနာခါးကြိုးတန်ဆာကို လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဘဝများစွာ လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင် လက်ထက်တော်၌ မေတ္တိကာထေရီ ဖြစ်၍ ပဋိဘာဂတောင်ထွတ်၌် ရဟန္တာ ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မေတ္တိယဘူမဇကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မေတ္တိယဘူမဇကရဟန်းတို့သည် သေနာသနပညာပကသမ္မုတိရသော အရှင်ဒဗ္ဗမထေရ်အား ရှုတ်ချကြ၊ အပုပ်ချကြပြန်သောကြောင့် ကဲ့ရဲ့မှု၊ ရှုတ်ချမှုမပြုရဟု ဥဇ္ဈာပနက သိက္ခာပုဒ်၏ အနုပညတ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မေတ္တိယဘူမဇကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မေတ္တိယဘူမဇက ရဟန်းတို့သည် ဆိတ်တစ်ကောင်ကို ဒဗ္ဗမလ္လပုတ္တမထေရ်၊ ဆိတ်မတစ်ကောင်ကို မေတ္တိယဘိက္ခုနီဟု အမည်ပေး၍ ဆိတ်နှစ်ကောင် ကာမဂုဏ်ခံစားနေသည်ကို ‘‘မထေရ်နှင့် ဘိက္ခုနီ ကာမဂုဏ်ခံစားနေကြ၏’’ဟု ပါရာဇိကဖြင့် စွပ်စွဲကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘ထိုသို့ စွပ်စွဲသော ရဟန်းအား သံဃာဒိသေသ် အာပတ် သင့်၏’’ဟု ဒုတိယ ဒုဠဒေါသသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဝိ၊၁၊၂၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မေဠဇိနတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုမေဓာဘုရားရှင်အား ချိုမြိန်ကောင်းမြတ်သည့် အာမောဒမည်သော အသီးများကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည် တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဗာရာဏသီမင်းမျိုး၌ ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွား၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာ များပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မောဂ္ဂလ္လာနတ္ထေရဝတ္ထု

ဤဝတ္ထုသည် သာရိပုတ္တတ္ထေရ်ဝတ္ထု (ဓမ္မ၊ဋ္ဌ၊၂၊၄၂၁)နှင့် တူသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မောဂ္ဂလ္လာနတ္ထေရဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော်တို့သည် ပုဗ္ဗာရုံကျောင်းတော်၌ တရားအားမထုတ်ဘဲ မေ့မေ့ လျော့လျော့ နေကြသဖြင့် သံဝေဂစိတ်ဖြင့် ထိတ်လန့်စေရန် ဘုရားရှင်က အရှင်မောဂ္ဂလ္လာန်အား တိုက်တွန်းတော်မူပုံ၊ အရှင်မောဂ္ဂလ္လာန်သည် ပြာသာဒ်ကို အထက်အောက်တုန်လှုပ်စေသောအခါမှ ထိတ်လန့်ကြ၍ တရားဟောရန် ဘုရားရှင်အားတောင်းပန်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၂၃၅) (သံ၊ဋ္ဌ၊၃၊၂၈၈) (သုတ္တနိ၊ဋ္ဌ၊၂၊၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မောဂ္ဂလိပုတ္တတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်လောင်းလျာသည် ဗြဟ္မာ့ပြည်မှ စုတေ၍ မောဂ္ဂလိပုဏ္ဏားကြီးအိမ်၌ မွေးဖွားလာပုံ၊ သံဃာ့မထေရ်ကြီးများ၏ တာဝန်ပေးချက်အရ သိဂ္ဂဝမထေရ်သည် ထိုမထေရ်လောင်းကို သာသနာ့ဘောင် ရောက်အောင် စောင့်ရှောက်ခဲ့ပုံ၊ ထိုမထေရ်လောင်း အသက်(၁၆)နှစ် အရွယ်တွင် သာမဏေပြုပေးရာ သောတာပန်တည်ခဲ့ပုံ၊ သိဂ္ဂဝမထေရ်၏ စေလွှတ်ချက်အရ တိဿသာမဏေသည် စဏ္ဍဝဇ္ဇိမထေရ်ထံတွင် ပိဋကသုံးပုံကို အဋ္ဌကထာနှင့်တကွ ကောင်းစွာ သင်ယူတတ်မြောက်၍ ပိဋကသုံးပုံဆောင်ဖြစ်လာပြီး မကြာမီပင် ဝိပဿနာပွား၍ ရဟန္တာဖြစ်တော်မူခဲ့ပုံ၊ အသောကမင်းကြီး လက်ထက်တွင် အသောကာရုံကျောင်းတိုက်၌ သံဃာတစ်သိန်း ပါဝင်သော အစည်းအဝေးပြုလုပ်ပြီး မောဂ္ဂလိပုတ္တတိဿမထေရ်သည် မိစ္ဆာဒိဋ္ဌိအယူကို နှိမ်နင်းလျက် ကထာဝတ္ထုကျမ်းကို ဟောတော်မူခဲ့ပုံ၊ ထို့နောက် အသောကမင်းကြီး၏ ပစ္စည်းလေးပါး အထောက်အပံ့ဖြင့် ရဟန္တာတစ်ထောင်တို့ကို ဦးဆောင်၍ တတိယသံဂါယနာတင်တော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မောဃရာဇတ္ထေရဝတ္ထု

ဤဝတ္ထု၌ မောဃရာဇမထေရ်လောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင် လက်ထက်တော်၌ လူခစီဝရဓရ ဧတဒဂ်ဘွဲ့ထူး ချီးမြှင့်ခြင်းခံရသော ရဟန်းတော်တစ်ပါးကို အားကျကာ ထိုဧတဒဂ်ကို ရရှိရန် ကောင်းမှုကုသိုလ်များ ပြုလုပ်၍ ဆုတောင်းခဲ့ပုံ၊ အတ္ထဒဿီဘုရားရှင်လက်ထက်၌ ပုဏ္ဏားမျိုးတွင်ဖြစ်ကာ ဘုရားအမှူးရှိသော သံဃာတော်တို့အား ပျားရည်များ ဆက်ကပ်လှူဒါန်းပြီး ‘‘ ယာဝတော ရူပိနော သတ္တာ’’စသော ခြောက်ဂါထာတို့ဖြင့် ချီးကျူးပူဇော်ခဲ့ပုံ၊ ကဿပဘုရားရှင်လက်ထက်တော်၌ ကဋ္ဌဝါဟနမင်း၏ အမတ်ကြီးတစ်ဦး ဖြစ်ခဲ့ပြီး ဘုရားရှင်၏ တရားတော်ကို နာကြားရသဖြင့် ရဟန်းပြုကာ နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် တရားအားထုတ်ခဲ့ပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာဖြစ်ပြီး လူခစီဝရဓရ ဧတဒဂ်ဘွဲ့ ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၃၉) (အံ၊ဋ္ဌ၊၁၊၂၅၆) (ထေရ၊ဋ္ဌ၊၁၊၄၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မောဒကထာလိကဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သေဒကမည်သော နိဂုံးတွင် သီတင်းသုံး နေထိုင်တော်မူစဉ် ရဟန်းတို့အား ခေါ်တော်မူ၍ ‘‘ဝါးတိုင်ကို ထမ်းကာ ဆပ်ကပ်ပြသော ဆရာတပည့်နှစ်ယောက်ကို ဥပမာပေးလျက် တရားဟောတော်မူပုံ၊ ဝါးတိုင်ကို ထမ်းထားသော ဆရာနှင့် ဝါးတိုင်ထိပ်တက်ကာ ဆပ်ကပ်ပြရသော တပည့်တို့သည် အချင်းချင်း ကူညီစောင့်ရှောက်မှသာလျှင် ဘေးရန်ကင်းကွာ ချမ်းသာရာရသကဲ့သို့ မေတ္တာ၊ ကရုဏာ၊ ခန္တီ၊ အဝိဟိံသာတရားများကို ပွားများသော ရဟန်းသည်လည်း သူတစ်ပါးတို့ကို မသတ်ဖြတ် မညှင်းဆဲဘဲ စောင့်ရှောက်သောအားဖြင့် မိမိကိုယ်ပါ စောင့်ရှောက်ပြီးဖြစ်သောကြောင့် မိမိရော သူတစ်ပါးပါ ချမ်းသာကြောင်း ဟောပြတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၁၄၆) (သံ၊ဋ္ဌ၊၃၊၂၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မောဒကဒါယိကာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျာသည် ဝိပဿီဘုရားရှင်၏ သာသနာတော်၌ ရဟန်းတော်တစ်ပါးအား ဖူးတွေ့ရ၍ ကတွတ်မုန့်(၃)ခုကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကောသလဇနပုဒ်တွင် ပုဏ္ဏားမျိုး၌ ဖြစ်ပုံ၊ ဘုရားရှင်၏ တရားတော်ကို နာရသဖြင့် ဘိက္ခုနီသာသနာသို့ ဝင်ရောက် ကာ ရဟန္တာထေရီဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မောရဇာတက

ဤဇာတ်တော်သည် မဟာမောရဇာတက၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မောရဟတ္ထိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ၃၁-ကမ္ဘာထက်၌ ပွင့်တော်မူသော ဘုရားရှင်အား ဒေါင်းမြီးယပ် လှူခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဒုဂ္ဂတိဘဝ မရောက်ခဲ့ရဘဲ ဖြစ်လေရာဘဝတိုင်း ငြိမ်းအေးစွာ နေခဲ့ရ၍ ဤသာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မောဠိယဂါမိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်တစ်ပါး မောဠိယရွာ၌ ဆွမ်းခံဝင်ပြီး ထိုရွာမှ ပြန်ထွက်သွားသည်ကို အခြားအကြောင်းကို စိတ်ကူးနေသော မိန်းမငယ်က မတွေ့မြင်ဘဲရှိပုံ၊ မထေရ်သည် ရွာတံခါးတွင် ရပ်၍ ပြန်လှည့်၍ကြည့်ကာ စဉ်းစားသွားရင်း ‘‘မိန်းကလေးသည် ဘာလုပ်နေသောကြောင့် မမြင်ပါလိမ့်’’ ဟု ပြောလျှင် အနီး၌ ရှိသော ယောကျ်ားတစ်ယောက်က ‘‘အရှင်ဘုရား...မောဠိယရွာမှာ ဆွမ်းခံခဲ့ပါသလား’’ဟု လျှောက်ထားခဲ့ပုံုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၂၊၁၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

မောဠိယဖဂ္ဂုနဝတ္ထု

ဤဝတ္ထု၌ မောဠိယဖဂ္ဂုနမထေရ်သည် ရဟန်းကောင်းတို့နှင့် ဆန့်ကျင့်ဘက်ပြု၍ ရဟန်းမတို့နှင့် ရင်းရင်းနှီးနှီး ရောနှောနေထိုင်ပုံ၊ မြတ်စွာဘုရားက ကာမဂုဏ်ကိုမှီ၍ ဖြစ်သော အလိုဆန္ဒတို့ကို ပယ်စွန့်ရန် ဟောကြား တော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ယက္ခသေနာပတိဝတ္ထု

ဤဝတ္ထုသည် အနောမဒဿီဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ယဇမာနဝတ္ထု

ဤဝတ္ထု၌ အင်္ဂတိုင်းနှင့် မဂဓတိုင်းသားများသည် လှည်းအစီး(၆၀)တိုက်ခန့်ရှိ ထင်းပုံကြီးကို မီးရှို့လျက် ထောပတ်၊ တင်လဲ၊ ပျားရည် စသည်တို့ကို လောင်းထည့်ကာ မဟာဗြဟ္မာကြီးအား ယဇ်ပူဇော်ကြပုံ၊ သိကြားမင်းသည် မဟာဗြဟ္မာကြီးအသွင် ဖန်ဆင်းလျက် ဆင်းလာသောအခါ ပုဏ္ဏားများက မဟာဗြဟ္မာကြီးကိုယ်တိုင် အလှူခံရန် ဆင်းသက်လာသည်ဟု မှတ်ထင်ယူဆကြပုံ၊ သိကြားမင်းက ဘုရားရှင်နှင့် သံဃာတော်များအား လှူဒါန်းပူဇော်ခြင်းက ပို၍ အကျိုးကြီးမြတ်ကြောင်း ပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၃၄) (သံ၊ဋ္ဌ၊၁၊၃၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ယညသာမိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ ခုနစ်နှစ်သား အရွယ်သာ ရှိသေးလျက် ဗေဒင်တို့၌ တစ်ဖက်ကမ်းရောက် တတ်မြောက်ပြီး အမျိုးအနွယ်၏ ကျင့်ဝတ်ကို ဆောင်ခဲ့ပုံ၊ ရှစ်သောင်းလေးထောင်သော သားကောင်တို့ကို ယဇ်ပူဇော်ရန်အတွက် တိုင်၌ ချည်နှောင်ထားစဉ် သိဒ္ဓတ္ထဘုရားရှင် ကြွလာတော်မူခဲ့ပုံ၊ ဘုရားရှင်က မထေရ်အလောင်းအား ‘‘သတို့သား... သတ္တဝါတို့အား မညှဉ်းဆဲခြင်းကို ငါဘုရား နှစ်သက်တော်မူ၏။ ခိုးခြင်း၊ သူတစ်ပါးသားမယားများကို လွန်ကျူး၍ ကျင့်ခြင်း၊ သေရည်သေရက်သောက်စားခြင်းတို့မှ ရှောင်ကြဉ်ခြင်းကိုလည်း ငါဘုရား နှစ်သက်တော်မူ၏။ မြတ်သော အကျင့်၌ မွေ့လျော်ခြင်း၊ အကြားအမြင်များခြင်း၊ သူတစ်ပါးကျေးဇူးကို သိတတ်ခြင်းတို့ကို ငါဘုရား နှစ်သက်တော်မူ၏။ ဤတရားတို့သည် မျက်မှောက်၊ တမလွန် ချီးမွမ်းအပ်၏’’ဟု မိန့်တော်မူကာ သတို့သားရှေ့၌ပင် ကောင်းကင်သို့ တက်ကြွသွားတော်မူပုံ၊ မထေရ်အလောင်းသတို့သားသည် စိတ်ကြည်လင်ပြီး ဘုရားဟူသော အမှတ်သညာကို ရခဲ့ပုံ၊ ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိခဲ့တော့ဘဲ နောက်ဆုံး ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ်၍ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ယမကဝတ္ထု

ဤဝတ္ထု၌ ယမကအမည်ရှိသော ရဟန်းတစ်ပါး၌ မှားယွင်းသော အယူဝါဒဖြစ်ပေါ် လာသဖြင့် ထိုရဟန်းကို ရဟန်းများက အရှင်သာရိပုတ္တရာထံ ခေါ်သွားကြရာ အရှင်သာရိပုတ္တရာက ခန္ဓာငါးပါးတို့၏ မမြဲကြောင်း ခန္ဓာငါးပါးသည် ချမ်းသာကြွယ်ဝသော သူဌေးသားတစ်ဦးကို ပေါင်းသင်းကာ သတ်သောလူယုံနှင့် တူကြောင်း ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (သံ၊၂၊၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ယမရာဇဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သုစရိုက်တရားဆယ်ပါးနှင့် ပြည့်စုံသောသူတို့သည် နတ်ပြည်နတ်ရွာသို့ လားရောက်ကြရပြီး ဒုစရိုက်တရားဆယ်ပါးနှင့် ပြည့်စုံသောသူတို့သည် အပါယ်ဒုဂ္ဂတိငရဲသို့ ရောက်ကြရပုံကို ဒိဗ္ဗစက္ခုဉာဏ်ဖြင့် သိမြင်တော်မူပုံ၊ ငရဲကျရောက်သောသူတို့အား ငရဲသားတို့က ဆွဲခေါ်၍ ယမမင်းထံပို့ပုံ၊ ယမမင်းက ငရဲကျသောသူအား ဒေဝဒူတခေါ် နတ်တမန် (သေမင်းတမန်)ငါးမျိုးကို မေးစိစစ်ပြီးနောက် လောဟကုမ္ဘီငရဲသို့ ပစ်ချခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၃၊၂၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ယဝကလာပိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ အရုဏဝတီမြို့၌ မုယောခင်းစောင့် ဖြစ်၍ လမ်းခရီး၌ သိခီဘုရားရှင်ကို ဖူးမြင်ရသောအခါ မုယောစည်းကို ခင်းထားပုံ၊ သိခီဘုရားရှင်သည် မထေရ်လောင်း မုယောခင်းစောင့်၏ စိတ်အကြံကို သိ၍ ထိုမုယောအခင်း၌ ထိုင်နေတော်မူခဲ့ပုံ၊ မုယောခင်းစောင့်သည် ထိုင်နေသော ဘုရားရှင်ကို တွေ့မြင်ရလျှင် လွန်မင်းစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပြီး ထိုအရပ်၌ပင် စုတိစိတ်ကျခဲ့ပုံ၊ မုယောစည်းကို ခင်း၍ လှူဒါန်းခဲ့သော ဘဝမှ စ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့တော့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ယဝခါဒနဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းသည် မထင်ရှားသော အမျိုးတစ်ခု၌ ဖြစ်စဉ် ဖုဿဘုရားရှင်၏ တပည့်များ ချိုမြိန်ကောင်းမွန်သော အဖျော်ရည်များနှင့် သလေးဆွမ်းများ ဘုဉ်းပေးသုံးဆောင်နေသည်ကို တွေ့မြင်ရပုံ၊ ထိုအချိန်၌ ဘုရားအလောင်းသည် အသိဉာဏ်နည်းပါးသဖြင့် ဖုဿဘုရားရှင်၏ တပည့်များအား ‘‘အို...ဦးပြည်းရဟန်းတို့ သလေးဆွမ်းကို မစားကြနှင့်၊ မုယောဆန်ကြမ်းထမင်းကိုသာ စားကြကုန်’’ဟု ဆဲရေးခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် နှစ်ပေါင်းများစွာ အပါယ်လေးဘုံတို့၌ ဆင်းရဲဒုက္ခ ခံစားရပုံ၊ နောက်ဆုံးဘဝ ဘုရားဖြစ်တော်မူသည့် အချိန်၌လည်း ဝေရဉ္ဇာပြည်၌ ဝါကပ်တော် မူစဉ် မာရ်နတ် နှောင့်ယှက်သဖြင့် ဝါတွင်းသုံးလပတ်လုံး မုယောဆန်ကြမ်းဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ယဝပါလကဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သား ဆင်းရဲသားတစ်ဦးသည် မုယောခင်းကို စောင့်စဉ် နံနက်စာအဖြစ် မုယောမုန့်ကို ယူသွားပုံ၊ မွန်းတည့်ခါနီးအချိန်တွင် ဆွမ်းမဘုဉ်းပေးရသေးသော ရဟန္တာမထေရ်ကြီးအား မိမိစားမည့်မုန့်ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်၌ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ယသတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီသူဌေးသား ယသလုလင်သည် ကာမဂုဏ်တို့ကို စက်ဆုပ်သဖြင့် ညအချိန်၌ပင် ဘုရားရှင်သီတင်းသုံးရာ ဣသိပတနမိဂဒါဝုန်တောသို့ ထွက်သွားခဲ့ပုံ၊ ဘုရားရှင်နှင့် တွေ့၍ တရားနာရပြီး သောတာပန်တညခဲ့ပုံ၊ သားပျောက်ကို လိုက်ရှာသော ဖခင်သူဌေးကြီးအား ဘုရားရှင်က တရားဟောတော်မူစဉ် ယသမထေရ်က နားကြားရ၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ယသတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုမေဓဘုရားရှင်လက်ထက်တော်၌ တန်ခိုးကြီးသော နဂါးမင်း ဖြစ်၍ ဘုရားအမှူးရှိသော သံဃာတော်တို့အား နဂါးဘုံသို့ ပင့်၍ အလှူကြီးလှူခဲ့ပုံ၊ သိဒ္ဓတ္ထဘုရားရှင်လက်ထက်တော်၌ ဗောဓိမဏ္ဍိုင်ကို ရတနာ(၇)ပါးဖြင့် ပူဇော်ခဲ့ပုံ၊ ကဿပဘုရားရှင်လက်ထက်ဝယ် ရဟန်းပြု၍ တရားအားထုတ်ခဲ့သော ကုသိုလ်ကြောင့် သုဂတိဘုံ တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် လက်ထက်တော်၌ ဗာရာဏသီသူဌေးနှင့် သုဇာတာတို့၏ သားဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ရဟန်းတရား ကြိုးစားအားထုတ်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၉၅) (အပ၊ဋ္ဌ၊၂၊၂၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ယသဒါရကဝတ္ထု

ဤဝတ္ထု၌ ယသမထေရ်အလောင်း အမှူးပြုသော (၅၅)ယောက်သော အပေါင်းအဖော်တို့သည် ကိုးကွယ်ရာမဲ့သူတို့အတွက် စောင့်ရှောက်ရန် လှည့်လည်နေကြစဉ် ကိုယ်ဝန်သည်မအလောင်းကို တွေ့သဖြင့် သင်္ဂြိုဟ်ရန် သုသာန်သို့ ဆောင်ယူလာကြပုံ၊ ယသမထေရ်အလောင်းလုလင်သည် ထိုအလောင်းကောင်ကို အပြန်အလှန် ထိုးဆွ၍ မီးသင်္ဂြိုဟ်စဉ် အသုဘသညာ ရရှိပုံ၊ ထို့နောက် သူသည် ကျန်သော သူငယ်ချင်းများနှင့် မိဘ ဇနီးမယားတို့အား ထိုအကြောင်းကို ပြောကြားရာ ထိုသူတို့အားလုံး အသုဘသညာ ရရှိသွားကြပုံ၊ ထိုဥပနိဿယ၏ ပြည်စုံမှုကြောင့် ဤနောက်ဆုံးဘဝ၌ အားလုံး တရားထူး ရခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၃၊၂၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ယသောဇတ္ထေရဝတ္ထု

ဤဝတ္ထု၌ ယသောဇမထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား တောင်ပိန္နဲသီးမှည့်ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် ဘဝအဆက်ဆက် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ ယသောဇလုလင် ဖြစ်လာပုံ၊ အဖော်များနှင့်အတူ မြတ်စွာဘုရားရှင်ထံ ရဟန်းပြုခဲ့ပုံ၊ ပရိသတ်များနှင့်အတူ ဆူညံခြင်းကို အကြောင်းပြု၍ မြတ်စွာဘုရားက နှင်ထုတ်တော်မူခဲ့ပုံ၊ သံဝေဂရရှိကာ ဝိပဿနာတရား ကြိုးစားရှုပွားများသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၅၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ယသောဇတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တော်၌ တောနေရဟန်းတစ်ပါး၏ ဟောပြမှုကြောင့် သူခိုးငါးရာတို့ သီလဆောက်တည်ကြပြီး ကွယ်လွန်ကြသောအခါ နတ်ပြည်၌ ဖြစ်ကြပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့အနီး တံငါရွာ၌ ဖြစ်ကြပြီး ယသောဇမှာ အကြီးအမှူး ဖြစ်ခဲ့ပုံ၊ ရွှေအဆင်းရှိ ငါးကြီးတစ်ကောင် မိ၍ ဘုရင့်ထံ ပို့ကြပုံ၊ ထိုမှတစ်ဆင့် ဘုရားရှင်ထံ ရောက်၍ ကပိလရဟန်းကြီး ငါးဖြစ်နေကြောင်း တရားတော်ကို နာရသဖြင့် အားလုံး ရဟန်းပြုကြပုံ၊ နောင်အခါ ရဟန္တာ ဖြစ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊၁၀၄) (ဥဒါန၊ဋ္ဌ၊၁၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ယသောဓရဥပါသကဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တော်၌ ယသောဓရဥပါသကာသည် စေတီတော် တည်ဆောက်ရန်အတွက် ငွေကြေးဥစ္စာပစ္စည်းအစုစုတို့ကို ရှာဖွေစုဆောင်းခဲ့ပုံ၊ စေတီတော်အတွက် ရှင်ဘုရင်က မုခ်ဦးတစ်ခု၊ မင်းညီမင်းသားများက မုခ်ဦးတစ်ခု၊ အမတ်ကြီးများနှင့်တကွ စစ်သူကြီးများက မုခ်ဦးတစ်ခု၊ သူဌေးသူကြွယ်များနှင့် တိုင်းသူပြည်သားများက မုခ်ဦးတစ်ခု အသီးသီး တာဝန်ယူ၍ ဆောက်လုပ်လှူဒါန်းကြပုံ၊ တိုင်းသူပြည်သားများ တာဝန်ယူထားသော မုခ်ဦးအတွက် ပစ္စည်းဥစ္စာ မပြည့်စုံသဖြင့် ယသောဓရဥပါသကာက ရွှေငွေကျောက်သံပတ္တမြားစသော ရတနာပစ္စည်းများကို အလှူခံကာ ဆောက်လုပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၁၇၄) (သံ၊ဋီ၊၁၊၂၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ယသောဓရာထေရီဝတ္ထု

ဤဝတ္ထု၌ ယသောဓရာထေရီသည် ရှေးဘဝများစွာက ဗုဒ္ဓ၏ ပါရမီဖြည့်ဖက်ဖြစ်ခဲ့ပုံ၊ ဒီပင်္ကရာမြတ်စွာဘုရားရှင်လက်ထက်တော်၌ သုမေဓာရသေ့ ဗျာဒိတ်ခံစဉ် ယသောဓရာအမျိုးသမီးလောင်း သုမိတ္တာသည် ကြာပန်းလှူ၍ ရှင်ရသေ့နှင့် ဘဝတိုင်း ပေါင်းဆုံမိရန် ဆုတောင်းခဲ့ပုံ၊ နောင်ဆုံးဘဝ၌ ဘုရားလောင်း သိဒ္ဓတ္ထ၏ ကြင်ရာတော် ယသောဓရာဖြစ်လာပုံ၊ ရဟန်း ပြုခဲ့၍ ရဟန္တာ ဖြစ်ကာ ဥဒါန်းကျူးရင့်ခဲ့ပုံ၊ ပရိနိဗ္ဗာန်စံသောအခါ၌ တန်ခိုးပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၆၄) (ထေရီ၊၂၇၃) (အပ၊၂၊၂၇၉) (အပ၊၂၊၂၇၂) (ထေရီ၊၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ယာဂုဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာသုံးသောင်းအထက်၌ ခရီးသွားယောကျ်ား ဖြစ်ခဲ့ပုံ၊ ဆန်၊ ဆီ၊ ရိက္ခာအပြည့်အစုံဖြင့် ခရီးထွက်စဉ် မြစ်ရေလျှံသဖြင့် ဆွမ်းခံမထွက်နိုင်သော သံဃာတော်တို့အား မိမိတွင် ပါသော ရိက္ခာဆန်ဖြင့် ယာဂုကျိုကာ လှူဒါန်းခဲ့ပုံ၊ ဤကောင်းမှုကြောင့် သုဂတိဘုံသို့သာ လားရောက်ခဲ့ရပြီး ဤဘုရားရှင်သာသနာတော်၌ ခေါင်းရိတ်စဉ်၌ပင် ရဟန္တာ ဖြစ်၍ ကျွတ်တမ်းဝင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ယုဓဉ္စယဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း ယုဓဉ္စယမင်းသားသည် မင်္ဂလာဥယျာဉ်သို့ ထွက်စဉ် သစ်ပင်အဖျား၌ နံနက်ခင်းမှာ ဆီးနှင်းပေါက်တို့ရှိ၍ ညနေချမ်းမှာ ဆီးနှင်းပေါက်တို့ ပျောက်ကွယ်သွားသည်ကို ဥပမာထား၍ သတ္တဝါတို့အသက်၏ မမြဲပုံကို သံဝေဂ ယူကာ တောထွက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၇၇) (ဇာ၊ဋ္ဌ၊၄၊၁၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ယူထိကပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် စန္ဒဘာဂါမြစ်ကမ်းမှ အောက်အကြေသို့ သွားသော် သိဒ္ဓတ္ထဘုရားရှင်ကို ဖူးတွေ့ရ၍ ဇွန်ပန်းကို ယူပြီး ဘုရားရှင်ထံ ချဉ်းကပ်လှူဒါန်းခဲ့ပုံ၊ ဤကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့တော့ဘဲ ခြောက်ဆယ့်ခုနစ်ကမ္ဘာအထက်၌ သာမုဒ္ဓရမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ယောဓာဇီဝဝတ္ထု

ဤဝတ္ထု၌ ယောဓာဇီဝ စစ်ဗိုလ်မှူးကြီးသည် ‘‘စစ်ပွဲ၌ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ပြီး ရန်သူ့ လက်ချက်ဖြင့် အသက်ဆုံးရှုံးသွားသော စစ်သည်တစ်ယောက် ပရဇိတမည်သော နတ်တို့၏ အသင်းအပင်း၌ ဖြစ်၏ ဟူသည် မှန်ပါသလားဘုရား’’ဟု ဘုရားရှင်ထံ မေးမြန်းလျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ဤအကြောင်းအရာကို မမေးပါနှင့်ဟု သုံးကြိမ်တိုင်တိုင် တားမြစ်ခဲ့ပုံ၊ တားမရသဖြင့် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် သေလွန်ပြီးနောက် ပရဇိတမည်သော ငရဲသို့ ကျရောက်ရ၏ဟု ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၄၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရက္ခိတတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ တရားတော်ကို နာကြားပြီးလျှင် ဒေသနာတော်ဉာဏ်ကို အဖန်ဖန်ချီးကျူးကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ပုံ၊ ယင်းကုသိုလ်၏ အကျိုးဆက်ကြောင့် လူ့ပြည်နတ်ပြည်တို့၌ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်ပွင့်တော်မူသောအခါ၌ ဒေဝဒဟတိုင်း သာကီဝင်မင်းမျိုး၌ ဖြစ်၍ ဘုရားရှင်အထံတော်၌ ရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရဇ္ဇဝတ္ထု

ဤဝတ္ထု၌ သူတစ်ပါးတို့အား မညှဉ်းဆဲ, မသတ်ဖြတ်, ပူဆွေးဒုက္ခ မရောက်စေဘဲ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သောသူရှိနိုင် မရှိနိုင် ဘုရားရှင်စဉ်းစားတော်မူခဲ့ပုံ၊ မာရ်နတ်က ဘုရားရှှင်အား မင်းလုပ်ရန် လျှောက်ထားတောင်းပန်ပုံ၊ ဘုရားရှင်သည် တန်ခိုးတော်ဖြင့် ဟိမဝန္တာ တစ်တောင်လုံးကို ရွှေဖြစ်အောင် အဓိဋ္ဌာန်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၁၇) (သံ၊ဋ္ဌ၊၁၊၁၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရဇ္ဇုမာလာဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တော်၌ အိမ်ရှင်မတစ်ယောက်သည် ကျွန်မတစ်ယောက်အား နှိပ်စက်ခဲ့သဖြင့် ကျွန်မက ပြန်လည် လက်စားချေရန် ဆုတောင်းခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရှေးဘဝက ကျွန်မသည် ဂယာရွာ ပုဏ္ဏားမျိုး၌ သူဌေးသမီးဖြစ်ပြီး ယခင်ဘဝက သခင်မ ဖြစ်ခဲ့ဖူးသော ယခုဘဝ မိမိ၏ ကျွန်မကို နည်းမျိုးစုံဖြင့် နှိပ်စက်ပြန်ပုံ၊ ကျွန်မသည် ဘုရားရှင်၏ တရားကို နာရ၍ ကျွန်မသည် သောတာပန်ဖြစ်ပြီး စုတေသောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရဋ္ဌပါလကုလပုတ္တဝတ္ထု

ဤဝတ္ထု၌ ရဋ္ဌပါလအမျိုးကောင်းသား၏ ဖခင်က ရဋ္ဌပါလအား အလိုရှိသောပစ္စည်းများကို သူ့ထံမှ တောင်းရန် ပြောဆိုပုံ၊ ရဋ္ဌပါလက ‘‘တောင်းရမ်းသူကို လူတို့က မချစ် မနှစ်သက်ကြ၊ မုန်းကြသည်၊ တောင်းသူကလည်း မရလျှင် ပြန်၍ မုန်းသည်၊ တောင်းရမ်းခြင်းသည် တောင်းသူ၊ အတောင်းခံရသူ နှစ်ဦးလုံးအတွက် အကျိုးမရှိသဖြင့် မတောင်းရမ်းပါ’’ဟု ပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရဋ္ဌပါလတ္ထေရဝတ္ထု

ဤဝတ္ထု၌ ရဋ္ဌပါလမထေရ်အလောင်းသည် ပဒုမုတ္တရဘုရားရှင် မပွင့်ပေါ်မီကာလက ဟံသာဝတီပြည် သူကြွယ်သားဘဝဖြင့် ပစ္စည်းဥစ္စာအပေါ် စက်ဆုပ်၍အပြစ်မြင်ပုံ၊ ပဒုမုတ္တရ ဘုရားရှင်ပွင့်တော်မူစဉ် သဒ္ဓါပဗ္ဗဇိတ ဧတဒဂ်ရရန် ဆုပန်ပုံ၊ ဖုဿဘုရားရှင်နှင့် ဖတူမိကွဲညီအစ်ကို တော်စပ်ခဲ့ပုံ၊ ဤဂေါတမဘုရား လက်ထက်တော်၌ ခက်ခဲစွာ ရဟန်းပြုခွင့်ရပြီးနောက် ရဟန္တာ ဖြစ်၍ သဒ္ဓါပဗ္ဗဇိတ ဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၉၇) (ထေရ၊ဋ္ဌ၊၂၊၂၈၈) (အပ၊ဋ္ဌ၊၂၊၃၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရဋ္ဌပါလဝတ္ထု

ဤဝတ္ထု၌ ကုရုတိုင်း ထုလ္လကောဋ္ဌိက ရွာသား အရှင်ရဋ္ဌပါလသည် ရဟန်းပြုပြီးနောက် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ငယ်ရွယ်စဉ်မှာပင် တဏှာ၏ ကျေးကျွန်အဖြစ်မှ လွတ်ရန် ရဟန်းပြုခဲ့ကြောင်း ကောရဗျမင်းကြီးအား မိန့်ကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၂၄၄) (မ၊ဋ္ဌ၊၃၊၁၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရတနသုတ္တဒေသနာဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်လက်ထက်တော်တွင် ဝေသာလီပြည်သည် မင်းပေါင်း(၇၇၇၇)ယောက် အလှည့်ကျ အုပ်ချုပ်သည့် အလွန်ဖွံ့ဖြိုးသော နိုင်ငံတော်ကြီး ဖြစ်ခဲ့ပုံ၊ အခါတစ်ပါးတွင် မိုးခေါင်၍ ငတ်မွတ်ခေါင်းပါးသဖြင့် ဘီလူးတို့ ဝင်ရောက်ကာ သတ္တဝါများကို စားသောက်ကြသဖြင့် ဘေးကြီးသုံးပါး ဆိုက်ရောက်နေသောကြောင့် ဘုရားရှင်ကို ပင့်ကြပုံ၊ ဘုရားရှင် ကြွရောက်တော်မူလာသောအခါ မိုးရွာပြီး အနံ့ဆိုးများ ကင်းစင်ကာ ဘီလူးသားရဲတို့ ထွက်ပြေးကြပုံ၊ ဘေးဒုက္ခအားလုံး ကင်းဝေးစေရန် ရတနသုတ် ဒေသနာတော်ကို ဘုရားရှင် ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ခုဒ္ဒက၊ဋ္ဌ၊၁၃၃) (သုတ္တနိ၊ဋ္ဌ၊၁၊၂၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရတ္တိပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်း သားမုဆိုးသည် ရွှင်လန်းဝမ်းမြောက်စွာဖြင့် လက်ထုတ်ကြီးပန်းကို အမြစ်နှင့်တကွ တူးယူပြီးလျှင် ဝိပဿီဘုရားရှင်အား လှူဒါန်းပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ရှစ်ကမ္ဘာအထက်၌ သုပ္ပသန္နမည်သော စကြဝတေးမင်းဖြစ်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရထကာရပေတီဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တော်၌ အမျိုးသမီးတစ်ဦးသည် ကိုယ်ကျင့်သီလနှင့် ပြည့်စုံ၍ ရဟန်းတော်များအား ကျောင်းသင်္ကန်းဆွမ်းတို့ဖြင့် ပြုစုလုပ်ကျွေးပုံ၊ ကွယ်လွန်သောအခါ ဟိမဝန္တာတောင်တန်းရှိ ရထကာရ ရေအိုင်အနီး၌ နတ်ပြိတ္တာ ဖြစ်ခဲ့ပုံ၊ လုလင်တစ်ဦးနှင့် တွေ့ဆုံပြီး မိမိဘုံဗိမာန်သို့ ရောက်စေရန် ကုသိုလ် ကောင်းမှုများကို ပြုစေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၇၁) (ပေတ၊ဋ္ဌ၊၁၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရထလဋ္ဌိဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗြဟ္မဒတ်မင်း၏ ဝိနိစ္ဆယအမတ်ကြီးတစ်ဦး ဖြစ်စဉ် မင်း၏ ပုရောဟိတ်သည် မိမိ၏ မြင်းရထားဖြင့် ဘောဂရွာသို့ ခရီးထွက်ခဲ့ပုံ၊ လမ်းခရီးအကြား၌ အခြားသော လှည်းတစ်စီးနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့သောအခါ လမ်းဖယ်ခိုင်း၍မရသဖြင့် ကြိမ်လုံးဖြင့် လှည်းဦးကို ရိုက်ခဲ့ပုံ၊ ကြိမ်လုံးက ပြန်ကန်လာပြီး မိမိ၏နဖူးကို ရိုက်မိပုံ၊ ပုရောဟိတ်သည် မင်းကြီးအား ‘‘မိမိကို လှည်းသမားများက ရိုက်နှက်သဖြင့် နဖူးတွင် ဘုသီးထနေကြောင်း’’ လျှောက်ထားသောအခါ မင်းကြီးက လှည်းသမားတို့အား အပြစ်ဒဏ်ပေးခဲ့ပုံ၊ ဝိနိစ္ဆယအမတ်ကြီးက သေချာစွာ မေးမြန်းစိစစ်၍ ဆုံးဖြတ်သင့်ကြောင်း မင်းကြီးအား လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရမဏီယကုဋိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ရမဏီယကုဋိကမထေရ်သည် မိမိတရားအားထုတ်ရာ ကမ္မဋ္ဌာန်းကျောင်းလေးကို အင်္ဂတေမြေညက်စသည်တို့ဖြင့် ချောမွေ့ သန့်ရှင်းနေအောင် စီမံထားပုံ၊ ကျောင်းပရိဝုဏ်အတွင်း၌လည်း စိတ်ချမ်းမြေ့ဖွယ်ရာ နှစ်လိုစရာရှိအောင် လှလှပပ ပြုပြင်စီမံထားပုံ၊ မိမိကမ္မဋ္ဌာန်းကျောင်း၏ သန့်ရှင်းစင်ကြယ်မှုကို ကြည့်ရှုရင်း တရားပွားများသောအခါ မကြာမီပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရမဏီယဝိဟာရိတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားအား တည်ခြင်းငါးပါးဖြင့် ရှိခိုးပြီး လိပ်ဆူးရွှေပန်းတို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့သား သူဌေးသား ဖြစ်၍ ရှင်ရဟန်းပြုကာ ဝိပဿနာပွားများသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရဟောသညကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာပုဏ္ဏားကြီးသည် ဟိမဝန္တာတောင်အနီး ဝသဘမည်သော တောင်၌ သင်္ခမ်းကျောင်း ဆောက်လုပ်၍ နေခဲ့ပုံ၊ တပည့်ပုဏ္ဏားသုံးထောင်တို့ကို ဗေဒင်ပညာ ပို့ချ၍ နေခဲ့ရာမှ တစ်ခါသော် ထိုတပည့်သုံးထောင်တို့ကို စွန့်ပယ်၍ သင့်တင့်ရာ အရပ်သို့ ဝင်ခဲ့ပုံ၊ ပုဏ္ဏားကြီးသည် သင့်တင့်ရာအရပ်၌ တစ်ယောက်တည်း ထိုင်နေပြီး ဗုဒ္ဓဗေဒင်ကို ရှာမှီးလျက် ဘုရားရှင်၏ ဉာဏ်တော်၌ ကြည်ညိုစိတ်ပွားခဲ့ပုံ၊ ထိုဉာဏ်တော်၌ ကြည်ညိုစိတ်ပွားသော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော နှစ်ဆယ့်ခုနစ်ကမ္ဘာအထက်၌ သိရိဓရမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရာဂဂ္ဂိဝတ္ထု

ဤဝတ္ထု၌ ဘိက္ခုနီလေးတစ်ဦးသည် စိတ္တလတောင်ကျောင်းရှိ ဥပုသ်ကျောင်းသို့ သွားခဲ့ရာ တံခါးစောင့်အရုပ်ကို ကြည့်ပြီး ရာဂမီး ပြင်းထန်စွာ တောက်လောင်လာခဲ့ပုံ၊ နှလုံးသား လောင်ကျွမ်းပြီး ထိုနေရာမှာပင် ရပ်လျက်သား ပျံတော်မူခဲ့ပုံ၊ အခြားဘိက္ခုနီတို့က လက်ဆွဲခေါ်ငင်ရာ ပျံတော်မူနေသည်ကို တွေ့ကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၁၇၆) (အဘိ၊ဋ္ဌ၊၂၊၄၈၀) (သာရတ္ထ၊ဋီ၊၃၊၂၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရာဇကုမ္ဘဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်း၏ အမတ်ကြီးတစ်ဦးဖြစ်စဉ် ဗာရာဏသီမင်းသည် အလွန်အပျင်းထူပုံ၊ တစ်နေ့သောအခါ အမတ်အပေါင်း ခြံရံလျက် ဥယျာဉ်တော်သို့ သွားစဉ် တစ်နေ့လုံး လက်တစ်သစ် လက်နှစ်သစ်မျှသာ ရွေ့ရှားသွားလာသော (ရာဇကုမ္ဘ)မည်သော ဆင်ဦးကင်းသတ္တဝါကို တွေ့မြင်ရပုံ၊ မင်းကြီးက ဘုရားလောင်း အမတ်ကြီးအား ‘‘ဤသတ္တဝါသည် အဘယ်ကဲ့သို့သော သတ္တဝါမျိုး ဖြစ်သနည်း’’ ဟု မေးမြန်းပုံ၊ ဘုရားလောင်း အမတ်ကြီးက ရာဇကုမ္ဘသတ္တဝါအကြောင်း ရှင်းပြလျက် အပျင်းမကြီးရန် မင်းကြီးအား ဆုံးမဩဝါဒပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရာဇဂဟဒုဗ္ဘိက္ခဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့၌ ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့နေသဖြင့် လူတို့က ဆန်၊ ဆီ၊ ဆား၊ ခဲဖွယ်တို့ကို ကျောင်းသို့ ပို့ထားကြပုံ၊ ကျောင်းအတွင်း၌ မထားရသဖြင့် ကျောင်းပြင်ပ၌ ထားကြရာ ကြောင်၊ ကြွက်၊ ဖွတ်၊ မြွေပါတို့က စားကြ၊ သူခိုးများ ခိုးကြသောကြောင့် ကျောင်းတွင်း၌ သိုမှီးခွင့် ပြုတော်မူခဲ့ပုံ၊ ကျောင်းတွင်း၌ သိုမှီး၍ ပြင်ပ၌ ချက်စေရာ စားကြွင်းစားတို့ ဝိုင်းရံနေသဖြင့် ရွံရှာကြသောကြောင့် ကျောင်းတွင်း၌ ချက်ခွင့်ပြုတော်မူပုံ၊ ကပ္ပိယတို့ကို ချက်ခိုင်းရာ ရဟန်းတို့အတွက် နည်းနည်းပေးပြီး သူတို့က များများ ယူကြသောကြောင့် ကိုယ်တိုင် ချက်ပြုတ်ခြင်းကို ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရာဇဂဟသေဋ္ဌိဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်သူဌေးအား (၇)နှစ်တိုင်တိုင် ခေါင်းကိုက်ရောဂါ စွဲကပ်နေပုံ၊ ဆရာများစွာ ပြသခဲ့ရာ တစ်ချို့က (၅)ရက်၊ တစ်ချို့က (၇)ရက်ကြာလျှင် သေမည်ဟု ပြောဆိုကြပုံ၊ ဆရာဇီဝကကို ပြရာ သူဌေးကြီးကို ခုတင်ပေါ်တွင် အိပ်စေပြီး ဦးခေါင်းရေကို ခွာကာ ဦးခေါင်းဆက်(အုတ်ဆက်)ကို ဖွင့်၍ ပိုးနှစ်ကောင်ကို ထုတ်ပြီး ကုသခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရာဇဒတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ ရာဇဒတ္တမထေရ်လောင်းလျာသည် ပစ္စေကဗုဒ္ဓါတစ်ပါးကို အလွန်သန့်စင် လတ်ဆတ်သော ဂွေးသီးများ လှူခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရာဇဒတ္တကုန်သည်ဖြစ်လာပုံ၊ ဘုရားရှင်၏ တရားတော်ကို နာကြားရ၍ ရဟန်းပြုပြီး ဓုတင်အကျင့်ကို ဆောက်တည်ကာ သုသာန်၌ နေခဲ့ပုံ၊ ပြည့်တန်ဆာမအလောင်းကောင်ကို အသုဘ နိမိတ်တင်၍ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရာဇပုတ္တပေတဝတ္ထု

ဤဝတ္ထု၌ ကိတဝမင်းသားသည် ဆွမ်းခံကြွလာသော သုနေတ္တပစ္စေကဗုဒ္ဓါ၏ သပိတ်ကို ယူ၍ ခွဲကာ ပြောင်လှောင်ပြက်ရယ် ပြုခဲ့ပုံ၊ မင်းသားသေလွန်သောအခါ အဝီစိငရဲ၌ ဆင်းရဲကြီးစွာ ခံစားရပြီးနောက် ငရဲမှလွတ်သောအခါ၌လည်း ပြိတ္တာဘဝရောက်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၂၁၁) (ပေတ၊ဋ္ဌ၊၂၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရာဇဘဋဝတ္ထု

ဤဝတ္ထု၌ ဗိမ္ဗိသာရမင်း၏ စစ်သားတို့သည် ရဟန်းတို့ထံ ရဟန်းပြုကြသဖြင့် စစ်တိုက်ရန် စီစဉ်သောအခါ စစ်သားမရှိကြပုံ၊ တရားသူကြီး အမတ်တို့က မင်းမှုထမ်းယောက်ျားများကို ရဟန်းခံပေးလျှင် ဥပဇ္ဈာယ်ဆရာအား ခေါင်းဖြတ်၊ အနုသာသကဆရာအား လျှာဖြတ်၊ ကာရကသံဃာများအား နံရိုး ရိုက်ချိုးရန် စီမံကြပုံ၊ ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ထားသဖြင့် မင်းမှုထမ်းများကို ရဟန်းခံမပေးရန် ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရာဇာယတနဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် တတိယသတ္တာဟ လွန်ပြီးနောက် မုစလိန္ဒရေအိုင်မှ လင်းလွန်းပင်ရင်းသို့ ကြွတော်မူကာ ခုနစ်ရက်လုံး ဝိမုတ္တိသုခ ခံစားတော်မူပုံ၊ ဥက္ကလာဇနပုဒ်မှ တပုဿ၊ ဘလ္လိကကုန်သည် ညီနောင်တို့ ရောက်လာပြီး မုန့်ကြွက်ကျစ်နှင့် ပျားဆုပ်မုန့်တို့ကို လှူဒါန်းဆက်ကပ်၍ ဒွေဝါစိက သရဏဂုံ ဆောက်တည်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရာဇောဝါဒဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ဗာရာဏသီမင်း ဖြစ်၍ တရားနှင့်အညီ အုပ်ချုပ်ပုံ၊ ဗလ္လိကမည်သော ကောသလမင်းသည်လည်း တရားနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်ပုံ၊ တစ်နေ့တွင် နိုင်ငံတွင်း လှည့်လည်စုံစမ်းစဉ် လှည်းတစ်စီးသာ သွားနိုင်သည့် ခရီး၌ ဆုံကြရာ တိုင်းပြည်အုပ်ချုပ်ပုံနှင့် ပတ်သက်၍ အနုနည်းဖြင့် ဘုရားလောင်း၏ အုပ်ချုပ်ပုံကို ကြားရသောကြောင့် ဗလ္လိကကောသလမင်းသည် လမ်းဘေး ဖယ်ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရာဇောဝါဒဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည် ပုဏ္ဏားမျိုး၌ဖြစ်စဉ်် အရွယ်ရောက်သောအခါ ရသေ့ရဟန်းဝတ်၍ အဘိညာဉ်သမာပတ်တို့ကို ဖြစ်စေလျက် ဟိမဝန္တာတော၌ နေထိုင်ခဲ့ပုံ၊ ဗာရာဏသီမင်းကြီးသည် တိုင်းပြည်ရေးရာ စုံစမ်းစဉ် ဘုရားအလောင်းရသေ့ထံ ရောက်ရှိလာပုံ၊ ဘုရားအလောင်းရသေ့က ချိုမြိန်ကောင်းမြတ်သော အရသာရှိသော ညောင်သီးများကို မင်းကြီးအား ကျွေးခဲ့ပုံ၊ မင်းကြီးက ဤညောင်သီးသည် အလွန်အရသာရှိကြောင်း၊ ချိုမြိန်ကောင်းမြတ်ကြောင်း ဘုရားအလောင်းရသေ့အား လျှောက်ထားသောအခါ ဘုရားအလောင်းရသေ့က ‘‘တိုင်းပြည်အုပ်ချုပ်သော မင်းကြီး တရားစောင့်သည့်အတွက် ချိုမြိန်ခြင်းဖြစ်ကြောင်း’’ မိန့်ကြားခဲ့ပုံ၊ မင်းကြီးက ထိုအကြောင်းအရာ မှန် မမှန် စုံစမ်းရန်အတွက် တိုင်းပြည်ပြန်ရောက်သောအခါ တရားမစောင့်ဘဲနေခဲ့ပုံ၊ မင်းကြီးသည် နှစ်, လအတန်ကြာသောအခါ ဟိမဝန္တာရှိ ဘုရားအလောင်းရသေ့ထံ တစ်ဖန်သွားခဲ့ပုံ၊ ရှေးယခင်အတိုင်းပင် ဘုရားအလောင်းရသေ့က ညောင်သီးမှည့်များကို ချကျွေးခဲ့ပုံ၊ ညောင်သီးများ အလွန်ခါးသဖြင့် မင်းကြီးက ‘‘ထွီ’’ဟု ထွေးထုတ်ပြီး ဤညောင်သီးသည် အလွန်ခါးကြောင်း ဘုရားအလောင်းရသေ့အား လျှောက်ထားပုံ၊ ဘုရားအလောင်းရသေ့က ‘‘တိုင်းပြည်အုပ်ချုပ်သော မင်းသည် တရားမစောင့်တော့သည့်အတွက် အသီးများ အရသာ ကင်းမဲ့သွားခြင်းဖြစ်ကြောင်း’’ မင်းကြီးအား ပြောကြားပုံ၊ ထိုအခါ မင်းကြီးက ‘‘မိမိသည် ဗာရာဏသီမင်းဖြစ်ကြောင်း၊ သစ်သီးများအရသာရှိအောင် အရသာကင်းအောင်, ပြုလုပ်သူသည် မိမိသာဖြစ်ကြောင်း၊ နောက်နောင် တရားနှင့်အညီသာ အုပ်ချုပ်တော့မည်ဖြစ်ကြောင်း’’ ဘုရားအလောင်းရသေ့အား လျှောက်ထား၍ တိုင်းပြည်သို့ ပြန်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရာဓဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ရာဓဟူသော အမည်ဖြင့် ကြက်တူရွေးမျိုး၌ ဖြစ်ခဲ့ပုံ၊ ပုဏ္ဏားကြီးသည် ရာဓနှင့် ညီငယ် ပေါဌပါဒတို့ကို အတူကျွေးမွေးပြုစု စောင့်ရှောက်ခဲ့ပုံ၊ ပုဏ္ဏားကြီး ကုန်ရောင်း ကုန်ဝယ်သွားသောအခါ ပုဏ္ဏေးမ၏ အကျင့်စာရိတ္တကို စောင့်ကြည့်ရန် ကျေးညီနောင်နှစ်ကောင်တို့အား အစစအရာရာ မှာကြားထားခဲ့ပုံ၊ ပုဏ္ဏေးမကြီးဖောက်ပြန်ပျက်စီးနေသည်ကို ညီငယ် ပေါဌပါဒက တားမြစ်ပြော ဆိုခဲ့မိသဖြင့် အသတ်ခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၂၁) (ဇာ၊ဋ္ဌ၊၁၊၅၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရာဓတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ပဋိဘာနေယျက ဧတဒဂ်ရ မထေရ်တစ်ပါးကို အားကျ၍ ကုသိုလ်ပြုကာ ထိုတေဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ဤဘုရားရှင်သာသနာတော်၌ အရှင်သာရိပုတ္တရာမထေရ့်အထံတော်၌ ရဟန်းပြု ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ကာ ပဋိဘာနေယျက ဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၃၇) (အံ၊ဋ္ဌ၊၁၊၂၅၃) (ဓမ္မ၊ဋ္ဌ၊၁၊၃၄၆) (ထေရ၊ဋ္ဌ၊၁၊၃၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရာဓတ္ထေရဝတ္ထု

ဤဝတ္ထု၌ ရာဓပုဏ္ဏားကြီးသည် ရဟန်းတို့ထံ ချဉ်းကပ်၍ ရှင်ရဟန်း ပြုပေးပါရန် တောင်းပန်ခဲ့ပုံ၊ ရဟန်းတို့က ရဟန်းပြုမပေးကြသဖြင့် စိတ်ဆင်းရဲကာ ပိန်ချုံးနေစဉ် ဘုရားရှင်သည် ထိုပုဏ္ဏားကြီး၏ ကျေးဇူးကို မည်သူအမှတ်ရသနည်းဟု ရဟန်းတော်တို့ကို မေးတော်မူပုံ၊ ထိုအခါ အရှင်သာရိပုတ္တရာသည် မိမိအား ပုဏ္ဏားကြီး ဆွမ်းတစ်ဇွန်း လောင်းခဲ့ဖူးကြောင်း လျှောက်ထား၍ ပုဏ္ဏားကြီးအား ရဟန်းခံပေးတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၇၀) (ဓမ္မ၊ဋ္ဌ၊၁၊၃၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရာမဏေယျကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိခီဘုရားရှင်ကို ဖူးတွေ့ရ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ ပန်းများဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိပြည်တွင် ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရာဟုအသုရိန္ဒဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားရှင်၏ မေတ္တာစိတ်ဖြင့် တောင်းဆိုမှုကို မည်မျှတန်ခိုးကြီးသူ ဖြစ်ပါစေ မလွန်ဆန်ဝံ့ကြပုံ၊ ရာဟုအသူရိန်ကို လဗိမာန်ကို လွှတ်ရန် မြတ်စွာဘုရားက မိန့်တော်မူသဖြင့် ရာဟုအသူရိန် နတ်မင်း ကြောက်လန့်တုန်လှုပ်ကာ အဆောတလျင် လွှတ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၄၈) (သံ၊ဋ္ဌ၊၁၊၁၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရာဟုအသုရိန္ဒဝတ္ထု

ဤဝတ္ထု၌ ရာဟုအသုရိန်သည် မိမိခန္ဓာကိုယ် ကြီးမားမှုကြောင့် မြတ်စွာဘုရားကို ငုံ့၍ ဖူးရမည်ဟု ထင်သဖြင့် မလာရောက်ဘဲ နေခဲ့ပုံ၊ တစ်နေ့တွင် ဖူးမြော်မည်ဟု လာစဉ် မြတ်စွာဘုရားက သူ၏စိတ်အကြံကို သိတော်မူ၍ ဂန္ဓကုဋိပရိဝုဏ်ရှိ ညောင်စောင်းပေါ်တွင် တန်ခိုးတော်ဖြင့် လဲလျောင်း၍ ပြတော်မူပုံ၊ ရာဟုအသုရိန်သည် လည်ကိုမော့လျက် ကောင်းကင်မှာရှိသော လမင်းကို ကြည့်သကဲ့သို့ မြတ်စွာဘုရားကို ဖူးမြော်ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၂၅၄) (မ၊ဋ္ဌ၊၃၊၂၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရာဟုလတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် အာဠဝီပြည် အဂ္ဂါဠဝနတ်ကွန်း၌ သီတင်းသုံးတော်မူစဉ် ‘‘ရဟန်းတို့သည် လူသာမဏေတို့နှင့်အတူ မအိပ်ရ’’ဟု သိက္ခာပုဒ် ပညတ်ထားတော်မူပုံ၊ ဘုရားရှင်သည် ကောသမ္ဗီပြည် ဗဒရိကာရုံကျောင်းတိုက်၌ သီတင်းသုံးတော်မူစဉ် ကိုရင် ရာဟုလာသည် ရဟန်းတို့နှင့်အတူ မအိပ်ရသဖြင့် ဘုရားရှင်၏ ဝစ္စကုဋီထဲ၌ အိပ်ရပုံ၊ ဘုရားရှင် သိတော်မူသောအခါ ရဟန်းသည် လူ သာမဏေတို့နှင့်အတူ သုံးညဉ့်ထက် ပို၍ မအိပ်ရဟု သိက္ခာပုဒ်ကို ပြင်ဆင် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရာဟုလတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်ရာဟုလာထေရ်လောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင် လက်ထက်တော်၌ သိက္ခာကာမ ဧတဒဂ်ဘွဲ့ ချီးမြှင့်ခြင်းခံရသော ရဟန်းတော်တစ်ပါးကို အားကျကာ ထိုဧတဒဂ် ရရှိရန်အတွက် ကျောင်းဆောင်များ သန့်ရှင်းခြင်း၊ ဆီမီးပူဇော်ခြင်းစသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်လျက် ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ယသော်ဓရာ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေယူကာ ‘‘သားတော်ရာဟုလာ’’အဖြစ် မွေးဖွားလာပုံ၊ ဘုရားရှင်၏ အထံမှ များစွာသော တရားဒေသနာတော်တို့ကို ကြားနာရပြီးနောက် ရဟန္တာဖြစ်ကာ သိက္ခာကာမ ဧတဒဂ်ဘွဲ့ထူး ရရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၉၇) (ထေရ၊ဋ္ဌ၊၂၊၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရာဟုလဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သက္ကတိုင်း ကပိလဝတ္ထုမြို့ နိဂြောဓာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် အမွေတောင်းလာသော သားတော်ရာဟုလာအား အရှင်သာရိပုတ္တရာထံ အပ်နှံ၍ ရှင်သာမဏေပြုစေတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၁၅) (ဝိ၊ဋ္ဌ၊၃၊၂၈၆) (သာရတ္ထ၊ဋီ၊၃၊၂၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရာဟုလောဝါဒနဝတ္ထု

ဤဝတ္ထု၌ အရှင်မောဂ္ဂလာန်မထေရ်သည် အရှင်ရာဟုလာအား အမျိုးအနွယ် စသည်တို့ကို အမှီပြု၍ မာန်ယစ်ခြင်း မရှိသင့်ကြောင်း အမြဲမပြတ် ဆုံးမခဲ့ပုံ၊ ဘုရားရှင်ကလည်း အရှင်ရာဟုလာအား ပညာရှိတို့ကို မထီမဲ့မြင် မပြုသင့်ကြောင်း ဆုံးမတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရုက္ခဆိန္ဒကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတစ်ပါးသည် ကျောင်းဆောက်ရန်အတွက် သစ်ပင်များကို ခုတ်လှဲပုံ၊ တစ်ခုသောသစ်ပင်၌ ရုက္ခစိုးနတ်က သားသမီးငယ်များရှိနေ၍ မရွှေ့ပြောင်းနိုင်သဖြင့် မိမိ၏သစ်ပင်ကို မခုတ်ဖြတ်ရန် ရဟန်းအား လျှောက်ထားပုံ၊ ရဟန်းက ရုက္ခစိုးနတ်၏ စကားကို နားမထောင်ဘဲ သစ််ပင်ကို ခုတ်ဖြတ်သဖြင့် ထိုရုက္ခစိုးနတ်၏ ကလေးငယ်လက်မောင်းကို ခုတ်ဖြတ်မိပုံ၊ ရုက္ခစိုးနတ်က ရဟန်းအား သတ်မည်ကြံပြီးမှ နောင်တရလျက် ဘုရားရှင်ထံ အကြောင်းစုံလျှောက်ထားသဖြင့် ဘုရားရှင်က ရဟန်းတော်များ သစ်ပင်မခုတ်ရ-ဟု သိက္ခာပုဒ်ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊) (သာရတ္ထ၊ဋီ၊၃၊၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရုက္ခဓမ္မဇာတက

ဤဇာတ်တော်၌ သိကြားမင်းသည် ဝေဿဝဏ်နတ်မင်း စုတေသွားသဖြင့် အခြားသော ဝေဿဝဏ်နတ်မင်းတစ်ပါးကို ပြောင်းလွဲခန့်ထားစဉ် ဝေဿဝဏ်နတ်မင်း အသစ်က ‘‘သစ်ပင် ချုံ နွယ်စောင့်နတ်များသည် မိမိတို့ ကြိုက်နှစ်သက်ရာ ဗိမာန်များကို ယူကြကုန်’’ဟု ဝေဿဝဏ်နတ်အပေါင်းတို့အား အမှာစကား ပြောကြားပုံ၊ ထိုအချိန်၌ ဘုရားအလောင်းသည် ဟိမဝန္တာတောင်၌ အင်ကြင်းပင်စောင့်နတ်ဖြစ်နေသဖြင့် မိမိ၏ အနီးအနားတွင် ဝိုင်းရံနေသော ဗိမာန်များကို ယူကြရန် ဆွေမျိုးများအား ပြောကြားပုံ၊ အချို့ရုက္ခစိုးနတ်များသည် ဘုရားအလောင်း အင်ကြင်းပင်စောင့်နတ်၏ စကားကို နားမထောင်ဘဲ လူများနှင့် နီးကပ်ရာ လွင်တီးခေါင်အရပ်ရှိ သစ်ပင်တို့၌ ဗိမာန်များကို ယူကြသဖြင့် လေကြီးမိုးကြီး ကျသောအခါ သစ်ပင်များ ပြိုလဲပျက်စီးသွားသောကြောင့် ဗိမာန်များပါ ပျက်စီးပြီး ဆင်းရဲဒုက္ခရောက်ကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လောလဇာတက

ဤဇာတ်တော်သည် ကပေါတဇာတကနှင့် တူသည်။ (ဇာ၊ဋ္ဌ၊၂၊၃၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရုရုမိဂရာဇဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရုရုမိဂသမင်မင်း ဖြစ်၍ အလွန်တင့်တယ် ရှုချင်စဖွယ်ရှိပုံ၊ တစ်နေ့တွင် ကြွေးထူသဖြင့် ဂင်္ဂါမြစ်ထဲသို့ ခုန်ဆင်း၍ မျောပါလာသော လူတစ်ယောက်ကို ကယ်ဆယ်ခဲ့ပုံ၊ မိမိနေရာကို မပြောရန် ထိုသူအား မှာကြားလိုက်ပုံ၊ ကျေးဇူးမဲ့သူကား ဘုရင်အား ပြောကြားသဖြင့် ရုရုမိဂသမင်ကို ဘုရင်က လာရောက် ဖမ်းဆီးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၄၁) (ဇာ၊ဋ္ဌ၊၄၊၂၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရုဟကဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီး နတ်ရွာစံသောအခါ ဘုရားလောင်းမင်းသားသည် မင်းအဖြစ်ကို ရရှိခဲ့ပုံ၊ ဘုရားလောင်းထံ၌ အသိဉာဏ်နည်းသော ရုဟကမည်သော ပုရောဟိတ်တစ်ယောက် ရှိခဲ့ပုံ၊ မင်းကြီးက ပုရောဟိတ်ပုဏ္ဏားအား က,ကြိုးတန်ဆာအစုံအလင်ဖြင့် မြင်းတစ်ကောင်ကို ချီးမြှင့်ထားပုံ၊ လူအပေါင်းက မြင်းကိုသာ လှပတင့်တယ်ကြောင်း ချီးမွမ်းကြသဖြင့် ပုရောဟိတ်က မကျေမနပ် ဖြစ်ခဲ့ပုံ၊ ထိုအခါ ပုဏ္ဏေးမကြီးက ပုရောဟိတ်ပုဏ္ဏားကြီးအား မြင်း၏ ကကြိုး တန်ဆာများကို ဝတ်ဆင်ပြီး မင်းကြီးထံ ချဉ်းကပ်ရန် ပြောဆိုခဲ့ပုံ၊ ပုဏ္ဏားမကြီး ပြောသည့် အတိုင်း မြင်း၏ ကကြိုးတန်ဆာများကို ဝတ်ဆင်ကာ သွားသဖြင့် လူအများက ပြောင်လှောင် ကဲ့ရဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရူပူပဇီဝီဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီပြည်၌ စောင်းသမားတစ်ယောက်သည် ပြည့်တန်ဆာမတစ်ဦးထံ အသပြာတစ်ထောင်ဖြင့် ချဉ်းကပ်ခဲ့ပုံ၊ ပြည့်တန်ဆာမက လက်မခံဘဲ ပြောင်လှောင်ပြက်ရယ်ပြုကာ ပြန်လွှတ်လိုက်ပုံ၊ စောင်းသမားက မကျေမနပ်ဖြစ်ကာ အိမ်တံခါး၌ ထိုင်လျက် စောင်းတီးစဉ် ပြည့်တန်ဆာမသည် ဂီတသံ၌ စွဲငြိပြီး တံခါးပေါက်မှ ကျကာ အသက်ဆုံးရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရေဏုပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်ကို ဖူးမြင်ရ၍ ကံ့ကော်ပန်းကို ဆွတ်ယူပြီး ပန်းဝတ်မှုန်တို့ဖြင့် ဘုရားရှင်အား ကြဲဖြန့်ပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ရေဏုမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အပ၊၁၊၁၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရေဝတတ္ထေရဝတ္ထု

ဤဝတ္ထု၌ ရေဝတသာမဏေ၏ လာဘ်လာဘပေါများခြင်းကို အကြောင်းပြု၍ ‘‘ရှေးဘုန်း ရှေးကံရှိ၏’’ဟု ရဟန်းတို့က ပြောကြသဖြင့် ဘုရားရှင်က ရဟန္တာပုဂ္ဂိုလ်မှာ ကုသိုလ်နှင့် အကုသိုလ်မရှိကြောင်း ကုသိုလ်၊ အကုသိုလ်နှစ်မျိုးလုံးကို ပယ်ပြီးဖြစ်ကြောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရေဝတဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ ရေဝတဘုရားရှင်သည် သုဓညဝတီ နေပြည်တော်ကို အုပ်ချုပ်သော ဝိပုလမင်းကြီးနှင့် ဝိပုလာမိဖုရားတို့မှ မွေးဖွားခဲ့ပြီး သုဒဿနာမည်သော ကြင်ရာတော်နှင့် ထိမ်းမြားခဲ့ပုံ၊ ဝရုဏမည်သော သားတော်ကို မွေးဖွားပြီး အာဇာနည်ကသော မြင်းရထားဖြင့် တောထွက်တော်မူကာ ကံ့ကော်ဗောဓိပင်ရင်း၌ ဘုရားအဖြစ်သို့ ရောက်တော်မူပုံ၊ ဝရုဏမထေရ်နှင့် ဗြဟ္မဒေဝမထေရ်-ဟူသော အဂ္ဂသာဝကနှစ်ပါး ရှိတော်မူပုံ၊ သမ္ဘဝမထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ၊ ထိုအချိန်၌ ဂေါတမ ဘုရားအလောင်းသည် အတိဒေဝအမည်ရှိသော ပုဏ္ဏားဖြစ်ကာ နိယတဗျာဒိတ်ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၂) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရေဝတီဒေဝဓီတုဝတ္ထု

ဤဝတ္ထု၌ ရေဝတီ အမျိုးသမီးသည် အရှင်သာရိပုတ္တရာထေရ်၏ ဈာပနပွဲတော်၌ ရွှေပန်းများ စိုက်ထိုးထားသော ရွှေပန်းအိုး သုံးလုံးကို လှူဒါန်းခဲ့ပုံ၊ အခြွေအရံများနှင့် ဆင်းသက်လာစဉ် လူအများ ဝိုင်းအုံ ကြည့်ရှုကြ၍ လူအုပ်ကြားထဲတွင် လဲကျသေဆုံးခဲ့ရပုံ၊ ချက်ချင်းပင် တာဝတိံသာနတ်ပြည်၌ ရွှေဗိမာန်နှင့်တကွ ရွှေခန္ဓာကိုယ်ကို ရရှိခဲ့ပုံ၊ နတ်ပြည်မှ ဆင်းလာကာ ဈာပနပွဲသဘင်၌ လူအများအား ကုသိုလ်ကံ၏ အကျိုးပေးထူးခြားလှပုံကို ရွှေဗိမာန်နှင့်တကွ ထင်ရှားပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၂၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရေဝတီဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီပြည်သား နန္ဒိယဥပါသကာသည် သာသနာတော်ကို အလွန်ကြည်ညိုလေးစားသဖြင့် ဣသိပတနကျောင်းတော်ကြီးကို ဆောက်လုပ်ပြီး သံဃာတော်တို့အား ဆွမ်းဝတ်ကို မပြတ်လှူဒါန်းခဲ့သောကြောင့် မသေခင်ကပင် သူ့အတွက် နတ်ပြည်၌ ရွှေဗိမာန်ပေါက်နေပုံ၊ သူ၏မယား ရေဝတီမှာမူ သံဃာတော်တို့အား ရိုသေလေးစားမှု မရှိ၊ ဆွမ်းဝတ်များကို ပျက်စီးအောင်ပြုလုပ်ပြီး သံဃာတော်တို့အား ဆဲဆိုကြိမ်းမောင်းသဖြင့် ဝေဿဝဏ်နတ်မင်းကြီးလွှတ်လိုက်သော ဘီလူးနှစ်ကောင်က လက်နှစ်ဘက်ဆွဲဲ၍ အသက်ရှင်လျက်ပင် ဥဿဒငရဲ၌ ပစ်ချမည့်အကြောင်း ပြောဆိုခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဝိမာန၊ဋ္ဌ၊၂၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရောဇမလ္လဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင် ကုသိနာရုံသို့ ကြွတော်မူသောအခါ ကြိုဆိုခြင်းမပြုသူတို့အား ဒဏ်ငွေငါးရာ တပ်ရိုက်မည်ဟု ဆုံးဖြတ်ထားသောကြောင့် အရှင်အာနန္ဒာ၏ သူငယ်ချင်း ရောဇမလ္လမင်းသည် ဘုရားရှင်ကို စိတ်ကမပါသော်လည်း ကြိုဆိုခဲ့ရပုံ၊ ဘုရားရှင်သည် ရောဇအပေါ် မေတ္တာစိတ် ဖြန့်နှံ့ပို့လွှတ်ရာ ဘုရားရှင်၏ မေတ္တာကြောင့် မိခင်ပျောက်သည့် နွားငယ်သည် မိခင်ကို မတွေ့တွေ့အောင်ရှာသည့်ပမာ ရောဇမလ္လသည် ဘုရားရှင်ထံ ချဉ်းကပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၄၅) (သာရတ္ထ၊ဋီ၊၃၊၃၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရောမကဇာတက

ဤဇာတ်တော်၌ ရှေးအခါက ဘုရားအလောင်းသည် ခိုမျိုး၌ဖြစ်၍ လိုဏ်ဂူတစ်ခု၌ နေစဉ် သူတော်ကောင်းရသေ့ထံ ဆည်းကပ်လေ့ရှိပုံ၊ အခြားကောက်ကျစ်သော ရသေ့တစ်ပါး ရောက်ရှိလာပြီး ရွာသားတို့လှူသော ခိုသားကို စားမိသောအခါ ခိုသားစားလိုသဖြင့် ခိုတို့ကို သတ်မည်ပြုပုံ၊ ဘုရားအလောင်း ခိုက သိရှိသောအခါ ရသေ့စဉ်းလဲကို ဆုံးမကာ ထွက်ပြေးစေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရောဟိဏီဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဗာရာဏသီပြည်တွင် သူဌေးတစ်ဦးဖြစ်စဉ် အသိဉာဏ်ကင်းမဲ့သည့် ရောဟိဏီမည်သော ကျွန်မတစ်ယောက်ရှိခဲ့ပုံ၊ ရောဟိဏီ၏ မိခင်သည် ရောဟိဏီ စပါးလုံး ကောက်ရာနေရာသို့ လာပြီး တုံးလုံးလှဲနေစဉ် ယင်ကောင်များ လာနားသဖြင့် ယင်ခြောက်ရန် ပြောဆိုပုံ၊ သမီးဖြစ်သူ ရောဟိဏီကျွန်မက မိခင်၏ ကိုယ်၌ နားနေသော ယင်များကို ကျည်ပွေ့ဖြင့် ရိုက်သတ်သဖြင့် မိခင်ပါ အသက်ဆုံးရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရောဟိတဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ ရောဟိတရသေ့သည် စိတ်သွားတိုင်းကိုယ်ပါ၍ လိုရာပြီးစီးစေနိုင်သော တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံပုံ၊ ဈာန်အဘိညာဉ်တန်ခိုးဖြင့် တစ်စက္ကန့်လျှင် တစ်ကမ္ဘာနှုန်းသွား ရောက်ကာ စကြဝဠာကမ္ဘာအဆုံးကို ရှာဖွေခဲ့ပုံ၊ မဆုံးနိုင်သော ကမ္ဘာအဆုံးကို မရှာဖွေဘဲ အဆုံးသတ်နိုင်သော ခန္ဓာကိုယ်၏အဆုံး မဂ်ဖိုလ်နိဗ္ဗာန်ကိုသာ ရှာဖွေသင့်ကြောင်းဘုရားရှင်က မိန့်တော်မူပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (သံ၊၁၊၆၀) (သံ၊ဋ္ဌ၊၁၊၁၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရောဟိနီထေရီဝတ္ထု

ဤဝတ္ထု၌ ရောဟိနီထေရီလောင်းလျာသည် ဝိပဿီိမြတ်စွာဘုရားအား မုန့်ဆွမ်းလှူခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဂေါတမမြတ်စွာဘုရား လက်ထက်တွင် မြတ်စွာဘုရားထံမှ တရားတော်နာပြီး သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၂၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရောဟိနီဝတ္ထု

ဤဝတ္ထု၌ အရှင်အနုရုဒ္ဓါထေရ်၏ ညီမငယ် ရောဟိနီသည် ကိုယ်ရေပြားရောဂါစွဲကပ်နေသဖြင့် အနုရုဒ္ဓါထေရ်က ရောဟိနီအား ဆွမ်းစားကျောင်း ဆောက်လုပ်လှူဒါန်းစေကာ တံမြက်လှည်းခြင်းစသော ကုသိုလ်ကောင်းမှုများ ပြုလုပ်စေခဲ့ပုံ၊ ရောဟိနီသည် တံမြက်လှည်းခြင်းစသော သံဃာ့ဝေယျာဝစ္စပြုလုပ်သောအခါ ကိုယ်ရေပြားရောဂါများ ညှိုးနွမ်းသွားပုံ၊ ကျောင်းရေစက်ချပွဲ၌ ဘုရားရှင်က ‘‘ရောဟိနီသည် အတိတ်ဘဝ၌ နန်းတွင်းသူ ကချေသည်တစ်ဦးအား ရန်ငြိုးဖွဲ့ကာ ခွေးလှေးယားသီးများဖြင့် ကြဲချသည့်အကုသိုလ်ကံကြောင့် ဤဘဝ၌ ယခုကဲ့သို့ ကိုယ်ရေပြားရောဂါ ခံစားရကြောင်း’’ စသည်ဖြင့် ဟောကြားသည့်အခါ ရောဟိနီသည် ရောဂါပျောက်ကင်းပြီး သောတာပန်တည်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရံသိသညကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်၌ သစ်နက်ရေကို ဝတ်ဆင်လျက် ရသေ့ဘဝဖြင့် နေခဲ့စဉ် ဝိပဿီဘုရားရှင်ကို ဖူးမြင်ရ၍ ထိုဘုရားရှင်၏ ရောင်ခြည်တော်ကို ကြည်ညို၍ ဘုရားရှင်အား ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်မိုး ရှိခိုးခြင်းကို ပြုခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ရံသိသညကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တောင်ကြား၌ သုဇာတဘုရားရှင်ကို ဖူးမြင်ခဲ့ရ၍ ထိုဘုရားရှင်၏ ရောင်ခြည်တော်ကို ကြည်ညှိခဲ့သော ကောင်းမှုကံကြောင့် တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့လျော်ခဲ့ရပုံ၊ လွန်ခဲသော ငါးဆယ့်ခုနစ်ကမ္ဘာအထက်၌ သုဇာတမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သား ဖြစ်သော လကုဏ္ဍကဘဒ္ဒိယသည် ပစ္စည်း ဥစ္စာ ချမ်းသာကြွယ်ဝသော်လည်း အရုပ်ဆိုး၍ ပုကွသူ ဖြစ်ခဲ့ပုံ၊ သူသည် ဇေတဝန်ကျောင်းတော်ရှိ မြတ်စွာဘုရားထံတော်မှ တရားတော်ကို နာကြား၍ သဒ္ဓါထက်သန်စွာ ရဟန်းပြုပြီး ဝိပဿနာပွားရာ သောတာပန်တည်ခဲ့ပုံ၊ ထို့နောက် အရှင်သာရိပုတ္တရာထံမှ တရားတော်ကို နာကြားရသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၃၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင့်လက်ထက်တော်၌ အလှူကြီးပေးလှူ၍ သာယာသော အသံရှိသော ရဟန်းတို့တွင် အမြတ်ဆုံးဘွဲ့ထူး ရရှိရန် ဆုတောင်းခဲ့ပုံ၊ ယင်းကုသိုလ်ကံကြောင့် သုဂတိဘုံတို့၌ ကျင်လည်ခဲ့ရပုံ၊ ဘုရင်ဖြစ်စဉ်အခါက အဘိုးကြီး အဖွားကြီးများကို ရွံ့ရှာစက်ဆုပ်လျက် ပြက်ရယ် ပြောင်လှောင် ကစားခဲ့သော အကုသိုလ်ကံကြောင့်လည်းကောင်း၊ ကဿပဘုရားရှင်၏ ဓာတ်တော်တို့ကို စေတီတည်ရာ၌ အတိုင်းအရှည်ကို ယုတ်လျော့အောင် ပြုလုပ်ခဲ့သောကြောင့်လည်းကောင်း ကိုယ်ခန္ဓာ ပုကွခဲ့ပုံ၊ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန်းပြု၍ ရဟန္တာဖြစ်ပြီးနောက် သာယာသော အသံရှိသော ရဟန်းတို့တွင် အမြတ်ဆုံး ဘွဲ့ထူး ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၄၃) (သံ၊ဋ္ဌ၊၂၊၂၁၇) (အံ၊ဋ္ဌ၊၁၊၁၅၂) (ဓမ္မ၊ဋ္ဌ၊၁၊၃၇၁) (ဥဒါန၊ဋ္ဌ၊၃၂၇၊၃၃၄) (ထေရ၊ဋ္ဌ၊၂၊၁၂၅) (အပ၊ဋ္ဌ၊၂၊၂၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ အာဂန္တုရဟန်းတော်များ ဘုရားရှင်ထံ ချဉ်းကပ်နေကြစဉ် လကုဏ္ဍကဘဒ္ဒိယမထေရ် မြတ်စွာဘုရားအနီးမှ ဖြတ်သန်းသွားခဲ့ပုံ၊ မိဘတို့ကို ညှဉ်းဆဲ သတ်ဖြတ်လျက် ဆင်ရဲခြင်းမရှိသော ဤရဟန်းကို ကြည့်ကြကုန်လော့ဟု ဘုရားရှင်က မိန့်တော်မူသောအခါ ရဟန်းတို့ အဓိပ္ပါယ်မသိနိုင်သဖြင့် အဝိဇ္ဇာနှင့် တဏှာသည် သတ္တဝါတို့၏ မိဘနှစ်ပါးနှင့် တူ၏ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကိုရင်လေးပမာ သေးငယ်ပုကွသော လကုဏ္ဍကဘဒ္ဒိယမထေရ်ကို အကြောင်းပြု၍ အသက်အရွယ်ကြီးပြီး မထေရ်ကြီးတို့နေရာတွင် ထိုင်နေရုံမျှဖြင့် ထေရဟု မခေါ်နိုင်ကြောင်း၊ သစ္စာလေးပါးကိုသိ၍ လူများအပေါ် နှိပ်စက်မှုကင်းဝေးသူသာလျှင် ထေရမည်ကြောင်း မြတ်စွာဘုရား ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ သောတာပန်ဖြစ်ပြီးသော အရှင်လကုဏ္ဍကဘဒ္ဒိယသည် အရှင်သာရိပုတ္တရာထံမှ ပထမဩဝါဒကို ကြားနားရုံမျှဖြင့်ပင် တစ်ထိုင်တည်းဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ၊ သို့သော် အရှင်သာရိပုတ္တရာသည် ထိုကဲ့သို့ ရဟန္တာဖြစ်ကြောင်းကို မဆင်ခြင်မိသဖြင့် တရားကို အကျယ်ချဲ့၍ ဟောကြားနေရာ အရှင်လကုဏ္ဍက အန္ဒိယမထေရ်က သည်းခံ၍ နာယူနေပုံ၊ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ ဂန္ဓကုဋိမှနေ၍ တန်ခိုးတော်ဖြင့် ထိုမထေရ် ရဟန္တာဖြစ်ပြီးကြောင်း အရှင်သာရိပုတ္တရာအား အသိပေးတော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၃၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လက္ခဏမိဂဇာတက

ဤဇာတ်တော်၌ လက္ခဏနှင့်ကာဠ သမင်ညီနောင် နှစ်ကောင်တို့ရှိရာ လက္ခဏသည် လူ့ရပ်ရွာ စပါးပေါ်ချိန်၌ အချိန်အခါကို ကြည့်၍ သွားလာလှည့်လည်သောကြောင့် ပရိသတ်ဖြင့် ပြည့်နှက်တင့်တယ်ပုံ၊ ကာဠမှာမူ အချိန်အခါကို မသိသဖြင့် သမင်တို့ အသတ်ခံရကာ ပရိသတ်ကင်းမဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လက္ခဏာဟတဝတ္ထု

ဤဝတ္ထု၌ ယောကျ်ားတစ်ယောက်သည် အမှတ်တံဆိပ် ခတ်နှိပ်ခံရပြီးနောက် ရဟန်းဝတ်လာရာ လူတို့က ကဲ့ရဲ့ကြသဖြင့် ဘုရားရှင်က ‘‘အမှတ်တံဆိပ် ခတ်နှိပ်ခံရသူအား ရဟန်းခံမပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လခုမာဝတ္ထု

ဤဝတ္ထု၌ လခုမာ အမည်ရှိသော အမျိုးသမီးတစ်ယောက်သည် သံဃာတော်တို့အား ဆွမ်းတစ်ယောက်မ နေ့စဉ် လှူဒါန်းခဲ့ပုံ၊ ထမင်း၊ မုန့်၊ ဟင်းရွက်ချက်တို့ကိုလည်း လှူဒါန်း၍၊ သရဏဂုံ ဆောက်တည်ပြီး ငါးပါးသီလနှင့် ပြည့်စုံပုံ၊ ထိုကောင်းမှုတို့ကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လင်္ကာဒီပဂမနဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး ကိုးလမြောက်၌ ဘီလူးများ အုပ်စိုးရာ လင်္ကာဒီပကျွန်းသို့ ပထမအကြိမ် ကြွတော်မူပုံ၊ လင်္ကာဒီပကျွန်းရှိ ဘီလူးအပေါင်းအား တန်ခိုးတော်ဖြင့် ကြောက်ရွံ့ ထိတ်လန့်စေတော်မူပုံ၊ ထို့နောက် စုဝေးရောက်ရှိလာသော ဘီလူးအပေါင်းအား တရားဟောသဖြင့် သတ္တဝါများစွာတို့ တရားထူး ရရှိကြပုံ၊ တစ်ဖန် ဘုရားဖြစ်တော်မူပြီး ငါးနှစ်မြောက်၌လည်း စူဠောဒရနှင့် မဟောဒရနဂါးမင်းတို့ကို အကြောင်းပြု၍ လင်္ကာဒီပသို့ ကြွတော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၁၊၁၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လဋုကိကဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ဆင်မျိုး၌ ဖြစ်စဉ် ဆင်ရှစ်သောင်း ခြံရံလျက် ဟိမဝန္တာအရပ်၌ နေပုံ၊ နှံစုတ်ငှက်မတစ်ကောင်သည် ဆင်သွားရာလမ်း၌ အသိုက်ပြုလုပ်ကာ ငှက်ငယ်တို့ကို မွေးဖွားထားပုံ၊ ဘုရားလောင်းဆင်မင်း အစာရှာလှည့်လည်လာသောအခါ နှံစုတ်ငှက်မက မိမိ၏ သားသမီးများ မသေကျေ မပျက်စီးစေရန် ဘုရားလောင်းဆင်မင်းအား ရှိခိုး တောင်းပန်ပုံ၊ ဆင်မင်း၏ စောင့်ရှောက်မှုကြောင့် ငှက်ငယ်များ အသက်ချမ်းသာရာ ရပုံ၊ ဒေဝဒတ်လောင်း ဆင်ကြမ်းကြီး လာသောအခါ၌လည်း နှံစုတ်ငှက်မသည် ရှေးနည်းအတိုင်း ရှိခိုးတောင်းပန်ပုံ၊ ဒေဝဒတ်လောင်း ဆင်ကြမ်းကြီးသည် ဂရုမစိုက်ဘဲ ငှက်ငယ်များကို နင်းချေ ဖျက်ဆီးသွားပုံ၊ နှံစုတ်ငှက်မက ကျီး၊ ဖား၊ ယင်မတို့နှင့် မိတ်ဖွဲ့ကာ ဒေဝဒတ်လောင်း ဆင်ကြမ်းကြီးကို ကလဲ့စားချေ သတ်ဖြတ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လတာဒေဝဓီတုဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သား ဥပါသကာတစ်ဦး၏သမီး လတာသည် ဥပုသ်သီလအမြဲ စောင့်ထိန်းပုံ၊ ကွယ်လွန်သောအခါ ဝေဿဝဏ်နတ်မင်းကြီး၏သမီး သိကြားမင်း၏ ကချေသည်ခေါင်းဆောင် ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လဗုဇဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဗန္ဓုမတီမြို့၌ ခြံစောင့် ဖြစ်ခဲ့၍ ကောင်းကင်၌ ကြွသွားတော်မူသော မြတ်စွာဘုရားရှင်ကို ဖူးတွေ့ခဲ့ရပုံ၊ ထိုအခါ မထေရ်လောင်းလျာသည် ၎င်းအလွန်နှစ်သက်သည့် တောင်ပိန္နဲသီးကို ယူ၍ ဘုရားရှင်အား လှူဒါန်းခဲ့ရာ ဘုရားရှင်က ကောင်းကင်၌ ရပ်တည်လျက်ပင် အလှူခံတော်မူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် နှစ်သက်မှုပီတိ၊ ကြီးကျယ်ပြန့်ပြောသော စည်းစိမ်တို့ကို ရရှိခံစားခဲ့ရပုံ၊ ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လဗုဇဖလဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ လဗုဇဖလဒါယကမထေရ်လောင်းလျာသည် ဥယျာဉ်စောင့်ဘဝ၌ ကောင်းကင်ခရီးဖြင့် ကြွလာသော ဝိပဿီဘုရားရှင်အား ကြည်ညိုသဒ္ဓါ ထက်သန်စွာဖြင့် တောင်ပိန္နဲသီးများကို လှူဒါန်းခဲ့ပုံ၊ ဘုရားရှင်သည် ကောင်းကင်၌ ရပ်တည်လျက်ပင် အဆိုပါ သစ်သီးများကို အလှူခံခဲ့ပုံ၊ ဥယျာဉ်စောင့်သည် ဝမ်းမြောက်အံ့ဩဖွယ်ရာကောင်းသော မိမိကုသိုလ်ကို အစဉ်သတိရအောက်မေ့လျက်ရှိပုံ၊ ထိုကုသိုလ်၏ အကျိုးဆက်ကြောင့် လူချမ်းသာ နတ်ချမ်းသာတို့ကိုသာ ကိုးဆယ့်တစ်ကမ္ဘာတိုင်တိုင် လှည့်လည်ခံစားခဲ့ရပုံ၊ ဖြစ်လေရာဘဝ တိုင်း၌လည်း စည်းစိမ်ဥစ္စာရတနာတို့ကို လိုတိုင်းတလျှင် အလွယ်တကူရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လသုဏဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်အနီး၌ ရသေ့ဖြစ်ခဲ့၍ ဝိပဿီဘုရားရှင်၏ သာသနာတော်၌ ရဟန်းသံဃာတော်များအား လေးတင်းဝင် ပုတ်ဖြင့် ကြက်သွန်ဖြူတို့ကို ပေးလှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့လျော်ခဲ့၍၊ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လသုဏဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ပရိသတ်များစွာအား တရားဟောကြားနေတော်မူစဉ် ကြက်သွန်ဖြူ စားထားသော ရဟန်းတစ်ပါးသည် ရဟန်းတို့ အနံ့ဆိုးမနံစေရန် ခွဲ၍ နေထိုင်ပုံ၊ အနံ့ဆိုးသော အရာများကို စားသုံးပြီး တရားပွဲပြင်ပ နေရသည်အထိ ဆိုးဝါးသော ကြက်သွန်ဖြူကို မစားရဟု ဘုရားရှင် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လာဇဒေဝဓီတုဝတ္ထု

ဤဝတ္ထု၌ အရှင်မဟာကဿပ မထေရ်ကြီးသည် ပိပ္ပလိဂူ၌ နိရောဓသမာပတ်ဝင်စားရာမှ ထတော်မူသောအခါ သလေးခင်းစောင့် အမျိုးသမီး တစ်ဦးကို ချီးမြောက်ရန် သလေးခင်းသို့ ကြွတော်မူခဲ့ပုံ၊ ထိုအမျိုးသမီးသည် ပေါက်ပေါက်များလှော်နေစဉ် မထေရ်ကို မြင်သဖြင် ပေါက်ပေါက်များကို လှူဒါန်းခဲ့ပုံ၊ အပြန်လမ်းတွင် ထိုအမျိုးသမီးသည် မြွေကိုက်ခံရ၍ ပေါက်ပေါက်လှူရသော ကုသိုလ်ကြောင့် နတ်ပြည်၌ ဖြစ်ခဲ့ပုံုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လာဘဂရဟဇာတက

ဤဇာတ်တော်၌ အရှင်သာရိပုတ္တရာထေရ်က အတူနေ တပည့်အား လာဘသက္ကာရ ဖြစ်ပေါ်ခြင်း၏ အကြောင်းလေးပါးကို မိန့်ကြားတော်မူပုံ၊ တပည့်ရဟန်းက ထိုလာဘသက္ကာရ ဖြစ်ပေါ်ကြောင်း အကျင့်ကို ကဲ့ရဲ့ရှုတ်ချခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လာလုဒါယိဝတ္ထု

ဤဝတ္ထု၌ အရှင်လာလုဒါယီသည် အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလာန်မထေရ်တို့၏ ဂုဏ်ကျေးဇူးကို လူအများက ချီးမွမ်းသောအခါ မနာလို မရှုစိမ့်ဖြစ်ပုံ၊ မိမိကိုယ်ကို လူအထင်ကြီး စေရန် ဝါကြွား၍ လက်တွေ့၌ကား အရည်အချင်းမရှိသဖြင့် မစင်တွင်းသို့ ကျရောက်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လာဠုဒါယီဝတ္ထု

ဤဝတ္ထု၌ လာဠုဒါယီမထေရ်လောင်း အဂ္ဂိဒတ္တပုဏ္ဏားကြီးသည် မိမိ၏ နွားနှစ်ကောင်တို့တွင် တစ်ကောင်သေဆုံးသွားသဖြင့် မိမိ၏သားဖြစ်သူ သောမဒတ္တအား ဗာရာဏသီမင်းထံ နွားနှစ်ကောင် တောင်းခိုင်းခဲ့ပုံ၊ သားဖြစ်သူ သောမဒတ္တက ဖခင်ကြီးကိုယ်တိုင်တောင်းခံရန် ပြောကြားပြီး ‘‘လယ်ထွန်နေသော နွားနှစ်ကောင်တို့တွင် တစ်ကောင်သေဆုံးသွားသဖြင့် ဒုတိယနွားတစ်ကောင်ကို ပေးသနားတော်မူပါ’’ဟု မင်းကြီးထံ တောင်းပုံကိုပါ သင်ကြားပေးပုံ၊ အဂ္ဂိဒတ္တပုဏ္ဏားကြီးက မင်းကြီးထံ ရောက်သောအခါ ‘‘မိမိ၌ လယ်ထွန်နေသော နွားနှစ်ကောင်တို့တွင် တစ်ကောင်သေဆုံးသွားသဖြင့် ဒုတိယနွားတစ်ကောင်ကို ယူတော်မူပါ’’ဟု လျှောက်ထားပုံ၊ ဗာရာဏသီမင်းကြီးက ပုဏ္ဏားကြီးအယောင်ယောင် အမှားမှားဖြင့် လျှောက်ထားသည်ကို သိသဖြင့် ပြုံးရွှင်ရယ်မောလျက် ‘‘သင် ပုဏ္ဏားကြီး၏ အိမ်၌ နွားများ ပေါများစွာရှိနေသည်ထင်၏’’ဟု ပြောဆိုပြီး နွားတစ်ဆယ့်ခြောက်ကောင်နှင့် ရွာစားရာထူးကို ပေးလိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လိခိတကစောရဝတ္ထု

ဤဝတ္ထု၌ လူတစ်ယောက်သည် ခိုးမှုကို ကျူးလွန်ပြီး ထွက်ပြေးကာ ရဟန်းဝတ်နေပုံ၊ ‘‘ထိုသူ့ကို တွေ့ရာအရပ်၌ သတ်စေ’’ဟု ဝရမ်းထုတ်ထားပုံ၊ လူတို့က ထိုသူ့ကို တွေ့သောအခါ သတ်မည်ဟု ကြံရွယ်ကြပုံ၊ မင်းတရားကြီး၏ အမိန့်ကြောင့် သတ်ခွင့်မရပုံ၊ ဘုရားရှင် သိတော်မူ၍ ‘‘သတ်ဝရမ်းထုတ်ထားသည့် ဝရမ်းပြေးများကို ရဟန်းခံမပေးရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လိစ္ဆဝီကုမာရကဝတ္ထု

ဤဝတ္ထု၌ ဝေသာလီမြို့အနီး မဟာဝုန်တော၌ နေ့သန့်၍ သီတင်းသုံးနေထိုင်တော်မူသော မြတ်စွာဘုရားအထံတော်သို့ လိစ္ဆဝီမင်းသားငယ်များ လေးမြားကိုင်ဆောင်လျက် ခွေးများနှင့်အတူ ရောက်လာ၍ ရိုသေစွာ ရှိခိုးပြီး တိတ်ဆိတ်စွာနေကြပုံ၊ ထိုအချိန်၌ မဟာနာမမည်သော လိစ္ဆဝီသည် မြတ်စွာဘုရားကို ရှိခိုးပြီး ထိုင်နေလျက် လိစ္ဆဝီတို့ ကြီးပွားကြလိမ့်မည်ဟု ကျူးရင့်ပုံ၊ ထိုအခါ မြတ်စွာဘုရားက လူတို့၏ ကြီးပွားကြောင်းတရား ငါးပါးတို့ကို ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လိစ္ဆဝီဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ရဟန်းတော်များနှင့် ဆွမ်းခံကြွစဉ် လှပစွာ ဝတ်ဆင်ထားသော လိစ္ဆဝီမင်းသားတို့ကို တွေ့တော်မူ၍ တာဝတိံသာနတ်တို့ကို မတွေ့ဖူးလျှင် ဤသူတို့ကိုပင် ကြည့်ကြဟု မိန့်တော်မူပြီး ကြွသွားတော်မူပုံ၊ လိစ္ဆဝီမင်းသားတို့သည် ပြည့်တန်ဆာမ တစ်ဦးကို အကြောင်းပြု၍ အချင်းချင်း ရိုက်နှက်ကြကြောင်း ဘုရားရှင် ကြားသိတော်မူသောအခါ တဏှာစွဲမက်မှုကြောင့် ဆင်းရဲဒုက္ခ ရောက်ကြရကြောင်း ဟောကြားတော်မူပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လိတ္တဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကုန်သည်မျိုးရိုး၌ ဖြစ်၍ ကြွေအန်ကစားလေ့ရှိပုံ၊ ဘုရားလောင်းနှင့်အတူ ကြွေအန်ကစားသော သူသည် သူနိုင်လျှင် ကစားပွဲမဖျက်ဘဲ ရှုံးလျှင် ကြွေအန်ကို ပါးစပ်တွင်းငုံ၍ ကြွေအန်ပျောက်ပြီဟု ဆိုကာ ကစားပွဲဖျက်လေ့ရှိပုံ၊ ဘုရား အလောင်းသည် ကြွေအန်ကို အဆိပ်လူး၍ ထိုသူကို ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လေဏဂိရိဝါသီတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ လေဏဂီရိအရပ်၌ နေတော်မူသော တိဿမထေရ်သည် မဟာခီရရွာကြီးကို အမှီပြု၍ သီတင်းသုံးနေပုံ၊ တစ်နေ့တွင် မထေရ်ငါးဆယ်တို့သည် နာဂဒီပကျွန်းရှိ စေတီတော်ကို ပူဇော်ရန် ခီရဂါမရွာသို့ ဆွမ်းခံဝင်သော်လည်း အနည်းငယ်မျှ မရကြဘဲ ထွက်လာကြပုံ၊ တိဿမထေရ် ဆွမ်းခံဝင်သည်ရှိသော် နို့ဆွမ်းသပိတ်တစ်လုံး ရခဲ့၍ မထေရ်ငါးဆယ်တို့ ဘုဉ်းပေးသော်လည်း မကုန်ခန်းနိုင်ဖြစ်ပုံ၊ သာရဏီယဓမ္မ ကျင့်ဝတ်ကို ဖြည့်ကျင့်ခြင်းကြောင့် ဤသို့ ဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၂၉၅) (သာရတ္ထ၊ဋီ၊၃၊၄၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လောကစိန္တာဝတ္ထု

ဤဝတ္ထု၌ ယောကျ်ားတစ်ယောက်သည် ရာဇဂြိုဟ်မြို့မှ ထွက်လာပြီး သုမာဂဓ ရေကန်အနီး၌ ထိုင်ကာ ‘‘လနေတို့ကို မည်သူ ဖန်ဆင်းသနည်း၊ မဟာသမုဒ္ဒရာနှင့် ဤမဟာပထဝီမြေကြီးကို မည်သူ ပြုလုပ်ထားသနည်း’’စသည်ဖြင့် လောကကြီးအကြောင်းကို ကြံစည်နေပုံ၊ ထိုအချိန်၌ အင်္ဂါလေးပါးရှိသော စစ်တပ်ကြီးသည် ကြာရိုးကြာစွယ်အပေါက်တို့မှ ဝင်သွားကြသည်ကို တွေ့မြင်ရပုံ၊ ထို့နောက် ထိုယောကျ်ားသည် လောက၌ သူတစ်ပါးတို့ မတွေ့မြင်ဖူးသော အရာကို တွေ့မြင်ရသဖြင့် ‘‘ငါ ရူးသွားပြီ’’ဟု လူအများအား ပြောကြားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၃၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လောမသကင်္ဂိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ လောမသကင်္ဂိယမထေရ်အလောင်း အမျိုးကောင်းသားသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာ အထက်၌ ဝိပဿီဘုရားရှင်အား ပန်းမျိုးစုံဖြင့် မြတ်နိုးကော်ရော် ပူဇော်ခဲ့ပုံ၊ ကဿပဘုရားရှင် လက်ထက်တော်၌ ဘဒ္ဒေကရတ္တပဋိပဒါကို ရှင်းလင်းပြောဆိုနိုင်သော ပုဂ္ဂိုလ်ဖြစ်ရလိုကြောင်း ဆုတောင်းခဲ့ပုံ၊ နောက်ဆုံးဘဝ ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ သူငယ်ချင်းဖြစ်ခဲ့ဖူးသူ စန္ဒနနတ်သားက မထေရ်ထံ ဘဒ္ဒေကရတ္တပဋိပဒါကို လာရောက်မေးမြန်း၍ မထေရ်က ရှင်လင်းဟောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လောမသကင်္ဂီယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကဿပဘုရားရှင်လက်ထက်တော်၌ ရဟန်းပြုခဲ့ပြီး သီလစင်ကြယ်သော ရဟန်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ သာကီဝင်မင်းမျိုး၌ ဖြစ်ခဲ့ပြီးနောက် ဆွေတော်မျိုးတော်တို့အား တန်ခိုးပြာဋိဟာပြပွဲတွင် ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၂၊၂၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လောမသကဿပဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် လောမသကဿပအမည်ရှိသော ရသေ့ဖြစ်၍ အကျင့် အလွန်ကောင်းပုံ၊ သိကြားမင်းသည် မိမိစည်းစိမ်အတွက် ထိတ်လန့်ကာ ဗာရာဏသီမင်းနှင့် ပေါင်း၍ ‘‘ယဇ်ပူဇော်လျှင် သမီးတော် စန္ဒဝတီကို ပေးမည်’’ဟု ပြောဆိုစေပုံ၊ ဗာရာဏသီမင်းသည် သမီးတော်စန္ဒဝတီနှင့် ဖြားယောင်းကာ ရသေ့ကြီးကို ဈာန်လျောအောင် ပြုလုပ်ခဲ့ပုံ၊ ယဇ်ပူဇော်ရန် စီစဉ်နေစဉ် သတ္တဝါတို့၏ သနားဖွယ်အော်ဟစ်သံကြောင့် ပြန်လည်သတိ ရရှိကာ ကာမဂုဏ်တို့ကို စွန့်၍ ပြန်လည် တောထွက်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လောမသနာဂတ္ထေရဝတ္ထု

ဤဝတ္ထု၌ လောမသနာဂအမည်ရှိသော မထေရ်သည် လောကန္တရိတ်ငရဲ၏ အေးမြပုံကို ဆင်ခြင်လျက် လွင်တီးခေါင်၌ ကမ္မဋ္ဌာန်းတရား အားထုတ်နေပုံ၊ နွေရာသီရောက်သောအခါ မထေရ်၏ လက်ကတီးကြား ချိုင်းကြားတို့မှ ချွေးများ ယိုစီးကျလာသဖြင့် တပည့်များက ထိုနေရာမှ ပြောင်းရွှေ့၍ ကမ္မဋ္ဌာန်းတရား အားထုတ်ရန် လျှောက်ထားခဲ့ကြပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၈၁) (မ၊ဋီ၊၁၊၁၇၀) (အံ၊ဋီ၊၃၊၁၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လောမဟံသဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် လွန်ခဲ့သော ၉၁-ကမ္ဘာအထက်၌ ‘‘သာသနာ ပြင်ပ အကျင့်များကို စုံစမ်းမည်’’ဟု ကြံစည်ကာ အာဇီဝက တက္ကတွန်းပြုလုပ်၍ အဝတ်မဝတ်ဘဲ ကျင့်ခဲ့ရာ စုတေခါနီးအခါတွင် ငရဲနိမိတ်ထင်လာပုံ၊ ‘‘ဤမိစ္ဆာအကျင့်သည် အကျိုးမရှိ’’ဟု စွန့်လွှတ်ပြီး သမ္မာဒိဋ္ဌိအယူကို ယူခဲ့၍ နတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လောလဇာတက

ဤဇာတ်တော်သည် ကပေါတဇာတ်နှင့် တူသည်။ (ဇာ၊ဋ္ဌ၊၂၊၃၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လောသကတိဿဇာတက

ဤဇာတ်တော်၌ လောသကတိဿသည် ကောသလတိုင်း တံငါရွာတစ်ရွာတွင် တံငါသည်မတစ်ယောက်၏ ဝမ်း၌ ပဋိသန္ဓေနေပုံ၊ လောသကတိဿ ပဋိသန္ဓေနေသည့်အချိန်မှစ၍ ထိုရွာ၌ မီးဘေးခုနစ်ကြိမ်၊ မင်းဘေးခုနစ်ကြိမ် သင့်ခဲ့ပုံ၊ နောက်ဆုံး သူယုတ်မာမဲ ကျ၍ လောသကတိဿ၏ မိဘများကို ရွာမှ နှင်ထုတ်ကြပုံ၊ မိဘများက ဆင်းရဲပင်ပန်းကြီးစွာ မွေးဖွားပြီးနောက် သွားနိုင်လာနိုင် အရွယ်တွင် စွန့်ပစ်ခြင်း ခံရပုံ၊ တစ်နေ့သောအခါ အရှင်သာရိပုတ္တရာမထေရ်ကြီးက တွေ့မြင်ပြီး ရှင်သာမဏေ ပြုပေးတော်မူခဲ့ပုံ၊ အသက်(၂၀)ပြည့်သောအခါ ရဟန်းခံပေးတော်မူခဲ့ပုံ၊ နောင်သောအခါ ဝိပဿနာရှုမှတ်ပွားများလျက် ရဟန္တာဖြစ်ပုံ၊ ရဟန္တာဖြစ်သော်လည်း ဘဝတစ်လျှောက်လုံး ဝမ်းဝအောင် မဘုဉ်းပေးခဲ့ရပုံ၊ လောသကတိဿရဟန်းသည် ကဿပဘုရားရှင် လက်ထက်၌ ကျောင်းထိုင်ဆရာတော်တစ်ပါး ဖြစ်စဉ် အာဂန္တုရဟန္တာမထေရ်ကြီးတစ်ပါး၏ လာဘ်လာဘကို ကုလမစ္ဆရိယစိတ်ဖြင့် ဖျက်ဆီးခဲ့ပုံ၊ ယင်း၏ အကျိုးဆက်ကြောင့် နှစ်သိန်းပေါင်းများစွာ ငရဲ၌ ခံစားရပြီး ဘဝပေါင်းများစွာ အငတ်ငတ်အပြတ်ပြတ် ဖြစ်ခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လောဟကုမ္ဘီဇာတက

ဤဇာတ်တော်သည် ဒု-သ-န-သောဝတ္ထုနှင့် တူသည်။ (ဇာ၊ဋ္ဌ၊၃၊၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လောဟိစ္စဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ အရှင်မဟာကစ္စာနမထေရ်သည် အဝန္တီတိုင်း၌ သီတင်းသုံးတော်မူစဉ် လောဟိစ္စပုဏ္ဏား၏ တပည့်များစွာတို့သည် မထေရ်၏ ကျောင်းအနီးသို့ ထင်းခွေလာရင်း သံဃာတော်တို့ကို ဆူညံစွာ ပုတ်ခတ်ပြောနေသံကြားသဖြင့် မထေရ်က ခေါ်ယူ တရားဟောပုံ၊ လူငယ်တို့က စိတ်ဆိုးပြီး သူတို့၏ဆရာ လောဟိစ္စကို ပြောကြားရာ လောဟိစ္စကိုယ်တိုင် လိုက်လာပြီး မေးသောအခါ ဣန္ဒြေတို့ကို စောင့်စည်းမှု၏ အကျိုးအပြစ်များကို ဟောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၃၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

လောဟိစ္စဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သံဃာတော်အပါးငါးရာတို့နှင့် အတူ ကောသလတိုင်းအတွင်း၌ ဒေသစာရီ လှည့်လည်တော်မူစဉ် သာလဝတိကာမည်သော ရွာကြီးတစ်ရွာသို့ ရောက်ရှိခဲ့ပုံ၊ လောဟိစ္စပုဏ္ဏားကြီးသည် မြတ်စွာဘုရား၏ ဂုဏ်သတင်းကို ကြားပြီး ရောသိကအား ဘုရားရှင်ထံ စေလွှတ်ကာ ဆွမ်းစားအပင့်ခိုင်းပုံ၊ ဘုရားရှင်သည် လောဟိစ္စပုဏ္ဏားကြီး၏အိမ်သို့ ဆွမ်းစားကြွတော်မူပြီးနောက် လောဟိစ္စပုဏ္ဏားကြီး၏ မိစ္ဆာဒိဋ္ဌိအယူနှင့် ပတ်သက်၍ ရှင်းလင်းဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၁၊၂၁၄) (ဒီ၊ဋ္ဌ၊၁၊၃၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝကဇာတက

ဤဇာတ်တော်၌ သစ်ကျုတ်တစ်ကောင်သည် ဂင်္ဂါမြစ်ကမ်း ကျောက်ဆောင်တစ်ခု၌ နေစဉ် ရေကြီးလာသဖြင့် ကျောက်ဆောင်ကို ရေဝိုင်းနေသောအခါ အစာရှာမရ၍ ဥပုသ်စောင့်နေပုံ၊ ဘုရားအလောင်း သိကြားမင်းက ဆိတ်ယောင်ဆောင် ပြသောအခါ သစ်ကျုတ်က ထလိုက်ပုံ၊ မမိသောအခါ ပြန်အိပ်၍ ဥပုသ်စောင့်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၄၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝက္ကလိတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ သဒ္ဓါဓိမုတ္တဧတဒဂ် ရရှိသော ရဟန်းတစ်ပါးကို အားကျ၍ ကုသိုလ်ပြုကာ ထိုဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ သာဝတ္ထိမြို့သား ပုဏ္ဏားတစ်ဦး ဖြစ်ကာ သာသနာတော်သို့ ဝင်ရောက်ခဲ့ပုံ၊ ဘုရားရှင်၏ ရူပကာယတော်ကို အမြဲမပြတ် ကြည့်ရှုကြည်နူးနေသဖြင့် ဘုရားရှင်က ‘‘ဖယ်ခွာလော့’’ဟု မိန့်တော်မူပုံ၊ မြတ်စွာဘုရားက ပြင်းပြင်းထန်ထန် ကဲ့ရဲ့၍ နှင်ထုတ်တော်မူခဲ့ပုံ၊ စိတ်ပျက် ဝမ်းနည်း၍ ဂိဇ္ဈကုဋ်တောင်မှ ခုန်ချရန် ပြင်ဆင်နေစဉ် ဘုရားရှင်ကို ဖူးမြင်ရပြီး ဝိပဿနာရှုရာ ရဟန္တာ ဖြစ်၍ သဒ္ဓါဓိမုတ္တ ဧတဒဂ်ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၁၅) (အံ၊ဋ္ဌ၊၁၊၁၉၄) (ထေရ၊ဋ္ဌ၊၂၊၅၇) (အ၊ပ၊ဋ္ဌ၊၂၊၂၁၄) (မ၊ဋီ၊၁၊၃၈၃) (အံ၊ဋီ၊၁၊၂၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝက္ကလိတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝက္ကလိမထေရ်သည် ဝေဒနာ ပြင်းထန်စွာ ခံစားနေရသဖြင့် ဘုရားရှင်ကို မိမိထံ ကြွရောက်ပါရန် အလုပ်အကျွေး ရဟန်းတို့အား ပင့်လျှောက်ခိုင်းပုံ၊ ဘုရားရှင်က ဝက္ကလိမထေရ်ထံသို့ ရောက်သည့်အခါ ကျင့်ဝတ်သီလသိက္ခာပုဒ်များ၌ သံသယရှိ မရှိမေးစိစစ်ပြီးနောက် ‘‘ ဤခန္ဓာကိုယ် အပုပ်ကောင်ကြီးကို ဖူးမြင်နေရခြင်းဖြင့် အကျိုးမရှိကြောင်း၊ တရားကိုမြင်လျှင် ငါဘုရားကို မြင်သည်မည်ကြောင်း’’ စသည်ဖြင့် တရားဟောတော်မူခဲ့ပုံ၊ ဘုရားရှင် ပြန်ကြွသွားပြီးနောက် တရားအားထုတ်သောအခါ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၉၇) (သံ၊ဋီ၊၂၊၄၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဂ္ဂုမုဒါတီရိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဝဂ္ဂုမုဒါမြစ်ကမ်းပါးတွင် ရဟန်းများစွာတို့ ဝါကပ်နေကြစဉ် ဝဇ္ဇီတိုင်း၌ မိုးခေါင်ရေရှား အစားအစာ ငတ်မွတ်ခေါင်းပါးသဖြင့် ဆွမ်းခံစားရန် မလွယ်ကူဖြစ်နေကြပုံ၊ ရဟန်းတို့သည် ဈာန်မဂ်ဖိုလ်ကို မရရှိကြဘဲ ရရှိကြ၏-ဟု ပြောဆို၍ လာဘ်လာဘပေါများအောင် ကြိုးစားကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘ထိုသို့ ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ်သင့်၏’’ဟု စတုတ္ထပါရာဇိကသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၁၂) (ဝိ၊၂၊၃၅) (ဓမ္မ၊ဋ္ဌ၊၂၊၂၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝင်္ဂီသတ္ထေရဝတ္ထု

ဤဝတ္ထု၌ ရဟန်းပြုစဖြစ်သော အရှင်ဝင်္ဂီသကို ကာမဂုဏ်အာရုံတို့က တိုက်ခိုက်ပုံ၊ ပညာသတိရှိသော အရှင်ဝင်္ဂီသက အရှင်အာနန္ဒာမထေရ်ကို အသိပေးလျှောက်ထားခဲ့ပုံ၊ အရှင်အာနန္ဒာမထေရ်၏ တရားဟောကြားမှုကြောင့် အရှင်ဝင်္ဂီသမထေရ်၏ ကာမစိတ်တို့ ငြိမ်းအေးခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၈၈) (သံ၊ဋ္ဌ၊၁၊၂၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝင်္ဂီသတ္ထေရဝတ္ထု

ဤဝတ္ထု၌ ရဟန်းသစ်ဖြစ်သော အရှင်ဝင်္ဂီသမထေရ်သည် ကျောင်းတိုက်အာရာမ်အတွင်း လှည့်လည်ကြည့်ရှုကြသော မာတုဂါမတို့နှင့် တွေ့ဆုံရပုံ၊ အရှင်ဝင်္ဂီသမထေရ်သည် ကာမရာဂနှင့် ပတ်သက်၍ မိမိကိုယ်ကို မိမိဆုံးမပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၈၇) (သံ၊ဋ္ဌ၊၁၊၂၄၆) (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝင်္ဂီသတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝင်္ဂီသ-သတို့သားသည် ဆဝသီသအတတ်ပညာဖြင့် သူသေ၏ ဦးခေါင်းကို ခေါက်၍ လားရာဂတိပြောကြားပုံ၊ လူတို့က ချီးမွမ်းစကားပြောကြားလျက် ဥစ္စာများကို ပေးကြပုံ၊ ဘုရားရှင်က ဝင်္ဂီသအား ပရိနိဗ္ဗာန်ပြုသွားသော ရဟန္တာမထေရ်တစ်ပါး၏ လားရာဂတိကို မေးမြန်းတော်မူပုံ၊ ဝင်္ဂီသ-သတို့သား မဖြေနိုင်သဖြင့် စုတိပဋိသန္ဓေ၌ ကျွမ်းကျင်သော ပညာကို သင်ကြားပေးရန် ဘုရားရှင်အား လျှောက်ထားတောင်းပန်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၉၇) (သံ၊ဋ္ဌ၊၁၊၂၆၀) (ဓမ္မ၊ဋ္ဌ၊၂၊၄၄၉) (သုတ္တနိ၊ဋ္ဌ၊၂၊၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝင်္ဂီသတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝင်္ဂီသမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင့်အထံတော်၌ ကုသိုလ်ပြု၍ ပဋိဘာန(ကဗျာလင်္ကာဖွဲ့ဆိုမှု)အရာ ဧတဒဂ်ဆုကို တောင်းခဲ့ပုံ၊ ယင်းကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစား၍ ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ ဗေဒင်ပဏ္ဍိတ်ဖြစ်ခဲ့ပုံ၊ ဆဝသီသမန္တန်ကို တတ်သိသဖြင့် ထင်ရှားကျော်ကြားခဲ့ပုံ၊ မြတ်စွာဘုရားထံတွင် (၃၂) ကောဋ္ဌါသကမ္မဋ္ဌာန်းကို သင်ယူပြီး ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်၍ ပဋိဘာနအရာ၌ ဧတဒဂ်ဘွဲ့ ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၀၈) (ထေရ၊ဋ္ဌ၊၂၊၅၀၈) (အပ၊ဋ္ဌ၊၂၊၂၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝစ္ဆဂေါတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဗန္ဓုမတီမြို့သား ဖြစ်၍ ဝိပဿီမြတ်စွာဘုရားအား ဘုရင်၊ မြို့သူ မြို့သားတို့နှင့်အတူ စုပေါင်းပူဇော်မှုပြုလုပ်ခဲ့ပုံ၊ ထိုကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့သား ပုဏ္ဏား သူဌေးသားဖြစ်၍ ဗြာဟ္မဏပညာရပ်တို့၌ လွတ်မြောက်မှုကို ရှာမရ၊ အနှစ်သာရကို မတွေ့ရသဖြင့် သာသနာတော်၌ ရှင်ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝစ္ဆနခဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရသေ့ဖြစ်ပြီး၊ ချဉ်ဆားမှီဝဲရန် ဗာရာဏသီသို့ ကြွလာစဉ် သူဌေးက ကိုးကွယ်ထားပုံ၊ ခင်မင်လွန်းသဖြင့် ‘‘စည်းစိမ်ထက်ဝက် ပေးမည်၊ ကာမဂုဏ်ခံစားရန် လူထွက်ပါ’’ဟု ပြောဆိုရာ ရသေ့ကြီးက ကာမဂုဏ်တို့၏ အပြစ်ကို ဟောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝစ္ဆပါလတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားအား နို့ဃနာဆွမ်း လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့၌ ချမ်းသာသော ပုဏ္ဏားကြီး ဖြစ်ပုံ၊ ဗိမ္ဗိသာရမင်းကြီး၏ ဘုရားရှင်အား ကြိုဆိုပွဲတွင် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပြီး ဝိပဿနာရှုပွားကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဇ္ဇိတတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝဇ္ဇိတမထေရ်လောင်းလျာသည် ဥပသန္တပစ္စေကဗုဒ္ဓါအား စကားဝါပန်းများ လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ အမျိုးသမီးများကို ရှောင်ကြဉ်သူ ဝဇ္ဇိတလုလင် ဖြစ်လာပုံ၊ မြတ်စွာဘုရားအထံတော်၌ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဇ္ဇီပုတ္တကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဝေသာလီပြည်သား ဝဇ္ဇီပုတ္တကရဟန်းတို့သည် စိတ်တိုင်းကျ စားကြ၊ သောက်ကြ၊ ရေချိုးကြ၊ အိပ်စက်ကြပြီး တရားတော်ကို နှလုံးမသွင်းကြဘဲ သိက္ခာမချမူ၍ ကာမဂုဏ် မှီဝဲကြပုံ၊ ဝဇ္ဇီပုတ္တကရဟန်းတော်များသည် နောင်အခါတွင် ဗျသနတရားငါးပါး နှိပ်စက်ခံရသောကြောင့် မြတ်စွာဘုရားအား လျှောက်ထားကြသောအခါ သိက္ခာချ၍ လူထွက်ရန် မြတ်စွာဘုရားက ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဇ္ဇိပုတ္တကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဝဇ္ဇီမင်းသားတစ်ယောက်သည် မိမိအတွက် အလှည့်ရောက်လာသော မင်းအဖြစ်ကို စွန့်လွှတ်လျက် ရဟန်းဝတ်ကာ တောအုပ်တစ်ခုအတွင်း၌ တောရဆောက်တည်နေထိုင်ခဲ့ပုံ၊ ဝေသာလီမြို့တွင်း၌ တန်ဆာဆင်လျက် ပွဲလမ်းသဘင် ကြီးကြီးကျယ်ကျယ် ဆင်ယင်ကျင်းပနေသောအခါ တောရဆောက်တည်နေသော ဝဇ္ဇီပုတ္တကရဟန်းသည် အဆင်တန်းဆာအခြွေရံကင်းမဲ့နေသည့် မိမိကိုယ်ကို ကြည့်ကာ ပျင်းရိငြီးငွေ့ပုံ၊ တောစောင့်နတ်က သံဝေဂရစေသဖြင့် ဘုရားရှင်ထံ ချဉ်းကပ်၍ အကျိုးအကြောင်းလျှောက်ထားသောအခါ ဘုရားရှင်က အိမ်ရာတည်ထောင် လူတို့ဘောင်၏ ဆင်းရဲဒုက္ခများကို ဟောကြားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဇ္ဇိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားရှင်အား ကံ့ကော်ပန်းဝတ်ဆံ တို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဇ္ဇိယမာဟိတဂဟပတိဝတ္ထု

ဤဝတ္ထု၌ ဝဇ္ဇိယမာဟိတသူကြွယ် ပရိဗိုဇ်ကျောင်းသို့ ရောက်သောအခါ ပရိဗိုဇ်တို့ အနေအထိုင် ပြင်ဆင်၍ မြတ်စွာဘုရား၏ ဝါဒသဘောထားကို ဝေဖန်ပြောဆိုကြပုံ၊ မြတ်စွာဘုရားသည် မြင်မြင်သမျှကို ကဲ့ရဲ့တတ်သူမဟုတ်ကြောင်း သူကြွယ်က ပြောကြားပုံ၊ မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောကြားထားသော ချီးမွမ်းထိုက်သော အကျင့်၊ ကဲ့ရဲ့ထိုက်သော အကျင့်တို့ကို ပရိဗိုဇ်တို့အား သူကြွယ်က ဆက်လက်ရှင်းပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၄၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဇ္ဇီပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ၉၄-ကမ္ဘာထက်၌ ပစ္စေကဗုဒ္ဓါ တစ်ပါးအား ငှက်ပျောသီးများကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဝေသာလီပြည် လိစ္ဆဝီမင်းသား ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ခဲ့ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၀၀) (အပ၊ဋ္ဌ၊၂၊၂၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဉ္စနဝတ္ထု

ဤဝတ္ထု၌ မုဆိုးတစ်ယောက်သည် သမင်မကြီးနှင့် သမင်ငယ်လေးတို့ကို ထမ်း၍လာစဉ် အရက်သမားတစ်ယောက်က တန်ဖိုးမေးသဖြင့် အကြီးက (၂)ကျပ်၊ အငယ်က (၁)ကျပ်ဟု ဆိုပုံ၊ အရက်သမားက ငွေတစ်ကျပ်ပေးပြီ အငယ်ကို ယူသွားပုံ၊ ခေတ္တသွားပြီး ပြန်လှည့်လာ၍ သမင်မကြီးကို ယူမည်ဆိုကာ သမင်လေး ပြန်ပေးပုံ၊ မုဆိုးက ထပ်မံငွေတောင်းရာ အရက်သမားက ယခင်က (၁)ကျပ်ပေးပြီးဖြစ်သည်၊ ယခုသမင်ငယ်လေးကို ပြန်ယူလျှင် (၂)ကျပ် ဖြစ်သွား၍ ထမ်မံပေးစရာမလိုတော့ဟု လှည့်စားကာ သမင်မကြီး ယူသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၇၈) (မ၊ဋ္ဌ၊၂၊၁၁၅) (သံ၊ဋ္ဌ၊၃၊၃၃၈) (အံ၊ဋ္ဌ၊၂၊၃၇၉) (အဘိ၊ဋ္ဌ၊၃၊၉၁) (သာရတ္ထ၊ဋီ၊၂၊၁၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဋံသကိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တောအုပ်ကြီးသို့ ဝင်တော်မူသော သုမေဓာဘုရားရှင်ကို ဖူးတွေ့ရသောအခါ ပွင့်နေသော ထင်းရူးပန်းတို့ကို ဦးဆောက်ပန်းကုံး သီကုံးပြီး ဘုရားရှင်အား ဝမ်းသာရွှင်လန်းစွာဖြင့် လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိတော့ဘဲ လွန်ခဲ့သော ကမ္ဘာတစ်ထောင့်ကိုးရာအထက်၌ သုနိမ္မိတမည်သော စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ်ဖြစ်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဋ္ဋကဇာတက

ဤဇာတ်တော်၌ ကျီးတစ်ကောင်သည် ဆူဖြိုးလှပနေသော ဘုရားအလောင်းငုံးမင်းကို ကြည့်ပြီး ‘‘မည့်သည့်အစားအသောက်များကို စားသောက်ရ၍ ဆူဖြိုးနေပါသနည်း’’ဟု မေးမြန်းပုံ၊ ဘုရားလောင်းက အစာအာဟာရ၌ တပ်မက်မှုနည်းပါးခြင်း, အစားကောင်းများကိုသာ တွေးတောမနေခြင်း, အဝေးသို့သွားကာ အစာမရှာဖွေခြင်း, ရသမျှ အစာဖြင့် ရောင်ရဲခြင်း, အစာအာဟာရ၏ အတိုင်းအရှည်ကို သိခြင်းတို့ကြောင့် ဝဖြိုးလှပကြောင်း ရှင်းပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဋ္ဋဇာတက

ဤဇာတ်တော်၌ ငုံးမျိုး၌ ဖြစ်သော ဘုရားအလောင်းကို ငှက်မုဆိုးက ရောင်းချရန်် ဖမ်းယူသွားခဲ့ပုံ၊ အစာရေစာမစားဘဲ နေ၍ ပိန်ချုံးနေသောကြောင့် ဝယ်သူမရှိ ဖြစ်နေပုံ၊ မုဆိုးသည် လက်ပေါ်တင်၍ ကြည့်နေ့စဉ် ပျံတက်ပြေး၍ လွတ်မြောက်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဋ္ဋဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် မဂဓတိုင်း တောအုပ်တစ်ခုတွင် ဥခွံမှ ထွက်ပြီးခါစ ငုံးငယ်လေးဖြစ်ပုံ၊ တောမီးကြီး လောင်လာသောအခါ မိဘတို့ စွန့်ခွာပြေးသွားသောကြောင့် သီလသစ္စာတို့ကို ဆင်ခြင်ကာ ပွင့်တော်မူပြီးသော ဘုရားရှင်တို့၏ ဂုဏ်ကို အာရုံပြုလျက် သစ္စာဆိုခဲ့သည့်အတွက် တောမီးကြီးကွင်းသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၂၂၅) (ဇာ၊ဋ္ဌ၊၁၊၂၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဍ္ဎကီသူကရဇာတက

ဤဇာတ်တော်၌ အမြဲတမ်း စစ်ရှုံးနေသော ကောသလမင်းသည် ဓနုဂ္ဂဟတိဿမထေရ်၏ အစီအစဉ်ဖြင့် စစ်ထိုးသောအခါ အဇာတသတ်မင်းကို အနိုင်ရရှိပုံ၊ အဆိုပါ ဓနုဂ္ဂဟတိဿ မထေရ်သည် အတိတ်ဘဝတစ်ခု၌ လက်သမားတစ်ယောက် မွေးမြူထားသော ဝက်မျိုး၌ ဖြစ်စဉ် ကျားစဉ်းလဲကို တိုက်ခိုက်၍ အောင်မြင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဍ္ဎတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝဍ္ဎမထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့အထံတော်၌ နိဗ္ဗာန်ရည်မှန်းကာ ကုသိုလ်များစွာ ပြုခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်တွင် ဝဍ္ဎလုလင်ဖြစ်လာပုံ၊ အရှင်ဝေဠုဒန္တမထေရ်ထံတွင် ရဟန်းပြု၍ ဓမ္မကထိကဖြစ်လာပုံ၊ မိခင်ဘိက္ခုနီ ရဟန္တာထေရီထံ သွားစဉ် မိခင်က ပြစ်တင်ဆုံးမမှုကို သံဝေဂယူ၍ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဍ္ဎမာတုထေရီဝတ္ထု

ဤဝတ္ထု၌ ဝဍ္ဎမာတာအမည်ရှိသော အမျိုးသမီးသည် ဘိက္ခုနီတို့အထံမှ တရားနာရသဖြင့် မိမိ၏သားငယ်ကို ဆွေမျိုးတို့ထံ၌ အပ်နှံကာ ဘိက္ခုနီတို့ကျောင်း၌ ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ၊ သားဖြစ်သူ ဝဍ္ဎသည် ရဟန်းပြု၍ မိခင်ဟောင်းဖြစ်သူ ဝဍ္ဎမာတာဘိက္ခုနီထံသို့ လာခဲ့ပုံ၊ မိခင်ဖြစ်သူ ဝဍ္ဎမာတာက သားဝဍ္ဎကို ဆုံးမဩဝါဒ ပေး၍ သားဝဍ္ဎသည် သံဝေဂယူကာ တရားအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဍ္ဎမာနတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တိဿဘုရားရှင်အား သရက်သီးမှည့်များကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် လက်ထက်တော်၌ ဝေသာလီပြည် လိစ္ဆဝီမင်းမျိုး၌ ဖြစ်၍ ရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဍ္ဎလိစ္ဆဝီဝတ္ထု

ဤဝတ္ထု၌ ဝဍ္ဎလိစ္ဆဝီသည် ဆဗ္ဗဂ္ဂီရဟန်းတို့တွင် အပါအဝင်ဖြစ်သော မေတ္တိယနှင့် ဘူမဇကရဟန်းတို့၏ အပေါင်းအသင်းဖြစ်ပုံ၊ ‘‘ထိုရဟန်းတို့၏ တိုက်တွန်းချက်အရ မိမိ၏ မယားကို အရှင်ဒဗ္ဗသည် ဖျက်ဆီးလွန်ကျူးခဲ့ပါသည်’’ဟု အရှင်ဒဗ္ဗမလ္လပုတ္တအား မဟုတ်မမှန် လုပ်ကြံစွပ်စွဲပုံ၊ သံဃာတော်တို့က ဝဍ္ဎအား သပိတ်မှောက်ပုံ၊ ဝဍ္ဎ-က တောင်းပန်သဖြင့် သပိတ်မှောက်မှုကို ရုပ်သိမ်းခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၆၂) (သာရတ္ထ၊ဋီ၊၃၊၃၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဏ္ဏကာရတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ အရုဏဝတီမြို့၌ ဆေးဆိုးပန်းရိုက်သမားဖြစ်ခဲ့၍ စေတီတော်၌ ရှိသော ပုဆိုးဘဏ္ဍာအဝတ်တို့ကို အရောင်အမျိုးမျိုး ဆိုးပေးခဲ့ပုံ၊ ဤကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိတော့ဘဲ လွန်ခဲ့သော နှစ်ဆယ့်သုံးကမ္ဘာအထက်၌ ဝဏ္ဏသမအမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့ရ၍ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဏ္ဏာရောဟဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ရုက္ခစိုးနတ် ဖြစ်စဉ် မိမိသစ်ပင်အနီးရှိ ကျောက်တောင်ဂူ၌ နေသော မြေခွေးတစ်ကောင်သည် ခြင်္သေ့အသားနှင့် ကျားအသားကို စားလိုသဖြင့် ခြင်္သေ့နှင့် ကျားတို့အား ရန်ဖြစ်အောင် ကုန်းတိုက်စကား ပြောကြားပုံ၊ ခြင်္သေ့နှင့် ကျားတို့သည် အချင်းချင်း စိတ်ဝမ်းမကွဲဘဲ ညီညွတ်စွာ နေထိုင်သည်ကို မြေခွေး တွေ့မြင်သောအခါ ထိုနေရာမှ ထွက်ပြေးခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဏ္ဏုပထဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း လှည်းကုန်သည်မှူးသည် ပူပြင်းလှသည့် သဲကန္တာရ ထဲတွင် ညဘက်၌ ခရီးသွားခဲ့ရာ တစ်နေ့တွင် လမ်းပြ အိပ်ပျော်သွားသဖြင့် နောက်ကြောင်းသို့ ပြန်ရောက်ခဲ့ကြပုံ၊ ကန္တာရထဲ၌ ရေဒုက္ခရောက်နေသဖြင့် ရေတွင်းတူးရာ ခံနေသော ကျောက်ဖျာကို ဝီရိယရှိသော သူငယ်က ထုခွဲရာ ရေရရှိခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝတ္တဗ္ဗကနိဂြောဓတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဗြာဟ္မဏတိဿ သူပုန်ဘေးကြီဆိုက်ရောက်စဉ် ဝတ္တဗ္ဗနိဂြောဓသာမဏေနှင့် ၎င်း၏ဥပဇ္ဈာယ်ဆရာတို့ အိန္ဒိယတစ်ဖက်ကမ်းသို့ မလိုက်ပါဘဲ ဟင်းရွက်စားသော လူတို့ကို အမှီပြု၍ သီဟိုဠ်ကျွန်း၌သာ နေရစ်ခဲ့ကြပုံ၊ ဆရာတပည့်နှစ်ယောက်တို့ ထန်းသီးခူးစား၍ ပိဋကသုံးပုံ ဆောင်ယူခဲ့ရပုံ၊ ဝတ္တဗ္ဗနိဂြောဓသာမဏေသည် တောထဲ၌သာ အာရုဏ်တက် စေခဲ့ပုံ၊ သူပုန်ဘေးကြီး ငြိမ်းအေးသွားသောအခါ၌ ဝတ္တဗ္ဗနိဂြောဓသာမဏေအား သမုဒ္ဒရာ တစ်ဖက်ကမ်း အိန္ဒိယမှ ပြန်လာသော ရဟန်းများက ပူဇော်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝတ္ထဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ငှက်မျိုး ဖြစ်၍ ဂဠုန်တို့ကို အစိုးရသော ဂဠုန်မင်း ဖြစ်ခဲ့ပုံ၊ ဂန္ဓမာဒနတောင်သို့ ကြွတော်မူလာသော အတ္ထဒဿီဘုရားရှင်ကို ဖူးမြင်ခဲ့ရပုံ၊ ထိုအခါ ဂဠုန်အသွင်ကို စွန့်၍ လုလင်အသွင်ကို ဆောင်ကာ အဝတ်တစ်ထည်ကို ဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ဘုရားရှင်က ‘‘လုလင်၊ သင်သည် အဝတ်ပုဆိုးကို လှူဒါန်းသော ကောင်းမှုကံကြောင့် ဂဠုန်မျိုးကို စွန့်၍ နတ်ပြည်သို့ ရောက်လတံ့’’ဟု မိန့်တော်မူကာ အဝတ်အလှူကို ချီးမွမ်းတော်မူ၍ မြောက်အရပ်သို့ ရှေ့ရှုကြွတော်မူခဲ့ပုံ၊ ထိုဘဝမှ စုတေသော် နတ်ပြည်သို့ ရောက်၍ ဖြစ်တိုင်းသော လူ့ဘဝ၊ နတ်ဘဝတို့၌ အဝတ်ပုဆိုးပြည့်စုံခဲ့ပုံ လွန်ခဲသော သုံးဆယ့်ခြောက်ကမ္ဘာအထက်၌ အရုဏဝမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝနကောရဏ္ဍိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား လိပ်ဆူးရွှေတောပန်းကို လှူဒါန်းခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် အပါယ်မလားရောက်ဘဲ ဤဘုရားသာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝနဝစ္ဆတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကဿပဘုရားရှင့်အထံတော်၌ ရဟန်းဖြစ်ခဲ့ပြီး ကုသိုလ်ကောင်းမှု ပြုခဲ့ပုံ၊ ဤဘုရားရှင်သာသနာတော်၌ ကပိလဝတ္ထုမြို့ ပုဏ္ဏားမျိုး၌ ဖြစ်ခဲ့ပုံ၊ အရှင်မဟာကဿပထံ ရဟန်းပြုခဲ့ကာ မကြာမြင့်မီပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၂၊၂၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝနဝစ္ဆတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်လက်ထက်တော် သူတစ်ပါးတို့၏ လုပ်ငန်းကို လုပ်ကိုင်လျက် အသက်မွေးရပုံ၊ အမှားပြုလုပ်မိ၍ ထွက်ပြေးခဲ့ရစဉ် ဗောဓိပင်ကို သော်ကပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝ၌ ရာဇဂြိုဟ်မြို့၌ ပုဏ္ဏားသူဌေး ဖြစ်၍၊ ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝနဝစ္ဆတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝနဝစ္ဆမထေရ်အလောင်း အမျိုးကောင်းသားသည် အတ္ထဒဿီဘုရားရှင့်လက်ထက်တော်၌ ဝိနတာမြစ်အတွင်း၌ လှေငယ်ပမာဏမျှ ခန္ဓာကိုယ်ရှိသည့် လိပ်ကြီး တစ်ကောင်ဖြစ်ခဲ့ပုံ၊ မြစ်ကမ်း၌ ရပ်နေတော်မူသော အတ္ထဒဿီဘုရားရှင်ကို မိမိကျောကုန်းထက်သို့တင်ကာ ရွှင်လန်း ဝမ်းမြောက်စွာ တစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးခဲ့ပုံ၊ ဘဝပေါင်းများစွာ ရသေ့ဝတ်လျက် တောအရပ်၌သာ နေလေ့ရှိပုံ၊ ကဿပဘုရားရှင် လက်ထက်တော်၌ ခိုငှက်မျိုး၌ ဖြစ်ခဲ့ရပုံ၊ ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ ပုဏ္ဏားမျိုး၌ ဖြစ်ပြီး ရဟန်းဝတ်ကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝနဝါသီတိဿသာမဏေရဝတ္ထု

ဤဝတ္ထု၌ မဟာသေနပုဏ္ဏားကြီးသည် အရှင်သာရိပုတ္တရာအား အဝတ်တစ်ထည်နှင့် နို့ဃနာဆွမ်းလှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် တိဿအမည်ရှိသော သူဌေးသား ဖြစ်ခဲ့ပုံ၊ (၇)နှစ်သား အရွယ်မှာပင် ဆွမ်းအုပ်တစ်ထောင်၊ ကမ္ဗလာထည် တစ်ထောင်ရရှိကာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝနဝါသီတိဿသာမဏေရဝတ္ထု

ဤဝတ္ထု၌ ဝနဝါသီတိဿသာမဏေသည် သာဝတ္ထိမြို့မှ ယူဇနာနှစ်ရာနှင့် သုံးဂါဝုတ် ဝေးကွာသော တောကျောင်း၌ နေခဲ့ပုံ၊ ထိုရွာသို့ မြတ်စွာဘုရားသည် ဆဠဘိညရဟန္တာ နှစ်ထောင် ခြံရံလျက် ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူပုံ၊ ယူဇနာနှစ်ရာ ခရီးအထက်တွင် ရှိသော ဂေါစရဂါမ်ရွာ၌ မြတ်စွာဘုရားနှင့် သံဃာတော်များ ဆွမ်းခံ၍ ဆွမ်းဘုဉ်းပေးပြီးသောအခါ တိဿသာမဏေသည် မြတ်စွာဘုရားကို ကြိုဆိုဖူးမြော်ပုံ၊ ထို့နောက် မြတ်စွာဘုရားက တိဿသာမဏေကို သူ၏နေရာ ရွာသို့ ခရီးလမ်းညွှန်အဖြစ် ရှေ့မှ သွားစေ၍ လိုက်ပါတော်မူပုံ၊ မြတ်စွာဘုရားက တောအရပ်၌ အေးချမ်းစွာ နေပုံကို ချီးမွမ်းပြီး ရဟန်းတော်များကို စုဝေးစေကာ ရဟန်းခံပေး၍ ချီးမြှောက်တော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝန္ဒနဒေဝဓီတုဝတ္ထု

ဤဝတ္ထု၌ ရဟန်းများစွာတို့သည် ရွာကျောင်း၌ ဝါကပ်ကြပြီး ဝါကျွတ်၍ ပဝါရဏာပြုပြီးသောအခါ ဘုရားရှင်ကို ဖူးမြော်ရန် ကြွလာတော်မကြပုံ၊ အမျိုးသမီးတစ်ဦးသည် ထိုရဟန်းတို့အား ကြည်ညိုသော စိတ်ဖြင့် တည်ခြင်းငါးပါးဖြင့် ရှိခိုးခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ကွယ်လွန်သောအခါ တာဝတိံသာ နတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝပ္ပတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ကုသိုလ်ကောင်းမှုပြုခဲ့သောကြောင့် လူ့ပြည်နတ်ပြည်တို့၌ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်၌ ကပိလဝတ္ထုမြို့ ဝါသေဋ္ဌပုဏ္ဏားကြီး၏သား ဝပ္ပအမည်ရှိသူဖြစ်၍ ပဉ္စဝဂ္ဂီ(၅)ဦးတွင် ပါဝင်ကာ ဓမ္မစကြာတရားဦးဟောရာတွင် သောတာပန်ဖြစ်ပြီး အနတ္တလက္ခဏသုတ်ဟောရာတွင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ထေရ၊ဋ္ဌ၊၁၊၁၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝရုဏဇာတက

ဤဇာတ်တော်၌ ကုဋုဗ္ဘိယတိဿမထေရ်သည် ချမ်းသာကြွယ်ဝသော အမျိုးမှ ရဟန်းပြုလာသူ ဖြစ်သဖြင့် ဆွမ်းခံ၍ပင် မစားချင်လောက်အောင် အလွန်ပျင်းရိခဲ့ပုံ၊ မိမိ၏ သီတင်းသုံးဖော်များ ရဟန္တာဖြစ်သွားသောအခါကျမှ မိမိလည်း ရဟန္တာဖြစ်လိုသဖြင့် မအိပ်မနေ အပြင်းအထန် အားထုတ်စဉ် အိပ်ငိုက်ပြီး လဲကျကာ ပေါင်ကျိုးသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝလာဟကဿဇာတက

ဤဇာတ်တော်၌ မိန်းမတို့သည် အာရုံငါးပါးတို့ဖြင့် ဖြားယောင်းတတ်ပုံ၊ သီဟိုဠ်ကျွန်းတွင် သိရီသဝတ္ထုခေါ်သော ဘီလူးမြို့တစ်မြို့ ရှိခဲ့ပုံ၊ သင်္ဘောပျက်၍ ထိုဘီလူးမြို့သို့ ရောက်ရှိလာသည့် ကုန်သည်တို့အား ဘီလူးတို့သည် ချောမောလှပသော မိန်းမများယောင် ဆောင်၍ သတ်စားတတ်ကြပုံ၊ ဝလာဟကနတ်မြင်းက ပညာရှိကုန်သည်များကို ကယ်ဆယ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝလ္လိကာရဖလဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝလ္လိကာရဖလဒါယကမထေရ်လောင်းလျာသည် သုမနဘုရားရှင်အား နွယ်သီးများကို ပေးလှူခဲ့သောကြောင့် သုံးဆယ့်တစ်ကမ္ဘာ အပါယ်မလားရဘဲ လူ့ချမ်းသာ နတ်ချမ်းသာတို့ကိုသာ ခံစားခဲ့ရပြီး ဤဂေါတမဘုရားရှင် လက်ထက်တော်၌ အာသဝေါကုန်ခန်း၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝလ္လိဖလဒါယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တောသို့ သစ်သီးရှာသွားရာ ဘုရားရှင်ကို ဖူးမြင်ရ၍ ကြည်ညိုသော စိတ်ဖြင့် နွယ်သီးကို ပေးလှူခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိတော့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝလ္လိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် နာရဒပစ္စေကဗုဒ္ဓါအား ကျူဝါးတို့ဖြင့် ယာယီကျောင်း ဆောက်လုပ်ပေးခဲ့ပုံ၊ စင်္ကြံကြွရာလမ်း၌ကို သုတ်သင်ရှင်းလင်း၌ သဲခင်းခဲ့ပုံ၊ ယင်းကုသိုလ်ကြောင့် လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်လက်ထက်၌ သာဝတ္ထိပြည် ဗြာဟ္မဏ မဟာသာလမျိုး၌ ဖြစ်ခဲ့ပုံ၊ ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝလ္လိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝလ္လိယမထေရ်လောင်းလျာသည် သုမေဓာဘုရားရှင်အား ပန်းနံ့သာ သစ်သီးစသည်တို့ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဘဝများစွာ လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ကဏှမိတ္တပုဏ္ဏား ဖြစ်လာပုံ၊ မြတ်စွာဘုရားကို ဖူးရသဖြင့် အရှင်မဟာကစ္စည်းထံ ရဟန်းပြုပြီး အရှင်ဝလ္လိယဟု အမည်ရပုံ၊ ဆရာဖြစ်သူ အရှင်ဝေဏုဒတ္တထံမှ သင့်လျော်သော ကမ္မဋ္ဌာန်းကို ယူ၍ တရားအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ထေရ၊ဋ္ဌ၊၁၊၃၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝသဘတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဘုရားမပွင့်ရာ သုညကမ္ဘာ၌ လူ့ဘောင်မှ ခွာရှောင်၍ ရသေ့ပြုကာ ဈာန်အဘိညာဉ် ရခဲ့ပုံ၊ ရှေးဘုရားရှင်တို့ကို ရည်မှန်း၍ ရွှေဖြင့်ပြီးသော စေတီကို ဖန်ဆင်းပြီး ရွှေပန်းသုံးထောင်တို့ဖြင့် နေ့စဉ် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် လက်ထက်တော်၌ ဝေသာလီပြည် လိစ္ဆဝီမင်းမျိုး၌ ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ မကြာမီ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝသဘရာဇဝတ္ထု

ဤဝတ္ထု၌ ဝသဘမင်းကြီးသည် မထေရ်တစ်ပါးကို ရဟန္တာဖြစ် မဖြစ် စုံစမ်းလိုသဖြင့် နန်းတော် သို့ပင့်ပြီး မထေရ်၏ ရှေ့တွင် ဆီးမှုန့်ဖြင့် ဖျော်ထားသော မုန့်ကို နယ်ပြခဲ့ပုံ၊ ထိုအခိုက် မထေရ်သည် တံတွေးရည်ကျလာသဖြင် ရသတဏှာ မပယ်နိုင်သေး၍ ရဟန္တာ မဖြစ်သေးကြောင်း သိရှိရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၂၊၂၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝသာဠနဂရဝါသီဒွေဘာတိကဝတ္ထု

ဤဝတ္ထု၌ ဝသာဠမြို့သား ညီနောင်နှစ်ယောက်တို့သည် ရဟန်းပြုလာကြ၌ ‘‘စူဠနာဂနှင့် မဟာနာဂထေရ်’’ဟု ထင်ရှားခဲ့ပြီး စိတ္တလတောင်၌ နှစ်ပေါင်းသုံးဆယ်တိုင်တိုင် တရား အားထုတ်ကြသဖြင့် ရဟန္တာဖြစ်ခဲ့ကြပုံ၊ ထို့နောက် မိခင်နှင့် တွေ့ရန် မိခင်ရွာသို့ ဆွမ်းခံဝင်ကြသောအခါ မိခင်ကြီးက အရှင်မဟာနာဂကို မေးရာ ‘‘နောက်က မထေရ်ကို မေးပါ’’ဟု ပြောဆိုပြီး နောက်က မထေရ်ကို မေးသောအခါ၌လည်း ‘‘ရှေ့က မထေရ်ကြီးကို မေးပါ’’ဟု ဆိုကာ မိခင်နှင့်ပင် အဆက်အသွယ် မလုပ်ချင်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၁၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဿကာရဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ဝဿကာရပုဏ္ဏားကြီးသည် အဇာတသတ်မင်း၏ အမိန့်အရအရ ဝဇ္ဇီမင်းတို့နှင့် စစ်တိုက်မည့်အကြောင်း ဘုရားရှင်ထံ လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က အနီးတွင် ထိုင်နေသော အရှင်အာနန္ဒာထေရ်အား အပရိဟာနိယတရားခုနစ်ပါးကို ဟောကြားတော်မူပုံ၊ ဝဇ္ဇီမင်းတို့သည် အပရိယာနိယတရားခုနစ်ပါးနှင့် ပြည့်စုံနေသည့်အတွက် အချင်းချင်းကွဲပြားအောင် ကုန်းချောခြင်း၊ လိမ်ညာလှည့်ပတ် ဖြားယောင်းခြင်းအမှုတို့ကို ရှေးဦးစွာ ပြုလုပ်ပြီးမှသာ စစ်တိုက်သင့်ကြောင်း ဝဿကာရပုဏ္ဏားက အဇာတသတ်မင်းအား ပြန်ကြားလျှောက်ထားပုံ၊ ဝဿကာရပုဏ္ဏားသည် ဝဇ္ဇီမင်းများကို အချင်းချင်း ကွဲပြားအောင် ပြုလုပ်ပြီးနောက် အဇာတသတ်မင်းကို ဝဇ္ဇီမင်းတို့အား လာရောက်တိုက်ခိုက်ရန် အကြောင်းကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၄၀၉) (ဒီ၊ဋ္ဌ၊၂၊၁၀၆) (အံ၊ဋ္ဌ၊၃၊၁၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဿဝလာဟကဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ မိုးနတ်သားတစ်ဦးသည် တလကူဋကအရပ်၌ သီတင်းသုံးတော်မူသော ရဟန္တာ မထေရ်ကြီးတစ်ပါးထံ ချဉ်းကပ်၍ ရှိခိုးသောအခါ မထေရ်ကြီးက ‘‘အသင်နတ်တို့ စိတ်တန်ခိုးကြောင့် မိုးရွာပုံကို ကြည့်လိုပါသည်’’ဟု မိန့်တော်မူပုံ၊ မထေရ်ကြီးကို ခြေဆေး၊ ကျောင်းသင်္ခမ်းထဲ ဝင်စေပြီးနောက် နတ်သားက သီချင်းတစ်ပုဒ် သီဆို၍ လက်ကို မြှောက်လိုက်ရာ သုံးယူဇနာ ဝန်းကျင်၌ တခဲနက် မိုးရွာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၃၂၂) (အံ၊ဋီ၊၂၊၃၀) (အံ၊ဋီ၊၃၊၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဿိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝဿိကမထေရ်လောင်းလျာသည် အတ္တဒဿီဘုရားရှင်အား ညောင်ကြပ်သီးလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ ဝဿိကပုဏ္ဏား ဖြစ်လာပုံ၊ မြတ်စွာဘုရားထံ ရဟန်းပြု၍ တရားအားထုတ်စဉ် အနာရောဂါ ခံစားရပြီး ထိတ်လန့်သံဝေဂရကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဿူပဂတဋ္ဌာနဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် သစ်ခေါင်း၊ သစ်ပင်ခွကြား၊ လွင်တီးခေါင်၊ ကျောင်းမရှိသော အရပ်ဒေသ၊ သုသာန်ဇရပ်၊ ထီးအမိုးအောက်၊ အိုးစရည်းထဲစသည်တို့၌ ဝါကပ်ကြသဖြင့် ထိုအရပ်ဒေသမျိုးတို့၌ ဝါမကပ်ကြရန် ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဿူပဂတဋ္ဌာနဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် သစ်ခေါင်း၊ သစ်ပင်ခွကြား၊ လွင်တီးခေါင်၊ ကျောင်းမရှိသော အရပ်ဒေသ၊ သုသာန်ဇရပ်၊ ထီးအမိုးအောက်၊ အိုးစရည်းထဲစသည်တို့၌ ဝါကပ်ကြသဖြင့် ထိုအရပ်ဒေသမျိုးတို့၌ ဝါမကပ်ကြရန် ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝဿူပဂမနဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် နွားခြံ၌ ဝါကပ်ရာ နွားခြံပြောင်းရွှေ့ရာ အရပ်သို့ လိုက်၍ ဝါကပ်နိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ၊ လှေဖြင့် ခရီးသွားစဉ် လှေထဲ၌ ဝါကပ်နိုင်ကြောင်း၊ လှည်းကုန်သည်တို့နှင့် ခရီးသွားစဉ် လှည်းစခန်း အတိုင်း ဝါကပ်နိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝါတကာဠကဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့မှ ဝါတကာဠကမည်သော ခိုးသူသတ်ယောကျ်ားသည် အနှစ်(၅၀)တို့ ကာလပတ်လုံး ခိုးသူသတ်အလုပ်ကို လုပ်ခဲ့ပုံ၊ ရာထူးမှ အနားယူခွင့်ရသဖြင့် မိမိကိုယ်ကို သန့်စင်စေရန် ရေချိုး အဝတ်သစ်တို့ကိုဝတ်၊ ပန်းနံ့သာလိမ်းကျံ၍ ပြန်လာစဉ် အရှင်သာရိပုတ္တရာမထေရ်ကို ဖူးတွေ့ရပုံ၊ မထေရ်ကို အိမ်သို့ပင့်ဆောင်ကာ မွန်မြတ်သော အဖျော်ယမကာတို့ကို ဆက်ကပ်ပြီး တရားနာယူပုံ၊ မထေရ်ကို လိုက်ပို့၍ အပြန်တွင် သားငယ်ရှိသော နွားမကဝှေ့သဖြင့် ကွယ်လွန်ရာ တာဝတိံသာနတ်ဘုံ၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၂၊၁၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝါတဂ္ဂသိန္ဓဝဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဝါတဂ္ဂသိန္ဓော ဟူသော အမည်ဖြင့် ဘုရင်၏ မင်္ဂလာမြင်း ဖြစ်ခဲ့ပုံ၊ ဘဒ္ဒါလီမည်သော မြည်းမတစ်ကောင်သည် မင်္ဂလာမြင်းကို ကြိုက်နှစ်သက်၍ အစာမစားနိုင်ဘဲ ပိန်ချုံးနေသဖြင့် မြည်းမ၏သားက ထိုအကြောင်းကို သိပြီး ဘုရားလောင်းအား တောင်းပန်ပုံ၊ ဘုရားအလောင်းက ထိုမြည်းမထံ ချဉ်းကပ်သွားသောအခါ ပရိယာယ်မာယာလွန်ပြီး ခြေနှင့်ကန်သဖြင့် ဘုရားအလောင်း အရှက်ရကာ စွန့်ခွာသွားသောကြောင့် မြည်းမ အသက်ဆုံးရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဇာ၊ဋ္ဌ၊၂၊၃၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝါတမိဂဇာတက

ဤဇာတ်တော်၌ တောသမင်ပျံတစ်ကောင်သည် လူတို့ကို အလွန်ကြောက်ရွံ့သော်လည်း ပျားရည်လူးသော မြက်ဖြင့် ဖြားယောင်းသဖြင့် နန်းတော်ထဲထိ ရောက်ရှိခဲ့ပုံ၊ ရသတဏှာသည် လောကတွင် ကြောက်စရာအကောင်းဆုံး ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝါတဝုဋ္ဌိသမယဝတ္ထု

ဤဝတ္ထု၌ ၁၅-ရက်ခွဲတစ်ကြိမ်သာ ရေချိုးရန် သိက္ခာပုဒ်ပညတ်ပြီးသောအခါ လွင်တီးခေါင်၌ သင်္ကန်းချုပ်လုပ် ဆေးဆိုးကြသော ရဟန်းတို့အတွက် ရေချိုးရန် လိုအပ်လာသဖြင့် ရေချိုးရန် ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝါနရဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် မျောက်မျိုး၌ ဖြစ်စဉ် အရွယ်ရောက်သောအခါ ဂင်္ဂါမြစ်ကမ်းနားရှိ ရေသဖန်းပင်ကြီး၌ နေထိုင်ပုံ၊ ဂင်္ဂါမြစ်တွင်းရှိ မိကျောင်းမသည် ဘုရားအလောင်းမျောက်မင်း၏ နှလုံးသားကို စားလိုကြောင်း ဒေဝဒတ်အလောင်း မိကျောင်းဖိုအား ပြောကြားပုံ၊ မိကျောင်းဖိုက ဘုရားအလောင်း မျောက်မင်းနှင့် မိတ်ဆွေဖွဲ့ပြီး ဂင်္ဂါမြစ်တစ်ဘက်ကမ်း၌ သစ်သီးဝလံများ အလွန်ပေါများကြောင်း၊ မျောက်မင်းအား လိုက်ပို့ပေးမည် ဖြစ်ကြောင်း လိမ်ညာ၍ ပြောပုံ၊ ဘုရားအလောင်းမျောက်မင်းက အမှန်အကန်ဟု ထင်မှတ်၍ မိကျောင်းဖို၏ ကျောက်ကုန်းပေါ်၌ ထိုင်လိုက်သွားပုံ၊ ဂင်္ဂါမြစ်လယ် ရောက်သောအခါ မိကျောင်းဖိုက မျောက်မင်းအား ‘‘သင်၏ နှလုံးသားကို မိကျောင်းမက စားသောက်လိုကြောင်း ပူဆာသဖြင့် သင့်အား လိမ်ညာ၍ ခေါ်ယူလာခြင်း ဖြစ်ကြောင်း’’ ပြောကြားပုံ၊ ထိုအခါ မျောက်မင်းက နီရဲဝင်းမှည့်နေသော ရေသဖန်းသီးများကို ညွှန်ပြလျက် ‘‘မိမိ၏နှလုံးသားကို ရေသဖန်းသီးပင်၌ ချိတ်ထားကြောင်း၊ သင်အလိုရှိလျှင် ပေးမည် ဖြစ်ကြောင်း’’ ပြောကြားလျက် ရေသဖန်းပင်သို့ ပြန်ပို့ခိုင်းပုံ၊ ရေသဖန်းပင်သို့ ရောက်သောအခါ ဘုရားအလောင်း မျောက်မင်းက သဖန်းသီးမှည့်များကို ပစ်ချပေးပြီး ထိုနေရာ၌ မနေတော့ဘဲ တောတွင်းသို့ ဝင်ရောက်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝါနရိန္ဒဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းမျောက်မင်းသည် ကျောက်ဖျာထက်၌ တက်၍ ဝပ်နေသော မိကျောင်းအား လှည့်ပတ်ပြောဆိုကာ တစ်ဖက်ကမ်းသို့ ကူးသွားခဲ့ပုံ၊ ရန်အောင် ကြောင်းလေးမျိုးကို ကျွမ်းကျင်လိမ္မာစွာ တတ်မြောက်ထားသူသည် ဧကန်မုချ ရန်သူကို အောင်မြင်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝါရဏတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝါရဏမထေရ်လောင်းလျာသည် တိဿဘုရားရှင်ပွင့်မည့် ရှေ့ဖြစ်နိမိတ်ကို လူတို့အား ဟောကြား၍ နှစ်သက်ဝမ်းမြောက်ခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင် လက်ထက်တော်၌ တောနေရဟန်းတစ်ပါးထံမှ တရားနာရသဖြင့် ရဟန်းပြုကာ မြတ်စွာဘုရားထံမှ ဩဝါဒခံယူပြီး ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝါရုဏိဒူသကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ သူဌေးတစ်ဦးဖြစ်စဉ် သေရည်ကုန်သည်တစ်ယောက်သည် သူဌေးကို အမှီပြု၍ အသက်မွေးခဲ့ပုံ၊ တစ်နေ့သောအခါ ကုန်သည်က အကောင်းစား အရက်ကို ချက်၍ တပည့်ဖြစ်သူအား ရောင်းခိုင်းပြီး မြစ်ဆိပ်သို့ ရေချိုးသွားခဲ့ပုံ၊ အရက်ကုန်သည်ဖြစ်သူ ဆရာ ရေချိုးသွားနေစဉ် တပည့်ဖြစ်သူက အရက်ထဲသို့ ဆားများခပ်ထည့်လိုက်သဖြင့် အကောင်းစား အရက်များ ပျက်စီးသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝါလောဒကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်း၏ အမတ်ချုပ်ကြီးတစ်ဦး ဖြစ်စဉ် ပစ္စန္တရာဇ်အရပ်တို့၌ ပုန်ကန်ထကြွသဖြင့် သိန္ဓောမြင်းငါးရာတို့ကို ကစေလျက် စစ်အင်္ဂါလေးပါးတို့ဖြင့် သွားရောက်နှိမ်နင်းပုံ၊ စစ်တိုက်ရာမှ ပြန်လာသော သိန္ဓောမြင်းတို့အား မင်းကြီးက မုဒရက်ရေများကို တိုက်ကျွေးစေပုံ၊ အကြွင်းအကျန်များကို မြည်းများအား တိုက်ကျွေးစေသောအခါ သိန္ဓောမြင်းများက ငြိမ်သက်နေကြသော်လည်း သိန္ဓောမြင်းများ၏ စားကြွင်းကိုစားသော မြည်းများသည် မူးယစ်ကာ မြူးတူးအော်ဟစ်လျက် မင်းနန်းတော်ရင်ပြင်၌ ပြေးလွှားခုန်ပေါက်နေကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝါသိဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ်လေးကမ္ဘာအထက်၌ တိဝရာပြည်၌ ပန်းပဲသမား ဖြစ်ခဲ့ပုံ၊ မြတ်စွာဘုရားရှင်အား ပဲကွပ်တစ်ခုကို လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိရတော့ဘဲ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝါသေဋ္ဌဘာရဒွါဇဝတ္ထု

ဤဝတ္ထု၌ ဝါသေဋ္ဌပုဏ္ဏားနှင့် ဘာရဒွါဇပုဏ္ဏားနှစ်ဦးတို့သည် ဗြာဟ္မဏ(မြင့်မြတ်သူ) ဟူသော အသုံးအနှုန်း အမည်နာမနှင့် ပတ်သက်၍ အကြောင်းရင်းမှန်ကို ဆွေးနွေးကြပုံ၊ အဖြေရှာ မရသဖြင့် မြတ်စွာဘုရားထံ ချဉ်းကပ်ကာ မေးလျှောက်သောအခါ မြတ်စွာဘုရားက ဗြာဟ္မဏ၏အကြောင်းကို ပြည့်စုံစွာ ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (သုတ္တနိ၊၃၇၂) (သုတ္တနိ၊ဋ္ဌ၊၂၊၁၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝါသေဋ္ဌဘာရဒွါဇဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံး နေထိုင်တော်မူစဉ် ဝါသေဋ္ဌနှင့် ဘာရဒွါဇ ရှင်သာမဏေနှစ်ပါး ဘုရားရှင်ထံ တရားနာရန် ချဉ်းကပ်ကြပုံ၊ ဘုရားရှင်က ပုဏ္ဏားမျိုးမှ သာသနာ့ဘောင် ဝင်ရောက်လာကြသဖြင့် အခြားပုဏ္ဏားများက သင်တို့အား မဆဲရေးပါသလောဟု မေးတော်မူပုံ၊ သာမဏေနှစ်ပါးက ‘‘တပည့်တော်တို့အား အခြားပုဏ္ဏားများက အမျိုးမျိုးအဖုံဖုံ ဆဲရေးကြကြောင်း’’ လျှောက်ထားပုံ၊ ဘုရားရှင်က ‘‘ပုဏ္ဏားများကို မဟာဗြဟ္မာကြီး ဖန်ဆင်းထားသည်၊ ဗြဟ္မာကြီး၏ ခံတွင်းမှ ဖြစ်သည်’’ စသော အယူဝါဒများသည် မဟုတ်မမှန်ကြောင်း၊ ပုဏ္ဏေးမများ ကိုယ်ဝန်တည်ကာ ပုဏ္ဏားလေးများကို မွေးဖွားလာသည့်အတွက် မဟာဗြဟ္မာကြီး၏ ခံတွင်းဟူသည် မိန်းမတို့၏ ယောနိဟု စွပ်စွဲရာ ရောက်ကြောင်း ဟောကြားတော်မူပုံ၊ ထို့နောက် ဝါသေဋ္ဌနှင့် ဘာရဒွါဇတို့အား အမျိုးတော်မူခဲ့ လေးပါးဖြစ်ပေါ်လာပုံ၊ ကမ္ဘာဖြစ်ပုံ၊ ပျက်ပုံ၊ လ-နေ စသည်တို့ ဖြစ်ပေါ်လာပုံ စသည်တို့ကို ဟောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၃၊၆၆) (ဒီ၊ဋ္ဌ၊၃၊၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝါသေဋ္ဌီထေရီဝတ္ထု

ဤဝတ္ထု၌ ဝေသာလီမြို့မှ ဝါသေဋ္ဌီဟု အမည်ရှိသော အမျိုးသမီးတစ်ယောက်၏ သားကလေးသည် ပြေးလွှားဆော့ကစားသည့်အရွယ်၌ ကွယ်လွန်သွားပုံ၊ ဝါသေဋ္ဌီသည် ပူဆွေးသောကရောက်ကာ အရူးတစ်ပိုင်း ဖြစ်ခဲ့ပုံ၊ လင်နှင့်ဆွေမျိုးများ မသိခိုက် ထွက်ပြေးရာ ခရီးလမ်းအကြား၌ မြတ်စွာဘုရားကိုတွေ့မြင်၍ မြတ်စွာဘုရားက တရားအကျဉ်း ဟောသဖြင့် သတိသံဝေဂရပြီး ဘိက္ခုနီပြုကာ တရားအားထုတ်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိကဏ္ဏကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ မင်းပြုစဉ် မင်္ဂလာ ရေကန်၌ အတီးအမှုတ်ပွဲ ကျင်းပသောအခါ ငါးများသည် ဂီတသံကြောင့် ပေါ်လာသည်ကို ကျေနပ်သဖြင့် နေ့စဉ် စည်သံပေး၍ အစာကျွေးခဲ့ပုံ၊ မိကျောင်းတစ်ကောင်သည် ထိုငါးတို့ကို လာစားသဖြင့် မိချောင်းအား မြှားနှင့်ပစ်ခဲ့ပုံ၊ မြားဒဏ်ရာရထားသော မိကျောင်း ဆင်းရဲဒုက္ခ ရောက်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိကပ္ပနဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်နှင့် အရှင်အာနန္ဒာမထေရ်တို့သည် အိမ်တစ်အိမ်သို့ ကြွတော်မူကြစဉ် လူတို့က ဆွမ်းကပ်ကြသောအခါ အရှင်အာနန္ဒာမှာ အခြားပင့်ပြီးသူ ရှိနေသဖြင့် အကပ်မခံဘဲ နေပုံ၊ ထိုအခါ ဘုရားရှင်က အခြားရဟန်းတစ်ပါးအား မိမိအတွက် ဆွမ်းစားပင့်မှုကို စွန့်ခြင်းဝိကပ္ပနာပြုပြီး ဘုဉ်းပေးနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိကပ္ပနဝတ္ထု

ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် မိမိတပည့်အား ဝိကပ္ပနာပြုပြီး ပစ္စုဒ္ဓိုရ်မပြုဘဲ သုံးစွဲသောကြောင့် ‘‘ထိုသို့ သုံးစွဲသော ရဟန်းအာ ပါစိတ်အာပတ် သင့်၏’’ဟု ဝိကပ္ပန သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိဂတိစ္ဆဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားအလောင်းရသေ့သည် ဟိမဝန္တာတော ဂင်္ဂါမြစ်ကမ်းပါး၌ နေခဲ့ပုံ၊ ပရိဗိုဇ်တစ်ယောက်သည် ဘုရားလောင်းထံ ရောက်လာပြီး ဝါဒပြိုင်ရာ ရှုံးနိမ့်သဖြင့် ထွက်ပြေးခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိဃာသာဒဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သိကြားမင်း ဖြစ်စဉ် ကာသိရွာသား ညီနောင် (၇)ယောက်တို့သည် ရသေ့ဝတ်ကြ၍ တရားအားမထုတ်ဘဲ ပြောင်လှောင် ပျော်ပါးပြီး ခြင်္သေ့တို့၏ စာကြွင်းစားကျန်များကို ချက်ပြုတ်စားသောက်ကာ မြူးတူးပျော်ပါးလျက် အချိန်ဖြုန်းနေကြပုံ၊ ထိုအခါ သိကြားမင်းက ကျေးယောင်ဆောင်၍ ထိတ်လန့်အောင် ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၉၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိဇယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပိယဒဿီမြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်သောအခါ သရီရဓာတုစေတီတော်၌ ရတနာမျိုးစုံ စီခြယ်ထားသော ပွတ်လုံးပွတ်တိုင်တို့ကို ပြုလုပ်လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝ၌ သာဝတ္ထိမြို့ ပုဏ္ဏားမျိုး၌ဖြစ်ပြီး ရသေ့ဝတ်၍ ဈာန်ရခဲ့ပုံ၊ တစ်နေ့တွင် ဘုရားပွင့်တော်မူကြောင်း ကြားသိရ၍ ဘုရားရှင်ထံ လာရောက်၍ တရားနာကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိဇယာထေရီဝတ္ထု

ဤဝတ္ထု၌ ခေမာမိဖုရား သာသနာ့ဘောင်သို့ ဝင်ရောက်ကြောင်း ကြားရသဖြင့် သူငယ်ချင်း ဖြစ်သူ ဝိဇယာသည် အားကျကာ သာသနာ့ဘောင်ဝင်လိုစိတ် ထက်သန်လာပုံ၊ ခေမာဘိက္ခုနီထံ လာရောက်၍ ဘိက္ခုနီပြုခွင့် တောင်းခဲ့ပုံ၊ ခေမာထေရီက တရားဟောပြသဖြင့် ဘိက္ခုနီဝတ်ပြီး ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိဇယာရာမဝါသိတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝိဇယာရာမဝါသီ ရဟန္တာမထေရ်ကြီးတစ်ပါးသည် ရဟန်းနှစ်ပါးတို့အား ကမ္မဋ္ဌာန်းပေးတော်မူစဉ် ရဟန်းတစ်ပါးက ‘‘သမုဒ္ဓေါ’’ ဟု ဓနိတသံဖြင့် ရွတ်ဆိုပုံ၊ ထိုအသံကို ကြားပြီး မထေရ်ကြီးက ‘‘သမုဒ္ဓေါ’’-ဟုပဲ ရွတ်ရွတ်၊ ‘‘သမုဒ္ဒေါ’’ဟု ပဲရွတ်ရွတ် ဆားငံရေတို့ဖြင့် ပြည့်နေသော မဟာသမုဒ္ဒရာကိုသာ လူအများက သိရှိကြောင်း မိန့်ကြားတော်မူပုံ၊ ထို့နောက် မထေရ်ကြီးက ‘‘သင်တို့သည် အနှစ်သာရဖြစ်သည့် အနက်အဓိပ္ပါယ်ကို မရှာမှီးဘဲ သဒ္ဒါကိုသာ ရှာမှီးလိုကြလျှင် သဒ္ဒါသင်ပေးသည့် မဟာဝိဟာရကျောင်းတိုက်များသို့ သွားကြကုန်’’ ဟု ကမ္မဋ္ဌာန်းမပေးတော့ဘဲ ပြန်လွှတ်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိဇိတသေနတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝိဇိတသေနမထေရ်လောင်းလျာသည် အတ္ထဒဿီဘုရားရှင်အား သစ်သီးမျိုးစုံကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပုံ၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ ဝိဇိတသေန လုလင် ဖြစ်လာပုံ၊ အရှင်သေနနှင့်ဥပသေန ရဟန္တာမထေရ်မြတ် နှစ်ပါးတို့ထံတွင် ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိဇိတာဝီစက္ကဝတ္တိဝတ္ထု

ဤဝတ္ထုသည် ကောဏ္ဍညဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိဇိတာဝီမဟာရာဇဝတ္ထု

ဤဝတ္ထုသည် ဖုဿဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိဇ္ဇာဓရဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သိကြားမင်းဖြစ်စဉ် ဝိဇ္ဇာဓိုရ်တစ်ဦးသည် မန္တန်ကို ရွတ်ဖတ်၍ ညအခါ မိဖုရားခေါင်ကြီးနှင့် အတူ လာရောက်ပျော်ပါးပုံ၊ စုံစမ်းသောအခါ နေ့အခါ ရဟန်းဝတ်နှင့် နေသည်ကို တွေ့ရသောကြောင့် ရှင်ဘုရင်က ရဟန်းအားလုံးကို နိုင်ငံမှ နှင်ထုတ်ခဲ့ပုံ၊ ပြည်သူတို့ နတ်ပြည်မ သွားဘဲ အပါယ်လားရပုံ၊ သိကြားမင်းသည် ပစ္စေကဗုဒ္ဓါတစ်ပါးကို ပင့်ပြီး ကောင်းကင်မှ ကြွလာကာ ရှင်းပြမှ ရှင်ဘုရင်သည် ရဟန်းတော်တို့ကို နိုင်ငံတွင်းသို့ ဝင်ခွင့်ပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိဋဋူဘဝတ္ထု

ဤဝတ္ထု၌ ပသေနဒီကောသလမင်းသည် ဘုရားရှင်နှင့် ချစ်ကျွမ်းဝင်လို၊ အမျိုးတော်စပ်လိုသဖြင့် သာကီဝင်မင်းမျိုးတို့ထံမှ သမီးကညာတောင်းခံခဲ့ပုံ၊ သာကီဝင်များက မဟာနာမ်သာကီဝင်မင်း၏သမီး ဝါသဘခတ္တိယာကို ပေးအပ်ခဲ့ပုံ၊ ဝါသဘခတ္တိယာမှ ဝိဋဋူဘ သားတော်လေး ဖွားမြင်ခဲ့ပုံ၊ ဝိဋဋူဘမင်းသား အရွယ်ရောက်လာသောအခါ သာကီဝင်မင်းများက မတူမတန် ဆက်ဆံသည်ကို အကြောင်းပြု၍ ရန်ငြိုးထားခဲ့ပုံ၊ ဝိဋဋူဘမင်းသား ဘုရင်ဖြစ်လာသောအခါ သာကီဝင်မင်းမျိုးတို့အား တစ်ယောက်မကျန် သတ်ဖြတ်ခဲ့ပုံ၊ ဝိဋဋူဘနှင့်တကွ စစ်သည်ပရိသတ်များ ယခုဘဝ၊ ရှေးဘဝ အကုသိုလ်ကံများကြောင့် သမုဒ္ဒရာအတွင်းသို့ မျောပါသွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိဓုရဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ကုရုတိုင်း ဣန္ဒပတ္တမြို့၌ ဓနဉ္စယကောရဗျမင်း၏ ဝိဓုရပဏ္ဍိတဟူသော အမည်ဖြင့် ပညာရှိအမတ်ကြီး ဖြစ်ခဲ့ပုံ၊ သိကြားမင်းနှင့် ဝရုဏနဂါးစသည်တို့အား အမတ်ကြီးက တရားဆုံးဖြတ်ပေးသဖြင့် နှစ်သက်သဘောကျကာ ဝိဓုရပဏ္ဍိတအမတ်ကြီးကို ဆုလာဘ်များ အသီးသီးပေးကြပုံ၊ ဝရုဏနဂါးမင်း၏ မိဖုရား ဝိမလာဒေဝီက ဝိဓုရပဏ္ဍိတ၏ တရားစကားကို နာကြားလိုသဖြင့် ဝိဓုရအမတ်ကြီး၏ နှလုံးသည်းပွတ်ကို ရယူလိုကြောင်း နဂါးမင်းထံ တောင်းဆိုခဲ့ပုံ၊ နဂါးမင်း၏သမီး ဣရန္ဓတီက ဝိဓုရနှလုံးသည်းပွတ်ကို ယူဆောင်ပေးသူအား နဂါးဖြစ်စေ၊ ဂန္ဓဗ္ဗနတ်ဖြစ်စေ၊ မိမိခင်ပွန်းအဖြစ် လက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့ပုံ၊ ထိုအကြောင်းအရာကို ပုဏ္ဏကဘီလူး စစ်သူကြီးက ကြားသိသွားသောအခါ ကောရဗျမင်းနှင့် ကြွေအန်ကစားပြီး အနိုင်ရသဖြင့် ဝိဓုရအမတ်ကြီးအား နဂါးပြည်သို့ ခေါ်ဆောင်သွားခဲ့ပုံ၊ ပုဏ္ဏကဘီလူးက ဝိဓုရအမတ်ကြီးအား တောင်စောင်း၊ သစ်ပင်စသည်တို့နှင့် ရိုက်ပုတ်လျက် အသက်သေအောင် အမျိုးမျိုးသတ်သော်လည်း ဘုရားလောင်းဝိဓုရအမတ်ကြီး၏ ပါရမီတော် တန်ခိုးကြောင့် အသက်မသေပုံ၊ ပုဏ္ဏကနတ်ဘီလူး စစ်သူကြီးအား ဝိဓုရအမတ်ကြီးက သာဓုနရဓမ္မတရားတော်ကို ဟောကြားသဖြင့် ပုဏ္ဏကနတ်ဘီလူး ကြည်ညိုသွားပြီး နဂါးပြည်သို့ ပို့ဆောင်ပေးခဲ့ပုံ၊ နဂါးပြည်ရောက်သောအခါ ဝရုဏနဂါးမင်းနှင့် ဝိမလာဒေဝီစသော နဂါးပရိသတ်အား တရားဟောပြီး လူ့ပြည်သို့ ပြန်လည်ရောက်ရှိလာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၇၊၁၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိဓူပနဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ ပဒုမုတ္တရဘုရားရှင်အား ရတနာဖြင့် ပြီးသော ယပ်ကို လှူဒါန်းပူဇော်၍ လက်အုပ်ချီမိုး ရှိခိုးကာ မြောက်အရပ်သို့ ရှေ့ရှုဖဲသွားခဲ့ပုံ၊ ဘုရားရှင်သည် ယပ်ကို ကိုင်၍ ရဟန်းသံဃာတို့၏ အလယ်၌ ရပ်တော်မူလျက် ‘‘ဤပုဂ္ဂိုလ်သည် ယပ်အလှူကြောင့်လည်းကောင်း၊ စိတ်၏တောင်းတမှုကြောင့်လည်းကောင်း၊ ကမ္ဘာတစ်သိန်းပတ်လုံး ဖရိုဖရဲကျရာ အပါယ်လေးပါးသို့ မရောက်လတံ့’’ဟု မိန့်တော်မူခဲ့ပုံ၊ ကမ္ဘာခြောက်သောင်းအထက်၌ ဗီဇမာနအမည်ရှိသော စကြဝတေးမင်း တစ်ဆယ့်မြောက်ကြိမ်ဖြစ်ခဲ့ပုံ၊ ဤဂေါတမဘုရားရှင် သာသနာတော်၌ ခုနစ်နှစ်သားအရွယ်တွင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိနယဓရဝတ္ထု

ဤဝတ္ထု၌ ကျောင်းတိုက်ကြီး တစ်တိုက်လုံးရှိ ရဟန်းတို့သည် ဝိနည်းအရာ မကျွမ်းကျင်ကြ၊ ကံကြီး ကံငယ် အသွယ်သွယ်ကို မဆောင်ရွက်နိုင်ကြပုံ၊ ထိုကျောင်းတိုက်သို့ ဗဟုဿုတရှိပြီး ဝိနည်းကျွမ်းကျင်ပညာရှိ လဇ္ဇီသူမွန် ရဟန်းတစ်ပါး ကြွရောက်လာလျှင် ထိုအာဂန္တုရဟန်းကို ဝိုင်းဝန်းကူညီ ပြုစုလုပ်ကျွေး အားပေးရမည်ဖြစ်ပြီး ဝတ်ကြီးဝတ်ငယ် အသွယ်သွယ် ပြုစုကာ ပျော်အောင် ထားရမည်ဟု ဘုရားရှင်က မိန့်တော်မူခဲ့ပုံ၊ ထိုသို့ မပြုစုပါက ဒုက္ကဋ် အာပတ်သင့်စေဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိနိစ္ဆကမဟာမတ္တဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော်တို့သည် ဆွမ်းစားအပြန် မိုးရွာချသဖြင့် တရားရုံးသို့ မိုးဝင်ခိုကြပုံ၊ တရားသူကြီးတို့သည် လာဘ်စားကြပြီး မဟုတ်မတရား ဆုံးဖြတ်နေသည်ကို တွေ့ကြရပုံ၊ ကျောင်းရောက်သောအခါ ဘုရားရှင်အား လျှောက်ထားကြပုံ၊ ဘုရားရှင်က အဂတိကင်း ဆင်ခြင်ခြင်း အပြည့်ဖြင့် စစ်ဆေးမှသာ တရားနည်းလမ်းကျသော တရားသူကြီးများဖြစ်နိုင်ကြောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိနီလဇာတက

ဤဇာတ်တော်၌ ဟင်္သာနှင့် ကျီးမတို့ နှီးနှောရာမှ မွေးဖွားလာသော ဝိနီလသည် ဘဝကို မေ့ကာ မတုပသင့်သူနှင့် တုပနေသဖြင့် ကျီးတို့ ပျော်ရာ မစင်ပုံအမှိုက်ပုံသို့သာ ပြန်ပို့ခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိပက္ခသေဝကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဝေဠုဝန်ကျောင်းနေ ရဟန်းတစ်ပါးသည် မိတ်ဆွေဖြစ်သူ ဒေဝဒတ်၏တပည့် ရဟန်းတစ်ပါးနှင့် ပေါင်းသင်းကာ ဒေဝဒတ်၏ လာဘ်လာဘများကို သုံးဆောင်မီီှဝဲပုံ၊ ထိုအကြောင်းအရာကို ရဟန်းတော်များ သိကြ၍ ဘုရားရှင်ထံ သွားရောက်လျှောက်ထားကြပုံ၊ ဘုရားရှင်က ဝိပက္ခသေဝကရဟန်းကို အကြောင်းပြု၍ မဟိဠာမုခဇာတ်ကို ဟောကြားသဖြင့် ရဟန်းတော်များ တရားထူးရကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိပဿီဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ ဝိပဿီဘုရားရှင်သည် ဗန္ဓုမတီနေပြည်တော်ရှိ ခမည်းတော် ဗန္ဓုမမင်းကြီးနှင့် မယ်တော်ဗန္ဓုမတီဒေဝီတို့မှ မွေးဖွားခဲ့ပုံ၊ သုတနုဒေဝီနှင့် နန်းစည်းစိမ်ခံစားကာ သမဝဋ္ဋက္ခန္ဓ သားတော်မွေးဖွားခဲ့ပုံ၊ အာဇာနည်မြင်းရထားဖြင့် တောထွက်ကာ သခွတ်ဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူပုံ၊ ခဏ္ဍမထေရ်နှင့် တိဿမထေရ်-ဟူသော အဂ္ဂသာဝကနှစ်ပါး ရှိတော်မူပုံ၊ အသောကမထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ၊ ထိုအချိန်၌ ဂေါတမဗုဒ္ဓလောင်းလျာသည် အတုလနဂါမင်းဘဝဖြင့် နိယတဗျာဒိတ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊) (အဘိ၊ဋ္ဌ၊၁၊၆၉) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိဗ္ဘန္တဘိက္ခုဝတ္ထု

ဤဝတ္ထု၌ အရှင်မဟာကဿပမထေရ်၏ တပည့် ရဟန်းတစ်ပါးသည် ကမ္မဋ္ဌာန်းတရားအားထုတ်ပြီး စတုတ္ထဈာန်ကို ရရှိခဲ့ပုံ၊ တစ်နေ့သောအခါ ရွှေပန်းထိမ်သည်၏ သမီးကို ချစ်ခင်စွဲလမ်းပြီး လူထွက်ခဲ့ပုံ၊ ရဟန်းလူထွက်သည် အလုပ်မလုပ်ဘဲ ပျင်းရိလွန်းသဖြင့် အိမ်မှ နှင်ထုတ်ခံရသောအခါ ခိုးသူများနှင့် ပေါင်းသင်းပြီး အသက်မွေးဝမ်းကျောင်း ပြုခဲ့ပုံ၊ တစ်နေ့သောအခါ ခိုးမှုဖြင့် အဖမ်းခံရပြီး သတ်မိန့်ကျသဖြင့် ရဟန်းလူထွက် သူခိုးအား သူသတ်ကုန်းသို့ ခေါ်ဆောင်သွားစဉ် အရှင်မဟာကဿပမထေရ်နှင့် တွေ့ဆုံခဲ့ပုံ၊ အရှင်မဟာကဿပမထေရ်က ယခင် အားထုတ်ခဲ့ဖူးသော ကမ္မဋ္ဌာန်းတရားကို ရှုမှတ်ပွားများရန် သတိပေးသဖြင့် ရှုမှတ်ပွားများရာ ရဟန်းလူထွက်သူခိုး စတုတ္ထဈာန်ကို တစ်ဖန် ရရှိပြီး အချုပ်အနှောင်မှ လွတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိဘီတကမိဉ္ဇိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝိဘီတကမိဉ္ဇိယမထေရ်လောင်း အမျိုးကောင်းသားသည် ကကုသန္ဓ မြတ်စွာဘုရားအား သစ်ဆိမ့်သီးအစေ့တို့ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိမလကောဏ္ဍညတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ရွှေပန်း(၄)ပွင့်တို့ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌သာ ဖြစ်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဗိမ္ဗိသာရမင်းနှင့် အမ္ဗပါလိပြည့်တန်ဆာမတို့၏သား ဖြစ်ခဲ့ပုံ၊ ဝေသာလီပြည်သို့ ဘုရားရှင် ကြွရောက်လာစဉ် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့၍ မကြာမီ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိမလတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်ကို ဖူးတွေ့ရ၍ ကြည်ညိုသော စိတ်ဖြင့် ခရုသင်းမှုတ်ကာ ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့သားတစ်ဦး ဖြစ်ပြီး ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိမလတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝိမလမထေရ်လောင်းလျာသည် ပရိနိဗ္ဗာန်စံလွန်တော်မူသော ပဒုမုတ္တရ ဘုရားရှင်၏ အန္တိမဈာပနသဘင် ကျင်းပရာနေရာ၌ မြတ်လေးပန်းများဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ ဝိမလပုဏ္ဏား ဖြစ်လာပုံ၊ အရှင်သောမိတ္တမထေရ်ထံ ရဟန်းပြု၍ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိမလာထေရီဝတ္ထု

ဤဝတ္ထု၌ ဝေသာလီမြို့မှ ပြည့်တန်ဆာမတစ်ဦးဖြစ်သူ ဝိမလာသည် ဆွမ်းခံကြွလာသော အရှင်မဟာမောဂ္ဂလာန်ကို နှစ်သက်စွဲလမ်း၍ သီတင်းသုံးရာကျောင်းသို့ လိုက်ပြီး ဖြားယောင်းခဲ့ပုံ၊ အရှင်မဟာမောဂ္ဂလာန်က ခန္ဓာကိုယ်၏မတင့်တယ်ပုံကို ပြ၍ ဆုံးမသဖြင့် သူမသည် အရှက်အကြောက်ဝင်ကာ သံဝေဂရ၍ ဘိက္ခုနီဝတ်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိရဝပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရဟန္တာတစ်ထောင်နှင့်တကွ ကြွသွားတော်မူသော ဘုရားရှင်ကို ဖူးမြင်ရ၍ ကြည်ညို သဒ္ဓါစိတ်ဖြစ်ကာ ဝိရဝမည်သောပန်းကို ယူ၍ ဘုရားရှင်အား လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ရခြင်းမရှိဘဲ ဤဂေါတမဘုရားရှင့် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိရောစဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကေသရာဇာခြင်္သေ့မင်း ဖြစ်၍ရွှေဂူ၌ နေစဉ် မြေခွေးတစ်ကောင်သည် ခြင်္သေ့မင်းကို မှီခိုနေ၍ ခြင်္သေ့မင်း၏ စားကြွင်းများကို စားကာ မာန်တက်ပုံ၊ ခြင်္သေ့ကို အတုလိုက်၍ အမုန်ယစ်နေသော ဆင်ကို ဖမ်းအုပ်ရန် ရွှေဂူပေါ်မှ ခုန်လိုက်ရာ ဆင်၏ ခြေရင်း၌ကျကာ ဆင်နင်းခံရပြီး သေဆုံးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိဝဏ္ဏပေတဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် အဇာတသတ်မင်းသည် မိမိအတွက် ဝေစုရသော ဘုရားရှင်၏ ဓာတ်တော်များကို ရက်ရှည်လများ ပူဇော်ခဲ့ပုံ၊ ရာဇဂြိုဟ်မြို့ရှိ သူကြွယ်တစ်ဦး၏ ဇနီးမယားနှင့် သမီးချွေးမတို့က ဓာတ်တော်ပူဇော်ရန် သွားကြပုံ၊ သူကြွယ်က ‘‘အရိုးကို ပူဇော်ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း’’ဟု ပြောကြားခဲ့သဖြင့် ပြိတ္တာဘဝ ရောက်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၇၉) (ပေတ၊ဋ္ဌ၊၁၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိသယှဇာတက

ဤဇာတ်တော်၌ ဘုရားလောင်း ဝိသယှသူဌေးသည် မြို့တံခါးလေးပေါက်၊ မြို့လယ်၊ မိမိ၏ အိမ်တံခါး ဤခြောက်ပါးသောဌာနတို့၌ အလှူဇရပ်များကို ဆောက်လုပ်ကာ နေ့စဉ်နေ့တိုင်း အသပြာခြောက်သိန်း အကုန်ကျခံ၍ အလှူဒါန ပြုလုပ်ခဲ့ပုံ၊ သိကြားမင်းက မိမိ၏ ဘုံဗိမာန် ဝိသယှသူဌေးထံ ရောက်မည်စိုးသဖြင့် သူဌေးကြီး၏ ပစ္စည်းဥစ္စာအားလုံးကို ကွယ်ဝှက်ထားခဲ့ပုံ၊ သူဌေးဇနီးမောင်နှံ နှစ်ယောက်တို့သည် အလှူဒါနဝတ်ကို မဖြတ်လိုသဖြင့် မြက်ရိတ်ရောင်းကာ အလှူဒါန ပြုခဲ့ကြပုံ၊ ခုနစ်ရက်မြောက်သောနေ့၌ အစာအာဟာရပြတ်ပြီး လဲနေသောအခါ သိကြားမင်းက ‘‘နောက်နောင် အလှူဒါန မပြုလုပ်တော့ပါ’’ ဟု ကတိပြုလျှင် ပစ္စည်းဥစ္စာများ ပြန်ပေးမည်ဖြစ်ကြောင်း ပြောကြားပုံ၊ ဝိသယှသူဌေးက လက်မခံဘဲ ဆက်လက်၍ လှူမြဲလှူမည်ဖြစ်ကြောင်း၊ မိမိ၏ အလှူဒါနသည် သိကြား၊ ဗြဟ္မာဖြစ်ဖို့ရန်အတွက် မဟုတ်၊ သဗ္ဗညုဉာဏ် ရဖို့ရန်သာ ရည်ရွယ်ကြောင်း ပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိသဝန္တဇာတက

ဤဇာတ်တော်၌ အရှင်သာရိပုတ္တရာလောင်း မြွေဟောက်ဘဝ၌ ဖြစ်စဉ် လူတစ်ယောက်ကို ကိုက်မိသဖြင့် ဆေးဆရာက မန္တန်ဖြင့် မြွေဟောက်ကို ခေါ်ပြီး အဆိပ်ကို ပြန်စုပ်ခိုင်းပုံ၊ မြွေဟောက်က အသက်သာ အသေခံမည်၊ စွန့်ပြီးသားအဆိပ်ကို ပြန်မမြိုဟု ဆိုကာ ဆေးဆရာစီမံထားသော မီးပုံကြီးဆီသို့ ဦးတည် သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိသာခတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပါဋလိပုတ်ပြည်သား ဝိသာခသူဌေးသည် ‘‘သီဟိုဠ်ကျွန်းသည် စေတီတော်များဖြင့် ပြည့်နှက်၍ သင်္ကန်းရောင်တို့ဖြင့် ဝင်းဝင်းပြောင်လျက် ရှိ၏။ ဥတုသပ္ပါယစသည်နှင့် ပြည့်စုံ၍ တရားဓမ္မနာယူ ပွားများအားထုတ်ရန်လည်း လွယ်ကူ၏’’ ဟု ကြားသိကာ ပစ္စည်းဥစ္စာများကို သားမယားတို့အား အပ်နှင်းပြီး သီဟိုဠ်ကျွန်းသို့ သွားခဲ့ပုံ၊ သီဟိုဠ်ကျွန်းသို့ ရောက်သောအခါ မဟာဝိဟာရသို့ သွားကာ ရဟန်းဝတ်၍ တစ်နေရာ၌ လေးလမျှသာ နေထိုင်သီတင်းသုံးလေ့ရှိပုံ၊ စိတ္တလတောင်ပေါ်ကျောင်း၌ လေးလနေထိုင်ပြီး တခြားနေရာသို့ ပြောင်းရွှေ့မည်ပြုစဉ် သပြေပင်စောင့်နတ်က ငိုယိုလျက် လျှောက်ထားတောင်းပန်သဖြင့် ထိုတောင်၌ပင် ပရိနိဗ္ဗာန်စံသည်အထိ သီတင်းသုံးနေထိုင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋီ၊၃၊၃၅၉) (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၃၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိသာခပဉ္စာလပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝိသာခပဉ္စာလပုတ္တမထေရ်လောင်းလျာသည် ပစ္စေကဗုဒ္ဓါတစ်ပါးကို သပျစ်သီ, သခွားသီ, ဖရဲသီး စသည်တို့ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်၌ ဝိသာခပဉ္စာလပုတ္တမင်း ဖြစ်လာပုံ၊ မြတ်စွာဘုရားအထံမှ တရားနာရပြီး ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိသာခါယသဟာယိကာဝတ္ထု

ဤဝတ္ထု၌ ဝိသာခါ၏သူငယ်ချင်း အမျိုးသမီးငါးရာတို့သည် သုရာပွဲသဘင်၌ မိမိတို့၏ ခင်ပွန်းများအတွက် သေရည်အရက် စီရင်ပေးကြပုံ၊ ဥယျာဉ်ကစား သွားပါဦးမည်ဟု ဝိသာခါထံ ခွင့်ပန်ကာ အရက်အကြွင်းအကျန်များကို ဥယျာဉ်အတွင်း၌ သောက်စားမူးယစ်ကြသဖြင့် ဝိသာခါ သိရှိပြီး နောင်အခါ ဥယျာဉ်ကစားခွင့် မပြုတော့ပုံ၊ ထိုအကြောင်းအရာကို ထိုအမျိုးသမီးတို့၏ ခင်ပွန်းများ သိရှိသွားပြီး ရိုက်နှက်ကြပုံ၊ တစ်နေ့သောအခါ ဝိသာခါနှင့်အတူ ဇေတဝန်ကျောင်းတော်သို့ သွားစဉ် အရက်များကို ဝှက်ယူလာပြီး ကျောင်းတွင်း၌ အရက်ခိုးသောက်သဖြင့် အရက်မူးပြီး ဘုရားရှင်၏ တရားပွဲသဘင်အတွင်း၌ လက်ခုပ်တီးကာ ကခုန်ကြပုံ၊ ဘုရားရှင်က တန်ခိုးပြကာ အမူးပြေစေပြီး တရားဟောသဖြင့် ဝိသာခါ၏ သူငယ်ချင်း အမျိုးသမီးငါးရာတို့ သောတာပန် တည်သွားခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိသာခါဝတ္ထု

ဤဝတ္ထု၌ ဝိသာခါလောင်းလျာ အမျိုးသမီးသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌တွင် အဖိုးတစ်သိန်းထိုက်တန်သော အလှူဒါနကို ပေးလှူခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် မြတ်သောအလုပ်အကျွေးဒါယိကာမဆုကို ကမ္ဘာတစ်သိန်း ကာလပတ်လုံး လူချမ်းသာ နတ်ချမ်းသာတို့ဖြင့် ကျင်လည်လှည့်လည်ခဲ့ရ၍ ဤဂေါတမဘုရားရှင်လက်ထက်တော် ဘုရားရှင်နှင့် ပထမဦးဆုံး တွေ့ရသည့်အချိန်၌ပင် သောတာပန် တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၁၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိသာခါဝတ္ထု

ဤဝတ္ထု၌ ဝိသာခါလောင်းလျာ အမျိုးသမီးသည် ပဒုမုတ္တရဘုရားရှင် ခြေတော်ရင်း၌ ကောင်းမှုပြုကာ ဆုတောင်းမှု ပြုခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ဝိသာခါဒါယိကာမ ဖြစ်ခဲ့ပုံ၊ မဟာလတာတန်ဆာကို ရောင်းချ၍ ကျောင်းဆောက် လှူဒါန်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၁၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိသာခါဝတ္ထု

ဤဝတ္ထု၌ ဝိသာခါသည် ဘုရားရှင်အား ဆွမ်းစားပင့်ပြီးနောက် ကျွန်မတစ်ယောက်ကို ဆွမ်းစားချိန် လျှောက်ခိုင်းခဲ့ပုံ၊ လေးကျွန်းအနှံ့ မိုးကြီးရွာသောကြောင့် ရဟန်းတို့ ကိုယ်တုံးလုံး ရေချိုးနေသည်ကို တွေ့မြင်ခဲ့သဖြင့် ကျွန်မသည် ဝိသာခါကို ပြန်ပြောပြပုံ၊ ဝိသာခါသည် ဘုရားရှင်ထံ ဆု(၈)ပါးတောင်းပြီး ကိုယ်တုံးလုံး ရေချိုးခြင်းသည် စက်ဆုတ်ရွံရှာဖွယ် ဖြစ်၍ ကြည်ညိုဖွယ် မကောင်းကြောင်း၊ ထို့ကြောင့် သံဃာတော်အား တစ်သက်လုံး မိုးရေခံသင်္ကန်း လှူခွင့်ပြုရန် လျှောက်ထားသဖြင့် ဘုရားရှင် ခွင့်ပြုသောကြောင့် မိုးရေခံသင်္ကန်း လှူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိသာခါဝတ္ထု

ဤဝတ္ထု၌ ဝိသာခါလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ဒါယိကာမအရာ ဧတဒဂ်ရသော ဥပါသိကာမတစ်ဦးကို အားကျ၍ ကုသိုလ်ပြုကာ ထိုဧတဒဂ်ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကံ အကျိုးဆက်ကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ အင်္ဂတိုင်း ဘဒ္ဒိယမြို့ မေဏ္ဍကသူဌေး၏မြေး၊ ဓနဉ္စယသူဌေး၏သမီး ဖြစ်၍ အသက်(၇)နှစ်အရွယ်၌ပင် သောတာပန် ဖြစ်ခဲ့ပုံ၊ ပုဗ္ဗာရုံကျောင်းကြီးကို ဆောက်လုပ်လှူဒါန်း၍ ဒါယိကာမအရာ ဧတဒဂ်ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၄၃) (အံ၊ဋ္ဌ၊၁၊၃၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိသာခါဝတ္ထု

ဤဝတ္ထု၌ ဝိသာခါအတွက် ပေးပို့လိုက်သော ပစ္စည်းဥစ္စာရတနာများအပေါ် ကောသလမင်း၏ အကောက်ခွန်ဝန်ထမ်းများက အခွန်အခ ပိုမိုကောက်ခံခဲ့ပုံ၊ ဝိသာခါသည် ကောသလမင်းကို တိုင်ကြားရန် နန်းတော်ကြီးသို့ သွားခဲ့ပါသော်လည်း အချိန်သာကုန်ဆုံး၍ မင်းနှင့် မတွေ့ဆုံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၁၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိသာခါဝတ္ထု

ဤဝတ္ထု၌ ဝိသာခါကျောင်းအမကြီး၏သားမှ မွေးဖွားသော မြေးမလေးသည် လိမ္မာရေးခြားရှိပုံ၊ အိမ်သို့ ကြွလာသော သံဃာတော်တို့၏ ဝတ်ကြီးဝတ်ငယ်အသွယ်သွယ်တို့ကို ဖြည့်ကျင့်တတ်၍ ဝိသာခါအပြင်ထွက်ရာ၌လည်း အားကိုးရသော အဖော်မွန် ဖြစ်ခဲ့ပုံ၊ တစ်နေ့တွင် ထိုမြေးမလေး ရောဂါဖြင့် ကွယ်လွန်သောကြောင့် သောတာပန် ဝိသာခါ သောကရောက်ရပုံ၊ မြတ်စွာဘုရားက ‘‘ချစ်မြတ်နိုးမှုကြောင့် သောကဖြစ်ပေါ်ရသည်၊ ချစ်မြတ်နိုးမှု ကင်းမှ သောက ကင်းမည်’’ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၃၈၄) (ဓမ္မ၊ဋ္ဌ၊၂၊၁၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိသာခါဝတ္ထု

ဤဝတ္ထု၌ ဝိသာခါသည် မိန်းမတို့၌ ရှိသင့်သော ကောင်းခြင်းငါးသွယ်နှင့် ပြည့်စုံပုံ၊ ဝိသာခါသတို့သမီး၏ မင်္ဂလာဆောင်ပွဲ ဆင်နွှဲရာ၌ ကြီးကျယ်ခမ်းနားပုံ၊ မဟာလတာတန်ဆာ၌ ပါဝင်သော ရတနာ ပစ္စည်းများနှင့် တန်ဖိုးများကို ဖော်ပြထားပုံ၊ ဝိသာခါအတွက် ဖခင်က အမွေပေးပုံ၊ အမျိုးသမီးတိုင်း လိုက်နာသင့်သော ဝိသာခါအတွက် အဆုံးအမဩဝါဒဆယ်ချက်ကို ဖော်ပြထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိသာခါဝတ္ထု

ဤဝတ္ထု၌ ဝိသာခါကျောင်းအမကြီးသည် ဥယျာဉ်သို့ သွားရန် ဝတ်စားဆင်ပြင်၍ ထွက်လာစဉ် ဘုရားရှင်ထံ ချဉ်းကပ်ရန် စိတ်ကူးရပြီး လက်ဝတ်ရတနာများကို အထုပ်ထုပ်၍ ကျွန်မအား အပ်ထားပြီး ဘုရားရှင်ထံ ချဉ်းကပ်၍ တရားနာပုံ၊ တရားနာရာမှ အပြန်တွင် ရတနာထုပ်ကို ကျွန်မက မေ့ကျန်ရစ်ခဲ့ပုံ၊ ရဟန်းတော်တို့က တွေ့၍ ဘုရားရှင်အား လျှောက်ထားရာ ကျောင်းတွင်း၌ တွေ့ရသော ရတနာများကို သိမ်းထားရမည်ဟု ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိသာလက္ခီဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် ဓာတ်တော်ပူဇော်ပွဲမှ သရီရဓါတ်တော်များကို ယူဆောင်၍ အဇာတသတ်မင်းသည် ဓာတ်တော်ပူဇော်ပွဲနှင့် စေတီတည်ပွဲ ကျင်းပခဲ့ပုံ၊ ရာဇဂြိုဟ်မြို့သူ ရွှေပန်းတိမ်သည်၏သမီး သုနန္ဒာမည်သော ဥပါသိကာမသည် စေတီတော်ကို ပန်းများဖြင့် ပူဇော်ခဲ့သည့် ကုသိုလ်ကံကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိဿာသဂဟဏဝတ္ထု

ဤဝတ္ထု၌ ရောဇမလ္လမင်းသားသည် အရှင်အာနန္ဒာ၏သူငယ်ချင်း ဖြစ်ရာ ရောဇသည် ခေါမတိုင်းဖြစ် အဝတ်အဟောင်းကို မထေရ်ထံ အပ်ထားပုံ၊ မထေရ်မှာလည်း ထိုအဝတ်ကို လိုအပ်နေသဖြင့် ဘုရားရှင်အား လျှောက်ထားရာ ခင်မင်သောအားဖြင့် ယူနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိဿာသဘောဇနဇာတက

ဤဇာတ်တော်၌ ခြင်္သေ့တစ်ကောင်သည် သမင်မ၌ ချစ်ကျွမ်းဝင်နေသည်ကို နွားကျောင်းသားက သိသဖြင့် သမင်မကို ပိုက်ဖြင့် ဖမ်းယူပြီး ထိုသမင်မတစ်ကိုယ်လုံးကို အဆိပ်သုပ်လိမ်းထားပုံ၊ ခြင်္သေ့ရှိရာသို့ လွှတ်လိုက်၍ ခြင်္သေ့က ချစ်နှစ်သက်စွာဖြင့် ထိုသမင်မကိုယ်ကို လျက်သောအခါ အသက်ဆုံးရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိဟာရဝတ္ထု

ဤဝတ္ထု၌ ဝိသာခါကျောင်းအမကြီးသည် ပွဲလမ်းသဘင်သွားရန် ဖီးလိမ်းပြင်ဆင်ပြီးနောက် ပွဲမသွားတော့ဘဲ ဇေတဝန်ကျောင်းတော်သို့ သွားကာ တရားနာယူခဲ့ပုံ၊ ကျောင်းတော်မှ အပြန်တွင် မဟာလတာ တန်ဆာမေ့ကျန်ခဲ့သဖြင့် ထိုမဟာလတာတန်ဆာကို ၉-ကုဋေဖြင့် ရောင်းကာ ကျောင်းဆောက်လှူဒါန်းခဲ့ပုံ၊ ကျောင်းရေစက်ချပွဲတော်၌လည်း ၉-ကုဋေအကုန်အကျခံကာ လှူဒါန်းပြီး မိမိ၏ သူငယ်ချင်း ငါးထောင်တို့အား ဝမ်းမြောက်ဝမ်းသာ အမျှအတန်းဝေပုံ၊ သူငယ်ချင်း ငါးထောင်တို့သည် ကွယ်လွန်ကြသောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ပြီး ဝိသာခါမှာမူ နိမ္မာနရတီနတ်ပြည်၌ သုနိမ္မိတနတ်မင်း၏ နတ်မိဘုရားကြီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၆၀) (ဝိမာန၊ဋ္ဌ၊၁၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝိဟာရာနုဇာနနဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ကျောင်းကို ခွင့်မပြုသေးသဖြင့် တောထဲ၊ တောင်ထဲ၊ သစ်ပင်အောက်၊ လိုဏ်ဂူ၊ သုသာန်၊ ကောက်ရိုးပုံ၊ လွင်တီးခေါင်တို့၌ နေထိုင်၍ စောစောစီးစီး ထကာ ကြည်ညိုဖွယ်ရာ ဆွမ်းခံဝင်ကြပုံကို ရာဇဂြိုဟ်သူဋ္ဌေး တွေ့မြင်ပြီး ကြည်ညိုလာကာ ကျောင်းလှူလိုစိတ် ဖြစ်ပေါ်လာပုံ၊ ဘုရားရှင်အား လျှောက်ထားရာ ခွင့်ပြုတော်မူသဖြင့် ကျောင်းအလုံးခြောက်ဆယ် ဆောက်၍ လှူခဲ့ပုံ၊ ဘုရားရှင်က စာတုဒ္ဒိသသံဃိကကျောင်းအဖြစ် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝီဏာထူဏဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သူဌေးမျိုး၌ ဖြစ်၍ မိမိ၏သားအတွက် ဗာရာဏသီ သူဌေးသမီးနှင့် ထိမ်းမြားရန် စီစဉ်ထားပုံ၊ ထိုသူဌေးသမီးသည် ဘို့ထနေသော နွားလားဥသဘကို လူတို့မြတ်နိုးသည်ကို မြင်၍ ခါးကုန်းပြီး ကျောတွင် ဘုပါသော လူတစ်ယောက်အား ယောက်ျားမြတ်ဟု ထင်မှတ်ကာ ထိုယောကျ်ားနှင့် လိုက်ပြေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝီတသောကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဝီတသောကမထေရ်လောင်းရသေ့သည် သိဒ္ဓတ္ထဘုရားရှင်ကို အဖူးမြော်လာစဉ် ဘုရားအာရုံဖြင့် စုတေခဲ့ပုံ၊ သူသည်ဂေါတမဘုရားရှင်၏ သာသနာတော်၌ တတိယသင်္ဂါယနာတင် သီရိဓမ္မာသောက မင်းကြီး၏ ညီတော် ဖြစ်လာပုံ၊ လူ့ဘဝဖြင့် သုတ္တန်နှင့် အဘိဓမ္မာပိဋကတို့၌ ကျွမ်းကျင်ပုံ၊ မုတ်ဆိတ်ရိတ်စဉ် မှန်ထဲတွင် ဆံပင်ဖြူများ ပေါက်နေသည်ကို သံဝေဂယူကာ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းသဖြင့် လူ့ဘဝဖြင့် သောတာပန်ဖြစ်ပုံ၊ နောင်တွင် ဂီရိဒတ္တမထေရ်ထံတွင် ရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝီထိသမ္မဇ္ဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ်တစ်ကမ္ဘာအထက်၌ မြို့သူမြို့သားတို့နှင့်အတူ လမ်းများကို တံမြက်လှည်းခြင်း၊ ရှင်းလင်းခြင်းအမှုကို ပြုခဲ့ပုံ၊ ခြောက်သောင်းတစ်ထောင်သော ရဟန္တာတို့ ခြံရံလျက် ကြွတော်မူလာသော သိခီဘုရားရှင်ကို ဖူးမြင်ရ၍ အထူးကြည်လင်သော စိတ်ဖြင့် ဘုရားရှင်ကြွလာသောလမ်းကို တံမြက်လှည်း၍ တံခွန်ကို စိုက်ထူပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားရောက်ရတော့ဘဲ လွန်ခဲ့သောလေးကမ္ဘာအထက်၌ သုဓဇဟုထင်ရှားသော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝီရကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဟိမဝန္တာတောတွင်း တစ်နေရာ၌ ရေအိုင်တစ်ခုကို အမှီပြုနေထိုင်သော တင်ကျီးငှက် ဖြစ်စဉ်၊ ဒေဝဒတ်လောင်းကျီးကန်း ရောက်ရှိလာပြီး ဘုရားလောင်း တင်ကျီးထံ ဆည်းကပ်ခစားခဲ့ပုံ၊ တင်ကျီးကို တုသဖြင့် ကျီးကန်း ရေနစ်သေဆုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝီရတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားအား ပန်းတို့ဖြင့်ပူဇော်ခဲသော ကုသိုလ်ကောင်းှုကြောင့် လူ့ပြည်နတ်ပြည်တို့၌ ကျင်လည်ခဲ့၍ သာသနာတော်၌ ဝီရမထေရ်-ဟူသော အမည်ဖြင့် (ထေရ၊ဋ္ဌ၊၁၊၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝုဍ္ဎပဗ္ဗဇိတဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သံဃာတော်ပေါင်း (၁၂၅၀)တို့နှင့်အတူ အာတုမာမြို့သို့ ကြွရောက်တော်မူခဲ့ပုံ၊ ဆတ္တာသည်ဖြစ်ခဲ့ဖူးသော တောထွက်ရဟန်းကြီးတစ်ပါးသည် မိမိ၏သားနှစ်ဦးဖြစ်သော ကိုရင်ငယ်တို့ကို စေလွှတ်၍ အိမ်စဉ်လှည့်ကာ ဆန်, ဆီ, ဆား စသည်တို့ကို စုဆောင်းစေပုံ၊ ယာဂုကျို၍ ဘုရားရှင်အား ဆက်ကပ်သောအခါ မအပ်စပ်၍ ဘုရားရှင်က ငြင်းပယ်လိုက်သဖြင့် တောထွက်ရဟန်းကြီးက ရန်ငြိုးဖွဲ့ခဲ့ပုံ၊ ဘုရားရှင်က ‘‘ရဟန်းတို့သည် မအပ်စပ်သော နည်းဖြင့် စားဖွယ်သောက်ဖွယ်များကို မစုဆောင်းရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၄၇) (ဒီ၊ဋ္ဌ၊၂၊၁၉၁) (သာရတ္ထ၊ဋီ၊၁၊၂၉) (သာရတ္ထ၊ဋီ၊၃၊၃၃၂) (သီ၊ဋီ၊သစ်၊၁၊၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝုဍ္ဎပဗ္ဗဇိတသုမနာထေရီဝတ္ထု

ဤဝတ္ထု၌ ဝုဍ္ဎပဗ္ဗဇိတသုမနာထေရီလောင်းလျာသည် ရှေးရှေးဘုရားရှင်တို့အထံ၌ ကောင်းမှုကုသိုလ်များ ပြုလုပ်အားထုတ် ဆည်းပူးခဲ့၍ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိပြည် မဟာကောသလမင်းကြီး၏နမ ဖြစ်လာပုံ၊ ကောသလမင်းကြီးအား ဘုရားရှင်က ‘‘ငယ်ရွယ်သော်လည်း အထင်မသေးသင့်၊ မထီမဲ့မြင် မပြုသင့်သောအရာ လေးမျိုးအကြောင်း’’ ရှင်းလင်းဟောကြားသော တရားတော်ကို ကြားနာရသောအခါ သရဏဂုံသီလဆောက်တည်ပြီး ဘိက္ခုနီဝတ်လိုသော်လည်း အဖွားကို ပြုစုစောင့်ရှောက်နေရသဖြင့် မဝတ်ခဲ့ရပုံ၊ အဖွားဖြစ်သူ ကွယ်လွန်သောအခါ ဇေတဝန်ကျောင်းတော်သို့ သွား၍ အဝတ်အခင်းခြုံထည်များကို သံဃာတော်များအား ပေးလှူစဉ် ဘုရားရှင်၏ တရားတော်ကို နာကြားရသဖြင့် အနာဂါမ်တည်ကာ ဘိက္ခုနီ ဝတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊၃၇၉) (ထေရီ၊ဋ္ဌ၊၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝေဒဗ္ဗဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် တစ်ခုသောရွာငယ်၌ ဝေဒဗ္ဗပုဏ္ဏားကြီး၏ တပည့်တစ်ဦး ဖြစ်ခဲ့ပုံ၊ တစ်နေ့သောအခါ မိမိရွာမှ ထွက်၍ စေတတိုင်းသို့ သွားစဉ် လမ်းခရီးအကြား၌ ခိုးသူတို့၏ ဖမ်းဆီးနှောင်ဖွဲ့ခံခဲ့ရပုံ၊ ခိုးသူများက တပည့်ကို ငွေရှာရန် ပြန်လွှတ်လိုက်ပြီး ဆရာဖြစ်သူ ဝေဒဗ္ဗပုဏ္ဏားကြီးကို ဖမ်းထားပုံ၊ တပည့်ဖြစ်သူ ဘုရားအလောင်းက မိမိဆရာအား မကြာမီရက်အတွင်း၌ ရတနာမိုးရွာသွန်းစေနိုင်သော နက္ခတ်နှင့် ယှဉ်တော့မည်ဖြစ်ကြောင်း၊ ဝေဒဗ္ဗမန္တန်ကို မရွတ်ဆိုဖို့ အကြောင်း၊ ရွတ်ဆိုလျှင် အားလုံးသေကျေပျက်စီးကြမည်ဖြစ်ကြောင်း အတန်တန် မှာကြားသော်လည်း နားမထောင်ဘဲ ပုဏ္ဏားသည် နက္ခတ်နှင့် ယှဉ်သောအခါ ဝေဒဗ္ဗမန္တန်ကို ရွတ်ဆိုပြီး ရတနာမိုးကိုရွာသွန်းစေသဖြင့် ခိုးသားတစ်ထောင်နှင့်တကွ မိမိပါ သေကျေပျက်စီးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝေဒိကာရကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဤမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရား၏ ဗောဓိပင်အောက်ခြေ မြေအရပ်၌ ပွတ်လုံး ပွတ်တိုင် ပြုလုပ်လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် ဒုဂ္ဂတိဘုံသို့ မလားရောက်ခဲ့ရဘဲ ဘဝတိုင်း၌ ကောင်းကင်မှ ပစ္စည်းမျိုးစုံတို့ အလိုလို ကျရောက်လာပုံ၊ ဤဂေါတမဗုဒ္ဓလက်ထက်ဝေဒိကာမထေရ်-ဟူသော အမည်ဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝေဒေဟိကာဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိပြည်၌ ဝေဒေဟိကာအမည်ရှိသော အိမ်ရှင်မတစ်ယောက်သည် နူးညံ့သိမ့်မွေ့ပြီး သူမ၏ကောင်းသတင်းသည် တစ်မြို့လုံး၌ပျံ့နှံ့ခဲ့ပုံ၊ အိမ်မှုကိစ္စကျွမ်းကျင်သော ကာဠီအမည်ရှိသော ကျွန်မတစ်ယောက်သည် ဝေဒေဟိကာ၏ ကောင်းသတင်း တကယ်ရှိ မရှိ စုံစမ်းရာ သုံးရက်မြောက်နေ့၌ ဝေဒေဟိကာက ကာဠီ၏ ဦးခေါင်းကို ရိုက်ခွဲခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၁၊၁၇၆) (မ၊ဋ္ဌ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝေနသာခဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခဆရာကြီး ဖြစ်စဉ် ဗာရာဏသီမင်း၏ သား ဗြဟ္မဒတ္တမင်းသားကို အတတ်ပညာများ သင်ကြားပေးပြီးနောက် ‘‘သူတစ်ပါးတို့အား အနိုင်အထက် မပြုသင့်ကြောင်း၊ ကောင်းမှုပြုလျှင် ကောင်းကျိုး၊ မကောင်းမှုပြုလျှင် မကောင်းကျိုးကို ခံစားရမည် ဖြစ်ကြောင်း’’ ဆုံးမဩဝါဒပေးလိုက်ပုံ၊ ဗြဟ္မဒတ္တမင်းသားသည် ဗာရာဏသီမင်းအဖြစ်ကို ရရှိလာသောအခါ ဒေဝဒတ်လောင်း ပိင်္ဂိယပုရောဟိတ်နှင့်ပေါင်း၍ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အုပ်ချုပ်ရန် မင်းပေါင်းတစ်ထောင်တို့အား တိုက်ခိုက်ဖမ်းယူပုံ၊ ဗြဟ္မဒတ္တမင်းသည် တက္ကသိုလ်ပြည်ကိုပါ တိုက်ခိုက်သိမ်းပိုက်ရန် သွားစဉ် ဘုရားအလောင်းက မြို့ကို အခိုင်အခံ့ စီမံထားသဖြင့် တိုက်ခိုက်၍ မရပုံ၊ ထိုအခါ ပိင်္ဂိယပုရောဟိတ်၏ အကြံပေးချက်အရ ဗြဟ္မဒတ္တမင်းက ဖမ်းထားသော မင်းတစ်ထောင်တို့၏ မျက်လုံးများကို ဖောက်ထုတ်၍ ဂင်္ဂါမြစ်ကမ်းအနီးရှိ ညောင်ပင်ကြီးတစ်ပင်၌ ယဇ်ပူဇော်ပုံ၊ တက္ကသိုလ်ပြည်၏ ပြအိုး(ပစ္စင်)မှ ဘီလူးတစ်ကောင် ရောက်ရှိလာပြီး ဗြဟ္မဒတ္တမင်း၏ ညာဘက်မျက်လုံးကို ဖောက်ထုတ်ပုံ၊ ဗြဟ္မဒတ္တမင်းကြီးသည် ဆင်းရဲဝေဒနာ ပြင်းစွာခံစားရလျက် ညောင်ပင်ရင်း၌ ပက်လက်အိပ်နေစဉ် လင်းတတစ်ကောင် ချီလာသော အမဲရိုးပြုတ်ကျပြီး မင်းကြီး၏ ဘယ်ဘက်မျက်လုံးကို ထိုးဖေါက်သွားပုံ၊ ထိုအချိန်ကျမှ ဒိသာပါမောက္ခဆရာကြီး၏ ဩဝါဒစကားကို သတိရပြီး ယောင်ယမ်းမြည်တမ်းပြောဆိုလျက် သေဆုံးသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝေပစိတ္တိအသုရိန္ဒဝတ္ထု

ဤဝတ္ထု၌ အသုရာနှင့် နတ်တို့ စစ်ပွဲဖြစ်ပွားကြသောအခါ အသုရာတို့က တာဝတိံသာနတ်တို့အား စစ်နိုင်လျှင် နတ်တို့သနင်း သိကြားမင်းကို ဖမ်းဆီး၍ လည်ပင်း၌ ကြိုးကွင်းစွပ်ကာ ဆွဲခေါ်ခဲ့ရန် အမိန့်ပေးပုံ၊ သိကြားမင်းကလည်း တာဝတိံသာနတ်တို့ကို အသုရာတို့အား စစ်နိုင်လျှင် ဝေပစိတ္တိအသုရာကို လည်ပင်းကြိုးကွင်းတပ်၍ ဖမ်းခဲ့ရန် အမိန့်ပေးထားပုံ၊ တစ်ခါတွင် တာဝတိံသာနတ်တို့က စစ်နိုင်သဖြင့် ဝေပစိတ္တိအသုရာကို လည်ပင်းကြိုးကွင်းတပ်၍ ဖမ်းလာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၄၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝေမာနိကပေတီဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တော်၌ သောတာပန်ဥပါသကာသည် မိမိ၏ ဇနီး သူတစ်ပါးနှင့် ဖောက်ပြန်နေသည်ကို တွေ့မြင်ကာ မေးမြန်း စစ်ဆေးခဲ့ပုံ၊ ဥပါသကာ၏ဇနီး ကွယ်လွန်သည့်အခါ ကဏ္ဍမုဏ္ဍကရေအိုင်အနီး၌ ဝေမာနိကပြိတ္တာမ ဖြစ်ပြီး ညစဉ်ညတိုင်း ခွေးစားခံရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၁၇၈) (အံ၊ဋီ၊၃၊၁၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝေယျာဝစ္စကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် မိမိ၌ လှူဖွယ်ပစ္စည်းမရှိ၍ ကုသိုလ်ရေးအသင်းအဖွဲ့များတွင် အလုံးစုံသော ကိစ္စတို့၌ ကြောင့်ကြစိုက်ကာ (ဝေယျာဝစ္စ)တို့ကို စိတ်ပါလက်ပါ ဆောင်ရွက်ခဲ့ပုံ၊ ဤကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့တော့ဘဲ ရှစ်ခုမြောက်ကမ္ဘာ၌ သုစိန္တိတမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၁၊၁၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝေရဉ္ဇဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဝေရဉ္ဇာမြို့ နဠေရုတမာပင်ရင်း၌ သီတင်းသုံးတော်မူစဉ် ဝေရဉ္ဇပုဏ္ဏားကြီး ရောက်လာပြီး ဘုရားရှင်အား အယူအဆများနှင့် ပတ်သက်၍ ပြစ်တင်ရှုတ်ချပုံ၊ ဘုရားရှင်၏ ရှင်းပြချက်ကြောင့် ကျေနပ်နားလည်ပြီး ဝေရဉ္ဇာ၌ ဝါကပ်ရန် ပင့်သွားပုံ၊ ဘုရားရှင် ဝေရဉ္ဇာတွင် သံဃာငါးရာနှင့် ဝါကပ်စဉ် ဝေရဉ္ဇာမြို့ အစာရေစာငတ်မွတ်ခေါင်းပါးဘေး ဆိုက်ရောက်ပုံ၊ မြင်းကုန်သည်တို့ထံမှ မြင်းစာ ဂျုံကြမ်းများကို ဆုံဖြင့် ဖွပ်၍ ဘုဉ်းပေးကြရပုံ၊ အရှင်သာရိပုတ္တရာမထေရ်က သာသနာတော် အရှည်တည်ရန် သိက္ခာပုဒ် ပညတ်ရန် လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ခေတ္တဆိုင်းငံ့ရန် မိန့်တော်မူပုံ၊ ဝါကျွတ်သောအခါ ဝေရဉ္ဇပုဏ္ဏားကြီးကို ပန်ကြား၍ ဝေသာလီသို့ ကြွတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊) (အံ၊၃၊၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝေရဟစ္စာနိဝတ္ထု

ဤဝတ္ထု၌ အရှင်ဥဒါယီမထေရ်သည် ကာမဏ္ဍမြို့ တောဒေယျပုဏ္ဏား၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူစဉ် ဝေရဟစ္စာနိပုဏ္ဏေးမ၏ တပည့်ပုဏ္ဏေးမက ဆွမ်းစားပင့်ခဲ့ပုံ၊ ထိုပုဏ္ဏေးမသည် ဖိနပ်စီးပြီး မြင့်သော နေရာ၌ နေလျက် ခေါင်းမြီးခြုံကာ တရားဟောရန် လျှောက်ထားသဖြင့် ဥဒါယီမထေရ်က တရားမဟောဘဲ ပြန်ကြွတော်မူခဲ့ပုံ၊ နောက်တစ်ကြိမ် ဖိနပ်ချွတ်ကာ နိမ့်သော နေရာ၌ နေလျက် ခေါင်းမြီးခြုံကို ဖွင့်၍ တရားဟောရန် တောင်းပန်သောအခါမှ တရားဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၃၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝေရိဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ သူဌေးကြီး ဖြစ်စဉ် ရွာငယ်တစ်ရွာမှ ထမင်းစားဖိတ်သဖြင့် သွားခဲ့ရာ လမ်းတွင် ခိုးသူတို့ကို တွေ့မြင်ရပုံ၊ ‘‘ခိုးသူတို့လက်မှ လွတ်ရန် မိမိအိမ်သို့ အမြန်ပြန်ခြင်းသည် အကောင်းဆုံးဖြစ်သည်’’ဟု ဆုံးဖြတ်၍ ပြန်ခဲ့ပုံ၊ မိမိအိမ်၌ အရသာရှိသော အစားအစာကို စား၍ အိပ်ယာ၌ နေလျက် ဥဒါန်းကျူးရင့်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝေလာမဗြဟ္မဏဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းသည် ဗာရာဏသီပြည် ပုရောဟိတ်မျိုး၌ ဝေလာမသတို့သား ဟူသောအမည်ဖြင့် ဖြစ်ခဲ့ပုံ၊ ဝေလာမသတို့သားသည် ဗာရာဏသီမင်းသားနှင့် အတူ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံ၌ တစ်ဆယ့်ခြောက်နှစ်တိုင်တိုင် သင်ယူရမည့် ပညာရပ်များကို သုံးနှစ်တည်းဖြင့် သင်ယူတတ်မြောက်ခဲ့ပုံ၊ ဒိသာပါမောက္ခဆရာကြီးက ဝေလာမသတို့သားကို အခြားသော မင်းညီမင်းသားတို့အား ပညာသင်ပေးရန် တာဝန်လွှဲအပ်သဖြင့် ရှစ်သောင်းလေးထောင်သော မင်းသားတို့အား ဆရာကြီးကိုယ်စား ပညာသင်ပေးခဲ့ရပုံ၊ ဗာရာဏသီပြည် ပြန်ရောက်သောအခါ ဗာရာဏသီမင်းသားက မင်းအဖြစ်ကို ရရှိပြီး ဝေလာမ သတို့သားက ပုရောဟိတ်ရာထူး ရရှိခဲ့ပုံ၊ ရှစ်သောင်းလေးထောင်သော မင်းများက ဝေလာမ ပုရောဟိတ်ပုဏ္ဏားကြီးထံ နှစ်စဉ်နှစ်တိုင်း လာရောက်ဆည်းကပ်ကြပြီး အလိုရှိရာကို ပြောကြားရန် ဝေလာမပုဏ္ဏားအား ဖိတ်ကြားထားပုံ၊ ဝေလာမပုဏ္ဏားကြီးက တစ်ဆယ့်နှစ်ယူဇနာ ရှည်လျားသော မီးဖိုကြီးများ၊ အလှူမဏ္ဍပ်ကြီးများကို စီမံ၍ မိမိအလှူကို လာရောက်သုံးဆောင်ကြရန် တစ်တိုင်းပြည်လုံးသို့ ကြေညာပုံ၊ ဝေလာမပုဏ္ဏားကြီးသည် မလှူဖူးသောအလှူ မရှိရလေအောင် ပြုစီမံလျက် ခုနစ်နှစ်, ခုနစ်လတိုင်တိုင် အလှူကြီး ပေးပုံ၊ ထိုအလှူပွဲကြီး၌ (ဒက္ခိဏေယျ) မြတ်သော အလှူခံပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှ မပါဝင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၁၉၅) (အံ၊ဋ္ဌ၊၃၊၂၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝေသာလီဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဝေသာလီပြည်၌ ရဟန်းတို့သည် ကောင်းမွန်သည့် ဆွမ်းဘောဇဉ်တို့ကို မှီဝဲရသဖြင့် ခန္ဓာကိုယ် ဝဖြိုး၍ အဆီပိတ် ထုံထိုင်းနေသောကြောင့် ဆရာဇီဝကက စင်္ကြံလျှောက် ချွေးထုတ်စေရန် လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ရဟန်းတော်တို့အား စင်္ကြံလမ်းနှင့် ချွေးဇရုံးအိမ်ကို ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝေသာလီဝတ္ထု

ဤဝတ္ထု၌ ရှေးအခါက ဗာရာဏသီပြည့်ရှင် ဘုရင်ကြီး၏ မိဖုရားခေါင်ကြီးဝမ်းမှ နီတွေးသော သန္ဓေသားတစ် မွေးသဖြင့် အိုး၌ ထည့်၍ မျှောလိုက်ရာ ဂင်္ဂါမြစ်ကမ်းတွင် နေထိုင်သော ရသေ့ကြီး တွေ့၍ ဆယ်ယူ မွေးစားထားပုံ၊ (၁၅)ရက်ကြာသောအခါ သားတစ် (၂)ခု ဖြစ်လာပြီး နောင်အခါ သားနှင့်သမီး မွေးဖွားလာပုံ၊ ထိုကလေးတို့ကို လိစ္ဆဝီဟု အမည်ပေးကာ မြို့သစ် တည်ထောင်ကြပုံ၊ သူတို့နှစ်ဦး စုံဖက်စေလျက် နိုင်ငံကို အဆင့်ဆင် တည်ဆောက်စေသောကြောင့် နိုင်ငံတော် ကျယ်ပြန့်ပြီး မြို့ရိုးသုံးထပ်ရှိသော ဝေသာလီနိုင်ငံတော်ကြီး ဖြစ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၃၂၅) (သုတ္တနိ၊ဋ္ဌ၊၁၊၂၆၃) (ခုဒ္ဒက၊ဋ္ဌ၊၁၃၃) (သာရတ္ထ၊၂၊၁၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝေဿန္တရဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သိဝိတိုင်း ဇေတုတ္တရာမြို့ သဉ္စယမင်းကြီးနှင့် ဖုဿတီဒေဝီတို့မှ မွေးဖွားသော ဝေဿန္တရာအမည်ရှိ မင်းသား ဖြစ်ခဲ့ပုံ၊ မွေးသည့်နေ့မှာပင် ဒါနပြုရန် လက်ဖြန့်တောင်းခံခဲ့ပြီး နေ့စဉ်ရက်ဆက် အလှူဒါနများကို မပြတ်ပြုလုပ်ကာ (၁၆)နှစ်သားအရွယ်တွင် မဒ္ဒီဒေဝီနှင့် လက်ထက်ခဲ့ပုံ၊ ဇာလီနှင့် ကဏှာဇိန် သားသမီးနှစ်ဦး ရရှိခဲ့ပုံ၊ ဘုရားလောင်း၏ ဘုန်းကံကြောင့် ပစ္စယဆင်ဖြူတော်ကို ရရှိခဲ့ပြီး သိဝိတိုင်းကို အစိုးရခဲ့ပုံ၊ အိမ်နီးချင်း ကလိင်္ဂတိုင်းတွင် မိုးခေါင်၍ ငတ်မွတ်ခေါင်းပါးနေသောကြောင့် ဆင်ဖြူတော်ကို အလှူခံလာကြရာ အဖိုးမဖြတ်နိုင်သော ဆင်ဝတ်တန်ဆာမျိုးစုံနှင့်အတူ မင်္ဂလာဆင်တော်ကို ပေးလှူခဲ့သဖြင့် ပြည်သူပြည်သားတို့ စိတ်ဆိုးကာ ဝေဿန္တရာကို နန်းတော်မှ နှင်ထုတ်ခဲ့ကြပုံ၊ ဇနီးမယား သမီးသားများနှင့်အတူ ဟိမဝန္တာတော ဝင်္ကတောင်သို့ ထွက်ခဲ့ကာ ရသေ့ဝတ်ဖြင့် နေထိုင်ခဲ့ကြပုံ၊ ဇူဇကာပုဏ္ဏားသည် ဝေဿန္တရာမင်းကြီးထံ ရောက်လာပြီး ဇာလီနှင့် ကဏှာဇိန်တို့ကို အလှူခံသဖြင့် ပေးလှူခဲ့ပုံ၊ သိကြားမင်းသည် ပုဏ္ဏားအိုယောင်ဆောင်၍ မဒ္ဒီဒေဝီကို အလှူခံရာ ပေးလှူခဲ့ပုံ၊ နောက်ဆုံးတွင် သိကြားမင်းက ဆုများပေးရာ မိဘဆွေမျိုးဇနီးမယား သမီးသားတို့နှင့် အတူ သိဝိတိုင်းထီးနန်းကို ပြန်လည်ရရှိပြီး အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုများကို ပြုလုပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၇၆) (ဇာ၊ဋ္ဌ၊၇၊၂၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝေဿဘူဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ ဝေဿဘူဘုရားရှင်သည် အနောမနေပြည်တော်မှ ခမည်းတော် သုပ္ပတိတမင်းကြီးနှင့် မယ်တော်ယသဝတီမိဖုရားကြီးတို့မှ မွေးဖွားခဲ့ပုံ၊ သုစိတ္တာမင်းသမီးနှင့်အတူ နန်းစည်းစိမ်ခံစားကာ သုပ္ပဗုဒ္ဓ သားတော် ရရှိခဲ့ပုံ၊ ရွှေထမ်းစင်ဖြင့် တောထွက်တော်မူကာ အင်ကြင်းဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူပုံ၊ သောဏမထေရ်နှင့် ဥတ္တရမထေရ်-ဟူသော အဂ္ဂသာဝက နှစ်ပါး ရှိတော်မူပုံ၊ ဥပသန္တမထေရ်က ပြုစုလုပ်ကျွေခဲ့ပုံ၊ ထိုအချိန်၌ ဂေါတမဗုဒ္ဓလောင်းလျာသည် သုဒဿနမည်သောမင်း ဖြစ်၍ နိယတဗျာဒိတ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၉) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝေဠုကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းရသေ့သည် အဘိညာဉ်သမာပတ်တို့ကို ဖြစ်စေလျက် ရသေ့ငါးရာ အခြံအရံဖြင့် ဟိမဝန္တာတော၌ နေပုံ၊ ရသေ့တစ်ပါးသည် ကျောင်းသင်္ခမ်းအတွင်းသို့ ဝင်လာသော မြွေဟောက်ငယ်လေးတစ်ကောင်ကို သားအရင်းပမာ ချစ်ခင်လျက် ဝါးဆစ်ထဲသို့ ထည့်ကာ ပြုစု ကျွေးမွေးထားပုံ၊ မြွေဟောက်ငယ်ကို ‘‘ဝေဠုက’’ဟု အမည်ပေးပြီး မြွေဟောက်ကို မွေးထားသည့် ရသေ့ကို ‘‘ဝေဠုကပိတာ’’ဟု အမည်ပေးကြပုံ၊ ထိုအကြောင်းအရာကို ဘုရားအလောင်းရသေ့ ကြားသိသောအခါ အဆိပ်ပြင်းသော သတ္တဝါနှင့် အကျွမ်းမဝင်သင့်ကြောင်း ဆုံးမသော်လည်း မနာခံသဖြင့် နောင်အခါ မိမိမွေးထားသော မြွေဟောက်ကိုက်၍ သေဆုံးခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဝေဠုဒွါရေယျကဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ကောသလတိုင်းသို့ ဒေသစာရီ ကြွချီတော်မူသောအခါ ဝေဠုဒွါရမည်သော ပုဏ္ဏားရွာတစ်ရွာသို့ ရောက်ရှိခဲ့ပုံ၊ ပုဏ္ဏားသူကြွယ်တို့သည် မြတ်စွာဘုရား၏ ကောင်းသော ဂုဏ်သတင်းကို ကြားကြ၍ ဘုရားရှင်ထံ ချဉ်းကပ်ကြပုံ၊ ပုဏ္ဏားသူကြွယ်များက ယခုဘဝ၌လည်း ချမ်းချမ်းသာသာ နေထိုင်ရပြီး ကွယ်လွန်သောအခါ၌လည်း နတ်ပြည်နတ်ရွာ၌ ဖြစ်စေနိုင်သည့် တရားများကို ဟောကြားရန် ဘုရားရှင်ထံ လျှောက်ထားကြ၊ ဘုရားရှင်က ‘‘ဒုစရိုက်တရားများကို မိမိက သူတစ်ပါးတို့အပေါ် ကျူးလွန်လျှင် သူတစ်ပါးတို့က မကြိုက်မနှစ်သက်သလို မိမိအပေါ် သူတစ်ပါးတို့က ကျူးလွန်လျှင်လည်း မိမိက မကြိုက်မနှစ်သက်သောကြောင့် ရှောင်ရှားရမည်’’ဒုစရိုက်တရားများကို ရှောင်ရှားလိုက်လျှင် ခုရောနောင်ပါ ချမ်းသာမည် ဖြစ်ကြောင်း ဟောကြားတော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၃၀၆) (သံ၊ဋ္ဌ၊၃၊၃၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သကစိန္တနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သဲပုံစေတီပြု၍ မျက်မှောက်၌ မြတ်စွာဘုရားရှင်ကို ဖူးမြင်ရသကဲ့သို့ အာရုံပြုကာ အမျိုးမျိုးသော ပန်းတို့ဖြင့် ကြဲဖြန့်ပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးလားရောက်ခြင်း မရှိခဲ့တော့ဘဲ လွန်ခဲ့သော ကမ္ဘာရှစ်ဆယ်အထက်၌ လေးကျွန်းလုံးကို အစိုးရသော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သကလိကာဝေဓဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းသည် တစ်ခုသောအမျိုး၌ ဖြစ်၍ ကလေးသူငယ်ဘဝ လမ်းမကြီးတစ်ခု၌ အခြားကလေးများနှင့် ကစားနေစဉ် ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါး ဆွမ်းခံကြွလာပုံ၊ ဘုရားလောင်းသူငယ်က ‘‘ဒီ ဦးပြည်းရဟန်း ဘယ်သွားမှာလဲ’’ဟု ဆိုကာ ကျောက်ခဲအပိုင်းအစဖြင့် ပစ်ခတ်ခဲ့ပုံ၊ ထိုကျောက်ခဲအပိုင်းအစသည် ပစ္စေကဗုဒ္ဓါ၏ ခြေဖမိုးကို ထိမှန်၍ သွေးထွက်ခဲ့ပုံ၊ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ငရဲ၌ ဘဝများစွာ ဆင်းရဲဒုက္ခ ခံစားရခဲ့ပုံ၊ နောက်ဆုံးဘဝ ဘုရားဖြစ်သည့်အချိန်၌လည်း ဒေဝဒတ် ကျောက်မောင်းဆင်၍ လှိမ့်ချမှုကြောင့် ကျောက်ချပ်လွှာထိခိုက်ခံရ၍ ခြေဖမိုး၌ သွေးစိမ်းတည်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သကုဏဂ္ဃိဇာတက

ဤဇာတ်တော်သည် လာပသကုဏဝတ္ထုနှင့် တူသည်။ (ဇာ၊ဋ္ဌ၊၂၊၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သကုဏဂ္ဃိဇာတက

ဤဇာတ်တော်၌ ဗီလုံးငှက်ငယ်ကို သိမ်းငှက်က ဖမ်းယူသုတ်ချီသွားသောအခါ ဗီလုံးငှက်ငယ်က မိမိကျက်စားရာနေရာ မဟုတ်ဘဲ သွားလာမိသဖြင့် ဤကဲ့သို့ သိမ်းငှက်၏အဖမ်းခံရကြောင်း၊ အကယ်၍ မိမိကျက်စားရာ နေရာ၌ ဖြစ်ခဲ့လျှင် ဤသိမ်းငှက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ကြောင်း ငိုကြွေးမြည်တမ်းလျက် ပြောဆိုပုံ၊ ထိုစကားကို သိမ်းငှက်ကြားသဖြင့် ငှက်ငယ်ကို ကျက်စားနေကျ ထွန်စာ ကြားသို့ လွှတ်ပေးပြီး အဟုန်ပြင်းစွာ ဖမ်းယူလေရာ ထွန်စာခဲနှင့် တိုက်မိပြီး ရင်ကွဲ၍ သိမ်းငှက် သေဆုံးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၁၂၇) (ဒီ၊ဋ္ဌ၊၃၊၃၀) (သံ၊ဋ္ဌ၊၃၊၂၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သကုဏဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းပညာရှိငှက်သည် မိမိအမြဲနေထိုင်ရာ သစ်ပင်ကြီး မီးစွဲလောင်မည့်ဘေးကို ကြိုတင် သိမြင်ခဲ့ပုံ၊ သင့်လျော်ရာအရပ်တစ်ပါးသို့ ဖဲခွာသွားသောကြောင့် အသက်ဘေးမှ ကင်းဝေးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သကုဏဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သစ်တောက်ငှက် ဖြစ်၍ ဒေဝဒတ်လောင်း ခြင်္သေ့၏ သွားကြား၌ ညပ်နေသော အရိုးကို ထုတ်ပစ်ကူညီခဲ့ဖူးပုံ၊ ကျေးဇူးကိုသိ မသိ စမ်းသပ်ရန် ခြင်္သေ့ထံမှ အသားများကို တောင်းကြည့်သောအခါ ဒေဝဒတ်လောင်းခြင်္သေ့က ကျေးဇူးကန်းစွာဖြင့် မပေးဘဲ နေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သကုလာထေရီဝတ္ထု

ဤဝတ္ထု၌ သကုလာထေရီလောင်းလျာသည် ပဒုမုတ္တရမြတ်စွာဘုရားထံတော်၌ ဒိဗ္ဗစက္ခုအရာ ဧတဒဂ်ဆု တောင်းခဲ့ပုံ၊ ကဿပဘုရားရှင်၏ စေတီတော်၌ တစ်ညလုံး ဆီမီးပူဇော်ခဲ့ပုံ၊ ဤကောင်းမှုကံကြောင့် ဖြစ်လေရာဘဝတိုင်း၌ တံတိုင်းနံရံစသည်ကို ဖောက်ထွင်းမြင်နိုင်ခဲ့ပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာမထေရ်တစ်ပါး၏ တရားကို နာကြားရပြီး ရဟန်းပြုကာ ရဟန္တာ ဖြစ်၍ ဒိဗ္ဗစက္ခုအရာ ဧတဒဂ်ဘွဲ့ ရခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အပ၊၂၊၂၅၀) (ထေရီ၊ဋ္ဌ၊၉၃) (ထေရီ၊၃၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သကိံသမ္မဇ္ဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားပွင့်တော်မူရာ သခွတ်ဗောဓိပင်ကို လေးစားစွာ ပြုစုခဲ့၊ တံမြက်စည်းလှည်းခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌ ဖြစ်ခဲ့ရပြီး၊ အနာ အဖု၊ အပိမ့်၊ နူနာ၊ အိုင်းအမာစသော ရောဂါမခံစားခဲ့ရဘဲ ဤဘုရာရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊) (အပ၊ဋ္ဌ၊၂၊၂၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သက္ကဒေဝရာဇဝတ္ထု

ဤဝတ္ထုသည် ဓမ္မဒဿီဗုဒ္ဓဝံသ၌ ပါဝင်သည် (အဘိ၊ဋ္ဌ၊၁၊၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သက္ကပဥှဝတ္ထု

ဤဝတ္ထု၌ တာဝတိံသာနတ်တိ့ု မေးခွန်းလေးမျိုးကိုကြံဆပုံ၊ အဆင့်ဆင့် မေးမြန်းကြ၍ နောက်ဆုံး သိကြားမင်းထံ ရောက်လာပုံ၊ သိကြားမင်းက မြတ်စွာဘုရားရှင်ကို မေးလျှောက်၍ အမြတ်တရားလေးမျိုးကို မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သက္ကပဥှဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်၏ အရှေ့ဘက်ရှိ အမ္ဗသဏ္ဍပုဏ္ဏားရွာ၏ မြောက်ဘက် ဝေရိယကတောင်ခြေ ဣန္ဒသာလခေါ် နပဲပင်ပေါက်ရာလိုဏ်ဂူ၌ သီတင်းသုံးနေတော်မူပုံ၊ သိကြားမင်းသည် နိမိတ်ငါးပါးကို တွေ့မြင်ပြီး သေဘေးမှ ကြောက်သဖြင့် ပဉ္စသိခနတ်သားကို ခေါ်ကာ ဘုရားရှင်ထံ ချဉ်းကပ်လျက် ‘‘အဘယ်သံယောဇဉ် အနှောင်အဖွဲ့ကြောင့် လူနတ်နဂါး အသုရာ စသော သတ္တဝါများ ဖြစ်ကြရပါသနည်း’’ စသည်ဖြင့် မေးမြန်းလျောက်ထားခဲ့ပုံ၊ ဘုရားရှင်က သိကြားမင်း မေးမြန်းလျှောက်ထားသော ပြဿနာ(၁၄)ချက်ကို ရှင်းလင်းဟောကြားတော်မူသောအခါ သိကြားမင်းသည် သောတာပန်တည်၍ ထိုနေရာ၌ပင် စုတေကာ ထိုနေရာ၌ပင် သိကြားမင်းအဖြစ်ကို အသစ်တစ်ဖန် ပြန်လည်ရရှိခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၂၁၁) (ဒီ၊ဋ္ဌ၊၂၊၂၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သက္ကရာဇဝတ္ထု

ဤဝတ္ထု၌ သိကြားမင်းသည် ဥယျာဉ်ကစားရန် သွားစဉ် ဥယျာဉ်တံခါးသို့ အရောက်တွင် သတိရမိသော အမေးပြဿနာတစ်ရပ်ကို မမေ့မီ ဖြေရှင်းနိုင်ရန် ဘုရားရှင့်ထံ လာရောက်ပြီး မေးလျှောက်ပုံ၊ ဘုရားရှင်က ဖြေကြားတော်မူပုံ၊ သိကြားမင်း၏ကောင်းချီးပေး သာဓုခေါ်သံကို အရှင်မောဂ္ဂလ္လာန် ကြားသဖြင့် တကယ် နားလည်၍ သာဓုခေါ်ခြင်း ဟုတ်, မဟုတ် စုံစမ်းရန် သိကြားမင်းထံ လိုက်သွားပုံ၊ သိကြားမင်းသည် နတ်သမီးများနှင့် ဝေဇယန္တာပြာသာဒ်၌ နတ်စည်းစိမ်ခံစားပြီး တရားတော်ကို မေ့လျော့နေသဖြင့် မထေရ်က ပြာသာဒ်ကို ခြေမနှင့် ညှပ်၍ ဝှေ့ရမ်းပုံ၊ နတ်တို့ ထိတ်လန့်ကာ တရားတော်ကို နာလာကြသဖြင့် ဘုရားရှင် ဟောခဲ့သည့် တဏှာကုန်ကြောင်းတရားများကို နှလုံးသွင်းရန် ကာမဂုဏ်၌သာ မေ့လျော့မနေရန် ဆုံးမပြီး နတ်ပြည်မှ ပြန်ကြွလာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၁၊၃၁၈) (မ၊ဋ္ဌ၊၂၊၁၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သက္ကရာဇဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်ကို အမှီပြု၍ သိကြားမင်းဘဝဟောင်းမှ သိကြားမင်းဘဝသစ်ကို ရရှိခဲ့သော သောတာပန်သိကြားမင်းသည် ဘုရားရှင် အာယုသင်္ခါရလွှတ်၍ ဝမ်းသွေးသွန်ရောဂါ ဖြစ်သောအခါ မရွွံမရှာ နှာခေါင်းမရှုတ်ဘဲ ဘုရားရှင်၏ ကျင်ကြီးခွက်ကို ဦးထိပ်၌ ရွက်၍ နံ့သာခွက်ကဲ့သို့ ဆောင်ယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဂဟဋ္ဌပရိသဝတ္ထု

ဤဝတ္ထု၌ အရှင်ဒေဝဒတ်သည် လူများရှိသော ပရိသတ်ကြား၌ ဥပုသ်ပြုသဖြင့် ဘုရားရှင်က လူဝတ်ကြောင်များ ရောနှောနေသော ပရိသတ်ထဲ၌ ဥပုသ်မပြုရန် တားမြစ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သင်္ကပ္ပရာဂဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ကုဋေရှစ်ဆယ်ကြွယ်သည့် ဗြာဟ္မဏမဟာသာလမျိုး၌ ဖြစ်၍ မိဘများ ကွယ်လွန်သွားသည့်အခါ ဟိမဝန္တာသို့ ဝင်၍ ရသေ့ရဟန်းပြုခဲ့ပုံ၊ တစ်နေ့တွင် ဟိမဝန္တာမှ သက်ဆင်း၍ ဗာရာဏသီသို့ ကြွလာစဉ် မင်းကြီးက ကြည်ညို၍ ဥယျာဉ်၌ ကိုးကွယ်ထားပုံ၊ ပစ္စန္တရာဇ် ထကြွပုန်ကန်သဖြင့် နှိမ်နင်းရန် မင်းကြီး စစ်ထွက်သွားသောအခါ မိဖုရားကြီးက ရသေ့ကြီးကို ပြုစုလုပ်ကျွေးပုံ၊ တစ်နေ့တွင် မိဖုရားကြီးသည် ရှင်ရသေ့အလာကို စောင့်လျက် လဲလျောင်းနေစဉ် ရသေ့လာသောအခါ အလျင်အမြန် ထသဖြင့် ထမီကျွတ်ကျပုံ၊ ရသေ့ကြီးသည် ထိုအဖြစ်အပျက်ကို မြင်တွေ့၍ ဈာန်လျှောခဲ့ရပုံ၊ ခုနစ်ရက်တိုင်အောင် ထမင်းမစားဘဲ မိဖုရားကြီးကိုသာ တမ်းတ၍ နေပုံ၊ မင်းကြီး ပြန်လာသော် ထိုအကြောင်းကို သိ၍ ရသေ့ကြီးအား သံဝေဂရစေခဲ့ပုံ၊ ရသေ့ကြီး သတိတရားရပြီး ကသိုဏ်းကို ပွားရာ ဈာန်အဘိညာဉ်ကိုပြန်လည်ရရှိခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သင်္ကမနတ္ထာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျာသည် ဝိပဿီဘုရားရှင် ကြွလာတော်မူစဉ် ခြေတော်ရင်း၌ ဝပ်စင်းလျက် ပူဇော်ခဲ့ပုံ၊ ဘုရားရှင်က ဦးခေါင်းစွန်းရှိ ဆံပင်တို့ကို နင်း၍ ချီးမြှင့်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သင်္ခစက္ကဝတ္တိရာဇဝတ္ထု

ဤဝတ္ထု၌ လူတို့၏ သက်တမ်းသည် အနှစ်ရှစ်သောင်းအထိ ရှည်ကြာပုံ၊ ထိုအနှစ်ရှစ်သောင်းတမ်းတွင် မေတ္တယျဘုရားရှင် ပွင့်တော်မူလာပုံ၊ သင်္ခစကြဝတေးမင်းသည် မေတ္တယျဘုရားရှင်ထံ၌ ရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၃၊၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သင်္ခဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း သင်္ခပုဏ္ဏားသည် အလှူဝတ်ကို နေ့စဉ်ပြုပုံ၊ ကုန်ကူးရန် ဆိပ်ကမ်းရွာသို့ သွားစဉ် ပစ္စေကဗုဒ္ဓါတစ်ပါးအား ထီး, ဖိနပ် လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သမုဒ္ဒရာထဲ၌ သင်္ဘောနစ်စဉ် နတ်သမီးက ကယ်တင်၍ လှေတစ်စင်းပြည့် ရတနာများဖြင့် အိမ်အရောက် ပို့ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၂၉) (ဇာ၊ဋ္ဌ၊၄၊၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သင်္ခဓမဇာတက

ဤဇာတ်တော်၌ ဖခင်ဖြစ်သူသည် သားစကားကို နားမထောင်ဘဲ ခရုသင်းကို ဆက်တိုက် မှုတ်သောကြောင့် ခိုးသူများ၏ လုယက်တိုက်ခိုက်ခြင်းကို ခံခဲ့ကြရပုံ၊ ကြီးငယ်မဟူ ကြောင်းကျိုးထောက်ပြ၍ တားမြစ်ပိတ်ပင်ပါက လိုက်နာသင့်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သင်္ခဓမဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် နာဠန္ဒမြို့ ပါဝါရိကဥယျာဉ်၌ သီတင်းသုံးနေတော်မူစဉ် အသိဗန္ဓက၏သား နိဂဏ္ဌ၏တပည့်ဖြစ်သူ ရွာသူကြီးတစ်ဦး ရောက်ရှိလာပုံ၊ ဘုရားရှင်က နိဂဏ္ဌတို့သည် တပည့်သာဝကတို့အား အဘယ်သို့သော တရားမျိုးကိုသာ ဟောကြားသနည်းဟု နိဂဏ္ဌတို့၏ အယူဝါဒကို မေးမြန်းတော်မူပုံ၊ အသိဗန္ဓကရွာသူကြီးက နိဂဏ္ဌတို့၏ အယူဝါဒနှင့် ပတ်သက်၍ ဘုရားရှင်အား လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၅၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သင်္ခပါလဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရာဇဂြိုဟ်ပြည် မဂဓမင်း၏သားတော် အိမ်ရှေ့မင်း ဖြစ်စဉ် ခမည်းတော် မဂဓမင်းသည် သားတော်အား ထီးနန်းလွှဲအပ်၍ ရသေ့ဝတ်ခဲ့ပုံ၊ သားတော်မဂဓမင်းသည် ခမည်းတော်ရသေ့ထံ တစ်နေ့သုံးကြိမ် ဆည်းကပ်စဉ် ရသေ့ထံ တရားနာလာသော သင်္ခပါလနဂါးမင်းကို အားကျ၍ နဂါးမင်းဘဝကို ဆုတောင်းခဲ့ပုံ၊ ဘုရားလောင်းသည် နဂါးဘဝကို ရရှိပြီးနောက် ၁၄-ရက်၊ ၁၅-ရက် ဥပုသ်နေ့များ၌ လူ့ပြည်သို့ လာ၍ ဥပုသ်စောင့်ခဲ့ပုံ၊ မုဆိုး ၁၆-ယောက်တို့၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံရသောအခါ မိထိလာပြည်သား အာဠာရသူကြွယ်က ကယ်တင်၍ နဂါးပြည်သို့ ပြန်ပို့ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၇၀) (ဇာ၊ဋ္ဌ၊၅၊၁၇၂) (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သင်္ခဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်း သင်္ခပုဏ္ဏားသည် သားဖြစ်သော သုသီမပစ္စေကဗုဒ္ဓါ၏ စေတီတော်၌ မြက်နှုတ်ခြင်း၊ မြေပြင် ညီအောင် သဲဖြူးခြင်း၊ ဖုန်သိပ်အောင် ရေလောင်းခြင်း စသော ကောင်းမှုများကို ပြုခဲ့ပုံ၊ ထိုကောင်းမှု၏ အကျိုးဆက်ကြောင့် မြတ်စွာဘုရား ခရီးရှည်ကြွသောအခါ စသည်တို့၌ ဆူးငြောင့်ခလုပ်များ ကင်းရှင်းခြင်း စသော အကျိုးထူးများ ဖြစ်ပေါ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ခုဒ္ဒက၊ဋ္ဌ၊၁၆၆) (သုတ္တနိ၊ဋ္ဌ၊၁၊၂၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သင်္ဂရဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့၏ တောင်ဘက် ဟတ္ထိဘောဂဇနပုဒ်ရှိ သင်္ဂရမည်သော ကျောင်း၌ နေသော ရဟန်းတစ်ပါးသည် မဟာဓမ္မသမာဒါနသုတ်တော်ကို ရွတ်ဖတ်ပြီးသောအခါ ရုက္ခစိုးနတ်က သာဓုခေါ်ခဲ့ပုံ၊ ဤသုတ်တော်ကို နတ်တို့ အလွန် လေးစားကြောင်း၊ မြတ်စွာဘုရားရှင် ဟောသည့်နေ့က နတ်ပရိသတ် များလွန်း၍ မိမိသည် ဤနေရာ၌ နေ၍ တရားနာခဲ့ရကြောင်း၊ မြတ်စွာဘုရား၏ အသံတော်သည် မိမိနားရင်း၌ ဟောသကဲ့သို့ ကြည်လင်ပါကြောင်း၊ မြတ်စွာဘုရား၏ ရုပ်ပုံတော်သည် တပည့်တော်ကို စိုက်ကြည့်နေသကဲ့သို့ ထင်ရပါကြောင်း လျှောက်ထားခဲ့ပုံ၊ တရားကို နာရသော နေ့မှာပင် မိမိ သောတာပန်တည်ကြောင်း လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၂၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သင်္ဂါမဇိတ္ထေရဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သား သူဌေးသားတစ်ဦးသည် ဘုရားရှင်ထံမှ တရားနာရ၍ ရဟန်းပြုလာခဲ့ပုံ၊ ဘွဲ့တော်မှာ သင်္ဂါမဇိမထေရ် ဖြစ်၍ မကြာမီ ရဟန္တာဖြစ်ပြီး သာဝတ္ထိသို့ ပြန်လာစဉ် မိဘများ သားမယားများက လူထွက်ရန် တောင်းပန်ကြပုံ၊ မယားဟောင်းက မထေရ်ရှေ့တွင် သားငယ်ကို ချ၍ မွေးမြူပါဟု ဆိုကာ ထားသွားခဲ့ပုံ၊ မထေရ်က စက္ခုန္ဒြေချ၍ အရေးမစိုက်ဘဲ နေသဖြင့် မယားဟောင်းသည် ကလေးငယ်ကို ပြန်ယူ သွားခဲ့ပုံ၊ ဘုရားရှင်က မထေရ်အား ချီးမွမ်းတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သင်္ဂါမဝတ္ထု

ဤဝတ္ထု၌ အဇာတသတ်နှင့် ပသေနဒီကောသလမင်းကြီးတို့ ဆွေမျိုးတော်စပ်ကြပုံ၊ အဇာတသတ်မင်းနှင့် ကောသလမင်းတို့ ရွာတစ်ရွာကို အကြောင်းပြု၍ စစ်တိုက်ကြပုံ၊ ထိုစစ်ပွဲ၌ အဇာတသတ်မင်း အနိုင်ရပုံ၊ အနိုင်, အရှုံးမရှိသူတို့ အကြောင်းကို မြတ်စွာဘုရားရှင် ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (သံ၊၁၊၈၃) (သံ၊ဋ္ဌ၊၁၊၁၄၁) (သံ၊ဋီ၊၁၊၁၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သင်္ဂါမဝတ္ထု

ဤဝတ္ထု၌ မစလရွာသား မဃလုလင်နှင့်တကွ သုံးကျိပ်သုံးယောက်တို့ တာဝတိံသာနတ်ပြည်သို့ ရောက်ရှိကြပုံ၊ သုရာရေသောက်ကာ ယစ်မူးပြီး အိပ်ပျော်နေကြသော အသုရာနတ်တို့ကို တာဝတိံသာနတ်တို့က မြင့်မိုရ်တောင်ခြေရင်းသို့ ပစ်ချကြပုံ၊ အသုရာနတ်များ တာဝတိံသာနတ်ပြည်ကို စစ်မတိုက်နိုင်ရန် အာလိန်ငါးဆင့်ဖြင့် အစောင့်အရှောက်ငါးမျိုး စီမံထားကြပုံ၊ အသုရာနတ်များ တာဝတိံသာနတ်ပြည်ကို စစ်တိုက်လိုလျှင် ရှေးဦးစွာ အာလိန်ငါးဆင့်ရှိ နဂါးဂဠုန် ကုမ္ဘန်ရက္ခိုသ် စသည်တို့နှင့် တိုက်ခိုက်ကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၃၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သင်္ဂါမဝစရဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဆင်များကို စစ်ရေးစစ်ရာ၌ လိမ္မာကျွမ်းကျင်စေရန် သင်ကြားပြသပေးသည့် ဆင်ဆရာမျိုး၌ ဖြစ်စဉ် ဗာရာဏသီမင်း၏ ဆန့်ကျင်ဘက် ရန်သူမင်းတစ်ပါးထံ၌ ခစားဆည်းကပ်ခဲ့ပုံ၊ ဘုရားအလောင်းက မင်းကြီး၏ မင်္ဂလာဆင်တော်ကို စစ်တိုက်ကျွမ်းကျင်စေရန် ကောင်းစွာ သင်ကြားထားပုံ၊ မင်းကြီးက ဗာရာဏသီမင်းနှင့် စစ်တိုက်သောအခါ မင်္ဂလာဆင်တော်သည် သေရမည်ကြောက်သဖြင့် နောက်သို့ ဆုတ်ခွာလာပုံ၊ ထိုအခါ ဘုရားလောင်းဆင်ဆရာက မင်္ဂလာဆင်တော်အား ‘‘သူရဲကောင်းတို့မည်သည် ဤကဲ့သို့သော စစ်မြေပြင်၌ နောက်မဆုတ်သင့်ကြောင်း’’ ဆုံးမပုံ၊ ဘုရားလောင်း၏ ဆုံးမစကားတစ်ခွန်းတည်းဖြင့်ပင် မင်္ဂလာဆင်တော်သည် နောက်ပြန် လှည့်သွားပြီး ဗာရာဏသီမင်းကို အနိုင်တိုက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သင်္ဂါရဝဝတ္ထု

ဤဝတ္ထု၌ ဓနဉ္ဇာနီပုဏ္ဏေးမကြီးသည် ပုဏ္ဏားတို့ကို ထမင်းကျွေးနေစဉ် ယောင်ယမ်း၍ ‘‘နမောတဿ’’ဟု ရွတ်ဆိုမိပုံ၊ ဗြာဟ္မဏပညာရှင် သင်္ဂါရဝလုလင်က ထိုရွတ်ဆိုသံကို သဘောမကျသဖြင့် မြတ်စွာဘုရားထံ ဝါဒတင် ရှုတ်ချရန် သွားခဲ့ပုံ၊ ပြဿနာမေးရာမှ မြတ်စွာဘုရားကို သက်ဝင်ယုံကြည်သူ ဖြစ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၄၂၄) (မ၊ဋ္ဌ၊၃၊၃၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သင်္ဂါရဝဝတ္ထု

ဤဝတ္ထု၌ မကောင်းမှုကို ရေသို့ ဆင်းသက် ဆေးကြောလျှင် စင်ကြယ်နိုင်၏ဟူသော သင်္ဂါရဝပုဏ္ဏားအား အယူရှိနေပုံ၊ မြတ်စွာဘုရားက အကုသိုလ်ဒုစရိုက်များကို မပြုလုပ်ခြင်း ရှောင်ကြဉ်ခြင်းဟူသော ဓမ္မရေစင်ဖြင့် ဆေးမှသာ စင်ကြယ်နိုင်သည်ဟု တရားဟောကြားတော်မူသဖြင့် သင်္ဂါရဝပုဏ္ဏား သရဏဂုံတည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၈၄) (သံ၊ဋ္ဌ၊၁၊၂၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သစ္စကပရိဗ္ဗာဇကဝတ္ထု

ဤဝတ္ထု၌ သစ္စကပရိဗိုဇ်သည် ဝေသာလီပြည်၌ လိစ္ဆဝီမင်းတို့အား ပညာသင်ပေးနေသော ဆရာကြီး ဖြစ်ခဲ့ပုံ၊ အရှင်အဿဇိထံမှ အနတ္တဝါဒအကြောင်း သိရှိရကာ ဘုရားရှင်ကို ဝါဒပြိုင်ရန် ပရိသတ်ကို ခေါ်ယူ၍ ရောက်ရှိလာပုံ၊ ဝါဒပြိုင်ကြရာ နောက်ဆုံးတွင် ‘‘ရုပ်ခန္ဓာသည် အနတ္တ’’-ပါဟု ဝန်ခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၁၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သစ္စတပါပီဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းအရက်သမားသည် အလွန်အကျင့်ကောင်းသော သစ္စတပါပီမည်သော အဝတ်ဖြူဝတ် ရသေ့မလေးကို သီလပျက်အောင် ပြုပြီး မယားပြုလုပ်ရန် ရသေ့ဟန်ဆောင်ကာ ကြံစည်ခဲ့ပုံ၊ အလွန်သီလစင်ကြယ်သော ရသေ့မလေး လူထွက်ပြီး သားသမီးများနှင့် နေထိုင်ပုံ၊ မိန်းမဟူသည် အမြဲတမ်း သီလခိုင်မြဲအောင် ပြုနိုင်ခဲပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၄၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သစ္စတာပသဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းသည် သစ္စအမည်ရှိသော အဘိညာဉ်ရ ရသေ့ကြီး ဖြစ်ခဲ့ပုံ၊ လူသားတို့ ပါဏာတိပါတစသော အကုသိုလ်တရားတို့ကို ပြုလုပ်နေကြပြီး ကာမဂုဏ်နှင့် ပတ်သက်၍ ခိုက်ရန်ဖြစ်နေကြသည်ကို ငြိမ်းအေးစေရန် သစ္စာပြု တရားဟောကာ ကယ်တင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၂၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သစ္စသညကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝေဿဘူဘုရားရှင်ထံမှ တရားတော်ကို နာယူရ၍ နတ်ပြည်သို့ ရောက်ခဲ့ရပုံ၊ ကမ္ဘာသုံးဆယ်တို့ပတ်လုံး နတ်ပြည်၌ ကျင်လည်ခဲ့ရပုံ၊ လွန်ခဲ့သော နှစ်ဆယ့်ခြောက်ကမ္ဘာအထက်၌ ဧကဖုသိကအမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သစ္စံကိရဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း ရသေ့သည်ဖြစ်ပြီး ဟိမဝန္တာ၌ နေစဉ် ဒုဋ္ဌကုမာရမည်သော ရက်စက် ကြမ်းကြုတ်သည့် မင်းသားတစ်ဦး သစ်တုံးတစ်တုံးဖြင့် မြစ်ရေအလျဉ်၌ မျောလာပုံ၊ ဘုရားအလောင်းက ထိုမင်းသားနှင့်တကွ ထိုသစ်တုံးပေါ်၌ပါရှိသော မြွေ၊ ကျေးသားနှင့် ကြွက်တို့ကိုပါ ရေမှဆယ်ယူ၍ ကယ်တင်ခဲ့ပုံ၊ နောင်အခါ ထိုမင်းသား မင်းဖြစ်သောအခါ ဘုရားအလောင်း ရသေ့အား ကျေးဇူးမဲ့စွာ သတ်ဖြတ်ရန် ကြိုးစားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဉ္ဇယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင့်လက်ထက်တော်၌ လူအများတို့ ကုသိုလ်ကောင်းမှု ပြုလုပ်နိုင်ရန် ကြောင့်ကြစိုက်ဆော်ဩသူ ဖြစ်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် ပွင့်တော်မူသောအခါ ကြွယ်ဝသော ပုဏ္ဏား၏ သား ဖြစ်ခဲ့ပုံ၊ ဗြာဟ္မာယု, ပေါက္ခရသာတိ စသော ကျော်ကြားသည့် ပုဏ္ဏားတို့ ဘုရားရှင်သာသနာတော်၌ သက်ဝင်ယုံကြည်သည်ကို မြင်တွေ့ရသဖြင့် ရှင်ရဟန်းပြုခဲ့ရာ ဆံချပြီးသည်နှင့် တပြိုင်နက် ခေါင်းရိတ်ပြီးသည်၏ အဆုံး၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဉ္စရိတ္တသိက္ခာပဒ ဝိနီတဝတ္ထူနိ

ဤဝတ္ထုများ၌ အောင်သွယ်မှုနှင့် ပတ်သက်၍ သံဃာဒိသေသ်အာပတ် သင့်/မသင့် ဆုံးဖြတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဉ္ဇီဝဇာတက

ဤဇာတ်တော်၌ သဉ္ဇီဝမည်သော လူငယ်တစ်ဦးသည် တောထဲ၌ ကျားသေတစ်ကောင်အား အသက်သွင်းမိ၍ ထိုကျားကိုက်သဖြင့် သေဆုံးခဲ့ရပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဉ္ဇီဝတ္ထေရဝတ္ထု

ဤဝတ္ထု၌ နိရောဓသမာပတ်ဝင်စားနေသော သဉ္ဇီဝမထေရ်ကို ‘ပရိနိဗ္ဗာန်စံဝင်ပြီ’ဟု ထင်မှတ်၍ ထင်း၊ မြက် စသည်ကိုစု၍ မီးရှို့သော်လည်း သင်္ကန်းအနားစကိုသော်မျှ မီးမလောင်ခဲ့ပုံ၊ နိရောဓသမာပတ်ဝင်စားနေသော အနာဂါမ် ရဟန္တာပုဂ္ဂိုလ်မြတ်များကို မည်သို့ပင် အန္တရာယ်ပြုသော်လည်း ဘေးဒုက္ခမရောက်ကြသည်မှာ ဉာဏဝိပ္ဖါရဣဒ္ဓိတန်ခိုး၏ အစွမ်းသတ္တိကြောင့် ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပဋိသံ၊ဋ္ဌ၊၂၊၂၈၄) (ဝိသုဒ္ဓ၊ဋ္ဌ၊၂၊၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဋ္ဌိကူဋပေတဝတ္ထု

ဤဝတ္ထု၌ ရှေးအခါက လူတစ်ယောက်သည် သုနေတ္တမည်သော ပစ္စေကဗုဒ္ဓါကို ကျောက်ခဲဖြင့် ပစ်ခဲ့ဖူးပုံ၊ ထိုအကုသိုလ်ကံကြောင့် သုံးဂါဝုတ်မျှ ခန္ဓာကိုယ်ပမာဏရှိသော ပြိတ္တာကြီး ဖြစ်ပြီး မီးတောက်လောင်နေသော သံတင်းပုတ် အလုံးခြောက်သောင်းတို့ဖြင့် ဦးခေါင်းကို ရိုက်နှက်ခံနေရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဋ္ဌိကူဋပေတဝတ္ထု

ဤဝတ္ထု၌ ဆွံ့အသောသူတစ်ယောက်သည် ပညောင်ပင်အောက်၌ ထိုင်ကာ ကျောက်စရစ်ခဲများဖြင့် ညောင်ရွက်များကို ပစ်၍ ဆင်ရုပ်၊ မြင်းရုပ်၊ အလံတံခွန်၊ ရေအိုး၊ ရထားစသည်တို့ကို ပြုလုပ်လေ့ရှိပုံ၊ ဗာရာဏသီမင်းသည် ထိုပညောင်ပင်အောက် ရောက်ရှိလာ၍ ဆင်ရုပ် စသည်ကို တွေ့မြင်ပြီး ဆွံ့အသူကို နန်းတော်တွင်းသို့ ခေါ်သွားကာ စကားအလွန်များသော ပုရောဟိတ်ပုဏ္ဏား၏ ခံတွင်းသို့ ဆိတ်ချေးတုံးများ ပစ်သွင်းစေပုံ၊ သူ၏တပည့်သည်လည်း ထိုပညာတတ်မြောက်ပြီး ပစ္စေကဗုဒ္ဓကို ကျောက်ခဲဖြင့် ပစ်ခတ်ခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် ပြိတ္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၂၁၇) (ပေတ၊ဋ္ဌ၊၂၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဋ္ဌိဝိပဿကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ သီဟိုဠ်ကျွန်းတွင် လမ်းဘေး၌ ရှိသော လယ်တောစောင့်အမျိုးသမီးသည် သီဟိုဠ်ဘာသာဖြင့် အို, နာ, သေခြင်းနှင့် စပ်ဆိုင်သော ဓမ္မဂီတကို သီဆိုနေပုံ၊ ထိုလမ်းခရီးသို့ လာရောက်ကြသော ရဟန်း(၆၀)တို့သည် ထိုဓမ္မဂီတသံကို ကြား၍ ဝိပဿနာပွားသဖြင့် ရဟန္တာဖြစ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၁၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတဓမ္မဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဒွန်းစဏ္ဍားမျိုး၌ ဖြစ်စဉ် အကြောင်းကိစ္စတစ်ခုဖြင့် စားနပ်ရိက္ခာများကို သေချာစွာ ထုပ်ပိုးသယ်ဆောင်လျက် ခရီးထွက်ခဲ့ပုံ၊ မည်သည့်ရိက္ခာမျှ မသယ်ဆောင်ဘဲ သတဓမ္မပုဏ္ဏားနှင့် လမ်းခရီး၌ ဆုံမိကြပုံ၊ ထမင်းစားချိန်ရောက်သောအခါ ဘုရားလောင်းဒွန်းစဏ္ဍားက ပုဏ္ဏားလုလင်အား ဖိတ်ခေါ်၍ ထမင်းကျွေးသော်လည်း ပုဏ္ဏားလုလင်က စဏ္ဍာလထမင်းကို မစားလိုကြောင်း ပြောကြားပုံ၊ ညနေစာ ထမင်းစားသောအခါ၌ကား ဘုရားလောင်းဒွန်းစဏ္ဍားက ထမင်းစားရန် မဖိတ်ခေါ်သဖြင့် ပုဏ္ဏားလုလင်သည် ဘုရားအလောင်း၏ ထမင်းကို လုယူစားသောက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတပတ္တဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ခိုးသားငါးရာတို့၏ အကြီးအမှူးဖြစ်၍ ခရီးသွားတို့ကို လုယက်ခဲ့ပုံ၊ သူကြွယ်သားသည် ဇနပုဒ်မှ အသပြာကြွေးတစ်ထောင်ကို တောင်းယူ၍ ပြန်လာစဉ် မိခင်သည် သူပြန်မရောက်မီပင် သေဆုံးကာ မြေခွေးမဘဝ၌ ဖြစ်ခဲ့ပုံ၊ မြေခွေးမသည် သားဖြစ်သူအား တောအုပ်သို့ မဝင်ရန် တားမြစ်ခဲ့ပုံ၊ သားက မိခင်မှန်း မသိသဖြင့် မောင်းထုတ်ခဲ့ပုံ၊ ခေါက်ရှာငှက်ကမူ လုလင်ကို သတ်၍ အသပြာကို လုယူရန် အော်မြည်ခဲ့ပုံ၊ ဘုရားလောင်း ခိုးသူက မလုယူတော့ဘဲ ပြန်လွှတ်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတရံသိတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ ပွင့်တော်မူသော ပဒုမုတ္တရဘုရားရှင်အား လက်အုပ်ချီမိုး ရှိခိုးကန်တော့၍ ဂုဏ်တော်တို့ကို ချီးမွမ်းပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင့်သာသနာတော်ဝယ် ခုနစ်နှစ်သားမှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္တကဒမ္ဗပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ၉၄-ကမ္ဘာအထက်၌ ပွင့်တော်မူသော ပစ္စေကဗုဒ္ဓါ(၇)ဆူတို့အား ထိန်ပွင့်(၇) ပွင့် လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဒုဂ္ဂတိဘေးမှ ကင်းဝေး၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္တဇဋိလဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ပုဗ္ဗာရုံ ကျောင်းရိပ်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်းကြီးသည် ဘုရားရှင့်အနီး၌ ထိုင်နေပုံ၊ ရသေ့ခုနစ်ဦး၊ နိဂဏ္ဌခုနစ်ဦး၊ အစေလတက္ကတွန်းခုနစ်ဦး၊ ပရိဗိုဇ်ခုနစ်ဦးတို့ ကျောင်းအနီးမှ ဖြတ်သွားစဉ် ကောသလမင်းကြီး ထသွားပြီး ရှိခိုးဝတ်ချ အမည်နာမကို လျှောက်ထားပုံ၊ ထိုသူတို့သည် ရဟန္တာ, ရဟန္တာဖြစ်ရန် ကျင့်ဆောင်နေသူများ ဖြစ်ပါသည်ဟု လျှောက်ထားသောအခါ ဘုရားရှင်က ကာမဂုဏ်ခံစားနေသည့် လူများကို ရဟန္တာဟုတ်၊ မဟုတ် သိရန် ခဲယဉ်းကြောင်း၊ အချိန်ကြာကြာ လေ့လာလိုစိတ်ဖြင့် အသိဉာဏ်ဦးဆောင်ပြီး အတူတူ ပေါင်းသင်းကြည့်မှသာ သိနိုင်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၇၇) (ဥဒါန၊၁၅၅) (သံ၊ဋ္ဌ၊၁၊၁၃၆) (ဥဒါန၊ဋ္ဌ၊၃၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္တပဏ္ဏိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုမနဘုရားရှင်အား စရည်းပန်းကို လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိတော့ဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္တပဒုမိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ နေသာဒမည်သောပုဏ္ဏား ဖြစ်စဉ် မြစ်ကမ်းအနီး ပဒုမ္မာကြာပန်းတို့ဖြင့် သင်္ခမ်းကျောင်းကို တန်ဆာဆင်ခဲ့ပုံ၊ ထိုအခါ သိဒ္ဓတ္ထဘုရားရှင် ကောင်းကင်ခရီးဖြင့် ကြွလာတော်မူသည်ကို တွေ့မြင်၍ ဘုရားရှင်အား ခရီးဦးကြိုဆိုပြီး သင်္ခမ်းကျောင်းသို့ ပင့်ဆောင်ခဲ့ပုံ၊ မြတ်သော ကြာပန်းတို့ဖြင့် ကြဲဖြန့်ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ခုနစ်ဆယ့်သုံးကမ္ဘာအထက်၌ ပါဒပဝရမည်သော စကြဝတေးမင်း လေးကြိမ်တိုင်တိုင် ဖြစ်ခဲ့၍၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္တပါဋလိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တောင်ကြား၌ သီတင်းသုံးနေတော်မူသော ဘုရားရှင်ကို ဖူးမြင်ရ၍ သခွတ်ပန်းခုနစ်ပွင့်တို့ကို တင်လှူပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိတော့ဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္တပုတ္တခါဒပေတိဝတ္ထု

ဤဝတ္ထု၌ ရွာတစ်ရွာရှိ လူတစ်ယောက်၏ မယားနှစ်ယောက်တို့တွင် မယားငယ် ကိုယ်ဝန်သုံးလရှိသောအခါ မယားကြီးသည် မနာလိုသဖြင့် ဆေးဆရာနှင့် ပေါင်း၍ သန္ဓေလျှောကျအောင် စီစဉ်ခဲ့ပုံ၊ လူတို့က မေးသောအခါ မိမိမပြုလုပ်ကြောင်း အကယ်၍ ပြုလုပ်ပါက နေ့တိုင်းနေ့တိုင်း သား(၇)ယောက်ကို မွေးဖွား၍ သားများ၏အသားကို ပြန်စားသူ ဖြစ်ရပါစေဟု လိမ်ညာ၍ ကျိန်ဆိုခဲ့ပုံ၊ ထိုမကောင်းမှုကံကြောင့် မယားကြီး ကွယ်လွန်သောခါ အဆင်းမလှ အပုတ်နံ့ထွက်၍ ယင်တရုံးရုံး ဝိုင်းအုံနေသော ပြိတ္တာမကြီး ဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၃၁) (ပေတ၊ဋ္ဌ၊၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္တရသဝဂ္ဂီဒါရကာဝတ္ထု

ဤဝတ္ထု၌ ဥပါလိသူငယ်၏ မိဘများသည် မိမိတို့ ကွယ်လွန်သွားသည့်အခါ သားငယ်လေး ချမ်းချမ်းသာသာ နေထိုင်နိုင်ရန် သာသနာ့ဘောင်သို့ ဝင်ရောက်စေကြပုံ၊ ဥပါလိသူငယ်က သူ၏သူငယ်ချင်းများနှင့်အတူ တိုင်ပင်၍ သူငယ်ချင်း(၁၇)ယောက် သာသနာ့ဘောင်သို့ ဝင်ရောက်ကြပုံ၊ နံနက်မိုးမလင်းမီ အစားအသောက်ကို ငိုယိုတောင်းဆိုကြသဖြင့် မြတ်စွာဘုရားက ရဟန်းပြုပေးရန် အသက်အရွယ်ကို ပိုင်းခြားတော်မူပုံ၊ ‘‘အသက်(၂၀)မပြည့်သူကို ရဟန်းခံပေးသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဦနဝီသတိဝဿ သိက္ခာပုဒ်ကို ပညတ်ပုံတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၆၉) (ဝိ၊၃၊၁၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္တရသဝဂ္ဂီဘိက္ခုဝတ္ထု

ဤဝတ္ထု၌ သတ္တရသဝဂ္ဂီရဟန်းငယ်များသည် အချင်းချင်း အလွန်ရင်းနှီးခင်မင်ကြပုံ၊ တစ်ချိန်တွင် သံဃိကပစ္စည်းများကို ခင်းအိပ်ကြပြီး မသိမ်းဆည်းဘဲ ပစ်ထားခဲ့ကြသဖြင့် ပစ္စည်းများ ခြစားခံရပုံ၊ ဘုရားရှင်က ‘‘သံဃိကကျောင်း၌ အိပ်ရာနေရာကို ခင်း၍ မသိမ်းဆည်းခဲ့သော ရဟန်းအား ပါဒိတ်အာပတ် သင့်၏’’ဟု ဒုတိယသေနာသန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္တရသဝဂ္ဂီဘိက္ခုဝတ္ထု

ဤဝတ္ထု၌ သတ္တရသဝဂ္ဂီရဟန်းတို့သည် ကျောင်းတိုက်ကြီး၏ အစွန်၌ တည်ရှိသော ကျောင်းကြီးတစ်ကျောင်းကို ပြင်းဆင်ကြပုံ၊ ပြင်ဆင်ပြီး နေကြသော သတ္တရသဝဂ္ဂီရဟန်းတို့ကို ဆဗ္ဗဂ္ဂီရဟန်းတို့က လည်ကုပ်ကို ကိုင်ဆွဲ၍ နှင်ထုတ်ကြပုံ၊ ထိုအဖြစ်ကို အကြောင်းပြု၍ ‘‘ရဟန်းတစ်ပါးကို စိတ်ဆိုး၍ သံဃိကကျောင်းမှ နှင်ထုတ်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု နိက္ကဍ္ဎန သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္တရသဝဂ္ဂီဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဉ် သတ္တရသဝဂ္ဂီရဟန်းတို့သည် တောင်ထိပ်ပွဲသဘင်သို့ ကြည့်ရှုရန် သွားကြပုံ၊ လူတို့က ရေမိုးချိုး လိမ်းကျံပေးပြီး စားသောက်ဖွယ်များကို ပေးလိုက်ကြပုံ၊ သတ္တရသဝဂ္ဂီရဟန်းတို့သည် ကျောင်းသို့ ယူလာကြပြီး ဆဗ္ဗဂ္ဂီရဟန်းတို့အား စားသုံးရန် ပေးကြပုံ၊ မွန်းလွဲအခါ စားသုံးကြသည်ကို လူတို့က ကဲ့ရဲ့ကြပုံ၊ ဘုရားရှင် သိတော်မူသဖြင့်‘‘နေလွဲ ညစာ စားသော ရဟန်းအား ပါစိတ် အာပတ် သင့်၏’’ဟု ဝိကာလဘောဇန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္တရသဝဂ္ဂီဘိက္ခုဝတ္ထု

ဤဝတ္ထု၌ သတ္တရသဝဂ္ဂီရဟန်းငယ်များ၏ သပိတ်သင်္ကန်းစသော အသုံးအဆောင်များကို နောက်ပြောင်ကျီစယ်ကာ ဝှက်ထားကြသော ဆဗ္ဗဂ္ဂီရဟန်းများကို အကြောင်းပြု၍ ဘုရားရှင်က ‘‘အခြားရဟန်းများ၏ သပိတ်, သင်္ကန်းစသည်တို့ကို ဝှက်ထားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု စီဝရအပနိဓာန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်အရာများ ပါဝင်သည်။ (ဝိ၊၂၊၁၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္တလိပုပ္ဖပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝေဿဘူဘုရားရှင်အား မိုးစွေပန်းခုနစ်ပွင့်တို့ကို လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိတော့ဘဲ ဤဘုရားရှင့်သာသနာတော်ဝယ် ရဟန္တာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္တဝဿိကသာမဏေရဝတ္ထု

ဤဝတ္ထု၌ တိဿမင်းကြီးသည် တင်လဲလှည်း အစီးငါးရာတို့ကို ယူဆောင်၍ မဟာဝိဟာရ ကျောင်းတိုက်သို့ သွားပြီး တင်လဲလှည်း အစီးနှစ်ရာ့ငါးဆယ်ကို သံဃာတော်တို့အား မင်းစေတို့ကို လှူဒါန်းခိုင်းပုံ၊ အတိုင်းအတာ ပမာဏကို သိပြီး အလှူခံသော ရဟန်းသာမဏေတို့ကို တွေ့လျှင် မိမိအား ပြောကြားရန် မင်းကြီးက မင်းစေတို့အား မှာကြားထားပုံ၊ စေတိယတောင်မှ ခုနစ်နှစ်သား သာမဏေငယ်တစ်ပါးသည် မိမိ၏ ဥပဇ္ဈာယ်ဆရာက သီးသီးခန့်မျှ တင်လဲ အလိုရှိသည်ဟု ဆိုသဖြင့် ခွက်ငယ်ကို ယူ၍ တင်လဲအလှူခံ သွားခဲ့ပုံ၊ မင်းစေများက ခွက်အပြည့် လောင်းလှူသည့်အခါ လက်မခံဘဲ သီးသီးခန့်မျှကိုသာ အလှူခံခဲ့ပုံ၊ ထိုအကြောင်းအရာကို တိဿမင်းကြီးအား မင်းစေများက လျှောက်ထားသည့်အခါ မင်းကြီးက သာမဏေငယ်အား ကျန်သော တင်လဲလှည်း အစီး(၂၅၀)တို့ကို လှူဒါန်းလိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္တာဟကရဏီယဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကောသလဇနပုဒ်နေ ဥဒေန ဥပါသကာက သံဃာအား ရည်ရွယ်မှန်းထားပြီး ကျောင်းဆောက်လုပ်ပုံ၊ ကျောင်းပြီးသောအခါ ကျောင်းလှူပွဲ တရားနာယူပွဲ ကျင်းပလို၍ ရဟန်းတို့အား ပင့်ရာ ရဟန်းတို့က ဝါတွင်းဖြစ်၍ မသွားကြပုံ၊ ဥပါသကာကြီးက ကဲ့ရဲ့သဖြင့် ရဟန်းတို့က ဘုရားရှင်အား လျှောက်ထားရာ ဝါတွင်း၌ ပင့်လျှင် ၇-ရက်အတွင်း သွားနိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္တာဟပဗ္ဗဇိတတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်၏ လက်ထက်တော်၌ ဆွေမျိုးတို့၏ ပျက်စီးခြင်း၊ စည်းစိမ်ဥစ္စာ၏ ပျက်စီးခြင်းတို့နှင့် ကြုံတွေ့ခဲ့ရသဖြင့် ထိုပျက်စီးတို့ ငြိမ်းအေးစေရန် ရဟန်းအဖြစ်သို့ ကပ်ရောက်ခဲ့ပုံ၊ ဝိပဿီဘုရားရှင့်သာသနာတော်၌ ဘုရားရှင်၏ အဆုံးအမကို အလိုရှိသူဖြစ်၍ အလွန်ကောင်းမွန်စွာ နေထိုင်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့တော့ဘဲ လွန်ခဲ့သော ခြောက်ဆယ့်ခုနစ်ကမ္ဘာအထက်၌ သုနိက္ခမဟု ထင်ရှားသော စကြဝတေးမင်း ခုနစ်ကြိမ် ဖြစ်ခဲ့၍ နောက်ဆုံး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္တိဂုမ္ဗဇာတက

ဤဇာတ်တော်၌ ပဉ္စာလမင်းသည် တောကစားထွက်သောအခါ ခိုးသူတို့ စောင့်ရှောက်ထားသော သတ္တိဂုမ္ဗကျေးသားနှင့် တွေ့ပုံ၊ သတ္တိဂုမ္ဗကျေုးသားက ‘‘အိပ်နေသော မင်းကြီးအား သတ်၍ အဝတ်တန်ဆာတို့ကို ယူကြကုန်လော့’’ စသည်ဖြင့် ပြောဆိုပုံ၊ ပဉ္စာလမင်းကြီးသည် ထိုနေရာမှ ထွက်ခွာခဲ့ပြီး ရသေ့တို့ မွေးမြူထားသော ပုပ္ဖကကျေးသားနှင့် တွေ့ပုံ၊ ကျေးသားသည် မင်းကြီးအား ‘‘ကောင်းသော လာခြင်း ဖြစ်ပါသည်၊ ကောင်းနိုးရာရာ သစ်သီးတို့ကို သုံးဆောင်ပါ’’ဟု ပြောဆိုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္တုပ္ပလမာလိကာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျာသည် အရုဏဝတီမြို့၌ အရုဏမင်း၏မိဖုရား ဖြစ်ခဲ့ပြီး သိခီဘုရားရှင်အား ကြာညိုပန်း(၇)ပွင့်လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၉၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္တုဘသ္တဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဇနကမင်းကြီး မင်းပြုစဉ် ဘုရားလောင်းသည် အကျိုးအကြောင်းကို ဆုံးမသွန်သင်ရသည့် သေနကအမည်ရှိသော မင်းဆရာအမတ် ဖြစ်ပုံ၊ ထိုတိုင်းပြည်သည် ဘုရားပွင့်သောကာလကဲ့သို့ ဒါနသီလသုစရိုက်တရားတို့ဖြင့် စည်ကားနေပုံ၊ ပုဏ္ဏားအိုတစ်ယောက်သည် အလှူခံရာမှ အပြန်တွင် မုန့်အိပ်ကို ဖွင့်ပြီး ရေသောက်ဆင်းသောအခါ ထိုမုန့်အိပ်ထဲသို့ မြွေဟောက်ဝင်နေသည်ကို ဘုရားအလောင်းက မိမိပညာစွမ်းဖြင့် သိရှိ၍ အသက်ကယ်ခဲ့ပုံ၊ ပုဏ္ဏေးမ၏ လင်ငယ်ကို ဖော်ထုတ်ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္ထကမ္မပဋိက္ခေပဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အာကာသဂေါတ္တမည်သော ဆေးဆရာသည် ရဟန်းတစ်ပါး၏ မြင်းသရိုက်နာကို ခွဲ၍ ကုသနေပုံ၊ ထိုဆေးဆရာသည် ဘုရားရှင် ကြွလာတော်မူသည်ကို မြင်၍ ဘုရားရှင်အား ‘‘အရှင်ဂေါတမ...လာကြည့်ပါဦး၊ ဤရဟန်း၏ ဝစ္စမဂ်သည် ဖွတ်ပါးစပ်နှင့် တူပါ၏’’ဟု ပြောင်လှောင် ပြောဆိုခဲ့ပုံ၊ ဘုရားရှင်သည် သံဃာတော်တို့အား ကျဉ်းမြောင်းရာအရပ်၏ အနီးဖြစ်သော လက်နှစ်သစ်ကွာဝေးသော အရပ်ရှိ အရေသည် သိမ်မွေ့နူးညံ့ပြီး အနာသည် အသားနုတက်ခဲ၍ ခွဲစိတ်ရန် ခဲယဉ်းကြောင်း မိန့်တော်မူကာ ဓားခွဲမှု၊ ကျပ်စည်းမှု မပြုရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္ထစ္ဆေဒဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းသည် ပစ္စန္တရာဇ်မင်း ဖြစ်စဉ် လူမိုက်များနှင့် ပေါင်းမိပြီး သေသောက်ကြူးဖြစ်ခဲ့ပုံ၊ တစ်နေ့သောအခါ သန်လျက်ကိုကိုင်ကာ မြို့တွင်းလှည့်လည်ပြီး အပြစ်မရှိသောသူတို့အား သန်လျက်ဖြင့် ခုတ်ခဲ့ပုံ၊ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် နှစ်ပေါင်းများစွာ အပါယ်ငရဲ၌ ဆင်းရဲဒုက္ခ ခံခဲ့ရပုံ၊ နောက်ဆုံးဘဝ ဘုရားဖြစ်သည့်အချိန်၌ ဒေဝဒတ် ကျောက်မောင်းဆင်ချ၍ ထိခိုက်မိသော ခြေဖမိုးဒဏ်ရာကြောင့် သမားတော်ဇီဝက၏ ခွဲစိတ်ကုသမှုကို ခံယူတော်မူခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်ပသည်။ (အပ၊ဋ္ဌ၊၁၊၁၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သတ္ထာရဝန္ဒနာဝတ္ထု

ဤဝတ္ထု၌ သိကြားမင်းသည် မာတလိနတ်သားအား ဥယျာဉ်တော်ကို လှည့်လည် ကြည့်ရှုရန် ဝေဇယန္တာရထားကို အဆင်သင့် ပြုလုပ်စေပုံ၊ သိကြားမင်းက ဝေဇယန္တာပြာသာဒ်ပေါ်မှ ဆင်းလျက် လက်အုပ်ချီကာ ဘုရားရှင်အား ရည်မှန်း၍ ရှိခိုးခဲ့ပုံ၊ မာတလိနတ်သားက ‘‘အရှင်သိကြားမင်းက ရှိခိုးရသော ပုဂ္ဂိုလ်သည် အဘယ်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သနည်း၊ အဘယ်သူ့အား ရှိခိုးပါသနည်း’’ဟု မေးမြန်းပုံ၊ သိကြားမင်းက ရှိခိုးထိုက်သော ပုဂ္ဂိုလ်တို့ကို ပြောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၃၆) (သံ၊ဋ္ဌ၊၁၊၃၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဒ္ဒသညကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်၌ နေစဉ် ဘုရားရှင်၏ တရားသံကို ကြည်ညိုခဲ့သောကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့တော့ဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဒ္ဓါတိဿမဟာရာဇဝတ္ထု

ဤဝတ္ထု၌ သဒ္ဓါတိဿမင်းကြီးသည် တိဿအမတ်ကို ခါသားဟင်း ချက်၍ ဆောင်ယူစေခဲ့ပုံ၊ မဟာထေရ်၏ အလုပ်အကျွေးဖြစ်သော သာမဏေငယ်အား ခါသားဟင်းကို ပေးလှူသည့်အခါ အနည်းငယ်သာ ခံယူသဖြင့် ကြည်ညိုသွားပုံ၊ မင်းကြီးက ‘‘နေ့စဉ် ဆွမ်းရှစ်ချိုင့် ပေးလှူပါ၏’’ဟု ဆိုသောအခါ ထိုဆွမ်းရှစ်ချိုင့်ကို ‘‘ဥပဇ္စျာယ်ဆရာအား တစ်ဆင့် ပေးလှူပါ၏’’ဟု ပြောဆိုခဲ့ပုံ၊ နောက်ထပ် ရှစ်ချိုင့်, ရှစ်ချိုင့်စသည့်တို့ကိုလည်း ‘‘မိမိ၏ စာချဆရာ, သီတင်းသုံးဖော်, ရဟန်းသံဃာတို့အား ပေးလှူပါ၏’’ဟု ပြောဆိုခဲ့ပုံ၊ နောက်ဆုံးရှစ်ချိုင့်ကိုသာ မိမိအတွက် အလှူခံခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သနင်္ကုမာရဗြဟ္မဝတ္ထု

ဤဝတ္ထု၌ တာဝတိံသာနတ်ပြည်၌ သုဓမ္မာနတ်သဘင်အခမ် အနား ကျင်းပပုံ၊ ဗြဟ္မာနှင့် နတ်ဒေဝတာတို့ ဆက်သွယ်လေ့ရှိကြပုံ၊ သနင်္ကုမာရဗြဟ္မာကြီး၏ အစွမ်းအာနုဘော်ကို ပြဆိုထားပုံ၊ သနင်္ကုမာရ ဗြဟ္မာ တရားစကား ဟောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၁၆၉) (ဒီ၊ဋ္ဌ၊၂၊၂၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သနင်္ကုမာရဝတ္ထု

ဤဝတ္ထု၌ သနကုင်္မာရဗြဟ္မာလောင်း အမျိုးကောင်းသားသည် ရှေးအတိတ် လူ့ဘဝက ဆံထုံး ငါးထုံးဖြင့် ကလေးငယ်အရွယ်၌ပင် ဈာန်ရခဲ့ပြီး ဗြဟ္မာပြည်ရောက်သောအခါ၌လည်း ကလေးငယ်အသွင်အပြင်ရှိသည့်အတွက် သနင်္ကုမာရဗြဟ္မာဟု ထင်ရှားခဲ့ပုံ၊ ထိုဗြဟ္မာသည် မြတ်စွာဘုရားအထံတော်သို့ ချဉ်းကပ်၍ ‘‘အမျိုးဇာတ်ရှိသူတို့တွင် မင်းမျိုးမင်းဇာတ်ရှိသူသည် အမြတ်ဆုံးဖြစ်၍ လူနတ်ဗြဟ္မာသတ္တဝါတို့တွင် ဝိဇ္ဇာဉာဏ်နှင့် အကျင့်စရဏသီလရှိသူသည်သာ အမြတ်ဆုံး ဖြစ်သည်’’ဟု လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၅၅) (သံ၊ဋ္ဌ၊၁၊၂၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သန္တကာယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေထိုင်တော်မူစဉ် ရဟန်းတော်များက ‘‘သန္တကာယမထေရ်သည် ခြင်္သေ့ကဲ့သို့ တည်ငြိမ်သော ကာယိန္ဒြေရှိကြောင်း၊ သန္တကာယမထေရ် ထိုင်နေသော အခါ၌ ခြေလှုပ်ခြင်း၊ လက်လှုပ်ခြင်း၊ ကိုယ်လက်ဆန့်တန်းခြင်းတို့ကို တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးကြောင်း’’ ဘုရားရှင်အား လျှောက်ထားကြပုံ၊ ဘုရားရှင်က သန္တကာယမထေရ်သည် ယခင်ဘဝ၌ ခြင်္သေ့မျိုး၌ ဖြစ်ခဲ့ဖူးကြောင်း၊ သင်တို့သည်လည်း သန္တကာယမထေရ်ကဲ့သို့ ငြိမ်သက်သော ကာယိန္ဒြေ, ငြိမ်သက်သောစကား, ငြိမ်သက်သောစိတ် ရှိရမည်ဖြစ်ကြောင်း တရားဟောသဖြင့် သန္တကာယမထေရ် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သန္တတိမဟာမတ္တဝတ္ထု

ဤဝတ္ထု၌ ပစ္စန္တရာဇ်ဇနပုဒ်၌ သူပုန်ရန်ကို နှိမ်နင်းနိုင်ခဲ့သဖြင့် ပသေနဒီကောသလမင်းကြီးက သန္တတိ အမတ်ကြီးအား မင်းစည်းစိမ်ကို ခုနစ်ရက် အပ်နှင်းခဲ့ပုံ၊ အမတ်ကြီးသည် ကချေသည်မိန်းမ၏ ဖျော်ဖြေမှုကို ခံယူ၍ ခုနစ်ရက်ပတ်လုံး သောက်စားမူးယစ်ခဲ့ပုံ၊ ရေချိုးဆိပ်သို့ အသွား ဆွမ်းခံကြွလာတော်မူသော မြတ်စွာဘုရားကို ဆင်ပေါ်မှ ရှိခိုးပုံ၊ ထိုနေ့မှာပင် မြတ်စွာဘုရား၏ တရားကို နာကြားပြီး ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန်ပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋီ၊၃၊၁၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သန္တတိမဟာမတ္တဝတ္ထု

ဤဝတ္ထု၌ ပုန်ကန်ထကြွနေသော ပစ္စန္တရာဇ်အရပ်ကို နှိမ်နင်းအောင်မြင်ခဲ့သော သန္တတိအမတ်ကြီးကို ကောသလမင်းကြီးက နှစ်သက်သဘောကျပြီး မင်းစည်းစိမ် ခုနစ်ရက် ခံစားခွင့် ပေးခဲ့ပုံ၊ ခုနစ်ရက်မြောက်နေ့၌ သန္တတိအမတ်ကြီးသည် သောက်စားမြူးတူးပျော်ပါးလျက် ရေချိုးဆိပ်သို့ သွားစဉ် ဆွမ်းခံကြွလာသော ဘုရားရှင်ကို တွေ့မြင်ရသဖြင့် ဆင်ပေါ်မှ ဦးခေါင်းညွတ်၍ ရှိခိုးခဲ့ပုံ၊ ဘုရားရှင်က ပြုံးတော်မူလျက် ‘‘သန္တတိအမတ်ကြီးသည် ယနေ့ပင် ရဟန္တာ ဖြစ်၍ ပရိနိဗ္ဗာန်စံဝင်လိမ့်မည် ဖြစ်ကြောင်း’’ အရှင်အာနန္ဒာမထေရ်အား မိန့်ကြားတော်မူပုံ၊ သန္တတိအမတ်ကြီးသည် ရေချိုးဆိပ်မှ ပြန်လာပြီး ဥယျာဉ်တွင်း၌ ကပွဲသဘင်ကြည့်ရှုနေစဉ် ကချေသည်မလေးတစ်ယောက် လေဖြတ်၍ ကွယ်လွန်သွားသည်ကို တွေ့မြင်လိုက်ရပုံ၊ အမတ်ကြီးသည် အလွန်အမင်း ကြောက်ရွံ့့ထိတ်လန့်ပြီး ဘုရားရှင်ထံ သွားရောက်၍ သောကငြိမ်းကြောင်း တရားကောင်းများ ဟောကြားပေးပါရန် လျှောက်ထားပုံ၊ ဘုရားရှင်က ‘‘ယံ ပုဗ္ဗေ တံ ဝိသောသေဟိ’’စသော ဂါထာကို ဟောကြားတော်မူသောအခါ ဂါထာအဆုံး၌ပင် သန္တတိအမတ်ကြီး ရဟန္တာဖြစ်၍ တန်ခိုးပြာဋိဟာ ပြလျက် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သန္ထဝဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းရသေ့သည် မီးကို ပြုစုလုပ်ကျွေးနေစဉ် ဗြဟ္မာကြီးကို ရည်ညွှန်း၍ ထောပတ်လောင်းထည့်ရာ မီးထတောက်ပြီး ကျောင်းသင်္ခမ်းပါ မီးလောင်သွားပုံ၊ မိမိကို ပူဇော်ကိုးကွယ်သော သူကိုပင် ‘‘မီးသည် မကာကွယ်နိုင်’’ဟု အမြင်မှန် ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သန္ဒကဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ကောသမ္ဗီပြည်၊ ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်အာနန္ဒာနှင့် ရဟန်းတော်များသည် ပိလက္ခလိုဏ်ဂူ၌ နေသော သန္ဒကပရိဗိုဇ်နှင့် တပည့်ငါးရာတို့ထံ ကြွရောက်၍ အဗြဟ္မစရိယာဝါသ မိစ္ဆာဒိဋ္ဌိ(၄)မျိုးကို အရှင်အာနန္ဒာမထေရ်က ဟောပြတော်မူပုံ၊ သန္ဒကပရိဗိုဇ် သဘောကျ၍ မြတ်စွာဘုရား၏ သာသနာတော်၌ ဗြဟ္မစရိယာဝါသ ကျင့်သုံးဖို့ရန် တိုက်တွန်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၁၈၀) (မ၊ဋ္ဌ၊၃၊၁၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သန္ဓိတတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် စည်ပင်ပြန့်ပွားပြီး စိမ်းညိုသော အရောင်ရှိသည့် ညောင်ဗုဒ္ဓဟေဗောဓိပင်၌ ဘုရားရှင်ကို အာရုံပြု၍ ကြည်ညိုခဲ့သော ကောင်းမှုကံကြောင့် လွန်ခဲ့သော တစ်ဆယ့်သုံးကမ္ဘာအထက်၌ ဓနိဋ္ဌမည်သော စကြာမင်း ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၅) (ထေရ၊ဋ္ဌ၊၁၊၄၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သန္ဓိဘေဒဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်း ဖြစ်စဉ် တောမုဆိုးက ခြင်္သေ့နှင့် နွားလားတို့ အလွန်ခင်မင်ရင်းနှီးစွာ တောထဲ၌ နေထိုင်ကျက်စားကြသည်ကို တွေ့မြင်ရကြောင်း၊ နောင်အခါ မြေခွေးတစ်ကောင် ရောက်လာပြီး ကုန်းတိုက်စကား ပြောကြားသောကြောင့် အချင်းချင်း အထင်လွဲ ရန်သူဖြစ်ကာ တိုက်ခိုက် သေဆုံးကြကြောင်း လျှောက်ထားခဲ့ပုံ၊ ကုန်းတိုက်စကားသည် အလွန်အသွားထက်သည့် လှံချက်ဖြင့် ထိုးနှက်သည်နှင့် တူကြောင်း ဘုရားရှင်က မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သန္နိဋ္ဌာပကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် မိမိအထံသို့ ကြွလာတော်မူသော ပဒုမုတ္တရဘုရားရှင်အား မြက်အခင်းနှင့် သျှိသျှားသီးကို ပေးလှူခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ၊ လေးဆယ့်တစ်ကမ္ဘာအထက်၌ အရိန္ဒမမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သန္နိပါတာနုဇာနနဝတ္ထု

ဤဝတ္ထု၌ တိတ္ထိပရိဗိုဇ်တို့သည် တစ်လတွင် လဆန်း၊ လဆုတ် ၈-ရက်နေ့များနှင့် လပြည့်၊ လကွယ်ဟူသော ဤလေးရက်၌ စည်းဝေးကြပြီး တရားဟောကြသဖြင့် လူတို့သည် တရားနာကြားကြရပြီးလျှင် ချစ်ခင်လေးစား ကြည်ညိုပွားကြ၍ အင်အား အသင်းအပင်းများ တိုးပွားလာကြသည်ကို ဗိမ္ဗိသာရမင်းကြီး သတိပြုမိပုံ၊ ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ထားတောင်းပန်သဖြင့် ဘုရားရှင်သည် သံဃာတော်တို့အား တစ်လလျှင် ၄-ကြိမ် ဥပုသ်နေ့တို့၌ စည်းဝေးကြရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သပရိဝါရဆတ္တဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား တန်ဆာဆင်ထားသော ထီးဖြူကို ဆောင်းမိုးလှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သပရိဝါရာသနတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရမြတ်စွာဘုရားအား ဆွမ်း လှူဒါန်း၍ ညစ်နွမ်းသော နေရာကို စပယ်ကြက်ရုံးပန်းတို့ဖြင့် ခြံရံဖုံးလွှမ်းခဲ့ပုံ၊ ထိုပန်းတို့ဖြင့် ခြံရံဖုံးလွှမ်းထားသော နေရာ၌ ပဒုမုတ္တရဘုရား သီတင်းသုံးတော်မူလျက် ဆွမ်းအကျိုးကို မိန့်တော်မူခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သပရိဝါရိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ စေတီပုထိုးတော်၌ ကြည်ညိုဝမ်းမြောက်သော စိတ်ဖြင့် စန္ဒကူးပွတ်တိုင်ကို ပြုလုပ်လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ဖြစ်လေရာ လူ့ဘဝ နတ်ဘဝတို့၌ စည်းစိမ်ဥစ္စာတို့ ယုတ်လျော့ခြင်း မရှိခဲ့ပုံ၊ လွန်ခဲ့သော ကမ္ဘာတစ်ထောင့်ငါးရာထက်၌ သမတ္တမည်သော စကြဝတေးမင်း ရှစ်ကြိမ် ဖြစ်ခဲ့၍ ဤဂေါတမဘုရားသာသနာတော်ဝယ် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သပ္ပကတ္ထေရဝတ္ထု

ဤဝတ္ထု၌ သပ္ပကမထေရ်လောင်းလျာသည် သမာပတ်ဝင်စားနေသော သမ္ဘဝပစ္စေကဗုဒ္ဓါအား ပဒုမ္မာကြာရွက် ဆောင်းမိုးပူဇော်ခဲ့သော ကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရရှိကာ ဂေါတမဘုရားရှင်လက်ထက်တွင် သပ္ပကပုဏ္ဏား ဖြစ်လာပုံ၊ ဘုရားရှင်၏ တရားတော်ကို ကြားနာရ၍ ရဟန်းပြုကာ ဝိပဿနာ ပွားသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သပ္ပဒါသတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်လက်ထက်၌ ရဟန်းတစ်ပါးသည် လူထွက်လိုသော်လည်း မရဲမဝံ့ ဖြစ်နေပုံ၊ မြွေကိုက်ခံ၍ သေရန် အကိုက်ခံခဲ့သော်လည်း မြွေက မကိုက်ခဲ့ပုံ၊ လည်ပင်းကို သင်ဓုန်းဓားဖြင့် လှီးဖြတ်နေစဉ် တရားဆင်ခြင်မိသောကြောင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သပ္ပဒါသတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်၏ အထံ၌ သံသရာဝဋ်မှ လွတ်မြောက်ရန် ပြုလုပ်ခဲ့ေသော ကုသိုလ်ကံကြောင့် ဤဘုရားရှင်လက်ထက်တော်၌ ကပိလဝတ္ထုမြို့ သုဒ္ဓေါဒနမင်းကြီး၏ ပုရောဟိတ်သား ဖြစ်လာပုံ၊ နောင်တွင် သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သပ္ပိဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လမ်းခရီး၌ ကြွသွားတော်မူသော ဖုဿဘုရားရှင်၏ သပိတ်တော်ကို ယူပြီး ထောပတ်များ လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ရခြင်း မရှိတော့ဘဲ လွန်ခဲ့သော ငါးဆယ့်ခြောက်ကမ္ဘာအထက်၌ သမောဒကမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သပ္ပိဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ သပ္ပိဒါယကမထေရ်လောင်း အမျိုးကောင်းသားသည် မိမိအိမ်ပြာသာဒ်အထက်၌ မိန်းမများစွာ ခြံရံလျက် ထိုင်နေစဉ် မကျန်းမမာ ဖျားနာနေသော ရဟန်းတော်တစ်ပါးကို တွေ့မြင်ရ၍ ပင့်ဖိတ်ကာ ပြုစုခဲ့ပုံ၊ ထို့နောက် မိမိမြို့သို့ ကြွလာသော သိဒ္ဓတ္ထဘုရားရှင်အား ထောပတ် ဆီဦးများကို ကပ်လှူ ပူဇော်ခဲ့ပုံ၊ တန်ခိုးတော်ဖြင့် ရွှေဟင်္သာမင်းကဲ့သို့ ကောင်းကင်၌ ကြွသွားတော်မူသော ဘုရားရှင်အား ကြည်ညိုသဒ္ဓါ ပွားခဲ့ပုံ၊ ဤကုသိုလ်ကောင်းမှုကြောင့် (၉၄)ကမ္ဘာတိုင်တိုင် အပါယ်မလားဘဲ သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဗ္ဗကာမိတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ကုသိုလ်ကောင်းမှု ပြုခဲ့သောကြောင့် နောက်ဆုံးဘဝ၌ ဝေသာလီပြည် မင်းမျိုး၌ ဖြစ်ပုံ၊ ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး နှစ်တစ်ရာအကြာတွင် ဝေသာလီပြည်သား ဝဇ္ဇီရဟန်းများကြောင့် ဖြစ်ပေါ်လာသော သာသနာတော်၏ အညစ်အကြေးကို သုတ်သင်ရာ၌ အရှင်ယသထေရ်နှင့်အတူ ဦးဆောင်ပါဝင်ခဲ့သော ဝါတော်(၁၂၀)ရှိ သဗ္ဗကာမီ မထေရ်ကြီး ဖြစ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဗ္ဗကိတ္တိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာ ရသေ့သည် ပဒုမုတ္တရဘုရားရှင်အား အကျော်နက်နံ့သာကို သွေး၍ လိမ်းကျံပူဇော်ကာ ဂုဏ်တော်တို့ကို ဂါထာ ၁၀-ဂါထာတို့ဖြင့် ချီးကျူးပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဗ္ဗဂန္ဓိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ပန်းနံ့သာနှင့် တကွ ပိုးချည်အဝတ်ပုဆိုးတို့ကို လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ တစ်ဆယ့်ငါးကမ္ဘာအထက်၌ သုစေဠမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဗ္ဗဒါဌဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်အမတ် ဖြစ်၍ ပထဝီဇယမန္တန်ကို လေ့ကျင့်စဉ် မြေခွေးတစ်ကောင်က ထိုမန္တန်ကို ရရှိသွားပုံ၊ မန္တန်အစွမ်းဖြင့် တောတွင်းသတ္တဝါအားလုံးကို စုရုံးကာ ၁၂-ယူဇနာကျယ်ပြန့်သော သားရဲတပ်ကြီးဖြင့် ဗာရာဏသီပြည်ကို စစ်တိုက်ရန် ချီတက်လာပုံ၊ ဆင်နှစ်ကောင်၏ ကျောက်ကုန်းပေါ်သို့ ခြင်္သေ့ကို တက်စေပြီး ခြင်္သေ့ကျောပေါ်တွင် မြေခွေးက တက်ကာ နေရာယူခဲ့ပုံ၊ ခြင်္သေ့ကို ဟောက်စေသဖြင့် သတ္တဝါအားလုံး ဖရိုဖရဲ ပြေးကြသောကြောင့် အချင်းချင်း နင်းမိကာ မြေခွေးရော အခြားသတ္တဝါများပါ သေဆုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဗ္ဗဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဥယျာဉ်ပန်းမန်၊ သားငှက်မျိုးစုံတို့ဖြင့် တင့်တယ်သော ရေကန်တို့ဖြင့် တန်ဆာဆင်ထားသော မိမိအိမ်ဗိမာန်သို့ သုမေဓာဘုရားရှင်နှင့် သံဃာတော်တစ်သိန်းတို့အား ပင့်ဖိတ်၍ ဆွမ်းကပ်ကာ သင်္ကန်းလှူခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ချမ်းသာစွာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဗ္ဗနီလကာဒိပဋိက္ခေပကထာဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အလုံးစုံ နီသော၊ ဝါသော၊ ညိုသော၊ ပြာသော၊ မည်းသော၊ အဆာမဖြတ်သော၊ အဆာရှည်သော၊ ပန်းပွင့်အဆာကျစ်သော၊ မြွေပါးပျဉ်းသဏ္ဌာန်အဆာရှိသော သင်တိုင်းလျှော်တေ ဦးရစ်သင်္ကန်းတို့ကို ဆောင်ကြသဖြင့် ‘‘ထိုကဲ့သို့သော အဝတ်သင်္ကန်းများကို မဝတ်ရ မဆောင်ရ’’ဟု ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဗ္ဗပံသုကူလိကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် အလုံးစုံ ပံ့သကူပစ္စည်းကိုသာ ဆောင်ခဲ့ရာ လူသေခေါင်းခွံသပိတ်ကို ပိုက်၍ ဆွမ်းခံသွားပုံ၊ မိန်းမတစ်ယောက်က တွေ့၍ လန့်အော်ပုံ၊ လူတို့က ကဲ့ရဲ့သဖြင့် ‘‘အလုံးစုံ ပံ့သကူပစ္စည်း သုံးစွဲသူ မဖြစ်ရ၊ လူသေဦးခေါင်းခွံသပိတ်ကို မသုံးစွဲရ’’ဟု ဘုရားရှင်က ပညတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဗ္ဗဖလဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား သစ်သီးမျိုးစုံဖြင့် လှူဒါန်းခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဗ္ဗမင်္ဂလဝတ္ထု

ဤဝတ္ထု၌ ဘာတိကမည်သော မင်းတစ်ပါးသည် မိမိဆရာအား ‘‘ရတနာသုံးပါးတို့မှ မလွတ်သော အောင်ခြင်းမင်္ဂလာဂါထာတစ်ပုဒ်ကို ရွတ်ပြပါ’’ဟု တောင်းပန်ခဲ့ပုံ၊ ဆရာသည် ပိဋကတ်သုံးပုံလာ ဘုရားစကားအားလုံးကို သုံးသပ်၍ ဒိဝါ တပတိ အာဒိစ္စော-အစရှိသော ဂါထာကို ရွတ်ဆိုပြခဲ့ပုံ၊ ဘုရင်က ဆရာ၏လက်ထဲသို့ အသပြာတစ်ထောင်ကို ပေးလှူပူဇော်ခဲ့သဖြင့် ၎င်းဂါထာသည် သဗ္ဗမင်္ဂလဂါထာ မည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဗ္ဗမိတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဤမထေရ်လောင်းလျာသည် တိဿဘုရားရှင်၏ ခြေတော်ရာစေတီသုံးဆူတို့ကို လိပ်ဆူးရွှေပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့ ပုဏ္ဏားမျိုး၌ ဖြစ်၍ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဗ္ဗမံသလာဘဇာတက

ဤဇာတ်တော်၌ သူဋ္ဌေးသားမိတ်ဆွေ လေးယောက်တို့သည် မုဆိုးတစ်ယောက်ထံမှ အသားများကို တောင်းကြပုံ၊ ထိုသူတို့၏ တောင်းဆိုပုံအလိုက် မုဆိုးက အသားအသီးသီးကို ပေးခဲ့ပုံ၊ ‘‘မိတ်ဆွေ’’ဟု ခေါ်၍ တောင်းသော ဘုရားအလောင်းအား အသားလှည်းတစ်စီးလုံး ပေးလိုက်ပုံ၊ ဘုရားအလောင်းသူဋ္ဌေးသားနှင့် မုဆိုးတို့သည် တစ်သက်လုံး ချစ်ခင်စွာ နေထိုင်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဗ္ဗသံဟာရကပဥှဇာတက

ဤဇာတ်တော်သည် မဟာဥမင်္ဂဇာတ်၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဗ္ဘိဝတ္ထု

ဤဝတ္ထု၌ ကုန်သည်တစ်ဦးသည် သံဃာတော်များအား အလှူကို ပေးလှူ၊ သရဏဂုံ ဆောက်တည်၊ ငါးပါးသီလခံယူ၍ သမုဒ္ဒရာခရီး ထွက်ခဲ့ပုံ၊ သင်္ဘောပျက်သောအခါ သင်္ဘောသားခုနစ်ရာတို့အား ငါးပါးသီလ သင်ပေးခဲ့ပုံ၊ ထိုသူတို့ ကွယ်လွန်ကြသောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ကြပုံ၊ ထိုနတ်တို့သည် ဘုရားရှင်ထံ လာရောက်၍ သူတော်ကောင်းနှင့် ပေါင်းသင်းရခြင်း၏ကြောင့် အကျိုးကို လျှောက်ထားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဘိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ သဘိယမထေရ်လောင်းလျာသည် ကကုသန်ဘုရားရှင်အား ဘိနပ်တစ်ရံ လှူခဲ့သော ကောင်းမှုကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ သဘိယပရိဗိုဇ် ဖြစ်လာပုံ၊ မြတ်စွာဘုရားထံ ချဉ်းကပ်၍ ပြဿနာကို မေးလျှောက်ရာ အဖြေကို ကြားနာရ၍ ကြည်ညိုကာ ရဟန်းပြုပြီး ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဘိယပရိဗ္ဗာဇကဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားလက်ထက်တော်အခါ၌ သီတင်းသုံးဖော်ရဟန်းသုံးပါးတို့ တောင်ထိပ်သို့ တက်၍ တရားအားထုတ်ကြပုံ၊ ပထမတစ်ပါးသည် ရဟန္တာဖြစ်ခဲ့ပုံ၊ ဒုတိယတစ်ပါးမှာ အနာဂါမ် ဖြစ်၍ ဗြဟ္မာဘုံသို့ ရောက်ခဲ့ပုံ၊ တတိယတစ်ပါးမှာ တရားထူးမရဘဲ ပျံလွန်တော်မူသောအခါ နတ်ပြည်၌ ဖြစ်ခဲ့ပုံ၊ ဤဂေါတမဘုရားရှင့်လက်ထက်တွင်တော်၌ သဘိယမည်သော ပရိဗိုဇ် ဖြစ်ခဲ့ပုံ၊ တရားကျင့်ဖက် ဗြဟ္မာကြီးက ပြဿနာ(၂၀)ကို သင်ပေးပြီး မြတ်စွာဘုရားထံ ချဉ်းကပ်ရန် တိုက်တွန်းခဲ့၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကာရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊၃၅၅) (သုတ္တနိ၊ဋ္ဌ၊၂၊၁၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမဂ္ဂဥပေါသထကမ္မဝတ္ထု

ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မိမိအပေါင်းအသင်း ပရိသတ်၌သာ ဥပုသ်ပြုကြပြန်သဖြင့် ဘုရားရှင်က ညီညီညွတ်ညွတ် သံဃာတော်များ စုဝေး၍ ဥပုသ်ပြုရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမဏကပ္ပအမ္ဗဖလဝတ္ထု

ဤဝတ္ထု၌ ဗိမ္ဗိသာရမင်းကြီးသည် ဥယျာဉ်တော်တွင်းရှိ သရက်သီးများကို ရဟန်းတော်များ ဘုဉ်းပေးရန် လှူဒါန်းထားပုံ၊ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သရက်သီးအစိမ်းမှစ၍ ခူးယူစားသုံးကြပုံ၊ ဘုရားရှင်က သရက်သီးမှည့်ကို စားခွင့်ပြုတော်မူပြီး သရက်သီးကို အပ်စပ်အောင် ကပ္ပိပြီးမှ စားသုံးရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမဏကုဋုမ္ဗိကဝတ္ထု

ဤဝတ္ထု၌ အသက်အရွယ် ကြီးရင့်မှ ရဟန်းပြုလာသော ပုဂ္ဂိုလ်များသည် သင်္ကန်းဟောင်း၊ ကျောင်းဟောင်း စသည်တို့ကိုသာ သုံးဆောင်ရလျက် ရဟန်းပရိသတ်အစွန်အဖျား၌သာ နေထိုင်ကြရသဖြင့် စိတ်မချမ်းမသာ ဖြစ်ကြပုံ၊ လူ့ဘဝတွင် စုဆောင်းထားခဲ့သော မိမိစည်းစိမ်ဥစ္စာများကို သုံးဆောင်ခွင့် ရှိ၊ မရှိ၊ ဝိနည်းဓိုရ်ပုဂ္ဂိုလ်အား မေးမြန်းသောအခါ အပြစ်မရှိ သုံးဆောင်နိုင်ခွင့်ရှိ၏ဟု ကြားသိရသဖြင့် ကောက်ပဲသီးနှံ၊ သစ်သီးကြီးငယ်တို့ကို မိမိစိတ်ကြိုက် ချက်ပြုတ်စားသောက်ကြပုံ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် လူ့အနှောင်အဖွဲ့ မပြတ်စဲသဖြင့် နိဗ္ဗာန်သို့ မရောက်နိုင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမဏဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ သမဏနတ်သားသည် ရဟန်းဘဝ၌ တစ်မဂ်တစ်ဖိုလ် ရရန် အပြင်းအထန် ကြိုးစားအားထုတ်ခဲ့ပုံ၊ မဂ်ဖိုလ်မရဘဲ တာဝတိံသာနတ်ပြည်သို့ ရောက်ရှိသွားပုံ၊ နတ်ချမ်းသာလောက်မျှဖြင့် အားရကျေနပ်မနေဘဲ ချက်ချင်းပင် ဘုရားရှင်ထံ လာရောက်၍ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိစေနိုင်သည့် နည်းကောင်းလမ်းကောင်းများကို လျှောက်ထားရာ မြတ်စွာဘုရား အထံတော်မှ ထိုနည်းများကို ကြားနာရ၍ သောတာပတ္တိဖိုလ်၌ တည်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၃၀) (သံ၊ဋ္ဌ၊၁၊၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမာဒပကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဗန္ဓုမတီမြို့၌ ကောင်းမှုကုသိုလ်ပြုသော အသင်း၏ ဥက္ကဋ္ဌဖြစ်၍ သံဃာတော်တို့အား တန်ဆောင်းဝန်းကို ဆောက်လုပ်လှူဒါန်းရန် အသင်းသူအသင်းသားတို့အား တိုက်တွန်းခဲ့ပုံ၊ တန်ဆောင်းဝန်းပြီးသောအခါ ဝိပဿီဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့တော့ဘဲ လွန်ခဲ့သော ခြောက်ဆယ့်ကိုးကမ္ဘာအထက်၌ အဒေယျမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမာနသီမာဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့ရှိ ကျောင်းတိုက်ကြီးများစွာသည် (မဟာသိမ်ဖြစ်၍) သိမ်တူများ ဖြစ်ကြပုံ၊ ငါတို့ကျောင်းသိမ်မှာ ဥပုသ်ပြုရမည်၊ သူတို့ကျောင်းသိမ်မှာ ဥပုသ်ပြုရမည်ဟု အငြင်းပွားနေကြရာ ဘုရားရှင် သိတော်မူ၍ ‘‘တစ်ညီတစ်ညွတ်တည်း စုပေါင်း ဥပုသ်ပြုရမည်၊ မထေရ်ကြီးရှိရာအရပ်၌ ပြုရမည်။ ဝဂ်ဖြစ်သော သံဃာအနေဖြင့် (သံဃာ အစု အစု ခွဲ၍) ဥပုသ်မပြုရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမိတိဂုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားရှင်အား မြတ်လေးပန်းတို့ကို လှူဒါန်းခဲ့သော်လည်း ပစ္စေကဗုဒ္ဓါတစ်ဆူအား အနူဟု ကဲ့ရဲ့ရှုတ်ချခဲ့သောကြောင့် ငရဲ၌ ခံခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိပြည်၌ ပုဏ္ဏားတစ်ဦး ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်လာသောအခါ နူနာရောဂါ စွဲကပ်ခံခဲ့ရပုံ၊ ထိုဝေဒနာကို ရှုပွားသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမိဒ္ဓိတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား ကြည်ညိုလှသဖြင့် လှပသောပန်းခိုင် အညှာတို့ကို ပန်းစည်းပြုလုပ်၍ လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံ၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့၌ သူဌေးသား ဖြစ်ခဲ့ပုံ၊ ဗိမ္ဗိသာရမင်း ဘုရားရှင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်မှာပင် ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမိဒ္ဓိဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း ရသေ့အား နတ်သမီးတစ်ယောက်က ငယ်ရွယ်စဉ်မှာ ကာမဂုဏ် ခံစားရန် ဖြားယောင်းခဲ့ပုံ၊ မည်သည့်အချိန် မည်သည့်အရွယ်၌ သေမည်ကို ပိုင်းခြားမသိသဖြင့် ငယ်ငယ်ရွယ်ရွယ် အချိန်မှာပင် ကာမဂုဏ်များကို ပယ်စွန့်သင့်ကြောင်း ဘုရားအလောင်းက ရှင်းပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမိဒ္ဓိဝတ္ထု

ဤဝတ္ထု၌ တပေါဒါရုံကျောင်းနေ အရှင်သမိဒ္ဓိမထေရ်အား နတ်သမီးက ငယ်ရွယ်စဉ် ကာမဂုဏ်ဖြင့် ပျော်ပျော်ပါးပါးနေရန် ဖြားယောင်းခဲ့ပုံ၊ မထေရ်က အချိန်မရွေး သေဘေးကြုံနိုင်သဖြင့် ငယ်စဉ်ကပင် တရား ရှာသင့်ပုံ၊ ကာမဂုဏ်တို့၏ အပြစ်ကြီးပုံကို ဟောပြခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (သံ၊၁၊၁၂၀) (သံ၊ဋ္ဌ၊၁၊၁၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမုဂ္ဂဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဈာန်အဘိညာဉ်နှင့် ပြည့်စုံသော ရသေ့ ဖြစ်စဉ် ဒါနဝရက္ခိုသ်ဘီလူးသည် ကာသိတိုင်းသူ မိန်းမလှလေးတစ်ဦးကို ဖမ်းယူပြီး ကြုတ်ထဲထည့်ကာ ဝမ်းဗိုက်တွင် မျို၍ ပေါင်းသင်းပုံ၊ တစ်နေ့တွင် ကြုတ်ကို ဖွင့်၍ ရေချိုးပေးပြီး မိမိရေချိုးနေစဉ် ထိုမိန်းမပျိုသည် ဝါယုဿပုတ္တမည်သော ဝိဇ္ဇာဓိုရ်နှင့် ပေါင်းသင်း၍ ကြုတ်တွင်း၌ နေပုံ၊ ရသေ့ကြီးထံ ဝတ်ပြုရာ သုံးဦးစလုံး ချမ်းသာပါစေဟု ဆုပေး၍ ထိုအကြောင်းကို ရက္ခိုသ်ဘီလူး သိရပုံ၊ မိန်းမဟူသည် အာခံတွင်း၌ ငုံထားသော်လည်း စောင့်ရှောက်ရန် ခက်ခဲပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၅၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမုဒ္ဒကဝတ္ထု

ဤဝတ္ထု၌ တာဝတိံသာနတ်တို့နှင့် စစ်ပွဲတွင် ရှံူးနိမ့်လာသော အသုရာနတ်တို့က သူတော်စင်ရသေ့တို့၏ ကျောင်းစသည်ကို ဖျက်ဆီးကြပုံ၊ ရသေ့တို့က အမ္ဗရအသုရိန်မင်းထံ ဘေးမဲ့အလှူကို တောင်းခံသော်လည်း မရကြပုံ၊ ရသေ့တို့၏ ကျိန်စာသင့်၍ အမ္ဗရအသုရိန်သည် ပြင်းထန်စွာ နာမကျန်းဖြစ်ကာ ညတွင် အိပ်မရဘဲ တုန်လှုပ်ချောက်ချားနေရပုံုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၂၈) (သံ၊ဋ္ဌ၊၁၊၃၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမုဒ္ဒကာကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သမုဒ္ဒရာစောင့်နတ် ဖြစ်၍ ကျီးကန်းမောင်နှံတို့သည် ကမ်းစပ်၌ အစာရှာစဉ် ကျီးမ သမုဒ္ဒရာထဲသို့ ကျသွားခဲ့ပုံ ကျီးအားလုံး စုပေါင်း၍ သမုဒ္ဒရာရေကို ပါးစပ်ဖြင့် ငုံကာ ထုတ်ပစ်ပုံ၊ ထိုကျီးတို့သည် မေးရိုးများ ညောင်းညာကြ၍ သမုဒ္ဒရာရေကို မထုတ်နိုင်ကြသော် ကမ်းစပ်၌ စုဝေး၍ ကျီးမ၏ အလှအပကို ထုတ်ဖော် ချီးမွမ်းကာ ငိုယိုကြပုံ၊ ထိုအဖြစ်ကို မြင်သော ဘုရားအလောင်းက ကြောက်ဖွယ်အသွင်ကို ပြ၍ ခြောက်လှန့်မောင်းထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမုဒ္ဒဇာတက

ဤဇာတ်တော်၌ ကျီးကန်းတစ်ကောင်သည် သမုဒ္ဒရာရေကို သူတစ်ကောင်တည်းသာ သောက်လိုပြီး အခြားကျီးတို့ကို အတိုင်းအတာပမာဏဖြင့်သာ သောက်ရန် ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမုဒ္ဒဝါဏိဇဇာတက

ဤဇာတ်တော်ကို လက်သမားတစ်ထောင်တို့သည် ကျွန်းတစ်ကျွန်းသို့ ထွက်ပြေး၍ နေထိုင်ကြပုံ၊ ၎င်းတို့သည် မစင် အညစ်အကြေးများကို စွန့်သဖြင့် နတ်တို့ စိတ်ဆိုးကြပုံ၊ နတ်ဆိုးများက ကျွန်းကို ရေလွှမ်းစေ၍ လူတို့ကို သတ်ရန် စီစဉ်ကြပုံ၊ ဓမ္မနတ်သားက ကြိုတင်ပြောသဖြင့် ဘုရားအလောင်း ဦးစီးသော လက်သမားငါးရာတို့က လှေစပ်၍ နေကြပုံ၊ ဒေဝဒတ်လောင်းလက်သမားနှင့် နောက်လိုက်များက လှေမစပ်ဘဲ အဓမ္မနတ်သားစကားအတိုင်း နေကြသဖြင့် ရေလွှမ်းခံရ၍ အသက်ဆုံးရှုံးခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ပသာဒကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်ထံ ချဉ်းကပ်၍ ‘‘အရှင်ဘုရား... တပည့်တော်သည် အရှင်ဘုရားအား ရှိခိုးပါ၏၊ အရှင်ဘုရားသည် ဆင်းရဲခပ်သိမ်းမှ ကင်းလွတ်တော်မူပါ၏၊ တပည့်တော်သည် ပျက်စီးခြင်းသို့ ရောက်လျက်ရှိပါ၏၊ အရှင်ဘုရားသည် တပည့်တော်၏ ကိုးကွယ်ရာ ဖြစ်တော်မူပါဘုရား’’ဟု လျှောက်ထားခဲ့ပုံ၊ ထိုအခါ ဘုရားရှင်က ‘‘သင်သည် ကိလေသာမြူကင်းသော လယ်မြေကောင်းသဖွယ် ဖြစ်သည့် သံဃာတော်၌ ကောင်းသော မျိုးစေ့ကို စိုက်ပျိုးလော့’’ဟု ဆုံးမတော်မူ၍ ကောင်းကင်သို့ တက်ကြွသွားတော်မူခဲ့ပုံ၊ သံဃာတော်၌ ကြည်ညိုခဲ့သော ကောင်းမှုကံကြောင့် တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့လျော်ခဲ့ရ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့ရဘဲ၊ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗရိမာယာဝတ္ထု

ဤဝတ္ထု၌ သူတစ်ပါးတို့ကို လှည့်ပတ်တတ်သော မာယာအတတ်ကို သမ္ဗရိမာယာဟု ခေါ်ပုံ၊ ဝေပစိတ္တိအသုရိန်သည် ထိုမာယာဖြင့် လှည့်စားခဲ့သဖြင့် ငရဲ၌ နှစ်တစ်ရာ ကျရောက်ခဲ့ရပုံ၊ သူသည် ပြင်းထန်စွာ မကျန်းမမာဖြစ်သောအခါ သိကြားမင်းထံ ဆေးကုပေးရန် တောင်းပန်သော်လည်း သိကြားမင်းက ဆေးကုမပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၄၀) (သံ၊ဋ္ဌ၊၁၊၃၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလအဓိမာနိကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ တောကျောင်း၌ တရားအားထုတ်နေကြသော ရဟန်းငါးရာတို့သည် မိမိတို့၏သန္တာန်၌ ကိလေသာစိတ်များ မဖြစ်တော့သဖြင့် ရဟန်းကိစ္စပြီးပြီဟု မှတ်ထင်ကာ ဘုရားရှင်အား လျှောက်ထားရန် လာရောက်ကြပုံ၊ ဇေတဝန်ကျောင်းတံခါးမုခ်ဝ၌ ရောက်နေကြသော ထိုရဟန်းငါးရာတို့အား ‘‘သူသေကောင်စွန့်ပစ်ရာ သုသာန်၌ နေထိုင်ပြီးမှ ဘုရားရှင်ကို ဖူးမြော်ရမည်ဖြစ်ကြောင်း’’ အရှင်အာနန္ဒာထေရ်အား ဘုရားရှင်က ပြောကြားခိုင်းတော်မူပုံ၊ သုသာန်ရောက်သောအခါ လောလောလတ်လတ် စွန့်ပစ်ထားသော အလောင်းကောင်များကို တွေ့မြင်ရပြီး အချို့မှာ ကိလေသာစိတ် ဖြစ်၍ အချို့မှာ ပုပ်ပွနေသော အလောင်းကောင်များကို တွေ့မြင်ရ၍ ဒေါသစိတ်များ ဖြစ်ပေါ်လာကြပုံ၊ ထိုအခါမှ မိမိတို့မှာ ကိလေသာမကုန်သေးကြောင်း ရဟန်းကိစ္စ မပြီးသေးကြောင်း သိရှိကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလကုမာရကဝတ္ထု

ဤဝတ္ထု၌ လူငယ်တစ်စုတို့ မြွေတစ်ကောင်ကို ရိုက်နေသည်ကို ဘုရားရှင် မြင်တော်မူ၍ မိမိချမ်းသာကို လိုသောသူသည် သူတစ်ပါးတို့ကို ရိုက်နှက်ခြင်း မပြုသင့်ကြောင်း၊ သတ္တဝါတိုင်းသည် မိမိအသက် ချမ်းသာမှုကို လိုလားကြကြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလဘိက္ခုနီဝတ္ထု

ဤဝတ္ထု၌ ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ဟံသာဝတီပြည်သူ အမျိုးသမီးများသည် ဝေယျာဝစ္စကုသိုလ် ပြုခဲ့ကြပုံ၊ ထို့နောက် ဗောဓိဉာဏ်ကို ရရန် ဆုတောင်းခဲ့ကြ၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၈၀) (ထေရီ၊၁၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် ဆောင်းတွင်းကာလ၌ အခေါင်းရှိပြီး ခြောက်သွေ့နေသော သစ်တုံးကြီးကို မီးမွှေး၍ မီးလှုံကြရာ မီးကြောင့် မြွေဟောက်တစ်ကောင် ထွက်လာသဖြင့် ရဟန်းတို့ ထွက်ပြေးကြရပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘မီးလှုံသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဇောတိက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းငယ်, သာမဏေငယ်များသည် မိမိတို့၏ စာချဆရာများကိုသာ သင်္ကန်းလျှော်ဖွပ်ပေးခြင်းစသော ဝေယျာဝစ္စများကို ဆောင်ရွက်ပေးလေ့ရှိပုံ၊ ထိုအခါ အခြားသော မထေရ်များက မိမိတို့အထံ၌ ထိုရဟန်းငယ် သာမဏေငယ်များကို သဒ္ဒါသင်ယူစေရန် ဘုရားရှင်ထံ သွားရောက် လျှောက်ထားကြပုံ၊ ဘုရားရှင်က ထိုမထေရ်များ၏ လာဘသက္ကာရ ဣဿာ မစ္ဆရိယ စိတ်ဖြင့် လျှောက်ထားသည်ကို သိတော်မူသဖြင့် တရားဟောတော်မူသောအခါ ဒေသနာအဆုံး၌ များစွာသော ရဟန်းတို့ သောတာပန်တည်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတော်တို့သည် စည်းဝေးရာခန်းမ၌ ထိုင်နေကြ၍ ‘‘ဤလောက၌ ချမ်းသာသုခဟူသည် အဘယ်အရာပါနည်း’’ဟု ဆွေးနွေးကြပုံ၊ ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ထားရာ ‘‘ဘုရားပွင့်တော်မူလာခြင်း၊ သူတော်ကောင်းတရား နာကြားရခြင်း၊ သံဃာတော်တို့ ညီညွတ်ခြင်း၊ ကောင်းသောအကျင့်ကို ညီညွတ်စွာ ဆောင်ရွက်ခြင်းသည် ချမ်းသာ၏’’ဟု ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလဘိက္ခုဝတ္ထု

ဤဝတ္ထု၌ များစွာသော ရဟန်းတော်တို့သည် ပစ္စန္တရာဇ်မြို့ငယ်၌ ဝါကပ်တော်မူကြပုံ၊ ဝါတွင်းသုံးလတွင် ပထမလ၌သာ ချမ်းသာစွာ နေထိုင်ကြရပုံ၊ ဒုတိယလ၌ မြို့ကို ခိုးသူများ လုယက်သဖြင့် မြို့သူမြို့သားများက ခိုးသူတို့ကို တားမြစ်ရန် မြို့ကို ပြုပြင်စီရင်ကြသောကြောင့် အမှုကိစ္စများသဖြင့် ရဟန်းတော်တို့အား ဆွမ်းလုပ်ကျွေးခွင့် မရကြပုံ၊ သီတင်းဝါလကျွတ်၍ ဘုရားရှင်ထံ ရောက်သောအခါ အကျိုးအကြောင်း လျှောက်ထားကြရာ ဘုရားရှင်က လူတို့သည် မြို့ကို စောင့်ရှောက်ထိန်းသိမ်းသကဲ့သို့ ရဟန်းတို့သည်လည်း မိမိအတ္တဘောကို စောင့်ရှောက်ထိန်းသိမ်းသင့်ကြောင်း မိန့်ကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလဘိက္ခုဝတ္ထု

ဤဝတ္ထု၌ သောဏကောဋိကဏ္ဏဥပါသကာသည် အဝန္တိဇနပုဒ် အရှင်မဟာကစ္စည်းမထေရ့်ထံ၌ ရဟန်းရှားပါးသဖြင့် ခဲခဲယဉ်းယဉ်း ရဟန်းဝတ်ခဲ့ရပုံ၊ ဘုရားရှင်ကို ဖူးမြော်ရန် ယူဇနာနှစ်ရာဝေးကွာသော အရပ်မှ ဇေတဝန်ကျောင်းသို့ ကြွလာခဲ့ပုံ၊ ဘုရားရှင်က တိုက်တွန်းသဖြင့် ခုဒ္ဒကပါဌ-လာ အဋ္ဌကဝဂ်စသည်ကို ရွတ်ဆိုပြပုံ၊ ဒေသနာအဆုံး၌ ဘုရားရှင်က သာဓုခေါ်သောအခါ အဝန္တိဇနပုဒ်ရှိ မိခင်၏ အိမ်စောင့်နတ်နှင့်တကွ ဗြဟ္မာ့ပြည်တိုင်အောင်သော နတ်ဗြဟ္မာများက သာဓုခေါ်ကြပုံ၊ ထိုအကြောင်းအရာကို မထေရ်၏မိခင်ကြီး သိရှိသွားပြီး သောဏကောဋိကဏ္ဏ ပြန်ကြွလာသောအခါ မြို့တွင်း၌ မဏ္ဍပ်ကြီးဆောက်လုပ်၍ တရားပွဲကျင်းပခဲ့ပုံ၊ မထေရ်၏ မိခင်ကြီးသည် ပရိသတ်များနှင့် အတူ တရားနာယူနေစဉ် အိမ်၌ သူခိုးများ ဖေါက်ထွင်းနေကြောင်း ကျွန်မက လာရောက် ပြောကြားပုံ၊ သောဏကောဋိကဏ္ဏ၏ မိခင်ကြီးက ‘‘ခိုးသူများ ယူလိုရာယူပါစေ၊ မိမိအား ဓမ္မန္တရာယ် မပြုပါနှင့်’’ဟု ကျွန်မအား ပြောဆိုလိုက်သော်လည်း ကျွန်မက မကြာခဏ လာရောက် ပြောကြားနေသဖြင့် ကျွန်မအား အိမ်မှ နှင်ထုတ်မည်ဟု ပြောကြားလိုက်ပုံ၊ ထိုအကြောင်းအရာကို ခိုးသူဗိုလ်ကြီး သိရှိသွားသဖြင့် ပစ္စည်းများကို ပြန်ထားပြီး သောဏ၏ မိခင်ကြီးအား ဝန်ချတောင်းပန်ကာ သောဏကောဋိကဏ္ဏမထေရ့်ထံ၌ ခိုးသားကိုးရာတို့နှင့်အတူ ရဟန်းပြုကြပုံ၊ ထိုရဟန်းကိုးရာတို့ သစ်ပင်ရင်း၌ အသီးအသီး တရားအားထုတ်နေစဉ် ဘုရားရှင်က ဇေတဝန်ကျောင်းမှ တန်ခိုးတော်ဖြင့် တရားဟောကြားသဖြင့် ရဟန်းကိုးရာလုံး ပဋိသမ္ဘိဒါပတ္တ ရဟန္တာများ ဖြစ်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းများနှင့် ရဟန်းမများသည် သာကေတမြို့မှ သာဝတ္ထိမြို့သို့ ခရီးရှည်သွားကြသည်ရှိသော် ရဟန်းမများက အတူတကွ သွားပါရစေဟု တောင်းပန်ကြသော်လည်း ရဟန်းမများနှင့် စီစဉ်ချိန်းချက်၍ ခရီးမထွက်ရဟူသော သိက္ခာပုဒ် ပညတ်တော်မူပြီးဖြစ်၍ ရဟန်းများက ငြင်းပယ်ခဲ့ကြပုံ၊ ရဟန်းများမပါဘဲ ရဟန်းမများချည်း ခရီးထွက်ခဲ့ကြသဖြင့် လမ်းခရီးတွင် ခိုးသူတို့က လုယက်ဖျက်ဆီးကြပုံ၊ ဘုရားရှင် သိတော်မူလျှင် ဘေးရန်အန္တရာယ် စိုးရိမ်ဖွယ်ရှိလျှင် ရဟန်းများသည် ရဟန်းမများနှင့် အတူတကွ ခရီးထွက်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘိက္ခုနီတို့နှင့် တစ်လှေထဲ မစီးရဟု သိက္ခာပုဒ် ပညတ်ပြီး ဖြစ်သဖြင့် ရဟန်းများနှင့် ဘိက္ခုနီများ သာကေတမြို့မှ သာဝတ္ထိမြို့သို့ အလာတွင် မြစ်တစ်မြစ်ကို လှေစီး၍ ကူးရမည်ဖြစ်ရာ ရဟန်းများက ငြင်းပယ်ကြပုံ၊ အခြားလှေဖြင့် ကူးသောဘိက္ခုနီများအား ခိုးသူတို့က လုယက်ဖျက်ဆီးကြသဖြင့် ဘုရားရှင်က ဘေးအန္တရာယ် တစ်စုံတစ်ခုရှိလျှင် ရဟန်းများသည် ဘိက္ခုနီများနှင့် တစ်လှေတည်းစီးနိုင်ကြောင်း ခွင့်ပြုတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့နှင့် ပရိဗိုဇ်တို့သည် ခရီးအတူ သွားကြစဉ် ခိုးသူတို့ ထွက်လာကာ လုယက်ကြပြီးနောက် မင်းချင်းယောကျ်ားတို့က ခိုးသူတို့ကို ခိုးရာပါပစ္စည်းများနှင့်အတူ ဖမ်းမိကြပုံ၊ ကိုယ့်သင်္ကန်းကိုယ် လာယူပါဟု အမှာပါးသောကြောင့် သွားယူကြရာ ရဟန်းတို့သည် မိမိသင်္ကန်းကို မိမိကိုယ်တိုင် မမှတ်မိသဖြင့် အကဲရဲ့ခံကြရပုံ၊ ဘုရားရှင်က ကပ္ပဗိန္ဒုအနေနှင့် သင်္ကန်းအနား၌ အမှတ်အသားထိုးရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ကာသိတိုင်း ဇနပုဒ်နယ်ပယ်ဘက်တွင် အနာထပိဏ်သူဌေးကြီး၏ အလုပ်လုပ်ရာ ရွာများ ရှိပုံ၊ သူဌေးကြီး၏ မှာထားချက်အရ ထိုဒေသသို့ ရောက်လာသော ရဟန်းတော်များကို သူ၏ အလုပ်သမားခေါင်းဆောင်များက ဆွမ်းကပ်ရပုံ၊ တစ်နေ့တွင် ရဟန်းတော်တို့ ရောက်လာရာ ခေါင်းဆောင်ဒကာက ဆွမ်းကပ်စဉ် လက်စွပ်ချွတ်ထား၍ ဆွမ်းကပ်ပြီး ပြန်သွားသောအခါ မေ့ပြီး လက်စွပ် ကျန်ရစ်ခဲ့ပုံ၊ ရဟန်းတော်တို့သည် လက်စွပ်ရှိရာအရပ်တွင် စောင့်ရှောက်နေကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ မိမိနေရာအရပ်တွင် တွေ့ရသော ရွှေငွေများကို ကောက်ယူသိမ်းထားနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် ကောသလတိုင်း၌ လှည့်လည်ကြစဉ် ညနေချမ်းအခါ ရွာတစ်ရွာသို့ ရောက်လာသဖြင့် လူတို့က ရွာထဲဝင်ရန် ပင့်ကြပုံ၊ ဘုရားရှင်က မွန်းလွဲချိန် ရွာထဲမသွားရဟု သိက္ခာပုဒ်ပညတ်တော်မူပြီးဖြစ်၍ မဝင်ကြပုံ၊ ရွာပြင်တွင် နေကြရာ ခိုးသူတို့က လုယက်ကြပုံ၊ ဘုရားရှင် သိတော်မူသောအခါ ရဟန်းတစ်ပါးပါးကို ပန်ကြား၍ မွန်းလွဲချိန်၌ ရွာထဲဝင်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် သံဃာ့အလယ်၌ ငြင်းကြ ခုံကြ နှုတ်လှံထိုးကြသောကြောင့် ထိုအဓိကရုဏ်းကို ငြိှမ်းသတ်ရန် မလွယ်ကူဘဲ ရှိနေပုံ၊ ထို့အကြောင်းကို ဘုရားရှင်အား လျှောက်ထားရာ မဲဆန္ဒရေတွက်သူ ရဟန်းတစ်ပါး သမုတ်ပြီး အများစု ဓမ္မဝါဒီဆန္ဒဖြင့် ပြေငြိမ်းအောင် ဆောင်ရွက်ရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် ငြင်းခုံနေကြသဖြင့် ရဟန်းတော်တို့နှင့် မအပ်စပ်သော စကားများ ပြောကြရာ အာပတ်သင့်ကြပုံ၊ တစ်ပါးနှင့်တစ်ပါး ဤအာပတ်လေးများဖြင့် စွပ်စွဲနေလျှင် အဓိကရုဏ်းကြမ်းတမ်းလာမည်ကို စိုးရိမ်သဖြင့် ဘုရားရှင်အား လျှောက်ထားရာ လူတို့နှင့် ဆက်စပ်သော အာပတ်၊ ရုန့်ရင်းကြမ်းတမ်းသော အာပတ်မှတစ်ပါး အာပတ်ငယ်လေးများကို စက်ဆုတ်ဖွယ်ကို မြက်ဖြင့် ဖုံးသကဲ့သို့ တိဏဝတ္ထာရက ကံဖြင့် ငြိမ်းစေရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလဘိက္ခုဝတ္ထု

ဤဝတ္ထု၌ အရပ်တစ်ပါး၌ နေသော ရဟန်းသုံးဆယ်တို့သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ လာရောက်ကာ ဘုရားရှင်အား ဖူးမြော်၍ ထိုင်နေကြပုံ၊ အရှင်သာရိပုတ္တရာမထေရ်က ထိုရဟန်းသုံးဆယ်တို့ ရဟန္တာဖြစ်မည့်အကြောင်းကို မြင်တော်မူသဖြင့် ဘုရားရှင်အား သမထဝိပဿနာနှင့် ဆက်စပ်သည့် ပြဿနာကို မေးမြန်းလျှောက်ထားပုံ၊ ဘုရားရှင်၏ တရားတော် ပြီးဆုံးသောအခါ ရဟန်းသုံးဆယ်လုံး ရဟန္တာ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၉၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ကောသလတိုင်းသား စာတတ်ပေတတ် ရဟန်းများသည် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းတောင်းပြီး တောရွာတစ်ရွာသို့ ကြွရောက်ကြသောအခါ လူအများက ကြည်ညိုသဒ္ဓါပွားကာ ခဲဖွယ်ဘောဇဉ်စသည်များကို လှူဒါန်းကြပုံ၊ ထိုရဟန်းတော်များအထဲမှ မဟာထေရ်တစ်ပါးက ဆွမ်းအနုမောဒနာတရားဟောသည့်အခါ ပိုမိုကြည်ညိုသွားပြီး ဝါတွင်းသုံးလ သီတင်းသုံးရန် လျှောက်ထားပုံ၊ သီတင်းဝါလကျွတ်၍ ရဟန်းတော်များ ပြန်ကြွသွားသည့်အခါ နတ်များ လူများ ငိုကြွေးတမ်းတကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၀၁) (သံ၊ဋ္ဌ၊၁၊၂၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းများစွာတို့သည် သာကေတမြို့မှ သာဝတ္ထိမြို့အလာ လမ်းတွင် သင်္ကန်းလုယက်ခံကြရပုံ၊ ဘုရားရှင်က သင်္ကန်းတောင်းမှုကို ပညတ်ထားသဖြင့် မတောင်းဘဲ ကိုယ်တုံးလုံး လာကြပုံ၊ သာဝတ္ထိ ရောက်လျှင် ရဟန်းတော်တို့ကို ကိုယ်တုံးလုံး ရှိခိုးကြပုံ၊ အဝတ်မဝတ်သော တိတ္ထိတို့က ရှိခိုးသည် ထင်၍ ရဟန်းတို့က ချီးမွမ်းကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ကိုယ်တုံးလုံး မနေရ၊ အနည်းဆုံး မြက်သစ်ရွက်ပင် ဖြစ်ဖြစ် ဖုံးထားရန်၊ လုယက်ခံရလျှင် ဆွေမျိုးမတော်သူထံ သင်္ကန်းတောင်းရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သုံးလလုံး တစ်ပါးတည်း သီတင်းသုံးနေတော်မူပုံ၊ အလုပ်အကျွေးရဟန်းမှ တစ်ပါး အခြားရဟန်းတို့ ဘုရားရှင်ထံ မသွားရဟု ရဟန်းတော်တို့ ကတိကဝတ် ထားကြပုံ၊ အရှင်ဥပသေနမှာ တပည့်အားလုံးနှင့် အတူ အာရညကင်ဓုတင်စသည် ဆောင်ထားကြပြီး ကတိကဝတ်ကို မသိဘဲ ဘုရားရှင်ထံ ဝင်ရောက် ဖူးမြော်ကြပုံ၊ ဘုရားရှင်က ဓုတင်ဆောင်ရဟန်းတို့ ဖူးမြော်လိုပါက ဖူးမြော်ခွင့်ပြုကြောင်း မိန့်တော်မူပုံ၊ ထိုစကားကို ကြား၍ ရဟန်းတော်တို့ အခင်းများကို မသိမ်းဆည်းဘဲ ပစ်ထားခဲ့ပြီး အာရညကင်ဓုတင်စသည် ဆောက်တည်ကြပုံ၊ ‘‘နိသီဒိုင်အခင်းသစ် ပြုလုပ်လိုလျှင် အဟောင်းမှ တစ်ထွာ ယူ၍ ပြုလုပ်ရမည်၊ အခင်းဟောင်းကို ပစ်မထားရ’’ဟု နိသီဒနသန္ထတသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ပါလိလေယျကတော၌ တစ်ပါးတည်း သီတင်းသုံး နေတော်မူစဉ် ပါလိလေယျကဆင်က လုပ်ကျွေးပြုစုခဲ့ပုံ၊ သီတင်းဝါလကျွတ်၍ အရှင်အာနန္ဒာ ကြွလာသောအခါ၌ ပါလိလေယျဆင်က တုတ်ကိုမြောက်ချီ၍ ပြေးလာပုံ၊ ဘုရားရှင်က ‘‘ဤရဟန်းသည် ငါ၏ အလုပ်အကျွေးရဟန်း ဖြစ်၏’’ဟု မိန့်တော်မူသောအခါ ပါလိလေယျကဆင်က ဒုတ်ကို ပစ်ချ၍ ခရီးဦးကြိုပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဆောင်းတွင်းကာလ အချိန်တစ်ချိန်တွင် ရဟန်းများသည် နေပူဆာလှုံပြီး အိပ်ရာနေရာတို့ကို မသိမ်းဆည်းဘဲ ထားခဲ့သဖြင့် နှင်းမိုးများ စိုစွတ်ကုန်ကြပုံ၊ ထိုအကြောင်းကို ရဟန်းများက မြတ်စွာဘုရားအား လျှောက်ထားသဖြင့် မြတ်စွာဘုရားက ကဲ့ရဲ့ရှုတ်ချတော်မူပုံ၊ ‘‘သံဃိက ပစ္စည်းဖြစ်သော ခုတင် ညောင်စောင်း, ဖျာ, ခေါင်းအုံးစသည်တို့ကို လွင်တီးခေါင်တွင် အသုံးပြုပြီး မသိမ်းဆည်းခဲ့သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ပထမသေနာသန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗဟုလသီလာဒိသမ္ပန္နဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်က သီလနှင့်ပြည့်စုံပြီး ဓူတင်ဆောင်ကာ ဗဟုသုတကြွယ်ဝသော တောကျောင်းနေ ဈာန်ရ ရဟန်းတော်များအား ဤမျှဖြင့် ကျေနပ်အားရမနေသင့်ကြောင်း မိန့်တော်မူပုံ၊ အာသဝေါ ကင်းကွာ ရဟန္တာဖြစ်သည်အထိ ဆိုက်ရောက်အောင် ကြိုးစားအားထုတ်မှသာ တစ်ကယ် အစစ်အမှန် ချမ်းသာကို ရရှိသူမည်ကြောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗုလကစ္စာနတ္ထေရဝတ္ထု

ဤဝတ္ထု၌ သမ္ဗုလကစ္စာနမထေရ်လောင်းလျာသည် ပစ္စေကဗုဒ္ဓါ တစ်ပါးအား ထန်းသီး လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ သမ္ဗုလကစ္စာနလုလင် ဖြစ်လာ၍ ရဟန်းပြုပြီးနောက် တောင်လိုဏ်ဂူအတွင်း၌ ရာသီဥတု ပြင်းထန်သည်ကို ဂရုမပြုဘဲ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဗုလာဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်းဖြစ်စဉ် သားတော်သောတ္ထိသေနမင်းသားကို အိမ်ရှေ့မင်းအရာပေးပြီး သမ္ဗုလာမင်းသမီးကို အိမ်ရှေ့မင်း၏ အဂ္ဂမဟေသီအရာ၌ ထားခဲ့ပုံ၊ သောတ္ထိသေနမင်းသား နူနာရောဂါ စွဲကပ်သောအခါ ဆေးကုသ၍ မရသဖြင့် သမ္ဗုလာမိဖုရားနှင့်အတူ တောထဲ၌ နေခဲ့ရပုံ၊ သမ္ဗုလာမိဖုရားက တာဝန်ဝတ္တရားကျေပွန်စွာ ပြုစုလုပ်ကျွေးစဉ် ဒါနဝဘီလူး၏ ဖမ်းယူခြင်းကို ခံခဲ့ရပုံ၊ သိကြားမင်းက လာရောက်ကယ်တင်သဖြင့် သမ္ဗုလာမိဖုရား ဒါနဝဘီလူးလက်မှ လွတ်မြောက်လာခဲ့ပုံ၊ သောတ္ထိသေနမင်းသားက သမ္ဗုလာဒေဝီကို တောလည်မုဆိုးများနှင့် ဖောက်ပြားနေသည်ဟု စွပ်စွဲသောအခါ သမ္ဗုလာဒေဝီက သစ္စာဓိဋ္ဌာန်ပြု၍ နူနာရောဂါကို ကုစားသဖြင့် သောတ္ထိသေနမင်းသား ရောဂါပျောက်ကင်းပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဘဝဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သမ္ဘဝပညာရှိဖြစ်စဉ် ဓနဉ္စယကောရဗျမင်းက ဓမ္မယာဂပြဿနာကို မေးခဲ့ပုံ၊ ဇမ္ဗူဒိပ်ကျွန်းရှိ မည်သည့်ပညာရှိမှ မဖြေနိုင်၍ (၇)နှစ်သား သမ္ဘဝပညာရှိက ဖြေဆိုပုံ၊ သမ္ဘပညာရှိသည် ဉာဏ်ပညာကြီးကြောင်း ဇမ္ဗူဒိပ်တစ်ကျွန်းလုံး၌ ထင်ရှား၍ အချီးအမွမ်းခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဘာဝိတဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ရဟန္တာမဟုတ်ဘဲ လောကုတ္တရာနှင့် ပတ်သက်သော တရားစကားကို ပြောနိုင်သောကြောင့် လူတို့က ရဟန္တာဟု ထင်ပြီး ပူဇော်ခဲ့ကြပုံ၊ ပျံလွန်တော်မူသော် အရိုးကို စေတီတည်ထားကြပုံ၊ သိနားလည်သူတို့က ရဟန္တာမဟုတ်သေးကြောင်း ဖြေရှင်းရာ၌ စကားများငြင်းခုံကြပုံ၊ ငြင်းခုံမှုသည် အကျိုးမရှိကြောင်း ပြဆိုထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဘူတတ္ထေရဝတ္ထု

ဤဝတ္ထု၌ သမ္ဘူတမထေရ်လောင်းလျာသည် ကိန္နရာဘဝဖြင့် ပစ္စေကဗုဒ္ဓါတစ်ပါးအား ထောက်ကြံ့ပန်း လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် ဤဂေါတမဘုရားရှင်လက်ထက်တော်၌ သမ္ဘူတ လုလင် ဖြစ်လာခဲ့ပုံ၊ အရှင်အာနန္ဒာမထေရ် ထံမှတွင် တရားနာရ၍ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္ဘောဂသံသဂ္ဂဝတ္ထု

ဤဝတ္ထု၌ သီဟိုဠ်ကျွန်း မရိစဝ-ဋ္ဋိမဟာဝိဟာရကျောင်းလှူပွဲ၌ (၇)နှစ်သားအရွယ် သာမဏေငယ်သည် ယာဂုပူပူကို မကိုင်နိုင်၍ သာမဏေမလေးက သပိတ်အောက်ခံခွက် ပေးခဲ့ပုံ၊ ၎င်းတို့အသက်(၆၀)အရွယ်၌ မဇ္ဈိမဒေသတွင် ပြန်လည်ဆုံတွေ့ကြသောအခါ ငယ်ရွာစဉ်က အဖြစ်အပျက်ကို အမှတ်ရပြီး လူထွက်ကြ၍ ပေါင်းသင်းခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၅၁) (စူဠနိ၊ဋ္ဌ၊၁၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္မဇ္ဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ သမ္မဇ္ဇနမထေရ်သည် တစ်နေကုန် တစ်နေခန်း တစ်ကျောင်းပြီး တစ်ကျောင်း လှည့်လည်လျက် တံမြက်စီးလှည်းပုံ၊ အရှင်ရေဝတမထေရ်က ဝေယျာဝစ္စများဖြင့်သာ အချိန်မကုန်လွန်စေသင့်ကြောင်း၊ တရားဓမ္မများကိုလည်း ရှုမှတ်ပွားများ အားထုတ်သင့်ကြောင်း ဆုံးမဩဝါဒပေးခဲ့ပုံ၊ ထိုမထေရ်၏ဩဝါဒအတိုင်း လိုက်နာကျင့်သုံးသဖြင့် အရဟတ္တဖိုလ်ကို ရရှိသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္မဇ္ဇကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ကျောင်းတစ်ကျောင်းနေ ရဟန်းတစ်ပါးသည် စေတီရင်ပြင်နှင့် ဗောဓိပင်ရင်ပြင်ကို တံမြက်စည်းလှည်းပြီးနောက် ရေချိုးရန် ထွက်ခွာသွားပုံ၊ နတ်တို့သည် ဤကျောင်း ဆောက်လုပ်ပြီးသည့်အချိန်မှ စ၍ ဤကဲ့သို့ တံမြက်စည်းလှည်းခြင်း ဝတ်မျိုး ပြုခဲ့ဖူးသောရဟန်း မရှိဟု ကြည်ညိုပြီး ပန်းများဖြင့် ပူဇော်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၄၊၁၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္မဇ္ဇနီဝတ္ထု

ဤဝတ္ထု၌ ကျောင်းတိုက်တစ်တိုက်ရှိ ရဟန်းတို့သည် ဥပုသ်ကျောင်းဆောင်၌ တံမြက်မလှည်းကြသဖြင့် အမှိုက်များ ရှုပ်ပွနေသောကြောင့် ဘုရားရှင်က ဥပုသ်ဆောင်၌ တံမြတ်လှည်းရန် နေရာ စနစ်တကျ ခင်းရန်၊ ဆီမီးညှိထွန်းရန်၊ သောက်ရေသုံးရေ တည်ထားရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္မုခါထဝိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားအလောင်းတော် ဖွားမြင်တော်မူလျှင် တွေ့မြင်ရလတံ့သော နိမိတ်ကြီးများကို ဖော်ပြလျက် လောက၌ ဘုရားပွင့်တော်မူတော့မည်ဟု လှုံ့ဆော်ကြွေးကြော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သမ္မောဒမာနဇာတက

ဤဇာတ်တော်၌ ခိုက်ရန်ဖြစ်ခြင်း ငြင်းခုံခြင်းတို့သည် မိမိတို့အချင်းချင်းစိတ်ဝမ်းကွဲကာ စည်းလုံးညီညွတ်မှု ပျက်ပြားခြင်း၏ အကြောင်းရင်းများဖြစ်ပုံ၊ စည်းလုံးညီညွတ်မှုမရှိလျှင် အကျိုးစီးပွားဆုတ်ယုတ်ပျက်ပြားတတ်ပုံ၊ ငုံးငှက်အပေါင်းတို့သည် အချင်းချင်း ငြင်းခုံခိုက်ရန် ဖြစ်ပွားလျက် စည်းလုံးညီညွတ်မှု ပျက်ပြားသောကြောင့် ငှက်မုဆိုး၏ လက်တွင်းသို့ သက်ဆင်း ကျရောက်ကာ အားလုံးပင် အသက်ဆုံးရှုံးခဲ့ကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သယနဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထဘုရားရှင်အား အပ်သော အိပ်ရာနေရာကို လှူဒါန်းခဲ့ပုံ၊ ဘုရားရှင်သည် အိပ်ရာမှ ထတော်မူ၍ ကောင်းကင်သို့ ကြွသွားတော်မူပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ငါးဆယ့်တစ်ကမ္ဘာအထက်၌ ဝရကစကြဝတေးမင်းဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သယံပဋိဘာနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ သယံပဋိဘာနိယမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား မိမိ၏ ဉာဏ်စွမ်းရှိသလောက် ဆယ်ဂါထာတို့ဖြင့် ချီးကျူးပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်၏ အကျိုးဆက်ကြောင့် ကမ္ဘာပေါင်းများစွာ အပါယ်မလားဘဲ လူ့ချမ်းသာ နတ်ချမ်းသာတို့ကိုသာ ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ အာသဝေါကုန်ခန်း ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သရဏဂမနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဤမထေရ်အလောင်း အမျိုးကောင်းသားသည် လှေစီး၍ သွားစဉ် လှေပျက်သောအခါ ရဟန်းတစ်ပါးထံမှ သရဏဂုံခံယူခဲ့သော ကုသိုလ်ကြောင့် အပါယ်ဘုံသို့ မကျရောက်ခဲ့ဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သရဘင်္ဂဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ဇောတိပါလဟူသောအမည်ဖြင့် ပုရောဟိတ်သား ဖြစ်စဉ် လေးအတတ်၌ တစ်ဖက်ကမ်းခတ် တတ်မြောက်သဖြင့် တစ်နေ့လျှင် အသပြာတစ်ထောင်ဖြင့် ဗာရာဏသီမင်းထံ ခစားခဲ့ပုံ၊ ဘုရားလောင်း ဇောတိပါလသည် လေးသည်တော် ခြောက်သောင်းတို့အား လေးအတတ်ပညာအစွမ်းကို ပြ၍ သရဘင်္ဂအမည် ရရှိလာပြီးနောက် တောထွက်ကာ ရသေ့ဝတ်ခဲ့ပုံ၊ ရသေ့ပရိသတ်များ အလွန်များပြားလှသဖြင့် တပည့်ကြီးရသေ့ခုနစ်ပါးတို့အား သီးခြားပရိသတ်များ ခွဲပေးလျက် အရပ်ဒေသအသီးသီးသို့ စေလွှတ်ခဲ့ပုံ၊ ဒဏ္ဍကီမင်းသည် ဘုရားလောင်း သရဘင်္ဂရသေ့၏ တပည့်ဖြစ်သူ ကိသဝစ္ဆရသေ့အား ပစ်မှားမိသဖြင့် မင်းနှင့်တကွ တစ်တိုင်းပြည်လုံး သေကြေပျက်စီးခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၄၂) (ဇာ၊ဋ္ဌ၊၅၊၁၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သရဘင်္ဂတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့အထံတော်၌ ကုသိုလ်ကောင်းမှု ပြုခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့၌ ပုဏ္ဏားတစ်ဦး၏ သား ဖြစ်လာခဲ့ပုံ၊ ရသေ့ပြုပြီးနောက် ဘုရားရှင်၏ တရားတော်ကို နာယူရ၍ သာသနာတော်သို့ ဝင်ရောက်လာပြီး ရဟန်းပြုကာ ဝိပဿနာ ရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သရဘမိဂဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သရဘမိဂသမင် ဖြစ်စဉ် ဗာရာဏသီမင်းကြီး သမင်လိုက်သွားသောအခါ မင်းကြီးဘက်မှသမင် ထွက်ပြေးခဲ့ပုံ၊ မင်းကြီးသမင်နောက်သို့ လိုက်သောအခါ အတောင် ခြောက်ဆယ်ရှိသော ချောက်ထဲသို့ ကျပြီး ဒုက္ခရောက်ခဲ့ပုံ၊ ဘုရားအလောင်း သမင်မင်းက သနား၍ ခဲယဉ်းပင်ပန်းစွာ ကယ်တင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၆၃) (အံ၊ဋီ၊၁၊၁၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သလလမာလိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အရပ်မျက်နှာတို့ကို ထွန်းလင်းတောက်ပစေလျက် တောင်ကြား၌ ထိုင်နေတော်မူသော သိဒ္ဓတ္ထဘုရားရှင်ကို ဖူးမြင်ရသောအခါ ရွှင်လန်းဝမ်းမြောက်စွာဖြင့် လေးမြားဖြင့် ပွင့်ညှာနှင့် တကွ ပန်းကို ပစ်ခတ်ဖြတ်ယူ၍ ဘုရားရှင်အား ကပ်လှူပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ငါးဆယ့်တစ်ကမ္ဘာအထက်၌ ဇုတိန္ဓရစကြဝတေးမင်းဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဝနသံသဂ္ဂဝတ္ထု

ဤဝတ္ထု၌ သီဟိုဠ်ကျွန်း ဂိရိရွာ၌ အမျိုးသမီးတစ်ဦး ပဒုမ္မာကြာအိုင်၌ ရေချိုးရင်း သီချင်းဆိုနေစဉ် ကောင်းကင်မှသွားသော ရဟန်းငယ် တိဿ ကြားရ၍ ရာဂစိတ်ဖြစ်ကာ ဈာန်လျှောကျ၍ ပျက်စီးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စူဠနိ၊ဋ္ဌ၊၁၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဝရဘယဝတ္ထု

ဤဝတ္ထု၌ ကောသလတိုင်း ဇနပုဒ်တစ်ခုရှိ ကျောင်းတစ်ကျောင်းတွင် ဥပုသ်နေ့၌ လူရိုင်းဘေးရန် ဖြစ်ပေါ်လာပုံ၊ ပါတိမောက်အကျယ် ပြရန် အခြေအနေမပေး ဖြစ်လာပုံ၊ ဘုရားရှင် သိတော်မူ၍ မင်းအန္တရာယ်၊ ခိုးသူ၊ မီး၊ ရေ၊ လူ၊ ဘီလူး နတ်၊ သားရဲတိရစ္ဆာန်၊ ပိုးမွှား၊ မှက်၊ ခြင်၊ အသက်၊ သာသနာတော်အတွက် အန္တရာယ်တစ်မျိုးမျိုး ပေါ်ပေါက်နေလျှင် အကျဉ်းနည်းဖြင့် ပါတိမောက်ပြနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သသပဏ္ဍိတဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း ယုန်မင်း ဖြစ်စဉ် သိကြားမင်းသည် ပုဏ္ဏားယောင်ဆောင်၍ အလှူခံရန် ဘုရားအလောင်း ယုတ်မင်းအထံ လာခဲ့ပုံ၊ ဘုရားလောင်းယုန်မင်းသည် မိမိအသားကို လှူလိုသဖြင့် မီးပုံတွင်းသို့ခုန်ဆင်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၀၄) (ဇာ၊ဋ္ဌ၊၃၊၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဠလပုပ္ဖိကာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျာသည် ကိန္နရီမသည် စင်္ကြံကြွနေသော ဝိပဿီဘုရားရှင်အား ထင်ရှူးပန်း လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာထေရီ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဠလပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာ ကိန္နရာသည် ဝိပဿီဘုရားရှင်အား ထင်းရူးပန်းကို ကပ်လှူပူဇော်ခဲ့ပုံ၊ ဤကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့တော့ဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အပ၊၁၊၂၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သဠလမဏ္ဍပိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းသည် ကကုသန်ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသောအခါ ထင်းရူးပန်းတို့ဖြင့် မဏ္ဍပ်ပြုလုပ်ကာ လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်သို့ ရောက်၍ မြတ်သော ဗိမာန်ကို ရခဲ့ပုံ၊ နေ့၌ ဖြစ်စေ၊ ည၌ ဖြစ်စေ၊ စင်္ကြံသွားလျှင် ဖြစ်စေ၊ ရပ်နေလျှင် ဖြစ်စေ အခါခပ်သိမ်း ထင်းရူးပန်းတို့ဖြင့် ဖုံးလွှမ်းခြင်းကို ခံခဲ့ရပုံ၊ ထင်းရူးပန်းလှူခဲ့သော ဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာကိယဒါသကဝတ္ထု

ဤဝတ္ထု၌ သာကီဝင်မင်းသမီးတို့သည် တောကျောင်းနေ မထေရ်တို့အား ဆွမ်းဆက်ကပ်လိုသည်ဖြစ်၍ ထိုတောကျောင်းများသို့ သွားကြပုံ၊ သာကီဝင်မင်းတို့၏ ကျွန်ခိုးသူတို့က လမ်းခရီးကို ပိတ်ဆို့ကြပုံ၊ ထိုသတင်းကို ကြား၍ သာကီဝင်မင်းတို့ ထွက်ပြီးလျှင် ထိုကျွန်ခိုးသူတို့ကို ဥစ္စာထုပ်နှင့်တကွ ဖမ်းဆီးကြပုံ၊ တောကျောင်းနေ ရဟန်းများကိုလည်း ‘‘ကျောင်းအရာမ်၌ ခိုးသူတို့နေသည်ကို အဘယ့်ကြောင် မပြောကြားကုန်သနည်း’’ဟု ရဟန်းများကို သာကီဝင်မင်းများက ကဲ့ရဲ့ကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ စတုတ္ထ ပါဋိဒေသနီယ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၂၊၂၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာကိယမဟာနာမဝတ္ထု

ဤဝတ္ထု၌ မဟာနာမ်မည်သော သာကီဝင်မင်းသည် ကပိလဝတ်မြို့တွင်းသို့ သွားလာ သည့်အခါ ခရီးသွားများ အလွန်ရှုတ်ထွေးသဖြင့် ရတနာသုံးပါး အာရုံများ သတိလွတ် သွားခဲ့ပုံ၊ ‘‘ထိုအချိန်အခါမျိုး၌ သေဆုံးခဲ့လျှင် လားရာဂတိ မည်သို့ရှိမည်နည်း’’ဟု ဘုရားရှင်အား လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ကိုင်းညွှတ်နေသော သစ်ပင်၏ ဥပမာဖြင့် ဖြေကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (နေတ္တိ၊၁၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာကိယဝံသဝတ္ထု

ဤဝတ္ထု၌ ကမ္ဘာဦးအစ သမ္မတမင်း၏သား ရောဇမင်းမှစ၍ ဘဂဒေဝမင်းတိုင်အောင် ရှစ်သောင်းလေးထောင်သော မင်းမျိုးတိ့ုကို ပြဆိုထားပုံ၊ ဘဂဒေဝမင်း နတ်ရွာစံပြီးနောက် ဩက္ကာက မင်းမျိုးစဉ်ဆက်တို့ကို ပြဆိုထားပုံုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာကေတကတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ သာကေတကတိဿမထေရ်သည် ပါဠိတော်သင်ခြင်း၊ အနက်အဓိပ္ပါယ်မေးခြင်းကိစ္စတို့၌ အချိန်မပေးတတ်ပုံ၊ ‘‘အရှင်ဘုရား သေဖို့ရန်အချိန်ရှိပါ၏လော’’ဟု အခြားရဟန်းတို့ကမေးသောအခါ သတိသံဝေဂရ၍ သံဃာ့အဖွဲ့အစည်းကို စွန့်ခွာပြီး ကဏိကာရဝါလိက သမုဒ္ဒကျောင်းသို့ ကြွရောက်ခဲ့ပုံ၊ ထိုကျောင်းတွင် ဝါတွင်းသုံးလပတ်လုံး ရဟန်းတော်တို့ကို ပရိယတ်စာပေ သင်ကြားပို့ချခြင်းဖြင့် အကျိုးပြုခဲ့ပုံ၊ သီတင်းကျွတ်လပြည့်နေ့၌ ကျေးရွာနေလူများအား တုန်လှုပ်စေသော တရားကို ဟောကြားပြီး မိမိ၏ ပရိယတ်ကျွမ်းကျင်မှုကို မသိစေလို၍ အဝေးသို့ ကြွသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၄၆) (အံ၊ဋ္ဌ၊၁၊၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာကေတဇာတက

ဤဇာတ်တော်၌ ပုဏ္ဏားအိုကြီးသည် ဘုရားရှင်အား တွေ့မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် အတိတ်က အဘိုးအဖြစ်ဖြင့် ဘဝငါးရာ၊ အဖေအဖြစ်ဖြင့် ဘဝငါးရာ၊ ဦးကြီးအဖြစ်ဖြင့် ဘဝငါးရာ တော်စပ်ခဲ့ဖူးသောကြောင့် သားဟူသော ချစ်ခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုခဲ့ပုံ၊ ပုဏ္ဏေးမကြီးကလည်း ထို့အတူ ဘဝပေါင်း ထောင့်ငါးရာတိုင်တိုင် အဖွား၊ အမေ၊ အဒေါ်အဖြစ်ဖြင့်တော်စပ်ခဲ့ပုံ၊ ဘုရားရှင်ကလည်း ပုဗ္ဗေနိဝါသဉာဏ်ဖြင့် မြင်တော်မူသဖြင့် ဆိတ်ဆိတ်နေကာ လက်ခံတော်မူခဲ့ပုံ၊ ထို့နောက် ဇရာသုတ္တန်ကို ဟောကြားပြီး ပုဏ္ဏားအိုလင်မယားတို့အား အနာဂါမ်တည်စေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာကေတဇာတက

ဤဇာတ်တော်၌ သာကေတပုဏ္ဏားကြီးသည် ဘုရားရှင်ကို မြင်လျှင်မြင်ချင်း သားအရင်း ကဲ့သို့ ချစ်ခင်ခြင်း၏ အကြောင်းရင်းကို လျှောက်ထားကြပုံ၊ ဘုရားရှင်က ‘‘အတိတ်ဘဝ ပေါင်းများစွာက အတူအကွ နေထိုင်ခဲ့ဖူးသောကြောင့်လည်းကောင်း၊ ယခုဘဝ၌ ကောင်းကျိုးကို ဆောင်ရွက်သောကြောင့်လည်းကောင်း၊ ချစ်ခြင်းမေတ္တာ ဖြစ်၏’’ဟု ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာကေတပဥှဝတ္ထု

ဤဝတ္ထု၌ သာကေတမြို့သား ဥပါသကာတို့သည် ဥပုသ်ဇရပ်၌ ထိုင်နေကြစဉ် စေတနာ တစ်ခုဖြင့် ကံပြုလုပ်သည်ရှိသော် ပဋိသန္ဓေတစ်ကြိမ်သာ ဖြစ်သလော (သို့မဟုတ်) အကြိမ်များစွာ ဖြစ်သလောဟု ပြဿနာပေါ်လာသဖြင့် မထေရ်တို့ကို မေးမြန်ရာ သရက်စေ့ တစ်စေ့မှ သရက်ပင်ပေါက် တစ်ပင်သာပေါက်သကဲ့သို့ စေတနာတစ်ခုမှ ပဋိသန္ဓေတစ်ခုသာ အကျိုးပေးကြောင်း မထေရ်တို့က ဖြေဆိုကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၃၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာဂတတ္ထေရဝတ္ထု

ဤဝတ္ထု၌ မြတ်စွာဘုရားသည် စေတိယတိုင်း ဘဒ္ဒဝတိကာမြို့ အမ္ဗတိဋ္ဌရွာသို့ ကြွတော်မူစဉ် အမ္ဗတိဋ္ဌရသေ့၏ သင်္ခမ်းကျောင်း၌ နေသော အလွန်အဆိပ်ပြင်းထန်သည့် နဂါးကြီးကို အရှင်သာဂတမထေရ် ဆုံးမနိုင်ခဲ့ပုံ၊ လူတို့သည် အလွန်ကြည်ညိုကာ ခိုခြေရောင် အဆင်းရှိသည့် အရက်များကို သာဂတမထေရ်အား တိုက်ကြပုံ၊ သာဂတမထေရ် ရွာအထွက်တွင် မူးလဲသဖြင့် ကျောင်းတော်သို့ ရဟန်းများက သယ်ဆောင်သွားကြရာ ကျောင်းရောက်သောအခါ၌လည်း ဘုရားရှင်ဘက် ခြေထောက် ထိုးထားပုံ၊ ဘုရားရှင်က ကဲ့ရဲ့တော်မူ၍ ‘‘သေရည်သေရက် သောက်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သုရာပါန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၄၄) (ဇာ၊ဋ္ဌ၊၁၊၃၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာဂတတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်က တေဇောကသိုဏ်း သမာပတ် ဝင်စားသည့်အရာ၌ ဧတဒဂ်ပေးခံရသော ရဟန်းတစ်ပါးကို အားကျကာ ကုသိုလ်ပြု၍ ထိုဧတဒဂ်ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် သုဂတိဘုံတို့၌သာ ဖြစ်ခဲ့ရပြီး ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ သာဝတ္ထိမြို့၌ ပုဏ္ဏားတစ်ဦး ဖြစ်၍ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၅၁) (အပ၊၁၊၉၂) (အပ၊ဋ္ဌ၊၂၊၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာဋိမတ္တိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ သာဋိမတ္တိယမထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား ထန်းရွက် ယပ်တောင် လှူခဲ့သော ကုသိုလ်ကံကြောင့် ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ သာဋိမတ္တိယ ပုဏ္ဏား ဖြစ်လာပုံ၊ မြတ်စွာဘုရားအထံတော်၌ ရဟန်းပြုပြီး ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ၊ တစ်နေ့တွင် ထိုမထေရ် ဆွမ်းခံဝင်သောအခါ အလွန်ကြည်ညိုသော ဒါယကာတို့ အထင်လွဲစေရန် မာရ်နတ်သည် မထေရ်ယောင်ဖန်ဆင်း၍ ဒါယိကာမလေးတစ်ဦး၏ လက်ကို ဆွဲကိုင်ခဲ့ပုံ၊ သို့ဖြစ်၍ ဒကာများက အထင်လွဲပြီး မကြည်ညိုကြတော့ပုံ၊ ထိုအကြောင်းကို မထေရ်သိသဖြင့် မာရ်နတ် လည်ပင်းတွင် ခွေးသေကောင်ပုပ်ဆွဲ၍ လွှတ်လိုက်ပုံ၊ လူတို့က တောင်းပန်မှ ချွတ်ပေးတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာဏဝါသီထေရဿ ဉာတိပေတဝတ္ထု

ဤဝတ္ထု၌ ကိတဝဿမင်းသားသည် သုနေတ္တမည်သော ပစ္စေကဗုဒ္ဓါ၏ သပိတ်ကို လုယူ၍ မြေ၌ ပစ်ချပေါက်ခွဲပစ်လိုက်ပုံ၊ ယင်းအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် အဝီစိငရဲ၌ နှစ်ပေါင်းများစွာ ကျရောက်ခဲ့ပြီးနောက် ပြိတ္တာဘဝ ရောက်ရှိခဲ့ပုံ၊ ထိုပြိတ္တာဘဝမှ လွတ်မြောက်ပြီးနောက် ကုဂန္ဒိကမြို့အနီးရှိ တံငါရွာ တစ်ရွာ၌ ဖြစ်ခဲ့ပုံ၊ ကလေးသူငယ်ဘဝကပင် ဇာတိဿရဉာဏ်ကို ရရှိခဲ့သဖြင့် မကောင်းမှုအကုသိုလ် အလုပ်များကို ရှောင်ကြဉ်ခဲ့ပုံ၊ မိဘများက နှင်ထုတ်သဖြင့် ရှင်အာနန္ဒာနှင့် တွေဆုံပြီးရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ဆွေမျိုးများ ကွယ်လွန် သောအခါ ပြိတ္တာဘဝသို့ ရောက်ရှိသွားကြသဖြင့် မထေရ်မြတ်က ကယ်တင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၆၈) (ပေတ၊ဋ္ဌ၊၁၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာတာဂိရဟေမဝတဝတ္ထု

ဤဝတ္ထု၌ ကဿပ မြတ်စွာဘုရားရှင်၏ သာသနာတော်၌ စာပေပရိယတ်ကျွမ်းကျင်၍ ဝိနည်း အဆုံးအဖြတ်၌ ကျွမ်းကျင်ကြကုန်သော တပည့်ငါးရာစီရှိသော မထေရ်ကြီးနှစ်ပါးတို့သည် တောကျောင်းနေ အဓမ္မဝါဒီ ရဟန်းဆိုးတစ်ပါး၏ ပစ္စည်းပစ္စယ လာဘ်လာဘများကို ငဲ့ကွက်၍ မမှန်မကန် ဆုံးဖြတ်ခဲ့ကြပုံ၊ ထိုအကုသိုလ်ကံကြောင့် ဟေမဝတနှင့် သာတာဂိရ နတ်ဘီလူးကြီးများ ဖြစ်ကျ၍ ဤဂေါတမဘုရားရှင် ပွင့်တော်မူသောအခါ ဓမ္မစကြာတရားပွဲသို့ တရားတော်နာ ရောက်လာကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာဓိနဇာတက

ဤဇာတ်တော်၌ သာဓိနမင်းကြီးသည် မြို့တံခါးလေးပေါက်၊ နန်းတော်၏တံခါးမုခ်နှင့် မြို့အလယ်-ဟူသော ဤခြောက်ဌာနတို့၌ အလှူမဏ္ဍပ်များကို ဆောက်လုပ်ကာ နေ့စဉ်နေ့တိုင်း အသပြာခြောက်သိန်း အကုန်အကျခံပြီး အလှူဒါနကို ပြုလေ့ရှိပုံ၊ တိုင်းသူပြည်သားတို့လည်း ဒါနသီလကုသိုလ်များကို ပြုလုပ်သောကြောင့် ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ နတ်တို့ပြည့်နှက်၍ နေကြပုံ၊ တာဝတိံသာနတ်များက သာဓိနမင်းကြီးကို တောင့်တကြသဖြင့် သိကြားမင်းက မာတလိနတ်သားအား တာဝတိံသာနတ်ပြည်သို့ သာဓိန မင်းကြီးကို ပင့်ဆောင်စေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၃၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာဓုသီလဇာတက

ဤဇာတ်တော်၌ ပုဏ္ဏားကြီး၏ သမီးလေးယောက်တို့အား အမျိုးသားလေးယောက်တို့ လာရောက် တောင်းဆိုကြပုံ၊ အဆင်းလှသူ၊ အရွယ်ကြီးသူ၊ အမျိုးမြတ်သူ၊ အကျင့်သီလရှိသူ လေးဦးတို့တွင် မည်သူနှင့် ပေးစားထိုက်သည် မပေးစားထိုက်သည်ကို မဆုံးဖြတ်နိုင်ပုံ၊ ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က အတိတ်ဇာတ်ကြောင်းကို ဆောင်ပြကာ ကိုယ်ကျင့်သီလရှိသူကိုသာ ဦးစားပေးထိုက်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာနုတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား မျက်နှာသစ်တော်ရေ စသည် လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင်လက်ထက်တော်၌ သာနုအမည်ရှိသော ရှင်သာမဏေဖြစ်၍ ခုနစ်သားအရွယ်မှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာနုသာမဏေရဝတ္ထု

ဤဝတ္ထု၌ သာနုသာမဏေသည် ငယ်ရွယ်စဉ်ကပင် ကျင့်ဝတ်သီလနှင့် ပြည့်စုံပုံ၊ သရဘညသုတ်ကို ရွတ်ဆိုပြီးနောက် မယ်တော် ခမည်းတော်တို့အား အမျှပေးဝေခဲ့ပုံ၊ ဘဝဟောင်းက မိခင်ဖြစ်ခဲ့ဖူးသော ဘီလူးမကသာဓုခေါ်ခဲ့ပုံ၊ သာမဏေငယ်၏ ဘုန်းတန်ခိုးကြောင့် အခြားသောနတ်ဘီလူးများကပါ သာနုမိခင်ဘီလူးမကို ရိုသေလေးစားကြပုံ၊ သာမဏေငယ် အရွယ်ရောက်လာသောအခါ လူထွက်ရန် ကြံစည်ခဲ့ပုံ၊ ဘီလူးမက ဝင်ရောက်ပူးကပ်၍ တားမြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၁၆) (သံ၊ဋ္ဌ၊၁၊၂၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာမဂါမဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သက္ကတိုင်း သာမရွာ၌ သီတင်းသုံးတော်မူစဉ် နိဂဏ္ဌနာဋပုတ္တတိတ္ထိဆရာကြီး ကွယ်လွန်သွားခဲ့ပုံ၊ တိတ္ထိဆရာကြီး ကွယ်လွန်သွားသောအခါ သူ၏ တပည့်များ အချင်းချင်း အယူဝါဒရေးရာ၌ အငြင်းပွားကာ အသင်းကွဲကြပုံ၊ စုန္ဒသာမဏေသည် ထိုအကြောင်းအရာကို အရှင်အာနန္ဒာထေရ့်ထံ သွားရောက် လျှောက်ထားခဲ့ပုံ၊ အရှင်အာနန္ဒာမထေရ်က စုန္ဒသာမဏေကို ခေါ်၍ အထက်ပါအကြောင်းအရာကို ဘုရားရှင့်ထံ သွားရောက် လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ဝါဒဖြစ်ခြင်းအကြောင်း ခြောက်ပါး စသည်တို့ကို ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၃၊၃၂) (မ၊ဋ္ဌ၊၄၊၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာမညကာနိတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဤမထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ခုတင်တစ်လုံး ပြုလုပ်လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင်လက်ထက်တော်၌ ရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာမဏေရပဗ္ဗဇိတဝတ္ထု

ဤဝတ္ထု၌ အမျိုးတစ်မျိုးတွင် အလွန်ကူးစက်မြန်ပြီး အသေအပျောက်မြန်သော အဟိဝါတကခေါ် ကပ်ရောဂါဆိုးတစ်မျိုး ခံစားရသဖြင့် သားအဖနှစ်ဦးမှ လွဲ၍ တစ်မျိုးလုံး သေဆုံးခဲ့ကြပုံ၊ ထိုသားအဖတို့ ရဟန်းဘောင်ဝင်လာကြပြီး အတူ ဆွမ်းခံကြသောအခါ ဖခင်ရဟန်းကို လှူလျှင် ငယ်ရွယ်သေးသော သားငယ်က ‘‘သားကိုလည်း ပေးပါ’’ဟု ထပ်ကာထပ်ကာ တောင်းနေသည်ကို လူတို့က ကဲ့ရဲ့သဖြင့် အသက် ၁၅-နှစ် ပြည့်မှသာ ရှင်ပြုပေးရန် ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ၊ ထို့နောက် အရှင်အာနန္ဒာ၏ ဆွမ်းခံအိမ်မှ မိသားစုတို့သည် အဟိဝါတကရောဂါကြောင့် သေဆုံးကြပြီး ကလေးငယ်နှစ်ဦးသာ ကျန်ရာ ရှင်ပြုပေးလိုကြောင်း ဘုရားရှင်အား လျှောက်ထားပုံ၊ ‘‘ကျီးခြောက်နိုင်သော သူငယ်တို့ကို ရှင်ပြုပေးနိုင်သည်’’ဟု ထပ်မံ ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာမဏေရဝတ္ထု

ဤဝတ္ထု၌ ပုဏ္ဏေးမကြီးသည် ရည်ညွှန်းဆွမ်းကို စီမံ၍ ပုဏ္ဏားကြီးကို ဇေတဝန်ကျောင်းသို့ လွှတ်ကာ ဗြာဟ္မဏကြီး လေးဦးတို့အား ပင့်ဖိတ်ခိုင်းခဲ့ပုံ၊ ရဟန္တာသာမဏေလေးပါးတို့ ကြွလာသောအခါ ပုဏ္ဏေးမကြီးက အထင်သေး၍ ဆက်ဆံခဲ့ပုံ၊ နောက်ထပ်အရွယ်ကြီးသော ရဟန်းတစ်ပါးကို ပင့်ဖိတ်ခိုင်း၍ အရှင်သာရိပုတ္တရာမထေရ် ကြွလာတော်မူပုံ၊ နံနက်မှ စ၍ ဆွမ်းမဘုဉ်းပေးရသေးသဖြင့် ဆာလောင်နေသော သာမဏေတို့ကို သိကြားမင်း ကူညီပုံ၊ ထိုအကြောင်းအရာကို ရဟန်းများမှ တစ်ဆင့် မြတ်စွာဘုရား သိတော်မူ၍ ဗြာဟ္မဏမည်ထိုက်သူ၏ အရည်အချင်းတို့ကို ဟောပြတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာမဏ္ဍကာနိပရိဗ္ဗာဇကဝတ္ထု

ဤဝတ္ထု၌ သာမဏ္ဍကာနိမည်သော ပရိဗိုဇ်မသည် အရှင်သာရိပုတ္တရာမထေရ်အား ‘‘ချမ်းသာဟူသည် အဘယ်နည်း၊ ဆင်းရဲဟူသည် အဘယ်နည်း’’ဟု မေးမြန်းလျှောက်ထားပုံ၊ အရှင်သာရိပုတ္တရာမထေရ်က ဘဝသစ်၌ တစ်ဖန်ဖြစ်ရသည့်အခါ အေးမှု, ပူမှု, ဒုတ်လှံ စသည်တို့ဖြင့် ထိခိုက်ခံရမှု, သူတစ်ပါးတို့၏ ချုပ်ချယ်ခံရမှု, သာသနာတော်၌ မမွေ့လျော်မှု စသည်တို့သည် ဆင်းရဲခြင်းဖြစ်ကြောင်း၊ တစ်ဖန် ဘဝသစ်၌ မဖြစ်ရတော့ခြင်း, သာသနာတော်၌ မွေ့လျော်ခြင်းစသည်တို့သည် ချမ်းသာခြင်းဖြစ်ကြောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၃၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာမာထေရီဝတ္ထု

ဤဝတ္ထု၌ ကောသမ္ဗီမြို့မှ သာမာမည်သော သတိုးသမီးသည် သာမာဝတီ သူငယ်ချင်းမ ကွယ်လွန်သဖြင့် သံဝေဂရပြီး ရဟန်းမ ပြုခဲ့ပုံ၊ သို့သော် သာမာဝတီကို လွမ်းတပူဆွေးသည့် သောကကို မဖြေဖျောက်နိုင်သဖြင့် အရိယာမဂ်ကို မရနိုင်ခဲ့ပုံ၊ အရှင်အာနန္ဒာ၏ အဆုံးအမကို နာကြားရ၍ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာမာဝတီဝတ္ထု

ဤဝတ္ထု၌ သာမာဝတီမိဖုရား မြတ်စွာဘုရားအား ကိုးကွယ်နေသည်ကို မရှုစိမ့်သော မာဂဏ္ဍီမိဖုရား၏ အကောက်ကြံမှုကြောင့် ဥတေနမင်းက သာမာဝတီမိဖုရာကို လေးဖြင့် ပစ်သတ်ရန် ကြိုးစားခဲ့ပုံ၊ သာမာဝတီသည် မေတ္တာပို့နေသဖြင့် ဥတေနမင်း၏ လေးမှ မြားမထွက်နိုင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၉) (ပဋိသံ၊ဋ္ဌ၊၂၊၂၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာမာဝတီဝတ္ထု

ဤဝတ္ထု၌ ဥတေနမင်း၏ မိဖုရား သာမာဝတီသည် မိမိ၏ ကျွန်မခုဇ္ဇုတ္တရာထံမှ တရားနာရသဖြင့် သောတာပန် ဖြစ်ခဲ့ပုံ၊ ဘုရားရှင်၏ အရိယာသာဝိကာမတစ်ဦး ဖြစ်လာပြီး ဘုရားရှင်ကို ကိုးကွယ်ခဲ့ပုံ၊ မာဂဏ္ဍီမိဖုရား အကောက်ကြံမှုကြောင့် မီးလောင် သေဆုံးခဲ့ရပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၀၃) (ဥဒါန၊ဋ္ဌ၊၃၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာမိဒတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဤမထေရ်လောင်းလျာသည် အတ္ထဒဿီဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူ၍ တည်ထားသော သရီရဓာတုစေတီတော်၌ ပန်းတို့ကို ထီးပုံသဏ္ဌာန်အဆင့်ဆင့်ပြုလုပ် လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင့်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရမ္ဘဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ဂန္ဓာရတိုင်း တက္ကသိုလ်ပြည် ပုဏ္ဏားတစ်ဦး၏ အထံ၌ သာရမ္ဘမည်သော နွားလား ဖြစ်ခဲ့ပုံ၊ သခင်ပုဏ္ဏားကြီးအား ကျေးဇူးဆပ်လိုသဖြင့် လှည်းတစ်ရာကို ဆွဲနိုင် မဆွဲနိုင် အသပြာတစ်ထောင်ဖြင့် အလောင်းအစား ပြုလုပ်ခိုင်းပုံ၊ ပုဏ္ဏားကြီးက ဆဲဆိုကြိမ်းမောင်းပြီး မဟုတ်မမှန် ပြောဆိုကာ မောင်းနှင်သဖြင့် ဝန်ကို မရုန်းဘဲ နေသောအခါ အသပြာတစ်ထောင် ရှုံးခဲ့ရပုံ၊ သာရမ္ဘနွားလားဥသဘက အပြစ်ဒေါသကင်းစင်ပြီး ချစ်ခင်နှစ်သက်ဖွယ်သော စကားကိုသာ ပြောဆိုသင့်ကြောင်း ဆုံးမလျက် နောက်တစ်ခါ နှစ်ထောင်ဖြင့် အလောင်းအစား ပြုလုပ်ခိုင်းခဲ့ပုံ၊ ပုဏ္ဏားကြီးက ချစ်ခင်ဖွယ်စကားကို ပြောဆိုပြီး စေခိုင်းသဖြင့် အသပြာတစ်ထောင် အနိုင်ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရမာတုပေတိဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာ၏ လွန်ခဲ့သော ငါးဘဝမြောက်က မိခင်တော်ခဲ့ဖူးသော ပုဏ္ဏေးမကြီးသည် မိမိလင်ယောက်ျား ပုဏ္ဏားကြီးတည်ခင်းထားသော အလှူအတန်း ဝတ်များကို လင်ယောက်ျားခရီးထွက်နေစဉ် ဖြတ်တောက်ပစ်ခဲ့ပုံ၊ နေရန်အတွက် ဇရပ်အစုတ်မှာ နေကြ၊ ထမင်းအဖျော်အတွက် ကျင်ကြီး၊ ကျင်ငယ် သွေးပုပ်များကို စားကြ၊ သင်တို့မိခင်၏ ဦးနှောက်ကို ဖောက်စားကြစသည်ဖြင့် ရဟန်းတို့အား စက်ဆုပ်ဖွယ် မြည်တွန်တောက်တီးခဲ့ပုံ၊ ထိုအကုသိုလ်ကံတို့ကြောင့် သူတစ်ပါးတို့ စွန့်ပစ်သော ချွေး၊ နှပ်၊ သလိပ်၊ သွေးပုပ်၊ ပြည်ပုပ် စသည်ကို စားရသော ဒုက္ခသည် ပြိတ္တာမကြီးဘဝသို့ ရောက်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၄၀) (ပေတ၊ဋ္ဌ၊၇၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ အဂ္ဂသာဝကနှစ်ပါးတို့သည် ကပေါတချောက်၌ သီတင်းသုံးနေတော်မူကြပုံ၊ အရှင်သာရိပုတ္တရာ၏ ဦးထိပ်ကို မိစ္ဆာဘီလူးက ပြင်းထန်စွာ ရိုက်နှက်ခဲ့ပုံ၊ ဘီလူး၏ ရိုက်ချက်အားသည် ဆင်တစ်ကောင်ဖင်ထောင်ကျလောက်အောင် ပြင်းလှသော်လည်း မထေရ်မြတ်မှာသမာပတ် ဝင်စားနေသဖြင့် ခေါင်းအနည်းငယ်နာကျင်ရုံမျှသာ ခံစားခဲ့ရပုံ၊ ထိုဘီလူးမှာ ပူလောင်သော ဝေဒနာဖြစ်ပေါ်၍ သေဆုံးကာ အဝီစိငရဲသို့ ကျရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊၁၂၃) (ဥဒါန၊ဋ္ဌ၊၂၂၁) (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၈) (ပဋိသံ၊ဋ္ဌ၊၂၊၂၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်ကြီးမှာ ကိုယ်ပူနာရောဂါ ဖြစ်သဖြင့် အရှင်မောဂ္ဂလ္လာန် မထေရ်မြတ်သည် မန္ဒာကိနီ ရေကန်သို့ ကြွတော်မူခဲ့ပုံ၊ နဂါးတစ်ကောင်သည် ကြာစွယ်ကြာရင်းတို့ကို နုတ်၍ ကောင်းစွာ ဆေးကြောပြီး အထုံးထုံးကာ ကျောင်းတော်သို့ လိုက်ပို့ခဲ့ပုံ၊ အရှင်သာရိပုတ္တရာသည် ထိုကြာစွယ်တို့ကို ဘုဉ်းပေးတော်မူရ၍ ရောဂါ ပျောက်ကင်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်သည် ဆွမ်းခံဝင်ချိန်၌ အခြားရဟန်းများကဲ့သို့ စောစောစီးစီး မဝင်ဘဲ ကျောင်းတိုက်ကြီးတစ်ခုလုံးကို လှည့်လည်ကြည့်ရှုလေ့ရှိတော်မူပုံ၊ တံမြက်စည်း မလှည်းရသေးလျှင် တံမြတ်စည်းလှည်းခြင်း၊ အမှိုက်စွန့်ခြင်း၊ ခုတင်ညောင်စောင်း၊ အိုးခွက်များကို စနစ်တကျသိမ်းဆည်းခြင်း၊ ဂိလာနရဟန်းတို့ထံ ကြွရောက်၍ အလိုရှိရာ မေးမြန်းစုံစမ်းခြင်း စသောဝတ်ကြီး ဝတ်ငယ်များ ပြုစုပြီးမှ ဆွမ်းခံဝင်လေ့ရှိတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အာရညကင်ဓုတင်ဆောက်တည်သော ရဟန်းသုံးဆယ်တို့ ဘုရားရှင်ထံ လာရောက်ဖူးကြပုံ၊ ဘုရားရှင်က ထိုရဟန်းတော် သုံးဆယ်တို့၏ ရဟန္တာဖြစ်မည့်အကြောင်းကို သိမြင်တော်မူသဖြင့် အနီးတွင် ထိုင်နေသော အရှင်သာရိပုတ္တရာမထေရ်အား ဣန္ဒြေငါးပါးနှင့် ပတ်သက်သော ပြဿနာကို မေးတော်မူခဲ့ပုံ၊ အရှင်သာရိပုတ္တရာ၏ ဖြေကြားချက်ကို ဘုရားရှင်က တစ်ဖန် ထပ်ဆင့် ရှင်းလင်းဟောကြားတော်မူသဖြင့် အာရညကင်ဓုတင်ဆောင် ရဟန်းတော်သုံးဆယ်တို့ ရဟန္တာ ဖြစ်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၉၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာ၏ အမျက်မထွက်ခြင်းဂုဏ်ကို ကြားလျှင် မယုံကြည်သော ပုဏ္ဏားတစ်ဦးက မထေရ်မြတ်ကို ထိပါးပုတ်ခတ်၍ စမ်းသပ်ပုံ၊ လက်တွေ့သိရှိပြီးနောက် မထေရ်မြတ်ကို ကြည်ညို၍ ဥပါသကာဖြစ်လာပုံ၊ အရှင်မြတ်၏ ဒကာတို့က မကျေနပ်၍ ပုဏ္ဏားကို ရိုက်နှက်ရန် ကြိုးစားကြပုံ၊ ရဟန်းတို့ကလည်း မကျေနပ်ကြောင်း၊ မြတ်စွာဘုရားရှင် သိတော်မူ၍ ရဟန္တာဗြာဟ္မဏနှင့် လူဗြာဟ္မဏတို့ကို နှိုင်းယှဉ်ပြကာ မေတ္တာတရား၏ ဂုဏ်ကို မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်သည် အရှင်အဿဇိ သီတင်းသုံးရာအရပ်သို့ လက်အုပ်ချီကာ ဦးခေါင်းထား၍ ကျိန်းလေ့ရှိတော်မူပုံ၊ မသိသော ရဟန်းတို့က မိစ္ဆာအယူရှိ၍ အရပ်မျက်နှာကို ရှိခိုး၏ဟု ထင်မှတ်ကြပုံ၊ ထိုအကြောင်းကို မြတ်စွာဘုရားရှင်သိတော်မူ၍ စစ်ဆေးမေးမြန်းကာ ဆရာသမားဖြစ်သူကို ရိုသေသင့်ကြောင်း ရှိခိုးသင့်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်၏ မယ်တော်သည် အရှင်မြတ်နှင့် နောက်ပါ တပည့်တို့ကို ရေရွတ်ပြောဆို၍ ဆွမ်းလှူဒါန်းခဲ့ပုံ၊ အရှင်သာရိပုတ္တရာမထေရ်က စိတ်ဆိုးနေသော မယ်တော်ကို မည်သို့မျှ ပြန်မပြောခဲ့ပုံ၊ အရှင်ရာဟုလာက ထိုအကြောင်းကို မြတ်စွာဘုရားရှင်ထံ လျှောက်ထားခဲ့ပုံ၊ မြတ်စွာဘုရားက ဗြာဟ္မဏမည်သော ပုဂ္ဂိုလ်တို့မှာ အမျက်ဒေါသမရှိကြောင်း ဟောပြတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်သည် ဖြစ်ပေါ်လာသော ဝါဆိုသင်္ကန်းကို မိမိအထံသို့ အပို့ခိုင်းသောကြောင့် ‘‘အရှင်မြတ်မှာ လောဘ ရှိသေး၏’’ဟု မှတ်ထင်၍ ရဟန်းများက ကဲ့ရဲ့ကြပုံ၊ မြတ်စွာဘုရား သိတော်မူ၍ အရှင်သာရိပုတ္တရာ၏ ရည်ရွယ်ချက်ကို ရှင်းပြတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တမထေရ်အလောင်း အမျိုးကောင်းသားသည် အနောမဒဿီ ဘုရားရှင်အား သစ်သီး မျိုးစုံတို့ကို လှူဒါန်း၍ ပထမအဂ္ဂသာဝကဖြစ်ရန် ဆုတောင်းခဲ့ပုံ၊ ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ ဥပတိဿပရိဗိုဇ် ဖြစ်လာ၍ အရှင်မောဂ္ဂလ္လာန် မထေရ်အလောင်း ကောလိတပရိဗိုဇ်နှင့်အတူ တရားထူး ရှာကြပုံ၊ အရှင်အဿဇိမထေရ်နှင့် တွေ့၍ သောတာပန်တည်ခဲ့ပုံ၊ မြတ်စွာဘုရားအထံတော်သို့ ရောက်၍ ဧဟိဘိက္ခုရဟန်း ဖြစ်ကာ တစ်ဆယ့်ငါးရက်ကြာသောအခါ ရဟန္တာ ဖြစ်၍ ပညာအရာ၌ ဧတဒဂ်ဘွဲ့ ရတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၅၀) (ထေရ၊ဋ္ဌ၊၂၊၃၇၀) (အပ၊ဋ္ဌ၊၁၊၂၂၈) (သာရတ္ထ၊ဋီ၊၃၊၂၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာသည် လူ့ဘဝတုန်းက ရေမရောသည့် နို့ဃနာဖြင့် လေနာ ရောဂါပျောက်ဖူးကြောင်း ပြောဆိုသံကို ရုက္ခစိုးနတ်ကကြားခဲ့ပုံ၊ ရွာသားတစ်ဦးကို ရုက္ခစိုးက ဝင်ပူး၍ မထေရ်အားနို့ဃနာဆွမ်း လှူစေရန် စီစဉ်ခဲ့ပုံ နို့ဃနာဆွမ်းရလာသဖြင့် ဆင်ခြင်ကြည့်သောအခါ ဝစီဝိညတ်ကြောင့် ဖြစ်ပေါ်လာကြောင်း မထေရ်မြတ် သိရ၍ စွန့်ပယ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်သည် ဘုရားရှင်နှင့် အဂ္ဂသာဝကတို့ မည်သူက ရှေးဦးစွာ ပရိနိဗ္ဗာန် စံဝင်လေ့ရှိကြသနည်းဟု ဆင်ခြင်သောအခါ အဂ္ဂသာဝကတို့က ရှေးဦးစွာပရိနိဗ္ဗာန် စံဝင်လေ့ရှိကြကြောင်း သိတော်မူ၍ မိမိ၏အာယုသင်္ခါရကို ဆင်ခြင်ခဲ့ပုံ၊ ခုနစ်ရက်သာ အသက်ကြွင်းရှိတော့ကြောင်း သိတော်မူသဖြင့် ဘုရားရှင်ထံ ခွင့်ပန်ပြီး မိမိမွေးဖွားရာ နာဠကရွာသို့ ကြွတော်မူကာ ဖွားရာတိုက်ခန်း၌ သီတင်းသုံးတော်မူစဉ် နတ်မင်းကြီးလေးပါးနှင့် သိကြား၊ ဗြဟ္မာတို့ လာရောက်ဖူးမြော်ကြပုံ၊ ထိုအခြင်းရာကို မယ်တော်ပုဏ္ဏေးမကြီး တွေ့မြင်ပြီး အရှင်သာရိပုတ္တရာထေရ်အား မေးမြန်းလျှောက်ထားသောအခါ အရှင်သာရိပုတ္တရာမထေရ်ကက တရားဟောတော်မူသဖြင့် မယ်တော်ပုဏ္ဏေးမကြီး သောတာပန် တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၁၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် တည်းခိုရာ ဇရပ်မဏ္ဍပ်စသည်တို့၌ လာရောက်တည်းခိုသော ရဟန်းသံဃာများအတွက် ဝတ်ပြုတည်ခင်းထားသော အာဝသထပိဏ္ဍကို ရဟန်းတို့သည် တစ်ရက်သာ ခံယူသုံးဆောင်ရမည်ဟု သိက္ခာပုဒ်ပညတ်ပြီးဖြစ်သဖြင့် တစ်နေ့တွင် အရှင်သာရိပုတ္တရာသည် ကောသလတိုင်း၌ ဒေသစာရီလှည့်လည်လာစဉ် ဇရပ်တစ်ခု၌တည်း၍ ထိုအာဝသထပိဏ္ဍကို ခံယူဘုဉ်းပေးပြီးနောက် ရောဂါပြင်းထန်စွာ ရပုံ၊ လူတို့က နောက်တစ်နေ့တွင် ဆွမ်းကပ်သော်လည်း မခံယူတော့ဘဲ ဆွမ်းမဘုန်းပေးဘဲ နေတော်မူခဲ့ပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘ဂိလာနရဟန်းတို့သည် တစ်ရက်မျှမက ခံယူနိုင်သည်’’ဟု မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်က ရဟန်းတို့အား ကြက်သွန်ဖြူ မစားရဟု ပညတ်တော်မူပြီးနောက် အရှင်သာရိပုတ္တရာမှာ လေနာရောဂါစွဲကပ်ခဲ့ပုံ၊ ယခင်က ကြက်သွန်ဖြူနှင့် ပျောက်ကင်းကြောင်း အရှင်မောဂ္ဂလ္လာန်အား ပြောပြတော်မူသဖြင့် ဘုရားရှင်က ရောဂါအတွက် ကြက်သွန်ဖြူကို သုံးခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်ကြီး၏ ဒါယကာတစ်ဦးသည် သူ၏သားကို ရှင်ပြုပေးရန် အပ်နှံလာပုံ၊ ဘုရားရှင်က ရဟန်းတစ်ပါးသည် သာမဏေနှစ်ပါး လက်မခံရဟု သိက္ခာပုဒ်ပညတ်တော်မူထားပုံ၊ မထေရ်ကြီးမှာလည်း ကိုရင်ရာဟုလာ ရှိနှင့်ပြီးဖြစ်၍ နောက်တစ်ပါး လက်ခံရန်အတွက် အခက်အခဲ တွေ့နေပုံ၊ ဘုရားရှင်အား လျှောက်ထားရာ ဝိနည်းအရာ လိမ္မာကျွမ်းကျင်သူဖြစ်ပါက သာမဏေနှစ်ပါး လက်ခံနိုင်ကြောင်း ခွင့်ပြုတော်မူပုံ၊ သာမဏေများအတွက် သိက္ခာပုဒ် ၁၀-ပါးကို ကျင့်ဆောင်ရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်သည် ဟိမဝန္တာတောင် ချိုင့်ကြားတစ်နေရာတွင် တံမြက်မလှည်းကျင်းဘဲ နိရောဓသမာပတ် ဝင်စားနေပုံ၊ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူသဖြင့် တန်ခိုးတော်ဖြင့် ကြွရောက်လာပြီး မထေရ်၏ ရှေ့၌ တံမြက်မလှည်းကျင်းသော နေရာတွင် ခြေတော်ရာတို့ကို ပြ၍ ပြန်ကြွသွားတော်မူပုံ၊ မထေရ်သည် လွန်စွာ ရှက်ရွံ့ပြီး မြတ်စွာဘုရား၏ အထံတော်သို့ ချဉ်းကပ်ခဲ့ပုံ၊ မြတ်စွာဘုရားက ထိုကဲ့သို့ ပြုရန် မသင့်ကြောင်း ဆုံးမတော်မူသဖြင့် မထေရ်သည် နောင်အခါ၌ နေရာတိုင်းမှာပင် အမှိုက်လှည်းပြီးမှ ထိုင်လေ့ရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၄၊၁၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာအလောင်း ဥပတိဿနှင့် အရှင်မဟာမောဂ္ဂလ္လာန်အလောင်း ကောလိတ သူငယ်ချင်းနှစ်ယောက်တို့သည် နက္ခတ်ပွဲသဘင် ကြည့်နေကြစဉ် သံဝေဂ ရကြ၍ တရားထူးတရားမြတ် ရှာဖွေရန် သိဉ္စည်းဆရာကြီးထံ၌ ပရိဗိုဇ်ဝတ်ကြပုံ၊ တစ်နေ့သောအခါ ဥပတိဿသည် အရှင်အဿဇိထေရ်နှင့် တွေ့ဆုံပြီး ထိုမထေရ့်ထံမှ ‘‘ယေ ဓမ္မာ ဟေတုပ္ပဘဝါ’’စသော တရားကို ကြားနာရ၍ သောတာပန်တည်ခဲ့ပုံ၊ မိမိတို့ရရှိထားသော တရားထူး တရားမြတ်ကို သိဉ္စည်းဆရာကြီးအား ပြောကြားလျက် ဘုရားရှင်ထံ ချဉ်းကပ်ရန် တိုက်တွန်းသော်လည်း သိဉ္စည်းဆရာကြီးက ‘‘အိုးစရည်းကြီးဘဝမှ အိုးငယ်ဘဝသို့ မကူးပြောင်းလိုတော့ကြောင်း’’ ပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၅၀) (ဓမ္မ၊ဋ္ဌ၊၁၊၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ ရသေ့တစ်ထောင်ကျော်တို့သည် သစ်မြစ်သစ်ဥတို့ကို စားသုံးလျက် တောင်ခြေတစ်ခု၌ နေထိုင်ကြစဉ် ဆရာဖြစ်သူ ခေါင်းဆောင်ရသေ့ကြီးအား အနာရောဂါ ဖြစ်ပေါ်လာပုံ၊ အရှင်သာရိပုတ္တရာလောင်း တပည့်ကြီးသည် ဆရာရသေ့အတွက် သင့်လျော်မည့် ဆေးဝါးများ ရှာမှီးရန် တောရွာဇနပုဒ်များသို့ ထွက်ခွာသွားခဲ့ပုံ၊ တပည့်ကြီး ပြန်မရောက်မီ ဆရာရသေ့ ကွယ်လွန်သွားသောအခါ ကျန်တပည့်များက မိမိတို့၏ ဆရာသည် မည်သည့်တရားထူးမျှ မရကြောင်း ပြန်ရောက်လာသော အရှင်သာရိပုတ္တရာလောင်း တပည့်ကြီးအား ပြောကြားကြပုံ၊ တပည့်ကြီးက ဆရာရသေ့ ကွယ်လွန်ခါနီးတွင် ပြောကြားသွားသည့် ‘‘နတ္ထိ ကိဉ္စိ’’ဟူသည် ဘာတရားထူးမျှ မရခြင်းကို ဆိုလိုသည်မဟုတ်၊ အာကိဉ္စညာယတနသမာပတ်ရခြင်းကို ဆိုလိုကြောင်း သို့ဖြစ်၍ ဆရာရသေ့ကြီးသည် အာကိဉ္စညာယတနဘုံသို့ ရောက်နေကြောင်း ရှင်းပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၉၇) (သုတ္တနိ၊ဋ္ဌ၊၂၊၂၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သီတင်းဝါလကျွတ်သောအခါ အရှင်သာရိပုတ္တရာမထေရ်က ဒေသစာရီကြွချီရန် ဘုရားရှင်အား လျှောက်ထားခဲ့ပုံ၊ အရှင်သာရိပုတ္တရာမထေရ် ထသွားသောအခါ ရဟန်းတစ်ပါး၏ ခန္ဓာကိုယ်ကို သင်္ကန်းစွန်းဖြင့် ပုတ်ခတ်မိပုံ၊ ထိုရဟန်းက အရှင်သာရိပုတ္တရာအပေါ် ရန်ငြိုးဖွဲ့ကာ ‘‘အရှင်သာရိပုတ္တရာသည် တပည့်တော်အား ထိပါးပုတ်ခတ်ပြီး အပြစ်ကို မတောင်းပန်ဘဲ ဒေသစာရီကြွချီကြောင်း’’ ကဲ့ရဲ့ရှုတ်ချလျက် ဘုရားရှင်ထံ သွားရောက် လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က အရှင်သာရိပုတ္တရာကို ခေါ်စေတော်မူ၍ မေးစိစစ်သောအခါ အရှင်သာရိပုတ္တရာမထေရ်က ရေ၊ မြေ၊ လေ၊ မီး စသည်တို့ကို ဥပမာပြု၍ သည်းခံခွင့်လွှတ်ကြောင်း ဘုရားရှင့်ထံ လျှောက်ထားခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၁၈၀) (အံ၊ဋ္ဌ၊၃၊၂၆၂) (ဓမ္မ၊ဋ္ဌ၊၁၊၃၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်သည် ဆွမ်းခံကြွရန် စောသေးသဖြင့် တိတ္ထိတို့၏ ပရိဗိုဇ်အာရာမ်သို့ ကြွတော်မူပုံ၊ တိတ္ထိတို့သည် အချင်းချင်း စည်းဝေးကြကုန်လျက် ဥပါဒါန်အကြွင်းအကျန်နှင့်တကွ သေဆုံးခဲ့လျှင် ငရဲတိရစ္ဆာန် အပါယ်ဒုဂ္ဂတိမှ မလွတ်နိုင်သေးကြောင်း ပြောဆိုနေကြပုံ၊ ထိုအကြောင်းအရာကို အရှင်သာရိပုတ္တရာမထေရ်က ဘုရားရှင်အား တစ်ဆင့် လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ဥပါဒါန် အကြွင်းအကျန်နှင့် သေဆုံးသော်လည်း ငရဲတိရစ္ဆာန်စသောအပါယ်ဒုဂ္ဂတိမှ လွတ်မြောက်နိုင်သော ပုဂ္ဂိုလ်(၉)ယောက် အကြောင်း ရှင်းလင်းဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၁၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဿ ဘာဂိနေယျဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်ကြီးသည် တစ်နေ့သောအခါ မိမိ၏ တူဖြစ်သူအား ‘‘ကုသိုလ်ကောင်းမှုများ ပြုလုပ်ရဲ့လား’’ဟု မေးမြန်းတော်မူပုံ၊ တူဖြစ်သူက ‘‘တပည့်တော်လည်း လစဉ်လတိုင်း ဆိတ်တစ်ကောင် တစ်ကောင်သတ်၍ ယဇ်ပူဇော်လျက် ဗြဟ္မာ့ပြည်ရောက်ကြောင်း ဖြစ်သော ကောင်းမှုကုသိုလ်မျိုးကို ပြုလုပ်ပါကြောင်း’’ လျှောက်ထားပုံ၊ ထိုအခါ အရှင်သာရိပုတ္တရာမထေရ်ကြီးက ဘုရားရှင်ထံ တူငယ်ကို ခေါ်သွားပြီး ‘‘ဗြဟ္မာ့ပြည်ရောက်ကြောင်း နည်းလမ်းကောင်းကို ဟောကြားပါရန်’’ လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ‘‘နှစ်တစ်ရာတိုင်တိုင် သူ့အသက်သတ်၍ ယဇ်ပူဇော်သော်လည်း ဗြဟ္မာ့ပြည်မရောက်နိုင်ကြောင်း၊ ဘုရားရှင်၏ တပည့်သာဝကတို့ကို ပူဇော်မှသာလျှင် ဗြဟ္မာ့ပြည်ရောက်နိုင်ကြောင်း’’ တရားဟောကြားတော်မူသဖြင့် အရှင်သာရိပုတ္တရာ၏ တူငယ် သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဿ မာတုလဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်သည် မိမိ၏ ဦးရီးဖြစ်သူ ပုဏ္ဏားကြီးထံ သွား၍ ‘‘ကုသိုလ်ကောင်းမှုများ ပြုလုပ်ပါရဲ့လား’’ဟု မေးမြန်းပုံ၊ ပုဏ္ဏားကြီးက ‘‘ဗြဟ္မာ့ပြည်ရောက်ရန် ရည်သန်တောင့်တ၍ နိဂဏ္ဌတို့အား လစဉ်လစဉ် အသပြာတစ်ထောင် စွန့်လွှတ်လှူဒါန်းပြီး ကောင်းမှုကုသိုလ်များ ပြုလုပ်ပါကြောင်း’’ လျှောက်ထားပုံ၊ ထိုအခါ အရှင်သာရိပုတ္တရာမထေရ်က ဘုရားရှင်ထံ ဦးရီးတော်ကို ခေါ်သွားပြီး ‘‘ဗြဟ္မာ့ပြည်ရောက်ကြောင်း နည်းလမ်းကောင်းကို ဟောကြားပါရန်’’ လျှောက်ထားတောင်းပန်ခဲ့ပုံ၊ ဘုရားရှင်က နိဂဏ္ဌတို့အား အသပြာတစ်ထောင် အနှစ်တစ်ရာ လှူဒါန်းသည်ထက် ဘုရားရှင်၏ တပည့်သာဝကတို့အား တစ်ဇွန်းတစ်ယောက်မ လှူဒါန်းခြင်းက ပို၍ အကျိုးများကြောင်း’’ တရားဟောကြားတော်မူသဖြင့် ပုဏ္ဏားကြီး သောတာပန် တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တတ္ထေရဿ သဟာယကဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်သည် သူငယ်ချင်းဖြစ်သူ ပုဏ္ဏားတစ်ယောက်ထံသို့ ချဉ်းကပ်၍ ‘‘ကုသိုလ်ကောင်းမှုများ ပြုလုပ်ပါရဲ့လား’’ဟု မေးခဲ့ပုံ၊ သူငယ်ချင်းပုဏ္ဏားက ‘‘ဗြဟ္မာ့ပြည်ရောက်ရန် ရည်သန်တောင့်တ၍ ပစ္စည်းဥစ္စာ များစွာ အကုန်အကျခံလျက် နှစ်စဉ် ယဇ်ကြီးပူဇော်ကြောင်း’’ အရှင်သာရိပုတ္တရာမထေရ်အား လျှောက်ထားပုံ၊ အရှင်သာရိပုတ္တရာမထေရ်က သူငယ်ချင်းပုဏ္ဏားကို ဘုရားရှင်ထံ ခေါ်သွားပြီး ‘‘ဗြဟ္မာ့ပြည် ရောက်ကြောင်း နည်းလမ်းကောင်းကို ဟောကြားပါရန်’’ လျှောက်ထားပုံ၊ ဘုရားရှင်က နှစ်စဉ်နှစ်တိုင်း ယဇ်ကြီးပူဇော်ခြင်းသည် ရဟန်းသံဃာတို့အား တစ်ကြိမ်တစ်ခါ ရှိခိုးပူဇော်ခြင်း၏ လေးပုံတစ်ပုံကိုပင် မမီကြောင်း ဟောကြားတော်မူသဖြင့် အရှင်သာရိပုတ္တရာ၏ သူငယ်ချင်း ပုဏ္ဏား သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တပရိနိဗ္ဗာနဝတ္ထု

ဤဝတ္ထု၌ လက်ယာတော်ရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် (၄၄) ဝါကာလပတ်လုံး ဗုဒ္ဓသာသနာတော် တိုးတက်ရေးအတွက် ဆောင်ရွက်တော်မူခဲ့ပုံ၊ ဘုရားရှင့်ထံ ပရိနိဗ္ဗာန်စံခွင့်ပြုရန် ခွင့်ပန်ကာ တန်ခိုးပြာဋိဟာပြတော်မူပုံ၊ နာဠကရွာသို့ ကြွရောက်၍ မိစ္ဆာဒိဋ္ဌိမယ်တော်ကြီးအား သောတာပန်တည်စေ၍ ပရိနိဗ္ဗာန်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၂၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တမောဂ္ဂလ္လာနတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာအလောင်း အမျိုးကောင်းသားသည် အနောမဒဿီဘုရားရှင် လက်ထက်တော်၌ ဗြာဟ္မဏမဟာသာလမျိုး၌ သရဒလုလင်အမည်ဖြင့် ဖြစ်၍ အရှင်မောဂ္ဂလ္လာန်အလောင်း အမျိုးကောင်းသားသည် သိရိဝဍ္ဎနအမည်ဖြင့် ဂဟပတိမဟာသာလမျိုး၌ ဖြစ်ခဲ့ကြပုံ၊ သရဒလုလင်နှင့် သိရိဝဍ္ဎနသူဌေးသားတို့သည် အလွန်ချစ်ခင် ရင်းနှီးကြပြီး တစ်နေ့သောအခါ သရဒလုလင်က မအို၊ မနာ၊ မသေရာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရှာမှီးရန်အတွက် ရသေ့ဝတ်ရန် သိရိဝဍ္ဎနသူဌေးသားအား တိုင်ပင်ခဲ့ပုံ၊ သိရိဝဍ္ဎနသူဌေးသား မလိုက်ပါသဖြင့် သရဒလုလင်သည် တပည့် (၇၄၀၀၀)နှင့်အတူ ရသေ့ဝတ်၍ အဘိညာဉ်ဈာန်သမာပတ်တို့ကို ဖြစ်စေခဲ့ပုံ၊ သရဒရသေ့သည် အနောမဒဿီဘုရားရှင်နှင့် တွေ့ဆုံပြီး အဂ္ဂသာဝကမထေရ်နှစ်ပါးကို အားကျကာ မိမိကိုယ်တိုင် အဂ္ဂသာဝကဆု ပန်၍ မိမိသူငယ်ချင်းဖြစ်သူ သိရိဝဍ္ဎနသူဌေးကိုလည်း အဂ္ဂသာဝကဆုပန်စေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာရိပုတ္တသဟာယကဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာ၏ လူ့ဘဝက သူငယ်ချင်းဖြစ်သူ သူဌေးသားသည် ဥစ္စာပစ္စည်း ကုဋေငါးရာ့ခြောက်ဆယ်တို့ကို စွန့်လွှတ်၍ အရှင်သာရိပုတ္တရာ့ထံ၌ ရဟန်းပြု၍ ဘုရားတရားတော်များကို သင်ယူခဲ့ပုံ၊ ထိုရဟန်းသည် ကမ္မဋ္ဌာန်းတရား အားထုတ်သော်လည်း တရားထူး မရသဖြင့် ထိုရဟန်းကို အရှင်သာရိပုတ္တက မြတ်စွာဘုရားအထံတော်သို့ ခေါ်လာခဲ့ပုံ၊ မြတ်စွာဘုရားက ထိုရဟန်းနှင့် သင့်လျော်သော တရားကို ဟောတော်မူရာ တရားတော်အဆုံး၌ သောတာပန်တည်၍ မကြာမီ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာလကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကုန်သည်မျိုး၌ ဖြစ်စဉ်၊ မြွေအလမ္ပယ်သမား တစ်ယောက်သည် မျောက်တစ်ကောင်ကို သင်ကြားပေးထားပြီး မြွေနှင့် ကစားစေလျက် အသက်မွေးခဲ့ပုံ၊ တစ်နေ့တွင် ဘုရားအလောင်းထံ မျောက်ကို အပ်နှံ၍ ဗာရာဏသီပြည်သို့ သွား၍ ပြန်လာသောအခါ ထိုမျောက်ကို ဝါးခြမ်းစိတ်ဖြင့် ရိုက်၍ ခေါ်သောကြောင့် မျောက်သည် သစ်ပင်ပေါ်သို့ တက်ပြေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာလကုသုမိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ သာလကုသုမိယမထေရ်လောင်းလျာသည် ပရိနိဗ္ဗာန်စံတော်မူသော ပဒုမုတ္တရဘုရားရှင်၏ ဥတုဇရုပ်ကလာပ်အလောင်းတော်ပေါ်၌ အင်ကြင်းပန်းများ ကြဲချလှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး အပါယ်ဒုဂ္ဂတိသို့ မလားရောက်ခဲ့ဘဲ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာလဂါမဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ သာလရွာသားတို့သည် ဘုရားရှင်အား ဝါဒမျိုးစုံကို မေးကြပုံ၊ ဘုရားရှင်က ဝါဒ တစ်ခုချင်း ရှင်းပြတော်မူခဲ့ပုံ၊ ‘‘နောင်ဘဝ မရှိ’’ဟု အယူရှိသူတို့သည် အကယ်၍ နောင်ဘဝရှိပါက အကုသိုလ်ကံ၏ အကျိုးဆက်ကို မလွဲမသွေ ခံစားရမည့်အပြင် ယခုဘဝ၌လည်း ကောင်းစွာ မပြုကျင့်ကြသဖြင့် နှစ်ဘဝလုံး ဆုံးရှုံးကြကြောင်း ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာလပုပ္ဖဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သားတို့သနင်း ခြင်္သေ့မင်းဖြစ်၍ ခက်ခဲသော ခရီး၌ တောသတ္တဝါကို ရှာမှီးစဉ် ဝိပဿီဘုရားရှင်ကို တွေ့မြင်ရသဖြင့် ‘‘လူအပေါင်းကို ငြိမ်းအေးစေတော်မူသော ဘုရားရှင်ကို ဆည်းကပ်ရပါမူကား ကောင်းလေစွ’’ဟု ဆင်ခြင်၍ ဘုရားရှင်ကို ချဉ်းကပ်လျက် အင်ကြင်းပင်၏ အခက်ကို ချိုးပြီး အခိုင်နှင့်တကွသော ပန်းကို ပေးလှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့တော့ဘဲ ကိုးကမ္ဘာအထက်၌ ဝိရောစနမည်သော စကြဝတေးမင်း သုံးကြိမ်ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာလပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အရုဏဝတီမြို့၌ မုန့်သည် ဖြစ်စဉ် အိမ်တံခါးအနီး၌ ကြွသွားတော်မူသော သိခီဘုရားရှင်ကို ဖူးမြင်ရသောအခါ သပိတ်တော်ကို ယူ၍ အင်ကြင်းပန်းကို ပေးလှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့တော့ဘဲ လွန်ခဲ့သော တစ်ဆယ့်လေးကမ္ဘာ အထက်၌ အမိတဉ္ဇလမည်သော စကြာမင်းဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာလမဏ္ဍပိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ သာလမဏ္ဍပိယထေရ်အလောင်း ရသေ့သည် အင်ကြင်းတော၌ နေထိုင်စဉ် အမိုးအကာမရှိဘဲ နိရောဓသမာပတ် ဝင်စားနေသော ပိယဒဿီဘုရားရှင်အား ဖူးတွေ့ခဲ့ရပုံ၊ တိုင်လေးတိုင် စိုက်ကာ အင်ကြင်းပန်းများ မိုးလျက် ခုနစ်ရက်ပတ်လုံး ပန်းမဏ္ဍပ် ဆောက်လုပ်လှူဒါန်းပေးခဲ့ပုံ၊ ဤကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် နတ်ပြည်သို့ ရောက်သောအခါ မိမိပရိသတ်ရှိသလောက် အင်ကြင်းပန်း အမိုးများ အလိုအလျောက် ပေါ်ပေါက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၇၀) (ထေရ၊ဋ္ဌ၊၁၊၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာလိကေဒါရဇာတက

ဤဇာတ်တော်၌ သာလိဒ္ဒယရွာသား ကောသိယပုဏ္ဏားကြီးသည် ပယ်တစ်ထောင် အတိုင်းအရှည်ရှိသော လယ်မြေ၌ သလေးစပါးများကို စိုက်ထားပုံ၊ အလောင်းတော် ကျေးမင်းသည် သလေးနှံတို့ကို မိဘများအတွက် ကိုက်ယူသယ်ဆောင်သွားခဲ့ပုံ၊ လယ်စားရင်း ငှားက ကျော့ကွင်းထောင်ဖမ်း၍ မိသောအခါ ကောသိယပုဏ္ဏားကြီးထံ အပ်ပုံ၊ ပုဏ္ဏားကြီးက ကျေးမင်းအား ‘‘သင်၏ လက်ပံတော၌ စပါးကျီများ ရှိသလော’’ ဟု မေးသောအခါ ‘‘ကြွေးသစ်ချခြင်း၊ ကြွေဟောင်းဆပ်ခြင်း၊ ရွှေအိုး မြှုပ်နှံ့ခြင်းများပြုလုပ်ရပါသည်’’ဟု ဖြေကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာလိတ္တကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏပြည် ဗြဟ္မဒတ်မင်း၏ အမတ် ဖြစ်စဉ် စကားအလွန်များသော ပုရောဟိတ်ပုဏ္ဏားကို ဆုံးမရန် ကျောက်စရစ်ခဲ အပစ် ကျွမ်းကျင်သော သူဆွံ့တစ်ယောက်ကို ခေါ်၍ အကာအရံထဲ၌ နေစေပြီး ပုဏ္ဏား၏ ပါးစပ်ထဲသို့ ဆိတ်ချေးတုံးတစ်ပြည်သား ပစ်သွင်းစေခဲ့ပုံ၊ ထိုပုဏ္ဏားသည် ထိုနေ့မှစ၍ အရှက်ရကာ စကားမများတော့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာလူကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် မဟာလောဟိတမည်သော နွားဖြစ်၍ အရှင်အာနန္ဒာလောင်းလျာသည် စူဠလောဟိတမည်သော နွား ဖြစ်စဉ် သာလူကမည်သော ဝက်အား အိမ်ရှင်က ယာဂုထမင်းကို ကျွေးမွေးသဖြင့် ညီငယ်စူဠလောဟိတက မကျေနပ်ကြောင်း ပြောဆိုခဲ့ပုံ၊ ထိုအခါ မဟာလောဟိတက ‘‘လူတို့သည် ဟင်းလျာအတွက်သာ ဝက်များကို ယာဂုထမင်း ကျွေး၍ မွေးထားကြကြောင်း’’ ပြောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာသနပတိဋ္ဌာပနဝတ္ထု

ဤဝတ္ထု၌ အရှင်မဟိန္ဒမထေရ်သည် ဣဋ္ဋိယ, ဥတ္တိယစသော မထေရ်များနှင့်အတူ သီဟိုဠ်ကျွန်းသို့ သာသနာပြုကြွတော်မူခဲ့ပုံ၊ မယ်တော်နှင့် ဆွေမျိုးများရှိရာ ဝေဒိသမြို့သို့ ကြွတော်မူခဲ့ပုံ၊ မိဿကတောင်၌ ဒေဝါနံ ပိယတိဿ မင်းကြီးနှင့် တွေ့ဆုံကြပုံ၊ သုမနသာမဏေက သီဟိုဠ်ကျွန်းတစ်ကျွန်းလုံးကို တရားနာရန် နှိုးဆော်ခဲ့ပုံ၊ အရိဋ္ဌအမတ်နှင့်တကွ ငါးဆယ့်ငါးယောက်သော ညီနောင်တို့ မထေရ်မြတ်ထံ၌ ရဟန်းပြုကာ အရဟတ္တဖိုလ်သို့ ရောက်ရှိကြပုံ၊ သုမနသာမဏေသည် အသောကမင်းထံမှ ဓာတ်တော်များ ပင့်ဆောင်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သာဠိယဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည် ရွာတစ်ရွာ၌ သူဌေးသား ဖြစ်စဉ် သူငယ်ချင်းများနှင့်အတူ ကစားနေပုံ၊ ဒေဝဒတ်လောင်း ဆေးဆရာ ရောက်လာပြီး ‘‘သစ်ပင်ခွကြား၌ သာလိကာတစ်ကောင် ဝပ်နေသည်၊ တက်၍ နှိုက်ပါ’’ဟု ဆိုပုံ၊ သစ်ပင်ပေါ် တက်ကြည့်ရာ မြွေဟောက်ဖြစ်နေသောကြောင့် လည်ပင်းကို မြဲစွာကိုင်၍ ပစ်ချလိုက်ရာ ဆေးဆရာလည်ပင်းကို မြွေဟောက်ပတ်မိပြီး ကိုက်သောကြောင့် ဆေးဆရာ ကွယ်လွန်ခဲ့ရပုံ၊ သူတစ်ပါး ပျက်စီးစေလိုက မိမိပင် ပျက်စီးတတ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိခီဗုဒ္ဓဝံသ

ဤဇာတ်တော်၌ သိခီဘုရားရှင်သည် အရုဏဝတီနေပြည်တော်၌ ခမည်းတော် အရုဏဝတ မင်းကြီးနှင့် မယ်တော် ပဘာဝတီဒေဝီတို့မှ မွေးဖွားခဲ့ပုံ၊ သဗ္ဗကာမာမင်းသမီးနှင့် အတူ နန်းစည်းစိမ်ခံစားကာ အတုလသားတော် မွေးဖွားပြီးနောက် ဆင်ယာဉ်ဖြင့် တောထွက်တော်ခဲ့ပုံ၊ သရက်ဖြူဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူခဲ့ပုံ၊ အဘိဘူမထေရ်နှင့် သမ္ဘဝမထေရ်-ဟူသော အဂ္ဂသာဝကနှစ်ပါး ရှိတော်မူပုံ၊ ခေမင်္ကရမထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ၊ ထိုအချိန်၌ ဂေါတမ ဗုဒ္ဓလောင်းလျာသည် အရိန္ဒမမည်သောမင်းဖြစ်၍ နိယတဗျာဒိတ်ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၉) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိဂ္ဂဝတ္ထေရဝတ္ထု

ဤဝတ္ထု၌ သိဂ္ဂဝမထေရ်သည် ငယ်ရွယ်စဉ်ကပင် ပိဋကသုံးပုံဆောင် ရဟန္တာတစ်ပါး ဖြစ်ခဲ့ပုံ၊ သံဃာ့မထေရ်ကြီးများ၏ တာဝန်ပေးချက်အရ မောဂ္ဂလိပုတ္တတိဿမထေရ် အလောင်းအလျာ၏ မိဘများအိမ်သို့ ဆွမ်းခံကြွပုံ၊ ဆွမ်းမရသော်လည်း ထိုမထေရ်လောင်း အသက်(၁၆)နှစ်အရွယ် ရောက်သည်အထိ ဆွမ်းခံ မှန်မှန် ကြွပြီး နောင်သာသနာတော်အတွက် အကျိုးပြုမည့်ပုဂ္ဂိုလ်ဟု မျှော်လင့် စောင့်စားခဲ့ပုံ၊ ထို့နောက် သိဂ္ဂဝမထေရ်သည် တိဿလုလင်ကို ရှင်ပြုပေး၍ သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို သင်ယူစေပြီး သောတာပန် ဖြစ်စေပုံ၊ ထို့နောက် တိဿသာမဏေကို စဏ္ဍဝဇ္ဇိမထေရ်ထံသို့ စေလွှတ်၍ ပိဋကတ်ကျမ်းများကို သင်ယူစေခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၂၉) (သာရတ္ထ၊ဋီ၊၁၊၁၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိင်္ဂါလကမာတုထေရီဝတ္ထု

ဤဝတ္ထု၌ ဤထေရီလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ သဒ္ဓါဓိမုတ္တ ဧတဒဂ်ရသည့် ဘိက္ခုနီတစ်ပါးကို အားကျ၍ ကုသိုလ်ပြုကာ ထိုဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကုသုလ်ကောင်းမှုကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့သူ သူဌေးသမီး ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ရဟန္တာ ဖြစ်၍ သဒ္ဓါဓိမုတ္တဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၈၅) (အံ၊ဋ္ဌ၊၁၊၂၉၃) (ထေရီ၊၁၄၆) (ဒီ၊ဋ္ဌ၊၃၊၁၂၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိင်္ဂါလဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် မြေခွေးဘဝ၌ဖြစ်ပုံ၊ လူတို့သည် သေသောက်ပွဲကြီး ကျင်းပရာ မြည်းစရာ အမဲသားများ ကုန်သွားသဖြင့် အရက်သမားတစ်ယောက်သည် လက်ရိုက်ကို ကိုင်၍ သူသေဟန်ဆောင်ကာ မြေခွေးများကို သတ်ရန် လှဲအိပ်နေပုံ၊ လက်ကိုင်ကို မြေခွေးက ပါးစပ်ဖြင့် ဆွဲယူသောအခါ ခိုင်မြဲစွာ ကိုင်ထားသဖြင့် သူသေမဟုတ်ကြောင်း သိ၍ ထွက်ပြေးသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိင်္ဂါလဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းမြေခွေးသည် ဆင်သေ တစ်ကောင်ကို စအိုပေါက်မှစ၍ ကိုက်စားပြီး ဝမ်းခေါင်းထဲဝင်နေရာ ကြာသောအခါ နေပူကြောင့် စအိုပေါက်ပိတ်၍ ထွက်ပေါက်မရှိဖြစ်နေပုံ၊ မိုးရွာချ၍ စအိုပေါက်အနည်းငယ် ပြန်ပွင့်လာသောအခါ ထိုအပေါက်မှပင် ခက်ခက်ခဲခဲ တိုးထွက်ခဲ့ပုံ၊ လောဘအလိုလိုက်မိ၍ ဤသို့ ဒုက္ခရောက်ရကြောင်း သံဝေဂ ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိင်္ဂါလဇာတက

ဤဇာတ်တော်၌ မြေခွေးတစ်ကောင်သည် မြို့တွင်းသို့ဝင်၍ ငါးအမဲကို စားကာ သေအရက်ကို သောက်သဖြင့် မူးယစ်နေပြီး မိမိနေရာသို့ မပြန်နိုင် ဖြစ်နေပုံ၊ ပုဏ္ဏားတစ်ဦးအား ငွေအသပြာ (၂၀၀)ကို ပေးပါမည်၊ အပေါ်ရုံပုဆိုးနှင့် ထုပ်၍ သယ်ယူသွားပါရန် ပြောဆိုခဲ့ပုံ၊ ပုဏ္ဏားမိုက်သည် ဥစ္စာဓနကို မက်မောသဖြင့် မြေခွေးညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ပုံ၊ မြို့ပြင်သုသာန်ကြီး၌ ပုဆိုးထုပ်ကို ချစေ၍ အပေါ်ရုံ အဝတ်ကို ဖြန့်ခင်းစေပုံ၊ သစ်ပင်ရင်း၌ ဖြန့်ခင်းထားသော အပေါ်ရုံအဝတ်ပေါ်၌ မြေခွေးက ကျင်ငယ်စွန့်ခဲ့၍ တောတွင်းသို့ ဝင်ပြေးခဲ့ပုံ၊ ဘုရားလောင်း ရုက္ခစိုးနတ်က ပုဏ္ဏားကို မြေခွေးစကား မယုံကြည်ရန် ဆုံးမခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၃၂၁) (ဇာ၊ဋ္ဌ၊၁၊၄၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိင်္ဂါလဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဟိမဝန္တာတော ရွှေဂူဝယ် ခြင်္သေ့မျိုး၌ ဖြစ်ခဲ့ပုံ၊ ညီခြင်္သေ့ငယ်ခြောက်ကောင်၊ ညီမငယ်ခြင်္သေ့မတစ်ကောင်နှင့် အတူ နေစဉ် တစ်နေ့တွင် မြေခွေးတစ်ကောင်သည် ခြင်္သေ့ထီးတို့ မရှိစဉ် ခြင်္သေ့မအား ချစ်ရေးဆိုပုံ၊ မောင်ငယ်ခြင်္သေ့တို့ ပြန်ရောက်လျှင် ထိုအကြောင်းကို ဖန်ဂူထဲအိပ်နေသော မြေခွေးကို ကိုက်သတ်ရန် ခုန်ဆင်းကြရာ ရင်ကွဲ၍ သေဆုံးကြရပုံ၊ ဘုရားလောင်းကမူ ဖန်ဂူထဲဝင်ကာ တိုက်ခိုက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိင်္ဂါလပိတုတ္ထေရဝတ္ထု

ဤဝတ္ထု၌ သိင်္ဂါလပိတုမထေရ်လောင်း အမျိုးကောင်းသားသည် သတရံသီမည်သော ပစ္စေကဗုဒ္ဓါအား မိမိလက်ထဲ၌ အဆင်သင့်ရှိနေသော ထန်းသီးကို လှူဒါန်းပုံ၊ ကဿပဘုရားရှင့်လက်ထက်တော်၌ ရှင်ရဟန်းပြုကာ အရိုးစု ကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ပုံ၊ ဤဂေါတမဘုရားရှင့်လက်ထက်တော် သိင်္ဂါလပိတုဟူသော အမည်ဖြင့် ရဟန်းပြုကာ သံသုမာရဂီရိမြို့ရှိ ပဲစင်းငုံတော၌ အရိုးစုကမ္မဋ္ဌာန်း စီးဖြန်း၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိင်္ဃပုပ္ဖဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရသေ့တစ်ပါး ဖြစ်ခဲ့ပုံ၊ တစ်နေ့တွင် ပဒုမ္မာကြာအိုင်သို့ သွားစဉ် ကောင်းစွာပွင့်နေသော ပဒုမ္မာကြာပွင့်ကို နမ်းရှူမိပုံ၊ ကြာကန်စောင့် နတ်သမီးက ‘‘နံ့သာသူခိုး’’ဟု စွပ်စွဲခဲ့ပုံ၊ ရသေ့ကြီးက ‘‘ကြာစွယ်ကြာရင်းတို့ကို နှုတ်သူကို သူခိုးဟု မဆိုဘဲ အနံ့ရှူသူမိမိကို ဘာကြောင့် သူခိုးဟု ဆိုရပါသနည်း’’ဟု မေးမြန်းခဲ့ပုံ၊ ထိုသူတို့မှာ အကုသိုလ်ပြုရမည်ကို ဝန်မလေးကြသဖြင့်ပြော၍ အကျိုးမရှိကြောင်း အရှင်တို့မှာမူ အပြစ်ကင်းစင်သဖြင့် ထိတ်လန့်အောင်ပြောဆိုလျှင် အကျိုးရှိကြောင်း ရှင်းပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိဒ္ဓတ္ထဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ သိဒ္ဓတ္ထဘုရားရှင်သည် ဝေသာရမြို့တော်၌ ခမည်းတော်ဥဒေနမင်းနှင့် မယ်တော် သုဖဿာမိဖုရားကြီးတို့မှ မွေးဖွားခဲ့ပုံ၊ သောမနဿာမိဖုရားနှင့်အတူ နန်းစည်းစိမ်ခံကာ အနုပမသားတော်မွေးဖွားခဲ့ပုံ၊ ရွှေထမ်းစင်ဖြင့် တောထွက်တော်မူခဲ့ပုံ၊ မဟာလှေကားဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူခဲ့ပုံ၊ သမ္ဗလမထေရ်နှင့် သုမိတ္တမထေရ်-ဟူသော အဂ္ဂသာဝကနှစ်ပါး ရှိတော်မူခဲ့ပုံ၊ ရေဝတမထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ၊ ထိုအချိန်၌ ဂေါတမဗုဒ္ဓလောင်းလျာသည် မင်္ဂလအမည်ရှိသော အဘိညာဉ်ရ ရသေ့ဖြစ်၍ နိယတဗျာဒိတ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၇) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိန္ဓဝဝတ္ထု

ဤဝတ္ထု၌ ဘုရင်တစ်ပါးသည် သိန္ဓောမြင်းပေါက်တစ်ကောင်ကို ရရှိသော်လည်း သိန္ဓောမြင်းဟု မသိဘဲ မြင်းအတတ် သင်ပေးရန် မြင်းဆရာထံ အပ်နှံခဲ့ပုံ၊ ထိုမြင်းဆရာသည် ခွက်စုတ်ဖြင့် ပဲနောက်စေ့များကို ကျွေးသဖြင့် မိမိနှင့် မတန်ဟု ယူဆကာ ကန်ကျောက်ပစ်သဖြင့် မြင်းယုတ်ဟု ထင်ကာ စွန့်ပစ်ထားခဲ့ပုံ တန်ဖိုးနားလည်သော မြင်းဆရာက ရွှေခွက်ဖြင့် အစာကျွေး၍ သင်ကြားပေးသဖြင့် မင်္ဂလာမြင်းတော်ဖြစ်လာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၁၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိရိကာဠကဏ္ဏိဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သားမယား ကျွန်အမှုလုပ်တို့နှင့်အတူ ငါးပါးသီလ စောင့်ထိန်းသည့်အတွက် သုစိပရိဝါရသေဋ္ဌိဟု အမည်ရပုံ၊ လောကပါလနတ်မင်းကြီးနှစ်ဦး၏ သမီးများဖြစ်ကြသော ကာဠကဏ္ဏီနှင့် သိရီအမည်ရှိသော နတ်သမီးတို့သည် အနောတတ်အိုင် ဆိပ်ကမ်း၌ ပထမဆုံး ရေချိုးနိုင်သူအကြောင်းနှင့် ပတ်သက်၍ အငြင်းအခုံဖြစ်ရာ သူဌေးကြီးက ဆုံးဖြတ်ပေးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိရိကာဠကဏ္ဏိဇာတက

ဤဇာတ်တော်သည် မဟာဥမင်္ဂဇာတ်တော်၌ ပါဝင်ပြီး ဖြစ်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိရိဇာတက

ဤဇာတ်တော်၌ ကျက်သရေ၏ အမှတ်လက္ခဏာကို သိသော ပုဏ္ဏားတစ်ယောက်သည် အနာထပိဏ်သူဌေးအိမ်၌ ကျက်သရေကို ခိုးယူရန် ကြံစည်ခဲ့ပုံ၊ ကျက်သရေသည် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွေ့သဖြင့် ပုဏ္ဏားယူ၍ မရခဲ့ပုံ၊ အနာထပိဏ်သူဌေးကြီးက ဘုရားရှင်အား အကြောင်းစုံကို လျှောက်ထားသဖြင့် ဘုရားရှင်က အတိတ်အကြောင်းဆောင်၍ ဟောတော်မူခဲ့ပုံ၊ ရှေးအခါက ဗာရာဏသီမြို့၌ထင်း ခွေယောက်ျားတစ်ဦးသည် တန်ခိုးရှိသော ကြက်သားကို ရသော်လည်း ဘုန်းကံမရှိသဖြင့် မစားခဲ့ရပုံ၊ ထိုကြက်သားကို ဆင်ဆရာက စားရပြီး ဘုရင် ဖြစ်ခဲ့ပုံ၊ ကံ-ပါမှသာလျှင် ထိုက်တန်စွာ ခံစားရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိရိမဏ္ဍတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့အထံတော်၌ ပြုခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိရိမတ္ထေရဝတ္ထု

ဤဝတ္ထု၌ ပဒုမုတ္တရဘုရားရှင့်လက်ထက်တော်၌ မထေရ်လောင်းလျာသည် ရသေ့ဖြစ်စဉ် ဗေဒင်ကျမ်းများတွင် လာရှိသည့် ဘုရားဂုဏ်တော်များကို သိရှိရ၍ သဲပုံစေတီတည်ထား ကိုးကွယ်ခဲ့ပုံ၊ တပည့်များကိုလည်း ဘုရားဂုဏ်တော်များကို ပြောပြကာ သဲပုံစေတီကို ကိုးကွယ်စေခဲ့ပုံ၊ ဤဂေါတမဘုရှင်လက်ထက်တော် သိရိမလုလင် ဖြစ်လာ၍ ညီငယ်သိရိဝဍ္ဎနှင့် အတူ မြတ်စွာဘုရား အထံတော်၌ ထံတွင် ရဟန်းပြု၍ ဆဠဘိည ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိရိမာဝတ္ထု

ဤဝတ္ထု၌ သိရိမာအမျိုးသမီးသည် သောတာပန်တည်ပြီးနောက် ပြည့်တန်ဆာအလုပ်ကို စွန့်လွှတ်ကာ နေ့စဉ်နေ့တိုင်း သံဃာတော်ရှစ်ပါးတို့အား ဆွမ်းလှူဒါန်းလေ့ရှိပုံ၊ ရဟန်းတစ်ပါးသည် သိရိမာအိမ်မှ ဆွမ်းခံပြန်လာပြီးနောက် သိရိမာကို စွဲလမ်းကာ မစားနိုင် မသောက်နိုင်ဘဲ သင်္ကန်းခြုံကာ ကျိန်းနေခဲ့ပုံ၊ ထိုအချိန်၌ သိရိမာ ကွယ်လွန်သွားကြောင်း ဘုရားရှင်အား ရာဇဂြိုဟ်ဘုရင်က လျှောက်ထားသောအခါ ဘုရားရှင်က သိရိမာရုပ်အလောင်းကို မီးမသဂြိုဟ်သေးဘဲ သုသာန်၌ စောင့်ရှောက်ထားရန် မိန့်ကြားတော်မူခဲ့ပုံ၊ လေးရက်ခန့် လွန်သောအခါ လူပရိသတ် ရဟန်းပရိသတ်အားလုံး သိရိမာရုပ်အလောင်းကို လာရောက်ကြည့်ရှုကြရန် မင်းကြီးက ကြေညာခဲ့ပုံ၊ ဘုရားရှင်က သိရိမာရုပ်အလောင်းအား အသပြာတစ်ထောင်ဖြင့် ယူလိုသူတို့အား ယူနိုင်ကြောင်း မင်းကြီးကို ကြေညာခိုင်းတော်မူခဲ့ပုံ၊ ပရိသတ်များက ထွီ ထွမ်-ဟု တံတွေးထွေးကာ ယူမည့်သူမရှိသောကြောင့် ငါးရာ, တစ်ရာ, ငါးဆယ် စသည်ဖြင့် နောက်ဆုံး အလကားပေးသော်လည်း ယူမည့်သူမရှိပုံ၊ ထိုအခါ ဘုရားရှင်က တရားဟောတော်မူသဖြင့် သိရိမာအပေါ် စွဲလမ်းသော ရဟန်း ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၆၆) (ဝိမာန၊ဋ္ဌ၊၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိရိမိတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဤမထေရ်လောင်းလျာသည် ရှေးဘုရားတို့အထံတော်၌ ပြုခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဤဘုရားရှင့်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့၌ သူဌေးသား ဖြစ်ပြီး နာဠာဂီရိဆင်ကို ဘုရားရှင်ဆုံးမပွဲ၌ ကြည်ညို၍ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် မကြာမီမှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိရိဝဍ္ဎတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားအား ဆည်းလည်းပန်း လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိလာဝေဓဝတ္ထု

ဤဝတ္ထု၌ ဘုရားလောင်းနှင့် ဘုရားအလောင်း၏ညီငယ်တို့သည် ဖခင်ကွယ်လွန်သောအခါ ကျွန်များကို အကြောင်းပြု၍ ခိုက်ရန်ဖြစ်ကြပုံ၊ ဘုရားလောင်းသည် ခွန်အားဗလကြီးသဖြင့် ညီငယ်အပေါ်၌ ဖိကာ ကျောက်ခဲဖြင့် ထုခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် ကွယ်လွန်သောအခါ ငရဲ၌ ဆင်းရဲဒုက္ခခံစားရပုံ၊ နောက်ဆုံးဘဝ ဘုရားဖြစ်သည့်အခါ၌လည်း ဒေဝဒတ် ကျောက်မောင်းဆင်၍ ကျောက်တုံးကို လှိမ့်ချသဖြင့် ခြေဖမိုး၌ ကျောက်ချပ်လွှာ ထိခိုက်ခံတော်မူခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိဝကတ္ထေရဝတ္ထု

ဤဝတ္ထု၌ သီဝကမထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား မုယောမုန့် လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရ၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၉၁) (အပ၊ဋ္ဌ၊၂၊၂၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိဝကသာမဏေရဝတ္ထု

ဤဝတ္ထု၌ သိဝကသာမဏေအလောင်း အမျိုးကောင်းသားသည် အကြောင်းကိစ္စ တစ်ခုဖြင့် တောတွင်းသို့ ရောက်ရှိစဉ် ဝေဿဘူဘုရားရှင်ကို ဖူးမြင်ရ၍ သရက်ဖြူသီးလှူဒါန်းခဲ့ပုံ၊ ကဿပဘုရားရှင်လက်ထက်တော်၌လည်း ရှင်ရဟန်းပြုခဲ့ဖူးပုံ၊ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ဦးရီးတော် ဝနဝစ္ဆမထေရ်နှင့်အတူ တောတွင်း၌ တရားကျင့်ခဲ့ပုံ၊ ပြင်းပြင်း ထန်ထန်ရောဂါ နှိပ်စက်သော်လည်း ရွာတွင်း၌ မနေဘဲ တောတွင်း၌သာ နေကာ ဦးရီးတော်၏ အဆုံးအမကို ဦးထိပ်၌ ပန်ဆင်၍ ဝိပဿနာရှုမှတ်ခဲ့သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သိဝိဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသိဝိမင်းကြီးသည် အသပြာ(၆)သိန်း အကုန်အကျခံ၍ နေ့စဉ် နေ့တိုင်း အလှူကြီးပေးခဲ့ပုံ၊ တစ်နေ့သောအခါ ‘‘မိမိ မလှူဖူးသော ဗာဟိရဝတ္ထုပစ္စည်းမည်သည် မရှိ’’ဟု ဆင်ခြင်လျက် ခန္ဓာကိုယ်တွင်း အသွေးအသားနှလုံးသားစသည်တို့ကို လှူဒါန်းလိုစိတ် ဖြစ်ပေါ်လာပုံ၊ သိကြားမင်းက အကန်းပုဏ္ဏားကြီးဟန်ဆောင်၍ အလှူခံလာသောအခါ တိုင်းသူပြည်သားတို့ တားမြစ်နေသည့်ကြားမှပင် မျက်စိကို ဖောက်၍ လှူဒါန်းခဲ့ပုံ၊ သစ္စာပြုသဖြင့် မျက်လုံးများ ပြန်လည် ကောင်းမွန်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၀၂) (စရိယာ၊ဋ္ဌ၊၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီတဝနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အတ္ထဒဿီဘုရားရှင့်အထံတော်၌ ပြုခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့ ဗြာဟ္မဏ-မဟာသာလမျိုး၌ ဖြစ်၍ သမ္ဘူတအမည်ရှိခဲ့ပုံ၊ ရဟန်းပြုသောအခါ သီတဝနတော၌ နေထိုင်သဖြင့် သီတဝနိယမထေရ်ဟု အမည်တွင်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီမာနုဇာနနဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ညီညွတ်သော သမဂ္ဂ ဧကာဝါသ သံဃာများ ဥပုသ်ပြုရမည်ဟု ပညတ်တော်မူခဲ့ရာ မည်သည့်နည်းဖြင့် သမဂ္ဂ, ဧကာဝါသဖြစ်မည်နည်းဟု လျှောက်ထားကြပုံ၊ ဘုရားရှင်က သိမ်သမုတ်ရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီရိမန္တဇာတက

ဤဇာတ်တော်သည် မဟာဥမင်္ဂဇာတ်တော်၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီလဝတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့အထံတော်၌ ကုသိုလ်ကောင်းမှုပြု၍ ပြုလုပ်ခဲ့ပြီး ပါရမီဖြည့်ကျင့်ခဲ့သောကြောင့် လူ့ပြည်နတ်ရွာပြည်၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင့်လက်ထက်တော်၌ ဗိမ္ဗိသာရမင်းကြီး၏ သားတော် ဖြစ်ခဲ့ပုံ၊ အဇာတသတ်မင်းက သတ်ဖြတ်ရန် ကြိုးစားသောကြောင့် သာသနာတော်သို့ ဝင်ရောက်လာကာ မကြာမီမှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီလဝနာဂရာဇဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဟိမဝန္တာတော၌ သီလဝနာဂရာဇာ ဆင်ဖြူတော်ဖြစ်ခဲ့ပုံ၊ မုဆိုး မျက်စိလည်နေသော ဒေဝဒတ်လောင်း မုဆိုးကို ဘုရားအလောင်း ဆင်ဖြူတော်က အသက် ကယ်ခဲ့ပုံ၊ မုဆိုးသည် ကျေးဇူးကို မထောက်ဘဲ ဆင်စွယ်ပွတ်သမားတို့နှင့် ပေါင်း၍ ဆင်စွယ်တော်ကို သုံးကြိမ်တိုင်တိုင်ဖြတ်၍ အလှူခံခဲ့သောကြောင့် မြေမျိုခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီလဝီမံသကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ဖြစ်စဉ် သီလနှင့် ပြည့်စုံသဖြင့် မင်းကြီး၏ မြတ်နိုးခြင်းခံခဲ့ရပုံ မိမိအပေါ် မင်းကြီး၏မြတ်နိုးမှုကို စူးစမ်းလိုသဖြင့် မင်းအသပြာတို့ကို ခိုးယူခဲ့ပုံ၊ မင်းချင်းယောကျ်ားတို့က သူခိုးဟု ဖမ်းလေရာ စူးစမ်းလို၍ ဖြစ်ပါကြောင်း၊ အကျင့်သီလရှိသောကြောင့်သာ မြတ်နိုးသည်ဟု သိရပြီ ဖြစ်ပါကြောင်း မင်းကြီးအား လျှောက်ထား၍ တောထွက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၉၁) (ဇာ၊ဋ္ဌ၊၂၊၃၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီလဝီမံသဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ဗာရာဏသီမင်း၏ ပုရောဟိတ်ပုဏ္ဏားတစ်ဦးဖြစ်စဉ် မိမိ၏ သီလကို စုံစမ်းလိုသဖြင့် မင်း၏ ပန်းထိမ်လုပ်ငန်းမှ တစ်နေ့လျှင် အသပြာတစ်ကျပ်ကို သုံးရက်တိုင်တိုင် ခိုးယူခဲ့ပုံ၊ မင်းချင်းယောကျ်ားတို့က ပုရောဟိတ်အား ဖမ်းဆီးလျက် မင်းကြီးထံ ပို့သောအခါ ပုရောဟိတ်က ‘‘သီလနှင့်လူ မည်သူ့ကို ပို၍ အလေးထားသနည်း’’ ဟု သိလို၍ ဤသို့ ခိုးယူကြောင်းပြောကာ ရသေ့ဝတ်ခဲ့ပုံ၊ တစ်နေ့သောအခါ သားငါးဈေးမှ အသားတုံးတစ်ခုကို စွန်တစ်ကောင်က ကိုက်ချီလာစဉ် အခြားစွန်များက ဝိုင်းဝန်းထိုးဆိတ်ကာ ဆင့်ကဲဆင့်ကဲ လုယူနေကြသည်ကို တွေ့မြင်ပြီး ‘‘ကာမဂုဏ်အာရုံများသည် သားတစ်နှင့်တူ၏’’ ဟု သံဝေဂရကာ ဈာန်တရားများကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လားရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၉၂) (ဇာ၊ဋ္ဌ၊၃၊၁၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီလဝီမံသနဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ ဒိသာပါမောက္ခဆရာကြီး၏ တပည့်ငါးရာတို့တွင် အကြီးအကဲတစ်ယောက် ဖြစ်ခဲ့ပုံ၊ ဒိသာပါမောက္ခဆရာကြီးက အရွယ်ရောက်နေသော မိမိ၏ သမီးကို အိမ်ထောင်ချပေးရန် တပည့်များ၏ ကိုယ်ကျင့်သီလကို စမ်းသပ်ချပုံ၊ တပည့်များအား မိမိတို့၏ ဆွေမျိုးများထံမှ မည်သူမှ မသိရအောင် အဝတ်အထည် လက်ဝတ်ရတနာတစ်ခုစီ ခိုးခိုင်းခဲ့ပုံ၊ ဘုရားလောင်း တပည့်ကြီးက ပစ္စည်းတစ်စုံတစ်ခုမျှ ခိုးမလာဘဲ ‘‘မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိသဖြင့် မည်သည့်ပစ္စည်းမျှ မယူခဲ့ကြောင်း’’ ဆရာကြီးအား ပြောကြားခဲ့ပုံ၊ ဆရာကြီးက သဘောကျကာ အခြားတပည့်များ၏ ပစ္စည်းများကို ပြန်ပို့ခိုင်းပြီး အကျိုးအကြောင်း ရှင်းပြလျက် သမီးကို ဘုရားလောင်း တပည့်ကြီးနှင့်ပေးစားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီလာနိသံသဇာတက

ဤဇာတ်တော်၌ ရတနာသုံးပါးကို ကြည်ညိုသည့် အရိယာဥပါသကာသည် ကူးတို့လှေ မရှိသဖြင့် ဘုရားရှင်ကို အာရုံပြု၍ အစိရဝတီမြစ်ကို ခြေလျင်ဖြတ်ကူးပုံ၊ ရတနာသုံးပါးတို့၏ တန်ခိုးကြောင့် ခြေထောက်ရေမမြုပ်ပုံ၊ ဇေတဝန်ကျောင်းတော်သို့ ရောက်သောအခါ ဘုရားရှင်က အဘယ်သို့လာခဲ့သနည်းဟု မေးမြန်းတော်မူခဲ့ပုံ၊ ဥပါသကာက ဗုဒ္ဓါရမ္မဏပီတိဖြင့် ရေပြင်ပေါ်မှ ဖြတ်လာခဲ့ပုံကို လျှောက်ထားရာ ဘုရားရှင်က ရှေးပညာရှိသူတော်ကောင်းတို့သည်လည်း ကဿပဘုရားရှင် လက်ထက်တွင် သီလ၏တန်ခိုး ကြောင့် သမုဒ္ဒရာကို ဖြတ်ကူးနိုင်ခဲ့ကြောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီဝလိတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ လာဘ်လာဘအရာတွင် ဧတဒဂ်ရသော မထေရ်တစ်ပါးကို အားကျ၍ အလှူကြီး ပေးလှူပြီး ဆုတောင်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် ဘဝများစွာ လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဝိပဿီဘုရားရှင် လက်ထက်၌လည်း ပျားရည်နှင့် နို့ဓမ်းခဲတို့ကို လှူဒါန်းခဲ့ပုံ၊ ဤဘုရားရှင့်လက်ထက်တော် ရောက်သောအခါ သုပ္ပဝါသာမင်းသမီး၏ ဝမ်းတွင်း၌ (၇)နှစ်လုံးလုံး ဒုက္ခခံခဲ့ရပုံ၊ မွေးဖွားသောအခါ၌လည်း (၇)ရက်ကြာ ဒုက္ခခံ၍ မွေးဖွားခဲ့ရပုံ၊ မွေးဖွားပြီး၍ (၇)ရက်အကြာ (၇)နှစ်သားမှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ရဟန္တာဖြစ်၍ လာဘ်လာဘအရာတွင် ဧတဒဂ်ရသော မထေရ်ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၉၀) (ထေရ၊ဋ္ဌ၊၁၊၁၆၉) (အပ၊ဋ္ဌ၊၂၊၂၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီဝလိတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်သီဝလိမထေရ်၏ မယ်တော် သုပ္ပဝါသာ မင်းသမီးသည် ခုနစ်နှစ်တိုင်တိုင် ကိုယ်ဝန်ဆောင်ခဲ့ရပြီး အရှင်သီဝလိမထေရ်လောင်းကို မမွေးဖွားမီ ခုနစ်ရက်တိုင်တိုင် ဝမ်းနာသည့် ဝေဒနာကို ခံစားခဲ့ရပုံ၊ ဝမ်းနာသည့် ဝေဒနာကို ခံစားရစဉ်အတွင်း ရတနာသုံးပါးတို့၏ ဂုဏ်ကို အာရုံပြု၍ ထိုဝေဒနာကို သည်းခံနိုင်ခဲ့ပုံ၊ ထိုအကြောင်းအရာကို မိမိ၏ ခင်ပွန်းသည်အား ဘုရားရှင်ထံ လျှောက်ထားခိုင်းသောအခါ ‘‘ဘုရားရှင်က သုပ္ပဝါသာ မင်းသမီးသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာလျက် အနာရောဂါ ကင်းသော သားလေးကို ဖွားမြင်ပါစေ’’ဟု မိန့်တော်မူလိုက်သော ခဏ၌ပင် အရှင်သီဝလိထေရ်လောင်း အမျိုးကောင်းသားလေးကို ဖွားမြင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီသဒုက္ခဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းသည် တံငါရွာ၌ တံငါသည်တစ်ဦး ဖြစ်စဉ် အခြားသော တံငါသည်များနှင့် အတူ ငါးများကို ခုတ်ထစ်သတ်ဖြတ်ရာဌာနသို့ သွား၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပုံ၊ အခြား တံငါသည်အဖေါ်များကိုလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်စေခဲ့ပုံ၊ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် အပါယ်ငရဲ၌ ဆင်းရဲခံစားခဲ့ရပြီး နောက်ဆုံးဘဝ ဘုရားဖြစ်သည့် အချိန်၌လည်း ဦးခေါင်းကိုက်ခဲသည့်ဝေဒနာ ခံစားတော်မူခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီသူပစာလာထေရီဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာ၏နှမ သီသူပစာလာသည် အရှင်သာရိပုတ္တရာ ရဟန်းပြုပြီးနောက် မကြာမီပင် ဘိက္ခုနီဝတ်ကာ တရားအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ထို့နောက် ‘‘အကျင့်သီလနှင့် ပြည့်စုံသော ဘိက္ခုနီသည် မည်သူတစ်ဦးတစ်ယောက်ကမျှ အဆီဩဇာထည့်မထားဘဲ သဘာဝအားဖြင့် ချိုမြိန်ကောင်းမြတ်သော အမြိုက်အရသာကို ရရှိခံစားရကြောင်း’’ ဥဒါန်းကျူးရင့်ခဲ့ပုံ၊ သီသူပစာလာထေရီ ဈာန်သမာပတ်ချမ်းသာကို ခံစားနေစဉ် မာရ်နတ် ရောက်လာပြီး သမာပတ်မှ ရွေ့လျားစေလိုသဖြင့် တာဝတိံသာ ယာမာစသော နတ်ပြည်တို့တွင် အဘယ်ဘုံ၌ ဖြစ်လိုပါသနည်း စသည်ဖြင့် မေးမြန်းခဲ့ပုံ၊ သီသူပစာလာထေရီက မည်သည့်ဘုံကိုမျှ အလိုမရှိကြောင်း၊ ထိုဘုံအားလုံးသည် ကာမဂုဏ်အနှောင်အဖွဲ့၏ နယ်ပယ် ဖြစ်၍ မာရ်နတ်၏ အလိုသို့သာ လိုက်ပါရကြောင်း၊ မည်သည့် ပါသဏ္ဍအယူဝါဒကိုမျှလည်း မနှစ်သက်ကြောင်း၊ ဘုရားရှင်၏ အဆုံးအမကိုသာ နှစ်သက်ကြောင်း ပြောကြားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၃၅) (သံ၊ဋ္ဌ၊၁၊၁၇၇) (ထေရီ၊ဋ္ဌ၊၁၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီဟကောတ္ထုဇာတက

ဤဇာတ်တော်၌ ခြင်္သေ့နှင့် မြေခွေးမတို့ မှီဝဲပေါင်းဖေါ်မိကြသဖြင့် မွေးဖွားလာသော မြေခွေးငယ်သည် ခြင်္သေ့ငယ်များကို အတုလိုက်၍ အော်မြည်းပုံ၊ အသွင်မှာ ခြင်္သေ့နှင့်တူသော်လည်း အသံမှာ မြေခွေးသံဖြစ်နေပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီဟစမ္မဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် လယ်သမားမျိုး၌ ဖြစ်ခဲ့ပုံ၊ ဒေဝဒတ်လောင်း ကုန်သည် မြည်းကို ခြင်္သေ့သားရေ ခြုံပေးလျက် သလေးမုယောစပါး ခင်းထဲသို့ လွှတ်ပေးလေ့ရှိပုံ၊ ရွာသူရွာသားများ ဝိုင်းဝန်းခြောက်လှန့်သောအခါ ခြင်္သေ့မဟုတ်ဘဲ မြည်းဖြစ်နေကြောင်း သိကြသဖြင့် ထိုမြည်းကို ဝိုင်းဝန်း ရိုက်နှက်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီဟတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကိန္နရာမျိုး၌ ဖြစ်ခဲ့ပုံ၊ အတ္ထဒဿီ မြတ်စွာဘုရားအား စန္ဒကူးနံ့သာ ပန်းများစွာတို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင်သာသနာတော် မလ္လမင်းမျိုး၌ ဖြစ်၍ ဘုရားရှင်အထံတော်၌ ရဟန်းပြုကာ ဝိပဿနာ ပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီဟမိဂရာဇဝတ္ထု

ဤဝတ္ထုသည် ဒုဒ္ဒုဘဇာတ်၌ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၃၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီဟဝတ္ထု

ဤဝတ္ထုသည် ပဒုမဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီဟသေနာပတိဝတ္ထု

ဤဝတ္ထု၌ သီဟစစ်သူကြီးသည် ထင်ရှားကျော်ကြားသော လိစ္ဆဝီမင်းတို့ထံမှ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို အကြိမ်များစွာ ကြားရပုံ၊ မိမိဆရာ နိဂဏ္ဌတို့အား ဘုရားရှင်ထံ သွားခွင့်ပြုရန် ပန်ကြားသော်လည်း ဆရာတို့က ခွင့်မပြုဘဲ ရှောင်လွှဲနေကြပုံ၊ မိမိသဘောဖြင့်သာ သွားခဲ့ပြီးလျှင် ဘုရားရှင်သည် အကြိယဝါဒသမား ဟုတ်, မဟုတ် မေးမြန်းလျှောက်ထားကာ တရားနာပြီးနောက် ဥပါသကာအဖြစ် ခံယူခဲ့ပုံ၊ ဘုရားရှင်အား ဆွမ်းစားပင့်ရာ ‘‘တိတ္ထိတို့က သူတစ်ပါးအသက်ကို သတ်၍ ဆွမ်းကပ်သည်’’ဟု စွပ်စွဲကြပုံ၊ ဘုရားရှင်က မြင်မှု, ကြားမှု, ယုံမှားမှု အစွန်းသုံးပါးကင်းသော ငါးနှင့် အသားများကို ဘုဉ်းပေးနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံနှင့် သီဟစစ်သူကြီး သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၂၈) (သာရတ္ထ၊ဋီ၊၃၊၃၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီဟသေနာပတိဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရသာလာ၌ သီတင်းသုံး နေတော်မူစဉ် သီဟစစ်သူကြီး ရောက်ရှိလာပြီး ‘‘အလှူဒါနတစ်ခုသည် မျက်မှောက်ဘဝ၌ အကျိုးပေးမှု ရှိနိုင်၊ မရှိနိုင်’’ ဘုရားရှင်ထံ မေးမြန်းလျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က အလှူဒါနတစ်ခု၏ မျက်မှောက်အကျိုးငါးမျိုးကို ရှင်းလင်းဟောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၃၂) (အံ၊ဋ္ဌ၊၃၊၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီဟာထေရီဝတ္ထု

ဤဝတ္ထု၌ သီဟာထေရီသည် သီဟသေနာပတိစစ်သူကြီး၏ တူမဖြစ်၍ သီဟသေနာပတိ နှင့်အတူ မြတ်စွာဘုရားအထံတော်မှ တရားနာရသဖြင့် ဘိက္ခုနီဝတ်ခဲ့ပုံ၊ ခုနစ်နှစ်တိုင်တိုင် တရားထူးကို မရသဖြင့် မိမိကိုယ်ကို သတ်သေမည်ဟု လည်ပင်း၌ ကြိုးကွင်းစွပ်စဉ် ဝိပဿနာဉာဏ် ရင့်ကျက်ကာ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ကြိုးကွင်းလည်း ကျွတ်ကျသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီဟာသနဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ဓာတ်တော်တို့ကို ဌာပနာပြု၍ စေတီတည်ထားကိုးကွယ်သော သာရီရိကစေတီတော်၌ ခြင်္သေ့ခံသော ပလ္လင်ကို ပြုလုပ်လှူဒါန်းခဲ့ပုံ၊ မိုးမစိုစေရန် ထိုပလ္လင်တော်အတွက် အမိုးကျောင်း ဆောက်လုပ်လှူဒါန်းပုံ၊ ထိုကုသိုလ်ကောင်းမှုတို့ကြောင့် သုဂတိဘုံတို့၌ ကျင်လည်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီဟာသနဗီဇိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တိဿဘုရားရှင်၏ ဗောဓိပင်ဖြစ်သော ပိတောက်ပင်ကို ရှိခိုးပြီး ဗောဓိပင်ရင်းရှိ သီဟာသနပလ္လင်ကို ယပ်ခတ်ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သီဟာသနိကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား မြတ်သော သီဟာသနပလ္လင် လှူဒါန်းခ၍ ဗောဓိပင်နေရာ၌လည်း နေရာများ ပြုလုပ်လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုတို့ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဖြစ်လေရာဘဝတိုင်း၌ ရွှေ၊ ငွေ၊ ပတ္တမြား ပလ္လင်များစွာ ပေါ်ပေါက်၍ သုံးဆောင်ခဲ့ရပုံ၊ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုကဇာကတ

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဟိမဝန္တာတောင်၌ ကြက်တူရွေး ဖြစ်ခဲ့ပုံ၊ သူ၏သားသည် ပင်လယ်ထဲရှိ ကျွန်းတစ်ကျွန်းတွင် ပေါက်နေသော သရက်ပင်မှ သရက်သီးမှည့်တို့ကို အဝစားသောက်၍ သရက်သီးတစ်လုံးကို ချီကာ ပျံလာစဉ် အိပ်ငိုက်ပင်ပန်းပြီး ရေထဲကျသေဆုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုကတာဝေဠိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အမည်အားဖြင့် အသိတဟု ထင်ရှားသော ပန်းသည်ဖြစ်၍ နားသွယ်ပန်းကို ယူပြီး ဘုရင်မင်းမြတ်အား ဆက်သရန် သွားစဉ် သိခီဘုရားရှင်ကို လမ်းတွင် ဖူးမြင်ရ၍ ဘုရားရှင်အား နားသွယ်ပန်းကို ဝမ်းပန်းတသာ လှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးလားရောက်ခြင်း မရှိခဲ့ရဘဲ နှစ်ဆယ့်ငါးကမ္ဘာအထက်၌ ဝေဘာရအမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုက္ကဝိသဋ္ဌိသိက္ခာပဒ ဝိနီတဝတ္ထူနိ

ဤဝတ္ထု၌ သုက္ကဝိသဋ္ဌိနှင့် ပတ်သက်၍ သံဃာဒိသေသ်အာပတ် သင့်/မသင့် ဆုံးဖြတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၆၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုက္ကာထေရီဝတ္ထု

ဤဝတ္ထု၌ သုက္ကာထေရီအလောင်းအလျာသည် ဝိပဿီ, သိခီ, ဝေဿဘူ, ကကုသန္ဓ, ကောဏာဂမန, ကဿပဘုရားရှင်တို့၏ လက်ထက်တော်၌ သီလစင်ကြယ်သူ အကြားအမြင် ဗဟုသုတများသူ ဓမ္မကထိက ဖြစ်ခဲ့ပုံ၊ ဤဂေါတမမြတ်စွာဘုရားလက်ထက်တော်၌ ရာဇဂြိုဟ်မြို့တွင် သူဌေးသမီး ဖြစ်၍ ဓမ္မဒိန္နာထေရီ၏အထံ၌ ရဟန်းပြုကာ မကြာမီ ရဟန္တာ ဖြစ်ခဲ့ပုံ၊ တရားဟော ဓမ္မကထိကဟု ကျော်ကြား၍ ရုက္ခစိုးနတ်စသူတို့ကပင် ကြည်ညိုကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုခဝိဟာရိဇာတက

ဤဇာတ်တော်၌ သာကီဝင်မင်း ဘဒ္ဒိယသည် ရဟန်းပြုလာသောအခါ စိတ်ချမ်းသာသည့် အရသာကို ခံစားရပုံ၊ ယခင် မင်းဖြစ်စဉ်ဘဝက အစောင့်အကြပ်များဖြင့် ခမ်းနားစွာနေသော်လည်း အမြဲတမ်း ထိတ်လန့်တုန်လှုပ်ကာ စိတ်ဆင်းရဲရပုံ၊ ရဟန်းဘဝချမ်းသာနှင့် လူ့ဘဝချမ်းသာ ကွဲပြားမှုတို့ကို ပြဆိုထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၅၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုခသာမဏေရဝတ္ထု

ဤဝတ္ထု၌ သုခသာမဏေလောင်း အမျိုးကောင်းသားသည် ဗာရာဏသီပြည်၌ သစ်ခုတ်သမား တောတွင်းသား တစ်ယောက်ဖြစ်ခဲ့စဉ် ဂန္ဓသူဌေး၏ စားတော်ပွဲကို သုံးဆောင်လိုသဖြင့် သုံးနှစ်တိုင်တိုင် ဂန္ဓသူဌေးထံ ကျွန်ခံခဲ့ပုံ၊ သုံးနှစ်ပြည့်သောအခါ သစ်ခုတ်သမား တောတွင်းသားသည် ဂန္ဓသူဌေး၏ စားတော်ပွဲကို စားသောက်ခွင့်ရသဖြင့် စားမည်ပြုစဉ် နိရောဓသမာပတ်မှ ထပြီး ဆွမ်းခံကြွလာသော ပစ္စေကဗုဒ္ဓါတစ်ပါးကို တွေ့မြင်ရပုံ၊ သစ်ခုတ်သမားသည် မိမိ၏ အာသာဆန္ဒ တဏှာလောဘကို ပယ်ဖျောက်၍ ထမင်းပွဲအားလုံးကို ပစ္စေကဗုဒ္ဓါအား လောင်းလှူလိုက်ပုံ၊ ထိုအကြောင်းအရာကို ဂန္ဓသူဌေး သိရှိသွားပြီး သစ်ခုတ်သမားအား စည်းစိမ်ဥစ္စာများကို တစ်ဝက် ခွဲပေးသဖြင့် သစ်ခုတ်သမားသည် ဘတ္တဘတိကသူဌေး ဖြစ်လာပုံ၊ ထိုကုသိုလ်ကောင်းမှု၏ အကျိုးဆက်ကြောင့် လူချမ်းသာနတ်ချမ်းသာတို့ကို ခံစားခဲ့ရပြီး ဤဂေါတမဘုရားရှင်လက်ထက်တော်၌ အရှင်သာရိပုတ္တရာမထေရ်၏ အလုပ်အကျွေးအမျိုးအိမ်၌ ‘‘သုခကုမာရ’’ဟူသော အမည်ဖြင့် ဖြစ်ခဲ့ပုံ၊ ခုနစ်နှစ်သားအရွယ် ရောက်သောအခါ ရှင်သာမဏေပြု၍ တရားအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဂန္ဓတ္ထေရဝတ္ထု

ဤဝတ္ထု၌ သုဂန္ဓမထေရ်အလောင်း အမျိုးကောင်းသားသည် တိဿဘုရားရှင်၏ ခြေတော်ရာ စေတီကို လိပ်ဆူးရွှေပန်းများဖြင့် ပူဇော်ခဲ့ပုံ၊ ကဿပဘုရားရှင့်လက်ထက်တော်၌ ဂန္ဓကုဋိကျောင်းတော်ကို စန္ဒကူးနီအမှုန့်များဖြင့် လိမ်းကျံကာ လှူဒါန်းခဲ့ပုံ၊ ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ မိခင်ပုဏ္ဏေးမ၏ ဝမ်း၌ ပဋိသန္ဓေတည်နေသည့် အချိန်မှစ၍ပင် တစ်အိမ်လုံး မွှေးကြိုင်သင်းပျံ့နေပုံ၊ ရဟန်းပြုပြီးနောက် (၇)ရက်အတွင်း ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဂန္ဓတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင်၏ အသံတော်ကို ကြည်ညိုကာ များစွာသော စည်းစိမ်ဥစ္စာတို့ကို ပယ်စွန့်လျက် ရဟန်းပြုခဲ့ပုံ၊ ထို့နောက် ဆန်းကြယ်သော တရားစကားများကို ဟောပြောတတ်သည့် ဓမ္မကထိကရဟန်းတော်တစ်ပါး ဖြစ်ခဲ့ပုံ၊ ဓမ္မကထိကရဟန်း ဖြစ်စဉ် ဘုရားရှင်အား များစွာသော ဂုဏ်ပုဒ်တို့ဖြင့် ချီးကျူးပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် သုဂတိဘုံဘဝတို့၌ အခြံအရံ အကျော်အစော များစွာဖြင့် ကျင်လည်ခဲ့ရ၍ ဤဘုရားရှင်လက်ထက်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုစိန္တိတတ္ထေရဝတ္ထု

ဤဝတ္ထု၌ သုစိန္တိတမထေရ်အလောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင် လက်ထက်၌ လယ်သမားတစ်ဦးဖြစ်ခဲ့ပုံ၊ ကောက်ဦးအလှူကို လှူခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌ ဖြစ်၍ အပူအအေးကင်းကာ စီးပွားဥစ္စာပေါများခဲ့ပုံ၊ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုစ္စဇဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် အမှုကိစ္စအားလုံးကို ဆောင်ရွက်ပေးနိုင်သည့် အမတ်ချုပ်ကြီးဖြစ်ခဲ့ပုံ၊ ဗာရာဏသီမင်းသည် မိဖုရားကြီးအား ချီးမြှောက်မှု မပြုသဖြင့် အမတ်ချုပ်ကြီးက မိဖုရားကြီး၏ ဂုဏ်ကျေးဇူးများကို ပြောကြားလျှောက်ထားပုံ၊ ထိုအခါမှ မင်းကြီး သတိရကာ မိဖုရားကြီးအား ချီးမြှောက်မှု ပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဇာတဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်း ဖြစ်စဉ် မယ်တော်သည် ရက်စက်ကြမ်းကြုတ်၍ ဆဲရေးတိုင်းထွာတတ်သော နှုတ်ထွက်ကြမ်းသူ ဖြစ်ခဲ့ပုံ၊ ဘုရားလောင်းသည် မယ်တော်ကို ဆုံးမဖြောင်းဖျရန် အခွင့်အရေးစောင့်နေပုံ၊ တစ်နေ့တွင် မင်းပရိသတ်တို့ ဥယျာဉ်သို့ ထွက်သောအခါ တစ်တီတူးအော်သံကြားရသဖြင့် ပရိသတ်တို့က ငှက်ယုတ်မာသံဟု ဆိုကာ နားပိတ်ကြပြီး၊ ဥဩတွန်သံ ကြားသောအခါ ကျေနပ်စွာ လက်ခံကြပုံကို ရှင်းပြ၍ မယ်တော်အား အေးချမ်းသာယာစွာ ပြောဆိုရန် တောင်းပန်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဇာတဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်တွင် သုဇာတဟူသော အမည်ဖြင့် သူဌေးသားတစ်ယောက် ဖြစ်ခဲ့ပုံ၊ အရွယ်ရောက်လာချိန်တွင် အဘိုးဖြစ်သူ ကွယ်လွန်သွားသဖြင့် ဖခင် သူဌေးကြီး မအိပ်နိုင် မစားနိုင် ဖြစ်ကာ ငိုကြွေးလျက် သုသာန်သို့ သွား၍ အရိုးများကို ယူကာ မိမိအိမ်အရံအတွင်း၌ အရိုးစေတီတည်ထားပုံ၊ အဘိုးအတွက် နေ့စဉ် ရက်ဆက် ငိုကြွေးနေသော ဖခင်အား သားဖြစ်သူ သုဇာတက နွားသေတစ်ကောင်ကို အစာကျွေး ရေတိုက်လျက် တရားပြကာ သေပြီးသူသည် ဤဘဝခန္ဓာဖြင့် တစ်ဖန် ပြန်မလာ နိုင်တော့ကြောင်း သံဝေဂရစေပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဇာတဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ သုဇာတဘုရားရှင်သည် သုမင်္ဂလနေပြည်တော်၌ ခမည်းတော် ဥဂ္ဂတမင်းကြီးနှင့် မယ်တော် ပဘာဝတီဒေဝီတို့မှ မွေးဖွားခဲ့ပုံ၊ သီရိနန္ဒာမင်းသမီးနှင့် နန်းစည်းစိမ် ခံစားကာ သားတော် ဥပသေနကို ရရှိပုံ၊ စီးတော်မြင်းယာဉ်ဖြင့် တောထွက်တော်မူကာ ဝါးဗောဓိပင်ရင်း၌ ဘုရား ဖြစ်တော်မူခဲ့ပုံ၊ သုဒဿနမထေရ်နှင့် သုဒေဝမထေရ်-ဟူသော အဂ္ဂသာဝကနှစ်ပါး ရှိတော်မူပုံ၊ နာရဒမထေရ်က လုပ်ကျွေးပြုစုပုံ၊ ထိုစဉ်က ဂေါတမဘုရားလောင်းသည် စကြဝတေးမင်း ဖြစ်ပြီး ဗျာဒိတ်ခံယူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၅) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဇာတမဟာရာဇဝတ္ထု

ဤဝတ္ထုသည် တိဿဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဇာတာဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးသည် သုဇာတာမည်သော ဆီးသီးသည်မကို မိဖုရားခေါင်ကြီးမြှောက်ခဲ့ပုံ၊ ဘဝကို မေ့၍ ဆီးသီးကို မသိလေဟန် ဆောင်သောကြောင့် နန်းတော်မှ နှင်ထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဇာတာထေရီဝတ္ထု

ဤဝတ္ထု၌ သာကေတမြို့၌ သူဌေးသမီး သုဇာတာသည် အခြံအရံများနှင့်အတူ နက္ခတ်သဘင်ပွဲမှ ပြန်လာစဉ် အဉ္ဇနတော၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရား၏ တရားတော်ကို နာရ၍ ရဟန္တာ ဖြစ်ကာ ဘိက္ခုနီပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဇာတာဝတ္ထု

ဤဝတ္ထု၌ သုဇာတာအမျိုးသမီးလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်က ပထမဆုံး သရဏဂုံ ဆောက်တည်သူအဖြစ် အမျိုးသမီးတစ်ဦးအား ဧတဒဂ်ပေးသည်ကို အားကျ၍ ကုသိုလ်ပြု၍ ထိုဧတဒဂ်ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဘဝများစွာ လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင့်လက်ထက်တော်၌ ဥရုဝေလတော သေနာနိဂုံး၌ သေနိယသူဌေးကတော် ဖြစ်ခဲ့ပုံ၊ ဘုရားရှင်အထံတော်မှ ပထမဆုံး သရဏဂုံ ဆောက်တည်၍ သောတာပန်ဖြစ်ကာ ပထမဆုံး သရဏဂုံ ဆောက်တည်သူအဖြစ် ဧတဒဂ် ရခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဇာတာဝတ္ထု

ဤဝတ္ထု၌ အနာထပိဏ်သူဌေး၏ချွေးမ သုဇာတာသည် လင်ယောကျ်ားနှင့် ယောက်ခမတို့အပေါ်၌ ရိုသေလေးစားခြင်းမရှိပုံ၊ ဘုရားရှင်က သုဇာတာကို ခေါ်၍ မယားခုနစ်မျိုးအကြောင်း ဟောကြားပုံ၊ သုဇာတာက ကျွန်မနှင့်တူသော မယားဖြစ်အောင် ကြိုးစားပါမည်ဟု လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၄၆၆) (အံ၊ဋ္ဌ၊၃၊၁၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဇာတာဝတ္ထု

ဤဝတ္ထု၌ သေနာနိဂုံး၌ သူဌေးသမီး သုဇာတာသည် အဖိုးတစ်သိန်းထိုက်သော ရွှေခွက်တွင် ဃနာနို့ဆွမ်းထည့်၍ ကဆုန်လပြည့်နေ့ နံနက်စောစောတွင် ညောင်ပင်ရင်း၌ ထိုင်နေသော ဘုရားအလောင်းကို သစ်ပင်စောင့်နတ်ဟု ထင်မှတ်၍ ရိုသေစွာ ရှိခိုးလျက် လှူဒါန်းကာ ဆုတောင်းပုံ၊ ဘုရားအလောင်းသည် ထိုရွှေခွက်ကို အလှူခံ၍ ဃနာနို့ဆွမ်းကို (၄၉)လုတ် ဘုဉ်းပေးတော်မူပြီး ရွှေခွက်ကို နေရဉ္ဇရာ မြစ်ထဲသို့ မျှောတော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဗုဒ္ဓဝံ၊ဋ္ဌ၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဏိသာဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့သူတစ်ဦးသည် မထေရ်တစ်ပါးအား မိမိဝေစုမှ ရသော မုန့်၏ ထက်ဝက်ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဏိသာဝတ္ထု

ဤဝတ္ထု၌ ဥပါသိကာမတစ်ဦးသည် ရဟန်းတစ်ပါးအား မုယောမုန့်တို့ကို လှူဒါန်ခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၅၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုတနုဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သုတနုမည်သော ဆင်းရဲသားဖြစ်၍ မိခင်အိုကြီးကို ပြုစုလုပ်ကျွေးနေပုံ၊ ဗာရာဏသီမင်းသည် သမင်လိုက်သွားရာမှ ဘီလူးအဖမ်းခံ၍ အပိုင်စား ရထားသော ညောင်ပင်စောင့် ဘီးလူးအား ထမင်းပို့ပါမည်ဟူသော ကတိဖြင့် လွတ်လာပြီးနောက် ပို့မည့်သူကို လှည့်လည်ရှာဖွေသော် သုတနုက ငွေတစ်ထောင် ယူ၍ မိခင်အား ကန်တော့ပြီး ထမင်းပို့သွားခဲ့ပုံ၊ သုတနုသည် ဘီလူးကို ဆုံးမနိုင်သဖြင့် စစ်သူကြီးရာထူး ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုတ္တပေတဝတ္ထု

ဤဝတ္ထု၌ လူငယ်တစ်ဦးသည် ပစ္စေကဗုဒ္ဓါအား ဆွမ်းကပ်ခဲ့သော ကုသိုလ်ကံကြောင့် တန်ခိုးကြီး၍ ကြီးကျယ် မြင့်မြတ်သော နတ်ပြိတ္တာဘဝသို့ရောက်ရှိသွားပုံ၊ မိမိ၏အမျိုးသမီးအပေါ် စွဲလမ်းမှုဖြစ်သဖြင့် မိမိ၏ ဘုံဗိမာန်၌ အတူ နေနိုင်ရန် ပစ္စေကဗုဒ္ဓါအား အပ်ချည်လုံး လှူစေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၆၂) (ပေတ၊ဋ္ဌ၊၁၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဒတ္တဝတ္ထု

ဤဝတ္ထု၌ ငယ်နာမည် သုဒတ္တ-ဟု ခေါ်သော အနာထပိဏ်သူဌေးသည် ယောက်ဖတော်သူ ရာဇဂြိုဟ်သူဌေးဝိသာလထံ ရောက်သောအခါ ဘုရားရှင် ပွင့်တော်မူပြီဖြစ်ကြောင်း ကြားသိရပုံ၊ မိုးလင်းခါနီး အချိန်၌ အိပ်ရာမှ ထ၍ ဘုရားရှင့်အထံတော်သို့ သွားခဲ့ပုံ၊ တစ်ဖန်ပြန်၍ မှောင်လာသဖြင့် ကြောက်စိတ်ဝင်လာစဉ် သုသာန်စောင့်နတ်က တိုက်တွန်းသဖြင့် ဘုရားရှင့်အထံတော်သို့ အရောက်သွားခဲ့ပုံ၊ ဘုရားရှင့်အထံတော်မှ တရားနာရ၍ သောတာပန် ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၂၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဒဿနတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိနတာမြစ်ကမ်းနား၌ အသီးသီးသော ညောင်ကြတ်ပင်ကို ရှာဖွေစဉ် သိခီဘုရားရှင်ကို ဖူးမြင်ရ၍ ဆပ်သွားပန်းကို ပွင့်ညှာနှင့်တကွ ဖြတ်တောက်၍ သိခီဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ‘‘အရှင်ဘုရားသည် မဂ်ဉာဏ်ဖြင့် ရွှေ့လျောခြင်း မရှိသော အမြိုက်နိဗ္ဗာန်သို့ ရောက်တော်မူပါ၏။ ထိုမဂ်ဉာဏ်တော်ကို ပူဇော်ပါ၏’’ဟု လျှောက်ထားခဲ့ပုံ၊ ပန်းကို တင်လှူပူဇော်ခဲ့သော ဘဝမှစ၍ အပါယ်လေးပါးလားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော တစ်ဆယ့်သုံးကမ္ဘာအထက်၌ ဖလုဂ္ဂတအမည်ရှိသော စကြဝတေးမင်း တစ်ဆယ့်နှစ်ကြိမ်ဖြစ်ခဲ့၍ နောက်ဆုံး ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အပ၊၁၊၁၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဒဿနရာဇဝတ္ထု

ဤဝတ္ထုသည် ဝေဿဘူဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဒိန္နဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဝေသာလီမြို့၌ တရားဟောတော်မူစဉ် ကလန္ဒရွာသား သုဒိန္နမည်သော သူဌေးသားတစ်ဦးသည် ဘုရားရှင်၏ တရားတော်ကို နာကြားရသဖြင့် သာသနာတော်သို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ပုံ၊ မိဘတို့အား ခွင့်ပန်ရာ မိဘတို့က ခွင့်မပြုသဖြင့် အစာငတ် ရေငတ်ခံ၍ နေသောအခါမှ သေမည့်အရေးကို မလိုလားသဖြင့် မိဘတို့က ခွင့်ပေးလိုက်ကြပုံ၊ ရဟန်းပြုလာပြီးနောက် နှစ်ပေါင်းများစွာ တရားအားထုတ်ပြီး ဝေသာလီမြို့သို့ ပြန်ကြွလာပုံ၊ သားသမီးမျိုးစေ့ အဆက်ပြတ်သွားပါက အမွေစားအမွေခံ မရှိသောပစ္စည်းကို လိစ္ဆဝီမင်းတို့ သိမ်းယူမည်စိုးသဖြင့် သားမျိုးစေ့ ပေးပါရန် မိခင်ကြီးက တောင်းပန်ပုံ၊ သိက္ခာပုဒ် မပညတ်သေးချိန်ဖြစ်၍ မိမိမယားဟောင်းအား ကာမဂုဏ်မှီဝဲခဲ့ပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ ‘‘ရဟန်းများ ကာမဂုဏ် မမှီဝဲရ’’ဟု ပထမပါရာဇိကသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဒ္ဓေါဒနဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်၏ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ဘုရားရှင်နှင့် သံဃာတော် နှစ်သောင်း မိမိနိုင်ငံ ကပိလဝတ္ထုသို့ ကြွရောက်လာသောအခါ ဆွေတော်မျိုးတော်တို့နှင့် ကြိုဆိုခဲ့၍ နိဂြောဓာရုံကျောင်းတော်သို့ ပင့်ဆောင်ခဲ့ပုံ၊ ဆွေတော်မျိုးတော်တို့သည် တရားတော်ကို နာ၍ ပြန်သွားကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ဆွမ်းစားမပင့်ကြသဖြင့် နောက်တစ်နေ့၌ ရှေးဘုရားရှင်တို့ အစဉ်အလာတိုင်း မြို့တော်ထဲသို့ ဆွမ်းခံကြွတော်မူပုံ၊ ဘုရားရှင်၏ ကျက်သရေကို ယသောဓရာသည် နရသီဟဆယ်ဂါထာဖြင့် ချီးမွမ်းခဲ့ပုံ၊ သားတော်ကြီးသည် သပိတ်ပိုက်၍ ဆွမ်းတောင်းခံကာ လှည့်လည်နေကြောင်း ဆွေတော်မျိုးတော်တို့ မျက်နှာငယ်ရကြောင်း မင်းကြီးထံ သံတော်ဦးတင်ကြပုံ၊ ခမည်းတော် မင်းကြီးက ဘုရားရှင့်ထံ အရောက်သွားပြီး ဆွမ်းခံမကြွရန် လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ရှေးဘုရားရှင်တို့၏ အစဉ်အလာ မြင့်မြတ်သော အကျင့်ဖြစ်ကြောင်း တရားဟောတော်မူရာ ခမည်းတော် သုဒ္ဓေါဒမင်းကြီး သောတာပန်တည်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀၅) (သာရတ္ထ၊ဋီ၊၃၊၂၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဒ္ဓေါဒနဝတ္ထု

ဤဝတ္ထု၌ ဘုရားလောင်း သိဒ္ဓတ္ထမင်းသား အိပ်စက်နေသော လယ်တောရှိ သပြေပင်သည် ဘုရားအလောင်းအား နေပူမှ ကာကွယ်ပေးပုံ၊ သုဒ္ဓေါဒနမင်းကြီး လယ်ထွန်ပွဲ ဆင်နွှဲပုံ၊ လူသူကင်းရှင်းသောအခါတွင် ဘုရားအလောင်းမင်းသားငယ်သည် တရားကျင့်၍ ဈာန်ကို ဖြစ်စေပုံ၊ သုဒ္ဓေါဒနမင်းကြီးက ရှိခိုးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၁၉၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဓာပိဏ္ဍိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထ ဘုရားရှင်၏ စေတီတော်၌ ကွဲအက်သော အကြား၌ အင်္ဂတေစိုင်ကို ကြည်လင်ဝမ်းမြောက်သော စိတ်ဖြင့် လှူဒါန်းပူဇော်ခဲ့ပုံ၊ ဤကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ကမ္ဘာသုံးဆယ်အထက်၌ ပဋိသင်္ခါရအမည်ရှိသော စကြဝတေးမင်း တစ်ဆယ့်သုံးကြိမ်ဖြစ် ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဓါဘောဇနဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်တွင် မစ္ဆရိယကောသိယသူဌေးကြီး၏ အဘ, အဘိုး စသော ဖခင်အစဉ်အဆက် ငါးယောက်တို့သည် ဗာရာဏသီမြို့၏ တံခါးလေးပေါက်, မြို့လယ်, အိမ်၏အိမ်တံခါးမုခ် ဤခြောက်ဌာနတို့၌ အလှူမဏ္ဍပ်ကြီးများကို ဆောက်လုပ်၍ နေ့စဉ်နေ့တိုင်း အသပြာခြောက်သိန်း အကုန်အကျခံလျက် အလှူဒါနဝတ်ကို ပြုလုပ်ခဲ့ကြသဖြင့် သိကြားမင်း, စန္ဒနတ်သား, သူရိယနတ်သား, မာတလိနတ်သား, ပဉ္စသီခနတ်သားတို့ ဖြစ်ခဲ့ကြပုံ၊ မစ္ဆရိယကောသိယသူဌေးလက်ထက် ရောက်သောအခါ ‘‘မိမိ၏ အဘ, အဘိုး စသောသူတို့သည် ပစ္စည်းဥစ္စာများကို အလဟဿ ဖြုန်းတီးစွန့်ပစ်နေသည်’’ဟု ဆိုပြီး အလှူမဏ္ဍပ်အားလုံးကို မီးရှို့ဖျက်ဆီး၍ အလှူခံပုဂ္ဂိုလ်များကို နှင်ထုတ်ပုံ၊ ကောသိယသူဌေးကြီးသည် မိမိကိုယ်တိုင်လည်း ဖျင်ကြမ်းအဝတ်ကို ဝတ်၍ ဆန်ကွဲထမင်းစသည်ကို စားပြီး အလွန်နှမြောဝန်တိုလေ့ရှိပုံ၊ တစ်နေ့သောအခါ ကောသိယသည် သူငယ်ချင်း သူဌေးထံ ရောက်ရှိသွားစဉ် သူငယ်ချင်းဖြစ်သူ နို့ဃနာထမင်း စားသောက်နေသည်ကို တွေ့မြင်ခဲ့ရသဖြင့် ကောသိယသန္တာန်၌ နို့ဃနာထမင်းစားလိုသော အာသာဆန္ဒပြင်းပြစွာ ဖြစ်ပေါ်လာခဲ့ပုံ၊ အခြားသူများ သိမည်စိုးသဖြင့် ဇနီးသည်နှင့် တိုင်ပင်၍ တောထဲ၌ မိမိတစ်ယောက်စာအတွက် နို့ဃနာထမင်း ချက်ခဲ့ပုံ၊ ထိုအကြောင်းအရာကို ဆွေမျိုးတော်စပ်ခဲ့ဖူးသော သိကြားမင်း, စန္ဒနတ်သား, သူရိယနတ်သားစသည်တို့က သိရှိသွားပြီး အလှူခံ ပုဏ္ဏားယောင်ဆောင်၍ သံဝေဂရအောင် ပြုလုပ်ခဲ့ကြပုံ၊ မစ္ဆရိယကောသိယသူဌေးကြီးသည် သတိသံဝေဂရရှိသွားပြီး အလှူဒါနဝတ်များကို ပြန်လည်ဆောက်တည်၍ ပစ္စည်းဥစ္စာအားလုံးကို စွန့်လွှတ်လှူဒါန်းခဲ့ပုံ၊ ပစ္စည်းဥစ္စာများ ကုန်ခန်းသွားသောအခါ ဟိမဝန္တာတောသို့ သွား၍ ရသေ့ရဟန်းဝတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၄၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုနက္ခတ္တဝတ္ထု

ဤဝတ္ထု၌ သုနက္ခတ္တရဟန်းသည် ရှေးဦးစွာ ဘုရားရှင်ထံ ချဉ်းကပ်၍ ဒိဗ္ဗစက္ခု ပရိကမ်ကို မေးမြန်းလျှောက်ထားခဲ့ပုံ၊ သုနက္ခတ္တသည် ဒိဗ္ဗစက္ခုအဘိညာဉ်ကို ဖြစ်စေပြီး နတ်ပြည်ချမ်းသာကို တွေ့မြင်ရပုံ၊ တစ်ဖန်ဘုရားရှင်ထံ ဒိဗ္ဗသောတပရိကမ်ကို မေးမြန်းလျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က သုနက္ခတ္တရဟန်း ဒိဗ္ဗသောတအဘိညာဉ် ရရန်အကြောင်းကို မြင်တော်မမူဖြင့် ဒိဗ္ဗသောတပရိကမ်ကို မညွှန်ပြတော်မမူသောအခါ ဘုရားရှင်အပေါ်၌ ရန်ငြိုးဖွဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋီ၊၃၊၁၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုနက္ခတ္တဝတ္ထု

ဤဝတ္ထု၌ လိစ္ဆဝီမင်းသား သုနက္ခတ္တသည် သူငယ်ချင်း ဘဂ္ဂဝပရိဗိုဇ်ထံသို့ သွား၍ သူသည် မြတ်စွာဘုရားကို စွန့်လွှတ်လိုက်ကြောင်း ပြောဆိုပုံ၊ တစ်နေ့တွင် မြတ်စွာဘုရားသည် ဘဂ္ဂဝ၏ အရာမ်သို့ ကြွတော်မူ၍ သုနက္ခတ္တ၏ အပြစ်တင်စကားများကို ဥပမာအမျိုးမျိုးပြ၍ ဖြေရှင်းတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၃၊) (ဒီ၊ဋ္ဌ၊၃၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုနက္ခတ္တဝတ္ထု

ဤဝတ္ထု၌ လိစ္ဆဝီမင်းမျိုးမှ ရဟန်းပြုလာသော သုနက္ခတ်ရဟန်းသည် လူထွက်သွားပြီးနောက် ဝေသာလီမြို့ရှိ ပရိသတ်အလယ်၌ ‘‘ရဟန်းဂေါတမ၏ သန္တာန်၌ ဥတ္တရိမနုဿဓမ္မများ မရှိကြောင်း၊ ရဟန်းဂေါတမသည် မိမိဉာဏ်၌ ထင်လာသမျှ ကြံဆ၍သာ တရားဟောခြင်းဖြစ်ကြောင်း’’ စသည်ဖြင့်ပြောကြားပုံ၊ ထိုအကြောင်းအရာကို ဝေသာလီမြို့တွင်းသို့ ဆွမ်းခံကြွတော်မူသော အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး ကြားသိတော်မူ၍ ဘုရားရှင်အား တစ်ဆင့်လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က သုနက္ခတ်သည် အမျက်ဒေါသအလွန်ကြီးပြီး ကြမ်းတမ်းခက်ထန်ကြောင်း၊ အမျက်ဒေါသ အာဃာတဖြင့် အထက်ပါစကားကို ပြောဆိုနေခြင်းဖြစ်ကြောင်း မိန့်ကြားတော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊၁၊၉၇) (မ၊ဋ္ဌ၊၁၊၃၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုနခဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကာသိတိုင်း၌ ချမ်းသာကြွယ်ဝသော အမျိုး၌ ဖြစ်စဉ် လူတစ်ယောက်သည် ချစ်စရာကောင်း၍ ဝဖြိုးနေသော ခွေးတစ်ကောင်ကို ဝယ်ယူ၍ သားရေကြိုးဖြင့် ချည်ကာ ခေါ်ဆောင်သွားပြီး ဇရပ်တစ်ခု၌ အိပ်နေပုံ၊ ဘုရားအလောင်းက မြင်သဖြင့် ခွေးကို ‘‘သားရေကြိုးကို ကိုက်ဖြတ်၍ ထွက်ပြေးပါလော့’’ဟု ပြောကြားပုံ၊ ခွေးက ‘‘ထိုအကြောင်းကို သိပါသည် ခွေးဖမ်းလာသူ အိပ်ပျော်ချိန်ကို စောင့်နေပါသည်’’ ဟု ပြောဆိုကာ ထိုသူအိပ်ပျော်ချိန်၌ ကြိုးကို ကိုက်ဖြတ်၍ ထွက်ပြေးသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုနာဂတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိခီမြတ်စွာဘုရား၏ လက္ခဏာတော်ကြီးငယ်များကို ဖတ်ကြားသော ဗေဒင်ပညာရှင်ဖြစ်ခဲ့ပုံ၊ ဘုရားရှင်၏ ဉာဏ်တော်ကို ပူဇော်ခဲ့သော ကုသိုလ်ကြောင့် လူ့ပြည်နတ်ပြည်တို့၌ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင့်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုနိက္ခိတ္တဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် သရီရဓာတ်တော်တို့ကို ဌာပနာ၍ တစ်ယူဇနာဉာဏ်တော်ရှိသည့် ရွှေစေတီကြီး တည်ထားကြပုံ၊ ပန်းများကို ပူဇော်ကြရာ၌ ဖရိုဖရဲ မလှမပရှိနေသည်တို့ကို မြင်တွေ့ရသော ဥပါသကာတစ်ဦးသည် နေရာတကျ လှလှပပ ပြင်ဆင် ပူဇော်ပြီး ဘုရားဂုဏ်ကို စိတ်ဝယ်ထုံခဲ့သော ကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သား ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၁၂၄) (ဝိမာန၊ဋ္ဌ၊၃၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုနိဒ္ဒါဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သူ သုနိဒ္ဒါဥပါသိကာမသည် ရတနာသုံးပါးကို ကြည်ညိုပြီး ဒါနသီလနှင့် ပြည့်စုံခဲ့သော ကုသိုလ်ကာင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၀၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုနီတတ္ထေရဝတ္ထု

ဤဝတ္ထု၌ သုနီတမထေရ်လောင်းလျာသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးအား ကျူးလွန်ပြစ်မှားခဲ့သော ဝစီကံကြောင့် ငရဲကျခဲ့၍ ဤဂေါတမဘုရားရှင်လက်ထက်တော် ယုတ်ညံ့သော ပန်းမှိုက်သွန်မျိုး၌ ဖြစ်ခဲ့ပုံ၊ မြတ်စွာဘုရားကိုယ်တော်တိုင် ဧဟိဘိက္ခု ရဟန်းအဖြစ် ချီးမြှောက်ခြင်းခံခဲ့ရပုံ၊ သမထဝိပဿနာ ကမ္မဋ္ဌာန်း စီးဖြန်းပွားများသဖြင့် ရဟန္တာဖြစ်ပြီး နတ်ဗြဟ္မာတို့၏ ပူဇော်ခြင်းကို ခံရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုန္ဒရသမုဒ္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ သုန္ဒရသမုဒ္ဒသတို့သားသည် ဇေတဝန်ကျောင်းတော်သို့ သွားရောက်၍ တရားနာစဉ် ရဟန်းပြုလိုစိတ် ဖြစ်ပေါ်ပုံ၊ မိဘတို့၏ ခွင့်ပြုချက်ကို ခက်ခက်ခဲခဲရယူကာ ရဟန်းပြုခဲ့ပုံ၊ မိဘတို့၏ ငိုကြွေးမြည်တမ်းခြင်းကို မြင်သော ပြည့်တန်ဆာမတစ်ဦးက မထေရ်၏သီလကို ဖျက်ဆီးခဲ့ပုံ၊ မာယာလေးဆယ်သရုပ် စသည်တို့ကို ဖော်ပြထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၂၈) (ထေရ၊ဋ္ဌ၊၂၊၁၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုန္ဒရိကဘာရဒွါဇဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် ဘုရားရှင့်ထံတော်သို့ ချဉ်းကပ်၍ ‘‘ဗာဟုကမြစ်ဆိပ်၌ ရေချိုး၍ မကောင်းမှု အကုသိုလ်များကို ရေမျှော၍ ပျောက်ကင်းနိုင်ပါသလော’’ဟု မေးမြန်းခဲ့ပုံ၊ မြတ်စွာဘုရားက ယင်းသို့ပြုလုပ်၍ မပျောက်ကင်းနိုင်ဘဲ ကောင်းမှုပြုမှသာ ပျောက်ကင်းနိုင်သည်ဟု ဟောကြားတော်မူပုံ၊ ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏ တရားတော်ကို နာရ၍ ရဟန်းပြုကာ ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊၁၊၄၇) (မ၊ဋ္ဌ၊၁၊၁၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုန္ဒရီထေရီဝတ္ထု

ဤဝတ္ထု၌ သုန္ဒရီထေရီလောင်း အမျိုးကောင်းသမီးသည် ဝေဿဘူဘုရားရှင့်လက်ထက်တော်၌ ဆွမ်းခံကြွလာသော ဝေဿဘူဘုရားရှင်အား ဆွမ်းများလောင်းလှူပြီး တည်ခြင်းငါးပါးဖြင့် ရှိခိုးပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကြောင့် လူ့ချမ်းသာနတ်ချမ်းသာတို့ကို ခံစားခဲ့ရပြီး ဤဘုရားရှင့်လက်ထက်တော်၌ ဗာရာဏသီပြည် သုဇာတပုဏ္ဏားကြီး၏ သမီး ဖြစ်လာပုံ၊ ရုပ်ဆင်းအင်္ဂါနှင့် ပြည့်စုံသောကြောင့် မိဘများက သုန္ဒရီ-ဟု အမည်ပေးထားပုံ၊ အရွယ်ရောက်သောအချိန်၌ မောင်ငယ် သေဆုံးသွားသဖြင့် သောကပရိဒေဝမီး တောက်လောင်နေစဉ် ဝါသေဋ္ဌီထေရီ၏ တရားစကားကို နာကြားရပြီး သောကမီးငြိမ်းခဲ့ရပုံ၊ ဖခင်ပုဏ္ဏားကိုလည်း သုန္ဒရီက ဝါသေဋ္ဌီထေရီမထံပို့၍ တရားနာယူစေသဖြင့် ဖခင်ပုဏ္ဏားကြီး သောကမီးငြိမ်းခဲ့ပုံ၊ ထို့နောက် ပုဏ္ဏားကြီးက ဝါသေဋ္ဌီထေရီအား ဘုရားရှင်ရှိရာ အရပ်ကို မေး၍ ဘုရားရှင့်ထံ အရောက်သွားပြီး ရဟန်းဝတ်ကာ တရားအားထုတ်သဖြင့် ရဟန္တာဖြစ်ခဲ့ပုံ၊ သုန္ဒရီသတိုးသမီးငယ်ကလည်း ဖခင်ကြီး ရဟန်းပြုကြောင်းသိရ၍ မိခင်ထံ ခွင့်ပန်ကာ ဖခင်ကြီးနောက် လိုက်သွားပြီး ဘိက္ခုနီဝတ်၍ တရားအားထုတ်သဖြင့် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၂၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုန္ဒရီနန္ဒာထေရီဝတ္ထု

ဤဝတ္ထု၌ သုန္ဒရီနန္ဒာထေရီလောင်းလျာသည် ပဒုမုတ္တရမြတ်စွာဘုရားရှင့် လက်ထက်တော်၌် ပြုခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဤဂေါတမဘုရားရှင်လက်ထက်တွင်တော် သုဒ္ဓေါဒနမင်းကြီးနှင့် မဟာပဇာပတိဂေါတမီတို့၏ သမီးတော် သုန္ဒရီနန္ဒာ (ဇနပဒကလျာဏီ) ဖြစ်လာပုံ၊ မောင်တော်နန္ဒမင်းသားနှင့် သာကီဝင်ဆွေမျိုးတို့ သာသနာဘောင်သို့ ဝင်ရောက်ခြင်းကို အားကျ၍ ဘိက္ခုနီ ပြုခဲ့ပုံ၊ ရုပ်အဆင်းလှပမှု၌ မာန်တက်နေ၍ မြတ်စွာဘုရား၏ တရားတော်ကို နားကြားရမှ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုန္ဒရီပရိဗ္ဗာဇိကာဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်၏ သာသနာတော်၌ လာဘ်ပူဇော်သက္ကာရများ အလျှံပယ်ပေါများ၍ တိတ္ထိတို့၏ သာသနာ၌ လာဘ်ပူဇော်သက္ကာရများ ဆုတ်ယုတ်နည်းပါးလာပုံ၊ ထိုအခါ လူအများ ထင်ယောင် ထင်မှားဖြစ်စေရန် တိတ္ထိများက သုန္ဒရီပရိဗိုဇ်မကို ဇေတဝန်ကျောင်းသို့ စေလွှတ်ပြီး ဘုရားရှင်၏ ဂုဏ်သတင်း ညှိုးနွမ်းအောင် မဟုတ်မမှန် လုပ်ကြံစွပ်စွဲကြပုံ၊ ထို့နောက် တိတ္ထိတို့သည် လက်စဖျောက်သည့် အနေဖြင့် သေသောက်ကြူးသမားတို့အား ငွေပေးပြီး သုန္ဒရီပရိဗိုဇ်မကို အသတ်ခိုင်းကြပုံ၊ နောင်သောအခါ အဖြစ်မှန်အားလုံး ပေါ်ပေါက်သွားပြီး တိတ္ထိတို့ အသတ်ခံခဲ့ကြရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊၁၂၈) (ဓမ္မ၊ဋ္ဌ၊၂၊၂၉၆) (သုတ္တနိ၊ဋ္ဌ၊၂၊၂၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုပဋဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ကောင်းမွန်သော အဝတ်တို့ကို လှူဒါန်းခဲ့ရသော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုပတ္တဇာတက

ဤဇာတ်တော်၌ ဘုရားလောင်းသည် ကျီးမျိုး၌ ဖြစ်စဉ် ကျီးပေါင်းရှစ်သောင်းခြံရံလျက် မင်းပြုခဲ့ပုံ၊ ကျီးမင်း၏ မိဖုရား သုဖဿာမှာ ဘုရင့်ပွဲတော်အုပ်ကို စားလိုသောချင်ခြင်းဖြစ်သဖြင့် ကျီးစစ်သူကြီးသုမုခက စားဖိုမှူး၏ မျက်နှာကို ထိုးဆိတ်၍ ပွဲတော်စာများကို သယ်ဆောင် ကျွေးမွေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၉၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုပါရိစရိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်း နတ်သားသည် ပဒုမဘုရားရှင်၏ တရားတော်ကို ကြားသိရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက် လက်ခမောင်းခတ်၍ ဘုရားရှင်အား ဆည်းကပ်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ကမ္ဘာသုံးသောင်းတို့ ပတ်လုံး အပါယ်မလားခဲ့ရဘဲ လွန်ခဲ့သော နှစ်ထောင့်ကိုးရာ ကိုးဆယ့်ကိုးကမ္ဘာ့အထက်၌ သမလင်္ကတမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုပုဋကပူဇကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဆွမ်းခံကြွတော်မူသော ဝိပဿီဘုရားရှင်အား ဆားထုပ်ကို လောင်းလှူပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှ စ၍အပါယ်လေးပါး လားရောက်ခြင်း မရှိတော့ဘဲ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု

ဤဝတ္ထု၌ အနာရောဂါသည် သုပ္ပဗုဒ္ဓအား သိကြားမင်းက သူ၏သဒ္ဓါတရားကို စမ်းလို၍ ‘‘ဘုရားရှင်ကို ဘုရားမဟုတ်ကြောင်းပြောဆိုလျှင် ငွေပုံ၍ ပေးပါမည်’’ဟု ပြောဆိုပုံ၊ ထိုအခါ သုပ္ပဗုဒ္ဓက ပြက်ရယ်ပြု ငြင်းဆိုပြီး မိမိသည် မိမိသည် သူတော်ကောင်း ဥစ္စာ(၇)ပါးနှင့် ပြည့်စုံသူ သောတာပန် ဖြစ်၍ လူချမ်းသာဖြစ်ကြောင်း ပြောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သား သုပ္ပဗုဒ္ဓကိုယ်ရေပြားရောဂါသည်ကြီးသည် ဘုရားရှင်၏ တရားတော်ကို နာကြားရသဖြင့် သောတာပန်ဖြစ်ပြီးနောက် သားမွေးပြီးစ နွားမဝှေ့သတ်ခံရသောကြောင့် ကွယ်လွန်ခဲ့ပြီး တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့ပုံ၊ သူသည် အတိတ်ဘဝက ရာဇဂြိုဟ်သူဌေးသား ဖြစ်စဉ် တဂရသိခီပစ္စေကဗုဒ္ဓါအား ကိုယ်ရေပြားရောဂါသည်ကြီးဟု ကဲ့ရဲ့ရှုတ်ချခဲ့သော အကုသိုလ်ကံကြောင့် ကိုယ်ရေပြားရောဂါသည်ကြီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊၁၃၄) (သံ၊ဋ္ဌ၊၁၊၃၁၉) (ဥဒါန၊ဋ္ဌ၊၂၅၃) (သံ၊ဋီ၊၁၊၃၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုပ္ပဗုဒ္ဓသာကိယရာဇဝတ္ထု

ဤဝတ္ထု၌ သုပ္ပဗုဒ္ဓမင်းသည် မြတ်စွာဘုရားအပေါ်၌ ရန်ငြိုးဖွဲ့လျက် ဘုရားရှင် ဆွမ်းခံကြွမည့် လမ်းကို ပိတ်၍ အရက်သောက်ပြီး ထိုင်နေပုံ၊ ဘုရားရှင်နှင့် ရဟန်းတော်များ ကြွလာကြောင်း ပြောကြားသောအခါ ငါကအသက်ကြီးသည် ဘုရားရှင်အား လမ်းမပေးနိုင်-ဟု ပြောကြားခဲ့ပုံ၊ ဘုရားရှင်သည် ထိုနေရာမှ လှည့်၍ ပြန်ကြွသွားခဲ့ပုံ၊ ခုနှစ်ရက် လွန်မြောက်သောအခါ ထိုအကုသိုလ်ကံကြောင့် သုပ္ပဗုဒ္ဓမင်းမြေမြိုခံရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၈) (အံ၊ဋီ၊၃၊၁၃၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုပ္ပဝါသာဝတ္ထု

ဤဝတ္ထု၌ သုပ္ပဝါသာလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ပဏီတဒါယိကာ ဧတဒဂ်ရ ဥပါသိကာမတစ်ဦးအား အားကျပြီး ကုသိုလ်ပြု၍ ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကောလိယမြို့သူ သာကီဝင်မင်းသမီးဖြစ်၍ ဘုရားရှင့်အထံတော်မှ တရားနာရ၍ သောတာပန်ဖြစ်ကာ ပဏီတဒါယိကာ ဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုပ္ပဝါသာဝတ္ထု

ဤဝတ္ထု၌ ကောလိယမင်းသမီး သုပ္ပဝါသာသည် ၇-နှစ်လုံးလုံး သန္ဓေသားကို လွယ်ထားရပြီး ၇-ရက်လုံးလုံး မီးမဖွားနိုင်ဘဲ မေ့မြောပင်ပန်း၍ ဒုက္ခခံနေခဲ့ရပုံ၊ ‘‘သားအမိနှစ်ဦး ချမ်းသာပါစေ’’ဟူသော ဘုရားရှင်၏ စကားတော်အရ ချမ်းသာစွာ သီဝလိသတို့သားကို မွေးဖွားနိုင်ခဲ့ပုံ၊ ရှေးဘဝက ဗာရာဏသီမင်း၏ သားတော်သည် ရန်သူကောသလမင်း သိမ်းပိုက်ထားသော မိမိ၏ နိုင်ငံဖြစ်သည့် ဗာရာဏသီမြို့ကို ပြန်လည်တိုက်ခိုက်ရာ ၇-နှစ်လုံးလုံး မြို့ကိုပိတ်ဆို့ထားသော်လည်း မရသဖြင့် မယ်တော်၏ အစီအမံအရ ထွက်ပေါက်အားလုံး ၇-ရက်တိတိ ပိတ်ထားမှ ရန်သူမင်းကို ရရှိခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် ၇-နှစ်လုံးလုံး အမိဝမ်းထဲ နေရပြီး ၇-ရက်လုံးလုံး မေ့မြောခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၁၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုပ္ပါရကဇာတက

ဤဇာတ်တော်တွင် ဘုရားအလောင်းသည် ကုရုတိုင်း ကုရုကစ္ဆမည်သော သင်္ဘောဆိပ်ရွာတွင် သင်္ဘောသူကြီးသား ဖြစ်၍ သုပ္ပါရကအမည်ရခဲ့ပုံ၊ သင်္ဘောစီးခဲ့ရာ ဆားငန်ရေငွေ့ကြောင့် မျက်စိနှစ်ဖက်ကွယ်ခဲ့ပုံ၊ မင်းထံ အမှုထမ်း၍ ဆင်ရတနာ၊ မြင်းရတနာ၊ ပတ္တမြားရတနာတို့ကို အကဲဖြတ်ရသော ရာဖြတ်အဖြစ် အမှုထမ်းခဲ့ပုံ၊ ပညာဉာဏ်လွန်စွာ ကြီးသဖြင့် လူတိုင်း၏ ချီးမွမ်းခံခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုပ္ပိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ သုပ္ပိယမထေရ်အလောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင့်လက်ထက်တော်၌ တောနေ ရသေ့တစ်ပါးဖြစ်ခဲ့ပုံ၊ ပဒုမုတ္တရဘုရားရှင်အား သစ်သီးကြီးငယ်မျိုးစုံ လှူဒါန်းခဲ့ပုံ၊ ကဿပဘုရားရှင့်လက်ထက်တော်၌ မင်းမျိုး၌ဖြစ်ကာ ရဟန်းဝတ်ခဲ့ပြီး ပညာမာန် အမျိုးမာန်တို့ဖြင့် သူတစ်ပါးကို ရှုတ်ချခဲ့ပုံ၊ နောက်ဆုံးဘဝ ဂေါတမဘုရားရှင့်လက်ထက်တော်၌ သုဘရာဇာမျိုး၌ ဖြစ်၍ ရဟန်းပြုပြီးနောက် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုပ္ပိယာဥပါသိကာဝတ္ထု

ဤဝတ္ထု၌ သုပ္ပိယာ သာကီဝင်မင်းသမီးသည် သာသနာတော်၌ အလွန်ကြည်ညိုသည်ဖြစ်၍ ဝမ်းနုတ်ဆေး ဘုဉ်းပေးထားသော ရဟန်းတစ်ပါးအတွက် အသားဟင်းချိုပို့ရန် ကတိပြုခဲ့ပုံ၊ ပံ့သကူသားကို ရှာမရခဲ့သဖြင့် မိမိ၏ပေါင်သားကို လှီးဖြတ်၍ ဟင်းချိုချက်၍ ဆက်ကပ်ခဲ့ပုံ၊ ဘုရားရှင် သိရှိတော်မူသောအခါ ‘‘ရဟန်းသည် လူသားမစားရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုပ္ပိယာဥပါသိကာဝတ္ထု

ဤဝတ္ထု၌ သုပ္ပိယာလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ သူနာပြုစုသောအရာတွင် ဧတဒဂ်ရသော ဥပါသိကာမတစ်ဦးကို အားကျ၍ ကုသိုလ်ပြု၍ ထိုဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင့်လက်ထက်တော်၌ ဂိလာနရဟန်းတစ်ပါးအား မိမိ၏ ပေါင်သားကို ချက်ပြုတ်လှူဒါန်း၍ သူနာပြုစုသော အရာတွင် ဧတဒဂ် ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဗြဟ္မဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ သုဗြဟ္မနတ်သားသည် နတ်သမီးတစ်ထောင်နှင့်အတူ နန္ဒဝန်ဥယျာဉ်အတွင်း၌ မြူးတူးပျော်ပါးလျက် နတ်စည်းစိမ် ခံစားနေပုံ၊ ထိုအချိန်၌ ထိုနတ်သမီး တစ်ထောင်အနက် နတ်သမီးငါးရာတို့ စုတိစိတ်ကျကာ အဝီစိငရဲ၌ ဆင်းရဲဒုက္ခကြီးစွာ ခံစားနေရသည်ကို တွေ့မြင်လိုက်ရပုံ၊ နတ်သားသည် ကြောက်ရွံ့ထိတ်လန့်ကာ ဘုရားရှင်ထံချဉ်းကပ်ခဲ့ပုံ၊ ဘုရားရှင်၏ ဒေသနာတော်အဆုံး၌ သောတာပန်တည်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၅၂) (ဒီ၊ဋ္ဌ၊၂၊၃၄၁) (မ၊ဋ္ဌ၊၁၊၂၄၀) (သံ၊ဋ္ဌ၊၁၊၁၀၃) (အံ၊ဋီ၊၃၊၁၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဘဒ္ဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပရိနိဗ္ဗာန်စံဝင်ခါနီးတော်မူသော ပဒုမုတ္တရဘုရားရှင်အား စန္ဒကူး၊ တောင်ဇလပ်ပန်း၊ ကြက်ရုံးပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ဤကောင်းမှုကြောင့် လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင့်သာသနာတော်၌ သုသဒ္ဒပရိဗိုဇ် ဖြစ်၍ ပရိနိဗ္ဗာန်စံဝင်ခါနီးတော်မူသော ဘုရားရှင်အား ပြဿနာများ မေးပြီး တရားအားထုတ်လေရာ ဘုရားရှင်၏ နောက်ဆုံး သမ္မုခါသာဝက ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၁၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဘဒ္ဒပရိဗ္ဗာဇကဝတ္ထု

ဤဝတ္ထု၌ အညာသိကောဏ္ဍညမထေရ်နှင့် သုဘဒ္ဒပရိဗိုဇ်တို့သည် ရှေးဘဝက ညီနောင် နှစ်ဦးဖြစ်စဉ် အလှူ လှူဒါန်းရာ၌ နောင်တော်က ဦးဦးဖျားဖျား စောစောစီးစီး လှူဒါန်း၍ ညီငယ်ကား ကျီမှ ထုတ်သောအခါ၌ လှူဒါန်းခဲ့ပုံ၊ ဤဂေါတမမြတ်စွာဘုရားရှင့်သာသနာတော်၌ နောင်တော်ဖြစ်ခဲ့ဖူးသူသည် ရှေးဦးစွာ တရားထူး ရ၍ ညီဖြစ်ဖူးသူသည် နောက်ဆုံးမှ တရားထူးရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၁၂၃) (ဒီ၊ဋ္ဌ၊၂၊၁၇၉) (မ၊ဋ္ဌ၊၂၊၉၃) (ဓမ္မ၊ဋ္ဌ၊၂၊၂၃၉) (သာရတ္ထ၊ဋီ၊၃၊၁၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဘမာဏဝဝတ္ထု

ဤဝတ္ထု၌ တုဒိရွာသား တောဒေယျ၏သားကြီး သုဘလုလင်က မိမိ၏ခွေးကြီးကို တောဒေယျဟု ခေါ်ဝေါ်သုံးနှုန်းသော ဘုရားရှင်အား မကျေမနပ်ဖြစ်ခဲ့ပုံ၊ ဘုရားပေးသော နည်းလမ်း ဖြင့် မိမိဖခင်ဝင်စားသော ခွေးကြီးဖြစ်ကြောင်း သိရှိသွားသောအခါ ရတနာသုံးပါးကို ဆီးကပ်ကိုးကွယ်သော ဥပသကာအဖြစ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၃၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဘမာဏဝဝတ္ထု

ဤဝတ္ထု၌ တောဒေယျပုဏ္ဏားကြီး၏သား သုဘလုလင်သည် လူချင်းတူပါလျက် အသက်တိုရှည်၊ ရောဂါနည်းများ၊ ရုပ်လှ မလှ၊ ဥစ္စာရှိ မရှိ၊ အမျိုးမြတ် မမြတ်၊ ပညာရှိ မရှိ၊ ဘုန်းကံကြီး မကြီး၊ ကွဲပြားပုံများကို ဘုရားရှင်ထံ မေးလျှောက်ပုံ၊ ဘုရားရှင်က မိမိပြုခဲ့သောကံကြောင့် ကွဲပြားရကြောင်း ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၃၊၂၄၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဘဝတ္ထု

ဤဝတ္ထု၌ တောဒေယျပုဏ္ဏား၏သား သုဘလုလင်သည် မြတ်စွာဘုရားအထံတော်သို့ ချဉ်းကပ်၍ ဗြာဟ္မဏဘာသာနှင့် ပတ်သက်၍ ဆွေးနွေးပြီး ဗြဟ္မာ့ပြည်သို့ ရောက်နိုင်သော တရားများကို မေးလျှောက်ခဲ့ပုံ၊ မြတ်စွာဘုရားက ဗြဟ္မဝိဟာရတရားလေးပါး ဟောကြားသဖြင့် ဥပါသကာအဖြစ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၄၁၃) (မ၊ဋ္ဌ၊၃၊၃၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဘာကမ္မာရဓီတုထေရီဝတ္ထု

ဤဝတ္ထု၌ ရွှေပန်းထိမ်သည်၏သမီး သုဘာသည် စည်းစိမ်ဥစ္စာကို စွန့်လွှတ်၍ သာသနာ ဘောင်သို့ ဝင်ရောက်ခဲ့ပုံ၊ လာရောက်ဖြားယောင်း သွေးဆောင်ကြသော ဆွေမျိုးတစ်စုတို့ကို ကာမဂုဏ်နှင့် ပတ်သက်၍ ဟောပြတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၂၄၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဘာဇီဝကမ္ဗဝနိကာထေရီဝတ္ထု

ဤဝတ္ထု၌ သုဘာဇီဝကမ္ဗဝနိကာထေရီလောင်း အမျိုးကောင်းသမီးသည် ဘုရားရှင်၏ တရားတော်ကို ကြားနာရ၍ သံဝေဂရကာ မဟာပဇာပတိဂေါတမီထေရီ့ထံ၌ ဘိက္ခုနီဝတ်၍ ဝိပဿနာပွားသဖြင့် နှစ်ရက်သုံးရက်အတွင်း၌ပင် အနာဂါမ် ဖြစ်ခဲ့ပုံ၊ သုဘာထေရီသည် ဇီဝက၏ သရက်ဥယျာဉ်သို့ နေ့သန့်စင်ရန် သွားစဉ် ကာမဂုဏ်ကြူးသော ယောကျ်ားတစ်ယောက်က ကာမဂုဏ်မှီဝဲရန် ဖိတ်ခေါ်သောအခါ ကာမဂုဏ်၏ အပြစ်ကို ပြလျက် ဆုံးမခဲ့ပုံ၊ ကာမကြူးသော ယောကျ်ားသည် သုဘာထေရီက မည်သို့ပင် တရားဟောသော်လည်း နောက်မှ အစဉ်လိုက်လျက် ထေရီမ၏ မျက်လုံး၊ နှာခေါင်း၊ နှာတန် စသည်တို့ကို ချီးမွမ်းပြောကြားခဲ့ပုံ၊ ထိုအခါ ထေရီက မျက်လုံးကို ဖောက်ထုတ်၍ ကာမကြူးသော ယောကျ်ားအား ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၂၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဘူတတ္ထေရဝတ္ထု

ဤဝတ္ထု၌ သုဘူတမထေရ်လောင်းလျာသည် ကဿပဘုရားရှင်လက်ထက်တော်၌ သရဏဂုံနှင့် ငါးပါးသီလဆောက်တည်ပြီး နံ့သာလေးပါးတို့ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် ဖြစ်တိုင်းဖြစ်တိုင်းသော ဘဝတို့၌ ကိုယ်နံ့မွှေးကြိုင်၍ ဂေါတမဘုရားရှင့်လက်ထက်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဘူတိတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား ဘုရားရှင်အား ပန်းအခင်း သစ်သီးဆွမ်းတို့ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင့်လက်ထက်တော်၌ သာဝတ္ထိမြို့ သုမနသူဌေးကြီး၏သား အနာထပိဏ်သူဌေးကြီး၏ညီ ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၇၄) (အံ၊ဋ္ဌ၊၁၊၁၇၃) (အပ၊ဋ္ဌ၊၂၊၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဘူတိတ္ထေရဝတ္ထု

ဤဝတ္ထု၌ အနာထပိဏ်သူဌေးကြီး၏ညီငယ် သုဘူတိမထေရ်သည် ဆွမ်းခံဝင်သောအခါ အိမ်ရှေ့၌ ရပ်၍ မေတ္တာဈာန်ဝင်စားပြီးမှ ဝင်လေ့ရှိပုံ၊ အရဏိဝိဟာရီဧတဒဂ်နှင့် ဒက္ခိဏေယျ(မြင့်မြတ်သော အလှူခံပုဂ္ဂိုလ်)ဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၃၁၆) (ထေရ၊ဋ္ဌ၊၁၊၁၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမင်္ဂလဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ မင်းပြုစဉ် ပစ္စေကဗုဒ္ဓါတစ်ပါး ကြွလာတော်မူ၍ မင်းဥယျာဉ်၌ သီတင်းသုံးပုံ၊ ထိုပစ္စေကဗုဒ္ဓါအား သုမင်္ဂလမည်သော ဥယျာဉ်မှူးက ပြုစုလုပ်ကျွေးခဲ့ပုံ၊ တစ်နေ့တွင် သုမင်္ဂလသည် သားကောင်ကို ပစ်ရာ ပစ္စေကဗုဒ္ဓါအား ထိ၍ မင်းပြစ်မင်းဒဏ်ကြောက်ရွံ့ကာ ထွက်ပြေးနေပြီး သုံးနှစ်ကြာမှ ဘုရင့်ထံ ပြန်လာခဲ့ပုံ၊ အကျိုးအကြောင်း လျှောက်ထားရာ ဘုရင်အမျက်ပြေ၍ ရာထူးပြန်လည် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမင်္ဂလတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရုက္ခစိုးနတ် ဖြစ်စဉ် ရေချိုးပြီး၍ သင်းပိုင်တစ်ထည်တည်းဖြင့် ရပ်နေတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရား၏ ခန္ဓာကိုယ်တော်ကို မြင်ရ၍ ဝမ်းမြောက်ကြည်နူးစွာ လက်ပန်းပေါက်ခတ်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင်လက်ထက်တော်၌် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမင်္ဂလတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ယဇ်အလှူကြီး လှူရန် စီစဉ်လျက် အလှူခံပုဂ္ဂိုလ်ကို စောင့်မျှော်နေစဉ် ပိယဒဿီဘုရားရှင်သည် သံဃာတော်အများခြံရံလျက် ကြွလာတော်မူပုံ၊ ဘုရားအမှူးရှိသော သံဃာတော်တို့အား ပြာသာဒ်ထက်သို့ ပင့်၍ ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင့်သာသနာတော်ဝယ် ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၇၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမင်္ဂလမာတုထေရီဝတ္ထု

ဤဝတ္ထု၌ ကျူထရံရက်သမား၏ မယားဖြစ်သူ အမျိုးသမီးသည် ‘‘သုမင်္ဂလ’’မည်သော သားကို ဖွားမြင်သဖြင့် ‘သုမင်္ဂလမာတာ’ဟု အခေါ်ခံရပုံ၊ သားဖြစ်သူ သုမင်္ဂလ အရွယ်ရောက်သောအခါ ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ၊ မိခင်သည် ဘိက္ခုနီမတို့ထံတွင် ရဟန်းပြု၍ မိမိ၏လူ့ဘဝက ဆင်းရဲတို့ကို သံဝေဂရကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမနကုမာရဝတ္ထု

ဤဝတ္ထု၌ ပဒုမုတ္တရဘုရားရှင်ပွင့်တော်မူသောအခါ ဘုရားရှင်၏ညီငယ် သုမနမင်းသားသည် မြို့တော် ဟံသာဝတီမှ ယူဇနာ (၁၂၀)ဝေးသော အရပ်၌ အုပ်ချုပ်နေပုံ၊ ဆူပူမှုဖြစ်ပွားသော ပစ္စန္တရစ်အရပ်ကို ငြိမ်သက်အောင် နှိမ်နင်းပေးသောကြောင့် ဝါတွင်းသုံးလပတ်လုံး ဘုရားရှင်အား လုပ်ကျွေးခွင့်ကို ခမည်းတော်မင်းကြီးက ပေးသနားခဲ့ပုံ၊ ဝါတွင်းသုံးလပတ်လုံး ပြုစုလုပ်ကျွေး၍ ဥပဋ္ဌာက ဆုတောင်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမနတာလဝဏ္ဋိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ သုမနတာလဝဏ္ဋိယ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား မြတ်လေးပန်းတို့ဖြင့် ဖုံးလွှမ်းထားသော ထန်းရွက်ယပ်တောင်ကြီးတစ်ချောင်းကို ပေးလှူခဲ့ပုံ၊ ထိုမြတ်လေးပန်း ထန်းရွက်ယပ်တောင်ဖြင့်ပင် ဘုရားရှင်အား နေပူမိုးရွာအခါတို့၌ ဆောင်းမိုးပေးခဲ့ပုံ၊ ယင်းကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ကိုးဆယ့်လေးကမ္ဘာတိုင်တိုင် အပါယ်မလားဘဲ နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမနတ္ထေရဝတ္ထု

ဤဝတ္ထု၌ သုမနမထေရ်လောင်းလျာသည် ပစ္စေကဗုဒ္ဓါတစ်ပါးအား သျှိသျှားသီးကို လှူခဲ့သော ကုသိုလ်ကံကြောင့် ဘဝသံသရာ၌ လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင့်လက်ထက်တော်၌ သုမနလုလင် ဖြစ်လာခဲ့ပုံ၊ ဦးကြီးတော် ရဟန္တာမထေရ်မြတ်ထံ ရဟန်းပြု၍ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမနတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိခီဘုရားရှင်အား မြတ်လေးပန်းတို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝဝယ် အရှင်အနုရုဒ္ဓါမထေရ်၏ ဒါယကာတစ်ဦးအိမ်၌ ပဋိသန္ဓေယူခဲ့ပြီး (၇)နှစ်သားမှာပင် ရှင်ပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ၊ အနောတတ်အိုင်၌ နဂါးမင်းကို တန်ခိုးဖြင့် ဆုံးမနိုင်သောကြောင့် ကျော်ကြားသော သာမဏေ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမနတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းသည် သုမနမည်သော ပန်းသည် ဖြစ်၍ လက်နှစ်ဖက်ဖြင့် မြတ်လေးပန်းတို့ကို ယူကာ သိခီဘုရားရှင်အား ကပ်လှူပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ရခြင်း မရှိတော့ဘဲ လွန်ခဲ့သော နှစ်ဆယ့်ခြောက်ကမ္ဘာအထက်၌ စကြဝတေးမင်း လေးကြိမ် ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၃၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမနဒါမိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းလျာသည် သိဒ္ဓတ္ထ ဘုရားရှင်အား မြတ်လေးပန်းဆိုင်ကို ပြုလုပ်လှူဒါန်းခဲ့သော ဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့ဘဲ၊ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့၍ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမနဗီဇနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ သုမနဗီဇနိယ ထေရ်လောင်းလျာသည် သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်အား ရည်မှန်းလျက် ဗောဓိပင်ကို ယပ်ခတ်ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးအာနိသင်ကြောင့် ကိုးဆယ့်တစ်ကမ္ဘာတိုင်တိုင် အပါယ်မလားဘဲ လူချမ်းသာနတ်ချမ်းသာတို့ကို ခံစားခဲ့ရပြီး ဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမနဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ သုမနဘုရားရှင်သည် မေခလမြို့ သုဒတ္တမင်းကြီးနှင့် သိရီမာယာ မိဖုရားခေါင်ကြီးတို့မှ မွေးဖွားတော်မူခဲ့ပုံ၊ ဝဋံသိကာ မင်းသမီးနှင့် လက်ထပ်ခဲ့ပုံ၊ သားတော် အနုပမကို မွေးဖွားပြီးနောက် နိမိတ်ကြီး(၄)ပါးကို မြင်တွေ့၍ ဆင်ယာဉ်ဖြင့် တောထွက်တော်မူခဲ့ပုံ၊ (၁၀) လတိုင်တိုင် ဒုက္ကရစရိယာကျင့်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပုံ၊ သရဏမထေရ်နှင့် ဘာဝိတတ္တမထေရ်-ဟူသော အဂ္ဂသာဝကနှစ်ပါး ရှိတော်မူပုံ၊ ဥဒေနမထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ၊ ထိုအချိန်၌ ဂေါတမဘုရား အလောင်းမှာ အတုလနဂါးမင်း ဖြစ်၍ နိယတဗျာဒိတ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၂) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၈၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမနမာလာကာရဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့၌ သုမနပန်းသည်သည် ဘုရင်အား ဆက်နေကျ မြတ်လေးပန်းများကို မြတ်စွာဘုရားအား လှူဒါန်းခြင်းက အကျိုးအလွန်ပိုမိုကြီးမားသည်ဟု ယုံကြည်၍ ပန်း(၈)ဆုပ်တို့ကို လှူဒါန်းပုံ၊ မြတ်စွာဘုရားက သုမနပန်းသည်ကို ကြည့်၍ ပြုံးတော်မူသောအခါ အရှင်အာနန္ဒာက ပြုံးခြင်းအကြောင်းကို မေးလျှောက်ခဲ့ပုံ၊ ထိုအခါ မြတ်စွာဘုရားက နောက်ကမ္ဘာတစ်သိန်းလွန်သောအခါ သုမနိဿရပစ္စေကဗုဒ္ဓါ ဖြစ်လိမ့်မည်ဟု ဗျာဒိတ်ကြားတော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၀၆) (ခုဒ္ဒက၊ဋ္ဌ၊၁၀၈) (သုတ္တနိ၊ဋ္ဌ၊၂၊၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမနရာဇကုမာရဝတ္ထု

ဤဝတ္ထု၌ အရှင်အာနန္ဒာလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ မိကွဲဖတူညီငယ် သုမနမင်းသား ဖြစ်ခဲ့ပုံ၊ သုမနမင်းသားသည် ဇနပုဒ်ထ ကြွမှုကို နှိမ်နင်းနိုင်ခဲ့၍ နောင်တော် ပဒုမုတ္တရဘုရားရှင်ကို ဝါတွင်း သုံးလပတ်လုံး ပြုစုလုပ်ကျွေးခွင့်ရရှိခဲ့ပုံ၊ အလုပ်အကျွေးဆုကို တောင်းခဲ့ပုံ၊ ယင်းကုသိုလ်ကြောင့် လူ့ပြည် နတ်ပြည်တို့၌ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင့်သာသနာတော်၌ ဂေါတမဘုရားရှင်၏ အလုပ်အကျွေးမထေရ် ဖြစ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၇၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမနသာမဏေရဝတ္ထု

ဤဝတ္ထု၌ အရှင်အနုရုဒ္ဓါထေရ်အလောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင့်ထံတော်၌ ဒိဗ္ဗစက္ခုဧတဒဂ်ဆု တောင်းခဲ့ပုံ၊ သုမနသူဌေးကြီးထံ၌ အန္နဘာရအမည်ဖြင့် မြက်ထမ်းသမားဘဝဖြင့် အသက်မွေးရစဉ် ဥပရိဋ္ဌပစ္စေကဗုဒ္ဓါအား ဆွမ်းလှူ၍ ‘‘ဤကောင်းမှုကြောင့် သူဆင်းရဲမျိုးမှ ကင်းလွတ်ပြီး မရှိဟူသောစကား ဘဝဆက်တိုင်း မကြားရပါလို’’ဟု ဆုတောင်းခဲ့ပုံ၊ သုမနသူဌေးကြီးအားလည်း ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ ခွင့်ပြုချက်ဖြင့် အမျှအတန်း ပေးဝေခဲ့ပုံ၊ ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ အရှင်အနုရုဒ္ဓါထေရ်က သူဌေးကြီးသုမနဖြစ်ဖူးသော စူဠသုမနသူငယ်ကို ရှာဖွေခေါ်ယူလျက် ရှင်သာမဏေပြုပေးခဲ့ပုံ၊ ခုနှစ်နှစ်သား အရွယ်မျှသာ ရှိသေးသော သုမနသူငယ်သည် ခေါင်းရိတ်နေစဉ်အချိန်အတွင်း၌ပင် ရဟန္တာ ဖြစ်ခဲ့ပုံ၊ သုမနသာမဏေသည် နဂါးမင်းနှင့် တန်ခိုးပြိုင်ကာ အနောတတ္တရေအိုင်မှ ရေများကို အရှင်အနုရုဒ္ဓါထေရ်အား ဆောင်ယူဆက်ကပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမနာဒေဝီဝတ္ထု

ဤဝတ္ထု၌ အနာထပိဏ်သူဌေးကြီး၏ သမီးငယ် သုမနာဒေဝီသည် သကဒါဂါမ်အရိယာ ဖြစ်ပုံ၊ သူ ကွယ်လွန်ခါနီးသောအခါ မိမိအောက်တစ်ဆင့်နိမ့်သော သောတာပန် ဖခင်အနာထပိဏ်သူဌေးကြီးအား ‘‘မောင်ငယ်’’ဟု ခေါ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၉၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမနာရာဇကုမာရီဝတ္ထု

ဤဝတ္ထု၌ မင်းသမီးတစ်ပါးသည် နို့ဃနာဆွမ်းကို ရွှေခွက်တွင် ထည့်၍ မြတ်လေးပန်းကုံးဖြင့် ဖုံးအုပ်ကာ ဝိပဿီဘုရားရှင်အား လှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ကိုးဆယ့်တစ်ကမ္ဘာလုံး လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ ကောသလမင်းကြီး၏ သမီးတော် သုမနာ ဖြစ်လာပုံ၊ ခုနစ်နှစ်အရွယ်တွင် အနာထပိဏ်သူဌေးကြီး၏ ကျောင်းအလှူပွဲ၌ မြတ်စွာဘုရားအား ရေပြည့်အိုး ပန်းနံ့သာတို့ကို လှူဒါန်းခဲ့ပုံ၊ ဘုရားရှင်၏တရားတော်ကို နာကြားရသောကြောင့် သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၃၊၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမနာဝေဌိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လူနတ်တို့ စုပေါင်းစုဝေးကြကုန်လျက် ဝေဿဘူဘုရားရှင်အား ပူဇော်သည့် ပွဲတော်၌ ပန်းတင်ခုံကို အင်္ဂတေတို့ဖြင့် ပြုလုပ်၍ မြတ်လေးပန်းဖြင့် ဦးဆောက်ပန်းပြုလုပ်ပြီး ဘုရားရှင်၏ ရှေ့တော်မှောက်၌ တင်လှူပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် နိမ္မာနရတိနတ်ပြည်၌ ဖြစ်ခဲ့ပုံ၊ ဖြစ်တိုင်းသော လူ့ဘဝနတ်ဘဝတို့၌ သူခပ်သိမ်းတို့၏ ချစ်ခင်နှစ်သက်ခြင်းကို ခံခဲ့ရပုံ၊ ကိုယ် နှုတ် စိတ်တို့ကို စောင့်စည်းကုန်သော ရသေ့ရဟန်းတို့အား ဆဲရေးမှု လုံးဝမပြုခဲ့ဘူးခြင်းကြောင့် လူအားလုံးတို့၏ ပူဇော်မှုကို ခံခဲ့ရပုံ၊ လွန်ခဲ့သော တစ်ဆယ့်တစ်ကမ္ဘာအထက်၌ သဟဿာရမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဂေါတမ ဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၀၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမနာသေဋ္ဌိဓီတာဝတ္ထု

ဤဝတ္ထု၌ ဝိပဿီဘုရားရှင် ပွင့်တော်မူသောအခါ ခမည်းတော်မင်းကြီးသည် ဘုရားအမှူးရှိသော သံဃာတော်တို့အား မိမိတစ်ဦးတည်းသာ ကိုးကွယ်ခဲ့ပုံ၊ (၇)နှစ်၊ (၇)လ၊ (၇)ရက်ကြာသောအခါ ပြည်သူတို့ မခံမရပ်နိုင်ဖြစ်ပြီး ကိုးကွယ်ခွင့် ကိုးကွယ်ခွင့် တောင်းဆိုကြပုံ၊ ပြည်သူတို့အား ကိုးကွယ်ခွင့် ပေးသောအခါ ပထမနေ့တွင် စစ်သူကြီး၏ ဆွမ်းကျွေးပွဲသို့ ကြွလာသော ဘုရားရှင်အား သုမနာသူဌေးသမီးက ထောပတ်၊ သိကြား၊ တင်လဲများဖြင့် စီမံချက်ပြုတ်ထားသော နို့ဆွမ်းကို ရွှေခွက်တွင် ထည့်ကာ ရွှေခွက်တစ်လုံးဖြင့် အုပ်ပြီး မြတ်လေးပန်းတို့ဖြင့် ဖုံးလွှမ်း၍ ရှေ့ဦးစွာ လှူဒါန်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမေဓဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ သုမေဓဘုရားရှင်သည် သုဒဿန နေပြည်တော်ရှိ ခမည်းတော် သုဒတ္တမင်းကြီးနှင့် မယ်တော် သုဒတ္တာဒေဝီတို့မှ မွေးဖွားခဲ့ပုံ၊ သုမနာဒေဝီမိဖုရားနှင့် နန်းစည်းစိမ်ခံစားကာ ပုနဗ္ဗသုမိတ္တသားတော်မွေးဖွားပြီးနောက် ဆင်ယာဉ်ဖြင့် တောထွက်တော်မူခဲ့ပုံ၊ မအူဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူခဲ့ပုံ၊ သရဏမထေရ်နှင့် သဗ္ဗကာမမထေရ်-ဟူသော အဂ္ဂသာဝကနှစ်ပါး ရှိတော်မူပုံ၊ သာဂရမည်သော မထေရ်က ပြုစုလုပ်ကျွေးပုံ၊ ထိုအချိန်၌ ဂေါတမဗုဒ္ဓလောင်းလျာသည် ဥတ္တရလုလင်ဘဝဖြင့် နိယတဗျာဒိတ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၅) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၃၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုမေဓာထေရီဝတ္ထု

ဤဝတ္ထု၌ သုမေဓာထေရီလောင်း အမျိုးကောင်းသမီးလေးသည် ကောဏာဂုံဘုရားရှင်လက်ထက်တော၌် မိတ်ဆွေသူငယ်ချင်းများနှင့်အတူ ဘုရားအမှူးရှိသော သံဃာတော်တို့အား ကြီးစွာသော ဥယျာဉ်ခြံမြေကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာ၊ ယာမာစသော နတ်ပြည်ငါးထပ်တို့၌ အစဉ်အတိုင်း နတ်မင်းကြီးတို့၏ မိဖုရား ဖြစ်ခဲ့ပုံ၊ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၈၇) (ထေရီ၊ဋ္ဌ၊၂၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုယာမနတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားအား အိမ်သို့ ပင်၍ ပန်းအခင်းကို ခင်းကာ ပန်းနံ့သာတို့ဖြင့် ပူဇော်၍ ဆွမ်းကပ်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဝေသာလီမြို့၌ ပုဏ္ဏားတစ်ဦးဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ခဲ့ရာ ခေါင်းရိတ်ပြီးချိန်မှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုယောနန္ဒီဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ တမ္ဗရာဇာ မင်းပြုစဉ် ဘုရားအလောင်းသည် ဂဠုန်မင်းဖြစ်၍ သေဒုမကျွန်း၌နေပုံ၊ ဂဠုန်သည် လုလင်ယောင်ဆောင်၍ ဘုရင်နှင့် ကြွေအန်ကစားပုံ၊ မိဖုရားကြီး သုယောနန္ဒီသည် လွန်စွာလှပသဖြင့် ဂဠုန်မင်းက တန်ခိုးဖြင့် ခိုးယူကာ မိမိဗိမာန်၌ ထားခဲ့ပုံ၊ မိဘုရားကြီးသည် ရေတွင် မျောလာသော စောင်းသမားသဂ္ဂကို တွေ့ပြီး ဗိမာန်၌ ဝှက်ထားကာ ဖောက်ပြားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုရာဃဋဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကုဋေလေးဆယ်ကြွယ်ဝသော သူဌေး ဖြစ်၍ ကွယ်လွန်သောအခါ သိကြားမင်းဘဝဖြစ်ပုံ၊ သူဋ္ဌေး၏ ကျန်ရစ်သော တစ်ဦးတည်းသောသားသည် အရက်သောက် မိန်းမလိုက်စား အပျော်အပါး အကအခုန်တို့ဖြင့် သုံးဖြုန်းပစ်ခဲ့ပုံ၊ ဆင်းရဲမွဲတေနေသဖြင့် သိကြားမင်းဖြစ်နေသော ဖခင်က ဣစ္ဆာသယ အိုးတစ်လုံးလာပေး၍ မကွဲစေရန် ပြောဆိုမှာကြားခဲ့ပုံ၊ ဣစ္ဆာသယအိုးအစွမ်းဖြင့် သူဌေးသားသည် မူးရူးပျော်ပါးခဲ့ပုံ၊ အိုးကိုကောင်းကင်မြှောက်လိုက်ရာ အိုးကွဲ၍ ဆင်းရဲဒုက္ခ တွေ့ကြုံရပြီး မူးမူးရူးရူးဖြင့် လမ်းဘေးတွင် ကွယ်လွန်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၈၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုရာဓတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိခီဘုရားရှင်အား ရှောက်သီးလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၂၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုရာပါနဇာတက

ဤဇာတ်တော်သည် သာဂတတ္ထေရဝတ္ထုနှင့်တူသည်။ (ဇာ၊ဋ္ဌ၊၁၊၃၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုရုစိဇာတက

ဤဇာတ်တော်၌ သုရုစိမင်းသားနှင့် ဗြဟ္မဒတ္တမင်းသားတို့ တက္ကသိုလ်မှ ပညာသင်ယူပြီးအပြန် နောင်တစ်ချိန် သားသမီးများရပါက ပေးစားထိမ်းမြားကြရန် ကတိကဝတ်ထားခဲ့ကြပုံ၊ သုရုစိမင်းသားကို ဗြဟ္မဒတ်မင်း၏သမီးတော် သုမေဓာနှင့် ထိမ်းမြားလက်ထပ်ပေးခဲ့ကြပုံ၊ သားသမီးမရသဖြင့် မိဖုရားပေါင်း တစ်သောင်းခြောက်ထောင် ဆောင်ယူ၍ ပေးခဲ့ပုံ၊ ထိုအချိန်တွင် သီလနှင့် ပြည့်စုံသော သုမေဓာမိဖုရားကြီးအား သိကြားမင်းက သားဆု ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၃၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုရုစိဝတ္ထု

ဤဝတ္ထုသည် မင်္ဂလဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုလသာဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် သုလသာမည်သော ပြည့်တန်ဆာမသည် ခေါင်းဖြတ်သတ်ရန် ခေါ်ဆောင်လာသော သတ္တုကမည်သော ခိုးသူကို ချစ်ခင်နှစ်သက်သဖြင့် မြို့ဝန်အား ငွေပေး၍ ရွေးထုတ်ပြီး ပေါင်းသင်းနေထိုင်ခဲ့ပုံ၊ ခိုးသူသည် သုလသာ၏ တစ်သိန်းတန်လည်ဆွဲကို လိုချင်သဖြင့် တောင်ပေါ်မှ အသူတစ်ရာ နက်သော ချောက်ထဲသို့ ပစ်ချရန် စီစဉ်ခဲ့ပုံ၊ ထိုအကြောင်းအရာကို သုလသာက သိသွားပြီး နောက်ဆုံး ရှိခိုးဟန်ဆောင်၍ ခိုးသူကြီးကို တွန်းချသတ်ဖြတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဝဏ္ဏကက္ကဋကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သာလိန္ဒိယရွာသား လယ်သမား ဖြစ်၍ ပယ်(၁၁-တင်း မျိုးကြဲသော အကျယ်အဝန်း) တစ်ထောင်မျှ ရှိသော လယ်ကွင်း၌ အလုပ်သမားတို့နှင့် အတူ လယ်လုပ်နေစဉ် ရေအိုင်တစ်အိုင်သို့ သွား၍ မျက်နှာသစ်ရာ ရွှေပုဇွန်လုံးတစ်ကောင်နှင့် ရင်းနှီးခဲ့ပုံ၊ နေ့စဉ် အဝတ်ပေါ် တင်၍ ချစ်ခင်စွာနေကြပုံ၊ တစ်နေ့တွင် ဘုရားအလောင်း၏မျက်လုံးကို စားလိုသော ကျီးမ၏ တိုက်တွန်းမှုကြောင့် ကျီးဖိုသည် မြွေတစ်ကောင်နှင့် ပေါင်းသင်းကာ ဘုရားအလောင်းကိုကိုက်၍ လဲကျစေခဲ့ပုံ၊ ကျီးနှင့် မြွေတို့ကို ရွှေပုဇွန်လုံးသည် လက်မနှင့်ညှပ်၍ အဆိပ်ကို စုပ်စေကာ ဘုရားအလောင်းကို ကယ်တင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၇၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဝဏ္ဏကက္ကဋကဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းသည် ဆင်မျိုး၌ဖြစ်၍ ဟိမဝန္တာတောအရပ်၌ နေခဲ့ပုံ၊ ဟိမဝန္တာတောအတွင်းရှိ ရေအိုင်ကြီးတစ်အိုင်၌ ကောက်နယ်တလင်းခန့် ပမာဏရှိသော ပုဇွန်လုံးကြီးတစ်ကောင်သည် ရေအိုင်ထဲသို့ ဆင်းလာသော ဆင်များကို ဖမ်းယူ စားသောက်လေ့ရှိသဖြင့် ဆင်များ ရေအိုင်ထဲသို့ မဆင်းဝံ့ကြပုံ၊ တစ်နေ့သောအခါ ဘုရားအလောင်းဆင်မင်းသည် ပုဇွန်လုံးကြီးကို နှိမ်နင်းရန် ဆင်အပေါင်းခြံရံလျက် ရေအိုင်ထဲသို့ ဆင်းခဲ့ပုံ၊ ဆင်များ ရေအိုင်တွင်း၌ လှည့်လည် ကျက်စားပြီး ကုန်းပေါ် ပြန်တက်သည့် အချိန်တွင် ပုဇွန်လုံးကြီးက ဘုရားလောင်းဆင်မင်း၏ ခြေထောက်ကို လက်မဖြင့် ညှပ်ထားပုံ၊ ဆင်မင်းက ရုန်းကန်သော်လည်း မရသဖြင့် အော်မြည်သောအခါ အခြားဆင်များ ကြောက်လန့်ပြီး ထွက်ပြေးကြပုံ၊ ဘုရားအလောင်းဆင်မင်း၏ ဇနီးဆင်မက ထွက်မပြေးဘဲ ပုဇွန်လုံးအား သာယာချေငံစွာပြောဆိုလျက် ဆင်မင်းအား လွှတ်ပေးပါရန် တောင်းပန်ပုံ၊ ပုဇွန်လုံးကြီးက ဆင်မအသံကို ကြားရသဖြင့် ဆင်မင်း၏ ခြေထောက်ကို လွှတ်လိုက်သောအခါ ဆင်မင်းက ပုဇွန်လုံး၏ ကျောက်ကုန်းကို နင်းချေ၍ သတ်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၀၉) (အံ၊ဋ္ဌ၊၁၊၁၈) (ဇာ၊ဋ္ဌ၊၂၊၃၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဝဏ္ဏကာရတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်သည် မိမိ၏ တပည့် ရွှေပန်းထိမ်သည်သား ရဟန်းတစ်ပါးအား ရာဂပယ်နိုင်ရန် အသုဘကမ္မဋ္ဌာန်ကို ပေးတော်မူခဲ့ပုံ၊ ထိုရဟန်းသည် ထိုကမ္မဋ္ဌာန်းဖြင့် တရားထူး မရခဲ့ပုံ၊ သို့ဖြစ်၍ မထေရ်က ထိုရဟန်းအား မြတ်စွာဘုရားထံတော်သို့ ခေါ်သွားရာ မြတ်စွာဘုရားက ပြိုးပြိုးပြတ်ပြက်တောက်ပသော ပဒုမ္မာကြာပန်းကို ဖန်ဆင်း၍ လောဟိတကသိုဏ်း ရှုမှတ်စေတော်မူခဲ့ပုံ၊ ထိုရဟန်းသည် ထိုသို့ရှုမှတ်ရင်း ကြာပန်းညှိုးနွမ်းလာသည်ကို တွေ့ရသဖြင့် မမြဲခြင်းစသော လက္ခဏာ(၃)ပါး ထင်မြင်လာပုံ၊ နောက်ဆုံးတွင် မြတ်စွာဘုရားက တန်ခိုးတော်ဖြင့် ဂန္ဓကုဋီတိုက်မှ နေ၍ တရားဟောပြတော်မူသဖြင့် ရွှေပန်းထိမ်သည်သား ရဟန်း ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဝဏ္ဏပုပ္ဖိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဘုမ္မစိုနတ်သားသည် ဝိပဿီဘုရားရှင်၏ တရားတော်ကို ကြားနာရ၍ ရွှေပန်းလေးပွင့်တို့ကို တင်လှူခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးလားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော လေးဆယ့်သုံးကမ္ဘာ့အထက်၌ နေမိသမ္မတ မည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဂေါတမ ဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဝဏ္ဏဗိဗ္ဗောဟနိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဘုရားရှင်အား တစ်ခုသော နေရာနှင့် ခေါင်းအုံးတို့ကို ကိုယ်ထိလက်ရောက် သာဟတ္တိကဒါနမြောက် ပေးလှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ခြောက်ဆယ့်သုံး ကမ္ဘာအထက်၌ အသမမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဝဏ္ဏမိဂဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သမင်မျိုး၌ ဖြစ်စဉ် အားခွန်ဗလနှင့် ပြည့်စုံလျက် အလွန်ချောမောလှပခဲ့ပုံ၊ ဘုရားအလောင်း သမင်ဖို၏ ဇနီး သမင်မသည်လည်း အလွန်ချောမောလှပပုံ၊ ထိုသမင်မောင်နှံသည် သမင်ပေါင်းရှစ်သောင်း ခြံရံ၍ တောအုပ်ကြီးတစ်ခု၌ နေထိုင်ခဲ့ပုံ၊ တစ်နေ့သောအခါ ဘုရားလောင်းသမင်မင်းသည် အစာရှာထွက်စဉ် ကျော့ကွင်း၌ မိခဲ့ပုံ၊ ဘုရားလောင်းသမင်ဖိုသည် အရေအသား အကြောများ ပြတ်ထွက်သည် အထိ ရုန်းကန်ပါသော်လည်း ကျော့ကွင်းက မပြတ်သဖြင့် ကျယ်လောင်စွာ အော်မြည်ခဲ့ပုံ၊ အခြားသမင်များ ထွက်ပြေးကြသော်လည်း ဇနီးသည် သမင်မက ထွက်မပြေးဘဲ သမင်ဖို၏ အနီး၌ အားပေးစကား ပြောကြားလျက် နေခဲ့ပုံ၊ မုဆိုးကြီးရောက်လာသောအခါ သမင်ဖိုအား လွှတ်ပေးပါရန် တောင်းပန်လျက် အကယ်၍ မလွှတ်ပေးဘဲ သတ်မည်ဆိုလျှင် မိမိကိုပါသတ်ရန် ပြောကြားခဲ့ပုံ၊ မုဆိုးကြီးက သမင်မ၏ အသက်စွန့်၍ တောင်းပန်မှုကို နှစ်သက်သဘောကျပြီး သမင်ဖိုအား လွှတ်ပေးလိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဝဏ္ဏဝိမာနဝတ္ထု

ဤဝတ္ထု၌ ဥပါသကာတစ်ယောက်သည် ရွှေတောင်ပေါ်၌ ရွှေကျောင်းဆောက်၍ ဘုရားရှင်အား လှူဒါန်းခဲ့ရသော ကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည် ရွှေဗိမာန်၌ ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၁၀၅) (ဝိမာန၊ဋ္ဌ၊၂၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဝဏ္ဏသာမဇာတက

ဤဇာတ်တော်၌ ဗာရာဏသီမြို့နှင့် မနီးမဝေးသော အရပ်တွင်ရှိသော မြစ်၏ ကမ်းတစ်ဖက်စီ၌ မုဆိုးရွာနှစ်ရွာ တည်ရှိပုံ၊ ရွာလူကြီးများသည် အချင်းချင်း ခင်မင်ရင်းနှီးကြသဖြင့် မိမိတို့၏ သားသမီးများဖြစ်သော ဒုကူလနှင့် ပါရိကာကို အိမ်ထောင်ပြုပေးသောအခါ ဇနီးမောင်နှံနှစ်ယောက်တို့သည် ကာမဂုဏ်ကို စက်ဆုပ်သဖြင့် တောထွက်ကာ ရသေ့ဝတ်ကြပုံ၊ သိကြားမင်းက ဒုကူလနှင့် ပါရိကာဇနီးမောင်နှံတို့ နောင်အခါ မျက်စိကွယ်မည့် အန္တရာယ်ကို မြင်သဖြင့် သားသမီးယူရန် လာရောက်တိုက်တွန်းပုံ၊ သိကြားမင်း ပြောသည့်အတိုင်း ပါရိကာရသေ့မ ဥတုလာသောအခါ ဒုကူလက ပါရိကာ၏ ချက်ကိုလက်ဖြင့် သုံးသပ်သဖြင့် ကိုယ်ဝန်ရရှိပြီး ဘုရားလောင်း သုဝဏ္ဏသာမသတို့သားကို ဖွားမြင်ခဲ့ပုံ၊ တစ်နေ့သောအခါ မိဘနှစ်ပါး မျက်စိကွယ်သွားသဖြင့် သုဝဏ္ဏသာမသတို့သားက ပြုစုလုပ်ကျွေးစဉ် ပီဠိယက္ခမင်းက မြားဖြင့်ပစ်သောကြောင့် သုဝဏ္ဏသာမသတို့သား မေ့မြောနေပုံ၊ မိဘနှစ်ပါးတို့က သစ္စာဓိဋ္ဌာန်ပြုသဖြင့် သုဝဏ္ဏသာမသတို့သား မြားဆိပ်ကင်းကာ ဒုကူလနှင့် ပါရိကာတို့နှစ်ယောက်လုံးလည်း မျက်စိအလင်းပြန်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၆၊၈၅) (စရိယာ၊ဋ္ဌ၊၂၄၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဝဏ္ဏဟံသဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်း ပုဏ္ဏားသည် သမီးသုံးယောက် အရွယ်မရောက်မီ ကွယ်လွန်၍ ရွှေဟင်္သာ ဖြစ်ခဲ့ပုံ၊ ဘဝဟောင်းက သမီးနှင့် ဇနီးတို့ မဆင်းရဲစေရန် တစ်နေ့လျှင် ရွှေငှက်တောင် တစ်တောင်ကျ ပေးခဲ့ပုံ၊ မိသားစုဟောင်းသည် ထိုမျှဖြင့်အားမရဘဲ လောဘကြီးပြီး အမွေးအကုန် နုတ်ယူသဖြင့် ရွှေငှက်တောင်တို့ ပျောက်ကွယ်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဝပေါတကဝတ္ထု

ဤဝတ္ထု၌ ကုရုတိုင်း၌ နေကြသူတို့သည် သတိပဋ္ဌာန်တရားအားထုတ်ကြရာ လူမဆိုထားဘိ ရဟန်းမတို့မွေးထားသော တိရစ္ဆာန်ဖြစ်သော ကျေးသားငယ်သည်ပင် ကမ္မဋ္ဌာန်းတရား စီးဖြန်းပွားများ၍ သမာဓိရင့်ကျက်နေပုံ၊ တစ်နေ့သောအခါ ကျေးသားငယ်ကို စွန်တစ်ကောင် သုတ်ချီခံရစဉ် ကမ္မဋ္ဌာန်းကိုသာ နှလုံးသွင်းသဖြင့် စွန်လက်မှ လွတ်မြောက်ခဲ့ပုံ စသော အကြောင်းအရာ များပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၃၃၅) (မ၊ဋ္ဌ၊၁၊၂၃၃) (အံ၊ဋီ၊၃၊၃၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဝီရဝတ္ထု

ဤဝတ္ထု၌ တာဝတိံသာနတ်တို့ကို တိုက်ခိုက်ရန် ချီတက်လာသော အသုရာတို့အား တိုက်ထုတ်ရန် မိမိ၏သားဖြစ်သူ သုဝီရအား သိကြားမင်းက စေခိုင်းပုံ၊ သုဝီရနတ်သားက ကောင်းပါပြီဟု ဝန်ခံပြီး သတိမေ့နေပုံ၊ သိကြားမင်းက ‘‘လုံ့လဝီရိယမရှိဘဲ ချမ်းသာကို ရရှိနိုင်သော နေရာမျိုးရှိလျှင် သင်ကိုယ်တိုင်လည်း သွားရောက်၍ နေပါ၊ ငါ့ကိုလည်း ထိုနေရာသို့ ပို့ဆောင်ပေးပါ’’ဟု ပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၁၈) (သံ၊ဋ္ဌ၊၁၊၃၀၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုသာရဒတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား ချိုမြိန်သော အသီးတို့ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင့်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုသိမတာပသဝတ္ထု

ဤဝတ္ထုသည် အတ္ထဒဿီဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုသီမဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ပုရောဟိတ်ကြီး၏သား ဖြစ်၍ ဆင်ပွဲသဘင် ကျင်းပပုံ၊ ဆင်ဘဏ္ဍာအားလုံးကို ပုရောဟိတ်မျိုးရိုးကသာ ရမြဲဖြစ်ပုံ၊ ဖခင်ပုရောဟိတ် ကွယ်လွန်သောအခါ ပုဏ္ဏားတို့က ဆင်ပွဲကြီးကြပ်သူအဖြစ် ဆောင်ရွက်ရန် ကြိုးစားကြပုံ၊ ဘုရားအလောင်းသည် တက္ကသိုလ်ပြည်သို့ သွား၍ အတတ်ပညာတို့ကို တစ်ညတည်းဖြင့် အတတ်သင်ခဲ့ပုံ၊ ပွဲကျင်းပသောနေ့၌ မိမိ၏ ပညာကို ပြ၍ အောင်မြင်စွာ ကြီးကြပ်နိုင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုသီမဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ပုရောဟိတ်ပုဏ္ဏားမျိုး၌ ဗာရာဏသီမင်း၏ သားတော်နှင့် တစ်နေ့တည်း၌ ဖွားမြင်ခဲ့ပုံ၊ အချင်းချင်းအလွန်ချစ်ကျွမ်းဝင်ကြ၍ အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်၌ ပညာသင်ယူကြပုံ၊ မင်းသားသည် အိမ်ရှေ့မင်းအဖြစ်ကို ရ၍ ပုရောဟိတ်သားသည် ပုရောဟိတ်ရာထူးကို ရခဲ့ပုံ၊ မင်းသား၏ မယ်တော်သည် ပုရောဟိတ်ကို နှစ်သက် စွဲလမ်းသဖြင့် အာဟာရဖြတ်ကာ အိပ်ရာ၌ လျောင်းနေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုသီမပရိဗ္ဗာဇကဝတ္ထု

ဤဝတ္ထု၌ တိတ္ထိတို့၏ တိုက်တွန်းချက်အရ သုသီမပရိဗိုဇ်သည် လာဘ်လာဘတိုးပွားရန် ရည်သန်၍ မြတ်စွာဘုရားထံ လာရောက်ခဲ့ပုံ၊ မြတ်စွာဘုရားက ထိုပရိဗိုဇ်သည် မိမိအပေါ်၌ တကယ် မကြည်ညိုဘဲ တရားတော်ကို ခိုးယူမှတ်သားရန် လာရောက်ကြောင်း သိတော်မူသော်လည်း မကြာမြင့်မီ ရဟန္တာဖြစ်မည်ကို သိတော်မူသဖြင့် ရဟန်းပြုပေးတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋီ၊၃၊၁၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုသုမာရဂိရဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့မိဂဒါဝုန် ဘေသကဠာတောကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် ကောကနဒပြာသာဒ်၌ ဆွမ်းဘုဉ်းပေးကြပုံ၊ ဆွမ်းများ ဟင်းများ ပေကျံနေသော လက်ဖြင့် သောက်ရေခွက်များကို ကိုင်ကြသောကြောင့် လူတို့က ကဲ့ရဲ့ကြပုံ၊ ဘုရားရှင်က ‘‘ရဟန်းသည် ဟင်းများ ပေကျံနေသော လက်ဖြင့် သောက်ရေခွက်ကို မကိုင်ရ’’ဟု သိက္ခာပုဒ် ပညတ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုသုမာရဇာတက

ဤဇာတ်တော်၌ အလောင်းတော် မျောက်မင်းသည် ခွန်အားဗလနှင့် ပြည့်စုံပြီး ဂင်္ဂါမြစ် ကမ်းနား၌ ကျက်စား၍နေပုံ၊ မိကျောင်းမက မိကျောင်းဖိုအား မျောက်၏နှလုံးသားကို စားလိုကြောင်း ပူဆာခဲ့ပုံ၊ မိကျောင်းဖိုက မျောက်မင်းအား ပရိယာယ်ဆင်၍ မြစ်ထဲသို့ ခေါ်ဆောင်သွားခဲ့ပုံ၊ မြစ်ထဲရောက်သောအခါ မျောက်မင်းက နှလုံးသားများကို သဖန်းပင်ပေါ်တွင် ချိတ်ထားခဲ့ကြောင်း လှည့်ပတ် ပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၄၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဟနုဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်း၏ အမတ်ချုပ်ကြီးတစ်ဦးဖြစ်စဉ် တရားနှင့်အညီ ကုန်သည်တို့အား တန်ဖိုးဖြတ်ပေးလေ့ရှိပုံ၊ မင်းကြီးမှာ အတန်ငယ် လောဘကြီးသဖြင့် ဥတ္တရာပထတိုင်းမှ မြင်းကုန်သည်များ ရောက်လာသောအခါ အခြားအမတ်တစ်ယောက်ကို ခေါ်၍ မဟာသောဏမည်သော မြင်းကြမ်းကို မြင်းကုန်သည်တို့၏ မြင်းများအတွင်းသို့ လွှတ်စေလျက် ကိုက်စေခဲ့ပုံ၊ မြင်းကုန်သည်တို့၏ မြင်းများ ဒဏ်ရာအနာတရ ဖြစ်သောအခါ၌ ဈေးလျော့၍ ဝယ်ကြပုံ၊ မြင်းကုန်သည်များက ဘုရားလောင်း အမတ်ကြီးထံ လာရောက်၍ အကျိုးအကြောင်း ပြောကြသောအခါ အမတ်ကြီးက ‘‘သင်တို့လည်း မြင်းကြမ်းတစ်ကောင်ကို ဆောင်ယူခဲ့ကြကုန်’’ ဟု ဆိုသဖြင့် သုဟနုမည်သော မြင်းကြမ်းကို ခေါ်ဆောင်လာပုံ၊ ထိုမြင်းကြမ်းနှစ်ကောင်တို့ တွေ့သောအခါ၌ကား အချင်းချင်း ခန္ဓာကိုယ်ကို လျှာဖြင့် လျက်ကုန်လျက် ချစ်ခင်နေကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သုဟေမန္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တိဿဘုရားရှင်အား ပုန်းညက်ပန်းတို့ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သူကရခတလေဏဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တော်အခါကတည်းက တည်ရှိခဲ့သော လိုဏ်ဂူကြီးတစ်ခုသည် အချိန်ကြာမြင့်သဖြင့် မြေကြီးများ ဖုံးလွှမ်းသွားခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဝက်တစ်ကောင်က လိုဏ်ဂူအနီး၌ မြေများ တူးဆွသဖြင့် မိုးရွာသောအခါ လိုဏ်ဂူအမိုးစွန်းပေါ်လာခဲ့ပုံ၊ တောလည်မုဆိုးတစ်ယောက်က တွေ့မြင်သွားပြီး၊ ‘‘ရှေးအခါက သီလရှိသော ပုဂ္ဂိုလ်များ နေထိုင်သွားသည့် နေရာဖြစ်ပေလိမ့်မည်’’ဟု ကြံစည်ကာ လိုဏ်ဂူကို သုတ်သင်ရှင်းလင်းလျက် အင်္ဂတေမြေညက်စသည်ဖြင့် လိမ်းကျံပြီး လေသောက်ပြတင်း၊ ညောင်စောင်းခုတင်စသည် ခင်းကျင်းပြင်ဆင်ကာ ဘုရားရှင်အား လှူဒါန်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၂၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သူကရဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ခြင်္သေ့မင်းဖြစ်၍ ရေအိုင်တစ်ခု၌ ရေသောက်ပြီး ပြန်တက်လာသောအခါ ဆူဖြိုးသော ဝက်တစ်ကောင်ကို တွေ့မြင်ရပုံ၊ ဝက် လန့်၍ ပြေးမည်စိုးသောကြောင့် ကန်တစ်ဖက်မှ ရှောင်သွားသည်ကို ဝက်က ကြောက်၍ ပြေးသည်ဟု မှတ်ထင်ကာ စစ်ထိုးရန် စိမ်ခေါ်ခဲ့ပုံ၊ ဝက်က တစ်ကိုယ်လုံးကို မစင်လူး၍ လေညာကနေသောကြောင့် ခြင်္သေသည် စက်ဆုပ်ရွံ့ရှာလှသဖြင့် ဝက်ကို အနိုင်ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သူကရပေတဝတ္ထု

ဤဝတ္ထု၌ ဂိဇ္ဈကုဋ်တောင်တွင် လူခန္ဓာကိုယ်နှင့် ဝက်ခေါင်းပေါက်နေသော သုံးဂါဝုတ်ပမာဏရှိ ပြိတ္တာကြီးတစ်ကောင်သည် ပါးစပ်၌ အမြီးပေါက်ကာ လောက်တစ်ဖွားဖွားကျနေပုံ၊ ထိုပြိတ္တာကြီးကို အရှင်မောဂ္ဂလာန်မြင်၍ ဘုရားရှင်အား လျှောက်ထားရာ ကဿပဘုရားရှင်လက်ထက်၌ သီလစင်ကြယ်၍ လွန်စွာချစ်ခင်သော ရဟန်းတော်နှစ်ပါးကို ကွဲပြားအောင် ကုန်းတိုက်မှုကြောင့် ဤသို့ဖြစ်ရကြောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၅၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သူကရပေါတိကာဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံကြွစဉ် ဝက်မငယ်ကို မြင်၍ ပြုံးတော်မူပုံ၊ အရှင်အာနန္ဒာထေရ်က ပြုံးတော်မူခြင်းအကြောင်းကို မေးလျှောက်သောအခါ ကကုသန် မြတ်စွာဘုရားရှင်လက်ထက်က ဈာန်သမာပတ်ကို ရခဲ့ပြီး ဗြဟ္မာဖြစ်ခဲ့ရသည့် အမျိုးသမီးသည် ယခုအခါ ဝက်မငယ် ဖြစ်နေရကြောင်း ရှင်းလင်းဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သူကရမုခပေတဝတ္ထု

ဤဝတ္ထု၌ အရှင်နာရဒမထေရ်သည် ဂိဇ္ဈကုဋ်တောင်ကျောင်းမှ ရာဇဂြိုဟ်မြို့သို့ ဆွမ်းခံဝင် လာစဉ် ရွှေရောင်ခန္ဓာကိုယ်နှင့် ဝက်မျက်နှာရှိသော ပြိတ္တာကြီးကိုတွေ့၍ ထိုပြိတ္တာကြီး၏ ကံကြမ္မာကို မေးမြန်းခဲ့ပုံ၊ ထိုပြိတ္တာကြီးက မိမိသည် ကဿပဘုရားရှင် သာသနာတော်၌ ရဟန်းတစ်ပါးဖြစ်ခဲ့ပြီး ကာယကံကို လုံခြုံစွာ စောင့်ထိန်းခဲ့သော်လည်း ဝစီကံကို မစောင့်ထိန်းဘဲ ရဟန်းတို့ကို ဆဲဆို ကဲ့ရဲ့ရှုတ်ချခဲ့သော အကုသိုလ်ကံကြောင့် ငရဲ၌ ခံရပြီး ထိုကံကြွင်းကြောင့် အခုလို ပြိတ္တာကြီး ဖြစ်ပြီး ငတ်ပြတ်စွာ နေရကြောင်း လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၂၇) (ပေတ၊ဋ္ဌ၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သူစိဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ပန်းပဲရွာ၌ ပန်းပဲသမား ဆင်းရဲသားဖြစ်၍ ပန်းပဲပညာ လွန်စွာ တတ်မြောက်သူ ဖြစ်ခဲ့ပုံ၊ အခြားပန်းပဲရွာကြီးတစ်ရွာရှိ ပန်းပဲခေါင်းဆောင်ကြီး၏ သမီးမှာ လွန်စွာချောမောကြောင်း ကြားသိရသဖြင့် သံအကောင်းဆုံးကို အနူးညံ့ဆုံး အပ်ဖြစ်အောင် ပြုလုပ်၍ အပ်လုပ်သော ထိုရွာသို့ အပ်ရောင်း သွားခဲ့ပုံ၊ မိမိအပ်၏ အစွမ်းကို ပြသပြီး ပန်းပဲသမားခေါင်းဆောင်ကြီး၏ သမီးကို ရယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၆၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သူစိဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းသည် သုမေဓာဘုရားရှင်အား သင်္ကန်းချုပ်ရန်အတွက် အပ်ငါးချောင်း လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် သိမ်မွေ့သော အနက်ကို ရှုမြင်တတ်၍ လျင်မြန်လွယ်ကူသော အသိဉာဏ်ကို ရရှိခဲ့ပုံ၊ ဒွိပဒါဓိပတိမည်သော စကြဝတေးမင်း လေးကြိမ်ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သူစိဒါယကဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာသည် သင်္ကန်းချုပ်ရန်အတွက် အပ်ကို အလိုရှိသဖြင့် ပန်းပဲသမားထံ ကြွ၍ အလှူခံတော်မူခဲ့ပုံ၊ ဒါယကာက အပ်နှစ်ချောင်းလှူဒါန်းပြီး တည်ခြင်းငါးပါးဖြင့် ရှိခိုးကာ အနုမောဒနာတရား နာကြားခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ထိုဒါယကာသည် တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သူစိဒါယကဝတ္ထု

ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သား အပ်ချုပ်သမားတစ်ဦးသည် ကျောင်းများကို လှည့်လည် ကြည့်ရှုရန် ဝေဠုဝန်ကျောင်းတိုက်သို့ သွားခဲ့ပုံ၊ ကျောင်းတွင် အပ်ဖြင့် သင်္ကန်းချုပ်နေသော ရဟန်းတစ်ပါးကို တွေ့ရ၍ အပ်ဗူးနှင့်အတူ အပ်များကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သူစိမုခီဝတ္ထု

ဤဝတ္ထု၌ အရှင်သာရိပုတ္တရာသည် ရာဇဂြိုဟ်မြို့၌ ဆွမ်းခံတော်မူပြီး နံရံတစ်ခုကို မှီ၍ ဆွမ်းဘုဉ်းပေးနေစဉ် သုစိမုခီပရိဗိုဇ်မ ရောက်လာပြီး မထေရ်မြတ်အား မျက်နှာငုံ့၍ ဆွမ်းဘုဉ်း ပေးပါသလော၊ မျက်နှာမော့၍ ဆွမ်းဘုဉ်းပေးပါသလော၊ အရပ်ရှစ်မျက်နှာ စူးစိုက်ကြည့်၍ ဆွမ်းဘုဉ်းပေးပါသလောဟု မေးမြန်းခဲ့ပုံ၊ မထေရ်က မိစ္ဆာဇီဝ, အနေသနကင်းစွာဖြင့် သန့်ရှင်းသော ဆွမ်းကိုသာ ဘုဉ်းပေးကြောင်း ရှင်းပြတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၂၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သူစိလောမဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်၌ ရဟန်းတစ်ပါးသည် ခရီးသွားရာမှ အပြန် ချွေးများပေကျံနေသော ခန္ဓာကိုယ်ဖြင့် သံဃိက ညောင်စောင်းခုတင်ပေါ်၌ မလေးစားသော စိတ်ဖြင့် လှဲအိပ်ခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် ဂယာရွာ အမှိုက်စွန့်ရာ အရပ်တွင် အပ်မွေးများ တစ်ကိုယ်လုံး ပေါက်နေသော သူစိလောမအမည်ရှိသော ဘီလူး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၂၇၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သူရမ္ဗဋ္ဌဥပါသကဝတ္ထု

ဤဝတ္ထု၌ သူရမ္ဗဋ္ဌဥပါသကာသည် ဘုရားရှင့်အထံတော်၌ တရားနာယူပြီး သောတာပန်ဖြစ်ကာ မိမိအိမ်သို့ ပြန်သွားခဲ့ပုံ၊ မာရ်နတ်က ဘုရားရှင် ပုံသဏ္ဌာန်တော်ဖန်ဆင်း၍ သူရမ္ဗဋ္ဌ အိမ်တံခါး၌ ရပ်တည်ခဲ့ပုံ၊ သူရမ္ဗဋ္ဌဥပါသကာက ဘုရားရှင်ဟူသော အမှတ်သညာဖြင့် ရှိခိုးသော် ဘုရားရှင် မာရ်နတ်က ‘‘ရုပ် ဝေဒနာ စသည်တို့ကို အနိစ္စဖြစ်သည်ဟု လွဲမှားပြီး ဟောမိကြောင်း, ထို့ကြောင့် ခန္ဓာငါးပါးကို နိစ္စဟု မှတ်ပါ’’ဟု လိမ်ညာ၍ ပြောကြားရာ ဥပါသကာက မာန်နတ်ကို နှင်ထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၄၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သူရမ္ဗဋ္ဌဝတ္ထု

ဤဝတ္ထု၌ သူရမ္ဗဋ္ဌသူကြွယ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်က အဝေစ္စပသန္နအရာ ဧတဒဂ်ကောင်းမှု ချီးမြှင့်ခံရသော ဒါယကာတစ်ဦးကို အားကျ၍ ကုသိုလ်ပြု၍ ထိုဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင့်လက်ထက်တော်၌ သာဝတ္ထိမြို့သား သူကြွယ်တစ်ဦး ဖြစ်၍ သောတာပန် ဖြစ်ကာ အဝေစ္စပသန္န ဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သူရိယဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ နေနတ်သားကို ရာဟုအသုရိန်က ဖမ်းယူထားသောအခါ နေနတ်သားက ဘုရားရှင်ကို အောက်မေ့သတိရလျက် ‘‘နမော တေ ဗုဒ္ဓ ဝီရတ္ထု’’ စသော ဂါထာကို ရွတ်ဆိုပုံ၊ ထိုအချိန်၌ ဘုရားရှင်သည် ရာဟုအသုရိန်အား ‘‘နေနတ်သားသည် ဘုရားရှင်ကို ကိုးကွယ်ကြောင်း၊ ဘုရားရှင်များသည် လောကသားတို့ကို အစဉ်သနား စောင့်ရှောက်တတ်ကြောင်း၊ ထို့ကြောင့် ရာဟုအသုရိန်သည် နေနတ်သားကို လွှတ်ပေးရမည်ဖြစ်ကြောင်း’’ မိန့်တော်မူပုံ၊ ဘုရားရှင်၏ စကားကို ကြားသည်နှင့် တစ်ပြိုင်နက် ရာဟုအသူရိန်သည် နေနတ်သားကို လွှတ်ကာ ဝေပစိတ္တိအသုရာထံသို့ ထွက်ပြေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၄၈) (သံ၊ဋ္ဌ၊၁၊၁၀၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေက္ခသမ္မတဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့၌ အိမ်တစ်အိမ်ရှိ လူတို့သည် စေတနာသဒ္ဓါအားကြီးသော်လည်း ပစ္စည်းဥစ္စာနည်းပါးကြပုံ၊ နံနက်စာများကို ရဟန်းတော်တို့အား အကုန် လှူလိုက်၍ ထမင်းမစားဘဲ နေကြပုံ၊ လူတို့က ကဲ့ရဲ့ကြသဖြင့် ဘုရားရှင် သိတော်မူ၍ ထိုကဲ့သို့သော အိမ်မျိုးကို ကမ္မဝါစာဖြင့် သေက္ခသမ္မုတိပေးစေတော်မူပုံ၊ ‘‘ထိုအိမ်မျိုးမှ ခဲဖွယ်ဘောဇဉ်ကို အလှူခံသော ရဟန်းအား ပဋိဒေသနီယ အာပတ် သင့်၏’’ဟု တတိယ ပါဋိဒေသနီယ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေက္ခသမ္မုတိဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့တော်ရှိ လူတို့သည် ပွဲလမ်းသဘင်ကျင်းပ၍ ရဟန်းသံဃာတော်များအား ပင့်ဖိတ်၍ဆွမ်းကပ်ကြပုံ၊ သေက္ခသမ္မုတိရပြီးသော ထိုမိသားစုကလည်း ဆွမ်းစားပင့်ကြရာ ရဟန်းတို့က ငြင်းပယ်ကြပုံ၊ သေက္ခသမ္မုတိရသူတို့ စိတ်မကောင်းဖြစ်ကြကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘ပင့်ဖိတ်လျှင်မူ အလှူခံကောင်းသည်’’ဟု ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၃၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေခဝတ္ထု

ဤဝတ္ထု၌ ကပိလဝတ်ပြည်သား သာကီဝင်မင်းများသည် လွှတ်တော်ရုံးသစ် ဆောက်လုပ်သောအခါ ဘုရားရှင်အား ပင့်ဖိတ်၍ ရုံးသစ်ဖွင့်ပွဲ ကျင်းပကြပုံ၊ မြတ်စွာဘုရားသည် ကျောင်းနေရာ လှူခြင်းနှင့် ပတ်သက်၍ အကျိုးကြီးမားကြောင်း ဟောကြားတော်မူပုံ၊ အရှင်အာနန္ဒာက သေက္ခပုဂ္ဂိုလ်တို့ ကျင့်စဉ်ဖြစ်သော ပါတိမောက္ခသံဝရသီလ၊ ဘောဇနေမတ္တညုတာ စသော အကျင့်တို့ကို ပြုကျင့်သင့်ကြောင်း ဟောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၁၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေဂ္ဂုဇာတက

ဤဇာတ်တော်၌ ကုန်စိမ်းသည် ဥပါသကာသည် သမီးငယ်၏ အကျင့်စာရိတ္တကို စူးစမ်း လေ့လာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေဋ္ဌိဓီတာဝတ္ထု

ဤဝတ္ထု၌ သာဝတ္ထိမြို့မှ သူဌေးသမီးတစ်ယောက်သည် သူ၏နေရာပြာသာဒ်အောက်ရှိ ရက်ကန်းရုံတွင် ရက်ဖေါက်၏ ဖြောင့်မတ်စွာ လည်နေသည်ကို မှတ်သား၍ သတ္တဝါတို့သည် ရက်ဖေါက်ကဲ့သို့ ဖြောင့်မတ်သော စိတ်ရှိကြပါမူ ကောင်းလေစွဟု အကြံဖြစ်ပုံ၊ ထို့နောက် ပြာသာဒ်ထက်၌ ထိုအကြောင်းကို ကြိမ်ဖန်များစွာ ဆင်ခြင်၍ မမြဲခြင်းစသော လက္ဓဏာရေးသုံးပါးကို ဝိပဿနာပွားနေစဉ် မြတ်စွာဘုရားက တန်ခိုးတော်ဖြင့် တရားဟောတော်မူ၍ သောတာပန် ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေဋ္ဌိပုတ္တဝတ္ထု

ဤဝတ္ထု၌ ဗာရာဏသီသူဌေးသား တစ်ဦးသည် ကျွမ်းထိုး၍ ကင်းမြီးကောက်ထောင်ကစားရာ ဝမ်းတွင်းအူထုံး၍ ထမင်းဟင်းမစားနိုင်၊ ယာဂုပင် မသောက်နိုင်၊ အလေးအပေါ့ သွားရန်ပင် မဖြစ်နိုင်အောင် ဝေဒနာ ခံစားရပုံ၊ ကြာသောအခါ ပိန်ချုံးညှိုးလျ အကြောပြိုင်းပြိုင်း ထနေပုံ၊ ဆရာဇီဝကအား ပင့်ခေါ်ပြသသောအခါ ကန့်လန့်ကာ ကာ၍ တိုင်တွင် ကပ်မှီစေကာ ဝမ်းရေကို ခွာ၍ ထုံးနေသော အူတို့ကို ထုတ်ပြီး အူထုံးကို ဖြည်ကာ အူတို့ကို နေရာမှန် ပြန်သွင်း၍ စနစ်တကျ ချုပ်ကာ ကုသခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၈၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေဋ္ဌိဘရိယာဝတ္ထု

ဤဝတ္ထု၌ ဆရာဇီဝကသည် တက္ကသိုလ်ပြည်တွင် (၇)နှစ်တိုင်တိုင် ဆေးပညာသင်ယူခဲ့ပုံ၊ သာကေတရှိ သူဌေးကတော်ကြီး၏ (၇)နှစ်တိုင်တိုင် စွဲကပ်နေသော ခေါင်းကိုက်ရောဂါကြီးကို ထောပတ်တစ်လက်ခုပ်တွင် ဆေးမျိုးပေါင်း များစွာ ထည့်၍ ချက်ပြီး နှာခေါင်းမှ နှာနှပ်ကုသနည်းဖြင့် ကုသခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေတကေတုဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဒိသာပါမောက္ခဆရာကြီး ဖြစ်၍ လုလင်ငါးရာတို့အား ပညာသင်ပေးနေပုံ၊ တပည့်ဖြစ်သူ ဥဒိစ္စဗြာဟ္မဏမျိုးဖြစ်သော သေတကေတုသည် ဒွန်းစဏ္ဍားနှင့် မေးခွန်းပြိုင်၍ မေးရာ ရှုံးသဖြင့် ဒွန်းစဏ္ဍားက သူ၏ ဦးခေါင်းကို ခွ၍ စီးခဲ့ပုံ၊ အရပ်မျက်နှာ၏ အဖြေစကားကို ဆရာက ဖြေကြား၍ ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေတုစ္ဆတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တိဿဘုရားရှင်အား အလွန်ချိုသည့် ပိန္နဲသီးဖြင့် စီမံထားသော အုန်းမုန့်ချိုကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေတုဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ သေတုဒါယကမထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်၏ စင်္ကြံဦး၌ တံတားတစ်စင်း ဆောက်လုပ်လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှု၏ အကျိုးဆက်ကြောင့် ကိုးဆယ့်တစ်ကမ္ဘာတိုင်တိုင် အပါယ်မလားဘဲ လူချမ်းသာ နတ်ချမ်းသာကို ခံစားရ၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေနကတ္ထေရဝတ္ထု

ဤဝတ္ထု၌ သေနကမထေရ်လောင်းလျာသည် သိခီဘုရားရှင်အား ဥဒေါင်းငှက်တောင်ကို လှူခဲ့သော ကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပြီး ဂေါတမဘုရားရှင် လက်ထက်တွင် သေနကပုဏ္ဏား ဖြစ်လာပုံ၊ ဂယာမြစ်ဆိပ်တွင် မြတ်စွာဘုရားရှင်၏ တရားတော်ကို နာယူရ၍ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေနဂိရိဝါသီတိဿတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်ကြီး ငါးဆယ်တို့သည် ဂိရိရွာ၌ ဆွမ်းခံလှည့်လည်ကြရာ တစ်စုံတစ်ခုသော ခဲဘွယ်ဘောဇဉ်ကိုမျှ မရရှိခဲ့ကြပုံ၊ တိဿရဟန်းက မထေရ်ကြီးများအား ခေတ္တဆိုင်းငံ့ပါဦးဟု တောင်းပန်လျှောက်ထားကာ ရွာထဲသို့ ဆွမ်းခံဝင်ပြီး နို့ဃနာဆွမ်းများကို ခဏချင်းဖြင့် လာရောက်လှူဒါန်းပုံ၊ မထေရ်ကြီးများ ယုံမှားသံသယဖြစ်သောအခါ သာရဏီယ ကျင့်ဝတ်ကို ဖြည့်ကျင့်ထားကြောင်း လျှောက်ထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၁၂၄) (အံ၊ဋ္ဌ၊၃၊၉၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေနာသနဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား သစ်ရွက်အခင်းကို ပေးလှူ၍ ပူဇော်ဖွယ်သော ပန်းကိုလည်း ထက်ဝန်းကျင်ကြဲမြောက်ပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ငါးခုမြောက်ကမ္ဘာ၌ တိဏသန္တရက စကြဝတေးမင်း ခုနစ်ကြိမ်ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေနာသနိကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတို့သည် လွင်တီးခေါင်၌ သင်္ကန်းချုပ်မှုစသည့် အလုပ်များကို ပြုလုပ်ကြပုံ၊ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လေညာက ကျောင်းသန့်ရှင်းရေး လုပ်ကြရာ လေအောက်ရဟန်းတော်တို့ ဖုန်ပေကြသဖြင့် ဘုရားရှင်က သေနာသနဝတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၈၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေယျကဘိက္ခုဝတ္ထု

ဤဝတ္ထု၌ အရှင်သေယျကသည် ဝိနည်းအရာ လိမ္မာကျွမ်းကျင်မှု မရှိ၊ အာပတ်များစွာ သင့်နေပြီး လူတို့နှင့် ရောနှောနေသောကြောင့် သံဃာတော်တို့က ကဲ့ရဲ့သဖြင့် ဘုရားရှင်က နိယဿကံ ပြုရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေယျဇာတက

ဤဇာတ်တော်၌ ကောသလမင်းသည် အမတ်တစ်ယောက်အား မိမိအား ကျေးဇူးများသဖြင့် စည်းစိမ်ဥစ္စာများစွာကို ပေးထားပုံ၊ အခြားအမတ်များက မနာလိုဖြစ်ကာ ကုန်းတိုက်သဖြင့် ထောင်သွင်း၍ အကျဉ်းချခံခဲ့ရပုံ၊ ထောင်တွင်း၌ပင် မိမိ၏ ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်းကို ဆင်ခြင်ကာ သင်္ခါရတရားတို့ကို သုံးသပ်ပွားများ၍ သောတာပန် ဖြစ်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေယျဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗြဟ္မဒတ်မင်း၏ သူငယ်ချင်း ပုရောဟိတ်ပုဏ္ဏားကြီး ဖြစ်၍ ထိုရာထူးကို စွန့်လွှတ်ကာ ရသေ့ဘဝဖြင့် နေထိုင်စဉ် ဘုရင်က ထပ်မံ တာဝန် ထမ်းဆောင်ရန် တောင်းပန်ခဲ့ပုံ၊ သူတော်ကောင်းတို့မည်သည် စွန့်ပယ်ပြီးသော ကိလေသာကို ထွေးပြီးသော တံတွေးကဲ့သို့ ပြန်လည်မျိုလေ့ မရှိကြောင်း ဟောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေယျသကတ္ထေရဝတ္ထု

ဤဝတ္ထု၌ လာဠုဒါယီထေရ်၏ တပည့်ဖြစ်သူ သေယျသကရဟန်းသည် သာသနာတော်၌ မမွေ့လျော်သဖြင့် ပဌမ=သံဃာဒိသေသ် သိက္ခာပုဒ်ကို လွန်ကျူးခဲ့ပုံ၊ ဘုရားရှင် ကြားသိတော်မူသောအခါ သေယျသကရဟန်းကို ကဲ့ရဲ့လျက် သိက္ခာပုဒ် ပညတ်တော်မူပုံ၊ မကောင်းမှု အကုသိုလ်ကို မပြုလုပ်သင့်ကြောင်း၊ မကောင်းမှုများ တိုးပွားလာသည်ရှိသော် ယခုဘဝရော နောင်သံသရာပါ ဆင်းရဲဒုက္ခရောက်တတ်ကြောင်း ဘုရားရှင်က ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေယျသကဝတ္ထု

ဤဝတ္ထု၌ အရှင်သေယျသကသည် သာသနာတော်၌ မပျော်ပိုက်သဖြင့် ညိုးနွမ်းပိန်ချုံးနေပုံ၊ ထိုအကြောင်းကို အရှင်ဥဒါယီအား ပြောသောအခါ အရှင်ဥဒါယီ၏ အကြံပေးချက်အရ အလိုရှိသလောက် စားသောက်ပြီး ကာမဂုဏ်စိတ်ဖြစ်ပေါ်လာသောအခါ သုက္ကဝိဿဋ္ဌိအမှုကို ပြုလုပ်ခဲ့ပုံ၊ ထိုအကြောင်း ဘုရားရှင် သိတော်မူသောအခါ ထိုကဲ့သို့ မပြုလုပ်ရဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေရိဏီပေတီဝတ္ထု

ဤဝတ္ထု၌ ပြည့်တန်ဆာမတစ်ဦးသည် ဥပုသ်ပြုရန် သံဃာတော်များ စုဝေးရောက်ရှိလာစဉ် ဤဦးပြည်းခေါင်းတုံးတို့အား ပေးလှူခြင်းဖြင့် ဘာမျှအကျိုးကျေးဇူးမရှိ စသည်ဖြင့် ဝန်တိုစိတ်ဖြင့် ပြောဆိုခဲ့ပုံ၊ ထိုပြည့်တန်ဆာမ ကွယ်လွန်သောအခါ မြို့တစ်မြို့၏မြို့ရိုး ကျုံးအပြင်ဘက်၌ ပြိတ္တာမ ဖြစ်ခဲ့ပုံ၊ မိမိမြို့နေ ကုန်သည်တစ်ဦးနှင့် တွေ့ပြီး မြှုပ်နှံထားသော ပစ္စည်းဥစ္စာများကို ညွှန်ပြကာ မိမိအတွက် ကုသိုလ်ကောင်းမှု ပြုလုပ်စေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၇၅) (ပေတ၊ဋ္ဌ၊၁၈၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေရိ၀၀ါဏိဇဇာတက

ဤဇာတ်တော်၌ ဘုရားလောင်း သေရိဝရွဲကုန်သည်နှင့် ဒေဝဒတ်လောင်း လောလရွဲကုန်သည်တို့သည် အရိဋ္ဌမြို့သို့ ရောက်ရှိလာပြီး ကုန်များကို လှည့်လည်ရောင်းချကြပုံ၊ လောလရွဲကုန်သည်သည် အိမ်တစ်အိမ်သို့ ရောက်ရှိစဉ် အိမ်ရှင်များက ခွက်ဟောင်းကြီးတစ်ခွက်ကို ရွှေခွက်-ဟု မသိသဖြင့် ရွဲများနှင့် လဲလှယ်ရန် ပြောဆိုသောအခါ ရွှေခွက်ကို အလကားလိုချင်သောကြောင့် ‘‘ဤခွက်သည် ပဲဝက်မျှပင် မတန်’’ဟု ဆိုကာ မြေ၌ ပစ်ပေါက်လျက် ထွက်ခွာသွားခဲ့ပုံ၊ ထို့နောက် သေရိဝရွဲကုန်သည် ရောက်ရှိလာပြီး အိမ်ရှင်တို့အား ရွှေခွက်ဖြစ်ကြောင်း ပြောကြားလျက် ရွဲများအားလုံးနှင့် ငွေအသပြာငါးရာ ပေးကာ ရွှေခွက်ကို ယူ၍ ထွက်ခွာသွားခဲ့ပုံ၊ ဒေဝဒတ်လောင်း လောလရွဲကုန်သည်သည် နောက်တစ်ကြိမ် ပြန်လှည့်လာပြီး ရွဲအနည်းငယ် ပေးကာ ရွှေခွက်ကို တောင်းသောအခါ အိမ်ရှင်များက အဖြစ်မှန်အားလုံး ရှင်းပြပုံ၊ ဒေဝဒတ်လောင်း ရွဲကုန်သည်သည် ချက်ချင်း ဘုရားလောင်း သေရိဝရွဲကုန်သည်နောက်သို့ လိုက်သော်လည်း မြစ်တစ်ဘက်ကမ်းသို့ ကူးသွားပြီဖြစ်သဖြင့် လိုက်မမီတော့ဘဲ သွေးအန်၍ သေဆုံးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၂၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေရီဒေဝပုတ္တဝတ္ထု

ဤဝတ္ထု၌ သေရီနတ်သားသည် ယခင်ဘဝ မင်းကြီးဖြစ်စဉ်အခါက ဆင်းရဲချမ်းသာမရွေး အလှူပေးခဲ့ပုံ၊ အထက်တန်းစားဖြစ်သော ရဟန်းပုဏ္ဏားများမှအစ ဆင်းရဲသား သူတောင်းစား များအဆုံး အားလုံးသော ပုဂ္ဂိုလ်တို့အား လူတန်းစား မခွဲခြားဘဲ ပေးလှူခဲ့ပုံ၊ ထိုကုသိုလ်၏ အကျိုးဆက်ကြောင့် နတ်ပြည်သို့ရောက်ရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၅၆) (သံ၊ဋ္ဌ၊၁၊၁၀၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေရေယျကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းလျာသည် ပဒုမုတ္တရ ဘုရားရှင် လွင်တီးခေါင်၌ ရပ်တော်မူနေသည်ကို ဖူးမြင်ခဲ့ရပုံ၊ ထိုအခါ လိပ်ဆူးရွှေပန်းတို့ကိုယူ၍ ကြဲမြှောက်ပူဇော်ခဲ့ပုံ၊ ဘုရားရှင်၏ တန်ခိုးတော်ကြောင့် ထိုလိပ်ဆူးရွှေပန်းတို့သည် အတွင်းဘက်သို့ အညှာလှည်ကြ၍ အပသို့ မျက်နှာမူကာ ခုနစ်ရက်ပတ်လုံး အမိုးပြုပြီး နောက်မှ ကွယ်ပျောက်သွားခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်သို့ လားရောက်ခြင်း မရှိခဲ့ဘဲ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အပ၊၁၊၁၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေလတ္ထေရဝတ္ထု

ဤဝတ္ထု၌ သေလမထေရ်အလောင်း ဂိုဏ်းဆရာကြီးသည် ပဒုမုတ္တရဘုရားရှင့်သာသနာတော်၌ ကျောင်းဆောက်လှူဒါန်းပုံ၊ ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၃၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေလတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဟံသာဝတီမြို့၌ လမ်းမှူးဖြစ်စဉ် မြို့သူမြို့သားတို့အား ဦးဆောင်စည်းရုံး၍ ဘုရားရှင်နှင့် သံဃာတော်တို့အတွက် ဆွမ်းစားကျောင်းဆောက်လုပ်လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၇၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေလဗြာဟ္မဏဝတ္ထု

ဤဝတ္ထု၌ မဟာပုရိသခေါ် ယောက်ျားမြတ်တို့၏ လက္ခဏာကျမ်းစသည်တို့၌ ကျွမ်းကျင်သော သေလပုဏ္ဏားသည် ကေဏိယရသေ့ထံမှ မြတ်စွာဘုရား၏ အကြောင်းကို ကြားသိရပုံ၊ သူသည် နောက်လိုက် တပည့် (၃၀၀)တို့နှင့်အတူ မြတ်စွာဘုရားအထံတော်သို့ လာရောက်၍ ကိုယ်တော်မြတ်၏(၃၂)ပါးသော ယောက်ျားမြတ် လက္ခဏာတော်တို့ကို စူးစမ်းလေ့လာခဲ့ပုံ၊ မြတ်စွာဘုရားက တန်ခိုးဖြင့် သေလပုဏ္ဏား ကျေနပ်လောက်အောင် လက္ခဏာတော်တို့ကို ပြတော်မူပုံ၊ ဆက်လက်၍ မြတ်စွာဘုရားက တရားဟောတော်မူသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၃၄၇) (သုတ္တနိ၊၃၆၃) (မ၊ဋ္ဌ၊၃၊၂၇၂) (သုတ္တနိ၊ဋ္ဌ၊၂၊၁၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေလာထေရီဝတ္ထု

ဤဝတ္ထု၌ ထေရီလောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်း၌ ပွင့်တော်မူသော ဘုရားရှင်၏ ဗောဓိပင်မြတ်ကို ပူဇော်စဉ် ဗောဓိပင်မှ ရောင်ခြည်တော်များကို ဖူးမြင်ရပုံ၊ ဗောဓိပင်ကို ၇-ရက်လုံးလုံး ပူဇော်ကာ အလှူဒါနပြုခဲ့သော ကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ပုံ၊ နောက်ဆုံးဘဝ၌ အာဠဝီပြည်ဘုရင်ကြီး၏ သမီးတော်ဖြစ်ပြီး သာသနာ့ဘောင်သို့ ဝင်ရောက်၍ ရဟန္တာဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၆၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သေလာဘိက္ခုနီဝတ္ထု

ဤဝတ္ထု၌ သေလာဘိက္ခုနီထံသို့ မာရ်နတ် လာရောက်၍ ခန္ဓာစသည်၏ ဖြစ်ခြင်း ချုပ်ခြင်းအကြောင်းကို မေးခဲ့ပုံ၊ သေလာဘိက္ခုနီက ခန္ဓာစသော တရားတို့သည် အကြောင်းကြောင့်ဖြစ်၍ အကြောင်းချုပ်လျှင် ချုပ်ပျောက်ကြကြောင်း ဖြေကြာခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (သံ၊၁၊၁၃၅) (သံ၊ဋ္ဌ၊၁၊၁၇၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဏကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် အရိန္ဒမကုမာရဟူသော အမည်ဖြင့် ရာဇဂြိုဟ်ပြည် မဂဓမင်း၏ သားတော် ဖြစ်စဉ် ပုရောဟိတ်၏သား သောဏကနှင့်အတူ တက္ကသိုလ်ပြည်သို့ သွား၍ အတတ်ပညာများ သင်ယူကြပုံ၊ အတတ်ပညာ ပြည့်စုံပြီးနောက် မိမိနိုင်ငံသို့ အတူတကွ ပြန်လာစဉ် လမ်းခရီး၌ အရိန္ဒမမင်းသားထံ ဗာရာဏသီပြည်မှ ဖုတ်သွင်းရထား ဆိုက်ရောက်ပုံ၊ ပုရောဟိတ်သား သောဏကသည် စစ်သူကြီးမလုပ်လိုသဖြင့် အရိန္ဒမမင်းသားထံမှ ဖဲခွာ၍ ဥယျာဉ်တွင်း၌ ရှောင်တိမ်းနေစဉ် သစ်ရွက်များ ကြွေကျသည်ကို သံဝေဂယူကာ တရားရှုမှတ်သဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ၊ အရိန္ဒမမင်းသည် နှစ်ပေါင်းလေးဆယ်ကျော် မင်းစည်းစိမ် ခံစားပြီးနောက် သောဏကကို ရှာဖွေခဲ့ပုံ၊ သောဏက ပစ္စေကဗုဒ္ဓါက တရားဟောသဖြင့် ထီးနန်းစွန့်ကာ ရသေ့ဝတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၂၆၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဏကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကာသိတိုင်း ကုန်သည်တစ်ဦး၏ သားဖြစ်သူ သောဏကသည် ကုန်ကူးသွားရင်း နောက်လိုက်လူငယ် ငါးဆယ့်ငါးယောက်တို့နှင့်အတူ ဝေဠုဝန်ကျောင်းတော်ရှိ ဒါသကမထေရ်ထံသို့ လရောက်ရှိကြပုံ၊ မိဘတို့ထံမှ ရဟန်းပြုခွင့် တောင်းယူပြီး ထိုမထေရ်ထံတွင် နောက်လိုက် လူငယ် ငါးဆယ့်ငါးယောက်တို့နှင့်အတူ ရဟန်းပြု၍ မကြာမီ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ဒါသကမထေရ်ထံမှ ဗုဒ္ဓပိဋကတ်စာပေတို့ကို သင်ယူတတ်မြောက်၍ ဂိုဏ်းအကြီးအကဲအဖြစ်ဖြင့် စာပေပို့ချခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၁၊၁၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဏကုဋိကဏ္ဏတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်က ရဟန်းတစ်ပါးအား ကလျာဏ ဝါက္ကရဏအရာ ဧတဒဂ်ထားသည်ကို အားကျ၍ ကုသိုလ်ပြုကာ ထိုဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၈၅) (ထေရ၊ဋ္ဌ၊၂၊၆၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဏကုဋိကဏ္ဏတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်မဟာကစ္စာယနမထေရ်၏ ဒါယကာသောဏသည် ခရီးသွားစဉ် ပြိတ္တာတို့ကို တွေ့မြင်၍ သံဝေဂရပုံ၊ မထေရ်၏ တရားစကားကို နာကြားဆင်ခြင်၍ သံသရာ၏ အပြစ်ကို မြင်လာပုံ၊ သောဏသည် ဆရာဖြစ်သော မထေရ်ထံ ရဟန်းခံပေးပါရန် တောင်းပန်လျှောက်ထားပုံ၊ အဝန္တိတိုင်း၌ သံဃာရှားပါးချိန်ဖြစ်သဖြင့် ကာရကသံဃာ(၁၀)ပါးပြည့်ရန် သုံးနှစ်ကြာမျှ ခဲယဉ်းစွာ စုဆောင်းပြီး ရဟန်းခံ ပေးရပုံုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊၁၄၄) (ဥဒါန၊ဋ္ဌ၊၂၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဏကုဋိကဏ္ဏဝတ္ထု

ဤဝတ္ထု၌ အရှင်မဟာကစ္စာနသည် အဝန္တိတိုင်း ကုရရဃရမြို့ ပပတကတောင်၌ နေတော်မူစဉ် သောဏကုဋိကဏ္ဏအား သုံးနှစ်တိုင်တိုင် သံဃာစု၍ ခဲခဲယဉ်းယဉ်း ရဟန်းခံပေးခဲ့ပုံ၊ သောဏကုဋိကဏ္ဏသည် ဝါကျွတ်သောအခါ ဘုရားရှင့်ထံ အဖူးအမြော် ရောက်လာပုံ၊ အရှင်ကစ္စာနမထေရ်၏ တောင်းပန် လျှောက်ထားချက်များကို ဘုရားရှင်အား လျှောက်ထားခဲ့ပုံ၊ ပစ္စန္တရာဇ်အရပ်၌ ရဟန်း(၅)ပါးဖြင့် ရဟန်းခံခွင့်, အလွှာများသော ဖိနပ်စီးခွင့်, နေ့စဉ် ရေချိုးခွင့် စသော အခွင့်ထူး (၅)ရပ်ကို ဘုရားရှင် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဏကုဋိကဏ္ဏဝတ္ထု

ဤဝတ္ထု၌ သောဏကုဋိကဏ္ဏဥပါသကာသည် အရှင်မဟာကစ္စာယနမထေရ်၏ ပစ္စည်းလေးပါးဒါယကာဖြစ်၍ တစ်နေ့တွင် လှည်းကုန်သည်တို့နှင့်အတူ ဥဇ္ဇေနီပြည်သို့ ကုန်ကူးသွားပုံ၊ လမ်းခရီးအကြားရှိ တောအုပ်ထဲ၌ ကောက်ကျစ်သော ကုန်သည်ဘဝမှ ဖြစ်လာသော ပြိတ္တာတစ်ကောင်ကို တွေ့မြင်ရပုံ၊ နောက်တစ်ဖန် ရဟန္တာများကို ကျိန်ဆဲခဲ့သဖြင့် ပြိတ္တာဖြစ်၍ သွေးအန်နေသော ပြိတ္တာငယ်နှစ်ကောင်ကို တွေ့ရ၍ အလွန်သံဝေဂရပုံ၊ ထို့နောက် မဟာကစ္စာယနမထေရ်ထံတွင် ရဟန်းပြု၍ ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၃၊၂၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဏကောဠိဝိသတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ သိရီဝဍ္ဎုသူဌေး ဖြစ်ခဲ့ပုံ၊ ပဒုမုတ္တရဘုရားရှင်က ရဟန်း တစ်ပါးအား အာရဒ္ဓဝိရိယအရာ ဧတဒဂ်ထားသည်ကို အားကျ၍ ကုသိုလ်ပြုကာ ထိုဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဏကောဠိဝိသတ္ထေရဝတ္ထု

ဤဝတ္ထု၌ သောဏကောဠိဝိသ မထေရ်လောင်းလျာသည် အနောမဒဿီဘုရားအား စင်္ကြံနှင့် ဇရပ် လှူခဲ့ခြင်း၊ ပစ္စေကဗုဒ္ဓါတစ်ဆူအား သစ်ရွက်မိုးကျောင်း လှူခဲ့ခြင်း စသော ကုသိုလ်ကံတို့ကြောင့် ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ သောဏကောဠိဝိသသူဌေးသားဖြစ်ခဲ့ပုံ၊ မြတ်စွာဘုရားထံ ရဟန်းပြု၍ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၂၉) (အပ၊၁၊၁၀၄) (အပ၊ဋ္ဌ၊၂၊၆၇၊၁၉၉)ှ♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဏကောဠိဝိသတ္ထေရဝတ္ထု

ဤဝတ္ထု၌ စမ္ပာမြို့သား သောဏကောဠိဝိသသည် ခြေဖဝါးအပြင်၌ အမွေးများ ပေါက်သည်အထိ နူးညံ့သူဖြစ်၍ ဘုရင်ဗိမ္ဗိသာရက သူ့ကို ခေါ်ယူ ကြည့်ရှုခဲ့ပုံ၊ ဘုရင်က ဘုရားရှင်ထံ စေလွှတ်၍ သောဏကောဠိဝိသ ရဟန်းဝတ်လာခဲ့ပုံ၊ စင်္ကြံသွား၍ ပြင်းထန်စွာ တရားအားထုတ်သည့် အတွက်ကြောင့် တရားမရနိုင်ဖြစ်နေပုံ၊ ဘုရားရှင်က ဝီရိယနှင့် သမာဓိမျှတစွာကျင့်ရန် ဆုံးမမှ တရားထူးရခဲ့ပုံ၊ အရှင်သောဏကို အကြောင်းပြု၍ ရဟန်းတို့အား တစ်ထပ် တစ်လွှာရှိသော ဖိနပ်ကို စီးခွင့်ပြုတော်မူပုံ စသည့်အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၆၅) (အံ၊၂၊၃၂၉) (အံ၊ဋ္ဌ၊၃၊၁၂၃) (သံ၊ဋီ၊၂၊၄၃၃) (ဝိသုဒ္ဓိ၊ဋီ၊၁၊၁၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဏတ္ထေရဝတ္ထု

ဤဝတ္ထု၌ သောဏဂိရိတောင်ခြေရှိ အစေလကျောင်း၌နေသော သောဏမထေရ်သည် ခမည််းတော်မုဆိုး အား ရဟန်းပြုပေးခဲ့ပုံ၊ ခမည်းတော်ကြီး ကွယ်လွန်ခါနီး၌ ငရဲနိမိတ်ထင်လာ၍ သားမထေရ်က စေတီတွင် ပန်းစသည်ကို ပူဇော်ပြီး ကုသိုလ်အာရုံယူစေသဖြင့် နတ်ပြည်ရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၈၇) (အဘိ၊ဋ္ဌ၊၂၊၄၂၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဏတ္ထေရဝတ္ထု

ဤဝတ္ထု၌ သောဏမထေရ်သည် သီတဝန်တော၌ နေ၍ ရပ်ခြင်း လမ်းလျှောက်ခြင်းဖြင့်သာ ကမ္မဋ္ဌာန်းကို ပြင်းထန်စွာအားထုတ်၍ ခြေဖဝါးပြင်များ ဖူးရောင်လာပုံ၊ ဝီရိယလွန်ကဲ၍ တရားထူး မရနိုင်သည်ကို မြတ်စွာဘုရား သိတော်မူ၍ ကြွလာတော်မူပြီး စောင်းကြိုး ဥပမာဖြင့် ဆုံးမတော်မူပုံ၊ ထိုမထေရ်သည် မြတ်စွာဘုရားဟောတော်မူသည့်အတိုင်း ဝီရိယနှင့်သမာဓိညီမျှစွာ ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋီ၊၂၊၄၃၃) (အံ၊ဋီ၊၁၊၂၅၄) (ဝိသုဒ္ဓိ၊ဋီ၊၁၊၁၅၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဏဒဏ္ဍဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် အင်္ဂတိုင်း စမ္ပါမြို့ ဂဂ္ဂရာရေကန်ကြီး၏ ကမ်းပါး၌ သီတင်းသုံး တော်မူစဉ် စမ္ပါမြို့စား သောဏဒဏ္ဍပုဏ္ဏားကြီးသည် မြတ်စွာဘုရားထံ အဖူးအမြော်သွားရန် စီစဉ်နေကြောင်း ကြားသိရသဖြင့် ဗြာဟ္မဏဝါဒအယူသန်သူတို့က ပုဏ္ဏားကြီးသည် ဗုဒ္ဓထက် ဂုဏ်ကြီးသူဖြစ်၍ မသွားရန် တားမြစ်ကြပုံ၊ ဗုဒ္ဓသည် မိမိထက်ပို၍ ကြီးကျယ်သော ဂုဏ်ရှိကြောင်း မိန့်ဆိုကာ ပုဏ္ဏားကြီး ဘုရားရှင်ထံ သွားရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၁၊၁၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဏဒိန္နာဝတ္ထု

ဤဝတ္ထု၌ နာဠန္ဒာမြို့သူ သောဏဒိန္နာမည်သော ဥပါသိကာမ တစ်ဦးသည် သံဃာတော်တို့အား ပစ္စည်းလေးပါးဖြင့် ရိုရိုသေသေ အမြဲ ပြုစုလုပ်ကျွေးလေ့ရှိပုံ၊ မိမိကိုယ်တိုင်လည်း ရှစ်ပါးသီလကို ဖြူစင်စွာ စောင့်ထိန်းလေ့ရှိပုံ၊ တစ်နေ့သောအခါ သောဏဒိန္နာဥပါသိကာမသည် စတုသစ္စကမ္မဋ္ဌာန်းကို ပွားများရှုမှတ်သဖြင့် သောတာပန် အရိယာ ဖြစ်၍ ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၀၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဏနန္ဒဇာတက

ဤဇာတ်တော်၌ ပုဏ္ဏားသူကြွယ် ဇနီးမောင်နှံနှစ်ယောက်တို့တွင် သောဏနှင့် နန္ဒညီအစ်ကို နှစ်ယောက် ထွန်းကားလာပုံ၊ အရွယ်ရောက်သောအခါ အိမ်ထောင်ပြုရန် တိုက်တွန်းမှုကို လက်မခံဘဲ စည်းစိမ်ဥစ္စာများကို စွန့်ကြဲ လှူဒါန်းကာ မိသားစုလေးယောက်လုံး တောထွက်ပြီး ရသေ့ဝတ်ခဲ့ကြပုံ၊ ညီအစ်ကိုနှစ်ပါး သစ်သီးဝလံများ ရှာဖွေလျက် မိဘများကို ပြုစုလုပ် ကျွေးပုံ၊ နောင်တော် သောဏသည် မိမိ၏စကားကို မလိုက်နာသဖြင့် ညီငယ်နန္ဒအား ကျောင်းသင်္ခမ်းမှ နှင်ထုတ်ခဲ့ပုံ၊ ညီငယ်နန္ဒသည် တစ်ရာ့တစ်ပါးသော မင်းတို့ကို တန်ခိုးဖြင့် စည်းရုံးကာ လာရောက် တောင်းပန်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၃၃၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဏပဏ္ဍိတဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းသည် ဗြဟ္မာ့ပြည်မှ စုတေ၍ ကုဋေရှစ်ဆယ်ကြွယ်ဝသော ဗြာဟ္မဏမဟာသာလ သူဌေးကြီး၏ သားဖြစ်ပုံ၊ သောဏပဏ္ဍိတဟု အမည်တွင်၍ နောင်အခါတွင် ကာမဂုဏ်တို့ကို ရွံမုန်းပြီး တောထွက်ကာ ရသေ့ဝတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၂၀၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဏပေါဋိရိယပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ သောဏပေါဋိရိယမထေရ်လောင်းလျာသည် သိခီဘုရားရှင်အား ကုရဉ္ဇိယ မည်သော အသီးကို လှူဒါန်းခဲ့သောကြောင့် သံသရာ၌ လူနတ်ချမ်းသာတို့ကို ခံစားရပြီး ဤဂေါတမဘုရားရှင် လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၀၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဏာထေရီဝတ္ထု

ဤဝတ္ထု၌ သောဏာထေရီလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ အာရဒ္ဓဝီရိယအရာ၌ ဧတဒဂ်ဘွဲ့ရသော ဘိက္ခုနီတစ်ပါးကို အားကျ၍ ထိုဘွဲ့မျိုးရရှိရန် ပဒုမုတ္တရဘုရားရှင်ထံ၌ ကောင်းမှုများပြုကာ တောင်းဆုပန်ဆင်ခဲ့ပုံ၊ ယင်းကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် နတ်ပြည်လူ့ပြည်တို့၌သာ ကျင်လည်ကျက်စားခဲ့ရပြီး ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ သာဝတ္ထိမြို့၌ ဖြစ်ကာ သားသမီးဆယ်ယောက် မွေးဖွားသဖြင့် ဗဟုပုတ္တိကာဟု အမည်တွင်ပုံ၊ လင်ယောကျ်ားရဟန်းပြုသွားသောအခါ သားသမီးများကို အိမ်ထောင်ချပြီး ပစ္စည်းအားလုံးကို အမွေခွဲပေးပုံ၊ သားသမီးများက နှစ်ရက်သုံးရက်မျှသာ ပြုစုလုပ်ကျွေးကြပြီး မိမိအပေါ် နှိပ်စက်သဖြင့် သံဝေဂရကာ ဘိက္ခုနီဖြစ်လာပုံ၊ အသက်ကြီးမှ ဘိက္ခုနီဝတ်လာသဖြင့် အပြင်းအထန် တရားအားထုတ်သောကြောင့် ရဟန္တာဖြစ်ပြီး အာရဒ္ဓဝီရိယ ဧတဒဂ်ဘွဲ့ထူး ရရှိခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၅၇) (အံ၊ဋ္ဌ၊၁၊၂၈၁) (ထေရီ၊ဋ္ဌ၊၉၈) (ထေရီ၊၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောပါကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကကုသန်မြတ်စွာဘုရားအား သစ်သီးများ လှူဒါန်းပြီး သံဃာတော်တို့အား သလာကဘတ်နှင့် နို့ဆွမ်းလှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့ သူဆင်းရဲမ၏ ဝမ်း၌ ပဋိသန္ဓေယူကာ သုသာန်စောင့်၏ မွေးစားခံရပြီး (၇)နှစ်သားမှာပင် ဘုရားရှင်ထံ ရှင်ပြုခဲ့၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၁၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောပါကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်လက်ထက်တော်၌ ရသေ့ဖြစ်၍ ပန်းအခင်းကို ခင်း၍ လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် လက်ထက်တော်၌ ရာဇဂြိုဟ်မြို့၌ ဖြစ်ကာ (၇)နှစ်သားအရွယ်မှာပင် ဘုရားရှင်၏ တရားတော်ကို နာရ၍ ရဟန္တာဖြစ်ခဲ့ပုံ၊ မြတ်စွာဘုရား၏ ပြဿနာကို ဖြေနိုင်သဖြင့် ပဥှဗျာကရဏူပသမ္ပဒါဖြင့် ရဟန်းဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၃၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဘိတတ္ထေရဝတ္ထု

ဤဝတ္ထု၌ သောဘိတမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အထံတော်၌ ပုဗ္ဗေနိဝါသာနုဿတိအရာ ဧတဒဂ်ဆုကို တောင်းခဲ့ပုံ၊ သုမေဓဘုရားရှင်အား ဂါထာတို့ဖြင့် ချီးကျူးပူဇော်ခဲ့ပုံ၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ ‘သောဘိတ’အမည်ရှိ ပုဏ္ဏားဖြစ်လာ၍ မြတ်စွာဘုရားထံမှ တရားတော်ကို နာရသဖြင့် ရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ပုဗ္ဗေနိဝါသာနုဿတိအရာ ဧတဒဂ်ဘွဲ့ ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၀) (ဝိ၊ဋ္ဌ၊၂၊၁၀၂) (အံ၊ဋ္ဌ၊၁၊၂၄၀) (ထေရ၊ဋ္ဌ၊၁၊၃၆၇) (အပ၊ဋ္ဌ၊၂၊၁၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဘိတဗုဒ္ဓဝံသ

ဤဗုဒ္ဓဝင်၌ သောဘိတ ဘုရားရှင်သည် သုဓမ္မမြို့တော်၌ သုဓမ္မမင်းကြီးနှင့် သုဓမ္မာဖိဖုရား ခေါင်ကြီးတို့မှ မွေးဖွားခဲ့ပြီး မခိလမင်းသမီးနှင့် လက်ဆက်ကာ သီဟကုမာရမင်းသားကို မွေးဖွားပြီးနောက် နိမိတ်ကြီး ၄-ပါးကို မြင်တွေ့၍ ပြာသာဒ်မှာပင် ရဟန်းပြုကာ ဒုက္ကရစရိယာ(၇)ရက် ကျင့်၍ ပြာသာဒ်ယာဉ်ဖြင့် တောထွက်ပြီးလျှင် ကံ့ကော်ဗောဓိပင်ရင်း၌ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပုံ၊ အဘမမထေရ်နှင့် သုနေုတ္တမထေရ်-ဟူသော အဂ္ဂသာဝက နှစ်ပါး ရှိတော်မူပုံ အနောမ မထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ၊ ထိုစဉ်က ဂေါတမဘုရား အလောင်းသည် သုဇာတမည်သော ပုဏ္ဏားဖြစ်၍ နိယတဗျာဒိတ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၃) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောမဒတ္တဇာတက

ဤဇာတ်တော်၌ အလောင်းတော် သောမဒတ္တပုဏ္ဏားသည် ဗြဟ္မဒတ်မင်းကြီးထံ၌ ခစား၍နေစဉ် မိမိအိမ်၌ ခိုင်းနွားတစ်ကောင် ပျက်စီးသွားသဖြင့် မိမိဖခင်ကြီးအား ဘုရင်ကြီးထံ နွားတစ်ကောင် အတောင်းခိုင်းပုံ၊ ဖခင်ကြီးက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ‘‘နွားနှစ်ကောင်အနက် တစ်ကောင်သေသွားသဖြင့် တစ်ကောင်ပေးပါ’’ဟု ပြောရမည့်အစား ‘‘တစ်ကောင်ကို ယူပါ’’ဟု ပြောသဖြင့် ဝိုင်းဝန်းပြောင်လှောင်ခြင်းခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၅၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောမဒတ္တဇာတက

ဤဇာတ်တော်၌ ပုဏ္ဏားသူကြွယ်သည် ကာမဂုဏ်ကို ပယ်၍ ဟိမဝန္တာတောသို့ ဝင်ကာ ရသေ့ဝတ်လျက် သစ်သီးကြီးငယ်တို့ဖြင့် မျှတ၍နေပုံ၊ တစ်နေ့၌ ဆင်ငယ် တစ်ကောင်ကို ရရှိပြီး သောမဒတ္တဟု အမည်ပေးကာ ကျွေးမွေးစောင့်ရှောက်ထားပုံ၊ အရွယ်ရောက်သောအခါ သောမဒတ္တ သေဆုံးသွားသဖြင့် ရသေ့ကြီး ပူဆွေးသောက ရောက်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၆၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောမနဿဇာတက

ဤဇာတ်တော်၌ ရေဏုမင်းသည် ချဉ်ဆားမှီဝဲရန် ကြွလာသော ရသေ့ငါးရာတို့ကို မင်းဥယျာဉ်တော်၌ ကျောင်းသင်္ခမ်းများ ဆောက်လုပ်ကာ ဝါတွင်းသုံးလပတ်လုံး ကိုးကွယ်ဆည်းကပ်ခဲ့ပုံ၊ သီတင်းဝါလကျွတ်၍ ရသေ့များ ဟိမဝန္တာသို့ ပြန်ကြွသွားသောအခါ အကြီးအကဲဖြစ်သော မဟာရက္ခိတရသေ့က မင်းကြီး၌ သားတော်တစ်ပါး ထွန်းကားမည်ဖြစ်ကြောင်း မိန့်ကြားပုံ၊ ရသေ့ စဉ်းလဲတစ်ပါးက ထိုအကြောင်းအရာကို မင်းကြီးအား ပြောကြား၍ မင်းကိုးကွယ်ခံရသေ့ အဖြစ် ဥယျာဉ်တော်အတွင်း၌ ဆက်လက်နေထိုင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၄၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောမနဿဝတ္ထု

ဤဝတ္ထု၌ ဘုရားအလောင်းတော်သည် နတ်ပြည်မှ စုတေပြီး ကုရုမင်းကြီး၏ မိဖုရား သုဓမ္မာဒေဝီ၏ဝမ်းတိုက်၌ သောမနဿမင်းသားအဖြစ် ပဋိသန္ဓေယူခဲ့ပုံ၊ ဘုရင်ကို လိမ်ညာ၍ စီးပွားရှာနေသော ကောက်ကျစ်စဉ်းလဲသော ရသေ့၏ ကုန်းချောမှုကြောင့် မင်းကြီးက မင်းသားကို သတ်စေခဲ့ပုံ၊ ဘုရားအလောင်းသည် မင်းကြီးကို ဆုံးမကာ တောထွက် ပြီးရသေ့ ရဟန်းဝတ်၍ ဈာန်အဘိညာဉ် ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၈၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောမမိတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပေါက်ပန်းပွင့်များကို ခူးယူ၍ သိခီမြတ်စွာဘုရားရှင်အား ရည်မှန်းပူဇော်ခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် သာသနာတော်၌ ပုဏ္ဏားမျိုး၌ ဖြစ်ပြီး ဝိမလမထေရ်ထံ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၃၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောမာထေရီဝတ္ထု

ဤဝတ္ထု၌ သောမာထေရီလောင်း အမျိုးကောင်းသမီးသည် သိခီဘုရားရှင်လက်ထက်တော်၌ အရုဏမင်းကြီး၏ မိဖုရား ဖြစ်ခဲ့ပုံ၊ မင်းကြီးက မိဖုရားကြီးအား ကြာပန်းခုနစ်ပွင့် ပန်ဆင်ရန် ပေးသောအခါ မပန်ဘဲ ဆွမ်းခံကြွလာသော ဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်လက်ထက်တွင် ဗိမ္ဗိသာရမင်းကြီး၏ ပုရောဟိတ်၏ သမီး ဖြစ်လာပုံ၊ ဘုရားရှင် ရာဇဂြိုဟ်ပြည်သို့ ကြွလာစဉ် သာသနာတော်ကို သက်ဝင်ယုံကြည်သွားပြီး နောင်သောအခါ သံဝေဂရကာ ဘိက္ခုနီဝတ်၍ ဝိပဿနာပွားသဖြင့် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၆၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောရေယျတ္ထေရဝတ္ထု

ဤဝတ္ထု၌ သောရေယျမထေရ်လောင်း သောရေယျသူဌေးသားသည် ချောမောလှပသော အရှင်မဟာကစ္စည်း မထေရ်ကို စိတ်ဖြင့် ပြစ်မှားမိသဖြင့် ယောက်ျားဘဝမှ မိန်းမဖြစ်သွားပုံ၊ တက္ကသိုလ်ပြည်သို့ ထွက်ပြေးကာ လင်ယူ၍ သားနှစ်ဦးမွေးပြီးမှ မထေရ်ကို ဝန်ချတောင်းပန်သဖြင့် ယောက်ျားဘဝ ပြန်ရခဲ့ပုံ၊ ထို့နောက် ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၀၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဝဏ္ဏကိင်္ကဏိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အတ္ထဒဿီဘုရားရှင့်လက်ထက်တော်၌ ရသေ့ ဖြစ်ခဲ့ပုံ၊ ဘုရားရှင်ကို အာရုံပြုကာ သဲပုံစေတီတည်ပြီး ဆွဲလွဲပန်းတို့ကို လှူဒါန်းခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားသာသနာတော်၌ ကိုယ်ရေအသား ရွှေအဆင်းကဲ့သို့ ဝါဝင်းသူဖြစ်ပြီး ရဟန်းဝတ်ကာ ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သောဝဏ္ဏဝဋံသကိယတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဆင်စီး၍ ဥယျာဉ်ထွက်လတ်သော် သိခီဘုရားရှင်ကို ဖူးမြင်ရ၍ ရွှေဖြင့်ပြီးသော ဦးဆောက်ပန်းကို ဘုရားရှင်အား တင်လှူပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိတော့ဘဲ လွန်ခဲ့သော နှစ်ဆယ်ခုနစ်ကမ္ဘာအထက်၌ မဟာပတာပမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သံကိစ္စဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားလောင်းသည် ပုရောဟိတ်ကြီး၏သား သံကိစ္စအမည်ရှိသူ ဖြစ်ခဲ့ပုံ၊ အိမ်ရှေ့မင်းသားနှင့် ငယ်သူငယ်ချင်းဖြစ်လေရာ တစ်နေ့တွင် အိမ်ရှေ့မင်းသားသည် ခမည်းတော်မင်းကြီးကို လုပ်ကြံရန် တိုင်ပင်ခဲ့ပုံ၊ သံကိစ္စသည် ရသေ့ပြုသွားပြီး စိတ်မသက်သာဖြစ်နေသော သူငယ်ချင်း ဘုရင်အား စိတ်သက်သာမှု ရစေရန် တရားဟောခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၂၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သံကိစ္စတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့လက်ထက်တော်၌ ဝဋ်ဒုက္ခမှ လွတ်မြောက်ကြောင်း ကုသိုလ်များကို ပြုလုပ်ပြီးလျှင် ဆုတောင်းခဲ့ပုံ၊ ဘဝများစွာ သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် လက်ထက်တော်ဝယ် သာဝတ္ထိမြို့၌ ဖြစ်၍ မမွေးဖွားမီပင် မိခင်သေဆုံးသဖြင့် သုသာန်၌ မွေးဖွားကြီးပြင်းခဲ့ပုံ၊ သာသနာတော်သို့ ဝင်ရောက်လာပြီး ဆံချ၍ မပြီးဆုံးမီမှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၁၃) (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သံကိစ္စတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်သံကိစ္စမထေရ်လောင်း အမျိုးကောင်းသားသည် သာဝတ္ထိပြည်၌ ချမ်းသာကြွယ်ဝသော အမျိုးသမီးတစ်ဦး၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေယူခဲ့ပုံ၊ သူ၏မိခင်သည် ကိုယ်ဝန်ရင့်မာချိန်၌ အနာရောဂါတစ်ခုဖြင့် ကွယ်လွန်သွားခဲ့ပုံ၊ သံကိစ္စမထေရ်သည် ပစ္ဆိမဘဝိကပုဂ္ဂိုလ်ဖြစ်သဖြင့် သုသာန်၌ မီးသင်္ဂြိုဟ်သော်လည်း မီးမလောင်ခဲ့ပုံ၊ ဆွေမျိုးများက ကောက်ယူမွေးစားကာ အရွယ်ရောက်သောအခါ အရှင်သာရိပုတ္တရာမထေရ်ထံ အပ်နှံ၍ ရှင်သာမဏေပြုပေးကြပုံ၊ အရှင်သာရိပုတ္တရာမထေရ်က သူငယ်ကို ဆံချပေးစဉ် သူငယ်သည် တစပဉ္စကကမ္မဋ္ဌာန်းကို ဆင်ခြင်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပဋိသံ၊ဋ္ဌ၊၂၊၂၈၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သံကိစ္စသာမဏေရဝတ္ထု

ဤဝတ္ထု၌ (၇)နှစ်သားအရွယ်၌ အရှင်သာရိပုတ္တရာအထံတော်၌ ရှင်သာမဏေ ဝတ်၍ ရဟန္တာဖြစ်ခဲ့သော သံကိစ္စသာမဏေသည် ရဟန်းတော် (၃၀)ကိုယ်စား သူခိုးများထံ သွားရောက်ခဲ့ပုံ၊ မိမိအား ခုတ်သော ဓားများ ခွေလိပ်အောင် တန်းခိုးဖြင့် မေတ္တာပွားနိုင်ခဲ့ပုံ၊ သူခိုးအားလုံး ရဟန်းဝတ်ကာ ဘုရားရှင်၏ တရားတော်ကို နာရ၍ ရဟန္တာ ဖြစ်သွားခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၂၅)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သံခိတ္တပါတိမောက္ခုဒ္ဒေသဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် ရဟန်းတော်တို့အား အကျဉ်းနည်းဖြင့် ပါတိမောက်ပြနိုင်ကြောင်း ခွင့်ပြုတော်မူသဖြင့် ရဟန်းတို့သည် အမြဲတမ်းပင် အကျဉ်းနည်းဖြင့်သာ ပါတိမောက်ပြကြသောကြောင့် ‘‘အန္တရာယ်ဆယ်ပါးတို့တွင် တစ်ပါးပါးမရှိလျှင် အကျဉ်းနည်းဖြင့် ပါတိမောက် မပြရ’’ဟု ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သံဃဘတ္တာဒိအနုဇာနနဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရာဇဂြိုဟ်မြို့သည် အစာရေစာရှားပါးသဖြင့် ရဟန်းတို့သည် သံဃာ့ဘတ်တစ်ခုတည်းကိုသာ အားကိုးသမှု မပြုနိုင်ကြသောကြောင့် ဘုရားရှင်က သံဃာ့ဘတ် သလာကဘတ် ပက္ခိကဘတ် ဥဒ္ဒေသဘတ် နိမန္တဘတ်စသည်ကို ရဟန်းတို့အတွက် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၂၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သံဃဘေဒ ပရိသက္ကနဝတ္ထု

ဤဝတ္ထု၌ ဒေဝဒတ်နှင့် ဒေဝဒတ်၏ အပေါင်းအသင်းများသည် ဘုရားရှင်အား အမြဲတမ်း မကောင်းကြံလျက် သံဃာသင်းခွဲခြင်းစသော သာသနာတော်၏ အစီးအပွားမဲ့ ဖြစ်သည့် မကောင်းသော အလုပ်မျိုးကိုသာ ကြံစည်ပြုလုပ်အားထုတ်ကြပုံ၊ သူယုတ်မာသည် သူယုတ်မာအချင်းချင်းသာ ပေါင်းသင်း၍ သူတော်ကောင်းသည် သူတော်ကောင်းအချင်းချင်းသာ ပေါင်းသင်းဆက်ဆံလေ့ရှိကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သံဃမိတ္တာထေရီဝတ္ထု

ဤဝတ္ထုသည် အသောကရာဇဝတ္ထု၌ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၃၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သံဃရက္ခိတတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပစ္စေကဗုဒ္ဓါ(၇)ပါးတို့အား ကြည်ညိုသော စိတ်ဖြင့် မအူပန်း (ထိန်ပန်း)တို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိပြည် ကုန်သည်မျိုး၌ ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၇၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သံဃရက္ခိတဘာဂိနေယျဝတ္ထု

ဤဝတ္ထု၌ သံဃရက္ခိတမထေရ်၏တူ ရဟန်းတစ်ပါးသည် ဝါဆိုသင်္ကန်းနှစ်ထည်ရသဖြင့် ဦးလေးတော် မထေရ်ကြီးအား တစ်ထည် ကပ်လှူပုံ၊ မထေရ်ကြီးက လက်မခံသဖြင့် ထိုသင်္ကန်းကို ရောင်းပြီး လူထွက် အိမ်ထောင်ပြု၊ ကလေးရ၊ မထေရ်ကြီးထံ လာကန်တော့စသည်ဖြင့် စိတ်ကူးယဉ်ခဲ့ပုံ၊ စိတ်ကူးယဉ်လျက် မိမိမယားအား စိတ်ဆိုးပြီး ရိုက်ရာ လက်တွေ့တွင်မူ မိမိဦးရီးတော် မထေရ်၏ ဦးထိပ်ကို ယပ်တောင်ဖြင့် ရိုက်မိပုံ၊ အရှက်ရ၍ ထွက်ပြေးရန် ကြံစည်ပုံ၊ အခြားရဟန်းသာမဏေများက မြတ်စွာဘုရားအထံတော်သို့ခေါ်လာရာ မြတ်စွာဘုရား၏တရားကို နာရ၍ သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၉၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သံဃရက္ခိတသာမဏေရဝတ္ထု

ဤဝတ္ထု၌ သံဃရက္ခိတသာမဏေငယ်လေးသည် ရှင်သာမဏေဝတ်သော နေ့၌ ဆံချသောခဏ၌ပင် ရဟန္တာအဖြစ်သို့ ရောက်သဖြင့် ‘‘ရှင်ရဟန်းပြုသောနေ့၌ပင် ရဟန္တာအဖြစ်သို့ရောက်ပြီး ဝေဇယန္တာပြာသာဒ်ကြီးကို လှုပ်ဖူးသော ပုဂ္ဂိုလ်ရှိ မရှိ’’ ကြံစည်ပုံ၊ ထိုကဲ့သို့ လှုပ်ဖူးသောပုဂ္ဂိုလ် မရှိသေးကြောင်း သိပြီးနောက် ဝေဇယန္တာပြာသာဒ်ကြီးကို ခြေမဖြင့်ညှပ်၍ လှုပ်သောအခါ ပြာသာဒ်ကြီး မလှုပ်သဖြင့် နတ်သမီးများက သံဃရက္ခိတသာမဏေကို ပြောင်လှောင်ပြက်ရယ်ပြုကြပုံ၊ သာမဏေငယ်က မိမိဆရာဖြစ်သော မဟာသမုဒ္ဒရာ၌ သီတင်းသုံးသည့် သာမုဒ္ဒိကမဟာနာဂထေရ်ထံ နည်းသွားခံကာ ပြာသာဒ်ကြီးကို နောက်တစ်ကြိမ်လှုပ်သည့်အခါ ပြာသာဒ်ကြီး သွက်သွက်ခါအောင် လှုပ်သဖြင့် နတ်သမီးများက တောင်းပန်ခဲ့ကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၁၄၈) (အံ၊ဋီ၊၃၊၂၅၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သံဃဝန္ဒနာဝတ္ထု

ဤဝတ္ထု၌ သိကြားမင်းသည် မာတလိနတ်သားအား ဥယျာဉ်တော်ကြည့်ရှုသွားရန်် အာဇာနည် သိန္ဓောမြင်းရထားကို ပြင်ဆင်စေပုံ၊ သိကြားမင်းသည် ဝေဇယန္တာပြာသာဒ်မှ ဆင်းသက်လာပြီး သံဃာတော်အပေါင်းအား ရှိခိုးပုံ၊ မာတလိနတ်သားက လူသားဖြစ်သော ရဟန်းများအား ရှိမခိုးသင့်ကြောင်းပြောသောအခါ သိကြားမင်းက ရဟန်းသံဃာတော်များသည် ဓုတင်စသော အကျင့်ကောင်းများကို ကျင့်ကြံနေသူများဖြစ်သဖြင့် ၎င်းတို့ကို ရှိခိုးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၃၇) (သံ၊ဋ္ဌ၊၁၊၃၂၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သံဃုပဋ္ဌာကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အရံစောင့်ဖြစ်ခဲ့စဉ် ဝေဿဘူဘုရားရှင်၏ သာသနာတော်၌ ရဟန်းသံဃာတော်တို့အား ဆည်းကပ် လုပ်ကျွေးခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ၊ လွန်ခဲ့သော ခုနစ်ကမ္ဘာအထက်၌ သမောဒကမည်သော စကြဝတေးမင်း ခုနစ်ကြိမ် ဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သံဝရဇာတက

ဤဇာတ်တော်၌ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးအား သားတော်တစ်ရာရှိရာ သံဝရ မင်းသားသည် အငယ်ဆုံးသား ဖြစ်ပုံ၊ ဘုရားအလောင်းသည် သံဝရမင်းသား၏ ပညာရှိ အမတ်ဖြစ်၍ သံဝရမင်းသားအား မြို့စား ရွာစားရာထူးကို မယူစေဘဲ ခမည်းတော်အပါး၌သာ ခစားစေပုံ၊ မြို့သူမြို့သားများ၊ နန်းတွင်းအမှုလုပ်များ၊ စစ်သည်တော်များနှင့် အဆင်ပြေအောင် ဆက်ဆံရန် သင်ကြားပေးသဖြင့် သံဝရမင်းသား မင်းဖြစ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

သံသာရမောစကပေတိဝတ္ထု

ဤဝတ္ထု၌ မဂဓတိုင်း ဣဋ္ဌကဝတီ အမည်ရှိသော ရွာကြီး၌ ဣဋ္ဌကဝတီနှင့် ဒီဃရာဇိမည်သော ရွာငယ်နှစ်ရွာရှိပုံ၊ ထိုရွာသားတို့သည် သတ္တဝါ လူချွတ်မှ ကျွတ်သည်ဟူသော သံသာရ မောစကမိစ္ဆာ အယူရှိကြပုံ၊ ခြ, ပရွက်စသော များစွာသော သတ္တဝါငယ်တို့ကို သတ်ဖြတ်ကြသဖြင့် ပြိတ္တာဘုံ၌ ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၃၈) (ပေတ၊ဋ္ဌ၊၆၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟတ္ထိသာရိပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ ကဿပဘုရားရှင့်သာသနာတော်၌ သူငယ်ချင်းရဟန်းနှစ်ပါးသည် အတူတကွ စာပေကျမ်းဂန်များ ရွတ်အံသရဇ္ဈာယ်ခဲ့ကြပုံ၊ ရဟန်းတစ်ပါးက လူထွက်လိုစိတ်ဖြစ်ပေါ်သဖြင့် အခြားရဟန်းအား ပြောကြားသောအခါ သူငယ်ချင်းဖြစ်သော ရဟန်းက လူ့ဘဝ၏အပြစ်၊ ရဟန်းအဖြစ်၏ အကျိုးအာနိသင်များကို ပြောပြ၍ ဆုံးမခဲ့ပုံ၊ တစ်နေ့သောအခါ လူထွက်လိုသော ရဟန်းသည် မိမိ၏သပိတ်သင်္ကန်းကို သူငယ်ချင်းဖြစ်သော ရဟန်းအား ပေးပြီး လူထွက်လိုကြောင်း နောက်တစ်ကြိမ်ထပ်မံ ပြောကြားပြန်သောအခါ သပိတ်သင်္ကန်များကို ရသဖြင့် ဆုံးမဩဝါဒပေးသော ရဟန်က လူ့ဘဝ၌ အကျိုး၊ ရဟန်းဘဝ၏ အပြစ်များကို ပြောင်းလဲပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋီ၊၃၊၁၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟတ္ထကအာဠဝကဥပါသကဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတော်တို့အား ‘‘ဟတ္ထကအာဠဝကဥပါသကာသည် အံ့ဖွယ်တရား ခုနစ်ပါးနှင့် ပြည့်စုံကြောင်း မိန့်တော်မူပုံ၊ ထို့နောက် ရဟန်းတစ်ပါးသည် ဟတ္ထကအာဠဝက၏ အိမ်သို့ ဆွမ်းခံကြွပြီး ဟတ္ထကအာဠဝကဥပါသကာကို ဘုရားရှင်က အံ့ဖွယ်တရား ခုနစ်ပါးနှင့် ပြည့်စုံသည်ဟု မိန့်တော်မူကြောင်း တစ်ဆင့်ဟောကြားပုံ၊ ဟတ္ထကအာဠဝကဥပါသကာက လူဝတ်ကြောင်ပုဂ္ဂိုလ်တို့တွင် မိမိကဲ့သို့သော ပုဂ္ဂိုလ် တစ်စုံတစ်ယောက်ရှိပါသလောဟု ရဟန်းတော်အား မေးလျှောက်သည့်အခါ ရဟန်းတော်က မရှိကြောင်း ဖြေကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၅၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟတ္ထကအာဠဝကဝတ္ထု

ဤဝတ္ထု၌ ဟတ္ထကအာဠာဝက အလောင်းအလျာသည် ပဒုမုတ္တရ ဘုရားရှင်က သင်္ဂဟဝတ္ထု လေးပါးဖြင့် ပရိသတ်အား ချီးမြှောက်နိုင်သောအရာတွင် ဧတဒဂ်ထားသူ တစ်ဦးအား အားကျပြီး ကုသိုလ်ပြုကာ ထိုဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင့်လက်ထက်တော်၌ အာဠဝီတိုင်း၊ အာဠဝီမြို့ အာဠာဝကမင်းကြီး၏ သားဖြစ်၍ အာဠာဝကဘီလူး စားသောက်ရန် ဆက်ရာမှ အသက်ချမ်းသာရခဲ့ပြီး သာသနာတော်ကို ကြည်ညိုကာ အနာဂါမ် အရိယာဖြစ်၍ သင်္ဂဟဝတ္ထုလေးပါးဖြင့် ပရိသတ်အား ချီးမြှောက်နိုင်သော အရာတွင် ဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၉၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟတ္ထကအာဠဝကဝတ္ထု

ဤဝတ္ထု၌ အာဠဝီမင်းကြီးသည် တောကစားထွက်ရင်း အာဠာဝကဘီလူး၏ ဖမ်းဆီးခံရပုံ၊ မိမိအသက် ချမ်းသာရေးအတွက် ဘီလူးထံသို့ နေ့စဉ် လူတစ်ယောက် ဘီလူးစာပို့ပေးပါမည်ဟု ဝန်ခံကာ ဘီလူးထံ နေ့စဉ် မိမိတိုင်းပြည်မှ လူတစ်ယောက်ကျ ပို့ခဲ့ရပုံ၊ လူရှာမရတော့သည့် နောက်ဆုံး မိမိသားတော်ကလေးကို ပို့စေခဲ့ရပုံ၊ ထိုနေ့မှာပင် မြတ်စွာဘုရားရှင်က အာဠာဝကဘီလူးထံ ကြွရောက်တော်မူရာ ဘီလူးက တန်ခိုးအမျိုးမျိုးဖြင့် အနှောင့်အယှက်ပြုခဲ့ပုံ၊ မြတ်စွာဘုရားက မေတ္တာဖြင့် အောင်တော်မူပုံ၊ မြတ်စွာဘုရား၏ တရားကို နာကြားရသဖြင့် အာဠာဝကဘီလူး အကျွတ်တရားရ၍ သောတာပန်တည်ခဲ့ပုံ၊ အာဠဝီမင်းသားလေးသည် အနာဂါမ်တည်၍ ဟတ္ထကအာဠာဝကအမည်ဖြင့် ဧတဒဂ်ရဥပါသကာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၂၈၉)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟတ္ထကအာဠဝကဝတ္ထု

ဤဝတ္ထု၌ ဘုရားရှင်သည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော်မူစဉ် ဟတ္ထကအာဠဝကသည် ဥပါသကာငါးရာ ခြံရံလျက် ဘုရားရှင့်အထံတော်သို့ အဖူးမြော်ရောက်လာပုံ၊ ဘုရားရှင်က ဟတ္ထကအာဠဝကအား ‘‘သင့်ပရိသတ်သည် များပြားလှ၏၊ ပရိသတ်များကို မည်ကဲ့သို့ ချီးမြှောက်ထောက်ပံ့သနည်း’’ ဟု မေးတော်မူပုံ၊ ဟတ္ထကအာဠဝက-က သင်္ဂဟဝတ္ထုလေးပါးတို့ဖြင့် ချီးမြှောက်ထောက်ပံ့ကြောင်း ဘုရားရှင်အား လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၅၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟတ္ထကဝတ္ထု

ဤဝတ္ထု၌ သာကီဝင်မင်းသား အရှင်ဟတ္ထကသည် အယူဝါဒ ပြိုင်ဆိုင်ပြောဆိုလေ့ရှိသူ ဖြစ်ပုံ၊ တစ်နေ့တွင် တိတ္ထိတို့နှင့် စကားပြောဆိုသောအခါ ‘‘မသိဘဲ သိ၏၊ သိလျက် မသိ’’ဟု မဟုတ်မမှန် လိမ်ညာပြောဆိုသည်ကို တိတ္ထိတို့က ကဲ့ရဲ့ကြပုံ၊ ‘‘လိမ်ညာ ပြောသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သမ္ပဇာန မုသာဝါဒ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟတ္ထကဝတ္ထု

ဤဝတ္ထု၌ ဟတ္ထကရဟန်းသည် တိတ္ထိများနှင့် ဝါဒခြင်းပြိုင်မည်ဟုပြောကာ ချိန်းဆိုရာနေရာသို့ စောစော သွားပြီး တိတ္ထိများ မိမိကို ကြောက်သဖြင့် မလာကြောင်း လှည့်လည်ပြောဆိုလေ့ရှိပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်ကြား သိတော်မူပြီး ဟတ္ထကရဟန်းအား ‘‘ဦးခေါင်း တုံးထားရုံမျှဖြင့် ရဟန်းမမည်ကြောင်း၊ အကြမ်း အနု အစုစုသော အကုသိုလ်များကို ငြိမ်းအေးစေမှသာ ရဟန်းမည်ကြောင်း’’ ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟတ္ထာစရိယဘိက္ခုဝတ္ထု

ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ရှေးအခါက ဆင်ဆရာဖြစ်ခဲ့ဖူး၍ ဆင်ထိန်းတစ်ဦးအား ဆင်ဆုံးမနည်း သင်ကြားပေးပုံ၊ ဘုရားရှင်သိတော်မူသောအခါ ကဲ့ရဲ့ရှုတ်ချ၍ ဆင်ကို ဆုံးမခြင်းထက် မိမိကိုယ်ကို လိမ္မာယဉ်ကျေးအောင် ဆုံးမသင့်ကြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၁၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟတ္ထာရောဟပုတ္တတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အမျိုးကောင်းသားတစ်ယောက်ဖြစ်၍ သံဃာတော်များ ခြံရံလျက် ကြွလာတော်မူသော ဝိပဿီမြတ်စွာဘုရားအား ပန်းတို့ဖြင့် ပူဇော်ကာ တည်ခြင်းငါးပါးဖြင့် ရှိခိုး၍ အရိုအသေပြုခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝ၌ သာဝတ္ထိမြို့ ဆင်ဆရာမျိုး၌ ဖြစ်ပြီး မြတ်စွာဘုရားထံ ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၁၄)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟတ္ထိဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား ထွန်သန်သဖွယ်အစွယ်ရှိသော အလုံးရင်းနှင့့်ပြည့်စုံသည့် စီးတော်ဆင်ကို ပေးလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး ကျရောက်ခြင်းမရှိခဲ့ဘဲ လွန်ခဲ့သော ခုနစ်ဆယ်ရှစ်ကမ္ဘာအထက်၌ သမန္တပါသာဒိကမည်သော စကြာဝတေးမင်းဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟတ္ထိပါလဇာတက

ဤဇာတ်တော်၌ ဧသုကာရီမင်းနှင့် ပုရောဟိတ်ပုဏ္ဏားတို့၌ သားသမီးတစ်ယောက်မျှ မထွန်းကားကြပုံ၊ ပုရောဟိတ်သည် သားဆုပေးသော ပညောင်ပင်အား ခုနစ်ရက်အတွင်း ဧသုကာရီ မင်းကြီးအား သားဆုမပေးလျှင် အမြစ်ရင်းမှ တူးဖြိုဖျက်ဆီးပစ်မည်ဟု ကြုံးဝါးပုံ၊ ပညောင်ပင်စောင့်နတ်သည် သိကြားမင်းထံ သွား၍ အကူအညီတောင်းပုံ၊ နတ်သားလေး ယောက် နတ်ပြည်မှ စုတေ၍ ပုဏ္ဏေးမ၏ ဝမ်း၌ ပဋိသန္ဓေနေပြီး ဟတ္ထိပါလ, အဿပါလ, ဂေါပါလ, အဇပါလ အမည်အားဖြင့် အစဉ်အတိုင်း ဖွားမြင်ပြီး အရွယ်ရောက်သောအခါ တိုင်းပြည်စွန့်၍ ရဟန်းပြုခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၇၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟတ္ထိသာရိပုတ္တစိတ္တဘိက္ခုဝတ္ထု

ဤဝတ္ထု၌ စိတ္တရဟန်းသည် မထေရ်ကြီးများ စကားကို ကြားဖြတ် စွက်ဖက်ပြောဆိုလေ့ရှိပုံ၊ အရှင်မဟာကောဋ္ဌိက-က မာန်မဲသဖြင့် စိတ္တ၏ တပည့်များက ဆရာဘက်မှ ကာကွယ်ပြောဆိုကြပုံ၊ အရှင်မဟာကောဋ္ဌိကက စိတ္တသည် အကြောင်းမသင့်လျှင် လူ့လောကသို့ ပြန်လည်လျှောကျနိုင်ကြောင်း မိန့်ကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၃၄၄) (အံ၊ဋ္ဌ၊၃၊၁၃၁) (အံ၊ဋီ၊၃၊၁၃၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟရိတစဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဟရိတစမည်သော ရှင်ရသေ့ဖြစ်ပုံစဉ် တစ်နေ့တွင် ကောင်းကင်မှ ပျံကြွစဉ် ဗာရာဏသီမင်းက ကြည်ညိုသဖြင့် ဥယျာဉ်၌ နေစေ၍ ပြုစုလုပ်ကျွေးခဲ့ပုံ၊ ပစ္စန္တရာဇ်ပုန်ကန်သဖြင့် ဘုရင်ကြီး စစ်တိုက်ထွက်စဉ် မိဖုရားကြီးအား ပြုစုလုပ်ကျွေးစေခဲ့ပုံ၊ တစ်နေ့ ကောင်းကင်ခရီးဖြင့်လာစဉ် နန်းတော်ပြူတင်းပေါက် အရောက်တွင် မိဖုရားကြီး၏ မမြင်အပ်သော ဝိသဘာဂအာရုံတို့ကို မြင်တွေ့ရသဖြင့် ဈာန်လျောခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၇၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟရိတမဏ္ဍူကဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဖားမျိုး၌ဖြစ်စဉ် လူတို့ထောင်ထားသော မြံှုးထဲ၌ ငါးအများ မိနေပုံ၊ ထိုအချိန်၌ မြွေတစ်ကောင် ဝင်လာပုံ၊ ထိုမြွေကို ငါးတို့က ဝိုင်းဝန်းတိုက်ခိုက်ကြသဖြင့် မြွေသည်သွေးအလူးလူးဖြင့် ထွက်ပြေးရပုံ၊ ငါးတို့၏ အပြုအမူကို မတရားကြောင်း မြွေကဘုရားအလောင်းအား ပြောဆိုရာ ဘုရားအလောင်းက ‘‘သတ္တဝါဟူသမျှ မိမိတို့နေရာဌာန၌ အားရှိကြမြဲ ဖြစ်သဖြင့် ရန်သူကို စုပေါင်းအနိုင်ယူခြင်းသည် တရားပါ သည်‘’ဟု ပြောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၁၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟရီတကဒါယကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်အလောင်းသည် သိဒ္ဓတ္ထဘုရားရှင် ဝေဒနာခံစားနေရသည်ကို တွေ့မြင်ရသဖြင့် ဆေးအဖြစ် သျှစ်သျှားသီးကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဒုဂ္ဂတိဘဝတို့၌ မဖြစ်ရဘဲ ဖြစ်လေရာ ဘဝတိုင်း၌ အနာရောဂါကင်း၍ ဗျာဓိဒုက္ခမခံစားခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၁)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟလိဒ္ဒိရာဂဇာတက

ဤဇာတ်တော်၌ ဘုရားအလောင်းသည် သားငယ်ကို ခေါ်သွား၍ ဟိမဝန္တာတောင်၌ ရသေ့ဝတ်ခဲ့ပုံ၊ တစ်နေ့သောအခါ အမျိုးသမီးတစ်ယောက် ရောက်ရှိလာပြီး ဖခင်ရသေ့ကြီးမရှိခိုက် ရသေ့ငယ်လေးနှင့် ပျော်မြူးကာ သီလပျက်စေခဲ့ပုံ၊ ထိုမိန်းမသည် ရသေ့ငယ်ကို လူထွက်ရန် ဖြားယောင်းခဲ့ပုံ၊ ဘုရားအလောင်းက ကာမဂုဏ်တို့၏ အပြစ်ကို ပြ၍ ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၉၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟာရိတတ္ထေရဝတ္ထု

ဤဝတ္ထု၌ အရှင်ဟာရိတမထေရ်လောင်း အမျိုးကောင်းသားသည် သုဒဿနပစ္စေကဗုဒ္ဓါအား လက်ထုပ်ပန်းများဖြင့် ပူဇော်ခဲ့ပုံ၊ ဤကောင်းမှုကုသိုလ်ကံကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ကျက်စားခဲ့ရပုံ၊ နောက်ဆုံးဘဝ ဂေါတမဘုရားရှင် လက်ထက်တွင် ပုဏ္ဏားသူကြွယ်မျိုး၌ ဖြစ်ပြီး ရုပ်ရည်ရူပကာယ ချောမောလှပသည့် ပုဏ္ဏားမလေးတစ်ယောက်နှင့် အိမ်ထောင်ကျခဲ့ပုံ၊ ပုဏ္ဏားမလေး မြွေအကိုက်ခံရ၍ ကွယ်လွန်သွား သောအခါ သံဝေဂရကာ ရဟန်းပြု၍ နောင်တွင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၀၈)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟာရိတတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဟာရိတမထေရ်လောင်းလျာသည် ပရိနိဗ္ဗာန်စံဝင်တော်မူသော ပဒုမုတ္တရ ဘုရားရှင်၏ အန္တိမဈာပနတွင် နံ့သာရေများဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရ၍ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ဟာရိတပုဏ္ဏား ဖြစ်လာပုံ၊ မြတ်စွာဘုရားရှင်၏ တရားတော်ကို ကြားနာရ၍ ရဟန်းဝတ်ကာ ထောင်လွှားခြင်းနှင့် စိတ်ပျံ့မှုကို ပယ်လျက် ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၈၃)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟာသဇနကတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကသစ်ပင်ဖျား၌ ချိတ်ဆွဲထားသော ဘုရားရှင်၏ ပံသုကူသင်္ကန်းတော်ကို အဝေးမှ ဖူးမြင်ရ၍ ရွှင်လန်းဝမ်းမြောက်ခဲ့ပုံ၊ လက်အုပ်ချီမိုး ရှိခိုးကာ ဘုရားရှင်၏ ဂုဏ်တော်တို့ကို ရွတ်ဆိုပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားရောက်ရတော့ဘဲ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၉၆)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟိရိဇာတက

ဤဇာတ်သည် အဏတညုဇာတ်နှင့် တူ၏။ (ဇာ၊ဋ္ဌ၊၃၊၁၈၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟေမကတ္ထေရဝတ္ထု

ဤဝတ္ထု၌ ဟေမကမထေရ်လောင်း အမျိုးကောင်းသားသည် ပိယဒဿီဘုရားရှင်လက်ထက်တော်၌ အနောမမည်သော ဈာန်ရ ရသေ့တစ်ပါး ဖြစ်ခဲ့ပုံ၊ ပိယဒဿီဘုရားရှင်အား ရတနာခုနစ်ပါးဖြင့် ပြီးသော အင်းပျဉ်နှင့် အိုစရည်းခန့်ရှိသော ဇမ္ဗုသပြေသီးကို ပေးလှူခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် လူမင်းနတ်မင်းအဖြစ်ကို အကြိမ်များစွာ ရရှိခဲ့ပြီး အမြဲတမ်း ရတနာမျိုးစုံတို့ဖြင့်သာ ဝန်းရံ၍ နေခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၁၂)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟေရညကာနိတ္ထေရဝတ္ထု

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရ ဘုရားရှင်၏ လက်ထက်တော်၌ သူတစ်ပါးအခစား ဖြစ်ခဲ့ပုံ၊ သုဇာတာအမည်ရှိသော မထေရ်အတွက် ပံ့သကူသင်္ကန်း ထက်ဝက်စာမျှ လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ကောသလမင်းကြီး၏ ရွာစားတစ်ဦးဖြစ်ပြီး သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၃၇)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

ဟံသဃာတကဘိက္ခုဝတ္ထု

ဤဝတ္ထုသည် ကုရုဓမ္မဇာတက၌ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၆၀)♦ပိဋကတ်ဝတ္ထုလမ်းညွှန်

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ