Skip to main content

သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း

ရှိခိုးခြင်း ပဏာမ

၁။ သုံးပါးရတနာ၊ မြတ်ဆရာကို သဒ္ဓါစုံမက်၊ နှစ်သက်ဝမ်းသာ၊ ရှိခိုးပါ၏၊ များစွာကျမ်းထွက်၊ စကားနက်ကို၊ ဆောင်ရွက်ဖွယ်ရာ၊ ညွန်းလိုက်မှာသည်၊ မကွာနှုတ်ထဲ၊ ဆောင်အမြဲ။♦သုံးပုံလှေခါးကျမ်း

မြေလှုပ်ကြောင်း ၈-ပါး

၂။ ပဋိသန္ဓေ၊ နေသည်ကာလ၊ ဖွားထတဖန်၊ ရွှေဉာဏ်တော်ရ၊ ဓမ္မစကြာ၊ ဟောခါကာလ၊ လွှတ်ထအာယု၊ ပြုသည်နိဗ္ဗာန်၊ စျာန်ဂုဏ်တန်းခိုး၊ တစ်မျိုးချောက်ချား၊ ဤရှစ်ပါးကြောင့်၊ ကြီးမားသုန္ဓရေ၊ တုန်လှုပ်လေသည်၊ ပုံသွေမယွင်း နှလုံးသွင်း။
[ဤကား မြေလှုပ်ကြောင်း ရှစ်ပါးစကားရပ် မှတ်ဖွယ်တည်း] တနည်း-မြေလှုပ်ကြောင်း ၈-ပါး။ ၃။ တောထွက်ကာလ၊ ကပ်ထဗောဓိ၊ ခံဘိပံ့သကူ၊ ဖွပ်ယူတဖြာ၊ ကာ, ဂေါ, ဝေ, ဗြ၊ ဤရှစ်ဝကြောင့်၊ ဌာနအောက်မြေ၊ တုန်လှုပ်လေသည်။ လေးထွေကြောင်းရင်း တုန်လှုပ်ခြင်း။
[ဤကား တနည်း-မြေလှုပ်ကြောင်း ရှစ်ပါးစကားရပ် မှတ်ဖွယ်တည်း]♦သုံးပုံလှေခါးကျမ်း

မြေလှုပ်ကြောင်း ၄-ပါး

၄။ ကောင်းခြီး, သက်သေ၊ တထွေဝီရိယ၊ အံ့ထတဖြာ၊ အခါမဲ့ငြား၊ ဤလေးပါးကြောင့်၊ ရှစ်ပါးဌာန၊ တုန်လှုပ်လေသည်၊ မှတ်လေတမျိုး မြေလှုပ်ရိုး။
[ဤကား မြေလှုပ်ကြောင်း လေးပါးစကားရပ် မှတ်ဖွယ်တည်း။ ကာ-မှာ ကာလကာရာမသုတ်၊ ဂေါ-မှာ ဂေါတမကသုတ်၊ ဝေ-မှာ ဝေဿန္တရာဇာတ်၊ ဗြ-မှာ ဗြဟ္မဇာလသုတ်ကို ယူလေ။ တောထွက်ရာ ဗောဓိမဏ္ဍိုင်သို့ ကပ်ရာ၌ ဝီရိယကြောင့်လှုပ်သည် ယူလေ။ ပံ့သကူခံယူရာ၌ အံ့ဖွယ်သရဲ အဟုန်ကြောင့်လှုပ်သည်။ ပံ့သကူဖွပ်ရာ, ဝေဿန္တရာဇာတ်ဟောရာ၌ အခါမဲ့လှုပ်သည်၊ ကာလကာရာမသုတ်, ဂေါတမကသုတ်ကို ဟောရာ၌ သက်သေခံသဖြင့် လှုပ်သည်။ ဗြဟ္မဇာလသုတ်ကို ဟောရာ၌ ကောင်းခြီးပေးလို၍ လှုပ်သည် မှတ်လေ။]♦သုံးပုံလှေခါးကျမ်း

မြေလှုပ်ကြောင်း ၆-ပါး

၅။ သုံးတန်သင်္ဂါယနာ၊ တင်သည်ကာလ၊ နာမခေါ်ဆို၊ သီဟိုဠ်သာမော၊ စပယ်တော၌၊ ထေရောမဟိန္ဒ၊ မြတ်ဓမ္မကို၊ ဟောထသောခါ၊ ကလျာဏိက၊ ကျောင်းဒေသ၌၊ ပိဏ္ဍပါတိယထေရ်၊ ဟောသည်ကာလ၊ နာမပညတ်၊ ကြေးပြသာဒ်၏၊ တညလတ်ရှေ့သုန်း၊ သရက်ကုန်း၌၊ ရွှင်ပြုံးဝမ်းသာ၊ ဘာဏကထေရ်၊ ရွတ်သည်အားလုံး၊ သုတ်အဆုံး၌၊ ရေဆုံးတိုင်ထိ၊ လှုပ်လေဘိသည်၊ ဘူမိစာလ ခြောက်ဌာန။
[ဤကား ဘုရားမရှိသည့်နောက် တရားအာနုဘော်ကြောင့် လှုပ်ကြောင်းခြောက်ပါး စကားရပ် မှတ်ဖွယ်တည်း။ ဗြဟ္မဇာလသုတ်ကို ဘုရားဟောတော်မူသောသုတ် အဆုံးမှသာ လှုပ်သည်မဟုတ၊ ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့တွင် တစ်ပါးပါးအဆုံး၌ တစ်ကြိမ်စီ ခြောက်ဆယ့်နှစ်ကြိမ်တိုင်အောင် လှုပ်သည် ယူလေ၊ ၊ ဘာဏကထေရ်ဟူရာ၌ ဒီဃဘာဏကထေရ် ယူလေ။ ဓာတ်ချောက်ချားခြင်းကြောင့် လှုပ်ခြင်း, တန်းခိုးတေဇော် အာနုဘော်တော်ကြောင့် လှုပ်ခြင်း, ဘုရားလောင်း ပဋိသန္ဓေနေခြင်း, ဖွားခြင်း, သဗ္ဗညုတဉာဏ်ကိုရခြင်း, ဓမ္မစကြာတရား ဟောတော်မူခြင်း, အာယုသင်္ခါရလွှတ်ခြင်း, ပရိနိဗ္ဗာန်ပြုခြင်း ရှစ်ပါး။ တောထွက်ခြင်း, ဗောဓိမဏ္ဍိုင်သို့ ကပ်ခြင်း, ပံ့သကူကို ခံခြင်း, ဖွပ်ခြင်း, ကာလကာရာမသုတ်, ဂေါတမကသုတ်, ဝေဿန္တရာဇာတ်, ဗြဟ္မဇာလသုတ် ရှစ်ပါးတည်း။ တောထွက်ရာ, ဗောဓိမဏ္ဍိုင်သို့ ကပ်ရာ၌ဝီရိယကြောင့်, ပံ့သကူခံရာ၌ အံ့ဖွယ်သရဲအဟုန်ကြောင့်, ပံ့သကူဖွပ်ရာ, ဝေဿန္တရာဇာတ် ဟောရာ၌ အခါမဲ့လှုပ်၏၊ ကာလကာရာမသုတ်, ဂေါတမကသုတ် ဟောရာ၌ သက်သေခံအဖြစ်ဖြင့် လှုပ်၏၊ ဗြဟ္မဇာလသုတ်ကို ဟောရာ၌ ကောင်းခြီးပေးသော အားဖြင့် လှုပ်၏၊ သုတ်သီလက္ခန် အဋ္ဌကထာလာ။]♦သုံးပုံလှေခါးကျမ်း

ကပ်လှာတတ်သော ရောဂါ ၁၁-ပါး

၆။ စက္ခု, သောတ၊ ဃာန, ဇိဝှါ၊ တဖြာကာယ၊ သီသ, ကဏ္ဏာ၊ ဒန္တာ, မုခ၊ ကာသ, သောသော၊ ရောဂါဆယ့်တစ်ရပ်၊ ကပ်လှါတတ်သည်၊ ကြပ်ကြပ်ကိုယ်တွင်း မြဲစေမင်း။
[ကာသ-မှာ ချောင်းဆိုးနာ၊ သောသော-မှာ ကုတ်ဟီးနာယူလေ]♦သုံးပုံလှေခါးကျမ်း

နှိပ်စက်တတ်သောရောဂါ ၁၁-ပါး

၇။ ဆောင်းပေးခါးနား၊ ကိုယ်ပူနာနှင့်၊ ဝမ်းနာတခြား၊ အဖျားတထွေ၊ မူးဝေတချက်၊ ဝမ်းသွေးထွက်, ဝမ်းသွန်နာ၊ နူနာ, ထွတ်မြင်း၊ ဆင်းညှင်းကြီးနာ၊ ထိုးကျင်နာဟု၊ ရောဂါဆယ့်တစ်ရပ်၊ နှိပ်စက်တတ်သည်၊ မပြတ်ဝမ်းတွင်း နှလုံးသွင်း။
[ထိုးကျင်နာဟူသည်-တံကျင်ကဲ့သို့ ကိုက်ခဲသည် ဆိုလိုသည်။]♦သုံးပုံလှေခါးကျမ်း

ခန္ဓာငါးရပ် စွဲလှာတတ်သောရောဂါများ

၈။ ခယရုဂ်နာ၊ ပိတ်ခဲနာနှင့် တူလာသရော၊ ဖောသောအနာ၊ ယားနာ ဝဲ, ပွေး၊ ဆင်ပွေးကြီးနာ၊ ယင်နာ, မြင်းသရိုက်၊ တလိုက်ရူးနာ၊ ဤရောဂါလည်း၊ ခန္ဓာငါးရပ်၊ စွဲလှာတတ်သည်၊ မလတ်မကင်း သတိသွင်း။
[ ပိတ်ခဲနာ-ဟူသည် အနီ, အရွှေကျသောအနာကို ယူလေ၊ ဖောသော အနာမှာ- ထွတ်အိုင်းနာ ဆိုလိုသည်။]♦သုံးပုံလှေခါးကျမ်း

၉၆-ပါး ရောဂါ

၉။ (က) ပိတ္တ, သေမှ၊ ဝါတတသွယ်၊ မြှောက်ခါဝယ်၌၊ သုံးဆယ့်နှစ်ပါး၊ သုံးလီပြား၍၊ ခြောက်ပါးစွန်းကယ်၊ ကိုးဆယ်ရောဂါ၊ ကိုယ်ခန္ဓာ၌၊ များစွာထွေထွေ၊ ဖြစ်တတ်ချေသည်၊ ၊ ဉာဏ်နေမကင်း သိစေမင်း။♦သုံးပုံလှေခါးကျမ်း

အနာဖြစ်ကြောင်း ၈-ပါး

၁၀။ (ခ) သလိပ်တထွေ၊ သည်းခြေတဖြာ၊ လေနာတရပ်၊ သန္နိပါတ်နှင့်၊ ဖြစ်လတ်ဥတု၊ စားမှုအစာ၊ တဖြာလုံ့လ၊ ကမ္မဝိပါက်၊ ရှစ်ချက်မူလ၊ ဖြစ်ကြောင်းပြသည်၊ သုံးဝမကင်း လေတို့လျှင်း။
[ ဤကား ကိုးဆယ့်ခြောက်ပါးသော ရောဂါအပြား စကားရပ်မှတ်ဖွယ်တည်း။ အနာဖြစ်ကြောင်း ရှစ်ပါးဟု ဟောတော်မူလျက် သုံးပါးနှင့် မြှောက်ရခြင်းသည် သုံးပါးနှင့် မကင်း ဆက်ဆံခြင်းကြောင့် မြှောက်ရလေသည် ဟူလိုသည်။ အင်္ဂုတ္တရနိကာယ် ဒသကနိပါတ် ဂီရိမာနန္ဒသုတ်၊ မဟာနိဒ္ဒေသပါဠိတော် ကာမသုတ္တနိဒ္ဒေသ စသည့်တို့၌ လာသော နည်းတည်း၊ ဆေးကျမ်းတို့၌ လောကီကျမ်း အလျောက် အစေ့အစုံဆိုသည်။]♦သုံးပုံလှေခါးကျမ်း

၃၂-ဖြာ ကံကြမ္မာ

၁၁။ (က) ကမ္မကရဏ၊ ဒွတ္တိံသ၏၊ အရသရုပ်၊ ဖော်ပြထုပ်ပိမ့်၊ ဆောပုတ်ကြိမ်လုံး၊ ဖြတ်သုံး လက်, ခြေ၊ သုံးထွေနား, နှာ၊ ဖြတ်ရာတတည်၊ ပအုံးရည်အိုး၊ ဆယ်မျိုးကမ္မ၊ ကရဏကို၊ မြင်ကမယွင်း လန့်စေမင်း။ (ခ) ရာဟုခံတွင်း၊ ခရုသင်း, လျှော်တေ၊ တိုက်လေ မီးလျှံ၊တဖန်မီးတောက်၊ ထို့နောက်တလီ၊ ဧဏီသားအလား၊ ဆားငံတချက်၊ ပိန်းရွက်အလား၊ ငါးမျှားချိတ်အသွင်၊ တံခါးကျင်သဖွယ်၊ တဆယ်ကမ္မ၊ ကရဏကို၊ မြင်ကချက်ခြင်း ကြောက်စေမင်း။ (ဂ) ဆီသွန်းတထွေ၊ ကောက်ရိုးခွေပမာ၊ တသပြာအသား၊ လှံ, ဓား, သန်လျင်၊ လျှိုနှက်တံကျင်၊ ထို့ပြင် လက်,ခြေ၊ ပေါင်းလေရင်ဝ၊ မယ်နတံသင်း၊ နှက်ခြင်း ငါထွေ၊ ခုတ်လေဓားမ၊ ရွေထပဲကွပ်၊ မလွတ်မကင်း၊ ခံရခြင်းကို၊ ဝမ်းတွင်းသံဝေ ထိတ်လန့်စေ။
[ဤကား ကြမ္မာသုံးဆယ့်နှစ်ပါး စကားရပ် မှတ်ဖွယ်တည်း၊ အင်္ဂုတ္တိုရ် ဒုကနိပါတ် ပဌမသုတ်, ဥပရိပဏ္ဏာသ မဟာနိဒ္ဒေသ, မိလိန္ဒပဥှာ-စသော ကျမ်းတို့၌ လာသည်။ ကြိမ်လုံးမှာ ဆူးရှိ, မရှိ နှစ်ခုယူ၊ ဖြတ်သုံးမှာ-လက်ဖြတ်, ခြေဖြတ်, လက်, ခြေနှစ်ပါးဖြတ်ယူ၊ နား,နှာ၌လည်း နည်းတူယူလေ၊ ပအုံးရည်အိုး၌ ဦးခေါင်းခွံကို ခွါ၍ လောလောပူသော သံတွေကို ညှပ်ဖြင့် ယူ၍ ထည့်သဖြင့် ကျက်ကျက်ဆူသော ပအုံးရည်သဖွယ်ဖြစ်လေသည်။ ရာဟုခံတွင်း၌ သံတံသင်းတို့ဖြင့် ခံတွင်းကို ဖွင့်၍ မီးညှိခြင်း, မျက်နှာကို ဆောက်ဖြင့် ရွေ၍ ခံတွင်းပြည့်အောင် သွေးဆင်းစေခြင်းတည်း၊ ခရုသင်းကဲ့သို့ ဦးခေါင်းခွံကို ကြမ်းသော ကျောက်ဖြင့် ပွတ်သည်။ ကိုယ်အလုံးကို ဆီသုတ်ပုဆိုးကြမ်းဖြင့် ရစ်၍ မီးတိုက်သည်၊ လက်၌ ဆီသုတ်ပုဆိုးကို ရစ်၍ မီးညှိသည်၊ ပိန်းမြက်ရွက်ကဲ့သို့ အရေလွှာကို ခွါသည်၊ လျှော်တေဝတ်သကဲ့သို့ လည်မှ စ၍ အရေကိုခွါ၍ ခါး၌ထားခြင်း၊ ခါးမှစ၍ အရေကို ခွါ၍ ဖမျက်၌ ထားခြင်းကို ပြုလေသည်၊ တတောင်နှစ်ဖက်, မြင်းခေါင်းနှစ်ဖက်တို့၌ သံခြေကျင်း သံကွင်းလျှို့၍ သံချောင်းနှက်၍ ထက်ဝန်းကျင်မီးထည့်၍ ဧဏီသားကဲ့သို့ လေးဘက်တွားလျက် ရှိစေသည်၊ အသွားနှစ်ဖက်ရှိသော မြှော့ချိတ်ဖြင့် အရေအကြောတို့ကို ကွာစေသဖြင့် အရိုးကျဲစဲရှိစေသည်၊ တဖက်စောင်းအိပ်စေ၍ နား၌ သံတကျင်မြေဝယ် စပ်အောင် နှက်ပြီးမှ ခြေကိုကိုင်၍ တံခါးကျည်ကို လည်သကဲ့သို့ ပြုလေသည် အရေအပေါ်သားတို့ မစုတ်စေဘဲ ကျောက်သားတို့ဖြင့် အရိုးတို့ကို ထုပြီးသော် ဆံကိုကိုင်၍ အသားစုသာ ကျန်အောင် ခွါပြီးမှ ဆံဖြင့် ရစ်၍ ကောက်ရိုးခွေကဲ့သို့ ပြုလေသည်၊ နှစ်ရက်, သုံးရက် အစာ မပေးသော ခွေးငတ်တို့ကို ကိုက်စေသည်။ အကြွင်းတို့ကို ကြံစည် ထိုးထွင်းလေ၊ ပညာရှိထံ နည်းခံလေ။]♦သုံးပုံလှေခါးကျမ်း

ဘေး ၂၅-ပါး

၁၂။ ရောဂ, ဘောဂ၊ သီလ ဒိဋ္ဌိ၊ ဉာတိ ပျက်စီး၊ မီး, ရေ, ခိုးသူ, ရန်သူနှင့်မင်း၊ ငတ်မွတ်ခြင်းနှင့်၊ ထခြင်းလှိုင်းဝဲ၊ သားရဲမိကျောင်း၊ တကြောင်းနောင်တ၊ သုံးဝသောဒဏ်၊ တတန်စွပ်စွဲ၊ ပွဲလယ်ရွံရှာ၊ ယုတ်မာအလား၊ ရှာငြားသက်မွေး၊ သေဘေးအနာ၊ ဇရာဇတိ၊ ကြောက်ဘိအပ်စွာ၊ ဘေးဖြစ်ရာသည်၊ သံသရာရှည်ဝေး မြှော်ရှုတွေး။
[ဤကား ဘေးနှစ်ဆယ့်ငါးပါးစကားရပ် မှတ်ဖွယ်တည်း။ မိလိန္ဒပဥှာကျမ်း (၁၉၄)၌လာ၊ ပရိတ်ကြီး၌ ရာဇတောဝါစသည် တနည်းလာသည်။ သုံးပါးသော ဒဏ်ဟူရာ၌ နှုတ်ဒဏ်, လက်ဒဏ်, ကြေးဒဏ်ဆိုလိုသည်။]♦သုံးပုံလှေခါးကျမ်း

ဥပ္ပဒ္ဒဝေါ ၁၆-ပါး

၁၃။ ထိပ်ကြိုးခြေကျင်း၊ ရေရွတ်ခြင်းနှင့် သွင်းသည် နှောင်အိမ်​၊ ကြိမ်နွယ်မယုတ်၊ ဇနပုဒ်မြို့ရွာ၊ စဉ်လာရဋ္ဌ၊ နိဂမဖြင့်၊ ဆိုထစကား၊ မသွားရစွာ၊ ရန်ဆီးကာသား၊ ဥစ္စာဆောင်ခြင်း၊ ဆင်းရဲဒုက္ခ၊ ဆယ့်ခြောက်ဝကို၊ ရှောင်ကြလေမင်း ဝေးဝေးကွင်း။
[ဤကား ဥပ္ပဒ္ဒဝေါ တဆယ့်ခြောက်ပါး စကားရပ်မှတ်ဖွယ်တည်း၊ မဟာနိဒ္ဒေသ၌ လာသည်။ ဆိုထစကား မသွားရစွာ-ဟူရာ၌- သင်မသွားလင့်ဟု ဆိုခြင်းတည်း၊ ဥစ္စာဆောင်ခြင်း၌- ထိုဥစ္စာကို အရာ, အထောင်, အသိန်းတို့ကို ဆောင်စေသည်၊ ထိုအကြောင်းကြောင့် ဆင်းရဲခြင်းသည် ဒုက္ခမည်၏၊ ကြိမ်ဖြင့် နှောင်ဖွဲ့သည်၊ နွယ်ဖြင့် ဖွဲ့သည်၊ ဇနပုဒ်စသည်ဖြင့် ဖွဲ့သည် ဆိုလိုသည်။]♦သုံးပုံလှေခါးကျမ်း

အပြစ်ဒဏ် ၁၀-ပါး

၁၄။ မပြစ်မှားအပ်၊ ပြစ်မှားတတ်စွာ၊ အပြစ်မှာကား၊ ကျင်နာပြင်းပြ၊ ဒုက္ခဝေဒနာ၊ အင်္ဂါသုံးပါး၊ ကြီးမာအနာ၊ လေးလံစွာနှင့်၊ စိတ်မှာ မတည်၊ ရူးသည်တချက်၊ စက်ဆုပ်ရွံရှာ၊ စွပ်စွဲလှာသား၊ ဆွေဉာပျက်စီး၊ ပြုန်းတီးဥစ္စာ၊ မင်းဘေးလာ၍ အိမ်ရာ မီးလောင်၊ ထို့နောင်ငရဲ၊ ဖောက်လဲကာလ၊ ကျလေရသည်၊ တွေ့ရမမှား ပြစ်ဆယ်ပါး။
[ဤကား မပြစ်မှားအပ်သော သူတို့အား ပြစ်မှားခြင်းကြောင့် အပြစ်ဆယ်ပါးစကားရပ် မှတ်ဖွယ်တည်း၊ အပဒါန်လာ။]♦သုံးပုံလှေခါးကျမ်း

အပြစ် ၈-ပါး

၁၅။ လုပ်ဆောင်ပျက်စီး၊ မင်း, မီး, ခိုးသူ၊ ရေမူတခြား၊ မြှုပ်ထားဥစ္စာ၊ တည်ရာလျှောရွေ့၊ ဆွေးမြေ့တုံငြား၊ သားမြေးမကောင်း၊ အကြောင်းတရား၊ ပြစ်ရှစ်ပါးသည်၊ လေးပါး အမျိုး ပျက်စီးရိုး။
[ဤကား အပြစ်ရှစ်ပါးစကားရပ် မှတ်ဖွယ်တည်း၊ ဂါမဏိသံယုတ်လာ။ မင်းစသည်တို့ကြောင့် အမျိုးပျက်စီးသည် ဆိုလိုသည်၊ လုပ်ဆောင်ပျက်စီးဆိုရာ၌ မကောင်းသဖြင့် စီရင်မိ၍ လုပ်ဆောင်သည့် အမှုပျက်စီးသည်ကိုယူလေ၊ သား, မြေး မကောင်းဟူရာ၌ စည်းစိမ်ဥစ္စာကို ဖျက်ဆီးတတ်သော သားမြေးတို့သည် ထိုအမျိုး၌ ဖြစ်လှာသည်ကို ယူ၊ ရှေးရှေးသော ဆရာမြတ်တို့ ပရိတ်ရွတ်၍ ပရိတ်မွန်းတရားဟောရာတို့၌ ကိုးဆယ့်ခြောက်ပါးသော အနာ, နှစ်ဆယ့်ငါးပါးသော ဘေး, တစ်ဆယ့်ခြောက်ပါးသော ဥပ္ပဒ္ဒဝေါ, ဆယ်ပါးသော ဒဏ်, ရှစ်တန်သော အပြစ်ဟူ၍ သာမညကို ကြားနာကြရသည်၊ သရုပ်, သင်္ချာ, သင်္ချေယျနှင့် တကွ ဝိသေသကြားနာရခဲ၏၊ ကျမ်းကြီး ကျမ်းမ မသင်ကြားဘူးသော ဉာဏ်ငယ်သောသူကို မဆိုထားဘိ၊ သင်ကြားရသော ဉာဏ်ကြီးသောသူပင် ဖြစ်သော်လည်း ဟောပြောနိုင်ခဲသည် ဖြစ်၍ အကျဉ်းဆောင်ပုဒ် ထုတ်လိုက်သည်၊ နှုတ်တက်အာဂုမ် ဆောင်လေကုန်။]♦သုံးပုံလှေခါးကျမ်း

လေပျက်ကြောင်း ၁၀-ပါး

၁၆။ သီတ, ဥဏှ၊ ပိပါသနှင့် အတိဘုတ္တတဖြာ၊ ဇိဃစ္ဆာ, ပဓာန၊ ငှါနတထွေ၊ အာဓာဝနေ, နဝကမ္မ၊ ဥပက္ကမတဖြာ၊ ဖြစ်ကြောင်းလာသည်၊ ဝါတာ ဆယ်မျိုး ပျက်လေရိုး။
[ဤကား လေပျက်ကြောင်း ၁၀-ပါး စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံလှေခါးကျမ်း

သည်းခြေပျက်ကြောင်း ၃-ပါး

၁၇။ သီတ, ဥဏှ,၊ ဝိသမအစာ၊ သုံးဖြာပိတ္တ၊ ပျက်ကြောင်းပြသည်၊ မုချမယွင်း မှတ်လေမင်း။
[ဤကား သည်းခြေပျက်ကြောင်း သုံးပါး စကားရပ်မှတ်ဖွယ်တည်း။]♦သုံးပုံလှေခါးကျမ်း

သလိပ်ပျက်ကြောင်း ၃-ပါး

၁၈။ အန္န, ပါန၊ ရှေ့သုံးဝတွင်၊ ချန်လေ နောက်ဆုံး၊ ထည့်သုံးသေမှ ပျက်ကြောင်း ပြသည်၊ နိစ္စမယွင်း ရှောင်လေမင်း။
[ဤကား သလိပ်ပျက်ကြောင်း သုံးပါးစကားရပ် မှတ်ဖွယ်တည်း၊ သည်းခြေပျက်ကြောင်း သုံးပါးတွင် နောက်ဆုံးတစ်ပါးကိုချန်၍ အန္နပါနကို ထည့်လေဆိုလိုသည်။]♦သုံးပုံလှေခါးကျမ်း

ဝေဒနာဖြစ်ကြောင်း ၈-ပါး

၁၉။ ဝါတ, ပိတ္တ၊ သေမှတရပ်၊ သန္နိပါတ်တစ်ခု၊ ဥတုဖောက်ပြန်၊ ကံနှင့် လုံ့လ၊ ဝိသမအစာ၊ ဖြစ်ကြောင်းလာသည့်၊ ဝေဒနာရှစ်မျိုး ခံစားရိုး။
[ဤကား ဒုက္ခဝေဒနာဖြစ်ကြောင်း ရှစ်ပါး စကားရပ်မှတ်ဖွယ်တည်း။ ဤရှစ်ပါးတွင် ကံကြောင့်ဖြစ်သည်ကား နည်း၏၊ ကြွင်းသော အကြောင်းကြောင့် ဖြစ်သည်သာများလေသည်၊ ကံကြောင့်သာ ဒုက္ခဝေဒနာဖြစ်၏ဟု ယူသောသူတို့ကား မှားလေ၏ မှတ်လေ၊ မိလိန္ဒပဥှာကျမ်းလာ။]♦သုံးပုံလှေခါးကျမ်း

သေခြင်းအကြောင်း ၄-ပါး

၂၀။ အသက်, ကံကုန်၊ နှစ်ပါးစုံနှင့်၊ ဖြတ်တုံကမ္မ၊ ဤလေးဝကြောင့်၊ သုံးဝဘုံသား၊ သေရငြားသည်၊ တရားသံဝေ ထိတ်လန့်စေ။
[ဤကား သတ္တဝါတို့ သေခြင်း အကြောင်းတရားလေးပါးစကားရပ် မှတ်ဖွယ်တည်း။ ထိုလေးပါးတို့တွင် ဥပစ္ဆေဒက ကံကြောင့် သေခြင်းကို ဥတ္တရကုရု ကျွန်းသူ, ငရဲသူ, အချို့သော နတ်တို့အား မရအပ်ကုန်၊ သင်္ဂြိုလ်ဋီကာကျော် ကျမ်းတို့၌လာ။]♦သုံးပုံလှေခါးကျမ်း

အခါမဲ့ သေကြောင်းတရား ၇-ပါး

၂၁။ ဓား, လှံ, မီး, ရေ၊ ဆိပ်မြွေ, ထမင်း၊ ရေငတ်ခြင်းဟု၊ သေခြင်းတရား၊ ခုနှစ်ပါးကို၊ စိတ်ထားဉာဏ်နေ စွဲမိစေ။
[ဤကားအခါမဲ့ သေကြောင်းတရား ခုနှစ်ပါးစကားရပ် မှတ်ဖွယ်တည်း၊ မိလိန္ဒပဥှာကျမ်းလာ။]♦သုံးပုံလှေခါးကျမ်း

သေခြင်းအကြောင်းတရား ၈-ပါး

၂၂။ ဝါတ,ပိတ္တ၊ သေမှတရပ်၊ သန္နိပါတ်တစ်ခု၊ ဥတုဖောက်ပြန်၊ ကံနှင့်လုံ့လ၊ ဝိသမအစာ၊ ကြောင်းရှစ်ဖြာကြောင့်၊ သတ္တဝါအများ၊ သေရငြားသည်၊ တရားသံဝေကြောက်ကြစေ။
[ဤကား သေခြင်း အကြောင်းတရား ရှစ်ပါး စကားရပ် မှတ်ဖွယ်တည်း၊ မိလိန္ဒပဥှာကျမ်းလာ။]♦သုံးပုံလှေခါးကျမ်း

ဒိဋ္ဌိဖြစ်ကြောင်း ၈-ပါး

၂၃။ သညာ,ဖဿ၊ ပါပမိတ္တာ၊ အဝိဇ္ဇာနှင့်၊ ခန္ဓာဝိတက်၊ မိန့်မြွက်အဟော၊ ပရတောဃောသ၊ ပျက်ထချွတ်ယွင်း၊ နှလုံးသွင်းဟု၊ ရှစ်ခုပါဠိ၊ ကျမ်းဝယ်ရှိသည်၊ ဒိဋ္ဌိအပေါင်း ဖြစ်ရကြောင်း။
[ဤကား ဒိဋ္ဌိဖြစ်ကြောင်း ရှစ်ပါးစကားရပ် မှတ်ဖွယ်တည်း၊ သုတ်သီလက္ခန်အဋ္ဌကထာကျမ်း (၉၉)လာ။]♦သုံးပုံလှေခါးကျမ်း

အဖြေ ၄-ပါး

၂၄။ ဝိဘဇ္ဇဗျာကရဏိယ၊ ဧကံသနှင့် ဌပနိယတဖြာ၊ ပဋိပုစ္ဆာဗျာကရဏိယ၊ လေးဝဝိသဇ္ဇနာ၊ ကျမ်း၌လာသည်၊ ဆရာထံရင်း တက်အောင်ချဉ်း။
[ဤကား အဖြေ ၄-ပါး စကားရပ်မှတ်ဖွယ်တည်း]♦သုံးပုံလှေခါးကျမ်း

ပုစ္ဆာ ၅-ပါး

၂၅။ ဝိမတိစ္ဆေဒနာ၊ ဒိဋ္ဌာ, ဒိဋ္ဌ၊ ဖြေထလေမှု၊ ကထေတုကမျတာ၊ လိုရာရှေးရှု၊ အနုမတိပုစ္ဆာ၊ ငါးထွေလာသည်၊ မေးခါဘယ်သင်း သိစေမင်း။
[ဤကား ပုစ္ဆာငါးပါးစကားရပ် မှတ်ဖွယ်တည်း၊ ဒိဋ္ဌာဒိဋ္ဌမှာ-ဒိဋ္ဌ အဒိဋ္ဌပုဒ်ဖြတ်၍ ဒိဋ္ဌသံသန္နနပုစ္ဆာ, အဒိဋ္ဌဇောတနပုစ္ဆာဟု နှစ်ခုယူလေ။] တနည်း-ပုစ္ဆာ ၄-ပါး။ ၂၆။ ပုရေပဥှာ၊ ပစ္ဆာ, မောဃ၊ ပုဏ္ဏတဖြာ၊ ကျမ်း၌လာသည်၊ ပုစ္ဆာလေးမျိုး သိအောင်ကြိုး။
[ဤကား တနည်း-ပုစ္ဆာလေးပါး စကားရပ်မှတ်ဖွယ်တည်း။ ပုဏ္ဏမှ ပရိပုဏ္ဏပဥှာ ယူလေ။] တနည်း-အဖြေ ၅-ပါး။ ၂၇။ ပါဠိဂတိ ပဋိသေဓ၊ ဝစနနှင့် သရူပတထွေ၊ ပဋိက္ခေပ၊ ငါးဝဝိသဇ္ဇနာ၊ ကျမ်း၌လာသည်၊ ညဝါဟောရင်း သိစေမင်း။
[ဤကား တနည်း-အဖြေငါးပါး စကားရပ် မှတ်ဖွယ်တည်း။ ဝစနမှာ ပဋိဝစနဝိသဇ္ဇနာယူ။]♦သုံးပုံလှေခါးကျမ်း

ကျောင်းလှူခြင်းအကျိုး

၂၈။ သဒ္ဓါစုံမက်၊ လွန်နှစ်သက်၍ မြက်ကုဋိအလှူ၊ ကျူကုဋိတတန်၊ ကြံကုဋိတချက်၊ သစ်ရွက်ကုဋိတခြား၊ လှူသောအားဖြင့်၊ ကြီးမားမြင့်မြတ်၊ ဘုံပြာသာဒ်၌၊ ထက်နတ်လူ့ရွာ စံပြီးခါမှ၊ ပစ္ဆိမာဘဝိက၊ နိဗ္ဗာန်ရသည် ထုံးကို ရည်၍၊ ကြည်ဖြူလှစွာ၊ လှူအပ်ရာသည်၊ ကျမ်းလာစွဲသုံး ကျောင်းလှူထုံး။
[ဤကား ကျောင်းလှူကျိုးစကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံလှေခါးကျမ်း

တမ်းခွန်လှူခြင်းအကျိုး

၂၉။တိဿမည်တွင်၊ မြတ်ရှင်ပင်ကို၊ ကြည်လင်ညွတ်နူး၊ ဖြောင့်စူးကြည်ဖြူ၊ တမ်းခွန်လှူ၍၊ နောင်မူဘဝ၊ သံသရ၌၊ လေးဝအပါယ်၊ ကိုးဆယ်နှစ်ကမ္ဘာ၊ လုံးလုံးကွာ၍၊ သုံးရာနတ်မင်း၊ လူမင်းစကြာ၊ ကြိမ်ငါးရာတည့်၊ ငါးဖြာ ပဒေသရာဇ်၊ ဆက်တိုင်းဖြစ်၍၊ နောက်ပစ္ဆိမ၊ ဆုံးဘဝ၌၊ ဓဇဒါယကမထေရ်၊ ဖြစ်လှာသည်ဟု၊ ဟောသည်ကျမ်းဂန်၊ အပဒါန်လာ၊ ရှိသည်တာကြောင့်၊ ကိုးဖြာဂုဏ၊ ဉာဏ်ဒသနှင့်၊ ဓမ္မသာမိ၊ မုနိဘဂဝါ၊ စိန္တေယျာ၌၊ သဒ္ဓါညွတ်နူး၊ ဖြောင့်စူးဝမ်းသာ၊ လှူအပ်စွာသည်၊ ကျမ်းလာဟောရိုး တမ်းခွန်ကျိုး။
[ဤကား တမ်းခွန်လှူခြင်း အကျိုးစကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံလှေခါးကျမ်း

သဲလှူခြင်း အကျိုး

၃၀။ မုဆိုးဘာသာ၊ တောလည်ရာဝယ်၊ သဒ္ဓါစိုရွဲ၊ စင်္ကြံထဲ၌၊ သဲတံခါးပိုက်၊ နှစ်ချိုက်ဝမ်းသာ၊ ကြဲသည့်တာကြောင့်၊ လေးဖြာအပါယ်၊ သုံးဆယ့်တကမ္ဘာ၊ ကင်းလွတ်ကွာ၍၊ ဆုံးခါဘဝ၊ ပစ္ဆိမ၌၊ ပုလိနစင်္ကမနိယထေရ်၊ ဖြစ်လာသည်ဟု၊ ဟောသည်ကျမ်းလာ၊ သိစိမ့်မှာသည်၊ မကွာမြဲထွေ စွဲမှတ်လေ။
[ဤကား စင်္ကြံထဲ၌ သဲကြဲကျိုး စကားရပ် မှတ်ဖွယ်တည်း၊]♦သုံးပုံလှေခါးကျမ်း

ရန်အောင်ကြောင်းတရား ၅-ပါး

၃၁။ မန္တာန်, တံစိုး၊ အမျိုးအနွယ်၊ တိုင်ပင်ဘွယ်နှင့်၊ ချစ်ဖွယ်စကား၊ ဤငါးပါးသည်၊ မှတ်သားလေမင်း ရန်အောင်ခြင်း။
[ဤကား ရန်အောင်ကြောင်း ငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ ပဉ္စကနိပါတ် တစသာရဇာတ် (တတိယတွဲ ၁၉၁)လာ။ ဘုရားလောင်းသူငယ်ကို ပင်းတကားလည်တောက်ဖြင့် ယူ၍ မင်းကြီးအားပြလေလျှင် ဤတရားငါးပါးကို ဟော၍ ပင်းတကားလည်တောက်ပယ်၍ အမတ်အရာကို ပေးလေ၏၊♦သုံးပုံလှေခါးကျမ်း

တစ်နေ့အတွက် ထွက်သက်, ဝင်သက်

၃၂။ တစ်နာရီမှာ၊ သုံးရာခြောက်ဆယ်၊ ထွက်သက်ဝယ်တည့်၊ တသွယ်ဝင်သက်၊ နည်းတူတွက်ရှင့်၊ နှစ်ချက်အရ၊ ပေါင်းလိုက်ကမူ၊ ခုနှစ်ရာ့နှစ်ဆယ်၊ တစ်နေ့ဝယ်သော်၊ ပေါ်သည်သုံးထောင်၊ ထို့နောင်နှစ်ရာ၊ လေးသောင်းလာသည်♦သုံးပုံလှေခါးကျမ်း

ထွက်သက်, ဝင်သက် ကာယသင်္ခါရဖြစ်, မဖြစ်

၃၃။ ဝမ်းဝယ်ကိန်းနေ၊ သေသူဝတ၊ နိရောဓနှင့်၊ စတုတ္ထစျာန်၊ တဖန်ရူပ၊ အရူပနှင့်၊ ကိန်းထရေမှာ၊ မုစ္ဆာကာလ၊ ဤရှစ်ဝ၌၊ ချုပ်ထလေရာ၊ ဘုံမှာဆယ့်တစ်၊ စျာန်ဝယ်ဖြစ်မူ၊ သုံးခုယူလော့၊ စိတ်မူလေးဆယ်၊ လေးပါးကယ်လိမ့်၊ ဤဝယ်ဌာန၊ သင်္ခါရ၏၊ ဖြစ်ထလေရာ၊ ကျမ်းဝယ်လာသည်၊ ဆရာဆွေးနွေး သိအောင်မေး။
[ဤကား-အသာသ ပဿာသ ကာယသင်္ခါရဖြစ်, မဖြစ် စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံလှေခါးကျမ်း

သူတော်ကောင်းတရား ၇-ပါး

၃၄။ ဓမ္မ, အတ္တ, မတ္တတဖြာ၊ ကာလ, အတ္တ၊ ပရိသနှင့် ပုဂ္ဂလတစ်ခု၊ ခုနှစ်ညုတိ၊ သပ္ပုရိသ၊ မြတ်ဓမ္မကို၊ ဉာဏထိုးထွင်း သိစေမင်း။
[ဤကား-သပ္ပုရိသတရားခုနှစ်ပါး စကားရပ်ဖွယ်တည်း၊ ဓမ္မညူ, အတ္ထညူစသည်ဖြင့် ယူလေ။]♦သုံးပုံလှေခါးကျမ်း

ခရီးခဲ ၅-ပါး

ဓမ္မညူမှာ-ပါဠိကိုသိသည်၊ အတ္ထညူမှာ-အနက်ကို သိသည်၊ မတ္တညူမှာ-ခံခြင်း, သုံဆောင်ခြင်း အတိုင်းအရှည်ကို သိသည်။ အတ္တညူမှာ-ဤမျှလောက်သော သီလ, သမာဓိ, ပညာ ငါ၌ရှိ၏-ဟု ကိုယ်ကို သိသည်၊ ကာလညူမှာ-ပါဠိသင်ချိန်, အဋ္ဌကထာသင်ချိန်, ကမ္မဋ္ဌာန်းရှုချိန်, မဂ်-ဖိုလ်ရောက်ချိန်ကာလကို သိသည်။ ငါးဝါ ပါဠိသင်ချိန်၊ ဆယ်ဝါ အဋ္ဌကထာသင်ချိန်။ တနည်း-ဆယ်ဝါ ပါဠိသင်ချိန်၊ ဝါနှစ်ဆယ် အဋ္ဌကထာသင်ချိန်၊ နောက်ကို ကမ္မဋ္ဌာန်းရှုချိန်ကာလဖြစ်၏၊ ပရိသညူမှာ-ပရိသတ်ရှစ်ပါးကို သိသည်၊ ပုဂ္ဂလညူမှာ မှီဝဲအပ်, မမှီဝအပ် ပုဂ္ဂိုလ်ကို သိသည် ယူလေ။]♦သုံးပုံလှေခါးကျမ်း

စားသောက်ရာဝယ် ဆင်ခြင်ဖွယ်တရား ၁၀-ပါး

၃၅။ အသွား, အရှာ၊ တည်ရာ, အထား၊ သုံးညား, ကျိုးဆက်၊ ကျက်, မကျက်နှင့်၊ ပေလျက်ကျိုးရင်း၊ ဆင်ခြင်ခြင်းဝယ်၊ ရွံ့ဖွယ်ဆယ်ခု၊ စားတိုင်းရှုက၊ မောဟကင်းရာ၊ ဘာဝနာသည်၊ မကွာအမြဲ စားတိုင်းခဲ။
[ဤကား-စားသောက်ရာဝယ် ဆင်ခြင်ဖွယ်ဖြစ်သော စက်ဆုပ်ဖွယ်ဆယ်ပါး စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံလှေခါးကျမ်း

ခရီးခဲ ၅-ပါး

၃၆။ သားရဲ, ဘီလူး၊ တထူးခိုးသူ၊ ဤက ရေမူမရှိ၊ နည်းဘိအစာ၊ ဤငါးဖြာသည်၊ သွားလာနိုင်ခဲ ခရီးခဲ။
[ဤကား-ကန္တာရခရီးခဲ ငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ ဧကနိပါတ်ဇာတ်အဋ္ဌကထာ (၁၁၅)လာ]♦သုံးပုံလှေခါးကျမ်း

မိုးသံကြားရာ ခြားအကွာ

၃၇။ တိမ်တောင်, မိုးသက်၊ တက်သည်အမှု၊ သုံးယူဇနာ၊ ကြားလေရာခဲ့၊ တဖြာလျှပ်စစ်၊ လေး,ငါးဖြစ်လိမ့်၊ တစ်,နှစ် ယူဇန၊ မိုးသံမှာတည့်၊ ဒိသာရပ်ခွင်၊ ထက်ကောင်းကင်က၊ ကြားမြင်ရသည်၊ လောကမလွဲ ဖြစ်စမြဲ။
[ဤကား-တိမ်တောင်, မိုးသက်, လျှပ်စစ်, မိုးသံကြားရာ စကားရပ် မှတ်ဖွယ်တည်း၊ လေး,ငါးမှာ -လေးယူဇနာ, ငါးယူဇနာယူ၊ တစ်, နှစ်-မှာ တစ်ယူဇနာ၊ နှစ်ယူဇနာ ယူလေ။]♦သုံးပုံလှေခါးကျမ်း

သားအပြား ၄-ပါး

၃၈။ အတြဇနှင့်၊ ခေတ္တ,အန္တေ၊ မွေးပေတုံထ၊ ဒိန္နကဟု၊ ပုတ္တလေးဖြာ၊ ကျမ်း၌လာသည်၊ ဉာဏ်မှာ အမြဲ သက်လုံးစွဲ။
[ဤကား သားအပြားလေးပါး စကားရပ်မှတ်ဖွယ်တည်း၊ အတြဇသားမှာ ကိုယ်၌ဖြစ်သည်၊ ခေတ္တဇသားမှာ အိပ်ရာပလ္လင်ရင်း၌ ဖြစ်သည်၊ အန္တေဝါသိကသားမှာ အတတ်သင်လို၍ အနီးအပါး၌ နေလာသည်။ ဒိန္နကသားမှာ- မွေးစေခြင်းငှါပေးသည်၊ ဧကနိပါတ်ဇာတ်အဋ္ဌကထာ ကဋ္ဌဝါဟနဇာတ် (၁၅၂)လာ။]♦သုံးပုံလှေခါးကျမ်း

ကပ္ပဋ္ဌီတိ ၄-ပါး

၃၉။ မျောက်မဖြစ်ရာ၊ ရေကန်သာ၌၊ ကျူမှာအဆစ်၊ မရှိဖြစ်ခဲ့၊ စင်စစ်မယွင်း၊ ငုံးမင်းဖြစ်ရာ၊ မီးမလာတည့်၊ တဖြာယုန်လ၊ တူကွမယိမ်၊ အိုးထိန်းဖြစ်ရာ၊ မိုးမရွာဘဲ၊ ကမ္ဘာအမျှ၊ တည်လေရသည်၊ အံ့ထလေးပါး ဤစကား။
[ဤကား တကမ္ဘာပတ်လုံးတည်-လေးပါး စကားရပ်မှတ်ဖွယ်တည်း၊ ၎င်းဇာတ် အဋ္ဌကထာ (၁၀၀-၁၀၅)လာ။]♦သုံးပုံလှေခါးကျမ်း

ကောသအိမ်မက် ၁၆-ချက်

၄၀။ ဥသဘ, သစ်ပင်၊ ထို့ပြင်တခြား၊ နွားမ, နွားငယ်၊ တသွယ်မြင်းစား၊ တခြားရွှေခွက်၊ ထမင်းချက်နှင့်၊ တချက်ရေအိုး၊ တမျိုးရေကန်၊ တဖန်မြေခွေ၊ မဝေးတထူး၊ စန္ဒကူးနှင့်၊ ဗူးတောင်း, ကျောက်ပေါ်၊ တဖော်ဖားမ၊ မျိုထနဂါး၊ ကျီးကားဟင်္သာ၊ ဆိတ်မှာ သားရဲ၊ မလွဲအိမ်မက်၊ ဆယ့်ခြောက်ချက်ကို၊ နောက်ဆက်အခါ၊ ဖြစ်မည့်တာကြောင့်၊ ရာဇာမင်းမြတ်၊ မြင်လေတတ်သည်၊ မှတ်ကြလေဝေး လာလိမ့်ဘေး။
[ဤကား ကောသလမင်းကြီး အိပ်မက်ဆယ့်ခြောက်ချက် စကားရပ် မှတ်ဖွယ်တည်း၊ အဓိပ္ပါယ်ကား- ၁။ နွားဥသဘလေးခု ဝှေ့ယောင်ပြု၍ မဝှေ့ဘဲ နေသကဲ့သို့ လူတို့အဓမ္မကို ကျင့်သောအခါ, ကောင်းမှုပြုသူ နည်း၍ မကောင်းမှုပြုသူ များသောအခါ လေးမျက်နှာက မိုးရွားယောင်မြည်၍ မရွာဘဲ နေလတ္တံ့။ ၂။ သစ်ပင်ငယ် သီး, ပွင့်သကဲ့သို့ သတို့သမီးငယ်တို့ သား, သမီးဖွားလတ္တံ့။ ၃။အမိနွားမကြီးက ထိုနေ့ဖွားစနွားငယ် နို့ကို စို့သကဲ့သို့ မိ,ဘက သားသမီးကို မှီ၍ အသက်မွေးရလတ္တံ့။ ၄။ နွားကြီးကို မက နွားငယ်ကို က,၍ ဝန်ကို မဆောင်နိုင်သကဲ့သို့ ပညာရှိ လူကြီးကို မသုံး၊ ပညာမရှိ မသိမလိမ္မာသော လူငယ်ကို မြှောက်စား၍ အမှုမကုန်လတ္တံ့။ ၄။ ခံတွင်းနှစ်ခုရှိသော မြင်းသည် ခံတွင်းနှစ်ခုဖြင့် ခြေက ကိုယ်, ခေါင်းတိုင်အောင် စားသကဲ့သို့ တရားရှုံးသူ, နိုင်သူ နှစ်ဦးပင် တရားသူကြီးတို့ စားလတ္တံ့။ ၆။ အဖိုးတသိန်းထိုက်သော ရွှေခွက်၌ မြေခွေးအို ကျင်ငယ်စွန့်သကဲ့သို့ အမျိုးယုတ်နှင့် အမျိုးမြတ်ပေါင်းကြလတ္တံ့။ ၇။ အထက်က လွန်ကျစ်၍ ထားသည်ကို အင်းပျဉ်အောက် အိပ်သော မြေခွေးမငယ်က စားသကဲ့သို့ သား လင်ခင်ပွန်းရှာ၍ ရသော ဥစ္စာကို မယားက လင်ငယ်သယောက်ထား၍ စားလတ္တံ့။ ၈။ လေးမျက်နှာ, ရှစ်မျက်နှာက ရေအိုးတို့ဖြင့် ရေကို ယူဆောင်၍ ရေပြည့်သော အိုးကြီးတစ်လုံးကို လောင်းဘိသကဲ့သို့ ဆင်းရဲသားတို့ဥစ္စာ မင်းကြီးကျီမှာ သွင်းရလတ္တံ့။ နက်လှစွာသော ရေကန်အလယ်နောက်၍ အနားကြည်သကဲ့သို့ မင်းတို့သည် လူတို့ကို ယန္တရားဝယ် ကြံသဖွယ်ကဲ့သို့ အခွန်အတုတ် နှိပ်စက်၍ အစွန်းအနားမှာ နေ၍ အလယ်ဆိတ်လတ္တံ့။ ၁၀။ ထမင်းအိုးတစ်လုံးထဲ၌ ထမင်းသုံးထွေ ဖြစ်သကဲ့သို့ တပြည်ထဲ တမျိုးထဲ၌ မိုးသုံးထွေ ရွာလတ္တံ့၊ ထမင်း သုံးထွေမှာ- အချို့က ညစ်ညူးသည် အချို့က အထပ်ထပ်ရှိသည်။ အချို့က ကောင်းစွာကျက်သည်။ မိုးသုံးထွေမှာ-အချို့ အရပ်ရွာသည်။ အချို့အရပ်မရွာ၊ အချိန်လွန်မှ ရွာသည်၊ လွန်၍ ရွာသည်။ ၁၁။ အဖိုးတသိန်းထိုက်သော စန္ဒကူးနံ့သာကို ပအုံးရည်အိုး၌ ထည့်သကဲ့သို့ နိဗ္ဗာန်အကျိုးငှါ ဟောတော်မူသော တရားကို အလဇ္ဇီတို့သည် ပစ္စည်းလေးပါး အလို့ငှါ ဟောလတ္တံ့။ အချို့သောသူတို့လည်း ခရီးအကြားလမ်းဆုံ တံခါးစသည်တို့၌ တသပြာ, တသပြာခွဲ, တမတ်-တပဲ, တစ်ကျပ်-တစ်ကျပ်ခွဲ စသည်အကျိုးငှါ ဟောလတ္တံ့။ ၁၂။ ရေမရှိသော ဗူးတောင်းနစ်သကဲ့သို့ မင်းတို့သည် အမျိုးမြတ်ကို မချီးမြှောက်၊ အမျိုးယုတ်ကို ချီးမြှောက်လတ္တံ့၊ အလဇ္ဇီတို့ စကားသာ ထွက်မြောက်လတ္တံ့။ ၁၃။ တောင်ထွတ်မျှလောက်သော ကြီးစွာသော ကျောက်ဖျာ ရေမှ ပေါ်လာသကဲ့သို့ သူယုတ်မာတို့သည် ထင်ပေါ်လတ္တံ့၊ ချီးမြှောက်ခံရလတ္တံ့။ ၁၄။ ဖားငယ် မြွေကို မျိုသကဲ့သို့ မယားငယ်တို့သည် မယားကြီးက နိုင်လတ္တံ့။ ၁၅။ ကျီးယုတ်ကို ရွှေဟင်္သာရံသကဲ့သို့ အမျိုးယုတ်ကို အမျိုးမြတ်က လုပ်ကျွေးခစားလတ္တံ့။ ၁၆။ ဆိတ်သည် သစ်, ကျား, သားရဲတို့ကို လိုက်၍ သစ်, ကျား, သားရဲတို့သည် တောအုပ် ချုံ့ပိတ်ပေါင်းသို့ဝင်၍ ပုန်းရသကဲ့သို့ အမျိုးယုတ်တို့သည်လည်းကောင်း, ယုတ်မာသော ရဟန်းတို့သည်လည်းကောင်း နှိပ်စက်သောကြောင့် အမျိုးမြတ်သောသူ, သီလချစ်သောရဟန်းတို့သည် ချုံ့ပိတ်ပေါင်း တောအုပ်သို့ ဝင်လျှိုးပုန်းရလတ္တံ့။ ဤကား အိပ်မက်တဆယ့်ခြောက်ချက် အဓိပ္ပါယ်တည်း၊ ဧကနိပါတ်ဇာတ်အဋ္ဌကထာ (၃၅၅)လာ။]♦သုံးပုံလှေခါးကျမ်း

အကျိုးစီးပွါး ဖြစ်ကြောင်း တရား ၆-ပါး

၄၁။ သုတ, သီလာ၊ ဆရာမြတ်လှ၊ ဩဝါဒနှင့်၊ ကင်းထအနာ၊ သုံးဖြာသုစရိုက်၊ စိတ်၌ ဖြောင့်သား၊ ဤခြောက်ပါးကြောင့်၊ နှစ်ပါး အတ္ထ၊ ဖြစ်လေရသည်၊ ဒွါရတံခါးကဲ့အလား။
[ဤကား အကျိုးစီးပွားဖြစ်ကြောင်း တံခါး ခြောက်ပါး စကားရပ် မှတ်ဖွယ်တည်း၊ ၊ ဧကနိပါတ် အတ္ထဿဒွါရ ဇာတ်လာ။ သုတမှာ-ဗဟုဿုတကိုယူ၊ သီလမှာ- အာစာရသီလကိုယူ၊ ဩဝါဒမှာ- ပညာရှိတို့ အဆုံးအမကိုယူ၊ ကင်းထအနာမှာ- ကိုယ်အနာ, ကိလေသာစိတ်အနာကိုယူ၊ ကိုယ်အနာကင်းမှ လာဘ်ရနိုင်ရာသည်၊ ကိလေသာစိတ်အနာကင်းမှ စျာန်, မဂ်စသည်ကို ရနိုင်ရာသည်၊ ဒုစရိုက်ကို စွန့်၍ သုစရိုက်ကိုကျင့်ရာသည်၊ စိတ်မတွန့်ဖြူစင်ဖြောင့်မတ်မှ သားမြတ်ထွက်ပေါ်ရာသည်။ ဤခြောက်ပါးသည် အကျိုးစီးပွါးတံခါးခြောက်ပေါက်မည်၏၊ ခုနှစ်နှစ်သားက အဖကို မေး၍ မဖြေနိုင်၍ ဘုရားကို လျှောက်၍ ဟောသည်မှတ်လေ။]♦သုံးပုံလှေခါးကျမ်း

တောင့်တအပ်သောတရား ၄-ပါး

၄၂။ တိုင်ပင်သူအား၊ စကားတည်ကြည်၊ စစ်သည်နှစ်ဝ၊ ဆိုင်ကာလမှာ၊ သူရဲသာတည့်၊ အစာအာဟာရ၊ အကောင်းရမူ၊ ချစ်သူတောင့်တ၊ ကိစ္စခဲခက်၊ စကားနက်ရာ၊ ပညာရှိမြတ်၊ တောင့်တအပ်သည်၊ ၊ မှတ်လေအမြဲ နှလုံးထဲ။
[ဤကား တောင့်တရာသော တရားလေးပါး စကားရပ် မှတ်ဖွယ်တည်း။ ဧကနိပါတ် ဇာတ်လာ။ ဥစ္စာ ပျောက်သည်ကို ဘုရားလောင်း အမတ်ရအောင်ပြု၍ အမတ်အား မင်းကြီးသည် ရတနာခုနှစ်ပါးတို့ဖြင့် ပူဇော်လေသည်။]♦သုံးပုံလှေခါးကျမ်း

အဆွေခင်ပွန်းဖွဲ့ရာ ၃-ပါး

၄၃။ အယုတ်, အလတ်၊ အမြတ်တထွေ၊ ဤသုံးထွေကို၊ အဆွေဖွဲ့ရာ၊ ဇာတ်တော်လာသည်၊ မေတ္တာမကင်းစေနှင့်မင်း။
[ဤကား အဆွေခင်ပွန်းဖွဲ့ရာသုံးပါး စကားရပ်မှတ်ဖွယ်တည်း၊ ၊ ဧကနိပါတ်ကုသနာဠိဇာတ်လာ။ သဖန်းပင်စောင့်နတ်နှင့် မင်္ဂလာဥယျာဉ်သစ်ပင်စောင့်နတ် အဆွေခင်ပွန်းဖွဲ့၍ မင်္ဂလာဥယျာဉ်ကို ခုတ်မင်ပြုသောအခါ သဖန်းပင်စောင့်နတ် ပုတ်သင်ယောင် ဆောင်၍ စောင်မကယ်ဆယ်ဘူးလေသည်။]♦သုံးပုံလှေခါးကျမ်း

နတ်တို့ စုတေ့ကြောင်းတရား ၄-ပါး

၄၄။ အမျက်ကောပ၊ အာဟာရနှင့် ကုန်ထကောင်းမှု၊ အာယုအသက်၊ ဤလေးချက်ကြောင့်၊ အထက်နတ်ရွာ၊ စုတေ့ရာသည်၊ သင်္ခါရတရား နှလုံးထား။
[ဤကား နတ်တို့စုတေ့ကြောင်းတရားလေးပါး စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံလှေခါးကျမ်း

အရပ်ပြစ် ၈-ပါး

၄၅။ ငရဲတဖြာ၊ ပိတ္တာတတန်၊ တိရစ္ဆာန်နှင့်၊ ပစ္စန္တရစ်၊ ကျင့်ညစ်မိစ္ဆာ၊ အင်္ဂါချို့ထ၊ အရူပနှင့်၊ ကင်းထနာမ်လျှင်၊ အသညသတ်၊ ဤရှစ်ရပ်၌ ဖြစ်လတ်တုံငြား၊ မြတ်တရားကို၊ မကြားရရာ၊ ရှစ်ဖြာအရပ်၊ ကင်းတုံလတ်မှ၊ သုံးရပ်ရတနာ၊ တွေ့မြင်ရာသည်၊ လွတ်ရာလွတ်ကြောင်း ခုကတောင်း။
[ဤကား တရားတော်ကို မကြားထိုက်ရာ အရပ်ပြစ်ရှစ်ပါး စကားရပ်မှတ်ဖွယ်တည်း။]♦သုံးပုံလှေခါးကျမ်း

အသံကြီး ၄-ပါး

၄၆။ ကုသရာဇာ၊ လောင်းပွင့်လျာနှင့်၊ အာဠာဝက၊ ပုဏ္ဏကတည့်၊ ကြီးထခွေးနက်၊ လေးချက်အသံ၊ ကြီးလေဟန်ကို ၊ ဉာဏ်ဝယ်အမြဲ သိအောင်ခဲ။
[ဤကား ဇမ္ဗူဒီပါတကျွန်းလုံး ကြားသော အသံကြီးလေးပါး စကားရပ် မှတ်ဖွယ်တည်း၊ ဧကနိပါတ်ဇာတ်လာ။ ဒွါဒသနိပါတ် မဟာကဏှဇာတ်၌ အာဠာဝကမပါ၊ ၎င်းအရာ၌ ဘူရိဒတ်ဇာတ်ထွက် သုဒဿန နဂါးမင်းပါ၍ လေးပါးလာသည်။]♦သုံးပုံလှေခါးကျမ်း

သည်းမခံခြင်း အပြစ် ၅-ပါး

၄၇။သည်းမခံရာ၊ အပြစ်မှာကား၊ များစွာမချစ်၊ အပြစ်ရန်များ၊ သေကားတွေဝေ၊ လားလေအပါယ်၊ ဤငါးသွယ်ကို ကိုယ်ဝယ်မလွဲ တွေ့လိမ့်မြဲ။
[ဤကား သည်းမခံခြင်း အပြစ်ငါးပါး စကားရပ် မှတ်ဖွယ်တည်း။ သည်းခံခြင်းအကျိုး ငါးပါးကိုလည်း ဗျတိရေကနည်းဖြင့် သိလေ။]♦သုံးပုံလှေခါးကျမ်း

စကားများခြင်း အပြစ် ၅-ပါး

၄၈။ စကားများရာ၊ အပြစ်မှာကား၊ မုသာဝါဒ၊ ပိသုဏနှင့်၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပ၊ သေကပါယ်ရွာ၊ လားလေရာသည်၊ မှန်စွာမမှား သတိထား။
[ဤကား စကားများသောသူ အပြစ်ငါးပါး ရောက်ကြောင်း စကားရပ် မှတ်ဖွယ်တည်း။ စကားနည်းသောသူ၌ အကျိုးငါးပါးကိုလည်း ဗျတိရေကနည်းဖြင့် သိလေ။]♦သုံးပုံလှေခါးကျမ်း

စည်းစိမ်ဥစ္စာပြည့်စုံကျိုး ၅-ပါး

၄၉။ ကိုယ်လည်းချမ်းသာ၊ နှစ်ဖြာမိ,ဖ၊ မွေးထတခြား၊ သား,မယား,မိတ်ဆွေ၊ လှူပေရဟန်း၊ ငါးခန်းငှါန၊ အကျိုးရသည်၊ နိစ္စအမြဲ သတိစွဲ။
[ဤကား စည်းစိမ်ဥစ္စာ ပြည့်စုံကျိုးငါးပါး စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံလှေခါးကျမ်း

ကြည်ညိုခြင်း အကျိုး ၅-ပါး

၅၀။ ကြည်ညိုဖွယ်ရာ၊ ပြုကျင့်ရာ၌၊ ပညာရှိနှင့်၊ မိမိချီးမွမ်း၊ ကျော်ဝှန်းသတင်း၊ ကင်းသည် တွေဝေ၊ သေခါနတ်ဘုံ၊ ရောက်လေတုံသည်၊ ပုံသေမလွဲ သတိစွဲ။
[ဤကား ကြည်ညိုဖွယ်ရာ ကာယကံ၌ ငါးပါး, ဝစီကံ၌ ငါးပါး, မနောကံသုစရိုက်တို့၌လည်း ငါးပါး စကားရပ် မှတ်ဖွယ်တည်း။ မကြည်ညိုဖွယ်ရာ ကာယကံဒုစရိုက်, ဝစီဒုစရိုက်, မနောကံဒုစရိုက်တို့၌လည်း ငါးပါးစီ ဗျတိရေကနည်းဖြင့် သိလေ။ တနည်းလည်း- ငါးပါးအနက်တွင် နောက်နှစ်ပါးကိုချ, ရှေ့သုံးပါးကို ယူ၊ မသူတော်တရားမှ ထခြင်း, သူတော်ကောင်းတရား၌ တည်စေခြင်း၊ ဤနှစ်ပါးကို ထည့်၍ ငါးပါး ရှစ်လီအားဖြင့် တရားပေါင်းလေးဆယ် မှတ်ဖွယ်ဖြစ်၏၊]♦သုံးပုံလှေခါးကျမ်း

ကြည်ညိုဖွယ်ရာ ပြုလုပ်ခြင်းအကျိုး ၅-ပါး

၅၁။ မကြည်ညိုသူ၊ လွန်ကြည်ဖြူလိမ့်၊ ကြည်ညိုသူအား၊ ပွားတတ်လေရာ၊ သာသနာလည်း၊ ပြုရာမှန်လှ၊ ပစ္ဆိမဇနတာ၊ ဒိဋ္ဌာနုဂတိ၊ လိုက်လေဘိ၍၊ မိမိစိတ်က၊ ကြည်ညိုရလိမ့်၊ ဖလငါးတန်၊ ရကြောင်းမှန်သည်၊ ဉာဏ်ဝယ်အမြဲ သိအောင်ခဲ။
[ဤကား ကြည်ညိုဖွယ်ရာ အရုပ်ရေးခြင်း, တံမြက်လှည်းခြင်း စသော အမှုတို့ကို ပြုရာ၌ အကျိုးငါးပါးစကားရပ် မှတ်ဖွယ်တည်း။ တံမြက်မလှည်းခြင်းစသော မကြည်ညိုဖွယ်ရာကို ပြုရာ၌ အပြစ်ငါးပါးကိုလည်း ဤမှပြန်၍ ဗျတိရေကနည်းဖြင့် သိလေ။]♦သုံးပုံလှေခါးကျမ်း

သီလအကျိုး ၅-ပါး

၅၂။ သီလရှိရာ၊ အကျိုးမှာကား၊ များစွာစည်းစိမ်၊ ကောင်းရှိန်သတင်း၊ ကင်းသည်ရွံ့ရှာ၊ လေးဖြာပရိသတ်၊ ကပ်သည်ကာလ၊ ကင်းထတွေဝေ၊ သေခါနတ်ရွာ၊ ရောက်လေရာသည်၊ ငါးဖြာကောင်းကျိုး ရအောင်ကြိုး။
[ဤကား သီလအကျိုးငါးပါး စကားရပ် မှတ်ဖွယ်တည်း။ သီလမရှိခြင်း အပြစ်ငါးပါးကိုလည်း ဤမှပြန်၍ ဗျတိရေကနည်းဖြင့် သိလေ။]♦သုံးပုံလှေခါးကျမ်း

ကျောင်းထိုင်ပုဂ္ဂိုလ် ငရဲလားကြောင်းတရား ၅-ပါး

၅၃။ ကျောင်းနေဆရာ၊ အပြစ်မှာကား၊ အာဝါသနှင့်၊ ကုလ, လာဘာ၊ ဝဏ္ဏာ, ဓမ္မ၊ ဤငါးဝကြောင့်၊ ကျလိမ့်နောင်လာ၊ ပြိတ္တာငရဲ၊ ပြေးမလွဲသည်၊ မြဲပါစေကား ကျောင်းနေအား။
[ဤကား ကျောင်းနေပုဂ္ဂိုလ် အပါယ်လားကြောင်း ငါးပါးစကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံလှေခါးကျမ်း

ပဉ္စာနန္တရိယကံ ၅-ပါး

၅၄။ အမိ, အဖ၊ သတ်ထရဟန္တာ၊ သံဃာသင်းခွဲ၊ သွေးစိမ်ထဲက၊ ငါးဝဂရုကံ၊ လားလိမ့်မှန်သည်၊ ဧကန်မယွင်း ဝီစိဆင်း။
[ဤကား အဝီစိငရဲကြီးသို့ ရောက်ကြောင်း ပဉ္စာနန္တရိယကံငါးပါး စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံလှေခါးကျမ်း

အသံနေ အသံထားဖြင့် တရားဟောခြင်း အပြစ် ၅-ပါး

၅၅။ အသံရှည်စွာ ဟောရာအပြစ်၊ ငါးပါးဖြစ်လိမ့်၊ တပ်ရစ်အသံ၊ နှစ်တန်ယူထ၊ ကဲ့ရဲ့ကြလိမ့်၊ ပျက်ထသမာဓိ၊ ဂတိဒိဋ္ဌာ၊ နောင်လာသူအား၊ နည်းကားယူထွေ၊ လိုက်ကြလေသည်၊ ရှောင်လေရှင်းရှင်း လွတ်အောင်ကွင်း။
[ ဤကား အသံကို ရှည်စွာထား၍ တရားဟောရာ အပြစ်ငါးပါးစကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံလှေခါးကျမ်း

စိတ်၏ ဆူးငြောင့် တံသင်းတရား ငါးပါး

၅၆။ ဗုဒ္ဓ, ဓမ္မ၊ သံဃ, သိက​္ခာ၊ ငါးဖြာသတင်း၊ သုံးဘော်ခြင်းနှင့်၊ မကင်းယုံမှား၊ ရှိတုံငြားက၊ ငါးပါး ငြောင့်ဆူး၊ စိတ်ဝယ်စူးသည်၊ စူးကြမည်ကား သတိထား။
[ဤကား စေတောခိလ-စိတ်၏ စိတ်၏ တံသင်းငါးပါး စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံလှေခါးကျမ်း

စိတ်ကို နှောင်ဖွဲ့ခြင်း တရား ၅-ပါး

၅၇။ ကာမ, ကာယ၊ ရူပ၌ဝယ်၊ သုံးသွယ်တပ်ခြင်း၊ မကင်းလေပါ၊ သုံးဖြာသုခ၊ ခံစားကြခဲ့၊ တောင့်တနတ်ရွာ၊ ဤငါးဖြာသည်၊ ဖွဲ့ရာမမှား ကြိုးအလား။
[ဤကား စေတောဝိနိဗန္ဓ- စိတ်ကို နှောင်ဖွဲ့ခြင်း ငါးပါး စကားရပ် မှတ်ဖွယ်တည်း။ အလိုရှိတိုင်း ဝမ်းပြည့်အောင် စားပြီလျှင် ညောင်စောင်းအင်းပျဉ်၌ အိပ်ခြင်း သေယျသုခ၊ လက်ဝဲလကျာ်နံတောင်းလျောင်းခြင်း, အိပ်ခြင်း ချမ်းသာကို ခံစားခြင်း ဖဿသုခ၊ ငိုက်မျဉ်းခြင်း ချမ်းသာကို ခံစားခြင်း မိဒ္ဓသုခ၊ ဤသုံးပါးကို တပါးတည်း ယူလေ၊ ဤငါးပါး နှောင်ဖွဲ့သောသူအား မဂ်,ဖိုလ်,နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားကို အားထုတ်ခြင်းငှါ မတတ်နိုင် ဟူလိုသည်။]♦သုံးပုံလှေခါးကျမ်း

လက်နက်ကြီး ၄-ပါး

လက်နက်ကြီး ၄-ပါး။ သိကြား, ဝေဿဝဏ္ဏ၊ ယမမင်းနှင့်၊ အာဠဝကဘီလူး မည်ထူးထင်ရှား၊ လေးယောက်သားတို့၊ စွဲငြား လက်နက်၊ စက်ဝရဇိန်၊ အရှိန်ပြင်းထန်၊ နှင်တန်တမျိုး၊ မျက်စောင်းထိုးနှင့်၊ ပုဆိုးဘွဲ့ဖြူ၊ စဉ်သင့်ယူ၍၊ လေးဆူလက်နက်၊ ကျမ်းအထွက်ကို၊ ကျက်မှတ်ဖွယ်ရာ၊ ညွှန်ပြမှာသည်၊ မကွာအမြဲ သိအောင်ခဲ။
[ ဤကား လက်နက်ကြီး လေးပါးစကားရပ် မှတ်ဖွယ်တည်း။ သိကြားမင်းအမျက်ထွက်၍ လက်နက်ကို မြင်မိုရ်တောင်ထိပ်သို့ လွှတ်သည်ရှိသော် ယူဇနာတစ်သိန်း ခြောက်သောင်း ရှစ်ထောင်ရှိသောအရပ်ကို ထုတ်ချင်းထွင်း၍ အောက်သို့ သွားလေ၏၊ ဝေဿဝဏ္ဏနတ်မင်း အမျက်ထွက်၍ နှင်တန်ကို လွှတ်သည်ရှိသော် ဘီလူးတစ်ထောင်တို့၏ ဦးခေါင်းကျ၍ ဟတ္ထပါသ်သို့လာ၍ တည်လာပြန်၏၊ ယမမင်းအမျက်ထွက်၍ မျက်စောင်းထိုးကြည့်သည်ရှိသော် တထောင်သော ကုမ္ဘဏ်တို့သည် အိုးကင်းပူ၌ နှမ်းကဲ့သို့ ဖရိုဖရဲ ပျက်စီးကုန်၏၊ အာဠာဝက ဘီလူး အမျက်ထွက်၍ ဘွဲ့ဖြူလက်နက်ကို ကောင်းကင်သို့ လွှတ်သည်ရှိသော် တဆယ့်နှစ်နှစ်ပတ်လုံး မိုးမရွာဘဲ နေလေ၏၊ မြေသို့ပစ်သော် တစ်ဆယ့်နှစ်နှစ်အတွင်း မျက်သစ်ပင်တို့သည် မပေါက်နိုင်ဘဲဖြစ်၏၊ သမုဒ္ဒရာသို့ ပစ်က အိုးကင်၌ ရေပေါက်ကဲ့သို့ အလုံးစုံသော ရေခန်းခြောက်လေရာ၏၊ မြင်းမိုရ်တောင်ကို ပစ်သော် အပိုင်းပိုင်ပြတ်၍ ဖရိုဖရဲ ကြဲလေရာ၏၊ ဤကား မဟာနုဘာဝလက်နက်လေးပါး အာနုဘော်တည်း၊ သဂါထာဝဂ္ဂသံယုတ် အဋ္ဌကထာ (၂၉၆)လာ။]♦သုံးပုံလှေခါးကျမ်း

သစ္စာတရား ၆-*ပါး

၅၉။ ဝါစာ, ဝိရတိ၊ ဒိဋ္ဌိ, ဗြဟ္မ၊ ပရမတ္ထတဖြာ၊ သစ္စာခြောက်ပါး၊ မြတ်တရားကို၊ တပါးရသာ၊ မတူပါရှင့်၊ သစ္စာလေးမြတ် သောက်ရတတ်က၊ ဥပဒ်ကင်းကွာ၊ လိုရာတောင့်တ၊ ပြည့်စုံရသည်၊ မုချမယွင်း မှန်၏မင်း။ *ဤသစ္စာ ၆-ပါး၌ အရိယသစ္စာတစ်ပါးထည့်သွင်းယူလိုဟန်ရှိသည်။
[ဤကား သစ္စာခြောက်ပါး စကားရပ် မှတ်ဖွယ်တည်း၊ သဂါထာဝဂ္ဂသံယုတ် အဋ္ဌကထာလာ။ "သစ္စံ ဟဝေ ရသာနံ သာဓုတရံ" အဖွင့်မှာ ကြည့်လေ၊ သစ္စာကြောင့် မိုးရွာခြင်း, မီးမလောင်ခြင်း, မြွေဆိပ်, မြှားဆိပ်ကင်းခြင်း, မြစ်ရေတန့်ခြင်း, အနာကင်းခြင်းစသော များစွာသော အကျိုးရှိ၏ဟူလိုသည်။ မူလ-ဖလ-ပဏ္ဏစသာ အရသာတို့မှာ သရီရဗျူဟန-အရေအသားပွါးခြင်းအကျိုး၊ သံကိလေသိကသုခ-ညစ်ညူးသောချမ်းသာကိုသာ ဆောင်တတ်သည်။ သစ္စာအရသာမှာ- သမထ, ဝိပဿနာ စသည်ဖြင့် စိတ္တဗျူဟန-စိတ်ပွါးခြင်းအကျိုး၊ အသံကိလေသိကသုခ- မညစ်ညူးသော ချမ်းသာကို ဆောင်တတ်သည်၊ ထို့ကြောင့် အရသာတို့တွင် သစ္စာအရသာမြတ်၏ဟု ဟောတော်မူသည်။♦သုံးပုံလှေခါးကျမ်း

ဘုရားကြိမ်းဝါးတော်မူရာ တရား ၄-ပါး

၆၀။ ဝိနယနှင့်၊ ဘုမ္မတဖြာ၊ ပစ္စယာကာရ၊ ယူထတဖန်၊ သမယန္တ၊ ဂမ္ဘီရကို၊ ငါမှတစ်ပါး၊ ဟောကြားခြင်းငှါ၊ မစွမ်းရာဟု၊ လေးဖြာငှါန၊ ကြိမ်းဝါးပသည်၊ နိစ္စ အမြဲ ဉာဏ်၌စွဲ။
[ဤကား ဘုရားကြိမ်းဝါးတော်မူရာ ဉာဏပဝေသန တရားလေးပါး စကားရပ်မှတ်ဖွယ်တည်း၊ ဘုမ္မ၌- ဘုမ္မန္တရဆိုလိုသည်၊ အဘိဓမ္မာတရားကိုယူ၊ ပစ္စယာကာရ၌ ပဋိစ္စသမုပ္ပါဒ်ကိုယူ၊ သမယန္တ၌ ခြောက်ဆယ့်နှစ်ပါး ဒိဋ္ဌိကိုယူလေ၊ သဂါထာဝဂ္ဂ သံယုတ်အဋ္ဌကထာလာ။]♦သုံးပုံလှေခါးကျမ်း

သိနိင်ခဲသောတရား ၅-ပါး

၆၁။ မီး, မင်း, ဆင်, မြွေ, တထွေမိန်းမ၊ ဤငါးဝကို၊ နိစ္စအမြဲ၊ သတိစွဲ၍၊ မှီဝဲပါလေ၊ ညွှန်ခဲ့ပေသည်။ ရိပ်ခြေအထဲသိနိုင်ခဲ။
[ဤကား သိနိုင်ခဲသော တရားငါးပါး စကားရပ်မှတ်ဖွယ်တည်း၊ ကြာမြင့်စွာ အတူနေသည်ဟူ၍ အကျွမ်းမဝင်အပ်၊ ဖျက်ဆီးတတ်သည် ဟူလိုသည်။]♦သုံးပုံလှေခါးကျမ်း

အပိုင်းအခြားအနားမရှိသော တရား ၅-ပါး

၆၂။ သေသောက်တဲနှင့်၊ မလွဲသဘင်၊ သောက်ရေစင်နှင့်၊ ထိုပြင်တသီး၊ မြစ်ခရီးနှင့်၊ အပြီးတူစွာ၊ မိန်းမမှာတည့်၊ ဝေလာကာလ၊ မရှိကြသည်၊ နိစ္စအမြဲ မှန်မလွဲ။
[ဤကားအပိုင်းအခြား အနားမရှိသော တရားငါးပါး စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံလှေခါးကျမ်း

မိန်းမတို့ အားမရနိုင်သည့်တရား ၃-ပါး

၆၃။ မေထုန်တခြား၊ သားဖွား, တန်းဆာ၊ အလင်္ကာဟု၊ သုံးဖြာဓမ္မ၊ အားမရခဲ့၊ မိန်းမတို့အား၊ လင်ငါးယောက်ရှင်၊ ဖြစ်လေကျင်လည်း၊ လူတွင်ညစ်စုတ်၊ သူဆွံ့ယုတ်နှင့်၊ စက်ဆုပ်၊ ဖွယ်ရာ၊ အဝိဇ္ဇာကြောင့်၊ မိစ္ဆာစာရ၊ ကျင့်လေကြသည်၊ မြှော်ထနောင်ရေး မိန်းမဘေး။
[ဤကား မိန်းမတို့အားမရနိုင်သည့် တရားသုံးပါး စကားရပ်မှတ်ဖွယ်တည်း၊ အသီတိနိပါတ်ဇာတ် အဋ္ဌကထာလာ။ ဗာရဏသီပြည် ကိန္နရီမိဖုရားနှင့် မစွမ်းမသန်သော သူဆွံတို့မှား ယွင်း၍ နှင်ထုတ်လေသည်။ ဗာရဏသီပြည် ဗကမင်းနှင့် ဗာဝရိကမင်းနှစ်ပါး မိဖုရားဖြစ်သော ပဉ္စပါပီသည် အို၍ ခါးကုန်သော လူအိုလူကုန်းနှင့် မှားယွင်းဘူးလေသည်။ ဗြဟ္မဒတ်မင်း မိဖုရားလည်း မြင်းထိန်းနှင့် မှားယွင်းလေ၍ မိဖုရားအရာမှ ကျလေသည်။ မိန်းမတို့မာယာ လေးဆယ်ရှိကြောင်းကို နိပါတ်တော်ဇာတ်၌ လာသည်၊ မိန်းမတို့သဘောသည် မြွေ, မြစ်ဆိပ်, ဘီလူးရက္ခိုသ်, နွား, ဆူးခက်, နွယ်စသည်တို့နှင့် တူကြောင်း ဘုရားဟောသည်။ သန်လျက်စွဲသူ ဘီလူးနှင့် စကားပြောရာ၏၊ မြွေကိုကိုင်ရာ၏၊ ဆိတ်ကွယ်ရာ၌ မိန်းမနှင့် စကား မပြောရာ-လာသည်၊ အသီတိနိပါတ် ကုဏာလဇာတ် အဋ္ဌကထာ (၄၆၅)မှာ ကြည့်လေ။]♦သုံးပုံလှေခါးကျမ်း

မပြည့်နိုင်ရာသောတရား ၄-ပါး

၆၄။ သမုဒ္ဒရာ, ပုဏ္ဏား၊ မင်းအား, မိန်းမ၊ လေးဌာနဝယ်၊ ဆန္ဒတဏှာ၊ မပြည့်ရာသည်၊ ပညာတောင်ကြီး ကန့်လန့်ဆီး။
[ဤကား မပြည့်နိုင်ရာသော တရားလေးပါးစကားရပ် မှတ်ဖွယ်တည်း။ သမုဒ္ဒရာမှာ ကျယ်သောကြောင့် မပြည့်နိုင်သည်။ မင်းမှာ သမုဒ္ဒရာအဆုံးတိုင်အောင် လေးကျွန်းလုံးကို ရသော်လည်း တဏှာများ၍ မပြည့်နိုင်သည်၊ မိန်းမမှာလည်း လင်ရှစ်ယောက်ပင်ရသော်လည်း ကိုးယောက်ကို တောင့်တပြန်လေသည်၊ ကိုးယောက်ရပြန်လျှင်လည်း ထို့ထက်အလွန်အများကို တောင့်တပြန်သည်၊ ကာမရာဂများ၍ မပြည့်နိုင်ဘဲရှိသည်၊ "ဦနတ္တာဟိ နပူရတိ"ဟု လာသည်၊ အသီတိနိပါတ် ကုဏာလဇာတ် (၄၈၇) ကြည့်လေ။]♦သုံးပုံလှေခါးကျမ်း

ဘုန်းတန်ခိုးကြီးကြောင်း ကောင်းမှု ၆-ပါး

၆၅။ ပုဆိန်တရပ်၊ ထင်းဖြတ်ပဲကွပ်၊ မလွတ် မကင်း၊ ထင်း, မီး, တင်းကုတ်၊ မယုတ်တဖန်၊ စာရေးတန်ဟု၊ ခြောက်တန်ဒါန၊ စိုက်ပျိုးချ၍၊ ထာမစွမ်းအား၊ ကြီးမားတေဇော၊ တန်ဒါန၊ စိုက်ပျိုးချ၍၊ ထာမစွမ်းအား၊ ကြီးမားတေဇာ၊ ပေါရိသာဒ၊ ဖြစ်ရလေသည်၊ စိုက်ကြလေမင်း ဒါနခင်း။
[ဤကား ဘုန်းတန်ခိုးကြီးခြင်း အကြောင်း ကောင်းမှုခြောက်ပါး စကားရပ် မှတ်ဖွယ်တည်း။ အသီတိနိပါတ် သုတသောမဇာတ်လာ။ "အဟံ ပေါရိသာဒေါ၊ ပေါရိသာဒ-ဆိုသူသည် ငါမဟုတ်လော"ဟူ၍ ကြိမ်းဝါး၍ ပြေးလာလျှင် တစုံတစ်ယောက်သောသူ မရပ်တန့်နိုင်၊ သုံးယူဇနာကို တဟုန်တည်းပြေးသွားနိုင်ခြင်း၊ ခွန်အားစွမ်းပကား တန်ခိုးတေဇော်ကြီးခြင်းသည် ကဿပဘုရား လက်ထက်တော်က ခီရဘတ္တသလာက နို့ဃနာစာရေတံ, ရဟန်းသင်္ဃာတို့၏ အချမ်းပျောက်စေခြင်းငှါ မီး, တင်းကုပ်, ထင်း, ပဲကွပ်, ပုဆိန်ကို လှူခဲ့ဘူးလေသည်။]♦သုံးပုံလှေခါးကျမ်း

သာသနာ ၃-ပါး

၆၆။ သုံးဖြာပိဋကတ်၊ ပရိယတ်တည့်၊ ဆယ့်သုံးရပ် ဓုတင်၊ ဆယ့်လေးအင်ခန္ဓက၊ ရှစ်ဆယ့်နှစ်ဝဝတ်ကြီး၊ တသီးသီလ၊ တကွသမာဓိ၊ ထူးဘိဝိပဿနာ၊ သညာတရပ်၊ ပဋိပတ်တည့်၊ လေးရပ်မဂ္ဂ၊ ဖလလေးတန်၊ နိဗ္ဗာန်တရား၊ ဤကိုးပါးမှာ၊ ထူးခြားစွာဘိ၊ ကျေးဇူးရှိသည်၊ ပဋိဝေဓ၊ မည်တွင်ထ၏၊ သုံးဝသာသနာ၊ တွင်အခါဝယ်၊ နှစ်ဖြာစိုက်ခင်း ကောင်းစေမင်း။
[ဤကား သာသနာသုံးပါး စကားရပ် မှတ်ဖွယ်တည်း၊ နှစ်ပါးသော အနုဂ္ဂဟဖြင့် ချီးမြှောက်နိုင်စေရာဆိုလိုသည်။]♦သုံးပုံလှေခါးကျမ်း

သာသနာ ၃-ပါး ပုံဥပမာစကား

၆၇၊ သုံးဖြာသော-ပ၊ အရင်းစနှင့်၊ သုံးဝသာသနာဖြစ်သည်တာတွင်၊ ပဌမာပ၊ နွားမပမာ၊ တဖြာနောက်ပ၊ ဒုတိယကား၊ နွားထီးလားတည့်၊ တခြားထို့ပြင်၊ နှိုင်းရန်ဆင်မူ၊ နွားရှင်ဒုတိယ၊ ပဌမနွားကျောင်း၊ တူတုံရှောင်းလိမ့်၊ တကြောင်းရွှေအိုး၊ လိပ်ထိုးကမ္ပည်း၊ ရှေးနည်းအတူ၊ စဉ်သင့်ယူရှင့်၊ နည်းတူထို့ပြင်၊ တပုံဆင်မူ၊ သုံးအင်ပ,မျိုး၊ ကန်ရိုးရေကြာ၊ ကဲ့ပမာတည့်၊ လက္ခဏာအရ၊ တူစွာလှ၏၊ လောကစီးပွား၊ ထားခဲ့သည်မှာ၊ ငါးထောင်သာတည့်၊ ငါးဖြာဒုလ္လဘ၊ ရမည့်အရာ၊ ခဲလှစွာသည်၊ သုံးဖြာခေတ်တွင်း ခဲလမင်း။
[ဤကား-သာသနာသုံးပါး ပုံဥပမာစကားရပ် မှတ်ဖွယ်တည်း။ သာသနာပ၌ လှည်းအစည်းခြောက်သောင်းတိုက် လှူသောထက် သာသနာတွင်း တဟင်းချို တယောက်မက သာသည်ဖြစ်၍ တွေကြိမ်ဆဲတွင် ခဲလေဆိုလိုသည်။]♦သုံးပုံလှေခါးကျမ်း

သုံးပါးသာသနာ တွေ့ခဲကြောင်းစကားရပ်

၆၈။ သုံးပါးသာသနာ၊ ညခါလျှပ်စစ်၊ ကဲ့သို့ဖြစ်လိမ့်၊ မဖြစ်သည်မှာ၊ ညဉ့်ပမာတည့်၊ တည်ရာကားရှား၊ မတည်များခဲ့၊ စကားအရာ၊ ဥပမာမူ၊ သမုဒ္ဒရာဝယ်၊ လိပ်သဖွယ်တည့်၊ သုံးသွယ်ဓမ္မ၊ ထွန်းလင်းပရာ၊ တွေ့ခဲစွာသည်၊ လသာခိုက်တွင်း ခဲလေမင်း။
[ဤကား-သာသနာတွေ့ခဲကြောင်း စကားရပ် မှတ်ဖွယ်တည်း၊ တွေ့ခဲချေ၏၊ ခဲလေဆိုလိုသည်။]♦သုံးပုံလှေခါးကျမ်း

အာနာပါနကမ္မဋ္ဌာန်းစီးဖြန်းပုံ

၆၉။ ဒီဃ, ရဿ၊ ဤနှစ်ဝကို၊ ယူထထွက်, သက်၊ ဝင်သက်၌မူ၊ ဤနည်းတူတည့်၊ ယူလေလေးပါး၊ နှာသီးဖျားဝယ်၊ နွားဖမ်းပမာ၊ ရှုအပ်စွာသည်၊ ကြီးစွာနောင်ရေး အကျိုးပေး။
[ဤကား- အာနာပါနကမ္မဋ္ဌာန်း စီးဖြန်းရာသော အခြင်းအရာ စကားရပ် မှတ်ဖွယ်တည်း။ ထွက်သက်အစကား ချက်၊ အဆုံးကား နှာသီးဖျားတည်း၊ ဝင်သက်အစကား နှာသီးဖျား၊ အဆုံးကား ချက်တည်း၊ နွားဖမ်းယောကျ်ားသည် ခြံအပြင်မှာလည်းမဖမ်း၊ ခြံတွင်းမှာလည်း မဖမ်း၊ ခြံဝင်ပေါက်မှာ ဖမ်းသကဲ့သို့ ထွက်သက်, ဝင်သက်ကိုလည်း နှားသီးဖျားတွင် ရှုလ- ဆိုလိုသည်။ "အာနာပါနဿတိံ ရဟုလာ ဘာဝနံ ဘာဝေဟိ၊ အာနာပါနဿတိ ဘာဝနာ ရာဟုလ ဘာဝိတာ ဗဟုလီကတာ၊ မဟမ္ဖလာ ဟောတိ မဟာနိသံသာတိ"။ ဟူ၍ အကျိုးကြီးကြောင်းကို ဟောတော်မူသည် သုတ္တသင်္ဂဟအဋ္ဌကထာ အကျယ်ရှိ၏၊ ကြည့်လေ။ ပင်္ဂုလောပမာ- ပခက်လွှဲ၊ ဒေါဝါရိကောပမာ- တံခါးစောင့်၊ ကကစူပမာ- လွှတိုက်ပမာကိုလည်း မှတ်လေ၊ နည်းခံလေ။ ငါးခုမှအောက်, ဆယ်ခုကအထက်, မလွန်မယုတ်စေမူ၍ ထွက်သက်ဝင်သက်ကို ရေတွက်လေ၊ စပါးချင့်သော သူတို့သည် တတင်း, နှစ်တင်း ရေသကဲ့သို့ ရေလေ။ ဘဝစရိမ, စျာနစရိမ, စုတိစရိမ- စရိမသုံးပါး။]♦သုံးပုံလှေခါးကျမ်း

အာဒါသမုခမင်းသား ဆုံးဖြတ်သော တရား ၁၄-ပါး

၇၀။ နွား, သားတရား၊ မပြားနည်းတူ၊ မြင်း, ကျူထရံ၊ တဖန်ရွာစား၊ တခြားပြည့်တန်းဆာ၊ တဖြာမေးဖွယ်၊ မိန်းမငယ်နှင့်၊ မြွေဝယ်, သမင်၊ သစ်ပင်စောင့်နတ်၊ မေးလတ်ပုစ္ဆာ၊ ခါနှင့် နဂါး၊ ပုဏ္ဏားလုလင်၊ ထို့ပြင်ရသေ့၊ ဆယ့်လေးစေ့သား၊ ဤတရားကို ဘုရားအလျာ၊ အာဒါသမင်း၊ ဖြေပြရှင်းသည်၊ ထိုးထွင်းဉာဏ်နေ နက်လှစေ။
[ဤကား အာဒါသမုခမင်းသား ဘုရားအလောင်း ဆုံးဖြတ်စီရင် ဖြေသုတ်သင်သော တဆယ့်လေးပါး စကားရပ် မှတ်ဖွယ်တည်း၊ တိကနိပါတ် ဂါမဏိစန္ဒဇာတ်၊ (၂၇၀)မှာ ကြည့်လေ။ ၁။ နွားငှါး၍ နွားရှင်ကို အပ်ထားရာ သူတစ်ပါး ခိုး၍ နွားပျောက်တရား၌ အပ်လာသောအခါ နွားကို မမြင်ပါဟု နွားရှင်မုသားဆိုသာကြောင့် နွားဖိုး နှစ်ဆယ့်လေးကျပ် အသပြာပေးစေ၊ နွားရှင်မျက်လုံးကို ထုတ်စေ- စီရင်သောကြောင့် နွားငှါးသူအား ပေး၍ နွားရှင်ပြေးလေသည်။ ၂။ သားသေရာ၌ သားရှင်က သားစားရလိုကြောင်းကို ဆိုလျှင် ထိုသူ့မယားကို သင့်အိမ်သို့ ခေါ်၍ မယားပြု၍ သားစားပေးစေ စီရင်သောကြောင့် သားရှင်က အစွဲခံသူကို အသပြာပေး၍ ပြေးလေသည်။ ၃။ မြင်းကျိုးရာ၌ မြင်ရှင်မုသားဆို၍ လျှာကိုထုတ်စေ၊ မြင်းဖိုးတထောင်ကို ပေးစေ စီရင်၍ အသပြာပေး၍ ပြေးလေသည်။ ၄။ ကျူထရံသည် အဖသေရာ၌ အဖစားရလိုကြောင်းကို ဆိုလျှင် ဤသူ့မယားကို သင့်အိမ်သို့ ခေါ်၍ အဖပြုလေ စီရင်သောကြောင့် အသပြာပေး၍ ပြေးလေသည်။ ၅။ ဂါမဏိစန္ဒအမတ်ကြီး တစ်ယောက်ထဲ၌ပင် အမှုလေးခု ရောက်၍ လေးမှုကိုပင် အောင်လေသည်၊ ရွာစား လာဘ်နည်းကြောင်းကို မေးသည်၊ တရားစီရင်ရာ အဓမ္မကြောင့် နည်းသည်ဟု ဖြေသည်။ ၆။ ပြည့်တန်းဆာမ ရှေးကဲ့သို့ တရားမစောင့်။ ၇။ မိန်းမငယ် မမွေ့လျှော်ခြင်းသည် လင်ငယ် သယောက်ထားသည်။ ၈။ မြွေတောင်ပို့က ထွက်သောအခါ လေးသည်၊ ဝင်သောအခါ ပေါ့ခြင်းသည် ရွှေအိုး တောင်ပို့၌ ရှိသည်။ ၉။ ခါမတွန်နိုင်ခြင်းသည် တောင်ပို့ရင်း၌ ရွှေအိုးရှိသည်။ ၁၀။ သမင် အရပ်တစ်ပါးသို့ သွား၍ မြက်မစားနိုင်ခြင်းသည် ထိုသစ်ပင်ထက်၌ ပျားအုံကြီး ရှိသည်။ ၁၁။ နဂါးရေကန်၌ ရေနောက်ခြင်းသည် အချင်းချင်း ငြင်းခုံ၍ ဖြစ်သည်။ ၁၂။ ရသေ့သစ်သီး မချိုခြင်းသည် မိစ္ဆာဇီဝဖြင့် အသက်မွေး၍ ဖြစ်သည်။ ၁၃။ ပုဏ္ဏားလုလင်တို့ အတတ်ပညာသင်၍ မတွင်နိုင်ခြင်းသည် အခါမဲ့တွန်သော ကြက်ကြောင့် ဖြစ်လေသည်။ ၁၄။ သစ်ပင်စောင့်နတ် တောအုပ်ခရီးသို့ လာသောခရီးသမား လူတို့ကို မစောင့်သောကြောင့် လာဘ်ပူဇော်မရသည်။ ဇမ္ဗူဒီပါတကျွန်းလုံး ပညာကြီးကြောင်းကို ကျော်သည်၊ ဘုရားဖြစ်မှသာ ငါပညာကြီးသည် မဟုတ်ဟု ဟောတော်မူသည်။]♦သုံးပုံလှေခါးကျမ်း

ကုရုဓမ္မတရား ၅-ပါး စောင့်သူ ၁၁-ယောက်

၇၁။ (က) ရာဇ, မာတာ၊ တဖြာဒေဝီ၊ တလီသားကြီး၊ တသီးပုဏ္ဏား၊ တခြားကြိုးဆွဲ၊ မလွှဲမတိမ်း၊ ရထားထိန်း, သူဌေး၊ မဝေးတမည်၊ တင်းသည် အမတ်၊ စောင့်လတ်တံခါး၊ မပြားပြည့်တန်းဆာ၊ ငါးဖြာသီလ၊ စောင့်တုံကြ၍ ယူထ ရွှေပေ၊ ပေးလိုက်လေသည်၊ စောင့်လေချက်ခြင်း ကာသိမင်း။
[ဤကား ကုရုတိုင်း ဣန္ဒပတ္ထပြည်၌ ကုရုဓမ္မတရား ငါးပါးစောင့်သူ တကျိပ်တစ်ယောက် စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံလှေခါးကျမ်း

တကျိပ်တယောက် ကုက္ကုစ္စ ဖြစ်ဟန်

၇၂။ (ခ) မြှားနှင့် ရွှေပန်း၊ တခန်းလောဘ၊ စွတ်ထ မိုးရွာ၊ တဖြာ တပ်မက်၊ တချက်လှံတံ၊ နှင်တံအမှတ်၊ ပန်လတ်စပါး၊ ရောငြား၊ တထွေ၊ ဆိုင်လေမယာ၊ ယူငြားအခ၊ ကုက္ကုစ္စသည် စောင့်ကြမလွဲ ကိုယ်၌မြဲ။
[ဤကား တကျိပ်တစ်ယောက် ကုက္ကုစ္စဖြစ်ဟန် စကားရပ် မှတ်ဖွယ်တည်း၊ ရှေ့ပုဒ်နှင့်ဟပ်လေ၊ ဆရာ့ထံမှလည်း နည်းခံလေ၊ အကျဉ်းဆောင်ပုဒ်ဖြစ်သည်။]♦သုံးပုံလှေခါးကျမ်း

ပဉ္စသီလကျင့်ခြင်းအကျိုး

၇၃။ ဆယ်ပါးဓမ္မ၊ ငါးသီဝသီလာ၊ စောင့်သည်တာကြောင့် သုံးဖြာသော ဘေး၊ ကင်းလွတ်ဝေးသည်၊ ရှေးတူမမှား၊ ကျင့်လေကား။
[ဤကား ပဉ္စသီလငါးပါးကို ကျင့်၍ ဘေးသုံးပါးကင်းကြောင်း စကားရပ် မှတ်ဖွယ်တည်း၊ ကလိင်္ဂတိုင်း ဒန္တပူရပြည်၌ မိုးခေါင်း၍ ကုရုတိုင်း ဣန္ဒပတ္ထပြည် တကျိပ်တယောက်သော သူတို့ထံ ကုရုဓမ္မတရားငါးပါးကို ရွှေပေ၌ ယူ၍ ကျင့်သောခဏ၌ မိုးရွာ၍ ဘေးသုံးပါး ကင်းကြောင်း စကားရပ် မှတ်ဖွယ်တည်း။ ဆာတဘယ, ရောဂဘယ, ဒုဗ္ဘိက္ခယကို ဘေးသုံးပါးယူလေ၊ တိကနိပါတ် ကုရုဓမ္မဇာတ် (၃၃၀)မှာ အကျယ်ကြည့်လေ။]♦သုံးပုံလှေခါးကျမ်း

ဒုဿီလမယား ၃-မျိုး

၇၄။ မထီမဲ့ငြား၊ စိတ်ပြစ်မှား၍၊ စီးပွါးမဲ့သူ၊ သူသတ်တူလိမ့်၊ ခိုးသူမှာကား၊ သိမ်းထားဥစ္စာ၊ ဆုတ်ယုတ်စွာခဲ့၊ ကြမ်းစွာစကား၊ အကောင်းစား၍၊ ပျင်းငြားတုံမူ၊ သခင်တူလိမ့်၊ ပုံတူမခြား၊ ဤသုံးပါးမှာ၊ လားလိမ့် အပါယ်၊ ဘုံလေးသွယ်၌၊ ကြီးကျယ်ဒုက္ခ၊ တွေ့ကြုံရသည်၊ ရှောင်ကြလေကား လင်းမယား၊ [ဤကား အပါယ်လားကြောင်း ဒုဿီလမယားသုံးပါး စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံလှေခါးကျမ်း

သုသီလမယား ၄-မျိုး

၇၅။ မိ,ဘပမာ၊ လွန်ကြင်နာလျက်၊ ဥစ္စာမပျောက်၊ စောင့်ရှောက်သည်မှာ၊ မာတာတွင်ထ၊ နှမအလား၊ ရှက်ငြားရိုသေ၊ လုပ်ကျွေးပေမူ၊ နှမတူလိမ့်၊ ကြည်ဖြူစိတ်နေ၊ မိတ်ဆွေနှစ်ဦး၊ ရှည်ကြူးဝေးစွာ၊ မတွေ့ကြာက၊ တွေ့ခါခဏ၊ ဝမ်းမြောက်ကြသို့၊ အားရဝမ်းသာ၊ ရှိသည်မှာမူ၊ အဆွေတူလိမ့်၊ ငြူစူအမျက်၊ မထွက်ဒေါသ၊ မာနမရှိ၊ ခြိမ်းခြောက်ဘိလည်း၊ ကျွန်၏အလား၊ သည်းခံငြားမူ၊ ကျွန်နှင့်တူလိမ့်၊ ဤသူလေးယောက်၊ ခြောက်ထပ်နတ်ပြည်၊ ရောက်ကြောင်းမည်သည်၊ တည်စေတရား ဝတ်ငါးပါး။
[ ဤကား နတ်ရွာရောက်ကြောင်း သုသီလမယား လေးပါး စကားရပ် မှတ်ဖွယ်တည်း၊ တိကနိပါတ်, သုဇာတဇာတ် (၃၁၄)မှာ ကြည့်လေ၊ ပေါင်း ၇-ပါး။]♦သုံးပုံလှေခါးကျမ်း

မီး ၃-ပါး

၇၆။ သီလဝန္တ၊ ရဟန်းစသား၊ မိ,ဘအိမ်ရှင်၊ မိမိလင်ဟု၊ လူတွင်ညီးညီး၊ မိန်းမမီးတည့်၊ တသီးသီလဝန်၊ မိမွန်, ဖခင်၊ လောင်ချင်တတ်ပြီ၊ ယောက်ျားမီးတည့်၊ ဖျက်ဆီးတတ်စွာ၊ မီးသုံးဖြာသည်၊ လောင်ရာမဆုံး တဟုန်းဟုန်း။
[ဤကား မီးသုံးပါး စကားရပ် မှတ်ဖွယ်တည်း၊ သုတ်ပါထေယျပါဠိတော် (၁၀၂)လာ။]♦သုံးပုံလှေခါးကျမ်း

ကြက်သရေပြောင်းဟန် ၄-ပါး

၇၇။ ကြက်, ပတ္တမြား၊ တောင်းဝှေအားနှင့်၊ မယား တထွေ၊ ကြက်သရေသီရိ၊ ပြောင်းလေဘိသည်၊ သိလေမမှား သဌေးအား။
[ဤကား အနာထပိဏ်သဌေးကြက်သရေပြောင်းဟန် လေးပါးစကားရပ် မှတ်ဖွယ်တည်း။ အနာထပိဏ်သူဌေး ကြက်သရေကို ခိုးအံ့-ဟု ပုဏ္ဏားလာ၍ ကြည့်ရှုလေသော် ကြက်မောက်၌ တည်သည်ကို မြင်၍ ကြက်ကို တောင်း၍ ပေးလျှင် ပတ္တမြား၌ တည်၏၊ ဤနည်းတူ တောင်းတိုင်းပေး၏၊ ပေးတိုင်း ပြောင်း၏၊ ကုသိုလ်မရှိက မရနိုင်ကြောင်း စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံလှေခါးကျမ်း

ုကြက်သား ၃-မျိုး စားရကျိုး

၇၈။ အောက်ကြက်အသား၊ စားကအသပြာ၊ တစ်ထောင်သာတည့်၊ တဖြာတိုးတက်၊ အထက်ကြက်မူ၊ ထူလမံသ၊ စားလေရက၊ ရာဇဧကန်၊ တဖန်အပ၊ စားကတသီး၊ စစ်သူကြီး, မိဖုရား၊ ဖြစ်တုံငြားလိမ့်၊ အသား, အရိုး၊ ဘဏ္ဍာစိုးနှင့်၊ တစ်မျိုးမင်းဆရာ၊ ဖြစ်လေရာသည်၊ သုံးဖြာအသား စားသူအား။
[ဤကား ကြက်သားသုံးပါးကို စား၍ မင်းစသည်ဖြစ်ကြောင်း စကားရပ် မှတ်ဖွယ်တည်း။ ထူလမံသ, ဗဟိမံသ, အဋ္ဌိမံသ, သုံးပါးတည်း၊ ထူလမံသမှာ ဆူသည်၊ ဗဟိမံသမှာ အပ၊ အဋ္ဌိမံသမှာ အရိုး၌ ကပ်သည့်အသားကို ယူ။ သစ်ပင်၌ အထက်, အောက်အိပ်ကြသည့် ကြက် ခိုက်ရန်ဖြစ်ကြ၍ သင့်အစွမ်းကား အဘယ်သို့ ရှိသနည်း မေးကြ၍ အသီးသီးပြောဆိုသော စကားကို ထင်းခွေယောက်ျားကြား၍ သတ်ပြီးလျှင် စားအံ့-ဟု မြစ်နား၌ ပြုစဉ် လေခပ်သော ရေဟုန်ကြောင့် အောက်ဆိပ်သို့ မျော၍ ဆင်ရေတိုက်သော အမတ်ရ၍ စားကြလေသဖြင့် အမတ်လည်း မင်း, မယားလည်း မိဖုရား၊ ဆရာရသေ့လည်း မင်းဆရာဖြစ်လေ၏၊ အသရေဟူသည် တင့်တယ်ခြင်း, စည်းစိမ်နှင့် ပြည့်စုံခြင်း, ဘုန်းတန်ခိုးပညာကို ဆိုလိုသည်၊ ဤသူတို့အားသာ စည်းစိမ်ဥစ္စာတည်သည်၊ မရှိသူမတည်ကြောင်း ဥဒါဟရုဏ် ပုံ, သက်သေထူး စကားထူး မှတ်ဖွယ်တည်း၊ တိကနိပါတ် သိရီစောရဇာတ် (၃၆၉)မှာ ကြည့်လေ။ သိရိယတိ ဥပနိဿိယတီတိ သိရီ၊ ယာသမ္ပတ္တိ၊ အကြင်ပြည့်စုံခြင်းကို၊ ကတပုညေဟိ၊ ပြုအပ်ပြီသော ကောင်းမှုရှိသော သူတို့သည်၊ သိရယတိ ဥပနိဿိယတိ၊ မှီဝဲအပ်၏၊ ဣတိ တသ္မာ၊ ထို့ကြောင့်၊ ဝါ-မှီဝဲအပ်သော သတ္တိကြောင့်။ သာသမ္ပတ္တိ၊ ထိုပြည့်စုံခြင်းသည်။ သိရီ- သိရီမည်၏၊ သိဓာတ်, ဤပစ္စည်း၊ ဝီသတိဝဏ္ဏနာလာ။]♦သုံးပုံလှေခါးကျမ်း

နတ်သမီး ၄-ယောက်

၇၉။ သိရီအန္ဓာ၊ သဒ္ဓါ အနိစ္စ၊ တောင့်တ, အာသာ၊ ချွတ်ယွင်းစွာခဲ့၊ မြတ်ရာဟိရိ၊ ဖြစ်လေဘိသည်၊ သိကြစေကား လေးယောက်သား။
[ဤကား-ရှင်ရသေ့ထံမှာ ပန်းတောင်းလာသော နတ်သမီးလေးယောက် စကားရပ်မှတ်ဖွယ်တည်း။ အသီတိနိပါတ်,သုဓာဘောဇနဇာတ် (၄၀၇)မှာကြည့်လေ။ သိကြားမင်းသမီးလေးယောက်တို့သည် များစွာသော နတ်ပန်းတို့ကို ယူ၍ ရေကစားအံ့သောငှါ အနဝတတ်အိုင်သို့ လာကြ၏၊ ထိုခဏ၌ နာရဒရသေ့လည်း တာဝတိံသာ နန္ဒဝန်ဥယျာဉ်, စိတ္တလတာဥယျာဉ်တို့၌ နေ၍ ပင်လယ်ကသစ်ပန်းကို ထီးကဲ့သို့ အရိပ်အလို့ငှါ ဆောင်းလျက် ဆေးဒန်းမြင်းသီလာ ကျောက်ဖျာအပြင်၌ နေ၏၊ ထိုအခါ နတ်သမီးတို့က ပန်းကို တောင်းကြ၏၊ နာရဒရသေ့ကလည်း "မြတ်သောသူ ယူလော့"ဟု ဆို၍ အဘယ်သူမြတ်တော့နည်းဆိုလျှင် “"ဤသူ မြတ်သည်, ဤသူယုတ်သည်ဆိုလျှင် ငြင်းခံခြင်း ဖြစ်တော့မည် မသင့်၊ သင့်တို့အဖ သိကြားမင်းထံသွား၍ အဆုံးအဖြတ်ကို ခံချေ"ဆို၍ အကြွင်းအမျက်ထွက်လတ္တံ့ဖြစ်သည်၊ ငါ မဆုံးဖြတ်နိုင်၊ ဟိမဝန္တာ၌ ကောသိယရသေ့သည် သူတပါးကို မပေးဘဲကို မစား၊ ပေးသောလည်း ဂုဏ်ရှိသော သူတို့အား ပေး၏"ဆို၍ လာပြီးလျှင် သိရီ, အရှေ့၊ သဒ္ဓါ,တောင်၊ အာသာ, အနောက်၊ ဟိရိ, မြောက်၊ လေးယောက်မျက်နှာတူရူနေ၍ တောင်းလေသော် အဘယ်မည်ရှိသနည်း အသီးသီးမေးလျှင် သိရီမည်၏ဟု ဆိုလျှင် အတတ်စသည်နှင့် ပြည့်စုံသူကို ဆည်းကပ်တတ်သောကြောင့် အကန်း ဆို၏၊ ထိုသို့ဝတ္ထုကို စွန့်၍ တပါးသောဝတ္ထု၌ ဖြစ်တတ်သောကြောင့် သဒ္ဓါ-အနိစ္စဖြစ်၏၊ ဥစ္စာကိုလို၍ သင်္ဘောသွား၍ ပျက်စီး ချွတ်ယွင်းတတ်သောကြောင့် အာသာ-ချွတ်ယွင်းတတ်သည်။ ဟီရိသည် မြတ်သော ဂုဏ်၌ တည်သောကြောင့် မြတ်၏ဟု ဆုံးဖြတ်လေသည်။]♦သုံးပုံလှေခါးကျမ်း

လာဘုပ္ပတ္တိအကျင့် ၄-ပါး

၈၀။ ရူးသည်တလိုက်၊ ကုန်းတိုက်တစ်ခု၊ ကုတုလဟ၊ နဋတွင်မည်၊ ကခြေသည်ဟု၊ လေးမည်လာဘ၊ ဖြစ်ကြောင်းပြသည်၊ ရှောင်ကြလေမင်း၊ လွတ်လွတ်ကင်း။
[ဤကား-လာဘ်ဖြစ်ကြောင်းအကျင့်လေးပါး စကားရပ်မှတ်ဖွယ်တည်း၊ တိကနိပါတ်, လာဘဂရဟဇာတ် (၃၇၉)လာ။ ရှင်သာရိပုတ္တရာ သဒ္ဓိဝိဟာရိကတပည့်မေး၍ လာဘုပ္ပတ္တိအကျင့်လေးပါးကို ဟောလျှင် ကဲ့ရဲ့၍ သွား၏၊ ဒိသာပါမောက္ခဆရာတပည့်လုလင်မေး၍ ဆရာဖြေရာ၌လည်း တပည့်လုလင် ကဲ့ရဲ့လေ၏၊ ငရဲစသော ဘေးကို မကြောက်မရှာက် အဓမ္မပြုဝံ့သောသူ မရူးသော်လည်း ရူးသည်ပင် မည်၏၊ လာဘ်ရတတ်၏၊ ကုန်းတိုက်သောသူ လာဘ်ရတတ်၏၊ ကခြေသည်ကဲ့သို့ အရှက်မရှိ အဓမ္မကို ပြုဝံ့သောသူ လာဘ်ရတတ်၏၊ ကုတုဟလ အုတ်အုတ်ကျက်ကျက်စည်းဝေးရာ မင်းကြီးက မေးလျှင် သူတပါးမဆိုမီ ရှေးဦးစွာထ၍ ဆိုဝံ့သောသူကိုယူ။ ဤလေးပါးကြောင့်ရသော လာဘ်ကို စားသောထက် ခွက်လက်စွဲ၍ တောင်းစားရခြင်းက မြတ်၏ဟု ဟောတော်မူသည်၊ သတိရှိကြစေ၊ လူ, ရဟန်းအားလျှော်စွာ ယူလေ။]♦သုံးပုံလှေခါးကျမ်း

ဩဝါဒတည်သော ဇာတ်တော် ၄-ဇာတ်

၈၁။ တေသကုဏ၊ ဝါဒလေးသောင်း၊ တကြောင်းထို့နောင်၊ သောင်းနှစ်ထောင်မူ၊ ခွေးဝယ်ယူရှင့်၊ ကျီးမူခုနှစ်ရာ၊ တဖြာထို့နောင်၊ ခုနှစ်ထောင်မူ၊ အိုးထိန်းယူလော့၊ နောက်လူသိဖွယ်၊ မှတ်ကြောင်းသွယ်သည်၊ ဉာဏ်ဝယ်ကြည်းနူး ဇာတ်တော်ထူး။
[ဤကား-ဘုရားအဆုံးအမ ဩဝါဒ တည်ကြောင်းလေးဇာတ် မှတ်ဖွယ်တည်း။]♦သုံးပုံလှေခါးကျမ်း

ဆတ္တပါဏိပုဏ္ဏား၏အင်္ဂါ ၄-ပါး

၈၂။ ချစ်ခြင်းတထွေ၊ သေရည်, အမျက်၊ မထွက်ငြူစူ၊ နောက်မူဘဝ၊ ဖြစ်သမျှ၌၊ ကင်းပါရစေ၊ တောင်းယူလေသည်၊ လေးထွေတရား ပုဏ္ဏားအား။
[ဤကား-ဆတ္တပါဏိပုဏ္ဏားအင်္ဂါလေးပါး စကားရပ်မှတ်ဖွယ်တည်း၊ ဒုကနိပါတ်, ဓမ္မဓဇဇာတ် (၁၇၀)မှာကြည့်လေ။ ဗာရဏသီပြည် ယသပါဏိ အမည်ရှိသော မင်းကြီးသည် ဘုရားလောင်း ဓမ္မဓဇပုရောဟိတ်ပုဏ္ဏားအား သတ်လို၍ ဥယျာဉ်ဖန်ဆင်း, ရေကန်ဖန်ဆင်း, နန်းပြသာဒ် ဖန်ဆင်း, ပတ္တမြား ဖန်ဆင်း, အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဥယျာဉ်စောင့်ကို ဖန်ဆင်း၍ ပေးရမည်၊ မပေးနိုင်လျှင် သေရမည်ဆို၍ မကြံနိုင်၍ သူတပါးလက်၌ သေသောထက် တောထဲ၌ အလိုလို ကိုးကွယ်ရာမဲ့ သေရခြင်းသည် မြတ်၏-ဟု သစ်ပင်ရင်း၌ သူတော်ကောင်းတရား ဆင်ခြင်၍ နေရာ သိကြားလာ၍ ပုဏ္ဏားကို မေးလေဟု ဆုံးမလာ၍ ၎င်းပုဏ္ဏားကို မေးလျှင် အင်္ဂါလေးပါးအကြောင်းကို မသိ၍ မင်းကြီးက မေးလျှင် ပုဏ္ဏားက အကျယ်ဂါထာပြ၍ ဖြေလေသည်၊ မှတ်ဖွယ်စကားကောင်းစွ၊ မှတ်လေ၊ ဇာတ်တော်မှာလည်း ကြည့်လေ။♦သုံးပုံလှေခါးကျမ်း

ပရိတ်နာရာ အကျိုးမရကြောင်း ၃-ပါး

၈၃။ ကံ, ကိလေသာ၊ နစ်ဖြာအပြစ်၊ တားဆီးမြစ်ခဲ့၊ စင်စစ်တမည်၊ မယုံကြည်က၊ ရွတ်သည်ပရိတ်၊ အကျိုးဆိတ်သည်၊ စိတ်နေဖြောင့်စင်း နှလုံးသွင်း။
[ဤကား ပရိတ်နာရာ အကျိုးမရကြောင်း တရားသုံးပါး စကားရပ် မှတ်ဖွယ်တည်း၊ မိလိန္ဒပဥှာ (၁၅၅)မှာကြည့်လေ။]♦သုံးပုံလှေခါးကျမ်း

ပရိတ်ရွတ်ရာ အာနုဘော် မရှိကြောင်း ၃-ပါး

၈၄။ အနက်မမှန်၊ တဖန်ပါဠိ၊ ချွတ်ယွင်းဘိမူ၊ မရှိအကျိုး၊ တမျိုးလာဘ၊ ငဲ့ချေကလည်း၊ မရချမ်းသာ၊ ကျမ်း၌လာသည်၊ သုံးဖြာအမြဲ လွတ်အောင်ခဲ။
[ဤကား ပရိတ်အာနုဘော် မရှိကြောင်း သုံးပါး စကားရပ် မှတ်ဖွယ်တည်း။ သုတ်ပါထေယျ အဋ္ဌကထာ အာဋာနာဋိယသုတ် အဖွင့် (၁၃၀)မှာ ကြည့်လေ၊ အကျိုးရကြောင်း သုံးပါး အာနုဘော်ရှိကြောင်း သုံးပါးကိုလည်း ဗျတိရေကနည်း အားဖြင့် သိလေ။]♦သုံးပုံလှေခါးကျမ်း

စစ်ထိုးနည်း ၃-မျိုး

၈၅။ သကဋနှင့် စက္က, ပဒုမာ၊ သုံးဖြာဗျူဟ၊ ထိုနည်းပြသည်။ မုချမလွဲ စစ်တိုက်ပွဲ။
[ဤကား စစ်ထိုးနည်း သုံးပါးစကားရပ် မှတ်ဖွယ်တည်း၊ ပကိဏ္ဏကနိပါတ် တစ္ဆကသူကရဇာတ် (၃၄၃)မှာ ကြည့်လေ။ လှည်းသဏ္ဌာန်, စက်ဝန်းသဏ္ဌာန်, ကြာချပ်သဏ္ဌာန် ဆင်သည်ဆိုသည်၊ ဤစာကို စီရင်၍ အပြစ်လွတ်မည် မလွတ်မည် မေးဖွယ်ရှိသည်၊ ဘုရားပင် ဟောတော်မူခဲ့သည်၊ ကျမ်းအစောင်စောင်ကပင် ပြတော်မူချေသည်ကို ထောက်လေ။]♦သုံးပုံလှေခါးကျမ်း

ဘဝတဏှာ အပြစ်များပုံ

၈၆။ လူ, ကြက်တသီး၊ မင်းသမီး, ဗြဟ္မာ၊ ဖြစ်လှာသူဌေး၊ မဝေးဝက်မ၊ ရာဇဝိတာ၊ တဖြာဝန၊ အဿကုလာ၊ ဝါဏိဇ္ဇာ၌၊ ဖြစ်လှာတုံထ၊ နာဝိကမည်၊ ကူးတို့သည်အိမ်၊ စည်းစိမ်စိုးရ၊ ဂါမသခင်၊ နောက်လျှင် တသွယ်၊ သူကြွယ်တသီး၊ အမတ်ကြီးမယား၊ ဖြစ်ငြားတုံလှာ၊ ဉာဏ်ဝါဇာတိ၊ မြင်လေဘိ၍၊ မချိမဆံ့၊ ကြောက်လန့်တုံငြား၊ သုံးပါးဘဝေ၊ ငြီးငွေ့လာ၍၊ ငါးထွေကာမာ၊ စွန့်ပစ်ခွါ၍၊ ရဟန္တာမ၊ မုချအစစ်၊ ဧကန်ဖြစ်၍၊ ဆယ့်တစ်ငြိမ်းရာ၊ ရောက်လေပါသည်၊ ခေမာသောင်းကျွန်း ကူးဆိပ်ညွန်း။
[ဤကား ဘဝတဏှာ အပြစ်များကြောင်း စကားရပ် မှတ်ဖွယ်တည်း၊ ဤမထေရ်ကဲ့သို့ သံဝေဂရ၍ တောထွက်ကြလေဆိုလိုသည်။ သုမနအမည်ရှိသော ရဟန်းမိန်းမသည် ကြက်မဖြစ်ချီ, မင်းသမီးဖြစ်ချီးစသည်ဖြင့် ကျင်လည်ခဲ့ရသည်ကို ဇာတိဿရဉာဏ်ဖြင့် မြင်၍ ထိတ်လန့်သဖြင့် လင်ကိုခွင့်တောင်း၍ ရဟန်းပြု၍ ရဟန္တာမဖြစ်လေ၏၊ ပရိနိဗ္ဗာန်ပြုခါနီး၌ မမေ့မလျော့ကြစေလင့်ဟု ပရိသတ်အား ဆုံးမတော်မူခဲ့လေသည်။ သုတ္တသင်္ဂဟဓမ္မပဒကျမ်းတို့၌လာသည်၊ တဖြာဝန၌ ဝနဝါသီမြို့၌ ဖြစ်သည် ယူလေ။]♦သုံးပုံလှေခါးကျမ်း

စကြာမင်းကျင့်ဝတ် ၁၂-ပါး

၈၇။ ဗိုလ်ပါတကြောင်း၊ ထီးဆောင်းမြို့စား၊ သူကြွယ်အားနှင့် ပုဏ္ဏား, ရဟန်း၊ တခန်း နိဂုံး၊ ဆုံးမမြစ်ထာ၊ နှစ်ဖြာ ဘေးကင်း၊ ပေးခြင်းဥစ္စာ၊ ပညာရှိထံ၊ ခံယူနည်းနာ၊ ဆယ့်နှစ်ဖြာသည်၊ စကြာမင်းအား ကျင့်တရား။
[ဤကား စကြာမင်းတို့ ကျင့်ရာသော တရားဆယ်နှစ့်ပါး စကားရပ် မှတ်ဖွယ်တည်း၊ သုတ်ပါထေယျ စက္ကဝတ္တိသုတ် (၅၀)၌ လာသည်။♦သုံးပုံလှေခါးကျမ်း

တကာအင်္ဂါ ၉-ပါး

၈၈။ ခရီးဦးကြို၊ ဆိုသည်တမျိုး၊ ရှိခိုးတထွေ၊ နေရာခင်းငြား၊ ရိုညွတ်တွားလျက်၊ လှူငြားမကွယ်၊ နှစ်သက်ဖွယ်နှင့်၊ တသွယ်ဆည်းကပ်၊ လျှောက်ပတ်စာနာ၊ အင်္ဂါကိုးပါး၊ ပြည့်စုံငြားက သွားလာမပြတ်၊ ဆည်းကပ်အပ်သည်၊ မှတ်လေ မယွင်းသတိသွင်း။
[ဤကား ရဟန်းသင်္ဃာတို့ ဆည်းကပ်ရာသော တကာတို့အင်္ဂါ ကိုးပါးစကားရပ် မှတ်ဖွယ်တည်း၊ မဆည်းကပ်အပ်သော တကာအင်္ဂါကိုးပါးကိုလည်း ဗျတိရေကနည်းဖြင့် သိလေ၊ အင်္ဂုတ္တိုရ်ကျမ်း နဝကနိပါတ် (၁၉၂)မှာ ကြည့်လေ။♦သုံးပုံလှေခါးကျမ်း

ပဏ္ဍုကမ္ဗလာကျောက်ဖျာ ပူခြင်းအကြောင်း ၆-ပါး

၈၉။ အသက်, ဘုန်းကံ၊ ကုန်ချိန်တန်က၊ ပူပန်စမြဲ၊ စွဲလမ်းတောင့်တ၊ သီလေတေဇာ၊ များစွာဒါန၊ စိတ်သောကကြောင့်၊ ပူထလေရာ၊ ကြောင်းခြောက်ဖြာသည်၊ ဒေဝါ သိကြား နေရာအား။
[ဤကား သိကြားနေရာ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာပူကြောင်း စကားရပ် မှတ်ဖွယ်တည်း။ ဒသနိပါတ် ကဏှဇတ်မှာ ကြည့်လေ၊ ၎င်းဇာတ်၌ ငါးပါး သာလာသည်၊ ပကိဏ္ဏကနိပါတ် စန္ဒကိန္နရီဇာတ် (၂၈၇)၌ သောကကြောင့် ပူကြောင်း လာသည်ဖြစ်၍ ခြောက်ပါးဟု မှတ်လေ။]♦သုံးပုံလှေခါးကျမ်း

သူ့မယား ပြစ်မှားခြင်း အပြစ် ၄-ပါး

၉၀။အကုသလာ၊ ရလေပါ၍၊ လိုရာဆန္ဒ၊ မအိပ်ရခဲ့၊ ရှုပ်ချဖွယ်ရာ၊ နောင်လာဘဝ၊ ငရဲကျသည်၊ ရှောင်ကြလေကား သူ့မယား။
[ဤကား သူ့မယားကို ပြစ်မှားရာ အပြစ်လေးပါးရောက်ကြောင်း စကားရပ် မှတ်ဖွယ်တည်း၊ ဓမ္မပဒ (၃၀၀)လာ။]♦သုံးပုံလှေခါးကျမ်း

မိန်းမတို့အပါယ်လားကြောင်း တရား ၅-ပါး

၉၁။ သဒ္ဓါမရှိ၊ ဟိရီ, ဩတ္တပ္ပ၊ ကင်းထလေရာ၊ ပညာမဲ့ငြား၊ လင်စောင်ထားက၊ လားလိမ့်ပါယ်ရွွာ၊ ဘုံလေးဖြာဝယ်၊ ချာချာမစဲ နစ်လေမြဲ။
[ဤကား မာတုဂါမတို့ အပါယ်လားကြောင်း ငါးပါး စကားရပ်မှတ်ဖွယ်တည်း၊ သဠာယတန သံယုတ်ပါဠိတော် အတိစာရီသုတ် (၄၃၉)မှာ ကြည့်လေ၊ နတ်ရွာလားကြောင်း ငါးပါးကိုလည်း ဗျတိရေကနည်းဖြင့် သိလေ။]♦သုံးပုံလှေခါးကျမ်း

နတ်တို့စုတေခါနီး နိမိတ် ၅-ပါးထင်ပုံ

၉၂။ ပန်သည့်ပန်းညှိုး၊ ပုဆိုးတဖြာ၊ ကိုယ်မှာမလှ၊ ထွက်ထယိုစီး၊ လက်ကတီးချွေး၊ ပူဆွေးနေရာ မပျော်ပါခဲ့၊ မရဏသန္န၊ နိမိတ်ပြက၊ သုံးဝစကား၊ မှာလိုက်ထားသည်၊ တရားသံဝေ ရကြစေ။
[ဤကား နတ်တို့စုတေခါနီးနိမိတ် ငါးပါးထင်ကြောင်း စကားရပ် မှတ်ဖွယ်တည်း။ နတ်ပြည်၌ နတ်တို့ စုတေခါနီး နိမိတ်ငါးပါး ထင်လျှင် တပါးနတ်တို့က စကားသုံးခွန်း မှာလိုက်၏ ဟူလိုသည်၊ နတ်ပြည်မှာ သာမဟုတ်၊ လူ့ပြည်မှာလည်း ဘုန်းကံရှိသော သူတို့အား ဤငါးပါးပင် ထင်၏ဟု အဋ္ဌကထာ၌ လာသည်။ သာသနာတော်ကရဟန်းတို့ ရွေ့လျောလိုလျှင်လည်း ဤငါးပါးပင် ထင်လေသည်၊ ရဟန်းတို့မှာမူကား သဒ္ဓါကို ပန်း, သီလကိုပုဆိုး, အကျော်အစော်မဲ့သည်ကို အဆင်းမလှ, လောဘစသော ကိလေသာကို ချွေး, တောသစ်ပင် ဆိတ်ငြိမ်ရာကို ဘုံဗိမာန်ယူလေ။ စကားသုံးခွန်းမှာ- သုဂတိဘုံသို့ သွားပါလေ, လာဘ်ရအောင် ရှာပါလေ, လာဘ်၌ မြဲပါလေ ဤသုံးပါးတည်း၊ သုတ္တသင်္ဂဟ ဒေဝါဝစနသုတ်မှာ အကျယ်ကြည့်လေ။]♦သုံးပုံလှေခါးကျမ်း

ခင်ပွန်းယုတ် လက္ခဏာ ၁၆-ပါး

၉၃။ မရွှင်တပါး၊ မသနားတချက်၊ မနှစ်သက်၊ နှစ်ပါးရှာလေ၊ မြစ်ထာမကြား၊ သုံးပါးချီးမွမ်း၊ ခင်ပွန်းရန်သူ၊ နှစ်ပါးယူရှင့်၊ ရှေးရှုးကြည့်ခါ၊ စိတ်မပါခဲ့၊ စောင့်ရာတရား၊ မစောင့်ငြားတည့်၊ စီပွါးမဲ့ရာ ရသောခါလည်း၊ နေရာကမှ၊ မတောင့်, တခဲ့၊ မိတ္တမမှန်၊ ဆယ့်ခြောက်တန်ကြောင့် ဧကန် မုချ၊ အမိတ္တစစ် ခင်ပွန်းညစ်ဟု၊ စင်စစ်ဉာဏ်နေ၊ သိစိမ့်ဖွေသည်၊ လေးထွေမျိုးသား ကျင့်တရား။
[ဤကား ခင်ပွန်းယုတ်လက္ခဏာ တဆယ့်ခြောက်ပါးစကားရပ် မှတ်ဖွယ်တည်း၊ ခင်ပွန်းကောင်း တစ်ဆယ့်ခြောက်ပါးကိုလည်း ဗျတိရေကနည်းဖြင့် ယူလေ၊ ဒွါသနိပါတ် မိတ္တာမိတ္တဇာတ် (၁၉၈)မှာ ကြည့်လေ။ မနှစ်သက်နှစ်ပါးမှာ- မြင်၍ မနှစ်သက်, စီးပွါး၌ မနှစ်သက်ယူလေ၊ မြစ်ထာမှာလည်း သူတပါးကဲ့ရဲ့ သင်္ဂြိုလ်ဆိုသည်ကို မမြစ်ထာယူ၊ မကြားမှာလည်း မိမိလျှို့ဝှက်အပ်သောအမှုကို မကြားဆိုလိုသည်၊ သုံးပါးချီးမွမ်းမှာလည်း ရန်သူတို့ အကျိုးမဲ့ဆိုသည်ကို ချီးမွမ်းသည်၊ အဆွေခင်ပွန်းအမှုကို မချီးမွမ်း, ပညာရှိဂုဏ်ကျေးဇူးကို မချီးမွမ်း ဆိုလိုသည်။ ခင်ပွန်းရန်သူ ဟူရာ၌ အဆွေခင်ပွန်းကို မမှီဝဲ၊ ရန်သူကို မှီဝဲသည် ဆိုလိုသည်၊ အဆွေခင်ပွန်း မလျို့ဝှက်အပ်သော အမှုကို မစောင့်သည် ဆိုလိုသည်။]♦သုံးပုံလှေခါးကျမ်း

မြို့ရွာ အစာ ၄-ပါး

၉၄။ မနုဿနှင့်၊ ဓည, ဒါရု၊ ဥဒကအစာ၊ ဤလေးဖြာသည်၊ မှန်စွာမမှား၊ မြို့ရွာအား။
[ဤကား မြို့ရွာအစာလေးပါး၊ စကားရပ် မှတ်ဖွယ်တည်း၊ ပကိဏ္ဏကနိပါတ်, ဘိသဇာတ် (၃၁၀)၌လာ။♦သုံးပုံလှေခါးကျမ်း

အတတ်ပညာ ၁၂-ပါး

၉၅။ ဆင်, မြင်း, ရထား၊ လက်နက်အားနှင့်၊ လေးမြှား တစ်မျိုး၊ လက်ဆစ်ချိုးတခန်း၊ ဂဏန်းအတွက် လက်ရေးကဗျာ၊ လောကာယတ၊ သုံးဝပညာ၊ အမှုပါနှင့်၊ ဆယ့်နှစ်ဖြာအတတ်၊ သင်လေအပ်သည်၊ မှတ်ကြအမြဲ နယစွဲ။
[ဤကား အတတ်ပညာ တဆယ့်နှစ်ပါး စကားရပ် မှတ်ဖွယ်တည်း၊ ဥဒါန်းပါဠိတော် (၁၁၃)နှင့် ၎င်းအဋ္ဌကထာ (၁၈၄)လာ။ တဆယ့်ရှစ်ပါးအတတ်-ပိဋကတ်သုံးပုံနှင့်သော် တဆယ့်ကိုးပါးအတတ်, အရာမကသော အတတ်ဟူ၌ ရှိသည်၊ ဤနည်းကိုယူ၍ ဗေဒင်, ဓမ္မသတ်, လောကနီတိ စသော အတတ်တို့ကို နည်းယူလေ၊ ပညာရှိအမှုကို သုံးဝပညာ ဆိုသည် တခုယူလေ၊ အတွက်မှာ အပေါင်းအတွက် ဆိုလိုသည်။]♦သုံးပုံလှေခါးကျမ်း

စကြာဝဠာကမ္ဘာတသိန်းအာဏာနှံသော ပရိတ် ၇-သုတ်

၉၆။ ရတနနှင့်၊ ခန္ဓတဖြာ၊ အာဋာနဋိယ၊ မောရ, ဓဇဂ်၊ ဤငါးချက်မှာ၊ ပါရာဇိကဏ်၊ တဖန်လာထ၊ ဗောဇ္ဈင်္ဂနှင့်၊ မေတ္တသုတ်မှာ၊ တကျမ်းလာသည်၊ စကြာဝဠာ သိန်းတွင်း နှံ့လိမ့်မင်း။
[ဤကား စကြာဝဠာကုဋေတသိန်း အာဏာနှံ့သော ပရိတ် ၇-သုတ် စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံလှေခါးကျမ်း

စတုမဓူ ၄-ပါး

၉၇။ နှမ်းဆီ၊ ထောပတ်၊ ရောစပ်မခြား၊ သကာ, ပျားဟု၊ ဤလေးခုကို၊ စတုမဓူ၊ ကျမ်းဝယ်ယူသည်၊ လှူလေ ကြည်နူး ဒါနထူး။
[ဤကား စတုမဓူ လေးပါး စကားရပ် မှတ်ဖွယ်တည်း၊ သုတ်သီလက္ခန်အဋ္ဌကထာနိသျမှာ ကြည့်လေ။]♦သုံးပုံလှေခါးကျမ်း

ကဏှရသေ့၏ ဆု ၄-ပါး

၉၈။ သုနိက္ကောဓ၊ နိဒ္ဒေါသနှင့်၊ နိလ္လောဘတထွေ၊ နိသနေဟ၊ ဆုလေးဝကို၊ ယူထလေးငြား ရသေ့အား။
[ဤကား ဘုရားလောင်း ကဏှရသေ့ယူသည် ဆုလေးပါး စကားရပ် မှတ်ဖွယ်တည်း၊ ဒသနိပါတ် ကဏှဇာတ်မှာ အကျယ်ကြည့်လေ။ ဘုရားလောင်း နည်းကိုယူ၍ ဤဆုလေးပါးကို ယူလေ ဆိုလိုသည်၊ ၎င်းနိပါတ်မှာ အကျယ်ကြည့်လေ။]♦သုံးပုံလှေခါးကျမ်း

ဘုရားလောင်းအိမ်မက် ၅-ပါး

၉၉။ မြေကြီးဟိမဝန္တာ၊ သမုဒ္ဒရာခြေလက်၊ နေဇာမြက်နှင့်၊ လောက်တက်, ငှက်ဖြူ၊ နည်းတူထို့ပြင်၊ မစင်တောင်ဖျား၊ စင်္ကြံသွားက၊ ငါးပါးအိပ်မက်၊ မြင်လေမက်သည်၊ ဆက်ဆက်ဘုရား ဖြစ်မည်လား၊ [ဤကား ဘုရားလောင်း အိမ်မက် ငါးပါးစကားရပ်မှတ်ဖွယ်တည်း။ မြေကြီးအိပ်ရာ, ဟိမဝန္တာခေါင်းအုံး, အရှေ့သမုဒ္ဒရာကိုလက်ဝဲ, အနောက်သမုဒ္ဒရာကို လက်ျာ, တောင်သမုဒ္ဒရာကို ခြေနှစ်ဖက်ထား၍ အိမ်မက်ခြင်းသည်၊ သစ္စာလေးပါးကို သိခြင်း နိမိတ်တည်း။ ၂။ နေဇာမြက် ချက်မှ တက်၍ ကောင်းကင်သို့ ထိခြင်းသည် အရိယာမဂ်ကို ရခြင်းနိမိတ်တည်း။ ၃။ ဖြူသော ကိုယ်ရှိသော မဲသော ခေါင်းရှိသော ပိုးလောက် ခြေမှ တက်၍ ဒူးဆစ်ကို ဖုံးလွွှမ်းခြင်းသည် ပုဆိုးဖြူဝတ်သောသူ အသက်ထက်ဆုံး ကိုးကွယ်ခြင်း နိမိတ်တည်း။ ၄။ အထူးထူးသော အဆင်းရှိသော ငှက်လေးကောင် လေးမျက်နှာကလာ၍ ခြေရင်း၌ ဝပ်၍ အလုံးစုံဖြူခြင်းသည် အမျိုးလေးပါး ရဟန်းပြု၍ အရတ္တဖိုလ်ကို မျက်မှောက်ပြုခြင်း နိမိတ်တည်း။ ၅။ မစင်တောင်ထက် မစင်မလိမ်းမကျံဘဲ စင်္ကြံကြွတော်မူ၏ဟု မက်ခြင်းသည် ပစ္စည်းလေးပါးကို ရ၍ အမုစ္ဆိတ, အာဒီနဝဒဿာဝီ, နိဿရဏပညာဖြင့် သုံးဆောင်ခြင်း နိမိတ်တည်း၊ အင်္ဂုတ္တိုရ် (၂၁၁)လာ။]♦သုံးပုံလှေခါးကျမ်း

တကာတို့ ကုသိုလ်ပွားကြောင်းအင်္ဂါ ၅-ပါး

၁၀၀။ စိတ်ကြည်ညိုက၊ လားထနတ်ရွာ၊ နေရာခင်းထား၊ ရှိခိုးငြားမူ၊ ကြီးမားမျိုးမြတ်၊ ပေးလတ် ဒါန၊ ဘောဂမဟာ၊ ပုစ္ဆာမေးငြား၊ တရားနာသူ၊ ပညာဟူလိမ့်၊ ထိုတူမယွင်း၊ ဝန်တိုကင်းက၊ ကြီးခြင်းတန်ခိုး၊ ငါးမျိုးပုည၊ စိုက်ပျိုးရသည်၊ မုချမမှား တကာအား။
[ဤကား သီလဝန္တရဟန်း အိမ်သို့ ကပ်ရာ တကာတို့အား ကုသိုလ်ပွားကြောင်း ငါးပါး စကားရပ်မှတ်ဖွယ်တည်း၊ အင်္ဂုတ္တိုရ်ပဉ္စကနိပါတ် (၂၁၃)မှာ ကြည့်လေ။]♦သုံးပုံလှေခါးကျမ်း

အင်္ကုရ၏ အလှူကြီးပေးရာ အမှုဆောင်အဖွဲ့

၁၀၁။ စားဖိုသည်သုံးသောင်း၊ ခြောက်သောင်း ထင်းခွဲ၊ ကိုင်စွဲယောက်မ၊ ထောင်းထစပါး၊ စွန်းငြားခြောက်ထောင်၊ တသောင်းနောင်ဝယ် ဆောင်လေအမြဲ နှုတ်ဝယ်စွဲ။
[ဤကား အင်္ကုရအိမ်၌ ဆန်လှည်းအစီး ခြောက်သောင်းတိုက် အလှူကြီးပေးရာ အမှုဆောင် စကားရပ် မှတ်ဖွယ်တည်း။ ဤအလှူသည် သာသနာပဖြစ်၍ သာသနာတွင်း တစ်ဟင်းချို တစ်ယောက်မ အလှူကို မတူ, မမှီဟု ဟောတော်မူသည်၊ ဤတရားကို နှလုံးထား၍ ကြိုးစားအားထုတ်မိစေ ဆိုလိုသည်။]♦သုံးပုံလှေခါးကျမ်း

သုဘာသိတဝါစာ အင်္ဂါ ၅-ပါး

၁၀၂။ သစ္စ, သဏှ၊ အတ္ထ, ကာလာ၊ မေတ္တာရှေ့ရှု၊ ဤငါးခုကြောင့်၊ သုဘာသိတ၊ မည်လေရသည်၊ ဆိုကြစကား အကျိုးများ။
[ဤကား သုဘာသိတဝါစာ အင်္ဂါငါးပါး စကားရပ်မှတ်ဖွယ်တည်း၊ အင်္ဂုတ္တိုပါဠိတော် (၂၁၃)လာ။]♦သုံးပုံလှေခါးကျမ်း

ကျမ်းပြုဆရာ၏ ဇာတိ, ပဝတ္တိနှင့် ကျမ်းစာစီရင်သော ခုနှစ်

၁၀၃။ (က) စစွာပကတူး၊ မြို့တည်ဦးက၊ ကဒူး ဘာသာ၊ သဒ္ဒါသုံးချက်၊ ဒွန်တွဲဖက်၍၊ ခုထက်မကင်း၊ ဒီပဲရင်း၏၊ နယ်တွင်းအဝင်၊ မြောက်လက်ခွင်ဝယ်၊ မုန်တိုင်ပင်ရွာ၊ ရပ်ဂါမာ၌၊ ဝံသာဘိလင်္ကာရ၊ ဓဇနောက်လာ၊ မဟာဓမ္မရာဇဂုရု၊ ခြောက်ခုအက္ခရာ၊ တံဆိပ်စာနှင့်၊ သင်္ဃာများဖ၊ မြတ်လှဆရာ၊ ကျမ်းတိုင်းရှာ၍၊ ကောဇာသက္ကရာဇ်၊ ရေတွက်စစ်သော်၊ "အနှင့်နှစ်နောက်၊ လှောက်လေသုည၊ ချလေတသွယ်၊ သုံးခုကွယ်လိမ့်"၊ ခြောက်ဆယ်အသက်၊ တက်သည်သုံးနှစ်၊ ဝါဝယ်ဖြစ်မူ၊ လေးဆယ်ဟူလိမ့်၊ လ, မူတန်ခူး၊ ကျော်ထူးအထွက်၊ ဆယ့်နှစ်ရက်ဝယ်၊ သုံးသွယ်ဂမ္ဘ၊ ဓမ္မသာလာ၊ ဓမ္မာသန၊ ဝိဟာရ၌၊ နေထလျက်လျှင်၊ ထုတ်စီရင်သည်၊ လူရှင်အများ နှုတ်ဝယ်ထား။
[ဤကား သုံးပုံလှေခါးပမာ ဤစာကို စီရင်သော ကောဇာသက္ကရာဇ်နှစ်တည်း။]♦သုံးပုံလှေခါးကျမ်း

ကျမ်းစာ၏ အခြင်းအရာ, ဥပမာ, ဥယောဇဉ်

၁၀၄။ (ခ) စကားအရာ၊ သိသာလွယ်အောင်၊ ပမာဆောင်ပိမ့်၊ ကြီးခေါင်စွင့်စွင့် သစ်ပင်မြင့်ထက်၊ သီလင့်တုံငြား၊ သစ်သီးအားကို၊ စားလိုတုံထ၊ ရလိုတုံလျက်၊ မတက်နိုင်ပါ၊ အစာမဝ၊ ဗလနွဲ့ပါး၊ ပိန်သောအားကြောင့်၊ အနားကပင်ရင်း၊ ရောက်တုံလျှင်လည်း၊ လည်ပင်းမျှော်ကာ၊ လူပိန်တာများ၊ ကြည့်သောလားသို့၊ သုံးပါးသာသနာ၊ တွေ့ကြိမ်ပါလျက်၊ သုံးဖြာပရိယတ်၊ ပိဋကတ်နား၊ ရောက်ပါငြားလည်း၊ သင်ကြားခြင်းငှါ၊ မစွမ်းပါ၍၊ သုံးဖြာဓမ္မ၊ မသိကြဘဲ၊ ယောင်တတသာ၊ ဉာဏ်ပိန်တာများ၊ နေသောအားကြောင့်၊ ထက်ဖျားသစ်ပင်၊ တက်စိမ့်ဆင်သို့၊ သိခွင်ဓမ္မ၊ သိကြစိမ့်ငှါ၊ သုံးဖြာလှေခါး၊ ခင်းခဲ့ထားသည်၊ ထက်ဖျားဉာဏ်နေ ဆွဲတက်လေ။။
[ဤကား စာ၏ အခြင်းအရာ, စာ၏ ဥပမာ, တိုက်တွန်းသော ဥယျောဇဉ်တည်း။]♦သုံးပုံလှေခါးကျမ်း

ကျမ်းပြုဆရာ၏ ဆုတောင်း

၁၀၅။ (ဂ) သုံးပုံလှေခါး၊ တက်သွားစိမ့်ငှါ၊ ခင်းပါရသား၊ ကုသိုလ်အားကြောင့်၊ လှေခါးပမာ၊ ဉာဏ်ပညာနှင့် နောင်လာဘဝ၊ ဖြစ်ပါရစေ-- ငါးထွေးကာယ၊ ဘုံဘဝမှ၊ ကင်းထလွတ်ရာ၊ နိဗ္ဗူတာသို့၊ များစွာဝေနေ၊ ပေါင်းတထွေကို၊ ရောက်စေခြင်းငှါ၊ ရှစ်ဖြာတရား၊ မဂ်လှေခါးဖြင့်၊ ထက်ဖျားရောက်အောင်၊ ပို့ဆောင်ကယ်ရပါလို၏၊ ဗုဒ္ဓသာသနာ၊ မြတ်သုံးဖြာကို၊ ဓမ္မာနုဂ္ဂဟ၊ ချီးမြှောက်ရကျိုး၊ ထက်မိုးကောင်းကင်၊ ကဲ့အသွင်သို့၊ ဂုဏ်အင်ကြီးလှ၊ မိ,ဖ, ဘိုးဘွား၊ ထွက်ထားဆရာ၊ ပြည်ရွာသခင်၊ ရေမြေရှင်နှင့်၊ ကိုယ်တွင် မပြတ်၊ စောင့်သည်နတ်မှ၊ သုံးရပ်ဘုံသူ၊ နတ်နှင့်လူကို၊ အတူရစေ၊ ပေးငှဝေသည်၊ ရိုသေဦးခိုက်၊ ပဲ့တင်ရိုက်မျှ၊ နှစ်ခြိုက်သာဓုခေါ်စေသော်♦သုံးပုံလှေခါးကျမ်း

ရှိခိုးခြင်းပမာဏ

၁။ သုံးပါးရတနာ၊ မြတ်ဆရာကို၊ သဒ္ဓါစုံမက်၊ နှစ်သက်ဝမ်းသာ၊ ရှိခိုးပါ၏၊ များစွာကျမ်းထွက်၊ စကားနက်ကို၊ ဆောင်ရွက်ဖွယ်ရာ၊ ညွန်းလိုက်မှာသည်၊ မကွာ နှုတ်ထဲ ဆောင်အမြဲ။♦သုံးပုံတံတားကျမ်း

နည်းပေါင်း ၂၄၀

နည်းပေါင်းမှတ်ဖွယ်၊ အကျဉ်းသွယ်ပိမ့်၊ အကျယ်ကိုလို၊ သူ့စာကိုယ်၌၊ ထိုထိုပြယုဂ်၊ ကျမ်းတိုင်းထုတ်၍၊ မယုတ်စုံစီ၊ ရှိလေပြီတည့်၊ ပစ္စာသန္န၊ ပဋ္ဌာနနှင့်၊ နိဒဿနတစ်ခု၊ ဥပလက္ခဏတဖြာ၊ ပစ္စာသတ္တိ၊ အဝိနာဘာဝ၊ ယေဘုယျနှင့်၊ တဗ္ဗဟုလတဖြာ၊ နာနန္တရိက၊ ဘိန္နသတ္တိ၊ မိဂါပဒ၊ သိလေသနှင့်၊ တန္တတခန်း ခေါ်မှန်းသညာ၊ အသာဓာရဏ ပေါင်းထဆယ့်ငါး၊ နည်းအပြားကို နှုတ်ဖျား မကွေ စွဲမိစေ။ (ခ) ဧကသေသ၊ သာမညနှင့်၊ အမ္ဗသေစနတတန်၊ စန္ဒရကန္တ၊ သူရိယနှင့် မဟိရူဟမည်ရှိ၊ အာဝတ္တိတည့်၊ အဓိကာရ၊ လိုက်ထလေတုံ၊ ပုညဉာဏ၊ သမ္ဘာရနှင့်၊ တူကွမပြား၊ ချန်ထား၍ဟော၊ ဂေါဗလိဗဒ္ဓ၊ အာဝတ္တနှင့် သုံးဝယထာ၊ နာဝါ,သကဋ၊ ပေါင်းထဆယ့်ငါး၊ နည်းအပြားကို၊ စကားထွေထွေ မေးတတ်စေ။ (ဂ) အာဒိ, မဇ္ဈေ၊ တထွေအန္တ၊ ဂုဏ, ဒဗ္ဗာ၊ ကြိယာနှင့်၊ ကိုးဖြာဒီပက၊ ရုက္ခ၌ဝယ်၊ ငှက်သဖွယ်တည့်၊ ဆင်စွယ်ဖြတ်နည်း၊ တနည်း ပွတ်ဟန်၊ ဆွမ်းခံသောထွေ၊ မြွေအရေလဲ၊ ယူမြဲလွန်ထ၊ တိဿယနှင့်၊ အဝုတ္တသိဒ္ဓိ၊ ဗျတိရေက၊ ပြန်ထအနက်၊ သစ်ပင်တက်ပမာ၊ ရုက္ခာရုဠှ၊ မဂ္ဂက္ကမကား၊ ခရီးသွားပမာ၊ ကာကောလောကန၊ နယမည်ရှိ၊ မျက်စိ တဖက်၊ ကျီးကန်းငှက်လျှင် နှစ်ချက်ကိုပင်၊ ကြည့်သောသွင်သို့၊ ထိုပြင်တခြား၊ နွားရိုင်းဖမ်းတချက်၊ အနက်ရောက်ရာ၊ အတ္ထာပန္န၊ ကြွင်းကယူရ၊ ပါရိသေသ၊ ဆယ့်ငါးဝတွင်၊ ကိုးချက်ဝင်၍၊ သုံးလျှင်စွန်းကယ်၊ နှစ်ဆယ်သောနည်း၊ သိပ်သည်းဖြာဖြာ၊ ကျမ်းအလာကို၊ ဆရာဆွေးနွေး တွေ့တိုင်းမေး။ (ဃ) ရုဠှီ, အနွတ္ထ၊ နေယျတ္ထနှင့် ဘူတပုဗ္ဗဂတိ၊ နိတတ္ထတဖြာ၊ ဝဏ္ဏာဂမ၊ ဝိကာရနှင့်၊ လောပဝိပရိယာ၊ အတ္ထာတိဿယ၊ ငါးဝနိရုတ္တိ၊ ဝိဘတ္တိဝစန၊ လိင်္ဂအက္ခရာ၊ ပြန်ရာကာလ၊ ပူရိသနှင့် ပေါင်းထခြောက်ဖြာ၊ ဝိပလ္လာသ၊ အဘေဒနှင့်၊ ဥက္ကဋ္ဌတထွေ၊ ဧကဒေသ၊ တွက်ကြဆယ့်ကိုး၊ နည်းအမျိုးကို၊ ထိုးထွင်းလေကား စာသင်သား။ (င) ခုနှစ်ဆယ့်နှစ်ပါး၊ နည်းအပြားမှ၊ တခြားထို့ပြင်၊ ကြံလျှင်စုတ်နည်း၊ ရေချိုးနည်းနှင့်၊ မီးယူတသွယ်၊ နွားငယ်အမိ၊ တိုက်သဘိသို့၊ မည်ရှိတွင်ထ၊ ဂေါဝစ္ဆနည်း၊ ကြိုးချည်နည်းမှ၊ မဏ္ဍုကဖား၊ ခုန်သွားသောနည်း၊ စီးသည်မြစ်ရေ၊ ကြည့်လေခြင်္သေ့၊ မရွေ့တမျိုး၊ တောင်ကျိုးသောနည်း၊ တနည်းသားဖွား၊ တပါးကမောက္ကမ၊ ရေးထပန်းချီ၊ တညီအနုလောမ၊ ပဋိလောမတဖြာ၊ ဝတ္တိစ္ဆာနု ပုဗ္ဗိက၊ မည်ရတခန်း၊ ရဟန်းသွားနည်း၊ တသီးသညာ၊ သုခုစ္စာရဏ၊ သိလိဋ္ဌနှင့်၊ ဆင်ထတန်းဆာ၊ ဝစနာလင်္ကာရ၊ ပစ္စုန္နာဂတိ၊ တူဘိပမာ၊ မိုးရွာသောဟန်၊ ဂမျမာန်နှင့်၊ တဖန်လုတ္တ၊ နိဒ္ဒိဋ္ဌ၊ ဧကတ္တမှ၊ နာနတ္တဓမ္မတာ၊ အဗျာပါရ၊ တွင်ထမည်ရှိ၊ တိပုက္ခလ၊ အင်္ကုသနှင့်၊ ဝိက္ကိဠိတ တဖြာ၊ ဒိသာလောစန၊ လေးဝရုံးစည်း၊ နေတ္တိနည်းတည့်၊ တသီးခြောက်ဖြာ၊ ဆနည်းမှာမူ၊ ပတ္ထာရဥဒ္ဒိဋ္ဌ၊ နဋ္ဌတရပ်၊ အဒ္ဓကြိယာ၊ စဉ်လာပေါင်းချုပ်၊ ဝုတ္တသင်္ချာ၊ အဒ္ဓါ, နယ၊ ညွန်ပြခြောက်ချက်၊ ဆန်းကထွက်ရှင့်၊ နည်းခက်, နည်းဆန်း၊ ကျမ်းပဋ္ဌာန်းထွက်၊ ခြောက်ချက် လေးသွယ်၊ နှစ်ဆယ့်လေးပစ္စည်း၊ ပဋ္ဌာန်းနည်းနှင့်၊ ယှဉ်မှီးသမုပ္ပါဒ်၊ ဆယ့်နှစ်ရပ်တည့်၊ နှစ်ဆယ့်သုံးရပ်လင်္ကာ၊ သုံးဆယ့်ငါးဖြာတဝ၊ ကိုးဗျင်္ဂျနှင့်၊ သုံးဝသံဝဏ္ဏနာ၊ များစွာအနန္တ၊ ညွန်ပြမဆုံး အကျဉ်းရုံးသည်၊ နှလုံးဉာဏ်နေ နက်လှစေ။
[နည်းပေါင်း နှစ်ရာလေးဆယ်ပြီး၏]♦သုံးပုံတံတားကျမ်း

ပဋိစ္စသမုပ္ပါဒ်စက်ဝဲ

၃။ အဝိဇ္ဇာ, သင်္ခါရ၊ ဖြစ်ကတဖန်၊ ဝိညာဏ်, နာမ်, ရုပ်၊ ဖြစ်, ချုပ်တုံစွာ၊ သဠာယတန၊ ဖဿ, ဝေဒနာ၊ တဏှာ, ဥပါဒါန်၊ နှစ်တန်ဘဝ၊ ဖြစ်ချတုံဘိ၊ ဇာတိတဖြာ၊ ဇရာ, မရဏ၊ ဆယ့်နှစ်ဝဝဲ၊ ပင်လယ်ထဲ၌၊ မစဲမဆုံး၊ ရေမျောတုံးသို့၊ ရှည်ကျုံးကမ္ဘာ၊ မျောလေရာခဲ့၊ သံသရာစက်၊ ဝဲမှထွက်အောင်၊ ကိုးချက်လုံ့လ၊ ဝီရိယကို၊ နေ့ညမကင်း မြဲစေမင်း။
[ဤကား ပဋိစ္စသမုပ္ပါဒ် ဆယ့်နှစ်ရပ် စက်ဝဲစကားရပ်မှတ်ဖွယ်တည်း။ ဝီရိယစေတသိက် ကိုးဌာနတပ်သည်ကို ယူလေ။]♦သုံးပုံတံတားကျမ်း

ပဋိစ္စသမုပ္ပါဒ်တွင် သောကစသော တရားငါးပါး မပါဝင်ပုံ

၄။ သောကမည်ရှိ၊ ပရိဒေဝ၊ ဒုက္ခသဘော၊ ဒေါမနဿတဖြာ၊ ဥပါယာသ၊ ဤငါးဝကား၊ မုချမဟုတ်၊ သရုပ်အရ၊ ကျိုးစက်မျှဟု၊ ညွန်ပြအဋ္ဌကထာ၊ ကျမ်းဝယ်လာသည်၊ အင်္ဂါမသွင်း လွတ်ရခြင်း။ [ဤကား ဇာတိမုချအကျိုးမဟုတ်၊ အကျိုးဆက်မျှသာဖြစ်၍ ဆယ့်နှစ်ပါးအင်္ဂါတွင် မဝင်ကြောင်း စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံတံတားကျမ်း

အဓွန့်သုံးပါး

၅။ တဆယ့်နှစ်ခု၊ တရားစုတွင်၊ နှစ်ခုရှေ့ဖျား၊ အတိတ်ထားလော့၊ နောက်ဖျားနှစ်ဝ၊ နာဂတ်ကြလိမ့်၊ ရှစ်ဝအလယ်၊ ခေါ်ဖွယ်မယုတ်၊ ပစ္စုပန္န၊ သုံးကာလသည်၊ မုချမယွင်း သိစေမင်း။
[ဤကား အဓွန့်သုံးပါး စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံတံတားကျမ်း

အကြောင်းတရားငါးပါး

၆။ အ-သင်-တ-ဥ၊ ရှုလေ ဘဝ၊ ဤငါးဝကို၊ မုချမယွင်း၊ အကြောင်းသွင်း။
[ဤကား အကြောင်းတရား ငါးပါး စကားရပ်မှတ်ဖွယ်တည်း။ အ-မှာ အဝိဇ္ဇာ၊ သင်-မှာ သင်္ခါရ၊ တ-မှာ တဏှာ၊ ဥ-မှာ ဥပါဒါန်၊ ဘဝ-မှာ ကမ္မဘဝကိုယူလေ။ အစပ်သုံးခု၊ အလွှာလေးခု၊ အခြင်းအရာနှစ်ဆယ်ဟူသည်လည်း ဤစကားရပ်ကိုပင် ယူလေ။ အတိတ်က အကြောင်းငါးပါးတစပ်, ပစ္စုပ္ပန်က အကျိုးငါးပါးတစပ်, ပစ္စုပ္ပန်က အကြောင်းငါးပါးတစပ်, အနာဂါတ်အကျိုးငါးပါးတစပ် ယူလေ၊ အတိတ်စပ်, ပစ္စုပ္ပန်စပ်, အနာဂါတ်စပ် ဆိုလိုသည်။]♦သုံးပုံတံတားကျမ်း

အကျိုးတရား ၅-ပါး

၇။ ဝိညာဏနှင့်၊ နာမ, ရူပါ၊ သဠာယတန၊ ဖဿ, ဝေဒနာ၊ ဤငါးဖြာကို၊ မှန်စွာ မယွင်း အကျိုးသွင်း။
[ဤကား အကျိုးတရား ငါးပါး စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံတံတားကျမ်း

ဝဋ်သုံးပါး

၈။ သုံးပါးဓမ္မ၊ ကိလေသတည့်၊ ကမ္မမှာမူ၊ နှစ်ပါးယူလော့၊ ထိုတူတဝ၊ ဝိပါကမှာ၊ ရှစ်ပါးလာသည်၊ ချာချာမစဲ သုံးဖြာဝဲ။
[ဤကား ဝဋ်သုံးပါး စကားရပ် မှတ်ဖွယ်တည်း၊ သုံးပါးမှာ- အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ကိုယူလေ၊ နှစ်ပါးမှာ- သင်္ခါရနှင့် ကမ္မဘဝတစ်စိတ်ကို ယူလေ၊ ရှစ်ပါးမှာ- အကြွင်းကိုယူလေ။]♦သုံးပုံတံတားကျမ်း

အညာနိဗ္ဗာန်ဆန်သင့်ကြောင်း စကားရပ်

၉။ ကာလသုံးစဉ်၊ ဝဲယဉ်သုံးထပ်၊ အစပ်သုံးခု၊ စတုသင်္ခေ၊ တွက်ရေဝီသ၊ အာကာရတည့်၊ ပဋိစ္စသမုပ္ပါဒ်၊ ဟောမှတ်လေတွဲ့၊ ဟိတ်, ဖိုလ်ချဲ့သား၊ တဆယ့်နှစ်အင်၊ ဒွါဒသင်နှင့်၊ ညွန့်ရှင်ကျိုးဆက်၊ အဆက်ဆက်ကို၊ လွန်ထွက်နိုင်ကြောင်း၊ ကောင်းသည်လုံ့လ၊ အားထုတ်ကြလော့၊ မြစ်မနှစ်မြွာ၊ နှုတ်ဖြတ်ခွါ၍၊ အညာနိဗ္ဗာန်၊ သူတော်ထံကို၊ ဆန်လေမနှေး၊ လွတ်လိမ့်ဘေး။
[ဤကား ပဋိစ္စသမုပ္ပါဒ်စက်ဝဲကထွက်၍ အညာနိဗ္ဗာန်သူတော်ထံသို့ ဆန်သင့်ကြောင်း စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံတံတားကျမ်း

အသက်ရှည်ကြောင်းတရား ၅-ပါး

၁၀။သပ္ပါယနှင့်၊ မတ္တတဖြာ၊ သွားခါကာလ၊ ကျင့်ထအမြတ်၊ စားလတ်အစာ၊ ကျေစေရာသည်၊ မှန်စွာမလွဲ သက်ရှည်မြဲ။
[ဤကား အသက်ရှည်ကြောင်းငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ အင်္ဂုတ္တိုရ်ပဉ္စက ဒုကနိပါတ် (၁၂၈)လာ။]♦သုံးပုံတံတားကျမ်း

သမဏသုခ ၅-ပါး

၁၁။ လေးပါးပစ္စည်း၊ နည်းစေတပ်ခြင်း၊ ကျင့်ခြင်းမွေ့လျော်၊ ဤငါးဖော်သည်၊ ခေါ်လေမုချ ငါးသုခ။
[ဤကား သမဏသုခငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ သမဏသုခ ငါးပါးကိုလည်း ပြန်၍ သိလေ၊ ၎င်း (၁၂၉)လာ။]♦သုံးပုံတံတားကျမ်း

ဒုက္ကထာ ၅-ပါး

၁၂။ သဒ္ဓါ, သီလ၊ သုတမရှိ၊ မစ္ဆရိယ၊ ဒုပ္ပညဟု၊ ငါးဝပုဂ္ဂိုလ်၊ ဆိုနိုင်ခဲခက်၊ အမျက်ထွက်သည်၊ နှစ်သက်ဖွယ်ကင်း မရှိလျှင်း။
[ဤကား ပုဂ္ဂိုလ်ကိုထောက်၍ ဒုက္ကထာငါးပါး စကားရပ်မှတ်ဖွယ်တည်း။ သုကထာ စကားရပ်ကိုလည်း ပြန်၍ သိလေ၊ ၎င်းပဉ္စကနိပါတ် (၁၅၉)လာ။]♦သုံးပုံတံတားကျမ်း

အလှူအကျိုးတရား ၅-ပါး

၁၃။ အလှူပေးရာ၊ အကျိုးမှာကား၊ များစွာချစ်ခြင်း၊ ဆည်းကပ်ခြင်းနှင့်၊ ကောင်းခြင်း ကျော်စော၊ ကင်းသောရွံ့ရှာ၊ သေခါနတ်ပြည်၊ ရောက်ကြောင်းမည်သည်၊ တည်စေမမှား ကျင့်တရား။
[ဤကား အလှူအကျိုးတရား ငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ ၎င်းပဉ္စကနိပါတ် (၃၄)လာ။]♦သုံးပုံတံတားကျမ်း

တောင်, တ မရသောတရား ၅-ပါး

၁၄။ အိုသည်တဖြာ၊ နာသည် တထွေ၊ သေသည်တချက်၊ ပျက်သည်တဝ၊ ကုန်ထလေရာ၊ ဤငါးဖြာကို၊ ဘယ်ရွာသူမှ၊ တောင်းမရသည်၊ သောကလွတ်ကင်း သတိသွင်း။
[ဤကား တောင်း, တ၍ မရသော တရားငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ ၎င်းပဉ္စကနိပါတ် (၄၇)လာ။]♦သုံးပုံတံတားကျမ်း

ခိုးသူ ၅-ယောက်

၁၅။ ကာယ, ဝစီ, မနော မညီညွတ်ခြင်းသည် ဝိသမ၊ မိစ္ဆာအယူသည် ဂဟဏ၊ မင်း, အမတ်သည် ဗလ၊ ဆွမ်း,သင်္ကန်းစသည်သည် ဘောဂ၊ အစွန်ဇနပုဒ်၌ တစ်ယောက်တည်း နေခြင်းသည် ဧကစာရီ ခိုးသူမည်၏၊ မှတ်လေ။
[၎င်းနိပါတ် (၁၁၃)လာ။]♦သုံးပုံတံတားကျမ်း

လုပ်ကျွေးနိုင်ခဲသော သူနာအင်္ဂါ ၅-ပါး

၁၆။ မလျောက်မပတ်၊ ပြုတတ်စွာလှ၊ မတ္တမရှိ၊ ရှောင်ဘိဆေးဝါး၊ မစားလိုပါ၊ အနာမကြား၊ သည်းကားမခံ၊ ငါးတန်အင်္ဂါ၊ ပြည့်စုံပါက၊ သူနာဆင်းရဲ၊ မွေးနိုင်ခဲသည်၊ ခဲလေကြကား သူအား။
[ဤကား လုပ်ကျွေးနိုင်ခဲသော ဂိလာန ဒု-ပဋ္ဌက သူနာအင်္ဂါငါးပါး စကားရပ်မှတ်ဖွယ်တည်း။ လုပ်ကျွေးလွယ်သော ဂိလာနသုပဋ္ဌက သူနာအင်္ဂါငါးပါးကိုလည်း ဤမှပြန်၍ ဗျတိရေကနည်းဖြင့် သိလေ။ ၎င်းနိပါတ် (၁၂၆)လာ။]♦သုံးပုံတံတားကျမ်း

သူနာ လုပ်ကျွေးထိုက်သူ၏ အင်္ဂါ ၅-ပါး

၁၇။ ဆေးကိုစီစဉ်၊ သိမြင်လျောက်ပတ်၊ ငဲ့လာဘ်မရှိ၊ ချစ်ဘိမေတ္တာ၊ လျော်စွာတရား၊ ဟောကြားပေရာ၊ ဤငါးပါးကြောင့်၊ သူနာတို့၌၊ လုပ်ကျွေးထိုက်ဟု၊ သုံးလူ့ဆရာ၊ မိန့်တော်လာသည်၊ ငါးဖြာကိုယ်တွင်း မြဲစေမင်း။
[ဤကား သူနာလုပ်ကျွေးထိုက်သော ဂိလာနုပဋ္ဌကအင်္ဂါငါးပါး စကားရပ်မှတ်ဖွယ်တည်း။ မလုပ်ကျွေးထိုက်သော အင်္ဂါငါးပါးကိုလည်း ဤမှ ပြန်၍ ဗျတိရေက နည်းဖြင့် သိလေ၊ ၎င်းနိပါတ် (၁၂၇)လာ။]♦သုံးပုံတံတားကျမ်း

အမျက်ငြိမ်းကြောင်းတရား ၅-ပါး

၁၈။ (က) မေတ္တာတခြား၊ သနားကရုဏာ၊ ဥပေက္ခာနှင့်၊ ကံသာမူလ၊ ကင်းထနှလုံး၊ ဤကျင့်ထုံးကို၊ စွဲသုံးလေးမင်း၊ မျက်ကြုတ်ကင်း။
[ဤကား အမျက်ငြိမ်းကြောင်းတရား ၅-ပါး စကားရပ် မှတ်ဖွယ်တည်း၊ ၎င်းနိပါတ် (၁၆၃) လာ။]♦သုံးပုံတံတားကျမ်း

အမျက်ငြိမ်းကြောင်းတရား ၅-ပါး တနည်း

(ခ) တပါးမစင်၊ နှစ်ပါးစင်နှင့် ထို့ပြင်သုံးတန်၊ တဖန်သုံးဝ၊ သုံးဒွါရကို၊ ငှါနငါးထွေ၊ ရအောင်ဖွေလော့၊ ပမေဖြင့်မူ၊ ပံ့သကူနှင့်၊ မှော်ထူသောကန်၊ တဖန်နွားခြေ, သောက်သည်ရေနှင့်၊ တထွေတောထဲ၊ ဆင်းရဲသူနာ၊ ကြည်စွာရေကန်၊ သောက်ချိုးဟန်ကို ဉာဏ်ဝယ်အမြဲ အရခဲ။
[ဤကား အမျက်ငြိမ်းကြောင်းတရား ငါးပါး စကားရပ် မှတ်ဖွယ်တည်း။ ထို့ကြောင့် "အမျက်ငြိမ်းရန်၊ ငါးနှစ်တန်၊ ကျမ်းဂန်မုချလာ"ဟု စပ်လေသည်။ အဓိပ္ပါယ်ကား- ကာယမစင် ဝစီ, မနောစင်၏၊ ကာယ, ဝစီမစင်၊ မနောစင်၏ သုံးပါးလုံးမစင်၊ သုံးပါးလုံးစင်၏ဟူလိုသည်။ ကာယမစင်သည်မှာ- ပံ့သကူကောက်သည်နှင့်တူ၏၊ ဝစီမစင်သည်မှာ- မှော်ရှိသော ရေကန်၌ ရေသောက်သည်နှင့်တူ၏၊ နှစ်ပါးမစင် တပါးစင်သည်မှာ- နွားခြေရာ၌ ရေသောက်သည်နှင့်တူ၏၊ သုံးပါးလုံးမစင်သည်မှာ- တောကြီးထဲ၌ လူနာကို သနားသည်နှင့် တူ၏၊ သုံးပါးစင်ကြယ်သည်မှာ-ချမ်းဧသောရေရှိသော ရေကန်ကြီးဝယ် ရေသောက်သောသူနှင့် တူ၏-ဆိုလိုသည်။ ကြံလေ၊ နည်းခံလေ၊ ၎င်းနိပါတ် (၁၆၄) လာ။]♦သုံးပုံတံတားကျမ်း

အားထုတ်နိုင်ခြင်း အကြောင်းတရား ၅-ပါး

၁၉။ အားထုတ်နိုင်ရာ၊ ကြောင်းငါးဖြာမူ၊ ပျိုစွာကာလ၊ ကင်းထအနာ၊ ဝပြောစွာလျက်၊ ညီညာလူများ၊ နေနှစ်ပါးသို့၊ မပြားနေမြဲ၊ မကွဲသံဃာ၊ ညီညွတ်ပါမှ အားထုတ်ရသည်၊ ထုတ်ကြလေမင်း ခေတ်အတွင်း။
[ဤကား အားထုတ်နိုင်ခြင်း အကြောင်းငါးပါး စကားရပ်မှတ်ဖွယ်တည်း၊ မထုတ်နိုင်ခြင်း အကြောင်းငါးပါးကိုလည်း ဤမှ ပြန်၍ ဗျတိရေကနည်းဖြင့် သိလေ၊ ၎င်းနိပါတ် (၅၈) လာ။]♦သုံးပုံတံတားကျမ်း

အမြဲဆင်ခြင်အပ်သော အကြောင်းတရား ၅-ပါး

၂၀။ အိုခြင်း, နာခြင်း၊ သေခြင်းတထွေ၊ ကွဲထွေချစ်ခြင်း၊ ဖြစ်ခြင်းကံသာ၊ ဤငါးဖြားကို၊ မကွာမယွင်း နှလုံးသွင်း။
[ဤကား အမြဲမပြတ် ဆင်ခြင်အပ်သော အကြောင်းတရားငါးပါး စကားရပ်မှတ်ဖွယ်တည်း၊ ၎င်းနိပါတ် (၆၃) လာ။]♦သုံးပုံတံတားကျမ်း

ဆင်ခြင်ခြင်း အကျိုးတရား ၅-ပါး

၂၁။ ယောဗ္ဗတဖြာ၊ အာရောဂျမာန်၊ တဖန်ဇီဝိ၊ ကင်းဘိဆန္ဒ၊ ရာဂတခြား၊ ဆယ်ပါးဒုစရိုက်၊ ကင်းကွာထိုက်သည်၊ တိုက်လေမမှား ဆေးငါးပါး။
[ ဤကား ဆင်ခြင်ခြင်း အကျိုးတရား ငါးပါးစကားရပ်မှတ်ဖွယ်တည်း။ ၎င်းနိပါတ် (၆၃)လာ။]♦သုံးပုံတံတားကျမ်း

မီးလှုံခြင်းအပြစ် ၅-ပါး

၂၂။ မျက်စိမွဲထ၊ မလှအဆင်း၊ နာခြင်း ခွန်အား၊ စကားဖီလာ၊ များစွာအဖော်၊ မွေ့လျှော်တုံရာ၊ မီးဝယ်လာသည်၊ လှုံခါမကင်း သတိသွင်း။
[ဤကား မီးလှုံရာ အပြစ်ငါးပါး စကားရပ်မှတ်ဖွယ်တည်း။]♦သုံးပုံတံတားကျမ်း

အနာဂါမိ ဥစ္စာ ၅-ပါး

၂၃။ သဒ္ဒါ, သီလ၊ သုတ, စာဂါ၊ ပညာ, ဓန၊ ငါးဝဥစ္စာ၊ ပြည့်စုံပါက၊ နောင်လာဘဝ၊ ဓနများရှင်၊ လိုအင်ကိစ္စ၊ လိုတိုင်းရသည်၊ ရှာကြလေကား ဥစ္စာငါး။
[ဤကား အနုဂါမိဥစ္စာငါးပါးစကားရပ် မှတ်ဖွယ်တည်း၊ `ဤဥစ္စာငါးပါးစကားရပ် မှတ်ဖွယ်တည်း။ ဤဥစ္စာနှင့် ပြည့်စုံသောသူကို သူဆင်းရဲမဆိုထိုက်ချေ၊ ကြွယ်ဝသောသူဆိုအပ်၏- မှတ်လေ။]♦သုံးပုံတံတားကျမ်း

ကုသိုလ် ၅-ပါး

၂၄။ ဆွမ်းနှင့် သင်္ကန်း၊ တခန်း ဆေး, ကျောင်း၊ ညောင်စောင်း အင်းပျဉ်။ ဤငါးအင်ကို၊ လှူကျင်ရက၊ ပုညမြစ်ရေ၊ တတွေတွေသည်၊ လှူလေကြမင်း ကုန်မယွင်း။
[ဤကား သမုဒ္ဒရာမြစ်ကြီးကဲ့သို့ အကျိုးများသော ကုသိုလ်ငါးပါး စကားရပ် မှတ်ဖွယ်တည်း။ ၎င်းနိပါတ် (၄၅)လာ။]♦သုံးပုံတံတားကျမ်း

စင်္ကြံသွားခြင်းအကျိုး ၅-ပါး

၂၅။ စင်္ကြံသွားရာ၊ အကျိုးမှာကား၊ အစာကြေခြင်း၊ ကင်းသည်အနာ၊ ရှည်စွာသမာဓိ၊ တည်ဘိတခန်း၊ ကမ္မဋ္ဌာန်းလည်း စီးဖြန်းနိုင်ပေ၊ ဝေးလေတပါး၊ ခရီးအားလည်း သွားစွမ်းနိုင်စွာ၊ ဖြစ်လေရာသည်၊ ချမ်းသာရဆေး ဖော်၍ပေး။
[ဤကား စင်္ကြသွားကျိုးငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ ၎င်းနိပါတ် (၂၄)လာ။]♦သုံးပုံတံတားကျမ်း

စစ်သည်နှင့် တူသော ရဟန်း ၅-ပါး

၂၆။ မြူတမ်းခွန်က၊ ကြားထအသံ၊ တဖန်ပုတ်ခတ်၊ အောင်လတ်စစ်ပွဲ၊ သူရဲငါးထွေ၊ ဖြစ်လေသောလား၊ ရဟန်းသားဝယ်၊ ဆယ်ပါးကိလေ၊ တိုက်ရပေသည်၊ အောင်မြေတပ်ထဲ သုံးပုံပွဲ။
[ ဤကား စစ်သည်ငါးယောက်နှင့် တူသော ရဟန်းငါးပါး စကားရပ်မှတ်ဖွယ်တည်း။ မြူအခိုးကိုမြင်လျှင် တပ်လန်တပ်ဆုတ်သော သူရဲတစ်ယောက်၊ ရထားတမ်းခွန်ကို မြင်လျှင် တပ်လန်သည့် သူရဲတစ်ယောက်၊ ဆင်, မြင်းသံကို ကြားလျှင် တပ်လန်သည့် သူရဲတယောက်၊ အနည်းငယ်ပုတ်မိမှ လန်သည့် သူရဲတစ်ယောက်၊ ပုတ်ခတ်မိသော်လည်း မလန်စေပဲ အောင်တပ်ထဲမှာ အောင်ပွဲခံရသော သူရဲတစ်ယောက်၊ ဤသူရဲငါးယောက်ကဲ့သို့ သာသနာတော်၌ မာတုဂါမတို့ အဆင်း, အသံစသည်တို့ကို မြင်ခြင်း ကြားခြင်း စသည်တို့ကြောင့် လူထွက်သော ရဟန်း, လူမထွက်သော ရဟန်းတို့ကို ယခင်စစ်သည်နှင့် အလားတူ ယူလေ၊ အင်္ဂုတ္တရပဉ္စကနိပါတ် (၈၁)လာ။]♦သုံးပုံတံတားကျမ်း

ဗြဟ္မဝိဟာရတရား ၄-ပါး

၂၇။ အကျိုးရှိရာ၊ တောင့်တခါ၌၊ မေတ္တာမှန်လှ၊ ဒုက္ခခပ်သိမ်း၊ ကင်းငြိမ်းသမှု၊ ရှေ့ရှုသည်မှာ၊ ကရုဏာတည့်၊ ချမ်းသာသုခ၊ ပြည့်စုံကြရာ၊ ဝမ်းမြောက်ပါက၊ မုဒိတာဖြစ်၊ လျစ်လျူရှုကာ၊ ဥပေက္ခာတည့်၊ လေးဖြာဗြဟ္မ၊ ဝိဟာရကို၊ နေ့ညမကင်း စေနှင့်မင်း။
[ ဤကား ဗြဟ္မဝိဟာရ တရားလေးပါး စကားရပ် မှတ်ဖွယ်တည်း၊ အပ္ပမညာ တရားလေးပါးလည်း ဟူ၏၊]♦သုံးပုံတံတားကျမ်း

ဗြဟ္မဝိဟာရ ပွားပုံ

၂၈။ သားငယ်တခြား၊ နာသည်သားနှင့် ပျိုငြားတသွယ်၊ အရွယ်ကြီးမား၊ လေးယောက်သားကို၊ တရားလေးထွေ၊ ပွားဖြစ်လေသည်၊ ပုံသေမမှား မိဘအား။
[ဤကား မိဘအား ဗြဟ္မဝိဟာရတရားလေးပါး ပွားကြောင်း စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံတံတားကျမ်း

သံဝဏ္ဏနာ ၅-နည်း

၂၉။ ဝုတ္တိ, ဥလ္လိင်္ဂ၊ သုံးဝသမ္ဗန်၊ ဖွင့်လေဟန်ကို၊ ဉာဏ်ဝယ်အမြဲ သိအောင်ခဲ။
[ဤကား သံဝဏ္ဏနာ ငါးနည်း မှတ်ဖွယ်တည်း။ သုံးဝသမ္ဗန်မှာ- သမ္ဗန်မှာ-သမ္ဗန္ဓသံဝဏ္ဏနာ, ဥလ္လိင်္ဂသမ္ဗန္ဓသံဝဏ္ဏနာ, ဝုတ္တိသမ္ဗန္ဓသံဝဏ္ဏနာ ဟူ၍ ယူလေ။]♦သုံးပုံတံတားကျမ်း

ပဒသံဝဏ္ဏနာ ၈-ပါး

၃၀။ ပဒ, အတ္ထ၊ ပဒတ္ထဟု၊ မူလသံဝဏ္ဏနာ၊ ဖွင့်ရာမှန်ဘိ၊ သုံးနည်းရှိလိမ့်၊ ဝိဘတ္တိ, လိင်္ဂ၊ ပစ္စယဓာတု၊ လေးခုဒုတိယ၊ ရှစ်ပဒကို၊ အရဉာဏ်ထဲ သိအောင်စွဲ၊
[ဤကား ပဒသံဝဏ္ဏနာရှစ်ပါး စကားရပ်မှတ်ဖွယ်တည်း။ လေးခု ဒုတိယ၌-ဒုတိယလိင်္ဂပဒ, ဒုတိယဝိဘတ္တိပဒ, ဒုတိယဓာတုပဒ, ဒုတိယပစ္စယပဒကို ယူလေ။]♦သုံးပုံတံတားကျမ်း

လိင်္ဂပဒသံဝဏ္ဏနာ ၆-ပါး

၃၁။ သန္ဓိ, နာမ၊ ကာရက, သမာသ်၊ နိပါတ်တဖြာ၊ ဥပသာရ၊ လိင်္ဂခြောက်ဖြာ၊ ပြားသည့်တာကို၊ သဒ္ဓါ ဉာဏ်ရဲ သိလေမြဲ။
[ဤကား လိင်္ဂပဒခြောက်ဖြာ ပြားကြောင်း စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံတံတားကျမ်း

အတ္ထသံဝဏ္ဏနာ ၉-ပါး

၃၂။ လိင်နှင့် ဝိဘတ်၊ ဓာတ်နှင့် ပစ္စည်းလေးနည်း ဒုတိယ၊ အဘိဓေယျတ္ထတဖြာ၊ ဖွင့်ရာနယ၊ ကိုးအတ္ထကို၊ သုံးဝဘုံတွင်း ရှာစိမ့်ခင်း။
[ဤကား သံဝဏ္ဏနာ ကိုးပါး စကားရပ်မှတ်ဖွယ်တည်း။]♦သုံးပုံတံတားကျမ်း

လိင်္ဂတ္ထသံဝဏ္ဏနာ ၅-ပါး

၃၃။ နာမ်, ကာရက၊ သမာသ်စသား၊ ဥပသဂ္ဂတရပ်၊ နိပါတ်နှင့်ပါ၊ ငါးဖြာနယ၊ လိင်္ဂတ္ထကို၊ ဖွင့်ကြလေမင်း ကျမ်းအတွင်း။
[ဤကား လိင်္ဂတ္ထသံဝဏ္ဏနာ ငါးပါးစကားရပ် မှတ်ဖွယ်တည်း]♦သုံးပုံတံတားကျမ်း

သံဝဏ္ဏနာ ၅-ပါး

၃၄။ သကတ်, ဒြပ်၊ လိင်္ဂတ်တဖြာ၊ သင်္ချာကာရက၊ ငါးနယကို၊ သိကြစေမင်း ခေတ်အတွင်း။
[ဤကား သံဝဏ္ဏနာငါးပါး စကားရပ် မှတ်ဖွယ် တနည်းတည်း။]♦သုံးပုံတံတားကျမ်း

၂-ပါး၊ ၂-ပါးအားဖြင့် သံဝဏ္ဏနာ ၆-ပါးပြားပုံ

၃၅။ နီတတ်, နေယျတ်၊ ပကတျတ်နှင့်၊ ပစ္စယတ်သဒ္ဒါ၊ ဘာဝတခြား၊ ခြောက်ပါးဒုက၊ နည်းနယကို၊ ဆောင်ကြလေမင်း နှုတ်အတွင်း။
[ဤကား နှစ်ပါး နှစ်ပါး၊ ဒုကအားဖြင့် ခြောက်ပါးပြား၏ ဟူလိုသည်။]♦သုံးပုံတံတားကျမ်း

သံဝဏ္ဏနာဆစ်-၆၁

၃၆။ အဘိဓေယျ၊ သဘာဝနှင့်၊ နာမထပ်တူ၊ ယူလေတုံထ၊ ဂ-လ-ပြ-စစ်၊ လောင်းလစ်အတု၊ ခုနှစ်ခုနှင့် ပေါင်းစု တုံငြား၊ တပါးစွန်းကယ်၊ ခြောက်ဆယ်သံဝဏ္ဏနာ၊ ဖွင့်ဖွယ်ရာကို၊ နှုတ်မှာ အမြဲ အရခဲ။
[ဤကား သံဝဏ္ဏနာဆစ်ခြောက်ဆယ်တစ် ဆောင်ပုဒ် စကားရပ် မှတ်ဖွယ်တည်း။ နာမထပ်တူ ဟူရာ၌-အဘိဓာနတ္တ, အဘိဓေယျတ္ထဟု ယူလေ၊ ဂ-မှာ ဂရုနည်း၊ လ-မှာ လဟုကနည်း၊ ပြ-မှာ ဝိဂြိုလ်ပြ၊ စစ်-မှာ ဝိဂြိုလ်စစ်၊ တု-မှာ ဝိဂြိုလ်တု ယူလေ။]♦သုံးပုံတံတားကျမ်း

ဆောင်ပုဒ်

၃၇။ ပါဠိ, အဋ္ဌကထာ၊ ဋီကာဖွင့်ရိုး၊ အမျိုးမျိုးကို။ နည်းခိုးစိမ့်ငှါ၊ စုံစွာပြယုဂ်၊ မပြထုတ်ပဲ၊ ဆောင်ပုဒ်အလွယ်၊ ဆောင်စိမ့်ရွယ်သည်၊ ဉာဏ်ငယ်သူများ နှုတ်ဝယ်ထား။♦သုံးပုံတံတားကျမ်း

တရားနာခြင်းအကျိုး ၅-ပါး

၃၈။ မကြားဘူးက၊ ကြားဘူးရခြင်း၊ ပြီခြင်းစင်ကြယ်၊ ပျောက်ပယ်ယုံမှား၊ ဖြောင့်ငြားအယူ၊ ကြည်ဖြူစိတ်ထား၊ ဤငါးပါးကို၊ တရားနာက ရလေရ။
[ဤကား တရားနာခြင်းအကျိုးငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ အင်္ဂုတ္တရပဉ္စကနိပါတ် (၂၁၆) လာ။]♦သုံးပုံတံတားကျမ်း

သီလညစ်ညူးကြောင်း, ဖြူစင်ကြောင်း စကားရပ်

၃၉။ ဥပနာဟ၊ ပလာသနှင့်၊ ကောဓ, မာယာ၊ ဣဿာ, မစ္ဆရိယ၊ ကောဓ, ထမ္ဘာ 'သာရမ္ဘာနှင့်၊ မဒါ, မာန၊ ပမာဒမည်ရှိ၊ အတိမာန၊ ဖြစ်ချေကမူ၊ သီလညစ်ရာ၊ နည်းစွာအလို၊ ထိုထိုခေါင်းပါး၊ ရောင့်ရဲများမှာ၊ သီလဖြူရာ၊ ကျမ်း၌လာသည် ဆပ်ပျာလက်တွင်း ရှိစေမင်း။
[ဤကား သီလညစ်ညူးကြောင်းဖြူစင်ကြောင်းစကားရပ် မှတ်ဖွယ်တည်း။ ကောဓ-အမျက်၊ ဥပနာဟ- ရန်ငြိုး၊ မက္ခ-ကျေးဇူးကိုချေခြင်း။ ပလာပ-အဖျင်းဖျင်းဆိုခြင်း၊ ဣဿာ-ငြူစူခြင်း၊ မစ္ဆရိ-ဝန်တိုခြင်း၊ မာယာ-လှည့်ပတ်ခြင်း၊ သာဌေယျ-စဉ်းလဲခြင်း၊ ထမ္ဘာ-ခိုင်မာခြင်း၊ သာရမ္ဘာ-ချုပ်ချယ်ခြင်း၊ မာန-မာန်တက်ခြင်း၊ အတိမာန-အလွန်မာန်မူခြင်း၊ မဒ-ယစ်ခြင်း၊ ပမာဒ-မေ့လျော့ခြင်းကိုယူလေ။]♦သုံးပုံတံတားကျမ်း

မေထုနနသံယောဇဉ် ၇-ပါး

၄၀။ ဆုတ်နယ်တခြား၊ ကစားရယ်ခြင်း၊ ကြည့်ခြင်း မျက်စိ၊ ကြားဘိအသံ၊ ရယ်ဟန်အောက်မေ့၊ ပျော်မွေ့ကာမာ၊ မြင်လေပါရှင့်၊ နတ်ရွာတောင့်တ၊ ကျင့်ချေကမူ၊ ကျိုးထသီလာ၊ ဖြစ်လေရာသည်၊ သံသရာဝဲ ဝင်လိမ့်မြဲ။
[ဤကား မေထုနသံယောဇဉ်ခုနှစ်ပါးစကားရပ်မှတ်ဖွယ်တည်း၊ အင်္ဂုတ္တရသတ္တကနိပါတ် (၄၃၈) လာ။]♦သုံးပုံတံတားကျမ်း

နိကန္တတဏှာနှင့် မေထုနသံယောဇဉ်အပြစ်

၄၁။ နိကန္တဗလဝ၊ မေထုနကြောင့်၊ တောင့်တတဏှာ၊ မကင်းပါ၍၊ ယုတ်ရာဌာန၊ ဖြစ်လေရသည်၊ စျာန်ရသူအား ဖြစ်ရငြား။
[ဤကား နိကန္တ တဏှာအပြစ် မေထုန သံယောဇဉ် အပြစ်တရား စကားရပ်မှတ်ဖွယ်တည်း။ "နိကန္တဗလဝတ္တာ၊ သတ္တဝိဓ မေထုနသံယောဂတ္တာ စ" ဟိတ်နှစ်ချက်ကြောင့် သူကြွယ် နှစ်ဦး နဂါး ဂဠုံ, တိရစ္ဆာန်ဘုံ၌ဖြစ်လေသည်၊ သီမဝိသောဓနာမှာ ကြည့်လေ၊ ဂေါပကနတ်ဆရာ စျာန်ရပါလျက် အထက်မှာ မဖြစ်၊ အောက်မှာဖြစ်ရလေသည်၊ စျာန်မရသူဝယ် ဆိုဖွယ်မရှိ မှတ်လေ၊ သုတ်ပါထေယျအဋ္ဌကထာ စသည်မှာ ကြည့်လေ။]♦သုံးပုံတံတားကျမ်း

အက္ခောဘိဏီတပ်

၄၂။ ခြောက်သောင်းနာဂ၊ တည်ထအရင်း၊ မြင်းနှင့် ရထား၊ စီးငြားကညာ၊ နောက်ပါမိန်းမ၊ လေးဝစဉ်ဆက်၊ ရာချည်းတက်လော့၊ အက္ခောဘိဏီ၊ ဇာလိနီလာ၊ သိစိမ့်မှာသည်၊ မကွာနှုတ်တွင်း စွဲလေမင်း။
[ဤကား အက္ခောဘိဏီ အရေအတွက် စကားရပ် မှတ်ဖွယ်တည်း။ တနည်းလည်း ဝါးအစည်းခြောက်ဆယ်တိုက်ကို မှုန့်မှုန့်ညက်ညက်ကျေအောင် နင်း၍ သွားနိုင်သော စစ်သည်အပေါင်းသည် အက္ခောဘိဏီမည်၏၊ မဟောသဓာဘုရားအလောင်းသည် တစ်ဆယ့်ရှစ်ခေါ်ဘိဏီရှိသော ဗြဟ္မဒတ်မင်းစစ်သည် အပေါင်းတို့ကို ယင်ငယ်တကောင်သောက်မျှ သွေးမထွက်စေမူ၍ မသေရအောင် ကယ်ဆယ်တော်မူလေသည်။ ဆင်ပေါင်းခြောက်သောင်း၊ ၎င်းဆင်တစ်ကောင် တစ်ကောင်၌ မြင်တစ်ရာ တစ်ရာ၊ ၎င်းမြင်းတစ်ကောင်တစ်ကောင်၌ ရထား တစ်ရာတစ်ရာ၊ ၎င်းရထား တစ်ဆူတစ်ဆူ၌ သတို့သမီးကညာ တစ်ရာတစ်ရာ၊ ၎င်းမိဖုရား တစ်ယောက်တစ်ယောက်၌ အလုပ်အကျွေးနောက်လိုက် မိန်းမတစ်ရာတစ်ရာ၊ ဤငါးရပ်ကို ပေါင်းလျှင် အက္ခောဘိဏီမည်၏ ဟူလိုသည်။♦သုံးပုံတံတားကျမ်း

အဓိဋ္ဌာန် ၅-ပါး

၄၃။ ဗောဓိတိမ်တိုက်၊ တလို်ကရောင်ခြည်၊ တမည် ညှပ်ရိုး၊ တစ်မျိုးဓာတ်တော်၊ ဤငါးဖော်သည်၊ ရှင်တော်ဘုရားဓိဋ္ဌာန်ငြား။
[ဤကား ဘုရားအဓိဋ္ဌာန်တော်မူခဲ့သော ငါးပါးစကားရပ်မှတ်ဖွယ်တည်း၊ ဥဒါနဒီပနီစသည်မှာ ကြည့်လေ၊ ပါရာဇိကဏ်အဋ္ဌကထာ (၆၈)လာ။]♦သုံးပုံတံတားကျမ်း

ဓမ္မတာအပြား ၃၀

၄၄။ (က) သတိတသွယ်၊ ထက်ဝယ်တခြား၊ ဖွားကာမတ်တတ်၊ အရပ်တော်မှာ မျက်နှာခြောက်ပါး၊ ခုနှစ်ဖဝါးနှင့်၊ စကားသုံးထွေ၊ ဆိုလေတုံငြား၊ တစ်ယောက်သားနှင့်၊ ကျင့်ငြား ဒုက္ကရစရိယာ၊ ဂဏာရသ၊ ဘုဉ်းပေးရသည်၊ နိစ္စမလွဲ ဖြစ်လေမြဲ။ (ခ) မြက်ခင်းပလ္လင်၊ ရှုချင်ထွက်သက်၊ စစ်ဖက်မာနတ်၊ သိအပ်ဝိဇ္ဇာ၊ ပလ္လင်မှာတည့်၊ နေရာဌာန၊ ခုနှစ်ဝ၌၊ မြှောက်ထလေးပါး၊ ခုနှစ်ခါတည့်၊ ဗြဟ္မာတောင်းပန်၊ ဟောရန်ဌာန၊ ဓမ္မစကြာ၊ မိဂဒါတည့်၊ အင်္ဂါလေးဝ၊ ပြည့်စုံကြ၍၊ ပြသည်ပါတိမောက်၊ ထို့နောက်တတန်၊ ဇေတဝန်၌ မြဲမြန်ဝါကပ်၊ ပြုအပ်ပေရာ၊ ယမိုက်ဟာကား၊ ပြည်သာဝတ္ထိ၊ ပြလေဘိသည်။ သတိအမြဲဉာဏ်ဝယ်စွဲ။ (ဂ) ဘိဓမ္မာ၊ ဝတိန်သာတည့်၊ သက်လှာတုံထ၊ သံကဿမှာ၊ မြဲစွာသမာပတ်၊ ဝင်လတ်တုံငြား၊ နှစ်ပါးကာလ၊ ကြဉ်ထသတ္တဝါ၊ သိက္ခာတရား၊ ကြောင်းရှိငြားမှ၊ ဟောကြားပညတ်၊ အတ္ထုပ္ပတ္တိ၊ ရှိမှဇာတ်တော်၊ ဟောမြွက်ဖော်၏၊ ဆွေတော်မျိုးတွင်၊ ဗုဒ္ဓဝင်တည့်၊ ထို့ပြင်တဖြာ၊ အာဂန္တုက၊ ပြောထစကား၊ ပန်ကြားတကာ၊ ဝါကျွတ်မှာတည့်၊ ငါးခါကိစ္စ၊ ပြုပေရသည်၊ ဗုဒ္ဓဘုရား ရှင်တော်အား။
[ဤကား ဓမ္မတာအပြားသုံးဆယ် မှတ်ဖွယ်စကားရပ်တည်း၊ သုတ်မဟာဝါ ပါဠိတော် (၁၁)လာ။]♦သုံးပုံတံတားကျမ်း

အန္တရာယ်မပြုနိုင်သည့်တရား ၄-ပါး

၄၅။ ရည်ရော်ပစ္စည်း၊ တနည်းအသက်၊ ခြောက်ချက်ရောင်ခြည်၊ သုံးဆယ့်နှစ်မည်လက္ခဏာ၊ သုံးဖြာလူ၌၊ မဖျက်ထိုက်သည်၊ အမှိုက်အလား လွင့်ရငြား။
[ဤကား ဘုရားတို့ဝယ် အန္တရာယ်မပြုနိုင်သည့် တရားလေးပါး စကားရပ် မှတ်ဖွယ်တည်း၊ မိလိန္ဒပဥှာ (၁၅၈) နှင့် ဗုဒ္ဓဝံသအဋ္ဌကထာ (၃၅၂)လာ။]♦သုံးပုံတံတားကျမ်း

ဘုရားတို့မစွန့်အပ်သောအရပ် ၄-ပါး

၄၆။ ဗောဓိပလ္လင်၊ ထို့ပြင်တချက်၊ ဓမ္မစကြာ၊ ဟောရာဌာန၊ ညောင်းစောင်းချရာ၊ လက်ယာခြေတော်၊ ချတော်မူရာ၊ နေရာဌာန၊ သင်္ကဿတည့်၊ ဌာနလေးပါး မစွန့်ငြားသည်၊ ၊ ဘုရားဗုဒ္ဓ ဟူသမျှ။
[ဤကား ဘုရားတကာ မစွန့်ရာသော အရပ်လေးပါး စကားရပ် မှတ်ဖွယ်တည်း၊ သုတ်မဟာဝါ အဋ္ဌကထာ (၁၇)လာနှင့် ဗုဒ္ဓဝံသ အဋ္ဌကထာ (၃၅၁)လာ။]♦သုံးပုံတံတားကျမ်း

ပရိနိဗ္ဗာန်ကြွစံတော်မူကြောင်း ၃-ပါး

၄၇။ သုဒဿန၊ သုဘဒ္ဒနှင့်၊ ဒေါဏဓာတု၊ ဝေဖန်မှုကြောင့် သုံးလူ့ဆရာ၊ ကုသိန္နာသို့၊ ပါဝါမြို့မှ၊ နားထနှစ်ဆယ်၊ ငါးထောက်ကယ်လိမ့်၊ တသွယ်မယုတ်၊ လွန်အားထုတ်၍၊ သုံးဂါဝုတ်ကွာ၊ လာရရှာသည်၊ ကြင်နာသနားဖွယ်တကား။
[ဤကား ကုသိန္နာရုံပြည်၌ ပရိနိဗ္ဗာန် ကြွစံတော်မူကြောင်းသုံးပါး စကားရပ် မှတ်ဖွယ်တည်း။ သုတ်မဟာဝါ အဋ္ဌကထာ (၁၆၄)လာ။]♦သုံးပုံတံတားကျမ်း

တမန်အင်္ဂါ ၈-ပါး

၄၈။ စကားကြားလွယ်၊ အဓိပ္ပါယ်သိ၊ မှတ်သိမြဲစွာ၊ ပြန်နိုင်ရာနှင့်၊ လိမ္မာကျိုး,ဖြစ်၊ မဖြစ်ခိုက်ရန်၊ ဟုတ်မှန်သိစေ၊ ရှစ်ထွေအင်္ဂါ၊ ပြည့်စုံပါက၊ စေရာတမန်၊ ခိုင်းဖွယ်မှန်သည်၊ ဧကန်မမှား သူတို့အား။
[ဤကား တမန်အင်္ဂါရှစ်ပါး စကားရပ် မှတ်ဖွယ်တည်း၊ စူဠဝါပါဠိတော် (၃၆၄)မှာကြည့်လေ။]♦သုံးပုံတံတားကျမ်း

မလိမ္မာ၍ ဘေးတွေ့ပုံနှင့် လိမ္မာ၍ ချမ်းသာရပုံ

၄၉။ လေးယောက်အပြား၊ နွားကျောင်းသားနှင့်၊ ပုဏ္ဏားတသွယ်၊ ဆိတ်ဝယ်တချက်၊ ငှက်လင်းမြီးဆွဲ၊ မကွဲမပြား၊ သဌေးသားတို့၊ စကားအရာ၊ မလိမ္မာ၍၊ ဒုဘာသိတ၊ ဒုကမ္မကြောင့်၊ ဒုက္ခကြီးစွာ၊ တွေ့လေပါခဲ့၊ ကိန္နရာဖို,မ၊ မဟစကား၊ မကြားမပြန်၊ ဆိုချိန်တန်မှ၊ ဆိုလေကြ၍၊ သုခကြီးစွာ၊ ရလေပါခဲ့၊ ဒုဘာသိတ၊ တသိန်းမျှထက်၊ ကျိုးရစကား၊ တခွန်းအားကို၊ စိတ်ငြားတဆယ်၊ စွန်းကယ်ခြောက်ပါး၊ တစုအားမျှ မတူကြသည်၊ ရစေထုံးနည်း ကျမ်းလာတည်း။
[ဤကား မလိမ္မာ၍ ဘေးတွေ့ကြောင်း, လိမ္မာ၍ ချမ်းသာရကြောင်း စကားရပ်မှတ်ဖွယ်တည်း၊ ၊ တေရသနိပါတ် တက္ကာရိယဇာတ် (၂၄၆)မှာ ကြည့်လေ၊ အဓိပ္ပါယ်ကျယ်လတ္တံ့ဖြစ်၍ မမှာလိုက်သည်။]♦သုံးပုံတံတားကျမ်း

ကြဉ်ရှောင်အပ်သောတရား ၄-ပါး

၅၀။ အဆိပ်သူရာ၊ ညွှန်မှာလာဘ၊ ရာဇမြွေဟောက်၊ ကျောက်မက်ဖွယ်ရာ၊ မာတုဂါမ၊ ပပါတဟု၊ လေးဝတရား၊ ရှောင်ရှားလေပါ၊ အဖမှာလည်း၊ ကျင့်ရာတရား လူတို့အား။
[ဤကား ကြဉ်ရှောင်အပ်သော တရားလေးပါး စကားရပ်မှတ်ဖွယ်တည်း၊ တေရသနိပါတ် စူဠနာရဒဇာတ် (၂၂၂)မှာ ကြည့်လေ။ သားရသေ့က လူတို့နေရာ ရောက်သည်ကာလ ကျင့်ရာသည်ကို ဆုံးမပါဆို၍ ဘုရားလောင်း အဖရသေ့ ဆုံးမသော တရားလေးပါးတည်း၊ ပပါတ-ကို ကမ်းပါး-မှတ်လေ။]♦သုံးပုံတံတားကျမ်း

သီလရှိစဉ် အလှူဒါနပြု၍ အကျိုးကြီးပုံ

၅၁။ မြေခွေး, ယုန်, ဖျံ၊ တဖန် တောမျောက်၊ လေးယောက်ဥပုသ်၊ မယုတ်ဒါန၊ လှူဒါန်းကြလျက်၊ ပုညလယ်မြေ၊ စိုက်ကြဲလေသည်၊ ယူထွေကမ္ဗည်း လေးယောက်နည်း။
[ဤကား ဥပုသ်စောင့်သောသူ အလှူပေးသင့်ကြောင်း စကားရပ်မှတ်ဖွယ်တည်း။ သာရိပုတ္တ အလောင်းမျောက်မှာ အစာရှာသွားရာက သရက်သီးခိုင်ကို ရခဲ့၍ လှူလေ၏၊ မောဂ္ဂလ္လာန်အလောင်း မြေခွေးမှာ လယ်စောင့်ယောကျ်ား လယ်ထဲ၌ ထားသော အမဲနှစ်ကင်၊ ဖွတ်တစ်ကောင် နို့ဓမ်းတအိုးကို ရခဲ့၍ လှူလေသည်။ အာနန္ဒာအလောင်း ဖျံမှာ တံငါတို့ သဲထဲမြှုပ်၍ ထားခဲ့သော ငါးကြင်ခုနှစ်မကို ရခဲ့၍ လှူလေသည်။ ဘုရားလောင်း ယုန်မင်းမှာ နှမ်း, ဆန်, ပဲနောက်မရှိ မြက်ပင်သာ ရှိသောကြောင့် မလှူဘူးသော ကိုယ်အသားကို မီးပုံသို့ ဆင်း၍ လှူလေသည်၊ စတုက္ကနိပါတ် သသပဏ္ဍိတဇာတ် (၄၈)မှာ ကြည့်လေ။ ကိုယ်၌ သီလရှိခိုက် အလှူပေး၍ အကျိုးကြီးသောကြောင့် စားရဘို့ကပင် ယူ၍ လှူကြဟု ဘုရားလောင်း သသပဏ္ဍိတက ဆုံးမတော်မူသည်၊ နှလုံးထားမိကြစေ။]♦သုံးပုံတံတားကျမ်း

သူဌေးသား ၄-ယောက် အမဲသားတောင်းပုံ

၅၂။ ဟယ်တောင်းရာမူ၊ အူမြေးဟူ၏၊ ထို့တူပေါင်သား အစ်ကိုအားဟု၊ တောင်းငြားလေပါ၊ ဖခင်မှာကား၊ နှလုံးသားကို၊ ပေးငြားတုံလေ၊ အဆွေတောင်းရာ၊ များစွာ မံသ၊ အကုန်ရလိမ့်၊ ပိယဝါစာ၊ သုဘာသိတ၊ ဖရုသဖြင့်၊ ဆိုကြစကား၊ ကျိုး, ပြစ်များကို၊ မှတ်သားစေချင်၊ သိစိမ့်ဆင်သည်၊ ရှောင်ကြဉ်အမြဲ ကျင့်သုံးစွဲ။
[ဤကား အမဲရောင်းလာသော မုဆိုးအား သူဌေးသားလေးယောက် အမဲသားတောင်းသော စကားရပ်မှတ်ဖွယ်တည်း။ စတုက္ကနိပါတ် သဗ္ဗမံသ လာဘဇာတ်၊ (၄၆)မှာကြည့်လေ၊ ဟရေလုဒ္ဒက-ဟယ်မုဆိုး၊ အမဲသားတစ်တုံး ငါ့အားပေးလော့၊ ဇေဋ္ဌဘာတိက-အစ်ကိုကြီး၊ တာတ-ဖခင်၊ သဟာယ-အဆွေ၊ အမဲသား ငါ့အား ပေးလော့-ဟု သူဌေးသားလေးယောက်တို့ မုဆိုးအား အမဲသားတောင်း၍ စကားနှင့် လျော်စွာ သာရိပုတ္တရာ အလောင်းမုဆိုးက အမဲသားပေးလေသည်၊ ဘုရားအလောင်း သူဌေးသားမှာ အဆွေဆို၍ တောင်းသောကြောင့် အဆွေခင်ပွန်းမည်သည် စီးပွားဖက်ဖြစ်တော့သည်။ အဆွေခင်ပွန်း မရှိသော် ရွာတောနှင့်တူ၏ အလုံးစုံနှင့် ဆက်ဆံ၏ဟု နှလုံးပြု၍ လှည်းနှင့်တကွ ပါသမျှအမဲကို ပေးလေသည်၊ ဤသို့သော ထုံးကို နှလုံးပြု၍ စကားပြောအရာလိမ်မာကြစေ၊ ဘုရားလောင်း သူဌေးသား ပြောဆိုသောထုံးကို နှလုံးပြုလေ။]♦သုံးပုံတံတားကျမ်း

နသာဓုတရား ၄-ပါး

၅၃။ ရာဇာစူးစမ်း၊ ရဟန်းကိုယ်-နှုတ်၊ စောင့်ချုပ်မပျက်၊ အမျက်ကောဓ၊ ပယ်ချလေရာ၊ ပညာရှိအား၊ ပျင်းငြားတုံထ၊ ကာမဘောဂီ၊ သညီတွင်ဘိ၊ ဂီဟိထိုအား၊ ရှောင်ရှားလေရာ၊ လေးဖြာဓမ္မ၊ လေးပါး န-ကို၊ မှတ်ကြလေကား အမျိုးသား။
[ဤကား န-သာဓုတရားလေးပါး စကားရပ် မှတ်ဖွယ်တည်း၊ စတုက္ကနိပါတ် ရထလဋ္ဌိဇာတ် (၉၆)မှာ ကြည့်လေ။ ဘုရားလောင်း အမတ်ပညာရှိ မင်းကြီးအား ဆုံးမလေသည်၊ မင်းတို့ မစူးစမ်း မဆင်ခြင်ဘဲ အဂတိလေးပါးသို့ လိုက်၍ စီရင်လျှင် လဆုတ်ပက္ခ လအရောင်ကဲ့သို့ စည်းစိမ်ဆုတ်ယုတ်ပျက်စီးကြောင်းဖြစ်၏၊ ကာသိကရာဇ် မင်းစသည်တို့ကဲ့သို့ မှတ်လေ။ ရဟန်းတို့ ကိုယ်, နှုတ်မစောင့်မှု ကဿပ ဘုရားလက်ထက် ရဟန်းပြိတ္တာကဲ့သို့ အပါယ်လားကြောင်းဖြစ်၏၊ အမျက်ထွက်ခြင်း ခန္တီဝါဒရသေ့အား ကလာဗုမင်း အမျက်ထွက်၍ ပြစ်မှားသောကြောင့် မြေမျို၍ အဝီစိငရဲ၌ ခံရလေသည်။ ပျင်းခြင်းကြောင့် အပြစ်ခြောက်ပါး ရောက်ကြောင်းကို သုတ်ပါထေယျ သိင်္ဂါလောဝါဒသုတ်၌ ဟောတော်မူသည်၊ ပျင်းခြင်းကြောင့် သူဌေးသားဖြစ်လျက် ခွက်လက်စွဲ၍ တောင်းစားရကြောင်း၊ မဂ်, ဖိုလ် ရထိုက်လျက် မရပဲ ခွက်လက်စွဲ၍ ဆင်းရဲရကြောင်း လာသည်၊ မှတ်လေ။]♦သုံးပုံတံတားကျမ်း

သူဌေးသမီး ၄-ယောက်ကျိန်ဆိုပုံ

၅၄။ အချိန်လွန်မှ၊ လင်ကိုရငြား၊ သွားကျိုးဆံဖြူ၊ လင်အိုသူနှင့် အတူတကွ၊ နေရလေပါ၊ ဝေးစွာ သွားလာ၊ လင်အားတောင့်တ၊ ချိန်ကာလတွင်၊ မမြင်ရပါ၊ နံ့သာလိမ်းကျံ၊ ဝေအောင်ပန်လျက်၊ စံပျော်အိပ်ရာ၊ ဘုံခန်းသာ၌၊ သာယာနှစ်သက်၊ ချစ်ဖက်မရ၊ ဧကကသာ၊ ဖြစ်လေရာဟု၊ သစ္စာလေးထွေ၊ ကျိန်ကြလေသည်၊ သက်သေစကား ရသေ့အား။
[ဤကား သူဌေးသမီးလေးယောက်ကို ရှင်ရသေ့က သရက်သီးခိုးရိုး၍ မခိုးကြောင်းကို အသီးသီး ကျိန်ဆိုသော စကားရပ်မှတ်ဖွယ်တည်း၊ စတုက္ကနိပါတ်အမ္ဗဇာတ် (၁၂၅)မှာ ကြည့်လေ။ မိန်းမတို့မည်သည် တစ်ဆယ့်ငါးနှစ်, တဆယ့်ခြောက်နှစ်အရွယ်၌ ယောက်ျားတို့ ချစ်သည်၊ အရွယ်လွန်လျှင် မချစ်၊ ရှင်ရသေ့ သရက်သီး မခိုးလျက်နှင့် အခိုးဆိုချေသော် အရွယ်ရှိခိုက်က လင်ကို မရ၊ အရွယ်လွန်မှ ရသည်ဖြစ်စေ-ဟု သူဌေးသမီး ကျိန်လေသည်၊ ရသေ့ကလည်း အလွန်ဝန်လေးသော စကားကို ကျိန်လေသည်၊ သင်တို့ မခိုး၊ သူတပါးခိုးသည် ဖြစ်ရာ၏၊ သွားကြလေဟု လွတ်လိုက်လေသည်။]♦သုံးပုံတံတားကျမ်း

တေမိမင်းသား တောထွက်ကြောင်း စကား

၅၅။ သတ်လေကုန်ကြ၊ နှောင်ဖွဲ့ထဟု၊ ဒုက္ခတစ်မျိုး၊ လှံထိုးဆားမံ၊ တဖန်တံကျင်၊ လျိုလေကျင်ဟု၊ စီရင်လေရာ၊ ကြားလေပါက၊ ရှေးဘဝဝယ်၊ နှစ်ဆယ်အနှစ်၊ မင်းလျှင်ဖြစ်၍၊ ရှစ်သောင်းကာလ၊ နိရယ၌၊ ခံရခဲအင်၊ အလောင်းမြင်သည်၊ လေးခွင်ပယ်တွင်း လွတ်စိမ့်ကွင်း။
[ဤကား တေမိမင်းသား ဘုရားလောင်း ငရဲဘေးကို ကြောက်၍ တောထွက်ကြောင်း စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံတံတားကျမ်း

တေမိမင်းသားကို အလိုစမ်းခန်း

၅၆။ နို့ရေမုံ့ကြီး၊ သစ်သီးကြီးငယ်၊ ကစားဖွယ်နှင့်၊ တသွယ်ထမင်း၊ မယွင်းတသီး၊ မီးနှင့် ဆင်, မြွေ၊ ကခြေ, သန်လျှက်၊ မပျက် မကင်း၊ ခရုသင်း, စည်ကြီး၊ ဆီမီး, တင်လဲ၊ မကျွဲထို့ပြင်၊ မစင်မီးကျီး၊ တသီးမောင်းမ၊ ဤမျှရွေ့လောက်၊ တဆယ့်ခြောက်ခန်း၊ အလိုစမ်း၍ ကောင်းမှန်းကိုမျှ မသိရသည်၊ ဗုဒ္ဓအလောင်း တောထွက်ကြောင်း။
[ဤကား တေမိမင်းသား ဘုရားလောင်းအား တဆယ့်ခြောက်ခန်း အလိုစမ်း စကားရပ် မှတ်ဖွယ်တည်း။ တေမိဇာတ် စာမျက်နှာ (၅)မှာ ကြည့်လေ။]♦သုံးပုံတံတားကျမ်း

တရားဟောပုဂ္ဂိုလ်နှလုံးသွင်းအပ်သော တရား ၅-ပါး၊ ၆-ပါး

၅၇။ အနုပုဗ္ဗ၊ ကင်းထအာမိသ်၊ စိတ်ကရုဏာ၊ ဖြစ်စေပါလျက်၊ ရှုရာပရိသတ်၊ နှစ်ရပ်မထိ၊ မငြိမခိုက်၊ မတိုက်စေရာ၊ ငါးဖြာတရား၊ အတွင်းထား၍၊ ဟောကြားလေပါ၊ ရှည်စွာတုံထ၊ ဂီတသရံ၊ သီချင်းသံဖြင့်၊ ခြောက်တန်ပစ္ဆာ၊ ကင်းစေရာသည်၊ သုံးဖြာတရား ဟောသူအား။
[ဤကား တရားဟောပုဂ္ဂိုလ်တို့အား အတွင်းထားရာသော တရား ၅-ပါး၊ ၆-ပါးစကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံတံတားကျမ်း

တရားဟောပုဂ္ဂိုလ် ပြုကျင့်ရာသောတရား ၅-ပါး

၅၈။ တနည်းကျင့်ရာ၊ မှတ်ဖွယ်မှာကား၊ ပုဗ္ဗာပရ၊ အတ္တဓမ္မာ၊ လိမ္မာစေထ၊ ကာလပရိသတ်၊ သိတတ်စေရာ၊ သဒ္ဒါဆယ်ပါး၊ မမှားစေရ၊ သာရုပ္ပနှင့်၊ ဆောင်ထဒေသနာ၊ သိသာ သန့်ရှင်း၊ နားတွင်းချမ်းသာ၊ ခေါ်ရာရှေးမှီး၊ ပြည်ကြီးသူထုံး၊ စွဲသုံးလေဘိ၊ ပရိမဏ္ဍလ၊ ပီသမချွတ်၊ ဌာန်မလွတ်အောင်၊ ဖတ်ရွတ်ဖွယ်ရေး၊ မနှေးမလျင်၊ မျှလေကျင်ဟု၊ သံလျှင် ပရိသာတ်၊ ချောက်ချားလတ်၍၊ ထက်ရပ်ဂင်္ဂါ၊ ကဲ့ပမာသို့၊ များစွာထုံးပုံ၊ ဆောင်တုံဖွဲ့နွဲ့၊ ဟိတ်လောင်းချဲ့၍၊ မဖဲ့မစောင်း၊ ဦးခေါင်း မလှုပ်၊ လက်ခြေယုတ်၍၊ ဗုဒ္ဓသဖွယ်၊ စံပယ်သောလား၊ ဟောကြားလေပါ၊ သံသရာမှ၊ ထွက်ပါလေစေ၊ ဤစိတ်နေဖြင့်၊ ငါးထွေတရား၊ အတွင်းထား၍၊ တရားဟောရာ၊ ကျင့်နည်းလာသည်၊ မကွာ နှုတ်ဖျား စွဲလေကား။
[ဤကား တရားဟောပုဂ္ဂိုလ်တို့ဝယ် ကျင့်ဖွယ်စကားရပ် မှတ်ဖွယ်တည်း၊ သုတ္တသင်္ဂဟကျမ်းလာ။]♦သုံးပုံတံတားကျမ်း

ပြုနိုင်ခဲသောတရား ၄-ပါး

၅၉။ သန်လျှက်ကိုမျို၊ ပေးမည်ဆိုခြင်း၊ မယွင်းဆိုတိုင်း၊ မဆိုင်းနောင်တ၊ လေးဝတရား၊ ခံလေငြားသည်၊ စကားအလွယ်ကျဉ်းမှတ်ဖွယ်။
[ဤကား ပြုနိုင်ခဲသော တရားလေးပါးစကားရပ် မှတ်ဖွယ်တည်း၊ သတ္တနိပါတ် ပဏ္ဏကဇာတ် (၃၁၇)လာ။ ဗာရဏသီပြည် မဒ္ဒဝမင်းကြီး မိဖုရားကို ပုရောဟိတ်ပုဏ္ဏားအားပေးပြီး၍ နောက်ကာလ မရ၍ စိုးရိမ်ခြင်းကြောင့် နှလုံးပူပန်၍ သွေးအန်၏၊ ဝမ်းမှ သွေးထွက်၏၊ ကြီးစွာသော အနာရောက်၍ ဆေးသမားများစွာ ကုပါသော်လည်း မပျောက်နိုင်ပဲ ရှိ၍ ဘုရားလောင်း သေနကအမတ် ဤတရားကို ပြ၍ ဆုံးမရာတွင်မှ ချမ်းသာရာ ရလေသည်၊ ပေးပြီး၍ နောင်တမရှိပဲ ခဲရာ၌ ဝေဿန္တရာမင်းကို သက်သေပြလေ၊ ဒါနအရာ၌ အပရစေတနာ ခက်ခဲသည်မှတ်လေ၊ "ဒါနဥှိ ဒတွာ အပရစေနာဝ ဒုဿန္ဓာရိယာ" ဟုလာသည်။]♦သုံးပုံတံတားကျမ်း

မရောင့်ရဲနိုင်သောတရား ၁၆-ပါး

၆၀။ နတပ္ပတိ၊ ပါဠိအရ၊ ဖွင့်ထုတ်ပြမူ၊ မြစ်မသမုဒ္ဒရာ၊ သဒ္ဓါဒါယက၊ စျာန်ရသေက္ခာ၊ ပညာဓမ္မ၊ ဝီရိယနှင့် ဗာလအဂ္ဂိ၊ ဣတ္ထိအပိစ္ဆာ၊ ရာဇာဝိသာရဒ၊ ဗြဟ္မဏနှင့်၊ လေးဝပရိသာတ်၊ ဆယ့်ခြောက်ရပ်ကား၊ အားမရရာ၊ ကျမ်းဝယ်လာသည်၊ မကွာမြဲထွေ စွဲမှတ်လေ။
[ဤကား အားမရ မရောင့်ရဲ နိုင်သော တရားတဆယ့်ခြောက်ပါး စကားရပ် မှတ်ဖွယ်တည်း၊ သတ္တနိပါတ် သတ္တုဘသ္တဇာတ် (၃၂၂)လာ။ မြစ်ကြီး မြစ်ငယ်တို့က လာသမျှ ရေကို သမုဒ္ဒရာ အားမရ။ ထို့အတူ- သဒ္ဓါရှိသူ-သံဃာတော်ကို လုပ်ကျွေး၍ မရောင့်ရဲ။ ပေးကမ်းခြင်းနှင့် ပြည့်စုံသောသူ-စွန့်ကြဲ၍ အားမရ။ စျာန်မရသောသူ-သမာပတ်ဝင်စား၍ အားမရ။ သေက္ခပုဂ္ဂိုလ်-ဖလသမာပတ်ဝင်စား၍ အားမရ။ ပညာရှိ-တရားနာ၍ အားမရ။ ဓမ္မကထိကပုဂ္ဂိုလ်-ဆွေးနွေး၍ အားမရ။ ဝီရိယရှိသောသူ-အားထုတ်၍ အားမရ။ သူမိုက်-မကောင်းမှု ပြု၍ အားမရ။ မီး-လောင်၍ အားမရ။ သားဖွားခြင်း, တန်ဆာဆင်ခြင်း, မေထုန်မှီဝဲခြင်း မိန်းမ-အားမရ။ အလိုနည်းသောသူ-ဓုတင်ဆောင်၍ အားမရ။ မင်း-တိုင်းနိုင်ငံ ခံစား၍ အားမရ။ ရဲရင့်သောသူ- ပရိသတ်၌ အားမရ။ ပုဏ္ဏား-ဗေဒင်သင်၍ အားမရ။ ပရိသတ်လေးပါး-ဘုရားဖူးမြင်၍ အားမရနိုင်၊ မရောင့်ရဲနိုင်မှတ်လေ။]♦သုံးပုံတံတားကျမ်း

မင်းလေးပါး လက္ခဏာရေး ၄-ခုကို အာရုံပြု၍ လက္ခဏာရေးသုံးပါး ရှုပုံ

၆၁။ (က) သရက်ပင်နှင့် ထို့ပြင်တယောက်၊ လက်လောက်တလီ၊ စွန်ချီသားတစ်၊ ဝှေ့လစ်နွားလား၊ ခိုက်ရန်ပွား၍၊ အူကားထွက်ရာ၊ မြင်သည့်တာကြောင့်၊ သုံးဖြာဓမ္မ၊ ပွားတုံထ၍ ပစ္စေကဗုဒ္ဓါ၊ ဖြစ်လေရာသည်၊ သုံးဖြာတရား ပွားလေကား။ (ခ) ကရဏ္ဍကနဂ္ဂဇိ၊ နိမိတွင်ထ၊ ဒုမ္မုခဟု၊ လေးဝရာဇာ၊ လူ့ပြည်ရွာကို၊ စွန့်ခွါရက်ရက်၊ မငဲ့ကွက်ပဲ၊ တောထွက်သည်တာ၊ ကျမ်းဝယ်လာသည်၊ နောင်လာအများ နည်းယူကား။
[ဤကား မင်းလေးပါး လေးခုကို အာရုံပြု၍ လက္ခဏာရေးသုံးပါးကို ရှု၍ ပစ္စေကဗုဒ္ဓါဖြစ်ကြောင်း စကားရပ် မှတ်ဖွယ်တည်း၊ သတ္တနိပါတ် ကုမ္ဘကာရဇာတ် (၃၅၅)လာ။]♦သုံးပုံတံတားကျမ်း

အကုသိုလ်ကြောင့် ကုသိုလ်ဖြစ်ပုံ ဥဒါဟရုဏ်

၆၂။ ရေခိုးမယား၊ လှည့်စားတုံထ၊ လနတ်တင်ရာ၊ သူရာသဘင်၊ ခံမြဲပင်ကို၊ ခံချင်လိုက၊ ခံလေကြဟု၊ စိုရပိုင်နင်း၊ စီရင်ခြင်းကြောင့်၊ မကင်းပါပ၊ အဓမ္မသည်၊ ငါ့အားဤခါ၊ မှားခဲ့ရာဟု၊ နှလုံးပြု၍၊ သုံးခုလက္ခဏာ၊ ပွားသည်တာကြောင့် ဗုဒ္ဓါပစ္စေကာ ဖြစ်လေရသည်၊ ဓမ္မသုံးကား ပွားစေကား။
[ဤကား အကုသိုလ်ကြောင့် ကုသိုလ်ဖြစ်ကြောင်း ဥဒါဟရုဏ်ပုံသက်သေငါးပါးစကားရပ် မှတ်ဖွယ်တည်း။ ဧကာဒသနိပါတ် ယုဓဉ္ဇယဇာတ်မှာ ကြည့်လေ။ ထို့ကြောင့် ပဋ္ဌာန်းကျမ်း၌လည်း "အကုသလော ဓမ္မော ကုသလဿဓမ္မဿ အာရမ္မဏ ပစ္စယေန ပစ္စယော" စသည်ဖြင့် ဟောတော်မူသည် မှတ်လေ။ အဆွေခင်ပွန်းနှစ်ဦး လယ်ထွန်ရာ တစ်ဦးရေဘူးက ရေကို ခိုး၍ သောက်မိသောကြောင့် သံဝေဂရ၍ ခိုး၍ သောက်မိသောရေကို အာရုံပြု၍ ဝိပဿနာပွား၍ ပစ္စေကဗုဒ္ဓါဖြစ်လေသည်၊ ဤနည်းတူ မိမိမယားကို သူတပါးခိုးသည်ကို အာရုံပြု၍ ဝိပဿနာကို ပွားစေသည်၊ သားအဖဖြစ်လျက် အဖမဟုတ်ဟု လှည့်စားမိသည်၊ ရွာတွင်အကြီးဖြစ်၍ လနတ်ပူဇော်မြဲ ပူဇော်ကြတော့ဟု ခွင့်ပေးမိသည်၊ ရွာစားအကြီးဖြစ်၍ သူရာသဘင် ခံချင်တိုင်း ခံကြတော့ဟု-ဟု ခွင့်ပေးမိလေသည်။]♦သုံးပုံတံတားကျမ်း

မင်းကျင့်တရား ၁၀-ပါး

၆၃။ အလှူဒါန၊ စောင့်သီလနှင့်၊ စာဂမယုတ်၊ ဥပုသ်တလီ၊ ခန္တီ, ကောဓ၊ ဝိဟိံသနှင့် ဝိရောဓနတဖြာ၊ ရာဇာဓမ္မ၊ သုံးပါးအနှင့်၊ ညွှန်ပြမိန့်မှာ၊ ကျမ်းဝ်လာသည်၊ ရာဇာတို့အား ကျင့်ဆယ်ပါး။
[ဤကား ပြည့်ရှင်မင်းတို့ ကျင့်ရာသော တရားဆယ်ပါး စကားရပ် မှတ်ဖွယ်တည်း၊ သုံးပါးမှာ-အကောဓ, အဝိဟိံသ, အဝိရောဓနကို ယူလေ၊ သတ္တနိပါတ် ကုက္ကုဇာတ် (၃၀၀) ကုမ္မာသဇာတ် (၃၉၁)တို့၌ လာသည်။] မှတ်ချက်၊၊၊၊ ဤ၌ ရှစ်ပါးသာရှိသည် မစုံ, အဇ္ဇဝ, မဒ္ဒဝအကျင့်နှစ်ပါး ကျန်ခဲ့၏၊♦သုံးပုံတံတားကျမ်း

ကံအကျိုးပေးပုံ

၆၄။ (က) အသက်တိုခြင်း၊ အဆင်းယုတ်စွာ၊ အနာလည်းများ၊ ရှားပါးဥစ္စာ၊ နည်းစွာတန်ခိုး၊ အမျိုးယုတ်မာ၊ ပညာမဲ့ငြား၊ ဤတရားမှ၊ ပြန်ထတုံလေ၊ ဗျတိရေက၊ ဆယ်လေးရသည်၊ ရှာကြလေကား ကံတရား။
[ဤကား ကံအကျိုးပေးရာဝယ် မှတ်ဖွယ် စကားရပ်တည်း၊ အသက်တိုခြင်း, အသက်ရှည်ခြင်း, အဆင်းလှ, အဆင်းမလှ ဤသို့ စသည်ဖြင့် အနွယ-ဗျတိရေကနည်း အစုံအစုံယူလေ ဆိုလိုသည်။]♦သုံးပုံတံတားကျမ်း

ကံ ၁၄-ပါး ဝေဖန်ဟန်

(ခ) ပါဏာတိပါတ၊ ဝိဟေဋ္ဌနှင့်၊ ကောဓ, ဣဿာ၊ ပုစ္ဆာ, ဒါန၊ ဝန္ဒနဝယ်၊ အ,အက္ခရာ၊ အရင်းပါက၊ လေးဖြာစွန်းကယ်၊ တဆယ်သောကံ၊ ဝေဖန်ဟန်ကို၊ ဉာဏ်ဝယ်အမြဲ သိအောင်ခဲ။
[ဤကား တဆယ်သောကံ ဝေဖန်၍ အကျိုးပေးဟန် မှတ်ရန် စကားရပ်တည်း၊ ပါဏာတိပါတ, အပါဏာတိပါတ, ဝိဟေဌ, အဝိဟေဌစသည်ဖြင့် အ, အက္ခရာနှင့် ယှဉ်လေဆိုလိုသည်၊ ဥပရိပဏ္ဏာသစူဠကမ္မဝိဘင်္ဂသုတ် (၂၄၃)လာ။]♦သုံးပုံတံတားကျမ်း

သမုဒ္ဒရာမြစ်၏ မှတ်ဖွယ်များ

၆၅။ (က) ခုရ, အဂ္ဂိ၊ ဒဓိ, ကုသ၊ နဠ, သမုဒ္ဒရာ၊ ဗလဝါမုခ၊ ဝဲဩဃထက်၊ ဆထက်ထောင်,ရာ၊ ကြောက်အပ်စွာသည်၊ သံသရာဝဲ သည့်ထက်ခဲ။
[ဤကား သမုဒ္ဒရာမြစ်ဝယ် မှတ်ဖွယ်စကားရပ်တည်း။]♦သုံးပုံတံတားကျမ်း

သမုဒ္ဒရာ ၅-စင်းမှ ရတနာ ၅-ပါး

(ခ) ဝရဇိန်, ရွှေ, ငွေ၊ တထွေပတ္တမြား၊ ကျောက်မျက်အားဖြင့်၊ ငါးပါးရတနာ၊ တည်သည်တာကြောင့်၊ သမုဒ္ဒရာက၊ ယူခဲ့ကြသည်၊ ဓနစီးပွါး သင်္ဘောသား။
[ဤကား သမုဒ္ဒရာငါးစင်း၌ ရတနာငါးပါးရှိကြောင်း စကားရပ်မှတ်ဖွယ်တည်း၊ ဧကာဒသနိပါတ် သုပ္ပါရကဇာတ် (၁၄၁)လာ၊ အာချာတ်ကျမ်းအစ ပဏာမ၌လည်း ဤကုန်သည်တို့ကို ဥပမာပြုလေသည်။ ဘုရားလောင်း မျက်စိနှစ်ဖက်မမြင် ကန်းလျက်နှင့်ပင် သင်္ဘောသူကြီး အရာတင်၍ သင်္ဘောသား ခုနှစ်ရာနှင့် သမုဒ္ဒရာသို့ သွားလေသော် လေနှောင်ယှက်၍ ပတကိသမုဒ္ဒရာကို လွန်၍ ခုရမာလိသမုဒ္ဒရာသို့ ရောက်လေလျှင် သင်္ဘောသားတို့က အဘယ်မည်သော သမုဒ္ဒရာနည်းမေးလျှင် ခုရမာလိအမည်ရှိ၏ ပြောလေ၏၊ ဤနည်းတူ အဂ္ဂမာလိ, ဒဓိမာလိ, ကုသမာလိ, နဠမာလိ သမုဒ္ဒရာတို့ကို မြင်လျှင် မေး၍ သင်္ဘောသူကြီးကျမ်းနှင့် ထောက်၍ ကြားလေ၏၊ ထို့နောက် ဗလဝါမုခဝဲကို တွေ့၍ မေး၏၊ ဤဗလဝါ မုခဝဲသို့ ရောက်သော သင်္ဘောသည် ထွက်နိုင်ရိုးမရှိ၊ နစ်တတ်ပျက်တတ်သည်ဆိုလျှင် သင်္ဘောသားတို့ အဝီစိငရဲသို့ ရောက်သကဲ့သို့ ကြောက်လန့်၍ ငိုကြွေးကြလေကုန်သည်၊ ထိုအခါ ဘုရားလောင်းသည်_ "ယတော သရာမိ အတ္တာနံ၊ ယတော ပတ္တော သ္မိ ဝိညုတံ၊ နာဘိ ဇာနာမိ သဉ္စိစ္စ၊ ဧကပါဏမ္ပိ ဟိံသိတံ၊ ဧတေန သစ္စဝစ္စေန သောတ္ထိံ နာဝါ နိဝတ္တတု"။ ဤသို့ စသည်ဖြင့် သစ္စာပြုလေ၏၊ လေးလတိုင်တိုင် ခရီးမဟုတ် လမ်းလွဲ၍ သွားသော သင်္ဘောသည် သစ္စာအာနုဘော်ဖြင့် သင်္ဘောဆိပ်သို့ နေခြင်း ရောက်လေ၏၊ ရှစ်ဥသဘမျှ ရှိသော အရပ်သို့ ပြေး၍ သင်္ဘောသူကြီးအိမ်သို့ ရောက်လေ၏၊]♦သုံးပုံတံတားကျမ်း

ဒေဝဒတ် သတ်နိုင်သော ဇာတ် ၅-ဇာတ်

၆၆။ စူဠနန္ဒိယ၊ ဒဒ္ဒရနှင့်၊ ဓမ္မပါလာ၊ မဟာကပိ၊ တွင်ဘိသညီ၊ ခန္တီဝါဒ၊ နာမပညတ်၊ ဤငါးဇာတ်၌ မုန်းလတ်တုံကျင်၊ ရှင်ဒေဝဒတ်၊ အသေသတ်၍ လူ, နတ်ဆရာ၊ သေရရှာသည်၊ ကြင်နာသနား ဖွယ်တကား။
[ဤကား ငါးရာငါးဆယ်သော ဇာတ်တို့တွင် တပါးသောဇာတ်၌ ဒေဝဒတ် မသတ်နိုင်၊ ဤငါးဇာတ်၌သာ သတ်နိုင်ကြောင်း စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံတံတားကျမ်း

ဥပါသကာမြတ်၏ အင်္ဂါ ၅-ပါး

၆၇။ သဒ္ဓါ, သီလ၊ ကမ္မယုံစွာ၊ မရှာဗဟိဒ္ဓ၊ ပုဗ္ဗဒါနာ၊ အင်္ဂါငါးခု၊ စုံသည်မှုကြောင့်၊ ဥပါသကာ၊ ရတနာနှင့်၊ တဖြာနက်စုံ၊ ပုဏ္ဍရီက၊ ပဒုမဟု၊ နာမသညာ၊ သုံးထွေလာသည်၊ သုံးဖြာအောင်ပွဲ ရအောင်ခဲ။
[ဤကား ရတနာသုံးပါးကို ကိုးကွယ်သော ဥပါသကာကောင်း ဥပါသကာမြတ် အင်္ဂါငါးပါး စကားရပ် မှတ်ဖွယ်တည်း အင်္ဂုတ္တရ ပဉ္စကနိပါတ်(၁၈၁)။]♦သုံးပုံတံတားကျမ်း

ဥပါသကာယုတ်၏ အင်္ဂါ ၅-ပါး

၆၈။ ဥပါကာ၊ စဏ္ဍာလနှင့်၊ မလမည်ရှိ၊ ပတိကုဋ္ဌ၊ သုံးဝသညာ၊ မည်သည်မှာကား၊ အင်္ဂါငါးဝ၊ ရှေ့ပုဒ်ရကို၊ ပြန်ထလိုက်ပါ၊ မည်ထိုက်စွာသည်၊ သုံးဖြာအလွဲ လွတ်အောင်ခဲ။
[ဤကား ဥပါသကာယုတ် ဥပါသကာမိုက် အင်္ဂါငါးပါး စကားရပ်မှတ်ဖွယ်တည်း၊ သဒ္ဓါကို အသဒ္ဓါ၊ သီလကို ဒုဿီလ၊ ဤသို့ စသည်ဖြင့် အနွယ ဗျတိရေကနည်းယူလေ ဆိုလိုသည်၊ ၎င်းနိပါတ် (၁၈၁)။]♦သုံးပုံတံတားကျမ်း

မရောင်းဝယ်အပ်သော ကုန် ၅-ပါး

၆၉။ သတ္တ၊ သတ္ထ၊ မံသ, သုရာ၊ တဖြာဝိသ၊ ဝါဏိဇ္ဇကို၊ စွန့်ထ ပယ်ခွါ၊ ရောင်းလေပါက၊ မိစ္ဆာစာရ၊ ကျင့်ရာကြသည်၊ ရှောင်ကြလေကား ကုန်ငါးပါး။
[ဤကား ဥပါသကာတို့ မရောင်းရာသော ကုန်ငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ အင်္ဂုတ္တရ ပဉ္စကနိပါတ် (၁၈၃)မှာ ကြည့်လေ၊ သတ္တ-မှာ- လူသတ္တဝါကို ယူ၊ သတ္ထမှာ- ဓားစသော လက်နက်ကို ယူလေ။]♦သုံးပုံတံတားကျမ်း

သုံးပါးရတနာ ကိုးကွယ်ပါ

၇၀။ (က) သုံးပါးရတနာ၊ ကိုးကွယ်ပါက၊ ဥပါသကာ မုချ၊ မည်ထိုက်လှ၏၊ ဓမ္မလေးပါး၊ ပြည့်စုံငြားက၊ လေးပါးသစ္စာ၊ လေးဖြာမဂ္ဂ၊ လေးဖလကို၊ ကူးရလွယ်အောင်၊ ငြမ်းကြီးထောင်သည်၊ ရောက်အောင်အမြဲ သက်လုံးစွဲ။♦သုံးပုံတံတားကျမ်း

ဥပါသကာတို့ ကျင့်ရာသော တရား ၄-ပါး

၇၁။ (ခ) သဒ္ဓါ, သီလ၊ စာဂ, ပညာ၊ ဥစ္စာလေးပါး၊ ပြည့်စုံငြားမှ၊ သုံးပါးရတနာ၊ ကိုးကွယ်ရာ၌၊ ဥပါသကာစစ်၊ အမြတ်ဖြစ်သည်၊ ရှင်ချစ်ဘုရားမိန့်စကား။
[ဤကား ဥပါသကာ ဥပါသကီတို့ ကျင့်ရာသော တရားလေးပါး စကားရပ် မှတ်ဖွယ်တည်း၊ မဟာဝဂ္ဂ သံယုတ်ပါဠိတော် (၃၄၄)လာ။]♦သုံးပုံတံတားကျမ်း

သူခိုးကြီး ၅-ယောက်

၇၂။ ပထမမှာ၊ လာဘ်ကို ရှာ၏၊ တဖြာဒုတိယ၊ ကျော်စောထ၏၊ တတိယမှာ၊ စွပ်စွဲသာတည့်၊ ဒါယကာအား၊ ဖြားယောင်းတုံကြ၊ စတုတ္ထတည့်၊ ပဉ္စမမှာ၊ စျာန်မဂ်လာသည်၊ မဟာစောရမှတ်လေကြ။
[ဤကား သာသနာတော်၌ မဟာစောရ ခိုးသူကြီး ငါးယောက် စကားရပ် မှတ်ဖွယ်တည်း၊ ပါရာဇိကဏ် ပါဠိတော် (၁၄၄)၌ လာသည်။]♦သုံးပုံတံတားကျမ်း

မင်းတို့မကျင့်အပ်သောတရား ၃-ပါး

၇၃။ မုသာဝါဒ ပထမတည့်၊ ဒုတိယမှာ၊ ကောဓလာ၏၊ တဖြာဟာသ၊ ဤသုံးဝကို၊ ရှောင်ကြအပ်စွာ၊ မင်းဝယ်လာသည်၊ မကွာမြဲထွေ စွဲမှတ်လေ။
[ဤကား မင်းတို့ မကျင့်အပ်သော စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံတံတားကျမ်း

အလှူဝတ္ထု တစ်ခုခု လှူရာ၌ပင် ပါရမီ ၃၀-ပြည့်နိုင်ပုံ

၇၄။ ဒါတဗ္ဗကို၊ စွန့်ရသည်မှာ၊ ဒါနသာတည့်၊ တဖြာနှစ်လီ၊ ဝစီ, ကာယ၊ စောင့်ရသည်မှာ၊ သီလသာတည့်၊ ယုတ်မာအဓမ္မ၊ ထွက်ရသည်စိတ်၊ နိက္ခမလာ၊ ဟိတာဟိတ၊ ဆင်ခြင်ရရာ၊ ပညာမည်ထ၊ ဒါနဝတ္ထု၊ ရမှုကြိုးကုတ်၊ အားထုတ်တုံက၊ ဝီရိယယူ၊ ထို့တူတဖြာ၊ သည်းခံရာမူ၊ ခန္တီဟူ၏၊ ယူလေမမှား၊ စကားမှန်ရာ၊ သစ္စာမည်ရ၊ ဆောက်တည်ကမူ၊ ဓိဋ္ဌာန်ဟူလိမ့်၊ လူနတ်ဗြဟ္မာ၊ သတ္တဝါအား၊ စီပွားလိုရာ၊ မေတ္တာဖြစ်ထ၊ သမစိတ္တာ၊ ဥပေက္ခာတည့်၊ ဒါနဝတ္ထု၊ တစ်ခုခု၌၊ ဆယ်ခုဖြည့်ရာ၊ ကျမ်းဝယ်လာသည်၊ ၊ ပါရမီဖြည့်နည်း တတ်ဖွယ်တည်း။
[ဤကား အလှူဝတ္ထု တစ်ခုခုကို လှူရာ၌ပင် ပါရမီ ဆယ်ပါးပြည့်ကြောင်း စကားရပ် မှတ်ဖွယ်တည်း၊ စရိယာပိဋကတ် စသည်၌ လာသည်ကြည့်လေ။ "ဧကက္ခဏေ သဗ္ဗာပိ သမတိံသ ပါရမီယော သိဒ္ဓါတိ"ဟု ဇိနာလင်္ကာရ၌ လာသည်၊ တစ်ခုသော ခဏ၌ပင် ပါရမီသုံးဆယ်ပြည့်ကြောင်းတည်း၊ ကောရပ္ပမင်းကျွန် ငါဟုတ်၏ဟု ဝိဓူရဘုရားလောင်းဆိုသော စကားတခွန်း၌ပင် ပါရမီ သုံးဆယ်ပြည့်လေသည်။]♦သုံးပုံတံတားကျမ်း

ပဝါရဏာ ၄-ပါး

၇၅။ ယာဝတတ္ထ၊ ပစ္စယနှင့်၊ ပဋိက္ခေပတတန်၊ ဝဿန်ဥဋ္ဌ၊ လေးဝပဝါရဏာ၊ ကျမ်းဝယ်လာသည်၊ ပဝါရဏာအပြား သိလေကား။
[ဤကား ပဝါရဏာအနက်အပြား စကားရပ် မှတ်ဖွယ်တည်း၊ ဝိနယဂုဠှတ္ထဒီပနီ ခ-ချပ်လာ။]♦သုံးပုံတံတားကျမ်း

သိက္ခာကျကြောင်း စကားရပ်

၇၆။ အရဟန္တ၊ ဝင်ထတိတ္ထိ၊ ပါရာဇိက၊ ချသည်သိက္ခာ၊ သေက္ခာသီလ၊ ကျလေရသည်၊ မုချမမှား ကျမ်းစကား။
[ဤကား သိက္ခာကျကြောင်း စကားရပဉ် မှတ်ဖွယ်တည်း၊ သုတ္တန်ဂဏ္ဍိလာ၊ "ပဉ္စသိက္ခာပဒါ ကုသလာယေဝ"ကို ထောက်လေ။]♦သုံးပုံတံတားကျမ်း

သာဝကဗောဓိ ၃-ပါး

၇၇။ မခေါ်ပဲလာ၊ ခြောက်ဖြာဘိည၊ ရလေတုံဘိ၊ ဧဟိဘိက္ခူ၊ နေမူပန္နရသီ၊ လေးပါးညီက၊ သာဝကဗောဓိ၊ သုံးပါးရှိသည်၊ မုနိထွတ်ထား တဆူအား။
[ဤကား သာဝကဗောဓိမည်ကြောင်း စကားရပ် မှတ်ဖွယ်တည်း။ ဗုဒ္ဓဝင်ပါဠိတော် အဋ္ဌကထာတို့မှာ ကြည့်လေ။]♦သုံးပုံတံတားကျမ်း

နို့ဂဏာဆွမ်းအကျိုး ၁၂-ပါး

၇၈။ သီတ, ဥဏှ၊ ပိပါသနှင့်၊ ခုဒ္ဒအရတီ၊ တန္တီဒရထ၊ ကိလန္တနှင့် ကောဓတစ်ခု၊ ဥပနာဟ၊ ဝိဝါဒနှင့်၊ ပိသုဏစဉ်လာ၊ သင်္ချာမယုတ်၊ သုဒ္ဓါဘုတ်နတ်ဩဇာ၊ စားရပါက၊ ဆယ့်နှစ်ဖြာဘေး၊ ကင်းလွတ်ဝေးသည်၊ လေးဆယ်ကျော်ငြား၊ ဆွမ်းလုပ်အား။
[ဤကား သူဌေးသမီး သုဇာတာ ကပ်လှူအပ်သော ရေမရောသော နွားနို့ဂဏာ နတ်ဩဇာဆွမ်းတော် အကျိုး တစ်ဆယ့်နှစ်ပါး စကားရပ် မှတ်ဖွယ်တည်း။ ဘုရားလောင်းတော် လေးဆယ့်ကိုးလုပ် ဘုဉ်းပေးတော်မူ၍ လေးဆယ့်ကိုးရက် ဆာလောင်ခြင်းမရှိ သတ္တသတ္တာဟကာလပတ်လုံး သီတင်းသုံး၍ နေတော်မူနိုင်လေသည်၊ အသီတိနိပါတ် သုဓာဘောဇနဇတ်မှာ ကြည့်လေ။]♦သုံးပုံတံတားကျမ်း

သူမိုက်တို့ ပျင်းခြင်းအကြောင်း ကုသိတတရား ၈-ပါး

၇၉။ ခရီးသွားနှင့်၊ ဆွမ်းစားအနာ၊ ပြုရာကိစ္စ၊ လေးနှစ်ဝကြောင့်၊ ဗာလဇနာ၊ ပျင်းကြောင်းလာသည်၊ ရှစ်ဖြာတရား သတိထား။
[ဤကား သူမိုက်တို့အား ပျင်းခြင်းအကြောင်း ကုသိတတရား ရှစ်ပါး စကားရပ် မှတ်ဖွယ်တည်း၊ တပါးတပါးက နှစ်ပါးနှစ်ပါးစီပြားသောကြောင့် ရှစ်ပါးဖြစ်သည် မှတ်လေ၊ ကြံလေ၊ အင်္ဂုတ္တိုရ် အဋ္ဌကထာ အဋ္ဌကနိပါတ် (၁၄၇)၌လာ။]♦သုံးပုံတံတားကျမ်း

သူတော်ကောင်းတို့အားထုတ်ကြောင်း ဝီရိယာရမ္ဘတရား ၈-ပါး

၈၀။ ခရီးသွားနှင့် ဆွမ်းစား, အနာ၊ ပြုရာကိစ္စ၊ လေးနှစ်ဝကြောင့်၊ ပဏ္ဍိတမှာ၊ အားထုတ်ရာသည်၊ ရှစ်ဖြာတရား သူတော်အား။
[ဤကား သူတော်ကောင်းတို့ အားထုတ်ကြောင်း ဝီရိယာရမ္ဘတရား ရှစ်ပါး စကားရပ် မှတ်ဖွယ်တည်း♦သုံးပုံတံတားကျမ်း

ရသေ့ ၈-မျိုး

၈၁။ အလိုလိုကြွေ၊ တထွေပေါက်တူး၊ မီးရှုးလုပ်ကျွေး၊ လေးဝတံခါး၊ တင်းကုတ်ထား၍၊ ရှစ်ပါးလေးထွေ၊ ကျင့်ကြလေက၊ သုံးထွေသာသနာ၊ ကွယ်ကြောင်းလာသည်၊ လေးဖြာရှစ်မျိုး ရသေ့ဆိုး။
[ဤကား ရသေ့အပြား စကားရပ် မှတ်ဖွယ်တည်း၊ ရသေ့ရဟန်း အဖြစ်သည် သာသနာကွယ်ခြင်း အကြောင်းဖြစ်သည်-ဆိုလိုသည်၊ ရသေ့ရှစ်မျိုးသည် လေးမျိုးအတွင်းသို့ ဝင်လေသည်၊ သီလက္ခန်အဋ္ဌကထာ (၂၄၁)မှာ အကျယ်ကြည့်လေ။]♦သုံးပုံတံတားကျမ်း

ပုဏ္ဏားမည်ရာသော အင်္ဂါ ၅-ပါး

၈၂။ အဆင်းအမျိုး၊ တွက်ရိုးဗေဒင်၊ ထို့ပြင်တဝ၊ သီလ, ပညာ၊ အင်္ဂါငါးပါး၊ ပြည့်စုံငြားမှ၊ ပုဏ္ဏားမည်ရာ၊ ကျမ်းဝယ်လာသည်၊ မကွာမြဲထွေ စွဲမှတ်လေ။
[ဤကား ပုဏ္ဏားမည်ရာသော အင်္ဂါငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ သီလက္ခန် သောဏဒဏ္ဍသုတ် ၁၁၃-လာ။]♦သုံးပုံတံတားကျမ်း

အလှူဦးရာ ၅-ပါး

၈၃။ ခေတ္တ, ခလ၊ ဘဏ္ဍ, ဥက္ခလိ၊ ပါတိအဂ္ဂ၊ ငါးဌာန၌၊ လှူကြလေပါ၊ လှူနည်းမှာလည်း၊ ကျမ်းလာကမ္ဗည်း ပုဏ္ဏားနည်း။
[ဤကား အလှူဦးရာသော ငါးပါးစကားရပ် မှတ်ဖွယ်တည်း၊ ဓမ္မပဒကျမ်းလာ ပဉ္စဂ္ဂဒါယကာ ပုဏ္ဏား၊ ဤကဲ့သို့ အဦးငါးပါး လှူလေ။]♦သုံးပုံတံတားကျမ်း

ဥပသမ္ပဒကံ ပုဗ္ဗကိစ္စ ၈-ပါး

၈၄။ ယူ, ကြား, သမုတ်၊ ပြင်ထုတ်ဆုံးမ၊ ခေါ်ထဟတ္ထပါသ်၊ တောင်းလတ်ပဉ္စင်း၊ သမုတ်ခြင်းနှင့် မေးခြင်း အန္တရာယ်၊ ရှစ်သွယ်ကိစ္စ၊ ကျမ်းဝယ်ပြသည်၊ ပြုကြလေကား သံဃာအား။
[ဤကား ဥပသမ္ပဒကံကို ရွက်ဆောင်ရာ ပုဗ္ဗကိစ္စ ရှစ်ပါး စကားရပ် မှတ်ဖွယ်တည်း၊ ဝိမတိ ဝိနောဒနီကျမ်း ၁၃၆-လာ။ ယူမှာ-ဥပဇ္ဈာယ် ယူသည်၊ ကြားမှာ-သပိတ်သင်္ကန်း ကြားသည်၊ သမုတ်မှာ- ဆုံးမစိမ့်သောငှါ သမုတ်သည် ပြင်ထုတ်ဆုံးမမှာ-သွား၍ ဆုံးမသည်၊ ခေါ်ထဟတ္ထပါသ်မှာ ပဉ္စင်းလောင်းကို ခေါ်သည်၊ တောင်းလတ်မှာ-ပဉ္စင်းအဖြစ်ကို တောင်းသည်၊ သမုတ်ခြင်းမှာ-အန္တရာယ်ကို မေးစိမ့်သောငှါ သမုတ်သည်၊ မေးခြင်း အန္တရာယ်မှာ- သမုတိရသော ရဟန်းမေးသည်-ယူလေ။]♦သုံးပုံတံတားကျမ်း

စကြာမင်း၏ တန်ခိုး ၄-ပါး

၈၅။ အသက်ရှည်ခြင်း၊ အဆင်းအနာ၊ များစွာလူအား ချစ်လေငြားသည်၊ လေးပါးတန်ခိုး စကြာမျိုး။
[ဤကား စကြာမင်းအား တန်ခိုးလေးပါး စကားရပ် မှတ်ဖွယ်တည်း၊ ဥပရိပဏ္ဏာသ ပါဠိတော် ၂၁၄-မှာကြည့်လေ။]♦သုံးပုံတံတားကျမ်း

အင်္ဂါဇာတ်ခိုင်ကြောင်း ၅-ပါး

၈၆။ ရာဂ, ဝါတ၊ ပဿာဝနှင့်၊ ဝစ္စတဖြာ၊ ဥစ္စာလိင်္ဂ၊ ပိုးကိုက်ကြ၍၊ အင်္ဂဇာတ၊ ခိုင်လေရာဟု၊ မြတ်စွာဘုရား၊ ဟောညွန်ကြားသည်၊ မှတ်သားလေးပါ ကျမ်းအလာ။
[ဤကား အင်္ဂါဇာတ်ခိုင်ကြောင်း ငါးပါး စကားရပ်မှတ်ဖွယ်တည်း၊ ပါရာဇိကဏ်ပါဠိတော် ၁၅၄-လာ။]♦သုံးပုံတံတားကျမ်း

ရှင်အာနန္ဒာပညာကြီးကြောင်းတရား ၄-ပါး

၈၇။ သောတ, ဗဟု၊ ဥပနိဿယ၊ တိတ္ထဝါသေ၊ လေးထွေတရား၊ အကြောင်းအားကြောင့်၊ ကြီးမားဉာဏ်နေ၊ နက်နဲလေသည်၊ ပုံသေမယွင်း နှလုံးသွင်း။
[ဤကား ရှင်အာနန္ဒာ ဉာဏ်ပညာကြီးကြောင်း တရားလေးပါး စကားရပ် မှတ်ဖွယ်တည်း။ သောတမှာ-သောတာပန်ကိုယူ၊ ဗဟုမှာ-ဗဟုဿုတကိုယူ၊ ဥပနိဿမှာ-ရှေးဘဝက သပိတ်ခြေ, သပိတ်ခံ လက်နှီးစသည် လှူခဲ့ဘူးသည်ကိုယူ၊ တိတ္ထဝါသေမှာ-မှာ ဆရာထံ သင်ခဲ့, နာခဲ့ဘူးသည်ကို ယူလေ။]♦သုံးပုံတံတားကျမ်း

အဝိဇ္ဇာ ဥခွံမှ ပေါက်တော်မူရပုံ

၈၈။ အနံ့အငွေ့၊ ဝပ်လေ့တုံထ၊ ကြက်မတို့ဝယ်၊ သုံးသွယ်ကိစ္စ၊ ပြုလေရသို့ ဗုဒ္ဓရှင်ပင်၊ ရွှေပလ္လင်၌၊ သုံးအင်ကိစ္စ၊ ပြုလေရသည်၊ မုချမမှား ကျမ်းစကား။
[ဤကား ဘုရားသခင် ကြက်မတို့အား သုံးကိစ္စပြုမှ ကြက်ဥမပုပ်ပဲ ပေါက်လေသကဲ့သို့ ဗောဓိပင်နှင့် ရွှေပလ္လင်၌ လက္ခဏာရေးသုံးပါးကို ပွား၍ အဝိဇ္ဇာဥခွံမှ ပေါက်တောမူကြောင်း စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံတံတားကျမ်း

ဇမ္ဗူဒီပကျွန်း မြို့, ရွာ, ကျေးလက် အရေအတွက်

၈၉။ သုံးဖြာခေတ္တ၊ သောင်းလေးဝတွင်၊ နာမမည့်ယူ၊ ဇမ္ဗူဒီပါ၊ ကျွန်းတောင်ညာထက်၊ သင်္ချာတွက်ကိန်း၊ တသိန်းရှစ်သောင်း၊ လောင်းလေထို့နေ၊ ကိုးထောင်သောမြို့၊ ခရိုင်တို့နှင့်၊ စို့စို့ကျေးလက်၊ ပေါင်းလိုက်တွက်သော်၊ ကိုးသန်းပေါ်ဝယ်၊ ခြောက်သန်း ကယ်လိမ့်၊ တသွယ်တခန်း၊ ဆိမ်ကမ်းသင်္ဘော၊ ကျယ်ပြောများစွာ၊ မြို့ရွာဂါမ၊ ရပ်ဒေသတွင်၊ သုံးဝသာသနာ၊ တည်ရာမှန်ဘိ၊ ရပ်သီရိမူ၊ ပဋိရူပ၊ မည်ထိုက်လှသည်၊ ဆယ်ဝတရား ပွားစေကား။
[ဤကား ဇမ္ဗူဒီပကျွန်း၌ မြို့ပေါင်း, ကျေးလက် ခရိုင်ပေါင်း စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံတံတားကျမ်း

ကုသိုလ်အကျိုးကြောင့် စည်းစိမ်ပြည့်စုံသော သဌေးသား ၄-ယောက်

၉၀။ ဃောသကမူ၊ ဖြစ်ထခုနှစ်တန်၊ သေကြောင်းကြံလည်း၊ သူ့ကံတန်းခိုး၊ ပုညမျိုးကြောင့်၊ မညှိုးမငယ်၊ စည်းစိမ်းကြွယ်သား၊ သဌေးသားသို့၊ မမှားနောင်လာ၊ ဖြစ်ပါရစေ၊ တထွေထို့နောင်၊ အတောင်ရှစ်ဆယ်၊ ကြီးကျယ်အံ့လောက်၊ ရွေတောင်ပေါက်၍၊ စားသောက်မဆုံး၊ ပေးသုံးဝေငှ၊ ဇဋိလာပမာ၊ မဟာဘောဂ၊ များဓနနှင့်၊ ဘဝနောင်လာ၊ ဖြစ်ပါရစေ၊ တထွေတသီး၊ မြဖြင့်ပြီးသည်၊ မြေကြီးထဲမှ၊ ပေါက်ထတုံလတ်၊ ဘုံပြဿာဒ်နှင့်၊ သီးလတ်ပဒေသာ၊ ဝေဆာဖြိုးမောက်၊ ခြောက်ဆယ့်လေးပင်၊ များဖြင့်သောသော၊ ဥစ္စာပေါသည်၊ ဇောတိကပမာ၊ မဟာဘောဂ၊ များဓနနှင့်၊ ဘဝနောင်လာ၊ ဖြစ်ပါရစေ၊ တထွေထို့ပြင်၊ များဖြင့်ကြီးကျယ်၊ တပါယ်မျှလောက်၊ ဆိတ်ရုပ်ပေါက်၍၊ တောက်ပဝင်းဝါ၊ ရတနာခုနှစ်ပါး၊ ပြီးငြားတုံထ၊ လိုတိုင်းရသည်၊ မေဏ္ဍကသဖွယ်၊ နောက်ဝယ်ဘဝ၊ ဖြစ်ပါရစေ၊ တောင့်သင့်လေသည်၊ လာထွေမမှား ကျမ်းစကား။
[ဤကား ကုသိုလ်အကျိုးကြောင့် ဥစ္စာစည်းစိမ်နှင့် ပြည့်စုံသော သဌေးသားလေးယောက် စကားရပ်မှတ်ဖွယ်တည်း၊ ဓမ္မပဒကျမ်းလာပုဏ္ဏက, ကာကဝလ္လိသဌေးနှစ်ယောက်ဟူ၍လည်း လာသည်။]♦သုံးပုံတံတားကျမ်း

အိမ်မက် ၄-မျိုး

၉၁။ ဒေဝဓာတု၊ အနုဘူတ၊ ပုဗ္ဗတသွယ်၊ အိမ်မက်ဖွယ်တည်း၊ အလယ်နှစ်ဝ၊ မှားတတ်စွရှင့်၊ ဒေဝမက်ရန်၊ မှန်-မမှန်တည့်၊ ဧကန်ပုဗ္ဗ၊ မှန်တတ်လှသည်၊ မှတ်ကြလေကား အမျိုးသား။
[ဤကား အိမ်မက် ၄-ပါးစကားရပ် မှတ်ဖွယ်တည်း၊ နတ်လှည့်ပတ်၍ မက်ခြင်း, ဓာတ်ချောက်ချား၍ မှတ်ခြင်း, ဖြစ်ဖူး၍ မက်ခြင်း, ကောင်းကျိုး မကောင်းကျိုး ပေးလို၍ မက်ခြင်းဟူ၍လည်း လေးပါးတည်း။ ဘုရားလောင်း သားတော်ရလတ္တံ့ နိမိတ်အိမ်မက်, ဘုရားလောင်း ဘုရားဖြစ်လတ္တံ့နိမိတ်ငါးပါး အိမ်မက်, ကောသမင်းအိမ်မက် တဆယ့်ခြောက်ပါး အိမ်မက်တို့ကား ပုဗ္ဗနိမိတ် အိမ်မက်တို့တည်း၊ ပါရာဇိကဏ် အဋ္ဌကထာ (၁၀၇)လာ။]♦သုံးပုံတံတားကျမ်း

သရဏဂုံသီလအကျိုး

၉၂။ သုံးပါးသရဏ၊ ငါးဖြာသီလ၊ ဓမ္မလေးထွေ၊ ပြည့်စုံပေက၊ အသေင်္ချေယျ၊ မြစ်မသမုဒ္ဒရာ၊ ရေပမာသို့၊ များစွာအနန္တ၊ အကျိုးရသည်၊ ဓမ္မလေးပါး စုံစေကား။
[ပဉ္စသီငါးပါး တပါးတည်းယူလေ၊ အင်္ဂုတ္တိုရ် စတုက္ကနိပါတ် (၃၆၆)လာ။]♦သုံးပုံတံတားကျမ်း

ရဟန်းမိန်းမတို့ ကျင့်ရသည့် ဂရုဓမ္မတရား ၈-ပါး

၉၃။ အဘိက္ခုက၊ ဝိဟာရ၌၊ နေကမအပ်၊ နှစ်ရပ်တရား ယောကျ်ားထံမှ၊ တောင့်တလေပါ၊ ဝါတရာရ၊ ဖြစ်တုံကလည်း၊ မှန်လှမလစ်၊ ရဟန်းသစ်ကို၊ ကျစ်လစ်ရိုသေ၊ ရိုးခိုးလေလော့၊ ခြောက်ထွေဓမ္မ၊ နှစ်-နှစ်ကျအောင်၊ ကျင့်ထသိက္ခမာန်၊ ပဉ္စင်းခံနှင့်၊ တဖန်ဆုံးမ၊ ယောက်ျားကလည်း၊ ပက္ခမာနတ်၊ ကျင့်အပ်မလွဲ၊ မဆဲရေးရာ၊ နှစ်ဖြာသံဃ၊ သုံးဝပဝါရဏာ၊ ကျင့်ထိုက်စွာသည်၊ ရှစ်ဖြာတရား မိန်းမအား။
[ဤကား ရဟန်းမိန်းမတို့ ကျင့်ရသော ဂရုဓမ္မတရား ရှစ်ပါးတည်း၊ စူဠဝါပါဠိတော် (၄၄၄)လာ။]♦သုံးပုံတံတားကျမ်း

ဝါဒ ၁၀-ပါးပြား၍ သံဂါယနာ တင်ရကြောင်း

၉၄။ သိင်္ဂီလောဏ၊ ဒွင်္ဂုလနှင့်၊ ဂါမန္တရတဖြာ၊ အာဝါသကပ္ပ၊ အာစိဏ္ဏတစ်ခု၊ အနုမတိ၊ ဇဠောဂိနှင့်၊ အမထိတဖြာ၊ အဆာမရှိ၊ နိသီဒန၊ ဇာတရူပံ၊ ဆယ်တန်တရား၊ အယူပြား၍၊ တင်ထားသံဂါယနာ၊ ခုနှစ်ရာမျှ၊ ကျမ်းဝယ်ပြားသည်၊ ဝါဒတရား ညီစေကား။
[ဤကား ဝါဒဆယ်ပါး ပြား၍ သံဂါယနာ တင်ကြောင်း စကားရပ်မှတ်ဖွယ်တည်း၊ ပါရာဇိကဏ် အဋ္ဌကထာ (၂၆)လာ။]♦သုံးပုံတံတားကျမ်း

လ,နေ ညစ်ကြေးကြောင်း ၄-ပါး

၉၅။ အဗ္ဘမဟိ၊ မည်ရှိတွင်ထ၊ ဓူမ, ရာဟု၊ လေးခုညစ်ကြေး၊ လ, နေဘေးသည်၊ ရစ်ထွေး ချေက မထွန်းပ။
[ဤကား လ,နေအညစ်အကြေးစကားရပ် မှတ်ဖွယ်တည်း၊ အင်္ဂုတ္တရ စတုက္ကနိပါတ် (၃၆၂)လာ။]♦သုံးပုံတံတားကျမ်း

ရဟန်းတို့ အညစ်အကြေး ၄-ပါး

၉၆။ သုရာမေရယ၊ မေထုနနှင့်၊ ဇာတရူပါ၊ မိစ္ဆာဇီဝ၊ ဤလေးဝကြောင့်၊ သမဏ, ဗြာဟ္မဏ၊ ညစ်ညူးရာသည်၊ ကျမ်းလာစကား နှလုံးထား။
[ရဟန်းတို့ အညစ်အကြေးလေးပါး စကားရပ် မှတ်ဖွယ်တည်း။ စူဠဝါပါဠိတော် (၄၉၂)လာ။]♦သုံးပုံတံတားကျမ်း

ဗိမ္ဗိသာရမင်းကြီး၏ တောင့်တခြင်း ၅-ပါး

၉၇။ ဘိသိက်ခံငြား၊ ဘုရားကြွလာ၊ ဆည်းကပ်ပါရ၊ ဓမ္မတရား၊ ဟောကြား, သိမြင်၊ ငါးအင်တောင်းတ၊ ပြည့်စုံရသည် ဗိမ္ဗိမည်ငြား မင်းကြီးအား။
[ဤကား ဗိမ္ဗိသာရမင်းကြီး တောင့်တခြင်း ငါးပါး စကားရပ် မှတ်ဖွယ်တည်း၊ ဝိနည်းမဟာဝါ (၄၇)လာ။]♦သုံးပုံတံတားကျမ်း

ရသေ့ညီနောင်တထောင်တို့အား တန်ခိုးပြခန်း

၉၈။ နဂါးတစ်ခု၊ စတုမဟာရာဇ်၊ ရောက်လစ်တုံထ၊ သက္ကဒေဝါ၊ လာသည်တဖန်၊ သဟမ္ပတိ၊ မည်ရှိတွင်ထွန်း၊ မြောက်ကျွန်းဆွမ်းခံ၊ လျော်ရန်နယ်ပြင်၊ လှမ်းချင်ခေါက်ထ၊ မှုကိစ္စကြောင့်၊ သက္ကဒေဝါ၊ တူးလှာရေကန်၊ တဖန်ကျောက်ပြင်၊ ခတက်ပင်နှင့်၊ ကျောက်ပြင်တသီး၊ အသီးလေးမျိုး၊ အရိုးတသွယ်၊ ပင်လယ်ကသစ်ပန်း၊ နှစ်ခန်းထင်ယူ၊ မီးမူငါးမျိုး၊ မိုးကြီးသည်းစွာ၊ ရွာသည်ကစ၊ ပေါင်းတုံကမူ၊ အရမြားမြောင်၊ သုံးထောင်ငါးရာ၊ ခြောက်ဆယ်သာလိမ့်၊ ဇိနာလုဘ၊ တန်းခိုးပြ၍၊ ထောင်မျှရှင်အား၊ တရားမြိုက်ရေ၊ တိုက်ကျွေးပေသည်၊ ကြီးလေကျေးဇူး ဂုဏ်အထူး။
[ဤကား ရသေ့ညီနောင် ရှင်တထောင်တို့အား တန်ခိုးပြကြောင်း စကားရပ် မှတ်ဖွယ်တည်း၊ နှစ်ခန်းထင်မှာ ကွဲ -မကွဲယူ၊ မီးမျိုးငါးမျိုးမှာ ငြိ, မငြိ၊ ငြိမ်း-မငြိမ်း မိမယ်ဖြူ ဖန်ဆင်းသည်ယူ၊ ဝိနည်းမဟာဝါ (၃၂၊ ၄၁)မှာ အကျယ်ကြည့်လေ။]♦သုံးပုံတံတားကျမ်း

သင်္ကန်းဝတ်တိုင်း ဆင်ခြင်သူအား အကျိုး ၈-ပါး

၉၉။ အချမ်း,အပူ၊ ချင်,မှက်ဟူသား၊ နေပူတထွေ၊ မြွေ,လေ, အရှက်၊ ရှစ်ချက်အခန်း၊ သင်္ကန်းဝတ်ရာ၊ ကျိုးရှစ်ဖြာသည်၊ မှန်စွာမလွဲ ရလေမြဲ။
[ဤကား သင်္ကန်းဝတ်တိုင်း ဆင်ခြင်ရာ အကျိုး ရှစ်ပါး စကားရပ် မှတ်ဖွယ်တည်း။]♦သုံးပုံတံတားကျမ်း

ကျောင်းကိုမှီဝဲတိုင်း ဆင်ခြင်သူအား အကျိုး ၁၀-ပါး

၁၀၀။ ခြင်,မှက်,နေပူ၊ မြွေ,လေ,ဟူသား၊ အပူ,အချမ်း၊ တခန်းဥတု၊ တစ်ခုဘေးရန်၊ စျာန်, ဝိပဿနာ၊ ကိန်းအောင်းရာသည်၊ ဆယ်ဖြာဟောရိုး ကျောင်းနေကျိုး။
[ဤကား ကျောင်းကို မှီဝဲသုံးဆောင်တိုင်း ဆင်ခြင်ရာသော အကျိုးဆယ်ပါး စကားရပ် မှတ်ဖွယ်တည်း။ သုတ္တန်ဒေသနာအားဖြင့် ကိုးပါး၊ စူဠဝါခန္ဓကအားဖြင့် ခုနှစ်ပါးလာသည်၊ ဥတုနှင့် ဘေးရန်ကို တစ်ခုတည်း တနည်းယူလေ။]♦သုံးပုံတံတားကျမ်း

ဆွမ်းပစ္စည်းသုံးဆောင်တိုင်း ဆင်ခြင်သူအား အင်္ဂါ ၈-ပါး

၁၀၁။ မြူးထူးတဝ၊ ယစ်ထ, တန်ဆာ၊ တင့်တယ်စွာလတ်၊ ဤလေးရပ်မူ၊ မအပ်ဟူလိမ့်၊ ဆာပူပျောက်ကင်း၊ မျှတခြင်းနှင့်၊ တည်ခြင်းခန္ဓာ၊ သုံးဖြာသာသနာ၊ ချီးမြှောက်ရရာ၊ ဝေဒနာဟောင်း,သစ်၊ မဖြစ်ပယ်ဖျောက်၊ လျောက်ပတ်စွာလား၊ ပြစ်ကားကင်းရာ၊ အင်္ဂါရှစ်ရပ်၊ ပိဏ္ဍပါတ်ဝယ်၊ မှတ်လေအမြဲ ဉာဏ်အထဲ။
[ဤကား ဆွမ်းပစ္စည်းကို သုံးဆောင်တိုင်း ဆင်ခြင်ရာအင်္ဂါရှစ်ပါး စကားရပ်မှတ်ဖွယ်တည်း၊ ရှင်မဟာသီလဝမထေရ်အယူ၊ ဖာသုဝိဟာရောစကို အကျိုးယူသည်။]♦သုံးပုံတံတားကျမ်း

ဆေးပစ္စည်းကို သုံးဆောင်တိုင်း ဆင်ခြင်သူအား အကျိုး ၂-ပါး

၁၀၂။ လေးပါးသော ဓာတ်၊ ချောက်ချားလတ်၍၊ စွဲကပ်ရောဂါ၊ ပျောက်လေပါက၊ ချမ်းသာသုခ၊ ရစေခြင်းငှါ၊ မှီဝဲရာသည်၊ နှစ်ဖြာသုံးနည်း ဆေးပစ္စည်း။
[ဤကား ဆေးပစ္စည်းကို ဆင်ခြင်သုံးဆောင်ရာသော အကျိုးနှစ်ပါး စကားရပ် မှတ်ဖွယ်တည်း။ နှစ်ဖြာသုံးနည်း ဆိုရာ၌ အကပ်ခံသည့်ကာလ, စားသည့်ကာလ နှစ်ပါး၌ ဆင်ခြင်လေ ဆိုလိုသည်၊ နေဝဒဝါယ မှ ဝိဘူသနတိုင် လေးပုဒ်ဖြင့် ကာမသုခလ္လိကာနုယောဂအန္တဓမ္မကို ပယ်သည်၊ လေးပုဒ်တို့တွင်လည်း ရှေ့နှစ်ပုဒ်ဖြင့် အတ္ထသံယောဇဉ်ကို ပြသည်၊ နောက်နှစ်ပုဒ်ဖြင့် ပရသံယောဇဉ်ကို ပြသည်၊ ကြွင်းသော ဌိတိယာစသောပုဒ်တို့ဖြင့် အတ္တကိလမထာနုယောဂအန္တဓမ္မကို ပယ်သည်၊ အယုတ်တရားနှစ်ပါးကို ပယ်ရသဖြင့်လည်း ဤပိဏ္ဍပါတံ-စသော ပါဌ်ဖြင့် မဇ္ဈိမပဋိပဒါကို ပြသည်၊ ထို့ကြောင့် ဓမ္မစကြာပါဠိတော်၌ "ဧတေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ" စသည်ဖြင့် ပြတော်မူသည်၊ သင်္ကန်း, ကျောင်း, ဆေးကို ဆင်ခြင်ရာ၌ နည်းတူယူလေ။]♦သုံးပုံတံတားကျမ်း

နိဂုံး

၁၀၃။ (က) စစွာပကတူး၊ မြို့တည်ဦးက၊ ကဒူးဘာသာ၊ သဒ္ဒါသုံးချက်၊ ရောရှက် ပေါင်းစည်း၊ ကမ္မဓာရည်း သမာသ်၊ ပညတ်မပျက်၊ ခုထက်မကင်း၊ ဒီပဲရင်း၏၊ နယ်တွင်းအဝင်၊ မြောက်လက်ခွင်၌၊ မုန်တိုင်ပင်ရွာ၊ ရပ်ဂါမာမှ၊ သုံးဖြာဓမ္မ၊ မူကိစ္စကြောင့်၊ လာရတုံငြား၊ မင်းဖျားစံရာ၊ မဟာအမရ၊ နဂရ၏၊ ပစ္ဆိမဒိသာ၊ နောက်မျက်နှာ၌၊ သာယာဆန်းထူး၊ စျေးဆိပ်ဦးတွင်၊ ကြည်းနူးဖွယ်ရာ၊ လေးဖြာလူစု၊ အမြဲစု၍၊ ရောင်းမှုဝယ်တာ၊ လွယ်သည်တာကြောင့်၊ ဥစ္စာဓန၊ ပြည့်စုံကြ၍၊ သုံးဝရတနာ၊ ဆယ်ဖြာကုသလ၊ စိုက်ပျိုးချလျက်၊ များလှဗိုလ်လူ၊ သောင်းသောင်းအူမျှ၊ ဆုယူအမြိုက်၊ စျေးချိုတိုက်ဟု၊ သမိုက်ခေါ်တွင်၊ တိုက်သာခွင်၌၊ တိုက်ရှင်ဒါယကာ၊ သဒ္ဓါညွတ်တွား၊ ထင်ရှားကျော်စော၊ သီပေါမင်းသား၊ လှူငြားတုံရှောင်း၊ ယာယီကျောင်းဝယ်၊ အပေါင်းသံဃာ၊ ဝန်းရံကာလျက်၊ သုံးဖြာဓမ္မ၊ ပို့ချသင်ကြား၊ တရားရေအေး၊ ကယ်တိုက်ကျွေးလျက်၊ နှစ်သက်ဝမ်းသား၊ နေသောခါ၌၊ ငါးဖြာရန်သူ၊ အကြောင်းတူ၍၊ မီးရန်သူဖျက်၊ နေရာပျက်၍၊ အကွက်နေရာ၊ မရခဲ့ပါ၊ ခိုရာမဲ့ခိုက်၊ ရေလည်တိုက်၌၊ အလိုက်ဘာသာ၊ နေစဉ်ခါ၌၊ နောင်လာအများ၊ အမျိုးသားတို့၊ မှတ်သားစိမ့်ငှါ၊ ကရုဏာဖြင့်၊ "ဝံသာဘိ လင်္ကာရ ဓဇမဟာဓမ္မရာဇာဓိ ရာဇဂုရု" ဆယ့်ကိုးခု အက္ခရာ၊ တံဆိပ်စာနှင့် သံဃာများဖ၊ မြတ်လှဆရာ၊ ကျမ်းတိုင်းရှာ၍၊ ကောဇာသက္ကရာဇ်၊ ရေတွက်စစ်သော်၊ အစ်-နှစ်-နှစ်နောက်၊ လှောက်လေသုည၊ လုံးဧကတည့်၊ ချလေလေးခု၊ ဥတုဂိမ္မန္တ၊ ကဆုန်လတွင်၊ ထုတ်စီရင်သည်၊ လူရှင်အများ နှုတ်ဝယ်ထား။ (ခ) လောကူပမာ၊ နှိုင်းရန်ရှာမူ၊ ကျယ်စွာတုံမြောက်၊ ချောင်းကပ်စောက်ကို၊ ကူးရောက်ခြင်းငှါ၊ မတတ်ပါ၍၊ လိုရာမရ၊ တ-တတဖြင့်၊ ဒုက္ခနှင့်သာ၊ ကမ်းဝယ်ကြာသို့၊ လေးဖြာဓမ္မ၊ ဂမ္ဘီရကို၊ ဉာဏခြေထောက်၊ နင်းသွားလျှောက်၍၊ ကူးရောက်ခြင်းငှါ၊ မတတ်ပါ၍၊ သုံးဖြာဓမ္မ၊ မသိကြဘဲ၊ ငါးဝခန္ဓာ၊ ကမ်းဝယ်ကြာခဲ့၊ လျှောက်ရာတံတား၊ နင်းသွားလွယ်ကူ၊ ခင်းသောသူတို့၊ ထုတ်ယူညွှန်ပြ၊ မြတ်ဓမ္မကို၊ သိကြလွယ်အောင်၊ စာစောင်ဖွဲ့ကုံး၊ အကျဉ်းရုံးလျက်၊ စွဲသုံးဆောင်ရာ၊ ဆရာမြတ်လှ၊ ထုတ်ဖော်ပြ၏၊ ပဏ္ဍိတကမ်း၊ ဗာလကမ်းမှ၊ ကူးလှမ်းကြလေ၊ လေးထွေပွဲဝ၊ လိုတိုင်းရလိမ့်၊ ကြွယ်ဝကုံလုံ၊ စကားစုံဖြင့်၊ သုံးပုံတံတား၊ ခင်းခဲ့ထားသည်၊ လေးပါး ဉာဏ်ခြေ ကူးလျှောက်လေ။ ၁၀၅။ (ဂ) တံတားတကာ၊ ကဲ့ပမာသို့၊ သုံးဖြားတံတား၊ ကူးသွားဖွယ်ရာ၊ ခင်းပါရသား၊ ကုသိုလ်အားကြောင့်၊ တံတားပမာ၊ ဉာဏ်ပညာနှင့်၊ သံသရာဘဝ၊ ဖြစ်ပါရစေ၊ သုံးထွေပိဋတ်၊ ငါးရပ်နိကာယ်၊ ကိုးသွယ်အင်္ဂါ၊ များစွာသောကျမ်း၊ သုံးပုံကမ်းကို၊ ကူးလှမ်းနိုင်စွာ၊ ဉာဏ်ပညာနှင့်၊ ဖြစ်ပါရစေ၊ လေးထွေဩဃ၊ မြစ်ဝဲမသို့၊ နစ်ကြမျောပါး၊ လူတလွှားကို၊ ရှစ်ပါးမဂ္ဂင်၊ တံတားဆင်၍၊ ပို့တင်ကယ်ရပါလိုသော်၊ ဗုဒ္ဓသာသနာ၊ မြတ်သုံးဖြာကို၊ ဓမ္မာနုဂ္ဂဟ၊ ချီးမြှောက်ရကျိုး၊ ထက်မိုးကောင်းကင်၊ ကဲ့အသွင်သို့၊ ဂုဏ်အင်ကြီးလှ၊ မိ,ဖဘိုးဘွား၊ ထွက်ထားဆရာ၊ ပြည်ရွာသခင်၊ ရေမြေရှင်နှင့်၊ ကိုယ်တွင်မပြတ်၊ စောင့်သည်နတ်မှ၊ သုံးရပ်ဘုံသူ၊ နတ်နှင့်လူကို၊ အတူရစေ၊ ပေးငှဝေသည်၊ ရိုသေဦးခိုက်၊ ပဲ့တင်ရိုက်မျှ၊ နှစ်ခြိုက်သာဓု ခေါ်စေသော်။ ၁၀၆။ (ဃ) ဤသို့ စေတနာ၊ ပြုပါရသား၊ အကျိုးအားကြောင့်၊ ပြောင်းသွားဘဝ၊ နောင်ကာလ၌၊ သုံးဝပိဋကတ်၊ လေးတတ်, ဗေဒင်၊ ထို့ပြင်တခြား၊ ဘုရားလောင်းအလောင်း၊ သူတော်ကောင်းတို့၊ တတ်ကောင်းသမျှ၊ အဝဝကို၊ ကြံဆရုံပင်၊ ဟင်းလင်းမြင်၍၊ ကောင်းကင်အလယ်၊ လမင်းနှယ်လျှင်၊ ဖြစ်ရကျင်၍၊ လေးအင်မျိုးသား၊ သူတို့အားကို၊ ယဉ်ပါစေလျက်၊ မိုးကြိုးစက်သို့၊ တချက်တည်းသာ၊ ပြစ်သောတာကြောင့်၊ ဗာလာသမုတ်၊ လူအယုတ်ကို၊ ဖုံးအုပ်ဉာဏ်အောင် ကယ်ယူဆောင်၍၊ ကောင်းအောင်ပြသ၊ ဆုံးမတုံထ၊ မြတ်ဓမ္မကို၊ ကြားကကြည်ယုံ၊ ကိုယ်လုံးထုံ၍၊ ယမ်းပုံအဝ၊ မီးခဲကျသို့၊ လောဘတဏှာ၊ အဝိဇ္ဇာကို၊ ပညာမီးပွား၊ ဟုန်းဟုန်းစား၍၊ ခြောက်ပါအာရုံ၊ မမက်ကုန်ဘဲ၊ ဉာဏ်ဟုန်နှင့်သာ၊ ပြည့်စုံပါ၏၊ ခေမာအမတ၊ တွင်ထအမည်၊ နိဗ္ဗာန်ပြည်သို့၊ ဧကြည်ချမ်းသာ၊ မီငြိမ်းရာကို၊ မကြာလျင်ဆော ပြည့်စေသော်။♦သုံးပုံတံတားကျမ်း

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ