ထေရုပ္ပတ္တိ အကျဉ်းချုပ်
ဇာတိဌာနနှင့် ခမည်းတော်၊ မယ်တော်
မုံရွာမြို့
လယ်တီဆရာတော်ဘုရားကြီး
ထေရုပ္ပတ္တိ အကျဉ်းချုပ်
ကျေးဇူးတော်ရှင် လယ်တီဆရာတော် ဘုရားကြီးသည် မြန်မာ သက္ကရာဇ် ၁၂၀၈-ခုနှစ်၊ နတ်တော်လဆန်း ၁၃-ရက် အင်္ဂါနေ့တွင် ဒီပဲယင်းမြို့နယ် စိုင်ပြင်ရွာ၌ ဖွားမြင်တော်မူခဲ့သည်။ ခမည်းတော်မှာ ဦးထွန်းသာဖြစ်၍ မယ်တော်မှာ ဒေါ်ကြုံးဖြစ်သည်။
ဦးထွန်းသာ- ဒေါ်ကြုံးတို့တွင် သားသမီးခြောက်ဦး ထွန်းကား ခဲ့ရာ ယင်းတို့မှာ
(၁) ပထမ အကြီးဆုံးသား ( ငယ်စဉ်က ကွယ်လွန် )
(၂) ဒုတိယသား မောင်တက်ခေါင် ( လယ်တီဆရာတော် )
(၃) တတိယသား မောင်တက်စွာ ( လူဝတ်ကြောင် )
(၄) စတုတ္ထသား မောင်တက်ပွား ( ပထမပြန် ဦးကုမာရ )
(၅) ပဉ္စမသား မောင်တက်ထွား ( ဆရာတော် ဦးကိတ္တိ )
(၆) ဆဋ္ဌမသမီး မမြလေး တို့ဖြစ်ကြသည်။
သို့ဖြစ်ရာ သားသမီး ခြောက်ဦး ရှိသည့်အနက် ဒုတိယသား၊ စတုတ္ထသားနှင့် ပဉ္စမသားများမှာ ရဟန်းအဖြစ်သို့ ရောက်ခဲ့ကြသည်။
မင်္ဂလာနိမိတ်ထူးနှင့် ငယ်နာမည်
လယ်တီဆရာတော်လောင်းလျာဖြစ်သူ ဒုတိယသားကို ဖွားမြင် ဆဲအချိန်တွင် အိမ်ဥပစာအတွင်းရှိ မန်ကျည်းပင်ကြီး၌ထောင်ထားသော ဝါးလုံးများကြားထဲမှ စို့(သက်တံ)ကြီးပေါ်ထွက်လာကာ ကောင်းကင်သို့ ထိုးတက်သွားပြီးမှ တစ်ဖန်ညွတ်ကိုင်းပြီး အိမ်တွင်းသို့ ဝင်ရောက်လာပြန် သည်။ ထို့နောက်တစ်ဖန် ယင်းစို့ (သက်တံ)ကြီးသည် အိမ်တွင်းမှ အိမ် ခေါင်မိုးသို့ ပျံတက်ပြီး အဝါတစ်တန့် အပြာတစ်တန့် အနီတစ်တန့်ဖြင့် ရောင်မျိုးစုံယှက်သန်းကာ ကောင်းကင်လမ်းသို့ ပျံသန်းပျောက်ကွယ် သွားသည်။
ယင်းကဲ့သို့သော မဖြစ်ဖူးမြဲ ထူးကဲလှသည့် မင်္ဂလာနိမိတ်ထူး ကို အစွဲပြု၍ လယ်တီဆရာတော် လောင်းလျာဖြစ်သော ဒုတိယသားကို မောင်တက်ခေါင်ဟူ၍ အမည်ပေးခဲ့ခြင်းဖြစ်သည်။
ကျောင်းအပ်ခြင်းနှင့် ရှင်သာမဏေဘဝ
မောင်တက်ခေါင် ၁၀-နှစ်သားအရွယ်တွင် စိုင်ပြင်ရွာ ကျောင်းမ ကျောင်း ဆရာတော် အရှင်နန္ဒထံ ပညာသင်ကြားရန် ကျောင်းအပ်နှံ ခဲ့သည်။ ကျောင်းသားအဖြစ်ဖြင့် ဘုန်းကြီးကျောင်းပညာရေး၏ သင်ရိုး ဖြစ်သော မင်္ဂလသုတ်၊ နမက္ကာရ၊ ရတနာရွှေချိုင့်၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ လောကနီတိ၊ ဓမ္မနီတိ၊ ပရိတ်ကြီး စသည်တို့ကို သင်ကြားခဲ့သည်။
အသက်၁၅-နှစ်သားအရွယ် ရှင်သာမဏေပြုရာ ဘွဲ့အမည်မှာ ရှင်ဉာဏဓဇ ဖြစ်သည်။ ရှင်ဉာဏဓဇသည် သာမဏေဘဝဖြင့် ဆရာတော်အရှင်နန္ဒထံ၌ မြန်မာနိုင်ငံ ပါဠိပညာရေး၏ သင်ရိုးဖြစ်သော ကစ္စည်း သဒ္ဒါကြီး၊ အဘိဓမ္မတ္ထ-သင်္ဂြီုဟ်၊ ဝီထိလက်ရိုး၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဋ္ဌာန်း စသော နေ့ဝါညဝါကျမ်းများကို သင်ကြား ခဲ့သည်။
ဆယ်ကျော်သက်ကရေးသားဖွဲ့ဆိုခဲ့သောကျမ်းနှင့် ကဗျာများ
၁၈-နှစ်အရွယ်တွင် ရဲထွက်ရွာအရှေ့ဘက် ဝေဒပါရဂူ ဆရာတော်အရှင်ဂန္ဓမာအထံ၌ ဗေဒင်ဘက်ဆိုင်ရာ ပညာရပ်များကို သင် ယူခဲ့သည်။ ယင်းသို့သင်ယူယင်း ကျည်းကန်ကိုရင်ကြီး၏ လင်္ကာကို နည်း ယူပြီးလျှင် ဗိုလ်၊ သုဇိတာ၊ ဗျဉ္စျတာ၊ ဇာတာဖွဲ့ သင်္ကြန်တွက် လက်ရိုး လင်္ကာများကို ဖွဲ့ဆိုရေးသားတော်မူခဲ့သည်။
ထိုစဉ်က သာမဏေဘဝဖြင့်ပင် မဟော်ဇာတ်ထုပ်နှင့် မဟော် ကျေးစေခန်း ရတု၊ ရှင်လောင်းလှည့် (သျှိုးလိုက်) ရတုကဗျာများကိုလည်း ဖွဲ့ဆိုရေးသားတော်မူခဲ့သည်။
ထို့ပြင် သဒ္ဒါဘက်ဆိုင်ရာ သဒ္ဒါငယ်ကျမ်းများကို သင်ယူယင်း ဝါစ္စ ဝါစက အကောက်ကျမ်းဟောင်းကို အားမရသဖြင့် ' ဝါစ္စဝါစက အကောက်ကျမ်းသစ် ' ကိုလည်း သာမဏေဘဝ ဆယ်ကျော်သက်ကပင် ရေးသားပြုစုခဲ့သေးသည်။
အားမရနိုင်သော စာကြည့်ဝါသနာ
သက္ကရာဇ် ၁၂၂၈-ခု ကဆုန်လဆန်း ၆-ရက်နေ့တွင် သာမဏေ ရှင်ဉာဏဓဇသည် စိုင်ပြင်ရွာ ကျောင်းမကျောင်း ခဏ္ဍသိမ်၌ ဆရာတော် အရှင်နန္ဒကို ဥပဇ္ဈာယ်ပြုကာ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။
ရဟန်းတော် အရှင်ဉာဏဓဇကား အားရသည်ဟုမရှိလောက် အောင် စာကြည့်ဝါသနာပါလွန်းလှသည်၊ ထို့ကြောင့်လည်း ဥပဇ္ဈာယ် ဆရာတော် အရှင်နန္ဒက သူ၏စာတိုက်ကြီးငါးလုံးရှိ မြန်မာနိဿယများကို ကြည့်ရှုရန် ခွင့်ပြုခဲ့သည်။ ဤမျှနှင့်အားမရသေး၍ စိုင်ပြင်ရွာ မြင်တင် တိုက်ဆရာတော် အရှင်ဓမ္မထံ၌ရှိသော စာတိုက်ကြီးငါးလုံးမှ မြန်မာ နိဿယဟူသမျှကိုလည်း အားလုံးကြည့်ရှုတော်မူလိုက်သေးသည်။
ထို့နောက် စိုင်ပြင် ၂- ရွာတွင် တည်ရှိသော ကျောင်းတိုက်ကြီး ငါးတိုက်မှ မြန်မာပြန်နိဿယများကို အကုန်ကြည့်ရှုတော့မည်ဟု ကြံ စည်တော်မူသေးသည်။ သို့သော် မန္တလေးမြို့သို့ကြွ၍ ပညာသင်လိုသော ကြောင့် ယင်းအကြံမှာ အထမမြောက်ခဲ့ပေ။
မန္တလေးမြို့ စံကျောင်းတိုက်၌ ပညာသင်ကြားခြင်း
သို့ဖြင့်ပင် ရဟန်းတော် အရှင်ဉာဏဓဇသည် ၁၂၃၁-ခုနှစ်တွင် မိမိဖွားမြင်ရာ စိုင်ပြင်ရွာမှ မန္တလေး ရတနာပုံနေပြည်တော် မြောက်ပြင် မင်္ဂလာစံကျောင်းတိုက်သို့ ပညာသင်ကြားရန် ကြွရောက်တော်မူခဲ့သည်။
ရဟန်းတော် အရှင်ဉာဏဓဇသည် ရဟန်း ၁- ဝါမှ၊ ၁၆-ဝါအထိ ၁၆-နှစ်တိုင်တိုင် စံကျောင်းတိုက်၌ နေထိုင်ကာ ' သုဒဿန ဝရ ဓမ္မသာမိ မဟာဓမ္မ ရာဇာဓိရာဇဂုရု' ဘွဲ့တံဆိပ်တော်ရ ဒုတိယစံကျောင်း ဆရာ တော်ဘုရားကြီးထံ၌ ဝိနည်းပါဠိတော် အဋ္ဌကထာများနှင့် အဘိဓမ္မာ အဋ္ဌကထာ ၃- ကျမ်းကို သင်ယူတော်မူသည်။
ထိုအချိန်က ဒုတိယစံကျောင်း ဆရာတော်ဘုရားကြီးမှာ မန္တလေး ရွှေမြို့တော်တွင် စာချနာမည်အကျော်ကြားဆုံးဖြစ်၍ စာလိုက်သံဃာ ၁၀၀၀-ကျော်အထိပင် ရှိခဲ့ဖူးသည်။
ထို့နောက် ရဟန်းတော် အရှင်ဉာဏဓဇသည် အဆိုပါ ဝိနည်း နှင့်အဘိဓမ္မာ ပါဠိအဋ္ဌကထာများကိုပင် မကုဋာရာမဆရာတော် ဘုရားကြီးထံ၌လည်း သင်ယူတော်မူပြန်သည်။
'လုံပဏ်-လင်းပဏ်' ဘယ်ပဏ်သာ၍ တတ်သနည်း
ထိုအချိန်က ဒုတိယစံကျောင်း ဆရာတော်ဘုရားကြီးထံ (၁) 'ရာဇဂုရု' ဘွဲ့တံဆိပ်တော်ရ အလုံဇာတိ မိုင်းခိုင်းဆရာတော် ဦးပဏ္ဍိတနှင့် (၂) 'ရာဇဂုရု' ဘွဲ့တံဆိပ်မရသော စလင်းဇာတိ ဆရာတော် ဦးပဏ္ဍိစ္စဟူ၍ စာတတ်ပေတတ် ပထမစာချ တပည့်ကြီးနှစ်ပါးရှိရာ စံကျောင်းတိုက် ပတ်ဝန်းကျင်တွင် 'လုံပဏ်-လင်းပဏ်၊ သည်နှစ်ပဏ်တွင် ဘယ်ပဏ် သာ၍ တတ်သနည်း' ဟု ကဗျာစပ်ဆို မေးခွန်းထုတ်ခြင်း ခံရသည်အထိ ပရိယတ္တိစာပေလောက၌ ထင်ရှားကျော်ကြားသော စာချတပည့်ကြီး နှစ်ပါး ဖြစ်သည်။
ရဟန်းတော် အရှင်ဉာဏဓဇသည် စံကျောင်းဆရာတော် ဘုရား ကြီးထံ၌ အထက်ပါအတိုင်း ဝိနည်းနှင့် အဘိဓမ္မာ ပါဠိ အဋ္ဌကထာများကို သင်ယူခဲ့သည့်အပြင် အဆိုပါ လုံပဏ်၊ လင်းပဏ်ဟူသော ပထမ စာချကြီး နှစ်ပါးတွင် စလင်းဆရာတော် ဦးပဏ္ဍိစ္စ၏ တပည့်ရင်းလည်း ဖြစ်သည်။ စလင်းဆရာတော် ဦးပဏ္ဍိစ္စထံတွင် ရဟန်းတော် အရှင်ဉာဏဓဇသည်၊ ပါစိတျာဒိ အဋ္ဌကထာ၊ သမ္မောဟဝိနောဒနိ အဋ္ဌကထာ၊ ပဉ္စမကြိုဏ် အဋ္ဌကထာ စသည်တို့ကို အာစရိယ ဟတ္ထမုဋ္ဌိ ဆုပ်မိ ကိုင်မိရှိအောင် ဆိုဝါ တတ်ဝါနှင့် သင်ယူတော်မူခဲ့သည်။
ထို့ကြောင့်လည်း ရဟန်းတော်အရှင်ဉာဏဓဇသည် လယ်တီ ဆရာတော်အဖြစ်သို့ ရောက်ရှိလာသောအခါ၌ 'ငါ၏ဗိုက်ထဲမှာ ရှိသမျှ ပညာများသည်စလင်းဦးပဏ္ဍိစ္စ ဟာတွေချည်းပဲ' ဟူ၍မကြာခဏ မိန့်ကြား တော်လေ့ရှိပေသည်။
ယောအတွင်းဝန်၏ ဩဝါဒ
ရဟန်းတော်အရှင်ဉာဏဓဇကား အစဉ်အလာသမား သမား ရိုးကျသမားမဟုတ်ပေ၊ ငယ်စဉ်ကပင်တော်လှန်သော အတွေးအခေါ် ရှိသူဖြစ်သည်။
ထိုအချိန်က မန္တလေးရွှေမြို့တော်ရှိထင်ရှားသော ပညာရှိကြီး များ ရှိသည့်အနက် ရွှေပြည်ဝန်ကြီးခေါ် ယောအတွင်းဝန် ဦးဖိုးလှိုင်မှာ တော်လှန်သော အတွေးအခေါ်အယူအဆရှိသူ ဖြစ်သည်။
သို့ဖြစ်ရာ ရဟန်းတော် အရှင်ဉာဏဓဇသည် ယောအတွင်း ဝန် ဦးဖိုးလှိုင်၏ တော်လှန်သောအတွေးအခေါ် အယူအဆများကို နှစ်သက် စွဲလမ်းသလောက်၊ ဦးဖိုးလှိုင်၏ ခေတ်မီသော စာရေးနည်း စာရေး ဟန်များကိုလည်း အားကျသည်၊ အတုယူလိုသည်၊ နည်းယူလိုသည်။
ထို့ကြောင့်လည်း သီတင်းနေ့များတွင် ယောအတွင်းဝန် ဦးဖိုးလှိုင်ထံသို့ ကြွရောက်လာကာ ပိဋကတ်တော်၌ ယူဆပုံနည်းများနှင့် မြန်မာစာရေးနည်း ရေးဟန်များကို နည်းခံခဲ့သည်။ ထိုအခါ ယောအတွင်း ဝန်က 'ဦးပဉ္စင်းကလေး စာတတ်ချင်သလား၊ စာတတ်ချင်ယင် ကထာ ဝတ္ထု အဋ္ဌကထာကို နိုင်နင်းအောင် သင်ကြားပါ ' ဟု ဩဝါဒစကားဖြင့် နည်းပေးညွှန်ကြား လျှောက်ထားခဲ့သည်။ ထို့ပြင် ယောအတွင်းဝန်က ပိဋကတ်၌ တော်လှန်သည့် အတွေးခေါ်အယူအဆများကိုလည်း ပြောကြားလျှောက်ထားလိုက်သေးသည်။
ထိုစဉ်ကပြောကြားလိုက်သော ယောအတွင်းဝန်၏ တော်လှန် သည့် အတွေးအခေါ်အယူအဆများနှင့် ပတ်သက်၍ ရဟန်းတော် အရှင် ဉာဏဓဇသည် လယ်တီဆရာတော်အဖြစ်သို့ ရောက်ရှိလာသော အခါ၌ တပည့်ဖြစ်သူလယ်တီ ဦးပဏ္ဍိတ (နောင်လယ်တီပဏ္ဍိတ ဆရာ ဦးမောင်ကြီး) ကို 'အိမ်း ..ယောဆိုတာ လူတတ်ကွယ့်၊ သူဟာ ပထမ တန်း ပညာရှိကြီးပဲ၊ စကားဆန်း အင်မတန်ပြောတတ်တဲ့လူ၊ သူ ပညာရှိမို့၊ သူပြောတဲ့စကား ငါမှတ်ထားတာပဲ၊ နို့ပေမယ့် *** ကျမ်းတွေက အလွန်ခိုင်မာတဲ့ သင်္ဂါယနာတင်ကျမ်းတွေဖြစ်တယ်' ဟူ၍ပြန်လည် အမိန့်ရှိခဲ့ဖူးသည်။
ပဉ္စမသင်္ဂါယနာပွဲ၌ ကထာဝတ္ထုကိုပြန်ဆိုတော်မူခြင်း
မင်းတုန်းမင်းတရားကြီးသည် ပဉ္စမသင်္ဂါယနာတင်ရန်အတွက် ပထမဆင့် လုပ်ငန်းတစ်ရပ်အဖြစ်ဖြင့် ၁၂၂၂-ခုနှစ်မှ စတင်ကာ ပိဋကတ် တော်များကို ကျောက်ထက်အက္ခရာ ထွင်းထုခဲ့ရာ ၁၂၃၀-ပြည့်နှစ်တွင် အလုံးစုံ ပြီးစီးခဲ့သည်။
ယင်းသို့ ကျောက်ထက်အက္ခရာ ထွင်းထုပြီးနောက် ပိဋကတ် တော်များကို ပဉ္စမသင်္ဂါယနာတင်တော်မူခဲ့ရာ
- သစ်ဆိမ့်တိုက်က ဝိနည်း ပိဋကတ်တော်ကိုလည်းကောင်း၊
- စလင်းတိုက်က သုတ္တန် ပိဋကတ်တော်ကိုလည်းကောင်း၊
- စံကျောင်းတိုက်က အဘိဓမ္မာ ပိဋကတ်တော်ကိုလည်း ကောင်း
အသီးသီး တာဝန်ယူကာ ရွှေနန်းတော်ကြီးအတွင်း ဗြဲတိုက်တော် ရာဇပလ္လင်ပေါ်၌ တစ်လှည့်စီ ပြန်ဆိုတော်မူကြရသည်။
ထိုအခါ စံကျောင်းတိုက်သား တစ်ပါးဖြစ်သော ရဟန်းတော် အရှင်ဉာဏဓဇသည် ကထာဝတ္ထု ပါဠိတော်ကို တာဝန်ယူ ပြန်ဆိုတော် မူခဲ့သည်။
ယောအတွင်းဝန်၏ ဩဝါဒစကား လျှောက်ထားချက်အရ ရဟန်းတော် အရှင်ဉာဏဓဇသည် ကထာဝတ္ထု အဋ္ဌကထာကို အထူး ကျွမ်းကျင်နိုင်နင်းအောင် သင်ကြားလေ့လာထားသည့်အတိုင်း ဗြဲတိုက် တော် ရာဇပလ္လင်ထက်၌ ကထာဝတ္ထုပါဠိတော်ကို အောင်မြင်စွာ ပြန်ဆိုတော်မူနိုင်ခဲ့ခြင်း ဖြစ်သည်။
ပထမစာချဖြစ်တော်မူခြင်း
ရဟန်းတော် အရှင်ဉာဏဓဇသည် ရဟန်းသိက္ခာ ၈-ဝါအရတွင် စံကျောင်းတိုက်၌ ပထမစာချအဖြစ် ချီးမြှောက်ခြင်း ခံခဲ့ရသည်။ ထိုအခါ ရဟန်းတော် အရှင်ဉာဏဓဇသည် တပည့်များအား နိရုတ္တိဉာဏ် ထက်သန်စူးရှရေးအတွက် အခြေခံ အဖြစ်ဖြင့် 'ပဒရူပသိဒ္ဓိ 'သဒ္ဒါကျမ်းကို ဇောက်ချကာ ဇောင်းပေး ပို့ချတော်မူခဲ့သည်။
ပါရမီပုစ္ဆာ ၂၀-နှင့် ပါရမီဒီပနီ
ရဟန်းတော် အရှင်ဉာဏဓဇသည် ၁၄-ဝါအရတွင် စံကျောင်း ဆရာတော်ဘုရားကြီး၏ အမေးပုစ္ဆာ ၂၀-ထွက်ပေါ်လာသည်။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ သာဝကတို့၏ ပါရမီနှင့် စပ်ဆိုင်ရာ အချက်ပေါင်း ၂၀-ကို စံကျောင်း ဆရာတော်ဘုရားကြီးက ပါဠိဘာသာဖြင့်အမေးပုစ္ဆာ ၂၀- ပြုလုပ်ကာ မေးခွန်းထုတ်ဆင့် မေးမြန်းလိုခြင်းဖြစ်သည်။
ယင်းအမေးပုစ္ဆာများ၏ အဆုံး၌ 'မယံ စောဒကာ နာမ ဧက ဒေသပေက္ခကာ' စသည်ဖြင့်
'ငါတို့စောဒက ပုဂ္ပိုလ်မည်သည်ကား တစ်ဖက်တစ်စိတ်ကိုသာ မျှော်ကုန်ကြည့်ကုန်၏၊ အလုံးစုံကို အကုန်မကြည့်ကုန်၊ အကယ်၍ အလုံးစုံကို မျှော်ကုန်ကြည့်ကုန်ပါမူ ယခုဤမေးခွန်းပုစ္ဆာများသည် မပေါ် ပေါက်ခဲ့ရာ၊ ဤမေးခွန်းပုစ္ဆာများ သည်ပေါ်လည်း ပေါ်ခဲ့၏၊ ဇမ္ဗူဒီပါ၏ တံခွန်- သာသနာတော်၏ တံခွန်ဖြစ်သော ပညာရှိတို့အတွက် သက်သက် ဤပုစ္ဆာများ ပေါ်ပေါက်လာခြင်းဖြစ်ရာ ပညာမရှိသောသူတို့သည် ကုပ်၍ နောက်ဆုတ်ကြကုန်လော့၊ သင်တို့ကြောင့်ကြစရာ မဟုတ်ကုန်၊ အဘယ် ကြောင့်ဆိုသော် ပထမတန်း သာသနာတံခွန်များသည် ဤပုစ္ဆာများကို ဖြေဆိုကြလိမ့်မည်ဖြစ်သောကြောင့်တည်း' ဟူ၍ စံကျောင်းဆရာတော် ဘုရားကြီးက ဖြေဆိုမည့်သူကို ဘဝဂ်သို့ တက်ရောက်ရတော့လုမတတ် မြှောက်ပင့်ရေးသားပြီး မဖြေနိုင် သူများအား လမ်းလေးခွ၌ တည်ရှိသော ရှာငုတ်တိုနှင့်လည်းကောင်း လူအများကျော်လွှားသွားလာရာ တံခါခုံနှင့် လည်းကောင်း နှိုင်းယှဉ် ဥပမာပေးကာ တုဏှီဘာဝဆိတ်ဆိတ်နေကြရန် တားမြစ် နှိမ်ချထားသည်။
ယင်းသို့ ရေးသားထားသည်ကို တွေ့ရှိလိုက်ရသည်နှင့် တစ်ပြိုင် နက် ရဟန်းတော် အရှင်ဉာဏဓဇသည် ' ဤအမေး ပုစ္ဆာ ၂၀-ကား ငါ့ကိုစွဲ၍ ငါ့အတွက် သက်သက်ဖြစ်ပေါ်လာပြီတကား ' ဟု အားတက် ရွှင်လန်း ဝမ်းမြောက်စွာဖြင့် နိကာယ်ငါးရပ် ပိဋကတ်ကို မွှေနှောက် ချောက်ချားပြီး ယင်းအမေးပုစ္ဆာ၂၀-ကို ပါဠိလို ရေးသားဖြေဆိုကာ စံကျောင်းဆရာတော်ဘုရားကြီးအား ဆက်ကပ်လိုက်သည်။
မှန်းချက်နှင့်နှမ်းထွက် မကိုက်ခြင်း
ယင်းသို့ ရေးသားဖြေဆိုလိုက်သော်လည်း ရဟန်းတော် အရှင် ဉာဏဓဇ အနေဖြင့် 'မှန်းချက်နှင့် နှမ်းထွက်' မကိုက်အောင် ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရဟန်းတော် အရှင်ဉာဏဓဇ၏ ဖြေဆိုချက်ကို စံကျောင်း ဆရာတော်ဘုရားကြီးက နှစ်သက်လိုလားတော် မမူသော ကြောင့်ဖြစ်သည်။
အလုံဦးပဏ္ဍိတနှင့် စလင်းဦးပဏ္ဍိစ္စဟူ၍ တပည့်ကြီးနှစ်ပါး ရှိသည့်အနက် အလုံ ဦးပဏ္ဍိတ၏ တပည့်တပန်းများကိုသာ စံကျောင်း ဆရာတော်ဘုရားကြီးကဖြေဆိုစေလိုသောကြောင့် မနှစ်သက် မလိုလား ခြင်း ဖြစ်သည်ဟု အစဉ်အဆက် ပြောစမှတ်ရှိသည်။
ပထမဆုံး လယ်တီဒီပနီ
ယခုအခါပုံနှိပ်စာအုပ်အဖြစ်ဖြင့် တွေ့မြင် ဖတ်ရှုနေကြရသော ' ပါရမီဒီပနီ ကျမ်းစာအုပ် မှာ ရဟန်းတော် အရှင်ဉာဏဓဇဘဝက ဖြေဆို ခဲ့သော ယင်းအမေးပုစ္ဆာ ၂၀-၏ အဖြေပင်ဖြစ်သည်။ လယ်တီဆရာ တော်အနေဖြင့် ပထမဆုံးရေးသားသော ပထမဆုံးလက်ရာ ပထမဆုံး လယ်တီဒီပနီ ကျမ်းစာအုပ်လည်းဖြစ်သည်။
နွားသား ရှောင်ကြဉ်ရေး နှင့် လယ်တီတိုက် တည်ထောင်ခြင်း
၁၂၄၄-နှစ်တွင် ရဟန်းတော် အရှင်ဉာဏဓဇသည် မန္တလေး ရွှေမြို့တော်မှ မုံရွာမြို့ ရွှေစည်းခုံကျောင်းတိုက်သို့ ကြွရောက် သီတင်း သုံးတော်မူသည်။
၁၂၄၇-ခုနှစ်တွင် ဗြိတိသျှတို့သည် အထက်မြန်မာနိုင်ငံကို သိမ်း ပိုက်လိုက်ရာ မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှတို့၏ ကိုလိုနီဘဝသို့ ရောက်ရှိ ခဲ့ရသည်။ ထိုအခါ ဗြိတိသျှတို့၏ ကုလားဖြူ ကုလားမည်း စစ်သားများက နွားများကို စည်းမဲ့ကမ်းမဲ့သတ်ဖြတ်စားသောက်ကြရာ မြန်မာ့လူနေမှု စနစ်နှင့်လည်းကောင်း၊ မြန်မာဘာသာရေး (ဗုဒ္ဓဘာသာ)နှင့်လည်း ကောင်း၊ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။
စင်စစ် မြန်မာနိုင်ငံသည် ပကတိ ရုပ်အခြေခံအားဖြင့် မြေယာ နိုင်ငံသာဖြစ်သည်။ လယ်ယာကိုင်းကျွန်းကို ပဓာန စီးပွားရေးအဖြစ်ဖြင့် အားထားမှီခိုနေရသော နိုင်ငံသာဖြစ်သည်။ စက်မှုသိပ္ပံ မထွန်းကားသော နိုင်ငံဖြစ်သဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် ကျွဲနွားများကို အားကိုး ကာ ထွန်ယက်စိုက်ပျိုးနေကြရရာ ကျွဲနွားများသည် မြန်မာနိုင်ငံ၏ စီးပွား ရေးတွင် မရှိမဖြစ်သော ကုန်ထုတ်ကိရိယာဖြစ်သလောက် မြန်မာ ပြည်သူလူထုကြီးတစ်ရပ်လုံး၏ အသက်သခင်များလည်း ဖြစ်သည်၊ ကျေးဇူးရှင်လည်း ဖြစ်ကြသည်။
သို့ဖြစ်ရာ အသက်သခင် ကျေးဇူးရှင်များဖြစ်ကြသော ကျွဲနွား များကို ဘယ်နည်းနှင့်မျှ သတ်ဖြတ်စားသောက်ခြင်း မပြုထိုက်ဟု ဆရာတော် အရှင်ဉာဏဓဇ ကခံယူသည်။
ထို့ကြောင့်လည်း အရှင်ဉာဏဓဇသည် ကိုယ်တော်တိုင်လည်း နွားသားကို ရှောင်ကြဉ်တော်မူသည်။ တပည့်တပန်း ရဟန်းသံဃာတော် များနှင့် ပြည်သူအများကိုလည်း နွားသား ရှောင်ကြဉ်ရန် 'နွားမေတ္တာစာ' ကိုရေးသားကာ လှုံ့ဆော်တော်မူခဲ့သည်။
ထို့နောက် ၁၂၄၈- ခုနှစ်တွင် မုံရွာမြို့အနီး လယ်တီတောအုပ် ကြီး၌ ကျောင်းတိုက်တည်ထောင်ကာ တပည့်တပန်းရဟန်း သာမဏေ များအား စာပေသင်ကြားပို့ချခဲ့ရာ ထိုအခါမှစ၍ လယ်တီဆရာတော် ဟူသောအမည်ဖြင့် ထင်ပေါ်ကျော်ကြားလာသည်။
ပရမတ္ထဒီပနီသင်္ဂြီုဟ် မဟာဋီကာသစ်
ယင်းသို့ လယ်တီတိုက်တွင် စာပေပို့ချတော်မူသည့်ကြားမှ အဘိဓမ္မတ္ထသင်္ဂြီုဟ်ကျမ်း၏ အဖွင့်ဖြစ်သော 'ပရမတ္ထဒီပနီဋီကာ' ကို ပါဠိဘာသာဖြင့် ၁၂၅၉-ခုနှစ်တွင် အပြီးရေးသား ပြုစုတော်မူသည်။
ယင်းဋီကာမှာ ယခုအခါ ' လယ်တီဋီကာ' ဟူသော အမည်ဖြင့် လူသိများနေကြသော်လည်း အမည်အပြည့်အစုံမှာ 'ပရမတ္ထဒီပနီ' ခေါ် သင်္ဂြီုဟ်မဟာဋီကာသစ် ဟူ၍ဖြစ်သည်။
နှစ်ပေါင်း ၃၅-နှစ်ကြာ ဋီကာစစ်ပွဲကြီး
သို့သော် လယ်တီဆရာတော်သည် ပရမတ္ထဒီပနီဋီကာဖြင့် အဘိဓမ္မတ္ထသင်္ဂြီုဟ်ကျမ်းကို ဖွင့်ဆိုရာ၌ ကိုယ့်နည်း၊ ကိုယ့်ဟန် ကိုယ့် အတွေးအခေါ်၊ ကိုယ့်အယူအဆတို့ဖြင့် ရိုးရိုးဖွင့်ဆိုခြင်းမပြုဘဲ အဘိ ဓမ္မတ္ထဝိဘာဝနီ ဋီကာကျော်ကျမ်း၌ အချက်ပေါင်း ၂၄၅- ချက်တိတိ မှားယွင်းချွတ်ချော်နေသည်ဟု ထောက်ပြကာ 'န သုန္ဒရံ' 'န ယုဇ္ဇတိ' 'နသမေတိ' စသော ခပ်ကြမ်းကြမ်း စကားလုံးများဖြင့် ဋီကာကျော်မှ အဆိုပါ အချက်များကို ပယ်ဖျက်ပစ်ခဲ့သည်။
အဘိဓမ္မတ္ထ ဝိဘာဝနီ ဋီကာကျော်မှာ မျက်မှောက်ခေတ် မြန်မာ နိုင်ငံပါဠိပညာရေး၌ အဘိဓမ္မတ္ထသင်္ဂြီုဟ်ကျမ်း၏ အဖွင့်ဋီကာကျမ်း တစ်ကျမ်းအဖြစ်ဖြင့် သင်ရိုးပြုကာ သင်ကြားပို့ချမှုကို ခံယူနေရသော ဋီကာဖြစ်သည်။
ထို့ကြောင့်လည်း ယင်းကဲသို့ လယ်တီဆရာတော်က ဋီကာကျော် မှ အချို့အချက်အလက်များကို ပယ်ဖျက်လိုက်သောအခါ၌ သာသနာ တော်တစ်ခုလုံး ပွက်လောရိုက်ကာ ဋီကာကျော်ဘက်မှ ပြန်လည် ခုခံ ရေးသားလာကြသော ဋီကာများ ပေါ်ထွက်လာသည်။
သို့ဖြင့်ပင် လယ်တီဋီကာ ပုံနှိပ်စာအုပ်အဖြစ်ထွက်ပေါ်လာသော ၁၂၆၂-ခုနှစ်မှ ၁၂၉၇-ခုနှစ်လောက်အထိ ၃၅-နှစ်တိုင်တိုင် မြန်မာနိုင်ငံ၌ 'ဋီကာစစ်ပွဲကြီး' ဖြစ်ပွားခဲ့သည်။ ယင်း ၃၅-နှစ်တာ အချိန်ကာလအတွင်း ထွက်ပေါ်လာသော ဋီကာကျမ်းများမှာ ၄၀-ခန့် အရေအတွက်ရှိသည်ဟု စာရင်းအရသိရှိရသည်။ ယင်း ၄၀-ခန့်တွင် ပါဠိ ဘာသာဖြင့်ရေးသား သော ဋီကာကျမ်းများအပြင် မြန်မာဘာသာဖြင့် ရေးသားသော ကျမ်းများလည်း ပါဝင်ခဲ့သည်။
မူလဋီကာ နှင့် အနုဋီကာ
ဋီကာကျော်ဆရာသည် မူလဋီကာထက် အနုဋီကာကို ပိုမို နှစ်သက်ဟန်တူသည်။ ခဲရာခဲဆစ်ဌာနများကို အကိုးသာဓကမူရာ၌ ဋီကာ ကျော်ဆရာသည် 'ဧဝဉ္စ ကတွာ ဝုတ္တံ အာစရိယဓမ္မ ပါလတ္ထေရေန' ဟူ၍ အာစရိယ ဓမ္မပါလ ခေါ် အနုဋီကာဆရာ အရှင်ဓမ္မပါလ၏ အဆို အမိန့်များကို ထုတ်ဆောင်ပြလေ့ရှိသည်။
လယ်တီဆရာတော်ကမူ ' အာစရိယာနန္ဒထေရော ပန' စသည် ဖြင့် မူလဋီကာဆရာ အရှင်အာနန္ဒာ၏အမည်ကို လေးလေးစားစား ခေါ်ဝေါ်ရေးသားပြီး မူလဋီကာဆရာ၏ အယူအဆများကို ဖော်ထုတ် ကာ လက်ရုံးတမ်းလေ့ရှိသည့်အပြင် တစ်ခါတစ်ရံ အဋ္ဌကထာဆရာကြီး အရှင်မဟာဗုဒ္ဓဃောသ၏အဆိုအမိန့်များကိုပင် ကျောခိုင်းဖွင့်ဆိုထား သည်ကို ကျောချမ်းစရာ ကောင်းလောက်အောင် တွေ့ရှိနေရပေသည်။
သီဟိုဠ်ကို အံတုနိုင်သော လယ်တီဋီကာ
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ ပါဠိစာပေသမိုင်း၌ ပုဂံခေတ်က သီဟိုဠ်ကို အံတုနိုင်သော အရှင်အဂ္ဂဝံသ၏ သဒ္ဒနီတိကျမ်းကြီး ပေါ်ထွက် နိုင်ခဲ့သလို မျက်မှောက်ခေတ်၌လည်း ပရမတ္ထဒီပနီ လယ်တီဋီကာဖြင့် သီဟိုဠ်အား အံတုခဲ့ခြင်းကိုကား မည်သူမျှ ငြင်းနိုင်ကြမည် မဟုတ်ပေ။
သို့ဖြစ်ရာ ပရမတ္ထဒီပနီ လယ်တီဋီကာကို မြန်မာနိုင်ငံ ဗုဒ္ဓ သာသနာ့သမိုင်းတွင် စာပေမှတ်တိုင်တစ်တိုင်အဖြစ်ဖြင့် ယခုအခါ သမိုင်းသုတေသီတိုင်းက အသိအမှတ်ပြုနေကြရပြီဖြစ်ပေသည်။
လှည့်လည်တရားဟောခြင်းနှင့် ဝါဆိုစဉ်အကျဉ်း
လယ်တီဆရာတော်ဘုရားကြီးသည် လယ်တီတိုက်ကြီးကို တည်ထောင်ကာ တပည့်တပန်း ရဟန်း သာမဏေများအား စာပေပို့ချ တော်မူပြီးနောက် ၁၂၅၇-ခုနှစ်လောက်မှစတင်ကာ မြန်မာနိုင်ငံ အရပ် ရပ်သို့ လှည့်လည်ကြွရောက်တော်မူပြီး ဝါဆိုသင့်သော အရပ်ဒေသ များတွင်ဝါဆိုလျက် ကျွတ်ထိုက်သူ ဝေနေယျတို့အတွက် နိယျာနိကအစစ် ဗုဒ္ဓဘုရားရှင် အလိုလားဆုံးလည်းဖြစ် အနှစ်သာရလည်းဖြစ်သော ဝိပဿနာတရားရေအေး အမြိုက်ဆေးကို တိုက်ကျွေး ဟောကြားတော် မူခဲ့သည်။
ယင်းသို့ ကြွရောက်သီတင်းသုံးကာ တရားဟောရာဒေသများ
နှင့် ဝါဆိုရာဌာနများမှာ အောက်ပါအတိုင်းဖြစ်သည်။
၁၂၅၇-ခုနှစ်၊ အိန္ဒိယနိုင်ငံ မဟာဗောဓိသို့ ကြွရောက်တော် မူသည်။ မဟာဗောဓိမှအပြန်တွင် အမြို့မြို့ အနယ်နယ်သို့လှည့်လည်ကာ တရားဟောတော်မူသည်။
၁၂၅၈-ခုနှစ်၊ ဟံသာဝတီနယ် တွံတေးတောကြီးတန်း ဆပဂံ တောရ၌ သီတင်းသုံးတော်မူသည်။
၁၂၅၉-၆၀-ခုနှစ်၊ မုံရွာမြို့ လယ်တီတိုက်၌ သီတင်းသုံး တော်မူ သည်။ ၁၂၆၀-ပြည့်နှစ်တွင် သေက္ချတောင် ဆရာတော်အရှင်တိလောက ၏ ပင့်လျှောက်ချက်အရ သေက္ချတောင်တွင် တစ်လခန့် သီတင်းသုံး တော်မူသည်။
၁၂၆၁-ခုနှစ်၊ မုံရွာမြို့ လယ်စဉ်ရွာ ဓမ္မိကာရုံတိုက် ဓမ္မနန္ဒ ကျောင်း၌ ဝါကပ်တော်မူသည်။
၁၂၆၂-ခုနှစ်၊ ဒီပဲယင်းမြို့၏ မြောက်ဘက် မဟာမြိုင်တောကြီး၌ ဝါဆိုတော်မူသည်။
၁၂၆၃-၆၄-ခုနှစ်၊ အလုံမြို့၏ အနောက်ဘက်လည်းဖြစ်၊ သလ္လာဝတီမြစ်၏ အနောက်ဘက်လည်းဖြစ်သော ရွှေတောင်ဦးတောင် ကျောက်ဂူ၌ ဝါဆိုတော်မူသည်။
၁၂၆၅-ခုနှစ်၊ မုံရွာမြို့၏ အနောက်လက်ပန်းတောင်းတောင် စင်္ကြံကျောင်း၌ သီတင်းသုံးတော်မူသည်၊ ယင်းနှစ်တွင် ကင်းဝန်မင်းကြီး ပင့်လျှောက်သောကြောင့် မန္တလေးမြို့သို့ကြွရောက်ကာ တရားဟောတော် မူသည်။
၁၂၆၆-ခုနှစ်၊ ပျဉ်းမနားမြို့ မြောက်ဘက် အင်ကြင်းမြိုင်တောရ စင်္ကြံကျောင်း၌ ဝါဆိုတော်မူသည်။
၁၂၆၇-ခုနှစ်၊ မြင်းခြံမြို့ ရေကန်ကြီး အနီး၌ ဝါဆိုတော်မူသည်။
ယင်းနှစ်တွင် ရန်ကုန်မြို့သို့ ကြွရောက်ကာ တရားဟောတော်မူသည်။ ၁၂၆၈-ခုနှစ်၊ ပြည်မြို့ ဝိပဿနာကုန်းတောရ၌ ဝါဆိုတော် မူသည်။ ယင်းနှစ်တွင် မန္တလေးမြို့သို့ကြွရောက်ကာ မစိုးရိမ်တိုက်မှစ၍ တရားပွဲများ ကျင်းပဟောပြောတော်မူသည်။
၁၂၆၉-ခုနှစ်၊ မင်းလှမြို့ ပက်တန်းတောရ၌ ဝါဆိုတော်မူသည်။ ထိုနှစ်၌ပင် စစ်တွေမြို့သို့ကြွရောက်ကာ တရားဟောတော်မူသည်။ ၁၂၇၀-ခုနှစ်၊ မော်လမြိုင်မြို့၊ ကျိုက်သံလံ တောင်တန်းရှိ အလံတိုင်တောင်ထိပ် ဝါဆိုကျောင်း၌ ဝါဆိုတော်မူပြီး ပုသိမ်မြို့သို့ ကြွရောက်ကာ တရားဟောတော်မူသည် ၁၂၇၁-ခုနှစ်၊ သာပေါင်းမြို့၌ ဝါကပ်တော်မူသည်။
၁၂၇၂-ခုနှစ်၊ မုံရွာမြို့ မဟာလယ်တီတိုက်၌ ဝါဆိုတော်မူပြီး စစ်ကိုင်းမြို့ ရွှေဘိုမြို့နယ်၊ မိတ္ထီလာမြို့၊ မန္တလေးမြို့ များသို့ ကြွရောက်ကာ တရားဟောတော်မူသည်။ ပလိပ်ရောဂါပပျောက်ရန် စီမံတော်မူသည်။ ၁၂၇၃-ခုနှစ်၊ ရန်ကုန်မြို့၊ ညောင်ကုန်းတိုက်၌ဝါဆိုတော်မူသည်။
၁၂၇၄-ခုနှစ်၊ စစ်ကိုင်းမြို့၌ ဝါဆိုတော်မူသည်။
၁၂၇၅-၇၆-၇၇-ခုနှစ်၊ မန္တလေးမြို့ လယ်တီစံကျောင်း၌ ဝါဆို တော်မူသည်။
၁၂၇၈-ခုနှစ်၊ ပျဉ်းမနားမြို့ အင်ကြင်းမြိုင်တောရ၌ ဝါဆိုတော် မူသည်။
၁၂၇၉-ခုနှစ်၊ မုံရွာမြို့ မဟာလယ်တီတိုက်၌ နောက်ဆုံး ဝါဆို တော်မူသည်။
၁၂၈၀-ပြည့်နှစ်၊ မြစ်သားမြို့၌ဝါဆိုတော်မူသည်။
၁၂၈၁-ခုနှစ်၊ ရန်ကုန်မြို့ ကျောက်ဝိုင်းကျောင်း၌ ဝါဆိုတော် မူပြီးနောက် ပုသိမ်မြို့သို့ ကြွရောက်ကာ သိမ်သမုတ်တော်မူသည်။ ပုသိမ် မှအပြန်တွင် သာယာဝတီခရိုင် မင်းလှမြို့၌ မန်လည်ဆရာတော် ဘုရားကြီးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံတော်မူသည်။ ထို့နောက် ယင်းဆရာတော်ကြီးနှစ်ပါးသည် ရန်ကုန်မြို့သို့ ကြွရောက်ကာ တရား ပွဲကြီးများ ကျင်းပဟောကြားတော်မူကြသည်။
၁၂၈၂-ခုနှစ်၊ ကတွန်သတ္ထုတွင်းတိုက်၌ ဝါကပ်တော်မူသည်။
၁၂၈၃-ခုနှစ်၊ စစ်ကိုင်းမြို့ ဇေတဝန်တိုက်၌ ဝါဆိုတော်မူသည်။
၁၂၈၄-ခုနှစ်၊ ပျဉ်းမနားမြို့ လယ်တီစံကျောင်း၌ ဝါဆိုတော် မူသည်။
'အဂ္ဂမဟာပဏ္ဍိတ' ဘွဲ့တံဆိပ် ခံယူရရှိတော်မူခြင်း
၁၂၇၇-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁-ရက်၊ ( ၇-၁၁-၁၉၁၅) တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံ အစိုးရ၏ 'အဂ္ဂ-မဟာပဏ္ဍိတ' ဘွဲ့တံဆိပ် ဆက်ကပ် လှူဒါန်းခြင်းကို ခံယူရရှိတော်မူသည်။
နိုင်ငံခြားသာသနာပြုတော်မူခြင်း
လယ်တီ ဆရာတော်ဘုရားကြီးသည် အထက်ပါအတိုင်း မြန်မာ နိုင်ငံအရပ်ရပ်သို့ လှည့်လည်၍ ဝိပဿနာတရား ဟောကြားကာ သာသနာပြုရုံမျှသာမကပဲ ၁၂၇၅-ခုနှစ်တွင် နိုင်ငံခြားဗုဒ္ဓသာသနာပြု အသင်းကြီးကို ကြီးမှုးတည်ထောင်ပြီးလျှင် လန်ဒန်မြို့ရှိ ဂရိတ်ဘရိတန် အိုင်ယာလန် ဗုဒ္ဓဘာသာ သာသနာပြုအသင်းကြီးနှင့်လည်းကောင်း၊ လန်ဒန်ပါဠိစာပေ အသင်းကြီးနှင့်လည်းကောင်း၊ ဆက်သွယ်ကာ နိုင်ငံ ရပ်ခြား တိုင်းတစ်ပါးသို့ ဗုဒ္ဓသာသနာတော် ပျံ့နှံ့ ရောက်ရှိရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းတော်မူခဲ့ပြန်သည်။
'ဒီလစ်'ဘွဲ့ ရရှိတော်မူခြင်း
၁၂၈၃-ခုနှစ်၊ နတ်တော်လတွင် ရန်ကုန်တက္ကသိုလ်ကျောင်းကြီး ဖွင့်လှစ်သည့် အထိမ်းအမှတ်အဖြစ်ဖြင့် တက္ကသိုလ်အဓိပတိဖြစ်သူ မြန်မာ ပြည်ဘုရင်ခံက စာပေပါရဂူ (ဒီလစ်) ဘွဲ့တံဆိပ်လှူဒါန်းသည်ကို ခံယူရရှိ တော်မူသည်။
စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူခြင်း
၁၂၈၅-ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၅-ရက် (လပြည့်) ဗုဒ္ဓဟူးနေ့ ၂-နာရီ ၃၀မိနစ်အချိန်တွင် ပျဉ်းမနားမြို့၌ သီတင်းသုံးတော်မူစဉ် စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူသည်။
Comments
Post a Comment