Skip to main content

ဘာဝနာဒီပနီ

ဘာဝနာဒီပနီ

အဘိယာစက နှင့် ပဋိညာဉ်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

မြန်မာသက္ကရာဇ် ၁၂၆၆-ခု၊ ကဆုန်လအတွင်း ပျဉ်မနားမြို့အုပ် မောင်ဘိုးမြ ပင့်လျှောက်ချက်နှင့် အညာ မုံရွာမြို့မှ လာရောက်၍ ပျဉ်းမနားမြို့ စမ်းကျတောကျောင်းတွင် ထိုနှစ်အတွင်း သီတင်းဝါကပ် ဆိုနေထိုင်ရာ ရန်ကုန်မြို့ ပုဇွန်တောင် တောင်လုံးပြန်ရပ်နေ ဓာတ် ဆရာကြီး ဆရာမြို့သည် လာရောက်၍ ဝါတွင်းသုံးလပတ်လုံး ဥပုသ်သီတင်း စောင့်ထိန်း၍နေစဉ်အခါ ဘာဝနာလေးဆယ်နှင့် စပ်လျဉ်း၍ ကြားနာရသော ဓမ္မကထာ ဒေသနာ စကားများကို မိမိနှင့် အလားတူ ရှင်လူအပေါင်းတို့အား ကြားနာ သိမြင် ဆင်ခြင်ပွါးများ နှလုံးထားကြပါစေခြင်းငှါ စာအုပ်ရေးတင် စီရင်ချီးမြှောက်ပါမည့် အကြောင်း တောင်းပန်လျှောက်ထားသည်ဖြစ်၍ မုံရွာမြို့ လယ်တီတော ကျောင်းဆရာ ငါသည် ဘာဝနာလေးဆယ်တို့၏ အနက်အဓိပ္ပါယ်ကို မကျယ်မကျဉ်း နှလုံးသွင်းနိုင်ကြရန် အတန်ငယ် ထုတ်ဖေါ်ဖွင့်ပြပေအံ့။

ဘာဝနာ ၄၀-အဓိပ္ပါယ်အကျဉ်း ဘာဝနာ ၄၀-ဆောင်ပုဒ်ကို အကျဉ်းပြဆိုခန်း

ခန္ဓာ ၅-ပါး။။ ခန္ဓာတို့သည်

၁။ ရူပက္ခန္ဓော=ရုပ်အစုဟူသော ရူပက္ခန္ဓာ လည်းကောင်း။

၂။ ဝေဒနာက္ခန္ဓော=ခံစားမှုအစုဟူသော ဝေဒနာက္ဓန္ဓာလည်း ကောင်း။

၃။ သညာက္ခန္ဓော=အမှတ်ပြု၍ သိမှုအစုဟူသော သညာက္ခန္ဓာ လည်းကောင်း။

၄။ သင်္ခါရက္ခန္ဓော=စိတ်၏ စေ့ဆော်မှု, ပြုပြင်မှု အစုဟူသော သင်္ခါရက္ခန္ဓာလည်းကောင်း။

၅။ ဝိညာဏက္ခန္ဓော=အာရုံကို ထွေထွေထူးထူး သိမှုအစုဟူ သော ဝိညာဏက္ခန္ဓာလည်းကောင်း။

ဣမေ=ဤသည်တို့ကား၊ ပဉ္စက္ခန္ဓာ=ငါးပါးသော ခန္ဓာတို့တည်း။

အနိစ္စလက္ခဏာ ၁၀-ပါး။ ။ ဣမေ ပဉ္စက္ခန္ဓာ=ဤငါးပါးသော ခန္ဓာတို့သည်

၁။ အနိစ္စာ=မြဲခြင်းသဘော မရှိကုန်။

၂။ အဓုဝါ=ခိုင်မာခြင်းသဘော မရှိကုန်။

၃။ အသာရာ=အနှစ်သာရ မရှိကုန်။

၄။ စလာ=ရွေ့ရှားတတ်ကုန်၏၊

၅။ ပလောကဓမ္မာ=ပျက်စီးခြင်းသဘော ရှိကုန်၏၊

၆။ ဝိပရိဏာမ ဓမ္မာ=ဖောက်ပြန်ခြင်းသဘော ရှိကုန်၏၊

၇။ မရဏ ဓမ္မာ=သေဆုံးခြင်းသဘော ရှိကုန်၏၊

၈။ ဝိဘဝ ဓမ္မာ=ဆုံးရှုံးခြင်းသဘော ရှိကုန်၏၊

၉။ သင်္ခတာ=အဖန်ဖန် ပြုပြင်အပ်ကုန်၏၊

၁၀။ ပဘင်္ဂုနော=ဖရိုဖရဲ ပြိုကွဲခြင်းသဘော ရှိကုန်၏၊

အနိစ္စံ=အနိစ္စလက္ခဏာ ဆယ်ပါးတည်း။

ဒုက္ခလက္ခဏာ ၂၅-ပါး။။ ဣမေ ပဉ္စက္ခန္ဓာ=ဤငါးပါးသော ခန္ဓာတို့သည်

၁။ ဒုက္ခာ=ယုတ်မာ ညစ်ဆိုး ဒုက္ခမျိုးတို့သာတည်း။

၂။ ဘယာ=ကြောက်ဖွယ်ညစ်ဆိုး ဘေးရန်မျိုးတို့သာတည်း။

၃။ ဤတီ=ထိတ်လန့်စဖွယ် အန္တရာယ်မျိုးတို့သာတည်း။

၄။ ဥပဒ္ဒဝါ=လွန်စွာကပ်ရပ် နှိပ်စက်တတ်သော ဥပဒ်မျိုး တို့သာတည်း။

၅။ ဥပသဂ္ဂါ=တွယ်တာစွဲကပ် နှိပ်စက်တတ်သော ဥပဒ်မျိုး တို့သာတည်း။

၆။ ရောဂါ=ကျင်နာညစ်ဆိုး ရောဂါမျိုးတို့သာတည်း။

၇။ အာဗာဓာ=နှိပ်စက်ညစ်ဆိုး အနာမျိုးတို့သာတည်း။

၈။ ဂဏ္ဍာ=မဖွယ်ရုပ်ဆင်း ထွတ်မြင်းအနာမျိုးတို့သာတည်း။

၉။ သလ္လာ=စူးဝင်ညစ်ဆိုး မြားငြောင့်မျိုးတို့သာတည်း။

၁၀။ အဃာ=အကျိုးယုတ်, အကျိုးမဲ့မျိုးသာတည်း။

ဣမေ ပဉ္စက္ခန္ဓာ=ဤငါးပါးသော ခန္ဓာတို့သည်

၁၁။ အတာဏာ=စောင့်ရှောက်မဲ့လျှင်း ဘေး၏အသင်းတို့ သာတည်း။

၁၂။ အလေဏာ=ကွယ်ကာမဲ့လျှင်း ဘေး၏အသင်းတို့ သာတည်း။

၁၃။ အသရဏာ=ကိုးရာမဲ့လျှင်း ဘေး၏အသင်းတို့သာ တည်း။

၁၄။ အာဒီနဝါ=ဆိုးဝါးညစ်ကျု အပြစ်စုတို့သာတည်း။

၁၅။ အဃမူလာ=ကျိုးမဲ့ခပင်း ဆင်းရဲခြင်း၏ အရင်းအမြစ်တို့ သာတည်း။

၁၆။ ဝဓကာ=လူ,နတ်,ဗြဟ္မာ,သတ္တဝါကို နာရီမလပ် အတွင် သတ်သည့် သူသတ်မျိုးရိုးသာတည်း။

၁၇။ သာသဝါ=အာသဝေါတရား လေးပါးတို့၏ အစီးအပွါး တို့သာတည်း။

၁၈။ မာရာမိသာ=ကိလေသာမာရ်, မစ္စုမာရ်တို့၏ စားဖတ်, ဝါးဖတ် သုံးသပ် နင်းနယ်ရာတို့သာတည်း။

၁၉။ ဇာတိ ဓမ္မာ=သတ္တဝါကို မညှာမငဲ့ အရွဲ့အစောင်း မကောင်း ဆိုးညစ် ဖြစ်ချင်တတ်တိုင်း ဖြစ်တတ်သော သဘောရှိကုန်၏၊

၂၀။ ဇရာ ဓမ္မာ=ဆုတ်ယုတ် လျော့ပါးခြင်းသဘော ရှိကုန်၏၊

၂၁။ ဗျာဓိဓမ္မာ=နာခြင်းသဘောရှိကုန်၏၊

၂၂။ သောက ဓမ္မာ=စိုးရိမ်ပူပန်ရခြင်းသဘော ရှိကုန်၏၊

၂၃။ ပရိဒေဝ ဓမ္မာ=ငိုကြွေးမြည်တမ်းရခြင်းသဘော ရှိကုန်၏၊

၂၄။ ဥပါယာသ ဓမ္မာ=သက်ကြီးရှိုက်ငင် ပင်ပန်းရခြင်း သဘော ရှိကုန်၏၊

၂၅။ သံကိလေသိက ဓမ္မာ=တဏှာ, ဒိဋ္ဌိ, ဒုစ္စရိတ-တည်းဟူ သော ညစ်နွမ်းခြင်း သုံးပါးကို ပွါးစီးစေတတ်သော သဘောရှိကုန်၏၊

ဒုက္ခံ=ဒုက္ခလက္ခဏာ နှစ်ဆယ့်ငါးပါးတည်း။

အနတ္တ လက္ခဏာ ၅-ပါး။။ ဣမေ ပဉ္စက္ခန္ဓာ=ဤငါးပါးသော ခန္ဓာတို့တည်း

၁။ အနတ္တာ=ကိုယ်မဟုတ်ကုန်၊ အစိုးမရကုန်၊ အလိုသို့ မလိုက်ကုန်။

၂။ ပရေ=အကျွမ်းဝင်ခြင်း အမြဲကင်းသော သူစိမ်းပြင်ပတို့ သာတည်း။

၃။ ရိတ္တာ=အနှစ်သာရ ဟူသမျှနှင့် မြူစ,မယှဉ် အစဉ်ဆိတ် ကင်းသော တရားတို့သာတည်း။

၄။ တုစ္ဆာ=ကောင်းမြတ်ချမ်းသာ မင်္ဂလာသုခ ဟူသမျှနှင့် မြူစ မနီး အချည်းနှီးသော တရားတို့သာတည်း။

၅။ သုညာ=ထောက်ရာတည်ရာ ကိုးကွယ်ရာမျိုး တစိုးတစိ မရှိလုံးလုံး အသုံးမကျသော တရားတို့သာတည်း။

အနတ္တာ=အနတ္တလက္ခဏာ ငါးပါးတည်း။

အနိစ္စလက္ခဏာ ၁၀-ပါး, ဒုက္ခလက္ခဏာ ၂၅-ပါး, အနတ္တ လက္ခဏာ ၅-ပါး၊ ဘာဝနာ ၄၀-ဖြစ်၏၊

ဘာဝနာ ၄၀- ဆောင်ပုဒ် ပြီး၏၊

------ * -----

ဒုက္ခမျိုးစုံ အပါယ် ၄-ဘုံ

ဤ ဆိုလတ္တံ့သည်ကား အထက်ဆောင်ပုဒ်တို့ကိုကျက်၍ နှုတ်တက်ရွရွ ကျေကျေကြီးရသောအခါ၌ ထိုဆောင်ပုဒ်တို့နှင့် တိုက် ဆိုင်၍ သိမြင်ထင်လင်းရာသော သရုပ်အဓိပ္ပါယ် အကျယ်ပြဆို ခန်းတည်း။

ငရဲဘုံ,ငရဲကြီး ၈-ထပ်

သဉ္ဇိုဝ်း,ကာလ၊ သင်္ဃာတ၊ ဒွယ-ရောရုဝါ။

တာပန-ဒွိ၊ အဝီစိ၊ တည်ရှိ ငရဲရွာ။

ငါတို့စီရင်သည့် ''ပရမတ္ထသံခိပ် ပရမတ္ထသံခိပ်'' ဘုံပိုင်းတွင်လာသော လင်္ကာသံပေါက်။

၁။ သဉ္ဇိုဝ်း ငရဲကြီး၊

၂။ ကာလသုတ် ငရဲကြီး၊

၃။ သင်္ဃာတ ငရဲကြီး၊

၄။ ရောရုဝ ငရဲကြီး၊

၅။ မဟာရောရုဝ ငရဲကြီး၊

၆။ တာပန ငရဲကြီး၊

၇။ မဟာတာပန ငရဲကြီး၊

၈။ အဝီစိ ငရဲကြီး၊

ဤကား ဇမ္ဗူဒီပါကျွန်း၏ အောက်၌တည်ရှိသော ငရဲကြီးရှစ် ဘုံတည်း။

ငရဲကြီး ၈-ထပ် အကွာအဝေး

သောင်းငါးထောင်စီ၊ သင်္ချာညီ၊ ရှစ်လီ-ခြားအကွာ။ ၎င်းသံပေါက်။

လူ့ပြည်မှ အောက်ယူဇနာ တစ်သောင်းငါးထောင်အကွာတွင် သဉ္ဇိုဝ်း ငရဲကြီး တည်ရှိ၏၊

၎င်းအောက် ယူဇနာတစ်သောင်းငါးထောင်စီ ကွာခြား၍ ကြွင်းသော ငရဲကြီးခုနစ်ဘုံတို့သည်လည်း အဆင့်ဆင့် တည်ကြကုန်၏၊ အောက်ဆုံးဖြစ်သော အဝီစိငရဲကြီးသည် သိလာပထဝီမြေပေါ်၌ တည်၏၊

အလျားအနံ ယူဇနာတစ်ရာစီ နှင်နှင် ရှိကြ၏၊

ဥဿဒငရဲငယ် ၄-ထပ်

ဘင်,ပြာ,လက်,သန်၊ အစဉ်ရံ၊ လေးတန်-ဥဿဒါ။

၎င်းသံပေါက်။

၁။ ဘင်ပုပ်ငရဲ၊

၂။ ပြာပူငရဲ၊

၃။ လက်ပံတောငရဲ၊

၄။ သန်လျက်အရွက်ရှိသော သစ်ပင်တောငရဲ၊ ဥဿဒငရဲကြီး လေးထပ်တည်း။

အနံယူဇနာတစ်ရာစီ ရှိကြ၏၊ ငရဲကြီးရှစ်ထပ်တို့၏ ပြင်ဖက်၌ အတွင်းမှစ၍ အစဉ်အတိုင်း အဆင့်ဆင့်ပတ်၍ပတ်၍ တည်ရှိကြသော ဥဿဒငရဲကြီးလေးထပ်တည်း။

ထိုဥဿဒငရဲကြီးတို့၏ ပြင်ဖက်တခွင်၌ ကြိမ်ပိုက်ချောင်းငရဲ, လောဟကုမ္ဘီ ငရဲအစရှိကုန်သော များစွာသော ငရဲမျိုးတို့သည် ဝန်းရံ၍ တည်ရှိကြကုန်၏၊ တစ်ခုတစ်ခုသော ငရဲဘုံကြီးသည် ဇမ္ဗူဒီပါကျွန်းနှင့် အမျှ ယူဇနာတစ်သောင်းစီ ရှိကြ၏၊ အောက်ဆုံးဖြစ်သော အဝီစိငရဲကြီး၌ ခံနေကြကုန်သော သတ္တဝါတို့သည် ဝါးကျည်တောက်၌ ထည့်ထားအပ် သော မုန့်ညှင်းစေ့ကဲ့သို့ ထိစပ်ပြည့်နှက်၍ နေကြကုန်၏ဟု အဋ္ဌကထာ ကြီးတို့၌ မိန့်ဆိုကြကုန်၏၊

အထက်ငရဲကြီး ခုနစ်ဘုံတို့မှာလည်း ထိုနည်းအတူ ပြည့်ကြကုန် သည် ဟုသိရာ၏၊

ပြိတ္တာ အမျိုးမျိုး

ကိုယ်တွင်းမှာ အမြဲမီးတောက်၍နေသဖြင့် နှစ်ပေါင်းအသိန်းမက ရပ် တည်မရ ပြေး၍နေရသော ပြိတ္တာမျိုး၊

ကိုယ်ခန္ဓာမှ လှံတွေများစွာ အမြဲထိုး၍နေသဖြင့် နှစ်ပေါင်း အသိန်းမက ရပ်တည်၍မရ ပြေး၍နေသော ပြိတ္တာမျိုး၊

နှစ်ပေါင်းအသင်္ချေ များစွာရှည်၍ ထမင်းတစ်လုပ် ရေတစ်ပေါက် မျှ မတွေ့ရသော ပြိတ္တာမျိုး၊

အစရှိသဖြင့် မမြင်ဝံ့ မရှုဝံ့ ကြောက်ရွံ့ဖွယ်ရာသော ဒုက္ခကြီးနှင့် နေကြ ရသော ပြိတ္တာမျိုး အနန္တ ရှိ၏၊

အသုရကာယ် အမျိုးမျိုး

အလွန်ကြီးသောကိုယ်ရှိ၍ အပ်နဖါးမျှသော လည်ချောင်းပေါက် ရှိသဖြင့် စားခွင့်သောက်ခွင့်မရ အမြဲဆာလောင်၍နေရသော ကာလ ကဉ္စိက အသူရကာယ် မျိုးအစရှိသော မကြားဝံ့ မနာဝံ့ ကြောက်ရွံ့ဖွယ် ရာသော ဒုက္ခကြီးတွေနှင့် နှစ်ပေါင်း အသင်္ချေနေကြရသော အသုရကာယ်မျိုး အနန္တရှိ၏၊

တိရစ္ဆာန်အမျိုးမျိုး

ကုန်းတိရစ္ဆာန်မျိုး အနန္တ, ထိုထက် အဆအသင်္ချေ တွက်ရေသင်္ချာ များလှစွာသော ရေတိရစ္ဆာန်မျိုး အနန္တရှိ၏၊

အပါယ်ဘုံသားများပြားပုံ-- လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာဘုံဟူသော သုဂတိ နှစ်ဆယ့် ခုနစ်ဘုံတို့မှ သတ္တဝါတစ်ယောက်လျှင် အပါယ် လေးပုံတို့မှ သတ္တဝါ အသင်္ချေယျထား၍ နှိုင်းယှဉ်သည်ရှိသော် သုဂတိ နှစ်ဆယ့်ခုနစ်ဘုံ၌ သတ္တဝါ ကုန်လေရာ၏၊ အပါယ်လေးဘုံရှိ သတ္တဝါကား မကုန်လေရာ၊ ဤမျှလောက်သော အပါယ်လေးဘုံသည် အသိုက်အအုံ ကြီး ကျယ်လှ၏။

အဘယ့်ကြောင့် ဤမျှလောက် အပါယ်လေးဘုံသည် အသိုက် အအုံ ကြီးကျယ်လှသနည်းဟူမူကား --- နခသိခသုတ်, ကာဏကစ္ဆပေါ ပမသုတ် ဒေသနာတို့ဖြင့် ဖြေဆိုရာ၏၊

နခသိခသုတ် မြန်မာပြန်

နခသိခသုတ်-- ဆိုသည်ကား မြတ်စွာဘုရားသည် လက်သည်း တော်ပေါ်၌ မြေမှုန့်တို့ကို တင်ထားတော်မူ၍ ရဟန်းတို့ကို ဤသို့မိန့် တော်မူ၏။

ချစ်သားရဟန်းတို့--- မဟာပထဝီမြေကြီးရှိ မြေမှုန့်နှင့် ငါ၏ လက်သည်းတော်ပေါ်တွင် တင်ရှိသော မြေမှုန့်သည် အဘယ်ကများ သနည်းဟု မေးတော်မူ၏၊ လက်သည်းတော်ပေါ်ရှိ မြေမှုန့်ကား အလွန် နည်းလှပါ၏၊ မဟာပထဝီမြေမှုန့်ကား အလွန်များလှပါ၏ဟု ရဟန်းတို့က လျှောက်ကြကုန်၏။

ချစ်သားရဟန်းတို့--- ထို့အတူလျှင် တစ်နေ့တစ်နေ့မှာ သေဆုံး ကြကုန်သော သတ္တဝါအပေါင်းတို့တွင် သုဂတိဘုံသို့ ရောက်ကြကုန်သော သတ္တဝါ တို့ကား ငါ၏လက်သည်းပေါ်ရှိ မြေမှုန့်ကဲ့သို့ အလွန်နည်းလှ ကုန်၏၊ အပါယ်ဘုံသို့ ရောက်ကြကုန်သော သတ္တဝါတို့ကား မဟာပထဝီ မြေကြီးရှိ မြေမှုန့်တို့ကဲ့သို့ အလွန်များလှကုန်၏ဟူ၍ ဟောတော်မူသော ဒေသနာကို ''နခသိခသုတ်'' ဆိုသည်။

ကာဏကစ္ဆပေါပမသုတ် မြန်မာပြန်

ကာဏကစ္ဆပေါပမသုတ် ဆိုသည်ကား ရဟန်းတို့ကိုတော်ခေါ် မူ၍ ဤသို့ ဟောတော်မူ၏၊

ချစ်သားရဟန်းတို့ ---- မဟာသမုဒြာ၌ မျက်စိနှစ်ဖက် အစုံပျက် သော လိပ်ငယ်တစ်ကောင်သည် ရှိရာ၏၊ မဟာသမုဒြာ ရေအတွင်း၌သာ ရောက်မိ ရောက်ရာ သွား၍နေ၏၊ အနှစ်တစ်ရာမှ တစ်ခါ, တစ်ထောင်မှ တစ်ခါ ရေပေါ်သို့ ပေါ်လာ၏၊ မဟာသမုဒြာ၌ပင်လျှင် အပေါက်တစ်ခု သာရှိသော ထမ်းပိုးငယ် တစ်ခုသည် ရှိရာ၏၊ လေဆောင်ရာ, လှိုင်း ဆောင်ရာ လေးမျက်နှာ, ရှစ်မျက်နှာ မျောပါးလွင့်ပါ၍ နေ၏၊ အနှစ် တစ်ရာ, အနှစ်တစ်ထောင်မှ တစ်ခါသာပေါ်သော လိပ်ငယ်၏ ဦးခေါင်းကို ထိုထမ်းပိုငယ်အပေါက်၌ စွပ်မိနိုင်ရာသော အခွင့်သည် ရှိ၏လောဟု မေးတော်မူ၏၊

စွပ်မိနိုင်ရာသော အခွင့်မရှိပါ၊ သို့သော်လည်း ကပ်ကမ္ဘာမည် သည် အလွန်တရာ ရှည်ကြာလှသည်ဖြစ်၍ လိပ်ငယ်ကလည်း မသေ မပျောက်ပါမူကား, ထမ်ပိုးငယ်ကလည်း မပုပ်မဆွေးပါမူကား တစ်ရံတစ်ခါ စွပ်မိနိုင်ရာသော အခွင့်ရှိပါ၏ဟု လျှောက်ကြကုန်၏၊

ချစ်သားရဟန်းတို့--- လိပ်ကာဏ်း ထမ်းပိုးစွပ်မိရာသော အခွင့် သည် အလွန်လွယ်လှပါသေး၏၊ ဤသုဂတိဘုံမှ အပါယ်ဘုံသို့ တစ်ကြိမ် ကျရောက်လေ သောသူ၏ ဤသုဂတိဘုံသို့ တစ်ဖန်ပြန်လာရန်အခွင့် သည် ထိုထက်အဆ အရာ မက, အဆအထောင်မက ခဲယဉ်းလှ၏၊

အဘယ့်ကြောင့်နည်းဆိုသော်--- တရားကိုကျင့်ခြင်း, ကုသိုလ် ကောင်းမှု ကိုပြုခြင်းဟူသော သုစရိုက်မှုမျိုးဟူ၍ အပါယ်ဘုံ၌မရှိ၊ နိုင်ရာနိုင်ရာ သတ်ဖြတ် ညှင်းဆဲ၍ စားသောက်ခြင်း အစရှိသော ဒုစ္စရိုက်မှုတို့သည် အပါယ်ဘုံ၌ ရှိကုန်၏၊ ကုသိုလ်မှန်း, အကုသိုလ်မှန်းပင် မသိကြ၊ အသက်ရှည်သမျှ ကာလပတ်လုံး ဒုစရိုက်မှု, ဒုက္ခတို့နှင့်သာ နေကြကုန်၏၊

ထို့ကြောင့် တစ်ဘဝထက် တစ်ဘဝ မြုပ်၍မြုပ်၍သာ သွားကြ ကုန်၏၊ နစ်၍နစ်၍သာလျှင် သွားကြကုန်၏၊

ထို့ကြောင့် ထိုလိပ်ကာဏ်းထမ်းပိုးစွပ်မိမှုထက် ဤသုဂတိဘုံမှ အပါယ်ဘုံသို့ တစ်ကြိမ်ကျရောက်လေသောသူ၏ ဤသုဂတိဘုံသို့ ပြန် လာရန် အခွင့်သည် အဆအရာမက, ခဲယဉ်းလှ၏ဟု ဟောတော်မူသော ဒေသနာသည် ''ကာဏ ကစ္ဆပေါပမသုတ်'' မည်၏၊

ဤသုတ်၌ကား--- အပါယ်ဘုံမှာ တစ်ဘဝထက်တစ်ဘဝ ဝန်လေး၍ ဝန်လေး၍သွားသော အကုသိုလ်အသစ်အသစ်တို့အတွက်နှင့် တစ်ဘဝထက် တစ်ဘဝ မြုပ်၍မြုပ်၍သာ သွားကြသဖြင့် သုဂတိဘုံသို့ တစ်ဖန်ပြန်လာခွင့် ခဲယဉ်းမှုကို ဟောတော်မူသည်။

အဋ္ဌကထာ ဖွင့်ပြချက်-- အဋ္ဌကထာကြီးတို့၌ကား အနမတဂ္ဂ သံသရာ၌ ကျင်လည်၍နေကြကုန်သော သတ္တဝါအပေါင်းတို့အား သူတော်ကောင်းတရားနှင့် ပြည့်စုံစွာဖြစ်ရသော ဘဝသည် အလွန် နည်းပါးလှ၏၊ ဘဝတစ်သောင်း, ဘဝတစ်သိန်းမှာ တစ်ခါတစ်ခါ မကြုံကြိုက်ရ၊ တစ်ဘဝလုံး တစ်ဘဝလုံး ဒိဋ္ဌိ ဒုစ္စရိုက် အမိုက်အမှားတို့နှင့် ကုန်ခဲ့ရသောဘဝတွေ များလှကုန်၏၊ တစ်ဘဝတစ်ဘဝတွင်ပင် ဒိဋ္ဌိ ဒုစ္စရိုက် အမိုက်ကံပေါင်း အနန္တ အနန္တ ဖြစ်ပွါးကြ၏။

သေသည်၏အခြားမဲ့၌ကား--- တစ်ကံတစ်ကံသည်သာ အကျိုး ပေးခွင့်ရ၏၊ ဘဝတိုင်းဘဝတိုင်းတို့က ကျန်ရှိသော ဒိဋ္ဌိဒုစ္စရိုက် ကံဟောင်း တို့သည် မိမိတို့အကျိုးပေးခွင့်မရသေးသမျှကာလပတ်လုံး အနမတဂ္ဂ သံသရာ၌ သတ္တဝါတို့သန္တာန်မှာ ဖြစ်လေရာရာ အစဉ်လိုက်ပါ၍ နေကြ ကုန်၏။

အပါယ်ဘုံမည်သည် အကုသိုလ်ကံတို့၏ ဌာနပေတည်း၊ အပါယ်ဘုံသို့ တစ်ကြိမ်ကျရောက်လေသည်ရှိသော် ထိုကံဟောင်းတို့သည် ကောင်းကောင်းကြီး အခွင့်ရကြကုန်၏၊ တစ်ကံလျှင်တစ်ဘဝ, တစ် ကံလျှင်တစ်ဘဝ ဆက်ကာ ဆက်ကာ ပေးခွင့်ရရှိကြကုန်၏၊ ထိုကံ ဟောင်းတို့အတွက်နှင့် တစ်ဘဝထက်တစ်ဘဝ မြုပ်၍ မြုပ်၍သွားသဖြင့် မဟာအဝီစိသို့ ဆိုက်လေ၏၊ မဟာအဝီစိမှအောက်၌ ငရဲဘုံဟူ၍ မရှိသောကြောင့် မဟာအဝီစိမှာ စုမိကြ၏။

ဤကဲ့သို့ တစ်ခုသောကံငယ်နှင့် အပါယ်သို့ကျလေရာ ရှေးကံ ဟောင်းတွေ ဆက်လက်မှုကြောင့် မဟာအဝီစိတိုင်အောင် မြှုပ်လေ၍ မဟာအဝီစိမှာ ထပ်ကာ ထပ်ကာ ဖြစ်၍နေရသဖြင့် ကမ္ဘာပျက်မှပင် အဝီစိငရဲမှ ကျွတ်လွတ်နိုင်ကြမည့် သတ္တဝါအပေါင်းတို့သည် ယခုအခါ မဟာအဝီစိငရဲဘုံမှာ အသင်္ချေယျ အနန္တ ရှိကြကုန်၏-ဟူ၍ ဖွင့်ဆိုကြ ကုန်၏။

ဤအဋ္ဌကထာကြီးတို့၌ကား သုဂတိဘုံမှ အပါယ်ဘုံသို့ တစ်ကြိမ် ကျရောက်လေသောသူ၏ ရှေးရှေးသော အကုသိုလ်ကံဟောင်းတွေ အတွက်နှင့် တစ်ဘဝ ထက် တစ်ဘဝ မြှုပ်၍မြှုပ်၍သာ သွားကြသဖြင့် သုဂတိဘုံသို့ တစ်ဖန်ပြန်ရခွင့် ခဲယဉ်းမှုကို ဖွင့်ဆိုကြပေကုန်၏၊

ပါဠိ,အဋ္ဌကထာတို့၏ အဓိပ္ပါယ်

နခသိခသုတ်---ပဌမသုတ္တန်၌ တစ်နေ့တစ်နေ့လျှင် အပါယ် ဘုံ၌ ပဋိသန္ဓေတည်နေကြသူ အသင်္ချေယျ အနန္တ များလှသည်ကို ပြတော်မူ၏။

ကာဏကစ္ဆပေါပမသုတ်-- ဒုတိယသုတ္တန်၌ သုဂတိဘုံမှ အပါယ်ဘုံသို့ တစ်ကြိမ်ကျရောက်ခဲ့လျှင် အပါယ်ဘုံမှာ အဆင့်ဆင့်ဖြစ် ပွါး၍ သွားသော အကုသိုလ်ကံအသစ်တို့အတွက် သုဂတိဘုံသို့ တစ်ဖန် ပြန်ရခွင့် ခဲယဉ်းမှုကို ပြတော်မူ၏။

အဋ္ဌကထာကြီးအဓိပ္ပါယ်-- အဋ္ဌကထာကြီးတို့၌ကား ရှေးရှေး သော ဘဝအဆက်ဆက်, ကမ္ဘာအဆက်ဆက်တို့က အစဉ်ပါရှိ၍နေ ကြသော ကံဟောင်းတို့အတွက် သုဂတိဘုံသို့ တစ်ဖန်ပြန်ရခွင့် ခဲယဉ်းမှုကို ပြတော်မူကြကုန်၏။

အားလုံးသောပါဠိ,အဋ္ဌကထာ, ဋီကာ ၃-ရပ်တို့ကို စပ်ဟပ်နှီး နှော၍ ပြောဆို လိုသော် အပါယ်ဘုံမည်သည် ဝင်ပေါက်သာရှိ၏၊ ထွက်ပေါက်မရှိ၊ ကျပေါက် သာရှိ၏၊ တက်ပေါက်မရှိ၊ မြုပ်ပေါက်သာရှိ၏၊ ပေါ်ပေါက်မရှိ၊ စုန်ပေါက်သာရှိ၏၊ ဆန်ပေါက်မရှိဟု ဆိုထိုက်၏၊ ဤနည်းကို အတိတ်, အနာဂတ်, အနမတဂ္ဂသံသရာ တခွင်လုံး, စကြဝဠာ အနန္တလုံး မြော်မြင်လေ။

ဤကား အပါယ်လေးဘုံ အသိုက်အအုံ ကြီးကျယ်ပုံကို အမြွက်မျှ ပြဆိုခန်းတည်း။

----- * ----

အတ္တဒိဋ္ဌိကြောင့် အပါယ်ဘုံ၌ဖြစ်ရပုံ

အနမတဂ္ဂ သံသရာ၌ ဤမျှလောက် ကြီးကျယ်၍နေသော အပါယ်လေးဘုံ အသိုက်အအုံကြီးသည် ဘယ်တရားတို့မှ ဖြစ်သနည်း။

ဘယ်တရားတို့၏ အစီးအပွားနည်းဟူမူကား- တစ်ယောက်, တစ်ယောက် သော သတ္တဝါ၏ ကိုယ်ခန္ဓာမှ ဖြစ်လေရာရာ အစဉ်ပါ၍နေ သော ပြဆိုခဲ့ပြီးသော ဒုစ္စရိုက်ကံဟောင်း အနန္တ, ဒုစ္စရိုက် ကံသစ် အနန္တတို့မှ ဖြစ်၏၊

ဒုစ္စရိုက်ကံဟောင်း အနန္တ, ဒုစ္စရိုက်ကံသစ် အနန္တတို့၏ အစီးပွါး သာတည်း။

ထိုဒုစ္စရိုက်ကံဟောင်း အနန္တတို့သည်ကား အဘယ်တရား၌ တွယ်တာ၍ အစဉ်ပါရှိကာ နေကြကုန်သနည်း။

ထိုဒုစ္စရိုက်ကံသစ် အနန္တတို့သည်ကား အဘယ်တရားမှ ပေါက်ဖွါး၍ နေကြကုန်သနည်းဟူမူကား--

အကုသိုလ် ဒုစ္စရိုက်ကံဟောင်း အနန္တတို့သည် အတ္တဒိဋ္ဌိတို့၌ တွယ်တာ၍ အစဉ်ပါရှိကာ နေကြကုန်၏၊ အတ္တဒိဋ္ဌိချုပ်ဆုံးခဲ့လျှင် ဒုစ္စရိုက်ကံဟောင်း အနန္တတို့သည် တစ်ပြိုင်နက် တစ်ချက်တည်း ချုပ်ဆုံး ကွယ်ပျောက်ကြကုန်၏၊

အကုသိုလ် ဒုစ္စရိုက်ကံသစ် အနန္တတို့သည် အတ္တဒိဋ္ဌိမှ ပေါက်ဖွါး၍ နေကြကုန်၏၊ အတ္တဒိဋ္ဌိချုပ်ဆုံးခဲ့လျှင် အကုသိုလ်ဒုစ္စရိုက်သစ် အနန္တတို့သည် နောင် အနမတဂ္ဂသံသရာ၌ တစ်ဖန် ဖြစ်ပေါ်ကြခြင်းမရှိ၊ အကုန်လုံး ချုပ်ငြိမ်းကြကုန်၏၊

အတ္တဒိဋ္ဌိ ရှိနေကြကုန်သော သတ္တဝါတို့သည်ကား--

လူ့ပြည်မှာ သူဌေးသူကြွယ်, ပဒေသရာဇ်, စကြာမန္ဓာတ်မင်း ဖြစ်၍နေကြ ကုန်သော်လည်း ဒုစ္စရိုက်မီးဟောင်း အနန္တ, ဒုစ္စရိုက်မီးသစ် အနန္တ ဝိုင်းလျက် နေကြကုန်၏၊ အပါယ်မီးတွေ အနန္တဝိုင်းလျက် နေကြကုန်၏၊

နတ်ပြည်ခြောက်ထပ်၌ နတ်မင်း, သိကြားမင်းဖြစ်၍ နေကြကုန် သော်လည်း ထိုဒုစ္စရိုက်မီး, အပါယ်မီးတွေ ဝိုင်းလျက်နေကြကုန်၏၊ ဗြဟ္မာ့ပြည်၌ ဗြဟ္မာမင်းကြီးဖြစ်၍ နေကြကုန်သော်လည်း ထို ဒုစ္စရိုက်မီး, အပါယ်မီးတွေ ဝိုင်းလျက်နေကြကုန်၏၊

ဘဝဂ်ဘုံမှာ ဗြဟ္မာမင်းကြီးဖြစ်၍ နေကြကုန်သော်လည်း ဒုစ္စရိုက် မှုတွေ တန်းလန်း, အပါယ်သို့ ကျရောက်ရန် အပါယ်မှုတွေ တန်းလန်း နှင့်နေကြကုန်၏၊

အတ္တဒိဋ္ဌိ ရှိနေကြသမျှ ကာလပတ်လုံး ထိုဒုစ္စရိုက်မီး, အပါယ်မီး တို့၏ ငြိမ်းမှုဟူသော သန္တိသုခကို အဏုမြူမျှ မရကြကုန်။

ဒုစ္စရိုက်ကံသစ် အနန္တ-- ဒုစ္စရိုက်ကံသစ်အနန္တ ဆိုသည်ကားအတ္တဒိဋ္ဌိ ရှိနေသမျှကာလပတ်လုံး ရှေ့သို့တွင်တွင် မိုက်မှား၍ သွားကြဦး မည့် အမှုသစ်တွေကို ဆိုသတည်း၊ တရားစောင့်ထိန်းသော လူသူတော် ကောင်း, နတ်သူတော်ကောင်း, ဗြဟ္မာသူတော်ကောင်းဖြစ်၍ နေကြ ကုန်သော်လည်း ရှေ့သို့ ထိုဒုစ္စရိုက် အမိုက်အမှား အနန္တမီးထဲသို့ ဝင်ကြရ, ရောက်ကြရဦးမည်ကား မချွတ်တည်း။

ထိုအတ္တဒိဋ္ဌိသည် အလွန်မှောက်မှားသော မိစ္ဆာဓမ္မကြီးဖြစ်၍ ထိုဒိဋ္ဌိ အုပ်စိုးလျက် ရှိနေကြကုန်သော သူတို့သန္တာန် လောဘမီး, ဒေါသမီး, မောဟမီး တို့သည် အလွန်ထက်သန်ကြကုန်၏၊ တစ်ထောင့် ငါးရာ ကိလေသာမီးတို့သည် အလွန်ကြမ်းတမ်းကုန်၏၊ သဒ္ဓါအစရှိသော ကောင်းမြတ်သော တရားတို့သည် အလွန်နုန့်နှေး သေးသိမ်ကုန်၏။

လူ့ချမ်းသာ လူ့စည်းစိမ်,နတ်ချမ်းသာ နတ်စည်းစိမ်,ဗြဟ္မာ့ ချမ်းသာ ဗြဟ္မာ့ စည်းစိမ်တို့သည်ကား ထိုကိလေသာမီးတို့ကို လွန်စွာ တောက်စေနိုင်, ပွါးစေနိုင်ကုန်၏၊

၁။ လူ့ချမ်းသာ လူ့စည်းစိမ်တို့သည် လူ၌ဖြစ်သော ကိလေသာမီးတို့ကို နေ့စဉ် တိုးပွါးစေကုန်၍ လူ့ဘုံသူ လူ့ဘုံသား အတ္တဒိဋ္ဌိသမားတို့ကို သေသည်၏ အခြားမဲ့၌ အပါယ်လေး ဘုံသို့ချည်း အကုန်တွန်းလှဲ၍ ချကုန်၏။

၂။ နတ်ပြည်ခြောက်ထပ်၌ နတ်ချမ်းသာ နတ်စည်းစိမ်တို့သည် နတ်၌ဖြစ်သော ကိလေသာမီးတို့ကို နေ့စဉ်တိုးပွါးစေ ကုန်၍ နတ်ပြည်ခြောက်ထပ် နတ်ဘုံသူ,နတ်ဘုံသားတို့ကို သေသည်၏အခြားမဲ့၌ အပါယ်လေးဘုံသို့ချည်း အကုန် တွန်းလှဲ၍ချကုန်၏။

၃။ ဗြဟ္မာ့ချမ်းသာ ဗြဟ္မာ့စည်းစိမ်တို့သည် ဗြဟ္မာ၌ဖြစ်သော ကိလေသာ မီးတို့ကို နေ့စဉ်တိုးပွါးစေကုန်၍ ဗြဟ္မာ့ဘုံသူ, ဗြဟ္မာ့ဘုံသားတို့ကို အပါယ်လေးပါးသို့ချည်း အကုန် တွန်းလှဲ၍ချကုန်၏။

ထို့ကြောင့်--

လူ့ချမ်းသာ,နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတို့သည် အတ္တဒိဋ္ဌိရှိ နေကြကုန်သော လူ, နတ်, ဗြဟ္မာ သတ္တဝါတို့မှာ အလွန်ကြီးကျယ်စွာသော အန္တရာယ်ကြီး အစစ် ဖြစ်ကုန်၏၊ ဒုက္ခကြီးအစစ် ဖြစ်ကုန်၏။

အတ္တဒိဋ္ဌိမရှိလျှင် အပါယ်ဘုံ၌ မဖြစ်ပုံ-- အတ္တဒိဋ္ဌိ မချုပ်ငြိမ်း သဖြင့် အလုံးစုံသော ဒုစ္စရိုက်မီး, အပါယ်မီးတို့မှ လွတ်ငြိမ်းကုန်ပြီးသော လူ, နတ်,ဗြဟ္မာ အရိယာတို့၏သန္တာန်၌မူကား သဒ္ဓါအစရှိသော ကောင်း မြတ်သော တရားတို့သည် ဝင်းဝင်းတောက် ထက်သန်ကြကုန်၏၊ လောဘ,ဒေါသ,မောဟအစရှိသော ကိလေသာတို့သည် အလွန်နုန့်နှေး သေးသိမ်ကြကုန်၏၊

လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာတို့သည် ထိုလူ, နတ်, ဗြဟ္မာ အရိယာတို့မှာ ပျော်မွေ့ဖို့သာဖြစ်ကုန်၏၊ ယုတ်နိမ့်သော ဘဝသို့ တွန်းချနိုင်သော အန္တရာယ်ကြီးတွေ မဟုတ်ကြကုန်ပြီ။

ထိုအတ္တဒိဋ္ဌိသည် အဘယ်တရားမှ ဖြစ်သနည်း။

အဝိဇ္ဇာမှ အတ္တဒိဋ္ဌိဖြစ်ပေါ်လာခြင်း-- လူ့ခန္ဓာ, နတ်ခန္ဓာ, ဗြဟ္မာ ခန္ဓာတို့၌ အနတ္တအချက်ကြီး ကို ဖုံးလွှမ်း၍နေသော အဝိဇ္ဇာကြီးမှ ဖြစ်၏။

အနတ္တအချက်ကြီးကို ဖုံးလွှမ်း၍နေသော အဝိဇ္ဇာကြီးသည် အဘယ် တရားမှ ဖြစ်သနည်း။

လူ့ခန္ဓာ, နတ်ခန္ဓာ, ဗြဟ္မာခန္ဓာတို့၌ ဒုက္ခအချက်ကြီးကို ဖုံးလွှမ်း၍ နေသော အဝိဇ္ဇာကြီးမှ ဖြစ်၏၊

ဒုက္ခအချက်ကြီးကို ဖုံးလွှမ်း၍နေသော အဝိဇ္ဇာကြီးသည် အဘယ် တရားမှ ဖြစ်သနည်း။

လူ့ခန္ဓာ, နတ်ခန္ဓာ, ဗြဟ္မာခန္ဓာတို့၌ အနိစ္စအချက်ကြီးကို ဖုံးလွှမ်း၍နေသော အဝိဇ္ဇာကြီးမှ ဖြစ်၏၊

လူ့ခန္ဓာ, နတ်ခန္ဓာ, ဗြဟ္မာခန္ဓာတို့၌ အနိစ္စအချက်ကြီးကို ဖုံးလွှမ်း ၍နေသော အဝိဇ္ဇာကြီး ချုပ်ငြိမ်းခဲ့လျှင် ဒုက္ခအချက်ကြီးကို ဖုံးလွှမ်းသော အဝိဇ္ဇာကြီးသည်လည်း ချုပ်ငြိမ်းလေ၏၊ အနတ္တအချက်ကို ဖုံးလွှမ်းသော အဝိဇ္ဇာကြီးသည်လည်း ချုပ်ငြိမ်းလေ၏၊

အနတ္တအချက်ကြီးကို ဖုံးလွှမ်းသော အဝိဇ္ဇာကြီး ချုပ်ငြိမ်းခဲ့လျှင် အတ္တဒိဋ္ဌိကြီးသည် အပြီးချုပ်ဆုံး၏၊ အတ္တဒိဋ္ဌိကြီး ချုပ်ဆုံးခဲ့လျှင် ဒုစ္စရိုက် ဟောင်း, ဒုစ္စရိုက်သစ်တို့သည် အကုန်ချုပ်ငြိမ်းကုန်၏၊

ဒုစ္စရိုက်ဟောင်း, ဒုစ္စရိုက်သစ်တို့ အကုန်ချုပ်ငြိမ်းခဲ့လျှင် ထိုသူမှာ ရှေ့သို့ကျ ရောက်ရန်, အပါယ်ဘဝတွေ အကုန်ချုပ်ငြိမ်းကုန်၏၊ ရရှိဆဲ ရရှိလတံ့ကုန်သော လူ့ချမ်းသာ လူ့စည်းစိမ်, နတ်ချမ်းသာ နတ်စည်းစိမ်, ဗြဟ္မာ့ချမ်းသာ ဗြဟ္မာ့စည်းစိမ်တို့သည် အန္တရာယ်ကြီးတွေ မဟုတ်ကြ ကုန်ပြီ၊ မွေ့လျော်ဖွယ်တွေသာ ဖြစ်ကုန်၏။

အတ္တဒိဋ္ဌိပယ်ခွါနည်း ဘာဝနာ ၄၀-- ထို့ကြောင့် ယခုအခါ၌ ''အတ္တ ဒိဋ္ဌိ'' ၏ ချုပ်ငြိမ်းခြင်းကို အလို ရှိကြကုန်သော သူအပေါင်းတို့သည် ခန္ဓာငါးပါးတို့၌ အနိစ္စအချက်ကြီးကို ဖုံးလွှမ်း ၍နေသော အဝိဇ္ဇာကြီးကို ချုပ်ငြိမ်းစေခြင်းငှါ ဆယ်ပါးသော အခြင်းအရာတို့ဖြင့် အနိစ္စဘာဝနာကို ရှေးဦးစွာ အားထုတ်ကြကုန်ရာ၏၊ ထို့နောင် နှစ်ဆဲ့ငါးပါးသော အခြင်း အရာတို့ဖြင့် ဒုက္ခဘာဝနာကို အားထုတ်ကြကုန်ရာ၏၊ ထို့နောင် ငါးပါး သော အခြင်းအရာတို့ဖြင့် အနတ္တဘာဝနာကို အားထုတ်ကြကုန်ရာ၏။

အတ္တဒိဋ္ဌိကြောင့် အပါယ်ဘုံ၌ ဖြစ်ရပုံ ပြီး၏၊

--------- * --------

အနုပဿနာဉာဏ်ဖြင့် ပယ်အပ်သောတရားများ

ဤအရာ၌

၁။ စွဲလမ်းတတ်သော တရား ၃-ပါး၊

၂။ စွဲလမ်းသော အခြင်းအရာ ၃-ပါး၊

၃။ စွဲလမ်းရာ ဝတ္ထု ၃-ပါး၊

၄။ အစွဲအလမ်းကို ဖျောက်ပယ်တတ်သော အနုပဿနာ ဉာဏ် ၃-ပါး၊

ဤတရားတို့ကို ရှေးဦးစွာ သိရာ၏၊

၁။ မာန, တဏှာ၊ ဒိဋ္ဌိသာ၊ မှတ်ပါ စွဲလမ်းတတ်။

၂။ ဧသောဟ မသ္မိ၊ ဧတံ မမ၊ ဧသော မေ အတ္တာ၊ ဤ ၃-ဖြာ၊ ခြင်းရာ ၃-ပါးမှတ်။

၃။ နိမိတ္တ, ပဏိဟိတ၊ အတ္တဇီဝါ၊ ဤ ၃-ဖြာ၊ စွဲရာ ဝတ္ထုမှတ်။

၄။ အနိမိတ္တ၊ အပဏိဟိတာ၊ သုညတာ၊ မှတ်ပါ ဖျောက် ပယ်တတ်။

အစဉ်အတိုင်း သံပေါက်။

စွဲလမ်းတတ်သော တရား ၃-ပါး

မာန, တဏှာ၊ ဒိဋ္ဌိသာ၊ မှတ်ပါ စွဲလမ်းတတ်-ဟူသော ကဗျာ၌၁။ ''မညနံ မာနော''။

မညနံ=အထင်မှားခြင်း၊ မာနော=အထင်မှားခြင်း။

၂။ ''တဿနံ တဏှာ''။

တဿနံ=တွယ်တာခြင်း၊ တဏှာ=တွယ်တာခြင်း။

၃။ ''ဒဿနံ ဒိဋ္ဌိ''။

ဒဿနံ=အမြင်မှားခြင်း၊ ဒိဋ္ဌိ=အမြင်မှားခြင်း။

စွဲလမ်းတတ်သော တရား ၃-ပါးမှတ်။

စွဲလမ်းသော အခြင်းအရာ ၃-ပါး

''ဧသောဟ မသ္မိ၊ ဧတံ မမ၊ ဧသော မေ အတ္တာ'' ဤသုံးပါးကား စွဲလမ်းပုံ အခြင်းအရာ သုံးပါးတည်း။

၁။ ဧသော=ဤသည်ကား၊ အဟံ=ငါသည်၊ အသ္မိ=ဖြစ်၏၊ မာနစွဲလမ်းပုံ။

၂။ ဧတံ=ဤသည်ကား၊ မမ=ငါ့ဟာတည်း။ တဏှာစွဲလမ်းပုံ။

၃။ ဧသော=ဤသည်ကား၊ မေ=ငါ၏၊ အတ္တာ=အတ္တတည်း။ ဝါ=အထည်ခံ အမာခံ အနှစ်အသားတည်း။ ဒိဋ္ဌိစွဲလမ်းပုံ။

စွဲလမ်းရာ ဝတ္ထု ၃-ပါး

နိမိတ္တ,ပဏိဟိတ, အတ္တ ဇီဝ- ဟူသော စွဲလမ်းရာဝတ္ထု ၃-ပါး၌

၁။ ပုဂ္ဂိုလ် သတ္တဝါ၊ ငါ သူတစ်ပါး၊ ယောကျ်ား မိန်းမ၊ ဦးခေါင်း စသား၊ ဒြဗ်များ၊ မှတ်သား နိမိတ္တ။

၂။ လှပတင့်တယ်၊ ဆန်းတကြယ်နှင့်၊ ဖွယ်ရာလျောက် ပတ်၊ ကောင်း မြတ်ချမ်းသာ၊ မင်္ဂလာ ကျက်သရေ၊ မက်ဖွယ်တွေ မှတ်လေ ပဏိဟိတ။

၃။ ပြုတတ်ကြံတတ်၊ ပြောဆိုတတ်နှင့်၊ သိမှတ်ခံစား၊ ပြောင်း သွားကျင်လည်၊ အတ္တမည်၏၊ အရှည် နှစ်-လ၊ တည်သမျှ၊ ဇီဝမှတ်သညာ။

ရုပ်နာမ်တို့၌ နိမိတ္တဟု စွဲလမ်းပုံ

သစ်ပင်ရိပ်ဥပမာနှင့် ရုပ်ခန္ဓာအရိပ်-- ဤကဗျာ ၃-ပုဒ်၌ အဓိပ္ပါယ်ကား သစ်ပင်ရှိသည်ရှိသော် သစ်ပင်ကိုစွဲ၍ သစ်ပင်ရိပ် ပေါ်မြဲဖြစ်၏၊ အကိုင်းရိပ်, အခက်ရိပ်, အညွန့်ရိပ်, အရွက်ရိပ်, အပွင့်ရိပ်, အသီးရိပ် အစုံပေါ် မြဲဖြစ်၏၊ ထိုသို့ပေါ်ရာ၌ သစ်ပင်သည် အရိပ်မဟုတ်၊ အရိပ်သည် သစ်ပင်မဟုတ်၊ သစ်ပင်ကိုစွဲ၍ အရိပ်ဖြစ်၏။

သစ်ပင်, သစ်ကိုင်း, သစ်ခက်, သစ်ညွန့်, သစ်ပွင့်, သစ်သီးတို့ သည်လည်း အဋ္ဌကလာပ်ရုပ် အစုတို့ကိုစွဲ၍ ပေါ်ကြသော အရိပ်ကြီးငယ် တို့သာတည်း၊ အဋ္ဌကလာပ်ရုပ်အစုတို့သည် သစ်ပင်, သစ်ကိုင်း စသည် မဟုတ်ကြကုန်၊ သစ်ပင်, သစ်ကိုင်း စသည်တို့သည် အဋ္ဌကလာပ်ရုပ်အစု မဟုတ်ကြကုန်။

အဋ္ဌကလာပ်ရုပ်အစုကိုစွဲ၍ သစ်ပင်, သစ်ကိုင်းစသော အရိပ် သဏ္ဌာန်ကြီး ငယ်တို့သည် ပေါ်ကုန်၏၊ သစ်ပင်, သစ်ကိုင်းရိပ်စသော အရိပ်သဏ္ဌာန် ကြီးငယ်တို့ကိုစွဲ၍ သစ်ပင်ရိပ်, သစ်ကိုင်းစသော အရိပ် ကြီးငယ်တို့သည် ပေါ်ကုန်၏။

ရုပ်မှ အရိပ် ၂-မျိုးပေါ်ခြင်း-- ဤသို့လျှင် သစ်ပင်၌ရှိသော အဋ္ဌ ကလာပ် ရုပ်အစုတို့မှ အရိပ်နှစ်မျိုး ပေါ်၏၊

သစ်ပင်သဏ္ဌာန်, သစ်ကိုင်း သဏ္ဌာန်စသော ပဌမအရိပ်တို့ကား အဋ္ဌ ကလာပ်ရုပ်အစုတို့ကိုမှီ၍ ပေါ်ကုန်၏၊

သစ်ပင်ရိပ်, သစ်ကိုင်းရိပ်စသော ဒုတိယအရိပ်တို့ကား မြေ အပြင်၌ ပေါ်ကုန်၏၊

ပကတိ လူတို့သည် ဤဒုတိယအရိပ်ကိုသာ အရိပ်ဟူ၍ သိကြ ကုန်၏၊ ပဌမအရိပ်ကိုကား အရိပ်ဟူ၍ မသိကြကုန်။

ထို့အတူ-

သတ္တဝါတို့၌လည်း--ရုပ်ခန္ဓာတို့မှ အရိပ်နှစ်မျိုး ထွက်၏၊ ပုဂ္ဂိုလ်အသွင်, သတ္တဝါအသွင်ဟူသောအရိပ်၊ ဦးခေါင်းသဏ္ဌာန်, ကိုယ်သဏ္ဌာန်, ခြေသဏ္ဌာန်, လက်သဏ္ဌာန်, လည်ပင်းသဏ္ဌာန်ဟူသော အရိပ်။

ဦးခေါင်း၌လည်း--- ဦးထိပ်သဏ္ဌာန်, နဖူးသဏ္ဌာန်, မျက်နှာ သဏ္ဌာန်စသည်၊ မျက်လုံးသဏ္ဌာန်, နှာခေါင်းသဏ္ဌာန်, ခံတွင်းပေါက် သဏ္ဌာန်, မေးသဏ္ဌာန်, နားရွက်သဏ္ဌာန်စသည် အရိပ်ကြီးငယ် အလွန် များ၏၊

ကိုယ်၌လည်း---ရင်သဏ္ဌာန်, ဝမ်းသဏ္ဌာန်, ဆီးသဏ္ဌာန်, ကျောက်ကုန်း သဏ္ဌာန်, ခါးသဏ္ဌာန်, နံဘေးသဏ္ဍာန်စသည် အရိပ်ကြီး ငယ် အလွန်များ၏၊

ထို့အတူ

ဆံပင်သဏ္ဌာန်ပေါင်း ၂-ကုဋေ ၄-သန်း။

မွေးညင်းသဏ္ဌာန်ပေါင်း ၉-သောင်း ၉-ထောင်။

ခြေသည်းသဏ္ဌာန်ပေါင်း ၁၀။

လက်သည်းသဏ္ဌာန်ပေါင်း ၁၀။

သွားသဏ္ဌာန်ပေါင်း ၃၂။

အရေထူ,အရေပါး သဏ္ဌာန်ကြီး ၂။

အသားစိုင်,အသားခဲသဏ္ဌာန်ပေါင်း ၉-ရာ။

အကြောကြီး, အကြောငယ် သဏ္ဌာန်ပေါင်း ၃-ရာ။

ဦးနှောက်ခဲသဏ္ဌာန်, ထိုထို အရိုးတို့တွင်းရှိ ရိုးတွင်းခြင်ဆီ သဏ္ဌာန်, အညှို့သဏ္ဌာန်, အသည်းသဏ္ဌာန်, အဆုတ်သဏ္ဌာန်, အမြှေးသဏ္ဌာန်, အူမသဏ္ဌာန်, အူအိမ်သဏ္ဌာန်စသည်ဖြင့် အရိပ်ကြီး အရိပ်ငယ်ပေါင်း အလွန်များပြား၏။

ပဌမအရိပ်-- အဏုမြူ ပရမာအဏုမြူမျှ အထည် ဝတ္ထု ဒြဗ် သဏ္ဌာန် ထင်မြင်ခဲ့လျှင် အရိပ်အသွင်ဟူ၍သာမှတ်၊ ဤကား ပဌမ အရိပ်မျိုးတည်း။

ဒုတိယအရိပ်-- နေရောင် မီးရောင်ကို စွဲ၍ ပေါ်သော လူရိပ်၊ မှန်အပြင် ရေအပြင်တို့၌ ပေါ်သော လူရိပ်တို့ကား ဒုတိယ အရိပ် အသွင်မျိုးတည်း။

နာမ်ခန္ဓာအရိပ်-- နာမ်ခန္ဓာတို့မှထွက်သော အရိပ်တို့ကား -မြင်သော အသွင်, ကြားသောအသွင်, ကြံသောအသွင်, သိသော အသွင်, နှလုံးသာယာသောအသွင်, နှလုံးမသာယာသောအသွင်, အလိုရှိသော အသွင်, အလိုမရှိသောအသွင်, အမျက်ထွက်သောအသွင်, ကြည်ဖြူသော အသွင်, မကြည်ဖြူသောအသွင် စသည်တို့သည် နာမ်ခန္ဓာတို့မှ ရုပ်ခန္ဓာတို့၌ ထင်သော အရိပ်တို့တည်း။

ခန္ဓာငါးပါးမှ အရိပ်-- ခန္ဓာငါးပါးအပေါင်းတို့မှ ထွက်သော အရိပ် တို့ကား--

ထိုထို ကိုယ်အင်္ဂါကြီးငယ်တို့ လှုပ်သောအသွင်, ထိုင်သော အသွင်, ထသောအသွင်, ရပ်သောအသွင်, သွားသောအသွင်, ကွေးသော အသွင်, ဆန့် သောအသွင်, ထိုထိုအမှုကို ပြုလုပ်သောအသွင်, ပြောဆို သော အသွင်စသည်ဖြင့် အမှုကိစ္စအမျိုးမျိုး ထင်မြင်ကြသမျှ အလုံးစုံတို့ သည် ခန္ဓာငါးပါးအပေါင်းတို့မှ ထွက်သောအရိပ်တို့တည်း၊ ဤသို့လျှင် ကိုယ်ခန္ဓာငါးပါးတို့နှင့် ရောနှောဖက်စပ်၍ ထင်မြင်ကြရသော အလုံးစုံ သော အရိပ်အသွင်တို့ကို ''နိမိတ္တ'' ဟူ၍ ဆိုသတည်း။

ဤကား--

''ပုဂ္ဂိုလ်သတ္တဝါ, ငါ သူတစ်ပါး ယောကျ်ား မိန်းမ, ဦးခေါင်းစသား, ဒြဗ်များ, မှတ်သား နိမိတ္တ''- ဟူသော ကဗျာ၏သရုပ်ပြီး၏၊ အနုပဿနာဉာဏ်ဖြင့် ပယ်အပ်သောတရားများ ပြီး၏၊

-------- * -------

အနိစ္စာနုပဿနာဉာဏ်

အနိစ္စာနုပဿနာဉာဏ်အကျဉ်း

ရုပ်နာမ်၌ အနိစ္စရှုပုံ-- သစ်ပင်၌ဧကန်ရှိရင်း အမှန်ရှိရင်း အဟုတ် ရှိရင်းဖြစ်ကြကုန်သော အဋ္ဌကလာပ်ရုပ်တို့ကိုလည်းကောင်း, ထိုရုပ်တို့၌ရှိသော အနိစ္စအချက်ကြီးကိုလည်းကောင်း ဉာဏ်အမြင် ပေါက်ခဲ့သည်ရှိသော် သစ်ပင်, သစ်ကိုင်း, သစ်ခက်, သစ်ညွန့်, သစ်ရွက်, သစ်ပွင့်, သစ်သီး အစရှိကုန်သော ပဌမအရိပ်အသွင်တို့သည် ဉာဏ်၌ အကုန်ကွယ် ပျောက်ကုန်၏၊ အမှန်ရှိရင်းမျိုး, အဟုတ်ရှိရင်းမျိုး မဟုတ် ကုန်၊ စိတ်အာရုံထဲမှာသာ မျက်လှည့်အသွင်ကဲ့သို့ ထင်ရမြင်ရသော အရိပ်မျိုး,နိမိတ်မျိုး, အသွင်သဏ္ဌာန်မျိုးတို့သာတည်းဟု ဉာဏ်၌ ရှင်း လင်းစွာ ထင်မြင်၏။

မျက်လှည့်ပမာ ပုဂ္ဂိုလ်သတ္တဝါ သူ,ငါ မရှိ ထို့အတူ သတ္တဝါတို့သန္တာန်၌လည်း ဧကန်ရှိရင်း အမှန်ရှိရင်း အဟုတ်ရှိရင်း ဖြစ်ကုန်သော အသီး အသီးသောရုပ်ဓာတ်တို့ကိုလည်းကောင်း, နာမ်ဓာတ်တို့ကိုလည်းကောင်း, ရုပ်ဓာတ် နာမ်ဓာတ်တို့၏ အနိစ္စအချက်ကြီးကို လည်းကောင်း, ဉာဏ်အမြင်ပေါက်ခဲ့သည်ရှိသော် ပုဂ္ဂိုလ်, သတ္တဝါ, အဂါင်္ကြီးငယ် အစရှိကုန်သော အလုံးစုံသော ရုပ်နိမိတ်, နာမ်နိမိတ်, ရုပ်နာမ် နိမိတ်တို့သည် ဉာဏ်၌ အကုန် ကွယ်ပျောက်ကုန်၏၊ ဧကန်အမှန် အဟုတ်ရှိရင်းမျိုး မဟုတ်ကုန်၊ သတ္တဝါတို့၏ စိတ်အာရုံထဲမှာ သာ မျက်လှည့်အသွင်ကဲ့သို့ ထင်ကြရ, မြင်ကြရသော အရိပ်မျိုး, နိမိတ်မျိုး, အသွင်သဏ္ဌာန်မျိုးတို့သာတည်းဟု ဉာဏ်၌ ရှင်းလင်းစွာ ထင်မြင်၏။

ထိုဒြဗ်သဏ္ဌာန်တို့ ကွယ်ပျောက်ကုန်လျှင်လည်း ပုဂ္ဂိုလ်ကြည့် သည်, ပုဂ္ဂိုလ်မြင်သည်, ပုဂ္ဂိုလ်နာသည်, ပုဂ္ဂိုလ်ကြားသည်, ပုဂ္ဂိုလ်ထိုင် သည်, ပုဂ္ဂိုလ်ထသည်, ပုဂ္ဂိုလ်ရပ်သည်, ပုဂ္ဂိုလ်သွားသည်, ပုဂ္ဂိုလ်ရယ် သည်, ပုဂ္ဂိုလ်ပြုံးသည် အစရှိသော ပုဂ္ဂိုလ်သတ္တဝါနှင့်စပ်သော ကြိယာဒြဗ် အများတို့လည်း ဉာဏ်၌ ကွယ်ပျောက်ကုန်လတ္တံ့။

ပုဂ္ဂိုလ်ဒြဗ်, ပုဂ္ဂိုလ်အမူအရာ, သတ္တဝါဒြဗ်, သတ္တဝါအမူအရာ အလုံးစုံ ကွယ်ပျောက်ကုန်သည်ရှိသော် ငါ, သူတစ်ပါး, ယောက်ျား, မိန်းမ ဟူသော အရိပ်ကြီးတို့လည်း အကုန်ကွယ်ပျောက်ကုန်လတ္တံ့။

အနိမိတ္တာနုပဿနာဉာဏ်-- ဤသို့လျှင် ရုပ်နာမ်တို့မှ ဖြစ်ကြ ကုန်၍ ရုပ်နာမ်တို့ကို လုံခြုံလှစွာ ဖုံလွှမ်းကွယ်ကာ၍ အပ၌ ထင်ပေါ် ထင်ရှားကာ ရှိနေကြကုန်သော ခပ်သိမ်းသော ရုပ်နိမိတ်, နာမ်နိမိတ်, ရုပ်နာမ် နိမိတ်တို့ကို အကုန်ကွယ်ပျောက်စေတတ်သောကြောင့် အနိစ္စာနုပဿနာဉာဏ်ကို အနိမိတ္တာနုပဿနာဉာဏ် ဆိုသတည်း။

---- * ---

ရုပ်၌ အနိစ္စာနုပဿနာဉာဏ်ဖွင့်နည်း

ယခုအခါ ရူပက္ခန္ဓာ၌ အနိစ္စာနုပဿနာဉာဏ် ဆယ်ပါး ဖွင့်နည်း, ရှုနည်း, ပွါးများနည်းကို သိသာရုံမျှ ပြဆိုအံ့။

၁။ နူးညံ့, ခက်မာ၊ ကိရိယာ၊ နှစ်ဖြာ-မြေဓာတ်စစ်။

၂။ ဖွဲ့စေး,စီးယို၊ နှစ်ပါးကို၊ ခေါ်ဆို ရေဓာတ်စစ်။

၃။ ပူမှု, အေးမှု၊ ဤှနှစ်ခု၊ ခေါ်မှုမီးဓာတ်စစ်။

၄။ ထောက်ကန်, လှုပ်ရှား၊ ဤနှစ်ပါး၊ ခေါ်ငြားလေဓာတ်စစ်။

၅။ ထွေထွေကိရိယာ၊ ပိုင်းခြားရာ၊ အာကာဓာတ်အစစ်။

ပရမာဏုမြူ အဏုမြူမျှ အထည်ဝတ္ထု ဒြဗ်သဏ္ဌာန်နိမိတ်အသွင်ထင်မြင် ခဲ့သည်ရှိသော် ဧကန်ရှိ အမှန်ရှိ အဟုတ်ရှိမျိုး မဟုတ်ပြီ၊ မျက်လှည့်ဆရာပြသော ရုပ်တု, ရုပ်သွင်မျိုး စင်စစ်မှတ်။

အဘယ့်ကြောင့်နည်းဆိုသော်--

အဏုမြူတစ်ခုဟုခေါ်သော ဝတ္ထုကို ကြိတ်နယ်ခဲ့လျှင် အစိတ် အဖြာကွဲမှု ဧကန်ရှိ၏၊ အတွင်း၌ကလာပ်ဖွဲ့ အများရှိ၏၊ အာကာသအခြား အများရှိ၏ဟု သိအပ်၏၊ အစိတ်အဖြာကွဲမှုဟူသမျှသည် ကလာပ်အခြားမှ ကွဲမြဲတည်း၊ အဏုမြူ အမည် ကွယ်ပျောက်လေ၏၊ ပရမာအဏုမြူတွေ ဖြစ်၍ကုန်၏၊

ထိုပရမာအဏုမြူတို့ အသီးသီး အစိတ်အဖြာ ကွဲကုန်ကြလျှင် ပရမာ အဏုမြူအမည် ကွယ်ပျောက်ကြကုန်၏၊ တစ်ခုတစ်ခုသော ရုပ်ကလာပ် အစိတ် အဖြာ ကွဲမှုမရှိပြီ ချုပ်ဆုံး၍သာ သွားကြကုန်လတ္တံ့။ ဤသို့လျှင် အဏုမြူဓာတ်, အဏုမြူကလာပ်ဟူ၍ စင်စစ်အား ဖြင့် မရှိ၊ နိမိတ္တမျိုးသာ ဖြစ်၏၊ ပရမာဏုမြူဓာတ်, ပရမာဏုမြူကလာပ် ဟူ၍ စင်စစ်အားဖြင့် မရှိ၊ နိမိတ္တမျိုးသာဖြစ်၏၊

ဤပရမာဏုမြူကား ပကတိမျက်စိဖြင့် မမြင်အပ်၊ ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့်သာ မြင်အပ်သည်ဟူ၏၊ ထိုပရမာဏုမြူမှာပင် ရုပ်ကလာပ် ပေါင်းများစွာ, ပထဝီပေါင်းများစွာ, အာပေါပေါင်းများစွာ, တေဇောပေါင်း များစွာ, ဝါယောပေါင်း များစွာ, ကလာပ်ခြား အာကာသပေါင်းများစွာ ရှိသေး၏၊ ထို့ထက်ကြီးသော ဝတ္ထုဒြဗ်တို့၌ ဆိုဖွယ်မရှိ။

ပရမတ်ဓာတ်စစ်ကြီးတို့ သိမ်မွေ့ပုံကို ဆ၍ သိကြရန် အချက် ကြီးတည်း။

ထို့အတူ-- နေရောင်, လရောင်, ကြယ်ရောင်, မီးရောင်, စိန်ရောင်, မြရောင်, ပတ္တမြားရောင်, လျှပ်ရောင်တို့၌လည်းကောင်း။

မြေ၌ထင်သော သစ်ပင်ရိပ်, လူရိပ်, မှန်အကြည် ရေအကြည်တို့၌ ထင်သော နေရိပ်, လရိပ်, တိမ်ရိပ်, လူရိပ်, သစ်ပင်ရိပ်တို့၌လည်းကောင်း၊ ညဉ့်မှောင်တို့၌လည်းကောင်း၊

ကြည်လှစွာသော ရေတို့၌လည်းကောင်း၊

အသံအမျိုးမျိုးတို့၌လည်းကောင်း၊

တောင်လေ, မြောက်လေ အစရှိသော လေအမျိုးမျိုး၊ ထိုလေ ဆောင်ရာ ပါရှိကုန်သော အနံ့အမျိုးမျိုးတို့၌လည်းကောင်း၊

မြေဓာတ်, ရေဓာတ်, မီးဓာတ်, လေဓာတ် ဟူသော မဟာဘုတ် ရုပ်ကြီးတို့သည် ပါရှိကုန်၏၊ မဟာဘုတ် ရုပ်ကြီးတို့နှင့် ကင်း၍ တစ်ခုတစ် ခုသော ရုပ်မျှဖြစ်ခြင်းမည်သည် မရှိ၊ မဟာဘုတ်ရုပ်ကြီးတို့သည် အရိပ်အရောင် အစရှိသော ခပ်သိမ်းသော ရုပ်တို့၏ အထည်ခံ အမာခံ ဖြစ်ကြပေကုန်၏၊

ထိုအရိပ်အရောင် အစရှိသည်တို့၌ပါရှိသော မဟာဘုတ်ရုပ်ကြီး တို့နှင့် သတ္တဝါတို့သန္တာန်၌ အထည်ခံ အမာခံ ဖြစ်ကုန်သော မဟာဘုတ် ကြီးတို့သည်လည်းကောင်း၊ ကျောက်တိုင်, ကျောက်တုံး, သံတိုင်, သံတုံး, သစ်ပင်, သစ်တုံး စသည်တို့၌ အထည်ခံ, အမာခံဖြစ်ကုန်သော မဟာဘုတ်ရုပ်ကြီးတို့သည်လည်းကောင်း၊ အဏုမြူ, ပရမာဏုမြူမျှ ဒြဗ်သဏ္ဌာန် မရှိကြ၊ ကြိယာအမူအရာမျှသာ ရှိကြမှုတို့သည် တူကြ ကုန်၏၊ ရုပ်ကလာပ်ချင်း အစုအခဲ, အပေါင်းအဖွဲ့, စိပ်မှု, ကျဲမှု, ကြပ်မှု, ချောင်မှု အမျိုးမျိုးသို့ လိုက်၍သာ အထူးရှိနေကြကုန်၏၊ ဤသည်လည်း မဟာဘုတ်ရုပ်ကြီးတို့၏ သိမ်မွေ့ သေးဖွဲလှပုံကို သိမြင်ရန် အချက်စုတည်း။

---- * ---

တေဇောဓာတ်၏ အခွင့်ကိစ္စများ

ဥဏှတေဇောမီးဓာတ်၏ ကိစ္စ ၂-ပါး-- ထိုမဟာဘုတ် လေးပါးတို့တွင် တေဇော မဟာဘုတ် ဆိုသည်ကား မီးဓာတ်ကြီးပေ တည်း၊

ထိုမီးဓာတ်ကြီး၏ အခွင့်ကိစ္စကား--

၁။ အတူတကွဖြစ်သော မဟာဘုတ်ကြီးတို့ကို အတွင် လောင်မှု, ကျွမ်းစေမှု, ကုန်ဆုံးစေမှု အခွင့်ကိစ္စကြီးတစ်ပါး၊

၂။ ရုပ်ကလာပ်သစ်တို့ကို အတွင် ပေါက်ဖွားစေမှု, တိုးပွါးစေမှု အခွင့် ကိစ္စကြီးတစ်ပါး၊

ဤအခွင့်ကိစ္စကြီး ၂-ပါးကို မျက်တောင်တစ်ခတ်မျှ မလပ်မစဲ အမြဲနိစ္စ အားဖြင့် တွင်ကျယ်စွာ ရွက်ဆောင်၏။

ထိုကိစ္စကြီး ၂-ပါးတွင်--

၁။ ရုပ်ကလာပ်သစ် ပေါက်ဖွားမှုက သဟဲကောင်းလှသော အခါ ပူလောင်၍ ကလာပ်ဟောင်း တစ်ခုကုန်ရာ၌ ကလာပ်များစွာကို ဖြစ်ပေါ်စေ၏၊ သစ်ပင်များ တစ်နေ့ တစ်ခြား ကြီးပွါးမှုကို မြော်လေ။

၂။ ပေါက်ဖွားမှုက သဟဲနည်းလှသောအခါ လောင်၍ ကုန် ဆုံးမှုက အားကြီး၏၊ တိုးပွါးမှုက နည်း၏၊ သစ်ပင်များအို၍ ကျသွားသည်ကို မြော်လေ။

လောင်မှု, ပွါးမှု သဟဲမျှတ၍နေသောအခါ အတိုးအဆုတ် မျှတ၍ နေ၏၊ ထင်းမီးစာ သဟဲကောင်းလျှင် မီးတောက် တိုးပွါး၏၊ ထင်းမီးစာ သဟဲနည်း၍ သွားလျှင် မီးတောက် ဆုတ်ယုတ်သွား၏၊ ထင်းမီးစာကုန်လျှင် မီးတောက် ကုန်ပျောက်၏၊ လောက၌ ပကတိမီး၏ အချက်စုကို စေ့စုံစွာကြည့်၍ ပရမတ် တေဇောဓာတ်ကြီး၏ အခွင့်ကိစ္စကြီး ၂-ပါးကို အတပ်သိနိုင်၏။

သီတတေဇောဓာတ်၏ ကိစ္စ ၂-ပါး

သီတ-မီးသည်လည်း လောင်မှု, ပွါးမှု အခွင့် ကိစ္စကြီးနှစ်ပါး ရှိ၏၊ မြစ်ရေ, သမုဒြာရေ, ကမ္ဘာပျက်ရေတို့ကို မြော်လေ၊ ထိုရေတို့၌ တိုးမှု, ပွါးမှု, တည်နေမှု, ဆုတ်ယုတ်မှုတို့သည် သီတဓာတ်မီး၏ အခွင့်ကိစ္စကြီးပေတည်း။

ဤကား တေဇောဟူသော မီးဓာတ်ကြီး၏ အခွင့်ကိစ္စကြီး နှစ်ပါး ကို ပြဆိုချက်တည်း။

ကုန်ဆုံးမှု မြင်အောင်ကြည့်ပုံ

အထက်ကပြဆိုခဲ့သော ပရမတ်ဓာတ်ကြီး တို့၏ သိမ်မွေ့သေးဖွဲမှု နှင့် ဤတေဇောဓာတ် ကြီး၏ အခွင့်ကိစ္စကြီးနှစ်ပါးကို နှီးနှော၍ ကြည့်ခဲ့ သည်ရှိသော် ဤကိုယ်ခန္ဓာတို့၌ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ မပြတ်မစဲအမြဲ ကုန်ဆုံးမှုကြီးတစ်ခု ရှိနေသည်ကိုလည်းကောင်း, မျက် တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ မပြတ်မစဲ အမြဲဖြစ်ပွါးမှုကြီးတစ်ခု ရှိနေသည်ကိုလည်းကောင်း မုချဆတ်ဆတ် သိမြင်အပ်၏။

ကုန်ဆုံးမှုကြီးကို ထင်မြင်အောင် ကြည့်ရှုသောအခါ၌ မီး လောင်၍နေသော ဂွမ်းပုံကြီး, ဂွမ်းလုံးကြီး, စက္ကူပုံကြီး, စက္ကူထုပ်ကြီး တို့၏ ကုန်မှုကဲ့သို့ ရှုမြင်ရာ၏၊

ဖြစ်ပွါးမှု မြင်အောင်ကြည့်ပုံ

ဖြစ်မှု, ပွါးမှုကို ကြည့်သောအခါ၌ ကိုယ်ခန္ဓာ အတွင်းမှာ ကောင်းကင်၌ တိမ်တိုက်တိမ်ခဲတွေ ခဏချင်း ပြည့်သကဲ့သို့လည်းကောင်း, ဒီချောင်း၌ ဒီရေတိုးတက်သကဲ့သို့လည်းကောင်း ထင်မြင်အောင် ကြည့်လေ။

ဖြစ်ပွါးမှု, ပျက်ဆုံးမှုကြီး ၂-ပါးကို ဉာဏ်နှင့် သန့်ခြား၍ အချက်ကျအောင် ကြည့်တတ်မှ မြင်သာထင်သာရှိမည်၊ အချက်ကျအောင် ကြံဖန်၍ မကြည့်တတ်လျှင် ထွေးယှက်၍ နေလိမ့်မည်။

ဤကား မြေ, ရေ, မီး, လေ-ဟူသော မဟာဘုတ်ကြီးလေးပါး တို့၏ ပရမတ်ဓာတ် အစစ်အားဖြင့် အလွန်သိမ်မွေ့ သေးဖွဲ့ကြပုံ, အဖြစ်အပျက် အလွန်လျင်မြန် ပုံကို ရိပ်မိလောက်ရုံ ပြဆိုချက်တည်း။

---- * ---

မဟာဘုတ်လေးပါးနှင့် အာကာသ

အာကာသဓာတ် ၂-ပါး။။ အာကာသဓာတ်သည်--

၁။ အပြိုင်ဖြစ်ကုန်သော ကလာပ်ဖွဲ့တို့၏ အချင်းချင်း ခြားမှု၊

၂။ ရှေ့နောက် အစဉ် ဖြစ်ကုန်သော ရုပ်ဟောင်း, ရုပ်သစ်တို့၏ ဘင် စွန်း, ဥပါဒ်စွန်း ခြားမှု-ဟူ၍ ၂-ပါးရှိ၏၊

ထိုတွင် အပြိုင်ဖြစ်ကုန်သော ကလာပ်တို့၏ အချင်းချင်းခြားမှုကို ရှေး၌ အဏုမြူ, ပရမာဏုမြူတို့ကို ခွဲ၍ ပြဆိုခဲ့ပြီ။

ရှေ့နောက် အစဉ်ဖြစ်ကုန်သော ရုပ်ဟောင်း, ရုပ်သစ်တို့၏ ဘင်စွန်း ဥပါဒ်စွန်းခြားမှု၌ ခပ်သိမ်းသောရုပ်တရား, နာမ်တရားတို့မည် သည် ကြိယာမျှသာ ဖြစ်ကြကုန်၏၊ အမူအရာမျှသာ ဖြစ်ကြကုန်၏၊ ထို့ကြောင့် အမူအရာတစ်မျိုး တစ်မျိုးသည် ရုပ်တစ်မျိုးတစ်မျိုး, နာမ်တစ်မျိုးတစ်မျိုးပေတည်း။

ထိုတွင် ရုပ်အမူအရာတစ်မျိုးနှင့် ရုပ်အမူအရာတစ်မျိုး၏ အကြား၌ အာကာသပရိစ္ဆေဒ ခြားမြဲတည်း။

အာကာသ ခြားပုံ-- ဥပမာကား လူတို့၌ အရေးပါနှင့် အရေထူ၏ အကြား၌ အာကာသခြား၏၊ အပေါ်ရံ အရေပါးကို အသီး အခြား ခွါယူလျှင် ရ၏၊ အရေထူနှင့် အသားမှေး၏အကြား၌ အာကာသ ခြား၏၊ အရေထူကို အသီးအခြားခွါယူလျှင် ရ၏၊ အရိုးတို့နှင့် အသား တို့၏ အကြား၌ အာကာသခြား၏၊ အသားကို အသီးသီး ခွါယူသော် ရ၏၊

ဤအာကာသမျိုးကား ဟင်းလင်းမြင်ရသော အာကာသမျိုး မဟုတ်၊ အစွန်းနှစ်ခု အစနှစ်ခု ထိစပ်လျက် ရှိ၏၊ ထိစပ်လျက်ရှိသော် လည်း အကြား အလပ် အပြတ် အပေါက်လည်း ဧကန်ရှိ၏၊

ဓာတ်ကြီး လေးပါးနှင့် ချိပ်ခဲဥပမာ

ပထဝီ အာကာသ-- ဤအတူ ချုပ်ကွယ်လေသော ကြိယာ ဟောင်း၏ ဘင်စွန်းနှင့် ဖြစ်ပေါ်လာသော ကြိယာသစ်၏ ဥပါဒ်စွန်း၏ အကြား၌ အာကာသ ခြား၏။

အလွန်ခက်မာ၍နေသော ချိပ်ခဲကို ပြင်းစွာပူသော မီးကျီးစု၌ ချ၍ အရေ ကြည်ဖြစ်စေရာ၌ အလွန်ခက်မာမှုကား အမူအရာကြိယာ တစ်မျိုး, ပထဝီဓာတ် တစ်မျိုး၊ သီတမီးဓာတ်၏ သားသမီးစုပေတည်း။

ပြင်းစွာပူသော မီးကျီးစု၌ ကျရောက်သည်နှင့် တစ်ပြိုင်နက် ဥဏှ မီးရှိန် သည် အောက်အဖို့မှစ၍ အစဉ်အတိုင်း လောင်၍သွားလေရာ သီတမီးဓာတ် သည် အစဉ်အတိုင်း ချုပ်ကွယ်လေ၏၊ သီတမီးဓာတ်နှင့် သဟဇာတ် ဖြစ်ကောင်း သော ခက်မာမှုကြိယာလည်း သီတမီးဓာတ်နှင့် အတူ အစဉ်အတိုင်း ချုပ်ကွယ် လေ၏။

ဥဏှမီးဓာတ်နှင့် သဟဇာတ်ဖြစ်ကောင်းသော နူးညံ့မှု ကြိယာ အဆင့်ဆင့် ပြောင်းလွဲဖြစ်ပေါ်၍ သွားသဖြင့် ချိပ်ရည်ကြည် ဖြစ်လေ၏၊ စေ့စေ့ကြည့်ရှု၍ နေလျှင် ခက်မာမှုကြိယာ ကျေပျောက်၍ ကျေပျောက်၍ သွားမှု, ပျော့ပျောင်း၍ ပျော့ပျောင်း၍ လာမှု, အစိုင်အခဲ ကျေ၍ကျေ၍ သွားမှု, အရည်တွေတွေ ဖြစ်ပေါ်လာမှုတို့ကို ဒိဋ္ဌ မြင်ရ၏။

စကားတစ်မျိုး တစ်မျိုးနှင့် ပြောဆိုရန် အမူအရာတစ်မျိုးတစ်မျိုး ပြောင်းလဲ ဖြစ်ပေါ်၍လာမှု ထင်ရှား၏၊ ခက်မာမှု အဆင့်ဆင့် ချုပ်ကွယ်၍ သွား၏၊ နူးညံ့မှု အဆင့်ဆင့် ပြောင်းလွဲဖြစ်ပေါ်၍လာ၏၊ ရေလောင်း၍ ဥဏှမီးဓာတ် ချုပ်ငြိမ်းပြီး သီတမီးဓာတ် မင်းမူ၍ လာပြန်လျှင် နူးညံ့မှု အဆင့်ဆင့် ချုပ်ဆုံး၍သွား၏၊ ခက်မာမှု အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်၍ လာ၏၊ အလွန်ခက်မာမြဲ ခက်မာ ပြန်၏။

ဤ၌ ချိပ်ဟူသော, ချိပ်ခဲဟူသော, ချိပ်ပျော့ဟူသော, ချိပ်ရည်ဟူ သော နိမိတ္တဓမ္မကြီးကို နှလုံးမသွင်းမူ၍ ခက်မာမှု ကြိယာ, နူးညံ့မှုကြိယာ ဟူသော ပထဝီဓာတ်စစ်ကိုသာ ဉာဏ်နှင့်စိုက်၍ကြည့်။

ပထဝီဓာတ် ဖြစ်ပျက်ကြည့်ပုံ-- ကြည့်ပုံကား ပဌမ ခက်မာမှု သည် အရည်ကြည် ဖြစ်သည်တိုင်အောင် ပကတိအတိုင်း တည်နေ နိုင်၏လောဟုကြည့်၊ ထိုသို့ ကြည့်ခဲ့လျှင် ထိုပဌမ ခက်မာမှုသည် အရည် ကြည် ဖြစ်သည်တိုင်အောင် ပကတိအတိုင်း မတည်နိုင်မူ၍ အစမှစ၍ ပထဝီအဆင့်ဆင့် ပြိုပျက်ကုန်ဆုံး၍သွားမှု, နူးညံ့သော ပထဝီစု လှိုင်းပွက် အလိပ်လိပ် ထသကဲ့သို့ အဆင့်ဆင့် ဖြစ်ပေါ်၍လာမှုသည် ဉာဏ်၌ ထင်ရှားစွာ ထင်မြင်၏။

ရှေးရှေးပထဝီမျိုး ကွယ်ပျောက်မှု အဆုံးအဆုံးတို့နှင့် နောက် နောက် ပထဝီမျိုး အလိပ်အလိပ် ဖြစ်ပေါ်မှု အစအစတို့၏ အကြား အကြား၌ အာကာသ ပရိစ္ဆေဒ အခြားအခြား အသီးအသီး ရှိကြသည်ကို ဉာဏ်၌ခြားနားစွာ ထင်မြင်စေရာ၏။

ဤ၌ အာကာသပရိစ္ဆေဒကား အလွန်စိပ်၏၊ မျက်တောင်တစ် ခတ်မှာပင် အရာအထောင်မက စိပ်၏၊ ဉာဏ်၌ ပထဝီကြိယာ တစ်မျိုး တစ်မျိုးအနေနှင့် ထင်ရှားလှရာကိုသာ အပိုင်းအခြားပြု၍ ကြည့်လေ၊ ခက်မာမှုစု တစ်ပိုင်း, ပျော့ပျောင်းမှုစု တစ်ပိုင်း, အရည်စု တစ်ပိုင်း၊ ဤသို့ ၃-ပိုင်း ပိုင်း၍သော်လည်း ကြည့် လေ။

ပျက်မှုကို ကြည့်သောအခါ တစ်ပိုင်းတစ်ပိုင်း သန့်ခြား၍ အလုံးစုံ ကုန်သည်တိုင်အောင် စိုက်၍ကြည့်လေ၊ အရည်၌ နူးညံ့လှစွာသော ပထဝီသည် ခက်မာမှု ဖြစ်သည်တိုင်အောင် ပကတိအတိုင်း တည်နေ နိုင်၏လော-ဟူသော အပြန်၌လည်း ထိုနည်းတူသိလေ။ ပထဝီ အာကာသ တစ်စုံပြီး၏။

အာပေါအာကာသ-- အာပေါ အာကာသ၌လည်း ပကတိ ခက်မာသည် မှစ၍ အရည်ကြည်ဖြစ်၍တိုင်အောင် ဖွဲ့စေးမှု ဟူသော အာပေါဓာတ် အဆင့်ဆင့် ပြယ်ပျောက်၍ သွားပုံ, ယိုစီးမှုဟူသော အာပေါဓာတ် အဆင့်ဆင့် စမ်းရေပွက်ကဲ့သို့ ဖြစ်ပေါ်၍သွားပုံ, တစ်ဖန် အရည် ကြည်မှာရှိသော ယိုစီးမှုမှစ၍ ပကတိခက်မာမှု ဖြစ်သည်တိုင် အောင် ယိုစီးမှု အဆင့်ဆင့် ချုပ်ပျောက်ပုံ, ဖွဲ့စေးပုံမှု အဆင့်ဆင့်ဖြစ်ပေါ် ပုံကို အာကာသ ပရိစ္ဆေဒနှင့် ပိုင်းခြား၍ ကြည့်လေ။

အာပေါ အာကာသ ပြီး၏၊

တေဇောအာကာသ-- တေဇော အာကာသ၌လည်း အေးမှု အဆင့်ဆင့်, ပူမှု အဆင့်ဆင့်တို့ကို ပိုင်းခြား၍ ကြည့်လေ။ တေဇောအာကာသ ပြီး၏၊

------------

ဝါယောအာကာသ--- ဝါယော အာကာသ၌လည်း ထောက်ကန် တောင့် တင်းမှုအဆင့်ဆင့်, လှုပ်ရှားမှု အဆင့်ဆင့်တို့ကို ပိုင်းခြား၍ ကြည့်လေ။

ဝါယောအာကာသ ပြီး၏၊

------------

ဤချိပ်ခဲတစ်ခု၌ ဓာတ်ကြီးလေးပါးတို့၏ ဖြစ်မှု, ပျက်မှုကို အာကာသ ပရိစ္ဆေဒနှင့်တကွ အချက်ကျ ခြာနားထင်ရှားစွာ ထင်မြင်နိုင်ကြ ပါလျှင် သတ္တဝါ ခန္ဓာကို မဆိုထားဘိ မြင်းမိုရ်တောင်, မဟာပထဝီမြေကြီး တို့၌ပင် မြင်နိုင်ကြကုန်လတ္တံ့။

တစ်ပုံပြဆိုရာ၏၊

ဓာတ်ကြီးလေးပါးနှင့် ကြိမ်လုံး ဥပမာ

တစ်ထွာခန့် ရှည်သော ဖြောင့်တန်းစွာ တည်ရှိသော ကြိမ်လုံးကို ကိုင်းညွတ် စေ၍ အရင်းဖျားထိ ကျအောင်ခွေရာ၌ ကြိမ်ဟူသော အကြီး, အငယ်, အရှည်, အတို-ဟူသော နိမိတ္တဓမ္မကြီးကို နှလုံးမသွင်းလင့်၊ ခက်မာမှုဟူသော ပထဝီဓာတ် စစ်၌ စိုက်၍ကြည့်။

ကြည့်ပုံကား- ဖြောင့်မတ်စွာ တည်ရှိသောအခါ၌ရှိသော ပကတိ ပထဝီသည် ကွေးမိသည်တိုင်အောင် ပကတိအတိုင်း တည်နေ နိုင်၏ လောဟု ဆင်ခြင်သည်ရှိသော် တစ်ဆံချည်မျှ ညွတ်သည်မှစ၍ အစဉ် အတိုင်း ဖြစ်ဖြစ် ဖြစ်ဖြစ် ပေါက်ပြတ်၍ မြေ့မြေ့မြေ့မြေ့ ကျေပျောက် ကွယ်ဆုံး၍ သွားသည်ကိုလည်းကောင်း, အသစ်အသစ်သော ခက်မာမှုတို့ အလိပ်အလိပ် အလှိုင်းအလှိုင်း အဆင့်ဆင့် ဖြစ်ပေါ်၍ လာသည်ကိုလည်း ကောင်း ဉာဏ်၌ ထင်မြင်နိုင်၏။

ဤ၌ကား အာကာသပရိစ္ဆေဒ အလွန်စိပ်လှစွာကိုပင် မြင်နိုင်၏၊ အပြတ် ချင်းစပ်အောင်, အပိုင်းအခြားချင်း စပ်အောင် မြင်နိုင်၏၊ ထိုကြိမ်လုံးကို တစ် ဖန်ပြန်၍ ဖြောင့်စေရာ၌လည်း ထို့အတူကြည့်လေ။

ပထဝီအာကာသပြီး၏၊

ပထဝီအာကာသကို ခြားနားစွာ ထင်မြင်နိုင်ပါလျှင် ထိုထိုခက် မာမှုနှင့် သဟဇာတဖြစ်ကုန်သော အာပေါအာကာသ, တေဇော အာကာသ, ဝါယော အာကာသတို့ကိုလည်း မြင်နိုင်တော့သည်။

ဤကြိမ်လုံးငယ်တစ်ခု၌, ဓာတ်ကြီးလေးပါးတို့၏ ဖြစ်မှု, ပျက်မှုကို နေရာ တကျခြားနားလှစွာ ထင်မြင်နိုင်ကြပါမူကား ဣရိယာပုထ်တို့ဖြင့် လှုပ်ရှားသော လူတို့ခန္ဓာကိုယ်ကိုလည်းကောင်း, လေတို့ဖြင့် လှုပ်ရှားသော သစ်ပင်ကြီး ငယ်တို့ကို လည်းကောင်း မဆိုထားဘိဦး၊ ငလျင်ကြီးဖြင့် လှုပ်ရှားသော မဟာပထဝီ မြင့်မိုရ် တောင်တို့၌ ဓာတ်ကြီးလေးပါးတို့၏ ဖြစ်မှု, ပျက်မှုကိုပင် မြင်နိုင်ကြကုန်လတ္တံ့။

ဤစကား၌ တစ်ခုတစ်ခုသော အမူအရာကြိယာကို ပရမတ် ဓာတ်တစ်ခုတစ်ခု ဆိုသတည်း၊ လှုပ်ရှားမှုမည်သည် ကြိယာအမျိုးမျိုး ပြောင်းလဲမှုပေတည်း၊ ထို့ကြောင့် တစ်ခုတစ်ခုသော ပရမတ်ဓာတ် အစစ်မည်သည် တစ်ဆံဖျားမျှ လှုပ်ရှားရိုးမရှိ၊ ပကတိအတိုင်းနှင့်သာ ဆုတ်ယုတ် ပျက်ဆုံး မြဲဖြစ်၏၊ ရွေ့ရှားခြင်းဟူ၍ မရှိ၊ ကြွခြင်းဟူ၍ မရှိ၊ ရွခြင်းဟူ၍ မရှိ။

ပကတိလူတို့ သိမြင်နိုင်ကောင်းသော လှုပ်ရှားမှု, ရွေ့ရှားမှု, ကြွရွမှု, ကျမှု, တက်မှု, ဆုတ်မှု, တိုးမှု အလုံးစုံတို့သည် ပရမတ်ဓာတ် အသစ်, အဟောင်း ပြောင်းလဲမှုတို့သာတည်း၊ အဆင့်ဆင့် အာကာသပရိစ္ဆေဒ အခြားအခြားနှင့် ဖြစ်ကြသော အမှုတို့သာတည်းဟု သန္နိဋ္ဌာန်ကျမှတ်။

ဥပါဒ်, ဘင်, အာကာသဟူသော ဓမ္မကြီးကို မြင်အောင်ကြည့်ပုံ

ပြဆိုခဲ့ပြီးသော ချိပ်ခဲ၌ မီးပြင်းစွာ ထိပါးမှုကို အာရုံပြုလိုက် သည်နှင့် တစ်ပြိုင်နက် ချိပ်ခဲ အမူအရာ တစ်မျိုးပြောင်းလဲမှုကို မျက်စိနှင့် မြင်သကဲ့သို့မြင်၏၊ အမူရာဟောင်း ပျက်သည်ကိုလည်းမြင်၏၊ အမူရာ သစ် ပေါ်သည်ကိုလည်း မြင်၏၊ မီး၌တကယ်ချလျှင်လည်း မျက်စိနှင့်ပင် ကြောင်ကြောင်မြင်၏။

မျက်စိအမြင်ဆိုသည်ကား ဌီခဏ ဌီခဏသို့ ရောက်ဆဲကိုသာ မြင်၏၊ ပျက်မှု အစွန်း, ဖြစ်မှုအစွန်းတို့ကို မြင်ရိုးမဟုတ်၊ အစွန်းနှစ်ခုတို့၏ အကြား အာကာသ ပရိစ္ဆေဒကိုလည်း မြင်ရိုးမဟုတ်၊ အဟောင်း, အသစ် ဌီချင်းချင်းဖြင့်သာ စပ်ဆက်၍မြင်၏။

ထိုသို့မြင်ရာတွင် ဌီရုပ်အချင်းချင်း အမူအရာ မတူကြသည်ကို မြင်၍ မနောဒွါရဖြင့် ရုပ်ပြောင်းလဲမှုကို လောက၌ အလိုလို သိကြ၏၊ အမူအရာဟောင်း ပျက်သည်ဟု သိကြ၏၊ အမူအရာသစ် တစ်မျိုးဖြစ်ပေါ် သည်ဟု သိကြ၏၊ အမူ အရာ ခြားသည်ဟုသိကြ၏။

ထိုတွင်

၁။ အမူအရာဟောင်း ပျက်သည်ဟု သိမှုကား ရုပ်ဟောင်း၏ ဘင်ကို သိမှုပင်တည်း။

၂။ အမူအရာသစ် တစ်မျိုးဖြစ်ပေါ်သည်ဟု သိမှုကား ရုပ် သစ်၏ ဥပါဒ်ကို သိမှုပင်တည်း။

၃။ အမူအရာခြားသည်ဟု သိမှုကား အာကာသပရိစ္ဆေဒကို သိမှုပင်တည်း။

ထိုသို့သိသော်လည်း ချိပ်ခဲဟူသော သဏ္ဌာန်ဒြဗ် ပညတ်နိမိတ် ကြီးကို စိတ်၌စွဲလျက် ရှိနေသောကြောင့် စိတ်၌ ထိုသဏ္ဌာန်ကြီးသည်သာ ပြဋ္ဌာန်း၍ နေ၏။

မရဏဓာတ်--အမူအရာဟောင်းပျက်မှု, ပျောက်ကွယ်မ,ှု ချုပ်ဆုံးမှုကား မရဏဓာတ်ကြီးတစ်ခုတည်းဟု ပျက်မှုကို အသီးအခြား ဓာတ်ကြီးတစ်ပါး, ဓမ္မကြီးတစ်ပါးအနေနှင့် မသိကြ၊ စိတ်၌စွဲမြင်ထင် ပေါ်၍နေသော ချိပ်ခဲ၏ အပေါ်က အမူအရာမျှ အနေနှင့်သာ ထင်ကြ၏။

ဇာတိဓာတ်-- ထို့အတူ အမူအရာသစ်တစ်မျိုး ဖြစ်ပေါ်မှု, ပေါက်ဖွား မှုကိုလည်း အသီးအခြား ဇာတိဓာတ်ကြီးတစ်ပါး, ဇာတိဓမ္မ ကြီးတစ်ပါးဟု မသိကြ။

အာကာသဓာတ်-- ထို့အတူ အမူအရာခြားမှုကိုလည်း အာကာသ ပရိစ္ဆေဒ ဓာတ်ကြီးတစ်ပါး, ဓမ္မကြီးတစ်ပါးဟု မသိကြ။ ချိပ်ခဲ ဟူသော အဟုတ်ရှိ ဧကန်ရှိမဟုတ်သော နိမိတ္တကြီးကို ဉာဏ်နှင့်ဖယ် ရှား၍ ခက်မာမှု, အေးမှု, ပူမှု, ကြွရွမှု-ဟူသော ပရမတ်ဓာတ်စစ်ကို ဉာဏ်စိုက်၍ ကြည့်တတ်မှသာလျှင် ထိုမရဏဓာတ်ကြီး, ဇာတိဓာတ်ကြီး, အာကသဓာတ်ကြီး တို့သည် အမှုအသီးအခြား, ကြိယာအသီးအခြား, ဓမ္မကြီးတစ်ပါးတစ်ပါးစီအဖြစ်နှင့် ထင်မြင်နိုင်သည်။

ဤဓမ္မကြီးသုံးပါးကို ကြီးကြီးမားမား သီးသီးခြားခြား ဉာဏ် အမြင်၌ ထင်ရှားစွာ ပေါ်၍လာအောင် အားထုတ်ရသည်၊ သတိအထူး ရကြစေ၊ ကြိမ်လုံး၌လည်း ဤနည်းတူ စစ်လေ။

ဤမျှသောစကား ရပ်တို့ဖြင့် အနိစ္စဆိုသော တရားသည် ငါတို့ နဂိုပကတိ စိတ်အသိထဲမှာပင် ပါဝင်ပြီးသာတည်း၊ မမှီနိုင်သော တရားမဟုတ်၊ ဉာဏ်၌ နိမိတ္တဓမ္မကြီးကို ပယ်ရှားမှု, မမှီနိုင်သော တရားမဟုတ်၊ ဉာဏ်၌ နိမိတ္တဓမ္မကြီး သုံးပါးကို ထင်ရှားစေမှု-လို၍ နေကြသည့်အတွက်ကြောင့်သာ အနိစ္စကို မြင်လျက်နှင့် အနိစ္စမှန်း မသိကြရကုန်သည်ဟု အားတက်ကြရန်အချက်ကို ပြဆိုသတည်း။

မဟာဘုတ်လေးပါးနှင့် အာကာသပြီး၏၊

----- * ----

အနိစ္စလက္ခဏာကို မထင်မြင်နိုင်ပုံ

အဋ္ဌကထာကြီးတို့၌လည်း

ကိဿ အမနသိကာရာ ကေန ပဋိစ္ဆန္နတ္တာ အနိစ္စ လက္ခဏံ န ဥပဋ္ဌာတိ၊ ဥဒယဗ္ဗယာနံ အမနသိကာရာ သန္တတိယာ ပဋိစ္ဆန္နတ္တာ အနိစ္စလက္ခဏံ န ဥပဋ္ဌာတိ၊ ဥဒယဗ္ဗယမ္ပန ပရိဂ္ဂဟေတွာ သန္တာတိယာ ဝိကောပိတာယ အနိစ္စလက္ခဏံ ယာထာဝ သရသတောဥပဋ္ဌာတိံ။

ဟူ၍မိန့်ဆိုကုန်၏၊

အဘယ်ကို နှလုံးမသွင်းခြင်းကြောင့်, အဘယ်သည် ဖုံးလွှမ်းခြင်း ကြောင့် အနိစ္စလက္ခဏာသည် သတ္တဝါတို့၏ ဉာဏ်၌ မထင်လေသနည်း ဟူမူကား

ဖြစ်မှု, ပျက်မှုကို ဓာတ်အသီးအခြား, ဓမ္မအသီးအခြားဟု ထင်ရှားအောင် နှလုံးမသွင်းခြင်းကြောင့်, သန္တတိ ပညတ်တည်းဟူသော နိမိတ္တဓမ္မကြီးသည် ဖုံးလွှမ်း၍နေခြင်းကြောင့် အနိစ္စလက္ခဏာသည် သတ္တဝါတို့၏ဉာဏ်၌ မထင်လေသည်။

ဖြစ်မှု, ပျက်မှုကို ဓာတ်အသီးအခြား ဓမ္မအသီးအခြားဟု ထင်ရှားအောင် ဉာဏ်နှင့်သိမ်းဆည်း၍ သန္တတိပညတ်တည်းဟူသော နိမိတ္တဓမ္မကြီးကို ဉာဏ်နှင့် ခွါဖျက် ပယ်ရှားမှုတ်လွှင့်၍ ပစ်သည်ရှိသော် အနိစ္စလက္ခဏာသည် ဟုတ်မှန်တိုင်းသော မိမိကိစ္စနှင့်တကွ သတ္တဝါတို့၏ ဉာဏ်၌ ထင်လာ၏၊ ပါဌ်လျှောက် အဓိပ္ပါယ်တည်း။

ဓာတ်ကြီး ၄-ပါး, ဓမ္မကြီး ၃-ပါးတို့ကို မသိမမြင်နိုင်ပုံ

ဓာတ်ကြီး၄-ပါး, ဓမ္မကြီး၃-ပါးတို့သည် ဉာဏ်အလိမ္မာတို့၏ ကြီးပွါး စည်ကားရာ ဖြစ်ကုန်၏၊

နိမိတ္တဓမ္မတို့သည် ကိလေသာတို့၏ ကြီးပွါးစည်ကားရာ ဖြစ်ကုန်၏၊

အတ္တဒိဋ္ဌိ၏ အမိသဖွယ်ဖြစ်သော သံမောဟ တရားကြီးသည် ဓာတ်ကြီး လေးပါး, ဓမ္မကြီးသုံးပါးတို့ကို လုံခြုံစွာ ဖုံးလွှမ်းကွယ်ကာ၏၊ စိတ်ဝိညာဏ် ဟူသော မျက်လှည့်သည်ကြီးသည် အဟုတ်မရှိ သော နိမိတ္တ ဓမ္မကြီးကို အမြဲဖန်ဆင်း တည်ထောင်၍ ပြထား၏၊ ထို့ကြောင့် သတ္တဝါတို့သည် ဓာတ်ကြီး, ဓမ္မကြီးတို့ကို ကြောင် ကြောင်မြင် လျက် မသိကြကုန်၊ ကြောင်ကြောင်သိလျက် မမြင်ကြကုန်။ အဘယ်သို့ ကြောင်ကြောင်မြင်လျက် မသိကြကုန်သနည်း ဟူမူကား

လောက၌ ဒိဋ္ဌ ကိုယ်တွေ့ချည်း ဖြစ်ကြသည်ကို ကြောင်ကြောင် မြင်ဆိုသည်။

မည်သည့်ဓာတ်ဟူ၍ မည်သည့်ဓမ္မဟူ၍ အသီးသီး ခြားနား၍ မသိကြသည်ကို မသိ ဆိုသည်။

ကြောင်ကြောင်သိလျက် မမြင်ကြဆိုသည်ကား သာသနာဓမ္မ၌ ကြားဖူးနားဝ ရှိကြသူတို့မှာ ဤကိုယ်ခန္ဓာသည် ဓာတ်ကြီးလေးပါး အစုသာတည်းဟု သိကြလျက် ကိုယ်ခန္ဓာတစ်ခုလုံးကို လေးစိတ်ကွဲအောင် ခွဲခြမ်း၍ မမြင်ကြ ဆိုလိုသည်။

ထိုစကားနှစ်ရပ်ကို ထင်ရှားစေဦးအံ့- ခက်မာမှု, ကြမ်းတမ်းမှု, ပျော့ပျောင်းမှု, နူးညံ့မှုတို့ကို ဒိဋ္ဌကိုယ်တွေ့တို့ချည်းသာတည်း။ ထို့အတူ ဖွဲ့တွယ်မှု, စေးချွဲမှု, ယိုစီးမှုတို့သည်လည်းကောင်း၊ ပူမှု, လောင်မှု, နွေးမှု, အေးမှု, ချမ်းမှုတို့သည်လည်းကောင်း၊ ထောက်ကန်မှု, တောင့်တင်းမှု, ကြွရွမှု, လှုပ်ရှားမှု, ရွေ့သွားမှုတို့သည်လည်းကောင်း ဒိဋ္ဌကိုယ်တွေ့တို့ချည်းသာတည်း။

ထို့အတူ ထိုအမူအရာတို့၏ အခြေအနေပျက်မှု, အမူအရာ ပြောင်းလဲမှု, တစ်မျိုးတစ်မျိုးပေါ်လာမှု, အမူအရာခြားမှု, ရှေ့အမူ နောက်အမူ မတူမှုတို့သည် ဒိဋ္ဌိကိုယ်တွေ့တို့ချည်းသာတည်း။ အမူအရာ တစ်ခုတစ်ခုကိုမူကား ဓာတ်တစ်ပါးတစ်ပါးဟူ၍ ဉာဏ်နှင့် ခြားနား၍ကား မမြင်ကြကုန်၊ အလုံးစုံသော အမူအရာစုကို နိမိတ်ကြီးနှင့် တစ်ခုတည်းပြု၍သာ မြင်ကြကုန်၏၊ ကိုယ်ကို စမ်းလျှင် ပူမှန်းသိ၏၊ နွေးမှန်းသိ၏၊ အေးမှန်းသိ၏၊ တေဇောဓာတ်ကြီးပေဟူ၍ မသိကြ။

နိမိတ်နှင့် တစ်ခုတည်းပြု၍ ကိုယ်ပူသည်၊ ကျောပူသည်၊ ဝမ်းပူ သည်- အစရှိသည်ဖြင့် သိကြ၏၊ အပူပျောက်ပြီ၊ အနွေးပျောက်ပြီ၊ အအေးပျောက်ပြီဟု သိကြ၏၊ ထိုပျောက်မှုကို တေဇော၏ သေမှု, ချုပ်မှုဟူသော မရဏဓာတ် ကြီးပေ-ဟူ၍ မသိကြ၊ ပူလာပြီ, ပူမှု ဖြစ်ပေါ်လာပြီ အေးလာပြီ, အေးမှု ဖြစ်ပေါ်လာပြီဟု သိကြ၏၊ ထိုဖြစ်ပေါ်မှုကို ဇာတိဓမ္မကြီး တစ်မျိုးပေဟူ၍ မသိကြ။

၃၂- ကောဋ္ဌာသ၌ ဓာတ်ခွဲပုံ

လူတစ်ကိုယ်၌ ကာယ ၃၂- ပါး ရှိခြင်း-- ထိုအလုံးစုံကို ထင်ရှား စေခြင်းငှါ ဒွတ္တိံသကာယနှင့်စပ်၍ ပြဆိုအံ့။

ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌ -

''ကေသကာယံ၊ လောမကာယံ၊ နခကာယံ၊ ဒန္တကာယံ၊'' အစရှိသည်ဖြင့် ဟောတော်မူသောကြောင့် တစ်ယောက်သော သူ၏ ကိုယ် သန္တာန်၌ ကေသကာယ, လောမကာယ အစရှိဖြင့် ကာယပေါင်း ၃၂- ပါး ရှိ၏၊ ကိုယ်ခန္ခာပေါင်း ၃၂-ပါးရှိ၏ ဟူလို။

ဆံပင် စသည်ကို ရှုပုံ

ဆံပင်ပေါင်း ၂-ကုဋေ ၄-သန်း ရှိသည်ဆိုသောကြောင့် ကေသကာယ ပေါင်း ၂-ကုဋေ ၄-သန်းရှိ၏၊ ဆံပင်ခေါ်သော ကိုယ် ခန္ဓာပေါင်း ၂-ကုဋေ ၄-သန်းရှိ၏ ဟူလို။

ထိုအတူ မွေးညင်းခေါ်သော ကိုယ်ခန္ဓာပေါင်း ၉-သောင်း ၉- ထောင် ရှိ၏၊

ခြေသည်း, လက်သည်းခေါ်သော ကိုယ်ခန္ဓာပေါင်း ၂၀-ရှိ၏၊ သွားခေါ်သော ကိုယ်ခန္ဓာပေါင်း ၃၂-ပါးရှိ၏၊

အရေ ခေါ်သော ကိုယ်ခန္ဓာပေါင်း ၂-ပါးရှိ၏၊

အသား ခေါ်သော ကိုယ်ခန္ဓာပေါင်း ၉-ရာရှိ၏၊

အကြော ခေါ်သော ကိုယ်ခန္ဓာပေါင်း ၉-ရာရှိ၏၊

အရိုး ခေါ်သော ကိုယ်ခန္ဓာပေါင်း ၃-ရာရှိ၏၊ ဤသို့ စသည်ဖြင့် ခွဲလေဦး။

ဆံပင်၌ ကာယကြီး ၄- ပါးခွဲပုံ--- ဆံပင်တစ်ခု၌လည်း

၁။ ပထဝီကာယ

၂။ အာပေါကာယ

၃။ တေဇောကာယ

၄။ ဝါယောကာယ

ဟူ၍ ကာယကြီး ၄-ပါး ရှိ၏။

ပထဝီကာယ။ ။။ ဆံပင်တစ်ခုလုံး၌ အမာခံဖြစ်သော ခက် မာမှု ကြိယာ အပေါင်းသည် ပထဝီ ကာယ မည်၏။

အာပေါကာယ။ ။။။ ဖွဲ့စေးမှု ကြိယာ အပေါင်းသည် အာပေါ ကာယ မည်၏၊

တေဇောကာယ။။။။ ပူသောအခါ၌ ပူမှုအပေါင်း, အေးသော အခါ၌ အေးမှုအပေါင်းသည် တေဇော ကာယ မည်၏၊

ဝါယောကာယ။ ။။။။ တေဇောကာယ၏ အရှိန်ဖြစ်သော ထောက်ကန်မှု, လှုပ်ရှားမှု အပေါင်းသည် ဝါယောကာယ မည်၏၊

ဤသို့လျှင် ဆံပင်တစ်ခုလုံး၌ ကာယကြီးလေးပါးရှိ၏၊ ကိုယ်ခန္ဓာ ကြီးလေးပါး ရှိ၏-ဟူလိုသည်။

ဆံပင်၌ ဓာတ် ၃-ပါးနိမိတ် ၂-ပါး ခွဲပုံ

ထိုကာယကြီး လေးပါးတို့၏ မစဲဖြစ် ပေါ်မှု, မစဲပျက်ဆုံးမှုဟူသော လက္ခဏာဓာတ်ကြီး နှစ်ပါးလည်း ရှိ၏၊

ကလာပ်ဖွဲ့ ကလာပ်ခဲတို့၏ ထက်ဝန်းကျင် အခြား, ရှေ့နောက် အခြားဟူသော အာကာသပရိစ္ဆေဒဓာတ်ကြီးလည်း ရှိ၏၊

စိတ်ဝိညာဏ် ဖန်ဆင်း၍ ပြသဖြင့် ထင်မြင်၍နေကြသော သဏ္ဌာန် နိမိတ်ကြီးလည်း ရှိ၏၊

ထိုသဏ္ဌာန်အတိုင်း နှစ်, လ အရှည်တည်နေသည်ဟု ထင်မြင်၍ နေကြ သော သန္တတိနိမိတသန္တတိနိမိတ်ကြီးလည်း ရှိ၏၊

ဤနိမိတ်ကြီး နှစ်ပါးတို့သည်ကား စိတ်ထဲတွင် ထင်မြင်ကြရသော ပညတ်မျှတို့သာတည်း၊ ထိုဆံပင်တစ်သက် ထိုနိမိတ်ကြီးတို့သည် မြဲကုန်၏၊ လူသေ၍မှ မပျက်ကြကုန်သေး၊ သုသာန်မြေမှာ တထွေးလုံးလုံး တည်ရှိကြကုန်သေး၏၊ ထိုနိမိတ်ကြီးနှစ်ပါးတို့မှာ ဖြစ်မှုဟူ၍လည်းမရှိ၊ ပျက်မှုဟူ၍လည်းမရှိ၊ အနိစ္စလည်း မရှိ၊ ဒုက္ခလည်း မရှိ၊ နိစ္စဓမ္မမျိုးတို့ သာတည်း။

ထိုနိမိတ်ကြီး နှစ်ပါးတို့၏ မှီရာဖြစ်သော ကာယကြီး လေးပါးတို့၏ ထိုဘဝ၌ အစစွာသော ဖြစ်ပေါ်မှုကို ထိုနိမိတ်တို့၏ ဖြစ်ပေါ်မှုဟု ထင်မြင်ကြရကုန်၏၊ သုသာန်မြေမှာ ကာယကြီးလေးပါးတို့၏ အဆုံးစွန် သော ပျက်မှုကို ထိုနိမိတ်တို့၏ ပျက်မှုဟု ထင်မြင်ကြရကုန်၏၊

ထို့ကြောင့် ထိုနိမိတ်တို့ကိုသာ သိမြင်ထင်စွဲ၍ နေကြကုန်သော သတ္တဝါတို့သည် ထိုဆံပင်မှာ တစ်ခါဖြစ်, တစ်ခါပျက်သာရှိသည်ဟု သိမြင် ထင်မှတ်၍ နေကြကုန်၏၊ မသေမီအကြား၌ ထိုသူ အသက်ရှည်သမျှ ကာလပတ်လုံး အန္တရာယ်မရှိလျှင် သုသာန်မြေသို့ ရောက်သည်တိုင် အောင် ထိုဆံပင် အခါခါဖြစ်သည်, အခါခါပျက်သည်ဟူ၍ မရှိပြီဟု သိမြင်ထင်မှတ်၍ နေကြကုန်၏၊ သတ္တဝါတို့၏ ကိုယ်ခန္ဓာတစ်ခုလုံးသည် နိမိတ္တတုံးကြီး, နိစ္စတုံးကြီး ထင်မြင်စွဲမှတ်၍ နေကြကုန်၏။

ဆံပင်၌သဏ္ဌာနနိမိတ် ဖုံးလွှမ်းပုံ- ထိုနိမိတ်ကြီး ၂-ပါးတို့ တွင် သဏ္ဌာန နိမိတ်ကြီးသည် ဆံပင်၌ရှိသော ကာယကြီးလေးပါးတို့ကို ဆံပင်ဟု တစ်ခုတည်းပြု၍ ဖုံးလွှမ်း၏၊

ဆံပင်၌ရှိသော ခက်မာမှုကို ပထဝီဓာတ်ဟု ခွဲခြမ်း၍ မသိကြ ကုန်၊ ဆံပင်ခက်မာသည်ဟူ၍သာ သိကြကုန်၏၊

ဖွဲ့စေးမှုကို အာပေါဓာတ်ဟု ခွဲခြမ်း၍ မသိကြကုန်၊ ဆံပင်ဖွဲ့စေး သည် ဟူ၍သာ သိကြကုန်၏၊

ပူမှု, အေးမှုကို တေဇောဓာတ်ဟု ခွဲခြမ်း၍ မသိကြကုန်၊ ဆံပင်ပူသည်, ဆံပင်အေးသည် ဟူ၍သာ သိကြကုန်၏၊ ထောက်ကန်တောင့်တင်းမှုကို ဝါယောဓာတ်ဟု ခွဲခြမ်း၍ မသိကြကုန်၊ ဆံပင်တောင့်တင်းသည်ဟူ၍သာ သိကြကုန်၏။

ဆံပင်၌သန္တတိနိမိတ် ဖုံးလွှမ်းပုံ-- သန္တတိနိမိတ်ကြီးသည် ထိုဓာတ်ကြီး လေးပါးတို့၏ တစ်နာရီအတွင်းမှာ အခါတစ်ရာ, အခါ တစ်ထောင်မက တသုတ်တသုတ် ချုပ်ပျက်သေဆုံးမှု, တသုတ်တသုတ် အသစ်အသစ် ဖြစ်ပေါ်မှုတို့ကို လုံခြုံလှစွာ ဖုံးကွယ်၍ ရှေ့နောက် အစဉ်ဖြစ်ကုန်သော ထိုတသုတ်တသုတ်တို့ကို ဆံပင်တစ်ခုတည်း ပြု၍ တစ်သက်လုံး၌ သည်ဆံပင်ဟု ထင်မှတ်မှားစေ၏။

ဓာတ်ကြီး ၄-ပါးတို့ကား အနိစ္စမျိုးတို့တည်း၊ နိမိတ်ကြီး ၂- ပါးတို့ကား နိစ္စမျိုးတို့တည်း၊ အဟုတ်ရှိသော တရားမျိုး မဟုတ်သော ကြောင့် ပျက်စရာ မရှိသည့်အတွက် နိစ္စမျိုးဖြစ်လေသတည်း။

ပူမှုအေးမှုတို့၏ ကိစ္စ။ ။ ထိုဆံပင်၌ ကာယကြီးလေးပါး တို့တွင်-

တေဇောကာယဆိုသည်ကား--- မီးစုမီးခဲတည်း၊ ပူမှု, နွေးမှု, အေးမှု, ချမ်းမှု အစုအခဲတည်း၊ ပူမှု, အေးမှုတို့၏ ကိစ္စကြီးကား ၂- ပါးသာ ရှိ၏၊

၁။ အတူတကွ အနီးအစပ်ဖြစ်သော ပထဝီကာယ, အာပေါ ကာယ, ဝါယောကာယတို့ကို ခဏမစဲ ကုန်ဆုံးအောင် အမြဲလောင်မှု ကိစ္စတစ်ပါး။

၂။ ထိုကာယကြီး ၃-ပါးတို့ကို လောင်မိ, စွဲမိ, ခဲမိသည်နှင့် တစ်ပြိုင်နက် အမြဲမီးပွါးမှု ကိစ္စကြီးတစ်ပါး။ ဤသို့ ပူမှု၌ ကိစ္စကြီး ၂-ပါး, အေးမှု၌ ကိစ္စကြီး ၂-ပါး အသီးသီး ရှိကြ၏။

ဤစကား၌ မီးပွါးမှုဆိုသည်ကား--

၁။ အပူအဆင့်ဆင့် ပွါးမှု

၂။ အအေးအဆင့်ဆင့် ပွါးမှုကို ဆိုသတည်း။ ပူမှု, အေးမှု အသစ်အသစ် မီးပွါးတိုင်း ကြွင်းသော ကာယကြီး ၃-ပါးတို့သည် အမြဲပါရှိကြကုန်၏၊

မီးပွါးမှုကို မြင်အောင်ရှု-- မီးပွါးပုံ အခြင်းအရာကိုကား လောက၌ ရှားမီးခဲ ရဲရဲကြီးကို စေ့စေ့ကြည့်၍လည်းကောင်း၊ မီးတောက် မီးလျှံကို စေ့စေ့ကြည့်၍လည်းကောင်း၊ ဥဏှမီးပွါးမှုကို သိမြင်ရာ၏၊ မြစ်ရေအယဉ်,စမ်းရေအယဉ်များကို ကြည့်၍ သီတမီးပွါးမှုကို သိမြင်ရာ၏၊ လှုပ်လှုပ်ရွရွ တဖွားဖွားပေါ်မှု, တက်မှု, တတွေတွေ စီးထွက်မှု တို့ကို ဆိုလိုသည်။

အကြင်မျှလောက်သော နေ့, ရက်, လ,နှစ်တို့ ကာလပတ်လုံး ထိုဆံပင်၌ တေဇောကာယကြီး မီးပွါးမှု အခွင့်ရရှိ၏၊ ထိုမျှလောက်သော ကာလပတ်လုံး ဆံပင်ဟူသော သဏ္ဌာနနိမိတ်, သန္တတိနိမိတ်တို့သည် ထင်မြင်ရကုန်၏၊ မီးပွါးမှု ကုန်ဆုံးလျှင် အမှီမရှိ၍ ထင်စရာ မြင်စရာ မရှိ၊ ကွယ်ပျောက်ကြကုန်၏၊

ဤမီးပွါးမှုကို ဉာဏ်စူးစိုက်မိခဲ့လျှင် ဆံပင်တစ်ခုလုံး အမြဲနိစ္စ တရွရွ နေသည်ကို ထင်မြင်နိုင်ကြကုန်လတ္တံ့။

ဆံပင်တစ်ခု၌ ကောင်းကောင်းမြင်ခဲ့ပေလျှင် သတ္တဝါတို့၏ ကိုယ် ခန္ဓာရှိ ရုပ်စုရုပ်ခဲတို့ကို မဆိုထားဘိ၊ မဟာပထဝီမြေကြီး, မြင်းမိုရ်တောင် ကြီးတို့နှင့်တကွ တော, တောင်, သစ်ပင်အစရှိသော ရုပ်စုရုပ်ခဲတို့သည် ဉာဏ်၌ တရွရွတွေဖြစ်၍ ကုန်လတ္တံ့။

တရွရွ ထင်မြင်ခဲ့လျှင် ထိုတရွရွ ဆိုရသော အမှုမျိုး၌ အကျ, အတက်, အပျက်, အဖြစ်တွေကို ဖက်စပ်၍ ဆိုရသော အမှုမျိုးပေတည်း။

ထို့ကြောင့်--

၁။ ရှေးရှေးအသုတ်မှ ကာယကြီး ၄-ပါး ပျက်ဆုံးမှုအစွန်း၊

၂။ နောက်နောက်အသုတ်မှ ကာယကြီး ၄-ပါး အသစ်သစ် ဖြစ်ပေါ်မှု အစွန်း၊

၃။ ထိုအစွန်း ၂-ပါး, ၂-ပါးတို့၏ အကြား၌ အပြတ်ကြီး အပြတ်ကြီး အနေနှင့် အမြဲပါရှိသော အာကာသပရိစ္ဆေဒမှု၊ ဤအစွန်း ၂-ပါး, အခြားတစ်ခုကိုလည်း အတပ်သိမြင်နိုင်ကြ ကုန်ရာသတည်း။

ဤကား အစဉ်အမြဲအားဖြင့် သတ္တဝါတို့၏ ကိုယ်ခန္ဓာနှင့်တကွ တစ်လောက လုံး၌ နေ, လ, နက္ခတ်တို့ကို အရင်းပြု၍ တစ်နေ့တစ်နေ့၌ ပင်လျှင် ပဟိုရ်အပိုင်း အခြား, ယာမ်အပိုင်းအခြားအားဖြင့် တက်တုံ, ဆုတ်တုံဖြစ်၍နေကြသော ဥဏှ ဓာတ်မီး, သီတဓာတ်မီးတို့ကို အစွဲပြု၍ ပကတိသော ဆံပင်၌ ကာယကြီး ၄-ပါး, အစွန်းကြီး ၂-ပါး, အခြားကြီး ၁-ပါးတို့ကို ဖော်ပြသောအချက်တည်း၊ ချိပ်ခဲဥပမာနှင့်ယှဉ်၍ ကြည့်ကြလေ။

လှုပ်ရှားသော ဆံပင်၌ကား ကြိမ်လုံးဥပမာနှင့် ယှဉ်၍ကြည့်ကြ လေ၊ အလွန်ထင်ရှား၏၊ ထင်ရှားလှသော လှုပ်ရှားမှုမျိုးကစ၍ အသိဉာဏ်, အမြင်ဉာဏ်ကို ရှင်းလင်းအောင် တည်ထောင်ကြလေ။

ဆံပင်၌ ဥပါဒါရုပ် ၄-ပါး ခွဲပုံ

ဤဆံပင်၌-ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာဟူသော ဥပါဒါရုပ် ၄-ခု ကျန်ရှိသေး၏၊ ကာယကြီး ၄-ပါးတို့၏ ဖြစ်မှု, ပျက်မှုကို ထင်မြင်နိုင်ပါလျှင် ဥပါဒါရုပ်တို့၏ ဖြစ်မှု, ပျက်မှုတို့ကိုလည်း ထင်မြင်နိုင်တော့သည်။

သို့ရာတွင်- အဆင်းဟူသော ဝဏ္ဏဓာတ်သည် သဏ္ဌာန်နိမိတ်ကြီး နှင့် အလွန်နီးစပ်လှ၏၊ ဤအဆင်းဟူသော ဝဏ္ဏဓာတ်ကို မှုန့်မှုန့် ညက်ညက်ကျေအောင် ဉာဏ်နှင့် အထူးချေဖျက်ရလိမ့်မည်၊ ပထဝီကာယ ကြီးပျက်မှုကို ရှုခဲ့လျှင် ဝဏ္ဏဓာတ်ပျက်မှုကိုလည်း တပေါင်းတည်း ပါ အောင်ရှု။

ထို့အတူ အာပေါကာယကြီး အဖွဲ့အတွယ်ပြုတ်ပျက်မှု, တေ ဇောကာယကြီး အပူအအေးကုန်ဆုံးမှု, ဝါယောကာယကြီး အရှိန်သေ ပျောက်မှုတို့ကို ရှုခဲ့လျှင် ဝဏ္ဏဓာတ်ပျက်မှုလည်း တပေါင်းတည်း ပါလေ အောင် အထူးအားထုတ်ရမည်ဟု ဆိုလိုသည်။

ဆံပင်၌ မည်းသော အဆင်းကို ကြောင်ကြောင်မြင်ကြလျက် ဓာတ်အသီး အခြားဟု မသိကြ၊ ဓာတ်အသီး အခြားဟု သိကြလျက် ခြားနား၍ မမြင်ကြ။

အနံ့, အရသာ, ဩဇာတို့၌လည်း ဤနည်းတူဆိုလေ။ မွေးညင်းစသော ကောဋ္ဌာသ၌ ဓာတ်ခွဲပုံ-- ဤဆံပင်၌ ကဲ့သို့ မွေးညင်း, ခြေသည်း, လက်သည်း, သွား, အရေအစရှိသော ကြွင်းသော ကောဋ္ဌာသတို့၌လည်း ကာယကြီး ၄-ပါး, အစွန်း၂-ပါး, အာကာသပရိစ္ဆေဒ ၁-ပါး, နိမိတ်ကြီး ၂-ပါးတို့ကို အသီးအသီး အထင်အမြင်ပေါက်အောင် အားထုတ်ကြလေ။

ပထဝီကောဋ္ဌာသ၌ နိမိတ်ကြီး ၂-ပါး အဓိပ္ပါယ် ထိုကြွင်းသော ကောဋ္ဌာသတို့တွင်--- မွေးညင်းမှ တစ်ပါးသော ၁၈-ပါးသော ပထဝီကောဋ္ဌာသတို့၌ နိမိတ်ကြီး ၂-ပါး ကြီးကျယ်လှ၏၊ သဏ္ဌာနနိမိတ်--သဏ္ဌာနနိမိတ်မည်သည် အဏုမြူမျှ အထည် ဝတ္ထု ဒြဗ်သဏ္ဌာန် ထင်မြင်လာလျှင် သဏ္ဌာန နိမိတ်ကြီး ပင်တည်း။ သန္တတိနိမိတ်-- သန္တတိနိမိတ် မည်သည်ကား ဤဝတ္ထုသည် တစ်မိနစ် တည်နေ၏၊ တစ်နာရီတည်နေ၏ဟု ထင်မြင်လာလျှင် သန္တတိနိမိတ်ပင်တည်း။

မုန့်ညင်းစေ့ငယ်တွေကို တောင်ကြီးဖုံးဖိ၍ ထားဘိသကဲ့သို့ အဟုတ် အမှန်ရှိဖြစ်သော ပရမတ်ဓာတ်ကြီးတွေကို အဟုတ်အမှန်ရှိ မဟုတ် စိတ်ဝိညာဏ် လုပ်ကြံလှည့်စား၍ ပြမှုနှင့် ထင်မြင်၍နေရသော ထိုနိမိတ်ကြီး ၂-ပါးတို့သည် ဖုံးအုပ်ကွယ်ကာ၍ ထားအပ်ကုန်၏၊ ပရမတ် ဓာတ်ကြီးတွေကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်၍ နိမိတ်ကြီးတွေကို ဉာဏ်နှင့် သန်သန်မှုတ်လွင့်၍ ပစ်ကြလေ။

အလင်းရောင်ရောက် အမိုက်မှောင်ပျောက် အမိုက်မှောင် မည်သည်ကို အရောင်အလင်းသည်သာ ငယ် နိုင်ဖြစ်၏၊ ညဉ့်အခါ တိုက်ခန်း၌ ပြည့်၍နေသော မှောင်လုံး, မှောင်ခဲကြီးကို အရောင်တစ်ခုသည်သာ နိုင်၏၊ အရောင်မှတစ်ပါး ထိုမှောင်ကိုနိုင်သော အရာမရှိ၊ ဗုံးကြီး, အမြောက်ကြီးနှင့် ပစ်ခွင်း၍ ဖျက်ဆီးသော်လည်း ပျောက်ပျက်အောင် မတတ်နိုင်၊ မီးရောင်လာခဲ့လျှင် အဏုမြူမျှမကျန် ခဏချင်း အလိုလို ကွယ် ပျောက်၏။

နိမိတ္တမှောင်ကို ဉာဏ်ရောင်ဖြင့်ပယ်

ထို့အတူ နိမိတ္တ မှောင်ကြီးကိုလည်း ဓာတ် သဘာဝကို မြင်သော ဉာဏ်ရောင်သည် ငယ်နိုင်ဖြစ်၏၊ ဉာဏ်ရောင်ပေါ်လျှင် အလိုလို ကွယ်ပျောက်၏၊ နိမိတ္တမှောင်ကြီး ဖုံးလွှမ်းမှုဆိုသည်နှင့် အဝိဇ္ဇာမောဟ မှောင်ကြီး ဖုံးလွှမ်းမှုဆိုသည်ကား အတူတူပင်။

စိတ်သန္တာန်၌ သမ္မောဟတရားကြီး ရှိနေသောကြောင့် စိတ်ဝိညာဏ်သည် ထိုနိမိတ္တမှောင်ကြီးတွေကို ဖန်ဆင်းနိုင်လေသည်။ စိတ် သန္တာန်၌ ဓာတ်အမြင် ပေါက်သောဉာဏ် တစတစ ပေါ်၍လာလျှင် သမ္မောဟတရားကြီး တစတစ ပြယ်ပျောက်၏၊ စိတ်ဝိညာဏ် လှည့်စားမှု လည်း တစတစ ကွယ်ပျောက်၏။

ထို သမ္မောဟတရားကြီးကြောင့် စိတ်ဝိညာဏ်အမှုဖြစ်သော နိမိတ္တမှောင်ကြီး ၂-ပါး အမြဲထင်မြင်၍နေသဖြင့် နိစ္စ ဒိဋ္ဌိကြီး, အတ္တဒိဋ္ဌိကြီး ၂-ပါးတို့ မင်းမူ၍နေကုန်၏၊ ထိုဒိဋ္ဌိကြီးတို့မှ ဒုစ္စရိုက်ဆယ်ပါးတို့သည် ထွက်ကုန်၏၊ ဒုစ္စရိုက်ဆယ်ပါးတို့မှ အပါယ်ဘဝ အပါယ်ခန္ဓာတို့သည် ဖြစ်ကုန်၏။

ဒိဋ္ဌိဘေးကြီး, ဒုစ္စရိုက်ဘေးကြီး, အပါယ်ဘေးကြီးတို့ကို ကြောက်လန့် ကြကုန်မူကား ဓာတ်အမြင်ပေါက်သော ဉာဏ်ရောင် အလင်းကို အားတိုက် ထူထောင်ကြလေကုန်။

မျက်စိ ၂-လုံး တိမ်သလာဖုံးသူပမာ

မျက်စိ ၂-ဖက် ပသာဒရုပ်ကြည်ကို တိမ် သလာကြီး ထူထပ်စွာ ဖုံးလွှမ်းလျက်ရှိသော သူသည် နေ့ကြောင်ကြောင်မှာပင် မှောင်ကြီး ဝိုင်း၍နေ၏၊ မှောင်ကြီးကိုသာ မြင်၍နေ၏၊ ထိုသူ ထင်မြင်၍နေသော မှောင်ကြီး ကား နေ့ကြောင်ကြောင်ဖြစ်၍ အဟုတ်ရှိသော မှောင် မဟုတ်၊ ထိုသူစိတ်ဝိညာဏ် ထင်မိထင်ရာ မြင်မိမြင်ရာ မဟုတ်တရုပ်ကြီး သက်သက်သာတည်း။

မျက်စဉ်းဆေးဝါးကို အားထုတ်မှီဝဲ၍ တိမ်သလာ ကွာပျောက် သဖြင့် အတွင်း၌ ပသာဒရုပ်ကြည် ပေါ်၍လာလျှင် ထိုဝိုင်း၍နေသော မှောင်ထုကြီး အလိုလို ပပျောက်လေ၏၊

မျက်စိမမြင်သူနှင့် ဤသတ္တဝါတို့သည် တူကုန်၏၊ မျက်စိနှင့် စိတ်သန္တာန် တူ၏၊

ပသာဒရုပ်ကြည်နှင့် ပကတိဉာဏ်သည် တူ၏၊

တိမ်သလာနှင့် အဝိဇ္ဇာ သမ္မောဟတရားကြီးသည် တူ၏၊ စိတ်ရှေးရှုရာ အရပ်ဆယ်မျက်နှာ ဝိုင်း၍နေသော မှောင်ကြီးနှင့် နိမိတ်ကြီးတို့သည် တူကုန်၏၊

စိတ္တဝိပလ္လာသအနန္တ-- သတ္တဝါတို့၏ ပကတိသော စိတ် ဝိညာဏ်မည်သည် အဟုတ်အမှန်ကို ဟုတ်မှန်သည့်အတိုင်း ထင်မြင်၍ နေမှု အလွန်နည်းပါး၏၊ မဟုတ်မမှန် ထင်မြင်၍နေမှုကား တစ်ယောက် တစ်ယောက်မှာပင် အနန္တ များပြား၏။

သည်းခြေရူးအလား ပုထုဇဉ်စိတ်များ

သည်းခြေပျက်၍ အလွန်ကြီး ဖောက်ပြန်၍နေ သော အရူး၏ စိတ်သည် မီးကို ရွှေထင်၏၊ ရေ ပြင်ကို မြေပြင်ထင်၏၊ ကောင်းကင်ကို ရေပြင် ထင်၏၊ သစ်ပင်တောချုံတွေကို ရွှေဘုံရွှေနန်းတွေ ထင်၏၊ ထိုမြင်မှုသည် စိတ် ဝိညာဏ်လှည့်စားမှုသက်သက်သာတည်း။

ဓာတ်အမြင် မပေါက်သော ပုထုဇဉ် သတ္တဝါတို့၏စိတ်သည် ထို အရူးစိတ်နှင့် ထပ်တူပင်တည်း၊ အရူး၏စိတ်မှာ ဘာမှ မဟုတ်, ဘာမှမရှိသော ကောင်းကင်ကို ရေပြင်ကြီး, ပင်လယ်ပြင်ကြီး အဟုတ် အမှန် ထင်မြင်၍နေမှုနှင့် ပုထုဇဉ် သတ္တဝါတို့၏စိတ်မှာ နိမိတ်ကြီး ၂- ပါး ထင်မြင်၍ နေမှုတူလှ၏၊

ရုပ်ဓာတ်, နာမ်ဓာတ်တို့သည်သာ အဟုတ်ရှိ အမှန်ရှိ ဖြစ်ကုန်၏။

ထို အဟုတ်ရှိ အမှန်ရှိတို့ကား မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ ခိုင်မြဲသော နိစ္စမျိုး မဟုတ်ကုန်၊ အလိုသို့လိုက်တတ်သော အတ္တမျိုး မဟုတ်ကုန်၊ အနိစ္စမျိုး, အနတ္တမျိုးတို့သာ ဖြစ်ကုန်၏။

နိမိတ်ကြီး ၂-ပါးတို့ကား အဟုတ်ရှိ အမှန်ရှိ မဟုတ်၊ စိတ် ဝိညာဏ် ထင်ချင်တတ်တိုင်း ထင်မြင်၍နေသော အထည်ဒြဗ်ကြီးဖြစ်၍ နိစ္စအနေ, အတ္တအနေ ထင်မြင်၍ နေကြကုန်၏။

နိမိတ်ကြီး၂-ပါးဆိုသည်လည်း အထည်ဒြဗ် မဟုတ်သော ရုပ်ဓာတ်, နာမ်ဓာတ်ကိုပင် အထည်ဒြဗ် ပြုလုပ်၍ ထင်မြင်သော အမှုတည်း။

အရူးသည် ကောင်းကင်ကြီးကို ရေဟူ၍ အတပ် ထင်မြင်၏၊ အရူးထင် သည့်အတိုင်း ရေမဟုတ်သည့်အတွက်ကြောင့် ရေကိစ္စ၌ အသုံးသက်သက် မကျ၊ ရေဟု ထင်မြင်ချက်နှင့် အမက်ကြီး အစွဲကြီး တစ်ခု ဖြစ်နေရုံမျှသာ ရှိ၏။

ထို့အတူ သတ္တဝါတို့သည် ရုပ်ဓာတ်,နာမ်ဓာတ်တို့ကို နိမိတ်ကြီး ၂-ပါး ပြုလုပ်၍ နိစ္စ, အတ္တ ထင်မြင်၍ နေကြကုန်၏၊ သတ္တဝါတို့ ထင်မြင်သည့်အတိုင်း မဟုတ်သည့်အတွက်ကြောင့် ထိုရုပ်ဓာတ်, နာမ်ဓာတ်တို့သည် နိစ္စကိစ္စ, အတ္တ ကိစ္စနှင့် သက်သက် အသုံးမကျကုန်။

နိစ္စကိစ္စ, အတ္တကိစ္စ မည်ပုံ

နိစ္စကိစ္စ, အတ္တကိစ္စဆိုသည်ကား-- စောင့်ရှောက် မှု, ထောက်ပံ့မှု, မွေးမြူ ပြုပြင်မှုတို့နှင့် အချင်း ခပ်သိမ်း လွတ်ကင်း၍ အနှစ်တစ်ရာ, အနှစ်တစ် ထောင်စသည်ဖြင့် သတ္တဝါတို့ အလိုရှိသမျှ ကာလပတ်လုံး မိုးကြိုးပင် ပစ်သော် လည်း ဖောက်ပြန်ခြင်းမရှိဘဲ ပကတိအတိုင်း တည်နေ မှုသည် နိစ္စကိစ္စ, အတ္တ ကိစ္စမည်၏။

မီးတောက်ပမာ

ရုပ်နာမ် ခန္ဓာ ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့၌ ထိုကိစ္စ နှစ်ချက် သက်သက် မရှိ၊ မီးစာ, ဆီ, ရေနံဆီတို့ကို အစွဲပြု၍ ဖြစ်ရ တည်နေရသော မီးတောက်သည် မီးစာ, ဆီ, ရေနံ ဆီတို့လျော့ပါးကုန်လျှင် လျော့ပါးရတော့သည်၊ မီးစာ, ဆီ, ရေနံဆီတို့ ကုန်ဆုံးလျှင် သေဆုံးရတော့သည်၊ မီးစာ, ဆီ, ရေနံဆီ တို့နှင့် ကင်း၍ ပကတိအနေနှင့် မျက်တောင် တစ်ခတ်စာမျှ တည်တံ့စွာ မနေနိုင်၊ သေရလေ၏၊ မီးစာ, ဆီ, ရေနံဆီတို့ပင် အပြည့်အစုံ ရှိကြကုန် သော်လည်း လေ, ရေ အစရှိသော အန္တရာယ် ဖျက်ဆီးပြန်လျှင် ခဏချင်း သေဆုံးပြန်သည်။

ရုပ်နာမ်တို့ တည်ပုံ,ပျက်ပုံ-- ထိုနှင့်ထပ်တူ သတ္တဝါတို့၏ ရုပ်ခန္ဓာ, နာမ် ခန္ဓာတို့သည် အမိဝမ်း၌ အမိကိုယ်မှ ဖြစ်ကုန်သော ဥတု, အာဟာရတို့ကို အစွဲပြု၍ ဖြစ်ရ တည်ရကုန်၏၊ ထိုဥတု, အာဟာရတို့နှင့် ကင်း၍ မျက်တောင်တစ်ခတ်စာမျှ တည်တံ့စွာမနေနိုင် ပျက်ဆုံး ရကုန်၏။

ဖွားမြင်သည်မှ နောက်၌လည်း ထမင်း အစာရေစာတို့မှ ဖြစ်ကုန် သော ဥတု, အာဟာရတို့ကို အစွဲပြု၍ ဖြစ်ရ, တည်ရကုန်၏၊ ထိုဥတု, အာဟာရတို့နှင့် ကင်း၍ မျက်တောင်တစ်ခတ်စာမျှ အဇ္ဈတ္တခန္ဓာတို့သည် တည်တံ့စွာမနေနိုင် ပျက်ဆုံးရ ပြန်ကုန်၏။

ထိုဥတု, အာဟာရတို့ ထောက်ပံ့မှု ရှိနေကုန်သော်လည်း ကိုယ် တွင်း အန္တရာယ်, ကိုယ်ပအန္တရာယ်တို့ အပြင်းအထန် ထိပါးခဲ့ပြန်လျှင် ခဏချင်း ပျက်ဆုံးရ ပြန်ကုန်၏။

ကိုယ်တွင်း၌ ထမင်းရေစာတို့မှ ဖြစ်ပွါးသော ဥတုဟူသော ဓာတ်မီး, အာဟာရဟူသော ဓာတ်ဆီတို့နှင့် ကင်းလျက်လည်းကောင်း၊ အတွင်း, အပ အန္တရာယ် ပြင်းထန်စွာ ထိပါးလျက်လည်းကောင်း, ဖောက်ပြန် ခြင်းမရှိဘဲ မိမိတို့၏ နိစ္စ ဂုဏ်သတ္တိ အစွမ်းနှင့်သော်လည်းကောင်း, သတ္တဝါတို့၏ အလိုသို့လိုက်မှုဟူသော အတ္တဂုဏ်သတ္တိ အစွမ်းနှင့် သော်လည်းကောင်း, ပကတိအနေအားဖြင့် မျက်တောင်တစ် ခတ်စာမျှ တည်နိုင်မှု မရှိကြလေကုန်။

သင်္ခါရ ဒုက္ခကိစ္စ-- ဤလောကတွင် ရေသတ္တဝါ, ကုန်းသတ္တဝါ တို့၌ အသက်မွေးမှုကိစ္စ, အစာအာဟာရရှာမှီး စားသောက် မှုကိစ္စ ကိုယ်တွင်းကိုယ်ပ ဘေးအန္တရာယ်တို့ကို အမြဲသတိပြုမှုကိစ္စ၊ ဤသင်္ခါရ ဒုက္ခ ကိစ္စကြီးတို့နှင့် နေ့,ရက်ရှိသမျှ ကြပ်တည်းစွာ ကြောင့်ကြစိုက်ထုက်၍ နေကြရ သည်ကား ဒိဋ္ဌမျက်မြင်ပေတည်း။

သဏ္ဌာနနိမိတ်, သန္တတိနိမိတ်တို့၌ နိစစ္စဂုဏ်သတ္တိ, အတ္တဂုဏ်သတ္တိ မရှိပုံ

ထိုသင်္ခါရဒုက္ခ ကိစ္စကြီးတို့ကို လွှတ်ထား၍ မိမိခန္ဓာတို့၏ နိစ္စဂုဏ်သတ္တိ, အတ္တဂုဏ်သတ္တိသက်သက်နှင့် တစ်သက်လုံး တည်နေ နိုင်သောသူဟူ၍ လောက၌ တစ်စုံတစ်ယောက်မျှမရှိ၊ တစ်နေ့တစ်ရက်မျှ မနေနိုင်ကြ၊ တစ်ကြိမ်မှီဝဲသော အစာအာဟာရ ဓာတ်ဆီ၏ တစ်ကိုယ်လုံး ပျံ့နှံ့ထောက်ပံ့မှုသည် လူတို့၌ ၇-ရက် ဟူ၏၊ နတ်တို့၌ တစ်လ, နှစ်လ ဟူ၏၊ ထိုဓာတ်ဆီအယဉ်ပြတ်သည်နောက် မျက်တောင်တစ်ခတ်မျှ အဇ္ဈတ္တခန္ဓာတို့ မတည်နိုင်ကုန်၊ ဥတုဇရုပ်ကြမ်းတို့သည်သာ သူသေ ကောင်အဖြစ်နှင့် ကျန်ရစ်ကုန်တော့သည်။

နိမိတ်ကြီး နှစ်ပါးတို့သည် ထိုခန္ဓာတို့၏ ထိုကဲ့သို့သော ပျက်ဆုံးမှုကို အဏုမြူကိုမျှ တားမြစ်ခုခံနိုင်ကြသည် မဟုတ်ကုန်၊ ဤသတ္တဝါ အပေါင်းတို့သည်မူကား သင်္ခါရဒုက္ခမှုကြီးတွေနှင့် အကြပ်အတည်း ကြောင့်ကြစိုက်နိုင်လှ၍ ခန္ဓာအစဉ်မပြတ်ဘဲ နှစ်, လရှည်ကြာ အသက် ရှည်၍ နေကြရပါသည်ကို နိမိတ်ကြီးတို့၏ နိစ္စအစွမ်း, အတ္တအစွမ်း, ဇီဝအစွမ်းဟု ထင်မှတ်မှောတ်မှား၍ နေကြကုန်၏။

ခန္ဓာတို့သည်လည်းကောင်း, နိမိတ်တို့သည်လည်းကောင်း အကယ်၍ အလိုလိုက်မှုဟူသော အတ္တအစွမ်း ရှိကြကုန်သည်ဖြစ်အံ့၊ ထိုခန္ဓာ, နိမိတ်တို့သည် ပြုပြင်မှုနှင့်ကင်း၍ပင် သတ္တဝါတို့နေလိုသမျှ နှစ်, လများစွာ တစ်ရာ, တစ်ထောင်စသည် တည်နေနိုင်ကြကုန်ရာ၏၊ သတ္တဝါ တို့၏ အလိုသက်သက်နှင့် တစ်ရက်, တစ်နာရီ တည်နေနိုင်ကြသည် မဟုတ်ကုန်၊ ထို့ကြောင့် အတ္တအစွမ်းဟူ၍ အဏုမြူမျှ မရှိကြသည်ကို မုချ သိမြင်နိုင်၏။

အကယ်၍ တစ်နေ့တစ်ရက် ရှည်နိုင်သော အသက်ဇီဝ ရှိကြကုန် သည် ဖြစ်အံ့၊ တစ်နေ့, တစ်ရက်အတွင်းမှာ မိုးကြိုးတစ်ရာဆိုင်၍ ပစ်သော် လည်း ထိုခန္ဓာတို့ မပျက်ကုန်ရာ။

အကယ်၍ တစ်ရက်, နှစ်ရက်ရှည်နိုင်သော အသက်၊ သုံးရက် ရှည်နိုင်သော အသက်၊ တစ်လရှည်နိုင်သော အသက် စသည်ဆိုလေ။

အကယ်၍ အနှစ်တစ်ရာ ရှည်နိုင်သော အသက်ဇီဝ ရှိကုန်သည် ဖြစ်အံ့၊ ထိုခန္ဓာ, ထိုနိမိတ်တို့သည် ပြုပြင်မွေးမြူမှုနှင့်ကင်း၍ပင် အနှစ် တစ်ရာ ရှည်နိုင်ကုန်ရာ၏၊ အနှစ်တစ်ရာ၏အတွင်းမှာ မိုးကြိုးတစ်ရာပင် ဆိုင်၍ပစ်သော်လည်း မပျက်နိုင်ကြကုန်ရာ၊ ထိုသို့ မပျက်နိုင်ကုန်သည် ကား မဟုတ်၊ အာဟာရ အယဉ်ပြတ်ခဲ့လျှင် ဘယ်အခါမဆို ပျက်ဆုံးကြ ကုန်၏၊ အန္တရာယ်ပြင်းထန်စွာ ထိခိုက်လျှင်လည်း ဘယ်အခါ မဆို ပျက်ဆုံးကြကုန်၏၊

ထို့ကြောင့် တစ်နာရီရှည်နိုင်သော အသက်ဇီဝဟူ၍ အဏုမြူမျှ မရှိ၊ တစ်ရက်စသည် ရှည်နိုင်သော အသက်ဇီဝမှာ ဝေးလေစွ၊ စောင့် ရှောက်မှု, မွေးမြူမှု, ပြုပြင်မှု အစွမ်းသက်သက်နှင့်သာ နေ့, ရက်, လ, နှစ် အရှည်တည် ရှိနိုင်ကြကုန်သည်ဟု မုချသိရာ၏၊

အတ္တမဟုတ်, အလိုသို့ မလိုက်ပုံ

ခန္ဓာတို့သည် အတ္တ ဟုတ်ပါ ကုန်၏၊ အတ္တ မှန်ပါကုန်၏၊ ကောင်းကောင်းပြုပြင်၍ ပေးခဲ့ပါလျှင် အန္တရာယ်လည်း ကင်းခဲ့ပါလျှင် အသက်တမ်းရှိသမျှ ပြည့်မီရုံ အလိုသို့ လိုက်ပါကုန်၏၊

ခန္ဓာတို့သည် ပုဂ္ဂိုလ် ဟုတ်ပါကုန်၏၊ သတ္တဝါ ဟုတ်ပါကုန်၏၊ ငါဟုတ်ပါ ကုန်၏၊ ငါဟုတ်သောကြောင့်ပင်လျှင် ငါ့အလိုသို့ လိုက်ပါ ကုန်၏၊

ခန္ဓာတို့ကို ငါအစိုးရပါ၏၊ ငါ့ကိုယ် ဟုတ်ပါ၏၊ ငါနှင့်ခန္ဓာ တစ်ခုတည်း ပင်ဖြစ်၏၊

ငါ့အလိုသို့လိုက်ကြပုံကား

တစ်သက်လုံး ငါ၏ခန္ဓာတို့နှင့်ပင် ငါအလိုရှိရာ ပြုလုပ်၍ လာခဲ့သည်၊ ရှေ့အဖို့လည်း အသက်ရှိသမျှ ကာလပတ်လုံး ငါ့ခန္ဓာတို့နှင့်ပင် ငါအလိုရှိရာ ပြုလုပ်၍ သွားရပါလိမ့်ဦးဟု ဆိုကြကုန်ငြားအံ့။ ထိုစကား၌

''ကောင်းကောင်းပြုပြင်၍ ပေးခဲ့ပါလျှင် အန္တရာယ်လည်း ကင်းခဲ့ ပါလျှင် အသက်တမ်းရှိသမျှ ပြည့်မီရုံ အလိုပါကုန်၏'' ဟူသောအဆိုမှာပြုပြင်၍ ပေးမှပင် အလိုသို့ လိုက်နိုင်ကြကုန်သည်၊ ပြုပြင်၍ မပေးခဲ့လျှင် အလိုသို့မလိုက်ကြကုန်ဟု ဆိုရာကျ၏၊ အလို၏ အစွမ်းနှင့် အလိုရှိတိုင်း မပြီးစီးနိုင်သောကြောင့် ပြုပြင်မှုကို ပဓာနထားရ၏၊ အလိုသို့လိုက်သော အခြင်းအရာ ထင်မြင်ရသည်မှာ ပြုပြင်မှုအစွမ်းသက် သက်သာ၊ အလို၏ အစွမ်းမဟုတ်၊ အလိုသို့ လိုက်မှုဆိုသည်မှာ စိတ်ထင် သက်သက်သာဟု ထိုစကားနှင့်ပင် ထင်ရှားပြီး ဖြစ်သတည်း၊ သိမ်မွေ့ စွာ၏။

ဓာတ်ကြီးလေးပါးမြင်လျှင် ပညတ်ပျောက်ခြင်း

''ခန္ဓာတို့သည် ပုဂ္ဂိုလ် ဟုတ်ပါကုန်၏၊ သတ္တဝါ ဟုတ်ပါကုန်၏၊ ငါ ဟုတ်ပါ ကုန်၏'' ဟူသော စကား၌

နိမိတ်ကြီးနှစ်ပါးတို့သည် ခန္ဓာဟုတ်ကြကုန်လျှင်, ဓာတ်ကြီး လေးပါးဟုတ်ကြကုန်လျှင် ခန္ဓာတို့သည် ပုဂ္ဂိုလ်, သတ္တဝါ, ငါဟုတ်ကြပေ ကုန်ရာ၏၊

နိမိတ်ကြီးတို့သည် ခန္ဓာမဟုတ်၊ ဓာတ်ကြီးလေးပါးမဟုတ်၊ ဘာမျှမဟုတ်၊ ကောင်းကင်ကို ရေပြင်ဟု အရူး၏ စိတ်ဖောက်ပြန်မှုနှင့် ထပ်တူ မိမိတို့ စိတ် ဝိညာဏ်လှည့်စားမှု သက်သက်ဖြစ်ကြောင်းကို ရှေး၌ ထင်ရှားစွာ ပြဆိုခဲ့ပြီ၊ အနိစ္စမျိုးဖြစ်သော ခန္ဓာတို့ ဓာတ်တို့ကို နိစ္စမျိုးဖြစ် သော နိမိတ်ကြီးနှစ်ပါးတို့ လွှမ်းခြုံ၍နေကုန်၏၊

နိမိတ်ကြီးနှစ်ပါးတို့၏ အပေါ်မှာ ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး, ယောကျ်ား, မိန်းမဟူသော သတ္တပညတ်ကြီး ထပ်ဆင့်၍ နေ၏၊ သိမ်မွေ့စွ။

မှောင်နှင့်မီးရောင် ဥပမာကဲ့သို့ ဓာတ်ကြီးလေးပါးတို့ကို ဥပါဒ်စွန်း, ဘင်စွန်းတို့နှင့်တကွ ထင်ရှားစွာ မြင်နိုင်ကြမှ ထိုနိမိတ္တပညတ်, သတ္တ ပညတ်တို့ အလိုလို ကွယ်ပျောက်ကုန်သတည်း။

''ခန္ဓာတို့ ငါဟုတ်သောကြောင့်ပင်လျှင် ငါ့အလိုသို့ လိုက်ပါကုန်၏၊ ငါတစ်သက်လုံး ငါ့ခန္ဓာတို့နှင့်ပင်လျှင် ငါအလိုရှိရာ ပြုလုပ်၍လာခဲ့သည်'' ဟူသော စကား၌ ပြုပြင်မှုကြောင့်

ခန္ဓာကိုယ်တည်နေခြင်း

နောက်နောက် နေ့ရက်တို့၌ အလိုရှိရာ ကြံမှု, ဖန်မှု, ပြောမှု, ဆိုမှု, ကိုယ်အင်္ဂါကြီးငယ် လှုပ်ရှား သွားလာ ပြုလုပ်မှုအလုံးစုံတို့သည် ရှေးရှေးနေ့ရက်တို့က အစာရေစာ စသည်တို့နှင့် မွေးမြူ ပြုပြင်မှုတို့၏ အစွမ်းကြောင့်သာ နောက်နောက်နေ့ရက်တို့မှာ ဖြစ်ပေါ်နိုင်ကုန်၏၊ အလို၏အစွမ်း သတ္တိကြောင့် အလိုသို့လိုက်နိုင်ကြသော အစွမ်းရှိကြ ကုန်၍ နောက်နောက် နေ့ရက်တို့၌ ဖြစ်ပေါ်နိုင်ကြသည်မဟုတ်။

ရှေးရှေးနေ့ရက်ဘို့၌ မွေးမြူပြုပြင်မှု မရှိပါမူကား အဇ္ဈတ္တခန္ဓာ ငါးပါးတို့သည် ရှေးရှေးနေ့ရက်တို့၌ အမိဝမ်းက ဖွားမြင်စမှာပင် ချုပ်ပျက်ကုန်ဆုံးရာ၏၊ နောက်နောက်နေ့ရက်သို့ မရောက်လာကြကုန်ရာ ပြီ၊ မျက်မြင်ကဲ့သို့ပင် ထင်ရှားလှ၏၊

ပြုပြင်မှုနှင့်သိမှုတို့ကို ဓာတ်ခွဲပြခြင်း-- ဆိုဖွယ်အထူးကား

သင်္ခါရတရားမျိုးမည်သည် ဘယ်လိုပြုပြင်လျှင် ဘယ်လိုဖြစ်၏ဟု သိ၍ အလိုရှိရာ ဖြစ်လာရန် ပြုပြင်၍ပေးလျှင် အလိုရှိရာ ဖြစ်လာ၏၊ ပြုပြင်မှုနှင့်ကင်း၍ အလိုသက်သက်နှင့် ဖြစ်လာသည်မရှိ၊ ''မန္ဓာတ် မင်းကြီးသည် လက်ပမ်းပေါက်ခတ်လိုက်လျှင် ကောင်းကင်မှ ရတနာမိုး ရွာလာ ရသည်''ဟူရာ၌ ထိုသို့ဖြစ်နိုင်ရန် ရှေးဘဝတို့၌ ကံအထူးကို ပြုမှု, လက်ပမ်း ပေါက်ခတ်မှုဟူသော ပြုပြင်မှုရှိမှသာ ရတနာမိုးရွာမှု ဖြစ်လာသည်၊ အလိုသက်သက်နှင့်ဖြစ်လာနိုင်သည် မဟုတ်။

၁။ ဘယ်အမှုကိုပြုလျှင် ဘယ်ဟာဖြစ်လာ၏ဟု သိမှုတို့ကား သညာ, ဝိညာဏ်, ပညာတို့ပေတည်း။

၂။ ပြုပြင်မှုတို့ကား စေတနာ ဝီရိယတို့ပေတည်း။

ထိုတရားတို့သည် နိမိတ္တပညတ်မျိုးလည်း မဟုတ်ကုန်၊ ပုဂ္ဂလ, သတ္တ, အတ္တ, ဇီဝ- ပညတ်မျိုးလည်း မဟုတ်ကုန်၊ တစ်ထိုင်တွင်း, တစ်နာရီ တွင်းမှာ အခါတစ်ရာ မက ချုပ်ပျောက်ပျက်ဆုံးမှု အမြဲရှိနေကြကုန်သော ပရမတ်ဓာတ်မျိုး, အနိစ္စ ဓာတ်မျိုးတို့သာတည်း။

ထို့ကြောင့် ထိုဓာတ်တို့လည်း တစ်စုံတစ်ခုကိုမျှ သိတတ်, ပြုပြင် တတ်သော ပုဂ္ဂိုလ်,သတ္တဝါမဟုတ်ကြကုန်၊ ထိုဓာတ်တို့မှ တစ်ပါးလည်း တစ်စုံတစ်ခုကိုမျှ သိတတ်, ပြုပြင်တတ်သော ပုဂ္ဂိုလ်,သတ္တဝါဟူ၍ အသီးအခြား မရှိပြီ၊ သိမ်မွေ့လှ၏။

သညာ, ဝိညာဏ်, ပညာ, စေတနာ, ဝီရိယတို့ကို ဓာတ်အသီး အခြား အနေနှင့် ဉာဏ်အမြင်ပေါက်ခဲ့လျှင် ဤအချက်ကြီး ချောမော လတ္တံ၊ ဝိညာဏ်အခဏ်း သို့ရောက်မှ ပြဆိုအံ့။

ဤတွင်ရွေ့ကား ဆံပင်မှကြွင်းသော ပထဝီကောဋ္ဌာသတို့တွင်အရေ, အသား, အရိုးအစရှိသော ကောဋ္ဌာသကြီးတို့၌ နိမိတ်ကြီးနှစ်ပါး ကြီးကျယ်လှသည်ဖြစ်၍နိစ္စ, ဓုဝ, ပုဂ္ဂလ, သတ္တ, အတ္တ, ဇီဝအထင်အမြင် တို့ကို ပယ်ဖျောက်ရန် အလွန်ခဲယဉ်းလှသောကြောင့် ခက်ဆစ် ခက်ပိုင်း တို့နှင့်တကွ နိမိတ်ကြီးနှစ်ပါး ပယ်ရှားနည်းကို ပြဆိုခဏ်းတည်း။

အရေ, အသား, အရိုး, ဦးနှောက်, အဆုတ်, အသည်း, နှလုံး, အူမ, အူသိမ်, ဤကိုးပါးသည် လိုရင်းတည်း။

အကျယ်ကို အလိုရှိသော သူတို့၏အကျိုးငှါ ဆံပင်စသော ၃၂- ပါးသော ကောဋ္ဌာသတို့၌ ဓာတ်ကြီးလေးပါး, အာကာသဓာတ်တစ်ပါး ဟူသော ရူပက္ခန္ဓာ ခွဲခြမ်းခဏ်း ပြီး၏၊

[ဤကား အနိစ္စလက္ခဏာကို မထင်မြင်နိုင်ပုံ ပြဆိုချက်တည်း။]

ဣရိယာပုထ် ၄-ပါးနှင့် ရူပက္ခန္ဓာ၌ အနိစ္စလက္ခဏာ

ထိုဣရိယာပုထ်ကြီး ၄-ပါး ကာယကြီး ၄-ပါး အာကာသပရိစ္ဆေဒကြီး ၁-ပါးတို့၌ ရူပက္ခန္ဓာခွဲနည်း ဣရိယာပုထ် ၄-ပါးနှင့် ရူပက္ခန္ဓာ၌ အနိစ္စလက္ခဏာ

ယခုအခါ၌ အကျဉ်းကိုအလိုရှိသော သူတို့၏အကျိုးငှါ တစ်ကိုယ်လုံး ခြုံ၍ သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, လျောင်းခြင်းဟူသော ဣရိယာပုထ်ကြီး ၄-ပါး, တစ်ခုတစ်ခုသော ဣရိယာပုထ်ကြီးအတွင်း၌ ကိုယ်အင်္ဂါကြီးငယ်တို့၏ လှုပ်ရှား ခြင်း အမျိုးမျိုးတို့ကို အစဉ်မှီး၍ ဖြစ်မှု, ပျက်မှုတို့နှင့်တကွ ပထဝီကာယအစရှိသော ကာယကြီးလေးပါး, အာကာသပရိစ္ဆေဒကြီးတစ်ပါးဟူသော ရူပက္ခန္ဓာခွဲခြမ်းနည်းကို ပြဆိုဦးအံ့။

မှန်ရိပ်ဥပမာနှင့် ကာယကြီး ၄-ပါး အာကာသပရိစ္ဆေဒ

အလျား၄-တောင် အနံ၂-တောင်ရှိသော အလွန်ကြည်လှစွာ သော မှန်ကြီးကို ထောင်၍ ထားရာ နေ့အခါ ထိုမှန်၏ ရှေ့တူရူ နှစ်တောင် ခန့်အရပ်၌ ရပ်၍နေသောသူ၏ လူကောင်ရိပ်ကြီးသည် အကြောင်း လေးပါးကိုစွဲ၍ ထိုမှန်အပြင်၌ ထင်ရှားစွာ ပေါ်၍နေရာ၏။

အကြောင်း ၄-ဆိုသည်ကား

(၁) မှန်အကြည်တစ်ပါး၊

(၂) အနီး၌တည်ရှိသော လူ၏ကိုယ်ခန္ဓာကြီးတစ်ပါး၊

(၃) အရောင်အလင်းတစ်ပါး၊

(၄) မှန်နှင့်လူ၏အကြား၌ ဝတ္ထု ဒြဗ် အခြားမရှိခြင်းတစ်ပါး။

ဤ ၄-ပါးတည်း။

ထို ၄- ပါးတို့တွင် တစ်ပါးပါးပျက်ခဲ့လျှင် ထိုအရိပ်ကြီးသည် ခဏချင်းပျက်၏၊ ဝတ္ထုဒြဗ်ကွယ်ခြားခဲ့လျှင် ခဏချင်း ပျက်၏၊

ပျက်ပုံကား- မှန်နှင့် လူတို့၏ အကြား၌ သံပြားကြီးကို အထက်မှ အောက်သို့ ချလိုက်ငြားအံ့၊ သံပြားရိပ်ကြီးသည် လူရိပ်ကြီးကို ဦးခေါင်းမှ စ၍ ခြေဖဝါးသို့ ကျအောင် တစ်ခါတည်း ဖြို၍သွားသဖြင့် လူရိပ်ကြီးသည် ခဏချင်း အကုန် ကွယ်ပျောက်လေရာ၏။

သံပြားကြီးကို အထက်သို့ မြောက်တင်ပြန်လျှင် လူရိပ်ကြီးသည် သံပြား ရိပ်ကြီးကို အောက်အစွန်းမှစ၍ အထက်အစွန်းသို့ကျအောင် တစ်ခါတည်း တွန်းလှန်သွားသဖြင့် သံပြားရိပ်ကြီးသည် ခဏချင်း အကုန် ကွယ်ပျောက်လေရာ၏။

တစ်ယောက်သောသူသည် လကျ်ာ, လက်ဝဲ နံပါး၌နေ၍ ထိုထို ဝတ္ထုကို ဘယ်နေရာမှာမဆို အကြား၌ ထိုးပြန်သွင်း ပြန်လျှင်လည်း ထိုထိုဝတ္ထု၏ အရိပ်သည် လူရိပ်ကို တွန်းဖယ်၍ ပေါ်လေရာ လူရိပ်ကြီးမှာ တစ်ပိုင်းပြတ်တွေဖြစ်လေရာ၏၊ တစ်ခြမ်းပဲ့တွေ ဖြစ်လေရာ၏။

သဲကြမ်း, သဲမှုန့်တို့ကို အထက်မှ ဖြူးခဲ့သော်လည်းကောင်း, နံပါးမှ ပက်ခဲ့သော်လည်းကောင်း သဲမှုန့်ရိပ်တို့ ပေါ်လေရာ လူရိပ်ကြီးမှာ အာကာသပေါက်, ဇာပေါက်တို့ကဲ့သို့ အပေါက်အပေါက်တွေဖြစ်၍ ကုန်ရာ၏၊ ဤဥပမာကို ထင်လင်းစွာ ကြည့်၍ထား။

ဤကိုယ်ကောင်ကြီးမှာ ခက်မာမှုကိရိယာသည် အမာခံ အထည်ခံကြီးဖြစ်၍ ကိုယ်သဏ္ဌာန်နှင့်အမျှ တင်းကျမ်းအပြည့် ရှိနေ၏၊ ပထဝီကာယကြီး မည်၏၊ မြေရုပ် ကိုယ်ကောင်ကြီး တစ်ပါး မည်၏၊ မှန်မှာ ထင်မြင်သော လူရိပ်ကြီးနှင့် ချွတ်၍စွပ်သကဲ့သို့ သဏ္ဌာန်အားဖြင့် လည်း တူလှ၏၊ အနှစ်သာရ မရှိပုံအားဖြင့်လည်း တူလှ၏၊ ဖြစ်ပေါ်မှု, ပျက်ကွယ်မှု လျင်မြန်ပုံအားဖြင့်လည်း တူလှ၏။

အရိပ်သူယောင်

ပထဝီကာယသူယောင်

လူရိပ်ကြီးသည် မှန်အပြင် အပေါ်ရေမှာ မှီရသည်ဖြစ်၍ ခဏချင်း နောက်ဆက်မရှိ ကွယ်ပျောက်နိုင်၏၊ ပထဝီကာယ ဟုဆို အပ်သော သူယောင်ကြီးသည်မူကား ကိုယ်ခန္ဓာ တစ်ခဲနက်ကြီးကို မှီရသည်ဖြစ်၍ ခဏချင်း အကုန်ကွယ် ပျောက်သော်လည်း ခဏချင်း မီးခိုးလျောက် နောက်ထပ် နောက်ဆက် သူယောင်ကြီးအမြဲ အစားစိုက်၍ လိုက်၏။

ရှေးရှေး ပထဝီ သူယောင်ကြီး ခဏမစဲ ချုပ်ပျက် ကွယ်ပျောက်၍ နေသည်ကိုပင် မသိရ မမြင်ရအောင် နောက်ဆက် သူယောင်ကြီး အမြဲတည်ထောင်၍ လိုက်၏၊ အဟောင်း, အသစ်တို့၏ အကြားအကြား၌ အာကာသပရိစ္ဆေဒကြီး ပါရှိမြဲဖြစ်၏။

ဤကား မှန်အပြင်မှာရှိသော အရိပ် သူယောင်ကြီးနှင့် ဤခန္ဓာ ကိုယ်မှာ ရှိသော ပထဝီကာယ သူယောင်ကြီး ၂-ပါးတို့၏ အထူးတည်း။ ဤကား ပထဝီကာယ သူယောင် အခြင်းအရာတည်း။

ထို့အတူ-

ရုပ်ကလာပ် အချင်းချင်း ဖွဲ့တွယ်ပူးကပ် ဂဟေစပ်သော အာပေါ ကာယ သူယောင်ကြီး၊

ထိုသူယောင်ကြီး ၂-ပါးတို့ကို မပုပ်မရိ မချဉ်မသိုးရအောင် အမြဲ ပေါင်းနွေး၍နေသော တေဇောကာယ သူယောင်ကြီး၊

ထိုကာယကြီး သုံးပါးတို့ကို မိမိတို့ ကိစ္စ၌ အားခွန်ဗလ မလျှောကျ ရအောင် ထောက်ကန်တောင့်တင်းမှုဟူသော ဝါယောကာယ သူယောင် ကြီး။

ဤကာယကြီးသုံးပါးကိုလည်း ပထဝီကာယကြီးအတိုင်း အထူးမရှိ သိလေ။

အာကာသ ပရိစ္ဆေဒကြီး ၂-ပါးသည်လည်း-

တစ်ကိုယ်လုံး တစ်ကောင်လုံးမှာ ဆံဖျားလောက်မှ မလပ်ရအောင် အတွင်း အပ အကုန်နှံ့ပြားလျက် တည်ရှိ၏။

သွားမှု၌ အနိစ္စလက္ခဏာ-- ဤကိုယ်ခန္ဓာကြီး ရပ်၍ ထိုနေ ရာမှ သွားတော့မည်ရှိရာ၌ ရပ်၍နေဆဲအခါတွင်ရှိနေသော ခက်မာမှု မျိုးဟူသော ပထဝီကာယကြီးကို ခြေဖဝါးမှ ငယ်ထိပ်ကျအောင် အရိပ် သူယောင်ကြီးနှင့်တူစွာ မတ်တတ်ရပ် စိုက်၍နေပုံကို အကုန်မြင်အောင်ကြည့်၍ထား။

သွားတော့မည်ဟု ကိုယ်အင်္ဂါတို့ကို ကြွချီမှု, ရှေ့သို့သယ်ပိုးမှုကို ပြုသော အခါ၌ တစ်ကိုယ်လုံးမှာ သိမ့်သိမ့်လှုပ်သော ဝိသဘာဂ နောက် ဖြစ်သော ကာယကြီးတွေ ပြိုင်းကနဲ ပြိုင်းကနဲ ဖြစ်မှုပေါ်လာကုန်၏၊ မတ်တတ်ရပ် စိုက်၍နေသော ခက်မာမှုမျိုးကြီးတွေကို တစ်ချက်တည်းပြီး ခါထွက်၍ ပစ်သကဲ့သို့ ဖြစ်၏၊

မတ်တတ်ရပ် စိုက်၍ရှိနေသော ပထဝီကာယ သူယောင်ကြီး သည် တစ်ခဏ အတွင်းမီးတောက်ကြီးငုတ်တုတ် ကွယ်ပျောက်သကဲ့သို့ မြေ့မြေ့ကြေ၍ ပျက်ကြွေ ကွယ်ပျောက်လေ၏၊ ဦးခေါင်းအင်္ဂါကြီးလည်း ကွယ်ပျောက်လေ၏၊ ကိုယ်အင်္ဂါ ကြီးလည်း ကွယ်ပျောက်လေ၏၊ ခြေအင်္ဂါ, လက်အင်္ဂါတို့လည်း အကုန်ကွယ်ပျောက်လေကုန်၏ ဟူ၍ သော်လည်း အစိတ်အစိတ်ပိုင်း၍ ဆိုလေ၊ ဉာဏ်မျက်ရိပ်, ဉာဏ် မျက်စောင်း အစွမ်းကောင်းလိုလှ၏၊

ထိုသို့ ကွယ်ပျောက်သည်ကို အဘယ်သို့ သိမြင် ယုံကြည်နိုင်ရ ပါအံ့ နည်းဟူမူကား--

ရပ်၍နေရာမှ သွားမည်ဟု အချီအကြွတွင် ဘယ်လိုအမူအရာ သစ်တွေ, ကြိယာတစ်မျိုးတွေ, ဝိသဘာဂရုပ်တွေ ဖြစ်ပေါ်၍လာသည်ဟု အတွင်းအပ တစ်ကိုယ်လုံး နှံ့ပြားအောင် ကြည့်မြော်ကြပါလျှင် အမူအရာ သစ်တွေကို မြင်ကြကုန်လတ္တံ့၊ သွားမှု၏ဆိုင်ရာ ဝိသဘာဂရုပ်သစ် တို့ပေတည်း။

ထိုသွားမှု၏ဆိုင်ရာ ကာယအသစ်တို့၏ ဖြစ်ပေါ်မှုသည် အဘယ်မျှ လောက် မြန်ထက်သည်ဟု မြော်ကြကုန်ရာ၊ ယမ်းပုံကြီးကို မီးပွါးကျ၍ တောက်ထသော မီးတောက်ကြီး၏ ဖြစ်ပေါ်မှု မြန်ထက်ပုံနှင့် အလားတူ ထင်မြင်ကြကုန်လတ္တံ့၊ ရိပ်မိရုံ ရှိစေဦး။

ရပ်ခြင်းစသော အမူအရာသစ်ဖြစ်တိုင်း အဟောင်းများပျက်ခြင်း

သွားမှု၏ဆိုင်ရာ ဝိသဘာဂရုပ်ကာယတို့၏ ထိုမျှလောက်ဖြစ် ပေါ်မှု မြန် ထက်သည်ကို သိမြင်ကြကုန်လျှင် ရပ်မှု၏ဆိုင်ရာ ထိုပထဝီ ကာယကြီး ချုပ်ဆုံး ကွယ်ပျောက်မှု၏လည်း ထိုမျှလောက်ပင် လျင်မြန် သည်ကို သိမြင်နိုင်ကြကုန်ရာ၏။

သိမြင်ပုံကား--- ရပ်မှု၏ဆိုင်ရာ အမူအရာ ကြိယာမျိုးကား တစ်မျိုးတည်း၊ သွားမှု၏ဆိုင်ရာ အမူအရာ ကြိယာမျိုးကား တစ်မျိုးတည်း၊ ရပ်မှု၏ဆိုင်ရာ ကြိယာမျိုးသည် အကြင်မျှလောက်သော ကာလပတ်လုံး ရှိနေ၏၊ ထိုမျှလောက် အတွင်း၌ ထိုသန္တာန်မှာ သွားမှု၏ဆိုင်ရာကြိယာမျိုး ဖြစ်ပေါ်ခွင့်မရ၊ ရပ်မှု အခြေ အနေ မပျက်သမျှကာလပတ်လုံး သွားမှုအမူ အရာသစ် မဖြစ်နိုင် ဟူလို။

ရပ်မှုအခြေအနေဆိုသည်ကား ရပ်မှု၏ဆိုင်ရာ ပထဝီကာယကြီး ပေတည်း၊ သွားမှုအမူအရာသစ်ဆိုသည်ကား လှုပ်ကြွသော အခြင်းအရာ ဟု ဆိုအပ်သော ဝါယောကာယကြီးပေတည်း။

ထို့အတူ--

သွားမှုအခြေအနေ မပျက်ရာ၌ ရပ်မှုအမူအရာသစ် မဖြစ်ပေါ်နိုင်။ ရပ်မှုအခြေအနေ မပျက်ရာ၌ ထိုင်မှုအမူအရာသစ် မဖြစ်ပေါ်နိုင်။ ထိုင်မှုအခြေအနေ မပျက်ရာ၌ လျောင်းမှုအမူအရာသစ် မဖြစ် ပေါ်နိုင်။

လျောင်းမှုအခြေအနေ မပျက်ရာ၌ ထိုင်မှုအမူအရာသစ် မဖြစ် ပေါ်နိုင်။

သွားမှုအမူအရာသစ် ဖြစ်ပေါ်သည်ကို မြင်လျှင် ထိုနေရာ၌ ရပ်မှုအခြေ အနေ အကုန်ပျက်မြဲ။

ထိုင်မှုအမူအရာသစ် ဖြစ်ပေါ်သည်ကို မြင်လျှင် ထိုနေရာ၌ ရပ်မှုအခြေ အနေ ပျက်မြဲ။

လျောင်းမှု အမူအရာသစ် ဖြစ်ပေါ်သည်ကို မြင်လျှင် ထိုနေရာ၌ ထိုင်မှု အခြေအနေ ပျက်မြဲ။

ထိုင်မှုအမူအရာသစ် ဖြစ်ပေါ်သည်ကို မြင်လျှင် ထိုနေရာ၌ လျောင်းမှု အခြေအနေ ပျက်မြဲ။

ကွေးမှု, ဆန့်မှု, လှုပ်မှု, မလှုပ်မှု, ရွေ့မှု, မရွေ့မှုစသည်တို့၌လည်း ထိုနည်း တူသိလေ၊ ကိုယ်တွေ့မျက်မြင် ထင်ရှားလှသော အချက်ကြီးပေ တည်း၊ သဏ္ဌာနနိမိတ် သန္တတိနိမိတ်တို့ကို ဉာဏ်နှင့် ပယ်ရှား၍ ခက်မာမှုဟူသော ပထဝီကာယကြီးကို ဉာဏ်စိုက်မိအောင် စိုက်လေ၊ မျက်စိနှင့်မြင်ရသကဲ့သို့ ထင်ရှားလိမ့်မည်။

အခြေအနေပျက်မှု၏ အဆုံးအဆုံးနှင့် အမူအရာသစ် ဖြစ် ပေါ်မှု၏ အစအစ၌ ပရိစ္ဆေဒအာကာသဟု ဆိုအပ်သော အပြတ် အခြား ကြီးကိုလည်း အသီးအသီး သိမြင်လေ။

ကာယကြီးလေးပါးသည် ဖြစ်အတူ, ပျက်အတူချင်း ဖြစ်ကြ၍ ပထဝီ ကာယကိုဆိုလျှင် ထိုနှင့် သဟဇာတဖြစ်သော အာပေါကာယ, တေဇောကာယ, ဝါယောကာယ သုံးပါးလည်း ဖြစ်အတူ, ပျက်အတူ ပါရှိသည်ကို သိမြင်လေ။

သွားမှု၌ ကာယကြီး ၄-ပါး၏ အပိုင်းအခြားကိုရှုပုံ

သွားမှုကို ဆက်၍ဆိုအံ့--- ခြေတစ်လှမ်း တစ်လှမ်းလျှင် စိတ္တဇ ကာယ သူယောင်ကြီး တစ်ခုတစ်ခုစီဖြစ်၏၊ အကြားအကြား၌ ဥတုဇ ကာယ သူယောင်ကြီး တစ်ခုတစ်ခုစီ ခြား၏၊ ရှေ့ကာယ, နောက်ကာယ တို့၏ အကြားအကြား၌ အာကာ-သပရိစ္ဆေဒကြီး တစ်ခုတစ်ခုစီ ခြား၏။

ထိုစကား၌--

စိတ္တဇကာယသူယောင်-- စိတ္တဇကာယကြီးဆိုသည်ကား-ခြေကို ချီကြွသည်မှစ၍ ထိုခြေကို မြေသို့ချသည့်တိုင်အောင် ရွေ့မှု အတွင်း၌ ဖြစ်ပေါ်သော ကာယကြီးကို စိတ်အလိုနှင့် ပြုပြင်၍ ဖြစ်ရသော ကြောင့် စိတ္တဇကာယကြီးမည်၏၊ ထိုအခါ၌ရှိကြသော ကမ္မဇ, ဥတုဇ, အာဟာရဇတို့ကား စိတ္တကာယသို့ အစဉ်လိုက်ကြရကုန်၏၊ ထိုစိတ္တဇ ကာယကြီး၏ ရှေ့အစွန်းကို ခြေချီမှုဖြင့် ပိုင်းခြားအပ်၏၊ နောက်အစွန်းကို မြေသို့ ခြေကျမှုဖြင့် ပိုင်းခြား အပ်၏။

ဇာတိဓမ္မကြီး-- ရှေ့အစွန်းကား ထိုစိတ္တဇကာယကြီး၏ အစစွာ ဖြစ်ပေါ် မှုဟူသော ဥပါဒ်စွန်းတည်း၊ ဥဒယစွန်းလည်းဟူ၏၊ ဇာတိဓမ္မကြီး တစ်ပါးပေတည်း။

မရဏဓမ္မကြီး-- နောက်အစွန်းကား ထိုစိတ္တဇကာယကြီး၏ အဆုံးစွန် ချုပ်ကွယ်မှုဟူသော ဘင်စွန်းတည်း၊ ဝယစွန်းလည်း ဟူ၏၊ မရဏဓမ္မကြီး တစ်ပါးပေတည်း။

ဥတုဇကာယသူယောင်-- ဥတုဇကာယကြီးဆိုသည်ကား မြေသို့ ခြေကျရာ၌ မြေနှင့်ခြေ ခိုက်ကြရာတွင် ခဏချင်း ဦးခေါင်း ငယ်ထိပ်သို့ ပေါက်အောင် ထိပ်ခနဲ ထိပ်ခနဲ တောက်ထသော ဥတုဇမီး တောက်ကြီး, ဥတုဇကာယကြီးကို ဆိုသတည်း။

ထိုကာယကြီးသည်ကား စိတ်အလိုနှင့် ပြုပြင်၍ ဖြစ်သည်မဟုတ်၊ မြေနှင့်ခြေ ထိခိုက်မှုဒဏ်ချက် ဥတုကြောင့် ဖြစ်၏၊ တိမ်တိုက်ခြင်း, လေဟုန်ချင်း တိုက်ခိုက် ရာမှဖြစ်သော လျှပ်ရောင်ကဲ့သို့တည်း၊ ခဏချင်း ဖြစ်၍ ခဏချင်း ပျက်ဆုံး၏။

ထိုအခါ၌ ရှိကြသော ကမ္မဇ, စိတ္တဇ, အာဟာရဇတို့ကား ဥတုဇကာယသို့ အစဉ်လိုက်ကြရကုန်၏၊ ထိုဥတုဇကာယကြီး၏ ရှေ့ အစွန်း, နောက်အစွန်းကား အလွန်နီးစပ်၏၊ အစွန်းနှစ်ခုတို့၏အကြား၌ ဌီဟူ၍ပင် မထင်ရှားပြီ။

ထိုဥတုဇကာယကြီး၏ ရှေ့အဖို့ နောက်အဖို့၌ အာကာသ ပရိစ္ဆေဒကြီး နှစ်ဖက်ခြားလျက်ရှိ၏၊ ထိုမှနောက်၌ ဒုတိယခြေလှမ်း၏ ဆိုင်ရာ စိတ္တဇကာယကြီး ရှေ့အစွန်း ပေါ်လာ၏။

ဤနည်းအတိုင်း သွားခြင်း ဣရိယာပုထ်၌ ကာယကြီးတို့၏ အပိုင်းအခြားကို သိလေ မြင်လေ၊ ခြေလှမ်း တစ်ရာသွားလျှင် စိတ္တဇ ကာယကြီးတစ်ရာ, ဥတုဇ ကာယကြီးတစ်ရာဖြစ်၏၊ ခြေလှမ်းတစ်ထောင် သွားလျှင် စိတ္တဇကာယကြီး တစ်ထောင်, ဥတုဇကာယကြီးတစ်ထောင် စသည်ဖြင့်ဆိုလေ။

သူယောင်ကြီးအဓိပ္ပါယ်-- သူယောင်ကြီးဆိုသည်မှာ ထို ကာယကြီးတို့သည် လူ့သဏ္ဌာန်မှာဖြစ်ခဲ့လျှင် လူ့သဏ္ဌာန်အတိုင်း ဖြစ်ကြကုန်၏၊ ထိုထို တိရစ္ဆာန်တို့ သဏ္ဌာန်မှာဖြစ်ခဲ့လျှင် ထိုထိုတိရစ္ဆာန် အတိုင်း ဖြစ်ကြကုန်၏၊ ထို့ကြောင့် သူယောင်ကြီးဟူ၍ ဆိုသတည်း။

ဦးခေါင်းတွင်ကွက်၍ ဆိုလိုလျှင် ဦးခေါင်းယောင်, မျက်နှာ ယောင်, မျက်လုံးယောင်, နှာခေါင်းယောင်, ခံတွင်းယောင် စသည်ဖြင့် ဆိုရ၏၊ ကိုယ်တွင်ကွက်၍ ဆိုလိုလျှင် ရင်ဘတ်ယောင်, ကျောက်ကုန်း ယောင် စသည်ဖြင့်ဆိုရ၏။

သူယောင်တို့၏ဖြစ်မှုပျက်မှုနှင့်

ဖယောင်းရုပ်ဥပမာ

ကြွင်းသော အင်္ဂါတို့၌လည်း ထိုနည်းတူသိလေ၊ သူယောင်ကြီးဟု ဆိုလျှင် မှန်အပြင်မှာထင်သော လူရိပ်ကြီးကို မြင်သကဲ့သို့ တစ်ကောင်လုံး ပေါ်အောင် မြင်လေ။

ယခုအခါ ထိုသူယောင်တို့၏ အဖြစ်, အပျက်ကို ဆိုပေအံ့။

ရပ်၍နေရာမှ သွားအံ့ဟူသော ဥဿာဟနှင့်တကွသော ဇောစိတ် သည် နှလုံးအတွင်းမှာ ဖြစ်ပေါ် လှုံ့ဆော်၍လာသည်ရှိသော် ရေငြိမ်၍ နေသော အိုင်ငယ်တစ်ခု၏အလယ်၌ အားသန်လှသော ငါးတစ်ကောင် သည် အိုင်လယ်မှ ထ၍ ပွက်လိုက်သည်နှင့် အိုင်ငယ်တစ်ခုလုံးလှိုင်း ဂယက် ဘောက်ဘက်ဆန် လှုပ်ရှားသကဲ့သို့ တစ်ကိုယ်လုံးမှာ သွားမှု၏ ဆိုင်ရာဖြစ်ကုန်သော အမူအရာသစ်တို့သည် တစ်ပြိုင်နက် ဖြစ်ပေါ် ကုန်၏။

ဤအမူအရာသစ်တို့ ဖြစ်ပေါ်မှုကို ကိုယ်ခန္ဓာအတွင်း၌ ဉာဏ်စိုက် ၍ အစေ့အစပ် မြင်အောင်ကြည့်လေ၊ အရိုးသုံးရာ, အကြောကိုးရာ, အသားစိုင်ကိုးရာ, အသည်းခဲ, အဆုတ်ခဲ, နှလုံးခဲ, ဦးနှောက်ခဲတစ်ခွင်လုံး အနှံ့အပြား မြင်အောင် မြော်လေ။

လူရုပ်ကြီး ပြီပြင်စွာ လုပ်၍ထားသော ဖယောင်းရုပ်ကြီး, ချိပ်ဆေး ရုပ်ကြီးကို ရှားမီးကျီးပုံကြီး၏ အတွင်း၌ စိုက်ထူ၍ထားလေရာ တောင့်တင်းခက်မာသော ကိုယ်အင်္ဂါတို့သည် ငါးကျပ်ခဲ, တစ်ဆယ်ခဲ, တစ်ပိဿာခဲ, နှစ်ပိဿာခဲ ခဏချင်း ခဏချင်း အခြေပျက်ကာ အနေ ပျက်ကာ ထိုထိုနေရာမှ ပျော့ပျောင်းတုံလစ် အရည်ဖြစ်ကာ ပျော်၍ပျော်၍ ကျကုန်သည်တို့ကို မြင်လိမ့်မည်။

ထိုဖယောင်းရုပ်ကြီး, ချိပ်ဆေးရုပ်ကြီးတို့၌ ထိုထိုအင်္ဂါ အခြေ အနေပျက်မှု, ပျောက်ကွယ်မှုကား ခယ,ဝယ, ဘေဒ, ဘင်္ဂ,မရဏ ဟုဆိုအပ်သော အနိစ္စဓမ္မကြီး အသီးအခြားပေတည်း၊ ဘင်စွန်းကြီးပေ တည်း၊ အရည်ပျော်ကာပျော်ကာ ဖြစ်ပေါ်လာမှုကား ဥဒယစွန်းကြီးပေ တည်း၊ အစွန်းကြီး ၂-ပါးတို့၏ စပ်ကြား၌ အာကာသ ပရိစ္ဆေဒကြီးရှိ၏။

ထို့ကြောင့် အရည်ပျော်ကာ ပျော်ကာ ဖြစ်ပေါ်လာသော ဖယောင်းသား ချိပ်သားတွေကို ပကတိမျက်စိဖြင့်လည်းကောင်း, ပကတိစိတ်အကြံဖြင့်လည်းကောင်း, ကြောင်ကြောင်မြင်ကြလျှင် သဘာဝဓမ္မဉာဏ်ဖြင့် ခက်မာသော ပကတိ ပထဝီကာယ၏ ဘင်စွန်းကို လည်းကောင်း, ပျော့ပျောင်းသော နောက်ပေါ် နောက်ဖြစ် ပထဝီသစ် တို့၏ ဥပါဒ်စွန်းကိုလည်းကောင်း, အစွန်း ၂-ပါးတို့၏ အခြား (စပ်ကြား) ပရိစ္ဆေဒအာကာသကိုလည်းကောင်း သိနိုင် မြင်နိုင်ရာ၏။

ပျက်ပုံ ဥပမာ-- ထို့အတူ ဤကိုယ်ခန္ဓာ၌လည်း ထိုထိုကိုယ် အင်္ဂါတို့မှာ သွားခြင်း၏ဆိုင်ရာ လှုပ်ရှားသော အမူအရာသစ်, ရုပ်သစ် တို့၏ ယခုအသစ် ပြိုင်းခနဲ ပြိုင်းခနဲဖြစ်ပေါ်မှုတို့ကို မြင်ကြကုန်လျှင် မြစ်ရေတိုက်၍ သဲကမ်းတွေ ပြိုသကဲ့သို့ မတ်တပ်ရပ် စိုက်၍ရှိနေသော ပကတိ ပထဝီကာယကြီး ပျက်ပြို ကွယ်ဆုံးမှုဟူသော ဘင်စွန်းကို လည်းကောင်း, နောက်ပေါ် နောက်ဖြစ် ကာယသစ်တို့၏ ဥပါဒ်စွန်းကို လည်းကောင်း,အစွန်း ၂-ပါးတို့၏ စပ်ကြားဟုဆိုအပ်သော ပရိစ္ဆေဒ အာကာသကြီးကိုလည်းကောင်း ဉာဏ်၌ ထင်မြင်ကြကုန်လတ္တံ့။

ရပ်မှု၏ဆိုင်ရာ တည်ငြိမ်၍နေသော ပထဝီကာယကြီးနှင့် သွားမှု၏ဆိုင်ရာ ထွေထွေလာလာ ထကြွလှုပ်ရှား၍ ဖြစ်ပေါ်လာကုန် သော ကာယသစ်, ရုပ်သစ်တို့၏အချက်၌ ရှင်းလင်းစွာ ဉာဏ်အမြင် ပေါက်ကြကုန်ပါလျှင် ထိုထိုနေရာတို့၌ ပေါက်နိုင်ကြကုန်သည်၊ အချက် အချက်၌ ဉာဏ်အမြင်ပေါက်အောင် နေ့ရှည်ရက်များ စွဲမြဲကြလေကုန်၊ ရပ်မှု သွားမှု အထူးပြီး၏။

ပဌမ ခြေလှမ်း၌

ဖြစ်ပျက်မြင်အောင်ရှု

ပထမခြေလှမ်း၌ တစ်ကိုယ်လုံးရှိသော ခက်မာမှုဟူသော ပထဝီကာယကြီးကို မှန်ရိပ် သဏ္ဌာန်ကြီးနှင့်တူစွာ စေ့စေ့ကြည့်ရှု၍ထား၊ ထိုခြေလှမ်း၏အဆုံး၌ ဥတုဇကာယကြီး အပေါ်တွင် ထိုပထမခြေလှမ်း တွင်ရှိနေသော ထိုကာယကြီးကို ခြေဖဝါးမှစ၍ ဆံဖျားတိုင်အောင် အဏုမြူမျှမကျန် တွန်းလှန်ခါတွက်၍ ပစ်လေ၊ အထက်၌ ပြဆိုခဲ့ပြီးသော မှန်ရိပ်ကြီး ဥပမာ၌ တဟုန်တည်းထသော သံပြားရိပ်ကြီးသည် လူရိပ်ကြီး ကို တွန်းလှန်ဖျောက်ဖျက်၍ ပစ်သကဲ့သို့တည်း။

အရေ၌ ဖြစ်ပျက်ရှုပုံ-- မြေ၌ ခြေခိုက်မှု ဒဏ်ဟုန်ကြောင့် ပြင်းထန်စွာ ဖြစ်ပေါ်၍ တဟုန်တည်း လှုပ်ကြွ၍ ထလေရာ တစ်ကိုယ်လုံး တွင် အရေ၌ ဖြစ်ပေါ်သော ဥတုဇကာယကြီးသည် အရေ၌ရှိသော ရုပ်ဟောင်း, ကာယဟောင်းတို့ကို အဏုမြူမျှမကျန် အကုန်ခါတွက်၍ ပစ်၏၊ ပဌမခြေလှမ်း တွင်း၌ရှိနေသော အရေရုပ်စုသည် အကုန်ချုပ် ပျက်လေ၏၊

အဘယ့်ကြောင့် အကုန်ချုပ်ပျက်မှုကို သိအပ်ပါသနည်းဟူမူကားထိုဥတုဇကာယကြီး၏ ဆိုင်ရာဖြစ်သော လှုပ်ရှားသော ရုပ်ကလာပ် မျိုး၏ အကုန်အနှံ့အပြား ဖြစ်ပေါ်၍ သွားမှုကို မြင်သောကြောင့် အကုန် ချုပ်မှုကို သိအပ်ပါသတည်း။

ထိုစကားမှန်၏၊ မြေ၌ ခြေခိုက်ခြင်း ဒဏ်ဟုန်ကြောင့်ဖြစ်သော လှုပ်ရှားမှုသည် တစ်ကိုယ်လုံး ဘယ်နေရာ၌ လပ်သေး၏ဟု ဆံဖျား လောက်မျှ ပြစရာ မရှိ၊ အကုန်လုံးအနှံ့ ဖြစ်ပေါ်၏၊ ထိုသို့ အနှံ့ဖြစ်ပေါ် သည်ကို မြင်သဖြင့် အရေ၌ ရုပ်ဟောင်းဟူ၍ မြူမျှအကျန် မရှိ၊ ချုပ်ပျက် လေသည်ကို သိအပ်ပါသတည်း။

အကယ်၍ ရုပ်ဟောင်းမပျက်ဘဲ ပကတိအတိုင်း နေခဲ့သည် ဖြစ်ငြားအံ့၊ ထိုပကတိအတိုင်းနေသော အရေအဖို့၌ မိုးကြိုးပင်ကျသော် လည်း အမူအရာသစ် မပေါ်နိုင်၊ အမူအရာသစ် ဖြစ်ပေါ်မှုရှိခဲ့လျှင် ထိုနေရာ၌ အခြေအနေပျက်မှု ဧကန္တ ရှိတော့သည်၊ အခြေအနေပျက်ဆို သည် ရုပ်ဟောင်းပျက်မှုပေတည်း၊ ပထဝီ ကာယဟောင်း ပျက်မှု, အာပေါကာယဟောင်း ပျက်မှု, တေဇောကာယဟောင်း ပျက်မှု, ဝါယောကာယ ဟောင်း ပျက်မှုကို အခြေအနေပျက်ဆိုသည်။

အရေဟူသော သဏ္ဌာနပညတ်နိမိတ်ကို ပယ်ရှား၍ ခက်မာမှု တြိယာ အပေါင်းဟူသော ပထဝီကာယ အခြေအနေကြီးကို ဉာဏ်စိုက်၍ ကြည့်တတ်မှ ထင်မြင်နိုင်တည့်မည်။

အသားစိုင်စသည်၌ ဖြစ်ပျက်ရှုရပုံ

တစ်ကိုယ်လုံး၌ရှိသော ကိုးရာသော အသားစိုင်, အသားခဲတို့၌ ဖြစ်ပေါ်သော ဥတုဇကာယကြီးသည် ကိုးရာသော အသားစိုင်, အသားခဲ တို့၌ ရှိနေသော ရုပ်ဟောင်း, ကာယဟောင်းတို့ကို အဏုမြူမျှ မကျန်ရ အောင် အကုန်တွန်းလှန်ခါတွက်၍ ပစ်၏၊ ထိုအခါတွင် ခြေဖမိုး, အသားစု၌ ဖြစ်ပေါ်သော လှုပ်ရှားမှုသည် ခြေဖမိုး, ခြေဖဝါး, ခြေသလုံး ဖြစ်နေသော ရုပ်ဟောင်းစုကို အကုန်ကွယ်ပျောက်စေ၏၊ ကိုယ်လှုပ်ရှားမှု ဟူသော ရုပ်သစ် အမူအရာသစ် ပေါ်မှုကိုလည်းကောင်း, အခြေအနေ ပျက်မှုဟူသော ရုပ်ဟောင်း ချုပ်ပျက်မှုကို လည်းကောင်း ခြေတစ်ခုလုံး၌ အကုန်နှံ့သည်ကို မြင်အောင်ကြည့်။

ထိုအခါတွင် ခြေသလုံး အသားစိုင် အသားစု၌ ဖြစ်ပေါ်သော လှုပ်ရှားမှုသည် ခြေသလုံးအသားစိုင် အသားစုဖြစ်နေသော ရုပ်ဟောင်းစု ကို အကုန်ကွယ်ပျောက်စေ၏၊ သားလုံးသားဟူသော နိမိတ်ကြီးကို ဉာဏ်၌ပယ်ရှား၍ ခက်မာမှု တြိယာ ပထဝီကာယကြီးကို ဉာဏ် စိုက်၍ ကြည့်။

ရေမြှုပ်စိုင် ရေမြှုပ်ခဲကို ယမ်းသွတ်၍ ခွဲလိုက်သကဲ့သို့ တစ်ချက် တည်း အခြေအနေ ကွယ်ပျက်၍ သွားသည်ကို မြင်လိမ့်မည်၊ မမြင်လျှင် မရွှေ့နှင့်ဦး၊ မြင်မှရွှေ့။

ပေါင်သားတစ်ခုလုံးကိုလည်း ရေမြှုပ်ခဲကို ယမ်းသွတ်၍ ခွဲသကဲ့သို့ မြင်အောင်ကြည့်၊ တင်သားတစ်ခုလုံး, ခါးအဖို့တစ်ခုလုံး, ဝမ်းအဖို့ တစ်ခုလုံး, ရင်အဖို့ ကျောက်ကုန်းအဖို့ တစ်ခုလုံးကိုလည်း ရေမြှုပ်စိုင်ကို ယမ်းသွတ်၍ ခွဲသည်နှင့်အတူ ထင်မြင်အောင်ကြည့်၊ လှုပ်ရှားမှု အမူ အရာသစ်တွေ ဖြစ်ပေါ်မှုကို အကုန်အနှံ့အပြား မြင်အောင်ကြည့်၊ အခြေအနေပျက်မှုကို အကုန်အနှံ့အပြား မြင်အောင်ကြည့်။

ထို့အတူ လက်ရုံးသား, လက်မောင်းသား, လက်သား, လည်ပင်း သားတို့ကိုလည်း မြင်အောင်ကြည့်၊ မျက်နှာသားတို့ကိုလည်း မြင် အောင်ကြည့်၊ ဤအသား ကောဋ္ဌာသကြီးသည် မိစ္ဆာဓမ္မနိမိတ္တကြီး အလွန်ကြီးကျယ်ရာ ဌာနဖြစ်၏၊ အထူးအားထုတ်၍ ကြည့်ကြလေ။

ထို့နောက် မျက်လုံးသား ဦးနှောက်ခဲကြီး လျှာသား အဆုတ်ခဲကြီး အသည်း နှလုံးခဲ ကျောက်ကပ်ခဲ အူမအူသိမ်တို့ကိုလည်း ရေမြှုပ်စိုင်ကို ယမ်းသွတ်၍ ခွဲသည်နှင့်အတူ အသီးသီး မြင်အောင်ကြည့်လေ။

ဦးခေါင်းရိုး၌ ကာယကြီး ၄-ပါး ဖြစ်ပျက်ပုံ

သုံးရာမျှသော အရိုးတွင် ဦးခေါင်း ရိုးကြီး၌ဖြစ်ပေါ်သော လှုပ်ရှားမှုသည် ဦးခေါင်းရိုး တစ်ခုလုံး၌ရှိသော ရုပ်ဟောင်းစုကို ကွယ် ပျောက်စေ၏၊

ဤစကား၌ သဏ္ဌာနနိမိတ်, သန္တတိနိမိတ်ဟုဆိုအပ်သော အထည် ဒြဗ် ပျက်မှုတို့၌သာလျှင် တခဲနက် ခက်မာသော ဝတ္ထုမျိုးသည် ပျက်ခဲ၏၊ ပွရွသော ဝတ္ထုမျိုးသည် ပျက်လွယ်၏၊

ပရမတ်ဓာတ်အစစ်ဖြစ်သော ပထဝီကာယ စသည်တို့၌မူကား အထူးမရှိ၊ ကျောက်တုံး, သံတုံးတို့၌ရှိသော ပရမတ်ဓာတ်တို့၏ ပျက်မှုက ကြာမြင့်မှ ပျက်နိုင်သည်၊ ရေမြှုပ်စိုင် ရေမြှုပ်ခဲ၌ရှိသော ပရမတ်ဓာတ် တို့၏ ပျက်မှုက လျင်မြန်စွာ ပျက်နိုင်သည်ဟု အထူးမရှိ။

သို့သော်လည်း ဤစာအုပ်တွင် ပြဆိုအပ်သော ဖြစ်မှုပျက်မှု အစီအရင်သည်မူကား ခဏိကပစ္စုပ္ပန်ကို အမှီလိုက်၍ ပြဆိုသော အစီရင်မဟုတ်၊ သန္တတိပစ္စုပ္ပန်ကို ပဓာနပြု၍ အခြေပျက် အနေပျက် ဝိသဘာဂအမူအရာသစ် ဖြစ်ပေါ်မှုတို့ကို ပြဆိုသောအစီရင်ဖြစ်၍ လှုပ်ရှားမှု အမူအရာ ပြောင်းလဲမှု ပကတိအခြေအနေ ပျက်မှုကိုသာ နာနာကြည့်၍ ဖြစ်မှု, ပျက်မှု အမြန်အနှေးကို သိလေ။

သန္တတိပစ္စုပ္ပန်-- သန္တတိပစ္စုန်ပ္ပန်မည်သည် အပျက်မြန်သည် လည်း ရှိ၏၊ အပျက်နှေးသည်လည်း ရှိ၏၊ ဝိပဿနာ ယောဂီပုဂ္ဂိုလ်တို့မှာ အလွန်မြန်သော သန္တတိပျက်ကို မြင်နိုင်လျှင် ကိစ္စပြီးစီးနိုင်၏၊ ခဏိကပျက် ကို မြင်နိုင်သည်, မမြင်နိုင်သည်ကား ပဓာနမဟုတ်၊ မြေ၌ ခြေခိုက်မှု ဒဏ်ဟုန်ကြောင့် လှုပ်ရှားမှုသည် ဦးခေါင်းရိုးကြီးမှာလည်း ခဏချင်းမြင် နိုင်သည်ကား ဒိဋ္ဌကိုယ်တွေ့ ဖြစ်ကြ၏။

အလွန်ခက်မာသော အရိုး၏ အခြေအနေပျက်မှုနှင့် ပွရွသော အသား၏ အခြေအနေပျက်မှုသည် တူနိုင်မည်လော, မတူနိုင်မည်လော ဟု တွေးတော၍ နေဖွယ်မရှိ၊ လှုပ်ရှားမှုကိုသာ ပဓာနပြု၍ ကြည့်။

ဆိုဖွယ်အထူးမူကား

အလွန်ခက်မာသော ဝတ္ထုမျိုးမည်သည် အခြေအနေပျက်ခဲ၏၊ အမူအရာ ပျက်ခဲ၏၊ ပျက်မိသောအခါ၌မူကား ''တောင်လည်း မြက်ပြတ်'' ဆိုသကဲ့သို့ ဆတ်ဆတ်ကြေမျိုး, ဆတ်ဆတ်ကျိုးမျိုးဖြစ်၏၊ ထို့ကြောင့် ဤဦးခေါင်းရိုးကြီး၌ တည်ရှိသော ခက်မာမှုဟူသော ပထဝီ ကာယကြီး၏ ပျက်မှုသည် ဆတ်ဆတ်ကြေမျိုး, ဆတ်ဆတ်ကျိုးမျိုး ဖြစ်၍ အသား, အရေတို့၌ ပျက်မှုထက်ပင် အမြင်ရှင်းလင်းသကဲ့သို့ ရှိ၏၊ ပထဝီကာယကြီး ပျက်မှုကိုမြင်လျှင် ထိုပထဝီကာယကို ဖွဲ့ထိန်း၍နေသော အာပေါကာယပျက်မှု, ထိုပထဝီကာယကို ပေါင်းနွေးချုပ်အုပ်နေသော ပူမှု နွေးမှုဟူသော တေဇောကာယကြီးပျက်မှု, ထိုတေဇောအရှိန်ဖြစ် သော ဝါယောကာယပျက်မှုတို့လည်း ထင်သာမြင်သာ ရှိကုန်တော့သည်။ ဤဦးခေါင်းကြီးကို အမြင်ပေါက်အောင် အထူးအားထုတ်၍ ကြည့်ကြလေ။ လှုပ်ရှားမှုဖြစ်ပေါ်လျှင် အခြေပျက်မှု, အနေပျက်မှု ဧကန်ရှိတော့သည်၊ အခြေအနေပျက်မှုဆိုသည်ကား ရုပ်ဟောင်း, ဓာတ် ဟောင်းတို့၏ ချုပ်ဆုံးမှု စင်စစ်တည်း။

ထို့ကြောင့် လှုပ်ရှားမှုကို ထင်မြင်ခဲ့လျှင် ထိုလှုပ်ရှားမှု ဖြစ်ပေါ်ရာ ဌာန တစ်ခွင်လုံး၌ ပျက်ဆုံးမှုကို မြင်တတ်ကြစေ။

လည်ပင်းရိုး, ရင်ရိုး, ကျောက်ကုန်းရိုး, နံရိုး, ခါးရိုး, ပေါင်ရိုး, ပုဆစ်ရိုး, မြင်းခေါင်းရိုး, ခြေရိုး,လက်ရိုးတို့၌လည်း ထိုနည်းအတူ ထင်မြင်အောင် ရှုလေ။

ဦးနှောက်ခဲ၌ ကာယကြီး ၄-ပါး ဖြစ်ပျက်ရှုပုံ

ဦးနှောက်ခဲ၌ တဟုန်တည်း ဖြစ်ပေါ်၍ထသော ဥတုဇကာယ ကြီးသည် ဦးနှောက်ခဲတစ်ခုလုံး၌ရှိသော ကာယဟောင်းကြီးတို့ကို ရေမြှုပ်ခဲကို ယမ်းသွတ်၍ ခွဲသကဲ့သို့ တဟုန်တည်း ချုပ်ပျက်ကွယ်ပျောက် စေ၏၊ ဦးနှောက်ခဲတစ်ခုလုံး၌ တစ်ပြိုင်နက် ဖြစ်ပေါ်သော ဝါယောကာယ ဟုဆိုအပ်သော လှုပ်ရှားမှုအမူအရာသစ်တွေကို အကုန်လုံး မြင်အောင် ကြည့်၊ ဦးနှောက်ခဲတစ်ခုလုံး တစ်ပြိုင်နက် အခြေအနေ ပျက်ဆုံးမှုကို မြင်လိမ့်မည်။

ဦးနှောက်ခဲအခြေအနေ ပျက်ဆုံးမှုဆိုသည်ကား ကာယဟောင်း ကြီးလေးပါး တစ်ပြိုင်နက် ချုပ်ပျက်ကွယ်မှုပင်တည်း၊ ကာယဟောင်းကြီး ၄-ပါး ကွယ်ဆုံးခဲ့လျှင် ထိုဦးနှောက်ခဲတစ်ခုလုံး ကွယ်ဆုံးလေတော့သည်။

အကယ်၍ ကာယဟောင်းကြီးလေးပါးသည် မချုပ်မပျက်ခဲ့သည် ဖြစ်အံ့၊ မိုးကြိုးတစ်ရာဆိုင်၍ ပစ်သော်လည်း ထိုဦးနှောက်ခဲသည် လှုပ်ရှားခြင်းမရှိ၊ ပကတိအတိုင်းသာ နေရာ၏၊ ဘယ်နေရာမှတစ်ဆံခြမ်းမျှ မထင်လေရာ၊ အမူအရာ သစ်ပေါ်မှု မထင်လေရာ၊ လှုပ်ရှားမှု မပေါ်လေ ရာ။

အဆုတ်အခဲစသည်၌ ဖြစ်ပျက်ရှုပုံ-- ရင်နှင့်အပြည့်ရှိနေ သော အဆုတ်ခဲကြီး၌ တဟုန်တည်း ဖြစ်ပေါ်၍ထသော ဝါယော ကာယကြီးသည် အဆုတ်ခဲကြီးတစ်ခုလုံး၌ရှိသော ကာယဟောင်းကြီး တို့ကို ယမ်းသွတ်၍ ခွဲဘိသကဲ့သို့ တစ်ဟုန်တည်း ချုပ်ပျက် ကွယ်ပျောက် စေ၏၊ ဦးနှောက်ခဲ၌ကဲ့သို့ အပြည့်အစုံ သိလေ။

နှလုံးခဲ, အသည်းခဲ, ကျောက်ကပ်ခေါ် အညို့ခဲ, အူမ, အူသိမ်တို့၌ လည်း ထိုနည်းတူ သိလေ။

ကောဋ္ဌာသတိုင်း၌ ဖြစ်ပျက်ရှု-- ချုပ်ပျက် ကုန် ဆုံးမှုဟူသော ဝယစွန်း, အမူအရာသစ် ကာယသစ်တို့၏ စ၍ဖြစ်ပေါ်မှု အစဟူသော ဥဒယစွန်း, ထိုအစွန်းနှစ်ပါးတို့၏ စပ်ကြားဟူ သော ပရိစ္ဆေဒအာကာသကြီးတို့နှင့်တကွ ကာယကြီးလေးပါးတို့ကို ကောဋ္ဌာသတိုင်းတို့၌ ထင်လင်းစွာမြင်အောင် အားစိုက်ကြလေ။

ဤကား တစ်ကိုယ်လုံးဉာဏ်အမြင် ပေါက်စေခြင်းငှါ အပိုင်း အပိုင်း သန့်ခြား၍ ရှေးဦးစွာ ကြည့်ရှုအားထုတ်ရန် အစီအရင်တည်း။

နေ့ရက်ရှည်လျား အားထုတ်စွဲမြဲသဖြင့် တစ်ကိုယ်လုံး ဉာဏ် အမြင်ပေါက်သောအခါ၌ ဤခန္ဓာကိုယ်ကြီးသည် ရေမြှုပ်ခဲကြီးနှင့် တူသည်ဟူ၍ ဟောတော်မူသော ဒေသနာသည် ဟုတ်လှပေ၏, မှန်လှပေ၏ဟု ဘုရား၌ ကြည်ညိုခြင်း တိုးတက်၍ လာလိမ့်မည်၊ ထိုသို့ တစ်ကိုယ်လုံး မွ၍ရွ၍ ကုန်အောင် ဉာဏ်အမြင် ပေါက်သောအခါမှစ၍ တစ်ကိုယ်လုံး ခြုံငုံ၍သော်လည်းကောင်း, လိုရာလိုရာကို ကွက်ခြား၍ သော်လည်းကောင်း အပေါင်းအားဖြင့်သာ ကြည့်ရှု စွဲမြဲရာ၏။

ခြေလှမ်း တစ်ခုတစ်ခုအတွင်း၌ ဖြစ်ကြကုန်သော ကာယသူ ယောင်ကြီး နှစ်ခုနှစ်ခုတို့၏ အကြားအကြား၌ မီးတောက်ကြီး တစ် ဟုန်တည်း ထသကဲ့သို့ တစ်ဟုန်တည်း ဖြစ်ပေါ်ထသော အကြား ကာယကြီး အစီအရင်ပြီး၏။

ဤဥတုဇကာယကြီး၌ ရှုမြင်ပုံအချက်စုကို ပြဆိုလိုက်သဖြင့် ခြေလှမ်းမှု၏ဆိုင်ရာ စိတ္တဇကာယကြီး၌ ရှုမြင်ပုံ အလုံးစုံကိုလည်း ပြဆိုခြင်းကိစ္စ ပြီးတော့သည်။

ယမ်းမီးတောက်ပမာ ကိုယ်ခန္ဓာ ဖြစ်ပျက်ပုံဥပမာကားလမ်းခရီးကြီးတစ်ခု၌ ဆေးဝါ, ဆေးနီ, အတန့်အတန့်ဆိုးသော ယမ်း စနက် ကြိုးတန်းကြီးကို သွယ်တန်း မြှုပ် ထားရာ၏၊ ဆေးဝါဆိုးထားသော အတန့်ကား တောင်ဆုပ်ခန့် ရှည်ရာ၏၊ ဆေးနီဆိုးထားသော အတန့်ကား လက်လေးသစ်ခန့် ရှည်ရာ၏၊ ညဉ့်မှောင် မိုက်ဆဲအခါ၌ အစမှ မီးစွဲညှိလိုက်သည်ရှိသော် လုံးပတ်အရပ် လူသဏ္ဌာန်ခန့်ရှိသော မီးတောက်ကြီးသည် တစ်ဟုန်တည်းထ၍ လမ်းစဉ်လျှောက်ပြေး လေရာ၏၊ လမ်းအနီးမှ ကြည့်မျှော်၍ နေကြကုန်သော သူတို့သည် ဝါတဲ့ချည်, နီတဲ့ချည်နှင့် လမ်းစဉ်လျှောက်၍ မီးတောက်ကြီးတစ်ခု သွားလေသည်ကို မြင်ကြကုန်ရာ၏၊ ထိုလမ်းစဉ် လျောက်သွားသော မီးတောက်ကြီး၌ မီးတောက်ဝါ၏ အစစွန်း, အဆုံးစွန်း မီးတောက်နီ၏ အစစွန်း, အဆုံးစွန်းတို့သည် ရှိကြကုန်၏၊ အဆုံးစွန်းနှင့် အစစွန်း ချုပ်စပ်၌ အာကာသပရိစ္ဆေကြီး တစ်ခုတစ်ခုစီ ခြားလျက်ရှိ၏။

အာကာသ အဓိပ္ပါယ်-- အာကာသဆိုသော်လည်း အပေါက် ဟင်းလင်းပေါ်သော အဇဋာကာသမျိုးမဟုတ်၊ အစွန်းနှစ်ခုကိုမြင်၍ ဉာဏ်ဖြင့်သိအပ်သော အပြတ်စပ်ကြောင်းကြီးကို ဆိုသတည်း။ သွား၍နေသော ဤရုပ်ကာယကြီးတို့ကို ဤဥပမာအတိုင်း မြင်ရာ၏၊ ပဌမခြေလှမ်း၌ ဖြစ်ပေါ်သော စိတ္တဇရုပ်ခန္ဓာကြီးသည် ပဌမ ခြေလှမ်း အဆုံးတွင် အကုန်ပျက်ဆုံးလေ၏၊ ဥတုဇကာယကြီးဖက်သို့ အဏုမြူမျှ ကူး၍မလိုက်။

ဓာတ်ကြီး ၃- ပါး

၁။ မိမိ၏ အဆုံးစွန်ကုန်မှုဟူသော မရဏဓာတ်ကြီး တစ်ပါး,

၂။ အကြား အလပ် အပြတ် စပ်ကြောင်းဟူသော ပရိစ္ဆေဒ အာကာသဓာတ်ကြီး တစ်ပါး,

၃။ ဥတုဇာကာယ၏ အစစွာ ဖြစ်ပေါ်မှု အစွန်းဟူသော ဇာတိဓာတ်ကြီး တစ်ပါး,

ကာယကြီး နှစ်ခုတို့၏ အကြား၌ ဤဓာတ်ကြီး သုံးပါး ခြားမြဲ ခြားလျက် ရှိနေ၏၊

ဤ ဓာတ်ကြီးသုံးပါးကို ခုန်ကျော်၍ စိတ္တဇကာယကြီးသည် ဥတုဇ ကာယကြီးသို့ အဏှမြူမျှ ကူး၍ မလိုက်၊ ထို့အတူ ဥတုဇကာယကြီး သည်လည်း တစ်ဟုန်တည်းထ၍ တစ်ခဏချင်း ချုပ်ကွယ်၏၊ ဓာတ်ကြီး သုံးပါးကို ခုန်ကျော်၍ ဒုတိယအလှမ်း၏ ဆိုင်ရာသို့ အဏုမြူမျှ ကူး၍ မလိုက်။

ဤနည်းအတိုင်း ခရီးတို, ခရီးရှည်သွားမှု၌ ကာယတို့၏ အပိုင်း အပိုင်း ပြတ်ပုံကို ဉာဏ်၌ရှင်းလင်းစွာ ထင်စေမြင်စေရမည်။

ယမ်းမီးတောက်ကြီးကို ၂-မျိုး မြင်ပုံ

မီးတောက်ကြီးကို မြင်ကြသူအပေါင်းတို့တွင်-

၁။ ပသာဒမျက်စိသာ ရှိကြ၍ ပညာမျက်စိ မရှိကြကုန်သော အန္ဓဗာလ ဖြစ်သူ ပကတိ လူတို့သည်ကား မီးတောက်ကြီး တစ်ခု သွားလေ၏ဟု ဆိုကြကုန်လတ္တံ့။

၂။ ပသာဒမျက်စိ, ပညာမျက်စိ နှစ်ပါးရှိကြကုန်သော ပဏ္ဍိတ ဖြစ်သူ လူတို့သည်ကား မီးတောက်ကြီးတစ်ခု မဟုတ်၊ မီးတောက်ကြီးတို့သည် တစ်ခုနှင့် တစ်ခုအကြား၌ ပရိစ္ဆေဒ အာကာသကြီး ခြားလျက် အရာမက,အထောင် မက များပြားကုန်၏။

ထိုအလုံးစုံသော မီးတောက်ကြီးတို့သည်ကား ဘယ်ကိုမှ သွားနိုင် ကြသည် မဟုတ်၊ မိမိတို့ ဖြစ်ပေါ်ရာဌာနမှ တစ်ဆံခြမ်းမျှ ရွေ့နိုင်ကြ ကုန်သည်မဟုတ်၊ မိမိတို့ဖြစ်ပေါ်ရာဌာနမှာပင် ငုတ်တုတ်သေ ငုတ်တုတ် ပျောက်, မတ်တတ်သေ မတ်တတ်ပျောက်တို့သာတည်းဟု ဆိုကြ ကုန်လတ္တံ့။

အဘယ့်ကြောင့်နည်းဟူမူ--

အန္ဓဗာလ အမြင်-- ပညာမျက်စိ မရှိကြကုန်သော ထိုအန္ဓ ပုထုဇဉ် တို့သည် ထိုမီးတောက်ကြီး၌ ဓာတ်အထွေ အပြားကို မြင်နိုင်သော ပညာမျက်စိ မရှိကြကုန်၊ အစဉ်မပြတ်သော သန္တတိနိမိတ်ကြီးကိုသာ မြင်နိုင်သော ပကတိမျက်စိသာ ရှိကြကုန်၏။

သူတို့မြင်ကြသော သန္တတိနိမိတ်ကြီးမှာမူကား မီးစွဲရာဌာန အစ၌ ဖြစ်ပေါ်မှု တစ်ကြိမ်သာ ရှိ၏၊ ငါးရာတွင်း တစ်တိုင် စသည်ရောက်၍ အဆုံးစွန် အကုန်သေ ဆုံးရာ၌ ပျက်ကွယ်မှု တစ်ကြိမ်သာ ရှိ၏၊ အလယ်၌ အစဉ်ဟင်းလင်းမြင်ရသော ကောင်းကင်အခြားကြီး မရှိဘဲ အစဉ်အမျှင် ဆက်တန်း၍ နေသည့်အတွက်ကြောင့် သန္တတိနိမိတ်ကြီးအတိုင်း မီးတောက်ကြီးတစ်ခု သွားလေ၏ဟု ဆိုကြကုန်သည်။

ပဏ္ဍိတအမြင်-- ပညာမျက်စိ အမြင်ရှိကြကုန်သော လူတို့ သည်ကား အန္ဓပုထုဇဉ်တို့ကဲ့သို့ပင် ပကတိမျက်စိဖြင့် သန္တတိ နိမိတ်ကြီးကို မြင်ကြကုန်သော်လည်း ပကတိမျက်စိအမြင်မည်သည် ဟုတ်မှန်သော ဓမ္မသို့ ဘယ်အခါမှ ဆိုက်ရိုး မရှိ၊ မဟုတ်တရုတ်တွေ အနန္တအမြဲပါရှိ၏ဟု သိကြလျက်ရှိသဖြင့် ပကတိမျက်စိအမြင်ကို ဝိညာဏ်၏လိမ်မှုကြီးဟု ပယ်ရှား၍ ပညာမျက်စိအမြင်ကို ပေါ်အောင်ဖော်၍ ကြည့်ကြကုန်၏။

မီးတောက်ဖြစ်ပေါ်ကြောင်းနှင့် ဉာဏ်အမြင်--အဘယ်သို့ ကြည့်ကြကုန်သနည်း ဟူမူကား ဤမီးတောက်ကြီးမှာ အောက်မြေ၌ ယမ်းစနက် တည်ရှိ၏။

ထိုယမ်းစနက်မှ ဖြစ်ရ၏၊ ထိုယမ်းစနက်တံမှာလည်း ယမ်းဝါတစ် တန့်, ယမ်းနီတစ်တန့်, အစဉ်အတိုင်း ခြားနားလျက် ရှိ၏၊ သူ့အတန့်နှင့် သူ့မီးတောက် အသီးသီး ဖြစ်ကြ၏၊ ယမ်းဝါမှ မီးနီ မဖြစ်နိုင်၊ ယမ်းနီမှ မီးဝါ မဖြစ်နိုင်။ ထို့ကြောင့် မီးတောက်အသီးသီးသာ ဖြစ်ကြကုန်၏၊ တလျှောက်လုံး တစ်ခုတည်းကား ဧကန်မဟုတ်၊ သူ့ယမ်းအကုန် အကုန်တွင် သူ့နေရာနှင့်သူ အသီးသီး ပျက်ဆုံးကြ၏၊ ဘယ်ကိုမှ ရွေ့နိုင်ကြ, သွားနိုင်ကြသည်မဟုတ်ဟု ကြည့်မြင်ကြကုန်၏။

ဤကား မီးတောက်ဖြစ်ပေါ်ရန် အကြောင်းနှင့်စပ်၍ ဉာဏ်အမြင်ပေါ်ချက်တည်း။

----- * ----

မီးတောက်အမာခံနှင့် ဉာဏ်အမြင်။။ မီးတောက်ကြီးတစ်ခုလုံး၌

၁။ ဝါသောအဆင်းကား ဓာတ်တစ်မျိုး၊

၂။ နီသောအဆင်းကား ဓာတ်တစ်မျိုး အသီးသီး ဖြစ်ကြ၏၊

ဤသို့ အဆင်းဓာတ်နှစ်မျိုး ကွဲလွဲထူးခြားခြင်း ဖြစ်ရသည်မှာ လည်း အဆင်း၏မှီရာ မဟာဘုတ်ကာယကြီးလေးပါးတို့ကပင် နှစ်မျိုးနှစ် ထွေ ကွဲလွဲထူးခြား ရှိကြကုန်၏၊

၁။ အဝါ၏မှီရာ မဟာဘုတ်ကာယကြီးလေးပါးကား တစ်မျိုး၊

၂။ အနီ၏မှီရာ မဟာဘုတ်ကာယကြီးလေးပါးကား တစ်မျိုး၊

ဤသို့ အသီးသီးဖြစ်ကြ၏။

ဝါသော အဆင်းဓာတ်၏မှီရာ မဟာဘုတ်ကာယကြီးလေးပါး ကွယ်ဆုံး ရာမှာ ဝါသောအဆင်းဓာတ် ကွယ်ဆုံးရ၏၊ မီးတောက်ဝါကြီး ကုန်ဆုံးရ၏။

နီသော အဆင်းဓာတ်၏ မှီရာ မဟာဘုတ်ကာယကြီး လေးပါး ကွယ်ဆုံးရာမှာ နီသောအဆင်းဓာတ် ကွယ်ဆုံးရ၏၊ မီးတောက်နီကြီး ကုန်ဆုံးရ၏။

အဆင်းဓာတ်နှစ်မျိုး ကုန်ဆုံးမှုကား ပကတိမျက်စိအမြင်နှင့်ပင် ထင်ရှား၏၊ အဆင်းဓာတ်နှစ်မျိုး ကုန်ဆုံးမှုကို မြင်သဖြင့် မဟာဘုတ် ကာယကြီး လေးပါးလည်း သူ့အဆင်းနှင့်သူ ကွယ်ဆုံးသည်ကို သိမြင်ရ၏၊ ထိုကာယ, ထိုဓာတ်တို့မှ အလွတ် မီးတောက်ဟူ၍ ရှိတော့သည်မဟုတ်။

ထို့ကြောင့် ထိုကာယ, ထိုဓာတ်တို့ ကွယ်ဆုံးရာမှာ သူ့ကာယ, သူ့ဓာတ်တို့နှင့် သူ့မီးတောက် အသီးသီးဖြစ်ကြ၍ သူ့ကာယ, သူ့ဓာတ်တို့ ကွယ်ဆုံးရာမှာ သူ့မီး တောက်လည်း ကွယ်ဆုံး၏ဟု ကြည့်မြင်ကြကုန်၏၊ ဤကား မီးတောက်၏ အထည်ခံဖြစ်ကုန်သော ကာယအပြား, ဝဏ္ဏဓာတ် အပြားတို့နှင့်စပ်၍ ဉာဏ်အမြင်ပေါ်ချက်တည်း။

အမြင် ၂-ပါး မတူပုံ-- ဤသို့ ပညာမျက်စိအမြင်ကို ပေါ်အောင်ဖော်၍ ကြည့်မြင်ကြကုန်သောကြောင့် ပကတိ မျက်စိအမြင် က မီးတောက်ကြီးတစ်ခုဟု ဆုံးဖြတ်ကြသည်ကို ပညာမျက်စိအမြင်က မီးတောက်ကြီးတစ်ခု မဟုတ်ဟု ပယ်ဖျက်၍ မီးတောက်ကြီးတို့ကား အသီးသီး ပရိစ္ဆေဒခြားနားကြကုန်လျက် အရာမက, အထောင်မက များပြားကုန်၏ဟု ဆုံးဖြတ်၏။

ထို့အတူ ပကတိမျက်စိအမြင်က မီးတောက်ကြီး သွားလေ၏ဟု ဆုံးဖြတ်သည်ကို ဉာဏ်မျက်စိအမြင်က မီးတောက်ကြီးဘယ်ကိုမှ မရွေ့မသွားဟု ပယ်ဖျက်၍ မီးတောက်ကြီးတို့ကား မိမိတို့ဖြစ်ရာဌာနမှာ အသီးအသီး ကုန်ဆုံးကြကုန်၏ဟု ဆုံးဖြတ်၏။

ဤသို့ သဏ္ဌာနနိမိတ်, သန္တတိနိမိတ်တို့ကိုသာ မြင်နိုင်သော ပကတိမျက်စိ၏ အမှုသွားနှင့် ဓာတ်သဘာဝတို့ကို မြင်နိုင်သော ဉာဏ်မျက်စိ၏ အမှုသွား အပြန် အလှန် နေကြပုံကို သိလေ။

ဤသို့ ပညာရှိတို့သည် ပကတိမျက်စိအမြင်ကို ပယ်ရှား၍ ပညာမျက်စိကို လိုက်စားကြကုန်၏၊ အန္ဓဗာလပုထုဇဉ်တို့၏ အမြင်နှင့် ကလျာဏ ပဏ္ဍိတတို့၏ အမြင်နှစ်ပါး ခွဲခြားကြပုံတည်း။

ဤကား အမြင် အထင်ကို တည်ထောင်စ ကာလ၌ ကာယကြီး တို့၏ ဖြစ်မှု, ပျက်မှုကို ဉာဏ်အမြင်ပေါက်အောင် တည်ထောင်ရန် ဥပမာကြီးတည်း။

ဤဥပမာကြီးအတိုင်း ဉာဏ်အမြင် ရှင်းလင်းသော ကာလ၌မူ ကား

တစ်ခုတစ်ခုသော မီးတောက်ကြီးကို ကြည့်၍ နေခဲ့လျှင် တလှုပ်လှုပ် တရွရွ တကြွကြွ တလူလူတွေကို မြင်ရသဖြင့် ထိုမီးတောက်ကြီးမကွယ်မီ အတွင်း၌ပင်လျှင် မီးတောက်ကြီးတစ်ခုလုံး၌ အခြေပျက်, အနေပျက်, အမူအရာပျက်, ကြိယာပျက်တွေကို ဒိဋ္ဌသိမြင်၍ ခြေလှမ်းတစ်ခု အတွင်းမှာပင် ထိုမီးတောက်ကြီး၌ ကာယလေးပါးတို့ ရပ်တည်မရ ပျက်ပြုန်းကွယ်ဆုံး၍ အမြဲနေသည်ကိုလည်း ထင်မြင် နိုင်လတ္တံ့၊ ဤကား ဥပမာတည်း။

ဥပမာန ဥပမေယျ စပ်ဟပ်ပြပုံ

တစ်ခုတစ်ခုသော ခြေလှမ်းကို လှမ်းတော့မည်ရှိရာ နှလုံးသွေး အတွင်း၌ အဟုန်နှင့်တကွသော ဇောစိတ်အစဉ်သည် တစ်သုတ် တစ်သုတ် ဖြစ်ပေါ်၏၊ ကိုယ်အင်္ဂါကြီးတို့ကို လှုပ်ရှားကြွချီသော စိတ္တဇ ကာယကြီးသည် ထိုဇောစိတ်အစဉ်မှ တစ်ဟုန်တည်းဖြစ်၍ ထ၏၊ ထိုခြေလှမ်းအဆုံးတွင် ထိုဇောစိတ်အစဉ် ချုပ်ဆုံး၏၊ ထိုစိတ္တဇကာယကြီး လည်း ချုပ်ဆုံး၍ ဇောတစ်သုတ် တစ်သုတ်သည် ယမ်းဝါတစ်တန့် တစ်တန့်နှင့် တူ၏၊ စိတ္တဇကာယကြီး တစ်ခုတစ်ခုသည် မီးတောက်ဝါကြီး တစ်ခုတစ်ခုနှင့်တူ၏။

မြေ၌ ခြေကျ၍ ထိတ်ခနဲ ထိတ်ခနဲအခိုက်တွင် ခြေဖဝါးမှစ၍ အလွန်ပြင်းထန်သော အဟုန်ရှိသော ဒဏ်ချက် ဥတုကြီးသည် ဖြစ်ပေါ်၏၊ ဥတုဇကာယကြီးသည် ထိုဒဏ်ချက် ဥတုကြီးမှ ဖြစ်၍ ထ၏၊ ဒဏ်ချက်ဥတုကြီးလည်း ခဏချင်း ချုပ်ဆုံး၏၊ ဥတုဇကာယကြီးလည်း ခဏချင်း ချုပ်ဆုံး၏။

ဒဏ်ချက်ဥတုကြီး တစ်ကြိမ်တစ်ကြိမ် ဖြစ်ပေါ်မှုသည် ယမ်းနီ တစ်တန့် တစ်တန့်နှင့်တူ၏၊

ဥတုဇကာယကြီး တစ်ခုတစ်ခုသည် မီးတောက်နီကြီး တစ်ခု တစ်ခုနှင့် တူ၏၊

ဤမှကြွင်းသမျှ အချက်စုကို ဥပမာနှင့် အကုန်ထပ်တူကြအောင် ထုတ်ဖော် နှီးနှော၍ သိကြလေ။

ဥပမာဆိုသော်လည်း အလွတ်ဥပမာမျိုးမဟုတ်၊ ဥပမာဝတ္ထုမှာ ပင် ရှေးဦးစွာ ရှုရမည်၊ စံပြ ဥပမာတည်း။

ဝိညာဉ်၏လိမ်မှုကြီး စိတ္တဝိပလ္လာသကို ပယ်ရှားပုံ

ဤခန္ဓာကိုယ်ကြီး သွား၍နေဆဲအခါ၌-- ပကတိမျက်စိ တစ်ခုသာ ရှိကြကုန်သော အန္ဓပုထုဇဉ်တို့သည်ကား လမ်း၌ လူတစ်ယောက်သွား လေ၏ဟု ဤမျှကိုသာ သိမြင်ပြောဆိုကြကုန်၏၊ မိမိတို့ကိုလည်း ငါသွား သည်, မည်သူသွားသည်, ငါလာသည်, မည်သူလာ သည်ဟု ဤမျှကိုသာ သိမြင်ပြောဆိုကုန်၏။

ပညာမျက်စိရှိကြကုန်သော ကလျာဏ ပဏ္ဍိတပုဂ္ဂိုလ်တို့သည် ကား ပကတိမျက်စိအမြင်နှင့် မြင်ရသော နိမိတ်သဏ္ဌာန် မဟုတ်မမှန်ကြီး ကို အတပ်သိကြကုန်သဖြင့် ပကတိမျက်စိအမြင်ကို ဝိညာဏ်၏ လိမ်မှုကြီးဟု ပယ်ရှား၍ ပုဂ္ဂိုလ်, သတ္တဝါဟူ၍မရှိ၊ သူ, ငါဟူ၍မရှိ၊ ခြေတစ်လှမ်းမှ ခြေတစ်လှမ်းသို့ ကူး၍သွားသောသူ, လာသောသူဟူ၍ တစ်စုံတစ်ယောက်မျှ မရှိ၊ လှမ်းသောခြေဟူ၍ပင်မရှိ၊ ခြေလှမ်းဟူ၍ပင် မရှိ၊ ပကတိမျက်မြင် ဝိညာဏ်မျက်လှည့်၏ အမှုသာ ဖြစ်၏။

သူ့အကြောင်းနှင့်သူ တစ်သုတ်တစ်သုတ် ဖြစ်ပေါ်ကြကုန်သော ကာယကြီးတို့သည် ဇောစိတ်ဒဏ်ချက် ဥတုဟူသော သူ့အကြောင်း ချုပ်ဆုံးရာတွင် သူ့အသုတ်နှင့်သူ ချုပ်ဆုံးကြကုန်၏။

ပဌမခြေလှမ်း၌ ဖြစ်ပေါ်သော ခက်မာမှုကြီးတို့သည် ခြေကိုချ သောအခါ၌ တစ်ကိုယ်လုံးပင်အောက်သို့ ညွတ်ကိုင်းသော အခြင်းအရာ သို့ ရောက်ကြကုန်၏၊ မြေ၌ခြေကျ၍အစိုက်တွင် တစ်ပြိုင်နက် ပျက်ဆုံးကြ ကုန်၏၊ ပကတိအတိုင်းနှင့် တည်တံ့ခုခံ၍နေသော ခက်မာမှုဟူ၍ အဏုမြူမျှ အကြွင်းအကျန်မရှိ၊ ကိုယ်တွေ့ဒိဋ္ဌ ထင်ရှားလှ၏။

ယမ်းမီးတောက်ကြီး တဟုန်တည်း တောက်ထသကဲ့သို့ ထိုအခါ၌ ဥတုဇကာယကြီး တဟုန်တည်းဖြစ်ပေါ်မှုလည်း တစ်ကိုယ်လုံး သိမ့်သိမ့် လှုပ်ပင် ထင်ရှားလှ၏၊ ခဏချင်း ငယ်ထိပ်သို့ ဆိုက်တိုက်လာ၏၊ ထိတ်ကနဲအသံ ချုပ်ပျောက်သည်နှင့် တစ်ပြိုင်နက် ထိုဥတုဇကာယသည် မီးတောက်ကြီး တစ်ချက်တည်း သေပျောက်သကဲ့သို့ ချုပ်ပျောက်လေ၏။

တစ်ကိုယ်လုံးမှာ အထက်သို့ တဟုန်တည်း တက်ထသော ဝါယော ကာယကြီး တစ်ချက်တည်း ချုပ်ပျောက်မှုသည် ကိုယ်တွေ့ဒိဋ္ဌ ထင်ရှားလှ၏၊ မှန်ရိပ်တွင် ကြောင်ကြောင်မြင်ရသော လူရိပ်ကြီး၏ ပေါ်မှု, ပျောက်မှုကို ကြောင် ကြောင် မြင်သကဲ့သို့ ထင်ရှားအောင် စိုက်စွဲလေ၊ အစွန်းကြီးနှစ်ပါးနှင့်တကွ အာကာသပရိစ္ဆေဒကြီးကိုလည်း စပ်ကြောင်း စပ်ကြားကြီးအနေနှင့် ဉာဏ်တွင် ထင်ရှားကြစေ။

ယမ်းမီးတောက်ဥပမာ၌ အဝါအနီအဆင်းဖြင့် ပိုင်းခြား၍ ချုပ်ဆုံးမှုကို သိမြင်ရသကဲ့သို့ ဤ၌လည်း သွားဆဲအခါ၌ တစ်ကိုယ် လုံးတွင် ကိုယ်တွေ့ဒိဋ္ဌ သိမြင်ရသော လှုပ်ရှားမှုတို့ဖြင့် ပိုင်းခြား၍ ကာယကြီးတို့၏ ဖြစ်ပေါ်မှု ပျက်ဆုံးမှုကို သိမြင်လေ။

သွားခြင်းဣရိယာပုထ်ကြီး ပြီး၏၊

-------------

ရပ်ခြင်း၌ ကာယကြီး ၄-ပါး ဖြစ်ပျက်နေပုံ

ရပ်ခြင်း ဣရိယာပုထ်၌ သွားခြင်း၏ အဆုံးနှင့် ရပ်ခြင်း၏အစကို ရှင်းလင်း ရာ၏၊ သွားမှု၏ဆိုင်ရာ အမူအရာမျိုးကား ရှေ့သို့ရှေးရှုလျက် လှုပ်ရှား၏၊ ရပ်မှုဆိုင်ရာ အမူအရာမျိုးကား အထက်သို့ ချီပင့်လျက် ရပ်စိုက်၏၊ အစွန်း, အစ, အခြားသုံးပါး ရှင်းလင်းလေ တစ်ကိုယ်လုံးအကုန် ဉာဏ်မငုံနိုင်ခဲ့လျှင် ဦးခေါင်း စသော အင်္ဂါတစ်ခုခုကို ပိုင်း၍ရှင်းလေ။

ရပ်နေစဉ် လှုပ်ရှားမှု ၂-မျိုး။ ။ရပ်တည်၍နေဆဲအခါ၌ လှုပ်ရှားမှု ၂-မျိုးရှိ၏၊

၁။ အလိုရှိရာ ကိုယ်အင်္ဂါကို လှုပ်ရှားမှုတစ်မျိုး၊

၂။ တစ်ခဏထက် တစ်ခဏ ဣရိယာပထ ဥတုဇမီး တောက် ထ၍ တရှိန်ရှိန် တရွရွ လှုပ်ရှားမှုတစ်မျိုး၊

ကိုယ်အင်္ဂါလှုပ်ရှားမှု-- ထိုနှစ်မျိုးတို့တွင် အလိုရှိရာ ကိုယ် အင်္ဂါလှုပ်ရှားမှုမှာ တစ်ကိုယ်လုံး လှုပ်ရှားသည်ဖြစ်၏၊ ရပ်စိုက် တည်တံ့မှု ၏ဆိုင်ရာ အမူအရာနှင့် လှုပ်ရှားမှု၏ဆိုင်ရာ အမူအရာစုကို အချက် ရှာ၍ ရှင်းလင်းလေ၊ ရပ်စိုက်တည်တံ့မှု အခြေပျက် အနေပျက်ကို အချက်မိမိ ရှာ၍ ခြားနားလေ၊ ထိုထို အစိတ်အင်္ဂါလှုပ်ရှားရာ၌လည်း လှုပ်ရှားသောအင်္ဂါ, လှုပ်ရှားမှု၏ဆိုင်ရာ အမူအရာကို နေရာကျ သိတတ် မြင်တတ်စေ၊ လှုပ်ရှားသော အမူအရာကို သိရ မြင်ရလျှင် ထိုနေရာ၌ အခြေပျက်မှု အနေပျက်မှု ဧကန်ရှိတော့သည်။

ရုပ်ဟောင်းချုပ်ရုပ်သစ်ပေါ်-- အခြေပျက်မှု အနေပျက်မှု ဆိုသည်ကား ရုပ်ဟောင်းချုပ်ကွယ်မှုကို ဆိုသည်၊ ရုပ်ဟောင်း ချုပ်ကွယ်မှု မရှိက လှုပ်ရှားမှုဟူသော အမူအရာသစ် မဖြစ်နိုင်၊ ဤစကားကို မြဲမြဲမှတ်လေ။

မျက်တောင်ခတ်မှု၌ မဟာဘုတ် ကာယကြီး ၄-ပါး ဖြစ်ပျက်နေပုံ

အယုတ်အားဖြင့် မျက်တောင်ခတ်မှု အသက်ရှူမှုတို့၌ပင် ဤစကားကို သိရမည်၊ မျက်တောင်ခတ်မှု၌ မျက်စိကိုဖွင့်၍ ထားသော အခါ မျက်လုံးကို လေသလပ်၏၊ ဥတုဇမီးထ၍ လာ၏၊ မျက်လုံးဖန်၍ လာ၏၊ မျက်တောင်၏ အတွင်းအရပ်ကား စိုစွတ်၏၊ ထိုစိုစွတ်သော မျက်တောင်အဖို့ဖြင့် မျက်လုံးကို ခဏခဏ ပွတ်သပ်ရ၏၊ ထသော ဥတုဇမီး ငြိမ်း၍ငြိမ်း၍ သွား၏၊ တဖန်ပျောက်ငြိမ်း၏၊ ဤကား မျက်တောင်ခတ်မှု၏ အကြောင်းအကျိုးတည်း။

မျက်တောင် ၂-ဖက်တို့၌ရှိသော ခက်မာမှု, ဖွဲ့မှုစေးမှု, ပူနွေးမှု, တောင့် တင်းမှုဟူသော ကာယကြီးလေးပါးတို့သည် မျက်တောင်ကိုတွန့်၍ ထားသော အခါ၌ အမူအရာတစ်မျိုးတို့တည်း၊ မျက်တောင်ကိုဖြန့်၍ ခတ်သောအခါ၌ အမူအရာ တစ်မျိုးတို့တည်း။

တွန့်၍ထားသောအခါ၌ ခက်မာမှု, ဖွဲ့စေးမှုနှစ်ပါး မင်းမူ၏၊ တေဇော, ဝါယောငုတ်၏၊ လှုပ်ရှားမှု အထူးမရှိ။

ခတ်သောအခါ၌ လှုပ်မှုဟူသော စိတ္တဇဝါယော လေကြမ်း ရုတ် ခနဲဖြစ်ပေါ်၏၊ မင်းမူ၍နေသော ခက်မာမှု, ဖွဲ့စေးမှုတို့ကို ခါတွက်မှုတ် လွှင့်၍ပစ်၏၊ တွန့်၍နေသော အခြေအနေ ခဏချင်းပျက်၏၊ ခတ်မှုရုပ်သိမ်းပြန်သောအခါ၌ ထိုစိတ္တဇဝါယောလေသည် လျှပ်ရောင် ချုပ်ပျောက်သကဲ့သို့ ချုပ်ကွယ်ပြန်၍ မင်းမူသော ပထဝီ အာပေါမျိုး ဖြစ်ပေါ်၍ မင်းမူမြဲမင်းမူပြန်၏၊

မျက်တောင်ဟူသော သဏ္ဌာန်နိမိတ်ကြီးကို ဉာဏ်ဖြင့် ပယ်ရှား၍ ဓာတ်သား ဓာတ်ရင်းကို ဉာဏ်စိုက်မိမှ ထင်မြင်နိုင်၏၊

အသက်ရှူမှု၌ ဆီမီးတောက်ဥပမာ-- အသက်ရှူမှု၌ ဆီမီးတောက်၏အကျိုး ဆက်သည် ၂-မျိုးရှိ၏၊

မီးရောင်ထွက်မှု တစ်မျိုး၊

မီးခိုးထွက်မှု တစ်မျိုး။

ထို့တွင်-- အပြစ်ဒေါသစင်ကြယ်သော နှမ်းဆီရေနံဆီတို့မှ ဖြစ်သော မီးတောက်မှာ မီးရောင်ထွက်မှု အကျိုးတစ်မျိုးသာ ရှိ၏၊ မီးခိုးထွက်မှု မရှိ။

အပြစ်ဒေါသရှိသော ဆီကြမ်း, ရေနံကြမ်းတို့မှဖြစ်သော မီးတောက်မှာ မီးရောင်ထွက်မှု, အခိုးထွက်မှု အကျိုးဆက် နှစ်မျိုးရှိ၏၊ ဆီ, ရေနံကြမ်းလေလေ အရောင်နည်းပါး၍ အခိုးများလေလေဖြစ်၏၊ ဥပမာ။

ဤဥပမာ၌--

၁။ အပ္ပနာသို့ ရောက်သော မဟဂ္ဂုတ်ကံစုသည် အလွန် အပြစ် ဒေါသတို့မှ စင်ကြယ်သော နှမ်းဆီရေနံဆီတို့ နှင့် တူကုန်၏၊

၂။ မဟဂ္ဂုတ် ဝိပါက်တို့သည် ထိုနှမ်းဆီ ရေနံဆီတို့မှဖြစ်သော မီးတောက်နှင့် တူကုန်၏၊ ထိုဝိပါက်တို့မှ အလွန်သိမ်မွေ့သော စိတ္တဇရုပ်တို့သည်သာ ထွက်ကုန်၏၊ ထွက်သက်, ဝင်သက်ဟူသော ကြမ်းတမ်းသော အခိုး မထွက်ပြီ။

၃။ အပ္ပနာသို့ မရောက်သော ကာမာဝစရကံစုသည် နှမ်းဆီကြမ်း, ရေနံဆီကြမ်းတို့နှင့် တူ၏၊

၄။ ကာမာဝစရ ဘဝင်ဝိပါက်တို့သည် ထိုနှမ်းဆီ, ရေနံဆီတို့မှ ဖြစ်သော မီးတောက်နှင့် တူကုန်၏၊ စိတ္တဇရုပ်ကြမ်းတစ်မျိုး, ထွက်သက်, ဝင်သက်ဟူသော အခိုးကြမ်း တစ်မျိုး ဟူ၍ အကျိုးဆက် နှစ်မျိုးထွက်၏၊

ထိုနှစ်မျိုးတို့တွင် ထွက်သက်, ဝင်သက်ဟူသော အခိုးကြမ်း ထွက်ခြင်းသည်

၁။ ရှေးဦးစွာ စ၍ဖြစ်ပေါ်ခြင်း၊

၂။ အစဉ်အဆက် ဖြစ်ခြင်း-ဟူ၍ နှစ်မျိုးရှိ၏၊ ထိုနှစ်မျိုးတို့တွင်-

၁။ စ၍ဖြစ်ပေါ်ခြင်းမှာ ဗဟိဒ္ဓလေ လှုံ့ဆော်ပေးမှ ဖြစ်နိုင်၏၊ အမိဝမ်း၌ နေဆဲအခါ၌၎င်း၊ ရေသတ္တဝါတို့၌၎င်း အပလေ ဝင်ခွင့်မရသောကြောင့် စ၍ဖြစ်ပေါ်ခြင်းပင်မရှိ၊ အမိဝမ်းမှ ဖွားမြင်သောအခါ အပလေ ဝင်ခွင့်ရသောကြောင့် စ၍ ဖြစ်ပေါ်၏၊ အစဉ်အဆက် လည်းဖြစ်လေ၏၊ ၂။ ဤ အစဉ်အဆက်ဖြစ်မှုသည် အစအထ၌ အပလေ ပြတ်ကင်း၍ သွားခဲ့လျှင် ဖြစ်မှုပင် ပျောက်ငြိမ်း၍ သွားလေရာ၏၊ အပလေနှင့် နေ့ရက်ရှည်ကြာ အားကြီးစွာ ဆက်ဆံဖန်များသောအခါ၌မူကား အပလေပြတ်ကင်း သော်လည်း ဖြစ်မူ မငြိမ်းနိုင်ပြီ၊ အပလေပြတ်ခဲ့ လျှင် ပြင်သို့ မထွက်မူ၍ ရင်တွင်း, ဝမ်းတွင်း၌ အမွန်းတိုက်၍ သတ္တဝါ ကို သေစေ၏၊

ထွက်သက်, ဝင်သက် ချုပ်မှုကို ကမ္မဋ္ဌာန်းအလုပ်တစ်ခုပြု၍ အစွဲအမြဲ အားထုတ်နိုင်သဖြင့် ထွက်သက်, ဝင်သက်ကို အစိုးရသော အဖြစ်သို့ရောက်မူကား အာယုဝဍ္ဎနအာဟာရသိဒ္ဓိများကိုပင် ပြီးစေ နိုင်၏ဟု ဟိန္ဒူတို့နည်း လမ်းရှိ၏၊ ဤကား အသက်ရှူမှု၏အကြောင်း အကျိုးတည်း။

အသက်ရှူမှု၌ မဟာဘုတ်ကာယကြီး ၄-ပါး ဖြစ်ပျက်ရှုပုံ

ဤအသက်ရှူမှုကား ဣရိယာပုထ် လေးပါးတို့၌ အမြဲဖြစ်၍နေ သော စိတ္တဇဝါယော ကာယကြီးတည်း၊ ဤစိတ္တဇဝါယော ကာယကြီး၏ ထောက်ကန်မှု ကြောင့် ဝမ်းအဖို့, ခါးအဖို့, ရင်အဖို့, ကျောက်ကုန်းအဖို့, အသည်း အဆုတ် နှလုံး စသော အလယ်ကိုယ်အရပ်တို့၌ လှုပ်ကြွသော ဥတုဇကာယလေတို့သည် အမြဲထကုန်၏။

ထိုကိုယ်အရပ်တို့၌ ထွက်သက်အခိုက်တွင် ဖြစ်ပေါ်သော ကာယကြီး လေးပါးတို့သည် ဝင်သက်အခိုက်သို့ မရောက်ကြကုန်မူ၍ ထွက်သက်နှင့်အတူ ပျက်ကြကုန်၏။

ဝင်သက်အခိုက်တွင် ဖြစ်ပေါ်လာသော ကာယကြီးလေးပါး တို့သည် ထွက်သက်အခိုက်သို့ မရောက်ကုန်မူ၍ ဝင်သက်နှင့်အတူ ချုပ်ဆုံးကြကုန်၏၊

ထိုကိုယ်အရပ်တစ်ခုလုံးသည် ထွက်သက်အခိုက်တွင်တစ်ခါ ဝင်သက် အခိုက်တွင်တစ်ခါ ရေမြုှပ်စိုင်ကြီး, ရေမြှုပ်ခဲကြီးကို ယမ်းသွတ်၍ ခွဲသကဲ့သို့ အမြဲ ပျက်ဆုံးကြရကုန်၏။

အဆုတ်ခဲ၌ ဖြစ်ပျက်ရှုပုံ--- ရင်နှင့်အပြည့်ရှိနေသော အဆုတ်ခဲကြီးသည် ပွတဲ့ ချည်, ရှုံ့တဲ့ချည် ရပ်တည်မရ ပျက်ဆုံး၍နေရ၏၊ ဤအဆုတ်ခဲကြီး၌ အမာခံကား ခက်မာမှုကြိယာဟူသော ပထဝီကာယ ကြီးတည်း။

အဆုတ်ခဲဟူသော နိမိတ်ကြီးကို မထင်စေမူ၍ ပထဝီကာယကြီး ကို ဉာဏ်စိုက်၍ကြည့်။

အခြေအနေမပျက်ပဲ ပကတိအတိုင်း တည်နေနိုင်သော ခက်မာ မှုဟူ၍ အဏုမြူမျှမရှိ၊ အကယ်၍ ရှိငြားအံ့၊ ပွမှု, ကြွမှု, ရှုံ့မှု, ကျမှု, လှုပ်ရှားမှုဟူ၍ မရှိရာ၊ ထိုအမှုစုရှိနေသည်ကို ဒိဋ္ဌကိုယ်တွေ့ ဖြစ်ကြ၏၊

ထို့ကြောင့်--

၁။ အခြေပျက်မှု

၂။ အနေပျက်မှု

၃။ အမူအရာပျက်မှု

၄။ ကြိယာပျက်မှု

၅။ ခက်မာခြင်းကြိယာ ပြောင်းလဲမှု

၆။ ဖွဲ့စေးခြင်းကြိယာ ပြောင်းလဲမှု

၇။ ပူနွေးခြင်းကြိယာ ပြောင်းလဲမှု

၈။ ထောက်ကန်ခြင်းကြိယာ ပြောင်းလဲမှုတို့ မပြတ်မစဲ အမြဲရှိနေသည်ကို မုချဧကန္တ သိအပ်၏၊ ဓာတ်အမူအရာ သက်သက်ကို ကွက်ခြား၍ ကြည့်တတ်မှ ထင်မြင်နိုင်သည်၊ ပွရွ ပျော့ပျောင်းသော အထည်ဒြဗ်မျိုးတို့၌ ပထဝီကာယကြီး ပြိုပျက်မှုသည် ဆတ်ဆတ်ကြေ ဆတ်ဆတ်ကျိုး မဟုတ်သကဲ့သို့ ထင်မြင်၍နေတတ်၏၊ နိမိတ် သဏ္ဌာန်နှင့် ဖက်စပ်၍ ရောယောင်မှုကြီး တစ်ပါးပင်တည်း။ ပရမတ်ဓာတ်သက်သက်တို့၏ ပျက်မှုတို့သည်ကား ဆတ်ဆတ် ကြေ ဆတ်ဆတ်ကျိုးတို့ချည်းသာတည်း၊ တစ်ဆံခြမ်းမျှ ယိမ်းယိုင် ညွတ်ပျောင်း ပျဉ်းထုံချွဲနွဲ၍ ခံနေခြင်းမရှိ၊ ဆတ်ဆတ်ကြေ ဆတ်ဆတ်ကျိုး ဖြန်းဖြန်းပြို ဖျက်ဖျက်ကျချည်း ထင်မြင်အောင် ကြည့်ကြလေ။

ပျက်မှုလျင်မြန်ခြင်း-- မီးတောက်မီးလျှံ မြစ်ရေအယဉ်တို့ မှာပင် ပရမတ်ဓာတ်ကြီးတို့၏ ပျက်မှုတို့သည် ဆတ်ဆတ်ကြေမှု ဆတ်ဆတ် ကျိုးမှုတို့သာတည်း၊ အလွန်လည်း သိမ်မွေ့၏၊ အလွန်လည်း လျင်မြန်၏၊ မြေ၌ ခြေစိုက်မှုနှင့်စပ်၍ စိတ္တဇကာယကြီးပျက်မှု, ဥတုဇကာယကြီး ဖြစ်ပေါ်မှုကို ကြည့်ရှုရာ၌ ကြည့်ရှုသူက ခြေဖဝါးမှာ ဉာဏ်ခြေ ရှာ၍ နေဆဲတွင် ပျက်မှု, ဖြစ်မှုတို့က ငယ်ထိပ်သို့ ပေါက်ရောက်ကြကုန်ပြီ၊ ဤမျှလောက် လျင်မြန်၏၊ အလွန်သိမ်မွေ့လှ၏။

သို့သော်လည်း လူတိုင်းသိကြသော ကိုယ်တွေ့ဒိဋ္ဌမျိုးတို့တွင် အကျုံးဝင်သော အမှုမျိုးစင်စစ်ဖြစ်၏၊ ဉာဏ်မမှီနိုင်ကောင်းသော အမှုမျိုးမဟုတ်။

အဆုတ်ခဲကြီးတစ်ခု၌ ဉာဏ်အမြင်ပေါက်ခဲ့လျင် အသည်းခဲ, နှလုံးခဲ, အညှို့ခဲ, အဖျဉ်းခဲ, အူမ, အူသိမ်တို့၌လည်းကောင်း, ရင်ရိုး, ခါးရိုး, ကျောက်ကုန်းရိုး, နံရိုးတို့၌လည်းကောင်း, ထိုအရိုးတို့အပေါ်၌ ဖုံးအုပ်သော အသားစိုင်, အသားခဲ, အသားပြင်, အရေထူ, အရေပါးတို့၌ လည်းကောင်း အသက်ရှူတိုင်း ရှူတိုင်း လှုပ်ရှားရသော ကိုယ် အလယ် ပိုင်းကြီးတစ်ခွင်လုံး၌လည်း အဆုတ်ခဲကြီးမှာကဲ့သို့ အကုန်အစင် ထင်မြင် နိုင်ကြကုန်လတ္တံ့။

မတ်တတ်ရပ်သော ဓာတ်သူယောင်ကြီးအနေ လုပ်ကြံ၍ ကြည့်ခဲ့ လျှင် အထက်ပိုင်း အောက်ပိုင်း မလှုပ်ပဲ အလယ်ပိုင်းကြီးတွင် ကာယကြီး လေးပါးတို့၏ ရပ်တည်၍ ပျက်မှု,ဖြစ်မှု, အမြဲ ပွက်ပွက်ဆူ၍ နေသည်ကို ထင်မြင်ရ၏၊ ဤကား ရပ်မှု ဣရိယာပုထ်၌ မျက်တောင်ခတ်ခြင်း, အသက်ရှူခြင်းတို့ အတွက် ကာယကြီးလေးပါးတို့၏ ဖြစ်မူ, ပျက်မူကို ပြဆိုချက်တည်း။

ရပ်ခြင်း၌ ကိုယ်အင်္ဂါ လှုပ်ရှားမှု-- ထိုရပ်မှု ဣရိယာပုထ် အတွင်း၌ ယိမ်း ယိုင် ကိုင်းညွတ်ခြင်း, ထိုထိုကိုယ် အင်္ဂါအစိတ်တို့၏ လှုပ်ရှားခြင်း, ကွေးခြင်း, ဆန့်ခြင်း, ချီခြင်း, ချခြင်းအစရှိသည် တို့၌မူကား သက်သက်ရပ်တန့် စိုက်ထူမှု၏ဆိုင်ရာ ကပတိအမူအရာတို့နှင့် ထို ယိမ်းယိုင်ကိုင်းညွတ်ခြင်း အစရှိသည်တို့၏ ဆိုင်ရာအမူအရာသစ်တို့ကို အရင်း အမြစ်နှင့်တကွ ခြားနား၍ ရပ်ခြင်းနှင့် သွားခြင်း အကူးအယှက်မှာ ကဲ့သို့ ရှင်းလင်းစွာ ထင်မြင်ကြလေကုန်။

ရပ်ခြင်း ဣရိယာပုထ်၌ ကိုယ်အဂ်ါ လှုပ်ရှားမှု ပြီး၏၊

------- * ------

ရပ်ခြင်း၌ ပကတိ လှုပ်ရှား ပြောင်းလဲမှု ဤရပ်ခြင်း ဣရိယာပုထ်၌ ပကတိ လှုပ်ရှားမှုကို ပြဆိုပေအံ့၊ လှုပ်ရှားခြင်း အထူးမရှိဘဲ ပကတိ မတ်တပ်ရပ်စိုက်၍ နေရာ၌ ရပ်စိုက် မိသည်နှင့် တစ်ပြိုင်နက် အထက်အထက် ကိုယ်အင်္ဂါတို့၏ ဖိမှု, စီးမှု, ညှစ်မှု, ညှပ်မှုအတွက်နှင့် အောက်အောက် ကိုယ်အင်္ဂါတို့၌ ခြေဖဝါးအပြင် မှစ၍ ဣရိယာပထ ဥတုဇမီး ထမြဲဓမ္မတာပေတည်း၊ ထိုမီးကား ပူမီး, ပင်မီး, ညောင်းမီး, ညာမီး, ထုံမီး, ကျင်မီး, အောင့်မီး, အင့်မီး, တောင့်မီး, တင်းမီးတည်း၊ ဣရိယာပုထ် တစ်ပါး မပြောင်းဘဲ ကြာမြင့်စွာ ရပ်၍နေလျှင် အပြင်းအထန် နှိပ်စက်၍ ထို နေရာတွင်ပင် အသေသတ်မည့် ဒုက္ခမီးမျိုး တည်း။

ရုပ်ပြောင်းလဲမှု ဖြစ်ပုံ-- ရပ်စ၌ သိသာထင်ရှား မရှိသေး၊ တစ်ကိုယ်လုံးရှိသော အရိုးသုံးရာ, အကြောကိုးရာ, အသားစိုင် အသားခဲ ကိုးရာတို့သည် အစ၌ ရွှင်ရွှင်ပျပျ ချမ်းမြကြည်လင် ရှိကြကုန်၏၊ အတန်ကြာခဲ့လျှင် ထိုအလုံးစုံတို့ကို ပေါင်းတင်သကဲ့သို့ မိမိတို့အတွင်းမှ အသီး အသီး ထကုန်သော ဣရိယာပထ ဥတုဇမီးတို့သည် ပေါင်းနွေး ကုန်၏၊ ထိုထက် ကြာညောင်းခဲ့လျှင် ရွှင်ရွှင်ပျပျ ချမ်းမြကြည်လင် ရှိနေ ကုန်သော ထိုအရိုးရုပ်, အကြောရုပ်, အသားရုပ်တို့ကို အကုန်ပြောင် အောင် လောင်မြိုက်၍ ပစ်ကုန်၏။

ထိုထက် အဆင့်အဆင့် ကြာညောင်းခဲ့လျှင် ကိုယ်တွင်းသဏ္ဌာန် တစ်ခုလုံး သည် ကမ္ဘာဝေသကဲ့သို့ ဆူဆူတက် ပွက်ပွက်ကြမ်း ဖြစ်လေ၏၊ အပြင်ဖို့ မျက်မြင်မှာ မထူခြားလှ၊ ထိုပုဂ္ဂိုလ်ကား မိမိကိုယ်အင်္ဂါတို့၌ အထူးပူပန်၍လာမှု, ညောင်းညာ ၍လာမှု စသည်တို့ကို သိကြကုန်၏။

အထက်၌ ပြဆိုခဲ့ပြီးသော ဖယောင်းရုပ်ကြီး, ချိတ်ဆေးရုပ်ကြီး တို့ကို ဤအရာ၌ စံပြု၍ ထားရာ၏၊

ဖယောင်းရုပ်ကြီး, ချိတ်ဆေးရုပ်ကြီးတို့ကို ရှားမီးကျီး အရှိန်ထိရာ မြှိုက်ရာ, လောင်ရာတို့၌ ဖယောင်းသား, ချိတ်သား အနေပျက်မှု, ပျော့ပျောင်းမှု ငါးကျပ်သား တစ်ဆယ်သား တစ်ပိဿာ နှစ်ပိဿာ စသည်ဖြင့် ပြိုပျက်မှုတို့ကို မျက်စိနှင့် မြင်ရသကဲ့သို့ ပြဆိုခဲ့ပြီးသော အရိုး အကြော အသား အလုံးစုံတို့ကိုလည်း ဣရိယာပထ ဥတုဇမီးကျီး အရှိန် ထိရာ, ပေါင်းနွေးရာ, မြှိုက်ရာ, လောင်ရာတို့၌ ပကတိကာယကြီး လေးပါးတို့၏ ဣန္ဒြေပျက်မှု, အခြေအနေပျက်မှု, ထိုထိုအရိုးခဲ အကြော ခဲ အသားခဲ အသည်း အဆုတ် နှလုံး ကျောက်ကပ် ဦးနှောက်ခဲ မျက်လုံးခဲ စသည်တို့၏ ပြိုပျက်ကုန်ဆုံးမှုတွေကို မျက်စိနှင့် မြင်သကဲ့သို့ ထင်မြင်ကြ ကုန်ရာ၏၊

မလှုပ်မရှားမူ၍ ၁-နာရီ ၂-နာရီ ၃-နာရီ ၄-နာရီ ၅-နာရီ ၆- နာရီ စသည်ဖြင့် မတ်တပ်ရပ်စိုက်၍ နေကြကုန်သည်ရှိသော် တစ်နာရီခန့် မကြာမီပင် မိမိကိုယ် အင်္ဂါအတွင်း၌ ဘယ်နေရာမှာ ဘယ်လိုအခြင်း အရာမျိုး အသစ်အသစ် ဖြစ်ပေါ်၍ လာသည်ဟု ကိုယ်တွေ့ဒိဋ္ဌ ထင်ရှားကြကုန်၏၊

ရပ်စ ကာလ၌ တစ်ကိုယ်လုံးပင် ကြည်လင်ချမ်းမြ ရှိနေကြကုန် သော အလုံးစုံသော ကာယကြီးတို့သည် ထိုအခါ၌ တစ်တိုတစ်စမျှ မရှိကြကုန်ပြီ၊ တစ်ကိုယ်လုံးမှာ ပူရုပ်, ပင်ရုပ်, ညောင်းရုပ်, ညာရုပ်, ထုံရုပ်, ကျင်ရုပ်, အောင့်ရုပ်, အင့်ရုပ်, တောင့်ရုပ်, တင်းရုပ်တို့ချည်း ဖြစ်ကြကုန်၏၊ ဘယ်နေရာမှာမှ ရပ်နေစကအတိုင်း မရှိပြီ၊ ကိုယ်တွေ့ ဒိဋ္ဌမှုကြီးတည်း။

ပြဆိုခဲ့ပြီးသော ဖယောင်းရုပ်ကြီး, ချိပ်ဆေးရုပ်ကြီးတို့၏ ပြိုပျက်မှုကို ပကတိမျက်စိဖြင့်လည်းကောင်း, ဉာဏ်မျက်စိဖြင့် လည်းကောင်း ကြောင် ကြောင် မြင်ကြကုန်သကဲ့သို့ ခြေဖဝါးမှစ၍ အလုံးစုံသော အရိုး ကောဋ္ဌာသ, အလုံးစုံသော အသားကောဋ္ဌာသ စသည်တို့၏ ရုပ်ပြောင်း လဲပုံ, ဣရိယာပထ ဥတုဇမီးကျီး အစဉ်အတိုင်း တိုးပွားတောက်လောင်၍ သွားပုံ, ပထဝီကာယအစရှိသော ပကတိသော ကာယကြီးတို့၏ တစ် မြေ့မြေ့ တစ်ရွရွ ကုန်ခန်းပုံများကို ဉာဏ်မျက်စိဖြင့် ကြောင်ကြောင် ထင်မြင်ကြစေကုန်။

အထူးမူကား ဖယောင်းရုပ်ကြီး, ချိပ်ဆေးရုပ်ကြီးတို့မှာ ရှားမီးကျီးက ပြင်ပမှစ၍လောင်၏၊ ဣရိယာပထ ဥတုဇမီးကျီးကား အတွင်းသန္တာန် တစ်ခွင်လုံးမှစ၍ ဖြစ်ပေါ်၏၊ ဤကား အထူးတည်း။

ဥသ္မာတေဇောနှင့် သန္တာပတေဇော-- ပကတိ ဥတုဟူသော ဥသ္မာတေ ဇောခေါ်သော ကိုယ်စောင့် ကမ္မဇဓာတ်မီးကျီးနှင့်တကွ ထို ထိုဣရိယာပုထ်တို့၌ ဣရိယာပုထ်အားလျော်စွာ တစ်မျိုးတစ်မျိုး အစဉ် ဖြစ်ပေါ်၍နေသော သန္တာပတေဇောခေါ်သော ဤဣရိယာပထ ဥတုဇ အာဂန္တုမီးကျီး၊ ဤမီးကျီး ၂-ပါးတို့၏အတွက်နှင့် တစ်ကိုယ်လုံး တစ်ကောင်လုံးမှာ အပ်ဖျားရာမျှ မလပ်ရဘဲ အမြဲနိစ္စအားဖြင့် တကြွကြွ တရွရွ တမွမွ တမြေ့မြေ့ လှုပ်ရှား ပျက်ပြား၍နေမှုကို ''ပကတိလှုပ်ရှားမှု'' ဆိုသတည်း။

ရပ်ခြင်း ဣရိယာပုထ်၌ ပကတိလှုပ်ရှားမှု ပြီး၏၊

ဤသို့လျှင် ရပ်ခြင်း ဣရိယာပုထ်၌--

၁။ မျက်တောင်ခတ်မှု၊

၂။ အသက်ရှူမှု၊

၃။ ထိုထို ကိုယ်အင်္ဂါ လှုပ်ရှားမှု၊

၄။ ဤပကတိ လှုပ်ရှားမှု၊

ဟူသော လေးပါးသော လှုပ်ရှားမှုတို့ဖြင့် ကာယကြီး ၄-ပါးတို့၏ ဖြစ်မှု, ပျက်မှုကို ကြည့်ရှုကြကုန်ရာသည်။

ရပ်ခြင်း ဣရိယာပုထ် ပြီး၏၊

-------- * -------

ထိုင်ခြင်း၌ ကာယကြီး ၄-ပါး ဖြစ်ပျက်နေပုံ

ထိုင်ခြင်း ဣရိယာပုထ်၌--

ရပ်ခြင်း ဣရိယာပုထ်နှင့် အကူးအသန်းမှာလည်း ရပ်မှု၏ ဆိုင်ရာ, ထိုင်မှု၏ ဆိုင်ရာ ရုပ်အမူအရာနှစ်ပါးကို ခြားနားစွာ ရှင်းလင်း၍ ရှေး၌ ဆိုခဲ့ပြီးသောအတိုင်း ကာယကြီးလေးပါးတို့၏ ဖြစ်မှု, ပျက်မှုကို ကြည့် ရှုကြလေ။

ထိုင်မှု ဣရိယာပုထ်သို့ ရောက်ပြီးသောအခါ၌လည်း မျက်တောင် ခတ်မှု, အသက်ရှူမှု, ထိုထိုကိုယ်အင်္ဂါ လှုပ်ရှားမှုတို့မှာ ရပ်ခြင်းဣရိယာပုထ် အတိုင်း သိလေ။

ပကတိလှုပ်ရှားမှု၌မူကား--

ထိုင်ခြင်း ဣရိယာပုထ်၌ အောက်နေရာ၌ ထိ၍ခံသော ကိုယ် အင်္ဂါများသည်ဖြစ်၍ အထက်ကိုယ်အင်္ဂါစု၏ ဖိစီးမှု, ဖိညှပ်မှု အတော် နည်းပါးသောကြောင့် ဣရိယာပထ ဥတုဇမီးအထ ဖြည်းနှေး၏၊ ရပ်မှုထက် အတော်ကြာညောင်းမှ ဒုက္ခမီး ပြင်းထန်စွာ လောင်၏၊ အတော်ကြာနေနိုင်သော ဣရိယာပုထ်တည်း။

ဣရိယာပထဒုက္ခမီး ပြင်းထန်စွာ တောက်လောင်သောအခါ၌ မူကား ရပ်ခြင်းဣရိယာပုထ်၌ကဲ့သို့ ပြဆိုခဲ့ပြီးသောအတိုင်းပင် ဖယောင်း ရုပ်ကြီး ချိပ်ဆေးရုပ်ကြီး ပျက်ပြားမှုနှင့်တူစွာ ထင်မြင်အောင် ကြည့်ရှုလေ။

ဖယောင်းရုပ်နှင့် ကိုယ်ခန္ဓာ ပျက်ပုံအထူး ပျက်ပြားမှုနှင့် တူစွာဟူသော စကား၌-ဖယောင်းရုပ်, ချိပ်ဆေး ရုပ်တို့မှာ မီးကြောင့် ပြိုပျက်သောနေရာ၌ သဏ္ဌာန်မပျက်ရအောင် ရုပ်သစ်ထူထောင်မှု မရှိသောကြောင့် ပြိုပျက်ရာ၌ သဏ္ဌာန်ယိုယွင်း၍ သွား၏။

ဤကိုယ်ခန္ဓာမှာ ဣရိယာပထမီးလောင်ရာ၌မူကား လောင်သော မီး၏ဆိုင်ရာ ရုပ်သစ်တို့၏ ဖြစ်ပွါးမှုသည် နဂိုသဏ္ဌာန်အတိုင်း အခြေမပျက် အနေမပျက် ဖြစ်ပွါး၏၊ သံတွေခဲကြီးကို မီးရဲစေရာ၌ သဏ္ဌာန်မပျက်ဘဲ မီးရုပ်တွေ လဲသဖြင့် ရဲရဲငြိသော သံတွေခဲဖြစ်၍ သွားသကဲ့သို့တည်း။

သံတွေခဲနှင့်ကိုယ်ခန္ဓာပျက်ပုံအထူး-- သံတွေခဲမှာ မီးလွန် ကြီးဖြစ်၍ မီး အဆင်းပါ ပေါ်၏၊ ဤကိုယ်ခန္ဓာမှာ မီးလွန်ကြီးမဟုတ်၍ မီးအဆင်း မထင်ရှား အစဉ်အတိုင်း ညှိုးနွမ်းလျော့ပါး ရုပ်ပျက်၍ သွားမှုသာ ရှိ၏၊ ဤကား အထူး။

ထိုင်ခြင်း ဣရိယာပုထ် ပြီး၏၊

-------- * ------

လျောင်းခြင်း၌ ကာယကြီး ၄-ပါး ဖြစ်ပျက်နေပုံ

လျောင်းခြင်း ဣရိယာပုထ်၌လည်း--

ဣရိယာပုထ် အကူးအပြောင်းနှင့်တကွ အားလုံး သိသာပြီ၊ ဣရိယာပထ သန္တာပမီး ဖြစ်ပွါးမှု၌ကား ထိုင်ခြင်း ဣရိယာပုထ်မှာထက်ပင် အောက်ခံကိုယ်အင်္ဂါ အားကြီးလှသည်ဖြစ်၍ အထက်အင်္ဂါတို့၏ ဖိစီးမှု, ဖိညှပ်မှု အလွန်သက်သာ လျက်ရှိသောကြောင့် ဣရိယာပထ သန္တာပမီး အထလေး၏၊ အတော်ကြီး ကြာ ညောင်းမှ ပြင်းထန်စွာ လောင်၏၊ ထိုင်မှုထက် ကြာမြင့်စွာ နေနိုင်၏၊ ဤမျှသာ ထူး၏။

လျောင်းခြင်း ဣရိယာပုထ် ပြီး၏၊

ဤတွင်ရွေ့ကား ဣရိယာပုထ် ၄-ပါးကို အစဉ်မှီး၍ မကျဉ်း မကျယ်အားဖြင့် ဤကိုယ်ခန္ဓာ၌ အာကာသပရိစ္ဆေဒ အသီးအသီးနှင့်တကွ ရှေ့နောက်ဖြစ်သော ကာယကြီး ၄-ပါးတို့၏ မပြတ်မစဲ ပြောင်းလဲဖြစ် ပျက်၍ နေမှုကို ပြဆိုခန်းပြီး၏။

ရူပက္ခန္ဓာ၌ အနိစ္စလက္ခဏာ ဖော်နည်း ဖွင့်နည်း ပြီး၏၊

--------- * --------

နာမက္ခန္ဓာ ၄-ပါးတို့၌ အနိစ္စလက္ခဏာ

ယခုအခါ နာမက္ခန္ဓာ ၄-ပါးတို့၌ အနိစ္စလက္ခဏာ ဖော်နည်းဖွင့် နည်းကို ပြဆိုပေအံ့။

ဝိညာဏက္ခန္ဓာကို နောက်ဆုံးထား၍ ဟောခြင်း အကြောင်း

နာမက္ခန္ဓာ ၄-ပါးတို့တွင် ဝိညာဏ က္ခန္ဓာသည် အကြီးအမှူး ဦးစီးဦး ကိုင် အချုပ်အခြာ ပဓာနကြီး ဖြစ် ပါလျက် ဒေသနာအစဉ်၌ နောက်ဆုံးထား၍ ဟောတော်မူသည်မှာ

သတ္တဝါတို့အား ထင်ရှားရာကို ပဓာနပြတော်မူသည်မှတ်၊

ရူပက္ခန္ဓာသည် အထင်အရှားဆုံးတည်း၊ ရူပက္ခန္ဓာကိုစွဲ၍ သုခဒုက္ခဖြစ်မှု, သုခဒုက္ခနှင့်စပ်သော မှတ်သားမှု, မှတ်သားမိသည်အားလျော်စွာ ကြောင့်ကြစိုက်မှုသည် ထင်ရှားသော အစဉ်ဖြစ်၏၊ အကြား၌ ဝိညာဏက္ခန္ဓာ ဝင်ခွင့်မရ၊ ထို့ကြောင့် နောက်ဆုံးထား၍ ဟောတော်မူသည်။

ဝိညာဏက္ခန္ဓာ၌ အဓိပ္ပါယ်အကျဉ်း

ဤကျမ်း၌ကား ပုဗ္ဗင်္ဂမကိစ္စကို ပဓာနပြု၍ ဝိညာဏက္ခန္ဓာကို ရှေ့ထားပေအံ့။

ခန္ဓာဝိညာဏ်ဆောင်ပုဒ်

၁။ ထွေထွေလာလာ၊ သိမှုမှာ၊ ခန္ဓာဝိညာဏ်မှတ်။

၂။ ခံသာ, မခံသာ၊ လျစ်လျူမှာ၊ ဝေဒနာဟု မှတ်။

၃။ မှတ်သိ လိမ်မာ၊ မမေ့ရာ၊ သညာ ဟူ၍မှတ်။

၄။ စေ့ဆော်ကြောင့်ကြ၊ စိုက်သမျှ၊ သင်္ခါရဟုမှတ်။

သိမှု ၆-ပါး။။ဝိညာဏက္ခန္ဓာ၌ ''ထွေထွေလာလာ-သိမှုမှာ'' ဆို သည်ကား

၁။ မြင်မှုခေါ်သော သိမှုတစ်ပါး၊

၂။ ကြားမှုခေါ်သော သိမှုတစ်ပါး၊

၃။ နံမှုခေါ်သော သိမှုတစ်ပါး၊

၄။ လျက်မှုခေါ်သော သိမှုတစ်ပါး၊

၅။ တွေ့ထိမှုခေါ်သော သိမှုတစ်ပါး၊

၆။ အထင်အရှား သိလင်း ကြံစည်မှု ခေါ်သော သိမှု အချုပ်ကြီးတစ်ပါး-ဟူ၍ ၆-ပါးရှိ၏၊

ဝိညာဏ် ၆-ပါးဆောင်ပုဒ်။။ မြင်, ကြား, နံ, လျက်၊ တွေ့, သိချက်၊ ဆက္ကဝိညာဏ်မှာ။

မြင်ချက်, ကြားချက်, နံချက်, လျက်ချက်, တွေ့ချက်, သိချက်ဟူ၍ ဝိညာဏဆက္ကပွါး၏၊

၁။ မြင်မှုကား မျက်စိ၌ပေါ်သော ဓာတ်တည်း။

၂။ ကြားမှုကား နား၌ပေါ်သော ဓာတ်တည်း။

၃။ နံမှုကား နှာခေါင်း၌ပေါ်သော ဓာတ်တည်း။

၄။ လျက်မှုကား လျှာ၌ပေါ်သော ဓာတ်တည်း။

၅။ တွေ့မှုကား အတွင်းအပတစ်ကိုယ်လုံး၌ပေါ်သော ဓာတ်တည်း။

၆။ သိမှုကား နှလုံးအိမ်၌ပေါ်သော ဓာတ်တည်း။

သိမှုကြီး ၆-ပါး။။ ထိုဝိညာဏဆက္ကတို့တွင် နောက်ဆုံးဖြစ် သော သိမှုအချုပ်ကြီးသည်မူကား--

ရှေ့ငါးချက်တို့မှ ဆက်လက်ဖြစ်ပွားသော သိမှုကြီးငါးပါး၊ အသီးအခြား သိမှုကြီးတစ်ပါး။

ဟူ၍ ပေါင်း-ခြောက်ပါးရှိပြန်၏၊

မြင်သိ, ကြားသိ, နံသိ,လျက်သိ, တွေ့သိ, အလွတ်သိဟူ၍ နောက်ဆုံး အသိခြောက်ပါးရှိပြန်၏ ဟူလို။

ထိုခြောက်ပါးတို့တွင်--

မြင်,သိ ၂-ချက် ဖြစ်ပုံ-- မြင်, သိနှစ်ချက်ဖြစ်ပုံကား- ထိုထို အဆင်းမျိုးတို့နှင့် တိုက်ဆိုင်မိကြသောအခါ သစ်ပင်ကိုမြင်၍ သစ်ပင် မှန်းသိရာ၌ မြင်မှုကား မျက်စိ၏ဆိုင်ရာပေတည်း။

သိမှုကား မနောနှလုံး၏ ဆိုင်ရာပေတည်း။

မြင်မှုအခိုက်၌ ထိုပုဂ္ဂိုလ်သည် သစ်ပင်ပါတကားဟူ၍ မသိသေး၊ သိမှု အခိုက်သို့ရောက်မှ ထိုပုဂ္ဂိုလ်အား သစ်ပင်ကြီး ဘွားကနဲပေါ်၏၊

ပေါ်လာသော အခါမှစ၍ ထိုသစ်ပင်မှာ သိမှုပေါင်းများစွာ ကျယ်ပွါး၍ သွားပေ၏၊ မျက်နှာ မလွဲမခြင်း မြင်မှု, သိမှု အထပ်ထပ် အလည်လည် ဖြစ်၍နေကြ၏၊ ပကတိ လူတို့သည်ကား မြင်မှု, သိမှု နှစ်ပါးကို ခြားနား၍ မသိနိုင်ကြကုန်၊ မိမိတို့ကိုယ်၌ ဖြစ်ကြုံ၍နေကြသော အမှုမျိုးဖြစ်သော ကြောင့် ဉာဏ်နှင့် အချက်ရှာ၍ ကြည့်တတ်သော ပညာရှိတို့သည်ကား ခြားနား၍ သိမြင်နိုင်ကြကုန်၏

ဤကား မြင်,သိ နှစ်ချက် ဆက်စပ်ပုံတည်း။

ကြား,သိ ၂-ချက်စသည်ဖြစ်ပုံ-- ဤနည်းကို အမှီပြု၍ ကြားသိနှစ်ချက်, နံသိနှစ်ချက်, လျက်သိနှစ်ချက်, တွေ့သိနှစ်ချက် ဆက်စပ်၍ ဖြစ်ပုံကို အကုန်သိကြကုန်ရာ၏၊

အလွတ်သိ-- ထိုငါးပါးတို့နှင့်ကင်း၍ အသီးအခြား သိမှုကြီး ဆိုသည်ကား မြင်ဆဲ, ကြားဆဲ, နံဆဲ, လျက်ဆဲ, တွေ့ထိဆဲ,အာရုံတို့မှ အလွတ်ဖြစ်သော အာရုံမျိုးတို့ကို သိမှု, ကြံမှုကြီးပေတည်း၊ ဤသိမှုကြီး ကား မနောနှလုံးထဲတွင် စဲသည်ဟု မရှိသကဲ့သို့ထင်ရ၏၊ အလွန်ကျက်စား ရာ အာရုံနယ် ကြီးကျယ်လှ၏။

ဤကား ဝိညာဏက္ဓန္ဓာ၌ အကျဉ်းခွဲခြမ်းနည်းတည်း။

------- * ------

ဝေဒနာက္ခန္ဓာ၌ အဓိပ္ပါယ်အကျဉ်း

ခံစားမှု ၃-မျိုး။။ ဝေဒနာက္ခန္ဓာ၌- ''ခံသာ, မခံသာ, လျစ်လျူမှာ'' ဆိုသည်ကား--

၁။ ခံသာမှု,

၂။ မခံသာမှု,

၃။ လျစ်လျူမှု -ဟူ၍ သုံးပါးရှိ၏၊ ခံသာမှုအဓိပ္ပါယ်-- ခံသာမှုဆိုသည်ကား သာယာသော ခံစားမှု, ကောင်းသည် ကောင်းသည်ဟူ၍ ချီးမွမ်းဖွယ်သော ခံစားမှု, ခင်မင်ရသော ခံစားမှု ဆိုလိုသည်။

မခံသာမှုအဓိပ္ပါယ်-- မခံသာမှုဆိုသည်ကား မသာယာသော ခံစားမှု, မ ကောင်း မကောင်းဟူ၍ ကဲ့ရဲ့ဖွယ်သော ခံစားမှု, မုန်းရသော ခံစားမှု ဆိုလိုသည်။

လျစ်လျူမှုအဓိပ္ပါယ်-- လျစ်လျူခံစားမှုဆိုသည်ကား--ခံသာသည် မခံသာသည်ဟူ၍ အမှုမစိုက် လောက်သောမထင်မရှား သော ခံစားမှု ဆိုလိုသည်။

ဝေဒနာ ၆-ပါး။။ ဤဝေဒနာက္ခန္ဓာကို လောက၌--

၁။ မျက်စိအရသာ ခံစားမှု,

၂။ နားအရသာ ခံစားမှု,

၃။ နှာခေါင်းအရသာ ခံစားမှု,

၄။ လျှာအရသာ ခံစားမှု,

၅။ ကိုယ်အင်္ဂါအရသာ ခံစားမှု,

၆။ စိတ်မနောအရသာ ခံစားမှု,

အားဖြင့် ခြောက်ပါးပြု၍ ခေါ်ဝေါ် ကြကုန်၏။

ခပ်သိမ်းသော လူ, နတ်, ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် ဤ ဝေဒနာက္ခန္ဓာ ဟူသော အရသာ ၆-ပါးတို့၌ နစ်မွန်း၍ နေကြကုန်၏၊ ဤကား ဝေဒနာက္ခန္ဓာ အကျဉ်းခွဲခြမ်းနည်းတည်း။

-----

သညာက္ခန္ဓာ၌ အဓိပ္ပါယ်အကျဉ်း

သညာက္ခန္ဓာ၌ ''မှတ်သိလိမ်မာ-မမေ့ရာ''ဆိုသည်ကား--အမိဝမ်းမှ မွေးဖွားသည်မှစ၍ ဤကား အမိ, ဤကား အဖ, ဤကား အရှေ့, ဤကား အနောက်စသည်ဖြင့် သူအများတို့ ပြောဆိုပြုလုပ်သမျှတို့ကို မှတ်၍ မှတ်၍ တစ်နေ့တစ်ခြား သိ ကြားလိမ်မာသည်ဖြစ်၍ လာကြသောအမှု, တွေ့ဘူး ကြုံဘူး, ဆက်ဆံ ဘူးသမျှကို ထင်ရှားရာဌာနတို့၌ မမေ့မပျောက် စွဲမြဲထင်ရှား၍နေမှု အခြင်းအရာမျိုးကို သညာက္ခန္ဓာ ဆိုသည်။

အလိမ်မာ ၂-မျိုး။။

၁။ မှတ်သိလိမ်မာ တစ်မျိုး,

၂။ တတ်သိလိမ်မာ တစ်မျိုးဟူ၍ နှစ်မျိုးရှိ၏၊

မှတ်သိလိမ်မာ။။ သညာ၏ အသိအလိမ်မာကား မှတ်သိ လိမ်မာတည်း။

တတ်သိလိမ်မာ။။ ပညာ၏ အသိအလိမ်မာကား တတ်သိ လိမ်မာတည်း။

အရပ်ဒေသ အရိုးအမျိုးတို့နှင့်ပင် ပြီးစီးနိုင်သော အသိအလိမ်မာ မျိုးသည် သညာနှင့် ပြီးစီး၏၊

ဆရာသမားထံ သင်ကြားလေ့လာ နာခံမှတ်သားထားမှုနှင့်မှ ပြီးစီးသော အသိအလိမ်မာမျိုးသည်ကား ပညာပေတည်း။ အသိ အလိမ်မာ နှစ်ပါးခွဲနည်း။

သညာ ၆-ပါး။။ ထိုသညာက္ခန္ဓာသည် အာရုံအပြားအားဖြင့် ၆-ပါးရှိ၏၊

၁။ ရူပသညာ

၂။ သဒ္ဒသညာ

၃။ ဂန္ဓသညာ

၄။ ရသသညာ

၅။ ဖောဋ္ဌဗ္ဗသညာ

၆။ ဓမ္မသညာ။

ဤ ၆-ပါးတည်း။

အာရုံကို သိမှု ၆-ပါး-- အဆင်းသဏ္ဌာန်မျိုး၌ သိမှု, အသံမျိုး၌ သိမှု, အနံ့မျိုး၌ သိမှု, အရသာမျိုး၌ သိမှု, ပထဝီ တေဇော ဝါယောဟူသော ဖောဋ္ဌဗ္ဗမျိုးတို့၌ သိမှု, ထိုငါးပါးတို့မှ ကြွင်းသော ကုသိုလ်ဓမ္မ, အကုသိုလ် ဓမ္မ, အဗျာကတဓမ္မတို့၌ သိမှုဟူ၍ ၆-ပါး ဆိုလိုသည်။

မျက်စိအရသာကို သိမှု, နားအရသာကို သိမှု, နှာခေါင်းအရသာ ကို သိမှု, လျှာအရသာကို သိမှု, ကိုယ်အင်္ဂါအရသာကို သိမှု, မနော အရသာကို သိမှုဟူ၍လည်း ၆-ပါးဖြစ်၏။

သတ္တဝါအပေါင်းတို့သည် ဤသညာနှင့်ပင် နေ့နေ့ညည ကိစ္စအခွင့် အလုံးစုံမျိုးကို သိ၍သိ၍ လုပ်ကြံရွက်ဆောင်၍ နေကြရ ကုန်၏၊ ဤကား သညာက္ခန္ဓာ၌ အကျဉ်းခွဲခြမ်းနည်းတည်း။

--------- * --------

ဝိညာဏ်နှင့်သညာ သိမှုအထူး

ဤအရာ၌ ဝိညာဏက္ခန္ဓာသိမှုနှင့် သညာက္ခန္ဓာသိမှုကိုလည်း ခွဲခြမ်းရာ၏၊

ဝိညာဏ်သိ-- ၆-ဒွါရ၌ ဆိုက်တိုက်လာသော အာရုံတို့ကို သင်းကားမြေ, သင်းကားရေ အစရှိသည်ဖြင့် သိမြင်ဖော်ပြ၍ သွားမှုသည် ဝိညာဏ်၏ သိမှုတည်း၊ သညာ၏ သိမှုမဟုတ်။

သညာသိ-- ဝိညာဏ်ဖော်ပြ၍ သွားသမျှကို နောင်မမေ့ရ အောင် မှတ်မှုသည် သညာ၏အမှုတည်း၊ ဝိညာဏ်၏အမှု မဟုတ်။

ဝိညာဏ်သိ-- ဝိညာဏ်အလိုအားဖြင့် ရှေ့သို့ တွေ့ကြုံသမျှကို ထင်မြင် သိလင်း၍ သွားနိုင်ရာ၏၊ တွေ့ကြုံပြီးကို ပြန်၍ တစ်စုံတစ်ခုကိုမျှ မမှတ်မိနိုင်ရာ။

သညာသိ-- သညာအလိုအားဖြင့် တွေ့ကြုံဘူးသည်ကို မှတ်မိ၏၊ ရှေ့သို့ တစ်စုံတစ်ခုကိုမျှ သိမြင်မှု မရှိလေရာ။

ဤကား သညာ, ဝိညာဏ် ၂-ပါးတို့၏ အထူးတည်း။

----- * ----

သင်္ခါရက္ခန္ဓာ၌ အဓိပ္ပါယ်အကျဉ်း

သင်္ခါရက္ခန္ဓာအရကောက်-- သင်္ခါရက္ခန္ဓာ၌ အဘိဓမ္မာနည်း အားဖြင့် သင်္ခါရက္ခန္ဓာ အပါအဝင်ဖြစ်သော တရားမျိုးသည် ငါးဆယ်ရှိ၏၊ သုတ္တန်နည်းအားဖြင့် စေတနာစေတသိက်တစ်ခုကို ပဓာနပြု၍ ပြဆိုရာ၏။

စေတနာ စေတသိက်တစ်ခု၌ အနိစ္စလက္ခဏာရေး ပိုင်နိုင်ခဲ့လျှင် ထိုအလုံးစုံတို့၌ ပိုင်နိုင်တော့သည်။

စေ့ဆော်မှု-- ဤသင်္ခါရက္ခန္ဓာ၌ စေ့ဆော်မှု, ကြောင့်ကြစိုက်မှု ဆိုသည်ကား-သတ္တဝါတို့၏ စိတ်ကို မျက်တောင်တစ်ခတ်မျှ ကြံမှုစည်မှုကို လွှတ်၍ ငြိမ်ဝပ် ရပ်နားလျက် နေခွင့်မရအောင် နှိုးဆော်မှု, ကြောင့်ကြ ဗျာပါရ စိုက်ထူ၍ အပူတိုက် ဆော်ဩမှုပေတည်း။

စေတနာ၏ အမှုကိစ္စ-- လွန်လေပြီးသော အနမတဂ္ဂ သံသရာ တွင် အသညသတ်ဘုံ၌ ဖြစ်ခိုက်ကို ချန်လှပ်၍ ဘဝအဆက်ဆက်ကို အကုန်မြော်လေ၊ စိတ်တလှုပ်လှုပ် စိတ်တရွရွ စိတ်တကြွကြွ စိတ်တချီချီ စိတ်တလူလူနေမှုကို မြင်ခဲ့လျှင် စေတနာအမှုကို သိမြင်လိမ့်မည်၊ တစ်ခုခုသော ဘဝတွင် စုတိကမ္မဇရုပ် ချုပ်ဆုံးရာ၌လည်း မျက်တောင် တစ်ခတ်မျှ ရပ်တန့်ခွင့် မရမူ၍ ဘဝအသစ်အသစ်သို့ ပစ်ချမှုသည် ဤစေတနာ၏အမှုပေတည်း။

စေတနာကို ကံဟု ဆိုခြင်း-- ဤ စေတနာဟူသော စေ့ဆော်မှု, ကြောင့်ကြ ဗျာပါရစိုက်မှုကို ကုသိုလ်ကံ အကုသိုလ်ကံဟူ၍ ဆိုအပ်၏၊ ကာယကံ, ဝစီကံ, မနောကံဟူ၍လည်း ဆိုအပ်၏။

စေတနာ ၆-ပါး။။ အာရုံအပြားအားဖြင့်--

၁။ ရူပသေဉ္စတနာ

၂။ သဒ္ဒသေဉ္စတနာ

၃။ ဂန္ဓသေဉ္စတနာ

၄။ ရသသေဉ္စတနာ

၅။ ဖောဋ္ဌဗ္ဗသေဉ္စတနာ

၆။ ဓမ္မသေဉ္စတနာ ဟူ၍ ၆-ပါးရှိ၏၊

ရူပါရုံအတွက်နှင့် စေ့ဆော်မှု, သဒ္ဒါရုံအတွက်နှင့် စေ့ဆော်မှု စသည်ဆိုလေ။

ဤကား သင်္ခါရက္ခန္ဓာ၌ အကျဉ်းခွဲခြမ်းနည်းတည်း။

-------- * --------

ဝိညာဏ်ခြောက်ဖြာ ဝိညာဏက္ခန္ဓာ၌ အနိစ္စလက္ခဏာ

ဝိညာဏက္ခန္ဓာ၏ ရှေ့သွားခေါင်းဆောင်ဖြစ်ပုံ

''မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ'' ဟူသော ပါဠိတော် မြတ်နှင့်အညီ နာမက္ခန္ဓာ လေးပါးတို့ တွင် ဝိညာဏက္ခန္ဓာသည် အချုပ်အခြာ ပဓာန ရှေ့သွားဖြစ်၏၊ ရူပက္ခန္ဓာ၌ ခက်မာမှု ပထဝီသည် ခပ်သိမ်းသော ရုပ်ကလာပ်တို့၏ အမာခံ ဧရာတည် ဖြစ်သကဲ့သို့ နာမက္ခန္ဓာလေးပါးတို့၌ သိမှုဟူသော ဝိညာဏက္ခန္ဓာသည် ခပ်သိမ်း သော စေတသိက်ခန္ဓာတို့၏ ဧရာတည် ဖြစ်၏၊ သိမှုကို မှီ၍ ခံစားမှု, မှတ်သားမှု, စေ့ဆော်မှု စသည်တို့သည် ဖြစ်ပွါးကြကုန်၏။

ကာယဝိညာဏ် နာမက္ခန္ဓာ ၄-ပါး၏ ဖြစ်ရာဌာန

ထို့ကြောင့် နာမက္ခန္ဓာလေးပါးတို့၏ အနိစ္စအချက်ကို ပြဆိုရာ၌ ဝိညာဏ် ၆-ပါးကို ပဓာနပြု၍ ပြဆိုပေအံ့။

ဝိညာဏ် ၆-ပါးတွင်လည်း တစ်ကိုယ်လုံး အနှံ့အပြားဖြစ်နိုင် သော ကာယဝိညာဏ်ကို, ထိုတွင်လည်း အလွန်ထင်ရှားသော ဒုက္ခသဟဂုတ် ကာယဝိညာဏ်ကို ရှေးဦးစွာ ပြဆိုရာ၏၊ ခြေဖဝါးအပြင်မှ အထက် ငယ်ထိပ်အပြင်တိုင်အောင် အတွင်း အပ တစ်ကိုယ်လုံးသည် ကာယဝိညာဏ်နှင့်တကွသော နာမက္ခန္ဓာ ၄- ပါးတို့၏ဖြစ်ရာ ဌာနချည်းသာတည်း။

အလွန်ထက်လှစွာသော အပ်သွားဖြင့် ထိုး၍ စမ်းသပ်သည်ရှိ သော် နာတတ်သောအရပ်ဟူသမျှ, နာမှုပေါ်ရာအရပ်ဟူသမျှသည် ထိုခန္ဓာလေးပါးဖြစ်ရာဌာန ချည်းသာတည်း။

ကာယဝိညာဏ် အဓိပ္ပါယ်

ထင်ရှားအောင် ဆိုဦးအံ့-ကာယဝိညာဏ်ဟူသော ဝေါဟာရ သည် မာဂဓဘာသာသို့လိုက်၍ ခေါ်သောဝေါဟာရတည်း၊ မြန်မာ ဘာသာ နှင့်ခေါ်မှုကား တစ်ကိုယ်လုံး၏ သိမှုကို ဆိုလိုသည်၊ ခြေဖဝါး အရေကို အပ်သွားဖြင့် ထိုးလျှင် ခြေဖဝါးအရေသည် သိ၏၊ ဤခြေဖဝါးအရေ၏ သိမှုကို ကာယဝိညာဏ် ခေါ်၏။

ထို့အတူ--

ခြေချောင်းအရေတို့သည် သိတတ်ကြကုန်၏၊

ခြေဖနောင့်ရေ, ခြေဖမိုးရေတို့သည်လည်း သိတတ်ကြကုန်၏၊

ခြေသလုံးရေ, ဒူးပုဆစ်ရေ, ပေါင်ရေ အစရှိကုန်သော အလုံးစုံသော အရေတို့သည်လည်း သိတတ်ကြကုန်၏၊

ကိုးရာသော သားတစ်တို့သည်လည်း သိတတ်ကြကုန်၏၊ ကိုးရာသော အကြောတို့သည်လည်း သိတတ်ကြကုန်၏၊ ဦးဏှောက်ခဲ, အဆုတ်ခဲ, အသည်းခဲ, နှလုံးခဲ, ကျောက်ကပ်ခဲ, အဖျဉ်းခဲ, အမြှေးလွှာ, အအူကြီး, အအူငယ်တို့သည်လည်း သိတတ်ကြ ကုန်၏၊

ဤအလုံးစုံတို့၏ သိမှုကို ကာယဝိညာဏ်ခေါ်၏၊ ဤသိမှုတို့၌ ခန္ဓာလေးပါး အစုံပါရှိ၏၊

သိမှု ၂-မျိုး

ကောဋ္ဌာသ၏ သိမှု--- ဤစကား၌ သိမှုဆိုသော်လည်း ပုဂ္ဂိုလ်၏ သိမှု မဟုတ်သေး။

အရေတို့၏ သိမှု, အသားတို့၏ သိမှု, အကြောတို့၏ သိမှု, ဦးဏှောက်ခဲ အဆုတ်ခဲ စသည်တို့၏ သိမှုသာတည်း။

ဝိညာဏ် ၆-ပါးခွဲခန်း၌ ဤသိမှုကို တွေ့ထိမှုဟူ၍သာ ခေါ်ရ သည်၊ မြင်သိ, ကြားသိ, နံသိ, လျက်သိ, တွေ့သိဟူ၍ အစုံအစုံ ရှိသည် တွင် တွေ့ထိဟူသောအစုံ၌ တွေ့ထိမှုသာ ရှိသေးသည်။

ပုဂ္ဂိုလ်၏ သိမှု-- ဤတွေ့မှုကို အရေတို့၏သိမှု, အသားတို့၏ သိမှု, အကြောတို့၏သိမှု စသည်ဖြင့် ဆိုခဲ့သည့် ကောဋ္ဌာသအပြားသို့ လိုက်၍ခွဲမူကား -

အရေ၏သိမှု, နှလုံး၏သိမှု ၂- ပါးခွဲရာ၏၊

အရေ၏သိမှုကို တွေ့ထိမှုဟု ခေါ်၏၊ ကာယဝိညာဏ်ပေတည်း။ နှလုံး၏ သိမှုကိုသာ သိမှုဟု ခေါ်၏၊ မနောဝိညာဏ်ပေတည်း။ ပုဂ္ဂိုလ်၏သိမှုကား ဤနှလုံး၏ သိမှုသို့ရောက်မှ ပေါ်၏။

ဤနှလုံး၏သိမှု ပေါ်လာမှသာ ပုဂ္ဂိုလ်သိ သိ၏၊

ဤသို့လျှင် ကောဋ္ဌာသတို့၏သိမှု, ပုဂ္ဂိုလ်၏သိမှု ၂-ပါးကို ကိုယ်တွေ့ ဒိဋ္ဌအားဖြင့် ခြားနား၍သိကြကုန်ရာ၏။

ပုဂ္ဂိုလ်၏သိမှု၌ ရှင်းလင်းချက်-- ပရမတ္ထအလိုအားဖြင့်ကား-

-ပုဂ္ဂိုလ်ဟူ၍မရှိ၊ ခန္ဓာငါးပါးသာရှိ၏၊ ထို့ကြောင့် ပုဂ္ဂိုလ်သိမှု မည်သည် ကား နှလုံးအိမ်တွင်း၌ မနောဝိညာဏ် ဖြစ်ပေါ်မှုသာတည်း။

ကောဋ္ဌာသသိမှု၌ ရှင်းချက်-- ထို့အတူ ပရမတ္ထအားဖြင့် အရေဟူ၍ မရှိ၊ အသားဟူ၍မရှိ၊ အကြောဟူ၍ မရှိ၊ ဦးနှောက်စသည် ဟူ၍မရှိ၊ ခန္ဓာငါးပါးသာ ရှိ၏၊ ထို့ကြောင့် အရေစသော ကောဋ္ဌာသ တို့၏ သိမှုမည်သည်ကား ထိုထိုခြေဖဝါးရေ, ခြေချောင်းရေ, ခြေ ဖနောင့်ရေ, ခြေဖမိုးရေ စသည်တို့၌ ကာယဝိညာဏဓာတ်၏ဖြစ် ပေါ်မှုသာတည်း။

ဤသို့လျှင် လောကအလိုအားဖြင့် ပုဂ္ဂိုလ်စကားပြောခဲ့လျှင် ပုဂ္ဂိုလ် သည်သိတတ်၏၊ ပုဂ္ဂိုလ်၏ အင်္ဂါဖြစ်ကုန်သော ဦးခေါင်း, ခြေ, လက်စသည်တို့သည်လည်း သိတတ်ကုန်၏၊ အရေ, အသား, အကြော အစရှိကုန်သော ကောဋ္ဌာသတို့သည်လည်း သိတတ်ကြကုန်၏။

ပုဂ္ဂိုလ်၏ သိမှု, ကိုယ်အင်္ဂါတို့၏သိမှု, ကောဋ္ဌာသတို့၏ သိမှု အသီး အသီးရှိကြကုန်၏-ဟု ပြောဆိုရာ၏၊

သိမှုဟူသည် ဝိညာဏ် ၆-ပါး၏အမှု-- ပရမတ္ထအလို အားဖြင့် မူကား-ထို အလုံးစုံကို ပယ်ရှား၍ မြင်မှု-သိမှု, ကြားမှု-သိမှု, နံမှု-သိမှု, လျက်မှု-သိမှု, တွေ့မှု-သိမှု, ထွေထွေလာလာ ကြံမှု-သိမှုဟူသော အလုံးစုံသောသိမှု ဟူသမျှသည် ထိုထိုကိုယ်အင်္ဂါ, ထိုထိုကောဋ္ဌာသ အရပ်တို့၌ အကြောင်းဆိုက်တိုက်လာရာ ဖြစ်ပေါ်ကြသော ဝိညာဏ် ၆-ပါး၏အမှု သက်သက်သာတည်းဟု ပြောဆိုရာ၏။

နာမက္ခန္ဓာ ၄-ပါး၏အမှု ထင်ရှားပုံ-- သစ်ပင်, တုံး, တိုင် စသော ဗဟိဒ္ဓ သန္တာန်တို့၌ကား ဤကဲ့သို့သော သိမှုမရှိ၊ သိမှုမရှိသော ကြောင့်လည်း ခံသာမှု, မခံသာမှုမရှိ၊ မှတ်သားမှုမရှိ၊ ကာယကံမှု, ဝစီကံမှု, မနောကံမှု မရှိ၊ ဗဟိဒ္ဓသန္တာန်နှင့် ယှဉ်ဖက်၍ပြောမူကား နာမက္ခန္ဓာ ၄- ပါး၏အမှု အသီးအခြား ထင်ရှားပေါ်လေတော့သည်။

ပြောပုံကား- သစ်ပင်ကို ခုတ်ဖြတ်ခဲ့သော် ပြတ်မှုသာရှိ၏၊ သိ, နာမှု, မှတ်မှု, စိတ်လှုပ်ရှားမှုဟူ၍မရှိ၊ ခြေ, လက်အင်္ဂါကို ခုတ်ဖြတ်ခဲ့သော် ပြတ်မှုလည်းရှိ၏၊ ထိုခြေ, လက်အင်္ဂါတို့၏ သိမှု, နာမှု, မှတ်မှု, စိတ်လှုပ်ရှားမှုတို့သည်လည်း ရှိကုန်၏၊ ဤအပိုအမိုမှုတို့ကို နာမက္ခန္ဓာ ဆိုသည်ဟု ပြောပြလေ။

အတွေ့အထိ ၂-ပါးအထူး-- မြန်မာတို့အခေါ်၌ ကာယ ဝိညာဏ်ကို ''အတွေ့ အထိ''ဟူ၍ခေါ်သည်။ ''အတွေ့အထိ'' ဟူရာ၌ လည်း ရုပ်ခန္ဓာချင်း ခိုက်တွေ့ဆဲ၌ ဖြစ်ပေါ်သော သိမှုကို အတွေ့ဟူ၍ ခေါ်သည်။

ရုပ်ခန္ဓာချင်း ခိုက်ထိဆဲ၌ ဖြစ်ပေါ်သော သိမှုကိုအထိဟု ခေါ် သည်။

ရုပ်ခန္ဓာချင်း တွေ့မှု ထိမှုနှင့် ဤကာယဝိညာဏ်ခေါ်သော တွေ့မှု ထိမှု ထွေးလုံး၍နေကြ၏၊ တွေ့မှု ထိမှု၂-မျိုးကွဲအောင် ခွဲခြမ်းကြလေ၊ တွေ့မှုနှင့် ထိမှုကား အတူတူပင်။

ဒုက္ခသဟဂုတ် ကာယဝိညာဏ် နာမက္ခန္ဓာ ၄-ပါးဖြစ်ပုံ

မြန်မာတို့အခေါ်၌ ကာယဝိညာဏ်နှင့်အတူ ဖြစ်ပေါ်သော ဒုက္ခဝေဒနာကို

ညောင်းသည်, ညာသည်ဟူ၍ခေါ်၏၊

နာသည်, ကျင်သည်ဟူ၍ခေါ်၏၊

ယားသည်, ယံသည်ဟူ၍ခေါ်၏၊

ထုံသည်, ကျင်သည်ဟူ၍ခေါ်၏၊

ကိုက်သည်, ခဲသည်ဟူ၍ခေါ်၏၊

အောင့်သည်, အင့်သည်, နင့်သည်, စူးသည်ဟူ၍ ခေါ်၏၊

မောသည်၍ ပန်းသည်ဟူ၍ခေါ်၏၊

နွမ်းသည်, နယ်သည်ဟူ၍ခေါ်၏၊

ပူသည်, အေးသည်ဟူ၍ခေါ်၏၊

ဤအခေါ်စုသည် ရုပ်ပူ, ရုပ်အေးနှင့် ထွေးလျက် ရှိ၏၊ ရုပ်ပူ, ရုပ်အေး ထိ၍မခံသာသည်ကို ပူသည်, အေးသည် ဟုခေါ်၏၊ ဤသို့ စသည်ဖြင့် မခံသာ မှုဟူသော ဒုက္ခဝေဒနာက္ခန္ဓာသည် မြန်မာတို့အခေါ်၌ အလွန်များပြား၏၊ ထိုအလုံးစုံသော ညောင်းမှု, ညာမှု, ကျင်မှု အစရှိ သည်တို့ကို အဘိဓမ္မာ၌ ဒုက္ခဝေဒနာဟု ဟောတော်မူ၏၊ ဝေဒနာက္ခန္ဓာ ချည်းတွေပေတည်း။

ထိုကာယဝိညာဏ်နှင့်အတူဖြစ်ပေါ်လာသော သညာက္ခန္ဓာ, စေတနာဟူသော သင်္ခါရက္ခန္ဓာတို့ကိုလည်း ရှေး၌ပြဆိုခဲ့ပြီးသော ခွဲခြမ်းနည်းကို အစဉ်မှီး၍ သိကြလေကုန်။

သမ္မာဒိဋ္ဌိနှင့် မိစ္ဆာဒိဋ္ဌိခြားနားချက်

ရုပ်, နာမ်ခွဲပုံ-- ယခုအခါ မိစ္ဆာဒိဋ္ဌိ အမြင်နှင့် သမ္မာဒိဋ္ဌိအမြင် ၂-ပါးကို ခြားနား၍ ပြဆိုပေအံ့။

ခြေဖဝါးအပြင်၌ မြေ, ရေ, အုတ်, ကျောက်, ဆူးငြောင့်, ခလုတ်စသည်ထိ၍ သိမှု, နာမှု ဖြစ်ပေါ်လာသောအခါ၌ ခြေဖဝါးအရေ ပေါ် အရေအတွင်းတို့၌ နာမက္ခန္ဓာ ၄-ပါးဖြစ်ပေါ်၏၊ ခြေဖဝါးအရေကား ရူပက္ခန္ဓာတည်း၊ သိမှု, နာမှုတို့ကား နာမက္ခန္ဓာတို့တည်း။

ရူပက္ခန္ဓာနှင့် နာမက္ခန္ဓာတို့သည် ဝိပ္ပယုတ္တပစ္စည်း ပစ္စယုပ္ပန်ဖြစ်ကြ ကုန်၍ ပိန်းကြာဖက် အပြင်၌ ကျရောက် တင်နေသော မိုးရေပေါက်သည် ပိန်းကြာဖက်နှင့် ရောနှောခြင်းမရှိသကဲ့သို့ ရုပ်, နာမ် ၂-ပါး ရောနှောခြင်း မရှိကြကုန် အရေ၌ ခက်မာမှု, ဖွဲ့စေးမှု, ပူမှု, အေးမှု, တောင့်တင်းမှု, အဆင်းမှု, အနံ့, အရသာမှုစု ဆိုအပ်ကုန်သော ရုပ်ခန္ဓာမှုတို့ကား တစ်ခြား, ထိုသိမှု, နာမှုစသော နာမက္ခန္ဓာမှုတို့ကား တစ်ခြားတို့သာတည်း။

မိစ္ဆာဒိဋ္ဌိသိ-- ထိုသို့ဖြစ်ရာ၌ ရုပ်ခန္ဓာ, နာမ်ခန္ဓာခြားနားခြင်း မရှိမူ၍ ခြေဖဝါးနာသည်ဟု သိသည်ကား ဒိဋ္ဌိသိတည်း။

သမ္မာဒိဋ္ဌိ ဉာဏ်သိ-- ခြေဖဝါးဟူ၍ စင်စစ်အားဖြင့် မရှိ၊ ရုပ်ခန္ဓာစုလည်း သိတတ် နာတတ်သည် မဟုတ်၊ ထို သိမှု, နာမှုကား စင်စစ်အားဖြင့် နာမ်ခန္ဓာစုပေတည်း-ဟု သိသည်ကား ဉာဏ်သိ ပေတည်း။

နိစ္စသိနှင့် အနိစ္စသိ-- ထိုအသိ ၂-ပါးတို့တွင် ခြေဖဝါးနာ သည်ဟု သိခြင်းကား ရုပ်ခန္ဓာ, နာမ်န္ဓာတို့ကို နိစ္စဟူ၍ သိခြင်း, သုခဟူ၍ သိခြင်း, အတ္တ ဟူ၍သိခြင်းတည်း။

ခြေဖဝါးဟူ၍ မရှိ၊ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့သာ ရှိကုန်၏၊ ထိုတွင် ခက်မာမှု, ဖွဲ့စေးမှုစသော ရုပ်ခန္ဓာတို့သည် သိမှု, နာမှုမဟုတ်၊ သိတတ် သည်, နာတတ်သည် မဟုတ်၊ သိမှုကား ဝိညာဏက္ခန္ဓာပေတည်း၊ နာမှုကား ဝေဒနာက္ခန္ဓာပေတည်း၊ အမှတ်ထားမှုလည်းပါ၏၊ သညာက္ခန္ဓာ ပေတည်း၊ မြွေဆိပ်တက်သကဲ့သို့ နာမှု တရွရွ ရှိနေသည်ကား သင်္ခါရက္ခန္ဓာ စေတနာပေတည်းဟု သိသည်ကား အနိစ္စသိ, ဒုက္ခသိ, အနတ္တသိပေ တည်း။

နိစ္စသိ စသည်၌ ရှင်းချက်-- ခြေဖဝါးနာသည်ဟု သိမှုသည် အဘယ်သို့လျှင် နိစ္စသိ, သုခသိ, အတ္တသိ ဖြစ်လေ သနည်းဟူမူကားခြေဖဝါးမည်သည် ပရမတ္ထအားဖြင့် အဟုတ်ရှိ ဧကန်ရှိမျိုး မဟုတ်၊

ဝိညာဏ်၏ လှည့်ပတ်မှုနှင့် စိတ်ထဲတွင် ထင်မြင်ရသော နိမိတ္တဓမ္မ မျိုးဖြစ်၍ အသက်တစ်ရာနေ၍ လူသေသည့်တိုင်သောင် မပျက်သေးမူ၍ သုသာန်၌ မီးရှို့မှု, မြေမြုပ်မှုတို့ဖြင့် တမင်ဖျောက်ဖျက် ပစ်ရသော နိစ္စမျိုးသာတည်း၊ ပုဂ္ဂိုလ်သတ္တဝါမျိုးသာတည်း။

နိစ္စသိ-- ထို့ကြောင့် ခြေဖဝါးနာသည်ဟူ၍ သိခြင်းသည် ခက်မာမှု, နာမှုစသော ထိုရုပ်ခန္ဓာ, နာမ်ခန္ဓာတို့ကို နိစ္စဟုသိခြင်း ဖြစ် လေသတည်း၊ နာမှုကို နိစ္စဟု မယူသော်လည်း ခြေဖဝါးပြု၍ ယူခြင်း ကြောင့် နိစ္စယူ နိစ္စသိ ဖြစ်လေသည်။

သုခသိ-- နိစ္စဟူသည် သတ္တဝါတို့ သာယာဘွယ်သော သုခမျိုး ဖြစ်၏၊ ထို့ကြောင့် သုခသိဖြစ်လေသတည်း။

အတ္တသိ-- နိစ္စဟူသည် အတ္တသာရမျိုးဖြစ်၏၊ ထို့ကြောင့် အတ္တသိ ဖြစ်လေသတည်း။

အနိစ္စစသည်၌ ရှင်းလင်းချက်-- နောက်ပုစ္ဆာ၌ကား-ခက်မာမှု စသော ရုပ်ခန္ဓာ, နာမှုဟူသော နာမ်ခန္ဓာတို့သည် အနိစ္စမျိုး သာတည်း၊ ခက်မာမှုစသည်တို့သည် အလှုပ်အရှားပင် မခံကုန်၊ တစ်နာရီ အဖို့မှာပင် အခါများစွာ ကွယ်ဆုံး ပြောင်းလဲနိုင်ကြကုန်၏၊ နာမှုသည်လည်း ခဏချင်းပင် ချုပ်ပျောက်နိုင်၏၊ ထို့ကြောင့် ရုပ်ခန္ဓာ, နာမ်ခန္ဓာဟူ၍ သိခြင်းသည် အနိစ္စသိ ဖြစ်၏၊

ဒုက္ခအသိ-- အနိစ္စဟူသည် မရဏဓမ္မမျိုးဖြစ်၏၊ အမျိုးအားဖြင့် သတ္တဝါတို့ အလွန်ကြောက်လန့်ကြရသော သေဘေးမျိုး စင်စစ်ဖြစ်၏၊ ထို့ကြောင့် ဒုက္ခသိဖြစ်၏၊

အနတ္တအသိ-- အနိစ္စဟူသည် အနှစ်သာရ၏ဆန့်ကျင်ဖက် ဖြစ်၏၊ ထိုပုဂ္ဂိုလ်တစ်သက် တည်နေနိုင်သော ပုဂ္ဂိုလ်၏ အမာခံ အနှစ်သာရအတ္တမျိုး မဟုတ်၊ ဘေးဘယမျိုး, ဒုက္ခမျိုးဟူသည် သတ္တဝါ တို့၏ အလိုနှင့် ဆန့်ကျင်ဖက်မျိုးသာတည်း၊ ထို့ကြောင့် ရုပ်ခန္ဓာ, နာမ်ခန္ဓာ ဟူ၍ သိခြင်းသည် အနတ္တသိဖြစ်၏။

မရဏ ၂-ပါး-- ဤစကား၌ အနိစ္စဟူသည် မရဏဓမ္မမျိုးဖြစ်၏၊ အမျိုး အားဖြင့် သတ္တဝါတို့ အလွန်ကြောက်လန့်ကြရသော သေဘေးမျိုး စင်စစ် ဖြစ်၏ဟူရာ၌--

ခဏိကမရဏ-- ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့၏ ခဏမစဲ ချုပ်ပျက်မှု ဟူသော ခဏိကမရဏတစ်ပါး၊

သန္တတိမရဏ-- ဝိပဿနာယောဂီပုဂ္ဂိုလ်တို့ အမြင်ရှုကြရသော သန္တတိ မရဏတစ်ပါး၊

ဤမရဏ ၂-ပါးတို့သည်လည်း သတ္တဝါတို့မှာ အလွန်ကြောက် လန့်ကြရသော သေဘေးမျိုး အမှန်စင်စစ်ဖြစ်ကုန်၏၊ သို့သော်လည်း ဘဝဆုံးမှုကြီး မဟုတ်သေး၍ သေဘေးမျိုးဟူ၍ပင် မထင်နိုင်ကြကုန်။

ဇာတိနှင့် မရဏ-- ထိုမှတစ်ပါး ပုဂ္ဂိုလ်သတ္တဝါမျိုးတွင် အပါအဝင် ဖြစ်သော ခြေဖဝါးကို ပယ်ရှား၍ ရုပ်ခန္ဓာ, နာမ်ခန္ဓာခြားနား၍ မြင်မှု၌ကား ဣရိယာပုထ် တစ်ခုတစ်ခုအတွင်းမှာပင် အသစ်အသစ် အမျိုးမျိုး ဖြစ်ပေါ်မှုဟူသော ဇာတိဓမ္မ, ဥဒယဓမ္မကိုလည်း သိမြင်နိုင်သည်၊ ပုဂ္ဂိုလ်၏ရှင်ခြင်း, ပုဂ္ဂိုလ်၏ သေခြင်းဟူ၍ပင် မရှိ၊ ဓာတ်တို့၏ဖြစ်ခြင်း, ဓာတ်တို့၏ပျက်ခြင်း, ဓာတ်တို့၏ ရှင်ခြင်း, ဓာတ်တို့၏ သေခြင်းသည်သာ အမှန်ရှိသည်ဟု မြင်နိုင်လေတော့သည်။

ဤခြေဖဝါး၌ နာကျင်မှု၌လည်း ပကတိလူတို့အားပင်လျှင် ယခုတွင်ရွေ့ ဖြစ်ပေါ်လာသည်၊ ယခုပင် အနာအကျင် ပျောက်ပေပြီဟု ပြောဆိုသိမြင် ထင်ရှား၏၊ ရုပ်ခန္ဓာ, နာမ်ခန္ဓာဟု ခြားနား၍ သိမှုမရှိကြ သည့်အတွက်ကြောင့် ဖြစ် ပေါ်မှုကိုလည်း ဇာတိဓမ္မကြီးဟူ၍ မသိကြ ကုန်၊ အနာအကျင်ပျောက်မှုကိုလည်း မရဏဓမ္မကြီးဟူ၍ မသိကြကုန်။

ဒုက္ခချုပ်မှုသည် သုခဟုတ်,မဟုတ် ရှင်းချက် စောဒနာရန်ရှိ၏၊ နာမှုကျင်မှု မည်သည် ဒုက္ခသာတည်း၊ ဒုက္ခ၏ ချုပ်ပျောက်ခြင်းသည်ကား သတ္တဝါတို့ အလွန်အလိုရှိကြ, သာယာ တောင့်တကြရသော ဣဋ္ဌမျိုး, သုခမျိုးစင်စစ်တည်း၊ ထို့ကြောင့် မရဏ ဓမ္မမျိုးပင် ဖြစ်သော်လည်း ဒုက္ခမျိုးမဟုတ်၊ သုခမျိုးသာတည်း၊ ကြောက် ဖွယ်, လန့်ဖွယ်မျိုးလည်းမဟုတ်၊ နှစ်သက် မြတ်နိုးဖွယ်သာတည်းဟူ၍ ဆိုရန်ရှိ၏။

ချုပ်ပျောက်စေသော မရဏသဘော

ဤမရဏဓမ္မကြီးသည် ဒုက္ခဝေဒနာမျိုးကိုသာ ချုပ်ပျောက်စေ တတ်သည်၊ သုခဝေဒနာမျိုးကိုကား အန္တရာယ် မပြုတတ်ဟု ခြားနားချက်ရှိ ခဲ့လျှင် ဆိုသင့်ပေ၏၊ ထိုသို့ကား မဟုတ်၊ သုခဝေဒနာ ပေါ်လာလျှင်လည်း အတွင်ချုပ်ပျောက်စေ၏၊ ဒုက္ခဝေဒနာပေါ်လာလျှင်လည်း အတွင်ချုပ် ပျောက်စေ၏၊ ဘယ်ရုပ် ဘယ်နာမ် တစ်ခုကိုမျှမချန် အတွင်ချုပ်ပျောက် စေ၏၊ ထို့ကြောင့် ဒုက္ခဝေဒနာကို ချုပ်ပျောက်စေသောအခါ၌လည်း ထိုမရဏဓမ္မကြီးသည် ကြောက်လန့်ဖွယ်သော ဘေးကြီးမျိုးသာ ဖြစ်၏၊ အကျွမ်းဝင်ဖွယ်, သာယာဖွယ်သော သုခမျိုး မဟုတ်။

လောင်မီးအလား မရဏတရားဥပမာကား-မီးသည် မကောင်းသောအမှိုက်ကိုသာ လောင် တတ်သည်၊ ကောင်းမွန်သော ဝတ္ထု ဘဏ္ဍာ, အိပ်ရာ, ဘုံ, နန်း, ပြာသာဒ်, သတ္တဝါ ပုဂ္ဂိုလ်တို့ကို မလောင်တတ်ဟု ခြားနားချက် မရှိ၊ မိမိနှင့် ထိစပ် သမျှကို အကုန် လောင်တတ်၏၊ ထို့ကြောင့် အမှိုက်ကိုလောင်၍နေသော အခါ၌လည်း ထိုမီးသည် ကြောက်လန့်ဖွယ်သော ဘေးမျိုး ရန်သူမျိုးသာ တည်း၊ မိမိကိုယ်၌ အချမ်းကို ပယ်ဖျောက်၍ နေဆဲအခါ, ချက်မှု ပြုတ်မှုတို့ဖြင့် ကျေးဇူးဥပကာရပြု၍ နေဆဲအခါ၌လည်း ကြောက်လန့် ဖွယ်သော ဘေးမျိုး ရန်သူမျိုးတို့သာတည်း၊ ဤ ဥပမာအတိုင်း သိမြင်လေ။

အပါယ်ဘုံသားတို့အား သုဂတိဘဝသို့ ပြောင်းလာခွင့်မရအောင် ပြုမှုသည်လည်း သူ့အတတ်ပင်၊ လူ, နတ်, ဗြဟ္မာတို့ကို သုဂတိဘုံမှ အတွင်သတ်၍ ချမှုသည်လည်း သူ့အတတ်ပင်၊ လွန်ခဲ့ပြီးသော သံသရာ၌ ဂင်္ဂါသဲမျှမက ပွင့်တော်မူကြကုန်သော လောကသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူကြပေကုန်သော မြတ်စွာဘုရားတို့ကို အကုန်ကွယ်ဆုံး၍ ကုန်ရအောင် ပြုမှုသည်လည်း သူ့အတတ်ပင်၊ သမုဒ္ဒရာသဲမျှမက ပွင့်တော်မူကြကုန်သော ပစ္စေကဗုဒ္ဓါ အရိယာသာဝကတို့ကိုလည်း အကုန်ကွယ်ဆုံး၍ ကုန်အောင်ပြုမှုသည်လည်း သူ့အတတ်ပင်၊ အနန္တ စကြဝဠာ လူနတ်ဗြဟ္မာ သက်ရှိသက်မဲ့ ခန္ဓာတို့သည် ကမ္ဘာမြေကြီး နှင့်တကွ အဆက်ဆက်ကွယ်ဆုံး၍ ကုန်ခဲ့သည်လည်း သူ့အတတ်ပင်။

ယခု တည်ရှိဆဲဖြစ်သော အနန္တစကြဝဠာ သက်ရှိသက်မဲ့ ခန္ဓာတို့သည်လည်း ကမ္ဘာမြေကြီးနှင့်တကွ အကုန်ကွယ်ဆုံးကြရကုန် လတ္တံ့၊ နောက်အနမတဂ္ဂ သံသရာ၌ ပေါ်လာသမျှကုန်သော သက်ရှိ သက်မဲ့ခန္ဓာတို့သည်လည်း ကမ္ဘာ မြေကြီးနှင့်တကွ အကုန်ကွယ်ဆုံးကြရ ကုန်လတ္တံ့။

ဤကား ခြေဖဝါးအပြင်၌ ကျင်နာမှုဟုဆိုအပ်သော နာမ်ခန္ဓာ၏ ချုပ် ပျောက်မှုဟူသော မရဏဓာတ်ကြီး၏အတတ်ကို နှံ့စပ်စွာ မြော်မြင်ကြ ရန် အချက်တည်း။

ရုပ်၌မှီတွယ်၍ နာမ်ဖြစ်ပုံအထူး

ခြေဖဝါးတစ်ပြင်လုံး၌ တစ်ပြိုင်နက် တစ်ချက်တည်း ထိခိုက်မှု ရှိခဲ့သည် ရှိသော် ဤနာမက္ခန္ဓာ လေးပါးတို့သည် ခြေဖဝါးတစ်ပြင်လုံး၌ ဖြစ်ပေါ်ကြကုန်၏။

ထိခိုက်မှုဒဏ်ချက်သည် အသားတွင်းသို့ တစ်သစ် နှစ်သစ် စသည်ဖြင့် စူးဝင်ခဲ့သည်ရှိသော် ခြေဖဝါး အသားတွင်း၌ တစ်သစ်နှစ် သစ်စသည်ဖြင့် အနှံ့အပြားဖြစ်ပေါ်ကုန်၏။

ထိခိုက်မှုဒဏ်ချက်သည် ခြေဖဝါးအပြင်မှ အထက်ခြေဖမိုးသို့ ပေါက်ရောက် သည်ရှိသော် နာမက္ခန္ဓာတို့သည် ခြေဖဝါး ခြေဖမိုးအတွင်း အပြင် ခြေတစ်ခုလုံး အနှံ့အပြား တစ်ပြိုင်နက် အပြည့်ဖြစ်ပေါ်၍ ဒဏ် မကျေသမျှကာလပတ်လုံး တစ်နာရီ နှစ်နာရီစသည်ဖြင့် တဖွားဖွားဖြစ် ပေါ်၍ နေကုန်၏၊ ဒဏ်ပြေ ပျောက်မှပင် ချုပ်ပျောက်ကြကုန်၏၊ ကိုယ် တွေ့ ဒိဋ္ဌတို့ချည်းသာတည်း။

ဝေဒနာ ဖြစ်ပေါ်မှု-- ဝေဒနာဖြစ်ပေါ်မှု၌ ဖဿပစ္စယာ ဝေဒနာ ဟူသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နှင့်အညီ ဒဏ်ချက်၏ ထိခိုက်မှု ဟူသော ဖဿသည်သာ ပမာဏပေတည်း၊ ဖဿဖြစ်ပေါ်လျှင် ဝေဒနာ ဖြစ်ပေါ်မြဲ၊ ဖဿ နှံ့ပြားသမျှ ဝေဒနာ နှံ့ပြား၏၊ ဖဿချုပ် ပျောက်လျှင် ဝေဒနာ ချုပ်ပျောက်၏၊ အတွင်းအပ တစ်ခုလုံး ဒဏ်ထိသမျှ ဖဿဖြစ် ပေါ်၍ ခြေတစ်ခုလုံး ဝေဒနာတွေ အနှံ့အပြား ဖြစ်ပေါ်၍ နေကြကုန် သော်လည်း ရုပ်နှင့်နာမ်သည် ဝိပ္ပယုတ္တ ဖြစ်ကြသောကြောင့် ရောယှက် ငြိတွယ်ခြင်း မရှိကြကုန်။

ရေနှင့်မီးရောင် မရောယှက်သည့်အလား ရုပ်နာမ်တရား

ညဉ့်အခါ၌ ထွန်းအပ်သော မီးရောင်တို့သည် ရေခွက် အတွင်း၌ ရှိသော ကြည်လင်လှစွာသော ရေအတွင်း၌ အကုန်လုံး အနှံ့အပြား ဖြစ်ပေါ်ကြကုန်သော်လည်း ရေနှင့်ရောယှက် ငြိတွယ်ခြင်း မရှိကုန် သကဲ့သို့တည်း။

ရောယှက်ငြိတွယ်ခြင်း မရှိကြပုံကား-- ထွန်းအပ်သော မီးတောက် ဖြစ်ပေါ်လျှင် ရေခွက်တစ်ခုလုံး၌ မီးရောင်တို့ ဖြစ်ပေါ်ကုန်၏၊ မီးတောက် သေပျောက်ခဲ့လျှင် ရေခွက်အတွင်းရှိ မီးရောင်တို့သည် တစ်ပြိုင်နက် ပျောက်ကွယ်ကုန်၏၊ လေခတ်၍ မီးတောက်လှုပ်ရှားခဲ့လျှင် ရေ၌ မီးရောင်တို့သည် လှုပ်ရှားကုန်၏၊ ရေသည်မူကား မီးရောင်တို့၏ ဖြစ်ပေါ်မှုကြောင့်လည်း အနေမပျက်၊ မီးရောင်တို့၏ လှုပ်ရှားမှု ကြောင့်လည်း လှုပ်ရှားခြင်းမရှိ၊ မီးရောင်တို့၏ ပျောက်ကွယ်မှု ကုန်ခန်းမှု ကြောင့်လည်း အနေမပျက်၊ ဤကား ရေနှင့် မီးရောင် ဝိပ္ပယုတ္တ ဖြစ်ကြပုံတည်း။

ရေနှင့် ရေ၌ထင်သော လူရိပ်, မှန်နှင့်မှန်၌ထင်သော မျက်နှာရိပ် စသည်တို့လည်း ဝိပ္ပယုတ္တမျိုးတို့ပင်တည်း။

ထို့အတူ နာမှုဟူသော နာမက္ခန္ဓာ ၄-ပါးတို့သည် ခြေတစ်ခုလုံး အနှံ့အပြား အတွင်းအပြင် ဖြစ်ပေါ်၍ တစ်ရက်, နှစ်ရက်စသည် ဒဏ်ထိမှု ဖဿ မပြေ မပျောက်သမျှ ကာလပတ်လုံး ဖြစ်ပေါ်၍နေကြကုန် သော်လည်း ဝိပ္ပယုတ္တပစ္စည်း ပစ္စယုပ္ပန်ချင်း ဖြစ်ကြကုန်၍ ခြေဟူသော ရူပက္ခန္ဓာနှင့် ရောယှက်ငြိတွယ်ခြင်း မရှိကြကုန်။

ဖဿဖြစ်ပေါ်မှု-- ဖဿဖြစ်ပေါ်မှု၌လည်း ''သဠာယတန ပစ္စယာ ဖေဿာ'' ဟူ၍ ဟောတော်မူ၏၊ ဤကာယဝိညာဏ် နာမက္ခန္ဓာ အရာ၌ ကာယာယတနနှင့် ဖောဋ္ဌဗ္ဗာယတန ၂-ပါးတို့ ထိခိုက်မှု ဒဏ်ချက်ရှိရာ၌ ကာယသမ္ဖဿဖြစ်ပေါ်မြဲတည်း၊ ကာယသမ္ဖဿ ဖြစ်ပေါ်ရာ၌ ဤနာမှုဟူသော ကာယသမ္ဖဿဇာ ဝေဒနာ ဖြစ်ပေါ်မြဲ တည်း။

ကာယာယတန-- ကာယာယတနဆိုသည်ကား အတွင်းအပ ဖြစ်သော ခြေတစ်ခုလုံး၌ တည်ရှိနေသော ကာယပသာဒရုပ် အကြည် ပေတည်း။

ဖောဋ္ဌဗ္ဗာယတန။ ။ဖောဋ္ဌဗ္ဗာယတနဆိုသည်ကား-

၁။ ခက်မာမှု, နူးညံ့မှုဟူသော ပထဝီတစ်ပါး၊

၂။ ပူမှု, အေးမှု ဟူသော တေဇောတစ်ပါး၊

၃။ ထကြွလှုပ်ရှားမှုဟူသော ဝါယောတစ်ပါး၊ ဤဓာတ်ကြီး ၃-ပါးကို ဖောဋ္ဌဗ္ဗာယတန ဆိုသတည်း။

ဖောဋ္ဌဗ္ဗ ၆-ပါး။ ။ ထိုဓာတ်ကြီး ၃-ပါးသည်လည်း--ခြေသလုံး၌ ရှိနေသော အတွင်းဖောဋ္ဌဗ္ဗကြီး ၃-ပါး။ ကြမ်းအပြင်, ခြေနင်းပျဉ် အပြင်စသော အပသန္တာန်၌ ရှိနေသော အပ ဖောဋ္ဌဗ္ဗကြီး ၃-ပါးဟူ၍ ၆-ပါးရှိ၏၊

ရုပ်နာမ် မရောယှက်ခြင်းကို ဥပမာဖြင့် ပြခြင်း

အပ ဖောဋ္ဌဗ္ဗ ၃-ပါးသည် ခြေဖဝါး အရေ ပေါ်မှာရှိသော ကာယာယတန၌သာ ထိ ခိုက်နိုင်၏၊ အရေပေါ်မှာ ထိခိုက်သည် ရှိသော် ထိခိုက်မှုဒဏ်ဟုန်ကြောင့် အတွင်းဖောဋ္ဌဗ္ဗတို့နှင့် အတွင်းကာယာယတန တို့သည် အချင်းချင်း သွက်သွက်ခါ ထိခိုက်ကြလေကုန်၏။

ခြေဖဝါးအရေပေါ်၌ ပေါလောပေါ်ရှိသော ဖဿတရား, ဝေဒနာ တရား တို့သည်ကား အပဖောဋ္ဌဗ္ဗတို့၏ ထိခိုက်မှုဒဏ်ချက်ကြောင့် ဖြစ်ပေါ်ကြကုန်၏။

အရေ၏အတွင်း ခြေတစ်ခုလုံး၌ ပေါ်ရှိသော ဖဿတရား, ဝေဒနာတရားတို့သည်မူကား အတွင်းဖောဋ္ဌဗ္ဗတို့နှင့် အတွင်းကာယ ပသာဒတို့၏ ထိခိုက်မှု ဒဏ်ချက်ကြောင့် ဖြစ်ပေါ်ကြကုန်၏။

ဤအရာမျိုး၌ ''သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ'' ဟူသော ပဋိစ္စသမုပ္ပါဒ်အချက်ကြီးကိုလည်းကောင်း, ''ဝိပ္ပယုတ္တ ပစ္စယော''ဟူသော ပဋ္ဌာန်းအချက်ကြီးကိုလည်းကောင်း ကသိုဏ်းကွက် အသွင် ထင်မြင်ကြကုန်ရာ၏။

ရေ၌ မီးရောင်တို့၏ ဖြစ်ပေါ်မှု တည်နေမှု ချုပ်ကွယ်မှုတို့သည် ရေနှင့် ရောယှက်ခြင်း မရှိကြကုန်သကဲ့သို့လည်းကောင်း၊ ရေ၌ထင်သော မျက်နှာရိပ်, မှန်၌ထင်သော မျက်နှာရိပ်တို့၏ ဖြစ်ပေါ်မှု, တည်နေမှု, ချုပ်ကွယ်မှုတို့သည် ရေ, မှန်တို့နှင့် ရောယှက်ခြင်း မရှိကုန်သကဲ့သို့ လည်းကောင်း ခြေ၌ ဖြစ်ပေါ်သော နာမက္ခန္ဓာ ၄-ပါးတို့၏ ဖြစ်ပေါ်မှု, တည်နေမှု, ချုပ်သေ ပျောက်ကွယ်မှုတို့သည်လည်း ရူပက္ခန္ဓာနှင့် ရော ယှက်ခြင်း မရှိကြကုန်။

''သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ'' ဟူသော ပါဠိတော်တစ်ရပ်၊ ''ဝိပ္ပယုတ္တပစ္စယော'' ဟူသော ပါဠိတော်တစ်ရပ်၊ ဤပါဠိတော် နှစ်ရပ်ကို စိတ်၌အမြဲစွဲထားကြလေကုန်။

နာမှုဟူသော ဝေဒနာထင်ရှားရာ၌ သိမှုဟူသော ဝိညာဏ်သည် မထင် ရှားလှပြီ။

ဖဿဖြစ်ပေါ်မှု၌ကား--

၁။ ကာယာယတန တစ်ပါး၊

၂။ ဖောဋ္ဌဗ္ဗာယတန တစ်ပါး၊

၃။ ကာယဝိညာဏ်ဟူသော မနာယတန တစ်ပါး၊ ဤ အာယတနသုံးပါး ပေါင်းဆုံလုံးထွေးမှုကြောင့် ကာယ သမ္ဖဿဖြစ် ပေါ်၏၊ ကာယသမ္ဖဿ ဖြစ်ပေါ်မှုကြောင့် ကာယသမ္ဖဿဇာ ဒုက္ခဝေဒနာ ဟူသော နာကျင်မှု ဖြစ်ပေါ်၏၊

''ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေစ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ၊ တိဏ္ဏံသင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ'' ဟူသော ပဋိစ္စသမုပ္ပါဒ် ပါဠိတော်အချက်ကို မြော်လေ။ ကာယဉ္စ=ကာယပသာဒ ရုပ်ကိုလည်းကောင်း၊ ဖောဋ္ဌဗ္ဗေစ= အဇ္ဈတ္တ, ဗဟိဒ္ဓ ဖောဋ္ဌဗ္ဗဓာတ်ကြီးတို့ကိုလည်းကောင်း၊ ပဋိစ္စ=အစွဲပြု၍၊ ကာယဝိညာဏံ=ကာယ ဝိညာဏ်သည်၊ ဥပ္ပဇ္ဇတိ=ဖြစ်ပေါ်၏၊ တိဏ္ဏံ=ကာယ, ဖောဋ္ဌဗ္ဗ, ကာယဝိညာဏ်ဟူသော အာယတန ၃-ပါးတို့၏၊ သင်္ဂတိ=ပေါင်းထွေးမှုသည်၊ ဖေဿာ=ဖဿ မည်၏၊ ဖဿပစ္စယာ=ဖဿဟူသော အကြောင်းကြောင့်၊ ဝေဒနာ=နာမှု, ကျင်မှု စသော ဝေဒနာတရားသည်၊ သမ္ဘဝတိ=ဖြစ်ပေါ်၏၊ (ဤကား အနက်။)

ကာယဝိညာဏ်-- ကာယဝိညာဏ်ဆိုသည်ကား--- လူတို့ စွဲလမ်းချက် အလိုအားဖြင့် ထိုကိုယ်အင်္ဂါတို့၏ သိမှုတည်း၊ အရေ တို့၏သိမှု, အသားတို့၏သိမှု, အကြောတို့၏သိမှု, အရိုးတို့၏သိမှု စသည်တည်း၊ ခြေနာသည် ခြေကျင်သည် ခြေညောင်းသည် လက်နာ သည် လက်ကျင်သည် လက်ညောင်းသည် ခေါင်းကိုက်သည် ခေါင်းခဲ သည် မျက်စိနာသည် နားနာသည် လျှာနာသည် သွားနာသည် သွား ကိုက်သည် မေးရိုးကိုက်သည် လည်ချောင်း နာသည် ပခုံးနာသည် ရင်ဘတ်နာသည် အစရှိသည်တို့ကို ဆိုသတည်း။

ကာယဝိညာဏ်သိနှင့်မနောဝိညာဏ်သိ အပြင်းအထန် ဖျားနာရာ၌ အတွင်းအပ တစ်ကိုယ်လုံးပင် ဒုက္ခသဟဂုတ် နာမက္ခန္ဓာ ၄-ပါးတို့ဖြင့် ပြည့်သကဲ့သို့ရှိ၏၊ အဖျားကျ ငြိမ်း၍ သွားပြန်လျှင် အကုန်လုံး ချုပ်ကွယ်ကြလေကုန်၏၊ ဤကာယ ဝိညာဏ် သိမှုသည်ကား လောက၌သိမှုဟူ၍ မထင်ရှား၊ ခြေနာသည် ခြေကျင်သည် ခြေညောင်းသည် လက်နာသည် လက်ကျင်သည် လက်ညောင်းသည် အစရှိသည်တို့၌ ပါဝင်၍နေ၏၊ ခြေသည် တစ်စုံတစ်ခု ထိခိုက်လာလျှင် နာတတ်၏ ကျင်တတ်၏ဟူ၍ကား သိကြကုန်၏၊ ထိခိုက်သည်ကို ခြေသိတတ်၏ဟု မထင်ကြကုန်၊ မနောနှလုံးကသာ သိတတ်သည်ဟု ထင်၍နေကြကုန်၏။

အဘယ့်ကြောင့်နည်းဆိုသော် မနောနှလုံးသိဖြစ်ပေါ်မှသာ ပုဂ္ဂိုလ်သိ ပေါ်လေသောကြောင့်တည်း၊ ခြေဖဝါး၌ ထိခိုက်မှုသည် မနောနှလုံးတိုင်အောင် ခိုက်မြဲတည်း၊ အခိုက် နှစ်ချက်ဖြစ်၏၊ ခြေသိ, မနောနှလုံးသိဟူ၍ အသိနှစ်ချက် ဖြစ်၏၊ ခြေသိကို ကာယဝိညာဏ် ခေါ်သည်၊ မနောနှလုံးသိကို မနောဝိညာဏ် ခေါ်သည်၊ ရှေ့သွား နောက် လိုက် ၂-ပါးအစုံတည်း။

ပုဂ္ဂိုလ်သိ-- ထိုတွင် နောက်၌ဖြစ်သော မနောနှလုံးသိ ပေါ် လာမှ ငါ၏ခြေ၌ထိသည်ဟု ပုဂ္ဂိုလ်သိ ပေါ်လာသည်၊ ပုဂ္ဂိုလ် သိကိုသာ လောက၌ အသိဟု မှတ်ထင်ကြသည် ဟူလို။

ဤကား ကိုယ်၏သိမှု, ခြေလက်စသော ကိုယ်အင်္ဂါတို့၏သိမှု, အရေစသော ကောဋ္ဌာသတို့၏သိမှုဟု ဆိုအပ်သောကာယဝိညာဏ် သည် ပရမတ္ထဓမ္မတို့တွင် အလွန်ထင်ရှားသော ဝိညာဏ်တစ်ပါးဖြစ်ပါ လျက် လောက၌ လူတို့ အသိဉာဏ်တွင် မထင်မရှားရှိနေကြသည်ဖြစ်၍ ထင်ရှားစေခြင်းငှါ အဖန်တလဲလဲ ပြဆိုလိုက်သည်။

ဧကန်ဟုတ်မှန်သော ပရမတ္ထအလိုအားဖြင့်မူကား ပုဂ္ဂိုလ်ဟူ၍ လည်းမရှိ၊ ပုဂ္ဂိုလ်၏အင်္ဂါဖြစ်သော ခြေဟူ၍လည်း မရှိ၊ ခန္ဓာငါးပါးသာ အမှန်ရှိ၏။

သိမှုသည်ဝိညာဏက္ခန္ဓာမျိုး-- သိမှုဟူသမျှသည် ရူပက္ခန္ဓာမျိူး မဟုတ်၊ ဝိညာဏက္ခန္ဓာမျိုးသာဖြစ်၏၊ ခြေစသည်တို့၌ အခိုက်အတိုက်ရှိ ရာမှ ဖြစ်ပေါ်၏၊ ထိုသိမှုဖြစ်ပေါ်ရာတိုင်းမှာ ဝေဒနာက္ခခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာတို့သည်လည်း လက္ခဏာမကွဲ အမြဲဖြစ်ပေါ်ကြ ကုန်၏။

ဤကာယဝိညာဏ် နာမက္ခန္ဓာ ၄-ပါးတို့သည် တစ်ကိုယ်လုံးမှာ ဘယ်နေရာ၌ အမြဲရှိနေကြသည်ဟူ၍ မရှိကြကုန်၊ အတွင်းဖောဋ္ဌဗ္ဗ, အပဖောဋ္ဌဗ္ဗတို့ထိခိုက်ရာ ထိခိုက်ရာ အတွင်းအပ ကိုယ်အင်္ဂါတို့၌ ခဏခဏဖြစ်ပေါ်ကြကုန်၏၊ ထိခိုက်မှုပျောက်လျှင် ခဏခဏ ချုပ်ပျောက်ကြကုန်၏၊

လောက၌လည်း ဘယ်နေရာက ယခုညောင်း၍ လာသည်၊ အညောင်း ပျောက်ပြီ၊ နာ၍လာသည်, အနာပျောက်ပြီ၊ ကိုက်ခဲ၍ ထုံ၍ ကျင်၍လာသည် အကိုက်ပျောက်ပြီ၊ အထုံပျောက်ပြီ၊ အကျင်ပျောက်ပြီ၊ ဘယ်နေရာက ပူ၍လာသည်၊ နွေး၍လာသည်၊ အေး၍လာသည် ချမ်း၍လာသည်၊ အပူပျောက်ပြီ၊ အနွေးပျောက်ပြီ၊ အအေးပျောက်ပြီ၊ အချမ်းပျောက်ပြီ စသည်ဖြင့်ဖြစ်ပေါ်မှု ချုပ်ပျောက်မှု အာဂန္တု အခြင်း အရာသည် သိမြင်ထင်ရှားလျက်ဖြစ်၏၊ နာမက္ခန္ဓာကြီး ၄-ပါးတို့၏ အမှုဟူ၍သာ မသိကြကုန်သည်။

စိတ်၏လှည့်စားပုံ-- ထိုသို့ မသိကြကုန်သည့်အတွက်ကြောင့် ရုပ် ခန္ဓာ, နာမ်ခန္ဓာ မကွဲကြကုန်သည်ဖြစ်၍ မျက်လှည့်သည် ဝိညာဏ် လှည့်စားမှု လှလှရသဖြင့် ပုဂ္ဂိုလ်ဟူ၍, သတ္တဝါဟူ၍, ပုဂ္ဂိုလ်၏အင်္ဂါဟူ၍, နာတတ်သည် ကျင်တတ်သည်၊ နာမှန်းသိတတ်သည်၊ ကျင်မှန်းသိတတ် သည်ဟူ၍, ခြေကိုပင် အသက်ရှိသည်ဟူ၍, အရှင်ဟူ၍, လက်ကိုပင် အသက်ရှိသည်ဟူ၍ အရှင်ဟူ၍, ထိုထိုအင်္ဂါကိုပင် အသက်ရှိသည်ဟူ၍ အရှင်ဟူ၍ မဟုတ်မမှန် ဖောက်ပြန် စွဲလန်း၍ နေကြကုန်၏။

အလွန်ခက်ခဲ နက်နဲလှသော အရာဖြစ်၍ ကောင်းစွာထင်ရှား အောင် အနည်းနည်း ဖော်ပြလိုက်သည်၊ အဖန်တလဲလဲဟု အပြစ်မတင် ကြကုန်လင့်။

ဤကား ခြေအင်္ဂါ၌ နာမက္ခန္ဓာ ၄-ပါးကို ဖော်ပြခန်းတည်း။

------- * ------

ခြေကျဉ်းဝတ်စသည်၌ နာမက္ခန္ဓာ ၄-ပါး ဖြစ်ပျက်မှု

ဤသို့လျှင် ခြေအင်္ဂါ၌ ဖော်ပြခန်းအတိုင်း ခြေကျင်းဝတ်အင်္ဂါ အရေပေါ် အရေတွင်း အသားပေါ် အသားတွင်း အကြောပေါ် အကြောတွင်း အရိုးပေါ် အရိုးတွင်း၌လည်းကောင်း, ခြေသလုံးအင်္ဂါ ဒူးပုဆစ်အင်္ဂါ ပေါင်အင်္ဂါ ခါးအင်္ဂါ ဝမ်းအင်္ဂါ အရေပေါ် အရေတွင်း အသားပေါ် အသားတွင်း အရေပေါ် အကြော ပေါ် အကြောတွင်း အရိုးပေါ် အရိုးတွင်း အအူပေါ် အအူတွင်းတို့၌ လည်းကောင်း, ရင်အင်္ဂါ ကျောက်ကုန်းအင်္ဂါ အရေပေါ် အရေတွင်း အသားပေါ် အသားတွင်း အကြောပေါ် အကြောတွင်း အရိုးပေါ် အရိုးတွင်း အသည်းပေါ် အသည်းတွင်း အဆုတ်ပေါ် အဆုတ်တွင်း နှလုံးပေါ် နှလုံးတွင်းတို့၌လည်းကောင်း, လည်ပင်းအင်္ဂါ ဦးခေါင်းအင်္ဂါ ဦးနှောက်အင်္ဂါ မျက်လုံးအင်္ဂါ နားအင်္ဂါ နှာခေါင်းအင်္ဂါ ခံတွင်းအင်္ဂါ လျှာအင်္ဂါ အရေပေါ် အရေတွင်း အသားပေါ် အသားတွင်း အကြောပေါ် အကြောတွင်း အရိုးပေါ် အရိုးတွင်းတို့၌လည်းကောင်း, လက်ရုံးအင်္ဂါ လက်မောင်းအင်္ဂါ အရေပေါ် အရေတွင်း အသား ပေါ် အသားတွင်း အကြောပေါ် အကြောတွင်း အရိုးပေါ် အရိုးတွင်းတို့၌ လည်းကောင်း ညောင်းမှု ညာမှု, နာမှု နင့်မှု, ထုံမှု ကျင်မှု, ကိုက်မှုခဲမှု, ပင်မှု ပန်းမှု နွမ်းမှု, ပူမှု အေးမှု အစရှိသော အလုံးစုံသော ဒုက္ခသဟဂုတ် နာမက္ခန္ဓာ ၄-ပါးတို့၏ ဖြစ်ပေါ်မှု ချုပ်ပျောက်သေဆုံးမှုတို့ကို သိကြ လေကုန်။

ဤတွင်ရွေ့ကား တစ်ကိုယ်လုံး၌ ဒုက္ခသဟဂုတ် ကာယဝိညာဏ် နာမက္ခန္ဓာ ၄-ပါးတို့ကို ဖော်ပြခန်းပြီး၏၊

------ * -----

သုခသဟဂုတ် ကာယဝိညာဏ် နာမက္ခန္ဓာ ၄-ပါးကိုပြဆိုခန်း

ယခုအခါ သုခသဟဂုတ်ကာယဝိညာဏ် နာမက္ခန္ဓာ ၄-ပါးကိုပြ ဆိုပေအံ့

ခြေဖဝါး၌ ရုပ် နာမ်ခွဲပုံ--

ပူလှတုန်းအခါ၌ အေးမြလှစွာ သော ရေ၏ ထိခြင်း ချမ်းအေးသောအခါ၌ ပူနွေးသော မီးရှိန်၏ ထိခြင်းတို့ဖြင့် ခြေဖဝါးအပြင်၌ ခံ၍ ကောင်းလှစွာသော သုခဝေဒနာ နှင့်တကွ နာမက္ခန္ဓာ ၄-ပါးဖြစ် ပေါ်၏။

ခြေဖဝါးအရေ၌ရှိသော ခက်မာမှု စသည်တို့ကား ရူပက္ခန္ဓာ တည်း။ သိမှု ခံ၍ကောင်းမှုတို့ကား နာမက္ခန္ဓာတို့တည်း။

ရူပက္ခန္ဓာနှင့် နာမက္ခန္ဓာတို့သည် ဝိပ္ပယုတ္တပစ္စည်း, ပစ္စယုပ္ပန်ဖြစ်ကြကုန်၏၊

ပိန်းကြာဖက်အပြင်၌ ကျရောက်တင်နေကုန်သော မိုးရေပေါက် သည် ပိန်းကြာဖက်နှင့် ရောနှောခြင်း မရှိသကဲ့သို့ ရုပ်နာမ်နှစ်ပါး ရောနှောခြင်း မရှိကြကုန်၊ အရေ၌ ခက်မာဖွဲ့စေးမှု အေးမှု နွေးမှု တောင့်တင်းမှု အဆင်းအနံ့ အရသာတို့ကား တစ်ခြား, သိမှု ခံ၍ကောင်းမှု တို့ကား တစ်ခြားတို့သာတည်း။

ဒိဋ္ဌိသိ-- -- ထိုသို့ဖြစ်ရာ၌ ရုပ်ဓမ္မကို မသိကြကုန်သော ဗာလ ပုထုဇဉ်တို့သည်ကား ခြေဖဝါးနွေးသည် ခြေဖဝါး အေးသည်ဟု သိကြ ကုန်၏၊ ဤသို့ သိခြင်းကား ဒိဋ္ဌိသိပေတည်း။

ဉာဏ်သိ-- ပညာရှိတို့သည်ကား စင်စစ်အားဖြင့် ခြေဖဝါးဟူ၍ မရှိ၊ ရုပ်, နာမ်ခန္ဓာတို့သာ ရှိကုန်၏၊ ထိုတွင် ရုပ်ခန္ဓာတို့သိခြင်း ကိစ္စ မရှိကြကုန်၊ ထိုသိခြင်း, ခံ၍ကောင်းခြင်းတို့ကား နာမ်ခန္ဓာတို့သာတည်းဟု သိကြကုန်၏၊ ဤသို့သိခြင်းကား ဉာဏ်သိပေတည်း။

ပညာရှိတို့၏ သိမှု ၂-မျိုး။ ။ပညာရှိတို့၏ သိမှု၌လည်း

၁။ သုတမယဉာဏ်သိ၊

၂။ စိန္တာမယဉာဏ်သိ-ဟူ၍ ၂-ပါးရှိ၏။

သုတမယဉာဏ်သိ-- အဘိဓမ္မာကျမ်းဂန်တို့ကို ကောင်းစွာ တတ်လှ၍ သဘောသကန် ကျေလည်ချောမောအောင် ပြောတတ် ဟောတတ် ချတတ် ပို့တတ် ဆုံးဖြတ်တတ်မှု သိမှုကား သုတမယ ဉာဏ်သာတည်း၊ ဤသိမှုကား ဝိပဿနာဉာဏ်မျိုး မဟုတ်၊ ပရိယတ္တိ ဉာဏ် မျှသာတည်း။

စိန္တာမယဉာဏ်သိ-- ထိုပရိယတ္တိဉာဏ်၌တည်၍ ထိုဉာဏ်ဖြင့် သိ သည့်အတိုင်း ရှုကြည့်ဖန်များလတ်သော် ထို ခြေဖဝါး ပူနွေးမှု အေးချမ်းမှုတို့၌ မျက်စိဖြင့် မြင်ဘိသကဲ့သို့ ရုပ်ခန္ဓာတစ်ခြား နာမ်ခန္ဓာတစ် ခြား ကွဲကွဲပြားပြား ထင်မြင်မှုသည်ကား စိန္တာမယဉာဏ်သိဉာဏ်မြင် မည်၏၊ ဘာဝနာမယဉာဏ်လည်း ဆိုရ၏၊ ဤသိမှု မြင်မှုသည်လျှင် ဝိပဿနာဉာဏ် မည်၏။

ဤဘာဝနာအရာ၌ ဤသို့သော စိန္တာမယဉာဏ်အသိအမြင် ကိုသာ လိုအပ်၏၊ ဤစိန္တာမယဉာဏ် အသိအမြင်သည်သာလျှင် ဒိဋ္ဌိကို ပယ်သတ်နိုင်၏၊ သုတမယဉာဏ် ဝိပဿနာဉာဏ် ၂-ပါး ခြားနား ချက်တည်း။

ဒိဋ္ဌိအမြင်-- ထိုဗာလပုထုဇဉ်တို့ သိမှု, ပညာရှိတို့ သိမှု ၂- ပါးတို့တွင်- ရုပ်ခန္ဓာ, နာမ်ခန္ဓာဟု မသိ၍ ခြေဖဝါးအပြင် ပူသည် နွေးသည် အေးသည် ချမ်းသည်ဟု သိမြင်မှုကား

ဒိဋ္ဌိသိမျိုး ဒိဋ္ဌိမြင်မျိုး မည်၏၊

နိစ္စသိမျိုး နိစ္စမြင်မျိုး မည်၏၊

သုခသိမျိုး သုခမြင်မျိုး မည်၏။

အတ္တသိမျိုး အတ္တမြင်မျိုး မည်၏၊

ပရမတ္ထအလိုအားဖြင့် ဖောက်ပြန် မှောက်မှားသော အသိမျိုး အမြင်မျိုး မည်၏၊

သမ္မာဒိဋ္ဌိအမြင်-- ခြေဖဝါးအပြင်ဟူသော နိမိတ္တဓမ္မကြီးကို ပယ်ရှား၍ ရုပ်ခန္ဓာ နာမ်ခန္ဓာကို ခြားနား၍ သိမြင်မှုသည်ကားသမ္မာဒိဋ္ဌိဉာဏ်သိမျိုး ဉာဏ်မြင်မျိုး မည်၏၊ အနိစ္စသိမျိုး အနိစ္စမြင်မျိုး မည်၏၊

ဒုက္ခသိမျိုး ဒုက္ခမြင်မျိုး မည်၏၊

အနတ္တသိမျိုး အနတ္တမြင်မျိုး မည်၏။

လောကအလို ပရမတ္ထအလိုနှစ်ပါးအားဖြင့် ဖြောင့်မတ်ဟုတ်မှန် သော အသိမျိုး အမြင်မျိုးမည်၏၊

လောကအလိုအားဖြင့် ဖြောင့်မတ် ဟုတ်မှန်ပုံကား-ခက်မာမှုသည် သိမှု မဟုတ်၊ သိမှုသည် ခက်မာမှုမဟုတ်၊ ခက်မာမှုကား အမှုတစ်ခြား၊ သိမှုကား အမှုတစ်ခြား၊ ခက်မာမှုကား ရုပ်မှုတည်း၊ စိတ်ဝိညာဏ်မှုမဟုတ်။

သိမှုကား စိတ်ဝိညာဏ်မှုတည်း၊ ရုပ်မှုမဟုတ်ဟု ပြောဆိုခဲ့လျှင် လောက၌ အမှုတစ်မျိုးစီ မဟုတ်ဟု မငြင်းဆန်နိုင်ကြကုန်လတ္တံ့။

နိစ္စသိ စသည်၌ရှင်းချက်-- ရုပ်ခန္ဓာ နာမ်ခန္ဓာတို့ကို ဤကား ရုပ်ခန္ဓာ, ဤကားနာမ်ခန္ဓာဟု မသိမူ၍၂-ပါးစုံကို ခြေဖဝါးပြု လုပ်၍ သိခြင်းသည် အဘယ်သို့လျှင် နိစ္စသိ, သုခသိ, အတ္တသိ ဖြစ်လေသနည်း ဟူမူကား- ခြေဖဝါးမည်သည် နိမိတ္တ ဓမ္မမျိုးဖြစ်၍ တစ်သက်လုံး ခိုင်မြဲသော နိစ္စဓမ္မမျိုးတည်း၊ သုသာန်သို့ရောက်မှ ပျက်ဆုံး၏။

ရုပ်ခန္ဓာ, နာမ်ခန္ဓာ ၂-ပါးကို ခြေဖဝါးပြုလုပ်၍ သိမှုသည် ရုပ်ခန္ဓာ နာမ်ခန္ဓာ ၂-ပါးကို တစ်သက်လုံး ခိုင်မြဲသော နိစ္စမျိုးဟုနိစ္စမျိုးဟု သိလျက်ရှိ၏၊

နိစ္စဟူသည် သတ္တဝါတို့၏ အလိုရှိအပ်သော သုခမျိုးဖြစ်၍ ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့ကို သုခဟုသုခဟု သိလျက်ရှိ၏၊

နိစ္စဟူသည် တစ်သက်လုံး ခိုင်မြဲသော အနှစ်သာရမျိုးဖြစ်၍ ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့ကို ခြေဖဝါး၏ အသားအနှစ် အတ္တသာရအတ္တသာရဟု သိလျက်ရှိ၏။

အနိစ္စစသည်၌ ရှင်းချက်-- ခြေဖဝါးကို ပယ်ရှား၍ ရုပ်ခန္ဓာ, နာမ်ခန္ဓာကို ခွဲခြမ်း၍ သိမှုသည် အဘယ်သို့လျှင် အနိစ္စသိမှု, ဒုက္ခသိမှု, အနတ္တသိမှု ဖြစ်လေသနည်းဟူမူကား--

ခက်မာမှုကို ရုပ်ခန္ဓာဟု သိခဲ့လျှင် အလှုပ်အလှက်မခံ ပျက်တတ် ပြောင်းလဲတတ်သော အနိစ္စမျိုးဟု သိတော့သည်၊ ပူမှန်းသိခြင်း, နွေးမှန်းသိခြင်း, အေးမှန်း သိခြင်းကို နာမ်ခန္ဓာဟု သိခဲ့လျှင် သူ့ အကြောင်းဆိုက်တိုက်ရာ ဖြစ်ချည် ပျက်ချည် အတည်မရ အနိစ္စမျိုးဟု ထင်ရှားတော့သည်။

အနိစ္စဟူသည် မရဏမျိုး စင်စစ်ဖြစ်၍ ကြောက်ရလန့်ရသော ဒုက္ခမျိုးဟု သိခြင်းဖြစ်တော့သည်။

အနိစ္စဟူသည် အခိုင်အမာ အနှစ်သာရမျိုး မဟုတ်သည်ဖြစ်၍ ခြေဖဝါးကဲ့သို့ တစ်သက်လုံး ပျက်ခြင်း ပြောင်းလဲခြင်း မရှိဘဲ ပကတိ အနေနှင့် တည်နေနိုင်သော အနှစ်သာရ အတ္တဇီဝမျိုး မဟုတ်ဟု သိမြင်နိုင်တော့သည်။

ဤမှနောက်၌ ဒုက္ခသဟဂုတ်၌ ပြဆိုခဲ့သမျှသော အလုံးစုံတို့ကို အကုန် ဆက်၍ သိကြလေ။

ခဏိက မရဏစသည် ၁၃-ပါး။။ ဒုက္ခသဟဂုတ်၌ ပြဆိုခဲ့ သော အချက် ကြွင်းစုဆိုသည်ကား--

၁။ ခဏိကမရဏ, သန္တတိမရဏ, ဘဝဆုံးမရဏ သုံးပါးသည် ကြောက်လန့်ဖွယ်သော ဒုက္ခမျိုးချည်း ဖြစ်သည်ဟု ပြဆိုချက်။

၂။ ရုပ်, နာမ်ကို မြင်မှု၌ ပုဂ္ဂိုလ်၏ ဖြစ်ခြင်း ပျက်ခြင်း, ရှင်ခြင်း သေခြင်း ဟူ၍ မရှိ၊ ရုပ်ဓာတ်, နာမ်ဓာတ်တို့၏ ဖြစ်ခြင်း, ပျက်ခြင်း, ရှင်ခြင်း, သေခြင်းသည်သာ အမှန်ရှိသည်ဟု မြင်မှုကို ပြဆိုချက်။

၃။ ပကတိလူတို့သည် ရုပ်ဓာတ်, နာမ်ဓာတ်တို့၏ ခဏခဏ ဖြစ်မှု ပျက်မှုကို ကြောင်ကြောင် သိမြင်ပြောဆို၍ နေကြ ပါကုန်လျက် ထိုဖြစ်မှု, ပျက်မှုတို့ကို ဇာတိဓမ္မကြီး, မရဏ ဓမ္မကြီးဟူ၍ မသိကြသည်ကို ပြဆိုချက်။

၄။ သုခ၏ ပျက်မှုကိုသာ ဒုက္ခဘေးဘယဟု ဆိုသင့်ပါသည်၊ ဒုက္ခ၏ ပျက်မှုသည်ကား''ဒုက္ခာ ဝေဒနာ ဌိတိဒုက္ခာ ဝိပရိဏာမသုခါ'' ဟူသော ပါဌ်နှင့်အညီ သုခမျိုးသာ ဖြစ်သင့်ပါသည်ဟူသော စောဒနာကို ဖြေဆိုချက်။

၅။ ခြေတစ်ခုလုံး၌ ဖောဋ္ဌဗ္ဗဓာတ်ကြီး ၃-ပါးတို့ ထိခိုက်မှု နှံ့ပြားတိုင်း ဖဿဖြစ်ပေါ်မှုနှံ့ပြားကြောင်း, ဖဿဖြစ်ပေါ်မှု နှံ့ပြားတိုင်း ဝေဒနာက္ခန္ဓာ ဖြစ်ပေါ်မှုနှံ့ပြားကြောင်းကို ပြဆိုချက်။

၆။ ခြေအတွင်း၌ နာမက္ခန္ဓာတို့ဖြစ်ပေါ်၍ နေကြကုန်သော် လည်း ရုပ်ခန္ဓာနှင့် နာမ်ခန္ဓာတို့၏ ရောယှက်ခြင်းမရှိ ကြောင်းကို ပြဆိုချက်။

၇။ ''သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ'' ဟူသော ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရကို ရှင်းလင်း၍ ပြဆိုချက်။

၈။ ဝိပ္ပယုတ္တပစ္စည်းကို ပြဆိုချက်။

၉။ ''ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ'' အစရှိသော သုတ္တန်ပါဠိ၏ အနက်အဓိပ္ပါယ်ကို ရှင်းလင်း၍ ပြဆိုချက်။

၁၀။ ကာယဝိညာဏ်၏ ဖြစ်မှုကို ကျယ်ဝန်းစွာ ပြဆိုချက်။ ၁၁။ ကာယဝိညာဏ်သိ, မနောနှလုံး၌ဖြစ်သော မနော ဝိညာဏ်သိ, ပုဂ္ဂိုလ်သိတို့ကို ပြဆိုချက်။

၁၂။ သတ္တဝါတို့၏ ကိုယ်ခန္ဓာ၌ ဤကာယဝိညာဏ်နာမက္ခန္ဓာ ၄-ပါး တို့သည် ဘယ်နေရာမှာမှ အမြဲရှိနေသည်မဟုတ်၊ အာဂန္တု လမ်း ရှောက်တို့သာ ဖြစ်ကြသည်ကို ပြဆိုချက်။ ၁၃။ ရုပ်, နာမ်ကို မမြင်နိုင်သည့်အတွက်ကြောင့် ခြေ, လက် စသော ကိုယ်အင်္ဂါတို့ကို အသက်ရှိသည်, အရှင်ဖြစ်သည် ဟု ထင်မှတ်မှုကို ပြဆိုချက်။

ဤ ၁၃-ချက်တို့ကို ဒုက္ခသဟဂုတ်၌ ပြဆိုခဲ့သော အချက်ကြွင်းစု ဆို သတည်း။

ခြေအင်္ဂါစသည်၌ နာမက္ခန္ဓာ ၄-ပါး ဖြစ်ပျက်ပုံ

ထိုမှတစ်ပါး ခြေကို သာယာစွာ ပွတ်မှု, နှိပ်မှု, သပ်မှု, နယ်မှု, ကိုင်မှု, ထိမှု, ချော မွေ့နူးညံ့သော အဝတ်အရုံထိမှု, ဖျာ ရိုင် သင်ဖြူး အခင်းအနှီးထိမှု, ချောမွေ့နူးညံ့ အေးချမ်းသော လမ်းမြေ သဲမြေ ရွှံ့မြေထိမှု စသည်တို့၌လည်း ခံသာမှု, ခံ၍ကောင်းမှုဟုဆိုအပ်သော ခြေအရသာတို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုခြေ အရသာတို့သည် သုခ သဟဂုတ် နာမက္ခန္ဓာ ၄-ပါးတို့ပေတည်း။

ခြေအင်္ဂါအရေပေါ် အရေတွင်း, အသားပေါ် အသားတွင်း, အကြောပေါ် အကြောတွင်း, အရိုးပေါ် အရိုးတွင်း အလုံးစုံတို့၌ ဣဋ္ဌဖြစ်ကုန်သော အပဖောဋ္ဌဗ္ဗ, အတွင်းဖောဋ္ဌဗ္ဗတို့၏ ထိတွေ့မှုတို့ ကြောင့် ထင်ရှား, မထင်ရှားသော ခြေအရသာ ဖြစ်ပေါ်မှု, ချုပ်ပျက်မှုတို့ကို အကုန်အစင်သိမြင်ကြလေကုန်။

ထိုနည်းအတူ ခြေကျဉ်းဝတ်အင်္ဂါ အရေ, အသား, အကြော, အရိုး အလုံးစုံတို့၌ သုခသဟဂုတ်နာမက္ခန္ဓာဟူသော အရသာပေါ်မှု၊ ခြေသားလုံးအင်္ဂါ, ပုဆစ်အင်္ဂါ, ပေါင်အင်္ဂါ, ခါးအင်္ဂါ, အရေ, အသား, အကြော, အရိုး အလုံးစုံတို့၌ သုခသဟဂုတ်နာမက္ခန္ဓာဟူသော အရသာပေါ်မှု၊ ဝမ်းအင်္ဂါ, ရင်အင်္ဂါ, ကျောက်ကုန်းအင်္ဂါ, အအူတွင်း, အသည်းတွင်း, အဆုတ်တွင်း, နှလုံးတွင်းတို့၌ သုခသဟဂုတ်နာမက္ခန္ဓာ ဟူသော အရသာပေါ်မှု၊ ဦးခေါင်းအင်္ဂါ, မျက်နှာ, ခံတွင်း, အရေ, အသား, အကြော, အရိုးအလုံးစုံတို့၌ သုခသဟဂုတ်နာမက္ခန္ဓာဟူသော အရသာပေါ်မှု, ပျက်မှုတို့ကိုလည်း အကုန်မြင်ကြလေကုန်။

ကာမတဏှာကြောင့် အပုပ်ကောင်ကို ခင်မင်ပုံ လောက၌ ခွေး, ကျီး, လင်းတတို့သည် မိမိတို့ ကိုယ်တွင်း၌ မကောင်းသော ဝဋ်ဝိပါက် အမြဲတိုက်တွန်းမှုကြောင့် အလွန်စက်ဆုပ် ဖွယ်ရှိသော လူသေပုပ်, နွားသေပုပ်, ခွေးသေပုပ်တို့ကိုပင် အလွန်ခင်မင် စုံမက်မြိန်ရှက် မြတ်နိုးကြကုန်၏။

ထိုအတူ ဤသတ္တဝါအပေါင်းတို့သည် ထိုကိုယ်အင်္ဂါ အရသာ ကြီးကို အလွန်ခင်မင် စုံမက်မြိန်ရှက်လှသော ကာမတဏှာဟူသော အကုသိုလ်ဝဋ်ဆိုးကြီး အမြဲတိုက်တွန်းမှုကြောင့် အပုပ်ကောင်, အညှီ ကောင်, အနံအစော်ကောင်ကြီးမှန်း ကြောင်ကြောင်သိမြင်ကြပါကုန် လျက် အချင်းချင်း အလွန်ခင်မင် မြိန်ရှက်ကြလေကုန်၏။

နူနာပမာ ကာမတဏှာ။။ တစ်ကိုယ်လုံး ရွဲရွဲစို ကျိုက် ကျိုက်ဆူ နူနာကြီးရှိသော သူတို့အား--

၁။ တစ်ကိုယ်လုံး၌ ပိုးတွေကိုက်၍ အမြဲယားယံမှု ဒုက္ခတစ်ပါး၊

၂။ ပိုးစာ ပိုးချေး သွေးပုပ် ပြည်ပုပ်တို့အတွက် အမြဲချမ်းအေးမှု ဒုက္ခကြီး တစ်ပါး၊

ဤဒုက္ခကြီး ၂-ပါး အမြဲရှိနေ၏၊

အလွန်ပူလှ, အိုက်လှသော ကဆုန်, နယုန်, ဝါဆို, ဝါခေါင်လ အခါတို့၌ပင် ရဲရဲငြိသော ရှားမီးကျီး မီးအိုးခင်းကြီးကို မလွှတ်နိုင်၊ ကိုယ်တွင်း အသည်းနှလုံးတွင်းတို့မှ ပိုးတွေ လှုပ်ကြွသဖြင့် အလွန် ယားယံမှု ခိုက်ခိုက်တုန် ချမ်းအေးမှု ဖြစ်လာတိုင်း ဖြစ်လာတိုင်း ရှားမီးကျီး မီးအိုးခင်းကြီးသို့ ချဉ်းကပ်၍ မီးအိုးခင်းကြီးနှင့် လုံးထွေးမိမှ အယားအယံ အတုန်အချမ်းပြေ၍ နေသာထိုင်သာ ချမ်းသာသုခကို ရလေ၏၊ ထို့အတူ ဤသတ္တဝါအပေါင်းတို့မှာလည်း ထိုကိုယ်အင်္ဂါအရသာ ကြီး အနမတဂ္ဂသံသရာ၌ ဘဝအဆက်ဆက် ရွဲရွဲစို ကျိုက်ကျိုက်ဆူ ပွါးစီး၍ လာခဲ့သော ကာမတဏှာနူနာစိုကြီးသည် ရှိနေကြ၏၊ ပြဆိုခဲ့ပြီးသော ကိုယ်အင်္ဂါအရသာကြီးသည်မူကား ထိုတဏှာ နူနာကိုလွန်စွာ ပွါးစီးစေနိုင်သော အစာအာဟာရကြီးပေတည်း။

ကာမတဏှာ၏ အားထားရာ ကာမဝတ္ထု ထိုနူနာရောဂါသည်ကြီးသည် ရှားမီးကျီး မီးအိုးခင်းကြီးကို အမြဲကိုးကွယ်ရာပြု၍ နေရဘိသကဲ့သို့ ကာမတဏှာနူနာရောဂါ သည်ကြီးတွေ ဖြစ်နေကြကုန်သော သတ္တဝါတို့သည်လည်း ကာမဝတ္ထု ကာမ အထည်ကြီးတွေကို အမြဲကိုးကွယ်ရာပြု၍ ထားကြရကုန်၏။

ကာမတဏှာကိုဖြစ်ပွါးစေသော ကာမဝတ္ထု နွေလအခါ၌ ရှားမီးကျီးမည်သည် မြင်ရုံမျှ နှင့်ပင် အလွန်ပူခြင်း, အိုက်ခြင်း ဒုက္ခကို သာ ဖြစ်ပွားစေတတ်၏၊ အေးချမ်းခြင်း သုခကို မဖြစ်စေတတ်၊ ထို့အတူ ထိုကိုယ်အင်္ဂါ အရသာကို ခံစံဖက်ဖြစ်သော ကာမဝတ္တု ကာမအထည်တို့မည်သည် မြင်ရုံမျှနှင့်ပင် ကာမတဏှာ ကိလေသာအပူ အအိုက်ကို ဖြစ်ပွားစေနိုင်ကုန်၏၊ ကာမတဏှာ ကိလေသာအပူ၏ အေးငြိမ်းခြင်းကို မဖြစ်စေတတ်ကုန်။ ဘဝကို နုံချာစေသော ကာမဝတ္ထု ရှားမီးကျီးမည်သည် ပေါင်းဖက် ရောယှက်လာသော ဝတ္ထုမျိုးတို့ကို အကျိုးမဲ့ကြီး အချည်းနှီးစစ် ပြာမှုန့်ဖြစ်အောင် အကုန်အပြောင် လောင် ကျွမ်းစေတတ်၏၊ ထို့အတူ ထိုကိုယ်အင်္ဂါ အရသာကို ခံစံ ဖက်ဖြစ်သော ကာမဝတ္ထု ကာမအထည်ကိုယ်တို့သည်လည်း ပေါင်းဖက် ရောယှက် မိသော သူတို့ကို ယခုဘဝတွင် အလွန်မြင့်မြတ်လှစွာကုန်သော သီလဂုဏ်, သိက္ခာဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်ကြီးတို့မှ အပဖြစ်၍ သေသည်၏ အခြားမဲ့၌ ခွေး, ဝက်, ကြက်, ငှက်, သန်း, ကြမ်းပိုး, ပိုးလောက်, ပိုးမွှား စသော သေးနုတ် စုတ်ဖွဲလှသော ဘဝသို့ ရောက်လေအောင် အကုန် အပြောင် လောင်ကျွမ်းစေတတ်ကုန်၏။

ဤကား ကာမဝတ္ထု ကာမအထည်တို့နှင့် ရောယှက်မိသောအခါ ကိုယ်အင်္ဂါ အတွင်း၌ လျှပ်စစ်ပြက်သကဲ့သို့ ခဏခဏ ဖြစ်ပေါ်ကြကုန် သော သုခသဟဂုတ် နာမက္ခန္ဓာ ၄-ပါးဟုဆိုအပ်ကုန်သော ကိုယ်အင်္ဂါ အရသာကြီးတို့၏ အပြစ်ဒေါသကို အမြွက်မျှပြဆိုချက်နည်း။

ကာယဝိညာဏ် နာမက္ခန္ဓာ ၄-ပါးကို ဖော်ပြခန်းပြီး၏၊

------- * ------

ဇိဝှါဝိညာဏ် နာမက္ခန္ဓာ ၄-ပါးကို ပြဆိုခန်း

ဇိဝှါဝိညာဏ်

နာမက္ခန္ဓာ ၄-ပါး၏ ဖြစ်ရာဌာန-- ယခုအခါ လျှာ၏သိခြင်း, လျှာ၏သိမ,ှု လျှာ၏အသိ ဟုဆိုအပ်သော ဇိဝှါဝိညာဏ် နာမက္ခန္ဓာ ၄- ပါးကို ပြဆိုပေအံ့။

ချဉ်လှစွာသောအရသာတစ်ခုဖြင့် လျှာတစ်ပြင်လုံးကို တို့၍ စမ်းသည် ရှိသော် ချဉ်မှန်းသိမှု ဖြစ်ပေါ်လာရာ လျှာအရပ်စုသည် ဇိဝှါဝိညာဏ်နှင့်တကွဖြစ်သာ နာမက္ခန္ဓာ ၄-ပါးတို့၏ ဖြစ်ရာဌာန ပေတည်း။

ဇိဝှါဝိညာဏ်-- ဇိဝှါဝိညာဏ်ဆိုသည်ကား လောကအလို အားဖြင့် လျှာ၏သိမှု ဆိုလိုသည်၊ အဘိဓမ္မာအလိုအားဖြင့် လျှာ၌ဖြစ် ပေါ်လာသော သိမှု ဆိုလိုသည်၊ ပုဂ္ဂိုလ်သိမှုကား မဟုတ်သေး၊ ထိုလျှာ၏ သိမှုဖြစ် ပေါ်သည်မှနောက်၌ မနောနှလုံး၏ သိမှုကြီးဆက်လက်၍ ဖြစ်ပေါ်၏၊ ဤမနော နှလုံး၏ သိမှုကြီး ဖြစ်ပေါ်သောအခါမှ ပုဂ္ဂိုလ်သိ ဖြစ်လာ၍ ချဉ်သည် ချိုသည်ဟု ပုဂ္ဂိုလ်သိ သိ၏၊

လျှာ၏သိမှု ၂-မျိုး

''ယောင်းမသည် အသက်ထက်ဆုံး ဟင်အိုးကိုမွှေ၍ နေသော် လည်း ဟင်း၏အရသာကို ချိုသည်, ချဉ်သည်ဟူ၍မသိတတ်၊ လျှာသည် တစ်ကြိမ် တစ်ခါမျှပင် ဟင်းနှင့်ပေါင်းမိသော်လည်း ဟင်းအရသာကို ချိုသည်, ချဉ်သည်ဟု သိတတ်၏''ဟူ၍လာသော ဥပမာစကား၌ လျှာသည်အချို, အချဉ်စသော အရသာမျိုးကို သိတတ်၏ဟု ဟောတော် မူ၏၊ ဤလျှာ၏ သိမှုသည် လျက်မှု၌ အတွင်းဝင်လျက် ရှိ၏။

အရသာမျိုး သိမှု-- ဤလျှာအပြင်၌ ထမင်းပူ ထမင်းအေး, ဟင်းပူ ဟင်းအေး, ရေပူ ရေအေးစသည်ကို သိသော ကာယဝိညာဏ် သည်လည်း ဖြစ်ပေါ်၏၊ အရသာမျိုးကို သိသည်ကား ဇိဝှါဝိညာဏ် နာမက္ခန္ဓာ ၄-ပါးတည်း။

ဖောဋ္ဌဗ္ဗ သိမှု-- လျှာပေါ်၌ ရောက်လာသော ဝတ္ထုတို့ကို နူးညံ့သည် ကြမ်းတမ်းသည် ပူသည် အေးသည် ရွသည် ပွသည် လှုပ်သည် ရှားသည် အစရှိသော သိမှု, လျှာနာမှု, လျှာယားမှု, လျှာချမ်းသာမှု, လျှာမချမ်းသာမှု, စသည်တို့ကား ကာယဝိညာဏ် နာမက္ခန္ဓာ ၄-ပါတည်း၊ ဤသို့ သိမှုသာ ကွဲကြသည်၊ ဖြစ်ရာဌာနကား မကွဲကြ။

ဤသို့လျှင် လျှာသည် နာမက္ခန္ဓာ ၄-ပါး နှစ်စုံတို့၏ ဖြစ်ပေါ်ရာ ဌာနဖြစ်ပေသောကြောင့် လျှာသည် အချို, အချဉ်စသော အရသာမျိုး တို့ကိုလည်း သိတတ်၏၊ အနု, အကြမ်းစသော ဖောဋ္ဌဗ္ဗမျိုးတို့ကိုလည်း သိတတ်၏ဟု ပြောဆို ရာ၏။

အရသာသိမှု ဖြစ်ပျက်ပုံ။။ ပရမတ္ထအားဖြင့်မူကား လျှာဟူ၍ပင် မရှိ၊ ခန္ဓာ ၅-ပါးသာ ရှိ၏၊

၁။ ခက်မာမှုသည် ရှိ၏၊

၂။ ဖွဲ့စေးမှုသည် ရှိ၏၊

၃။ ပူနွေးမှုသည် ရှိ၏၊

၄။ တောင့်တင်းမှု လျော့ရဲမှုသည် ရှိ၏၊ ၅။ အဆင်းဓာတ် ရှိ၏၊

၆။ အနံ့ဓာတ် ရှိ၏၊

၇။ ရသဓာတ် ရှိ၏။

ဤအမှု ဤဓာတ်စုသည် ရူပက္ခန္ဓာမည်၏၊ ဤရူပက္ခန္ဓာစု၏ ကိစ္စကား အသီးအခြားတည်း။

ထိုနာမက္ခန္ဓာတို့၏ ကိစ္စတို့ကား အသီးအခြားတို့တည်း၊ အရသာ မျိုးကို သိမှုသည် ထိုထိုအချိုမျိုး, အချဉ်မျိုးစသော အာဟာရဝတ္ထုတို့ကို လျှာပေါ်သို့ တင်သောအခါမှ ဖြစ်ပေါ်လာကြကုန်၏၊ လျှာပေါ်၌ ထို ဝတ္ထုမျိုးတို့ မရှိပြန်လျှင် ချုပ်ပျောက်ကြကုန်၏။

ဖောဋ္ဌဗ္ဗသိတို့သည်လည်း ထို့အတူတည်း။

ဒိဋ္ဌိအမြင်-- ထိုသို့ဖြစ်ရာ၌ ရုပ်ခန္ဓာမှန်း နာမ်ခန္ဓာမှန်း မသိကြကုန်သော ဗာလပုထုဇဉ်တို့သည်ကား ရုပ်ခန္ဓာစုကို လျှာဟု တစ်ခုတည်း ပြု၍ ထိုသိမှုတို့ကို နာမ်ခန္ဓာဟု မခြားနားပဲ လျှာ၏ကိစ္စပြု၍ လျှာသိသည် ဟုမြင်ကြကုန်၏၊ ဤအမြင်ကား ဒိဋ္ဌိတည်း၊ နိစ္စအမြင်, သုခအမြင်, အတ္တအမြင်, ဇိဝ အမြင်တည်း။

ဉာဏ်အမြင်-- လျှာဟူသော အသိကိုပယ်ရှား၍ ရုပ်ခန္ဓာ, နာမ်ခန္ဓာ ခြားနား၍ သိမှုကား ဉာဏ်သိ ဉာဏ်မြင်ပေတည်း၊ အနိစ္စ မြင်, ဒုက္ခမြင်, အနတ္တမြင် နိဇ္ဇီဝ နိဿတ္တ အမြင်ပေတည်း။

အကြောင်းယုတ္တိကိုကား ကာယဝိညာဏ်နှစ်ပါး၌ ပြဆိုခဲ့ပြီ။ ဤမှ နောက်၌ ၁၃-ရပ်သော အဆစ်အပိုင်းတို့ကိုလည်း ကာယ ဝိညာဏ် နည်းတူသိလေ။

လျှာအရသာ ၂-မျိုး။ ။ ဤ၌ လျှာအရသာသည်--

၁။ သုခသဟဂုတ်ကာယဝိညာဏ်နာမက္ခန္ဓာဟူသော အရသာ တစ်မျိုး,

၂။ ဇိဝှါဝိညာဏ်နာမက္ခန္ဓာဟူသော အရသာတစ်မျိုး, ဟူ၍ ၂-မျိုးရှိ၏၊

ထိုတွင် ကာယဝိညာဏ်နာမက္ခန္ဓာဟူသော လျှာအရသာသည် ကား ကိုယ် အင်္ဂါအရသာကြီး၌ပါဝင်လေပြီ၊ ဇိဝှါဝိညာဏ်နာမက္ခန္ဓာဟူ သော လျှာအရသာ ကြီးကား ကျန်ရှိ၏၊

ဤအရသာကြီးကိုလည်း သတ္တဝါတို့သည် လွန်စွာလိုက်စားကြ ကုန်၏၊ ဆေးအပြတ်မခံနိုင် ကွမ်းအပြတ်မခံနိုင် ရှိကြကုန်၏၊ ရသတဏှာ ကို ဝဋ်ဆိုးကြီး, နူနာကြီးပြု၍ ထိုက်သည်အားလျော်စွာ ဥပမာ, ဥပမေယျနှစ်ရပ်တို့ကိုလည်း သိကြလေ။

ဇိဝှါဝိညာဏ် ပြီး၏၊

------- * ------

ဃာနဝိညာဏ်နာမက္ခန္ဓာ ၄-ပါးကိုပြဆိုခန်း

ဃာနဝိညာဏ်နာမက္ခန္ဓာ၏ ဖြစ်ရာဌာန နှာခေါင်း၏သိခြင်း နှာခေါင်း၏သိမှု နှာခေါင်း၏ အသိဟုဆိုအပ် သော ဃာန ဝိညာဏ် နာမက္ခန္ဓာ ၄-ပါး၌ နှာခေါင်း၏ အတွင်းရပ်သည် ဃာနဝိညာဏ် နာမက္ခန္ဓာ ၄-ပါး၏ ဖြစ်ပေါ်ရာ ဌာနတည်း။

နာမက္ခန္ဓာ ၄-ပါး၂-ပါးစုံ ဖြစ်ပုံ

ဤ၌လည်း ကာယဝိညာဏ် နာမက္ခန္ဓာ၄-ပါး၊ ဃာန ဝိညာဏ် နာမက္ခန္ဓာ ၄-ပါး နှစ်စုံရ၏၊ အကြမ်း အနု, အပူ အအေး, အလှုပ် အရှားတို့နှင့် နှခေါင်းလေတို့၏ တွေ့ထိမှုတို့ကြောင့် ကာယဝိညာဏ် နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်၏၊ အတွင်းမှ ဖြစ်သောအနံ့ အပမှ ဖြစ်သော အနံ့တို့၏ ထိခိုက်မှုတို့ကြောင့် ဃာနဝိညာဏ် နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်၏။

နှာခေါင်း၏သိမှု ၂-မျိုး-- ဃာနဝိညာဏ်၏သိမှုကိုကား နံသည် မွှေးသည်ဟု ခေါ်၏၊ ဤသို့ နှာခေါင်းသည် နာမက္ခန္ဓာ ၄-ပါး နှစ်စုံတို့၏ ဖြစ်ရာဌာနဖြစ်သောကြောင့် နှာခေါင်းသည် အနံ့ အမျိုးမျိုးကိုလည်း နံတတ်၏၊ အနု, အကြမ်းစသော ဖောဋ္ဌဗ္ဗမျိုးကိုလည်း သိတတ်၏ဟု ပြောဆိုရာ၏။

ပရမတ္ထအားဖြင့်မူကား နှာခေါင်းဟူ၍ပင် မရှိ၊ ထိုနေရာ၌ဖြစ် သော ခန္ဓာ ၅-ပါးသာရှိ၏၊

ဇိဝှါဝိညာဏ် နာမက္ခန္ဓာ ၄-ပါးတို့၌ကဲ့သို့ ရုပ်ခန္ဓာ, နာမ်ခန္ဓာခွဲ နည်း, ဒိဋ္ဌိသိ ဉာဏ်သိခွဲနည်း, နိစ္စ သုခ အတ္တ, အနိစ္စ ဒုက္ခ အနတ္တ ခွဲနည်းတို့ကို ခွဲခြမ်း၍ သိကြလေ၊ ဤ ၁၃-ရပ်သော အဆစ်အပိုင်း, နှာခေါင်းအရသာ ၂-မျိုး, တဏှာ၂-မျိုး, ဥပမာ ၂-မျိုးတို့ကိုလည်း ဇိဝှါဝိညာဏ်နည်းတူ သိကြလေ။

ဃာနဝိညာဏ်ပြီး၏၊

------- * ------

သောတဝိညာဏ်နာမက္ခန္ဓာ ၄-ပါးကို ပြဆိုခန်း

သောတဝိညာဏ်

နာမက္ခန္ဓာ၄-ပါး၏ ဖြစ်ရာဌာန

နား၏သိခြင်း နား၏သိမှု နား၏အသိဟူသော သောတ ဝိညာဏ် နာမက္ခန္ဓာ ၄-ပါးတို့၌ နား၏ အတွင်းအရပ်သည် ဤနာမက္ခန္ဓာ ၄-ပါး ဖြစ်ရာဌာနတည်း၊ ကာယဝိညာဏ် နာမက္ခန္ဓာ ၄-ပါး၏ ဖြစ်ရာဌာန လည်းဖြစ်၏၊ နာမက္ခန္ဓာ ၄-ပါး နှစ်စုံရ၏၊ နားသည် ဖောဋ္ဌဗ္ဗမျိုး တို့ကိုလည်း သိတတ်၏၊ အသံမျိုးမျိုးတို့ကိုလည်း ကြားတတ်၏ဟု ပြောဆိုရာ၏၊ သောတဝိညာဏ်သိကို ကြား၏ ဟူ၍ခေါ်၏။

ထိုသို့ အသံကိုကြား၍ သိကြရာ၌ နားသိ, မနောနှလုံးသိ, ပုဂ္ဂိုလ်သိ ခွဲမြဲ ခွဲလေ။

ပရမတ္ထအားဖြင့်မူကား နားဒြဗ်ဟူ၍ပင်မရှိ၊ ထိုနေရာ၌ဖြစ်သော ခန္ဓာ ၅-ပါးသာရှိ၏၊ ရုပ်ခန္ဓာ နာမ်ခန္ဓာခွဲလေ။

ရုပ်နာမ်ဖြစ်ပျက်ပုံ-- ရုပ်ခန္ဓာကား ထိုနေရာ၌ မြစ်ရေအယဉ် ကဲ့သို့ အစဉ်မပြတ်ဖြစ်၍ နေ၏၊ နာမ်ခန္ဓာ ၄-ပါးတို့ကား ထိုထိုအသံမျိုး ထိခိုက်ဆဲအခါ၌သာ ဖြစ်ပေါ်ကြကုန်၏၊ ထိုထိုအသံ ပြတ်စဲပြန်လျှင် ထိုနေရာ၌ပင်လျှင် နာမ်၏သေဆုံးခြင်းဖြင့် သေဆုံးချုပ်ပျက်ကြလေ ကုန်၏၊ ဓာတ်၏သေဆုံးခြင်း, ဓမ္မ၏သေဆုံးခြင်းဖြင့် သေဆုံးချုပ်ပျက်ကြ လေကုန်၏။

အသံဖြစ်ပျက်ပုံ-- တစ်နာရီအတွင်းမှာ အသံအမျိုးမျိုးကို အခါခါ ကြားရာ၌ သူ့အသံနှင့် သူ့နာမက္ခန္ဓာစု အခါခါဖြစ်ပေါ်၍ အခါခါ ပျက်ဆုံးကြကုန်၏၊ စကားပြောဆိုသံကို ကြားနာရာ၌ စကားမည်သည် အက္ခရာတစ်လုံးစီ တစ်လုံးစီစဉ်၍ ပြောရာ၏၊ အက္ခရာတို့သည် အစဉ်အတိုင်း ချုပ်ကုန်၏၊ နောက်နောက် အက္ခရာပေါ်လာလျှင် ရှေးရှေး အက္ခရာ မရှိပြီ။

နားထောင်သူတို့သည် နား၌ သောတဝိညာဏ် နာမက္ခန္ဓာ ၄- ပါးတို့သည် သူ့အက္ခရာနှင့်သူ အစဉ်အတိုင်းဖြစ်ပေါ်၍ အစဉ်အတိုင်း ချုပ်ဆုံးကြကုန်၏၊ ''နမော တဿ'' ဟူသော ရွတ်ဆိုသံကို ကြားနာရာ၌ 'န' ဟူသော အသံအက္ခရာသည် နားတွင်း၌ ထိခိုက်၏၊ ထိခိုက်မှု ဒဏ်ဟုန်ကြောင့် သောတဝိညာဏ် နာမက္ခန္ဓာ ၄-ပါးဖြစ်ပေါ်ရ၏၊ 'န' ဟူသော အသံကိုစွဲ၍ ဖြစ်ပေါ်သော နာမက္ခန္ဓာသည် ထိုအသံ ချုပ်ဆုံး လျှင် ချုပ်ဆုံးမြဲဖြစ်၏၊ 'န' အသံချုပ်ဆုံးလျှင် 'န' အသံကို ကြားမှုလည်း ပျောက်ကွယ်သည်ဟု လောက၌လည်း ထင်ရှားပါ၏၊ လောက၌ နား၏ ကိစ္စ အခွင့်မည်သည် အလွန်ကြီးကျယ်၏၊ နား၌ ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ, နိစ္စ, သုခ စွဲလမ်းချက် အလွန်သန်၏။

ပုဂ္ဂိုလ်, သတ္တဝါဟူ၍ စွဲလမ်းပုံ-- စောဒနာရန် ရှိ၏၊ နားကို ပုဂ္ဂိုလ်ဟူ၍ သတ္တဝါဟူ၍ စွဲလမ်းမှု မရှိပါ၊ ပုဂ္ဂိုလ်၏ အင်္ဂါ, သတ္တဝါ၏ အင်္ဂါဟူ၍သာ စွဲလမ်းပါသည် ဟု ဆိုရန်ရှိ၏၊

ငါကြားသည်ဟု စွဲလမ်းမှု, နားသည် ကြားတတ်သည်ဟုစွဲလမ်းမှု သည် နားကိုပုဂ္ဂိုလ်ဟူ၍ သတ္တဝါဟူ၍ စွဲလမ်းမှုပင်တည်း။

ထို့အတူ ခြေသန်း, လက်သန်း၌ ထိခိုက်၍ နာသည်ရှိသော် ငါနာသည်ဟု စွဲလမ်းမှုသည် ခြေသန်း, လက်သန်းကို ပုဂ္ဂိုလ်ဟူ၍ သတ္တဝါဟူ၍ စွဲလမ်းမှုပင်တည်း။

ယုတ်စွအဆုံး မုတ်ဆိတ် ကျင်စွယ်ဟူသော မွေးညင်းကို နုတ်ပယ်ရာ၌ မွေးညင်း၏ အရင်းအဖို့သည် ကာယပသာဒရုပ်ရှိ၏၊ နာတတ်၏၊ ထိုနာမှုကို ငါနာသည်ဟု စွဲလမ်းမှုသည် တစ်ခုတစ်ခုသော မွေညင်းကို ပုဂ္ဂိုလ်ဟူ၍ သတ္တဝါ ဟူ၍ စွဲလမ်းမှုပင်တည်း။

မွေညင်းပေါင်း ကိုးသောင်း ကိုးထောင် ရှိသည်ဟူရကား မွေညင်း အရေအတွက် ပုဂ္ဂိုလ် သတ္တဝါစွဲလမ်းချက် ကိုးသောင်းကိုး ထောင် ရှိ၏၊ မိမိစွဲလမ်း၍ နေမှုကိုပင် မိမိမရေလည်၍ စောဒနာခြင်းသာ ဖြစ်သည်ဟု ဖြေလေ။

လောကအသုံးအနှုန်းအလိုပုဂ္ဂိုလ်ဖြစ်ခြင်း ပုဂ္ဂိုလ်၏အင်္ဂါဖြစ်၍ ပုဂ္ဂိုလ်မဟုတ်ဟု အစိတ်အစိတ် နုတ်ပယ်၍ ထားခဲ့လျှင် တစ်ကိုယ်လုံး အင်္ဂါချည်းဖြစ်၍ကုန်ရာ၏ ပုဂ္ဂိုလ်, သတ္တဝါပင် မရှိရာပြီ။

ထို့ကြောင့် ထိုထိုဝိညာဏ်ဖြစ်ရာဌာန, သိတတ်ရာဌာန, အသက်ရှိသည် အရှင်ဖြစ်သည်ဟု မှတ်ယူရာဌာန အလုံးစုံသည် ပုဂ္ဂိုလ်လည်း ဟုတ်၏၊ ပုဂ္ဂိုလ်၏ အင်္ဂါလည်း ဟုတ်၏၊ အတ္တလည်း ဟုတ်၏၊ သတ္တဝါ၏ အင်္ဂါလည်း ဟုတ်၏၊ အတ္တလည်းဟုတ်၏၊ ဇီဝ လည်းရှိ၏ဟု လောကအလိုကို သိအပ်၏။

ဒိဋ္ဌိသိ--ပုဂ္ဂိုလ်, သတ္တဝါဟု စွဲလမ်းမှုသည် နိစ္စ, သုခ, အတ္တ, ဇီဝဟု စွဲလမ်းမှုပင် တည်း၊ တဏှာ, မာန, ဒိဋ္ဌိ သုံးပါးတို့၏ အမှုချည်း သာတည်း၊ ကြားတတ်သောနားဒြဗ်, နားသဏ္ဌာန်ဟူ၍မရှိ။

ဉာဏ်သိ--ထိုနေရာ၌ အစဉ်ဖြစ်ပွား၍နေသော ခက်မာမှု စသည်ကား ရူပက္ခန္ဓာသာတည်း၊ ထိုရူပက္ခန္ဓာသည် ကြားတတ် သိတတ် သော တရားမျိုးမဟုတ်၊ ကြားမှု, သိမှုသည်ကား ထိုနေရာ၌ အသံခိုက်ဆဲ အခါ ဖြစ်ပေါ်လာသော နာမက္ခန္ဓာ ၄-ပါးသာတည်း၊ နား၌ ခန္ဓာငါးပါးသာ ရှိ၏ဟု သိမှု မြင်မှုသည်ကား ဉာဏ်သိ ဖြစ်၏၊ အနိစ္စသိ, ဒုက္ခသိ, အနတ္တသိ, နိဿတ္တ, နိဇ္ဇီဝ သိ ဖြစ်၏။

အကြောင်းယုတ္တိကိုမူကား ကာယဝိညာဏ်၌ ပြဆိုခဲ့ပြီ၊ ဤမှ နောက်၌ ၁၃-ရပ်သော အဆစ်အပိုင်းတို့ကိုလည်း ကာယဝိညာဏ် နည်းတူသိလေ။

နားအရသာ ၂-မျိုး-- နားအရသာသည်လည်း ၂-မျိုးရှိ၏၊ ထိုတွင် သုခသဟဂုတ် နာမက္ခန္ဓာ ၄-ပါးဟူသော အရသာသည် ကိုယ်အင်္ဂါ အရသာကြီး၌ ပါဝင်လေပြီ၊ သာယာသော အသံကိုလည်း ကောင်း, မိမိအလိုရှိသော စကားမျိုကိုလည်းကောင်း ကြားသောအခါ၌ ခံစားရသော နားအရသာသည်ကား သောတဝိညာဏ် နာမက္ခန္ဓာ ၄- ပါးပေတည်း၊ ဤနားအရသာကိုလည်း သတ္တဝါတို့သည် လွန်စွာလိုက်စား ကြကုန်၏။

စကားပြောဖော် စကားပြောဖက်နှင့်ကင်း၍ ဆိတ်ငြိမ်ရာ၌ တစ်ကိုယ်ယေ တစ်ကာယ နေထိုင်ခြင်းငှါပင် မတတ်နိုင် ရှိကြကုန်၏၊ အဖော်နှင့်ကင်း၍ နားဆိတ်ဆိတ်နေရလျှင် ငြီးတောက်ခြင်း ငြီးငွေ့ခြင်း ဖြစ်ကြကုန်၏၊ ရောက်မိရောက်ရာ စပ်မိစပ်ရာ သမ္ဖပ္ပလာပ စကားမျိုးကို ပင် ကြားနာ၍ နေရမှ အငြီးပြေ ကြကုန်၏၊ ဤသောတအရသာကြီးသည် လောက၌ အငြီးပြေ ခံစားဖွယ်ကြီး တစ်ပါးပင်တည်း။

ခွေး, ကျီး, လင်းတ ဥပမာ, နူနာရောဂါသည်ကြီး ဥပမာတို့ကို လည်း ဤ၌ ထိုက်သည်အားလျော်စွာ သိကြလေ။

သောတဝိညာဏ် ပြီး၏၊

* * *

စက္ခုဝိညာဏ် နာမက္ခန္ဓာ ၄-ပါးကို ပြဆိုခန်း

စက္ခုဝိညာဏ် နာမက္ခန္ဓာ ၄-ပါး၏ ဖြစ်ရာဌာနစသည်

စက္ခု ဝိညာဏ် နာမက္ခန္ဓာ ၄-ပါး၌ မျက်လုံးအရပ်သည် စက္ခု ဝိညာဏ် နာမက္ခန္ဓာ ၄-ပါး၏ ဖြစ်ရာဌာနပေတည်း၊ ကာယဝိညာဏ် နာမက္ခန္ဓာ ၄-ပါး၏ ဖြစ်ရာဌာနလည်း ဟုတ်၏၊ ဤမျက်စိ၌လည်း နာမက္ခန္ဓာ ၄-ပါး နှစ်စုံရ၏၊ မျက်စိသည် အပူ, အအေးစသော ဖောဋ္ဌဗ္ဗမျိုးတို့ကိုလည်း သိတတ်၏၊ နာတတ်၏၊ ကျင်တတ်၏၊ ကျိန်း တတ်၏၊ စပ်တတ်၏၊ အဆင်းအမျိုးမျိုးကိုလည်း မြင်တတ်၏၊ ပုဂ္ဂိုလ်မျိုး သတ္တဝါမျိုး အမှန်ဖြစ်၏ဟု ဆိုရာ၏၊ စက္ခုဝိညာဏ်သိကို မြင်သည်ဟူ၍ ခေါ်၏။

ထိုထို သက်ရှိ သက်မဲ့ ဝတ္ထုတို့ကို မြင်၍ ဘယ်သင်းဘယ်ဟာဟု သိကြရာ၌ မျက်စိသိ, မနောနှလုံးသိ, ပုဂ္ဂိုလ်သိဟု ခွဲမြဲခွဲလေ။

ရုပ်နာမ်ဖြစ်ပျက်ပုံ-- ပရမတ္ထအားဖြင့်မူကား မျက်စိဒြဗ် ဟူ၍ပင် မရှိ၊ ထိုနေရာ၌ဖြစ်သော ခန္ဓာ ၅-ပါးသာ ရှိ၏၊ ထိုတွင် ရူပက္ခန္ဓာ တစ်ပါးသာ ထိုနေရာ၌ အစဉ်မြဲ၏၊ နာမက္ခန္ဓာ ၄-ပါးတို့သည်ကား ထိုထိုအဆင်းအာရုံကို ကြည့်ရှု၍ နေဆဲအခါ၌သာ ဖြစ်ပေါ်ကုန်၏၊ အိပ်ပျော်၍ နေဆဲအခါ, မှောင်မိုက် အတွင်း၌နေဆဲအခါ, မျက်စိကို မှိတ်၍နေဆဲအခါတို့၌ ထိုနေရာမှာ ချုပ်ကွယ်၍ နေကြကုန်၏၊ ကြည့်ရှု၍ နေဆဲအခါမှာလည်း မျက် တောင်ခတ်တိုင်း ခတ်တိုင်း ခဏခဏချုပ် ကွယ်ကြရကုန်၏၊ အာရုံပြောင်းတိုင်း ပြောင်းတိုင်း ချုပ်ကွယ်ကြရကုန်၏။

စိတ်လျင်မြန်ပုံ-- မန်ကျည်းပင်အစရှိသော အရွက်စိပ်သစ်ပင် မျိုးတို့ကို မော်၍ကြည့်ရာ၌ အရွက်တစ်ခု တစ်ခုလျှင် နာမက္ခန္ဓာ ၄-ပါး အသီးအသီးဖြစ်၍ အသီးအသီးချုပ်ကွယ်ကြကုန်၏၊ အရွက် တစ်ခု ကိုမြင်မှု, သိမှုနှင့် ထို့ပြင် အရွက်တစ်ခုကို မြင်မှုသိမှုတို့သည် အသီးအသီး တို့သာတည်း၊ တစ်ခုပြီးမှတစ်ခု ဖြစ်ကြမြဲပေတည်း၊ နှစ်ခုပြိုင်၍ ဖြစ်မြဲ မဟုတ်၊ စိတ်မည်သည် အလွန်လျင်မြန်လှ၍ တစ်ပင်လုံးကိုပင် တစ်ပြိုင်နက်မြင်သည်ဟု ထင်၍ နေရကုန်၏။

အသိ ၃-မျိုး။ ။ အရွက်တစ်ခုတစ်ခု၌ပင် မျက်စိသိ, မနောနှလုံးသိနှင့် ပုဂ္ဂိုလ်သိ-- အသီးသီးစီ ဖြစ်ကြ၏၊

ထိုတွင် စက္ခုသိ ဆိုသည်ကား အဆင်း သက်သက်ကို မြင်မှုမျှသာတည်း၊ အကြီး, အငယ်, အဝန်း, အလျားစသော သဏ္ဌာန်ကို သိသည်မဟုတ်၊ မနောနှလုံးသိသို့ ရောက်မှ ထိုသဏ္ဌာန်တို့ အသီးအသီးပေါ်၏၊ ဤမနောနှလုံးကိုပင် ပုဂ္ဂိုလ်သိ ဆိုရသည်။

မန်ကျည်းပင်ကြီးကို မော်၍ကြည့်ရာ၌ အရွက်တွေကို အသီး အသီးမြင်မှုနှင့် အရွက်သဏ္ဌာန်တွေကို အသီးအသီးသိမှုသည် တစ်ပြိုင်နက်ပင် မှတ်ထင်ကြရကုန်၏၊ စိတ်၏ ဖြစ်မှု, ပျက်မှု, ပြောင်းလဲမှု မြန်ပုံကို ရိပ်မိရုံ ပြဆိုလိုက်သည်။

လောက၌ ဤမျက်စိ၏ အခွင့်မည်သည် အလွန်ကြီးကျယ်၏၊ နား၏ အခွင့်ထက်ပင် သာလွန်၏၊ မျက်စိ၌ ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ, နိစ္စ, သုခစွဲလမ်းမှု အလွန်ထက်သန်၏။

ဤစကား၌ စောဒနာချက် ဖြေဆိုချက်တို့ကို သောတ၌ ဆိုခဲ့တိုင်း သိလေ၊ ဤမှနောက်၌ စက္ခု၌ ဒိဋ္ဌိသိဉာဏ်သိ ခွဲခန်း, ၁၃-ပါးသော အဆစ်အပိုင်းတို့ကိုလည်း ဤစက္ခု၌ အကုန်အစင် မြင်ကြလေကုန်။

မျက်စိ၌ အရသာ ၂-မျိုး။ ။ အရသာနှင့် တဏှာအစွမ်းကို ပြဆိုနည်း၌ ဤမျက်စိမှာလည်း အရသာ နှစ်မျိုးရ၏၊

ထိုတွင် သုခသဟဂုဏ်ကာယဝိညာဏ်နာမက္ခန္ဓာ ၄-ပါးဟူသော အရသာ သည် ကိုယ်အင်္ဂါအရသာကြီးတွင် ပါဝင်လေပြီ။ လှပတင့်တယ်သော အဆင်းသဏ္ဌာန်မျိုး, မိမိအလိုရှိသော ဝတ္ထုမျိုး, မတွေ့စဘူး မမြင်စဘူးသော အာရုံဝတ္ထုမျိုးတို့ကို မြင်ကြသော အခါ၌ ခံစားရသော မျက်စိအရသာသည်ကား စက္ခုဝိညာဏ်နာမက္ခန္ဓာ ၄-ပါးပေတည်း၊ ဤစကားမျိုးတို့၌ မနောနှလုံးအမှုတို့ကိုလည်း အပါအဝင် ပြု၍ ယူကြလေကုန်။

အရသာ၌ ရှင်းချက်-- ပီတိ သုခ သောမနဿတို့ကို အရသာ ဆိုလိုရင်း ဖြစ်ငြားသော်လည်း ခန္ဓာ ၄-ပါးတို့၏ ဖြစ်မှုအလား ထင်ရှား စေခြင်းငှါ ခန္ဓာ ၄-ပါးဟူ၍ပင် ဆိုလိုက်သည်။

တစ်နည်းကား ဥပေက္ခာဝေဒနာသည်လည်း ပီတိ, သုခ, သောမနဿကို မရသာရာ၌ အငြီးပြေ အရသာမျိုးပင် ဖြစ်၏၊ မျက်စိမည်သည် ကောင်းသည်ကိုမှသာ ကြည့်လိုသည် မဟုတ်၊ ကြည့်ခွင့်ရှိပါလျက် မကြည့်ရလျှင် သက်သက် မနေနိုင်မှုမျိုးတည်း၊ တစ်သက်လုံး တစ်နေ့တစ်နေ့လျှင် အခါခါမြင်၍နေရသော ဝတ္ထုမျိုးပင် ဖြစ်သော်လည်း မက်စရာဝတ္ထုတစ်ပါးမရှိခဲ့လျှင် ထိုအာရုံကိုပင် တမော့ မော့နေရ၏၊ မကြည့်ဘဲမနေနိုင်၊ မကြည့်ဘဲ စက္ခုန္ဒြေကို ချုပ်တည်း၍ နေရမည်ဆိုလျှင် ခဏချင်းငြီးတောက်၏၊ စိတ်ကျဉ်းကြပ်၏၊ မျက်စိဥပစာ တဆုံး ဖွင့် လွှတ်၍ထားမှ အကြိုက်ကျ၏၊ အရသာကောင်း တွေ့သကဲ့သို့ အငြီးအတောက် ပြေပျောက်၏။

ထို့ကြောင့် မကောင်းသည်ဖြစ်စေ, ကောင်းသည်ဖြစ်စေ ကြည့်မြင် ရမှုသည်လည်း အငြီးအတောက် ပြေပျောက်စေတတ်သော အဖျော် အဖြေ အရသာကြီး တစ်မျိုးပင်ဖြစ်သတည်း၊ ကြွင်းသော သောတ,ဃာနစသည်တို့၌လည်း ဤနည်းတူ သိလေ။

ထို့ကြောင့် ဥပေက္ခာဝေဒနာကိုလည်း အရသာဆိုသင့်၏၊ နာမက္ခန္ဓာ ၄-ပါးလုံးကိုလည်း အရသာဆိုသင့်၏ဟူ၍ မှတ်လေ။ တစ်သက်လုံး မြင်၍နေရသော အာရုံမျိုးအလယ်၌ပင် စက္ခုန္ဒြေ ကို ချုပ်ထိန်း၍မရ၊ မျက်စိမျက်နှာဦးတည်မိရာ မျက်စိဥပစာ၌ မိုးကိုမျှော်လိုက်ရ၏၊ တိမ်ကို မျှော်လိုက်ရ၏၊ မြေအပြင်ကို မျှော်လိုက်ရ၏၊ ရေအပြင်ကိုမျှော်လိုက်ရ၏၊ တောတစ်ခွင်ကိုမျှော်လိုက်ရ၏၊ တောင်တစ် ခွင်ကိုမျှော်လိုက်ရ၏၊ လူကို နွားကို ခွေးကို ဝက်ကို အိမ်ကို ယာကို မျှော်လိုက်ရ၏၊ မျှော်ရမှ စိတ်ချောင်၏၊ စိတ်ချမ်းသာ၏၊ အရသာကြီး တစ်ပါးပင်ဖြစ်၏၊ ကိုယ်တွေ့ဒိဋ္ဌ ဖြစ်ကြ၏။

ဤမှနောက်၌ ဤစက္ခုအရသာ၌ သာယာသောတဏှာဝဋ်ဆိုး ကြီး, တဏှာ နူနာကြီးတို့ကို ကာယဝိညာဏ်၌ ပြဆိုခဲ့ပြီးသောနည်းကို အစဉ်မှီး၍ သိကြလေ။

စက္ခုဝိညာဏ်ပြီး၏၊

----- * ----

မနောဝိညာဏ် နာမက္ခန္ဓာ ၄-ပါးကို ပြဆိုခန်း

မနောနှလုံးသိ ပုဂ္ဂိုလ်သိခေါ်သော မနောနှလုံး၏ သိခြင်း, မနောနှလုံး၏ သိမှု, မနောနှလုံး၏ အသိဟုဆိုအပ်သော မနောဝိညာဏ် ဖြစ်ရာဌာန မနောဝိညာဏ် နာမက္ခန္ဓာ ၄-ပါးကို ပြဆိုပေအံ့။

မနောဝိညာဏ်ဖြစ်ရာဌာန-- ရင်တွင်း၌ရှိသော နှလုံးသွေး အတွင်း၌ ဤ မနောဝိညာဏ်သည်ဖြစ်၏၊ နှလုံးအိမ်သည်သာ အသားစိုင် အသားခဲဖြစ်၍ ကာယဝိညာဏနာမက္ခန္ဓာ ၄-ပါး၏ ဖြစ်ရာ ဌာနဖြစ်၏၊ နှလုံးသွေးသည်မူကား ကာယဝိညာဏ်ဖြစ်ရာဌာန မဆိုသာ။

မနောဝိညာဏ် အမျိုးမျိုး-- နှလုံးသွေး၏ အတွင်း၌ဖြစ်သော ထိုမနော ဝိညာဏ် နာမက္ခန္ဓာ ၄-ပါးသည်ကား အလွန် အထွေ အပြား များပြား၏၊ အကုသိုလ်ဟုဆိုအပ်သော မကောင်းသော အကြံမျိုး သည်လည်း မနောနှလုံးမှ ဖြစ်၏၊ ကုသိုလ်ဟုဆိုအပ်သော ကောင်းသော အကြံမျိုးသည်လည်း မနောနှလုံးမှ ဖြစ်၏၊ အိပ်ပျော်သော ဘဝင် အဗျာကတဝိညာဏ်သည်လည်း မနောနှလုံးမှ ဖြစ်၏၊ ကိုယ်အင်္ဂါကြီး ငယ်တို့ကို ပြုပြင်ခြင်းဟုဆိုအပ်သော ကာယကံမှုမျိုး, စကားပြောဆိုအပ် သော ဝစီကံမှုမျိုး, စိတ်နှလုံးထဲတွင် တရှိန်ရှိန်ထ၍နေသော မနောကံမှု မျိုးတို့သည်လည်း မနောနှလုံးမှဖြစ်ကုန်၏၊ ကုသိုလ်ဇော အကုသိုလ်ဇော တို့သည်လည်း ထိုမနောနှလုံးမှဖြစ်ကုန်၏။

ဇောစိတ်။။ဇောဆိုသည်ကား-- အလွန်ပြင်းထန်သော အဟုန်ရှိသော စိတ်မျိုးတည်း။

မီးရထားပမာ ကိုယ်ခန္ခာ

ဤကိုယ်ခန္ဓာကြီးသည် မီးရထား, မီးသင်္ဘောနှင့် တူ၏၊ နှလုံးအိမ်သည် မီးအိုး, ရေနွေးအိုးကြီးနှင့် တူ၏၊

ဘဝင်စိတ်မျိုးသည် ရေနွေးအိုး၌ရှိသော ပကတိ ရေနွေးနှင့် တူ၏၊ မနသိကာရ အာဝဇ္ဇန်းသည် မီးအိုး၌ရှိသော ပြင်းထန်သောမီးနှင့်တူ၏၊

လောဘဇော,ဒေါသဇောအစရှိသော အမျိုးမျိုးသော ဇောစုသည် ရေနွေး အိုးမှ တဟုန်တည်းဆူထသော ရေလှိုင်းပွက်တွေနှင့် တူ၏၊ ဇောအမျိုးမျိုးမှဖြစ်သော စိတ္တဇဝါယောတို့သည် ရေလှိုင်းပွက် တို့မှ ပန်း၍ထွက်သော အဟုန်ပြင်းထန်သော အခိုးနှင့်တူကုန်၏၊ ကိုးရာ သောအကြောတို့သည် အခိုးလျှောက်သွားရာ အခိုးကြောင်းနှင့် တူ ကုန်၏၊

အင်္ဂါ ကြီးငယ်တို့သည် စက်ကြိယာနှင့် တူကုန်၏၊ ပုဂ္ဂိုလ် သတ္တဝါတို့သည်လည်းသောင်း အဆင်းသဏ္ဌာန် အစရှိ သော အာရုံ ၆-ပါးတို့သည်လည်းကောင်း ရထား၏ စက်အိုးတို့နှင့် တူကုန်၏၊

တဏှာ ၆-ပါးတို့သည် ရထား၏ အစိုးရကြီးတို့နှင့် တူကုန်၏။

ရေနံကြမ်း မီးတောက်အသွင်စိတ်ဘဝင်

ဘဝင်စိတ်မည်သည် အလွန်နုံ့လှသော စိတ်မျိုးတည်း၊ ဤနုံ့လှ သော ဘဝင် စိတ်မျိုးမည်သည်ပင် အလွန်ပျံ့နှံ့သော အရှိန်အဝါရှိ၏၊ ညဉ့်အခါ တိုက်ခန်းအတွင်း၌ ထွန်းအပ်သော ရေနံကြမ်းမီး တောက်နှင့် တူ၏။

တူပုံကား-ထိုမီးတောက်မှ အလွန်လျင်မြန်သောလေသည် ထွက်၏၊ ထိုလေသည် မီးတောက်မှထွက်သော မီးရောင်တို့ကို မီးတောက် သည်နှင့် တစ်ပြိုင်နက် တိုက်ခန်းတစ်ခုလုံးပြည့်အောင် ဖြန့်ဖြူး၏၊ မီးတောက်မှထွက်သော အခိုးကြမ်း တို့ကိုလည်း ဝမ်းအဖို့ ရင်အဖို့တို့ကို ပြည့်စေ၏။

ထို့အတူ ဘဝင်စိတ်၏ အဟုန်ကြောင့်ဖြစ်သော စိတ္တဇလေ သည် အလွန်လျင်မြန်၏၊ ထိုလေသည် စိတ္တဇရုပ်ကလာပ်တို့ကို ဘဝင်စိတ် ဥပါဒ်သည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံးပြည့်အောင် ဖြန့်ဖြူး၏၊ ထွက်သက် ဝင်သက်တည်းဟူသော စိတ္တဇလေကြမ်းတို့ကို ရင်, ဝမ်းနှင့် အပြည့်ဖြစ်စေ၏။

အိပ်ပျော်၍ နေဆဲအခါ၌ပင်လျှင် ကိုယ်ခန္ဓာ အလယ်ပိုင်း တစ်ခုလုံးကို ရေလှိုင်းထသကဲ့သို့ ကြွချီလှုပ်ရှားစေလျက် ပြင်းထန်သော ရှုခြင်း, ရှိုက်ခြင်းကို ဖြစ်စေ၏၊ ဘဝင်စိတ်ဟူသော နုံ့လှစွာသောကြံမှု အရှိန်အဝါသည်ပင်လျှင် ဤမျှလောက် ထက်သန်၏။

ပြင်းထန်လှစွာသော အဟုန်နှင့်တကွ ယမ်းပုံမီးကျ ဖြစ်ပေါ်၍ထ သော ဇောဟူသော အကြံဓာတ်ကြီး အရှိန်အဝါသည် ဆိုဖွယ်ရာမရှိပြီ၊ အကြံမှုအကြံဓာတ် အရှိန်အဝါမျိုးမည်သည် ဤကဲ့သို့ ပြင်းထန်၏။

ဇောစိတ်၏ အရှိန်အဟုန်ပြင်းထန်ပုံ-- မီးရထား, မီး သင်္ဘောတို့၌ ထိုထို စက်ခလုတ်တို့ကို ပြုပြင်၍ ပေးလိုက်သည်ရှိသော် ရေအခိုးတို့သည် မိုးကြိုးအဟုန်ကဲ့သို့ ထိုထိုအခိုးကြောင်းတို့ကို ခဏချင်း ပြည့်ဖြိုးတွန်းဝှေ့ တိုက်ခိုက်ကာ ထွက်ကြကုန်သကဲ့သို့ ဤကိုယ်ခန္ဓာ၌ လည်း ပြုလိုသော အမှုအားလျော်စွာ စိတ္တဇဝါယော လေမုန်တိုင်းတို့သည် ထိုထိုအကြောကြီး အကြောငယ်တို့ကို အဟုန်နှင့်တကွ ခဏချင်း ပြည့်ဖြိုး စေကြကုန်၏။

အားခွန်ဗလသန်မြန်လှသော မြွေနဂါးကြီးငယ်တွေ က,ခုန်မြူး တူးကြကုန်သကဲ့သို့ ၆၀-သောအကြောကြီး, ၉၀၀-သော အကြောငယ် တို့သည် ခဏချင်း အဟုန်နှင့်တကွ အင်္ဂါကြီးငယ်တို့ကို ချီကြွ၍ ထကြွကွန့်မြူးကြရကုန်၏၊ ထိုအကြောကြီး, အကြောငယ်တို့၏ မြူးတူး ချက်ဖြင့် ဤကိုယ်ခန္ဓာ ကိုယ်အင်္ဂါတို့၏ အဟုန်နှင့်တကွ ထကြွလှုပ်ရှား သွားခြင်း လာခြင်း ကွေးခြင်း ဆန့်ခြင်းအစရှိသည်တို့သည် ဖြစ်ကြကုန်၏။

မီးရထား, မီးသင်္ဘောတို့၌ အသံဆိုင်ရာအပေါက်ကို ဖွင့်လှစ်လိုက် သည်ရှိသော် ထိုဆူပွက်သော ရေဟုန်တို့မှ အသံနှင့်တကွ ပြန်းထန်သော အခိုး၏ တိုးဝှေ့ ထွက်သွားခြင်းဖြင့် ဥဩသံ မြည်သည်ဖြစ်သကဲ့သို့ စကားစမြည် ပြောဆိုမည်ဟု ဇောစိတ်အကြံဓာတ်မျိုး ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် စကားပြောမှုဆိုင်ရာ စိတ္တဇလေတို့သည်လည်းကောင်း၊ လည်ပင်းကြော မေးကြော လျှာကြောတို့သည်လည်းကောင်း မြွေနဂါး တွေ မြူးကြကုန်သကဲ့သို့ တစ်ပြိုင်နက် လွန့်လက်မြူးကြွ ထကြရကုန်၏။

ရယ်ဇောဖြစ်ပေါ်ခဲ့လျှင် မျက်နှာအပြင်၌ ခဏချင်း ရုပ်ရွှင်ရုပ် ကြည်တွေအပြည့် ဖြစ်ပေါ်မှု, ငိုဇောဖြစ်ပေါ်ခဲ့လျှင် မျက်နှာအပြင်၌ ခဏချင်း ရုပ်ညှိုး ရုပ်နောက်တွေ အပြည့်ဖြစ်ပေါ်မှုတို့၌ကား ညဉ့်အခါ မီးထွန်းသော ဥပမာနှင့် တိုက်ဆိုင်၍ သိလေ၊ မျက်နှာအပြင်၌ ရယ်ရုပ် ငိုရုပ်တွေ ခဏချင်း အပြည့်ဖြစ် ပေါ်မှုတို့ကို မြင်သဖြင့် ဝမ်းတွင်း ရင်တွင်း လည်ပင်း ဦးခေါင်းတွင်း တစ်ခွင်လုံးတို့၌လည်း ထိုရုပ်တို့ ပြည့်မှုကို သိကြလေ။

အာရုံပြုမှု လျင်မြန်ပုံ-- အာရုံပြုမှု၏ အလွန်လျင်မြန်စွာ ပျံ့နှံ့ခြင်း၌ လည်း ဆိုင်းသံ စည်သံ အမြောက်သံ မိုးသံ မိုးကြိုးသံတို့သည် ဖြစ်ရာအရပ်မှ အလွန်ဝေးစွာသော အရပ်မျက်နှာတို့ကို ခဏချင်း ပျံ့နှံ့ကြကုန်ဘိသကဲ့သို့လည်းကောင်း, တိမ်တိုက်မှထွက်သော လျှပ်ရောင်, နေဝန်းမှထွက်သော နေရောင်, လဝန်းမှ ထွက်သော လရောင်တို့သည် လျင်မြန်လှသော လေဟုန်၏ အစွမ်းဖြင့် ထွက်ရာအရပ်မှ ခဏချင်း ကောင်းကင် မြေပြင် တစ်ခွင်လုံး ပျံ့နှံ့သကဲ့သို့လည်းကောင်း၊ စိတ်ခေါ် သော အကြံဓာတ် အသိဓာတ်မျိုးတို့သည် နေ, လ, နက္ခတ်, တာရာတို့နှင့် တကွ မိုးတစ်ပြင်လုံး မြေတစ်ပြင်လုံး တောတစ်ခွင်လုံး တောင်တစ်ခွင်လုံး တို့ကိုလည်းကောင်း, မနောဝိညာဏ်ချည်း ဖြစ်ခဲ့အံ့၊ အသက်ထက်ဆုံး တွေ့ကြုံဆက်ဆံ၍ လာခဲ့သော အရပ်ဒေသဌာန မြို့ ရွာ အာရုံဝတ္ထုတို့ကို လည်းကောင်း ခဏချင်း ပျံ့နှံ့၍ ယူနိုင်၏။

အကြံဟူသော ပကတိစိတ်ဓာတ်ကြီး၏ အရှိန်အဟုန် ကြီးကျယ်ပုံ အချက်ကို အမြွက်မျှ ပြဆိုလိုက်သည်၊ ဘာဝနာကိစ္စဖြင့် ပွါးစီးကြီးကျယ် ခြင်းသို့ရောက်သော တန်းခိုးဣဒ္ဓိဟူသော အကြံဓာတ်မျိုး၌ ဆိုဖွယ်မရှိပြီ။

ဤအချက်ကိုမူကား ဓာတ်တို့၏အစွမ်းကို နှံ့ပြားစွာ မမြင်နိုင်ကြ ကုန်သည်ရှိသော် သတ္တဝါတို့၌ ဖြစ်၍နေကြသောအမှုတို့ကို ဓာတ်တို့နှင့် အကုန်နေရာ မချနိုင်ကြကုန်သဖြင့် ပုဂ္ဂိုလ်အစွမ်း သတ္တဝါအစွမ်းတွေ ထင်မြင်၍နေမှုကို မဖျောက်ဖျက်နိုင် ရှိနေကြကုန်ရာသောကြောင့် ရိပ်မိရုံ ပြဆိုလိုက်သည်။

မနောနှလုံးကိစ္စ-- လောကဓမ္မတို့၌ ဤမနောနှလုံး၏အခွင့် သည် အလွန် တရာ ကြီးကျယ်လှ၏၊ ခပ်သိမ်းသော အလိမ်မာ ဟူသမျှ တို့သည်လည်းကောင်း,ခပ်သိမ်းသော အမိုက်အမဲ ဟူသမျှတို့သည် လည်းကောင်း ဤမနောနှလုံးမှ ဖြစ်ကုန်၏၊

လောကအလို ပုဂ္ဂိုလ်သတ္တဝါကိစ္စ ဖြစ်ပုံ

လောကအလိုအားဖြင့်-ဤမနော နှလုံးသည် ဣရိယာပုထ် ၄- ပါးကို ဆောင်တတ်၏၊ သွားတတ်၏၊ ရပ်တတ်၏၊ ထိုင်တတ်၏၊ လျောင်း တတ်၏၊ ပြောတတ်၏၊ ဆိုတတ်၏၊ ငိုတတ်၏၊ ရယ်တတ်၏၊ သူ့အသက် ကို သတ်တတ်၏၊ သူ့ဥစ္စာကို ခိုးယူတတ်၏။

ဤသို့ အစရှိသည်ဖြင့် ပုဂ္ဂိုလ်သတ္တဝါ၏ကိစ္စ ဟူသမျှသည် မနော နှလုံး၏ ကိစ္စချည်းသာတည်း။

မနောနှလုံးသည် ပုဂ္ဂိုလ်သတ္တဝါ မဟုတ်

စောဒနာရန်ရှိပြန်၏--

သက်သက်သော မနောကံကိစ္စမျိုးကိုသာ မနောနှလုံးပြုတတ်ပါ သည်၊ ကာယကံကိစ္စမျိုး ဝစီကံကိစ္စမျိုးတို့သည်ကား မနောနှလုံး သက် သက်နှင့် ပြီးစီးကြသည် မဟုတ်ကုန်၊ ကိုယ်အင်္ဂါ နှုတ်အင်္ဂါတို့ပါရှိမှ ပြီးစီးကုန်၏၊ ထို့ကြောင့် ကာယကံကိစ္စမျိုး ဝစီကံကိစ္စမျိုးတို့ကိုမူကား မနောနှလုံးသည် မပြုတတ်၊ ပုဂ္ဂိုလ် သတ္တဝါသည်သာ ပြုတတ်ပါသည်ဟု ဆိုရန်ရှိ၏၊

ကိုယ်အင်္ဂါ နှုတ်အင်္ဂါစုသည် သိတတ် ကြံတတ် အားထုတ်တတ် သလောဟု ပြန်၍မေးရာ၏၊ ကိုယ်အင်္ဂါ နှုတ်အင်္ဂါစုသည် မသိတတ် မကြံတတ် အားမထုတ် တတ်ပါ၊ မနောနှလုံးသည်သာ သိတတ် ကြံတတ် အားထုတ်တတ်ပါသည်ဟု ဆိုပေလတ္တံ့။

ပုဂ္ဂိုလ်သတ္တဝါဆိုသည်ကား သိတတ် ကြံတတ် အားထုတ်တတ် သည်ကို ဆိုသလော၊ မသိတတ် မကြံတတ် အားမထုတ်တတ်သည်ကို ဆိုသလောဟု မေးမြန်းရာ၏၊

သိတတ် ကြံတတ် အားထုတ်တတ်သည်ကို ဆိုပါသည်ဟု ဆိုပေလတ္တံ့။

ထိုအခါ မနောနှလုံးသည်သာ ပုဂ္ဂိုလ် သတ္တဝါ အစစ်ဖြစ်ကြောင်း သည် ထင်ရှားပေါ်၍ လာ၏၊ မနောနှလုံးသည်သာ သွားတတ် လာတတ် ပြောတတ် ဆိုတတ် ကြံတတ် သိတတ် သတ်တတ် ခိုးတတ်ကြောင်းသည် ထင်ရှားပေါ်၍ လာ၏၊

တစ်နည်းသော်ကား-သတ်မှု, ခိုးမှုမည်သည် မနောနှလုံး၏ သိမှု ကြံမှု သက်သက်နှင့် ပြီးစီးသည်မဟုတ်၊ ကိုယ်အင်္ဂါ နှုတ်အင်္ဂါတို့၏ လှုပ်ရှားမှု ပယောဂလည်း ပါရှိမှ ပြီးစီးသည်ဖြစ်၍ မနောနှလုံးသည်လည်း သတ်တတ်၏၊ ကိုယ်အင်္ဂါ နှုတ်အင်္ဂါသည်လည်း သတ်တတ်၏၊ မနော နှလုံးသည်လည်း ခိုးတတ်၏၊ ကိုယ်အင်္ဂါ နှုတ်အင်္ဂါသည်လည်း ခိုးတတ်၏၊ မနောနှလုံးသည်လည်း ပုဂ္ဂိုလ်သတ္တဝါတည်း၊ ကိုယ်အင်္ဂါ နှုတ်အင်္ဂါသည် လည်း ပုဂ္ဂိုလ်သတ္တဝါပင်တည်း။

လက်ဖြင့်သတ်ရာ၌-မနောနှလုံးသည်လည်း သတ်တတ်သော ပုဂ္ဂိုလ် သတ္တဝါပင်တည်း၊ လက်သည်လည်း သတ်တတ်သော ပုဂ္ဂိုလ် သတ္တဝါပင်တည်း၊ ဤအရာ၌မူကား မနောနှလုံးကို ပြဆိုရာဖြစ်၍ မနောနှလုံးသည် သတ်တတ်၏၊ ခိုးတတ်၏ဟု ဆိုပေသတည်း။ ရှေးနည်းကား မနောနှလုံးကိုသာ ပုဂ္ဂိုလ် သတ္တဝါအစစ်ဟု မှတ်ထင်သူတို့၏ အလိုပေတည်း။

နောက်နည်းကား တစ်ကိုယ်လုံးကိုပင် ပုဂ္ဂိုလ် သတ္တဝါဟု မှတ်ထင်သူတို့၏ အလိုပေတည်း။

အချို့သူတို့ကား စိတ်ကိုသာ ပုဂ္ဂိုလ် သတ္တဝါအစစ်ဟု ယူကုန်၏၊ အချို့သူတို့ကား ခန္ဓာငါးပါးလုံးကိုပင် ပုဂ္ဂိုလ် သတ္တဝါအစစ်ဟု ယူကုန်၏၊ အယူနှစ်မျိုးရှိ၏၊ ဤကား လောကအလိုတည်း။

ပရမတ်အလို ခန္ဓာ ၅- ပါး-- ပရမတ္ထအလိုအားဖြင့်မူကား-ပုဂ္ဂိုလ်, သတ္တဝါဟူ၍လည်း မရှိ၊ နှလုံးသွေးဟူ၍လည်း မရှိ၊ ထိုနေရာ ဌာန၌ အကြောင်းအားလျော်စွာ ဖြစ်ကြသော ခန္ဓာ ၅-ပါးသာရှိ၏၊

နာမ်ခန္ဓာများ ဖြစ်, ပျက်, ပြောင်းရွေ့မှု လျင်မြန်ပုံ

ထိုခန္ဓာ ၅-ပါးတို့တွင်- ခက်မာမှု နူးညံ့မှု ဖွဲ့စေးမှု ယိုစီးမှု ပူမှု နွေးမှုစသော ရူပက္ခန္ဓာစုသည်သာ ထိုနေရာ၌ ဖြစ်ချည် ပျက်ချည် အစဉ်အမြဲ တည်နေ၏။

နာမက္ခန္ဓာ ၄-ပါးတို့သည်ကား ထိုနေရာ၌ ဖြစ်ပေါ်ခိုက်၌သာ ရှိကုန်၏၊ ထိုနှလုံးဌာနမှတစ်ပါး တစ်ကိုယ်လုံးမှာ ထိုထိုနေရာတွင် ဖြစ်ပေါ်၍ နေခိုက်၌ နှလုံးမှာမရှိကြကုန်။

အရေတခွင်လုံးမှာ ထိုထိုနေရာ၌ နာမက္ခန္ဓာတို့ဖြစ်ပေါ်၍နေခိုက် နှလုံးမှာ ရူပက္ခန္ဓာတစ်ပါးသာ ရှိ၏၊

သားတစ်ကိုးရာတို့တွင် ထိုထိုသားတစ်မှာ ဖြစ်ပေါ်၍နေခိုက်၌ နှလုံးမှာ ရူပက္ခန္ဓာတစ်ပါးသာရှိ၏၊ အကြောကိုးရာတို့တွင် ထိုထို အကြောမှာ, အရိုးသုံးရာတို့တွင် ထိုထိုအရိုးမှာ, ၂-ကုဋေ ၃-သန်းသော ဆံပင်တို့တွင် ထိုထိုဆံပင်မြစ်မှာ, ၉-သောင်း ၉-ထောင်ကုန်သော မွေးညင်းတို့တွင် ထိုထိုမွေးညင်းမြစ်မှာ ဖြစ်ပေါ်၍ နေခိုက် နှလုံး၌ ရူပက္ခန္ဓာတစ်ပါးသာရှိ၏၊

ထိုသို့ဖြစ်ပါသော်လည်း နာမက္ခန္ဓာ ၄-ပါးတို့၏ ဖြစ်မှု ပျက်မှု ဖြစ်ရာဌာန ရွေ့မှု ပြောင်းမှု မည်သည် အလွန်တရာ မြန်လှသည်ဖြစ်၍ ရှေး၌ပြဆိုခဲ့ပြီးသော မီးရောင် နေရောင် လရောင် ဆိုင်းသံ စည်သံ အမြောက်သံ သေနတ်သံ မိုးသံ မိုးကြိုးသံတို့ကဲ့သို့ ခြေဖဝါးတပြင်လုံး၌ အလွန်ကျင်နာ၍ နေဆဲမှာပင် ထိုကျင်နာမှုကို မနောနှလုံးကလည်း အမြဲသိ၍နေသည်ဟု မှတ်ထင်ကြရကုန်၏၊

ခြေဖဝါးတစ်ပြင်လုံးတွင်လည်း တစ်သုတ်သုတ်ဖြစ်ပေါ်၍နေ သော နာမက္ခန္ဓာဟူသော နာမှု၏ ဖြစ်ရာဌာနသည် အဏုမြူမျှ ပမာဏ ကျယ်သည် မဟုတ်၊ တစ်သုတ်ချုပ်ကွယ်ပြီးမှ တစ်သုတ်ဖြစ်ပေါ်မြဲ ဓမ္မတာတည်း၊ တစ်သုတ် တစ်သုတ်၏ အကြားအကြား၌လည်း နာမှန်း ကျင်မှန်းသိသော မနောနှလုံးသိ အသီးအသီး ညှပ်ကာညှပ်ကာ ဖြစ်မြဲ ဓမ္မတာတည်း။

မညှပ်ခဲ့လျှင် ထိုတသုတ် နာမှုကို နာသည်ဟု ပုဂ္ဂိုလ်သိ ဖြစ်နိုင်သည်မဟုတ်၊ ခြေဖဝါးက နာမှု မနောနှလုံးကသိမှု အစုံအစုံတို့၏ အကြားအကြား၌လည်း ဘဝင်မနော တစ်သုတ်တစ်သုတ်ခြားမြဲ ဓမ္မတာတည်း၊ ဤသို့ဖြစ်ပါလျက် ခြေဖဝါး တစ်ပြင်လုံးသည် တစ်ပြိုင် နက်ပင် နာ၍နေသည်၊ နာမှု တစ်ပြင်လုံး တစ်ခုတည်း ဖြစ်၍ နေသည်ဟု မှတ်ထင်ကြရကုန်၏၊ မနောနှလုံးကလည်း နာမှုနှင့် အပြိုင်သိ၍ နေသည်ဟု မှတ်ထင်ကြရကုန်၏၊

ခြားနားရှင်းလင်းစွာ သိခြင်း မြင်ခြင်းငှါ ထိုက်လှသော အချက်ကြီး တစ်ခု ပေတည်း၊ တစ်ကိုယ်လုံးရှိ ထိုထိုအင်္ဂါတို့ကို တစ်ဖက်, မနောနှလုံးကို တစ်ဖက် ထား၍ ဤနည်းအတိုင်း အကုန်သိကြလေ။

မြင်မှု,သိမှုစသည်ကိုတစ်ပြိုင်နက်တည်တစ်ပြိုင်နက်တည်း မှတ်ထင်ကြခြင်း

မြင်မှုနှင့် သိမှုမှာလည်း တစ်နာရီ ကြည့်ရှု၍နေရာ၌ အစအဆုံး တိုင် မြင်မှုလည်းတစ်ခုတည်း မျက်စိက မြင်မှုနှင့် မနောနှလုံးက သိမှုလည်း တစ်ပြိုင်တည်း မှတ်ထင်ကြရကုန်၏၊

ကြားမှု သိမှုအစုံ, နံမှု သိမှုအစုံ, လျက်မှု သိမှုအစုံတို့၌လည်း ထိုနည်းအတူ သိကြလေ။

မြင်မှုနှင့် ကြားမှု, မြင်မှုနှင့် နံမှု, မြင်မှုနှင့် လျက်မှု, မြင်မှုနှင့် တွေ့ထိမှု, ကြားမှုနှင့် နံမှု, ကြားမှုနှင့် လျက်မှု, ကြားမှုနှင့် တွေ့ထိမှု စသည်တို့၌လည်း ပြိုင်သည်ဟု မှတ်ထင်ကြရကုန်၏၊

မနောနှလုံးသိ သက်သက်၌လည်း ဝထ္ထုအာရုံ အမျိုးမျိုးတို့ကိုပင် တစ်ပြိုင် တည်း သိနိုင်သည်ဟု မှတ်ထင်ကြရကုန်၏၊ စကားပြောဆိုကြ ရာ၌ အက္ခရာတစ်လုံးတစ်လုံးလျှင် ဇောစိတ် ၇-ကြိမ် ၇-ကြိမ် တစ်သုတ် တစ်သုတ်စီ ဖြစ်ရ၏၊ အက္ခရာချင်းလည်း ရှေ့နောက် မရောမယှက် အာကာသပရိစ္ဆေဒ ခြားလျက် ရှိကြ၏၊ ဇောအသုတ်ချင်းလည်း ရှေ့နောက် မရောမယှက် ဘဝင်စိတ် ခြားလျက် ရှိ၏၊ သို့ဖြစ်ပါသော် လည်း စကားလုံး တစ်သောင်းတစ်သိန်းကိုပင် ဇောစိတ်တစ်ခုနှင့် ပြောဆို၍ နေသည်ဟု မှတ်ထင်ကြကုန်၏။

ဣရိယာပုထ် ၄-ပါး၌ ဗျာပါရ မတူကြခြင်း စင်စစ်မှာမူကား ဣရိယာပုထ် ၄-ပါးတို့တွင်--

၁။ သွားမှု ဥဿာဟ ဗျာပါရခေါ်သော ဇောအခြင်းအရာကားတစ်မျိုး၊

၂။ ရပ်မှု ဥဿာဟ ဗျာပါရခေါ်သော ဇောအခြင်းအရာကား တစ်မျိုး၊

၃။ ထိုင်မှု ဥဿာဟ ဗျာပါရခေါ်သော ဇောအခြင်းအရာကား တစ်မျိုး၊

၄။ လျောင်းမှု ဥဿာဟ ဗျာပါရခေါ်သော ဇောအခြင်းအရာ ကား တစ်မျိုး အသီးသီးဖြစ်ကြ၏၊

ဥဿာဟ ဗျာပါရ မတူသည်ဖြစ်၍ စိတ္တဇလေတို့၏ ထပုံကြွပုံ ချင်းမတူကြ၊ စိတ္တဇလေတို့၏ ထပုံကြွပုံချင်း မတူကြသည်ဖြစ်၍ အကြောကြီးအကြောငယ်တို့၏ ထပုံကြွပုံချင်းလည်း မတူကြ၊ အကြော ကြီးအကြောငယ်တို့၏ ထပုံကြွပုံချင်း မတူကြသည်ဖြစ်၍ ကိုယ်အင်္ဂါကြီး ငယ်တို့၏ သယ်ပုံ ပိုးပုံ လှုပ်ရှားပုံချင်းလည်း မတူကြ၊ သူ့ဥဿာဟ ဗျာပါရနှင့် သူ့ကြိယာ အသီးသီးဖြစ်ကြ၏၊ နှစ်ခုပြိုင်၍ မရကောင်း။ ထို့အတူ သွားမှု၌လည်း ခြေတစ်လှမ်း တစ်လှမ်းလျှင် မနောနှလုံး၌ ဇောဥဿာဟ တစ်သုတ်တစ်သုတ်စီဖြစ်ကြ၏၊ ကြွင်းသော ဣရိယာပုထ် တို့၌လည်းကောင်း, ထိုထိုဣရိယာပုထ်တွင်းမှာ ထိုထိုကိုယ် အင်္ဂါလှုပ် ရှားမှုတို့၌လည်းကောင်း အကြံ ဥဿာဟ ဗျာပါရ အသီးသီး ဖြစ်ရမှုကို လည်း သိကြလေ။

မနောနှလုံး၌ ဖြစ်ပေါ်မှု ၃-မျိုး။။ ထိုမှတစ်ပါး--

၁။ မနောနှလုံး၌ အကုသိုလ် အကြံအစည် နာမက္ခန္ဓာ ၄- ပါးဖြစ် ပေါ်မှုတစ်မျိုး၊

၂။ ကုသိုလ် အကြံအစည် နာမက္ခန္ဓာ ၄-ပါးဖြစ်ပေါ်မှုတစ်မျိုး၊

၃။ ဘဝင် နာမက္ခန္ဓာ ၄-ပါးဖြစ်ပေါ်မှုတစ်မျိုး၊ သုံးမျိုးရှိ၏၊

နာမက္ခန္ဓာအလိုက် နှလုံးသွေးဖြစ်ပုံ

ဘဝင်နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်ဆဲအခါ၌ နှလုံးသွေးသည် ပကတိ နီမြန်း သော အဆင်းအတိုင်းပင် တည်ရှိ၏၊ အကုသိုလ်နာမက္ခန္ဓာ ၄- ပါး ဖြစ်ပေါ်လာလျှင် နှလုံးသွေးတစ်မျိုး ပြောင်းလဲ၏၊ ကုသိုလ် နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်လာလျှင် နှလုံးသွေးတစ်မျိုး ပြောင်းလဲရ၏၊ ကုသိုလ်ဖြစ် ပေါ်ခိုက်မှာ နှလုံးသွေးသည် ပကတိထက် ကြည်လင်၏၊ အကုသိုလ် ဖြစ်ပေါ်လာခိုက်မှာ ပကတိထက် နောက်ကျု၏။

ကုသိုလ်ဇောတို့တွင်လည်း---သဒ္ဓါလွန်ကဲသော အလှည့်မှာ ဝါ၍ ကြည်၏၊

ပညာလွန်ကဲသော အလှည့်မှာ အရောင်အလက်နှင့်တကွ ကြည်၏၊

မေတ္တာလွန်ကဲသော အလှည့်မှာ အလွန်ချမ်းမြ၍ ကြည်၏၊ လောဘလွန်ကဲသော အလှည့်မှာ ပကတိထက်နီလျက် နောက်ကျု၏၊

ဒေါသလွန်ကဲသော အလှည့်မှာ ညိုလျက် မည်းနက်လျက် နောက်ကျု၏၊

မောဟလွန်ကဲသော အလှည့်မှာ သားဆေးရေကဲ့သို့ နီပြေပြေ နောက် ကျု၏၊

ဝိတက်လွန်ကဲသော အလှည့်မှာ ကုလားပဲပြုတ်ရည်ကဲ့သို့ ဖြော့တော့သော အဆင်းရှိ၍ နောက်ကျု၏၊

ပီတိသောမနဿလွန်ကဲသော အလှည့်မှာ ရွှင်သောအဆင်း ရှိ၏၊

ဒေါမနဿလွန်ကဲသော အလှည့်မှာ ညှိုးခြောက်သော အဆင်းရှိ လျက် နောက်ကျု၏၊

သောက ပရိဒေဝ လွန်ကဲသော အလှည့်မှာ အလွန်ပူလောင်မည်း ညစ်၏၊

ကြောက်ခြင်း ရွ့ခြင်း ထိတ်လန့်ခြင်းဖြစ်သော အလှည့်မှာ အလွန် အေးချမ်း ၍ ခဲ၏၊

ဤကဲ့သို့ ထိုဇောစိတ္တုပ္ပါဒ် နာမက္ခန္ဓာအမျိုးမျိုးတို့ အလှည့် အလည်အားဖြင့် ဖြစ်ပေါ်လာသောအခါ နှလုံးသွေးအမျိုးမျိုး အသစ် အဟောင်းပြောင်းလဲ၏၊

ကိုယ်တွင်းသန္တာန်၌ အထူးထူး အထွေထွေ ဖြစ်၍နေကြသော ခန္ဓာ ၅-ပါးတို့၏ အထွေထွေ အလာလာ အမှုသွားတို့ကို မြင်နိုင်သော ဉာဏ်မျက်စိ မရှိကြကုန်မူ၍ အပေါ်ရံပြင်ပ အပေါင်းမျှကိုသာ သိမြင်၍ နေကြကုန်သော သူတို့မူကား စိတ်ဝိညာဏ်ဟူသည် တစ်သက်လုံး အမြဲတည်ရှိ၍ နေသည်ဟု မှတ်ကြကုန်၏၊

ထို့ကြောင့် တစ်ကိုယ်လုံး၌ နာမက္ခန္ဓာတို့၏ ဖြစ်ရာဌာနတွေကို လည်းကောင်း, ဖြစ်ဆဲအခိုက် အလှည့်တွေကိုလည်းကောင်း အထွေထွေ အလာလာ များစွာဝေဖန်၍ ပြဆိုလိုက်သည်။

(ဤကား မနောဝိညာဏ် နာမက္ခန္ဓာတည်း။)

မနောဝိညာဏ်နာမက္ခန္ဓာ၌ ဒိဋ္ဌိသိနှင့် ဉာဏ်သိ ခွဲပုံ

ဤမနောဝိညာဏ် နာမက္ခန္ဓာ ၄-ပါး၌ ဒိဋ္ဌိသိ ဉာဏ်သိခွဲပုံကို ဆိုပေအံ့။

ဤ၌ ဒိဋ္ဌိသိမြင်မှုသည် အလွန်များပြားလှ၏၊ အကျဉ်းမျှကို ပြဆိုပေအံ့။

ဒိဋ္ဌိသိ-- သတ္တဝါ အပေါင်းတို့အား မျက်စိဖြင့်မြင်၍ ထွေထွေ လာလာ သိကြရာ၌လည်း ပုဂ္ဂိုလ်မြင်မှု သတ္တဝါမြင်မှု ပုဂ္ဂိုလ်သိမှု သတ္တဝါ သိမှုဟု ထင်မြင် စွဲယူသော သက္ကာယဒိဋ္ဌိ အရိုးစိုက်ကြီးသည် ရှိနေကြ၏။

နားဖြင့်ကြား၍ နှာခေါင်းဖြင့်နံ၍ လျှာဖြင့်လျက်၍ ကိုယ်အင်္ဂါဖြင့် တွေ့၍ ထွေထွေလာလာသိကြရာ၌ ပုဂ္ဂိုလ်တွေ့မှု ပုဂ္ဂိုလ်သိမှု သတ္တဝါသိမှု ဟု ထင်မြင် စွဲယူသော သက္ကာယဒိဋ္ဌိ အရိုးစိုက်ကြီး ရှိနေကြ၏။

မနောနှလုံးသက်သက်ဖြင့် ထွေထွေလာလာကြံကြသိကြရာ၌ ပုဂ္ဂိုလ်ကြံမှု သိမှု သတ္တဝါကြံမှုသိမှုဟု ထင်မြင်စွဲယူသော သက္ကာယဒိဋ္ဌိ အရိုးစိုက်ကြီးသည်ရှိနေ ကြ၏၊ သတ္တဝါ တစ်ကောင်လုံးသည် ဒိဋ္ဌိတုံးကြီး ဒိဋ္ဌိခဲကြီး ဒိဋ္ဌိပဒေသာပင်ကြီး ဖြစ်၍နေကြ၏။

ထို ၆-ချက်တို့တွင် ရှေ့ ၅-ချက်တို့သည် ပဉ္စဝိညာဏ်နာမက္ခန္ဓာ တို့၏အခန်း၌ ပါဝင်လေကြကုန်ပြီ၊ နောက်ဆုံးအချက်သည်ကား ဤမနောဝိညာဏ် နာမက္ခန္ဓာ သက်သက်တို့ကို ပုဂ္ဂိုလ် သတ္တဝါပြု၍ ထင်မြင်စွဲယူမှုပေတည်း၊ မနောဝိညာဏ် နာမက္ခန္ဓာ ၄-ပါးတို့ကို နိစ္စဟူ၍ သုခဟူ၍ အတ္တဟူ၍ စွဲလမ်းမှုပေတည်း။

မနောဝိညာဏ်နာမက္ခန္ဓာကို နိစ္စစသည်ဟူ၍စွဲလမ်းပုံ စွဲလမ်းပုံကား-ပုဂ္ဂိုလ် သတ္တဝါဟူသည် ဖြစ်စရာ ပျက်စရာ သဘာဝ အသား မရှိသောýနိမိတ္တဓမ္မမျိုးကြီးဖြစ်၍ နိစ္စမျိုး ဓုဝမျိုးပေတည်း။

တစ်ဘဝ တစ်ဘဝတွင် တစ်ခါဖြစ် တစ်ခါပျက်သာ ရှိသည်ဖြစ်၍ တစ်သက် တစ်သက် ခိုင်မြဲသော နိစ္စမျိုး ဓုဝမျိုးပေတည်း။

ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့ကို ပုဂ္ဂိုလ်ဟူ၍ သတ္တဝါဟူ၍ ငါဟူ၍ သူတစ်ပါးဟူ၍ ယောကျ်ား မိန်းမဟူ၍ ထင်မြင်စွဲလမ်းမှုသည် ထိုရုပ်ခန္ဓာ, နာမ်ခန္ဓာတို့ကို နိစ္စမျိုး ဓုဝမျိုး ဟူ၍ ထင်မြင်စွဲလမ်းမှု ဖြစ်လေ၏၊

နိစ္စ ဓုဝဟူသည် ဣဋ္ဌမျိုး သုခမျိုး သုဘမျိုးပေတည်း၊ အနှစ်သာရ အတ္တ မျိုးပင်တည်း။

မနောဝိညာဏ် နာမက္ခန္ဓာကို အနိစ္စစသည်ဟူ၍ သိမြင်ပုံကြံတတ် သိတတ်သော ပုဂ္ဂိုလ် သတ္တဝါ ဟူ၍ မရှိ၊ ခန္ဓာ ၅-ပါး ရုပ်, နာမ်တရားသာ ရှိ၏။

ထိုတရားတို့တွင် နှလုံးသွေး၌ရှိသော နူးညံ့မှု ကြိယာ ဖွဲ့စေး ယိုစီးမှုကြိယာ ပူမှုနွေးမှု ကြိယာ ပွရွ လှုပ်ရှားမှု ကြိယာ အဆင်း အနံ့ အရသာ ဩဇာတို့ကား ရုပ်ခန္ဓာတို့တည်း။ ထိုရုပ်ခန္ဓာတို့သည် ကြံမှုမျိုး သိမှုမျိုး မဟုတ်ကုန်၊ ပုဂ္ဂိုလ် သတ္တဝါမဟုတ်ကုန်။

ဗဟိဒ္ဓမှ အာရုံတိုက်ခိုက်လာသည်ရှိသော် ထိုနှလုံးအတွင်း၌ ရံခါရံခါ မနောဝိညာဏ် နာမက္ခန္ဓာ ၄-ပါးတို့သည် တစ်သုတ်တသုတ် ဖြစ်ပေါ်ကုန်၏၊ ထိုနာမက္ခန္ဓာတို့ကို ကြံမှု သိမှုဟု ဆိုသတည်း။

နှလုံးသွေး၌လည်း ထိုနာမက္ခန္ဓာတို့၏ ဖြစ်ပေါ်ရာဌာနသည် တစ်ရာမက တစ်ထောင်မက များပြား၏၊ အကြောင်းအခွင့် အထူးသင့်ရာ ဤနေရာ၌ တစ်သုတ်, ထိုနေရာ၌တစ်သုတ် ဖြစ်ပေါ်ကြကုန်၏၊ တစ်နာရီ အတွင်းမှာပင် ဖြစ်ရာဌာနပေါင်း တစ်ရာ တစ်ထောင်မက ပြောင်းလဲ၏ အသုတ်ပေါင်း တစ်ရာ တစ်ထောင်မက များပြား၏။

တစ်သုတ် တစ်သုတ်၏ အကြားအကြား၌ ဘဝင်မနော အသီးအသီး ဖြစ်ပေါ်၍ခြား၏၊ အသုတ်နှစ်ခု ပြိုင်ရိုးမရှိ၊ ဘဝင်မနောနှင့် လည်း ပြိုင်ရိုးမရှိ၊ တစ်သုတ်ချုပ်ဆုံးမှ ဘဝင်တသုတ်ဖြစ်ပေါ်၏၊ ဘဝင်ချုပ်ဆုံးမှ နောက်တသုတ် ဖြစ်ပေါ်၏။

နှလုံးသွေးမှတပါး စက္ခု, သောတ စသော တစ်ကိုယ်လုံးမှာ ထိုထိုနေရာ၌ နာမက္ခန္ဓာ ၄-ပါးတို့ဖြစ်ပေါ်၍ နေခိုက်တို့၌လည်း နှလုံးသွေးမှာ ဘဝင်ဝိညာဏ်, မနောဝိညာဏ် နာမက္ခန္ဓာ ၄-ပါးတို့ အကုန် တိတိ ကင်း၍နေကုန်၏၊ ရူပက္ခန္ဓာ သက်သက်သာ ရှိနေ၏။

အနိစ္စနှင့် မရဏဘေး-- တသုတ်တသုတ် ချုပ်မှု ပျက်မှု ကုန်ဆုံးမှုတို့ကား အနိစ္စလက္ခဏာ အမြဲပါရှိ၍နေကုန်သော ထို နာမက္ခန္ဓာ ၄-ပါးတို့သည် အနိစ္စမျိုး စင်စစ်တို့သာတည်း၊ အနိစ္စလက္ခဏာ ဟူသည် မရဏဘေးကြီး အစစ်တည်း။

ဒုက္ခမျိုး-- မရဏဘေးကြီး ခဏမစဲ အမြဲကပ်တိုက်၍ နေကုန် သော ထိုနာမက္ခန္ဓာ ၄-ပါးတို့သည် ငါဟူ၍လည်းကောင်း, ငါ၏ ဥစ္စာဟူ၍ လည်းကောင်း သိမ်းပိုက်ဝံ့စရာမရှိ၊ ကြောက်မက်ဖွယ် အတိဖြစ်သော ဒုက္ခမျိုး စင်စစ်တို့သာတည်း။

အနတ္တမျိုး-- မျက်တောင်တစ်ခတ်မျှခိုင်မြဲ၏ဟု စိတ်ချရသော အနှစ် သာရမျိုး မဟုတ်ကြကုန်သောကြောင့် ပုဂ္ဂိုလ်သတ္တဝါ၏ အမာခံ အနှစ်သာရ အတ္တမဟုတ်သော အနတ္တမျိုး စင်စစ်တို့သာတည်း။

ပုဂ္ဂိုလ်သတ္တဝါ၏ အနှစ်သာရမှန်ခဲ့လျှင် ပုဂ္ဂိုလ်သတ္တဝါ အသက် ရှည်သမျှ ခိုင်မြဲရမည်၊ တစ်ဘဝတွင် တစ်ခါဖြစ်တစ်ခါသေသာ ရှိရမည်၊ ထိုသို့ကား မဟုတ်၊ နာမက္ခန္ဓာ ၄-ပါးတို့သည်ကား တစ်နာရီအတွင်းမှာပင် အခါတစ်ရာမက သေဆုံးကြကုန်၏၊ ပုဂ္ဂိုလ်နှင့် တစ်လမ်းစီ နေကြကုန်၏။

ထို့ကြောင့် နာမက္ခန္ဓာ ၄-ပါးတို့သည် ပုဂ္ဂိုလ်သတ္တဝါ၏ အထည်ခံ အမာခံ ဟူသော အတ္တမဟုတ်ကုန်၊ ပုဂ္ဂိုလ်၏ ကိုယ်မဟုတ်၊ သတ္တဝါ၏ ကိုယ်မဟုတ်၊ ပုဂ္ဂိုလ်သတ္တဝါ၏ ကိုယ်ဟုတ်ခဲ့လျှင် ပုဂ္ဂိုလ် သတ္တဝါ သေဆုံးမှ သေဆုံးကြရလိမ့်မည်။

ဤသို့သော သိခြင်း မြင်ခြင်းသည်ကား ထိုနာမက္ခန္ဓာ ၄-ပါးတို့ကို အနိစ္စဟူ၍ ဒုက္ခဟူ၍ အနတ္တဟူ၍သိခြင်း မြင်ခြင်းပေတည်း။

ဤမှနောက်၌ ၁၃-ရပ်သော အဆစ်အပိုင်းတို့ကို ဆက်လက်၍ သိကြလေ။

စိတ်အရသာ ကြီးကျယ်ပုံ-- အရသာ၌ စိတ်အရသာ မနော အရသာမည်သည် အလွန်တရာ ကြီးကျယ်၏၊ ဇောစိတ် ဇောမနော ဇောဝိညာဏ်တို့၏ အရသာကို မဆိုထားဘိဦး၊ အိပ်ပျော်မှုဟူသော ဘဝင် မနော၏ အရသာသည်ပင်လျှင် အလွန်သာယာဖွယ် ခံစားဖွယ်ကြီး တစ်ပါး ဖြစ်၏။

နိဒ္ဒါရာမတာ တဏှာ-- စားသောက်၍ မမြိန်မရှက်ရှိခဲ့လျှင် စိတ်စက် မကြည်မချမ်း ရှိကြကုန်၏၊ စားသောက်၍ မမြိန်မရှက်ရှိခဲ့လျှင် စိတ်စက်မကြည် မချမ်းရှိသကဲ့သို့ အိပ်စက်၍ မခြိုက်မမြိုက် ရှိခဲ့လျှင် စိတ်စက် မကြည်မချမ်း ရှိကြကုန်၏၊ အအိပ်ပျက်မည် အစားအသောက် ပျက်မည်ကို အလိုမရှိကြ၊ အအိပ်ပျက်မခံနိုင် အစားပျက်မခံနိုင် ရှိနေ ကြ၏၊ အိပ်စက်မှုဟူသော ဘဝင်မနော အရသာ၌ သာယာသော တဏှာသည် နိဒ္ဒါရာမတာ တဏှာမည်၏။

ဓမ္မအန္တရာယ်ကြီး-- ဤသာသနာတော်၌ ဗောဓိပက္ခိယဓမ္မ အစီး အပွါးသည် အထွတ်အမြတ် ဖြစ်၏၊ သတ္တဝါတို့ အိပ်ကြရာ ဆိတ်ငြိမ်သော ညဉ့်နာရီစုသည် ဗောဓိပက္ခိယဘာဝနာစီးပွါးကို အားထုတ် ကြရာ မြို့အလယ် ရွာအလယ်၌ပင် တောအသွင်ကဲ့သို့ အထူးသင့် လျော်လှသော အခါဖြစ်၏။

ယခုအခါ သာသနာဂိုဏ်းဝင် လူရှင်အပေါင်းတို့အား နိဒ္ဒါရာမတာ အပေါက်ရှိနေကြသည့်အတွက် ထိုအချိန်နာရီတွေကို အိပ်မှုနှင့် ဖြုန်း၍ ပစ်ကြကုန်၏၊ ဓမ္မအန္တရာယ်ကြီးတစ်ပါး ဖြစ်၏၊ ဇောမနောအရသာကို အမြဲလိုက်စားကြကုန်၏၊ မိမိ မိမိတို့ စိတ်ပျော်ရာ အာရုံဝတ္ထုအမှုကိစ္စနှင့် နေရမှ နေနိုင်ကြကုန်၏၊

ဇောစိတ်အရသာ၌ သာယာသော တဏှာအမျိုးမျိုး

ဇောမနောအရသာတို့၌ သာယာသော တဏှာသည်ကား ကမ္မာရာမတာ တဏှာ, ဘဿာရာမတာ တဏှာ, သင်္ဂဏိကာရာမတာ တဏှာ စသည်ဖြင့် အလွန် များ၏။

ကမ္မာရာမတာ တဏှာ-- ပရိယတ္တိ ပဋိပတ္တိ ဗောဓိပက္ခိယ စီးပွါးတို့မှ အပဖြစ်သော လုပ်ကြံမှုတို့ကို မစွန့်နိုင်သော တဏှာသည် ကမ္မာရာမတာ မည်၏။

ဘဿာရာမတာ တဏှာ-- အပေါင်းအဖော်တို့နှင့် စကား ပြောဆိုမှုကို မစွန့်နိုင်သော တဏှာသည် ဘဿာရာမတာ မည်၏၊

သင်္ဂဏိကာရာမတာ တဏှာ-- အဖော်နှင့်ကင်း၍ ဆိတ်ငြိမ် ရာဌာန၌ တစ်ကိုယ်ရေတစ်ကာယ မနေနိုင်သောတဏှာသည် သင်္ဂဏိ ကာရာမတာ မည်၏။

ဗောဓိပက္ခိယစီးပွါးကို လွန်စွာ ဖျက်ဆီးနိုင်သော ဓမ္မန္တရာယ်ကြီး တို့ပေတည်း၊ ခွေး, ကျီး, လင်းတ ဥပမာ၊ နူနာကြီး ဥပမာကိုလည်း ထိုက်သည့်အားလျော်စွာ သိကြလေ။

ဖြစ်မှုပျက်မှုနှင့်တကွ

မနောဝိညာဏ်နာမက္ခန္ဓာ ၄-ပါးတို့ကို ပြဆိုခန်းပြီး၏၊

ဒိဋ္ဌိနှင့် ဉာဏ်သိခွဲပုံ ပြီး၏၊

------- * ------

ဝိညာဏ် ၆-ဖြာနာမက္ခန္ဓာ ၄-ပါးတို့ ကိုယ်ခန္ဓာ၌ ဖြစ်နေပုံ

ယခုအခါ ဝိညာဏ် ၆-ဖြာ ခန္ဓာ ၄-ပါးတို့၏ ဤကိုယ်ခန္ဓာ၌ ဖြစ်၍ နေပုံကို ဥပမာဖြင့် ထင်သာ မြင်သာအောင် ပြဦးအံ့။

မီးဓာတ်ရုပ်ကြီး ဥပမာ-- လောကဓာတ်ပညာဖြင့် လုပ်ကြံ၍ ထားအပ်သော မီးဓာတ်ရုပ်ကြီး တခုသည် ရှိရာ၏၊ လူ၏အဆင်း လူ၏သဏ္ဍာန်နှင့် အလုံးစုံ အကုန်တူ၏၊ ဖလ်မှန်ကဲ့သို့ အလွန်ကြည် လင်၏၊ အတွင်းအပြင် အကုန်မြင်ရ၏၊ လေသလပ်သည်ရှိသော် လေထိရာအရပ်၌ မီးဖြစ်ပေါ်၏၊ မီးတောက် မဟုတ်၊ ဓာတ်ဆေးသား နှင့်စွဲသော မီးခဲမျိုးပေတည်း။

လေပြတ်စဲပြန်လျှင် ဖြစ်ပေါ်သော မီးလည်း သေပျောက်၏၊ ခြေဖဝါး တပြင်လုံးကို လေသလပ်ခဲ့လျှင် ခြေဖဝါးတစ်ပြင်လုံး မီး အပြည့်ဖြစ်ပေါ်၏၊ လေပြတ်ခဲ့လျှင် မီးအားလုံး သေပျောက်၏၊ တစ်ကောင်လုံး လေအကုန်သလပ်ခဲ့လျှင် တစ်ကောင်လုံးအပြည့် တစ်ပြိုင်နက် မီးဖြစ်ပေါ်၏၊ တစ်ကောင်လုံး မီးခဲကြီး ထင်မြင်ရ၏၊ လေပြတ်စဲခဲ့လျှင် ပြတ်စဲသည်နှင့် တစ်ပြိုင်နက် ကွယ်ပျောက်၏၊ ဆေးသား ပကတိအတိုင်း ကျန်ရှိ၏၊ ဆေးသားကား မီးကျွမ်းနိုင်သော အသား မဟုတ်။

ရေထဲမှန်ထဲ၌ပေါ်သော နေဝန်းလဝန်းရိပ်သည် ရေနှင့် မှန်နှင့် ဖြစ်အတူ ပျက်အတူ ရောယှက်ခြင်း မရှိသကဲ့သို့ ဆေးသားပေါ် ဆေး သားတွင်း၌ ဖြစ်ပေါ်သော မီးသည်လည်း ဆေးသားနှင့် ဖြစ်အတူ ပျက်အတူရောယှက်ခြင်းမရှိ၊ ထိုမီးအဆင်းကား အလွန်စင်ကြယ်သော ပြဒါးအဆင်းကဲ့သို့ တလက်လက် ရှိ၏၊ ကျောက်ကုန်းတပြင်လုံး လေသလပ်ခဲ့လျှင် ကျောက်ကုန်းတပြင်လုံး တစ်ပြိုင်နက် အဖြူဖြစ်၍ သွား၏၊ လေပြတ်စဲပြန်လျှင် မီးကွယ်ပျောက်၍ ဆေးသား ပကတိ အတိုင်း ရှိပြန်၏၊

ထိုဓာတ်ရုပ်ကြီးကို ထိခိုက်၍ အတွင်းတစ်ခွင်လုံး လှုပ်ရှားပြန်လျှင် အတွင်းဓာတ်သားချင်း ထိခိုက်ကြ၍ လှုပ်ရှားသမျှ ဌာနအကုန်လုံး မီးအပြည့် ဖြစ်ပေါ်၏၊ တိမ်တိုက်တွင်းမှာ လျှပ်ရောင်တဝင်းဝင်း တလက်တလက် တရှိန်ရှိန် ထသကဲ့သို့ ဓာတ်ရုပ်ကြီးအတွင်းမှာ ထိုမီး တဝင်းဝင်း တလက်လက် တရှိန်ရှိန်ဖြစ်ပေါ်၏၊ လှုပ်ရှားမှု ပြေကျောက် ငြိမ်းပြန်လျှင် ထိုမီးကွယ်ပျောက်ပြန်၏။

နှလုံးသွေးနေရာ၌ကား မီးသည် ထိုထိုနေရာ၌ တလက်လက်မစဲ ဖြစ်ပေါ်၍ နေ၏၊ ဖြစ်ပေါ်ချည် မြုပ်ကွယ်ချည် အစဉ်မပြတ်နေသည်ကို တလက်လက် ဆိုသည်၊ တစ်ခြားတစ်ပါးသော နေရာတို့၌ မီးဖြစ်ပေါ်၍ နေဆဲအခါမှာ နှလုံးသွေး၌ မီးပြတ်စဲ၏။

သတ္တဝါတို့၏ ကိုယ်ခန္ဓာ တစ်ခုလုံး၌ အရေပေါ် အရေတွင်း အသားပေါ် အသားတွင်း အကြောပေါ် အကြောတွင်း အရိုးပေါ် အရိုးတွင်း ဦးဏှောက်တွင်း အအူအတွင်း အသည်းတွင်း နှလုံးတွင်း အဆုတ်တွင်းတို့၌ နာမက္ခန္ဓာ ၄-ပါး အလှည့် အလည်အားဖြင့် မပြတ်မစဲ အမြဲဖြစ်ပေါ်၍နေပုံ, ဖြစ်ရာဖြစ်ရာဌာန၌ပင် ချုပ်ပျက် ကွယ်ပျောက်၍ နေပုံကို ထင်သာ မြင်သာရှိအောင် ကြံဆောင်၍ ပြလိုက်သော ဥပမာ ပေတည်း။

အပအာရုံ ၆-ပါးသည် အပ၌ထလတ်သော အရှေ့လေ အနောက်လေ တောင်လေ မြောက်လေ အရပ်လေးခုနှင့်တူ၏၊

လှုပ်ရှားမှု ညောင်းမှု ညာမှု စသည်ဖြစ်သောအခါ၌ အတွင်း ဖောဋ္ဌဗ္ဗ ထိခိုက်မှုသည် အတွင်းဆေးသားချင်း ထိခိုက်မှုနှင့်တူ၏၊

ဤကိုယ်ခန္ဓာအတွင်းမှာ ဘယ်နေရာက လှုပ်ရှားသည်ဟု သိရလျှင်ပင် ထိုနေရာ၌ နာမက္ခန္ဓာ ၄-ပါးဖြစ် ပေါ်ပြီဟုမှတ်၊ နာမက္ခန္ဓာ မပေါ်ခဲ့လျှင် ထိုနေရာတစ်ခုလုံး ပြတ်ကြွေ၍ပင် သွားသော်လည်း ထိုအခါ မသိနိုင်၊ ဦးခေါင်းတစ်ခုလုံး လှုပ်၍သွားသည်ဟု သိလိုက်သော အခါ၌ ဦးခေါင်းတစ်ခုလုံး နာမက္ခန္ဓာတွေ အပြည့်ဖြစ်ပေါ်၍ သွားသည် ဟုမှတ်။

ရင်တစ်ခုလုံး လှုပ်၍သွားသည်ဟု သိလိုက်သောအခါ၌ ရင် တစ်ခုလုံး လျှပ်စစ်ပြက်သကဲ့သို့ နာမက္ခန္ဓာတွေ အပြည့်ဖြစ်ပေါ်၍ သွားသည်ဟုမှတ်၊ တစ်ကိုယ်လုံးလှုပ်သည်ဟု သိလိုက်သောအခါ၌ အတွင်းအပ တစ်ကိုယ်လုံးမှာ လျှပ်စစ်ပြက်သကဲ့သို့ နာမက္ခန္ဓာတွေ အပြည့်ဖြစ်ပေါ်၍ သွားသည်ဟုမှတ်လေ။

တစ်ကိုယ်လုံးမှာ ထိုထိုနေရာတို့၌ နာမက္ခန္ဓာ ၄-ပါးတို့ ဖြစ်ပေါ်၍ နေဆဲအခါမှာ နှလုံးသွေး၌ မနောဝိညာဏ် နာမက္ခန္ဓာ ၄-ပါးတို့ ပြတ်စဲကွယ် ပျောက်၍ နေမြဲဓမ္မတာတည်း။

တစ်ကိုယ်လုံးမှာ ထိုထိုနေရာတို့၌ နာမက္ခန္ဓာ ၄-ပါးတို့ တသုတ် တသုတ် အချုပ်အဆုံးတွင် နှလုံး၌ နာမက္ခန္ဓာ ၄-ပါး ညှပ်ကာညှပ်ကာ ဖြစ်ပေါ်မြဲ ဓမ္မတာပေတည်း။

တစ်ယောက်သော သတ္တဝါ၏ ခန္ဓာ၌ နာမက္ခန္ဓာတို့မည်သည် နှစ်ဌာန ပြိုင်၍ ဖြစ်ရိုး မရှိ၊ တစ်ဌာန၌ ချုပ်ပြီးမှ တစ်ဌာနဖြစ်ပေါ်မြဲ တည်း။

ကိုယ်ခန္ဓာ၌ ၂၄-ပစ္စည်းတပ်ခြင်း-- ၂၄-ပစ္စည်းတွင် ''အနန္တရ ပစ္စယော, သမနန္တရ ပစ္စယော, နတ္ထိ ပစ္စယော, ဝိဂတ ပစ္စယော''ဟူသော လေးပါးသော ပစ္စည်းတို့သည် တစ်ယောက်သော သတ္တဝါတွင် နာမ်တရား တို့ နှစ်ဌာန ပြိုင်၍ဖြစ်ခြင်း မရှိသည်ကိုဆိုခဲ့သော ပစ္စည်းတို့တည်း။

ဝိပ္ပယုတ္တပစ္စည်း-- နာမက္ခန္ဓာ ၄-ပါးတို့သည် အရေတွင်း အသားတွင်း အကြောတွင်း အရိုးတွင်း ဦးဏှောက်တွင်း အဆုတ် တွင်း အသည်းတွင်း နှလုံးသားတွင်း နှလုံးသွေးတွင်းတို့၌ တဝင်းဝင်း တလက်လက် မစဲဖြစ်ပေါ်၍ နေကြကုန်သော်လည်း ရုပ်ခန္ဓာတို့နှင့် ရောယှက်ငြိတွယ်ခြင်း မရှိကြကုန်သည်ကို ''ဝိပ္ပယုတ္တပစ္စည်း'' ဆိုသတည်း။

အာရမ္မဏပစ္စည်း-- ဓာတ်ရုပ်ကြီးကို အပ၌ လေသလပ်မှု, အတွင်း၌ ဓာတ်သားချင်းကြိတ်မှုရှိမှသာလျှင် ဓာတ်မီးဖြစ်ပေါ် နိုင်သကဲ့ သို့ အာရုံ ၆-ပါး ထိခိုက်မှုရှိမှသာ ထိခိုက်ရာဌာန၌ ဝိညာဏ် ၆-ပါး နာမက္ခန္ဓာ ၄-ပါးတို့ ဖြစ်ပေါ်နိုင်ကြသည်ကို ''အာရမ္မဏပစ္စည်း'' ဆို သတည်း။

အဓိပတိပစ္စည်း-- အထူးအားဖြင့် ခင်မင်ကြသော အာရုံမျိုးကို ''အဓိပတိပစ္စည်း'' ဆိုသတည်း။

ဟေတုပစ္စည်း-- လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟတို့၏ ရုပ်, နာမ်ခန္ဓာတို့အား အမြစ်မူလ ကိစ္စဖြင့် ကျေးဇူးပြုမှုကို ''ဟေတုပစ္စည်း'' ဆိုသတည်း။

သဟဇာတ, အညမညပစ္စည်း-- ခက်မာမှု ဖွဲ့စေးမှု ပူမှု အေးမှု အစရှိသော ရုပ်ခန္ဓာလျှင် ရုပ်ခန္ဓာချင်း, သိမှု ခံစားမှု မှတ်မှု စေ့ဆော်မှု အစရှိသော နာမ်ခန္ဓာလျှင် နာမ်ခန္ဓာချင်း ပြိုင်းခနဲ ပြိုင်းခနဲ အတူတကွ ဖြစ်ပေါ်ကြသည်ကို ''သဟဇာတပစ္စည်း, အညမညပစ္စည်း'' ဆိုသတည်း။

နိဿယပစ္စည်း-- ရုပ်လျှင်ရုပ်ချင်း နာမ်လျှင်နာမ်ချင်း မှီကြရ သည်ကိုလည်းကောင်း၊ နာမက္ခန္ဓာတို့သည် ရုပ်ခန္ဓာတို့၌ မှီကြရသည် ကိုလည်းကောင်း ''နိဿယပစ္စည်း'' ဆိုသတည်း။

ဥပနိဿယပစ္စည်း-- အမိကျေးဇူး အဖကျေးဇူး သားကျေးဇူး သမီး ကျေးဇူး အိမ်ကျေးဇူး ယာကျေးဇူး နွားကျေးဇူး ကျွဲကျေးဇူး မြေကျေးဇူး ရေကျေးဇူး မီးကျေးဇူး ထင်းကျေးဇူး မိုးကျေးဇူး လေကျေးဇူး တောကျေးဇူး တောင်ကျေးဇူး ဘုရားကျေးဇူး တရားကျေးဇူး သံဃာ ကျေးဇူး ဆရာသမားကျေးဇူး အစရှိသော လောကဉာဏ်ရှိသမျှ သိမြင် ကြသော လောက၌ ကျေးဇူးကြီး, ငယ်အနန္တတို့ကို ''ဥပနိဿယပစ္စည်း'' ဆိုသတည်း။

ပုရေဇာတပစ္စည်း-- နှလုံးသွေး၌ ဖြစ်ပေါ်ကြသော နာမက္ခန္ဓာ ၄-ပါးတို့ သည်ကား အတိတ် အနာဂတ် ဖြစ်သော ရှေးရှေး နှောင်းနှောင်း အာရုံတို့ကိုလည်းကောင်း, မိမိတို့နှင့် အပြိုင်ဖြစ်ပေါ်သော အာရုံ တို့ကိုလည်းကောင်း အစွဲပြု၍ ဖြစ်ပေါ်နိုင်ကြကုန်၏။

နှလုံးသွေးမှတစ်ပါး စက္ခု, သောတအစရှိသော တစ်ကိုယ်လုံး တစ်ကောင် လုံး၌ဖြစ်ပေါ်ကြကုန်သော နာမက္ခန္ဓာ ၄-ပါးတို့သည်မူကား ထိုသို့မဟုတ်ကြကုန်၊ စက္ခု, သောတအစရှိသော ကိုယ်အင်္ဂါတို့၌ အဆင်း, အသံအစရှိသော ပစ္စုပ္ပန် အာရုံတို့၏ ခိုက်မှု, တိုက်မှုကို အစွဲပြု၍သာ ဖြစ်ပေါ်နိုင်ကြကုန်၏၊ ခိုက်တိုက်လာသော ပစ္စုပ္ပန်အာရုံတို့ကိုသာ အာရုံပြုနိုင်ကြကုန်၏၊ အာရုံတို့က ဖြစ်ပေါ်မှု အတန်ငယ် ရှေ့ကျလျက် အလျင်တင်ကူး၍ လှုံ့ဆော်ကြရကုန်၏၊ ဤသို့သော ကျေးဇူးကို ''ပုရေဇာတပစ္စည်း'' ဆိုသတည်း။

ပစ္ဆာဇာတပစ္စည်း-- ရှေးရှေးတင်ကူး၍ ပေါက်ရောက်ပြီးသော မြက်သစ်ပင်တို့အား ကြီးပွားခြင်းငှါ နောက်နောက် ရွာသွန်းသော မိုးရေသည် ကျေးဇူးပြုသကဲ့သို့ ရှေးရှေး တင်ကူး၍ ဖြစ်ပေါ်နှင့်ကြ ကုန်သော ရုပ်ခန္ခာတို့အား ထက်သန်ကြစေခြင်းငှါ နောက်နောက်၌ တစ်သုတ် တစ်သုတ်ဖြစ်ပေါ်ကြကုန်သော နာမက္ခန္ဓာ ၄-ပါးတို့သည် ကျေးဇူးပြုကြပေကုန်၏၊ ဤသို့သော ကျေးဇူးကို ''ပစ္ဆာဇာတပစ္စည်း'' ဆိုသတည်း။

အာသေဝနပစ္စည်း-- စက်ကိရိယာတို့သည် အဆင့်ဆင့် အားပေးကြကုန် သကဲ့သို့ နောက်နောက်သော ဇောနာမက္ခန္ဓာတို့အား ရှေးရှေးသော ဇော နာမက္ခန္ဓာတို့သည် အဆင့်ဆင့် အားပေးကြကုန်၏၊ ဤသို့သော အားပေးမှုကို ''အာသေဝနပစ္စည်း''ဆိုသတည်း။

ကမ္မပစ္စည်း-- ရှေး၌သင်္ခါရက္ခန္ဓာအခန်းတွင် ပြဆိုခဲ့ပြီးသော စေတနာ၏ စိတ်ကို ရပ်တည်မရအောင် စေ့ဆော်မှု လှုံ့ဆော်မှု အပူ အပြင်းတိုက်တွန်းမှုကို ''ကမ္မပစ္စည်း''ဆိုသတည်း။

သုဂတိဘုံဘဝသို့ရောက်၍ လူဖြစ်ရမှု နတ်ဖြစ်ရမှု ဗြဟ္မာဖြစ်ရမှု ချမ်းသာ သုံးပါးကို ခံစား စံစားကြရမှု ဒုဂ္ဂတိဘဝသို့ရောက်၍ အပါယ် သတ္တဝါဖြစ်ရမှု အပါယ်ဒုက္ခ ၄-ပါးကို ခံစားကြရမှုကိုလည်း''ကမ္မပစ္စည်း ''ဟုဆိုသတည်း။

ဝိပါကပစ္စည်း-- အိပ်ပျော်၍ နေစဉ်အခါ၌ ဘဝင်မနောတို့၏ ငြိမ်သက်မှုကို ''ဝိပါကပစ္စည်း''ဆိုသတည်း။

အာဟာရပစ္စည်း-- နေ့စဉ်မျိုအပ်သော ထမင်းအစာတို့၏ တစ်ဘဝ တစ်ဘဝ၌ ရုပ်ခန္ဓာကြီးကို ခိုင်မြဲအောင် ထောက်ပံ့မှု, စိတ် ဖဿ စေတနာတို့၏ အနမတဂ္ဂသံသရာ၌ နာမ်ခန္ဓာအစဉ်ကို ခိုင်မြဲ အောင် ထောက်ပံ့မှုသည် ''အာဟာရပစ္စည်း''မည်၏။

ဣန္ဒြိယပစ္စည်း-- စက္ခုရုပ်သည် စက္ခုဝိညာဏ် နာမက္ခန္ဓာ ၄- ပါးတို့ကို အစိုးရ၏၊ ထိုခန္ဓာ ၄-ပါးတို့သည် စက္ခုရုပ် နုံ့နှေးလျှင် နုံ့နှေးရကုန်၏၊ မျက်စိအမြင် မကြည်မလင်ဖြစ်ရ၏၊ စက္ခုရုပ် ထက် သန်လျှင် ထက်သန်ကြရကုန်၏၊ မျက်စိအမြင်ကြည်လင်၏၊ လူတို့၏ စက္ခုရုပ် ထက်သန်သည်ထက် နတ်တို့၏စက္ခုရုပ်သည် ထက်သန်၏၊ ထို့ကြောင့် အမြင်ခန္ဓာတို့သည် သစ်ပင်, တော, တောင်, မြေ, ရေကို ဖောက်ထွင်း၍မြင်ကြကုန်၏။

သောတရုပ်, ဃာနရုပ်, ဇိဝှါရုပ်, ကာယရုပ်တို့၌လည်း သူ့ ဝိညာဏ်နှင့်သူ ဆိုလေ။

ဇီဝိတ စိတ်, ဝေဒနာ, သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာတို့ သည် နာမက္ခန္ဓာ ၄-ပါးတို့ကို အသီးအသီး အစိုးရကြကုန်၏၊ မိမိတို့ကိစ္စ၌ မိမိတို့နုံ့လျှင် နုံ့ကြရကုန်၏၊ ထက်လျှင် ထက်ကြရကုန်၏။

ရုပ်ဇီဝိတသည် ကမ္မဇရုပ်တို့ကို အစိုးရ၏၊ ဇီဝိတနုံ့လျှင် နုံ့ကြရကုန်၏၊ အသက်တို၏၊ ဇီဝိတထက်သန်လျှင် ထက်သန်ကြကုန်၏၊ အသက်ရှည်၏၊ ဤသို့သော အစိုးရမှုကို ''ဣန္ဒြိယပစ္စည်း'' ဆိုသတည်း။

စျာနပစ္စည်း-- ဝိတက်, ဝိစာရ, ပီတိ, ဝေဒနာ, ဧကဂ္ဂတာတို့၏ နာမက္ခန္ဓာတို့ကို အာရုံ၌ စူးစူးစိုက်စိုက် နေနိုင်ကြအောင် ကျေးဇူးပြုမှုသည် ''စျာနပစ္စည်း'' မည်၏။

သေနတ်ဖြင့် ငှက်ကိုပစ်ရာ၌ ဤစျာနပစ္စည်း မပါလျှင် ရွယ်ပင် မရွယ်နိုင်။

မဂ္ဂပစ္စည်း-- ပညာ, ဝိတက်, ဝိရတီသုံးခု, ဝီရိယ, ပီတိ, သတိ, ဧကဂ္ဂတာ, ဒိဋ္ဌိတို့၏ နာမက္ခန္ဓာ ၄-ပါးကို ကာယကံ ဝစီကံ မနောကံ မြောက်ကြောင်း, ဒုဂ္ဂတိ သုဂတိ နိဗ္ဗာန်သို့ ပေါက်ရောက်ကြောင်းအဖြစ် ဖြင့် ကျေးဇူးပြုမှုသည် ''မဂ္ဂပစ္စည်း''မည်၏။

သမ္ပယုတ္တပစ္စည်း-- နာမက္ခန္ဓာ ၄-ပါးတို့၏ ဖြစ်အတူ ပျက်အတူ ယှဉ်ဖက်မှု သည် ''သမ္ပယုတ္တပစ္စည်း''မည်၏၊

ဝိပ္ပယုတ္တပစ္စည်းကို ပြဆိုခဲ့ပြီ။

အတ္ထိ အဝိဂတပစ္စည်း-- ပြဆိုခဲ့ပြီးသော ပစ္စည်းအပေါင်း တို့တွင် အကျိုးဖြစ်သော ပစ္စယုပ္ပန်တရားတို့နှင့် ခဏပစ္စုပ္ပန်အပြိုင် ရကောင်းသော သဟဇာတပစ္စည်း ပုရေဇာတပစ္စည်း စသည်ကိုပင် ''အတ္ထိပစ္စည်း'' ''အဝိဂတပစ္စည်း'' ဆိုသည်။

အနိစ္စာနုပဿနာဉာဏ် ပြီး၏၊

------- * ------

လက္ခဏာရေး ၃-ပါး

၁။- (က) နိစ္စနိမိတ်

( ခ ) အနိစ္စလက္ခဏာ

( ဂ ) အနိစ္စဝိပဿနာ

၂။- (က) သုခနိမိတ်

( ခ ) ဒုက္ခလက္ခဏာ

( ဂ ) ဒုက္ခဝိပဿနာ

၃။- (က) အတ္တနိမိတ်

( ခ ) အတ္တလက္ခဏာ

( ဂ ) အတ္တဝိပဿနာ

နိစ္စနိမိတ် ပြဆိုချက်

''နိစ္စနိမိတ်, အနိစ္စလက္ခဏာ, အနိစ္စဝိပဿနာ'' ဟူသော ပဌမသုံးချက်၌

နိစ္စနိမိတ်--

နိစ္စနိမိတ်ဆိုသည်ကား--

ခန္ဓာ ၅-ပါးတို့၏ နိစ္စအရိပ် ရောင်ကြီးပေတည်း၊ အနိစ္စအချက်ကို ဉာဏ်အမြင် မပေါက် ကုန်သောသူတို့သည် အရိပ်အရောင်ကြီးကို အစွဲပြု၍ ခန္ဓာ ၅-ပါး ရုပ်နာမ်တရားတို့ကို နိစ္စဟု မှတ်ထင်စွဲလမ်းကြကုန်၏။

နိမိတ် ၂-ပါး။။ထိုအရိပ်ရောင်ကြီးသည်--

၁။ သဏ္ဌာနနိမိတ်

၂။ သန္တတိနိမိတ်-ဟူ၍ နှစ်ပါးရှိ၏။

သဏ္ဌာနနိမိတ်-- ပရမာဏုမြူ အဏုမြူတို့မှစ၍ မြင်းမိုရ် တောင် ပမာဏတိုင်အောင် လောက၌ အကြီးအငယ် အရှည် အတို အဝန်း အလျား အပါးအထူ အစရှိသည်ဖြင့် ထင်မြင်၍နေကြသော အထည် ဝတ္ထု ဒြဗ်သဏ္ဌာန် ဟူသမျှသည် သဏ္ဌာနနိမိတ် မည်၏။

သန္တတိနိမိတ် ၂-မျိုး။။ သန္တတိသည်--

၁။ ကာလသန္တတိ

၂။ ဌာနသန္တတိ-ဟူ၍ နှစ်ပါးရှိ၏၊

အဏုမြုစသော ဝတ္ထုဒြဗ် မကွယ်မပျက်မူ၍ ခဏများစွာ တည်နေ၏ဟု ထင်မြင်ကြရသည်ကား ကာလသန္တတိတည်း။ ဌာနသန္တတိနိမိတ်-- ဤဝတ္ထုသည် လှုပ်၏၊ ရှား၏၊ ရွေ့၏၊ ပြောင်း၏၊ ဤနေရာမှ ထိုနေရာသို့ ရောက်၏၊ ထိုနေရာမှ ဤနေရာသို့ ရောက်၏ဟု ထင်မြင်ကြရသည်ကား ဌာနသန္တတိတည်း။ ဤ သဏ္ဌာနနိမိတ် သန္တတိနိမိတ်နှစ်ပါးသည် နိစ္စနိမိတ်မည်၏။

သဏ္ဌာနနိမိတ်မှ နိစ္စနိမိတ်အမျိုးမျိုး ဖြစ်ပုံ-- ဤနိမိတ်နှစ်ပါး တို့မှ ပွါးသော နိစ္စနိမိတ်တို့သည်ကား--

ပုဂ္ဂိုလ် သတ္တဝါဟူသော နိစ္စနိမိတ်,

ငါ သူတစ်ပါး ယောကျ်ား မိန်းမဟူသော နိစ္စ နိမိတ်, ပုဂ္ဂိုလ် သတ္တဝါ၏ အင်္ဂါကြီးငယ်ဟူသော နိစ္စနိမိတ်, ဤနိမိတ်တို့ကား သဏ္ဌာနနိမိတ်တို့မှ ပွါးကုန်၏၊

သန္တတိနိမိတ်မှဖြစ်ပွားသော နိစ္စနိမိတ်ပုဂ္ဂိုလ် သတ္တဝါ အင်္ဂါ ကြီး ငယ်တို့၏ ခဏ များစွာ တည်နေမှု, လှုပ်ခြင်း ရှားခြင်း သွားခြင်း လာခြင်း ပြောခြင်း ဆိုခြင်း ကြံခြင်း သိခြင်း ကြည့်ခြင်း ရှုခြင်းအစရှိသော ကိရိယာဗျာပါရ နိစ္စနိမိတ်တို့သည်ကား သန္တတိနိမိတ်မှဖြစ်ပွားကုန်၏။

ဤစကား၌ လှုပ်ခြင်း ရှားခြင်းဆိုသည်ကား လောက၌ သိမြင် ခေါ်ဝေါ် နေကြသော လှုပ်ခြင်း ရှားခြင်းကို ဆိုသည်။

ကြံခြင်း သိခြင်း ကြည့်ခြင်း ရှုခြင်း စသည်တို့၌လည်း-- သူကြံသည် ငါကြံ သည် သူသိသည် ငါသိသည်ဟု ထင်မြင် ပြောဆို၍ နေကြသော ကြံမှုသိမှု စသည်တို့သည်လည်း အရာအထောင်မကသော ရုပ်အဆက် ဆက် နာမ်အဆက်ဆက်တို့ကို တစ်ခုတစ်ခုပြု၍သိမြင် ခေါ်ဝေါ်မှု ဖြစ်သောကြောင့် သန္တတိနိမိတ် သန္တတိနိမိတ် တို့ပင်တည်း။

နိစ္စနိမိတ်မှ ပွားပုံ-- လူအမျိုးမျိုး, နတ်အမျိုးမျိုး, ဗြဟ္မာ အမျိုးမျိုး, တိရစ္ဆာန်အမျိုးမျိုး, ပြိတ္တာအမျိုးမျိုး အစရှိကုန်သော နိစ္စနိမိတ်မျိုး အနန္တတို့သည်ကား ပုဂ္ဂိုလ် သတ္တဝါဟူသော နိစ္စနိမိတ်မှ ပွါးကုန်၏။

ကိုယ်အင်္ဂါ ဦးခေါင်းအင်္ဂါ ခြေအင်္ဂါ လက်အင်္ဂါဟူသော အင်္ဂါကြီး, ဦးထိပ် အင်္ဂါ နဖူးအင်္ဂါ မျက်လုံးအင်္ဂါ နားအင်္ဂါ နှာခေါင်းအင်္ဂါ ခံတွင်းအင်္ဂါ အစရှိသော အင်္ဂါလတ်, အင်္ဂါငယ်တို့သည်လည်းကောင်း၊ ဆံပင် မွေးညင်း ခြေသည်း လက်သည်း သွား အရေ အသား အကြော အရိုး အစရှိကုန် သော ကောဋ္ဌာသအင်္ဂါတို့သည်လည်းကောင်း ပုဂ္ဂိုလ်သတ္တဝါ၏ အင်္ဂါဟူ သော နိစ္စနိမိတ်မှ ပြားကုန်၏။

သန္တတိနိမိတ်မှ ပွားပုံ-- ခပ်သိမ်းသော ကိရိယာ အမူအရာ အခြင်းအရာတို့သည် သန္တတိနိမိတ်မှ ပြားကုန်၏၊

မျက်တောင်ခတ်ခြင်း အသက်ရှူခြင်း အင်္ဂါကြီး ငယ်တို့၏ လှုပ်ရှားခြင်းဟူသော ကိုယ်အင်္ဂါ အမူအရာတို့သည်လည်းကောင်း, မေးလှုပ်ခြင်း နှုတ်ခမ်းလှုပ်ခြင်း လျှာလှုပ်ခြင်း ပြောခြင်း ဆိုခြင်း ပြုံးရယ်ခြင်းအစရှိသော နှုတ်အင်္ဂါ အမူအရာတို့သည်လည်းကောင်း, တူရူကြည့်ခြင်း စောင်း၍ ငဲ့၍ကြည့်ခြင်း အစရှိကုန်သော အမူအရာတို့ သည်လည်းကောင်း သန္တတိနိမိတ်မှ ပွါးကုန်၏၊

ဤစကား၌ ပုဂ္ဂိုလ် သတ္တဝါ၏ အမူအရာ ကိရိယာဟူသမျှသည် ဒြဗ် သဏ္ဌာန်မျိုးမဟုတ်၊ ရွေ့ရှားမှုမျိုးဖြစ်၍ သန္တတိနိမိတ်ဆိုသတည်း။ ဤကား နိစ္စနိမိတ်ကို ပြဆိုချက်တည်း။

-------- * -------

အနိစ္စလက္ခဏာကို ပြဆိုချက်

အနိစ္စမည်ပုံ-- အနိစ္စလက္ခဏာဟူရာ၌ အနိစ္စ, အနိစ္စ လက္ခဏာ နှစ်ပါးကို သိရာ၏၊

အနိစ္စသည်ကား ခက်မာမှုကိရိယာ ဖွဲ့စေးမှုကိရိယာ အစရှိသော

ရုပ် ခန္ဓာ၊ မျက်စိ၏မြင်မှု နား၏ကြားမှု နှာခေါင်း၏နံမှု လျှာ၏လျက်မှု

ခြေဖဝါးစသော ကိုယ်အင်္ဂါတို့၏ တွေ့မှု မနောနှလုံးသိမှု ခံစားမှု မှတ်မှု

စေ့ဆော်မှုဟူသော နာမ်ခန္ဓာ၊ ဤရုပ်ခန္ဓာ နာမ်ခန္ဓာ တရားတို့သည်

မမြဲတတ်သောကြောင့် အနိစ္စ မည်ကုန်၏။

အနိစ္စလက္ခဏာ-- အနိစ္စလက္ခဏာဟူသည်ကား-- ထိုရုပ်ခန္ဓာ နာမ် ခန္ဓာတို့၏ ခဏမစဲ ဖြစ်ပေါ်ခြင်း, ခဏမစဲပျက် ဆုံးခြင်းဟူသော မမြဲခြင်း ကိရိယာတို့သည် ထိုရုပ်ခန္ဓာ နာမ်ခန္ဓာတို့ကို ဤ တရားတို့ကား အနိစ္စစင်စစ်တို့တည်းဟူ၍ မုချဆုံးဖြတ်ကြောင်းဖြစ်သောကြောင့် အနိစ္စလက္ခဏာ မည်ကုန်၏၊ ဖြစ်ပေါ်ခြင်း ပျက်ဆုံးခြင်း နှစ်ပါးတို့တွင် ပျက်ဆုံး ခြင်းသည်သာ အနိစ္စလက္ခဏာ အစစ်တည်း။

ခက်မာခြင်း ကိရိယာ၏ ခဏမစဲ ပျက်ဆုံးခြင်းကိရိယာကို မြင်သဖြင့် ခက်မာခြင်းကိရိယာသည် အနိစ္စမျိုး စင်စစ်ဟု မုချသိနိုင် ဆုံးဖြတ်နိုင်၏ ဟူလိုသည်။

သဏ္ဌာနနိမိတ် ကွယ်ပျောက်ပုံ-- ထိုတွင် ခက်မာခြင်း ကိရိယာအစရှိသော မမြဲတတ်သော ရုပ်ခန္ဓာ နာမ် ခန္ဓာတို့ကို အမြင် ပေါက်ခဲ့သည်ရှိသော် သဏ္ဌာနနိမိတ် နိစ္စ အသိုက်အအုံတို့သည် ဉာဏ်၌ ကွယ်ပျောက်ရကုန်၏။

ရုပ်ခန္ဓာ၌ သဏ္ဌာနနိမိတ်ကွယ်ပျောက်အောင်ရှုပုံ-ဤသည်ကား အဏုမြူတစ်ခုပေတည်း ဟု ဧကန်ရှိ မှတ်ထင်၍ နေရာ၌ ထိုအဏုမြူ သဏ္ဌာန်အတွင်းမှာ ခက်မာမှု ကိရိယာအများ, ဖွဲ့စေးမှု ကိရိယာအများ, ပူမှု အေးမှု ကိရိယာအများ, တောင့်တင်းမှု ကိရိယာ အများတို့ကို မြင်၍လာသည်ရှိသော် အဏုမြူလည်းမဟုတ်၊ အစုလည်း မဟုတ်၊ ရုပ်ခန္ဓာ အစုအခဲ အပေါင်းအစည်းတစ်ခုသာ အမှန်ဖြစ်၏ဟု သိမြင်၍လာ၏။

မြင်းမိုရ်တောင်ကြီးတစ်ခုဟု ဧကန်ရှိ မှတ်ထင်၍ နေရာ၌ ထိုမြင်းမိုရ်တောင် ကြီးမှာ ခက်မာမှုတွေ အသင်္ချေ အသင်္ချေ, ဖွဲ့စေးမှုတွေ အသင်္ချေ အသင်္ချေစသည်တို့ကို အမြင်ပေါက်ခဲ့သည်ရှိသော် မြင်းမိုရ် တောင်လည်းမဟုတ်၊ အစုလည်း မဟုတ်၊ ရုပ်စုရုပ်ခဲတွေ အသင်္ချေ အသင်္ချေ ပေါင်းစု၍နေသော ရုပ်တုံးရုပ်ခဲကြီးတစ်ခုသာ အမှန်ဖြစ်သည် ဟု သိမြင်၍လာ၏။

ခပ်သိမ်းသော လူသဏ္ဌာန် နတ်သဏ္ဌာန် ဗြဟ္မာသဏ္ဌာန် စသည် တို့၌လည်းကောင်း, ကိုယ်သဏ္ဌာန် ဦးခေါင်း ခြေလက်သဏ္ဌာန် ဆံပင်သဏ္ဌာန် မွေးညင်း သဏ္ဌာန် စသည်တို့၌လည်းကောင်း ထိုနည်းတူ သိလေမြင်လေ။

ဤသို့ အမြင်ပေါက်ခဲ့သည်ရှိသော် လူ့လောက နတ်လောက ဗြဟ္မာ့လောကတို့၌ ရှိနေသမျှကုန်သော သက်ရှိသက်မဲ့ ဝတ္ထုဒြဗ်သဏ္ဌာန် တို့သည် မြေ, ရေ, မီး, လေဟူသော ဓာတ်ကြီးလေးခုသာ ဖြစ်၏၊ အဆင်း အသံအစရှိသော ဥပါဒါ ရုပ်သေးစုကို ဓာတ်ကြီး ၄-ခု၌ အတွင်းဝင်ပြု၍ ဆိုသည်၊ လူအမျိုးမျိုး နတ်အမျိုးမျိုး ဗြဟ္မာအမျိုးမျိုး အင်္ဂါကြီးငယ် အမျိုးမျိုးတို့သည် ဉာဏ်၌ အကုန်ကွယ်ပျောက်ကြလေကုန်၏၊ ဥပါဒါရုပ် သေးစုကို ဓာတ်ကြီး ၄-ခု၌ အတွင်းဝင် ပြုသတည်း။

ဤကား ရုပ်ခန္ဓာဟူသော အနိစ္စဓမ္မတို့ကို အမြင်ပေါက်ခဲ့သည်ရှိ သော် သဏ္ဌာနနိမိတ် အနန္တတို့ ကွယ်ပျောက်ပုံတည်း။

ခက်မာမှု ဖွဲ့စေးမှု ပူမှု အေးမှု တောင့်တင်းမှုဟူသော ရုပ်ခန္ဓာ တို့ကို ဉာဏ်အမြင် ရှင်းလင်းခဲ့သည်ရှိသော် ထိုရုပ်ခန္ဓာတို့နှင့် ရောယှက် ခြင်းမရှိကြကုန်မူ၍ ထိုရုပ်ခန္ဓာတို့၏ အတွင်း၌ အာရုံထိခိုက်ရာဌာနတို့၌ တဖွားဖွား ဖြစ်ပေါ်၍ နေကြကုန်သော မြင်မှု ကြားမှု အစရှိသော နာမ် ခန္ဓာတို့ကိုလည်း အသီးအခြား ပြု၍ မြင်နိုင်ကြကုန်လတ္တံ့။

နိစ္စနိမိတ် ကွယ်ပျောက်ပုံ-- ''ဝိပ္ပယုတ္တ ပစ္စယော'' ဟူသော ပါဠိတော် နှင့်အညီ-ရုပ်ခန္ဓာ နာမ်ခန္ဓာ ခြားနား၍ မြင်ကြကုန်သည်ရှိသော် ပုဂ္ဂိုလ် မြင်သည် သတ္တဝါမြင်သည်၊ ပုဂ္ဂိုလ်ကြားသည် သတ္တဝါကြားသည်၊ ပုဂ္ဂိုလ်နံသည် သတ္တဝါ နံသည်၊ ပုဂ္ဂိုလ်လျက်သည် သတ္တဝါ လျက်သည်၊ ပုဂ္ဂိုလ်တွေ့သည် သတ္တဝါတွေ့သည်၊ ပုဂ္ဂိုလ်ကြံသည် သိသည်၊ သတ္တဝါကြံ သည် သိသည်၊ ပုဂ္ဂိုလ်ကျင်နာသည် သတ္တဝါကျင်နာသည်ဟူသော ရုပ်ခန္ဓာ နာမ်ခန္ဓာ နှစ်ခုကို တစ်ခုတည်းပြု၍ဖြစ်သော နိစ္စနိမိတ်မျိုး။

မျက်စိသည် မြင်တတ်သည်၊ နားသည်ကြားတတ်သည်၊ နှာခေါင်း သည် နံတတ်သည်၊ လျှာသည် လျက်တတ်သည်၊ ကိုယ်အင်္ဂါတို့သည် နာတတ်ကုန်သည်၊ ကျင်တတ်ကုန်သည်၊ မနောနှလုံးသည် ကြံတတ်သည်၊ သိတတ်သည်ဟူသော ရုပ်ခန္ဓာ နာမ်ခန္ဓာ နှစ်ခုကို တစ်ခုတည်းပြု၍ဖြစ် သော နိစ္စနိမိတ်မျိုးတို့သည် ဉာဏ်၌ ကွယ်ပျောက်ကုန်လတ္တံ့။

ဤကား ရုပ်ခန္ဓာ နာမ်ခန္ဓာဟူသော အနိစ္စဓမ္မတို့ကို ဉာဏ်အမြင် ပေါက်ခဲ့သည်ရှိသော် အချို့သော နိစ္စနိမိတ်တို့၏ဉာဏ်၌ ကွယ်ပျောက်မှု ကို ပြဆိုချက်တည်း။

သန္တတိနိမိတ် ကွယ်ပျောက်ပုံ-- ရုပ်ခန္ဓာ နာမ်ခန္ဓာတို့၏ ခဏမစဲဖြစ်ပေါ်ခြင်း, ခဏမစဲ ချုပ်ခြင်းဟူသော အနိစ္စလက္ခဏာကို ဉာဏ်အမြင် ပေါက်ခဲ့သည်ရှိသော် ခပ်သိမ်းသော သန္တတိနိမိတ်တို့သည် ဉာဏ်၌ကွယ်ပျောက်ကုန်၏။

အဘယ်သို့ ကွယ်ပျောက်ကုန်သနည်းဟူမူ--

မျက်တောင်တစ်ကြိမ်ခတ်သည်ကို မျက်တောင်ခတ်မှုတစ်ခုဟု လောက၌ ယူ၏၊ မျက်တောင်၌ရှိသော ရုပ်ခန္ဓာစုသည် မျက်တောင် တစ်ခတ် အစအဆုံး တည်နေသည်မရှိ၊ ရုပ်ခန္ဓာပေါင်း တစ်ရာမက ဆက်လက်မှ မျက်တောင်တစ်ခတ် ဖြစ်၏၊ ထို့အတူ မျက်တောင်ခတ်မှုကို ဖြစ်စေသော နာမက္ခန္ဓာတို့ တစ်ရာမက ဆက်လက်မှ မျက်တောင် တစ်ခတ်ဖြစ်၏၊

အကြိမ်ပေါင်း အသုတ်ပေါင်း တစ်ရာမက ဆက်လက်ကြကုန် သော ရုပ်ခန္ဓာ အစုတို့သည်လည်း မိမိတို့ ဖြစ်ရာဌာနမှ တဆံခြမ်းမျှရွေ့ နိုင်ကြကုန်သည် မဟုတ်၊ ဖြစ်ရာဌာန၌သာ ချုပ်ဆုံးကြရကုန်၏၊ ခက်မာမှု လည်း အလှုပ်အခြားခံ၍ တည်နေနိုင်သည်မဟုတ်၊ ဖွဲ့စေးမှုလည်း အလှုပ်အခြားခံ၍ တည်နေနိုင်သည် မဟုတ်၊ ခက်မာမှုလည်း လှုပ်ရှား ခြင်းမရှိ၊ ဖွဲ့စေးမှုလည်း လှုပ်ရှားခြင်း မရှိ၊ မိမိတို့ ဖြစ်ရာဌာန၌သာ ချုပ်ဆုံးကြကုန်၏။

မျက်တောင်ခတ်မှု-- မျက်တောင်ခတ်မှုဆိုသည်ကား တစ်ခု သော မျက်တောင်၏ လှုပ်ရှားမှုကြီးကို ဆို၏၊ မျက်တောင်လည်းမရှိ၊ လှုပ်ရှားမှုလည်းမရှိ၊ မျက်တောင်ကား သဏ္ဌာနနိမိတ်ကြီး တစ်ခုသာ ဖြစ်၏၊ ခတ်မှုကား ရုပ်ခန္ဓာ အစဉ်ကိုမှီသော သန္တတိနိမိတ်ကြီး တစ်ခုသာ ဖြစ်၏၊ နိမိတ်ကြီး ၂-ခုခတ်၍ မျက်တောင်ခတ်မှုဟု စိတ်တွင်ထင်ရ မြင်ရ၏။

နိမိတ်ကွယ်ပျောက်မှု-- ဤသို့ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့၏ အမှုသွားကို သီးသန့်ခြားနား အမြင်ပေါက်၍ နိမိတ်နှစ်ပါးတို့ကို အဟုတ်ရှိ မျိုးမဟုတ်၊ စိတ်ထဲတွင် ထင်ပေါ်၍နေသော ဝေါဟာရပညတ်မျိုးမျှ ဖြစ်ကုန်သည်ဟု ဉာဏ်၌ရှင်းလင်းစွာ ထင်မြင်မှုကို နိမိတ်ကွယ်ပျောက်မှု ဆိုသတည်း။

အသက်ရှုမှု အစရှိသော ခပ်သိမ်းသော လောကမျက်မြင်မှုတို့ကို ဤနည်းချည်း သိလေမြင်လေ။

အနိစ္စဝိပဿနာကို ပြဆိုချက်

အနိစ္စဝိပဿနာ-- အနိစ္စဝိပဿနာဆိုသည်ကား သံသရာ ဘဝ အဆက်ဆက်တို့၌ နိစ္စနိမိတ်မျိုးတို့ကိုသာလျှင် ထင်မြင် တွေ့ရှိ၍ လာခဲ့ကြရကုန်၏၊ ပုဂ္ဂိုလ် သတ္တဝါ အင်္ဂါကြီးငယ်ဟူသော နိစ္စနိမိတ် မျိုးတို့နှင့်သာ ဘဝအဆက်ဆက် ပြီးခဲ့ကြရကုန်၏၊ နိစ္စနိမိတ်မျိုးတို့ကို အဟုတ်ရှိ မျိုးမဟုတ်၊ တကယ်ရှိမျိုးမဟုတ်၊ ကောင်းကင်ကို ရေပြင်ထင်ရ သော သူရူး၏ အလားကဲ့သို့ ဝိညာဏ်လှည့်စား၍ ထင်မြင်ရသောအထည် ဝတ္ထု အမှုကိရိယာတို့သာ အမှန်ဖြစ်ကုန်၏ဟု အိပ်မက်မျှ မမက်ဘူးကြရ ကုန်။

သာသနာတွင်း၌ ကြုံကြိုက်၍ ဝိပဿနာဖြင့် နိစ္စနိမိတ်မျိုးတို့ကို မဟုတ်မှန်းအကုန်သိ၍ အနိစ္စဓမ္မ အနိစ္စလက္ခဏာတို့ကိုသာ အဟုတ်ရှိ အမှန်ရှိဟု ယခုမှ အသိဉာဏ်၌ အမှန်အဟုတ်ကို အထူးတွေ့မြင်ကြရ ကုန်၏၊ ဤသို့ တွေ့မြင်သော ဉာဏ်ကို အနိစ္စဝိပဿနာ ဆိုသတည်း။

ဤကား အနိစ္စလက္ခဏာ အနိစ္စဝိပဿနာကို ပြဆိုချက်တည်း။

---------- * ----------

သုခနိမိတ် ဒုက္ခလက္ခဏာ

ဒုက္ခဝိပဿနာသုံးပါးကို ပြဆိုခန်း

''သုခနိမိတ်, ဒုက္ခလက္ခဏာ, ဒုက္ခဝိပဿနာ'' ဟူရာ၌--သုခနိမိတ်-- သုခနိမိတ်ဆိုသည်ကား ပြဆိုခဲ့ပြီးသော ပုဂ္ဂိုလ်သတ္တဝါ လူ နတ် ဗြဟ္မာ ငါ သူတစ်ပါး ယောကျ်ား မိန်းမ ဦးခေါင်း ခြေ လက် ဆံပင် မွေးညင်းစသော နိစ္စနိမိတ်မျိုးတို့ကိုပင် သုခနိမိတ်မျိုး ဆိုသတည်း၊ ထိုနိစ္စ နိမိတ်မျိုးတို့ကို အစွဲပြု၍ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့ကို သုခဟူ၍ စွဲလမ်းကြ ရကုန်၏။

သာယာဖွယ် ချမ်းသာသုခများ-- အဘယ်သို့လျှင် နိစ္စနိမိတ် မျိုးတို့သည် သုခနိမိတ်မျိုး မည်ကုန်သနည်းဟူမူကား--

ပုဂ္ဂိုလ် သတ္တဝါဟူသော နိမိတ်သည် လောက၌ ကြောက်ဖွယ် လန့်ဖွယ်မျိုး မဟုတ်၊ သာယာဖွယ် တောင့်တဖွယ်မျိုးသာ ဖြစ်၏၊ ပုဂ္ဂိုလ် သတ္တဝါမျိုးတွင်းမှာလည်း လူထက်လူ နတ်ထက်နတ် ဗြဟ္မာထက်ဗြဟ္မာ အဆင့်အဆင့် သာယာဖွယ် ကြီးကျယ်များပြားလျက် ရှိ၏၊

ထို့အတူ ဦးခေါင်း ခြေ လက် အစရှိသော ပြဆိုခဲ့ပြီးသော အလုံးစုံသော အင်္ဂါကြီးမျိုး အင်္ဂါလတ်မျိုး အင်္ဂါငယ်မျိုး ဆံပင် မွေးညင်း စသော အဇ္ဈတ္တကောဋ္ဌာသ အင်္ဂါမျိုးတို့သည် လောက၌ ကြောက်ဖွယ် လန့်ဖွယ်မျိုး မဟုတ်၊ သာယာဖွယ် တောင့်တဖွယ်မျိုးတို့သာတည်း။

ထို့အတူ သန္တတိအဖို့၌လည်း ခဏများစွာ ကာလများစွာ တည်နေခြင်း ကိုယ်အင်္ဂါလှုပ်ခြင်းရှားခြင်း နှုတ်အင်္ဂါ လှုပ်ခြင်း ရှားခြင်း ပြောဆိုခြင်း ပြုံးခြင်း ရွှင်ခြင်း ရှေ့သို့ကြည့်ခြင်း နောက်သို့ကြည့်ခြင်း အစရှိကုန်သော လှုပ်ရှားမှု အမူအရာ ကိရိယာတို့သည်လည်းကောင်း, ထိုတွင်လည်း အသက်ရှည်ခြင်း အရွယ်ပျိုနုခြင်း အမူအရာကြီးငယ် အထူးတင့်တယ်ခြင်း အလုံးစုံတို့ကိုလည်းကောင်း လောက၌ ကြောက်ဖွယ် လန့်ဖွယ်မျိုး မဟုတ်ကုန်၊ သာယာဖွယ် တောင့်တဖွယ်မျိုးတို့သာတည်း။ ထို့ကြောင့် ခပ်သိမ်းသော နိစ္စနိမိတ်မျိုးတို့ကို သုခနိမိတ်မျိုးဟူ၍ ဆိုအပ်ကုန်သတည်း။

ဤကား သုခနိမိတ်အရကို ပြဆိုချက်တည်း။

------------- * ------------

ဒုက္ခလက္ခဏာ ပဌမခန်းကို ပြဆိုချက်

ဖြစ်မှုပျက်မှုတို့ နှိပ်စက်၍ ဆင်းရဲရပုံ

ဆင်းရဲမှု ဒုက္ခလက္ခဏာ-- ဒုက္ခလက္ခဏာဟူရာ၌ ဒုက္ခ, ဒုက္ခလက္ခဏာ နှစ်ပါးကို သိရာဝယ်--

အနိစ္စမျိုးစင်စစ် ဖြစ်ကုန်သော ခန္ဓာငါးပါးတို့သည် ဒုက္ခမျိုး စင်စစ်ဖြစ်ကုန်၏၊ အနိစ္စလက္ခဏာ စင်စစ်ဖြစ်ကုန်သော ခဏမစဲ ဖြစ်ပေါ်မှု၊ ခဏမစဲ ချုပ်ပျက်မှုတို့သည် ဒုက္ခလက္ခဏာစင်စစ် ဖြစ်ကုန်၏၊

ခက်မာမှု ဖွဲ့စေးမှု သိမှု မြင်မှု အစရှိသည်တို့သည် ဖြစ်မှု ပျက်မှု နှစ်ပါးနှင့် အမြဲယှဉ်ကုန်၏၊ ဖြစ်ချည် ပျက်ချည် နေကြကုန်၏၊ ဖြစ်မှု ပျက်မှုကို မြင်သဖြင့် ခက်မာမှု ဖွဲ့စေးမှု သိမှု မြင်မှုစသည်တို့ကို ဤတရားတို့ကား ဒုက္ခတို့တည်းဟု သိနိုင် ဆုံးဖြတ်နိုင်ကုန်၏၊ ထို့ကြောင့် ဖြစ်မှု ပျက်မှုကို ဒုက္ခလက္ခဏာ ဆိုသတည်း။

ရုပ်နာမ်ခန္ဓာသည်ဒုက္ခမျိုး-- ခက်မာမှုသည် ပဋိသန္ဓေအခါ၌ တစ်ကြိမ် ဖြစ်ပေါ်ပြီးနောက် အနှစ်တစ်ရာပြည့်၍ ထိုဘဝဆုံးသောအခါမှ တစ်ကြိမ်သာ ချုပ်ပျက်မှု ရှိပါမူကား အလွန်ကောင်း လေရာ၏၊ ထိုသို့ကား မဟုတ်၊ တစ်နာရီအတွင်းမှာပင် အခါတစ်ထောင်မက အသစ်အသစ် ဖြစ်ရ၏၊ အခါတစ်ထောင်မက ချုပ်ပျက်ရ၏။

ထို့ကြောင့် ခက်မာမှုဟူသော ပထဝီဓာတ်ကြီးသည် တစ်နာရီ တစ်ခဏမျှ ငြိမ်သက်စွာ တည်နေရသော သန္တိသုခမျိုး မဟုတ်၊ တစ်နာရီ အတွင်းမှာပင် အခါတစ်ထောင်မက ဖြစ်မှု ပျက်မှုတို့ အနှောင့်အယှက် ကြောင့် ရပ်တည်မရ ဖောက်လဲဖောက်ပြန် လှုပ်ရှားရ၏၊ သန္တိသုခမှ အချင်းခပ်သိမ်း ကင်းသော တရားဖြစ်၍ ဒုက္ခမျိုးသာ စင်စစ်ဖြစ်၏။

ဖွဲ့စေးမှုအစရှိသော ရုပ်ခန္ဓာ, သိမှုအစရှိသော နာမ်ခန္ဓာတို့ကို လည်း အသီးအသီး ဤနည်းတူသိလေ။

တခဏမျှ သန္တိသုခ မရပုံ-- သတ္တဝါတို့၏ ကိုယ်ခန္ဓာတစ်ခု လုံး၌ တစ်နာရီမျှ ငြိမ်သက်ချမ်းမြေ့စွာ တည်နေနိုင်သော သန္တိသုခမျိုးဟူ၍ အဏုမြူမျှ မရှိ၊ ဖြစ်မှု ပျက်မှု နှောင့်ယှက်ချက်ကြောင့် တစ်ကိုယ်လုံး တစ်ကောင်လုံး ခဏမစဲ ရုပ်ရောနာမ်ရော ရပ်တည်ရာမရ ပွက် ပွက်ဆူ ကြွက်ကြွက်ရိုက် ဖောက်လဲဖောက်ပြန် ပူပန်ပင်ပန်း၍နေရသော ဒုက္ခ တရားချည်းသာတည်း။

တစ်နာရီ တစ်ခဏမျှ သန္တိသုခ မရှိသော ရုပ်တရား, နာမ်တရား တို့သည် တစ်ရက် တစ်လ တစ်နှစ် တစ်သက် တစ်ဘဝတို့မှာ ဆိုဘွယ်ရာ မရှိ၊ သန္တိသုခနှင့် အဝေးကြီး ဝေးကြကုန်တော့သည်သာတည်း။

ထို့ကြောင့်သတ္တဝါအပေါင်းတို့သည် တစ်နာရီမျှ ငြိမ်းချမ်းသာယာ တည်ကြည်စွာ မနေနိုင်ကြကုန်၊ လောဘတလှုပ်လှုပ် ဒေါသတလှုပ်လှုပ် မာန တလှုပ်လှုပ် နေကြရကုန်၏၊

လောက်ကိုက်သော ခွေးနာပမာ ရုပ်နာမ်ခန္ဓာ

အတွင်း၌ ပိုးလောက်တို့ဖြင့်ပြည့်သော အနာပုပ်ကြီးရှိသော ခွေးနာကြီးသည် အတွင်း၌ ပိုးလောက်တွေ ကိုက်မှုကြောင့်လည်း ရပ်တည်မရ၊ အပ၌ ယင်ကြီးယင်ငယ်တွေ ဝိုင်းအုံမှု ထိုးမှုတို့ကြောင့်လည်း ရပ်တည်မရ၊ ငြိမ်းချမ်း သာယာတည်ငြိမ်စွာ နေခွင့်မရမူ၍ ပြေးတဲ့ချည် ဝပ်တဲ့ချည် ခေါင်းလည်း အငြိမ်မနေရ၊ ကိုယ်လည်း အငြိမ်မနေရ၊ ခြေလည်းအငြိမ်မနေရ၊ လက်လည်း အငြိမ် မနေရ၊ တလှုပ်လှုပ် တကြွကြွ နေရဘိသကဲ့သို့။

ထို့အတူ သတ္တဝါအပေါင်းတို့သည်လည်း ကိုယ်တွင်း၌ သန္တာပတေဇောတို့၏ ထကြွမှု, ကိုယ်ပ၌ ခြင် မှက် လေ နေပူ စသည်တို့၏ ဝိုင်းအုံထိပါးမှုတို့ဖြင့် ရုပ်ခန္ဓာတို့ မငြိမ်မသက်သည့်အတွက်ကြောင့် ယားမှု ယံမှု ညောင်းမှု ညာမှု ထုံမှု ကျင်မှု ပူမှု အိုက်မှုတို့နှင့် ဣရိယာပုထ် ပြောင်းလဲမှု ကိုယ်တလှုပ်လှုပ် ခေါင်းတလှုပ်လှုပ် လက်တလှုပ်လှုပ် ခြေတလှုပ်လှုပ် နေကြရကုန်၏။

နာမ်ခန္ဓာတို့ မငြိမ်မသက်သည့်အတွက် ကိုယ်တွင်းကိလေသာတို့ ကိုက်ခဲမှုကြောင့်လည်းကောင်း, အပအာရုံတို့ ဝိုင်းအုံမှုကြောင့်လည်း ကောင်း ထိုထိုအာရုံသို့ စိတ်, ဝိတက် ရပ်တည်မရ ပြေးရခြင်း, မိမိစိတ် ကိုပင် မိမိမထိန်းနိုင် မသိမ်း နိုင်ရှိနေခြင်း, မမြင်ချင်သည်ကို မြင်ရခြင်း, မကြားချင်သည်ကို ကြားရခြင်း, မနံချင်သည်ကို နံရခြင်း, မတွေ့ချင် သည်ကို တွေ့ရခြင်း, စိုးရိမ်ပူပန်ရခြင်းတို့ဖြင့် ဝိတက် ဝိစာရတလှုပ်လှုပ်, လောဘတလှုပ်လှုပ်, ဒေါသတလှုပ်လှုပ်, မာနတလှုပ်လှုပ် နေကြရ ကုန်၏။

လောက်ကိုက်သော ခွေးနာနှင့် အလားတူစွာ ရုပ်ခန္ဓာတလှုပ်လှုပ် နာမ်ခန္ဓာ တလှုပ်လှုပ် နေကြရကုန်၏၊ ထိုခွေးသည် ကိုယ်တွင်း၌ ပိုးလောက်တို့၏ ကိုက်ခဲ ခြင်း, ကိုယ်ပ၌ ယင်ကြီး ယင်ငယ်တို့၏ ဝိုင်းအုံ ခြင်းတို့ကြောင့် မျက်တောင်တစ်ခတ်မျှ ငြိမ်းချမ်းသာယာ တည်ကြည်စွာ နေခွင့်မရဘိသကဲ့သို့။

ထို့အတူ ဤသတ္တဝါတို့သည်လည်း ကိုယ်တွင်း၌ ဣရိယာပထ သန္တာပ တေဇောမီး အမြဲထကြွမှု, ကိုယ်ပ၌ ခြင် မှက် သန်း ကြမ်းပိုး လေ နေပူ စသည်တို့၏ ထိပါးခြင်းဖြင့် ရုပ်ခန္ဓာ ကိုယ်အင်္ဂါ တလှုပ်လှုပ် နေကြရကုန်၏။

ကိုယ်တွင်း၌ ၁၅၀၀-ကိလေသာတို့၏ ကိုက်ခဲမှု, ကိုယ်ပ၌ အာရုံ ၆-ပါးတို့၏ ဝိုင်းအုံမှုတို့ဖြင့် နာမ်ခန္ဓာ စိတ်အင်္ဂါ တလှုပ်လှုပ် နေကြရ ကုန်၏၊ မိမိတို့၏ စိတ်ကိုပင် ထိန်းသိမ်းမရ ပေါက်လွှတ်ထားကြရကုန်၏၊ ဤအမှုတို့သည် သန္တိသုခ၏ ဆန့်ကျင်ဖက်ဖြစ်သော ဒုက္ခမျိုးတို့သာတည်း။

ဤကား ဖြစ်မှု ပျက်မှုတို့ ခဏမစဲ အမြဲနှောက်ယှက် နှိပ်စက် ညှဉ်းပမ်းမှုကြောင့် မျက်တောင်တစ်ခတ်မျှ သန္တိသုခမျိုးကို မရမှုမျိုးကို ပြဆိုချက်တည်း။

ခန္ဓာငါးပါးတို့၏ ဒုက္ခလက္ခဏာကိုပြဆိုသော ပဌမခန်း ယခုအခါ ကြီးမားစွာသောဒုက္ခတို့ကို ဥပမာနှင့်တကွ ပြဆိုပေအံ့။

ခန္ဓာ ၅-ပါး ဒုက္ခမျိုးတရား-- တေဘူမက ဓမ္မမျိုးဖြစ်ကုန် သော ခန္ဓာ ၅-ပါး ရုပ်နာမ်တရားတို့မည်သည် ဖြစ်မှု ပျက်မှုတို့၏ နှောက်ယှက်ခြင်း, နှိပ်စက်ညှဉ်းပန်းခြင်းကို ခဏမစဲ အမြဲခံကြရကုန် သော တရားတို့သာတည်း။

ထို့ကြောင့် မိမိတို့၏ ကိုယ်ခန္ဓာ၌ အမာခံကြီးဖြစ်သော ခက်မာမှု ဟူသော ပထဝီဓာတ်ကြီးသည် အနမတဂ္ဂသံသရာ၌ မျက်တောင် တစ်ခတ်မျှ ငြိမ်းချမ်း သာယာတည်ကြည်စွာနေနိုင်သော သန္တိသုခမျိုး မဟုတ်၊ ဖြစ်မှု ပျက်မှုနှင့် အမြဲယှဉ်သော ဒုက္ခမျိုး စင်စစ်သာတည်း။

ပထဝီ၌ ဒုက္ခလက္ခဏာ

အဖို့ ၂-ပါး။။ အဘယ်သို့ ဒုက္ခမျိုးစင်စစ် ဖြစ်လေသနည်း ဟူမူကား

သုခအဖို့-- ဤခက်မာမှုသည် သုခအဖို့, ဒုက္ခအဖို့ နှစ်ပါးရှိ၏။

ဒုက္ခအဖို့-- သုခအဖို့ဆိုသည်ကား အာယု, ဝဏ္ဏ, သုခ, ဗလ ဟူသော ကောင်းကျိုးချမ်းသာမျိုးတို့တည်း။

ဒုက္ခအဖို့ဆိုသည်ကား အာယုကိုဖျက်ဆီး၍ မြန်မြန်ကြီး သတ်နိုင် သော ပထဝီမျိုး, အနာကြီးအနာငယ် ရောဂါကြီး ရောဂါငယ်တို့ကို ဖြစ်စေ၍ ဝဏ္ဏ, သုခ, ဗလတို့ကို ဖျက်ဆီး၍ ဒုက္ခငယ်တို့ကို ပေးနိုင်သော ပထဝီမျိုးတည်း။

ထိုနှစ်ပါးတို့တွင်--

သုခအဖို့မျိုးကား ပြုပြင်နိုင်မှ ဖြစ်၏၊ တည်၏၊ ဒုက္ခအဖို့မျိုးကား နဂို ပကတိမျိုးပေတည်း။

အမြဲငြိမ်းချမ်းသော သန္တိသုခမျိုး မဟုတ်၊ ဖြစ်မှုမစဲ ပျက်မှုမစဲ အမြဲရူး နောက်သော ဓာတ်ကောက်ဓာတ်ကျစ် ဓာတ်ညစ် ဓာတ်ဆိုးမျိုး ဖြစ်သောကြောင့် သုခအဖို့ ဒုက္ခအဖို့ ခဏချင်း ပြောင်းလဲနိုင်၏၊

အနာ ၃-မျိုး။ ။ အနာမျိုးသည်--

၁။ ရောဂအနာမျိုး

၂။ ဂဏ္ဍအနာမျိုး

၃။ အာဗာဓ အနာမျိုး

ဟူ၍ ၃-မျိုးရှိ၏။

ရောဂအနာ--ထို ၃-မျိုးတို့တွင်- ဓာတ် ၄-ပါး ဖောက်ပြန်ခြင်း ကြောင့် ကိုယ်တွင်း၌ဖြစ်သော ဖျားမှု, လေနာ မှု, ရင်နာမှုအစရှိသော အနာမျိုးသည် ''ရောဂ'' အနာမျိုးမည်၏။

ဂဏ္ဍအနာ-- ကျောက် ဝက်သက် ဝက်ခြံ ဘင်နာ သွေးစုနာ အစရှိသော အဖုအလုံး ပေါ်ပေါက်၍ဖြစ်သော အနာမျိုးသည် ''ဂဏ္ဍ'' အနာမျိုးမည်၏။

အာဗာဓအနာ-- ဓားထိ၍ လှံထိ၍ မြားထိ၍ ဆူးငြောင့် ခလုတ်ထိ၍ ဖြစ် သော အနာမျိုး, စူး၍ ရှ၍ ခိုက်မိ၍ တိုက်မိ၍ မီးလောင် ၍, ယမ်းပေါက်၍ ဖြစ်သောအနာမျိုး, ခြေကျိုးမှု လက်ကျိုးမှု ထိုထို ဒဏ်ထိ၍ ပေါက်မှု ပြတ်မှု ဦးခေါင်းကွဲမှု မျက်လုံးပျက်မှု နားပျက်မှု အစရှိသော ဒဏ်နာမျိုးသည် ''အာဗာဓ'' အနာမျိုးမည်၏။

အနာအမျိုးမျိုး-- မိုးကြိုးပစ်၍ သေနတ်မှန်၍ အမြောက်မှန်၍ လဲ၍ မြင့်ရာမှကျ၍ မြွေကိုက်၍ ကျားကိုက်၍ ဆင်နင်း၍ ဖြစ်သော အနာမျိုး နူနာမျိုး ပန်းနာမျိုး ရူးနာမျိုး သွပ်နာမျိုးစသည် အလွန်များ ပြား၏။

ခဏချက်ချင်း လတ်တလော သေစေတတ်သောအနာ, တစ်နာရီ အတွင်း သေစေတတ်သောအနာ, တစ်ရက်အတွင်း သေစေ တတ်သော အနာ, တစ်သက်လုံး လူစဉ်မမှီအောင် အရုပ်ပျက်သောအနာ, အဆင်း ပျက်သော အနာ, မကြာ မကြာ တွန့်တွန့်လူး ဖြတ်ဖြတ်လူးခံရသော အနာစသည်ဖြင့်လည်း အလွန်များပြား၏။

ဖြစ်ခွင့်ဆိုက်လာသည်ရှိသော် တစ်ကိုယ်လုံး၌ရှိသော ခက်မာမှု တို့သည် ခဏချင်း ရောဂါအနာမျိုးလည်း ဖြစ်တတ်ကုန်၏၊ တစ်ကိုယ်လုံး သည် ခဏချင်း ရောဂါတုံးကြီး ရောဂါခဲကြီးဖြစ်၏။

ခဏချင်း ဂဏ္ဍအနာမျိုးလည်း ဖြစ်တတ်ကုန်၏၊ တစ်ကိုယ်လုံး သည် ခဏချင်း ဂဏ္ဍအနာတုံးကြီး ဂဏ္ဍအနာခဲကြီးဖြစ်၏၊

ခဏချင်း အာဗာဓ အနာမျိုးလည်းဖြစ်တတ်ကုန်၏၊ တစ်ကိုယ် လုံးသည် ခဏချင်း အာဗာဓ အနာတုံးကြီး အာဗာဓ အနာခဲကြီးဖြစ်၏၊

ပထဝီဓာတ်ကြီးသည် ဤမျှလောက် ကောက်ကျစ်ဆိုးဝါး၏၊ သန္တိသုခ မျိုးမဟုတ်၊ ဘယဒုက္ခမျိုးသာ အမှန်ဖြစ်၏၊ အလယ်ကိုယ်အင်္ဂါ တစ်ခုလုံးသည် ခဏချင်း အနာတုံးကြီး အနာခဲကြီး ဖြစ်နိုင်၏၊ ဦးခေါင်း တစ်ခုလုံးသည် ဦးနှောက် တစ်ခုလုံးသည် အစရှိသည်ဖြင့် အစိတ်အစိတ် အကုန်မြင်လေ၊ ပထဝီသည် ဤမျှလောက် ကောက်ကျစ်ဆိုးဝါး၏၊ သန္တိသုခမျိုးမဟုတ်၊ ဘယဒုက္ခမျိုးသာ အမှန်ဖြစ်၏၊

တစ်ကိုယ်လုံး၌လည်းကောင်း၊ ထိုထိုအင်္ဂါတို့၌လည်းကောင်း နိစ္စနိမိတ် သုခနိမိတ်တို့ အကုန်လွင့်ပျောက်၍ သွားပုံကို ကုန်အောင် ကြည့်လေ။

ဒုက္ခလက္ခဏာထင်လျှင် သုခနိမိတ်ပျောက်ခြင်း အဟုတ်ရှိ အဟုတ်မှန်ရှိသော ဓာတ်တို့အတွက် ဤကဲ့သို့သော အနိစ္စမှု ဒုက္ခမှုဖြစ်လာခဲ့သည်ရှိသော် ပုဂ္ဂိုလ် သတ္တဝါ အင်္ဂါ ကြီး ငယ်ဟူ သော နိစ္စနိမိတ် သုခနိမိတ်တို့သည် နိစ္စအနေ သုခအနေနှင့် အနည်း ငယ်မျှ ခုခံ၍နေခြင်းငှါ မတတ်နိုင်ကုန်။

အဘယ့်ကြောင့်နည်းဆိုသော် အဟုတ်ရှိသည် မဟုတ်လေသော ကြောင့်တည်း။

သူရူးသည် ကောင်းကင်ကို ရေပြင်ကြီး အဟုတ်ထင်၍နေရာ၌ မီးဘေးကြီးစွာ ဖြစ်လာသည်ရှိသော် ထိုရေပြင်ကြီးသည် မီးဘေးကို မခံနိုင်။

အဘယ့်ကြောင့်နည်းဆိုသော် အဟုတ်ရေ မဟုတ်လေသော ကြောင့်တည်း။

သူရူးသည် ခြင်းခြင်းနီသော မီးခဲကြီးကို အလွန်အေးမြလှစွာ သော စန္ဒကူးနီ တုံးကြီး ထင်၍နေရာ၌ ထိုဝတ္ထုမှာ ပူလောင်ခြင်းဟူသော မီးကိစ္စဖြစ်လာသည် ရှိသော် ထိုစန္ဒကူးသည် အေးမြမှုနှင့် ခုခံ၍ မနေနိုင်၊ ဤဥပမာကဲ့သို့ ထင်မြင်၍ ပုဂ္ဂိုလ်သတ္တဝါ အင်္ဂါကြီးငယ်ဟူသော နိစ္စ နိမိတ်မျိုး သုခနိမိတ်မျိုးတို့ကို အကုန်လွင့်ပျောက်စေကုန်ရာ၏၊

ဤကား ''ဘယဋ္ဌေန ဒုက္ခံ'' ဟူသော ပါဌ်နှင့်အညီ ခဏမစဲ ဖြစ်မှုပျက်မှု နှောက်ယှက်ခြင်း ရှိနေသည့်အတွက် ပထဝီ၌ ကြောက်မက် ဖွယ်သော ဒုက္ခလက္ခဏာကို ပြဆိုခြင်းတည်း။

ပထဝီဓာတ်ကို ပြဆိုခဲ့သော်လည်း ပြဆိုခဲ့သမျှသော ရောဂ အဖြစ်, ဂဏ္ဍအဖြစ်, အာဗာဓအဖြစ်အစုသည် ခန္ဓာ ၅-ပါးတစ်လုံးတည်း ဖြစ်မြဲဓမ္မတာဖြစ်၍ အာပေါ, တေဇော, ဝါယော, ဝေဒနာ, သညာ, စေတနာ, ဝိညာဏ်တို့လည်း ပထဝီ၌ တစ်လုံးတည်း ပါဝင်လေကုန်၏၊

အထူးမူကား--- ပထဝီကို အရင်းခံ၍ဖြစ်ရသော ဒုက္ခမျိုး, အာပေါ ကို အရင်းခံ၍ဖြစ်ရသော ဒုက္ခမျိုး အစရှိသည်ဖြင့် အရင်းခံမျှသာ အကွဲ အပြားရှိကြ၏၊

ဤကား ခန္ဓာ ၅-ပါးတို့၏ ဒုက္ခလက္ခဏာ ပဌမခန်းတည်း။

----------- * ----------

ဒုက္ခလက္ခဏာ ဒုတိယခန်း

ပျက်မှုသာ ရုပ်နာမ်တို့၏ ပကတိသဘော

ရေဥပမာနှင့် ရုပ်နာမ်ပျက်မှု-- ရေမည်သည် နိမ့်ရာသို့ စီးသွားမြဲ ဓမ္မတာဖြစ်၏၊ တည်တံ့၍နေစေလိုသော် နိမ့်ရာအရပ်ကို နိုင်လောက်အောင် ပိတ်ဆို့ကာဆီးရ၏၊ နိုင်လောက်မှနေသည်၊ မနိုင် လောက်လျှင် တွန်းလှန် ချိုးဖျက်၍ နိမ့်ရာသို့စီးသွား၏၊ အထက်သို့ ဆန်တက်စေလိုသော် အတင်းအကြပ် ပြုလုပ်ရ၏၊ ပြုလုပ်နိုင်ပါလျှင် ပြုလုပ်မှုအစွမ်း အားလျော်စွာ ဆန်တက်၏၊ ပြုလုပ်မှု အစွမ်းကုန်လျှင် နိမ့်ရာသို့သွားမြဲသွား၏၊ နိမ့်ရာသို့လျှောကျမှုမှာ ရေ၏ဓမ္မတာဖြစ်၍ ပြုပြင်ဖွယ်မရှိ၊ အကာအဆီးမရှိခဲ့လျှင် တသွန်တည်းသွားတော့သည်၊ တန့်ရပ်မှု ဆန်တက်မှုမည်သည် ရေ၏ဓမ္မတာ မဟုတ်၊ ရေ၏ပကတိ သဘောမဟုတ်၊ ရေ၏ပကတိသဘောနှင့် ဆန့်ကျင်ဖက်သာတည်း၊ ပြုပြင်မှု၏ အစွမ်းကြောင့်သာဖြစ်သော အာဂန္တုမှုသာတည်း။

အလုံးစုံသော မြေစိုင်, အုတ်,ကျောက်, သစ်,ဝါး,တုံး, တိုင် အစရှိ သည်တို့လည်း ထိုနည်းအတူ အတားအဆီး မရှိခဲ့လျှင် နိမ့်ရာသို့ လျှောကျကုန်မြဲဖြစ်သည်။

အောက်၌ မဟာပထဝီ မြေကြီးကို ခံ၍နေသော လေးသိန်းရှစ် သောင်းအထုရှိသော ကမ္ဘာရေသည် အောက်၌ ကိုးသိန်းခြောက်သောင်း အထုရှိသော ကမ္ဘာလေခုခံ၍သာ အောက်ကောင်းကင်ကြီးသို့ မကျပဲ ရပ်တည်၍နေသည်၊ လေမခုခံနိုင်လျှင် မျက်တောင်တစ်ခတ်မျှရပ်တန့်၍ မနေ၊ အောက်အဇဋာကာသ အနန္တကောင်းကင်ကြီးသို့ လျှောကျလေအံ့။

ထို့အတူ ဤမဟာပထဝီမြေကြီးသည်လည်း အောက်၌ ထိုရေ အပြင်ကြီးခုခံ၍သာ ရပ်တည်၍နေသည်၊ သမုဒ္ဒရာ, သီဒါ, မြင်းမိုရ်တောင်, စကြာဝဠာတောင် စသည်တို့သည်လည်း မဟာပထဝီမြေကြီး ခုခံ၍သာ တည်နေကြကုန်၏၊ နေ, လ, နက္ခတ်, တာရာ, နတ်ဘုံ, ဗြဟ္မာဘုံတို့လည်း ကောင်းကင်လေထုခံ၍သာ တည်နေကြကုန်သည်။

ထို့အတူ ခန္ဓာ ၅-ပါး ရုပ်, နာမ်တရားတို့၏ ဖြစ်မှုပျက်မှု နှစ်ပါး တို့တွင် ပျက်မှုသည်ကား ဓမ္မတာမှုတည်း၊ ရုပ်, နာမ်တရားတို့၏ ပကတိ သဘောတည်း၊ ရေ၏နိမ့်ရာသို့ လျှောကျမှုကဲ့သို့တည်း။

ရေ၏ လျှောကျမှုဓမ္မတာမှာ ပြုပြင်လျှင် ရပ်တန့်သေး၏၊ ဖြစ် ပေါ်ပြီးသော အနိစ္စဓမ္မမျိုးတို့ကို နိစ္စအနေနှင့် ရပ်တန့်၍ နေလေ အောင် ခုခံခြင်းငှါပင် မတတ် ကောင်း၊ ဖြစ်မှုသည်ကား ရုပ်, နာမ်တရားတို့၏ ဓမ္မတာမဟုတ်၊ ပြုပြင်မှုနှင့်ကင်း၍ ဖြစ်နိုင်သော ပကတိသဘော မဟုတ်၊ ရုပ်,နာမ်တရားတို့၏ ပကတိသဘောနှင့်ဆန့်ကျင်ဖက်သာတည်း။

အကယ်၍ ပကတိသဘော မြဲခဲ့ငြားအံ့၊ တစ်ယောက်သော သတ္တဝါ၏ ခန္ဓာအစဉ်သည် အနမတဂ္ဂသံသရာ၌ အစဉ်အမြဲဖြစ်၍သာ နေရာ၏၊ လောက၌ ကိလေသပရိနိဗ္ဗာန်စံမှု, ခန္ဓပရိနိဗ္ဗာန်စံမှုဟူ၍ မရှိလေရာ၊ ကိလေသပရိနိဗ္ဗာန်စံမှု မရှိကလည်း ဘုရားပစ္စေကဗုဒ္ဓါ အရိယာဟူ၍ မရှိလေရာ။

ဤစကား၌ စောဒနာရန်ရှိ၏၊ ''ဇာတိပစ္စယာ ဇရာမရဏံ'' ဟူ၍ ဟောတော်မူသောကြောင့် ပျက်မှုသည်လည်း ဖြစ်မှုက ပြုပြင်၍ ပေးမှရှိနိုင်သည်၊ ဖြစ်မှု မရှိခဲ့လျှင် ပျက်မှုလည်း မရှိနိုင်၊ ထို့ကြောင့် ပျက်မှုကိုလည်း ပကတိဓမ္မတာဟူ၍ မဆိုသင့်ဟု စောဒနာရန် ရှိ၏။

မှန်၏၊ ဤအရာ၌ ပျက်မှုကို ပကတိဓမ္မတာ ဆိုသည်မှာမူကား ဖြစ်မှုရှိခဲ့လျှင် ပျက်မှုရှိမြဲ အမှန်ဖြစ်၏၊ ပျက်မှုရှိခဲ့လျှင် ဖြစ်မှုရှိမြဲကား ဓမ္မတာမဟုတ်၊ ထို့ကြောင့် ပျက်မှုကိုသာ ပကတိဓမ္မတာ ဆိုပေသတည်း။

ဒုက္ခသာ ရုပ်နာမ်တို့၏ ပကတိသဘော-- ထို့အတူ ခန္ဓာ ၅-ပါး ရုပ်, နာမ်တရားတို့၏ သုခအဖို့ ဒုက္ခအဖို့ နှစ်ပါးတို့တွင် ဒုက္ခအဖို့ သည်ကား ဓမ္မတာမှုတည်း၊ ရုပ်, နာမ် တရားတို့၏ ပကတိသဘောတည်း၊ ရေ၏ နိမ့်ရာသို့ လျှောကျမှုကဲ့သို့တည်း။

သုခအဖို့သည်မူကား ရုပ်, နာမ်တရားတို့၏ ဓမ္မတာမဟုတ်၊ ပြုပြင်မှုနှင့် ကင်း၍ ဖြစ်နိုင်သော ပကတိ သဘောမဟုတ်၊ ရပ်တန့်မှု ဆန်တက်မှုသည် ရေ၏ ပကတိသဘောနှင့် ဆန့်ကျင်ဖက်ဖြစ်သကဲ့သို့ သုခအဖို့သည်လည်း ရုပ်,နာမ်တရားတို့၏ ပကတိသဘောနှင့် ဆန့်ကျင် ဖက်သာတည်း။

ထင်ရှားအောင် ပြဆိုဦးအံ့--

ခန္ဓာ ၅-ဖြာသည် ဒုက္ခစင်စစ်ဖြစ်ပုံ-- သတ္တဝါတို့၌ ခန္ဓာ ၅-ပါး ရုပ်, နာမ်တရားတို့သည် သုခမျိုးတို့လော, ဒုက္ခမျိုးတို့လောဟု သိလိုသည်ရှိသော် ခပ်သိမ်းသော ပြုပြင်မှုတို့ကို ဉာဏ်နှင့် ပယ်ရှား၍ သူတို့အလားကို ကြည့်ရှုရာ၏။

ပြုပြင်မှုကြောင့် သာယာဖွယ်ဖြစ်ခြင်း

ထိုစကားမှန်၏၊ ပြုပြင်မှုရှိခဲ့သည်ရှိသော် လောက၌ ပကတိအချို မျိုးသည် အချဉ်ဖြစ်ရာ၏၊ ပကတိအချဉ်မျိုးသည် အချိုဖြစ်ရာ၏၊ စက်ဆုပ်ဖွယ် ရွံရှာဖွယ်သော ဝက်သား ကြက်သား ငါးအမဲတို့သည် ဆီ, ဆား စသည်ဖြင့် မွမ်းမံ၍ ချက်ပြုတ်ကြော်လှော် ပြုပြင်မှုကြောင့် အမွန် အမြတ် ဖြစ်ရကုန်၏။

အဖြူမျိုးသည် အနီဖြစ်ရ၏၊ အနီမျိုးသည် အဖြူဖြစ်ရ၏၊ ပကတိ အရိုး အမျိုးသဘောကို လွန်စွာဖုံးလွမ်းနိုင်၏၊ လောက၌ ခပ်သိမ်းသော လိမ်လည်မှု ဟူသမျှသည် ပြုပြင်မှုမှ ဖြစ်၏၊ ပြုပြင်မှုကို ဉာဏ်နှင့် အကုန်အစင် ဆေးလျှော်၍ ကြည့်တတ်မှသာ ပကတိအရိုး အမျိုးမှန်တိုင်း ထင်ရှားပေါ်နိုင်၏။

ထို့ကြောင့် ရုပ်, နာမ်တရားတို့သည် ပုဂ္ဂိုလ် သတ္တဝါတို့ကို ချမ်းသာ အေးငြိမ်းစေတတ်သော သုခမျိုးတို့လော, ပုဂ္ဂိုလ် သတ္တဝါတို့ကို ဆင်းရဲပူပန်စေတတ်သော ဒုက္ခမျိုးတို့လောဟု ထင်ရှားပေါ်စေလိုသော် လောကမျက်မြင်ဖြစ်သော ပြုပြင်မှု တို့ကို ဉာဏ်နှင့်အကုန် နုတ်ပယ်၍ သူ့ပကတိအတိုင်းထား၍ ကြည့်ရာ၏။

ခန္ဓာငါးပါးတို့ သင်္ခါရဒုက္ခနှင့် ဝိပရိဏာမဒုက္ခ ဖြစ်ပုံ

သုခ ဒုက္ခကို စိစစ် ကြည့်ရှုပုံ--အပြုအပြင် မရှိဘဲ သူ့ပကတိ အတိုင်းနေရမှ သူ့ဇာတိပေါ်မြဲ ဓမ္မတာတည်း၊ သုခအမျိုးမှန်ခဲ့လျှင် သုခဖက်သို့ တိုးတက်ကြီးပွါး စည်ကား၍သွားကုန်လတ္တံ့၊ ဒုက္ခအမျိုးမှန် ခဲ့လျှင် ဒုက္ခဖက်သို့ တသွန်တည်း ပိုင်းပိုင်းလဲ၍ သွားကုန်လတ္တံ့၊ သုခမျိုး မှန်ခဲ့လျှင် သုခဇာတ် ထွက်လတ္တံ့၊ ဒုက္ခမျိုးမှန်ခဲ့လျှင် ဒုက္ခဇာတ် ထွက် လတ္တံ့။

ပြုပြင်မှုမရှိသော သူငယ်ပမာ ငါးခန္ဓာ

အဘယ်သို့ ကြည့်ရှုရာသနည်းဟူမူကား အမိဝမ်းမှ မွေးဖွားစ အခါ၌ တစ်စုံတစ်ခုသော ပြု ပြင်မှုကို မပြုဘဲ သူငယ်၏ ခန္ဓာငါးပါးတို့ကို ပေါက်လွှတ်ထား၍ ကြည့်ရာ၏။

သုခမျိုး ဖြစ်ကုန်ငြားအံ့၊ သူငယ်၏ ခန္ဓာငါးပါးတို့သည် တစ်ခဏ တစ်ခြား ကြီးပွါးရွှင်လန်း ချမ်းသာစည်ပင်၍ သွားကုန်လတ္တံ့၊ ဒုက္ခမျိုး ဖြစ်ကုန်ငြားအံ့၊ တစ်ခဏတစ်ခြား ဆုတ်ယုတ်ညှိုးနွမ်း ပင်ပန်းပျက်စီး၍ သွားကုန်လတ္တံ့။

ခန္ဓာ ၅-ပါးတို့သည်မူကား ဒုက္ခမျိုးတို့သာ အမှန်ဖြစ်ကုန်၏၊ ထို့ကြောင့် ထိုအခါ၌ မပြုမပြင်ဘဲ ပေါက်လွှတ်ထားခဲ့သည်ရှိသော် လောလောပူသော မြေအပြင်၌ ချထားအပ်သော ပဒုမ္မာကြာပွင့်ကဲ့သို့ တစ်ခဏတစ်ခြား ဆုတ်ယုတ်ညှိုးနွမ်း ပင်ပန်းဆင်းရဲသော ဒုက္ခအဖို့သို့သာ သွားကုန်လတ္တံ့။

နှစ်ရက်,သုံးရက်အတွင်းမှာပင် သေဆုံး၍ သုသာန်သို့ ထုတ်ပို့ စွန့်ပစ်ရကုန်လတ္တံ့၊ ပေါက်လွှတ်ထားသည့်အတွက် ကြီးပွါးရွှင်လန်း ချမ်းသာစည်ပင်၍ လာကုန်သည်ဟု မရှိကုန်ရာပြီ၊ ဇမ္ဗူဒီပါတစ်ကျွန်းလုံး၌ မွေးဖွားသမျှသော သူငယ်တို့ကို ထိုသို့ ထားခဲ့သော် တစ်စုံတစ်ယောက်မျှ ချမ်းသာသူဟူ၍ မရှိကုန် လတ္တံ့။

စကြဝဠာအနန္တနှင့်တကွ အနမတဂ္ဂသံသရာတစ်ခုလုံး၌ မွေးဖွား သမျှသော သူငယ်တို့ကို အကုန်မြော်လေ။

ထိုသို့သော အလား၏ ဒိဋ္ဌမျက်မြင်ကဲ့သို့ ထင်ရှားလျက်ရှိသော ကြောင့် မွေးဖွားသည်မှ ကြီးပွါး၍ လာကြရသော သုခအဖို့သည် ခန္ဓာ ၅-ပါး ရုပ်, နာမ် တရားတို့၏ ဇာတိအမှုမျိုးမဟုတ်၊ ပြုပြင်မှု အာဂန္တု၏ အစွမ်းသက်သက်သာ တည်းဟု ထင်ရှားလေသတည်း။

မွေးဖွားသည်မှ နောက်၌လည်း တစ်ဘဝ တစ်ဘဝအတွင်းတွင် ဘယ်နာရီမှာမဆို မွေးမြူမှု, ပြုပြင်မှု ခပ်သိမ်းတို့ကို နုတ်ပယ်၍ ပစ်ထားခဲ့လျှင် ဤနည်းအတိုင်း ဒုက္ခအဖို့သို့ တစ်ဖက်သတ် တစ်လမ်းသွား သာရှိကြသည်ကို အနမတဂ္ဂသံသရာပေါက်အောင် တစ်လျှောက်လုံး မြင်ကြလေ။

သင်္ခါရဒုက္ခ-- ပြုပြင်မှုကား အလွန်ကြီးကျယ်လှသော သင်္ခါရ ဒုက္ခကြီးတည်း။

ဝိပရိဏာမဒုက္ခ-- ပေါက်လွှတ်ထားခဲ့လျှင် ပိုင်းပိုင်းလဲမှုကား အလွန်ကြီးကျယ်လှသော ဝိပရိဏာမ ဒုက္ခကြီးတည်း။

ဤသတ္တဝါတို့သည် သင်္ခါရဒုက္ခကြီးကို မုန်းသည်ဟု လွတ်ထား ကြကုန်လျှင် ဝိပရိဏာမဒုက္ခဖက်သို့ ပိုင်းပိုင်းလဲသွားရကုန်၏၊

ဝိပရိဏာမဒုက္ခကြီးကို ကြောက်သည်ဟု ရှောင်ကွင်းကြပြန်လျှင် သင်္ခါရဒုက္ခပူကြီးသို့ ကြောင်ကြောင် တိုးဝင်ရကြကုန်၏၊

ဘင်ပုပ်ငရဲကြီး, ပြာပူငရဲကြီးနှစ်ခုတို့၏ အကြားသို့ ရောက်ကြ ကုန်သော ငရဲသားတို့သည် ဘင်ပုပ်ငရဲကို အလွတ်ရှောင်လျှင် ပြာပူငရဲ တွင်းသို့ ကျကြကုန်၏၊ ပြာပူငရဲကို အလွတ်ရှောင်လျှင် ဘင်ပုပ်ငရဲတွင်းသို့ ကျကြကုန်သကဲ့သို့တည်း။

ဤကား ခန္ခာငါးပါးတို့၏ သင်္ခါရဒုက္ခ, ဝိပရိဏာမဒုက္ခ ဟူသော ဒုက္ခလက္ခဏာ ဒုတိယခန်းတည်း။

--------- * --------

ဒုက္ခလက္ခဏာ တတိယခန်း

ဝိပရိဏာမဒုက္ခအမျိုးမျိုး-- ခန္ဓာ ၅-ပါး ရုပ်, နာမ်တရားတို့၏ ဝိပရိဏာမဒုက္ခမှုသည်--

ပဌမခန်း၌ ပြဆိုခဲ့ပြီးသော ကိုယ်တွင်းအန္တရာယ်, ကိုယ်ပ အန္တရာယ်တို့၏ ထိခိုက်ခြင်းကြောင့်ဖြစ်သော ဝိပရိဏာမဒုက္ခမျိုးအနန္တ, ပြုပြင်မှု ချို့တဲ့ချွတ်ယွင်း၍ ဖြစ်ရသော ဝိပရိဏာမဒုက္ခမျိုးအနန္တ, ဘဝအဆုံးသို့ကျ၍ အနိစ္စဓမ္မတာအားဖြင့် ဖြစ်ရသော ဝိပရိဏာမဒုက္ခမျိုး အနန္တရှိ၏၊

ကိလေသာ အနန္တရှိခြင်း-- ထို အလုံးစုံသော ဝိပရိဏာမဒုက္ခ တို့မှ ဒေါသ မောဟ အမှူးရှိကုန်သော ကိလေသာအနန္တတို့သည် ဖြစ်ပွါး ကုန်၏၊ ရေသတ္တဝါ, ကုန်းသတ္တဝါတို့အား နေ့ရှိသမျှ ကြောင့်ကြစိုက်ကြ ရသော အသက်မွေးမှု, အစာရှာမှု အစရှိသော သင်္ခါရဒုက္ခကြီးမှ လောဘ မောဟအမှူးရှိသော ကိလေသာအနန္တတို့သည် ဖြစ်ပွါးကုန်၏၊

ထို့အတူ ခန္ဓာ ၅-ပါးတို့၏ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ ချမ်းသာဟူသော သုခအဖို့တို့မှ လောဘ,မောဟအမှူးရှိသော ကိလေသာ မီးအနန္တတို့သည် နေ့မစဲ ညမစဲ တဟုန်းဟုန်းတောက်ပွါးကုန်၏၊

အပါယ်လေးဘုံဟူသော ဒုက္ခအဖို့တို့မှ ဒေါသ မောဟအမှူးရှိ သော ကိလေသာမီးအနန္တတို့သည် နေ့မစဲ ညမစဲ တဟုန်းဟုန်း တောက် ပွါးကုန်၏။

ကိလေသာမီးကြောင့် အောက်အောက်ဘုံ၌ ဖြစ်ရခြင်း

သုဂတိဘုံ၌ လူ,နတ်, ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် ဝိပရိဏာမ ဒုက္ခ မျိုး, ဒုက္ခအဖို့မျိုးတို့မှ နေ့စဉ်ဖြစ်ပွါးကုန်သော ဒေါသ မောဟအမှူးရှိ ကုန်သော ကိလေသာမီး-

သင်္ခါရဒုက္ခမျိုး, လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာဟူ သော သုခအဖို့မျိုးတို့မှ ခဏမစဲ ဖြစ်ပွါးကုန်သော လောဘ, မောဟအမှူးရှိ ကုန်သော ကိလေသာမီး--

အပါယ်ဘုံတို့၌လည်း များသောအားဖြင့် ဒေါသ, မောဟ အမှူးရှိကုန်သော ကိလေသာမီးတို့၏ ခဏမစဲ အမြဲတောက်လောင်မှုတို့ ကြောင့် တစ်နေ့တစ်ခြား ခန်းခြောက်သော စိတ်သန္တာန်ရှိကြကုန်သည် ဖြစ်၍ တပို့တွဲ,တပေါင်းတို့တွင် တောတစ်ခွင်,တောင်တစ်ခွင်တို့၌ တစ်နေ့တစ်ခြား ခန်းခြောက်ကြကုန်သော သစ်ရွက်တို့သည် တန်ခူးလ, ကဆုန်လတို့၌ လေသုတ်တိုင်း လေသုတ်တိုင်း မြေသို့ ကြွေကျကြလေကုန် သကဲ့သို့ မရဏ လေသုတ်တိုင်း လေသုတ်တိုင်း ထိုထို ဗြဟ္မာ့ ဘုံတစ်ခွင်, နတ်ဘုံ,လူ့ဘုံတစ်ခွင်တို့မှ နေ့မစဲ ညမစဲ အောက်ဘုံသို့လျှောကျ ကြရကုန် ၏၊ အထက်အထက် အပါယ်ဘုံတို့မှလည်း အောက်အောက် အပါယ် ဘုံသို့ လျှောကျကြရကုန်၏။

ဤကား ခန္ဓာ ၅-ပါးတို့၏ ကိလေသာမီးတောက်မှုဟူသော ဒုက္ခလက္ခဏာ တတိယခန်းတည်း။

--------- * --------

ဒုက္ခလက္ခဏာ စတုတ္ထခန်း

ကံအဟုန်ကုန်လျှင် အပါယ်ဘုံမှသာစုရခြင်း တစ်ယောက် တစ်ယောက်သောသတ္တဝါအား ကိလေသာ ဟောင်းတို့မှ ဖြစ်ပွါးကုန်သော ဒုစ္စရိုက်ကံဟောင်း အနန္တ။

ကိလေသာသစ်တို့မှ ဖြစ်ပွါးကုန်သော ဒုစ္စရိုက်ကံသစ် အနန္တရှိကြ ကုန်သည်ဖြစ်၍ ကောင်းကင်သို့ ပစ်လွင့်အပ်သော အုတ်, ကျောက်တို့ သည် အဟုန်ကုန်ဆုံးသောအခါ မြေအပြင်မှာချည်း စုလာရကုန်သကဲ့သို့။

တစ်ခုတစ်ခုသော ကုသိုလ်အဟုန် ကုန်ဆုံးသောအခါ ဗြဟ္မာ့ဘုံ တစ်ခွင်တို့မှလည်း အပါယ် ၄-ဘုံ အပြင်မှာ စုလာကြရကုန်၏၊

နတ်ပြည်တစ်ခွင်တို့မှလည်း အပါယ် ၄-ဘုံအပြင်မှာ စုလာကြ ရကုန်၏၊

လူ့ဘုံတစ်ခွင်မှလည်း အပါယ် ၄-ဘုံအပြင်မှာ စုလာကြရကုန်၏၊

အထက်အထက် အပါယ်ဘုံတစ်ခွင်တို့မှလည်း အောက်အောက် အပါယ်ဘုံ အပြင်မှာ စုလာကြရကုန်၏၊

အပါယ် ၄-ဘုံမှာ သတ္တဝါအသိုက်အအုံ ကြီးကျယ်ပုံကို ရှေး၌ ပြဆိုခဲ့ပြီ။

ဤကား ခန္ဓာ ၅-ပါးတို့၏ ဒုစ္စရိုက်ပွါးမှုဟူသော ဒုက္ခလက္ခဏာ စတုတ္ထခန်းတည်း။

--------- * --------

ဒုက္ခလက္ခဏာ ပဉ္စမခန်း

အပါယ်ဒုက္ခ ကြီးကျယ်ပုံ

လိပ်ကာဏ်းဥပမာ သုဂတိခန္ဓာ

ထိုဒုစ္စရိုက်ကံဟောင်း အနန္တ, ဒုစ္စရိုက်ကံသစ် အနန္တတို့ကြောင့် အပါယ်ဘုံသို့ တစ်ကြိမ်တစ်ခေါက် ကျရောက်ကြကုန်သည်ရှိသော် လိပ်ကာဏ်းဥပမာကဲ့သို့ အပါယ်ဘုံမှ ဘဝတစ်ရာနှင့်လည်း မလွတ်နိုင်ကြ ကုန်, ဘဝတစ်ထောင်နှင့်လည်း မလွတ်နိုင်ကြကုန်, ဘဝတစ်သောင်းနှင့် လည်း မလွတ်နိုင်ကြကုန်မူ၍ တစ်ဘဝထက် တစ်ဘဝ မြုပ်၍မြုပ်၍သာ သွားကြကုန်သဖြင့် တစ်ယောက် တစ်ယောက်သော သတ္တဝါအား သံသရာ၌ အပါယ်ခန္ဓာ,အပါယ်ဘဝတို့သည်သာ အလွန်တရာ များပြားလှ စွာကုန်၏။

လက်သည်းပေါ် မြေမှုန့်ဥပမာ-- သုဂတိခန္ဓာ သုဂတိဘဝ တို့သည်မူကား အလွန်တရာနည်းပါးကြကုန်၏၊ နခသိခသုတ္တန် ဒေသနာ တော်ကြီးကို မြော်ကြလေ။

ဤကား ခန္ဓာ ၅-ပါးတို့၏ အပါယဒုက္ခ ကြီးကျယ်မှုဟူသော ဒုက္ခလက္ခဏာ ပဉ္စမခန်းတည်း။

ဒုက္ခလက္ခဏာတို့၏ အရင်းအမြစ်ကို ပြဆိုခန်း

ဤငါးခန်း ငါးရပ်တို့ဖြင့် သိသာရုံမျှ ဖော်ပြအပ်ကုန်သော ဒုက္ခလက္ခဏာတို့၏ အရင်းအမြစ်သည်မူကား မိမိတို့သန္တာန်၌ ရှိနေသော ခက်မာမှု ဖွဲ့စေးမှု ပူမှု အေးမှု တောင့်တင်းမှု သိမှု မြင်မှု ကြားမှု အစရှိကုန်သော ခန္ဓာ ၅-ပါးတို့၏ ခဏမစဲဖြစ်မှု ခဏမစဲ ပျက်မှုသည် အရင်းအမြစ်ပင်တည်း။

ထိုခဏမစဲဖြစ်မှု ခဏမစဲပျက်မှု နှောင့်ယှက် ညှဉ်းပန်းသည့် အတွက်ကြောင့် ခက်မာမှု အစရှိကုန်သော ခန္ဓာ ၅-ပါးတို့သည် အနမတဂ္ဂသံသရာ၌ တစ်နာရီမျှ ငြိမ်သက်ချမ်းကြည် တည်နေနိုင်သော သန္တိသုခနှင့် ဝေးကွာကြကုန်သည်ဖြစ်၍ သမုဒ္ဒရာလှိုင်းကြီး လှိုင်းငယ်တို့ ကဲ့သို့ ရပ်တည်မရ လှုပ်ရှား၍ နေကြကုန်၏၊ သင်္ခါရဒုက္ခကြီး, ဝိပရိဏာမ ဒုက္ခကြီးတို့သည် ငရဲကြီး ၂-ရပ် ညှပ်၍ နေဘိသကဲ့သို့ အမြဲညှပ်၍ နေကြကုန်၏။

လူ့ခန္ဓာ၌ရှိသော ခက်မာမှု, နတ်ခန္ဓာ ဗြဟ္မာ့ခန္ဓာတို့၌ရှိသော ခက်မာမှု အစရှိသည်တို့သည် ဖြစ်ခြင်း ပျက်ခြင်း ကင်းလွတ်သော သန္တိသုခမျိုး ဖြစ်ကြပါကုန်မူကား ထိုအလုံးစုံသော ဒုက္ခမျိုးတို့မှ ကင်းရှင်း ကြလေကုန်ရာ၏၊ အောက်အောက်ဘုံသို့ လျောကျခြင်းဟူ၍ မရှိကြလေ ကုန်ရာ၊ အပါယ်ဘုံ အပါယ်ဘဝဟူ၍ပင် မရှိကြလေကုန်ရာ၊ ဘဝတစ်ပါး ပြောင်းလဲခြင်းဟူ၍ မရှိကြလေကုန်ရာ၊ သင်္ခါရဒုက္ခ, ဝိပရိဏာမဒုက္ခ နှစ်ပါးတို့မှ ကင်းရှင်းကြကုန်သဖြင့် လူ, နတ်, ဗြဟ္မာတို့သည် နိစ္စထာဝရ ချမ်းသာသုခ တူမျှသည်သာ ဖြစ်ကုန်ရာ၏။

ထို့ကြောင့် ထိုအလုံးစုံသော ဒုက္ခတို့သည် ခန္ဓာ ၅-ပါးတို့၏ ခဏမစဲ ဖြစ်မှု,ပျက်မှုလျှင် အရင်းအမြစ်ရှိကုန်သည်ဟူ၍ ထင်ရှားလေ သတည်း။

ဤဒုက္ခလက္ခဏာမည်သည် အလွန်များပြားလှ၏၊ ကြံ၍ မဆုံးနိုင် ပြောဟော၍ မဆုံးနိုင် ရှိ၏၊ ထင်ရှားရာမျှကိုသာ ပြလိုက်သည်။

ငါတို့စီရင်သော လက္ခဏဒီပနီ, ဝိဇ္ဇာမဂ္ဂဒီပနီ, နိဗ္ဗာနဒီပနီ, အာဟာရဒီပနီ, အနတ္တဒီပနီ, ကမ္မဋ္ဌာနဒီပနီ, စတုသစ္စဒီပနီ, သစ္စတ္ထဒီပနီ, ပဋိစ္စသမုပ္ပါဒ ဒီပနီကျမ်းတို့၌လည်း ဒုက္ခအချက် အသီးအသီး ပါရှိလေ၏။

နာမ်တရားကို မပြုပြင်လျှင်

အဝီစိက မတက်ရ

ရုပ်တရားတို့၌ ပြုပြင်မှုခပ်သိမ်းကို နုတ်ပယ်၍ ကြည့်ခဲ့သော် ခန္ဓာ ၅-ပါးလုံး အဆိုး အဝါးကြီးဖြစ်၍ နေကုန်သဖြင့် ထိုနေ့၌ပင် မခံနိုင် မရပ်နိုင်ဖြစ်၍ သွားမည်ကိုလည်းကောင်း, သေဆုံး၍ သွားမည်ကို လည်းကောင်း မြင်ရ၏၊ ရုပ်တရားတို့ကိုသာ ပြုပြင်၍ နာမ်တရားတို့ကို မပြုပြင်ဘဲ လွှတ်ထားခဲ့သော် အနမတဂ္ဂသံသရာနှင့်အမျှ အဝီစိငရဲက မတက်ရသော စခန်းသို့ ဧကန်ဆိုက်မည်ကို မြင်ရ၏။

နာမ်တရား၌ ပြုပြင်မှု။။ နာမ်တရားတို့၌ ပြုပြင်မှု ဆိုသည်ကား-

၁။ အရှေ့, အနောက်, တောင်, မြောက်စသည်ကို သိအောင် ပြုပြင်မှု၊

၂။ အမိ, အဖစသည်ကို သိအောင်ပြုပြင်မှု၊

၃။ လောက အကျိုးအပြစ်, သံသရာ အကျိုးအပြစ်တို့ကို သိ အောင်ပြုပြင်မှု၊

၄။ သိသည်အားလျော်စွာ စိတ်သွားတိုင်း ကိုယ်မပါရ အောင် ချုပ်တည်းမှု၊

၅။ စိတ်သွားတိုင်း နှုတ်မပါရအောင် ချုပ်တည်းမှု၊

၆။ စိတ်အလိုကို လွှတ်၍ မလိုက်မှု၊

၇။ လောဘအလိုကို လွှတ်၍ မလိုက်မှု၊

၈။ ဒေါသအလိုကို လွှတ်၍ မလိုက်မှု၊

၉။ မောဟအလိုကို လွှတ်၍ မလိုက်မှု၊

၁၀။ မာနအလို, ဒိဋ္ဌိအလို, ဝိတက်အလို, ဝိစာရအလိုတို့ကို လွှတ်၍ မလိုက်မှုတည်း။

တိရစ္ဆာန် သတ္တဝါတို့ပင်သော်လည်း စိတ်အလိုကို လွှတ်၍ မလိုက်ကြကုန်မူ၍ မိမိတို့သိရှိသမျှ နေရာဌာနတို့၌ ရှောင်မှုရှားမှု အသီးသီးရှိကြကုန်၏၊ နာမက္ခန္ဓာတို့၏ ပကတိသဘောသည် အလွန်ကြီး ကျယ်လှသော ဒုက္ခသဘောကြီးသာတည်း၊ ရိပ်မိရုံမျှ ပြဆိုလိုက်သည်။ ဒုက္ခလက္ခဏာ အမြွက်ပြီး၏၊

---- * ---

ဒုက္ခဝိပဿနာကိုပြဆိုခန်း

ဒုက္ခဝိပဿနာဆိုသည်ကား---မိမိသန္တာန်၌ အမာခံဖြစ်၍နေသော ပထဝီဟူသော ခက်မာမှုကြီးတစ်ခုကို အနမတဂ္ဂသံသရာ၌ ဖြန့်ခင်း၍ ကြည့်ရှုရာ ငြိမ်းချမ်းသာယာသော သန္တိသုခရှိသော ဓာတ်မျိုးမဟုတ် ခဏမစဲ ဖြစ်မှု ပျက်မှု ပြောင်းလဲမှုရှိနေသည်ဖြစ်၍ ခဏချင်း သုခအဖို့သို့ ပြောင်းလဲနိုင်၏၊ ခဏချင်း ဒုက္ခအဖို့သို့ ပြောင်းလဲနိုင်၏၊ ပြဆိုခဲ့ပြီးသော ရောဂါမျိုး, အနာမျိုးစသည် ခဏချင်းဖြင့် ဖြစ်နိုင်၏။

ဤသို့အစရှိသည်ဖြင့် ထိုခက်မာမှုတစ်ခု၌ ဒုက္ခလက္ခဏာကြီး ၅-ရပ်ကို အလင်းမြင်နိုင်သောဉာဏ်သည် ဒုက္ခဝိပဿနာ မည်၏၊ ဖွဲ့စေးမှုအစရှိသော ရုပ်ခန္ဓာစု, သိမှု ခံစားမှု မှတ်သားမှု စေ့ဆော်မှု မြင်မှု ကြားမှုအစရှိသော နာမ်ခန္ဓာစု၌လည်း ဒုက္ခလက္ခဏာ ကြီး ၅- ရပ်ကို အလင်းမြင်သောဉာဏ်သည် ''ဒုက္ခဝိပဿနာ'' မည်၏။

ဤ ဒုက္ခဝိပဿနာဉာဏ် အလင်းပေါက်ခဲ့သည်ရှိသော် ပုဂ္ဂိုလ်, သတ္တဝါ, နတ်, သိကြား, ဗြဟ္မာအစရှိသော နိစ္စနိမိတ်ကြီး သုခ နိမိတ်ကြီးတို့ကို ဖြေဖျောက်နိုင်ကြကုန်၏။

ထို့အတူ ဦးခေါင်း, ခြေ, လက်အစရှိသော သုခနိမိတ်၊ ဦးထိပ် နဖူး, မျက်နှာ, မျက်လုံး, နား, နှာခေါင်း, ခံတွင်း, မေး, နှုတ်ခမ်း,လျှာ, သွားအစရှိသော သုခနိမိတ်၊ ဆံပင်, မွေးညင်း, ခြေသည်း, လက်သည်း အစရှိသော သုခနိမိတ်တို့ကို ဖြေဖျောက် နိုင်ကြကုန်၏။

အမျိုး၏မြတ်ခြင်း, အနွယ်၏မြတ်ခြင်း, အဆင်းသဏ္ဌာန် ကြန်အင် လက္ခဏာတို့၏ ကောင်းခြင်း, ရွှန်းစိုနုနယ် အရွယ်၏ ကောင်း ခြင်း, ကိုယ်အင်္ဂါ အပြုအမူတို့၏ တင့်တယ်ခြင်း, နှုတ်အင်္ဂါအပြုအမူတို့၏ တင့်တယ်ခြင်း အစရှိသော လိမ်လည်ကောက်ကျစ် ဆိုးညစ် မှောက်မှား စေတတ်သော သုခနိမိတ်တို့ကိုလည်း ဉာဏ်၌ ဖျောက်ဖျက်နိုင်ကုန်၏။

ရုပ်နာမ်တို့၏ ထင်ရှားသော ဒုက္ခဘေးနှင့် သိမ်မွေ့နက်နဲသော ဒုက္ခဘေး

သုခအဖို့ဖြစ်သော ရုပ်နာမ်တရား, ဒုက္ခအဖို့ဖြစ်သော ရုပ်နာမ် တရားနှစ်ပါးတို့တွင်--

၁။ ဒုက္ခအဖို့ဖြစ်သော ရုပ်, နာမ်တရားစုသည် နိစ္စနိမိတ်မျှကို ပြ၍ သတ္တဝါတို့ကို မှောက်မှားစေတတ်၏၊

၂။ သုခအဖို့ဖြစ်သော ရုပ်, နာမ်တရားစုသည်မူကား နိစ္စနိမိတ်, သုခနိမိတ်, သုဘနိမိတ်တို့ကိုပြ၍ သတ္တဝါတို့ကို မှောက်မှား စေတတ်၏။

ထင်ရှားသော ဒုက္ခဘေး-- ဒုက္ခအဖို့ဖြစ်သော ရုပ် နာမ်တရား တို့၏ ဒုက္ခလက္ခဏာသည် ပကတိအားဖြင့်ပင် ထင်ရှားပေါ်လွင်၍နေ၏၊ ထိုရုပ်နာမ်တရားတို့ကို ဒုက္ခမျိုးဟူ၍ပင် သတ္တဝါတို့ သိကြကုန်၏၊ တွေ့ကြုံရမည်ကိုပင် ကြောက်ကြကုန်၏၊ လွတ်ကင်းအောင် ရှောင်ကြဉ် ကြကုန်၏။

ဥပမာကား-- ခြင်္သေ့, သစ်, ကျားတို့၏ ဒုက္ခဘေးသည် အလွန် ထင်ရှား၏၊ ထို့ကြောင့် လောက၌ ဒုက္ခအဖို့ဖြစ်သော ရုပ်နာမ်တရားတို့ ကြောင့် ဖြစ်ရသော ဒုက္ခဘေးမည်သည် အလွန်နည်းပါး၏။

နက်နဲသောဒုက္ခဘေး-- သုခအဖို့ဖြစ်သော ရုပ်နာမ်တရား တို့၏ ဒုက္ခလက္ခဏာသည် နက်နဲ၏၊ သုခနိမိတ်, သုဘနိမိတ်တို့သည် ဖုံးလွှမ်း လျက်ရှိကုန်၏၊ အကောင်းထက် အကောင်း, အမြတ်ထက် အမြတ်ဟု အဆင့်ဆင့် သမုတ်အပ်သော သက်ရှိသက်မဲ့ ဝတ္ထုတို့၌ ဒုက္ခလက္ခဏာ သည် နက်နဲသည်ထက် အဆင့်ဆင့် နက်နဲ၏။

ထိုရုပ်နာမ်တရားတို့ကို ဒုက္ခမျိုးဟူ၍ပင် သတ္တဝါတို့ မသိနိုင်ကြ ကုန်၊ သုခမျိုးဟူ၍ စွဲလမ်းကြကုန်၏၊ တွေ့ချင်ကြကုန်၏၊ မြင်ချင်ကြ ကုန်၏၊ လိုချင်ကြကုန်၏၊ ရချင်ကြကုန်၏၊ မိမိ၏ အပဥစ္စာပြုလုပ်၍ သိမ်းပိုက်လိုကြကုန်၏၊ အတွင်းဥစ္စာပြု၍ သိမ်းပိုက်လိုကြကုန်၏၊ မိမိကိုယ်အင်္ဂါ ပြုလိုကြကုန်၏၊ မရသေးသည်ကို ရအောင်ရှာမှီးကြ ကုန်၏၊ ရပြီးသည်ကို မလွတ်ရအောင် သိမ်းပိုက်ကြကုန်၏၊ ထိုဝတ္ထုတို့နှင့် ခံစားကြကုန်၏၊ ပျော်ပါးကြကုန်၏။

ထို့ကြောင့် လောက၌ သုခအဖို့ဖြစ်သော ရုပ်, နာမ်တရားတို့ ကြောင့် ဖြစ်ရသော ဒုက္ခဘေးကြီးသည်ကား အလွန်ကြီးမားလှ၏၊ တစ်လောကလုံး၌ ထိုဘေးကြီးသည် နေ့မစဲ,ညမစဲ အမြဲကပ်တိုက်၍ နေ၏။

ဥပမာကား--- ခြင်္သေ့, သစ်, ကျားတို့၏ ဒုက္ခဘေးသည် ထင်ရှား၏၊ ကြောက်ကြ၏၊ ရှောင်ကြဉ်ကြ၏၊ ထို့ကြောင့် လောက၌ ကျားကိုက်၍ သေသော မသာသည် အလွန်နည်းပါး၏။

သရက်, ပိန္နဲ, ငါးအမဲတို့၏ ဒုက္ခဘေးကား နက်နဲ၏၊ မကြောက်နိုင် ရှိကြ၏၊ ခင်မက်ကြ၏၊ ထို့ကြောင့် လောက၌ ထိုအာဟာရတို့၏ ဖျားမှု နာမှုနှင့် ပတ်သက်၍ သေသော မသာကား အလွန်ပေါများ၏။

ဝိရူပက္ခ အစရှိသော အဆိပ်ထန်လှသော မြွေကြီးတို့၏ ဒုက္ခဘေးကား အလွန်ထင်ရှား၏၊ ကြောက်ကြ၏၊ ရှောင်ကြဉ်ကြ၏၊ ထို့ကြောင့် လောက၌ ထိုမြွေကြီးတို့ကိုက်၍ သေရသော မသာမည်သည် အလွန်ရှားပါး၏

ဓာတ်ကြီး ၄-ပါး ဖောက်ပြန်မှုကြောင့် သေရသူများခြင်း

မိမိကိုယ်ခန္ဓာ၌ ဖြစ်နေကြကုန်သော ဓာတ်ကြီးလေးပါးတို့၏ ဒုက္ခဘေးသည် အလွန်နက်နဲ၏၊ မသိနိုင် မကြောက်နိုင် ရှိကြကုန်၏၊ ခင်မက်ကြ၏၊ အမြဲအားထုတ်၍ မွေးမြူသိမ်းပိုက်ကြ၏။

ထို့ကြောင့် လောက၌ ထိုဓာတ်ကြီးတို့၏ ဖောက်ပြန်မှုနှင့် သေရသော မသာသည်မူကား အဘယ်အခါမှ ပြတ်လပ်သည်ဟူ၍ မရှိ၊ မြို့ရွာရှိတိုင်း သင်းချိုင်း,သုသာန် အပြီးရှိနေကြကုန်၏၊ မြို့ရွာ စည်ကား လေလေ သင်းချိုင်းသုသာန် စည်ကားလေလေ ဖြစ်၏။

ဒုက္ခကြောင့် အပါယ်လားသူ-- ထို့အတူ လောက၌ ဒုက္ခ အဖို့ကို လိုက်စား၍ ဒုစ္စရိုက်တရားပွါးများသဖြင့် အပါယ်သို့ ကျရောက် သော သူတို့ကား နည်းပါးကုန်၏။

ချမ်းသာသုခကြောင့်အပါယ်လားသူ-- သုခအဖို့ကို လိုက်စား၍ ဒုစ္စရိုက်တရားပွါးများသဖြင့် အပါယ်သို့ ကျရောက်သောသူတို့သည်မူကား အလွန်များပြားကုန်၏။

မျက်စိအရသာကို လိုက်စားမှုနှင့် ကျရောက်သော သူတို့သည် အလွန်များပြားကုန်၏၊

နားအရသာကို လိုက်စားမှုနှင့်၊ နှာခေါင်းအရသာကို လိုက်စားမှု, ခံတွင်း အရသာ လျှာအရသာကို လိုက်စားမှု, ကိုယ်အင်္ဂါအရသာကို လိုက်စားမှု, လောကဂုဏ်ဟူသော မနောအရသာကို လိုက်စားမှုနှင့် ကျရောက်သော သူတို့သည် အလွန်များပြားကုန်၏၊ အပါယ်ဘုံကြီးသည် အလွန်တရာ စည်ကား၏၊

အပါယ်ဘုံနှင့် ထောက်စာလိုက်သည်ရှိသော် လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာ့ဘုံတို့မှာ သတ္တဝါရှိသည်ဟူ၍ပင် မပြောစလောက်ရှိ၏၊ အပါယ်ကြီး စည်ကားသမျှသည် သုခအဖို့ကို လိုက်စားသူတို့ချည်းသာတည်း၊ ဒုက္ခအဖို့ ကို လိုက်စားသူဟူ၍ အလွန်နည်းပါးရာ၏၊

လောက၌ အရသာမကောင်းသော အသီးမျိုး, အသားမျိုး အစား မှား၍ ရောဂါဥပဒ်ဖြစ်သည် သေဆုံးသည် မရှိ၊ အရသာ မကောင်းသည် ကို အစာအာဟာရပင် မပြုကြ၊ အရသာကောင်းသော အသားမျိုး, အသီးမျိုးတို့ကို အစားမှား၍ ရောဂါဥပဒ်ဖြစ်သည် သေဆုံးသည်ဟူ၍သာ ရှိသကဲ့သို့တည်း။

တဏှာကြောင့် သံသရာဒုက္ခမှ မလွတ်နိုင်ပုံ လောက၌ ပကတိသောမြေစိုင်ခဲ ကျောက် ခဲ သလဲ စသည်တို့၌ ငြိတွယ်သော တဏှာကြောင့် သံသရာဒုက္ခမှ မကျွတ်နိုင်သည် မလွတ်နိုင် သည်ဟူ၍ မရှိ၊ ရွှေ,ငွေ, ပတ္တမြားစသော ရတနာမျိုးတို့၌ ငြိတွယ်သော တဏှာကြောင့်သာ သံသရာဒုက္ခမှ မကျွတ်နိုင် မလွတ်နိုင် ရှိနေကြ၏။

အသုံးမကျသော သစ်ပင်, သစ်တုံးစသည်တို့၌ ငြိတွယ်သော တဏှာကြောင့် သံသရာဒုက္ခမှ မကျွတ်နိုင်, မလွတ်နိုင်သည်ဟူ၍ မရှိ၊ ယောကျ်ား,မိန်းမ အချင်းချင်း ငြိတွယ်ကြသော တဏှာကြောင့်သာ သံသရာဒုက္ခမှ မကျွတ်နိုင် မလွတ်နိုင် ရှိနေကြ၏။

အပါယ်ဘုံ, အပါယ်ဘဝတို့၌ ငြိတွယ်သော တဏှာကြောင့် သံသရာဒုက္ခမှ မကျွတ်နိုင် မလွတ်နိုင်သည်ဟူ၍မရှိ၊ လူ့ဘုံ, လူ့ဘဝ, နတ်ဘုံ, နတ်ဘဝ, ဗြဟ္မာဘုံ, ဗြဟ္မာဘဝတို့၌ ငြိတွယ်သော တဏှာကြောင့် သံသရာဒုက္ခမှ မကျွတ်နိုင် မလွတ်နိုင် ရှိနေကြ၏။

အပါယ်ဆင်းရဲတို့၌ ငြိတွယ်သော တဏှာကြောင့် သံသရာဒုက္ခမှ မကျွတ်နိုင်သည် မလွတ်နိုင်သည် ဟူ၍မရှိ၊ လူ့ချမ်းသာ နတ်ချမ်းသာ, ဗြဟ္မာချမ်းသာတို့၌ ငြိတွယ်သော တဏှာကြောင့်သာ သံသရာဒုက္ခမှ မကျွတ်နိုင် မလွတ်နိုင်ရှိနေကြ၏။

လောက၌ အသုံးမကျသော မြေစိုင်ခဲ ရွှံ့ခဲတို့၌ ငြိတွယ်သော တဏှာကြောင့် သံသရာဒုက္ခ အပါယ်ဒုက္ခတို့မှ မကျွတ်နိုင် မလွတ်နိုင် သည်ဟူ၍မရှိ၊ မိမိတို့၏ စက္ခု၌ ငြိတွယ်သောတဏှာ, သောတ၌ ဃာန၌ ဇိဝှါ၌ ကာယ၌ မနော၌ ငြိတွယ်သော တဏှာကြောင့်သာ သံသရာဒုက္ခ အပါယဒုက္ခတို့မှ မကျွတ်နိုင် မလွတ်နိုင် ရှိနေကြရလေသတည်း။

ဤမျှသော စကားရပ်တို့ဖြင့် ဒုက္ခအဖို့ဖြစ်ကုန်သော ခန္ဓာ ၅- ပါးရုပ်နာမ်တရားတို့၌ ဒုက္ခဘေး ဒုက္ခလက္ခဏာတို့ထက် သုခအဖို့ ဖြစ်ကုန်သော ခန္ဓာ ၅-ပါး ရုပ်နာမ်တရားတို့၏ ဒုက္ခဘေး ဒုက္ခလက္ခဏာ တို့သည်သာ အလွန်ကြီးကျယ်လှကုန်သည်ကို ရိပ်မိရုံမျှ အကျဉ်းအားဖြင့် ပြဆိုလိုက်သည်။

ဤတွင်ရွေ့ကား ဒုက္ခလက္ခဏာ ဒုက္ခဝိပဿနာတို့ကို ပြဆိုချက်ပြီး၏၊

------------ * ------------

အတ္တနိမိတ် အနတ္တလက္ခဏာ

အနတ္တဝိပဿနာသုံးပါးကို ပြဆိုခန်း

အတ္တနိမိတ်, အနတ္တလက္ခဏာ, အနတ္တဝိပဿနာ သုံးပါး၌--အတ္တနိမိတ်-- အတ္တနိမိတ်ဆိုသည်ကား အနှစ်သာရရှိသော အရိပ် အ ရောင်တည်း၊ အနှစ်သာရဟူသည် အဘယ်နည်း၊ ခိုင်မြဲသော ဝတ္ထုမျိုးတည်း၊ ခိုင်မြဲသော အမှုမျိုးတည်း၊ အမာခံ အထည်ခံဖြစ်သော ဝတ္ထုမျိုးတည်း။

ရုပ်နာမ်တရားတို့သည် ပုထုဇ္ဇန်တို့၏စိတ်၌ ပုဂ္ဂိုလ်၏ အနှစ်အသား အရိပ်အရောင် ထင်ကုန်၏၊ သတ္တဝါ၏ အနှစ်အသား အရိပ်အရောင်ထင်ကုန်၏၊ ဦးခေါင်း၌ရှိသော ရုပ်နာမ်တရားတို့သည် ဦးခေါင်း၏ အနှစ်အသား အရိပ် အရောင် ထင်ကုန်၏၊ နိစ္စနိမိတ်၌ အကျယ်ပြဆိုခဲ့သည့်အတိုင်း သဏ္ဌာနအပြား သန္တတိအပြားတို့ကို အကုန်ဝေဖန်၍ ဆိုလေ။ ဆံပင်တစ်ခု၌ရှိသော ရုပ်တရားတို့သည် ပုထုဇ္ဇန်တို့၏စိတ်၌ ထိုဆံပင်၏ အနှစ်အသား အရိပ်အရောင်ထင်ကုန်၏၊ မွေးညင်းတစ်ခု၌ရှိသော ရုပ်တရားတို့သည် ပုထုဇ္ဇန်တို့၏စိတ်၌ ထိုမွှေးညင်း၏ အနှစ်အသား အရိပ်အရောင်ထင်ကုန်၏၊ အဏုမြူတစ်ခု၌ရှိသော ရုပ်တရားတို့သည် ပုထုဇ္ဇန်တို့၏စိတ်၌ ထို အဏုမြူ၏ အနှစ်အသား ထင်ကုန်၏၊

အတ္တနိမိတ် အခြင်းအရာ

ပုဂ္ဂိုလ်၏ အနှစ်အသား ဥပမာ-- ပုဂ္ဂိုလ်၏ အနှစ်အသား ဆိုသည်ကား သံကိုပြုလုပ်သော အိုးခွက်၌ သံသည် ထိုအိုးခွက်၏ အနှစ်အသားတည်း၊ ထိုအိုးခွက်၏ ကိုယ်ပင်တည်း၊ အထည်ခံ အမာခံ ပင်တည်း၊ အိုးခွက်ဟူသော စကား၏အနက်ကား အိုးသဏ္ဌာန်, ခွက် သဏ္ဌာန်မျှသည်သာ ပဓာနဖြစ်၏၊ ဘယ်ဟာကိုပြုလုပ်သော အိုးခွက်ဟု မပေါ် သေး၊ အိုးခွက်၏ အသားကို မသိသေး၊ အဘယ်ကိုပြုလုပ်သော အိုးခွက်နည်းဟုမေးရာ သံကိုပြုလုပ်သော အိုးခွက်တည်း၊ သံအိုး,သံခွက် တည်းဟု ပြောဆိုသော အခါမှ ထိုအိုးခွက်၏ အနှစ်အသားကို သိရသည်၊ ထိုအိုးခွက်ဟူသော သဏ္ဌာန်အထူး၏ အထည်ခံ အမာခံဟူသော ကိုယ်ကိုသိရသည်။

ထို့ကြောင့် သံအိုးခွက်တို့၌ သံသည် ထိုအိုးခွက်တို့၏ အတ္တ မည်၏၊ အနှစ်အသားမည်၏၊ ကိုယ်မည်၏၊ သံအိုး,သံခွက်တို့၌ သံနှင့် အိုးခွက် တခြားစီ ခွဲ၍မရပြီ၊ သံခိုင်မြဲသမျှ ထိုအိုးခွက် ခိုင်မြဲ၏၊ သံအဖိုး တန်သမျှ ထိုအိုး ထိုခွက် အဖိုးတန်၏။

ရွှေအိုး ရွှေခွက် ငွေအိုး ငွေခွက် မြေအိုး မြေခွက် ကြေးအိုး ကြေးခွက် စသည်တို့၌လည်း ဤနည်းအတူတည်း။

ပုဂ္ဂိုလ်နှင့် ခန္ဓာငါးပါး

ထို့အတူ ပုဂ္ဂိုလ်ဟူသော စကား၏ အနက်သည် သဏ္ဌာန ပညတ်မျှသာဖြစ်၏၊ အသားမပါသေး၊ ကိုယ်ထည်မပါသေး၊ အဘယ်ဟာ ကို ပုဂ္ဂိုလ်ဆိုသနည်းဟု အသားကို မေးရာ ဤဟာကိုခေါ်သည်ဟု ခန္ဓာ ၅-ပါးကို ပုဂ္ဂိုလ်ဖြစ်သည်ဟု ဖော်ထုတ် ပြဆိုပေလတ္တံ့။

ထို့ကြောင့် ခန္ဓာ ၅-ပါးတို့သည် ဤကဲ့သို့သော ထိုထိုဝတ္ထုဒြဗ်, ထိုထို ကိရိယာတို့၏ သရုပ်သကောင်မျိုး, အမာခံမျိုး, အထည်ခံမျိုး, အနှစ်အသားမျိုး (ဖြစ်သည်၊ ၎င်းခန္ဓာငါးပါးတို့)ကို ထိုထိုဝတ္ထု ထိုထို ကိရိယာတို့၏ အတ္တခေါ်သည်၊ ကိုယ်ခေါ်သည်၊ ထိုအတ္တနှင့် ဝတ္ထု ကိရိယာတခြားစီ ခွဲ၍ မရပြီ၊ မိမိတို့ အတ္တ ခိုင်မြဲသမျှ ထိုထိုဝတ္ထုကိရိယာ တို့ ခိုင်မြဲကုန်၏၊ မိမိတို့အတ္တ အဖိုးတန်သမျှ ထိုထိုဝတ္ထုကိရိယာတို့ အဖိုးတန်ကုန်၏။

ထို့အတူ ထိုထိုပုဂ္ဂိုလ်တို့၌ အသီးအသီးရှိကြသော ခက်မာမှု, ဖွဲ့စေးမှု, ပူမှု, အေးမှု, လှုပ်ခြားမှု, တောင့်တင်းမှု, သိမှု, ခံစားမှု, မှတ်သားမှု, စေ့ဆော်မှုတို့သည် ထိုပုဂ္ဂိုလ်၏ အတ္တ မည်ကုန်၏၊ ခက်မာမှု စသည်တို့ ခိုင်မြဲကြကုန်သမျှ ထိုထိုပုဂ္ဂိုလ်တို့ ခိုင်မြဲကြကုန်၏၊ အသက်ရှည်ကြ ကုန်၏၊ ခက်မာမှုစသည်တို့သည် အနှစ်တစ်ရာခိုင်မြဲကြကုန်လျှင် ပုဂ္ဂိုလ် တို့သည် အနှစ်တစ်ရာ အသက်ရှည်ကြကုန်၏၊ ခက်မာမှုစသည်တို့သည် အနှစ်ကိုးဆယ်ခိုင်မြဲကြလျှင် ပုဂ္ဂိုလ်တို့သည် အနှစ်ကိုးဆယ် အသက်ရှည် ကြကုန်၏။

အနှစ်ရှစ်ဆယ်, အနှစ်ခြောက်ဆယ်, အနှစ်ငါးဆယ်စသည်တို့၌ လည်း ထိုနည်းတူ ဆိုလေ။

ကြွင်းသော အင်္ဂါကြီးငယ်တို့၌လည်းကောင်း, ဆံပင် မွှေးညင်း အစရှိသော ကောဋ္ဌာသတို့၌လည်းကောင်း သူ့အတ္တနှင့်သူ အသီးသီး ဆိုလေ။

အနှစ်တစ်ရာ အနှစ်ကိုးဆယ် စသည်ခိုင်မြဲမှုဆိုသည်ကား အနှစ်တစ်ရာ အနှစ်ကိုးဆယ် စသည်တို့၏ အတွင်း၌ ဖြစ်ခြင်း ပျက်ခြင်း ဟူ၍ တစ်ကြိမ်တစ်ခါမျှ မရှိဆိုလိုသည်။

ဤကား ခက်မာမှု စသည်တို့သည်ပင်လျှင် ငါ၏ကိုယ်တည်းဟု ပုထုဇ္ဇန် တို့၏စိတ်၌ ထင်၍နေသော အတ္တနိမိတ်၏ အခြင်းအရာတည်း။

အလိုသို့ လိုက်သယောင်-- အလိုသို့ လိုက်မှုသည်လည်း အတ္တ နိမိတ်၏ အခြင်းအရာပင်တည်း၊ အလိုသို့လိုက်မှုဆိုသည်ကား ထိုပုဂ္ဂိုလ် ၌ရှိသော ခက်မာမှုသည် ထိုပုဂ္ဂိုလ်၏ အလိုသို့ လိုက်၏၊ ပုဂ္ဂိုလ်သွား လိုလျှင် ခက်မာမှု သွား၏၊ ပုဂ္ဂိုလ် ရပ်လိုလျှင် ခက်မာမှု ရပ်၏၊ ဤနည်းတူ ပုဂ္ဂိုလ်နှင့် ပြုပြုသမျှသော ခပ်သိမ်းသော ကာယကံမှု, ဝစီကံမှု, မနောကံ မှုတို့၌ ခက်မာမှုသည် ပုဂ္ဂိုလ်အလိုသို့လိုက်၏၊

ဖွဲ့စေးမှု စသည်တို့၌လည်း ဤနည်းတူဆိုလေ။

--------- * --------

မာန၏စွဲလမ်းချက်

အတ္တအခြင်းအရာ-- အလိုသို့ လိုက်စေနိုင်မှုနှင့်အစိုးရမှုကား အတူတူပင်၊ ပုဂ္ဂိုလ်၏ အလိုကို မလွန်ဆန်လျှင် အစိုးရတော့၏၊ အစိုးရ လျှင် မလွန်ဆန်ပြီ၊ အလိုသို့ လိုက်ရတော့သည်၊ ဤကား ငါ၌ ရှိသော ခက်မာမှု စသည်သည် ငါ၏အလိုသို့လိုက်၏၊ ငါအလိုရှိတိုင်းပြုနိုင်၏၊ အစိုးရ၏၊ ငါနှင့်အကွဲအပြား မရှိကြပြီဟု ပုထုဇ္ဇန်တို့၏စိတ်၌ အရိုးစိုက် ထင်၍နေသော အတ္တအခြင်းအရာတည်း။

နိစ္စ၏အခြင်းအရာ-- နိစ္စ၏အခြင်းအရာနှင့် အတ္တအခြင်း အရာသည် များစွာမကွဲကြ၊ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့ကို နိစ္စမျိုး ပြုလုပ်၍ ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါရှိ၏၊ ငါရှိ၏၊ မိန်းမ ယောကျ်ားရှိ၏၊ ဦးခေါင်း, ခြေ, လက် စသည်ရှိ၏ဟု ပြောဆိုမှုသည် နိစ္စ၏အခြင်းအရာတည်း၊ မာန၏ စွဲလမ်းချက်တည်း။

ဒိဋ္ဌိ၏စွဲလမ်းချက်

၁။ ပုဂ္ဂိုလ်ဆိုသည်ကား ဘယ်ဟာကို ဆိုလိုသနည်း။

၂။ သတ္တဝါဆိုသည်ကား ဘယ်ဟာကို ဆိုလိုသနည်း။

၃။ ငါဆိုသည်ကား ဘယ်ဟာကို ဆိုလိုသနည်း။

၄။ မိန်းမ ယောကျ်ားဆိုသည်ကား ဘယ်ဟာကို ဆိုလိုသ နည်း- မေးခွင့်ဆိုက်ရာ၌

ဤဟာကိုဆိုသတည်းဟု ခန္ဓာငါးပါးကို ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး, ယောကျ်ား, မိန်းမ, ဦးခေါင်း, ခြေ, လက် စသည်ပြု၍ ပြောဆိုမှုသည် ဒိဋ္ဌိ၏ စွဲလမ်းချက်တည်း။

အနိစ္စလက္ခဏာမြင်လျှင်

နိစ္စ, အတ္တနိမိတ် ကွယ်ပျောက်ခြင်း

ရှေး၌ ပြဆိုခဲ့ပြီးသော ဣရိယာပုထ်ပြောင်းလဲမှု, ခပ်သိမ်းသော ကိုယ်အင်္ဂါ, နှုတ်အင်္ဂါ, စိတ်အင်္ဂါလှုပ်ရှားမှုတို့၌ အလှုပ်မခံ, အလှက်မခံ ချုပ်ပျက်၍နေသော ခန္ဓာ ၅-ပါးတို့၏ အနိစ္စလက္ခဏာကို ဉာဏ်အမြင် ပေါက်ခဲ့သည်ရှိသော် နိစ္စနိမိတ်သည် ကွယ်ပျောက်၏၊ နိစ္စနိမိတ်ကွယ် ပျောက်ခဲ့လျှင် အတ္တနိမိတ်သည် ကွယ်ပျောက်တော့သည်။

အလိုသို့မလိုက်သော ခန္ဓာ ၅-ပါး-- ခဏမစဲ ချုပ်ပျက်၍ သေဆုံးနေသော ခက်မာမှု အစရှိသောခန္ဓာ ၅-ပါးသည် အနှစ်တစ်ရာ အနှစ်ကိုးဆယ်စသည် ခိုင်မြဲနိုင်မည် အလွန်ဝေးလေစွ၊ တစ်မိနစ် တစ်နာရီမျှ ခိုင်မြဲသည်မဟုတ်၊ မသေမဆုံးပဲ တစ်မိနစ် တစ်နာရီ အသက်ရှည်နိုင်သော ရုပ်ခန္ဓာ, နာမ်ခန္ဓာဟူ၍ တစ်စုံတစ်ခုမျှ မရှိ၊ တစ်နာရီ တစ်မိနစ်အတွင်းမှာပင် အခါများစွာ သေဆုံးကြရကုန်၏၊ ပုဂ္ဂိုလ်, သတ္တဝါမည်သည် တစ်ဘဝတွင် တစ်ခါဖြစ် တစ်ခါသေသာ အရိုးရှိ၏၊ တစ်ဘဝတွင် အခါခါဖြစ်ပေါ်သည်။ အခါခါသေဆုံးသည်ဟု အရိုးမရှိ။

ထိုသို့ဖြစ်၍ တစ်မိနစ်တွင် အခါခါဖြစ်-အခါခါသေ၍နေရသော ရုပ်ခန္ဓာနာမ်ခန္ဓာစုသည် တစ်ဘဝတွင် တစ်ခါဖြစ်တစ်ခါသေသာ အရိုးရှိ သောပုဂ္ဂိုလ်၏ အထည်ခံ အမာခံ အနှစ်သာရ အတ္တ အဘယ်မှာ ဖြစ်နိုင် လတ္တံ့နည်း၊ အနည်းငယ်မျှ အလှုပ်အလှပ်မခံ ပျက်ဆုံး၍နေသော ခန္ဓာ၅- ပါးသည် ပုဂ္ဂိုလ်သွားလိုလျှင် သွား၏၊ ရပ်လိုလျှင် ရပ်၏ အစရှိသော အလိုလိုက်မှုဟူ၍ အဏုမြူမျှ မရှိလေ။

ဤစကား၌ စောဒနာရန် ရှိ၏

စောဒနာ-- သတ္တဝါ အများတို့သည် မိမိတို့ခန္ဓာ ၅-ပါးနှင့်ပင် သွားခြင်း ရပ်ခြင်း အစရှိသော အမှုတို့ကိုအလိုရှိတိုင်းပြု၍ နေကြသည် ကား ကိုယ်တွေ့ မျက်မြင် အထင်အရှားဖြစ်ကြ၏၊ ထိုသို့ဖြစ်ပါလျက် ခန္ဓာ ၅-ပါးသည် ပုဂ္ဂိုလ်သွားလိုလျှင် သွား၏၊ ရပ်လိုလျှင်ရပ်၏ အစရှိသော အလိုလိုက်မှု မရှိဟု အဘယ့်ကြောင့် ဆိုပါသနည်းဟု မေးရန်ရှိ၏။

အဖြေ-- တစ်ခုသော ခက်မာမှုသည် မချုပ်မပျက်မူ၍ ပုဂ္ဂိုလ် သွားလိုလျှင်သွား၏၊ ရပ်လိုလျှင်ရပ်၏ အစရှိသော အလိုလိုက်မှု မရှိ သည်ကို ဆိုပေသတည်း။

သန္တတိအမှုမျှသာ

လောက၌ ခန္ဓာ၅-ပါးနှင့်ပင် သွားခြင်း ရပ်ခြင်း အစရှိသော အမှုတို့ကို အလိုရှိတိုင်းပြု၍ နေကြသည်မှာမူကား ခက်မာမှု အသစ် အသစ်ကို အဆက်ဆက်စီစဉ်၍ မြစ်ရေအယဉ်ကဲ့သို့ အစဉ်သန္တတိ၏ အမှုသာတည်း။

စိတ်၌ ပုဂ္ဂိုလ်အဟုတ် ရှိ၍နေသော သူမှာသာလျှင် ပုဂ္ဂိုလ်၏ သွားခြင်း ပုဂ္ဂိုလ်၏ ရပ်ခြင်းစသည်ရှိနေ၏၊

ပုဂ္ဂိုလ်ဟူ၍ အဟုတ်မရှိ၊ ခက်မာမှု စသည်သာ ရှိသောသူမှာပုဂ္ဂိုလ်၏ သွားခြင်း ပုဂ္ဂိုလ်၏ ရပ်ခြင်းစသည်ပင်မရှိ၊ ထိုခက်မာမှု စသည် သာလျှင် အလှုပ် အလှက်မခံ ပျက်ဆုံး၍နေကြသော တရားစုဖြစ်၍ လောကမျက်မြင်ဖြစ်သော သွားမှုရပ်မှုကို ပြု၍နေနိုင်သော တရားဟူ၍ တစ်စုံတစ်ခုမျှမရှိ၊ သန္တတိမှုမျှသာ ရှိသတည်း။

ထိုသို့ သန္တတိအားဖြင့် အလိုလိုက်မှု ရှိနေသည်မှာလည်း ခန္ဓာ ၅-ပါး ရုပ်နာမ်တရားတို့၏ ပကတိသဘောမဟုတ်၊ မြစ်ရေကို အလိုရှိရာ သို့ဆန်တက်၍ပါလေအောင် ပြုပြင်မှုကဲ့သို့ လက်ပူးလက်ကြပ် ပြုပြင်၍ ယူရသော အာဂန္တုကမှုသာတည်း။

ထိုစကားမှန်၏၊ မွေးဖွားစအခါကပင် မပြုမပြင်ဘဲ ပေါက်လွှတ် ထားခဲ့သော် နှစ်ရက်သုံးရက်အတွင်းမှာ သုသာန်သို့ထုတ်၍ စွန့်ပစ်ရ လတ္တံ့သည်ကား မုချမလွဲတည်း။

ထိုအခါမှ နောက်၌နာရီစဉ်များစွာ နေ့စဉ်များစွာ လစဉ် နှစ်စဉ် များစွာ တည်ရှိ၍လာကြသည်ကား အစာအာဟာရ ထောက်ပံ့မှု အစရှိ သော ပြုပြင်မှုတို့၏ အစွမ်းသက်သက်သာတည်း။

ဟုတ်သည် မဟုတ်သည်ကို ဉာဏ်၌ထင်ရှားစေလိုသော် ထိုပြုပြင်မှုတို့ကို အကုန်နုတ်ပယ်၍ကြည့်၊ ကိုယ်တွင်း၌ အာဟာရ အလျှင်းပြတ်သည်နှင့်တစ်ပြိုင်နက် ပိုင်းပိုင်းလဲ၍ သေဆုံးသည်ကို ဉာဏ်၌ မြင်လိမ့်မည်။

အစိုးမရသော ခန္ဓာ ၅-ပါး။ ။စောဒနာရန် ရှိပြန်၏

စောဒနာ။။ ထိုသို့ပြုပြင်၍ ရမှုသည်ပင်လျှင် အစိုးရမှု တစ်မျိုး မဟုတ်ပါလောဟု မေးရန်ရှိ၏။

ပရိဟာရ။ ပြုပြင်၍ ရမှုဆိုသော်လည်း ပုဂ္ဂိုလ်အလိုရှိ တိုင်း ရသည် မဟုတ်၊ ပုဂ္ဂိုလ်၏ စိတ်အလိုများပြားပုံနှင့် ထောက်စာသော် ပြုပြင်၍ ရရှိသော အရာသည် အနည်းငယ်မျှသာဖြစ်၏။

ထိုအနည်းငယ်မျှကိုပင် အသက်ထက်ဆုံး အလွန်ကြပ်တည်းစွာ ပြုပြင်ကြရ၏၊ ပြုပြင်တိုင်းရခဲ့လျှင် လောက၌ အရွယ်မရောက်မီ အတွင်းမှာ ဖျားခြင်း နာခြင်း သေခြင်းပျောက်ခြင်းဟူ၍ပင် မရှိလေရာ။

စောဒနာ။ အနည်းငယ်မျှ ပြုပြင်၍ ရမှုသည်ပင်လျှင် အစိုးရမှု တစ်ခု ဆိုသင့်ပါသည် မဟုတ်လောဟု မေးရန်ရှိ၏၊

ပရိဟာရ။ ပြုပြင်မှုဆိုကတည်းကပင် အစိုးရမှု မဟုတ်ပြီ၊ မိမိအလိုသို့ ပါစေခြင်းငှါ မိမိကရှေးဦးစွာ တင်ကူး၍ သူ့ကျွန်ခံရမှုသာ တည်း။

ယခုနေ့၌ အစာရေစာ ထောက်ပံ့မွေးမြူမှုနှင့် သူ့ကျွန်ခံနိုင်ပါ လျှင်အန္တရာယ်မရှိခဲ့သော် ယနေ့တစ်ရက် မတ်မတ်မားမား နေနိုင်၏၊ နက်ဖြန်၌သူ့ကျွန်မခံနိုင်လျှင် နက်ဖြန်၌ ပိုင်းပိုင်းလဲ၏၊ သည်လ၌ သူ့ကျွန်ခံနိုင်ပါလျှင် သည်လ၌ နေရာ၏၊ နောက်လ၌ ပိုင်းပိုင်းလဲ၏၊ သည်နှစ်၌ သူ့ကျွန်ခံနိုင်ပါလျှင် သည်နှစ်၌ နေရာ၏၊ နောက်နှစ်၌ ပိုင်းပိုင်းလဲ၏။

သည်ဘဝ၌ ကာယကံ ဝစီကံ မနောကံတို့ကို ကြပ်တည်းစွာ စောင့်ချုပ်မှု လှူမှု ဒါန်းမှုတို့နှင့် သူ့ကျွန်ခံနိုင်ပါလျှင် နောက်ဘဝ၌ လူဖြစ်၏၊ နတ်ဖြစ်၏၊ ကျွန်မခံနိုင်လျှင် အပါယ်လေးပါးသို့ ပိုင်းပိုင်းလဲ၏။

ပြုပြင်မှုသည် သင်္ခါရဒုက္ခ

ဤသို့လျှင် ပြုပြင်မှုဟူသည် သင်္ခါရဒုက္ခနှင့် သူ့ကျွန်ခံမှု သက်သက်သာတည်း၊ ပြုပြင်မှုမည်သည် လောက၌ လက်စားမှုကဲ့သို့ တည်း၊ လက်စားမှုဆိုသည်ကား သူ့ကိစ္စကို ငါကဆောင်လျှင် ငါ့ကိစ္စကို သူဆောင်မြဲတည်း၊ အစိုးရမှု မဟုတ်။

တစ်ဦးသောသူက ကြေးငွေပေးခဲ့လျှင် တစ်ယောက်သောသူက ထိုကြေးငွေနှင့် တန်သလောက်သော ထိုသူ၏ အမှုကို လုပ်ဆောင်ရ၏၊ ကြေးငွေပေး သောသူက ကြေးကျွန်ငွေကျွန်ခံမှုတည်း၊ လုပ်ဆောင်သူက လူကျွန်ခံမှုတည်း၊ အစိုးရမှုမဟုတ်။

ဤပြုပြင်မှုအတွက်နှင့် အသက်ရှည်သမျှ တည်နေ၍ ကာယကံ ဝစီကံ မနောကံမှုတို့ကို အလိုရှိရာ တရွရွ တကြွကြွ ဆောင်ရွက်၍ နေကြ ရကုန်၏၊ အစိုးရမှုဟူ၍ အဏုမြူမျှ မရှိကြကုန်၊ ပြုပြင်မှု ခပ်သိမ်းတို့၏ အစွမ်းသက်သက်သာတည်း၊ ခပ်သိမ်းသော ဒုစ္စရိုက်အမိုက်အမှား အနန္တတို့သည် ခန္ဓာတို့ကို ပြုပြင်မှုတို့မှ ဖြစ်ပွါးကုန်၏၊

ကုန်းသတ္တဝါ ရေသတ္တဝါတို့ကို အကုန်မြော်လေ။

သင်္ခါရဒုက္ခ နက်နဲပုံ

အသက်မွေးမှု အစာအာဟာရမှုနှင့် တစ်လောကလုံး ဒုစ္စရိုက် လောကကြီး ဖြစ်နေပုံကို မြင်ရလိမ့်မည်၊ ပြုပြင်မှုကြီး အမြဲဖုံးလွှမ်း၍ နေသည့်အတွက်ကြောင့် ခန္ဓာ ၅-ပါးတို့၏ အစိုးမရမှုကြီးသည် အလွန်နက်နဲ၍ နေ၏၊ မြင်းမိုရ်တောင်ကြီး ဖုံးလွှမ်း၍နေသော မုန့်ညှင်းစေ့ကဲ့သို့ အလားတူ၏၊ ပညာရှိတို့ ရိပ်မိရုံမျှ ပြဆိုလိုက်သည်၊ ပြုပြင်မှုတွေကို အစေ့အစပ် မြင်တတ်မှ ရိပ်မိကြမည်။

ပဋ္ဌာန်း ၂၄-ပစ္စည်းသည် ပြုပြင်မှုအသိုက်အအုံကို ကမ်းကုန် လမ်းကုန် ဝေဖန်သော အစီအရင်ပေတည်း၊ နက်နဲလေစွ။

အစိုးမရသော အလိုသို့မလိုက်သော ခန္ဓာငါးပါးတို့ကို အစိုးရ သည်, အလိုသို့လိုက်သည်ဟု ထင်နေကြရာ၌ အကြောင်းရင်းကြီး တစ်ခုကို ပြဆိုဦးအံ့။

အလို ၂-မျိုး။ ။။။။အလိုသည်--

၁။ ပုဂ္ဂိုလ်၏ အလို၊

၂။ ဓမ္မ၏ အလို၊

ဟူ၍နှစ်မျိုးရှိ၏။

ပုဂ္ဂိုလ်အလို-- ပုဂ္ဂိုလ်၏ အလိုဆိုသည်ကား ခပ်သိမ်းသော သတ္တဝါတို့သည် ပကတိသော သဘောအားဖြင့် အနမတဂ္ဂသံသရာ၌ ချမ်းသာကိုသာ အစဉ်ထာဝရ အလိုရှိကြကုန်၏၊ တရံတဆစ်မျှ ဆင်းရဲကို အလိုမရှိကြကုန်၊ ကောင်းမြတ်သည်ကိုသာ အစဉ်ထာဝရ အလိုရှိကြ ကုန်၏၊ ယုတ်ညံ့သည်ကို တရံတဆစ်မျှ အလိုမရှိကြကုန်။

ဤကား ပုဂ္ဂိုလ်၏ အလိုတည်း၊ ပုဂ္ဂိုလ်၏ အကြိုက်တည်း။

ဓမ္မအလို-- ဓမ္မအလိုဟူရာ၌ ခပ်သိမ်းသော သင်္ခါရဓမ္မတို့သည် ပြုပြင်မှုကို အမြဲအလိုရှိကုန်၏၊ အပြုအပြင် အလွန်ကြိုက်ကုန်၏၊

သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ--- ဟူသော ပါဠိတော်မြတ်နှင့် အညီ မိမိ မိမိတို့ ကြိုက်ရာ ကြိုက်ရာ အကြောင်းတရားတည်းဟူသော အစာအာဟာရကို အမြဲကိစ္စ အလိုရှိကြကုန်၏၊ အစာအာဟာရနှင့် ကင်းခဲ့လျှင် မျက်တောင်တစ်ခတ်မျှ မနေနိုင်ကြကုန်၊ ချုပ်ကွယ်၍သာ သွားကြကုန်၏၊ အစာအာဟာရပြည့်စုံလျှင် ပြည့်စုံသည့်အလျောက် ကြီးပွါးစည်ကားကြကုန်၏၊ အစာအာဟာရလျော့ပါးလျှင် လျော့ပါးသည့် အလျောက် ဆုတ်ယုတ်ကြကုန်၏၊ ထင်းမီးစာနှင့် မီးကဲ့သို့တည်း။ ဤကား ရုပ်နာမ်နှစ်ပါးတို့နှင့် ဆက်ဆံသော ဓမ္မအလိုတည်း။

လူနာရောဂါနှင့် ဓာတ်ကြိုက် ဓာတ်စာ ဥပမာ

ဤ၌ ရုပ်ဓာတ်, နာမ်ဓာတ်တို့၏ ဓာတ်ကြိုက်ကို ဓမ္မအလိုဆိုသည်၊ လောက၌ မကျန်းမမာရှိကြရာ၌ ဓာတ်ကြိုက်သော အစာ, ဓာတ်မကြိုက် သော အစာဟူ၍ ရွေးချယ်ကြရ၏၊ သူနာ၏ အလိုအကြိုက်ကို မလိုက်မူ၍ အဇ္ဈတ္တဓာတ်တို့၏ အလို, ဓာတ်တို့၏ အကြိုက်ကို ပညာဖြင့် ဆင်ခြင်၍ ဓာတ်အလိုရှိသောအစာ, ဓာတ် ကြိုက်သော အစာ, ဓာတ်တောင်းသော အစာကို ပေးမှ ရောဂါပျောက်ငြိမ်းသည်၊ ဓာတ်အလိုမရှိသောအစာ, ဓာတ်မကြိုက်သော အစာ, ဓာတ် မတောင်းသော အစာကို ပေးခဲ့လျှင် ဆေးအတွက် ဥပဒ်ဖြစ်တတ်သည်။

ပထဝီလွန်ကဲ၍ ဖြစ်သောအနာ၌ ပထဝီဓာတ်ကြိုက်ကို ပေးမိပြန်လျှင် ရောဂါတိုး၏၊ ပထဝီဓာတ်မကြိုက်သော အစာကိုပေးရာ၏၊ ပထဝီနုံ့၍ ဖြစ်သော အနာ၌ ပထဝီဓာတ်ကြိုက်သော အစာကို ပေးရာ၏၊ ပထဝီဓာတ်မကြိုက်သော အစာကိုရှောင်ရာ၏။

ထိုအတူ အာပေါနာစသည်တို့၌လည်း အလွန်, အနုံ့ကိုသိ၍ အာပေါဓာတ် ကြိုက်သောအစာ, အာပေါဓာတ် မကြိုက်သော အစာ, တေဇောကြိုက်သောအစာ, တေဇော မကြိုက်သော အစာ, ဝါယော ကြိုက်သောအစာ, ဝါယော မကြိုက်သော အစာ, သည်းခြေ ဓာတ်ကြိုက် မကြိုက်သောအစာ, သလိပ်ဓာတ်ကြိုက် မကြိုက်သော အစာတို့ကို ရွေးချယ်၍ပေးရသည်။

အကြိုက် ၃-မျိုး

၁။ သူနာဖြစ်သူ ပုဂ္ဂိုလ်က အကြိုက်တစ်မျိုး၊

၂။ ရောဂါက အကြိုက်တစ်မျိုး၊

၃။ အဇ္ဈတ္တဓာတ်တို့၏ အကြိုက်တစ်မျိုး၊

ဟူ၍ ၃-မျိုးရှိ၏၊

၁။ ပုဂ္ဂိုလ်အကြိုက်ကို ပုဂ္ဂိုလ်က တောင်းတတ်၏၊ ၂။ ရောဂါအကြိုက်ကို ရောဂါဟူသော ဝိသမ ဓာတ်ဆိုး ဓာတ်ဝါးတို့က တောင်းတတ်ကုန်၏၊

၃။ အဇ္ဈတ္တဓာတ်တို့၏ အကြိုက်ကို အဇ္ဈတ္တဓာတ်တို့က တောင်း တတ်ကုန်၏၊

ဤအဇ္ဈတ္တဓာတ်တို့၏ အကြိုက်ကို လိုက်ရာ၏၊ ပုဂ္ဂိုလ်အကြိုက် ရောဂါ အကြိုက်တို့ကို မလိုက်ရာ၊ ပုဂ္ဂိုလ်အကြိုက် ရောဂါအကြိုက်ကို လိုက်မိလျှင် မှားတတ်၏၊ ရောဂါတိုးတတ်၏၊ သေတတ်၏၊ အဇ္ဈတ္တ ဓာတ်အကြိုက်နှင့် ပုဂ္ဂိုလ်အကြိုက် ထပ်တူကျသောအခါ သင့်လျော်၏၊ သူနာဖြစ်သူက ဘယ်ဟာကို အလိုရှိသည်ဆိုရာ၌ အကြိုက်သုံးမျိုး ထွေး၍နေတတ်၏၊ အလိုလိုက်မှားတတ်၏၊

ပုဂ္ဂိုလ်၏ အကြိုက်-- ဤစကား၌ ပုဂ္ဂိုလ်အကြိုက်ဆို သော်လည်း ရှေး၌ပြဆိုခဲ့သော ပကတိသဘာဝအကြိုက် မဟုတ်သေး၊ ထိုမှတစ်ပါးလည်း လောက၌ စျေးရုံတို့၌ရှိကုန်သော ကောင်းသော အရသာရှိကုန်သော အမြစ် အရွက် အပွင့် အသီး စားဖွယ် သောက်ဖွယ် ခဲဖွယ် လျက်ဖွယ် ဟူသမျှတို့သည် ပုဂ္ဂိုလ်၏အကြိုက်တို့တည်း။

ဓာတ်၏ အကြိုက်-- တောချုံတို့၌ ရှိကုန်သော ခါးစပ် နံစော်သော အရသာရှိကုန်သော အမြစ် အရွက် အပွင့် အသီးတို့သည် လည်းကောင်း, ဘိန္ဓောဆေး အပေါင်းတို့သည်လည်းကောင်း, အစိုးရ ဆေးရုံတို့၌ ရှိကုန်သော ခါးစပ် နံစော်သော ဆေးတို့သည်လည်းကောင်း ဓာတ်အကြိုက် တည်း။

ပုဂ္ဂိုလ် အကြိုက်တို့သည် အနာရောဂါတို့ကို ဖြစ်စေတတ်ကုန်၏၊ အသက် ခန္ဓာတို့ကို ဆုံးပါးစေတတ်ကုန်၏၊

ဓာတ်အကြိုက်တို့သည် အနာရောဂါတို့ကို ပျောက်ငြိမ်းစေတတ် ကုန်၏၊ အသက်ခန္ဓာတို့ကို ရှည်စေတတ်ကုန်၏၊

ပုဂ္ဂိုလ်အကြိုက် အဓိပ္ပါယ်-- ဤ၌လည်း ပုဂ္ဂိုလ်အကြိုက်ဆို သည်ကား တဏှာအကြိုက်ကို ဆိုသတည်း၊ ရှေး၌ ပြဆိုခဲ့သော ပကတိ သဘာဝအကြိုက် မဟုတ်သေး။

အကြိုက် နှစ်လမ်း-- ဤသို့လျှင် လောက၌လည်း ပုဂ္ဂိုလ် အကြိုက် တစ်လမ်း, ပုဂ္ဂိုလ်သန္တာန်၌ ရှိနေကုန်သောအတ္တဘော၏ အစောင့်အရှောက်ဖြစ်ကုန်သော မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ် သလိပ်ဓာတ် သည်းခြေဓာတ် အစရှိကုန်သော ဝိသမဓာတ်တို့၏ အကြိုက်တစ်လမ်းဟူ၍ အကြိုက်နှစ်လမ်း ထင်ရှားရှိသည်ကို သိအပ်၏၊

စိတ် ဓမ္မ အလိုကို ပြဆိုချက်

တရားကျမ်းဂန် အလိုတို့၌လည်း--

စိတ္တေန နိယျတိ လောကော၊ စိတ္တေန ပရိကဿတိ။ စိတ္တဿ ဧက ဓမ္မဿ၊ သဗ္ဗေဝ ဝသမနွဂူ။ (ပါဠိတော်)

လောကော=လူအပေါင်းကို၊ စိတ္တေန=စိတ်သည်၊ နိယျတိ=အမိုက် လမ်း အမှားလမ်းသို့ ဆောင်ပို့၏၊

လောကော=လူအပေါင်းကို၊ စိတ္တေန=စိတ်သည်၊ ပရိကဿတိ= အမိုက်လမ်း အမှားလမ်းသို့ အတင်းဆွဲငင်၏၊

သဗ္ဗေဝ=အလုံးစုံသာ လျှင်ဖြစ်သော သတ္တဝါအပေါင်းတို့သည်၊ ဧကဓမ္မဿ=ပြုပြင်ခြင်းမရှိ ပကတိအလိုအားဖြင့် အမိုက်အမှားသို့ ဆောင်ခြင်းသဘော တစ်လမ်းသာရှိသော၊ စိတ္တဿ=စိတ်၏၊ ဝသံ= အလိုသို့၊ အနွဂူ=အစဉ်လိုက်၍ နေကြကုန်၏၊

ဤပါဠိတော်ဖြင့်

ပုဂ္ဂိုလ်အလိုကား တစ်လမ်း, စိတ်အလိုကား တစ်လမ်းဟု ထင်ရှားလှ၏၊

ယခု လောက၌ ပြုလုပ်၍ နေကြကုန်သည်ကား ပကတိသော ပုဂ္ဂိုလ်အလို မဟုတ်၊ စိတ်အလို သက်သက်ဖြစ်သည်ဟူ၍ ထင်ရှားလှ၏၊

ထိုမှတစ်ပါး တရားကျမ်းဂန်တို့၌--

လောဘ အလိုသို့မလိုက်ရာ, တဏှာ အလိုသို့မလိုက်ရာ, ဒေါသ အလိုသို့ မလိုက်ရာ, မာနအလိုသို့ မလိုက်ရာ, ဒိဋ္ဌိအလိုသို့ မလိုက်ရာ, ဣဿာ မစ္ဆရိယ အလိုသို့ မလိုက်ရာ, ဝိတက်, ဝိစာရအလိုသို့ မလိုက်ရာ, အစရှိသည်ဖြင့် လာသောကြောင့် ခပ်သိမ်းသော နာမက္ခန္ဓာတရား တို့သည် အလိုအသီးသီး ဓာတ်ကြိုက်အသီးသီး ဖြစ်ကြကုန်၏ဟု ထင်ရှားလှ၏၊

ထိုမှတစ်ပါး--

ဓမ္မအလို ၆-ပါးကို ပြဆိုချက်

၁။ စက္ခုံ ခေါ မာဂဏ္ဍိယ ရူပါရာမံ ရူပရတံ ရူပသမ္မုဒိတံ။

၂။ သောတံ ခေါ မာဂဏ္ဍိယ သဒ္ဒါရာမံ သဒ္ဒရတံ သဒ္ဒသမ္မုဒိတံ။

၃။ ဃာနံ ခေါ မာဂဏ္ဍိယ ဂန္ဓာရာမံ ဂန္ဓရတံ ဂန္ဓသမ္မုဒိတံ။

၄။ ဇိဝှါ ခေါ မာဂဏ္ဍိယ ရသာရာမံ ရသရတံ ရသသမ္မုဒိတံ။

၅။ ကာယော ခေါ မာဂဏ္ဍိယ ဖောဋ္ဌဗ္ဗာရာမော ဖောဋ္ဌဗ္ဗရတော ဖောဋ္ဌဗ္ဗသမ္မုဒိတော။

၆။ မနော ခေါ မာဂဏ္ဍိယ ဓမ္ဓာရာမော ဓမ္မရတော ဓမ္မသမ္မုဒိတော။ (မာဂဏ္ဍိယသုတ် ပါဠိတော်။) စက္ခုအကြိုက်

၁။ မာဂဏ္ဍိယ=မာဂဏ္ဍိပရိဗိုဇ်ရဟန်း၊ စက္ခုံ=မျက်စိသည်၊ ရူပါရာမံ=အဆင်းအမျိုးမျိုးလျှင် မွေ့လျော်ရာရှိ၏၊ ရူပရတံ=အဆင်းအမျိုးမျိုး၌ မွေ့လျော်တတ်၏၊ ရူပသမ္မုဒိတံ=အဆင်းအမျိုးမျိုး၌ ပျော်မြူးတတ်၏။

သောတအကြိုက်

၂။ မာဂဏ္ဍိယ=မာဂဏ္ဍိပရဗိုဇ်ရဟန်း၊ သောတံ=နားသည်၊ သဒ္ဒါရာမံ=အသံအမျိုးမျိုးလျှင် မွေ့လျော်ရာရှိ၏။

သဒ္ဒရတံ=အသံအမျိုးမျိုး၌ မွေ့လျော်တတ်၏၊ သဒ္ဒသမ္မုဒိတံ=အသံအမျိုးမျိုး၌ ပျော်မြုးတတ်၏၊

ဃာနအကြိုက်

၃။ မာဂဏ္ဍိယ=မာဂဏ္ဍိပရိဗိုဇ်ရဟန်း၊ ဃာနံ=နှာခေါင်း သည်၊

ဂန္ဓာရာမံ=အနံ့အမျိုးမျိုးလျှင် မွေ့လျော်ရာရှိ၏၊ ဂန္ဓရတံ=အနံ့အမျိုးမျိုး၌ မွေ့လျော်တတ်၏၊ ဂန္ဓသမ္မုဒိတံ=အနံ့အမျိုးမျိုး၌ ပျော်မြူးတတ်၏။

ဇိဝှါအကြိုက်

၄။ မာဂဏ္ဍိယ=မာဂဏ္ဍိပရိဗိုဇ်ရဟန်း၊ ဇိဝှါ=လျှာသည်၊ ရသာရာမံ=အရသာအမျိုးမျိုးလျှင် မွေ့လျော်ရာရှိ၏၊ ရသရတံ=အရသာအမျိုးမျိုး၌ မွေ့လျော်တတ်၏၊ ရသသမ္မုဒိတံ=အရသာအမျိုးမျိုး၌ ပျော်မြူးတတ်၏။

ကာယအကြိုက်

၅။ မာဂဏ္ဍိယ=မာဂဏ္ဍိပရိဗိုဇ်ရဟန်း၊ ကာယော= ကိုယ် သည်၊

ဖောဋ္ဌဗ္ဗရာမော=အတွေ့ အထိအမျိုးမျိုးလျှင် မွေ့လျော် ရာရှိ၏၊

ဖောဋ္ဌဗ္ဗရတော=အတွေ့အထိအမျိုးမျိုး၌ မွေ့လျော် တတ်၏၊

ဖောဋ္ဌဗ္ဗသမ္မုဒိတော=အတွေ့အထိ အမျိုးမျိုး၌ ပျော်မြူး တတ်၏။

မနောအကြိုက်

၆။ မာဂဏ္ဍိယ=မာဂဏ္ဍိပရိဗိုဇ်ရဟန်း၊ မနော=စိတ်သည်၊

ဓမ္မာရာမော=ဂုဏ်စသော ဓမ္မာရုံအမျိုးမျိုးလျှင် မွေ့ လျော်ရာရှိ၏၊

ဓမ္မရတော=ဂုဏ်စသော ဓမ္မာရုံအမျိုးမျိုး၌ မွေ့လျော် တတ်၏၊

ဓမ္မသမ္မုဒိတော=ဂုဏ်စသော ဓမ္မာရုံအမျိုးမျိုး၌ ပျော်မြူး တတ်၏။

ဤပါဠိတော်မြတ်နည်းအားဖြင့် တစ်ယောက် တစ်ယောက်သော သူ၏ ခန္ဓာကိုယ်၌ စက္ခုအကြိုက် သောတအကြိုက် ဃာနအကြိုက် ဇိဝှါအကြိုက် ကာယအကြိုက် မနောအကြိုက်ဟူ၍ ဓမ္မအလို ခြောက် ပါးရှိ၏။

စက္ခုအလိုစသည်။။ စက္ခုဒွါရ၌ဖြစ်သော ဓမ္မခပ်သိမ်းတို့၏ အလိုကို စက္ခုအလိုဆိုသည်။ နောက်ငါးပါးတို့၌လည်း ဤနည်းတူ သိလေ။

ထိုခြောက်ပါးတို့တွင်--

၁။ စက္ခုဓမ္မအလို အဆင်းကောင်း သဏ္ဌာန်ကောင်း ကြိုက်မှုသည် စက္ခုအမှူးရှိသော ဓမ္မ တို့၏ အလိုတည်း။

၂။ သောတဓမ္မအလို သောတဓမ္မအလို အသံကောင်း ကြိုက်မှုသည် သောတ အမှူးရှိသော ဓမ္မတို့၏ အလိုတည်း။

၃။ ဃာနဓမ္မအလို အနံ့ကောင်း ကြိုက်မှုသည် ဃာနအမှူးရှိ သော ဓမ္မတို့၏ အလိုတည်း။

၄။ ဇိဝှါဓမ္မအလို ထမင်းကောင်း ဟင်းကောင်း ကြိုက်မှု, အရသာကောင်း ကြိုက်မှုသည် ဇိဝှါ အမှူးရှိသော ဓမ္မတို့၏ အလိုတည်း။

၅။ ကာယဓမ္မအလိုကာယဓမ္မအလို ချောမွေ့သော အခင်းကောင်း အရုံ ကောင်း ကြိုက်မှု, ကိုယ်အင်္ဂါချင်း အတွေ့ကောင်း အထိ ကောင်းကြိုက်မှု သည် ကာယအမှူးရှိသော ဓမ္မတို့၏ အလိုတည်း။

၆။ မနောဓမ္မအလို အမျိုးဂုဏ်ကို သာယာမှု, အနွယ်ဂုဏ်ကို သာယာမှု, ဥစ္စာဓနဂုဏ်ကို သာယာမှု, ဣဿရိယ အစိုးရဂုဏ်ကို သာယာမှု, မိုက်ဂုဏ်ကို သာယာမှု, လောက၌ လိမ်မာဂုဏ်ကို သာယာမှု, လူချီးမွမ်း သည်ကို သာယာမှု, ရှင်ချီးမွမ်းသည်ကို သာယာမှု, ဒုစ္စရိုက်တို့၌ မွေ့လျော်မှု, မိစ္ဆာအယူတို့၌ မွေ့လျော်မှု အစရှိသည် တို့သည် မနောအမှူးရှိသော ဓမ္မတို့၏ အလိုတည်း။

ဤသို့လျှင် ဒေသနာတော်၌ ခပ်သိမ်းသော ရုပ်ဓမ္မ, နာမ်ဓမ္မတို့၏ အသီးသီးသော အလိုတို့မည်သည် ထင်ရှားစွာ လာရှိကုန်၏၊ ဤသို့လျှင် ပကတိသော ပုဂ္ဂိုလ်သတ္တဝါတို့၏ အလိုအကြိုက် တစ်မျိုး, ပုဂ္ဂိုလ် သတ္တဝါတို့၏ သန္တာန်၌ ရှိကြကုန်သော ခပ်သိမ်းသော ဓာတ် ခပ်သိမ်းသောဓမ္မတို့၏ အသီးသီးသော ဓမ္မအလို ဓမ္မအကြိုက် တစ်မျိုးဟူ၍ အလိုအကြိုက် နှစ်မျိုးတို့သည် လောကအားဖြင့်လည်း ကောင်း, တရားကျမ်းဂန်အားဖြင့်လည်းကောင်း ထင်ရှားလျက် ရှိကုန်၏၊ ဤကား အလိုနှစ်ပါး ခွဲခန်းတည်း။

ပုဂ္ဂိုလ်အလိုနှင့် ဓမ္မအလို ဆန့်ကျင်ပုံ

ပုဂ္ဂိုလ်အလို-- အကြင်သတ္တဝါတို့သည် ဓာတ်ရူး ဓာတ်နောက် တို့၏ နှောက်ယှက်ခြင်းမှကင်း၍ လူပကတိ, နတ်ပကတိ ကြည်လင်ခြင်း ရှိကြကုန်၏၊ ထိုသတ္တဝါတို့ကို သမ္ပတ္တိ, ဝိပတ္တိနှစ်ပါးရှိသည်တွင် သမ္ပတ္တိကို အလိုရှိကြကုန်သလော, ဝိပတ္တိကို အလိုရှိကြကုန်သလောဟု မေးသည်ရှိ သော် သမ္ပတ္တိကို အလိုရှိသည်, ဝိပတ္တိကို အလိုမရှိဟု ပြောဆိုကြ ကုန်လတ္တံ့။

သမ္ပတ္တိ-- သမ္ပတ္တိဆိုသည်ကား မြင့်မြတ်သော ဂုဏ်၊ ကိုယ်စိတ် နှစ်ဖြာ ချမ်းသာသောဂုဏ်၊ ဤဂုဏ်နှစ်ပါးတည်း။

ဝိပတ္တိ-- ဝိပတ္တိဆိုသည်ကား ယုတ်ညံ့သောဒုက္ခ၊ ကိုယ်စိတ် နှစ်ဖြာ မချမ်းသာသော ဒုက္ခတည်း။

သမ္ပတ္တိကို အလိုရှိကြသည်ရှိသော် အခိုက်အတန့်မျှကို အလိုရှိကြ ကုန်သလော, အစဉ်ထာဝရကို အလိုရှိကြကုန်သလောဟု မေးသည်ရှိ သော် အနမတဂ္ဂသံသရာနှင့်အမျှ အစဉ်ထာဝရ မြင့်မြတ်ချမ်းသာသည် ကို အလိုရှိကြပါကုန်သည် ဟုပြောဆိုကြကုန်လတ္တံ့။

ဓာတ်ရူးဓာတ်နောက်တို့၏ နှောက်ယှက်ခြင်းကြောင့် ပကတိ သော သတ္တဝါတို့၏ အလိုနှင့်ကင်းကွာခိုက် ကြုံကြိုက်သောသူတို့၏ အလိုသည်မူကား သတ္တဝါတို့၏ ပကတိအလိုမဟုတ်၊ မိစ္ဆာဓမ္မ ပါပဓမ္မ တို့၏ အလိုသာတည်း။

ဓမ္မအလို-- ဓမ္မတို့၏ အလို၌လည်း လောကမျက်မြင် ပြုပြင်မှု တို့မှ ကင်းသော ပကတိအလိုကိုသာ ပဓာနပြုရာ၏၊ ပြုပြင်မှုကြောင့် ဖြစ်သော အာဂန္တုအလိုကို ပဓာန မပြုရာ။

ပုဂ္ဂိုလ်အလိုနှင့် စက္ခုအလို ဆန့်ကျင်ပုံ

ပုဂ္ဂိုလ်တို့၏ ပကတိအလိုနှင့် စက္ခု၏ ပကတိအလို ဆန့်ကျင်ဖက် ဖြစ်ပုံကို ပြဆိုအံ့။

စက္ခုအလို-- စက္ခု၏ အလိုဆိုလျှင် မျက်စိမြင်မှုလျှင် အရင်းရှိ ကုန်သော အလုံးစုံသော ဓမ္မတို့၏ အလိုကိုယူလေ။

ပုဂ္ဂိုလ်အလို-- ဤသတ္တဝါတို့သည် လွန်လေပြီးသော အနမတဂ္ဂ သံသရာ၌ စက္ခုကို အထွတ်အမြတ်ဖြစ်သော မိမိတို့ ကိုယ်အင်္ဂါ ပြုလုပ်၍ လာကြကုန်သော်လည်း သတ္တဝါတို့သည် ပကတိအလိုအားဖြင့် ဘဝ အဆက်ဆက် ကမ္ဘာအဆက်ဆက် သမ္ပတ္တိဟူသောတက်လမ်း ဆန်လမ်း ကိုသာ အမြဲအလိုရှိကြကုန်၏၊ ဝိပတ္တိဟူသော အောက်သို့ စုန်လမ်း မျော လမ်း လျှောကျလမ်းကို အလိုမရှိကြကုန်။

စက္ခုအလို။ ။ မိမိတို့၏ စက္ခုတို့သည်ကား--အဆင်းသဏ္ဌာန် အမျိုးမျိုးတို့၌ သာယာခြင်းလျှင် အရင်းရှိသော လောဘ, မောဟအမှူးရှိသော ကိလေသာအနန္တ, ဒေါသ မောဟ အမှူးရှိသော ကိလေသာအနန္တ, ဒိဋ္ဌိအမှူးရှိသော ကိလေသာအနန္တ, မာနအမှူးရှိသော ကိလေသာအနန္တ, ဣဿာ, မစ္ဆရိယအမှူးရှိသော ကိလေသာအနန္တတို့ကို ဖြစ်ရာဘဝအားလျော်စွာ နေ့စဉ်ပွါးများစေကုန်၍ သတ္တဝါတို့ကို ဝိပတ္တိဟူသော စုန်လမ်း မျောလမ်း လျှောကျလမ်းသို့ ရှေးရှုသည်တို့ကိုသာ ပြုကြကုန်၏၊

သတ္တဝါတို့သည် မိမိတို့၏ စက္ခုအတွက်နှင့် တစ်ခုတစ်ခုသော ဘဝအတွင်း၌ များစွာသော ကိလေသာမှု, များစွာသော ဒုစ္စရိုက်မှုတို့ဖြင့် ပြည့်ကြရကုန်၏၊ သေသည်၏ အခြားမဲ့ အခြားမဲ့တို့၌ စက္ခုတို့သည် ရေ၏ ပကတိသဘောကဲ့သို့ အောက်အောက် အဖို့သို့ လျှောကျကြ ကုန်၏၊

ဗြဟ္မာ့စက္ခုပျောက်ကွယ်၍ နတ်စက္ခု, လူ့စက္ခု, ခွေး,ဝက်, ကြက်, ငှက်, ခြင်, မှက်, ပိုးလောက်အစရှိသော အပါယ်စက္ခု ဖြစ်လာကြကုန်၏၊ လူ့စက္ခု ပျောက်ကွယ်၍ အပါယ်စက္ခု ဖြစ်လာကြကုန်၏၊ အပါယ်စက္ခု တစ်ကြိမ်ဖြစ်လာကြသည်နောက် အပါယ်စက္ခု အဆက်ပေါင်း ဘဝတစ် သိန်း ဘဝတစ်သန်းစသည် ကျင်လည်ရှည်လျား၍ သွားကြကုန်၏၊ ကာဏကစ္ဆပေါပမသုတ္တန်ဒေသနာတော်ကို မြော်ကြလေ။ သတ္တဝါတို့သည်မူကား မိမိတို့စက္ခုကို မိမိတို့အတ္တဟု စွဲလမ်းမှု ရှိနေကြကုန်သည်ဖြစ်၍ စက္ခုတို့ သွားရာသို့ ဘဝမကွာ ထက်ကြပ်ပါကြရ လေကုန်၏၊ စွဲလမ်းကြသည့်အတိုင်း စက္ခုတို့သည် သတ္တဝါတို့၏ အလိုသို့ လိုက်ကုန်သည် ဖြစ်ငြားအံ့၊ သတ္တဝါတို့အလိုရှိရာ ဆန်လမ်း တက်လမ်း ဘက်သို့သာ ဘဝမကွာ ထက်ကြပ်ပါကြကုန်ရာ၏၊ သေသည်၏ နောက်၌ အထက်အထက် စက္ခုတို့သာ ဖြစ်ပေါ်၍ လိုက်ကုန်ရာ၏ ဆိုလိုသည်။ ထိုသို့ကား မဟုတ်၊ သတ္တဝါတို့ကသာ စက္ခုတို့၏အလိုသို့ စက္ခုတို့၏ အလားသို့ ငါ့ကိုယ် ငါ့ကိုယ်ဟု အမှန်ပြု၍ အစဉ်တစိုက် အမြဲလိုက်ကြကုန်သည်ဖြစ်၍ စက္ခုတို့သွားရာသို့သာ ဘဝမကွာ ထက်ကြပ်ပါလျက် နေကြရကုန်၏၊ အပါယ်မှ လွတ်ကြပြန်လျှင် လူ့စက္ခု, နတ်စက္ခုဖြစ်၍ လာကြပြန်ကုန်၏၊ တစ်ဖန် လူ့စက္ခုမှ နတ်စက္ခု, ဗြဟ္မာ့ စက္ခု ဖြစ်လာကြကုန်၏၊

ထိုသို့ဖြစ်လာမှုသည်ကား စက္ခုတို့၏ပကတိသဘောမဟုတ်၊ ပယောဂ၏ အစွမ်းကြောင့် မြစ်ရေသည် အညာသို့ အတန်ငယ် ဆန်တက် သကဲ့သို့ သူတော်ကောင်းတရားတို့နှင့် ကြပ်တည်းစွာ ပြုပြင်မှုအတွက် ကြောင့် ဆန်တက်မှုသာဖြစ်သတည်း။ ပယောဂကြောင့် ဆန်တက်မှုမည် သည် မိမိပကတိသဘောမျိုး မဟုတ်ရကား ပယောဂအရှိန် ရှိသမျှသာ ဆန်တက်၏၊ အောက်သို့စုန်မှုမည်သည် စက္ခုတို့၌လည်းကောင်း, မြစ်ရေတို့၌လည်းကောင်း မိမိတို့ ပကတိသဘောဖြစ်ရကား ပယောဂ အရှိန်ကုန်လျှင် အောက်သို့လျှောကျမြဲဓမ္မတာတည်း။ ပယောဂမကူပဲ ယူဇနာအနန္တတိုင်အောင် စုန်ဆင်းရသော်လည်း စုန်ဆင်းနိုင်တော့သည်။ သောတ, ဃာန, ဇိဝှါ, ကာယ, မနောတို့ကိုလည်း ဤစက္ခုအတိုင်း မြင်လေ၊ မိမိတို့ကျင်လည်၍လာခဲ့ကြသော သံသရာတစ်လျှောက်လုံး အထက်အောက် စုန်မှုဆန်မှုတို့ကို ဘယ်လိုနေလိမ့်မည်ဟု မြော်ကြ လေကုန်။

လူ့ဘဝ၏တန်ဖိုး-- အထက်သို့ ဆန်တက်ရန် ပြုပြင်မှုမည် သည် လူ့ဘဝကို ရသောအခါ၌သာ အခွင့်ရ၏၊ လူ့ဘဝကိုပင် ရပါသော် လည်း သူတော်ကောင်းတရားတို့နှင့် ပြည့်ပြည့်စုံစုံ ဖြစ်ရသော ဘဝ၌သာ အခွင့်ရ၏၊ လူ့ဘဝကို ရမှုသည်ပင်လျှင် ဘယ်မျှလောက် ခဲယဉ်းသည်ဟု လိပ်ကဏ်းဥပမာများနှင့် ဆင်ခြင်ကြလေ။

စက္ခုစသော ဓမ္မအလိုကြောင့် ထိုထိုဘဝသို့ ရောက်ရခြင်း

သတ္တဝါတို့မည်သည် အပါယ်လေးဘုံဟူသော ဝိပတ္တိဌာနသို့ ရောက်လို သည်ဟူ၍ မရှိကြကုန်၊ ထိုသို့ မရှိကြပါကုန်ဘဲလျက် ယခုအခါ အပါယ်လေးဘုံတို့၌ သတ္တဝါအသိုက်အအုံ ကြီးကျယ်လှလေ၏၊ အပါယ် လေးဘုံ၌ သတ္တဝါပေါများပုံနှင့် ထောက်ဆသော် သုဂတိဘုံတို့မှာ သတ္တဝါ ရှိသည်ဟု မပြောစလောက်ရှိ၏၊ ထိုမျှလောက် အသိုက်အအုံ ကြီးကျယ်လှသော အပါယ်ရှိသတ္တဝါအပေါင်းတို့တွင် တစ်စုံတစ်ယောက် သော သတ္တဝါမျှ မိမိအလိုနှင့် ရောက်ရသည်မဟုတ်၊ စက္ခု, သောတ စသော ခြောက်ဒွါရ ခြောက်ဌာနဓမ္မတို့၏ အလိုသက်သက်နှင့်ရောက် ကြရကုန်၏။

ခန္ဓာငါးဝ အနတ္တ။ ။ ထို့ကြောင့်

''ပဉ္စက္ခန္ဓာ အဝသဝတ္တနဋ္ဌေန အနတ္တာ'' ဟူ၍ဆိုပေသတည်း။

ပဉ္စက္ခန္ဓာ=ငါးပါးသော ခန္ဓာတို့သည်၊ အဝသဝတ္တနဋ္ဌေန=ပုဂ္ဂိုလ် သတ္တဝါတို့၏ အလိုသို့မလိုက်သော ပကတိသဘောကြောင့်၊ အနတ္တာ= ပုဂ္ဂိုလ် သတ္တဝါတို့၏ အတ္တမဟုတ်ကုန်၊ နက်နဲစွ။

သံသရာဓမ္မ

ဤခြောက်ပါးသော ဓမ္မတို့မည်သည် အထက်ကို ဘဝဂ် အောက်ကို အဝီစိတိုင်အောင် စုန်ချည်ဆန်ချည် ကျင်လည်၍နေကြကုန် သော သံသရာဓမ္မတို့ပေတည်း။ ထို့ကြောင့် အကြင်သတ္တဝါတို့သည် ထိုတရားတို့ကို မိမိတို့အတ္တပြု၍ စွဲလမ်းကြကုန်၏၊ ထိုတရားတို့၏ အလိုကို မိမိတို့အလိုပြု၍ ထိုတရားတို့၏အလားကို အလွတ် လိုက်စားကြ ကုန်၏၊ ထိုသတ္တဝါတို့သည် ထိုတရားတို့သွားရာ ကျင်လည်ရာ ဘဝမကွာ ထက်ကြပ်ပါ၍ နေကြကုန်မြဲတည်း။

မဟာသမုဒြာ၌ စုန်ဆန်လူးလာ သွားလာကျင်လည်၍နေသော မိကျောင်းတို့ကို ငါကိုယ်ဟု တွယ်တာ၍ လိုက်ကြကုန်မူကား မိကျောင်းတို့ ကျင်လည်ရာ မဟာသမုဒြာတစ်ခွင်သို့ အစဉ်လိုက်ပါ၍ နေကြရတော့မည် အပြီးဖြစ်လေသကဲ့သို့တည်း။

ထို့ကြောင့် မြတ်စွာဘုရားသည် ထိုတရားတို့ကို အတ္တဟူ၍ တွယ်တာလိုက်စားခြင်းမှ ပြတ်ကင်းကြစေခြင်းအကျိုးငှါ အနတ္တဒေသနာ ကို ဟောတော်မူပေသတည်း။

အကြင်သူတို့သည် ထိုတရားတို့ကို ''မိမိတို့အတ္တမဟုတ်၊ မိမိတို့ အလိုသို့ မလိုက်၊ သူတို့အလိုနှင့်သူတို့ အသီးအခြားသော ဓာတ်တွေ ဓမ္မတွေသာ ဖြစ်ကြကုန်၏'' ဟု ဉာဏ်အမြင်ပေါက်ကြကုန်၏၊ ထိုသူတို့ သည် ထိုအခါမှစ၍ ဓမ္မတို့၏ အလိုဖြစ်သော ဝိပတ္တိလမ်းသို့ မလိုက်ကြရ ကုန်ပြီ၊ ဓမ္မတို့ကသာ မိမိတို့အလိုရှိရာ သမ္ပတ္တိလမ်းသို့ တဖြောင့်တည်း လိုက်ကြရကုန်၏၊ သောတာပန်တို့အလားကို မြော်လေ။

ထို့ကြောင့် သောတာပန်အရိယာတို့ကို

''အဝိနိပါတဓမ္မော နိယတော သမ္ဗောဓိပရာယဏော'' -ဟူ၍ ဟောတော်မူပေသည်။

အဝိနိပါတ ဓမ္မော=မိမိတို့အလိုမရှိသော ဝိပတ္တိလမ်းသို့ကျ ရောက်ခြင်းမရှိ၊ နိယတော=ဘဝအဆက်ဆက် မြဲသောသမ္ပတ္တိရှိ၏၊ သမ္ဗောဓိပရာယဏော= အထက်မဂ်အထက်ဖိုလ်လျှင် အလိုရှိခါ လွယ်စွာ ရောက်ကြောင်း လည်းလျောင်းရာရှိ၏၊ အနက်။

စက္ခုစသည့်ဓမ္မကို ပိုင်ပိုင်နိုင်နိုင်မြင်လျှင် သံသရာမှ ကျွတ်လွတ်နိုင်ခြင်း

ထိုခြောက်ပါးသော ဓမ္မတို့ကို ပုဂ္ဂိုလ်မဟုတ် သတ္တဝါ မဟုတ် ငါမဟုတ် သူမဟုတ်ဟူ၍လည်းကောင်း, ထိုခြောက်ပါးသောဓမ္မတို့၏ အလိုတို့ကို ပုဂ္ဂိုလ်အလို မဟုတ် သတ္တဝါအလိုမဟုတ် ငါ့အလိုမဟုတ် သူ့အလိုမဟုတ် ဓမ္မတို့၏ အလိုသာ ဖြစ်သည်ဟူ၍လည်းကောင်း ပိုင်ပိုင်နိုင်နိုင် ပိုင်းပိုင်းခြားခြား မြင်နိုင်ကြကုန် သောသူတို့သည် သံသရာမှ ကျွတ်လွှတ်ကြလေကုန်၏၊

အဘယ့်ကြောင့်နည်းဟူမူ- သံသရာတရားတို့က လွှတ်၍ပစ်ကြပေကုန်သောကြောင့်တည်း။

အနမတဂ္ဂသံသရာ၌ ဂင်္ဂါသဲလုံးမျှမက ပွင့်တော်မူကြလေကုန်ပြီး သော ဘုရားတို့ကိုလည်းကောင်း, ထိုထက်အသိန်းအသန်း အကုဋေမက ကျွတ်လွတ်တော်မူကြကုန်ပြီးသော ပစ္စေကဗုဒ္ဓါတို့ကိုလည်းကောင်း, တစ်ဆူတစ်ဆူသော ဘုရားရှင် သာသနာတော်၌ပင်လျှင် အသင်္ချေများစွာ ကျွတ်လွတ်ကြလေကုန်ပြီးသော လူ, နတ်, ဗြဟ္မာအရိယာတို့ကိုလည်း ကောင်း အကုန်မြော်လေ။

ဆွေမျိုးမတော်ဘူးသည်မရှိ

ယခုရှိနေကြကုန်သော သတ္တဝါတို့သည်လည်း မကျွတ်ကြမီအခါ တို့၌ ခပ်သိမ်းသောဘုရား, ပစ္စေကဗုဒ္ဓါ, အရိယာတို့နှင့် အတူတကွပင် သံသရာ၌ ကျင်လည်ဘူးကြကုန်သည်ချည်းသာတည်း၊ အမိတော်ဘူး အဖတော်ဘူး ဆွေတော်ဘူး မျိုးတော်ဘူးခဲ့ကြကုန်သည်ချည်းသာတည်း။

ထိုသို့ ဖြစ်ကြပါလျက် သံသရာဓမ္မ ၆-ဌာနတို့ကို မလွတ်နိုင်ကြ ကုန်သည့်အတွက် ထိုဘုရား, ပစ္စေကဗုဒ္ဓါ, အရိယာတို့သွားရာသို့ မပါကြ ကုန်မူ၍ ဓမ္မတို့သွားရာ သံသရာသို့သာပါ၍ နေကြကုန်သဖြင့် ယနေ့ ထက်တိုင် ကျွံလွန်ရှည် မျော၍လာကြကုန်၏၊ ယခု ဘုရားသာသနာ ၌လည်း မလွှတ်ကြဘဲ အစွဲတန်းလန်းနှင့်ပင် သေလွန်ကြကုန်ပြန်လျှင် သံသရာဓမ္မတို့ သွားရာသို့ ပါမြဲပါ, မျောမြဲမျော၍ မြုပ်မြဲ နစ်မြဲ တလဲလဲပင် ရှိကြကုန်လတ္တံ့သတည်း။

အနတ္တကို အတ္တထင်ရာ၌ ရှင်းချက်

အဘယ်ကြောင့် သတ္တဝါတို့သည် အစိုးမရသော ဓမ္မတို့ကိုပင် အစိုးရသည် ဟု ထင်မှတ်၍ နေကြပါကုန်သနည်းဟူသော အမေးကို ယခုအခါဖြေဆိုအံ့။

ဒိဋ္ဌိအမှားကြီး တည်ထောင်-- အကြင်သူတို့အား မိမိတို့၏ သန္တာန်၌ ရှိနေကုန်သော စက္ခု, သောတအစရှိကုန်သော ဓမ္မတို့ကို အဝိဇ္ဇာမှောင်ကြီးသည် ဖုံးလွှမ်းလျက်ရှိ၏၊ သဏ္ဌာနနိမိတ်, သန္တတိနိမိတ် ဟူသော နိစ္စအရိပ်ကြီးတို့ကို အဟုတ်ရှိ အမှန်ရှိမှတ်ထင်လျက် ရှိကြကုန်၏၊ အသီးအသီးသော ဓမ္မတို့ကိုလည်းကောင်း, ဓမ္မတို့၏ ခဏမစဲ ဖြစ်မှု ပျက်မှုတို့ကိုလည်းကောင်း, ဉာဏ်အမြင်မပေါက်ကြကုန်၊ ထိုသူတို့အား ပရာမာသမည်သော ဒိဋ္ဌိအမှောက်အမှားကြီးသည် တည်ထောက်လျက် ရှိနေ၏။

မင်းကိစ္စဆောင်ရွက်သော သူဆင်းရဲအလား ဒိဋ္ဌိတရား

ပရာမာသဒိဋ္ဌိတို့သည်ကား ဓမ္မတို့၏အလိုသို့ မိမိတို့က လိုက်ကြ ရကုန်သည်ကို ဓမ္မတို့က မိမိတို့အလိုသို့ လိုက်ကြရကုန်သည်ဟု ပြောင်း ပြန်ထင်မြင်၍ နေခြင်းတည်း၊ အနိစ္စဓမ္မတို့ကို နိစ္စဟူ၍ အနတ္တဓမ္မ တို့ကို အတ္တဟူ၍ ပြောင်းပြန်ထင်မြင်၍ နေကြခြင်းတည်း၊ ထိုသူတို့သည် အစိုးမရသော ဓမ္မတို့ကိုပင် အစိုးရသည်ဟု ထင်မှတ်စွဲလမ်း၍ နေကြ ကုန်၏။

ဥပမာကား--- ဆွေမဲ့ မျိုးမဲ့ ဝတ်ရာမဲ့ စားရာမဲ့ ခိုကိုးရာမဲ့ဖြစ်၍ မင်း ဧကရာဇ်၏ တစ်ခုသောကိစ္စကို လွန်မင်းစွာ ဆောင်ရွက်၏၊ မင်းဧကရာဇ်သည် ထိုသူ၏ဝီရိယကို မြင်တော်မူလတ်သော် အားရခြင်း ဖြစ်၍ အပါးတော်၌ ခစားစေ၏၊ ခစားမှု၌ လွန်စွာစွဲမြဲသည်ကို မြင်တော် မူသဖြင့် အားရခြင်းဖြစ်တော်မူပြန်၍ တစ်ဖန် သက်တော်စောင့်အရာ၌ ထားတော်မူ၏။

ထိုအခါမှစ၍ ထိုသူဆင်းရဲသည် မိမိအလိုကို လုံးလုံးစွန့်ပစ်၍ မင်းဧကရာဇ်အလို တစ်လမ်းကိုသာကြည့်၍ အားထုတ်၏၊ မင်းဧကရာဇ် အလိုနှင့်သူ့အလို တစ်ထပ်တည်းကျ၏၊ မင်းဧကရာဇ်နှင့် နှစ်ကိုယ်တစ် စိတ်ဖြစ်လေ၏၊ မင်းဧကရာဇ်လည်း ထိုသူ့ကို လွန်စွာအခွင့်ပေး၏၊ ကာလကြာညောင်းလတ်သော် မင်းဘုန်း မင်းလာဘ်နှင့် မာန်ယစ်ခြင်းဖြစ် သဖြင့် မင်းဧကရာဇ်ကို သူကအစိုးရသည်ဟု ပြောင်းပြန်ထင်မှတ်၍ နေ၏၊ သူ့အလိုကို မင်းဧကရာဇ်က လိုက်ရသည်ဟု ထင်မှတ်၍ နေ၏၊ ဤ ဥပမာကဲ့သို့တည်း။

လောက၌ အမျိုးမျိုးသော အသက်မွေးမှု ဥစ္စာစီးပွားကို အားထုတ်မှုဆိုသည် ဓမ္မတို့၏ ကိစ္စကို လွန်စွာဆောင်မှုတို့သာတည်း၊ ထို့ကြောင့် ထိုသူဆင်းရဲ၏ မင်းဧကရာဇ်ကိစ္စကို လွန်စွာအားထုတ်မှုနှင့် တူလှ၏။

အဝိဇ္ဇာမှောင်ပျောက်မှသမ္ပတ္တိလမ်း ရောက်မည်

မိမိတို့သန္တာန်၌ ပြအပ်ခဲ့ပြီးသော အဝိဇ္ဇာမှောင်ကြီး, ပရာမသဒိဋ္ဌိ ကြီးရှိနေကြသည့်အတွက်ကြောင့် မိမိတို့ အလိုရှိကြသော သမ္ပတ္တိမြဲမှုကြီး ကို မရနိုင်ကြကုန်မူ၍ မိမိတို့အလိုမရှိကြသော ဝိပတ္တိလမ်းသို့သာ တစ်လဲ လဲလိုက်ပါ မြုပ်မျော၍ နေကြရကုန်၏။

အဝိဇ္ဇာမှောင်ကြီး, ပရာမာသဒိဋ္ဌိကြီး ပျောက်ကင်းကြကုန်မှ သာလျှင် ဝိပတ္တိလမ်း လုံးလုံးပြတ်၍ သမ္ပတ္တိမြဲမှုကြီးကို ရနိုင်ကြကုန်၏၊

ရန်သူ၏အစီးအပွား

ထို့ကြောင့် ဤသတ္တဝါတို့မှာ ဝိဇ္ဇာသည် မိမိတို့သန္တာန်၌ အမြစ် စိုက်၍နေသော အဝိဇ္ဇာ, ဒိဋ္ဌိတို့ကို အပြီးတိုင်ပယ်ဖြတ်ခြင်း ကိစ္စ၏ တစ်ခုသည်သာလျှင် မိမိတို့ ပကတိအလိုသို့ရောက်နိုင်သော ကိုယ့်ကျိုး ကိုယ့်စီးပွါး အမှန်ဖြစ်၏၊ အလုံးစုံသော လောကီစီးပွါးမှုသည် ကိုယ့်ကျိုး ကိုယ့်စီးပွါးမဟုတ်၊ ဓမ္မတို့၏ အကျိုးစီးပွါးမှု သက်သက်သာ ဖြစ်၏၊ စက္ခု, သောတ အစရှိသော ရန်သူတို့၏ အကျိုးစီးပွါး သက်သက်သာ ဖြစ်၏။

လောက၌ သမ္ပတ္တိလမ်းကို ပိတ်ဆို့၍ ဝိပတ္တိလမ်းကိုဖွင့်မှုသည် ရန်သူ၏ ကိစ္စတည်း။

စက္ခုစသည်တို့သည် ထိုကိစ္စကို အမြဲဆောင်ကုန်၏၊ ထို့ကြောင့် နိစ္စ ရန်သူတို့သာတည်း။

လောကီစီးပွားမှုတို့သည် ရန်သူတို့၏ စီးပွါးမှုတို့သာတည်း၊ ထိုသို့ဖြစ်ပါလျက် သတ္တဝါတို့သည် ကိုယ့်အလို ပြည့်စုံရန် ကိုယ်ကျိုး ကိုယ့်စီးပွါး အမှန်ရှိသေးသည်ဟူ၍ပင် မသိကြကုန်မူ၍ စက္ခု, သောတ စသောရန်သူဓမ္မတို့ကို မိမိတို့ ကိုယ်ပြု၍ ရန်သူဓမ္မတို့၏ အလိုကို ကိုယ့်အလိုပြု၍ ရန်သူဓမ္မတို့၏ အစီးအပွါးကို ကိုယ့်အစီးအပွါး ပြုလုပ်၍ မိမိတို့၏ အစီးအပွားဟုစွဲလမ်းအားကျ၍ နေကြကုန်၏၊

ထိုသူဆင်းရဲသည် မိမိအလို မိမိအကျိုးစီးပွားဟူ၍ မရှိဘဲ မင်း၏အလို မင်း၏အကျိုးစီးပွားကိုသာ အားထုတ်သကဲ့သို့တည်း။

အစဉ်အမြဲအားထုတ် ပြုပြင်နိုင်ကြကုန်သည်ဖြစ်၍ ရန်သူဓမ္မ တို့၏ အကျိုးဆက်ကိုလည်း ရံဖန်ရံဖန် ခံစံကြရကုန်၏၊ မျက်စိအရသာကို ခံစံကြရကုန်၏၊ နားအရသာ, နှာခေါင်းအရသာ, လျှာအရသာ, ကိုယ် အင်္ဂါအရသာ, မနောအရသာတို့ကို ခံစံကြရကုန်၏ ဟူလိုသည်။

ရံဖန်ရံဖန် လူ့ချမ်းသာ, နတ်ချမ်း, ဗြဟ္မာ့ချမ်းသာတို့ကို ခံစံကြရ ကုန်၏၊ ထိုသူဆင်းရဲသည် မင်း၏ကိစ္စကို လွန်စွာအားထုတ်နိုင်သည့် အတွက် မင်းဘုန်း မင်းလာဘ်ကို ခံစံရသကဲ့သို့တည်း။

ရန်သူဓမ္မတို့၏ အလိုကိစ္စကိုသာ အမြဲဆောင်ရွက်၍ နေကြရ ကုန်သဖြင့် မိမိတို့သည် ရန်သူဓမ္မတို့၏ကျွန် ရန်သူဓမ္မတို့၏သပေါက်ဖြစ်၍ နေကြရသည် ဖြစ်ပါကုန်လျက် ရန်သူဓမ္မတို့၏အကျိုးဆက်ကို ရံဖန်ရံဖန် ခံစံကြရသည့်အတွက် မာန်ယဇ်ခြင်းဖြစ်ကြသဖြင့် စက္ခု, သောတစသော ဓမ္မတို့က အမြဲလိုက်ရကုန်သည်ဟု အထင်အစွဲ အလွဲပြောင်းပြန် ဖြစ်၍ နေကြကုန်၏၊

သမာဓိအန္တရာယ် တည်ထောင်မှု

ငါး, လိပ်ဥပမာ ရုပ်နာမ်ခန္ဓာ-- ဖြစ်ပုံကား--- စက္ခုံ ခေါ မာဂဏ္ဍိယ ရူပါရာမံ ရူပရတံ ရူပသမ္မုဒိတံ- ဟူသော ပါဠိတော်မြတ်နှင့် အညီ- ငါး, လိပ်, မိကျောင်းအစရှိကုန်သော ရေသတ္တဝါတို့သည် ရေနှင့်ကင်းကွာခဲ့လျှင် မနေတတ် မနေနိုင်၊ ရေရှိရာသို့သာလျှင် အတွင် ပြေးသွားကြကုန်၍ ရေနှင့်နေကြရမှ ပျော်မွေ့ကြကုန်သကဲ့သို့ စက္ခုအမှူး ရှိကုန်သော ခန္ဓာ ၅ -ပါး ရုပ်နာမ်တရားတို့သည် မျက်စိဥပစာ၌ ရှိနေသမျှ သော ကောင်း, မကောင်းသော အဆင်းအာရုံတို့ကို ကြည့်ကာ ရှုကာ မျှော်ကာ မော့ကာ နေရမှ နေတတ် နေနိုင်ကြကုန်၏၊ မကြည့်ရဘဲ ချုပ်တည်း၍ထားခဲ့လျှင် မနေတတ် မနေနိုင်ရှိကြကုန်၏၊ အာရုံရှိရာသို့ သာလျှင် အတင်းရုန်းထွက်၍သွားသော အခြင်းအရာသို့ ရောက်ကြ ကုန်၏။

ထိုကြောင့် အဋ္ဌကထာ၌ --

''စက္ခု ရူပေသု အာဝိဉ္ဆနရသံ'' ဟူ၍ ဆိုပေ၏၊

စက္ခု=စက္ခုသည်၊ ရူပေသု=အဆင်းရှိရာတို့သို့၊ အာဝိဉ္ဆနရသံ= ပုဂ္ဂိုလ်ကို အတင်း ဆွဲငင်ခြင်းကိစ္စရှိ၏၊ အနက်။

ပုဂ္ဂိုလ်၏မျက်နှာကို အာရုံရှိရာသို့ မော့လေအောင် ဆွဲကြိုး ငင်ကြိုး ကိစ္စကို ပြု၏ဟူလိုသည်။

ဤကား စက္ခုအမှူးရှိသော ဓမ္မတို့၏အလိုတည်း၊ ပုဂ္ဂိုလ်၏ အလိုမဟုတ်၊ ထိုကြည့်မှုသည် ဝိပတ္တိလမ်းကို ဖွင့်မှုသာဖြစ်၏၊ ကိလေသာ တို့ ကွန့်မြူးဖို့သာ ဖြစ်၏၊ အဘိဇ္ဈာ ဗျာပါဒစသော ဒုစ္စရိုက်တို့၏ အပေါက်အလမ်းသာ ဖြစ်၏၊ ယုတ်စွအဆုံး ဥဒ္ဓစ္စဟူသော မငြိမ်မသက် ဂယောက်ဂယက်တရားကို ပွါးများ စေမှုသာ ပြီး၏၊ ဣန္ဒြိယသံဝရသီလနှင့် ဘဝအဆက်ဆက် ဝေးဖို့သာဖြစ်၏၊ သမာဓိ၏အန္တရာယ်ကို တည်ထောင် မှုသာဖြစ်၏၊ သမ္ပတ္တိလမ်းကို ပိတ်ဆို့မှုကြီး တစ်ခုပေတည်း။

ဒိဋ္ဌိအမြင်-- ထိုသို့ဖြစ်ပါလျက် စက္ခုကို ငါ ဟူ၍ စွဲလမ်းလျက် ရှိနေသောကြောင့် စက္ခုအလိုကို ငါ့အလိုဟု အရိုးစိုက်၍ နေကြကုန်၏၊ ထိုအရိုး စိုက်မှုအပေါ်၌ ဒိဋ္ဌိက အမှောက်အလှန် ပြောင်းပြန် ထပ်ဆင့်၍ ငါ့စက္ခုကို ငါအစိုးရ၏၊ ငါ့စက္ခုသည် ငါအလိုရှိတိုင်းပါ၏၊ ငါကြည့် လိုရာကို မြင်၍ပေး၏ဟု သတ္တဝါတို့ အထင်အမြင် မှောက်မှား၍ နေကြကုန်၏။

မာနဤ၌ စက္ခုကို ငါဟုထင်မှုကား မာနတည်း၊ အထင်မှား မှု ဆိုလိုသည်။

တဏှာစက္ခုကို ငါ၏စက္ခုဟု သိမ်းပိုက်မှုကား တဏှာတည်း၊ အတွယ်မှားမှု ဆိုလိုသည်။

ဒိဋ္ဌိစက္ခုကို ငါ၏ကိုယ် ငါ၏အတ္တ ငါအစိုးရသည်ဟု မြင်မှုကား ဒိဋ္ဌိတည်း၊ မိမိအလိုကို လွှတ်ထား၏၊ စက္ခုအလိုသို့ လုံးလုံး လိုက်၍ စက္ခု၏ကျွန် စက္ခု၏သပေါက် ဖြစ်၍နေသည် အမှန်ဖြစ်ပါလျက် ငါ့စက္ခုကို ငါအစိုးရသည်ဟု မိမိတို့စိတ်တွင် ကြောင်ကြောင်ကြီး တွေ့မြင်၍ နေကြမှု ဆိုလိုသည်။

ပယောဂစွဲကပ်သူအသွင် ဒိဋ္ဌိအမြင်

ဥပမာတစ်ခုကို ဆိုအံ့--

လူ့အလို-- လောက၌ ပယောဂစွဲကပ်သောသူသည် လူ့အလို မကွယ်သေးမီ မိမိ၌ ပယောဂကပ်မှန်း သိသေး၏၊ ပယောဂအလိုနှင့် က,မိ ခုန်မိရှိသည့်နောက် လူ့အလိုနှင့် ရှက်သေး၏၊ ထိုအခါ ဆေးကုခွင့် ရသေး၏၊ ဆေးကုမှုကို တောင့်တ၏။

ပယောဂအလို-- အကြင်အခါ၌ ပယောဂ၏ တန်ခိုးအားဖြင့် လူ့အလို လုံးလုံးကွယ်ပျောက်၏၊ ပယောဂအလိုသို့ လုံးလုံးပါ၏၊ ပယောဂ အလိုကို မိမိအလိုဟု ဖောက်ပြန်၏၊ ထိုအခါမှစ၍ ဆေးကုခွင့် မရပြီ၊ ပယောဂကပ်မှန်း မသိပြီ၊ ပယောဂစကား ဆေးစကားကို ကြားမှ မကြားလိုပြီ၊ ဟိရီ ဩတ္တပ္ပ မရှိပြီ၊ ပယောဂ အလိုအတိုင်း ပြု၍နေရမှ ချမ်းသာတော့သည်၊ ဤသူသည်လည်း ပယောဂအလိုနှင့် က,ရ, ခုန်ရသည်ကို မိမိအလိုနှင့် က,သည်, ခုန်သည်ဟု သူ့စိတ်တွင် ကြောင် ကြောင်ထင်မြင်လျက် ရှိ၏။

ဤဥပမာအတိုင်း တစ်လောကလုံး ဖြစ်နေကြပုံကို အကုန် မြော်လေ။

သတ္တဝါတို့၏ ပကတိအလိုနှင့် စပ်ဆိုင်သောအရာ မဟုတ်ဘဲ လျက် မျက်စိအလိုသို့ လိုက်မှုနှင့် ကြည့်ရှု မျှော်မော့ရသောအရာတို့၌ ငါ့အလိုနှင့် ကြည့်သည် ရှုသည် မျှော်သည် မော့သည်ဟု မိမိတို့စိတ်တွင် ကြောင်ကြောင်ကြီး မြင်၍နေမှုကို ဒိဋ္ဌိအမြင် ဆိုသတည်း။

သောတ, ဃာန, ဇိဝှါ, ကာယ, မနောတို့၌လည်း ဤနည်းအတိုင်း သိလေ။

ပယောဂ ဥပမာ၌-- လူ့အလို, ပယောဂအလို ကွဲပြားသေးသော အခါ၌ ပယောဂသည် သောင်းကျန်းလိုတိုင်း သောင်းကျန်းခွင့် မရသေး၊ လူ့အလိုကွယ်ပျောက်၍ ပယောဂအလို လုံးလုံးရောက်သော အခါ၌မူ ကား သောင်းကျန်းလိုတိုင်း သောင်းကျန်းနိုင်တော့သည်၊ ဆရာအစွမ်း ကောင်းနှင့်တွေ့၍ လူ့အလိုပေါ်လာမှ အသောင်းကျန်းလျော့ပေတော့ မည်။

ဉာဏ်အမြင် ဖောက်ပြန်တတ်ပုံ

ထို့အတူ အနမတဂ္ဂသံသရာ၌ ကျင်လည်၍ နေကြကုန်သော သတ္တဝါတို့မှာလည်း အကြင်မျှလောက်သော သံသရာကာလပတ်လုံး မိမိတို့သန္တာန်၌ရှိနေသော ဓမ္မတို့ကိုလည်းကောင်း, ဓမ္မတို့၏ အလိုတို့ကို လည်းကောင်း ဉာဏ်အမြင်မပေါက်ကြကုန်သေး၊ ဓမ္မတို့၏ အသီးသီး သော အလိုတို့ကို မိမိအလိုပြု၍ လိုက်ကြကုန်သေး၏၊ ထိုမျှလောက်သော သံသရာကာလပတ်လုံး ဓမ္မတို့သည် သောင်းကျန်းလိုတိုင်း သောင်းကျန်း ခွင့် ရကြကုန်၏။

အဘယ်ကြောင့်နည်းဆိုသော်- အလိုမည်သည် ခပ်သိမ်းသော သတ္တဝါတို့ကို လွန်စွာဆောင်နိုင်၏၊ တောင်ပေါ်မှ အဟုန်နှင့်တကွ စီး ဆင်း၍လာသော မြစ်ရေအယဉ်နှင့်တူ၏၊ သတ္တဝါတို့သည် ထိုမြစ်ရေ အယဉ်၌မျော၍ပါကုန်သော ဘော့မှိုက်, ဘော့တိုက်တို့နှင့် တူကုန်၏၊

ကိလေသာ သောင်းကျန်းပုံ

လောက၌ ခပ်သိမ်းသော သတ္တဝါတို့၏ အမှုသည် အသီးသီး မိမိတို့ အလိုရှိရာကို အစွမ်းရှိသမျှ ဖြည့်စွမ်းမှု တစ်ခုသာတည်း၊ ဓမ္မတို့၏ အလိုကို မိမိတို့အလို ထင်မှတ်ကြကုန်သော သတ္တဝါတို့သည် လောဘ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ အစရှိကုန်သော ဓမ္မတို့ကို အလိုရှိတိုင်း လွှတ်၍ပေး ကြကုန်၍ ဓမ္မတို့သည် သောင်းကျန်းလိုတိုင်း အခွင့်ရကြကုန်၏၊ အခွင့်ရ တိုင်းလည်း သောင်းကျန်းကြကုန်၏။

လောဘ သောင်းကျန်းပုံ-- အနမတဂ္ဂသံသရာ၌ လောဘ သည် မိမိအလိုသို့ လိုက်ကြသူ လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့ကို တောင်ပေါ် ကျ မြစ်ရေကဲ့သို့ အပါယ်လေးပါးသို့ အတွင်မျှောမှုနှင့် သောင်းကျန်း၏၊

ဒေါသ သောင်းကျန်းပုံ-- ထို့အတူ- ဒေါသသည်လည်း အတွင် မျှော၏၊ အပါယ်သို့ ကျရောက်လာကုန်သော သတ္တဝါတို့ကို အပါယ်မှ ထွက်ပေါက် လွတ်ပေါက် မရှိသည်ကိုပြု၍ မျှော၏၊ အပါယ်တခွင်၌သာ ကျင်လည်မြုပ်မျော၍ နေစေ၏။

မာန သောင်းကျန်းပုံ-- တပေါင်း, တန်ခူးအခါ၌ လာကုန် သော လေတို့သည် တောတောင်တခွင်တို့၌ ရင့်ရော်ကြကုန်သော သစ် ရွက်တို့ကို အောက်မြေအပြင်သို့ အကုန်ခြွေချကုန်သကဲ့သို့ မာနသည် အထက်အထက်သော နတ်ပြည်, ဗြဟ္မာ့ပြည်တို့၌ အသက်တမ်း ရင့်ရော် ကြကုန်သော နတ်, ဗြဟ္မာတို့ကို အောက်မြေအပြင်သို့ အတွင်ခြွေချ၏။

ဒိဋ္ဌိ သောင်းကျန်းပုံ-- သမုဒြာ ပင်လယ်စောင့်နတ်တို့၏ အမျက်ထွက်မှုနှင့် တိုးတက်ဆူဝေသော ပင်လယ်ရေသည် ကျွန်းအလုံး နိုင်ငံအလုံးကို လွှမ်းမိုး၍ သမုဒြာပင်လယ်သို့ချည်း အကုန်မျှောချသကဲ့သို့ အာသာကြီးတစ်မျိုးတစ်မျိုးအနေနှင့် သောင်းကျန်းသော ဒိဋ္ဌိသည် မိမိထွန်းကား၍ နေသမျှကာလပတ်လုံး ထိုကျွန်း ထိုနိုင်ငံတို့ကို အပါယ်သို့ ချည်း အကုန်မျှောလေ၏။

မောဟ သောင်းကျန်းပုံ-- အပါယ်သို့ ရောက်လာသမျှတို့ကို ထွက်ပေါက် လွတ်ပေါက် မရှိအောင် အလုံပိတ်မှုသည်ကား မောဟ၏ တာပေတည်း။

နခသိခသုတ်, ကာဏကစ္ဆပေါပမသုတ် ဒေသနာတို့နှင့်တကွ အပါယ်လေးဘုံတို့မှာ သတ္တဝါ အသိုက်အအုံ ကြီးကျယ်ပုံကို မြော်လေ၊ ကြွင်းသော တစ်ထောင့် ငါးရာ ကိလေသာဓမ္မတို့၏ သောင်းကျန်းမှုတို့ကို လည်း ဤနည်းတူ သိလေ။

ဗုဒ္ဓဘာသာ သာသနာမှအပ ဖြစ်ကြကုန်သော ကမ္ဘာမြေပေါ်ရှိ လူသတ္တဝါ တို့နှင့်တကွ ရေသတ္တဝါ, ကုန်းသတ္တဝါတို့ကို အကုန်မြော်မိကြပါ လျှင်လည်း ကမ္ဘာဆူဝေလုမျှ အကုသိုလ်ဓမ္မတို့၏ သောင်းကျန်းမှု ကြီးကျယ်ပုံကို မြင်နိုင်ကြကုန်ရာ၏၊ ဤနည်းအတိုင်း အနမတဂ္ဂသံသရာ တစ်ခွင်လုံး မြင်ကြလေကုန်။

ဤအလုံးစုံသော သတ္တဝါတို့သည် မိမိတို့၏ ပကတိအလို ကွယ် ပျောက်၍ ဓမ္မတို့၏ အလိုတစ်လမ်းသာ ရှိနေကြကုန်၏၊

အနိစ္စဉာဏ်, အနတ္တဉာဏ် ရခွင့်ကာလ

ထိုသတ္တဝါတို့သည် အကြင်အခါ၌ ဘုရားသာသနာနှင့် တွေ့ကြုံ ကြကုန်၍ အနိစ္စဉာဏ်, အနတ္တဉာဏ် အမြင်ပေါက်ခွင့်ကို ရကြကုန်၏၊ ထိုအခါမှစ၍ ဓမ္မတို့သည် မသောင်းကျန်းနိုင်ကြကုန်ပြီ၊ ထိုသတ္တဝါတို့၏ အလိုသို့သာ လိုက်ပါကြရကုန်၏၊ ဝိပတ္တိလမ်းကို အလုံပိတ်၍ ထိုသတ္တဝါ တို့ အလိုရှိရာ သမ္ပတ္တိလမ်းကိုသာ ဖွင့်ကြလေကုန်၏၊ ထိုသတ္တဝါသည် ဘဝများစွာ ကမ္ဘာအဆက်ဆက်တို့၌ အစဉ်မြဲသော သမ္ပတ္တိသုခကို ရကြလေကုန်၏၊ ဝိပတ္တိ ဒုက္ခကို တစ်ရံတစ်ဆစ်မျှ မတွေ့ကြုံကြရကုန်ပြီ။ ''ထိုသတ္တဝါတို့၏ အလိုသို့သာ လိုက်ပါကြရကုန်၏'' ဟူသောစကား၌ သတ္တဝါတို့၏ ပကတိအလို ပကတိအကြိုက်ဖြစ်သော သမ္ပတ္တိ လမ်းသို့ လိုက်ပါကြမှုကို ဆိုသည်၊ အတ္တအဖြစ်သို့ရောက်ကြကုန်၍ အချင်းခပ်သိမ်း လိုက်ပါမှုကို ဆိုသည်မဟုတ်။

အနတ္တအနက် နက်နဲပုံ-- ဤအစိုးမရ အလိုသို့မလိုက်ဟူ သော အနတ္တအနက်သည်လည်း ကြံဖွယ်, သိဖွယ်, ပြောဖွယ်, ဟောဖွယ် အလွန်ကျယ်ဝန်းလှ၏၊ နက်နဲလည်း နက်နဲလှ၏။

နက်နဲလှ၏ ဆိုသည်ကား- အမှုသွားမှာ ထင်ရှားပေါ်လျက်ပင် ဖြစ်၏၊ သို့သော်လည်း သတ္တဝါတို့စိတ်တွင် အစိုးရသည် အလိုသို့လိုက် သည်ဟု အရိုးစိုက်၍နေသော ဒိဋ္ဌိကြောင်ကြောင် မြင်မှုကြီး တောင်ကြီး ကဲ့သို့ ခုခံ၍နေမှုကို မဖျောက် နိုင်ကြသည့်အတွက် အလွန်ပင်နက်နဲ၍ နေလျက်ရှိသတည်း။

ဓာတ်ကြီး ၆-ပါး-- မိမိတို့ခန္ဓာကိုယ်တစ်ခုလုံး ပထဝီ, အာပေါ, တေဇော, ဝါယော, အာကာသ, ဝိညာဏဟူသော ဓာတ်ကြီး ၆-ပါးတို့ကို ဉာဏ်အမြင် လင်းကြလှမှ ထိုဒိဋ္ဌိအမြင်ကြီးကို ဖျောက်နိုင်ကြကုန်မည်၊ အပြင်မှု အာဂန္တုအတွက်နှင့် ဖုံးလွှမ်းချက်ကြီးတွေကိုလည်း မြင်တတ်ကြ စေရမည်။

အနတ္တအနက် ၂-မျိုး။။ ရှေးဆိုခဲ့ပြီးသော အရာ၌--

၁။ အနိစ္စလက္ခဏာနှင့် ဖက်တွဲ၍ ပြခဲ့သော အနတ္တကား အသာရကဋ္ဌေန အနတ္တပေတည်း။

၂။ ဤ အစိုးမရမှုဟူသော အနတ္တကား အသာမိကဋ္ဌေန အနတ္တ, အဝသဝတ္တနဋ္ဌေန အနတ္တတည်း။ ထိုနှစ်းပါးတို့တွင်--

၁။ အနိစ္စလက္ခဏာကို ပိုင်နိုင်စွာ မြင်ခဲ့လျှင် အသာရကဋ္ဌေန အနတ္တ အမြင်ကိစ္စ ပြီးစီးတော့သည်၊ အသာရကဋ္ဌေန အနတ္တအမြင် ကိစ္စပြီးစီးလျှင်လည်း အနတ္တဘာဝနာကိစ္စ ပြီးစီးနိုင်တော့သည်။

၂။ ဤ အစိုးမရမှု, အလိုသို့မလိုက်မှုဟူသော နောက် အနတ္တကို မူကား ပညာရှိတစ်ဆူ ပြုလုပ်သူတို့ အကြံဉာဏ် ကွန့်မြူးကြ ရန် ထင်ရှားရာ အချက်စုကို ဖော်ပြလိုက်သည်။ အနတ္တလက္ခဏာ ဒုတိယခန်းပြီး၏၊

ဤတွင်ရွေ့ကား လက္ခဏာရေး ၃-ပါးကို ပြဆိုခန်းပြီး၏၊

------------- * -----------

ဘာဝနာ ၄၀-အဓိပ္ပါယ် အကျယ်ကို ပြဆိုခန်း

အနိစ္စလက္ခဏာ ၁၀-ပါး

ယခုအခါ ဘာဝနာ ၄၀-တို့၏ အကျယ်အဓိပ္ပါယ်ကို ဆိုပေအံ့။ ဣမေ ပဉ္စက္ခန္ဓာ အနိစ္စာ, အဓုဝါ, အသာရာ, စလာ, ပလောကဓမ္မာ, ဝိပရိဏာမဓမ္မာ, မရဏဓမ္မာ, ဝိဘဝဓမ္မာ သင်္ခတာ ပဘင်္ဂုနော။ အနိစ္စလက္ခဏာ ၁၀-ပါး။

ဦးခေါင်း၌ဖြစ်သော ရူပက္ခန္ဓာ၏ဖြစ်ပျက်ရှုပုံ ဤအနိစ္စလက္ခဏာ ၁၀-ပါးတို့ကို ကိုယ်ခန္ဓာတို့၌ ဦးခေါင်းအင်္ဂါ တွင် ခက်မာမှုကို အစပြု၍ ရှုရာ၏၊

ဣရိယာပုထ် လေးပါးတို့တွင် သွားခြင်း ဣရိယာပုထ်၌ လှုပ်ရှားမှု ထင်ရှား၏၊

ထို့ကြောင့် သွား၍နေကြဆဲအခါ၌ ခြေတစ်လှမ်းနှင့် ခြေတစ် လှမ်း အကူး အပြောင်းတွင် ဦးခေါင်းအင်္ဂါတို့၌ရှိနေသော ခက်မာမှုတွေကို ဉာဏ်နှင့်သန့်ခြား၍ အရေ၌ရှိသော ခက်မာမှု, အသားတို့၌ရှိသော ခက်မာမှု, အရိုးတို့၌ရှိသော ခက်မာမှု, ဦးနှောက်တို့၌ရှိသော ခက်မာမှု တို့၏ တစ်လှမ်းတစ်လှမ်းတွင် တစ်ခါ တစ်ခါ အနေအခြေပျက်ပုံကို ဉာဏ်စိုက်၍ ကြည့်ရှုရာ၏၊

ဦးခေါင်းခန့်ရှိသော ရေမြှုပ်ခဲတွေကို ယမ်းတောင့်သွတ်၍ ခွဲသကဲ့သို့ ထောင်းခနဲ ထောင်းခနဲ ပျက်သည်ကို မြင်ရလတ္တံ့။

ခက်မာမှုပျက်သည်ကို မြင်လျှင် ထိုထိုခက်မာမှုတို့၌ မှီတွယ်ကြ ကုန်သော ဖွဲ့စေးမှု, ပူမှု, နွေးမှု, လှုပ်ကြွမှုတို့၏ သူ့ခက်မာမှုနှင့်သူ အတူဖြစ်, အတူပျက် တို့ကိုလည်း မြင်ရလတ္တံ့။

ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာတို့ကိုလည်း တစ်ခုတစ်ခုစီ သန့်ခြား၍ ရံခါရံခါ ကြည့်ရှုရာ၏၊

မျက်လုံးအင်္ဂါ နားအင်္ဂါ နှာခေါင်းအင်္ဂါ လျှာအင်္ဂါတို့ကိုလည်း ယမ်းတောင့် သွတ်၍ ခွဲသကဲ့သို့ ရုတ်ခနဲ ရုတ်ခနဲ ပျက်ဆုံးမည်တို့ကို အထူးကွက်ခြား၍ ကြည့်ရှုကြလေ။

ခက်မာမှု၌ ဉာဏ်အမြင် ရှင်းလင်းမှ ကြွင်းသောရုပ်တိ့ုကို ရှုရမည်၊ ဉာဏ်အမြင် မရှင်းလင်းခဲ့လျှင် တစ်လ, တစ်နှစ်တိုင်အောင်ပင် ခက်မာ မှုတစ်ခုကို စွဲမြဲ၍ ရှုရမည်။

ဦးခေါင်း၌ ရူပက္ခန္ဓာကို ဉာဏ်အမြင်ပေါက်သောအခါ ဦးခေါင်း၌ ဖြစ် ကြကုန်သော နာမက္ခန္ဓာတို့ကို ရှုရာ၏၊

ဦးခေါင်း၌ဖြစ်သော နာမ်ခန္ဓာ ၄-ပါး

ဦးခေါင်း၌ဖြစ်သော နာမက္ခန္ဓာ ဆိုသည်ကား စက္ခု၌ ဖြစ်ပေါ် တတ်သော နာမက္ခန္ဓာ ၄-ပါး, သောတ၌ ဖြစ်ပေါ်တတ်သော နာမက္ခန္ဓာ ၄-ပါး, ဃာန၌ ဖြစ်ပေါ်တတ်သော နာမက္ခန္ဓာ ၄-ပါး, ဇိဝှါ၌ ဖြစ်ပေါ်တတ် သော နာမက္ခန္ဓာ ၄-ပါး, အတွင်းအပဖြစ်သော ဦးခေါင်းတစ်ခုလုံး၌ ဖြစ်ပေါ်တတ်သော နာမက္ခန္ဓာ ၄-ပါး၊ ဤ ၄-ပါး ၅-လီတို့ကို ဦးခေါင်း တစ်ခုလုံး၌ ဖြစ်ပေါ်တတ်သော နာမက္ခန္ဓာ ၄-ပါးဆိုသည်။

လောက၌ကား--

၁။ စက္ခု၌ ဖြစ်ပေါ်သော နာမက္ခန္ဓာ ၄-ပါးတို့ကို နာမက္ခန္ဓာ ဟူ၍ မသိကြ မခေါ်ကြကုန်၊ မြင်မှုဟူ၍ သိကြ ခေါ်ကြ ကုန်သည်။

၂။ ထိုအတူ နားနှစ်ဖက် အတွင်း၌ ဖြစ်ပေါ်သော နာမက္ခန္ဓာ ၄-ပါးတို့ကို လောက၌ ကြားမှုဟူ၍ သိကြ ၏။

၃။ နှာခေါင်းတွင်း၌ ဖြစ်သော နာမက္ခန္ဓာ ၄-ပါးတို့ကို လောက၌ နံမှုဟူ၍ သိကြခေါ်ကြ၏၊

၄။ လျှာအပြင်၌ဖြစ်သော နာမက္ခန္ဓာ ၄-ပါးတို့ကို လောက ၌ လျက်မှုဟူ၍ သိကြခေါ်ကြ၏၊

ထိုပြင် ဦးခေါင်းတစ်ခုလုံး၌ ဖြစ်ပေါ်တတ်သော နာမက္ခန္ဓာ ၄-ပါးတို့ကို လောက၌ ဦးခေါင်းနာသည် ဦးခေါင်းကိုက်သည် ဦးခေါင်းခဲ သည် ယားသည် ယံသည် ကျိန်းသည် စပ်သည် ပူသည် အေးသည် အစရှိသည်ဖြင့်လည်းကောင်း၊ မျက်စိနာသည် မျက်စိကျိန်းသည် မျက်စိစပ်သည် အောင့်သည်နင့်သည် စူးသည် မျက်စိဖန်သည် ယားသည် ယံသည် အစရှိသည်ဖြင့်လည်းကောင်း၊ နားနာသည် နားကိုက်သည် နားယားသည် နှာခေါင်းယားသည် နှာခေါင်းစပ်သည် လျှာနာသည် လျှာယားသည် အစရှိသဖြင့် သွားနာသည် သွားကိုက်သည် အစရှိသဖြင့် လည်းကောင်း သိကြ ခေါ်ကြ၏။

နာမက္ခန္ဓာ ဖြစ်သည်ကို သိနည်း-- နာကျင်မှုသည် မထင် ရှားမူ၍ အတွင်းအပဖြစ်သော ဦးခေါင်းတစ်ခုလုံးတွင် ထိုထိုနေရာ၌ ထိမှန်းသိသည်, တို့မှန်းသိသည်, လှုပ်မှန်းသိသည်ဟု ဖြစ်ခဲ့လျှင် ထိုနေရာ တို့၌ နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်ပြီဟုမှတ်၊ နာမက္ခန္ဓာ ၄-ပါး မဖြစ် ပေါ်ခဲ့လျှင် ဘယ်နေရာက ဘာဖြစ်သည်ဟူ၍ မသိ။

အရေပေါ်၌ဖြစ်သော နာမက္ခန္ဓာ ၄-ပါး၊

အရေတွင်း၌ဖြစ်သော နာမက္ခန္ဓာ ၄-ပါး၊

အသားပေါ် အသားတွင်း အရိုးပေါ် အရိုးတွင်း ဦးနှောက်ပေါ်ဦးနှောက် တွင်းတို့၌ ဖြစ်ပေါ်သော နာမက္ခန္ဓာ ၄-ပါး၊

၎င်းတို့ကို နာသည် ကျင်သည် ယားသည် ယံသည် အစရှိသည် ဖြင့် လောက၌ သိကြခေါ်ကြသည်၊ လောက၌ သိကြခေါ်ကြသည့်အတိုင်း အမြင် အကြား အနံ အလျက် အနာ အကျင် စသည်တို့ကို ရူပက္ခန္ဓာတို့မှ အသီးအခြား ကွက်ခြား၍ ရှုကြလေကုန်။

ခန္ဓာ ၅-ပါးတို့၏ ဥပါဒ်စွန်း ဘင်စွန်း အာကာသပရိစ္ဆေဒ အပိုင်း အခြားတို့နှင့်တကွ ကြည့်ပုံ ရှုပုံ ထင်ပုံ မြင်ပုံ အလုံးစုံတို့ကို ဥပမာ အမျိုးမျိုး တို့နှင့်တကွ ရှေး၌ အသေအချာ အကျယ်ဝိတ္ထာရ ဖော်ပြခဲ့ပြီ၊ ရှေးဖော်ပြ ခဲ့ပြီးသော အချက်တို့ကို ဤအရာ၌ အကုန်ပေါ်စေရမည်။ ကြည့်စ ရှုစ၌ သွား၍နေသော ဣရိယာပုထ်ကို စိတ်ကူးလိုက် လျှင် ဦးခေါင်း ၌ဖြစ်သော ခန္ဓာ ၅-ပါးတို့၏ ခြေတစ်လှမ်း တစ်လှမ်းတွင် တစ်ကြိမ်တစ်ကြိမ် အကုန် အကုန်ချုပ်ကွယ်မှု, အသစ်အသစ်ဖြစ်ပေါ်မှု တို့ကို မျက်စိဖြင့် မြင်သကဲ့သို့ တရွရွ တမွမွ ဒိဋ္ဌထင်မြင်အောင် အားထုတ် ကြလေ။

ရုပ်တွေ သဲကမ်းပြိုမျှ ပျက်ပုံ-- တစ်လှမ်း တစ်လှမ်းတွင် မြင်မှု, ကြားမှု, နံမှု,လျက်မှု,သိမှုတို့နှင့်တကွ ဦးခေါင်း တစ်လုံးတစ်လုံး ပျက်ဆုံးကွယ်ပျောက်မှုကို မြင်သည့်နောက် ခြေတစ်လှမ်း တစ်လှမ်း အတွင်း၌ ဦးခေါင်းတစ်ခုလုံး နှစ်ကြိမ်ပျက်ဆုံးမှု, သုံးကြိမ်ပျက်ဆုံးမှု, လေးကြိမ်ပျက်ဆုံးမှု, ငါးကြိမ် ပျက်ဆုံးမှု, ခဏမစဲတသဲသဲလျှင် သဲကမ်း ပြိုသကဲ့သို့ ပျက်ဆုံးမှုတို့ကိုလည်း တစ်စတစ်စ ထင်မြင်နိုင်ကြကုန်လတ္တံ့။

သဏ္ဌာနနိမိတ်, သန္တတိနိမိတ်,အရိပ်အရောင်ကြီး နှစ်ပါးတို့ ဉာဏ်၌ ကွယ်ပျောက်ကုန်သဖြင့် ဦးခေါင်းဟူ၍ အဟုတ်မရှိမှု, အရေ ဟူ၍ အဟုတ်မရှိမှု, အသားဟူ၍ အကြောဟူ၍အရိုးဟူ၍ ဦးနှောက်ဟူ၍ အဟုတ်မရှိမှု, ဆံပင်မွေး ညင်းဟူ၍အဟုတ်မရှိမှုကို ဉာဏ်၌ ပစ္စက္ခဒိဋ္ဌ မြင်ရသည်တိုင်အောင် အားထုတ် ရမည်။

ရိတ္တ တုစ္ဆ သုည-- ဉာဏ်၌ ထိုအလုံးစုံ ကွယ်ပျောက်ခဲ့လျှင် နိစ္စ နိမိတ်မျိုး, သုခနိမိတ်မျိုး, အတ္တနိမိတ်မျိုး အကုန်ကွယ်ပျောက်၍ သက်သက်သော ရုပ်အစု ရုပ်အခဲ, နာမ်အစု နာမ်အပေါင်းမျှသာ အမှန်ရှိသည်ဟု ပစ္စက္ခဒိဋ္ဌ မြင်ရလိမ့်မည်၊ ဉာဏ်၌ နိစ္စနိမိတ် စသည်တို့ ကွယ်ပျောက်၍ ရုပ်အစု နာမ်အစု သက်သက်မျှဖြစ်သည်ကို ရိတ္တဟူ၍ တုစ္ဆဟူ၍ သုညဟူ၍ဆိုသတည်း။

အနိစ္စဝိပဿနာ-- ဉာဏ်၌ နိစ္စနိမိတ် ကွယ်ပျောက်ခဲ့လျှင် အနိစ္စဝိဿနာ အလုပ်ထမြောက်ပြီ။

နိစ္စနိမိတ်ကွယ်ပျောက်ခဲ့လျှင်လည်း အတ္တသာရ နိမိတ် ကွယ် ပျောက်တော့သည်၊ အတ္တသာရနိမိတ်ကွယ် ပျောက်ခဲ့လျှင် အနတ္တဝိပဿနာအလုပ် ထမြောက်ပြီ။

သုခနိမိတ်သည်မူကား အရဟတ္တမဂ်သို့ရောက်မှ အကုန်ကွယ် ပျောက်သည်၊ သုခနိမိတ်ကျန်သည့် အတွက်ကြောင့် သောတာပန်, သကဒါဂါမ်, အနာဂါမ်တို့၌ တဏှာ,မာနစသော ကိလေသာကျန်ကြွင်း လျက် ရှိလေသည်။

မှီရာရုပ်ပျက်တိုင်း နာမ်ပျက်ခြင်းကို ဥပမာဖြင့်ပြခြင်းရုပ်တို့၏ ပျက်မှုကို မြင်ခဲ့လျှင် ထိုထို ရုပ်တို့၌ အခိုက်အတန့်အား ဖြင့် ဖြစ်ပေါ်သော နာမက္ခန္ဓာ ၄-ပါးတို့၏ သူ့ရုပ်နှင့် သူ့နာမက္ခန္ဓာ ပျက်ဆုံး၍ ပါလေသည်ကိုလည်း မြင်နိုင်သည်ဟူ၍ ကျမ်းဂန်တို့၌ ဆိုပေ၏။

မြင်ပုံကား- ရေအပြင်ကိုမှီ၍ ရေ၌ပေါ်ကုန်သော နေဝန်း သဏ္ဌာန်, လဝန်း သဏ္ဌာန်,မျက်နှာသဏ္ဌာန် အစရှိကုန်သော အရိပ်တို့ သည် မှီရာဖြစ်သောရေ အခြေအနေပျက်အောင် လှုပ်ရှားခဲ့လျှင် ပျက်ဆုံးကွယ် ပျောက်ကြကုန်သကဲ့သို့။

ထို့အတူ ခြေတစ်လှမ်းတစ်လှမ်းအတွင်း၌ မြေကိုမြင်မှု ရေကို မြင်မှု သစ်ပင်ချုံမြက်တို့ကိုမြင်မှု အစရှိကုန်သော နာမက္ခန္ဓာ၄-ပါးတို့သည် မှီရာဖြစ်သော မျက်လုံးခေါ်သော ရုပ်စုရုပ်ခဲ အခြေအနေ ပျက်တိုင်း ပျက်တိုင်း ချုပ်ပျောက်ကြလေကုန်၏။

ခြေတစ်လှမ်းတစ်လှမ်းအတွင်း၌ ထိုထိုအသံကို ကြားမှုဟုဆိုအပ် ကုန်သော နာမက္ခန္ဓာ ၄-ပါးတို့သည် မှီရာဖြစ်သော နားခေါ်သော ရုပ်စု ရုပ်ခဲ အခြေအနေ ပျက်တိုင်းပျက်တိုင်း ချုပ်ပျက်ကြကုန်၏။

ခြေတစ်လှမ်း တစ်လှမ်းအတွင်း၌ ထိုထိုအနံ့ကို နံမှု, လျှာပေါ်၌ ထိုထို အရသာကို ခံစားမှုဟုဆိုအပ်ကုန်သော နာမက္ခန္ဓာ ၄-ပါးတို့သည် မှီရာဖြစ်သော နှာခေါင်းခေါ်သော လျှာခေါ်သော ရုပ်စုရုပ်ခဲ အခြေအနေ ပျက်တိုင်းပျက်တိုင်း ချုပ်ပျက်ကြကုန်၏။

ခြေတစ်လှမ်း တစ်လှမ်းအတွင်းမှာ ထိုထိုဦးခေါင်း အတွင်းအပ၌ အရေ ပူသည်၊ အရေအေးသည်၊ ဘယ်နေရာဌာန၌ လေခတ်သည်၊ ဘယ်နေရာဌာန၌ နာသည်ကျင်သည်၊ လှုပ်ရှားမှန်းသိသည်၊ ထိမှန်းသိ သည်ဟု၊ ဆိုအပ်ကုန်သော နာမက္ခန္ဓာ ၄-ပါးတို့သည် မှီရာဖြစ်သော အရေစသည်ခေါ်သော ခက်မာမှု အစရှိသော ရုပ်စု ရုပ်ခဲ အခြေအနေ ပျက်တိုင်းပျက်တိုင်း ချုပ်ပျက်ကြကုန်၏။

သူ့မှီရာ ရုပ်စုရုပ်ခဲနှင့် သူ့နာမက္ခန္ဓာ အသီးအသီး မြင်ကြစေ။

အနိစ္စဘာဝနာ ၁၀-ပါး။။ ပြဆိုခဲ့ပြီးသောအတိုင်း အလုံးစုံကို ထင်မြင်ကြသောအခါ၌--

ဣမေ ပဉ္စက္ခန္ဓာ=ဤငါးပါးသော ခန္ဓာတို့သည်--

၁။ အနိစ္စာ=မြဲခြင်းသဘော မရှိကုန်။

၂။ အဓုဝါ=ခိုင်မာခြင်းသဘော မရှိကုန်။

၃။ အသာရာ=အနှစ်သာရ မရှိကုန်။

၄။ စလာ=ရွေ့ရှားတတ်ကုန်၏၊

၅။ ပလောက ဓမ္မာ=ပျက်စီးခြင်းသဘော ရှိကုန်၏၊

၆။ ဝိပရိဏာမ ဓမ္မာ=ဖောက်ပြန်ခြင်းသဘော ရှိကုန်၏၊

၇။ မရဏ ဓမ္မာ=သေဆုံးခြင်းသဘော ရှိကုန်၏၊

၈။ ဝိဘဝ ဓမ္မာ=ဆုံးရှုံးခြင်းသဘော ရှိကုန်၏၊

၉။ သင်္ခတာ=အဖန်ဖန် ပြုပြင်အပ်ကုန်၏၊

၁၀။ ပဘင်္ဂုနော=ပြိုကွဲခြင်းသဘော ရှိကုန်၏၊

ဟူသော အနိစ္စလက္ခဏာ ၁၀-ပါးတို့သည် တစ်လုံးတစ်စည်း တည်း ဉာဏ်အမြင်၌ ပါဝင်ကြလေကုန်၏။

စလသဘော-- ''စလာ=လှုပ်ရှားခြင်းသဘော ရှိကုန်၏'' ဆိုသည် ကား ယခုပင် သုခအဖို့, ယခုပင် ဒုက္ခအဖို့ ဖြစ်ခြင်းသဘောကိုဆိုသ တည်း။

ဝိဘဝသဘော-- ''ဝိဘဝါ=ဆုံးရှုံးခြင်း သဘောရှိကုန်၏''ဆို သည်ကား ''သဗ္ဗသမ္ပတ္တိ=အလုံးစုံသော အတင့်အတယ် အဖွယ် အရာ မင်္ဂလာကျက်သရေ ဟူသမျှသည်၊ ဝိပတ္တိ ပရိယောသာနာ=ပျက်ပြုန်း ဆုံးရှုံးခြင်းလျှင် အဆုံးရှိ၏'' ဟူသည်နှင့်အညီ ခန္ဓာ ၅-ပါးနှင့်စပ်သော အကောင်း အမြတ် ဟူသမျှသည် အဆုံးအဆုံး၌ ပျက်ပြုန်း ကုန်ဆုံးခြင်း အုပ်ချုပ်လျက်ရှိ၏ ဆိုလိုသည်၊ အကြွင်းစု သိသာပြီ။

ခန္ဓာအစဉ်၌ အနိစ္စလက္ခဏာ ၁၀-ပါး အမြဲရှိခြင်းဤအနိစ္စ လက္ခဏာ ၁၀-ပါးတို့ သည်ကား အနမတဂ္ဂသံသရာ၌ တစ်ယောက် တစ်ယောက်သော သတ္တဝါ၏ ခန္ဓာအစဉ်၌ မျက်တောင် တစ်ခတ် လျှပ်တစ်ပြက်မျှ ကင်းကွာကြသည်ဟူ၍ မရှိကုန်ပြီ၊ အဟုတ်ရှိမျိုး အမှန်ရှိမျိုး မဟုတ်သော ပုဂ္ဂိုလ်သတ္တဝါ၏ သေခြင်းကိုသာ သိမြင်ကြ၍အဟုတ်ရှိမျိုး အမှန်ရှိမျိုးဖြစ်သော ဓာတ်တို့၏ ခဏမစဲ သေခြင်း,

ဓမ္မတို့၏ ခဏမစဲ သေခြင်း, ခက်မာမှု ဖွဲ့စေးမှု စသော ရုပ်ခန္ဓာတို့၏ ခဏမစဲ သေခြင်း, မြင်မှု ကြားမှု အစရှိသော နာမက္ခန္ဓာတို့၏ ခဏမစဲ သေခြင်းတို့ကို မမြင်ကြကုန်သော သတ္တဝါအပေါင်းတို့သည်ကား ထိုအနိစ္စ လက္ခဏာ ဆယ်ပါးတို့ကို ဘဝအဆုံးအဆုံးမှာမှ တစ်ဘဝလျှင် တစ်ခါသာ တွေ့ကြုံကြရကုန်သည်ဟူ၍ မှတ်ထင် မြင်မှား၍ နေကြကုန်၏။

အနိစ္စာနုပဿနာဉာဏ်ဘဝအဆုံး အဆုံးမှာမှ တစ်ဘဝလျှင် တစ်ခါသာ တွေ့ကြုံကြရ ကုန်သည်ဟု မှတ်ထင်၍ နေကြကုန်သော ဤအနိစ္စ လက္ခဏာ ၁၀-ပါး တို့သည်မူကား အနမတဂ္ဂသံသရာ၌ တစ်ယောက် တစ်ယောက်သော သတ္တဝါ၏ ခန္ဓာအစဉ်၌ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ ကွပ်လပ်မရှိဘဲ အမြဲကပ်တိုက်၍ နေကုန်၏ဟု ထင်မှု မြင်မှု အမြင် ဉာဏ်ပေါက် မှုကို အနိစ္စာနုပဿနာဉာဏ်ဆိုသည်။

ဘဝအဆုံး အဆုံးမှာမှ သတ္တဝါသေသည် မည်သူသေရှာသည် မည်ဝါ သေရှာသည်ဟူ၍ သိမြင်မှုကို အနိစ္စာနုပဿနာဉာဏ် မဆိုရ။ အဘယ့်ကြောင့်နည်းဆိုသော်--

ထိုသိမြင်မှုသည် ရုပ်တရား နာမ်တရားတို့ကို ထုတ်ဖော်၍သိ သော

အသိမျိုးလည်း မဟုတ်၊ တရားမရှိသော အရိုင်းအစိုင်းဖြစ်ကုန်သော သူတို့လည်း ထိုသမ္မုတိမရဏကိုမူကား သိကြ မြင်ကြလျက်ပင် ဖြစ်ကုန် သောကြောင့်တည်း။

ဤကား သွားခြင်း ဣရိယာပုထ်၌ ဦးခေါင်း၌ ခန္ဓာ ၅-ပါးတို့၏ အနိစ္စလက္ခဏာ, အနိစ္စဘာဝနာ ၁၀-ပါးကို အမြွက်မျှ ပြဆိုချက်တည်း။

သွားဆဲအခါ၌ အနိစ္စလက္ခဏာ ၁၀-ပါး ပွါးပုံ

ဤနည်းအတိုင်း သွားဆဲအခါ၌--

၁။ လည်ပင်းအဖို့၌လည်းကောင်း၊

၂။ အဆုတ် အသည်း နှလုံး ကျောက်ကပ်နှင့်တကွ သော ရင်အဖို့ ကျောအဖို့တို့၌လည်းကောင်း၊

၃။ အူမ အူသိမ်နှင့်တကွသော ဆီးဝမ်းအဖို့ ခါး, တင်ပါး အဖို့တို့၌လည်းကောင်း၊

၄။ ပေါင်နှစ်ဖက် အဖို့တို့၌လည်းကောင်း၊

၅။ ခြေသလုံး အဖို့တို့၌လည်းကောင်း၊

၆။ ခြေဖဝါးအဆုံးရှိသော ခြေဖမိုးတို့၌လည်းကောင်း၊ ခြေတစ်လှမ်း တစ်လှမ်းအတွင်း အတွင်း၌ အလုံးစုံသော ခက်မာမှု ဖွဲ့စေးမှု အစရှိသော ရုပ်ခန္ဓာ နာမ်ခန္ဓာတို့၏ ဖြစ်မှု ပျက်မှုဟူ သော အနိစ္စအချက်ကို ဉာဏ်နိုင်ရုံ ပိုင်း၍ပိုင်း၍ ကြည့်လေ။ တစ်ကိုယ်လုံး စပ်မိသောအခါ၌မူကား--

ခြေတစ်လှမ်း တစ်လှမ်း အတွင်း၌ တစ်ကိုယ်လုံး တစ်ကိုယ်လုံး အကုန် အကုန် ပျက်ဆုံးမှုကို ရှေး၌ မှန်အပြင်၌ထင်သော သူယောင်ကြီး ကို စံပြု၍ ခက်မာမှု ဓာတ်သူယောင်ကြီး, ဖွဲ့စေးမှုဓာတ်သူယောင်ကြီး, ပူနွေးမှုဓာတ် သူယောင်ကြီး, လှုပ်ကြွမှု ဓာတ်သူယောင်ကြီး, အဆင်းဓာတ် သူယောင်ကြီး စသည်ပြု၍ ကြည့်ရှုလေ။

ဉာဏ်နိုင်လျှင် အလိုရှိတိုင်း ကြံဖန်၍ ကြည့်နိုင်တော့သည်။ ထိုထိုနေရာတို့၌ လှုပ်မှန်းသိမှု ထိမှန်းသိမှု နာမှု ကျင်မှု အစရှိ သော ကာယဝိညာဏ်နာမ်ခန္ဓာတို့၏ မှီရာဖြစ်သော အရေရုပ်စု အသား ရုပ်စု အကြောရုပ်စု အရိုးရုပ်စုတို့နှင့်တကွ တသုတ်တသုတ် ချုပ်ပျက်၍ ပါမှုတို့ကိုလည်း ကြည့်ရှုကြလေ။

နှလုံးသွေး အတွင်း၌ဖြစ်သော ဘဝင်မနော, ဇောမနောတို့ကို မူကား ရှေး၌ ပြဆိုခဲ့ပြီးသောအတိုင်း အသီးကွက်ခြား၍ အထူးအားထုတ် လေ။

ဦးခေါင်း၌ကဲ့သို့ တစ်ကိုယ်လုံး၌ ခန္ဓာ ၅-ပါးတို့၏ ဖြစ်မှု ပျက်မှုကို နိုင်နင်းစွာ ထင်မြင်၍ ထိုထိုသဏ္ဌာန နိမိတ်ကြီးငယ်, သန္တတိနိမိတ်ကြီး ငယ်တို့ ကွယ်ပျောက် သဖြင့် နိစ္စနိမိတ်, အတ္တနိမိတ်တို့ ဉာဏ်၌ ကွယ် ပျောက်သောအခါ--

ဣမေ ပဉ္စက္ခန္ဓာ=ဤခန္ဓာ ၅-ပါးတို့သည်။

၁။ အနိစ္စာ=မြဲခြင်းသဘော မရှိကုန်။

၂။ အဓုဝါ=ခိုင်မာခြင်းသဘော မရှိကုန်။

၃။ အသာရာ=အနှစ်သာရ မရှိကုန်။

၄။ စလာ=ရွေ့ရှားတတ်ကုန်၏၊

၅။ ပလောကဓမ္မာ=ပျက်စီးခြင်းသဘော ရှိကုန်၏၊

၆။ ဝိပရိဏာမဓမ္မာ=ဖောက်ပြန်ခြင်းသဘော ရှိကုန်၏၊

၇။ မရဏဓမ္မာ=သေဆုံးခြင်းသဘော ရှိကုန်၏၊

၈။ ဝိဘဝဓမ္မာ=ဆုံးရှုံးခြင်းသဘော ရှိကုန်၏၊

၉။ သင်္ခတာ=အဖန်ဖန် ပြုပြင်အပ်ကုန်၏၊

၁၀။ ပဘင်္ဂုနော=ဖရိုဖရဲ ပြိုကွဲခြင်းသဘော ရှိကုန်၏၊ ဟူသော အနိစ္စလက္ခဏာ ၁၀-ပါးတို့သည် တစ်လုံးတစ်စည်း တည်း ဉာဏ်အမြင်၌ ပါဝင်ကြလေကုန်၏၊ ရှေး၌ ပြဆိုခဲ့ပြီးဖြစ်၍ ဤ၌ တမ်းရမ်းမိရုံသာ ပြဆိုတော့သည်။

သွားခြင်း ဣရိယာပုထ် ပြီး၏၊

ရပ်စဉ်စသည်၌ ခန္ဓာ ၅-ပါး ဖြစ်ပျက်ရှုပုံ

ရပ်ခြင်း ဣရိယာပုထ်, ထိုင်ခြင်း ဣရိယာပုထ်, လျောင်းခြင်း ဣရိယာ ပုထ်တို့၌လည်း အသီးအသီး ခန္ဓာ ၅-ပါးတို့၏ ဖြစ်ပုံပျက်ပုံတို့ကို ဣရိယာပထ သန္တာပတေဇောမီး၏ အမြဲထမှု လောင်မှုကို သူယောင်ရုပ် ကြီး ဥပမာနှင့်တကွ အမြဲထူထောင်၍ ကြည့်ရှုလေ။

အနိစ္စ ဝိပဿနာ

အနိစ္စ ဝိပဿနာမှု-- အနိစ္စ ဝိပဿနာမှုမည်သည် ပုဂ္ဂိုလ် သတ္တဝါ အင်္ဂါကြီးငယ်, ထိုထိုကောဋ္ဌာသဟူသော နိစ္စ နိမိတ်ကြီးငယ်, အတ္တသာရ နိမိတ်ကြီးငယ်တို့ ကွယ်ပျောက်ကုန်၍ ခန္ဓာ ၅-ပါး တည်းဟူ သော ရိတ္တဓမ္မခဲ, တုစ္ဆဓမ္မခဲ, သုညဓမ္မခဲတွေတို့သာ ဉာဏ်၌ကျန်ရှိကုန်၍ ခဏမစဲ ဖြစ်မှု ပျက်မှုကို အကုန်အလင်းပေါ်အောင် အားထုတ်ရသော အမှုဖြစ်သည်။

ဣရိယာပုထ် လေးပါးအကုန် စပ်မိသောအခါ၌ အနိစ္စဝိပဿနာ အလုပ် ထူထောင်မှု ထမြောက်လေ၏၊ သတ္တဝါတစ်ခု ခန္ဓာကိုယ်တစ်ခု၌ ပေါက်ရောက်ထမြောက်လျှင် အနမတဂ္ဂသံသရာ၌ ရှိသမျှသော သတ္တဝါ ခန္ဓာတို့၌ ထမြောက်လေတော့သည်။

သက်မဲ့ဝတ္ထု၌ အနိစ္စလက္ခဏာ ၁၀-ပါး

အသက်မဲ့ဖြစ်သော အလုံးစုံသော ရုပ်စု ရုပ်ခဲတို့၌လည်း ခက်မာမှု ဖွဲ့စေးမှု စသည်တို့ကို ခွဲခြား၍ သဏ္ဌာနနိမိတ်, သန္တတိနိမိတ် တို့ကို ကွယ်ပျောက်စေ၍ ရုပ်စု ရုပ်ခဲ, အနိစ္စစု အနိစ္စခဲ, ရိတ္တဓမ္မစု ရိတ္တဓမ္မခဲ, တုစ္ဆဓမ္မစု တုစ္ဆဓမ္မခဲ, သုညဓမ္မစု သုညဓမ္မခဲတို့မှတစ်ပါး ဉာဏ်၌ ဘယ်သင်း ဘယ်ဟာ တစ်ခုမျှရှာကြံ၍ မရသည်တိုင်အောင် ကြည့်ရှု အားထုတ်ရာ ၏။

ဤအသက်မဲ့ ဝတ္ထုတို့၌လည်း အနိစ္စလက္ခဏာ ၁၀-ပါး အသီး အသီး ရှိကြကုန်သည်သာတည်း၊ မြင်းမိုရ်တောင်ကြီး မဟာပထဝီ မြေကြီးပင်ဖြစ်သော် လည်း ဤအနိစ္စလက္ခဏာ ၁၀-ပါးတို့နှင့် ခဏမစဲ အမြဲပြည့်စုံ၍ နေကြကုန်သည်သာတည်း။

ဤအသက်မဲ့ဝတ္ထုတို့၌ အနိစ္စလက္ခဏာတို့ကို ရှုမှုသည်ကား ထိုဝတ္ထုတို့၏ ဒုက္ခသစ္စာအဖြစ်ကို ထင်ရှားထုတ်ဖော်ရန် အကျိုးငှါသာ တည်း၊ ထို့ကြောင့် လူတို့ သာယာတွယ်တာကြသော လူ့အသုံးအဆောင် မျိုး, နတ်အသုံးအဆောင်မျိုးတို့၌သာ လိုရင်းတည်း၊ ထိုဝတ္ထုတို့၌ကား ဒုက္ခလက္ခဏာ ထင်မြင်မှုသည်သာ လိုရင်းပဓာနတည်း။

အနိစ္စဝိပဿနာအလုပ် ထူထောင်မိသည်ရှိသော် ဒုက္ခဝိပဿနာ အလုပ် အနတ္တဝိပဿနာအလုပ်တို့လည်း ထူထောင်မိကုန်တော့သည်။

အနတ္တ။။ ထို့ကြောင့် မြတ်စွာဘုရားသည်--၁။ စက္ခုံ ဘိက္ခဝေ အနိစ္စံ၊ ယဒနိစ္စံ တံဒုက္ခံ၊ ယံ ဒုက္ခံ တဒနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မာ ပညာယ ဒဋ္ဌဗ္ဗံ။

၂။ သောတံ ဘိက္ခဝေ အနိစ္စံ၊ ယဒနိစ္စံ တံဒုက္ခံ၊ ယံ ဒုက္ခံ တဒနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မာ ပညာယ ဒဋ္ဌဗ္ဗံ။

၃။ ဃာနံ ဘိက္ခဝေ အနိစ္စံ၊ ယဒနိစ္စံ တံဒုက္ခံ၊ ယံ ဒုက္ခံ တဒနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေ သော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မာ ပညာယ ဒဋ္ဌဗ္ဗံ။

၄။ ဇိဝှါ ဘိက္ခဝေ အနိစ္စံ၊ ယဒနိစ္စံ တံဒုက္ခံ၊ ယံ ဒုက္ခံ တဒနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေ သော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မာ ပညာယ ဒဋ္ဌဗ္ဗံ။

၅။ ကာယော ဘိက္ခဝေ အနိစ္စံ၊ ယဒနိစ္စံ တံဒုက္ခံ၊ ယံ ဒုက္ခံ တဒနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေ သော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မာ ပညာယ ဒဋ္ဌဗ္ဗံ။

၆။ မနော ဘိက္ခဝေ အနိစ္စံ၊ ယဒနိစ္စံ တံ ဒုက္ခံ၊ ယံ ဒုက္ခံ တဒနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေ သော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မာ ပညာယ ဒဋ္ဌဗ္ဗံ။

ဟူ၍ ဟောတော်မူသည်၊ စက္ခုသည် အနိစ္စသာဖြစ်၏၊ အနိစ္စမှန် လျှင် ဒုက္ခသာဖြစ်၏၊ အနိစ္စ ဒုက္ခမှန်လျှင် အနတ္တသာဖြစ်၏ ဟူလိုသည်။

စူဠရာဟုလောဝါဒသုတ် စသည်တို့၌လည်း--

စက္ခုံ နိစ္စံ အနိစ္စံ ဝါ တိ။

အနိစ္စံ ဘန္တေ။

ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ တိ။

ဒုက္ခံ ဘန္တေ။

ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမ ဓမ္မံ၊ ကလ္လံ နုတံ သမနုပဿိတုံ ဧတံမမ, ဧသောဟ မသ္မိ, ဧသော မေ အတ္တာတိ။ နော ဟေတံ ဘန္တေ။

အစရှိသဖြင့် ဟောတော်မူသည်၊ ယခင်ဒေသနာတော်နှင့် အကျဉ်း အကျယ်မျှသာ ထူးကြသည်။

လူမိုက်လှည်းသမားနှင့် ပညာရှိလှည်းသမားတို့ မေးဖြေပုံ

ငှက်ပျောတုံးပမာ ရုပ်နာမ်ခန္ဓာ-- ဥပမာကား အလွန်ရှည် လှသော ကန္တာရခရီးခဲသို့ သွားကြကုန်သော လှည်းသမားတို့တွင် တစ်ယောက်သောသူက တစ်ယောက်သော သူကို ဆိုရာ၏၊ မိမိတို့လှည်းတို့၌ ငှက်ပျောတုံးကို လှည်းဝင်ရိုး လှည်းထမ်းပိုးပြုရသော် သင့်လျော်မည်လောဟု မေးရာ၏၊

မသင့်လျော်ဟု ဖြေပေရာ၏၊

အဘယ့်ကြောင့် မသင့်လျော်သနည်းဟု မေးပြန်ရာ၏၊ ဒုက္ခများစွာ ဖြစ်လိမ့်မည်ဟု ဖြေပေရာ၏၊

အဘယ့်ကြောင့် ဒုက္ခများစွာ ဖြစ်လိမ့်မည်နည်းဟု မေးပြန်ရာ၏၊ ပြုပြင်မှု ဒုက္ခ မစဲရာပြီ၊ ခရီးခဲကို လွန်မြောက်တော့မည် မဟုတ်ပြီ။

ခရီးခဲ၌ ငတ်မွတ်ခြင်းဘေးကြီးမှလည်းကောင်း, ခြင်္သေ့ သစ်ကျား သားရဲ ဘီလူးတို့ ဘေးမှလည်းကောင်း လွတ်နိုင်တော့မည် မဟုတ်ပြီ၊ မိမိတို့ အလိုရှိကြသော ဥစ္စာစီးပွါးစခန်းသို့ ရောက်နိုင်တော့မည် မဟုတ်ပြီ၊ ဤသို့ ဒုက္ခများစွာ ဖြစ်လိမ့်မည်ဟု ဖြေပေရာ၏။

အဘယ့်ကြောင့် ဤသို့ ဒုက္ခများစွာ ဖြစ်ရသနည်းဟု မေးပြန် ရာ၏၊

ငှက်ပျောတုံး မည်သည် အနှစ်ကိုဝေးစွ အကာအမာရှိသော ဝတ္ထုမျိုးမဟုတ်၊ လှည်းဝင်ရိုး လှည်းထမ်းပိုး ပြုလုပ်ခဲ့သော် လှည်းတစ်ချက် အလှုပ်အလှက်မခံ၊ ခဏမစဲ ကျိုးပျက်သောကြောင့် ဒုက္ခများစွာ ဖြစ်ရာ သည်ဟု ဖြေဆိုပေရာ၏၊

ထိုအခါမှ ငှက်ပျောတုံးကို လှည်းဝင်ရိုး လှည်းထမ်းပိုး ပြုလုပ်ခဲ့ သော် ထို လှည်းရှင်သည် ကန္တာရခရီးခဲ၌ ငှက်ပျောတုံး နှိပ်စက်ခွင့်တွေကို အကုန်သိမြင်လေ၍ ငှက်ပျောတုံးကို လှည်းအင်္ဂါ၌ အသုံးပြုရန် အာလယ ပြတ်ကင်းလေရာ၏။

ဥပမာ-ဥပမေယျစပ်ဟပ်ပြချက်

၁။ သံသရာခရီးကြီးသည် ထိုကန္တာရ ခရီးခဲနှင့် တူ၏၊

၂။ ပုထုဇဉ် သတ္တဝါသည် ငှက်ပျောတုံး ချောမွေ့သည်ကိုသာ မြင်သာ လှည်းသမား လူနှမ်းနှင့် တူ၏၊

၃။ မြတ်စွာဘုရားသည် ငှက်ပျောတုံး မခိုင်မှု အနိစ္စကိုလည်း ကောင်း, လှည်းရှင်အား ငှက်ပျောတုံးနှိပ်စက်ခွင့် ဒုက္ခတွေ ကိုလည်းကောင်း သိမြင်သော ပညာရှိယောကျ်ားနှင့် တူ၏၊

၄။ ရုပ်ခန္ဓာ နာမ်ခန္ဓာသည် ငှက်ပျောတုံးနှင့်တူ၏၊ လှည်းတစ်ချက် အလှုပ်အလှက်မျှမခံ ခဏမစဲ ကျိုးပျက်သဖြင့် ပြုပြင်မှု ဒုက္ခကြီးမှစ၍ ထိုခရီးခဲ၌ ပြဆိုခဲ့ပြီးသော ဘေးတို့မှ လွတ်ခွင့် မရှိခြင်း, အလိုရှိရာ ဥစ္စာစီးပွားစခန်းသို့ မရောက်ရခြင်းဟူသော ငှက်ပျော တုံး၏ နှိက်စက်မှုကဲ့သို့ အလှုပ်အလှက် တစ်ချက်မျှ လှလှမခံ ခဏမစဲ ချုပ်ပျောက်ခြင်း, အနိစ္စသဘောကြောင့် အသက်မွေးမှု ဒုက္ခကြီး, ဂင်္ဂါသဲမျှမက ပွင့်တော်မူကုန်သော ဘုရားရှင်တို့နှင့် တလွဲတည်းလွဲ၍ လာခဲ့ရခြင်းဟူသော ဤခန္ဓာတို့၏ နှိပ်စက်မှုကြီးတွေ အနန္တကို သိအပ်၏။

ဥပမာဖြင့် ပြအပ်သော အဓိပ္ပါယ်။။ဤဥပမာဖြင့် -၁။ ထိုငှက်ပျောတုံးသည် လှည်း၏ အင်္ဂါအမှု၌ အနိစ္စတုံး ဒုက္ခတုံးကြီးဖြစ်၍ ဝင်ရိုးထမ်းပိုးစသော လှည်း၏အင်္ဂါပြု ခြင်းငှါ သက်သက် မထိုက်သကဲ့သို့ သံသရာခရီးခဲကြီး၌ ခန္ဓာ ၅-ပါးတို့သည် အနိစ္စမျိုး သာဖြစ်ကုန်၏။

၂။ အနိစ္စမျိုးဖြစ်သည့်အတွက်ကြောင့် ပြဆိုခဲ့ပြီးသော နှိပ်စက် မှုကြီးတွေ အနန္တတို့နှင့် အမြဲနှိပ်စက်တတ်ကုန်သည်ဖြစ်၍ ဒုက္ခမျိုးတို့သာဖြစ်ကုန်၏။

၃။ ဤကဲ့သို့သော အနိစ္စတုံးကြီး ဒုက္ခတုံးကြီး အနတ္တတုံးကြီး တွေကို မိမိတို့၏ ကိုယ်ပြုလုပ်၍ မလွတ်နိုင်ဘဲ စွဲလမ်းခြင်း, ကိုယ်အင်္ဂါပြုလုပ်၍ မလွတ်နိုင်ဘဲ စွဲလမ်းခြင်းငှါ မထိုက် ကုန်၊ စွန့်ပစ်ခြင်းငှါသာ ထိုက်ကုန်သည်ဟူသော အနက်ကို ပြလိုရင်းတည်း။

ခန္ဓာ ၅-ပါးကို အတ္တဟု စွဲလမ်းပုံ

တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့်--

၁။ ငါ၏ စက္ခုတည်း။

၂။ ငါ၏ မြင်မှုတည်း။

၃။ စက္ခုသည်ပင်လျှင် ငါတည်း။

၄။ မြင်မှုသည်ပင်လျှင် ငါတည်း။

၅။ စက္ခုသည် ငါ၏အတ္တတည်း၊ ငါ၏ကိုယ်တည်း။

ဟု အခိုင်အမြဲ စွဲလမ်း၍ နေကြမှုသည် မိမိတို့၏ ကိုယ်ပြုမှု, ကိုယ်အင်္ဂါပြုမှု မည်၏၊ ထိုအစွဲလမ်းကို ဉာဏ်ဖြင့်ပယ်ဖျက်မှုသည် စက္ခုစသည်ကို မိမိတို့၏ ကိုယ်အဖြစ်, ကိုယ်အင်္ဂါအဖြစ်မှ စွန့်ပစ်ခြင်း မည်၏၊

သူဌေး သူကြွယ်ဖြစ်ကြရန် မဟာသမုဒြာကို ကူး၍ ဥစ္စာစီးပွါး ပြုလုပ်မည် ရှိကြရာ ငှက်ပျောတုံးတွေကို ဖောင်လုပ်ရသော် သင့်လျော် မည်လော, ငှက်ပျောတုံးတွေကို ဆက်၍ ရွက်တိုင်စသည်လုပ်ရသော် သင့်လျော်မည်လော အစရှိသည်ဖြင့်လည်း မေးခန်း,ဖြေခန်းထုတ်၍ ဥပမာပြဆိုရန် ပေါများလှ၏။

ငှက်ပျောတုံးဖောင်နှင့် တူသော အတ္တဘော

လောက၌ ငှက်ပျောတုံးကို ဖောင်လုပ်မှု ဆိုသည်ကား ငှက်ပျော တုံးကို ဖောင်အတ္တ လုပ်မှုပင်တည်း၊ ငှက်ပျောတုံးကို ဖောင်၏ကိုယ် ဖောင်၏အတ္တ ပြုလုပ်၍ ထိုငှက်ပျောဖောင်ဖြင့် မဟာသမုဒြာသို့ ကူးခဲ့ သော် ထိုဖောင်ရှင်တို့သည် ဒုက္ခကြီးစွာရောက်၍ ခဏချင်း နစ်ကြမြုပ်ကြ ကုန်လတ္တံ့။

အဘယ်ကြောင့်နည်းဆိုသော် လှိုင်းလေ တစ်ချက်မျှ အလှုပ် အလှက်မခံ ပျက်စီးလွယ်လှသော အနိစ္စဝတ္ထုမျိုးကို ဖောင်၏အတ္တ ပြုလုပ် မိသောကြောင့်တည်း။

ဥပမာ-ဥပမေယျ စပ်ဟပ်ပြချက်

ဤ ဥပမာ၌--

၁။ အနမတဂ္ဂ သံသရာကြီးသည် မဟာသမုဒြာနှင့်တူ၏၊ ၂။ ကိလေသာတို့သည်လည်းကောင်း, ဇရာမရဏတို့သည်လည်းကောင်း မဟာသမုဒြာအပြင်၌ အမြဲဖြစ်၍နေသော လေကြမ်း လှိုင်းကြမ်းတို့နှင့် တူကုန်၏၊

၃။ သတ္တဝါတို့သည် ဖောင်ရှင်တို့နှင့်တူကုန်၏၊

၄။ အတ္တဘောတို့သည် ဖောင်နှင့်တူကုန်၏၊

၅။ စက္ခု, သောတ အစရှိသော ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့သည် ငှက်ပျော တုံးနှင့်တူကုန်၏၊

၆။ ထိုဖောင်ရှင်တို့သည် ခဏချင်း နစ်ကြ မြုပ်ကြကုန်သကဲ့သို့ အနမတဂ္ဂသံသရာ၌ လူ, နတ်, ဗြဟ္မာ သတ္တဝါတို့သည် အပါယ်လေး ပါးသို့ အဖန်တလဲလဲကျ၍ နေကြရကုန်၏၊

အဘယ်ကြောင့်နည်းဆိုသော်--- အခိုင်အမြဲမျိုး မဟုတ်သော စက္ခု သောတ အစရှိသော ရုပ်ခန္ဓာ နာမ်ခန္ဓာတို့ကို အတ္တပြုမှား၍နေကြ သောကြောင့်တည်း။

အတ္တပြုမှု-- အတ္တပြုမှုဆိုသည်ကား-- ရရှိ၍နေသော စက္ခု စသည်ကို ငါ့အတ္တဟု ငါ့ကိုယ်ဟု ငါမြင်သည် ငါကြားသည် ငါကြံသည်ဟု သာယာခြင်းသည်လည်း အတ္တပြုမှု မည်၏။

နောက်နောက်ဘဝတို့၌ စက္ခု၏ပြည့်စုံခြင်း, သောတ၏ပြည့်စုံ ခြင်း, ဃာန ၏ပြည့်စုံခြင်း, ဇိဝှါ၏ပြည့်စုံခြင်း, ကာယ၏ပြည့်စုံခြင်း, မနော၏ပြည့်စုံခြင်းကို အမြဲတောင့်တ၍ ရှေးရှေးဘဝတို့က ကုသိုလ်ဒါန တို့ကို ပြုခြင်းများသည် စက္ခုစသည်တို့ကို အမြဲအတ္တပြုမှုမည်၏။

အသင်္ခတ နိစ္စဓာတ်ကြီး

ယခုဘဝ၌ အနတ္တဉာဏ်အမြင် ပေါ်ပေါက်အောင် အားထုတ်၍ ထိုဉာဏ်အမြင် ပေါ်ပေါက်ခဲ့သည်ရှိသော် အတ္တပြုလုပ်မှု ကျွတ်လွတ်ကြ ကုန်၏၊ ထိုကျွတ်လွတ်မှုဟူသော ဓာတ်ကြီးသည် အသင်္ခတဓာတ်ကြီး ပေတည်း၊ အနမတဂ္ဂသံသရာ၌ အစဉ်ခိုင်မြဲသော နိစ္စဓာတ်ကြီးပေတည်း။

ထို့ကြောင့် ငါတို့ဘုရားသာသနာ၌ ကျွတ်ကြသူအပေါင်းတို့တွင် အညံ့ဆုံး အများဆုံးဖြစ်ကြကုန်သော လူဘုံစဉ်စံ အနန္တ၊ နတ်ဘုံစံစဉ် အနန္တ, ဗြဟ္မာဘုံစဉ်စံ အနန္တတို့သည် အနိစ္စမျိုးဖြစ်ကုန်သော ရုပ်ခန္ဓာ နာမ်ခန္ဓာတို့ကို အတ္တပြု၍ မှီတွယ်မှုမှ ကျွတ်လွတ်ကြကုန်၍ ထိုအသင်္ခတ နိစ္စဓာတ်ကြီးကို အပြီးမှီတွယ်မိကြကုန်သည်ဖြစ်၍ ဘဝများစွာ ကမ္ဘာများ စွာ သံသရာ၌ ကျင်လည်၍ သွားကြကုန်သော်လည်း အထက်သို့ ဆန်တက်သမားတို့သာတည်း။

သံသရာဝဋ်ဒုက္ခ၌ မြုပ်သမား, မျောသမား မဟုတ်ကြပေကုန်ပြီ၊ နစ်သမား, မွန်းသမား မဟုတ်ကြပေကုန်ပြီ၊ ပုထုဇဉ်ဘုံသား, လောကီဘုံ သား, သံသရာဘုံသားမျိုး မဟုတ်ကြပေကုန်ပြီ၊ အရိယာဘုံသား, လောကုတ္တရာဘုံသား, သဥပါဒိသေသ ပဌမနိဗ္ဗာန်ဘုံသားတို့ပေတည်း။

ငှက်ပျောဖောင် ဥပမာ

ဥပမာကား-ငှက်ပျောဖောင်နှင့် မဟာသမုဒြာကို ကူးကြကုန် သည်ရှိသော် လှိုင်းလေတစ်ချက် အတန်ငယ်လှုပ်ခဲ့လျှင်ပင် ဖောင်ပျက်၍ ခဏချင်းမြုပ်ကြလေကုန်ရာ၏၊ တစ်ဖန် ငှက်ပျောဖောင်လုပ်၍ ကူးပြန် လျှင် တစ်ဖန် ခဏချင်း မြှုပြ်ကကုန်ပြန်ရာ၏၊ အကြိမ်တစ်ရာလုပ်၍ ကူးလျှင် အကြိမ်တစ်ရာပင် ခဏချင်း မြှုပ်ကြကုန်ပြန်ရာ၏၊ အကြိမ် တစ်ထောင်ပင် လုပ်၍ကူးလျှင် အကြိမ်တစ်ထောင်ပင် ခဏချင်း မြုပ်ကြ ကုန်ရာ၏၊ အကြိမ်ပေါင်းအနန္တ ငှက်ပျောဖောင်လုပ်၍ကူးလျှင် အကြိမ် ပေါင်းအနန္တ ခဏချင်း မြုပ်ကြကုန်ရာ၏။

မဟာသမုဒြာ လှိုင်းမည်သည် အလွန်လည်းကြီးကျယ်၏၊ ဘယ် အခါမှ ပြတ်လတ်သည်ဟူ၍မရှိ၊ ထိုသူတို့မှာ မဟာသမုဒြာထက် ကြီးကျယ်လှသော ဘေးကြီးဟူ၍မရှိ၊ ကူးတိုင်းကူးတိုင်း ခဏချင်းမြှုပ် ခဏချင်းမျောချည်း ဖြစ်ကြကုန်ရာ၏၊

အဘယ့်ကြောင့်နည်းဆိုသော်- ငှက်ပျောဖောင်၏ ပျက်လွယ်မှု ကြောင့်လည်းကောင်း, မိမိတို့ကလည်း ငှက်ပျောဖောင်မှတစ်ပါး မှီတွယ် ရန်မရှိ၊ ငှက်ပျောဖောင်ကိုသာ မှီတွယ်ရလျက် ရှိလေသောကြောင့်လည်း ကောင်းတည်း။

လူ့ဘဝကို တစ်ကြိမ်ရပြန်ဘိ၊ အပါယ်ဘုံသို့ မြုပ်ပြန်ဘိ။ နတ်ဘဝကို တစ်ကြိမ်ရပြန်ဘိ၊ အပါယ်ဘုံသို့ မြုပ်ပြန်ဘိ။ ဗြဟ္မာ့ဘဝကို တစ်ကြိမ်ရပြန်ဘိ၊ အပါယ်ဘုံသို့ မြုပ်ပြန်ဘိ၊ တစ်ကြိမ်မြုပ်ပြန်လျှင်လည်း အပါယ်တစ်ခွင် တက်တက် စင်အောင် မျောချင်တိုင်း မျော၍နေတော့ သည်၊ ဘဝပေါင်းအသိန်းအသောင်းမက ကြာညောင်းလှမှ ပြန်ရတော့ သည်၊ အနမတဂ္ဂသံသရာတလျှောက်ကြီး မျှော်ကြလေ။

နိဗ္ဗာန်သင်္ဘောစီးသူ ဖြစ်ခြင်း

သိကြားဖန်ဆင်းသော မဟာပစ္စရိ သင်္ဘောကြီးဖြင့် မဟာသမုဒြာ ကို ကူးကြကုန်သော သူတို့အားကား တစ်စုံတစ်ခုသော ဘေးအန္တရာယ် မရှိ၊ လောက၌ မဟာသမုဒြာကြီးထက် အဆန်းတကြယ် အကြီးအကျယ် အံ့ဩဖွယ်ကောင်းသော အရာမရှိ၊ ထို့ကြောင့် ထိုသူတို့အား မဟာသမုဒြာ ကြီးသည် အလွန်ပျော်မွေ့ ဖွယ်ရာကြီး ဖြစ်၏၊ ကမ်းသို့ပင် မတက်ချင် ရှိကြကုန်ရာ၏။

အဘယ့်ကြောင့်နည်းဆိုသော်-ဘယ်အန္တရာယ်မှ မလှုပ်ရှားနိုင် သော သိကြားမင်းဖောင်ကြီးကို မှီတွယ်ကြရလေသောကြောင့်တည်း။

ပထဝီအစရှိသော ဓာတ်ကြီး ၆-ပါးတို့ကို ဉာဏ်အမြင် မပေါက် ကြကုန်မူ၍ စက္ခု, သောတစသည်တို့ကိုသာလျှင် အတ္တပြုလုပ် မှီတွယ်၍ နေကြရကုန်သော ပုထုဇဉ် သတ္တဝါတို့မှာ လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတို့သည် အလွန် ကြီးကျယ်သော အန္တရာယ်ကြီးတို့သာ တည်း၊ သည်ထက် ကြီးကျယ်သော အန္တရာယ် မရှိ။

အဘယ့်ကြောင့်နည်းဆိုသော်

ထိုချမ်းသာတို့နှင့် တစ်ကြိမ်တစ်ခါ တွေ့ကြုံရကုန်သည်ရှိ သော် မိမိတို့အတ္တဟုပေါက်လွတ် အလိုလိုက်၍ ထားကြကုန် သော ကိလေသာတည်းဟူသော လေကြမ်းလှိုင်းကြမ်းတို့သည် အပြင်းအထန် ထကြွ၍ ထိုသူတို့ကို ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ် အပါယ်တစ်ရိုးသို့ အတွင်သာ ထိုး၍ ထိုး၍ ချကြလေကုန်သောကြောင့်တည်း။

ဓာတ်ကြီး ၆-ပါးတို့ကို ဉာဏ်အမြင် ပေါက်ကြကုန်၍ အတ္တစွဲ လမ်းမှု ကျွတ်လွတ်ကြကုန်သဖြင့် သဥပါဒိသေသ ပဌမနိဗ္ဗာန်ကြီးကိုသာ မှီတွယ်ကြပေ ကုန်သော ဘုံစဉ်စံ သောတာပန်အနန္တတို့မှာမူကား အလုံးစုံ သော လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတို့သည် အလွန်ကြီးကျယ် သော မွေ့လျော်ဖွယ်ကြီး တို့သာဖြစ်၏၊ တစ်စုံတစ်ခုသော ဝိပတ္တိကို မပြုကြလေကုန်။

အဘယ့်ကြောင့်နည်းဆိုသော်- နိစ္စထာဝရဖြစ်၍ မပျက်စီးနိုင် သော အသင်္ခတပဌမနိဗ္ဗာန်ကြီးကိုသာ မှီတွယ်ကြပေကုန်သောကြောင့် တည်း။

အသင်္ခတ ပဌမနိဗ္ဗာန်ကြီး-- အတ္တဒိဋ္ဌိ ဝိစိကိစ္စာ ချုပ်ငြိမ်းမှု ဒုစ္စရိုက် ခပ်သိမ်း ချုပ်ငြိမ်းမှု အပါယ်ဘဝတို့မှ အပြီးချုပ်ငြိမ်းမှုကြီးကို ထိုဘုံစဉ်စံ အရိယာတို့တည်နေရာ အသင်္ခတနိဗ္ဗာန်ကြီး ဆိုသတည်း။

သဥပါဒိသေသ အဓိပ္ပါယ်-- သဥပါဒိသေသ ဆိုသည်ကားထိုသူတို့၌ ဘုံစဉ်စံဆိုသည်နှင့်အညီ ဘဝများစွာ ကမ္ဘာများစွာ လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတို့ကို အစဉ်ခံစား စံစား၍ မွေ့မွေ့ လျော် လျော် ပျော်ပျော်ပါးပါး အထက်နိဗ္ဗာန်ကြီးသို့ သွားကြရန် ကိလေသာကြွင်း ဘဝကြွင်း ဇာတိကြွင်း ဇရာကြွင်း မရဏကြွင်း ရှိသေးသောကြောင့် သဥပါဒိသေသ ဆိုပေသတည်း။

ပြဆိုလိုရင်းကား-- မဟာသမုဒ္ဒရာကြီး တစ်ခုတည်းသည်ပင်လျှင် ငှက်ပျောဖောင်ရှင်တို့မှာ အလွန်ကြောက်မက်ဖွယ်သော ဘေးအန္တရာယ် ကြီးဖြစ်၏။

မဟာပစ္စရိ အမည်ရှိသော ရတနာသင်္ဘောကြီးရှင်တို့မှာ အလွန် ဘေးကင်း၍ မွေ့လျော်ပျော်ပါးဖွယ် ကောင်းလှသော ဣဋ္ဌသမ္ပတ္တိ ကြီးဖြစ်၏။

ဤသို့ နှစ်ခွဖြစ်ရသည်ကိုထောက်၍--

ငှက်ပျောဖောင်ရှင်-- ငှက်ပျောဖောင်ကြီးရှင်တို့မှာလည်းမဟာ သမုဒ္ဒရာကြီးသည် ဘေးအန္တရာယ် အမှန် မဟုတ်၊ မိမိတို့မှီတွယ်ရာ ငှက်ပျောဖောင်ကြီး၏ အနိစ္စမှုသည် ဘေးအန္တရာယ် အမှန်အစစ် ဖြစ်ချေသည်ဟု သိအပ်၏။

ရတနာဖောင်ရှင်-- ရတနာဖောင်ကြီးရှင်တို့မှာလည်း- မဟာ သမုဒ္ဒရာကြီးသည် ဣဋ္ဌသမ္ပတ္တိ အမှန်မဟုတ်၊ မိမိတို့ မှီတွယ်ရာ ရတနာသင်္ဘောဖောင်ကြီး၏ နိစ္စအမှုသည်သာ ဣဋ္ဌသမ္ပတ္တိ အမှန်အစစ် ဖြစ်ချေသည်ဟု သိအပ်၏။

ထို့အတူ တေဘူမက ဓမ္မမျိုးဖြစ်ကုန်သော လူ့စည်းစိမ်, နတ်စည်း စိမ်, ဗြဟ္မာ့ စည်းစိမ်တို့သည်လည်း--

အတ္တဒိဋ္ဌိရှိသူ-- အတ္တဒိဋ္ဌိ ရှိသူတို့မှာ-- မီးတစ်ဟုန်းဟုန်း လောင်၍ နေသော နှောင်အိမ်ကြီးကဲ့သို့ အလွန်ကြောက်မက်ဖွယ် သော ဘေးအန္တရာယ်ကြီး ဖြစ်၏။

အတ္တဒိဋ္ဌိကင်းသူ-- အတ္တဒိဋ္ဌိ ကင်းငြိမ်းပြီးသောသူတို့မှာသိကြားမင်း၏ ဝေဇယန္တာ နန်းပြာသာဒ်ကဲ့သို့ အလွန်မွေ့လျော်ဖွယ် သော သုခသမ္ပတ္တိကြီး ဖြစ်၏။

ဤသို့ နှစ်ခွဖြစ်ရသည်ကို ထောက်၍--

အတ္တဒိဋ္ဌိရှင်-- အတ္တဒိဋ္ဌိရှင်တို့မှာလည်း- ချမ်းသာကြီးသုံးပါး သည် ဘေးအန္တရာယ်အစစ် မဟုတ်၊ မိမိတို့မှီတွယ်ရာ ခန္ဓာတို့၏ အနိစ္စမှု သည်သာ ဘေးအန္တရာယ် အမှန်အစစ် ဖြစ်သည်။

နိဗ္ဗာန်ရှင်-- နိဗ္ဗာန်ရှင်တို့မှာလည်း- ချမ်းသာကြီးသုံးပါးသည် သုခသမ္ပတ္တိအမှန် မဟုတ်၊ မိမိတည်နေရာ နိဗ္ဗာန်ကြီး၏ နိစ္စမှုသည်သာ အမှန်အစစ် ဖြစ်ပေ၏ဟု သိအပ်လေသတည်း။

အနိစ္စမှ ဒုက္ခ,အနတ္တဖြစ်ခြင်း

ဤသို့ သိရသဖြင့် အနမတဂ္ဂ သံသရာ၌ အဝီစိငရဲဘေးနှင့်တကွ ရှိသမျှသော ဒုက္ခဘေး, ဒုက္ခဒဏ်, ဒုက္ခရန်, ဒုက္ခအန္တရာယ်ဟူသမျှ တို့သည်, အနိစ္စလက္ခဏာ တို့မှချည်း ဖြစ်ပွားကုန်၏၊ ပြဆိုလတ္တံ့သော ဒုက္ခလက္ခဏာ ၂၅-ပါးတို့သည်လည်း အနိစ္စလက္ခဏာ ၁၀-ပါးတို့မှချည်း ဖြစ်ပွားကုန်၏၊ အနတ္တလက္ခဏာ ၅-ပါးတို့သည်လည်း အနိစ္စလက္ခဏာ ၁၀-ပါးတို့မှချည်း ဖြစ်ပွားကုန်၏ဟု ထင်ရှားလေ ကုန်သတည်း။

ဤသည်ကား ဒုက္ခ, အနတ္တတို့သည် အနိစ္စမှဖြစ်ပွားကုန်သည်ဟု ဟောတော်မူသော ယခင်ပါဠိတော်ကြီးများ၏ အနက်အဓိပ္ပါယ်သည် အလွန်နက်နဲ လှသည်ဖြစ်၍ ပညာရှိတို့ သိမြင်နိုင်ရန် အတန်ငယ်ချဲ့၍ ပြဆိုခန်းတည်း။

အနိစ္စလက္ခဏာ ၁၀ ပါးပြီး၏၊

------ * -----

အနတ္တလက္ခဏာ ၅-ပါး

အနတ္တပုဒ်၏ အဓိပ္ပါယ်-- အနတ္တာ, ပရေ, ရိတ္တာ, တုစ္ဆာ, သုညာ ဟူသော အနတ္တလက္ခဏာ ၅-ပါးတို့သည်ကား ပြဆို ခဲ့ပြီးသော အနိစ္စလက္ခဏာတို့၏အတွင်း၌ ထင်လင်းစွာ ပါဝင်လေပြီးဖြစ်၍လည်း ကောင်း, အနတ္တသဘောကိုပြဆိုခန်း၌ ထင်ရှားခဲ့လေပြီဖြစ်သောကြောင့် လည်းကောင်း အကျယ်ပြဆိုဖွယ် မရှိကြကုန်ပြီ။

ပရေပုဒ်၏ အဓိပ္ပါယ်-- ''ပရေ=အကျွမ်းဝင်ခြင်း အမြဲကင်း သော သူစိမ်းပြင်ပတို့သာတည်း'' ဟူရာ၌-

အကျွမ်းဝင်မှု-- အကျွမ်းဝင်မှုဆိုသည်ကား တဏှာဖြင့် ငါ့ဟာဟူ၍ သိမ်းပိုက်မှု, မာနဖြင့် ငါ-ငါဟူ၍ အထင်မှားမှု, ဒိဋ္ဌိဖြင့် ငါ၏အတ္တ ငါ၏ကိုယ် ငါအစိုးရသည် ငါ၏အလိုသို့လိုက်သည်ဟု ကြောင်ကြောင်ကြီး အမြင်မှားမှုကို အကျွမ်းဝင်မှု ဆိုသည်။

၁။ လူဖြစ်သူတို့အား သားမယား ပစ္စည်းဥစ္စာတို့ကို သာယာမှု, လောက ဂုဏ် ကျက်သရေတို့ကို သာယာမှု,

၂။ ရဟန်းဖြစ်သူတို့အား ဆွမ်းကောင်း သင်္ကန်းကောင်း ကျောင်း ကောင်း ထောပတ် ဆီပျားစသော ဆေးကောင်း တို့ကို သာယာမှု, ခင်မင်မှု, တပည့်ပရိသတ်, တကာ ပရိသတ်တို့ကို သာယာ တွယ်တာမှု,

၃။ ရဟန်းဖြစ်သူ လူဖြစ်သူတို့အား စက္ခုအလိုကိုလိုက်စားမှု, သောတအလို လိုက်စားမှု, ဃာနအလိုကို လိုက်စားမှု, ဇိဝှါအလိုကို လိုက်စားမှု, ကာယအလိုကို လိုက်စားမှု, စိတ်မနောအလိုကို လိုက်စားမှု အလုံးစုံတို့သည် အကျွမ်းဝင် မှုချည်းပင်တည်း။

သူစိမ်းပြင်ပဆိုသော်လည်း ဥပေက္ခာသူစိမ်းပြင်ပမျိုးမဟုတ်၊ သတ္တဝါတို့၏ ပကတိအလိုဖြစ်သော သမ္ပတ္တိလမ်းကို ပိတ်ဆို့၍ သတ္တဝါတို့ အကျိုးမဲ့ကြီးဖြစ်သော ဝိပတ္တိလမ်းကိုသာ အတွင်ဖွင့်ကြကုန်သော ရန်သူ ကြီးတို့ဖြစ်ကြကြောင်းကို ပုဂ္ဂိုလ်အလို ဓမ္မအလိုခွဲခန်း၌ ပြဆိုထင်ရှား စေခဲ့ပြီ။

ရိတ္တ တုစ္ဆ သုညတို့၏ အဓိပ္ပါယ်

၁။ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး ယောက်ျား မိန်းမ ဦးခေါင်း ခြေ လက်အစရှိသော သဏ္ဌာနနိမိတ်မျိုး။

၂။ သူသွားသည် ငါသွားသည်အစရှိသော, လက်လှုပ်သည် ခြေလှုပ် သူမြင်သည် ငါမြင်သည် သူကြားသည် ငါကြား သည်အစရှိသော သန္တတိနိမိတ်မျိုး။

၃။ ကောင်းသည် မြတ်သည် တင့်တယ်သည် ဖွယ်ရာသည် အဖိုးထိုက်သည် ဂုဏ်ရှိသည် ကျက်သရေရှိသည်အစရှိ သော သုခနိမိတ်မျိုး။

၄။ အစိုးရသည် အလိုလိုက်သည် ငါပိုင်သည် သူပိုင်သည် ငါဆိုင်သည် သူဆိုင်သည် အစရှိသော အတ္တနိမိတ်မျိုး။

အလုံးစုံးတို့မှ ဆိတ်ကင်း၍ ဓမ္မအစု ဓာတ်အစု ရုပ်အစု နာမ်အစု အနိစ္စအစု ဒုက္ခအစု အနတ္တအစု သက်သက်မျှသာဖြစ်သည်ကို ''ရိတ္တ, တုစ္ဆ, သုည'' ဆိုသတည်း။

သဏ္ဌာနနိမိတ်မျိုး, သန္တတိနိမိတ်မျိုး, နိစ္စနိမိတ်မျိုး, သုခနိမိတ်မျိုး, အတ္တနိမိတ်မျိုးတို့သည် ခန္ဓာတို့၏ ရိတ္တ, တုစ္ဆ, သုညသဘောကို အလွန်လုံခြုံစွာ ဖုံးလွှမ်းကုန်၏၊ ဓာတ်တွေကို ဉာဏ်နှင့်ထင်လင်းစွာ ကြည့်ဖော်၍ ထိုဖုံးလွှမ်းမှုတို့ ပြယ်ပျောက်မှ ပေါ်နိုင်မည်။

ပြုပြင်မှု သင်္ခါရ-- ပြုပြင်မှုကြီးသည် ထိုနိမိတ်တို့ကို လွန်စွာ ကျေးဇူး ပြု၏၊ မွေးဖွားမှစ၍ပြုပြင်မှုတို့ကို ဉာဏ်နှင့် အကုန်ပယ်ရှား၍ ကြည့်မှု, သတ္တဝါတို့၏ ပကတိအလို ဓာတ်တို့၏ ပကတိအလိုတို့ကို သီးသန့်ခြား၍ကြည့်မှု, ပြဆိုခဲ့ပြီးသော သမ္ပတ္တိစီးပွါးလမ်း ဝိပတ္တိစီးပွါး လမ်းတို့ကို ခြားနား၍ ကြည့်မှုတို့သည် ရိတ္တ, တုစ္ဆ, သုည အမြင်ထင် ရှားရန် အချက်တို့ပင်တည်း။

တုစ္ဆစီးပွားမျိုး-- လောက၌-စက္ခုအလိုကို လိုက်မှုနှင့် မျှတရုံမျှ ထက် ပိုမို၍ လိုက်စားဖြစ်ပွါးကြသော လောကီစီးပွါးဟူသမျှသည် ဝိပတ္တိ စီးပွါးလမ်းဖြစ်၍ တုစ္ဆစီးပွါးမျိုးသာတည်း။

၁။ လောဘအလိုကို လိုက်စားမှုနှင့် ဖြစ်ထွန်းကြသော လောကီ စီးပွါးမျိုး၊

၂။ ဒေါသ, မာန, ဒိဋ္ဌိတို့၏အလိုကို လိုက်စားမှုနှင့် ဖြစ်ထွန်းကြ သော စီးပွါးမျိုး၊

၃။ စက္ခုအရသာကို လိုက်စားမှုနှင့် အားထုတ်လုပ်ဆောင်ကြ သော ဗာလုဿုက္ကမျိုး၊

၄။ သောတအလိုကို လိုက်စားမှု, ဃာနအလိုကို လိုက်စားမှု, ဇိဝှါ အလိုကို လိုက်စားမှု, ကိုယ်အင်္ဂါအလိုကို လိုက်စားမှု, စိတ်အလိုကို လိုက်စားမှုနှင့် အားထုတ်လုပ်ဆောင်ကြသော ဗာလုဿုက္ကမျိုး ဟူသမျှတို့သည် တုစ္ဆမျိုး သုညမျိုးတို့သာ တည်း။

ငှက်ပျောဖောင်ကို အခါခါ ထူထောင်သကဲ့သို့ လူဖြစ်ရန်, နတ် ဖြစ်ရန်, ဗြဟ္မာဖြစ်ရန် အားထုတ်လုပ်ဆောင်ကြသော ပုညာဘိသင်္ခါရ အာနဉ္ဇာဘိသင်္ခါရ အမှုမျိုးတို့သည်လည်း တုစ္ဆ သုညမျိုးတို့သာတည်း။ ထိုအမှုတို့၏အကျိုးဖြစ်သော မနုဿ, ဒေဝ, ဗြဟ္မသမ္ပတ္တိတို့သည်လည်း တုစ္ဆ သုညမျိုးတို့သာတည်း။

စီးပွားအစစ်မှာ ဗောဓိပက္ခိယလမ်းသာ-- ဗောဓိပက္ခိယ လမ်း တစ်ခုသည်သာလျှင် သတ္တဝါတို့၏ ပကတိအလိုနှင့် ဖြောင့်စွာလိုက် သည်ဖြစ်၍ သတ္တဝါတို့၏အကျိုး သတ္တဝါတို့၏ စီးပွါး အစစ်ဖြစ်သတည်း။

လောကီစီးပွားမှန်သမျှ အချည်းနှီး

ယဥှိ ကိစ္စံ အပဝိဒ္ဓံ၊ အကိစ္စံ ပန ကရီယတိ။ ဥန္နဠာနံ ပမတ္တာနံ၊ တေသံ ဝဍ္ဎုန္တိ အာသဝါ။ (ဓမ္မပဒ)

ယံကိစ္စံ=အကြင်မိမိတို့ စီးပွါးလမ်းအစစ်သည်၊ အတ္ထိ=ရှိ၏၊ တံ=ကိုယ့်ကျိုး ကိုယ့်စီးပွါး အစစ်ကို၊ အပဝိဒ္ဓံ=လုံးလုံးစွန့်ပစ်၍ထား၏၊ အကိစ္စံ ပန=ကိုယ့်ကျိုး ကိုယ့်စီးပွားမဟုတ် ဝိပတ္တိလမ်း သက်သက်ဖြစ်၍ မပြုရမည့်အရာကို၊ ကရီယတိ=ကြိုးစားအားထုတ် ပြုလုပ်အားကျ၍ နေ၏။

ဥန္နဠာနံ=အသားအနှစ်ကားမရှိ အတွင်း၌ အခေါင်း အပ၌ အခွံ အတိသာဖြစ်ကုန်သော ကျူပင်,ကျူတောတို့နှင့် အလားတူကုန်သည် ဖြစ်၍၊ပမတ္တာနံ=သာသနာတော်နှင့် ကြုံကြိုက်ပါကုန်လျက် ကိုယ့်ကျိုး ကိုယ့်စီးပွားမှ ပလပ်မေ့လျော့၍နေကြကုန်သော၊ တေသံ=ထိုသတ္တဝါ တို့အား၊ အာသဝါ=ဝိပတ္တိစီးပွား အာသဝေါတရားတို့သည်သာလျှင်၊ ဝဍ္ဎုန္တိ=နေ့ရှိသမျှ တိုးပွား၍နေကြကုန်၏။

ဤကား လောက၌ ကိုယ့်ကျိုး ကိုယ့်စီးပွါးဟု လိုက်စားအားကျ၍ နေကြကုန်သော အမှုခပ်သိမ်း အကျိုးစီးပွါးခပ်သိမ်း ဓနသမ္ပတ္တိ, ဘောဂ သမ္ပတ္တိ, ဣဿရိယသမ္ပတ္တိခပ်သိမ်းတို့၏ ရိတ္တ တုစ္ဆ သုည အဖြစ်ကို ရိပ်မိရုံမျှ ပြဆိုလိုက်သော အချက်တည်း။

အနတ္တလက္ခဏာ ၅ -ပါး ပြီး၏၊

----- * ----

ဒုက္ခလက္ခဏာ ၂၅ -ပါး၌

သုခ ဒုက္ခ အပြားကို ပြဆိုခန်း

ဒုက္ခလက္ခဏာ ၂၅ -ပါး၌ သုခအပြား ဒုက္ခအပြားကို ရှေးဦးစွာ ပြဆိုရာ၏၊

သုခနှစ်ပါး။ ။။ သုခအပြားဆိုသည်ကား-သုခအပြားသည်

ဝေဒယိတသုခ, သန္တိသုခဟူ၍ နှစ်ပါးရှိ၏ ဝေဒယိတသုခ။ ထိုတွင် ဣဋ္ဌအာရုံမျိုး သမ္ပတ္တိအာရုံမျိုးကိုရ၍

ခံစားမှု စံစားမှုသည် ဝေဒယိတသုခ မည်၏၊ သန္တိသုခ။ ပူပန်စရာမရှိ ပင်ပန်းစရာမရှိ ငြိမ်းချမ်းမှုသည် သန္တိသုခ မည်၏။

ဝေဒယိတသုခ-ထိုနှစ်ပါးတို့တွင်--

ပစ္စည်းဥစ္စာနှင့် ပြည့်စုံ၍ ရပ်အလယ် ရွာအလယ်၌ တင့်တယ်စွာနေရသော လူတို့၏သုခသည် ဝေဒယိတသုခမည်၏။

သန္တိသုခ-- ပစ္စည်းဥစ္စာတို့မှ ကင်းရှင်း၍ တောအလယ် ချုံအလယ် ၌ ငြိမ်းချမ်းစွာနေရသော ရဟန်းတို့၏ သုခသည် သန္တိ သုခမည်၏။

စက္ခုအာရုံ စသည်၌

သုခ ဒုက္ခခွဲပုံ

စက္ခုအာရုံ၌ အပြစ်ကို မမြင်မူ၍ စက္ခုအာရုံကို အလိုရှိကုန်သော သူတို့အား စက္ခုအာရုံကို တွေ့ရခြင်းသည် သုခမည်၏၊ မတွေ့ရခြင်းသည်ဒုက္ခ မည်၏၊

စက္ခုအာရုံ၌ အပြစ်ကိုမြင်၍ စက္ခုအာရုံမှ ကင်းခြင်းကို

အလိုရှိကုန်သော သူတို့အား စက္ခုအာရုံကို မတွေ့ရခြင်းသည် သုခမည်၏၊

တွေ့ရခြင်းသည် ဒုက္ခမည်၏၊

သောတအာရုံ၌ အပြစ်ကို မမြင်မူ၍ သောတအာရုံကို အလိုရှိ ကုန်သော သူတို့အား သောတအာရုံကို တွေ့ရခြင်းသည် သုခ, မတွေ့ရ ခြင်းသည် ဒုက္ခ၊ သောတအာရုံ၌ အပြစ်ကိုမြင်၍ သောတအာရုံမှ ကင်းခြင်းကို အလိုရှိကုန်သော သူတို့အား သောတအာရုံကိုမတွေ့ရခြင်း သည် သုခ, တွေ့ရခြင်းသည် ဒုက္ခမည်၏၊

ဃာနအာရုံ။ ပ။ ဇိဝှါအာရုံ။ ပ။ ကာယအာရုံ။ ပ။ မနောအာရုံ၌ အပြစ်ကို မမြင်မူ၍ မနောအာရုံကို အလိုရှိကုန် သော သူတို့အား မနောအာရုံကို တွေ့ရခြင်းသည် သုခ, မတွေ့ရခြင်းသည် ဒုက္ခ၊ မနောအာရုံ၌ အပြစ်ကိုမြင်၍ မနောအာရုံမှ ကင်းခြင်းကို အလိုရှိကုန်သော သူတို့အား မနောအာရုံကို မတွေ့ရခြင်းသည် သုခ, တွေ့ရခြင်းသည် ဒုက္ခမည်၏၊

တွေ့ရခြင်းကို အလိုရှိကုန်သော သူတို့၌ တွေ့ရမှုသည် ဝေဒယိတ သုခမည်၏၊

မတွေ့ရခြင်းကို အလိုရှိကုန်သော သူတို့၌ မတွေ့ရမှုသည် သန္တိသုခမည်၏။

လောဘငြိမ်းသူ၏ သုခနှင့် လောဘရှိသူတို့၏ သုခ

သုခ, ဒုက္ခဖြစ်ပုံ-- ထို့အတူ ထိုထိုအာရုံကို အလိုရှိကုန်သော သူတို့အား အလိုရှိရာ အာရုံကိုတွေ့လျှင် သုခဖြစ်၏၊ မတွေ့လျှင် ဒုက္ခဖြစ်၏၊ ရလျှင် သုခဖြစ်၏၊ မရလျှင် ဒုက္ခဖြစ်၏၊ အလိုနှင့် ပြည့်စုံလျှင် သုခဖြစ်၏၊ မပြည့်စုံလျှင် ဒုက္ခဖြစ်၏။

တဏှာလောဘ ငြိမ်းချမ်းသဖြင့် အလိုခပ်သိမ်းတို့မှ ကင်းရှင်း ကုန်ပြီးသော သူတို့အား တစ်စုံတစ်ခုကိုမျှ မတွေ့ရခြင်းသည် သုခမည်၏၊ တွေ့ရခြင်းသည် ဒုက္ခမည်၏။

မစင် ခွေးကောင်ပုပ် လူကောင်ပုပ်ကို အလိုရှိကုန်သော ကျီး လင်းတတို့အား မစင် ခွေးကောင်ပုပ် လူကောင်ပုပ်ကိုတွေ့လျှင် သုခ ဖြစ်၏၊ မတွေ့လျှင် ဒုက္ခဖြစ်၏။

ပြည်တန်ပတ္တမြားကြီးကို မတွေ့လိုကုန်သော သူတို့အား ပြည်တန် ပတ္တမြား ရတနာကြီးကို မတွေ့ရခြင်းသည် သုခဖြစ်၏၊ တွေ့ရခြင်းသည် ဒုက္ခဖြစ်၏၊

ခပ်သိမ်းသော သတ္တဝါတို့၌ အလိုသည် အချုပ်အခြာ ဖြစ်၏၊

----- * ----

လမ်း ၂-သွယ်

အလိုဆိုးကောင်း ၂ -မျိုး။။ ခပ်သိမ်းသော အလိုတို့မှာ လည်း

၁။ အပြစ်ကို မမြင်သော အဝိဇ္ဇာအမိုက်အမဲတို့နှင့်,

၂။ အပြစ်ကို မြင်သော ပညာအလိမ္မာ---နှစ်ပါးသည် အရင်းမူလ ဖြစ်သည်။

ဝေဒယိတ သုခလမ်း-- အပြစ်ကို မမြင်သော အဝိဇ္ဇာအမိုက် အမဲဟူသော မောဟဓာတ်ကြီး ပွါးစီးတိုင်း ပွါးစီးတိုင်း ဝတ္ထုအာရုံ ကာမဂုဏ်တို့ကို တွေ့လိုမှု ရလိုမှု ပြည့်စုံလိုမှုဟူသော မည်းညစ် လူးလဲ သော တဏှာဓာတ်ကြီး ပွါးစီးရ၏၊ တဏှာဓာတ်ပုပ်ကြီး လှု့ဆော်တိုင်း လှု့ဆော်တိုင်း သတ္တဝါတို့သည် အာရုံကို အမှတ်ရကြကုန်၏၊ အာရုံသို့ စိတ်ရောက်ကြရကုန်၏၊ တွေ့လိုကြရကုန်၏၊ စိတ်သွားရာကိုယ်ပါ၍ နေကြကုန်၏၊

ဤကား ဝေဒယိတ သုခလမ်းတည်း။

သန္တိသုခလမ်း-- အပြစ်ကိုမြင်သော ပညာအလိမ္မာ မောဟ ဓာတ်ကြီး ပွါးစီးတိုင်း ပွါးစီးတိုင်း ဝတ္ထုအာရုံ ကာမဂုဏ်တို့နှင့် ကင်းဝေးလိုမှု ကင်းကွာလိုမှုဟူသော သန့်ရှင်းစင်ကြယ်သော အလောဘဓာတ်ကြည် ကြီး ပွါးစီးရ၏၊ အလောဘဓာတ်ကြည်ကြီး လှုံ့ဆော်တိုင်း လှုံ့ဆော်တိုင်း ပညာရှိတို့သည် အာရုံနှင့်လွတ်ကင်းရာကို အမှတ်ရကြကုန်၏၊ အာရုံနှင့် လွတ်ကင်းရာသို့ စိတ်ရောက်ကြရကုန်၏၊ စိတ်သွားရာ ကိုယ်ပါကြကုန်၏၊ ဤကား သန္တိသုခလမ်းတည်း။

ပုထုဇဉ်တို့ သွားရာလမ်း-- ထိုနှစ်လမ်းတို့တွင် ဝေယဒိတ သုခလမ်းသည်ကား အနမတဂ္ဂသံသရာ၌ ယနေ့ထက်တိုင် မြုပ်မျော၍ နေကြကုန်သော ပုထုဇဉ်သတ္တဝါတို့၏ လမ်းပေတည်း။

အရိယာတို့ သွားရာလမ်း-- သန္တိသုခလမ်းသည် မဟာ သမုဒြာ၌ သဲလုံးအရေအတွက်မျှမက ကျွတ်လွတ်တော်မူကြကုန်သော ဘုရား, ပစ္စေကဗုဒ္ဓါ, အရိယာသူမြတ်တို့၏ လမ်းပေတည်း။

ခွေးရူးပြန်သူ, ယင်မမဲရိုင်း, ပကတိလူ, ပျားပိတုန်း ဥပမာများ

ထိုနှစ်ပါးတို့တွင်--

၁။ အဝိဇ္ဇာတဏှာဓာတ်မည်း ဓာတ်ပုပ်ကြီးပွါးစီးအုပ်စိုး၍ နေသော သတ္တဝါတို့သည် ဝေဒယိတသုခကိုသာ သုခဟု ထင်နိုင် မြင်နိုင်ကြကုန်၏၊ သန္တိသုခကို သုခဟူ၍ မထင်နိုင် မမြင်နိုင်ကြကုန်၊ ဒုက္ခဟု ထင်ကြ မြင်ကြကုန်၏၊ ခွေးရူးပြန်သောသူသည် အေးမြလှစွာသော ရေကို ကြောက်သကဲ့သို့တည်း၊ ဝေဒယိတသုခကိုသာ ရှာကြံလိုက်စားကြကုန်၏၊ သန္တိသုခကို အလိုပင် မရှိကြကုန်၊ ယင်မမဲရိုင်းတို့သည် အညှီအပုပ်ကိုသာ ရှာကြကုန်သကဲ့သို့တည်း။

၂။ ပညာ, အလောဘ ဓာတ်ကြည်ကြီးနှစ်ပါး ပွါးစီးအုပ်စိုးသော သူတို့ သည်မူကား သန္တိသုခကိုသာ သုခဟု ထင်မြင်ကြကုန်၏၊ ဝေဒယိတ သုခကို ဒုက္ခဟုထင်မြင်ကြကုန်၏၊ ရေမွတ်သိပ်သော ပကတိလူသည် အေးမြလှစွာသော ရေကို ခင်မင်သကဲ့သို့တည်း။ သန္တိသုခကိုသာ ရှာကြံ လိုက်စားကြကုန်၏၊ ဝေဒယိတသုခကို ရှောင်ရှားကြကုန်၏၊ ပျားပိတုန်း တို့သည် မွှေးကြိုင် သင်းပျံ့သော ပန်းရနံ့ကိုသာ ရှာကြံကြကုန် သကဲ့သို့ တည်း။

ထို့အတူ--

၁။ အဝိဇ္ဇာ, တဏှာဟူသော ဓာတ်ညစ် ဓာတ်ပုပ်အုပ်စိုးလျက် ရှိနေကုန်သော သတ္တဝါအပေါင်းတို့သည် ဝေဒယိတသုခ အာရုံရှိရာတို့၌ တရုန်းရုန်း တအုန်းအုန်း နေကြကုန်၏၊ ယင်ကောင်တို့သည် အညှီအပုပ် ရှိရာတို့၌ တရုန်းရုန်း တအုန်းအုန်း နေကြကုန်သကဲ့သို့တည်း။

၂။ ပညာ, အလောဘဟူသော ဓာတ်ကြည်ဓာတ်လင်းအုပ်စိုး သော သူအပေါင်းတို့သည် သန္တိသုခကို ရရာဌာနတို့၌ တရုန်းရုန်း တအုန်းအုန်း နေကြ ကုန်၏၊ ပျားပိတုန်းတို့သည် မွှေးကြိုင်သင်းပျံ့သော အပွင့်နှင့်ပြည့်စုံသော သစ်ပင် တောချုံ ပဒုမာကြာအိုင်တို့၌ တရုန်းရုန်း တအုန်းအုန်းနေကြကုန်သကဲ့သို့တည်း။

ပညာမျက်စိရှိသူနှင့် မရှိသူအမြင်။။ ထို့ကြောင့် မြတ်စွာ ဘုရားသည်

ယံ ပရေ သုခတော အာဟု၊ တဒရိယာဟု ဒုက္ခတော။ ယံ ပရေ ဒုက္ခတော အာဟု၊ အရိယာ သုခတော ဝိဒူ။ ပစ္စနိက မိဒံ ဟောတိ၊ ပဏ္ဍိတေဟိ အပဿတံ။

ဟူ၍ဟောတော်မူပေ၏၊

ယံ=အကြင်ဝေဒယိတသုခကို၊ ပရေ=ဓာတ်ညစ်ဓာတ်ပုပ် အုပ်စိုးသူ အပေါင်းတို့သည်၊ သုခတော=သုခဟူ၍၊ အာဟု=ပြောဆိုသမုတ် အား ထုတ်ရှာမှီးကြကုန်၏၊ တံ=ထိုဝေဒယိတသုခကို၊ အရိယာ=ဓာတ်ကြည် ဓာတ်ဖြူ အုပ်စိုးသူတို့သည်၊ ဒုက္ခတော=ဒုက္ခဟူ၍၊ အာဟု=ပြောဆိုသမုတ် အားထုတ်ရှောင်ရှားကြကုန်၏၊

ယံ=အကြင်သန္တိသုခကို၊ ပရေ=ဓာတ်ညစ် ဓာတ်ပုပ် အုပ်စိုးသူ အပေါင်းတို့သည်၊ ဒုက္ခတော=ဒုက္ခဟူ၍၊ အာဟု=ပြောဆိုသမုတ် မလုပ် မကြံ လွတ်ထားကြကုန်၏၊ တံ=ထိုသန္တိသုခကို၊ အရိယာ=ဓာတ်ကြည် ဓာတ်ဖြူ အုပ်စိုးသူတို့သည်၊ သုခတော=သုခဟူ၍၊ ဝိဒူ=သိမြင်လိုက်စား အားထုတ်ရှာကြံကြကုန်၏၊ ပဏ္ဍိတေ-ဟိ=ပညာမျက်စိ အမြင်ရှိကုန်သော သူတို့နှင့်၊ အပဿတံ=ပညာမျက်စိ အမြင်မရှိ ကြကုန်သောသူတို့အား၊ ဣဒံပစ္စနိကံ=ဤသို့သော အမြင်နှစ်ဖက် ဆန့်ကျင်ဖက်နေသည်၊ ဟောတိ= ဖြစ်၏၊

ဤသို့လျှင် လောက၌ သုခ,ဒုက္ခ အပြန် အလှန်ဖြစ်၍နေကြမှု သည် ပုဂ္ဂိုလ် သတ္တဝါတို့၏ အမှုမဟုတ်၊ စင်စစ်သော်ကား မိုက်မဲလူးလဲ သော ဓာတ်, ကြည်လင် ဖြူစင်သောဓာတ်တို့၏ အမှုသာတည်း။

ပညာမျက်စိမရှိသူတို့အဖို့

အပါယ်ဘုံ

လူ့ခန္ဓာ နတ်ခန္ဓာ လူ့ကာမဂုဏ် နတ် ကာမဂုဏ်တို့၌ ၂၅-ပါးသော ဒုက္ခအပြစ်တို့သည် ရှိနေကုန်၏၊ အကြင်သတ္တဝါတို့သည် ခန္ဓာ ကာမဂုဏ် အသိုက်အအုံတို့ကို မြင်တတ်သော ပကတိ မျက်စိတစ်ဖက် သာ ရှိကြကုန်၏၊ ၂၅-ပါးသော အပြစ်တို့ကို မြင်တတ်သော ပညာမျက်စိ ကား မရှိကြကုန်၊ ထိုသတ္တဝါတို့သည် ပြဆိုခဲ့ပြီးသော ယင်ကောင်သတ္တဝါ တို့ကဲ့သို့ လူ့စည်းစိမ်, လူ့ချမ်းသာ, နတ်စည်းစိမ်, နတ်ချမ်းသာတို့၌သာ တထွေးလုံးလုံး တရုန်းရုန်းနေကြကုန်၏၊

ထိုသတ္တဝါတို့အတွက် အနမတဂ္ဂသံသရာ၌ ကမ္ဘာအသစ် တည်ထောင်တိုင်း တည်ထောင်တိုင်း အပါယ်လေးဘုံကြီးတို့သည်လည်း အပြီးတည်ထောင်ရကုန်၏၊

အစိုးရမင်းတို့သည် တိုင်းပြည်မြို့ရွာကို တည်ထောင်ပြုစုကြသော အခါ မကောင်းသောသူတို့ကို ထားဖို့ရာ ထောင်ကြီး, အရူးထောင်, တိရစ္ဆာန်ထောင်တို့ကို တည်ထောင်ကြကုန်သကဲ့သို့တည်း။ အပါယ်လေးဘုံသည် ထိုသတ္တဝါတို့၏ ထာဝရနေရပ်တည်း၊

ထိုသတ္တဝါ တို့သည် အပါယ်ဇာတိ အမျိုးအရိုးတို့တည်း၊ လူ့ဘုံ နတ်ဘုံသို့ တစ်လှည့်တစ်ခါ ပေါ်လာကြကုန်၏၊ လိပ်ကာဏ်းဥပမာ ဒေသနာကို ထောက်မြော်လေ။

နိဗ္ဗာန်ဘုံကြီး ၅-ဆင့်-- အကြင်သတ္တဝါတို့သည် ခန္ဓာ ကာမဂုဏ် အသိုက်အအုံတို့၌ ၂၅-ပါးသော ဒုက္ခလက္ခဏာတို့ကို မြင် တတ်သော ပညာမျက်စိ ပေါက်ရောက်ကြကုန်၏။

ထိုသတ္တဝါတို့သည် ပြဆိုခဲ့ပြီးသော ပျားပိတုန်းတို့ကဲ့သို့ သန္တိသုခ အနံ့ အရသာရှိသော ပင်လုံးကျွတ်ပွင့်သော ဗောဓိပက္ခိယ အင်ကြင်းတော ကြီး၌သာလျှင် နေ့တရုန်းရုန်း ညဉ့်တရုန်းရုန်းနေကြကုန်၏။

ထိုသတ္တဝါတို့အတွက် အနမတဂ္ဂသံသရာနှင့်အမျှ အစဉ်ထာဝရ အသင်္ခတဓာတ် အမြတ်နိဗ္ဗာန်ဘုံကြီး ငါးဆင့်တို့သည် အမြဲတည်ထောင် လျက်ရှိကြကုန်၏။

ငါးဆင့်ဆိုသည်ကား--

၁။ သောတာပတ္တိမဂ်ခဏမှစ၍ ဆိုက်ကြရသော ပဌမနိဗ္ဗာန် ဘုံကြီး တစ်ဆင့်,

၂။ သကဒါဂါမိမဂ် ခဏမှစ၍ ဆိုက်ကြရသော ဒုတိယနိဗ္ဗာန် ဘုံကြီး တစ်ဆင့်,

၃။ အနာဂါမိမဂ် ခဏမှစ၍ ဆိုက်ကြရသော တတိယနိဗ္ဗာန် ဘုံကြီး တစ်ဆင့်,

၄။ အရဟတ္တမဂ် ခဏမှစ၍ ဆိုက်ကြရသော စတုတ္ထနိဗ္ဗာန် ဘုံကြီး တစ်ဆင့်,

ဤလေးဆင့်ကို ကိလေသနိဗ္ဗာန်လည်းခေါ်သည်၊ သဥပါဒိ သေသနိဗ္ဗာန်လည်း ခေါ်သည်။

၅။ အဆုံးစွန် ပရိနိဗ္ဗာန်စံရာ ခဏမှစ၍ ဆိုက်ကြရသော ပဉ္စမနိဗ္ဗာန်ဘုံကြီး တစ်ဆင့်,

ဤနိဗ္ဗာန်ကို ခန္ဓပရိနိဗ္ဗာန် ခေါ်သည်၊ အနုပါဒိသေသနိဗ္ဗာန် လည်း ခေါ်သည်။

သမုဒြာကြီး တဆက်တည်း တပြင်တည်း တစ်ခုတည်းဖြစ်လျက် ဘင်္ဂလား နှင့်နီးစပ်ရာ ဘင်္ဂလားပင်လယ်, မဒရပ်နှင့် နီးစပ်ရာ မဒရပ် ပင်လယ်စသည် ခေါ်သကဲ့သို့ မှတ်လေ။

ဘုရားတစ်ဆူတစ်ဆူ သာသနာ၌ သောတာပန် အများဆုံး

တစ်ဆူတစ်ဆူသော ဘုရားသာသနာတို့၌ ပဌမနိဗ္ဗာန်ဘုံသား အဖြစ်သို့ ရောက်ကြကုန်သော သတ္တဝါတို့သည်သာလျှင် အများဆုံးဖြစ်ကြ ကုန်၏၊ ထိုတွင်လည်း ဘုံစဉ်စံမျိုးတို့သည်သာ အများဆုံး ဖြစ်ကြကုန်၏။

ငါတို့ ဘုရားလက်ထက်၌ ကျွတ်ကြကုန်သော လူ့ဘုံစဉ်စံ အနန္တ, နတ်ဘုံစဉ်အနန္တ, ဗြဟ္မာ့ဘုံစဉ်စံအနန္တတို့သည် ယခုအခါ နတ်ပြည် ဗြဟ္မာ့ ပြည်တို့၌ အပြည့်ရှိကြကုန်၏၊

ထိုသူတို့သည် ဒိဋ္ဌိခပ်သိမ်းတို့၏ ချုပ်ငြိမ်းခြင်း, ဒုစ္စရိုက်ခပ်သိမ်း တို့၏ ချုပ်ငြိမ်းခြင်း, အပါယ်သံသရာကြီး၏ ချုပ်ငြိမ်းခြင်း တည်းဟူသော မိမိတို့ ဆိုက်ရောက်တည်နေရာ ပဌမနိဗ္ဗာန် သန္တိသုခကြီးနှင့်တကွ လူ့ချမ်း သာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတို့ကို အဆင့်ဆင့် ခံစားစံစား၍ မြင့်သည်ထက်မြင့်ရာ, မြတ်သည် ထက်မြတ်ရာ, သမ္ပတ္တိလမ်းကြီးကို တစ်ဖြောင့်တည်း ကျင်လည်၍ သွားကြလေ ကုန်၏။

အနမတဂ္ဂသံသရာ၌ သတ္တဝါခပ်သိမ်းတို့သည် ဘုရားသာသနာ ကို မြော်ကြရသည်ကား ဤသမ္ပတ္တိလမ်းကြီးကို အရအမိယူလို ရလိုကြ ကုန်၍ မြော်ကြရကုန်သည်၊ ဤသမ္ပတ္တိလမ်းကြီးသည်သာ ခပ်သိမ်းသော သတ္တဝါတို့၏ ပကတိအလိုကျ လမ်းကြီးအမှန် ဖြစ်သတည်း။

သုခ ၂- မျိုး။ ။ ဤသို့လျှင် သုခသည်

ဝေဒယိတသုခ-- အပါယ်အမျိုးအရိုးတို့၏ အားကိုးမှီတွယ်ရာ ဖြစ်သော ဝေဒယိတသုခတစ်မျိုး။

သန္တိသုခတစ်မျိုး-- နိဗ္ဗာန်ဘုံသူ နိဗ္ဗာန်ဘုံသားတို့၏ အားကိုး မှီတွယ်ရာဖြစ်သော သန္တိသုခတစ်မျိုး, ဟူ၍သုခနှစ်မျိုး ရှိသတည်း။

ထိုနှစ်မျိုးတွင်

ဝေဒယိတသုခသည် ဒုက္ခမျိုး-- ဓာတ်ညစ် ဓာတ်ပုပ် အုပ်စိုး လွှမ်းမိုးလျက်ရှိသော သတ္တဝါတို့၏ အားကိုးမှီတွယ်ရာဖြစ်သော လူ့ချမ်း သာ, နတ်ချမ်းသာ, စက္ခုအရသာ, သောတအရသာစသည် ဟုဆိုအပ် သော ဝေဒယိတသုခမျိုးသည် ပြဆိုလတ္တံ့သော ၂၅-ပါးသော ဒုက္ခ လက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍ ပညာရှိတို့၌ ဒုက္ခသာအမှန်ဖြစ်၏။

ထို့ကြောင့် မြတ်စွာဘုရားသည်--

''ယံကိဉ္စိ ဝေဒယိတံ တံ ဒုက္ခသ္မိ''

ဟူ၍ ဟောတော်မူပေသည်။

ယံကိဉ္စိ=အလုံးစုံသော၊ ဝေဒယိတံ=ဝေဒယိတသုခသည်၊ အတ္ထိ= ရှိ၏၊ တံသဗ္ဗံ=ထိုအလုံးစုံသော ဝေဒယိတသုခဟူသမျှသည်၊ ဒုက္ခသ္မိ= ဒုက္ခထဲကချည်းသာတည်း။ ဒုက္ခချည်းသာ ဆိုလိုသည်။

သန္တိသုခသာ သုခအစစ်

နိဗ္ဗာန်ဘုံသူ နိဗ္ဗာန်ဘုံသားတို့၏ အားကိုး မှီတွယ်ရာဖြစ်သာ ဒိဋ္ဌိခပ်သိမ်းတို့၏ ချုပ်ငြိမ်းခြင်း, ဒုစ္စရိုက်ခပ်သိမ်းတို့၏ ချုပ်ငြိမ်းခြင်း အစရှိသော သန္တိသုခသည်မူကား ပြဆိုလတ္တံ့သော ဒုက္ခလက္ခဏာ ၂၅- ပါးတို့မှ ကင်းလွတ်သည်ဖြစ်၍ ပညာရှိတို့၌ သုခအစစ်အမှန်ဖြစ် ပေ၏။

အဘယ်ကြောင့် သန္တိသုခသည်သာ သုခအစစ်အမှန်ဖြစ်လေ သနည်း ဟူမူကား--

ငှက်ပျောဖောင်ကြီး ဥပမာ၌- စိတ်တောင်း ခွဲတောင်း တင်းတောင်း ပမာဏရှိကုန်သော ကျောက်လုံးတို့သည်လည်း အပြည့်တင် ထားလျက် ရှိကုန်ရာ၏၊ ထိုငှက်ပျောဖောင်ကြီး ထောက်ပံ့သော ဘော့ဟူ၍လည်း တစ်စုံတစ်ခုမျှ မပါလေရာ၊ အနီးအပါး၌ တွယ်တာရန် လှေသမ္ဗာန်ဟူ၍ လည်း မရှိလေရာ။

ဤကဲ့သို့သော ငှက်ပျောဖောင်ကြီးသည် ပျက်သည်ရှိသော် ဖောင်ပေါ်ရှိ လူအပေါင်းတို့နှင့်တကွ ထိုနေရာ၌ပင်လျှင် သမုဒ္ဒရာ သဲအပြင်သို့ ဆိုက်အောင် နစ်မြုပ်လေရာ၏၊

သို့တည်းမဟုတ်- ကျောက်လုံးဝန်တို့ကိုလည်း တစ်ခုမကျန် ပယ်ရှားခဲ့ရာ၏၊ ရန်ကုန်မြစ်၌ထားအပ်သော သံဘော့ကြီးကဲ့သို့ အလွန် ကြီးခိုင်ခံ့ လုံလောက်စွာသော သံဘော့ကြီးလုံးရေ ၃၇-လုံးတို့သည် ပါရှိကုန်ရာ၏၊ သိကြားမင်း ဖန်ဆင်းလာသော မဟာပစ္စရိ ဖောင်ကြီး၌ လည်း သံကြိုး သံလွန်တို့ဖြင့် မှီတွယ်ရာ၏၊

ထိုဖောင်ကြီးသည် လေဟုန် လှိုင်းဟုန်ဖြင့် အခြေအနေပျက် သော်လည်း ရေပေါ် လှိုင်းပေါ်၌ပေါလောသာ နေရာ၏၊ နစ်မြုပ်ခြင်း မျောပါးခြင်း မရှိလေရာ၊ ဖောင်ပေါ်၌ပါရှိသော သူတို့လည်း ဥပဒ်မရှိကြ လေကုန်ရာ။

ဥပမာ ဥပမေယျ နှီးနှောပြချက်

ဤဥပမာ၌

၁။ ပုထုဇဉ်သတ္တဝါတို့၌ အနမတဂ္ဂသံသရာတွင် အစဉ်ပါရှိ၍ နေကုန် သော ဒိဋ္ဌိ ဝိစိကိစ္ဆာတရား, ဒုစ္စရိုက်တရားတို့သည် ကျောက်လုံးဝန် နှင့်တူကုန်၏၊

၂။ အနမတဂ္ဂ သံသရာ၌ သတ္တဝါတို့၏ ခန္ဓာ ၅-ပါးတို့ကိုပုဂ္ဂိုလ် သတ္တဝါ အင်္ဂါကြီးငယ်ဟူသော နိစ္စမျိုးထင်မှတ် စွဲလမ်း နေကြမှုသည် ငှက်ပျောဖောင် ငှက်ပျောတုံး ငှက်ပျောခွံ တို့ကို ရတနာဖောင်ကြီး ရတနာအင်္ဂါတွေ ထင်မှတ်စွဲလမ်း သော သူနှမ်းတို့၏အမှုနှင့်တူ၏၊

၃။ ငါ-ငါဟူ၍ ငါ၏ကိုယ် ငါ၏ကိုယ်ဟူ၍ အမြဲစွဲလမ်း ဆည်း ပူးမှု, ဒုစ္စရိုက် ဒုရာဇီဝတရားတို့ကို ကိုယ့်ကျိုးကိုယ့် စီးပွား ပြုလုပ်ဆည်းပူး မှုတို့သည် ကျောက်လုံး ကျောက်ခဲတို့ကို ပတ္တမြားရတနာထင်မှတ်၍ ဖောင်ပေါ်သို့ချည်း တင်ယူ ဆည်းပူးမှုနှင့် တူကုန်၏၊

၄။ နိစ္စမျိုး မဟုတ်သည့်အတွက်ကြောင့် ခြေတစ်လှမ်း တစ် လှမ်း အတွင်းမှာပင် အခါခါပျက်စီးမှု, နာရီစဉ် ပျက်စီးမှု, ဗဟိုရ်စဉ် ပျက်စီးမှု, နေ့စဉ်ရက်စဉ်ပျက်စီးမှု, ဥတုစဉ် လစဉ် နှစ်စဉ်ပျက်စီးမှု, ဘဝအဆုံး အဆုံး၌ အမြဲပျက်စီးမှုသည် ငှက်ပျောဖေါင်ပျက်နှင့် တူ၏၊

၅။ ပစ္စုပ္ပန်ခန္ဓာကို တွယ်တာ၍ အသက်မွေးမှုအစရှိသော အမျိုးမျိုးသော ပြုပြင်မှု, အာရုံအရသာကို လိုက်စားမှု, လောကီစီးပွားကို အားထုတ်မှု, နောက်ဘဝအကျိုးငှါ ကုသိုလ်ကောင်းမှု ဆည်းပူးမှု အလုံးစုံတို့သည် ငှက်ပျော ဖောင် ငှက်ပျောတုံးတို့ကိုသာ အသစ်အသစ်ရှာမှီး ထူ ထောင်မှုနှင့် တူကုန်၏၊

၆။ ဒိဋ္ဌိဝန် ဒုစ္စရိုက်ဝန်တို့၏ မဆန့်တင်ကဲ အမြဲလေး၍ နေမှု ကြောင့် သေသည်အခြားမဲ့၌ အပါယ်လေးပါးသို့ချည်း နစြ်မုပ်၍ နေကြမှုသည် ကျောက်ဝန်လေးမှုကြောင့် ငှက် ပျောဖောင် ပျက်တိုင်းပျက်တိုင်း သမုဒ္ဒရာသဲ အပြင်သို့ ဆိုက်အောင် အိုးတည်နစ် နစ်၍ချည်း နေသည်နှင့်တူ၏၊

၇။ ဘုံစဉ်စံ အရိယာတို့အား ထိုဝိစိကိစ္ဆာတရား, ထိုဒုစ္စရိုက် တရားတို့ကို အကုန်အစင် ပယ်ရှားမှုသည် ကျောက်လုံးဝန် တို့ကို တစ်ခုမကျန် ပယ်ရှားမှုနှင့်တူ၏၊

၈။ ဘုံစဉ်စံ အရိယာတို့အား ဘဝများစွာ ကမ္ဘာအဆက်ဆက် အမြဲပါရှိ၍နေကုန်သော ဗောဓိပက္ခိယတရား ၃၇-ပါးတို့ သည် အလွန်ကြီး ခံ့ခိုင် လုံလောက်လှကုန်သော သံဘော့ ကြီးတို့နှင့်တူကုန်၏၊

၉။ ဒိဋ္ဌိ ဝိစိကိစ္ဆာတရား ဒုစ္စရိုက်တရားတို့၏လည်းကောင်း, အပါယ် သံသရာကြီး၏လည်းကောင်း အချင်းခပ်သိမ်း ကင်းငြိမ်းချမ်းသာမှု ဟူသော သန္တိသုခကြီးသည် မှီတွယ်ရာ ရတနာဖေါင်ကြီးနှင့် တူ၏၊

ထိုအရိယာတို့၏ ခန္ဓာကိုယ်တို့သည် တစ်ခုတစ်ခုသောဘုံမှ စုတေကုန်သည်ရှိသော် ထိုဘုံ၌သော်လည်း ထပ်၍ဖြစ်ပေါ်ကုန်၏ အထက်ဘုံမှာသော်လည်း ဖြစ်ပေါ်ကုန်၏၊ အောက်ဘုံ၌ လျောကျခြင်း, အပါယ်သို့ နစ်မြုပ်ခြင်းဟူ၍ မရှိကုန်ပြီ။

ကြွင်းသော ဥပမာဥပမေယျ နှီးနှောရန်အချက်စုမှာ သိသာထင်ရှားလှပြီ။

ဒုက္ခအရကောက်နှင့် အဓိပ္ပါယ်။။ ဤမျှသော စကားရပ် တို့ဖြင့်-

''ယံကိဉ္စိ ဝေဒယိတံ တံ ဒုက္ခသ္မိ''

ဟူသော ပါဠိတော်မြတ်နှင့်အညီ ဤဒုက္ခဝိပဿနာအရာ၌ ဒုက္ခဆိုသည်ကား ဒုက္ခလက္ခဏာ ၂၅-ပါးနှင့် ပြည့်စုံသော ဝေဒယိတသုခ အဆောက် အဦတို့ကို ဆိုသတည်း။

အဘယ်ကြောင့်နည်းဆိုသော်--

''ဘယဋ္ဌေန ဒုက္ခံ'' ဟူသည်နှင့်အညီ သန္တိသုခမှ ကင်းရှင်းကြကုန် သော ပုထုဇဉ်သတ္တဝါတို့အား အနမတဂ္ဂသံသရာ၌ ကြီးကျယ်လှစွာသော အပါယဒုက္ခဘေးကို အဖန်တစ်လဲလဲ မစဲဖြစ်စေတတ်သောကြောင့် တည်းဟူသော အနက်အဓိပ္ပါယ်ကိုပြဆိုသတည်း။

သစ္စာ ၄-ပါးတွင်ပါရှိသော ဒုက္ခနှင့် ဤဝိပဿနာတွင် ပါရှိသော ဒုက္ခသည် တူကြ၏၊ ဘယဋ္ဌဒုက္ခမျိုးတည်း။

ဘယဋ္ဌဒုက္ခ-- ဘယဋ္ဌဒုက္ခဆိုသည်ကား အကြင်တရားကို အကြောင်းပြု၍ ယခုဘဝ၌သော်လည်းကောင်း, နောက်နောက်ဘဝ နောက်နောက်ကမ္ဘာတို့၌သော်လည်းကောင်း အပါယ်သို့ကျရောက်ခြင်း ယုတ်နိမ့်သော ဘဝသို့ လျောကျခြင်းဟူသော ဒုက္ခဘေးသည် ဖြစ်လေ ရာ၏၊ ထိုတရားသည် နတ်မင်းကြီး, ဗြဟ္မာမင်းကြီးတို့၏ အသက်ခန္ဓာ စည်းစိမ်ချမ်းသာပင်ဖြစ်သော်လည်း ဘယဋ္ဌဒုက္ခ မည်၏။

ဝေဒနာတိက်၌ပါသော ဒုက္ခဝေဒနာ

သစ္စာ ၄-ပါးအရာ, ဤ ဝိပဿနာအရာတို့၌ ဝေဒနာတိက်ကဲ့သို့ဒုက္ခဝေဒနာကို လိုရင်း မဟုတ်။

ထိုဒုက္ခဝေဒနာသည်ကား-''အသာတဋ္ဌ အနုဘဝနဋ္ဌဒုက္ခ'' ပေတည်း၊ ခံစားဆဲခဏ၌ မချမ်းသာမှုပေတည်း။

သစ္စာ ၄-ပါးအရာ ဤဝိပဿနာအရာတို့၌ကား

လောကီချမ်းသာဟူသမျှ ဒုက္ခဖြစ်ပုံ

နတ်မင်း သိကြားမင်းတို့ ခံစားကြသော အလွန်ကောင်းမြတ်လှ သော သုခဝေဒနာ ကြီးပင် ဖြစ်ငြားသော်လည်း ဖြစ်ခြင်း ပျက်ခြင်းဘေး၊ အဖန်ဖန် ပြုပြင်ရသောဒုက္ခဘေး၊ ကိလေသာဘေးတို့ကို ဖြစ်ပွား စေသဖြင့် ယုတ်ညံ့ခြင်းသို့ ရောက်စေတတ်သော ဒုက္ခဘေးအစရှိသော အပြစ်ဒေါသ အာဒီနဝရှိနေသောကြောင့် ဒုက္ခသာအမှန်ဖြစ်သတည်း။

သန္တိသုခ တစ်ခုကိုသာ ဤအရာ၌ သုခ ဆိုရသည်။ သန္တိသုခမဟုတ်သော ဝေဒယိတသုခမျိုး မှန်ခဲ့လျှင် အပြစ်ဒေါသ ခပ်သိမ်းတို့မှ ကင်းရှင်းမှု မရှိလေသောကြောင့် ဤအရာ၌ ဒုက္ခဟူ၍ ဟောတော်မူပေသတည်း။

ဒုက္ခလက္ခဏာ ၂၅-ပါး၌ သုခ ဒုက္ခ ခွဲခန်းပြီး၏၊

------- * ------

ဒုက္ခအချက်

ဒုက္ခအဓိပ္ပါယ်၁။ လောက၌ အနာဆိုး ရောဂါဆိုး အမျိုးမျိုးတို့သည် နှိပ်စက် တတ်သောကြောင့် ကြောက်မက်ဖွယ်ဟူသော အနက် အားဖြင့် ဒုက္ခ မည်ကုန်၏။

၂။ အနာဆိုး ရောဂါဆိုး အမျိုးမျိုးနှင့် ပြည့်စုံကုန်သော အနာသည် ရောဂါသည်တို့သည် အနာဆိုး ရောဂါဆိုးတို့၏ အနှိပ်စက်ကို ခံရသောကြောင့် ကြောက်မက်ဖွယ်ဟူသော အနက်အားဖြင့် ဒုက္ခ မည်ကုန်၏။

၃။ တဖန် ထိုအနာသည် ရောဂါသည်တို့သည်ပင်လျှင် မိဘ သား သ္မီး စသော နီးစပ်လှသောသူတို့ကို ကြောင့်ကြပူပန်မှု ကို ဖြစ်ပွားစေခြင်း, ပြုစုမှုဒုက္ခကို ဖြစ်ပွါးစေခြင်း, အလုပ် အကြံ စီးပွါး ပျက်ပြားမှုကို ဖြစ်စေခြင်း, ဆေးခ ဝါးခ ကုန်ဆုံး ရသော ဒုက္ခကို ဖြစ်ပွါးစေခြင်းတို့ဖြင့် အမြဲနှိပ်စက် တတ်သောကြောင့် ကြောက်မက်ဖွယ်ဟူသော အနက် အားဖြင့် ဒုက္ခမည်ပြန်ကုန်၏။

၄။ ထိုနီးစပ်သော သူတို့သည်လည်း ထိုအနာသည် ရောဂါ သည်တို့၏ အနှိပ်အစက်ကို ခံရသောကြောင့် ကြောက် မက်ဖွယ်ဟူသော အနက်အားဖြင့် ဒုက္ခမည်ကုန်၏၊

လောက၌ ကြီးစွာသော မင်းပြစ်မင်းဒဏ်မှုကြီးဖြင့် မင်းပြစ် မင်း ဒဏ် သင့်သောသူ, ထိုသူနှင့်စပ်သော မိဘ သားသ္မီး စသည်တို့၌ ဤနည်း တူသိလေ။

ထို့အတူ အနမတဂ္ဂ သံသရာကြီး၌လည်း--

၁။ ၂၅-ပါးသော အပြစ်ဒေါသ အာဒီနဝတရားတို့သည် နှိပ်စက်တတ်သောကြောင့် ကြောက်မက်ဖွယ်ဟူသော ဘယဋ္ဌအားဖြင့် ဒုက္ခမည် ကုန်၏။

၂။ ထိုတရားတို့နှင့် အမြဲယှဉ်ကုန်သော ခန္ဓာ ၅-ပါး ရုပ်, နာမ်တရားတို့သည် ထိုတရားတို့၏ နှိပ်စက်မှုကို အမြဲခံ ရသောကြောင့် ဒုက္ခ မည်ကုန်၏။

၃။ နှိပ်စက်မှုကို အမြဲခံရသဖြင့် အလွန်မကောင်းလှသော ဒုက္ခတရား ခန္ဓာ ၅-ပါးတို့ကို အမြဲလျှင် မိမိတို့ ကိုယ်ပြု၍ ကိုယ်အင်္ဂါပြု၍ နေကြကုန်သော သတ္တဝါအပေါင်းတို့ကို ထိုခန္ဓာ ၅-ပါးတို့သည် အမြဲ နှိပ်စက်တတ်သောကြောင့် ကြောက်မက်ဖွယ်ဟူသော အနက်အားဖြင့် ဒုက္ခမည် ကုန်၏။

ငါဟူသောအတ္တအစွဲ-- အမြဲကိုယ်ပြုမှု ကိုယ်အင်္ဂါပြုမှုဆိုသည် ကား-- ပစ္စုပ္ပန်ဖြစ်သော ခန္ဓာ ၅-ပါးတို့ကို အမြဲငါပြု၍ စွဲလမ်းမှု, ငါ၏ပိုင်ရာဆိုင်ရာ အင်္ဂါပြု၍ စွဲလမ်းမှု, ငါ၏အနှစ်သာရ အတ္တပြု၍ စွဲလမ်းမှု, ထိုစွဲလမ်းမှုတို့အတိုင်း ခန္ဓာ ၅-ပါးတို့၏ စီးပွါးကို အမြဲကိုယ့်ကျိုး ကိုယ့် စီးပွါး ပြုလုပ်၍နေကြမှု, နောက်နောက်ဘဝအဆက်ဆက် ကမ္ဘာ အဆက်ဆက်တို့၌လည်း ထိုခန္ဓာ ၅-ပါးတို့ကိုပင်လျှင် အဆက်ဆက် မိမိတို့ အတ္တပြုလုပ်၍ သွားကြရန် ရှေးရှေးဘဝတို့က တင်ကူး၍ ကုသိုလ် ကောင်းမှု ပြုလုပ်ထူထောင်၍ နေကြမှုတို့ကို ဆိုသတည်း။

ထို့ကြောင့် ၂၅-ပါးသော အပြစ်ဒေါသ အာဒီနဝတရားတို့နှင့် အမြဲယှဉ်သော ခန္ဓာ ၅-ပါး၊ ရုပ်နာမ်တရားတို့သည် ခပ်သိမ်းသော သံသရာဒုက္ခ, အပါယဒုက္ခတို့၏ အချုပ်အခြာ ဖြစ်ပေသတည်း။

ဤကား ဒုက္ခအချက်ကို ပြဆိုချက်ပေတည်း။

---- * ---

ဒုက္ခလက္ခဏာ ၂၅-ပါး

၂၅-ပါးသော အပြစ်ဒေါသ အာဒီနဝ ဆိုသည်ကား--ဒုက္ခ, ဘယ, ဤတိ, ဥပဒ္ဒဝ, ဥပသဂ္ဂ, သလ္လ, ရောဂ, အာဗာဓ, ဂဏ္ဍ, အဃ, အတာဏ, အလေဏ, အသရဏ, အာဒီနဝ, အဃမူလ, ဝဓက, သာသဝ, မာရာမိသ, ဇာတိ, ဇရာ, ဗျာဓိ, သောက, ပရိဒေဝ, ဥပါယာသ, သံကိလေသိက။

ဤ ၂၅-ပါးတို့ကို ဆိုသည်။

၁-ဒုက္ခအပြစ်ကိုပြဆိုခန်း

အနိစ္စလက္ခဏာ ရှုပုံ-- မိမိတို့သန္တာန်၌ ရှိနေသော ခက်မာမှု တစ်ခုကို အနမတဂ္ဂသံသရာ၌ ဉာဏ်နှင့်အစဉ်တန်း၍ထား

တစ်ခုတစ်ခုသော ဘဝအဆုံးအဆုံး၌ ကုန်ခန်းပျက်ဆုံးမှု နောက် နောက်ဘဝ၌ အသစ်အသစ်ဖြစ်ပေါ် ပွါးစီးမှုကိုလည်းကောင်း, တစ်ခု တစ်ခုသော ဘဝအတွင်း၌ ဣရိယာပုထ်လေးပါး ပြောင်းလဲရာ၌ အပိုင်း အပိုင်း ပျက်ဆုံးမှု အသစ်အသစ် ဖြစ်ပေါ်မှုကိုလည်းကောင်း, တစ်ခုတစ်ခု ဣရိယာပုထ်အတွင်း၌ ရှေး၌ပြဆိုခဲ့ပြီးသောနည်းအားဖြင့် အထူးထူး အထွေထွေသော အကြောင်းတို့ကြောင့် အဟောင်းအဟောင်း ပျက်ဆုံးမှု အသစ်အသစ်ဖြစ်ပေါ်မှုတို့ကိုလည်းကောင်း မြင်အောင်ရှု။

ထို့အတူ မိမိသန္တာန်၌ရှိသော ဖွဲ့စေးမှု ပူမှု အေးမှု တောင့်တင်းမှု တို့ကိုလည်းကောင်း, မြင်မှု ကြားမှုအစရှိသော နာမ်ခန္ဓာတို့ကိုလည်း ကောင်း အနမတဂ္ဂသံသရာ၌ ဉာဏ်နှင့် အသီးအသီးတန်း၍ ထားပြီးမှ ဘဝအပိုင်းအခြား, တစ်ခုတစ်ခုသောဘဝ၌ ဣရိယာပထ အပိုင်းအခြား အစရှိသော အစီအရင်ဖြင့် ဖြစ်ပေါ်မှု ပျက်ဆုံးမှုတို့ကို မြင်အောင် ကြည့်လေ။

အနမတဂ္ဂသံသရာ၌ အစဉ်တန်း၍ထားဆိုရာ၌ ခက်မာမှုစသော သဘောကို လက်ကိုင်ပြု၍ ဉာဏ်နှင့် ကြံမြော်ရမည် ဆိုလိုသည်၊ ယခု ပစ္စုပ္ပန်ဘဝ၌ နေရာ တကျ မြင်ခဲ့လျှင် သံသရာတစ်ခုလုံးအတွင်း ဝင်လေ တော့သည်။

အဆင်း, အသံ, အနံ့, အရသာ စသည်တို့ကိုလည်း ထိုနည်းတူ ရှုရပါ၏၊

ဤကား ခန္ဓာ ၅-ပါးတို့၏ အနိစ္စအမြွက်တည်း။

----- * ----

ဒုက္ခလက္ခဏာရှုပုံ-- ဤသို့ အနိစ္စလက္ခဏာကို ရှေးဦးစွာ ဖော်ပြပြီးမှ ဒုက္ခလက္ခဏာကို ရှုရမည်။

ရှုပုံကား-ဤကဲ့သို့ အနိစ္စမျိုးဖြစ်ကုန်သော ဤခန္ဓာ ၅-ပါးတို့သည် အနမတဂ္ဂသံသရာတွင် တစ်နာရီမျှ ငြိမ်သက်ချမ်းကြည် တည်နေခွင့်ရှိ သော သန္တိဓာတ်မျိုး မဟုတ်ကုန်၊ ဖြစ်ခြင်း ပျက်ခြင်းဟူသော ဓာတ်ဆိုး ဓာတ်ဝါး နှစ်ပါး အမြဲ နှောင့်ယှက်သဖြင့် သွက်သွက်လည် ဖောက်ပြန်၍ နေကုန်သော ဓာတ်ရူးမျိုး ဓာတ်နောက်မျိုးတို့သာတည်း၊ ယခုပင် လူ့ခန္ဓာ, ယခုပင် ခွေးခန္ဓာ, ယခုပင် နတ်ခန္ဓာ, ယခုပင် သိကြားခန္ဓာ, ဗြဟ္မာ့ခန္ဓာ, ယခုပင် သုဂတိခန္ဓာ, ယခုပင် ဒုဂ္ဂတိ အဝီစိ ခန္ဓာဖြစ်၍နေကြကုန်သော ဓာတ်ရူးမျိုး ဓာတ်နောက်မျိုးတို့သာတည်းဟု မိမိ ခန္ဓာအစဉ်၏ ဖြစ်လမ်း ပျက်လမ်းကို သံသရာတစ်လျှောက်လုံး မြင်ရမည်။

ထို့အတူ- တစ်ခုတစ်ခုသော ဖြစ်ရာဘဝ အတွင်း၌လည်း အဖြစ် အပျက် နှောင့်ယှက်မှုကြောင့် ယခုပင် သုခအဖို့, ယခုပင် ဒုက္ခအဖို့, ဖောက်ပြန် ပြောင်းလဲမှုရှိသော ဓာတ်ရူးမျိုး ဓာတ်နောက်မျိူးတို့သာ တည်း၊ အပါယ်သို့ ကျသည်တိုင်အောင် သုခအဖို့, ဒုက္ခအဖို့ ပြောင်းလဲမှု လျှင် အရင်းရှိသော ဒုက္ခစက်ကြီး အဆင့်ဆင့်လည်၍ သွားပုံကို ရှေး၌ ပြဆိုခဲ့ ပြီးသော ဒုက္ခလက္ခဏာခန်း၌ ပြဆိုခဲ့သမျှကို ဤနေရာ၌ အကုန်ပေါ် စေရမည်။

ထို့ကြောင့်-

''ဣမေ=ဤခန္ဓာ ၅-ပါးတို့သည်၊ ဒုက္ခာ=ယုတ်မာညစ်ဆိုး ဆင်းရဲမျိုး တို့သာတည်း ''ဟူ၍ ဆိုပေသည်။

( ဒုက္ခ ပြီး၏၊ )

------- * ------

၂-ဘယကို ပြဆိုခန်း

ခန္ဓာငါးပါးသည် ဘေးဖြစ်ပုံ

''ဘယ=ကြောက်ဖွယ် ညစ်ဆိုး ဒုက္ခမျိုး'' ဆိုသည်ကား- အနမတဂ္ဂ သံသရာ၌ ခန္ဓာ ၅-ပါးတို့၏ ခဏမစဲ ဖြစ်ခြင်း ပျက်ခြင်း အနိစ္စလျှင် အရင်းရှိသော ဒုက္ခစက်ကြီးတို့သည် အဝီစိသို့ဆိုက်အောင် အဖန်တလဲလဲ အဆင့်ဆင့်လည်၍ လည်၍ နေကြကုန်၏၊ ထို့ကြောင့် သမုဒ္ဒရာခရီး၌ ငှက်ပျောဖောင်ကြီးကို တက်စီး၍ သွားရမည်ဆိုသော် ထိုသူတို့အား ထိုငှက်ပျောဖောင်ကြီးသည် ကြောက်ဖွယ် ညစ်ဆိုးဒုက္ခအိုးကြီးသာ အမှန်ဖြစ်၏သို့

ထို့အတူ အနမတဂ္ဂသံသရာခရီး၌ ခန္ဓာငါးပါးတို့ကို မိမိတို့ကိုယ်ပြု၍ မိမိကိုယ်အင်္ဂါပြု၍ ရှေ့သို့ ကျင်လည်ရမည်ဆိုသော် ထိုသတ္တဝါ တို့အား မိမိ,မိမိတို့၏ ခန္ဓာ ၅-ပါးတို့သည် ကြောက်ဖွယ်ယုတ်ဆိုး ဒုက္ခအိုး တို့သာအမှန် ဖြစ်ကုန်၏။

အနဝတတ်အိုင်မှ ကမ္ဘာ့တန်ဆာဖြစ်၍ မဟာသမုဒ္ဒရာသို့ အမြဲစီးသွား၍ နေကြကုန်သော မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ ချောင်း မြောင်းများစွာတို့သည် ဟိမဝန္တာ၌ အမြဲတည်ရှိသော အနဝတတ် အိုင်ကြီးမှ ထွက်ကုန်၏။

ထို့အတူ အနမတဂ္ဂသံသရာ တန်းဆာဖြစ်၍ မဟာအဝီစိတိုင် အောင်အမြဲ အဆင့်ဆင့်လည်၍နေကြသော ဒုက္ခစက်ကြီးငါးဖြာ ဒုက္ခစက်ငယ် များစွာတို့သည် ခန္ဓာ ၅-ပါးတို့၌ အမြဲတည်ရှိနေသော ဖြစ်မှု, ပျက်မှု, ဥဒယဗ္ဗယမှုကြီးမှ ထွက် ကုန်၏။

ထို့ကြောင့် ခန္ဓာ ၅-ပါးတို့ကို ဒုက္ခအိုးကြီး, ဒုက္ခတွင်းကြီး, ဒုက္ခ အင်းကြီး, ဒုက္ခအိုင်ကြီးဟူ၍ ဆိုအပ်ကုန်သတည်း။

ထိုကဲ့သို့သော ဒုက္ခအိုးကြီးတို့ကို မိမိ,မိမိတို့၏ ကိုယ်အင်္ဂါပြု၍ ဦးခေါင်း အင်္ဂါပြု၍ ခြေအင်္ဂါ လက်အင်္ဂါ မျက်စိအင်္ဂါ နားအင်္ဂါပြု၍ အသည်းအင်္ဂါ, အဆုတ်အင်္ဂါ စသော အတွင်းအင်္ဂါပြု၍ ကျင်လည်ခြင်းငှါ ကြောက်လန့်ဖွယ် အလွန်ကောင်းလှလေသတည်း။

ထို့ကြောင့် ''ဘယာ=ကြောက်ဖွယ်ညစ်ဆိုး ဒုက္ခမျိုးတို့သာတည်း'' ဟုဆိုပေသည်။

(ဘယ ပြီး၏၊)

----- * ----

၃-ဤတိ ကို ပြဆိုခန်း

ခန္ဓာ ၅-ဖြာသည် အန္တရာယ်မျိုး

သမ္ပတ္တီနံ အန္တရာဧတိ အာဂစ္ဆတီတိ ဤတိ၊ အန္တရာယော။ သမ္ပတ္တီနံ=သမ္ပတ္တိတို့၏၊ အန္တရာ=အကြား၌၊ ဧတိအာဂစ္ဆတိ= လာတတ်၏၊ ဣတိ=ထို့ကြောင့်၊ ဤတိ=ဤတိမည်၏၊ အန္တရာယော= အန္တရာယ်ဆိုလိုသည်။

သတ္တဝါတို့သည် အမြဲအလိုရှိအပ်သော သုခသမ္ပတ္တိတို့၏ အကြား ၌မကြာ မကြာကျရောက်၍ လာတတ်၏ ဟူလိုသည်။

လူ့ခန္ဓာဖြစ်၍ တစ်ကြိမ်လာသည်နောက် အပါယ်ခန္ဓာ အကြိမ် တစ်ရာမက အကြိမ်တစ်ထောင်မက ကြားညှပ်ပြန်၏၊ နတ်ခန္ဓာဖြစ်၍ တစ်ကြိမ်လာသည် နောက်အပါယ်ခန္ဓာ တစ်ရာမက,တစ်ထောင်မက ကြားညှပ်ပြန်၏၊ ဗြဟ္မာ့ခန္ဓာဖြစ်၍ တစ်ကြိမ်လာသည်နောက် အပါယ်ခန္ဓာ တစ်သိန်းတစ်သန်းမက ကြားညှပ်ပြန်၏၊ ဤသို့ ဘဝအားဖြင့် သမ္ပတ္တိဘဝ၏ အကြားအကြား၌ ဝိပတ္တိဘဝ များစွာကြားချပ်၏၊ ဝိပတ္တိဘဝ များစွာဖြစ်၏၊

တစ်ခုတစ်ခုသော သမ္ပတ္တိဘဝအတွင်း၌လည်း ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့အား အမိဝမ်း၌ ညစ်ညမ်းဆိုးဝါးသော ပဋိသန္ဓေ ကိန်းနေမှု ဝိပတ္တိဒုက္ခမှစ၍ ဣရိယာပထ သန္တာပမီးအတွက် ဖြစ်ရသော ညောင်းမှု ညာမှုစသော ဒုက္ခမျိုး, ဥတုရာသီသို့လိုက်၍ ပူမှု အိုက်မှု ခြင်မှက်ကိုက်မှု ချမ်းအေးမှု ဒုက္ခမျိုး, အသက်မွေးမှုအတွက် ထိုထိုအတတ်ပညာ သင်ကြားမှုအတွက် အပန်း အနွမ်း အချမ်းအပူခံရ သော ဒုက္ခမျိုး, ရံခါရံခါ ထိုထိုရောဂါမျိုး အနာမျိုးတို့နှင့် တွေ့ကြုံရသော ဒုက္ခမျိုး, ရံခါရံခါ ကပ်သုံးပါးနှင့် တွေ့ကြုံရသော ဒုက္ခမျိုး, ရန်သူမျိုး ငါးပါးနှင့်တွေ့ကြုံရသော ဒုက္ခမျိုးအစရှိသည်ဖြင့် ကိုယ်စိတ်နှစ်ပြင် ကြည် လင်ချမ်းမြသော သမ္ပတ္တိခန္ဓာ၏ အကြားအကြား၌ ဝိပတ္တိခန္ဓာတို့သည် များစွာ များစွာ ကြားညှပ်ကုန်၏၊

စေ့စေ့စုံစုံ မြော်မြင်တတ်ပါလျှင် တစ်ဘဝလုံး၌ သမ္ပတ္တိအခွင့်ပင် မရှိသလောက်ဖြစ်၏၊ အဝိဇ္ဇာ,တဏှာဟူသော ဓာတ်ညစ်ကြီး ဓာတ်ပုပ်ကြီး တို့၏ အလိုနှင့်သာ ပျော်နိုင်ကြရကုန်၏၊ နာမ်ခန္ဓာတို့သည်လည်း ကုသိုလ် ဟူသော သမ္ပတ္တိခန္ဓာတို့၏ အခွင့်သည် အလွန်နည်းပါး၏၊ ကုသိုလ် အလှည့်၏ အကြားအကြား၌ အကုသိုလ်အလှည့် ဒုစ္စရိုက် အလှည့်တို့ သည် အလွန်များစွာများစွာ ညှပ်ကုန်၏၊ စေ့စေ့စုံစုံ မြော်မြင် တတ်ကြပါ ကုန်မူကား ကုသိုလ်အခွင့်ပင် မရှိသလောက် ဖြစ်ပေ၏၊ ထို့ကြောင့်

''ဤတိ=ထိတ်လန့်သဖွယ် အန္တရာယ်မျိုးတို့သာတည်း''

ဟုဆိုပေသည်။

ဤမှ နောက်၌ အကျဉ်းမျှကိုသာ ပြဆိုအံ့။

(ဤတိ ပြီး၏၊)

------ * -----

၄-ဥပဒ္ဒဝကို ပြဆိုခန်း

နှိပ်စက်တတ်သော ခန္ဓာငါးပါး။။''ဥပဂန္တွာ ဒဝတီတိ ဥပဒ္ဒဝေါ''။

ဥပဂန္တွာ=ကပ်ရောက်၍၊ ဒဝတိ=ပူပန် ပင်ပန်းစေတတ်၏၊ ဣတိ= ထို့ကြောင့်၊ ဥပဒ္ဒဝေါ=ဥပဒ္ဒဝမည်၏၊

ဦးခေါင်း၌ မိုးကြိုးကျခြင်း လောင်မီးကျခြင်း အဆိပ်ထန်သော မြွေခဲခြင်း ကင်းခဲခြင်း ဆင်နင်းခြင်း ကျားခဲခြင်း သစ်ပင်မှကျခြင်း ကာလနာ ဘေးထိုးနာ အစရှိသော ရုတ်တရက်ဖြစ်၍ အပြင်းအထန်ခံ ရသော ရောဂါဆိုး အနာဆိုး ကပ်ရောက်ခြင်းအစရှိသော အကြောင်း တို့ကြောင့် သုခအဖို့မှ ခဏချင်း ပြောင်းလဲ ဖောက်ပြန်၍ ပြင်းထန်စွာ ပင်ပန်းသော ဒုက္ခအဖို့သို့ရောက်သော ခန္ဓာ ၅-ပါးကို ''ဥပဒ္ဒဝ'' ဆို သတည်း။

ဤဘာဝနာအရာ၌မူကား ခန္ဓာတို့၏ ပကတိသဘောကို ထုတ်ဖော်၍ ရှုရသည်၊ ပကတိသဘောဖြင့်သာ အရိုးအမျိုး ဆိုလိုက်သည်။

ခန္ဓာ ၅-ပါး၏ နှိပ်စက်မှုကို ရှုပုံ

ရှုပုံကား- ငါ၏ ခန္ဓာ ၅-ပါးသည် ဘယ်အခါမဆို မိုးကြိုးမှန်ခဲ့ သော် ဘယ်အနေလောက် ဒုက္ခအဖို့သို့ ခဏချင်းရောက်၍ သွားလိမ့်မည် နည်း- အစရှိသည်ဖြင့် ကြံဖန်၍ ကြည့်ခဲ့သည်ရှိသော် အလွန်ပြင်းထန်စွာ ပင်ပန်းသော ဒုက္ခတုံးကြီး ဒုက္ခခဲကြီးဖြစ်၍ နေသည်ကို မြင်လိမ့်မည်။

အမိမှ မွေးဖွားသည်မှစ၍ တစ်ဘဝလုံးတွင် ဘယ်နာရီမှာမဆို ထိုကဲ့သို့သော ဥပဒ်ကြီးဆိုက်လာခဲ့လျှင် ထိုကဲ့သို့ဖြစ်တတ်သော ပကတိ သဘောသည် မိမိခန္ဓာတို့၌ အနမတဂ္ဂသံသရာမှာ အမြဲပါရှိ၍ နေသည် ကိုလည်း မြင်ရလိမ့်မည်။

အပါယ် ၄-ဘုံတွင် မီးငရဲတို့၌လည်းကောင်း, မီးကျီးမိုးရွာ၍ နေသော ငရဲတိ့ု၌လည်းကောင်း, ကြေးပူရည် သံပူရည်ပြည့်သော မြစ်တို့၌ လည်းကောင်း, ဓားမိုး လှံမိုးရွာ၍နေသော လက်ပံတောငရဲ အသိပတ္တငရဲ တို့၌လည်းကောင်း, ၃၂-ပါး သောကံကြမ္မာတို့ကို ပြုရာဌာနတို့၌လည်း ကောင်း ကျရောက်၍ သွားသောအခါ၌ ကျရောက်သည့်ခဏမှစ၍ အနှစ် တစ်သိန်း အနှစ်တစ်သန်းစသည် တည်နေသမျှ ကာလအတွင်း၌ အသက်တစ်ရှူမျှ ချောမောစွာ ရှူခွင့်မရဘဲ အလှိုက်အလှဲ ဆင်းရဲပင်ပန်း သော ဒုက္ခအဖို့သို့ ရောက်သောအခါတို့၌ ဤငါ၏ခန္ဓာတို့သည် အဘယ် သို့ဖြစ်၍ နေကြလိမ့်မည်နည်းဟု ကြံဖန်၍ ကြည့်ခဲ့သည်ရှိသော် မိုးကြိုး လောင်မီးကျသော ဒုက္ခတို့ထက် အဆအသိန်း အသန်းမက ပင်ပန်းလှ သော ဒုက္ခတုံးကြီး ဒုက္ခခဲကြီးတွေဖြစ်၍ နေကြသည်ကို မြင်ရလိမ့်မည်။

ဤကား အနမတဂ္ဂသံသရာ၌ ခန္ဓာတို့၏အတွင်းမှာ အစဉ်အမြဲ ပါရှိ၍ နေသော ပကတိဥပဒ်ကြီးတို့ပေတည်း။

ခန္ဓာတို့ကား ဥပဒ်အိုးကြီး ဒုက္ခအမျိုးအရိုးကြီးတို့ပေတည်း၊ ဤမှနောက်၌ အနောတတ်အိုင်၏ ဥပမာကို ဆက်လေ။

ဤဘဝမှရှေ့သို့ ဤကဲ့သို့သော ဥပဒ်အိုးကြီး ဒုက္ခအမျိုးအရိုးကြီး တို့ကို မိမိကိုယ်ပြု၍ အတွင်းအင်္ဂါ အပအင်္ဂါပြု၍ အတ္တသာရပြု၍ သံသရာ၌ ကျင်လည်၍ သွားခဲ့သော် အဘယ်မျှလောက် ဆင်းရဲတွင်းကြီး နက်ရာသည်ဟု ရှုမျှော်လေ။

ဥပဒ္ဒဝအဓိပ္ပါယ်။ ။ ထို့ကြောင့်--

''ဥပဒ္ဒဝါ=လွန်စွာကပ်ရပ် နှိပ်စက်တတ်သော ဥပဒ်မျိုးတို့သာ တည်း'' ဟုဆိုပေသည်။

ဤဘာဝနာ အရာမည်သည် အမျိုးအရိုးကို လိုက်ရသော အရာ ဖြစ်၍ ပြုပြင်မှုအတွက်နှင့် သုခသမ္ပတ္တိအဖို့၌ တည်ဆဲဖြစ်သော သိကြား မင်း၏ ခန္ဓာ ၅-ပါးသည်လည်း အမျိုးအရိုးအားဖြင့် ဥပဒ္ဒဝေါမျိုးသာ အမှန်ဖြစ်သည်ဟုမှတ်။

ထို့ကြောင့် သိကြားမင်း၏ ခန္ဓာ ၅-ပါးတို့သည်လည်း ပြုပြင်မှု ဟူသော ရှေးကံ၏ အာနုဘော် ကုန်ဆုံးခဲ့လျှင် ဝိပတ္တိသို့ ပြန်ရောက်ရပြန် သတည်း၊ အရာတိုင်း၌ ဤပကတိသဘောကို ပဓာနပြုလေ။ ( ဥပဒ္ဒဝ ပြီး၏၊ )

---- * ---

၅-ဥပသဂ္ဂကို ပြဆိုခန်း

ဥပသဂ္ဂ။ ။ ဥပဂန္တွာ သဇ္ဇတီတိ ဥပသဂ္ဂေါ။

ဥပဂန္တွာ=ကပ်ရောက်၍၊ သဇ္ဇတိ=ငြိတွယ်ကပ်စွဲ၍ နေတတ်၏၊ ဣတိ=ထို့ကြောင့်၊ ဥပသဂ္ဂေါ=ဥပသဂ္ဂ မည်၏၊

ခန္ဓာ ၅-ဖြာသည် နူနာမျိုး-- ကိုယ်ခန္ဓာ၌ ကပ်ရောက်ပြီး နောက် ကင်းပျောက်စေခြင်းငှါ မရနိုင်သော နူနာမျိုး ထွတ်မြင်းနာမျိုး ပန်းနာမျိုး ချောင်းဆိုးနာမျိုး လေနာမျိုး ရင်နာမျိုး ဝက်ရူးနာမျိုး သည်းချေရူးနာမျိုး ဦးယဉ်းခေါင်းခဲနာမျိုး အစရှိသည်တို့တည်း။

နာမက္ခန္ဓာတို့၌မူကား--- လောဘ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, ဣသာ, မစ္ဆရိယ အစရှိကုန်သော အနာမျိုး ရောဂါမျိုး ဥပဒ်မျိုးတို့သည် အနမတဂ္ဂသံသရာ၌ ယနေ့ထက်တိုင် ကပ်စွဲလျက် ရှိနေကြကုန်၏၊ မဂ်သို့ရောက်မှ ပျောက်ကင်းကြတော့သည်။

ဤခန္ဓာ ၅-ပါးတို့သည် အကြောင်းတိုက်ဆိုင်လာသည်ရှိသော် ပဋိသန္ဓေမှစ၍ တစ်ဘဝလုံးတွင် ဘယ်အခါ၌မဆို နူနာကြီးတွေဖြစ်၍ တစ်သက်လုံး သွားနိုင်၏၊ အကြွင်းကို ဥပဒ္ဒဝအတိုင်း ဆိုလေ။

ထိုကြောင့်--

''ဥပသဂ္ဂါ=တွယ်တာစွဲကပ် နှိပ်စက်တတ်သော ဥပဒ်မျိုးတို့သာ တည်း''

ဟု ဆိုပေသည်။

( ဥပသဂ္ဂ ပြီး၏၊ )

၆-၉။ သလ္လ, ရောဂ, အာဗဓ, ဂဏ္ဍတို့ကိုပြဆိုခန်း

ခန္ဓာ ၅-ပါးသည် မြားငြောင့် ''သလ္လ''။။ ။ သလတိ ဝိဇ္ဈတီတိ သလ္လံ။

သလတိ ဝိဇ္ဈတိ=စူးမြုပ်၍သွားတတ်၏၊ ဣတိ=ထိုကြောင့်၊ သလ္လံ=သလ္လ မည်၏၊

ပယ်ရှားကုစားခြင်းငှါ လွယ်လှစွာသော အပေါ်ရံပြင်ပတွင် အာဂန္တုက အနေနှင့် ကပ်ရောက်သည်မဟုတ်၊ ပယ်နုတ်ခြင်းငှါ မတတ် ကောင်းအောင် စူးဝင်နစ်မြုပ်တတ်သည် ဟူလို။

ပြဆိုခဲ့ပြီးသော ဥပဒ္ဒဝ, ဥပသဂ္ဂတို့ကိုပင် ယူ။

၁။ အရေအတွင်း၌ ဖြစ်သော ဥပဒ်၊

၂။ အပမှဖြစ်၍ အရေအတွင်းတိုင်အောင် စူးဝင်သော ဥပဒ်၊

၃။ ကိုးရာသော အသားတို့၏ အတွင်း၌ဖြစ်ပွားသော ဥပဒ်၊

၄။ အပမှဖြစ်၍ အသားတို့ကို ပေါက်ရောက်၍သွားသော ဥပဒ်၊

၅။ အကြောတွင်း အရိုးတွင်းတို့၌ ဖြစ်သော ဥပဒ်၊

၆။ အပမှဖြစ်၍ အကြောတွင်း အရိုးတွင်းတို့သို့ ပေါက်ရောက် သော ဥပဒ်၊

၇။ ဦးနှောက်တွင်း၌ ဖြစ်သော ဥပဒ်၊

၈။ အဆုပ်တွင်း၌ ဖြစ်သော ဥပဒ်၊

၉။ အသည်းတွင်း နှလုံးတွင်း၌ ဖြစ်သော ဥပဒ်၊

၁၀။ အပမှဖြစ်၍ ဦးနှောက်တွင်း အဆုပ်တွင်း အသည်းတွင်း နှလုံးတွင်းတို့သို့ ပေါက်ရောက်သော ဥပဒ်ကိုတို့ ယူလေ။ အပမှမြားမှန်သည် မြားစူးသည် သေနတ်မှန်သည် စိန်မှန်သည် ဗုန်း မှန်သည် ဓားစူးသည် လှံစူးသည် ဆူးစူးသည် ငြောင့်စူးသည် ဟူရာ တို့၌--

အဇ္ဈတ္တခန္ဓာတို့ အခြေအနေ မပျက်ခဲ့လျှင် ဝဇိရစိန် လက်နက် ပင်ဖြစ်သော်လည်း ဥပဒ်မပြုနိုင်။

မြားငြောင့်စသည်တို့ကို ခဏချင်းနုတ်ပယ်၍ ပစ်သဖြင့် မြားငြောင့် မရှိသော်လည်း နာမှု, ကျင်မှု, ဖေါက်ပြန်မှုဟူသော အဇ္ဈတ္တ ခန္ဓာတို့၏ အမှုသည်ကား တစ်ရက်နှင့်မငြိမ်း တစ်လနှင့်မငြိမ်း တစ်နှစ်နှင့် မငြိမ်း ပြင်းထန်စွာ ခံ၍နေကြရ၏၊

ထိုကြောင့် မြားမှန်မှု, မြားစူးမှု စသည်တို့မှာလည်း အဇ္ဈတ္တခန္ဓာ ၅-ပါး တို့ကိုသာ မြားဟူ၍ ဆိုထိုက်သတည်း။

နာမက္ခန္ဓာတို့၌ ရာဂသလ္လံ, ဒေါသသလ္လံ, မောဟသလ္လံ, ဒိဋ္ဌိသလ္လံ, အစ ရှိသည်ဖြင့်လာ၏၊ အနမတဂ္ဂသံသရာနှင့်အမျှ ထာဝရစူးဝင်၍နေ သော ရာဂမြား ရာဂငြောင့်, ဒေါသမြား ဒေါသငြောင့်, မောဟငြောင့်, ဒိဋ္ဌိငြောင့်, ဝိစိကိစ္ဆာငြောင့်, စသည်တို့ကိုကား သဗ္ဗညုတဘုရားတို့မှသော် လည်း နုတ်ပယ်ခြင်းငှါ မတတ်ကောင်းကုန်သည်ဖြစ်၍ ယခု ငုတ်တုတ် စူးဝင်လျက်ပင် ရှိကြကုန်သတည်း။

ပြုခဲ့ဘူးသော ပါဏာတိပါတ အစရှိသော ကံဟောင်းတို့သည် လည်း တစ်ယောက်တစ်ယောက်သော သတ္တဝါတို့၏သန္တာန်၌ အဝီစိသို့ ချရန် အသင်္ချေ အနန္တ, သံဃာတ (ငရဲ )သို့ချရန် အသင်္ချေ အနန္တစသည်ပါရှိ၍ နေကြကုန်၏၊ အနတ္တဘာဝနာအလုပ် မထမြောက်သမျှ ကာလပတ်လုံး ဘယ်လိုနည်းလမ်းနှင့်မျှ နှုတ်ပယ်ခြင်းငှါ မတတ်ကောင်း ကုန်။

ထိုကြောင့်-

''သလ္လာ=စူးဝင်ညစ်ဆိုး ဒုက္ခမျိုးသာတည်း'' ဟု ဆိုပေ၏၊ ရောဂါမျိုး, အာဗာဓမျိုး, ဂဏ္ဍမျိုးဖြစ်ကြောင်းကို ရှေး၌ ပြဆိုခဲ့ပြီ။

( သလ္လ, ရောဂ, အာဗာဓ ဂဏ္ဍ ပြီး၏၊ )

--------- * --------

၁၀-အဃ ကို ပြဆိုခန်း

ခန္ဓာ ၅-ပါးသည်

အကျိုးမဲ့ခြင်း-- မလေဟိ ဘုသော ဟညေတေတိ အဃံ။ မလေဟိ=အညစ်အကြေးတို့သည်၊ ဘုသော=လွန်စွာ၊ ဟညတေ=နှိက်စက် ဖျက်ဆီးအပ်၏၊ ဣတိ=ထိုကြောင့်၊ အဃံ=အဃမည်၏၊ အာ.ကို အ.ရဿပြု။

အဃ အဓိပ္ပါယ်-- လောက၌ အသုံးမကျသော အနှစ်သာရမရှိ အညစ်အကြေး ဘေးရန်အစုမျှသာဖြစ်၍ ကဲ့ရဲ့အပ် စွန့်ပစ်အပ်သော သက်ရှိသက်မဲ့ ဝတ္ထုမျိုးကို အဃ ဟူ၍ ဆိုအပ်၏။

အလဃား ဟူသော ဝေါဟာရ-- ဤလူကား အလဃား လူတည်း, ဤဝတ္ထု ကား အလဃား ဝတ္ထုတည်းဟု ဆိုကြရာ၌ ဤ''အဃ'' သဒ္ဒါရင်းပင်တည်း။

ဤအရာ၌ ဇာတိအမျိုးအရိုးအားဖြင့် ဒုက္ခမျိုး ဘယမျိုး ဤတိမျိုး ဥပဒ္ဒဝမျိုး ဥပသဂ္ဂမျိုး သလ္လမျိုး ရောဂမျိုး အာဗဓမျိုး ဂဏ္ဍမျိုး အစစ်ဖြစ်ကုန်သော ခန္ဓာ ၅-ပါးတည်းဟူသော ဝိပတ္တိဓမ္မမျိုးတို့ကို ''အဃ'' ဟူ၍ ဆိုသတည်း။

ပြုပြင်မှု၏ မမြဲပုံ

၁။ ထမင်းခြောက်တို့မည်သည် ပကတိဇာတိအားဖြင့် မတင့် တယ်သော ဝတ္ထုမျိုးဖြစ်ပါကုန်လျက် ပြုပြင်မှု၏ အစွမ်း ကြောင့် ရွဲလုံးကြီး ငယ်ဖြစ်၍ ပတ္တမြားလုံးသဏ္ဍာန်, နေဝန်းသဏ္ဍာန်, လဝန်းသဏ္ဍာန်, ကြယ်နက္ခတ် ကြီးငယ် သဏ္ဍာန်ကဲ့သို့ဖြစ်၍ အထွတ်အမြတ်ဖြစ်သော ကျက် သရေ မင်္ဂလာဌာနတို့၌ အသုံးပြုကြကုန်၏။

၂။ ဇာတိအားဖြင့် အမှိုက်မီးဇာမျိုးဖြစ်ကုန်သော သစ်ခွံ သစ်ခေါက်တို့ကို ပြုပြင်၍ စက္ကူနီ, စက္ကူဝါ, စက္ကူစိမ်း စသည်ဖြစ်၍ အတင့်အတယ် အရာ၌ အသုံးပြုကြကုန်၏။

၃။ ပကတိဇာတိအားဖြင့် အမှိုက် မီးဇာမျိုးဖြစ် လဲဝါမျိုး, လျှော်မျိုးတို့ကို ပြုပြင်၍ ပုဆိုးကောင်း, အဝတ်ကောင်း, အခင်းကောင်း, အခြုံကောင်း, ဖဲကတ္တီပါ, ကော်ဇော, ကမ္ဗလာ စသည်ပြု၍ အတင့် အတယ်အရာ၌ အသုံးပြုကြ ကုန်၏။

၄။ ပကတိဇာတိအားဖြင့် အမှိုက်မီးစာမျိုးဖြစ်သော ဝါး, သစ်သားတို့ကို ပြုပြင်၍ များစွာသောလူတို့ အသုံး အဆောင်မျိုး, ကျောင်း, အိမ်, စရပ်, ပြာသာဒ်, ဘုံနန်း စသည် ပြုလုပ်ကြကုန်၏။

ပြုပြင်မှုသည် အာဂန္တုမျှသာဖြစ်၍ အမြဲတည်ခြင်းမရှိသဖြင့် ထိုအလုံးစုံတို့သည် အဆုံး၌ အမှိုက်မီးစာအဖြစ်သို့ ပြန်၍ကျမြဲ ရောက်မြဲ ဓမ္မတာဖြစ်ကြရကုန်၏၊

ထိုမှတစ်ပါး

ပကတိအားဖြင့် မြေဇာတိမျိုးဖြစ်ကြကုန်သော မြက်ပင်နွယ်ပင်ချုံပင် သစ်ပင် ဝါးပင် အလုံးစုံတို့သည် မြေ, ရေ, ဥတု ပြုပြင်မှုကြောင့် ဩကာသလောကကို တန်းဆာဆင်ကြကုန်ဘိသကဲ့သို့ ဖြစ်ပွါးကြကုန် သော်လည်း အဆုံး၌ ပကတိဇာတိသို့ ပြန်မြဲပြန်၍ မြေကြီး၏အစီးအပွါး၌ အတည်ကျကြကုန်၏။

သတ္တဝါတို့၏ ခန္ဓာကိုယ်တို့သည်လည်း ပကတိဇာတိအားဖြင့် အပုပ်မျိုး, ရွံဖွယ်မျိုး, စက်ဆုပ်ဖွယ်မျိုး, မြေဇာတိမျိုး အစစ်ဖြစ်ကြကုန်၍ ပြုပြင်မှု လွတ်ကင်း လျှင် ရွံဖွယ်စက်ဆုပ်ဖွယ် ဇာတိ ခဏချင်းဖြစ်ပေါ်၏၊ အဆုံး၌ရွံဖွယ် စက်ဆုပ်ဖွယ် မြေကြီးအစဉ်အတိုင်း ပြန်၍အဆုံးသတ်ကြ ကုန်၏။

လေတံခွန် မီးအိမ်ပျံတို့သည် ပြုပြင်မှုအတွက် ကောင်းကင်သို့ ပျံတက်ကြ ကုန်သော်လည်း အောက်သို့ကျ၍ အဆုံးတိုင်မြဲ ဖြစ်ကြကုန် သကဲ့သို့ နတ်ပြည်ခြောက်ထပ်၌ နတ်သိကြားတို့၏ ခန္ဓာအစဉ်, ဗြဟ္မာ တို့၏ ခန္ဓာအစဉ်တို့သည်လည်း အောက်သို့ကျမြဲ ဓမ္မတာသာ ဖြစ်ကြ ကုန်၏။

လောကဓာတ်တစ်ခုလုံး၌ ပြုလုပ်မှု မျက်လှည့် အာဂန္တုနှင့် နဂိုဇာတိ ပကတိအရိုးမှုတို့ကို ခြားနား၍ မြင်တတ်ကြစေကုန်။

နာမ်တရားတို့၌လည်း ကိလေသာဒုစ္စရိုက်အမိုက်မှု အမဲမှု အမှားမှု အမှောက်မှု အယုတ်မှု အညံ့မှု အဖျင်းမှု အသိမ်မှုတို့ကား နာမက္ခန္ဓာတို့၏ ပကတိဇာတိမှုတို့တည်း၊ ပြုပြင်မှု လက်လွတ်ခဲ့လျှင် ပကတိဇာတိသို့ ခဏချင်း ပြန်မြဲတည်း။

ခပ်သိမ်းသော ရုပ်တရား, နာမ်တရားတို့သည် ပြုပြင်မှုမရှိပဲ ပေါက်လွှတ် ထားခဲ့လျှင် ကောင်းမြတ်သောဖက်သို့ အလိုအလျှောက် တိုးတက်၍သွားသည်ဟု တစ်စုံတစ်ခုမျှမရှိ၊ မကောင်းယုတ်မာဖက်သို့သာ ပိုင်းပိုင်းလဲ၍ သွားမြဲဓမ္မတာ ဖြစ်သတည်း၊ အနမတဂ္ဂသံသရာတစ် လျှောက်လုံး မြော်လေ။

ထို့ကြောင့်

''အဃာ=အကျိုးယုတ် အကျိုးမဲ့မျိုးသာတည်း'' ဟုဆိုပေ သည်။

( အဃ ပြီး၏၊ )

--------- * --------

၁၁-အတာဏ အပြစ်ကိုပြဆိုခန်း

တာဏ။ ။။တာယတိ ရက္ခတီတိ တာဏံ။

တာယတိ ရက္ခတိ=စောင့်ရှောက်တတ်၏၊ ဣတိ=ထို့ကြောင့်၊ တာဏံ= တာဏမည်၏၊

ငါ့အား တစ်စုံတစ်ခုသော အန္တရာယ်ဖြစ်လာလျှင် နိုင်အောင် တားမြစ်လိမ့်မည်ဟု စိတ်ချရသော အစောင့်အရှောက်ကြီးမျိုးကို ''တာဏ'' ဆိုသည်။

ထိုကဲ့သို့ စိတ်ချရသော တရားကိုသာလျှင် မိမိတို့ကိုယ်ခန္ဓာပြု၍ ကိုယ်ခန္ဓာ၏ အတွင်းအင်္ဂါ အပအင်္ဂ်ါပြု၍ ဤသံသရာကြီး၌ ကျင်လည် ခြင်းငှာသင့်၏၊

မစောင့်ရှောက်တတ်သောခန္ဓာငါးပါး

ဤခန္ဓာ ၅-ပါးတို့သည်ကား ထိုကဲ့သို့ စောင့်ရှောက်တတ်သော တရားမျိုး မဟုတ်ကုန်၊ စင်စစ်မူကား မဟာသမုဒြာ အလယ်၌ ငှက်ပျော ဖောင်ကြီးကဲ့သို့ သံသရာ၌ ဆိုက်လာသမျှသော ဘေးတို့ကို အကုန်လုံး ဖွင့်လှစ်၍ ပေးကုန်၏၊ ဆိုက်လာသမျှသော ဘေးတို့၏ အသင်းအပင်း အတွင်းမီးကျီးတွေသာဖြစ်ကုန်၏။

အနမတဂ္ဂသံသရာ၌ သတ္တဝါ အပေါင်းတို့သည် အပါယ်ဘေးကို ကြောက် ကြလှကုန်သည်ဖြစ်၍ ဒါန, သီလ, ဘာဝနာမှုတို့ဖြင့် လူ့ဘဝ လူ့ခန္ဓာ, နတ်ဘဝ နတ်ခန္ဓာ, ဗြဟ္မာ့ဘဝ ဗြဟ္မာ့ခန္ဓာ, အသစ်အသစ် တည်ထောင်၍ ကိုယ်ပြုကြကုန်၏၊ ကိုယ်ခန္ဓာ ပြုကြကုန်၏။

အတွင်းမီး-- ထိုကိုယ်ခန္ဓာတို့၌ အတွင်အင်္ဂါအဖြစ်နှင့် အနမတဂ္ဂ သံသရာတွင် အစဉ်ပါရှိ၍နေကုန်သော လောဘခန္ဓာ, ဒေါသခန္ဓာ, မောဟခန္ဓာ, မာနခန္ဓာ, ဒိဋ္ဌိခန္ဓာ, ဒုစရိုက်ခန္ဓာတို့သည်ကား လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်တို့၌ ရှိသမျှသောလူ နတ် ဗြဟ္မာသတ္တဝါ တို့ကို တစ်ယောက်မကျန် အပါယ်သို့ချည်း ယူဆောင်မည်ဟု ရှိနေကြကုန် သော အတွင်းမီးတို့တည်း။

ထိုအတွင်းမီးတို့သည် အနိစ္စတရားနှင့် တစ်ချက်တည်း တွဲဖက် ကြကုန်၍ လူနတ်ဗြဟ္မာသတ္တဝါတို့ကို အပါယ်သို့ချည်း အတွင်ချကုန်၏၊ လူနတ် ဗြဟ္မာ သတ္တဝါတို့သည်ကား မသေမှီကာလ၌ ထိုအတွင်းမီးတို့ကို ပင်လျှင် အာရုံ ၆-ပါး တည်းဟူသော အစာရေစာနှင့် ကောင်းမွန်စွာ မွေးမြူကြရကုန်၏၊ သေလျှင် အပါယ်သို့သာ ပါကြရလေကုန်၏ အနမတဂ္ဂသံသရာ တစ်လျှောက်လုံး မြော်ကြလေ။

ထိုကြောင့်--

''ဣမေ ပဉ္စက္ခန္ဓာ=ဤခန္ဓာ ၅-ပါးတို့သည်၊ အတာဏာ= စောင့်ရှောက် မဲ့လျှင်း ဘေး၏အသင်းတို့သာတည်း'' ဟု ဆိုပေသည်း။ စောင့်ရှောက်တတ်သော

နိဗ္ဗာန်

နိဗ္ဗာန်တရားသည်သာလျှင် တာဏအစစ် အမှန် ဖြစ်၏၊

ထိုကြောင့် မြတ်စွာဘုရား သည်--

တာဏာဉ္စ ဘိက္ခဝေ ဒေသိဿာမိ တာဏာဂါမိနိ ပဋိပဒဉ္စ။ ကတမဉ္စ ဘိက္ခဝေ တာဏံ၊ ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယော၊ ဣဒံ ဝုစ္စတိ ဘိက္ခဝေ တာဏံ။ ကတမာ စ ဘိက္ခဝေ တာဏဂါမိနိ ပဋိပဒါ၊ အယမေဝ အရိယော

အဋ္ဌင်္ဂီကော မဂ္ဂေါ၊ သေယျထိဒံ၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ

သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယမော သမ္မာသတိ သမ္မာ-သမာဓိ၊ အယံ ဝုစ္စတိ ဘိက္ခဝေ တာဏာဂါမိနိပဋိပဒါ။

ဟူ၍ ဟောတော်မူ၏၊

ဘိက္ခဝေ=ရဟန်းတို့၊ တာဏာဉ္စ=ဘေးရန်အများ စောင့်ရှောက် ထားသည့် နိဗ္ဗာန်တရားကိုလည်းကောင်း၊ တာဏာဂါမိနိ ပဋိပဒဉ္စ= နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော တရားကိုလည်းကောင်း၊ အဟံ= ငါဘုရားသည်၊ ဒေသိဿာမိ=ဟောကြား ပေအံ့။

ဘိက္ခဝေ=ရဟန်းတို့၊ ကတမဉ္စ=အဘယ်တရားသည်လျှင်၊ တာဏံ= ဘေးရန်အများ စောင့်ရှောက်ထားသည့် နိဗ္ဗာန်တရားမည်သနည်း။ ရာဂက္ခယော=လောဘအမှူးရှိသော ကိလေသာတို့၏ကုန်ခြင်း သည်လည်းကောင်း၊ ဒေါသက္ခယော=ဒေါသအမှူးရှိသော ကိလေသာ တို့၏ ကုန်ခြင်းသည်လည်းကောင်း၊ မောဟက္ခယော=မောဟအမှူးရှိသော ကိလေသာတို့၏ ကုန်ခြင်းသည်လည်းကောင်းတည်း။

ဘိက္ခဝေ=ရဟန်းတို့၊ ဣဒံ=ဤရာဂက္ခယ စသည်ကို၊ တာဏံ=ဘေး ရန်အများ စောင့်ရှောက်ထားသည့် နိဗ္ဗာန်တရားဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏၊ ဘိက္ခဝေ=ရဟန်းတို့၊ ကတမာ စ=အဘယ်တရားသည်လျှင်၊ တာဏဂါမိနိ ပဋိပဒါ=နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောတရား မည် သနည်း၊

အရိယော=မြတ်သော၊ အဋ္ဌင်္ဂီကော=အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော၊ အယမေဝ မဂ္ဂေါ=ဤမဂ်ပင် တည်း။

ဣဒံ=ဤမဂ်သည်၊ သေယျထာ=အဘယ်နည်းမူဟူ၊ သမ္မာဒိဋ္ဌိ= သမ္မာဒိဋ္ဌိသည်လည်းကောင်း၊ သမ္မာသင်္ကပ္ပေါ=သမ္မာသင်္ကပ္ပသည်လည်း ကောင်း၊ သမ္မာဝါစာ=သမ္မာဝါစာသည်လည်းကောင်း၊ သမ္မာကမ္မန္တော= သမ္မာကမ္မန္တသည်လည်းကောင်း၊ သမ္မာအာဇီဝေါ=သမ္မာအာဇီဝသည် လည်းကောင်း၊ သမ္မာဝါယမော=သမ္မာဝါယမသည်လည်းကောင်း၊ သမ္မာသတိ=သမ္မာသတိသည်လည်းကောင်း၊ သမ္မာသမာဓိ=သမ္မာသမာဓိ သည်လည်းကောင်းတည်း။

ဘိက္ခဝေ=ရဟန်းတို့၊ အယံ=ဤမဂ္ဂင်ရှစ်ပါးကို၊ တာဏဂါမိနိ ပဋိပဒါ=နိဗ္ဗာန်ရောက်ကြောင်း တရားဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏။

ဘုံစဉ်စံ အရိယာတို့၏ တာဏ-- ဘုံစဉ်စံ အရိယာတို့၌ကား

ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့၏ နောင်ကြွင်းမရှိ ကုန်ငြိမ်းမှု, ဒုစ္စရိုက်ဟောင်း ဒုစ္စရိုက် သစ်တို့၏ နောင်ကြွင်းမရှိ ကုန်ငြိမ်းမှုဟူသော သဥပါဒိသေသ ပဌမနိဗ္ဗာန် သည် တာဏမည်၏၊

ကုန်ငြိမ်းခြင်းသို့ရောက်သော ခဏမှစ၍ ဘဝများစွာ ကမ္ဘာများစွာ သံသရာ၌ လူ နတ် ဗြဟ္မာ ချမ်းသာသုံးပါးကို အစဉ်ခံစား စံစား၍ သွားကြ လေကုန်ရာ ထိုငြိမ်းမှုသည် ထိုသူတို့ကို အပါယ်ဘေးမှ အမြဲစောင့် ရှောက်ကာ အစဉ်ပါလေတော့သည်၊ ထိုငြိမ်းမှု ကုန်ဆုံးသည်ဟူ၍ အနမတဂ္ဂသံသရာနှင့် အမျှ မရှိပြီ။

ထိုသူ၏ သန္တာန်၌ ဒိဋ္ဌိပေါ်လာပြန်သည်, ဒုစ္စရိုက်ပေါ်လာပြန် သည်, အပါယ်ဘေးကို ကြောက်ရပြန်သည်ဟု မရှိပြီ ဆိုလိုသည်။ ( အတာဏ ပြီး၏၊ )

------ * -----

၁၂- အလေဏ ကို ပြဆိုခန်း

လေဏ။ ။ လီယန္တိ ဧတ္တာတိ လေဏံ။

ဧတ္ထ=ဤအရပ်၌၊ လီယန္တိ=ခိုလှုံပုန်းအောင်းကြကုန်၏၊ ဣတိ= ထို့ကြောင့်၊ လေဏံ=မည်၏၊

ဘေးအန္တရာယ်တို့ကို ကာကွယ်ဆီးတားရာဌာန, ဘေးအန္တရာယ် တို့မှ လုံခြုံရာဌာန ဆိုလိုသည်။

မလုံခြုံသော ခန္ဓာ ၅-ပါး-- ခန္ဓာ ၅-ပါးတို့သည်- အပါယ်ဘေး သံသရာဘေးတို့မှ လုံခြုံဌာန မဟုတ်ကုန်၊ စင်စစ်မူကား ခပ်သိမ်းသော အပါယ်ဘေး သံသရာဘေးဟူသမျှတို့သည် ခန္ဓာ ၅-ပါးတို့၏ အတတ်သာ တည်း။

သတ္တဝါတို့သည်ကား အပါယ်ဘေးကြီးတို့မှ လွတ်ခြင်းငှါ လူ့ဘဝ ကို အားကိုးကြကုန်၏၊ နတ်ဘဝ ဗြဟ္မာ့ဘဝကို အားကိုးကြကုန်၏၊ ဒါန သီလ ဘာဝနာကိုပြု၍ လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ့ခန္ဓာတို့ကို အသစ် အသစ်တည်ထောင်၍ မိမိ,မိမိတို့ အတ္တပြုလုပ် ခိုလှုံကြကုန်၏။

တောခရီး၌ ခရီးသွားယောကျ်ားသုံးယောက်တို့သည် တော ဆင်ရိုင်းနှင့် တွေ့ဆုံမိကြ၍ ဆင်ဘေးမှကြောက်ကြသဖြင့် လုံခြုံခြင်းငှာ အနီး၌ရှိသော ကျောက်ဂူကြီးသုံးခုသို့ ဝင်ပြေးကြလေရာ ကျားတွေနေ သောကျောက်ဂူတွင်းသို့ ဝင်မိလျက်ငြားကြသဖြင့် ကျားတို့၏အစာဖြစ်ကြ လေကုန်သကဲ့သို့တည်း၊ သံသရာကြီးတစ်လျှောက်လုံး ပေါက်အောင် မြော်ကြလေ။

ထို့ကြောင့် ''အလေဏ'' ဟုဆိုပေသည်။

နိဗ္ဗာန်သည်သာလျှင် ခိုလှုံပုန်းအောင်းရာဌာန အမှန်ဖြစ်၏၊ ထို့ကြောင့် မြတ်စွာဘုရားသည်

''လေဏဉ္စ ဘိက္ခဝေ ဒေသိဿာမိ လေဏဂါမိနိ ပဋိပဒဉ္စ''အစရှိ သည်ဖြင့် ဟောတော်မူပေသည်၊ အလုံးစုံသည် အတာဏပုဒ်နှင့် တူပြီ။

( အလေဏ ပြီး၏၊ )

-------- * -------

၁၃-အသရဏကို ပြဆိုခန်း

သရဏ သရဏ။။ အဟိတေ ဓမ္မေ သရတိ ဟိံသတီတိ သရဏံ။ အဟိတေ=အကျိုးမဲ့ဖြစ်ကုန်သော၊ ဓမ္မေ=တရားတို့ကို၊ သရတိ ဟိံသတိ=တွန်းလှန်ပယ်ရှားတတ်၏၊ ဣတိ=ထို့ကြောင့်၊ သရဏံ=သရဏ မည်၏၊ ကိုးကွယ် ရာကြီး ဟူလိုသည်။

ကိုးကွယ်ရာမဟုတ်သော ခန္ဓာ၅-ပါး။ ။ခန္ဓာ ၅-ပါးတို့

သည် ထိုကဲ့သို့ ကိုးကွယ်ရာ မဟုတ်ကုန်။ ထို့ကြောင့် ''ဣမေ ပဥ္ခ္စက္ခန္ဓာ=ဤခန္ဓာ ၅-ပါးတို့သည်၊ အသရဏာ=ကိုးရာမဲ့ လျင်း ဘေး၏အသင်းတို့သာတည်း'' ဟုဆိုပေသည်။

( အသရဏ ပြီး၏၊ )

၁၄-အာဒီနဝကို ပြဆိုခန်း

အာဒီနဝ။ ။။ဘုသော ဒီနံ ဝဟတီတိ အာဒီနဝေါ။ ဘုသော=လွန်စွာ၊ ဒီနံ=ပင်ပန်းခြင်းကို၊ ဝဟတိ=ရွက်ဆောင် တတ်၏၊ ဣတိ=ထို့ကြောင့်၊ အာဒီနဝေါ=အာဒီနဝ မည်၏၊ ဉာဏ်ပညာရှိသော သူတို့အား သိထိုက် မြင်ထိုက်သော အပြစ် ခပ်သိမ်းကို အာဒီနဝဆိုသတည်း။

ခန္ဓာ ၅-ပါးသည်

အပြစ်ဖြစ်ခြင်း-- ခန္ခာ ၅-ပါးတို့၌ ခဏမစဲ ဖြစ်မှုပျက်မှုမှစ၍ မဟာ အဝိစိငရဲဘေးကြီးသို့ ဆိုက်သည်တိုင်အောင် အဆင့် ဆင့်လည်၍ သွားကုန်သော ရှေး၌ပြဆိုခဲ့ပြီးသော ဒုက္ခစက်ကြီးတို့သည် အပြစ်ဒေါသ အာဒီနဝပင်တည်း။

တစ်နည်းကား- အကျဉ်းအားဖြင့် ၁၁-ပါးသော မီးတို့၏ ဖြစ်ပွားမှု သည် ခန္ဓာတို့၏ အာဒီနဝပင်တည်း။

မီး ၁၁-ပါး-- ရာဂမီး ဒေါသမီး မောဟမီး ဇာတိမီး ဇရာမီး မရဏမီး သောကမီး ပရိဒေဝမီး ဒုက္ခမီး ဒေါမနဿမီး ဥပါယာသမီး၊ ဤကား မီး ၁၁-ပါး တည်း။

အကျယ်အားဖြင့်မူကား---ထို ၁၁-ပါးသော မီးတို့မှ အသီးအသီး ပွါး များသော အပြစ်တို့သည် လောက၌ မရေမတွက်နိုင်အောင် များပြား ကုန်၏။

ရာဂမီး၏ အပြစ်အနန္တ စသည်-- အပါယ် ၄-ဘုံ အသိုက် အအုံ ကြီးကျယ်ပုံကိုလည်းကောင်း, သုဂတိ၌ ခန္ဓာဝန်ကြီးကျယ်ပုံ ကိလေသာဝန် ကြီးကျယ်ပုံ သံသရာဝန် ကြီးကျယ်ပုံတို့ကိုလည်းကောင်း မြော်မြင်မိကြကုန်သည်ရှိသော် တဏှာဟူသော ရာဂမီး၏ အပြစ်တို့ သည်ပင်လျှင် အသင်္ချေယျ အနန္တများပြားကုန်၏။

ထို့အတူ-ဒေါသမီး၏ အပြစ်တို့သည်လည်း အသင်္ချေယျ အနန္တ များပြားကုန်၏၊ အဝိဇ္ဇာဟုဆိုအပ်သော သံသရာဝဋ်မြစ်ကြီး၏ အပြစ် တို့ကား ဆိုဖွယ်မရှိပြီ၊ ဇာတိ ဇရာ မရဏတို့၏ အပြစ်တို့သည်လည်း အသီးအသီး အသင်္ချေယျ အနန္တ များပြားကုန်၏၊ သောကစသည်တို့၏ အပြစ်တို့သည်လည်း အလွန်များပြားကုန်၏၊ ထိုအပြစ် အလုံးစုံတို့သည် ခန္ဓာ ၅-ပါးတို့မှ ဖြစ်ကုန်၏။

ထို့ကြောင့်--

''ဣမေ ပဉ္စက္ခန္ဓာ=ဤ ခန္ဓာ ၅-ပါးတို့သည်၊ အာဒီနဝါ=ဆိုးဝါး ညစ်ကျု အပြစ်စုတို့သာတည်း'' ဟု ဆိုပေသည်။

(အာဒီနဝ ပြီး၏)

--------- * --------

၁၅-အဃမူလ အပြစ်ကိုပြဆိုခန်း

ဆင်းရဲခြင်း၏ မူလဖြစ်သော ခန္ဓာ ၅-ပါး

အကျိုးယုတ် အကျိုးမဲ့ ခပ်သိမ်းတို့ကို ''အဃ''ဟူ၍ ဆိုအပ် ကုန်၏၊

ထိုအကျိုးယုတ် အကျိုးမဲ့ ခပ်သိမ်းတို့သည် ခန္ဓာ ၅-ပါးလျှင် တည်ရာ ရှိကြကုန်၏၊ ခန္ဓာ ၅-ပါးတို့မှချည်း ဖြစ်ရကုန်၏၊

ထို့ကြောင့်--

''ဣမေ ပဉ္စက္ခန္ဓာ=ဤခန္ဓာ ၅-ပါးတို့သည်၊ အဃမူလာ=ကျိုးမဲ့ခပင်း ဆင်းရဲခြင်း၏ အရင်းအမြစ်တို့သာတည်း'' ဟုဆိုပေသည်။ (အဃမူလ ပြီး၏)

------ * -----

၁၆-ဝဓက အပြစ်ကိုပြဆိုခန်း

သူသတ်သမား ခန္ဓာငါးပါး။ ။ဝဓန္တီတိ ဝဓကာ။ ဝဓန္တိ=သတ္တဝါတို့ကို အစဉ်ထာဝရ သတ်တတ်သော သူသတ် သမား ဖြစ်ကြကုန်၏၊ ဣတိ=ထို့ကြောင့်၊ ဝဓကာ=ဝဓက မည်ကုန်၏၊

ခဏိကမရဏ-- အနမတဂ္ဂသံသရာ၌ တစ်ယောက်တစ် ယောက်သော သတ္တဝါ၏ ခန္ဓာအစဉ်၌ ခက်မာမှု အစရှိကုန်သော ရုပ် တရားတို့၏ ခဏမစဲ ချုပ်ပျက်မှု, နာမ်တရားတို့၏ ခဏမစဲ ချုပ်ပျက်မှု သည် အစဉ်ထာဝရပါရှိ၍နေ၏၊ ထိုချုပ်ပျက်မှုသည် ရုပ်၏မရဏ, နာမ်၏ မရဏပေတည်း၊ ရုပ်ဓာတ်တို့၏ သေဆုံးခြင်း, နာမ်ဓာတ်တို့၏ သေဆုံး ခြင်းပေတည်း၊ သေ မင်းဟူသည် ထိုရုပ်သေမှု, နာမ်သေမှုကို ဆိုသတည်း၊ ခဏိကမရဏ ဆိုလိုသည်။

ခပ်သိမ်းသော ဘဝတို့၌ ပဋိသန္ဓေ နေသည်မှစ၍ ထိုရုပ်၏ မရဏ, နာမ်၏ မရဏဟူသော ရုပ်သေမှု, နာမ်သေမှုကြီးသည် တစ်ခဏမျှ ပြတ်စဲသည်ဟူ၍ မရှိပြီ၊ အတွင်းအပ တစ်ကိုယ်လုံး အုပ်ခြုံလျက် ပါရှိ၏၊ တစ်ကိုယ်လုံးသည် မရဏတုံးကြီး မရဏခဲကြီးပင် ဖြစ်၏။

သန္တတိမရဏ-- အနိစ္စလက္ခဏာတွင် ခြေတစ်လှမ်း ခြေတစ် လှမ်းစသည်ဖြင့် ပိုင်းခြား၍ပြခဲ့သော အနိစ္စမှုသည်ကား သန္တတိမရဏ မည်၏၊ ထိုသန္တတိ မရဏဟူသမျှသည် ခဏမစဲ ချုပ်ပျက်မှုဟု ဆိုအပ် သော အသိန်းအသန်းမက များစွာသော ခဏိကမရဏ အချက်တို့တွင် အလွန်ထင်ရှားလှသော မရဏအချက်ကို ရှာကြံ၍ရှုသော မရဏစုပေ တည်း။

သာမညလောကသားတို့သိသော

သမ္မုတိမရဏ

ဘဝအဆုံးအဆုံး၌ လူအများတို့ သိမြင်ကြရသော သမ္မုတိ မရဏကြီးသည်ကား ထိုဘဝတွင် အဆုံးသတ်ကြသော ခဏိကမရဏ ပေတည်း။

ဤသို့လျှင် ပဋိသန္ဓေနေသည်မှစ၍ မျက်တောင်တစ်ခတ်မျှ မပြတ်မစဲ အမြဲ သေဆုံး၍ လာခဲ့သော သေမှုတို့တွင် အဆုံးစွန်သော သေမှုတစ်ချက်ကိုသာ လောက၌ သိကြကုန်၏၊

တစ်ဘဝလုံး၌ မျက်တောင်တစ်ခတ်မျှ မပြတ်မစဲသော သေမှု တို့ကိုကား ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝဟူသော နိစ္စနိမိတ် မှောင်အရိပ် တို့သည် ဖုံးလွှမ်း၍ ထားအပ်ကုန်၏၊

ထိုသေမှုတို့တွင် ရုပ်တို့၏ သေမှုသည် ရူပက္ခန္ဓာတစ်ပါးပင်တည်း၊ နာမ်တို့၏သေမှုသည် နာမက္ခန္ဓာတစ်ပါးပင်တည်း၊ သင်္ခါရက္ခန္ဓာတစ်ပါး ဆိုလိုသည်။

ထို့ကြောင့် အဘိဓမ္မာ ဓာတုကထာပါဠိတော်၌ --

''ဇရာမရဏံ ဒွီဟိ ခန္ဓေဟိ သင်္ဂဟိတံ''

ဟူ၍ဟောတော်မူပေ၏၊

ဤကား သေဆုံးမှုဟူသော မရဏဓာတ်ကြီးသည် ရူပက္ခန္ဓာ တစ်ပါး, နာမက္ခန္ဓာတစ်ပါး၏ အဖြစ်ဖြင့် ခန္ဓာ ၅-ပါးတွင် အမြဲပါဝင်၍ နေပုံတည်း။

မရဏ အမြဲရှိနေခြင်း-- ခက်မာမှုသည် ရူပက္ခန္ဓာတစ်ပါး,ဖွဲ့စေးမှုသည် ရူပက္ခန္ဓာတစ်ပါး, တစ်ပါးစီ အသီးအသီး ဖြစ်ကြသကဲ့သို့ ခက်မာမှု၏ ခဏမစဲ ပျက်ဆုံးခြင်းဟူသော မရဏဓာတ်ကြီးသည် ရူပက္ခန္ဓာတစ်ပါး ဖွဲ့စေးမှု၏ခဏမစဲ ပျက်ဆုံးခြင်းဟူသော မရဏကြီးသည် ရူပက္ခန္ဓာတစ်ပါး စသည်ဖြင့် ဆိုလေ။

နာမက္ခန္ဓာတို့၌လည်း ဝေဒနာ၏ ခဏမစဲ ပျက်ဆုံးခြင်းဟူသော မရဏဓာတ်ကြီးသည် နာမက္ခန္ဓာတစ်ပါး, သညာ၏ ခဏမစဲ ပျက်ဆုံးခြင်း ဟူသော မရဏဓာတ်ကြီးသည် နာမက္ခန္ဓာတစ်ပါး စသည်ဖြင့် ဆိုလေ၊ ရူပက္ခန္ဓာ နာမက္ခန္ဓာဆိုလျှင် ဤမရဏဓာတ်ကြီးလည်း အမြဲပါလေတော့ သည်။

ဤကား မရဏအစစ်ကို ပြဆိုခန်းတည်း၊ ဤမှတပါး မရဏဟူ၍ မရှိပြီ။

မိမိတို့ ခန္ဓာကိုယ်၌ရှိသော မရဏဓာတ်ဖြင့်သာ သေကြရခြင်း

အနမတဂ္ဂသံသရာ၌ သေဆုံးကြသမျှတို့သည် မိမိတို့၏ ခန္ဓာ၌ ပဋိသန္ဓေမှစ၍ အစဉ်အမြဲပါရှိနေသော မရဏဓာတ်ဖြင့်သာ သေဆုံးကြရ ကုန်၏၊ သူတစ်ပါးတို့၏ ခန္ဓာ၌ပါရှိသော မရဏဓာတ်နှင့် သေဆုံးသူဟူ၍ တစ်စုံ တစ်ယောက်မျှ မရှိ၊ မိမိတို့ခန္ဓာ၌ ထိုမရဏကြီး မပါ မရှိကြပါမူကား မိုးကြိုးတစ်ရာပင် မှန်သော်လည်း မွေးညင်းတစ်ပင်မျှ လှုပ်ရှားဖွယ် မရှိ။

ထို့ကြောင့် ခပ်သိမ်းသော သတ္တဝါတို့၏ သေဆုံးမှုမှာ မိမိတို့၏ ခန္ဓာ ၅-ပါးတို့သည်သာလျှင် သူသတ်လက်သည် အမှန်ဖြစ်ကုန်၏၊

အပ၌ဖြစ်ကုန်သော ဓားဘေး, လှံဘေး အစရှိသည်တို့ကား မိမိတို့ခန္ဓာတွင် အစဉ်ပါရှိ၍နေသော မရဏဓာတ်ကြီးတို့၏ နှိုးသမား လှုံ့ဆော်သမားတို့သာ တည်း။

ထို့ကြောင့်--

''ဣမေ ပဉ္စက္ခန္ဓာ=ဤခန္ဓာ ၅-ပါးတို့သည်၊ ဝဓကာ=လူနတ် ဗြဟ္မာ သတ္တဝါကို နာရီမလပ် အတွင်သတ်သည့် သူသတ်မျိုးရိုးတို့သာတည်း'' ဟုဆိုပေသည်။

သူသတ်ကောင် အမျိုးမျိုး

တစ်နည်းကား---ပထဝီသည် ပထဝီပျက်နာ အမျိုးမျိုးတို့ကို ဖြစ်စေ၍ သတ်တတ်၏၊

အာပေါသည် အာပေါပျက်နာ အမျိုးမျိုးတို့ကို ဖြစ်စေ၍ သတ် တတ်၏၊

တေဇောသည် တေဇောပျက်နာ အမျိုးမျိုးတို့ကို ဖြစ်စေ၍သတ် တတ်၏၊

ဝါယောသည် ဝါယောပျက်နာ အမျိုးမျိုးတို့ကို ဖြစ်စေ၍သတ် တတ်၏၊

ဦးခေါင်းသည် ဦးခေါင်းပျက်နာ အမျိုးမျိုးတို့ကို ဖြစ်စေ၍သတ် တတ်၏၊

အဆုတ်သည် အဆုတ်နာ အမျိုးမျိုးတို့ကို ဖြစ်စေ၍သတ် တတ်၏၊

အသည်းသည် အသည်းနာ အမျိုးမျိုးတို့ကို ဖြစ်စေ၍သတ် တတ်၏-စသည်ဖြင့် ဆိုလေ။

မိမိ၏အဆင်းကြောင့် သေကြရာ၌ မိမိအဆင်းသတ်မှုတည်း။

အသံကြောင့် သေကြရာ၌ အသံသတ်မှုတည်း။

အနံ့ကြောင့် သေကြရာ၌ အနံ့သတ်မှုတည်း။

အသား၏ အရသာကြောင့် သေကြရသော ကြက် ဝက် သား ငါးတို့၌ အရသာ သတ်မှုတည်း။

မိမိလောဘကြောင့် သေကြရာ၌ မိမိလောဘ သတ်မှုတည်း။

ဒေါသကြောင့်, မောဟကြောင့်, မာနကြောင့်, ဒိဋ္ဌိကြောင့်, ဣဿာ, မစ္ဆရိယကြောင့်, ရှေးကံကြောင့် သေကြရာ၌ မိမိရှေးကံ သတ်မှုတည်း။

ခိုးမှုကြောင့် သေကြရာ၌ မိမိခိုးမှုသည် သတ်၏၊

တိုက်မှုကြောင့် သေကြရာ၌ မိမိတိုက်မှုသည် သတ်၏၊

သားမယားကြောင့် သေကြရာ၌ သားမယား သတ်မှုတည်း။

ဥစ္စာကြောင့် သေကြရာ၌ ဥစ္စာသတ်မှုတည်း။

ဘဝဆုံး၍ သေကြရာတို့၌ကား မိမိတို့ ခန္ဓာသတ်မှုသည် အရိုး အစဉ်အားဖြင့် ထင်ရှား၏၊

ထို့ကြောင့်--

''ဣမေ ပဉ္စက္ခန္ဓာ=ဤ ခန္ဓာ ၅-ပါးတို့သည်၊ ဝဓကာ=လူနတ်ဗြဟ္မာ သတ္တဝါကို နာရီမလပ် အတွင်သတ်သည့် သူသတ်မျိုးရိုးတို့သာတည်း'' ဟူ၍ ဆိုပေသတည်း။

အစွယ်ကိုလိုသောသူနှင့်တွေ့ခဲ့လျှင် ဆင်သည် အစွယ်ကြောင့် သေရ၏၊ အစွယ်သတ်၏၊

ကြက် ဝက် သား ငါး အစရှိသည်တို့သည် အသားကြောင့် အမြဲ သေရကုန်၏၊ ထိုသတ္တဝါတို့၏ အသားသည် ထိုသတ္တဝါတို့ကို အမြဲ သတ်၏၊ အသားသည် ထိုသတ္တဝါတို့၏ သူသတ်ယောက်ျား အမြဲဖြစ်၏၊

ထို့အတူ အမွေးကြောင့် အမြဲသေရသော သတ္တဝါမျိုး, အရေ ကြောင့် အမြဲသေရသော သတ္တဝါမျိုး, အသွေးကြောင့် အမြဲသေရသော သတ္တဝါမျိုး, အသားကြောင့် အမြဲသေရသော သတ္တဝါမျိုး, အသည်း အဆုတ် နှလုံး သည်းပွတ်ကြောင့် အမြဲသေရသော သတ္တဝါမျိုး, အရိုး ကြောင့် အမြဲသေရသော သတ္တဝါမျိုးတို့၌လည်း အမွေးအစရှိသည် တို့သာလျှင် သူသတ်ယောက်ျား အမြဲဖြစ်ကုန်၏၊

ထို့အတူ ခိုးမှု တိုက်မှုကြောင့် သေကြရာတို့၌ ခိုးမှုဟူသော ခန္ဓာ ငါးပါးတို့သည် ခိုးသူကို သတ်ကုန်၏၊

တိုက်မှုဟူသော ခန္ဓာ ၅-ပါးတို့သည် တိုက်သူတို့ကို သတ်ကုန်၏၊

လူသတ်မှုနှင့် သေကြရာ၌ လူသတ်မှုဟူသော ခန္ဓာ ၅-ပါးသည် လူသတ်ယောကျ်ားကို သတ်၏၊ လူသည် တောဆင်ရိုင်းနှင့်တွေ့ရာ၌ လူ၏အဆင်းသည် တောဆင်ရိုင်း၏ မျက်စိ၌အလင်းပြ၏၊ ပြေးသော် လည်း မလွတ်ရာပြီ သေရ၏၊ အဆင်းသတ်၏၊

တစ်ဦးလျှင်တစ်ဦး ရှာကြံလိုက်လံ ချောင်းမြောင်းပစ်ခတ်ဖမ်းယူ ကိုက် သတ်၍ သေဆုံးကြရာတို့၌ သေသူတို့၏ အဆင်းသဏ္ဌာန်တို့သည် သာလျှင် သူသတ်ယောကျ်ား အစစ်တို့ပေတည်း။

ထို့အတူ လောဘကြောင့် သေကြသူ, ဒေါသကြောင့် သေကြသူ, မောဟကြောင့် သေကြသူ, မာနကြောင့် သေကြသူ, ဒိဋ္ဌိကြောင့် သေကြ သူတို့၌လည်း လောဘအစရှိသည်တို့သည်သာ သူသတ်ယောကျ်ား အမှန်ဖြစ်ကုန်၏၊

အသက်တမ်းမစေ့မီ ဥပစ္ဆေဒကကံကြောင့် သေကြသူတို့၌ ဥပစ္ဆေဒက ကံဟောင်းဟု ဆိုအပ်သော မိမိတို့၏ ခန္ဓာတို့သည်သာလျှင် သူသတ်ယောကျ်ား အစစ်ဖြစ်ကုန်၏၊

အသက်အတိုင်းနေ၍ သေကြရာတို့၌ကား မိမိတို့၏ ခန္ဓာ ၅- ပါးတို့၏ သတ်မှုသက်သက်ဖြစ်သည်ကား ထင်ရှား၏၊

ပကတိ အလိုအားဖြင့် ပုဂ္ဂိုလ်သတ္တဝါတို့မည်သည် သေခြင်းကို အလွန် ကြောက်ကြကုန်၏၊ ကြောက်ကြကုန်လျက်ပင်လျှင် ခန္ဓာသေလျှင် သေကြရကုန် တော့သည်။

ပဋိသန္ဓေတည်နေသည်မှစ၍ ပထမ နာရီအတွင်းမှာ သေခဲ့ကြ သော ဘဝတို့သည်လည်း အသင်္ချေအနန္တ ရှိခဲ့လှလေကုန်ပြီ။

ဒုတိယ နာရီအတွင်းမှာ သေခဲ့ကြသော ဘဝတို့သည်လည်း အသင်္ချေအနန္တ ရှိခဲ့ကြလေကုန်ပြီ။

ဤနည်းအတူ အနမတဂ္ဂသံသရာ တလျှောက်လုံးပေါက်အောင် နာရီစဉ် နှင့်မှန်း၍ မြော်ကြလေကုန်။

ပုဂ္ဂိုလ်သတ္တဝါတို့ သေလိုမှ သေကြကုန်သည်ဖြစ်အံ့၊ လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်တို့မှာ သေသူဟူ၍ပင် မရှိရာပြီ၊ စင်စစ်မူကား ဤကမ္ဘာတွင်ပင် ကမ္ဘာတည်ထောင်သော နေ့မှစ၍ ကမ္ဘာပျက်သည်တိုင် အောင် ကမ္ဘာပေါ်၌ သေသူကို မြော်လိုက်သည်ရှိသော် နွေရာသီထီးထီး၌ အလွန်ခြောက်သွေ့၍နေသော ယူဇနာတစ်ထောင်မကသော ကျူတော ကိုင်းတော မြက်တောကြီးကို လေဟုန်နှင့်တကွသော တောမီးကြီး လောင်၍ သွားသကဲ့သို့ ထင်ရ၏၊ ပုဂ္ဂိုလ်သတ္တဝါတို့ကို မိမိခန္ဓာတို့ သတ်မှုသည် အလွန်ထင်ရှား၏၊

ထို့ကြောင့်

''ဣမေ ပဉ္စက္ခန္ဓာ=ဤခန္ဓာ ၅-ပါးတို့သည်၊ ဝဓကာ=လူ, နတ်, ဗြဟ္မာ သတ္တဝါကို နာရီမလပ် အတွင်သတ်သည့် သူသတ်မျိုးရိုးတို့ သာတည်း'' ဟု ဆိုပေသည်။

(ဝဓက ပြီး၏၊)

----- * ----

၁၇-သာသဝကို ပြဆိုခန်း

အာသဝတို့၏ အစီးအပွါးခန္ဓာ ၅-ပါး-- ဘုတော သဝန္တီတိ အာသဝါ၊ သတ္တာနံ ဒုက္ခံ ဘုတော သာဝေန္တိ ပသာဝေန္တီတိ အာသဝါ။

ဘုတော=လွန်စွာ၊ သဝန္တိ=ပွါးစီးတတ်ကုန်၏၊ ဣတိ=ထို့ကြောင့်၊ အာသဝါ= အာသဝ မည်ကုန်၏၊ သတ္တာနံ=သတ္တဝါတို့အား၊ ဒုက္ခံ=ဒုက္ခကို၊ ဘုတော=လွန်စွာ၊ သာဝန္တိ-ပသာဝန္တိ=ပွါးစီးစေတတ်ကုန်၏၊ ဣတိ= ထို့ကြောင့်၊ အာသဝါ=အာသဝမည်ကုန်၏၊ လောဘ, ဒိဋ္ဌိ, မောဟတို့ပေ တည်း။

အာသဝမီး-- လောက၌ မီးတို့သည် အလွန်လည်း ပွါးစီးတတ် ကုန်၏၊ မိမိတို့ ပွါးစီးတိုင်း သတ္တဝါတို့အား ဒုက္ခကိုလည်း လွန်စွာ ပွါးစီးစေတတ်ကုန်၏။

မြို့ ရွာ၌လည်းကောင်း၊ ခြောက်သွေ့သော တော တောင်၌ လည်းကောင်း၊ အမှိုက်တစ်ခု၌ အနည်းငယ်မျှ ကျရောက်သော မီးပေါက် မီးပွါးတို့သည် နေ့ချင်း ညချင်း ထိုမြို့ ထိုရွာ ထိုတော ထိုတောင်တို့ကို အကုန်နှံ့ပြားအောင် ပွါးနိုင်လောင်နိုင်ကုန်၏၊ ထိုမီးတို့ ပွါးတိုင်းလည်း ထိုမြို့ရွာ တော တောင်ရှိ သတ္တဝါအပေါင်းတို့သည် ဒုက္ခကြီးစွာ ဖြစ်ပွါးကြ ရကုန်၏၊ ထိုမြို့ ရွာ တော တောင်တို့၌ ရှိနေသော မီးစာ ဝတ္ထုတို့သည် ကား ထိုမီးတို့ကို လွန်စွာပွါးစီးအောင် ချီးမြှင့်မြှောက်စားနိုင်ကြကုန်၏၊ မီးတို့သည် မီးစာကင်း၍ ဖြစ်ခြင်းငှါပင် မတတ်နိုင်ကြကုန်၊ စီးပွါးမှုကိစ္စ၌ ဆိုဖွယ်မရှိ။

ဥပမာ ဥပမေယျ နှီးနှောပြချက်

ဤဥပမာ၌

အာသဝ တရားတို့သည် မီးတို့နှင့် တူကုန်၏၊

သံသရာကြီးသည် ထိုမီးလောင်ရာ မြို့,ရွာ,တော,တောင်နှင့် တူ၏၊ သန္တိသုခမှ ကင်းရှင်းသော ခန္ဓာငါးပါးတို့သည် ထိုမြို့ ရွာ တော တောင်ရှိ အိမ်ယာဝင်းခြံ ဘုံနန်းပြာသာဒ် ခြောက်သွေ့သော သစ်ပင် တောချုံတို့နှင့် တူကုန်၏၊

ဤ လူ, နတ်, ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် ထိုမီးလောင်ရာ မြို့ ရွာ တော တောင်နေ သတ္တဝါအပေါင်းတို့နှင့် တူကုန်၏၊ အာသဝတရားတို့သည် ခန္ဓာငါးပါးလျှင် တည်ရာမှီရာ ကိုးကွယ်ရာ

ရှိကြကုန်၏၊ ခန္ဓာငါးပါးတို့သည် အာသဝတရားတို့ကို လွန်စွာ ပွါးစီးအောင်

ချီးမြှောက်နိုင်ကုန်၏၊ အပါယ်လေးဘုံ အသိုက်အအုံကြီးကို

လည်းကောင်း, မျက်မြင် လောက၌ ဆင်းရဲဒုက္ခရောက်၍နေကြသော သတ္တဝါတို့ကိုလည်းကောင်း မြော်မြင် မိကြကုန်သည်ရှိသော် အနမတဂ္ဂ သံသရာ၌ အာသဝတရားတို့၏ သတ္တဝါ အပေါင်းတို့အား ဒုက္ခတရား ပွါးစီးစေမှုသည် အဘယ်မျှလောက် ကြီးကျယ်သည် ဟု မြော်မြင်နိုင်ကြရ

ကုန်၏၊

ထို့ကြောင့်

''ဣမေ ပဉ္စက္ခန္ဓာ=ဤခန္ဓာငါးပါးတို့သည်၊ သာသဝါ=အာသဝေါ

တရားလေးပါးတို့၏ အစီးအပွါးတို့သာတည်း'' ဟု ဆိုပေသည်။ ( သာသဝ ပြီး၏၊ )

----- * ----

၁၈-မာရာမိသကိုပြဆိုခန်း

မာရ် ၄-ပါး-- 'သတ္တေ မာရေန္တီတိ မာရာ၊ မာရာနံ အာမိသာတိ မာရာမိသာ'။

သတ္တေ=သတ္တဝါတို့ကို၊ မာရေန္တိ=သတ်တတ်ကုန်၏၊ ဣတိ= ထို့ကြောင့်၊ မာရာ=မာရ်မည်ကုန်၏၊ ကိလေသ,ခန္ဓ,အဘိသင်္ခါရ, မစ္စုဟူ သော မာရ်လေးပါးတို့ကို ရကုန်၏၊

မာရာနံ=သူသတ်ယောကျ်ား မာရ်ငါးပါးတို့၏၊ အာမိသာ= အစာထမင်း မှီတင်းနေရပ် စားဖတ်ဝါးဖတ် သုံးသပ်နင်းနယ်ရာတို့တည်း၊ ဣတိ=ထို့ကြောင့်၊ မာရာမိသာ=မာရာမိသ မည်ကုန်၏။

ဒေဝပုတ္တမာရ်-- ဒေဝပုတ္တမာရ်သည်ကား သတ္တဝါတိုင်းနှင့် အမြဲတွေ့ကြုံသည် မဟုတ်၊ ပြဆိုခဲ့ပြီးသော မာရ်လေးပါးတို့သည်သာလျှင် အနမတဂ္ဂသံသရာ၌ သတ္တဝါခပ်သိမ်းတို့ကို အစဉ်တစိုက် လိုက်ပါ သတ်ဖြတ်၍ နေကြကုန်၏၊ ထို့ကြောင့် ထိုလေးပါးတို့ကိုသာ ပြဆို လိုက်သည်။

အဘိသင်္ခါရမာရ်-- အဘိသင်္ခါရမာရ် ဆိုသည်ကား လောကီ ကုသိုလ် အကုသိုလ်တို့ကို ဆိုသတည်း။

မစ္စုမာရ်--မစ္စုမာရ်ဆိုသည်ကား မရဏဓာတ်ကြီးကို ဆိုသတည်း။

ဒေဝပုတ္တမာရ်နှင့်တကွ ထိုမာရ်ငါးပါးတို့၏ သတ္တဝါတို့၌ သတ်ပုံ ကိုမူကား ငါတို့စီရင်သော ''ဥတ္တမပုရိသ ဓမ္မပဒေသာ'' အမည်ရှိသော ကျမ်းမှာ အကျယ်ကြီး ပါရှိလေ၏။

မာရ် ၄-ပါး သတ်မှု။ ။ လိုရင်းအဓိပ္ပါယ်မျှကို ပြဆိုဦးအံ့ဤသတ္တဝါအပေါင်းတို့သည် အနမတဂ္ဂသံသရာ၌ ရံဖန်ရံခါ လူ့ဘဝ နတ်ဘဝ ဗြဟ္မာ့ဘဝတို့ကို ရကြပါကုန်သော်လည်း ဖြစ်ရာဘဝတို့၌ အတည်တကျ မနေကြရကုန်၊ အောက်သို့သာ လျှောကျလာကြရကုန် သည်ကား သစ်သီးတွေကို ရိုက်ချွေ၍ ချဘိသကဲ့သို့ မာရ် ၄-ပါးတို့ ရိုက်ချွေ၍ ချမှုပေတည်း။

ရိုက်ချွေပုံကား--- ထိုဘဝတို့၌ ဖြစ်ပွါးကုန်သော ကိလေသာ တို့သည် ထိုဘုံ၌ ထပ်၍ဖြစ်ကြောင်းဖြစ်သော ကုသိုလ်လမ်းကို ပိတ်ဆို့၍ ခံစားမှု ပျော်ပါးမှု တွေဝေမိုက်မဲမှုတို့ကို နေ့စဉ်ပွါးများစေ၍ အောက်သို့ ရှေးရှုသည်ကိုသာ ပြုကြကုန်၏။

ခန္ဓမာရ်တို့သည် ကိလေသာတို့ကို လွန်စွာချီးမြှောက်ထောက်ပံ့ ကုန်၏၊

မစ္စုမာရ်တို့သည် ထိုဘုံထိုဘဝ အစဉ်ကိုဖြတ်၏၊ အဘိသင်္ခါရ မာရ်တို့သည် အောက်သို့ပစ်ချကုန်၏၊

ဤကား ရိုက်ချေ၍ ချပုံတည်း။

အနမတဂ္ဂသံသရာတစ်လျှောက်လုံး၌ အောက်သို့စောက်ထိုး ဂျွမ်းပြန် တကျတည်းကျ၍ နေခဲ့ကြသည်ကို အကုန်မြော်လေ။ ဤကား မာရ်လေးပါးသတ်မှုအကျဉ်းတည်း။

''ဤခန္ဓာငါးပါးသည် အဘယ်သို့လျှင် ထိုမာရ်လေးပါးတို့၏ အစာထမင်း မှီတင်းနေရပ် စားဖတ်ဝါးဖတ် သုံးသပ် နင်းနယ်ရာ ဖြစ် ကုန်သနည်း'' ဟူမူကား

မီးတို့သည် ထင်းမီးစာတို့ကို အစာထမင်း မှီတင်းနေရပ်ပြု၍ ပွါးစီးကြကုန်သကဲ့သို့ ကိလေသ, အဘိသင်္ခါရ, မစ္စုတို့သည် မှီရာခန္ဓာ ကိုပင်လျှင် အစာထမင်း မှီတင်းနေရပ်ပြု၍ ဖြစ်ပွါးကြကုန်၏။

ကိလေသမာရ်၏ စားဖတ်-- ကိလေသာတို့သည်ကား မိမိတို့ မှီရာခန္ဓာမှ တစ်ခြားတစ်ပါးသော သက်ရှိသက်မဲ့ ဝတ္ထု ခန္ဓာတို့ကိုလည်း အစာထမင်းပြုလုပ်, စားဖတ်ဝါးဖတ် သုံးသပ်နင်းနယ်ရာ ပြုလုပ်ကြ ကုန်၏။

တစ်ယောက်တစ်ယောက်သောသူ၏ ခန္ဓာကိုယ်ကြီးသည် ခွေး တစ်ရာ ခွေးတစ်ထောင်တို့၏ စားဖတ် ဝါးဖတ် အန်ဖတ် ခဲဖတ်ကြီး ဖြစ်သကဲ့သို့ မိမိ ကိလေသာတို့၏ စားဖတ် ဝါးဖတ် အန်ဖတ်, မိမိခန္ဓာကို မြင်သမျှ သိသမျှ ကြားသမျှသော တစ်ခြားတစ်ပါးသော သူတို့ ကိလေသာတို့၏ စားဖတ်ဝါးဖတ် သုံးသပ်နင်းနယ်ရာဖြစ်၏။

မြတ်စွာဘုရား ခန္ဓာတော်ကြီးကိုပင်လျှင် မာဂဏ္ဍီ, စိဉ္ဇမာန အစရှိသောသူတို့၏ ကိလေသာတို့သည် သာယာသော အခြင်းအရာ အားဖြင့် သုံးသပ်ကုန်၏။

ဒေဝဒတ်, မာရ်နတ်, အာဠာဝကဘီလူး, ပုရာဏကဿပ အစရှိ သော သူတို့၏ ကိလေသာတို့သည် မုန်းသော အခြင်းအရာ ငြိုးသော အခြင်းအရာ ပြစ်မှားသောအခြင်းအရာတို့ဖြင့် သုံးသပ်ကုန်၏။

လောက၌ လူတို့၏ တစ်ဦးသည် တစ်ဦးအား ချစ်ခြင်းမုန်းခြင်း ကိုယ်နှုတ်စိတ်တို့ဖြင့် ကောင်းအောင် ပြုကျင့်ခြင်း မကောင်းအောင် ပြုကျင့်ခြင်း အချီးမွမ်း ခံရခြင်း အကဲ့ရဲ့ခံရခြင်း အဆိုခံရခြင်း အဆဲခံရခြင်း စသည်တို့သည် သူတစ်ပါးကိလေသာတို့၏ စားဖတ်ဝါးဖတ် သုံးသပ် နင်းနယ်မှုကို ခံရခြင်းတို့ပေတည်း။

ခန္ဓမာရ်၏အစာ-- ခန္ဓမာရ်၌ကား-- ချစ်ခင်သဖြင့် ထိပါး ရော ယှက်ခြင်း မုန်းသဖြင့် ပုတ်ခတ် ရိုက်နှက် ထောင်းထု နှိပ်စက်ခြင်း အပူနှိပ် စက်ခြင်း အအေးနှိပ်စက်ခြင်း ထိုထိုသတ္တဝါ တစ်ပါးတို့၏ ကိုက်ခြင်း ခဲခြင်း နေပူခြင်း မိုးစွတ်ခြင်း စူးခြင်း ရှခြင်း ကိုယ်တွင်းဥပဒ် ကိုယ်ပဥပဒ် ကပ်ရောက် ထိပါးခြင်း အစရှိသည်တို့ကို သိလေ။

အဘိသင်္ခါရမာရ်၏အစာ-- အဘိသင်္ခါရမာရ်တို့၌--- သုစရိုက် မှု ဒုစ္စရိုက်မှုတို့နှင့် အပူအပန် အပင်အပန်းခံရခြင်းစသည်တို့ကို သိလေ။

မစ္စုမာရ်ကား ထင်ရှားပြီ။

ထို့ကြောင့်--

''ဣမေ ပဉ္စက္ခန္ဓာ=ဤခန္ဓာငါးပါးတို့သည်၊ မာရာမိသာ= ကိလေသ မာရ် မစ္စုမာရ်တို့၏ စားဖတ် ဝါးဖတ် သုံးသပ် နင်းနယ်ရာတို့ သာတည်း'' ဟု ဆိုပေသည်။

( မာရာမိသ ပြီး၏၊ )

---- * ---

၁၉-ဇာတိဓမ္မ အပြစ်ကိုပြဆိုခန်း

ဇာတိဓမ္မ--''ဇာတိဓမ္မ'' ဆိုသည်ကား ပုဂ္ဂိုလ်တို့၏ ပကတိအလို ကို ငဲ့ခြင်း မရှိမူ၍ ဓမ္မအလိုသက်သက်နှင့် ပေါက်သောက် လျောက်လျား ဖြစ်ပေါ်ခြင်း အလေ့သဘောရှိကုန်၏။

ဤအရာ၌ ကိလေသာဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်ဟူ၍ ခန္ဓာငါပါး တို့ကို သုံးပုံခွဲ၍ ဥပမာနှင့်တကွ ပြဆိုရာ၏၊

ကိလေသာယမ်းထုပ်ကြီး။ ။ဥပမာကား---တစ်ခုသော တောအရပ် ဌာနကြီး၌ မီးပေါက်မီးပွါးတို့သည် မိုးကြီးရွာသကဲ့သို့ အမြဲ ကျရောက်ဖြစ်ပွါး၍ နေရာ၏၊ တစ်ယောက်သောသူသည် ကြီးစွာသော ယမ်းထုပ်ကို ပွေ့ပိုက်၍ ထိုတောအလယ်သို့ သွားရာ၏၊ ထိုသူအား မချွတ်မလွဲလျှင် ဒုက္ခကြီးစွာ ဖြစ်လေရာ၏။

အဘယ့်ကြောင့်နည်းဆိုသော် မီးနှင့်တွေ့ခဲ့လျှင် ထိုသူ၏အလိုကို မငဲ့ဘဲ ယမ်း၏ ပကတိအလိုအားဖြင့် မီးတောက်၍ ထိုသူကိုပင် လောင်ရာ သောကြောင့်တည်း။

ဥပမာ ဥပမေယျ နှီးနှောပြချက်

ဤဥပမာ၌--

လောကကြီး ၃-ပါးသည် ကိလေသာမီးတို့ကို လွန်စွာဖြစ်ပွါး စေနိုင်သော ဥပါဒါနိယတရားတို့၏ အနမတဂ္ဂသံသရာနှင့်အမျှ အမြဲဖြစ် ထွန်းရာဌာနဖြစ်၍ မီးပေါက် မီးပွါးမိုးကြီး အမြဲရွာ၍နေသော တောအရပ် ကြီးနှင့်တူ၏၊

တစ်ယောက်တစ်ယောက်သော သတ္တဝါ၌ အစဉ်ပါရှိ၍နေသော တစ် ထောင့်ငါးရာ ကိလေသာ အစုအခဲကြီးသည် ထိုသူ၌ ရင်ခွင်ပိုက်၍ အစဉ်ပါရှိသော ယမ်းထုပ်ကြီးနှင့်တူ၏၊

ထိုစကားမှန်၏၊ လောကကြီးသုံးပါးသည် လောဘမီးကို ယမ်းပုံမီး ကျ တောက်ထအောင် လှုံ့ဆော်နိုင်သော အာရုံတောကြီးအတိ ဖြစ်၏၊ လောဘတရား၏ ဖြစ်ပေါ်မှုသည် သူတော်ကောင်းတရား အချုပ်အထိန်း မရှိက အကြောင်းအာရုံ လှုံ့ဆော်တိုင်း ယမ်းပုံမီးကျ ပေါက်လွှတ် လျောက်လျား ဖြစ်ချင်တတ်တိုင်း ဖြစ်တော့သည်သာတည်း။

သူတော်ကောင်းတရား ကြားနာခွင့်ရရန် ခဲယဉ်းပုံ

သူတော်ကောင်းတရားမည်သည် ဘဝတစ်ရာမှာ တစ်ခါမတွေ့ လို, ဘဝတစ်ထောင်မှာ တစ်ခါမတွေ့လို အလွန်တွေ့ကြုံခဲလှ၏၊ သတ္တဝါ တို့သည်လည်း မိမိတို့၏ ပကတိအလိုဟူ၍ မရကြကုန်မူ၍ လောဘဓမ္မ၏ အလိုကို မိမိတို့ အလိုပြုလုပ်ကြ၍ ပေါက်လွှတ် လိုက်စားကြကုန်၏။

ရေသတ္တဝါ ကုန်းသတ္တဝါ လူ့လောက နတ်လောက အကုန်မြော် ကြလေ။ ဒေါသ, မောဟ, မာန, ဒိဋ္ဌိအစရှိကုန်သော ပါပဓမ္မတို့၏ ဇာတိ တို့ကိုလည်း အသီးအသီး ဤနည်းတူချည်း သိကြလေ၊ သူတော်ကောင်း တရားနှင့်တွေ့ကြုံ၍ ကိလေသာမှုတို့၏ အကျိုးအပြစ်ကို ကြောင်ကြောင် သိ၍ နေကြသော ဗုဒ္ဓဘာသာ လူမျိုးတို့၏ အလယ်၌ပင်လျှင် ကိလေသာ အမိုက်တရား၏ ဖြစ်ပွါးမှုသည် အဘယ်မျှကြီးကျယ်သည်ဟု မြော်ကြလေ။ တစ်နိုင်ငံလုံး ကိလေသာတောကြီး ဖြစ်နေကြ၏၊ လောက၌ ဘယ်လူမဆို ဘယ်တိရစ္ဆာန်မဆို အမိုက်အမဲတွေကို တွေ့မြင်ကြား သိကြကုန်သည်ရှိသော် မည်သည့်သတ္တဝါ မည်သူမည်ဝါဟု ပုဂ္ဂိုလ် သတ္တဝါ မစွပ်စွဲကြကုန်လင့်၊ ကိလေသာဇာတိ သောင်းကျန်းမှုချည်း ဖြစ်သတည်း။

ထိုကဲ့သို့သော အမိုက်အမဲတို့ကို တွေ့မြင်ကြားသိရသောအခါ မိမိတို့ သန္တာန်၌ရှိသော ကိလေသာတို့အတွက် ကြောက်ခြင်း ထိတ်လန့် ခြင်းကိုသာ ဖြစ်ကြလေကုန်၏။

ကိလေသာဇာတ်

ကိလေသာဇာတ်ဆိုသည်ကား လောကအလယ်၌ ကိလေသာ တို့၏ ဇာတ်ထွက်မှုတည်း၊ ငရဲ ပြိတ္တာ အသုရကာယ်ဘုံတို့၌ ဒေါသ, ဒေါမနဿ ဇာတ်ထွက်မှု ကြီးကျယ်လှ၏။

ရေတိရစ္ဆာန် ကုန်းတိရစ္ဆာန်ဘုံတို့၌ မောဟဇာတ်ထွက်မှု ကြီး ကျယ်လှ၏၊

လူဘုံ၌ ဇာတ်အလွန်ရှုပ်၏၊ အောက် စတုမဟာရာဇ်ဘုံ၌လည်း ဇာတ် အလွန်ရှုပ်၏၊ အထက် နတ်ပြည်တို့၌ လောဘဇာတ်ထွက်မှု အလွန်ကြီးကျယ်လှ၏၊ ဗြဟ္မာပြည်တို့၌ မာန, ဒိဋ္ဌိဇာတ် အလွန်ကြီးကျယ် လှ၏၊

ဤကား ကိလေသာ ဇာတိဘေးကြီး၏ ကြောက်မက်ဖွယ် အချက် ကို အရိပ်အမြွက်မျှ ပြဆိုခန်းတည်း။

ဒုစ္စရိုက်မျိုး

ဒုစ္စရိုက်တို့၏ ဇာတိသည်လည်း-အလွန်သောင်းကျန်း၏၊ ပါဏာတိပါတ စေတနာ စသည်တို့သည် တစ်ယောက်တစ်ယောက်သော သတ္တဝါသန္တာန်၌ ဖြစ်ပေါ်ခွင့်ဆိုက်ခဲ့လျှင် အဘယ်အခါမဆို ပါဏာတိပါတ ကိစ္စနှင့် လှုံ့ဆော်၍ထွက်၏၊ ထိုပုဂ္ဂိုလ်သည် ထိုစေတနာ လှုံ့ဆော် တိုင်း ထိုပါဏာတိပါတ အလုပ်ကို လုပ်ရ၏၊

အဒိန္နာဒါန် စသည်တို့၌လည်း ဤနည်းအတူတည်း။ လူတို့၌ အရိုင်းအစိုင်းလူမျိုးတို့မှာ ပါဏာတိပါတဇာတ် ကြီးကျယ်၏၊ တိရစ္ဆာန်တို့၌လည်းကြီးကျယ်၏၊ ယခုအခါ ဥရောပတိုက် အမေရိကတိုက်တို့၌ မိစ္ဆာဒိဋ္ဌိ ဒုစ္စရိုက်နှင့်တကွ ပါဏာတိပါတ ဒုစ္စရိုက် သုရာပါန ဒုစ္စရိုက် ဇာတ်ထွက်မှု ကြီးကျယ်လှ၏။

ဤကား ဒုစ္စရိုက်ဓမ္မတို့၏ ဇာတိဘေးကြီးကျယ်ပုံကို သိသာရုံမျှ သာ ပြဆိုခန်းတည်း။

ပဋိသန္ဓေ ဝိပါက်ခန္ဓာ

ဝိပါက်ခန္ဓာတို့၏ ဇာတိသည်လည်း သေသည်၏ အခြားမဲ့၌ ပုဂ္ဂိုလ်အလိုကို ငဲ့ခြင်းမရှိမူ၍ ကံပစ်ချ ရာ၌ ပေါက်လွတ် လျောက်လျား ဖြစ်ချင်တတ်တိုင်း ဖြစ်ပေါ်၏၊ လူ့ပြည်မှ စုတေလျှင် တိရစ္ဆာန်မျိုးတွင် အဘယ်တိရစ္ဆာန်မျိုးကား မဖြစ်ဟု အထိမ်းအမှတ်မရှိ၊ ခွေးဇာတိ ဝက် ဇာတိစသည် အချက်မရွေး ထွက်ချင်တတ်တိုင်းထွက်၏၊ ပြိတ္တာ မျိုးတွင် အဘယ်ပြိတ္တာမျိုးကား မဖြစ်ဟု မရှိ၊ အသုရကာယ်မျိုးတွင် ဘယ် အသုရကာယ်မျိုးကား မဖြစ်ဟု မရှိ။

ငရဲကြီးရှစ်ထပ်တို့တွင်လည်း လူ့ပြည်မှစုတေလျှင် ဘယ်ငရဲကြီး၌ မဖြစ်ဟု မရှိ၊ အနမတဂ္ဂသံသရာ၌ သတ္တဝါအပေါင်းတို့သည် စုတေ သည်မှနောက်၌ ကမ္မဿကာ ကံချရာဟု မိမိတို့ ကိုယ်ခန္ဓာကို အစဉ် ထာဝရပေါက်လွှတ် ပစ်ထား ကြရကုန်၏၊ နတ်ပြည် ဗြဟ္မာ့ပြည်မှ စုတေ ကြရာ၌လည်း ဤနည်းအတူတည်း။

ဝိပါက်ခန္ဓာတို့၏ ဇာတိဘေးကြီးသည် အဘယ်မျှလောက် သောင်း ကျန်း ရမ်းကားမှု ကြီးကျယ်သနည်းဟု သိလိုသော် အပါယ်လေးဘုံ အသိုက်အအုံ ကြီးကျယ်ပုံ, ငရဲ ပြိတ္တာ အသုရကာယ်တို့၌ အသက်ရှည် ပုံ, ခဏမစဲ အမြဲခံနေကြရသော ဒုက္ခဝေဒနာတို့၏ ပြင်းထန်ပုံတို့ကို အကုန်မြော်လေ။

လူ့ပြည်တို့၌ ဥတုလိုက် ရာသီလိုက် အိုက်မှု ပူမှု အေးမှု ချမ်းမှု ဣရိယာပထ ဒုက္ခမီးတို့မှစ၍ ကိုယ်တွင်းဥပဒ် ကိုယ်ပဥပဒ် အရပ်ရပ်သော ဝိပါက်ခန္ဓာတို့၏ ဇာတိမှုကိုလည်း သိကြလေ။

ဤကား ဝိပါက်ခန္ဓာတို့၏ ဇာတိဘေးကြီးကျယ်ပုံကို သိသာရုံမျှ ပြဆိုချက် တည်း။

ထို့ကြောင့်-''ဣမေ ပဉ္စက္ခန္ဓာ=ဤခန္ဓာငါးပါးတို့သည်၊ ဇာတိဓမ္မာ= သတ္တဝါကို မညှာမငဲ့ အရွဲ့အစောင်း မကောင်းဆိုးညစ် ဖြစ်ချင်တတ်တိုင်း ဖြစ်တတ်သော သဘောရှိကုန်၏'' ဟုဆိုပေသည်။

( ဇာတိဓမ္မ ပြီး၏၊ )

---------- * ---------

၂၀-ဇရာဓမ္မ အပြစ်ကိုပြဆိုခန်း

ဇရာ ၃-မျိုး--''ဇရာဓမ္မ'' ဟူသောပုဒ်၌ ဇရာသည် ခဏိကဇရာ, သန္တတိဇရာ, သမ္မုတိဇရာဟူ၍ သုံးမျိုးရှိ၏၊ ဝဓကပုဒ်၌ ပြဆိုခဲ့သော မရဏ သုံးမျိုးသည် ဤဇရာသုံးမျိုးလျှင် ရှေ့သွားရှိ၏။

ခဏိကဇရာနှင့် ခဏိကမရဏ--ပဋိသန္ဓေအခါမှစ၍ ခဏမစဲ ရုပ်နာမ်တို့၏ ချုပ်ပျက်မှု သေဆုံးမှု ဟူသော ခဏိကမရဏသည် ခဏိက ဇရာကြောင့် ဖြစ်ရ၏၊

သန္တတိဇရာနှင့်သန္တတိမရဏ

အနိစ္စလက္ခဏာ၌ ပြဆိုခဲ့ပြီးသော ဣရိယာပုထ် ပြောင်းလဲခြင်း, ဣရိယာပထသန္တာပ တေဇောမီး၏ တောက်လောင်ခြင်း စသည်တို့ ကြောင့် ပထဝီကာယ အာပေါကာယ စသည်တို့၏ တစ်သုတ် တစ်သုတ် ချုပ်ပျက်မှု သေဆုံးမှုဟူသော သန္တတိမရဏသည် သန္တတိဇရာကြောင့် ဖြစ်ရ၏။

သမ္မုတိဇရာ--ခပ်သိမ်းသော သတ္တဝါတို့၏ သေဆုံးမှုဟူသော သမ္မုတိ မရဏကြီးသည် သမ္မုတိဇရာကြောင့် ဖြစ်ရ၏၊

ထိုစကားမှန်၏။

ဇရာအဓိပ္ပါယ်--ဇရာဆိုသည်ကား ပကတိအနေမှ အခြေ ပျက်မှု အနေပျက်မှုပေတည်း၊ အသစ်လတ်လတ် ဆတ်ဆတ် ရွှန်းရွှန်း စက် စက်၏ အခြေပျက်မှု အနေပျက်မှု ရင့်ရော်မှု ဆုတ်ယုတ်မှု ညှိုးနွမ်း မှုပေတည်း။

ချုပ်ပျက်သေဆုံးခြင်း ဟူသမျှသည် ရင့်ရော်ခြင်း ဆုတ်ယုတ် ညှိုးနွမ်းခြင်းလျှင် ရှေ့သွားရှိမြဲ ဓမ္မတာတည်း၊ မဆုတ်ယုတ်လျှင် ချုပ်ပျက် ခြင်း မဖြစ်နိုင်၊ မြေ၌စိုက်၍ တည်နေကြသော သစ်ပင် တောတောင် စသည်တို့၏ မြေ၌ လဲပြိုခြင်းသည် ညွတ်ကိုင်းခြင်းလျှင် ရှေ့သွားရှိ သကဲ့သို့တည်း။

ဇရာနှင့်မရဏ--ထို့ကြောင့် မရဏဟူသမျှသည် ဇရာကြောင့် သာဖြစ်၏၊ ဇရာမရှိလျှင် မရဏဟူ၍ပင်မရှိရာ၊

နိဗ္ဗာန်သည် ဇရာမရှိသောကြောင့် မရဏမရှိသည်။ ဇရာ၏အမှု--လူ နတ် ဗြဟ္မာ သတ္တဝါတို့၌ အသီးအသီး အသက် တမ်းဟူ၍ ရှိကြခြင်းသည် ဇရာ၏အမှုပေတည်း။

သုသာန် ၂-မျိုး--သတ္တဝါတို့၏ ခန္ဓာပစ်ချရာဖြစ်သော သုသာန် သင်းချိုင်း မည်သည် နှစ်မျိုးရှိ၏၊

၁။ သုသာန်မြေအရပ်သည်လည်း သုသာန်သင်းချိုင်း တစ်ပါး။

၂။ အသက်တမ်းသည်လည်း သုသာန်သင်းချိုင်း တစ်ပါး။

ထိုနှစ်မျိုးတို့တွင်--

လူတို့၌ သင်းချိုင်း နှစ်ပါးရှိ၏၊

နတ်ဗြဟ္မာတို့၌ အသက်တမ်းဟူသော သင်းချိုင်းသုသာန်တစ်မျိုး သာ ရှိ၏၊

လူတို့၏ ဇရာမီးသည် အကြင်အခါ၌ လူတို့၏ခန္ဓာကို အနှစ် အသင်္ချေရှိမှ ကျွမ်းအောင်လောင်၏၊ ထိုအခါ၌ (အနှစ်အသင်္ချေ) အသက်တမ်း ဖြစ်ရ၏၊ အကြင်အခါ၌ အနှစ်တစ်သိန်းနှင့် ကျွမ်းအောင် လောင်၏၊ ထိုအခါ အနှစ်တစ်သိန်းတမ်း ဖြစ်ရ၏။

ဤနည်းအတိုင်း လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တို့၌ အသက်တမ်း အလုံးစုံ ကို အကုန်မြော်လေ။

ဇရာအမှုကြီး

ကမ္ဘာကြီးတို့၏ အစဉ်အဆက် ပျက်ဆုံးမှု အပိုင်းအခြား, အသင်္ချေ ယျကပ်တို့၏ အပိုင်းအခြား, အန္တရကပ်တို့၏ အပိုင်းအခြား, အာယု ကပ်တို့၏ အပိုင်းအခြား, သတ္တဝါတို့၏ အရွယ်သုံးပါး အရွယ် ဆယ်ပါး တို့၏ အပိုင်းအခြား, နှစ်တို့၏ အပိုင်းအခြား, ဥတုတို့၏ အပိုင်းအခြား, လတို့၏အပိုင်းအခြား, နေ့ရက် နာရီတို့၏ အပိုင်းအခြားဟူသော ခပ်သိမ်း သော သုသာန်ကြီး သုသာန်ငယ် သင်းချိုင်းကြီး သင်းချိုင်းငယ်တို့ မှာ လည်း ဇရာအမှုကြီး မှတ်လေ။

ကမ္ဘာ၌မှီသော ဇရာကြောင့် ကမ္ဘာတို့၏ ပျက်ခြင်းဆုံးခြင်းမည် သည်ဖြစ်ရ၏၊ ဇရာမရှိသည်ရှိသော် ကမ္ဘာပျက်ဆုံးခြင်းဟူ၍ မရှိရာ။

ထို့အတူ အသက်တမ်းဟူ၍လည်းမရှိရာ၊ အရွယ်၏ကုန်ဆုံးခြင်း, နှစ်၏ ကုန်ဆုံးခြင်း, ဥတု ရတုတို့၏ကုန်ဆုံးခြင်း, နေ့ရက်၏ကုန်ဆုံးခြင်း, နာရီတို့၏ ကုန်ဆုံးခြင်းဟူ၍ မရှိရာ။

သက်ရှိသက်မဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ကုန်ဆုံးရာဖြစ် သော သုသာန်ကြီးငယ်တို့ကို အစွဲပြု၍ ကမ္ဘာကြီးငယ် အပိုင်းအခြား, နှစ်အပိုင်းအခြား, ဥတု ရတုအပိုင်းအခြား, လအပိုင်းအခြား, နေ့ညဉ့် အပိုင်းအခြား, နာရီအပိုင်းခြားတို့သည် ထင်မြင်ကြရကုန်သည်။ စေ့စုံစွာ မြင်အောင် မြော်လေ။

အနမတဂ္ဂသံသရာကြီးသည် သုသာန်သင်းချိုင်း အပြင်ကြီးအတိ ထင်မြင်ကြကုန်လတ္တံ့၊ ထိုမျှလောက် ကြီးကျယ်စွာသော ဇရာမီးသည် ခန္ဓာငါးပါးတို့၌ တည်၍ ခန္ဓာငါးပါးတို့ကို အစာပြု၍ အစဉ်ထာဝရ ပွါးစီး၍ နေကုန်၏၊ ပဋိသန္ဓေ တည်နေသည်မှစ၍ သတ္တဝါတို့၏သန္တာန်၌လည်း ကောင်း, သစ်ပင် သစ်ကိုင်း သစ်ခက် သစ်ရွက် စသည်တို့၌ လည်း ကောင်း အစဉ်လောင်၍နေ၏။

ခဏိကဇရာနှင့်ခဏိကမရဏ--ခဏိကဇရာသည် ခန္ဓာ ၅- ပါး တို့ကို ခဏိကမရဏ သင်းချိုင်းသို့ အမြဲ ပို့ချ၏၊

သန္တတိဇရာနှင့်သန္တတိမရဏ--သန္တတိဇရာသည် သန္တတိ မရဏ သင်းချိုင်းသို့ အမြဲပို့ချ၏၊

သမ္မုတိဇရာနှင့်သမ္မုတိမရဏ--သမ္မုတိဇရာသည် သမ္မုတိ မရဏ သင်းချိုင်းသို့ အမြဲပို့ချ၏၊

ထိုသုံးပါးတို့တွင် ပဋိသန္ဓေတည်နေသည်မှစ၍ အစဉ်ပါရှိ၍နေ ကုန်သော ခဏိကဇရာမီး, ခဏိကမရဏမီးတို့သည် ကြီးစွာသော အမှိုက်စု၌ ကျ၍ တငွေ့ငွေ့ ရှိနေသော မီးပေါက်မီးပွါးတို့နှင့် တူကုန်၏၊ ထိုမီးပေါက် မီးပွါးတို့သည် လေလှုံ့ဆော်၍ပေးခဲ့သော် ခဏချင်း တောက်ထ၍ ထိုအမှိုက်စုကိုလည်းကောင်း, အနီးအစပ်ရှိသော မီးစာ တို့ကိုလည်းကောင်း ခဏချင်းပြာဖြစ်အောင် လောင်နိုင်ကြကုန်၏၊ ထို့အတူ ခဏိကဇရာမီး မရဏမီးတို့သည်လည်း အကြောင်း အခွင့်ကို ရခဲ့သည်ရှိသော် ပဋိသန္ဓေအခါမှစ၍ ဘယ်ခဏမှာမဆို သန္တတိဇရာ သန္တတိမရဏ အနေနှင့်လည်း တောက်ထနိုင်ကုန်၏၊ သမ္မုတိဇရာ သမ္မုတိမရဏအနေနှင့်လည်း တောက်ထနိုင်ကုန်၏၊ ထို့ကြောင့် ဤသတ္တဝါတို့သည် နာဘေးနှင့်တွေ့ရမည်ကို အမြဲ ကြောက်ကြရကုန်၏၊ သေဘေးနှင့် တွေ့ရမည်ကို အမြဲကြောက်ကြရ ကုန်၏၊ ပဋိသန္ဓေကစ၍ အနှစ်တစ်ရာ အနှစ်တစ်ထောင် အနှစ် တစ်သောင်း အနှစ်တစ်သိန်း၏ အတွင်း နာဘေး သေဘေး ဆိုက်တိုက် လာသော်လည်း မနာနိုင် မသေနိုင်သော နာရီဟူ၍ တစ်နာရီမျှမရှိ၊ ဤသတ္တဝါအပေါင်းတို့သည် အမြဲထာဝရလျှင် ဓားအောက်လည်ခံ ဖြစ်၍နေကြရကုန်၏၊

ထို့ကြောင့်

''ဣမေ ပဉ္စက္ခန္ဓာ=ဤခန္ဓာငါးပါးတို့သည်၊ ဇရာ ဓမ္မာ=ဆုတ်ယုတ် လျှော့ ပါးခြင်း သဘောရှိကုန်၏'' ဟု ဆိုပေသည်။

( ဇရာဓမ္မ ပြီး၏၊ )

--------- * ---------

၂၁-ဗျာဓိဓမ္မ အပြစ်

ဗျာဓိ။ ။ ''ဗျာဓိဓမ္မ'' ဟူသောပုဒ်၌ ''ဗျာဓတိ=ဟိံသတီတိဗျာဓိ''။ ဗျာဓတိ ဟိံသတိ=ညှည်းပန်းတတ်၏၊ ဣတိ=ထို့ကြောင့်၊

ဗျာဓိ=ဗျာဓိမည်၏၊

အထက်၌ လာပြီးသောရောဂမျိုး ဂဏ္ဍမျိုး အာဗာဓမျိုးတို့ပင် တည်း။

နာခြင်းသဘောရှိသော ခန္ဓာငါးပါး

ဤခန္ဓာငါးပါးတို့မည်သည် မိမိပကတိသဘောအားဖြင့် (ဗျာဓိဓမ္မ မျိုးတို့သာတည်း)။

နတ် သိကြား ဗြဟ္မာတို့၏ ခန္ဓာတို့သည်လည်း ဗျာဓိဓမ္မမျိုးတို့သာ တည်း။

နတ်ဘုံဗြဟ္မာဘုံတို့၌ ဣဋ္ဌသုခသမ္ပတ္တိဖြစ်၍ နေကြကုန်သည်မှာ မိမိတို့ ပကတိသဘောနှင့် နေကြကုန်သည် မဟုတ်၊ ကံကိုပြုပြင်မှု ဟူသောအစွမ်းကြောင့် အထက်ပြဆိုခဲ့ပြီးသော ထမင်းခြောက်ပုလဲ ထမင်းခြောက် ရွဲလုံးကြီးကဲ့သို့ အခိုက် အတန့်အားဖြင့် ဝင်းဝင်းတောက် ဖြစ်၍ နေကြကုန်၏၊

ရွဲလုံးကြီးတို့သည် ပြုပြင်မှု ပြယ်ပျောက်လျှင် အမှိုက်ဇာတိသို့ပြန် ရောက်မြဲ ရောက်ကြကုန်သကဲ့သို့ နတ်သိကြား ဗြဟ္မာတို့၏ ခန္ဓာအစဉ် တို့သည်လည်း ပြုပြင်မှု ကံကုန်လျှင် အနာတော, ရောဂါတော, ဒုက္ခတော သို့ ကျလျှောမြဲ ကျလျှောကြ ရကုန်၏၊

နတ်ဗြဟ္မာ မဖြစ်ဘူးသူ မရှိ

ယခု အပါယ်လေးဘုံ၌ ရှိနေကြရသော သတ္တဝါတို့သည်လည်း ကောင်း, လူ့ပြည်၌ အနာဆိုးရောဂါဆိုး နှိပ်စက်၍နေကြကုန်သော သူတို့သည်လည်းကောင်း နတ် သိကြားဗြဟ္မာ ဖြစ်ဘူးကြသူတို့ချည်းသာ တည်း။

လူတို့၌ ခန္ဓာငါးပါး၏ ဗျာဓိသဘောသည်ကား အလွန်ထင်ရှား၏၊ ပဋိသန္ဓေတည်နေသည်မှစ၍ တစ်ဘဝလုံး၌ နာဘေးဆိုက်လာလျှင် မနာနိုင်သောအခါဟူ၍ တစ်နာရီမျှ မရှိ၊ အိုဘေး သေဘေးနှင့်အတူ အမြဲကြောက်ကြရကုန်၏။

ထို့ကြောင့်

''ဣမေ ပဉ္စက္ခခန္ဓာ=ဤခန္ဓာငါးပါးတို့သည်၊ ဗျာဓိဓမ္မာ= နာခြင်း သဘော ရှိကုန်၏'' ဟုဆိုပေသည်။

( ဗျာဓိဓမ္မ ပြီး၏၊ )

--------- * --------

၂၂- သောကဓမ္မကို ပြဆိုခန်း

''သောကဓမ္မ'' ဟူသောပုဒ်၌ မိမိတို့၏ ခန္ဓာငါးပါးတို့သည် မိမိ၌ လည်းကောင်း, သူတစ်ပါးတို့၌လည်းကောင်း သောကဒုက္ခတို့ကို ဖြစ် ပွါးစေနိုင်ကုန်၏။

သူတစ်ပါးတို့၏ ခန္ဓာငါးပါးတို့သည် သူတစ်ပါးတို့၌ လည်း ကောင်း, မိမိ၌ လည်းကောင်း သောကဒုက္ခကို ဖြစ်ပွားစေနိုင်ကုန်၏၊

မီးဘေး ရေဘေး အစရှိကုန်သော ဗဟိဒ္ဓခန္ဓာတို့သည် သတ္တဝါ တို့၌ သောကဒုက္ခတို့ကို ဖြစ်ပွားစေနိုင်ကုန်၏၊

မိမိ၏ ပိုင်ရာဆိုင်ရာဟူ၍ သိမ်းပိုက်အပ်ကုန်သော ခပ်သိမ်းသော တိုင်းပြည်မြို့ရွာအိမ်ယာ ဝင်းခြံအဝတ်အစား စပါးဆန်ရေ ရွှေ ငွေရတနာ လယ်ယာ ကိုင်းကျွန်း သစ်ပင် ဥယျာဉ်အစရှိကုန်သော အလုံးစုံသော ကာမဝတ္ထု အဆောက်အအုံတို့သည် သိမ်းပိုက်တွယ်တာသော သူတို့အား အမျိုးမျိုးသော သောက ဒုက္ခကို ဖြစ်ပွါးစေနိုင်ကုန်၏၊

ငရဲဘုံတစ်ခွင်လုံး ပြိတ္တာဘုံတစ်ခွင်လုံး အသုရကာယ်ဘုံ တစ်ခွင် လုံးတို့သည် သောကဘုံကြီး လုံးလုံးတို့သာတည်း၊ လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ့ခန္ဓာတို့သည်လည်း ထိုအမျိုးအရိုးတို့သာတည်း။

ထို့ကြောင့်--

''ဣမေ ပဉ္စက္ခန္ဓာ=ဤခန္ဓာငါးပါးတို့သည်၊ သောကဓမ္မာ= စိုးရိမ် ပူပန်ရခြင်းသဘော ရှိကုန်၏'' ဟုဆိုပေသည်။

( သောကဓမ္မ ပြီး၏၊ )

----- * ----

၂၃-၂၄။ ပရိဒေဝဓမ္မနှင့် ဥပါယာသဓမ္မ အပြစ်တို့ကို ပြဆိုခန်း

ပရိဒေဝဓမ္မ, ဥပါယာသဓမ္မ ပုဒ်တို့သည် သောကဓမ္မပုဒ်နှင့် တူကြလေ ကုန်ပြီ။

( ပရိဒေဝဓမ္မ, ဥပါယာသဓမ္မ ပြီး၏၊ )

--------- * --------

၂၅။ သံကိလေသိက အပြစ်ကိုပြဆိုခန်း

''သံကိလေသာနံ ဟိတာတိ သံကိလေသိကာ''။

သံကိလေသာနံ=တဏှာ သံကိလေသ, ဒိဋ္ဌိ သံကိလေသ, ဒုစ္စရိတ သံ ကိလေသတို့၏၊ ဟိတာ=အစီးအပွါးတို့တည်း၊ ဣတိ=ထို့ကြောင့်၊ သံကိလေ သိကာ=သံကိလေသိက မည်ကုန်။

အဓိပ္ပါယ်အကျယ်မှာ သာသဝဓမ္မဟူသော ပုဒ်နှင့်တူပြီ။

( သံကိလေသိကဓမ္မ ပြီး၏၊ )

------------

လူနတ်ဗြဟ္မာ စည်းစိမ်ချမ်းသာဟူသော တေဘူမကဓမ္မတို့၏

အပြစ်ဒေါသ အာဒီနဝ ကြီးကျယ်ပုံကို ပြဆိုခန်း

ဤအရာ၌--

''သဗ္ဗေ သင်္ခါရာ အနိစ္စာ၊

သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊

သဗ္ဗေ ဓမ္မာ အနတ္တာ။'' ဟူသောပုဒ်တို့၏ အဓိပ္ပါယ်ကိုလည်း အတန်ငယ် ပြဆိုရာ၏။

သဗ္ဗေ=ခပ်သိမ်းကုန်သော၊ သင်္ခါရာ=ပြုပြင်အပ်သော တရားတို့ မည်သည်၊ အနိစ္စာ=အနိစ္စတို့သာတည်း။

သဗ္ဗေ=ခပ်သိမ်းကုန်သော၊ သင်္ခါရာ=ပြုပြင်အပ်သော တရားတို့ မည်သည်၊ ဒုက္ခာ=ဒုက္ခတို့သာတည်း။

သဗ္ဗေ=ခပ်သိမ်းကုန်သော၊ ဓမ္မာ=လောကီ လောကုတ္တရာ နိဗ္ဗာန်ပညတ် တရားတို့သည်၊ အနတ္တာ=အနတ္တတို့သာတည်း။ ဤဒေသနာတို့၌ ပြောရိုး ဆိုရိုး အဓိပ္ပါယ်ကား ထင်ရှားပြီ။

တေဘူမကတရား၏ အမည်များ။ ။အထူးသတိပြုရန် အဓိပ္ပါယ်ကို ပြဆိုပေအံ့။

အပါယ်လေးဘုံနှင့်တကွသော ခပ်သိမ်းသော လူ့ခန္ဓာ လူ့ချမ်းသာ, နတ်ခန္ဓာ နတ်ချမ်းသာ, ဗြဟ္မာ့ခန္ဓာ ဗြဟ္မာ့ချမ်းသာဟု ဆိုအပ်ကုန်သော ခန္ဓာငါးပါး တေဘူမကတရားတို့ကို အဘိဓမ္မာ၌--

(၁) သာသဝါ=အာသဝေါတရားတို့နှင့်တကွ ဖြစ်ကုန်၏ ဟူ၍ လည်းကောင်း။

(၂) သံယောဇနိယာ=သံယောဇန်တရားတို့ကို ပွါးစီးစေတတ် ကုန်၏ ဟူ၍လည်းကောင်း။

(၃) ဂန္ထနိယာ=ဂန္ထတရားတို့ကို ပွါးစီးစေတတ်ကုန်၏ ဟူ၍ လည်းကောင်း။

(၄) ဩဃနိယာ=ဩဃတရားတို့ကို ဖြစ်ပွါးစေတတ်ကုန်၏ ဟူ၍လည်း ကောင်း။

(၅) ယောဂနိယာ=ယောဂတရားတို့ကို ဖြစ်ပွါးစေတတ်ကုန်၏ ဟူ၍ လည်းကောင်း။

(၆) နီဝရဏိယာ=နီဝရဏတရားတို့ကို ဖြစ်ပွါးစေတတ်ကုန်၏ ဟူ၍ လည်းကောင်း။

(၇) ပရာမဋ္ဌာ=မိစ္ဆာဒိဋ္ဌိ တရားတို့သည် အမှောက်အမှား သုံးသပ်အပ် ကုန်၏ ဟူ၍လည်းကောင်း။

(၈) ဥပါဒါနိယာ=ဥပါဒါန်တရားတို့ကို ဖြစ်ပွါးစေတတ်ကုန်၏ ဟူ၍ လည်းကောင်း။

(၉) သံကိလေသိကာ=ခပ်သိမ်းသော တဏှာသံကိလေသ တရား, ဒိဋ္ဌိ သံကိလေသတရား, ဒုစ္စရိုက် သံကိလေသ တရားတို့ကို ပွါးစီးစေ တတ်ကုန်၏ ဟူ၍လည်းကောင်းဟောတော်မူသောကြောင့် ခပ်သိမ်းသော တေဘူမက တရား တို့သည် မိမိတို့လည်း ကိလေသာတို့မှ ဖြစ်ပွါးကြကုန်၏၊ ကိလေသာ မီးတို့ကိုလည်း လွန်စွာပွါးများစေတတ်ကြကုန်၏၊ ဘုံသုံးပါးကြီးသည် ကိလေသာ တောကြီးအတိဖြစ်၏၊ အကုသိုလ်တောကြီး အတိဖြစ်၏ဟု သိအပ်၏။

ဘုံ ၃-ပါး၏ ဥပမာများ။။ထို့ကြောင့် ဝိသုဒ္ဓိမဂ်၌ --(၁) ဘုံသုံးပါးကြီးသည် သားရဲတို့ဖြင့်ပြည့်သော တောအုပ်ကြီး နှင့်တူ၏၊

(၂) ကျားတို့၏နေရာဖြစ်သော လိုဏ်ဂူနှင့်တူ၏၊ (၃) မိကျောင်းတို့ဖြင့်လည်းကောင်း, ရေဘီလူးတို့ဖြင့်လည်းကောင်း ပြည့်သော ရေအိုင်ကြီးနှင့်တူ၏၊

(၄) အဆိပ်နှင့်ရောသော ဘောဇဉ်နှင့်တူ၏၊

(၅) ခိုးသူဓားပြတို့၏ နေရာဖြစ်သော ခရီးနှင့်တူ၏၊

(၆) မီးလောင်၍နေသော အိမ်နှင့် တူ၏၊

(၇) စစ်သည်နှစ်ဘက် ချီတက်တိုက်ခိုက်၍နေသော စစ်မြေပြင်နှင့်တူ၏ ဟူ၍ မိန့်ဆိုပေ၏၊

လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံတို့သည် အလွန်ကောင်းသော အဆင်း အနံ့ အရသာတို့နှင့် ပြည့်စုံသော အပွင့်အသီးတို့ကို အခါခပ်သိမ်း ဆောင်ကုန်သော အဆိပ်ပင်တောကြီးနှင့်လည်း တူကုန်၏။

အဆိပ်ဆေးနှင့်တူသော အကုသိုလ်

အာသဝ သံယောဇန ဂန္ထ ဩဃ ယောဂအစရှိ ကုန်သော အကုသိုလ်တရားတို့သည် အဆိပ်ပွင့် အဆိပ်သီးတို့၌ တည်ရှိနေကြကုန် သော အဆိပ်ဆေးတို့နှင့် တူကုန်၏၊

အဆိပ်သီးစား ငှက်ဥပမာ

လူ နတ် ဗြဟ္မာအပေါင်းတို့သည် အဆိပ်ပွင့် အဆိပ်သီးတို့ကို စားသောက်၍ နေကြကုန်သော အသိန်းအသောင်း ငှက်အပေါင်းတို့နှင့် တူကုန်၏။

ထိုငှက်အပေါင်းတို့သည် အဆိပ်လောင်သဖြင့် အစဉ်အတိုင်း ကုန်ခန်းသော အသွေးအသားရှိကြကုန်သည်ဖြစ်၍ မကြာမီ မကြာမီ အောက်မြေအဘို့သို့ ကျရောက်သေဆုံး၍ မြေကြီးအစီးအပွါး ဖြစ်ကြကုန် သကဲ့သို့ လူနတ်ဗြဟ္မာတို့သည် လူ့စည်းစိမ်ချမ်းသာ နတ်စည်းစိမ်ချမ်းသာ ဗြဟ္မာ့စည်းစိမ်ချမ်းသာ ခန္ဓာငါးပါးတို့၌ ပွါးစီး၍နေကြကုန်သော ထို အကုသိုလ်အဆိပ်တို့၏ အစဉ်အမြဲ လောင်မှုကြောင့် အနမတဂ္ဂ သံသရာ ၌ အပါယ်ဘုံသို့သာ စုလာကြကုန်၍ အပါယ်လေးပါး အစီးအပွါး ချည်း အစဉ်ဖြစ်၍ နေကြကုန်၏။

ဤကား လူနတ်ဗြဟ္မာ စည်းစိမ်ချမ်းသာဟူသော တေဘူမကဓမ္မ တို့၏ အပြစ်ဒေါသ အာဒီနဝကြီးကျယ်ပုံတည်း။

တေဘူမကဓမ္မတို့၏ အပြစ်ပြီး၏၊

---- * ---

စိတ်ဟူသော အချုပ်အချာပဓာနတရားကြီး၏ အလားကိုပြဆိုခန်း

ယခုအခါ၌ စိတ်ဟူသော အချုပ်အခြာ ပဓာနတရားကြီး၏ အလားကို ပြဆိုပေအံ့။

စိတ်၏အလား ၂-မျိုး။ ။အာရုံကို သိခြင်းလက္ခဏာရှိသော ဤ စိတ်၏အလားသည်--

၁။ ပကတိသော ဇာတိအလား၊

၂။ ပြုပြင်မှုကြောင့်ဖြစ်သော အာဂန္တုကအလားဟူ၍ နှစ်ပါးရှိ၏၊

စိတ်၏ ပကတိအလား။ ။ ထိုနှစ်ပါးတို့တွင်--''ပါပသ္မိံ ရမတေ မနော''

''မနော=စိတ်မည်သည်၊ ပါသ္မိံ=မကောင်းမှု၌သာလျှင်၊ ရမတေ= မွေ့လျော်မြဲတည်း။''

ဟူ၍ ဟောတော်မူသည်နှင့်အညီ ..မကောင်းမှု၌သာ အမြဲမွေ့ လျော်ခြင်းသဘောသည် စိတ်၏ ပကတိသော ဇာတိအလားတည်း။

စိတ်၏ အာဂန္တုကအလား

ကုသိုလ်ကောင်းမှု ကိစ္စနှင့် ဖြစ်ခြင်းသည် ပြုပြင်မှုကြောင့်ဖြစ် သော စိတ်၏ အာဂန္တုက အလားတည်း။

ဒုစ္စရိုက်မှုဟူသမျှသည် စိတ်၏ ပကတိဇာတိအလားတည်း၊ ပကတိဇာတိ အလိုတည်း။

သုစရိုက်မှုဟူသမျှသည် စိတ်၏ အဂန္တုကအလားတည်း၊

အာဂန္တုက အလိုတည်း။

အကုသိုလ်စိတ် ၁၂-ပါးသည် စိတ်၏ပကတိဇာတိ အလားဖြင့် ပြိး၏၊

ကာမကုသိုလ်စိတ်ရှစ်ခုသည် ပြုပြင်မှု၏ အစွမ်းကြောင့်ဖြစ်ရ၏၊ ဥပမာကား- သံကြေးခဲတို့ မည်းညစ်ခြင်းအမှုသည် ပကတိဇာတိ အလားတည်း၊ သံကြေးခဲတို့၏ ဖြူစင်ခြင်းအမှုသည်၊ ပြုပြင်မှုရှိမှ ဖြစ်နိုင် သော အာဂန္တုက အလားတည်း။

ထိုနှစ်ပါးသော အလားတို့တွင်

ပကတိဇာတိအလားမည်သည် ရေတို့၏ နိမ့်ရာအရပ်သို့ စီးသွားမှု ကဲ့သို့ ပြုပြင်မှုမလို နဂိုဇာတိနှင့် ပြီးသည်ဖြစ်၍ စည်းမရှိ ကမ်းမရှိ ပေါက်လွတ်လျောက်လျား သွားမြဲတည်း။

အာဂန္တုကအလားမည်သည် ရေတို့၏အထက်သို့ ဆန်တက်မှု ကဲ့သို့ ပြုပြင်မှုရှိပါမှ ပြုပြင်မှု၏ အစွမ်းရှိသမျှသာ သွား၏၊ ပြုပြင်မှုအစွမ်း ကုန်လျှင် ပကတိဇာတိအလားသို့သာ လဲမြဲတည်း၊ ပကတိဇာတိအလားသို့ ရောက်လျှင် စည်းကမ်းမရှိပြီ၊ ဆီးမရ တားမရ သွားချင်တိုင်း သွားတော့ သည်၊ လောက၌ မျက်မြင်ကိုယ်တွေ့ ထင်ရှား၍နေကြသော အမှုတည်း။

သုစရိုက်ဖြစ်ကြောင်း

စိတ်ကို သုစရိုက်စိတ်, မဟာကုသိုလ်စိတ် ဖြစ်စေခြင်းငှါ ပြုပြင်မှု မည်သည် ပဋိရူပဒေသဝါသ, သပ္ပုရိသူပ နိဿယ, သဒ္ဓမ္မဿဝန အစရှိ သော အကြောင်းကြီး အခွင့်ကြီးတို့နှင့် တွေ့ကြုံသောအခါ၌သာ ဖြစ်နိုင်၏။

အနမတဂ္ဂသံသရာ၌ ကျင်လည်၍ နေကြကုန်သော သတ္တဝါ တို့အား လူ့ဘဝကို ရမှုသည်ပင်လျှင် အလွန်ခဲယဉ်း၏၊ ပဋိရူပဒေသဝါသ အစရှိသော အကြောင်းကြီး အခွင့်ကြီးတို့နှင့် တွေ့ကြုံရန် အရေးမူကား တို့ထက် အလွန်ခဲယဉ်းတော့သည်။

ယခုအခါ ဇမ္ဗူဒီပါ ကျွန်းကြီးအပြင်မှာ ရှိနေကြကုန်သော လူအမျိုးမျိုးတို့တွင် သုစရိုက်ဆယ်ပါးရှိကြသော လူမျိုး အဘယ်မျှလောက် နည်းပါးသည်ဟုမြော်လေ။

ဤသို့သော ယုတ္တိဖြင့် အပါယ်လေးပုံကြီးသည် စိတ်၏ပကတိ အလားတည်း၊ လူ့ဘုံ နတ်ဘုံသည် စိတ်၏ အာဂန္တုအလားတည်းဟု ထင်ရှား၏၊ လူ့ဘုံ နတ်ဘုံတို့၌ သတ္တဝါနည်းပါးမှု, အပါယ်လေးပုံကြီး၌ သတ္တဝါအသိုက်အအုံ ကြီးကျယ်မှုနှင့်လည်း ထင်ရှား၏။

မဟာကုသိုလ်ထက် အပ္ပနာကုသိုလ်ဖြစ်ရန် ခဲယဉ်းပုံ

မဟာကုသိုလ်ဖြစ်ရန် ပြုပြင်မှုထက် ရူပါဝစရစျာန်ကုသိုလ် အရူပါဝစရစျာန် ကုသိုလ်ဖြစ်ရန် ပြုပြင်မှုတို့သည် အလွန်ခဲယဉ်းလှကုန် တော့သည်။

လောကုတ္တရာကုသိုလ်တို့၌မူကား

၁။ မြတ်စွာဘုရားတို့၏ မဂ်ဉာဏ်ကုသိုလ်သည် လေးသင်္ချေ ရှစ်သင်္ချေ တစ်ဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပြုပြင်ရ၏။

၂။ ပစ္စေကဗောဓိမှာ နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း၊

၃။ အဂ္ဂသာဝကဗောဓိမှာ တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း၊

၄။ မဟာသာဝကဗောဓိမှာ ကမ္ဘာတစ်သိန်းပြုပြင်ရ၏၊

၅။ ပကတိသာဝကဗောဓိမှာ ကမ္ဘာတစ်ရာ ကမ္ဘာတစ်ထောင် စသည် ဖြင့်ပြုပြင်ရ၏၊

ဤမျှသောစကားရပ်တို့ဖြင့် စိတ်ဟူသောအချုပ်အခြာ ပဓာန တရားကြီး၏ ကုသိုလ်ဖြစ်မှု အလားမည်သည် ပြုပြင်မှုကြောင့်ဖြစ်ရသော အာဂန္တုအလားသာ ဖြစ်၏၊ အကုသိုလ်ဖြစ်မှုသည်သာလျှင် စိတ်၏ ပကတိ ဇာတိအလား ဖြစ်၏ဟူသော အနက်, သံသရာ၌ ကျင်လည်၍နေကြကုန် သော သတ္တဝါတို့မှာလည်း သုဂတိဘဝသို့ ရောက်မှုသည် အာဂန္တုအလား မျှသာဖြစ်၏၊ ဒုဂ္ဂတိဘဝ၌ ကျင်လည်မှုသည်သာလျှင် အစဉ်ထာဝရ အလားဖြစ်၏ဟူသော အနက်သည် ပြီးသတည်း။

(စိတ်ဟူသော ပဓာနတရား ပြီး၏၊)

------------ * ------------

ခန္ဓာငါးပါး အနိစ္စ ဒုက္ခ အနတ္တ ဖြစ်ပုံ

ခန္ဓာငါးပါးသည်

အကုသိုလ်၏အစီးအပွါး

အဘယ့်ကြောင့် အကုသိုလ် ဖြစ်မှုသည်သာလျှင် စိတ်၏ ပကတိ ဇာတိအလား ဖြစ်လေသနည်း ဟူမူကား

တေဘူမကဓမ္မဟုဆိုအပ်သော လူ, နတ်, ဗြဟ္မာ စည်းစိမ်ချမ်းသာ ခန္ဓာ ငါးပါးတို့သည် အကုသိုလ်၏ အစီးအပွါးတို့သည်သာ ဖြစ်ကုန်၏ဟု ပြဆိုခဲ့ပြီးသော အဘိဓမ္မာပါဠိတော်, ဝိသုဒ္ဓိမဂ်အဋ္ဌကထာ, အဆိပ်ပင် တောကြီး ဥပမာတို့နှင့် ဖြေလေ။

ထို လူနတ်ဗြဟ္မာ စည်းစိမ်ချမ်းသာ ခန္ဓာငါးပါးတို့နှင့် ရောနှော ဆက်ဆံမှုသည် အကုသိုလ်ဖြစ်ခန်း၊ စွန့်လွှတ်ကြဉ်ရှောင်မှုသည် ကုသိုလ် ဖြစ်ခန်းဟူ၍လည်း လောက၌ ထင်ရှား၏။

ကုသိုလ်စိတ်ဖြစ်ရန်ခက်ခဲပုံ

ဤသို့လျှင် သံသရာ၌ ကျင်လည်ကြကုန်သော သတ္တဝါတို့၏ အချုပ်အခြာ ပဓာနကြီးဖြစ်သော စိတ်သည် အကုသိုလ်အဖြစ်၌သာ ပကတိ ဇာတိသဘောဖြစ်၍ အစဉ်ထာဝရမြဲသော သဘောရှိ၏၊ ကုသိုလ်အဖြစ်၌ မိမိ၏ ပကတိ ဇာတိသဘော မဟုတ်၊ ပြုပြင်မှု၏ အစွမ်းသက်သက်မျှသာဖြစ်၍ ဘဝတစ်ရာမှ တစ်ခါသာ ဖြစ်နိုင်၏၊ ဘဝတစ်ထောင်မှ တစ်ခါသာ ဖြစ်နိုင်၏၊ အစဉ်အမြဲ ဖြစ်နိုင်သော သဘောမရှိ။

စိတ်သည်အနိစ္စမျိုး

ပြုပြင်မှု၏ အစွမ်းဖြင့် ကုသိုလ်အဖြစ်နှင့် ဖြစ် သောအခါလည်း ပြုပြင်မှု၏အစွမ်း ကင်းခဲ့လျှင် ခဏချင်းခဏချင်း ကွယ်ပျက်၍ အကုသိုလ် ဖက်သို့သာ လဲမြဲလဲ၏၊ ပြုပြင်မှု ရှိစဉ်၌လည်း တစ်စုံတစ်ခု ဆန့်ကျင်ဖက် တရား ထိပါးခဲ့ပြန်လျှင် ခဏချင်း ကွယ်ပျက်၍ အကုသိုလ်ဖက်သို့ လဲမြဲ လဲ၏။

ထို့ကြောင့်

''ဖန္ဒနံ စပလံ စိတ္တံ၊ ဒုရက္ခံ ဒုန္နိဝါရယံ''

ဟူ၍ ဟောတော်မူ၏၊

စိတ္တံ=စိတ်သည်၊ ဖန္ဒနံ=တုန်လှုပ်၏၊ စပလံ=လျှပ်ပေါ်၏၊ ဒုရက္ခံ= စောင့်ရှောက်ခြင်းငှါ ခက်ခဲ၏၊ ဒုန္နိဝါရယံ=မကောင်းသော အလားကို တားမြစ်ခြင်းငှါ ခက်ခဲလှ၏၊

ဤကား စိတ်၏ ကောင်းရာသို့ ပါရလေအောင် ပြုပြင်အပ်သော သင်္ခါရမျိုးဖြစ်၍ ကောင်းသောအဖို့၌ အနိစ္စဖြစ်ပုံတည်း။

စိတ်သည် ဒုက္ခမျိုး

ဤသို့ ကောင်းသောအဖို့၌ ပြုပြင်အပ်သော အနိစ္စမျိုးဖြစ်၍ မကောင်းသောအဖို့၌ ပကတိဇာတိအနေအားဖြင့် မြဲသောသဘောရှိ သောကြောင့် ဤစိတ်ကို သတ္တဝါတို့၏ အချုပ်အခြာ ပဓာနအင်္ဂါပြု၍ သံသရာ၌ ကျင်လည်ခြင်းငှါ အလွန်ကြောက်လန့်ဖွယ် ကောင်းလှသော ကြာင့် ဧကန်စင်စစ် ဒုက္ခမျိုးသာ ဖြစ်၏။

ဤကား စိတ်၏ ပကတိဇာတိအားဖြင့် ဒုက္ခမျိုးစင်စစ် ဖြစ်ပုံ တည်း။

စိတ်သည် အနတ္တဖြစ်ပုံ

သတ္တဝါတို့၏ ပကတိဇာတိ အလိုအား အစဉ်ထာဝရ ကောင်းမြတ် ချမ်းသာသည်ကိုသာ အလိုရှိ၏၊ စိတ်၏ ပကတိ ဇာတိအလိုကား မကောင်းယုတ်မာ ဆင်းရဲရာသို့သာ အစဉ်ထာဝရ ဆောင်ခြင်းသဘော ရှိ၏၊ သတ္တဝါတို့၏ ပကတိအလိုနှင့် စိတ်၏ ပကတိအလိုသည် အစုန် အဆန် ဆန့်ကျင်ဖက် ဖြစ်နေကြ၏၊ သတ္တဝါတို့၏ ပကတိအလိုနှင့် စိတ်၏ ပကတိအလိုသည် အနမတဂ္ဂသံသရာ၌ တစ်ရံတစ်ခါမျှ မရော မိကြ။

ထို့ကြောင့် စိတ်သည် သတ္တဝါ၏ ပိုင်ရာနိုင်ရာ မဟုတ်၊ သတ္တဝါ မဟုတ်၊ သတ္တဝါတစ်ခြား စိတ်တခြားဟု ထင်ရှား၏၊ သတ္တဝါဟူ၍ကား မရှိ။

ဤကား စိတ်သည် သတ္တဝါ၏ အတ္တသာရ မဟုတ်ပုံတည်း။ စိတ်၏ အနိစ္စမျိုး ဒုက္ခမျိုး အနတ္တမျိုးဖြစ်ပုံ ပြီး၏၊

----- * ----

စေတသိက်၌

အနိစ္စ ဒုက္ခ အနတ္တဖြစ်ပုံ

အလုံးစုံသော စေတသိက်တို့သည်လည်း စိတ်၏နောက်လိုက်နောက်ပါမျှသာ ဖြစ်ကြကုန်၍ မကောင်းရာ၌သာ အစဉ်မြဲသော ပကတိ ဇာတိ သဘောရှိကြကုန်၏၊ စိတ်၌ပြဆိုခဲ့ပြီးသောအတိုင်း အလုံးစုံ အကုန်တူ၏။

နာမက္ခန္ဓာလေးပါးတို့၏ အနိစ္စမျိုး ဒုက္ခမျိုး အနတ္တမျိုးဖြစ်ပုံ ပြီး၏၊

----- * ----

ရုပ်၌ အနိစ္စ ဒုက္ခ အနတ္တ ဖြစ်ပုံ

သံသရာ၌ တစ်ဘဝမှ တစ်ဘဝသို့ ပြောင်းသွားရာ၌ နာမက္ခန္ဓာ တို့ သွားရာသို့ ရူပက္ခန္ဓာသည် အစဉ်ပါရ၏၊ ထို့ကြောင့် နာမက္ခန္ဓာ တို့ကဲ့သို့ပင် ရူပက္ခန္ဓာသည်လည်း ပကတိသဘောအားဖြင့် မကောင်းဆိုး ရွားမျိုးသာ စင်စစ်ဖြစ်၏၊ ရံဖန်ရံခါ လူရုပ်, နတ်ရုပ်, ဗြဟ္မာရုပ်အနေနှင့် ဖြစ်ပေါ်လာမှုသည် ကံပြုပြင်မှု၏ အစွမ်းသက်သက်သာတည်း။

တစ်ဘဝ တစ်ဘဝ၌ ဖွားမြင်စ အခါကာလမှစ၍ တစ်စုံတစ်ခု သော ပြုပြင်မှု မရှိဘဲ သူ့ပကတိဇာတိအတိုင်း ပေါက်လွှတ်ထားခဲ့ သည်ရှိသော် ထင်ရှားစွာဖြစ်၍ သွားရာသော ခန္ဓာငါးပါးတို့၏ အနိစ္စ အလား, ဒုက္ခအလား, အနတ္တအလားကိုကား ရှေ့၌ ပြဆိုခဲ့ပြီ။

ထိုသို့ပြဆိုခဲ့ပြီးသောအတိုင်း ကောက်စပါး မြက်သစ်ပင်တို့၏ စိမ်းရှင် စည်ကား၍ နေ့ရက်အရှည် တည်နေမှု, အရွက် အပွင့် အသီးကို ဆောင်မှုသည် မြေဥတု ရေဥတု ပြုပြင်မှု အစွမ်းသက်သက် ဖြစ်သကဲသို့ သတ္တဝါတို့၌လည်း စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မနော-ဟူသော ပဓာနအင်္ဂါ အတွင်းအာယတနခြောက်ပါးတို့၏ နေ့ရှည် ရက်ရှည် တည်နေမှု, မြင်ခြင်း ကြားခြင်း နံခြင်း လျက်ခြင်း ထိခြင်း သိခြင်းတို့ကို ရွက်ဆောင်မှုသည် ရှေးရှေးနေ့တို့၌ တင်ကူး၍ ပြုအပ်သော အစာ အာဟာရ ပြုပြင်မှု၏ အစွမ်းသက်သက်မျှသာတည်း။

ပြဆိုခဲ့ပြီးသော ခန္ဓာငါးပါးတို့၏ ပကတိ ဇာတိအလားကို မဟာအဝီစိ ငရဲကြီးသို့ဆိုက်အောင် တသွန်တည်းလဲ၍ သွားပုံနှင့်တကွ အနမတဂ္ဂသံသရာ တစ်ခုလုံး အကုန်မြော်မြင်ကြလေ။

ယူဇနာငါးရာမြင့်သော ဟိမန္တာတောင်ပေါ်မှ စီးကုန်သော မြစ်ကြီး မြစ်ငယ်တို့သည် မဟာသမုဒ္ဒရာသို့ချည်း တသွန်တည်း လဲကြကုန် သကဲ့သို့ အနမတဂ္ဂ သံသရာ၌ လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံ၌ရှိကြကုန်သော ခန္ဓာကိုယ်ကောင် ကြီးငယ်တို့၏ ပကတိဇာတိအလားကို မဟာအဝီစိသို့ ချည်းဆိုက်အောင် မြော်မြင်ကြလေ။

သုစရိုက်ဖြစ်ရန် ခဲယဉ်းပုံ

မနုဿတ္တဒုလ္လဘ တရားတော်များနှင့် ထောက်မြော်၍ ကြည့်ကြ ကုန်သည်ရှိသော် သုစရိုက်ဆယ်ပါး အလိမ္မာတရားနှင့် ပြည့်စုံသော အဖြစ်ကို ဆယ်ဘဝ ကိုးဘဝ ဆက်လက်၍ ရနိုင်ရန် အလွန်ခဲယဉ်းလှ၏။

ဒုစ္စရိုက်ဆယ်ပါး အမိုက်တရားနှင့် ပြည့်စုံသော အဖြစ်ကိုမူကား တစ်ဘဝရောက် ပေါက်မိသည်ရှိသော် နိမ့်ရာသို့ စီးဆင်းသော မြစ်ရေ ကဲ့သို့ ဘဝပေါင်း အထောင် အသောင်းမက မြှုပ်လေ မျောလေတော့ သည်။ လိပ်ကာဏ်း ဥပမာ ဒေသနာတော်များကို မြော်လေ။

ဤကား စိတ်အစရှိကုန်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ အလွန်ကြောက်လန့်ဖွယ် ကောင်းလှသော နဂိုဇာတိ ပကတိသဘော ရင်းကို ထင်လင်းစွာ သိစေခြင်းငှါ အနိစ္စတစ်မျိုးကို ပြဆိုခန်းတည်း။

( ခန္ဓာငါးပါး အနိစ္စတရား ပြီး၏၊ )

----- * ----

ငရဲကြီးရှစ်ထပ် အဓိပ္ပါယ်အကျယ်

ပဋိသန္ဓေ အကြိမ်များဆုံးဖြစ်ရာ

ကာမဘုံ

သမစိတ္တသုတ်တွင် အဇ္ဈတ္တသံယော ဇနပုဒ်, ဗဟိဒ္ဓသံယောဇန ပုဒ်တို့၏ အဖွင့်၌ ခပ်သိမ်းသော သတ္တဝါ တို့အား ကာမဘုံ၌ ပဋိသန္ဓေ အကြိမ် အလွန်များ၏၊ ဗြဟ္မာ့ဘုံ၌ ပဋိသန္ဓေအကြိမ် အလွန်နည်းပါး၏၊ ထို့ကြောင့် ဤကာမဘုံသည်သာလျှင် ခပ်သိမ်းသော သတ္တဝါတို့၏ ထာဝရနေရင်း အတွင်းအရပ် မည်၏၊ ဗြဟ္မာ့ဘုံသည် ရံခါရံခါသာ လှည့်လည် ရောက်ပေါက်ရာ အပ္ပဓာနမည်၏ဟု အဋ္ဌကထာ၌ ဖွင့်ဆို ပေ၏။

သံသရာ၌ အပါယ်ဘုံသား များခြင်း

ဤသို့ အဋ္ဌကထာ၌ ဖွင့်ဆိုကြသောနည်းအတိုင်းဖြင့် ကာမဘုံ တွင် ပဋိသန္ဓေအကြိမ်အများဆုံးကို ရွေးကောက်ပြန်သည်ရှိသော် အပါယ်လေးဘုံ၌ အများဆုံးဖြစ်၏၊ တစ်ရာတွင် တစ်ဘဝ, တစ် ထောင် တွင် တစ်ဘဝမျှသော်လည်း လူ့ဘုံနတ်ရပ်သို့ အလှည့်မကျနိုင် ရှိကြ၏။

ထို့ကြောင့် အနမတဂ္ဂသံသရာ၌ ခပ်သိမ်းသော သတ္တဝါတို့၏ ထာဝရ နေရပ်ဌာနကား အပါယ်လေးဘုံသာတည်း၊ ခပ်သိမ်းသော သတ္တဝါတို့သည် သံသရာ၌ အမျိုးအရိုးအားဖြင့် အပါယ်လေးဘုံသူ အပါယ်လေးဘုံသားတို့ ချည်းသာတည်း။

ငရဲကြီးရှစ်ထပ်

ထို့ကြောင့် အနမတဂ္ဂ သံသရာ၌ ခပ်သိမ်းသော သတ္တဝါတို့၏ အစဉ်ထာဝရ ကျင်လည်ကြရာဖြစ်သော အပါယ်လေးဘုံ၏ အခြင်းအရာ ကို အနည်းငယ် ပြဆိုလိုက်အံ့။

ဤလူ့ပြည်မှ အောက်ယူဇနာ တစ်သောင်းငါးထောင် ကွာခြား သော အရပ်မှစ၍ အောက်၌ ယူဇနာတစ်သောင်းငါးထောင်စီ ကွာခြား လျက် အစဉ်အတိုင်း တည်ရှိကြကုန်သော ငရဲကြီးရှစ်ပြည်ထောင် တို့သည်ကား

၁။ သဉ္ဇိုဝ်း ငရဲကြီး၊

၂။ ကာဠသုတ် ငရဲကြီး၊

၃။ သံဃာတ ငရဲကြီး၊

၄။ ရောရုဝ ငရဲကြီး၊

၅။ မဟာရောရုဝ ငရဲကြီး၊

၆။ တာပန ငရဲကြီး၊

၇။ မဟာတာပန ငရဲကြီး၊

၈။ မဟာအဝီစိ ငရဲကြီး။

ဟူ၍ ရှစ်ထပ် ရှိကြကုန်၏၊

၁-သဉ္ဇိုဝ်း ငရဲကြီး၏ အခြင်းအရာကို ပြဆိုခန်း

သဉ္ဇိုဝ်းငရဲမည်ပုံ။။ အဘယ်ကြောင့် သဉ္ဇိုဝ်းငရဲ ခေါ်သနည်း။ ''သံပုနပ္ပုနံ ဇီဝန္တိ ဧတ္ထ နိဗ္ဗတ္တာ သတ္တာထိ သဉ္စီဝေါ''

ဧတ္ထ=ဤငရဲ၌၊ နိဗ္ဗတ္တာ=ဖြစ်ကုန်သော၊ သတ္တာ=သတ္တဝါအနန္တ တို့သည်၊ သံ ပုနပ္ပုနံ=အဖန်ဖန်၊ ဇီဝန္တိ=အသက်ရှင်ကြကုန်၏၊ ဣတိ= ထို့ကြောင့်၊ သဉ္ဇီုဝေါ= သဉ္ဇိုဝ်းမည်၏။

သဉ္ဇိုဝ်းငရဲ

အကျယ်အဝန်းနှင့် ခံရပုံ

ဤသဉ္ဇိုဝ်းငရဲကြီးသည် ဇမ္ဗူဒီပါကျွန်း၏ အောက်၌ အနက် ယူဇနာတစ်ရာ, အလျား,အနံ ယူဇနာတစ်သောင်းကျယ်သော မြေ ဥမင်ကြီး၌တည်၏၊ အလျှံပြောင်ပြောင် တောက်လောင်သော သံမြေအပြင်ရှိ၏၊ အသင်္ချေယျ အနန္တမျှသော ငရဲသူသတ္တဝါတို့ဖြင့် ပြည့်၏၊

ငရဲထိန်းတို့သည် ထန်းလုံးခန့် ပမာဏရှိကုန်သော အလျှံပြောင်ပြောင် တောက်လောင်ကုန်သော အလွန်တစ်ရာ ထက်လှစွာကုန်သော အထူးထူး အပြားပြားကုန်သော လက်နက်လှံတံတို့ဖြင့် ပစ်ခတ်ထိုးသတ် ရိုက်ပုတ်ကြကုန်၍ ထိုငရဲသူ သတ္တဝါတို့ကို ဦးခေါင်း အပိုင်းပိုင်းပြတ်သည် တို့ကို ပြုကြကုန်၏၊ လည်ပင်း အပိုင်းပိုင်း ပြတ်သည်တို့ကို ပြုကြကုန်၏၊ ခြေအပိုင်းပိုင်း ပြတ်သည်တို့ကို ပြုကြကုန်၏၊ သံမြေအပြင်၌ လဲကျကုန် သော ငရဲသူသတ္တဝါတို့ကို အလျှံပြောင်ပြောင် တောက်လောင်ကုန်သော ကြီးစွာသော သံတင်းပုတ်တို့ဖြင့် ထုကြကုန်၏၊ အရေအသား အရိုး တို့သည် ကြေမွကုန်၏၊ သွေးတို့သည် ချောင်းကဲ့သို့ စီးကုန်၏။

ထိုအလုံးစုံတို့ကို သံမြေမှထသော မီးတို့သည် ခဏချင်း လောင် ကျွမ်းစေကုန်၍ ပြာမှုန့်မျှ အကြွင်းအကျန် မရှိသည်တို့ကို ပြုကြကုန်၏၊ ငရဲသူ သတ္တဝါတို့သည်ကား ဥပပါတ်ဇာတိအားဖြင့် ပကတိဖြစ်မြဲ ဖြစ်ကြ ရကုန်၏။

အကြင်မျှလောက် မိမိပြုအပ်သော အကုသိုလ်ကံတို့သည် ကုန်ခြင်းသို့ မရောက်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး အနှစ် တစ်သိန်း, အနှစ်တစ်သန်း, အနှစ်အကုဋေ, အနှစ်အသင်္ချေပင် ရှည် ကြာကြကုန်သော်လည်း အဖန် ဖန် ဖြစ်မြဲဖြစ်၍သာ နေကြရကုန်၏။

ဤသို့ ဖြစ်၍နေကြကုန်သည်တို့ကို ''အဖန်ဖန် အသက်ရှင်ကုန် သည်'' ဟုဆိုအပ်ကုန်၏၊

ဇမ္ဗူဒီပါကဲ့သို့ ယူဇနာတစ်သောင်းကျယ်သော ထိုငရဲအပြင်ကြီး သည် အသင်္ချေအနန္တ များပြားလှသော သူပုန်ရန်သူတို့ကို တစ်ပြိုင်နက် သတ်ဖြတ် ခုတ်စင်းရာ သုသာန်သင်းချိုင်း အပြင်ကြီးကဲ့သို့ အမြဲထင်၏။

သဉ္ဇိုဝ်းငရဲကြီး၏ အခြင်းအရာကို ပြဆိုခန်းအမြွက် ပြီး၏၊

-------------- * -------------

၂။ ကာဠသုတ်ငရဲကြီး၏ အခြင်းအရာကို ပြဆိုခန်း

ကာဠသုတ်ငရဲမည်ပုံ။။ အဘယ်ကြောင့် ကာဠသုတ်ငရဲ ခေါ်သနည်း။

''ကာဠသုတ္တာနိ ပါတေတွာ ဝါသိ ပရသု ကုဒါရီဟိ တစ္ဆန္တိ ဧတ္ထ နိဗ္ဗတ္တေ သတ္တေတိ ကာဠသုတ္တော''။

ဧတ္ထ=ဤငရဲ၌၊ နိဗ္ဗတ္တေ=ဖြစ်ကုန်သော၊ သတ္တေ=သတ္တဝါအနန္တ တို့ကို၊ ကာဠသုတ္တာနိ=မည်းနက်သော မျဉ်းကြိုးတို့ကို၊ ပါတေတွာ=ချ၍၊ ဝါသိပရသု ကုဒါရီဟိ=ပဲခွပ်, ပုဆိန်, ဓားမတို့ဖြင့်၊ တစ္ဆန္တိ===ရွေကြကုန်၏၊ ဣတိ=ထိုကြောင့်၊ ကာဠသုတ္တော=ကာဠသုတ်ငရဲမြည်၏။

ကာဠသုတ်ငရဲ

ပမာဏနှင့် ခံစားရပုံ

ဤငရဲကြီးသည် သဉ္ဇိုဝ်းငရဲကြီး၏ အောက်၌ အနက် ယူဇနာ တစ်ရာ, အလျားအနံ ယူဇနာတစ်သောင်း ကျယ်သော မြေဥမင်ကြီး၌ တည်၏၊ အလျှံပြောင်ပြောင် တောက်လောင်သော သံမြေအပြင်ရှိ၏၊ အသင်္ချေယျ အနန္တမျှသော ငရဲသူသတ္တဝါတို့ဖြင့်ပြည့်၏။

ငရဲထိန်းတို့သည် ထန်းလုံးခန့် ပမာဏရှိကုန်သော အလျှံပြောင် ပြောင် တောက်လောင်ကုန်သော အလွန်တစ်ရာ ထက်လှစွာကုန်သော အထူးထူး အပြားပြားကုန်သော လက်နက်လှံတံတို့ဖြင့် ပစ်ခတ်ထိုးသတ် ရိုက်ပုတ်ကြကုန်၍ ထိုငရဲသူ သတ္တဝါတို့ကို အလျှံပြောင်ပြောင် တောက်လောင်သော သံမြေအပြင်၌ လဲစေကုန်၏။

ငရဲထိန်းတို့သည် သံမြေအပြင်၌ လဲကျကုန်သော ငရဲသူသတ္တဝါ တို့ကို ထန်းလုံးခန့် ပမာဏရှိကုန်သော သံတံသင်းတို့ဖြင့် သံမြေ၌ နှက်၍ မလှုပ် မလှက်နိုင်သည်တို့ကို ပြုပြီးလျှင် သံဖြင့်ပြီးသော မည်းနက်သော အဆင်းရှိကုန်သော မျဉ်းကြိုးတို့ဖြင့် အစင်းစင်း မျဉ်းကြောင်းများစွာ ချကုန်လျက် အိမ်မိုး တခြမ်းပမာဏရှိကုန်သော ပဲခွပ်သွား, ပုဆိန်သွား, ဓါးမသွားတို့ဖြင့် ရှစ်မြှောင့် တစ်ဆယ့်ခြောက်မြှောင့် စသည်ပြု၍ အလွှာအလွှာ ရွေ၍ ချကြကုန်၏၊ အရိုး မကျန်ရှိသည်ကို ပြုကြကုန်၏။

သွေးတို့သည် ချောင်းကဲ့သို့ စီးကုန်၏၊ သံမြေမှထသော မီးတို့ သည် အလုံးစုံကို အကုန်ခဏချင်း လောင်ကျွမ်းစေကုန်၍ ပြာမှုန့်မျှ အကြွင်းအကျန် မရှိသည်တို့ကို ပြုကုန်၏၊ ငရဲသူသတ္တဝါတို့သည်ကား ဥပပါတ်ဇာတိအားဖြင့် ပကတိဖြစ်မြဲ ဖြစ်ကြကုန်၏။

အကြင်မျှလောက် မိမိတို့ပြုအပ်သော ကံတို့သည် ကုန်ခြင်းသို့ မရောက်ကုန်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး အနှစ်တစ်သိန်း အနှစ်တစ်သန်း အနှစ်အကုဋေ အနှစ်အသင်္ချေပင် ရှည်ကြာကြကုန်သော် လည်း အဖန်ဖန် ဖြစ်၍သာ နေကြကုန်၏။

ဇမ္ဗူဒီပါကဲ့သို့ ယူဇနာတစ်သောင်းကျယ်သော ထိုငရဲအပြင်ကြီး သည် အသင်္ချေအနန္တ များပြားလှကုန်သော သူပုန်ရန်သူတို့ကို တစ်ပြိုင်နက် သတ်ဖြတ် ခုတ်ရွေရာ သုသာန်သင်းချိုင်းအပြင်ကြီးကဲ့သို့ အမြဲထင်၏။

ကာဠသုတ်ငရဲကြီး၏ အခြင်းအရာကို ပြဆိုခန်းအမြွက် ပြီး၏၊

------------ * -----------

၃-သံဃာတငရဲကြီး၏ အခြင်းအရာကို ပြဆိုခန်း

သံဃာတငရဲမည်ပုံ။။ (အဘယ်ကြောင့် သံဃာတငရဲခေါ် သနည်း။)

မဟန္တာ ဇလိတာ အယောပဗ္ဗတာ သံဃာတေန္တိ

စုဏ္ဏဝိစုဏ္ဏံ ကရောန္တိ ဧတ္ထ နိဗ္ဗတ္တေ သတ္တေတိ သံဃာတော။ ဧတ္ထ=ဤငရဲ၌၊ နိဗ္ဗတ္တေ=ဖြစ်ကုန်သော၊ သတ္တေ=ငရဲသူသတ္တဝါအနန္တတို့ကို၊ မဟန္တာ=ကြီးကျယ်ကုန်သော၊ ဇလိတာ=အလျှံထိန်ထိန် တောက်လောင်ကုန်သော၊ အယောပဗ္ဗတာ=သံတောင်ကြီးတို့သည်၊ သံဃာတေန္တိ=အဖန်တလဲလဲ အမြဲကြိတ်ဝါးကုန်၏၊ စုဏ္ဏဝိစုဏ္ဏံ= မှုန့်မှုန့် ညက်ညက်ကြေသည်ကို၊ ကရောန္တိ=ပြုကုန်၏၊ ဣတိ=ထို့ကြောင့်၊ သံဃာတော=သံဃာတငရဲမည်၏။

သံဃာတငရဲပမာဏနှင့် ခံစားရပုံ

ဤငရဲကြီးသည်လည်း ကာဠသုတ် ငရဲကြီး၏အောက်၌ အစောက် ယူဇနာတစ်ရာ, အလျားအနံ ယူဇနာတစ်သောင်းကျယ်သော မြေဥမင်ကြီး၌ တည်၏၊ အလျှံပြောင်ပြောင် တောက်လောင်သော သံမြေ အပြင်ရှိ၏၊ အသင်္ချေယျ အနန္တများလှစွာသော ငရဲသူသတ္တဝါတို့ဖြင့် ပြည့်၏။

ထိုငရဲသူသတ္တဝါတို့သည် သုံးဂါဝုတ်မျှလောက်သော ကိုယ်ရှိကြ ကုန်၏၊ အောက်သံမြေအတွင်း၌ ခါးသို့ဆိုက်အောင် မြှုပ်၍ ထန်းတော ကြီး ပေတောကြီးကဲ့သို့ အထက်အဖို့ဖြင့် မတ်တပ်ရပ်စိုက်လျက် နေကြရ ကုန်၏၊ အရပ်လေး မျက်နှာတို့မှ အလျှံပြောင်ပြောင် တောက်လောင်ကုန် သော သံတောင်ကြီး လေးလုံးတို့သည် အလှည့်အလည်အားဖြင့် အမြဲ ထကုန်၍ ထိုငရဲသူ သတ္တဝါတို့ကို ဘိနင်း ကြိတ်ဝါးကုန်၏။

အလျှံပြောင်ပြောင် တောက်လောင်သော သံတောင်ကြီးတို့သည် အလွန်ပြင်းထန်သော အသံတို့ကို မြည်ကုန်လျက် အရှေ့အရပ်မှ ထကုန်၍ ငရဲသူ သတ္တဝါတို့ကို တဟုန်တည်း ဘိနင်းကြိတ်ဝါး၍ အနောက် အရပ်သို့ သွားလေကုန်၏၊ ဤနည်းအတူ ကြွင်းသော အရပ်တို့မှလည်း အသီးအသီး ထကြကုန်၍ ဘိနင်းကြိတ်ဝါး၍ သွားကြကုန်၏။

ထိုငရဲသူသတ္တဝါတို့သည် မှုန့်မှုန့်ညက်ညက် ကြေကြလေကုန်၏၊ သွေးတို့ သည် အသီးအသီး ချောင်းစီးသကဲ့သို့ဖြစ်၍ မီး၏အဟုန်အားဖြင့် ခဏချင်းကုန်ပျောက်ကြကုန်၏၊ ငရဲသူသတ္တဝါတို့သည်ကား ဥပပါတ် ဇာတိအားဖြင့် ပကတိ ဖြစ်မြဲ ဖြစ်ကြကုန်၏။

အကြင်မျှလောက် မိမိပြုအပ်သော ကံတို့သည် ကုန်ခြင်းသို့ မရောက်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး အနှစ်တစ်သိန်း အနှစ်တစ်သန်း အနှစ် အကုဋေ အနှစ်အသင်္ချေပင် ရှည်ကြာကြသော် လည်း အဖန်ဖန် ဖြစ်မြဲဖြစ်၍သာ နေကြရကုန်၏။

ဇမ္ဗူဒီပါကဲ့သို့ ယူဇနာတစ်သောင်းကျယ်သော ထိုငရဲအပြင်ကြီး သည် အသင်္ချေအနန္တ များပြားလှကုန်သော သူပုန်ရန်သူတို့ကို တစ်ပြိုင်နက် ဆင်တို့ဖြင့် နင်းသတ်ရာ သုသာန်သင်းချိုင်းအပြင်ကြီးကဲ့သို့ အမြဲထင်၏။

သံဃာတငရဲကြီး၏ အခြင်းအရာကို ပြဆိုခန်းအမြွက် ပြီး၏၊

------- * ------

၄-ရောရုဝငရဲကြီး၏ အခြင်းအရာကို ပြဆိုခန်း

ရောရုဝ ငရဲမည်ပုံ။။ (အဘယ့်ကြောင့် ရောရုဝ ငရဲ ခေါ်သနည်း။) မဟန္တေဟိ သဒ္ဒေဟိ နိစ္စကာလံ ရုဝန္တိ ဧတ္ထ နိဗ္ဗတ္တာ သတ္တာတိ ရောရုဝေါ။

ဧတ္ထ=ဤငရဲ၌၊ နိဗ္ဗတ္တာ=ဖြစ်ကြကုန်သော၊ သတ္တာ=သတ္တဝါတို့ သည်၊ မဟန္တေဟိ=ကြီးစွာကုန်သော၊ သဒ္ဒေဟိ=အသံတို့ဖြင့်၊ နိစ္စကာလံ= အခါခပ်သိမ်း၊ ရုဝန္တိ=အော်ညာ ဟစ်ကြွေး ငိုကြွေး မြည်တမ်း ကြကုန်၏၊ ဣတိ=ထို့ကြောင့်၊ ရောရုဝေါ=ရောရုဝငရဲမည်၏၊

ရောရုဝငရဲ ၂-မျိုး။ ။ ထိုရောရုဝ ငရဲသည် --၁။ ဓုမရောရုဝ ငရဲ

၂။ ဇာလရောရုဝ ငရဲ- ဟူ၍ နှစ်ပါးအပြားရှိ၏၊ ဓုမရောရုဝ ငရဲ။ ။။။။။ ဓုမရောရုဝ ဆိုသည်ကား- ကမ္ဘာပတ် လုံးတည်သော အလွန်ငန်သည်ဖြစ်၍ အလွန်ပူလောင်သော အခိုးတို့ ဖြင့် အမြဲပြည့်သော ငရဲတည်း။

ဤငရဲသည်လည်း သံဃာတငရဲကြီး၏အောက်၌ အစောက် ယူဇနာတစ်ရာ, အလျားအနံ ယူဇနာတစ်သောင်းကျယ်သော မြေဥမင် ကြီး၌တည်၏၊ အလျှံပြောင်ပြောင် တောက်လောင်သော သံမြေအပြင် ရှိ၏၊ အသင်္ချေယျအနန္တ များလှစွာသော သတ္တဝါတို့ဖြင့် ပြည့်၏၊ ထိုငရဲသူ သတ္တဝါတို့သည်လည်း သုံးဂါဝုတ်မျှလောက်သော ကိုယ် ရှိ၏၊ တောင်၏အတွင်းသို့ စီးဝင်သော ချောင်းမြောင်းတို့ကဲ့သို့ ထိုအခိုး တို့သည် ငရဲသူသတ္တဝါတို့၏ ကိုယ်တွင်းသို့ ဒွါရကိုးပေါက်တို့ဖြင့် အမြဲ ဝင်ကုန်၏၊ အလွန်ငန်သည့် အတွက်ကြောင့် တစ်ကိုယ်လုံးသည် အနာ တို့ကို ဆားရေတို့ဖြင့် လောင်းဘိသကဲ့သို့ မခံမရပ်နိုင်သော ကျိန်းစပ် ကျင်နာခြင်းနှင့် အမြဲယှဉ်၏၊

အလွန်ပူလောင်သည့် အတွက်ကြောင့်လည်း တစ်ကိုယ်လုံးသည် အိုး၌ ထည့်၍ ရှားမီးကျီးစု၏ အပေါ်၌ နှိပ်၍ထားအပ်သော အသားတုံး ကဲ့သို့ဖြစ်၍ ဒုက္ခပြင်းထန်စွာ ဖြစ်၏၊ ပြင်းထန်သော အသံတို့ဖြင့် အမြဲလျှင် ဟစ်အော်ငိုကြွေး၍ နေကြရကုန်၏၊ အကြင်မျှလောက် မိမိတို့ပြုအပ်သော အကုသိုလ်ကံတို့သည် မကုန်ကြ ကုန်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး အနှစ်တစ်သိန်း အနှစ်တစ်သန်း အနှစ်အကုဋေ အနှစ်အသင်္ချေပင် ရှည်ကြာကြကုန်သော် လည်း ထိုဒုက္ခမှ မကျွတ် မလွတ်ကြရကုန်။

ဇမ္ဗူဒီပါကဲ့သို့ ယူဇနာတစ်သောင်းကျယ်သော ထိုငရဲအပြင်ကြီး သည် အသင်္ချေအနန္တများပြားလှကုန်သော သူပုန်ရန်သူတို့ကို ယမ်းမီး ရှူးအိုး မီးလောင်တိုက်ဖြင့် ဖုတ်မြှိုက်သုတ်သင်ရာ သုသာန်သင်း ချိုင်း ကြီးကဲ့သို့ အမြဲထင်၏၊

ရောရုဝငရဲကြီး၏ အခြင်းအရာကို ပြဆိုခန်းအမြွက်ပြီး၏၊

--- * --

၅-မဟာရောရုဝငရဲကြီး၏ အခြင်းအရာကိုပြဆိုခန်း

ဇာလရောရုဝ ငရဲ

ဇာလရောရုဝ ငရဲကြီးကို မဟာရောရုဝဆိုသည်၊ ထိုငရဲကြီး၌ကား တောင်၏အတွင်းသို့ စီးဝင်လာသော ချောင်းမြောင်းတို့ကဲ့သို့ ထိုငရဲ၌ဖြစ် ကြကုန်သော ငရဲသူသတ္တဝါတို့၏ ကိုယ်ခန္ဓာတွင်းသို့ ဒွါရကိုးပေါက်တို့မှ မီးတောက်မီးလျှံတို့သည် အမြဲဝင်၍ တစ်ကိုယ်လုံးကို လောင်ကုန်၏ဟူ၍ ဆိုရုံမျှသာ ထူးတော့သည်၊ အကြွင်း ဆိုဖွယ်မှာ ဓုမရောရုဝအတိုင်း ဆိုလေ။

မဟာရောရုဝ ငရဲကြီး၏ အခြင်းအရာကို ပြဆိုခန်းအမြွက်ပြီး၏၊

---- * ---

၆-တာပန ငရဲကြီး၏ အခြင်းအရာကို ပြဆိုခန်း

တာပနမည်ပုံ။။ အဘယ့်ကြောင့် တာပနငရဲ ခေါ်သနည်း။ နိစ္စလေ သတ္တေ တာပေတီတိ တာပနော။

နိစ္စလေ=လှုပ်ရှာခြင်းမရှိကုန်သော၊ သတ္တေ=သတ္တဝါတို့ကို၊ တာပေတိ= ပူလောင်စေတတ်၏၊ ဣတိ=ထို့ကြောင့်၊ တာပနော=တာပန ငရဲမည်၏၊

ဤတာပန ငရဲကြီးလည်း မဟာရောရုဝငရဲကြီး၏ အောက်၌ အစောက် ယူဇနာတစ်ရာ, အလျားအနံ ယူဇနာတစ်သောင်းကျယ်သော မြေဥမင်ကြီး၌ တည်၏၊ အလျှံပြောင်ပြောင် တောက်လောင်သော သံမြေ အပြင်ရှိ၏၊ အသင်္ချေယျ အနန္တ များလှစွာကုန်သော ငရဲသူ သတ္တဝါတို့ဖြင့် ပြည့်၏၊

ထိုငရဲသူသတ္တဝါတို့သည် ကိုယ်အင်္ဂါတို့၌ အလျှံပြောင်ပြောင် တောက်လောင်ကုန်သော သံတံကျင် တင်လျှိုလျက် ဖြစ်ကြရကုန်သည် ဖြစ်၍ တစ်စုံတစ်ခုသော ကိုယ်အင်္ဂါလှုပ်ရှားခြင်းကိုမျှ ပြုခြင်းငှါ မတတ် နိုင်ကြကုန်၊ အောက်သံ မြေမှလည်းကောင်း, သံတံကျင်တို့မှလည်းကောင်း မီးတောက်မီးလျှံတို့သည် ထ ကုန်၍ ထိုငရဲသူ သတ္တဝါတို့ကို အမြဲလျှင် လောင်မြှိုက်ကုန်၏၊

အကြင်မျှလောက် မိမိတို့ပြုအပ်သော အကုသိုလ်ကံတို့သည် ကုန်ခြင်းသို့ မရောက်ကုန်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး အနှစ်တစ်သိန်း အနှစ်တစ်သန်း အနှစ်အကုဋေ အနှစ်အသင်္ချေပင် ရှည်ကြာကြကုန်သော်လည်း ထိုဒုက္ခမှ မလွတ်ကြရကုန်။ ဇမ္ဗူဒီပါကဲ့သို့ ယူဇနာတစ်သောင်းကျယ်သော ထိုငရဲအပြင်ကြီး သည် အသင်္ချေအနန္တများပြားလှကုန်သော သူပုန်ရန်သူတို့ကို သံတံကျင် လျှိုတင်၍ ထားရာဖြစ်သော သုသာန်သင်းချိုင်းကြီးကဲ့သို့ အမြဲထင်၏၊ တာပနငရဲကြီး၏ အခြင်းအရာကိုပြဆိုခန်း အမြွက်ပြီး၏၊

--- * --

၇-မဟာတာပန ငရဲကြီး၏ အခြင်းအရာကို ပြဆိုခန်း

မဟာတာပနမည်ပုံ။ ။ အဘယ့်ကြောင့် မဟာတာပနငရဲ ခေါ်သနည်း။

''မဟန္တော တာပနော မဟာတာပနော''။

မဟန္တော=ပဌမတာပနငရဲကြီးထက် ဒုက္ခအဖို့အားဖြင့် ပြင်းထန် ကြီးကျယ်လှသော၊ တာပနော=ဒုတိယ တာပနငရဲကြီးသည်၊ မဟာ တာပနော=မဟာတာပန ငရဲမည်၏။

ဤငရဲကြီးသည်လည်း တာပနငရဲကြီး၏အောက်၌ အစောက် ယူဇနာတစ်ရာ, အလျားအနံ ယူဇနာတစ်သောင်းကျယ်သော မြေဥမင် ကြီးမှာတည်၏၊ အလျှံပြောင်ပြောင် တောက်လောင်သော သံမြေအပြင် ရှိ၏၊ အသင်္ချေယျ အနန္တ များပြားလှစွာသော ငရဲသူသတ္တဝါတို့ဖြင့် ပြည့်၏။

ဤငရဲကြီး၌ အလျှံပြောင်ပြောင် တောက်လောင်ကုန်သော အလွန်ကြီးမား လှစွာကုန်သော သံတောင်ကြီးတို့သည် ရှိကုန်၏၊ သံတောင်ကြီးတို့၏ ပတ်လည်ဝန်းကျင် သံမြေအပြင်တို့၌ ထန်းတောကြီး သဏ္ဌာန် ပေတောကြီးသဏ္ဌာန်တို့ကဲ့သို့ သံမြေမှ ထကုန်သော အလွန် ထက်သော အဖျားရှိကုန်သော အလျှံပြောင်ပြောင် တောက်လောင်ကုန် သော သံတံစို့, သံတံကျင်, သံချွန်ကြီး, သံတိုင်ကြီးတို့သည် စိုက်ထူလျက် ရှိကြကုန်၏။

ငရဲထိန်းတို့သည် အလျှံပြောင်ပြောင် တောက်လောင်သော လက်နက်တို့ဖြင့် ရိုက်နှက်ပုတ်ခတ်ကုန်လျက် ငရဲသူသတ္တဝါတို့ကို သံတောင်ကြီးတို့၏ အပေါ်သို့ တက်ပြေးစေကြကုန်၏၊ ငရဲသူသတ္တဝါ တို့သည် မခံမရပ်နိုင်ကြကုန်သည်ဖြစ်၍ အလျှံပြောင်ပြောင် တောက် လောင်သော သံတောင်ကြီးတို့သို့ တက်ကြရကုန်၏။

တောင်ထိပ်သို့ ကျရောက်ကြကုန်သောအခါ ပြင်းထန်စွာလာ ကုန်သော လေတို့သည် ထိုငရဲသူသတ္တဝါတို့ကို တိုက်လွှင့်ကုန်၏၊ ငရဲသူသတ္တဝါတို့သည် လွင့်ပါကြကုန်၍ တောင်ခြေတို့၌ စိုက်ထူလျက် ရှိကြကုန်သော သံတံကျင်တို့၏ အပေါ်သို့ ဦးခေါင်းစောက်ထိုး ကျကြလေကုန်၏၊ တံခွန်တိုင်တို့အဖျား၌ စွပ်၍ ထားအပ်ကုန်သော ဂဠုန်ရုပ် နဂါးရုပ် ဟင်္သာရုပ်တို့ကဲ့သို့ သံတံကျင်တို့၏အထက်၌ စွပ်လျက် မမြင်ဝံ့ မရှုဝံ့ တလွန့်လွန့် တလက်လက်တွေဖြစ်၍ နေကြကုန်၏။

တဖန် ငရဲထိန်းတို့သည် အလျှံပြောင်ပြောင် တောက်သော သံလှံတံတို့ဖြင့် ထိုး၍ အောက်သံမြေအပြင်သို့ ကျရောက်စေကြကုန်၍ အထူးထူး အပြားပြားသော လက်နက်တို့ဖြင့် ရိုက်နှက်ပုတ်ခတ်ပြီးလျှင် အလျှံတပြောင်ပြောင် တောက်လောင်သော မီးအတိပြီးသော သံတောင် ကြီးတို့သို့ တက်စေကြကုန်၏၊ တောင်ထိပ်သို့ ရောက်ကြကုန်ပြန်လျှင် ပြင်းစွာသော လေတို့ဖြင့် တိုက်လွှင့်ခြင်းတို့ဖြင့် သံတံစို့ကြီးတို့၏ အပေါ်သို့ ကျကြရကုန်၏။

ဤသို့လျှင် အကြင်မျှလောက်သော ကာလပတ်လုံး မိမိတို့ပြု အပ်သော မကောင်းမှုကံတို့သည် ကုန်ခြင်းသို့ မရောက်ကုန်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး ပြဆိုခဲ့ပြီးသော နည်းအတိုင်းအားဖြင့် သာ အပြန်ပြန်အလှန်လှန် ခံနေကြရကုန်၏၊ အနှစ်တစ်သိန်း အနှစ် တစ်သန်း အနှစ်အကုဋေ အနှစ် အသင်္ချေပင် ကြာကြကုန်သော်လည်း ထိုဒုက္ခမှ မကျွတ်မလွတ်ကြရကုန်။

မိန်းမတို့၌ မီး ၇-ပါး

''လင်ကို နိုင်တတ်သော မိန်းမတို့သည် ဤငရဲကြီး၌ ကျရောက် ကြကုန်သည်'' ဟူ၍ သံကိစ္စဇာတ် ၌ ဟောတော်မူ၏၊

အင်္ဂုတ္ထိုရ်ပါဠိတော်၌လည်း--

မိန်းမတို့၌ အတွင်းမီး သုံးပါး, အပမီး လေးပါးရှိသည်ဟူ၍ ဟောတော်မူ၏၊

အတွင်းမီးသုံး ၃-ပါး

လောဘ, ဒေါသ, မောဟဟူသော အတွင်းမီးသုံးပါး ထင်ရှားပြီ။

အပမီး ၄-ပါး

၁။ အမိသည် မီးတစ်ပါး၊

၂။ အဘသည် မီးတစ်ပါး၊

၃။ လင်သည် မီးတစ်ပါး၊

၄။ မြတ်သောအလှူခံ ပုဂ္ဂိုလ်သည် မီးတစ်ပါး၊ ဟူ၍ အပမီးလေးပါး ဖြစ်၏၊

လောက၌ ပကတိမီးသည် ရိုသေသဖြင့် နေရာကျသုံးစွဲတတ်ကြ ကုန်မူကား အသက်ရှည်ခြင်း၏ ဆောက်အအုံကြီးတစ်ပါး ဖြစ်၏၊ မရိုမသေပြုခဲ့ကြကုန်မူကား အသက်ခန္ဓာကိုပင် ခဏချင်း ဆုံးရှုံးစေနိုင် ကုန်၏၊

ထို့အတူ မိန်းမဖြစ်သူမှာလည်း ထိုအပမီးလေးပါးတို့ကို ရိုသေစွာ ပြုကြပါမူကား သုဂတိဘုံ၌ အသက်ရှည်၍ လူ့ပြည်စုန်ဆန် နတ်ပြည် စုန်ဆန် နေကြကုန်၏၊ အပမီးလေးပါးတို့ကို မရိုမသေ မထီလေးစား ပြုကြကုန်မူကား သုဂတိဘုံသက် ဘဝသက် ပျက်ဆုံး၍ ဤမဟာတာပန ငရဲကြီး၌ နေကြရကုန်၏။

လင်ကိုရိုသေခြင်းအကျိုး

မဟာနာရဒ ဇာတ်၌မူကား- လင်ကို ရိုသေလေ့ရှိသော မိန်းမ တို့သည် အလိုရှိသော် ယောကျ်ား ဘဝကို အမြန်ရနိုင်ကုန်၏၊ လင်ကို ရိုသေလေ့မရှိသော မိန်းမတို့သည်ကား ယောကျ်ားဘဝကို မရနိုင်ကုန်ပြီ ဟူ၍ ဟောတော်မူ၏။

ဤသို့ ဟောတော်မူသော ပါဠိတော်ကြီးသုံးပါးကို ကြားသိကြရ ကုန်သော ဒါယိကာမအပေါင်းတို့သည် ထာဝရဆက်ဆံကြကုန်သော အပမီးကြီးလေးပါးတို့၏ ကြီးကျယ်စွာသော ဘေးဘယဒုက္ခတို့ကို အမြဲသတိရှိကြစေကုန်ရာ၏၊ လွန်ခဲ့ပြီးသော အပြစ်တို့ကို ရိုသေခ,ရမ်း တောင်းပန်ကန်တော့ကြကုန်၍ နောက်၌ အသက်ရှည်ကြာသမျှ ကာလပတ်လုံး ရိုသေလေ့ပြုကြကုန်သည်ရှိသော် လွန်ခဲ့သမျှသော အပြစ်တို့သည် ပပျောက်ကုန်၏။

မဟာတာပနငရဲကြီး၏ အခြင်းအရာကိုပြဆိုခန်း အမြွက်ပြီး၏၊

--------- * --------

၈-မဟာအဝစီငရဲကြီး၏ အခြင်းအရာကိုပြဆိုခန်း

အဝီစိမည်ပုံ။။ ယခုအခါ အောက်ဆုံးဖြစ်သော မဟာအဝီစိ ငရဲကြီးကို ပြဆိုရာ၏၊

(အဘယ်ကြောင့် မဟာအဝီစိငရဲ မည်သနည်း။) အဂ္ဂိဇာလာနံ ဝါ သတ္တာနံ ဝါ ဝေဒနာနံ ဝါ နတ္ထိ ဝီစိ အန္တရံဧတ္ထာတိ အဝီစိ။

ဧတ္ထ=ဤငရဲ၌၊ အဂ္ဂိဇာလာနံ ဝါ=မီးတောက် မီးလျှံတို့၏လည်း ကောင်း၊ သတ္တာနံ ဝါ=ငရဲသူသတ္တဝါတို့၏လည်းကောင်း၊ ဝေဒနာနံ ဝါ= ခံရသော ဒုက္ခဝေဒနာတို့၏လည်းကောင်း၊ ဝီစိ အန္တရံ=အကြားအလပ် သည်၊ နတ္ထိ=မရှိ၊ ဣတိ= ထို့ကြောင့်၊ အဝီစိ=အဝီစိငရဲမည်၏။

အဝီစိ တည်နေပုံ

ဤငရဲကြီးသည်လည်း မဟာတာပနငရဲကြီး၏ အောက်၌ အစောက်ယူဇနာတစ်ရာ, အလျားအနံ ယူဇနာတစ်သောင်းကျယ်သော မြေဥမင်ကြီး၌ သိလာပထဝီ၏ အပေါ်မှာ တည်၏၊ အလယ်၌ ငရဲကြီး၏ လေးထောင့်ညီမျှသော အတွင်းအရပ်သည် အရှေ့အနောက်ယူဇနာ တစ်ရာ, တောင်မြောက်ယူဇနာတစ်ရာ, အထက်အောက် ယူဇနာတစ်ရာ စီရှိ၏၊ အလျားယူဇနာတစ်ရာ, အမြင့်ယူဇနာတစ်ရာ, အထု ကိုးယူဇနာ စီရှိသော သံတံတိုင်းကြီးတို့သည် အရပ်လေးမျက်နှာတို့၌ ကာရံလျက် ရှိကုန်၏၊ အလျားယူဇနာတစ်ရာ, အနံယူဇနာတစ်ရာ, အထုကိုးယူဇနာ စီရှိသော သံပြားကြီးနှစ်ခုတို့သည် အထက်အောက် ပိတ်ဆို့လျက် ရှိကုန်၏၊

ငရဲ၌မီးလျှံ အဆက်မပြတ်ဖြစ်ပုံ

လေးမျက်နှာတို့၌ တံခါးလေးရပ်တို့သည်လည်း ရှိကုန်၏၊ အောက်သံမြေမှလည်းကောင်း, အထက်သံမြေမှလည်းကောင်း, သံတံ တိုင်း လေးခုတို့မှလည်းကောင်း ထွက်ကုန်သော မီးတောက် မီးလျှံ တို့သည်အတွင်းသို့လည်းကောင်း, အပသို့လည်းကောင်း ယူဇနာ တစ်ရာ စီ အမြဲပျံ့နှံ့ကြကုန်၏၊ အရှေ့အနောက်ယူဇနာ သုံးရာတစ် ဆယ့်ရှစ်, တောင် မြောက် သုံးရာတစ်ဆယ့်ရှစ်, အထက်အောက် သုံးရာ တစ်ဆယ့် ရှစ်အားဖြင့် ယူဇနာ ကိုးရာငါးဆယ့်လေးရှိသော အရပ်အတွင်း၌ မီးတောက်မီးလျှံမရှိသော နေရာဌာနဟူ၍ လက်တစ်သစ်မျှ ကွက်လပ် မရှိ။

ဤကား ထိုငရဲ၌ မီးတောက်မီးလျှံတို့၏ အကြားအလပ် မရှိပုံတည်း။

ငရဲ၌ သတ္တဝါချင်း ဆက်နေပုံ

သံတိုင်လေးခုတို့၏အတွင်း၌ ဆင်းရဲခံနေကြရကုန်သော သတ္တဝါ တို့သည် သံသေတ္တာကြီးအတွင်း၌ မုန်ညင်းစေ့တို့ကို သိပ်နှက်ထားအပ် ကုန်သကဲ့သို့ အသိပ် အနှက် အမြဲပြည့်လျက်ရှိကုန်၏။

ဤကား ထိုငရဲ၌ သတ္တဝါတို့၏ အကြားအလပ် မရှိပုံတည်း။ ငရဲ၌ ဒုက္ခဝေဒနာ

အဆက်မပြတ်ဖြစ်နေပုံ

ထိုသတ္တဝါတို့၏ အတွင်းအပ ကိုယ်ခန္ဓာ တစ်ခုလုံးတို့၌လည်း ကောင်း, ထိုငရဲသို့ ကျရောက်သော ခဏမှစ၍ အနှစ်တစ်သိန်း အနှစ် တစ်သန်း အနှစ်အကုဋေ အနှစ်အသင်္ချေ အသက်ရှည်သမျှ ကာလ အတွင်း၌လည်းကောင်း အလွန်ပြင်းထန်သောဒုက္ခ, ဒေါမနဿတို့မှ လစ်လပ်သော အခွင့်ဟူ၍ မျက်တောင်တစ်ခတ်မျှ မရှိ။

ဤကား ထိုငရဲ၌ ဒုက္ခဝေဒနာတို့၏ အကြားအလပ် မရှိပုံတည်း။ ကံ၏အစွမ်း ဥပပါတ်ခန္ဓာတို့၏ အစွမ်းဖြစ်ကြကုန်၍လည်း နေ့စဉ်အတိုင်း ထိုမျှလောက်မက ကျရောက်၍ နေကုန်သော်လည်း မဆန့်သည်ဟူ၍ မရှိ။

မဟာအဝီစိငရဲကြီး၏ အခြင်းအရာကို ပြဆိုခန်း အမြွက်ပြီး၏၊ ငရဲကြီးရှစ်ထပ် ပြီး၏၊

----- * ----

ဥဿဒငရဲကြီး ငါးထပ်ကို ပြဆိုခန်း

၁-ဘင်ပုပ်ငရဲ

ငရဲမကြီးမှထွက်သော မီးတောက်မီးလျှံတို့၏ အဆုံး၌ အနက် အနံယူဇနာတစ်ရာရှိသော ဘင်ပုပ်ငရဲသည် ထိုငရဲမကြီးကို ရှစ်မျက်နှာမှ ပတ်ဝိုက်၍ တည်၏၊ ကမ္ဘာနှင့်အမျှတည်သော မစင်ပုပ် ပင်လယ်ကြီး တည်း၊ ထိုဘင်ပုပ်ငရဲ၏ အနံ့သည် အတွင်းသို့လည်းကောင်း, အပြင်သို့ လည်းကောင်း ယူဇနာတစ်ရာစီ ပျံ့နှံ့၏၊ ထိုအနံ့သည် အပယူဇနာ တစ်ရာ၌နေသော ပကတိလူကို ရင်ကွဲ၍ သေလောက်အောင် နှိပ်စက် နိုင်၏၊ ထိုမစင်ဘင်ပုပ် ငရဲသည် အလွန်ထက်သော သံနှုတ်သီး ရှိကြကုန် သော ပိုးလောက်တို့ဖြင့် ပြည့်၏၊ ထိုပိုးလောက်တို့သည် အချို့ကား ဆင်၏လည်ပင်းခန့် ရှိကြကုန်၏၊ အချို့ကား လုံးထွင်းလှေခန့် ရှိကြ ကုန်၏၊

၂-ပြာပူငရဲ

ဘင်ပုပ်ငရဲမှ ထွက်သော အနံ့တို့၏ ပျံ့နှံ့ရာ ယူဇနာ တစ်ရာ၏ အဆုံး၌ အနက်အနံယူဇနာတစ်ရာရှိသော ပြာပူငရဲသည် ထိုဘင်ပုပ်ငရဲ၏ ပြင်ပ၌ အရပ် ရှစ်မျက်နှာပတ်ဝိုက်၍ တည်၏၊ ကမ္ဘာပတ်လုံးတည်သော ရဲရဲငြိသော ပြာပူ ပင်လယ်ကြီးတည်း၊ ထိုပြာပူ ငရဲမှ ထွက်သော အပူရှိန်တို့ သည် အတွင်းအပတို့၌ ယူဇနာတစ်ရာ ပျံ့နှံ့ကုန်၏၊ ယူဇနာတစ်ရာ၌ နေသော ပကတိလူကို ခဏချင်း လောင်ကျွမ်းစေနိုင်ကုန်၏။

၃-လက်ပံတောငရဲ

ထိုပြာပူငရဲမှထွက်သော အပူရှိန်တို့၏ ပျံ့နှံ့ရာ အဆုံး၌ အနံယူဇနာ တစ်ရာ, အမြင့်ယူဇနာတစ်ရာရှိသော လက်ပံ တောကြီးသည် ထိုပြာပူ ငရဲကို အရပ်ရှစ်မျက်နှာတို့၌ ပတ်ဝိုက်လျက် တည်၏၊ လက်ပံပင်တို့သည် သံဖြင့်ပြီးသော အလွန်ထက်လှစွာသော အဆူးတို့ဖြင့် ပြည့်ကုန်၏၊ ထားသန်လျက်တို့ဖြင့်ပြီးသော အရွက်တို့ဖြင့် ဖုံးလွှမ်းအပ်ကုန်၏၊ အောက်၌မူကား သင်ဓုန်းသွားတို့ဖြင့် စီအပ်သော မြေအပြင်ရှိ၏၊ ဆင် ကောင်ကြီးငယ် ပမာဏရှိကုန်သော ခွေး ကျီး လင်းတတို့၏ နေရာဌာန ဖြစ်၏။

၄-သန်လျက်ရွက် ငရဲ

ထိုလက်ပံတောငရဲ၏ ပြင်ပ၌ လက်ပံတောကြီးနှင့် အလားတူစွာ အနံယူဇနာတစ်ရာ, အမြင့်ယူဇနာတစ်ရာရှိသော အသိပတ္တမည်သော သစ်ပင်တောကြီးသည် ထိုလက်ပံတောကြီးကို အရပ်ရှစ်မျက်နှာတို့၌ ပတ်ဝိုက်၍တည်၏၊ ထိုသစ်ပင်တို့၏ အရွက်တို့သည်ကား သန်လျက်နှင့် တူသော သဏ္ဌာန်ရှိကုန်၏၊ သရက်ရွက်သဏ္ဌာန် ဆိုလိုသည်၊ အကြွင်းမှာ လက်ပံတောငရဲနှင့် အလုံးစုံ တူ၏။

၅-ကြိမ်ပိုက်ချောင်းငရဲ

အသိပတ္တတောကြီး၏ အပြင်ပ၌ အလွန်ငန်သော ရေရှိသော ဝေတရဏီမည်သော မြစ်ကြီးသည် ထိုအသိပတ္တတောကြီးကို အရပ်ရှစ် မျက်နှာတို့၌ ပတ်ဝိုက်လျက် တည်၏၊ ထိုမြစ်ကြီး၏ အထက်အပြင်၌ အလွန်ထက်သော သံဆူးသံရွက်တို့ဖြင့်ပြည့်သော ထန်းလုံးပမာဏရှိ ကုန်သော ကြိမ်နွယ်တို့သည် ကမ်းနှစ်ဖက်နှင့်တကွ ပိုက်ကွန် တို့ဖြင့် ဖြန့်ကြက်ဘိသကဲ့သို့ မှေးယှက်လျက် တည်ကုန်၏။

၎င်းကြိမ်နွယ်တို့၏ အောက်၌ ထန်းလုံးကြီး ပေပင်လုံးကြီး ပမာဏ ရှိကုန်သော အလွန်ထက်သော အဖျားရှိကုန်သော သံတံကျင်တို့သည် မြစ်ပြင် တစ်ခုလုံး၌ စိုက်လျက်ရှိကုန်၏။

၎င်းသံတံကျင်တို့၏အောက်၌ ရေအပြင်ကို ဖုံးလွှမ်းလျက် သင်ဓုန်း သွားတို့ကဲ့သို့ထက်သော သံဆူးသံရွက်တို့ဖြင့်ပြည့်သော ကြာရိုး ကြာ ရွက်တို့သည် မြစ်ပြင်တစ်ခုလုံး၌ တည်ကုန်၏။

၎င်းကြာရိုးကြာရွက်တို့၏အောက်၌ အလွန်ငန်လှစွာသော မြစ်ရေသည် စီးသွားလျက်ရှိ၏၊ ၎င်းဝေတရဏီမြစ်ကြီး၏ ဝဲယာကမ်း တလျှောက်တို့၌ သံချွန် သံဆူးတို့ကို စိုက်၍ထားဘိသကဲ့သို့ အလွန်ထက် သော အဖျားရှိကုန်သော အညှောက်တို့ဖြင့် ပြည့်ကုန်သော သမန်းမြက် တော ပေါင်းကားမြက်တော ကြိမ်တောတို့သည် တည်ရှိကုန်၏။

''ဘင်, ပြာ, လက်, သန်၊ မြစ်အရံ၊ ငါးတန်ဥဿဒါ'ဘင်, ပြာ, လက်, သန်၊ မြစ်အရံ၊ ငါးတန်ဥဿဒါ'' ဟူ၍ ဆိုအပ်သော ဘင်ပုပ်ငရဲ, ပြာပူငရဲ, လက်ပံတောငရဲ, သန်လျက် တောငရဲ, ကြိမ်ပိုက်ချောင်းငရဲ ဟူသော ဥဿဒငရဲကြီး ငါးရပ်တည်း။ လူတို့ရွာတွင် မင်းနေပြည်ဖြစ်သော မြို့မကြီး၌ လေးထောင့် စပ်စပ် ကျုံးကြီးငါးထပ် ဝန်းရံပတ်သကဲ့သို့ အလယ်ငရဲမကြီးကို ပတ်ကုန်သော ဥဿဒ ငရဲကြီး ငါးထပ်တို့တည်း။

( ဥဿဒငရဲကြီး ငါးထပ် ပြီး၏၊ )

--- * --

ငရဲသူသတ္တဝါတို့ ဒုက္ခခံရပုံ

ငရဲသူသတ္တဝါတို့ ဒုက္ခခံရပုံကို အနည်းငယ်ပြဆိုဦးအံ့--ဤလူ့ပြည် နတ်ပြည်တို့မှ တစ်ခုသောကံဖြင့် မဟာအဝီစိ ငရဲမကြီး အတွင်းသို့ ရောက်ကြကုန်သော သူတို့သည် အနှစ်တစ်သိန်း စသည်ဖြင့် မဟာအဝီစိ ဒုက္ခကို ခံကြ၍--

ဘင်ပုပ်ငရဲ၌ ခံရပုံ

အကြင်အခါ၌ ဥဿဒငရဲဒုက္ခကို ခံလှည့်ဆိုက်ကုန်၏၊ ထိုအခါ ထိုသူတို့သည် မဟာအဝီစိ တံခါးကြီးမှ ထွက်ခွင့်ရကြကုန်၍ မီးတောက် မီးလျှံတို့မှ လွတ်ခြင်းငှါ ပြေးလာကြကုန်ရာ ဘင်ပုပ်ငရဲတွင်းသို့ ကျရောက် ကြကုန်၏။

ကျရောက်ကာမျှ၌ ပြဆိုခဲ့ပြီးသော ပိုးလောက်တို့သည် ဝိုင်းမိ ကုန်၏၊ အရေစု အသားစု မျက်လုံးဦးနှောက် အဆုတ် အသည်း အစရှိသည်တို့ကို အကုန်ထိုးဆွ၍ စားသောက်ကြကုန်ပြီးလျှင် အရိုးတို့ကို ဖောက်ခွဲ၍ ရိုးတွင်း ခြင်ဆီတို့ကို စားသောက်ပြီးမှ စွန့်လွှတ်ကြကုန်၏၊

ပြာပူငရဲ၌ ခံရပုံ

ငရဲသူသတ္တဝါတို့သည် ထိုနေရာ၌ပင်လျှင် ပကတိဖြစ်မြဲ ဖြစ်ကြ ပြန်ကုန်၏၊ ဤသို့သောနည်းဖြင့် နှစ်ပေါင်းအသောင်းများစွာ အသိန်း များစွာ ခံကြကုန်ပြီး၍ ဘင်ပုပ်ငရဲကြီးမှ ထွက်ခွင့်ရကြကုန်သောအခါ ပိုးတို့၏ဒုက္ခ ဘင်ပုပ်ဒုက္ခတို့မှ လွတ်ခြင်းငှါ ပြေးလာကြကုန်ရာ ပြာပူ ငရဲတွင်း၌ ကျရောက်ကြကုန်၏။

ကျရောက်ကာမျှတွင် ပြာပူ၌ချအပ်သော မုန့်ညင်းစေ့တို့ကဲ့သို့ ဖြစ်ဖြစ် ဖြစ်ဖြစ် မည်ကုန်၍ ပျားဖယောင်းခဲတို့ကဲ့သို့ အရိုးအသား အားလုံး အကုန်ကြေမွလေကုန်၏၊ ထိုနေရာ၌ပင်လျှင် ပကတိဖြစ်မြဲ ဖြစ်ကြပြန်ကုန်၏။

လက်ပံတောငရဲ၌ ခံရပုံ

ဤသို့သောနည်းဖြင့် နှစ်ပေါင်း အသောင်းများစွာ အသိန်းများစွာ ခံကြကုန်ပြီး၍ ပြာပူငရဲကြီးမှ ထွက်ခွင့်ရကြကုန်သောအခါ ပြာပူဒုက္ခမှ လွတ်ခြင်းငှါ ပြေးလာကြကုန်ရာ လက်ပံတော ငရဲတွင်းသို့ ဆိုက်ရောက် လာကြကုန်၏။

ဆိုက်ရောက်ကာမျှ၌ လက်ပံရွက်တို့သည် ထိုသူတို့၏ ဦးခေါင်း ထက်၌ ဓားမိုး လှံမိုးကြီး ရွာသကဲ့သို့ ကြွေကြလေကုန်၏၊ ကိုယ်ခန္ခာ တို့သည် သွေးခဲ သွေးတုံး အတိ ဖြစ်ကြလေကုန်၏၊ ပြဆိုခဲ့ပြီး သော ခွေး ကျီး လင်းတတို့သည် စားခြင်းငှါ အတင်းဝိုင်းကြကုန်၏၊ သင်ဓုန်းသွား အတိပြီးသော မြေ၌ ပြေးသွားကြရကုန်၏၊ သင်ဓုန်းသွားတို့၏ စူးရှမှု ဒုက္ခကြောင့် မြေ၌လဲကျကုန်သော သူတို့ကို ခွေး ကျီး လင်းတတို့သည် အရိုးမျှကျန်သည်ကိုပြု၍ စားသောက်ကြကုန်၏။

အချို့သောသူတို့သည် လက်ပံပင်သို့ တက်ကြကုန်၏၊ လက်ပံ ဆူးတို့သည် အောက်သို့လှည့်၍ ခုခံကုန်၏၊ တစ်ကိုယ်လုံး၌ စူးရှကုန် လျက်ပင် တက်ကြရကုန်၏၊ အခွသို့ရောက်ကြလေကုန်၏၊ အခွသို့ရောက် ကြကာမျှ၌ လက်ပံရွက်တို့သည် ဦးခေါင်းထက်၌လည်းကောင်း, ထိုထို ကိုယ်အင်္ဂါထက်သို့လည်းကောင်း ဓားမိုးလှံမိုး ရွာသကဲ့သို့ ကြွေကျကုန်၍ တစ်ကိုယ်လုံး၌ အပေါက်အပြတ်တို့ဖြင့် ပြည့်သည်တို့ကို ပြုကုန်၏၊ ငရဲသူသတ္တဝါတို့သည် လက်ပံရွက်ဒုက္ခကို မခံမရပ်နိုင် ကြကုန်သဖြင့် တစ်ဖန်ဆင်း လာကြရကုန်၏၊ လက်ပံဆူးတို့သည် အထက်သို့ လှည့်၍ ခုခံကြကုန်၏၊ တစ်ကိုယ်လုံး၌ စူးရှကုန်လျက်ပင် ဆင်းလာကြရကုန်၏ မြေသို့ရောက်ကြလေကုန်၏၊ မြေသို့ရောက်ကြကာမျှ၌ ခွေးတို့သည် စားခြင်းငှါ အတင်းဝိုင်းကြကုန်၍ အရိုးမျှ ကျန်ကုန်သည်ကို ပြု၍ စားသောက်ကြကုန်၏၊ တစ်ဖန် ဖြစ်မြဲ ဖြစ်ကြရပြန်ကုန်၏။

သံလျက်တောငရဲ၌ ခံရပုံ

ဤသို့သောနည်းဖြင့် နှစ်ပေါင်း အသောင်းများစွာ အသိန်းများ စွာ ခံကြရကုန်ပြီး၍ ထိုငရဲမှ ထွက်ခွင့်ရကြကုန်သော သူတို့သည် သန်လျက်တောငရဲသို့ ဝင်ရောက်ကြရလေကုန်၏။

ဤသန်လျက်တောငရဲ၌ ဒုက္ခခံကြရပုံမှာ လက်ပံတောငရဲနှင့် မထူးလှ ကြကုန်ပြီ၊ အပင်၌ဆူးရှိ မရှိမျှသာ ထူးကြကုန်၏၊

ကြိမ်ပိုက်ချောင်းငရဲ၌ ခံရပုံ

ဤသို့သောနည်းဖြင့် နှစ်ပေါင်း အသောင်းများစွာ အသိန်းများ စွာ ဒုက္ခခံကြကုန်ပြီး၍ သန်လျက်တောငရဲမှ လွတ်ခွင့်ရကြကုန်သောအခါ ထိုငရဲဒုက္ခမှ လွတ်ခြင်းငှါ ပြေးလာကြကုန်ရာ ဝေတရဏီမြစ်အနီးသို့ ဆိုက်ရောက်လာကုန်၏။

အဆူးရှိသော မြက်တောကြိမ်တောတို့ကို မြင်ကြ၍ မတိုးဝံ့ကြ ရှိနေကြကုန်ရာ ငရဲထိန်းတို့သည် တုတ် လှံတံတို့ဖြင့် ပစ်ခတ်ကြကုန်၍ အဆူးရှိသော မြက်တော ကြိမ်တောတို့သို့ ပြေးစေကြကုန်၏၊ ခြေဖဝါးမှ ခါးတိုင်အောင် စူးရှပြတ်သတ်ခြင်းဒုက္ခသို့ ရောက်ကြကုန်၍ မသွားနိုင်ရှိ နေကြကုန်ရာ ငရဲထိန်းတို့သည် တုတ်လှံတံတို့ဖြင့် ပစ်ခတ်ကြကုန်၍ ဝေတရဏီမြစ်အတွင်းသို့ ဆင်းစေကုန်၏၊ ဆင်းကြကာမျှ၌ အလျှံပြောင် ပြောင်တောက်လောင်သော ကြိမ်နွယ်ကြိမ်ရွက် ကြိမ်ဆူးတို့၏ အပေါ်၌ ကျရောက်ကြကုန်၍ တစ်ကိုယ်လုံး၌ စူးရှပြတ်သတ်သော ဒုက္ခဖြင့် မထနိုင်ကြကုန်မူ၍ တလွန့်လက်လက် နေကြလေကုန်၏။

တစ်ဖန်ကြိမ်နွယ်တို့မှ အောက်သို့လျှောကျကြကုန်သည်ရှိသော် အောက်၌ ရှိနေသော သံတံကျင်တို့၏ အပေါ်သို့ကျ ရောက်ကြကုန်၍ ငါးတို့ကို ဝါးတံစို့ဖြင့် ထိုးသီ၍ ထားဘိသကဲ့သို့ သံတံကျင်တို့၌ တလွန့်လွန့် တလက်လက် နေကြရကုန်၏၊ တဖန်သံတံကျင်တို့မှ အောက်သို့လျှောကျ ကြကုန်သည်ရှိသော် အောက်၌ ရှိနေသော ကြာရွက်အပြင်သို့ ကျရောက် ကြကုန်၍ ကြာရိုးကြာရွက်တို့၏ စူးရှပြတ်သတ်ခြင်းတို့ဖြင့် ကိုယ်ခန္ဓာ တို့သည် ထားလှံလက်နက်တို့ဖြင့် လှီးဖြတ် တောက်မွှန်း၍ ထားအပ်ကုန် ဘိသကဲ့သို့ နီနီရဲရဲသွေးတုံးသွေးခဲ အသားတုံး အသားခဲ အနာတုံး အနာခဲ အတိဖြစ်၍ တည်ကြလေကုန်၏။

တစ်ဖန်ထိုမှအောက်သို့ လျှောကျကြကုန်သည်ရှိသော် အလွန်ခါး ငန်လှစွာကုန်သော မြစ်ရေ၌ ကျရောက်ကြလေကုန်၍ အလွန်ပြင်းထန် သော ဒုက္ခဝေဒနာတို့ဖြင့် လူးလာစုန်ဆန် နစ်မွန်းမျောပါး၍ နေကြရ ကုန်၏။

ရှည်စွာသော နှစ်ကာလတို့ကို လွန်သည်ရှိသော် ထိုငရဲသတ္တဝါ တို့ကို ငရဲထိန်းတို့သည် သံချိတ်တို့ဖြင့် ချိတ်ငင်၍ မြစ်ကမ်းထိပ်သို့ တင်ပြီးလျှင် အဘယ်ကို အလိုရှိကြကုန်သနည်းဟု မေးကြကုန်၏၊ ထမင်းကို အလိုရှိပါသည်, ရေကို အလိုရှိပါသည်ဟု အသီးသီး ပြောကြ ကုန်၏။

ထိုအခါ ရဲရဲတောက်သော သံတွေခဲတို့ကို ထမင်းဟူ၍, ရဲရဲ တောက်သော သံပူရည်တို့ကို ရေဟူ၍ ပေးကြကုန်၏၊ မစားဝံ့ မသောက် ဝံ့ ရှိနေကြကုန်ရာ သံတံကျင်တို့ဖြင့် ခံတွင်းတို့ကို အတင်းဖွင့် စေကုန်၍ ထိုသံတွေခဲ သံပူရည်တို့ကို ခံတွင်းတို့သို့ လောင်းကြလေ ကုန်၏၊ ထိုသံတွေခဲ သံပူရည်တို့သည် ငရဲသူ သတ္တဝါ တို့၏ နှုတ်ခမ်း ခံတွင်း လည်ချောင်း အသည်း အအူတို့ကို အကုန်လောင်ကုန်လျက် အောက် ဒွါရမှ ထွက်သွားကုန်၏။

တစ်ဖန် ငရဲ၌ ကံမကုန်သေးသူတို့ကို ငရဲထိန်းတို့သည် ခြေကို ကိုင်၍ အလယ်ငရဲမကြီးအတွင်းသို့ ပစ်ချကုန်၏၊ ငရဲမကြီးအတွင်း၌ အနှစ်တစ်သိန်း စသည်ဖြင့် ကံမကုန်သမျှ ခံနေမြဲ ခံနေကြရကုန်၏။

ငရဲမကြီးမှထွက်၍ ပြဆိုခဲ့ပြီးသော နည်းအားဖြင့် ဥဿဒငရဲ ငါးထပ်တို့သို့ အစဉ်အတိုင်း ရောက်ကြရကုန်၏၊ ကံမကုန်ခဲ့လျှင် အပြန် တစ်ရာပင် ရှိကြကုန်သော်လည်း လွတ်ခွင့်မရကြလေကုန်။

ကာမေသုမိစ္ဆာစာရကံကြောင့်

အဝီစိငရဲ၌ ဖြစ်ရပုံ

အချို့သော သူတို့သည်ကား ငရဲမကြီး အတွင်း၌ ကျရောက်၍ အနှစ်တစ်သိန်း အနှစ်တစ်သန်း အနှစ်အကုဋေ အနှစ်အသင်္ချေ စသည် ဖြင့် ခံနေကြရကုန်၍ ကံကုန်သဖြင့် ငရဲမကြီးမှလွတ်၍ လူ့ပြည် နတ် ပြည်၌ ဖြစ်လာကြကုန်၏၊ ဘုရားလက်ထက်တော်၌ သာဝတ္ထိပြည် ကြီးရှင် ဘုရင်ကောသလမင်းကြီး၏ မလ္လိကာမိဖုရားကြီးကဲ့သို့တည်း။

မလ္လိကာမိဖုရား ဥပမာ

ထိုမိဖုရားကြီးသည် အလွန်သဒ္ဓါ ပညာ အလိမ်မာတရားနှင့် ပြည့်စုံ၏၊ ကောသလမင်းကြီးနှင့် အတူတကွ တစ်ဆူတစ်ဆူသော ဘုရားလက်ထက်တွင် တစ်ကြိမ်သာရှိမြဲဖြစ်သော မဟာအသဒိသ အလှူကြီးကို ပေးလှူရ၏၊ အသက်ထက်ဆုံး ဘုရားကိစ္စ သံဃာကိစ္စ တို့နှင့်သာ နေ့ရက်တို့ကို ကုန်စေ၏၊ ထိုသို့ဖြစ်ပါသော်လည်း ပုထုဇဉ်စိတ် ဖြစ်လျက်ရှိချေသောကြောင့် တစ်သက်လုံးတွင် တစ်ကြိမ်တစ်ခါမျှ ကာမေသု မိစ္ဆာစာရအမှု၌ သာယာစိတ်ဖြစ်မိ၏၊ ကောသလဘုရင်မင်းကြီး အားလည်း မိမိအပြစ်ကို ကွယ်ခြင်းငှါ မဟုတ်မမှန်သောစကားကို ပြောဆိုမိ၏။

သေသောအခါ၌ ထိုမျှလောက်သော ကုသိုလ်အထုတို့သည် မကယ်နိုင်ကြကုန်မူ၍ ထိုအနည်းငယ်မျှသော ကာမေသုမိစ္ဆာစာရ၌ သာယာမိသော ကံသည် မဟာအသဒိသဒါနကြီးရှင်ဖြစ်သော မလ္လိကာ မိဖုရားကြီးကို မဟာအဝီစိငရဲကြီး၌ ပစ်ချလေ၏။

သို့သော်လည်း မိမိအလိုနှင့်ဖြစ်ရသောကံ မဟုတ်၊ သူတစ်ပါး ပယောဂနှင့်ဖြစ်ရသည်ကို အနည်းငယ်သာယာစိတ် ပါရှိမိသည့်အတွက် မျှဖြစ်၍ ခုနစ်ရက်မြောက်တွင် မဟာအဝီစိငရဲမှလွတ်၍ တုသိတာနတ် ပြည်၌ ဖြစ်လေ၏။

မိန်းမတို့၌ မိမိလင်မှတစ်ပါး အခြားကို ကျူးလွန်မှုမည်သည် ဤမျှလောက် အပြစ်ကြီးကျယ်လှ၏၊ ပုထုဇဉ်စိတ်ဖြစ်၍ မလွတ်မကင်း ရှိခဲ့လျှင် ''ကာမေသု မိစ္ဆာစာရာဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ'' ဟူသော သိက္ခာပုဒ်ကို တင်းတင်းကြပ်ကြပ် ထိန်းသိမ်း၍ တစ်နေ့တစ်နေ့ လျှင် ပုတီးစိတ်သကဲ့သို့ နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အခါများစွာ ဆောက်တည်၍ တစ်ကိုယ်လုံး ထုံခဲ့သည်ရှိသော် လေးလျှင် လည်းပေါ့တတ်၏၊ ပေါ့လျှင်လည်း ပပျောက်တတ်၏၊ သတိမူကြလေ ကုန်။

လူ့ပြည် နတ်ပြည်တို့မှ ထိုထိုဥဿဒငရဲ၌ ကျရောက်ကုန်သော အချို့သော သူတို့သည်လည်း ကံကုန်ခဲ့သည်ရှိသော် ကျရာဥဿဒငရဲမှ လွတ်လျှင် လူ့ပြည် နတ်ပြည်၌ ဖြစ်ရကုန်၏၊ တေမိမင်းကဲ့သို့တည်း။

ကံကုန်ခြင်း၏ အဓိပ္ပါယ်

ကံကုန်သည်ဆိုသည်ကား--- အကြင်သူအား မလ္လိကာမိဖုရား ကြီးကဲ့သို့ ထိုငရဲသို့ ပစ်ချသော ကံမှတစ်ပါး ထိုဘဝ၌ များစွာသော ကုသိုလ်အဆောက်အဦရှိ၏၊ ထိုသူအား ထိုအကုသိုလ်ကံကုန်လျှင် ကုသိုလ်ကံတို့၏ အခွင့် နီးစပ်လျက်ရှိသောကြောင့် ငရဲ၌ အကုသိုလ်ကံ တစ်ပါး ဆက်လက်ခွင့် မရသည်ကို ကံကုန်သည်ဟု ဆိုသတည်း၊ အကုသိုလ်ကံတို့သာ အားကြီးစွာရှိကုန်၍ အနီးအပါး ဖြစ်သောဘဝ၌ ပြုအပ်သော ကုသိုလ်ကံ အလွန်နည်းပါးကြကုန်သော သူတို့အား ကံကုန်ခွင့် အလွန်ဝေး၏။

ကမ္ဘာပျက်မှပင် မဟာအဝီစိမှ လွတ်ခွင့်ရှိကြကုန်သော သတ္တဝါ တို့သည် အသင်္ချေယျ အနန္တ ရှိကြကုန်၏ဟု အဋ္ဌကထာတို့၌ ဆိုပေ၏၊ လိပ်ကာဏ်းဥပမာ ဒေသနာများကိုလည်း ထောက်၍ သိအပ်၏။

ဥဿဒငရဲ ၁၆-ထပ်, ၂၀-ထပ်။ ။ဤအရာတွင်--သံကိစ္စ ဇာတ်၌- ဥဿဒငရဲ တစ်ဆယ့်ခြောက်ထပ်ဟု လာ၏၊ ငရဲကြီးတစ်မျက်နှာ လျှင် လေးထပ်, လေးမျက်နှာလျှင် တစ်ဆယ့်ခြောက် ထပ်ဟူ၏။

ဒေဝဒူတသုတ်၌ကား--- ဝေတရဏီငရဲနှင့်တကွ တစ်မျက်နှာ၌ ငါးထပ်, လေးမျက်နှာ၌ နှစ်ဆယ်ဟု လာ၏၊

ဝေတရဏီငရဲကို အသိပတ္ထ၌ အပါအဝင်ပြု၍ ယူခဲ့သော် တစ်ဆယ့်ခြောက်ထပ် ဖြစ်၏၊

အချို့ကျမ်း၌ လက်ပံတောငရဲသည် အပဖြစ်သောငရဲတို့၌ လာ၏။

ငရဲအမျိုးမျိုး

ငါတို့မြန်မာနိုင်ငံ၌ အရံဖြစ်သော ရှမ်းပြည်အမျိုးမျိုး, ချင်းပြည် အမျိုးမျိုး, ကရင် ကချင်ပြည်အမျိုးမျိုး ရှိကြကုန်သကဲ့သို့ ထိုဥဿဒ ငရဲကြီးငါးထပ်တို့၏ ပြင်ဘက်၌လည်း အဝီစိနယ် ယူဇနာ တစ်သောင်း အတွင်း၌ အထောင်အသောင်းမက များစွာသော ငရဲမျိုးတို့သည်လည်း ရှိကြကုန်သေး၏။

များစွာသော ငရဲမျိုးတို့ဆိုသည်ကား--

၁။ လောဟကုမ္ဘီငရဲ

၂။ ပဟာသငရဲ

၃။ အဗ္ဗုဒငရဲ

၄။ နိရဗ္ဗုဒငရဲ စသည်တို့တည်း။

ယမမင်း ကယ်ဆယ်ပုံ

အကြားအကြား၌ တောလပ် မြေလပ်တို့လည်း ရှိကြကုန်၏၊

ယမမင်းကြီးတို့သည် ထိုအရပ်တို့၌ ရုံးစိုက်၍ ထာဝရ ရုံးထိုင်ကြကုန်၏၊ ဤလူ့ပြည်၌ သူတော်ကောင်းမျိုး ဖြစ်ကြ ပါကုန်လျက် သေခါနီးအခါ၌ အလွန်သေးငယ်လှသော အကုသိုလ်ကံ အခွင့်ရ၍ ကျရောက်ကုန်သော သူတို့သည် ထိုတောလပ် မြေလပ်တို့၌ ဖြစ်ကြလေကုန်၏၊ ငရဲထိန်းတို့ သည် ငရဲမှတက်၍ ထိုသူတို့ကို လိုက်လံရှာဖွေ ဖမ်းယူကြကုန်၏။

ယမမင်းတို့၏ ရုံးထိုင်မှုကား ထိုသူတို့ကို ကယ်ဆယ်ဖို့ သက်သက် ပေတည်း။

ကယ်ဆယ်ပုံကား-- ထိုကဲ့သို့သော သူတို့ကို တွေ့ရှိရမိကြကုန် သည်ရှိ သော် တစ်စုံတစ်ခုသော နှိပ်စက်ညှဉ်းပန်းခြင်းကို မပြုကြကုန်မူ၍ ငါတို့ရုံးတော်သို့ ပို့လာကြရကုန်မည်ဟု ငရဲထိန်းတို့၌ အမိန့်ထုတ်ပြန်၍ ထားကြပေကုန်၏၊ ငရဲထိန်းတို့သည် လိုက်လံရှာဖွေ တွေ့ရှိရမိသော သူတို့ကို ရုံးတော်သို့ချည်း ပို့ကြရကုန်၏၊

ယမမင်းကြီးတို့သည် ''ဒေဝဒူတစစ်တမ်းကြီး'' ငါးချက်နှင့်တကွ အမျိုးမျိုးသောအခွင့်တို့ဖြင့် ထိုသူတို့အား ရှေးဘဝ၌ ပြုခဲ့ဘူးသော ကုသိုလ်ကို အမှတ်သတိ ပေါ်ရှိကြလေအောင် အားထုတ်စစ်ဆေး မေးမြန်းကြပေကုန်၏၊ တစ်ချက်တစ်ချက်၌ ပေါ်ရှိလေကုန်သော သူတို့သည် ကုသိုလ်ကို သတိရကြကုန်သည်နှင့် အပြိုင်နက် ထိုငရဲဘဝမှ ကျွတ်လွတ်၍ လူ့ပြည် နတ်ပြည်၌ ဖြစ်လာကြကုန်၏၊

ကုသိုလ်ကို သတိမရနိုင်ကြကုန်သော သူတို့ကိုမူကား ကမ္မသကာ ဖြစ်ကြ ချေပြီဟု ယမမင်းတို့သည် မျက်နှာလွှဲ၍ နေကြရကုန်၏၊ ထိုအခါ ငရဲထိန်းတို့သည် ထိုသူတို့ကို ယူဆောင်၍ ၃၂-ပါးသော ကမ္မကရဏတို့ကို ပြု၍ ပျော်ပါးကြလေကုန်၏၊

( ငရဲသူ သတ္တဝါတို့၏ဒုက္ခ ပြီး၏၊ )

-------- * -------

၃၂-ပါးသော ကမ္မကရဏ

( ကံကြမ္မာ ၃၂-ပါး )

၃၂-ပါးသော ကမ္မကရဏဆိုသည်ကား--

၁။ ကသာဟိပိ=အဆူးရှိသော ကြိမ်လုံးတို့ဖြင့်လည်း၊ တာဠေန္တိ= ရိုက် နှက်ကုန်၏၊

၂။ ဝေတ္တေဟိ ပိ=အဆူးမရှိသော ကြိမ်လုံးတို့ဖြင့်လည်း၊ တာဠေန္တိ= ရိုက်နှက်ကုန်၏၊

၃။ အဒ္ဓဒဏ္ဍကေဟိ ပိ=နှစ်တောင်ပမာဏရှိသော တုတ်တို့ဖြင့် လည်း၊ တာဠေန္တိ=ရိုက်နှက်ကုန်၏၊

၄။ ဟတ္တံ ပိ=လက်နှစ်ဖက်ကိုလည်း၊ ဆိန္ဒန္တိ=ဖြတ်ကုန်၏၊

၅။ ပါဒံ ပိ=ခြေနှစ်ဖက်ကိုလည်း၊ ဆိန္ဒန္တိ=ဖြတ်ကုန်၏၊

၆။ ကဏ္ဏံ ပိ=နားရွက်နှစ်ဖက်ကိုလည်း၊ ဆိန္ဒန္တိ=ဖြတ်ကုန်၏၊

၇။ နာသံ ပိ=နှာခေါင်းကိုလည်း၊ ဆိန္ဒန္တိ=ဖြတ်ကုန်၏၊

၈-၉။ ကဏ္ဏ နာသံ ပိ=နား, နှာခေါင်းကိုလည်း၊ ဆိန္ဒန္တိ=ဖြတ် ကုန်၏၊

၁၀။ ဇိဝှံပိ=လျှာကိုလည်း၊ ဆိန္ဒန္တိ=ဖြတ်ကုန်၏၊

၁၁။ ဗိလင်္ဂ ထာလိကံ ပိ=ပုန်းရည်အိုးခေါ်သော ညှဉ်းဆဲမှု ကိုလည်း၊ ကရောန္တိ=ပြုကုန်၏၊

၁၂။ သင်္ခ မုဏ္ဍိကံ ပိ=ခရုသင်း ဦးပြည်းခေါ်သော ညှဉ်းဆဲမှုကို လည်း၊ ကရောန္တိ=ပြုကုန်၏၊

၁၃။ ရာဟု မုခံပိ=ရာဟုခံတွင်းခေါ်သော ညှဉ်းဆဲမှုကိုလည်း၊ ကရောန္တိ= ပြုကုန်၏၊

၁၄။ ဇောတိမာလိကံ ပိ=မီးပန်းပဒေသာခေါ်သော ညှဉ်းဆဲမှုကို လည်း၊ ကရောန္တိ=ပြုကုန်၏၊

၁၅။ ဟတ္တပဇ္ဇောတိကံပိ=လက်မီးတောက်ခေါ်သော ညှဉ်းဆဲမှု ကိုလည်း၊ ကရောန္တိ=ပြုကုန်၏၊

၁၆။ ဧရက ပတ္တိကံ ပိ=ပိန်းမြက်ခေါ်သော ညှဉ်းဆဲမှုကိုလည်း၊ ကရောန္တိ= ပြုကုန်၏၊

၁၇။ စီရက ငါသိကံ ပိ=သင်တိုင်းဝတ်ခေါ်သော ညှဉ်းဆဲမှုကို လည်း၊ ကရောန္တိ=ပြုကုန်၏၊

၁၈။ ဧဏေယျကမ္ပိ=ဧဏီမြှိုက်ခေါ်သော ညှဉ်းဆဲမှုကိုလည်း၊ ကရောန္တိ= ပြုကုန်၏၊

၁၉။ ဗလိသ မံသိကံ ပိ=မြားချိတ်သားလွှာခေါ်သော ညှဉ်းဆဲမှု ကိုလည်း၊ ကရောန္တိ=ပြုကုန်၏၊

၂၀။ ကဟာပဏိကံ ပိ=တစ်ကျပ်သားလွှာခေါ်သော ညှဉ်းဆဲမှု ကိုလည်း၊ ကရောန္တိ=ပြုကုန်၏၊

၂၁။ ခါရာ ပဋိစ္ဆာကံ ပိ=လှံထိုးဆားမံခေါ်သော ညှဉ်းဆဲမှုကို လည်း၊ ကရောန္တိ=ပြုကုန်၏၊

၂၂။ ပလိဃ ပရိဝတ္တကံ ပိ=တံခါးကျည်လှည့်ခေါ်သော ညှဉ်းဆဲ မှုကိုလည်း၊ ကရောန္တိ=ပြုကုန်၏၊

၂၃။ ပလာလ ပီဌကံ ပိ=ကောက်ရိုးအင်းပျဉ်ခေါ်သော ညှဉ်းဆဲ မှုကိုလည်း၊ ကရောန္တိ=ပြုကုန်၏၊

၂၄။ တတ္တေန=ပူလောင်စွာသော၊ တေလေနာ ပိ=ဆီဖြင့်လည်း၊ ဩသိဉ္စန္တိ= လောင်းကုန်၏၊

၂၅။ သုနခေဟိ ပိ=ကြမ်းလှစွာသော ခွေးတို့ကိုလည်း၊ ခါဒါပေန္တိ= ကိုက်စားစေကုန်၏၊

၂၆။ ဇီဝန္တံ ပိ=အရှင်လတ်လတ်ကိုလည်း၊ သူလေ=သံတံကျင်၌၊ ဥတ္တာ-သေန္တိ=လျှိုကုန်၏၊

၂၇။ အသိနာ ပိ=သန်လျက်ဖြင့်လည်း၊ သီသံ=ဦးခေါင်းကို၊ ဆိန္ဒန္တိ=ဖြတ်ကုန်၏၊

၂၈။ တတ္တံ=ရဲရဲတောက်သော၊ အယောခိလံ=သံတံသင်းကို၊ ဟတ္ထေ= လက်တဖက်၌၊ ကမေန္တိ=စိုက်နှက်ကုန်၏၊

၂၉။ တတ္တံ=ရဲရဲတောက်သော၊ အယောခိလံ=သံတံသင်းကို၊ ဒုတိယေ ဟတ္ထေ=ဒုတိယလက်၌၊ ကမေန္တိ=စိုက်နှက်ကုန်၏၊

၃၀။ တတ္တံ=ရဲရဲတောက်သော၊ အယောခိလံ=သံတံသင်းကို၊ ပါဒေ=ခြေ တစ်ဖက်၌၊ ကမေန္တိ=စိုက်နှက်ကုန်၏၊

၃၁။ တတ္တံ=ရဲရဲတောက်သော၊ အယောခိလံ=သံတံသင်းကို၊ ဒုတိယေ ပါဒေ=ဒုတိယခြေ၌၊ ကမေန္တိ=စိုက်နှက်ကုန်၏၊

၃၂။ တတ္တံ=ရဲရဲတောက်သော၊ အယောခိလံ=သံတံသင်းကို၊ မဇ္ဈေဥရသ္မိ= ရင်လယ်၌၊ ကမေန္တိ=စိုက်နှက်ကုန်၏၊

ဤကား လူ့ပြည်၌လည်းကောင်း, ငရဲပြည်တို့၌လည်းကောင်း ထင်သော ၃၂-ပါးသော ကမ္မကရဏတို့တည်း၊ အလွန်များပြားစွာ ရှိကုန်သေး၏။

ထို ၃၂-ပါးတို့တွင် ''ဗိလင်္ဂ ထာလိက''အစရှိကုန်သော ၁၃-ပါးတို့၌ အဓိပ္ပါယ်ကား

ဗိလင်္ဂထာလိက ကံကြမ္မာ

၁။ ဦးခေါင်းကို အလယ်၌ နှစ်ပိုင်းဖြတ်ပြီးလျှင် ရဲရဲငြိသော သံတွေခဲ တို့ကို ဦးနှောက်တွင်း၌ ထည့်ကုန်၏၊ ပုန်းရည်အိုး ပွက်ပွက်ဆူသကဲ့သို့ ဦးနှောက်တို့သည် ပွက်ပွက်ဆူကုန်၏၊ ဤကား ''ဗိလင်္ဂထာလိက''တည်း။

သင်္ခမုဏ္ဍိက ကံကြမ္မာ

၂။ ဦးခေါင်းရေကို အောက်အဖို့၌ ဓား သန်လျက်ဖြင့် ရစ်လှီး၍ ဆံပင်တို့ကို တပေါင်းတည်း လှံတံ၌ ရစ်ပတ်၍ ဆွဲငင်သည်ရှိသော် အရေနှင့်တကွ ကျွတ်၍ ပါကုန်၏၊ ထိုအခါ ကြမ်းတမ်းလှစွာသော ကျောက်စရစ်အိုးခြမ်းတို့ဖြင့် ပြင်းထန်စွာ ပွတ်တိုက်၍ ခရုသင်းကဲ့သို့ ဖွေးဖွေးဖြူသော ဦးပြည်းမှုကို ပြုကြကုန်၏၊ ဤကား ''သင်္ခမုဏ္ဍိက''တည်း။

ရာဟုမုခ ကံကြမ္မာ

၃။ သံတံသင်းဖြင့် ခံတွင်းပေါက်ကို ထောက်၍ ခံတွင်း၏အတွင်း၌ မီးတို့ကို ထွန်းညှိ ၍ ထားကြကုန်၏၊ မျက်နှာတစ်ပြင်လုံး၌ ဆောက်တို့ဖြင့် ထွင်းဖောက်၍ သွေးတို့ကို ခံတွင်း၌ စုသည်တို့ကို ပြုကြကုန်၏၊ နေဗိမာန် ကို ငုံ၍ထားသော ရာဟုခံတွင်းနှင့် အလားတူစွာ ဖြစ်၏၊ ဤကား ''ရာဟု မုခ''တည်း။

ဇောတိမာလိက ကံကြမ္မာ

၄။ တစ်ကိုယ်လုံးကို ဆီ ရေနံ စိမ်အပ်သော အဝတ်တို့ဖြင့် ရစ်ပတ်၍ မီးပန်း ပဒေ သာကဲ့သို့ ပြုကြကုန်၏၊ ဤကား ''ဇောတိမာလိကဇောတိမာလိက''တည်း။ ဟတ္ထပဇ္ဇောတိက ကံကြမ္မာ

၅။ လက်နှစ်ဖက်ကိုသာ ထို့အတူ ရစ်ပတ် ၍ မီးရှုးထွန်းသကဲ့သို့ ပြုသည်ကား ''ဟတ္ထပဇ္ဇောတိက'' တည်း။

ဧရကပတ္တိက ကံကြမ္မာ

၆။ ခါးမှစ၍ အရေလွှာတို့ကို ပိန်းမြက်ရွက်တို့ကဲ့သို့ ခြေမျက်စိသို့ ရောက်အောင် ခွါချကုန်၍ မြေ၌စုပုံစေကုန်ပြီးလျှင် လက်စသည်တို့၌ ကြိုးတု့ြိဖင့်ဖွဲ့ချည်၍ ထိုမှ ဤမှ ဆွဲငင်၍ ပြေးကြကုန်၏၊ မိမိတို့၏အရေ၌ နင်း၍ အဖန်ဖန်လဲကြကုန်၏၊ ဤကား ''ဧရကပတ္တိက'' ''ဧရကပတ္တိက'' တည်း။

စီရကဝါသိက ကံကြမ္မာ

၇။ ထို့အတူ လည်ပင်းမှစ၍ ခါးသို့ရောက်အောင် အရေလွှာတို့ကို အကုန်ခွါ၍ လျှော်တေဝတ်သကဲ့သို့ ပြုကြကုန်၏၊ ဤကား ''စီရက ဝါသိက'' တည်း။

ဧဏေယျက ကံကြမ္မာ

၈။ တတောင်ဆစ်နှစ်ဖက် ပုဆစ်ဒူး နှစ်ဖက်တို့၌ သံကွင်း, သံခြေ ကျင်းတို့ဖြင့် လျှိုခတ်၍ သံချောင်းနှက်ပြီးသော် ဧဏီမည်သော သားကောင်ကဲ့သို့ လေးဖက်တွား၍နေစေပြီးမှ မီးတို့ကို ပတ်လည်၌ ထည့်၍ မြှိုက်ကုန်၏၊ ဤကား ''ဧဏေ-ယျက''''ဧဏေ-ယျက'' တည်း။

ဗလိသ မံသိက ကံကြမ္မာ

၉။ သင်္ဘောသီး သခွါးသီးတို့ကို စဉ်းကော စဉ်းခြစ်သကဲ့သို့ သံမြား ချိတ်တို့ဖြင့် တစ်ကိုယ်လုံး၌ အရေအသားတို့ကို အမျှင်အမျှင် ချိတ်ငင်ခြစ် ယူကုန်၍ အရိုးမျှ ကျန်ရှိသည်ကို ပြုကုန်၏၊ ဤကား ''ဗလိက မံသိက'' တည်း။

ကဟာပဏိက ကံကြမ္မာ

၁၀။

ထက်လှစွာသော ထား, ပဲခွပ်တို့ဖြင့် ခြေဖမိုးမှစ၍ တစ်ကိုယ်လုံး၌ အသားတို့ကို တစ်ကျပ်သား တစ်ကျပ်သား လှီးဖြတ်၍ ချကုန်၏၊ ဤကား ''ကဟာပဏိက'' တည်း။

ခါရာ ပဋိစ္ဆာက ကံကြမ္မာ

၁၁။ တစ်ကိုယ်လုံး၌ လှံတို့ဖြင့် ထိုးဆွ၍ ဆား ဆပ်ပြာတို့ဖြင့် မံကုန်၏၊

ဤကား ''ခါရာ ပဋိစ္ဆာက'' ''ခါရာ ပဋိစ္ဆာက'' တည်း။

ပလိဃပရိဝတ္တိက ကံကြမ္မာ

၁၂။ စောင်းလျက် အိပ်စေ၍ အထက် နားပေါက်မှ အောက်နား ပေါက်ကို ဖောက်ထွင်း၍ မြေသို့ဝင်လေအောင် သံတံကျင်ကို စိုက်နှက်ပြီး လျှင် တံခါးကျည်ကို လှည့်လည်စေသကဲ့သို့လည်းကောင်း, ဆီဆုံလည် သကဲ့သို့လည်းကောင်း ခြေနှစ်ချောင်းကို ကိုင်ဆွဲ၍ ပတ်ပတ်လည် လှည့်ကြကုန်၏၊ ဤကား ''ပလိဃ ပရိဝတ္တိက''''ပလိဃ ပရိဝတ္တိက'' တည်း။

ပလာလ ပိဌက ကံကြမ္မာ

၁၃။ အသားအရေတို့ကို မစုတ်မပဲ့စေမူ၍ တစ်ကိုယ်လုံး၌ရှိသော အရိုးအရေတို့ကို အကုန်ကြေမွသည်ကိုပြု၍ ကျောက်တို့ဖြင့် ထုကုန်ပြီးမှ ဆံပင်တို့ကိုကိုင်၍ ခါတွက်သဖြင့် အရိုးတို့ကို အကုန်ထွက်စေ၍ အသား စုသက်သက် ကျန်ရှိအောင် လုပ်ပြီးမှ ကောက်ရိုးအင်းပြင်ကဲ့သို့ ပြုကြ ကုန်၏၊ ဤကား ''ပလာလပီဌက''''ပလာလပီဌက'' တည်း။

ကံကြမ္မာ ၃၂-ပါးဆောင်ပုဒ်

အရိုက်သုံးရပ်၊ အဖြတ်ရှစ်မျိုး၊ ပုန်းရည်အိုးနည်း၊ ဦးပြည်း ရာဟု၊ နှစ်ခုမီးချက်၊ ပိန်းမြက်လျှော်တေ၊ ဧဏီ မြှိုက်ခြင်း၊ စဉ်းကောစဉ်းလတ်၊ တကျပ်လှီး မျိုး၊ ဆားလှံထိုးနှင့်၊ ကောက် ရိုးအင်းပြင်၊ ဆီလျှင် လောင်းရေး၊ ခွေးကျွေး တံကျင်၊ ငါးအင် အဖွဲ့၊ ပြုတုံခဲ့သည်။။ သုံးဆယ့်နှစ်လီ ညှဉ်းပန်းတည်း။

ဆောင်ပုဒ်၌ ရှင်းချက်

နောက်၌လာသော ဦးခေါင်းဖြတ်ကို ရှေ့၌ ပေါင်း၍ အဖြတ် ရှစ်မျိုးဆိုသည်၊ ဆီစိမ်သော အဝတ်တို့ဖြင့် တစ်ကိုယ်လုံးကို ရစ်ပတ်၍ မီးတိုက်ချက်, လက်နှစ်ဖက်တွင် ရွေ့ရစ်ပတ်၍ မီးတိုက်ချက်တို့ကို နှစ်ခုမီးချက်ဆိုသည်။

ဤ ၃၂-ပါးတို့ကား ရှေးအခါကပင် လူ့ပြည်၌လည်း ထင်ရှား လျက်ရှိကုန်၏၊ ထို့ကြောင့် ''ဒွတ္တိံသကမ္မကရဏ'' ဟုဆိုသည်။

နောက်ကာလ၌မူကား- လူ့ပြည်၌လည်း မျက်လုံးကိုဖောက်ခြင်း, ရင်ကို ခွဲခြင်း, ခါးကိုပိုင်းခြင်းအစရှိသည်တို့ဖြင့် စိတ်ထင်တိုင်းညှဉ်းပန်း နည်း များပြား၍လာ၏၊

ငရဲ၌မူကား- ထို ၃၂-ပါးအပြင် ငရဲထိန်းတို့၏ ညှဉ်းပန်းနည်း တို့သည် သဉ္ဇိဝ်းငရဲကြီး၌ ပြုလုပ်နည်းအမျိုးမျိုး, ကာဠသုတ်ငရဲကြီး၌ ပြုလုပ်နည်းအမျိုးမျိုး အစရှိသည်ဖြင့် အထောင်မက များပြားကုန်၏၊

ပြိတ္တာတို့ဘုံ၌ ငရဲထိန်းတို့၏ ညှဉ်းပန်းမှုတို့သည် ရှိကုန်၏၊

ငရဲခန်းအမျိုးမျိုး

ဒေဝဒူတသုတ်လာ ငရဲခန်းအမျိုးမျိုး။ ။ ဒေဝဒူတ သုတ်၌ကား

၁။ ယမမင်းကြီးတို့ကိုယ်တိုင် အကြိမ်ကြိမ်စစ်မေးပါသော်လည်း ရှေးဘဝ၌ တစ်စုံတစ်ခုသော ကုသိုလ်ကောင်းမှုကိုမျှ ရှာကြံမရ ရှိကြကုန်သော ငရဲသူအပေါင်းတို့ကို ငရဲထိန်း တို့သည် ယူဆောင်ကြကုန်၍ ရဲရဲငြိသော သံမြေ၌ ပက် လက်အိပ်စေကုန်၍ လက်ဝါးနှစ်ဖက် ခြေဖဝါးနှစ်ဖက် ရင်လယ်အရပ်တို့၌ ထန်းလုံးခန့် ပမာဏရှိကုန်သော ငါးခုသော သံတံသင်းတို့ကို စိုက်နှက် ကားကြက်၍ ထားခြင်း၊

၂။ အလျှံပြောင်ပြောင် တောက်သော သံမြေ၌အိပ်စေ၍ သုံးဂါဝုတ် မျှရှိသော အတ္တဘောတို့ကို အိမ်မိုးတစ်ခြမ်းခန့် အရွက်ရှိကုန်သော ထားမတို့ဖြင့်ရွေခြင်း၊

၃။ ဦးခေါင်းစောက်ထိုး ခြေမိုးမျှော်ထားပြီးလျှင် ပဲခွပ်ကြီးတို့ဖြင့် အသားတို့ကိုရွေခြင်း၊

၄။ အလျှံပြောင်ပြောင် တောက်သော ရထား၌ ကကုန်၍ အလျှံပြောင်ပြောင် တောက်သော သံမြေ၌ စိုင်းနှင်ခြင်း၊

၅။ လက်နက် လှံတံတို့ဖြင့် ပစ်ခတ်ရိုက်နှက်၍ မီးအတိပြီးသော သံတောင်ကြီးအပေါ်သို့ တက်စေခြင်း၊

၆။ ထို့နောက် အနက် အကျယ် ယူဇနာ ၆၀-ရှိသော သံပူရည် ပင်လယ် ကြီးနှင့် အလားတူသော လောဟကုမ္ဘီ ခေါ်သော သံဒယ်အိုးကြီး၌ ပစ်ချခြင်း၊

၇။ ထိုလောဟကုမ္ဘီငရဲ၌ အနှစ်များစွာ ကြာမြင့်ပြီးသော သူတို့ကိုယူငင်၍ မဟာအဝီစိငရဲမကြီးအတွင်း ပစ်ချခြင်း၊ ၈။ မဟာအဝီစိငရဲမကြီးအတွင်း၌ နှစ်ပေါင်းအသိန်းများစွာ ခံကြရ ကုန်ပြီး၍ ရှေး၌ပြဆိုခဲ့ပြီးသော အစဉ်အားဖြင့် ဥဿဒငရဲကြီး ငါးရပ်တို့သို့ ကျရောက်ရခြင်း၊ ဤသို့အစဉ် သည် လာရှိ၏။

ဤမှတစ်ပါး နေမိဇာတ်၌လာသော ငရဲခန်းအမျိုးမျိုး

နာရဒဇာတ်တော်၌လာသော ငရဲခန်းအမျိုးမျိုး

သရဘင်္ဂဇာတ်တော်၌လာသော ငရဲခန်းအမျိုးမျိုး

ကောကာလိကသုတ်၌လာသော ငရဲခန်းမျိုးမျိုး

မိတ္တဝိန္ဒကဇာတ်၌လာသော သင်ဓုန်းစက် ငရဲခန်း အမျိုးမျိုး

မာရတဇ္ဇနီယသုတ်၌လာသော ငရဲခန်းအမျိုးမျိုး

အစရှိသည်ဖြင့်ငရဲခန်းတို့သည် မဆုံးနိုင်ဖွယ် အလွန်များပြား လျက်ရှိကုန်၏၊

မြတ်စွာဘုရားသည်လည်း ငရဲဘုံ၌ ခံကြရကုန်သော ဒုက္ခ အမျိုး မျိုးတွေကို ဒေသနာအစဉ်အားဖြင့် ငါဘုရားသော်မှလည်း ဆုံးခန်း ရောက်အောင် ဟောခြင်းငှါ မတတ်နိုင်ဟု ဟောတော်မူရချေ၏၊

( ၃၂-ပါးသော ကမ္မကရဏ ပြီး၏၊ )

-------- * --------

ငရဲကြီးရှစ်ထပ်တို့၏ အသက်တမ်း

လူတို့၌ အနှစ်ကိုးသန်း(၉၀၀၀၀ဝဝ)သည် သဉ္ဇိုဝ်းငရဲကြီး၌ ၁- ရက် ဖြစ်၏၊

၎င်းအနှစ်ကိုသန်းကို လေးဆတက်သည်ရှိသော် သုံးကုဋေ ခြောက်သန်း (၃၆၀၀၀၀ဝဝ)ဖြစ်၏၊ ၎င်းနှစ်ပေါင်း သုံးကုဋေခြောက် သန်း(၃၆၀၀၀၀ဝဝ)သည် ကာဠသုတ်ငရဲကြီး၌ တစ်ရက်ဖြစ်၏၊

ဤနည်းတူ အစဉ်အတိုင်း လေးဆတက်သည်ကိုပြု၍ တာပန ငရဲကြီးတိုင်အောင် ငရဲကြီးတို့၌ ၁-ရက် အရေအတွက်ကို သိရာ၏။

၁။ မိမိတို့ရက်ဖြင့် အရက် ၃၀-သည် မိမိတို့ လ-ဖြစ်၏၊ မိမိတို့လ-ဖြင့် ၁၂-လသည် မိမိတို့ ၁-နှစ်ဖြစ်၏၊ မိမိတို့ နှစ်ဖြင့် အနှစ်ငါးရာ (၅၀၀)သည် သဉ္ဇိုဝ်း၌ အသက်တမ်း ဖြစ်၏။

၂။ အနှစ်တစ်ထောင်(၁၀၀၀)သည် ကာဠသုတ်၌ အသက် တမ်းဖြစ်၏၊

၃။ အနှစ်နှစ်ထောင်(၂၀၀၀)သည် သံဃာတ၌ အသက် တမ်းဖြစ်၏၊

၄။ အနှစ်လေးထောင်(၄၀၀၀)သည် ရောရုဝ၌ အသက် တမ်းဖြစ်၏၊

၅။ အနှစ်ရှစ်ထောင်(၈၀၀၀)သည် မဟာရောရုဝ၌ အသက် တမ်းဖြစ်၏၊

၆။ အနှစ်တစ်သောင်းခြောက်ထောင်(၁၆၀၀၀)သည် တာပန၌ အသက် တမ်းဖြစ်၏၊

၇။ အန္တရကပ် ထက်ဝက်သည် မဟာတာပန၌ အသက်တမ်း ဖြစ်၏၊

၈။ အန္တရကပ် တစ်ကပ်သည် အဝီစိ၌ အသက်တမ်း ဖြစ်၏၊

ငရဲပြည်သက်တမ်း စိစစ်ချက်

အန္တရကပ်တစ်ကပ်၏ ပမာဏကား မဟာပထဝီမြေကြီးသည် အထက်သို့ တစ်ယူဇနာခန့် တက်သည်နှင့်အမျှ ကြာမြင့်၏၊

ဤသို့ ငရဲကြီးရှစ်ထပ်တို့၏ အသက်တမ်းကို ''ဇိနာလင်္ကာရ'' စသော ကျမ်းဂန်တို့၌ လာ၏၊

အပါယ်လေးဘုံတို့၌ အသက်တမ်းဟူ၍ မရှိ၊ ကံသည်ပမာဏ ဖြစ်၏ဟူသော အဘိဓမ္မာကျမ်းဂန်စကားများနှင့် ဆန့်ကျင်သည် မဟုတ် လော ဆိုငြားအံ့။

လူတို့၌ တစ်ရာတမ်းဆိုလျှင် ထိုအခါ နှစ်ရာနေရသူ မရှိ၊ နှစ်ရာတမ်းဆိုလျှင် ထိုအခါ သုံးရာနေရသူမရှိ၊ ဤသို့ အထက်ဖြစ်သော တမ်းတစ်ခုနှင့် ရောယှက်ခြင်း မရှိသည်ကို အသက်တမ်းဆို၏၊

ငရဲတို့၌ကား ထိုကဲ့သို့ ရောယှက်ခြင်းမရှိသည်မဟုတ်၊ သဉ္ဇိုဝ်း၌ ငါးရာ ဆိုသော်လည်း ကံမကုန်ခဲ့လျှင် တစ်ထောင်လည်း နေရ၏၊ နှစ်ထောင်လည်း နေရ၏၊ သုံးထောင် လေးထောင်စသည်လည်း နေရ၏၊ အထက်ဖြစ်သော တမ်းတို့နှင့် ကူးယှက်၏၊

ထို့ကြောင့် အပါယ်လေးဘုံတို့၌ အသက်တမ်းဟူ၍ မရှိဟု အဘိဓမ္မာကျမ်းဂန်တို့၌ ဆိုပေသည်။

ယေဘုယျအားဖြင့် သဉ္ဇိုဝ်း၌ ငါးရာနေရသူများ၏၊ ဤသို့များရာ ကို အစွဲပြု၍ သဉ္ဇိုဝ်း၌ငါးရာဟုဆိုပေသည်၊ ဤသို့ယူလျှင် မဆန့်ကျင်။

ထို့ကြောင့် မြတ်စွာဘုရားသည်လည်း အဘိဓမ္မာ၌ အပါယ်လေး ဘုံတို့မှာ အသက်တမ်းကို မဟောမူ၍ ''ဒေဝဒူတသုတ်''တို့၌လည်း ကံသာ ပမာဏဟု ဟောတော်မူပြီး၍ မဟာအဝီစိငရဲကြီး၏ အရံဖြစ်သော အဗ္ဗုဒငရဲပြည် အစရှိသော ဆယ်ပြည်ထောင်သော ငရဲတို့၌ အသက် တမ်းကို ဟောတော်မူပြန်သတည်း။

ဆယ်ပြည်ထောင် ငရဲသက်တမ်း

ဆယ်ပြည်ထောင်ဆိုသည်ကား

၁။ အဗ္ဗုဒ ငရဲ

၂။ နိရဗ္ဗုဒ ငရဲ

၃။ အဗဗ ငရဲ

၄။ အဟဟ ငရဲ

၅။ အဋဋ ငရဲ

၆။ ကုမုဒ ငရဲ

၇။ သောဂန္ဓိက ငရဲ

၈။ ဥပ္ပလ ငရဲ

၉။ ပုဏ္ဍရီက ငရဲ

၁၀။ ပဒုမ ငရဲ

ဤ ၁၀-ပါးတို့တည်း။

ထိုဆယ်ပါးတို့၌ အသက်တမ်းကို ဤသို့ ဟောတော်မူ၏၊

အဗ္ဗုဒ ငရဲသက်တမ်း စသည်

နှမ်းအတင်း ရှစ်ဆယ်ပုံမှ အနှစ်တစ်ရာလျှင် နှမ်းတစ်စေ့ကျ ယူ၍ပစ်သည်ရှိသော် နှမ်းအတင်းရှစ်ဆယ်ပုံသည် အလျင်အမြန် ကုန်လေရာ၏၊ အဗ္ဗုဒငရဲ၏ အသက်တမ်းမူကား မကုန်လေရာ၊ ဤကား အဗ္ဗုဒငရဲ၏ အသက်တမ်းတည်း။

နှမ်းတစ်တင်း၌ရှိ နှမ်းစေ့အရေအတွက်

နှမ်းတစ်တင်း၌ နှမ်းစေ့ပေါင်း ကုဋေလေးရာနှင့် ကိုးကုဋေ ခြောက်သိန်း ရှိ၏၊ ထိုအဗ္ဗုဒငရဲ၏ အသက်တမ်းမှာ အဆင့်ဆင့်အားဖြင့် အဆနှစ်ဆယ်စီ တိုးပွါး၍ သွားကုန်သည်ရှိသော် နိရဗ္ဗုဒအစရှိကုန်သော ကိုးဘုံသော ငရဲတို့၏ အသီးအသီးသော အသက်တမ်းဖြစ်၏၊ ဤသို့ ဟောတော်မူ၏။

ငရဲခန်းအမြွက် ပြီး၏၊

---- * ---

ပြိတ္တာ အသုရကာယ်တို့ကို အမြွက်မျှ ပြဆိုခန်း

ပြဆိုခဲ့သော နည်းအားဖြင့် ငရဲဘုံတို့၌ ယေဘုယျအသက်တမ်း ထင်သေး၏၊ ပြိတ္တာတို့ဘုံ, အသုရကာယ်တို့ဘုံတို့၌မူကား ယေဘုယျ အသက်တမ်းဟူ၍ပင် မရှိပြီ။

ရှစ်သောင်းလေးထောင်သော ပြိတ္တာ

မရှိပုံကား- ဤကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် ၉၂- ကမ္ဘာ မြောက်၌ ဖုဿမြတ်စွာဘုရား လက်ထက်၌အတူတကွ တစ်ကြိမ်ပြုကြ သော အကုသိုလ်ကံကြောင့် ထိုဘဝမှစ၍ ဘဝအဆက်ဆက် ကမ္ဘာ အဆက်ဆက် ငရဲ၌ အဖန်ဖန် ကျရောက်၍နေကြကုန်သော ရှစ်သောင်း လေးထောင်မျှ လောက်ကုန်သော ပြိတ္တာတို့သည် ဤကမ္ဘာ၌လည်း ကမ္ဘာ ဦးမှစ၍ ငါတို့မြတ်စွာဘုရား လက်ထက်တိုင်အောင် အစာရေစာဟူ၍ အဏုမြူမျှ မတွေ့ရဘဲ အမြဲငတ်မွတ်ဆာလောင်သော ကိုယ်ရှိကြကုန် သည်ဖြစ်၍ ကြီးစွာသော ဒုက္ခကို ခံနေကြရကုန်၏၊ ငါတို့မြတ်စွာဘုရား လက်ထက်မှာမှ ကျွတ်လွတ် ကြလေကုန်၏။

စပါးကြီးမြွေ ပြိတ္တာ

အရှင်ပစ္စေကဗုဒ္ဓါ၏ ကျောင်းကို မီးတိုက်မှုကြောင့် အဝီစိငရဲ၌ အန္တရကပ်ပတ်လုံး ခံပြီး၍ ဂိဇ္ဈကုဋ်တောင်၌ ဖြစ်၍နေသော စပါးကြီးမြွေ ပြိတ္တာသည် ရှိ၏။

ထိုပြိတ္တာ၏ ကိုယ်သည် ၂၅-ယူဇနာ ရှိ၏၊ ဦးခေါင်းကား လူ၏ ဦးခေါင်းတည်း၊ မီးတောက်မီးလျှံတို့သည် ဦးခေါင်းမှထ၍ အမြီးဖြား တိုင်အောင် လောင်ကုန်၏၊ အမြီးမှထ၍ ဦးခေါင်းတိုင်အောင် လောင် ကုန်၏၊ ဦးခေါင်းအမြီး နှစ်ဌာနမှစ၍ အလယ်၌ ပေါင်းဆုံကြကုန်၏၊ အလယ်မှထ၍ ဦးခေါင်းအမြီး တိုင်အောင် လောင်ကုန်၏၊ နွေရာသီ၌ တောင်ရိုးကြီး တလျှောက်လုံးကို မီးလောင်၍ နေသကဲ့သို့ ထင်၏၊ ပကတိ မျက်စိအားဖြင့်ကား မြင်ကောင်းသည် မဟုတ်၊ ဒိဗ္ဗစက္ခုမျက်စိဖြင့်သာ မြင်ကောင်း၏၊ ဤပြိတ္တာသည်လည်း အဘယ် အခါမှ ကျွတ်လွတ်မည်ဟု အပိုင်းအခြားမရှိ။

ကျီး ပြိတ္တာ

ထို့အတူ ၂၅-ယူဇနာရှိသော ကျီးပြိတ္တာသည်လည်းရှိ၏၊ ထိုပြိတ္တာ အားလည်း ကျွတ်လွတ်ရာသော နှစ်အပိုင်းအခြား မရှိသေး။

သဋ္ဌိကူဋ ပြိတ္တာ

ထို့အတူ အလျှံပြောင်ပြောင် တောက်လောင်ကုန်သော ခြောက် သောင်းမျှလောက်ကုန်သော သံတူ သံတင်းပုတ်တို့သည် ဦးခေါင်း၌ အမြဲထတုံကျတုံဖြစ်၍နေကုန်သဖြင့် ဦးခေါင်းသည် အမြဲကွဲချည် ပကတိဖြစ်ချည် ဖြစ်၍နေသော သဋ္ဌိကူဋပြိတ္တာသည်လည်း ရှိ၏၊ ဤပြိတ္တာသည်လည်း ကျွတ်လွတ်ရာသော အပိုင်းအခြား မရှိသေး။

ဤသို့အစရှိသည်ဖြင့် ပြိတ္တာမျိုးသည် အသင်္ချယျ အနန္တများပြား ကုန်၏၊ ကျမ်းဂန်တို့၌လည်း ပြိတ္တာတို့ကို ပြဆိုသောအရာသည် ငရဲတို့ကို ပြဆိုသော အရာထက် ကျယ်ဝန်း၏၊ များပြား၏၊ ''ပေတဝတ္ထုကျမ်း'' ဟူ၍ ပါဠိတော်တစ်ကျမ်း အသီးထွက်၏၊ ''လက္ခဏသံယုတ်'' ဟူ၍ သံယုတ်တစ်ပါး အသီးထွက်၏၊ ကျယ်အံ့စိုး၍ ဤစာအုပ်၌ မထုတ် လိုက်ပြီ။

အသုရကာယ် အမျိုးမျိုး

အသုရကာယ်မျိုးသည်လည်း

၁။ ဝိနိပါတိက အသုကာယ်မျိုး

၂။ ကာလကဉ္စိက အသုရကာယ်မျိုး

၃။ လောကန္တရိက် အသုရကာယ်မျိုးစသည်ဖြင့်များပြား၏၊

ထိုအသုရကာယ်မျိုးတို့တွင်

ဝိနိပါတိက အသုရကာယ်မျိုး

ဝိနိပါတိက အသုရကာယ်မျိုးဆိုသည်ကား လောက၌ ဘီလူး သံဘက် အစိမ်း သူရဲ တစ္ဆေ မြေဘုတ်အစရှိသည်ဖြင့် ခေါ်ဝေါ်ကြကုန် သော နတ်ယုတ် နတ်ညံ့တို့ကို ဆိုသတည်း။

ထိုသူတို့သည်လည်း နေရာဘုံဗိမာန်ဟူ၍ မရှိကြကုန်မူ၍ သစ်ပင် တောချုံ အစရှိသည်တို့ကို အမှီပြု၍ နေကြကုန်၏၊ လူတို့စွန့်ပစ် အပ်သော ထမင်းသိုး ဟင်းသိုး နှပ်တံတွေး ကိုယ်ဝန်အညစ်အကြေး စသည်တို့ကို ရှာကြံ၍ စားသောက်ကြရကုန်၏၊ အလွန်ကြုံလှီသော ကိုယ်ရှိကြကုန်၏၊ ထိုသူတို့လည်း အသက်အပိုင်းအခြား မရှိကြကုန်၊ စာတုမဟာရာဇ်ဘုံ၌ အကျုံးဝင်ကုန်၏၊ မြေအပြင်၌ အသင်္ချေယျ အနန္တ များပြားကုန်၏။

ကာလကဉ္စိက အသုရကာယ်မျိုး

ကာလကဉ္စိက အသုရကာယ်မျိုး ဆိုသည်ကား သုံးဂါဝုတ်မျှ လောက်သော အတ္တဘောရှိ၏၊ အလွန်နည်းသော အသားအသွေးရှိသည် ဖြစ်၍ အရိုးအရေမျှသာရှိရကား သစ်ရွက်ခြောက်နှင့်တူသော အလားရှိ၏၊ ပုဇွန်တို့၏ မျက်စိကဲ့သို့ မျက်လုံးအိမ်မှထွက်ကုန်၍ ဦးခေါင်းထိပ်၌ တည်သော မျက်စိရှိကုန်၏၊ ခံတွင်းပေါက်သည်လည်း ဦးခေါင်းထိပ်၌ ပေါက်၏၊ အပ်နဖားပေါက်မျှသာရှိ၏၊ ဤကဲ့သို့သော ပြိတ္တာမျိုးတို့ကို ကာလကဉ္စိက အသုရကာယ်မျိုးခေါ်သည်၊ ထို အသုရကာယ်မျိုးသည် လည်း အသင်္ချေယျအနန္တများပြား၏။

လောကန္တရိက် အသုရကာယ်မျိုး

လောကန္တရိက် အသုရကာယ်မျိုး ဆိုသည်ကား လောကန္တရိက် ငရဲသူတို့ကို ဆိုသတည်း၊ သုံးဂါဝုတ်မျှလောက်သော အတ္တဘောရှိကုန်၏၊

စကြာဝဠာသုံးခုတို့၏ ပေါင်းဆုံရာ၌ အကျယ်အားဖြင့် ယူဇနာရှစ်ထောင် ရှိသော လောကဓာတ် အပေါက်ကြီးသည်ရှိ၏၊ အောက်၌ ကမ္ဘာကိုခံ သော ရေသို့ဆိုက်၏၊ အခါခပ်သိမ်း မှောင်အတိမိုက်၏၊ ထိုလောကဓာတ် အပေါက်တို့၌ စကြဝဠာတံတိုင်းတို့၌ ထိုသတ္တဝါတို့သည် လင်းနို့တို့ကဲ့သို့ တွဲရရွဲဆွဲ၍နေကြရကုန်၏။

အချင်းချင်းထိခိုက်ကြသဖြင့်လည်းကောင်း, အလွန်အေးမြလှစွာ သော လေတို့၏ တိုက်ခြင်းဖြင့်လည်းကောင်း အညှာမှ ပြတ်ကြွေကုန် သော သစ်သီးတို့ကဲ့သို့ စကြာဝဠာတံတိုင်းမှ လွတ်ကြွေ၍ ကမ္ဘာကိုခံသော ရေ၌ ကျလေကုန်၏၊ ကျကာမတ္တမျှဖြစ်ကုန်၍သာလျှင် အလွန်ငန်မှု အေးမှုတို့ကြောင့် ရေ၌ကျကုန်သော ဆားခဲတို့ကဲ့သို့ မြေ့မြေ့ကြေမွကုန်၍ စကြဝဠာတံတိုင်း၌ ဖြစ်မြဲတိုင်း အဖန်တလဲလဲ ဖြစ်ရကုန်၏၊ အသင်္ချေယျ အနန္တ များပြားကုန်၏၊ အသက်တမ်းဟူ၍ မရှိကုန်။

တိရစ္ဆာန်တို့ကား ထင်ရှားကုန်ပြီ။

ငရဲ,တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ်တို့ကို အမြွက်မျှပြဆိုချက် ပြီး၏၊

------ * -----

အပါယ်ဘုံတို့သည် ပုထုဇဉ်သတ္တဝါတို့၏စိတ်မှ ဖြစ်ပုံကို ပြဆိုခန်း

အမြွက်အားဖြင့် ပြဆိုအပ်ကုန်ပြီးသော ငရဲကြီးရှစ်ပြည်ထောင် တို့မှစ၍ လောကန္တရိက် အသုရကာယ် အဆုံးရှိကုန်သော အလုံးစုံသော အပါယ်ဘုံအနန္တတို့သည် အဘယ်မှ ဖြစ်ပွါးကုန်သနည်းဟူမူကား--

ဇမ္ဗူဒီပါကျွန်းအပြင်၌ ခပ်သိမ်းသော မြစ်ကြီး မြစ်ငယ်တို့သည် ဟိမဝန္တာမှ ထွက်ကုန်သကဲ့သို့ သတ္တဝါ အပေါင်းတို့၏စိတ်မှ ဖြစ်ပွါးကုန်၏၊ နိယာမအဖြစ်သို့ဆိုက်အောင် ပြုပြင်၍ထားအပ်သော အရိယာ ပုဂ္ဂိုလ်တို့၏ စိတ်ကို ချန်လှပ်၍ ခပ်သိမ်းသော လူ,နတ်,ဗြဟ္မာ သတ္တဝါတို့စိတ်မှ ဖြစ်ပွါးကုန်၏ ဟူလို။

ထို လူ နတ် ဗြဟ္မာ သတ္တဝါတို့တွင် တစ်ယောက်တစ်ယောက် သော သတ္တဝါ၏စိတ်သည် ထိုအလုံးစုံသော အပါယ်ဘုံ အနန္တတို့နှင့် အခြားမရှိ တပြင်တည်း တစပ်တည်း ဆက်နွယ်လျက် တည်၏၊ မကောင်းမှု၌ မွေ့လျော်ခြင်းသည် ခပ်သိမ်းသော သတ္တဝါတို့၏ စိတ်၏ ပကတိသဘောတည်း။

ထို့ကြောင့်သံသရာ၌ ကျင်လည်ကြကုန်သော သတ္တဝါတို့အား ဒိဋ္ဌိအမှောက်အမှား, ဒုစ္စရိုက်အမိုက်အမဲတို့ကို အသက်ထက်ဆုံး လိုက်စား၍ ကုန်ခဲ့ရသော ဘဝတို့သည်သာ အလွန်များပြားကုန်၏။

ပြုခဲ့သည့် ဒုစ္စရိုက်အနန္တ

ပြဆိုခဲ့ပြီးသော အပါယ်ဘုံအနန္တတို့သို့ ပစ်ချ ရန်ဒုစ္စရိုက်ကံ ဟောင်းတို့သည် တစ်ယောက်တစ်ယောက်သော သတ္တဝါ၏ စိတ်သန္တာန် တွင် အနန္တပါရှိလျက် နေကြကုန်၏။

အချိန်မရွေး သေနိုင်ခြင်း သေခြင်းသဘောမည်သည်လည်း ခပ်သိမ်းသော ဘဝတို့၌ ပဋိသန္ဓေနေသည်မှစ၍ အစဉ်အမြဲ ပါရှိ၍နေ၏၊ ဘယ်နာရီမှာမဆို သေနိုင်၏၊ မသေနိုင်သောနာရီဟူ၍ မရှိ၊ သေခဲ့လျှင်လည်း ထိုကံဟောင်း တို့အတွက် ပြဆိုခဲ့ပြီးသော အပါယ်ဘုံ အနန္တတို့တွင် ဘယ်အပါယ်ဘုံ မှာမဆို ခဏချင်း ကျရောက်နိုင်ကြကုန်၏၊ မကျရောက်နိုင်သော အပါယ်ဘုံဟူ၍ တစ်စုံတစ်ခုမျှမရှိ။

ဤသို့လျှင် ခပ်သိမ်းသောသတ္တဝါတို့၏စိတ်သည် ပြဆိုခဲ့ပြီးသော အပါယ်ဘုံ အနန္တတို့နှင့် အခြားမရှိတပြင်တည်း တစပ်တည်း ဆက်နွယ်၍ နေကြပုံကို သိအပ်၏။

ပစ်မြှောက်လိုက်သော အုတ်ကျောက် ဥပမာ

ကောင်းကင်၌ ပစ်မြှောက်ကုန်သော အသိန်းမကသော အုတ်ကျောက် လှံတံတို့သည်လည်းကောင်း, လေဟုန်ဖြင့်မြှောက်တင်အပ်ကုန် သော အသိန်းအသန်းမကသော သစ်ကိုင်း သစ်ခက် သစ်ရွက်တို့သည် လည်းကောင်း အောက်မြေအပြင်တို့နှင့် အခြားမရှိ တပြင်တည်း တစပ်တည်း ဆက်နွယ်လျက် နေကြကုန်၏၊ ပစ်မြှောက်မှုဟူသော ပြုပြင်မှုအဟုန် လေအဟုန် ကုန်သည်နှင့် တစ်ပြိုင်နက် မြေအပြင်မှာချည်း ကျရောက်လာကြကုန်၏၊

ဥပမာ ဥပမေယျ နှီးနှောပြချက်

၁။ လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံသည် ကောင်းကင်နှင့်တူ၏၊

၂။ အပါယ်လေးဘုံကြီးသည် မြေပြင်ကြီးနှင့်တူ၏၊

၃။ လူ့ခန္ဓာ, နတ်ခန္ဓာတို့သည် ပစ်မြှောက်အပ်ကုန်သော အုတ် ကျောက် လှံတံတို့နှင့် တူကုန်၏၊

၄။ ဒါန သီလမှုအစရှိသော ပြုပြင်မှုအဟုန်သည် ပစ်မြှောက် သော လက်အဟုန်နှင့် တူ၏၊

၅။ ဗြဟ္မာ့ခန္ဓာတို့သည်သစ်ကိုင်းသစ်ခက် သစ်ရွက်တို့နှင့်တူ၏၊

၆။ စျာနဘာဝနာဟူသော ပြုပြင်မှုအဟုန်သည် လေဟုန်နှင့် တူ၏၊

ဤဥပမာအတိုင်း အနမတဂ္ဂ သံသရာတစ်လျှောက်ကြီး မြင်လေ။

ဥပမာ ဥပမေယျတို့ကို စိစစ်ဝေဖန်ချက်

အဘယ့်ကြောင့် ထိုဝတ္ထုတို့သည် ကောင်းကင်၌ အမြဲမနေနိုင်ကြ သနည်း ဟူမူကား-

ကောင်းကင်သို့ တက်မှု နေမှုသည် ထိုဝတ္ထုတို့၏ ပကတိသဘော မဟုတ်၊ တိုဝတ္ထုတို့၏ ပကတိ အစွမ်းမဟုတ်၊ ထိုဝတ္ထုတို့မှာ ကောင်းကင်သို့ ပျံတက်နိုင်သော အစွမ်းဟူ၍ မြူမျှမရှိ၊ ကောင်းကင်သို့ ပျံတက်နိုင်သော အစွမ်းသတ္တိမှ ဆိတ်ကင်းကြကုန်၏၊ ကောင်းကင်၌ တည်နေနိုင်သော အစွမ်းသတ္တိမှ ဆိတ်ကင်းကြကုန်၏၊ လက်ဟုန် လေဟုန်တို့၏ အစွမ်း ကြောင့်သာ ကောင်းကင်သို့ တက်ကြလေကုန်၏၊ အောက်သို့ကျမှု မြေ၌စု မှုသည်သာလျှင် ထိုဝတ္ထုတို့၏ ပကတိသဘောဖြစ်၏၊

ထို့ကြောင့် လက်ဟုန် လေဟုန်ကုန်လျင် ထိုဝတ္ထုတို့သည် ကောင်း ကင်၌ မျက်တောင်တစ်ခတ်မျှ မတည်တံ့နိုင်ကြကုန်မူ၍ မိမိတို့ ဇာတိ သဘောအရင်းအတိုင်း အလျင်အမြန်ကျလျောကြကုန်၍ မြေအပြင်၌ သာ အသက်ရှည်သမျှ တည်နေကြကုန်၏၊

ဤဥပမာအတိုင်း အနမတဂ္ဂသံသရာ၌ လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ့ ခန္ဓာတို့၏ သင်္ခါရမျိုးဖြစ်ပုံ, အနိစ္စမျိုးဖြစ်ပုံ, ဒုက္ခမျိုးဖြစ်ပုံ, အနတ္တမျိုးဖြစ်ပုံကို ထင်လေ မြင်လေ။

ယခုအခါ၌ ''နိယာမအဖြစ်သို့ရောက်အောင် ပြုပြင်၍ထားအပ် သော အရိယာတို့၏စိတ်ကို ချန်လှပ်၍'' ဟူသောစကား၌--

သင်္ခါရ ၂-မျိုး။။ သင်္ခါရဆိုသည်ကား စိတ်ကို ပြုပြင်မှုတည်း၊

ထို စိတ်ကိုပြုပြင်မှုသည်--

၁။ အခိုက်အတန့် တဒင်္ဂ တစ်နပ်စာအနေနှင့် ပြုပြင်မှု၊ ၂။ နိယာမ အဖြစ်သို့ရောက်အောင် ပြုပြင်မှုဟူ၍ နှစ်ပါးရှိ၏၊ စိတ်၏ အရည်အရောင် ၃-ပါး-- စိတ်ကိုဖြူစင်စေတတ် သော အရည် အရောင်တို့သည် သီလ, သမာဓိ, ပညာ ဟူ၍ သုံးပါးရှိ၏၊ စိတ်၏အညစ်အကြေး ၃-ပါး--စိတ်ကို ညစ်နွမ်းစေတတ် သော အညစ်အကြေးသည် ဒိဋ္ဌိ, ကာမ, အဝိဇ္ဇာဟူ၍ သုံးပါးရှိ၏၊

ဘုံသုံးဆင့်--ထိုသုံးပါးတို့တွင်လည်း တစ်ပါးတစ်ပါး၌--

၁။ အနုသယဘုံ

၂။ ပရိယုဋ္ဌာနဘုံ

၃။ ဝီတိက္ကမဘုံ

ဟူ၍ ဘုံသုံးဆင့် ရှိ၏။

အနုသယဘုံ

၁။ စိတ်သန္တာန်၌ အစဉ်အမြဲ ကိန်းဝပ်၍နေ သော အညစ်အကြေး သုံးပါးသည် အနုသယဘုံ မည်၏၊

ပရိယုဋ္ဌာနဘုံ

၂။ အာရုံခိုက်မှုရှိသောအခါ၌ မနောကံကိစ္စနှင့် ထကြွ၍လာသော အညစ်အကြေးကြီးသုံးပါးသည် ပရိယုဋ္ဌာနဘုံ မည်၏၊

ဝီတိက္ကမဘုံ

၃။ ထိုထက် ခက်ထန်သောင်းကျန်းခြင်းသို့ ရောက် သဖြင့် ဝစီကံကိစ္စ, ကာယကံကိစ္စတို့နှင့် ထကြွ လှုပ်ရှား၍လာ သော အညစ်အကြေးသုံးပါးသည် ဝီတိက္ကမဘုံ မည်၏၊

ဒိဋ္ဌိဘုံ သုံးဆင့်, ကာမဘုံသုံးဆင့်, အဝိဇ္ဇာဘုံ သုံးဆင့်, ဖြစ်၏၊ ဒိဋ္ဌိနု, ဒိဋ္ဌိလတ်, ဒိဋ္ဌိကြမ်း၊ ကာမနု, ကာမလတ်, ကာမကြမ်း၊ အဝိဇ္ဇာနု, အဝိဇ္ဇာလတ်, အဝိဇ္ဇာကြမ်း, ဟူလိုသည်။

ထိုသုံးပါးတို့တွင်--

ကာယကံ,ဝစီကံဟူသော အကြမ်းသည် မနောကံဟူသောအလတ်မှ ဖြစ်ပွါး၏၊

မနောကံတည်းဟူသော အလတ်သည် စိတ်သန္တာန်၌ အစဉ်အမြဲကိန်းဝပ်၍နေသော အနုမျိုးမှဖြစ်ပွါး၏၊

အလတ်အကြမ်းတို့ကို ပယ်ရှားသော်လည်း အနုမျိုးမပြတ်က

တဒင်္ဂတစ်နပ်စာမျှသာ ပယ်ရှားနိုင်၏၊ မကြာမီ အလတ် အကြမ်းဖြစ်ပွါး၍ လာ၏၊ အနုမျိုးကို အကုန်အစဉ် နုတ်ပယ်၍ ပစ်ခဲ့သည်ရှိသော် အလတ် အကြမ်းတို့သည် တစ်ရံတစ်ဆစ်မျှ မဖြစ်လာကြကုန်ပြီ။

စိတ်ကိုပြုပြင်မှု-- စိတ်ကိုပြုပြင်မှု-- သတ္တဝါတို့၌ စိတ်ကိုပြုပြင်မှုဆိုသည်ကား စိတ်၌ရှိသော ဒိဋ္ဌိ ကာမ အဝိဇ္ဇာဟူသော အညစ်အကြေး ကြီး သုံးပါးကို ပယ်သတ်၍ စိတ်၌ သီလ သမာဓိ ပညာဟူသော အရည်အရာင်ကြီး သုံးပါးကို တည်ထောင်မှုပေတည်း။

သီလအရောင် တည်ထောင်မှု။။ ထိုသုံးပါးတို့တွင်--၁။ ဒိဋ္ဌိကိုစိတ်သန္တာန်တွင် အကုန်အစဉ် မျိုးပြတ်အောင် ပယ် သတ်နိုင်မှ သီလသည် စိတ်သန္တာန်၌ နိစ္စနိယာမအဖြစ်ဖြင့် တည်နိုင် သည်။

ဒိဋ္ဌိအကုန်အစဉ် မျိုးပြတ်အောင် မပယ်မသတ်မူ၍ ရသေ့သူ တော်ကောင်း, ရဟန်းသူတော်ကောင်း ပြုလုပ်၍နေသော်လည်း တဒင်္ဂ သီလ, တစ်နပ်စာသီလမျှသာ ဖြစ်နိုင်၏၊ ယခုဘဝ၌သော်လည်းကောင်း, နောက်ဘဝ၌သော်လည်းကောင်း တံငါ မုဆိုး သူခိုး ဓားပြ ပါပအလဇ္ဇီ အဖြစ်သို့ မချွတ်ရောက်မြဲ ရောက်ရပြန်၏။

သမာဓိအရောင် တည်ထောင်မှု ၂။

ကာမကို စိတ်သန္တာန်တွင် အကုန်အစဉ် မျိုးပြတ်အောင် ပယ် သတ်နိုင်မှ သမာဓိသည် စိတ်သန္တာန်၌ နိစ္စနိယာမအဖြစ်ဖြင့် တည်နိုင် သည်။

ကာမကို အကုန်အစဉ် ပြတ်တဲ့အောင် မပယ်မသတ်မူ၍ ရသေ့ ဣန္ဒြေကြီး, ရဟန်းဣန္ဒြေကြီး, စျာန်ရပုဂ္ဂိုလ်ကြီး ပြုလုပ်၍နေသော်လည်း တဒင်္ဂသီလ, တစ်နပ်စာသီလမျှသာဖြစ်နိုင်၏၊ ယခုဘဝ၌သော်လည်း ကောင်း, နောက်နောက်ဘဝ၌သော်လည်းကောင်း သားမယားအာရုံ ကာမဂုဏ်အိုးကြီးအဖြစ်သို့ မချွတ်ရောက်မြဲ ရောက်ပြန်၏။

ပညာအရောင် တည်ထောင်မှု ၃။

အဝိဇ္ဇာကို စိတ်သန္တာန်တွင် အကုန်အစဉ် မျိုးပြတ်အောင် ပယ် သတ်နိုင်မှ ပညာသည် စိတ်သန္တာန်၌ နိစ္စနိယာမအဖြစ်ဖြင့် တည်နိုင်သည်။

အဝိဇ္ဇာမပယ်က အန္ဓဗာလ ဖြစ်ရပြန်ခြင်း

အဝိဇ္ဇာကို အကုန်အစဉ် မျိုးပြတ်အောင် မပယ်မသတ်မူ၍ ရသေ့ပညာရှိ, ရဟန်း ပညာရှိ, လူပညာရှိ, နတ်ပညာရှိ, ပဏ္ဍိတအမော် တိုင်းကျော်ပြည်ကျော် ပြုလုပ်၍နေသော်လည်း တဒင်္ဂ တစ်နပ်စာ မျှသာ ဖြစ်နိုင်၏၊ ယခုဘဝ၌သော်လည်းကောင်း, နောက်နောက်ဘဝ၌သော် လည်းကောင်း အရှေ့ အနောက် တောင် မြောက်ကိုမျှ မသိတတ်သော အန္ဓဗာလအဖြစ်သို့ မချွတ်ရောက်မြဲ ရောက်ရပြန်၏။

ဤအရာတွင် ဒိဋ္ဌိကို မျိုးပြတ်အောင် ပယ်သတ်နိုင်ပေလျှင် ဒိဋ္ဌိနှင့်ယှဉ်သော ကာမအဝိဇ္ဇာတို့လည်း မျိုးပြတ်ကုန်တော့သည်။

ကာမကို ပြတ်အောင် ပယ်နိုင်ပေလျှင် ကာမနှင့်ယှဉ်သော အဝိဇ္ဇာ လည်း မျိုးပြတ်တော့သည်။

ဒိဋ္ဌိမျိုးပြတ်ခဲ့လျှင် သစ္စာလေးပါးတို့၌ တွေဝေသော အဝိဇ္ဇာပင် မရှိပေပြီ။ အနည်းငယ် ဖုံးလွှမ်းခြင်း မကင်းရုံမျှသာ ကျန်ရှိလေသည် ဟူ၍မှတ်။

ဘုရားရှင်တို့ဉာဏ်တော် အရာသာ

ဤသတ္တဝါအပေါင်းတို့သည်ကား ပကတိသဘောအားဖြင့် မကောင်းမှု ဒုစ္စရိုက် အမိုက်အမဲတို့၌ အမြဲမွေ့လျော်ခြင်း အလေ့ရှိသော မိမိတို့၏ စိတ်ကို သီလ,သမာဓိ,ပညာတို့၌ နိစ္စနိယာမအဖြစ်သို့ ရောက်လေ အောင် ဘယ်လိုကျင့်၍ ဘယ်တရားကို ပယ်ရှားရသည်ဟူ၍ပင် မသိနိုင် ကြကုန်။ ထို့ကြောင့် သတ္တဝါတို့၏စိတ်ကို ကောင်းမြတ်သောအဖို့၌ နိစ္စနိယာမဖြစ်၍ အစဉ်ထာဝရ တည်လေအောင် ပြုလုပ်မှုဟူသည် မြတ်စွာဘုရားတို့၏ ဉာဏ်တော်အရာသာ ဖြစ်၏။

ဘုရားရှင်တို့၏ သာသနာ

လောက၌ မြတ်စွာဘုရားတို့၏ ပွင့်မှုမည်သည် ဤနိစ္စနိယာမ လမ်းကို ဖွင့်ခြင်းငှါ ပွင့်ရ၏၊ ထို့ကြောင့် မြတ်စွာဘုရားတို့၏ သာသနာဆိုသည်ကား သံသရာ၌ သူသူငါငါ သတ္တဝါတို့သန္တာန်ဝယ် အဖန်ဖန် ဖြစ်ခဲ့ဘူးကြသော သီလ,သမာဓိ,ပညာမျိုးကို ဆိုသည်မဟုတ်၊ ယခုဘဝမှ စ၍ နောက်ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက် တစ်ရံတစ်ဆစ်မျှ ပျက်ကွက်ခြင်းမရှိဘဲ နိစ္စနိယာမအဖြစ်သို့ရောက်သော သီလ, သမာဓိ, ပညာကိုသာလျှင် မြတ်စွာဘုရားတို့၏ သာသနာဟူ၍ ဆိုအပ်၏။

အာဇီဝဋ္ဌမကသီလ ၂-မျိုး။။အာဇီဝဋ္ဌမကသီလသည်

ယခုဘဝ၌ သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းခြင်းသို့ မဆိုက်သော အာဇီဝဋ္ဌ မကသီလ,

ယခုဘဝ၌ သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းခြင်းသို့ ဆိုက်သော အာဇီဝဋ္ဌ မကသီလ ဟူ၍ နှစ်မျိုးရှိ၏၊

ထိုနှစ်မျိုးတို့တွင်

၁။ သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းခြင်းသို့ မဆိုက်သော အာဇီဝဋ္ဌမက သီလသည် တဒင်္ဂသီလသာ ဖြစ်၏၊ တစ်နပ်စား သီလသာ ဖြစ်၏၊ မြတ်စွာဘုရားတို့၏ သာသနာအစစ် မဟုတ်။

၂။ သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းခြင်းသို့ဆိုက်သော အာဇီဝဋ္ဌမက သီလသည်သာလျှင် မြတ်စွာဘုရားတို့၏ သာသနာအစစ် ဖြစ်၏၊ ဤသို့စသည်ဖြင့် ခွဲ၍သိလေ။

လက္ခဏာရေး ၃-ပါးကို အားထုတ်ရခြင်း မြတ်စွာဘုရား သာသနာတော်တွင်း၌ ကြုံကြိုက်ကြရကုန်သော သူတို့သည်ကား နိစ္စနိယာမ အဖြစ်သို့ရောက်၍ မြတ်စွာဘုရားတို့၏ သာသနာအစစ်ဖြစ်သော သီလ သမာဓိ ပညာကို ရကြခြင်းအကျိုးငှါ သက္ကာယဒိဋ္ဌိကို ပယ်သတ်မှုဟုဆိုအပ်သော အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးပါးတို့ကို အားထုတ်ကြရကုန်၏။

သာသနာကွယ်သောဘဝ မရှိသူ။။ ထိုလက္ခဏာရေး သုံးပါးတို့တွင်လည်း

၁။ အနိစ္စလက္ခဏာသည် လိုရင်းပဓာန ဖြစ်၏၊

၂။ အနိစ္စလက္ခဏာ ကောင်းစွာ ထင်မြင်ခဲ့လျှင် အနတ္တ လက္ခဏာ ထင်မြင်တော့သည်။

၃။ အနတ္တလက္ခဏာ ကောင်းစွာ ထင်မြင်ခဲ့လျှင် သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းတော့သည်။

၄။ သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းခဲ့လျှင် ချုပ်ငြိမ်းသည်နှင့် တစ်ပြိုင် နက် ထိုသူတို့လည်း ပုထုဇဉ်အဖြစ်မှ ကျွတ်လွတ် ကြကုန်၍ အရိယာသူမြတ်အဖြစ်သို့ ရောက်ကြလေ ကုန်၏၊

၅။ လောကီဘုံသားအဖြစ်မှ ကျွတ်လွတ်ကြကုန်၍ လောကုတ္တရာဘုံသားအဖြစ်သို့ ရောက်ကြလေကုန်၏၊

၆။ သဥပါဒိသေသ ပဌမနိဗ္ဗာန်ဘုံသားအဖြစ်သို့ ရောက်ကြ လေကုန်၏၊

၇။ အာဇီဝဋ္ဌမက သီလသည်လည်း ဘဝအဆက်ဆက် ကမ္ဘာ အဆက်ဆက် မပျက်ကွက်နိုင်သော နိစ္စနိယာမအဖြစ်သို့ ရောက်လေ၏၊

၈။ ကုသိုလ်ကောင်းမှုတို့၌လည်းကောင်း, သတိပဋ္ဌာန်အမှု တို့၌လည်းကောင်း, ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ် တို့၌လည်းကောင်း စိတ်၏တည်ကြည်ခြင်းဟူသော သမာဓိသည်လည်း နိစ္စနိယာမအဖြစ်သို့ ရောက်လေ၏၊ ၉။ လက္ခဏာရေးသုံးပါးတို့၌လည်းကောင်း, သစ္စာလေးပါး တရားတို့၌လည်းကောင်း ထင်လင်းသော ပညာသည် လည်း နိစ္စနိယာမ အဖြစ်သို့ရောက်လေ၏၊ ၁၀။ ဝိသာခါ အနာထပိဏ်တို့ကဲ့သို့ ဘုံစဉ်စံအရိယာမျိုးဖြစ်ကြ ကုန်၍ ဘဝများစွာ ကမ္ဘာအဆက်ဆက် ကျင်လည်၍ သွားကြကုန်သော်လည်း ထိုသီလ,သမာဓိ,ပညာ သာသနာ တော်မြတ်ကြီး သုံးပါးတို့သည် တစ်ဘဝထက် တစ်ဘဝ တစ်ကမ္ဘာထက် တစ်ကမ္ဘာ ပွင့်လင်းစည်ကား ကြီးပွါး တိုးတက်၍သာ သွားကုန်တော့သည်။

ထိုသူတို့မှာ အနမတဂ္ဂသံသရာ၌ သာသနာကွယ်သောဘဝ, သာသနာပ သောကမ္ဘာဟူ၍ မရှိကြကုန်ပြီ။

သဥပါဒိသေသနိဗ္ဗာန် ရောက်ပုံ

၁၁။ အနုပါဒိသေသ ဒုတိယနိဗ္ဗာန်သို့ မကူးကြမီအတွင်း သဥပါဒိသေသ ပဌမနိဗ္ဗာန်ကြီး၌ အမြဲတည်ကြကုန်၍ အထွတ်အမြတ်ဖြစ်သော လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ ချမ်းသာတို့ကို အစဉ်ခံစား စံစား၍သာ နေကြရကုန်၏။

အနုပါဒိသေသနိဗ္ဗာန်ရောက်ပုံ

၁၂။ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာတို့ကို ဘဝများစွာ ကမ္ဘာ များစွာ ခံစား စံစားကြကုန်၍ အားရကြကုန်သော အခါ ငြီးငွေ့ကြကုန်သောအခါ စက်ဆုပ်ကြကုန်သော အခါမှ ခန္ဓာငါးပါးတို့ကို စွန့်ပစ်၍ (အနုပါဒိသေသ) ဒုတိယ နိဗ္ဗာန်သို့ ကူးကြကုန်၏၊

သတ္တဝါတို့၏စိတ်ကို ပြုပြင်မှုတို့တွင် ဤကဲ့သို့ ကောင်းမြတ်သော အဖို့၌ နိစ္စနိယာမအဖြစ်သို့ရောက်အောင် ပြုပြင်မှုကိုကား သင်္ခါရဒုက္ခဟူ၍မဆိုအပ်။

ဤမှတစ်ပါးသော သီလအလုပ်, သမာဓိအလုပ်, ပညာအလုပ် ဟူသမျှတို့သည်ကား သင်္ခါရဒုက္ခမှုတို့သာတည်း။

အဘယ့်ကြောင့်နည်းဆိုသော်

ဘဝတွေ ကမ္ဘာတွေသာ အနမတဂ္ဂ ကုန်မျော၍ အပါယ်လေး ဘုံကပင် ထ,ရသော လမ်းမျိုးမဟုတ်လေ၊ အပါယ်မျိုး အပါယ်ရိုးကပင် ကျွတ်လွတ်နိုင်သော လမ်းမျိုး မဟုတ်သောကြောင့်တည်း။ ဤတွင်ရွေ့ကား ဘာဝနာလေးဆယ်အဓိပ္ပါယ်ကို အကျယ်ပြဆိုခန်းပြီး၏၊

----------------

နိဂုံး ၃-ဂါထာ

၁။ နဂရေ ပျဉ်းမနား နာမေ၊ အရညေ ပဗ္ဗတန္တရေ။

တံ နိဝါသီဟိ သာဓူဟိ၊ ဓမ္မကာမေဟိ ကာရိတေ။

၂။ သဉ္ဆန္နေ သာရ ရုက္ခေဟိ၊ စန္ဒနောကသီတလေ။

စင်္ကမေ သာလမဏ္ဍမှိ၊ ဝသန္တေန မယာ ကတာ။

၃။ ဝိပုလတ္ထံ ဒီပယန္တီ၊ ဧသာ ဘာဝနာဒီပနီ။

ဣဓေဝ သန္တာ ဗုဇ္ဈန္တု၊ ဘာဝေတွာ ဘာဝနာ ဣမာတိ။

ကျမ်းပြုရာဌာန

၁။ ပျဉ်းမနား နာမေ=ပဋိရူပ အနေလှလျက် ဒေသသီးခြား ပျဉ်းမနား ဟု ထင်ရှားသော အမည်ရှိထသော၊ နဂရေ=မြို့၌၊ အရညေ=ကုလား လေးတာ ငါးရာမက ကွာဝေးလှ၍ အရညအင်္ဂါနှင့်လည်း ပြည့်စုံစွာ ထသော၊ ပဗ္ဗတန္တရေ=ဝဲယာမြှောင်ယှက် တောင်နှစ်ဖက်တို့၏အတွင်း၌၊ ဓမ္မကာမေဟိ=တရားဓမ္မ နှစ်သာရကို ဒိဋ္ဌထင်လင်း သိမြင်ခြင်းငှါ အလိုရှိ ကြကုန်သော၊ တံနိဝါသီဟိ သာဓူဟိ=ထိုပျဉ်းမနားမြို့နေ မိတ်ဆွေ အပေါင်း သူတော်ကောင်းတို့သည်၊ ကာရိတေ=မြန်မာသက္ကရာဇ် ၁၂၆၆-ခု၊ ဒုတိယဝါဆိုလ အတွင်းတွင် အလျင်အမြန် ဆောက်လုပ် စေအပ်ထသော။

ကျမ်းပြုပုဂ္ဂိုလ်

၂။ သာရရုက္ခေဟိ=ချောသွယ်မြင့်ဖြူး စွင့်စွင့်မြူးလျက် အထူးကြည် လင် အနှစ်ယှဉ်ကုန်သော သစ်ပင်ပျို အပေါင်းတို့သည်၊ သဉ္ဆန္နေ=အကိုင်း အခက် ဗိတာန်ကြက်သို့ ကူးယှက်စီထပ် ဖုံးလွှမ်းအပ်ထသော၊ စန္ဒနောက သီတလေ=စမ်းရေစိမ့်ရေ တစ်တွေတွေလျှင် မြေတွင်အထူး ရေရွှင်မြူး၍ လွန်ချမ်းမြေ့ရာလည်းဖြစ်ထသော၊ သာလမဏ္ဍမှိ=မွှေးပျံ့သင်းကြိုင် အင်ကြင်းမြိုင် အမည်ရှိထသော၊ စင်္ကမေ=အမည်မတိမ် ထေရ်မ ဟိန်လျှင် ထိန်တဘုံးဝေ သုံးပစေဟု ဒေဝါနံပိယ ဒီပသေဌ်နင်း ဆောက် လှူနှင်းသည့် စင်္ကြံအလား အလျားအတောင်ခြောက်ဆယ် စားစား ကယ်သည် ရှည်သွယ်ပြန့်ညောင်း စင်္ကြံကျောင်း၌၊ ဝသန္တေန=သီတင်း ဝါကပ်ဆိုနေထိုင်သော၊ မယာ=မုံရွာမြို့ လယ်တီတောကျောင်းဆရာ ငါသည်၊

ကျမ်းပြီးကာလ

၃။ ဝိပုလတ္ထံ=ဘာဝနာလေးဆယ်တို့၏ ကျယ်ဝန်းပြန့်ဖြူးသော အနက်အဓိပ္ပါယ်ကို၊ ဒီပယန္တီ=ထင်လင်းစွာ ပြထွန်းနိုင်သော၊ ဧသာ ဘာဝနာဒီပနီ=ဘာဝနာဒီပနီဘာဝနာဒီပနီအမည်ရှိသော ဤကျမ်းသစ်ကို၊ ကတာ= သီတင်းကျွတ်လဆန်းတွင် စီရင်အပ် အပြီးသတ်သတည်း။

သန္တာ=စိတ်နှလုံး လိမ်မာကုန်သော ပညာရှိအပေါင်း သူတော် ကောင်းတို့သည်၊ ဣမာ ဘာဝနာ=ဤလေးဆယ်သော ဘာဝနာတရား တို့ကို၊ ဘာဝေတွာ=ပွားများအားထုတ်ကြကုန်၍၊ ဣဓေဝ=ဤဘုရား သာသနာ၌ပင်လျှင်၊ ဗုဇ္ဈန္တု=ဘုံစဉ်စံညောင်း ဗောဓိနှောင်းနှင့် အကြောင်း သင့်၍ ပွင့်ကြပါစေကုန်သတည်း။

''ဘုံစဉ်စံညောင်း ဗောဓိနှောင်း'' ဟူသောစကား၏ အဓိပ္ပါယ်ကို ငါတို့ စီရင်သော ဗောဓိပက္ခိယဒီပနီ ဗောဓိပက္ခိယဒီပနီ စာအုပ်အဆုံးတွင် ပြဆိုလျက် ပါရှိလေ၏။

ဘာဝနာဒီပနီကျမ်း ပြီး၏။

--------- * --------

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ