Skip to main content

ပဋိစ္စသမုပ္ပါဒဒီပနီ

ပဋိစ္စသမုပ္ပါဒဒီပနီ

နိဒါန်း

ပဋိစ္စသမုပ္ပါဒ် နက်နဲခြင်း လေးရပ်

ပဋိစ္စသမုပ္ပါဒ်သည်

၁။ အကျိုး (အတ္တ) အားဖြင့်လည်းကောင်း၊

၂။ အကြောင်း (ဓမ္မ) အားဖြင့်လည်းကောင်း၊

၃။ ဟောစဉ် (ဒေသနာ) အားဖြင့်လည်းကောင်း၊

၄။ ထိုးထွင်းသိမြင်အပ်သော (ပဋိဝေဒ) သဘောအားဖြင့်လည်းကောင်း ----

နက်နဲလှပေသည်။ ထိုတွင်

၁။ ဇရာမရဏသည် ဇာတိကြောင့် မဖြစ်သည် မဟုတ်၊ ဇာတိနှင့်ကင်း၍ တပါးသောအကြောင်း ကြောင့်ဖြစ်သည် လည်း မဟုတ်၊ စင်စစ်သော်ကား ဇာတိကြေင့်သာလျှင် ဖြစ်၏၊ ဇရာ မရဏ၏ ဇာတိကြောင့် တပေါင်းတည်း ဖြစ်ပေါ် လာခြင်း သဘောကို သိနိုင်ခဲ၏၊ ထို့ကြောင့် ဇရာ မရဏ၏ ဇာတိကြောင့် တပေါင်းတည်း ဖြစ်ပေါ်လာ ခြင်းသဘောသည် နက်နဲလှပေသည်၊ ဤသို့ စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် ဘဝစက်သည် အကျိုးအားဖြင့် နက်နဲမှု (အတ္ထဂမ္ဘိီရတာဂုဏ်) နှင့် ပြည့်စုံပေသည်။

၂။ အဝိဇ္ဇာအကြောင်းတရားက ထိုထိုသင်္ခါရ အကျိုးတရား တို့အား ကျေးဇူးပြုရာ၌ ကျေးဇူးပြုပုံ အခြင်းအရာနှင့် ကျေးဇူးပြုရာ အခိုက်အတန့်ကို သိနိုင်ခဲ၏၊ ထို့ကြောင့် အဝိဇ္ဇာ၏ သင်္ခါရတရားတို့အား ကျေးဇူးပြုတတ်သော သဘောသည် နက်နဲလှပေသည်၊ ဤသို့ အစရှိ သည်ဖြင့် ပဋိစ္စသမုပ္ပါဒ်ဘဝစက်သည် အကြောင်းအားဖြင့် နက်နဲမှု (ဓမ္မဂမ္ဘီရတာဂုဏ်) နှင့် ပြည့်စုံပေသည်။

၃။ ပဋိစ္စသမုပ္ပါဒ်ကို ဝေနေယျ သတ္တဝါတို့၏ အသိညဏ်အား လျော်စွာ အကြောင်းအမျိုးမျိုး၊ အခြင်းအရာအဖုံဖုံ နည်းမျိုးစုံအောင် ဘုရားရှင် ဟောပြတော်မူသည်။ ပဋိစ္စသမုပ္ပါဒ်ကို အချို့သုတ်၌ ပဋိလုံ (နောက်ပြန်) အားဖြင့်လည်းကောင်း, အချို့သုတ်၌ အနုလုံ ပဋိလုံအားဖြင့် လည်းကောင်း အချို့သုတ်၌အလယ်မှစ၍ အနုလုံအားဖြင့်လည်းကောင်း, ပဋိလုံအားဖြင့်လည်းကောင်း, အချို့သုတ်၌ အစပ်သုံးခု, အလွှာလေးခု ပါဝင်စေ၍လည်းကောင်း, အချို့သုတ်၌အစပ်နှစ်ခု,အလွှာ သုံးခုပါဝင် စေ၍လည်းကောင်း, အချို့သုတ်၌အစပ်တစ်ခု, အလွှာနှစ်ခုပါဝင်စေ၍ လည်းကောင်း ဟောပြတော်မူသည်။ ဤသို့ပဋိစ္စသမုပ္ပါဒ် ဘဝစက်သည် ဟောစဉ်အားဖြင့်နက်နဲမှု(ဒေသနာဂမ္ဘီရတာဂုဏ်)နှင့်ပြည့်စုံပေသည်။ ၄။ ပဋိစ္စသမုပ္ပါဒ်၌ အဝိဇ္ဇာစသည်တို့၏သဘော လက္ခဏာ အသီးသီးကိုသာလျှင် မှန်စွာသိပြီးဖြစ်၏၊ အဝိဇ္ဇာစသည်တို့၏ အသီးသီး သော သဘောသည်ဉာဏ်ဖြင့် သက်ဝင်နိုင်ခဲသည်ဖြစ်၍ နက်နဲလှ ပေသည်။ ဤသို့ပဋိစ္စသမုပ္ပါဒ်ဘဝစက်သည် ထိုးထွင်းသိမြင်အပ်သော သဘောအားဖြင့်နက်နဲမှု(ပဋိဝေဓဂမ္ဘီရတာဂုဏ်)နှင့်ပြည့်စုံပေသည်။ (ဒီ၊ဋ္ဌ၊၂။၈၃။အဘိ၊ဋ္ဌ၊၁၈၇၈။။ဝိသုဒ္ဓိ၊၂၂၁၉)။

ပဋိစ္စသမုပ္ပါဒ် နည်းမြတ်လေးသွယ်

ပဋိစ္စသမုပ္ပါဒိကို-

၁။ ဧကတ္တနည်း၊

၂။ နာနတ္တနည်း၊

၃။ အဗျာပါရနည်း၊

၄။ဧဝံဓမ္မတာနည်း

ဟူသောသိမှတ်ဖွယ် နည်း၄ရပ်ဖြင့်အထပ်ထပ်ဆင်ခြင်ကာ သိမြင်အောင်လေလာသင့်သည်။ ထိုတွင်

၁။ မျိုးစေ့မှ အညှောင့်ထွက်၍ သစ်ပင်အဖြစ်သို့ ရောက်အောင် အစဉ်သန္တာန်မပြတ်သကဲ့သို့ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်၍သင်္ခါရကြောင့် ဝိညာဉ်ဖြစ်၏-စသည်ဖြင့် ရုပ်နာမ်အစဉ်၏မပြတ်မစဲ ဖြစ်ခြင်းသည် ဧကတ္တနည်း မည်၏၊ ထိုဧကတ္တနည်းကို မှန်စွာသိသော ပုဂ္ဂိုလ်သည် ရုပ်နာမ်အစဉ်၏ မပြတ်စဲခြင်းကို သိသောကြောင့် ဥစ္ဆေဒဒိဋ္ဌဥစ္ဆေဒဒိဋ္ဌိကိုပယ်နိုင် သည်၊ ဧကတ္တနည်းကို မှားယွင်းစွာသိသော ပုဂ္ဂိုလ်သည်ကား ရုပ်နာမ် အစဉ်၏ မပြတ်စဲခြင်းကို တစ်ခုတည်းဟု မှတ်ယူသောကြောင့် သဿတ ဒိဋ္ဌိကို စွဲယူမိလေသည်။

၂။ အဝိဇ္ဇာ စသည်တို့၏ မိမိ,မိမိနှင့်သက်ဆိုင်သော သဘော လက္ခဏာသည် အသီးသီးကွဲပြားခြားနားသည်၊ ယင်းခြားနားခြင်းသည် နာနတ္တနည်းမည်၏၊ ထိုနာနတ္တနည်းကို မှန်ကန်စွာသိမြင်သော ပုဂ္ဂိုလ်သည် အသစ်အသစ်ဖြစ်ပေါ် လာသော တရားတို့၏ဖြစ်ခြင်းကို မြင်သောကြောင့် သဿတဒိဋ္ဌသဿတဒိဋ္ဌိကိုပယ်ခွါနိုင်သည်၊ နာနတ္တနည်းကို မှားယွင်းစွာသိသော ပုဂ္ဂိုလ်သည်ကား တစ်ခုတည်းသော အစဉ်သန္တာန်၌ ကျရောက်သောအကြောင်းအကျိုး ရုပ်နာမ်တရားတို့သည် ရှေ့နောက် အကြောင်းအကျိုးဆက်စပ်မှုမရှိ၊ သီးခြားစီတစ်ခုစီ အဆက်အစပ် မရှိဖြစ် ပေါ်ကြသည်ဟု ယူဆသောကြောင့် ဥစ္စေဒဒိဋ္ဌဥစ္စေဒဒိဋ္ဌိကို စွဲယူမိလေသည်။

၃။ ''ငါသည်သင်္ခါရတို့ကို ဖြစ်စေမှသင့်တော်မည်''ဟု အဝိဇ္ဇာ၌ ကြောင့်ကြပြုခြင်းမရှိပေ၊ ထို့အတူ''ငါတို့သည် ဝိညာဉ်စသည်တို့ကို ဖြစ်စေမှ သင့်တော်မည်''ဟု သင်္ခါရစသည်တို့၌ ကြောင့်ကြပြုခြင်းမရှိပေ၊ ယင်းသို့ကြောင့်ကြပြုမှု မရှိခြင်းသည် အဗျာပါရနည်းအဗျာပါရနည်းမည်၏၊ အဗျာပါရနည်းကိုမှန်ကန်စွာသိသောပုဂ္ဂိုလ်သည် ပြုလုပ်တတ်သော အတ္တမရှိခြင်းကိုသိသောကြောင့် အတ္တဒိဋ္ဌိကိုပယ်ခွါနိုင်၏၊ အဗျာပါရ နည်းကို မှားယွင်းစွာသိသောပုဂ္ဂိုလ်သည်ကား ဗျာပါရမရှိသော်လည်း အဝိဇ္ဇာစသည်တို့သည် သင်္ခါရစသည်တို့နှင့် အလိုအလျောက် အကြောင်း အကျိုး ဆက်နွယ်ဖြစ်ပေါ်ခြင်းသဘောကို မသိမနားလည်နိုင်သဖြင့် အကရိယဒိဋ္ဌိကို စွဲယူမိလေသည်။

၄။ နို့ရည်စသည်တို့ကြောင့် နို့ဓမ်းစသည်တို့ ဖြစ်ပေါ်လာ သကဲ့သို့ အဝိဇ္ဇာစသောအကြောင်းတို့ကြောင့် သင်္ခါရ စသည်တို့သည် သာလျှင်ဖြစ်ပေါ်လာသည်၊ ဆပါးသောတရားတို့ဖြစ်ပေါ်လာသည် မဟုတ်ဟု သိအပ်သောသဘောသည် ဧဝံဓမ္မတာနည်းဧဝံဓမ္မတာနည်းမည်၏၊ ထိုဧဝံဓမ္မတာနည်းကိုမှန်ကန်စွာသိမြင်သော ပုဂ္ဂိုလ်သည် အကြောင်း အားလျော်စွာ အကျိုးကို သိသောကြောင့် အဟေတုကဒိဋ္ဌိ,အကရိယဒိဋ္ဌိ ၂-ပါးကိုပယ်ရှားနိုင်သည်။ မှားယွင်းစွာသိသော ပုဂ္ဂိုလ်သည်ကား အကြောင်းအားလျော်စွာ အကျိုး၏ဖြစ်ခြင်းကိုမယူမူ၍ အကြောင်းကြောင့် အကျိုးဖြစ်ခြင်းမဟုတ်၊ အကြောင်းမဲ့သက်သက်ဖြစ်ချင်သလို ဖြစ်နေ၏ဟု ယူဆသောကြောင့် အဟေတုကဒိဋ္ဌိ,နိယတဒိဋ္ဌိတို့ကို စွဲယူမိလေသည် (အဘိ၊ဋ္ဌ၊၂။၁၈၈။ဝသုဒ္ဓိ။၂။၂၂၀)။

သမ္မာသမ္ဗုဒ္ဓ ဘုရား ရှင်တို့သာ သိမြင်နိုင်

နိဗ္ဗာန်ကို ရဟန္တာပုဂ္ဂိုလ်များအားလုံး ကြွင်းမဲ့ကုန်စင်အောင် ထိုးထွင်း၍သိမြင်တော်မူကြသည်။ ပဋိစ္စသမုပ္ပါဒ်ကိုကား သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့သည်သာ ကြွင်းမဲ့ကုန်စင်အောင် ထိုးထွင်း သိမြင်တော်မူ နိုင်ကြသည်၊ အခြားပုဂ္ဂိုလ်တို့သည် ကြွင်းမဲ့ကုန်စင်အောင် မသိမြင်နိုင် ကြပေ(သံ၊ ဋီ၊၂။၁၀၁။) ပဋိစ္စသမုပ္ပါဒ်ကို ကြွင်းမဲ့ကုန်စင်အောင် ထိုးထွင်း သိမြင်ခြင်းငှါ သမ္မာသမ္ဗုဒ္ဓ ဘုရားအလောင်းတော်အား မပြုဖူးသော ဒါန, မဖြည့်ကျင့်ဖူးသော ပါရမီဟူ၍ မရှိခဲ့ချေ၊ ဒါနမျိုးစုံ, ပါရမီဥဿုံကို ပြုလုပ်ဖြည့်ကျင့် တော်မူခဲ့ရပေသည်။( သံ၊ ဋ္ဌ၊ ၂။ ဝရ။)

အဋ္ဌကထာကျမ်းပြု ရှင်မဟာဗုဒ္ဓဃောသသည်ပင်လျှင် ပဋိစ္စ သမုပ္ပါဒ ဒေသနာတော် ခက်ခဲနက်နဲလှ၍ ဖွင့်ဆိုရန်မလွယ်ကူကြောင်းကို သစ္စံ သတ္တော ပဋိသန္ဓိ၊ ပစ္စယာကာရမေဝစ။ ဒုဒ္ဒသာ စတုရောဓမ္မာ၊ ဒေသေတုဉ္စသုဒုက္ကရာ ဟူ၍ သမ္မောဟဝိနောဒနီ အဋ္ဌကထာ(၁၂၃)၌ ဖွင့်ဟဝန်ခံခဲ့သည်။

ပဋိစ္စသမုပ္ပါဒဒီပနီ

ဤမျှခက်ခဲနက်နဲ သိမြင်နိုင်ခဲသော ပဋိစ္စသမုပ္ပါဒ ဒေသနာ တော်ကို ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးသည် ဗုဒ္ဓဘာသာ ဝင်သူတော်စင်များ နားလည်သဘောပေါက်စေရန် ရည်သန်၍ ပဋိစ္စ သမုပ္ပါဒဒီပနီကျမ်းကို ပြုစုရေးသားတော်မူခဲ့သည်

ယင်းဒီပနီကျမ်းကို မရေးသားမီ''ပဋိစ္စသမုပ္ပါဒ် ပျို့လင်္ကာနှင့် အဖြေ''ကိုလည်းပြုစုရေးသားတော်မူခဲ့သေးသည်။ သို့ဖြစ်ပါလျက် ပဋိစ္စသမုပ္ပါဒဒီပနီကျမ်းကို ထပ်မံရေးသားရခြင်းမှာ -

ခုနှစ်၊ တပို့တွဲလတွင် အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသ မဟာဗောဓိကို ဖူးမျှော်ရန် အတွက် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ မီးရထားဖြင့် ကြွတော်မူလာသည်၊ မီးရထားပေါ်တွင် ''ဗောဓိရတနာ ယာဉ်စကြာဖြင့်'' အစရှိသော ''ပဋိစ္စသမုပ္ပါဒ်ပျို့လင်္ကာ''၁၃-ပုဒ်လုံးဖွဲ့ဆိုရေးသားတော်ခဲ့ရာ ရန်ကုန်မြို့သို့ မီးရထားဆိုက် ရောက်လျှင်ပင် ၁၃-ပုဒ်လုံး ဖွဲ့ဆိုပြီးစီးခဲ့သည်။

တဖန် ရန်ကုန်မြီု့မှ အိန္ဒိယနိုင်ငံ ကလကတ္တားမြို့သို့ သင်္ဘောဖြင့် ဆက်လက်ကြွတော်မူပြန်ရာ လေးညနှင့်ငါးရက် ကမ်းမမြင်သော ပင်လယ် ခရီးကြမ်းတွင် ယင်းပဋိစ္စသမုပ္ပါဒ်ပျို့လင်္ကာ ၁၃-ပုဒ်၏အဖြေကို အပြီး ဖွင့်ဆိုရေးသားတော်မူခဲ့သည်။

ထို့နောက်ကလကတ္တားမြို့မှ ဗုဒ္ဓဂယာ မဟာဗောဓိအစရှိသော ဒဿနိယ သံဝေဇနိယလေးဌာနနှင့်တကွ ဗာရာဏသီအစရှိသော မြို့ရွာဒေသများကို လှည့်လည်ကြွတော်မူရာ လမ်းစဉ်တလျှောက်၌လည်း ယင်း ပဋိစ္စသမုပ္ပါဒ်ပျို့လင်္ကာ ၁၃-ပုဒ်ကို နောက်ထပ် အဖြေတစ်မျိုးဖွင့်ဆို ရေးသားတော်မူခဲ့ပြန်သည်။

ယင်း အဖြေနှစ်ရပ်မှာ ထိုအချိန်ကာလက မြန်မာနိုင်ငံအရပ်ရပ် သို့ပျံ့နှံ့ကာ လေ့လာကြည့်ရှုနေကြပြီဖြစ်သော်လည်း ဆရာတော်ကြီး အနေဖြင့် ခရီးသွားရင်းဖွင့်ဆိုရေးသားရသောကြောင့် အားရတော်မူဟန် မတူပေ၊ ယင်းအဖြေနှစ်ရပ်လုံးပင် ကျဉ်းလွန်းလှသည်ဟုလည်း ဆရာ တော်ဘုရားကြီးက ယူဆသည်ဟူထင်မိသည်။

ထို့ကြောင့် ယင်းအဖြေနှစ်ရပ်ကို ဖြေဆိုရေးသားပြီးနောက် ၆- နှစ်ခန့်အကြာ သက္ကရာဇ်၁၂၆၃-ခုနှစ်တွင် ဤ'''ပဋိစ္စသမုပ္ပါဒ်ဒီပနီ''ကို ထပ်မံရေးသားပြုစုတော်မူခဲ့ခြင်းဖြစ်သည်။ ဤပဋိစ္စသမုပ္ပါဒ်ဒီပနီမှာ ပဋိစ္စသမုပ္ပါဒ်ပျို့လင်္ကာ၁၃-ပုဒ်ကို စိတ်တိုင်းကျ အားပါးတရ အကျယ် တဝင့် ဖွင့်ဆိုထားသော ကျမ်းစာမွန် တစ်ရပ်ပင်ဖြစ်သည်။ ဦးတည်ချက်နှင့် အကျိုးကျေးဇူး

ဆရာတော်ဘုရားကြီးသည် ''ယခုဘဝ၌သော်လည်းကောင်း၊ နောက်ဘဝ၌သော်လည်းကောင်း ဒိဋ္ဌိရောဂါဒိဋ္ဌိနာဒိဋ္ဌိရောဂါဒိဋ္ဌိနာတို့ ကိုကင်းကွာ ပျောက်ငြိမ်းကြဝေရန်''ဟူသောမွန်မြတ်သည့် ဦးတည်ချက်ဖြင့် ဤပဋိစ္စ သမုပ္ပါဒ်ပျို့လင်္ကာ၁၃-ပုဒ်နှင့် ''ပဋိစ္စသမုပ္ပါဒဒီပနီ''တို့ကို ဖွင့်ဆိုရေးသား ခဲ့ခြင်းဖြစ်ပေသည်။

မီးအရှိ်န်ဖြင့်တဟုန်းဟုန်းသွားနေသော မီးရထားကြီးကဲ့သို့ သတ္တဝါတို့၏ခန္ဓာအစဉ် ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်သည် ဘဝသုံးပါး၌ အဝိဇ္ဇာ တဏှာ ကံ ကိလေသာတို့ကြောင့် အဆက်မပြတ် ကျင်လည် ပြေးသွားနေရပုံတို့ကို ပြဆိုထားပေသည်။

ကိလေသာဆယ်ပါးရှိသည့်အနက် ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာနှစ်မျိုးကိုသာ ဆရာတော်ဘုရားကြီးက ပဓာန တရားခံအဖြစ် ဆွဲထုတ်ကာ ''ကိလေသာအနာဝိသေသ''ဟူသော ဝေါဟာရစကားလုံးဖြင့် သုံးနှုန်း ရေးသားထားသည်ကိုလည်း ဤ၌သတိပြုရမည် ဖြစ်သည်၊ သို့ဖြစ်ရာ ''အနာဝိသေသ''ဟူသောဝေါဟာရနှင့် ကိုက်ညီအောင် ဒိဋ္ဌိနာဝိစိကိစ္ဆာနာ တို့ကို အဆိုးရွားဆုံး အနာရောဂါဖြစ် ''နူနာကြီးနှင့်တူကြောင်း''ဖြင့်လည်း ဆရာတော်ဘုရားကြီးက ဥပမာပြုထားတော်မူခဲ့ခြင်းဖြစ်သည်။

ထို့နောက်''အနာနှင့်ဆေး သင့်အောင်ပေး ပျောက်ရေး မခက်ပါ'' ဟူသော မြန်မာဆိုထုံးအရ အနာသိလျှင် ယင်းအနာအတွက် ဆေးရှိ ရမည်ဖြစ်သည့်အတိုင်း ဒိဋ္ဌိနာ ဝိစိကိစ္ဆာနာတို့ကို ပျောက်ကင်းအောင် ''ဝိပဿနာဆေး'' ဖြင့်သာ ကုသနိုင်မည် ဖြစ်ကြောင်းကိုလည်း ဆရာတော် ဘုရားကြီးက ညွန်ကြားတော်မူခဲ့သည်။

ဆရာတော်ဘုရားကြီးအနေဖြင့် ''အနာ''ကို ထုတ်ဖေါ်ပြပြီး နောက် ''ဆေးနည်း''ကိုပါ တပါတည်း ညွန်ကြားတော်မူခဲ့ခြင်းဖြစ်သည်။ ဤဒိဋ္ဌိနာ ဝိစိကိစ္ဆာတို့ကို ဒါနဆေးဖြင့်လည်း မပယ်သတ်နိုင်၊ သမထဆေးဖြင့်လည်း မပယ်သတ်နိုင်၊ ဝိပဿနာဆေးဖြင့်သာ ပယ် သတ်နိုင်မည်ဖြစ်သည်ကို ဤ၌သတိပြုကြရမည်။

တဆက်တည်းပင် ယင်း ''ဝိပဿနာမှာလည်း သာသနာတွင်း၌ သာရရှိနိုင်၍ သာသနာပအခါမျိုး၌ မရရှိနိုင်ကြောင်းကိုလည်း ဆရာ တော်ဘုရားကြီးက အခါအခွင့်ဆိုက်တိုင်း အကြိမ်ကြိမ်သတိပေး ရေးသား တော်မူလေ့ရှိသည်၊ ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ် အခါကလည်း အကြိမ်ကြိမ်သတိပေးစကား ဟောကြားတော်မူလေ့ ရှိခဲ့ပေသည်။

သို့ဖြစ်ရာ ဝိပဿနာဆေး ဝိပဿနာတရားကို အားထုတ်ကာ တစ်မဂ်တစ်ဖိုလ်ရမှသာလျှင် ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာကို ပယ်သတ်နိုင်မည်၊ ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာကို ပယ်သတ်နိုင်မှသာလျှင် ပဋိစ္စသမုပ္ပါဒ် သံသရာစက် ရဟတ်ပြတ်ကာ သံသရာမှထွက် မြောက်နိုင်ကြမည်ဖြစ်ပေသည်။

ကျမ်းပြုပုံ အခြင်းအရာ

လယ်တီဆရာတော်ဘုရားကြီးသည် ဤပဋိစ္စသမုပ္ပါဒ်ဒီပနီတွင် ပဋိစ္စသမုပ္ပါဒ်ပျို့လင်္ကာ၁၃-ပုဒ်ကို ကိုင်တွယ်ဖွင့်ဆိုရာ၌ ကိလေသာ အနာများကို လက်ညှိုးထိုးပြတော်မူပြီးနောက် အဘိဓမ္မာဝိဘင်းပ်ဠိတော် ပဋိစ္စသမုပ္ပါဒ်ဝိဘင်းမှ''အဝိဇ္ဇာပစ္စယာ သင်္ခါရာ''အစရှိသော ပါဠိတော် များကိုဆုပ်ကိုင်ကာ ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်လည်ပုံများကို အကျယ်တဝင့်ဖွင့်ဆို ရေးသား တော်မူထားရာ ကြက်သီးထရတော့မတတ် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ ကောင်းလှပေသည်။ ထိုနောက် တဆက် တည်းပင် ဥဒါန်းပါဠိတော်မှ ''အဝိဇ္ဇာယတွေဝ အသေသဝိရာဂ နိရောဓာ''အစရှိသောပဋိလောမ ပဋိစ္စသမုပ္ပါဒ်ပါဠိတော်ကို ဆွဲထုတ်ကာ သံသရာ စက်ရဟတ်ပြတ်စေမည့် လုပ်ထုံးလုပ်နည်း ကုထုံး,ကုနည်းများကို အားတက်ဖွယ်ဖေါ်ပြပြီး ဤကျမ်းကိုနိရုံးချုပ်ထားကာ ယင်း ပဋိလောမ ဒေသနာတော်နှင့် လိုက်ဖက်အောင် ဝပဿနာဆေးကို နိရောဓ ဆေးဟု အမည်ပေးသွားတော်မူခဲ့သည်။

ပုံနှိပ်ထုတ်ဝေခြင်း

ပြည်ထောင်စု မြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာနသည် ဗုဒ္ဓဝါဒီ လူများစုတို့၏နေထိုင်ရာ မြန်မာနိုင်ငံ၌ ဗုဒ္ဓဝါဒီလူများစုတို့အား ဗုဒ္ဓရှင်တော်ဘုရား၏ဓမ္မရသ(တရားအရသာ)များကို ပများဆုံးခံစားနိုင် စွမ်းရှိစေသည့် ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ ဒီပနီကျမ်းစာ အုပ်များကို သန့်ရှင်းသေချာ, လှပခံ့ညားစွာ တစ်အုပ်ပြီး တစ်ပုံနှိပ်ဖြန့်ချီရန် ရည်ရွယ်ရင်းရှိသည့်အတိုင်း ဤ ''ပဋိစ္စသမုပ္ပါဒ်ဒီပနီ''ကို ပုံနှိပ်ဖြန့်ချီ လိုက်ရခြင်း ဖြစ်ပေသတည်း။

ဓမ္မာစရိယ ဦးတင်လှိုင်

စာပြင်မှူးချုပ်

---------- * --------

ပဋိစ္စသမုပ္ပါဒဒီပနီ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပဋိစ္စသမုပ္ပါဒ်အချက်အရာ ဒိဋ္ဌိများ

အနာနှင့်ဆေး သင့်အောင်ပေး

ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်၏ အချက်ကို ရှေးဦးစွာ ပြဆို ပေအံ့။ ဆေးနည်းကို များစွာသိသော်လည်း အနာ၏ လက္ခဏာကို မသိခဲ့လျှင် အကျိုးမထွန်းကားလှ၊ အနာ၏ လက္ခဏာကိုသိမှ သူ့အနာနှင့် သူ့ဆေး နေရာကျပေး၍ အကျိုး ထွန်းကားရာသကဲ့သို့ ပဋိစ္စသမုပ္ပါဒ် ဒေသနာဟူသော အမြိုက်ဆေးကြီး၏ အချက်အရာ ကိလေသာ ဟူသော အနာဝိသေသကို သိအပ်၏၊ ကိလေသာဟူသော အနာဝိသေသ ဆိုသည်ကား

အကျဉ်းအားဖြင့်--

(၁) ဒိဋ္ဌိ,

(၂) ဝိစိကိစ္ဆာ

၂-ပါးတည်း။

အကျယ်အားဖြင့် ဒိဋ္ဌိသည် နိယတမိစ္ဆာဒိဋ္ဌိကြီး ၃-ပါး,မိစ္ဆာဒိဋ္ဌိ ၆၂-ပါး , သက္ကာယဒိဋ္ဌိ ၂၀-၊ ဤမှတပါး လောက၌ရှိရှိသမျှသော ဒိဋ္ဌိစု ဤအလုံးစုံသော ဒိဋ္ဌိမျိုးတို့သည် ပဋိစ္စသမုပ္ပါဒ် ဒေသနာ၏ အချက်အရာ အနာမျိုးပေတည်း

ဝိစိကိစ္ဆာသည်လည်းအဘိဓမ္မာ၌ လာသော ဝိစိကိစ္ဆာ ၈-ပါး, သုတ္တန်တို့မှာ လာသော ဝိစိကိစ္ဆာ ၁၆-ပါး၊ ဤဝိစိကိစ္ဆာစု ယုံမှားမှုတို့သည် ပဋိစသမုပ္ပါဒ် ဒေသနာ၏ အချက်အရာ အနာစုပေတည်း။

ပဋိစ္စသမုပ္ပါဒ်တရားကို သိသောဉာဏ်သည် ထိုဒိဋ္ဌိ, ဝိစိကိစ္ဆာ အနာမျိုးတို့ကို ပယ်ဖျောက်နိုင်၏၊

နိယတ မိစ္ဆာဒိဋ္ဌိ ၃-ပါး

နိယတမိစ္ဆာဒိဋ္ဌိကြီး ၃-ပါးဆိုသည်ကား- နတ္ထိကဒိဋ္ဌိ, အဟေတုကဒိဋ္ဌိ, အကိရိယဒိဋ္ဌိ ဤ၃-ပါးတည်း၊ နတ္ထိကဒိဋ္ဌိဆိုသည်ကားသတ္တဝါတို့ကို ကောင်းကျိုး,မကောင်းကျိုး ပေးတတ်ပေးတတ်သော ကုသိုလ်ကံ, အကုသိုလ် ဟူ၍မရှိဟု ယူခြင်းသည် နတ္ထိက ဒိဋ္ဌိမည်၏၊ အဟေတုကဒိဋ္ဌိ ဆိုသည်ကား-သတ္တဝါတို့မှာ ရှေးအကြောင်းဟူ၍ မရှိဟုယူခြင်းသည် အဟေတုကဒိဋ္ဌိမည်၏၊ အကရိယဒိဋ္ဌိ ဆိုသည်ကားကောင်းမှုကိုပြုသော်လည်း ကောင်းမှုဟူ၍မဖြစ်, မကောင်းမှုကိုပြုသော် လည်း မကောင်းမှုဟူ၍ မဖြစ်ဟုယူခြင်းသည် အကိရိယဒိဋ္ဌိမည်၏၊ ကံနှင့်ကံ၏ အကျိုးကို လုံးလုံးပယ်သောဒိဋ္ဌိကြီး ၃-ပါးတည်း။

ဤဒိဋ္ဌိကြီး ၃-ပါးကို သန်သန်ယူသော သူသည် သေသည်၏ အခြားမဲ့၌ ငရဲသို့သာ အမြဲကျ၏၊ ဤဒိဋ္ဌိကို မစွန့်သမျှ ကာလပတ်လုံး ငရဲ၌သာ ဘဝအဆက်ဆက်ဖြစ်၏၊ ကမ္ဘာပျက်၍မှ မလွတ်ရ၊ ကံ,ကံ၏ အကျိုးကို ယုံကြည်သော လူမျိုးတို့မှာ ဤမိစ္ဆာဒိဋ္ဌိကြီး ၃-မျိုးမရှိကြ။ ကံ,ကံဋ္ဌ အကျိုးကို ယုံကြည်မှုမည်သည် ပဋိစ္စသမုပ္ပါဒ်ကို သိသောဉာဏ်၌ တစိတ်အားဖြင့်ပါဝင်၏၊

၆၂-ပါးသော မိစ္ဆာဒိဋ္ဌိ

၆၂-ပါးသော မိစ္ဆာဒိဋ္ဌိမျိုးတို့သည်လည်းလူသာမန်တို့၌ ဖြစ်သော ဒိဋ္ဌိမျိုးမဟုတ်ကုန်၊ အပါယ်ပဋိသန္ဓေကိုပေးနိုင်သော ဒိဋ္ဌိမျိုးလည်း မဟတ်ကုန်၊ ထိုအယူကို မစွန့်သမျှ သံသရာမှ မလွတ်နိုင်ရုံသာရှိ၏၊ သဿတဒိဋ္ဌိ ၄၄-ပါး,ဥစ္ဆေဒဒိဋ္ဌိ ၁၈-ပါး ၂-စုပေါင်း ၆၂-ပါးဖြစ်၏၊ ပဋိစ္စသမုပ္ပါဒ်ကိုသိမှ ထိုဒိဋ္ဌိမျိုးကို လွန်နိုင်သည်၊ ပဋိစ္စသမုပ္ပါဒ်ကို မသိလျှင် ဒိဋ္ဌိတို့၏ အတွင်းမှာ နေရသည်။

သက္ကာယဒိဋ္ဌိ -၂၀

သက္ကာယဒိဋ္ဌိ ၂၀-ဆိုသည်ကား-အန္ဓပုထုဇဉ် လူမြင်တိုင်းမှာ ရှိကြသော ဒိဋ္ဌိ ၂၀-ပေတည်း၊ ရူပက္ခန္ဓာ၌ စွဲလမ်းသောဒိဋ္ဌိ ၄-ပါး, ဝေဒနက္ခန္ဓာ၌ ၄-ပါး, သညာက္ခန္ဓာ၌ ၄-ပါး, သင်္ခါရက္ခန္ဓာ၌ ၄-ပါး ဝိညာဏက္ခန္ဓာ၌ ၄-ပါး ပေါင်း-၄-ပါး ၅-လီ ၂၀-ဖြစ်၏၊

(က) (၁) ရူပံ အတ္တတော သမနုပဿတိ၊ (၂) ရုပဝန္တံ ဝါ အတ္တာနံ၊ (၃) အတ္တနိ ဝါ ရူပံ၊ (၄) ရူပသ္မိံ ဝါ အတ္တာနံ။

( ခ ) (၁) ဝေဒနံ အတ္တတော သမနုပဿတိ၊ (၂) ဝေဒနာဝန္တံ ဝါ အတ္တာနံ၊ (၃)အတ္တနိ ဝါ ဝေဒနံ၊ (၄) ဝေဒနာယ ဝါ အတ္တာနံ။

( ဂ ) (၁) သညံ အတ္တတော သမနုပဿတိ၊ (၂) သညာဝန္တံ ဝါ အတ္တာနံ၊ (၃) အတ္တနိ ဝါ သညံ၊ (၄) သညာယ ဝါ အတ္တာနံ။

(ဃ) (၁) သင်္ခါရေ အတ္တတော သမနုပဿတိ၊ (၂) သင်္ခါရဝန္တံ ဝါ အတ္တာနံ၊ (၃) အတ္တနိ ဝါ သင်္ခါရေ၊ (၄) သင်္ခါရေသု ဝါ အတ္တာနံ။

( င ) (၁) ဝိညာဏံ အတ္တတော သမနုပဿတိ၊ (၂) ဝိညာဏဝန္တံ ဝါ အတ္တာနံ၊ (၃) အတ္တနိ ဝါ ဝိညာဏံ၊ (၄) ဝိညာဏသ္မိံ ဝါ အတ္တာနံ။

(ဓမ္မသင်္ဂဏီပါဠိတော်) (၁) ရူပံ၊ ရူပ်ကို။ အတ္တတော၊ ကိုယ်ဟူ၍။ သမနုပဿတိ၊ စွဲမြဲ ထင်မြင်၏၊ (၂) အတ္တာနံ ဝါ၊ ကိုယ်ကိုမူလည်း။ ရူပဝန္တံ၊ ရုပ်ရှိ၏ ဟူ၍။ သမနုပဿတိ၊ စွဲမြဲ ထင်မြင်၏၊ (၃) အတ္တနိ ဝါ၊ ကိုယ်၌မူလည်း။ ရူပံ၊ ရုပ်ကို။ သမနုပဿတိ၊ စွဲမြဲ ထင်မြင်၏၊ (၄) ရူပသ္မိံ ဝါ၊ ရုပ်၌မူလည်း။ အတ္တာနံ၊ ကိုယ်ကို။ သမနုပဿတိ၊ စွဲမြဲ ထင်မြင်၏၊

[နောက်ခန္ဓာ ၄-ပါးတို့မှာလည်း ဤနည်းအတိုင်း အနက်ဆိုလေ]

ရုပ် ၂၈-ပါး သရုပ်

ပထဝီ, အာပေါ, တေဇော, ဝါယော မဟာဘုတ် ၄-ပါး။။ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, ဟဒယ-ဝတ္ထုရုပ် ၆-ပါး။။ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗ ဂေါစရရုပ် ၅-ပါး။ ဣတ္ထိဘာဝ, ပုရိသဘာဝ ဘာဝရုပ် ၂-ပါး။။ အသက်ဟူသော ဇီဝိတရုပ် ၁-ပါး။ ။ ဩဇာ ဟူသော အာဟာရရုပ် ၁-ပါး။ ။ အာကာသဟူသော ပရိစ္ဆေဒရုပ် ၁-ပါး။ ။ကိုယ်အင်္ဂါ လှုပ်ရှားခြင်း အမူအရာဟူသော ကာယဝိညတ်, အသံအင်္ဂါ လှုပ်ရှားခြင်း အမူအရာဟူသော ဝစီဝိညတ် ဝိညတ်ရုပ် ၂- ပါး။ ။ပေါ့ပါးခြင်း အမူအရာဟူသော လဟုတာရုပ်, နူးညံ့ခြင်း အမူအရာ ဟူသော မုဒုတာရုပ်, ရုပ်တို့၏အမှု၌ လျော်ကန်ခြင်းဟူသော ကမ္မညတာ ရုပ်၊ ဤကား ဝိကာရရုပ် ၃-ပါး။။ ရုပ်တို့၌ ဖြစ်ပွါးခြင်းဟူသော ဥပစယရုပ်, အစဉ်တည်ခြင်း ဟူသာ သန္တိရုပ်, အိုမင်း ရင့်ဆွေးခြင်းဟူသော ဇရတာရုပ်, ပျက်ဆုံးကွယ်ပခြင်းဟူသော အနိစ္စတာရုပ်၊ ဤကား လက္ခဏာရုပ် ၄-ပါး။

[ဤ ပြခဲ့ပြီးသော ရုပ်စုတွင် ဖောဋ္ဌဗ္ဗဆိုသည်ကား- ပထဝီ, တေဇော, ဝါယောဟူသော မဟာဘုတ် ၃-ပါးကိုပင် ခေါ်သည်။ ထို့ကြောင့် ဖောဋ္ဌဗ္ဗ အတွက်နှင့် ရုပ်အရေအတွက် မတိုးရ၊ ရုပ် ၂၈-ခု ဖြစ်၏၊]

ရုပ်၌ သက္ကာယဒိဋ္ဌိ-၁၁၂

အနမတဂ္ဂ သံသရာ ကမ္ဘာ အဆက်ဆက်, စကြသဠာ အနန္တ, သတ္တဝါ အနန္တ, မြေကြီး, မြင်းမိုရ်, သတ္တရဘန်, သမုဒ္ဒရာ, နေ, လ , နက္ခတ်တာရာ, နတ်ပြည် ၆-ထပ်, အကနိဋ္ဌတိုင်အောင်သော ဗြဟ္မာ စသော အလုံးစုံကို အကုန်သတ္ထုချသော် ရုပ်အဖို့အားဖြင့် ၂၈-ခုသော ဓာတ်သားအမှန်ရ၏၊

ရုပ်၌ သက္ကာယဒိဋ္ဌိ ၄-ပါးကို ဟောတော်မူသောကြောင့် ရုပ် ၂၈-ခုကို တည်၍ သက္ကာယဒိဋ္ဌိ ၄-ပါးနှင့် မြှောက်ပွါးသည်ရှိသော် ရုပ်၌ သက္ကာယဒိဋ္ဌိပေါင်း ၁၂၂-ပါး ဖြစ်၏၊

ဝေဒနာ၌ သက္ကယဒိဋ္ဌိ-၇၂

ဝေဒနာက္ခန္ဓာ၌ စက္ခုသမ္ဖဿဇာ ဝေဒနာ, သောတသမ္ဖဿဇာ ဝေဒနာ, ဃာနသမ္ဖဿဇာ ဝေဒနာ, ဇိဝှါသမ္ဖဿဇာ ဝေဒနာ, ကာယ သမ္ဖဿဇာ ဝေဒနာ, မနောသမ္ဖဿဇာ ဝေဒနာဟူ၍ ဝေဒနာအပြား ၆-ပါး၊ ၎င်း ၆-ပါးကို သုခ, ဒုက္ခ, ဥပေက္ခာ ၃-ပါးနှင့် မြှောက်ပွါးသည် ရှိသော် ဝေဒနာ ၁၈-ပါး ဖြစ်၏၊

၎င်းဝေဒနာ ၁၈-ပါးကို သက္ကာယဒိဋ္ဌိ ၄-ပါးနှင့် မြှောက်ပွါးသည်ရှိသော် ဝေဒနက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိပေါင်း ၇၂-ပါး ဖြစ်၏၊

သညာ၌ သက္ကာယဒိဋ္ဌိ-၂၄

သညာက္ခန္ဓာ၌ ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္မသညာ-ဟူ၍ အာရုံ၏ အပြားအားဖြင့် သညာ ၆- ပါး ဖြစ်၏၊

၎င်း သညာ ၆-ပါးကို သက္ကာယဒိဋ္ဌိ ၄-ပါးနှင့် မြှောက်ပွါးသည် ရှိသော် သညာက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိပေါင်း ၂၄-ပါး ဖြစ်သည်။

သင်္ခါရ၌ သက္ကာယဒိဋ္ဌိ -၂၄

သင်္ခါရက္ခန္ဓာ၌ အဘိဓမ္မာနည်းအားဖြင့် သင်္ခါရက္ခန္ဓာ အပြား ၅၀ ရှိသည်တွင် ရူပသဉ္စတနာ, သဒ္ဒသဉ္စတနာ, ဂန္ဓသဉ္စတနာ, ရသ သဉ္စတနာ, ဖောဋ္ဌဗ္ဗသဉ္စတနာ, ဓမ္မသဉ္စတနာ ဟူ၍ အာရုံအပြားအားဖြင့် သင်္ခါရ ၆-ပါး ဖြစ်၏၊

၎င်း သင်္ခါရ ၆-ပါးကို သက္ကာယဒိဋ္ဌိ ၄-ပါးနှင့် မြှောက်ပွါးသည်ရှိ သော် သင်္ခါရက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိပေါင်း ၂၄-ပါးဖြစ်၏၊

ဝိညာဏ်၌ သက္ကာယဒိဋ္ဌိ-၂၄

ဝိညာဏက္ခန္ဓာ၌ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာန ဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်, မနောဝိညာဏ်ဟူ၍ ဒွါရ၏ အပြားအားဖြင့် ဝိညာဏ် ၆-ပါး ဖြစ်၏၊

၎င်း ဝိညာဏ် ၆-ပါးကို သက္ကာယဒိဋ္ဌိ ၄-ပါးနှင့် မြှောက်ပွါးသည်ရှိသော် ဝိညာဏက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိပေါင်း ၂၄-ပါး ဖြစ်၏၊

ပုထုဇဉ် သတ္တဝါ မှန်သမျှနှင့် သက္ကာယဒိဋ္ဌိ

ဤသို့လျှင် ရူပက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိ ၁၁၂-ပါး, ဝေဒနာက္ခန္ဓာ၌

သက္ကာယဒိဋ္ဌိ ၇၂-ပါး, သညာက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိ ၂၄-ပါး,သင်္ခါရက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိ ၁၁၂-ပါး, ဝိညာဏက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိ ၂၄-ပါး ငါးရပ် လုံးကို ပေါင်းသည်ရှိသော် တစ်ယောက် တစ်ယောက်သောသူမှာ သက္ကာယဒိဋ္ဌိပေါင်း ၂၅၆-ပါး ဖြစ်၏၊

ဤ ၂၅၆-ပါးသော သက္ကာယဒိဋ္ဌိသည် လူ, နတ် , ဗြဟ္မာ ပုထုဇဉ် သတ္တဝါမှာ ဖြစ်လေရာရာ အမြဲပါ၏၊

သက္ကာယစနက်ကြောင့် အပါယ်နယ် ကျယ်ဝန်းခြင်း

ငရဲကြီး ၈-ထပ် ဆိုသည်လည်း ဤသက္ကာယဒိဋ္ဌိ၏ အပွားအစီး ပင်တည်း၊ ဥဿဒငရဲပေါင်း ၁၂၈-ထပ် ဆိုသည်လည်း ဤသက္ကာယဒိဋ္ဌိ၏ အပွားအစီးပင်တည်း၊ အသုရကယ် ဆိုသည်လည်း ဤသက္ကာယဒိဋ္ဌိ၏ အပွါးအစီးပင်တည်း၊ ပြိတ္တာအမျိုးမျိုး၊ တိရစ္ဆာန်အမျိုးမျိုးဆိုသည်လည်း ဤသက္ကာယဒိဋ္ဌိ၏ အပွားအစီးပင်၊ ၆၂-ပါးသော မိစ္ဆာဒိဋ္ဌိဆိုသည်လည်း ဤသက္ကာယဒိဋ္ဌိ၏ အပွားအစီးပင်၊ ၃-ပါးသော နိယတမိစ္ဆာဒိဋ္ဌိကြီး ဆိုသည်လည်း ဤသက္ကာယဒိဋ္ဌိ၏ အပွားအစီးပင်၊ ဒုစရိုက်ဆယ်ပါး ဆိုသည်လည်း ဤသက္ကာယဒိဋ္ဌိ၏အပွါးအစီးပင်။

ဤ ၂၅၆-ပါးသော သက္ကာယဒိဋ္ဌိကို မပယ်နိုင်သေးသော ပုထုဇဉ် သတ္တဝါတို့သည် လူ့ပြည်မှာ သူဌေး, သူကြွယ်, ပဒေသရာဇ်, ဧကရာဇ်, စကြာမန္ဓာတ် စည်းစိမ်ကို ရရှိခံစား၍ နေကုန်သော်လည်း ရင်ထဲ နှလုံးထဲမှာ ၂၅၆-ပါးသော သက္ကာယဒိဋ္ဌိ ငရဲမီး ဝင်းဝင်းတောက် ထိန် ထိန်ညီး အပြီးပါရှိ၍ နေကုန်၏၊ ယခုနေ့သေလျှင် နက်ဖြန်အဝီစိ မီးစာဖြစ်နိုင်ကုန်၏၊

နတ်ပြည် ၆-ထပ်မှာ နတ်မင်း, သိကြားမင်း စည်းစိမ်ကို ရရှိခံ စား၍ နေကုန်သော်လည်း ရင်ထဲ နှလုံးထဲမှာ ၂၅၆-ပါးသော သက္ကာယ ဒိဋ္ဌိ ငရဲမီး ဝင်းဝင်းတောက် ထိန်ထိန်ညီး အပြီးပါရှိ၍ နေကုန်၏၊ ယခုနေ့ စုတေလျှင် နက်ဖြန် အဝီစိမီးစာ ဖြစ်နိုင်ကုန်၏၊

သုဒ္ဓါဝါသမှ တပါးသော ရူပ, အရူပ ဗြဟ္မာဘုံမှာ ဗြဟ္မာမင်း စည်းစိမ်ကို ရရှိခံစား၍ နေကုန်သော်လည်း ရင်ထဲ နှလုံးထဲမှာ ၂၅၆- ပါးသော သက္ကာယဒိဋ္ဌိ ငရဲမီး ဝင်းဝင်းတောက် ထိန်ထိန်ညီး အပြီးပါရှိ၍ နေကုန်၏၊ ယခုနေ့ စုတေလျှင် နက်ဖြန် အဝီစိမီးစာ ဖြစ်နိုင်ကုန်၏၊

သက္ကာယဒိဋ္ဌိ ငရဲမီး ပါရှိ၍ နေပုံ

ရင်ထဲ နှလုံးထဲမှာ ၂၅၆-ပါးသော သက္ကာယဒိဋ္ဌိ ငရဲမီး ဝင်းဝင်း တောက် ထိန်ထိန်ညီး အပြီးပါရှိ၍ နေပုံများကို ထင်ရှားအောင်ပြဆိုဦးအံ့။

ရူပက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိ ငရဲမီးတောက်ပုံ

ရူပက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိပေါင်း ၁၁၂-ပါးရှိသည်တွင် ပထဝီမှာ ၄-ပါး, အာပေါမှာ ၄-ပါး, တေဇောမှာ ၄-ပါး, ဝါယောမှာ ၄-ပါး စက္ခုမှာ ၄-ပါး, သောတမှာ ၄-ပါး စသည်ဖြင့် ရုပ် ၂၈-ပါး အကုန်ဝေဖန်၍ သိ အပ်၏၊

ပထဝီမှာ သက္ကာယဒိဋ္ဌိ ငရဲမီး ၄-ချက် တောက်ပုံကို ရှေးဦးစွာ ပြဆိုပေအံ့၊ ပထဝီဆိုသည်ကား မြေဓာတ်တည်း၊ ဓာတ်မြေတည်း၊ ပရမတ်မြေတည်း၊ မိမိတို့၏ ကိုယ်ခန္ဓာ ခက်မာသည်ဟူ၍လည်းကောင်း၊ နူးညံ့သည် ဟူ၍လည်းကောင်း အများသိကြသော သဘော အခြင်းအရာ မျိုးသည် ကိုယ်နှင့် အပြည့်ရှိကြ၏၊ ထိုအခြင်းအရာမျိုးသည် ပထဝီမည်၏၊ မြေဓာတ်မည်၏၊ ဓာတ်မြေမည်၏၊ ပရမတ်မြေ မည်၏၊ ထိုဓာတ်မြေကိုပင် ရံခါ ငါပြု၍ စွဲလမ်း ပြောဆို၏၊ ရံခါ ငါမှာ ခက်မာမှု, နူးညံ့မှု မှီသည်ကို ပြု၍ စွဲလမ်း ပြောဆို၏၊ ရံခါ ငါ၌ ခက်မာမှု, နူးညံ့မှု မှီသည်ကို ပြု၍ စွဲလမ်းပြောဆို၏၊ ရံခါ ခက်မာမှု, နူးညံ့မှု၌ ငါမှီသည်ကို ပြု၍ စွဲလမ်း ပြောဆို၏၊

ထို ၄-ချက်တွင်--

* ခက်မာမှု, နူးညံ့မှုကို ငါပြု၍ စွဲလမ်း ပြောဆိုသောအခါ ပထဝီ၌- (၁) 'ရူပံ အတ္တတော သမနုပဿတိ' ဟူသော သက္ကာယဒိဋ္ဌိ ငရဲမီးတောက်မှု ဖြစ်၏၊

* ငါ့မှာ ခက်မာမှု, နူးညံ့မှုရှိသည်ကို ပြု၍ စွဲလမ်း ပြောဆို သောအခါပထဝီ၌ (၂)'ရူပဝန္တံဝါ အတ္တာနံ သမနုပဿတိ' ဟူသော သက္ကာယဒိဋ္ဌိ ငရဲမီးတောက်မှု ဖြစ်၏၊ * ငါ၌ ခက်မာမှု, နူးညံ့မှု ရှိသည်ကိုပြု၍ စွဲလမ်း ပြောဆို သောအခါ ပထဝီ၌-(၃)'အတ္တနိဝါရူပံသမနုပဿတိ' ဟူသော သက္ကာယဒိဋ္ဌိ ငရဲမီးတောက်မှုဖြစ်၏၊ * ရံခါ ခက်မာမှု, နူးညံ့မှု၌ ငါမှီသည်ကို ပြု၍ စွဲလမ်း ပြောဆိုသောအခါ ပထဝီ၌-(၄)'ရူပသ္မိံ ဝါ အတ္တာနံ သမနုပဿတိ'ဟူသော သက္ကာယဒိဋ္ဌိ ငရဲမီးတောက်မှု ဖြစ်၏၊

ပထမ စွဲလမ်းခက်မှာ ခက်မာမှု, နူးညံ့မှုကိုပင် ငါပြု၍ စွဲလမ်း သည်၊ ငါနှင့် ခက်မာမှု, နူးညံ့ကို တစ်ခုတည်းယူသည်၊ နောက် ၃- ချက်မှာ- ငါ တခြား, ခက်မာမှု နူးညံ့မှု တခြားထား၍ စွဲလမ်းသည်၊ (၁) ငါသီလ ရှိသည်၊ (၂) ငါ၌ သီလတည်သည်၊ (၃) သီလ၌ ငါတည်သည် ဟူသော စကား ၃-ရပ်ကဲ့သို့တည်း။။ (၁) ငါသည် ရွှေ, ငွေ, ဥစ္စာ ရှိ သည်ဖြစ်၏၊ (၂) ငါ၌ ရွှေ, ငွေ, ဥစ္စာ တည်၏၊ (၃) ရွှေ, ငွေ, ဥစ္စာ၌ ငါမှီ ၏ ဟူသော စကား ၃-ရပ်ကဲ့သို့၎င်းတည်း။။ ငါသည်ပင် ရွှေ, ငွေ တည်းဟု ငါနှင့် ရွှေ, ငွေတစ်ခုတည်းယူသော ပထမအချက်ကား ရွှေ,ငွေ၌ မရ၊ ငါနှင့်တခြားစီထား၍ ယူသော နောက်အချက်သည်သာ အပ ဥစ္စာ၌ ရ၏၊

သီလ ဥပမာ၌ကား ၄-ချက်ပင် ရ၏၊ ငါသည် သူ့အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်၏ဟု စွဲလမ်းထင်မြင် ပြောဆိုမှုကား ငါနှင့်သီလကို တစ်ခုတည်း ယူသော သက္ကာယဒိဋ္ဌိတည်း၊ ငါသည် သီလရှိသောသူတည်း၊ ငါ၌သီလတည်၏၊ သီလ၌ ငါတည်၏ဟု ထင်မြင်ပြောဆိုမူကား ငါနှင့် သီလကို တခြားစီ ထား၍ ပြောဆိုမှုတည်း၊ အခွဲအခြမ်း ခက်ခဲသော အရာဖြစ်၍ ဥပမာနှင့်ပြလိုက်သည်။

အကြမ်းအားဖြင့် ပြဆိုသော် မိမိကိုယ်မှာ ကေသာ, လောမာ, နခါ, ဒန္တာ စသည်ဖြင့် ပထဝီကောဋ္ဌာသ ၂၀-ရှိသည်တွင် ဆံပင်သည်ပင် လျှင် ငါ-အရေသည်ပင်လျှင် ငါ-အသားအရိုးသည်ပင်လျှင် ငါ-ဟုထင် မြင်စွဲလမ်း ပြောဆိုမှုကား ပထမသက္ကာယဒိဋ္ဌိတည်း။။ သူများကဲ့သို့ ငါ့မှာလည်း ဆံပင်ရှိသည် စသည်ဖြင့် ထင်မြင် စွဲလမ်းပြောဆိုမှုကား ဒုတိယ သက္ကာယဒိဋ္ဌိတည်း။။ ငါ၌ ဆံပင်တည်သည် စသည်ဖြင့် ပြောဆိုမှုကား တတိယ သက္ကာယဒိဋ္ဌိတည်း။။ အရိုး၌ ငါတည်သည်၊ အသား၌ ငါတည်သည် စသည်ဖြင့် ထင်မြင် ပြောဆိုမှုကား စတုတ္ထ သက္ကာယဒိဋ္ဌိတည်း။

လောက၌ မိမိကိုခန္ဓာနှင့် စပ်ယှဉ်၍ ငါဟူသော စိတ်သဘောနှင့် ပြောဆိုကြသော စကားစု အလုံးစုံသည် ထို ၄-ချက်မှ အလွတ်မရှိပြီ။ လိုရင်းပဓာနမှုကား ထိုခက်မာမှု, နူးညံ့မှုဟူသော ဓာတ်မြေ သဘော အခြင်းအရာကို ငါပြု၍ ငါဟုထင်မြင်၍ ငါဟုစွဲလမ်း၍ ပြောဆိုမှုဟူသော ပထမအချက်သာ လိုရင်းတည်း။

ထိုကြောင့် နောက်နောက်သော တရားတို့မှာ ပထမအချက်ကို ဆိုပေအံ့။။ ဖွဲ့စည်းမှုကိုစွဲ၍ ငါဟု ဆိုသောအခါ အာပေါ၌ ဖြစ်သော ဒိဋ္ဌိတည်း၊ ငါပူသည်, ငါနွေးသည်, ငါအေးသည်, ငါချမ်းသည်ဟုဆိုသော အခါ တေဇော၌ စွဲသောဒိဋ္ဌိတည်း၊ ငါလှုပ်ရှားသည်ဟုဆိုသောအခါ ဝါယော၌ စွဲသောဒိဋ္ဌိတည်း၊ ငါကြည့်သည် ငါမြင်သည်ဟုဆိုသောအခါ စက္ခု၌ စွဲသော ဒိဋ္ဌိတည်း၊ ငါကြားသည်ဟုဆိုသောအခါ သောတ၌ စွဲသော ဒိဋ္ဌိတည်း၊ ငါ နံသည်ဟု ဆိုသောအခါ ဃာန၌ စွဲသော ဒိဋ္ဌိတည်း၊ အချို, အချဉ်, အရသာကို ငါသိသည်ဟု ဆိုသောအခါ ဇိဝှါ၌ စွဲသော ဒိဋ္ဌိတည်း၊ ကိုယ်၌တွေ့ထိသော အမှုကို ငါသိသည်ဟု ဆိုသောအခါ ကာယ၌ စွဲသော ဒိဋ္ဌိတည်း၊ အဆင်းကို ငါပြု၍ဆိုသောအခါ ရူပ၌စွဲသော ဒိဋ္ဌိတည်း၊ အသံကို ငါပြု၍ဆိုသောအခါ သဒ္ဒ၌ စွဲသော ဒိဋ္ဌိတည်း၊ အနံ့အရသာ တို့၌လည်း ထိုနည်းအတူ၊ ဖောဋ္ဌဗ္ဗမှာ ပထဝီ, တေဇော, ဝါယော ၃- ခုတို့အတိုင်းဆိုလေ၊ မိမိကိုယ်ကို ငါယောကျားဟု ဆိုသောအခါ ပုမ္ဘာဝ ရုပ်၌စွဲသော ဒိဋ္ဌိတည်း၊ ငါ မိန်းမဟု ဆိုသောအခါ ဣတ္ထိဘာဝရုပ်၌ စွဲသော ဒိဋ္ဌိတည်း၊ ကြွင်းသောရုပ်တို့မှာလည်း ဤနည်းအတူဆိုလေ၊ ငါကြီးရင့်ပြီ ငါကြီးရင့်လတ္တံ့,ငါအိုပြီ ငါအိုရလတ္တံ့ ဟုဆိုသောအခါ အနိစ္စတာရုပ်၌ စွဲသော ဒိဋ္ဌိတည်း။

ဤသို့လျှင် အနိဋ္ဌဖြစ်သော ဇရာရုပ်, မရဏရုပ်မှာပင် သက္ကာယ ဒိဋ္ဌိ ငရဲမီး တောက်ချေသေး၏၊ ကြွင်းသော ရုပ်တို့မှာ အဘယ်ဆို ဘွယ်ရာရှိအံ့နည်း၊ မိမိကိုယ်ကို ဆိုသည်မှာ သက္ကာယဒိဋ္ဌိ ဖြစ်သည်မဟုတ်၊ ပုဂ္ဂိုလ်,သတ္တဝါ,မိန်းမ,ယောကျ်ားဟူသော ထင်မြင်စွဲလမ်းချက်နှင့် မည်သူမြင်သည်,မည်သူကြားသည် စသည်ဖြင့် ဆိုရာ၌လည်း သူတပါး တို့၏ ရုပ် ၂၈-ခုတို့မှာ စွဲသောမိမိ၏ သက္ကာယဒိဋ္ဌိပင်တည်း၊ ခက်မာမှု, ပူမှု, အေးမှုစသည်ဖြင့် အစိတ်အစိတ် မခွဲခြမ်းမူ၍ တစ်ကိုယ်လုံး တစ်ခုတည်းပြု၍ ငါငါဟုစွဲသောဒိဋ္ဌိ၊ သူတပါးကို မည်သူမည်ဝါ ဟုစွဲ သောဒိဋ္ဌိစုလည်း သက္ကာယဒိဋ္ဌိချည်းပင်။

ရူပက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိ ငရဲမီး ဝင်းဝင်းတောက် ထိန်ထိန်ငြီးဖြစ်ပုံ ပြီး၏

-----ဝ---

ဝေဒနာက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိ ငရဲမီးတောက်ပုံ

ဝေဒနာက္ခန္ဓာ၌ ၇၂-ပါးသော သက္ကာယဒိဋ္ဌိတို့တွင် စက္ခုသမ္ဖဿ ဇာ သုခဝေဒနာ သုံးပါး၌ ငရဲမီးတောက်ပုံကိုဆိုအံ့။ မျက်စိဖြင့် ထိုထို ဝတ္ထုကိုမြင်၍ စိတ်သာသာယာယာရှိသည်ကိုစွဲ၍ ငါကြည့်၍ ကောင်း သည်ဟု စိတ်ဖြစ်သောအခါ စက္ခုသမ္ဖဿဇာ ဝေဒနာ၌ ဖြစ်သော ဒိဋ္ဌိတည်း၊ ကောင်းသည်ဟူ၍လည်း အထူးမဖြစ်, မကောင်းသည်ဟု လည်း အထူမဖြစ်,ငါမြင်သည်ဟု သာမညစိတ် ဖြစ်သောအခါ စက္ခု သမ္ဖဿဇာ ဥပေက္ခာဝေဒနာ၌ ဖြစ်သော ဒိဋ္ဌိတည်း။

ထို့အတူ ထိုထိုအသံကို ကြားရာ၌လည်းကောင်း, ထိုထိုအနံ့ကို နံရာ၌လည်းကောင်း, ထိုထိုအချို အချဉ်စသောအရသာကို သုံးဆောင်ရာ ၌လည်းကောင်း, ကိုယ်အင်္ဂါတွေ့မှု ထိမှုတို့၌လည်းကောင်း, စိတ်နှင့်ကြံ စည်မှုတို့၌လည်းကောင်း ကောင်းသည်ဟူ၍တစ်ချက်, မကောင်းသည် ဟူ၍တစ်ချက်, သာမည လျစ်လျူစိတ်မျိုး တစ်ချက်၊ ဤသုံးချက်မှာ ဒိဋ္ဌိသုံးမျိုးစီဆိုလေ၊ ငါချမ်းသာသည်, ငါကောင်းသည်, ငါအရသာရှိ သည်ဟု စိတ်ဖြစ်သောအခါ သုခဝေဒနာ၌ ဖြစ်သောဒိဋ္ဌိတည်း၊ ငါကျဉ် သည်, ငါနာသည်,ငါနှလုံးမသာသည်ဟု ဖြစ်သောအခါ ဒုက္ခဝေဒနာ၌ ဖြစ်သောဒိဋ္ဌိတည်း။

ဝေဒနာက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိ ငရဲမီးတောက်၍ နေကြပုံအမြွက် ပြီး၏

---ဝ---

သညာက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိငရဲမီးတောက်ပုံ

သညာက္ခာ၌ ၂၄-ပါးသော သက္ကာယဒိဋ္ဌိတို့တွင် ရူပသညာ၌ သက္ကာယဒိဋ္ဌိ ငရဲမီးတောက်ပုံကို ဆိုပေအံ့။။ အမိဝမ်းမှ ဖွါးရာ၌ ဤကား အမိ,ဤကားအဘ, ဤကားအရှေ့, ဤကားအနောက် စသည် ဖြင့် သိတတ်မှတ်တတ်သော တရားကို သညာက္ခန္ဓာဆိုသည်။ ထိုထို ဝတ္ထုကိုမြင်ရာ၌ ဤသူကိုငါသိ၏, ဤအမှုကိုငါသိ၏ဟု စိတ်ဖြစ်သည် ကား ရူပသညာ၌ဖြစ်သော ဒိဋ္ဌိတည်း၊ ကြွင်းသော အာရုံငါးပါးကို သိရာတို့၌လည်း ဤနည်းအတူ ဆိုလေ။

သညာက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိ ငရဲမီးတောက်ပုံ ပြီး၏၊

သင်္ခါရက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိ ငရဲမီးတောက်ပုံ

သင်္ခါရက္ခန္ဓာ၌ ၂၄-ပါးသော သက္ကဒိဋ္ဌိတို့တွင် ရူပသေဉ္စတနာ၌

သက္ကာယဒိဋ္ဌိ ငရဲမီးတောက်ပုံကို ဆိုပေအံ့။။ ထိုထိုသူကိုလည်းကောင်း, ထိုထိုဝတ္ထုကိုလည်းကောင်း, ထိုထိုအမှုလည်းကောင်း မျက်စိဖြင့် ကြည့် ရှု၍ ကိုယ်အင်္ဂါ,နှုတ်အင်္ဂါ,စိတ်အင်္ဂါဖြင့် ဗျာပါရပြုရာ၌ ငါသွားသည်, ငါပြုသည်, ငါပြင်သည် အစရှိသည်ဖြင့် ဖြစ်သောအခါ ရူပသေဉ္စတနာ ၌ဖြစ်သောဒိဋ္ဌိတည်း၊ ကြွင်းသော အာရုံငါးပါးတို့၏ အတွက်နှင့် ဗျာပါရ စိုက်ရာ၌လည်း ဤနည်းတူဆိုလေ။

စေတနာမှကြွင်းသော သင်္ခါရက္ခန္ဓာ တရားတို့၌လည်း ထွေထွေ လာလာ ငါကြံသည်, တရစ်ပတ်ပတ် ငါကြံသည်ဟု ဖြစ်သည်ကား ဝိတက်, ဝိစာရတို့၌ဖြစ်သော ဒိဋ္ဌိတည်း၊ ထိုထိုအမှုကို ငါအားထုတ်သည် ဖြစ်သည်ကား ဝီရိယ၌ ဖြစ်သော ဒိဋ္ဌိတည်း၊ ငါနှစ်သက်သည် ဟုဖြစ် သည်ကား ပီတိ၌ဖြစ်သော ဒိဋ္ဌိတည်း၊ ဘယ်ဟာကိုငါလိုချင်သည်, ငါရချင် သည်, ငါပြုချင်သည်, ငါသွားချင်သည်, ရောက်ချင်သည်, ပြောချင်သည်, ငါဆိုချင်သည်,ငါကြည့်ချင်သည်ဟုဖြစ်သည်ကား ဆန္ဒ၌စွဲသော ဒိဋ္ဌိ တည်း။

တရားတော်နှင့်စပ်၍ ဘယါတရားကို ငါမသိ, ငါမမြင်, ငါမထင် သည်ဟုဖြစ်သည်ကး မောဟ၌ စွဲသောဒိဋ္ဌိတည်း၊ မကောင်းမှုနှင့် တွေ့လျှင် ငါ မရှက်တတ်, ငါမကြောက်တတ် ဟု ဖြစ်သည်ကား အဟိရိက, အနောတ္တပ္ပတို့၌ စွဲသောဒိဋ္ဌိတည်း၊ သား မယား, ပစ္စည်း ဥစ္စာတို့၌ ဘယ်ဟာကို ငါလိုချင်သည်, ငါခံစားချင်သည်, ငါခင်သည်, ငါမင်သည်, ငါ ချစ်ခင်စုံမက်သည်, ငါ သယာ တွယ်တာသည် ဟုဖြစ် သည်ကား လောဘ၌ စွဲသော ဒိဋ္ဌိတည်း၊ ငါစိတ်ဆိုးသည်, ငါစိတ်ပျက် သည်, ငါမုန်းသည်, ငါမြင်းပြင်းသည်ဟု ဖြစ်သည်ကား ဒေါသ၌စွဲသော ဒိဋ္ဌိတည်း၊ ငါအညံ့မခံနိုင်, ငါမလျှော့နိုင်, ငါမနှိမ့်ချနိုင်ဟုဖြစ်သည်ကား မာန၌ စွဲသော ဒိဋ္ဌိတည်း၊ ငါ အယူမှားသည်ဟုဖြစ်သည်ကား ဒိဋ္ဌိ၌ စွဲသော ဒိဋ္ဌိတည်း၊ ငါငြူစူသည်, ငါဝန်တိုသည်, ငါနှမြောသည်ဟု ဖြစ်သည်ကား ဣဿ, မစ္ဆေရတို့၌ စွဲသောဒိဋ္ဌိတည်း၊ မိမိပြုခဲ့ဖူးသော မကောင်းမှု ဒုစရိုက်အတွက်နှင့် ငါစိတ်ပူသည်, ငါနှလုံးပူသည်, ငါ မအေးနိုင်ရှိသည်ဟု ဖြစ်သည်ကား ကုက္ကုစ္စ၌စွဲသောဒိဋ္ဌိတည်း။

တရားဓမ္မနှင့် စပ်လျှင် ငါငြီးငွေ့တတ်သည်, ငါပြင်းရိတတ် သည်ဟုဖြစ်သည်ကား ထိန, မိဒ္ဓ၌စွဲသော ဒိဋ္ဌိတည်း၊ ရတနာသုံးပါးဂုဏ် စည်တို့၌ ငါမယုံကြည်နိုင်, ငါယုံမှားသည်, ငါနှလုံးနှစ်ခွရှိသည်, ငါဒွိဟရှိသည်ဟု ဖြစ်သည်ကား ဝိစိကိစ္ဆ၌ စွဲသော ဒိဋ္ဌိတည်း၊ ဘုရား ဂုဏ်စသော ကောင်းသောအာရုံ၌ ငါကြည်ညိုသည်, ငါကြည်ဖြူသည်, ငါနှလုံးကြည်သည်ဟုဖြစ်သည်ကား သဒ္ဓါ၌စွဲသော ဒိဋ္ဌိတည်း၊ ကောင်း သော အမှုတို့၌ ငါ မမေ့တတ်, ငါအမှတ်ရသည်ဟု ဖြစ်သည်ကား သတိ၌စွဲသော ဒိဋ္ဌိတည်း၊ မကောင်းသော အမှု၌ ငါရှက်တတ်သည်, ငါကြောက်တတ်သည်ဟု ဖြစ်သည်ကား ဟိရိ ဩတ္တပ္ပ၌ စွဲသော ဒိဋ္ဌိတည်း၊ ငါ ဥပုတ် သီတင်းစောင့်ထိန်းသည်, သူ့အသက်ကို သတ်ခြင်းမှ ငါရှောင် သည်ဟု ဖြစ်သည်ကား သီလကုသိုလ်၌စွဲသော ဒိဋ္ဌိတည်း၊ အဒိန္နာဒါန်မှ ငါကြဉ်ရှောင်သည် စသည်တို့၌လည်း ထိုနည်းတူသိလေ။

ဤတွင် ရွေ့ကား သင်္ခါရက္ခန္ဓာတရားတို့၌ အသီးသီး ဒိဋ္ဌိမီးတောက်၍နေပုံကို ပြဆိုချက်ပြီး၏၊

--------- * --------

ဝိညာဏက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိ ငရဲမီးတောက်ပုံ

ဝိညာဏက္ခန္ဓာ၌ ၂၄-ပါးသော သက္ကာယဒိဋ္ဌိတို့တွင် အဘယ် သူကို, အဘယ်ဝတ္ထုကို ငါ မြင်သည်, ငါ ကြည့်သည်, ငါ ရှုသည်ဟု ဖြစ်သည်ကား စက္ခုဝိညာဏ်၌ စွဲသောဒိဋ္ဌိတည်း၊ ငါ ကြားသည်, ငါ နာသည်, ငါ နားထောင်သည် ဟု ဖြစ်သည်ကား သောတဝိညာဏ်၌ စွဲသော ဒိဋ္ဌိတည်း၊ ငါ နံသည်, ငါ မွှေးသည်ဟု ဖြစ်သည်ကား ဃာန ဝိညာဏ်၌ စွဲသော ဒိဋ္ဌိတည်း၊ အချို အချဉ် အရသာကို ငါ သိသည်ဟု ဖြစ်သည်ကား ဇိဝှါဝိညာဏ်၌ စွဲသော ဒိဋ္ဌိတည်း၊ အပူ, အချမ်း, အကြမ်း, အနုတို့ကို တွေ့ထိ၍ ငါ သိသည်ဟု ဖြစ်သည်ကား ကာယဝိညာဏ်၌ စွဲသော ဒိဋ္ဌိတည်း၊ မနောနှလုံးနှင့် ငါ ကြံသည်, ငါ တွေ့သည် ငါ သိ သည်ဟု ဖြစ်သည်ကား ကာယဝိညာဏ်၌ စွဲသော ဒိဋ္ဌိတည်း။

[ဤကား ဝိညာဏ် ၆-ပါး၌ သက္ကာယဒိဋ္ဌိ မီးတောက်ပုံကို ပြဆိုချက်တည်း။]

ခန္ဓာငါးပါးလုံး၌ ငရဲမီးတောက်ပုံ

အပေါင်းအားဖြင့် ခန္ဓာငါးပါးလုံးကို ခြုံ၍ ငါဟူ၍ လည်းကောင်း၊ ငါသွားသည်, ငါလာသည်, ငါပြုသည်, ငါပြောသည်, ငါဆိုသည် အစရှိသည်ဖြင့်လည်းကောင်း အပေါင်းကိုခြုံ၍ စွဲလမ်းပြောဆို သမျှသည် လည်း ဒိဋ္ဌိချည်းပင်တည်း၊ ပုဂ္ဂိုလ် အဟုတ်ရှိ၏, သတ္တဝါ အဟုတ်ရှိ၏, လူ အဟုတ်ရှိ၏, နတ် အဟုတ်ရှိ၏, မိန်းမ အဟုတ်ရှိ၏, ယောကျ်ား အဟုတ်ရှိ၏, ငါ အဟုတ်ရှိ၏, သူတစ်ပါး အဟုတ်ရှိ၏ဟုမှတ်ထင်ခြင်း အရင်းခံ ရှိကြကုန်သော ပုထုဇဉ် သတ္တဝါတို့သည် ငါဟူသောစကား, ကိုယ်ဟူသော စကားကို တစ်လောကလုံး တအုန်းအုန်း ပြောလည်း ပြောကြကုန်၏၊ ပြောတိုင်းပြောတိုင်းလည်း စိတ်အထင်ပါကုန်၏၊ သက္ကာယဒိဋ္ဌိကို ပယ်ပြီးသော အရိယာတို့သည်ကား အပြောမှာ အများနည်းတူ ပြောကြကုန်၏၊ စိတ်အထင်မူကား မရှိပြီ၊ ငါဟူ၍ ပြောကြကုန်သော်လည်း စိတ်မှာ တစ်ကယ် ငါဟုတ်သည်ဟု မထင်ကြ ကုန်ပြီ၊ ပြဆိုခဲ့ပြီးသော သက္ကာယဒိဋ္ဌိအချက်မှာ ဒိဋ္ဌိနှင့် စွဲလမ်းထင်မြင် သည်လည်း ရှိသည်၊ သညာနှင့် စွဲလမ်းထင်မြင်သည်လည်း ရှိသည်၊ စိတ်ဝိညာဏ်နှင့် စွဲလမ်းထင်မြင်သည်လည်း ရှိသည်။

ဒိဋ္ဌိဂတသမ္ပယုတ်စိတ်နှင့် စွဲလမ်းထင်မြင်သောအခါ၌ ဒိဋ္ဌိနှင့် စွဲလမ်းထင်မြင်သည်၊ ထိုစိတ်မှတစ်ပါးသော အကုသိုလ်စိတ်, မဟာ ကုသိုလ်စိတ်တို့နှင့် စွဲလမ်းထင်မြင်သောအခါ၌မူကား သညာ, ဝိညာဏ် တို့နှင့်စွဲလမ်းထင်မြင်သည် ဤပြဆိုခဲ့ပြီးသော သက္ကာယဒိဋ္ဌိတို့ကို မပယ်နိုင်သမျှ ကာလပတ်လုံး လူဖြစ်သော်လည်း အပါယ်လေးပါး တံခါးဟင်းလင်း၊ နတ်သိကြားဖြစ်သော်လည်း အပါယ်လေးပါးတံခါး ဟင်းလင်း၊ ဗြဟ္မာဖြစ်သော်လည်း အပါယ်လေးပါးတံခါး ဟင်းလင်း သာနေကြ၏၊ စိတ်နှလုံးထဲမှာ ငရဲမီးထုပ်ပေါင်း ၂၅၆-ပါးကို ရင်ခွင်ပိုက် လျက် နေကြ၏၊ စိတ်နှလုံးထဲမှာ ငရဲကြီး ၈-ထပ် ဖြစ်လေရာရာ အပြီးပါ၍ နေကြ၏၊ ကုသိုလ်ကံ အခွင့်ရ၍ လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝကို ရကြ သော်လည်း ရင်ထဲမှာ ငရဲမီးထက်ကြပ်ပါ၍ နေသောကြောင့် စိတ်နှလုံး အေးရန် အခွင့်မရှိ။

[ဤကား ဓမ္မသင်္ဂဏီပါဠိတော်မှာ လာသော သက္ကာယဒိဋ္ဌိ ၂၀- ကို မိမိတို့ကိုယ်ဝယ် အတပ်ဒိဋ္ဌ သိမြင်ကြရန် အမြွက်မျှ ဆိုလိုက်သော စကားရပ်တည်း။]

သုတ္တန်ပါဠိတော်လာ ဒိဋ္ဌိ ၃-ပါး

ယခုအခါ အဘိဓမ္မာဝိဘင်း ပါဠိတော်၌လည်းကောင်း, သုတ္တန် ပါဠိတော်၌လည်းကောင်း ဟောတော်မူသော ဒိဋ္ဌိ ၃-ပါးကို ပြဆိုပေအံ့။ တတ္ထ ကမာနိ တီဏိ တိတ္ထာယတနာနိ-

၁။ ဣဓေကစ္စော သမဏော ဝါ ဗြဟ္မဏော ဝါ ဧဝံဝါဒီ

ဟောတိ ဧဝံဒိဋ္ဌီ ''ယံ ကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋီသံဝေ ဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ၊ သဗ္ဗံ တံ ပုဗ္ဗေကတဟေတူ'' တိ။

၂။ ဣဓ ပနေကစ္စော သမဏော ဝါ ဗြဟ္မဏော ဝါ ဧဝံဝါဒီ ဟောတိ ဧဝံဒိဋ္ဌီ ''ယံ ကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋီသံဝေ ဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ၊ သဗ္ဗံ တံ ဣဿရနိမာနဟေတူ'' တိ။

၃။ ဣဓ ပနေကစ္စော သမဏော ဝါ ဗြဟ္မဏော ဝါ ဧဝံဝါဒီ ဟောတိ ဧဝံဒိဋ္ဌီ ''ယံ ကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋီသံဝေ ဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ၊ သဗ္ဗံ တံ အဟေတု အပ္ပစ္စယာ' တိ။

ဤပါဠိတော်၌- (၁) သဗ္ဗံ တံ ပုဗ္ဗေကတဟေတု။။ (၂)သဗ္ဗံ တံ ဣရနိမ္မာနဟေတု။။ (၃)သဗ္ဗံတံ အဟေတုအပ္ပစ္စယာ။ ဤအဖျား သုံးခွန်းသာ ကွဲလွဲသည်။

တတ္ထ၊ ထိုစကား၌။ တီဏိ၊ သုံးပါးကုန်သော။ တိတ္ထာယတနာနိ၊ တိတ္ထိဖြစ်ကြောင်းတို့သည်။ ကတမာနိ၊ အဘယ်သည်တို့နည်းဟူမူကား

(၁) ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချိူ့သော။ သမဏော ဝါ၊ ရဟန်းသည်လည်းကောင်း။ ဗြဟ္မဏော ဝါ၊ ပုဏ္ဏားသည်လည်းကောင်း။ ဧဝံဝါဒီ၊ ဤသို့ဟော လေ့ရှိသည်။ ဧဝံဒိဋ္ဌိ၊ ဤသို့ ယူလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏၊ အယံ ပုရိသပုဂ္ဂလော၊ ဤပုဂ္ဂိုလ် သတ္တဝါအ ပေါင်းသည်။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ ယံ သုခံ ဝါ၊ အကြင်ချမ်းသာကိုလည်းကောင်း။ ယံ ဒုက္ခံ ဝါ၊ အကြင်ဆင်းရဲကိုလည်းကောင်း။ယံ အဒုက္ခမသုခံ ဝါ၊ အကြင် ဥပေက္ခာဝေဒနာကိုလည်းကောင်း။ ပဋိသံ ဝေဒေတ၊ိ ခံစား၏၊ တံ သဗ္ဗံ၊ ထိုခံစားသမျှသော အမှုသည်။ ပုဗ္ဗေကတဟေတု၊ ရှေးရှေးဘဝတို့၌ ပြုခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတို့ကြောင့်သာ တည်း။

(၂) တံ သဗ္ဗံ၊ ထိုခံစားသမျှသော အမှုသည်။ ဣဿရနိမ္မာန ဟေတု၊ လောကကို အစိုးရသော ထာဝရဘုရား ဖန် ဆင်းခြင်းကြောင့်သာတည်း။

(၃) တံ သဗ္ဗံ၊ ထိုခံစားသမျှသော အမှုသည်။ အဟေတု၊ အကြေင်းရင်းဟူ၍လည်းမရှိ။ အပ္ပစ္စယာ၊ အကူအပံ့ အကြောင်းဟူ၍လည်း မရှိ။

ပထမဒိဋ္ဌိကား-လောက၌ သတ္တဝါတို့ တွေ့ကြုံခံစားကြသော ချမ်းသာ ဆင်းရဲဟူသမျှသည် ရှေးကံဟောင်းကြောင့်သာတည်းဟူလိုသည်။

ဒုတိယဒိဋ္ဌိကား-ထာဝရဘုရား ဖန်ဆင်းသောကြောင့်-ဟူလိုသည်။

တတိယဒိဋ္ဌိကား- အကြောင်းမရှိ အခွင့်သင့်ရာ ကြုံတွေ့ ခံစား ကြရသည်-ဟူလိုသည်။

ပထမဒိဋ္ဌိကား-နိဂဏ္ဌန်တက္ကတွန်းတို့၏ အယူတည်း။ ဒုတိယဒိဋ္ဌိကား- ယခုကာလ ပသီလူမျိုး, ခရစ်ယာန်ဘာသာဝင် လူမျိုးတို့၏ အယူတည်း။

တတိယဒိဋ္ဌိကား- အဟေတုက ဒိဋ္ဌိတည်း။

ပထမဒိဋ္ဌိသည် ကံအယူသန်လှသော ငါတို့ မြန်မာလူမျိုး တို့မှာလည်းရှိ၏၊ ဟိန္ဒူလူမျိုးတို့မှာ နဖူးစာရှိရာ ဆင်းရဲချမ်းသာ ခံစားရ သည်ဟု ယူကုန်၏၊ ထိုမှတစ်ပါး အမျိုးမျိုးသော မိစ္ဆာဒိဋ္ဌိတို့သည် ရှိကြကုန်သေး၏၊

သက္ကာယဒိဋ္ဌိသည် ခပ်သိမ်းသော ဒိဋ္ဌိတို့၏ အမြစ်မူလဖြစ်ပုံ

အမြစ်မူလ သက္ကာယသာ

သက္ကာယဒိဋ္ဌိ ၂၀-သည် ခပ်သိမ်းသော ဒိဋ္ဌိတို့၏ မူလအမြစ် တည်း၊ လောက၌ အလုံးစုံသော မြက်သစ်ပင် ဟူသမျှသည် မျိုးစေ့မှ ပေါက်ဖွားဖြစ်ထွန်းကြကုန်၏၊ မျိုးစေ့သည် မြက် သစ်ပင်တို့ မူလဗီဇ ဖြစ်ခဲ့၏၊ မျိုးစေ့ရှိခဲ့လျှင် ဘယ်နေရာမှာ မြက်သစ်ပင် မပေါက်ဟု မဆိုရ၊ မျိုးစေ့မရှိ--မျိုးပြတ်သွားလျှင် မြက်သစ်ပင် အပေါက်ငြိမ်း၏၊ မျိုးမပြတ် လျှင် အပေါက်မငြိမ်း၊ ဤအတူ စိတ်နှလုံးထဲမှာ သက္ကာယဒိဋ္ဌိ အပြီးပါ နေသမျှ ကာလပတ်လုံး ကမ္ဘာပျက်၍မှ ငရဲက မလွတ်ရသော ဒိဋ္ဌိကြီးကို ယူကြသော လူမျိုး, နတ်မျိုးမှာ ဖြစ်ခဲ့လျှင် ထိုဒိဋ္ဌိကိုပင် ယူလတံ့၊ ၆၂- ပါးသော ဒိဋ္ဌိတွင် တစ်ပါးပါးသော ဒိဋ္ဌိကိုပင် ယူသော လူမျိုး, နတ်မျိုးမှာ ဖြစ်ခဲ့လျှင် ထိုဒိဋ္ဌိ၌ပင် ယူလတံ့။

စိတ်နှလုံးထဲမှာ သက္ကာယဒိဋ္ဌိ အပြီးပါရှိ၍နေသမျှ ကာလပတ်လုံး

ပဉ္စာနန္တရိယ ကံကြီးငါးပါးလည်း အပြီးပါရှိ၍ နေတော့သည်၊ ဒုစရိုက် ဆယ်ပါး အပြီးပါရှိ၍ နေလေတော့သည်၊ ဘယ်မကောင်းမှုမျိုး, ဘယ် အမိုက်အမဲမျိုး, ဘယ်အမှောက်အမှားမျိုး ငါ၌ မဖြစ်လတံ့ဟု တစ်စုံ တစ်ခုမျှမရှိ၊ လူ့ပြည်မှာ လူဖြစ်သော်လည်း ရင်ထဲမှာ အပါယ်လေးဘုံ အပြီးပါ၏၊ နတ်ပြည် ၆-ထပ်မှာ နတ်မင်းကြီး, သိကြားမင်းကြီး ဖြစ် သော်လည်း ရင်ထဲမှာ အပါယ်လေးဘုံ အပြီးပါ၏၊ ဗြဟ္မာ့ပြည်မှာ ဗြဟ္မာ မင်းကြီး ဖြစ်ရသော်လည်း ရင်ထဲမှာ အပါယ်လေးဘုံ အပြီးပါ၏၊

ထောင်ဒဏ်အမှု အပြစ်သင့်ကြသော လူနှစ်ယောက်ရှိသတတ်၊ တစ်ယောက်သောသူမှာ ထောင်သို့ ကျလေ၏၊ တစ်ယောက်သောသူမှာ ထောင်ကျရက် မပေးသေး၊ ထောင်သို့ ကျလေသောသူမှာ ထောင်မှ လွတ်ခွင့်သို့ တစ်ရက်ထက်တစ်ရက် နီး၍သွား၏၊ ထောင်သို့မကျ သေးသောသူမှာ ထောင်ကျခွင့်သို့ တစ်ရက်ထက်တစ်ရက် နီး၍သွား၏၊ ဤအတူ အပါယ်သို့ ကျရောက်၍ နေကြသောသူတို့မှာ အပါယ်မှ လွတ်ခွင့်သို့ တစ်နေ့ထက်တစ်နေ့ နီး၍သွားကုန်၏၊ လူ့ပြည်, နတ်ပြည်, ဗြဟ္မာြ့ပည်၌နေကြကုန်သော ပုထုဇဉ်တို့မှာ အပါယ်ကျခွင့်သို့ တစ်နေ့ ထက် တစ်နေ့နီး၍ သွားကုန်၏၊ ထို့ကြောင့်-

ဧတဿ အာနန္ဒ ဓမ္မဿ အနနုဗောဓော အပ္ပဋိဝေဓာ ဧဝမယံ ပဇာ တန္တာကုလကဇာတာ ကုလဂဏ္ဌိကဇာတာ မုဉ္ဇပဗ္ဗဇဘူတာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ သံသာရံ နာတိဝတ္တတိ ဟူ၍ ဟောတော်မူသည်။

အနက်။။အာနန္ဒ၊ အာနန္ဒာ။ ဧတဿ ဓမ္မဿ၊ ဤပဋိစ္စ သမုပ္ပါဒ်တရားကို။ အနနုဗောဓာ၊ မသိခြင်းကြောင့်။ အပ္ပဋိဝေဓာ၊ အသိဉာဏ်မပေါက်ခြင်းကြောင့်။ ဧဝံ၊ ဤသို့။ အယံပဇာ၊ ဤပုထုဇဉ် သတ္တဝါအပေါင်းသည်။ တန္တာကုလကဇာတာ၊ မသင်နိုင်သော ယက်ကန်း ထွေး အူပေါက်ကဲ့သို့ ရှုတ်ထွေးနေ၏၊ မုဉ္စပဗ္ဗဇဘူတာ၊ ဖြူဆံမြက်တော, ပြိန်းမြက်တောကဲ့သို့ ထွေးယှက်၍နေ၏၊ ကုလဂဏ္ဌိကဇာတော၊ စာပေါင်းသိုက်ကဲ့ထွေးယှက်၍နေ၏၊ အပါယံ=ချမ်းသာကင်းရာဖြစ်သော။ ဒုဂ္ဂတိံ=မကောင်းသဖြင့်လားရာ ဖြစ်သော။ ဝိနိပါတံ၊ အလိုဆန္ဒကင်း၍ ကျရာဖြစ်သော။ သံသာရံ=သံသရာကို။ နာတိ ဝတ္တတိ=မလွန်မြောက်နိုင်။ (ဒေသနာတော် အနက်)

တန္တာကုလကဇာတာ

'တန္တာကုလကဇာတာ'ဟူသောပုဒ်၏အဓိပ္ပါယ်ကား-တစ် ယောက်တစ်ယောက်သော လူ, နတ်, ဗြဟ္မာ သတ္တဝါတို့၏ နှလုံးထဲမှာ ၂၅၆-ပါးသော သက္ကာယဒိဋ္ဌိနှင့် တကွ ပြဆိုပြီးသော အပြစ်ဒေါသမျိုး တွေအသင်္ချေ ရှုပ်ထွေး၍ နေကြသည် ဆိုလိုသည်၊ မုဉ္စပဗ္ဗဇဘူတာပုဒ်, ကုလဂဏ္ဌိကဇာတာကုလဂဏ္ဌိကဇာတာ-ပုဒ်၏ အဓိပ္ပါယ်ကိုလည်း ထိုနည်းအတိုင်း သိလေ။

ဝိနိပါတံ သံသာရံ

'ဝိနိပါတံ သံသာရံ'ပုဒ်၏အဓိပ္ပါယ်ကား ထိုသို့နှလုံး အတွင်း ရှုပ်တွေး၍ နေကြကုန်သော လူ, နတ်, ဗြဟ္မာ ပုထုဇဉ် သတ္တဝါတို့သည် ဘယ်ဘုံက စုတေလျှင် ဘယ်ဘုံသို့ ငါသွားမည်-ဟု မှန်းတမ်း၍ သွားနိုင် ကြကုန်သည် မဟုတ်၊ စုတေသည့်နောက် ရောက်လိုရာရောက် ကျလို ရာကျ ကမ္မသကာ ကံချရာဟု ပေါက်လွတ် ဓမ္မတာ ထားကြရကုန်၏၊

တပေါင်း, တန်ခူး အခါ လေမုန်တိုင်း တိုက်၍ ကြွေကျကုန်သော သစ်ရွက်တို့သည် အညှာကလွှတ်လျှင် ကျစရာနေရာသို့ ရွေးချယ်၍ ဘယ်နေရာမှာ ငါကျမည်ဟု မှန်းတမ်း၍ ကျနိုင်ကြကုန်သည် မဟုတ်၊ ရောက်မိ ရောက်ရာ ရောက်၍ ကျမိ ကျရာ ကျလေကုန်သကဲ့သို့ ထို့အတူ သက္ကာယဒိဋ္ဌိ တန်းလန်းရှိကြကုန်သော သူတို့သည် အထက်ဆုံးဖြစ်သော ဘဝက်ဘုံက ပင်သော်လည်း နေ့စေ့၍ စုတေသောအခါ ရောက်ချင် ရာရောက် ပေါက်လွတ်ကျကုန်သည်သာတည်း။

တပေါင်း, တန်ကူးအခါ လေပွေတိုက်၍ အထက် ကောင်းကင် သို့ ရောက်ကြကုန်သော သစ်ရွက်ခြောက်, မြက်ခြောက်, အမှိုက်သရိုက် တို့သည် သင့်တင့်ရာ နေရာကို ရွေးချယ်၍ ဘယ်နေရာမှာ ငါတို့ ကျမည် ဟုမှန်းတန်း၍ ကျနိုင်ကြသည်မဟုတ်၊ ရောက်မိ ရောက်ရာ ရောက်၍ ကျမိကျရာ ကျကြလေကုန်သကဲ့သို့လည်းကောင်း၊ မိုးဦးကျ, ရေဦး ပေါက်သောအခါ အညာတော တောင်တို့မှ မြစ်ကြောင်း, ရေကြောင်းမှာ မျော၍ လာကုန်သော အမှိုက်သရိုက်တို့သည် ဘယ်သောင်မှာ တင်မည် ဘယ်ကမ်းမှာ တင်မည်ဟု မှန်းတမ်း၍ တင်နိုင်-ဆိုင်နိုင်ကြကုန်သည် မဟုတ်၊ ရောက်မိ ရောက်ရာ ရောက်ကြလေကုန်သကဲ့သို့လည်းကောင်း ထို့အတူ သက္ကာယဒိဋ္ဌိ တန်းလန်းရှိကြကုန်သော လူ, နတ်, ဗြဟ္မာသတ္တဝါ တို့သည် တဘဝမှ တဘဝသို့ စုတေကြသောအခါ ရောက်မိ ရောက်ရာ ရောက်၍ ကျမိကျရာ ကျကြလေကုန်သည်သာတည်း။

ဤသို့လျှင် သက္ကာယဒိဋ္ဌိ ၂၅၆-ပါးတည်းဟူသော လေပြင်းမုန် တိုင်း, လှိုင်းကြမ်း, ရေကြမ်းမှာ မျောပါ၍ နေကြကုန်သော ပုထုဇဉ် သတ္ကဝါတို့၏ တဘဝမှ တဘဝသို့ ပြောင်းလဲမှု, ကျချင်ရာကျ ရောက်ချင် ရာရောက် ပေါက်လွတ်လျောက်လျား နေကြမှုကို 'ဝိနိပါတံ သံသာရံ' ဟူ၍ဆိုသတည်း။

အတောင်မျက်စိ စုံသည့်ငှက်သို့

ရင်တွင်း နှလုံးတွင်းမှာ သက္ကာယဒိဋ္ဌိမီး ငြိမ်းကုန်ပြီးသော ဝိသာခါ, အနာထပိဏ် အစရှိသော သူတို့မှာမူကား တဘဝမှ တဘဝသို့ ပြေင်း ရွေ့ကြသောအခါ မိမိတို့ စိတ်ကြိုက်ရှိရာ, ကောင်းမြတ်ရာ ဘုံဘဝတို့ကို ရွေးချယ်၍ ပြောင်းရွေ့ကြကုန်၏၊ စိတ်ကပင် အထူး ကြံရွယ်မှု မရှိကြ သော်လည်း ယုတ်ညံ့သော ဘုံဘဝသို့ ကျရောက်ခြင်း မရှိကြရကုန်ပြီ၊ ကောင်းမြတ်ရာ ဘုံဘဝသို့သာ ရောက်ကြရကုန်၏၊ ဥပမာဆိုသည်ရှိ သောကား-မျက်စိအား, အတောင်အားဖြင့် ပြည့်စုံကြကုန်သော ကျေးငှက်တို့သည် မိမိတို့အလိုရှိရာ စိတ်ပျော်မွေ့ရာ သစ်ပင်တစ်ခုမှ သစ်ပင်တစ်ခုသို့, ဥယျာဉ်တစ်ခုမှ ဥယျာဉ်တစ်ခုသို့, တောတစ်ခုမှ တော တစ်ခုသို့ ကောင်းကင် ခရီးဖြင့်သာ ပျော်ပျော်ပါးပါး သွားလာပြောင်း ရွေ့ကြကုန်သကဲ့သို့တည်း။

ရတွင်း နှလုံးတွင်းမှာ သက္ကာယဒိဋ္ဌိမီး ငြိမ်းသဖြင့်လည်း အလုံစုံ သော ဒိဋ္ဌိမီး, အလုံးစုံသော ဒုစရိုက်မီးတို့သည် ငြိမ်းကြလေကုန်၏၊ ရင်ထဲ နှလုံးထဲမှာ အမြဲပါရှိ၍နေကုန်သော အပါယ်လေးဘုံတို့သည် အကုန် ကွယ်ပျောက်ကြလေကုန်၏၊

အပါယ်လေးဘုံတို့သည်သာ ကွယ်ပျောက်ကုန်သည် မဟုတ် ကုန်သေး၊ ထိုသက္ကာယဒိဋ္ဌိမီး ငြိမ်းကုန်ပြီးသော သူတို့သည် လူဖြစ်သော် လည်း စည်းစိမ်ဥစ္စာ, အလိမ္မာဉာဏ်, ဂုဏ်သိရ်ကြီးမြတ်သော အမျိုး၌သာ ဖြစ်ကြကုန်၏၊ ယုတ်ညံ့သောအမျိုး၌ ဖြစ်ခြင်းမရှိကုန်ပြီ၊ နတ်ဖြစ်ရာ၌ လည်း ထို့အတူပင်၊ လိမ္မာမှုမှာလည်း တဘဝထက် တဘဝ အလိမ္မာတိုး တက်၍သာ သွားကြကုန်၏၊ မလိမ္မာသော အဖြစ်သို့ မရောက်ကြကုန်ပြီ။

သက္ကာယဒိဋ္ဌိ ရှိကြသော သတ္တဝါတို့မှာမူကား

* ယနေ့ နတ်မင်းကြီး, သိကြားမင်းကြီး၊ နက်ဖြန်ခါခွေး, ဝက်, ခြ, ပုရွက်, သန်း, ကြမ်းပိုး၊

* ယခုနေ့သီလဝန္တကြီး၊ နက်ဖြန်ခါ ဓားပြ, သူခိုး, မုဆိုး, တံငါ၊

* ယခုနေ့ စျာန်အဘိညာဉ်ရ သမာဓိရင့်ကြီး၊ နက်ဖြန်ခါ ပွဲသဘင်အလယ်မှာ လူပျက်ကြီး၊

* ယခုနေ့ ကျမ်းတတ်, ဂန်တတ် ပညာရှိကြီး၊ နက်ဖြန်ခါ အရူးအသွပ် ဥမ္မတ္တက, လူအ, လူနှမ်းကြီးဖြစ်နိုင်သော သဘောရှိကုန်၏၊

ဤသို့လျှင် သက္ကာယဒိဋ္ဌိ ရှိကြကုန်သော သူတို့၏ အပြစ်ဒေါသ အနန္တကို လည်းကောင်း, သက္ကာယဒိဋ္ဌိမီး ငြိမ်းကုန်ကြပြီးသော သူတို့၏ အကျိုးအာနိသံသ အနန္တကိုလည်းကောင်း ကောင်းစွာသိကြသဖြင့် သက္ကာယဒိဋ္ဌိတည်းဟူသော ပါပဓမ္မကြီး၏ ကြောက်ဖွယ် လန့်ဖွယ် ရွံ့ဖွယ် စက်ဆုပ်ဖွယ်သော သဘောသည် အလွန်ထင်ရှားကြကုန်၏၊

ရင်တွင်း နှလုံးတွင်းမှာ ငါ ငါ ဟူသော သက္ကာယဒိဋ္ဌိမီး တထိန် ထိန် တညီးညီးတောက်ထ၍နေကြသော မိမိတို့ကိုယ်အဖြစ်၏ ပြဆို ခဲ့ပြီးသော လေမုန်တိုင်းမှာ လွင့်၍ပါသော မြက်မှိုက်, သစ်ရွက်မှိုက်, မြစ်ရေအလျဉ်မှာ မျော၍ပါလာသော မြက်မှိုက်, သစ်ရွက်မှိုက်တို့၏ အလားကဲ့သို့ သံသရာအလား, ဘဝအလား ကြောက်ပါးလိလိ ရှိ၍နေကြ သော သဘောသည်လည်း ထင်ရားကြကုန်ရာ၏၊

ဘုရားသာသနာနှင့်ကြုံကြိုက်သော ဘဝ၌သာလျှင် ငါ ငါ ဟူ၍စွဲ လမ်းမှုကို သက္ကာယဒိဋ္ဌိမှု ငရဲမီးတောက်မှုဟု သိနိုင်သည်။ ဘုရား သာသနာပသို့ ရောက်၍ သွားလျှင် မဟာကမ္ဘာ အသင်္ချေပင်ကြာသော် လည်း သက္ကာယဒိဋ္ဌိ ဟူ၍ သိပေါက် သိလမ်းမရှိ၊ မှောင်အတိ ဖုံးလွမ်း လေတော့သည်။

ဤသည်ကား

* ပဋိစ္စသမုပ္ပါဒ်ကို သိသောဉာဏ်သည် ဆေးကြီးမည်၏၊ * ထိုတေးကြီး၏ အချက်အရာ အနာဆိုး, ရောဂါဆိုးကား ဒိဋ္ဌိတရားတည်း

ဟု''သူ့အနာနှင့် သူ့ဆေး သူ့အနာနှင့် သူ့ဆေး'' နေရာကျအောင် အနာလက္ခဏာ ကို ပြဆိုသော အခန်းတည်း။

ဝိစိကိစ္ဆာ ရှစ်ပါး, တစ်ဆယ်ခြောက်ပါးတို့သည်လည်း အနာဆိုး, ရောဂါဆိုးတို့ပင်တည်း၊ သို့သော်လည်း ထို ဝိစိကိစ္ဆာတရားတို့သည် သက္ကာယဒိဋ္ဌိ၏ အစီးအပွားတို့သာတည်း၊ သက္ကာယဒိဋ္ဌိရှိလျှင် ရှိကုန် တော့သည်၊ သက္ကာယဒိဋ္ဌိ ငြိမ်းလျှင် ငြိမ်းကုန်တော့သည်၊ ထို့ကြောင့် ဝိစိကိစ္ဆာကို အကျယ်မဆိုပြီ။။ပြီး၏၊

ပဋိစ္စသမုပ္ပါဒ် အချက်အရာ ဒိဋ္ဌိများ ပြီး၏၊

-------

ပဋိစ္စသမုပ္ပါဒ် ပါဠိ-အနက်

ပဋိစ္စသမုပ္ပါဒ် ဥဒ္ဒေသ ပါဠိတော်

အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏ ပစ္စယာ နာမရူပံ၊ နာမရူပံ ပစ္စယာ သလာယတနံ၊ သဠာယ တနံ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနာ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

(ပဋိစ္စသမုပ္ပါဒ်အကျဉ်း ဥဒ္ဒေသ အဘိဓမ္မာဝိဘင်းပါဠိတော်)

ပဋိစ္စသမုပ္ပါဒ် နိဒ္ဒေသပါဠိတော်

၁။ တတ္ထ တကမာ အဝိဇ္ဇာ၊ ဒုက္ခေ အညာဏံ ဒုက္ခသမုဒယေ အညာဏံ ဒုက္ခနိရောဓေ အညာဏံဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အညာဏံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

၂။ တတ္ထ ကတမေ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ ပုညာဘိ သင်္ခါရော အပုညာဘိသင်္ခါရော အာနဉ္ဇာဘိသင်္ခါရော ကာယသင်္ခါရော ဝစီသင်္ခါရော စိတ္တသင်္ခါရော။။တတ္ထ ကတမော ပုညာဘိသင်္ခါရော၊ ကုသလာ စေတနာ ကာမာဝစရာရူပါဝစရာ ဒါနမယာ သီလမယာ ဘာဝနာမယာ၊ အယံဝုစ္စတိ ပုညာဘိသင်္ခါရော။ တတ္ထ ကတမော အပုညာဘိသင်္ခါရော၊ အကုသလာ စေတနာ ကာမာဝစရာ၊ အယံဝုစ္စတိ အပုညာဘိသင်္ခါရော။ တတ္ထ ကတမော အာနဉ္ဇာဘိ သင်္ခါရော၊ ကုသလာ စေတနာ အရူပါဝစရာ၊ အယံ ဝုစ္စတိ အာနဉ္ဇာဘိ သင်္ခါရော။။ တတ္ထ ကတမော ကာယသင်္ခါရော၊ ကာယသေဉ္စတနာ ကာယသင်္ခါရော၊ ဝစီသေဉ္စတနာ ဝစီသင်္ခါရော၊ မနောသေဉ္စတနာ စိတ္တသင်္ခါရော၊ ဣမေ ဝုစ္စန္တိ အဝိဇ္ဇာပစ္စယာ သင်္ခါရာ။

၃။ တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ စက္ခုဝိညာဏံ သောတဝိညာဏံ ဃာနဝိညာဏံ ဇိဝှါဝိညာဏံ ကာယဝိညာဏံ မနောဝိညာဏံ၊ ဣဒံဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ။

၄။ တတ္ထ ကတမံ ဝိညာပစ္စယာ နာမရူပံ၊ အတ္ထိ နာမံ အတ္ထိရူပံ။ တတ္ထ ကတမံ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိနာမံ။ တတ္ထ ကတမံ ရူပံ၊ စတ္တာရော မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ၊ ဣဒံ ဝုစ္စတိ ရူပံ။ ဣတိ ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ ဝိညာဏပစ္စယာ နာမရူပံ။

၅။ တတ္ထ ကတမံ နာမရူပပစ္စယာ သဠာယတနံ၊ စက္ခာယတနံ သောယတနံ ဃာနာယတနံ ဇိဝှါယတနံ ကာယာယတနံ မနာယတနံ၊ ဣဒံ ဝစ္စတိ နာမရူပပစ္စယော သဠာယတနံ။

၆။ တတ္ထ ကတမော သဠာယတနပစ္စယာ ဖေဿာ၊ စက္ခုသမ္ဖေဿာ သောတသမ္ဖေဿာ ဃာနသမ္ဖေဿာ ဇိဝှါ သမ္ဖေဿာ ကာယသမ္ဖေဿာ မနောသမ္ဖေဿာ၊ အယံ ဝုစ္စတိ သဠာယတနပစယာ ဖေဿာ။

၇။ တတ္ထ ကတမာ ဖဿပစ္စယာ ဝေဒနာ၊ စက္ခုသမ္ဖဿဇာ ဝေဒနာ သောတသမ္ဖဿဇာ ဝေဒနာ ဃာနသမ္ဖဿဇာ ဝေဒနာ ဇိဝှါသမ္ဖဿဇာ ဝေဒနာ ကာယသမ္ဖဿဇာ ဝေဒနာ မနောသမ္ဖဿဇာ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာဝေဒနာ။

၈။ တတ္ထ ကတမာ ဝေဒနာပစ္စယာ တဏှာ၊ ရူပတဏှာ သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာ၊ အယံ ဝုစ္စတိ ဝေဒနာပစ္စယာ တဏှာ။

၉။ တတ္ထ ကတမံ တဏှာပစ္စယာ ဥပါဒါနံ၊ ကာမုပါဒါနံ ဒိဋ္ဌုပါဒါနံ သီလဗ္ဗတုပါဒါနံ အတ္တဝါဒုပါဒါနံ၊ ဣဒံ ဝုစ္စတိ တဏှာပစ္စယာ ဥပါဒါနံ။

၁၀။ တတ္ထ ကတမာ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝေါ ဒုဝိဓေန အတ္ထိ ကမ္မဘဝေါ အတ္ထိ ဥပပတိဘဝေါ။ တတ္ထ ကတမာ ကမ္မဘဝေါ၊ ပုညာဘိသင်္ခါရော အပုညာဘိသင်္ခါရော အာနေဉ္ဇာဘိသင်္ခါရော၊ အယံ ဝုစ္စတိ ကမ္မဘဝေါ။ သဗ္ဗမ္ပိ ဘဝဂါမိကမ္မံ ကမ္မံ ကမ္မဘဝေါ။။ တတ္ထ ကတမော ဥပပတ္တိဘဝေါ၊ ကာမဘဝေါ ရူပဘဝေါ အရူပဘဝေါ သညာဘဝေါ အသညာဘဝေါ နေဝသညာနာသညာဘဝေါ ဧကဝေါ ကာရဘဝေါ စတုဝေါကာရဘဝေါ ပဉ္စဝေါကာရဘဝေါ၊ အယံဝုစ္စတိ ဥပပတ္တိဘဝေါ။ ဣတိအယဉ္စ ကမ္မဘဝေါ အယဉ္စ ဥပပတ္တိဘဝေါ၊ အယံ ဝုစ္စတိ ဥပါဒါနပစ္စယာ ဘဝေါ။

၁၁။ တတ္ထ ကတမာ ဘဝပစ္စယာ ဇာတိ၊ ယာ တေသံ တေသံ သတ္တာနံ တမှိ တမှိ သတ္တနိကာယေ ဇာတိ သဉ္ဇာတိ ဩက္ကန္တိ နိဗ္ဗတ္တိ အဘိနိဗ္ဗတ္တိ ခန္ဓာနံ ပါတုဘာဝေါ အာယတနာနံ ပဋိလာဘော၊ အယံ ဝုစ္စတိ ဘဝပစ္စယာ ဇာတိ။

၁၂။ တတ္ထ ကတမံ ဇာတိပစ္စယာ ဇရာမရဏံ၊ အတ္ထိ ဇရာ အတ္ထိ မရဏံ၊ တတ္ထ ကတမာ ဇရာ၊ ယာ တေသံ တေသံ သတ္တာနံ တမှိ တမှိ သတ္တနိကာယ ဇရာ ဇီရဏတာ ခဏ္ဍိစ္စံ ပါလိစ္စံ ဝလိတ္တစတာ အာယုနော သံဟာနိ ဣန္ဒြိယာနံ ပရိပါကော၊အယံ ဝုစ္စတိ ဇရာ။။ ယာ တေသံ တေသံ သတ္တာနံ တမှိ တမှိ သတ္တနိကာယေ ဇရာ ဇီရဏတာ ခဏ္ဍိတ်စ္စံ ပါလစ္စံ ဝလိတ္တစတာ အာယုနော သံဟာနိ ဣန္ဒြိယာနံ ပရိပါကော၊ အယံ ဝုစ္စတိ ဇရာ။ ။ တတ္ထ ကတမံ မရဏံ၊ ယာ တေသံ တေသံ သတ္တာနံ တမှာ တမှာ သတ္တနိကာယာ စုတိ စဝနတာ ဘေဒေါ အန္တရဓာနံ မစ္စု မရဏံ ကာလကိရိယာ ခန္ဓာနံ ဘေဒေါ ကဠေဝရဿ နိက္ခေပေါ ဇိဝိတိန္ဒြိယဿုပစ္စေဒေါ၊ ဣတိ ဝုစ္စတိ မရဏံ။ ဣတိ အယဉ္စ ဇရာ ဣဒဉ္စ မရဏံ၊ ဣဒံ ဝုစ္စတိ ဇာတိ ပစ္စယာ ဇရာမရဏံ။ ၁၃။ တတ္ထ ကတမော သောကော၊ ဉာတိဗျသနေန ဝါ ဖုဋ္ဌဿ ဘောဂဗျသနေန ဝါ ဖုဋ္ဌဿ ရောဂဗျသနေန ဝါ ဖုဋ္ဌဿ သီလဗျသနေန ဝါ ဖုဋ္ဌဿ ဒိဋ္ဌိဗျသနေန ဝါ ဖုဋ္ဌဿ အညတရ အညတရေဏဗျသနေန သမန္နာဂတဿ အညတရအညတရေဏ ဒုက္ခဓမ္မေန ဖုဋ္ဌဿ သောကော စေတသော ပရိဇ္ဈာယနာ ဒေါမနဿံ သောကသလ္လံ၊ အယံ ဝုစ္စတိ သောကော။

၁၄။ တတ္ထ ကတမော ပရိဒေဝေါ၊ တတ္ထ ကတမော ပရိဒေဝေါ၊ ဉာတိဗျသနေနဝါ ဖုဋ္ဌဿ ဘောဂဗျသနေန ဝါ ဖုဋ္ဌဿ ရောဂဗျသနေန ဝါ ဖုဋ္ဌဿ သီလဗျသနေန ဝါ ဖုဋ္ဌဿ ဒိဋ္ဌိဗျသနေန ဝါ ဖုဋ္ဌဿ အညတရအညတရေ ဏဗျသနေန သမန္နာဂတဿ အညတရအညတရေဏ ဒုက္ခဓမ္မေန ဖုဋ္ဌဿ အာဒေဝေါ ပရိဒေဝေါ အာဒေဝနာ ပရိဒေဝနာ အာဒေဝိတတ္ထံ ပရိဒေဝိတတ္ထံ ဝါစာ ပလာပေါ ဝိပ္ပလာပေါ လာလပ္ပေါ လာလပ္ပနာ လာလပ္ပိတတ္ထံ၊ အယံ ဝုစ္စတိ ပရိဒေဝေါ။

၁၅။ တတ္ထ ကတမံ ဒုက္ခံ၊ ယံ ကာယိကံ အသာတံ ကယိကံ ဒုက္ခံ ကာယသံမ္ဖဿဇံ အသာတံ ဒုက္ခံ ဝေဒရိတံ ကာယသံမ္ဖဿဇာ အသာတာ ဒုက္ခာ ဝေဒနာ၊ ဣဒံ ဝုစ္စတိ ဒုက္ခံ။

၁၆။ တတ္ထ ကတမံ ဒေါမနဿံ၊ တတ္ထ ကတမံ ဒေါမနဿံ၊ ယံစေတသိကံ အသာတံ စေတသိကံ ဒုက္ခံ စေတော သမ္ဖဿဇံ အသာတံ ဒုက္ခံ ဝေဒရိတံ စေတော သမ္ဖဿဇာ အသာတာ ဒုက္ခာ ဝေဒနာ၊ ဣဒံ ဝုစ္စတိ ဒေါမနဿံ။ ၁၇။ တတ္ထ ကတမော ဥပါယာသော၊ တတ္ထ ကတမော ဥပါယာသော၊ ဉာတိဗျသနေနဝါ ဖုဋ္ဌဿ ဘောဂဗျသနေန ဝါ ဖုဋ္ဌဿ ရောဂဗျသနေန ဝါ ဖုဋ္ဌဿ သီလဗျသနေန ဝါ ဖုဋ္ဌဿ ဒိဋ္ဌိဗျသနေန ဝါ ဖုဋ္ဌဿ အညတရညတရေန ဗျသနေန သမန္နာဂတဿ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ အာယာသော ဥပါယာသော အာယာသိတတ္တံ ဥပါယာသိတတ္တံ၊ အယံ ဝုစ္စတိ ဥပါယာသော။။ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတီတိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သင်္ဂတိ ဟောတိ၊ သမာဂမော ဟောတိ၊ သမောဓာနံ ဟောတိ၊ ပါတုဘာဝေါ ဟောတိ၊ တေန ဝုစ္စတိ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတီတိ။

(ပဋိစ္စသမုပ္ပါဒ် အကျယ်နိဒ္ဒေသ အဘိဓမ္မာ ဝိဘင်းပါဠိတော်)

ခန္ဓာကိုယ်နှင့် ဓမ္မစေတီကျောင်း ဥပမာ

ဓာတုစေတီ, ဓမ္မစေတီ, ပရိဘောဂစေတီ, ဥဒ္ဒိဿစေတီဟူ၍ စေတီလေးပါးရှိသည်တွင် ဓမ္မစေတီကို ကိုးကွယ်လိုသော သူသည် ပဋိစ္စသမုပ္ပါဒ် ဒေသနာပါဠိတော်ကြီးများကို ရွှေပြား ငွေပြားမှာ ရေး၍ ကိုးကွယ်ရသည်ဟု ကျမ်းဂန်တို့မှာ လာသည် တစ်ရပ်၊ ဓမ္မာနုဿတိ တည်ရှိသော သူ၏ ခန္ဓာကိုယ်သည် စေတီကျောင်းနှင့် အလားတူသည်၊ လူ, နတ်တို့ ပူဇော်ထိုက်သည်ဟု ဝိသုဒ္ဓိမဂ် အဋ္ဌကထာမှာလာသည် တစ်ရပ်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်သည် ငါဘုရား ကိုယ်တော်စား ဘုရားအရာ၌ တည်သည်ဟု ဟောတော်မူသည်တစ်ရပ်၊ ဤသို့လာသော အရာများကို ထောက်၍ ဤပဋိစ္စသမုပ္ပါဒ် ဒေသနာ အကျဉ်း, အကျယ် ပါဠိတော်များကို အရကျက်၍ အသက်ထက်ဆုံး အမြဲ ဆောင်ရွက်သော သူသည် ယောကျ်ားဖြစ်စေ, မိန်းမဖြစ်စေ ဓမ္မစေတီ ကျောင်းတော်နှင့် တူ၏၊ လူ, နတ်တို့ ရှိခိုးပူဇော်ခြင်းကို ခံထိုက်၏ ဟု သိအပ်၏၊

ပဋိစ္စသမုပ္ပါဒ် ဥဒ္ဒေသ ပါဠိတော် အနက်

အဝိဇ္ဇာပစ္စယာ၊ အဟုတ်အမှန်ကို မသိမမြင် မထင်မလင်းမှု ဟူသော အကြောင်းတရား ထင်ရှား ရှိနေခြင်းကြောင့်။ သင်္ခါရာ၊ ပစ္စုပ္ပန် အမှု, သံသရာအမှုတို့ကို ပြုစုပျိုးထောင်ခြင်းဟူသော သင်္ခါရမှုတို့သည် သမ္ဘဝန္တိ၊ ဖြစ်ပွားကုန်၏၊ သင်္ခါရတရား ထင်ရှား ရှိနေခြင်းကြောင့်။ ဝိညာဏံ၊ ဘဝသစ်၌ ဝိညာဏ်သစ် ဖြစ်ပေါ်မှုသည်။ သမ္ဘဝတိ၊ ဖြစ်ပွား ၏၊ ဝိညာဏပစ္စယာ၊ ဝိညာဏ်သစ် ဖြစ်ပေါ်မှုကြောင့်။ နာမရူပံ၊ နာမ်အစု, ရုပ်အစုသည်။ သမ္ဘဝတိ၊ ဖြစ်ပွား၏၊ နာမရူပပစ္စယာ၊ နာမ်အစု, ရုပ်အစု ဖြစ်ပွားမှုကြောင့်။ သဠာယတနံ၊ ဒွါရ ၆-မည်, အကြည် ၆-ပါး သဠာယတန တရားအစုသည်။ သမ္ဘဝတိ၊ ဖြစ်ပွား၏၊ သဠာယတနပစ္စယာ၊ ဒါရ ၆-မည်, အကြည် ၆-ပါး ထင်ရှားရှိခြင်းကြောင့်။ ဖေဿာ၊ အာရုံကို တွေ့မှုဟူသော ဖဿ ၆-ပါးသည်။ သမ္ဘဝတိ၊ ဖြစ်ပွား၏၊ ဖဿပစ္စယာ၊ ဖဿ ၆-ပါး ထင်ရှားရှိနေခြင်းဖကြာင့်။ ဝေဒနာ၊ အရုံကို ခံစားမှုဟူသော ဝေဒနာ ၆-ပါးသည်။ သမ္ဘဝတိ၊ ဖြစ်ပွား၏၊ ဝေဒနာပစ္စယာ၊ ဝေဒနာ ၆-ပါး ထင်ရှားရှိနေခြင်းကြောင့်။ တဏှာ၊ ဝတ္ထုအာရုံ ကာမဂုဏ်ကို ခင်မင်တွယ်တာ သာယာကပ်ငြိသော တဏှာ ခြောက်ပါးသည်။ သမ္ဘဝတိ၊ ဖြစ်ပွား၏၊ တဏှာပစ္စယာ၊ တဏှာခြောက်ပါး ထင်ရှားရှိနေမှုကြောင့်။ ဥပါဒါနံ၊ မလွတ်နိုင်, မခွါနိုင် ပိုင်ပိုင်စေးချွဲ တွယ်တာမြဲသော ဥပါဒါန် တရားသည်။ သမ္ဘဝတိ၊ ဖြစ်ပွား၏၊ ဥပါဒါနပစ္စယာ၊ ဥပါဒါန်တရား ထင်ရှားရှိနေမှုကြောင့်။ ဘဝေါ၊ လောကအစီးအပွား, သံသရာအစီးအပွား ဟူသောကံတရား, ဝိပါက်တရားစုသည်။ သမ္ဘဝတိ၊ ဖြစ်ပွား၏၊ ဘဝပစ္စယာ၊ ပစ္စုပ္ပန်စီးပွားမှု သံသရာစီးစွားမှု ထင်ရှားရှိနေခြင်းကြောင့်။ ဇာတိ၊ အဖန်ဖန် ပဋိသန္ဓေနေမှု ထင်ရှားရှိနေခြင်းသည်။ သမ္ဘဝတိ၊ ဖြစ်ပွား၏၊ ဇာတိပစ္စယာ၊ ပဋိသန္ဓေနေမှု ထင်ရှားရှိနေခြင်းကြောင့်။ သမ္ဘဝတိ၊ ဇရာမရဏံ၊ အဖန်ဖန် အိုမင်းရင့်ဆွေးမှု, သေဆုံးမှုသည် လည်းကောင်း။ သောက ပရိဒေဝ ဒုက္ခ သောမနဿုပါယာသာ၊ စိုးရိမ် ပူဆွေးမှု, ငိုကြွေး မြည် တမ်းမှု, ပင်ပန်းဆင်းရဲ နှလုံးမသာယာမှု, သက်ကြီးရှိုက်ငင်ပင်ပန်းမှုတို့သည်လည်းကောင်း။ သမ္ဘဝန္တိ၊ ဖြစ်ပွား ကုန်၏၊ ဧဝံ၊ ဤသို့။ ကေဝလဿ၊ သုခမဖက် သက်သက်သော။ ဧတဿ ဒုက္ခက္ခန္ဓဿ၊ ဤဒုက္ခအစု၏၊ သမုဒယော၊ ဖြစ်ပွားခြင်းသည်။ ဟောတိ၊ ဖြစ်၏၊

ပဋိစ္စသမုပ္ပါဒ် အကျဉ်းဥဒ္ဒေသ ပါဠိတော်အနက် ပြီး၏၊

------

ပဋိစ္စသမုပ္ပါဒ် နိဒ္ဒေသ ပါဠိတော် အနက်

၁။ တတ္ထ၊ ထိုဥဒ္ဒေသပါဠိ၌။ အဝိဇ္ဇာ၊ အဝိဇ္ဇာဆိုသည်ကား။ ကတမာ၊ အဘယ်နည်း။ ဒုက္ခေ၊ ဒုက္ခသစ္စာတရား၌။ အညာဏံ၊ မသိခြင်းအမှုလည်းတစ်ပါး။ ဒုက္ခသမုဒယေ၊ ဒုက္ခပွားများကြောင့်ဖြစ် သော အမြစ်မူလ တရား၌။ အညာဏံ၊ မသိခြင်းအမှုလည်း တစ်ပါး။ ဒုက္ခနိရောဓေ၊ ဒုက္ခ၏ ကုန်ဆုံးချုပ်ငြိမ်းရာ တရား၌။ အညာဏံ၊ မသိခြင်းအမှုလည်း တစ်ပါး။ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ၊ ဒုက္ခ ကုန်ဆုံးချုပ်ငြိမ်းရာသို့ ရောက်ကြောင်းဖြစ်သော အကျင့်တရား၌။ အညာဏံ၊ မသိခြင်းအမှုလည်း တစ်ပါး။ အယံ၊ ဤမသိခြင်း လေးပါးကို။ အဝိဇ္ဇာ၊ အဝိဇ္ဇာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

၂။ တတ္ထ၊ ထိုဥဒ္ဒေသပါဠိ၌။ အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာ ဟူသော အကြောင်းကြောင့်။ ဥပ္ပန္နာ၊ ဖြစ်ကုန်သော။ သင်္ခါရာ၊ သင်္ခါရတို့ဟူသည်။ ကတမေ၊ အဘယ်သည်တို့နည်းဟူမူကား။ ပုညာဘိသင်္ခါရော၊ ပုညာဘိ သင်္ခါရလည်း တစ်ပါး။ အပုညာဘိသင်္ခါရော၊ အပုညာဘိသင်္ခါရလည်း တစ်ပါး။ အာနေဉ္ဇာဘိသင်္ခါရော၊ အာနေဉ္ဇာဘိသင်္ခါရလည်း တစ်ပါး။ [ဤသုံးပါး တစ်ရပ်]။။ ကာယသင်္ခါရော၊ ကာယသင်္ခါရလည်း တစ်ပါး။ ဝစီသင်္ခါရော၊ ဝစီသင်္ခါရလည်း တစ်ပါး။ စိတ္တသင်္ခါရော၊ စိတ္တသင်္ခါရလည်း တစ်ပါး။ [ဤသုံးပါး တစ်ရပ်]။။တတ္ထ၊ ထိုနှစ်ရပ်တို့တွင်။ ကတမော၊ အဘယ်တရားသည်။ ပုညာဘိသင်္ခါရော၊ ပုညာဘိသင်္ခါရ မည်သနည်း။ ကာမာဝစရာ၊ ကာမာဝစရဖြစ်သော။ ဒါနမယာ၊ ဒါနဖြင့်ပြီးသော။ သီလမယာ၊ သီလဖြင့် ပြီးသော။ ဘာဝနာမယာ၊ ဘာဝနာဖြင့် ပြီးသော။ ကုသလာ စေတနာ၊ ကုသိုလ်စေတနာသည်လည်းကောင်း။ ရူပဝစရာ၊ ရူပါဝစရ ဖြစ်သော။ ဘာဝနာမယာ၊ ဘာဝနာဖြင့် ပြီးသော။ ကုသလာ စေတနာ၊ ကုသိုလ်စေတနာသည်လည်းကောင်း။ အယံ၊ဤတရားစုကို။ ပုညာဘိသင်္ခါရော၊ ပုညာဘိသင်္ခါရဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊။တတ္ထ၊ ထိုပထမ သုံးရပ်တွင်။ အပုညာဘိသင်္ခါရော၊ အပုညာဘိသင်္ခါရ ဟူသည်။ ကတမော၊ အဘယ်တရားနည်း။ ကာမာဝစရာ၊ ကာမာဝစရ ဖြစ်သော။ အကုသလာစေတနာ၊ အကုသိုလ်စေတနာသည်။ အယံ၊ ဤအကုသိုလ် စေတနာကို။ အပုညာဘိသင်္ခါရော၊ အပုညာဘိသင်္ခါရဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊ တတ္ထ၊ ထိုပထမသုံးရပ်တွင်။ အာနေဉ္ဇာဘိသင်္ခါရော၊ အာနေဉ္ဇာဘိသင်္ခါရဟူသည်။ ကတမော၊အဘယ်နည်း။ အရူပါဝစရာ၊ အရူပါဝစရဖြစ်သော။ ကုသလာ စေတနာ၊ ကုသိုလ်စေတနာသည်။ အယံ၊ ဤကုသိုလ်စေတနာကို။ အာနေဉ္ဇာဘိသင်္ခါရော၊ အာနေဉ္ဇာဘိ သင်္ခါရ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊ တတ္ထ၊ ထိုဒုတိယသုံးရပ်တွင်။ ကာယသင်္ခါရော၊ ကာယသင်္ခါရဟူသည်။ ကတမော၊ အဘယ်တရားနည်း။ ကာယ သေဉ္စတနာ၊ ကာယဒုစရိုက်, ကာယသုစရိုက် စေတနာစုသည်။ ကာယသင်္ခါရော၊ ကာယသင်္ခါရမည်၏၊ ဝစီသေဉ္စတနာ၊ ဝစီဒုစရိုက်, ဝစီသုစရိုက် စေတနာစုသည်။ ဝစီသင်္ခါရော၊ ဝစီသင်္ခါရမည်၏၊ မနောသေဉ္စတနာ၊ မနောဒုစရိုက်, မနောသုစရိုက် စေတနာစုသည်။ စိတ္တသင်္ခါရော၊ စိတ္တသင်္ခါရမည်၏၊ ဣမေ၊ ဤတရားတို့ကို။ အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်။ ဥပ္ပန္နာ၊ ဖြစ်ကုန်သော။ သင်္ခါရာ၊ သင်္ခါရတို့ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏၊

၃။ တတ္ထ၊ ထိုဥဒ္ဒေသပါဠိ၌။ သင်္ခါရပစ္စယာ၊ သင်္ခါရဟူသော အကြောင်းကြောင့်။ ဥပ္ပန္နံ၊ဖြစ်သော။ ဝိညာဏံ၊ ဝိညာဉ်သည်။ ကတမံ အဘယ်တရားနည်း။ စက္ခဝိညာဏံ၊ မျက်စိ၌ဖြစ်သော စက္ခုဝိညာဏ် လည်းကောင်း။ သောတဝိညာဏံ၊ နား၌ဖြစ်သော သောတဝိညာဏ် လည်းကောင်း။ ဃာနဝိညာဏံ၊ နှာခေါင်း၌ဖြစ်သော ဃာနဝိညာဏ် လည်းကောင်း။ ဇိဝှါဝိညာဏံ၊ လျှာ၌ဖြစ်သောဇိဝှါဝိညာဏ်လည်းကောင်း။ ကာယဝိညာဏံ၊ ကိုယ်တွင်း,ပြင်တစ်ခုလုံးအနံ့ဖြစ်သော ကာယဝိညာဏ် လည်းကောင်း။ မနောဝိညာဏံ၊ နှလုံးအိမ်တွင်း၌ဖြစ်သော မနော ဝိညာဏ်လည်းကောင်း။ ဣဒံ၊ ဤဝညာဏ်ခြောက်ပါးကို။ သင်္ခါရပစ္စယာ ဝိညာဏံ၊ သင်္ခါရကြောင့်ဖြစ်သော ဝိညာဏ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

၄။ တတ္ထ၊ ထိုဥဒ္ဒေသပါဠိ၌။ ဝိညာဏပစ္စယာ၊ ဝိညာဏ်ဟူသော အကြောင့်ကြေင့်။ ဥပ္ပန္နံ၊ ဖြစ်သော။ နာမရူပံ၊ နာမ်,ရုပါဟူသည်။ ကတမံ၊ အဘယ်တရားနည်း။ နာမံ၊ နာမ်သည်လည်း။ အတ္ထိ၊ ရှိ၏၊ ရူပံ၊ ရုပ်သည်လည်း။ အတ္ထိ၊ ရှိ၏၊ တတ္ထ၊ ထိုနာမ်,ရုပ် နှစ်ပါးတို့တွင်။ နာမံ၊ နာမ်ဟူသည်။ ကတမံ၊အဘယ်တရားနည်း။ ကတမံ၊ အဘယ်တရားနည်း။ ဝေဒနာက္ခန္ဓာလည်းကောင်း။ သညာက္ခန္ဓော၊ သညာက္ခန္ဓာလည်းကောင်း။ သင်္ခါရက္ခန္ဓော၊ သင်္ခါရက္ခန္ဓာလည်းကောင်း။ ဣဒံ၊ဤတရားစုကို။ နာမံ၊ နာမ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊။ တတ္ထ၊ ထို နာမ်,ရုပ်နှစ်ပါးတို့တွင်။ ရူပံ၊ ရုပ်ဟူသည်။ ကတမံ၊ အဘယ်နည်း။ စတ္တာရော၊ ၄-ပါးကုန်သော။ မဟာဘူတာစ၊ မြေ,ရေ,လေ,မီး ဟူသောဘုတ်ကြီး ၄-ပါးတို့လည်းကောင်း။ စတုန္နံ၊ ၄-ပါးကုန်သော။ မဟာဘူတာနံ၊ မဟာဘုတ်တို့ကို။ ဥပါဒါယ၊ စွဲမှီ၍။ ပဝတ္တံ၊ ဖြစ်သော။ ရူပံ၊ အရံရုပ်သေး ၂၄-ခုလည်းကောင်း။ ဣဒံ၊ ဤရုပ်အစုကို။ ရူပံ၊ ရုပ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊ ဣတိ၊ ဤသို့။ ဣဒဉ္စ နာမံ၊ ဤနာမ်စုလည်းကောင်း။ ဣဒဉ္စရူပံ၊ ဤရုပ်စုလည်းကောင်း။ ဣဒံ၊ ဤတရားနှစ်ပါးကို။ ဝိညာဏပစ္စယာ နာမရူပံ၊ ဝိညာဏ်ကြောင့်ဖြစ်သော နာမ်ရုပ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

၅။ တတ္ထ၊ ထိုဥဒ္ဒေသပါဠိ၌။ နာမရူပပစ္စယာ၊ နာမ် ရုပ်ဟူသော အကြောင်းကြောင့်။ ဥပ္ပန္နံ၊ ဖြစ်သော။ သဠာယတနံ၊ တည်ရာ ခြောက်ပါး,တံခါး ခြောက်ခုဟူသည်။ ကတမံ၊ အဘယ်နည်း။ စက္ခာယတနံ၊ စက္ခုဟသော အကြည်ဓာတ်မှန် အကြည်ဓာတ်မှန် တံခါးလည်း တစ်ပါး။ ဃာနာယတနံ၊ သောတဟူသော အကြည်ဓာတ်မှန် တံခါးလည်းတပါး။ ကာယာယတနံ၊ ကာယဟူသောအကြည်ဓာတ်မှန် တံခါးလည်း တပါး။ မနာယတနံ၊ မနောဟူသော အကြည်ဓာတ်မှန် တံခါးလည်းတပါး။ ဣဒံ၊ ဤတရားစုကို။ နာမ ရူပပစ္စယာ သဠာယတနံ၊ နာမ်,ရုပ်ကြောင့် ဖြစ်သောဓာတ်မှန် အကြည် တည်ရာခြောက်ပါး,တံခါးခြောက်ခုဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

၆။ တတ္ထ၊ ထိုဥဒ္ဒေသပါဠိ၌။ သဠာယတနပစ္စယာ၊ သဠာယတန ဟူသောအကြောင်းကြောင့်။ ဥပ္ပန္နော၊ဖြစ်သော။ ဖေဿာ၊ အာရုံကို တွေ့ထိမှုဟူသော ဖဿသည်။ ကတမော၊ အဘယ်နည်း။ စက္ခု သမ္ဖေဿာ၊ စက္ခုအကြည်မှာ ဆိုက်တိုက်လာသော ရူပါရုံကို တွေ့ထိမှု ဟူသော စက္ခုသမ္ဖဿလည်း ၁-ပါး။ သောတသမ္ဖေဿာ၊ သောတ အကြည်မှာ ဆိုက်တိုက်လာသော သဒ္ဒါရုံကို တွေ့ထိမှုဟူသော သောတ သမ္ဖဿလည်း ၁-ပါး။ ဃာနသမ္ဖေဿာ၊ ဃာနအကြည်မှာ ဆိုက် တိုက်လာသော ဂန္ဓာရုံကို တွေ့ထိမှုဟူသော ဃာနသမ္ဖဿလည်း ၁- ပါး။ ဇိဝှါသမ္ဖေဿာ၊ ဇိဝှါ အကြည်မှာဆိုက်တိုက်လာသော ရသာရုံကို တွေ့ထိမှုဟူသော ဇိဝှါသမ္ဖဿလည်း ၁-ပါး။ ကာယသမ္ဖေဿာ၊ တစ်ကိုယ်လုံးရှိ ကာယအကြည်မှာ တွေ့ထိလာသော ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိမှုဟူသော ကာယသမ္ဖဿလည်း ၁-ပါး။ မနောသမ္ဖေဿာ၊ စိတ်နှလုံးဟူသော မနောအကြည်မှာ ထင်ပေါ်လာသော ဓမ္မာရုံကို တွေ့ထိမှု ဟူသော မနောသမ္ဖဿလည်း ၁-ပါး။ အယံ၊ ဤတရားစုကို။ သဠာယတနပစ္စယာ ဖေဿာ၊ သဠာယတနကြောင့်ဖြစ်သော ဖဿ ခြောက်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

၇။ တတ္ထ၊ ထိုဥဒ္ဒေသပါဠိ၌။ ဖဿပစ္စယာ၊ ဖဿ ဟူသော အကြောင်းကြေင့်။ ဥပ္ပန္နာ၊ ဖြစ်သော။ ဝေဒနာ၊ ခံစား,စံစားခြင်းဝေဒနာ ဟူသည်။ ကတမာ၊ အဘယ်နည်းဟူမူကား။ စက္ခုသမ္ဖဿဇာ၊ စက္ခု အတွေ့ကြောင့်ဖြစ်သော။ ဝေဒနာ၊ ခံစားစံစားမှုလည်း ၁-ပါး။ သောတ သမ္ဖဿဇာ၊ သောတအတွေ့ကြောင့်ဖြစ်သော။ ခံစား စံစားမှုလည်း ၁- ပါး။ ဃာနသမ္ဖဿဇာ၊ ဃာန အတွေ့ကြောင့်ုဖစ်သော။ခံစား စံစားမှုလည်း ၁-ပါး။ ဇိဝှါသမ္ဖဿဇာ၊ ဇိဝှါအတွေ့ကြောင့် ဖြစ်သော။ခံစား,စံစားမှုလည်း ၁-ပါး။ ကာယသမ္ဖဿဇာ၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော။ ခံစား,စံစားမှု လည်း ၁-ပါး။ မနောသမ္ဖေဿာ၊ မနောအတွေ့ကြောင့်ဖြစ်သော။ ခံစား,စံစားမှုလည်း ၁-ပါး။ အယံ၊ ဤတရားစုသည်။ ဖဿပစ္စယာ ဝေဒနာ၊ ဖဿကြောင့်ဖြစ်သော ဝေဒနာခြောက်ပါးဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

၈။ တတ္ထ၊ ထိုဥဒ္ဒေသပါဠိ၌။ ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။ ဥပ္ပန္နာ၊ဖြစ်သော။ တဏှာ၊ တဏှာဟူသည်။ ကတမာ၊ အဘယ်တရားနည်း ဟူမူကား။ ရူပတဏှာ၊ အဆင်း၌သာယာသော ရူပတဏှာလည်း ၁-ပါး။ သဒ္ဒတဏှာ၊ အသံ၌သာယာသော သဒ္ဒတဏှာ လည်း ၁-ပါး။ ဂန္ဓတဏှာ၊ အနံ့၌သာယာသော ဂန္ဓတဏှာလည်း ၁- ပါး။ ရသတဏှာ၊ အရသာ၌သာယာသော တဏှာလည်း ၁-ပါး။ ဖောဋ္ဌဗ္ဗ တဏှာ၊ ကိုယ်အတွေ့၌သာယာသောဖောဋ္ဌဗ္ဗ တဏှာလည်း ၁-ပါး။ ဓမ္မတဏှာ၊ စက္ခု, သောတစသော ဓမ္မာရုံ၌ သာယာသော ဓမ္မတဏှာ လည်း ၁-ပါး။ အယံ၊ ဤတရားစုကို။ ဝေဒနာပစ္စယာ တဏှာ၊ ဝေဒနာ ကြောင့်ဖြစ်သော တဏှာဟူ၍။ ဝုစ္စတိ၊ဆိုအပ်၏၊

၉။ တတ္ထ၊ထိုဥဒ္ဒေသပါဠိ၌။ တဏှာပစ္စယာ၊ တဏှာဟူသော အကြောင်းကြေင့်။ ဥပ္ပန္န၊ ဖြစ်သော။ ဥပါဒါနံ၊ အစွဲပြင်းထန်ဥပါဒါန် ဟူသည်။ ကတမံ၊ အဘယ်နည်းဟူမူကား။ ကာမုပါဒါနံ၊ ကာမဂုဏ်၌ စွဲလမ်းမှုဟူသော ကာမှုပါဒါန်လည်း ၁-ပါး။ ဒိဋ္ဌုပါဒါဒါနံ၊ ဒိဋ္ဌိ အယူ၌ စွဲလမ်းမှုဟူသော ဒိဋ္ဌုပါဒါန်လည်း ၁-ပါး။ သီလဗ္ဗတုပါဒါနံ၊ နွား, ခွေး စသည်တို့၏ အလေ့အကျင့်၌ အထွတ်အမြတ် ထင်မှတ်စွဲလမ်းမှု ဟူသော ဒိဋ္ဌုပါဒါန်လည်း ၁-ပါး။ အတ္တဝါဒုပါဒါနံ၊ ခန္ဓာငါးပါးသည် ငါတည်း ကိုယ်တည်းဟု ပြောဆိုစွဲလမ်းမှုဟူသော သက္ကာယဒိဋ္ဌိ ခေါ်သော အတ္တဝါဒုပါဒါန်လည်း ၁-ပါး။ ဣဒံ၊ ဤတရားစုကို။ တဏှာပစ္စာယာ ဥပါဒါနံ၊ တဏှာကြောင့်ဖြစ်သော ဥပါဒါန်ဟူ၍။ ဝုစ္စတိ=ဆိုအပ်၏၊ ၁၀။ တတ္ထ၊ ထိုဥဒ္ဒေသပါဠိ၌။ ဥပါဒါနပစ္စေယာ၊ ဥပါဒါန်ဟူသော

အကြောင်းကြောင့်။ ဥပ္ပန္နော၊ဖြစ်သော။ ဘဝေါ၊အစီးအပွားဟူသည်။ ကတမော၊ အဘယ်နည်းဟူမူကား။ ဘဝေါ၊ အစီးအပွားဟူသည်။ ဒုဝိဓေန-ဒုဝိဓော၊ နှစ်ပါးအပြားရှိ၏၊ ကမ္မဘဝေါ၊ ကောင်းမှုကံ,မကောင်း မှုကံဟူသော အစီးအပွားသည်လည်း။ အတ္ထိ၊ရှိ၏၊ ဥပပတ္တိဘဝေါ၊ ဘဝသစ်သို့ ကပ်ရခြင်းတည်းဟူသော အစီးအပွားသည်လည်း။အတ္ထိ၊ရှိ၏၊ တတ္ထ၊ ထိုဘဝ နှစ်ပါးတို့တွင်။ ကမ္မဘဝေါ၊ ကံ အစီးအပွားဟူသည်။ ကတမော၊အဘယ်နည်း။ ပုညာဘိသင်္ခါရော၊ ကုသိုလ်ကောင်းမှုကို ပြုစုအားထုတ်ခြင်းလည်း တစ်ပါး၊ အပုညာဘိသင်္ခါရော၊ အကုသိုလ် မကောင်းမှုကို ပြုစုအားထုတ်ခြင်းလည်းတစ်ပါး။ အာနေဉ္ဇာဘိသင်္ခါရော၊ အာနေဉ္ဇခေါ်သော အရူပစျာန်တရားကိုပြုစုအားထုတ်ခြင်းလည်း တစ်ပါး။ အယံ၊ ဤတရားသုံးပါးကို။ ကမ္မဘဝေါ၊ ကံ အစီးအပွားဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊ သဗ္ဗမ္ပိ၊ အလုံးစုံလည်းဖြစ်သော။ ဘဝဂါမိကမ္မံ၊ ဘဝ တစ်ပါးသို့ ပို့ဆောင်တတ်သော ကောင်းမှု, မကောင်းမှုဟူသမျှသည်။ ကမ္မဘဝေါ၊ ကံ အစီးအပွားချည်းသာတည်း။ တတ္ထ၊ ထိုဘဝနှစ်ပါး တို့တွင်။ ဥပပတ္တိဘဝေါ၊ ဘဝသစ်သို့ကပ်ရခြင်း အစီးအပွားဟူသည်။ ကတမော၊ အဘယ်နည်း။ ကာမဘဝေါ၊ ကာမဘဝလည်းတစ်ပါး။ ရူပ ဘဝေါ၊ရူပဘဝလည်းတစ်ပါး။ အရူပဘဝေါ၊ အရူပဘဝလည်းတစ်ပါး။

(ဤလည်း ဥပပတ္တိဘဝ သုံးပါး တစ်ရပ်)။

သညာဘဝေါ၊ စိတ် သညာ ရှိသော သညာဘဝလည်းတစ်ပါး။ အသညာဘဝေါ၊ စိတ် သညာ မရှိသော အသညာဘဝလည်းတစ်ပါး။ နေဝသညာနာသညာဘဝေါ၊ စိတ်သညာရှိသည်လည်း မဟုတ်, မရှိ သည်လည်း မဟုတ်သော နေဝသညာနာသညာ ဘဝလည်းတစ်ပါး။

(ဤလည်း ဥပပတ္တိဘဝ သုံးပါး တစ်ရပ်)။

ဧကဝေါကာရဘဝေါ၊ ရုပ်ခန္ဓာ တစ်ခုသာရှိသော ဧကဝေါကာရ ဘဝလည်း တစ်ပါး။ စတုဝေါကာရ ဘဝေါ၊ နာမ်ခန္ဓာ ၄-ခု သာရှိသော စတုဝေါကာရဘဝလည်တစ်ပါး။ ပဉ္စဝေါကာရဘဝေါ၊ ရုပ်, နာမ်ခန္ဓာ ငါးခုရှိသော ပဉ္စဝေါကာရဘဝလည်းတစ်ပါး။

(ဤလည်း ဥပပတ္တိဘဝ သုံးပါး တစ်ရပ် ဥပပတ္တိဘဝ ၉-ပါး။) အယံ၊ ဤ ၉-ပါးကို။ ဥပပတ္တိဘဝေါ၊ ဥပပတ္တိဘဝ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊ ဣတိ၊ ဤသို့။ အယဉ္စ ကမ္မဘဝေါ၊ ဤ ကံအစီးအပွားသည် လည်းကောင်း။ အယဉ္စ ဥပပတ္တိဘဝေါ၊ ဤဘဝသစ်သို့ကပ်ရခြင်း အစီးအပွားသည်လည်းကောင်း။ အယံ၊ ဤဘဝနှစ်ပါးကို။ ဥပါဒါနပစ္စယာ ဘဝေါ၊ ဥပါဒါန်ကြောင့်ဖြစ်သော ဘဝဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

၁၁။ တတ္ထ၊ ထိုဥဒ္ဒေသပါဠိ၌။ ဘဝပစ္စယာ၊ ဘဝဟူသော အကြောင်းကြောင့်။ ဥပ္ပန္နာ၊ ဖြစ်သော။ ဇာတိ၊ ဇာတိမည်သည်။ ကတမာ၊ အဘယ်တရားနည်း။ တေသံ တေသံ သတ္တာနံ၊ ထိုထိုသတ္တဝါတို့၏၊ တမှိ တမှိ သတ္တနိကာယေ၊ ထိုထို သတ္တဝါမျိုးအပေါင်း၌။ ယာ ဇာတိ၊ အကြင်ဖြစ်ပေါ်ခြင်းသည်။ အတ္ထ၊ိ ရှိ၏၊ ယာ သဉ္ဇာတိ၊ အကြင်ဓာတ်စု ဓာတ်ခဲအားဖြင့် ဖြစ်ပေါ်ခြင်းသည်။ အတ္ထိ၊ ရှိ၏၊ ယာ ဩက္ကန္တိ၊ အကြင်အမိဝမ်း၌ ဝင်ရောက်ခြင်းသည်။ အတ္ထိ၊ ရှိ၏၊ ယာ နိဗ္ဗတ္တိ၊ အကြင်အသစ်ဖြစ်ခြင်းသည်။ အတ္ထိ၊ ရှိ၏၊ ယာ အဘိနိဗ္ဗတ္တိ၊ အကြင်ထင်ရှားစွာ ဖြစ်ပေါ်ခြင်းသည်။အတ္ထိ၊ ရှိ၏၊ ခန္ဓာနံ၊ ရုပ်အစု, နာမ်အစုတို့၏၊ ယော ပါတုဘာဝေါ၊ အကြင်ဖြစ်ပေါ်ခြင်းသည်။ အတ္ထိ၊ ရှိ၏၊ အာယတနာနံ၊ စက္ခု စသော အာယတနတို့ကို။ ယော ပဋိလာဘော၊ အကြင်အသစ်တဖန် ရပြန်ခြင်းသည်။ အတ္ထိ၊ ရှိ၏၊ အယံ=ဤသို့ ဖြစ်ခြင်းကို။ ဘဝပစ္စယာဇာတိ၊ ဘဝကြောင့်ဖြစ်သော ဇာတိဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

တတ္ထ၊ ထိုဥဒ္ဒေသပါဠိ၌။ ဇာတိပစ္စယာ၊ တဖန်အသစ် ဖြစ် ပေါ်ခြင်းဟူသော ဇာတိကြောင့်။ ဥပ္ပန္နံ၊ ဖြစ်သော။ ဇရာမရဏံ၊ ဇရာ မရဏ ဟူသည်။ ကတမံ၊ အဘယ်နည်း။ ဇရာ၊ ဇရာသည်လည်း။ အတ္ထိ၊ ရှိ၏၊ မရဏံ၊ မရဏသည်လည်း။ အတ္ထိ၊ ရှိ၏၊ တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ ဇရာ၊ ဇရာဟူသည်။ ကတမာ၊ အဘယ်နည်း ဟူမူကား။ တေသံ တေသံ သတ္တာနံ၊ ထိုထို သတ္တဝါတို့၏၊ တမှိ တမှိ သတ္တနိကာယေ၊ ထိုထို သတ္တဝါမျိုးအပေါင်း၌။ ယာ ဇရာ၊ အကြင် အိုမင်း ရင့်ရော်ခြင်းသည်။ ယာ ဇိရဏတာ၊ အကြင်ဟောင်းနွမ်း မှည့်ရွမ်းခြင်းသည်။ အတ္ထိ၊ ရှိ၏၊ ယံ ခဏ္ဍိစ္စံ၊ အကြင် သွားကျိုးခြင်းသည်၊ အတ္ထိ၊ ရှိ၏၊ ယံ ပါလိစ္စံ၊ အကြင် ဆံဖြူခြင်းသည်။ အတ္ထိ၊ ရှိ၏၊ ယာ ဝလိတ္တစတာ၊ အကြင် အရေတွန့်ခြင်းသည်။ အတ္ထိ၊ ရှိ၏၊ အာယုနော၊ အသက်၏၊ ယာ သံဟာနိ၊ အကြင် ဆုတ်ယုတ်ခြင်းသည်။ အတ္ထိ၊ ရှိ၏၊ ဣန္ဒြိယာနံ၊ စက္ခု အစရှိသော ဣန္ဒြေတို့၏၊ ယော ပရိပါကော=အကြင် ရင့်ခြင်းသည်။ အတ္ထိ၊ ရှိ၏၊ အယံ=ဤအမှုကို။ ဇရာ=ဇရာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ မရဏံ၊ မရဏဟူသည်။ ကတမံ၊ အဘယ်နည်း။ တေသံ တေသံ သတ္တာနံ၊ ထိုထိုသတ္တဝါတို့၏၊ တမှာ တမှာ သတ္တနိကာယာ၊ ထိုထိုသတ္တဝါမျိုးအပေါင်းမှ။ယာ စုတိ၊ အကြင် စုတေခြင်းသည်။ ယာ စဝနတာ၊ အကြင်ရွှေ့ပြောင်းခြင်းသည်။ အတ္ထိ၊ ရှိ၏၊ ယော ဘေဒေါ၊ အကြင်ပျက်စီးခြင်းသည်။ ယံ အန္တရဓာနံ၊ အကြင်ကွယ်လွန်ခြင်းသည်။ အတ္ထိ၊ ရှိ၏၊ ယံ မစ္စု၊ အကြင်သေခြင်းသည်။ ယံ မရဏံ၊ အကြင် အသက်ကို စွန့်ခြင်းသည်။ အတ္ထိ၊ ရှိ၏၊ ယာ ကာလံကိရိယာ၊ အကြင် သေမှုသည်။ အတ္ထိ၊ ရှိ၏၊ ခန္ဓာနံ၊ ခန္ဓာတစ်ပါး, လေးပါး,ငါးပါးတို့၏၊ ယော ဘေဒေါ၊ အကြင်ပျက်ဆုံးခြင်းသည်။ ကဠေဝရဿ၊ အသေကောင်ကို။ ယော နိက္ခေပေါ၊ အကြင်ပစ်ချခြင်း သည်။ အတ္ထိ၊ ရှိ၏၊ ဇီဝိတိန္ဒြိယဿ၊ ဇီဝိတိန္ဒြေ အစဉ်၏ ယော ဥပစ္ဆေဒေါ၊ အကြင်ပြတ်ခြင်းသည်။ အတ္ထိ၊ ရှိ၏၊ ဣဒံ၊ ဤအမှုကို။မရဏံ၊ မရဏဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊ ဣတိ၊ ဤသို့။ အယဉ္စဇရာ၊ ဤဇရာလည်းကောင်း။ ဣဒဉ္စ မရဏံ၊ ဤမရဏလည်းကောင်း။ ဣဒံ၊ ဤတရား နှစ်ပါးကို။ ဇာတိပစ္စယာ ဇရာမရဏံ၊ ဇာတိကြောင့်ဖြစ်သော ဇရာမရဏ-ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

၁၃။ တတ္ထ၊ ထိုဥဒ္ဒေသပါဠိ၌။ သောကော၊ သောက ဟူသည်။ ကတမော၊ အဘယ်တရားနည်း။ ဉာတိဗျသနေန၊ သား သမီး စသော ဆွေမျိုးတို့၏ ပျက်စီးမှုနှင့်။ ဖုဋ္ဌဿ ဝါ၊ တွေ့သောသူ၏လည်းကောင်း။ ဘောဂဗျသနေန၊ စည်းစိမ် ဥစ္စာတို့၏ ပျက်စီးမှုနှင့်။ ဖုဋ္ဌဿ ဝါ၊ တွေ့သောသူ၏လည်းကောင်း။ ရောဂဗျသနေန၊ ချမ်းသာမှုကို ဖျက်ဆီး တတ်သော ရောဂါဆိုး, အနာဆိုးနှင့်။ ဖုဋ္ဌဿ ဝါ၊ တွေ့သောသူ၏ လည်းကောင်း။ သီလဗျသနေန၊ ကိုယ်ကျင့်သီလ ပျက်စီးမှုနှင့်။ ဖုဋ္ဌဿ ဝါ၊ တွေ့သောသူ၏လည်းကောင်း။ ဒိဋ္ဌိဗျသနေန၊ အယူပျက်စီးမှုနှင့်။ ဖုဋ္ဌဿ ဝါ၊ တွေ့သောသူ၏လည်းကောင်း။ အညတရညတရေန ဗျသနေန၊ ဆိုခဲ့ပြီးသည်မှ ကြွင်းသော အမှတ်မရှိ တပါးပါးသော ပျက်စီး မှုနှင့်။ သမန္နာကတဿ ဝါ၊ ပြည့်စုံသော သူ၏လည်းကောင်း။ အညတရညတရေန ဒုက္ခဓမ္မေန၊ အမှတ်မရှိ တပါးပါးသော ဒုက္ခဓမ္မနှင့်။ ဖုဋ္ဌဿ ဝါ၊ တွေ့သောသူ၏လည်းကောင်း။ သောကော၊ စိုးရိမ်မှုသည်။ သောစနာ၊ ပူပန်မှုသည်။ သောစိတတ္ထံ၊ စိတ်ပူပန်သည်၏ အဖြစ်သည်။ အတ္ထိ၊ ရှိ၏၊ အန္တောသောကော၊ အတွင်း၌စိုးရိမ်မှုသည်။ အန္တော ပရိသောကော၊ အတွင်း၌ ထွေထွေလာလာ ပူပန်မှုသည်။ အတ္ထိ၊ ရှိ၏၊ စေတသော၊ စိတ်၏၊ ပရိဇ္ဈာယနာ၊ ပူလောင်မှုသည်။ ဒေါမနဿံ၊ နှလုံးမသာယာမှု သည်။ သောကသလ္လံ၊ သောက ငြောင့်စူးမှုသည်။ အတ္ထိ၊ ရှိ၏၊ အယံ။ ဤအမှုကို။ သောကော၊ သောကဟူ၍။ ဝုစ္စတိ၊ဆိုအပ်၏၊

၁၄။ တတ္ထ၊ ထိုဥဒ္ဒေသပါဠိ၌။ ပရိဒေဝေါ၊ ပရဒေဝဟူသည်။ ကတမော၊ အဘယ်တရားနည်း။ ဉာတိဗျသနေန၊ သား သမီးစသော ဆွေမျိုးတို့၏ ပျက်စီးမှုှနင့်။ ဖုဋ္ဌဿ ဝါ၊ တွေ့သောသူ၏လည်းကောင်း။ ဘောဂဗျသနေန၊ စည်းစိမ်တို့၏ ပျက်စီးမှုနှင့်။ ဖုဋ္ဌဿ ဝါ၊ တွေ့သော သူ၏လည်းကောင်း။ ရောဂဗျသနေန၊ ချမ်းသာကို ဖျက်ဆီးတတ်သော ရောဂါဆိုး, အနာဆိုးနှင့်။ ဖုဋ္ဌဿ ဝါ၊ တွေ့သောသူ၏လည်းကောင်း။ သီလဗျသနေန၊ ကိုယ်ကျင့်သီလ ပျက်စီးမှုနှင့်။ ဖုဋ္ဌဿ ဝါ၊ တွေ့သော သူ၏လည်းကောင်း။ ဒိဋ္ဌိဗျသနေန၊ အယူပျက်စီးမှုနှင့်။ ဖုဋ္ဌဿ ဝါ၊ တွေ့သောသူ၏လည်းကောင်း။ အညတရညတရေန၊ဆိုခဲ့ပြီးသည်မှ ကြွင်းသော အမှတ်မရှိ တပါးပါးသော ပျက်စီးမှုနှင့်။ သမန္နာဂတဿ ဝါ၊ ပြည့်စုံသောသူ၏လည်းကောင်း။ အညတရညတရေန ဒုက္ခဓမ္မေန၊ အမှတ်မရှိ တပါးပါးသော ဒုက္ခဓမ္မနှင့်။ ဖုဋ္ဌဿ ဝါ၊ တွေ့သော သူ၏ လည်းကောင်း။ အာဒေဝေါ၊ ရည်သန်၍ ငိုကြွေးခြင်းသည်။ ပရိဒေဝေါ၊ ပြောကြား၍ ငိုကြွေးခြင်းသည်။ အတ္ထိ၊ ရှိ၏၊ အာဒေဝနာ၊ ရည်သန်၍ ငိုကြေးမှုသည်။ ပရိဒေဝနာ၊ ပြောကြး၍ ငိုကြေးမှုသည်။ အတ္ထိ၊ ရှိ၏၊ အာဒေဝိတတ္တံ၊ ရည်သန်၍ ငိုကြွေးတတ်သည်၏အဖြစ်သည်။ ပရိဒေဝိ တတ္တံ၊ ပြောကြား၍ ငိုကြွေးတတ်သည်၏ အဖြစ်သည်။ အတ္ထိ၊ ရှိ၏၊ ဝါစာပလာပေါ၊ စကားထွေလာ မြည်တမ်းခြင်းသည်။ ဝိပ္ပလာပေါ၊ အထူးထူး အထွေထွေ မြည်တမ်းခြင်းသည်။ အတ္ထိ၊ ရှိ၏၊ လာလပ္ပေါ၊ အဖန်ဖန် မြည်တမ်းခြင်းသည်။ လာလပ္ပနာ၊ အဖန်ဖန် မြည်တမ်းမှုသည်။ လာလပ္ပိတတ္တံ၊ အဖန်ဖန် မြည်တမ်သူ၏ အဖြစ်သည်။ အတ္ထိ၊ ရှိ၏၊ အယံ၊ ဤအမှုကို။ ပရိဒေဝေါ၊ ပရိဒေဝဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

၁၅။ တတ္ထ၊ ထိုဥဒ္ဒေသပါဠိ၌။ ဒုက္ခံ၊ ဒုက္ခ ဟူသည်။ ကတမံ၊ အဘယ်နည်း။ ကာယိကံ၊ ကိုယ်အင်္ဂါ၌မှီသော။ ယံ အာသာတံ၊ အကြင် မသက်သာမှုသည်။ ကာယိကံ၊ ကိုယ်အင်္ဂါ၌မှီသော။ ယံ ဒုက္ခံ၊ အကြင် ဆင်းရဲမှုသည်။ ကာယသမ္ဖဿဇံ၊ ကိုယ်အင်္ဂါ၌ တွေ့၍ ဖြစ်သော။ အာသာတံ၊ မသက်သာသော။ ဒုက္ခံ၊ ဆင်းရဲသော။ ယံ ဝေဒယိကံ၊ အကြင် ခံစားမှုသည်။ အတ္ထိ၊ ရှိ၏၊ ကာယသမ္ဖဿဇာ၊ ကိုယ်အင်္ဂါ၌ တွေ့၍ ဖြစ်သော။ အသာတာ၊ မသက်သာသော။ ဒုက္ခာ၊ ဆင်းရဲသော။ ယာ ဝေဒနာ၊ အကြင်ခံစားမှုသည်။ အတ္ထိ၊ ရှိ၏၊ ဣဒံ၊ ဤအမှုကို။ ဒုက္ခံ၊ ဒုက္ခဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

၁၆။ တတ္ထ၊ ထိုဥဒ္ဒေသပါဠိ၌။ ဒေါမနဿံ၊ ဒေါမနဿဟူသည်။ ကတမံ၊ အဘယ်နည်းဟူမူကား။ စေတသိကံ၊ စိတ်၌မှီသော။ ယံ အာသာတံ၊ အကြင်မသက်သာမှုသည်၊ စေတသိကံ၊ စိတ်၌မှီသော။ ယံ ဒုက္ခံ၊ အကြင် ဆင်းရဲသည်။ အတ္ထိ၊ ရှိ၏၊ စေတောသမ္ဖဿဇံ၊ စိတ်နှလုံး၌ တွေ့၍ ဖြစ်သော။ အသာတံ၊ မသက်သာသော။ ဒုက္ခံ၊ ဆင်းရဲသော။ ယံ ဝေဒယိတံ၊ အကြင်ခံစားမှုသည်။ စေတောသမ္ဖဿဇာ၊ စိတ်နှလုံး၌ တွေ့၍ဖြစ်သော။ အသာတာ၊ မသက်သာသော။ ဒုက္ခာ၊ ဆင်းရဲသော။ ယာ ဝေဒနာ၊ အကြင်ခံစားမှုသည်။ အတ္ထိ၊ ရှိ၏၊ ဣဒံ၊ ဤအမှုကို။ ဒေါမနဿံ၊ ဒေါမနဿဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

၁၇။ တတ္ထ၊ ထိုဥဒ္ဒေသပါဠိ၌။ ဥပါယာသော၊ မရှူနိုင်, မဆည်နိုင်, အရှိုက်အငင်, ပင်ပန်းခြင်းသည်။ ကတမော၊ အဘယ်နည်းဟူမူကား။ ဉာတိဗျသနေန၊ သား သမီး စသော ဆွေမျိုးတို့၏ ပျက်စီးမှုနှင့်။ ဖုဋ္ဌဿ ဝါ၊ တွေ့သော သူ၏လည်းကောင်း။ ဘောဂဗျသနေန၊ စည်းစိမ်တို့၏ ပျက်စီးမှုနှင့်။ ဖုဋ္ဌဿ ဝါ၊ တွေ့သောသူ၏လည်းကောင်း။ ရောဂဗျသနေန၊ ချမ်းသာကို ဖျက်ဆီးတတ်သော ရောဂါဆိုး, အနာဆိုးနှင့်။ ဖုဋ္ဌဿ ဝါ၊ တွေ့သောသူ၏လည်ကောင်း။ သီလဗျသနေန၊ ကိုယ်ကျင့်သီလ ပျက်စီး မှုနှင့်။ ဖုဋ္ဌဿ ဝါ၊ တွေ့သောသူ၏လည်းကောင်း။ ဒိဋ္ဌိဗျသနေန၊ အယူပျက်စီးမှုနှင့်။ ဖုဋ္ဌဿ ဝါ၊ တွေ့သော သူ၏လည်းကောင်း။ အညတရ ညတရေန ဗျသနေန၊ ဆိုခဲ့ပြီးသည်မှ ကြွင်းသော အမှတ်မရှိတပါး ပါးသော ပျက်စီးမှုနှင့်။ သမန္နာဂတဿ ဝါ၊ ပြည့်စုံသော သူ၏လည်း ကောင်း။ အညတရညတရေန ဒုက္ခဓမ္မေန၊ အမှတ်မရှိတပါးပါးသော ဒုက္ခဓမ္မနှင့်။ ဖုဋ္ဌဿ ဝါ၊ တွေ့သောသူ၏လည်းကောင်း။ အာယာသော၊ အလွန်ပင်ပန်းခြင်းသည်။ ဥပါယာသော၊ ပြင်းစွာ ပင်ပန်းခြင်းသည်။ အတ္ထိ၊ရှိ၏၊ အာယာသိတတ္တံ၊ အလွန်ပင်ပန်းသည်၏ အဖြစ်သည်။ ဥပါယာသိတတ္တံ၊ ပြင်းစွာပင်ပန်းသည်၏ အဖြစ်သည်။ အတ္ထိ၊ ရှိ၏၊ အယံ၊ ဤအမှုကို။ ဥပါယာသော၊ ဥပါယာသဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတီတိ၊ ဧဝမေတဿ (ပ) ဟောတိဟူသည်ကား။ ဧဝံ၊ ဤသို့။ ကေဝလဿ၊ သက်သက်သော။ ဧတဿ ဒုက္ခက္ခန္ဓဿ၊ ထိုဒုက္ခအစု၏၊ သင်္ဂတိ၊ ပေါင်းဆုံမိခြင်းသည်။ ဟောတိ၊ ဖြစ်၏၊ သမာဂမော၊ ပေါင်းဆုံ မိခြင်းသည်။ ဟောတိ၊ ဖြစ်၏၊ သမောဓာနံ၊ ပေါင်းဆုံမိခြင်းသည်။ ဟောတိ၊ ဖြစ်၏၊ ပါတုဘာဝေါ၊ ထင်ရှား ဖြစ်ပေါ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏၊ တေန၊ ထိုကြောင့်။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတီတိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ-ဟူ၍။ ဝုစ္စတိ=ဆိုအပ်၏၊

ပဋိစ္စသမုပ္ပါဒ် ပါဠိတော် အနက်ပြီး၏၊

------

ပဋိစ္စသမုပ္ပါဒ် ပျို့လင်္ကာများ

ယခုအခါ ထိုဥဒ္ဒေသ,နိဒ္ဒေ အကျဉ်းအကျယ်အားဖြင့် ပါဠိ, အနက်ကိုအစုံ ထုတ်ပြခဲ့ပြီးသော ပဋိစ္စသမုပ္ပါဒ် တရားတော်မြတ်ကို အကျဉ်းချုံး၍ သီကုံး ဖွဲ့ဆိုအပ်သော ပဋိစ္စသမုပ္ပါဒ် ပျို့လင်္ကာကို ဖြေဆို ပေအံ့။

ယခုအခါ ထုတ်ပြဖြေဆို အကျယ်ရေးသားလတ္တံ့သော သံဝဏ္ဏနာ စကား၏ မှီရာ အကျဉ်းသင်္ခေပ သံဝဏ္ဏေတဗ္ဗဖြစ်သော ၁၂၅၇-ခုနှစ်၊ တပို့တွဲလအတွင်း မဟာဗောဓိသို့ ဖူးမြော်သွားရာ မန္တလေးမြို့မှ ရန်ကုန်သို့အထွက် မီးရထားထက်တွင် ငါတို့ရေးသား စီရင်အပ်သော ပဋိစ္စသမုပ္ပါဒ် ပျို့လင်္ကာချုပ် ၁၃-ပုဒ်ကို ရှေးဦးစွာ ထုတ်ပြပေအံ့သတည်း။

အဝိဇ္ဇာပစ္စယာ သင်္ခါရာ

၁။ ဗောဓိရနာ၊ ယာဉ်စကြာဖြင့်၊ သစ္စာလေးရပ်၊ လေးကျွန်း ပတ်သား၊ နတ်ဝိသုဒ္ဓိ၊ တုမရှိအား၊ တြိဒွါရ၊ ရှိဦးခလျက်။ ဘဝသုံးပါး၊ ဟုန်းဟုန်းသွားသည့်၊ ရထားသံသရာ၊ ယာဉ်စကြာ၏၊ ခြင်းရာထုပ္ပတ်၊ သမုပ္ပါဒ်ကို၊ အတပ်သိရန်၊ နိဒါန်းပြန်ပိမ့်။ အမှန်လေးချက်၊ သဘော နက်ကို၊ ဖုံးဝှက်ကွယ်ကာ၊ အဝိဇ္ဇာဟု၊ မဟာတမ၊ မှောင်ကြီးကျလျက်။ ။ဘဝမြုံသိုက်၊ ရှိန်ရှိန်အိုက်သား၊ အမိုက်မီးစာ၊ ဤခန္ဓာကို၊ တွယ်တာသမု၊ အကြောင်းပြု၍၊ အကုသလ၊ ဓမ္မညစ်ဆိုး၊ အပြစ်မျိုးကို၊ ကြိုးကြိုးပန်းပန်း၊ နေ့စဉ်ထမ်းသည်၊ ပါယ်လမ်းဗီဇ၊ အပုညနှင့်။။ဘဝနောင်ခါ၊ သံသရာ ဝယ်၊ လူ့ရွာ,နတ်ငြမ်း၊ စည်းစိမ်သွမ်းကို၊ ချမ်းသာအတိ၊ အထင်ငြိလျက်၊ ဂတိနောင်ကို၊ ကောင်းစေလို၍၊ ကုသိုလ်အရိုး၊ အမျိုးမျိုးကို၊ ကြိုးကြိုး စားစား၊ ပြုတုံငြါးက၊ ဆယ်ပါးပုည၊ အာနေဉ္စဟု၊ ဘဝနှီးရင်း၊ ပွါးတုံ လျင်းသည်။ ဝဋ်ခင်း ဝဋ်နယ်-ရှည်သတည်း။။

သင်္ခါရ ပစ္စယာ ဝိညာဏံ

၂။ ဝဋ်ခင်း,ဝဋ်၊ ရှည်ကြောင်းရွယ်သား၊ ဆယ်ဖြာ ပုည၊ အပုညနှင့်၊ ဘဝနှီးရင်း၊ ပွါးတုံလျှင်းသော်။။လေးသင်းပါယ်ရွာ၊ အဖြာဖြာလျှင်၊ ဗြဟ္မာ,လူ,နတ်၊ ဘုံသုံးရပ်၌၊ ဓာတ်ပဓာန၊ ပြဋ္ဌာန်းလှသား၊ ဒွါရသခင်၊ ခြောက်ဝိညာဉ်ဟု၊ အရှင်ဓာတ်မင်း၊ ပေါ်တုံလျှင်း၍၊ ကိုယ်တွင်း ကိုယ်ပြင်၊ ထွက်ဝင်တံခါး၊ အင်ခြောက်ပါး၌၊ အများ ရုပ် နာမ်၊ အတန်တန်လျှင်၊ ဝန်းရံဖြိုးဖြိုး၊ အမျိုးမျိုးကို၊ အုပ်စိုးဆောင်ရွက်၊ လျှမ်းလျှမ်းတက်လျှင်၊ ထက်မြက်နေဇာ၊ သူ့ရှိန်ဝါကြောင့်၊ ငါငါ သူသူ၊ လူပဲ နတ်ပဲ၊ အထင် လွဲလျက်၊ ငရဲအပါယ်၊ အသွယ်သွယ်လျှင်၊ ဝဋ်နွယ်ရှည်လျား၊ တမားမားသည်။။ခြောက်ပါးဝိညာဉ်-စွမ်းရည်တည်း။

ဝိညာဏပစ္စယာ နာမရူပံ

၃။ ခြောက်ပါးဝိညာဉ်၊ စွမ်းရည်အင်ကြောင့်၊ မီးတွင်ရှိန်ဝါ၊ ထက်ကြပ်ပါသို့၊ မကွာတူကွ၊ ဖြစ်ပေါ်ကြသား၊ ဖဿ ဝေဒနာ၊ စေဒနာနှင့်၊ သညာဝိတက်၊ ရောင်စုံယှက်စည်၊ အမျက်ကြေင်ဝယ်၊ ကြိုးစုံခြယ်သို့၊ အသွယ်အသွယ်၊ အနွယ်နွယ်လျှင်၊ ဆန်းကြယ်စွာလှ၊ နာမ်ကာယနှင့်။။ဘူတဟူပေ၊ မြေ,ရေ,လေ,မီး၊ ဓာတ်ကြီးတန်၊ အမာခံလျက်၊ အရံရုပ်သေး၊ နှစ်ဆယ့်လေးတည့်၊ ပေါင်းထွေးမျှညီ၊ အဋ္ဌဝီသ၊ ရုပ်ကာယဟု။။နာမရူပ၊ ဓမ္မအပြား၊ ဤနှစ်ပါးလည်း၊ ထင်ရှားစုံစွာ၊ ပေါ်တုန်လာ၍၊နာနာကာယ၊ အနန္တလျှင်၊ရူပရုပ် ဟန်၊ သဏ္ဌာန်အမူ၊ ဇာတ်မတူသည်၊ လူအရပ်ရပ်၊ နတ်အထွေထွေ၊ ရေမျိုကုန်း မျိုး၊ ကောင်းဆိုးယုတ်ညံ့၊ အကန့်ကန့်လျှင်၊ ခြားသန့်ပေါရယ်၊ သော သောကြွယ်သည်။။နှစ်သွယ်နာမ်ရုပ်-စွမ်းရည်တည်း။

နာမရူပ ပစ္စယာ သဠာယတနံ

၄။ ထင်ရှားစေ့စုံ၊ အပုံပုံလျှင်၊ တည်တုံနာမ်ရုပ်၊ ကိုယ် သမုတ်သား၊ အထုပ်အထည်၊ ကြီးငယ်ကာယ၊ ပေါ်ပြန်ကလည်း။ ဒွါရတွင်မည်၊ ဖိတ်ဖိတ်လည်သည်၊ အကြည်ခြောက်မျိုး၊ ကိုယ်လုံး ဖြိုးလျက်၊ အရိုးစီစဉ်။ အမြင်စက္ခု၊ ကြားမှုသောတ၊ ဃာန အနံ၊ လျက်ရန်ဇိဝှါ၊ ကာယာတွေ့ထိ၊ အသိမနော၊ မရောမယှက်၊ တလက် လက်လျှင်၊ အမျက်စိန်ရည်၊ လဲ့လဲ့ကြည်သို့၊ ခြောက်မည်အာရုံ၊ အလုံးစုံ လည်း၊ ပုံသဏ္ဌာန်ရိပ်၊ နိမိတ်အသွင်၊ အကုန်ထင်၍။။ ဤရှင် ဤလူ၊ ဤမူ နေလ၊ ရူပသဏ္ဌာန်၊ အသံအမျိုး၊ အခိုးလှိုင်ပျံ့၊ ရနံ့ထိုထို၊ အချို အချဉ်၊ ဤလျှင်အပူ၊ ဤမူ အအေး၊ အတွေး အသိ၊ ပြည့်စုံဘိ၍။။ ငါ၏ဤကိုယ်၊ ငါမင်းပျိုဟု၊ အဆိုအထင်၊ အမြင်မှောက်မှား၊ စိတ်နေ ကြွားဖို့၊ တံခါးခြောက်သင်း၊ ကိုယ်လုံးလင်းသည်။။ခြောက်စင်းဓာတ်မှန် စွမ်းရည်တည်း။

သဠာယတနပစ္စယာ ဖေဿာ

၅။ ဓာတ်မှန် အကြည်၊ ခြောက်မျိုးတည်က၊ ခြောက်မည် အာရုံ၊ အလုံးစုံလည်း၊ ပုံသဏ္ဌာန်ရိပ်၊ နိမိတ်အသွင်၊ ကိုယ်လုံးထင်၍၊ ဝိညာဉ် ခြောက်ဆင့်၊ ဖွါးဖွါးပွင့်က၊ နှိုင်းသင့်တူမျှ၊ ပမာပြမူ၊ သိကြားစက်ရှိန်၊ လက်လက်ထိန်သား၊ ဝရဇိန်သွား၊ ရွတ်ရွတ်ဝါးသို့၊ ခြောက်ပါးဖဿ၊ ဖြန်ဖြန်းထ၍၊ ရသခြောက်မည်၊ အာရုံရည်ကို၊ ကြိတ်နည်သောအား၊ တွေ့ထိငြားက၊ ဤကား ဣဋ္ဌ၊ အနိဋ္ဌနှင့်၊ ဤမျှ မကောင်း၊ ဤမျှ ကောင်းဟု၊ အကြောင်းသွေးဆော်၊ အရေးပေါ်လျက်၊ ခြောက်ဖေါ်အာရုံ၊ ရသဂုဏ်တို့၊ အကုန်ပေါ်ထွက်၊ ရွှန်ရွှန်းတက်၍၊ မက်ဖွယ်-မုန်းဖွယ်၊ အနှုန်းချယ်သည်။။ခြောက်သွယ်ဖဿ စွမ်းရည်တည်း။

ဖဿပစ္စယာ ဝေဒနာ

၆။ ဖဿ ခြောက်မည်၊ သူ့စွမ်းရည်ဖြင့်၊ ကြိတ်နည်သော အား၊ စက်ရှိန်ဝါးက၊ ခြောက်ပါးအာရုံ၊ မြေ့မြေ့တုန်လျက်၊ ခြောက်စုံရသ၊ အနိဋ္ဌနှင့်၊ ဣဋ္ဌဟူသည်၊ အရည်ဒီးဒီး၊ ယိုထွက်စီးသော်။။ဓာတ်ကြီး ခြောက်ဖြာ၊ ဝေဒနာဟု၊ ထွေလာ အထူး၊ ထွက်ပေါ်မြူး၍၊ ခြောက်ဦး ရွှန်းစည်၊ အာရုံရည်ကို၊ မည်မည်ရရ၊ ခံစံကြမှ၊ သုဘ သုဘာ၊ သာ, မသာနှင့်၊ ထွေလာများတောင်း၊ ကောင်း, မကောင်းလည်း၊ ထောင်း ထောင်းငေါ်ငါ်၊ သိထင်ပေါ်၍၊ ကောင်းသော် စိတ်ဝမ်း၊ ဖိတ်ဖိတ်လျှမ်း လျှင်၊ ရွင်လန်းနှလုံး၊ စွင့်စွင့်ပြုံး၏၊။ မုန်းဖွယ်တွေ့က ခြောက်သွေ့နွမ်း ညှိုး၊ နှလုံးဆိုး၍၊ အခိုး လူလူ၊ ပွက်ပွက်ဆူမျှ၊ ပူပူပင်ပင်၊ မရွှင်မလန်း၊ စိတ်ကုန်ခန်း၏၊ ။ချမ်းသာသုခ၊ တစ်ခုမျှ၌၊ လောကအထု၊ အကုန်စု၏၊ ပုပုရွရွ၊ မြင်သမျှလည်း၊ သုခဖို့ချည်း၊ လုံ့လသည်း၏၊။ အရည်းသူမြတ်၊ ပရမတ်ကို၊ ချန်လှပ်ထား၍၊ အများလောက၊ ရှိသမျှကား၊ ဒုက္ခပွားမှု၊ များစွာပြုသည်။။သုခဝေဒနာ-စွမ်းရည်တည်း။

ဝေဒနာပစ္စယာ တဏှာ

၇။ သုခဝေဒနာ၊ စွမ်းရည်ဖြာ၍၊ ရသာ မြိန့်ရွန်း၊ အစိမ့်မွန်းက၊ သွန်းသွန်းဆူကြွ၊ ထိုသုခ၌၊ ပိယဟူသား၊ အချစ်ပွား၍၊ ခြောက်ပါး ဝေဒနာ၊ မြိန်ယှက်စွာကို၊ လွယ်ကာ မနှေး၊ လိုတိုင်းပေးသည်၊ သူဌေး ရတနာ၊ ပမာ အလား၊ ကြင်မယားနှင့်၊ ဝတ်စားရွှေ, ငွေ၊ လယ်မြေလုပ်ခင်း၊ ထမင်းဘောဇဉ်၊ သဘင်ပွဲလမ်း၊ အဆန်းဆန်းတည့်၊ ပန်းမျိုးနံ့သာ၊ အဖြာဖြာလျှင်၊ ရူပါရမ္မဏ၊ စသည်အပုံ၊ ပဉ္စာရုံနှင့်။။ ခြောက်စုံဖဿ၊ စက္ခု စသား၊ ဒွါရ ခြောက်မည်၊ အကြည် အလင်း၊ ကိုယ်တွင်းဓာတ်နု၊ အစုစုလျှင်၊ ဗဟုဘေဒါ၊ များပြားစွာသည်၊ ဓမ္မာရမ္မဏ၊ ကာမဝတ္ထု၊ အစု အပုံ၊ ခြောက်အာရုံ၌၊ ခုံတမင်မင်၊ ခင်တများများ၊ နေ့စဉ်ပွား၍၊ အရားအချက်၊ သဘောနက်ကို၊ အိပ်မက်တွင်မျှ၊ မမြင်ကြဘဲ၊ ကာမ ထောင်တွင်း၊ ခန္ဓာကင်းသည်။။ ခြောက်သင်းတဏှာ-စွမ်းရည်တည်း။

တဏှာပစ္စယာ ဥပါဒါနံ

၈။ တဏှာ ခြောက်မည်၊ အရင်းတည်လျက်၊ အရှည်များလျား၊ အစဉ်ပွားက၊ လေးပါးအမှန်၊ ဥပါဒါန်လည်း၊ ခန္ဓာကာယ၊ အဇ္ဈတ္တနှင့်၊ ကာမအာရုံ၊ အလုံးစုံ၌၊ အကုန်နှီးရင်း၊ အစွဲပြင်း၏၊ အသင်းပွားများ၊ သား မယားက၊ စသည်ဖြာဖြာ၊ မဆုံးရာသား၊ ကာမဝတ္ထု၊ စွဲလမ်းပြုသည်၊ ကာမုပါဒါန်။။ တဖန်ထို့ပြင်၊ မိစ္ဆာဉာဉ်ဖြင့်၊ အမြင်ယွင်းဖောက်၊ အယူမှောက်သည်၊ ခြောက်ဆယ့်နှစ်ပါး၊ ပြားသည်ဒိဋ္ဌိ။။ တစိ ထိုမှ၊ ဂေါသီလကို၊ ဝဋ်မှ ထုတ်တတ်၊ စွဲထင်မှတ်သည်၊ သီလဗ္ဗတုပါဒါန်။။ ခန္ဓာ ငါးပါး၊ တရားအစု၊ ဓာတ်အနုကို၊ ကိုယ်ဟုစွဲကပ်၊ အမြဲမှတ်သည်၊ အတ္တဝါဒုပါဒါန်။။ အထန်အပြင်း၊ အစွဲကင်း၍၊ ဝဋ်ခင်း, ဝဋ်နယ်၊ ဝဋ်ပင်လယ်မှ၊ လွတ်ဖွယ်မအား၊ တမားမားသည်။။ လေးပါးဥပါဒါန်စွမ်းရည်တည်း။

ဥပါဒါနပစ္စယာ ဘာဝေါ

၉။ စွမ်းရည်ပြင်းထန်၊ ဥပါဒါန်ဖြင့်၊ ခန္ဓာဓမ္မ၊ ကိုယ်ကာယ၌၊ အတ္တအစွဲ၊ မြဲကြီးမြဲ၍၊ ရဲရဲရက်ရက်၊ ကိုယ့်အတွက်ကြောင့်၊ သက်သတ်, ခိုးမှု၊ စသည်ပြုလျက်၊ အကုသလ၊ ကာမဆယ်တန်၊ အပြစ်လျှံ၏၊။ တဖန်နောက်နှောင်း၊ ငါလျှင်ကောင်းစိမ့်၊ အကြောင်း ရည်ရော်၊ အရှည် မျှော်လျက်၊ သူတော်ဓလေ့၊ ရသေ့ရဟန်း၊ လှူဒါန်းဝေငှ၊ ပဉ္စင်္ဂနှင့်၊ အဋ္ဌအင်္ဂိ၊ ဒသင်္ဂိတည့်၊ လေးလီဗြဟ္မာ၊ ဝိဟာရစျာန်၊ ဆယ်တန်ကသိုဏ်း၊ အလှိုင်းများစွာ၊ ဘာဝနာဟု၊ ဆယ်ဖြာပုည၊ ကုသလကို၊ လုံ့လကြိုးစား၊ ကောင်းမှုပွား၏၊။ နှစ်ပါးကုသိုလ်၊ အကုသိုလ်ဟု၊ ထိုထိုဘဝ၊ ဖြစ်သမျှ၌၊ ဗီဇပြည့်ဖြိုး၊ အမျိုးမျိုးကြောင့်၊ အကျိုးတရား၊ အရှည်ပွားသည်။။ နှစ်ပါးဘဝ-စွမ်းရည်တည်း။

ဘဝပစ္စယာ ဇာတိ

၁၀။ ဘဝစွမ်းရေ၊ ကံနှစ်ထွေကြောင့်၊ သဗ္ဗေ သတ္တာ၊ သတ္တဝါတို့၊ ဖြစ်ရာဘဝ၊ ဆုံပြန်ကလျှင်။ ဧက, စတု၊ ငါးခု ခန္ဓာ၊ ကံချရာ၌၊ ဓမ္မတာစစ်၊ သစ်တလဲလဲ၊ အနဲနဲလျှင်၊ ဖြစ်မြဲ ဇာတိ၊ သန္ဓေငြိ၍၊ တြိဘုံပြင်၊ နယ် တခွင်၌၊ အစဉ်ပြည့်ပွား၊ အစားစားလျှင်၊ မားမားမတ်မတ်၊ ဇာတ်အမျိုးမျိုး၊ တန်ခိုးထင်, တိမ်၊ ဂုဏ်သိရ် နှိမ့်, မြင့်၊ အကျင့်ဆိုး, ကောင်း၊ အပေါင်း များစွာ၊ သတ္တဝါ-ဟု၊ နာနာကာယ၊ ဖြစ်ပြန်ကြသည်။။ လေးဝဇာတိစွမ်ရည်တည်း။

ဇာတိပစ္စယာ ဇရာမရဏံ

၁၁။ သန္ဓေ ဇာတိ၊ တဖန် ငြိက၊ တြိဘုံသူ၊ အဆူဆူလျှင်၊ လူလူ,နတ်နတ်၊ အရပ်ရပ်တည့်၊ မတ်မတ် မားမား၊ ဖြစ်ပြန်ငြားသော်၊ သုံးပါးအရွယ်၊ စ, လယ်, အဆုံး၊ ရှိမြဲ ထုံးဖြင့်၊ အနှုန်းစဉ်စီ၊ သန္ဓေချီက၊ နာရီ စဉ့်သင့်၊ အဆင့်ဆင့်လျှင်၊ ရင့်မြဲ ရော်မြဲ၊ တသဲသဲတည့်၊ မစဲနေ့ည၊ တရွရွလျှင်၊ ခဏ သန္တိ၊ အဂ္ဂိ ဇရာ၊ နှစ်ဖြာ လောင်မီး၊ ရှိန်ရှိန်ညီး၍၊ အကြီးအငယ်၊ အရွယ်ခြားနား၊ အစားစားလျှင်၊ အသွားတွင်တွင်၊ မစဲ နှင်၏၊။ လေးအင် သေမှု၊ တခုခုလည်း၊ ဗဟုအန္တရာယ်၊ အသွယ်သွယ် နှင့်၊ နှီးနွယ် ရုံးစည်း၊ တလုံးတည်းလျှင်၊ ကြီးကြီး,ငယ်ငယ်၊ အရွယ် မထောက်၊ သေချိန်ရောက်က၊ ချုပ်ပျောက်ခန္ဓာ၊ မငြင်းသာသည်။။ ဇရာမရဏ-စွမ်းရည်တည်း။

သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ

၁၂။ သန္ဓေ ဇာတိ၊ ခန္ဓာရှိက၊ ဉာတိ, ဘောဂ၊ စသည် သင်းပင်း၊ ကွေကွင်းခြင်းနှင့်၊ မကင်းစသာ၊ ကြုံကြိုက်လာသော်၊ ပူဆာ သောက၊ ယူတ ငိုကြွေး၊ သက်မွေး ဝန်ထမ်း၊ ပူချမ်းဒုက္ခ၊ အနိဋ္ဌကြောင့်၊ စိတ်က မကြည်၊ မဆည် ငင်ရှိုက်၊ အလှိုက်အလှဲ၊ ဆင်းရဲ ငါးပါး။ အကျဉ်းအား တည့်၊ ကျယ်ပွား အနန္တ၊ တွေ့ကြုံရသည်။။ မူလဇာတိ-အနှုန်းတည်း။

ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ

၁၃။ ဝဋ် သံသရာ၊ ရှည်မင်းစွာ၌၊ သူ, ငါ က စ၊ ဖြစ်သမျှကား၊ သတ္တ မဟုတ်၊ ဓာတ်မှန်ထုတ်သော်၊ နာမ်, ရုပ် နှစ်သင်း၊ အမြင် လင်းလော့၊ အရင်းဝိဇ္ဇာ၊ ထိုမှ ဖြာ၍၊ ဇရာ မရဏ၊ အဆုံးကျသည်၊ ဓမ္မအပြား၊ ဆယ့်နှစ်ပါးကို၊ ဤကား လူပင်၊ ဤလျှင် နတ်ပဲ။ အထင်လွဲလျက်၊ တဝဲ လည်လည်၊ ဝဋ်နွယ်စည်၏၊။ ရှည်လေသမျှ၊ အနန္တကား၊ သုခဟူသည်၊ မြူမျှမကွက်၊ အဆက်ဆက်လျှင်၊ သက်သက် ဒုက္ခ၊ ဓာတ်မှန်ရသည်။။ ဘဝ ဤကိုယ်-ဖြစ်ထုံးတည်း။

ပဋိစ္စသမုပ္ပါဒ် လင်္ကာ အကျဉ်းချုပ် ၁၃-ပုဒ်ပြီး၏၊

------

ပဋိစ္စသမုပ္ပါဒ်ပျို့ လင်္ကာအဖြေ

သင်္ဂြီုဟ် အဘိဓမ္မာကို မလေ့လာနိုင်ကြသော မိန်းမ, ယောကျ်ား အများရှင်, လူတို့အား ဖတ်လွယ်, ရွတ်လွယ်, ဆောင်ရွက်လွယ်စေခြင်းငှာ သက္ကရာဇ် ၁၂၅၇-ခုနှစ် အတွင်း မဟာဗောဓိနှင့်တကွ ဗာရာဏသီစသော မဇ္ဈိမ တိုင်းကြီး ပြည်ကြီးများသို့ အသွားတွင် မန္တလေးမြို့မှ ရန်ကုန်ထွက် စာပို့ ရထားပေါ်တွင် စီရင်ရေးသားသော 'ပဋိစ္စသမုပ္ပါဒ်ပျို့လင်္ကာ' အကျဉ်ချုပ် ၁၃-ပုဒ်။။ ရန်ကုန်မြို့သို့ ဆိုက်ရောက်လျှင် လင်္ကာပြီးစီး၏၊ ရန်ကုန်မြို့မှ ပင်လယ်ကူး သင်္ဘောသို့ တက်စီး၍ ဘင်္ဂလားမြို့သို့ကူးရာ လေးည ငါးရက်ပတ်လုံး ကမ်းမမြင်သော ပင်လယ်ပြင်မှာ ရေးသားသော ၎င်းလင်္ကာ အဖြေတစ်ရပ်။ ဘင်္ဂလားမြို့မှ မဟာဗောဓိနှင့်တကွ ဗာရာဏသီစသော တိုင်းကြီး ပြည်ကြီးများကို လှည့်လည်ရာ လမ်းစဉ် တလျှောက်မှာ ရေးသားသော ၎င်းလင်္ကာ အဖြေတစ်ရပ်။။ ဤလင်္ကာနှင့် တကွ အဖြေနှစ်ရပ်သည် ယခုပျံ့နှံ့လျက်ရှိသတည်း။

ရှေးအခါ ပင်လယ်ပြင်၌ ရေးသားသော အဖြေ, မဇ္ဈိမတိုက်တွင် လမ်းစဉ် တလျှောက်၌ ရေးသားသော အဖြေများသည် ကျဉ်းစနိုးသည် ဖြစ်၍ ယခုအခါ ထိုအဖြေဟောင်းမှာ ထပ်မံ ဖြည့်စွက်၍ အကျဉ်း တစ်ချက်, အကျယ် တစ်ချက်, အနက်အဓိပ္ပါယ်ကို ဖေါ်ပြပြီးလျှင် ယခု ဘဝ၌ ဖြစ်သော်လည်းကောင်း၊ နောက်ဘဝ၌ ဖြစ်သော်လည်းကောင်း သက္ကာယဒိဋ္ဌိ အစရှိသော ဒိဋ္ဌိလေကြမ်း, ဒိဋ္ဌိရေကြမ်း, ဒိဋ္ဌိရောဂါ, ဒိဋ္ဌိနာတို့၏ ကင်းကွာ ပျောက်ငြိမ်းရာသော 'ပဋိစ္စသမုပ္ပါဒ်လင်္ကာ အဖြေ စကား'ကိုရေးသာပေအံ့သတည်း။

ပထမ ပျို့လင်္ကာ အဖြေ

အဝိဇ္ဇာပစ္စယာ သင်္ခါရာ

ဗောဓိရတနာ၊ ယာဉ်စကြာဖြင့်၊ သစ္စာ လေးရပ်၊ လေး ကျွန်းပတ်သား၊ နတ်ဝိသုဒ္ဓိ၊ တုမရှိအား၊ တြိဒွါရ၊ ရှိဦးခလျက်ဟူသော လင်္ကာဝါကျ၌ 'ဗောဓိရတနာ ယာဉ်စကြာ'ဆိုသည်ကား-''ဗောဓိ ဝုစ္စတိ စတူသု မဂ္ဂေသု ဉာဏံ''ဟူသော စူဠနိဒ္ဒေသပါဠိတော်နှင့် အညီ မြတ်စွာဘုရား၏ မဂ်ဉာဏ်လေးပါးကို ဆိုသည်။ အမြတ်ဆုံးအားဖြင့် အရဟတ္တ မဂ်ဉာဏ်တော်ကြီးကို ဗောဓိရတနာ ယာဉ်စကြာ ဆိုသည်။ 'သစ္စာလေးရပ်' ဆိုသည်ကား- ''စတ္တာရိ သစ္စာနိ ဒုက္ခသစ္စံ သမုဒယသစ္စံ နိရောဓသစ္စံ မဂ္ဂသစ္စံ''ဟူသော ပါဌ်နှင့် အညီ ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာ-ဤသစ္စာလေးပါးကို သစ္စာလေးရပ် ဆိုသည်။ ကမ္ဘာဦး အခါ၌ မဟာသုဒဿနမင်းကြီး အစရှိသော လောကသမ္မုတိနတ် ဖြစ်ကြကုန်သော စကြာမင်းကြီးတို့သည် ဝေဠုရိယ ကြောင်မျက်ရွဲရတနာ စကြာယာဉ်ကြီးဖြင့် ဤဇမ္ဗူဒီပါ တောင်ကျွန်းမှာသည် အရှေ့ ပြုဗ္ဗဝိဒေဟ ကျွန်းသို့, ၎င်းမှသည် အနောက် အပရဂေါယာကျွန်းသို့, ၎င်းမှသည် မြောက်ဥတ္တရကုရုကျွန်းသို့, ၎င်းမှသည် ဤဇမ္ဗူဒီပါ တောင်ကျွန်းသို့, မဟာသမုဒ္ဒရာအပြင် ကောင်းကင်ခရီးဖြင့် ၁၂-ယူဇနာမျှသော ပရိသတ် နှင့်တကွ လှည့်လည် သိမ်းကျုံးကုန်၍ အရံကျွန်းငယ်နှစ်ထောင်တို့နှင့် တကွ လေးကျွန်းလုံးဝယ် အတုမရှိသော လောကသမ္မုတိ စကြာမင်းကြီး အဖြစ်သို့ ရောက်ကြဘိကုန်သကဲ့သို့ ထို့အတူသမ္မာသမ္ဗောဓိ အမည်ရှိ သော အရဟတ္တမဂ်ဉာဏ်တော်ကြီးတည်းဟူသော လောကုတ္တရာ ရတနာယာဉ်စကြာဖြင့် သစ္စာလေးပါးတည်းဟူသော လေးကျွန်းလုံးကို ပဋိဝေဓကိစ္စ တည်းဟူသော လှည်းဖြင့်လှည့်လည်သိမ်းကျုံးတော်မူ၍ လူ,နတ်,ဗြဟ္မာ, သတ္တဝါအပေါင်း၌ အတုမရှိသော ဝိသုဒ္ဓိနတ်မင်း တရားစကြာမင်းကြီး ဖြစ်တော်မူသော မြတ်စွာဘုရားအား သုံးပါးသော ဒွါရဖြင့် ရှိခိုးပြီး၍ ဟူလိုသည်။ ဗောဓိပင်သို့အသွားတွင် မီးရထား ယာဉ်စကြာ ပေါ်မှာပဋိစ္စသမုပ္ပါဒ်စက်ယဟတ်ယာဉ် ရထားကို ဖွဲ့ဆို သောအရာနှင်လျှော်စွာ'ဗောဓိရတနာယာဉ်စကြာ'ဟုချီပေသတည်း။

ဘဝသုံးပါး၊ ဟုန်းဟုန်းသွားသည်၊ ရထားသံသရာ၊ ယာဉ် စကြာ၏၊ ခြင်းရာထုပ္ပတ်၊ သမုပ္ပါဒ်ကို၊ အတတ်သိရန်၊ နိဒါန်း ပြန်ပိမ့်ဟူသော လင်္ကာဝါကျ၌ ကာမဘဝ,ရူပဘဝ အရူပဘဝကို ဘဝသုံးပါးဆိုသည်။။မျက်တောင်တစ်ခတ် လျှပ်တစ်ပျက်မျှ ရပ်တန့်ခြင်း မရှိမူ၍ အလွန်လျင်မြန်သော အဟုန်အားဖြင့် တသွားတည်း သွား၍နေ သည်ကို'ဟုန်းဟုန်းသွား'ဆိုသည်။ အဘယ်မျှလောက် လျင်မြန်သနည်း ဟူမူကား-

အစ္ဆရာသင်္ဃာဋက္ခဏေ အနေကကောဋိသတ သဟဿသင်္ခါ ဝေဒနာ ဥပ္ပဇ္ဇန္တိ။

(အဋ္ဌကထာ)

အစ္ဆရာသင်္ဃာဋက္ခဏေ၊ လက်ဖျစ် တစ်တွက်လျှပ်တစ်ပျက် ခဏ၌။ အနေက ကောဋိသတသဟဿ သင်္ခါ၊ ကုဋေတစ်သိန်းအရေအတွက်မကကုန်သော။ ဝေဒနာ၊ဝေဒနာတို့သည်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်နိုင်ကုန်၏၊ လက်ဖြစ်တတွက်ခဏအတွင်း၌ ဝေဒနာအကြိမ်ပေါင်း ကုဋေ တစ်သိန်းမကဖြစ်နိုင်,ပျက်နိုင်၏ ဟူလိုသည်။

နိဒါနသံယုတ်ပါဠိတော်၌လည်း နေဗိမာန်သည် မြန်မာတစ်နာရီ လျှင် ယူဇနာ ငါးသောင်းသွား၏၊ နေကို ပြိုင်လို၍ ပြေးသွားသော နတ်တို့သည် နေထက်မြန်ကုန်၏၊ သတ္တဝါတို့၏ အာယုသင်္ခါရအပြောင်း အရွှေ့တို့သည် ထိုနတ်သားတို့ထက် မြန်ကုန်၏ ဟုဟောတော်မူသည် တတော သီဃတရံ အာယုသင်္ခါရာ ခီယန္တိ။ (ပါဠိတော်) တတော၊ ထို့ထက်။ သီဃတရံ၊ လျင်မြန်စွာ။ အာယုသင်္ခါရာ၊ အာယုသင်္ခါရတို့သည်။ ခီယန္တိ၊ ကုန်ကုန်၏၊

ဤအရာများကို ထောက်မြော်၍ ဘဝသုံးပါးတွင် အကျုံးဝင်သော သင်္ခါရဓမ္မတို့၏ ဖြစ်မှုပျက်မှု ပြောင်းလဲကာအနမတဂ္ဂ သံသရာကာလ၌ ဤမျှလောက် မြန်အောင် မရပ်မနားတသွားတည်းသွားသည်ကို သိမှတ်ရာသတည်း။

ယာယတိ-ဂစ္ဆတိ၊ သွားတတ်၏၊ ဣတိ၊ ထို့ကြောင့်။ ယာဉ်၊ ယာဉ်မည်၏၊ *။

စရတိ ပဝတ္တိ၊လည်တတ်၏၊ ဣတိ၊ ထို့ကြောင့်၊ စကြာ၊ စကြာ မည်၏၊* *။

'ခြင်းရာထုပ္ပတ်' ဆိုသည်ကား-ဖြစ်ပုံ အခြင်အရာ အတ္ထုပ္ပတ္တိ ဆိုလိုသည်။

အမှန်လေးချက်၊ သဘောနက်ကို၊ ဖုံးဝှကွယ်ကာ၊ အဝိဇ္ဇာ ဟု၊ မဟာတမ၊ မှောင်ကြီးကျလျက်-ဟူသော လင်္ကာဝါကျ၌' အမှန်လေးချက်၊ သဘောနက်'ဆိုသည်ကား-အလွန်နက်နဲသော သဘော ရှိသော သစ္စာလေးပါး တရားကိုဆိုလိုသည်။

စတ္တာရိမာနိ ဘိက္ခဝေ အရိယသစ္စာနိ၊ ကတမာနိ စတ္တာရိ၊ ဒုက္ခံ အရိယသစ္စံ ဒုက္ခသမုဒယံ အရိယသစ္စံ ဒုက္ခနိရောဓံ အရိယသစ္စံ ဒုက္ခနိရောဓဂါမိနိပဋိ ပဒါအရိယသစ္စံ။

(ပါဠိတော်)

ဒုက္ခသစ္စာ, သမုဒယသစ္စာ,နိရောဓသစ္စာ,မဂ္ဂသစ္စာ-ဤကား သစ္စာလေးပါးတည်း။

(၁) မြေ,ရေ,မီး,လေ၊ လေးထွေဘုတ်စု၊ စက္ခု သောတ၊ ဃာန ဇိဝှါ၊ ကာယာ မနော၊ ဝဏ္ဏော သဒ္ဒ၊ ဂန္ဓ ရသာ၊ ဖောဋ္ဌဗ္ဗာနှင့်၊ ဓမ္မာအပြား၊ ဤတရားကို၊ ဒုက္ခ ဆို၏၊ (၂) လိုလိုချင်ချင်၊ ခင်မင်စုံမက်၊ ငဲ့ကွက်တွယ်တာ၊ သာယာ သမှု၊ တဏှာစုကား၊ သမုဒယ။

(၃) ဒု,သ နှစ်တန်၊ ချုပ်ရာမှန်သည်၊ နိဗ္ဗာန်မည်ရှိ၊ မြတ်ခေါင် ထိကို၊ နိရောဓမှတ်။

(၄) တစ်ရပ်ထို့ပြင်၊ ဖြူစင်လှဘိ၊ ဒိဋ္ဌိ သင်္ကပ္ပါ၊ ဝါစာကမ္မန္တ၊ အာဇီဝနှင့်၊ ဝါယာမ,သတိ၊ သမာဓိဟု၊ ရှိသည့်အပြား၊ အင်ရှစ်ပါးကို၊ မဂ္ဂဆို။

ဒု,သ နှစ်တန်၊ ချုပ်ရာမှန် ဆိုသည်ကား-ဒုက္ခသစ္စာ, သမုဒယ သစ္စာ၊ ဤသစ္စာနှစ်တန် ချုပ်ရာမှန်သော နိဗ္ဗာန်ကို ဆိုသည်။ (ဤကား သစ္စာလေးတန် အမှန်လေးချက် သရုပ်တည်း) ထိုသစ္စာလေးတန် အမှန်လေးချက်၏ သဘောလက္ခဏာသည် အလွန်နက်နဲ၏၊ သိနိုင်ခဲ၏၊ မြင်နိုင်ခဲ၏၊ ထိုသို့နက်နဲသော သဘောလေး ချက်ကို အဝိဇ္ဇာသည် ဖုံးဝှက်ကွယ်ကာ စိတ်သန္တာန်မှာ အဝိဇ္ဇာမှောင်ကြီး ကျ၍နေ၏၊ လောက၌ အင်္ဂါလေးပါးနှင့်ပြည့်စုံသော အမိုက်မှောင် သည်ရှိ၏၊

(၁) လဆုတ် ၁၄-ရက်နေ့ ကြိမ်ခြင်းအင်္ဂါ တစ်ပါး။ (၂) သန်းခေါင်အခါ ကြိမ်ခြင်း အင်္ဂါ တစ်ပါး။ (၃) ကြီးစွာသော တောအုပ်ကြီးအတွင်း ကြိမ်ခြင်းအင်္ဂါ တစ်ပါး။

(၄) ကြီးစွာသော မိုးတိမ်ဖုံးလွှမ်းခြင် အင်္ဂါ တစ်ပါးဤလေးပါးနှင့်ပြည့်စုံသော အမိုက်မှောင်ကို လောက၌ 'မဟာ တမမှောင်ကြီးကျ'ဟုဆိုရသည်။

ထိုမှောင်သည် ပကတိသော မီးရောင်ဖြင့် ပယ်ရှားနိုင်၏၊ မီးပင်မရှိသော်လည်း တညဉ့်မျှသာမိုက်နိုင်သည်၊ နေထွက်၍လာလျှင် အကုန်ပျောက်လေ၏၊ အဝိဇ္ဇာမှောင်မှာ အရိယမဂ်ဉာဏ်ကို မရောက် သမျှ အနမတဂ္ဂသံသရာမှာ တစ်ကြိမ်တစ်ခါမျှ အလင်းရဖူးသည် မရှိကြ။ ပုထုဇဉ်သတ္တဝါတို့၏ စိတ်သန္တာန်မှာ အနမတဂ္ဂ သံသရာနှင့်အမျှ မှောင်ကြီးအတိ ကျနေ၏၊ သည်ကိုရည်၍''အဝိဇ္ဇာဟု၊ မဟာတမ မှောင်ကြီးကျလျက်' ဟုဆိုပေသည်။

ဒုက္ခသစ္စာအရာ၌ ကျသောမှောင်ကြီး တစ်ပါး, သမုဒယသစ္စာ အရာ၌ ကျသောမှောင်ကြီးတစ်ပါး, နိရောဓသစ္စာအရာ၌ကျသော မှောင်ကြီးတစ်ပါး, မဂ္ဂသစ္စာအရာ၌ ကျသော မှောင်ကြီးတစ်ပါးအားဖြင့် အဝိဇ္ဇာဟူသော မဟာတမ မှောင်ကြီးလေးပါးရှိသည်၊ သည်ကိုရည်၍ နိဒ္ဒေသပါဠိတော်မြတ်၌

တတ္ထ ကတမာ အဝိဇ္ဇာ၊ ဒုက္ခေ အညာဏံ ဒုက္ခသမုဒယေ အညာဏံ နိရောဓေ အညာဏံ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါ အညာဏံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

ဟူ၍ ဟောတော်မူပေသည်။

ဘဝမြုံသိုက်၊ ရှိန်ရှိန်အိုက်သား၊ အမှိုက်မီးစာ၊ ဤခန္ဓာ ကို၊ တွယ်တာသမှု၊ အကြောင်းပြု၍၊ အကုသလ၊ ဓမ္မညစ်ဆိုး၊ အပြစ်မျိုးကို၊ ကြိုးကြိုးပမ်းပမ်း၊ နေ့စဉ်ထမ်းသည်၊ ပယ်လမ်းဗီဇ၊ အပုညနှင့်၊ ဘဝနောင်ခါ၊ သံသရာဝယ်၊ လူ့ရွာ,နတ်ငြမ်း၊ စည်းစိမ် သွမ်းကို၊ ချမ်းသာအတိ၊ အထင်ငြိလျက်၊ ဂတိနောင်ကို၊ ကောင်း စေလိုဟု၊ ကုသိုလ်အရိုး၊ အမျိုးမျိုးကို၊ ကြိုးကြိုးစားစား၊ ပြုတုံ ငြါးက၊ ဆယ်ပါးပုည၊ အာနဉ္စ-ဟု၊ ဘဝနှီးရင်း၊ ပွါးတုံလျင်းသည်။ ။ဝဋ်ခင်းဝဋ်နယ် ရှည်သတည်း။

ဟူသောလင်္ကာ ဝါကျ၌ ပုထုဇဉ်တို့၏ စိတ်သန္တန်မှာ အဝိဇ္ဇာ အမှောင်ဓာတ်ကြီး ဖုံးလွှမ်း၍နေသောကြောင့် လူံခန္ဓာ, လူ့စည်းစိမ်, နတ်ခန္ဓာ, နတ်စည်းစိမ်တို့၏ မီးဆယ့်တစ်မျိုးမစဲ အမြဲလောင်မြိုက် ရှိန်ရှိန်အိုက်၍နေသည်ကိုမသိနိုင်, မမြင်နိုင်၊ ထိုသို့မသိနိုင်, မမြင်နိုင်ကြ သောကြောင့်'ဘဝမြုံသိုက်၊ ရှိန်ရှိန်အိုက်သား၊ အမှိုက်မီးစာ၊ ဤခန္ဓာကို၊ တွယ်တာခင်မင်သော, တဏှာတရား, ဥပါဒါန်တရား,နေ့စဉ်ပွါး၏၊ ထို အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ တိုတ်တွန်းခြင်းကြောင့် ယခုဘဝ ဤပစ္စုပ္ပန် ခန္ဓာအကျိုးငှါ မုဆိုး, တံငါ စသည်လုပ်၍ဒုစရိုက် ဆယ်ပါး နေ့စဉ်ပွား၏၊

(ဤကား အဝိဇ္ဇာအမိုက် တိုက်တွန်းမှုကြောင့် အပုညာဘိသင်္ခါရ တရားဖြစ်ပွားပုံတည်း။)

ဒုစရိုက်ဆယ်ပါးကို အပုညာဘိသင်္ခါရ ဆိုသည်။

(၁) သက်သတ်ခိုးမှု၊ ကာမေသု၊ သုံးခု ကာယကံ (၃)။ (၂) မုသားဆိုပြော၊ ကုန်းချော ရန်တိုက်၊ အမိုက်အမဲ၊ ဆဲရေး ခြောက်ခြိမ်း၊ အပြိန်းစကား၊ နေ့စဉ်ပွား၊ လေးပါးဝစီကံ (၄)။

(၃) သူ့စည်စိမ်ကို၊ ငါပိုင်လိုမှု၊ သူ့သက်ဇီဝေ၊ သေစေချင် ဟူ၊ အယူမှောက်မှား၊ နေ့စဉ်ပွား၊ သုံးပါး မနောကံ(၃)။ ဤကား ဒုစရိုက်ဆယ်ပါးတည်း၊ အပါယ်စခန်း အပါယ်လမ်း တည်း၊ အပါယ် ဗီဇတည်း။

သူတော်ကောင်းတရားမရိုသော အရပ်ဒေသ မိဘမျိုးရိုးမှာ ဖြစ်ရသော သူတို့အား စိတ်သန္တာန်၌ အဝိဇ္ဇာမှောင်သည် မိုးတိမ် တောင်ကြီး တက်သကဲ့သို့ နေ့စဉ်ပွားများ၏၊ ထိုမှောင်ဓာတ်ကြီး လှုံ့ဆော် တိုက်တွန်းတိုင်း မကောင်းမှု၌ စိတ်ညွတ်ရ၏၊ သေရည်သေရက်ကို သောက်၍ မူးယစ်သော သူတို့အား သေရည်သေရက် အခိုး, အကင်း လှုံ့ဆော်တိုင်း မကောင်းမှု၌ စိတ်ညွတ်သကဲ့သို့တည်း။

ဤသေရည်သေရက်သောက် ဥပမာ၌ ဤသူမှာသေရည် သေရက်မဝင်မီ ဤစိတ်မျိုးမရှိ၊ သေရည်သေရက်ဝင်မှ ဤစိတ်မျိုးပေါ် လာသည်၊ ဤစိတ်မျိုးကား သေရည်သေရက်ကြောင့် ဖြစ်သောစိတ် တည်း-ဟု အများသိကြရာ၌ ထိုသူတခြား, သေရည်သေရက် တခြားခွဲ၍ သိကြသကဲ့သို့ အဝိဇ္ဇာကြောင့် မကောင်းမှု ဖြစ်ပွားရာ၌လည်း ထိုသူ တခြား, အဝိဇ္ဇာတခြား ခွဲ၍သိအပ်၏၊

- တစ်ခုတည်းပြု၍ သိသည်ကား သက္ကာယဒိဋ္ဌိတည်း။

- ခွဲ၍သိသည်ကား သမ္မာဒိဋ္ဌိမဂ္ဂင်တည်း။

- စုန်း, နတ် တစ္ဆေ ပူး၍ ထွေထွေလာလာ ပြောရာပြုရာ၌ ဤစကား ဤအမှုကား ပယောဂကြောင့်ဖြစ်သော စကားတည်းအမှုတည်းဟု ထိုသူတခြား, ပယောဂတခြား ခွဲ၍ သိကြသကဲ့သို့ ထိုသူ တခြား အဝိဇ္ဇာတခြား ခွဲ၍ သိအပ်၏၊ တစ်ခုတည်း သိမှုကား သက္ကာယ ဒိဋ္ဌိတည်း၊ ခွဲ၍ သိမှုကား သမ္မာဒိဋ္ဌိ မဂ္ဂင်တည်း။။ဤအစီအရင်သည် (ဤကား အဝိဇ္ဇာကြောင့်

အပုညာဘိသင်္ခါရတရား ဖြစ်ပွားပုံတည်း။)

ဘဝနောင်ခါ၊ သံသရာဝယ်၊ လူ့ ရွာ, နတ်ငြမ်း၊ စည်းစိမ် သွမ်းကို၊ ချမ်းသာအတိ၊ အထင်ငြိ၍၊ ဂတိနောင်ကို၊ ကောင်းစေ လိုဟု၊ ကုသိုလ်အရိုး၊ အမျိုးမျိုးကို၊ ကြိုးကြိုးစားစား၊ ပြုတုံငြား က၊ ဆယ်ပါးပုည၊ အာနဉ္စဟု

ဟူသောလင်္ကာဝါကျ၌ နောင်ရလတ္တံ့သော လူ့ဘဝ, လူ့ခန္ဓာ, လူ့စည်းစိမ်၊ နတ်ဘဝ,နတ်ခန္ဓာ,စည်းစိမ်များသည် ဇရာမီး မရဏမီးတို့ မလောင်နိုင်သော, ဇရာမီး မရဏမီးတို့ မဝါးနိုင်, မစားနိုင်,မစွဲနိုင်သော အနှစ်အမာမျိုးမဟုတ်၊ စင်စစ်အားဖြင့် ပဋိသန္ဓေတည် နေသည်မှစ၍ ဇရာမီး,မရဏမီး အပြီးလောင်ကာ ထက်ကြပ်မကွာ အမြဲပါ၍နေသော မှို့လောင်စာမျိုး,အကာမျိုး,အသွမ်းမျိုး,အသုဉ်းအသွန်မျိုးတည်း။ ထိုဘုံဘဝသို့ ရောက်၍ အတော်နေမိလျှင်ပင် အိုမှု,သေမှု,အပါယ်ကျမှု ဆိုက်တိုက်လာလတ္တံ့။ ထိုသို့သော စည်းစိမ်သွမ်းကိုပင် အဝိဇ္ဇာ လှုံ့ဆော် တိုက်တွန်းမှုကြောင့် ချမ်းသာအတိထင်မိ၏၊ ထိုသို့သောစည်းစိမ်ကို ရခြင်းငှါ ရောက်ခြင်းငှါ အဝိဇ္ဇာလှုံ့ဆော်တိုက်တွန်းမှုကြောင့်အစဉ်အလာ သူတကာတို့ ပြုမြဲသော ဆယ်ပါးသော သုစရိုက်တရား၊ ဒါန, သီလ, ဘာဝနာ စသောဆယ်ပါးသောပုညကိရိယာဝတ္ထုတရား, အရူပစျာန် ဟုဆိုအပ်သောလေးပါးသော အာနဉ္စကုသိုလ်တရားတို့ကို ကြိုးကြိုး စားစား အားထုတ်ကြကုန်၏၊

(၁) သက်သတ်ခိုးမှု၊ ကာမေသု၊ ရှောင်မှုသုံးတန် ကာယကံ (၃)။

(၂) မုသားဆိုပြော၊ ကုန်းချော ရန်တိုက်၊ အမိုက်အမဲ၊ ဆဲရေးခြောက်ခြိမ်း၊ အပြိန်းစကား၊ ဤလေးပါး၊ ရှောင်ငြား ဝစီကံ(၄)။

(၃) သူ့စည်းစိမ်ကို၊ တည်စေလိုမှု၊ သူ့သက်-ဇီဝေ၊ ရှည် စေခြင်ဟူ၊ အယူဖြောက်ငြား၊ ဤသုံးပါး၊ မှတ်သား မနောကံ(၃)

(သုစရိုက် ၁၀-ပါး)

ပေးလှူဒါန၊ သီလ သီတင်း၊ ပွါးခြင်းဘာဝနာ၊ အပစာယန၊ တုပ်ကွရိုသေ၊ ဝေယျာဝစ္စ၊ သူများမှုဆောင်၊ ထိုနောင်တစ်ရပ်၊ ပတ္တိဒါန၊ ကိုယ့်ပုညကို၊ ဝေငှ ကြည်စွာ၊ ပတ္တာ နုမောဒန၊ သုများကုသိုလ်၊ အဖို့ကို လျင်၊ နှစ်လိုကြည်ဖြူ၊ အမျှယူ၏၊ သူဟောတရား၊ နာငြား သဝန၊ တတ်သမျှကို၊ ဟောက ဒေသနာ။ ဖြောင်းစွာအယူ၊ ပြုတုံမူကား၊ ဒိဋ္ဌိဇုကမ္မ၊ ဤဆယ်ဝ၊ ပုညကိရိယာ။

(ပုညကိရိယာ ဆယ်ပါး)

အာနေဉ္ဇာ ခေါ်သော အရူပကုသိုလ် လေးပါးသည် ဤဆယ်ပါး တွင် ဘာဝနာ၌ ပါဝင်လေ၏၊။ သူတော်ကောင်းတရား ရှိသော အရပ်ဒေသ မိဘမျိုးရိုး၌ ဖြစ်ကြ၍ နောက်နောက်ဘဝ၌ အပါယဒုက္ခ မျှသာ မြင်နိုင် ထင်နိုင်၍ ဝဋ္ဋဒုက္ခ, ကိလေသဒုက္ခကို မထင် မမြင်ကြ ကုန်သော သူတို့အား စိတ်သန္တာန်၌ အဝိဇ္ဇာမှောင်သည် နှင်းတိမ်တိုက် နှင်းတိမ်လွှာကဲ့သို့ နေ့စဉ် ပွား၏၊

နောင်ဘဝကို သာယာသော တဏှာ, ဥပါဒါန်တို့နှင့်တကွ အဝိဇ္ဇာ မှောင် လှုံ့ဆော်တိုက်တွန်းတိုင်း ဒါန သီလစသော ကုသိုလ်ကောင်းမှုတို့၌ စိတ်ညွတ်ရ၏၊ အဝိဇ္ဇာမှောင်နှင့် ဖက်ပြိုင်၍ စိတ်ညွတ်မှု မည်သည်ကား လူ့ချမ်းသာ, နတ်ချမ်းသာကို မလွတ်နိုင်၊ နိဗ္ဗာန်ထက် လူ့ချမ်းသာ, နတ်ချမ်းသာဘက်သို့ အားကြီး၏၊ ဘင်းဆေး, ဘိန်းဆေးကို မျိုသော သူတို့အား စိတ်သန္တာန်၌ ဘင်းခိုး, ဘိန်းခိုး လှုံ့ဆော် တိုက်တွန်းတိုင်း အယဉ်အကျေး စကားပြောဆိုမှု၌ စိတ်ညွတ်သကဲ့သို့တည်း။ ဤဘင်း ဘိန်း မျိုသော ဥပမာ၌ ဤသူမှာ ဘိန်း ဘင်း မမျိုမီ ဤစိတ်မျိုး မရှိ၊ ဘိန်း ဘင်း မျိုမိမှ ဤစိတ်မျိုး ဖြစ်လာသည်၊ ဤစိတ်ကား ဘင်း ဘိန်း အခိုး, အကင်းကြောင့်ဖြစ်သော စိတ်တည်းဟု သူအများ သိကြရာ၌ ထိုသူ တခြား, ဘင်း ဘိန်း တခြားဟူ၍ သိကြသကဲ့သို့ အဝိဇ္ဇာ ကြောင့် လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မချမ်းသာသို့ ရှေးရှုသော ကုသိုလ် ကောင်းမှု ဖြစ်ပွားရာ၌လည်း ထိုသူတခြား, အဝိဇ္ဇာတခြား ခွဲ၍ သိအပ်၏၊ တစ်ခုတည်းပြု၍ သိမူကား သက္ကာယဒိဋ္ဌိတည်း၊ ခွဲ၍သိမှုကား သမ္မာဒိဋ္ဌိ မဂ္ဂင်တည်း။

[ဤအခြင်းအရာသည် နောက်အကျယ်ပြခန်းမှာမှ ထင်ရှားလာလတ္တံ့၊

ဤကား အဝိဇ္ဇာကြောင့် ပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိသင်္ခါရတရား နှစ်ပါး ဖြစ်ပွားပုံတည်း။]

ပြဆိုခဲ့ပြီးသော သင်္ခါရတရား သုံးပါးတို့တွင် အပုညာဘိသင်္ခါရ သည်လည်း ကာယသင်္ခါရ, ဝစီသင်္ခါရ, စိတ္တသင်္ခါရ ဟူ၍ သုံးပါးရှိပြန်၏၊ ကာယဒုစရိုက် သုံးပါးကို ကာယသင်္ခါရဟု ဆိုသည်၊ ဝစီဒုစရိုက် လေးပါးကို ဝစီသင်္ခါရဟု ဆိုသည်။။ပုညာဘိသင်္ခါရ သည်လည်း ကာယသင်္ခါရ, ဝစီသင်္ခါရ, စိတ္တသင်္ခါရ ဟူ၍ သုံးပါးရှိ၏၊ ကာယသုစရိုက် သုံးပါး, ဝစီသုစရိုကာလေးပါး, မနောသုစရိုက် သုံးပါးကို အစဉ်အတိုင်း ယူလေ။။ အနေဉ္ဇာဘိသင်္ခါရ မူကား စိတ္တသင်္ခါရသက်သက်သာတည်း၊ သည်ကိုရည်၍ နိဒ္ဒေသ ပါဠိတော်မြတ်၌

တတ္ထ ကတမေ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ ပုညာဘိသင်္ခါရော အပုညာဘိသင်္ခါရော အာနေဉ္ဇာဘိသင်္ခါရော ကာယသင်္ခါရော ဝစီသင်္ခါရော စိတ္တသင်္ခါရော--

အစရှိသည်ဖြင့် ဟောတော်မူပေသည်။

ပထမ ပျို့လင်္ကာ အဖြေ ပြီး၏၊

-------

ဒုတိယ ပျို့လင်္ကာ အဖြေ

သင်္ခါရပစ္စယာ ဝိညာဏံ

ဝဋ်ခင်း, ဝဋ်နယ်၊ ရှည်ကြောင်းရွယ်သား၊ ဆယ်ဖြာပုည၊ အပုညနှင့်၊ ဘဝနှီးရင်း၊ ပွားတုံလျင်းသော်၊ လေးသင်း ပါယ်ရွာ၊ အဖြာဖြာလျှင်၊ ဗြဟ္မာ,လူ,နတ်၊ ဘုံသုံးရပ်၌၊ ဓာတ်ပဓာန၊ ပြဋ္ဌာန်း လှသား၊ ဒွါရသခင်၊ ခြောက်ဝိညာဉ်ဟု၊ အရှင်ဓာတ်မင်း၊ ပေါ်တုံ လျင်း၍

ဟူသော လင်္ကာဝါကျ၌ ယခုဘဝ၌ မရဏကာလ စုတိကျသည့် တိုင်အောင် စိတ်သန္တာန်ဝယ် အဝိဇ္ဇာနှင့် ဘဝဏှာ အုပ်စိုးလျက် ပါရှိသော သတ္တဝါတို့အား စုတိ၏နောက်၌ ရှေးရှေးဘဝ, ဤဘဝ ပြုခဲ့သော အပုညာဘိသင်္ခါရကြောင့် အပါယ်လေးဘုံ၌ ပဋိသန္ဓေဝိညာဏ်ဖြစ်ပေါ် လေ၏၊ ရှေးရှေးဘဝ, ယခုဘဝပြုခဲ့သော ကာမပုညာဘိသင်္ခါရကြောင့် လူ့ဘုံ, နတ်ပြည် ၆-ထပ် နတ်ဘုံ၌ ပဋိသန္ဓေ ဝိညာဏ်ဖြစ်ပေါ်လေ၏၊ ယခုဘဝ ပြုခဲ့သော ရူပါဝစရ ပုညာဘိသင်္ခါရကြောင့် ရူပဗြဟ္မာ ၁၅- ဘုံ၌ ပဋိသန္ဓေဝိညာဏ်ဖြစ်ပေါ်လေ၏၊ ယခုဘဝ ပြုခဲ့သော အာနေဉ္ဇာဘိ သင်္ခါရကြောင့် အရူပ ၄-ဘုံ၌ ပဋိသန္ဓေ ဝိညာဏ်ဖြစ်ပေါ်လေ၏၊ ပဋိသန္ဓေဝိညာဏ် ဖြစ်ပေါ်ပြီးနောက် အသက်ထက်ဆုံး မြစ်ရေ အလျဉ်ကဲ့သို့ ဝိညာဏ် ၆-ပါး အစဉ်ပွား၍ သွားလေ၏၊ အနမတဂ္ဂ သံသရာ ကမ္ဘာအနန္တ, စကြဝဠာအနန္တ, သတ္တဝါ အနန္တကို ဉာဏ်ဖြင့် သတ္ထုချ၍ ယူသော် ဝိညာဏ် ၁၊ စေတသိက် ၅၂၊ ရုပ် ၂၈၊ ပေါင်း၈၁၊ ဤမျှသာ ဓာတ်သား သတ္တု ရ၏၊

ထို ၈၁-တို့တွင် တော, တောင်, ရေ, မြေ စသော ဗဟိဒ္ဓ ဓာတ် စုမှာ တေဇော ခေါ်သော မီးဓာတ်သည် ပဓာနဓာတ်တည်း၊ ပြဋ္ဌာန်း သော ဓာတ်တည်း၊ အရှင်ဓာတ်, သခင်ဓာတ်တည်း၊ ဓာတ်မင်းတည်း၊ အလုံးစုံသော စကြဝဠာ ကမ္ဘာ, မြေ, ရေ, မြင်းမိုရ်, သတ္တရဘန်, သီတာ သမုဒ္ဒရာ, တော, တောင်စသော ကမ္ဘာ့အဆောက် အအုံတို့ကို မီးဓာတ် သည် ဖန်ဆင်းတည်ထောင်၏၊ ပျက်ချိန်ကျပြန်လျှင် မီးဓာတ်သည်ပင် လျှင် အကုန် ပျက်ဆုံးစေ၏၊ ကမ္ဘာကို ရေဖျက်၏ ဟူသည်မှာလည်း သီတ ဓာတ်မီး အမှုပေတည်း၊ ကမ္ဘာကို လေဖျက်၏ ဟူသည်မှာလည်း တစ်မျိုးသော ဥဏှဓာတ်မီး အမှုပေတည်း၊ ဥတု ၃-ပါး, ရတု ၆- ပါးဟူသည်လည်း ဓာတ်မီး၏ အမည်သာတည်း၊ ၁၂-လ ၁၂-ရာသီ ဆိုသည်လည်း ဓာတ်မီး၏ အမည်သာတည်း။ မိုးရွာမှု, လေလာမှု, သစ်ပင် ချုံနွယ်, မြက်, ကောက်ပဲ, စပါးတို့ ပေါက်မှု ပွားမှု ပွင့်မှု သီးမှုအလုံးစုံသည် ဓာတ်မီး ဖန်ဆင်းမှု ချမ်းသာတည်း၊ တိမ်တိုက်, တိမ်လွှာ, နေဗိမာန်, လဗိမာန်, နက္ခတ်တာရာ, ကြယ်တာရာ စသည်တို့သည်လည်း ဓာတ်မီး ဖန်ဆင်း၍ ဖြစ်ကြကုန်၏၊ ထို့ ကြောင့် အလုံးစုံသော ဗဟိဒ္ဓလောကသည် ဓာတ်မီး၏ သား, မြေးချည်းသာတည်း၊ ဓာတ်မီး ဖန်ဆင်းသမျှ ဖြစ်ကြရကုန်သည်။

သတ္တဝါခေါ်သော အဇ္ဈတ္တ သန္တာန်စုတွင်လည်း ရုပ်သန္တာန်မှာ ဓာတ်မီးအစိုးရ၏၊ နာမ်သန္တာန်မှာမူကား ဤဝိညာဏ်သည် ပဓာနဓာတ် ပေတည်း၊ ပြဋ္ဌာန်းသော ဓာတ်တည်း၊ အကြီးအကဲ, အအုပ် အချုပ်ပေ တည်း၊ ဖဿ, ဝေဒနာ, ဝိတက်, ဝိစာရ, လောဘ, ဒေါသ, သဒ္ဓါ, ပညာ အစရှိသော စေတသိက်နာမ်တို့သည် ဝိညာဏ်ကိုမှီ၍ ဝိညာဏ်မှ ဖြစ် ပွားကြကုန်၏၊

မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။ (ဓမ္မပဒပါဠိတော်)

ဓမ္မာ၊ နာမ်တရားတို့သည်။မနောပုဗ္ဗင်္ဂမာ၊ ဝိညာဏ်လျှင် ပြဋ္ဌာန်းခြင်းရှိကြကုန်၏၊ မနောသေဋ္ဌာ၊ ဝိညာဏ်လျှင် အကြီးအကဲ အအုပ် အချုပ်ရှိကြကုန်၏၊ မနောမယာ၊ ဝိညာဏ်ဖန်ဆင်းရာ ဖြစ်ကြကုန်၏၊

စက္ခုဝိညာဏ်သည် စက္ခုဒွါရ၌ ဖြစ်ကြသော နာမ်တရားတို့၏ အကြီးအကဲတည်း၊ သောတဝိညာဏ်သည် သောတဒွါရ၌ ဖြစ်ကြသော နာမ်တရားတို့၏ အကြီးအကဲတည်း၊ ဃာနဝိညာဏ်သည် ဃာန ဒွါရ၌ ဖြစ်ကြသော နာမ်တရားတို့၏ အကြီးအကဲတည်း၊ ဇိဝှါဝိညာဏ်သည် ဇိဝှါ ဒွါရ၌ ဖြစ်ကြသော နာမ်တရားတို့၏ အကြီးအကဲတည်း၊ ကာယ ဝိညာဏ်သည် ကာယဒွါရ၌ ဖြစ်ကြသော နာမ်တရားတို့၏ အကြီးအကဲ တည်း၊ မနောဝိညာဏ်သည် ဟဒယဝတ္ထု၌ ဖြစ်ကြကုန်သော နာမ်တရား တို့၏ အကြီးအကဲတည်း၊ ထို့ကြောင့် ''ကိံသု အဓိပတိ ရာဇာ'' ဟူ၍ ဧရကပတ္တနဂါးမင်း မေးရာတွင် ''ဆဒွါရာဓိပတိ ရာဇာ'' ဟူ၍ဖြေတော် မူသည်။

မနော၊ စိတ်ဝိညာဏ်သည်။ ဆဒွါရာဓိပတိ၊ ခြောက်ဒွါရ၏ အကြီးအကဲဖြစ်သော။ ရာဇာ၊ အစိုးရမင်းတည်း။

တစ်နည်းကား။။ သတ္တဝါတကောင်လုံး တကိုယ်လုံးမှာပင် ဝိညာဏ်ဟူသော စိတ်သည် အစိုးရ၏၊ အချုပ်အခြာ ဖြစ်၏၊ သတ္တေန နိယျတိ လောကော၊ စိတ္တေန ပရိကဿတိ။ စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသမနွဂူ။

(ပါဠိတော်)

လောကော၊ လူကို။ စိတ္တေန၊ စိတ်သည်။ နိယျတိ၊ ဆောင်အပ်၏၊ လောကော၊ သတ္တဝါကို။ စိတ္တေန၊ စိတ်သည်။ ပရိကဿတိ၊ မိမိ အလိုသို့သာ အတင်းဆွဲဆောင်အပ်၏၊ သဗ္ဗေဝ၊ အလုံးစုံသော သတ္တဝါ တို့သည်သာလျှင်။ စိတ္တဿ၊ စိတ်ဟုဆိုအပ်သော။ ဧကဓမ္မဿ၊ တစ်ခု သောတရား၏၊ ဝသံ၊ အလိုသို့။ အနွဂူ၊ အစဉ်တစိုက် လိုက်ကြရကုန်၏၊

သတ္တဝါတို့၏ သန္တာန်မှာ ဓာတ်မီးအစိုးရပုံနှင့် စိတ်ဝိညာဏ် အစိုးရပုံ အထူးကား- ပဋိသန္ဓေ တည်နေသည်မှ စ၍ အမျိုးဇာတိအား လျော်စွာ တစ်နေ့တစ်ခြား ကြီးထွားမှု, ရင့်ရော် အိုမင်းမှုတို့၌လည်း ကောင်း၊ ဆယ်နှစ်တမ်း, အနှစ် နှစ်ဆယ်တမ်း, သုံးဆယ်တမ်း, လေးဆယ် တမ်း, ငါးဆယ်တမ်း, တစ်ရာတမ်း, တစ်ထောင်တမ်း-အစရှိသော အသက်တမ်းကိုပြုလုပ်မှုတို့၌လည်းကောင်း ဓာတ်မီးအစိုးရ၏၊ ဓာတ်မီး၏ အလုပ်သာတည်း၊ ကာယကံမှု, ဝစီကံမှု, မနောကံမှုတို့၌ စိတ်အစိုးရ၏၊ စိတ်အလိုရှိရာ ခန္ဓာငါးပါးတို့သည် ပါကြရကုန်၏၊ ရေသတ္တဝါ, ကုန်း သတ္တဝါ, လူ့ပြည်, နတ်ပြည်, ဗြဟ္မပြည် ဆူဆူတက် အုန်းအုန်းကျွက် လျှမ်းလျှမ်းတက် ဖြစ်၍နေကြသည်လည်း စိတ်၏အမှုတည်း၊ စိတ်ကို ငါငါ ဟုမြင်၍ နေကြကုန်၏၊ စိတ်၏ အလိုကို ငါ၏အလိုဟုမြင်၍ နေကြကုန်၏၊ အလွန်သန်သော သက္ကာယဒိဋ္ဌိကြီး ပေတည်း၊ စိတ်ကို အသီးအခြား ဓာတိတစ်ပါးဟု မသိကြကုန်မူ၍ စိတ်ကိုပင် ငါဟူ၍ လည်းကောင်း၊ စိတ်ကိုပင် မည်သူမည်ဝါဟူ၍လည်းကောင်း၊ စိတ်ကိုပင် လူဟူ၍၊ နွာ, ကျွဲ, ဆင်, မြင်း, ခွေး, ဝက်, ကြက်, ငှက် ဟူ၍၊ စိတ်ကိုပင် လူဟူ၍၊ နတ်ဟူ၍၊ သိကြား, ဗြဟ္မာ ဟူ၍၊ သူဌေး, သူကြွယ်, မင်း, ဆင်းရဲသားဟူ၍ သက္ကာယဒိဋ္ဌိ အမျိုးမျိုးနှင့် စွဲလမ်း ထင်မြင်၍ နေကြ ကုန်၏၊ ထိုသို့ နေကြသည့်အတွက် ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ် အပါယ်လေးပါး ဝဋ်နယ်ရှည်လျား၍ နေကြကုန်၏၊

သည်ကိုရည်၍

ကိုယ်တွင်း ကိုယ်ပြင်၊ ထွက်ဝင် တံခါး၊ အင်ခြောက်ပါး၌၊ အများရုပ်နာမ်၊ အတန်တန်လျှင်၊ ဝန်းရံဖြိုးဖြိုး၊ အမျိုးမျိုးကို၊ အုပ်စိုးဆောင်ရွက်၊ လျှမ်းလျှမ်းတက်သား၊ ထက်မြက်တေဇာ၊ သူ့ရှိန်ဝါကြောင့်၊ ငါငါ-သူသူ၊ လူပဲ, နတ်ပဲ၊ အထင်လွဲလျက်၊ ငရဲအပါယ်၊ အသွယ်သွယ်တည့်၊ ဝဋ်နယ်ရှည်လျား၊ တမားမား သည်။။ ခြောက်ပါးဝိညာဏ်-စွမ်းရည်တည်း ဟူ၍ ဆိုပေသည်။

အဘိဓမ္မာဝိဘင်း နိဒ္ဒေသ ပါဠိတော်၌လည်း

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ စက္ခုဝိညာဏံ သောတဝိညာဏံ ဃာနဝိညာဏံ ဇိဝှါဝိညာဏံ ကာယဝိညာဏံ မနောဝိညာဏံ၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ ဟူ၍ ဟောတော်မူသည်။

ဒုတိယ ပျို့ လင်္ကာ အဖြေပြီး၏၊

------

တတိယ ပျို့ လင်္ကာ အဖြေ

ဝိညာဏပစ္စယာ နာမရူပံ

ခြောက်ပါးဝိညာဉ်၊ စွမ်းရည်အင်ကြောင့်၊ မီးတွင်ရှိန်ဝါ၊ ထက်ကြပ်ပါသို့၊ မကွာတူကွ၊ ဖြစ်ပေါ်ကြသား၊ ဖဿ,ဝေဒနာ၊ စေတနာနှင့်၊ သညာ,ဝိတက်၊ ရောင်စုံယှက်သည့်၊ အမျက်ကြောင် ဝယ်၊ ကြိုးစုံခြယ်သို့၊ အသွယ်အသွယ်၊ အနွယ်အနွယ်လျှင်၊ ဆန်း ကြယ်စွာလှ၊ နာမ်ကာယနှင့်-

ဟူသော လင်္ကာဝါကျ၌ ဝိညာဏ်ဟူသောပဓာန ဓာတ်ကြီးဖြစ် ပေါ်လျှင် ဝိညာဏ်နှင့်အတူတကွ အသွယ်သွယ် အနွယ်နွယ် အလွန်ဆန်း ကြယ်စွာသော နာမကာယလည်း ဖြစ်ပေါ်ပေ၏၊ နာမကာယဆို သည်ကား

ဖဿ, ဝေဒနာ, စေတနာ, သညာ, ဝိတက်, ဝိစာရအစရှိသော စေတသိက် တရားစုသည် နာမကာယ-နာမ်တရားအပေါင်းဆိုသတည်း။ ဥပမာကား-'မီးတွင်ရှိန်ဝါထက်ကြပ်ပါ'သကဲ့သို့လည်းကောင်း၊ ရောင်စုံ ယှက်သည့် အမျက်ကြောင်ဝယ် ကြိုးရောင်စုံခြယ်သကဲ့သို့လည်းကောင်း။ မီးတွင်ရှိန်ဝါ ထက်ကြပ်ပါပုံကား ညဉ့်မှောင်မိုက်၍ တိုက်ခန်းတွင်းမှာ မီးထွန်းသောအခါမီးတောက်သည်နှင့်တပြိုင်နက် တိုက်ခန်းလုံး အပြည့် မီးရောင်အလင်းတို့သည် ဖြစ်ပေါ်ကုန်၏၊ မီးတောက်၏၊ အနီးပတ်လည်၌ ပူသောအရှိန်သည်လည်းဖြစ်ပေါ်ကုန်၏၊ ထိုရောင်ရှိန်နှစ်မျိုးတို့၏ ဖြစ်ပေါ်မှုသည် မီးတောက်သည်နှင့်တပြိုင်နက်ကျ၏၊

ပဓာန ဖြစ်သောမီးတောက်နှင့် ဝိညာဏ်တူ၏၊

အရှိန်အရောင်တို့နှင့် ဖဿ,ဝေဒနာ အစရှိသော နာမကာယစု တူ၏၊

ဤဥပမာဖြင့် ဝိညာဏ်နှင့်နာမ်ကာယစုသည် ဖြစ်အတူ ပျက်အတူ ဟူသော အဓိပ္ပါယ်ကို ပြသည်။

'ရောင်စုံယှက်သည့် အမျက်ကြောင်ဝယ် ကြိုးစုံခြယ်' ပုံကားဝိဓုရဇာတ် ပုဏ္ဏကဘီလူး ယူဆောင်ခဲ့သော ကြောင်မျက်ရွဲ ကျောက်မှာ အနီ,အဝါ စသောကြိုးပေါင်းအရာမက ခြယ်လှယ်လျက် ပါရှိ၏၊

ထိုအမျက် ကြောင်မျက်ရွဲ ကျောက်ရတနာကြီးနှင့် ဝိညာဏ ဓာတ်ကြီးတူ၏၊

ထိုကြောင်မျက်ရွဲ ရတနာကြီး၏ အတွင်းတစ်ခွင်လုံး အပြည့် အရောင်နီအမျိုးမျိုး, အရောင်ဝါအမျိုးမျိုးစသော ကြိုးစုံနှင့် ဝိညာဏ်၏ အတွင်းမှာ အမျိုးမျိုးပါရှိသော ဖဿ,ဝေဒနာ စသောနာမကာယစုတူ၏၊

ဤဥပမာဖြင့် ဖဿ,ဝေဒနာစသော နာမကာယ ဓမ္မအစုဟူသည် ဝိညာဏ်၏ အရည်အရောင်စုပင်တည်းဟု ပြပေသည်။

ဘူတဟူပေ၊ မြေ,ရေ,လေ,မီး၊ ဓာတ်ကြီးလေးတန်၊ အမာခံလျက်၊ အရံရုပ်သေး၊ နှစ်ဆယ့်လေးတည့်၊ ပေါင်းထွေး မျှညီ၊ အဋ္ဌဝီသ၊ ရုပ်ကာယဟု-

ဟူသော လင်္ကာဝါကျ၌ ထိုဝိညာဏ်ဟူသော ပဓာနဓာတ်ကြီး ဖြစ်ပေါ်သည်ရှိသော် ပြဆိုခဲ့ပြိးသော နာမကာယသည်သာ တကွ ဖြစ်ပေါ်သည်မဟုတ်၊ မဟာဘုတ် ၄-ပါး,ဥပါဒါရုပ် ၂၄-ပါး ပေါင်း ၂၈- ပါးသောရူပကာယ ဓမ္မအစုသည်လည်း ထိုဝိညာဏ်နှင့်တကွ ဖြစ်ပေါ် ရလေသည်။ ရုပ် ၂၈-ခုတွင် အမာခံအထည်ခံရုပ်ကား မြေ,ရေ,လေ,မီး, ဟူသောဓာတ်ကြီးလေးပါးပေတည်း၊ ကြွင်းသောရုပ် ၂၄-ခုကား ထိုဓာတ်ကြီးလေးပါးမှာ မှီတွယ်ပါရသော ရုပ်သေး ရုပ်ငယ်စုသာတည်း။ (နာမကာယနှင့် ရူပကာယနှစ်ပါးတို့၏ အကျယ်ကို နောက်မှ ဆိုလတ္တံ့။)

ထိုနာမကာယ,ရူပကာယနှစ်ပါးတွင် အရူပ ၄-ဘုံ၌ကား ဝိညာဏ်နှင့်အတူတကွ နာမကာယသာဖြစ်ပေါ်သည်။ ရူပကာယမ ပေါ်ပြီ။။အသညသတ်ဘုံ၌ကား ပုညာဘိသင်္ခါရဟုဆိုအပ်သော ပဉ္စမစျာန်ကုသိုလ်စေတနာကြောင့် ရူပကာယသက်သက်သာ ပေါ်သည်။ ဝိညာဏ်နာမကာယနှစ်ပါး မပေါ်ပြီ။။ ကြွင်းသော ပဉ္စဝေါကာရ ၂၆- ဘုံတို့၌ကား ဝိညာဏ်ဖြစ်ပေါ်လျှင် သိညာဏ်နှင့်တကွ နာမကာယ, ရူပကာယနှစ်ပါး တပြိုင်နက် ဖြစ်ပေါ်ပေ၏၊ ထိုသို့ဖြစ်ပေါ်ရာ၌လည်း ရူပကာယဖြစ်ပေါ်ကြပုံ အမျိုးမျိုးရှိ၏၊

(၁) ဥပပါတ် ပဋိသန္ဓေ တစ်မျိုး၊

(၂) သံသေဒဇ ပဋိသန္ဓေ တစ်မျိုး၊

(၃) အဏ္ဍဇ ပဋိသန္ဓေ တစ်မျိုး၊

(၄) ဇလာဗုဇ ပဋိသန္ဓေ တစ်မျိုး။

(၁) ပဋိသန္ဓေ ဝိညာဏ်ပေါ်သည်နှင့် တပြိုင်နက် လုံးရပ်သဏ္ဌန် ပြည့်စုံပြီး ကြီးမားစွာသော ရူပကာယခန္ဓာသည် ဝိညာဏ်၏ အာနုဘော် ကြောင့် ဝိညာဏ်၏ တည်နေရာ ဗိမာန်အနေနှင့် ဖြစ်ပေါ်သည်ကား ဥပပါတ် ပဋိသန္ဓေတည်း။။ ဤဥပပါတ် ပဋိသန္ဓေကား အထက်နတ်ပြည်, ဗြဟ္မာ့ပြည်, အောက်ငရဲပြည်တို့၌ ရ၏၊ ထိုသို့ ပဋိသန္ဓေအခါ ကြီးမား စွာသော ရူပကာယခန္ဓာ ဖြစ်ပေါ်ပြီးနောက် ပဝတ္တိအခါ၌လည်း နှစ်လ များစွာ ဝိညာဏ်အစဉ် တည်နေသမျှ ကာလပတ်လုံး ဝိညာဏ်၏ အာနုဘော်ကြောင့် ကာလမြင့်ရှည် အစဉ် တည်လေ၏ ဝိညာဏ်အစဉ် ချုပ်ဆုံးသောအခါ မီးတောက်ကြီး သေသကဲ့သို့ ဝိညဏ်နှင့် အတူတကွ ချုပ်ဆုံးကွယ်ပျောက်လေ၏၊ ဘယ်နတ်ကွယ်ပျောက်၍ သွားပြီ၊ ဘယ် ဗြဟ္မာ ကွယ်ပျောက်၍ သွားပြီဟုဆိုရ၏၊

(၂) ဥပပါတ် ပုဂ္ဂိုလ်ကဲ့သို့ အပြီးအစီး ကြီးကြီးမားမား မဖြစ်မူ၍ စက္ခု, သောတ စသော အင်္ဂါစုံလင်ကာမျှနှင့် ကြာတိုက်, သစ်ခေါင်း,့ရွံထဲ, ရေထဲ, သားပုပ်, ငါးပုပ် အပုပ်စသည်တို့၌ ပဋိသန္ဓေဝိညာဏ်နှင့် တကွ ဖြစ်ပေါ်သော ရူပကာယသည် သံသေဒဇ ပဋိသန္ဓေမည်၏၊။ ဤသံသေဒဇ ပဋိသန္ဓေကား အစ၌ သတ္တဝါမျိုး အားလျော်စွာ တစ်နေ့ တခြား ကြီးပွားသည်၊ ဘုမ္မစိုးနတ်, လူ, တိရစ္ဆာန်တို့မှာ ထို ပဋိသန္ဓေ ကိုရ၏၊ ပဒုမဒေဝီ မိဖုရားကြီး၏ သားငါးရာတို့တွင် မဟာပဒုမမင်း သားကြီးကား ဂဗ္ဘသေယျက ပဋိသန္ဓေတည်း၊ ကြွင်းသော လေးရာ ကိုးကျိပ် ကိုးယောက်သော မင်းသားတို့ကား သံသေဒဇ ပဋိသန္ဓေတည်း။ ဘုရားလက်ထက်တော်မှာ ပေါက္ခရသာတိ ပုဏ္ဏားကြီးသည် ပဒုမဒေဝီ မိဖုရားကဲ့သို့ ကြာတိုက် သံသေဒဇတည်း။။စိဉ္စမာနနှင့် အမ္ဗပါလိကာ ပြည့်တန်ဆာမတို့သည်ကား သစ်ခေါင်း သံသေဒဇတည်း။ (၃) ကြက်, ငှက်စသော အဥ၌ ဖြစ်သော ပဋိသန္ဓေသည် အဏ္ဍဇ ပဋိသန္ဓေမည်၏၊

(၄) လူ, နွား, ကျွဲ, ဆင်, မြင်း စသော သားအိမ်၌ ဖြစ်သော ပဋိသန္ဓေသည် ဇလာဗုဇ ပဋိသန္ဓေမည်၏၊

ဤပဋိသန္ဓေ နှစ်ပါးကား အစ၌ ပကတိမျက်စိဖြင့် မမြင်ကောင်း အောင် သေးနုပ်လှသော ကလလရေကြည် တည်ပြီးမှ တစ်နေ့တခြား ကြီးပွားရ၏၊ တဖန် ကြီးပွားပြီးမှ စက္ခု, သောတ, ဃာန ဇိဝှါတို့ဖြစ် ပေါ်ကုန်၏၊ လူတို့မှာ သတ္တာဟပေါင်း ၁၁၊ ရက်ပေါင်း ၇၇-ရက်ရှိမှ စက္ခု,သောတ, ဃာန, ဇိဝှါတို့ ဖြစ်ပေါ်ကုန်၏၊ ထိုသို့ ဖြစ်ပေါ်ပြီး နောတစ်နေ့တခြား ကြီးပွား ရင့်သန်၍ အမိဝမ်းမှ ဖွားမြင်၏၊ ဖွားပြီး နောက် အမျိုးဇာတိ အားလျော်စွာ ဓာတ်ဆီ, ဓာတ်မီးတို့၏ အစွမ်းဖြင့် တစ်နေ့တခြားကြီးပွားလေ၍ ဝိညာဏ်အစဉ် မချုပ်သေးသမျှ ကာလ ပတ်လုံး ရူပကာယသဏ္ဍာန်တည်လေ၏၊ ဝိညာဏ်ချုပ်သောအခါ သတ္တဝါအင်္ဂါဆိုထိုက်သော အတွင်းဓာတ်နုရုပ်အစုတို့သည် ဝိညာဏ်နှင့် အတူတကွ ချုပ်ကွယ်လေကုန်၏၊ ဓာတ်မီး၏ အစီးအပွါးဖြစ်သော အထည်ဒြပ်ကြမ်းကြီးသည်သာ အလောင်းကောင် အသေကောင်ဖြစ်၍ ကျန်လေသည်။

[ဤကား ဝိညာဏ်ဟူသော ပဓာနဓာတ်မင်းကို တွယ်တာ၍ လူ့လောကနှင့်အပြည့် လူ့ရူပကာယတွေ ဖြစ်နေကြပုံ, နတ်လောကနှင့် အပြည့် နတ်ရူပကာယတွေ, ဗြဟ္မာ့လောကနှင့်အပြည့် ဗြဟ္မာ့ရူပကာယ တွေ, အပါယ်လောကနှင့်အပြည့် အပါယ်ရူပကာယတွေ, ရေနှင့်အပြည့် ရေမျိုးသတ္တဝါ ရူပကာယတွေ, ကုန်းနှင့်အပြည့် ကုန်းမျိုးသတ္တဝါ ရူပကာယ တွေ ဖြစ်၍နေကြပုံတည်း။]

ကမ္မံ ခေတ္တံ၊ ဝိညာဏံ ဗီဇံ၊ တဏှာ သိနေဟော။

(တိကနိပါတ် အင်္ဂုတ္တိုရ် ပါဠိတော်) အနက်။ ။ကမ္မံ၊ ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္စာဘိသင်္ခါရ-ဟုဆိုအပ်သော ရှေးကံဟောင်းသည်။ ခေတ္တံ၊ လယ်မြေနှင့်တူ၏၊ ဝိညာဏံ၊ ဝိညာဏ်သည်။ ဗီဇံ၊ မျိုးစေ့နှင့်တူ၏၊ တဏှာ၊ ဘဝတဏှာသည်။ သိနေဟော၊ ရေ, ဥတုနှင့်တူ၏၊ ဝါ၊ မျိုးစေ့၏ အတွင်း၌ ပါရှိသော အဆီ အစေးနှင့်တူ၏၊

အဓိပ္ပါယ်ကား-ရှေးဦးစွာ ကန်သင်း ကန်ဘောင်နှင့်တကွ တည် ထောင်၍ထားသော လယ်ကွက် လယ်ကွင်း မြေအရပ်သည် ရှိ၏၊ မိုးဦး ကျ၍ မိုးရေတို့နှင့်တကွ ထွန်ယက်ရောနှော၍ ညက်ညောစွာတည် နေသော ထိုလယ်မြေမှာ အနှစ်, အဆန်, အဆီ, အဆေးနှင့် ပြည့်စုံသော စပါးမျိုးစေ့ကို ပစ်ချသည်ရှိသော် ထိုမျိုးစေ့တို့မှ စပါးပင်တို့သည် ပေါက် ရောက်ကုန်၏၊

- လယ်ကွက်, လယ်ကွင်းမြေနှင့် သင်္ခါရခေါ်သော စေတနာကံ ဟောင်းသည် တူ၏၊

- စပါးမျိုးစေ့နှင့်ပဋိသန္ဓေ ဝိညာဏ်သည် တူ၏၊

- မိုးရေ ဥတုနှင့် ဘဝတဏှာသည် တူ၏၊

ဤကား ရှေးဦးအစ ပဋိသန္ဓေကာလ၌ လူရုပ်ခန္ဓာ, နတ်ရုပ်ခန္ဓာ, ဗြဟ္မာရုပ်ခန္ဓာ, နွား-ကျွဲ-ဆင်-မြင်း-ခွေး-ဝက်-ကြက်-ငှက် စသော အပါယ် ရုပ်ခန္ဓာတို့ အစစွာ ဖြစ်ပေါ် ပေါက်ပွားမှုမှာ ဥပမာတည်း၊ ညောင်ပင်ကြီး ဖြစ်ရာ၌ အစစွာ ညောင်စေ့မှ ဖြစ်၏၊ ဖြစ်ပြီးနောက် ညောင်စေ့ ပုပ်ဆွေး, ပျက်ကွယ်၍သွားသော်လည်း ညောင်စေ့ထူထောင်၍ ပေးခဲ့သော အညှောက်, အပင် သဲလွန်စသည် ရှိ၏၊ ထိုသဲလွန်စသည် ဗဟိဒ္ဓမှ မြေဥတု, ရေဥတု, လေဥတုတို့၏ ချီးမြှောက်ထောက်ပံ့မှုနှင့် တခဏချင်း ကြီးပွါး၍ အလံတစ်ရာ, အလံနှစ်ရာရှိသော ညောင်ပင်ကြီးအဖြစ်သို့ ရောက်လေ၏၊

- ညောင်မျိုးစေ့ငယ်နှင့် ပဋိသန္ဓေဝိညာဏ်သည် တူ၏၊

- ညောင်ပင်နှင့် ယခုရှိကြသော ရူပကာယ ခန္ဓာသည် တူ၏၊

- မြေဥတု, ရေဥတု, လေဥတုနှင့် (၁) ယခု ပဝတ္တိ ဝိညာဏ်၊ (၂) အာဟာရခေါ်သော ဓာတ်ဆီ၊ (၃) ဥတုခေါ်သော ဓာတ်မီး တူကြ၏၊

ဤကား ကြီးပွားတည်နေရာ ဥပမာတည်း။ ။ ခပ်သိမ်းသော သစ်ပင်တို့၏ ပေါက်မှု, ကြီးပွားမှု, တည်နေမှုတို့လည်း တူပါ၏၊

အိပ်ခြင်း, ထိုင်ခြင်း, ရပ်ခြင်း, ပြေးခြင်း, လွှားခြင်း, သွားခြင်း, လာခြင်း, နေ့ရှိသမျှ ထိုထိုကိုယ်အမှု, နှုတ်အမှုတို့ကို ပြုခြင်း, မျက်တောင် ခတ်ခြင်းစသော ကိုယ်အင်္ဂါ ကြီးငယ်တို့ကို လှုပ်ရှားခြင်းတို့၌ကား ရုပ်သေး ပမာ, စက်ရုပ်ပမာတို့ကို ပြဆိုရာ၏၊

- သူသူ, ငါငါ ရူပကာယ ခန္ဓာကိုယ်ကြီးသည် ရုပ်သေးရုပ်နှင့် တူ၏၊

- ရူပကာယ ခန္ဓာကိုယ် အတွင်းမှာရှိသော ၆၀-မျှသော ဆိုင်း ကြောကြီး, များစွာသော အကြောငယ်တို့သည် ထိုအရုပ်မှာ တပ်ထားသော ကြိုးကြီး ကြိုးငယ်တို့နှင့် တူကုန်၏၊

- အလိုရှိရာ ကြိုးကို ဆွဲငင်၍ အရုပ်ကို ထ,စေ က,စေသော ရုပ်သေးကြိုးဆွဲဆရာနှင့် နှလုံးအိမ်တွင်းမှာရှိသော ဝိညာဏ် နှင့် တူ၏၊

- ဤရုပ်ခန္ဓာ ကြီး,ငယ်သည် စက်ကြိုး ယန္တရား ဆင်၍ထား သော စက်ရုပ်ကြီး, ငယ်နှင့် တူ၏၊

- အကြောကြီး အကြောငယ်တို့သည် စက်ကြိုးကြီး, စက်ကြိုး ငယ်နှင့် တူကုန်၏၊

- နှလုံးအိမ်တွင်းမှာ ရှိသော ဝိညာဏ်သည် စက်နင်းသော စက်ဆရာနှင့်တူ၏၊

- ငှက်တို့၏ ရုပ်ခန္ဓာ, နတ်ဗြဟ္မာ စသည်တို့၏ ရုပ်ခန္ဓာသည် ကောင်းကင်ပျံ စက်ရုပ်နှင့် တူ၏-ဆိုလေ။

ရုပ်သေးရုပ် လှုပ်ရှား သွားလာသည်ကိုလည်းကောင်း၊ စက်ရုပ် လှုပ်ရှား သွားလာသည်ကိုလည်းကောင်း မြင်ကြသောအခါ ကြိုးဆွဲသူ, စက်နင်းသူ တခြား, အရုပ်တခြား၊ အရုပ်ကား လှုပ်နိုင်သော အစွမ်းမရှိ၊ အသေသာဖြစ်၏၊ ကြိုးဆွဲသူ စက်နင်းသူ ဆွဲရာ, နင်းရာလှုပ်ရှားရသည်ဟု အတပ်သိကြသကဲ့သို့ ဝိညာဏ် တခြား, ရုပ်ခန္ဓာအင်္ဂါကြီး,ငယ်တခြား၊ ရုပ်ခန္ဓာကြီး, ငယ်ကား- လှုပ်ရှားနိုင်သောအစွမ်းမရှိ၊ အသေကောင်သက် သက်သာတည်း၊ ဝိညာဏ်ပြုပြင်ရာ လှုပ်ရှားရသည်ဟု ဓာတ်ခွဲ၍ မြင်ကြ ရမည်၊ ဝိညာဏ်ဓာတ်အစွမ်း လျှမ်းလျှမ်းတောက် တက်မှု, ဆန်းကြယ်မှု ကိုသိရမည်။

(ဤကား ဝိညာဏ်မှ ရုပ်ကာယ ဖြစ်ပွားမှု, ဝိညာဏ်ကို မှီ၍ ရုပ်ကာယ တည်နေမှု, ဝိညာဏ်ကြိုးဆွဲရာ ရုပ်ကာယ လှုပ်ရှားမှုတို့ကို ပြဆိုသောအခန်းတည်း။)

ဝိညာဏ်မှ နာမ်ကာယ ဖြစ်ပေါ်မှု, ဝိညာဏ်ကို မှီတွယ်၍ နာမ်ကာယ တည်နေမှု, ဝိညာဏ်ကြိုးဆွဲရာ နာမ်ကာယ လှုပ်ရှားမှုတို့ကို ပြဆိုပေအံ့။။ဝိညာဏ် နှင့်နာမ်ကာယ၏ အထူးကို ရှေးဦးစွာ သိရာ၏၊ ပန်းချီးရေးရန် ဆေးစပ်မှု၌ စင်ကြယ်စွာသာ ရေကြည်ကို စုတ်ခွက်၌ ထည့်၍ဆုန်း, ဟင်္သပြဒါး, ဆေးဒါန်း, မြေဖြူ, မဲနယ်စသော အဆင်းဓာတ် ဆေးမျိုးတို့ကို ရေ၌ထည့်၍ ရေနှင့် ရောမိကြသောအခါ အလိုရှိရာ ပန်းပင်, ပန်းခက်, ပန်းရွက်, ပန်းပွင့်, ပန်းခိုင်, ဆင်ရုပ်, မြင်းရုပ်, လူရုပ် စသည်တို့ကို ကားပေါင်အထည်မှာ ရေးကြကုန်၏၊ ထိုသို့ရေးရာ၌ ကားပေါင်အထည်၌ အတွင်းအပြင် ပျံ့နှံ့မှု, ကပ်စေး ကိုက်တွယ်မှုကား ရေ၏ အမှုပေတည်း။ အထူးထူး အထွေထွေ အဆင်းသဏ္ဌာန် ရုပ် သဏ္ဌာန် ထင်ပေါ်မှုကား အဆင်းဓာတ်တို့၏ အမှုပေတည်း။ ထိုအဆင်း ဓာတ်တို့သည် ရေကို မှီရကုန်၏၊ ရေသို့အစဉ်လိုက်ကြကုန်၏၊ ရေဆောင် ရာ ပါကုန်၏၊ ရေနှင့်ကင်း၍ ကားထည်ကား ပျံ့နှံ့ကပ်ငြိ တွယ်ကိုက် ခြင်းငှာ မတတ်စွမ်းကြကုန်၊ ရေသည်လည်း ထိုဓာတ်ဆေးတို့နှင့်ကင်း၍ ကောင်းသောအဆင်း,မကောင်းသောအဆင်း အထွေအထူးကို ထင် စေခြင်းငှာမတတ်စွမ်းလေ။

ကြည့်ရှုဖွယ်, နှစ်သက်ဖွယ်ကောင်းသော အဆင်းသဏ္ဌာန်, အရုပ်အရည်တို့ကိုလည်း ဓာတ်ဆေးတို့သည်သာ ထင်အောင် ပြုနိုင် ကုန်၏၊ မကောင်းသော ကြောက်ဖွယ်, လန့်ဖွယ်, စက်ဆုပ်ဖွယ်သော အဆင်းတို့ကိုလည်း ဆေးတို့ကသာ ထင်အောင် ပြုနိုင်ကုန်၏၊

- ကြည်လှစွာသော ရေပကတိနှင့် ဝိညာဏ်သည် တူ၏၊

- ဆုန်း, ဟင်္သပြဒါးစသော ဆေးတို့နှင့် စေတသိက် နာမ် တရားစုသည် တူ၏၊

- ကားပေါင်၌ ကြက်သော အထည်နှင့် အာရုံခြောက်ပါးသည် တူ၏၊

- အာရုံခြောက်ပါးကို ရှာမှု, ယူမှု, ရမှုသည်ကား ဝိညာဏ်၏ ကိစ္စတည်း။

- ဝိညာဏ် ရှာ၍, ယူ၍ ရသောအခါ တွေ့ထိမှု, ခံစားမှု, ကောင်းအောင်ပြုမှု, မကောင်းအောင်ပြုမှု စသည်ကား စေတသိက်တို့၏ ကိစ္စတည်း။

တနည်းကား-အမျိုးမျိုးသော ဟင်းရည်, အမျိုးမျိုးသော အဖျော်ရည် ပြုလုပ်ရာ၌ ဝိညာဏ်သည် ရေနှင့်တူ၏၊ စေတသိက်တို့သည် အချိုအချဉ်စသော ရသရှိကြကုန်သော သကြား, သကာ, သံပရာ, ရှောက် စသည်တို့နှင့်တူကုန်၏၊ လျှာပေါ်သို့ရောက်၍ လျှာတခုလုံး၌ နှံ့မှု, ပျံ့မှုကား ရေ၏ ကိစ္စတည်း၊ အချို, အချဉ်စသော ကောင်းသော ရသ တို့ကိုလျှာ၌ဖြစ်စေမှုကား သကြား-သကာ-ရှောက်-သံပရာ စသည်တို့၏ ကိစ္စတည်း၊ ထို့အတူ အာရုံသို့ရောက်မှု, အာရုံကိုယူမှု, ပျံ့နှံ့မူကား စိတ်ကိစ္စတည်း၊ ထိုအာရုံ၌ တွေ့ထိမှု စသည်ကား စေတသိက်တို့၏ ကိစ္စတည်း။

တနည်းကား-တစ်ခုသော တောကြီး၌ မိစဉ်ဘလျောက် ကျင်လည် ကျက်စားလာခဲ့သဖြင့် တောကျွမ်းကျင်သော သူတစ်ယောက်သည် ရှိ၏၊ ထိုတောအတွင်း၌ ဆေးပင်, ဝါးပင်, ဓာတ်မျိုး, ရွှေ, ငွေ, ကျောက်သံ, ပတ္တမြားစသည်ကို ယူလိုရလိုသော သူတို့သည်လည်း ထိုတောကျွမ်းသူကို လမ်းညွန် လမ်းပြ ရှေ့ဆောင် ရှေ့သွား ပြုကြကုန်၏၊ ထိုတောအတွင်း၌ မကောင်းသော အမှုကို ပြုလိုကုန်သော သူတို့သည် လည်း ထိုသူကို လမ်းညွန် လမ်းပြ ရှေ့ဆောင် ရှေ့သွား ပြုကြရကုန်၏၊ တောကျွမ်းသူနှင့် ဝိညာဏ်သည် တူ၏၊ ထိုထိုသူတို့နှင့် စေတသိက်စုသည် တူ၏၊ တစ်နည်းကား-တစ်ခုသော မြို့ကြီး ရွာကြီး အလယ်၌နေသော သူခိုး လက်ခံကြီး ဥပမာ, ခွေးတို့ကို များစွာမွေး၍ခွေးတို့နှင့် သားသမင် တို့ကိုလိုက်၍ အသက်မွေးသော မုဆိုး ဥပမာတို့နှင့်လည်း ပြရာ၏၊ သူခိုးလက်ခံကြီးသည် မိမိကား အချောင်းအမြောင်း အခိုးအဝှက်မစွမ်း၊ ထိုရွာ ထိုမြို့အတွင်း၌ အလုံးစုံကို သိနိုင်၏၊ သူလမ်းချရာ-သူညွန်ပြရာ အဝေးနေသူတို့က ထိုမြို့ ထိုရွာအတွင်းမှာ ခိုးကြ တိုက်ကြရ၏၊ သူခိုး ဓားပြ လက်ခံကြီးနှင့် ဝိညာဏ်သည် တူ၏၊ အဝေးရောက် သူခိုး ဓားပြတို့နှင့် လောဘ, ဒေါသ, ဣဿာ, မစ္ဆေရ အစရှိသော စေတသိက် ခန္ဓာစု တူ၏၊ ခွေးမုဆိုးကြီးသည် သား-သမင်ရှိရာ နေရာကို သိ၍ရှာ၍ သား, သမင်ကို မြင်သောအခါ ခွေးတို့ကို ညွန်ပြ၏၊ မိမိမူကား သား, သမင်ကို ရအောင်မလိုက်နိုင်၊ ခွေးမုဆိုးနှင့် ဝိညာဏ်သည် တူ၏၊ ခွေး တို့နှင့် စေတသိက် နာမ်စုသည် တူ၏၊

တစ်နည်းကား-ရွာကြီး မြို့ကြီးအလယ်၌ နေ၍ များစွာသော အစိမ်းသရဲ, တစ္ဆေ, မြေဘုတ်, နတ်ဆိုး, နတ်ဝါးတို့ကို မွေး၍ လူအများကို ပယောဂအမျိုးမျိုးတို့နှင့် တိုက်၍ အသက်မွေးသော ဆေးကြမ်း မှော်ကြမ်း ဆရာကြီး ဥပမာဖြင့်လည်း ပြရာ၏၊ ဆရာကြီးနှင့် ဝိညာဏ်သည် တူ၏၊ ပယောဂတို့နှင့် လောဘ,ဒေါသ အစရှိသော စေတသိက်ခန္ဓာစုသည် တူ၏၊

လောက၌ သင့်လျော်ရာ ဥပမာတို့ကို ရှာကြံလေဦး၊ ဤဥပမာ တို့ဖြင့် ဝိညာဏ်သည် စေတသိက်နာမ်စု၏ မူလ မ,တည် ရှေ့ဆောင် ရှေ့သွား အကြီးအကဲဖြစ်သည်ကို ပြသည်။

တစ်နည်းကား-ဝိညာဏ်သည် အမိနှင့် တူ၏၊ စေတသိက်ခန္ဓာ တို့သည် ထိုအမိမှ ပေါက်ဖွားသော သားကောင်း, သားဆိုးတို့နှင့် တူကုန်၏၊ ဤဥပမာဖြင့် စေတသိက်တို့မည်သည် စိတ်မှ ပေါက်ဖွား ကြကုန်သည်ကို ပြသည်။

ဤမျှသော ဥပမာ, ဥပမေယျတို့ဖြင့် ဝိညာဏ်နှင့် နာမကာယ ဖြစ်သော စေတသိက်တို့၏ အထူးထင်ရှားလှပြီ၊ လောက၌ ကိုယ်, နှုတ်, နှလုံး အမှုအကျင့်ကောင်းသောသူ၊ မြတ်သောသူ၊ မကောင်းသောသူ၊ ယုတ်သောသူဟူ၍ ရှိနေကြသည်ကား သဒ္ဓါ, ပညာ အစရှိသော လောဘ, ဒေါသ အစရှိသောစေတသိက် နာမ်ခန္ဓာတို့၏ အမှုပေတည်း၊ ဝိညာဏ် ကြောင့် နာမကာယ-၁၊ ရူပကာယ ၁၊ နာမရူပ ဓမ္မနှစ်ပါး ဖြစ်ပွားပုံကို ပြဆိုချက်ပြီး၏၊ သည်ကိုရည်၍

နာမ ရူပ၊ ဓမ္မအပြား၊ ဤနှစ်ပါးလည်း၊ ထင်ရှားစုံစွာ၊ ပေါ်တုံလာ၍၊ နာနာကာယ၊ အနန္တလျှင်၊ ရူပ ရုပ်ဟန်၊ သဏ္ဌာန် အမူ၊ ဇာတ်မတူသည်၊ လူအရပ်ရပ်၊ နတ်အထွေထွေ၊ ရေမျိုး ကုန်းမျိုး၊ ကောင်းဆိုးယုတ်ညံ့၊ အကန့်ကန့်လျှင်၊ ခြားသန့်ပေါ ယယ်၊ သောသောကြွယ်သည်။။ နှစ်သွယ်နာမ်ရုပ်-စွမ်းရည် တည်း

ဟူ၍ ဆိုပေသည်။။ဝိဘင်းပါဠိတော်ကြီး၌လည်း'တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမရူပံ၊ အတ္ထိ နာမံ အတ္ထိ ရူပံ' အစရှိသည်ဖြင့် ဟောတော်မူပေသည်။

တတိယ ပျို့လင်္ကာ အဖြေ ပြီး၏၊

------

စတုတ္ထ ပျို့လင်္ကာ အဖြေ

နာမရူပပစ္စယာ သဠာယတနံ

ထင်ရှားစေ့စုံ၊ အပုံပုံလျှင်၊ တည်တုံနာမ်ရုပ်၊ ကိုယ် သမုတ်သား၊ အထုတ်အထည်၊ ကြီးငယ်ကာယ၊ ပေါ်ပြန်က လည်း။။ဒွါရတွင်မည်၊ ဖိတ်ဖိတ်လည်သည်၊ အကြည်ခြောက် မျိုး၊ ကိုယ်လုံးဖြိုးလျက်

ဟူသော လင်္ကာဝါကျ၌ ဝိညာဏ်ကြောင့် ဖြစ်ပေါ်ကြသော

ရူပကာယ, နာမကာယ နှစ်ပါးတွင် ရူပကာယ၏ အာနုဘော်ကြောင့် စက္ခုအကြည်, သောတအကြည်, ဃာနအကြည်, ဇိဝှါအကြည်, ကာယအကြည် ဤရုပ်အကြည် ၅-ပါးတို့သည် ဖြစ်ပေါ်ကုန်၏၊ နာမ ကာယ၏ အာနုဘော်ကြောင့် မနောဟူသော စိတ်အကြည် ဝိညာဏ် အကြည်သည် ဖြစ်ပွား၏၊

ရူပကာယကြောင့် ရုပ်အကြည် ၅-ပါး ဖြစ်ပွားရာ၌ ဥပမာကားထန်သီး, အုန်းသီးတို့မှာ အတော်ကြီးကြလျှင် အစေ့အိမ်, အဆန်အိမ် ပေါ်ပေါက်၍လာ၏၊ သရက်, ပိန္နဲ စသော ခပ်သိမ်းသော အသီးတို့မှာ လည်း အစေ့အိမ်, အဆန်အိမ် ပေါ်ချိန်ကျလျှင် ပေါ်ကြကုန်၏၊ အစေ့ အဆန် ထည့်ချိန်ကျလျှင် ထည့်ကျကုန်၏၊ အစေ့အဆန် တည်ချိန် တန်လျှင် တည်ကြကုန်၏၊

ထိုအတူ အဏ္ဍဇသတ္တဝါ, ဇလာဗုဇ သတ္တဝါဟု ဆိုအပ်သော ဂဗ္ဘသေယျက သတ္တဝါတို့မှာ ပဋိသန္ဓေ တည်နေပြီးနောက် ပဝတ္တိကာလ၌ စက္ခု, သောတ, ဃာန, ဇိဝှါ ဟူသော ရုပ်ကြည် ၄-ပါး ဖြစ်ချိန်ပေါ် ချိန်ကျသောအခါ မျက်စိအိမ်, နားအိမ်, နှာခေါင်းအိမ်, လျှာအိမ်တို့နှင့် တကွ ပသာဒအကြည်တို့သည် ဖြစ်ပေါ်၍ လာကုန်၏ အဆန် ထည့်၍ လာကုန်၏၊ ကာယအကြည်သည်မူကား-ပဋိသန္ဓေဝိညာဏ်နှင့် အတူ တကွ တည်၍လာ၏၊ ဥပပါတ်ပုဂ္ဂိုလ်, သံသေဒဇပုဂ္ဂိုလ်တို့၌ကား ရုပ်ကြည် ၅-ပါးတို့သည် ပဋိသန္ဓေဝိညာဏ်နှင့်တကွ ဖြစ်ပေါ်၍ လာ ကုန်၏၊ ဗြဟ္မာတို့၌ကား ဃာနဓာတ်အိမ်, ဇိဝှါဓာတ်အိမ်, ကာယ ဓာတ်အိမ်တို့မှာ အိမ်သက်သက်သာ ရှိကြကုန်၏၊ ပသာဒဓာတ် မရှိကြကုန်။

(ဤကား ရုပ်ကြည် ငါးပါး ဖြစ်ပေါ်ပုံ ဥပမာတည်း။) ဖဿ, ဝေဒနာ, သညာ, စေတနာ အစရှိသော နာမကာယ၊ ဝိတက်, ဝိစာရ, ဝီရိယ, ပီတိ, ဆန္ဒဟူသော နာမကာယ၊ လောဘ, ဒေါသ, မောဟအစရှိသော နာမကာယ၊ သဒ္ဓါ, သတိ, ပညာ, ဒါန, သီလ အစရှိသော နာမကာယတို့ကြောင့် မနောအကြည်ဟူသော မနာယတန သည်ဖြစ်၏၊ မနောအကြည် မနာယတန ဆိုသည်လည်း ပဓာနဓာတ်မင်း ဟုဆိုအပ်သော ဝိညာဏ်ကိုပင် ဆိုသတည်း။ ထိုသို့ဖြစ်ခဲ့သော် ဝိညာဏ် ကား အမိနှင့် တူသည်၊ နာမ်စုကား သားဆိုး, သားကောင်းတို့နှင့် တူသည် ဟု ရှေး၌ ဆိုပြီးဖြစ်၍ သား, သမီးတို့မှ အမိဖြစ်ပြန်သည်၊ သား, သမီးတို့မှ အမိ ပေါက်ဖွားပြန်သည်ဟု ဆိုရာ မရောက်ပြီလောဟု မေးရန် ရှိ၏၊ သစ်စေ့မှ သစ်ပင်ဖြစ်၏၊ သစ်ပင်မှ သစ်စေ့ဖြစ်၏၊ ဤသို့ ဖြစ်ရာ၌ ရှေးသစ်စေ့ကား တခြားတည်း၊ နောက် သစ်စေ့ကား တခြားတည်း။

ဤအတူ နာမ်တရား ၅၂-ပါး ရှိသည်တွင် ဝိတက်, ဝိစာရ လွန်ကဲသော အခါလည်း ရှိသည်၊ ဝီရိယ လွန်ကဲသော အခါလည်း ရှိသည်၊ ပီတိ လွန်ကဲသော အခါလည်း ရှိသည်၊ ဆန္ဒ လွန်ကဲသောအခါ, နွားငတ်ရေချ လောဘ လွန်ကဲသောအခါ, ယမ်းပုံမီးကျ ဒေါသ လွန်ကဲသောအခါလည်း ရှိသည်၊ ဤသို့ အစရှိသည်ဖြင့် အသီးသီး လွန်ကဲမိ လွန်ကဲရာ လွန်ကဲစွာ ဖြစ်ကြသော အလှည့်အလည် ရှိကုန်၏၊ ထိုသို့ရှိရာ၌ ဝိတက်လွန်ကဲသောအခါ ဝိတက် လှုံ့ဆော်တိုင်း လှုံ့ဆော် တိုင်း စိတ်ဝိညာဏ်သည် ရှေ့ဆောင် ရှေ့သွား လမ်းညွန် လမ်းပြအနေနှင့် ဖြစ်ပေါ်၍ ပါရတော့သည်၊ ပင်လယ်ခရီးသို့ သင်္ဘောကြီးငယ်နှင့် သွားရာမှာရေကြောင်းပြ ပါမှ သွားနိုင်သကဲသို့ အာရုံသို့ သွားကြသော နာမ်တရားတို့သည်လည်း စိတ်ဝိညာဏ် လမ်းညွန်လမ်းပြ, ရှေ့ဆောင် ရှေ့သွား ပါရှိမှ အာရုံကို ရနိုင်ကြကုန်သတည်း။ တိုင်းရှင် ပြည့်ရှင် ဘုရင်မင်းပင်ဖြစ်သော်လည်း ပင်လယ်ခရီးမှာ ရေကြောင်းပြ ပဲ့သူကြီး မပါက အလိုရှိရာ မြို့ရွာ, ဆိပ်ကမ်းသို့ မရောက်နိုင်လေ။

ရေကြောင်းပြ ပဲ့သူကြီးသည် မိမိ သွားလိုသော ဆန္ဒမရှိသော် လည်း ရေကြောင်းပြ မပါလျှင် မဖြစ်နိုင်သော အရာဖြစ်၍ လှေ သင်္ဘောနှင့် ပင်လယ်ခရီးကို ဘယ်သူပင် သွားလိုသော်လည်း ရေကြောင်း ပြပါရတော့သည်သာ ဖြစ်၏၊ ပဲ့သူကြီး ပါရတော့သည်သာ ဖြစ်၏၊ ဤဥပမာဖြင့် ဝိတက်, ဝိစာရ, လောဘ, ဒေါသ အစရှိသော နာမ်ခန္ဓာ တို့၏ လှုံ့ဆော်ချက်နှင့် စိတ်ဝိညာဏ်သည် တဖွားဖွားဖြစ်ပေါ်ရသောအခါ နာမ်တရားတို့ကြောင့် မနာယတန ဖြစ်ပေါ်သည်မည်၏ဟု ဆိုလိုသည်၊ ထင်းရှားရာကို ပဓာနပြု၍ ပြဆိုသော ဥပမာတည်း။

တစ်နည်းအားဖြင့် မီးနှင့် လေကို ဥပမာပြုရာ၏၊ မီးကြောင့် လေဖြစ်သည်၊ လေကြောင့် မီးပွားသည်၊ မီးနှင့်ဝိညာဏ်-လေနှင့် နာမ်ခန္ဓာ၊ တစ်နည်း-မြေ-ရေ-မီး-လေဟူသော ဓာတ်လေးပါးတို့သည် အချင်းချင်း မကင်းအပ်, မကင်းရာ ဖြစ်၏၊ တစ်ပါးဖြစ်ပေါ်လျှင် တစ်ပါးဖြစ်၍ ပါတော့သည်၊ ဤအတူ ဝိညာဏ် ဖြစ်ပေါ်လျှင်လည်း အခွင့်အားလျော်စွာ အချို့အချို့သောနာမ်စု ပါရတော့သည်၊ နာမ်တရားစုဖြစ်ပေါ်လျှင်လည်း ဝိညာဏ် အမြဲပါရတော့သည်။

(ဤကား နာမ်ကြောင့် မနာယတန ခေါ်သော ဝိညာဏ်ဖြစ်ပုံတည်း။)

နာမကာယကြောင့်သာ မနာယတနခေါ်သော ဝိညာဏ်ဖြစ်ရ သည်မဟုတ်၊ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, ဟဒယဝတ္ထု ဟူသော ဝတ္ထု ၆-ဖြာ ရူပကာယကြောင့်လည်း ဝိညာဏ်ဖြစ်ပေါ်ရ၏၊ စက္ခုဝတ္ထုရုပ် ရှိသောကြောင့် စက္ခုဝိညာဏ် ဖြစ်ပေါ်ရ၏၊ သောတဝတ္ထုရုပ် ရှိခြင်း ကြောင့် သောတဝိညာဏ် ဖြစ်ပေါ်ရ၏၊ ဃာနဝတ္ထုရုပ် ရှိခြင်းကြောင့် ဃာနဝိညာဏ် ဖြစ်ပေါ်ရ၏၊ ဇိဝှါဝတ္ထုရုပ် ရှိခြင်းကြောင့် ဇိဝှါဝိညာဏ် ဖြစ်ပေါ်ရ၏၊ ကာယဝတ္ထုရုပ် ရှိခြင်းကြောင့် ကာယဝိညာဏ်ဖြစ်ပေါ်ရ၏၊ ဟဒယဝတ္ထုရုပ်ရှိခြင်းကြောင့် ကြွင်းသော ပဉ္စဝေါကာရဝိညာဏ်ဟူသမျှ ဖြစ်ပေါ်ရ၏၊ ဥပမာကား-ထိမ်ပင်ရှိ၍ ထိမ်ပင်နတ်ရှိလာသကဲ့သို့လည်း ကောင်း၊ ကြို့ပင်ရှိ၍ ကြို့နတ် ရှိလာသကဲ့လည်းကောင်း၊ ကျွန်းပင်ရှိ၍ ကျွန်းပင်နတ် ရှိလာသကဲ့လည်းကောင်း၊ ရှားပင်ရှိ၍ ရှားမှိုပေါက် လာသကဲ့သို့လည်းကောင်း၊ ထနောင်းပင်ရှိ၍ ထနောင်းမှို ပေါက်လာ သကဲ့သို့လည်းကောင်းတည်း။

ထိုအကြည်ခြောက်ပါးသည် ဤခန္ဓာကိုယ်၌ ဒွါရခြောက်ပါး မည်၏၊ အရည်-အရောင်ကဲ့သို့ ရွှန်းရွှန်းစက်စက် ရှိ၏၊ ဖိတ်ဖိတ် လည်သော အကြည်ဓာတ်မျိုးဖြစ်၏၊ ဒွါရဆိုသော်လည်း အပေါက်ဟင်း လင်းရှိသော အာကာသတံခါးမျိုးဖြစ်၍ ဆိုသည်မဟုတ်၊ ဖန်တံခါး မှန်တခါးများကဲ့သို့ ဖိတ်ဖိတ်လည်သော အကြည်တံခါးမျိုးသာတည်း။ စက္ခုအကြည်ကား မျက်လုံးအိမ်မှာ ပေါ်၏၊ သောတအကြည်ကား နားတွင်းမှာ ပေါ်၏၊ ဃာနအကြည်ကား နှာခေါင်းတွင်းမှာ ပေါ်၏၊ ဇိဝှါအကြည်ကား လျှာအပြင်မှာ ပေါ်၏၊ ကာယအကြည်ကား တစ်ကိုယ် လုံးမှာ အတွင်အပြင် အနှံ့အပြား ပေါ်၏၊ မနောအကြည်ကား နှလုံးအိမ် တွင်းမှာ ပေါ်၏၊ ရှေ့အကြည် ၅-ပါးကား ရုပ်အကြည်ပေတည်း၊ မနော အကြည်ကား ဝိညာဏ်ဟုဆိုအပ်သော နာမ်အကြည်ပေတည်း၊ လျှမ်း လျှမ်းတောက်သော အကြည်ပေတည်း၊ နေဝန်းသဏ္ဌာန်စသော အဆင်း သဏ္ဌာန် အထည်ဝတ္ထုဟူမျှသည် စက္ခုအကြည်, မနောအကြည် ဤအကြည်နှစ်ချက်၌ တပြိုင်နက် အရိပ်အသွင် ထင်ပြ ဆိုက်တိုက်ရ သည်။

ထိုသို့ ထင်ပြဆိုက်ရောက်လာသောအခါ ဤကား နေဝန်းတည်း၊ ဤကား လဝန်းတည်း၊ ဤကားလူတည်း၊ ဤကား နွား, ကျွဲစသည်တည်း၊ ဤကား မြေ, ရေ, တော, တောင်စသည်တည်း၊ ဤသို့ စသည်ဖြင့် မြင်ကြသိကြရသည်။

မိုးသံ, လေသံ, စည်သံ, စောင်းသံ, လူသံ, နွားသံ, စကားသံ စသော အသံမျိုးဟူသမျှသည် သောတအကြည်, မနောအကြည် ဤအကြည်နှစ်ချက်မှာ ပုံသဏ္ဌာန် အရိပ်အသွင် ထင်ပြဆိုက်တိုက်ရ သည်၊ စံပယ် စကား အစရှိသော မွေးသောအနံ့မျိုး, ပုပ်သော နံသော အနံ့မျိုးဟူသမျှသည် ဃာနအကြည်, မနောအကြည် နှစ်ဌာနမှာ အရိပ်အသွင် ထင်ပြဆိုက်တိုက်ရသည်၊ အချို, အချဉ်စသော အရသာ မျိုးဟူသမျှသည် ဇိဝှါအကြည်, မနောအကြည် ဤနှစ်ဌနမှာ ထင်ပြဆိုက် တိုက်ရသည်၊ အပူ, အချမ်း, အကြမ်း, အနု ဟူသော ဖောဋ္ဌဗ္ဗာရုံဟူ သမျှသည် ကာယအကြည်, မနောအကြည် ဤနှစ်ဌနမှာ ထင်ပြဆိုက် တိုက်ရသည်၊ ကြွင်းသမျှသော စက္ခု, သောတ,ဃာန,ဇိဝှါ, ကာယ, မနောကုသိုလ်, အကုသိုလ်စသော ဓမ္မာရုံနှင့်တကွ အထက်ကပြဆိုခဲ့ပြီး သော အဆင်းသဏ္ဌာန် အစရှိသော အာရုံငါးပါးဟုဆိုအပ်သော ခြောက် ပါးသောအာရုံတို့သည် မနောအကြည်မှာ ထင်ပေါ်လာရကုန်သည်၊ သည်ကိုရည်၍

အရိုးစီစဉ်၊ အမြင်-စက္ခု။။ ကြားမှု-သောတ။။ ဃာနအနံ့။။ လျှက်ရန်-ဇိဝှါ။။ ကာယာ-တွေ့ထိ။။ အသိ-မနော။ မရောမယှက်၊ တလက်လက်လျှင်၊ အမျက်စိန်ရည်၊ လဲ့လဲ့ ကြည် သို့၊ ခြောက်မည်အာရုံ၊ အလုံးစုံသည်၊ ပုံသဏ္ဌာန်ရိပါ၊ နိမိတ် အသွင်၊ အကုန်ထင်၍၊ ဤရှင်ဤလူ၊ ဤမူနေ,လ၊ ရူပသဏ္ဌာန်၊ အသံအမျိုး၊ အခိုးလှိုင်ပျံ့၊ ရနံ့ထိုထို၊ အချိုအချဉ်၊ ဤလျှင်အပူ၊ ဤမူအအေး၊ အတွေးအသိ၊ ပြည့်စုံဘိ၍

ဟုဆိုပေသည်၊ ထိုသို့မြင်မှု, ကြာမှု, နံမှု, လျှက်မှု, တွေ့ထိမှု, သိမှု, ကြံဖန်မှု နေ့ညဉ့်မစဲ ခဏမစဲ တလင်းလင်းဖြစ်၍ နေကြပါ၏၊ ထိုသို့ နေကြခြင်းကြောင့်

၁။ ငါကြည့်သည်-ငါရှုသည်-ငါမြင်သည်ဟု စက္ခုဓာတ်မှာ တည်ထောင်၍နေသော သက္ကာယဒိဋ္ဌိ ငရဲအိုးကြီး တစ်လုံး။

၂။ ငါကြားသည်ဟု သောတဓာတ်မှာ တည်ထောင်၍ နေသော သက္ကာယဒိဋ္ဌိ ငရဲအိုးကြီး တစ်လုံး။

၃။ ငါနံသည်ဟု ဃာနဓာတ်မှာ တည်ထောင်၍နေသော သက္ကာယဒိဋ္ဌိ ငရဲအိုးကြီး တစ်လုံး။

၄။ အချို အချဉ် အရသာကို ငါသိသည်-ငါလျှက်သည်ဟု ဇိဝှါဓာတ်မှာ တည်ထောင်၍နေသော သက္ကာယဒိဋ္ဌိ ငရဲအိုးကြီး တစ်လုံး။

၅။ ဘယ်နေရာမဆို တစ်ကိုယ်လုံးမှာ တွေ့ထိလာလျှင် ငါသိ သည်ဟု ကာယဓာတ်မှာ တည်ထောင်၍နေသော သက္ကာယဒိဋ္ဌိ ငရဲအိုးကြီး တစ်လုံး။

၆။ ငါကြံသည်-ငါသိသည်ဟု မနောဓာတ်မှာ တည်ထောင်၍ နေသော သက္ကာယဒိဋ္ဌိ ငရဲအိုးကြီး တစ်လုံး။ ဤခြောက်လုံးသော သက္ကာယဒိဋ္ဌိ ငရဲအိုးကြီးမှာ လောဘ, ဒေါသ, မောဟ, မာန, ဣဿာ, မစ္ဆေရ စသော ငရဲမီးတောက်မီး လျှံတို့သည် တဟုန်းဟုန်းထ၍ တောက်လောင်၍ နေကြကုန်၏၊

သည်ကိုရည်၍

အတွေးအသိ၊ ပြည့်စုံဘိ၍၊ ငါ၏ဤကိုယ်၊ ငါမင်းပျိုဟု၊ အဆိုအထင်၊ အမြင်မှောက်မှား၊ စိတ်နေကြွားဖို့၊ တံခါး ခြောက် သင်း၊ ကိုယ်လုံးလင်းသည်။။ခြောက်စင်းဓာတ်မှန် စွမ်းရည် တည်း

ဟူ၍ဆိုပေသည်။။ ပါဠိတော်၌လည်း

တတ္ထ ကတမံ နာမရူပပစ္စယာ သဠာယတနံ၊ စက္ခာယတနံ သောတာယတနံ အစရှိသည်ဖြင့် ဟောတော်မူသည်။

စတုတ္ထ ပျို့လင်္ကာအဖြေ ပြီး၏၊

------------

ပဉ္စမပျို့လင်္ကာ အဖြေ

သဠာယတနပစ္စယာ ဖေဿာ

ဓာတ်မှန် အကြည်၊ ခြောက်မျိုးတည်က၊ ခြောက်မည် အာရုံ၊ အလုံးစုံလည်း၊ ကဲုသဏ္ဌာန်ရိပ်၊ နိမိတ်အသွင်၊ ကိုယ်လုံး ထင်လျက်၊ ဝိညာဉ်ခြောက်ဆင့်၊ ဖွားဖွားပွင့်က၊ နှိုင်းသင့်တူမျှ၊ ပမာပြမူ၊ သိကြားစက်ရှိန်၊ လက်လက်ထိန်သား၊ ဝရဇိန်သွား၊ ရွပ်ရွပ်ဝါးသို့၊ ခြောက်ပါးဖဿ၊ ဖြန်းဖြန်းထ၍

ဟူသော လင်္ကာဝါကျ၌ အာယတနဒွါရခေါ်သော မကြည်ဓာတ် ၆-မျိုးပြည့်၍နေသော ဤခန္ခာကိုယ်ကောင်ကြီးသည် ဝိဇ္ဇာမယပညာဖြင့် စီရင်၍ ထားသော ဓာတ်ရုပ်ကြီးနှင့်တူ၏၊ အဘယ်သို့ စီရင်သနည်းဟူမူ အလွန်ထက်လှစွာသော စိန်,ဆေးဒါန်း,ပြဒါးစသော ဓာတ်တို့ကို ဝိဇ္ဇာမယပညာဖြင့် အင်္ဂါကြီးငယ်နှင့်တကွ သတ္တဝါကောင် သဏ္ဌာန် ပြုလုပ်၍ မျက်စိမှာ မီးမှန်ဓာတ်တစ်ခုထား၏၊ ထိုမှန်ကို ဖွင့်၍ထား သည်ရှိသော် ထိုမှန် မျက်နှာစာမှာ အဝေး,အနီးရှိကြသော သက်ရှိ သက်မဲ့ ဝတ္ထုတို့၏ အရိပ်အသွင်တို့သည် ထိုမှန်ထဲမှာ ထင်ကုန်၏၊ ထင်တိုင်း ထင်တိုင်းလည်း ထိုမှန်အပြင်မှာ မီးတောက်၏၊ ပိတ်လိုက်ပြန်လျှင် ထင်သမျှသော အရိပ်အသွင်တို့သည် ကွယ်ပျောက်ကုန်၏၊ မှန်အပြင်မှာ တောက်သော မီးတောက်လည်း ကွယ်ပျောက်လေ၏၊ ဖွင့်ပြန်၍ အရိပ်အသွင်တို့ ထင်ပြန်လျှင် မီးတောက်ပြန်၏၊ ပိတ်ပြန်လျှင် အရိပ်အသွင်တို့ ကွယ်ပြန်၍ မီးတောက်သေပျောက်ကွယ်ဆုံးပြန်သည်။

ဤဥပမာ၌ ဓာတ်မှန်အပြင် အရိပ်အသွင်တို့၏ ထင်မှုဒဏ် ချက်ကြောင့် မီးတောက်သည်။ ထင်မှုကွယ်ပျောက်လျင် မီးတောက်သေ လေ၏၊ ဓာတ်မှန်အပြင်နှင့် စက္ခုအကြည် တူ၏၊ ဗဟိဒ္ဓ-က တည်ကြ သောဝတ္ထုနှင့် အဆင်းသဏ္ဌန်ဟူသော ရူပါရုံတို့သည် တူကြကုန်၏၊ ထိုဝတ္ထု၏ ဓာတ်မှန် အပြင်၌ အရိပ်အသွင်ထင်မှု, ခိုက်မှု, တိုက်မှု, ပြင်မှုရူပါရုံတို့၏ စက္ခုအကြည်မှာ အရိပ်အသွင် ထင်မှု, ခိုက်တိုက် ထိပါးမှု တူကြကုန်၏၊ မီးတောက်သည်နှင့် စက္ခုဝိညာဏ်စိတ်ဖြစ်ပေါ်မှု တူကြ ကုန်၏၊ ထင်သော အရိပ်အသွင်တို့ ကွယ်ပျောက်လျှင် မီးတောက်သေ ပျောက်နှင့် ထင်မှု, ထိခိုက်မှုမရှိလျှင် စက္ခုဝိညာဏ်စိတ်ချုပ်ကွယ်မှု တူကြကုန်၏၊ ဥပမာဆိုသော်လည်း လုံးလုံးထပ်တူ ကျ၍နေ၏၊

သောတအကြည်-၁၊ သဒ္ဓါရုံ-၁၊ သောတဝိညာဏ်-၁၊ ဓာတ်ဖက် ၃-ခု။။ ဃာနအကြည်-၁၊ဂန္ဓာရုံ-၁၊ ဃာဏဝိညာ ဏ်-၁၊ ဓာတ်ဖက် ၃-ခု။။ဇိဝှါအကြည်-၁၊ ရသာရုံ-၁၊ ဇိဝှါဝိညာဏ်-၁၊ ဓာတ်ဖက် ၃-ခု။။ ကာယအကြည်-၁၊ ဖောဋ္ဌဗ္ဗာရုံ-၁၊ ကာယဝိညာဏ်-၁၊ ဓာတ်ဖက် ၃-ခု။ ဘဝင်ခေါ်သော မနောအကြည်ကြီး-၁၊ အာရုံ ၆-ပါးတွင် တစ်ပါးပါး ၁၊ မနောဝိညာဏ်-၁၊ ဓာတ်ဖက် ၃-ခု၊ ဤနောက်ငါးရပ်တို့ကိုလည်း စက္ခုအကြည်ကဲ့သို့ ဓာတ်ရုပ်ကြီးဥပမာ အသီးသီးထုတ်၍ သိလေ။ တစ်နည်းလည်း- အကြည် ၆-ပါးသည် မီးပွတ်ခုံနှင့် တူ၏၊ အာရုံ ၆-ပါးသည် မီးပွတ်တံနှင့် တူ၏၊ မီးပွတ်ခုံ၌ မီးပွတ်တံနှင့် ပွတ်သည်နှင့် အကြည် ၆-ပါး, အာရုံခြောက်ပါး ထင်မှု, ခိုက်မှု တူ၏၊ ပွတ်၍ဖြစ်ပေါ်လာ သောမီးနှင့် ဝိညာဏ် ၆-ပါးတူ၏၊ စောင်းကြိုးနှင့် အကြည် ၆-ပါး တူ၏၊ တီးသော စောင်းတံနှင့် အာရုံ ၆-ပါး တူ၏၊ တီး၍ဖြစ်ပေါ်လာသော စောင်းသံအမျိုးမျိုးနှင့် ဝိညာဏ် ၆-ပါး တူ၏၊။တစ်နည်း စည်မျက်နှာ အပြင်နှင့် အကြည် ၆-ပါး တူ၏၊ စည်တီးသောလှံတံနှင့် အာရုံ ၆-ပါး တူ၏၊ တီးမှုနှင့် ထိခိုက်မှု တူ၏၊ တီး၍ဖြစ်သော အသံနှင့် ထိခိုက်၍ ဖြစ်သော ဝိညာဏ် ၆-ပါးတူ၏၊ ကောင်းကင်၌ တိမ်တိုက်ချင်းချင်း ခွပ်မှုနှင့် အကြည်ဓာတ်, အာရုံဓာတ် နှစ်ပါးတို့ ထိခိုက်မှု တူ၏၊ တိမ်တိုက် ချင်းချင်း ခွပ်သည့်အခါ တလက်လက် တဝင်းဝင်း ဖြစ်ပေါ်သော လျှပ် ရောင်ဥပါလုံးတို့နှင့် ဝိညာဏ် ၆-ပါးတူ၏၊

ဤ ဥပမာတို့ဖြင့် စိတ် ဝိညာဏ် ၆-ပါး မည်သည် သတ္တဝါတို့၏ ကိုယ်သန္တာန်မှာ အမြဲတည်၍နေကြသော တရားစု မဟုတ်ကုန်။ အာရုံခိုက်မှု, ထင်မှုဒဏ်ချက်ကြောင့် အလှည့်အလည်အားဖြင့် ကိုယ်တွင်း မှာဖြစ်ချည်, ပျောက်ချည်နေကြသော အာဂန္တုဓာတ်တို့သာ တည်းဟူသော အဓိပ္ပါယ်ကိုပြသတည်း။ ထိုဝိညာဏ် ၆-ပါးတို့တွင် နှလုံးတွင်းဟဒယ ဝတ္ထုမှာ ဖြစ်ပေါ်သော ဇောဝိညာဏ်စုသည် အလွန် အဟုန်အဝါကြီးလှ စွာ၏၊ သတ္တဝါတို့သည် ထိုဇောဝိညဏ် အစဉ်ဖြင့်ခပ်သိမ်းသောကာ ယကံမှု၊ ဝစီကံမှု၊ မနောကံမှုကို ပြုကြ ပြီးစေကြရကုန်၏၊ (ဤကား အကြည် ၆ ပါး, အာရုံ ၆-ပါး ထင်ခြင်းကြောင့် ကိုယ် သန္တာန်မှာ ဝိညဏ် ၆-ပါး တဖွားဖွားပေါ်ပုံ, တဖွားဖွား ပွင့်ပုံတည်း။) စက္ခုအကြည်မှာ လူရိပ်စသည် ထင်သည်, ထိခိုက်သည်နှင့် တပြိုင်နက် စက္ခုဝိညဏ်လည်း ဖြစ်ပေါ်၏၊ ထို့အတူ သောတအကြည် သဒ္ဒါရုံ သောတဝိညာဏ် သုံးပါးပေါင်းဆုံမိသည်နှင့် တပြိုင်နက် သောတသမ္ဖဿ ဖြစ်ပေါ်၏၊ ဃာနအကြည်, ဂန္ဓာရုံ, ဃာနဝိညဏ် သုံးပါး ပေါင်းဆုံမိသည်နှင့် တပြိင်နက် ဃာနသမ္ဖဿ ဖြစ်ပေါ်၏၊ ဇိဝှါအကြည်, ရသာရုံ, ဇိဝှါဝိညဏ်သုံးပါးပေါင်း ပေါင်းဆုံမိသည်နှင့် တပြုင်နက်ဇိဝှါသမ္ဖဿ ဖြစ်ပေါ်၏၊ ကာယအကြည်, ဖောဋ္ဌဗ္ဗာရုံ, ကာယဝိညဏ် သုံးပါး ပေါင်းဆုံမိသည်နှင့် တပြိုင်နက် ကာယသမ္ဖဿ ဖြစ်ပေါ်၏၊ ဘဝင်မနော, အာရုံ ၆-ပါးတွင်တပါးပါး, မနောဝိညဏ် သုံးပါး ပေါင်းဆုံမိသည်နှင့် တပြိုင်နက်မနောသမ္ဖဿဖြစ်ပေါ်၏၊ စက္ခုသမ္ဖဿ ဆိုသည်ကား မျက်စိအတွေ့တည်း၊ မျက်စိအတွေ့ ဆိုသည်ကား မျက်စိ တွင် ထင်ပြ ထိခိုက်လာသောအဆင်းသဏ္ဌာန်၏ ကောင်းမကောင်းသော ရသကို ကြိတ်နယ်၍ ယူခြင်းတည်း၊ အာရုံ၏ ရသကို ညှစ်ညှပ် ကြိုတ် နယ်၍ထုတ်ခြင်းတည်း။

အဆင်း၌ လှပတင့်တယ် နှစ်သက်ဖွယ်သောဂုဏ်ကို ကောင်း သောရသ ဆိုသည်၊ မလှမပ မတင့်တယ် နှစ်သက်ဖွယ် မရှိသည်ကို မကောင်းသောရသ ဆိုသည်၊ လှပတင့်တယ်သောရသလည်း အလှထက် အလှ အဆင့်ဆင့်များ၏၊ လူ့ပြည်၌ရှိသော အလှမျိုးတို့ထက် စတုမဟာရာဇ်နတ်တို့၏ အလှမျိုးသည် အဆ အသိန်း အသန်း မကသာလွန်၏၊ စတုမဟာရာဇ်နတ်တို့၏ အလှမျိုးထက် တာဝတိံသာ နတ်တို့၏ အလှမျိုးတို့သည် အသိန်း အသန်း မကသာလွန်၏၊ အထက် ထက်နတ်တို့ကိုလည်းဤနည်းအတိုင်းသိလေ။ စက္ခုအကြည်သည် မိမိမှာ ထင်လာသောအဆင်းကို လက်ခံရုံမျှသာ စွမ်းနိုင်သည်၊ ထိုအဆင်းကို အာရုံမပြုနိုင်၊ စက္ခုဝိညဏ်သည် ထိုအဆင်းကို အာရုံ ပြုရုံမျှသာ ပြုနိုင် သည်၊ ကောင်းသောရသ မကောင်းရသကို ထင်ရှား၍ လာအောင် ကြိတ်နှိပ်ခြင်းကို မပြုတတ်၊ ဖဿဓာတ်သည်သာလျှင် အာရုံကောင်းလျှင် ကောင်းသလောက်, မကောင်းလျှင် မကောင်းသ လောက် ဣဋ္ဌရသ အနိဋ္ဌရသကို အကုန်ထွက်ပေါ် ထင်ရှား၍ လာအောင် ကြိတ်နှိပ် ဖိညှပ်၍ လာအောင် ကြိတ်နှိပ် ဖိညှပ်၍ထုတ်နိုင်သည်။

ဥပမာကား- နှမ်းတို့ကိုလည်းကောင်း၊ မြေပဲဆန်တို့ကိုလည်း ကောင်း ဆီကြိတ်ရာ၌ ကြိတ်ဆုံနှင့် စက္ခုအကြည်သည် တူ၏၊ နှမ်းဆန်, မြေပဲဆန်တို့နှင့် အဆင်းဟူသော ရူပါရုံသည် တူ၏၊ ကြိတ်ဆုံတွင်းသို့ ထည့်လောင်း၍ပေးသော ယောကျာ်းနှင့် ဝိညာဏ်သည် အတန်ငယ် တူ၏၊ ဆီထွက်အောင် ဖိနှိပ် ကြိတ်ဝါးသော ကျည်ပွေ့နှင့် စက္ခုသမ္ဖဿ သည်တူလှ၏၊ နှမ်းမြေပဲဆီတို့နှင့် ဣဋ္ဌရသ, အနိဋ္ဌရသသည် တူ၏၊ ထိုဖဿ၏ ဖိနှိပ် ကြိတ်ဝါးမှုသည် တောင်အထု, သစ်ပင်အထုကို ပစ်ခွင်း ဖြိုခွဲလိုက်သော ဝရစိန်လက်နက်မိုးကြိုး စက်သွားသည် တောင် သစ်ပင်တို့ကို မှုန့်မှုန့်ညက်ညက် ကြိတ်ဝါး၍ သွားဘိသကဲ့သို့ အာရုံကို မြေ့မြေ့ပါအောင် ဖိနှိပ် ကြိတ်နယ်၍ အာရုံ၏ရသကို ထုတ်ဖေါ်မှုပေ တည်း။။နောက်နောက်သော အာရုံငါးပါး, ဖဿငါးပါးတို့၌လည်း ဤစက္ခုသမ္ဖဿနည်းတူ ဥပမာနှင့်တကွ သိလေ။

ဤမျက်စိအတွေ့ နားအတွေ့ အစရှိသော ဖဿမှုမည်သည် ခံစားစံစားသော အရာတို့၌လည်းကောင်း၊ တဏှာဖြင့် သာယာသော အရာတို့၌လည်းကောင်း၊ ရွံမှု, စက်ဆုပ်မှု, ကြောက်မှု, လန့်မှု, ထိတ်မှု တို့၌လည်းကောင်း ဖဿသည် အချုပ်အခြာ ပဓာနဖြစ်၏၊

- ဖဿသန်လျှင် ဝေဒနာသန်၏၊ တဏှာသန်၏၊

- ဖဿပျော့လျှင် ဝေဒနာပျော့၏၊ တဏှာပျော့၏၊ ထိုကြောင့် အဆင်းသဏ္ဌာန်လှပသော ဝတ္ထုကို ကြည့်ရှုသော အခါ ဝေး၍နေခဲ့သော်လည်းကောင်း၊ အလင်းရောင်နည်းပါး၍ နေခဲ့သော် လည်းကောင်း ဖဿပျော့၍နေ၏၊ သုဝေဒနာ တဏှာ ရာဂဇော အလှိုင်း ကြီးမလာ၊ ထိုအခါ ဖဿကို အားမရရှိ၍ အာရုံရှိရာသို့ သွားရ၏၊ နီ - ယောကျ်ားတို့ မျက်စိအတွေ့တွင်လည်း မိန်မတို့၏ အဆင်း သဏ္ဌာန်နှင့်စပ်သော စက္ခုအတွေ့သည် အထန်ဆုံး, အသန်ဆုံးဖြစ်၏၊

- စက္ခုအတွေ့မှ လျှောက်၍ မနောအတွေ့၌ ခိုက်လေ၏၊

- ရွှင်လန်းရုံမျှတွင် မရပ်မူ၍ ပူပန်သော ရာဂဇောလှိုင်းကြီး လာ၏၊

ထို့ကြောင့် အင်္ဂုတ္တိုရ် ပါဠိတော်၌

နာဟံ ဘိက္ခဝေ အညံ ဧကရူပမ္ပိ သမနုပဿာမိ၊ ယံ ဧဝံ ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ၊ ယထယိဒံ ဘိက္ခဝေ ဣတ္ထိရူပံ၊ ဣတ္ထိရူပံ ဘိက္ခဝေ ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ

ဟူ၍ ဟောတော်မူပေပြီ။

''မိန်းမတို့၏ အဆင်းသဏ္ဌာန်ကဲ့သို့ ယောကျ်ားတို့၏ စိတ်ကို သိမ်းကျုံး၍ ယူနိုင်သော အဆင်းသဏ္ဌာန်မည်သည်ကို လောက၌ တစ်စုံတစ်ခုသော အဆင်းကိုမျှ ငါဘုရား မြင်တော်မမူ'' ဟူလိုသည်။။ ဟရိတစရှင်ရသေ့, ဓမ္မဓဇရှင်ရသေ့ အစရှိသော စျာန်သမာပတ်နှင့် နေသော အလောင်းတော်ကြီးများသည်ပင်လျှင် မိဘုရား၏ အင်္ဂါအဆင်း ကို မြင်ရရာ စက္ခုသမ္ဖဿခိုက်ချက်နှင့် ကောင်းကင်မှ မြားမှန်၍ ကျလာ သော ရွှေဟင်္သာကဲ့သို့ စျာန်သမာပတ်ကွယ်ပ၍ ခဏချင်း ကောင်း ကင်မှကျလေ၏၊

မိန်းမတို့၏ စက္ခုအတွေ့တွင်လည်း အရွယ် အဆင်း အလွန် ကောင်းသော ယောက်ျားတို့၏ အဆင်းသဏ္ဌာန်နှင့်စပ်သော စက္ခု အတွေ့သည် အထန်ဆုံး, အသန်ဆုံးဖြစ်၏၊ စက္ခုအတွေ့မှ လျှောက်၍ မနောအတွေ့၌ ခိုက်လေ၏၊ ရွှင်လန်းရုံမျှတွင် မရပ်မူ၍ ပူပန်လှုပ်ရှား သော ရာဂဇောသည် အလှိုင်းကြီးတက်၍ လာ၏၊ ထို့ကြောင့် အင်္ဂုတ္တိုရ် ပါဠိတော်၌

နာဟံ ဘိက္ခဝေ အညံ ဧကရူပမ္ပိ သမနုပဿာမိ၊ ယံ ဧဝံ ဣတ္ထိယာ စိတ္တံ ပရယာဒါယ တိဋ္ဌတိ၊ ယထယိဒံ ဘိက္ခဝေ ပုရိသရူပံ၊ ပုရိသရူပံ ဘိက္ခဝေ ဣတ္ထိယာ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ

ဟူ၍ ဟောတော်မူ၏၊

အချိန်အရွယ်နှင့် ပြည့်စုံသောမိန်းမသည် ကိုယ်တွင်းဝတ္ထု သန့်စင်၍နေသောအခါ အလွန်လှပစွာသော ယောက်ျား၏ အဆင်းအင်္ဂါ ကို အလိုရှိတိုင်း ကြည့်ခွင့်ရသဖြင့် စက္ခုသမ္ဖဿ အလှိုင်းကြီး ဖြစ်ခဲ့သော် စက္ခုအတွေ့နှင့် ပဋိသန္ဓေ ကိုယ်ဝန်ရနိုင်၏၊။ သီဟိုဠ်ကျွန်းတွင် ရဟန်းမိန်းမငယ် တစ်ယောက်သည် အလွန်လှပစွာ ထုလုပ်၍ ထားသော ယောကျ်ားရုပ်ကို ရှု၍ နေလေရာ စက္ခုသမ္ဖဿ, မနောသမ္ဖဿ သတ် သဖြင့် မတ်တတ် သေဆုံးဖူး၏၊ မျက်စိအတွေ့ခေါ်သော စက္ခု သမ္ဖဿ ဓာတ်သည် ဤမျှလောက် အခွင့်ကြီး၏၊

စက္ခုသမ္ဖဿ ပြီး၏၊

သောတအတွေ့, ဃာနအတွေ့, ဇိဝှါအတွေ့, ကာယအတွေ့တို့၌ ဤစက္ခုအတွေ့မှာ ကဲ့သို့ မိန်းမ, ယောက်ျား အပြန်အလှန် ဟောတော် မူသော အင်္ဂုတ္တိုရ်ပါဠိတော် အစုံအစုံနှင့်တကွ ထိုဖဿတို့၏ အခွင့်ကြီး ကျယ်ပုံကို အသီးသီး ဝေဖန်၍ ဆိုလေ။။ အထူးမှာကား-ဣရန္ဓတီ နဂါးပျိုမ၏ သီချင်းသံကို ကြားရ၍ ပုဏ္ဏကဘီလူးမှာ ဖြစ်သော သောတ အတွေ့သည် တစ်ကိုယ်လုံး ပျံ့နံ့ပြီးလျှင် ရိုးတွင်းခြင်ဆီကိုဆိုက်သည်ဟု လာ၏၊ သီဟိုဠ်မှာ ကြာအိုင်တစ်ခု၌ ကြာပန်းချိုး၍ နေရာက မာတုဂါမ ငယ်ဆိုလိုက်သော သီချင်းသံကို ကြားရ၍ ကောင်းကင်ပျံ သာမဏေမှာ ဖြစ်သော သောတအတွေ့သည် သေနတ်လက်နက်ဖြင့် ပစ်၍ချသကဲ့သို့ စျာန်ကျိုး၍ မြေသို့ကျလေ၏၊

ဘုံခုနှစ်ဆင့်ရှိသော ပြာသာဒ်ပေါ်တွင် နေသော သူဋ္ဌေးသမီးပျို တစ်ယောက်သည် အနီးအပါးရှိ ဘုံပြာသာဒ်ပေါ်မှာ စောင်းတီး၍ သီချင်းဆိုသော ယောက်ျား၏ အသံကို ကြားရ၍ သောတအတွေ့ဖမ်း သဖြင့် လမ်းထင်၍ ကောင်းကင်သို့ ဆင်းလေရာ မြေသို့ကျ၍ သေဆုံး ဖူး၏၊။ ကိုယ်တွင်း၌ ကိလိဋ္ဌဓာတ် လှုံဆော်ပွားများခိုက် ကြုံကြိုက်သော အခါ ကြက်မတို့သည် ကြက်ဖ၏ တွန်သံကို ကြားရ၍ သောတအတွေ့နှင့် ပဋိသန္ဓေ ရနိုင်ကုန်၏၊ နွားမတို့သည် နွားလားဥသဘ၏ တွန်သံကို ကြားရ၍ သောတအတွေ့နှင့် ပဋိသန္ဓေ ရနိုင်ကုန်၏၊

(ဃာနအတွေ့, ဇိဝှါအတွေ့တို့မှာလည်း ထိုနည်းတူ သိလေ။) ကာယအတွေ့၌ ဟိမဝန္တာမှာနေသော ဣသိလိင်္ဂ ရသေ့ငယ် သည် သီလတန်ခိုး, စျာန်သမာပတ် တန်ခိုးနှင့် နေလေရာ သိကြားစည်း စိမ်ကို ယူအံ့စိုး၍ သိကြားမင်းက အလမ္ဗုသာနတ်သမီးကို ခေါ်၍ ရသေ့ငယ်၏ သီလကို ဖျက်ဆီးချေရမည်ဟု စေလွှတ်လေ၏၊ နတ်သမီးလာ၍ သင်္ခမ်းကျောင်း အပြင်မှနတ်အသွင်နှင့် မိန်းမရိပ် ပြ၏၊ ကျောင်း အတွင်းမှ ရသေ့ငယ်မြင်လေရာ ရှေးဦးစွာ စက္ခုအတွေ့ ပြည့်၏၊ မိန်းမ ဟူ၍ကား မသိဖူးလေ၊ ကျောင်းတံခါးသို့ ထွက်၍ကြည့်၏၊ နတ်သမီးက အတန်ငယ် ဆုတ်ယောင်ပြု၍ မျှား၏၊ စက္ခုအတွေ့သည် အားရှိလတ် သော် နတ်သမီးကို လိုက်၍တားလေ၏၊ နတ်သမီးလည်း ဆုတ်ယောင် မူ၍ ရသေ့ငယ်က အပြေးလှမ်း၍ ဖမ်းသောအခါ ရသေ့ငယ်ကို နတ် အတွေ့နှင့်ပွေ့ပိုက်၍ သီလပျက်ခြင်းသို့ ရောက်၏၊

ထိုခဏ၌ပင်လျှင် သိကြားမင်းလာ၍ ထိုနေရာမှာ အကာအရံ ဖန်ဆင်း၍ ပေးလေ၏၊ ရသေ့ငယ်သည် နတ်၏ ကာယဖောဋ္ဌဗ္ဗ အတွေ့ ဖမ်းသဖြင့် သုံးနှစ်တိုင်တိုင် သတိမရဘဲ နတ်သမီးအတွေ့နှင့် နေရလေ၏၊ သုံးနှစ်တိုင်၍ နတ်သမီးလွတ်သောအခါမှ သတိရ၍ကြည့် ရှုရာ သင်္ခမ်းကျောင်းမှာ တောချုံ ပိတ်ပေါင်း ဖုံးလွှမ်း၍ နေသည်ကို မြင်မှ သုံးနှစ်ကြာရှိသည်ကို သိရလေ၏၊ သုံးနှစ်ပတ်လုံး နတ်သမီး၏ ဖောဋ္ဌဗ္ဗ အတွေ့နှင့် အာဟာရကိစ္စလည်း ပြီးစီးလေ၏၊ နတ်သမီးလည်း ရသေ့ငယ်ကို လွှတ်၍ မိမိကိုယ်ကို ကွယ်ပြီးလျှင် ရသေ့၏ အမူအရာကို ကြည့်၍နေလေ၏၊ ရသေ့ငယ်လည်း မိမိ၌ သီလ, သိက္ခာ, စျာန်သမာပါတ် အကုန်ပျက်စီးသည်ကို သိ၍ ငိုကြွေးလေ၏၊

ထိုအခါ နတ်သမီးသည် ကိုယ်ထင်ပြ၍ ''အရှင်ရသေ့- ကျွန် တော်မ ပြုလို၍ ပြုရသည် မဟုတ်ပါ၊ ကျွန်တော်မကို သည်းခံတော် မူပါ၊ အရှင်လည်း အားထုတ်မြဲ အားထုတ်တော်မူပါ၊ သီလ, သိက္ခာ, စျာန်သမာပတ်ကို ရမြဲ ရပါလိမ့်မည်'' ဟု ကန်တော့၍ နတ်ပြည်သို့ ပြန် လေ၏၊ သိကြားလည်း အားရတော်မူ၍ ''သင် အလိုရှိရာ အခွင့်ကို တောင်းလော''ဟု ဆိုပေ၏၊ ''တခြားအခွင့်ကို အလိုမရှိပါ၊ နောင်ရသေ့ သူတော်ကောင်း,ရဟန်းသူတော်ကောင်းများကို ဖျက်ဆီးမှုမှ လွတ်ပါ ရစေ''ဟု အခွင့်တောင်းလေ၏၊ လူ့ပြည် တနှစ်နှင့် ရှစ်လသည် တာဝတိံ သာနတ်ပြည်မှာ တစ်နာရီဖြစ်ရကား သုံးနှစ်မှာ တာဝတိံသာနတ်တို့မှာ နှစ်နာရီမျှ မရှိတန်၊ ထို့ကြောင့် တာဝတိံသာ အလေ့နှင့် ရသေ့ငယ်ကို ပြုစုသည့်အတွက်ကြောင့် သုံးနှစ်တိုင် ကြာလေသည်။

မိန်းမတို့မှာ ဒုကူလရသေ့သည် ပါရိကာရသေ့မ၏ ချက်ကို ခြေမဖြင့် သုံးသပ်ရာ ပါရိကာရသေ့မ ကိုယ်ဝန်ရရှိ၍ သာမ သတို့သားကို ဖွားမြင်လေ၏၊။မာတင်္ဂရသေ့သည် ဒိဋ္ဌမင်္ဂလိကာ သူဋ္ဌေးပျိုမ၏ ချက်ကို ခြေမဖြင့် သုံးသပ်ရာ ဒိဋ္ဌမင်္ဂလိကာ သုဋ္ဌေးပျိုမ ကိုယ်ဝန်ရ၍ မဏ္ဍဗျ သတိုးသားကို ဖွားမြင်လေ၏၊။ဤသို့လျှင် မိန်းမတို့မှာ ကိလိဋ္ဌဓာတ် ပွားစီးသန်မြန်၍ နေသည့်အခါ တစ်စုံတစ်ရာ ကိုယ်အင်္ဂါ၌ ယောကျ်ား တို့၏ သုံးသပ်မှု ကာယသမ္ဖဿကိုရလျှင် ပဋိသန္ဓေရနိုင်ကြကုန်၏၊ (ဤကား ကာယသမ္ဖဿ ဟူသော ကိုယ်အတွေ့၏ အခွင့် အလမ်းကြီးမား ပုံတည်း)

မနောသမ္ဖဿ ခေါ်သော ဘဝင်ခိုက်မှု, နှလုံးခိုက်မှုမှာလည်း တပ်နှစ်သက်ဖွယ် ရှိလှသော တစ်စုံတစ်ယောက်သော သူကို အခါခါမြင် ရ၍ သော်လည်းကောင်း၊ ထိုသူနှင့်စကားရောယှက်ခြင်း, ကိုယ်အင်္ဂါ၏ ရောယှက်ခြင်းသို့ ရောက်ဖူး၍သော်လည်းကောင်း နောက်စိတ်ဝိတက် ပွါးများတတ်သော ညဉ့်မှောင် တိုက်ခန်း စသည်တို့၌ နေရသောအခါ ထိုအာရုံကို အကုန်သစ်လင်း၍ ပြသော စိတ်ဝိညဏ်တို့သည် ပေါ်၍ လာကုန်၏၊ မနောသမ္ဖဿတို့သည် ထိုအာရုံနှင့် တွေ့ကြုံရောယှက်တုန်း အခါ၌ကဲ့သို့ စက္ခုအတွေ့, သောတအတွေ့, ဃာနအတွေ့, ဇိဝှါအတွေ့, ကာယအတွေ့, အမျိုးမျိုးတို့ကို တစ်ဖန်မနောအတွေဖြင့် တွေ့ဆုံပိုက် ကျုံး၍ အမျိုးမျိုးသောရုပ်ဓာတ်, နာမ်ဓာတ်တို့ကို လှုံဆော် ထကြွစေ ကုန်၏၊

(ဤကား-ဣဋ္ဌ ဖြစ်သော ဖဿ ခြောက်ပါးတို့၏ အခိုက်အတွေ့ ကြီးကျယ်ပုံတည်း။)

အနိဋ္ဌအရာ၌ အလွန်ရွံဖွယ်, စက်ဆုပ်ဖွယ်သော အာရုံကိုမြင် ရသောအခါ စက္ခုအတွေ့မှ နှလုံးအတွေ့သို့ ခိုက်၍ ပျို့ခြင်း, အန်ခြင်း, ကြောက်ဖွယ်, လန့်ဖွယ်, ထိတ်ဖွယ်သောအာရုံကို မြင်ရ၍ စက္ခုအတွေ့မှ နှလုံးအတွေ့သို့ ခိုက်၍ အလန့်အထိတ်ဖြစ်ခြင်း၊ လန့်၍, ထိတ်၍ သေဆုံး ခြင်းသည် စက္ခုအတွေ့ခိုကမ်မှုပေတည်း၊ ကြောက်မက်ဖွယ်သော အသံ ကိုကြားရ၍ လန့်ခြင်း, ခြသေ့င်္သံကို ကြား၍ တောသားအပေါင်းတို့ သေဆုံးခြင်း စသည်သည် ခိုက်မှုပေတည်း၊ ကြွင်းသောဃာနအတွေ့, ဇိဝှါအတွေ့, ကာယအတွေ့, မနောအတွေ့တို့၌လည်း ဤနည်းအတူ သိလေ။

(ဤကား-အနိဋ္ဌဖြစ်သော ဖဿ ခြောက်ပါးတို့၏ အခိုက်အတွေ့ ကြီးကျယ်ပုံတည်း။)

လောက၌ အဆင်းသဏ္ဌာန်မှာလည်း ကြည့်ရှု၍ ကောင်းသည်, မကောင်းသည်ဟု မျက်စိမှာနှစ်ထွေ ဖြစ်ကြရသည်ကား စက္ခုသမ္ဖဿ၏ အစွမ်းပေတည်း၊ အဆင်းသဏ္ဌန်ကို မြင်ရ၍ ချစ်ခင်စုံမက်ဖွယ်, မုန်းဖွယ်, မြင်ပြင်းဖွယ်ဟု မျက်စိမှာနှစ်ထွေ ဖြစ်ကြရသည်လည်း ဤနည်းတူသိလေ၊ သည်ကိုရည်၍

ခြောက်ပါး ဖဿ၊ ဖြန်းဖြန်း ထ၍၊ ရသ ခြောက်မည်၊ အာရုံရည်ကို၊ ကြိတ်နယ်သောအား၊ တွေ့ထိငြားက၊ ဤကား ဣဋ္ဌ၊ အနိဋ္ဌနှင့်၊ ဤမျှမကောင်း၊ ဤမျှကောင်းဟု၊ အကြောင်း သွေးဆော်၊ အရေးပေါ်လျက်၊ ခြောက်ဖော် အာရုံ၊ ရသဂုဏ်တို့၊ အကုန်ပေါ်ထွက်၊ ရွမ်းရွမ်းတက်၍ မက်ဖွယ် မုန်းဖွယ်၊ အနှုန်း ခြယ်သည်။။ ခြောက်သွယ်ဖဿ စွမ်းရည်တည်း။

ဟူ၍ ဆိုပေသည်။။ ပါဠိတော်၌လည်း

တတ္ထ ကတမော သဠာယတနပစ္စယာ ဖေဿာ၊ စက္ခုသမ္ဖေဿာ သောတသမ္ဖေဿာ

အစရှိသည်ဖြင့် ဟောတော်မူပေသည်။

ပဉ္စမ ပျို့လင်္ကာ အဖြေ ပြီး၏၊

-----------------

ဆဋ္ဌ ပျို့လင်္ကာ အဖြေ

ဖဿပစ္စယာ ဝေဒနာ

ဖဿခြောက်မည်၊ သူ့စွမ်းရည်ဖြင့်၊ ကြိတ်နည်သောအား၊ စက်ရှိန်ဝါးက၊ ခြောက်ပါးအာရုံ၊ မြေ့မြေ့တုံလျက်၊ ခြောက်စုံရသ၊ အနိဋ္ဌနှင့်၊ ဣဋ္ဌဟူသည်၊ အရည်ဒီးဒီး၊ ယိုစီးထွက်သော်။။ ဓာတ် ကြီးခြောက်ဖြာ၊ ဝေဒနာဟု၊ ထွေကာအထူး၊ ထွက်ပေါ်မြူး၍ဟူသော လင်္ကာဝါကျ၌ မျက်စိနှင့် အဆင်းသဏ္ဌာန်ကို မြင်ကြ

သောအခါ စက္ခုဝိညာဏ်အလိုကား အဆင်းမှန်း သဏ္ဌာန်မှန်း သိရုံမျှ သာတည်း၊ ဖြူလျှင် ဖြူမှန်း, နီလျှင် နီမှန်း သိရုံမျှသာတည်း၊ ကောင်း, မကောင်းဟူသော ဣဋ္ဌရသ, အနိဋ္ဌရသကို ''အရည်ဒီးဒီး ယိုထွက်စီး'' သကဲ့သို့ ထင်ရှားပေါ်ထွက်အောင် အာရုံကို ဖိညှပ်ကြိတ်နယ်မှုကား စက္ခုသမ္ဖဿ၏ အမှုပေတည်း၊ ထိုသို့ ဖိနှိပ်ကြိတ်နယ်မှုကြောင့် အာရုံမှ ကောင်းသော ရသ ပေါ်လာသောအခါ ထိုရသတဏှာကို သာယာရွှင် လန်းသဖြင့် ခံစား စံစားသော သုခ သောမနဿ ဝေဒယိတဓာတ်ကြီး တို့သည် တဖွားဖွားဖြစ်ပေါ်၍ ခံစားကုန်၏၊ မကောင်းသောရသ ပေါ်လာသောအခါ ထိုရသကို မသာမယာ ဆင်းရဲပင်ပန်း ညှိုးနွမ်းစွာ ခံစားသော ဒုက္ခ ဒေါမနဿ ဝေဒယိတ ဓာတ်ကြီးတို့သည် တဖွားဖွားဖြစ် ပေါ်၍ ခံစားကုန်၏၊

အကုသိုလ် ဥပေက္ခာနှင့် အကုသလဝိပါတ် ဥပေက္ခာတို့ကို ဒုက္ခမှာသွင်းလေ၊ ကုသိုလ်ကိရိယာဥပေက္ခာနှင့် ကုသလဝိပါက် ဥပေက္ခာ တို့ကို သုခမှာသွင်းလေ၊ ဤဝေဒနာဟူသော ဝေဒယိတ ဓာတ်ကြီးကားသုံးဆယ့်တစ်ဘုံ၌ အလွန်ကျော်ကြား ထင်ရှားသော ဓာတ်ကြီးပေတည်း၊ အဘယ်သို့ ထင်ရှားကျော်ကြားသနည်းဟူမူ လောက၌ ''ချမ်းသာ-သုခ'' ဟူသောစကား, ''ဆင်းရဲ-ဒုက္ခ'' ဟူသောစကားသည် အလွန်ထင်ရှား၏၊ ထို ''သုခ, ဒုက္ခ'' ဟူသောစကား, ''ချမ်းသာ, ဆင်းရဲ'' ဟူသောစကားသည် ဤ ဝေဒယိတဓာတ်ကြီးကို ဆိုသော စကားပေတည်း၊ လူ့ချမ်းသာ ဆိုသည် လူ့ဝေဒယိတဓာတ်ကြီးကို ဆိုသည်၊ နတ်ချမ်းသာဆိုသည် နတ်ဝေဒယိတဓာတ်ကြီးကို ဆိုသည်၊ ဗြဟ္မာ့ချမ်းသာဆိုသည် ဗြဟ္မာ့ ဝေဒယိတဓာတ်ကြီးကို ဆိုသည်၊ ငရဲဒုက္ခဆိုသည်လည်း ငရဲဝေဒယိတ ဓာတ်ကြီးကို ဆိုသည်၊ တိရစ္ဆာန်, ပြိတ္တာ, အသုရကယ်တို့ကိုလည်း ဤနည်းတူဆိုလေ။

သုခ သောမနဿ ဝေဒယိတဓာတ်ကြီးနှင့် အနေရများသော သူတို့ကို လူ့ချမ်းသာခေါ်သည်၊ ဒုက္ခ ဒေါမနဿ ဝေဒယိတဓာတ်ကြီးနှင့် အနေရများသော သူကို လူ့ဆင်းရဲခေါ်သည်၊ သုခဝေဒယိတ ဓာတ်ကြီး တွင်လည်း လူဆင်းရဲသားတို့၏ ဝေဒယိတ ဓာတ်မျိုးတို့ထက် သူဋ္ဌေး, သူကြွယ်၏ ဝေဒယိတဓာတ်သည် အဆများစွာ သာလွန်ကောင်းမြတ်၏၊ ထိုထက် ပဒေသရာဇ်မင်းတို့၏ ဝေဒယိတဓာတ်, ထိုထက် ဧကရာဇ်မင်း, ထိုထက် စကြာမန္ဓာတ်မင်း, ထိုထက် ဘုမ္မစိုးနတ်, ထိုထက် စတုမဟာရာဇ် နတ်, ထိုထက် တာဝတိံသာနတ် စသည်ဖြင့် အဆင့်ဆင့် ဆိုလေ။။ ဒုက္ခဝေဒယိတ ဓာတ်မျိုးမှာလည်း လူ၏ဒုက္ခထက် တိရစ္ဆာန်တို့၏ ဒုက္ခ စသည်ဖြင့် မဟာအဝီစိဒုက္ခတိုင်အောင် အဆင့်ဆင့် ဆင်းရဲနက်နဲ၍ သွားပုံကို သိလေ။

ထိုဝေဒယိတဓာတ်သည် စက္ခုအတွေ့မှ ဖြစ်ပေါ်သော စက္ခု သမ္ဖဿဇာဝေဒယိတဓာတ်, သောတအတွေ့မှ ဖြစ် ပေါ်သော သောတ သမ္ဖဿဇာဝေဒယိတဓာတ်, ဃာနအတွေ့မှဖြစ်ပေါ်သော ဃာန သမ္ဖဿဇာဝေဒယိတဓာတ်, ဇိဝှါအတွေ့မှဖြစ်ပေါ်သော ဇိဝှါသမ္ဖဿ ဇာ ဝေဒယိတဓာတ်, ကာယအတွေ့မှ ဖြစ်ပေါ်သော ကာယသမ္ဖဿဇာ ဝေဒယိတဓာတ်, မနော နှလုံးအတွေ့မှ ဖြစ်ပေါ်သော မနောသမ္ဖဿဇာ ဝေဒယိတဓာတ်, ဟူ၍ ၆-ပါး အပြားရှိ၏၊ စက္ခုသမ္ဖဿဇာ ဝေဒယိတ ဓာတ်သည်လည်း သုခ, ဒုက္ခ, ဥပေက္ခာဟူ၍ ၃-ပါးအပြားရှိ၏၊ အဆင်း သဏ္ဌာန်ကို မြင်၍ စက္ခုအတွေ့နှင့်ကြုံကြိုက်ရာ မျက်နှာရုပ် ရွှင်ရွှင်လန်း လန်းပြမူကား ထိုသူ သုခဝေဒယိတဓာတ် ဖြစ်ပေါ်၍နေသည်ကို သိရ၏၊ သုခဝေဒယိတဓာတ်သည်လည်း သဒ္ဓါ, မေတ္တာနှင့် ယှဉ်ဖက်၍ပေါ်သော သုခဝေဒယိတဓာတ်, တဏှာရာဂနှင့်ယှဉ်ဖက်၍ ပေါ်သော သုခ ဝေဒယိတဓာတ်ဟူ၍ အမျိုးမျိုးရှိ၏၊

တံငါအလုပ်သည်တို့သည် နက်စွာသော ရေ၏အတွင်းမှ ငါး ပွက်၍ အထက်မှာ ရေအမူအရာကို မြင်လျှင် ဘယ်ငါးမျိုးဘဲဟု အတပ် သိနိုင်ကြကုန်သကဲ့သို့ ပြုံးရယ်ပြုံးရိပ်ကို မြင်လျှင် ကိုယ်တွင်းမှာ ဘယ် ဝေဒယိတဓာတ်မျိုး ပေါ်ခိုက်ဖြစ်သည်ဟု သိနိုင်ရာ၏၊။သီဟိုဠ်မှာ ဣတ္ထိပျိုမအများနေရာ ဆွမ်းခံလာသော ရဟန်းပျိုတစ်ပါးက မာတုဂါမ တစ်ယောက်ကို ကြည့်၍ ပြုံး၍ သွား၏၊ ကြွင်းသော မာတုဂါမတို့က 'ဤကိုယ်တော် ညည်းကို ကြည့်၍ ပြုံးသွားသည်'ဟု ပြက်ရယ်ပြုကြကုန်၏၊ 'ကိုယ်တော်သည် ငါ့ကိုကြည့်၍ ပြုံးသည်မှန်၏၊ သို့သော်လည်း တခြား စိတ်မျိုးနှင့်ပြုံးသည်မဟုတ်၊ သူ့နှမငယ်နှင့်တူ၍ နှမငယ်၏အနေမျိုးနှင့် ပြုံးသည်'ဟု ဆိုပေ၏၊ ထိုသူငယ်မသည် ပြဆိုခဲ့ပြီးသော တံငါတို့နည်းတူ မျက်နှာမှာ တက်လာသော ရုပ်ရည်,ရုပ်သွေးကို မျက်စိနှင့် မြင်၍ အတွင်း ဓာတ်ကို အတပ်ဆိုနိုင်သော သူပင်တည်း။။ အဆင်းသဏ္ဌာန်ကို ကြည့်၍ စက္ခုအတွေ့နှင့် ကြုံကြိုက်ရာ မျက်နှာရုပ် ညှိုးနွမ်းခြောက်သွေ့မှု ပြမူကား ထိုသူမှာ ဒုက္ခဝေဒယိတဓာတ် ဖြစ်ပေါ်၍နေသည်ကို သိရာ၏၊ သူငယ် တို့သည်ပင်လည်းကောင်း၊ အချို့သော တိရစ္ဆာန်တို့သည်ပင်လည်း ကောင်း မျက်နှာရိပ် မျက်နှာကဲကို မြင်လျှင် ထိုသူ၏ အတွင်းမှာ မသာ ယာသော အဖြစ်, သာယာသော အဖြစ်ကို သိနိုင်ကြကုန်၏၊

ဤစက္ခုသမ္ဖဿဇာ ဝေဒနာအတူ အသံအမျိုမျိုးကို ကြားရာ၌ သောတအတွေ့မှ ဖြစ်ပေါ်သော သုခ, ဒုက္ခဝေဒယိတဓာတ်နှစ်မျိုး၊ အနံ့ အမျိုးမျိုးကို နံရာ၌ ဃာနအတွေ့မှ ဖြစ်ပေါ်သော သုခ, ဒုက္ခ ဝေဒယိတ ဓာတ် နှစ်မျိုး၊ အချို, အချဉ် စသော အရသာအမျိုးမျိုးကို သုံးဆောင်ရာ၌ လျှာအတွေ့မှ ဖြစ်ပေါ်သော သုခ, ဒုက္ခ ဝေဒယိတဓာတ် နှစ်မျိုး ဖောဋ္ဌဗ္ဗာ ရုံကို ခံစားရာ၌ အတွင်းအပ ကာယအတွေ့မှ ဖြစ်ပေါ်သော သုခ, ဒုက္ခ ဝေဒယိတဓာတ် နှစ်မျိုး၊ တွေ့ဆဲ, တွေ့ပြီး, တွေ့လတ္တံ့သော ဣဋ္ဌ, အနိဋ္ဌာရုံကို အာရုံပြု၍ စိတ်နှစ်လုံး အတွေ့မှ ဖြစ်ပေါ်သော သုခ, ဒုက္ခ ဝေဒယိတဓာတ် နှစ်မျိုးတို့၌လည်း စက္ခုဝေဒယိတမှာကဲ့သို့ အသီး သီးဝေဖန်၍ သိလေ၊ လင်္ကာအဓိပ္ပါယ်နှင့်တကွ ဤဝေဒယိတဓာတ်ကြီး ၆-ပါး၏ သူသူငါငါ သတ္တသါခပ်သိမ်းတို့၏ သန္တာန်၌ အလှည့် အလည် အားဖြင့် နာရီမခြား တဖွားဖွား ဖြစ်၍နေမှုသည် အလွန်ထင်ရှား၏၊ သည်ကိုရည်၍--

ဓာတ်သီးခြောက်ဖြာ၊ ဝေဒနာဟု၊ ထွေလာအထူး၊ ထွက်ပေါ်မြူး၍၊ ခြောက်ဦးရွှန်းစည်၊ အာရုံရည်ကို၊ မည်မည်ရရ၊ ခံစံကြမှ၊ သုဘ သုဘာ၊ သာ မသာနှင့်၊ ထွေလာ များတောင်း၊ ကောင်း မကောင်းလည်း၊ ထောင်းထောင်းငေါ်ငေါ်၊၊ သိထင် ပေါ်၍၊ ကောင်းသော်စိတ်ဝမ်း၊ ဖိတ်ဖိတ်လျှမ်းလျှင်၊ ရွှင်လန်း နှလုံး၊ စွင့်စွင့်ပြုံး၏၊ မုန်းဖွယ်တွေ့က၊ ခြောက်သွေ့နွမ်းညှိး၊ နှလုံးဆိုး၍၊ အခိုးလူလူ၊ ပွက်ပွက်ဆူမျှ၊ ပူပူပင်ပင်၊ မရွှင်မလန်း၊ စိတ်ကုန်ခန်း၏

ဟူ၍ ဆိုပေသည်။

ချမ်းသာသုခ၊ တစ်ခုမျှ၌၊ လောကအထု၊ အကုန်စု၏၊ ပုပုရွရွ၊ မြင်သမျှလည်း၊ သုခဖို့ချည်း၊ လုံ့လသည်း၏၊

ဟူသောနောက်စကား၌ ''ချမ်းသာသုခ၊ တစ်ခုမှ၌၊ လောက အထု၊ အကုန်စု၏၊'' ဆိုသည်ကား-ခပ်သိမ်းသော သတ္တဝါတို့သည် ချမ်းသာ ကိုသာ အလိုရှိကြကုန်၏၊ ချမ်းသာကိုသာ တရှာတည်း ရှာကြ ကုန်၏၊ ချမ်းသာကို အလိုမရှိသော သတ္တဝါဟူ၍မရှိ၊ အယုတ်အားဖြင့် ခြ, ပိုး, ရွတို့ပင် ဖြစ်သော်လည်း ချမ်းသာကိုသာအလိုရှိကြကုန်၏၊ ချမ်းသာကို သာရှာကြကုန်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အလိုဆန္ဒ ကိစ္စအမှုသည် ချမ်းသာသုခ တစ်ခု၌ ဆုံမိကြ၏ စုမိကြ၏-ဆိုလိုသည်။

ပုပုရွရွ၊ မြင်သမျှလည်း၊ သုခဖို့ချည်း၊ လုံ့လသည်း၏' ဆိုသည်ကားရေသတ္တဝါ, ကုန်းသတ္တဝါ, ကောင်းကင်သတ္တဝါ ခပ်သိမ်းတို့သည် နေ့နေ့ညည တရုန်းရုန်း တရွရွ တကြွကြွ လှုပ်ရှားကြ,အားထုတ်ကြ, ကြောင့်ကြ စိုက်ကြ, အသည်းအသန် အပန်းခံကြသမျှသည်လည်း ချမ်းသာသုခဖို့သာတည်း။။အယုတ်သဖြင့် မိမိကိုယ်ကို သေစေလို၍ အဆိပ်ဆေးကို မျိုသောသူ, ကြိုးဆွဲချသောသူ, ရေထဲသို့ခုန်ချသောသူ, လက်နက်ဖြင့် သတ်သောသူတို့သည်လည်း 'သေမှ အေးမည်-သေမှ ချမ်းသာမည်'ဟု ချမ်းသာကို လို၍ပြုမှုပင်တည်း။။ ဤစကားနှစ်ရပ်ဖြင့် ဤဝေဒယိတ ဓာတ်ကြီးသည် ခပ်သိမ်းသော လူ,နတ်, ဗြဟ္မာသတ္တဝါတို့၏ ကိုးကွယ်ရာ, လဲလျောင်းရာဖြစ်၏၊ အကြီးအကဲ အချုပ်အခြာဖြစ်၏ဟု ဆိုလိုသည်။

အရည်းသူမြတ်၊ ပရမတ်ကို၊ ချန်လှပ်ထား၍၊ အများ လောက၊ ရှိသမျှကို၊ ဒုက္ခပွါးမှု၊ များစွာပြုသည်။ သုခဝေဒနာ စွမ်းရည်တည်း

ဟူရာ၌ ပရမတ္ထအရိယာဖြစ်ပြီးသော သူတို့ကိုချန်လှပ်၍ ခပ်သိမ်းသောပုထုဇဉ် သတ္တဝါတို့ကို အနမတဂ္ဂသံသရာနှင့်အမျှ ဒုက္ခ ပွါးအောင် ပြု၍နေသည်ကား မဟုတ်၊ ဤသုခဝေဒယိတ ဓာတ်ကြီး၏ အတတ်ပေတည်း။

အဘယ်သို့ ဒုက္ခပွါးအောင် ပြုသနည်းဟူမူကား ဤသုခ ဝေဒယိတ ဓာတ်သည် ၆-ဒွါတို့၌ ဣဋ္ဌ,ဖဿ ထင်းလင်းရှိခိုက်၌သာ အဇ္ဈတ္တ သန္တာန်တွင် ဖြစ်ပေါ်၍နေနိုင်၏၊ ဣဋ္ဌဖဿချုပ်ကွယ်လျှင် ချုပ်ကွယ် လေ၏၊ ဣဋ္ဌဖဿသည်လည်း ကောင်းသောဣဋ္ဌနှင့် ပူးပေါင်း ထွေးယှက် ဆက်ဆံရောနှောမှု ထင်လင်းရှိခိုက်၌သာ ၆-ဒွါရမှာ ဖြစ်ပေါ်နေနိုင်၏၊ ဣဋ္ဌာရုံနှင့် ထွေးလုံးရောယှက်မှု ကင်းကွာပြန်လျှင် ကင်းကွာဆဲခဏမှာ ချုပ်ပျောက်လေ၏၊ ဣဋ္ဌာရုံဟူသည်လည်း အနိစ္စ တရားဖြစ်၏၊ မကြာမီ မကြာမီ ဖောက်ပြန်ဆုတ်ယုတ် ကုန်ဆုံးသော တရားစုဖြစ်၏၊

ဣဋ္ဌာရုံကုန်ပြန်လျှင် ဖဿကုန်ပြန်၏၊ ဖဿကုန်ပြန်လျှင် သုခ ဝေဒနာကုန်ပြန်၏၊ သုခဝေဒနာကုန်ပြန်လျှင် ဣဋ္ဌာရုံကို ရှာရပြန်၏၊ အနမတဂ္ဂ သံသရာမှာ သုခဝေဒနာကို ခင်တွယ်သည့်အတွက် ဣဋ္ဌာရုံ ရှာမှုနှင့် တပန်းတည်းပန်း၍ နေကြ၏၊။ဥပမာကား နွေအခါ ကိုယ်အင်္ဂါ အေးမြသော သုခဝေဒယိတ ဓာတ်ကို အလွန်အလိုရှိကြ၏၊ ထိုသုခ ဝေဒယိတဓာတ်သည်လည်း ကိုယ်သန္တာန်မှာ သုခသမ္ဖဿဓာတ် ဖြစ်ပေါ် သောအခါမှ ဖြစ်ပေါ်နိုင်သည်။။သုခသမ္ဖဿဓာတ်သည်လည်း ဗဟိဒ္ဓက အေးမြသောလေ ကိုယ်၌ ထိခိုက်လုံးထွေး၍ နေဆဲအခါမှ ကိုယ် သန္တာန်မှာ ဖြစ်နိုင်သည်၊ ကိုယ်မှာ ထိခိုက်လာသော လေအေး, ရေအေး ဟူသော ဣဋ္ဌာရုံသည်လည်း ကိုယ်သန္တာန်မှာ အမြဲတည်နေနိုင်သော နိစ္စတရားမဟုတ်၊ ကိုယ်သန္တာန်၌ထိကာမတ္တနှင့် ခဏချင်း ခဏချင်း ကုန်ဆုံးကွယ်ပျောက်သော အနိစ္စတရားသာဖြစ်၏၊

ထို့ကြောင့် အသစ်အသစ်သော လေ, အသစ်အသစ်သော ရေ ထပ်မနား ထိ၍နေမှ သုခသမ္ဖဿ ထပ်မနားဖြစ်ပေါ်၍ သုခဝေဒနာ အစဉ် ဖြစ်ပွားနေနိုင်၏၊ ထိခိုက်သော လေ,ရေ ပြတ်စဲပျောက်ဆုံးပြန်လျှင် သုခသမ္ဖဿ သုခဝေဒနာ နှစ်ပါးပျောက်ဆုံးပြန်၏၊ ထိုသုခဝေဒနာ ခေါ်သော ဝေဒယိတဓာတ်ကြီးသည်လည်း သုခသမ္ဖဿဓာတ် ပေါ်ရှိမှ ပေါ်နိုင်သော ပဋိစ္စသမုပ္ပါဒ်မျိုးဖြစ်၏၊ ထိုသုခသမ္ဖဿဓာတ်သည်လည်း အေးမြသောလေ, အေးမြသောရေ ထိပါးမှု ထင်လင်းရှိမှ ပေါ်ရှိနိုင်သော ပဋိစ္စမျိုးမည်၏၊ ထိုလေ, ထိုရေ စသည်လည်း ယပ်လေခတ်ပေးသူ, ရေကို ခပ်ဆောင်သူရှိမှ ရှိနိုင်သော ပဋိစ္စသမုပ္ပါဒ်မျိုးဖြစ်၏၊

ဤသို့ ပဋိစ္စသမုပ္ပါဒ်မျိုးချည်း ဖြစ်ကြ၍ ယပ်လေနှင့်စပ်သော သုခဝေဒယိတဓာတ်ကို ခင်မင်ငြိတွယ်သောသူမှာ ယပ်လေခပ်မှုနှင့် စပ်သောဒုက္ခသည် အပြီးစွပ်လျက်နေ၏၊ ရေနှင့်စပ်သော သုခဝေဒယိတ ဓာတ်ကို ခင်မင်ငြိတွယ်သောသူမှာ ရေမှုနှင့်စပ်သောဒုက္ခသည် အပြီးစွပ် လျက်ရှိ၏၊

- တစ်ထောင့်ငါးရာ ကိလေသာတို့ဖြင့်လည်းကောင်း, ရာဂဂ္ဂိ, ဒေါသဂ္ဂိ အစရှိသော တစ်ဆယ့်တစ်ပါးသော မီးတို့ဖြင့် လည်းကောင်း, အလွန်အိုက်ပူ၍နေသော အနမတဂ္ဂ သံသရာကြီးသည် နွေရာသီနှင့် တူ၏၊

- သုခသမ္ဖဿ ၆-ပါး, သုခဝေဒယိတ ဓာတ် ၆-ပါးသည် နွေအခါ လေ, ရေနှင့် စပ်၍ဖြစ်သော သုခသမ္ဖဿ, သုခ ဝေဒနာနှင့်တူ၏၊

- ဘုံဗိမာန်, စည်းစိမ်ဥစ္စာ, သားမယားစသော လူချမ်းသာ အဆောက်အအုံ, နတ်ချမ်းသာ အဆောက်အအုံ ဣဋ္ဌာရုံစု သည် နွေအခါ၌ ယပ်လေ အဆောက်အအုံ, ရေ အဆောက်အအုံစုနှင့် တူ၏၊

ယခုရှိကြသော လူ, နတ,် ဗြဟ္မာ, ပုထုဇဉ် သတ္တဝါတို့သည် ထိုသုခဝေဒနာကို ခင်တွယ်ကြကုန်၏၊ ထိုသုခဝေဒနာသည် ခင်တွယ် သော သူတို့ကို အမြဲဆင်းရဲ ဒုက္ခပွားများအောင် ပြု၏၊ အဘယ်သို့ ပြုသနည်းဟူမူ-မီးပူဇော်သော ပုဏ္ဏားဥပမာဖြင့် ပြဆိုပေအံ့။

ပုဏ္ဏားလူမျိုး၌ မိစ္ဆာအယူကြီး တစ်ခုသည် ရှိ၏၊ သူငယ်ယောကျ်ား ဖွားမြင်သောအခါ ဖွားဖက်မီးယူ၍ မသေရအောင် မိဘတို့က မွေးမြူ၍ ထားကြရ၏၊ 'ထိုဖွားဖက်မီးကို မသေရအောင် တစ်သက်လုံး လုပ်ကျွေး ပူဇော်နိုင်လျှင် သေသည်၏ အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ သွားရ၏-ဟု မိစ္ဆာအယူရှိသတည်း၊ ထိုသူငယ် ၁၆-နှစ်အရွယ်ရောက်သောအခါ 'သား မယား ယူ၍ လူလုပ်မည်လော၊ မီးပူဇော်၍ ဗြဟ္မာ့ပြည်သို့ သွားမည်လော' ဟုမေး၍ မီးပူဇော်မည်ဆိုလျှင် မီးကိရိယာစုနှင့်တကွ မီးကိုအပ်၍ ရသေ့ ပရိဗိုဇ်အသွင်နှင့် မီးကိုလုပ်ကျွေးစေ၏၊ အနှစ်အရသာရှိသောထင်း, သစ်သားပေါများရာ၌ နေ၍ လုပ်ကျွေးစေ၏၊ ထောပတ်, ဆီဦး စသော မီးကြိုက်သော အကောင်းအမွန် အရသာဟူသမျှ မီးကိုကျွေး၏၊ အကောင်းအမွန်ကျွေးရလျှင် အကျိုးအထူး ကြီးသည်ဟု အယူရှိ၏၊ မီးသည် ပဋိစ္စသမုပ္ပါဒ်မျိုးပေတည်း။

အဘယ်သို့ ပဋိစ္စသမုပ္ပါဒ် ဖြစ်သနည်းဟူမူ မီးစာထင်းရှိပါမှ မီးစာထင်းကို စွဲ၍ ဖြစ်ပေါ်နိုင်သည်၊ တည်နေနိုင်သည်။ မီးစာထင်း လျော့ပါးလျင် လျော့ပါး၏၊ မီးစာခြင်းကုန်လျှင် ကုန်၏၊ မီးစာနှင့်ကင်း၍ မျက်တောင်တစ်ခတ်မျှ မတည်နိုင်၊ ဤကား မီး၏ ပဋိစ္စသမုပ္ပါဒ် သဘောတည်း။ ။ မီးစာထင်းမည်သည်လည်း မီးထဲသို့လျှင် ခဏမစဲ တရဲရဲ ကုန်ခမ်း ကုန်ဆုံးခြင်း အနိစ္စသဘော အလွန်မြန်၏၊ တစ်နေ့ တစ်နေ့အဖို့တွင် ထင်းများစွာကုန်၏၊ ထို့ကြောင့် ထိုမီးကို အကောင်း ထင်သော မိစ္ဆာအယူကို မစွန့်သမျှ ကာလပတ်လုံး ထိုပုဏ္ဏားကို မီးစာ ထင်းမှု ဒုက္ခနှင့် အမြဲနှိပ်စက်၏၊ မိုးအတွက်, လေအတွက် ထင်းပျက် ရန်, မီးသေရန်အမှုနှင့် အမြဲနှိပ်စက်၏၊ ထမ်းဆောင်သယ်ပိုးမှုနှင့် အမြဲနှိပ်စက်၏၊ ပူခါ, အိုက်ခါ၌ ပူမှု, အိုက်မှုနှင့် အမြဲနှိပ်စက်၏၊ ကိုယ် လွတ် လက်လွတ်မသွားသာ, မနေသာ ကျဉ်းမြောင်းမှုနှင့် အမြဲနှိပ်စက်၏၊ ။ စုတေပြန်လျှင်လည်း ထိုဒိဋ္ဌိအတွက် အပါယ်သို့ သွားရသည် များ၏၊

တစ်ယောက်တစ်ယောက်သော ပုထုဇဉ်သတ္တဝါတို့၏ ခန္ဓာ ကိုယ်၌ စက္ခုအကြည်နှင့်တကွ မျက်လုံးအိမ်နှစ်ခုသည် မီးအိုးကင်းကြီး နှစ်ခုနှင့် တူ၏၊ သောတအကြည်နှင့်တကွ နားအိမ်နှစ်ခုသည် မီးအိုးကင်း ကြီးနှစ်ခုနှင့် တူ၏၊ ဃာနအကြည်နှင့်တကွ နှာခေါင်းအိမ်နှစ်ခုသည် မီးအိုးကင်းကြီးနှစ်ခုနှင့် တူ၏၊ ဇိဝှါအကြည်နှင့်တကွ လျှာတစ်ခုလုံးသည် မီးအိုးကင်းကြီးတစ်ခုနှင့် တူ၏၊ ကာယအကြည်နှင့်တကွ ကိုယ်အင်္ဂါ အားလုံးသည် မီးအိုးကင်းကြီးတစ်ခုနှင့် တူ၏၊ မနောအကြည်နှင့်တကွ ဟဒယ နှလုံးအိမ်တစ်ခုလုံးသည် မီးအိုးကင်းကြီးတစ်ခုနှင့် တူ၏၊ ဖဿ ၆-ပါးသည် မီးမှုတ်သော ပြောင်း၆-ခု၊ မီးပြင်သော ယောက်မ၆-ခုနှင့် တူ၏၊ သုခဝေဒယိတဓာတ် ၆-ပါးသည် မီးတောက် ၆- မျိုးနှင့်တူ၏၊

လူ့လောက, နတ်လောကတို့၌ ရှိသမျှသော ဘုံဗိမာန်, ရွှေ, ငွေ, ရတနာ, လယ်, ယာ, မိုး, မြေ, လှည်း, ဆင်, မြင်း, သင်းပင်းခြွေရံ, ဝတ်စားတန်စာ အစရှိသော အလုံးစုံတို့ကို ၆-ပုံ, ၆-စုပြုသည်ရှိသော် တစ်ခုသည် စက္ခုမီးတောက်ဖို့ရန် ရသော ထင်းပုံထင်းစု ဖြစ်၏၊ အကြွင်း ငါးခုလည်း အကြွင်းမီးတောက် ငါးခုနှင့် ဝေဖန်လေ။။ထိုပုဏ္ဏားမှာ မီးတမျိုးကိုသာ မွေးမြူရ၏၊ ဤသတ္တဝါတို့မှာ မီးတောက်၆-မျိုး, မီးအိုးကင်း ကြီး-ငယ် ၆ခုကို မွေးမြူရကြ၏၊ ထိုမီး၏ အနိစ္စမှု, ပဋိစ္စသမုပ္ပါဒ်မှုထက် ဝေဒနာမီးတောက် ၆-ပါး၏ အနိစ္စမှု, ပဋိစ္စသမုပ္ပါဒ်အမှုသည် အလွန်ကြီး ကျယ်လှ၏၊။ယခုမျက်မြင်လောက၌ ရေသတ္တဝါ, ကုန်းသတ္တဝါတို့ နေ့နေ့ ညည အုန်းအုန်းတက် ကျွက်ကျွက်ဆူ သွား, လာ, ရပ်, ထိုင်, လုပ်ကိုင်ရှာဖွေမှု ကြီးကျယ်ပုံကို မြင်ကြလျှင် မီးတောက် ၆-ပါးအတွက် မီးစာ ထင်းမှုအလုပ် ဘယ်မျှကြီးကျယ် ကျပ်တည်းသည်ဟု မြင်နိုင်ရာ၏၊ မိမိတို့ ကျင်လည်၍ လာခဲ့သော် အနမတဂ္ဂသံသရာ ဘဝအဆက်ဆက် ကို ဤနည်းအတိုင်း မြင်နိုင်ရာ၏၊ သည်ကို ရည်၍

အများလောက၊ ရှိသမျှကို၊ ဒုက္ခပွားမှု၊ များစွာပြုသည်။

သုခဝေဒနာ- စွမ်းရည်တည်း

ဟု ဆိုပေသည်။။ မီးပူဇော်သော ပုဏ္ဏားသည် ထိုမီးကို သာယာသော မိစ္ဆာအယူကို မစွန့်သမျှ ကာလပတ်လုံး သွားလေရာ, နေလေရာ မီးနှင့်စပ်သော ဒုက္ခစပ်ကွင်းကြီး အပြီးထပ်ကြပ်စွပ်လျက် ပါလေဘိသကဲ့သို့ ပုထုဇဉ် သတ္တဝါတို့မှာလည်း ထိုဝေဒနာကို ငါ-ဟု စွဲလမ်းသော သက္ကာယဒိဋ္ဌိကို မစွန့်သမျှ အနမတဂ္ဂသံသရာ ကာလ ပတ်လုံး ရောက်လေရာရာ ဘဝ၌ ဒုက္ခစက်ကွင်းကြီး အပြီးစွတ်လျက် ပါ၍ နေ၏၊ အဘယ်ဒုက္ခများနည်းဟူမူ

၁။ တစ်ခုတစ်ခုသော ဖြစ်ရာဘဝ၌ ထိုဝေဒနာ မီးတောက် ၆-ပါးနှင့်အသက်တန်းစေ့ နေရအောင် အာရုံ, ဝတ္ထု မီးစာ ဆင်းရဲဒုက္ခ၊

၂။ နောက်ဘဝမှာ ထင်း, မီးစာ ပြည့်စုံစွာ ရခြင်းငှါ ရှေးရှေး ဘဝက တင်ကူး၍ ပြုကြရသော ဒါနမှုဒုက္ခကြီး၊့

၃။ သီလမှု ဒုက္ခကြီး၊

၄။ ကသိုဏ်း ဗြဟ္မဝိဟာရ ဘာဝနာ ဒုက္ခကြီး။ ဤဒုက္ခမှုတို့သည် ဖြစ်လေရာရာ စွပ်လျက်ပါကုန်၏၊ ထိုဒါန မှုဒုက္ခ,

သီလမှုဒုက္ခ,ဘာဝနာမှုဒုက္ခစုကို မပြုပြန်လျှင် သုခ ၆-ပါးမှ လွတ်၍ အပါယ်ဘဝ ဒုက္ခကြီး ၆-ပါးသို့ မျောရလေ၏၊ ထိုပုဏ္ဏားသည် ထိုမိစ္ဆာ အယူကို စွန့်၍ ထိုမီးလက်လွတ်သောအခါမှ မီးစာထင်းမှု ဒုက္ခငြိမ်းလေ၏၊ ထို့အတူ ဝေဒနာမီးတောက် ၆-ပါး၌ စွဲးလမ်းတွယ်တာသော တဏှာ, ဒိဋ္ဌိကို စွန့်နိုင်သောအခါမှ သံသရာဒုက္ခစက်ကွင်းကြီး ကျွတ်လွတ်၏၊ ဤသို့သော ပြန်ဘက် အနက်အဓိပ္ပါယ်ကိုလည်း ထိုလင်္ကာဝါကျ ဖြင့်ပြပေ၏၊

ဆဋ္ဌ ပျို့လင်္ကာ အဖြေ ပြီး၏၊

-------

သတ္တမ ပျို့ လင်္ကာ အဖြေ

ဝေဒနာပစ္စယာ တဏှာ

သုခဝေဒနာ၊ စွမ်းရည်ဖြာ၍၊ ရသာမြိန်ရွှန်း၊ အစိမ့် မွှန်းက၊ သွန်းသွန်းဆူကြွ၊ ထိုသုခ၏၊ ပိယဟူသား၊ အချစ်ပွား၍ ဟူသော လင်္ကာဝါကျ၌ အဆင်းသဏ္ဌာန်ကို မြင်သောအခါ စက္ခုအတွေ့ခေါ်သော စက္ခုသမ္ဖဿ၏ အာနုဘော်ကြောင့် ထိုအာရုံမှာ ရှုချင်ဖွယ်ကောင်းသော ဣဋ္ဌရသသည် ပေါ်ထွက်၍လာ၏၊ ထိုအခါ ထိုအာရုံမှာပေါ်သော ဣဋ္ဌရသကို 'ကောင်းစွ- ကောင်းစွ-လှပတင့် တယ်စွာ' ဟုခံစားစံစားသော စက္ခုသမ္ဖဿဇာ သုခဝေဒနာသည် စိတ် သန္တာန်မှာ 'ရသာမြိန်ရွှန်း၊ အစိမ့်မွှန်းလျက်၊ သွန်းသွန်းဆူကြွ' ဖြစ်ပေါ် ၍လာ၏၊ ခြောက်သွေ့သောထမင်းကို ထောပတ်ရည် ဆမ်း လိုက်ဘိ သကဲ့သို့ စိတ်သန္တာန် ရွှန်းရွှန်းစို၍ လာ၏၊ ညှိုးနွမ်းသော ပဒုမ္ဓာကြာကို အေးမြစွာသော သီတာရေချမ်း ဆွတ်လောင်းလိုက်သဖြင့် ရွှင်လန်း ဖွံ့ဖြိုး၍လာသကဲ့သို့ စိတ်သန္တာန်ဖွံ့ဖြိုး၍ လာ၏၊ မျက်နှာရုပ် ရွှမ်း၍ စို၍ အသွေး အရည်တက်၍ လာ၏၊။ထိုကဲ့သို့ စက္ခုအပြင် စိတ်အစဉ် မှာ ရွှမ်းရွှမ်းစိုတက်၍လာသော ထိုသုခဝေဒနာသည် စက္ခုအရသာ မည်၏၊ စက္ခုမြိန်ရှက်မှု မည်၏၊ စက္ခုဆိမ့်အိမ့်မှု မည်၏၊ ထိုအခါ စက္ခု အရသာ, မျက်စိအရသာကို အဆိမ့်ခံလိုသော တဏှာရာဂဓာတ်ကြီးသည် တဖွားဖွားပေါ်၍ လာ၏၊ စိတ်အစေး ပေါက်၍ လာ၏၊ မျက်စိအရသာကို အဆိမ့်ခံလိုသည့်အတွက်နှင့် မျက်စိအရသာကို ဖန်ဆင်းတည်ထောင်၍ပေးသော လှပသော အဆင်း သဏ္ဌာန်နှင့် ပြည့်စုံသော ထိုဝတ္ထု ကိုယ်အထည်မှာလည်း ဖွဲ့စည်း တွယ်ကပ်လေ၏၊ လှပသော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံသော ထိုဝတ္ထု ကိုယ်အထည်မှာလည်း ဖွဲ့စည်း တွယ်ကပ်၏၊ မလွှတ်ချင် မခွာချင်သော စိတ်အမှု တိုး၍သာ လုံးထွေး သိမ်းပိုက်ချင်သော စိတ်အမှုကို ဖွဲ့စည်း တွယ်ကပ်ဟုဆိုသည်။။'မျက်စိအရသာဟုဆိုအပ်သော သုခ ဝေဒနာကို တွယ်တာသည့်အတွက်နှင့် ထိုအဆင်းသဏ္ဌာန်ကိုလည်းကောင်း၊ အဆင်း သဏ္ဌာန်ရှိသော ဝတ္ထုအထည်ကိုယ်ကိုလည်းကောင်း တွယ်တာပြန်သည်' ဟူသော စကား၌ ဥပမာကား- သတ္တဝါတို့သည် အသက်ခန္တာကို အလွန်တွယ်တာကြကုန်၏၊ အသက်ခန္ဓာကို တွယ်တာသည့်အတွက်ကြောင့် အသက်ကို တည်ထောင် ၍ ပေးနိုင်သော ထမင်းအစာကို တွယ်တာကြကုန်၏၊ ထမင်းကို တွယ်တာ သည့်အတွက် ဆန်ကို တွယ်တာ၏၊ ဆန်ကို တွယ်တာသည့်အတွက် စပါးကို တွယ်တာ၏၊ စပါးကို တွယ်တာသည့်အတွက် နွား, ကျွဲ, လယ်, ယာ, မိုး, မြေကို တွယ်တာ၏၊ ထိုအလုံးစုံကို တွယ်တာသည့် အတွက် ကြေးငွေကို တွယ်တာ၏၊ ဤသို့လျှင် တဏှာရာဂ မည်သည် ဝတ္ထုတစ်ခုကို တွယ်တာမိလျှင် ထိုတွယ်တာသော ဝတ္ထုတစ်ခုနှင့် စပ်လျဉ်းသမျှ အရာမက,အထောင်မက အဆင့်ဆင့် တွယ်တာမှုပြန့်ပွား၍ သွားတော့ သည်။။ထို့အတူ စက္ခုသမ္ဖဿဇာ ဝေဒနာဟု ဆိုအပ်သော မျက်စိ အရသာတစ်ခုကို တွယ်တာချစ်ကြိုက်မှု ရှိသည့်အတွက် ကောင်းသော အဆင်းသဏ္ဌာန်ကိုလည်းကောင်း၊ ထိုအဆင်းသဏ္ဌာန်နှင့် ပြည့်စုံသော သက်ရှိ, သက်မဲ့ အထည် ဝတ္ထုကိုလည်းကောင်း၊ ထိုအထည် ဝတ္ထုနှင့် စပ်လျဉ်းသမျှတို့ကိုလည်းကောင်း တွယ်တာ ချစ်ကြိုက်မှု အဆင့်ဆင့် ပွား၍ သွားတော့သည်။

ဤစကား၌ မျက်စိအတွေ့ခေါ်သော စက္ခုသမ္ဖဿတရားသည် လည်း ဓမ္မမည်၏၊ မျက်စိအရသာခေါ်သော စက္ခုသမ္ဖဿဇာ ဝေဒနာ တရားသည်လည်း ဓမ္မမည်၏၊ ထိုအရသာကို အဆိမ့်ခံလိုသော တဏှာတရားသည်လည်း ဓမ္မမည်၏၊ ထိုသုံးပါး၌ ချစ်ကြိုက်တွယ် တာသော တဏှာသည် ဓမ္မတဏှာမည်၏၊ အဆင်းသဏ္ဌာန်၌ ချစ်ကြိုက် တွယ်တာသော တဏှာသည်သာလျှင် ရူပတဏှာ မည်၏၊။အထက် စကားစု၌ကား--ရူပတဏှာ၏ ရှေ့သွားနောက်လိုက်ဖြစ်သော တဏှာစု ကို ရူပတဏှာနှင့် တစ်လုံးတည်းပြု၍ ဆိုခဲ့ပေသည်။။မုန်ညင်းစေ့ခန့် ပမာဏရှိသော မီးဖွားသည် ယမ်းပုံ အမှိုက်ပုံ၌ ကျလျှင် ခဏချင်း ယမ်းပုံ အမှိုက်ပုံ အကုန်အနှံ့ ပွားများနိုင်၏၊ ထို့အတူ ကျင်လည်နေကျ လောဘ ဝတ္ထုနှင့်စပ်လျဉ်းရာ အဆင့်ကို မြင်ရုံမျှနှင့်လည်း ထိုဝတ္ထု တစ်ခုလုံး လောဘကွက် နှံ့ပွားအောင် ခဏချင်း ပွားနိုင်၏၊ အသံကို ကြားရုံမျှနှင့် လည်း ပွားနိုင်၏၊ ဝတ်စား တန်ဆာ,နေထိုင်ရာကို မြင်ရုံမျှနှင့်လည်း ပွားနိုင်၏၊ တစွန်းတစကို ထိရုံမျှနှင့်လည်း ပွားနိုင်၏၊ ထိုသို့ပွားရာတွင် အဆင်းကို ရှေ့တည်၍ပွားသမျှကို ရူပတဏှာ၌ သွင်း၍ ပြောဆိုထိုက်၏၊ အသံစသည်ကို ရှေ့တည်ပြု၍ ပွားသမျှကို သဒ္ဒတဏှာ စသည်၌ သွင်း၍ ပြောဆိုထိုက်၏၊

(ဤကား စက္ခုသမ္ဖဿဇာ ဝေဒနာကြောင့် တဏှာဖြစ်ပုံ အမြွက်တည်း။)

အသံကိုကြား၍သောတအတွေ့ကြောင့် ဖြစ်ပေါ်သော နား အရသာ, နားမြိန်ရှက်မှု, နားဆိမ့်အိမ့်မှုသည် သောတသမ္ဖဿဇာ ဝေဒနာမည်၏၊ နားအရသာနှင့် တကွ သဒ္ဒါရုံ၌ လည်းကောင်း၊ သဒ္ဒါရုံကို ပြည့်စုံစေနိုင်သော အဆောက်အအုံမျိုးတို့၌ လည်းကောင်း၊ ချစ်ကြိုက် ခင်မင်သောတဏှာသည် သဒ္ဒတဏှာမည်၏၊။ အနံ့ကို နံ၍ ဃာန အတွေ့ကြောင့်ဖြစ်ပေါ်သော နှာခေါင်းအရသာ, နှာခေါင်းမြိန်ရှက်မှု, နှာခေါင်းဆိမ့်အိမ့်မှုသည် ဃာနသမ္ဖဿဇာ ဝေဒနာ မည်၏၊ နှာခေါင်း အရသာနှင့်တကွ ဂန္ဓာရုံ၌လည်းကောင်း၊ ဂန္ဓာရုံကို ပြည့်စေနိုင်သော အဆောက်အအုံမျိုးတို့၌လည်းကောင်း ချစ်ကြိုက်ခင်မင်သော တဏှာ သည် ဂန္ဓတဏှာမည်၏၊။ အချို, အချဉ်အစရှိသော ရသာရုံကို သုံးဆောင်ရ၍ ဇိဝှါအတွေ့ကြောင့် ဖြစ်ပေါ်သော လျှာအရသာ, လျှာမြိန် ရှက်မှု, လျှာဆိမ့်အိမ့်မှုသည် ဇိဝှါသမ္ဖဿဇာ ဝေဒနာ မည်၏၊ လျှာ အရသာနှင့်တကွ ရသာရုံ၌လည်းကောင်း၊ ရသာရုံကို ပြည့်စုံစေ နိုင်သော အဆောက်အအုံမျိုးတို့၌လည်းကောင်း ချစ်ကြိုက်ခင်မင်သော တဏှာ သည် ရသတဏှာမည်၏၊

နူးညံ့သော ဖောဋ္ဌဗ္ဗဝတ္ထုတို့နှင့် ပေါင်းဖက်၍ ကိုယ်အင်္ဂါ အတွေ့ ကြောင့်ဖြစ်ပေါ်သော ကာယအင်္ဂါအရသာသည် ကာယသမ္ဖဿဇာ ဝေဒနာမည်၏၊ ထိုကာယအရသာနှင့်တကွ ဖောဋ္ဌဗ္ဗဝတ္ထုတို့၌ လည်း ကောင်း၊ ဖောဋ္ဌဗ္ဗဝတ္ထုကို ပြည့်စုံစေနိုင်သော ဃရာဝါသ အဆောက် အအုံတို့၌လည်းကောင်း ချစ်ကြိုက်ခင်မင်သော တဏှာသည် ဖောဋ္ဌဗ္ဗ တဏှာမည်၏၊ ပြဆိုခဲ့ပြီးသော အာရုံငါးပါးတို့မှကြွင်းသော မိမိသန္တာန်, သူတပါးသန္တာန်တို့၌ စက္ခုပြည့်စုံမှု, သောတပြည့်စုံမှု, ဃာနပြည့်စုံမှု, ဇိဝှါပြည့်စုံမှု, ကာယပြည့်စုံမှု, သဒ္ဓါဂုဏ်, သီလဂုဏ်, သုတဂုဏ်, ပညာဂုဏ်, ဥစ္စာဂုဏ်, ဓနဂုဏ်, ဣဿရိယဂုဏ်, ဗလဂုဏ်, မာနဂုဏ်, သူရဂုဏ်အစရှိသော ကောင်းသောဓမ္မ, မကောင်းသော ဓမ္မတို့သည် အသီးသီးရှိကြကုန်၏၊ တခုခုသော ဓမ္မကို အာရုံပြု၍ စိတ်အတွေ့, နှလုံးအတွေ့ကြောင့် ဖြစ်ပေါ်သောစိတ်အရသာ, မနော အရသာ, စိတ်မြိန်ရှက်မှု, မနောမြိန်ရှက်မှု, စိတ်ဆိမ့်အိမ့်မှု, မနောဆိမ့် အိမ့်မှုသည် မနောသမ္ဖဿဇာ ဝေဒနာမည်၏၊ ထိုစိတ်အရသာနှင့်တကွ ကောင်း သောဓမ္မ, မကောင်းသောဓမ္မတို့၌လည်းကောင်း၊ ထိုဓမ္မတို့ကို ပြည့်စုံ စေနိုင်သော လောကဓမ္မအဆောက်အအုံတို့၌လည်းကောင်း ချစ်ကြိုက် ခင်တွယ်သော တဏှာသည် ဓမ္မတဏှာမည်၏၊။ ဤအရာ၌ ဓမ္မဆိုသည် ကား ရူပါရုံ, သဒ္ဓါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံငါးပါးကို ချန်လှပ်၍ ကြွင်းသမျှအလုံးစုံသည် ဓမ္မာရုံမည်၏၊ ထိုကြောင့် လောဘပွါးများသောအမှုကို ပြုပြီးနောက် ထိုလောဘ အမှုကိုပင် ပြုပုံ,မူပုံ အရာနှင့်တကွ အမှတ်ရတိုင်း သာယာသော နောက်တဏှာသည် ရှေး ဖြစ်သော လောဘဓမ္မလျှင် အာရုံရှိသော ဓမ္မတဏှာ မည်၏၊ ထိ့ုအတူ ဒေါသမှုကို စိတ်တိုင်းကျပြုရ၍ ပြုပုံအမူအရာနှင့်တကွ ပြောကာ, ဆိုကာ, ရယ်ကာ, ပြုံးကာ ထိုဒေါသကို သာယာသော တဏှာ သည် ဓမ္မတဏှာမည်၏၊ ထို့အတူ မာနမှု, ဒိဋ္ဌိမှု, သဒ္ဓါမှု, ပညာမှု, ဒါနမှု, သီလမှု, ဘာဝနာမှု, ပါဏာတိပါတမှု, အဒိန္နာဒါနမှု, ကာမေသုမိစ္ဆာစာရ မှုစသည်ဖြင့် အကျယ်ဆိုလေ၊ ဓမ္မတဏှာနယ် အလွန်ကျယ်ဝန်း များ ပြား၏၊

[ကြွင်းကျန်သော အဓိပ္ပါယ် အကျယ်ကိုလည်း ဥပမာနှင့်တကွ စက္ခုဒွါရ ရူပတဏှာတို့၌ ပြဆိုခဲ့ပြီးသော နည်းအတိုင်း နောက်ဒွါရငါးပါး တဏှာငါးပါးတို့၌ သိလေ။]

ဤလူလောက, နတ်လောကတို့၌ ရှိရှိသမျှသော ဘုံဗိမာန်, ပဒေသာ, ဥယျာဉ်, ဆင်, မြင်း, ရထား, ကျွဲ, နွား,လယ်, ယာ, ရတနာရွှေ, ငွေ, ရေ, မြေပတ်ကုံး အသုံးမျိုးအဆောင်မျိုးတို့ကိုလည်းကောင်း၊ နတ်သမီး နတ်သား ယောက်ျား မိန်းမ ဟူသမျှကိုလည်းကောင်း အာရုံ အားဖြင့် ခြောက်စုပြုသည်ရှိသော် ရူပတဏှာဖို့တစ်စု, သဒ္ဒတဏှာဖို့တစ်စု, ဂန္ဓတဏှာဖို့တစ်စု, ရသတဏှာဖို့တစ်စု, ဖောဋ္ဌဗ္ဗတဏှာဖို့တစ်စု, ဓမ္မ တဏှာဖို့တစ်စုတို့အားဖြင့် ခြောက်ပုံခြောက်စုရ၏၊။ မီးပူဇော်သော ပုဏ္ဏား ဥပမာ၌ ရရသမျှသော ထောပတ်, ဆီ, ပျား, ထင်း, သစ်သား တို့သည် မီးဖို့ချည်းဖြစ်ကုန်သကဲ့သို့ တဏှာဖို့ချည်းဖြစ်ကြကုန်၏၊ ထိုပုဏ္ဏားကို ''မီးကိုလုပ်ကျွေးမွေးမြူ ပူဇော်သောသူ''ဟု ဆိုသကဲ့သို့ ဥစ္စာဓန ဘောဂသမ္ပတ္တိအတွက်နှင့် နေ့နေ့ ညည တရွရွ အားထုတ်ကြ သော သတ္တဝါတို့ကိုလည်း ''တဏှာကိုလုပ်ကျွေးမွေးမြူသော သူတို့'' ဟူ၍ ဆိုသင့် ဆိုထိုက်ကုန်၏၊

သည်ကိုရည်၍

ထိုသုခ၌၊ ပိယဟူသား၊ အချစ်ပွား၍၊ ခြောက်ပါးဝေဒနာ၊ မြိန်ရှက်စွာကို၊ လွယ်ကာမနှေး၊ လိုတိုင်းပေးသည့်၊ သူဋ္ဌေး ရတနာ၊ ပမာအလား၊ ကြင်မယားနှင့်၊ ဝတ်စားရွှေ,ငွေ၊ လယ်မြေ လုပ်ခင်း၊ ထမင်းဘောဇဉ်၊ သဘင်ပွဲလမ်း၊ အဆန်းဆန်းတည့်၊ ပန်းမျိုးနံ့သာ၊ အဖြာဖြာလျှင်၊ ရူပါရမ္မဏ၊ စသည်အပုံ၊ ပဉ္စာရုံ နှင့်။။ ခြောက်စုံဖဿ၊ စက္ခုစသား၊ ဒွါရခြောက်မည်၊ အကြည် အလင်း၊ ကိုယ်တွင်းဓာတ်နု၊ အစုစုလျှင်၊ ဗဟုဘေဒါ၊ များပြား စွာသည်၊ ဓမ္မာရမ္မဏ။။ ကာမဝတ္ထု၊ အစုအပုံ၊ ခြောက်အာရုံ၌၊ ခုံတမင်မင်၊ ခင်တများများ၊ နေ့စဉ်ပွား၍

ဟုဆိုပေသည်၊ 'သူဌေးရတနာ၊ ပမာအလား'ဟူသော စကား၌ မန္ဓာတ်စကြာမင်းကြီးတို့မှာ အလိုရှိတိုင်း အသုံးခံ သူဌေးရတနာကြီး ရှိမြဲတည်း။။ ခြောက်ပါးဝေဒနာ၊ မြိန်ရှက်စွာကို၊ လွယ်ကာမနှေး၊ လိုတိုင်ပေးနိုင်သော ကြင်မယားနှင့် ဝတ်စား,ရွှေ,ငွေ စသည်သည် ထိုသူဌေးရတနာကြီးနှင့် အလားတူ၏၊ ထိုအသုံးခံ သူဌေးကြီး ရတနာ ကဲ့သို့ မိမိသန္တာန်၌ မျက်စိအရသာ, နားအရသာအစရှိသော ခြောက်ပါး ဝေဒနာကို လွယ်ကာမနှေး လိုတိုင်းပေးသည့် အတွက်ကြောင့် ကြင် မယားနှင့် ဝတ်စားတန်ဆာ ရတနာ ရွှေ, ငွေ အစရှိသော ကာမဝတ္ထု အစုအပုံ ခြောက်အာရုံ၌ ခုံတမင်မင် ခင်တများများ တဏှာပွား၍ နေကြကုန်၏ဟူလိုသည်။

ဤလင်္ကာပုဒ်၌ 'ခြောက်စုဖဿ၊ စက္ခုစသား၊ ဒွါရခြောက်မည်၊ အကြည်အလင်း' စသည်တို့ကား ဓမ္မာရုံတို့ပေတည်း။ 'ခုံတမင်မင်၊ ခင်တများများ၊ နေ့စဉ်ပွား၍၊ တရားအချက်၊ သဘောနက်ကို၊ အိပ်မက်တွင်မျှ၊ မမြင်ကြဘဲ၊ ကာမထောင်တွင်း၊၊ ခန္ဓာကင်းသည်၊ ခြောက်သင်းတဏှာ-စွမ်းရည်တည်း' ဟူသော နောက်စကားသည်ကားအနမတဂ္ဂဘဝတို့၌ ဖြစ်၍ လာခဲ့ကြသော အမှုသွားကို ဆိုသော စကားတည်း။။''တရားအချက်၊ သဘောနက်ကို၊ ''ဟူသည်ကား-အဝိဇ္ဇာ အရာ၌ပြဆိုခဲ့သော သစ္စာလေးပါး တရားအချက် သဘောအနက်ကို ဆိုသတည်း။ ဤဖဿခြောက်ပါး, ဝေဒနာခြောက်ပါး, တဏှာခြောက်ပါး အရာနှင့်လျော်စွာဆိုမှုကား ဖဿသည်လည်း တရားနက် တစ်ခု, ဝေဒနာသည်လည်း တရားနက် တစ်ခု, တဏှာသည်လည်း တရားနက် တစ်ခု။ ဖဿသည် အဘယ်သို့ နက်နဲသနည်းဟူမူ-စက္ခုအတွေ့သည်း ဓာတ် တစ်မျိုးတည်း၊ အဆင်းသဏ္ဌာန်နှင့် စက္ခုအကြည် တေ့ဆိုင်ဆုံဆည်း၍ နေခိုက်၌သာ တဖွားဖွားဖြစ်ပေါ်၍နေ၏၊ အဆုံအဆည်းပျက်လျှင် ချုပ်ပျက်ကွယ်ပျောက်လေ၏-ဟူ၍ဖဿကို ဓာတ်အသီးတစ်ခု အာဂန္တု အနေနှင့် ထင်မြင်နိုင်ရန် အလွန်နက်နဲ၏၊ မိမိသန္တာန်၌ ဤအခါကား စက္ခုအတွေ့ ရှိ၏, ဤအခါကား စက္ခုအတွေ့ မရှိဟု သိကြ၏၊ ဖဿဓာတ် ပေါ်မှု, ဖဿဓာတ် ချုပ်ကွယ် ပျက်ဆုံးမှုဟု မသိကြ။။ထို့အတူ စက္ခုအရသာ ဆိုသည်ကား-ဓာတ်တမျိုး တည်း၊ ထိုဖဿရှိဆဲအခါ၌သာ တဖွားဖွား ဖြစ်ပေါ်၍နေ၏၊ ထိုဖဿ ချုပ်ပျောက်လျှင် ချုပ်ပျောက်၏ဟူ၍ ဝေဒနာကို ဓာတ်အသီးတခု အာဂန္တု အနေနှင့် ထင်မြင်နိုင်ရန် အလွန် နက်နဲ၏၊။ စက္ခုအရသာ ရှိခိုက်, မရှိခိုက်ကိုကား သိကြ၏၊ ဝေဒနာဓာတ်ပေါ်မှု, ဝေဒနာဓာတ် ချုပ်ဆုံးမှု ဟူ၍ မသိကြ၊ ရူပတဏှာကိုလည်း ထိုနည်းတူသိလေ။

ဖြစ်ပေါ်မှု, ချုပ်ပျောက်မှု၌ ဥပမာကား- လူသည် မှန်ကြည့်ရာ၌ စက္ခုအကြည်သည် မှန်အပြင်နှင့် အလားတူ၏၊ အဆင်းသဏ္ဍာန်စုသည် မျက်နှာနှင့် အလားတူ၏၊ ဖဿ, ဝေဒနာ, တဏှာ ဓာတ်စုသည် မှန်အပြင် မှာပေါ်သော မျက်နှာရိပ်နှင့် တူ၏၊ မှန်နှင့် မျက်နှာ တေ့ဆိုင်ဆဲ ခဏ၌သာ မျက်နှာရိပ်ပေါ်ရှိ၏၊ မျက်လွှဲလျှင် ထိုအရိပ်ပျောက်ဆုံး၏၊ အရိပ်ကို မြင်လိုပြန်လျှင် အဖန် ကြည့်ရပြန်၏၊ မျက်နှာလွှဲလျှင် ချုပ်ပျောက်မြဲ ချုပ်ပြောက်ပြန်ကုန်၏၊ အရိပ်သည်ဓာတ်တမျိုးတည်း၊ မှန်အပြင်နှင့် မျက်နှာအပြင် တေ့ဆိုင်မှုတန်းလန်းရှိနေမှ ထိုတေ့ဆိုင်မှုကို စွဲ၍ ဖြစ်ပေါ် တည်ရှိနိုင်သည်၊ တေ့ဆိုင်မှု ပျက်ပြန်၍ စွဲစရာ မရှိပြန်လျှင် အရိပ် ပျောက်ပျက်ရပြန်၏၊ ဤကား ခပ်သိမ်းသော ပဋိစ္စသမုပ္ပါဒ် တရားမျိုး တို့၏ ပဋိစ္စသမုပ္ပါဒ် သဘောတည်း၊ ဤ စက္ခု၏ဆိုင်ရာ ဖဿ, ဝေဒနာ, တဏှာ သုံးပါးသည်လည်း ပဋိစ္စသမုပ္ပါဒ်မျိုးချည်းသာတည်း။ အထက်ကပြဆိုခဲ့ပြီးသော ယပ်လေ ဥပမာ, ရေ ဥပမာတို့ဖြင့် လည်း ကိုယ်၌ဖြစ်ပေါ်သော ဖဿ,ဝေဒနာ, တဏှာတို့၏ ပဋိစ္စသမုပ္ပါဒ် သဘောသည် ထင်ရှား၏၊ ယပ်ပေး၍ နေဆဲအခါ၌ ကောင်းသော ကိုယ်အတွေ့, ချမ်းသာသော ကိုယ်အရသာပေါ်ရှိ၍ နေသည်လည်း ထင်ရှား၏၊ ယပ်လေ ပြတ်လပ်ပြန်လျှင် ထိုအတွေ့ ထိုအရသာ ချုပ်ပျောက်ပြန်သည်လည်း ထင်ရှား၏၊ ပူအိုက်သော မကောင်းသော ကိုယ်အတွေ့ မချမ်းသာသော ကိုယ်အရသာဓာတ်တစ်မျိုး ကိုယ်၌ ပေါ်ပြန်သည်လည်း ထင်ရှား၏၊ ကိုယ်တိုင် တွေ့ကြသော ဒိဋ္ဌိမှုပေတည်း၊ ထိုသို့ သိကြ ထင်ရှားကြသော်လည်း ထိုအတွေ့ ထိုအရသာကို ဓာတ် အသီး, ပရမတ္ထဓမ္မအသီးဟု မသိကြ၊ မမြင်ကြ၊ ငါတွေ့သည်, ငါချမ်း သာသည်, ငါကောင်းသည်ဟု ငါနှင့် တစ်ခုတည်းပြု၍ မြင်ကြ ထင်ကြ စွဲလမ်း၍ နေကြ၏၊

ပုဂ္ဂိုလ်မဟုတ်၊ သတ္တဝါမဟုတ်၊ ငါမဟုတ်၊ သူမဟုတ်၊ ဓာတ် အသီး, ပရမတ္ထဓမ္မအသီး အနေနှင့် ခြားနားထင်ရှားစွာ မြင်နိုင်, ထင်နိုင်မှ ဖြစ်မှု ပျက်မှု အာဂန္တုကိစ္စ ပဋိစ္စသမုပ္ပါဒ်သဘောကို ထင်နိုင် မြင်နိုင်မည်၊ ငါနှင့်တစ်ခုတည်းပြု၍ ငါပြု၍ ထင်နေသမျှ ကာလပတ်လုံး ပဋိစ္စသမုပ္ပါဒ် သဘောကို မထင်နိုင် မမြင်နိုင်၊ 'ငါ' ဆိုသည်ကား တစ်ဘဝလုံး တစ်သက် လုံးမှ 'တစ် ငါ'သာတည်း၊ တစ်ဘဝ၌ မသေမီအတွင်း အသစ် အသစ် ဖြစ်ပေါ်နေသည် ဟူ၍ မယူကြ၊ ချုပ်သည်, ပျက်သည်, ကွယ် ပျောက် သည် ဟူ၍ မယူကြ၊ ထို ကိုယ်သန္တာန်မှာ ကောင်းသောအတွေ့, မကောင်း သောအတွေ့, ကောင်းသောကိုယ်အရသာ, မကောင်းသော ကိုယ် အရသာတို့ကိုမူကား ကိုယ်၌ ပေါ်ရှိ၍ နေသည်ကိုလည်း သိကြ၏၊ ချုပ်ကွယ်ပျောက်ပျက်၍ မရှိပြန်သည်ကိုလည်း သိကြ၏၊ 'ငါ' ကို သိမှု တစ်လမ်း, ထိုဓာတ်တို့ကို သိမှုတစ်လမ်း မနေလော။

အကယ်၍ ကောင်းသောအတွေ့, ကောင်းသောအရသာ တို့သည် ငါ-ဖြစ်ကုန်ငြားအံ့၊ ဘဝမဆုံးမချင်း 'ငါ' အမြဲတည်သကဲ့သို့ ထိုအတွေ့ ထိုအရသာတို့လည်း တည်ကြရကုန်မည်၊ အကယ်၍ ငါ-သည် ထိုအတွေ့ ထိုအရသာတို့နှင့် တစ်ခုတည်း ဖြစ်ငြားအံ့၊ ထိုအတွေ့, ထိုအရသာတို့ကို ယခု ကိုယ်မှာ ဖြစ်ပေါ်ရှိနေပြန်ပြီ၊ ယခု ပျောက်ကွယ် ချုပ်ဆုံး၍ ကုန်ပြီဟု သိကြသောအခါ 'ငါ' ဖြစ်ပေါ်ရှိနေပြန်ပြီ၊ ယခု 'ငါ'ပျောက်ကွယ် ချုပ်ဆုံး၍ 'ငါ' မရှိပြန်ပြီဟု တစ်ခုတည်း တစ်ခုတည်း သိကြကုန်ရာသည်၊ 'ငါ' ကို တစ်ဘဝအတွင်းမှာ ဘယ်အခါမှ ပျောက် ကွယ်ချုပ်ဆုံးသည်ဟူ၍ မယူကြ၊ ထိုအမှုတို့ကိုကား ကိုယ်သန္တာန်မှာ ဖြစ်သည့်အခါ, မဖြစ်သည့် အခါ, ရှိသည့်အခါ, မရှိသည့်အခါဟု သိကြ ယူကြကုန်၏၊ ဤအချက်ကို ထင်ရှားအောင် ဆိုဦးအံ့-မှန်အပြင်မှာ ပေါ်သော မျက်နှာရိပ်သည် မှန်သားလည်း မဟုတ်၊ မျက်နှာလည်း မဟုတ်၊ အာဂန္တုသက်သက်တည်း၊ မှန်သားနှင့်မျက်နှာ ဆိုင်မိမှုကို စွဲ၍ ဖြစ်ပေါ်သော ပဋိစ္စသမုပ္ပါဒ်မျိုးတည်း၊ ထို့ကြောင့်မှန်သားနှင့် မျက်နှာ ဆိုင်မိမှုဟူသော စွဲရာပျက်ခဲ့လျှင် ကွယ် ပျောက်လေ၏၊

ရေထဲမှာ ထင်နေသော နေဝန်းသန္တာန်, လဝန်းသန္တာန် လူရိပ် သန္တာန်စသော အရိပ်သန္တာန်စု၊ နေရောင်,မီးရောင်ကြောင့်ဖြစ်သော သစ်ပင်ရိပ်, လူရိပ်သန္တာန်စုတို့လည်း ထိုနည်းအတူ အာဂန္တုဓာတ် ပဋိစ္စသမုပ္ပါဒ်မျိုးတို့တည်း၊ ထိုသတ္တဝါတို့၏ သန္တာန်၌ လောဘသည် ဓာတ် အာဂန္တုတည်း၊ လူတို့၏ကိုယ်သန္တာန်မှာ ပိုးမျိုးရှစ်ဆယ်တို့သည် ကိုယ်နှင့်အပြည့်ရှိကုန်၏၊ ထိုပိုးတို့သည် ကိုယ်တွင်းသန္တာန်မှာ ဖြစ်ခွင့် ဆိုက်သောအခါ ဖြစ်ပေါ်၍ ပျောက်ဆုံးခွင့် ဆိုက်သောအခါ ပျောက် ဆုံး၍ နေကြကုန်အာဂန္တုတို့သာတည်း၊ ကိုယ်အင်္ဂါအတွင်းမှာ ဖြစ်စေ, အပမှာဖြစ်စေ ပုပ်ရိသော အနာအို အနာမင်း ရှိခဲ့သော် သံသေဒဇပိုး တို့သည် ဖြစ်လာကုန်၏၊ ထိုပိုးတို့လည်း အာဂန္တုတို့သာတည်း၊ ထို့အတူ ဤလောဓာတ်သည်လည်း စိတ်အစဉ်မှာ ဖြစ်ပေါ်ခွင့် ဆိုက်ရောက် သောအခါ ဖြစ်ပေါ်၍ ပျောက်ကွယ်ခွင့် ဆိုက်သောအခါ ပျောက်ကွယ် ပျက်ဆုံး၍ နေသောဓာတ် အာဂန္တုသာတည်း၊ ပုဂ္ဂိုလ်မဟုတ်, သတ္တဝါ မဟုတ်, ငါမဟုတ်, သူမဟုတ်, မိန်းမဟုတ်, ယောက်ျားမဟုတ်, ဘယ်သူမှ မဟုတ်။

ထိုလောဘဓာတ် အာဂန္တုကို မိမိသန္တာန်မှာ ဖြစ်ပေါ်လာ စေလိုလျှင် လောဘဖြစ်နေကျ အာရုံသို့ စိတ်ကိုရှေးရှု တေ့ဆိုင်၍ပေး၊ သူနာ၏ ကိုယ်မှာ သရဲပူးဝင်၍ လာသကဲ့သို့ စိတ်အစဉ်မှာ ခဏချင်း လောဘ ပူးဝင်၍လာ၏၊ မှန်အပြင်မှာ အရိပ်ဓာတ် ပေါ်၍ လာသကဲ့သို့ ခဏချင်း လောဘ အာဂန္တုဓာတ် ဖြစ်ပေါ်၍လာ၏၊ ပူငင်ဖြစ်ပေါ်ထကြွ ပွားများ၍နေသော ထိုလောဘဓာတ်ကို ကွာစေလိုသော် အသုဘကို နှလုံးသွင်း၊ ခဏချင်း လောဘ အာဂန္တုဓာတ် ကွာလေ၏၊ ဆေးကောင်း ဝါးကောင်းနှင့် လုပ်လျှင် သူနာမှာ သရဲ ထွက်ခွာလေသကဲ့သို့တည်း၊ သရဲထွက်ခွါ၍ သွားသည်မှာ လောဘအာဂန္တုဓာတ်မှာ မှန်၌ မျက်နှာ ရိပ်ပျောက်ဆုံးသကဲ့သို့ ပျောက်ကွယ်သေဆုံး၍ သွားသည်ကို အခွါဆို သည်၊ လောဘ ဖြစ်ပေါ်သည်ကိုလည်း ဖြစ်ပေါ်မှန်း သိကြ၏၊ လောဘ ကင်းကွာသည်ကိုလည်း ကင်းကွာမှန်း သိကြ၏၊ အာန္တုက သဘာဝဓာတ် အသီးဟု ခြားနား၍ကား မသိကြ၊ ပဋိစ္စသမုပ္ပါဒ် ဓာတ်အသီးဟူ၍ကား မသိကြ၊ ထိုသို့ မသိကြသည့်အကွက်ကြောင့် သက္ကာယဒိဋ္ဌိနှင့်အပ အာဂန္တုကို 'ငါ' ပြု၍ စွဲလမ်းကြ၏၊

ငါမဟုတ်၊ ပြဆိုခဲ့ပြီးသော ပိုးသတ္တဝါတို့နှင့် မှန်အပြင်မှာ မျက်နှာရိပ်တို့ကဲ့သို့ အာဂန္တုဓာတ် သက်သက်သာတည်း၊ ပဋိစ္စသမုပ္ပါဒ် မျိုးသက်သက်သာတည်း၊ ထင်နိုင်ခဲစွ,မြင်နိုင်ခဲစွ, သက္ကာယဒိဋ္ဌိကို တွန်း လှန်နိုင်ခဲစွ, မောဟအဝိဇ္ဇာ မှောင်ဧရာကို ခွါနိုင်ခဲစွ။။ထို့အတူ ဒေါသ ဓာတ်သည်လည်း အာဂန္တုကဓာတ်သည်လည်း အာဂန္တုကဓာတ်သာ တည်း၊ ပဋိစ္စသမုပ္ပါဒ်မျိုးသာတည်း၊ ပုဂ္ဂိုလ် မဟုတ်၊ သတ္တဝါ မဟုတ်၊ ငါမ ဟုတ်၊ ဘယ်သူမှ မဟုတ်၊ မိမသန္တာန်, သူတပါးသန္တာန်တို့၌ ဒေါသ ဖြစ်လျှင်လည်း ဖြစ်သည်ဟုသိကြ၏၊ ချုပ်ငြိမ်းလျှင်လည်း ချုပ်ငြိမ်းပြီးဟု သိကြ၏၊ ပုဂ္ဂိုလ်မဟုတ်၊ သတ္တဝါမဟုတ်ဟု ထင်ဖွယ်, မြင်ဖွယ်ကောင်း လှ၏၊ ပုဂ္ဂိုလ်သတ္တဝါမှာ မသေမီအတွင်း ထိုကဲ့သို့ ဖြစ်မှု,ပျက်မှုမရှိ၊ ကြွင်းသော နာမ်ဓာတ်ပေါင်း ၅၁-တို့၌လည်း ပြဆိုခဲ့ပြီးသော ဥပမာစုနှင့် တကွ ဓာတ်အသီးသီး ဖြစ်ကြပုံ, အာဂန္တု သက်သက်ဖြစ်ကြပုံ, ပဋိစ္စ သမုပ္ပါဒ်မျိုး ဖြစ်ကြပုံကို ဝေဖန်၍ သိရာ၏၊

ရုပ်ဓာတ်မျိုးတွင်-သီတမီးဓာတ်, ဥဏှမီးဓာတ် နှစ်ပါးတို့၏ ဓာတ် အသီးသီးဖြစ်ပုံ, အာဂန္တုဖြစ်ပုံ, ပဋိစ္စသမုပ္ပါဒ်ဖြစ်ပုံကို အနည်းငယ်မျှ ပြဆိုအံ့၊ မိမိကိုယ်တွင်းကိုယ်ပမှာ အခါအခွင့်အားလျော်စွာ ချမ်းမှု, အေးမှုဖြစ်၍ လာသည်ကိုလည်း သိကြ၏၊ အချမ်း,အအေးချုပ်ပျောက်၍ သွားသည်ကိုလည်း သိကြ၏၊ ပူမှု,နွေးမှုဖြစ်၍လာသည်ကိုလည်း သိကြ ၏၊ အပူ,အနွေးချုပ်ပျောက်၍ သွားသည်ကိုလည်း သိကြ၏၊ ဤသို့အခိုက် အလှည့်အားဖြင့် ချမ်းမှု,အေးမှု,ပူမှု,နွေးမှုတို့၏ ဖြစ်ပေါ်တည်ရှိမှု, ချုပ်ပျောက်သေဆုံးမှုကို မြင်ကြသဖြင့် သီတဟူသည် ဓာတ်အသီး အခြား တည်း၊ ဥဏှဟူသည် ဓာတ်အသီးအခြားတည်း၊ ပုဂ္ဂိုလ်မဟုတ်, သတ္တဝါ မဟုတ်, ငါမဟုတ်, သူမဟုတ် ဓာတ်အာဂန္တုစုသာတည်း၊ တစ်နေ့ တစ်ရက် အတွင်းမှာပင် အခါတစ်ရာမက ကိုယ်တွင်းမှ ဖြစ်ပေါ်၍ အခါတစ်ရာမက ပျောက်ကွယ်သေဆုံး၏၊

ကိုယ်တွင်းသန္တာန်၌ ပူ၍,အိုက်၍ နေသည်ရှိသော် ယပ်လေ ခံလျှင်, ရေချိုးလျှင် အပူအအိုက် ခဏချင်းပျောက်၏ဟု သိကြ၏၊ 'ပျောက်'ဆိုသည်ကား-ဓာတ်၏သေဆုံးခြင်းဟူသော ခဏိကမရဏဓာတ် တစ်ခုပေတည်း၊ အနိစ္စဟူသော ဓာတ်တစ်ခုပေတည်း၊ ထို့ကြောင့် အပူ အအိုက်ပျောက်မှု မည်သည်ကား ကိုယ်တွင်း၌ ဥဏှတေဇော၏ ချုပ် ပျက်မှု, သေဆုံးမှု, အနိစ္စရောက်မှုကို ဆိုသည်ဟုသိကြ၏၊ အထက်က ပြဆိုခဲ့ပြီးသော လောဘပျောက်ကွယ်မှု,ဒေါသပျောက်ကွယ်မှုတို့၌လည်း မရဏဓမ္မ,အနိစ္စဓမ္မတို့ကို ပျောက်ကွယ်မှုဆိုသည်၊ 'သေမင်းသေမင်း' ဟုဆိုကြသည်လည်း ထိုသို့သော ပျောက်ကွယ်ချုပ်ဆုံးမှုတို့ကိုဆိုသည်၊ စက္ခုအတွေ့ပျောက်ကွယ်မှု, စက္ခုအရသာပျောက်ကွယ်မှု စသည်တို့၌ လည်း ဤနည်းအတူ သိလေ၊ ယပ်လေခံလျှင်,ရေချိုးလျှင် ကိုယ်တွင်းမှာ ခဏချင်း အေးချမ်းမှုပေါ်၏ဟု သိကြ၏၊ 'ပေါ်'ဆိုသည်ကား-ဓာတ်တို့၏ ပေါက်ဖွားခြင်းဟူသော ခဏိကဇာတိဓာတ် တစ်ခုပေတည်း၊ ဇာတိ,ဇရာ, မရဏသုံးပါးတွင် ဇာတိပေတည်း၊ လောက၌ ဖြစ်သည်, ပေါ်သည်ဟူ၍ ဆိုကြသမျှကို ဇာတိဓမ္မချည်းမှတ်။

ယပ်လေခတ်မှု မရှိပြန်လျှင် ကိုယ်သန္တာန်မှာ ထိုအေးချမ်းမှု ဟူသော သီတဓာတ်စု ချုပ်ပျောက်ပြန်ကုန်၏၊ မရဓမ္မသို့ ရောက်ကြပြန် ကုန်၏၊ အနိစ္စဓမ္မသို့ ရောက်ကြပြန်ကုန်၏၊ ပူအိုက်မှုဟူသော ဥဏှဓာတ် တို့ဖြစ်ပေါ်ပြန်ကုန်၏၊ ဤသို့လျှင် တစ်နာရီမျှ ကာလအတွင်းမှာပင် ကိုယ်သန္တာန်အတွင်းမှာ အရာအထောင်မကသော ဇာတိမှု, အရာ အထောင်မကသော မရဏမှု, အနိစ္စမှုတို့ကို တွေ့ကြုံထင်ရှား သိရှိ၍ နေကြကုန်၏၊ ထိုသို့ တွေ့ကြုံသိရှိ၍ နေကြပါကုန်လျက် မောဟအဝိဇ္ဇာ ဖုံးလွမ်းချက်ကြောင့်ကိုယ်တွင်းမှာ ပူမှုအိုက်မှုကို ဓာတ်အသီးဟု မသိကြ၊ ချမ်မှု, အေးမှုကို ဓာတ်အသီးဟု မသိကြ၊ ထိုဓာတ်တို့၏ ဖြစ်ပေါ်မှုကို ဇာတိဓမ္မအသီးဟု မသိကြ၊ ထိုဓာတ်တို့၏ ကိုယ်တွင်းသန္တာန်ဝယ် ပျောက် ကွယ်မှုကို မရဏဓမ္မကြီးတစ်မျိုး, အနိစ္စဓမ္မကြီးတစ်မျိုးဟု မသိကြလေကုန်။ မသိကြသည့်အတွက်ကြောင့် ငါပူသည်၊ ငါအိုက်သည်၊ ငါအေး သည်၊ ငါချမ်းသည်ဟု သက္ကာယဒိဋ္ဌိငရဲမီးပွား၍သာ နေကြကုန်သည် ကြွင်းသောရုပ်ဓာတ်တို့၌လည်း ဓာတ်အသီးသီးဖြစ်ကြပုံ, အာဂန္တုသက် သက်ဖြစ်ကြပုံ, စွဲရှိရာမှဖြစ်ပေါ်၍ စွဲရာပျောက်လျှင် ပျောက်ပျက်သော ပဋိစ္စသမုပ္ပါဒ်မျိုးချည်းဖြစ်ပုံကို သိကြလေကုန်၊ ဤသို့လျှင် ကိုယ်သန္တာန်၌ အတွေ့ဟူသောဖဿ ၆-ပါး၊ အရသာဟူသောဝေဒနာ ၆-ပါး၊ သာယာခင် တွယ်မှုဟူသော တဏှာ ၆-ပါးတို့၏ သက်သက်သော အာဂန္တုဓာတ် အဖြစ်ပဋိစ္စသမုပ္ပါဒ်, ခဏချင်းဖြစ်ပေါ်မှုဟူသော ဇာတိဓမ္မ, ခဏချင်း ပျောက်ကွယ်မှုဟူသော မရဏဓမ္မ, အနိစ္စဓမ္မတို့၏ သိနိုင်, မြင်နိုင်, ထင်နိုင်ရန်နက်နဲမှု, ခက်ခဲ့မှုတို့ကို ရည်၍

တရားအချက်၊ သဘောနက်ကို၊ အိပ်မက်တွင်မျှ၊ မမြင် ကြဘဲ၊ ကာမထောင်တွင်း၊ ခန္ဓာကင်းသည်။။ ခြောက်သင်း တဏှာ-စွမ်းရည်တည်း

ဟူ၍ ဆိုပေသည်။ ဤစကား၌ 'ကာမထောင်'ဆိုသည်ကားတဏှာ ၆-ပါးသည်လည်း ကာမထောင်မည်၏၊ မိမိတို့၏ ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့နှင့်တကွ လူ့ပြည်, နတ်ပြည်, ဗြဟ္မပြည်တို့၌ ရှိရှိသမျှသော တဏှာ၏ အဆောက်အအုံဖြစ်သော ဘုံဗိမာန်, ပဒေသာ, လယ်, ယာ, ဥယျာဉ်, ဆင်, မြင်း, ကျွဲ, နွား, ရထား, လှည်း, လှေ, ရွှေ, ငွေ ရတနာ, ဥစ္စာစပါး, သား, မယား အစရှိသော ဝတ္ထုစုသည်လည်း ကာမထောင် မည်၏၊ အနမတဂ္ဂသံသာ ဘဝအဆက်ဆက်တို့၌ တဏှာ၏အကြိုက်သို့ လိုက်ပါ၍ တဏှာ၏ အစီးအပွားကို အားထုတ်၍, တဏှာမှု တန်း လန်းနှင့်သာသေဆုံး၍ လာသည်ကို 'ကာမထောင်တွင်း၊ ခန္ဓာကင်းသည်' ဟူ၍ဆိုပေသည်။

သတ္တမ ပျို့လင်္ကာ အဖြေ ပြီ၏၊

-------

အဋ္ဌမ ပျို့ လင်္ကာ အဖြေ

တဏှာပစ္စယာ ဥပါဒါနံ

တဏှာခြောက်မည်၊ အရင်းတည်လျက်၊ အရှည်များလျား၊ အစဉ်ပွါးက၊ လေးပါးအမှန်၊ ခန္ဓာကာယ၊ အဇ္ဈတ္တနှင့်၊ ကာမ အာရုံ၊ အလုံးစုံ၌၊ အကုနန်နှီးရင်း၊ အစွဲပြင်း၏

ဟူသော လင်္ကာဝါကျ၌ ဥပဒါန် ၄-ပါးဆိုသည်ကား-ကာမုပါဒါန်, ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒုပါဒါန်-ဤ ၄-ပါးသည် ဥပါဒါန် လေးပါးမည်၏၊ ထိုလေးပါးတို့တွင် ကာမုပါဒါန်ဆိုသည်ကား သတ္တမ ပိုင်း၌ပြဆိုခဲ့ပြီးသော တဏှာ ၆-ပါးသည်ပင်လျှင် 'ဖွတ်ကြီးလျှင်မိကျောင်း' 'တစ္ဆေကြီးလျှင် သရဲ' 'မြွေကြီးလျှင် နဂါး' ဆိုသကဲ့သို့ အစွဲအလမ်းအားကြီး သောတဏှာသည် ကာမုပါဒါန်မည်၏၊ သည်ကိုရည်၍

အသင်းပွားများ၊ သားမယားက၊ စသည်ဖြာဖြာ၊ မဆုံး ရာသား။ ကာဝတ္ထု၊ စွဲလမ်းပြုသည်၊ ကာမုပါဒါန်ဟူ၍ ဆိုပေ၏၊ ထိုကာမုပါဒါန်သည်လည်း ရူပါရုံ အဆောက် အအုံစုမှာ စွဲလမ်းသောရူပကာမှုပါဒါန်, သဒ္ဒါရုံအဆောက်အအုံမှာ စွဲလမ်းသော သဒ္ဒကာမုပါဒါန် စသည်ဖြင့် ၆-ပါးအပြားရှိ၏၊။ဒိဋ္ဌုပါဒါန် ဆိုသည်ကား ၃-ပါးသော နိယတမိစ္ဆာဒိဋ္ဌိကြီး,၆၂-ပါးသော မိစ္ဆာဒိဋ္ဌိ အစရှိသော အစွဲအလမ်းအလွန်ပြင်းသော မိစ္ဆဒိဋ္ဌိကိုပင် ဆိုသတည်း။ သည်ကိုရည်၍

တဖန်ထို့ပြင်၊ မိစ္ဆာဉာဉ်ဖြင့်၊ အမြင်ယွင်းဖောက်၊ အယူ မောက်သည်၊ ခြောက်ဆယ့်နှစ်ပါး၊ ပြားသည်ဒိဋ္ဌိ ဟူ၍ ဆိုပေသည်၊ ဒိဋ္ဌိကြီး ၃-ပါးသည် ၆၂-ပါးတို့တွင် ဥစ္ဆေဒ ဒိဋ္ဌိမျိုး၌ပါဝင်သောကြောင့် ၆၂-ပါးဟူ၍သာဆိုသည်။။သီလဗ္ဗတု ပါဒါန်ဆိုသည်ကား-ဘုရားလက်ထက်တော်၌ ဂေါဝတိက တက္ကတွန်း, ကုက္ကုရဝတိက တက္ကတွန်းတို့ကဲ့သို့ နွားတို့၏အလေ့အကျင့်, ခွေးတို့၏ အလေ့အကျင့်ကို ဝဋ်ဒုက္ခမှ ကျွတ်လွတ်စေတတ်သော အလေ့အကျင့်ဟု စွဲလမ်းမှုသည် သီလလဗ္ဗတုပါဒါန်မည်၏၊ ဂေါဝတိက တက္ကတွန်းတို့၏ အယူကား-ရှေးရှေးဘဝတို့က ပြုခဲ့သမျှသော မကောင်းမှု ကံဟောင်းစု သည် ယခုဘဝ၌ နွားများကဲ့သို့ အနွမ်းအပါးခံ၍ တစ်ဘဝလုံးပြုခဲ့လျှင် နေ့စဉ်နေ့တိုင်း မကောင်းကျိုးကို ပေးကြသမျှဖြင့် ယခုဘဝ၌ပင် ရှေး မကောင်းမှု ကံဟောင်းစုကုန်ခြင်း, ဆုံးခြင်းသို့ရောက်၏၊

ယခုဘဝ မကောင်းမှု အသစ်လည်းမဖြစ်၊ ဤသို့ဖြစ်ခဲ့သော မကောင်းမှုဟောင်း,မကောင်းမှုသစ် အကုန်မျိုးပြတ်လေ၏၊ မကောင်းမှု အကုသိုလ် အကုန်မျိုးပြတ်လျှင် နောင်အစဉ်ထာဝရ အမြဲချမ်းသာသော သုခကိုရ၏-ဟု ယူသော ဒိဋ္ဌိသည် ဂေါဝတိကဒိဋ္ဌိ မည်၏၊ ထိုအယူကို ယူ၍ကျင့်သော သူသည် နွားသွားသကဲ့သို့ သွား၏၊ နွားအိပ်သကဲ့သို့ အိပ်၏၊ ထမင်းအစာ ပေးလျှင်လည်း နွားစားသကဲ့သို့ စား၏၊ နွားမှ စနစ်ယူ၍ အလုံးစုံကို ပြု၏၊ ပေါ့ပေါ့ယူ၍ ပေါ့ပေါ့ကျင့်လျှင် သေသည်၏ အခြားမဲ့၌ နွားဖြစ်တတ်၏၊ တင်းတင်းယူ၍ တင်းတင်းကျင့်လျှင် သေ သည်၏အခြားမဲ့၌ ငရဲသို့ကျ၏၊။ ကုက္ကုရဝတိကတက္ကတွန်းတို့၏ အယူကား ခွေးတို့နှင့်တူစွာ သွားလာ နေထိုင် စားသောက်မှုတည်း၊ ဤအကျင့်သည် ပေါ့ပေါ့ကျင့်လျှင် ခွေးဖြစ်ဖို့, တင်းတင်းကျင့်လျှင် ငရဲကျဖို့သာတည်း၊ ထိုခွေးအကျင့်ကို ကျင့်သော ဇမ္ဗုကတက္ကတွန်း ကြီးကား အသုရကာယ်ဖြစ်လေ၏၊ ဤကား သီလဗ္ဗတုပါဒါန်တည်း၊ သည်ကိုရည်၍

တစိထိုမှ၊ ဂေါသီလကို၊ ဝဋ်မှ ထုတ်တတ်၊ စွဲထင်မှတ် သည်၊ သီလဗ္ဗတုပါဒါန်

ဟူ၍ ဆိုပေသည်။။ အတ္တဝါဒုပါဒါန်ဆိုသည်ကား 'ငါ-ငါ-ငါငါ' ဟူ၍ ပြောကြ, ဆိုကြ, စွဲလမ်းကြသော သက္ကာယဒိဋ္ဌိပင်တည်း၊

ဤအတ္တဝါဒုပါဒါန်အပြားသည်ကား ပြဆိုခဲ့ပြီးသော သက္ကာယဒိဋ္ဌိ ၂၅၆- ပါးပင်တည်း။

ထို ၄-ပါးသော ဥပါဒါန်တို့တွင် ဘုရားသာသနာထွန်းရာ လူမျိုးတို့၌ ကာမုပါဒါန်, အတ္တဝါဒုပါဒါန် ၂-ပါးသာရှိ၏၊ အလယ်ဥပါဒါန် ၂-ပါးမရှိ၊ ဘုရားသာသနာမရှိသော လူမျိုးတို့၌လည်း သီလဗ္ဗတုပါဒါန်မှာ ဂေါသီလ ဂေါဝတကို ယူ၍ ကျင့်သောသူတို့၌သာ ရှိ၏၊ ဒိဋ္ဌုပါဒါန်မှာ လည်း ယေရှုခရစ်ဘုန်းကြီး, ဘရင်ဂျီဘုန်းကြီး, ပသီဘုန်းကြီးခေါ်သော သာသနာပြုဆရာကြီးတို့၌လည်းကောင်း၊ ထိုဆရာကြီးတို့ ဟောတိုင်း သန်သန်ယူကြသော ထိုထိုလူမျိုးတို့၌လည်းကောင်း များစွာ ထွန်းကား လျက် ရှိလေ၏၊

ငါတို့မြန်မာလူမျိုးတို့၌ကား ကာမုပါဒါန်နှင့် အတ္တဝါဒုပါဒါန် နှစ်ပါးသာ ရှိကြ၏၊ ထိုနှစ်ပါးတို့တွင် ကာမုပါဒါန်ဖြစ်ပုံ အကျယ်ကို သတ္တမပိုဒ်တွင် တဏှာခြောက်ပါးအကျယ်တိုင်း ချဲ့၍ သိအပ်၏၊ မိုးကျအခါ၌ မြေပေါ်မှာ ပေါက်သော သစ်အင်ငယ်နှင့် တဏှာခေါ်သော လောဘသည် တူ၏၊ ထိုသစ်ပင်ငယ်သည် ထိုနှစ်အတွင်း မြေ၌ အမြစ်တွယ် နည်းပါးသေး၍ ရွေ့လွယ်, ပြောင်းလွယ်သေး၏၊ ဤအတူ ထိုထိုတဏှာ၏ အာရုံဝတ္ထုတို့၌ ရှေးဦးစွာ ခင်စ, မင်စ, သာယာစုံစ ဖြစ်သော လောဘသည် တဏှာမည်၏၊ ရွေ့လွယ်, ပြောင်းလွယ်, ဖြေလွယ်, ဖျောက်လွယ် ရှိသေး၏၊ ထိုသစ်ပင်သည် နှစ်,လ ရှည်ကြာ ထိုနေရာမှာ ကြီးပွားသောအခါ အမြစ်ကြီးငယ် စည်ကား၍ ရွေ့ခြင်း, ပြောင်းခြင်းငှာ မလွယ်ပြီ။

ထို့အတူ ထိုထိုတဏှာ၏ အာရုံ, ဝတ္ထုတို့၌ အခါခါ ဖြစ်ပွား၍ ရွေ့ပြောင်း စွန့်ပယ်ခြင်းငှာ ခဲယဉ်းစွာသော လောဘသည် ကာမုပါဒါန် မည်၏၊ ဤ ကာမုပါဒါန်သည်လည်းသာယာဖွယ်နှင့် တွေ့ကြုံခဲ့လျှင် သာယာခြင်းငှာ အပြီးပါရှိ၍နေသော တဏှာရှိကြောင့်လည်းကောင်း၊ ရှေးဦးစွာ စတင်၍ ခင်မင်သာယာသော တဏှာအမှုကြောင့်လည်း ကောင်း ဖြစ်၏၊။ ငါ-ငါ-ငါ-ငါဟူ၍ ပြောဆို စွဲလမ်းသော သက္ကာယဒိဋ္ဌိ ဟူသော အတ္တဝါဒုပါဒါန်လည်း သာယာသော တဏှာရှိခြင်းကြောင့် ဖြစ်ရ၏၊ အရှင်မရှိသော တစုံတခုသော ဝတ္ထုပစ္စည်းကိုတွေ့မြင်ကြသော အခါ ထိုဝတ္ထု၌ သာယာမှုရှိမှသာ ငါ့ဟာဖြစ်အောင်သိမ်းပိုက်သည်၊ သာယာမှုမရှိလျှင် မသိမ်းပိုက်၊ ထို့အတူ မိမိရုပ်ခန္ဓာတွင် ခက်မာမှု, နူးညံ့မှုဟူသော မြေဓာတ်ကို ငါပြု၍ ရှုမှု, သိမ်းပိုက်မှုဟူသော အတ္တ ဝါဒုပါဒါန်ဒိဋ္ဌိသည်လည်း ထိုမြေဓာတ်ကို သာယာမှုဟူသော တဏှာရှေ့ သွားရှိသည်သာလျှင်တည်း။

မြေဓာတ်၏ ပုဂ္ဂိုလ်မဟုတ်ကြောင်း သတ္တဝါမဟုတ်ကြောင်း သက်သေကား- မြေဓာတ်မည်သည် ရုပ်ရှိသော သတ္တဝါ၏ သဏ္ဌာန်မှာ လည်း အမာခံ ဧရာတည်ကြီးပေတည်း၊ မြေဓာတ်ဧရာတည် မရှိခဲ့လျှင် လရောင်, ကြယ်ရောင်စသော သိမ်မွေ့သော ရုပ်စုသော်မှလည်း မဖြစ်နိုင်၊ ထို လရောင်,ကြယ်ရောင် စသည်မှာလည်း ခက်မာမှုဟူသော မြေဓာတ် သည် ဧရာတည်ဖြစ်၏၊ ခက်မာမှုဆိုသည်ကား ပရမတ်သဘောအနု ခက်မာမှုကို ဆိုသည်၊ အစိုင်အခဲရှိသော အကြမ်းကြီးကို ဆိုသည်မဟုတ်၊ လရောင် ကြယ်ရောင်တို့၌ ဧရာတည်ဖြစ်သော မြေကား အလွန်သိမ်မွေ့ နူးညံ့သော ခက်မာမှုဖြစ်ခဲ့၍ လက်နှင့်စမ်း၍ တွေ့ကောင်း သိကောင်း သော မြေမဟုတ်၊ လူတို့၏ ကိုယ်ဝယ် ဧရာတည်ဖြစ်သော ပရမတ် မြေဓာတ်မူကား စမ်းသပ်၍ ထင်ရှားစွာ သိနိုင်သော မြေဓာတ်ပေတည်း။ 'စမ်းသပ်၍ သိသာ ထင်ရှား၏' ဆိုသော်လည်း မာမှု သက်သက် ကို ဉာဏ်နှင့်ကွက်ခြား၍ ယူတတ်မှ ပရမတ်မြေကို မိသည်၊ ကွက်ခြား၍ မသိတတ်လျှင် ခေါင်းမာသည်-ခြေမာသည်-အရိုးမာသည်-အရည်မာ သည်-စသည်ဖြင့် သက္ကာယဒိဋ္ဌိဘက်သို့သာ စိတ်အထင် ပါ၍သွားတတ် သည်၊ ခေါင်းကိုစမ်းသပ်၍ မာမှုကို တွေ့ထိသိမြင်သောအခါ ခေါင်းဟူ၍ စင်စစ်အားဖြင့် ရှိသည်မဟုတ်၊ ဤမာမှုသည်သာ ဧကန်ရှိသည်၊ ဤမာမှု သည်လည်း ခေါင်းမဟုတ်၊ မြေမျိုး ဇာတိသာတည်း၊ ဤသို့ ဉာဏ်နှင့် ကွက်ခြား၍ သတတ်မှ ပရမတ်မြေ အမှန်ကို သိသည်၊ ကွက်ခြား၍ မသိတတ်လျှင် မာမှုသည် ခေါင်းဖြစ်၍ နေတတ်သည်။

(ဤကား သက္ကာယဒိဋ္ဌိ၏ လက်တွင်းမှ မြေဓာတ်ကို ထုတ်နုတ် ကွက်ခြား၍ သိမြင်သော သမ္မာဒိဋ္ဌဉာဏ် အချက်ပေတည်း) ဤသို့ ကွက်ခြား၍ သိနိုင် မြင်နိုင်သော သမ္မာဒိဋ္ဌိမဂ္ဂင်ဉာဏ် သည်သာလျှင် သက္ကာယဒိဋ္ဌိကို မှုတ်လွှင့်နိုင်သည်၊ ခန္ဓာကိုယ် တစ်ခုလုံးမှာ ဤနည်းတူမြင်လေ၊ တစ်ကိုယ်လုံး၌ မာမှုမြေဓာတ်သက်သက်ကို ကွက်ခြား၍ မြင်နိုင်မှသာလျှင် မြေဓာတ်ဟူသော မာမှုအနည်းနည်းတို့၏ ခဏမစဲ ဖြစ်ပေါ်မှုဟူသော ဇာတိဓမ္မတို့ကိုလည်းကောင်း၊ မြေဓာတ် ဟူသောမာမှုအနည်းနည်းတို့၏ ခဏမစဲ ချုပ်ပျက် သေဆုံးမှု ဟူသော မရဏဓမ္မ, အနိစ္စဓမ္မတို့ကိုလည်းကောင်း မြင်နိုင် ထင်နိုင်မည်၊ သို့မဟုတ် မူ၍ မာမှုနှင့် ဦးခေါင်းကို တစ်ခုတည်းထင်မြင်၍ နေခဲ့လျှင် ပဋိသန္ဓေ အခါက ဖြစ်ခဲ့သော ဦးခေါင်းသည် အနှစ်ရှစ်ဆယ်,ကိုးဆယ်ရှိ၍ သေမှ ပျက်ဆုံးသည်ကို မြင်နိုင်တော့သည်၊ သေမှ ပျက်ဆုံးသော မရဏဓမ္မ, အနိစ္စကိုမူကား တရုတ်,ကုလား, ချင်း, ကချင်တို့လည်း သိကြ, မြင်ကြကုန် သည်သာတည်း၊ ထိုသို့သိသောအမှု, မြင်သောအမှုကို ဉာဏ်မဆိုရ၊ ဝိပဿနာဉာဏ်မဟုတ်၊ မိမိကိုယ်သန္တာန်၌ ခဏမစဲ တဖြုန်းဖြုန်း ဆိုက် ရောက်၍နေသော မြေဓာတ်၏ မရဏဓမ္မ, အနိစ္စဓမ္မတို့ကို ရှုတတ်, မြင်တတ်မှသာ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်အစစ် ဖြစ်သတည်း၊ ပညာရှိ သော သူတို့ မြင်ဖွယ် သိဖွယ် ရိပ်မိဖွယ်ကေယင်းလှ၏၊ ပညာနည်းသော သူတို့ကား ကျွဲပါးစောင်းတီးသာ ဖြစ်ကုန်လတ္တံ့။

မိမိ ကိုယ်သန္တာန်၌ ခဏမစဲ နဖြုန်းဖြုန်း ဆိုက်ရောက်၍ နေသော မြေဓာတ်၏ မရဏဓမ္မ အနိစ္စဓမ္မကို အမြွက်မျှ ပြဆိုပေအံ့၊ လရောင်, ကြယ်ရောင်မှာပင် မြေဓာတ် ဧရာတည် ဖြစ်သကဲ့သို့ ပူမှု, အေးမှုဟူသော မီးဓာတ် နှစ်မျိုးမှာလည်း မြေဓာတ် ဧရာတည်ပင် ဖြစ်၏၊ ထို့ကြောင့် မိမိကိုယ်တွင်း၌ ရှေး၌ ပြဆိုခဲ့ပြီးသောအတိုင်း ပူမှု, အေးမှု, ချမ်းမှုတို့၏ အလှိုင်းတကြီး ဖြစ်ပေါ်မှု, ချုပ်ကွယ် ပျောက်ငြိမ်းမှုတို့၌လည်း ထိုသီတ, ဥဏှဓာတ်တို့နှင့် အတူတကွ ဖြစ်မှု ချုပ်မှုပါရှိကြောင်းသိရ၏၊ သွားခြင်း အမှုကို ပြုသောအခါ၌ တစ်ကိုယ်လုံး လှုပ်ရှားမှု ထင်ရှား၏၊ တစ်လှမ်း တစ်လှမ်းမှာ ကြွမှုတစ်ချက်, မြေသို့ ခြေချမှု တစ်ချက်ရှိ၏၊ ခြေချတိုင်း ချတိုင်း ငယ်ထိပ်သို့ ပေါက်အောင် တစ်ကိုယ်လုံး ထိပ်ခနဲ ထိပ်ခနဲ အထက်သို့ဆောင့်၏၊ ထိုအခါ တစ်ကိုယ်လုံး၌ရှိသော မာမှု အခြင်းအရာ မာပုံအခြင်းအရာတို့၏ အသစ်အသစ်ဖြစ်ပေါ်မှု, အဟောင်း အဟောင်း ချုပ်ကွယ်မှုသည် ထင်ရှား၏၊

လှုပ်ရှားမှန်း သိသာထင်ရှား ရှိသမျှသည် အသစ်,အဟောင်း ပြောင်းလဲမှုပေတည်း၊ အခြင်းအရာ ပြောင်းလဲမှုပေတည်း၊ ရုပ်သစ်, ရုပ်ဟောင်း ပြောင်းလဲမှုပေတည်း၊ မာမှုအမျိုးမျိုး ပြောင်းလဲမှုပေတည်း၊ ပြောင်းလဲမှု အလွန်မြန်လှ၏၊ မျက်တောင်တစ်ခတ်ခန့် အတွင်းမှာပင် တစ်ကိုယ်လုံးကျွတ်လှုပ်ရှား၏၊ တစ်ကိုယ်လုံးကျွတ် အသစ်အဟောင်း ပြောင်းလဲ၏၊ အသစ်အသစ်စု ဖြစ်ပေါ်မှုကို ဇာတိဓမ္မဆိုသည်၊ အဟောင်း အဟောင်းစု ကွယ်ပျက်မှုကို မရဏဓမ္မ,အနိစ္စဓမ္မဆိုသည်၊ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ ဤနည်းချည်းမှတ်၊ ဤအချက်လည်း ပညာရှိသောသူတို့ ရိပ်မိဖွယ် ကောင်းလှ၏၊ ပညာနည်းသောသူတို့မှာ ကျွဲပါးစောင်းတီး သာဖြစ်ကုန်ရာ၏၊

ဦခေါင်း, ဦးနှောက်ခေါ်သော မာမှု မြေဓာတ်စုကို ဉာဏ်နှင့် ကွက်ခြား၍ မြင်တတ်မှအသစ်,အဟောင်းပြောင်းလဲမှုကို မြင်နိုင်သည်၊ ခဏမစဲ ရှိနေသော ဇာတိဓမ္မ,မရဏဓမ္မ,အနိစ္စဓမ္မကိုမြင်နိုင်သည်၊ သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်နိုင်သည်၊ မာမှုသက်သက် ကွက်ခြား၍ မမြင်ဘဲ ဦးခေါင်သဏ္ဌာန်, ဦးနှောက်ခဲသဏ္ဌာန်တို့ကိုသာ မြင်၍နေခဲ့လျှင် ဦးခေါင်း ဦးနှောက်ခဲမည်သည် မသေမီအကြားမှာ ဦးခေါင်းသစ်,ဦးခေါင်းဟောင်း ပြောင်းသည် လဲသည်ဟူ၍မရှိ၊ ဦးနှောက်သစ်, ဦးနှောက် ဟောင်းပြောင်း သည် လဲသည်ဟူ၍မရှိ၊ မသေမီအကြား မရဏဓမ္မဟူ၍မရှိ ဟု ထင်မြင် ၍နေလိမ့်မည်၊ သက္ကာယဒိဋ္ဌိတည်း၊ သဏ္ဌာန်ဆိုသည်ကား ပညတ်တည်း၊ အဟုတ်ရှိသော ဓာတ်မျိုး ဓမ္မမျိုးမဟုတ်၊ စိတ်ထဲတွင် အထင်ကြီးထင်၍ နေသောအထည်ကြီးတည်း။

သဏ္ဌာန်ကား တခြား, မာမှုကား တခြား၊ သဏ္ဌာန်ကား တခြား, အာပေါဟူသောဖွဲ့စေးမှုကား တခြား၊ သဏ္ဌာန်ကား တခြား, ပူမှုကား တခြား၊ သဏ္ဌာန်ကား တခြား, အေးမှုကား တခြား၊ သဏ္ဌာန်ကား တခြား, ဝါယောဟူသော ပူရွမှု တောင့်တင်းမှုကား တခြား၊ သဏ္ဌာန်ကား တခြား, စက္ခုကားတခြား၊ သဏ္ဌာန်ကား တခြား, အဆင်းဓာတ် အရောင်ဓာတ် ကားတခြား၊ သဏ္ဌာန်ကား တစ်သက်လုံး အသစ်, အဟောင်းပြောင်း လဲသည် မရှိ၊ သေပြီးသည်နောက် အလောင်းကောင် ဖြစ်သည်တိုင် အောင်ရှိ၏၊ မာမှုစသော အဟုတ်ရှိသော ဓာတ်တို့ကား ခြေတစ်လှမ်း အတွင်းမှာပင် အမျိုးမျိုး ပြောင်းလဲ၏၊ အမျိုးမျိုး ဖြစ်ပေါ်၏၊ အမျိုးမျိုး ချုပ်ပျက်သေဆုံး၏၊ သဏ္ဌာန်ကား သက္ကာယဒိဋ္ဌိနိုင်ငံတည်း၊ ဓာတ်တို့ကား သမ္မဒိဋ္ဌိနိုင်ငံတည်း။

ထို့ကြောင့် မိမိတို့၏ ကိုယ်ခန္ဓာမှာ ဓာတ်အမှုတို့ကို မမြင်ကြ ကုန်၍ ဦးခေါင်းသဏ္ဌာန်, မျက်စိသဏ္ဌာန်, နှာခေါင်းသဏ္ဌာန်, ဆံပင်သဏ္ဌာန်, အမွေးသဏ္ဌာန် အစရှိကုန်သော သဏ္ဌာန်တို့ကိုသာ မြင်၍ နေကြကုန် မူကား သက္ကာယဒိဋ္ဌိတို့ချည်းသာတည်း၊ မိမိတို့ ခန္ဓာကိုယ်မှာ ခဏမစဲ တသဲသဲ ဆိုက်ရောက်၍နေသော ဇာတိဓမ္မတို့လည်း မမြင်နိုင်ကြကုန် လတ္တံ့၊ ဇရာဓမ္မကိုလည်း မမြင်နိုင်ကြကုန်လတ္တံ့၊ မရဏဓမ္မကိုလည်း မမြင်နိုင်ကြကုန်လတ္တံ့၊ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်-ဟူ၍ တသက်လုံးမှာ တစ်ခါမျှ မတွေ့နိုင်ကြကုန်လတ္တံ့။

(ဤကား ၂၅၆-ပါးသော သက္ကာယဒိဋ္ဌိ အတ္တဝါဒုပါဒါန်တို့တွင် မာမှုဟူသော ပထဝီဓာတ်တစ်မျိုးမှာ အတ္တဝါဒုပါဒါန်တည်ထောင်၍ နေပုံကို အမြွက်မျှ ပြဆိုလိုက်သောအခန်းတည်း၊ ကြွင်းသော ၂၇- ခုသောရုပ်ဓာတ်, ၅၃-ခုသော နာမ်ဓာတ်တို့ကိုလည်း အသီးသီး အတ္တဝါ ဒုပါဒါန်တည်ထောင်၍ နေပုံကို သက္ကာယဒိဋ္ဌိအခန်း၌ ပြဆိုခဲ့ပြီးသော အတိုင်း သိလေ။)

အထန်အပြင်း၊ အယူတင်း၍၊ ဝဋ်ခင်းဝဋ်နယ်၊ ဝဋ်ပင် လယ်မှ၊ လွတ်ဖွယ်မအား၊ တမားမားသည်။။လေးပါးဥပါဒါန်စွမ်းရည်တည်း ဟူသော လင်္ကာဝါကျ၌ 'လွတ်ဖွယ်မအား' ဆိုသည်ကား လွတ်ခွင့်မရ၊ လွတ်ခွင့်မပေါ် ဆိုသည်။။ 'အထန်အပြင်း၊ အယူတင်း၍' ဟူရာ၌ လောဘဟူသောကာမုပါဒါန် အယူတင်းမှု, သက္ကာယဒိဋ္ဌိ ဟူသော အတ္တဝါဒုပါဒါန် အယူတင်းမှု ၂-ပါး ရှိ၏၊ အလွန်ခို်င်မာလှသော ကြိုး၏ အဖျား၌ သားတစ်နှင့်တကွ ငါးမျှားချိတ်ကို ဖွဲ့၍ ထိုကြိုးကို အင်းကြီး အလယ်မှာ စိုက်ထားသော တိုင်မှာ ဖွဲ့၍ထားရာ၌ သားသစ်ကို မျိုမိ၍ ဝမ်းထဲ၌ အသည်းအူမှာ ငါးမျှားချိတ်မိ၍နေသော ငါးသည် ထိုတိုင်၏ အနီးအပါးမှာ သွားကာ လာကာ အမှတ်မဲ့နေလျှင် ငြိမှန်း, မိမှန်း, အလွန်ကြီး တင်းမှန်း, ကျပ်မှန်း မသိသာလှသေး၊ ထိုတိုင်မှ ခွါ၍ဝေးရာသို့ သွားမည်ဟု ရုန်းသောအခါမှ တင်းကျပ်မှန်း သိလေ၏၊ တံငါ၏ လက်တွင်း၌သာ သေဆုံးရလေ၏၊ ထို့အတူ ဤလူအပေါင်းတို့သည် လည်း မိမိတို့ ပိုင်ထိုက်သော သက်ရှိသက်မဲ့ ပစ္စည်း ဝတ္ထုတို့၏ အလယ်၌ လုပ်ကိုင် စောင့်ရှောက်နေစဉ်အခါ ထိုပစ္စည်းဝတ္ထုတို့၌ တွယ်တာသော တဏှာသည် အလွန်တင်းကျပ်၏ဟုမသိသာလှသေး၊ ဘုရားတရားတော် ကိုကြားနာ၍ သားမယားကိုစွန့်၍ ထွက်ရသော်--ပစ္စည်းဝတ္ထုကဲ့သို့စွန့်၍ ထွက်ရသော်ဟု အကြံပြုသောအခါ အကြံပြုခါမျှနှင့်ပင် စိတ်နှလုံးမှာ တင်းကျပ်၍လာ၏၊

'ငါထွက်သွားသော် ငါ့မယား,ငါ့ပစ္စည်း ငါ့ဝတ္ထုစု ဘယ်လိုဖြစ် မည်'ဟုအပိတ်အဆို့တွေ အလွန်တင်းကျပ်၍လာ၏၊ နှစ်,လ ရွှေ့ပြောင်း ရပြန်၏၊ နှင်,လ ဆိုက်ပြန်၍ ထွက်မည်ကြံပြန်လျှင်လည်း တင်းကျပ်မြဲ တင်းကျပ်ပြန်၏၊ ကာမုပါဒါန် ကြိုးတန်းလန်းနှင်ပင် သေကြရ၏၊ ထိုကဲ့သို့ အကြံပြုသည်မှာကား တစ်ဘဝထက် တစ်ဘဝ ရ်င့သန်၍သွားတတ်၏၊ ထွက်လိုသော သဒ္ဓါ ဆန္ဒ တစ်ဘဝထက် တစ်ဘဝ အားသန်၍သွား တတ်၏၊ သဒ္ဓါ ဆန္ဒ အားကောင်းလှသောအခါ ထွက်ပြေးနိုင်လတ္တံ့၊ ဘုရားတရားတော်ကို ကြားနာရလျက်နှင့်မှ နိက္ခမဆန္ဒ မဖြစ်လာသော သူတို့အား ထိုဥပါဒါန်မှ ထွက်နိုင်ရန် မျိုးစ မြင်စပင် မရှိလေသေး၊ ရန်သူမျိုးငါးပါးကြောင့်လည်းကောင်း၊ ရောဂါမျိုးအနာဆိုး စသည်တို့ ကြောင့်လည်းကောင်း ထုဝတ္ထုပျက်စီးခြင်းသို့ ရောက်ခဲ့သော်လည်း ကောင်း၊ ပျက်စီးမှုနှင့် စိုးရိမ်ခွင့်ဆိုက်ခဲ့သော်လည်းကောင်း ကာမုပါဒါန် သန်လျှင် သန်သည့်အလျောက်, ပျော့လျှင် ပျော့သည့်အလျောက် သောက, ပရိဒေဝ,ဒုက္ခ, ဒေါမနဿတရားတို့သည် ဖြစ်ကုန်၏၊ ထိုတရား တို့ကား ဥပါဒါန်၏ အခိုးအကင်းတို့တည်း။

ကာမုပါဒါန် အမြွက်ပြီး၏၊

လူကောင်ပမာဏရှိသော မီးခြစ်ခဲကြီးသည် ရှိသတတ်၊ ပကတိ အခါ၌ ဖက်ပိုက်၍ပင် နေသော်လည်း အေးမြ၏၊ ကော်ပတ်ဖြင့်တိုက်ခဲ့ သည်ရှိသော် ဘယ်နေရာမှာပင် တိုက်သောလည်း မီးတောက်သည်သာ ဖြစ်၏၊ မီးမတောက်သော နေရာဟူ၍ မရှိ၊ မီးတောက်၍ ထိုမီးခြစ်ခဲကြီး နှင့်တကွ အနီးအပါး စပ်လျဉ်းသမျှ အိမ်ရာ ကျောင်းကန်ရှိသမျှကို ခဏချင်း လောင်နိုင်၏၊ ထို့အတူ ငါ,ငါ ဟူသောသက္ကာယဒိဋ္ဌိသည်လည်း သူတပါးတို့ အထိအပါးမရှိမူ၍ မိမိအလိုအလျောက် ချမ်းကြည်စွာ နေသောအခါ၌ မထင်ရှာသေး၊ သူတပါးတို့ကမိမိကိုယ်ကို ကာယကံ, ဝစီကံဖြင့် အနာတရထိပါးလာသောအခါ တစ်ကိုယ်လုံးမှာ ဘယ်နေရာ ကိုပင် ထိသော်လည်း ထိသမျှနေရာတိုင်းက မီးတောက်၏၊ ငါ့ကိုပြုရ သလား'ဟု'ငါ' ထွက်၍လာ၏၊ တယောက်သောသူ၏ ဦးခေါင်းမှာ ဆံပင် သည် နှစ်ကုဋေ လေးသန်းရှိသည်ဟူ၏၊ မွေးညင်းသည် ကိုးသောင်း ကိုးထောင်ရှိသည်ဟူ၏၊ စော်ကား ရမ်းကားမှုနှင့်ထိခဲ့လျှင် ဆံပင်တိုင်း, မွေးညင်းတိုင်မှ 'ငါမီး'တောက်၏၊ ငါ့ကိုစော်ကားသည်ဟုဖြစ်၏၊ ကြီးမား သော ကိုယ်အင်္ဂါတို့မှာ ထိခဲ့မူ ဆိုဘွယ်မရှိ။

(ဤကား သက္ကာယဒိဋ္ဌိဟုဆိုအပ်သော အတ္တဝါဒုပါဒါန် အယူ အစွဲပြင်းထန်ပုံ အမြွက်တည်း။)

ထို ဥပါဒါန်နှစ်ပါးတွင် ကာမုပါဒါန်ကို သာသနာပ စျာန်ရ ရသေ့များပင် ခွါနိုင်သေး၏၊ အတ္တဝါဒုပါဒါန်ကိုမူကား သာသနာပ၌ သရဘင်္ဂရသေ့ အစရှိသော သဗ္ဗညူ ဘုရားအလောင်းတော်ကြီးများမှ သော်လည်း မခွါနိုင်၊ ပစ္စေကဗုဒ္ဓါတို့သည် ကာမုပါဒါန်ကို မိမိတို့၌ အကြွင်းမဲ့ပယ်ကြကုန်၏၊ သူတပါးတို့အား ကာမုပါဒါန်ကိုမူကား မိမိ တို့သာ အကြွင်းမဲ့ပယ်နိုင်ကုန်၏၊ သူတပါးကို မသောနိုင်ကြကုန်။ ထို့ကြောင့် သာသနာပအခါ၌ မဟာကမ္ဘာ အသင်္ချေပင်ကြာ သော်လည်း အတ္တဝါဒုပါဒါန်ကို ကုစားသောဆေးဟူ၍မရှိ၊ သဗ္ဗညူ မြတ်စွာဘုရားပွင့်တော်မူသောအခါ သာသနာတော်မြတ်အတွင်း၌ သာလျှင် အတ္တဝါဒုပါဒါန်ကို ငရဲမီးကြီးမှန်းသိကြရသည်၊ ပျောက်ငြိမ်းရာ သောဆေးလည်း အရာ,အထောင်မက ပေါများသည်၊ အဘိဓမ္မာ ခုနစ်ကျမ်းသည် အတ္တဝါဒုပါဒါန် ငရဲကြီးကို သတ်ရန် ဆေးပေတည်း၊ သုတ္တန်တို့၌ ခန္ဓာဒေသနာ, အာယတနဒေသနာ,ဓာတုဒေသနာစုသည် အတ္တဝါဒုပါဒါန် ငရဲမီးကိုသတ်ရန်ဆေးစုပေတည်း၊ လိုရင်းကား-ရေ, မြေ, လေ,မီး၊ ဓာတ်ကြီးလေးခု၊ စက္ခု, သောတ၊ ဃာန,ဇိဝှါ၊ ကာယာ, မန၊ ဆအကြည်ဓာတ်၊ ဖဿ ဝေဒနာ၊ စေတနာနှင့်၊ သညာတကွ၊ ဤဓာတ်မျှကို၊ လှလှကိုယ်တွင်၊ ကွင်းကွင်းမြင်က၊ ဉာဉ် သက္ကာယ၊ သေကိန်းကျသည်။။ဆေးမျာ့သိဒ္ဓိ--အကျော်တည်း။ ဤဆေးနိဒါန်းကို ကျေကျေ ကျက်၍ ထိုတဆဲ့လေးပါးသော ဓာတ်ရင်း ဓမ္မရင်းတို့ကို မိမိကိုယ်ခန္ဓာအတွင်း, သူတပါးကိုယ် ခန္ဓာ အတွင်း၌ ကွင်းကွင်းကွက်ကွက် ပျက်မှု, ဖြစ်မှု ပဋိစ္စသမုပ္ပါဒ်နှင့်တကွ လှလှပိုင်ပိုင် မြင်စွမ်းနိုင်အောင် ခိုင်လုံသော သဒ္ဓါ, ဆန္ဒ, ဝီရိယဖြင့် နေ့ညမခြား အားထုတ်ရာသတည်း။

အဋ္ဌမ ပျို့လင်္ကာ အဖြေပြီး၏၊

ဥပါဒါနပစ္စယာ ဘဝေါ

နဝမ ပျို့လင်္ကာ အဖြေ

စွမ်းရည်ပြင်းထန်၊ ဥပါဒါန်ဖြင့်၊ ခန္စာ ဓမ္မ၊ ကိုယ်ကာယ၌၊ အတ္တ အစွဲ၊ မြဲကြီး မြဲ၍။။ ရဲရဲ ရက်ရက်၊ ကိုယ်အတွက်ကြောက်၊ သက်သတ်,ခိုးမှု၊ စသည်ပြုလျက်၊ အကုသလ၊ ဓမ္မ ဆယ်တန်၊ အပြစ်လျှံ၏၊။တဖန် နောက်နှောင်း၊ ငါလျှင် ကောင်းစိမ့်၊ အကြောင်းရည်ရော်၊ အရှည်မျှော်လျက်၊ သူတော်ဓလေ့၊ ရသေ့, ရဟန်း၊ လှူဒါန်းဝေငှ၊ ပဉ္စင်္ဂနှင့်၊ အဋ္ဌအအင်္ဂိ၊ ဒသင်္ဂိတည့်၊ လေးလီဓမ္မ၊ ဝိဟာရစျာန်၊ ဆယ်တန်ကသိုဏ်း၊ အလှိုင်းများစွာ၊ ဘာဝနာဟု၊ ဆယ်ဖြာပုည၊ ကုသလကို။ လုံ့လကြိုးစား၊ ကောင်း မှုပွား၏-

ဟူသော လင်္ကာဝါကျ၌ ဒုစရိုက်ဆယ်ပါးသည် အကုသိုလ် ကမ္မဘဝမည်၏၊ ထိုဆယ်ပါးတွင် ပါဏာတိပါတမှုသည်(၁) ကာမုပါဒါန်အတွက်ကြောင့်ဖြစ်သော ပါဏာတိပါတမှု၊ (၂) အတ္တဝါဒုပါဒါန် အတွက်ောကာင့်ဖြစ်သော ပါဏာတိပါတမှုဟူ၍ နှစ်မျိုးရှိ၏၊ မိမိ၏ သက်ရှိ,သက်မဲ့စည်းစိမ်ဥစ္စာကို ယူသည့် အတွက်ကြောင့်လည်းကောင်း၊ ဖျက်ဆီးသည့်အတွက်ကြောင့် လည်း ကောင်း၊ သူတပါး၏ သက်ရှိ, သက်မဲ့စည်းစိမ်ကို ရလိုယူလိုသည့် အတွက်ကြောင့်လည်းကောင်း၊ မုဆိုးမှု, တံငါစသည်ကိုပြု၍ သား မယား စည်းစိမ်ကို မွေးမြူလိုသည့်အတွက်ကြောင့်လည်းကောင်း သူ့အသက်ကို သတ်ကြသောအမှုသည် ကာမုပါဒါန်အတွက်နှင့် သတ်မှုပေတည်း၊ မိမိကိုယ်ကို ထိပါးသည်ကို, စော်ကားသည်ကို, ပြိုင်ဆိုင်သည်သို မခံလို၍ သတ်မှုသည် အတ္တဝါဒုပါဒါန်အတွက်နှင့် သတ်မှုပေတည်း။။သူ့ဥစ္စာကို ခိုးဝှက်, လုယက် တိုက်ခိုက်ခြင်း အဒိန္နာဒါန်မှု အစရှိသော ဒုစရိုက်ကိုး ပါး တို့၌လည်း ဤနည်းတူ သိလေ။

အထူးကား ကာမေသုမိစ္ဆာစာရနှင့် အဘိဇ္ဈာတို့မှာ ကာမုပါဒါန် ကြောင့်, မိစ္ဆာဒိဋ္ဌိမှာ အတ္တဝါဒုပါဒါန်နှင့်ဒိဋ္ဌုပါဒန်တို့ကြောင့် ဖြစ်သည်ဟု အထူးဆိုသင့်၏၊။ဤသို့လျှင် ကိုယ်တွင်း၌ စွဲလန်းပြင်းထန် ဥပါဒါန်ရှိမှ သာလျှင် ဒုစရိုက်ကိုပြုကြကုန်၏၊။ယခုဘဝ၌ ကာမဝတ္ထုတို့၌ တွယ်တာသော ကာမုပါဒါန်ရှိနေကုန်သောသူတို့အား နောက်ဘဝ အဆက်ဆက်တို့ကို လှမ်းမျှော်၍ တွယ်တာတောင့်တသော ကာမုပါဒါန် တရားသည ထင်ရှားရှိနေ၏၊။ယခုဘဝမည်သည့်အလှူကို လှူကြလျှင် ဘယ်မျှလောက်ကြီးကျယ်စွာသော လူ့စည်းစိမ်ကိုရနိုင်သည်, နတ်စည်းစိမ် ကိုရနိုင်သည်ဟူ၍ လောကီချမ်းသာနှင့်စပ်သော ဒါနကုသိုလ် အကျိုးကို ကြားနာကြရသောအခါ ကာမုပါဒါန် လှုံ့ဆော်မှုကြောင့် ထိုအလှူကို လှူဒါန်းလိုသော သဒ္ဓါ, ဆန္ဒ ကပ်ကြကုန်၏၊ ငါးပါးသီလအကျိုး, ရှစ်ပါးသီလအကျိုး, ဆယ်ပါးသီလအကျိုးကိုကြားနာရ၍ ကာမုပါဒါန် လှုံ့ဆော်မှုကြောင့် သီလသီတင်း စောင့်ထိန်းကြရာ၌လည်း ထို့အတူ ပင်တည်း။

(ဤကား ကာမုပါဒါန်ကြေင့် ကာမာဝစရ ဒါနကုသိုလ်မှု, သီလ ကုသိုလ်မှု, ဥပေါသထကုသိုလ်မှုဟုဆိုအပ်သော ကုသလကမ္မဘဝ ဖြစ်ပုံတည်း)

ဒါန,သီလ ကုသိုလ်ပြုပြီးမှ နောက်နောက်ဘဝ၌ အသက် ရှည်ခြင်း, အဆင်းလှခြင်း, ချမ်းသာကြီးခြင်း, ခွန်အားကြီးခြင်း, ဉာဏ် ပဋိဘာန်ကြီးခြင်း-ဟူသောကောင်းကျိုးတရား ငါးပါးနှင့်ပြည့်စုံသော လူအဖြစ်ကိုရသည်၊ နတ်အဖြစ်ကိုရသည်-ဟုကြားနာရသောအခါ အတ္တဝါဒုပါဒါန် လှုံဆော်မှုကြောင့် ထိုကဲ့သို့သော အကျိုးကိုရစေခြင်းငှါ ဒါနကုသိုလ်, သီလကုသိုလ်ကို ပြုကြရကုန်၏၊။ ဗြဟ္မဝိဟာရဘာဝနာ, ကသိုဏ်းဘာဝနာများကို ပွါးများကြလျှင် ကာမာဝစရကုသိုလ် အနေမျှ ပွါးများနိုင်ကြမူ လူ့ပြည်, နတ်ရပ် မြတ်သောဌာန၌ မည်သို့ထူးမြတ်သော လူအဖြစ်, နတ်အဖြစ်ကို ရသည်ဟူ၍လည်းကောင်း၊ ရူပါဝစရစျာန် ထိအောင် ပွါးများနိုင်ကြမူ ကမ္ဘာများစွာ အသက်ရှည်သော ရူပဗြဟ္မာ အဖြစ်ကို ရသည်ဟူ၍လည်းကောင်း၊ အရူပါဝစရစျာန်ထိအောင် ပွါးများ နိုင်ကြမူ ကမ္ဘာများစွာ အသက်ရှည်သော ရူပဗြဟ္မာအဖြစ်ကို ရသည်ဟူ၍ လည်းကောင်း၊ အရူပါဝစရစျာန်ထိအောင် ပွါးများနိုင်ကြမူအလွန် ကမ္ဘာများစွာ အသက်ရှည်သော အရူပဗြဟ္မာအဖြစ်ကို ရသည်ဟူ၍ လည်းကောင်း ကြားနာရသောအခါ အတ္တဝါဒုပါဒါန် လှုံ့ဆော်မှုကြောင့် ထိုအဖြစ်တို့ကို ရကြလို၍ ထိုဘာဝနာတရားတို့ကို အားထုတ်ကြကုန်၏၊ ရသေ့ပြုကြကုန်၏၊ ရဟန်းပြုကြကုန်၏၊

(ဤကား အတ္တဝါဒုပါဒါန်ကြောင့် ဒါန, သီလ, ဘာဝနာ-ဟူသော ကုသိုလ်ကာမဘဝတရား ဖြစ်ပွါးပုံတည်း။)

စိတ်နှလုံး၌ ကာမုပါဒါန် ဓာတ်ခံရှိကုန်သော သူတို့အား လောကီစည်းစိမ်ဟုဆိုအပ်ကုန်သော ဘောဂသမ္ပတ္တိ ကာမဂုဏ် အဆောက် အအုံတို့ကို ရွှမ်းရွှမ်းစြိုကားနာကြရကုန်သည်ရှိသော် အနာရှိသော သူတို့အား ညှော်ကြီးပြင်းစွာနံသောအခါ အနာကင်း ချက်ချင်းထသကဲ့သို့ လည်းကောင်း၊ နတ်ရူးနာရှိသော သူတို့အား ဗုံသံ, ပတ်သံ, ဆိုင်းသံ, ဝိုင်းသံကြားသည်ရှိသော် ခဏချင်းစိတ်ကြွ၍ ထသကဲ့သို့လည်းကောင်း ခဏချင်း ကာမုပါဒါန် လှုံ့ဆော်ထကြွလာ၏၊ မျက်နှာရွှင်ပြုံး နှလုံး စိုရွှမ်း၍လာ၏၊ နှလုံး၌'ငါငါ'ဟူသော သညာ စိတ္တ သက္ကာယဒိဋ္ဌိ ဓာတ်ဆိုး ဓာတ်ဝါးရှိကုန်သော သူတို့အား အသက်ရှည်ခြင်း, အဆင်းလှခြင်း အစရှိသော ဘဝသမ္ပတ္တိ စကားကို ကြားရသည်ရှိသော် ဘဝတဏှာနှင့် တကွသော သညာဝိပလ္လာသ, စိတ္တဝိပလ္လာသ, ဒိဋ္ဌိဝိပလ္လာသတရား တို့သည် ခဏချင်းလှုံ့ဆော်ထကြွ၍ လာကုန်၏၊

ဘောဂသမ္ပတ္တိသည် ကာမုပါဒါန်၏ အစာအာဟာရပေတည်း။ ဘဝသမ္ပတ္တိသည် အတ္တဝါဒုပါဒါန်၏ အစာအာဟာရပေတည်း။ မီးမည်သည် ရေနံဆီအစရှိသော ဆီမီးစာနှင့်တွေ့လျှင် ခဏချင်း

တောက်၍ ထသကဲ့သို့ ဘောဂသမ္ပတ္တိအသံကို ရွှဲရွှဲစိုကြားရလျှင် ကာမုပါဒါန်မီးတောက်၍ထ၏၊ ဘဝသမ္ပတ္တိ အသံကိုကြားရလျှင် ရွှဲရွှဲစို အတ္တဝါဒုပါဒါန် မီးတောက်၍ ထ၏၊ နှစ်ရည်လများ ဆည်းပူးစောင့် ထိန်း၍ လာခဲ့သော တစ်ရာ, တစ်ထောင်, တစ်သောင်း, တစ်သိန်း စသော ရွှေ ငွေ ပစ္စည်း ဥစ္စာတို့ကိုပင် အကုန်အစင်လှူဒါန်းလိုသောစိတ် ဖြစ်၍ လာ၏၊ သီလ သီတင်းစောင့်ထိန်းလိုသောစိတ် ဖြစ်၍လာ၏၊ အထွတ် အမြတ်ဖြစ်သော ဘဝသမ္ပတ္တိကို ရခြင်းအကျိုးငှါ ရသေ့ရဟန်းပြုလိုသော စိတ် ဖြစ်လာ၏၊ စိတ်ဖြစ်သည့်အတိုင်းလည်း အသက်ထက်ဆုံး တတ်စွမ်း သမျှ အားထုတ်ကြကုန်၏၊ သည်ကိုရည်၍

တဖန်နောက်နှောင်း၊ ငါလျှင်ကောင်းစိမ့်၊ အကြောင်း

ရည်ရော်၊ အရှည်မျှော်လျက်၊ သူတော်ဓလေ့၊ ရသေ့ရဟန်း၊ လှူဒါန်းဝေငှ၊ ပဥ္ပင်္ဂနှင့်၊ အဋ္ဌအင်္ဂိ၊ ဒသင်္ဂိတည့်၊ လေးလီဗြဟ္မ၊ ဝိဟာရစျာန်၊ ဆယ်တန်ကသိုဏ်း၊ အလှိုင်းများစွာ၊ ဘာဝနာဟု၊ ဆယ်ဖြာပုည၊ ကုသလကို၊ လုံ့လကြိုးစား၊ ကောင်းမှုပွား၏

ဟူ၍ ဆိုပေသည်။။ ကမ္မဘဝဟူသော စကား၌ ဘဝဆို သည်ကား ဖြစ်သည်, ပွားသည် ဆိုလိုသတည်း။ ကုသိုလ်ဖြစ်သည်, အကုသိုလ်ဖြစ်သည်၊ ကုသိုလ်ပွါးသည်, အကုသိုလ်ပွါးသည်-ဟူလို သတည်း။

လောက၌ ခပ်သိမ်းသောသတ္တဝါတို့အား ကိုယ်အင်္ဂါလှုပ်ရှား၍ ပြုသမျှသော ကာယကံမှု, နှုတ်အင်္ဂါလှုပ်ရှား၍ ပြောသမျှ ဆိုသမျှသော စကားမှု, စိတ်ထဲတွင် ကြံစည်သမျှသော စိတ်အမှုတို့သည် ကုသိုလ်သော် လည်းဖြစ်ရမည်၊ အကုသိုလ်သော်လည်း ဖြစ်ရမည်၊ ကောင်းသော နှလုံးသွင်းဖြစ်အံ့ ကုသိုလ်ဖြစ်၏၊ မကောင်းသော နှလုံးသွင်းဖြစ်အံ့ အကုသိုလ်ဖြစ်၏၊ ဤသို့သော ကုသိုလ်ဖြစ်မှု အကုသိုလ်ဖြစ်မှုကို ဘဝဆို သည်။ ထိုဘဝဟုဆိုအပ်သော ကုသိုလ်ဖြစ်မှု အကုသိုလ်ဖြစ်မှုသည်လည်း နောင် ပဋိသန္ဓေအကျိုးကို ပေးနိုင်လောက်အောင် အစေ့, အဆန်အောင် မာသောအမှုသည်လည်းရှိ၏၊ အကုသိုလ်အရာ၌ ပါဏာတိပါတ အစ ရှိသော အကုသလကမ္မပထဆယ်ပါးသည် အောင်မာသော အကုသိုလ် မှုတည်း။။ကုသိုလ်အရာ၌ ကုသိုလ်အရာ၌ ကုသလ ကမ္မပထ ဆယ်ပါး သည် အောင်မာသော ကုသိုလ်မှုမည်၏၊

- ဤ ''ဥပါဒါနပစ္စယာ ဘဝေါ''ဟူသောပုဒ်၌ကား အောင်မြင် သည်ဖြစ်စေ, မအောင်မြင်သည်ဖြစ်စေ ကုသိုလ် အကုသိုလ်မှု အလုံးစုံ ကိုပင် လိုအပ်၏၊။အလုံးစုံသည်ပင် ဥပါဒါန်ကို အစွဲပြု၍ ဥပါဒါန်ရှိ နေသည့်အတွက်ကြောင့်ဖြစ်ရ၏၊

-''ဘဝပစ္စယာ ဇာတိ''ဟူသော နောက်ပုဒ်၌ကား ကမ္မပထ မြောက် သော ကုသိုလ်မှု, အကုသိုလ်မှုကိုသာ လိုအပ်၏၊

မြေပြင်၌မြက်သစ်ပင်တို့သည် ရှေးရှေးနှစ်၌ ဖြစ်ပွားပြီးသော မြက်သစ်ပင်တို့၌ အသီးအစေ့တို့သည် ဖြစ်ထွန်းကုန်၍ ထိုအသီး အစေ့ တို့မှ နောက်နောက် မြက်သစ်ပင်တို့သည် အစဉ်အဆက် တစ်ကမ္ဘာလုံး ဖြစ်ပွား၍နေကြကုန်သကဲ့သို့ တစ်ယောက် တစ်ယောက်သော သတ္တဝါ တို့၏ ခန္စာအစဉ် ဘဝအစဉ်တို့သည်လည်း ရှေးရှေးဘဝတို့၌ အသီး အစေ့နှင့်တူသော ကုသိုလ်မှု, အကုသိုလ်မှု၊ ကုသိုလ်တရား, အကုသိုလ် တရားတို့သည် တစ်ဘဝလုံးဖြစ်ထွန်းပွားများကုန်၍ ထိုကုသိုလ်မျိုးစေ့ အကုသိုလ်မျိုးစေ့တို့မှ နောက်နောက်ဘဝ နောက်နောက်ခန္ဓာတို့သည် အနမတဂ္ဂသံသရာ ဘဝအဆက်ဆက် ဖြစ်ပွားနေကြကုန်၏၊ သည်ကိုရည်၍

နှစ်ပါးကုသိုလ်၊ အကုသိုလ်ဟု၊ ထိုထိုဘဝ၊ ဖြစ်သမျှ၌၊ ဗီဇပြည့်ဖြိုး၊ အမျိုးမျိုးကြောင့်၊ အကျိုးတရား၊ အရှည်ပွားသည်။ နှစ်ပါးဘဝ-စွမ်းရည်တည်း

ဟူ၍ ဆိုပေသည်၊ ထိုကုသိုလ်မှု, အကုသိုလ်မှုဟူသော ဘဝ နှစ်ပါးတွင် အကုသိုလ်ဖြစ်မှု၌ သူ့အသက်ကို ဖျက်ဆီးလိုသော စိတ် စေတနာမည်သည် ကိုယ်သန္တာန်မှာ အမြဲရှိနေသောပုဂ္ဂိုလ်မျိုး, သတ္တဝါမျိုး မဟုတ်၊ ကာမုပါဒါန် အရေးအခွင့်, အတ္တဝါဒုပါဒါန် အရေးအခွင့် ကြုံ ကြိုက်၍ ထိုအခွင့်လုံ့ဆော်၍ပေးမှ ပူးဝင်ကပ်ရောက်လာသော အာဂန္တု ကဓာတ် ပဋိစ္စသမုပ္ပါဒ်မျိုးသာတည်း၊ ထိုအခွင့်လုံ့ဆော်မှု ချုပ်ငြိမ်းပြန်လျှင် ထိုပါဏာတိပါတ စိတ်စေတနာ အဂန္တုကဓာန်သည် နှလုံးထဲ၌ မီးတောက် သေပျောက်သကဲ့သို့ ဓာတ်၏သေခြင်း, ဓာတ်၏ ပျက်ခြင်းဖြင့် သေပျက် ချုပ်ပျောက်လေ၏၊ စိတ်ကောင်း စေတနာ ကောင်း ဖြစ်ပေါ်၍လာပြန်၏၊ အဒိန္နာဒါနစေတနာ, ကာမေသုမိစ္ဆာစာရ စေတနာ, မုသာဝါဒစေတနာ, ပိသုဏဝါစာစေတနာ, ဖရုသဝါစာ စေတနာ, သမ္ဖပ္ပလာပ စေတနာ, အဘိဇ္ဈာ, လောဘ, ဗျာပါဒ, ဒေါသ, မိစ္ဆာဒိဋ္ဌိတို့သည်လည်း ထို့အတူ သူ့အခွင့်နှင့် သူ့ကိုယ်သန္တာန်မှာ ကပ်ရောက်လာကြကုန်သော အဂန္တုက ဓာတ် ပဋိစ္စသမုပ္ပါဒ်မျိုးတို့ ချည်းသာတည်း။

ပကတိလူမှာ တစ္ဆေပူးဝင်၍ နေသောအခါ တစ္ဆေ အလိုရှိရာ ထိုလူပြုကျင့်, ပြောဆို, ကြံစည်ရသည်၊ တစ္ဆေ ခွါထွက်မှ ပကတိ လူစိတ် ဝင်ခွင့်ရသည်၊ အစိမ်း သရဲ ပူးဝင်သောအခါ အစိမ်းသရဲ အလိုရှိရာ ထိုလူပြုကျင့် ပြောဆို ကြံစည်ရသည်၊ အစိမ်းသရဲခွါထွက်မှ ပကတိလူစိတ် ပေါ်ခွင့်ရှိသည်၊ ဤဥပမာအတူမှတ်။။ ဒါနစိတ်, ဒါနစေတနာ, သီလစိတ်, သီလစေတနာ, ဘာဝနာစိတ်, ဘာဝနာစေတနာတို့လည်း ထိုနည်းတူ အာဂန္တုဓာတ် အဋိစ္စသမုပ္ပါဒ်မျိုးတို့ ချည်းသာတည်း၊ သူ့အခွင့်နှင့်သူ ဆိုက်တိုက်ရာ ဆိုက်တိုက်ရာ ကိုယ်သန္တာန်မှာ ဖြစ်ပေါ်လာကြသော အာဂန္တုဓာတ် ပဋိစ္စသမုပ္ပါဒ်မျိုးတို့သာတည်း။

နဝမ ပျို့လင်္ကာ အဖြေ ပြီး၏

---------

ဒသမ ပျို့လင်္ကာအဖြေ

ဘဝပစ္စယာ ဇာတိ

ဘဝစွမ်းရေ၊ ကံနှစ်ထွေကြောင့်၊ သဗ္ဗေသတ္တာ၊ သတ္တဝါတို့၊ ဖြစ်ရာဘဝ၊ ဆုံပြန်ကလည်း၊ ဧက, စတု၊ ငါးခု ခန္ဓာ၊ ကံချရာ၌၊ ဓမ္မတာစစ်၊ သစ်တလဲလဲ၊ အနဲနဲလျှင်၊ ဖြစ်မြဲဇာတိဟူသော လင်္ကာဝါကျ၌ အသညသတ်ပုဂ္ဂိုလ်မှာ ရုပ်ခန္ဓာတစ်ပါး သာရှိသည်၊ အရူပပုဂ္ဂိုလ်မှာ နာမ်ခန္ဓာလေးပါးသာ ရှိသည်၊ ကြွင်းသော ပုဂ္ဂိုလ်တို့မှာ ခန္ဓာငါးပါးရှိကုန်သည်။

သည်ကိုရည်၍

'ဧက, စတု၊ ငါးခု ခန္ဓာ'ဆိုသည်၊ ဤဇာတိအရာ၌ ဆိုခွင့်, ဆိုရန်ရှိ သမျှကို တတိယပိုဒ်အဖြေမှာ ပဋိသန္ဓေလေးမျိုးနှင့်တကွ ပြဆိုခဲ့ပြီ။

ဆိုဖွယ်အထူးကား- ဤလင်္ကာမှာ ရှေးဘဝ၌ ပြုခဲ့သော ကံတည်း ဟူသော အကြောင်းကြောင့် နောက်နောက်ဘဝမှာ အစစွာ ဖြစ်ပေါ် သော ဘဝသစ်ဇာတိကိုသာ ပြဆိုပေသည်၊ ဇာတိဟူသည်ကား

(၁) ဘဝသစ် ဇာတိတစ်ပါး,

(၂) သန္တတိ ဇာတိတစ်ပါး,

(၃) ခဏိက ဇာတိတစ်ပါး

ဟူ၍ ဇာတိတရား သုံးပါး ရှိ၏၊။ ထိုသုံးပါးတို့တွင် ဖြစ်ရာဘုံ ဘဝမှာ စုတေပြီးနောက် ထိုထိုဘုံဘဝ၌ အစစွာ ဖြစ်ပေါ်မှုကို ဘဝသစ် ဇာတိဆိုသည်၊ ထိုဇာတိကား ထင်ရှားပြီ။

သန္တတိဇာတိ ဆိုသည်ကား တစ်ဘဝ အတွင်မှာ တစ်နှစ်အတွင်း, တစ်လအတွင်း, တစ်ရက်အတွင်း, တစ်နာရီအတွင်း, တစ်ထိုင်အတွင်းမှာ ကိုယ်ခန္ဓာ၌ အထူးထူးအထွေထွေ ဖြစ်ပေါ်မှုသည် သန္တတိဇာတိမည်၏၊ ထိုင်၍နေရာမှ ထိုင်စမှာ အညောင်းအညာ မရှိသေး၊ အပူအပင် မရှိသေး၊ အတော်ကြာလျှင် ညောင်းရုပ်, ညာရုပ်, ပူရုပ်, ပင်ရုပ် ဖြစ်ပေါ်၍လာ၏၊ ဘယ်နေရာက ညောင်း၍လာသည်၊ ဘယ်နေရာက ပူ၍လာသည်ဟု အများသိကြ၏၊ ရုပ်သစ်, နာမ်သစ် ဖြစ်ပေါ်မှု ဇာတိဓမ္မဟူ၍ကား မသိကြ။

ငါညောင်းလာသည်, ငါပူလာသည်, ငါခြေညောင်း၍ လာသည်, ငါခြေပူ၍လာသည်ဟု သက္ကာယဒိဋ္ဌိအတိုင်းသာ သိကြ၏၊ ဥဏှဓာတ်မီး လွန်သော ရုပ်ကလာပ်မျိုးကို ညောင်းရုပ်, ညာရုပ်, ပူရုပ်, ပင်ရုပ်ဆိုသည်၊ ဥဏှဓာတ်မီး အားကြီး၍ လေဓာတ်လွန်၍ လာသောအခါ ထုံမှု, ကျဉ်မှု, ထုံရုပ်, ကျဉ်ရုပ်ပေါ်လာသည်၊ ထိုအခါ ခြေဟူသော ပညတ်သဏ္ဌာန်ကို ဉာဏ်နှင့် ဖယ်ရှား၍ ပူမှု, အေးမှုဟူသော တေဇောဓာတ်မီး သက်သက်ကို ကွက်ခြား၍ ဉာဏ်နှင့်ကြည့်လျှင် တိမ်တောင်, တိမ်တိုက်တက်သကဲ့သို့ အပူဓာတ်မီး ဖြစ်ပေါ်ပွားများ၍ လာသည်ကိုမြင်လတ္တံ့၊ အပူဓာတ်မီး ဖြစ်ပေါ်ရာဌာန၌ အအေးဓာတ်မီးပျောက်ကွယ်၍ ကုန်သည်ကိုလည်း မြင်လတ္တံ့၊ မကြာမီ အေးချမ်းသော ခြေတစ်ခုလုံး ကုန်ဆုံး၏၊ ပူပန်, ညောင်းညာသော ခြေဖြစ်၍ နေ၏၊ ရုပ်သစ်, ရုပ်ဟောင်း လဲပြောင်းမှု ကိုယ်တွေ့ ဒိဋ္ဌဖြစ်ကြ၏၊

ထိုနောက် တစ တစ ထုံရုပ် ပေါ်၍ လာသည်လည်း ထင်ရှား၏၊ ထိုနောက် တစ တစ ကျဉ်ရုပ်ဖြစ်၍ ပေါ်လာသည်လည်း ထင်ရှား၏၊ ဤ၌ မပျောက်ငြိမ်းမီအတွင်း ညောင်မှု, ညာမှု, ထုံမှု, ကျဉ်မှု တစ်စဉ် တစ်ဆက်တည်းဖြစ်၍ တစ်ခါညောင်း, တစ်သုတ်ညောင်း, တစ်ကြိမ် ညောင်းဟု မှတ်ယူကြသော ဇာတိဓမ္မသည် သန္တတိဇာတိမည်၏၊။ ဤနည်းအတူ ရပ်ခြင်း, သွားခြင်းတို့၌လည်း အညောင်းအညာ ဖြစ်၍ လာမှု, အညောင်းအညာ ပြေပျောက်မှု, အဖျားတက်မှု, အဖျားကျမှု, အနာရောဂါ ဖြစ်သော အလှည့်, အနာရောဂါ ပျောက်သော အလှည့်, ကိုယ်အင်္ဂါပူသော အလှည့်, အေးသောအလှည့်, အိုက်သောအလှည့်, ချမ်းသောအလှည့်, အားရှိသောအလှည့်, အားလျော့သောအလှည့်, ဆာလောင်အလှည့်, ဝလင်သောအလှည့်, လှုပ်ရှားသောအလှည့်, မလှုပ် ရှားသောအလှည့်, အိပ်သောအလှည့်, ထိုင်သောအလှည့်, ရပ်သော အလှည့်, သွားသောအလှည့်, ကွေးသောအလှည့်, ဆန့်သောအလှည့် အစရှိသည်ဖြင့် တစ်ကိုယ်လုံး၌လည်းကောင်း၊ ထိုထိုကိုယ်အင်္ဂါ၌လည်း ကောင်း ရုပ်အမျိုးမျိုး ပြောင်းလဲ၍ဖြစ်ကြသော အမှုတို့သည် တစ်နေ့ နေ့မှာပင် အမျိုးနှစ်ရာမက ဖြစ်ကြကုန်၏၊ထိုသို့ဖြစ်ကြရာ၌ တလှည့် တလှည့်သော ရုပ်သစ်ဖြစ်မှု, တမျိုးတမျိုးသော ရုပ်ဖြစ်မှုသည် တစ်ခု တစ်ခုသော သန္တတိဇာတိမည်၏၊

ရှေး၌ သွားခြင်းအမှု၌ ခြေတစ်လှမ်း တစ်လှမ်းမှာ တစ်ကိုယ်လုံး အကျွတ် ရုပ်တစ်မျိုးတစ်မျိုး ပြောင်းလဲမှုကို ပြဆိုခဲ့ပြီ၊ ထိုနည်းအတိုင်း ကြည့်တတ်မှ မြင်နိုင်သည်၊ မကြည့်တတ်လျှင် သေသည့်တိုင်အောင် အသစ်အဟောင်း ပြောင်လဲခြင်းမရှိသော သဏ္ဌာန်ရိပ်ကြီး ခုခံ၍ နေလိမ့်မည်၊ ထိုသဏ္ဌာန်ရိပ်ကြီးကား သက္ကာယဒိဋ္ဌိ၏ နိုင်ငံကြီးပေတည်း၊ အနမတဂ္ဂသံသရာမှာ သက္ကာယဒိဋ္ဌိနိုင်ငံ သဏ္ဌာန်ရိပ်ကြီးကိုပယ်ခွင်း၍ အတွင်းဓာတ်နုကို ရှုနိုင်သောဉာဏ် တရံတဆစ်မျှ မဖြစ်ခဲ့ကြ၍ ယနေ့ ထက်တိုင် ယောင်တီး ယောင်တ နေကြသည်၊ ဤသန္တတိဇာတိဓမ္မ၌ လိုရင်းအကျဉ်ချုပ်စကားမူကား လောက၌ ကိုယ်ခန္ဓာမှာ ဘယ်လိုဖြစ် သည်, ဘယ်ဟာဖြစ်သည်, ပေါ်သည်, ပေါက်သည်, ပွားသည်ဟူ၍ ကိုယ် တွေ့ဒိဋ္ဌပြောဆိုကြသော အမှုစုသည် ဇာတိချည်းမှတ်။

ယခုငါမှာ ဘယ်လို အကြံဖြစ်သည်, ဘယ်လိုစိတ်ဖြစ်သည်, လိုချင် စိတ်ဖြစ်သည်, မလိုချင်စိတ်ဖြစ်သည်, ပြုချင်စိတ်ဖြစ်သည်, မပြုချင်စိတ်ဖြစ် သည် အစရှိသည်ဖြင့် ဖြစ်လုံးနှင့် သုံးကြသမျှသည် ဇာတိစကားချည်း တည်း၊ ထို့အတူ ငါ့မှာ လောဘဖြစ်သည်, ဒေါသဖြစ်သည်အစရှိသော စကား, စိတ်ထဲမှာ ဘယ်လိုအကြံပေါ်လာသည်, ဘယ်လိုအကြံပေါက်လာ သည်, ကိုယ်ခန္ဓာမှာ ဘယ်အနာဖြစ်လာသည်, ဘယ်လိုဖြစ်လာသည်, ဘယ်လိုပေါက်လာသည်, ဘယ်အနာပေါက်လာသည်အစရှိသော အချက် တို့ကို ဆိုလိုသည်။

ခဏိကဇာတိဆိုသည်ကား ကိုယ်ခန္ဓာတစ်ခုလုံး၌ ဓာတ်မီးသည် အမွန်ဖြစ်၏၊ ကိုယ်ခန္ဓာဟူသမျှသည် ဓာတ်ခဲကြီး, ဓာတ်မီးတုံးကြီး ပေတည်း၊ တကိုယ်လုံးမှာ အေးမှု, နွေးမှု, ပူမှုမှ လွတ်သော အကွက်ဟူ၍ အဏုမြူမျှမရှိ၊ မီးမည်သည် တရှိန်ရှိန် တရွရွ ထမြဲဓမ္မတာပေတည်း။

တကိုယ်လုံးဝယ် ဧရာတည်ဖြစ်သော မြေဓာတ်သည် မီး၏မှီ တွယ်ရာ ဓာတ်မီးစာဖြစ်၏၊ ခပ်သိမ်းသောရုပ်ဟူသမျှသည် မာမှုဟူသော မြေဓာတ်၌ မှီကြရ၏၊ မြေဓာတ်ပျက်ဆုံးလျှင် ပျက်ဆုံးကြရ၏၊ မီးမည် သည် မှီရာကိုအမြဲစား၏၊ အမြဲလည်းပေါက်ပွား၏၊ မီးကိုစေ့စေ့ကြည့်၍ နေလျှင် လှုပ်လှုပ်ရွရွ မြင်ကြသမျှသည် အသစ်သစ်ပေါက်ပွားမှု, အဟောင်းအဟောင်းကုန်ဆုံးမှုပေတည်း။ ထိုကြောင့်ပကတိမီးကို စေ့စေ့စိစိ ကြည့်၍နေလျှင် လှုပ်လှုပ် လှုပ်လှုပ် ရွရွ ရွရွ မြင်ကြသမျှ ခဏိကဇာတိနှင့် ခဏိကမရဏမှု ချည်းမှတ်။ ထို့အတူ မီခဲကြီး အတိ ဖြစ်သော ဤကိုယ်ခန္ဓာမှာ လည်းမျက်တောင်တခတ်လျှပ် တပြက်မစဲ တသဲသဲတရွရွ ဓာတ်မီးစားမှု, ဓာတ်မီးပွားမှု, ရုပ်ပွားမှုကို သိလေ။ ထို့ကြောင့် ဓမ္မပဒပါဠိတော်၌

ထယာ ပုဗ္ဗုဠကံ ပေဿ၊ ယထာ ပေဿမရီစိကံ။

ဧဝံ လောကမဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။

ဟူ၍ဟောတော်မူသည်။

ပုဗ္ဗုဠကံ၊ ရေပွက်ကို။ ပေဿ ယထာ၊ ရှုသကဲ့သို့လည်းကောင်း။ မရီစိကံ၊ တံလှပ်ကို။ ပေဿယထာ၊ ရှုသကဲ့သို့လည်ကောင်း။ ဧဝံ၊ ဤအတူ။ လောကံ၊ မိမိခန္ဓာကိုယ်,သူတပါးခန္ဓာကိုယ် တည်းဟူသော လောကကို။ အဝေက္ခန္တံ၊ စေ့စေ့ငုငုရှုမြင်၍ နေသောသူကို။ မစ္စုရာဇာ၊ သေမင်းသည်။ န ပဿတိ၊ မမြင်နို်င်။

မီးပြင်းထည့်၍ကျိုချက်သဖြင့် ပွက်ပွက်ဆူ၍နေသော အိုးတွင်းမှာ ရေပွက်ငယ်တွေကို စေ့စေ့စိစိ ကြည့်၍ နေသောသူသည် အပေါ်မစဲ အပျက်မစဲ တသဲသဲ တရွရွနေသော ရေပွက်ငယ်တွေကို မျက်မှောက် ထင်ထင် မြင်ရှိသကဲ့သို့ မိမိကိုယ်ခန္ဓာ,သူတပါးကိုယ်ခန္ဓာ၌ အပေါ်မစဲ အပျက်မစဲ တသဲသဲ တရွရွနေမှုကို ဝိပဿနာ ပညာ မျက်စိဖြင့် မျက် မှောက်ထင်ထင် ရှုမြင်ပွားများသော မိန်းမ, ယောကျ်ားကို သေမင်းသည် မမြင်နိုင်ဟူလို။

('ယထာပုဗ္ဗုဠကံ ပေဿ'ဟူသောပဒ်ု၏အဓိပ္ပါယ်) နွေလအခါ၌ ကျယ်လှစွာသော ရေမရှိသော အင်းပြင်ကြီးများ၌ တံလှပ်ခိုးမည်သည်ထ၏၊ အောက်ရေခိုးတက်သည်ကို အထက်ကနေ ရောင်ကြောက်သောအခါ လျှပ်လျှပ် လျှပ်လျှပ်မြင်ရသောဝတ္ထုကို တံလှပ်ဆိုသည်၊ မြေမှပေါ်ထွက်၍ ကောင်းကင်သို့ တလျှပ်လျှပ်ထင်မြင် အောင်တက်သည်၊ တံလှပ်ခိုးစုသည် မြေသို့ပြန်၍ဝင်သည်မရှိ၊ ကောင်း ကင်၌သာ ကွယ်ပျောက်ကြလေ၏၊ ဤကိုယ်ခန္ဓာအတွင်းမှ တလျှပ်လျှပ် ပေါ်၍နေသော စိတ်အကြံစည်,ဝိတက်အကြံအစည်, လောဘ,ဒေါသ, အစရှိသော နာမ်တရားတို့ကိုလည်း ထိုတံလှပ်နှင့်တူစွာ ရှုရမည်၊ ထို တံလှပ်နှင့် တူစွာထင်မြင်အောင်ရှု၍နေသောသူကို သေမင်းသည် မမြင် နိုင်ဟူလိုသည်။

('ယထာ ပေဿ မရီစိကံ'ပုဒ်၏အဓိပ္ပါယ်)

'သေမင်းမမြင်နိုင်' ဟူသော စကား၌ သက္ကာယဒိဋ္ဌိနိုင်ငံသည် သေမင်းနိုင်ငံမည်၏၊ သေမင်းမည်သည် ပေါရိသာဒမင်းနှင့် တူ၏၊ သက္ကာယဒိဋ္ဌိသည် ပေါရိသာဒမင်း၏ အလုပ်အကျွေးဖြစ်သော ရသက အမည်ရှိသော စားတော်ကဲနှင့်တူ၏ပြဆိုခဲ့ပြီးသော သက်သက်သော ဓာတ်သဘော, အာဂန္တုကသဘော, ပဋိစ္စသမုပ္ပါဒ်သဘောတို့ကို မသိ မမြင်ကြကုန်မှု ပုဂ္ဂိုလ်, သတ္တဝါ, ငါ,သူတပါး, ယောက်ျား, မိန်းမ, ဦးခေါင်း, ခြေ, လက်, မျက်ခွက်, မျက်နှာ, နှုတ်လျှာ, ခံတွင်း, မွေးညင်း, ဆံပင်, အင်္ဂါကြီးငယ်, ဘယ်သူ, ဘယ်ဝါဟူ၍သာ သိမြင်ထင်စွဲ၍ နေကြကုန် သော သူတို့သည် သေမင်း၏မျက်မှောက်၌ ဓာတ်အောက် လက်ခံ ဖြစ်ကုန်သော သူတို့ပေတည်း၊ အဘယ့်ကြောင့်နည်းဟူမူ သေမင်းနိုင်ငံမှ လွတ်နိုင်ရန်အခွင့်အလမ်း မရှိကြသည်၏ အဖြစ်ကြောင့်တည်း။

ပြဆိုခဲ့ပြီသော ဓာတ်သဘောစသည်ကို ဉာဏ်မျက်စိဖြင့် ဒိဋ္ဌ ရှုမြင်၍ နေကြကုန်သော သူတို့သည်မူကား သက္ကာယဒိဋ္ဌိ၏ ဦးခေါင်းကို ဖောက်ခွဲ၍နေသောသူ, သေမင်း၏မျက်လုံးကို ဖောက်ခွဲ၍ နေသောသူ မည်ကုန်၏၊ အဘယ့်ကြောင်နည်းဟူမူ ထိုသို့သော ရှုမြင်သည်သာလျှင် သေမင်း၏နိုင်ငံ, သေမင်း၏ ဓားအောက်မှ ထွက်ပေါက်, ထွက်လမ်းကြီး ဖြစ်ပေသောကြောင့်တည်း၊ ဥပမာကား-လောက၌ ဘီလူး, သဘက်ကို နိုင်သော ဆေးဝါးပညာလည်းမရှိ, မြင်နိုင်သောဆေးဝါးပညာလည်း မရှိသောသူတို့သည် ဘီလူး, သဘက်တို့၏ အနိုင်ကျင့်မှုကိုသာ ခံကြရ ကုန်၏၊ ဘီလူး, သဘက်တို့ကိုမြင်နိုင်သော ဒိဗ္ဗစက္ခုဆေး, အသေသတ် နိုင်သော ဝိဇ္ဇာမယဆေးရှိသောသူတို့ကား ဘီလူး, သဘက်တို့၏ နိုင်ငံကို လွန်နိုင်ကုန်၏၊ ဘီလူး,သဘက်တို့၏ အနိုင်အကျင့်ကို မခံကြရကုန်ပြီ၊ မိမတို့ကသာ ဘီလူး,သဘက်တို့ကို နှိပ်စက်ကြကုန်၏၊ သတ်နိုင်ကြကုန်၏၊

ထိုသူတို့ကို ဘီလူး, သဘက်တို့က အထူးထူး အထွေထွေ ဖန်ဆင်း ၍ မပြနိုင်ကြကုန်ပြီ၊ မလှည့်ပတ်နိုင်ကြကုန်ပြီ၊ မိမိတို့ကိုယ်ကို မကွယ် နိုင်ကြကုန်ပြီ။ ထိုသူတို့၏ကိုယ်ကို မပူးနိုင်, မကပ်နိုင်ကြကုန်ပြီ၊ ထိုစကား၌ 'သေမင်း' ဆိုသည်ကား ခန္ဓကိုယ်နှင့် အပြည့် အမြဲပါရှိ၍နေသော ရှေး၌ ပြဆိုခဲ့ပြီးသော မရဏဓမ္မ, အနိစ္စဓမ္မသည် 'သေမင်း'မည်၏၊ မရဏ သဘော, အနိစ္စသဘောရှိသော ရုပ်ခန္ဓာ, နာမ်ခန္ဓာ, ရုပ်ဓာတ်နာမ်ဓာတ်, စသည်တည်း 'သေမင်း'မည်၏၊ ထိုနှစ်ပါးသော သေမင်းတို့သည် ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ် မရှိကုန်သော အန္တပုထုဇဉ်တို့အား ပုဂ္ဂိုလ်, သတ္တဝါ, ငါ,သူတပါး, ယောကျ်ား,မိန်းမ စသည်ဖြင့် အထူးထူးအထွေထွေ ဖန်ဆင်း၍ ပြနိုင်ကုန်၏၊ လှည့်ပတ်နိုင်ကုန်၏၊ မိမိတို့၏ ဇာတိသဘောကို မမြင်နိုင်အောင် ကွယ်နိုင်ကုန်၏၊ မိမိကိုယ်ကိုပင်' ငါ,ငါ' ဟုဆိုရအောင် ပူးကပ်နိုင်ကုန်၏၊

အန္ဓပုထုစဉ်တို့သည် အနမတဂ္ဂသံသရာ၌ ထိုသေမင်းတို့ကိုပင် 'ငါ,ငါ' ပြု၍ ယခုထက်တိုင်လာကြကုန်၏၊ ရုပ်ခန္ဓာ, နာမ်ခန္ဓာ, ဓာတ် သဘာဝတို့ကို ပြဆိုခဲ့ပြီးသော ရေပွက်အတူ, တံလှပ်အတူ ထင်မြင်နိုင်ကြ ကုန်သောသူတို့ကိုမူကား ထိုသေမင်းနှစ်ပါးတို့သည် အထူးထူး အထွေ ထွေ ဖန်ဆင်း၍လည်း မပြနိုင်ကြကုန်ပြီ၊ မလှည့်ပတ်နိုင်ကြကုန်ပြီ၊ မကွယ်နိုင်ကြကုန်ပြီ၊ ' ငါ,ငါ 'ဟုထင်မှတ်အောင် မပူးကပ်နို်င်ကြကုန်ပြီ၊ ဤသို့သောအဓိပ္ပါယ်ဖြင့် ''ဧဝံလောက မဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ ဟူ၍ဟောတော်မူသည်။

(ဤကား ခဏိကဇာတိ၏ အချက်ကိုပြဆိုသောစကားတည်း၊ ဤခဏိကဇာတိကိုရည်၍ ပါဠိတော်မှာ-''ခန္ဓာနံ ပါတုဘာဝေါ၊ အာယတ နဿ ပဋိလာဘော'' ဟူ၍ဟောတော်မူသည်။ ဤလင်္ကာပုဒ်မှ ကြွင်းကျန် သောနောက်စကားစု ထင်ရှားပြီ။)

ဒသမ ပျို့လင်္ကာ အဖြေပြီး၏၊

--------------

ဧကာဒသမ ပျို့လင်္ကာအဖြေ

ဇာတိပစ္စယာ ဇရာ မရဏံ

သန္ဓေဇာတိ၊ တဖန်ငြိ၍၊ တြိဘုံသူ၊ လူလူနတ်နတ်၊ မတ် မတ်မားမား၊ ဖြစ်ပြန်ငြားသော်၊ သုံးပါးအရွယ်၊ စ, လယ်, အဆုံး၊ ရှိမြဲထုံးဖြင့်၊ အနှုန်းစဉ်စီ၊ သန္ဓေချီက၊ နာရီစဉ်သင့်၊ အဆင့် ဆင့်လျှင်၊ ရင့်မြဲရော်မြဲ၊ တသဲသဲတည့်၊ မစဲနေ့ည၊ တရွရွ လျှင်၊ ခဏသန္တတိ၊ အဂ္ဂိဇရာ၊ နှစ်ဖြာလောင်မီး၊ အရှိန်ညီး၍၊ အကြီး အငယ်၊ အရွယ်ခြားနား၊ အစားစားလျှင်၊ အသွားတွင်တွင်၊ မစဲ နှင်၏

ဟူသော လင်္ကာဝါကျ၌ အဓိပ္ပါယ်ကား- ၃၁-ဘုံတွင် တခုခုသော ဘုံ, တခုခုသောဘဝ၌ ဇာတ်, ရုပ်သေးပြရာ၌ သူ့အခန်းဆိုင်ရာ သူ့ဝတ်စား တန်ဆာဆင်ယင်၍ ဇာတ်ထွက်သကဲ့သို့ သတ္တဝါတို့မှာလည်း စုတိကျ၍ ဘဝဇာတ်သိမ်းပြန်လျှင် မိမိတို့ကံချထားရာ ထိုဘဝမှ တစ်ဘဝ တစ်ဇာတ် ထွက်ရပြန်၏၊ ပဋိသန္ဓေကိစ္စနှင့် ဘဝအသစ် ဖြစ်ပေါ်ရပြန်၏၊ ဖြစ်ပေါ် ပြန်လျှင်လည်း ဇာတ်နှင်မှု၌ အစိုးရသော ဇရာတရား, ဇာတ်သိမ်းမှု၌ အစိုးရသော မရဏတရား အပြီးပါရှိပြန်၏၊

ဇရာအကြောင်းတရား

ပါရှိပုံ ဥပမာကား-ဘယ်နေရာမှာမဆို မြက် သစ်ပင် ပေါက် ရောက်လာသည်ရှိသော် မြက်သစ်ပင်ခေါ်သော ရုပ်တရားစုသည် ရင့်ခြင်း အမှုဟူသော ဇရာမီး မဝင်နိုင်, မကပ်နိုင်အောင် ခိုင်လုံသော အနှစ်သာရမရှိ၊ နံနက်၌ ပေါက်သော မြက်သစ်ပင်သည် ညနေတိုင်လျှင် တစ်မျိုးရင့်၏၊ ညနေ၌ ပေါက်သော မြက်သစ်ပင်သည် နံနက်တိုင်လျှင် တစ်မျိုးရင့်၏၊ ပေါက်စ၌ နုထွက်သော ရုပ်သားအတိုင်း အခိုင်အမြဲ တည်၍ မနေနိုင်၊ ဤမြက်သစ်ပင်တို့၌ ရင့်မှုတစ်လမ်း, တစ်ခဏထက် တစ်ခဏ ကြီးပွားသန်မာ၍လာမှုကား တစ်လမ်းပေတည်း။

မြေဥတု, လေဥတု, ရေဥတုအများတို့ ဝိုင်းအုံညီညာ၍ ထောက် ပံမှုကြောင့် တစ်ခဏထက် တစ်ခဏ ရုပ်သားတိုးပွား၏၊ တစ်ခဏထက် တစ်ခဏ ရုပ်ကလာပ်ပြည့်ဖြိုး၏၊ ဤတိုးပွာမှု, ပြည့်ဖြိုးမှုတို့ကြောင့် တစ်ခဏထက် တစ်ခဏ ကြီးပွားသန်မာ၍ သွားသတည်း၊ ရင့်မှုကြောင့် ကြီးပွားသန်မာ၍ သွားသည်မဟုတ်၊ ထိုသို့ ကြီးပွားသန်မာ၍ သွားရာ ၌လည်း အဆုံးစွန် ပျက်စီး ကွယ်ပျောက်ရန် အခွင့်ကို တစ်ခဏထက် တစ်ခဏ နီး၍ သွားမှုသည် ပုံသေပါရှိသည်သာ ဖြစ်၏၊။တစ်ခဏထက် တစ်ခဏနီး၍ သွားမှုဆိုသည်ကား တစ်ခဏထက် တစ်ခဏ ရင့်မှုတည်း၊ ရော်မှုတည်း၊ မှည့်ကျက်မှုတည်း၊ ထိုရင့်မှု မရှိခဲ့သည် ဖြစ်ငြားအံ့၊ ပျက်ဆုံး မှုသို့ တစ်ခဏထက် တစ်ခဏ နီးမှုမည်သည် မရှိရာ၊ နီးမှုမရှိကလည်း ပျက်ဆုံးခြင်းသို့ ရောက်ခွင့်မရှိရာ၊ ကြီးရင့်သောအခါ အလွန်မာသည်မှာ လည်း တေဇောမီး၏ အစွမ်းတည်း၊ ထိုမာစဉ်အခါ၌လည်း တစ်ခဏ ထက် တစ်ခဏ ရင့်မှု, ဆွေးမှုပုံသေပါရှိသည်သာတည်း။

တစ်ကမ္ဘာလုံး အသက်ရှည်သော ဇမ္ဗုသပြေပင်ကြီးမှာပင် တစ် ခဏထက် တစ်ခဏ ရင့်မှုရှိသည်သာ ဖြစ်၏၊ အနှစ်အဆီ အားကြီးသော အပင်မျိုး, လုံးပတ်သဏ္ဌာန်ကြီး၍ အသားပြည့်လျက် အချင်းချင်း အထောက်အပံ အားကြီးသော အပင်မျိုးတို့မှာ ဇရာအမှု မထင်ရှား တည့်နိုင်၊အနှစ်အဆီနည်းပါးသော အပင်မျိုး, အနှစ်အဆီမရှိ အကာအတိ ဖြစ်သောအပင်မျိုးတို့မှာ ဇရာအမှု မြန်မြန်ထင်ရှားလွယ်၏၊ မဟာပထဝီ မြေကြီး, မြင်းမိုရ်တောင်ကြီးများမှာပင် ထိုဇရာမှုသည်သာ ဖြစ်၏၊ ကမ္ဘာပျက်ချိန်ကျသောအခါ ဆွေးမြည့်သွေ့ယောင်းကြသည်သာ ဖြစ်၏၊ ထိုအတူ လူ, နတ်, ဗြဟ္မာ, ရုပ်ခန္ဓာ, နာမ်ခန္ဓာစုသည်လည်း ဇရာမီး မဝင်နိုင်အောင်, မကပ်နိုင်အောင် ခိုင်လုံသောအနှစ်သာရမရှိ၊ ပဋိသန္ဓေ ကိစ္စ, ဇာတိကိစ္စနှင့် ဖြစ်ပေါ်သော ခဏမှ စ၍ ဇရာမီး ဝင်ရောက်စွဲခဲ့လျက် အမြဲလောင်ကာပါရှိ၍ နေ၏၊ အဆုံးတိုင် ပျက်ဆုံးသော အခွင့်ကို ကျအောင် တစ်ခဏမစဲ, တစ်နာရီမစဲ အမြဲတွင်တွင် သုတ်သုတ်နှင်၍ နေ၏၊

ဇရာမီး၏အချက်ကို ထင်ရှားအောင် ဆိုဦးအံ့-လူတို့၌ အသက် တမ်းရှည်ချည်, တိုချည်, တက်ချည်, ဆုတ်ချည်ဖြစ်မှုသည် ဇရာ၏အမှု ပေတည်း၊ ကမ္ဘာဦးအခါ၌ လူတို့၏ ကိုယ်ခန္ဓာသည် အနှစ်အဆီ အလွန် ပြည့်၏၊ ပဋိသန္ဓေ နေပြီးသည်မှစ၍ ဇရာမီးသည် အနှစ်အသင်္ချေ လောင် ရ၏၊ နှစ်ပေါင်းအသင်္ချေလောင်မှ ကျွမ်း၏၊ ထို့ကြောင့် ထိုအခါ အသင်္ချေ တမ်းဖြစ်၏၊ ထို့နောက် တစတစ ဗြဟ္မစိုရ်တရား ဆုတ်ယုတ်၍ လာ၏၊ ကိုယ်ခန္ဓာမှာ အနှစ်အဆီ တစတစ ခြောက်သွေ့ ခေါင်းပါး၍ လာ၏၊ ဇရာမီးသည် လူတို့ ခန္ဓာကိုယ်ကို အနှစ် တစ်သိန်းနှင့် ကျွမ်းအောင် လောင်သောအခါ တစ်သိန်းတမ်းဖြစ်၏၊ အနှစ်ကိုးသောင်းနှင့် ကျွမ်း အောင် လောင်သောအခါ ကိုးသောင်းတမ်းဖြစ်၏၊ အစဉ်အတိုင်း ဆုတ်ခဲ့၍ ယခုအခါ အနှစ်တစ်ရာ, အနှစ်ကိုးဆယ်, အနှစ်ရှစ်ဆယ်နှင့် ကျွမ်းအောင်လောင်၏၊ ဆယ်နှစ်တမ်းသို့ ကျသောအခါ လူတို့ခန္ဓာသည် အနှစ်အဆီမရှိပြီ၊ ကောက်ရိုးကို ညက်စွာထောင်း၍ လုပ်သော အရုပ် ကဲ့သို့ ဩဇာနှစ်ဆီ ခေါင်းပါးခြောက်သွေ့၏၊ ထိုအခါ ဇရာသည် ဆယ်နှစ် နှင့် ကျွမ်းအောင်လောင်၏၊

တဖန် ဗြဟ္မစိုရ်တရား ကပ်ပြန်ပေါ်ပြန် တိုးတက်ပြန်သောအခါ ကိုယ်ခန္ဓာမှ ဩဇာဆီ အစဉ်အတိုင်း တိုးတက်ပြန်သဖြင့် အသက် နှစ်ဆယ်တမ်း, လေးဆယ်တမ်းစသည် တက်ပြန်၍ အသင်္ချေတမ်းသို့ ဆိုက်ပြန်၏၊ ဇရာမီး၏ အဖော်သဟဲကား ဇိရဏတေဇောခေါ်သော ဓာတ်မီးတည်း၊ ထို့ကြောင့် တေဇောဓာတ်အခန်းသို့ ကျလျှင် အသက် တမ်းကို တေဇောဓာတ်မီး ပြုပြင်သည်ဟူလည်း ဆိုရ၏၊။ သန်း,ကြမ်းပိုး, ခြ, ပိုးရွ, ခွေး, ဝက်, ကြက်, ငှက်, နွား, ကျွဲ, မြင်း, ဆင် အစရှိသည် တို့၌လည်း အသီးသီး အသက်တမ်း ကိုယ်စီ ရှိကြသည်မှာ ဇရာမီး၏အမှု ပင်တည်း၊ စတုမဟာရာဇ်နတ်ပြည်မှာ သူတို့နှစ်နှင့် အနှစ်ငါးရာ အသက် တမ်း၊ တာဝတိံသာနတ်ပြည်မှာ သူတို့နှစ်နှင့် အနှစ်တစ်ထောင် အသက် တမ်း ဤသို့စသည်ဖြင့် နတ်ပြည်, ဗြဟ္မာ့ပြည်တို့၌ အသီးသီးအသက်တမ်း ဖြစ်မှုသည်လည်း ဇရာမီး၏ အမှုပင်တည်း။

အသက်တမ်းမရှိသော ဘုမ္မစိုးနတ်မျိုး, ငရဲ, ပြိတ္တာ, အသုရကာယ် တို့မှာလည်း အားရှိ အားမဲ့ အထူးထူး အထွေထွေ အလွန်များလှသော ကံ၏အစွမ်း အလွန်ပြဋ္ဌာန်းနိုင်သော ဘုံစုဖြစ်၍ အသက်တမ်းဟူ၍ မရှိပြီ။ ကံအားလျော်စွာ ကိုယ့်ဇရာမီးနှင့်ကိုယ် လောင်ကြ, ကျွမ်းကြရတော့သည်၊ ကောက်ပဲစပါး, မြက်, ဝါး, ချုံနွယ်, သစ်ပင်တို့ကား အရပ်ဒေသ ဗီဇမျိုးရိုး အားလျော်စွာ အသက်တမ်း အသီးသီးရှိကြ၏၊ ဇရာမီး၏ အမှုချည်း တည်း။ တစ်လောကလုံး၌ ဇရာမီး၏အမှုသည် ဤမျှလောက် ကြီး ကျယ်၏၊

လူတို့၌ အဆသုံးဆယ့် သုံးနှစ်နှင့် လေးလသည် ပထမအရွယ် မည်၏၊ အလယ် သုံးဆယ့် သုံးနှစ်နှင့် လေးလသည် ဒုတိယအရွယ် မည်၏၊ နောက် သုံးဆယ့်သုံးနှစ်နှင့် လေးလသည် တတိယအရွယ် မည်၏၊ ထိုအပိုင်းအခြား ဖြစ်မှုသည်လည်း ဇရာမီး၏ အမှုပင်တည်း၊ တစ်ခုတစ်ခုသော အရွယ်ကို သုံးဆယ့် သုံးနှစ် လေးလနှင့် ကျွမ်းအောင် လောင်၏၊ မန္ဒဒသက, ခိဋ္ဋာဒသကစသည်ဖြင့် ဆယ်နှစ်စီပြု၍ အရွယ် ဆယ်ပါးရှိ၏၊ တစ်ခုတစ်ခုသော အရွယ်ကို ဆယ်နှစ်နှင့် ကျွမ်းအောင် လောင်၏၊ အရွယ်ဆိုသည်ကား ထိုထိုအရွယ်တွင်းမှာ တစ်မျိုးတစ်မျိုး သည်ဖြစ်ပွားကြသောနာမ်တရား, ရုပ်တရားစုကိုပင် အရွယ်ဟူ၍ ဆိုအပ်၏၊။ ထို့အတူ တစ်နှစ်တစ်နှစ်ကူးပြောင်း၍သွားမှု၊ တစ်ဥတု တစ်ဥတု ကူးပြောင်း၍သွားမှု၊ တစ်လ တစ်လ ကူးပြောင်း၍သွားမှု၊ တစ်ပက္ခ တစ်ပက္ခ ကူးပြောင်း၍ သွားမှု၊ တစ်ရက်,တစ်ရက် ကူးပြောင်း ၍သွားမှု၊ တစ်ပဟိုရ်တစ်ပဟိုရ် ကူးပြောင်း၍သွားမှု၊ တစ်နာရီ, တစ်နာရီ ကူးပြောင်း၍သွားမှုသည်လည်းဇရာမီး၏အမှုပေတည်း။

တစ်နှစ်,တစ်နှစ် ကူးပြောင်းမှုဆိုရာ၌ ဤခန္ဓာကိုယ်၏ တစ်နှစ်, တစ်နှစ်လျှင် တစ်မျိုးတစ်မျိုးရင့်ကျင့်၍ သွားသည်ကိုဆိုသည်၊ ဥတုကူး ပြောင်းမှု စသည်တို့၌လည်း ဤနည်းအတူ၊ ဤအလုံးစုံသည်လည်း တစ်ခဏထက် တစ်ခဏ ရင့်မှုဖြစ်ပွား၍သွားသော ရင့်မှုစုပေတည်း၊ ကာလကြာမြင့်မှထင်ရှားသတည်း။။ လမ်းမရှိဘူးသေးသော မြေပြင် မြက်တော်ကို လမ်းပြု၍သွားလာရာ၌ ခြေတစ်ချက် တစ်ချက် နင်းမှု ဒဏ်ရာဒဏ်ချက်သည် ရုတ်တရက် မပေါ်တည့်သေး၊ မထင်ရှားတည့် သေး၊ အခေါက်အခါများမှန်းမသိ များသောအခါ လမ်းရာကြောင်း ကြောင်းပေါ်၍လာ၏၊ ထင်လာ၏၊ ဤဥပမာကဲ့မှတ်။။ဤတစ်ခဏထက် တစ်ခဏ ရင့်မှုဒဏ်ချက်သည် လူသတ္တဝါ ရုပ်နာမ်ခန္ဓာကို မဆိုထားဘိဦး၊ ကာလကြာမြင့်လျှင် မဟာပထဝီမြေကြီး, မြင့်မိုရ်တောင်, စကြဝဠာ တောင်တို့နှင့်တကွ အလုံးစုံသော လောကဓာတ်ကိုပင် လောင်ကျွမ်းစေ လျက် ကမ္ဘာပျက်ရသေး၏၊

အနမတဂ္ဂ သံသရာ ကာလမှာပျက်ဆုံးကွယ်ခဲ့သော စကြဝဠာ မဟာပထဝီ,မြင့်မိုရ်ပေါင်း,ကမ္ဘာပေါင်း အနန္တရှိခဲ့ပြီ၊ ထိုမျှလောက် ကြီးကျယ်သော ဇရာမီးကိုပင် သက္ကာယဒိဋ္ဌိ ဖုံးလွမ်းသော ပုထုဇဉ်သတ္တဝါ တို့သည် မိမိကိုယ်သန္တာန်မှာ ဇရာဓာတ်, ဇရာဓမ္မကို ဓာတ်တစ်ပါး, ဓမ္မ တစ်ပါးအဖြစ်ဖြင့် ကွက်ခြား၍ မမြင်နိုင်ကြကုန်၍'ငါ' ဘယ်အရွယ် ရောက်ပြီ၊ 'ငါ' အိုပြီဟု 'ငါ' ပြု၍ မြင်ကြကုန်၏၊

ဇရာ သုံးပါး

ထိုဇရာသည်---

(၁) ဝယောဝုဒ္ဓိဇရာ,

(၂) သန္တတိဇရာ,

(၃) ခဏိဇရာ

ဟူ၍ သုံးပါးအပြား ရှိ၏၊

(၁) အိုမင်းသော အရွယ်သို့ရောက်၍ ဆံဖြူခြင်း, သွားကြွေခြင်း, အရေတွန့်ခြင်း အစရှိသည်ဖြင့် ထင်မြင်သော ဇရာသည် ဝယောဝုဒ္ဓိ ဇရာမည်၏၊

(၂) သန္တတိ ဇရာဆိုသည်ကား- သန္တတိဇာတိ၌ ပြဆိုခဲ့ပြီးသော အတိုင်း အခါအားလျော်စွာ အခွင့်အားလျှော်စွာ ကိုယ်ခန္ဓာ၌ တစ်မျိုးစီ တစ်မျိုးစီ ဖြစ်ပေါ်ကြကုန်သော ရုပ်တရား နာမ်တရားတို့၏ ဆုတ်ယုတ်ကျ လျှောခြင်းပေ အမှုပေတည်း၊ ဖျားသောသူမှာ အဖျားတက်သည်ကား သန္တတိဇာတိတည်း၊ အဖျားယခုတက်ပြီး၍ ကျပြီဟုဆိုရသည်ကား သန္တတိဇရာတည်း၊ အဖျားအေးပြီဟုဆိုသည်ကား သန္တတိမရဏတည်း၊ သန္တပ္ပနတေဇော တောက်၍ ထ-သည်ကို အဖျားတက်သည်ဆိုသည်။ ထိုတေဇောအတက်ကျ၍ ဆုတ်ကြသည်ကို အဖျားကျသည်ဆိုသည်၊ ထိုတေဇော၏ ခဏိကမရဏဖြင့် သေဆုံးခြင်းက်ို အဖျားအေးသည် ဆိုသည်။

ဝမ်း၌ ထမင်းအစာမရှိသဖြင့် တစ်ကိုယ်လုံး အားခွန်ဗလ လျော့ပါး ၍နေ၏၊ ထမင်းစားလိုက်သောအခါ တစ်လုပ်ထက် တစ်လုပ်ကိုယ်အား, စိတ်အားတောင့်တင်း၍ လာ၏၊။ဤ၌ အားခွန်ဗလ လျော့ပါးမှုမည် သည်ကား ကိုယ်တွင်းသန္တာန်၌ ထမင်းအစာ အပြည့်ရှိစဉ်အခါ ထမင်း အစာထောက်ပံ့မှုနှင့် ဖြစ်ပွါး၍နေကုန်သော ရုပ်သစ်, ဓာတ်သစ်, ကလာပ်သစ်တို့သည် ဦးခေါင်းမှာအပြည့်, ရင်မှာအပြည့်, ဝမ်းမှာအပြည့်, ခြေမှာအပြည့်, လက်မှာအပြည့်ရှိနေကုန်၏၊ အစာအိမ်မှာ အစာသစ် လျော့ပါး၍သွားလျင် ထိုရုပ်သစ်, ဓာတ်သစ်, ကလာပ်သစ်တို့သည် ဆီးနှင်းပေါက် ကျေပျောက်သကဲ့သို့ ဦးခေါင်းတွင်းမှလည်း ကျေပျောက် ကြကုန်၏၊ ရင်တွင်းမှာ, ဝမ်းတွင်းမှာ, လက်မှာ, ခြေမှာ အသီးသီးကျေ ပျောက်ကြကုန်၏၊ ကိုယ်တွင်း ဦးခေါင်းတွင်းမှာ ရုပ်ကလာပ်တို့သည် ကျဲရရဲသာရှိကုန်၏၊ ထိုအခါ အားခွန်ဗလ လျော့ပါးမှု ဖြစ်၏၊ ထိုအခါ သတ္တဝါတို့သည် ''ငါခွန်အားဗလလျော့ပါးသည်'' ဟုသိကြသည်၊ ကိုယ် တွင်း ဦးခေါင်းတွင်း၌ ရုပ်ကလာပ်တွေ ချုပ်ပျောက်၍ ကုန်သည်ဟု မသိကြကုန်။။ဤသို့သော အားခွန်ဗလ လျော့နည်းမှုသည်လည်း ရှေ့အဖို့ တောင့်တင်းသည်မှ ဆုတ်ယုတ်လျော့ကျမှုဖြစ်၍ သန္တတိဇရာ မည်၏၊ တောင့်တင်းမှုကို အကျွမ်းလောင်၍ ပစ်သော ဇရာမီးအမှုပင် တည်း။

တဖန်အစာထမင်းကို စားမျိုသောအခါ တစ်လုတ်ထက် တစ်လုတ် တကိုယ်လုံးတောင့်တင်း ရွင်လန်း၍လာ၏၊။ဤ၌ အစာထမင်းလုတ်ကို မျိုချ၍ အစာသစ်အိမ်၌ တည်သည်နှင့် တစ်ပြိုင်နက် ဝမ်းတွင်းမှာ နှင်းပေါက် နှင်းပွားတွေ ဖြစ်ပေါ်သကဲ့သို့ ရုပ်သစ်, ကလာပ်သစ်တွေ ဖြစ်ပေါ်ကုန်၏၊ ရင်တွင်း ဦးခေါင်းတွင်းမှာဖြစ်ပေါ်ကုန်၏၊ စား၍ထမင်းဝ လျှင် မစားမီကချုပ်ပျောက်သော ရုပ်ကလာပ်တို့၏နေရာမှာ အကုန် ပြည့်ဖြိုးအောင် ရုပ်သစ်, ကလာပ်သစ် တည်ထောင်မိကြပြန်ကုန်၏၊ ထိုအခါ ပကတိအတိုင်း ကိုယ်အား စိတ်အား တက်ပွား တောင့်တင်း ရွှင်လန်းမြဲ ရွှင်လန်းပြန်၏၊ ထိုထမင်း အစားအစာ မလည်မချင်း ထိုရုပ် တို့သည် မဆုတ်မလျော့ ပွားများ၍နေကုန်၏၊ ဤသို့နေသည်ကို သန္တတိ ဇာတိဆိုသတည်း။ ။တဖန် ထမင်းအစာလည်၍ ကျပြန်လျှင် ကိုယ်တွင်း သန္တာန် တစ်ခွင်လုံးမှ ထိုရုပ်တို့သည် အစဉ်အတိုင်း ချုပ်ပျက် ဆုတ် လျှော့ကြပြန်ကုန်၏၊ အားခွန်ဗလ လျော့ပါးပြန်၏၊ သန္တတိဇရာမှုတည်း။

ဒီချောင်းထဲမှာ ဒီရေတက်သောအမှု, ဒိရေအီသောအမှုသည် သန္တတိဇာတိမျိုးတည်း၊ ဒီရေကျလျော့၍ လျော့ပါးမှုသည် သန္တတိဇရာ မျိုးတည်း၊ ဒီချောင်းထဲမှာ ဒီရေကုန်ပျောက်မှုသည် သန္တတိမရဏ မျိုးတည်း၊ ဤကိုယ်ခန္ဓာကြီးသည် ဒီချောင်းနှင့်တူ၏၊ အမိဝမ်းမှ ဖွားမြင် သော နေ့မှစ၍ သေဆုံးသောနေ့တိုင်အောင် နေ့စဉ်နေ့တိုင်း ရက်စဉ် ရက်တိုင်း ထမင်းအစာမှုနှင့်စပ်၍ ကိုယ်တွင်းသန္တာန်မှာ ရုပ်နု, ဓာတ်နု, ကလာပ်နုတို့၏ တိုးချည် တက်ချည်,ဆုတ်ချည် ကျချည်နေမှုသည် ဒီချောင်းထဲမှာ နေ့တိုင်းနေ့တိုင်း ဒီရေတက်ချည် ကျချည်နေသည် နှင့်အလွန်တူ၏၊။ တိုးမှု တက်မှုသည် သန္တတိ ဇာတိဓမ္မပေတည်း၊ ဆုတ်မှု ကျမှုသည် သန္တတိဇရာပေတည်း၊ ယခုတဘဝလုံးအပေါက် မြင်အောင်ကြည့်၊ ဒီရေတိုး၍ အီ၍ နေသောအခါ ငါး,မိကျောင်းစသော ရေသတ္တဝါတို့သည် အလွန်လန်းမြူးထူးကာ ပါရှိကြကုန်သကဲ့သို့ အစာအိမ်၌ ထမင်းပြည့်၍ တစ်ကိုယ်လုံး ရုပ်သစ်,ဓာတ်သစ်, ကလာပ် သစ်တွေတိုး၍တက်၍တည်၍ နေသောအခါ ထိုရုပ်တို့ကို ဖောင်စီး၍ ဖြစ်ပေါ်ကြကုန်သော စိတ် ,စေတသိက်, နာမ်တရားတို့သည် ရွှင်လန်း မြူးထူးကာဖြစ်ပေါ်ကြကုန်၏၊ ဒီရေကျလျော၍ သွားသောအခါ ထိုရေ သတ္တဝါတို့သည် ပါကြလေကုန်သကဲ့သို့ အစာအိမ်မှာ အစာထမင်း လျော့ပါး၍ ထိုရုပ်တို့ ချုပ်ပျောက်ကြပြန်သောအခါ စိတ်,စေတသိက် တို့သည် ချုပ်ပျောက်ရာသို့အကုန်ပါကြလေကုန်၏၊

(ဤကား ရုပ်နှင့်အတူ တွဲဖက်၍ ဖြစ်ကြကုန်သော နာမ်တရား တို့၏ သန္တတိဇာတိ, သန္တတိဇရာ, သန္တတိမရဏ ဖြစ်ပုံတည်း။ ဤကား တနေ့တနေ့လျှင် နှစ်ကြိမ်နှစ်ကြိမ် မျိုအပ်သော အာဟာရမှုနှင့် စပ်၍ ဤကိုယ်တွင်းမှာ နေ့ညမစဲ သန္တတိဇာတိ, သန္တတိဇရာ, သန္တတိမရဏတို့၏ ဖြစ်ပုံတည်း။)

ထိုင်မှု, ထမှု, သွားမှု, လာမှု, ကွေးမှု, ဆန့်မှု စသည်နှင့်စပ်၍ လည်းကောင်း၊ ပူမှု, အေးမှု, အိုက်မှု, ချမ်းမှုစသည်နှင့်စပ်၍လည်းကောင်း၊ ထိုထိုသုခ, ဒုက္ခဖြစ်မှုနှင့် စပ်၍လည်းကောင်း သန္တတိဇာတိ, သန္တတိဇရာ တို့ကို သိကြကုန်၏၊။ထိုင်မှု၌ ထိုင်စအခါ၌ သာယာရွှင်လန်းသော ရုပ်တို့သည် ညှိုးနွမ်းဆုတ်ယုတ်ကုန်၏၊ ပူပန်,ညောင်းညာသော ရုပ်တို့ သည် တထောင်းထောင်း ပေါ်ပေါက်ပွားများ၍ လာကုန်၏၊ ဤ၌ ထိုင်စမှာ သာယာရွှင်လန်းသော ရုပ်တို့၏ ပေါ်မှု, ပွားမှုများသည် သန္တတိ ဇာတိတည်း၊ တဖန်ပူပန်ညောင်းညာမှု ဖြစ်ပေါ်လာသောအခါ ထို သာယာသော ရုပ်တို့၏ဆုတ်ယုတ်မှုသည် သန္တတိဇရာတည်း။ ပူပန် ညောင်းညာသော ရုပ်တို့၏ ဖြစ်ပေါ်မှုသည် သန္တတိဇာတိတည်း။ ဤသို့ စသည်ဖြင့် ဆိုလေ။ နာမ်တရားတို့၌လည်း ဒေါသတရားဖြစ်ပွား၍ နေသည်ကား ဒေါသ၏ သန္တတိဇာတိတည်း၊ ပွားများမှု ယုတ်လျော့၍ သွားသည်ကား-ဒေါသ၏ သန္တတိဇရာတည်း၊ ပျောက်ငြိမ်း၍ သွား သည်ကား-ဒေါသ၏ သန္တတိမရဏတည်း၊ လောဘမှု, မာနမှု, ဣဿာမှု, မစ္ဆရိယမှုတို့၌လည်းကောင်း၊ သဒ္ဓါမှု, ပညာတို့၌လည်းကောင်း ဤနည်း တူဆိုလေ။

ဤကား သန္တတိဇရာကို အမြွက်မျှဆိုလိုက်သော အခန်းတည်း။ (၃) ခဏိကဇရာကိုကား- ခဏိကဇာတိကို ပြဆိုခဲ့သောမီးကို စေ့စေ့စိစိ ကြည့်ရှုသော စကားဖြင့်ပင် ပြရာ၏၊ မီးတောက်ကိုဖြစ်စေ၊ ရဲရဲငြိစွဲ၍ နေသော မီးခဲကိုဖြစ်စေ စေ့စေ့ကြည့်၊ လှုပ်လှုပ် လှုပ်လှုပ် ရွရွ ရွရွ နေသည်ကို မြင်၏၊ လှုပ်မှု ရွမှုမည်သည် အတက်နှင့် အကျ, အတိုး နှင့် အဆုတ်, အပေါ်နှင့် အငုပ်, အဖြစ်နှင့် အပျက် ပြောင်းလဲချက် ပြောင်းလဲမှုပေတည်း၊ အကျ, အဆုတ်, အငုပ်, အပျက်ကား-ခဏိက ဇရာမှု, ခဏိကမရဏမှုပေတည်း၊ ရွရွပေါ်၍ ထသမျှသော အတက်, အတိုးအပေါ် ဖြစ်မှုကား ခဏိကဇာတိမှုပေတည်း၊ ပြဆိုခဲ့ပြီးသော ဓမ္မပဒ ဂါထာအရ ရေပွက်၏ ဖြစ်ပေါ်မှု, ပျက်မှု, တံလှပ်၏ ဖြစ်ပေါ်မှု ကွယ် ပျောက်မှုတို့နှင့်လည်း ပြဆိုရာ၏၊

သန္တတိဇာတိရှိမှ သန္တတိဇရာ သန္တတိမရဏ ရှိနိုင်သည်၊ သန္တတိ ဇာတိရှိခဲ့လျှင် သန္တတိဇရာ ဧကန္တရှိတော့သည်၊ သန္တတိမရဏ ဧကန္တ ရှိတော့သည်၊ သန္တတိဇာတိကို ခြားခြားနားနား မြင်နိုင်မှ သန္တတိဇရာ သန္တတိမရဏတို့ကိုလည်း ခြားခြားနားနား မြင်နိုင်သည်၊ ခဏိကဇာတိရှိမှ ခဏိကဇရာ ခဏိကမရဏ ရှိနိုင်သည်၊ ခဏိကဇာတိရှိလျှင် ခဏိကဇရာ ခဏိကမရဏ ဧကန္တရှိတော့သည်။။ ဖြစ်ပေါ်သော တရားမည်သည် ကောင်းသော တရားဖြစ်စေ, မကောင်းသော တရားဖြစ်စေ ဆုတ်ယုတ် လျော့ပါးမှုသို့ မရောက်ဘဲ အမြဲ တည်နေသည်ဟူ၍ မရှိ၊ မြန်မြန်ဆုတ် ယုတ်မှု, ဖြည်းဖြည်းဆုတ်ယုတ်မှု, အလျင်အနှေးသာ ရှိကြသည်၊ ထို့အတူ ပျက်ဆုံးခြင်းသို့ မရောက်ဘဲ အမြဲတည်နေသည်ဟူ၍ မရှိ၊ အလျင် အနှေးသာ ရှိကြသည်၊ ပျက်ဆုံးမှု ဟူသမျှသည်လည်း ဆုတ်ယုတ်ခြင်း ရှေးရှိမြဲ ဧကန်တည်း၊ ဆုတ်ယုတ်ခြင်းဟူသမျှသည်လည်း ဖြစ်ပေါ်ခြင်း ရှေးရှိမြဲ ဧကန်တည်း။

(ဤကား ဇရာ၏ အကြောင်းအရာတည်း။)

မရဏ သုံးပါး

မရဏသည်လည်း

(၁) ဘဝဆုံးမရဏ,

(၂) သန္တတိမရဏ,

(၃) ခဏိကမရဏ

ဟူ၍ သုံးပါး အပြားရှိ၏၊

(၁) အာယုက္ခယ-အသက်တမ်းကုန်၍ သေခြင်းတစ်ပါး၊ ကမ္မက္ခယ-ကံအစွမ်းကုန်၍ သေခြင်းတစ်ပါး၊ ဥဘယက္ခယ-အသက်တမ်း လည်းကုန်, ကံအစွမ်းလည်းကုန် နှစ်ပါးဆုံ၍ သေခြင်းတစ်ပါး၊ ဥပစ္ဆေဒက-အကုသိုလ်ကံတပါး အတင်းဖြတ်၍ သေခြင်းတပါး၊ ဤ ၄- ပါးသော သေခြင်းသည် ဘဝဆုံးမရဏ မည်၏၊

(၂) သန္တတိမရဏသည် နာမ်သန္တတိမရဏ, ရုပ်သန္တတိမရဏ ဟူ၍ နှစ်ပါးရှိ၏၊။ နာမ်သန္တတိမရဏဆိုသည်ကား-ဆိုက်ရောက်သော အခွင့်အားလျော်စွာ ဖြစ်ပေါ်လာကုန်သော နာမ်ဓာတ်တို့၏ ကွယ်ပျောက် ပျက်ဆုံးခြင်းတည်း၊ ထိုနာမ်သန္တတိမရဏသည် မျက်စိ၌ အမြင်ဓာတ်စု၏ သေဆုံးခြင်း, နား၌ အကြားဓာတ်စု၏ သေဆုံးခြင်း, နှာခေါင်း၌ အနံ့ ဓာတ်စု၏ သေဆုံးခြင်း, လျှာ၌ အရသာကို သိသော ဓာတ်စု၏ သေဆုံး ခြင်း,တကိုယ်လုံး၌ အတွေ့အထိကိုသိသော ဓာတ်စု၏ သေဆုံးခြင်း, နှလုံးအိမ်တွင်း၌ အကြံအဖန် ဓာတ်စု၏ သေဆုံးခြင်းဟူ၍ ခြောက်ပါး အပြားရှိ၏၊။ ဖဿခြောက်ပါး၏ သေခြင်း, ဝေဒနာ ခြောက်ပါး၏ သေခြင်း, သညာခြောက်ပါး၏ သေခြင်း, စေတနာ ခြောက်ပါး၏ သေခြင်း, ဝိတက်ခြောက်ပါး၏ သေခြင်း, ဝိစာရခြောက်ပါး၏ သေခြင်း, ဝီရိယ၏ သေခြင်း, ပီတိ၏ သေခြင်း, ဆန္ဒ၏ သေခြင်း, လောဘ၏ သေခြင်း, ဒေါသ၏ သေခြင်း, မောဟ၏ သေခြင်း, မာန၏ သေခြင်း, ဒိဋ္ဌိ၏ သေခြင်း, ဣဿာ၏ သေခြင်း, မစ္ဆေရ၏ သေခြင်း, သဒ္ဓါ၏ သေခြင်း, သတိ၏ သေခြင်း, ဟိရီဩတ္တပ္ပ၏ သေခြင်း, အလောဘ၏ သေခြင်း, အဒေါသ၏ သေခြင်း, အမောဟခေါ်သော ပညာ၏ သေခြင်း, ကရုဏာ၏ သေခြင်း, မုဒိတာ၏ သေခြင်း, ဒါနကုသိုလ်စိတ်၏ သေခြင်း, သီလကုသိုလ်စိတ်၏ သေခြင်း, ဘာဝနာကုသိုလ်စိတ်၏ သေခြင်း, ကာယကံ၏ သေခြင်း, ဝစီကံ၏ သေခြင်း, မနောကံ၏ သေခြင်း အစရှိ သည်ဖြင့် နာမ်၏ သေခြင်းသည် များသော အပြားရှိ၏၊

'သေခြင်း'ဆိုသည်ကား-မီးပြင်းထိုး၍ တစုံတခုကို ကျိုချက်သော အခါ ရေပွက်တို့သည် မီး၏ အဟုန်ကြောင့် ဆူဆူတက်၍ ထကုန်၏၊ မီးကို ငြိမ်း၍ ထားသောအခါ ထိုရေပွက်တို့သည် ကွယ်ပျောက်ပျက်ဆုံး၍ ကုန်၏၊ ရေပကတိတိုင်း ရှိ၏၊ တဖန် မီးထိုးပြန်လျှင် ဆူပွက်မြဲ ဆူပွက် ပြန်၏၊ မီးငြိမ်းပြန်လျှင် အပွက်အကုန် သေမြဲ သေပြန်၏၊ မီးတောက် ပြန်လျှင် ပွက်မြဲပွက်ပြန်၏၊ မီးမရှိပြန်လျှင် အပွက်သေမြဲ သေပြန်၏၊ ဤဥပမာ၌ အပွက်သေသည် ဟူသကဲ့သို့ ထိုထိုဓာတ်၏ သေခြင်းတည်း။ လောဘအာရုံ၌ ကြုံတွေ့သောအခါ နှလုံးထဲမှာ လောဘဓာတ် ပွက်ပွက် ဆူ ဖြစ်ပေါ်၍လာ၏၊ ထိုအာရုံနှင့် လွဲပြန်လျှင် ထိုလောဘဓာတ် သေပြန် ၏၊ အကုန်လုံး ကွယ်ပျက် ပျောက်ဆုံးပြန်၏၊ တဖန် ထိုအာရုံနှင့် တွေ့ဆုံ ပြန်လျှင် လောဘဓာတ် ပွက်ပွက်ဆူဖြစ်ပေါ်ပြန်၏၊ အာရုံနှင့် လွဲပြန်လျှင် သေပျောက်မြဲ သေပျောက်ပြန်၏၊ ဤသို့ ဓာတ်သေသည်ကို 'မရဏ' ဟုဆိုသတည်း။

မျက်စိနှင့် ထိုထိုအဆင်းသဏ္ဌာန် တွေ့ထိ၍ နေဆဲအခါ၌ စက္ခု အကြည်ပေါ်မှာ စက္ခုဝိညာဏ်နှင့်တကွ နာမ်အမြင်ဓာတ်စု ပွက်ပွက်ဆူ ဖြစ်ပေါ်၍နေ၏၊ ဤကား နာမ်၏ သန္တတိဇာတိဓမ္မတည်း။။ ထိုအဆင်း သဏ္ဌာန်နှင့် မျက်နှာလွဲပြန်လျှင် ဝိညာဏ်နှင့်တကွ ထိုနာမ်ဓာတ်စု အကုန် သေ၏၊ ပျောက်ပျက်ကွယ်ဆုံး၏၊ ဤကား-နာမ်၏ သန္တတိမရဏဓမ္မ ကြီးတည်း။

- ရေကို ကျိုချက်ရာ၌ ရေနှင့် စက္ခုအကြည်သည် တူ၏၊

- မီးတောက်နှင့် ထိုထိုအဆင်းသဏ္ဌာန်စုသည် တူ၏၊

- မီးတောက်၏ အဟုန်ကြောင့် ရေအပြင်မှာ ရေပွက်ငယ်တွေ ဆူဆူတက် ပွက်ပေါ်သည်နှင့် ထိုထိုအဆင်းသဏ္ဌာန် အရိပ်ခိုက်မှု, ထင်မှုကြောင့် စက္ခုအကြည်ပေါ်မှ စက္ခု ဝိညာဏ်စသော နာမ်ဓာတ်စု ဆူဆူတက် ဖြစ်ပေါ်မှု တူ၏၊

- မီးငြိမ်းလျှင် ရပွက်ငယ်တွေ အကုန်ပျောက်ဆုံးသည်နှင့် ထိုထိုအဆင်း သဏ္ဌာန်ရိပ်စု ခိုက်မှု ထင်မှု မရှိပြန်လျှင် စက္ခုဝိညာဏဓာတ်နှင့်တကွသော ထိုနာမ်ဓာတ်စု သေဆုံး ကွယ်ပျောက်မှုသည် တူ၏၊

မှန်ရိပ်ဥပမာ

ရှေ့၌ ပြဆိုခဲ့ပြီးသော မှန်ရိပ်ဥပမာနှင့်လည်း ပြဆိုရာ၌ မှန်မျက်နှာ ထိုထိုဝတ္ထု တိုက်ဆိုင်မိသောအခါ၌ မှန်အပြင်မှာ အရိပ်ပေါ်၏၊ မျက်နှာ လွဲပြန်လျှင် ထိုအရိပ် ကွယ်ပျောက်၏၊ တဖန် တိုက်ဆိုင်ပြန်လျှင် အရိပ် ပေါ်မြဲ ပေါ်ပြန်၏၊ မျက်နှာလွဲပြန်လျှင် အရိပ်ပျောက်မြဲ ပျောက်ပြန်၏၊ မှန်အပြင်နှင့် စက္ခုအကြည်တူ၏၊ အရိပ်နှင့် စက္ခုအကြည်မှာ ဖြစ်ပေါ် ကြသော နာမ်ဓာတ်စု တူ၏၊ ဖြစ်ပေါ်မှုကား နာမ်ဓာတ်စု၏ ဇာတိဓမ္မ တည်း၊ ချုပ်ပျောက်မှုကား နာမ်ဓာတ်စု၏ မရဏဓမ္မကြီးပေတည်း။။ ရေအကြည် စသည်တို့၌ပေါ်သော အရိပ်တို့နှင့်လည်း တူပါ၏၊ နေရောင်, မီးရောင်တို့၌ ပေါ်သောလူရိပ်, သစ်ရိပ်တို့နှင့်လည်း တူပါ၏၊ သစ်ပင်ရိပ် မှာ သစ်ပင်နှင့် အဆင်းသဏ္ဌာန်တူ၏၊ မြေအပြင်နှင့် စက္ခုအကြည် တူ၏၊ နေနှင့် ရှေးကံဟောင်း တူ၏၊ အရိပ်နှင့် စက္ခုအကြည်မှာ ပေါ်သောနာမ် ဓာတ်စု တူ၏၊

မှန်ဘီလူးကြီး ဥပမာ

အန္ဓပုထုဇဉ် သတ္တဝါတို့သည် ရေ, မြေ, တော, တောင်, အိပ်ရာ, ကျောင်း, ကန်, နွား, ကျွဲ, ဆင်, မြင်း, လူ, ရှင်, ယောက်ျား, မိန်းမ, ဦးခေါင်း,ခြေ,လက်အစရှိသော ထိုထိုအဆင်းသဏ္ဌာန်ကို မြင်ကြသော အခါ သက္ကာယဒိဋ္ဌိအတိုင်း ဘယ်ဟာကို ငါမြင်သည်, ငါကြည့်သည်, ငါရှုသည်ဟု ဖြစ်ကြကုန်၏၊ အမြင်နာမ်ဓာတ်စု ဖြစ်ပေါ်မှုဟူ၍ မသိကြ ကုန်၊ ထိုဓာတ်စု၏ မြင်မှု,ကြည့်မှု, ရှုမှုဟူ၍မသိကြကုန်၊ တဖန်ကွယ်၍ သွားပြန်လျှင် ငါမမြင်ပြန်ပြီဟု သိကြကုန်၏၊ ထိုနာမ်ဓာတ်စုတို့၏ သေဆုံးမှု, ပျောက်ကွယ်မှု, အနိစ္စရောက်ကြသောအမှုဟု မသိကြကုန်။ အနာအို,အနာဟောင်းကြီးရှိကြရာ၌ ပကတိမျက်စိနှင့် မမြင်ကောင်း၊ မှန်ဘီလူးကြီး တပ်၍ကြည့်မှ သံသေဒဇ ပိုးငယ်တို့သည် အနာနှင့် အပြည့် ကျရောက်ဖြစ်ပေါ်လာရာ၌ ထထိုပိုးတို့၏ တိုက်မှု, စားမှုကြောင့် အနာ သည်ယားယံ၍လာ၏၊ အရည်စက်လည်း ယိုထွက်၍လာ၏၊

အနာရှင်မူကား မှန်ဘီလူး မရှိသည်ဖြစ်၍ ပိုးကောင်ငယ်တွေကိုပင် ကိုယ့်အသွေး, ကိုယ့်အသားမှတ်၏၊ ပိုးကိုက်၍ယားယံသည်ကိုပင် အနာ ပျေက်၍ ယားယံသည်ဟု ဝမ်းမြောက်ဝမ်းသာရှိ၏၊ ပိုးတို့ကြောင့်ဖြစ်သော အရည်အစက် ယိုထွက်သည်ကိုလည်း အနာပျောက်လို်၍ မန်းရည်ယို သည်ဟု ဝမ်းမြောက်၏၊ ထိုအောကာင်းကိုသိသော ဆေးသမားဆရာက ထိုသူ၏မျက်စိ၌ မှန်ဘီလူးကြီးတပ်၍ ပြသောအခါ၌ အနာထဲမှာ နဂါး တွေက နေသကဲ့သို့ လောက်လက် ဆူကြွ တရွရွ နောကသော ပိုးငယ်တွေ ကို မြင်လေ၏၊ ထိုအခါမှ ကြက်သီးကြီး ထ၏၊ ကြောက်လှ၏၊ ယခုပင် အတွင်းသို့ အခေါင်းပေါက်အောင် စားကြလိမ့်မည်ထင်၏၊ မအိပ်ဝံ့ မနေဝံ့ အနာရိပ်, ပိုးရိပ်ကိုသာ တကြည့်တည်း ကြည့်၏၊ ဆေးဆရာကို တွယ်တာ၏၊ သုတ်လိမ်းရန်ပေးသော ဆေးကို နည်းလှသည်ထင်၏၊ နှစ်ကြိန် သုံးကြိမ်းသုတ်လိမ်းရန်ပေးသောဆေးကို တစ်ကြိမ်းတည်း အကုန်လိမ်း၏၊ ဆေးဆရာက ဣရိယယာပထ မျှတရန် အိပ်ပါဟုဆိုသော် မအိပ်နိုင် မအိပ်ဝံ့ရှိ၏၊ အနာကိုကြည့်၍ဆေးသုတ်လိမ်းမှု၌သာ မနေ မနား အားထုတ်၏၊

ဥပမာ ဥပမေယျ စပ်ဟပ်ပြချက်

၁။ အန္ဓပုထုဇဉ် အဖြစ်နှင့်နေသော သတ္တဝါစုသည် အနာသည်, ရောဂါသည်ကြီးနှင့်တူ၏၊

၂။ အနမတဂ္ဂ သံသရာ၌အစဉ်ဖြစ်၍လာခဲ့သော မျက်လုံးနှစ်ခု သည် အနာဟောင်းကြီးနှင့်တူ၏၊

၃။ ထိုထို အဆင်းသဏ္ဌာန်နှင့် တွေ့ကြုံမိတိုင်းစက္ခုအကြည်မှာ ဖြစ်ပေါ်လာသောစက္ခုဉာဏ် အမှူးရှိသော နာမ်ဓာတ်စုသည် ထိုအနာ ဟောင်းကြီးဖြစ်ပေါ်လာသော အလွန်သိမ်မွေ့စွာသော သံသေဒဇပိုး ငယ်နှင့်တူ၏၊

၄။ ဝိပဿနာသမ္မာဒိဋ္ဌိ ဉာဏ်မျက်စိ မရှိဘူးသေးသည်ဖြစ်၍ ထိုနာမ်ဓာတ်စုကို ဓာတ်အသီးအခြား, ဓမ္မအသီးအခြား, အာဂန္တုတရားစု, ပဋိစ္စသမုပ္ပါဒ်တရားစုဟူ၍သက်သက်မသိမမြင်သည့် အတွက်ထိုဓာတ် တို့ကိုငါပြု၍ ငါမြင်သည်ဟုဖြစ်၍ နေကြသော အန္တပုထုဇဉ်စု၏အမှုသည် အာဂန္တုက သံသေဒဇပိုးကောင်တွေကို ကိုယ်သွေး, ကိုယ့်သားဟု ဖြစ် သော အနာသည်နှင့်တူ၏၊

၅။ ထိုစက္ခုမှာ ဖြစ်ပေါ်ာကသော နာမ်တရားစုတွင်လည်း စက္ခု အတွေ့ဟုဆိုအပ်သော စက္ခုသမ္ဖဿမှုသည် ထိုအနာဟောင်း၌ ကျသော ပိုးတို့၏ကိုက်မှုနှင့်တူ၏၊

၆။ စက္ခု အတွေ့ကြောင့် ဖြစ်လာသော စက္ခုအရသာ ဟုဆိုအပ် သော စက္ခုသမ္ဖဿဇာ ဝေဒနာမှုသည် ထိုအနာဟောင်းမှာပိုးတို့၏ ကိုက်မှုကြောင့်ဖြစ်သော ယားယံမှုနှင့်တူ၏၊

၇။ စက္ခုအရသာကြောင့် ဖြစ်ပေါ်လာသော ရူပတဏှာသည် ထိုအနာဟောင်းမှာ ပိုးလောက်တို့၏ စားမှုကြောင့် ဖြစ်ပေါ်လာသော သွေးပုပ်ရည်,ပြည်ပုပ်ရည်နှင့်တူ၏၊

၈။ ကောင်းသောအာရုံကို မြင်ရ၍ တက်ကြွမှု, ဝမ်းမြောက်မှု တဏှာဖြင့် ခံစားစံစားရ၍ တက်ကြမှု ဝမ်းမြောက်မှုသည် အနာကြီး ယားယံ၍ ဝမ်းမြောက်မှု, အရည်ယို၍ ဝမ်းမြောက်မှုနှင့်တူ၏၊

၉။ မြတ်စွာဘုရားသည် အနာကုဆေးသမား ဆရာကြီးနှင့်တူ၏၊

၁၀။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ အစရှိသော ဤပဋိစ္စသမုပ္ပါဒ် ဒေသနာအတိုင်း ကိုယ်ခန္ဓာ၌ ကောင်းစွာ သိမြင်သောဝိပဿနာ သမ္မာဒိဋ္ဌိ ဉာဏ်မျက်စိသည်ဆေးဆရာကြီး၏ အလွန်လင်းလှစွာသော မှန်ဘီလူး ကြီးနှင့်တူ၏၊

၁၁။ ဤဒေသနာအရ အဇ္ဈတ္တဓာတ်တို့၏ အသီးသီးသော သဘောအစုဖြစ်မှုပျက်မှု ပဋိစ္စသမုပ္ပါဒ်မှု အာဂန္တုအချက်ကို ကောင်းစွာ အောင်မြင်သောအခါ အန္ဓပုထုဇဉ်အဖြစ်မှ ကျွတ်လွတ်၍ ပညာမျက်စိ အမြင်ရှိသော ကလျာဏပုထုဇဉ်, စူဠသောတာပန်အဖြစ်သို့ရောက်သော သူသည် မှန်ဘီလူးလက်ကိုင်ရ၍ သံသေဒဇ ပိုးငယ်တွေကို အကောင် အထည်နှင့်တကွ နဂါးတွေကသကဲ့သို့ တရွရွ နေသည်ကို မြင်ရသည် နှင့်တူ၏၊

၁၂။ မိမိကိုယ်မှာ တစ်ခုလုံး၏ ဖြစ်ချည်ပျက်ချည် အတည်မကျ အာဂန္တုဓမ္မ ပဋိစ္စသမုပ္ပါဒ်သဘောကို မြင်သောအခါ ငါ,ငါ-ဟူ၍ စွဲလမ်း သောသက္ကာယဒိဋ္ဌိကလည်း မကျေကျန်တည့်သေး ရှိနေသည်နှင့် သေမှု ကိုလည်း အစိုးမရ၊ ယခုထွက်သက်မှာ သက္ကာယဒိဋ္ဌိ တန်းလန်းနှင့် သေခဲလျှင် နောက်ဝင်သက်အခန်းမှာ အပါယ်ဘဝသို့လည်းကောင်း၊ သာသနာ မရှိရာ ဘဝသို့လည်းကောင်း ကျရောက်၍ သွားမည့်အရေးကို တွေးမိတိုင်း အကြောက်ပွားသဖြင့် တပါးသော ကိစ္စနှင့်မေ့မေ့ လျော့ လျော့ မနေဝံ့မူ၍ ဝိပဿနာ သမ္မာဒိဋ္ဌိကိုသာ မနေမနား ကြိုးစားအား ထုတ်သော သူသည် ထိုအနာမှ ကျရောက်သော ပိုးတို့အတွက် ကြက်သီး လည်းထ ကြောက်ရွံ့လှ၍ ဆေးအမှုကိုသာ မနေမနား အားထုတ် သည်နှင့်တူ၏၊

ဤဥပမာဖြင့်ကား အနာရှိ၍ကျလာသော သံသေဒဇ ပိုးငယ်စု ကဲ့သို့ အဆင်းသဏ္ဌာန်နှင့် စက္ခုအကြည်ဝယ် ပြိုင်တွေ့ဆုံမိသောအခါမှ အမြင်ဓာတ်စု အာဂန္တုတို့ စက္ခုအကြည်ပေါ်မှာ တဖွားဖွားဖြစ်ပေါ်လာ ကြကုန်သည်၊ မျက်စိထဲမှာ အမြဲရှိနေကြသောဓာတ်စု မဟုတ်ဟူသော အဓိပ္ပါယ်ကို ပြလိုရင်းတည်း၊ တစ်နာရီအတွင်း, တစ်ထိုင်အတွင်းမှာပင် ထိုကဲ့သို့ အာဂန္တုက ပဋိစ္စသမုပ္ပါဒ် ဓာတ်သီးဓာတ်ခြား အနေနှင့် မြင်နိုင် ပါမှ မျက်စိအကြည်ပေါ်မှ အခါခါဖြစ်ပေါ်မှု,အခါခါသေမမှု, အခါခါ ဓာတ်သချုႌင်း ကျမှုကဲ့ငို့ မြင်နိုင်မည်၊ မရဏကို ပြဆိုသောအရာဖြစ်၍ ဓာတ်သချႌုင်း ကျမှုကို သမ္မာဒိဋ္ဌိဉာဏ်မျက်စိပေါက်အောင် ပြလိုရင်းပေ တည်း။

နာမ်တရားတို့ မည်သည် ရုပ်တရာကဲ့သို့ သဏ္ဌာန်ရှိကြကုန်သည် မဟုတ်၊ ထို့ကြောင့် မျက်စိမှ နာမ်ဓာတ်ဖြစ်ပေါ်မှု,နာမ်ဓာတ်သေမှ ဓာတ် သချုႌင်းကျမှုကို ဉာဏ်ဖြင့်ရှာကြသော သူသည် သဏ္ဌာန်အနေနှင့် ရှာကြံ၍မရအပ်၊ မြင်မှုနှင့်ရှာ ကြံမှု ရအပ်သည်၊ မြင်မှုသည်ပင် ထိုဓာတ်စု အမှန် ဖြစ်သည်၊ မြင်မှု ပျောက်ကွယ်ချက်သည်ပင်လျှင် ဓာတ်သေမှု ဓာတ်သင်္ချိုင်းကျမှုအမှန်ဖြစ်သည်၊ ဘယ်ဟာကို ယခု ငါမြင်၏ ဟု သိကြ ၏၊ ဘယ်ဟာကို ယခု ငါမမြင်ပြီ ဟုသိကြ၏၊ စိတ်ထဲမှာ ယခု ငါ၌ ဒေါသဖြစ်၍နေ၏ဟု သိကြ၏၊ ယခု ဒေါသပြေငြိမ်းပြီဟု သိကြ၏၊ ထို့ထက်ပင်မြင်မှုဖြစ်ချက်, မြင်မှု ပျက်ချက် ထင်ရှား၏၊ စိတ်အစဉ်ကို လက်ကိုင်ပြု၍ ကြည့်ရမည်။

- စိတ်အစဉ်မည်သည်ကား-မြေကို မြင်၍ သိပုံတမျိုး, ရေကို မြင်၍ သိပုံတမျိုး, တောကိုမြင်၍ သိပုံတမျိုး, တောင်ကို မြင်၍ သိပုံတမျိုး၊ ဤသို့အစရှိသည်ဖြင့် မြင်သော အထည် ဝထ္ထုကွဲလျှင် သိပုံအမျိုးမျိုး ကွဲပြားသည်၊ သိမှု အခြင်းအရာသည်ပင်လျှင် စိတ်တရားကိုယ်ရင်း ဖြစ်သည်။ မြေက ဥပမာကား-အလွန်ကောင်းသော ယမ်းကို အဖြူ,အနီ,အဝါ စသည်ဖြင့် အဆင်းအမျိုးမျိုးဆိုး၍ မုန်ညင်းစေ့ခန့် အလုံးငယ် တွေပြု၍ အစေ့ချင်း ထိစပ်အောင်စီစဉ်၍ ထားပြီးလျှင် အစအလုံးမှာမီးပေး၊ အစဉ်အတိုင်း မီးတောက်ဖြူ,မီးတောက်နီစသည် တဆက်တည်း တောက် ၍သွားလိမ့်မည်၊ ထိုသို့သွားရာ၌ အဖြူတောက်ကုန်မှု, အနီ တောက် ကုန်မှုစသည် ခြားနားစွာမြင်လိမ့်မည်၊ ထို့အတူအမိဝမ်း ကဖွားမြင် သည်မှစ၍ ယနေ့ထက်တိုင်မြင်မှု အမျိုးမျိုး,ကြားမှုအမျိုးမျိုး စသည် တစဉ်တည်း ဆက်လက်၍ လာခဲ့သော စိတ်အစဉ်၌ ရှေးရှေးမြင်မှု,ကြားမှု စသည် အစဉ်အတိုင်းကုန်၍,ကုန်၍ ပျောက်ကွယ်ပျက်ဆုံး၍လာခဲ့သည် ကိုသိလေ။

(ဤကား စက္ခုအကြည်မှာ အဆင်းသဏ္ဌာန်ဟူသော ရူပါရုံနှင့် ဆုံမိတိုင်း ဆုံမိတိုင်း အသစ်အသစ် ဖြစ်ပေါ်၍ ခုထင်, ခုပျက်ဆုံး သေ ပျောက်ကြကုန်သော အမြင်နာမ်ဓာတ်တို့၏ သန္တတိမရဏကို ပြဆိုသော အခန်းတည်း။)

ဤနည်းတူ အသံကြားတိုင်းကြားတိုင်း သောတအကြည်ပေါ် မှာဖြစ်ပေါ်လာကြကုန်သော သောတဝိညာဏ်အမူးရှိသော အသံကြား နာမ်ဓာတ်တို့မှာလည်း ကြား၍ နေဆဲအခါ သန္တတိဇာတိဖြစ်မှု, အသံတိတ် ၍မကြားဘူးဟု ဖြစ်သောအခါ သန္တတိမရဏ ဆိုက်မှုကိုသိအပ်၏၊။ အနာစောင်းကြီး ဥပမာ၌လည်း သောတအကြည်သည်အနာနှင့် တူ၏၊ ဗဟိဒ္ဓမှ အသံအမျိုးမျိုး ခိုက်ဆဲ,တိုက်ဆဲအခါ၌ သောတအကြည်ပေါ်မှာ ပွက်ပွက်ဆူ ဖြစ်ပေါ်ကြသော အသံကြားနာမ်ဓာတ်တို့သည် အနာ၌ ဖြစ်ပေါ်ကြသော သံသေဒဇ ပိုးငယ်တို့နှင့်တူသည်၊ ဤသို့စသည်ဖြင့် သိလေ။။ အသံတို့မည်သည် အထည်ဝထ္ထုရှိသော ဓာတ်မျိုးမဟုတ်သော ကြောင့် ဖြစ်ပေါ်မှု, ချုပ်ပျောက်မှုအလွန်ထင်ရှား၏၊ ဗဟိဒ္ဓ၌ အသံချုပ် ပျောက်သည်နှင့် တပြိုင်နက်နားထဲမှာ ကြားမှု ချုပ်ပြောက်၏၊။ကြားမှု ဆိုသည်ကား သောတဝိညာဏ်အမှူးရှိသော ဖဿ, ဝေဒနာအစရှိသော နာမ်ဓာတ်စုပင်တည်း၊ ကြားသည်ဟူ၍ကား သိကြ၏၊ ဓာတ်အသီးအခြား ပေါ်မှုဟူ၍ကား မသိကြသောကြောင့်ငါကြားသည်, ဘယ်သူ ကြားသည် ဟု သက္ကာယဒိဋ္ဌိ ဖြစ်၍ နေကြ၏၊။မှန်ရိပ်, နေရိပ် ဥပမာ, ယမ်းမီး ဥပမာစုကိုလည်း အမြင်ဓာတ်စုမှာကဲ့သို့သိလေ။

အသံကြား နာမ်ဓာတ်စု၏ ဇာတိမှု, ဇရာမှု, မရဏမှု ပြီး၏၊

နှာခေါင်းမှာ အနံ့ နံတိုင်း နံတိုင်း ဃာန အကြည်ပေါ်မှာ အနံ့ယူ နာမ်ဓာတ်စု ဖြစ်ပေါ်မှု, သေဆုံးမှု, လျှာပေါ်သို့အချို အချဉ်အစရှိသော ကောင်း, မကောင်းသော အရသာတို့ကို သုံးဆောင်တိုင်း သုံးဆောင်တိုင်း ဇိဝှါအကြည်ပေါ်မှာ အရသာယူ နာမ်ဓာတ်စု၏ ဖြစ်ပေါ်မှု, သေဆုံးမှု တို့၌လည်း ဥပမာစုနှင့်တကွ စက္ခုမှာ ဆိုခဲ့ပြီးသောအတိုင်း သိလေ။။ ဤ၌လည်း နံသည်, မွေးသည်ဟု သိကြသည်၊ ဓာတ်ပေါ်မှု, ဓာတ်သေမှု ဟု မသိကြ၊ သက္ကာယဒိဋ္ဌိ-သာဖြစ်၍နေကြ၏၊ လျှာ၌ရောက်သော အရသာတို့ကိုလည်း ချိုသည်,ချဉ်သည် သိကြ၏၊ ချိုမှု,ချဉ်မှု ပျောက်ပြယ် ကွယ်ဆုံးမှုကိုလည်း သိကြ၏၊ ဓာတ်ပေါ်မှုဟုမသိကြ၊ ကာယအကြည် မည်သည် အတွင်းအပြင်တကိုယ်လုံး အပြည့်ရှိ၏၊ မြေဓာတ်, မီးဓာတ်, လေဓတ်ဟူသော ဖောဋ္ဌဗ္ဗဓာတ် ၃-ပါးသည်လည်း တကိုယ်လုံးမှာရှိသော ဖောဋ္ဌဗ္ဗသုံးပါး, သူတပါးတို့၏က်ုယ်အင်္ဂါကြီးငယ် အဝတ် ပုဆိုး အခင်း အရုံစသော ဗဟိဒ္ဓမှာရှိသော ဖောဋ္ဌဗ္ဗ-၃ပါး၊ သွားလာထကြွ၍ ဦးခေါင်း တွင်း, ဦးနှောက်တွင်း, ရင်တွင်း, ဝမ်းတွင်း, အဆုတ်တွင်း, အသည်းတွင်း လှုပ်ရှားမှန်းသိမှု၊ ခါးတွင်း, ပေါင်တွင်း, ခြေတွင်း လှုပ်ရှားမှန်းသိမှုတို့၌ လှုပ်ကြွသော အတွင်းဝါယော ထိခိုက်မှုကြောင့် ခိုက်သမျှနေရာ၌ ကာယ ဝိညာဏ်အမှူးရှိသော နာမ်ဓာတ်စုသည် ပွက်ပွက်ဆူ ဖြစ်ပေါ်၏၊ အလှုပ် ပျောက်တိုင်း ပျောက်တိုင်းသိ၏၊

မိုးဦးကျသောအခါ၌ တိမ်တိုက်အတွင်းမှာ တဝင်ဝင်း တလက် လက် လျှပ်စစ်ပြက်သကဲ့သို့ တကိုယ်လုံးအတွင်း၌ တဝင်းဝင်း တလက် လက် နာမ်ဓာတ်တွေပေါ်မှု နာမ်ဓာတ်တွေသေမှုကိုသိရာ၏၊ ထို့အတူ ကိုယ်တွင်း, ဦးခေါင်းတွင်း,ရင်တွင်း, ဝမ်းတွင်း, ခါးတွင်း, ပေါင်တွင်း, ခြေသလုံးတွင်း, ခြေဖဝါးတွင်းတို့၌ ပူလျှင်ပူမှန်းသိမှု, နွေးလျှင်နွေး မှန်းသိမှု, အေးလျှင်အေးမှန်းသိမှု, ညောင်းလျှင်ညောင်းမှန်းသိမှု, ညာလျှင်ညာမှန်းသိမှု, နာလျှင်နာမှန်းသိမှု, ကျင်လျှင်ကျင်မှန်းသိမှု စသည်တို့၌လည်း ကာယနာမ် ဓာတ်စု ဖြစ်ပေါ်မှု, သေဆုံးမှု ဓာတ်သချုႌင်း ကျမှုကိုသိလေ၏၊။ဗဟိဒ္ဓမှ အဝတ်အရုံစသည်နှင့် ထိခိုက်ရာ၌ လည်းကောင်း။ သူတပါး၏ ကိုယ်အင်္ဂါနှင့် မိမကိုယ်အင်္ဂါထိပါးရာ၌ လည်းကောင်း၊ မီးရှိန်မီးပူ ထိပါးရာ၌လည်းကောင်း၊ နေပူရှိန် ထိပါးရာ၌ လည်းကောင်း၊ ဆောင်းအေးရှိန်ထိပါးရာ၌လည်းကောင်း၊ တုံး, တိုင်, ခလုတ်, ဆူးငြောင့် စသည်တို့နှင့် ခိုက်မိ တိုက်မိရာ စူးမိရာ နာရာ ကျင်ရာ တို့၌လည်းကောင်း ကာယနာမ်ဓာတ်တို့၏ ဖြစ်ပေါ်မှု ပျက်ကွယ်မှုကို သိလေ။။နာမ်ဓာတ်တို့၏ ပေါ်မှု, ပျက်မှုကို မသိကြကုန်သော အန္ဓ ပုထုဇဉ်တို့မှာ ငါပူသည်, ငါအေးသည်, ငါချမ်းသည်,ငါနာသည်, ငါကျင် သည် ဤသို့စသည်ဖြင့် သက္ကာယဒိဋ္ဌိချည်းပင် ဖြစ်လေ၏၊

(ဤကား ပသာဒရုပ် အကြည်မှာ ပေါ်ကြကုန်သော အာဂန္တုက ပဋိစ္စသမုပ္ပါဒ် နာမ်ဓာတ်တို့၏ မပြတ်မစဲဖြစ်ပေါ်မှု, မပြတ်မစဲသေဆုံး ပျောက်ကွယ်မှုကို အမြွက်မျှ ဆိုလိုက်သော အခန်းတည်း။)

နှလုံးအိမ်အတွင်း၌ ဟဒယဝတ္ထုခေါ်သော ရုပ်တစုသည် တည် ရှိ၏၊ စမ်းရေအိုင် စမ်းရေတွင်, စိမ့်ရေအိုင် စိမ့်ရေတွင်း, စမ်းရေပွက်တို့မှ တစိမ့်စိမ့် တသွင်သွင် စမ်းရေအလျဉ် စမ်းရေပွက် ပေါ်ထွက်၍နေဘိ သကဲ့သို့ ထိုဟဒယရုပ်မှ ဘဝင်ဟုဆိုအပ်သော မနောအကြည်သည် မပြတ်မစဲ အမြဲအစဉ် ပေါ်ထွက်၍နေ၏၊ အာရုံခြောက်ပါးတွင် တပါးပါး ထိခိုက်လာသောအခါ အာဝဇ္ဇန်းကိစ္စ, ဇောကိစ္စတို့ဖြင့် ကာယကံမှု,ဝစီကံမှု, မနောကံမှုအနေနှင့်လျှမ်းလျှမ်းတက် ထကြွ၏၊ အာရုံစဲပြန်လျှင် ကျမြဲ ကျပြန်၏၊။ဥပမာကား-အညာ ရှမ်းပြည် ရေပေါ်မီးဆိုသော အရပ်မှာ မီးတွင်းရှိ၏၊ အစဉ်ထာဝရ တငွေ့ငွေ့မီးထွက်၍နေ၏၊ သစ်ကိုင်း စသည်တို့ကိုချိုး၍ ထိုမီးထဲသို့ထည့်လိုက်လျှင် ကြီးစွာသော မီးတောက် ဖြစ်၍ ထိုသစ်ကိုင်းကိုလောင်ပြီးလျှင် ပကတိအတိုင်းဖြစ်ပြန်၏၊ ထို့အတူ အာရုံအသစ် ထင်မှုရှိလျှင် ထိုဘဝင်မနောသည် မသေရုံမျှ ခန္ဓာကို စောင့်ရှောက်မှုနှင့် တလစ်လစ် တဖွေးဖွေး အစဉ်မပြတ်ဖြစ်၍ နေ၏၊

အာရုံခြောက်ပါးတွင် တပါးပါးထင်လာသည်ရှိသော် အာရုံ အားကြီးအားငယ်သို့လိုက်၍ အာဝဇ္ဇန်းကိစ္စ,ဇောကိစ္စတို့နှင့် တဟုန် တည်းထလေ၏၊ အာရုံစဲပြန်လျှင် ကျမြဲကျပြန်လေ၏၊ ညဉ့်အခါ၌ အိပ်ပျော်နေသောအခါ ဘဝင်ကိစ္စမျှနှင့် မသေရရုံ အစဉ်မပြတ်ဖြစ်၍ နေ၏၊ အိပ်ရာက နိုးသည်မှစ၍ တစ်နေ့ပတ်လုံး အထလည်းမစဲ အကျ လည်းမစဲ ခုတင် ခုထ ခုကျဖြစ်နေ၏၊ ထမှုမှာလည်း လောဘပူး ဝင်၍ လောဘနှင့်တကွ ထ-သောအခါထိုသူသည် လောဘအကြံကို ကြံ၏၊ ထို့ထက်အားကြီးစွာ ထ-သောအခါ လောဘစကားတွေထွက်၍ ပေါ်၏၊ ထို့ထက်အားကြီးသောအခါ ကိုယ်အင်္ဂါတို့ကို ချီကြွလှုပ်ရှား၍ လောဘ အာရုံရှိရာသို့ သွားလာလုပ်ကိုင်ခြင်းအမှုကိုပြု၏၊ ဒေါသပူးဝင်မှု, မာနပူး ဝင်မှု, သဒ္ဓါပူးဝင်မှု,ပညာပူးဝင်မှု စသည်တို့မှာလည်း ပူးဝင်လာသော အဂန္တုကဓာတ် အားလျော်စွာ ကာယကံမှု, ဝစီကံမှု, မနောကံမှုတို့သည် တစ်နေ့ပတ်လုံး အိပ်ရာ၌ အိပ်၍မပျော်သမျှကာလပတ်လုံး တလှုပ်လှုပ် နေကုန်၏၊ ကာယကံမှုတို့တွင် မျက်တောင်ခတ်မှုသည် အလွန်လျင်မြန် ၏၊ ထိုမျက်တောင် တစ်ချက်တစ်ချက်သည် ဇောတစ်သုတ်တစ်သုတ် ထ၍ မှုတ်မှုပေတည်း၊ ဇောအဟုန်မည်သည် ဘယ်မျှလောက် လျင်မြန် သည်စု သိရန်အချက်တည်း။။ခြေတစ်လှမ်းတစ်လှမ်းလျှင် ဇောအသုတ် ပေါင်းတစ်ရာမက ထ၍ မှုတ်မှုပြီးစီးသည်၊ ဇောတသုတ် တသုတ်ဆို သည်မှာလည်း တကြိမ်ထ-သော ဇောတစ်ခါသေသည်ကို တသုတ် ခေါ်သည်၊ ဇောအသုတ် တရာရှိလျှင် သေဘေးတရာ သင့်၏၊ ဇော သင်္ချိုင်း တရာကျ၏ သေမင်း၏ လက်သို့ အခါတရာ ပါ၏၊ ဥပမာကား -မီးရထား အလျင်အမြန် ခုတ်၍ သွားရာ နားထောင်နေကြလျှင် ဓာတ်အိုးမှ အခိုးလေမှုတ်သည်ကို ဟုတ်ဟုတ်သံ မစဲအောင်ကြား ကြ၏၊ ရှေ့အချက် နောက်အချက်လည်းခြားနား၏၊ ပျောက်ကွယ်ပျက် ဆုံးမှု ဟူသော မရဏဓမ္မ အစွဲပြု၍ တစ်ချက်တစ်ချက်ဟုသာ ထင်ရှားခြားနား လေသတည်း၊ ဟုတ်ဟုတ်သံဖြင့် တစ်ကြိမ် တစ်ကြိမ် တစ်သုတ် တစ်သုတ် မှုတ်သော အခိုးလေသည်လည်း ဓာတ်အိုးသို့ဝင်တော့သည် မဟုတ်၊ တစ်သုတ် တစ်သုတ် အသံမစဲမှုသည် ထိုအခိုးလေ၏ သေမှု, ကွယ်ဆုံးမှု သာတည်း။

ဆက်၍ ဆက်၍ မှုတ်ချက်မစဲသောကြောင့် ရထားလည်းအသွား မပျက်၊ ရပ်တန့် နားနေရုံမျှသာ အသွားပျက်သည်။။ရထားတွဲပေါင်း တစ်ရာပင်ရှိသော်လည်း တဆက်တည်းဖွဲ့စည်းထားလျက်ရှိသောကြောင့် အခိုးလေမှုတ်သည့်အတွက် စက်အင်္ဂါတစ်ခု လှုပ်ခဲ့လျှင် အကုန်လုံး လှုပ်ရှား၍ သွားတော့သည်။ ထိုနည်းအတူ ဤခန္ဓာကိုယ်မှာလည်း ဟဒယနှလုံးအိမ်သည် မီးအိုးမည်၏၊ တကိုယ်လုံးရှိ အင်္ဂါကြီးငယ်စုသည် ထို ဟဒယဓာတ်အိုးမှ ထွက်သောအကြော ကြီးငယ်စုနှင့်အဆင့်ဆင့် ဆက်လက် ဖွဲ့ယှက်၍ တည်ကြ၏၊ ထို့ကြောင့် ဟဒယဓာတ်အိုးမှ ဇော မှုတ်၍အလိုရှိရာအင်္ဂါကို လှုပ်ရှားနိုင်သည်၊ ဇောအားသန်လျှင် သန်သည့် အလျောက်လှုပ်မှု, ရှားမှု,သွားမှု,လာမှု,ကြွမှု,ထမှု မြန်နိုင်,သန်နိုင်သည်၊ ဇောတို့၏ အလွန်မြန်လှသည့်အတွက်ကြောင့်ရှေ့အသုတ်,နောက်အသုတ် ခြားနားမှု မထင်ရှားသော်လည်း မျက်တောင်ခတ်မှု မြန်ပုံကို မြင်ကြသဖြင့် ဇောတစ်သုတ် မြန်ချက်ကို သိအပ်၏၊။ တစ်သုတ်တစ်သုတ်လျှင် မရဏဘေးတစ်ချက်တစ်ချက် ထိသည်ကိုလည်း သိအပ်၏၊ ဘဝင်အစဉ် မှာမူကား ပြဆိုခဲ့ပြီးသော ယမ်းမီး ဥပမာအတိုင်းသိလေ။

(ဤကား မနောအကြည်မှာ ပေါ်ကြသော နာမ်ဓာတ်စု၏ သန္တတိ မရဏကိုပြဆိုသော အခန်းတည်း။)

ရုပ်၏ သန္တတိမရဏကိုမူကား ရုပ်၏ သန္တတိဇာတိ, ရုပ်၏သန္တတိ ဇရာတို့ကို ပြဆိုသောအခန်းမှာပါဝင်လေ၏၊ ပါဝင်ပုံကား-ရှေး၌ ပြဆိုခဲ့ သော သွားခြင်းအမှု၌ ခြေတလှမ်း ခြေတလှမ်းအချတွင် ခြေဖဝါးမှ ငယ်ထိပ်ပေါက်အောင် ထိတ်ခနဲ ထိတ်ခနဲ ရုပ်ကြွမှု, ရုပ်ထမှုထင်ရှားရာ၌ မချမီတစ်ကိုယ်လုံးသည် အောက်သို့တွဲ၍နေ၏၊ ခြေချသည်နှင့် တပြိုင် နက် အထက်သို့ရိုက်သော ဝါယောဟုန် ဖြစ်ပေါ်၏၊ အထက်သို့ရိုက် မှန်းသိကြ၏၊ ထိတ်ခနဲဖြစ်သွားမှန်းသိကြ၏၊ ထိုဝါယောမပေါ်မီရှိသော ရုပ်ကိုယ်ကြီးသည် ထိုဝါယောပေါ်သည်နှင့် တပြိုင်နက်မီးတောက်ကြီး သေပျောက်သကဲ့သို့ သေပျောက်လေ၏၊ အနိစ္စရောက်လေ၏၊ သေမင်း နိုင်ငံသို့ပါလေ၏၊ မြင်နိုင်ခဲစွ၊ တိဟိတ်ဉာဏ်မျိုးမှ မြင်နိုင်ရာသည်။

အထက်သို့တပြိုင်နက် ရိုက်ချက်ကား အသစ်ဖြစ်ပေါ်သော ဝါယော၏ ဇာတိမှုတည်း။။ ယမ်းပုံသို့မီးကျ၍ မီးတောက်ထသကဲ့သို့ မြန်၏၊ ထိုတစ်ကိုယ်လုံး အကုန်အထက်သို့ရိုက်မှု, ခဏချင်းရပ်၍ ပျောက်၍ သွားပြန်မှုလည်း ထင်ရှားသိကြ၏၊ ထိုထိတ်ခနဲ ထင်လိုက်မှု ပျောက်ကွယ်ချက်ကိုလည်း သိကြ၏၊ ရိုက်သောဝါယော မီးတောက်ကြီး သေမှုပေတည်း။ ဝါယောဓာတ်ချုပ်မှု, အနိစ္စရောက်မှုတည်း။ ထိုဝါယော တွေချုပ်သည်နှင့် တပြိုင်နက် တချက်တည်း။ မြေဓာတ် လေဓာတ်လွန် ကဲသော ရုပ်စု,ရုပ်ခဲ ဖြစ်မြဲဖြစ်၏၊။ တဖန်ခြေချပြန်လျှင်မီးတောက်ကြီး ရုတ်တရက်သေသကဲ့သို့ ထိုရုပ်ခဲစုသေပျောက်ပြန်၏၊။ ဤခြေလှမ်း ချက်၌ ဓာတ်သစ်ဖြစ်ပေါ်မှု, ဓာတ်သစ်သေမှု, ရုပ်သေမှု,ခဏမစဲ ကိုယ် လုံးကျွတ် ရုပ်သစ်ရုပ်ဟောင်းပြောင်းလဲမှုကို ဉာဏ်မျက်စိပေါက်အောင် မြင်နိုင်လျှင်ပင် တိဟိတ်ဉာဏ်မှန်ပေ၍ အရာတိုင်းမှာ မြင်နိုင်ကြလတံ့။

အလွန်သိမ်မွေ့စွ၊ အချက်ရှာတတ်မှ မြင်ကြမည်၊ ထိုမှတပါး မိမိကိုယ်မှာ ထိုထိုနေရာ၌ ပူ၍လာသည်ကိုလည်းသိကြ၏၊၊ အပူပျောက် သည်ကိုလည်းသိကြ၏၊ အေးသည်ကိုလည်းသိကြ၏၊ အအေးပျောက် သည်ကိုလည်းသိကြ၏၊ ညောင်းညာ၍ လာသည်ကိုလည်း သိကြ၏၊ ပျောက်သည်ကိုလည်း သိကြ၏၊ ဤသို့အစရှိသည်ဖြင့် ရုပ်မရဏ, ဓာတ် မရဏ, ရုပ်သေမှု,ဓာတ်သေမှု, ရုပ်အနိစ္စ, ဓာတ်အနိစ္စ, ရုပ်သင်္ချိုင်းကျမှု, ဓာတ်သင်္ချိုင်းကျမှုတို့ကို သိကြလေကုန်။

သန္တတိ မရဏပြီး၏၊

(၃) ခဏိကမရဏသည်လည်း

- နာမ်ဓာတ်၏ခဏိက မရဏ,

- ရုပ်ဓာတ်၏ခဏိကမရဏ

ဟူ၍နှစ်ပါးအပြားရှိ၏၊

နာမ်ဓာတ်၏ မရဏ သည်လည်း

(၁) စက္ခုဝိညာဏ်အမှူးရှိသော အမြင်နာမ်စု၏ မရဏ၊

(၂) သောတဝိညာဏ်အမှူးရှိသော အကြားနာမ်စု၏မရဏ၊

(၃) ဃာန ဝိညာဏ်အမှူးရှိသော အနံ့ခံနာမ်စု၏ မရဏ၊

(၄) ဇိဝှါဝိညာဏ် အမှူးရှိ သော အရသာခံနာမ်စု၏ မရဏ၊

(၅) ကာယဝိညာဏ် အမှူးရှိသော အထိအသိနာမ်စု၏ မရဏ၊

(၆) မနောဝိညာဏ်အမှူးရှိသော အကြံ အဖန်နာမ်စု၏ မရဏ

ဟူ၍ ခြောက်ဂိုဏ်းရှိ၏၊ ဖဿ၏ မရဏ, ဝေဒနာ၏မရဏ, လောဘ၏မရဏ, ဒေါသ၏မရဏ, သဒ္ဓါ၏မရဏ, ပညာ၏ မရဏ စသည်ဖြင့်များစွာရှိ၏၊။ သန္တတိမရဏကိုပြဆိုသော အခန်း၌ ဇော တသုတ်ထ၍ ကျပျောက်မှုကို မရဏတခုဟု ဆိုခဲ့သည်ကား သန္တတိ မရဏတည်း။

ခဏိက မရဏမှာမူကား ထိုဇောတသုတ်အတွင်း၌ပင်လျှင် ပထမဇော၏သေမှုတခြား, ဒုတိယဇော၏သေမှုတခြား, တတိယဇော၏ သေမှုတခြားစသည်ဖြင့် မရဏတရားများပြားလေ၏၊။ အနှစ် အဆီပြည့်သောသစ်စေးနှစ်ကို မီးရဲရဲစွဲလောင်၍နေသည်ကို စေံစေ့ကြည့် လျှင်မီးရွရွရွရွနေသည်ကိုမြင်လတံ့။ ရွရွရွရွဖြစ်မှု မည်သည်ကား ပျက်မှုနှင့် ဖြစ်ပေါ်မှု ထွေးယှက်ချက်ပေတည်း။ ဤဥပမာလည်း ရှေး၌ ပြဆိုခဲ့ပြီ၊ မုန့်ညင်းစေ့ပမာဏရှိသော ယမ်းမီး ဥပမာလည်း ပြဆိုခဲ့ပြီ။။ပဋိသန္ဓေ တည်နေသည်မှစ၍ တစ်ဘဝလုံး စက္ခုစသော အကြည်ဒွါရ ခြောက်ဌာန တွင် အလှည့်အလည်အားဖြင့် ခဏမစဲတလစ်လစ် တလက်လက် အတွင်ဖြစ်, အတွင်ပျက် မျက်တောင်တခတ်ခန့််ကာလမှာ နာမ်၏မရဏ ကာလပေါင်း တစ်ထောင်မက လျင်မြန်လှ၏၊

လျင်မြန်ပုံကို ယုတ္တိနှင့် ဆိုပေအံ့။။ ဝိညာဏ်နှင့်အတူတကွ ဖြစ်ပေါ်ကြသော နာမ်အစု နာမ်အခဲမည်သည် ခန္ဓာကိုယ်မှာနှစ်ခုပြိုင်၍ ဖြစ်ရိုးမရှိ၊ စက္ခုမှာ ဖြစ်ကြခိုက် စက္ခုမှာသာ ရှိ၏၊ တစ်ကိုယ်လုံးမှာ မရှိ၊ သောတမှာ ဖြစ်ကြခိုက် သောတမှာသာ ရှိ၏၊ တစ်ကိုယ်လုံးမှာ မရှိ၊ ဃာနမှာ ဖြစ်ကြခိုက် ဃာနမှာသာ ရှိ၏၊ တစ်ကိုယ်လုံးမှာ မရှိ၊ ဇိဝှါမှာ ဖြစ်ကြခိုက် ဇိဝှါမှာသာ ရှိ၏၊ တစ်ကိုယ်လုံးမှာ မရှိ၊ ဟဒယဝတ္ထုမှာ ဖြစ်ကြခိုက် ဟဒယဝတ္ထုမှာသာ ရှိ၏၊ တစ်ကိုယ်လုံးမှာ မရှိ၊ ကာယမှာ လည်း ခြေဖဝါးမှာ ဖြစ်ကြခိုက် ခြေဖဝါးမှာသာ ရှိ၏၊ တစ်ကိုယ်လုံးမှာ မရှိ၊ လက်ညှိုးလက်ဖျားမှာ ဖြစ်ကြခိုက် လက်ညှိုးလက်ဖျားမှာသာ ရှိ၏၊ တစ်ကိုယ်လုံးမှာ မရှိ။။ ဤနည်းအတိုင်း တစ်ကိုယ်လုံးမှာသိလေ။။ ထိုသို့ဖြစ်သော်လည်းအတုမရှိ မြန်လှသည့်အတွက်ကြောင့် မြင်မှု, ကြားမှု, နံမှု, လျက်မှု, ပူမှု, ချမ်းမှု, ကြံဖန်မှုတို့သည် တပြိုင်နက် ပြိုင်၍ဖြစ်သည်ဟု ထင်ကြရကုန်၏၊

ဥပမာကား-မြန်မှုတွင် အတိတ်ရဖြစ်သော ဘုရားအလောင်း တော် ဇဝနဟင်္သာမင်းကြီးသည် မိတ်ဆွေဖြစ်သော ဗာရာဏသီမင်းကြီးထံ လာရာ အစွမ်းကိုပြခြင်းငှာ ဗာရာဏသီပြည် ပေါ်မှာဝဲလေ၏၊ ဗာရာဏသီပြည်ပေါ်မှာ ကြည့်လေရာရာ ဟင်္သာချည်းဖြစ်နေ၏၊ ဤအတူ အေးစွာသောရေကို ချိုးလောင်းရာ တစ်ကိုယ်လုံး အေးမှုက်ို တစ်ပြိုင်နက် တည်းသိ၍နေသကဲ့သို့ထင်ရ၏၊ ။ ထိုသို့ပြိုင်၍ နှစ်ဌာနမျှ ဖြစ်သည်ဟု မရှိ၊ အာရုံထိခိုက်မှု အားရှိရာ, မနသိကာရ အားကြီးရာတို့၌ အစဉ်အား ဖြင့်သာ ပေါ်၍သွား၏၊။ ခြေဖျား၌ အာရုံထိခိုက်မှုအားကြီးခဲ့လျှင် ခြေဖျားမှာဖြစ်ပေါ်၏၊ လက်ဖျားမှာ အာရုံထိခိုက်မှု အားကြီးခဲ့လျှင် လက်ဖျားမှာ ဖြစ်ပေါ်၏၊ တစ်ကိုယ်လုံးမှာ ဤနည်းတူသိလေ။။ အတွင်း အပြင် တစ်ကိုယ်လုံးမှာ အပ်ဖျားနှင့် ထိုး၍ စမ်း၊ နာကောင်းသမျှ နေရာစုသည် သိတ်ပေါ်ထွက်နိုင်သော နေရာချည်းတည်း။

'တစ်ကိုယ်လုံးမှာ ဖြစ်နိုင်၏, နှံ့၏' ဟူသော်လည်း နှလုံးအိမ်ထဲမှာ စမ်းရေ စိမ့်ရေကဲ့သို့ အမြဲဖြစ်၍ နေသည်၊ တခြားတပါးသော နေရာ ဌာနမှာ ဖြစ်ပေါ်ခိုက်သာ နှလုံးအိမ်မှာ စိတ်ပြတ်သည်။။ အာရုံထိခိုက် ရာဌာနမှာ စိတ်ဖြစ်ပေါ်သည်ဟူသောစကား၌ ခြေသန်း ဖျားကို ထိခိုက် လျှင် ထိမှုဒဏ်ချက်ကြောင့် ထိသော နေရာမှာ မီးပွင့်သကဲ့သို့ ဖြစ်ပေါ်၍ ထိုနေရာမှာပင် မီးပွင့်ငယ် သေပျောက်သကဲ့သို့ ပျောက်ဆုံး၏၊။ ထို နေရာမှာ ပေါ်မည်ရှိလျှင် နှလုံးအိမ်မှာ ချုပ်ကွယ်၏၊။ မချုပ်မကွယ် မသေမဆုံးဘဲနှင့် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွေ့သည်ဟူ၍ကား မရှိ၊ ဓမ္မတာသည်သာတည်း။ ထို့ကြောင့် ပြင်ပအပေါ်ရေနှင့်တကွ ဦးနှောက်တွင်း, အဆုတ်တွင်း, အသည်းတွင်းစသော အတွင်းအပ တစ်ကိုယ်လုံးမှာ တစ်နေ့အတွင်း, တစ်ရက်အတွင်း စိတ်နှင့်တကွသော နာမ်ဓာတ်စု ဖြစ်မှု ပျက်မှု လွတ်ကင်းရာ နေရာကိုရှာသော် အနုမြူမျှ မရလတ္တံ့၊ တစ်နေ့အတွက် တစ်ကိုယ်လုံးမှာ အနုမြူမျှမလပ်ဘဲ အထပ် ထပ် အကုဋေမက စိတ်သချႌုင်းကျမှု, ဖဿသချႌုင်းကျမှု, ဝေဒနာ သချႌုင်းကျမှုကို သိအပ်သတည်း။

ဤကား နာမ်၏ ခဏိကမရဏကို ပြဆိုသော အခန်းတည်း။

ရုပ်တရားတို့၏ ခဏိကမရဏ၌လည်း ခက်မာမှု, နူးညံ့မှုဟူသော မြေဓာတ်၏ မရဏ, ဖွဲ့စည်းတွယ်ကပ်မှုဟူသော ရေဓာတ်၏ မရဏ, ပူမှုအေးမှု ချမ်းမှုဟူသော မီးဓာတ်၏မရဏ, လှုပ်ရှားမှု, ကြွရွမှု, တောင့် တင်းမှုဟူသော လေဓာတ်၏မရဏ ထိုဓာတ်ကြီးလေးပါး၌မှီသော စက္ခုအကြည်၏ မရဏ, သောတအကြည်၏ မရဏ စသည်ဖြင့် များသော အပြားရှိ၏၊ ခဏိကဇာတိ, ခဏိကဇရာတို့၌ ပြဆိုခဲ့ပြီးသော နည်းကို မှီ၍ ဤခဏိကမရဏကိုလည်း သိလေ။။ ပုဂ္ဂိုလ်, သတ္တဝါ, အင်္ဂါကြီးငယ် အစရှိသော သဏ္ဌာန်မျိုးကို ပယ်ဖျောက်၍ ကိုယ်တွင်းမှာ သက်သက် သော မာမှုနူးညံ့မှု, သက်သက်သော ပူမှုအေးမှု အစရှိသော ဓာတ်သ ဘော ပရမတ်သဘောကို မိမိရရ မြင်နိုင်မှ ထိုဓာတ်တို့၏ ခဏိက မရဏကို မြင်နိုင်ရာသည်။ ခဏိကဇာတိ, ခဏိကမရဏကို မြင်နိုင်ရန် အခွင့်သည် အလွန်ခဲယဉ်း၏၊

သန္တတိဇာတိ, သန္တတိဇရာ, သန္တတိမရဏတို့ကို မြင်နိုင်လျှင်ပင် ဝိပဿနာ သမ္မာဒိဋ္ဌိ ကောင်းကောင်းဖြစ်တော့သည်၊ တာရှည်လေးမြင့် စွဲစွဲမြဲမြဲ ပွားများနိုင်လျှင် သက္ကာယဒိဋ္ဌိ ငရဲမီးကို သတ်ငြိမ်းစေနိုင်တော့ သည်။

လေငြိမ်ရာ အရပ်၌ ထွန်း၍ထားသော မီးတောက်မီးလျှံကို စေ့စေ့ ကြည့်၍ နေလျှင် လူလူ လူလူ နေသည်ကို မြင်ရ၏၊ လူလူတက်မှု ဟူသမျှ သည် ခဏိကဇာတိတည်း၊ အသစ်အသစ် ဖြစ်ပေါ်မှုတည်း၊ ထိုအသစ် အသစ် ဖြစ်ပေါ်မှုဟူသမျှသည် အဟောင်းပျက်မှုကို အစားစိုက်မှုချည်း တည်း၊ အဟောင်းပျက်မှုစုကား ပျောက်ကွယ်မှုဖြစ်၍ မျက်စိမမြင်ရာသို့ မြုပ်လေ၏၊ အသစ်ဖြစ်မှုကား မျက်စိမြင်ရာသို့ ပေါ်၍ လာ၏၊ ပျက်မှု သည် ဉာဏ်မျက်စိ၏ အရာတည်း။

မီးတောက်မီးလျှံ၌ ဧရာတည်ဖြစ်သော မြေဓာတ်သည် အလွန် အားနည်း၏၊ ထိုမြေဓာတ်ကို မှီတွယ်၍ တောက်သော မီးဓာတ်သည် အလွန်ထက်သန်၏၊ မှီရာမြေဓာတ် ခဏချင်း ခဏချင်း ကုန်အောင် လောင်၏၊ စား၏၊ မြေဓာတ်၏ ခဏခဏ ကုန်မှုကို ဉာဏ်နှင့် ကြည့်မှ ခဏခဏ မီးပျက်မှု ထင်ရှား၏၊။ သတ္တဝါတို့၏ ကိုယ်ခန္ဓာသည်လည်း ဓာတ်မီးခဲကြီးအတိ ဖြစ်၏၊ ဓာတ်မီးတုံးကြီးအတိ ဖြစ်၏၊ မီးဟူသမျှသည် တလူလူနေသည်ချည်း၊ ကိုယ်ခန္ဓာကြီးသည် ထိုမီးတောက် မီးလျှံ အလားပင်တည်း။။ဘယ်နေရာကို မဆို လက်နှင့် စိစိစမ်း၍ ဉာဏ်နှင့် စေ့စေ့ကြည့်မှ အေးလျှင်လည်း အေးရှိန် တလူလူတွေ့ရ၏၊ ပူလျှင်လည်း ပူရှိန် တလူလူတွေ့၏၊ တလူလူဖြစ်နေသမျှ ဖြစ်မှုပျက်မှုချည်း၊ 'ယထာ ပုဗ္ဗုဠကံ ပေဿ'ဟူသောပုဒ်မှာ ပြခဲ့သော ရေပွက်ဥပမာအတိုင်း ထင်မြင် အောင်ကြည့်လေ။

ဧကာဒသမ ပျို့လင်္ကာ အဖြေ ပြီး၏၊

---------

ဒွါဒသမ ပျို့လင်္ကာ အဖြေ

သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ

သန္ဓေဇာတိ၊ ခန္ဓာရှိက၊ ဉာတိဘောဂ၊ စသည်သင်းပင်း၊ ကွေကွင်းခြင်းနှင့်၊ မကင်းစသာ၊ ကြုံကြိုက်လာသော၊ ပူဆာ သောက၊ ယူတငိုကြွေး၊ သက်မွေးဝန်ထမ်း၊ ပူချမ်းဒုက္ခ၊ အနိဋ္ဌ ကြောင့်၊ စိတ်ကမကြည်၊ မဆည်ငင်ရှိုက်၊ အလှိုက်အလဲ၊ ဆင်းရဲ ငါးပါး၊ အကျဉ်းအားတည့်၊ ကျယ်ပွားအနန္တ၊ တွေ့ကြုံရသည်။ မူလဇာတိ-အနှုန်းတည်း။

ဟူသော လင်္ကာပုဒ်၌ ဇာတိရှိသည့်အတွက်ကြောင့် သောကဖြစ် ရသည်, ပရိဒေဝဖြစ်ရသည်, ဒုက္ခဖြစ်ရသည်, ဒေါမနဿ ဖြစ်ရသည်, ဥပါယာသ ဖြစ်ရသည်ဟု ဆိုလိုသည်။။ ငရဲဇာတိ ရှိခြင်းကြောင့် ငရဲ၌ရှိသော ဆင်းရဲငါးပါးဖြစ်ရသည်၊ ပြိတ္တာဇာတိရှိခြင်းကြောင့် ပြိတ္တာ ဘုံ၌ဖြစ်သော ဆင်းရဲငါးပါးဖြစ်ရသည်၊ အသူရကာယ်ဇာတိ ရှိခြင်းကြောင့် အသူရကာယ်ဘုံ၌ ဖြစ်သော ဆင်းရဲငါးပါးဖြစ်ရသည်၊ တိရစ္ဆာန်ဇာတိ ရှိခြင်းကြောင့် တိရစ္ဆာန်ဘုံ၌ ဖြစ်သော ဆင်းရဲငါးပါး တွေ့ရသည်။။ ငရဲဇာတိရှိခြင်းကြောင့် အဘယ်သို့ ဆင်းရဲငါးပါး တွေ့ရသနည်းဟူမူကားငရဲဘဝမည်သည် ကျရောက်သောအခါမှစ၍ နှစ်ပေါင်း တစ်သိန်းကာလ ပတ်လုံး, တစ်သန်း ကာလပတ်လုံး, တစ်ကုဋေ ကာလပတ်လုံး မီးငရဲမှာ ဖြစ်မူ မီးလောင်ခံရ၍ နေတော့သည်၊ ဓားငရဲ, လှံငရဲမှာ ဖြစ်မူ ဓားခုတ်, လှံထိုး ခံ၍ နေရတော့သည်၊ မလွတ်သမျှသည် မျက်တောင်တစ်ခတ်မျှ သက်သာကွက် မရပြီ၊ မမြင်ဝံ့ မရှုဝံ့ ထွန့်ထွန့်လူး ဖြတ်ဖြတ်လူး ဆင်းရဲ ပင်ပန်းသော ဒုက္ခငါးပါးတို့သည် ခဏစဉ်အတိုင်း ပွားများကုန်၏၊

ဤသို့ ငရဲဇာတိ ရှိသည့်အတွက် ငရဲဘုံ၌ ဆင်းရဲငါးပါး အစဉ်ပွား ၏၊ ထိုငရဲဇာတိသည်လည်း သက္ကာယဒိဋ္ဌိ ရှိနေကုန်သော သူတို့အား စိတ်နှလုံးထဲမှာ အမြဲမကွာ ထက်ကြပ်ပါရှိနေ၏၊။ အဘယ်သို့ ပါရှိနေသနည်းဟူမူကား- သံသရာဘဝ၌ ကျင်လည်၍ လာခဲ့ကြသော သတ္တဝါတို့၏အဖြစ်သည် မိစ္ဆာဒိဋ္ဌိဘဝနှင့် ဒုစရိုက်ဘဝသည်သာ များပြား ၏၊ တစ်နေ့တစ်နေ့မှာ ဖြစ်သော အကုသိုလ်သည် အပါယ်၌ ဘဝတစ်ရာ, ဘဝတစ်ထောင်ကျလောက် ဖြစ်နိုင်၏၊ ထို့ကြောင့် ယခုရှိကြသော မြင်မြင် သမျှ သတ္တဝါစုတို့သည် တစ်ယောက် တစ်ယောက်သော သတ္တဝါ၏ စိတ်နှလုံးထဲမှာ အပါယ်ကျရန် အပရာပရိယ အကုသိုလ်ကံပေါင်း အကုဋေမကပါရှိလျက် နေကြကုန်၏၊ နတ်ပြည်ခြောက်ထပ် နတ်မှာ လည်း ပါရှိလျက်ပင်၊ သုဒ္ဓါဝါသမှ တပါးသော ရူပ, အရူပပုထုဇဉ် ဗြဟ္မာ လည်း ပါရှိလျက်ပင်၊ သက္ကာယဒိဋ္ဌိသည် ထိုကံတို့၏ ပင်မကြီး ဖြစ်၏၊ ထိုကံစုသည် ပင်မကြီးမှ ပေါက်ရောက်ကြသော အကိုင်အခက်စု ဖြစ်၏၊

ဥပမာကား-သက္ကာယဒိဋ္ဌိသည် မီးတောက်ကြီးနှင့် တူ၏၊ ထိုကံစု သည် မီးတောက်ကြီးမှ ထွက်သော မီးရောင်တွေနှင့် တူ၏၊။ မီးတောက် ပင်ကြီးမှ အားကောင်းခဲ့လျှင် ထို မီးရောက်တွေလည်း အားကောင်း၏၊ မီးတောက်ကြီး မှိန်လျှင် မီးရောင်တွေလည်း မှိန်၏၊ မီးတောက်ကြီး မသေသမျှသည် ထိုမီးရောင်တွေကို သေအောင်ပြုခြင်းငှာ အခွင့်မရှိ၊ မီးတောက်ကြီးသေလျှင်လည်း မီးရောင်တွေ အကုန်ကွယ်ပျောက်၏၊။ စက္ခုကို ငါဟူ၍ ထင်မြင်မှု, စက္ခုပေါ်မှာ ဖြစ်ပေါ်လာသော နာမ်ဓာတ်စု မြင်မှုကို ငါမြင်သည်ဟု ထင်မြင်မှု ရှိနေသမျှကာလပတ်လုံး ထို ထင်မြင်မှု ထဲမှာ အပါယ်မျိုးစေ့ဖြစ်သော အကုဋေမကသော အပရာပရိယ အကုသိုလ်ကံပေါင်း တလုံးတစုတည်း တုပ်နှောင်လျက် ပါရှိ၏၊ ထိုကံစု တုပ်နှောင်လျက် ပါရှိလျှင်လည်း ငရဲဇာတိပေါင်း အကုဋေ-မက တုပ် နှောင်လျက် ပါတော့သည်၊ မီးခြစ်ထုပ်ပါလျှင် မီးပါသည် ဆိုရသကဲ့ သို့တည်း။

ထို့ကြောင့် ပုထုဇဉ်အဖြစ်နှင့် နေသော သူသည် လူဖြစ်သော် လည်း လူအေး မဟုတ်၊ လူပူ လူလောင်သာတည်း၊ နတ်ပြည်ခြောက် ထပ်မှာ နတ်ဖြစ်သော်လည်း နတ်အေး မဟုတ်၊ နတ်ပူ နတ်လောင်သာ တည်း၊ ဗြဟ္မာဖြစ်သော်လည်း ဗြဟ္မာအေး မဟုတ်၊ ဗြဟ္မာပူ ဗြဟ္မာလောင် သာတည်း။။ အဘယ်ကြောင့်နည်းဟူမူ ရင်ထဲ နှလုံးထဲ၌ ငရဲမီးထုပ် ပေါင်း အကုဋေ-မက ပါရှိလျက် နေသောကြောင့်တည်း။။ ဤနည်း အတိုင်း ပြိတ္တာဇာတိနှင့် ပြိတ္တာဘုံမှာဖြစ်သော ဆင်းရဲတရားငါးပါး, အသူရကာယ်ဇာတိနှင့် အသူရကာယ်ဘုံမှာ ဖြစ်သော ဆင်းရဲတရားငါးပါး, တိရစ္ဆာန်ဇာတိနှင့် တိရစ္ဆာန်ဘုံမှာ ဖြစ်သော ဆင်းရဲတရားငါးပါး, လူ့ဇာတိ နှင့် လူ့ဘုံမှာရှိသော ဆင်းရဲတရား ငါးပါးတို့ကိုလည်း သိလေ။။ အထက် ဖြစ်သော နတ်ဇာတိ, ဗြဟ္မာ့ဇာတိ အတွက် ထိုအထက်ဘုံစုမှာ ဖြစ်ခိုက် ဆင်းရဲတရားငါးပါး သက်သာခွင့် ရှိ၏၊

ဒွါဒသမ ပျို့လင်္ကာ အဖြေ ပြီး၏၊

---------------

တေရသမ ပျို့လင်္ကာ အဖြေ

ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ

ဝဋ်သံသရာ၊ ရှည်မင်းစွာ၌၊ သူ ငါကစ၊ ဖြစ်သမျှကား၊ သတ္တမဟုတ်၊ ဓာတ်မှန်ထုတ်သော်၊ နာမ်ရုပ်နှစ်သင်း၊ အမြင် လင်းလော့၊ အရင်းအဝိဇ္ဇာ၊ ထိုမှဖြာ၍၊ ဇရာမရဏ၊ အဆုံးကျ သည်၊ ဓမ္မအပြား၊ ဆယ့်နှစ်ပါးကို၊ ဤကားလူပင်၊ ဤလျှင်နတ်ပဲ၊ အထင်လွဲလျက်၊ တဝဲလည်လည်၊ ဝဋ်နွယ်စည်၏၊ ရှည်လေသမျှ၊ အနန္တကား၊ သုခဟူသည်၊ မြူမျှမကွက်၊ အဆက်ဆက်လျှင်၊ သက် သက်ဒုက္ခ၊ ဓာတ်မှန်ရသည်။။ ဘဝဤကိုယ်-ဖြစ်ထုံးတည်း

ဟူသော လင်္ကာဝါကျ၌ အနမတဂ္ဂ ရှည်မင်းလှစွာသော သံသရာ ဘဝ အဆက်ဆက်တို့၌ ဖြစ်လာခဲ့ကြသော ယခု ငုတ်တုတ်ရှိကြသော ဣတ္ထိ, ပုရိသ ခန္ဓာ စသည်သည် စင်စစ်အားဖြင့် ပုဂ္ဂိုလ်မဟုတ်, သတ္တဝါ မဟုတ်, ငါမဟုတ်, သူမဟုတ်, မိန်းမ မဟုတ်, ယောက်ျားမဟုတ်၊ ယထာ ဘူတဉာဏ်ဖြင့် ဓာတ်သဘာဝ အဟုတ်အမှန်ကို သတ္တုထုတ်ယူသည်ရှိ သော် နာမ်တရား ရုပ်တရားနှစ်ပါးသာ အမှန်ဖြစ်၏၊။ ထုတ်ယူပုံကားမြေ, ရေ, လေ, မီး ဓာတ်ကြီးလေးခုတွင် ခက်မာမှု နူးညံ့မှုဟူသော မြေဓာတ်သည် ပုဂ္ဂိုလ်လော, သတ္တဝါလောဟု စစ်တမ်း ထုတ်ရာ၏၊ ထိုအမှုသည် ပုဂ္ဂိုလ်ဟုတ်၏, သတ္တဝါဟုတ်၏ဆိုခဲ့သော်-တစ်ယောက် သော သူ၏ကိုယ်မှာ ကေသာ, လောမာစသည်ဖြင့် မြေအစုပေါင်း နှစ်ဆယ်ရှိ်၏၊ ထို နှစ်ဆယ်တွင် ဆံပင်သည် မွေးညင်းမဟုတ်၊ မွေးညင်း သည် ဆံပင်မဟုတ်၊ ဆံပင်ကား တခြား, မွေးညင်းကား တခြား၊ ဤနည်း အတူ ခြေသည်း,လက်သည်း, သွားစသည်တို့လည်း တခြးစီသာ ဖြစ် ကုန်၏၊

ဤကိုယ်မှာ မြေဓာတ် အစုနှစ်ဆယ် ရှိသည်ဖြစ်၍ ဤကိုယ်မှာ ပုဂ္ဂိုလ်နှစ်ဆယ် ရှိ၏၊။ ထိုနှစ်ဆယ်တွင်လည်း ဆံပင်သည် တစ်ယောက် သော လူ၏ ဦးခေါင်းမှာ နှစ်ကုဋေ ငါးသန်း အရေအတွက် ရှိသည်ဖြစ်၍ ခေါင်းမှာပင် ပုဂ္ဂိုလ်ပေါင်း နှစ်ကုဋေ ငါးသန်း ရှိ၏၊ ထို့အတူ မွေးညင်း ပေါင်း ကိုးသောင်း ကိုးထောင်အတွက် ပုဂ္ဂိုလ်ပေါင်း ကိုးသောင်း ကိုးထောင် ရှိရာ၏၊ ဤသို့စသည်ဖြင့် စစ်တမ်းထုတ်ရာ၏၊။ ထိုအား လုံးကို ခြုံ၍ ပုဂ္ဂိုလ် သတ္တဝါ တစ်ယောက်သာ ဖြစ်ပါသည်ဆိုခဲ့သော်ထိုအသီးသီး တခြားစီ တမျိုးစီတွေကို တစ်ခုတည်းပါ, တစ်မျိုးတည်းပါ ဆိုလျှင် တစ်ခုတည်း ဖြစ်နိုင်မည်လော၊ တစ်ခုတည်း မဖြစ်နိုင်သည်ကား မျက်မြင်ဒိဋ္ဌတည်း။

ထို့ကြောင့် အားလုံးကို ခြုံ၍ ပုဂ္ဂိုလ် သတ္တဝါ တစ်ယောက်သာ ဖြစ်သည်ဟူသော စကားသည် စိတ်ထင်နှင့် ပါးစပ်ပြောသာ ရှိတော့သည်။ ဤနည်းတူ ကြွင်းသော ကောဋ္ဌာသတို့ကိုလည်း စစ်တမ်းထုတ်လေ။။ ဤသို့ ကောဋ္ဌာသတို့နှင့် စစ်တမ်းထုတ်မှုသည် ပရမတ်အစစ် မဟုတ် သေး၊ လောက၌ မသိသည်, မိုက်မဲသည်ဟူသော စကားအတူတူ၊ မိုက်မဲ သည်ကား ပုဂ္ဂိုလ်လော၊ သတ္တဝါလော-မေး။။ မိုက်သည်ကား သတ္တဝါ ဟုတ်၏၊ သတ္တဝါပင် မိုက်သည် ဆိုငြားအံ့၊ ထိုသတ္တဝါမှာ ရုပ်လည်းရှိ သည်၊ နာမ်လည်းရှိသည်၊ ရုပ်တွင်လည်း ဆံပင်, မွေးညင်း စသည့် ပထဝီဓာတ် နှစ်ဆယ်, အာပေါဓာတ် တစ်ဆယ့်နှစ်ပါး,တေဇောဓာတ် လေးပါး, ဝါယောဓာတ်ခြောက်ပါး၊ ပေါင်းကောဋ္ဌာသ လေးဆယ် နှစ်ပါး ရှိသည်၊ ထိုလေးဆယ့်နှစ်ပါးတွင် ဆံပင်သည် မိုက်တတ်သလော၊ မွေးညင်းသည် မိုက်တတ်သလော စသည်ဖြင့် မေး။။ စိတ်စေတနာ ရှိသော တရားစု မဟုတ်သောကြောင့် ထိုလေးဆယ့်နှစ်ပါးသော ရုပ် ကောဋ္ဌာသ အစုသည် မမိုက်တတ်၊ စိတ်သည်သာ မိုက်သည်ဟု ဖြေရာ၏၊

စိတ်သည် သတ္တဝါလော-မေး။။ 'ရုပ်, စိတ်အားလုံးကို ခြုံ၍ သတ္တဝါတစ်ယောက်ခေါ်သည်'ဟုဖြေရာ၏၊။ စိတ်နှင့် ရုပ်သည် တစ်ခုတည်းမဟုတ်၊ တခြားစီဟုသာ သိသာထင်ရှားသောကြောင့် တခြား စီကို သတ္တဝါတစ်ယောက်တည်း ဟု ခေါ်ခြင်းသည်စိတ်ထင်နှင့် ပါးစပ် ခေါ်သာ ရှိတော့သည်။။ တစ်နည်းကား-ဤခန္ဓာကိုယ်မှာ ဟဒယ ရုပ် ဝတ္ထုကို ချန်လှပ်၍ကြွင်းကျန်သမျှသော တစ်ကိုယ်လုံးသည် အာရုံ ထိခိုက်လာလျှင် စိတ်မပေါ်သောနေရာဟူ၍ အနုမြူမျှ မရှိ၊ အာရုံ ထိခိုက်လျှင် ထိခိုက်သည့်နေရာတိုင်းက စိတ်ထွက်၏၊ စိတ်ပေါ်၏၊ ကျောရေတပြင်လုံးမှာ ထိလျှင် ကျောရေတပြင်လုံးမှာ လျှပ်စစ်ပြက် သကဲ့သို့ စိတ်ထွက်ပေါ်၏၊ လျှပ်စစ်ကွယ်ပျောက်သကဲ့သို့ ပျောက် ကွယ်၏၊ စိတ်ပေါ်သောနေရာမှာ ပူသည်အေးသည်ဟု သိရ၏၊ ထိသည် ခိုက်သည်ဟုသိရ၏၊ တစ်ကိုယ်လုံးမှာ ဤနည်းတူ။။ ဤသို့ ထိုထို ကိုယ်အင်္ဂါမှာ စိတ်ပေါ်သော အခိုက်ကိုလည်း သိရာ၏၊။ စိတ်ကွယ် ပျောက် ချုပ်ဆုံး၍ သွားသည်ကိုလည်း သိရာ၏၊။ ထိုထို ကိုယ်အင်္ဂါမှာ ဖြစ်ပေါ်သောစိတ် ပျောက်ဆုံးမှ ဟဒယဝတ္ထု၌ ပေါ်၏၊

ဤသို့ စိတ်မည်သည် တစ်ခဏအတွင်းမှာပင် ဦးခေါင်းမှာ တဖွားဖွား ပေါ်တဲ့၏၊ ဦးခေါင်းမှာ ချုပ်ပျောက် ကုန်ဆုံး၍ ခြေဖဝါး အပြင်မှာ တဖွားဖွားပေါ်ပြန်၏၊ထိုမှာ ချုပ်ပျောက်ကုန်ဆုံး၍ လက်ဖဝါး အပြင်မှာ တဖွားဖွား ပေါ်ပြန်၏၊ ထိုမှာ ချုပ်ပျောက်ကုန်ဆုံးလျက် ကျောပြင်မှာ ပေါ်ပြန်၏၊ ထိုမှာ ချုပ်ပျောက်ကုန်ဆုံးလျက် အသည်းတွင်း မှာ, အဆုတ်တွင်းမှာ, ညာဘက် လက်ဖဝါး လက်ဖျားမှာ၊ ထိုမှာ ပျောက်ဆုံး ၍ ဘယ်ဘက်လက်ဖဝါးမှာ အစရှိသည်ဖြင့် သိလောက်အောင် အာရုံ ထိရာတိုင်းမှာ တဖွားဖွား ပေါ်ချည်, ချုပ်ပျောက်ချည်နေရသော တရား ဖြစ်၍ တစ်ခဏအတွင်းမှာပင် အပိုင်းပိုင်းပြတ်၍, အခါခါသေဆုံး၍, အခါခါ သချႌုင်းကျ၍ နေသော တရားပေတည်း။။ ဤသို့နေမှုကို အလွန်ထင်မြင်ဖွယ် ကောင်းလှ၏၊။ ဤသို့နေမှုကို မသိသည့်အတွက် ကြောင့် မိမိစိတ်ကို နိစ္စဟု သက္ကာယဒိဋ္ဌိ ဖြစ်၏၊။ ကျောပြင်မှာ စိတ်တဖွားဖွား ပေါ်ခိုက်ဖြစ်၍ ကျောမှာပူသည်ဟု သိပါသည်ကို ကျော ပြင်ဖြစ်၍နေသော အသားရုပ်ကိုပင်လျှင် ပူမှန်း သိတတ်သည်ဟု ထင်၍ နေ၏၊ ထိုရုပ်ကိုပင်လျှင် သတ္တဝါဟု ထင်နေ၏၊

စိတ်ပေါ်မှု, စိတ်ပျောက်မှုကို ထင်မြင်နိုင်လျှင် ရုပ်မှာ စွဲလမ်း သော သက္ကာယဒိဋ္ဌိလည်း ကင်းရှင်းနိုင်၏၊ တကိုယ်လုံးမှာ တစ်ခဏအတွင်း အနှံ့ပေါ်၍, အနှံ့ကုန်ဆုံး၍ နေသည်ကို ထင်မြင်နိုင်ပါလျှင် စိတ်မှာစွဲလမ်း သော သက္ကာယဒိဋ္ဌိလည်း ကင်းရှင်းနိုင်ရာ၏၊။ မသိသည်, မမြင်သည်, မထင်သည်, မိုက်မဲသည်ဟူသောအမှုသည် အဝိဇ္ဇာဓာတ်၏ အမှုပေ တည်း။ အဝိဇ္ဇာသည် စိတ်မှာအမြဲကိန်းဝပ်၏၊ စိတ်ချုပ်လျှင် ချုပ်၏၊ စိတ်ပေါ်လျှင် ပေါ်၏၊ အဝိဇ္ဇာသည် ပုဂ္ဂိုလ်မဟုတ်, သတ္တဝါမဟုတ်, ငါမဟုတ်, သူမဟုတ်, လူမဟုတ်, နတ်မဟုတ်, မိန်းမ မဟုတ်, ယောကျ်ား မဟုတ်၊ စိတ်၌ အညစ်အကြေးဖြစ်သော အာဂန္တုကဓာတ် ပဋိစ္စသမုပ္ပါဒ် တရားသာလျှင်တည်း။ ထို့ကြောင့် မိုက်မဲသောသူကို မြင်လျှင် ငါမိုက်သည်, သူမိုက်သည်, မည်သူ မိုက်သည်ဟု ဆိုမှုသည် အဝိဇ္ဇာကို ငါဟု, သူဟု, မည်သူ ဟု စွဲလမ်းသော သက္ကာယဒိဋ္ဌိပေတည်း၊ မိုက်သောသူကို မြင်လျှင် ထိုသူစိတ်မှာ ပူးကပ်၍ပေါ်သော အဝိဇ္ဇာဓာတ်ကို မြင်နိုင်, ထင်နိုင်မူကား သမ္မာဒိဋ္ဌိ ဝိဇ္ဇာဉာဏ်ပေတည်း။။ ငါမိုက်သည်, သူမိုက်သည်ဟု မြင်သည် ကား အပါယ်လမ်းတည်း၊ အဝိဇ္ဇာဓာတ်ကို မြင်သည်ကား နိဗ္ဗာန်လမ်း တည်း။

ဥပမာကား- ရူး၍နေသောသူကို မြင်ကြရာ၌ လူအများတို့အား မည်သူသည် ရူး၍နေရှာသည်ဟူ၍သာ သိကြ၏၊ ကိုယ်အတွင်းမှာ ဘယ် ဓာတ်ပျက်၍ ရူးရှာသည်ဟု ဓာတ်ရင်းကိုပေါက်အောင် မမြင်နိုင်, မသိနိုင်ကြ၊ ထိုသူတို့၏ သိမှုသည် အရူးနာပျောက်ငြိမ်းရန် လမ်းမဟုတ်၊ ပြင်ပကိုသာ မြင်၏၊ အရူးအမှုသည် အမှန်ကိုမြင်နိုင်သော ဉာဏ်မျက်စိ ကား ပိတ်ပိတ်ကန်း ဖြစ်၏၊ ပယောဂရူး ဖြစ်ပြန်လျှင်လည်း ထိုသူမှာ ကပ်၍နေသော ပယောဂကောင်ကြီး ဆိုးဆိုးဝါးဝါးကိုပင် မမြင်နိုင်ကြ၊ ပညာမျက်စိရှိသော ဆရာသည်ကား ထိုသူရူးကို မြင်လျှင် အမှုသည်ကို ရှာ၏၊ သွေးအမှုသည်လော, လေအမှုသည်လော, သည်းခြေအမှုသည် လော, ပယောဂအမှုသည်လောဟု ကြည့်၏၊ အမှုသည်ရင်း အမှန်ကိုမြင် ၏၊ ထိုဆရာ၏မြင်ခြင်းသည်သာလျှင် အရူးနာ ပြောက်ငြိမ်းရန် လမ်း ဖြစ်၏၊

ထို့အတူ မိုက်မဲမှုမှာလည်း သူမိုက်သည်, ငါမိုက်သည်ဟု သိသည် ကား မိုက်မှု အဝိဇ္ဇာပေါ်မှာ သက္ကာယဒိဋ္ဌိဆင့်ပြန်၏၊ သွေးရူး, သည်းခြေ ရူး ပေါ်မှာ ပယောဂအမျိုးမျိုးကပ်ပြန်သည်နှင့် တူ၏၊ မိုက်သောသူဟူ၍ မရှိ၊ ငါဟူ၍ မရှိ၊ အဝိဇ္ဇာဓာတ်ဖြစ်သည်၊ အဝိဇ္ဇာဓာတ်ပူးကပ် လှုံ့ဆော် ထကြွသောင်းကျန်းမှုဖြစ်သည်ဟု သိမှ အမှန်ကျသည်။။ယခုဘဝ၌ တစ်ခဏမျှဖြစ်သော ရောဂါဥပါဒ်မျိုးမှာပင် အမှုသည်ရင်းကို သိမှ ဆေးရှိသည်၊ အမှုသည်ရင်းကို မသိက ဆေးမရှိ၊ မိုက်မှုဟူသော သံသရာ ရောဂါ ဥပဒ်မှာ ဆိုဘွယ်မရှိ၊ အနမတဂ္ဂသံသရာ၌ အမှုသည်ရင်းကို မသိမူ၍ သူမိုက်သည်, ငါမိုက်သည်နှင့်သာ လာခဲ့ကြ၍ ယနေ့ထက်တိုင် ဆေးမတွေ့၊ အမိုက်နာ မပျောက်ကြရသည်၊ ခန္ဓာကိုယ်အတွင်း၌ မိုက်မဲမှု ဟူသော အာဂန္တုအမှုသည် ပဋိစ္စသမုပ္ပါဒ် အဝိဇ္ဇာဓာတ်ကို အတတ်သိ မြင်သော သမ္မာဒိဋ္ဌိဉာဏ်တစ်ခုသည်သာ အဝိဇ္ဇာနှင့် သက္ကာယဒိဋ္ဌိတို့ကို ပျောက်ငြိမ်းစေနိုင်သော ဆေးဖြစ်သည်၊ ဤသမ္မာဒိဋ္ဌိဉာဏ်မှတပါး အဝိဇ္ဇာ သက္ကာယဒိဋ္ဌိတို့ကို ပျောက်ငြိမ်းစေနိုင်သော ဆေးမရှိပြီ။

(ဤကား ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါးတို့တွင် ခေါင်းတည်သော အဝိဇ္ဇာကို ဓာတ်မှန်ထုတ်၍ သိပုံနည်းအမြွက်တည်း။)

သင်္ခါရဟုဆိုအပ်သော ကာယကံမှု, ဝဝီကံမှု, မနောကံမှု တို့၌လည်း ဘယ်အမှုကို သူပြုသည်၊ ငါပြုသည်၊ သူပြောဆိုသည်၊ ငါပြောဆိုသည်၊ သူကြံစည်သည်၊ ငါကြံစည်သည်အစရှိသည်ဖြင့် ထင်မြင်၍နေသော သက္ကာယဒိဋ္ဌိကို ဖယ်ရှား၍ အမှုသည်ရင်း အတွင်းဓာတ်စု အာဂန္တုတို့ကို အတပ်သိမြင်အောင် တရားအားထုတ်ရာ၏၊။ကြွင်းသော ဝိညာဏ် အစရှိသော နောက်နောက်သော အင်္ဂါတို့၌လည်း အသီးသီးဓာတ်ရင်း, ဓာတ်မှန်ကို မြင်အောင်ပြုရာ၏၊ ရှေးရှေးပုဒ်တို့၏ အဖြေတို့မှာလည်း ဒာတ်ထုတ်နည်း ဓာတ်ဖေါ်နည်းတို့ကို အထွေထွေအရာရာ ဥပမာ ဥပမေယျတို့နှင့်တကွ ပြဆိုခဲ့လှပြီဖြစ်၍ ဤနေရာ၌ ဓာတ်မှန်ထုတ်နည်း ကို အကျယ်မဆိုပြီ။

ရှည်လေသမျှ၊ အနန္တကား၊ သုခ-ဟူသည်၊ မြူမျှမဖက်၊ အဆက်ဆက်လျှင်၊ သက်သက် ဒုက္ခ၊ ဓာတ်မှန်ရသည်ဟူသော စကား၌ 'သုခဟူသည်၊ မြူမျှ မဖက်' ဟုဆို၏၊ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္ဗာချမ်းသာသည် သုခမဟုတ်ပါလော၊ ယခုမျက်မြင် ဒိဋ္ဌ လူ့ဘဝမှာလည်း ဓနဥစ္စာကြွယ်ဝစွာနှင့်ချမ်းသာစွာ ကုံလုံ၍နေကြ သာသူ၊ ဣဿရိယဂုဏ်နှင့် ပြည့်စုံစိုးမိုး၍ နေကြသောသူများသည် ချမ်းသာသုခ မဟုတ်ပါလော မေးရန်ရှိသည်။။ အဖြေကား---အသက် အင်္သချေ ရှည်ကြာသောအခါ လေးကျွန်းလုံးကို အစိုးရသော စကြာ မန္ဓာတ်မင်း ချမ်းသာသည် လူချမ်းသာတွင်တန်းကုန်၏၊

ထိုသကြာမန္ဓာတ်မင်း ချမ်းသာသည်ပင်လျှင် သုခဟူသည် မြုမျှ မဖက် သက်သက် ဒုက္ခသာဖြစ်၏၊ အဘယ်သို့နည်းဟူမူ-ထိုစကြာ မန္ဓာတ်မင်း သဏ္ဌာန် ခန္ဓာကိုယ်ကြီးမှာ ဇရာမီး, မရဏမီး အမြဲလောင်စွဲ လျက် နေ၏၊ စိတ်နှစ်လုံးထဲမှာလည်း သက္ကာယဒိဋ္ဌိ ငရဲမီး တောက် လောင်လျက်နေ၏၊။ ဇရာမီး, မရဏမီး အမြဲတောက်လောင်စွဲ၍ ပါနေသည့်အတွက် ထိုစကြာမင်း ခန္ဓာကြီးသည် အနိစ္စမရဏဟု ဆိုအပ် သော သေမင်းကြီး၏ ဓားအောက် လည်ခံဖြစ်၍ နေ၏၊ သေဘေးမှု ကြီးတန်းလန်းနှင့် သေမင်း၏ ဓားအောက်လည်ခံဖြစ်၍ နေသော သူကို လူ့ချမ်းသာဟု ဆိုခွင့်မရှိ။

ဥပမာကား-တစ်ခုသော နေရာဌာနမှ သိကြားမင်း၏ ဝေဇယန္တာ ပြာသာဒ်ကြီးနှင့် တူသော ကြီးစွာသော နန်းပြာသာဒ်ကြီးကို ဖန်ဆင်း၍ ထိုပြာသာဒ်တွင် သိကြားမင်းစည်းစိမ်နှင့် တူစွာသော စည်းစိမ်ချမ်းသာ တွေကို အလိုရှိတိုင်း ခံစား စံစားရန် အပြီးထား၏၊။ တဖန် ထိုပြာသာဒ် တွင်းမှာ လူတို့မျက်စိနှင့် မမြင်ရသော အလွန်ထက်လှစွာသော ဓား, သန်လျက်တို့ကို အထက်က မိုးလျက် ပြာသာဒ်နှင့် အပြည့်ထား၏၊ ထိုစည်းစိမ်ကို မြင်၍ ပြာသာဒ်မှာရှိသော ထိုစည်းစိမ်ကို ခံစားစံစားသော သူတို့သည်ကား ထိုဓား, သန်လျက်တို့၏ အစာ ဖြစ်ကြကုန်၏၊ ယနေ့ ဖြစ်မည်, နက်ဖြန်ဖြစ်မည်, သည်လဖြစ်မည်, ဟိုလဖြစ်မည်, သည်နှစ်ဖြစ် မည်, ဟိုနှစ်ဖြစ်မည်ကိုကား မသိကြရကုန်၊ ဦးခေါင်း၌ ဓား, သန်လျက် မကျမီအတွင်း သိကြားကဲ့သို့ ခံစား စံစား၍ နေကြကုန်၏၊ ထိုသူတို့ကို လူ့ချမ်းသာတွေ ဆိုသင့်မည်လော။။ ထိုသူတို့၏ အဖြစ်ကို တောင့်တ ထိုက်ပါမည်လော။။ဓားဘေးကြီးတန်းလန်းနှင့် ဓားအောက်မှာ ဓားစာအနေနှင့် နေကြသော သူတို့သည် လူ့ချမ်းသာမဟုတ်၊ လူ့ဒုက္ခိတ တို့သာတည်း။။ ထိုသူတို့ ရရှိခံစားသော စည်းစိမ်သည်လည်း ဓားဘေးမိ အောင် ထောင်၍ထားသော စည်းစိမ်သာတည်း၊ ငါးမျှားချိတ်နှင့် ဖက်တွဲ၍ထားသော သားတစ်နှင့် အတူတူတည်း။။ ထို့ကြောင့် ထို စည်းစိမ်ကိုလည်း သုခ မဆိုရ၊ ဒုက္ခ၏ အသင်းအပင်းသာတည်း။ လာလာ သမျှ လူအပေါင်းကို ဓားဘေးသင့်အောင်, ဓားစာဖြစ်အောင် ထောင်မျှား သော စည်းစိမ်သာတည်း၊ ဤဥပမာအတိုင်း စကြာမန္ဓာတ်မင်း အဖြစ်ကို လည်း သိလေ။

ယခုအခါ ရရှိကြသော လူ့စည်းစိမ်, နတ်စည်းစိမ်စုသည်လည်း ထိုပြာသာဒ်မှာရှိသော စည်းစိမ်နှင့် တူ၏၊။ အနမတဂ္ဂ သံသရာ၌ ရှိနေကြသော လူ့ဘဝလူ့စည်းစိမ်, နတ်ဘဝနတ်စည်းစိမ်, ဗြဟ္မာ့ဘဝ ဗြဟ္မာ့စည်းစိမ် ဟူသမျှသည်လည်း အနမတဂ္ဂသံသရာမှာ ထာဝရ ထောင်မျှား၍ ထားသော ထိုပြာသာဒ်ကြီးနှင့် တူ၏၊။ အနမတဂ္ဂ သံသရာမှာ ဂင်္ဂါသဲလုံးမျှမက ပွင့်တော်မူကြကုန်သော ဘုရားတို့၏ သာသနာနှင့် အခါခါတွေ့ကြုံကြပါလျက် ထိုစည်းစိမ်သုံးပါး ထောင်မျှား ရာသို့သာ လိုက်ပါ၍ နေကြကုန်သည့်အတွက်ကြောင့် ယနေ့ထက်တိုင် သေဘေးတန်းလန်း, အပါယ်ဘေးတန်းလန်း, အဝီစိငရဲဘေးတန်းလန်း တွေနှင့် နေကြရကုန်၏၊

မီးတစ်ဆယ့်တစ်ပါး

(၁) ရာဂမီး၊

(၂) ဒေါသမီး၊

(၃) မောဟမီး၊

(၄) ဇာတိမီး၊

(၅) ဇရာမီး၊

(၆) မရဏမီး၊

(၇) သောကမီး၊

(၈) ပရိဒေဝမီး၊

(၉) ဒုက္ခမီး၊

(၁၀) ဒေါမနဿမီး၊

(၁၁) ဥပါယာသမီးဟူ၍ မီးတစ်ဆယ့်တစ်ပါး ရှိ၏၊

(၁) ရာဂမီး

ရာဂမီးသည်ကား-အလောဘတရားကိုလည်းကောင်း, အလောဘ နှင့်စပ်သော ချမ်းသာသုခကိုလည်းကောင်း ပြောင်စင်အောင် လောင် နိုင်၏၊ အလောဘဆိုသည်ကား-စကြာမင်း၏ ပတ္တမြားရတနာနှင့် တူသော အလွန်စင်ကြယ်သန့်ရှင်းသော ဓာတ်တစ်ပါးပေတည်း၊ ပတ္တမြား ရတနာသည် မစင်တွင်း, ဘင်တွင်းမှာ ချ၍, နှစ်၍ ထားသော်လည်း အငွေ့အသက်မျှ လိမ်းကပ်ခြင်းမရှိ၊ ရွံ့တွင်း, ညွန်တွင်းမှာ ချ၍, နှစ်၍ ထားသော်လည်း အငွေ့အသက်မျှ လိမ်းကပ်ခြင်းမရှိ၊ ထို့အတူ ထို အလောဘဓာတ်သည်လည်း လူ့စည်းစိမ်တွင်း, နတ်စည်းစိမ်တွင်း, ဗြဟ္မာ့ စည်းစိမ်တွင်တို့မှာ ကြုံကြိုက်၍နေသော်လည်း ထိုစည်းစိမ်တို့နှင့် အငွေ့ အသက်မျှ လိမ်းကပ်ခြင်းမရှိ။။ ဥပုသ်သီတင်းသုံးမှု, ရသေ့ရဟန်း လုပ်မှုသည် အလောဘဥယျာဉ်ကို ပြုစုပျိုးထောင်မှုပေတည်း၊ ထို အလောဘဥယျာဉ်သည် အစဉ်အတိုင်း ကြီးပွားစည်ကား၍ သွားရမှုကား မဂ်, ဖိုလ်, နိဗ္ဗာန်တည်းဟူသော အပွင့် အသီးကို ဆောင်ပေ၏၊

ယခုရှိကြသော လူသတ္တဝါတို့မှာမူကား အနမတဂ္ဂ သံသရာ ကာလ၌ ပြုစုပျိုးထောင်ခဲ့သမျှသော အလောဘဥယျာဉ်စုသည် ပွင့် အောင်, သီးအောင် မကြီးပွားရဘဲ ရာဂမီးလောင်၍ လောင်၍ချည်း ပြောင်စင်ဆုံးပါး၍ လာခဲ့ကြ၏၊။ယခုနေ့ ဥပုသ်သီတင်းနှင့် အလောဘ ဥယျာဉ်ပျိုးသမားလုပ်၏၊ နက်ဖြန်ခါ လောဘအာရုံသို့ ဝင်၍ ထိုဥယျာဉ်ကို မီးရှို့၏၊။ ယခုဘဝ ရသေ့ရဟန်းအဖြစ်နှင့် အလောဘဥယျာဉ်မှူး လုပ်၍ နေ၏၊ နောက်ဘဝ လူ့စည်းစိမ်, နတ်စည်းစိမ်ထဲမှာ နစ်၍ ထိုဥယျာဉ်ကို မီးရှို့၏၊ ယခုဘဝ၌ ရသေ့ ရဟန်းပြု၍ ယခုဘဝတွင် လူဖြစ်၍နေသော သူတို့မှာ ဆိုဖွယ်မရှိ၊ ရသေ့ ရဟန်းဖြစ်ပါလျက် လောဘအလိုသို့ လိုက်၍ အလူးလူး အလဲလဲနေသော သူတို့မှာလည်း ဆိုဖွယ်မရှိရာ၊ ဤသို့လျှင် အနမတဂ္ဂ သံသရာ၌ ပြုစုခဲ့သမျှသော အလောဘ ဥယျာဉ်စု၏ ပွင့်ခွင့် သီးခွင့်သို့ မရောက်ဘဲ ရာဂမီးလောင်သဖြင့် တပြောင်ထဲပြောင်၍ လာခဲ့ ကြပုံတည်း။။ အလောဘနှင့်စပ်သော ချမ်းသာသုခဆိုသည်ကားအလောဘ ဥယျာဉ် ပင်စည် ခက်ကိုင်း စည်ကားပါမူကား ပြိတ္တာဘေး, အသုရကာယ်ဘေးတို့မှလည်းကောင်း၊ လူ၌ အသက်မွေးမှု ဆင်းရဲ ငြိုငြင်သော ဘေးတို့မှ လည်းကောင်း လွတ်ငြိမ်းချမ်းသာ၏၊ ထိုထက် အလောဘ ဥယျာဉ်စည်ကားပါမူ အသက်တိုသော လူ့ဘဝ, နတ်ဘဝ, ကာမဘုံဒုက္ခမှ လွတ်ငြိမ်းချမ်းသာ၏၊ ထိုထက် အလောဘဥယျာဉ် စည်ကားပါမူကား ရူပရာဂဘေး, အရူပရာဂဘေးတို့မှ လွတ်ငြိမ်းချမ်း သာ၏၊။ အနမတဂ္ဂသံသရာ၌ ပြုစုခဲ့သမျှသော အလောဘ ဥယျာဉ်စု သည် ရာဂမီးနှင့်ချည်း ပျက်စီးဆုံးပါး၍ လာခဲ့ကြသည့်အတွက် ယနေ့ ထက်တိုင် ပြိတ္တာဘေးတန်းလန်း, အသုရကာယ်ဘေးတန်းလန်း ရှိနေ ကြ၏၊ ယခုဘဝ၌လည်းကောင်း, နောက်ဘဝ၌လည်းကောင်း အသက် မွေးမှုဒုက္ခနှင့် ကြောင့်ကြမကင်း ရှိနေကြ၏၊။ ဤကဲ့သို့ သံသရာ သာ ရှည်၍ တွက်ခြေမရ ခြောက်ဒွါရမှာ ရာဂမီး တဟုန်းဟုန်းတောက်၍ နေကြသော လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ဘဝစုသည် သုခဟူ၍ မြူမျှမဖက် သက်သက်ဒုက္ခ မဟုတ်လော။

ရာဂမီး ပြီး၏၊

-------------

(၂) ဒေါသမီး

ဒေါသမီးသည်ကား-အဒေါသတရားကိုလည်းကောင်း, အဒေါသ နှင့်စပ်သော ချမ်းသာသုခကိုလည်းကောင်း, ပြောင်စင်အောင် လောင် နိုင်၏၊ အဒေါသဆိုသည်ကား-နတ်, သိကြားတို့၏ အသုံးအဆောင် ဖြစ်သော အလွန်အေးချမ်းသော ဂေါသီတ စန္ဒကူးနံ့သာတုံးနှင့်တူသော အလွန် အေးချမ်းသော အဒေါသစိတ် တစ်ပါးပေတည်း။။ ထိုကဲ့သို့သော စန္ဒကူးနံ့သာတုံးမည်သည် ပွက်ပွက်တူသော ရေပူ, ဆီပူမှာ ချ၍ နှစ်၍ ထားသည်ရှိသော် ထိုရေပူ ဆီပူသည် သီတာရေကဲ့သို့ ခဏချင်း အေး ချမ်းရ၏၊။ ထို့အတူ အဒေါသ တရားမည်သည် ရန်သူတို့၏ အလယ်မှာ နေသော်လည်း ရန်စိတ်, ရန်ပေါက် ပြေပျောက်ငြိမ်းချမ်း၍ ကုန်ကြရ၏၊ ဥပုသ်သီတင်းသုံးမှု ရသေ့ ရဟန်းပြုလုပ်မှုများသည် ထိုအဒေါသ ဥယျာဉ်ကို ပြုစုပျိုးထောင်မှုပေတည်း၊ ထိုအဒေါသဥယျာဉ်သည် အစဉ် အတိုင်း ကြီးပွား စည်ကား၍ သွားရမူကား မဂ်, ဖိုလ်, နိဗ္ဗာန်တည်းဟူသော အသီးအပွင့်ကို ဆောင်ပေ၏၊

ယခု ရှိနေကြသော သတ္တဝါတို့မှာမူကား အနမတဂ္ဂသံသရာ ကာလ၌ ပြုစုပျိုးထောင်ခဲ့သမျှသော အဒေါသဥယျာဉ်စုသည် ပွင့်ပေါင်း, သီးပေါင်း မကြီးပွားရဘဲ ဒေါသမီး လောင်၍ လောင်၍ချည်း ပြောင်စင် ကာ လာခဲ့ရ၏၊ ယခုပင် သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု-ယခုပင် သူတပါးကို ငြူစူစောင်းမြောင်း မကောင်းပြစ်တင် နှလုံးချဉ်ပေါက် ငေါက်လိုငေါက် ငမ်းလိုငမ်း အကြမ်းအရွဲ့, ကပ်ဖဲ့ ကပ်ကိုး အခိုး ထောင်း ထောင်း ထလာ၏၊။ ရသေ့, ရဟန်းပြု၍ ယခုဘဝ ဗြဟ္မစိုရ်တရားစုကို ပွားများ၍ အခြားမဲ့ဘဝမှာ ဗြဟ္မာမင်းကြီး ဖြစ်သည်မှ နောက် ဘဝမှာ ဓားပြ, သူခိုး, မုဆိုး, တံငါ။။ ဤသို့လျှင် အနမတဂ္ဂသံသရာ၌ ပြုစုပျိုး ထောင်ခဲ့သမျှသော အဒေါသဥယျာဉ်၏ ဒေါသမီးနှင့်ချည်း ပျက်စီး ဆုံးပါး၍ လာခဲ့ကြသည်ကို သိအပ်၏၊

အဒေါသနှင့် စပ်သော ချမ်းသာသုခဆိုသည်ကား- အဒေါသ ဥယျာဉ် ကြီးပွား စည်ကားသော သူတို့အား ငရဲဘေးမှ လွတ်ငြိမ်း၏၊ လူ၌လည်း အနာရောဂါဘေး, ရန်သူဘေးတို့မှ လွတ်ငြိမ်း၏၊ အသက်တို သော ကာမဘုံမှသော်လည်း လွတ်ငြိမ်း၏၊ အနမတဂ္ဂသံသရာ၌ ပြုစုခဲ့ သမျှသော အဒေါသ ဥယျာဉ်စုသည် ဒေါသမီးနှင့်ချည်း ပျက်စီးဆုံးပါး ခဲ့သည့်အတွက်ကြောင့် ယနေ့ထက်တိုင် ငရဲဘေး တန်းလန်း, ရောဂါဘေး, အနာဘေးတန်းလန်း, ရန်သူဘေး တန်းလန်း ရှိနေကြ၏၊ ဤကဲ့သို့ သံသရာသာ ရှည်၍ တွက်ခြေမလှ ခြောက်ပါးဒွါရ ဒေါသမီး တဟုန်းဟုန်း တောက်လောင်၍ နေကြရသော လူ့ဘဝ,နတ်ဘဝ,ဗြဟ္မာ့ဘဝစုသည် သုခဟူ၍ မြူမျှမဖက် သက်သက် ဒုက္ခမဟုတ်လော။

ဒေါသမီး ပြီး၏၊

(၃) မောဟမီး

မောဟမီးသည်ကား- အမောဟတရားကိုလည်းကောင်း၊ အမောဟနှင့် စပ်သောချမ်းသာ သုခကိုလည်းကောင်း ပြောင်စင်အောင် လောင်နိုင်၏၊။ အမောဟတရားဆိုသည်ကား-အသိအလိမ္မာ ဉာဏ် ပညာတည်း၊ အရပ်ရှစ်မျက်နှာ၌ တစ်ယူဇနာအတွင်း နေ့, ညဉ့်မခြား တထိန်ထိန် ထွန်းလင်း၍နေသော စကြာမင်း၏ ပတ္တမြားရတနာနှင့် တူလှစွာသော အသိအလိမ္မာ ဉာဏ်ပညာ ဓာတ်တစ်ပါးပေတည်း။။ လောကီပညာမျိုးကို တတ်သိ လိမ္မာအောင် သင်ကြားအားထုတ်ကြသော အမှု, တရားဓမ္မတို့ကို နာခံမှတ်သား သင်ကြားအားထုတ်ကြသော အမှုစုသည် အမောဟဥယျာဉ်ကို ပြုစုပျိုးထောင်မှုပေတည်း။။ ထို အမောဟ ဥယျာဉ်သည် အစဉ်အတိုင်း ကြီးပွားစည်ကား၍ သွားပါမူကား သာဝကဗောဓိဉာဏ်, ပစ္စေကဗောဓိဉာဏ်, သဗ္ဗညုတဗောဓိဉာဏ်တို့နှင့် နိဗ္ဗာန်တည်းဟူသော အပွင့်, အသီး အကြီးအကျယ်တို့ကို ဆောင်နိုင်၏၊

ယခု ရှိကြသော သတ္တဝါတို့မှာမူကား အနမတဂ္ဂ သံသရာကာလ၌ ပြုစုပျိုးထောင်ခဲ့ကြသမျှသော အမောဟပညာ အလိမ္မာဥယျာဉ်တို့သည် အပင်, အညှောက်, ပေါက်ခါ, ပေါ်ခါ၌ အမိုက် မီးလောင်မှုနှင့်ချည်း ပြောင်စင်၍ လာခဲ့ကြ၏၊။မိုက်မှုမှာ ခဏတစ်ထောင်, တစ်ရာ၊ အလိမ္မာ မှုမှာ တစ်ခဏ၊ ယခုဘဝ၌ လောကအလိမ္မာ, ဓမ္မအလိမ္မာ, စာပေပိဋကတ် ကျမ်းတတ်အကျော် ဆရာတော်, သမားတော်၊ နောက်နောက်ဘဝ၌ ဗာလ, မူလ, ဥမ္မတ္တက, သုနခ, သန်း, ကြမ်းပိုး။။ ဤသို့လျှင် အနမတဂ္ဂ သံသရာ၌ ပြုစုခဲ့သမျှသော အမောဟဉာဏ် ပညာအလိမ္မာ ဥယျာဉ်၏ အမိုက်ဗာလ မောဟမီး လောင်၍ချည်း ပြောင်စင်ကာ လာခဲ့ကြပုံကို သိအပ်၏၊။ အမောဟနှင့်စပ်သော ချမ်းသာသုခဆိုသည်ကားအမောဟဉာဏ်ပညာ အလိမ္မာဥယျာဉ် ကြီးပွား စည်ကားသော သူတို့ အား တိရစ္ဆာန်ဘဝ ဒုက္ခမှ လွတ်ငြိမ်း၏၊ လူ၌လည်း ဘုန်းကျက်သရေ မရှိသော အရိုင်းအစိုင်း အမိုက်အမဲဖြစ်ရခြင်း ဒုက္ခမှ လွတ်ငြိမ်း၏၊ သာဝကဗောဓိဉာဏ်, ပစ္စေကဗောဓိဉာဏ်, သဗ္ဗညုဗောဓိဉာဏ်ကို ရ နိုင်၏၊

ယခု ရှိကြသော ပုထုဇဉ် သတ္တဝါတို့မှာမူကား အနမတဂ္ဂ သံသရာ ကာလ၌ ပြုစု၍ ထားခဲ့ကြသော အလိမ္မာဥယျာဉ်သည် အပင်, အညှောက် ပေါက်ကာမတ္တ၌ အမိုက်မီး လောင်၍ချည်း လာခဲ့သည့်အတွက် ယခု ထက်တိုင် ခွေး, ဝက်, ကြက်, ငှက်ဖြစ်မူ တန်းလန်းရှိနေကြ၏၊ ယခု ဘုရားသာသနာနှင့် ကြုံကြိုက်ပါကုန်လျက် အလိမ္မာပညာ အထုံ မွဲကြ လှကုန်သောကြောင့် ဘုရားသွားရာ နိဗ္ဗာန်ကို ကျောပေး၍ အပါယ် လေးတန် သံသရာ လမ်းခရီးသို့သာ လိုက်ပါစုန်မျော၍ နေကြကုန်၏၊ ဤကဲ့သို့ သံသရာသာ ရှည်၍ တွက်ခြေမလှခြောက်ဒွါရမှာ မောဟမီး တဟုန်းဟုန်း တောက်လောင်၍ နေကြသော လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ ဘဝစုသည် သုခဟူ၍ မြူမျှမဖက် သက်သက်ဒုက္ခ မဟုတ်လော။

မောဟမီး ပြီး၏၊

(၄) ဇာတိမီး

ဇာတိမီး ဆိုသည်ကား-သက္ကာယဒိဋ္ဌိ တန်းလန်း ရှိကြကုန်သော လူ, နတ်, ဗြဟ္မာ သတ္တဝါတို့မှာ ဖြစ်ရာဘဝမှ စုတေကြသောအခါ ဘယ်ဘုံသို့ သွားမည်, ဘယ်ဘုံမှာ ဖြစ်မည်ဟု ဖြစ်နိုင်ကြကုန်သည် မဟုတ်၊ တပေါင်း တန်ခူး လေရူးတိုက်ရာ ကြွေ၍ပါကုန်သော သစ်ရွက်ခြောက် တို့ကဲ့သို့ ပေါက်လွှတ်လျောက်လျား တလမ်းတခြား လွင့်စဉ် ဖြစ်ချင်တိုင်း ဖြစ်ကြကုန်၏၊။ ယခုနေ့တွင် လေးကျွန်းဘုရင် စကြာရှင်၊ နက်ဖြန်အဝီစိ၊ ယခုနေ့မှာ သိကြား, ဗြဟ္မာ, နတ်ဒေဝါ၊ နက်ဖြန်ခါတွင် ခွေး, ဝက်, ကြက်, ငှက်။။ ဤသို့သော ဇာတိမှုတန်းလန်း ရှိနေကြကုန်သော သူတို့အား အကြီးအကျယ် ပူဖွယ်ဒုက္ခ အမြဲထာဝရ ကပ်ရောက်၍ နေ၏၊ ရှေးရှေး ဘဝတို့၌ ပြုခဲ့ဖူးသော မကောင်းမှု ဒုစရိုက်ဟောင်းတွေ အတွက် အကြီးအကျယ် ပူဖွယ်ကြီးတစ်ဌာန၊ ယခုဘဝတွင် ငယ်စဉ်အခါ၌ မိုက်မှား ခဲ့သော မကောင်းမှု ဒုစရိုက်အတွက် အကြီးအကျယ် ပူဖွယ်ကြီးတစ်ဌာန၊ နောက်နောက်ဘဝတို့၌ မိုက်ခွင့်တန်းလန်းတွေ ရှိနေသည့်အတွက် အကြီး အကျယ် ပူဖွယ်ကြီးတစ်ဌာန။

(ဤသည်ကား ဘဝသစ်ဇာတိမီး၏ အကြီးအကျယ် ပူလောင်၍ နေကြပုံတည်း။)

မသိကြ၍ စိတ်ကပင် မပူကြသော်လည်း အမှုကိုယ်မှာ အပုမှုချည်းစင်စစ်သာတည်း။။ ဤကဲ့သို့သော အပူမှုကြီးတန်းလန်း ရှိနေသော လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ဘဝစုသည် သုခဟူသည် မြူမျှမဖက် သက်သက် ဒုက္ခကြီး ဖြစ်သတည်း။။ ယခု မျက်မြင်ဒိဋ္ဌမှာလည်း အမျိုးမျိုးသော ကိုယ်တွင်းရောဂါ, ကိုယ်တွင်းအနာ, ကိုယ်တွင်းဥပဒ် ဖြစ်ပေါ်လာသော သန္တတိဇာတိမီး။။ ရာသီဥတုသို့လိုက်၍ ပူမှု,အိုက်မှု,ချမ်းမှု,အေးမှုတို့၏ ဖြစ်ပေါ်ခြင်း သန္တတိဇာတိမီး။။ ဣရိယာပုထ်သို့လိုက်၍ ညောင်းမှု, ညာမှု, ထုံမှု, ကျဉ်မှု စသည် ဖြစ်ပေါ်လာသော သန္တတိဇာတိမီး။။ အဖျားရောဂါ, အနာရောဂါ, ကျောက်, ဝက်သက်ရောဂါ, ကာလရောဂါ, ကာလနာတို့၏ သူတစ်ပါးတို့၌ ဖြစ်သည်ကို မြင်၍, ကြား၍ မိမိအိမ်မှာ ဖြစ်လာမည်ကိုလည်းကောင်း၊ မိမိကိုယ်မှာ ဖြစ်လာမည်ကိုလည်းကောင်း ကြောက်ကြရသော သန္တတိဇာတိမီး၊ ဤသို့ အစရှိသည်ဖြင့် လောက၌ လူအများ ကြောက်လန့်ကြရသော ဖြစ်မှုစုသည် ဇာတိမီး အမှုချည်းသာ တည်း။။ အမိဝမ်းတွင်း၌နေရသော ဇာတိမီးကား ထင်ရှားပြီ။

နာမ်တရားတို့၏ ဇာတိမီး၌ ရာဂ၏ ဖြစ်ပေါ်မှု, ဖြစ်ပွားမှု၊ ဒေါသ၏ ဖြစ်ပေါ်မှု, ဖြစ်ပွားမှု၊ မောဟ၏ ဖြစ်ပေါ်မှု, ဖြစ်ပွားမှု၊ ဣဿာ၏ ဖြစ်ပေါ်မှု, ဖြစ်ပွားမှု၊ မစ္ဆရိယ၏ ဖြစ်ပေါ်မှု, ဖြစ်ပွားမှု၊ ကုက္ကုစ္စ၏ ဖြစ်ပေါ်မှု, ဖြစ်ပွားမှု၊ ကာယဒုစရိုက်၏ ဖြစ်ပေါ်မှု, ဖြစ်ပွားမှု၊ ဝစီဒုစရိုက်၏ ဖြစ်ပေါ်မှု, ဖြစ်ပွားမှု၊ မနောဒုစရိုက်၏ ဖြစ်ပေါ်မှု, ဖြစ်ပွားမှုစသည်ဖြင့် 'ဖြစ်'လုံးနှင့် ပြောဆိုသမျှသည် ဇာတိမီးတောက်မှုချည်းမှတ်။။ ထိုရာဂ စသည်တို့၏ ဖြစ်ပေါ်မှု, ဖြစ်ပွားမှု စသည်ကို ပူလောင်မှုဟူ၍ မသိကြ သော်လည်း အမှုကိုယ်မှာ အပူမှုချည်း စင်စစ်သာတည်း။။ ရာဂ၏ အလိုသို့မလိုက်၍ သားမယားယူ၏၊ သားမယားနှင့်နေသည့်အတွက် သားမယားမွေးမှု, မင်းရေးစိုးရေးမှု, ရပ်ရွာမှုစသည် မီးဝိုင်း၍ နေ၏၊ ထိုမီးအလုံးစုံသည်လည်း ရာဂ၏ ဇာတိမီးမှ ဖြစ်ပွား၏၊ ဒေါသ၏ ဇာတိ မီးမှ ဖြစ်ပွားဖြစ်ပွားမှုတို့ကိုလည်း သိလေ။

ဇာတိမီး ပြီး၏၊

(၅-၆) ဇရာမီး, မရဏမီး နှစ်ရပ်

ဇရာမီး,မရဏမီးတို့မှာ ဇရာ မရဏခန်းတို့၌ ပြဆိုခဲ့ပြီ၊ အနမတဂ္ဂ သံသရာ၌ ကမ္ဘာပေါင်းလည်း အနန္တ, ဘဝပေါင်းလည်း အနန္တရှိခဲ့ကြ ကုန်ပြီ၊ ယခုဘဝကိုလွတ်၍ ရှေး၌ကွယ်လွန်လေပြီးဖြစ်သော ဘဝပေါင်း အနမတဂ္ဂ အနန္တရှိခဲ့ပြီ၊ ဤသို့ ဘဝပေါင်း အနမတဂ္ဂ အနန္တဟူ၍ များပြားမှုသည် ဇရာ, မရဏသက်သက်သာတည်း။ အကယ်၍ ဇရာ, မရဏဟူ၍ မရှိခဲ့သည်ဖြစ်အံ့၊ အနမတဂ္ဂသံသရာ၌ ကမ္ဘာပေါင်းလည်း အနန္တ ဘဝပေါင်းလည်း အနန္တ ရှိခဲ့ကြပြီ၊ ယခုဘဝကိုလွှတ်၍ ရှေး၌ကွယ် လွန်လေပြီးသော ဘဝပေါင်း အနမတဂ္ဂ အနန္တဟူ၍ များပြားမှုသည် ဇရာ, မရဏအတွက် သက်သက်သာတည်း။။အကယ်၍ ဇရာ, မရဏ ဟူ၍ မရှိခဲ့သည်ဖြစ်အံ့၊ အနမတဂ္ဂ သံသရာတစ်ခုလုံးသည် တစ်ကမ္ဘာ တည်းဖြစ်၍ အမြဲတည်ရာ၏၊ သတ္တဝါတို့လည်း တစ်ဘဝတည်း သာဖြစ်၍ အမြဲတည်ကုန်ရာ၏၊။ဇရာ, မရဏအတွက်ကြောင့် ကမ္ဘာအနန္တ, ဘဝအနန္တ ဖြစ်ကြရသည်၊ ဤကမ္ဘာကိုချန်လှပ်၍ လွန်လေပြီးသောကမ္ဘာ အနန္တစု အဏုမြူမျှ ရှာကြံမရ ကွယ်ပျောက်လေသည်လည်း ဇရာ, မရဏမီး အမှုသာတည်း၊ ဤဘဝကို ချန်လှပ်၍ လွန်လေပြီးသော ဘဝအနန္တစု အဏုမြူမျှ ရှာကြံမရ ကွယ်ပျောက်လေသည်လည်း ဇရာ, မရဏမီး အမှုသာတည်း။

နောက်နောက် လာလတ္တံ့သော ကမ္ဘာ အနန္တ, ဘဝအနန္တတို့ သည်လည်း အဏုမြူမျှ ရှာကြံမရအောင် ကွယ်ပျောက်ကုန်လတ္တံ့။။ ဇရာ, မရဏမီး၏ အစွမ်းသည် ကြီးကျယ်စွ၊ အနမတဂ္ဂ သံသရာ၌ ပြုခဲ့သော ဒါနကုသိုလ်ပေါင်းလည်း အနန္တရှိခဲ့ပြီ၊ ထိုဒါနကုသိုလ်ကြောင့် ရရှိခဲ့သော လူ့ဘဝပေါင်းလည်း အနန္တရှိခဲ့ပြီ၊ နတ်ဘဝပေါင်းလည်း အနန္တရှိခဲ့ပြီ၊ ထိုအနန္တစုလည်း ယခု အဏုမြူမျှ မရှိ၊ ကုန်ဆုံးလေပြီ။။ ထိုကဲ့သို့ ကုန်ဆုံးလေသော အမှုမျိုးကို အကောင်းအမြတ် ထင်မှတ်၍ လိုက်စားအားထုတ်ကြကုန်သော သူတို့အား ဒါနပြုမှုဟူသော သင်္ခါရဒုက္ခ သည် အဘယ်ခါမှာ အပြီးတိုင်ရောက်လိမ့်မည်ဟု အဆုံးမရှိ၊ မဆုံးနိုင်, မပြီးနိုင်, မငြိမ်းနိုင်သော အနန္တဒုက္ခမှုချည်းသာတည်း။

ထို့ အတူ ငါးပါးသီလမှုသည်လည်း အနန္တဒုက္ခမှုချည်းသာတည်း၊ ရှစ်ပါးသီလမှုသည်လည်း အနန္တဒုက္ခမှုချည်းသာတည်း၊ ဆယ်ပါးသီလမှု သည်လည်း အနန္တဒုက္ခမှုချည်း သာတည်း၊ ရသေ့ပြုမှု, ရဟန်းပြုမှု, သည်လည်း အနန္တဒုက္ခမှုချည်းသာတည်း၊ စျာန်သမာပါတ်ကို ပွားများ အားထုတ်မှုသည်လည်း အနန္တဒုက္ခမှုချည်းသာတည်း။။ ဇရာ, မရဏမီးကို ကာလအရှည် မသေ, မပျောက်တောက်လောင်၍ နေနိုင်ပါစေခြင်းငှါ မီးစာ, ထင်း, အမှိုက်တို့ကို စုဆောင်း ဆည်းပူး အားစိုက်ကြသော အနန္တ ဒုက္ခမှုချည်းတို့ သာတည်း။။ လူ့ချမ်းသာကို ခံစား စံစားမှု, နတ်ချမ်းသာ ကို ခံစား စံစားမှုတို့သည်လည်း ရာဂမီးကို အစာပေးမှုတို့သာတည်း။ ။အသက်မွေးမှု, ဝတ်မှု စားမှုတို့သည် ဇရာမီးစာ, မရဏမီးစာဖြစ်သော ခန္ဓာကိုယ်ကြီးကို ထိန်းကျောင်း မွေးမြူမှုသာတည်း။

ဥပမာ ဆိုသည်ရှိသော်ကား- တစ်ယောက်သောသူသည် ယခုနေ့မှ သုံးလတိုင်တိုင်ရောက်လျှင် ကြိုးဒဏ်ပေစေ အမိန့်ချ၍ ထောင်မှာနေရ လေ၏၊ ထိုသူမှာ အိမ့်တလိမ် ဇော်ဂနီနက် စွဲကပ်လျက်ရှိ၏၊ ညအခါတိုင် ရောက်လျှင် မစင်တွင်းသို့ ချဉ်းကပ်၍ မစင်ကိုစားရ၏၊ နေ့အခါ၌ ထောင်မှူး၏ ဥယျာဉ်၌ မြေတူးခြင်း, မြေသယ်ခြင်း, သစ်ပင်ကို ရေလောင်းခြင်း အစရှိသော ထောင်မှူး၏ ခိုင်းစေမှုကို အပင်အပန်း လုပ်ရ၏၊ မလုပ်နေလျှင် ထွေထွေရာရာ မှုပေါက်ရှာကြံ၍ ပြင်းထန်စွာ ရိုက်နှက်၏၊ ဤအမှုသည်မှာ လူကပင် အိပ်၍နေသော်လည်း အမှုက မအိပ်ပြီ၊ အသက်ကမအိပ်ရပြီ၊ မျက်တောင်တခတ် မရပ်မနားသေချိန်သို့ ဆိုက်အောင် တဟုန်တည်းပြေး၏၊ အနမတဂ္ဂသံသရာမှာပင် အသက် မည်သည် မျက်တောင်တခတ်မျှ ရပ်နားသည်ဟူ၍ မရှိ၊ အသက်၏ အလားအားဖြင့် ထိုသူသည် စက်တိုင်သို့ တက်ရန် ပြေးသွား၍ နေရ သော သူတည်း။။ထိုသို့ စက်တိုင်သို့ တက်ရန် မရပ်မနားပြေးသွား၍ နေရသော သူဖြစ်ပါလျက်စက်တိုင်သို့ မရောက်မီအကြား မိမိ၌ပါရှိနေ သော စုန်းပယောဂ ပူးကပ်လာလျှင် လူစိတ်ပျောက်၏၊ မစင်ကိုနတ်ဩဇာ ထင်၏၊ မစင်တွင်းသို့ ချဉ်းကပ်၍ စားရ၏၊ နေ့အခါတိုင်ရောက်ပြန်လျှင် ထောင်မှူး၏ အမှုကိုထမ်းရပြန်၏၊

- ယခုရှိကြသော ပုထုဇဉ်သတ္တဝါစုတို့သည် ထိုအမှုသည်နှင့်တူ၏၊

- အရွယ်သုံးပါးသည် ထောင်သုံးလနှင့် တူ၏၊

- လူ့ကာမဂုဏ်, နတ်ကာမဂုဏ်သည် မစင်ဘင်စုနှင့် တူ၏၊

- ရာဂသည် စုန်းပယောဂနှင့် တူ၏၊

- အဝိဇ္ဇာသည် ထောင်မှူးနှင့် တူ၏၊

- သံသရာသည် ထောင်မှူးနှင့် တူ၏၊

အသက်မွေးမှု, မင်းရေးစိုးမှု, ရပ်ရေးရွာမှု, အိမ်ရေးအိမ်မှုစုသည် ထောင်မှူး၏ စီးပွားမှုနှင့် တူ၏၊

- ဘဝကို ရည်သန်၍ ပြုကြသော ဒါနမှု, သီလမှု, ဘာဝနာမှုစု သည်လည်း ရာဂ၏အစီးအပွား၊ အဝိဇ္ဇာ၏ အစီးအပွား ဇရာ,မရဏ၏ အစီးအပွားချည်းသာတည်း။

ဤသို့လျှင် အနတဂ္ဂသံသရာ၌ အဝိဇ္ဇာမီး, ရာဂမီး, ဇရာမီး, မရဏမီးတို့၏ အစီးအပွားနှင့်သာ နေ့ကုန်၍, ရက်ကုန်၍, လကုန်၍, ဘဝကုန်၍, ကမ္ဘာအနန္တကုန်၍ နေကြရသော လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ ဘဝစုသည် သုခမဖက် သက်သက်ဒုက္ခချည်းသာတည်း။

ဇာတိမီး, မရဏမီး ပြီး၏၊

သန္တိတိမရဏ ပြီး၏၊

(၇) သောကမီး

သောကမီး ဆိုသည်ကား- သား, သမီး, ညီအစ်ကို, နှမ, အစ်မ အစရှိသော ဆွေမျိုးတို့၏ ပြည့်စုံခြင်းကို အစွဲပြု၍ လူတို့၌ ရွှင်လန်း ချမ်းသာမှုမည်သည် ရှိကြ၏၊ ထိုရွှင်လန်းချမ်းသာမှုကို ပြောင်စင် အောင်လောင်နိုင်သော သောကမီးတစ်မျိုး။ ဥစ္စာဓနတို့နှင့်ပြည့်ခြင်းကို အစွဲပြု၍ လူတို့၌ ရွှင်လန်းချမ်းသာမှု မည်သည် ရှိကြ၏၊ ထိုရွှင်လန်း ချမ်းသာမှုကို ပြောင်စင်အောင် လောင်နိုင်သော သောကမီးတစ်မျိုး။ အနာရောဂါ ကင်းရှင်းမှုကို အစွဲပြု၍ ရွှင်လန်းချမ်းသာမှုမည်သည်ရှိကြ၏၊ ထိုရွှင်လန်း ချမ်းသာမှုကို ပြောင်စင်အောင် လောင်နိုင်သော သောက မီးတစ်မျိုး။ အကျင့်သီလ ကောင်းမှုကို အစွဲပြု၍ လူတို့၌ ရွှင်လန်း ချမ်းသာမှုမည်သည် ရှိကြ၏၊ ထိုရွှင်လန်းချမ်းသာမှုကို ပြောင်စင်အောင် လောင်နိုင်သော သောကမီးတစ်မျိုး။ သမ္မာအယူဖြူစင် ကောင်းမြတ်လှ၍ လူတို့၌ ရွှင်လန်းချမ်းသာမှု မည်သည် ရှိကြ၏၊ ထိုရွှင်လန်းချမ်းသာမှုကို ပြောင်စင်အောင် လောင်နိုင်သော သောကမီးတစ်မျိုး။ ထိုမှတပါး အမျိုး မျိုးသော ရွှင်လန်းချမ်းသာမှုတို့သည် ရှိကြကုန်၏၊ ထိုရွှင်လန်း ချမ်းသာ မှုတို့ကို ပြောင်စင်အောင် လောင်နိုင်သော သောကမီးတမျိုး-ဟူ၍ သောကမီးငါးပါးရှိ၏၊

ဉာတိဝိပတ္တိကား- ကမ္ဘာမီးတည်း။ ဉာတိသမ္ပတ္တိကား- ထင်းမီးစာ တည်း။ ဉာတိဝိပတ္တိသောကသည် ကမ္ဘာမီးတည်း။ ဉာတိသမ္ပတ္တိကို အစွဲပြု၍ ရွှင်လန်းချမ်းသာမှုသည် ထင်းမီးစာတည်း။ ဉာတိဝိပတ္တိ သောကသည် ထိုရွှင်လန်းချမ်းသာမှုတို့၏ ဦးခေါင်းချရာ သင်္ချိုင်းတည်း။ အနမတဂ္ဂသံသရာ၌ သားကောင်း, သမီးကောင်း, ဆွေကောင်း, မျိုး ကောင်းတို့နှင့် ပြည့်စုံခြင်း တည်းဟူသော ဉာတိသမ္ပတ္တိ အနန္တတို့သည် ဉာတိဝိပတ္တိ သင်္ချိုင်းမှာချည်း ဦးခေါင်းချကြရကုန်၏၊ ဉာတိဝိပတ္တိ မှးလောင်၍ ပြောင်စင်ကုန်၏၊ နောက်မီး လေးမျိုးတို့၌လည်း ဓနဘောဂ သမ္ပတ္တိ၏ ဦးခေါင်းရာ သင်္ချိုင်းကား ဘောဂဝိပတ္တိတည်း။ အနာရောဂါ ကင်းရှင်းခြင်းတည်းဟူသော အရောဂျသမ္ပတ္တိ၏ ဦးခေါင်းချရာ သင်္ချိုင်း ကား ရောဂဝိပတ္တိတည်း။ သီလသမ္ပတ္တိ၏ ဦးခေါင်းချရာ သင်္ချိုင်းကား သီလဝိပတ္တိတည်း။ လောကီသမ္မာဒိဋ္ဌိ၏ ဦခေါင်းချရာ သင်္ချိုင်းကား ဒိဋ္ဌိ ဝိပတ္တိတည်း။ ထိုထိုပြည့်စုံမှု, ရွှင်လန်းမှုတို့၏ ဦးခေါင်းချရာ သင်္ချိုင်းကား ထိုထို ဝိပတ္တိဒုက္ခတည်း။

ထို့ကြောင့် သားကောင်း, သမီးကောင်း, ဆွေကောင်း, မျိုးကောင်း ဟူသော ဉာတိသမ္ပတ္တိဂုဏ်နှင့် ပြည့်စုံသောသူတို့သည် ဉာတိဝိပတ္တိမီးကို ဦးခေါင်း၌ ရွက်ချီ၍ နေရသောသူတို့မည်ကုန်၏၊ ဓနဘောဂသမ္ပတ္တိ ဂုဏ်နှင့်ပြည့်စုံသောသူတို့သည် ဘောဂ ဝိပတ္တိကို ဦးခေါင်း၌ ရွက်ချီ၍ နေရသောသူတို့မည်ကုန်၏၊ အာရောဂျသမ္ပတ္တိ ဂုဏ်နှင့်ပြည့်စုံသော သူတို့သည် အာရောဂျဝိပတ္တိမီးကို ဦးခေါင်း၌ ရွက်ချီ၍နေရသော သူတို့ မည်ကုန်၏၊ လောကီသိလသမ္ပတ္တိဂုဏ်- သီလဝိပတ္တိမီး၊ လောကီ သမ္မာ ဒိဋ္ဌိသမ္ပတ္တိ-ဒိဋ္ဌိဝိပတ္တိမီး၊ နာနာဝတ္ထုဂုဏသမ္ပတ္တိဂုဏ်-နာနာဝတ္ထုဂုဏ ဝိပတ္တိမီးတို့၌လည်း ထို့အတူသိလေ။ ဤသို့လျှင် ဦးခေါင်းပေါ်၌ ဝိပတ္တိ သောကမီး အသီးသီးနှင့် နေကြသော လူ့ဘဝ, နတ်ဘဝစုသည် သုခမက် သက်သက် ဒုက္ခသာတည်း။

သောကမီး ပြီး၏၊

(၈.၉.၁၀.၁၁)ကြွင်းမီး ၄-ပါး

ပရိဒေဝမီး, ဒုက္ခမီး, ဒေါမနဿမီး, ဥပါယာသမီးတို့၌လည်း သောကမီးအတိုင်း အကျယ်ချဲ့၍ သိလေ၊ မြင်လေ။ လိုရင်းအချုပ်မှာ အနမတဂ္ဂ သံသရာကာလ၌ ရယ်ရွှင်မှုဟူသမျှတို့သည် ပရိဒေဝ သင်္ချိုင်း မှာ ဦးခေါင်းချရကုန်၏၊ ကာယိကသုခ ဟူသမျှတို့သည် ကာယိကဒုက္ခ သင်္ချိုင်းမှာ ဦးခေါင်းချရကုန်၏၊ ဝမ်းမြောက်ခြင်း, ဝမ်းသာခြင်းဟူသော သောမနဿ ဟူသမျှတို့သည် ဒေါမနဿသင်္ချိုင်းမှာ ဦးခေါင်းချရကုန်၏၊ အလွန်နှစ်သက်ခြင်းဟူသော ပီတိတို့သည် ဥပါယာသ သချႌုင်းမှာ ဦး ခေါင်းချရကုန်၏၊

ထို့အတူ အနမတဂ္ဂသံသရာ၌ အလောဘပြဋ္ဌာန်းသော ဒါန ကုသိုလ်, သီလကုသိုလ်, ဘာဝနာ စျာန်သမာပတ် ကုသိုလ်တို့သည် တဏှာရာဂသင်္ချိုင်းမှာ ဦးခေါင်းချရကုန်၏၊ အဒေါသပြဋ္ဌာန်းသော ဒါနကုသိုလ်, သီလကုသိုလ်, ဘာဝနာ စျာန်သမာပတ်ကုသိုလ်တို့သည် ဒေါသသင်္ချိုင်းမှာ ဦးခေါင်းချရကုန်၏၊ အမောဟပြဋ္ဌာန်းသော ဒါန ကုသိုလ်, သီလကုသိုလ်, ဘာဝနာ စျာန်သမာပတ်ကုသိုလ်တို့သည် အဝိဇ္ဇာမောဟ သင်္ချိုင်းမှာဦးခေါင်းချရကုန်၏၊

ထိုထိုဘုံဘဝတို့၌ အရွယ်၏ကောင်းခြင်းဟူသော ဝယသမ္ပတ္တိဂုဏ် တို့သည် ဝယောဟာနိဟူသော ဇရာသင်္ချိုင်းမှာ ဦးခေါင်းချရကုန်၏၊ အဆင်းအရောင် ရုပ်ရည်သဏ္ဌာန်၏ကောင်းခြင်းဟူသော ဝဏ္ဏသမ္ပတ္တိ ဂုဏ်တို့သည် ဝဏ္ဏဟာနနိဟူသော သင်္ချိုင်းမှာ ဦးခေါင်းချရကုန်၏၊ အားခွန်ဗလနှင့် ပြည့်စုံခြင်းတည်းဟူသော ဗလသမ္ပတ္တိဂုဏ်တို့သည် ဗလဟာနိဟူသော သင်္ချိုင်းမှာ ဦးခေါင်းချရကုန်၏၊ လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်တို့၌ လူ့အသက်, နတ်အသက်, ဗြဟ္မာ့အသက် ဟူသမျှတို့ သည် မရဏသင်္ချိုင်းမှာ ဦးခေါင်းချရကုန်၏၊

သက္ကာယဒိဋ္ဌိ တန်းလန်းရှိနေကြကုန်သော လူလူ, ရှင်ရှင်, နတ်, သိကြား, ဗြဟ္မာတို့၏ ပျော်မှု, ရွှင်မှုတို့သည် ပုထုဇဉ် သဘာဝ ပရမ်းပတာ ကျမြဲဖြစ်သော ဘဝသစ်ဇာတိ သချႌုင်းမှာ ဦးခေါင်းချရကုန်၏၊။ ပရမ်း ပတာ ကျမြဲဖြစ်သော ဘဝသစ်ဇာတိအလားကို မြော်မြင်မိသည်ရှိသော် ပျော်မှု, ရွှင်မှုကွယ်ပျောက်၍ ကြောက်မှု, လန့်ထိတ်မှုမှာ တည်လေ၏ ဟူလိုသည်။။ ထိုမှတပါး အလောဘ ဇာတိသည် ရာဂဇာတိသချႌုင်းမှာ ဦးခေါင်းချရ၏၊ ဤသို့စသည်ဖြင့် သိလေဦး။

ဤသို့လျှင် တစ်ဆယ့်တစ်ပါးသော မီးတို့၏ မပြတ်မစဲ အမြဲ တောက်လောင်၍နေရာ မီးစာထင်းမှိုက်စုဖြစ်၍ နေကြသည့်အတွက် အနမတဂ္ဂ သံသရာကာလ၌ ပြုပြုသမျှသော ဒါန, သီလ, ဘာဝနာ ကုသိုလ်စု၊ ထိုကုသိုလ်စုကြောင့် ရခဲ့သမျှသောလူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ ဘဝစုသည် ယခု အဏုမြူမျှ စမ်းထားရှာဖွေမရ၊ ကွယ်ပပျောက် ဆုံး ကုန်ခဲ့ပြီ။။ ယခု မျက်မြင်ဒိဋ္ဌ ရှိနေကြသော လူ့ဘဝ-လူ့ခန္ဓာ, နတ်ဘဝ- နတ်ခန္ဓာ, ဗြဟ္မာ့ဘဝ-ဗြဟ္မာ့ခန္ဓာစု၊ နောင် အနမတဂ္ဂသံသရာမှာ လာလာသမျှသော လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ဘဝစုလည်း အဏုမြူမျှ စမ်းထားရှာဖွေမရအောင် ကွယ်ပ ပျောက်ဆုံးဖို့ချည်း ဖြစ်၏၊။ အနမတဂ္ဂသံသရာနှင့် ထောက်မြော်သည်ရှိသော် ယခုဘဝသည် မျက် တောင်တစ်ခတ် လျှပ်တစ်ပြက်စာမျှ ကဲ့သို့ရှိ၏၊ ဇရာမီး အလွန်အား ကြီးလာ၏၊ အထန်အပြင်း အတင်းဖိစီး၍ လောင်၏၊ အနှစ်ရှစ်ဆယ်, ကိုးဆယ်မျှနှင့် ပြာကျအောင် လောင်၏၊ နတ်ဘဝ, ဗြဟ္မာ့ဘဝတို့လည်း အနမတဂ္ဂသံသရာနှင့် ထောက်စာသော် မျက်တောင်တစ်ခတ် လျှပ် တစ်ပြက်စာမျှကဲ့သို့ ရှိကြကုန်၏၊ ဇရာမီးသည်လည်း ထိုထို အသက်တမ်း အတိုင်း ပြာကျအောင် လောင်၏၊။ ဤသို့သော လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ဘဝစုသည် သုခမဖက် သက်သက်ဒုက္ခစုသာတည်း၊ သည်ကို ရည်၍

သုခဟူသည်၊ မြူမျှမကွက်၊ အဆက်ဆက်လျှင်၊ သက်သက်ဒုက္ခ၊ ဓာတ်မှန်ရသည်။။ ဘဝဤကိုယ်-ဖြစ်ထုံးတည် ဟူ၍ ဆိုပေသည်။ တေရသမ ပျို့လင်္ကာ အဖြေ ပြီး၏

ပဋိစ္စသမုပ္ပါဒ် ၁၃-ပိုဒ် ပျို့လင်္ကာ၏ အဖြေ ဤတွင် ပြီး၏၊

------

ပဋိလောမ ပဋိစ္စသမုပ္ပါဒ်

ပါဠိတော်နှင့် အနက်အဓိပ္ပါယ်

ယခုအခါ ''အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရ နိရောဓော''အစရှိသော ပဋိလောမ ပဋိစ္စသမုပ္ပါဒ် ပါဠိတော်နှင့် အနက် အဓိပ္ပါယ်ကို ပြဆိုအံ့

အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊

သင်္ခါရနိရောဓာ ဝိညာဏနိရောဓော၊ ဝိညာဏနိရောဓာ နာမရူပ နိရောဓော၊ နာမရူပနိရောဓာ သဠာယတနနိရောဓော၊ သဠာယတန နိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာ နိရောဓာ တဏှာနိရောဓော၊ တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိ နိရောဓာ ဇရာမရဏံ သောကပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ နိရုစ္ဈန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။

(ဥဒါန်းပါဠိတော်) အဝိဇ္ဇာယတွေဝ၊ အဝိဇ္ဇာ၏သာလျှင်။ အသေသဝိရာဂ နိရောဓော၊ ဝိရာဂမည်သော ဝိဇ္ဇာဉာဏ်ဖြင့် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းခြင်းကြောင့်။ သင်္ခါရနိရောဓော၊ အကုသိုလ်ကံ, ကုသိုလ်ကံဟု ဆိုအပ်သော သင်္ခါရ တို့၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏၊ သင်္ခါရနိရောဓာ၊ အကုသိုလ် ကံ, ကုသိုလ်ကံဟူသော သင်္ခါရတို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ ဝိညာဏ နိရောဓော၊ ဘဝသစ်ဝိညာဏ်၏ မပေါ်အလျင်း ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏၊ ဝိညာဏနိရောဓာ၊ ဝိညာဏ်၏ ချုပ်ခြင်းကြောင့်။ နာမ ရူပနိရောဓော၊ နာမ်,ရုပ်၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏၊ နာမ ရူပနိရောဓာ၊ နာမ်,ရုပ်၏ ချုပ်ငြိမ်းခြင်းကြောင့်။ သဠာယတနနိရောဓော၊ သဠာယတန၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ဖြစ်၏၊ သဠာယတန နိရောဓာ၊ သဠာယတန၏ ချုပ်ငြိမ်းခြင်းကြောင့်။ ဖဿနိရောဓော၊ ဖဿ ၆-ပါး၏ ချုပ်ငြိမ်ခြင်းသည်။ဟောတိ၊ဖြစ်၏၊ ဖဿနိရောဓာ၊ ဖဿ ၆- ပါး၏ ချုပ်ငြိမ်းခြင်းကြောင့်။ တဏှာနိရောဓော၊ တဏှာ ၆-ပါး၏ ချုပြ်ငိမ်း ခြင်းသည်။ ဟောတိ၊ဖြစ်၏၊ တဏှာနိရောဓာ၊ တဏှာ ၆-ပါး၏ ချုပ်ငြိမ်း ခြင်းကြောင့်။ ဥပါဒါနနိရောဓော၊ ဥပါဒါန် ၄-ပါး၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ဖြစ်၏၊ ဥပါဒါနနိရောဓာ၊ ဥပါဒါန် ၄-ပါး၏ ချုပ်ငြိမ်းခြင်းကြောင့်။ ဘဝနိရောဓော၊ ကမ္မဘဝ, ဥပပတ္တိဘဝတို့၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏၊ ဘဝနိရောဓာ၊ ဘဝနှစ်ပါး၏ ချုပ်ငြိမ်းခြင်းကြောင့်။ ဇာတိနိရောဓော၊ ဇာတိ၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏၊ ဇာတိနိရောဓာ၊ ဇာတိ၏ ချုပ်ငြိမ်းခြင်းကြောင့်။ ဇရာမရဏံ၊ အိုခြင်း, သေခြင်းသည်လည်းကောင်း။ သောကပရိဒေဝ ဒုက္ခ ဒေါမနဿု ပါယာသာ၊ စိုးရိမ်ခြင်း, ငိုကြွေးခြင်း, ဆင်းရဲခြင်း, နှလုံးမသာခြင်း, သက်ကြီးရှိုက်ငင်ပင်ပန်ခြင်းတို့သည်လည်းကောင်း။ နိရုစ္ဈန္တိ၊ ချုပ်ငြိမ်း ကုန်၏၊ ဧဝံ၊ ဤသို့။ ကေဝလဿ၊ အလုံးစုံသော။ ဧတဿ ဒုက္ခက္ခန္ဓဿ၊ ထိုဆင်းရဲအစု၏၊ နိရောဓော၊ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏၊

ပဋိလောမ ပဋိစ္စသမုပ္ပါဒ် ပါဠိတော်နှင့် အနက်ပြီး၏၊

------------

ပဋိလောမ ပဋိစ္စသမုပ္ပါဒ် အဓိပ္ပါယ်

အဝိဇ္ဇာကင်းပြတ်၍ ဝိဇ္ဇာအလင်းဓာတ် ဖြစ်ပုံ

ဤဒေသနာတော်၌ အဝိဇ္ဇာ အကြွင်းမဲ့ ချုပ်ငြိမ်းမှု တစ်ခုသည်သာ လိုရင်းတည်း၊ သင်္ခါရ၏ ချုပ်ငြိမ်းမှု, ဝိညာဏ်၏ ချုပ်ငြိမ်းမှု အစရှိသော ချုပ်ငြိမ်းမှုစုသည် အဝိဇ္ဇာချုပ်ငြိမ်းမှုမှာ တလုံးတည်းပါလေ၏၊။ အနုလောမ ပဋိစ္စသမုပ္ပါဒ်ကား ဖြစ်ပေါ်မှုဖြစ်၍ တရားလည်း အသီးသီး ရ၏၊ ဖြစ်ပေါ်မှုလည်း အသီးသီးရ၏၊။ ဤ ပဋိလောမ ပဋိစ္စသမုပ္ပါဒ် ၌ကား ဖြစ်ပေါ်မှုမဟုတ်၊ ချုပ်ငြိမ်းမှု, ရုပ်သိမ်းမှုဖြစ်လေသောကြောင့် တရားလည်း အသီးသီး မပေါ်ပြီ၊ ချုပ်မှုလည်းအသီးသီး မဟုတ်ပြီ။

ဥပမာကား-ညောင်မျိုးစေ့ ရှိ၍ ညောင်မျိုးစေ့မှ ညောင်ညှောက် ဖြစ်သည်၊ ညောင်ညှောက်မှ ညောင်ပင် ဖြစ်သည်၊ ညောင်ပင်မှ ညောင် ကိုင်းဖြစ်သည်၊ ညောင်ကိုင်းမှ ညောင်ခက်ဖြစ်သည်၊ ညောင်ခက်မှ ညောင်သီးဖြစ်သည်၊ ညောင်သီးမှ ညောင်စေ့ဖြစ်သည်၊ ညောင်စေ့မှ ညောင်ညှောက်ဖြစ်သည် အစရှိသည် မဆုံးနိုင်အောင် သွား၏၊ ထိုသို့ သွားရာ၌ ဖြစ်ပေါ် ပေါက်ပွားသွားမှု ဖြစ်သောကြောင့် အစေ့တခြား, အညှောက်တခြား, အပင်တခြား, ကိုင်းတခြား စသည်ဖြင့် အသီးသီးရ သည်။။ ညောင်စေ့ကွယ်ဆုံး၍ ညောင်ညှောက် ကွယ်ဆုံးသည်၊ ညောင်ညှောက် ကွယ်ဆုံး၍ ညောင်ပင် ကွယ်ဆုံးသည် အစရှိသည်ဖြင့် ဤကဲ့သို့ အစဉ်အဆက်နှင့် ဆိုကား ဆိုရ၏၊ ဆိုသော်လည်း အမှုမှန်မှာ မျိုးစေ့ ကွယ်ဆုံးလျှင် အညှောက်ပင် ပေါက်ခွင့်မရှိပြီ၊ အပင် စသည်မှာ ဝေးစွ၊ မျိုးစေ့ ကွယ်ဆုံးသည်ဟူသော စကားမှာလည်း အညှောက် မပေါက်မီ, မြေသို့ မရောက်မီ မီးမှာ အကျွမ်းဖုတ်၍ ကွယ်ဆုံးသည်ကို ဆိုလိုရင်းတည်း၊ ဤဥပမာအတိုင်း သိလေ။

ဤပဋိလောမဒေသနာ၌ အဝိဇ္ဇာချုပ်ငြိမ်းမှုဆိုသည်ကား- နိဗ္ဗာန် ပင်တည်း။။ ထိုအဝိဇ္ဇာ ချုပ်ငြိမ်းစေနိုင်သော တရားကား- ဝိဇ္ဇာတည်း၊ ထိုဝိဇ္ဇာသည်

ဒုက္ခေ ဉာဏံ ဒုက္ခသမုယေ ဉာဏံ ဒုက္ခနိရောဓေဉာဏံ ဒုက္ခ နိရောဓဂါမိနိယာ ပဋိပဒါယဉာဏံ-ဟူသော ပါဠိတော်နှင့်အညီ လေးပါး ရှိ၏၊ ဒုက္ခသစ္စာကိုဖွင့်ပြသော ဝိဇ္ဇာတစ်ပါး, သမုဒယသစ္စာကိုဖွင့်ပြသော ဝိဇ္ဇာတစ်ပါး, နိရောဓသစ္စာကိုဖွင့်ပြသော ဝိဇ္ဇာတစ်ပါး၊ မဂ္ဂသစ္စာကို ဖွင့်ပြသော ဝိဇ္ဇာတစ်ပါး၊ ညောင်ပင်ဥပမာ၌ ညောင်ပင် အစဉ်အဆက် ကိုမျိုးပြတ်စေလိုသည်ရှိသော် ညောင်စေ့ကိုဖျက်ဆီးမှု ဖျက်ဆီးမှု အလုပ်တခုသာရှိ၏၊ ညောင်ကိုမီးမှာ အကျွမ်းဖုတ်၍ ပစ်ခဲ့လျှင် ထိုအစေ့မှ အဆကဆက်ဖြစ်ပွား၍သွားလတံ့သော အရာစုသည် အစေ့ ပျက်ရာတွင် တချက်တည်း တလုံးတည်းပါကြလေကုန်၏၊

ထို့အတူ အနုလောမ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်တည်းဟူသော သံသရာဝဋ်မှကျွတ်လွတ်ထွက်မြောက်လိုသောသူမှာလည်း အဝိဇ္ဇာဓာတ် ကို သတ်မှုအလုပ်တခုသာရှိ၏၊ အဝိဇ္ဇာဓာတ်တလုံးသေလျှင် အနမတဂ္ဂ သံသရာ စက်ရဟတ်ပြတ်လေတော့သည်။

အဝိဇ္ဇာဓာတ်ကိုလည်း ဝိဇ္ဇာဓာတ်မှ သတ်နိုင်သည်။ ဒါနမှုလည်း မသတ်နိုင်၊ သီလမှုလည်း မသတ်နိုင်၊။ဝိဇ္ဇာဘာဝနာမှုတခုသည်သာ အဝိဇ္ဇာကို သတ်နိုင်သည်။ ဒါန, သီလ, တပါးတခြားသော ဘာဝနာမှုူ သည်ကား ထိုအဝိဇ္ဇာဘာဝနာ၏ အခြေခံတို့သာတည်း။။ လင်္ကာ ပထမပိုဒ် အဖြေမှာပြဆိုခဲ့သော အဝိဇ္ဇာလေးပါးတွင် ဒုက္ခသစ္စာ၌ ဖုံးလွမ်း သောအဝိဇ္ဇာမှောင်တိုက် အမိုက်အမဲကို ဒုက္ခသစ္စာ၌ အလင်းဖွင့်ပြသော ဝိဇ္ဇာဆီမီးရောင်, ဝိဇ္ဇာနေရောင်မှ ပယ်ဖျက်သည်။ နောက်သစ္စာသုံးပါ၌ ဖုံးလွမ်းသော အဝိဇ္ဇာမှောင်ဓာတ်သုံးပါးနှင့် ဝိဇ္ဇာအရောင်ဓာတ်သုံးပါးတို့၌ လည်း ဤနည်းတူသိလေ။

ထိုလေးပါးစုံသော အဝိဇ္ဇာမှောင်ဓာတ်, ဝိဇ္ဇာအရောင်ဓာတ် တို့တွင်လည်း ဒုက္ခသစ္စာမှာလွမ်းသောမှောင်ဓာတ်ကို သတ်မှုတခုသာ လိုရင်းတည်း။ ထိုမှောင်ဓာတ်ကိုသတ်လိုက်လျှင် ကြွင်းသောမှောင် ဓာတ်သုံးပါးလည်း ပါလေတော့သည်။ ဒုက္ခသစ္စာကို ဖုံးလွမ်းသော မှောင်ဓာတ်ကိုသတ်မှု ဆိုသည်ကား- ဒုက္ခသစ္စာတရားတို့၌ ဝိဇ္ဇာဉာဏ် ပေါ်အောင် အားထုတ်မှုတည်း။ ထိုဝိဇ္ဇာဉာဏ်သည် အနိစ္စဝိဇ္ဇာ, ဒုက္ခဝိဇ္ဇာ, အနတ္တဝိဇ္ဇာဟူ၍ လက္ခဏဝိဇ္ဇာသုံးပါး၊ လောကုတ္တရာဝိဇ္ဇာ မဂ်ဉာဏ် ဝိဇ္ဇာလေးပါး၊ အဝိဇ္ဇာတို့၏ အစီအရင်နည်းလမ်းမှုကိုကား လက္ခဏဒီပနီ, ဝိဇ္ဇာမဂ္ဂဒီပနီ ခေါ်သော စာအုပ်များမှာ ကြည့်၍ယူလေ။။ သစ္စာ လေးပါး၏အနက်အဓိပ္ပာယ်အကျယ်ကိုလည်း သင်္ဂြီုဟ်ကျမ်း၏ အဖွင့် ငါတို့စီရင်သော ပရမတ္ထဒီပနီ အမည်ရှိသော သင်္ဂြီုဟ်ဋီကာသစ်ကျမ်း သမုစ္စည်းပိုင်းအဖွင့်မှာ ယူလေ။ နိဗ္ဗာန်၏ အဓိပ္ပါယ်အကျယ်ကိုလည်း ၎င်းဋီကာသစ်ကျမ်း၌လည်းကောင်း၊ ငါတို့စီရင်သော နိဗ္ဗာနဒီပနီ စာအုပ်၍လည်းကောင်း ယူလေ။။ ဤစာအုပ်၌ကား သစ္စာလေးပါး အဓိပ္ပါယ်, လက္ခဏာလေးပါး သုံးပါးအဓိပ္ပါယ်, နိဗ္ဗာန်အဓိပ္ပါယ်များကို အကျဉ်းသင်္ခေပမျှ ပြဆိုပေအံ့။ သစ္စာလေးပါးဆိုသည်ကား အမှန်လေး ချက်ကိုဆိုလိုသည်၊ ဒုက္ခအမှန်ကိုသိရမည်၊ သုခအမှန်ကိုသိရမည်၊ ထို လေးပါးတွင်ခပ်သိမ်းသော သတ္တဝါတို့သည် သုခကိုသာအလိုရှိကြ ကုန်၏၊ ထို့ကြောင့် သုခအမှန်ကို ရှေးဦးစွာ စစ်တမ်းထုတ်၍ပြဆိုအံ့။

မဖောက်မပြန် အမှန်သစ္စာ

သစ္စာ-သဒ္ဒါသည် အမှန်ကို ဟော၏၊ အမှန်ဆိုသည်ကား အဘယ် အခါမျှ ဖောက်ုပန်ခြင် မရှိ၊ ရွေ့လျားခြင်းမရှိ၊ ပျက်ပြားခြင်းမရှိ၊ ကုန်ဆုံး ခြင်းမရှိသော သုခကို သုခမှန် ဆိုသည်။။ တစ်ခါ ထူထောင်၍ ရပြန်ရင်း, ဖောက်ပြန် ပျက်ပြုန်း ကုန်ဆုံးပြန်ရင်း ဖြစ်၍နေသော သုခမျိုးသည်မူ ကားသုခမှန် သုခဖြောင့် မဟုတ်၊ သုခကောက် သုခလိမ်သာလျှင်တည်း။ အဘယ်ကြောင့်နည်းဆိုသော်-အခါခါ အတန်တန် ပြုစုပျိုးထောင်မှု ဒုက္ခအနန္တတို့ကိုပေးတတ်သော သုခဆိုး, သုခညစ် ဖြစ်လေသောကြောင့် တည်း။။ ဇရာမီး,မရဏမီးတို့မှ မလွတ်သော သုခဟူသမျှသည် ဖောက်ပြန်ပျက်ဆုံးမှု ဧကန် ရှိနေသောကြောင့် ခဏခေတ္တ ငှားရမ်း၍ ရသော ဝတ္ထုနှင့်တူ၏၊ ထိုဝတ္ထုကို သူ့ဥစ္စာရှင်ပြန်ယူ၍သွားသည်ရှိသော် မိမိမှာ ကိုယ်အချည်းချည်းကျန်ရှိ၏၊ ထိုဝတ္ထုသည် ထိုသူမှာ သုခမဟုတ်၊ တဒင်္ဂသုခမျှသာတည်း၊ သုခကောက်, သုခလိမ်, သုခဆိုး, သုခညစ် သာတည်း။

မျက်လှည့်ပညာဖြင့် ပြုလုပ်၍ပေးသော ရွှေတုံး,ရွှေခဲနှင့်လည်း တူ၏၊ မျက်လှည့်အတတ် မပြယ်မီအတွင်း ရွှေအနေနှင့် ဝမ်းမြောက် လိုက်ရ၏၊ မျက်လှည့် အတတ်ပြယ်သောအခါ မြေစိုင်ခဲ ဖြစ်လေ၏၊ မျက်လှည့်အတတ်ပြယ်သောအခါ မြေစိုင်ခဲ ဖြစ်လေ၏၊ ဇရာမရဏ တို့၏ မီးစာဖြစ်သော သုခမျိုးသည် သိကြားမင်း သုခမျိုးပင် ဖြစ်သော် လည်း ထိုမျက်လည့် ရွှေလိမ်တို့ ရသောသုခနှင့်တူ၏၊ ယခုနေ့ သိကြား နက်ဖြန်ခါ ဖား,ငါး၊ ယနေ့နတ်မင်း -နက်ဖြန်ခါ နွား,မြင်း၊ ယနေ့ဗြဟ္မာနက်ဖြန်ခါ မုဆိုး,တံငါ၊ ဤသို့ ဇရာမရဏတို့၏ မီးစာဖြစ်သော သုခမျိုး၏ ငှားရမ်းသော သုခ, မျက်လှည့် အတတ်နှင့်ရသော သုခနှင့်တူပုံကို သိအပ်၏၊။ ထိုဇရာ,မရဏနှင့် ယှဉ်သော သုခမျိုးသည်ရှေး၌ပြခဲ့သော ပြာသာဒ်လိမ်ကြီး ဥပမာကဲ့သို့ သတ္တဝါတို့ကို သံသရာဝဋ်မှ မလွတ်ရ အောင်, အပါယ်ဘေးမှ မလွတ်ရအောင် ထောင်မျှား တုပ်ချည်၍ထား သော သုခလိမ်, သုခဆိုး, သုခညစ်သာ ဖြစ်၏၊

အနမတဂ္ဂ သံသရာမှာ သိကြားမင်းကြီး ဖြစ်ခဲ့ကြသည်ကားတစ်ယောက်တစ်ယောက်မှာပင် အနန္တ ရှိလေတော့သည်၊ မျက်လှည့် ရွှေသည် မြေကြီးခဲဖြစ်သကဲ့သို့ ယခုဘဝ ဖြစ်၍နေကြ၏၊ ဤသို့မမြဲသော သုခ,အခါခါ အဖန်ဖန်ထူထောင်မှု ဆုံးခန်းမရှိသော သုခမျိုးကို သုခသစ္စာ မဆိုအပ်။ ဇရာ, မရဏမီးတို့မှ လွတ်ကင်းသော သုခကိုသာ သုခမှန် ဆိုအပ်၏၊ ထိုကဲ့သို့သော သုခသည်မူကား တစ်ကြိမ် အပန်းခံ၍ ထူထောင်မိသည့်နောက် အစဉ်ထာဝရမြဲ၍ သွားတော့သည်၊ သိကြား သုခ, ဗြဟ္မာသုခများကဲ့သို့ အခါခါ ထူထောင်မှု ဒုက္ခမလာပြီ။ မမြဲ သည့်အတွက် အခါခါထူထောင်မှု ဒုက္ခကိုပေးတတ်သော သုခမျိုးဟူ သမျှသည် သင်္ခါရဒုက္ခမျိုး အမှန်ဖြစ်၏၊ ဝိပရိဏာမ ဒုက္ခမျိုး အမှန်ဖြစ်၏၊ ဤသို့သော သုခမှန်, ဒုက္ခအမှန်ကို သိအပ်၏၊ သုခလမ်းမှန်, ဒုက္ခလမ်း မှန် စစ်နည်းကား ယခုလောက၌ လူ-လူ, ရှင်ရှင်, မြင်မြင်သမျှ ပုပုရွရွ နေ့နေ့, ညည ပြုလုပ်၍ နေကြသော အမှုခပ်သိမ်းကို ဉာဏ်နှင့် စစ်၍ ကြည့်။ ဇရာ, မရဏမီးတို့မှ လွတ်လမ်း အဖြောင့်ဟုတ်၏လော, မဟုတ်၏ လောဟု စစ်၍ကြည့်။

ဇရာ, မရဏမီးတို့မှ လွတ်လမ်းအဖြောင့်ဟုတ်သော အလုပ်မှန် မည်သည်ကား ဝိဇ္ဇာဉာဏ်ကို တစ်နေ့တခြားတိုးပွားအောင် ထူထောင်၍ အဝိဇ္ဇာမှောင်ကို တစ်နေ့တခြား ရှားပါးဆုတ်ယုတ် အကုန်ချုပ်အောင် အားထုတ်မှုသည်သာလျှင် လမ်းဖြောင့် အလုပ်မည်၏၊ ထိုသို့သော အလုပ်ကို လုပ်သော သူသည်သာလျှင် သုပ္ပဋိပန္န, ဥဇုပ္ပဋိပန္နသာမီစိပ္ပဋိပန္န အရာရောက်၏၊ ထိုအလုပ်၏ အခြေအနေကား အားခွန်ဗလ မလျော့ရ အောင် ခန္ဓာကိုယ်ကို မွေးမြူမှု, သီလစင်ကြယ်မှု, အပိုအမို ပလိဗောဓ ကင်းရှင်းမှုစုပေတည်း။ ထိုကဲ့သို့ ဥဇုပ္ပဋိပန္န အလုပ်လက်ရှိနှင့် အားထုတ် နေထိုင်သော သူတို့အား အဝိဇ္ဇာမှောင်သည် တစ်နေ့တခြား, တစ်လ တခြား, တစ်နှစ်တခြား ပါးရှားဆုတ်ယုတ်၍ ယခုဘဝ၌သော်လည်း ကောင်း, နောက်ဘဝနတ်ဘုံသို့ ရောက်သောအခါ၌သော်လည်းကောင်း အဝိဇ္ဇာမှောင်ဓာတ်သည် ချုပ်ငြိမ်းလတ္တံ့ဟု ဟောတော်မူသော ဒေသနာ ရှိသည်။

တဿ တတ္ထ သုခိနော ဓမ္မပဒါနိ ပလဝန္တိ၊ ဒန္ဒော ဘိက္ခဝေ သတုပ္ပါဒေါ အထ ခေါ သော သတ္တော ခိပ္ပံယေဝ ဝိသေသဂါမီ ဟောတိ။

(အင်္ဂုတ္တိုရ်ပါဠိတော်) တဿ၊ ထိုပုဂ္ဂိုလ်အး။ တတ္ထ၊ ထိုနတ်ဘဝ၌၊ သုခိနော၊ ကြောင့်ကြ ဖွယ်ခပ်သိမ်း လွတ်ငြိမ်းချမ်းသာသည် ဖြစ်၍။ ဓမ္မပဓာနိ၊ လူဘဝက လေ့ကျက်၍ ထားကုန်သော တရားစုတို့သည်။ ပလဝန္တိ၊ တဖွားဖွား ပေါ်ကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့။ တဿ၊ ချမ်းသာသော နတ်ဘဝသို့ ရောက်သော ထိုသူအား။ သတုပါဒေါ၊ တရားကိုအမှတ်ရသော သတိ ဖြစ်ခြင်းသာ်။ ဒန္ဒော၊ နှေးသေး၏၊ အထ ခေါ၊ စင်စစ်သော်ကား။ သော သတ္တော၊ ထိုနတ်ဘဝသို့ ရောက်လေသော သတ္တဝါသည်။ ခိပ္ပံယေဝ၊ လျင်မြန်စွာလျှင်။ ဝိသေသဂါမီ၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ပြန့်ပြူး တရားထူးကို ရဖို့ရောက်ဖို့ ရှိသည်။ ဟောတိ၊ ဖြစ်၏၊

အသိနှင့်ထောက် သတိနောက်

''ဒန္ဒော ဘိက္ခဝေ သတုပ္ပါဒေါ'' ဆိုသည်ကား အသိဉာဏ် လျင်မြန် ခွင့်နှင့် ထောက်စာသော် သတိဖြစ်မှုက နှေးရာသေး၏၊ ရှေးလူဖြစ်စဉ်, ရဟန်း ဖြစ်စဉ်က လေ့ကျက်ခဲ့သော တရားစုကို အမှတ်ရသည်နှင့် တပြိုင်နက် အဝိဇ္ဇာကိုသတ်သော ဝိဇ္ဇာဓာတ် ပေါ်နိုင်၏ဟူလိုသော်။ ဤဒေသနာတော်ဖြင့် ယခုဘဝ၌ လူ့အဖြစ်, ရဟန်းအဖြစ်ကို ရ၍ အဝိဇ္ဇာကို သတ်ခြင်းငှာ အားထုတ်သော ပုဂ္ဂိုလ်တို့သည် အကြောင်း မစုံလင်၍ ယခုဘဝ၌ မသတ်နိုင်ကြကုန်သည်ရှိသော်--နတ်ပြည်သို့ ရောက်ကြသောအခါဉာဏ်ပညာ ရဲရဲတောက်ကြကုန်သဖြင့် အလွယ် တကူ အလျင်အမြန် သတ်နိုင်ကြကုန်လတ္တံဟု ပြတော်မူသည်။ အဝိဇ္ဇာ မှောင်ဓာတ် ချုပ်ငြိမ်းလျှင်လည်း 'အဝိဇ္ဇာယတွေဝ အသေသဝိဂါရ နိရောဓာ သင်္ခါရနိရောဓော' အစရှိသော ဒေသနာတော်အတိုင်း သံသရာ ဘဝ ဝဋ်ဒုက္ခမှ ကျွတ်လမ်း,လွတ်လမ်း ဖြောင့်တန်းတော့သည်။

ဤကား ဇရာ, မရဏမီးတို့မှ လွတ်လမ်းအဖြောင့်ကို ပြဆိုချက် တည်း။

အဝိဇ္ဇာအမှောင်ကို တစ်နေ့တခြား, တစ်လတခြား, တစ်နှစ် တခြား ပါးရှားချုပ်ငြိမ်းအောင် အားထုတ်သော အလုပ်ကို ချန်လှပ်၍ ထိုအလုပ်မှ တပါးသော, ခပ်သိမ်းသော ကာယကံအလုပ်, ဝစီကံအလုပ်, မနောကံ အလုပ်စုသည် ဇရာ, မရဏမီးတို့မှ လွတ်လမ်း, ကျွတ်လမ်း မဟုတ်ကုန်၊ အဝိဇ္ဇာအစီးအပွား, ဇရာ, မရဏမီးတို့၏ အစီးအပွား,အားကြီးသော အလုပ်သာတည်း။ အဝိဇ္ဇာ အစီးအပွား အားကြီးသဖြင့်လည်း 'အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ' အစရှိသော အနုလောမ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်မြတ်အတိုင်း ဇရာမိး, မရဏမီး ပွားစီးလမ်း ဖြစ်ချေ၏၊ ဒုက္ခလမ်းမှန် ဖြစ်ချေ၏၊

(ဤကား ပဋိစ္စသမုပ္ပါဒ်ဒေသနာတော် နှစ်ရပ်အရနှင့် သုခလမ်း မှန်နှင့်ဒုက္ခလမ်းမှန်ကို ပြဆိုသော စကားရပ်စုတည်း)

သုခအမှန်ဖြစ်သော နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏၊ အဝိဇ္ဇာ၏ ကျွတ်လမ်းလွတ်လမ်း အဖြောင့်ဖြစ်သော ဝိပဿနာ ဝိဇ္ဇာမှု မဂ္ဂင်ရှစ်ပါး တရားစုသည် မဂ္ဂသစ္စာ မည်၏၊ မိမိတို့၏ သန္တာန်မှာရှိသော အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်-ရုပ် အစရှိသော ပဋိစ္စသမုပ္ပါဒ် တရားစုသည် ဒုက္ခသစ္စာ မည်၏၊ အဝိဇ္ဇာ၏ ကျွတ်လမ်း လွတ်လမ်းဖြစ်သော အလုပ်ကို မလုပ်နိုင်အောင် မလုပ်ဖြစ်အောင် တားမြစ်ဖွဲ့နှောင်၍နေသော တဏှာ သည် ဒုက္ခလမ်းမှန် ဖြစ်သော သမုဒယသစ္စာ မည်၏၊ ဤတဏှာကို မပယ်နိုင်လျှင် သုခလမ်းမှန်အလုပ်ကို မလုပ်နိုင်ကြ၊ အဝိဇ္ဇာဟူသော သံသရာဝဋ်မြစ် စည်ကားရန် အခွင့်၌တည်ကြသည်၊ ခပ်သိမ်းသော ဒုက္ခ စွပ်လျက်နေကြ၏၊ ထိုကြောင့် တဏှာသည်သာလျှင် ခပ်သိမ်းသော ဒုက္ခတို့သို့ ရောက်ကြောင်း, တွေ့ကြောင်း ဒုက္ခလမ်းမှန်ကြီးပင်ဖြစ်ဟု သိအပ်၏၊

အနမတဂ္ဂသံသရာ၌ သဗ္ဗညုတဘုရားသာသနာ ကြုံခဲလှကြပြီ၊ အဝိဇ္ဇာကျွတ်လမ်း, လွတ်လမ်း အလုပ်နှင့်လည်း တွေ့ကြုံကြလှပြီ၊ တွေ့ကြုံတိုင်းတွေ့ကြုံတိုင်း ထိုအလုပ်ကို မလုပ်ဖြစ်အောင် တားမြစ် ချည်နှောင်သမားကြီးကား တဏှာပင်တည်း။ ယခုအခါ၌လည်း မဟာ ကမ္ဘာအသင်္ချေကြာသော်လည်း တခါတရံမျှ ကြုံကြိုက်ခဲလှစွာသော သဗ္ဗညုတသာသနာ ကြုံကြိုက်ကြပါကုန်လျက် အဝိဇ္ဇာကျွတ်လမ်း, လွတ် လမ်းဒေသနာတော်တွေကို တွေ့ကြုံကြပါကုန်လျက် တဏှာတားမြစ် ချည်နှောင်ချက်နှင့် ကြောင်တောင် ငုတ်တုတ် မြုပ်မြဲ မြုပ်၊ မျောမြဲမျော ဖြစ်နေကြကုန်၏၊ ဤသို့သောအကြောင်းကြောင့် တဏှာသည်သာလျှင် ဒုက္ခပွားကြောင်း စင်စစ်ဖြစ်သည်ဟု သိအပ်၏၊

ထိုသစ္စာလေးပါးတို့တွင် ဒုက္ခသစ္စာအရကား- (၁) အဝိဇ္ဇာ, (၂)သင်္ခါရ, (၃) ဝိညဏ်, (၄) နာမ်ရုပ်, (၅) သဠာယတန, (၆) ဖဿ, (၇) ဝေဒနာ, (၈) တဏှာ, (၉) ဥပါဒါန်, (၁၀) ဘဝ, (၁၁) ဇာတိ, (၁၂)ဇရာ-မရဏ၊ ဤပဋိစ္စသမုပ္ပါဒ် အင်္ဂါတစ်ဆယ့်နှစ်ပါးတို့တွင် တဏှာကို ချန်လှပ်၍ ကြွင်းအင်္ဂါ ၁၁-ပါးသည် ဒုက္ခသစ္စာမည်၏၊ အဝိဇ္ဇာ မှောင်ဓာတ်ကြီးသည် ထို ၁၁-ပါးကို အသီးသီးဖုံးလွမ်း ပိတ်ဆို့၍နေ၏၊ ဝိဇ္ဇာအလင်းဓာတ်ကြီးသည် ထို ၁၁-ပါးကို အသီးသီးဖုံးလွမ်း ပိတ်ဆို့၍ နေသော အဝိဇ္ဇာမှောင်ဓာတ်ကြီးကို မှုတ်လွင့်ဖယ်ရှား၍ အလင်းဖွင့်နိုင်၏၊ အဘယ်သို့ ဖုံးလွမ်းသနည်း, အဘယ်သို့ အလင်းဖွင့်ပြသနည်းဟူမူကားပကတိ ကြည်လင်စွာသော မည်းညစ်လှစွာသော ရွှံ့ပုပ်ရွှံ့နှစ်ကို ထည့်၍ ရွှံ့ရေဖြစ်အောင် မွှေ၍ထားသည်ရှိသော် ကောင်းကင်၌ရှိသောနေဝန်း, လဝန်းတို့၏ နေဝန်းအသွင်, လဝန်းအသွင်တို့သည် ထိုရေ၌ မထင်နိုင် ကုန်။ ရွှံ့နှစ်တို့သည် နေဝန်း, လဝန်းတို့ကို မိမိရှိရာ ရေ၌ အရိပ်မထင် အောင် ဖုံးလွှမ်းပိတ်ဆို့ကုန်၏၊ စကြာမင်း၏ ပတ္တမြားရတနာကို ထိုရေ၌ ထည့်လိုက်သည်ရှိသော် ထိုရွှံ့နှစ်တို့သည် အကုန်အောက်သို့ စုလေ၏၊ ရေသည် မြရည်ကဲ့သို့ လျှမ်းလျှမ်းတောက် ကြည်၍လာ၏၊ ကောင်းကင်မှ နေဝန်း, လဝန်းတို့သည် ထိုရေ၌ အရိပ်အသွင် ဝင်းဝင်းတောက် ထင် ကုန်၏၊ စကြာမင်း၏ ပတ္တမြားနှင့်ဝိဇ္ဇာဉာဏ်တူ၏၊ အကြွင်းမှာ ရှေးဥပမာ အတိုင်း။ လူ့အမှု, လူ့အရေးအရာ, လူ့ကာမဂုဏ်တို့သည် အဝိဇ္ဇာ ဟူသော ရွှံ့ပုပ်, ရွှ့ညွန်ကို အလွန်ပွါးစီးစေနိုင်၏၊ စိတ်သည်အလွန် မည်း ညစ်မှုန်ရေး၍နေ၏၊ ကောင်းကင်ပြာမှာ ကြယ်တွေကဲ့သို့ မိမိတို့၏ ကိုယ်ခန္ဓာမှာ အာဂန္တုဓာတ်တွေ ပေါ်ချည်,ပျောက်ချည် အလှည့်အလည် တည်ထောင်ပေါက်ပွား၍ နေကြကုန်သော အသီးသီးသော ပရမတ္ထ သဘာဝ ဝတ္ထုတွေကို အသီးသီးခွဲခြား၍ မမြင်နိုင်, မသိနိုင်။ လောက၌ မိုက်မဲမှုသည် အလွန်ထင်ရှားသော အမှုကြီးတည်း၊ သူ့အသက်သတ် မှုနှင့်ထင်ရှား၏၊ သူ့ဥစ္စာခိုးမှုနှင့်ထင်ရှား၏၊ ကြွင်းသောဒုရိုက်တို့နှင့်လည်း အသီးသီးထင်ရှား၏၊ သူမိုက်မဲသည်ဟု ပြောဆို၍ နေကြ၏၊ အမိုက်အမှု သည်ရင်းဖြစ်သော အဝိဇ္ဇာအာဂန္တု ဓာတ်ရင်းကိုမူကား ကွက်ခြား၍ မမြင်တတ်ကြ၊ မသိတတ်ကြ၊ ရှေး၌ပြဆိုခဲ့ပြီးသော အနာဟောင်းကြီးမှာ ကျရောက်ဖြစ်ပေါ်လာသော သံသေဒဇ ပိုးငယ်တို့ကို ပါဒရက်မျက်စိနှင့် အနာရှင်ကြည့်၍ မမြင်သကဲ့သို့တည်း။

အာဂန္တုက, အာဝါသိက အဝိဇ္ဇာ ၂-မျိုး

သတ္တဝါတို့၏ စိတ်အစဉ်မည်သည် အနမတဂ္ဂသံသရာ၌ အဝိဇ္ဇာ မှောင်ဓာတ်ပုပ်, ဓာတ်ညစ်နှင့်ထွေးလုံးရောယှက်၍ နေသည်များလှသော ကြောင့် စိတ်ညစ်, စိတ်မှေး, စိတ်ကန်းဖြစ်၍နေ၏၊ ဒါန, သီလ, ဘာဝနာ စိတ်များပင် ညစ်မှု, မှေးမှု, ပါရှိ၍ နေ၏၊ အဝိဇ္ဇာသည်မူကား အကုသိုလ် စိတ်ဖြစ်သောအခါမှ ဖြစ်ပေါ်၏၊ ကုသိုလ်စိတ်, အဗျာကတ စိတ်ဖြစ်သော အခါ ချုပ်ကွာ၍နေသည့်အတွက် အဝိဇ္ဇာပင် မပါသော်လည်း ထိုကုသိုလ် စိတ်, အဗျာကတစိတ်များမှာအဝိဇ္ဇာ၏ဒဏ်ရာ, ဒဏ်ချက်ဖြစ်သော မှုန်မှေးမှု, ကန်းမှု, ကန်းနာကားအမြဲပါရှိ၍နေ၏၊ ထို မှုန်မှု, မှေးမှု, ကန်းမှု, ကန်းနာဟုဆိုအပ်သော ဒဏ်နာကိုလည်း အဝိဇ္ဇာဟူ၍ပင် တင်စား၍ ဆိုအပ်၏၊ ဤသို့လျှင် အဝိဇ္ဇာသည် စိတ်အစဉ်မှာမိုက်စိတ်ဝင်မှ ပေါ် လာသော အာဂန္တု အဝိဇ္ဇာတစ်မျိုး, ကောင်းသော ကုသိုလ်စိတ် အစဉ်မှာ ပင် မှုန်နာ, မှေးနာ, ကန်းနာ ဒဏ်ရာဒဏ်ချက်အနေနှင့် အမြဲအစွဲပါရှိ၍ နေသော အဝိဇ္ဇာတစ်မျိုး ဟူ၍နှစ်မျိုးရှိ၏၊ ကျောက်ကြီးပေါက်သောသူမှာ ကျောက်ရောဂါပျောက်ငြိမ်းပြီး နောက် ကျောက်ပေါက်မာ တစ်သက် လုံးပါ၍ နေသကဲ့သို့တည်း။

ကိုယ်ခန္ဓာ၌ ဓာတ်သဘာဝတို့ကို ကြည့်မှု, ရှုမှု, ကြံဖန်မှုသည်ကား ဝိဇ္ဇာမှုတည်း၊ ဤဝိဇ္ဇာမှုမှတပါး ထိုအဝိဇ္ဇာဒဏ်နာကို ပျောက်စေနိုင်သော ဆေးမရှိ။ ထိုဒဏ်နာ မပျောက်သမျှ ကာလပတ်လုံး အန္ဓပုထုဇဉ်ခေါ် သော ပုထုဇဉ်ကန်းဘဝမှ မလွတ်၊ လောဘဓာတ်-လောဘဒဏ်နာ, ဒေါသဓာတ်-ဒေါသဒဏ်နာ စသည်တို့၌လည်း ဤနည်းတူ သိလေ။ ဒဏ်နာဆိုသည်လည်း မျိုးစေ့ပင်တည်း၊ အဝိဇ္ဇာဒဏ်နာသည် အဝိဇ္ဇာမျိုး စေ့ပင်တည်း၊ ထိုဒဏ်နာမျိုးစေ့မှ အဝိဇ္ဇာပင်- အဝိဇ္ဇာတော, မောဟပင်မောဟတော ပေါက်ပွါးစည်ကား၍နေကြ၏၊ အပေါက်အပွါးများ လေ လေ-ဒဏ်နာကန်းချက် နက်လေလေ၊ ဒဏ်နာကန်းချက် နက်လေလေအဝိဇ္ဇာတော, အမိုက်တော စည်ကားလေလေဖြစ်၍နေကြလေ၏၊ လောဘဒဏ်နာ စသည်မှာလည်း သူ့မျိုးစေ့နှင့် သူ့တော-သိလေ အလွန် နက်နဲသောအချက်တည်း၊ သဘောစူးအောင် ကြံကြလေ။

ဤအရာ၌ ဒဏ်နာကို တစ်မျိုးသိရမည်၊ အကုသိုလ်မှု, အမိုက်မှု ဝင်စားသောအခါမှ ဖြစ်ပေါ်လာသော အာဂန္တုအဝိဇ္ဇာကို တစ်မျိုးသိ ရမည်၊ ထိုအဝိဇ္ဇာ အာဂန္တုဓာတ် ကပ်ဝင်ဖြစ်ပွားလာသောအခါ သူ့ အသက်ကို သတ်ခြင်း အစရှိသော အမိုက်မှုတို့ကို ပြုရ၏၊ အမိုက်စကား ထွက်ရ၏၊ အမိုက်စိတ်ဝင်စား၏၊ ထိုအဝိဇ္ဇာ အာဂန္တုဓာတ် ချုပ်ကွယ် ပျောက်ငြိမ်းပြန်လျှင် အမိုက်မှုကင်းပြန်၏၊ အာဂန္တုဓာတ်ရင်းကို ဉာဏ်နှင့် မြင်အောင်ကြည့်၊ သူမိုက်သည်, ငါမိုက်သည်, မည်သူမိုက်သည်, မည်ဝါ မိုက်သည်ဟု မဟုတ်သော မရှိသော ပုဂ္ဂိုလ်, သတ္တဝါကိုသာ မြင်၍ မနေစေနှင့်၊ အာဂန္တုဓာတ်ရင်းကို ကွက်ကွက် ခြားခြား မြင်နိုင်လျှင် ဓမ္မဝဝတ္ထာနဝိဇ္ဇာဉာဏ် တစ်စုရ၏၊

၎င်းနောက် ထိုအာဂန္တုအဝိဇ္ဇာကို စိတ်သန္တာန်မှာ ဖြစ်ပေါ်အောင် လောကမှာ ဘယ်အကြောင်း, ဘယ်အခွင့်များက ဖန်ဆင်း၍ ပေးနိုင် သလဲ၊ ဘယ်လိုအကြောင်းမျိုး, ဘယ်လိုအခွင့်မျိုးနှင့် ပေါင်းဖော်မိသော် စိတ်သန္တာန်မှာ ထိုအာဂန္တုအဝိဇ္ဇာ ဖြစ်ပေါ်လာသလဲ၊ ဘယ်လိုအခွင့်, ဘယ်လိုအကြာင်းများနှင့် ပေါင်းဖော်မိသော် ထိုအဝိဇ္ဇာအာဂန္တုဓာတ် ကွယ် ပျောက်ချုပ်ကင်းတတ်သလဲ ဟု ဖြစ်ကြောင်းကို မြင်အောင်ကြည့်။

အပေါင်းကြောင့် ဂုဏ်တက် ဂုဏ်ပျက်သလို

လောကမှာ ဘယ်လိုဟာနှင့် ပေါင်းဆုံလျှင် မိုက်တတ်သည်၊ ဘယ်လိုဟာနှင့် ပေါင်းဆုံမိလျှင် စိတ်မိုက် ပျောက်တတ်သည်ဟု ထင်ရှား ပါ၏၊ ဥပမာကား- နေပူသို့ ထွက်၍ သွားလိုက်လျှင် တစ်ကိုယ်လုံးမှာ ဝိညာဏ်ပူတွေ-ဖဿပူတွေ-ဝေဒနာပူတွေ ချက်ချင်းပေါ်၍ ပူလေခြင်း ဖြစ်ရ၏၊ အရိပ်ထဲသို့ ဝင်လိုက်လျှင် ထိုဝိညာဏ်ပူတွေ-ဖဿပူတွေဝေဒနာပူတွေ ကွယ်ပျောက်၍ တစ်ကိုယ်လုံးမှာ ဝိညာဏ်အေးတွေဖဿအေးတွေ-ဝေဒနာအေးတွေ ပေါ်ပေါက်၍ အေးပေပြီ ဖြစ်ရ၏၊ ဝိညာဏ်ပူ-ဖဿပူ-ဝေဒနာစုကား နေပူ၏ သားမြေးစုတည်း၊ ငါဟူ၍ မမှတ်လင့်၊ နေပူကြောင့် ဖြစ်ပေါ်လာမှု အထင်အရှား ဖြစ်သည်၊ ရေရှိ ရာမှာ ငါးစသော ရေသတ္တဝါ ဖြစ်ပေါ်မြဲတည်း၊ ဤခန္ဓာကိုယ်မှာ ရေနှင့် အလားတူသော ကာယအကြည်ဓာတ် လက်ခံရှိ၍ ရေသတ္တဝါမျိုးနှင့် တူသော ဝိညာဏ်အာဂန္တု, ဖဿအာဂန္တု,ဝေဒနာအာဂန္တုစု ဖြစ်ပေါ် လာသည်။

အနာရှိရာမှာ ပိုးကျလာသည်နှင့်လည်း တူပါ၏၊ အရိပ်ဥတုနှင့် တွေ့၍ အေးသော ဝိညာဏ်, ဖဿ, ဝေဒနာစု ဖြစ်ပေါ်လာရာ၌လည်း ထို့အတူတည်း။ ထင်လည်းထင်ရှား၏၊ နက်လည်း နက်နဲ၏၊ အနာ ဥပမာ၌ ပိုးမည်သည် အသည်းမှာ အနာရှိလျှင် အသည်းတွင်းမှာ ကျ၏၊ အဆုတ်မှာ အနာရှိလျှင် အဆုတ်မှာ ကျ၏၊ ကိုယ်မှာ ပိုးမျိုးရှစ်ဆယ် ရှိကြ၏၊ အကိုယ်လုံးမှာ အကျိအချွဲရှိရာ၌ မိမိတို့ ကံချရာ သံသေဒဇ ဖြစ်ပေါ် ပေါက်ဖွား၍ နေကြ၏၊ ထိုအနာပိုး-ကိုယ်ပိုးတို့ကို ငါဆိုလျှင် ဟုတ်မည်လော၊ ထိုမှတပါး နွေရာသီဆိုက်လျှင် တစ်ကိုယ်လုံးမှာ နွေ ဓာတ်မီး ပေါ်လာရ၏၊ မိုးရာသီဆိုက်လျှင် တစ်ကိုယ်လုံးမှာ မိုးဓာတ်မီး ပေါ်လာရ၏၊ ကိုယ်ခန္ဓာမှာ ပေါ်သော်လည်း ပြုလုပ်သူဆိုင်ရာကို လိုက် သည်ရှိသော် နေဗိမာန်ဖြစ်သော နွေဥတု၏ သား, မြေးသာ အမှန်ဖြစ်၏၊ မိုး, ဆောင်းရာသီမှာလည်း ထိုနည်းတူ၊ 'ငါ' ဆိုသည်ကား တစ်သက်လုံး မှာမှ'တစ်ငါ' သာတည်း၊ 'နှစ်ငါ' မရှိ။

နေပူ, နေရိပ်သို့ လိုက်၍, ဥတုသုံးပါးသို့ လိုက်၍ ဖြစ်ပေါ်ကြ, ပျောက်ကွယ်ကြသော ဝိညာဏ်, ဖဿ, ဝေဒနာ ဓာတ်မီးတို့ကား အပိုင်း အပိုင်း ပြတ်ခြား၏၊ အသီးအသီး ထင်ရှား၏၊ အပိုင်းအပိုင်း ပြတ်ခြားမှုကို မြင်အောင်ကြည့်၊ ငါ မဟုတ်ကြောင်း ထင်ရှားလတ္တံ့။ ဤ ဥပမာများ အတိုင်း တစ်နေ့တစ်နေ့တွင် မိုက်ခွင့် မိုက်ကြောင်းနှင့် ဆယ်ခါပေါင်းဆုံ၍ ဆယ်ကြိမ်မိုက်ရာ၌ ထိုသူ၏ စိတ်အစဉ်မှာ အလယ်အလယ်၌ ကုသိုလ် စိတ်ပေါင်း ခြားလျက် အဝိဇ္ဇာ အာဂန္တုဓာတ် အကြိမ်ပေါင်း ဆယ်ခါပေါ်၍ ဆယ်ခါ ပျောက်ဆုံး၏၊ အပိုင်းအပိုင်း ပြတ်၏၊ ပေါင်းဆုံမိသော အခွင့် အကြောင်းတို့ကြောင့် မျက်နှာနှင့် မှန်ဆုံမိရာ၌ မှန်မှာ အရိပ်ပေါ်သကဲ့သို့ ထိုသူ၏ စိတ်အစဉ်မှာ အဝိဇ္ဇာ အာဂန္တုဓာတ်ပေါ်၍ မျက်နှာနှင့် လွှဲခဲ့လျှင် မှန်ထဲမှာ အရိပ်ကွယ်ပျောက်သကဲ့သို့ ထိုအာဂန္တုဓာတ် ကွယ်ပျောက် လေ၏၊ မှန်ထဲမှာ ဖြစ်ပေါ်သော်လည်း ထိုအရိပ်ကို မှန်သားဟူ၍ မဆိုအပ်၊ မျက်နှာရိပ်ဟူ၍သာ ဆိုအပ်၏၊

သား, သမီးမည်သည် အမိ အဘ နှစ်ပါး စပ်၍ ဖြစ်၏၊ ထို့ကြောင့် အမိဝမ်းမှာ ဖြစ်သော်လည်း မိဘနှစ်ပါး၏ သားဟူ၍ ဆိုရသကဲ့သို့ ထိုမိုက်သော ပုဂ္ဂိုလ်၏ စိတ်အစဉ်အပက အကြောင်းနှစ်ပါး ပေါင်း၍ ဖြစ်သောကြောင့် ထိုအဝိဇ္ဇာသည် မိုက်သောပုဂ္ဂိုလ်၏ ငါလည်း ဟုတ်ပါ၏ ဆိုငြားအံ့၊ ငါဟုတ်၏ယူခဲ့သော် ထိုအဝိဇ္ဇာသည် ဆယ်ခါဖြစ်ပေါ်၍ ဆယ်ခါ ပျောက်ဆုံးသည်၊ ထိုသတ္တဝါ, ထိုငါလည်း ထိုတစ်နေ့မှာ ဆယ်ခါ ဖြစ်ပေါ်၍ ဆယ်ခါပျောက်ဆုံးသည်ဟု ယူနိုင်ပါ၏လော-ဟုမေး။ အဝိဇ္ဇာလည်း ပျောက်ဆုံးသည် မဟုတ်ပါ၊ ထိုသူ့စိတ်မှာ ပြေငြိမ်း၍ သာနေပါသည် ဆိုငြားအံ့။ ပြေငြိမ်းမှုနှင့် ပျောက်ဆုံးမှု ထူးကြသလောမေး။ ပြေငြိမ်းမှုဆိုသည်ကား ကုသိုလ်စိတ်ဖြစ်ပေါ်၍ လာသည်ကို ပြေငြိမ်းမှု ဆိုရသည်၊ ဖြစ်ပေါ်သော အဝိဇ္ဇာ အမိုက်ဓာတ်နှင့် ကုသိုလ် စိတ်မည်သည် မီးနှင့်ရေ မရောနိုင်သကဲ့သို့ မရောနိုင်ကြ။

ပျောက်ငြိမ်းမှုဆိုသည်ကား-မီးထဲ၌ကျသော ဆီးနှင်းပေါက် ပျောက်ကွယ်သကဲ့သို့ ပျောက်ကွယ်မှုပေတည်း၊ ဤသို့ ဖြစ်ပေါ်သော အဝိဇ္ဇာကို သတ္တဝါ မဟုတ်, ငါ မဟုတ်, သူ့ဆိုင်ရာအကြောင်းကို စွဲ၍ ဖြစ်ပေါ်သော အာဂန္တုဓာတ် သက်သက်သာတည်း-ဟု မြင်နိုင်သောဉာဏ် သည် ပစ္စယပရိဂ္ဂဟဝိဇ္ဇာဉာဏ်မည်၏၊ ပဋိစ္စသမုပ္ပါဒ ဝိဇ္ဇာဉာဏ်လည်း မည်၏၊ ၎င်းနောက် ထိုအဝိဇ္ဇာ၏ ဖြစ်ပေါ်ချည်, ကွယ်ပျောက်ချည် နေသော အာဂန္တုသဘော, ဥဒယဗ္ဗယသဘောကို ကောင်းကောင်းကြီး ထင်မြင်အောင် စွဲစွဲမြဲမြဲ ရှုရာ၏၊ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တ သဘောကို ကောင်းကောင်းကြီး ထင်မြင်အောင် ရှုရာ၏၊ အနိစ္စသဘော ကို ထင်မြင်နိုင်ပါလျှင် ဒုက္ခသဘော, အနတ္တသဘောလည်း ထင်မြင်တော့ သည်။

ရေမြှုပ်စိုင်ကြီး ဖောင်စီးပမာ

ဥပမာကား-ကမ်းလည်း မမြင်သော, အလွန်ဘေးကြီး အန္တရာယ် ကြီးလည်း ထူပြောများပြားလှသော မဟာသမုဒ္ဒရာ အလယ်မှာ ရေမြှုပ် စိုင်ကြီးကို ဖောင်စီး၍နေရသော ယောက်ျားသည် ရေမြှုပ်ကြီး၏ မခိုင်မမြဲသော အနိစ္စ အခြင်းအရာကို မြင်လေရာ၏၊ အမြှုပ်ထကြွ၍ နေသော သမုဒ္ဒရာလေ, သမုဒ္ဒရာလှိုင်း, ရက္ခိုသ်ခေါ်သော ရေဘီလူး, ငါးမန်း, ငါးဆင် အစရှိသော သမုဒ္ဒရာ ဘေးအနန္တတို့ကိုလည်း မြင်လေ ရာ၏၊ ကမ်းမမြင်သော သမုဒ္ဒရာအလယ်၌ ရေမြှုပ်စိုင်ကြီးနှင့် လှိုင်းစီး၍ နေသော ထိုယောက်ျားသည် ကြောက်ရွံမှု, ထိတ်လန့်မှုအတွက်ကြောင့် အသက်တစ်ခါမျှ ဖြောင့်မတ်စွာ ရှူနိုင်တော့မည်မဟုတ်၊ အခါခပ်သိမ်း ဘဝင်မှာ ဖိုလှိုက်ဆို့မြို့လျက် ပင့်သက်သာ ရှူနိုင်တော့မည်။ အဘယ် ကြောင့်နည်းဟူမူ သမုဒ္ဒရာကြီး၏ ကြောက်မက်ဖွယ်အနန္တတွေကို မြင် လေလေ ရေမြှုပ်စိုင်၏ ပျက်မှုကို ကြောက်လေလေ ဖြစ်၏၊ ရေမြှုပ် စို်င်ကြီးကို ခုချက်ချင်း စွန့်ပယ်၍ သောင်ကြီး, သင်္ဘောကြီးပေါ်သို့ ရောက် ချင်စိတ်အမြဲ တည်၏၊ ရေမြှုပ်စိုင်၏ အနိစ္စသဘောကို မြင်တိုင်း မြင်တိုင်း ရေမြှုပ်စိုင် မခိုင်မှုကြောင့် များစွာသော ဒုက္ခအခွင့်, ကြီးစွာသော ဒုက္ခ အခွင့်တွေကို မြင်ရလတ္တံ့။

အနည်းငယ်သော လေ, အနည်းငယ်သော ရေဂယက်တွေကို မြင်လျှင်ပင် ကြောက်ရမှု, ထိတ်ရမှု, ပူရမှု, ပင်ရမှုဒုက္ခ ဖြစ်ရသည်လည်း ရေမြှုပ်စိုင် မခိုင်သည့်အတွက်ဟု သိနိုင်လတ္တံ့၊ ကြီးစွာသော လေ, ကြီးစွာသော ရေလှိုင်မှာ ဆိုဖွယ်မရှိ၊ ထိုစကား မှန်၏၊ အကယ်၍ ထိုယောက်ျားသည် သိကြားမင်း ဖန်ဆင်းသော မဟာပစ္စရိတ် ဖောင်ကြီး ပေါ်မှာ စီး၍ နေရသည် ဖြစ်ခဲ့အံ့၊ ထိုကြောက်မက်ဖွယ်အနန္တတွေသည် ကြောက်မက်ဖွယ်မဟုတ်၊ ကြည့်ချင်ဖွယ်, ရှုချင်ဖွယ်, ပျော်ချင်ဖွယ် အနန္တတွေသာ ဖြစ်လတ္တံ့။ အဘယ်ကြောင်းနည်းဟူမူ ထိုအနန္တတွေ ကြောင့် ဖောက်ပြန် ပျက်ပြားမှု ဘေးမထိနိုင်အောင် ခိုင်မြဲသော ဖောင်ကြီး ဖြစ်ပေသောကြောင့်တည်း၊ ထိုရေမြှုပ်ကြီးနှင့်အတူ ဤကိုယ်ခန္ဓာ သည်လည်း သန်း, ကြမ်းပိုး, ခြင်, မှက်, ပုရွက်, ပိုးလောင်းစသော အလွန် သေးငယ်လှသော သတ္တဝါတို့၏ ကိုက်မှု, နာမှု, ထိပါးမှုနှင့်ပင် ဖောက်ပြန် ပျက်ပြား၏၊

သန်းကိုက်လျှင် ကိုက်သော နေရာမှာ ဣဋ္ဌဖြစ်သော ဓာတ်ကြီး လေးပါး ချုပ်၏၊ သေဆုံး၏၊ အနိဋ္ဌဖြစ်သော ဓာတ်ကြီးလေးပါး ဖြစ်ပေါ် ၏၊ အနိဋ္ဌဖြစ်သော ကာယဝိညာဏ်, ကာယသမ္ဖဿ, ကာယသမ္ဖဿဇာ ဝေဒနာတို့ ဖြစ်ပေါ်ကုန်၏၊ မခံသာသော ဒုက္ခဖြစ်၏၊ ကိုယ်ခန္ဓာအလုံးမှာ သန်းငယ်ကလေး၏ ကိုက်မှုနှင့်ပင် ပကတိအတိုင်းမနေ၊ အနိစ္စရောက် သော နေရာချည်းတည်း၊ ဒုက္ခဖြစ်သော နေရာချည်းတည်း၊ ထို့ကြောင့် သန်းကိုပင် ကြောက်ရ၏၊ ဤသို့ သန်းကိုက်သော နေရာမှာ သန်း ပယောဂကြောင့် ဣဋ္ဌဖြစ်သော ခန္ဓာငါးပါး ပျက်ဆုံးမှု, အနိဋ္ဌဒုက္ခဖြစ်သော ခန္ဓာငါးပါး ဖြစ်ပေါ်မှုကို မြင်သဖြင့် ထိုထက်ကြီးသော ကြမ်းပိုး, ခြင်, မှက်, ပုရွက်, ပိုးလောင်းတို့၏ ကိုက်မှု, ထိပါးမှုတို့ကြောင့် ကိုက်သော နေရာ, ထိသောနေရာတို့၌ ဣဋ္ဌ ခန္ဓာငါးပါး ချုပ်ဆုံးမှု, အနိဋ္ဌခန္ဓာငါးပါး ဖြစ်ပေါ်မှု, ကြောက်ရမှု, ဒုက္ခဖြစ်မှုတို့ကား ထင်ရှားပြီ။ ထိုထက်ကြီး မားသော သက်ရှိသက်မဲ့ အန္တရာယ်တို့၏ ကိုက်မှု, ခဲမှု, ထိပါးတိုက် ခိုက်မှုတို့မှာ ဆိုဖွယ်မရှိပြီ။

အနည်းငယ် လေပူတိုက်လျှင် တိုက်သော နေရာမှာ ဣဋ္ဌခန္ဓာ ငါးပါး ပျက်ဆုံး၏၊ အနိဋ္ဌ ခန္ဓာငါးပါး ဖြစ်ပေါ်၏၊ တာရှည် လေတိုက်ခဲ့လျှင် တကိုယ်လုံး ပြောင်းလဲ၍ သွား၏၊ တစ်ကိုယ်လုံး ပူစီးပူဆာ မခံသာသော ခန္ဓာငါးပါးချည်းဖြစ်၍ ကုန်၏၊ ကိုယ်တွေ့ ဒိဋ္ဌမှုချည်းဖြစ်ကြ၍ ထင် လည်းထင်ရှား၏၊ နက်လည်း နက်နဲ၏၊ ခက်လည်း ခက်ခဲ၏၊ ဤလေ သလပ်ရုံမျှနှင့်ပင် တစတစ ဓာတ်မီးထ၍ လာသဖြင့် တစ်ကိုယ်လုံး ရုပ်ပြောင်းမှု, ဓာတ်ပြောင်းမှု, ခန္ဓာပြောင်းမှု, နေမကောင်း ထိုင်မသာ ဖြစ်၍လာမှုစုသည် ကိုယ်တွေ့အမှုချည်းတည်း၊ ဤသို့ ဣဋ္ဌဖြစ်သော ဤခန္ဓာကိုယ်ကြီးသည် လေသလပ်ရုံမျှနှင့်ပင် ပျက်စီးခြင်း အနိစ္စသဘော ရှိသည့်အတွက်ကြောင့် လေကိုလည်းကြောက်ရ၏၊ စိန်တုံးပတ္တမြား တုံးကြီးကဲ့သို့ ခိုင်မြဲခဲ့သည် ဖြစ်ငြားအံ့၊ ထိုထိုကြောက်ရသော ဘေး အန္တရာယ်စုသည် ဘေးအန္တရာယ်ကြောက်ဖွယ်စု မဟုတ်၊ ခံစံ၍ကောင်း သော ချမ်းသာဖွယ်ကြီး ဖြစ်ကုန်လတ္တံ့။

- ကမ်းမမြင်သော မဟာသမုဒ္ဒရာကြီးနှင့် ဤလောက သံသရာကြီး တူ၏၊

- သမုဒ္ဒရယမှာရှိသော ဘေးအန္တရာယ် အနန္တစုနှင့် ဤလောက မှာရှိသော ဘေးအန္တရာယ်စု တူ၏၊

- ရေမြှုပ်ခဲကြီးနှင့် ဤ လူ, နတ်, ဗြဟ္မာ ခန္ဓာကိုယ်ကြီး တူ၏၊ သမုဒ္ဒရာကြီး အလယ်မှာ ရေမြှုပ်ခဲဖောင်ကြီးစီး၍ နေသော ယောက်ျားနှင့် အနိစ္စဖြစ်သော ရုပ်ခန္ဓာ, နာမ်ခန္ဓာတွေကို ဦးခေါင်းအင်္ဂါလုပ်၍၊ ကိုယ်အင်္ဂါလုပ်၍၊ ခြေအင်္ဂါလုပ်၍၊ နားအင်္ဂါ, မျက်စိအင်္ဂါလုပ်၍၊ ဦးနှောက်လုပ်၍၊ အသည ဤအရာ၌ကား-လောက၌ မိုက်မဲမှုခေါ်ကြသော အဝိဇ္ဇာဓာတ် ရင်းကို ရေမြှုပ်ခဲငယ်, ရေပွက်ငယ်, နှင်းပေါက်ငယ်များနှင့် အလားတူပြု၍ အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာကို မြင်လေ။ ထိုမြင်သောဝိပဿနာ ဉာဏ်ကို အနိစ္စဝိဇ္ဇာ, ဒုက္ခဝိဇ္ဇာ, အနတ္တဝိဇ္ဇာဆိုသတည်း၊ နာမ်တရား အများရှိသည်တွင် တခုခုသော နာမ်တရားကို ဓာတ်ပေါက်အောင် မြင်နိုင်လျှင် ကြွင်းသော နာမ်တရားတို့ကိုလည်း ဓာတ်ပေါက်အောင်မြင် နိုင်တော့သည်၊ အဝိဇ္ဇာဟူသော မိုက်မဲမှုတခုကို ဓာတ်ပေါက်လျှင် ထိုအဝိဇ္ဇာနှင့် ဖြစ်အတူ ပျက်အတူ အကုသိုလ် ဟူသမျှကို ဓာတ်ပေါက် အောင် မြင်နိုင်တော့သည်။ အကုသိုလ်စုကို မြင်နိုင်လျှင်လည်း ကုသိုလ်စု ကို မြင်နိုင်လတ္တံ့။ တစ်ခုပေါက်လျှင် တစတစ အကုန်ပေါက်မြဲ။ ရုပ်တရား စုမှာလည်း ပထဝီခေါ်သော ခက်မာမှု မြေဓာတ်တစ်ခုကို ဓာတ်ပေါက် အောင် မြင်နိုင်လျှင် ကြွင်းသောရုပ်စုကိုလည်း မြင်နိုင်လတ္တံ့။ ထို့ကြောင့် နာမ်ဓာတ်တို့တွင်လည်း တခုခုသော နာမ်ဓာတ်ကို ဓာတ်ပေါက်အောင် အားထုတ်ရာ၏၊ ရုပ်ဓာတ်စုတွင်လည်း တခုခုသော ရုပ်ဓာတ်ကို ဓာတ်ပေါက်အောင် အားထုတ်ရာ၏၊ တခုခုက ပေါက်လျှင် တစတစ အကုန်ပေါက်လတ္တံ့။ အနမတဂ္ဂ သံသရာမှာ ဝိဇ္ဇာဓာတ် ပေါက် လမ်းသို့ မလိုက်မူ၍ အဝိဇ္ဇာပွား လမ်းများသို့သာ တစွပ်တည်း လိုက်မှား၍ ယနေ့ထက်တိုင် အကန်းဘဝ အန္ဓပုထုဇဉ် ငရဲမျိုး, ပြိတ္တာမျိုး, ခွေး, ဝက်, ကြက်, ငှက်, တိရစ္ဆာန်မျိုးဖြစ်၍ နေကြရတော့သတည်း။ ဒုက္ခသစ္စာဖြစ်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၁-ပါးတွင် အဝိဇ္ဇာ ဟူသော ပထမအင်္ဂါ ဒုက္ခ၌ ဖုံးဝှက်ကွယ်ကာ၍နေသော အဝိဇ္ဇာ ဒဏ်နာ ဒဏ်ချက်မျှကို သတ်နည်း ဝိဇ္ဇာဉာဏ် အလင်းဖွင့်နည်းများကို ရိပ်မိရုံမျှ အမြွက်ပြခန်း ပြီး၏၊

သင်္ခါရ, ဝိညာဏ် စသော နောက်နောက်သော ဒုက္ခသစ္စာ အင်္ဂါ ဆယ်ပါးတို့၌လည်း အဝိဇ္ဇာအင်္ဂါမှာ အကျယ်ပြဆိုခဲ့ပြီးသော အစီအစဉ် အတိုင်း အသီးသီး အကျယ်ချဲ့၍ သိလေ၊ အကျဉ်းမျှ ဆိုတော့အံ့။

သင်္ခါရမှု

သင်္ခါရဆိုသည်ကား--လောက၌ ကောင်းမှု, မကောင်းမှုကို ဆိုသည်၊ အလိမ္မာမှု, မလိမ္မာမှုကို ဆိုသည်။ ဓာတ်မှန်ဓာတ်ရင်းကား-ကုသိုလ် စေတနာနှင့် အကုသိုလ်စေတနာပေတည်း။ ထိုတွင် ကုသိုလ်စေတနာ သည် ဒါနကိစ္စနှင့် ဖြစ်ဖေါ်သော အလှည့် ဘာဝနာကိစ္စနှင့် ဖြစ်ပေါ်သော အလှည့်, ထိုထိုကောင်းကျင့်,ကောင်းကြံ ကိစ္စမျိုးတို့နှင့် ဖြစ်ပေါ်သော အလှည့်ဟူ၍ အများရှိ၏၊ ဒါနဖြစ်ရန် အခွင့်စုံညီသောအခါ ဒါနကိစ္စနှင့် တဖွားဖွား ဖြစ်ပေါ်၏၊ ဒါနအခွင့် ပြီးပြန်လျှင် အကုန်ချုပ်ပျောက် သေဆုံး ၍ စေတနာသင်္ခါရ တစ်မျိုး ပေါ်၍ သွားပြန်၏၊ အာဂန္တုမှု ပဋိစ္စသမုပ္ပါဒ် ဓာတ်သဘာဝမျှကို အခဲခဲ, အပိုင်းအပိုင်း ပြတ်ခြားအောင်ကြည့်၊ မည်သူ လှူဒါန်းသည်၊ ပေးကမ်းသည်၊ ငါလှူဒါန်းသည်၊ ပေးကမ်းသည်ဟု မဟုတ် မမှန် အပေါ်ယံပြင်ပ သက္ကာယဒိဋ္ဌိနယ်တွင် မြင်၍မနေနှင့်၊ စေတနာ အာဂန္တုသည်သာ ဒါနအမှုသည် အမှန်ဖြစ်သတည်း။ ထိုတရားသည် လည်း မျက်နှာနှင့် ဆုံမိသောအခါ မှန်အပြင်မှာ မျက်နှာရိပ် ဖြစ်ပေါ် သကဲ့သို့ ဒါနဖြစ်ရန် အကြောင်းအခွင့်စုနှင့် ဆုံမိသောအခါ မနော အကြည်မှာ ဖြစ်ပေါ်သော အာဂန္တုဓာတ် အမှုသာတည်း၊ ချုပ်ကွယ် ပျောက်ဆုံးပုံကိုလည်း သိလေ။

အနိစ္စ, ဒုက္ခ, အနတ္တမှုကိုလည်း ရေမြှုပ်ဖောင် ဥပမာအတိုင်း သိလေ၊ သီလကုသိုလ်, ဥပေါသထကုသိုလ်, ရသေ့ပြုမှု ရဟန်းပြုမှု ကုသိုလ်, ဝိဇ္ဇာ ဘာဝနာ အဆောက်အအုံမှ တပါး ဝဋ္ဋနိဿိတဖြစ်သော ကသိုဏ်းဘာဝနာ, ဗြဟ္မဝိဟာရ ဘာဝနာ, ရူပစျာန် အရူပစျာန် ကုသိုလ်စု ကိုလည်း ထိုဒါနကုသိုလ် သင်္ခါရအတိုင်း သိလေ။ အကုသိုလ်စေတနာ သည်လည်း ပါဏာတိပါတကိစ္စနှင့် ဖြစ်ပေါ်သောအလှည့်, အဒိန္နာဒါန် ကိစ္စနှင့် ဖြစ်ပေါ်သောအလှည့်စသည်ဖြင့် မကောင်းကျင့် အကောင်းကြံ ကိစ္စမျိုးတို့နှင့် ဖြစ်ပေါ်မှု အလွန်များပြား၏၊ အဝိဇ္ဇာမိုက်ခွင့်မှာ ပြခဲ့ပြီး သောအတိုင်း အကျယ်သိလေ၊ အဝိဇ္ဇာကား တွန်းသော ဓာတ်တည်း၊ စေတနာကား အားထုတ်သော ဓာတ်တည်း။

- အစိုးရမင်းတို့၏ သူခိုး, ဓားပြသတ်ရာ၌ အဝိဇ္ဇာသည် အာဏာပေး အစိုးရမင်းတို့နှင့် တူ၏၊

- စေတနာသည် လက်သည်ထောင်မှူးနှင့် တူ၏၊

ဤသို့ ခပ်သိမ်းသော အကုသိုလ်တို့၌ အဝိဇ္ဇာနှင့် စေတနာ သင်္ခါရ ခွဲလေ။

ဝိတက်, ဝိစာရ, ဝီရိယ စသော တရားစု၊ ဒေါသ, မာန, ဒိဋ္ဌိ အစရှိသော တရားစု၊ သဒ္ဓါ, ပညာ အစရှိသော တရားစုတို့သည်ကားစေတနာ၌ ပါဝင်ကြလေကုန်၏၊ ဤစေတနာဟူသော အာဂန္တုက သင်္ခါရ ဓာတ်အမှုသည် လောက၌ အခွင့်အရေး အလွန်ကြီးကျယ်လှပေ၏၊ အပါယ်လေးဘုံ, လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်တို့၌ကာယကံမှု, ဝစီကံမှု, မနောကံမှုတို့နှင့် ပြုလုပ်ပြောဆို ကြံဖန် ရွှင့်မြူး မြည်တမ်းမှု ခပ်သိမ်းသည် စေတနာသင်္ခါရ အမှုချည်းတည်း။ မည်သူဘယ်ဟာကို လုပ်သည်၊ မည်သူ ဘယ်ဟာကို ပြောဆိုသည်၊ မည်သူ ဘယ်အကြံကို ကြံစည်သည်၊ မည်သူ ဥပုသ်စောင့်သည်၊ မည်သူ ကြက်သတ်သည်၊ မည်သူ ဝက်သတ်သည်၊ မည်သူ သွားသည်၊ မည်သူ လာသည် အစရှိသည်ဖြင့် စေတနာသင်္ခါရ၌ စွဲလမ်းချက် သက္ကာယဒိဋ္ဌိပေါင်း အနန္တများလှ၏၊ အဝိဇ္ဇာအချက် အနန္တ များလှ၏၊ ကာယကံမှု, ဝစီကံမှု, မနောကံမှုဆိုလျှင် ထိုအနန္တ အကုန် ပါဝင်၏၊

စေတနာကို အာဂန္တုဓာတ် ပဋိစ္စသမုပ္ပါဒ်အနေနှင့် တချက်ချက် က ဓာတ်ကွဲအောင် မြင်နိုင်ပါလျှင် အလုံးစုံကိုပင် မြင်နိုင်လတ္တံ့။ ဤသင်္ခါရ အင်္ဂါသည် ပုဂ္ဂိုလ်, သတ္တဝါဟု ထင်မြင်သော အဝိဇ္ဇာမှောင်ကြီး အလွန် ထုထည်ကြီးလှသော အင်္ဂါပတည်း။ အာဂန္တုဓာတ် မြင်နိုင်ရန်အမှု, ဒါနကို ဒုက္ခထင်မြင်ရန်အမှု, သီလကို ဒုက္ခထင်မြင်ရန်အမှု, ဘာဝနာကို ဒုက္ခ ထင်မြင်ရန်အမှုသည် အလွန်ခက်ခဲလှ၏၊ နက်နဲလှ၏၊ ဒါန, သီလ, ဘာဝနာစသောကုသိုလ်တို့၏ ဒုက္ခအချက်ကို ဇရာ, မရဏတို့မှ လွတ် လမ်း အဖြောင့်ဟုတ်-မဟုတ်၊ အဝိဇ္ဇာကို တနေ့တခြား, တလတခြား, တနှစ်တခြား ပါးရှားကုန်ခန်းစေနိုင်သော လမ်းအဖြောင့် ဟုတ်-မဟုတ်ကို ခွဲခြမ်း၍ ရှေး၌လည်းပြခဲ့ပြီ။

ဥပမာဖြင့် ပြဆိုအံ့- လောက၌ တောင်သူ လယ်ယာလုပ်မှုကို အပင်ပန်းခံ၍ လုပ်ကြသည်ကား အလိုမရှိအပ်သော ဒုက္ခမှ လွတ်ငြိမ်း ခြင်းငှါ, အလိုရှိအပ်သော သုခကို ရရှိခြင်းငှါ လုပ်မှုပေတည်း၊ အလိုမရှိ အပ်သော ဒုက္ခဆိုသည်ကား- စပါး, ဆန်, ပစ္စည်းဥစ္စာ မရှိလျှင် တွေ့ကြုံ ရလတ္တံ့သော ဒုက္ခစုတည်း၊ အလိုရှိအပ်သော သုခဆိုသည်ကား- စပါး, ဆန်, ပစ္စည်းဥစ္စာနှင့် ပြည့်စုံသည့်အတွက် ရလတ္တံ့သော သုခစုတည်း။ စပါး, ဆန်မည်သည် အနိစ္စဓမ္မ ဖြစ်ချေသောကြောင့် တစ်မိုးလုံး အပင် ပန်းခံ၍ လုပ်နိုင်မှ တစ်နှစ်စာမျှ အခွင့်ရ၏၊ အလိုမရှိအပ်သော ဒုက္ခမှ တစ်နှစ်စာမျှ လွတ်ငြိမ်းခွင့် ရ၏၊ အလိုရှိအပ်သော သုခကို တစ်နှစ်စာမျှ ရစေနိုင်၏၊ နောက်နှစ်တိုင်လျှင် လုပ်မြဲ လုပ်ရပြန်၏၊ ဤနည်းအတိုင်း သေသည့်တိုင်အောင် လုပ်ရလေ၏၊ နောက်ဘဝ တောင်သူမျို ဖြစ်ပြန် လျှင် နောက်ဘဝ၌လည်း နှစ်စဉ်အတိုင်း သေသည့်တိုင်အောင်ပင် လုပ်ရလတ္တံ့၊ နောက်ကိုလည်း ထိုအလုပ်နှင့်သာ သွားရမည်ဆိုလျှင် ဘဝ အသင်္ချေ, ကမ္ဘာအသင်္ချေ, အနမတဂ္ဂသံသရာနှင့် တစ်ခုသွားသော်လည်း တောင်သူအလုပ် ဒုက္ခဆုံးလမ်း စခမ်းမရှိ။

အဘယ့်ကြောင့်နည်းဟူမူ-ထိုတောင်သူ အလုပ်မှဖြစ်သော စပါး ဆန်သည် နိစ္စဝတ္ထုမျိုး မဟုတ်၊ တစ်နှစ်အတွင်းမှာ သုံးဆောင်မှုနှင့် နှစ်စဉ်အတိုင်း လျော့ပါးကုန်ဆုံး၍နေသော အနိစ္စဝတ္ထုမျိုးဖြစ်လေသော ကြောင့်တည်း။ လွန်ခဲ့ပြီးသော အနမတဂ္ဂသံသရာ၌လည်း ထိုတောင် သူအလုပ်ကို လုပ်ခဲ့ရသည်၊ အနမတဂ္ဂ ရှိပြီ၊ ယခုလည်းလုပ်ရလျက် ရှိ၏၊ နောင်လည်း ထိုအလုပ်ကို လုပ်၍သွားလျှင် ဘဝပေါင်းမည်မျှ ကမ္ဘာပေါင်း မည်မျှ ကြာရှိသည့်ကာလ နိစ္စစပါးမျိုး ဖြစ်လာလတ္တံ့၊ ဘဝများစွာ ကမ္ဘာ အဆက်ဆက် ပင်စင်စား၍ နေရလတ္တံ့ဟု မရှိ၊ တစ်ဘဝလျှင် တစ်ခါလုပ် လျှင် ဆယ်နှစ်, ကိုးနှစ်မျှ နေခွင့်မရ၊ တောင်သူအလုပ်ကို နှစ်ပေါင်းမည်မျှ ဘဝပေါင်းမည်မျှ ကမ္ဘာပေါင်းမည်မျှ စွဲမြဲ၍လုပ်နိုင်လျှင် ထိုအလုပ်မှ နိစ္စစခန်းပေါ်လာ၏၊ တောင်သူအလုပ်ဒုက္ခမှ အပြီးလွတ်ငြိမ်း ထာဝရ အငြိမ်းစားနေသော စခန်းသို့ဆိုက်၏ဟု သက်သက် မရှိ။ အနမတဂ္ဂ သံသရာမှာ တစ်နပ်စာအလုပ် သက်သက်သာဖြစ်၏၊ ထို့ကြောင့် တစ်နှစ်အဖို့ စပါးသိန်း, သန်းပင် ရသော်လည်း အနိစ္စဝတ္ထု မျိုးကိုသာ အကျိုးပေးသော အလုပ်ဖြစ်၍ ဒုက္ခအလုပ်ကြီး သက်သက် သာတည်း၊ လောကအလုပ် ဟူသမျှကို ဤနည်းချည်း မြင်လေ။ ပြဆိုခဲ့ပြီး သော ဒါနအလုပ်, သီလအလုပ်, ဘာဝနာအလုပ်, စျာန်သမာပတ် အလုပ်စုသည်လည်း ထိုတောင်သူအလုပ်နှင့် ထပ်တူ လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ဘဝတည်းဟူသော အနိစ္စဝတ္ထုမျိုးကို အကျိုးပေးသော အလုပ်ဖြစ် ၍ ထိုအလှူပေးမှု သင်္ခါရဒုက္ခမှ လွတ်ငြိမ်းရန် စခန်းကွာလှမ်း၏၊ သီလ စောင့်ထိန်းမှု သင်္ခါရဒုက္ခ, ဥပုသ်စောင့်ထိန်းမှု သင်္ခါရဒုက္ခ, ဘာဝနာ ပွါးများမှု သင်္ခါရဒုက္ခမှ လွတ်ငြိမ်းရန် စခန်းကွာလှ၏၊ ဤစကား၌ သီလ, ဘာဝနာဆိုသော်လည်း ယခုဘဝတွင် သာသနာတော်ထင်ရှား ရှိသည့် အတွင်း တစ်နေ့တခြား, တစ်လတခြား, တစ်နှစ်တခြား အဝိဇ္ဇာကို ပယ်ရှားရန်, ဝိဇ္ဇာဉာဏ်ပွါးများရန် အလုပ်၏ အခြေအနေဖြစ်သော သီလ, ဘာဝနာအမှုတို့ကို ချန်လှပ်၍ယူ၊ ဒါနမှာလည်း အားထုတ်ဆဲ ဖြစ်သော ဘာဝနာအလုပ်၏ အခြဲအရံ စာဂါနုဿတိ ဘာဝနာအကျိုးငှါ ပေးလှူသော ဒါနများကို ချန်၍ယူ။

တစ်နည်း-တစ်ဘဝတွင် ကွက်၍ဥပမာကိုဆိုအံ့၊ တစ်နေ့အပင်ပန်း ခံ၍လုပ်လျှင် တစ်ရက်စာမျှ စားသောက်သုံးစွဲလောက်အောင် ရသော အလုပ်တစ်ခု၊ တစ်နေ့လွန်စွာပင်ပန်းခံ၍ လုပ်လျှင်တစ်နှစ်စာမျှရသော အလုပ်တစ်ခု၊ ထို့ထက်တစ်နေ့လွန်စွာ အပင်ပန်းခံ၍လုပ်လျှင် သုံးနှစ်စာမျှ စားသောက်သုံးစွဲလောက်အောင် ရသောအလုပ်တစ်ခု၊ ထို့ထက်တစ်နေ့ လွန်စွန်စွာအပင်ပန်းခံ၍ လုပ်လျှင် ရွှေတစ်သိန်းရ၏၊ တစ်ဘဝလုံး ထို အလုပ်မှ တစ်သက်လုံး လွတ်ငြိမ်း၍ သူဌေးကြီးဖြစ်သော အလုပ်တစ်ခု ထိုအလုပ်သုံးခုတွင် တစ်ရက်စာမျှရသော အလုပ်သည်နေ့စဉ် အလုပ် ခွင်က မလွတ်ရအောင် ဒုက္ခကြီးမည်၏၊ သုံးနှစ်စာရသော အလုပ်သည် သုံးနှစ် တိုင်ပြန်လျှင်အလုပ်ခွင်သို့ ဝင်ပြန်ရသော ဒုက္ခအလုပ်ပင်ဖြစ်၏၊ တတိယ အလုပ်သည်သာလျှင် တစ်နေ့အပင်ပန်းခံ၍လုပ်လိုက်လျှင် ထိုကဲ့သို့သော အလုပ်ဒုက္ခမျိုးမှ တစ်သက်လုံး ကျွတ်လွတ်၍သွားသော အလုပ်မျိုး ဖြစ်ပေသည်၊ ထိုနေ့မှာ ဘယ်လိုပင်ပန်းသော်လည်း ချမ်းသာ လုပ် ကြီးမည်၏၊ လူ့ဘဝ,နတ်ဘဝဟူသော အနိစ္စဝတ္ထုမျိုးကိုအကျိုးပေး သော ဒါနမှု,သီလမှု, ဘာဝနာမှုသည် တစ်ရက်စာ,တစ်နှစ်စာ ရသော အလုပ်နှင့်တူ၏၊ တစ်နေ့တခြား အဝိဇ္ဇာတရား ပါးရှားချုပ်ငြိမ်း ရန်လုပ် သော ဘာဝနာမှုသည် နောင်ထိုအလုပ်မျိုးကို လွတ်ငြိမ်းစေနိုင်သော အမှုဖြစ်ပေ၍ တတိယအလုပ်နှင့်တူ၏၊

လိုရင်းအဓိပ္ပါယ်

ဒါနမှု,သီလမှု,ဘာဝနာမှု,ရသေ့လုပ်မှု,ရဟန်းလုပ်မှု ဟူသမျှသည် ဒုက္ခမှုချည်းဖြစ်၏၊ သို့ရာတွင် တစ်နေ့, တစ်လ, တစ်နှစ်,တစ်ဘဝ တစ်ခါ အပင်ပန်းခံ၍လုပ်လျှင် ထိုအလုပ်မျိုးကွင်းလုံးကျွတ်၍ကျ၏၊ တစ်ခါ လုပ်မှုနှင့်ငြိမ်း၏၊ ဤသို့လုပ်သောအမှုသည်ကား တစ်ဘဝသာပင်ပန်း၍ နောင်ဘဝအနန္တ ထိုအလုပ်ဒုက္ခမှလည်းကောင်း၊ တစ်ပါးသောအလုပ် ဒုက္ခမှလည်းကောင်း ကျွတ်လွတ်၍သွား၏၊ ဤသို့ကုသိုလ်မှုစသည်ကား ချမ်းသာသော ဘဝအနန္တနှင့် ထောက်စာသည်ရှိသော် ဆင်းရဲသော တစ်ဘဝသည် သုခကြီးဖြစ်လေ၏၊ ဤမျှသော စကားရပ်တို့ဖြင့် အနမတဂ္ဂသံသရာပြုသမျှသော တစ်နပ်စာဒါန, တစ်နပ်စာသီလ, တစ်နပ်စာ ဘာဝနာမှုစု၏ အတိဒုက္ခမှု စင်စစ်ဖြစ်ကြောင်းကို ပြဆို သတည်း။ ယခုဘဝပြုကြသော ဒါနမှု, သီလမှု,ဘာဝနာမှု၊ ရှေးရှေးဘဝက ပြုခဲ့ကြပြီးသောဒါနမှု, သီလမှု,ဘာဝနာမှု၊ နောက်နောက်ဘဝမှာ ပြုကြလတ္တံ့သော ဒါနမှု,သီလမှု,ဘာဝနာမှုတို့ကိုလည်း အဝိဇ္ဇာအစီးအပွါး, ဇရာ,မရဏ အစီးအပွါးမျိုးဖြစ်ခဲ့သည်ရှိသော် ဒုက္ခစင်စစ်သာမှတ်ရာ၏၊

ဤအလုံးစုံကိုလည်း ယခုဘဝ၌ပင် တစ်နေ့တစ်ခြား အဝိဇ္ဇာပါး ရှားရန်ဘာဝနာမှု,မနသိကာရမှုကိုပြုခြင်း,အားထုတ်ခြင်းငှါ စွမ်းနိုင် လောက်သော အသိဉာဏ်ပညာ အခံရှိကြသောသူတို့၏ အကျိုးငှါပြ ဆိုပေသည်၊ ထိုသို့သော အသိဉာဏ်အခံမဲ့သော သူတို့မှာမူကား-ယခုဘဝမှာ ဒါနကို အရင်းပြု၍,သီလကို အရင်းပြု၍လူချမ်းသာ, နတ်ချမ်း သာ အဆက်ဆက်တို့မှ ဆက်လက်၍လည်းကောင်း၊ သံသရာဘဝ နောက်နောက်ဘုရားသာသနာ ကြုံကြိုက်ရာမှာအဝိဇ္ဇာဓာတ်ကင်းပြတ်ရန် အခွင့်ကို မျှော်လင့်တောင့်တ၍လည်းကောင်း ဝိဝဋ္ဋနိဿိတ မြောက် လောက်သော ဒါနမှု,သီလမှု,တတ်အားသမျှသော ဘာဝနာမှုများကို ကြိုးစား အားထုတ်ကြကုန်ရာ၏၊

(ဤကား အင်္ဂါ ၁၂-ပါးတို့တွင် သင်္ခါရအင်္ဂါ ဒုက္ခသစ္စာသဘောကို ပြဆိုသော အခန်းတည်း။)

ကြွင်းသော အင်္ဂါတို့မှာလည်း ထိုထိုအင်္ဂါ၏ လင်္ကာပိုဒ်၌ အဖြေ တို့မှာထင်ရှားစွာပြဆိုခဲ့ပြီ။ ဤသို့လျှင် လောက၌ ပုဂ္ဂိုလ်, သတ္တဝါဟု ထင်မြင်၍နေကြသော ဒြဗ်သဏ္ဌာန်ကိုလည်းကောင်း၊ ထိုဒြဗ် သဏ္ဌာန် တို့၏လည်းကောင်း, မကောင်းသော အပြုအမူ, အကြံအဖန်, အမှု ခပ်သိမ်းတို့ကိုလည်းကောင်း ဝိဇ္ဇာဉာဏ်ဖြင့် အမှန်ပြု၍ သတ္ထုချသည် ရှိသော် အဝိဇ္ဇာဓာတ်သား ဓာတ်မှန်,ဓာတ်နု,ဓာတ်ဓာတ်သား ၁၂-ပါး သာရ၏၊ ဓာတ်သား ၁၂-ပါးကို ပိုင်ပိုင်မြင်သည်ရှိသော် လူ, နတ်, ဗြဟ္မာ, သတ္တဝါ, ပုဂ္ဂိုလ်ဟူ၍ ဓာတ်သဘာဝအားဖြင့် မရှိကြောင်း ထင်ရှားရာ၏၊

သတ္တဝါမရှိ ဓာတ်သာရှိခြင်း

မြေဓာတ်သည် အသီးအခြား ဓာတ်သဘာဝအားဖြင့် ထင်ရှားရှိ၏၊ ရေဓာတ်သည် အသီးအခြား ဓာတ်သဘာဝအားဖြင့် ထင်ရှားရှိ၏၊ မီးဓာတ် သည် အသီးအခြား ဓာတ်သဘာဝအားဖြင့် ထင်ရှားရှိ၏၊ လေဓာတ်သည် အသီးအခြား ဓာတ်သဘာဝအားဖြင့် ထင်ရှားရှိ၏၊ စိတ်ဟူသော ဝိညာဏ် ဓာတ်လည်း အသီးအခြား ဓာတ်သဘာဝအားဖြင့် ထင်ရှားရှိ၏၊ ဤသို့ အစရှိသည်ဖြင့် ပရမတ္ထဓမ္မတို့မှာ ဓာတ်သဘာဝအားဖြင့် အသီးအခြား ရှိကြကုန်၏၊ ပုဂ္ဂိုလ်ဓာတ် ဟူ၍ကား အသီးအခြားမရှိ၊ သတ္တဝါဓာတ်ဟူ၍ မရှိ၊ နတ်ဓာတ်ဟူ၍ မရှိ၊ ဗြဟ္မာဓာတ်ဟူ၍ မရှိ၊ မိန်းမဓာတ်ဟူ၍ မရှိ၊ ယောက်ျားဓာတ်ဟူ၍ မရှိ၊ ငါဓာတ်ဟူ၍ မရှိ၊ သူဓတ်ဟူ၍ မရှိ။။ မိုက်မဲသော အဝိဇ္ဇာဓာတ်သာ ရှိသည်၊ မိုက်မဲသော ပုဂ္ဂိုလ်, သတ္တဝါ ဓာတ်ဟူ၍ မရှိ၊ မိုက်မဲသော လူဓာတ်, နတ်ဓာတ်ဟူ၍လည်း မရှိ။

လူမှာလည်း မည်သူမည်ဝါဟူ၍ နာမအသီးသီး မှည့်ခေါ်ကြ ကုန်၏၊ တိဿဟူ၍ခေါ်ကြကုန်၏၊ တိဿဓာတ်ဟူ၍ မရှိ၊ ဖုဿဟူ၍ ခေါ်ကြကုန်၏၊ ဖုဿဓာတ်ဟူ၍ မရှိ၊ ဦးခေါင်းဟူ၍ ခေါ်ကြကုန်၏၊ ဦးခေါင်းဓာတ် မရှိ၊ ဆံပင်ဟူ၍ ခေါ်ဆိုကြကုန်၏၊ ဆံပင်ဓာတ်ဟူ၍ မရှိ၊ ဤသို့ စသည်ဖြင့် နှံ့အောင်သွားလေ။။ ဓာတ်မျှသာလျှင် ဧကန် ရှိမှန်၏၊ ဓာတ်မဟုတ်သမျှသည် ဧကန်ရှိ မဟုတ်၊ စိတ်ဝိညာဏ် လှည့် ပတ်မှုကြောင့် မရှိသည်ကို အရှိထင်၍နေကြ၏၊ မဟုတ်သည်ကို အဟုတ် ထင်၍ နေကြရ၏၊ အဝိဇ္ဇာဖုံးလွှမ်းမှုကြောင့် အဟုတ်မရှိသော ဓာတ်မျိုးစု များကို မသိကြ, မမြင်ကြ။ အထည်သဏ္ဌာန် ဖြစ်နေမှု, ကြီးမှု, ပွားမှု, တိုးမှု, ဆုတ်မှု, လှုပ်မှု, ရှားမှု, အေးမှု, ပူမှုအစရှိသော ခပ်သိမ်းသော အမှုဟူသမျှသည် ဓာတ်တို့၏ အမှုချည်းသာတည်း၊ သူ့ဓာတ်နှင့် သူ့ အမှုသာတည်း၊ ပုဂ္ဂိုလ်အမှုဟူ၍ တစ်ခုမျှမရှိ၊ သတ္တဝါအမှုဟူ၍ တစ်ခုမျှ မရှိ၊ အလွန်သိထိုက်လှသော အချက်မျိုးဖြစ်၍ အထပ်ထပ် ဆိုလိုက် သည်။

ဓာတ်အမျိုးမျိုး အခြားခြားကို ခြားခြားနားနား မမြင်နိုင်သည် ရှိသော် ပုဂ္ဂိုလ်ရှိ၏, သတ္တဝါရှိ၏ဟူသော အထင်အမြင်သည် မပျောက်၊ ထိုအထင်အမြင် မပျောက်သည်ရှိသော် ပဋိစ္စသမုပ္ပါဒ်စကားကို ပြောဟော ၍ နေသော်လည်း ထိုသူမှာ ပဋိစ္စသမုပ္ပါဒ်ကို မြင်နိုင်သောဉာဏ် မကပ်။ အလီလီ အလာလာ အမျိုးမျိုးရှိနေကြသော ဓာတ်အနုပ်အဖွဲတွေကို ခွဲခွဲခြမ်းခြမ်း မြင်နိုင်မှ ပဋိစ္စသမုပ္ပါဒ်ဉာဏ် ကပ်သတည်း။

(ဤကား ဤဒေသနာတော်ဖြင့် ပုဂ္ဂိုလ်သတ္တဝါဟူ၍ မရှိကြောင်း၊ အနမတဂ္ဂသံသရာ စကြဝဠာအနန္တ, ကမ္ဘာအနန္တမှာ အဝိဇ္ဇာဓာတ်, သင်္ခါရ ဓာတ်, ဝိညာဏ်ဓာတ်, နာမ်ဓာတ်, ရုပ်ဓာတ်, သဠာယတနဓာတ် အစရှိ သော ၁၂-မျိုးသောဓာတ်စုသည်သာလျှင် သံသရာဖြစ်၍, လူခန္ဓာဖြစ်၍, နတ်ခန္ဓာဖြစ်၍, ဗြဟ္မာခန္ဓာဖြစ်၍ နေကြောင်းကို မြတ်စွာဘုရား ပြတော် မူသည်ဟု ပြဆိုချက်ပေတည်း။)

ထိုသို့ ပြတော်မူသဖြင့် ဤသို့သော အမှုသွားကို သိရာ၏၊ မိမိရှေ့၌ မရိုမသေ မတော်မလျော် ပြုသည်ကို မြင်ရ၍ ဒေါသဖြစ်သော အခါ ဤသို့ဆင်ခြင်အပ်၏၊ ငါ့၌ ဤဒေါသသည် ဘာကြောင့်ဖြစ်သလဲ၊ အမှုသည် ဘယ်သူလဲ ဟု ဆင်ချင်ရာ၏၊ ဒေါသဓာတ်ကား အင်္ဂါ ၁၂- ပါးတွင် သင်္ခါရအင်္ဂါ အပါအဝင်ပေတည်း။ အဝိဇ္ဇာပစ္စယာ သင်္ခါရာဟု ဟောတော်မူချေသည်၊ ငါ၌ရှိသော အဝိဇ္ဇာကြောင့် ဖြစ်သည်အမှန်၊ အဝိဇ္ဇာသည် ငါ၌ဒေါသဖြစ်အောင်ပြုသောအမှုသည် အမှန်ဖြစ်၏ ဟုမြင်ရာ၏၊ မည်သူကြောင့် ငါဒေါသဖြစ်ရသည်ဟု မသွားလင့်၊ အမှု သည်အစွဲ မမှားစေလင့်။ ဥပမာကား-အနာရှိ၏၊ ညှော်နံ၏၊ အနာ မန်းထ၍ ဖျား၏၊ ဤအဖျားဖြစ်ရသည်မှာ အမှုသည်မှန်ကား မိမိ၏အနာ သည်သာ အမှုသည်မှန်တည်း၊ အနာကိုသာငြိုးရမည်၊ ညှော်လုပ်သော သူသည် အမှုသည်ရင်းမဟုတ်၊ ညှော်လုပ်သော သူကိုမငြိုးသင့်။

ညှော်လုပ်သောသူကိုငြိုးမှုသည် အနာပျောက်ငြိမ်းလမ်းမဟုတ်၊ ရန်ပွားဖို့သာဖြစ်၏၊ အနာကိုငြိုးမှုသည်သာလျှင် အနာပျောက်ငြိမ်းလမ်း အမှန်ပင်ဖြစ်၏၊ အနာကိုငြိုးလျှင် အနာပျောက်စေတတ်သော ဆေးဝါး ကိုမဲ၍ စားလတံ့၊ အနာမရှိခဲ့သော် ညှော်သော်လည်း ကိစ္စမရှိ၊ ထို့ကြောင့် လည်း ညှော်သည် အမှုသည်ရင်းမဟုတ်ဟု သိအပ်၏၊ အနာရှိခဲ့မူ ညှော်မနံသော်လည်း အနာအတွက် ဒုက္ခအထွေထွေဖြစ်ရန် ထိုသူငြိမ်း သည်မဟုတ်၊ ထို့ကြောင့်လည်း ညှော်သည် အမှုသည်ရင်းမဟုတ်၊ အမှု သည်မှန် မဟုတ်၊ ဤဥပမာကို အရာရာတိုင်းမှာ အနှံ့သိလေ။ ဤ ဥပမာအတိုင်း ငါ၌ရှိသော အဝိဇ္ဇာအနာကြောင့် ငါ၌ ဒေါသ သင်္ခါရ အဖျားတက်၍ လာသည်ဟု အမှုသည်မှန်ကို သိရာ၏၊ မနှစ်မြို့သော အသံ စကားကိုကြား၍ ဒေါသဖြစ်ရာ, ကိုယ်အင်္ဂါကို ထိ၍ ဒေါသဖြစ်ရာ, စိတ်မှာကြံဖန်မိ၍ ဒေါသဖြစ်ရာတို့၌လည်း ထိုနည်းတူသိလေ။ မနှစ်မြို့ ဖွယ်ကို မြင်ရ၍ နှလုံးမသာ ဒေါမနဿဝေဒနာဖြစ်ရာ၌ မနှစ်မြို့ဖွယ် ပြုသော ပြသောသူကို အမှုသည်မစွဲလင့်၊ ဖဿပစ္စယာ ဝေဒနာဟု ဟော တော်မူသည်၊ မိမိ၌ရှိသော ဖဿသည်သာလျှင် အမှုသည်ရင်း အမှန်ဖြစ် သတည်း။

အသံစကားကို ကြားရ၍, အနံ့ကို နံ၍, အရသာကို စား၍, စိတ်ထဲမှာ ထိုထိုအခွင့် ကြံဖန်၍ နှလုံးမသာ ဒေါမနဿဝေဒနာ ဖြစ်ရာ တို့၌၎င်း၊ ကိုယ်တွင်းကိုယ်ပ သန္တာန်မှာ မခံသာသော ဒုက္ခဝေဒနာ အမျိုး ဖြစ်ရာတို့၌၎င်း၊ မိမိသန္တာန်မှာရှိသော ဖဿကိုသာ ငြိုးမှ အမှန်ကျသည်၊ ကြွင်းသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါတို့၌လည်း ဤနည်းအတိုင်းသိလေ။ ဤကား ပုဂ္ဂိုလ် သတ္တဝါတို့ကို ထုတ်ဖော် မဟောမူ၍ အဝိဇ္ဇာပစ္စယာ သင်္ခါရာ အစရှိသည်ဖြင့် အဝိဇ္ဇာစသော ဓာတ်သက်သက် ဓမ္မသက် သက်ကိုသာ ထုတ်ဖော်၍ဟောတော်မူသော ဒေသနာမြတ်၏၊ အဓိပ္ပါယ် လိုရင်း အကျဉ်းချုပ်စကားတည်း။

(ဤတွင်ရွေ့ကား ဒုက္ခသစ္စာဖြစ်သော ပဋိစ္စသမုပ္ပါဒ် အင်္ဂါတစ် ဆယ့်တစ်ပါးတို့ကို ဖုံးဝှက်ကွယ်ကာ၍နေသော အဝိဇ္ဇာမှောင်ဓာတ်ကို သတ်၍ ဒုက္ခသစ္စာ၌ ဝိဇ္ဇာဉာဏ်ဖွင့်နည်းကို အကျဉ်းမျှပြဆိုလိုက်သော အခန်းတည်း။)

ဒုက္ခသစ္စာ၌ ဖုံးလွှမ်းသော အဝိဇ္ဇာ တနေ့တခြား ပါးရှားသည် ရှိသော် သမုဒယသစ္စာ၌ ဖုံးလွှမ်းသော အဝိဇ္ဇာ နိရောဓ သစ္စာ၌ ဖုံးလွှမ်း သောအဝိဇ္ဇာ မဂ္ဂသစ္စာ၌ဖုံးလွှမ်းသော အဝိဇ္ဇာ-ဤအဝိဇ္ဇာ သုံးပါးလည်း တနေ့တခြားပါးရှား၍ သွားတော့သည်၊ ဤအဝိဇ္ဇာသုံးပါးအတွက် အလုပ်တခြား မရှိပြီ။

ဥပမာဆိုအံ့--ယောကျ်ားတစ်ယောက်သည် အလွန်အဆင်း သဏ္ဌာန်ကောင်းသော, အလွန်အကျင့်ဆိုးဝါးသော မယား တစ်ယောက် ကို ယူလေ၏၊ အလွန်စုံမက်၏၊ မယားကား လင်ကို ကျွန်ကဲ့သို့ခိုင်းစေ၏၊ ပစ္စည်းဥစ္စာကို များစွာဖြုန်းတီး၏၊ သယောက် လင်မြှောင်အများထား၏၊ ထိုယောကျာ်းကို သတ်လိုသောအကြံ အမြဲတည်၏၊ ထိုသူသည် ထိုကဲ့သို့သော အကျင့် ဆိုးဝါးမှုကို အနည်းငယ်မျှ မရိပ်မိ၊ အဆင်း သဏ္ဌာန်အတွက် ဖုံးလွှမ်းမှု အလွန်ကြီး၍နေ၏၊ ရိပ်မိသူ, သိသူတို့က ပြောသော်လည်း အယုံမရှိ၊ မယား၏စကားကိုသာ ယူ၏၊ ပစ္စည်းဥစ္စာ ရှာဖွေလုပ်ကိုင်မှု အလွန်ပင်ပန်း၍နေ၏၊ မယားကမူကား-ပစ္စည်းဥစ္စာ ရှာဖွေရာမှာ ထိုသူလဲ၍ သေစေလို၏၊ ကာလကြာမြင့်လတ်သော် သိသူ, မြင်သူတို့က ဒိဋ္ဌသက်သေနှင့်တကွ ပြ၍ပြောသောအခါမှ မယား၏ အကျင့်ကို တစတစသိ၍လာ၏၊ ထိုအခါမှစ၍အထူး နှလုံးထားလတ် သော် ဆယ်စုတွင် တစ်စုခန့်သိ၍ လာ၏၊

နှစ်စုခန့်, သုံးစုခန့်, လေးစုခန့်, ထက်ဝက်ခန့်, ခြောက်စုခန့်, ခုနစ်စုခန့်, ရှစ်စုခန့်, ကိုးစုခန့်, ဆယ်စုခန့် အကုန်သိ၍ လာ၏၊ မိမိ အသက်ကိုပင် ကြောင့်ကြ၍လာ၏၊ အကျင့်ကိုသိမှုနှင့် အချစ်ပြယ်မှုကား တပြိုင်တည်းပါလာ၏၊ ဤမယားသည် ငါ၏ဒုက္ခတည်း၊ ဤမယားမှ ကျွတ်လွတ်မှုသည် ငါ၏သုခတည်းဟုသိသော ဉာဏ်နှစ်ပါးလည်း တပြိုင်တည်းပါ၍လာ၏၊ ဤမယားကို စုံမက်ချစ်ခင်မှုကား ဒုက္ခလမ်း တည်း၊ အပြစ်မြင်မှု, စိတ်ကုန်မှုကား သုခလမ်းတည်းဟု သိသော ဉာဏ်လည်း အပြီးပါလာ၏၊ အနမတဂ္ဂသံသရာ မိမိ၏ ခန္ဓာဖြစ်၍လာ သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါဖြစ်သော နာမ်, ရုပ်တရား နှစ်ပါးသည် ထိုမယား နှင့်တူ၏၊ သဗ္ဗညုဘုရား၏ဒေသနာကို ကြားနာရ၍ ထိုအင်္ဂါတို့တွင် တခုခုသောအင်္ဂါ၌ အာဂန္တုဓာတ်သဘော, ပဋိစ္စသမုပ္ပါဒ်သဘော, အနိစ္စ, ဒုက္ခ, အနတ္တသဘော ထင်မြင်မှုသည် ထိုမယား၌ အပြစ်တင်မှုနှင့် တူ၏၊

ထိုထင်မြင်မှုကား သမ္မာဒိဋ္ဌိမဂ္ဂင်တည်း၊ ဤထင်မြင်မှု သည်သာ လျှင် ဝဋ်ဒုက္ခမှ လွတ်လမ်းတည်းဟု သိသောဉာဏ်လည်း ပေါ်၏၊ ထိုအင်္ဂါတို့၌ ဖုံးလွှမ်းသောအဝိဇ္ဇာ တစတစပြယ်လေ၏၊ ထိုအင်္ဂါတို့၌ ငါဟုစွဲလမ်းသော တဏှာသည်လည်း တစ်စတစ်စ ကွာ၍ကျ၏၊ ထို ငါငါဟုစွဲလမ်းမှုသည် ဧကန္တဒုက္ခလမ်းတည်းဟု သိသော ဝိဇ္ဇာဉာဏ်လည်း ပေါ်လာ၏၊ သမုဒယသစ္စာ၌ ဖုံးလွှမ်းသော အဝိဇ္ဇာပြယ်မှုတည်း။ ဤငါငါဟုထင်မြင်သော အဝိဇ္ဇာ, ငါငါဟု ခင်မင်တွယ်တာသော တဏှာ တစ်စတစ်စ ပြယ်မှုသည် နိရောဓသစ္စာ အဖို့တည်း၊ ဤပြယ်မှုသည်သာ ဒုက္ခလွတ်မှုတည်းဟုသိသော ဉာဏ်လည်း ပေါ်၍လာ၏၊ နိရောဓ သစ္စာ၌ဖုံးလွှမ်းသော အဝိဇ္ဇာပြယ်မှုတည်း။

ထိုနာမ်, ရုပ်တရားတို့၌ ထင်မြင်သော သမ္မာဒိဋ္ဌိ ဝိဇ္ဇာဉာဏ်သည် သာလျှင် ထိုအဝိဇ္ဇာစသော ဝဋ်ဒုက္ခတို့မှ လွတ်လမ်းအမှန် ဖြစ်၏ဟုသိ သော ဉာဏ်လည်း ပေါ်လာ၏၊ မဂ္ဂသစ္စာကို ဖုံးလွှမ်းသော အဝိဇ္ဇာပြယ် ပျောက်မှုတည်း။

လိုရင်းအဓိပ္ပါယ်ကား-အဝိဇ္ဇာကို ဓာတ်ပေါက်အောင် မြင်သော ဉာဏ်, ပဋိစ္စသမုပ္ပါဒဓမ္မဟု မြင်သောဉာဏ် ဖြစ်ပေါ်လျှင် အဝိဇ္ဇာကို ငါ, ငါဟု ထင်မြင်သော အဝိဇ္ဇာနှင့် ငါ, ငါဟုစွဲလမ်းသော သက္ကာယဒိဋ္ဌိ ပြယ်လေ၏၊ ထိုအအဝိဇ္ဇာကို အနိစ္စ, ဒုက္ခ, အနတ္တဟု ရှုမြင်သော ဉာဏ် ဖြစ်သောအခါ ထိုအဝိဇ္ဇာကို ခင်တွယ်သိမ်းပိုက်သော တဏှာပြယ်လေ၏၊ ထိုပြယ်မှုစုသည် နိရောဓသစ္စာအဖို့ဖြစ်၏၊ မြင်သောဉာဏ်သည် မဂ္ဂသစ္စာ အဖို့ဖြစ်၏ ဟူလိုသည်။ သင်္ခါရ, ဝိညာဏ် စသည်တို့၌လည်း တစ်ပါးပါးကို ဓာတ်ပေါက်အောင် မြင်ရာ၌ သစ္စာလေးချက်, လေးချက်စီ ပြီးစီးမှုကို သိလေ။

(ဤတွင်၍ကား ဒုက္ခသစ္စာ၌ ဖုံးလွှမ်းသော အဝိဇ္ဇာမှောင်ဓာတ်ကို သတ်လိုက်လျှင် နောက်သစ္စာသုံးရပ်၌ ဖုံးလွှမ်းသော အဝိဇ္ဇာ သုံးရပ်ကို လည်း သတ်ခြင်းကိစ္စ ပြီးစီးကြောင်းကို ပြဆိုသောအခန်းတည်း။ )

နိဗ္ဗာနဓာတ်

ယခုအခါ 'အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရ နိရောဓော'' အစရှိသော ဒေသနာတော်၏ အရသည် နိဗ္ဗာန်တစ်ခု တည်းသာ ဖြစ်သည်ဟူ၍ ဆိုခဲ့သောစကားကို ဆက်၍ပြဆိုအံ့၊ အနာဂါမ် ပုဂ္ဂိုလ်, ရဟန္တာပုဂ္ဂိုလ်တို့၏ စိတ်အလို တစ်မျိုး၊ ထန်းရည်သမား, အရက်သမား, ဘိန်းစားသမားတို့၏ စိတ်အလို တစ်မျိုး၊ လူနှင့်မနီးသော မည့်သည့်တောကြီး, တောင်ကြီးအရပ်သည် အလွန်ဆိတ်ငြိမ်လှ၏၊ အရိပ်, ရေ ချမ်းသာလှ၏ဟူသော စကားကို ပြောဆို ကြားသိရသည်ရှိသော် အနာဂါမ်ပုဂ္ဂိုလ်, ရဟန္တာပုဂ္ဂိုလ်တို့၏ စိတ်မှာ အလွန်သာယာ၏၊ ယခုပင် သွားလို, ရောက်လို၏၊ ရောက်ပြန်လျှင် အလွန် မွေ့လျော်၏၊ ထိုအရပ်မှ မခွါလိုဖြစ်၏၊ ထိုစကားကို ထန်းရည်သမား, အရက်သမား, ဘိန်းစား သမားတို့ ကြားသည်ရှိသော် ချမ်းသာမဟုတ်သည်ကို ချမ်းသာလုပ်၍ ပြောဘိ၏၊ လူနှင့်မနီး တောမြိုင်ကြီးမှာ ဆိတ်ငြိမ်ရာ၌ ဘယ်ဟာ အကောင်းရှိသလဲ၊ ကြောက်ဖွယ်, ထိတ်ဖွယ်ပါတကားဟု မောင်းမဲကြ လေရာ၏၊

ထိုမှတပါး မည်သည့်မြို့, မည်သည့်ရွာ, မည်သည့်နေရာမှာ နေ့ညမစဲ ပွဲကြီး, လမ်းကြီး, ဝတ်ဖွယ်, စားဖွယ်, ခံစား စံစားဖွယ် အလွန် ပေါများလှ၏ဟူသော စကားကို ပြောရာ အနာဂါမ်, ရဟန္တာတို့ ကြားသိ ရသည်ရှိသော် ကြောက်ဖွယ်, ထိတ်ဖွယ်, ငြီးငွေ့ဖွယ်ဟူ၍သာ ထင်၏၊ ထန်းရည်, အရက်, ဘိန်းသမားတို့ ကြားသိရသည်ရှိသော် ယခုပင် ရောက်တဲချင်သည်ဟု စိတ်ဖြစ်လတ္တံ့၊ အဘယ့်ကြောင့် ဤကဲ့သို့ ကွဲလွဲကြ သနည်းဟူမူ- အတွင်းဓာတ်ခံသို့ လိုက်၍ ကွဲလွဲကြသည်။ အနာဂါမ်း, ရဟန္တာတို့စိတ်မှာ နေက္ခမ္မဓာတ် အုပ်စိုးလျက်ရှိသည်၊ နေက္ခမ္မဓာတ်၏ သဘောကား လောဘအာရုံကို အလွန်စက်ဆုပ်၏၊ ထိုသူတို့သည် ချမ်းသာဟူသော စကားကိုကြားလျှင် နေက္ခမ္မဓာတ်နှင့် နားထောင်ကြ ကုန်၏၊ လောဘအာရုံ ပါရှိ၍လာလျှင် ထိုချမ်းသာစကားကို မကြားနိုင် အောင်ရှိကြကုန်၏၊ လောဘအာရုံနှင့် ဝေးကွာသောစကားကို ကြားရမှ နားမှာ ချမ်းသာကို တွေ့ကြကုန်၏၊ သေသောက်ကြူးတို့စိတ်မှာ တဏှာ လောဘ အုပ်စိုး၏၊ တဏှာ၏သဘောကား ဆိတ်ငြိမ်မှုကို အလွန် စက်ဆုပ်၏၊ အလွန်ငြီးငွေ့၏၊

ထိုသေသောက်ကြူးတို့၏ အလယ်မှာ ချမ်းသာဟူသောစကားကို တဏှာနှင့် နားထောင်ကြ၏၊ လောဘအာရုံ ရွှမ်းရွှမ်းစိုပါမှ နား, နှလုံးမှာ တွေ့ကြကုန်၏၊ ဆိတ်ငြိမ်မှုကို ချမ်းသာဆို၍ ပြောခဲ့လျှင် နားကြော နင့်ကြကုန်၏၊ နိဗ္ဗာန်မည်သည် အတုမရှိ ဆိတ်ငြိမ်လှသော သုညတ ဓာတ်ကြီးပေတည်း။ ထို့ကြောင့် နိဗ္ဗာန်စကားကို ကြားနာကြကုန်သော သူတို့မည်သည် နေက္ခမ္မဓာတ် နားနှင့်သာ နာအပ်၏၊ တဏှာဓာတ်နားနှင့် မနာအပ်။ ထို့အတူ အကြင်သူတို့သည် ပုဂ္ဂိုလ်, သတ္တဝါဟူသည် ဧကန် ရှိ၏ဟု ယုံကြည်၏၊ မရှိသည်ကို မယုံကြည်၊ ထိုသူတို့လည်း နိဗ္ဗာန် စကားကို ကြားနာရ၍မနှစ်ခြိုက်မြိုက်။ လူသာမန်, နတ်သာမန်တို့ကို မဆိုထားဘိဦး၊ ဗကအမည်ရှိသော ဗြဟ္မာကြီးသည် မြတ်စွာဘုရား ဟောတော်မူသော နိဗ္ဗာန်စကားကို ကြားရသောအခါ

''တုစ္ဆကညေဝ အဟောသိ၊ ရိတ္တကညေဝ အဟောသိ၊ နိရတ္ထကညေဝ အဟောသိ''-ဟု လျှောက်ဆိုလေ၏၊

တဝ၊ အရှင်ဂေါတမ၏၊ နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။ တုစ္ဆကညေဝ၊ ဘာမှမဟုတ်ပြီ အချည်းနှီးသည်သာလျှင်။ အဟောသိ၊ ဖြစ်၏၊ ရိတ္တကညေဝ၊ တစုံတရာ ရှာကြံမရ အဘာဝသည်သာလျှင်။ အဟောသိ၊ ဖြစ်၏၊ နိရတ္ထကညေဝ၊ ကောင်းကျိုးသုခ မြူမျှမရှိ နိရတ္ထကသည်သာလျှင်။ အဟောသိ၊ ဖြစ်၏၊

ဟု လျှောက်ဆိုလေ၏၊ ဤသို့ ဟောသူလည်း မြတ်စွာဘုရား, နာခံသူလည်း ဗြဟ္မာမင်းကြီး၊ ထိုသို့ဖြစ်ပါလျက် ပုဂ္ဂိုလ်, သတ္တဝါ ဧကန် ရှိ၏ဟု အယူရှိသည့်အတွက် နိဗ္ဗာန်ကို တုစ္ဆ, အဘာဝ, အချည်းနှီး အထင် ကပ်၍ မြတ်စွာဘုရားကိုပင် ခုခံ လျှောက်ထားလေ၏၊ ယခုလိုကာလ သူလို ငါလို ဆရာသာမန် ပုထုဇဉ်တို့ ဟောပြောမှု၌ ဆိုဖွယ်မရှိပြီ။ အလွန်ဘုန်းတန်ခိုး ကြီးလှသော ဗြဟ္မာမင်းကြီးဉာဏ်မှာပင် အချည်းနှီး အဘာဝ, ဘာမှမဟုတ်ဟု ထင်ရ၏၊ ယခုကာလ ကိလေသာ ကျွန် လူသာမန်တို့ ဉာဏ်မှာမူကား ဆိုဖွယ်မရှိပြီ။ အချို့ဆရာတို့ကား ဟောရိုး, ပြောရိုး နိဗ္ဗာန်ကို ဗကဗြဟ္မာကြီးကဲ့သို့ တုစ္ဆ, အဘာဝထင်၍ လက်သစ် နိဗ္ဗာန်ကို ကြံဖန်၍ ဟောကြကုန်၏၊ လူအချို့တို့သည်လည်း ဟုတ်နိုးနိုး ထင်ကြကုန်၏၊

ငါတို့ကား

အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရ နိရောဓော၊ (လ) ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ

ဟူသော ဒေသနာတော်ရင်အတိုင်း မကိုင်းမထောင့် အဖြောင့် အားဖြင့် ရေးသားပြောဆိုပေအံ့။

အနမတဂ္ဂသံသရာ၌ ဓာတ်သဘာဝအားဖြင့် ပုဂ္ဂိုလ်, သတ္တဝါ, ဗြဟ္မာ, နတ်, လူ, ငါ, သူတပါး, ယောကျ်ား, မိန်းမဟူ၍ အဏုမြူမျှ မရှိကြ၊ အဝိဇ္ဇာ, သင်္ခါရအစရှိသော ဓာတ်သဘာဝ ဓမ္မ အစုအခံတွေ သက်သက်သာဖြစ်၏၊ အဝိဇ္ဇာ အစရှိသော သဘာဝဓာတ်မျိုးတည်း၊ 'ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ' ကို ရှုပါ။

တဖွားဖွားဖြစ်ပေါ် ပေါက်ပွား၍နေသော ဒုက္ခက္ခန္ဓ ဓာတ်မျိုး တို့၏ ချုပ်ဆုံးမှု,ဖြစ်ငြိမ်းမှု,ဇာတ်သိမ်းမှု ဆိုလိုသည်၊ အဝိဇ္ဇာပစ္စယာသင်္ခါရာ အစရှိသော အနုလောမ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကား အဝိဇ္ဇာ အစရှိသော သံသရာအဆက်ဆက် လည်မှုကိုပြဆိုသောဒေသနာတည်း။ အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ'အစရှိသော သံသရာ စက် ပြတ်မှု, ချုပ်ဆုံးမှုကို ပြဆိုသောဒေသနာတည်း။

မေး။။ဤသို့ သံသရာလည်မှု,ပြတ်မှု နှစ်လမ်းသာရှိသည်၊ မပြတ်လျှင် လည်၏၊ မလည်လျှင်ပြတ်၏၊ အလည်ကိုကြိုက်သလော၊ အပြတ်ကို ကြိုက်သလော။

ဖြေ။။ အလည်ကိုလည်း မကြိုက်၊ ပြတ်ရုံမျှကိုလည်း မကြိုက်၊ ပြတ်ပြီး၍ မလည်ဘဲ စိတ်နှင့်,ကိုယ်နှင့် အမြဲချမ်းသာ၍နေရသည်ကို ကြိုက်ပါသည် ဆိုငြားအံ့၊ စိတ်ဆိုသည်ကား ဝိညာဏ်တည်း၊ ကိုယ်ဆို သည်ကား နာမ်,ရုပ်တည်း၊ လည်ဓာတ်မျိုးအမှန်ဖြစ်၏၊ မလည်လိုသော် လည်း မနေရ၊ လည်ရမည် ဧကန်တည်း။

မေး။။ ထိုသို့ဖြစ်ခဲ့သော် စိတ်မရှိဘဲ, ကိုယ်မရှိဘဲ အမြဲချမ်းသာ သုခကို ခံစား စံစားနေလိုသည်ဆိုငြားအံ့၊ စိတ်မရှိလျှင် ခံစားပေါက်, စံစားပေါက် မရှိပြီ၊ ခံစားမှု, စံစားမှုဆိုသည်ကား--သုခသောမနဿ ဝေဒနာသာတည်း၊ ထို့ကြောင့် ခံစာမှု, စံစားမှု ရှိပြန်လျှင် ဝေဒနာရှိပြန်၏၊ လည်မှု ဧကန်ဖြစ်ပြန်၏၊ အဘယ့်ကြောင့်ပြတ်ရုံမျှကို မကြိုက်ပါသနည်း။ ဖြေ။။ ပြတ်ရုံမျှဖြစ်ခဲ့လျှင် တုစ္ဆ အဘာဝဖြစ်၍ နေ၏၊ ထို့ကြောင့် မကြိုက်ပါသည်ဆိုပေရာ၏၊ ဗကဗြဟ္မာကြီး၏ အယူမျိုးတည်း။ မေး။။သုညတနိဗ္ဗာန်ဟု ကြားဖူး၏လော။

ဖြေ။။ သုညံ-သုညတံ(အနက်တူ)၊ သုညံ၊ ဆိတ်၏၊ သုညတံ၊ ဆိတ်၏၊ သုညဓမ္မဖြစ်၍ တုစ္ဆဟုထင်ရသည်၊ အဘာဝဟုထင်ရသည်၊ တုစ္ဆဘာဝကိုမကြိုက်လျှင်သုညတကိုလည်း မကြိုက်လတ္တံ့၊ တဖွားဖွား ဖြစ်ပေါ်၍အကောင်အထည်ထင်မြင်ရသော သမုဒယမျိုးကိုသာ ကြိုက် လတ္တံ့၊

တုစ္ဆနှင့်သုညတနှစ်ပါးအထူးကား--သမုဒယဓမ္မမျိူးတို့၏ ဆိတ် ကင်းမှုကို သုညတဆိုသည်၊ နိဗ္ဗာန်၏ဂုဏ်ပုဒ်ကြီးတစ်ခုပေတည်း၊ တစုံ တခုသော အမွန်အမြတ်ဟူ၍ မရှိသည်ကို တုစ္ဆဆိုသည်၊ ထိုသံသရာ စက်ပြတ်မှု, ချုပ်မှုသည်ကား-မွန်မြတ်သော ဂုဏ်ကျေးဇူးအနန္တရှိ၏၊ တုစ္ဆမဟုတ်၊ အဝိဇ္ဇာစသောသမုဒယဓမ္မမျိုးတို့မှ ဆိတ်ကင်းသောကြောင့် သုညတဟုတ်၏၊ မွန်မြတ်သော ဂုဏ်ကျေးဇူး အနန္တရှိပုံကို နောက်မှ ပြဆိုအံ့။

အဘာဝကား မရှိမှုတည်း၊ ဘာဝကား ရှိမှုတည်း၊ အဘာဝ သည်လည်း အမှုမျှပင် လုံးလုံးမရှိသော ပညတ်သက်သက်ဖြစ်သော အဘာဝလည်းရှိသည်၊ စိတ်တရားသည်နိစ္စတည်းဟု သဿတဒိဋ္ဌိကို ယူ၏၊ ထိုနိစ္စသည်သက်သက်မရှိသော အဘာဝမျိုးတည်း၊ စိတ်မှာမြဲမှု ဟူ၍ အနမတဂ္ဂသံသရာ၌ရှိဖူး မဟုတ်၊ အရူပပုဂ္ဂိုလ် နာမ်တရားအတွက် ဘာဝမည်၏၊ ရုပ်တရားအတွက် အဘာဝမည်၏၊ အသညသတ်ပုဂ္ဂိုလ် သည် ရုပ်တရားအတွက် ဘာဝမည်၏၊ နာမ်တရား အတွက် အဘာဝ မည်၏၊ ဤသို့အဘာဝမျိုးလည်းရှိသည်။ 'အဝိဇ္ဇာနိရောဓာ သင်္ခါရ နိရောဓော' အစရှိသည်၌ အဝိဇ္ဇာချုပ်မှုကား ဧကန္တရှိသည်သာဖြစ်၏၊ သင်္ခါရတို့၏ချုပ်မှုလည်း ဧကန္တရှိသည်သာဖြစ်၏၊ လောဘချုပ်မှု, ဒေါသချုပ်မှုစသည် သိလေ။ ထိုချုပ်မှုကား ဘာသဧကန် မှန်၏၊ အဘာဝမဟုတ်၊ ထိုချုပ်မှုမရှိခဲ့သော် အဝိဇ္ဇာချုပ်အောင် ဘယ်လိုပင် ဝိဇ္ဇာဉာဏ်ပွားသော်လည်း အဝိဇ္ဇာချုပ်သည်ဟုမရှိရာ၊ ထိုသို့မရှိသည် မဟုတ်၊ ဝိဇ္ဇာပွားများ အားထုတ်၍ ထမြောက်အောင်သောအခါ အဝိဇ္ဇာ ဧကန္တချုပ်၏၊ ထိုကြောင့် အဝိဇ္ဇာနိရောဓ-အရ အဝိဇ္ဇာချုပ်မှုသည် ဧကန္တရှိသော ဘာဝမှုပင်ဟုသိအပ်၏၊။အရူပပုဂ္ဂိုလ်သည် နာမ်ရှိသည့် အတွက် ဘာဝမှန်၏၊ ရုပ်မရှိသည့်အတွက် အဘာဝဆိုရ၏၊ ထို့အတူ ထိုအဝိဇ္ဇာချုပ်မှုမှာလည်း ချုပ်မှုဧကန္တရှိသည်အတွက် ဘာဝမှန်၏၊ အဝိဇ္ဇာမရှိသည့်အတွက် အဘာဝမှန်၏၊ အညာဝဖြစ်၍ မကြိုက်ပါ သည်ဟူသော စကား၌ကား ထိုသံသရာစက်ပြတ်မှု, ချုပ်ငြိမ်းမှုမှာ တစ်စုံ တစ်ခုသော ဝတ္ထုအထည်မျိုး မရှိသည့်အတွက်နှင့် အဘာဝဆိုသတည်း။ ချုပ်မှုရှိသည်ကား အမှန်ဖြစ်၏၊ ချုပ်မှုအမှန်ရှိသည့်အတွက် ကြောင့် အနမတဂ္ဂသံသရာ၌ ဘုရားဟူ၍ ရှိကြသည်၊ ပစ္စေကဗုဒ္ဓါဟူ၍ ရှိကြသည်၊ ရဟန္တာဟူ၍ရှိကြသည်။ ထိုအဝိဇ္ဇာချုပ်မှုသည် ဧကန်ရှိသော ဘာဝမှုမဟုတ်၊ ဒိဋ္ဌိအယူမှာ စိတ်မြဲမှုမဟုတ် ဝေါဟာရမတ္တသာ ဖြစ်ခဲ့အံ့၊ ပါရမီတို့ကို ဘယ်မျှလောက်ဖြည့်၍ ဘယ်လိုပင် ကျင့်သော်လည်း အဝိဇ္ဇာ မချုပ်သည်သာဖြစ်၍ ဘုရားဟူ၍ မရှိရာ၊ ပစ္စေကဗုဒ္ဓါဟူ၍ မရှိရာ၊ ရဟန္တာဟူ၍မရှိရာ၊ အရိယာဟူ၍မရှိရာ၊ ချုပ်မှုရှိကြောင်းထင်ရှားပြီ၊ ဘာဝဖြစ်ကြောင်းထင်ရှားပြီ၊ ဝေါဟာရမတ္တမဟုတ်၊ ပရမတ္ထဓာတ် သဘာဝဖြစ်ကြောင်း ထင်ရှားပြီ၊ ချုပ်မှုဆိုသည်ကား'ဧဝမေတဿ ကေဝလဿ ဒုက္ခန္ဓဿ နိရောဓောဟောတိ' ဟူသော ဒေသနာတော် မြတ်နှင့်အညီ ဒုက္ခတုံး ဒုက္ခမီးတို့၏ အဘာဝပင်တည်း။

ဘဝချုပ်ငြိမ်းမှု ကိုးကွယ်ရာဌာန

ယခုအခါ ထိုအဘာဝဟု ဆိုအပ်သော ချုပ်ငြိမ်းမှု၏ အကြီး အကျယ်ကိုးကွယ်ရာ ဌာနကြီးဖြစ်ကြောင်းကို ပြဆိုပေအံ့။ သတ္တဝါတို့၏ သန္တာန်မှာ အဝိဇ္ဇာအမှုးရှိသော တစ်ထောင့်ငါးရာသော ကိလေသာ ဓမ္မကုသိုလ် အထုတို့သည် အသီးသီးရှိကြကုန်၏၊ ချုပ်မှုမည်သည် ဓာတ်သဘာဝပရမတ္ထဓမ္မမျိုး မဟုတ်၊ ဝေါဟာရမတ္ထစကားမျှသာ ရှိသည် ဖြစ်ခဲ့အံ့၊ သတ္တဝါအပေါင်းတို့အား ဘယ်လိုပင်အကျင်းကောင်းသော် လည်း မိမိသန္တာန် ကိလေသာဓမ္မတို့၏ ချုပ်မှုဟူ၍ ကိုယ်သန္တာန်မှာ မျက်တောင်တစ်ခတ်မျှ မရှိသည်သာ ဖြစ်ရာ၏၊ မြစ်ရေအလျဉ်ကဲ့သို့ အစဉ်ထာဝရဖြစ်၍သာနေရာ၏၊ ကုသိုလ်စိတ်ဖြစ်ခွင့်ဟူ၍ မျက်တောင် တစ်ခတ်မျှ မရှိရာ၊ ထိုသို့ဖြစ်ခဲ့သော် လူဟူ၍, နတ်ဟူ၍, ဗြဟ္မာဟူ၍ တစ်စုံတစ်ယောက်မျှ မရှိရာ၊ အပါယ်ဘုံသားကြီးဖြစ်ရာ၏၊ ဘုရား, ပစ္စေကဗုဒ္ဓာ အရိယာဖြစ်ရန် အခွင့်ဝေးလှလေရာ၏၊

ဤသို့ကား မဟုတ်၊ ကိလေသာချုပ်မှုဟူသည် ဧကန္တရှိသော သဘောတရား ဖြစ်ပေသောကြောင့် တဒင်္ဂချုပ်မှုကို ခိုကိုး၍ လူဖြစ်ပေါက်, နတ်ဖြစ်ပေါက်ကို လုပ်ကြံကြရသည်၊ ဝိက္ခမ္ဘနချုပ်မှုကို ခိုကိုး၍ ဗြဟ္မာ ဖြစ်ပေါက်ကို လုပ်ကြံကြရသည်။ ထိုတဒင်္ဂချုပ်မှု, ဝိက္ခမ္ဘနချုပ်မှုကို ခိုကိုး၍ အရိယာသာဝကဖြစ်ပေါက်, ပစ္စေကဗုဒ္ဓါဖြစ်ပေါက် သဗ္ဗညုဘုရား ဖြစ်ပေါက်ကို လုပ်ကြံကြရသည်။ ထိုသို့သော ချုပ်မှု ပရမတ္ထအားဖြင့် ထင်ရှားရှိပေသည့်အတွက်ကြောင့် လောက၌ လူဟူ၍ရှိကြသည်၊ နတ်ဟူ၍ ရှိကြသည်၊ ဗြဟ္မာဟူ၍ရှိကြသည်၊ ဘုရား ပစ္စေကဗုဒ္ဓါ အရိယာဟူ၍ရှိကြလေသည်။ ဤစကားရပ်ဖြင့် တစ်ထောင့်ငါးရာ ကိလေသာ အပြည့်နှင့်နေကြသော သတ္တဝါတို့မှာ ကိလေသာချုပ်မှုသည် အကြီးအကျယ် ကိုးကွယ်ရာကြီးဖြစ်ကြောင်းကို ပြဆိုသောစကားတည်း၊ ထို့အတူလောက၌ မျက်စိရောဂါမည်သည်ရှိ၏၊ မျက်စိရောဂါချုပါမှု လည်းရှိ၏၊ မျက်စိရောဂါဖြစ်နေသောသူမှာ မျက်စိချုပ်မှုသည် ကိုးကွယ် ရာကြီး ဖြစ်၏၊

ဆေးဝါး ကုစားမှုဆိုသည်မှာ အနာချုပ်ငြိမ်းမှုဟူ၍ အမှန်အား ဖြင့်ထင်ရှားရှိနေသောကြောင့်သာ အသုံးကျသည်။ အနာချုပ်ငြိမ်းမှု ဟူသည် မရှိက အသုံးမကျသည်သာ ဖြစ်၏၊ ဆေးဝါးကုစားဖွယ်မရှိ၊ ထို့ကြောင့်မျက်စိနာဖြစ်သောသူမှာ မျက်စိနာချုပ်ငြိမ်းမှုသည်သာ ကိုး ကွယ်ရာ အစစ်ဖြစ်သတည်း။

ဤနည်းအတိုင်း လောက၌ ကိုးဆယ့်ခြောက်ပါးသော အနာ ပျောက်ငြိမ်းမှု အစရှိသည်ဖြင့် သိလေ။

ဤမျှသောအရိပ်အမြွက် ပြဆိုချက်ဖြင့် တစ်လောကလုံး၌ တစ်ယောက် တစ်ယောက်သော သတ္တဝါမှာ တစ်ထောင့်ငါးရာမျှသော ကိလေသာဘေး, ကိုးဆယ့်ခြောက်ပါးသော အနာရောဂါဘေး အစရှိ သည်တို့နှင့်တကွ ကျင်လည်၍နေကြရသောအရာမှာ ချုပ်ငြိမ်းမှုအသီးသီး ရှိကြပေ၍သာကိုးကွယ်ရာရှိကြတော့သည်။ ချုပ်ငြိမ်းမှုဟူ၍ မရှိက ကိုးကွယ်ရာမရှိပြီဟူသော အနက်ကို သိကြရသဖြင့် ထိုသို့သော နိရောဓမှု, အဘာဝမှုတို့မှာ အလွန်မွန်မြတ်သော ဂုဏ်ကျက်သရေ အနန္တရှိကြောင်း များသည် ထင်ရှားသင့်လေပြီ။

နိရောဓ-အဘာဝမှုကြီး

ယခုအခါ အသင်္ခတဖြစ်သော နိရောဓမှုကြီး, အဘာဝမှုကြီးကို ကွက်ခြား၍ ပြဆိုပေအံ့။ အမြင့်ယူဇနာ တရာခန့်ရှိသောသံစက်ဘီးကြီး တစ်ခုသည် ရှိသတတ်၊ အောက်၌ ရဲရဲတောက် လျှမ်းလျှမ်းတောက်သော သံပူရေတိုဖြင့်ပြည့်သော သမုဒ္ဒရာသည်ရှိ၏၊ စက်ဘီးကြီးသည် ထို သမုဒ္ဒရာထဲ၌ ယူဇနာ ငါးဆယ် မြုပ်၏၊ အနှစ်နှစ်ရာမှ တစ်ပတ် တစ်ပတ် ရရုံ အမြဲလည်၍ နေ၏၊ ထိုစက်ဘီးမှာ ကြိုးကိုယ်စီနှင့် ချည်ဖွဲ့ကာ စီး၍ ပါ၍ နေကြကုန်သော သတ္တဝါတို့လည်း အနန္တများပြား၏၊ ဘီးလည်ရာ သံပူ ရေထဲသို့ မြုပ်သော အလှည့်, ပေါ်သောအလှည့် အစဉ်အတိုင်း ပါကြရ၏၊ မြုပ်လှည့်ကျသော သူတို့မှာ အနှစ် တစ်ရာတိုင်မှ ပေါ်ကြ ကုန်၏၊ ပေါ်လည့်ကျသော သူတို့မှာ အနှစ်တစ်ရာတိုင်လျှင် မြုပ်လှည့် ဆိုက်ကြကုန်၏၊ ပေါ်လှည့်ကျသော သူတို့မှာ အလွန်ပျော်မွေ့စွာ ခံစား စံစားကြရ၏၊ မြုတ်လှည့်ကျသော သူတို့မှာ သံပူရေ လောင်စွဲ၍ မီးခဲ, မီးတောက်အတိဖြစ်၍ နေကြကုန်၏၊

- ဤ 'အဝိဇ္ဇာပစ္စယာ သင်္ခါရာ' အစရှိသည်ဖြင့် ဟောတော် မူအပ်သော သံသရာ စက်ကြီးသည်လည်း ထိုသံစက်ဘီးကြီး နှင့် တူလှ၏၊

- သုဂတိဘုံစုသည် သံစက်မှာ အထက်ယူဇနာ ငါးဆယ် အဖို့နှင့် တူလှ၏၊

- အပါယ်လေးဘုံစုသည် အောက်ယူဇနာ ငါးဆယ်အဖို့နှင့် တူ၏၊

- ပုထုဇဉ်သတ္တဝါတို့သည် ထိုစက်မှာ ပါရှိသော သတ္တဝါစုနှင့် တူ၏၊

- အဝိဇ္ဇာ တဏှာနှင့်တကွသော 'ငါ-ငါ-ငါ-ငါ-'ဟု ထင်မြင် စွဲလမ်းသော သက္ကာယဒိဋ္ဌိကြီးသည် ထိုသူတို့မှာ ဖွဲ့ချည်၍ နေသော ကြိုးလွန်နှင့် တူ၏၊

ထိုစက်ကြီးမှာ ပေါ်လှည့်ကျသော သူတို့မှာ တစ်နေ့ထက်တစ်နေ့ မြုပ်ခွင့်သို့ နီး၍သွား၏၊ မြုပ်လှည့်ကျသော သူတို့မှာ တစ်နေ့ထက်တစ်နေ့ ပေါ်ခွင့်သို့ နီး၍သွား၏၊ ထို့အတူ သံသရာစက်မှာလည်း လူ့ပြည်, နတ် ပြည်, ဗြဟ္မာ့ပြည်မှာ အလှည့်ကျကုန်သော ပုထုဇဉ်သတ္တဝါ ဗြဟ္မာ, နတ်, လူတို့မှာ အပါယ်ကျခန်းသို့ တစ်နေ့ထက်တစ်နေ့ နီး၍သွား၏၊

ယခုဘဝ သူတော်ကောင်းတရား အားကြီးလှ၍ ဘဝတစ်ရာ, ဘဝ တစ်ထောင်ပင် သုဂတိဘုံမှာ ဆက်လက်ကာ နေရခွင့် ရှိသော်လည်း အပါယ်ကျလှည့်သို့ နီးမှုရှိသည်သာလျှင်တည်း၊ အဘယ်ကြောင့်နည်းဟူမူ ရင်ထဲမှာ သက္ကာယဒိဋ္ဌိ ပါရှိလျက် နေသဖြင့် အပါယ်တံခါးဟင်းလင်းနှင့် အပါယ်စာရင်း မပျက်ချေသောကြောင့်တည်း။ ထို့အတူ အပါယ်သို့ ကျ၍ ဘဝတစ်ရာ, ဘဝတစ်ထောင်, ဘဝတစ်သောင်း အပါယ်ဘုံမှာချည်း ဆက် လက်ကာ နေရခွင့်ရှိသော်လည်း သုဂတိသို့ လားခွင့်နီးမှု ရှိနေသည်သာ တည်း။ အဘယ်ကြောင့်နည်းဟူမူ-ကုသိုလ်အခွင့်လည်း ရှိပြန်သော ကြောင့်တည်း။ သို့သော်လည်း သုဂတ်ဘုံမှာ ဘဝများစွာ ဆက်လက်သူ ကား အလွန်နည်းပါးလှ၏၊ တစ်ထောင်, တစ်သောင်းမှာ တစ်ယောက်ကျ မရှိလို၊ အပါယ်သို့ တစ်ခါကျမိလျှင် ငရဲအမျိုးမျိုး, ပြိတ္တာအမျိုးမျိုး, တိရစ္ဆာန်အမျိုးမျိုး ဘဝတွေဆက်လက်၍ နေသူသာ များလှချေ၏၊

အဘယ်ကြောင့်နည်းဟူမူ-ဘဝများစွာ ကမ္ဘာအဆက်ဆက်၌ အမိုက်မိုက် အမှားမှား ဒုစရိုက်တရားနှင့်လာခဲ့သော ဘဝတို့သာ များကြ သဖြင့် တစ်ယောက်တစ်ယောက်မှာ အပါယ်ကျရန် အပရာပရိယ ကံပေါင်းအသင်္ချေ, အနန္တရှိပါလျက် နေကြ၏၊ ထို့ကြောင့် အနည်းငယ် သော အဘိဇ္ဈာမှု, ဗျာပါဒမှု အစရှိသည်နှင့် အပါယ်သို့ ကျလေရာ ထိုကံကုန်သော်လည်း မလွတ်ရဘဲ အပရာပရိယကံဟောင်းတွေ ဆက် လက်၍ နေသည့်အတွက် ကမ္ဘာပျက်မှပင် လွတ်ကြလတ္တံ့သော သတ္တဝါ ပေါင်းအသချေယျ အနန္တရှိသည်ဟု သမ္မောဟဝိနောဒနီ အဋ္ဌကထာ တွင်လာသည်။

ခြ, ပုရွက်တို့နှင့် နှိုင်းစာက မပြောနိုင်

သုဂတိဘုံသို့ ရောက်မှုမည်သည် သေခါနီးအခါ၌ ကုသိုလ်စိတ် ဝင်စား၍ သေမှ ရောက်နိုင်သည်ဟု ဟောတော်မူသည်။ အပါယ်ဘုံ သားတို့အား ကုသိုလ်စိတ်ဝင်စားနိုင်ရန် အခွင့်ဘယ်မျှလောက် နည်းပါး သည်ဟု ဆင်ခြင်ပါကုန်၊ ထို့ကြောင့် အပါယ်သို့ တစ်ခါကျရောက်၍ သွားခဲ့လျှင် သုဂတိသို့ ပြန်လာရန် အခွင့်သည် အလွန်ခဲယဉ်းလှလေ သတည်း။

ယခုအခါ ဇမ္ဗူဒီပါ တစ်ကျွန်းလုံး၌ ရှိသောသူတို့ကို အကုန်ရေတွက် သော်လည်း တစ်ခုသော တောအရပ်မှာရှိသော ခြသတ္တဝါ တစ်မျိုး လောက်မျှ ရှိမည်မဟုတ်၊ ဤစကြာဝဠာရှိ နတ်ပြည်ခြောက်ထပ် နတ်တို့ကို အကုန်ရေတွက်သော်လည်း တစ်ခုသောတောင်မှာရှိသော ခြသတ္တဝါ တစ်မျိုးလောက်မျှ ရှိမည်မဟုတ်၊ ဤစကြာဝဠာပေါ်ရှိ ဗြဟ္မာ့ဘုံနှစ် ဆယ်မှာ ဗြဟ္မာတို့ကို အကုန်ရေတွက်သော်လည်း တစ်ခုသော တောမှာ ရှိသော ပုရွက်ဆိတ် သတ္တဝါတစ်မျိုးလောက်မျှရှိမည် မဟုတ်၊ ခြ, ပုရွက် ဆိတ်တို့မှတပါး အမျိုးအားဖြင့်ပင် ကုန်းသတ္တဝါ အနန္တရှိသေး၏၊ ရေ သတ္တဝါမှာ ဆိုဖွယ်မရှိ။

လူ့ပြည်, နတ်ပြည်ခြောက်ထပ်, ဗြဟ္မာနှစ်ဆယ်ကို အကုန်စုသော် လည်း မြန်မာနိုင်ငံရှိ ပုရွက်ဆိတ်သတ္တဝါ တစ်မျိုးကိုပင် မှီမည်မဟုတ်။ ဤသို့ သုဂတိဘုံ သတ္တဝါနှင့် ဒုဂ္ဂတိဘုံသတ္တဝါတို့ အနည်းအများ ကွာလှမ်းကြပုံကို ဆ-ရမ်း၍ သိရ၏၊

မြတ်စွာဘုရားကား လက်သည်းတော်ပေါ်မှာ မြေမှုန့်ကို တင်ပြ၍''ငါ၏ချစ်သား ရဟန်းတို့-မဟာပထဝီမြေကြီးနှင့် ဤငါ၏ လက်သည်း ပေါ်မှာ တင်ထားသော မြေမှုန့်သည် အဘယ်က များသနည်း'' ဟု မေး တော်မူ၍ ''သေသမျှ သတ္တဝါစုတွင် သုဂတိသို့ ရောက်သော သတ္တဝါကား လက်သည်းပေါ်မှာရှိသော မြေမှုန့်ကဲ့သို့ အလွန်နည်းပါးလှ၏၊ ဒုဂ္ဂတိသို့ ရောက်သောသတ္တဝါကား မဟာပထဝီမြေကြီးရှိ မြေမှုန့်အလားကဲ့သို့ အလွန်များပြားလှ၏'' ဟုဟောတော်မူသည်ကို ထောက်သဖြင့်လည်း လူ, နတ်, ဗြဟ္မာဟူသော သုဂတိ ၂၇-ဘုံရှိ သတ္တဝါတို့ထက် အပါယ်လေးဘုံရှိ သတ္တဝါတို့က အဆအသင်္ချေ, အဆ ဆယ်သင်္ချေ, အဆ သင်္ချေတစ်ရာ, သင်္ချေတစ်ထောင်, သင်္ချေတစ်သောင်း, သင်္ချေတစ်သိန်းမက များပြား ကြောင်းကို သိသင့်၏၊

ဤသို့ သိရသဖြင့်လည်း အလောင်းတော်ကြီးများမှ တပါး ပကတိ သော ပုထုဇဉ် သတ္တဝါတို့၏ ဘဝအလားသည် အပါယ်ဘုံမှာ ဘဝတစ်ရာ, တစ်ထောင်မှ လူ့ဘုံမှာ တစ်ဘဝ၊ အပါယ်ဘုံမှာ ဘဝတစ်သောင်း, တစ်သိန်းမှ နတ်ဘုံမှာ တစ်ဘဝရနိုင်သော သတ္တဝါပင် အလွန်နည်းလှ ရန်ရှိသည်။

ဤကား အပါယ်သို့ တစ်ခါတစ်ခေါက် ကျရောက်၍များ သွားခဲ့ လျှင် သုဂတိဘဝသို့ ပြန်ရောက်ရန် စခန်း အလွန်ဝေးလှပုံကို ပြဆိုသော ယုတ္တိစုတည်း။

ငရဲကြီး ရှစ်ထပ်နှင့်တကွ အနန္တ ငရဲတွေအခန်း, အနန္တ ပြိတ္တာတွေ အခန်း, အသုရကာယ်တွေ အခန်းကို ကျမ်းဂန်တို့မှာ များစွာလာ၏၊ ကျယ်အံ့စိုး၍ မရေးလိုက်ပြီ။

''ငရဲဘုံ, ပြိတ္တာဘုံ, အသုရကာယ်ဘုံတို့၌ ဒုက္ခကြီးကျယ်ပုံကို သဗ္ဗညုတဉာဏ်ဖြင့်ကြည့်၍ တစ်သက်ပတ်လုံး ဟောသော်လည်း ဆုံးနိုင် ရန် မရှိ'' ဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏၊ ဤသို့လျှင် သူသူ, ငါငါ ပုထုဇဉ် သတ္တဝါတို့သည် ဤကမ္ဘာအတွင်းမှာပင် လူ့ဘဝ, နတ်ဘဝ အနည်းငယ်နှင့် အပါယ်ဘဝသာ အသင်္ချေယျ, အနန္တများပြား၍ နေကြပုံ, ကမ္ဘာတိုင်း ကမ္ဘာတိုင်းမှာလည်း ဤနည်းချည်းဖြစ်၍ နေကြပုံကို သိကြ ကုန်ရာ၏

အဝိဇ္ဇာချုပ်မှုသာ ပုန်းအောင်း ကိုးကွယ်ရာ

ဖုံးကွယ်ခြင်းတရား နည်းပါးသဖြင့် ထိုကဲ့သို့သော သံသရာ ဘေး ကြီးအနန္တကို သိမြင် ကြောက်လန့်ကုန်သော ပညာရှိ သူမြတ်တို့သည် ထိုဘေးကြီး အနန္တမှ လွတ်ကင်းရန် အခွင့်ကို ရှာကြကုန်သည်ရှိသော် မိမိ သန္တာန်မှာရှိသော အဝိဇ္ဇာချုပ်မှုမှတပါး လွတ်ကင်းခွင့်မရှိ-ဟု သိကြ လေကုန်၏၊ အကယ်၍ အဝိဇ္ဇာချုပ်မှုမည်သည် အဟုတ်ရှိသော ဓာတ် သဘာဝမျိုး မဟုတ်၊ ပါးစပ်ပြောရုံ ဝေါဟာရပညတ်မျိုး ဖြစ်ခဲ့အံ့၊ အဝိဇ္ဇာ ကိုချုပ်အောင် အားထုတ်သော်လည်း အဟုတ်ချုပ်မှု မရှိလေရာ၊ ထိုသို့ အဟုတ်ချုပ်မှု မရှိခဲ့သည်ရှိသော် ထိုသံသရာဘေးကြီး အနန္တမှ လွတ်ခွင့် ဟူ၍ မရှိပြီ၊ အဝိဇ္ဇာကို အဆုံးတိုင်ချုပ်အောင် အားထုတ်ခဲ့လျှင် အဝိဇ္ဇာ ချုပ်မှု ဧကန်ရှိပေ၍သာလျှင် ထိုဘေးကြီးမှ လွတ်ခွင့် ရနိုင်ကြရန်သတည်း၊ ထို့ကြောင့် အဝိဇ္ဇာချုပ်မှု တစ်ခုတည်းသာလျှင် အနမတဂ္ဂသံသရာ၌ ပညာရှိ အနန္တတို့၏ ကိုးကွယ်ရာကြီး အမှန်ဖြစ်၏၊

ထိုသံသရာဘေးကြီး အနန္တကို ကြောက်လှ၍ ကိုးကွယ်ရာကို ရှာသော် ထိုအဝိဇ္ဇာချုပ်မှု တစ်ခုသာရှိ၏၊ ထိုသံသရာဘေးကြီး အနန္တမှ လွတ်ကင်းခြင်းငှါ ပုန်းအောင်းရာကိုရှာသော် ထိုအဝိဇ္ဇာချုပ်မှု တစ်ခုသာ ပုန်းအောင်းရာ ရှိ၏၊ ငရဲဘေးစသည်နှင့် စပ်လျဉ်း၍ စိုးရိမ်ကြောင့်ကြ ကင်းရှင်းစွာ လဲလျောင်းရာကို ရှာသော် ထိုအဝိဇ္ဇာချုပ်မှု တစ်ခုသာ လဲလျောင်းရာ ရှိ၏၊ လူ့ချမ်းသာ၌ လေးကျွန်းလုံးကို အစိုးရသော စကြာ မန္ဓာတ်မင်း စည်းစိမ်ချမ်းသာသည် အလွန်ဆုံး ဖြစ်၏၊ ထိုသိကြား မန္ဓာတ်မင်း ချမ်းသာသည် အနိစ္စဓမ္မ ဖြစ်၍ အဆုံးမှာ ငရဲဘေးအနန္တ ဆက်လျက်ရှိ၏၊ ပြိတ္တာဘေး အနန္တဆက်လျက်ရှိ၏၊ အသုရကာယ်ဘေး အနန္တ ဆက်လျက်ရှိ၏၊ တိရစ္ဆာန်ဘေး အနန္တ ဆက်လျက်ရှိ၏၊ အဝိဇ္ဇာ ချုပ်မှုသည် ငရဲဘေး အနန္တကို အကုန်ငြိမ်းစေနိုင်၏၊ ပြိတ္တာဘေး အနန္တကို အကုန်ငြိမ်းစေနိုင်၏၊ အသုရကာယ်ဘေး အနန္တကို အကုန်ငြိမ်းစေနိုင်၏၊ တိရစ္ဆာန်ဘေး အနန္တကို အကုန်ငြိမ်းစေနိုင်၏၊

ထိုကြောင့် အဝိဇ္ဇာချုပ်ငြိမ်းမှု သုခသည် စကြာမန္ဓာတ် သုခထက် အဆအသင်္ချေ လွန်မြတ်၏၊ ထို့အတူ နတ်ပြည်ခြောက်ထပ် နတ်မင်း, သိကြားမင်း စည်းစိမ်ချမ်းသာသည်လည်း အဆုံးမှာ ငရဲဘေး အနန္တဆက် လျက်ရှိ၏၊ ပြိတ္တာဘေး အနန္တ ဆက်လျက်ရှိ၏၊ အသုရကာယ်ဘေး အနန္တဆက်လျက်ရှိ၏၊ တိရစ္ဆာန်ဘေး အနန္တဆက်လျက်ရှိ၏၊ အဝိဇ္ဇာ ချုပ်မှုသည် ထိုအနန္တဘေးတွေကို အကုန်ငြိမ်းစေကုန်၏၊ ထိုကြောင့် အဝိဇ္ဇာချုပ်မှု သုခသည် နတ်ပြည်ခြောက်ထပ် နတ်မင်း, သိကြားမင်း သုခထက် အ အသင်္ချေ လွန်မြတ်၏၊ စကြဝဠာ တစ်ထောင်ကို ကိုယ် ရောင်ဖြင့် ထွန်းလင်းစေနိုင်သော ဗြဟ္မာမင်းချမ်းသာ, စကြဝဠာ တစ်သောင်းကို ကိုယ်ရောင်ဖြင့် ထွန်းလင်းစေနိုင်သော ဗြဟ္မာမင်း ချမ်းသာ,စကြဝဠာတသိန်းကို ကိုယ်ရောင်ဖြင့် ထွန်းလင်းစေနိုင်သော ဗြဟ္မာမင်းချမ်းသာတို့သည်လည်း အဆုံးမှာ ငရဲပြိတ္တာ, အသုရကာယ်, တိရစ္ဆာန်ဘေးအနန္တတွေ ဆက်လျက်ရှိကုန်၏၊

ထို့ကြောင့်ဗြဟ္မာသုခတို့ထက် အဝိဇ္ဇာချုပ်မှု သုခသည် အဆ အသင်္ချေလွန်မြတ်၏၊ စကြာမန္ဓာတ်မင်းသုခ, နတ်မင်း, သိကြားမင်း သုခသည် နှစ်ကာလပရိစ္ဆေဒရှိ၏၊ နှစ်ကာလပရိစ္ဆေဒ စေ့သည့်အခါ ခန္ဓာနှင့်တကွပျက်ဆုံး၍ ခွေး,ဝက်,ကြက်,ငှက်, ,သန်း, ကြမ်းပိုး စသည် ဖြစ်ရပြန်၏၊ အဝိဇ္ဇာချုပ်မှုသည်လည်း ချုပ်သောအခါမှ စ၍ နိစ္စဖြစ်၍ တည်၏၊ အနမတဂ္ဂပင်ကြာသော်လည်း ပျက်သည်ဟူ၍မရှိပြီ။ ချုပ်မှု ကွယ်ပျောက် ပျက်ဆုံး၍ အဝိဇ္ဇာတဖန်ပေါ်လာပြန်သည်, သံသရာဝဋ် ဒုက္ခမှပေါ်၍လာပြန်သည်ဟု မရှိပြီ၊ ခွေး, ဝက်, ကြက်, ငှက်, သန်း, ကြမ်းပိုး စသည်ဖြစ်ရပြန်သည်ဟူ၍ မရှိပြီ၊ ငရဲ,ပြိတ္တာ,အသုရကာယ်သို့ ရောက်ရပြန်သည်၍ မရှိပြီ၊ဤသို့စကြာ မန္ဓာတ်မင်း သုခသည် အနိစ္စဘေး အုပ်စိုးလျက်ရှိသောကြောင့် အမြဲလျှင် အနိစ္စလက်နက်နှင့် ပျက်ပြုန်း ဆုံးပါးရသော ဒုက္ခမျိုးဖြစ်၏၊ အဝိဇ္ဇာချုပ်မှုသည်ကား ထိုအနိစ္စဘေးကို သတ်နိုင်သော သုခမျိုး အစစ်ဖြစ်၏၊ နတ်မင်း,သိကြားမင်း, ဗြဟ္မာမင်း ချမ်းသာတို့ကိုလည်း ထို့အတူဆိုလေ။

စကြာမန္ဓာတ်မင်း ချမ်းသာဆိုရာမှာလည်း ရှေး၌ပြဆိုခဲ့ပြီးသော သေသောက်ကြူး ဥပမာကဲ့သို့ ထိုချမ်းသာကို သာယာတတ်သော တဏှာ ရာဂဓာတ်ခံရှိသော သူတို့မှာသာ ချမ်းသာသုခထင်မှတ်ကြရသည်။ အနာဂါမ် ရဟန္တာပုဂ္ဂိုလ် ဥပမာကဲ့သို့ နေက္ခမ္မဓာတ်ခံရှိသော သူတို့မှာ ရွံဖွယ်, ကြောက်ဖွယ်,လန့်ဖွယ်သာဖြစ်၏၊ ခွေးသေပုပ်သည် အပုပ်ကြိုက် ဓာတ်ခံရှိသော လင်းတတို့မှာ အလွန်နှစ်သက်ဖွယ်သော သုခကြီးဖြစ်၏၊ စင်ကြယ်သော ဓာတ်ခံရှိသော ရွှေဟင်္သာတို့မှာ အလွန်စက်ဆုပ်ဖွယ် ကြီးဖြစ်၏၊

လူကောင်ပုပ် သုသာန်သည် အပုပ်ကြိုက်ဓာတ်ခံရှိသော ခွေး,ကျီး,

လင်းတတို့မှာ အလွန်နှစ်သက် ဖွယ်ပျော်ဖွယ်ကြီး ဖြစ်၏၊ စင်ကြယ်သော ဓာတ်ခံရှိသော လူတို့မှာ အလွန်စက်ဆုပ်ဖွယ်ကြီး ဖြစ်၏၊ ဤဥပမာနှင့် လည်း တူပါ၏၊ စကြာမန္ဓာတ်မင်း စည်းစိမ်ချမ်းသာမည်သည် အဝိဇ္ဇာ, တဏှာ, သက္ကာယဒိဋ္ဌိ အစရှိသော တစ်ထောင့်ငါးရာ ကိလေသာမီးတို့၏ ပွားစီးတောက်လောင်ရာမီးစာ ထင်းမှိုက်တို့သာဖြစ်ကုန်၏၊ အဝိဇ္ဇာ ချုပ်မှုသည် ခပ်သိမ်းသော ကိလေသာမီးတို့ကို သတ်နိုင်၏၊ ငြိမ်းစေနိုင်၏၊ စကြာမန္ဓာတ်မင်း စည်းစိမ်မည်သည် တဏှာတည်းဟူသော အငတ် ရောဂါကို လွန်စွာပွားစီးစေတတ်၏၊ အဝိဇ္ဇာ ချုပ်မှုသည် တဏှာတည်း ဟူသော အငတ်နာ,အငတ်ရောဂါကို အပြီးပေိာက်စေနိုင်၏၊

အငတ်ရောဂါရှင်များ

ယခုရှိကြသော သတ္တဝါတို့သည် အနမတဂ္ဂသံသရာမှာ တဏှာ တည်းဟူသော အငတ်နာကြီး, အငတ်ရောဂါကြီး စွဲကပ်လာကြသည့် အတွက်ကြောင့် ယခုဘုရားသာသနာနှင့် တွေ့ကြုံကြသောအခါမှာပင် ကာမဂုဏ်ဟူသော ငတ်စာ, မွတ်စာကို မလွန်နိုင်ရှိနေကြကုန်သည်၊ ထိုအနာကြီး၏ အမြစ်ကား အဝိဇ္ဇာတည်း၊ ထိုကြောင့် အဝိဇ္ဇာချုပ်မှုသည် ထိုငတ်နာကြီးကို ပျောက်ငြိမ်းစေနိုင်လေသတည်း။ နတ်,သိကြား, ဗြဟ္မာချမ်းသာတို့၌လည်း ထိုနည်းတူဆိုလေ။

ဤမျှသော စကားရပ်တို့ဖြင့်

အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓော သင်္ခါရ နိရောဓော (လ)ဧဝ မေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။

ဟူသော ပဋိလောမ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်မြတ်အလာ အဝိဇ္ဇာနိရောဓဟူသော နိရောဓတရား၏ အလွန်ထင်ရှားသော ပရမတ္ထ ဓမ္မကြီး အသီးအခြားဖြစ်ကြောင်း, အတုမရှိ လွန်မြတ်သော ဧကန္တသုခ ပရမသုခကြီး ဖြစ်ကြောင်း, ချီးမွမ်းဖွယ်အနန္တ, အံ့ဩဖွယ်အနန္တ မွန်မြတ် လှသော ဂုဏ်ကျက်သရေတို့နှင့် ပြည့်စုံကြောင်း, သံသရာဘေးကို မြင်နိုင်ကြကုန်သော ပညာရှိသူတော်ကောင်းတို့၏ ကိုးကွယ်ရာ, ပုန်း အောင်းရာကြီး, လဲလျောင်းရာကြီး စင်စစ်ဖြစ်ကြောင်းကို ပြဆိုသော အခန်းတည်း။

'ဂုဏ်ကျက်သရေ' ဆိုသည်မှာလည်း သေသောက်ကြူး ဥပမာ ကဲ့သို့ တဏှာဓာတ်ခံရှိသောသူတို့မှာ တဏှာအကြိုက်ဖြစ်သော ဂုဏ် ကျက်သရေမျိုးတို့ကိုသာ ဂုဏ်ကျက်သရေဟု ထင်မြင်နိုင်ကုန်သည်၊ တဏှာအကြိုက်ဖြစ်သော ဂုဏ်ကျက်သရေတို့မည်သည် အိပ်မက် တွင်းမှာမြင်သော ရွှေဘုံ, ရွှေနန်း, ရွှေပြာသာဒ်, ရွှေတောင်ကြီးတွေနှင့် တူ၏၊ အိပ်မက် စိတ်ရှိနေတုန်းအခါ၌ ပျော်မြူးလိုက်ရ၏၊ အိပ်မက်စိတ် ချုပ်ကွယ်လျှင် ကွယ်ပျောက်၍ကုန်၏၊ ထို့အတူ ထိုဂုဏ်ကျက် သရေ တို့သည်လည်း မရဏမီးနှင်မဆုံမီသာ ကြည်လင်စွာ ချီးမွမ်းပြောပ ကြကုန်၏၊

ဘုန်းကြီးပြန်မှာ အကြီးအကျယ် လုပ်ဆောင် ခင်းကျင်းကြသော လောင်တိုက်, တလား,ရထား,ပြာသာဒ်တို့နှင့်လည်း တူကုန်၏၊ မီးမရှို့မီ မီးစာတွေကို ကြည်ညို အံ့ဩ ပြောဆို ချီးမွမ်းကြကုန်၏၊သံသရာဘေး ကြီးကိုမြင်နိုင်သော သူတို့မှာမူကား ကိလေသာအညစ်အကြေးတို့မှ ကျွတ်မှု, လွတ်မှု ဟုတ်၏လော၊ ကျွတ်လမ်း, လွတ်လမ်း ဟုတ်၏လော၊ ဇရာ, မရဏမီးတို့မှ ကျွတ်မှု, လွတ်မှု ဟုတ်၏လော၊ ကျွတ်လမ်း, လွတ် လမ်း ဟုတ်၏လော-ဟု ရှုမျှော်ကြကုန်၍ ထိုအညစ်အကြေး ထိုမီးတို့တို့မှ ကျွတ်မှု, လွတ်မှု ကျွတ်လမ်း, လွတ်လမ်း ဟုတ်မှန်မှသာလျှင် ဂုဏ်ကျက် သရေဟု ထင်မြင်ကြကုန်၏၊

ထင်ရှားအောင် ဆိုဦးအံ့- စကြာမန္ဓာတ်မင်းကြီးကို မြင်ရာ၌ တဏှာသမားတို့သည် အကြီးအကျယ် ချီးမွမ်းဖွယ်ကိုသာ မြင်ကြကုန်၏၊ ထိုကဲ့သို့ ဖြစ်လိုကြကုန်၏၊ ပညာသမားတို့သည် ကိလေသာမီးတောက် မီးလျှံတွေကိုလည်းကောင်း၊ ဇရာ, မရဏ မီးတောက် မီးလျှံတွေကို လည်းကောင်း၊ အပါယ်နှင့်တစ်စပ်တည်း ဆက်၍နေသည်ကိုလည်း ကောင်း မြင်ကြရကုန်၏၊ နတ်စည်းစိမ်, ဗြဟ္မာ့စည်းစိမ်တို့၌လည်း ထိုနည်းတူ သိလေ။ တဏှာသမားတိုသည် ''ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ''၏ အရဖြစ်သော ဒုက္ခပွားမှုဟုဆိုအပ်သော သမုဒယနယ်၌သာ ချီးမွမ်းဖွယ်ကို ထင်မြင်နိုင်ကြကုန်၏၊

ပညာသမားတို့သည်ကား ''ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ''၏ အရဖြစ်သော ဒုက္ခချုပ်မှုဟု ဆိုအပ်သော နိရောဓနယ်၌သာ ချီးမွမ်းဖွယ်ကို ထင်မြင်ကုန်၏၊ အဘယ်သို့ ထင်မြင်နိုင် ကုန်သနည်း ဟူမူ-ရှေး၌ပြဆိုခဲ့ပြီးသောအတိုင်း တစ်ယောက် တစ် ယောက်သော သတ္တဝါတို့မှာ ကိလေသာ တစ်ထောင့်ငါးရာ ရှိ၏၊ ထိုတစ် ထောင့်ငါးရာတို့တွင် တစ်ခုတစ်ခုသော ကိလေသာသည်ပင်လျှင် ထို သတ္တဝါကို ကမ္ဘာအဆက်ဆက်၌ အပါယ်လေးပါးမှ သုဂတိဘဝသို့ မပေါ်လာရအောင် အပါယ်လေးဘုံမှာ တစ်မြုပ်တည်းမြုပ်၍ နေရအောင် တတ်နိုင်၏၊

နိရောဓဓာတ်ကြီး ဂုဏ်ကျက်သရေ

တစ်ယောက် တစ်ယောက်သောသတ္တဝါမှာ ထိုသို့အသီးသီး တတ်နိုင်သော ကိလေသာပေါင်း တစ်ထောင့်ငါးရာ ရှိ၏၊ တစ်ခု, တစ်ခုသော ကိလေသာအတွက်တို့နှင့်ပင် အပါယ်က တက်ရခွင့်မရှိ၊ တစ်ထောင့်ငါးရာအတွက်နှင့်မူကား အပါယ်မှာ မိမိနှင့် မလောက်၊ ကိုယ်စားလှယ် ကိုယ်ပွား တစ်ထောင့်လေးရာ ကိုးကျိပ်ကိုးယောက်ထား၍ ခံမှအတော်ကျမည်ကဲ့သို့ ရှိနေ၏၊ ထိုသို့လည်း ကိုယ်စားလှယ် ကိုယ်မှာ မထားနိုင်၍ တစ်ထောင့်ငါးရာဝန်ကို အလှည့်ကျ ဘဝအစဉ်ထား၍ တယောက်အားနှင့် ခံရခွင့်ရှိကြ၏၊ ကမ္ဘာအဆက်ဆက် အပါယ်မှ တက်ရခွင့်မရှိချေ။ ထိုသို့ဖြစ်ပါလျက် လူ့ပြည်, နတ်ပြည်, လူ့ချမ်းသာ, နတ်ချမ်းသာဟု ရှိပြန်ရသည်ကား တဒင်္ဂနိရောဓ၏ ကျေးဇူးပေတည်း။ ဗြဟ္မာ့ပြည်နှစ်ဆယ်ဟု ရှိပြန်ရသည်ကား ဝိက္ခမ္ဘနနိရောဓ၏ ကျေးဇူးပေ တည်း၊ တဒင်္ဂနိရောဓဟုဆိုအပ်သော ကိလေသာချုပ်မှု ရှိပေသော ကြောင့် ဒါနပြုခွင့်ရပေသည်၊ သီလသီတင်း ဆောက်တည်ခွင့်ရပေသည်။ ဝိက္ခမ္ဘနနိရောဓဟုဆိုအပ်သော ကိလေသာချုပ်မှု ရှိပေသောကြောင့် ဗြဟ္မာဖြစ်ရန် ဘာဝနာတရား ပွားခွင့်ရပေသည်၊ ဘုရားပါရမီ, ပစ္စေကဗုဒ္ဓါ ပါရမီ, သာဝကပါရမီ ဖြည့်ခွင့်ရပေသည်။

သမုစ္ဆေဒနိရောဓ ဟု ဆိုအပ်သော ကိလေသာချုပ်မှု ရှိပေသော ကြောင့် ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာဖြစ်ခွင့်ရပေသည်၊ ထိုအလုံးစုံသော လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာ, ဘုရား, ပစ္စေကဗုဒ္ဓါ, အရိယာသာဝက ဖြစ်ကြမှုစုသည် ကိလေသာ ချုပ်ပေါက်က ထွက်၍ ဖြစ်ကြရလေသည်၊ နိရောဓဟူသော ချုပ်ဓာတ်မရှိ၊ သမုဒယဟူသော ဖြစ်ပွားဓာတ်သာ ရှိခဲ့ငြားအံ့- ဘုရား, ပစ္စေကဗုဒ္ဓါ, အရိယာသာဝက အဖြစ်တို့မှာ ဝေးလေစွ၊ လူဟူ၍, နတ်ဟူ၍, ဗြဟ္မာဟူ၍ တစ်စုံတစ် ယောက်မျှ ပေါ်ပေါက်ခွင့်ရရန် မရှိပြီ။

ဤစကားရပ်တို့ဖြင့် လူ့ပြည်, နတ်ပြည်မှာ ရှိသမျှသော ဂုဏ်ကျက် သရေစုသည် တဒင်္ဂနိရောဓ၏ ဂုဏ်ကျက်သရေစုပေတည်း။

ဗြဟ္မာ့ပြည်မှာ ရှိသမျှသော ဂုဏ်ကျက်သရေစုသည် ဝိက္ခမ္ဘန နိရောဓ၏ ဂုဏ်ကျက်သရေစုပေတည်း၊ အလောင်းအလျာတို့၏ ဂုဏ်ကျက်သရေစုသည် ထိုနိရောဓနှစ်ပါး၏ ဂုဏ်ကျက်သရေစုပေတည်း၊ ဘုရားပစ္စေကဗုဒ္ဓါ အရိယာတို့၏ဂုဏ်ကျက်သရေစုသည် သမုစ္ဆေဒ နိရောဓ၏ဂုဏ်ကျက်သရေစုပေတည်း၊ အသင်္ခတနိရောဓကြီး၏ ဂုဏ် ကျက်သရေမှာမူကား ယခုအခါ၌ပင် နိဗ္ဗာန်သာချမ်းသာသည်, နိဗ္ဗာန် သာမြတ်သည် အစရှိသောစကားတို့ဖြင့်လည်းကောင်း၊ နိဗ္ဗာန်ကိုရ ရပါလို၏, ရောက်ရပါလို၏, မျက်မှောက်ပြုရပါလို၏ အစရှိသောဆု တောင်း ပတ္ထနာပြုခြင်းတို့ဖြင့်လည်းကောင်း လူ့ပြည်မှာတအုန်းအုန်း, ဗြဟ္မာ့ပြည်မှာ တအုန်းအုန်းနေကြသည်ကား ထင်ရှားပါ၏ဟူသော အဓိပ္ပါယ်ကိုပြဆိုပေသည်။ နိရောဓဓာတ်မျိုး၏ ဂုဏ်ကျေးဇူးကို ဤသို့ သိမြင်ရာ၏၊ ညောင်ပင်ကြီးတွေမြင်က ညောင်စေ့ငယ်၏ ကြီးကျယ်မှုကို သိသကဲ့သို့တည်း။

ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ ဟူ၍ ဟောတော်မူသော အနမတဂ္ဂကြီးကျယ်လှသော သမုဒယ ဓာတ်ကြီးကို ဧဝမေတဿ (လ) နိရောဓောဟောတိ။

ဟူ၍ဟောတော် မူသော နိရောဓဓာတ်ကြီးတခုသည်သာ ငယ်နိုင် ဖြစ်၏၊ အမိုက်ကိုမီး သည်သာငယ်နိုင်ဖြစ်၏၊ အမိုက်ပုံ တောင်လောက် ပင်ကြီးသော်လည်း မီးတပွင့်ကျက ခဏမကြာ ပြာပုံဖြစ်ရ၏၊ ဤဥပမာ အတူ သမုဒယဓာတ်ကြီးမှာ နိရောဓဓာတ်သည်သာ ငယ်နိုင်စင်စစ် ဖြစ်သတည်း။ ထို့ကြောင့် မြတ်စွာဘုရားသည်

သမုဒယော သမုဒယောတိ ခေါ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ ဉာဏံ ဥဒပါဒိ ပညာ ဥဒပါဒိ ဝိဇ္ဇာ ဥဒပါဒိ အာလောကော ဥဒပါဒိ။

နိရောဓော နိရောဓောတိ ခေါ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ ဉာဏံ ဥဒပါဒိ ပညာ ဥဒပါဒိ ဝိဇ္ဇာ ဥဒပါဒိ အာလောကော ဥဒပါဒိ

ဟူ၍ ကျူးရင့်တော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။ ပုဗ္ဗေ၊ ရှေး၌။ အနနုဿုတေသု၊ မကြား အပ်ဖူးကုန်သော။ ဓမ္မေသု၊ သစ္စလေးပါးတရားတို့၌ သမုဒ္ဒယော သမုဒ္ဒယောတိ၊ သမုဒယ, သမုဒယ ဟူ၍။မေ၊ ငါဘုရားအား။ စက္ခုံ၊ ပညာစက္ခုသည်။ ဥဒပါဒိ၊ ထင်ရှားပေါ်လာ၏၊ ဉာဏံ၊ သိသော ဉာဏ် သည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်လာ၏၊ ပညာ၊ အရဟတ္တမဂ် ပညာသည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်လာ၏၊ ဝိဇ္ဇာ၊ လင်းသော ဉာဏ်သည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်လာ၏၊ အာလောကော၊ ပညာ-ဟူသော အရောင် အလင်းသည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်လာ၏၊

ဘိက္ခဝေ၊ ရဟန်းတို့။ ပုဗ္ဗေ၊ ရှေး၌။ အနနုဿုတေသု၊ မကြား အပ်ဖူးကုန်သော။ ဓမ္မေသု၊ သစ္စလေးပါးတရားတို့၌၊ နိယောဓော နိယောဓောတိ၊ နိယောဓ, နိယောဓ ဟူ၍။ မေ၊ ငါဘုရားအား။ စက္ခုံ၊ ပညာစက္ခုသည်။ ဥဒပါဒိ၊ ထင်ရှားပေါ်လာ၏၊ ဉာဏံ၊ သိသောဉာဏ် သည်။ မေ၊ ငါဘုရားအား။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်လာ၏၊ ပညာ၊ အရဟတ္တမဂ်ပညာသည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်လာ၏၊ဝိဇ္ဇာ၊ လင်းသောဉာဏ်သည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်လာ၏၊ အာလော ကော၊ ပညာ-ဟူသော အရောင်အလင်းသည်။ ဥဒပါဒိ၊ ထင်ရှားဖြစ် ပေါ်လာ၏၊

အနမတဂ္ဂ သံသရာ၌ လူသတ္တဝါ, နတ်လူသတ္တဝါ, ဗြဟ္မာလူ သတ္တဝါ ကမ္ဘာအဆက်ဆက် ဖြစ်မှုကို မြင်သဖြင့် တဒင်္ဂနိရောဓ, ဝိက္ခမ္ဘနနိရောဓဓာတ်ကြီးကျယ်မှုကို သိလေ။ အနမတဂ္ဂ သံသရာ၌ ဘုရားအနန္တ, ပစ္စေကဗုဒ္ဓါအနန္တ, အရိယာသာဝက အနန္တတို့ဖြစ်ကြ သည်ကို မြင်သဖြင့် သမုစ္ဆေဒနိရောဓ, နိဿရနနိရောဓ ဓာတ် ကြီးကျယ် မှုကို သိလေ။

အမှိုက်နှင့်မီး ဥပမာကဲ့သို့ သမုဒယဓာတ်ကို နိရောဓဓာတ်သည် ငယ်နိုင်ဖြစ်ခဲ့အံ့၊ သတ္တဝါတို့သည် သံသရာဝဋ်မှ ကျွတ်ခွင့်, လွတ်ခွင့် အလွန်လွယ်ကုန်ရာပါ၏၊ အဘယ့်ကြောင့် မကျွတ်နိုင်ကြဘဲ အနမတဂ္ဂ ရှည်ကြာအောင် သံသရာ၌မျောပါ၍ နေကြကုန်သနည်း ဆိုငြားအံ့၊ ဤသို့သော ဥပမာဖြင့် ပြဆိုရာ၏၊

နူနာစွဲသူ ဥပမာ

တစ်ကိုယ်လုံး နူနာစွဲသော လူတစ်ယောက်သည် ရှိ၏၊ နူနာကို ထစေတတ်သော အစားအစာ ညှော်သင်း အပြုအမူများကို ကောင်းစွာ ရှောင်ကြဉ်၍ တစ်နေ့တစ်နေ့လျှင် တစ်ရွေးသား, တစ်ရွေးသား နေ့မှန်သုံးလစားလျှင် အကုန်ပျောက်၍ မိမွေးတိုင်း, ဘမွေးတိုင်းဖြစ် စေနိုင်သော ဓာတ်ဆေးလည်းရှိ၏၊ ထိုဆေးကား အနူဓာတ် ခံရှိသော သူ၏ လျှာမှာ အနူဓာတ်နှင့် မသင့်သည့်အတွက် ဆေးစားမူ ကားခါး၏၊ ထိုသူမူကား ခါးသည်ဟု ဆေးကိုလည်း နေမှန်မစား၊ ရှောင်အပ် သည်ကိုလည်း ငါးရက်,ဆယ်ရက်ပြည့်အောင်မျှ မရှောင်၊ အသက်ထ က်ဆုံး အနူဘဝမှ မလွတ်လေ၊ ဆေးအစွမ်း ကောင်းလှသည့်အတွက် ဆေးစားသောနေ့ရက်မှာ သက်သာခွင့်ရ၏၊ ဆေးအတွက် သက်သာ ခွင့်ရပြန်လျှင် ဆေးကိုပစ်ထား၍ မစားသင့်သောအစား, မသင့်သော အပြုအမူကို လိုက်စားပြန်၏၊ အနူဘဝနှင့်ပင် နေရလေ၏၊ ဤ၌ ဆေးကို ဆိုဘွယ်မရှိ၊ ရက်ပေါင်းကိုးဆယ်, ရွေးပေါင်းကိုးဆယ်နှင့် တကိုယ်လုံး ပွက်ပွက်ဆူ အနူတုံး, အနူခဲကြီးကို မြူမျှမကျန် ပျောက်ငြိမ်းစေနိုင်သော အစွမ်းသည် ချီးမွမ်းဘွယ်သာ ရှိ၏၊ ထိုသူကိုသာ ဆိုဘွယ်ရှိသတည်း။

အနမတဂ္ဂ သံသရာမှာ သတ္တဝါတို့၏ စိတ်သည် ရာဂနူနာ အမြဲစွဲ၍ လာကြ၏၊ စိတ်နူကြီး စင်စစ်တည်း။ လူဖြစ်ရုံ, နတ်ဖြစ်ရုံ, ဗြဟ္မာဖြစ်ရုံ နိရောဓဆေးကို တစ်ခါတစ်ရံမျှသာ မှီဝဲကြကုန်၏၊ သမုစ္ဆေဒ ထိုက်အောင် မမှီဝဲကြ၊ နူနာငန်းထမှုကြောင့် အပါယ်ဒုက္ခနှင့် နေရစဉ်အခါတို့၌လည်း ဆေးကို အမှတ်မထင်နိုင်၊ လူ, နတ်, ဗြဟ္မာ ဖြစ်စဉ်အခါတို့၌လည်း ဆေးအခွင့်က နည်းပါ၍ စိတ်နူနာ ပွားများရန် အခွင့်ကိုသာ လိုက်စား ကြကုန်၏၊ ထိုကြောင့် အနမတဂ္ဂသံသရာ ကာလသာ ရှည်ကြာ၍ စိတ်နူနာ မပျောက်ဘဲ ရွဲရွဲစို, ပွက်ပွက်ဆူ, ငန်းမန်းတွေ တလူလူနှင့်သာ နေကြရကုန်သတည်း။

နိရောဓာတ်ဆေးကို ဆိုဖွယ်မရှိ၊ အနမတဂ္ဂ ကာလကြာမြင့်၍ လာခဲ့သောနူနာကို အစားအစာအပြုအမူရှောင်ဖွယ်, ရှားဖွယ်ကို စင်ကြယ်စွာရှောင်ရှား၍ ဘာဝနာတရားဖြင့် နိရောဓဆေးမြတ်ကို နေ့မပြတ် ရက်မခြား စွဲမြဲ၍စားနိုင်ပါမူကား ယခုဘဝ ယခုဘုရား သာသနာမှာပင် စိတ်နူနာပျောက်ငြိမ်းခွင့်ရှိပါ၏၊ ယခုပြုလုပ်၍နေကြ သည်မှာကား-ဒါန,သီလ,ဘာဝနာ, တဒင်္ဂနိရောဓကိုမျှ အတုအပသာ ပြုကြကုန်သည်၊ စိတ်နူနာတိုးပွားရန် သမုဒယကိစ္စနှင့်သာ နေ့ကုန်ရက် မျော တသောသော နေကြကုန်သည်။

(ဤကား နိရောဓဓာတ်သည် ပရမတ္ထအားဖြင့် ထင်ရှားရှိကြောင်း, နိရောဓဓာတ်ပရမတ္ထအားဖြင့် ထင်ရှားရှိပေသည့်အတွက်ကြောင့် သမုဒယဓာတ်ကို သတ်ဖြတ်၍ သံသရာစက်မှထွက်ပေါက်ပေါ်နိုင် ကြောင်းကို ယုတ္တိ အရပ်ရပ်နှင့် အထပ်ထပ်ပြဆိုသော အခန်းတည်း။)

အထပ်ထပ်ပြဆိုသည်မှာလည်း နိရောဓဟူသည်ပရမတ္ထအားဖြင့် ထင်ရှားရှိသောတရားမဟုတ်၊ တုစ္ဆ, အဘာဝမျှသာတည်းဟု ဗကဗြဟ္မာ ကြီးကဲ့သို့ ထင်မြင်ယူမှတ် ပြောဆိုသူ များလှ၍ ထင်ရှားအောင် ဆိုလိုက် ပါသတည်း။

ဤတွင်ရွေ့ကား

အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော (လ) ဧဝ မေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိဟူသော ဒေသနာတော်မြတ်အရ ပဋိလောမ ပဋိစ္စသမုပ္ပါဒ် နိရောဓဓာတ်ကြီး ပြဆိုခန်းပြီး၏၊

---------- * ---------

ကျမ်းပြီးနိဂုံး

ဧတ္တာ ဝတာစ

(က) နဂရေ ဒီပရင်္ဂမှိ၊ ဂါမေ စိုင်ပြင်တိ နာမကေ။

အဋ္ဌ သုညဒွယေကမှိ၊ သာကေ ဇာတေန ယာ မယာ။

( ခ ) မုံရွာဂါမေ အရညမှိ၊ လယ်တီတိ ဝိဿုတာလယေ။

ဝသတာ မဟတောဘိက္ခု-ဂဏတော ဟိတကာရိနာ။

( ဂ ) အဉ္ဇဘိနာ နရဇိနာ၊ ကာရိယေ ဒီဃစင်္ကမေ။

ကျိုက်ထိုနဂရဝါသီဟိ၊ ဓမ္မကာမေဟိ ဝိညူဘိ။

(ဃ) ပုနပ္ပုနံ ယာစိတေန၊ ပါဠိယတ္ထ သုဒဿိနာ။ ပဋိစ္စသမုပ္ပါဒဿ၊ သင်္ခတာ အတ္ထဒီပနာ။

( င ) သုနိဋ္ဌိတာ အယံ ကထာ၊ နိဗ္ဘယာ နိရုပဒ္ဒဝါ။

တိဆဒွယေက သာကမှိ၊ ဝေသာခေ ဇုဏှတေရသေ။

( စ ) တထေဝ ဣဓ လောကမှိ၊ ဇနာ သဗ္ဗေပိ နိဗ္ဘယာ။

ဣမမတ္ထံ သီဃံ ဉတွာ၊ ဟောန္တု ဝိဝဋ္ဋဘာဂိနောတိ။

(က) စ၊ နိဂုံးကမ္ပတ် အဆုံးသတ်စကားကို ဆိုပေအံ့။ ဧတ္တာဝတာ၊ ဤမျှအတိုင်းအရှည်ရှိသော စကားအရပ်ရပ်ဖြင့်။ ဒီပရင်္ဂမှိ၊ ဒီပဲရင်း အမည်ရှိသော။ နဂရေ၊ မြို့ကြီး၌။ စိုင်ပြင်တိ နာမကေ၊ စိုင်ပြင် အမည်ရှိသော။ ဂါမေ၊ ရွာကြီး၌။ အဋ္ဌသုညဒွယေကမှိ၊ ၁၂၀၈-ခုမျှသော။ သာကေ၊ ကောဇာသက္ကရာဇ်၌။ ဇာတေန၊ ဖွားမြင်ထသော

( ခ ) မုံရွာဂါမေ၊ မုံရွာမြို့၌။ အရညမှိ၊ ကုလလေးတာ ပြန်ငါး ရာလျှင် အကွာထောင့်သန်း ငှက်မင်းနန်းဟု ရိပ်စန်းကြည်လင် တောရပ် ခွင်၌။ လယ်တီတိ ဝိဿုတာလယေ၊ လယ်တီတောရအမည်ဖြင့် ရွှင်စည် ပျံ့သင်း ပင်လယ်ချဉ်းအောင် သတင်းဆူလှိုက် တောကျောင်းတိုက်၌

( ဂ ) နရဇိနာ၊ နိမိတ်ဇမ္ဗူ အတိတ်ယူသော် ဗိုလ်လူအထု နယ်အုပ်စုဝယ် သူ့ဘုန်းတန်ခိုး အမျိုးမျိုးဖြင့်စိုးမိုးပိုင်နိုင် စွမ်းရည်လှိုင် သောကြောင့် မောင်လူနိုင်အမည်ရှိထသော။ အဉ္ဇဘိနာ၊ ရဟန်းပဉ္စင်း ရေတွင်း, ရေကန်,စင်္ကြံ,ဇရပ် ပိဋကတ်သုံးပုံ အလုံးစုံကို အကုန်ပြုစု ကိုးကွယ်မှုဖြင့် ဗဟုပညာ ဂုဏ်ဝါဣဒ္ဓိ ဖိတ်ဖိတ်ငြိသော ပိဋကတ်ဒကာ အဉ္ဇဘက် သူရဲကောင်း ငွေဓားရမင်းသည်။ ကာရိတေ၊ ဦးတည်ကြပ်မတ် ဆောက်လုပ်အပ်သော။ ဒီဃစင်္ကမေ၊ ကျွန်းမြတ်ဒီပ သီဟဠဝယ် စေတိယခေါ် တောင်အမော်၌ ထေရ်ကျော်မဟိန် ထိန်တဘုန်းဝေ သုံးပစေဟု ဒေဝါနံပိယ ဒီပသေဋ္ဌ်နင်း ဆောက်လုပ်နှင်း သည့် စင်္ကြံအလျား အတောင်ခြောက်ဆယ် စားစားကယ်သည့် ရှည်သွယ် ပြန့်ညောင်း စင်္ကြံကျောင်း၌။ ဝသတာ၊ နေ့ဝါ,ညဝါ ပို့ချကာလျှင် ဣရိယာပထမျှတမှီတင်း သီတင်းသုံးနေထသော။ မဟတော ဘိက္ခု ဂဏဿ၊ များစွာသောရဟန်းအပေါင်း၏၊ ဟိတကာရိနာ၊ ပရိယတ်, ပဋိပတ် အမြတ်နှစ်စု စီးပွားမှုကို ပြုစုအားထုတ်ကာ နေလေ့ရှိသော။ မယာ၊ လယ်တီတောကျောင်းဆရာငါသည်။ ဓမ္မကာမေဟိ၊ ပဋိစ္စသမုပ္ပါဒ် အမြတ်တရား သဘောသွားကို ခြားနား ရှင်းလင်း ကွင်းကွင်းကွက်ကွက် အချက်ကျကျ သိလိုကြကုန်သော။ ကျိုက်ထိုနဂရဝါသီဟိ၊ ကျိုက်ထိုမြို့ဝယ် လူတို့အလိုက်ကျင့်စရိုက်ဖြင့် အမြိုက်နိဗ္ဗူ ဆိပ်အငူကို စိတ်တူသွင်းငဲ့ အသက်မဲ့လျက် တကယ့်ဆန္ဒ အကြံလှသဖြင့် ဓမ္မဆော်ကြွေ့ သူတော်ဓ လေ့နှင့် ပျော်မွေ့စွာနေလေ့ရှိကြကုန်သော။ ဝိညူဘိ၊ လူပညာရှိ အပေါင်းတို့သည်-

(ဃ) ပုနပ္ပုနံ၊ အဖန်ဖန် အခါခါ။ ယာစိတေန၊ စာလွှာထည့်လတ် တောင်းပန်အပ်သည်ဖြစ်၍။ ပါဠိယတ္ထသုဒဿိနာ၊ ပဋိစ္စသမုပ္ပါဒ် ပါဠိတော်များ၏ အတ္ထအချက် အနက်သဘောကို ကောင်းစွာမြင်လေ့ ရှိသည်။ ဟုတွာ၊ ဖြစ်၍။ ပဋိစ္စသမုပ္ပါဒဿ၊ ပဋိစ္စသမုပ္ပါဒ်ပါဠိတော် မြတ်၏၊ အတ္ထဒီပနာ၊ အနက်သဘောကို ပြဆိုရာ ပြဆိုကြေင်းဖြစ်သော။ ယာ ကထာ၊ အကြင်စကားကို။ သင်္ခတာ၊ ကောင်းစွာပြုပြင်အပ်ပြီ-

( င ) အယံ ကထာ၊ ဤစကားသည်။ တိ ဆ ဒွ ယေက သာကမှိ၊ သက္ကရာဇ် ၁၂၆၃-ခုနှစ်၌။ ဝေသာခေ၊ ကဆုန်လ၌။ ဇုဏှတေရသေ၊ လဆန်း ၁၃-ရက်၌။ နိဗ္ဗိယာ၊ ဘေးမရှိသည်ဖြစ်၍။ နိရုပဒ္ဒဝါ၊ ဥပဒ္ဒဝေါ မရှိသည်ဖြစ်၍။ သနိဋ္ဌိတာ၊ ကောင်းစွာပြီးပြီ။

( စ ) တထေဝ၊ ထိုအတူသာလျှင်။ ဣဓ လောကမှိ၊ ဤလောက၌။ သဗ္ဗေ၊ အလုံးစုံလည်းဖြစ်ကြကုန်သော။ ဇနာ၊ သတ္တဝါအပေါင်းတို့သည်။ နိဗ္ဘယာ၊ ဘေးဘယာခပ်သိမ်းမှ ကင်းငြိမ်းကြကုန်သည်။ ဟောန္တု၊ ဖြစ်ပါ စေကုန်သတည်း။ ဣမံ အတ္ထံ၊ ဤပဋိစ္စသမုပ္ပါဒ်သဘောကို။ သီဃံ၊ လျင်မြန်စွာ။ ဉတွာ၊ သိကြကုန်၍။ ဝိဝဋ္ဋဘာဂိနော၊ သံသရာဝဋ်မှ ကျွတ်လွတ်ခြင်းအဖို့ ရှိကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ ဣတိ၊ ဤတွင်ပြီး၏၊

ပဋိစ္စသမုပ္ပါဒဒီပနီကျမ်း ပြီး၏၊

----- * ----

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ